Friday, September 10, 2010

မဝင်းမြင့် (ငယ်ယုံပူဘော်) အပိုင်း (၄)

    "ကိုမင်းဇင် ဟာလေ စကားပြောရင် ဘယ်တော့မှ ရှင်းရှင်းမပြောဘူး၊ အခု ခင်က အဓိပ္ပာယ် ကောက် နေပြီ၊ မြ တကယ်မုန်းမိလိမ့်မယ်နော်"
    မုန်းမိလိမ့်မယ်ဟု ပြောသော်လည်း ၊မြသွင်အေး မျက်နှာက မသုန်မှုန်ပေ။ ပြုံးယောင်ပင် မသိမသာ သန်းနေသည်။
    "ဟော... မြ ဘာလုပ်တာလဲ၊ အခုထဲက ကိုမင်းဇင်ကို ပိုက်ဆံအိတ် အပ်နေတာလား"

    ပျော့ပျော့ ပျော့ပျော့နှင့် မေမေခင်က ချက်ကျအောင် ပြောတတ်သည်။ မြသွင်အေး၏ မျက်နှာကဲကို ခတ်မိသော မောင်မင်းဇင်က ပိုက်ဆံအိတ်ကို တယုတယ ကောက်ယူပြီး..
    "ကျွန်တော်တို့ကတော့ ခင် ဘယ်လိုဘဲထင်ထင် စိတ်မဆိုးတတ်ပါဘူးဗျာ၊မြစိတ် ကောက်မှာပဲ စိုးရိမ်မိပါတယ်" ဟုဆို၏။
    "တယ် ဟုတ်နေကြပါလား... ဘယ်လိုလဲ မြရဲ့"
    မေမေခင်က မြသွင်အေးအား မေးသည်။

    "ဟာ ကိုမင်းဇင်နဲ့ ခင့်ကိုတော့ မြ စိတ်ဆိုးချင်လာပြီနော်၊ ဘာမှမဟုတ်ဘူးခင်ရဲ့၊ အလကား အကျီစားသန်တော့ ရန်ဖြစ်ရလိမ့်မယ်နော် ကိုမင်းဇင်"
    မြသွင်အေးက မျက်နှာတည်တည်ဖြင့် ပြောသောအခါ၊ မောင်မင်းဇင်နှင့် မေမေခင် တို့က မြသွင်အေး ကို ချစ်စနိုးဖြင့် ရယ်ကြသည်။

    အမှန်မှာ မောင်မင်းဇင် စိတ်ထဲမှာ မြသွင်အေးကို ချစ်စိတ်ပေါ်နေသည်မှာ ကြာခဲ့ပြီ။ ငယ်ပေါင်းသူငယ်ချင်းတွေ ဖြစ်နေ၍ ဖွင့်ဟရမည်မှာ သင့်လျော်ပါမည်လားဟု စိုးရွဲ့ ငဲ့ညှာ စိတ်ဖြင့် ချစ်သည် ကို မျိုသိပ်ထားခဲ့သည်။ မည်သို့ပင် လျှို့ဝှက်သိုသိပ်ထားသည် ဆိုစေကာမူ မြသွင်အေး မျက်နှာ မှုန်လိုက်လျှင် တစ်စွန်းတစ်စ ပွင့်ထွက်လာသည်ချည်းဖြစ်သည်။ မြသွင်အေးကလည်း မောင်မင်းဇင်၏ မျက်နှာထား အမူအရာ၊ မျက်လုံးကြည့်ပုံတွေကို ရိပ်မိနေခဲ့သည်။ သို့သော် မသိချင်ဟန်ဖြင့် အခေါ်အပြောမပျက်၊ ငယ်မူ ငယ်စိတ်အတိုင်း ရဲရဲဝံ့ဝံ့ပင် ပေါင်းသင်းခေါ်ပြောလာ ခဲ့သည်။
    သူမျက်နှာမှုန်လျှင် မောင်မင်းဇင် မနေတတ်အောင် ဖြစ်သလို၊ သူ့ထံကို မောင်မင်းဇင် အလာ နောက်ကျလျှင် မြသွင်အေး စိတ်မှာ တစ်မျိုးဖြစ်သွားသည်။

    "ဘာကြောင့် နောက်ကျနေသလဲ၊ ငါ့ကို ဂရုမစိုက်မေ့လျော့နေပြီလား၊ တခြားကျောင်း သူ မိတ်ဆွေတွေနဲ့ တွဲနေလို့ ငါ့ဆီ လာချိန်မမှန်ဘဲ ဖြစ်နေသလား"
    ဟူသော ၀န်တိုစိတ်၊ စိုးရိမ်စိတ်ကလေးက ပေါ်နေခဲ့သည်၊ မြသွင်အေး စိတ်မှာ မောင်မင်းဇင် နည်းတူပင် ငယ်သူငယ်ချင်းတွေဖြစ်၍ မသင့်လျော်သော မမူုအရာမျိုး စိတ်မျိုးမပေါ်ပေါက်စေရန် သတိထား  မျိုသိပ်လာခဲ့သည်။

ထိုသို့ နှစ်ယောက်လုံး ထိန်းသိမ်းထားသည့် စိတ်သည်ရင်ထဲ အသည်းနှလုံးမှ အရှိန်အဟုန်ကြီးမားသော ချစ်စိတ်ကြောင့် မကြာခဏ တစ်စွန်းတစ်စ ပေါ်ထွက်လာခဲ့သည်။ ထိုသို့ ပေါ်ထွက်လာသည် ကို မေမေခင်က ဖြစ်စေချင်သော အားပေးအားမြှောက်စိတ်ဖြင့် မထိ တထိစပေးတတ်သည်။ ထိုအခါ မစွန်းရင်းရှိသူ မောင်မင်းဇင်နှင့် မြသွင်အေးတို့သည် ကန်စွန်းခင်း ငြိကြရလေ တော့သည်။ သူတို့ နှစ်ယောက်ကို အမြဲအကဲခတ်ကြည့်နေသော မေမေခင် က သေချာသလောက် ဖြစ်သည်ကို တွေ့ရသော အခါ၊ ညောင်ညိုပင်စခန်း လုပ်ထားသော ကံ့ကော်ပင် အောက်သို့ စောစောကြိုရောက်ပြီး သူငယ်ချင်း နှစ်ယောက် လာမည့်လမ်းကို လှမ်းမျှော် ကြည့်ကာ ငံ့လင့်စောင့်စားနေသည်။

    မေမေခင်၏ မျက်စိမသာဒ မြင်ကွင်းထဲသို့ မောင်မင်းဇင်နှင့် မြသွင်အေးတို့က ရောက်လာကြသည်။ ကြည်ကြည် နူးနူး ချစ်ရည်လူး၍ ရွှင်မြူးလန်ဆန်းစွာ ချစ်ပန်းစကားတွေ ခြွေရင်း ကံ့ကော်ပင် အောက် ရောက်လာကာ မေမေခင်က မိနစ်မဆိုင်းဘဲ ကောက်ကာငင်ကာ မေးလိုက်သည်။
    "မောင်မင်းဇင် နဲ့ မြ တို့ ခင် မျှော်လင့်ထားတဲ့ အတိုင်း ဖြစ်ပြီနဲ့တူတယ် ဟုတ်ကြသလား"

    "သူတို့ နှစ်ယောက်လုံး မျက်နှာကို စေ့စေ့ကြည့်ပြီး မေးသော မေမေခင်ကို မောင်မင်းဇင်နှင့် မြသွင်အေး က မလုံသော ရယ်ပြုံးခြင်းမျိုးဖြင့် ရယ်ကြပြုံးကြရင်းက..
    "ခင်က ဘာသံသယဖြစ်မှန်း မသိတာကို မြက ဘယ်လို ရှင်းပြရမှာလဲ ကိုမင်းဇင်ရဲ့"
    နှုတ်သွက် လက်မြန် ဟုတ်ရာမှန်ရာကို  ဆတ်ဆတ်ကြဲ ဖွင့်ဟတတ်သော မြသွင်အေးသည် ယခုလို ချစ်ရေး ကြိုက်ရေး ကိစ္စမှာကား မိန်းကလေး သဘာဝ ရှက်တတ်သော စိတ်က ရှိနေ၍ ကောင်းဆိုးတိုင်ပင် ရင်ဖွင့်သူ အချင်းချင်းဖြစ်သော မေမေခင်ကိုပင် မောင်မင်းဇင်ကို ရှေ့မှာထားပြီး ပြောရမည်ကို ရုတ်တရက် နှုတ်မှ မထွက်နိုင်သေးချေ။ မောင်မင်းဇင်ကလည်း မြသွင်အေး ရှက်ရွံစိတ်ကြောင့် သူ့ကို ပြန်လည် မေခွန်း ထုတ်ကြောင်း သိသည်။ ထို့ကြောင့် မေမေခင်ကို လှည့်မေး၏။

    "ကဲ... ခင် မျှော်လင့်တယ်ဆိုတာက ဘာလဲ၊ ပွင့်ပွင့်လင်းလင်းမေးစမ်း၊ ခင်က မေးရင်း မြက မဖြေလိုဘူး ဆိုတာတောင် ကျွန်တော်က ဖြေပြမယ်၊ ခင့်မေးခွန်းက မပွင့်လင်းဘဲ ဝေ့လည်ကြောင်ပတ် ဆိုရင်တော့ ကျွန်တော် နဲ့ မြကလဲ ဝေ့လည်ကြောင်ပတ်ပဲ ဖြေနိုင်မယ် ဗျာ။ ဘာကို သိချင်တာလဲ"
    "ဒါလောင်တောင် အိပ်ချင်ယောင် ဆောင်နေတဲ့လူတွေ... ခင်က အပ်ထက်ထက်နဲ့ စပ်စပ်ကလေး ဆွ မေးရ မှာပေါ့။ ကိုမင်းဇင်နဲ့ မြတို့ တစ်ယောက်နဲ့ တစ်ယောက် ရိုးရိုးတန်းတန်း သူငယ်ချင်းဘ၀က နယ် ကျော်ပြီး အခု အသက်ပေးချစ်တဲ့ သမီးရည်းစားဖြစ် သွားကြပြီ မဟုတ်လား၊ အဲဒီလို ချစ်သူ တွေဖြစ်ပါစေလို့ ခင်မျှော်လင့်ခဲ့တယ်လို့ မေးနေတာ ၀န်ခံကြစမ်း"
    မေမေခင် စကားကြောင့် မြသွင်အေးက ၀န်ခံသော အထိန်းအမှတ် အဖြင့်ပြုံးနေသည်။ မောင်မင်းဇင် က မြသွင်အေး မျက်နှာကို ကြည့်လိုက်ပြီး..

    "သမီးရည်းစား ဆိုတာတော့ ခင်လွဲပြီ"
    ဟု မျက်နှာတည်တည်ဖြင့် ဆိုသည်။
    "မဟုတ်ဘူးလား"
    မေမေခင်က ပြန်မေးသည်။

    "သမီးရည်းစား တော့ မဟုတ်ပါဘူး ခင်ရယ်၊ကျွန်တော်တို့မှာ သမီးမှ မရှိသေးဘဲ၊ ကျွန့်တော့်ရည်းစား မြ၊ မြ ရည်းစား ကျွန်တော်ပါ"
    မောင်မင်းဇင်က ပွင့်လင်းဆုံးသော စကားဖြင့် ဖြေလိုက်၏။
    "ချီးကျုးပါတယ်၊ဂုဏ်ယူပါတယ်၊ အားပေးပါတယ်၊၀မ်းသာလိုက်တာ သူငယ်ချင်းတို့ ရယ်၊ အမယ်လေး ခုမှ ခင့်ရင်ထဲ အေးသွားတော့တယ်၊ ခင့်စိတ်ထဲမှာ မြ နဲ့ ကိုမင်းဇင်ကို အခုလို ဖြစ်စေချင်နေတာကြာပြီ်၊ ငါ့သူငယ်ချင်း နှစ်ယောက် ဘယ်ယောက်ျားနဲ့ ဘယ်မိန်းမ လက်ထဲ ပါသွားမှာလဲလို့ စိုးရိမ်နေခဲ့ရတာ၊ အခုမှ စိတ်အေးရတော့တယ်"

    မေမေခင်သည် သူ ဖြစ်စေချင်သည့်အတိုင်း သူငယ်ချင်းနှစ်ယောက်က ချောမောစွာ ဖြေလိုက်သဖြင့် လှိုက်လှိုက်လှဲလှဲ ၀မ်းမြောက်နှစ်သိမ့်စွာ အားပါးတရ ပြောနေသည်။ ၀မ်းသာမှု စိတ်အရှိန်ကြောင့် ကြည်ရွှင် လန်းဆန်းနေသော မေမေခင်၏ ချစ်စရာ မျက်နှာလှလှလေးကို ခင်မင်ကြင်နာစွာ စိုက်ကြည့် နေသော မောင်မင်းဇင်နှင့် မြသွင်အေးက မေမေခင် စကားဆုံးသောအခါ သူတို့ တိုင်ပင် လာသည့် ကိစ္စ ကို စတင် အကောင်အထည် ဖော်ကြလေသည်။

    "ခင်က ကျွန်တော်တို့ နှစ်ယောက်ကိုတော့ စစ်ဆေးမေးမြန်းပြီး ၀န်ခံခိုင်းနေတယ်၊ခင့် ကိစ္စကျတော့ ဘာကြောင့် မဖွင့်ဟဘဲ လျှို့ဝှက်ထားရသလဲ "
    "ဟုတ်တယ် ခင်လဲ အမှန်အတိုင်းပြောစမ်းပါ၊ အဲဒီကိစ္စကို မြတို့ သိချင်နေတာကြာပြီ"
    "ဟောတော့၊ ခင့်မှာဝန်ခံရအောင် ဘာတွေဖြစ်နေလို့လဲ ၊ခင်ကခြောက်ပြစ်ကင်း သဲလဲစင်နော်"
    "ကြည့်စမ်း.. သူ့အလှည့်ကျတော့ သိတတ်လိုက်တာ၊ ပြောရမယ်နော် ခင်"

    မြက ဆို၏။
    "ဒါဆိုရင် အခုတင်က ကိုမင်းဇင် ပြောသလို ဝေ့လည်ကြောင်ပတ်မမေးနဲ့၊ ပွင့်ပွင့်လင်းလင်းမေး၊ ဒါမှလဲ ဘာကိုသိချင်တယ်ဆိုတာ ခင်သိရမှာပေါ့"
    "ကောင်းပြီ၊ ခင်နဲ့ မောင်မောင်မျိုးက ဘယ်လိုလဲဟေ့"
    မြသွင်အေးက တည့်တည့်ကြီး မေးသောအခါ မေမေခင်က..
    "သြော်... ဒါလား "
    ဟုဆိုကာ ဟက်ဟက်ပက်ပက် ရယ်လိုက်ပြီး..

    "သူက လာပြီး မိတ်ဆွေဖွဲ့လို့ ခင်က ရိုးရိုးတန်းတန်း သဘောထားစကားပြောတာက လွဲရင် ခင့်အနေနဲ့ ဘာမှ မဖြစ်သေးပါဘူး သူငယ်ချင်းတို့ရာ၊ ခင် မလိမ်ပါဘူး ယုံပါ" ဟု အမှန်အတိုင်း ပြောသည်။
    "အေး.. ခင်က ရိုးရိုးတန်းတန်းပေမယ့် မောင်မောင်မျိုးက ဆန်နေတယ် ခင်ရဲ့ ၊မောင် အဲလေ ယောင်လို့ ၊ ကိုမင်းဇင်က သတင်းကြားလာတာ"
    မြသွင်အေးက ချစ်သူ မောင်မင်းဇင်ကို ရိုးရိုးတန်းတန်း သူငယ်ချင်းဘ၀က အခေါ်မျိုးမဟုတ်ဘဲ၊ ချစ်သူ တို့ဘာဝ"မောင်" ဟုပြောင်းခေါ်သည့်အတွက် မေမေခင့်ရှေ့မှာ ယောင်မှားပြီး "မောင်" လိုက်မိ သည်။ ထိုသို့ယောင်မိသည်ကို မေမေခင်က လှောင်ပြောင်ကျီ စယ်ခြင်း မပြုတော့ဘဲ သဘောကျ စွာ ပြုံးနေသည်။ ထို့နောက် သူ့ကိစ္စကို ဆက်မေးလိုက်၏။

    "အဲဒီ မောင်မောင်မျိုးက ဆန်းနေတယ်ဆိုတာက ဘာကိုဆိုလိုတာလဲ"
    "အောင်မာ၊ ခင် ဒါလောက် မအပါဘူး၊ သိရက်နဲ့ မေးနေတာလား" မြသွင်အေးက စိတ်တိုသံဖြင့် ပြောသည်။
    "ခင် မအပါဘူး မြရဲ့၊ ဒါပေမဲ့ ဆန်းနေတယ်ဆိုတာက အဓိပ္ပာယ် အမျိုးမျိုးထွက်လာ တယ်လေ၊ ခင်က ရိုးရိုးလက်ခံ စကားပြောတာကို သူက ခင်နဲ့ သူ ချစ်ကြိုက်နေကြပြီလို့ သိက္ခာချပြောနေသလား၊ ခင့်ကို သူချစ်လို့ ကြံစည်နေတယ်လို့ ပြောနေသလား၊ သူလာတာကို ခင်က ယဉ်ကျေးမှုရ လက်ခံ စကား ပြောတာကို ခင်က သူ့ကိုကြိုက်လို့သာ လက်ခံစကားပြောတယ်လို့ လျှောက်ပြော နေသလား၊ အဲဒါ ကွဲကွဲပြားပြား သိချင်လို့ မေးတာပါ မြ ရဲ့"

    မေမေခင် ရှင်းပြလိုက်သည်။
    "အေး..အေး ဟုတ်တယ် ခင်၊ မြ ကြားတာကတော့ မောင်မောင်မျိုးက ခင့်ကို လာရစ်နေတယ်၊ ခင်က လက်ခံစကားပြောတယ်၊ဒါပေမယ့် ခင့်အနေနဲ့ မောင်မောင်မျိုးလာရင် ကျောင်းဆောင်ဧည့်ခန်းအ၀က ခုံရှည်ကလေးပေါ်မှာ ထိုင်စကားပြောတာကလွဲလို့ ဘယ်ကိုမှမ သွားဘူး မထွက်ဘူးဆိုတာလောက်ပဲ ကြားတယ်လေ၊ဒါနဲ့ ကိုမင်းဇင်ကို ပြောပြတော့  ကိုမင်းဇင်က သူလဲ သတင်းကြားတယ်လို့ ပြောတယ်။

ဆက်ရန်
.

2 comments:

ကိုဇော် said...

ရောက်ပြန်တော့လည်း ဘယ်က စဖတ်ရမှန်း မသိတော့ဘူး။ ရောက်နေတဲ့နေရာ လက်ရှိကပဲ ဖတ်သွားတယ် အစ်မရေ။

:P said...

အစ်မရေ..
စစချင်းလေးမှာကိုဇင်မင်းဖြစ်နေလို့၊ ကိုမင်းဇင်ပြင်ပေးပါလား.... :)

ညနေ အဆက် လာဖတ်ပါမည်။