Showing posts with label စိန်စိန်. Show all posts
Showing posts with label စိန်စိန်. Show all posts

Wednesday, April 27, 2011

စိန်စိန် ၏ ထိုသူတစ်ဦး၏ စုံဆယ်ဖြာ

ထိုသူတစ်ဦး၏ စုံဆယ်ဖြာ
စာရေးသူ - စိန်စိန်

ဗြဲရှပ်မဏ္ဍပ်ပါတီ ခရိုင်ဥက္ကဋ္ဌကြီး ဦးပိန်ညောင်မှာ အင်မတန်မှ ဦးနှောက်ခြောက်စရာ ကောင်းသော အခက်အခဲကြီး တစ်ရပ် အတွက်၊ ဘေးကျပ်နကျပ် ဖြစ်နေရှာလေသည်။
သို့ရာတွင် ဦးပိန်ညောင်မှာ အရူးလည်းမဟုတ်၊ နွားလည်းမဟုတ်ရသည်မှာတော့ အမှန်ပင်ဖြစ်သည်။ သူ၏ ဖြူဖြူ သွယ်သွယ် တည်တည်ခန့်ခန့်ရှိနေသော ဥပဓိရုပ်နှင့် ဗြဲရှပ်မဏ္ဍပ် ဥက္ကဋ္ဌကြီးဆိုသော ဂုဏ်ပုဒ်ကို ဖက်စပ် မိနေသည်ကပင် နွာနှင့်အရူဟု ဘယ်လိုမှမဆိုရက်စရာ။

ပြီးတော့ သူသည် သည်ထက်ပို၍ စိတ်ချနိုင်လောက်သော သက်သေအထောက်အထားများကို လည်း ဗြင်းခနဲ ဗြင်းခနဲ ဆွဲထုတ်ကာ လက်တွေ့အားဖြင့် အခိုင်အလုတင်ပြနိုင်သူ ဖြစ်လေ၏။ သို့ကြောင့်လည်း သူက “ကျုပ်တို့ဟာ နွားလည်မဟုတ်ဘူး အရူးလည်းမဟုတ်ဘူး” ဟု စကားဟောင်းကို ပဲတင်ထပ်ကာ အောင်အောင် မြင်မြင် ဟစ် ကြွေးနိုင်ခဲ့လေသည်။

မည်သို့ပင်ဖြစ်စေ သည်တစ်ခါမှာတော့ သူစိတ်အညစ်ကြီး ညစ်ရပေပြီ။ ဤအခက်အခဲကို သူဘယ်လို ဖြေရှင်းပေးရမည်ပင် မသိ။ ဆဖြူငုတ်ကလေးများ ထိုးထိုးထောင်ထောင် ရောနှောက်နေသည် သူ၏ က တုံး ဆတောက် ကလေးမှာပင် ကုတ်ဖွရလွန်း ၍ ဖရိုဖရဲဖြစ်နေရရှာသည်။

သည်နေရာတွင် အကယ်တိတာ ဇနီးသည် ဒေါ်ဖက်တီ၏ ၀မ်းကြာတိုက်မှ လူလားမြောက်ပြီးသော သာ ရွှေဥတစ်ယောက်ကို အောက်တိုမက်တစ်နည်းဖြင့် ဒါရိုက်ဟစ်ဖွားမြင် ပေးလိုက်နိုင်မည်ဆိုပါလျှင်လည်း သည်ပြဿနာ မှာ အကောင်တကာ့ ကောင်းဆုသောနည်းဖြင့် ဖြေရှင်းသွားနိုင်ပေမည်။ ယခုသော...
ဦးပိန်ညောင် ခမျာမှာ အကြံရလိုရငြားဖြင့် ကုလားထိုက်ကို စာပွဲနားမှဆွဲရွှေ့သွားကာ ပြတင်းပေါက်တွင် မေးထောက်၍ ထိုင် ရင်း မိုးတစိမ့်စိမ့်ရွာနေသည် အပြင်လောကဓာတ်ကြီးကို အငေးသားကြည့် နေမိ လေသည်။

ထိုခဏတွင် “ကြ...ကြ” ဟု ဆွဲဆွဲငင်ငင် အော်လိုက်သည်နှင့်အတူ ကြံတောင့်ကြီးကို ခေါင်းပေါ် ရွက်လာ သည့် ဈေးသည်မ ကြီးတစ်ယောက်ကို မြင်တွေ့လိုက်ရလေရာ သူ့စိတ်တွင်းမှာ ထောင်းခနဲ ဒေါပွ သွားလေ၏။ “မကြံနိုင်ဘူးဟဲ၊ မကြံတတ်လို့ ဟဲ့” ဟူ၍သာ ကုန်း၍ကုန်း၍ ဟစ်လိုက်ချင်တော့်သည်။

(၂)

ဦးပိန်ညောင်တစ်ယောက် အခက်ပွေရခြင်း၏ အစမှာ သူ၏သားကြီး သြရသဖြစ်သောစီနီယာ ပိန်ညောင်ကို တက္ကသိုလ် ကျောင်းတော်ကြီးသို့ ပိုလွှတ်မိရာမှ ဖြစ်ပါသည်ဟုဆိုပါလျှင်လည်း မှားနိုင်မည်မဟုတ်ပေ။

သည်အရင် ခေတ်ကောင်စဉ်ကဆိုလျှင်ဖြင့် ဦးပိန်ညောင်နှင့် ဇနီးသည် မစ္စက်ပိန်ညောင်ခေါ် ဒေါ်ဖက်တီ ခေါ် ဒေါ်ဘုတ်ဆုံ တို့မှာ ထမင်းကြမ်းခဲကို ယပ်မခတ်သော်လည်း ငါးပိဖုတ်ငရုတ်သီး စပ်စပ်ကလေးနှင့် မြှုပ်ကာ၊ လက်ဖက်ရည်ကြမ်းခါးခါး ပူ ပူနှင့်ရူးရူးမြည်အောင်သောက်နေရလျှင် တင်းတိမ်နိုင်စွမ်းသော ပကတိ မောင်လူအေး နှင့် ခင်သန်းမြင့် (အဲလေ ဟုတ်ပါဘူး) မောင်လူအေး နှင့် မအေးသာကြီးများပင် ဆိုနိုင် လောက်ပါသည်။

သို့ရာတွင် အမိအဖများ သိတော်မူကြသည့်အတိုင် ဆန်ကောတွင် ဆီးဖြူလုံးကဲ့သို့ ဆိုသော တစ်ဘောင် တော်ကြီး အရ လူအပေါင်းတို့ယောက်ယက် ဆန်နေကြရသည့် သမယကြီးတွင် သူတို့မှာလည်း ထာဝစဉ် ရပ်တည်၍ မနေနိုင်ကြရှာ။

အင်္ဂလိပ်ပြေး၍ ဂျပန်မ၀င်မီမှာ မြို့လူထုတွေ တောရပ်မှီခိုကြရပြီးနောက်၊ ဂျပန်ရောက်၍ အနည်းငယ် အနည် ထိုင်စ ပြုပြီးဖြစ် သော ကာလမှာ မြိုပြန်ဝင်ကြရသောအခါကပင် အဆိုပါ ဦးပိန်ညောင် တို့ တစ်တွေ လည်း ရွာတန့်ရှည်ကြီးမှသည် ဖာတစ်တန် အထုပ်တစ်ဖက်ထမ်းကာ မြို့လူထုနှင့် အတူ ရောနှော ပါလာ ခဲ့ကြရသည်။

သူတို့သည်လို ရွှေ့ပြောင်းလာကြရခြင်း၏ အကြောင်းရင်းကိုတော့ ဦးပိန်ညောင်တို့က နိုင်လွန် ၀တ်ထားသည် ထက် လုံးခြုံ အောင် လျှို့ဝှက်ထားကြသည်။ သို့သော် ပြောရဆိုခွင့်ရှိသော သို့မဟုတ် အနီစပ် ဆုံးသော ဌာန တို့မှ ပေါက်ကြားလာသော သတင်းတစ်ရပ်အရဆိုလျှင်တော့၊ သူတို့တွင် ပြည်တော်သာ အုန်းသီးလောက်မက ကိုကိုကြီး၊ ကိုကိုလေးကျွန်းက အုန်းသီး ချောချောလောက်ရှိသော အထုပ် တစ်ထုပ် ကို တစ်ညလျှင် တစ်ဆယ့်သုံးကြိမ်လောက် ထထစမ်းနေရသည်မှာ အိပ်ပျက်လွန်း သောကြောင့် ဟု ဆိုလေသည်။

ထိုအဆိုကို ရွာတန်ရှည်ကြီ မီမလောင်မီက (ဦးပိန်ညောင်တို့ အဘိုးလက်ထက်မှာ ဆောက်လုပ်ခဲ့သည်) အုန်း လေးဖက်ချ သွပ်မိုးအိမ်ကြီးကို မြင်ဖူးလိုက်သော လူအပေါင်းတို့ကလည်း ကောင်းကောင်းကြီး ထောက်ခံ ချက်  ပေးကြသည်။

သို့နှင့် သူတို့တစ်တွေသည် မြို့ထဲမှာ အိမ်မကြီးမငယ် တစ်လုံးကိုငှားရမ်းကာ အိမ်နံဘေးတွင် အေးကျင်း ကောင်းကောင်း တူပြီး မြို့လူထုများနည်းတူ ဗုံးရှောင်ရခြင်းအတတ်ကိုလည်းကောင်း၊ “ယောဒေါရှိ” နှင့် “အာရိကတော” တို့ကို သံယောင်သံ ဖမ်းအားဖြင့်လည်းကောင်း တတ်မြောက်လာကြကာ သားသမီး များကို ပင်လျှင် မြို့ကျောင်းမှာ အပ်နှံထားနိုင်သောအခြေသို့ ရောက်ခဲ့ရလေသည်။

(၃)

သို့ပေမဲ့ ထိုအခါသမယမှာ ဦးပိန်ညောင်ရော (ထိုစဉ်က ဒေါ်ဖက်တီးမခေါ်ဆိုသေးသည့်) ဒေါ်ဘုတ်ဆုံပါ ထမင်းကို ကောင်း ကောင်းမစားနိုင်ကြပေ။ ဟင်... မကောင်း၍ မဟုတ်ပါ။ ဆိုခဲပြီးသည်အတိုင်း ငါးပိနှင့်သာ အဖော် လုပ်ရမည်ဆိုလျှင် (ဂျပန် ခေတ်မို လက်ဖက်ရည်ကြမ်းစစ်စစ်မသောက်ရ၍) ဒန့်ကျွဲစေနှင့် ထိကရုံးရွက် တွေကိုပဲ ရေနွေးပူပူမှာ ခပ်သောက်ရပါစေ၊ သူတို့လျှာအတွက် ကိစ္စမရှိရှိရိုးအမှန်ဖြစ်သည်။ သူတို့ အတွက် ကိစ္စရှိနေသည်မှာတော့ ဟိုးကိုကိုကျွန်းက အုန်းသီးလောက် အထုပ်ကြောင်သာဖြစ်လေ၏။
ဟိသစ္စ မှန်လှသည်။ ထိုအခါက တစ်စုံတစ်ယောက်သောသူသည် ဟိုရုပ်ရှင်ကားထဲမှ ကိုယ်ပျောက်ဆေးကို ခေတ္တ မျှ ငှားယူသုံးစွဲနိုင်၍ ညအခါ ဦးပိန်ညောင်တို့ နေအိမ်ကို ချဉ်းကပ်ကြည့်ရှုနိုင်စွမ်း ရှိသည်ဆိုပါစို့။

မျက်တွင်းအနည်းငယ် ချောင်ကျနေသော်လည်း ဆင်ပိန်ကျွဲလောက်တော့ ရှိနေသေးသော ဒေါ် ဘုတ်ဆုံကြီး က ကြုလှီ ဖျော့တော့ နေရှာသည် ဦးပိန်ညောင်၏ အနီးသို့ကပ်ကာ လေသံသဲသဲကလေးဖြင့် “ရော့ နေတာ ကွမ်းသီးလုံးလောက် တောင် မကတော့ဘူးတော်ရဲ့” ဟု စိတ်မချမ်းမြေ့စွာနှင့် ဆိုပေမည်။ သည်အခါမှာ ဦးပိန်ညောင်ကလည်း
“အေး လက်သီးဆုပ်လောက်သာ ရော့သွားရင်တော့ ခက်ရချည့်ကွာ” ဟု ဆီမန်းမန်းသလိုနှင့် မသက် မသာကြီး ဆိုလိုက်လိမ့် မည်ပြီးတော့ သက်ပြင်းရှည်ကြီးတွေကို ပြိုင်တူချလိုက်ကာ မှိုင်ပုံတော်ကြီးနှင့် မှိုင်နေ ကြတော့ သည်မှာ ကြည်ရှုရသူကိုပါ သူတို့၏စိတ်မချမ်းသာ ရောဂါကြီးကူးစက်ပြီး ကပ်ပါမလာခဲ့လျှင် ကျေးဇူးတင် လောက်သည်။

သို့ကလို တပိန်ပိန်တလိမ်လိမ်နှင့်ပင် နေမင်းရောင်ခေတ်ဆိုးကြီးကို  ကျော်လွန်လားခဲ့ရပြီးနောက်မှ အများ လူထု နှင့် အတူ လွတ်လပ်သော ပြည်ထောင်စုသမ္မတနိုင်ငံတော်သားအဖြစ်ကို ခံယူကြရသည်။ ဤအခါ၌မူ သူတို့ ၏ (ပြည်တော်သာ အုန်း သီးအငယ်စားလောက်သာ ရှိတော့သော) အထုပ်ကို ဦးပိန်ညောင်ကိုယ်တိုင် မျက်စိ မှိတ်ကာ အံကြိတ်ကာထက်ခြမ်းခွဲလိုက် လေတော့၏။
ပြီးတော့ ထိုအုန်းသီးတစ်ခြမ်းနှင့်မျှတသော ဆိုင်ခန်းမကြီးမငယ်တစ်ခုကို ဈေးနားခပ်နီးနီးမှာ ဖွင့်လေသည်။ စားသောက် နေ ထိုင်ကြသည်မှာတော့ ရှေးကနည်းအတိုင်း...။

(၄)

ဦးပိန်ညောင်၏ ကြရည်ဖန်ရည်ကပဲ စွမ်းလို့လား၊ ဘ၀သံသရာ အဆက်ဆက်မှ ကံတရားကပင် ထမ်းပိုး သလား တော့ မဆိုနိုင်၊ သူတို့တွင် ဖြစ်ရှိနေသော ဆိုင်ခန်းအပြင် မကြာမီ သူတို့၏ အုန်းသီး လောက်ကြီး မှာလည်း ကိုကိုကျွန်း မှ တစ်လုံးစာ လောက်ပင် ပြန်ပြည့်သွားလေ၏။ သည်အခါမှပင် သူတို့တစ်တွေလည်း ငါးသန် သေးနုပ် ရေလုံးပြုတ်ဆိုတာကို စားရကောင်း မှန်း သိသွားကြသည်။
ပြီးတော့ထူးခြားချက်များ စတင်လာခဲ့ပုမှာယင် အခိုက်အတန့်အတွင်းမှာပင် (နောင်အခါတွင် စီနီယာ ပိန်ညောင် ဟု တွင်သော) သူတို့၏သားကြီး သြရသသည် တက္ကသိုလ်ဝင် စာမေးပွဲကြီးကို အောင်မြင် သွားခြင်း ဖြစ်၏။

ထိုအခါတွင် ဦးပိန်ညောင်ကိုယ်တိုင် သစ်ပင်ပေါ်တက်မကြည့်ရဘဲနှင့် အမြင်ကျယ်လာပြီဖြစ်သည်ပင် အများ ကလည်း တိုက် တွန်းကြသည်နှင့် ထိုသာကြီး သြရသကို တက္ကသိုလ်ကျောင်းတော်ကြီးသို့ ပို့လိုက်ကြသည်။ ထိုသားကြီး၏ အောက်မှ “အေးမေသူဇာ” နှင့် “ထွေးမေဖြူပြာ” တို့မှာ တော၏သမီးမှ ဆင်းသက် ဆက်နွှယ် လာကြသည်မို့ နာမည်ရင်းမဟုတ်တန်ရာ သည်ကိုတော့ စာရှုသူတို့ တွေးထင်ပြီး ဖြစ်တန်ရာ သည်။ မှန်လည်းမှန်ပါ၏။ ယခုလောလောဆယ်မှာ တက္ကသိုလ်စော် နံလှ ပြီဖြစ်သော ခေတ်၏သမီးများ ဖြစ်ပေသမို သာ သူတို့၏ရှိရင်စွဲ မအေး၊ မထွေးများအပေါ်မှာ မေသူဇာ မေဖြူပြာ တို့ဖြင့် ကွန့် လိုက် လွန့်လိုက်ကြခြင်း ဖြစ်ပါသည်။

ပြီးတော့ သည်မျှနှင့်မတန် “ကျွန်မတို့ အမေကိုလည်း ၀လွန်းလို့ ဒေါ်ဘုတ်ဆုံခေါ်နေကြတာတဲ့ရှင်၊ ဟိုလှည်း လုပ်လို့စီးဆို တဲ့ သီးချင်းများကိုများ တွေးမိရင်း သိပ်စိတ်ဆိုးဖို့ ကောင်းတာပဲရှင်၊ ယဉ်ကျေးမှု နာလည် တဲ့ မြို့အရပ်မှာဆိုရင်တော့ ဒေါ်ဖက်တီးလို့ပဲ ခေါ်ကြမှာပေါ့နော်” ဟူ၍လည်း သူတို့၏ နှုတ်စလျှာစ ကလေးများကို ပြကြသေးသည်။ ထို့ကြောင့် အလိုက် သိသူအချို့က စတင်ခေါ်ဝေါ်သမှုဖြင့် ဒေါ်ဘုတ်ဆုံ ကိုယ်တိုင်မှာပင် ဒေါ်ဖက်တီးဖြစ်လာပြန်၏။

သည်အထဲမှာ မိဘများက ကြာသပတေးသားမို့ နေ့သင်နံသင့် ယူ၍လည်းကောင်း၊ ၀သန်ဦးမှာ ရွှင်မြူး ကြသည် ဖားအော်သံ ကလေးများကို နာခံကာ မွေဖွားခဲ့ရသူမို့လည်းကောင်း “မောင်ဖာ” ဟု မှည့်ခေါ် ထားခဲ့ လေသည့် တက္ကသိုလ်ကျောင်းတော် သားကြီးကလည်း-
“အဖေ ရာ ကျွန်တော်ကို ဒီနာမည်ကြီး မှည့်မယ့်အစား ငဘတို့ ဖိုးလုံးတို့ မှည့်ထားတာကမှ ဘ၀နဲ့ နီးစပ်ဦးမှာ” ဟု ညည်း တွားသမှုပြုလာခဲ့ပြန်သည်။ ကြာတော့ ဦးပိန်ညောင်မှာပင် နားအကြားရ ကပ် လာလေ တော့၏။

“ဟို လျှာရှည်တတ်တဲ့ မိန်းမသားတွေက ရှိပါစေ၊ ဒီကောင်ကပါဘာဖြစ်ရပြန်တာလဲ၊ မင်းမှာ ဒီနာမည်နဲ့ပဲ တက္ကသိုလ် ကျောင်းတောင်ရောက်ရပြီမဟုတ်လား၊ ငါတို့တော့ ဘယ်တော့မှ မပြင်ဘူးဟေ့၊ ဒီပိန်ညောင် နဲ့ပဲ အုန်းသီး နှစ်လုံးစာ လောက် ထုပ်နေရတာ” ဟု အော်ငေါက်မိရာ
“ကျွန်တော် က နည်မည် လှမလှ ရွေ့နေတာ မဟုတ်ပါဘူးဗျ၊ ဘ၀နဲ့ မနီးစပ်လို့ ပြောနေတာပါ၊ အဖေ့ နာမည်မျိုး ဆိုလည်း အရေးမကြီးပါဘူး၊ စီနီယာ ပိန်ညောင်ပဲ ခေါ်ကြပါစေပေါ့” ဟု သူကိုယ်သူ ဇွတ်အတင်း ကင်းပွန်း တပ်လိုက်ပြန်သည်။

သို့နှင့် သားအထွေးဆုံး မောင်ခွေးပုမှာပင် လက်ဖက်မကျွေးရ၊ ဘိသိတ်မသွန်းရပါဘဲနှင့် ဂျူနီယာ ပိန်ညောင် ဘ၀ သို့ အလို လိုရောက်ရှိလာရခြင်း ဖြစ်လေ၏။
မည်သို့ပင်ဖြစ်စေ ဦးပိန်ညောင်မှာတော့ စီနီယာ ပိန်ညောင်တစ်ယောက် ၀ိဇ္ဇာမဓိုရ်ရ မီကပင် “စိမ့်ကြီး မြိုင်ကြီး” ပါတီနှင့် ပေါင်းကာ မြေလျှိုးသွားလေတော့၏။ ဦးပိန်ညောင် မျှော်မှန်းထားသည် အုန်းသီးခိုင်ကြီး မှာလည်း အပင်ရင်းပါ ပြုတ်ထွက်ကာ လေထမှာ လွင်စဉ် ပျောက်ကွယ်သွားရလေပြီး။

(၅)

“လူကြီးမင်း ဦးပိန်ညောင်ခင်ဗျား၊ ကျွန်တော်တို့ရဲ့ ဗြဲရှပ်မဏ္ဍပ်အဖွဲ့ကြီးအတွက် ရန်ပုံငွေများ ကောက်ခံ နေပါတယ်။ ခပ်များ များထည့်ဝင်တော်မူပါ ခင်ဗျာ့”
ဧရာမ ငွေဖလားကြီးကို ရင်ခွင်မှာပိုက်ကာ သည်လူစုတစ်တွေ အိမ်ပေါ်ကိုတက်လာစမှာဖြင့် ဦးပိန်ညောင် မှာ မကောင်းတတ် လွန်း၍သာ ရောယောင်သွေးသောက် ပြုံးလိုက်ရသေးသည်။
“ဟဲ....ဟဲ...ဟဲ...ထည့်ရတာပခင်ဗျာ”
ပြီးတော့လည်း သူသည် မချိသွားဖြဲကလေးနှင့်ပင် အခန်းထဲသို့ ထလာခဲ့ရ၏။ ထို့နောက် စွန့်ခြင်းကြီး ငါးပါး အနေနှင့် အားတင်းလိုက်ကာ ၅ ပြားစေ့ ငါးစေ့တိတိကို ယူထွက်လာခဲ့ပြီး စက္ကူတွေချည်း အထပ်လိုက်ရှိနေသော ငွေဖလားကြီးထဲကို ဟန်ပါပါ ကြဲထည့်လိုက်သည်။

ဤတွင်...
“ဘာလဲ ခင်ဗျာက ကျုပ်တို့ရဲ့ ဗြဲရှပ်မဏ္ဍပ်ကြီးကို စော်ကားတာပေါ့လေ” ဟူသော ခြေင်္သေဟောက် သည်နှင့်တူစွာသော အသံကြီးကိုကြားရတော့သည့်အပြင်....
“ဟွန်း...ဟွန်း... သားတော်မောင်တစ်ယောက်လုံးက စိမ်းကြီးမြိုင်ကြီးပါတီထဲမှာ ဆိုတော့လည့် ကျုပ်တို့ရဲ့ ဗြဲရှပ်မဏ္ဍပ် ကို မခန့်လေးစားပြုဝံ့ပေမေပေါ့ဗျာ” ဟူသော မိုခြိမ်းသည်နှင့်တူစွာ အသံကြီးကိုလည်း ထပ်မံ၍ ကြားရ ပြန်လေ၏။

ဦးပိန်ညောင် တစ်ယောက်မှာတော့ ထိုခြင်္သေဟောက်သံ၊ မိုးခြိမ်းသံများ၏အလယ်မှာ ဇက်ကလေး ပုဝင် နေရရှာသည်။ သူတို့တစ်တွေ ခပ်ဆောင်ဆောင် ဆင်းထွက်သွားကြသည်ကိုလည်း ဘာစကားမျှ မဆိုလိုက်နိုင်။ ထိုနေ့ညတစ်ညလုံးမှာ လည်း ကောင်းစွာ အိပ်မပျော်နိုင်ခဲ့တော့ပေ။ သည်တစ်ခါ အိပ်မပျော် နိုင်သည် မှာမှ ယခင်တောမှာနေစဉ်... ကိုကိုကျွန်းက အုန်းသီးခန့်ကို ထထစမ်းနေရသည်ထက် ပိုဆိုးသည်။ ထိုစဉ် က စိတ်မလုံနိုင်တိုင်း ထိုအုန်းသီးခန့်ကို တစ်နေရာမှာ တစ်နေ ရာရွှေ့ပြောင်းထားနိုင်သေးသည်။ ယခုတော့ သူ့ရင်ထဲ အသည်းထဲ ကလီဇာထဲကကို ဖြစ်ရှိလာသောအကြောက်ထုပ်။

ဒီအကြောက်ထုပ်ကိုဖြင့် သူ ဘယ်နေရာမရွှေ့ပြောင်းနိုင်။ လုံခြုံရာလည်းမရှိ။ စစ်အတွင်းက ဒက်-ဒက်-၀ုန်း-၀ုန်း-၀ုန်း တို့ကမှ အေးကျင်ကောင်ကောင်တွင် ခိုကိုးရာရှိသေးသည်။ ယခုတော့ ခြင်္သေဟောက်သံနှင့် မိုးခြိမ်းသံကြီး များက သူ့နားထဲမှာ ပဲတင်ထပ်နေတော့သလိုပင်။ သည်အကြောက်ထုပ်ကြီးကလည်း သူ့ရင်ထဲ မှာ ကန်လန့်ကြီးခံနေသည်။ မအောင့်နိုင်၊ မခံသာနိုင်ဖြစ်လာတော့သည့် နောက်ဆုံးတွင်ကား... “အုန်းသီး တစ်လုံးစာ လောက်ဖြင့် ကုန်ချင်ကုန်သွားပါစေ၊ သည်အ ကြောက်ထုပ်ကြီးကိုတော့ ရှင်းပစ်လေ မှ”  ဟူ၍သာ စိတ်မသက်မသာကြီးအကြားမှ ဆုံးဖြတ်ချက် ချရရှာတော့သည်။

ဤအကြံကို ဒေါ်ဖက်တီးသို့ တိုင်ပင်လေသောအခါ၌လည်း သူလိုပင် အကြောက်ထုပ်ကြီးကို မထွေးနိုင် မအန်နိုင် ဖြစ်နရရှာ သည်။ ဒေါ်ဖက်တီးကလည်း နှမြောတုန်ခိုက်စွာသော အကြားမှပင် သဘောတူညီမှု ပေးလေသည်။ သို့နှင့် နံနက်မိုးသောက် အလင်းသို့ရောက်လာသည်တွင်မူ ဦးပိန်ညောင်သည် (သူတို့ အုန်းသီးထဲမှ ထွက်လာဟန်ရှိသည့်) အထုပ်ခပ်ကြီးကြီး တစ်ထုပ်ကို ကိုင်စွဲကာ ခြင်္သေ့ဟောက်သံနှင့် မိုးခြိမ်းသံကြီးများ ရှိရသို့ ၀ပ်တွားပန်ထွာရရှာလေတော့၏။

“ဟဲ...ဟဲ...ဟဲ လူကြီးမင်းတို့ကလည်း ဟဲ...ဟဲ...ကျွန်တော် မနေ့က ကျီစားတာကို ဟဲ...ဟဲ တကယ် မမှတ်ပါနဲ့ ခင်ဗျာ ဟဲ...ဟဲ...ဟဲ...။ တကယ်ဆိုတော့ ကျွန်တော်သား ဖြစ်ရတာလဲ ဟဲဟဲ ကျွန်တော်နဲ့ မဆိုင် ပါဘူးဗျာ။ ကျွန်တော်ကဆိုရင် လည်း ဟဲ...ဟဲ...ခင်ဗျားတို့ရဲ့ ဗြဲရှပ်ဏ္ဍပ် အဖွဲ့တော်ကြီးကလွဲရင် အဟဲ... ဘာကိုမှ သဘောကျတဲကောင် မဟုတ်ပါဘူးဗျ ဟဲ...ဟဲ”
ဦးပိန်ညောင်က သူတတ်သမျှ မှတ်သမျှသော အန္တရာယ်ကင်းဂါထာတော်ကြီးကို ရွတ်ဖတ်ပြီးတော့မှ သူ ယူလာခဲ့ သော အထုပ်ခပ်ကြီးကြီကို ကိုယ်ထိလက်ရောက် ထည်ဝင်လှူဒါန်းလိုက်သည်။ ရုတ်တရက်သော် ခြင်္သေ့ ဟောက်သံကြီး နှင့် မိုးခြိမ်း သံကြီးတို့၏ မျက်လုံးအစုံ တို့မှာ ပုစွန်မျက်လုံးများပမာပင် ပြူးထွက် လာကြ သေးသည်။ ပြီးတော့မှ ကပျာကသီ ဣနြေ္ဒဆည် ပစ်လိုက်ကြကာ သူတို့၏ မျက်နှာများကို သကာရည် ခပ်ထူထူကြီး လူးပြလိုက်ကြလေသည်။

“အဟဲ...ဟဲ ဦးပိန်ညောင်ကို ကျွန်တော်တို့ ချီးကျူးပါတယ်ဗျာ၊ ဒီမြို့ထဲ ဒီခရိုင်ထဲမှာဖြင့် ခင်ဗျာလောက် ရက်ရော နိုင် သူ ရှာမှရှားပါပဲ”
သည်တစ်ခါတော့ မိုးခြိမ်းသံကြီးနှင့် ခြင်္သေ့ဟောက်သံကြီးများမှ ထူးခြားစွာ ဖားအကြီးစားများ၏ အသံကဲ့သို့ ပြောင်းလဲ သွား ကြလေ၏။ ဦးပိန်ညောင်ကလည်း “ငါတို့၏ အကြောက်ထုပ်ကြီးမှာ လိုသည်ထက်ပို၍ ကြီးနေခြင်း ပေလား” ဟူ၍ သံသယဖြစ်မိသလိုလို ရှိလေသည်။ သို့ပေမဲ့ ယခုလို ဖားအကြီးစားမယား၏ အော်သံ မျိုး ကိုတော့ သူ၏ ကလီစာထဲကပါ သဘောကျ လက်ခံချင်သေးသလိုလို။
သည်လိုနှင့် မကြာမြင့်သော ကာလအတွင်းမှာ ဗြဲရှပ်မဏ္ဍပ်အဖွဲ့တော်ကြီးဖြင့် တစ်ကြိမ်နှစ်ကြိမ် ထပ်မံ ဆက်သွယ် ရပြန်သည် တွင်မူ မတော်တဆ မိုးခြိမ်းသံ ခြင်္သေ့ဟောက်သံကြီးများကို ကြားရလေဦး မည်လား ဟု ကြိုကြိုတင်တင်စိုးရိမ် စိတ်မချရှိလာ ပြန်ခြင်းနှင့် ဖားကြီးကြီး အသံကလေးမျိုးကို အူထဲအသည့်ထဲက လက်ခံလို ပြန်ခြင်းတို့ဖြင့် ရောထွေးကာ ဦးပိန်ညောင်က ရှေးနည်းတူရက်ရောလိုက်ရပြန်သည်။

“ဦးပိန်ညောင် ခင်ဗျား ကျွန်တော်များရဲ့ အဖွဲ့တော်ကြီးမှာ အမှုဆောင်တစ်နေရာ လက်ခံတော်မူပါ”
တဖြည်းဖြည်း နှင့် ဖာကြီးကြီးငယ်ငယ်တို့၏ အသံများသည် တိုးတက်သည်ထက် တိုးတက်လာကြလေ၏။ ဦးပိန်ညောင် က လည်း “အင်... ငါနောက်ဖက်မှာ ရာဇပလ္လင် ကပ်ပါနေတာ ငါ စောစောက မသိရပါကလား” ဟု ဘ၀ဂ် ကို လှမ်းမြင်နေသော စိတ်ဖြင့် လက်ခခေါင်းညိတ်ပစ်လိုက်သည်။ ဒေါ်ဘုတ်ဆုံးခေါ် ဒေါ်ဖက်တီး ကတော့ သူတို့မှာ အုန်းသီး တစ်လုံးလောက်နီးနီး လျော့နည်းသွားရခြင်းကို မရွှင်လန်းနိုင်သောစိတ်ဖြင့် မျက်စောင်း ထိုး၍ နှုတ်ခမ်းစူလေသည်။

သို့သော် သို့သော ထိုမျက်စောင်းထိုးခြင်း နှုတ်ခမ်းစူခြင်းတို့မှ အပြုံးပန်းတွေ တစ်ပွေ့ကြီး တစ်ပွေ့ကြီး ထွက်လာလောက် အောင်ပင် ဦးပိန်ညောင်က စွမ်းရည်သတ္တိပြနိုင်ခဲ့လေသည်။ သူသည် သိပ်မကြာသော ကာလအတွင်းအတွင်းမှာ ခရိုင်ဥက္ကဋ္ဌ ကြီး အဆင်အတန်ကိုလည်း တက်လှမ်းနိုင်ခဲ့၏။ ပြီးတော့ ဟို သာဝမာသဗျ အသင်း ဖြန့်ကြဲရေးဌာနနှင့် ပွေ့သတ်အဖွဲ့စ သည်တို့မှာ ဒိုးလိုမွှေလိုက်နိုင်ရုံမျှမက ကြီးကျယ် မြင့်မား လှစွာသော ပုဂံငကျွဲ၊ ငမို့ ငုံ့ တို့နှင့်ပင်လျှင် ဆက်သွယ်ပေါင်းသင်း မိသွားသည်။

ခပ်တိုတို ပြောရမည်ဆိုလျှင်တော့ သူသည် တစ်လုံးစာလောက် ဖြန့်ဖြူး ဆက်သ လိုက်လျှင် (အုန်းသီး ပြောတာပါနော်) နှစ်လုံး စာမက အစာပြန်ရနိုင်သည်ဆိုသော “နှစ်ထပ်ကိန်းရင်းနှင့်တိုးသည်” ဖော်မြူလာကြီး ကိုပင်လျှင် ရရှိသွားပြီး ဖြစ်ပေသတည်း။ သို့ကြောင့် အပြုံးပန်းတွေ တစ်ရုလုံးပွင့်ပြီးနေသော ဒေါ်ဖက်တီး မှာပင် ရှေ့သွားနောက်လိုက် ညီမျှစွာ အဖွဲ့တော်ကြီးထဲမှာ ပါဝင်ထမ်းရွက်ဖော် ရလာ ခဲ့တော့သည်။

သည်အခါတွင် (အခြေအနေရ) လက်ဖက်ရည်ကြမ်းပူပူနှင့် ငါးပိဖုတ် ငရုတ်စပ်စပ်တို့သည်လည်းကောင်း၊ ငါးသန်သေးနုပ် တို့သည်လည်းကောင်း၊ ဝေးရာသို့ ရှဲကြလေ၏။ သူတို့နေရာမှာ ပင်လယ်ငါးမျိုးစုံ တို့သာမက သူတို့၏ ဖော်မြူလာထဲတွင် ပါရှိဟန်တူသော ရေခဲသေတ္တာကြီးနှင့် ပုလင်းမျိုးစုံ ဗီရိုကြီးတို့ပါ ရောက်ရှိ လာကြသည်။
ယခင် အငှားနေအိမ်မှ ပြောင်းရွှေ့ပြီးကာ ကိုယ်ပိုင်တိုက်အိမ်ကြီးကလည်း အကြီးကြီး၊ စားပွဲသောက်ပွဲ စည်းဝေး ဧည့်ခံပွဲကြီး တွေ ကျင်းပလိုက်ကြသည်မှာလည်း ဂရီး ဂရီုး။ သူတို့ပိုင်နှင့် သူတစ်ပါးပိုင် မော်တော်ကား အခံကားကြီးများကလည်း တ၀ီးဝီး။ အဲဟိုဈေးနားမှာ မမှတ်မိ လောက်အောင် တိုးချဲ့ကြီးထွားနေသည် ဆိုင်ခန်းကြီးကိုထား၍၊ ရွှေမြို့တော်ထဲမှာပင် ကိုယ်စားလှယ် များနှင့် လုပ်ကိုင် နေသော လုပ်ငန်းကြီးများကလည်း တဟီးဟီး။

အီး... တယ်ပြီးတော့ နိပ်လှစွာသော ဗြဲရှပ်မဏ္ဍပ်ကြီး၏ အာနိသင်များပါပေတကား။

(၆)

အင်မတန်မှ သာယာဖြောင့်ဖြူးနေသည့် အခြေအနေထဲတွင် ဦးပိန်ညောင်သည် ရင်ထဲမှာ တဒိတ်ဒိတ်နှင့် တစ်စုံ တစ်စုံသော အရာကို မျက်ခြည်မပြတ် ကြည်နေရပြန်လေ၏။ တခြားတော့ မဟုတ်ပါ။ ၀မ်းလျား မှောက် နေရာမှ ခေါင်းထောင်လာသော ဟို ဘယ်လက်ရုံးတပ်ပေါင်းစုံကြီးကြောင့် ပါပေတည်း။
အကယ်၍သာလျှင် ထိုဘယ်လက်ရုံးတပ်ပေါင်စုကြီးသည် ဗြဲရှပ်မဏ္ဍပ်ကြီးကို ကျော်လွန်အောင် ထခုန် လိုက်မည် ဆိုပါက...။

ဦးပိန်ညောင် သည် သူ၏အုန်းသီးကြီးများနှင့် ဖော်မြူလာကြီးအား ထိခိုက်ခံရမည်ကို အစိုးရိမ်ဆုံးဖြစ်လေ၏။ ပြီးတော့ သည်ဘယ်လက်ရုံးထဲမှ ခြင်္သေ့ဟောက်သံ၊ မိုးခြိမ်းသံမျိုးကို သံတူပြုတတ်သူတွေရှိမှဖြင့် ဟူ၍လည်း တွေးရွံ့မိသည်။

ဘယ်လက်ရုံးကြီးမှာလည်း ထောင်ထလာသော သူ၏ဦးခေါင်းကို ဟိုဟိုသည်သည် လှုပ်ရှားစပြုလာ၏။ ကြာလျှင် ထမခုန်ပါ ဘူးဟု မဆိုနိုင်၊ ဟုတ်သည် “သီဟိုဠ် လက်ဖက်သစ်” “ဗလာ ဗချာ” လို အဖွဲ့အစည်းမျိုး ဆိုလျှင် တော့ဘာမှ မထောင်းတာ။ ယောက်ဖ ၀မ်းကွဲတစ်ယောက်နှင့် နှမသုံးဝမ်းကွဲလောက်မှ မွေးစားသည့် တူတော်မောင်တစ်ယောက်ကို လိုလိုမည်မည် ခြေ စောင့်လက်စောင့် သဘောလောက် ထည့်သွင်း ထားရုံနှင့် ကိစ္စပြီးနိုင်သည်။ ဤအလားအလာအများကြီးရှိသော ဘယ်လက်ရုံး ကြီးမျိုးကို လျစ်လျူရှု နေ၍တော့ မဖြစ်။

သို့ကြောင့် ဆယ်တန်းတွင် တဖုတ်ဖုတ်လိမ်လဲနေသော သူသားအငယ် ဂျူနီယာပိန်ညောင်အား ကျောင်းမှ ထွက် ပေးလိုက်ကာ ဤဘယ်လက်ရုံးထဲသို့ဝင်ပြီး အင်တိုက်အားတိုက် ဆောင်ရွက်စေရလေသည်။ မှတ်ချက်=  သူတို့သားအမိ သားအဖ ချင်းမှာပင် စကားဟဟ မပြောကြ။

ဤအချိန်တွင် အေးမေသူဇာ၊ ထွေးမေဖြူပြာတို့မှာလည်း တက္ကသိုလ်သို့ ရောက်ရှိကုန်ကြလေရာ ဥက္ကဋ္ဌကြီး ဦးပိန်ညောင်က စီနီယာ ပိန်ညောင်ကဲ့သို့ စိမ့်ကြီးမြိုင်ကြီး၊ ပါတီနှင့်ပေါင်းကာ မြေမလျှိုးကြရန်နှင့် ကျောင်းတော် ၏ အဖွဲ့အစည်းတစ်ခုစီမှာ တော့ ကိုယ်ကြိုက်နှစ်သက်ရာမှာ တစ်ဖွဲ့စီခွဲ၍ ပါဝင်ကြရန်ကို သြ၀ါဒ ပေး၍ လွှတ်လိုက်သည်။ သူ ဖခင်ကျွေးသော ပင်လယ် ငါးကို ဖန်တစ်ရာတေအောင် စားဖူးကြသည် သမီး နှစ်ယောက် ကလည်း ဤသြ၀ါဒအတိုင်းပင် တစ်သဝေမတိမ်း လိုက်နာကြ သည်။ (အကယ်၍ သည်သမီး နှစ်ယောက် ကျောင်းမှထွက်လာကြလျှင်လည်း အလုပ်ကိုလုပ်သည်ဖြစ်စေ မလုပ်သည်ဖြစ်စေ အမျိုးသမီး အသင်းအဖွဲ့ကြီးနှစ်ဖွဲ့ မှာ တစ်ယောက်စီခွဲ၍ ပါဝင်ကြစေရန်ကိုတော့ ဦးပိန်ညောင်က ရည်စူးပြီး ဖြစ်သည်။)

ဤလိုနှင့် သူတို့တတွေ အတော်ကြီးနေသားကျသွားပြီးသည်၏။ နောက်ပိုင်းတွင် ရုတ်ရုတ် ရုတ်ရုတ် နှင့်ဖြစ်ကာ သူတို့၏ ဗြဲရှပ်မဏ္ဍပ်ကြီးမှာ ဟက်တက်ကြီး ကွဲ၍သွားပြန်လေ၏။ ကွဲပုံကလည်း အတော်ယဉ်သည်။ တစ်ဖက်ဖက်ကို ပြိုကွဲသွားပုံမျိုး တော့မဟုတ်၊ တစ်ဖက်တွင် “စင်ကြယ်သော ဗြဲရှပ်မဏ္ဍပ်ကြီး” ဟူ၍ တစ်ဆောင်ပေါ်လာသည်နှင့်အတူ အခြားသောတဖက်မှ လည်း “နိစ္စဓူဝ ဗြဲရှပ်မဏ္ဍပ်ကြီး” ဟူ၍ တသီး တခြား ပေါ်လာသည်။

ဦးပိန်ညောင်တို့ကာ မဖြုန်းရေးချမဖြုန်း။ သူနိုင်ငါနိုင်အကဲခတ်ရ အလွန်ခက်နေသော ကြားကာလ ၏ အချိန် အတွင်းမှာပင် မဖြုန်။ ဦးပိန်ညောင်က စင်ကြယ်ဗြဲရှပ်မှာ ပါဝင်၍ ဒေါ်ဖက်တီးက နိစ္စဓူဝ ဗြဲရှပ်တွင် ပါဝင်လိုက်ခြင်းဖြင့် သည်ပြဿနာကို လွယ်လွယ်ကလေးနှင့် ဖြေရှင်းလိုက်ကြသည်။ ရွ့ပ်ရွပ်ချွံချွံလည်း စွမ်းဆောင် ပြကြ၏။
ဦးပိန်ညောင် က အသံချဲ့စက်တပ်ဆင်ထားသည့် ကားကြီးဖြင့် မြို့ထဲသို့ လှည့်ကာ ဒေါ်ဖက်တီးတို့ နိစ္စဓူဝ ဗြဲရှပ် ၏ ညောင်မြစ်ကြီးကိုတူပြီး ပုတ်သင်ဥတွေကို ဖော်ပြလိုက်သောအခါ ဒေါ်ဖက်တီးကလည်း အလားတူ ကားတစ်စီးဖြင့် လှည့်၍ ဦးပိန်ညောင်တို့၏ စင်ကြယ်ဗြဲရှပ်မှ ဘုရားဖူးရင် တူးထားကြသည့် လိပ်ဥတွေကို အကုန် ဖော် လေသည်။

မြို့လူထုတွေ မှာ အလွန်လျှင်အကဲခတ်ရ ခက်ကုန်ကြလေ၏။ အချို့လူများကတော့ သူတို့၏ ပြင်ပ အပြု အမူ ကို သံသယရှိ၍ အိမ်တွင်းရေးရာ နေထိုင်ကြပုံများကို အကဲခတ်ကြည့်ကြလေသည်။
သို့ရာတွင် ဥက္ကဋ္ဌကြီးပင် လုပ်နေသေးသော ဦးပိန်ညောင်မှာ ဒါလောက်ကိုဖြင့် ကွက်ကျော် မြင်တတ် ပါသေး၏။ ဒေါ်ဖက်တီး နှင့်သူတို့ သားအဖသည် တစ်ယောက်ကိုတစ်ယောက် လုံးဝ စကားမပြောဘဲ နှင့် လည်း နေကြသည်။ ဆူပူစောင့်မဲ၍လည်း နေချင်နေသည်။ ဒါကတော့ “ချစ်ရမှာခက်တယ်” ဇာတ်လမ်းကြီး ကို ခင်းပြနေခြင်းဖြစ်လေ၏။ ရံခါတော့လည်း “လမ်းစပေါ်ပြီ” ပြဇာတ်ကြီးကို အစမ်းတိုက်ကြည့် နေကြကြောင်း ဖြင့် ကြည်ကြည်သာသာ ရယ်ရယ်မောမောပင် တွေ့ရတတ်သည်။ မျာသော အားဖြင့်တော့ မြို့မိမြို့ဖ များ နှစ်သက်ပုံ ရသော “ချစ်ရမှာ ခက်တယ်” ကိုပင် နာနာဖိ၍ သရုပ်ဆောင်ကြလေသတည်း။

ဒါကြောင့်ပင်လည်း ဦးပိန်ညောင်က လက်သီးလက်ရုံးတန်းတဲ့ကာ သူတို့သည် နွားကြီးလည်းမဟုတ်၊ အရူးကြီး လည်း မဟုတ်ရပါသည့်အကြောင်းကို ပဲ့တင်ထပ်ကာ ကြွေးကြော်နိုင်ခြင်း ဖြစ်လေ၏။ တစ်ပုံစီနွှဲ၍ တစ်နည်းစီ ဆင်နေကြသော ဒေါ်ဖက်တီးနှင့် သူ၏သားသမီးများကို ဗြင်းခနဲ ဗြင်းခနဲ ဆွဲထုတ်ကာ သက်သေခံ အခိုင်အမာနှင့်လည်း ပြနိုင်အားပေသည်။
အခက်တကာ အခက်ဆုံး မှာ ယခုမှာသာ စတင်လေ၏။ ထိုအခက်အခဲမှာလည်း ကာလအတန်ကြာက စကား မပြောဘဲ၊ ယခုမှ သာ စကားတစ်လုံးစပြောကာ မျက်နှာချင်းဆိုင် နိုင်ကြတော့သော သူတို့သားအဖ ၏ ဆွေးနွေးပွဲမှ စတင်ပေါ်ပေါက်လာခြင်း ဖြစ်လေသည်။

“ကျွန်တော် တို့ရဲ့ ဘယ်လက်ရုံး တပ်ပေါင်းစုကြီးလည်း အဖေတို့ရဲ့ ဗြဲရှပ်မဏ္ဍပ်လမ်းစဉ်ကိုများ လိုက်ချင် လာပြီလား မသိဘူး အဖေရေ၊ အတွင်းမှာ လှုပ်လှုပ်လှုပ်လှုပ်နဲ့ ဖြစ်နေကြတယ်။ လက်လယ်တပ်ဦးပါတီ နဲ့လည်း အတော်သဘောကွဲလွဲနေကြ တယ် အဖေရဲ့”
“ဟေ ဒါ ဘာခက်သလဲကွဲ၊ ဘယ်ဖက်က အင်အားသာမယ်ဆိုတာကို စောင့်ကြည့်အကဲခတ်နေရုံပေါ့”
“ဒါလည်း မလွယ်လှဘူး အဖေရဲ့၊ လက်လယ်တပ်ဦး ဘက်မှာ လက်သူ ကြွယ်ပါတီနဲ့ လက်ညှိုလက်မ လက်သန်း ပါတီတွေ ကပါပါနေကြပြီ၊ တစ်ဖက်မှာလည်း လက်ဖျံလက်မောင်းနဲ့ လက်ဝါးအုပ်စုကြီးတွေ ရှိနေကြတယ်”

“သြော်... ဒါဖြင့် အင်အားမျှနေပုံပေါ့၊ စောင့်ကြည့်ဦးလေကွာ”
ဒါက ပထမအကြိမ်ဖြစ်သည်။ ဒုတိယအကြိမ်သို့ နောက်ထပ်ဆိုက်ရောက်လာပြန်၏။
“အဖေရေ... လက်လယ်တပ်ဦးကိစ္စတော့ အေးသလောက်ရှိသွားပြီ။ ဟို တစ်တောင်ဆစ်ပါတီနဲ့ လက်ဝါး ပါတီက ခေါင်း ဆောင်ကြီးချင်းစကားများနေကြပြန်ပြီးဗျ။ ပြီးတော့ လက်မောင်းရင်းအဖွဲ့နဲ့ လက်ကောက်ဝတ် အုပ်စုတို့ချင်းလည်း သိပ်မတည်ကြဘူးတဲ့။ အဲဒါ ဘယ်လမ်းစဉ်းလိုက်ရမယ်ဆိုတာ ကြိုတင် စဉ်းစား ထားပါဦး”

သည်တစ်ခါတော့ ဦးပိန်ညောင်မှာ အတော်ပင် အခက်အခဲကြီးတွေ့ရရှာသည်။ “အင်... ဒါလောက်ဖြစ်လာရင်တော့ ကွဲများ ကွဲဦးတော့မှာလား”
သည်ပြဿနာကိုဖြင့် လွယ်လွယ်နှင့်ဖြေရှင်းနိုင်ပုံမပေါ်၊ စားပွဲဆီမှရွှေ့ပြောင်းကာ ပြတင်းပေါက်မှာ မေးထောက်၍ စဉ်းစား သော်လည်း အဖြေမထွက်သေး။သူကိုစောင့်ချိတ်သလို “ကြ...ကြ” ဟု အော် သွားသော ကြသည်မကြီးကိုပင် ဒေါပွမိရသေးသည်။ “ကြနိုင်ဘူး ဟဲ့၊ မကြတတ်လို့ဟဲ့” ဟူ၍သာ ကုန်း၍ ကုန်း၍ ဟစ်လိုက်ချင်တော့၏။

သည်လိုနှင့် ကြာသည်ထက် ကြာသွားတော့မှ သူ့ဦးနှောက်၏ချောင်ကြားထဲမှာ ခိုကပ်နေသော သိပ်မလတ်ဆတ် တော့သည့် အကြကလေးတစ်ခုကို ရသွားသည်။ သည်တော့မှပဲ
“ဟေး...ဂျူနီယာ ပိန်ညောင်ရေ လာစမ်းပါဦးဟ” ဟု လှမ်းခေါ်လိုက်ရသည်။ သားတော်မောင်မှာလည်း သူ ဖခင်ကြီး ကို လေး စားစွာ အနီးသို့ကပ်လာလေ၏။
“အခု လောလောဆယ်မှာတော့ ဒီလိုလုပ်ဦး လေကွာ၊ တကယ်လို့ ကွဲကြပြီဆိုရင် ဘယ်ဖက်ကိုပဲဖြစ်ဖြစ် ကြိုက်ရာ တစ်ခုခု ကို လိုက်လိုက်တာက ကိစ္စမရှိပါဘူး။ ပြီး ခဏနေတော့မှ ကျွန်တော် မှားပါကြောင်းဆိုတာ ကြေညာပြီး တစ်ဖက်ကို ပြောင်းယူလိုက်တာပေါ့။ ဒီလို မကြာခဏပြောင်းနေရင်းမှာပဲ သူတို့ရဲ့ အကယ့် အင်အားအမှန် တွေလည်း ပေါ်လာလိမ့်မပေါ့ ကွာ၊ ဒီတော့မှပဲ ဒို့သားအဖတွေတွေလည်း သာကူ ကျိုသောက် ကြသေးတာပေါ့”

“အင်း...အဖေကပြောတာ အလွယ်သား၊ ဒါပေတဲ့ ဒီဘယ်လက်ရုံး တပ်ပေါင်းစုက အဖေတို့ရဲ့ ဗြဲရှပ် မဏ္ဍပ်ကြီး လို ကွဲလိုက် စေလိုက်နဲ့ ဟိုကပ်ဒီကပ်လုပ်လို့ လွယ်မယ်မထင်ဘူးဗျ။ ဒီပြင်နည်းကလေးများ မရှိတော့ဘူးလား သိပ်ခက်တာပဲ”

ဂျူနီယာ ပိန်ညောင်က ညည်းညည်းတွားတွားနှင့် ထွက်သွားသောအခါ ဦးပိန်ညောင်မှာလည်း သူခေါင်းက ဘဲမြီး ကလေး ကို ထပ်မ၍ ကုတ်ဖွမိပြန်သည်။
ဤနေရာ တွင် ဒေါ်ဖက်တီး၏ ၀မ်းကြာတိုက်မှ လူလားမြောက်ပြီးသော သားရွှေဥ တစ်ယောက်ကို အော်တိုမက်တစ် နည်းဖြင့် ဒါရိုက်ဟစ် ဖွားမြင်ပေးလိုက်နိုင်မည်ဆိုလျှင်လည်း သည်ပြဿနာမှာ အကောင် တကာ့ အကောင်းဆုံးနည်းဖြင့် ဖြေရှင်းသွား နိုင်ပေမည်။

ယခုတော့ ဦးပိန်ညောင်မှာ ဘေးကျပ်နံကျပ် နှင့် အခက်တကာ အခက်ဆုံး ဖြစ်နေရသည်မို့ ဒေါ်ဖက်တီး တစ်ယောက် ဤလို မဖွားမြင့်နိုင်သေးသည့်ကြားကာလမှာ ဤဘယ်လက်ရုံးတပ်ပေါင်းစုကြီး ကွဲအက်တော် မမူပါမည့် အကြောင်း ကိုသာ စုံဆယ်ဖြာဖြင့် ပန်ထွာဦးတင်လျက် နေရရှာပါလေသတည်း။

ပြီးပါပြီ
ရှုမဝ ဧပြီ ၁၉၅၉
.
စိန်စိန် ၏ ရှုမဝမဂ္ဂဇင်းဝတ္ထုတိုများ ဖတ်ချင်လျှင် http://www.sagarwarmyae.net တွင်ဖတ်ရှု့ နိုင် ပါသည်။
.
>>>ဆက်ဖတ်ရန်>>> >>

အောင်နိုင် (စိန်စိန် ရေးသည်) အပိုင်း (၁၂) ဇာတ်သိမ်း

သည်တော့မှပင်လည်း ဆရာဝန်ကြီး ပြုံးရွှင်လာကာ ...
"ကဲ ... အခြေအနေ ကောင်းလာပါပြီ ဒေါ်ဒေါ်တို့အားလုံးဘဲ ကျွန်တော့်အိမ်လိုက်ပြီး ညစာ သုံးဆောင်ကြပါခင်ဗျာ" ဟု ဖိတ်ခေါ်လိုက်လေသည်။
အားလုံးမှာပင် စားချင်စိတ် မရှိကြသော်လည်း ဖိတ်ခေါ်ခြင်းကို အားနာသမှုဖြင့် ၀တ်ကြေတန်ကြေ လိုက်ပါ စားသောက် ကြရပေသည်။
အေးတယောက်သာလျှင် ...
"၀မ်းနည်းပါတယ် ... ကျမ စားကို စားနိုင်မှာ မဟုတ်လို့ပါ" ဟု ဇွတ်အတင်း ငြင်းဆိုကာ ကျန်ရစ်နေ သဖြင့် ဧည့်ဝတ် ကျေပွန်ရှာသော ဆရာဝန်ကတော် ကိုယ်တိုင်မှာပင် သူ့အတွက် နို့ဖန်တခွက်နှင့် မုန့်များ သွားပို့ ပေးရလေ၏။
ညပိုင်းတွင်လည်း အေးနှင့် ဒေါ်နှင်းက သူတို့စောင့်ကြည့် နေပါမည်ဟု ပြောဆိုပြန်လေသည်။

ဆရာဝန်က လူနာ ညစောင့် အလုပ်မှာ အမျိုးသမီးများနှင့် မသင့်လျော်ပါကြောင်း၊ တကယ်ဆိုတော့ ညလှည့် ဆရာမများ အသင့် ရှိနေကြသည်မို့ ယောက်ျားသားများပင်လျှင် အပင်ပန်းခံ၍ စောင့်နေကြသည်မှာ အပို သက်သက်သာ ဖြစ်ကြောင်း၊ သို့ရာတွင် လူနာရှင်များ အနေနှင့် စောင့်ကြည့်ရာမှ စိတ်ကျေနပ် မည် ဆိုလျှင်မူ နာရီပိုင်းနှင့် အလှည့်ကျသာ စောင့်ကြည့် စေလိုပါကြောင်း ဖြောင်းဖျ ပြောဆို ရလေသည်။ ဆေးရုံနှင့် အိမ်မှာ အချိန်မရွေး သွားရောက်နိုင် သည်မို့ ဆရာဝန်ကြီး ပြောဆိုသည်မှာ လျော်ကန် သော ပြောဆိုခြင်းလည်း ဖြစ်ပေသည်။
သို့ဖြင့် အေးနှင့် ဒေါ်နှင်းမှာ သူတို့အတွက် ဆရာဝန်ကတော် ပေးထားသော အခန်းမှာပင် အိပ်စက်ရန် ပြင်ဆင် ကြရလေသည်။

ထိုအချိန်တိုင်အောင်ပင် ဦးဖေတင်နှင့် အောင်နိုင်တို့ကတော့ လူမမာ အနီးမှာ ရှိနေကြသေးသည်။ ဆန်နီကလေးမှာလည်း စောစောက အေးနှင့် သူ့ဖွားဖွားချော့ခေါ်သည်ကိုပင် မရဘဲ အောင်နိုင်နှင့် ကပ်တွယ် ကျန်ရစ်ခဲ့သည်။
"ကျွန်တော်ဘဲ စောင့်လိုက်ပါမယ် ဦးရယ် ... ဦး သွားအိပ်ချည်ပါ ..."
ဦးဖေတင်နှင့် အောင်နိုင်က အမှတ်မထင်ပင် အချီအချ ပြောဆို နေမိကြ၏။ ထိုစကားကို ကြားရ၍ ထူးခြားလာသူကတော့ မောင်မောင်လွင်ပင် ဖြစ်ပေသည်။ သူသည် ...
"မောင်အောင်နိုင်" ဟု ခေါ်သံကြားမိသည်နှင့် တပြိုင်နက်ပင် မှိန်းနေရာမှ မျက်စိကို ဖျတ်ခနဲ ဖွင့်လှန်းပြီး ကြည့်လေ သည်။ ပြီးတော့ အံ့အားသင့်ဟန်ဖြစ်သွားရာမှ လူးလဲထတော့မယောင်ပင် ခေါင်းကို ကြွထောင် လာသေး သည်။ သို့ရာတွင် အားမရှိသည်မို့ ပြန်လည်ပြော့ခွေ၍ ကျသွားပြန် လေ၏။

ထိုအချင်းအရာကို မြင်လိုက်ရသော အောင်နိုင်မှာ ခုတင်အနီးသို့ ခြေလှမ်းကြဲကြီးများဖြင့် တိုးကပ် သွားကာ မောင်မောင်လွင့် လက်တဖက်ကို ညင်သာစွာ ဆုပ်ကိုင်လိုက်ရသည်။
"ကျွန်တော်ဟာ ကိုထူးဘဲဖြစ်ဖြစ် အောင်နိုင်ဘဲဖြစ်ဖြစ် ခင်ဗျားရဲ့သစ္စာ အရှိဆုံး မိတ်ဆွေတယောက်ပါ ... ကိုမောင်မောင်လွင် ..."
မောင်မောင်လွင်သည် အောင်နိုင်အား ပြန်လည်စူးစိုက် ကြည့်ရှုနေလေ၏။ ပြီးတော့မှ ခေါင်းကို ခပ်ဖြည်းဖြည်း ညိတ်လိုက်ပြီး ...
"ခင်ဗျား ဟာ လေးစားထိုက်တဲ့ မိတ်ဆွေပါဘဲ ကိုအောင်နိုင်" ဟု အားယူ၍ ပြောလိုက်ကာ သူ၏ အားမရှိ လှသော လက်ချောင်းများဖြင့် အောင်နိုင်၏ လက်ကို ပြန်လည်၍ ဖျစ်ညှစ်ဆုပ်ကိုင် လိုက်လေသည်။
လူငယ်နှစ်ဦး တို့၏ သန့်ရှင်း စင်ကြယ်သော မေတ္တာဓာတ်နဲ့ တွေ့မြင်သိရှိရသော ဦးဖေတင်မှာတော့ ၀မ်းသာ ၀မ်းနည်းကြီး ဖြစ်နေရလေသည်။

ထိုအခိုက်မှာ သူ့ဆန္ဒကို ထုတ်ဖော် ပူဆာလာသူကတော့ ဆန်နီ ဖြစ်လေ၏။
"အိပ်ချင်လှပြီ ဦးဦး ..." ဟု ဆိုကာ အောင်နိုင့်လက်ကို ခေါ်နေတော့လေသည်။
"ကဲပါ မောင်အောင်နိုင်ရယ် ...  ခလေးလဲ ကောင်းကောင်း အိပ်ရအောင် သွားအိပ်ချေစမ်းပါ ..."

ဦးဖေတင် ကပါ ထပ်မံတိုက်တွန်းနေသည်တွင်တော့ အောင်နိုင်သည် ထပ်မံ၍ မငြင်းဆန်သာတော့ ဘဲ ဆန်နီ ကို ပွေ့ချီကာ ထွက်ခဲ့ရတော့ပေသည်။
ဆရာဝန်ကြီး အိမ်ရောက်၍ အခန်းနှစ်ခန်း၏ အလယ်မှ နေရာလွတ်တွင် ပြင်ပေးထားသော ခုတင်ပေါ်၌ ဆန်နီကို ချသိပ်နေသည့်အချိန်တွင်ကား တဖက်ခန်းမှ ဘုရားရှိခိုးနေသော အေး၏ အသံခပ်တိုးတိုး ကြား နေရလေသည်။ အောင်နိုင်မှာ အိမ်ထောင်ရှင်အဖြစ်နှင့် တည်ငြိမ်စွာ ပြောင်းလဲနေသော အေး၏ အမူအရာများကို နှစ်လို ကျေနပ်မိလေ၏။ ပြီးတော့ သူနှင့် တိုက်တိုက် ဆိုင်ဆိုင် ပြန်လည် ဆုံတွေ့ လာရခြင်း ကိုလည်း အဆိုးအကောင်း မဝေခွဲနိုင်အောင် ဖြစ်နေရလေ သည်။

"ဘုရားမလို့ သားလေး မြန်မြန် ကျန်းမာပါစေဘုရား၊ ပြုခဲ့သမျှ ကုသိုလ်ကောင်းမှုအားလုံးအတွက် သားလေးဒဏ်ရာ မြန်မြန် ပျောက်ပါစေ ..."
ဒေါ်နှင်း၏ ဆုတောင်းမေတ္တာ ပို့သံကို ကြားရရာတွင်ကား အောင်နိုင်မှာ မောင်မောင်လွင်အတွက် စိုးရိမ်စိတ် ၀င်လာမိပြန်တာ ... "ဟုတ်ပါတယ် ဒီလိုသဘောထားပြည့်တဲ့ ပညာတတ် လူငယ်တဦး ဟာ မဆုံးရှုံးသင့် သေးပါဘူး၊ အမြန်ဆုံး ကျန်းမာလာပါစေဗျာ" ဟူ၍ပင် ကူညီဆုတောင်းမိရပြန် သည်။ မနေ့က တည မအိပ် ရသည့်ဒဏ်နှင့် စိတ်ပန်းလူနွမ်း ဖြစ်ခဲ့ရသည့် ဒဏ်များကြောင့် မျက်ခွံ များလေးလံသာတော့ကာ မကြာမီ အတွင်းမှာ အိပ်ပျော်ခြင်းသို့ ရောက်ရှိသွားလေသည်။

ဘယ်အချိန်ရှိပြီဟူ၍တော့ မသိ၊ အောင်နိုင် နိုးလာသောအခါတွင်ကား အားနည်းသော အလင်းရောင် မှုန်မွှားမွှားကလေးကိုပင် တွေ့မြင်နေရပြီ ဖြစ်ပေသည်။ တအိမ်လုံးမှာလည်း တိတ်ဆိတ်လျက်ပင် ရှိ နေသည်။

အောင်နိုင်သည် ဦးဖေတင်အား အိပ်စေကာ လူနာတလှည့် သွားစောင့်ရန်ကို သတိရသည်နှင့် လူးလဲကာ ထရ လေ၏။ ပြီးတော့ ခုတင်ဘေးမှ မီးခလုတ်ကို စမ်းဖွင့်လိုက်ကာ အိပ်မောကျနေဆဲ ပင် ဖြစ်သော ဆန်နီကလေးအား စောင်ကို ပြင်ခြုံပေးလိုက်ပြီးနောက် ခြေကိုဖွဖွနင်းကာ တံခါးဆီ သို့ လျှောက်လာခဲ့သည်။ ထို့နောက် တံခါးအနီးမှ ဖိနပ်ကို ခြေထောက်မှာစွပ်ကာ တံခါးမင်းတုံးကို ဆွဲဖွင့်မည်ပြုသည်တွင်မူ တံခါးမှာ တစုံ တယောက် ဖွင့်ထွက်သွားပြီး၍ စေ့ရုံစေ့ထားကြောင်းကို တွေ့ရှိရပြန်လေသည်။ အောင်နိုင်မှာ ထိတ်ကနဲ ပင် ဖြစ်သွားရကာ ဆေးရုံဆီသို့ သုတ်သုတ်ပျာပျာ ထွက်လာရတော့သည်။

မကြာမီ ထောင့်ချိုးတခုမှာ ပွင့်ချည်မှိတ်ချည် လက်နှိပ်ဓာတ်မီးရောင်တခုနှင့်အတူ လူတယောက် သည် သူ့ရှေ့တူရူမှ လာလျက်ရှိသည်ကို တွေ့ရလေ၏။ ခပ်လှမ်းလှမ်းဆီသို့ ရောက်သောအခါ ထိုသူက အောင်နိုင့် ကိုယ်ပေါ်သို့ ဓာတ်မီးရောင်ကို တည့်တည့်မတ်မတ်ပင် တချက်ထိုးကြည့်လိုက် ကာ "သြ ... ခင်ဗျာလား" ဟု အသံပြု လိုက်သည်။ အောင်နိုင်လည်း ဆရာဝန်ကြီးအသံကို ချက်ခြင်း မှတ်မိသွားလေ၏။

"ဘယ့်နှယ်လဲ ဒေါက်တာ အရေးကြီးသလား ..." ဟု မေးလိုက်ရသည်။
"အရေးကြီး တော့တဲ့အချိန်ကို ရောက်ပါပြီဗျာ၊ ၀မ်းနည်းစရာပါဘဲ ..."
ဆရာဝန်ကြီး က ခေါင်းကို ရမ်းခါ၍ ပြလိုက်သည်။
"သူ့အမေ တွေ သိကြပြီသား ..."

"အားလုံး ဆေးရုံမှာ ရောက်ကုန်ကြပါပြီဗျာ ... မိုးလဲ လင်းတော့မှဘဲ၊ သုံးနာရီ ထိုးသွားပြီ ..."
အောင်နိုင် သည် သူအသိနောက်ကျခြင်းအတွက် စိတ်မကောင်းသလို ဖြစ်ကာ ဆရာဝန်ကြီးကိုမျှ စကား ဆက်ပြောနိုင်ခြင်း မရှိတော့ဘဲ ဆေးရုံဆီသို့သာ လေးကန်သော ခြေလှမ်းများဖြင့် လှမ်းထွက် ခဲ့ရသည်။

ယနေ့ နံနက်လည်း နေအတော်မြင့်မှပင် အောင်နိုင် အိပ်ရာမှ နိုးလာသည်။ ဤအိမ်၊ ဤနေရာကို ရောက်ရှိ သည်မှစ၍ ညညတွင် အတွေးလွန်ကာ အိပ်မပျော်တတ်သော အကျင့်တခုကို ရရှိနေကာ ဤလိုပင် အိပ်ရာထ နေမြင့်ရသည့် ရက်ပေါင်းမှာ များပေပြီ။
အောင်နိုင် သည် မျက်နှာသုတ်ပုဝါကို လည်မှာ ပတ်ကာ ရေချိုးခန်းရှိရာသို့ ထွက်လာခဲ့သည်။ မီးဖိုဆောင်ကို ဖြတ်ကျော်မိလျှင်ကား အေးသည် ဆန်နီးအား ကော်ဖီနှင့် မုန့်များကို တိုက်ကျွေး နေသည်ကို တွေ့ရသည်။ အိမ်ဖော် လင်မယားနှစ်ယောက်မှာလည်း သူတို့အနီးတွင် ချက်ပြုတ် ဘွယ်ရာများကို  စီမံနေကြ၏။
အောင်နိုင် ၀င်လာသောအခါ အေးက မျက်လုံးတချက် လှန်ကြည့်ရုံသာ ကြည့်လိုက်သည်။

သူ့ဘက်သို့ နောက်ကျောပေးကာ စားသောက်စရာများတွင် အာရုံပြုလျက်ရှိသော ဆန်နီကလေး ကတော့ သူဝင်သည်ကို မမြင်တွေ့ရှာပေ။
မျက်နှာသစ်ပြီး၍ အောင်နိုင် ပြန်ထွက်လာသောအခါတွင်လည်း အေးသည် စောစောကလိုပင် တချက်မျှသာ မျက်လွှာပင့် ကြည့်လိုက်သည်။
အောင်နိုင် အလယ်ခန်းသို့ ရောက်လာသည်တွင်မူ အိမ်ဖော်အမျိုးသမီးသည် လဘက်ရည်လင်ပန်း ကို သယ် ယူကာ သူ့ကို ဖြတ်ကျော်ပြီး အိမ်ရှေ့ခန်းသို့ ထွက်သွားလေသည်။ ပါးလွှာကာ မိုးပြာရောင် ခန်းဆီး ကလေး ကို ထိုအမျိုးသမီးက ကိုယ်စောင်းတိုက်ကာ ဖယ်ရှားလိုက်သည့် တခဏတွင်မူ အပြင်ဖက်တွင် သတင်းစာ ဖတ်နေသော ဦးဖေတင်ကို တွေ့မြင်ရလေသည်။

အခါတိုင်းဆိုလျှင်တော့ အောင်နိုင်သည် ယခုလို နံနက်ပိုင်းတွင် ဆင်ဝင်ခန်းသို့ ထွက်ကာ ဦးဖေတင်နှင့်အတူ လဘက်ရည်သောက်ရင်း စကားပြောနေလေ့ ရှိသည်။ သို့နှင့်သူ့အတွက် ပေးထားသော  အခန်း ထဲသို့ ပြန်ဝင်ခဲ့ကာ ညောင်လေးပင်တုန်းကမူ ၀ယ်ယူထားခဲ့ရသော သူ့အ၀တ် အထည်ကလေး များကို လွယ်အိတ်တလုံးဖြင့် စုဆောင်းထည့်သိုနေရလေသည်။
ယနေ့မှာ မောင်မောင်လွင် ကွယ်လွန်ပြီးနောက် ရက်ပေါင်း ၂၀မျှပင် ကြာညောင်းခဲ့ပြီ ဖြစ်လေ၏။

မောင်မောင်လွင်၏ ရုပ်ကလပ်တွင် ညောင်လေးပင်မှ ပြန်လည် ယူဆောင်ခဲ့သည်မှအစ ဂူသွင်း မြှုပ်နှံ့ကာ ရက်လည်ဆွမ်းသွတ်ပြီးသည်အထိ ကိစ္စအ၀၀တို့ကိုလည်း သူပင်လျှင် ကိုယ်ဖိ ရင်ဖိ ကူညီပေးခဲ့ရသည်။
နောက်ပိုင်း တွင်တော့လည်း ဆန်နီကလေးက သူ့ဆိုသူမှဆိုသလို တန်းတန်းစွဲ ဖြစ်နေခြင်းကို ငဲ့ညှာ ကာပင် သူနေခဲ့ရသည်။

ဤအတွင်းမှာ အေးတယောက်ကလည်း သူ၏ပူပင်သောကများကို တတ်နိုင်သလောက် ဖြေဆည် ကာ ဆန်နီ၏ ခင်မင်မှုကို မရအရ ကြိုးပမ်းရှာပါပေသည်။
ဒေါ်နှင်းမှာလည်း ယောက်မခဆိုပေမည့် အေးအပေါ်တွင် သမီးရင်းတမျှ ချစ်ခင်ကြင်နာမှုရှိကာ အင်မတန် သဘောထားပြည့်ဝကြောင်းကို တွေ့ရှိရပေသည်။
သူသည် သူ၏ မြေးကလေး ဆန်နီကိုပင် သူ့အိမ်သို့ အတင်းအကြပ် ခေါ်ဆောင်သွားခြင်း မပြခဲ့ဘဲ အေး အတွက် စိတ်ဖြေစရာ ရစိမ့်ခြင်းငှါ အေးတို့ထံမှာပင် ထားစေခဲ့သည်။
ယခုတော့ ဆန်နီသည် အေးအား မေမေအေး ဟူ၍ပင် ခေါ်စမှတ်ပြုကာ ခင်တွယ်လာပြီ ဖြစ်ပေ သည်။ အေးထံ မှာ သွားရောက်အိပ်စက်သည်မှာပင် ၄-၅ ညမျှ ရှိပြီ ဖြစ်ပေ၏။

ဤသို့ဆိုလျှင် ဤအိမ်ထက်မှာ သူဘာ့ကြောင့် ဆက်လက် နေထိုင် ရတော့ပေမည်နည်း။ ပြီးတော့ အေးကိုယ်တိုင်ကလည်း ယနေ့ထိအောင် သူ့အား စကားတခွန်းတပါဒမျှ ပြောခဲ့လေ့သည် မဟုတ် သေးပေ။
ဦးဖေတင် က သူ့အား မချွင်းမချိန် ပြောပြခဲ့သည်မို့ သိရှိရသည်မှာလည်း ဟိုလွန်ခဲ့သော (၂)နှစ်ကျော်က သူ့တို့ မြို့ကလေးမှ အောင်နိုင် ထွက်ခွာသွားခဲ့သည့် ညတွင် ဦးဖေတင်တို့သည် အေးအား မြို့စွန် အိမ်ကလေးမှ သွားရောက်ခေါ်ငင်ခဲ့သည်။

အိပ်ရာမှ နိုးနှင့်နေသော အေးသည် အောင်နိုင်ကို မတွေ့၍ အိပ်ခန်းပတ်လည်တွင် ရှာဖွေကာ ဇဝေဇ၀ါ ဖြစ်ရှိနေဆဲတွင် ဦးဖေတင်တို့ မောင်နှမကို တွေ့ရသောအခါ အောင်နိုင်က သွားရောက် တောင်းပန်ကာ ပြောကြားခဲ့သည်မို့ သဘော ညီမျှကာ လာရောက် ခေါ်ငင်ကြခြင်းဖြစ်သည်ဟူ၍ပင် ပထမဦးစွာ အထင် ရှိလေသည်။
နောက် သူထင်သလို မဟုတ်မှန် သိရသောအခါတွင်ကား အေးသည် သည်းထန်စွာ ငိုကြွေးခဲ့လေ ၏။ နောက် တွင်ကား အောင်နိုင်၏ အမည်ကို စကားစပ်၍ပင် အသုံးမပြုခဲ့တော့ပေ။
လူကြီး တွေလည်း အခြေအနေကိုကြည့်ကာ မောင်မောင်လွင်နှင့် လက်ထပ်ရေးကိစ္စကို အချိန်ဆွဲ ခြင်း မပြုတော့ ဘဲ အမြန်စီမံခဲ့ရသည်။

မောင်မောင်လွင်တယောက်ကိုတော့ အေးသည် သူဖြစ်သမျှကို ပြန်လည် ပြောပြခဲ့သည်ကို ဦးဖေတင်က ထင်လေသည်။
မောင်မောင်လွင် ကလည်း သည်ကိစ္စနှင့် ပတ်သက်၍ အေးအပေါ်မှာ သဘောထားပြောင်းနိုင်ရှာပုံ မရပါဟု ဆိုသည်။
သည်လို နှင့် လက်ထပ်ပေးပြီး၍ မကြာလှမီမှာတော့ ဒေါ်ဒေါ်စောတယောက် လူကြီးရောဂါနှင့် ဆုံးရှာ ပြန်လေသည်။
ထိုအခါတွင်တော့ ဦးဖေတင်သည် သူပိုင်ဆန်စက်ကြီးနှင့်တကွ တိုက်တာ ခြံမြေအားလုံးကို ရောင်းချကာ ရန်ကုန် သို့ လိုက်လာပြီး သမီးထွေးနှင့် သမက်ပါ ခေါ်ယူလျက် အိုးသစ်အိမ်သစ် တည်ထောင်ခဲ့ရသည်ဟု ပြောပြ လေသည်။

ဤကဲ့သို့ အခြေအနေ အတည်တကျ ဖြစ်ရှိလာကြပြီးမှ ယခုတဖန် ကိုမောင်မောင်လွင် တယောက် ဆုံးပါးသွားပြန်သည်မှာလည်း ၀မ်းနည်းစဘွယ်ပင် ဖြစ်ပေသည်။ ယခုအချိန်တွင် တိုင်အောင် အေး တယောက် က သူ့အပေါ်မှာ မကြေချမ်းနိုင်ဟန်မှာလည်း သိသာလှသည်။ တကယ်ဆိုတော့ သူလုပ်ခဲ့သည့် အလုပ် မှာလည်း သိသာလှသည်။ တကယ်ဆိုတော့ သူလုပ်ခဲ့သည့် အလုပ်မှာ လည်း မိန်းမသားတဦး ဖက်ကနေ ကြည့်လျှင် ခွင့်လွှတ်ချင်စရာ ကောင်းသည်တော့ မဟုတ်။

အောင်နိုင်က အရာအားလုံးအတွက် အဆင်မပြေလှစွာ ဖန်တီးလာသော ကံကြမ္မာအပေါ်တွင်သာ ပုံချပြီး စိတ်ဖြေလိုက်ရသည်။ ထိုအခိုက်မှာ "သြော် ... မောင်အောင်နိုင် အိပ်ရာထ မထသေးဘူး မှတ်လို့" ဟူသောအသံကို အခန်းဝဆီမှ ကြားလိုက်ရသည်။ ဦးဖေတင်သည် ခါတိုင်းလို လဘက်ရည် သောက်ရန် အောင်နိုင် ရောက်ရှိမလာခြင်းအတွက် လာရောက် ကြည့်ရှုခြင်းပင် ဖြစ် ပေသည်။ အောင်နိုင်က "အခုဘဲ လာခဲ့ ပါမယ်ဦး ... ကျွန်တော်သွားဘို့ ပြင်ဆင်နေရတာနဲ့ ..." ဟု ပြန်ပြောလိုက်ရသည်။
"ဒီတခါတော့ ... မင်း ဘယ်ကိုမှ သွားဘို့ မလိုတော့ဘူးထင်တယ် မောင်အောင်နိုင် ..."

ဦးဖေတင်ထံမှ ထိုစကားကို ကြားရသည်တွင်တော့ အောင်နိုင်အတော် အံ့အားသင့်သွားမိသည်။ ဦးဖေတင် ဘာကို ရည်စူး၍ ပြောသည်ကိုလည်း သဘောမပေါက်နိုင်အောင် ရှိရလေ၏။ ဦးဖေတင် ကတော့ မပြုံးမရယ် နှင့် ထိုစကား တခွန်းကို ပြောပြီးလျှင် ပြီးခြင်းပင် အိမ်နောက်ခန်းသို့ လှည့်ထွက်သွားသည်။

မီးဖိုဆောင်ထဲတွင် စားသောက်ပြီးစီးသွားပြီဖြစ်သော ဆန်နီအား လက်သုတ်ပုဝါ တထည်ဖြင့် ပါးစပ်ကို သုတ်ပေးနေသော အေးကို တွေ့ရတော့မှ ဦးဖေတင်က ရပ်တန့်နိုင်သည်။
"မောင်အောင်နိုင် သွားတော့မလို့တဲ့ သမီး ... သမီးအနေနှင့် ကျေးဇူးတင်စကားလေး ဘာလေး ပြောပြီး ထားထားသင့်သေး ဘယ်လို့ ဖေဖေ ထင်တယ်"
ဦးဖေတင် အေး ကိုလည်း ထိုမျှပင် ပြောဆိုခဲ့ကာ အိမ်ရှေ့ခန်းသို့ တိုက်ရိုက် ပြန်ထွက်သွားလေ သည်။

အေးသည် သူ့ဖခင်စကားကို ကြားရလျှင် နှုတ်ခမ်းသားကို သွားကလေးဖြင့် ဖိကိုက်ကာ တွေဝေ သွားလေ၏။ မျက်လုံးအိမ်တွင် မျက်ရည်ဥတို့ ယီးလေးခိုကာ ရင်ထဲမှာ တလှပ်လှပ် ဖြစ်လာခြင်း မှာလည်း ဘယ်လိုဝေဒနာ ရယ်လို့မသိ၊ "သွားတော့မလို့တဲ့ သွားတော့မလို့တဲ့ ..." အနာဟောင်းကို ဆွပေးသည်နှင့် တူလှသော သည်စကားလုံးကိုလည်း နားခါးလှပါဘိသည်။ ဒေါသထွက်လှသည်။ ဘယ်လိုများ ကျေးဇူးတင်စကားကို ပြောထွက်နိုင်ပါမည်နည်း။ ဘာ့ကြောင့်ကော တားဆီးထားရဦး မှာပါနည်း။

အေးတယောက်က စိတ်မတည်မငြိမ်  ဖြစ်နေရဆဲတွင် ဆန်နီကတော့ သူ့ဦးဦး၏ အခန်းသို့ တဒိုင်းဒိုင်းနှင့် ပြေးထွက်သွားလေပြီ။ မကြာမီ ... ရှိုက်ကြီးတငင် ငိုချလိုက်သော ဆန်နီ၏အသံကို ကြားရ၏။ အေးက ထိတ်လန့်သလိုဖြစ်ကာ ခြေလှမ်းခပ်ကြဲကြဲနှင့် လိုက်ပါသွားမိသည်။ အခန်းဝမှ မရွံ့မရဲ လှမ်းကြည့် လိုက်မိလျှင် "မသွားရဘူး မသွားရဘူး ... ဦးဦး မသွားရဘူး" ဟု ထွန့်ထွန့်လူးမျှ အော်ဟစ်ကာ အပေါက်ဝသို့ နောက်ကျောပေးထားသော အောင်နိုင် ခြေနှစ်ချောင်းကို သိုင်းဖက် ထားသည့် ဆန်နီအား တွေ့မြင်ရသည်။

"ဦးဦး မသွားလို့ မဖြစ်ဘူး ဆန်နီ မင့်မေမေအေးက ဦးဦးကို သိပ်မုန်းနေတာ"
စနက်တံနှင့် တူလှသော သည်စကားလုံးကတော့ အေး ကိုယ်ထဲမှ လျှို့ဝှက်ချက်တခုကို လျင်မြန်စွာ ထိမှန် ပေါက်ကွဲသွားစေပုံ ရပေသည်။ အေးသည် သူ့ကိုယ်ကိုမျှ သတိမထားနိုင်မီမှာ ပင် အခန်းထဲသို့ ပြေးဝင်မိပြီး ဖြစ်သွားသည်။
"ဘယ်သူက ဘယ်သူ့ကို မုန်းတာလဲဟင် ... ဘယ်သူက ဘယ်သူ့ကို မုန်းတာလဲ ဟင် ..."
အေးသည် ပါးစပ်မှ ဤသို့ ရွတ်ဆိုကာ အောင်နိုင် ရင်ပတ်ကြီးကို သူ့လက်သီးဆုပ် နှစ်ဖက်ဖြင့် တ၀ုန်းဝုန်းထုနှက်၍လည်း နေလေ၏။

ဤမျှဖြင့် အောင်နိုင်တယောက်က နားလည်မှု ရှိနိုင်ပါလေသေသည်။ သူသည် အေးက ထုရိုက်နေ သမျှကို မတုန်းမလှုပ်နှင့် ပေတေပြီး နေလေသည်။
အေး တယောက် မောသလောက်ရှိသွားတော့မှ အေး၏ လက်သီးဆုပ်ကလေး နှစ်ခုကို သူ့လက်များ ဖြင့် ညင်သာစွာ ဆုပ်ကိုင် လှမ်းယူလိုက်လေ၏။
ပြီးတော့ အေးကို မည်သို့မျှ မဆိုဘဲ ဆန်နီကလေးကိုသာ ပြော၍ ပြောလိုက်သည်။
"ဦး ဦး မသွားတော့ပါဘူး ဆန်နီ ... ဦး ဦး မင်းတို့ကို တသက်လုံး မခွဲတော့ပါဘးကွယ် ..."

ပြီးပါပြီ
.
>>>ဆက်ဖတ်ရန်>>> >>

Tuesday, April 26, 2011

အောင်နိုင် (စိန်စိန် ရေးသည်) အပိုင်း (၁၁)

ဒရိုင်ဘာကလည်း  ကားကို အရှိန်လျှော့ရုံမျှသာ လျှော့လိုက်ရာမှ သင်္ကာမကင်းရှိသည်နှင့် ဆက်လက်၍ အပြင်း မောင်းလိုက်သည်။ ဤတွင်ကား "ဟေ့ ရပ်လိုက် ရပ်ဆို မရပ်ဘူးလား ..." ဟု ထန်မာသော အသံကြီ များနှင့်အတူ သေနတ်သံ တဒိုင်းဒိုင်းပါ ဆက်လက်၍ ထွက်ပေါ်လာတော့ သည်။ ထိုသည်နှင့် တပြိုင်နက် ကားရှေ့ခန်း မှ အားကနဲ အသံစူးစူး တသံကို ကြားလိုက်ရပြီး သည်တွင်ကား ကားသည် ရုတ်တရက် ရပ်တံ့သွားလေသည်။

မူလက နှစ်ယောက်မျှသာ ထင်ရသော်လည်း ပုန်းကွယ်နေရာများမှ စုပေါင်း ထွက်ပေါ်လာကြသည် တွင်မူ ခြောက် ယောက်မျှ ရှိနေသော ထိုလူစုမှာလည်း ကားဆီသို့ အပြေးအလွှားပင် ၀ိုင်းဝန်းလာ ကြလေ၏။
"ခွေးမသားတွေ သေချင်လို့ ရပ်မပေးတာလားဟ ... ဟေ"
ခေါင်းဆောင် ဖြစ်ဟန်ရှိသူမှာ သေနတ်ကြီး တရွယ်ရွယ်နှင့် ဆဲရေး တိုင်းထွာနေလေ၏။

"ကျွန်တော်က ခရီးသည်ထင်လို့ ကျွန်တော့ကားမှာ လိုက်စရာ နေစရာ မရှိတာနဲ့ ရပ်မပေး တာပါဗျာ"
"အေး ... အခုတော့ ခရီးသည် မဟုတ်ဘူး နင့်အဖေတွေဆိုတာ သိပြီမှုတ်လား ... အကုန်အောက် ကို ဆင်း ... ပါသမျှ ပေး မြန်မြန် လုပ်ကြစမ်း ..."
အောင်နိုင်တို့ ကားနောက်ခန်းမှ ကမန်းကတန်း ဆင်းလာကြသည်တွင်ကား ... လက်ပြင်ညွန့်ကို ဖောက်ထွင်း သွားသော သေနတ်ဒဏ်ရာ တချက်ဖြင့် ကားစက်ခန်းထဲမှာ ခွေလျက်သား လဲနေသော မောင်မောင်လွင် ကို စိတ်မချမ်းမြေ့စဘွယ် မြင်တွေ့ရလေသည်။ သို့တိုင်အောင် သူ့အားမည်သူမျှ ကူညီဖေးမနိုင်ခြင်း မရှိသေး ... လက်ကိုင်ပုဝါနှင့် ဖောင်တိန်မျှ မကျန်င်္ရအောင် ပါသမျှသော ပစ္စည်းများကို စုဆောင်း ပေးအပ် နေရပြန်လေသည်။

ရထားပေါ်မှာတုန်းက အောင်နိုင် ကိုယ်တိုင် ၀တ်ဆင်ပေးခဲ့သော ဆန်နီ့ လက်စွပ်ကလေးကိုပင် အောင်နိုင် ကိုယ်တိုင် ချွတ်ယူပြီး ပေးအပ်လိုက်ရသည်။
ဒဏ်ရာ ဖြင့် လဲနေသော မောင်မောင်လွင်မှာပင် ချမ်းသာရာ မရရှာ၊ အိတ်ထဲတွင် ပါသမျှသော ငွေစက္ကူ များနှင့် အကြွေမျှ မကျန်ရအောင် နှိုက်ယူနေသည့်ပြင် ၀တ်ဆင်ထားသော နာရီနှင့် လက်စွပ်ကို ချွတ်ယူမည် ပြုနေပြန်၍ အရိပ်အကဲသိသော အောင်နိုင်ကပင် ဖြေဆေးသက်သာ ထူမကာ ချွတ်ယူ ပေးလိုက် ရသေးသည်။

ကားမောင်းသူမှာလည်း မသက်သာလှ။ သူတို့အလိုရှိသော ဆီပုံးများနှင့် ဆေးအိတ်အချို့ကို ကားပေါ်မှ သယ်ချ ပေးနေရသည်။ သူတို့အလိုရှိသမျှ ကျေနပ်အောင် ယူငင်ပြီးတော့မှသာ "နောက်တခါ ပစ္စည်းများ များ စုပြီး လာခဲ့အုံးဟေ့" ဟူသော အမှာစကားနှင့်အတူ ထွက်သွားကြ သည်။ သည်တော့မှ အောင်နိုင်သည် စိတ်မကောင်းကြီးစွာနှင့် မောင်မောင်လွင်အား ဖြည်းဖြည်းညှင်းညှင်းထူမကာ ကားနောက်ပိုင်းသို့ ပွေ့တင် လိုက်ရသည်။

"အင်း ခေတ်ကြီးများ တယ်ဆိုးသကိုဗျာ၊ ကိုယ့်ကုန် ကိုယ်တင်ပြီး ကိုယ့်ကား ကိုယ်မောင်းနေရပေ တဲ့လဲ လွတ်လွတ် လပ်လပ် မစားသာသေးဘူး၊ ကျွန်တော့်မလဲ ကားကို အလကားလဲ မထားနိုင်၊ သူများနဲ့လဲ လွှဲမထားနိုင် လို့ စွန့်စားပြီး ကိုယ်တိုင်လဲ မောင်းနေရတာ၊ ဘေးရန်မကင်းမှန်းလဲ သိပါရဲ့၊ ဒီအထဲပုံးတွေ ပါသွား တာကတော့ ဆိုးသဗျာ ... ကျွန်တော့်ပစ္စည်းလဲမှုတ်ဖူး၊ တောင်ငူက မိတ်ဆွေတယောက် တင်ပေး လိုက်တာ"
ကားသမားမှာလည်း ကားစက်ကို ပြန်နှိုးရင်းနှင့် ခြူသံပါအောင် ညည်းညူ၍ နေလေသည်။ အောင်နိုင်မှာ သူ့ရှပ်အင်္ကျီကို ချွတ်ကာ မောင်မောင်လွင့်ဒဏ်ရာကို ခပ်တင်းတင်း စည်းနှောင်ပေး ထားရလေ၏။ မောင်မောင်လွင် မှာတော့ နာကျင်စွာ တွန့်လိမ် ရှုံ့မဲ့နေရသည့် အထဲမှာပင် မျက်ရည်တွေ တွေ ကျနေ တော့ပေသည်။

"ကျွန်တော့်မှာ ခံနေရတာထက် အိမ်ကလူတွေ စိတ်ပူနေကြမှာကို သနားမိပါတယ်ဗျာ ... ဒီခလေး အတွက် ကလဲ"
"အို ... ဒါတွေကို ဘာမှ ပူမနေနဲ့ ကိုမောင်မောင်လွင်၊ ကျွန်တော် တယောက်လုံး ရှိပါသေးတယ်ဗျာ ... အားတင်း စမ်းပါ"
အောင်နိုင်က စိတ်ပါလက်ပါ အားပေးသမှု ပြုရလေ၏။ သို့ရာတွင် လမ်းတလျှောက်လုံး၌ မောင်မောင်လွင် မှာ သတိများပင် လစ်သည့်အခါ လစ်နေခဲ့ပေသည်။ ဆန်နီကလေး တရှုပ်ရှုပ် ငိုနေပြန်၍လည်း ချော့မော့ ရသည်မှာ အမောပင် ဖြစ်နေတော့သည်။

မောင်မောင်လွင်အား ညောင်လေးပင်ဆေးရုံတွင် တင်ထားကာ အခြေအနေကို မေးမြန်းကြည့် တော့လည်း အားရ နိုင် စဖွယ် မရှိလှပေ။ ဒဏ်ရာမှာ အတော်ပြင်းထန်ပြီး သွေးလွန်နေသဖြင့် စိုးရိမ် ရကြောင်း တော်တော် နှင့် ခရီးဆက်လက်၍ သွားရန်မဖြစ်နိုင်ကြောင်းကို သိရသည်။
"အားမငယ်ပါနဲ့ ကိုမောင်မောင်လွင် ... ကျွန်တော့်မှာ ငွေ ရှိပါသေးတယ်"
အောင်နိုင် သည် သူ့ဘောင်းဘီခါးပတ်ချုပ်ရိုးထဲမှာ လျှို့ဝှက်စွာ ထည့်သွင်းလာခဲ့သော ရာတန်စက္ကူ များကို ထုတ်ယူ ၍ ပြကာ အားပေးရလေသည်။
သူ့ကိုယ်မှာလည်း ရှပ်အင်္ကျီအသစ်၊ ပလေကပ် လုံချည်အသစ်နှင့် ဖြစ်နေ၏။ ခုတင် နံဘေးက ဆေးရုံသုံး ဘီရိုကလေးပေါ်မှာလည်း မောင်မောင်လွင့်အတွက် ရွယ်စူးဝယ်ယူလာဟန် ရှိသော သပျက်သီးခိုင်များနှင့် ဟောလစ်ဘူး၊ နို့ဆီ၊ သကြား စသည်တို့ကို ဝေေ၀ဆာဆာပင် မြင်တွေ့ရ သည်။

ဆေးရုံမှ ပြုစုကူမှုပေးခြင်းဖြင့် မကြာမီကလေးမှ ပြန်လည် သတိရလာကာ မောင်မောင်လွင် ကတော့ အိပ်င်္ရာ ခုတ်ငထက်မှာ ခပ်မတ်မတ်မှီကာ လှဲနေရရင်းမှ နွမ်းလျ ဖြော့တော့စွာ ပြုံးယောင် ပြုလိုက် လေသည်။
"ကျေးဇူးတင်ပါတယ် ကိုထူးရယ် ... ဒါပေမဲ့ ဒီငွေစက္ကူတွေ ကျွန်တော့် အသက်ကိုတော့ ကယ်နိုင် မယ် မဟုတ် တော့ပါဘူး၊ ကျွန်တော့် အိမ်ကိုသာ တဆိတ်လောက်"
အားနည်း လှသော လေသံ မဆတ်တဆတ်မျှဖြင့် ကိုမောင်မောင်လွင်က တောင်းပန်သလို ပြောနေတော့မှ ...
"မဟုတ်တာ ကိုမောင်မောင်လွင်ရယ် ... ခင်ဗျားအနေနဲ့ ဒါလောက် ပက်ပက်စက်စက် မဖြစ်နိုင်ပါ ဘူး၊ အိမ်ကို အကြောင်း ကြားချင်ရင်လဲ ကျွန်တော် အကြောင်းကြားပေးပါ့မယ် ... လိပ်စာသာ ပြော"
"အိမ်ကို ဆိုရင်တော့ သံကြိုးရိုက်မှဘဲ ... ဖြစ်လိမ့်မယ် ထင်တယ် ... ဖုံး ဖုံးကတော့ ကျွန်တော်တို့ အိမ်မှာ မရှိသေးဘူး ... ကျွန်တော့် မေမေအိမ်မှာ ရှိတယ်"

"စိတ်ချပါဗျာ ... ကျွန်တော် လုပ်ပေးပါ့မယ် ... သံကြိုးရော ဖုန်းရော"
အောင်နိုင် သည် မောင်မောင်လွင့်ထံမှ လိပ်စာများကို ယူဆောင်ကာ ကိုယ်တိုင်ကိုယ်ကျပင် သွားရောက် ဆောင်ရွက် ရပြန်လေ၏။ ထိတ်လန့် အားငယ်စရာတွေကိုချည်း တွေ့ကြုံနေရသော ဆန်နီကလေးမှာလည်း မျက်နှာ ကလေး ငယ်ငယ်၊ မျက်ရည်ကလေးလည်လည်နှင့် အောင်နိုင်ကို သာ မခွာတမ်း ကပ်တွယ်၍ နေတော့ရာ အောင်နိုင်မှာ ထိုဒုက္ခသည် တူဝရီးကို သနားကရုဏာ ပိုကာ တတ်စွမ်းနိုင်သမျှ ပြုစု စောင့်ရှောက် နေရလေသည်။ "ဒီသတင်းကိုကြားရင် အေးတယောက် ဘယ်လောက် စိတ်ဒုက္ခ ရောက်လိုက်မလဲ ..." ဟု တွေးလိုက်တော့လည်း သူ့ရင်ထဲမှာ မသက်မသာ ရှိလှပေသည်။

ညအချိန် ရောက်ပြန်တော့လည်း ဆရာမကြီးတဦးထံမှ အိပ်ရာခင်းနှင့် စောင် ခေါင်းအုံးများကို ခေတ္တ ယူငင်ကာ မောင်မောင်လွင့် ခုတင်အောက်နားမှာ ခင်းကျင်းပြီး ဆန်နီကို ချော့မော့ သိပ်ထား ရသည်။ သူကိုယ်တိုင် မှာ မောင်မောင်လွင်မှာ အားရှိပါစေတော့ဟု ခုတင်ဘေးမှာ ကုလားထိုင် တလုံးနှင့် ထိုင်ကာ မအိပ် ဘဲ စောင့်နေသည်။
"တရေးလောက် အိပ်လိုက်ပါအုံးလား ကိုထူးရယ် ... ခင်ဗျားမလဲ ဆွမ်းခံရင်းငှက်သင့် ဆိုတာမျိုးလို ကျွန်တော်တို့ကြောင့် ဒုက္ခရောက်လှပါပြီ ..."
"ဟာ ... ဒါလောက်ကလေးများ ကျွန်တော်က ဒုက္ခမထင်ပါဘူးဗျာ၊ ကျွန်တော့်အတွက် ဘာမှ မစိုးရိမ်ပါနဲ့၊ ခင်ဗျားသာ နေသာရဲ့လား ဟင် ..."
တခါတရံတော့လည်း တယောက်ကိုတယောက် ငဲ့ညှာ ကြင်နာသော စကားကလေးများကို ခွန်းတုံ့ ခွန်းလှယ် ဆိုမိကြ သည်။

နံနက်ပိုင်း ဆေးထည့်ဆေးထိုး ပြီးသည်၌မူ အောင်နိုင်သည် သပျက်သီးကလေးများကို အခွံနွှာကာ တလုံး ချင်း ခွံ့ပေးနေ၏။ မောင်မောင်လွင်ကတော့ သပျက်သီးကလေးများကို ဖြေးလှေးစွာ ၀ါးနေရင်းမှ စိတ်ပျက် အားလျော့ စကားများကို ပြောဆို၍ လာပြန်သည်။
"ကျွန်တော် ဒီနေ့ ပိုဆိုးလာတယ်ထင်တာဘဲဗျာ၊ ကျွန်တော် သေသွားရင် ဆန်နီကိုတော့ အိမ် အရောက်ပို့ပေးပါ ကိုထူးရယ်" ဟု မှာကြားနေရုံမက "ကျွန်တော့် အိမ်က တယောက်ယောက် လိုက်လာ ကြရင် ကောင်းမှာ၊ ဘယ်သူမှလဲ မလာကြဘူးလားဟင်" ဟူ၍ မြှော်လင့်တမ်းတနေပေ သည်။

နေမွန်းတည့်လောက်တွင်ကား တချက် တချက်တွင် မြှော်လင့်ချက် အရိပ်အယောင် မကင်းသေး သလို အပေါက်ဝ ဆီသို့ မျက်လုံးလည်ကာ မျှော်ကြည့်နေသေးသော်လည်း စိတ်ပျက် အားလျော့ သွားတော့ ဟန်ဖြင့် စကားတခွန်းမျှ ပြောဆိုခြင်း မပြုတော့ပေ။
အောင်နိုင်မှာလည်း မောင်မောင်လွင့်အတွက် မနေသာနိုင်သလို အပေါက်ဝမှာထွက်ကာ မကြာခဏ ဆိုသလို ရောယောင် ကြည့်မျှော်နေမိသည်။ ကြည့်မည်လို့သာ ကြည့်မျှော်နေရသော် လည်း ရန်ကုန်မှ လိုက်လာ သူသည် ဦးဖေတင်သော်၎င်း၊ အေးသော်၎င်း မဖြစ်ပါစေနှင့်ဟု ဆုတောင်းမိရသေး၏။ အေး ကိုတော့ ခရီးလမ်းမသာယာသော ထိုအချိန်မျိုးတွင် လိုက်လာလိမ့် မည်ဟူ၍လည်း သိပ်ကြီး မထင်စား မိခဲ့ပေ။

သို့ရာတွင် ဆေးရုံအပေါက်ဝမှာ မယောင်မလည် ရပ်ကာ ကြည့်မျှော်လိုက်မိသည့် နောက်ဆုံး တကြိမ်မှာမူ ဆေးရုံရှေ့ ထိုးရပ်လာသော အမိုးချထားသည့် လင့်ရိုဗာ ကားကလေးတစ်စင်းကို သူတွေ့လိုက်ရသည်။ ပြီးတော့ ကားပေါ်မှ ရှေးဦး ဆင်းလာသူမှာ ဦးဖေတင်၊ ထိုနောက် အသက်၆၀ရွယ် အမေအိုတယောက်၊ ထိုနောက် ကတော့ အေး ...။
အောင်နိုင် မှာ တခဏတော့ မှင်သက်မိသလို ကြောင်ရပ်နေသည်။ ဦးဖေတင့်တို့ လူစုမှာ ကွန်ပေါင်ဒါ ဘဦးအား မောင်မောင်လွင်ရှိရာ အခန်းနှင့် အခြေအနေကို မေးနေကြသလားဟု၊ လက်ပြခြေပြဖြင့် စကား အနည်းငယ် ပြောနေကြသေးသည်။ ပြီးတော့မှ ဆေးရုံရှိရာသို့ ခပ်သုတ်သုတ် လျှောက်လာကြ၏။ အနာဆွေး အနာမြုံကို တုတ်နှင့် မဆွလိုတော့ပြီ ဖြစ်သော အောင်နိုင်မှာ ဤလူစုကို ရှောင်လွှဲ သွားရန် မှ တပါး နည်းလမ်း မရှိတော့လေပြီ။

သို့ရာတွင် သူသည် မောင်မောင်လွင်အား စိတ်ဖြေစရာကို စတင်ဦးပေးလိုသေးသည်နှင့် အခန်းထဲ သို့ ကမန်း ကတန်း ပြန်ဝင်လာခဲ့သည်။
"ကိုမောင်မောင်လွင် ရေ ... ဦးဖေတင်တို့ လာနေကြပြီ၊ အေး လဲ ပါလာတယ်၊ နောက်တယောက် ကိုတော့ ကျွန်တော် မသိဘူး၊ ခင်ဗျား အမေ ထင်တာဘဲ"
"ဟင် ... ခင်ဗျား ... ခင်ဗျား ... အေးတို့ကို သိ ... သိ ... သလားထင် ..."
အောင်နိုင်မှာ အလျင်စလို အရေးတကြီး နိုင်လွန်း၍ မှားမိသည်ကို လွန်ပြီးမှသာ သိနိုင်ပေတော့၏။ သို့ရာတွင် သူ့မှာ ဖြေရှင်းနေရန် အချိန် မရှိတော့ပေ။ ဆေးရုံနောက်ဖေးမှ နေပြီးတော့သာ သုတ်သီး သုတ်ပျာ ပြေးထွက်ခဲ့ရသည်။ ဤတွင်လည်း "ဦးဦး ဘယ်သွားမှာလဲ" ဟူသော  အသံကို ကြားရမှာ ပင် အခက်ကြုံ နေရပြန်လေသည်။

တကယ်ဆိုတော့ သူ့နောက်ပါးမှာ အမြဲမကွာ လိုက်ပါနေသော ဆန်နီကလေးအား မွန်မွန်ထူထူ ဖြစ်နေ ရသော ဤအခိုက်အတန့်တွင် မေ့ထားမိခြင်း ဖြစ်ပေသည်။
"ဦးဦး နောက်ကို မလိုက်ခဲ့နဲ့ ဆန်နီ ... သွား သွား အခန်းထဲကို ပြန်သွား ဟိုမှာ မင့်မေမေ အေးတို့ လာ နေတယ်၊ ခုန ကားနဲ့လာတာ မတွေ့ဘူးလား"
"ဘယ်က မေမေ အေးလဲ ဆန်နီ မသိပါဘူး"
"သြော် မင်းအန်ကယ်လ် မိန်းမလေ ... ပြီးတော့ မင့်ဖွားဖွားလဲ ပါလာသေးတယ် မှုတ်လား သွား သွား ... "
"ဟင့် အင်း ... ဖွားဖွားကိုလဲ ဆန်နီ မမှတ်မိပါဘူး"

"မမှတ်မိပေမယ့် မင့်ဖွားဖွားဘဲကွဲ့၊ အန်ကယ်လ်ကလဲ မင်းကို ခေါ်ချင်ခေါ်နေအုံးမှာ ..."
"ဒါဖြင့် ဦးဦးလဲ လိုက်ခဲ့ပေါ့ ..."
"ဦးဦးက သွားစရာ ရှိသေးတယ်"
"သွားစရာရှိရင် ဆန်နီလဲ လိုက်မှာပေါ့"
အောင်နိုင် မှာ ထောင့်ချိုး တချိုးသို့ ၀င်ကွယ်လိုက်ပြီး ... ကလေးကို သနားစိတ်တဖက်နှင့် စိတ်အိုက် နေရပြန် လေသည်။
အောင်နိုင်နှင့် ခလေးတို့ ဤသို့ ဖြစ်ပျက်နေကြချိန်တွင် ... အေး တယောက်ကတော့ မောင်မောင်လွင့် ခုတင် နဘေးမှာ ဒူးထောက်ထိုင်ချကာ ရင်ပတ်ပေါ်တွင် လက်တင်ပြီး ရှိုက်နေ တော့လေသည်။ မောင်မောင်လွင် ကလည်း လမ်းခရီး မသာယာလှသည့်အထဲမှပင် လိုက်ဖြစ် အောင် လိုက်လာကြသော မိခင်ဖြစ်သူ နှင့် အေးကို ကြည့်ကာ ၀မ်းနည်းဝမ်းသာ စိတ်ထိခိုက်ပြီး ဘာစကားမျှ မပြောနိုင်အောင် ဖြစ် နေသည်။

"ခလေးကော ဟင် ခလေးမပါဘူးလား"
မောင်မောင်လွင့် မိခင်ဒေါ်နှင်းက သားသားအဖြစ်ကို ကြည့်ကာ မျက်ရည်ကို လက်တဖက်ဖြင့် သုတ်ရင်းနှင့် ခလေး ကို သတိရပြီး မေးရသည်။
"ပါတယ် မေမေ .. အနီးအနားမှာဘဲ ရှိ ရှိပါလိမ့်မယ် ...၊ ကိုထူးလဲ သိပ်ကျေးဇူးတင်စရာ ကောင်းပါတယ်၊ သူ့ ကို အေး သိလား ရှာစမ်းပါအုံး"
မောင်မောင်လွင်က လေသံတိုးတိုးနှင့် အားစိုက်ပြီး ပြောနေရာ အနီးရှိ ဆရာမကလေးတဦးကပါ "ဟုတ်ပါရဲ့ရှင် ... ကိုထူးကလဲ သိပ်ကို ဂရုစိုက်ရှာတာပါ၊ ညကလဲ တညလုံး မအိပ်ရှာဘူး ..." ဟု ၀င်ပြော လိုက်သည်။

ဦးဖေတင် မှာ ကိုထူးဆိုသူကို မသိသည်တိုင် ၀တ္တရား ရှိနေသေးသည်မို့ "ဟုတ်ကဲ့ ဆရာမရယ် ... အဲဒီခလေး နဲ့ ကိုထူးကို တွေ့ချင်ပါတယ်၊ သူတို့ ဘယ်သွားနေကြပါလိမ့်" ဟု ပြောရသည်။
"အနီးအနားမှာဘဲ ရှိမှာပေါ့ ... ကျမနောက်လိုက်ခဲ့ပါ ...၊ ကျမ ရှာပေးပါ့မယ် ..."
ဆရာမကလေးက ရှေ့မှ ထွက်သွားသောအခါ ဦးဖေတင်က နောက်မှ လိုက်ခဲ့ရ၏။ ဆရာမကလေး ကလည်း အောင်နိုင်တို့ ရှိရာဘက်သို့ပင် တန်းတန်းမတ်မတ် လျှောက်လာမိခဲ့လျက်သား ဖြစ်နေ သည်။
"ဟောဒီမှာ ကိုထူး ... ရှင်တို့ကို တွေ့ချင်လို့တဲ့၊ လူမမာကလဲ မေးနေပြီ ..."

ခလေးကို ချော့မော့စွာ ခွာထုတ်နေရသော အောင်နိုင်မှာ နောက်ကျောဘက်မှ အသံကြား၍ လှည့်ကြည့် မိသည်နှင့် တပြိုင်နက် ဆရာမနောက်ပါးမှ ကပ်လာသော ဦးဖေတင်ကိုပါ မရှောင်လွှဲ သာအောင် တွေ့နေတော့လေသည်။ သူသည် ခေါင်းကို တွင်တွင်ငုံ့ကာ မလှုပ်မယှက်ကြီးသာ ဖြစ်နေမိလေသည်။
"မောင်အောင်နိုင် ... လက်စသတ်တော့ မောင်အောင်နိုင် ပါလားကွယ်"

ဆရာမကလေးမှာ သူ့အလုပ်ရှိရာသို့ ဆက်လက် ထွက်ခွာသွားသော်လည်း၊ ဦးဖေတင်ကတော့ အောင်နိုင်ကို မှတ်မိသည်နှင့်တပြိုင်နက် အံ့သြ ၀မ်းသာလေသံမျိုးဖြင့် ပြောထုတ်လိုက်သည်။ အောင်နိုင်က ခေါင်းကိုသာ တဖြည်းဖြည်း ပြန်မော်လာ၏။
"ဟုတ်ကဲ့ဦး ... ကျွန်တော်တို့ ရထားပေါ်မှာ တွေလာကြတာပါ ..."
"အင်း မောင်မောင်လွင်က ကိုထူးဆိုတော့ ဦးက ဒီပြင်လူမှတ်တာ ကြုံရပလေကွယ် ... ကဲ လာ လာ ... မင်းနဲ့ခလေးကို မောင်မောင်လွင်ကလဲ မေးနေရှာတယ်"

"ကျွန်တော် မလိုက်ပါရစေနဲ့တော့လား ဦး ..."
"မင်း ဒီလိုတော့ မလုပ်သင့်ဘူးထင်တယ် မောင်အောင်နိုင်"
ဦးဖေတင် က ဤသို့ ပြောနေပြန်တော့လည်း အောင်နိုင်သည် ဖြစ်ချင်တာဖြစ်ဟု ဇွတ်မှိတ်ကာသာ နောက်ပါးမှ ခပ်ကုတ်ကုတ်လိုက်ပါလာရပြန်လေ၏။ ဆန်နီကတော့ အောင်နိုင်လက်ကိုသာ မလွှတ်တမ်း တွယ်ဖက် လိုက်ပါနေသည်။

"သားသား ... ဒီမှာ မင့်ဖွားဖွားနဲ့ အန်တီလေ၊ အေး ... ကိုထူးကို သိတယ်မှုတ်လား ... ကျေးဇူး တင်ကြောင်း ပြောပါ အုံးကွယ် ..."
မောင်မောင်လွင်က စကားကို ဖြေးဆေးနှေးကန်စွာ ပြောဆိုနေသည့်အချိန်တွင် သူ့ခါးကို လက်ကလေး နှစ်ဖက်ဖြင့် ယှက်သိုင်းတွယ်ဖက်ကာ ရပ်နေသော ဆန်နီကလေးကို ငုံ့စိုက်ကြည့် သလိုလိုနှင့် ခေါင်းကြီး အောက်စိုက်ထားသော အောင်နိုင်အား အေးသည် အံ့သြထိခိုက်လှသော စိတ်ဝေတနာမျိုးဖြင့် တခဏတာ မျှ တွေတွေငေးငေး စိုက်ကြည့်နေမိသည်။ ပြီးတော့မှ ခေါင်းကို အသာအယာ ပြန်ငုံ့သွားကာ "ဟုတ်ကဲ့ ကျေးဇူးတင် ပါတင်ရှင်" ဟု တုန်ခိုက်သော အသံခပ်တိုးတိုး ဖြင့် ပြောလိုက်သည်။

"ဆန်နီ ... ဖွားဖွားဆီကိုလာ ..."
ဒေါ်နှင်းက ဆန်နီ့လက်ကလေးကို လှမ်းဆွဲလိုက်၏။ ဆန်နီသည် ဘာ့ကြောင့်ရယ်မသိဘဲ သူ့လက်ကလေးကို ပြန်ရန်ကာ မျက်နှာကို အောင်နိုင်ကိုယ်မှာ အတင်းတပ်ထားလိုက်လေသည်။
"ကျွန်တော် တို့ ဆရာဝန်ကြီးကို သွားတွေ့ဘို့ လိုလိမ့်အုံးမယ် ထင်တယ်"
ဦးဖေတင် ဒေါ်နှင်းကို ကြည့်၍ ပြောလေသည်။
"ဟုတ်တယ် ရန်ကုန်ကို ချင်ခြင်းခေါ်မသွားနိုင်သေးဘူးဆိုရင်လဲ ဒီမှာ နေရေးထိုင်ရေးကို ကြည့် စီစဉ် ရအုံးမှာဘဲ"

ဒေါ်နှင်းက ပြန်ပြောလိုက်ပြီးသောအခါတွင် ဦးဖေတင်နှင့် ဒေါ်နှင်းသည် အခန်းတွင်းမှ ထွက်သွား ကြလေ၏။ အောင်နိုင်ကတော့ ဆန်နီ့ခေါင်းကို လက်ဖြင့်ပွတ်ကာ အဓိပ္ပာယ်မရှိ မက်မောနေမိ သည်။
"လမ်းခရီး အတွက် စိတ်မချရဘူးဆိုတာလဲ သိပါတယ် ဒါပေမဲ့ ... အေးလိုက်လာတာကို ကိုကိုလွင် သိပ် ၀မ်းသာတာဘဲ"
မောင်မောင်လွင်က ခုတင်ဘေးတွင် တင်ပလွှဲကလေး လဲထိုင်နေသော အေး၏ လက်ကလေး တဖက်ကို ပွတ်သပ် ဆုပ်နေကာ အားအင်ဖြောင့်တော့သော လေသံ တိုးတိုးကလေးနှင့် ပြေးဆိုနေ သည်။
"အို ...  လမ်းခရီးမှာ ဘာဘဲဖြစ်နေနေ ကိုကိုလွင်တယောက် ဒုက္ခရောက်နေတာကို အေးရောက် အောင် လာရ မှာဘဲပေါ့"

အေးကလည်း ခိုင်မာပြတ်သား၍ တည်ငြိမ်လှသော အသံဖြင့် ပြန်လည် ပြောဆိုက်လိုက်ရင်းနှင့် နဖူးစပ်သို့ ၀ဲကျ နေသာ မောင်မောင်လွင်၏ ဆံပင်များကို အသာအယာ သိမ်းတင်ပေးလိုက်သည်။ မောင်မောင်လွင်မှာ ကျေနပ် နှစ်သိမ့်သယောင်ဖြင့် မျက်ကလေး ၀င်းကြည်လာသည်တိုင် အသကို ဖုတ်လှိုက် ဖုတ်လှိုက် ရှုပြီး မောဟိုက် နေပြန်လေသည်။
အောင်နိုင်သည် ဘာကိုမျှ ရည်ရွယ်မြှော်ခေါ်နိုင်ခြင်း မရှိဘဲ ထိုပင် အခန်းထဲမှာ ထွက်လာခဲ့မိပြန်၏။ ဆန်နီ ကလည်း သူ့လက်ကို မလွှတ်တမ်းဆွဲကာ လိုက်ပါလာသည်။
ဟိုကွေ့ သည်လျှောက်နှင့် တော်တော်ကလေး လျှောက်လာမိသောအခါ သူနှင့် မျက်မှန်းတန်းမိ နေသော ဆရာမလေး နှင့် မျက်နှာချင်းဆိုင် သွားတိုးနေသဖြင့် အောင်နိုင်က ပြလိုက်ရသည်။
"ဘယ့်နှယ်လဲ သူ့အိမ်သားတွေ ရောက်လာလို့ ရှင်တို့လူနာတော်တော် အားရှိသွားပြီး ထင်တယ်"

ဆရာမကလေးသည် ဖော်ရွေစွာ မေးမြန်းနေ၏။ သို့ရာတွင် အောင်နိုင်ထံမှ စကားမပြန်ရမီမှာပင် "ဆရာမ ... ဆရာမ" အရေးတကြီး လှမ်းခေါ်လိုက်သော အသံကို ကြားကြရလေသည်။
အသံလာရာ ဆီသို့ ကြည့်မိကြစဉ်မှာပင် နွမ်းဟိက်ညှိုးငယ်စွာ ရောက်ရှိလာသော အေးကို တွေ့ရ လေ၏။
"ကိုကိုလွင် သတိလစ်နေလို့ ..."
အေးသည် အောင်နိုင်အား ဖျတ်ကနဲကြည့်ပြီးမှ ဆရာမကလေးဆီသို့ မျက်နှာလွှဲကာ ဘယ်သူ့ကို ပြောသလို မပြတ် မသား ပြောနေလေသည်။

"ဆရာဝန်ကြီးကို သွားခေါ်မှထင်တယ်" ဟု ဆရာမကလေးက ပြော၏။
"အေးပြန်သွားလေ ... ကိုယ်သွားခေါ်လိုက်ပါ့မယ်"
အောင်နိုင် ကတော့ စိုးရိမ်ကြီးစွာဖြင့် အေးကိုပင် တိုက်ရိုက် ပြောပစ်လိုက်မိကာ ရေးကြီးသုတ်ပျာ တွယ်ကပ် ထားသော ဆန်နီကလေးမှာပင် ကသိကအောက်နှင့် အပြေးအလွှား ပါသွားရရှာ၏။
ထိုအချိန်မှာ ဦးဖေတင်နှင့် ဒေါ်နှင်းတို့ကတော့ ဆရာကြီးနှင့် စကားလက်ဆုံကျနေဆဲပင် ရှိသေး သည်။

"ဒေါ်ဒေါ်တို့ ကျွန်တော်တို့ကသာ တခါတလေ တွေ့ရမို့ မမှတ်မိကြတာပါ၊ ဗိုလ်ကြီးမောင်မောင်တင် ဟာ ကျွန်တော် နဲ့ တော်တော်ခင်တဲ့ မိတ်ဆွေပါဘဲ ဒေါ်ဒေါ် .. သူမေရီနဲ့ လက်ထပ်တော့တောင် ကျွန်တော် ရောက်လာ ပါသေးတယ်။ အခုတော့ မေရီဝင်း ဆုံးရှာပြီကိုးနော်၊ အင်း ... ကျွန်တော် သူငယ်ချင်းလဲ တော်တော် ဒုက္ခတွေ့ရတာဘဲကိုး၊ ကိုမောင်မောင်လွင်တော့ ကျွန်တော့် အစက မသိဘူး ခင်ဗျာ့"

"မသိဆို သားနှစ်ယောက်က အတော် အသက်ကွာကြတာကိုးကွဲ့ မောင်မောင်တင် ဆေးကောလိပ် မှာ ဖိုင်နယ် တက်တဲ့နှစ်မှ သားအငယ်က အတင်တာတက်ရုံ ရှိသေးတာကိုး ..."
"သြော် ... သြော် ... ဒါကြောင့်ဘဲ မသိတာ ဖြစ်ပါလိမ့်မယ် သူ့အတွက်တော့ စိတ်ချပါ ဒေါ်ဒေါ် ကျွန်တော့် သူငယ်ချင်းရဲ့ ညီတယောက် ဖြစ်နေတယ်ဆိုတာကိုက ကံကောင်းထောက်မ လိုက်တဲ့ တိုက်ဆိုင်မှု တခုပါ ဘဲ ဒေါ်ဒေါ်တို့လဲ ... ကျွန်တော့ အိမ်မှာဘဲ တည်းခိုကြတာပေါ့ခင်ဗျာ"

ဆရာဝန်ကြီးသည် စိတ်ပါ လက်ပါ လှိုက်လှိုက်လှဲလှဲပင် အားပေးသမှု ပြုနေရုံမျှမက ဆရာဝန်ကြီး ကတော်ကို သွားခေါ်ကာပင် မိတ်ဆက်ပေးနေ ပြန်လေသည်။
ထိုအခိုက်တွင်မှ အောင်နိုင်တို့ သုတ်သီးသုတ်ပျာ ၀င်ရောက်လာကာ လူမမာ အခြေအနေကို ပြောပြ ရလေသည်။

ဆရာဝန်ကြီးသည် လူမမာရှင်များနှင့်အတူတကွပင် ချက်ခြင်းလိုက်ပါ လာခဲ့လေ၏။ လက်ထောက် ဆရာဝန်တစ်ဦးနှင့်ဆရာမကြီးတဦးမှာလည်း အသင့် ရောက်ရှိလာကြသည်။
ဆရာဝန်ကြီးသည် အပြင်ဆေးတိုက်မှ လိုအပ်သော ဆေးအချို့ကို ၀ယ်ယူရန်အတွက် ဆေးစာ ကောက်ရေး ကာ ဆရာမကြီးမှတဆင့် ဆေးရုံအလုပ်သမားတဦးအား စေလွှတ်ခိုင်းလိုက်လေသည်။
ဆရာဝန် ဆရာမများ၏ ဂရုတစိုက် ပြုစု ကုသပေးမှုဖြင့် မောင်မောင်လွင် သတိပြန်လည်လာသည့် အချိန်မှာကား မှောင်စပျိုးနေပြီ ဖြစ်လေ၏။

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

Monday, April 25, 2011

အောင်နိုင် (စိန်စိန် ရေးသည်) အပိုင်း (၁ဝ)

"ခင်ဗျား အောက်မဆင်း ရင် ကျနော့် ရဲ့ ပစ္စည်း လေးတွေ တဆိတ်ကြည့်ထားပါဗျာ 

ပန်ချာပီ အမျိုးသားကြီးသည် ဗမာသံပီသစွာနှင့် အောင်နိုင်အား မှာကြားနေလေသည်။ အောင်နိုင်က ပြုံး၍ ခေါင်းညိတ် လိုက်ရ၏။ မောင်မောင်လွင်နှင့် ခလေးငယ်ကတော့ ခလေးငယ်က အိုက်သည်ဆို၍ ရေချိုးခန်းမှာ ရေ၀င်ချိုးနေကြသည်။
ရေချိုးပြီး၍ ပြန်ထွက်လာသောအခါတွင်ကား ... ခလေးငယ်က ဘူတာထဲကို ဆင်ကြည့်ချင်သည်ဟု ပူဆာ ပြန်လေသည်။ မောင်မောင်လွင်သည် ခလေးကို လက်ဆွဲ၍ အောင်နိုင် ရှေ့သို့ လျှောက်လာခဲ့ပြန်ကာ "ခင်ဗျား အောက်မဆင်းဘူးလား" ဟု မေးနေပြန်သည်။

မနေသာတော့သော အောင်နိုင်မှာလည်း ... "ကျွန်တော် အောက်သို့ မဆင်းပါဘူးခင်ဗျား ... ခင်ဗျားတို့ ဆင်းရင် ပစ္စည်းတွေ ကျွန်တော် ကြည့်ထားလိုက်ပါ့မယ်" ဟု ပြောရတော့ပေသည်။
သူ့လက်ထဲတွင် ပိုက်ဆံမရှိ၍ကား မဟုတ်ပေ။ ဖြစ်သလိုနှင့် ရောင့်ရဲနိုင်စွမ်းသော သူ၏ဓလေ့ထုံးစံအတိုင်း သာ ပြီးစလွယ် လုပ်လိုက်ခြင်း ဖြစ်လေ၏။

အောင်နိုင်သည် သူတို့မြို့မှ ထွက်ခွာလာပြီးနောက် မြန်မာပြည် အထက်ပိုင်းဘက်သို့ လွှင့်လာခဲ့လေသည်။ အလုပ်ကို တွေ့မရှောင် လုပ်တတ်သူမို့လည်း သူ၏ တ၀မ်းတခါးအတွက် စိုးရိမ်စရာ မရှိခဲ့ချေ။
တမြို့မှ တမြို့သို့ ကူးပြောင်းကာ သွားရင်းလာရင်းနှင့် ကားပြင် ကားမောင်းလည်း ကောင်းကောင်းတတ်ခဲ့ပြီ ဖြစ်ကာ ရှမ်းပြည်နှင့် မိတ္ထီလာ မန္တလေးမြို့များတခွင်တွင် ကုန်စိမ်းကားကြီးများကိုလည်း မောင်းခဲ့ဘူးသည်။ မန္တလေးမြို့မှ တရုတ်ကုန်တိုက်ကြီး တတိုက်တွင် ပေသီးတွက်ကာ ကုန်ချိန်ရောင်းရာ၌လည်း ကောင်းကောင်းကြီး ကျွမ်းကျင်ခဲ့၏။ ဆေးတိုက်ကြီးတတိုက်မှ ဆေးများကို အသံချဲ့စက်နှင့် ဓာတ်ပြားဖွင့် ကာ ကားဖြင့် လှည့်ရောင်းရဲသည့် နယ်လှည့်ကိုယ်စားသည်လည်း လုပ်ခဲ့ဘူးသည်။ ယခုသော် သူ့လက်ထဲ မှာ ငွေထောင့်ကိုးရာမျှ ရှိနေ၏။

သို့တိုင်အောင် ဖြစ်ခဲ့ဘူးသော ဖြစ်ရပ်များကြောင့် ဘ၀လူစား၊ ငွေကိုမခင်မင်ချင်တော့သာ သူ့အဖို့မှာ ပိုလို့လျှင်  ရှိနေပေမင့် ငွေစုဆောင်းရခြင်းကို အဓိပ္ပာယ် ရှိသည်။  မောင်မောင်လွင်နှင့် ရထားတွဲတတွဲထဲမှာ ဆုံမိနေခြင်းလည်း ဖြစ်သည်။
ထိုးမုန့်စားပြီးလျှင်ကား လက်ဆေးရန် နှုတ်ကျင်းရန် ရေချိုးခန်းသို့ ၀င်လာခဲ့ရသည်။ ထိုခဏမှပင် အောင်နိုင် သည် ရေပိုက်ကို ဖွင့်ကာ  လက်ဆေးရင်းနှင့် အံ့အားသင့်စရာကို တွေ့ရပြန်လေ၏။ ကြွေခွက်နှုတ်ခမ်းပေါ် မှာ ခလေးဝတ် စိန်ခြယ်မြလက်စွပ်ကလေးတကွင်းမှာ အထင်းသား ဖြစ်နေတော့ပေသည်။ သို့နှင့် ဒါဟာ ဟိုခလေးရဲ့  လက်စွပ်ကလေး ဖြစ်မှာပါဘဲဟု တွေးတောရင်း ကောက်ယူကာ အိတ်ထဲမှာ အသေအချာ ထည့်သိမ်း ထားလိုက်ရသည်။

ခဏနေလျှင် ပန်ချာပီကြီး ပြန်ရောက်လာကာ အိပ်စင်ပေါ် တက်အိပ်နေတော့သော်လည်း မြှော်လင့်နေ သော မောင်မောင်လွင်တို့ကား တော်တော်နှင့် ပြန်ရောက်မလာကြသေးပေ။ သူပင်လျှင် ညောင်းညာလာ တော့၍ ပန်ချာပီကြီး အိပ်စင်အောက်မှ နေရာကို ယူကာ အိပ်ရန် ပြင်ဆင်နေတော့မှ မောင်မောင်လွင်တို့ ပြန် ရောက်လာကြသည်။
"ကျွန်တော်ဖြင့် စောင့်လိုက်ရတာဗျာ၊ ဒီမှာ ခလေး လက်စွပ်ကလေး ရေချိုးခန်းထဲက တွေ့ထားလို့"

"ဟာ ဟုတ်လား၊ ကြည့်စမ်းပါအုံး၊ မင်း တော်တော် ဒုက္ခပေးပါလား ဆန်နီရာ၊ သူ့ဟာသူချွတ်ထားတာကို ကျွန်တော် မသိဘူးဗျ၊ ဆန်ပြုတ်သောက်ကြရင်း မမြင်လိုမေးတော့မှ လမ်းမှာဘဲ ကျပျောက်သလိုလိုနဲ့ ရှာလိုက် ရတာဗျာ၊ ကဲ သွား သွား ဆန်နီ မင့်ဦးဦး ပြန်ပေးလို့သာရတာ ကျေးဇူးတင်ပါတယ် ပြောပြီး ကန်တော့လိုက်"
အောင်နိုင်က ခရီရောက်မဆိုက်ပင် လက်စွပ်ကလေးကို ထုတ်ပြလိုက်တော့မှ မောင်မောင်လွင်က အံ့သြ ၀မ်းသာ အောင်နိုင်ကို ပြန်ပြောရင်းနှင့် ခလေးကို ခပ်သာသာ တွန်းလွှတ်နေသည်။ လက်ညှိုးကလေး ပါးစပ် ကိုက်ကာ ၀မ်းသာသလိုလို ရှက်သလိုလိုနှင့် တရွေ့ရွေ့ ကလေးလာနေသော ဆန်နီမှာလည်း အောင်နိုင့် အပါးကို ရောက်သည်နှင့် ... "ဦးဦးကို ကျေးဇူးတင်ပါတယ်" ဟု မပွင့်တပွင့် ပြောကာ ဒူးတုပ်ကလေး ထိုင်ပြီး ကန်တော့လိုက်သည်။

အောင်နိုင်က လက်ကလေးကို ဆွဲထူလိုက်ပြီး ဘယ်ဘက်လက်သူကြွယ်ကလေးမှာ လက်စွပ်ကို ပြန်ဝတ် ပေးလိုက်သည်။ ပြီးပြန်တော့လည်း ခလေးငယ်သည် တော်တော်နှင့် ပြန်ထွက်မသွားဘဲ အောင်နိုင်၏ ဒူးနှစ်လုံး ကြားထဲမှာ ကနွဲ့ကယ မှီကပ်ကာ ရပ်နေရင်းနှင့် ...
"ဦးဦးက ဘယ်သွားမလို့လဲ" ဟု မေးနေပြန်သည်။

"ဦးဦးက ရန်ကုန်သွားမလို့ကွဲ့ ... ခလေးတို့ကကော ..."
"ဆန်နီတို့လဲ ရန်ကုန်သွားမလို့ဘဲ၊ မနေ့ထဲက မေမြို့က လာခဲ့တာ၊ ဦးဦးကကော ဘယ်မှနေသလဲဟင် ... ရန်ကုန်မှာဘဲလား ..."
"မဟုတ်ပါဘူး ခလေးရယ် ... ဦးဦးက ရန်ကုန်ကလဲ မှုတ်ဘူး၊ ဘယ်မြို့မှာမှလဲ မနေဘူး၊ ဗမာပြည် တပြည်လုံး အကုန် ကိုယ့်အိမ်မှတ်ပါ၊ ကိုယ့်ယာမှတ်ပါဆိုတာ ဦးဦးပေါ့ ..."
အသိအကျွမ်း ဖြစ်ရမည်စိုး၍ ရှောင်ဖယ်နေခဲ့ရာမှ မသိချင် မနေရအောင် ဖြစ်လာတော့လည်း ဘာကြောင့် ရယ်လို့မသိ၊ အောင်နိုင်က စကားကို ရွှန်းရွှန်းဝေေ၀ပင် ပြောနေမိသည်။
"ဒီလိုဆိုရင်တော့ သားသား ဦးဦးက နယ်လှည့်ကိုယ်စားလှယ် ထင်တယ်ဟေ့" ဟု မောင်မောင်လွင်ပင် ရယ်ရယ်မောမောနှင့် သူတို့ဆီမှာ လျှောက်လာနေပြန်သည်။
"ဟဲ ... ခင်ဗျားက လူထဲခတ် တော်တော်ကောင်းပါလား ... ကျွန်တော် ရောင်းတဲ့ဆေးတွေ ၀ယ်စားဘူးပြီ ထင်တယ်"

အောင်နိုင်လည်း သူနောက်ဆုံး လုပ်ခဲ့သော ဆေးကုမ္ပဏီ မှ ဆေးနာမည်ကိုပါ ဆက်ပြောလိုက်ရ၏။ ပြီးတော့ "ဆန်နီ့ မာမီကော လိုက်မလာဘူးလား" ဟု သူအလွန်သိချင်နေသော စကားတခွန်းကိုပါ ခလေး ဦးခေါင်း ဆီသို့ မျက်နှာကို ငုံ့ကပ်ပြီး မေးလိုက်ရသည်။
"ဆန်နီမှာ မေမေ မရှိတော့ဘူး ဦးဦးရဲ့၊ မေမေသေတာ တလလောက် ရှိသွားပြီး"
အောင်နိုင်သည် အေးမျက်နှာကလေးကို ကွက်ကနဲ ပြေးမြင်မိကာ ဘုရား မတမိအောင် မနည်းကြိုးစားပြီး၊ ထိန်းချုပ်ရလေ၏။

"ဟုတ်ပါတယ်ခင်ဗျာ ... ကျွန်တော့် အကိုလဲတော်တော် ဒုက္ခရောက်ရှာတာ၊ ကျွန်တော့်မရီးဆုံးသွားတော့ တပ်မတော်မှာ ဗိုလ်ကြီးတာဝန်တစ်ဖက် ဒီခလေးကတဘက်နဲ့ ခက်နေတော့တာပေါ့၊ ကျွန်တော်တို့ကသာ သားသမီး မထွန်းကားလို့တ နေတာမို့ ကျွန်တော့် မစ္စက်ကလဲ ဒီခလေးကို သူမွေးချင်လှပါချည်ရဲ့ ဆိုတာနဲ့ သွားခေါ်ခဲ့ရတာ"
မောင်မောင်လွင်က ရှင်းပြလေတော့မှသာ သူစိတ်အနည်းငယ် ပေါ့ပါးသွားသည်။ ပြီးတော့ မောင်မောင်လွင် မှာ နိုင်ငံခြားရေးရုံးမှာ အထက်တန်း အရာရှိတယောက် ဖြစ်ကြောင်းကိုပါ စကားစပ်မိကာ သိရှိရလေ၏။

"သြော် အေး အေး ... အခုဆိုရင်တော့ အိမ်ထောင်ရှင်မကြီးတဦးအနေနဲ့ အသားကျပြီး ပျော်မွေ့နေလေပြီ လား၊ အောင်နိုင်တကောင်ကို သတိမှ ရပါသေးရဲ့လား ... မထူးတော့ပြီဖြစ်တဲ့ ဒီအကြောင်းတွေကို ငါဘာလို့ တွေးချင်နေရပါလိမ့်"
ဘယ်လို့ဘဲပြောပြော ထိုနေ့ညမှာ အောင်နိုင် ကောင်းစွာ အိပ်ပျော်နိုင်ခြင်း မရှိတော့ပေ။ ပေတသောင်း ကျော်မျှ ရှည်သော ဖလင်ကော်ပြား ဇာတ်ထုပ်ရှည်ကြီးကို တွေ့လေရာ နေရာမှ ကောက်ဆက်ထားသလို လွန်ခဲ့ပြီးသော ဖြစ်ရပ်များကိုသာ ဟိုတကွက် သည်တကွက်နှင့် ကဘောက်တိ ကဘောက်ချာ ဖြစ်အောင် ပြန်လည် ထင်တွေးနေမိသည်။

"ဦးဦး နာမယ်က ဘယ်သူလဲဟင် ဟို အန်ကယ်လ် ဖေဖေ့အမည်ကတော့ ဦးမောင်မောင်လွင်တဲ့"
နောက်တနေ့ မီးရထား ဆက်ထွက်လာ၍ တောင်ငူဘူတာရောက်သည်တွင်မူ မောင်မောင်လွင် သည် လဘက်ရည်ပွဲ တပွဲကို ယူလိုက်ကာ "မင့်ဦးဦးကို သွားခေါ်ချည်သားသား" ဟုဆိုလိုက်သည် နှင့် ဆန်နီသည် အောင်နိုင်၏လက်ကို ဆွဲခေါ်ရင်း နာမည်ကို မေးနေတော့လေသည်။

"ဦးဦးနာမယ်လား ဦးဦးနာမယ်က သိပ်ထူးတယ်၊ ငထူးတဲ့"
"ဟင်... ဦးဦးကလဲ ကောင်းကောင်း ပြောစမ်းပါ"
"ကောင်းကောင်း ဘဲပြောတာပါ၊ ဦးဦးနာမယ်ဖိုးထူး"
"ဟင့် အင်... ဒီနာမယ်ကြီးကကောင်းလဲကောင်းဘူး၊ နာမယ်ကောင်းကောင်းလေးတခု ပြင်လိုက်ပါ အုံးလားဟင်..."

"လာဗျာ... ကိုထူး လဘက်ရည်တွေအေးကုန်မယ်၊ ဒီသောကြာ သားကို စကားအဖက်လုပ်ပြောနေ ရင် ဆုံးတော့မှာ မဟုတ်ဘူး... "
မောင်မောင်လွင်က ဆန်နီနှင့် အောင်နိုင်တို့ တယောက်ကပြန် ပြောနေသည့်ကြားမှဖြတ်၍ ခေါ်လိုက် တော့သည်တွင်ကား သူ့နာမည်ကိုပြောရန် ၀န်လေးနေသဖြင့် ကရော် ကမည်လုပ်နေ သောအောင်နိုင်မှာ ဖိုးထူး ဟူသော နာမည် အသစ်တမျိုး ရသွားတော့ပြန်လေသည်။
'အင်း... အခုအခိုက်အတန့်တော့ ဒီနာမယ်ဘဲ ကောင်းပါတယ်လေ...သူတို့ ဘာသိတာ မှတ်လို့။ ရန်ကုန် ရောက်ရင်လဲ...တလမ်းစီခွဲရတော့မှာ" ဟုတွေးမိသောအခါတွင် အောင်နိုင်ကလည်း ဘာမျှ အထူးအထွေ ပြန်မပြောဘဲ နေလိုက်လေသည်။

လဘက်ရည်နှင့်မုန့်များစားသောက်ပြီးကြသောအခါ ဆန်နီ ပူဆာသမျှသော လိမ္မော်သီး၊ ဘယာ ကြော်၊ ချော့ကလက်၊ သကြာလုံး စသည် တို့ကို အောင်နိုင်က တခါဝယ်ပေးလိုက်ပြန်သည်။ ဆန်နီ သည် စကား များကို ဟိုရောက်သည်ရောက်ပြောဆိုကာ အောင်နိုင်အပါးမှ မခွဲဘဲ ရှိနေပြန်လေ၏။ ဘူတာ ထသွားတာ ဆိုက်ကပ်တိုင်းမှာ ဘူတာ အမည်ကို မေးနေ၍လည်း... 'ညောင်ခြေထောက်' 'ဇေယျဝတီ' ' ဖြူး'... စသော ဘူတာနာမည်များကို အောင်နိုင်က ပြောလာခဲ့ရသည်။
သို့ရာတွင် မထင်မမှတ်နှင့်ကျရောက်လာတတ်သော အန္တရာယ် မည်သူသည် ကြိုတင်မြှော်မြင် နိုင် ပါအံ့နည်း။

မကြာမီ ၀ုန်း...ကနဲ ပေါက်ကွဲသံကြီးတသံကို ပြင်းထန်စွာကြားလိုက်ရပြီးနောက် မီးရထားသည် လည်း သိမ့်လှုပ်ကာ ရုတ်တရက် ရပ်တန့်သွားတော့လေသည်။ ထိုသည်နှင့် မရှေးမနှောင်းမှာပင် သေနတ်သံ များမှာ ပေါက်ပေါက်ဖောက်သလို အဆက်မပြတ် ဆူညံစွာ ထွက်ပေါ်လာပြန်ေ၏။
မောင်မောင်လွင်ကတော့ "သားသားနဲ့ကိုထူး ၀ပ်နေ၀ပ်နေ" ဆိုကာ သူကိုယ်တိုင်မှာပင် ဆိုဖာ ကြားမှာ ၀ပ်နေလေသည်။ ပန်ချာပီ အမျိုးသားကြီးသာလျှင် ရထားအပြင်သို့ ထွက်ကြည့်နေသည်။
၄၅ - မိနစ်ခန့်မျှကြာကာ တဖြည်းဖြည်းနှင့် သေနတ်သံများ လုံးဝရပ်စဲသွားတော့မှသာ ရှေ့ပြေး စစ်ရထားကို မိုင်းဗုံးထိကာ တိုက်ပွဲဖြစ်ပွားကြောင်း၊ ရထားလမ်းမှာ အတော်ပျက်စီးသွား၍ မနက် ဖြန် ရထား ထွက်နိုင်လိမ့်မည် မဟုတ်ကြောင်းများကို ကြားသိရလေသည်။

"ဟင်... ကျွန်တော်တော့ြ့ဖူးကိုသာ နောက်ကြောင်းပြန်သွားလိုက်ချင်တာဘဲဗျာ" ဟု မောင်မောင် လွင်က ညည်းလိုက်၏။
"မဟုတ်တာဗျာ... ဖြစ်နိုင်ချေရှိရင် ပဲနွယ်ကုန်းရောက်အောင် သွားတာကမှ ကောင်းသေးတယ်၊ ဟိုမှာ ကျွန်တော့် အသိလဲရှိတယ်" ဟုအောင်နိုင်က ကန့်ကွက်သည်။
"မဟုတ်သေးပါဘူးဗျာ...ရှေ့ခရီးက သာချင်မှ သာအုံးမယ်၊ လာခဲ့တဲ့ နောက်ကြောင်းလမ်းကတော့ စိတ်ချရ ပြီးသား မဟုတ်လားဗျ... "
"အင်း... ဘယ်ဘက်ဘဲသွားသွား ငါးမိုင်ထက်တော့ မအောက်ဘူးဗျာ့၊ ကျွန်တော်တို့အနေနဲ့ အရေးမကြီး ပေမဲ့ ဒီလောက်နေပူကြီးထဲမှာ ခလေးတဖက်နဲ့ဆိုတော့ ခက်သေးတယ်၊ ကညွှတ်ကွင်း လောက် ဆိုရင်တောင် မလွယ်လှသေးဘူး"

တကယ်ပင် ပြောသလောက်မလွယ်သည်မို့လည်း အောင်နိုင်ရော မောင်မောင်လွင်ပါ မလှုပ်သာ နိုင်အောင် ဖြစ်နေကြသည်။
အခြား ခရီးသည်တွေမှာလည်း ကိုယ့်ခရီးစဉ်ကိုယ် စီစဉ်ထားကာ တလှုပ်လှုပ်တရွရွ ဖြစ်နေကြ သည်။ အများအားဖြင့်တော့ မဝေးလှသော ညောင်ပင်သာရွာသို့သာ မရအရ လှည်းငှားပြီး ပြောင်းရွှေ့ကြသူတွေ များနေသည်။

"ကဲ... ကိုမောင်မောင်လွင်... ကျွန်တော်တို့လဲ တဖြည်းဖြည်းလျှောက်ကြရင် ညောင်ပင်သာတော့ ရောက်နိုင်ကောင်းပါရဲ့... သွားကြရအောင်"
"ကောင်းသားဘဲ ကိုထူး...သွားကြမယ်၊ ဆန်နီကလဲ လူမာကြီးဘဲကွာ၊ တဖြည်းဖြည်းလျှောက်လိုက် ခဲ့နော်... သားသား"
မောင်မောင်လွင်က အောင်နိုင်၏အကြံကို သဘောတူလက်လိုက်ပြီးနောက် ဆန်နီ၏ပါးကလေး တဖက်ကို ဖျစ်ကိုင်ပြီး အားပေးလိုက်သည်။
ဆန်နီက "သားသား သွားနိုင်ပါတယ် အန်ကယ်ရာ၊ ဖေဖေနဲ့ တခါတခါ လမ်းလျှောက်သွားရင် ဒီ့ထက် ဝေးဝေးတောင် ရောက်သေးတယ်" ဟု ပြန်ပြောလိုက်လျှင်ပင် ထွက်ခွာသွားရန် စီစဉ်ရ သည်။
အောင်နိုင်မှာ ရှမ်းလွယ်အိတ် အကြီးစားကြီးတလုံးနှင့် အိပ်ရာလိပ်တလိပ်သာ ပါရှိသော်လည်း မောင်မောင်လွင်တို့မှာတော့ သားရေလက်ဆွဲ သေတ္တာကြီးနှစ်လုံးနှင့် လွယ်အိပ်တလုံး အိပ်ရာလိပ် တလိပ် ပါ ပါရှိနေသည်။

အောင်နိုင်သည် လွယ်အိတ်ကို ပခုံးမှာလွယ် သူ့အိပ်ရာလိပ်နှင့် မောင်မောင်လွင်တို့ သေတ္တာကြီးကို လက်တဖက် ဆီမှ ကိုင်ဆွဲရင် ထွက်ရလေ၏။ မောင်မောင်လွင်မှာလည်း အောင်နိုင်ကဲ့သို့ လွယ်အိတ်သို့  ပခုံးမှာ သိုင်းလွယ်ပြီး လက်ဆွဲသေတ္တာတဖက် အိပ်ရာလိပ်တဖက် ဆွဲကိုင်လာရ သည်။ ဆန်နီမှာတော့ ဦးထုပ် ကလေး ကို ဆောင်းကာ သူတို့နောက်ပါးမှ တလှုပ်လှုပ် လိုက်ပါလာ ရှာသည်။
ညောင်ပင်သာသို့ ရောက်သည်တွင်ကား သူတို့ကိုယ်မှာ ချွေးတဖြိုင်ဖြိုင် ရွှဲလျက် ရှိပေပြီ။ တရွာလုံးလိုလို မီးရထား ခရီးသည်တွေနှင့်  ဒင်းကြမ်းပြည့် ဖြစ်နေတော့သည်ကို တွေ့ရသည်တွင် "ခက်တယ်ဗျာ ... ဒီရွာမှာတောင် စိတ်ချရပါမလား မသိဘူး။ ကျွန်တော် ဖြစ်တဲ့နည်းသာ ခရီးဆက် ချင်တော့တယ်" မောင်မောင်လွင်က ညည်းလေသည်။

"အောင်နိုင်ကတော့ "ဖြစ်သလိုပေါ့ဗျာ" ဟု ခပ်အေးအေး အမူအရာနှင့်ပင်ဆိုကာ သူတို့အား ၀င်ရောက် တည်းခိုနိုင်ပါသည်ဟု ဖိတ်ခေါ်နေသော နီးရာအိမ်တအိမ်သို့ ၀င်ရောက်သွားတော့သည် နှင့် မောင်မောင်လွင်တို့ တူဝရီးပါ လိုက်ပါသွားရတော့သည်။
"ဆန်နီရေ ... မောနေပြီလားကွ၊  လာ ... လာ ... ဦးဦးအိတ်ထဲမှာ မင်းမုန့်တွေ ပါလာသေးတယ်"
အောင်နိုင်သည် နထင်မှ ချွေးစီးကြောင်းတွေကျကာ နေရောင်ကြောင့် မျက်နှာကလေးနီနေတော့ သော ဆန်နီ ကလေးအား သူ့ပေါင်ပေါ်သို့ ခေါ်တင်လိုက်ကာ လွယ်အိတ်ထဲမှာ ပါသေးသော လိမ္မော်သီးနှင့် ဘယာကြော် များကို ထုတ်ယူပြီး တယုတယ ကျွေးမွေးနေပြန်သည်။

မောင်မောင်လွင်ကတော့ သူ့အနေနှင့် ဘယ်အခါကမျှ ဤမျှထိ စိတ်ပန်းလူပန်း ဆင်းရဲဒုက္ခ မကြုံရ ဘူးသူပြီပြီ ဟန်လုပ်ကာ တင်းရေသည့် အထဲမှာပင် မျက်နှာညှိုးလျက် ရှိနေသည်။ သူတို့ တည်းခို အိပ်စက် ရမည်ဖြစ်သော မလုံမခြုံ မသန့်မပြန့် တဲအိမ်ကုတ်ကလေးကို ကြည့်မြင်ရသည်မှာပင် အတော်စိတ်ပျက် လက်ပျက် ရှိလေ၏။ တော်တော်နေတော့ "ခဏနေအုံးဗျာ" ဆိုကာ ထွက်သွား ပြန်လေသည်။

ဤမျှ ဆင်းရဲ ဒုက္ခလောက်ကို အမှု မထားချင်တော့သော အောင်နိုင်ကတော့ အိမ်ရှင်များအား ကျေးဇူးတင် စကားပြောကာ သူ့အိပ်ရာလိပ်ကို အိမ်ရှေ့ အပြင်ခန်းမှာ ဖြန့်ခင်းလိုက်လျှင် ဆန်နီ ကလေးနှင့်အတူ လဲလျောင်း နေလိုက်တော့သည်။ အချိန်အတော်ကြီး ကြာသွားသည်တွင်ကား ... မောင်မောင်လွင်သည် သုတ်သီး သုတ်ပျာ ပြန်ရောက်လာလေ၏။
"ကိုထူးရေ ... ဆန်နီရေ ... ထ ထ ဟိုမှာ ညောင်လေးပင်သွားမယ့် ကုန်ကားကြီးတစီးတွေ့လို့ တောင်းပန်ပြီး ရပ်ခိုင်း ထားခဲ့ရတယ် ... ဒီနေ့အဖို့ ညောင်လေးပင်တော့ ရောက်နိုင်ပါသေးတယ်"
သို့ဖြင့် အောင်နိုင်တို့သည် အိပ်ရာလိပ်ကို ပြန်လည် ထုပ်ပိုးကာ အိမ်ရှင်များကို နှုတ်ဆက်ပြီး ခရီးတထောက် ဆက်ရပြန်လေ၏။

"ဆန်နီရေ ... ဒို့တော့ ဇိမ်ဘဲဟေ့ ဒီအပေါ်မှာ အိပ်လိုက်မှာဘဲ ..."
အောင်နိုင်က ကားနောက်ခန်းကို တွယ်တက် လိုက်ကာ ... ပစ္စည်းကလေးများကို နေရာချထားရင်း နှင့် ဆန်နီ ကို လှမ်းပြောလိုက်သည်။
"ဟာဗျာ ... ခင်ဗျားတို့ကသာ ဇိမ်နေတယ် အနံ့အသက်က မကောင်းဘူး"

မောင်မောင်လွင်က မျက်နှာကို ရှုံ့ပြီး ဒရိုင်ဘာ မကြည်အောင် ခပ်တိုးတိုး ညည်းလိုက်သည်။ ကားပေါ်က ကုန်များမှာ ဆေးရွက်ကြီး အိတ်များ သနပ်ဖက်ပိုများ ဆီပုံး အနည်းငယ်နှင့် ကြက်သွန် များဖြစ်ရာ အမိုးသို့ ထိလု နီးနီးမို့ ငုံ့ထိုင်မည်ပင် ခက်ခဲလှသောကြောင့်လည်း တောင်နိုင်က အိပ်လိုက်မည်ဟု ပြောနေခြင်း ဖြစ်သည်။ အနံ့အသက်များကလည်း မောင်မောင်လွင် ပြောမည် ဆိုက ပြောစရာပင် ဖြစ်နေ၏။

"ဒီလိုဆိုလဲ ခင်ဗျားတို့ ဒရိုင်ဘာခန်းကို လိုက်လေဗျာ ... ဟု အောင်နိုင်က ပြောရသည်။
"လာ ... သား သား ဒို့ရှေ့ခန်းသွားကြမယ် ..."
"ဟင့်အင်း ... သားသား အိပ်ချင်တယ် ဦးဦးနဲ့ဘဲ နေရမယ် ..."

ဆန်နီသည် မောင်မောင်လွင် ခေါ်သည်ကို မလိုက်ဘဲ အောင်နိုင်နှင့်ပင် အိပ်၍ ကျန်ခဲ့သည်။ အချိန်မှာ ညနေ ၃နာရီခွဲမျှ ရှိသေးရာ ညောင်လေးပင်သို့ မိုးမချုပ်မီ ရောက်နိုင်သည်ဟု ကားသမားက ပြောလေသည်။ သို့ရာတွင် လမ်းဘေးတဖက်တချက်ဆီမှ လူနှစ်ယောက် ထွက်လာ ကြကာ ကားကို လက်ပြ တားနေကြလေ၏။

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

Sunday, April 24, 2011

အောင်နိုင် (စိန်စိန် ရေးသည်) အပိုင်း (၉)

သို့ရာတွင် ဤမျှသော အကျဉ်းအကြပ် အခက်အခဲထဲ၌ အဘယ်ဖခင်သည် ဤမျှ သဘောပြည့်ဝနိုင်ပေလိမ့် မည်နည်း။
ထိုအချက်ကို အခွင့်အရေးယူကာ မိမိက မိမိချစ်သော အေးကို မိမိသာလျှင် ပိုင်ဆိုင်လိုပါသည်ဟု ဇွတ်တိုး ဆုံးဖြတ် လိုက်မည်ဆိုပါလျှင်လည်း ကတိတလုံးကို လေးစားရမည်ဖြစ်သော ဦးဖေတင်အနေနှင့် လိုက်လျော ရမည်ပင်ဖြစ်ပေသည်။

သို့ရာတွင် ယနေ့ နံနက်ပိုင်းကတွင်မှ ဤနှုတ်ကတိထက် ပိုမို ခိုင်လုံစွာ လူကြီးလူကောင်း ပရိသယ်အချို့ တို့၏ ရှေ့မှာ ၀န်ခံကတိပြုကာ စေ့စပ်ကြောင်းလမ်းခြင်းကို ပယ်ဖျက်လိုက်ရမည့်အတွက်ကတော့ မည်သို့ ရှိပေ လိမ့်မည်နည်း။ နက်ဖြန် ထုတ်မည့် သတင်းစာကြီးများမှာ သတင်းအဖြစ်နှင့် တိုင်းကျော် ပြည်သိ ပါလာ ဦးမည့် ကိစ္စကလည်း ရှိနေပေသေးသည်။

ဤနေရာတွင် မိမိတဦးတည်းက ရှောင်ဖယ်ပေးလိုက်မည်ဆိုလျှင်တော့ အသိရခက်လေသည့် အေး တယောက် မှတပါး အားလုံးကုန် ပြေလည်ကျေနပ်မှုရစရာအကြောင်းရှိသည်။ ပြောလို့သာ ပြောရပေမဲ့ မောင်မောင်လွင်အား စေ့စပ်မှုကို သဘောတူညီခဲ့သည်အထိ လိုက်လျောခဲ့ပြီးသော အေးတယောက် ကလည်း အကြီးအကျယ် မကျေမချမ်းဖြစ်စရာ အကြောင်းတော့မမြင်။
ထိုခဏမှာ လောဆော်လာသူကတော့ ဒေါ်ဒေါ်စောပင်ဖြစ်လေ၏။

" ကျမပြောပါရစေ အကိုကြီး၊ နောက်ပိုင်းမှာ ဘယ်လိုဘယ်ပုံ စီမံကြမယ်ဆိုတာထက် အခု လောလောဆယ် မှာ အေးကို သွားခေါ်ထားဘို့က ပိုပြီး အရေးကြီးပါတယ်၊ ခု အနေမှာ သူနှိုးလာလို့ တယောက်ထဲ လုပ်ချင်ရာ တွေကို တဇွတ်ထိုးလုပ်နေရင်လဲ ပိုပြီးခက်ပါလိမ့်မယ်၊ နို့ပြီး မြို့စွန်ကြီးမှာ မလုံမခြုံ နဲ့ဆိုတော့ စိတ်ချစရာလဲ မကောင်းသေးဘူး"
မှန်တော့လည်း မှန်သည်။ ဤအိမ်သို့ အောင်နိုင်ရောက်ရှိနေသည်မှာပင် နာရီဝက်နီးပါးမျှ ရှိနေပြီဖြစ်ပေ၏။ အောင်နိုင် လည်း သည်တော့မှ ယတိပြတ် ဆုံးဖြတ်လိုက်ဟန်ဖြင့် သူ့လက်ထဲမှ စာရွက်စာခေါက်ကလေးကို စားပွဲပေါ် သို့ ဖတ်ကနဲပစ်တင်လိုက်ပြီး ဦးဖေတင်ကို လှမ်းပြောလိုက်သည်။

" ကျွန်တော် သွားပါတော့မယ်ဦး"
" သြော် ... အင်း ... ဘယ်လိုလဲ မောင်အောင်နိုင် ... "
ဦးဖေတင် က ဇဝေဇ၀ါနှင့် ပြန်မေးရ၏။
" ဘယ်ရယ်လို့ မပြောတတ်ပါဘူး၊ အဝေးကြီးကိုပေါ့ ဦး "
သည်တခါတော့ လှိုက်လှိုက်လှဲလှဲနှင့် ကြေကွဲစွာ ထွက်ပေါ်လာသော အောင်နိုင်၏ အသံကြောင့် မောင်နှမ နှစ်ယောက်သား မှာပင် ငိုင်ကျသွားကြသည်။ ပြီးမှ ဦးဖေတင်က တစုံတခုကို သတိရသလို "ခဏနေအုံး မောင်အောင်နိုင်" ဟု ဆိုကာ သူ့အခန်းရှိရာဘက်သို့ အပြေးကလေး ၀င်ရောက်သွားလေ၏။

" မောင်အောင်နိုင့်အတွက် ဦးတကယ်ဘဲ စိတ်မကောင်းမိပါဘူးကွယ် ... အများကြီးလဲ ကျေးဇူးတင် ပါတယ်...၊ ဒါကလေးတော့... "
ဦးဖေတင်သည် ထူထဲသော ငွေစက္ကူ အထပ်ကြီး တထပ်ကို ခပ်ဝေးဝေးကပင် ကမ်းလင့်လာလေ၏။ အောင်နိုင် မှာ ဤတွင်မှ အကြီးအကျယ် ပိုမို၍ စိတ်ထိခိုက်သွားတော့ကာ စကားတလုံးမျှ ပြန်လည်ပြောဆို နိုင်ခြင်း မရှိတော့ဘဲ၊ ခေါင်းကိုသာ တွင်တွင်ရမ်းခါမိသည်။

ပြီးတော့ ဦးခေါင်းငိုက်စိုက်ချကာ လေးလံလှသော ခြေလှမ်းများဖြင့် တလှမ်းချင်း ထွက်ခွာလာခဲ့လေ၏။
စကားလုံးပေါင်း မြောက်မြားစွာဖြင့် ငြင်းပယ်နိုင်သည်ထက် ထိရောက်နက်နဲလှသော အောင်နိုင်၏ ပြုမူပုံ ကြောင့် ငွေစက္ကူ တထပ်ကြီးနှင့် အငိုင်သား ကျန်ရစ်တော့သော ဦးဖေတင်မှာလည်း ...
"စိတ်ကောင်း ရှိသလောက် အကြောင်းဆိုးရှာတဲ့ သူငယ်ပါကွယ်" ဟူ၍သာ ညည်းညည်းနိုင်တော့လေသည်။ ဒေါ်ဒေါ်စော တယောက်ကတော့ ရင်နင့်စဖွယ် ဤအဖြစ်ကြောင့် လိမ့်ဆင်းလာသော မျက်ရည်စများကိုပင် တို့ သုတ်ခြင်း မပြုခဲ့နိုင်တော့ပေ။

ဤအချိန်မှာ ခြံဝင်းအပြင်သို့ပင် ထွက်မိနေပြီဖြစ်သော အောင်နိုင် တယောက်ကတော့ သံယောဇဉ်အမျှင် မဖြတ်နိုင်သေးဟန်ဖြင့် အိမ်ကြီးဆီသို့ တချက်မျှ ပြန်လည်မျှော်ရှုမိသေးသည်။ ဤအိမ်ကြီး၏ ဧကရီ ဘုရင် မကလေး တဆူဖြစ်သော အေး၏ မျက်နှာကလေးက ထွက်ကနဲပေါ်လာပြန်ကာ သည်တကြိမ်မှာ ယခု တသက်တာ အဖို့တွင် ဤအိမ်ကြီးကိုလည်းကောင်း၊ ဤနယ်မြေကိုလည်းကောင်း အေးကိုလည်းကောင်း နောက်ဆုံးအကြိမ်အဖြစ်နှင့် အပြီးအပိုင်ခွဲခွာသွားရခြင်းဖြစ်ကြောင်းကို အသိ ၀င်လာတော့သည်တွင်မူ သူ့ အသဲနှလုံး ကို ပြုန်းပြုန်းချေပြီးမှ ထွက်ပေါ်လာဟန်ရှိသော မျက်ရည်စများဖြင့် သူ့မျက်လုံးအိမ်တွင် ရစ်ဝဲ စိမ့်စိုခဲ့ရပြန်လေသည်။

စိတ်ကို အနိုင်နိုင်တင်းကာ ချာကနဲ လှည့်ထွက်လိုက်တော့သည်တွင်ကား ထက်ကောင်းကင်တွင် ကြဲကြဲ တောက်ရှိနေသော ကြယ်ကလေး ဖြိုးဖြိုးဖြောက်ဖြောက်မှတပါး အမှောင်ထုကသာ သူ့အား ဆီးကြို ကမ်းလင့် ၍ နေပေသည်။ ဘယ်ဝယ်ဘယ်ဆီ ရည်ရွယ်မြှော်ခေါ်နိုင်ခြင်း မရှိသော အောင်နိုင် တယောက် သည်လည်း ထိုအမှောင်ထူထဲမှာပင် တရိပ်ရိပ်တိုးဝင် ပျောက်ကွယ်၍ သွားရတော့ပါပြီ။
တကယ် ဆိုတော့လည်း လူမှန်းသိလာကတည်းက အရှုံးကို ရင်ဆိုင်ခဲ့ရသော အောင်နိုင်သည် ယခုတဖန် အရှုံး တရပ် ကို ထပ်ဆင့်၍ ရင်ဆိုင်ရပြန်ခြင်းပင် မဟုတ်ပါလား။
-------------------------------------
မန္တလေးတက္ကသိုလ် အစုန်ရထားကြီးသည် တ၀ုန်းဝုန်း တဂျုံးဂျုံး ပြေးလွှားလျှက် ရှိလေသည်။

အားမနာတမ်းသာ ပြောရမည်ဆိုလျှင်ဖြင့် ဤခရီးသည် လုပ်ငန်းကြီး၏ မထုံတတ်တေး ရှိလှသော ဟန်အမူအရာ နှင့် ပစ္စလက်ခတ် ၀တ်ဆင်ထားပုံများမှာ မီးရထား အထက်တန်းတွဲနှင့် တူတန် ဟပ်စပ်ခြင်း မရှိဟု ဆိုနိုင်လောက်သည်။

အသက်မှာ ၃၀-မျှ ထက်ကျော်လွန်ဟန် မရှိသေးသော်လည်း နှုတ်ခမ်းမွှေးရေးရေးနှင့် ရှည်လျား ပွယောင်း လျက် ရှိသောကြောင့် ရင့်ချော်ချော် ညှင်းဆိုးဆိုး ဖြစ်နေရုံမျှမက ဟောင်းနွမ်းသော တာကီဘောင်းဘီပွကြီး နှင့် ပေါ်ပလပ်ရှပ်လက်ရှည်ကို ရိုးမားဘိနပ်ဂွညှပ်တရံနှင့် တွဲဖက် ၀တ်ဆင်ထားသောကြောင့်လည်း တောထဲမှာ အနေကြာလာသည့်တောတွင်း တယောက် နေရာမှားပြီး ရောက်လာဟန်တူရဲ့ဟု ထင်မြင်ချက် ပေးစရာ ကောင်းနေသည်။

ဤအထက်တန်း တွဲတတွဲလုံးတွင် ထိုခရီးသည်လုဝ်ကြီး အထက်တန်းကျကျ ၀တ်ဆင်ထားသော ပန်ချာပီ အမျိုးသားတယောက်၊ ညီအမဟု ခန့်မှန်းရသော အသက်လေးဆယ်ခန့် အရွယ် သမီးကြီးနှစ်ယောက်နှင့် အနောက်တိုင်း ၀တ်စုံကို ဆင်ယင်ထားသည့် အသက်၃၀-ခန့် မွန်ရည်သားနားသော ဗမာလူရွယ် တယောက်၊ ထိုဗမာလူရွယ်နှင့် မည်သို့ တော်စပ်သည်မသိသော ခုနစ်နှစ်ရွယ် ခလေးတယောက်တို့ ပါလာကြရာ၊ သူသည် လမ်းတလျှောက်လုံးတွင် ခလေးငယ်အား တယုတယ ပြောဆို ပြုစုလာခြင်းဖြင့် အလုပ်ရှုပ် လျက် ရှိသလို အမျိုးသမီးကြီး နှစ်ဦးမှာလည်း သူတို့ချင်းအတော် စကား အလွမ်း သင့်ကြလေသည်။ တဦးတည်းသော ပန်ချာပီ အမျိုးသားကြီး အင်္ဂလိပ်သတင်းစာတစောင်ကို အဖော် လုပ် လာခြင်း ဖြင့် အဆင်ပြေလျက် ရှိနေ၏။

မတုန်မလှုပ် ကျောက်ရုပ်ဟု ဆိုရတော့မလောက် တယောက်က ငေါင်းစင်းစင်းနှင့် ငေးငိုင်လာသူကား အထက် ဖော်ပြပါ ခရီးသည်တယောက်တည်းသာ ဖြစ်ပေ၏။
အမှန်စင်စစ်သော်ကား တပါးသူတို့ မသိမမြင်နိုင်လေသည့် ထိုခရီးသည် လုင်ကြီး၏ အတွင်းစိတ်သန္တာန်မှာ အပြင်ယံ ကိုယ်နေကိုယ်ထား နှင့် လုံးလုံးကြီး ဆန့်ကျင်ကာ ဘလောင်ဆူလျက် ရှိနေပေသည်။ မန္တလေး ဘူတာကြီး မှ နေ၍ ဤအထက်တန်း မီးရထားတွဲပေါ်သို့ တက်လိုက်မိကာ သူက မှတ်မိ၍၊ သူ့ မှတ်မိသိရှိပုံ မရသော အနောက်တိုင်းဝတ်စုံနှင့် ဗမာလူငယ် မြင်လိုက်မိသည့်အချိန်မှစတင်ပြီး သူ့စိတ်တွေသည် ဘလောင်ဆူ လာခြင်းလည်း ဖြစ်ပေ၏။

"ကြုံတတ်လေခြင်း ... ကြုံတတ်လေခြင်း" ဟူသော အတွင်းကျိတ် ညည်းထွားမှုနှင့်အတူ လွန်လေပြီးသော (၂)နှစ် ခန့် ကဖြစ်ကြောင်း ကုန်စင်တွေမှာလည်း စိတ်အာရုံတွင် အစီအစဉ်ပေါ်လာကြ ကုန်လေသည်။
ဤကဲ့သို့ သူစိတ်အာရုံ ကျက်စားမိသမျှကိုသာ အခြားတပါးသူများပါ သိမြင်နိုင်စွမ်း ရှိကြမည်ဆိုပါလျှင်လည်း ဤမှ အစ ယခုအထိသော အကြောင်းအရာများကိုသာ ရုပ်ကားသဘွယ် စိတ်ဝင်စားစရာ တွေ့မြင် လိုက်လိမ့်မည် ဖြစ်ရာ ထိုခရီးသည်ကြီး၏ အမည်မှာ "အောင်နိုင်" ဟူ၍တော့ ရိပ်မိဟန် ကောင်းပေပြီ။

မီးရထားကြီးသည် သူ၏၀တ္တရားကို ကျေပွန်စွာငြဖ့် တဘူတာပြီး တဘူတာ ဆိုက်ကပ်ရန်နားကာ ဆက်လက် ပြေးအားလျက် ရှိပေသည်။ ရှည်လျားလှသော သူ၏ဖြစ်စဉ် ဖြစ်ရပ်များကို အတွေးစက်ဝန်း ဖြန့်ကာ တွေးတော လာခဲ့သော ခရီးသည် လုလင်ကြီး "အောင်နိုင်" သည် ဟင်း ... ဟူသော သက်ပြင်းရှိုက် သံနှင့် အတူ အသက်ဝင်လာသလို လူးလွန့်လှုပ်ရှား လိုက်တော့သည်တွင်ကား ... မီးရထားကြီးသည် သာစည် ဘူတာ သို့ပင် ဆိုက်ကပ် ရပ်နားမိပြီ ဖြစ်နေသည်။

ဤဘူတာတွင် ခရီးသည်တို့ နံနက်စာ စားကြသည် ဖြစ်ရာ ပန်ချာပီ အမျိုးသားကြီးနှင့် အမျိုးသမီးကြီး နှစ်ယောက် မှာ ရထားတွဲပေါ်မှာ ဆင်းသွားကြလေ၏။
"သား သားတော့ လမ်းတလျှောက်လုံး မုန့်တွေ စားလာတာ ဆာတော့မှာ မဟုတ်ပါဘူး ထမင်း မစားပါနဲ့ တော့ကွယ် ကော်ဖီနဲ့ မုန့်ဘဲ တော်ရောပေါ့ ဟုတ်လား"
အနောက်တိုင်းဝတ်စုံနှင့် လူရွယ်သည် ကော်ဖီနှင့် မုန့်များကို မှာယူကာ ခလေးငယ်အား တယုတယ တိုက်ကျွေးရင်း နှင့် သူကိုယ်တိုင်ပါ စားသောက်နေလေ၏။
သူတို့နှင့် ခပ်လှမ်းလှမ်း ထိုင်ခုံမှ အောင်နိုင်ကတော့ ထိုစကားအတွက် အတော့ကြီး အံ့အားသင့်သွားရလေ သည်။ "ဟင် ... ကိုမောင်မောင်လွင် ... ကိုမောင်မောင်လွင် သူ အေး နဲ့ လက်မထပ်ဖြစ်ဘူးလား လက်ထပ် တယ် ဆိုရင်လဲ အေး ရဲ့သားဟာ ဒါလောက်ကြီးကြီး ဖြစ်နိုင်ပါ့မလား ... ငါလူမှားနေတာတော့ မဟုတ် နိုင်ပါဘူးလေ ..." ဟု အတွေးရ ခက်နေပြန်သည်။

"ဟို ဦးဦးက ဘာမှလဲ မစားဘူးနော်"
ခလေးငယ်က သူ့ထံမှ လက်ညှိုးကလေး ရွယ်ပြလိုက်ကာ စကားတောင်းနေပြန်၏။ မောင်မောင်လွင်က သူ့ ကို လှမ်းကြည့်ကာ ပြုံးပြလိုက်သည်နှင့် သူကပါ ပြန်လည် ပြုံးပြလိုက်ရလေသည်။ ပြီးတော့ အထက်လွှာ မှ လူကုန်တန် ပြီပြီ တော်ရုံတန်ရုံ လူစားကို အဖက်လုပ်လိမ့်မည် မထင်ခဲ့သော မောင်မောင်လွင့်ထံမှ ဤမျှ ဖော်ရွေသော အပြုံးကို ရရှိခြင်းအတွက် ကျေနပ်သိယောင် ရှိမိသည်တိုင် ... စကားဆက်စပ်ကာ အသိဖွဲ့ ရမည်ကို လိုလားနိုင်ခြင်း မရှိသည်နှင့် ရိုင်းရုံမကလို့ ဘယ်လိုဘဲထင်ထင်ဟု စိတ်ပိုင်းဖြတ်ကာ တဖက်သို့ လှည့်နေလိုက်သည်။ သူ့ဝမ်းထဲမှာ အနည်းငယ်  ဟာသလို ရှိနေသော်လည်း ... ဘာကိုမျှ စားချင်စိတ် မရှိ သည် နှင့် မစားဘဲပင် ဇွတ်ပေ၍ နေလိုက်သည်။

ပျဉ်းမနား ဘူတာသို့ ညအိပ်ရန် ရပ်နားလိုက်သည်တွင်ကား အမျိုးသမီးကြီးနှစ်ယောက်မှာ လိုရာ ခရီးဆုံးသို့ ရောက်ဟန်နှင့် သူတို့ပစ္စည်းများကို သယ်ပိုးပြီး ဆင်းသွားကြလေသည်။

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

Saturday, April 23, 2011

အောင်နိုင် (စိန်စိန် ရေးသည်) အပိုင်း (၈)

ဤအခက်အခဲ နှစ်ခုကြားမှာ ဦးနှောက်တွေ ခြောက်သယောင်းကာ အက်ကွဲလုလု ဖြစ်လာပြီဟု ထင်မှတ်ရ သော အချိန်တွင် ဦးဖေတင်အား သတိရမိလိုက်ခြင်းကိုတော့ သူ့ကိုယ်နှင့်သူပင် ကျေးဇူးတင်ရမလို ဖြစ်နေ၏။
သို့တိုင်အောင် ကြာရှည် ဆိုင်းငံ့ဖင့်နွှဲ၍ မနေသာတော့ဘဲနှင့် အေး၏ အပါးမှ ချွတ်နင်းပြီး ထလာခဲ့ရသည်။
သို့တိုင်အောင် အရှည်ကို မတွေးတတ်သေးသော ခလေးငယ်တယောက်၏ ကြောင့်ကြမဲ့စွာနှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေပုံ ကလေးကပင် ဖမ်းစား ညို့ယူထားသည်မို့ မကြာခဏ ဆိုသလို ကြင်နာမြတ်နိုးလှစွာ ပြန်လည် လှည့်ကြည့်နေမိသေး၏။

ခြေထောက်များက တံခါးဝဆီသို့ ရောက်လာတော့မှသာ စိတ်ကို ယတိပြတ်ဖြတ်ကာ တဖက်သို့ ချာကနဲ လှည့်ပြီး တံခါးသို့ အသာအယာ ပြန်တွန်းလျက် စေ့ထားလိုက်သည်။
ပြီးတော့ သွေးရူးသွေးတန်း ခေါ်နိုင်လောက်အောင်ပင် သူ့ခြေထောက်များကို အားကုန်နှင်ခဲ့မိလေတော့၏။
" ဟော မောင်အောင်နိုင် ... ကိစ္စရှိသလား၊ အလည်ဘဲလား "

အောင်နိုင်တယောက် ဦးဖေတင် အိမ်ဝင်းဝသို့ ရောက်ခဲ့သည်တွင်မူ ရေဒီယိုမှ မြန်မာပိုင်း အစီအစဉ်ပြီးဆုံး၍ အင်္ဂလိပ်ဘာသာ အသံလွှင့် အစီအစဉ်များပင် စတင်နေပေပြီ...။
အောင်နိုင်သည် မာလီလည်းဖြစ်၊ ညစောင့် ဒရ၀မ်လည်းဖြစ်သော ကုလားအဖိုးကြီးကိုပင် အတော်ကြီး ရှင်းပြကာ ၀င်းတံခါးကို ဖွင့်စေခဲ့ရ၏။
ယခု တဖန် ဧည့်ခန်းတံခါးကို ဦးဖေတင် ကိုယ်တိုင် လာဖွင့်ကာ သူ့အား အကဲခတ်သလို ပြုံးပြုံးကြီး ကြည့်ပြီး နှုတ်ဆက် လိုက်သည်တွင်မူ အောင်နိုင်မှာ ရုတ်တရက်အားဖြင့် ဘာစကားတခွန်းကိုမျှ ပြောဆိုနိုင်ခြင်း မရှိ တော့ဘဲ ကြက်သေ သေကာ ဖြစ်နေမိတော့သည်။

" ကဲ ... အထဲကို ၀င်ပါကွာ ... ဦးလဲ အေးကို သွားခေါ်လာကာ ဒီနေ့ဘဲ ရန်ကုန်က ပြန်ရောက်တယ်"
အေးအေး ဆေးဆေး တည်တည်ငြိမ်ငြိမ် ပြောဆိုနေသော ဦးဖေတင်၏ အမူအရာကြောင့် အေးတယောက် ဘာတွေ ဖန်တီးပြုလုပ်နေသည်ကို မသိသေးဟန်မှာဖြင့် ထင်ရှားလှသည်။
အောင်နိုင် က ခေါင်းငုံ့လျှိုးကြီးနှင့် ၀င်လိုက်သွားကာ ဦးဖေတင်နှင့် ခပ်လှမ်းလှမ်းမှ ကုလားထိုင်တွင် ၀င်ထိုင် လိုက်ရသည်။
ပြီးတော့ ... တံတွေးကို ဂလုကနဲ မျိုချလိုက်ကာ မျက်လွှာကို ပင့်ပြီး မရဲတရဲမော့ကြည့်လိုက်သည်။

ဦးဖေတင် ၏ အခွင့်အရေးပေးဟန် မျက်နှာထားခပ်ပြုံးပြုံးကို မြင်ရတော့မှ ခေါင်းကိုငုံ့ထားလိုက်ကာ မပြောလျှင် မရတော့သော စကားများကို စတင်ရလေ၏။
" ကျွန်တော့်မှာ ဦးကို ပြောစရာစကား အထူးတွေ ရှိနေတယ်၊ ကျွန်တော့်စိတ်ထဲမှာ ဖြစ်နေသမျှကိုလဲ မချွင်း အကုန်အစင် ပြောပြချင်ပါတယ်၊ ဒီကိစ္စမှာ ဦးဟာ သိထိုက်ဆုံး ဖြစ်နေတဲ့ပြင် ကျွန်တော့်မှာလဲ ဦးကလွဲလို့ အကောင်း ဆိုသလို အကုန်လုံး သွန်ချပြီး ဖွင့်ဟတိုင်ပင်တဲ့လူ မရှိခဲ့ပါဘူး၊ ဒါကြောင့် ... "
" အင်း ... တိတိလင်းလင်းဘဲ ဆိုစမ်းပါလေ"

ဦးဖေတင်က စိတ်ပါဝင်စားဟန်ဖြင့် ကိုယ်ကို ကုလားထိုင်ပေါ်မှ ရှေ့သို့ အနည်းငယ် ကိုင်းလာရင်း ထောက်ပေးလိုက်သည်။
" ဟုတ်ကဲ့ ... အခု အေး ကျွန်တော့်ဆီမှာ ရောက်နေတယ်ဦး ... "
" ဟေ ... ဟုတ်နိုင်ပါ့မလားကွာ "

အောင်နိုင်မှာ သူတို့၏ အရေးတော်ပုံကို စကားပြောဖြစ်သမျှ ပြေပြစ်အောင် ကြိုးစား၍ ရှင်းလင်းပြောပြရန် အားယူသည့် အထဲမှပင် ဦးဖေတင်၏ တိတိလင်းလင်း ပြောကြား အထောက်အခံပေးမှုကြောင့် တိုက်ရိုက်ကြီး ပြောထွက်ဖြစ်သွားတော့လေသည်။
ဤသည်နှင့် တပြိုင်နက်မှာပင် မမြှော်လင့်သည်ကို ကြားရသော ဦးဖေတင်ထံမှလည်း အံ့အားသင့်ခြင်းနှင့် မယုံကြည်ခြင်း တို့ဖြင့် ရောနှောက်နေသော အသံကလေးက ကတိုက်ကရိုက်ထွက်ပေါ်လာပေသည်။

ပြီးတော့ အောင်နိုင့်စကားပြန်ကို မစောင့်နိုင်သေးဘဲ တဆက်တည်းမှာပင် ဦးဖေတင်က "မစောရေ ... သမီး သူ့အခန်း မှာ အိပ်နေတယ် မဟုတ်လားကွယ်"ဟု အိမ်နောက်ခန်းသို့ အော်ပြောနေလေသည်။
" ဟုတ်ကဲ့ အကိုကြီး ဘာဖြစ်လို့လဲ" ဟူသော အသံနှင့်အတူ ဒေါ်ဒေါ်စောလည်း အိမ်နောက်ခန်းမှ ထွက်လာ ပြန်လေသည်။
" မဟုတ်ပါဘူးခင်ဗျာ - စောစောအိပ်ချင်ယောင်ဆောင် အလစ်မှာ ထွက်လာခဲ့တယ်လို့ ပြောပါတယ်၊ မယုံရင် မေးကြည့်နိုင်ပါတယ်၊ အခု အေး ကျွန်တော့်အိမ်မှာပါ"ဟု အောင်နိုင်က ထပ်မံပြီး ပြောရပြန်၏။

မောင်နှမနှစ်ယောက် ဘ၀မျာတော့ ဘာမှပြန်မပြောနိုင်တော့ဘဲ ယုံရအခက် မယုံရအခက် ဆိုသလို ထိတ် ထိတ်ပျာပျာ ဟန်မျိုးဖြင့် အေး၏ အခန်းရှိရာသို့ ခပ်လောလောထွက်သွားပြန်သည်။
ခဏအတွင်းမှာ ပြန်ထွက်လာကြသည်တွင်ကား မျက်နှာများကာ အကြီးအကျယ် စိတ်မကောင်းလှသည့် အသွင် မှာ ပြန်ဆည်ကာ ဟန်ဆောင်ဖုံးဖိထားကြသည့်အထဲမှပင် ပွင့်ထွက်၍နေကြသည်။
ဦးဖေတင်က သူမူလထိုင်သည့် ကုလားထိုင်မှာ လေးလေးကြီး ထိုင်ချ၍ ပြန်ထိုင်လိုက်မှ "အင်း... ဦးတို့တော့ တကယ် မသိကြတာ အမှန်ဘဲ မောင်အောင်နိုင် ... " ဟု စိတ်ထိခိုက်ကာ တုန်ရီအက်ကွဲလုသော အသံမျိုး ဖြင့် ညည်းညည်းညူညူ ပြောလိုက်သည်။

ဒေါ်ဒေါ်စောကလည်း " အို ... ဒီကောင်မလေး ... ဒီကောင်မိုက်လိမ့်မယ်လို့ကို ကျမ မတွေးခဲ့မိဘူး"ဟု ဒေါသ အနည်းငယ် စွက်ထားသော ၀မ်းနည်းသံကြီးဖြင့် ပြောကာ စိမ့်စိုလာသော မျက်လုံးအိမ် နှစ်ဖက်ကိုပင် အင်္ကျီ လက်ဖျားစဖြင့် တို့သုတ်နေတော့လေသည်။
" အဲလေ ... အခုလို လက်လွန်ပြီးမှ ဆိုတော့လဲ ... "

တခဏတာမျှ ငြိမ်သက်နေကြပြီးမှ ဦးဖေတင်က အောင်နိုင့်ကို မျက်လွှာတချက်ဝင့်ကြည့်လိုက်ကာ စကား တပိုင်း တပြတ်ကြီး ပြောပြီး ရပ်တန့်ထားလိုက်သည်။
သက်မကြီး တချက်ကို ရှိုက်ချလိုက်ကာ လက်ဖျားချင်းပွတ်နေပြီး ငိုင်ကျသွားသည့်မို့လည်း ဖခင် တဦး အနေ နှင့် မည်မျှ ရှင်းလင်းအောင် ဖြစ်နေရမည်ကို ရိပ်မိနိုင်လောက်သည်။
" အခု အခြေအနေက ထိန်းမရနိုင်လောက်အောင် အလွန်အကျွံတော့ မဟုတ်သေးပါဘူး ဦးရယ် ... "

အောင်နိုင် ကသာ မချိပြုံးတချက် ပြုံးလိုက်ကာ စကားဆက်နေရ၏။ ဦးဖေတင်က အောင်နိုင့် စကားအတွက် သဘော မပေါက်နိုင်သေးဟန် ခပ်ကြောင်ကြောင် ပြန်ကြည့်နေသေးသော်လည်း ထိုစကားအတွက် မြှော်လင့်ချက် အရိပ်အယောင်သန်းသွားသလို မျက်နှာ အနည်းငယ် ကြည်လင် လာသော ဒေါ်ဒေါ်စောကတော့မူ "ကဲ ဖြစ်ပုံကိုဘဲ ရှင်းအောင် ပြောစမ်းပါအုံးကွယ်"ဟု ဆိုကာ သူ့ကုလားထိုင်ကိုပင် အောင်နိုင်ရှေ့သို့ အနည်းငယ် တိုးရွှေ့လိုက်သည်။

" အေးရယ် အချိန်မတော် ရောက်လာတော့ ကျွန်တော်က ဦးတို့ စိတ်ပူနေကြလိမ့်မယ်၊ ပြန်ပို့ပေးမယ်လို့ ပြောပါတယ် ... အေးက သူပြန်သွားဘို့ လာတာ မဟုတ်ဘူးဆိုပြီး တိတ်တိတ်ထွက်ပြေးလာကြောင်းကို ပြောပါတယ်... "

မောင်နှမ နှစ်ယောက်သားမှာ တယောက် မျက်နှာကို တယောက် ဖျတ်ကနဲ ကြည့်မိသွားကြ၏။ အောင်နိုင် က အပြောရခက်သလို တအောင့်မျှ ရပ်တန့်နေပြီးမှ အားယူပြီး ဆက်လိုက်ရပြန်သည်။
" အေးက ဒီလိုဇွတ်ပြောနေတော့ ကျွန်တော့်မှာ အတော်ကြီး အခက်အခဲ တွေ့နေရပါတယ် အမှန်ကို ဆိုရင် အေး အပေါ်မှာ ကျွန်တော်ထားတဲ့ မေတ္တာကလဲ ထုထည် မသေးလှပါဘူး ... "
အောင်နိုင်က သူပြောမိသော စကားအတွက် သိပ်ပြီး စိတ်မလုံနိုင်ဟန်ဖြင့် ဦးဖေတင်တို့ မောင်နှမသို့ ကွက်ကနဲ ကြည့်လိုက်မိသေးသည်။ မောင်နှမ နှစ်ယောက်သားမှာ အတွင်းစိတ်ကို သိုသိပ်နိုင်ကြပြီးမို့လား တော့မသိ၊ ဘယ်လို ထူးခြားချက်မှ မဖြစ်သလို သူ့စကားကို နားစိုက်မြဲ စိုက်ထားနေကြတော့မှ ဆက်ပြော ရပြန်၏။

" ဒါကြောင့်လဲ ကျွန်တော်ဟာ ... မရှုမလှဆိုသလို နစ်မွန်းနေရတဲ့ ကျွန်တော့် ဘ၀ထဲမှာ အေးကို ဆွဲမနှစ်ရက် နိုင်တာမို့ စိတ်ပင်ပန်းခဲ့ရပါတယ် ဒါပေမယ့် တဖက်ကနေ စဉ်းစားပြန်တော့လဲ မိန်းကလေး တယောက် အနေနဲ့ အဆမတန် စွန့်စားလာရတဲ့ အေးမေတ္တာကို ရှောင်လွှဲဘို့ရာ ခက်နေပြန်ပါတယ်... နောက်တော့ ဒီလို အခက်အခဲနှစ်မျိုးနဲ့ ရင်ဆိုင်နေရတာကို အခိုက်အတန့်ဘဲဖြစ်စေ ရှောင်ဖယ် နိုင်ပါစေတော့ လို့ ကျွန်တော် ထမင်းတအိုး သွားချက်လိုက်ပါတယ်" " ဘာရယ် ... ကွဲ့"ဟု ဒေါ်ဒေါ်စောက ခပ်ကြောင်ကြောင် နှင့် ဖြတ်မေးသည်။

" ဟုတ်ကဲ့ ... ဒီလိုပါ ဒေါ်ဒေါ် ... အေး ရောက်လာတော့ ကျွန်တော် ထမင်းမစားရသေးပါဘူး စားချင်စိတ် လဲ မရှိတော့ပါဘူး ... ဒါပေမယ့် တယောက်ထဲ လွတ်လွတ် လပ်လပ် စဉ်းစားဆုံးဖြတ်ချင်တာနဲ့ ထမင်းဆာလို့ ထမင်းချက် စားရအုံးမယ်လို့ ... အေးကို ပြောပြီး သွားချက်လိုက်တာပါ"

" ထမင်းချက်ရင်းနဲ့ ကျွန်တော် အချိန်ယူပြီး ... စဉ်းစားမိတဲ့ အထဲမှာ ဦးကပြုဘူးတဲ့ ကျေးဇူး တရားတွေနဲ့ ဦးကို သတိရမိလိုက်တော့ဖြင့် ကျွန်တော့်စိတ်ထဲမှာ အတော် ပေါ့သွားပါတယ်... ဒီကိစ္စမှာ မေတ္တာစိတ် တခုထဲကို အဒိက ထားချင်တတ်တဲ့ ကျွန်တော်တို့ လူငယ်တွေရဲ့ အဆုံးအဖြတ်ထက် ဦးတို့လို တာဝန် ရှိနေတဲ့ အုပ်ထိန်းသူများရဲ့ အဆုံးအဖြတ်ကိုသာ ခံယူတင့်တယ်လို့ သဘောရတာနဲ့ ကျွန်တော် လာခဲ့ တာပါဘဲ"

" သြော် ... သြော် ... ဒါကို မရွှေအေးကပါ သဘောတူ လွတ်လိုက်တယ်ဆိုပါတော့ ... "ဟု ဒေါ်ဒေါ်စောကပင် ခပ်ဆတ်ဆတ်နှင့် ဖြတ်မေးလိုက်ပြန်သည်။
" မဟုတ်ပါဘူး ဒေါ်ဒေါ် ဒါက ကျွန်တော် တယောက်ရဲ့ သဘောပါ ... အေးကတော့ ဒါကို သိကိုမသိ ရှာ သေးပါဘူး... ကျွန်တော် ထမင်းချက်နေတုန်းမှာဘဲ အပြင်ဘက်မှာဘဲ သူအိပ်ပျော်နေရှာပါတယ် "
" ဟင် ... ဒီလိုတယောက်ထဲ အိပ်ပျော်နေရစ်တော့ကော စိတ်ပါအုံးမလား... "

" စိတ်မချစရာတော့ မရှိဘူး ထင်ပါတယ် အေးလာတာလဲ ဘယ်သူမှ သိကြမှာ မှုတ်ပါဘူး တံခါးလဲ ကျွန်တော် သေသေချာချာ ပြန်စေ့ပြီး ပိတ်ထားခဲ့ပါတယ်"
" ဟင်... " ဟူသော သက်ပြင်း ချသံနှစ်သံက တပြိုင်နက် ပေါ်ထွက်လာသည်။ သည်တခါ သက်ပြင်း ရှိုက် ရသည်မှာ စိတ်ရှုပ်ထွေး နောက်ကျိကြသောကြောင့်တော့ ဟုတ်မည်မထင်... သည်ထဲမှာ မတင်မကျ ဖြစ် နေသမျှ တွေ အတွက် " အခုမှဘဲ အလုံးကြီးကျသွားတော့တယ် ... " ဟူသော သဏ္ဍာန်မျိုးဖြင့် ရှင်းချ လိုက်ကြဟန် ကို အောင်နိုင် ရိပ်စားမိလိုက်သည်။ ထိုသည်နှင့် တပြိုင်နက်မှာပင် ဦးဖေတင်ကိုယ်တိုင် သူ့ နေရာမှ ထလာခဲ့ပြီး အောင်နိုင့် ပခုံးကို သာသာကလေး ဆုပ်ကိုင်လိုက်သည်။

" မောင်အောင်နိုင်ရဲ့ စိတ်ထားကို ဦးတကယ်ဘဲ ချီးကျူးပါတယ် ... လေးစားပါတယ်ကွာ ... ဦးဝမ်းထဲမှာ ရှိသလောက်ကိုလဲ အမှန်အတိုင်းဘဲ ပြောပါရစေ... တကယ်ဆိုတော့ ... ဘာဘဲဖြစ်ဖြစ် အေးအနေနှင့် ဤ လမ်းစဉ်အတိုင်းကို ရေဆုံးဆုံးလိုက်နိုင်ပါသည် ဆိုတော့ကော နောက်ပိုင်းက လူကြီးအနေနှင့် အဘယ်မျှ နစ်နာ ထိခိုက်ကာ ရှက်ဖွယ်လိလိဖြစ်ကျန်ရစ်ရှာပေမည်နည်း။ အေးအား တကယ်တမ်း ထိုက်ထိုက်တန်တန် ပိုင်ဆိုင် ထိုက်သူမှာလည်း မိမိပင်လော၊ မောင်မောင်လွင်ပင်လော။

အတွေးတွေ ချာလည်ဝေ့ကာ ၀ဲလှည့်၍ နေတော့သော အောင်နိုင်မှာ " ကဲ ... မောင်အောင်နိုင် ... " ဟူသော ဦးဖေတင်၏ စကားစကို ကြားလိုက်ရပြန်မှ ဖျတ်ကနဲ သတိဝင်ကာ နားစွင့်ရပြန်သည်။
" အခု ဦးပြောရတာတွေကတော့ ဖြစ်နေတဲ့အတိုင်းကို စကားကုန်ပြောရတာတွေဘဲ၊ မောင်အောင်နိုင့်အဖို့ မှာလဲ ဖြစ်နေသမျှမှာ အနစ်နာခံဘက်ကချည်း ဖြစ်နေရတော့ ဒီကိစ္စမှာဖြင့် ဘယ်လို ဖြစ်သင့်တယ်ဆိုတာကို ဦးတို့ အနေနဲ့ မပြောရက်နိုင်သလောက်ပါဘဲ၊ ဒါကြောင့် မောင်အောင်နိုင် ကိုယ်တိုင် နှိုင်းချိန် ဆုံးဖြတ် လိုက်စေချင်တယ်၊ ဘယ်လို အဆုံးအဖြတ်မျိုးကိုဘဲပေးပေး၊ အဲဒီဆုံးဖြတ်ချက်အတိုင်း အတည်ဖြစ်စေ ရမယ်ဆိုတာတော့ ဦး ကတိပေးထားမယ် ဟုတ်ပလား... "

ပြဿနာကဖြင့် အောင်နိုင့်ထံသို့ပင် ပြန်လည် ဆိုက်ရောက်ရှိလာပြန်ပါချေပြီ။ ဦးဖေတင်သည် အောင်နိုင့် ထံမှ စကားအပြန်ကို ခေါက်တုံ့ခေါက်ပြန် ခပ်ဖြည်းဖြည်း လမ်းထလျှောက် ရင်းနှင့် စောင့်နေ၏။ သူ၏ အပြု အမူ နှင့်တကွ စကားပြောပုံ လေယူလေသိမ်းတို့မှာလည်း နူးညံ့ပြော့ပျောင်းလှပါပေသည်။ ဤမျှ နူးညံ့မှု ကပင် တနည်းအားဖြင့် အနိုင်ယူနေခြင်း ဖြစ်ပေသဘောဟူ၍လည်း ထင်နိုင်စကောင်းပါ၏။

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

Friday, April 22, 2011

အောင်နိုင် (စိန်စိန် ရေးသည်) အပိုင်း (၇)

" ကိုအောင်နိုင့်စာ ရပြီးလို့ ရန်ကုန်ကို သွားရတုန်းကများ နည်းနည်းမှ မပျော်မိဘူး သိလား ... ကိုအောင်နိုင် ကိုချည်း တွေးမိနေတယ်၊ နောက်ပြီးတော့ သိပ်ကိုလဲသနားတယ်၊ အေးရင်ထဲမှာ ဘယ်လိုနေမှန်းမသိဘူး၊ အေး ဘ၀ မှာ စိတ်ညစ်တယ်ဆိုတာကို စ သိလိုက်တာဟာလဲ ကိုအောင်နိုင့်အတွက်ဘဲလို့ ထင်တယ်"
" ဟင် ... "
ဤနေရာတွင် အောင်နိုင်က " ဟင် ... " တလုံး ဖောက်လိုက်မိ၏။ အေးကတော့ သူ့စကားကို ဆက်မြဲ ဆက် နေသည်။

" ဒီ့ပြင် ဘာကိုမှလဲ အေးစိတ်ဝင်စားလို့မရဘူး၊ အေး ဒီလိုနေတာကို မြင်ရတော့ ကိုကိုလွင်ဆိုတာ သိပ်အလို လိုက်ပြီး သိပ်ကို ချော့ရှာတာပါဘဲ၊ နောက်တော့ အေးတွေးမိလာတာကို သူ့ကို ပြောလိုက်ရတယ်၊ အေး ကိုအောင်နိုင်ကို ချစ်မိနေပြီ ထင်တယ်လို့၊ ဟုတ်ပါတယ် ကိုအောင်နိုင်ကို အေးချစ်နေတာ အမှန်ပါဘဲလို့ ... "
ဤနေရာတွင်ကား ... ၀မ်းသာရမလိုလိုရွှင်မွေ့ ရမလိုလိုနှင့် အောင်နိုင့် မျက်လုံးတွေမှာ ရွှန်းရွှန်းစိုကာ ရင်တွေ အသဲတွေ တဖျတ်ဖျတ် လှုပ်ရှားလာသည်ဟု ထင်ရသည်။ အေးကတော့ အောင်နိုင်ကို လုံးဝ မကြည့်ဘဲ ခပ်ငေးငေးကလေးနှင့် သူ့အဖြစ်ကို သရုပ်ပါပါ ပြောနေတုန်းပင် ဖြစ်သည်။

" အဲဒီတော့ ကိုကိုလွင်က မျက်နှာသိပ်မကောင်းဘူး ကိုကိုလွင်တော့ မချစ်ဘူးလားကွယ် ...တဲ့ အေးက နည်းနည်း တော့ ချစ်သားဘဲလို့ ပြန်ပြောလိုက်ရတယ်၊ ဟုတ်တယ် ... သူ့ခမျာလဲ အေးအလိုကို သိပ်လိုက် ရှာတာ ဆိုတော့ အားနာပြီး နည်းနည်းပါးပါး ချစ်လိုက်ရသေးတာဘဲ မဟုတ်လား ... "
အောင်နိုင် ကတော့ ခပ်မဲ့မဲ့နှင့် ခေါင်းကို ရမ်းခါနေမိပြန်သည်။

" အဲ့ဒီတော့ ကိုကိုလွင်က နည်းနည်းပါးပါး ချစ်ရင် များများစားစား ချစ်ဘို့လဲ မခဲယဉ်းတန်ပါဘူးကွယ်တဲ့၊ အေး ချစ်အောင် ကိုကိုလွင်နေတတ်ပါတယ်၊ အေးပျော်အောင်လဲ ကိုကိုလွင် ထားနိုင်ပါတယ်တဲ့ နောက်တော့ ဖြင့်လေ ... အေးနဲ့ ကိုကိုလွင်ဟာ အားတဲ့ အချိန်တိုင်းမှာ တတွဲတွဲ နေကြတော့တာဘဲ ရုပ်ရှင် ကြည့် ကန်တော်ကြီးသွား အင်းလျားကို ပျော်ပွဲစားထွက် ပန်းခြံတွေထဲ လျှောက်လည် ပြပွဲတွေသွား အဲဒီတော့ ကိုအောင်နိုင်ကို အေး နည်းနည်း မေ့သွားတယ်"

အောင်နိုင်မှာတော့ ရှည်လျားလှစွာသော တရားသူကြီး၏ စီရင်ချက်ကို စောင့်ဆိုင်း နားထောင် ရသည့် သဖွယ် ဖြစ်နေသည်၊ စီရင်ချက်မှာ လိုရင်းသို့ပင် ရောက်နိုင်သည်မရှိသေး ... ရင်တမမနှင့် ဘ၀င်မကျ နိုင် စဘွယ် ဖြစ်နေသည်။
" စာလဲ သိပ်ပြီး ကြိုးစားသင်ရတယ်လို့ မဟုတ်လှပါဘူး ... ကိုအောင်နိုင်ရယ် ... ကိုကိုလွင်နဲ့နှစ်ယောက်သား စားစရာ ကလေးစားလိုက် ရယ်စရာတွေ ပြောလိုက် နေရင်းကဘဲ သင်ယူရတာ အောင်ချင်တော့လဲ ဒီလိုနဲ့ဘဲ စာမေးပွဲ အောင်လာခဲ့တာဘဲ ... ဒီနှစ်တော့ ဘယ်လိုနေမယ်မသိပါဘူး ကိုကိုလွင့် အတွက်ကတော့ ဥာဏ်ထက်လွန်း လို့ စိုးရိမ်စရာ မရှိဘူးလေ ... ကိုကိုလွင်လဲ ဒီနှစ်ဘီအေ ဂုဏ်ထူးတန်းဖြေတဲ့ နှစ်ပေါ့ ... "

" ဒါတွေ ထားပါတော့လေ ... ကိုအောင်နိုင် လွတ်နေတာကိုတော့ အေးအခု ပြန်ရောက်မှသိရတာပါဘဲ အေး က ၂-နှစ် ၆-လဆိုတော့ စက်တင်ဘာ လောက်မှပြည့်မယ်မှတ်တာ ဖေဖေက လျှော့ရက်တွေ ရသေး တာကို ပြောပြမှ နားလည်သွားတယ် နောက်ပြီး၊ ဒေါ်ဒေါ်က ကိုအောင်နိုင်ရယ် မြို့စွန်က အိမ်ကလေးမှာ သွားငှား နေတာ ကိုလဲ ပြောပြတယ် အေးရင်ထဲမှာ နင့်သွားတာဘဲ သတ္တိကောင်းပြီး စိတ်ကောင်းရှိတဲ့ လူ တယောက် ဟာ ဒီလိုနေဘို့ရာလဲ မထိုက်တန် ပါဘူးလို့ အောက်မေ့မိတယ်"
" သတ္တိကောင်းတယ်ဆိုတာက ဘာကိုများလဲအေး ဒါလောက်ကို သတ္တိဆိုရင်တော့ တောင်ကြီး တတောင် လုံး မှာ သတ္တိခဲတွေ ချည်ဆိုရတော့မှာပေါ့"
အောင်နိုင် က သူ့ဘ၀အတွက် နာသာခံရခက် အသံမျိုးနှင့် ၀င်တောမိသည်။

" ဒါက ငေါ့စရာ မဟုတ်ပါဘူး ကိုအောင်နိုင် ကိုအောင်နိုင့် စိတ်ထား သဘောထားကို အေးကလဲ နောကျေ အောင် သိထားခဲ့ပြီးပါပြီပြီးတော့ ငယ်ငယ်ထဲကလဲ ကိုအောင်နိုင် ကို အေးချစ်လာခဲ့တာ မဟုတ်လား အေး ကို ကိုအောင်နိုင် ချစ်နေတယ် ဆိုတာလဲ အေးသိပါတယ် ... "
အေးက မျက်တောင်ကော့ကြီးများအောက်မှ တဖျတ်ဖျတ် တောက်နေသော မျက်လုံးအစုံဖြင့် ရွှန်းရွှန်း စားစား စိုက်ကြည့်နေတော့သဖြင့် မချင့်မရဲနှင့် ပြန်လည် ကြည့်ရှုနေမိသော အောင်နိုင်မှာ ယမ်းနှင့် မီးစ တွေ့ထိကြတော့မည့်အဖြစ်ကို လက်တလုံးခြား ကလေးမျှ လွဲဖယ်၍ ပစ်လိုက်ရသလို မျက်လွှာကို အနိုင် ပိုင်း ပစ်လိုက်ရသည်။

ရင်ထဲမှာကား နိမ့်တုံ မြင့်တုံ လှိုက်လှိုက်ခုန်၍သာနေသည်။
" ဒါကြောင့် ... အေးမှာ အချိန် များများ မရှိတော့ဘူး ဆိုတာ သိလာလို့ မြန်မြန်ဘဲ ဆုံးဖြတ်လိုက်ရတာပေါ့ ကိုအောင်နိုင် ... အေး ခရီးပန်းလာလို့ စောစောအိပ်လိုက်တော့မယ် ပြောပြီး အိပ်ခန်းထဲကို စောစောဝင် အခြေအနေ ကြည့်ပြီး၊ အားလုံး စိတ်ချရတော့မှ အပြင်တံခါး ပြန်စေ့ပြီး လစ်လာခဲ့တယ် ဖေဖေ နဲ့ ဒေါ်ဒေါ်တို့ ကတော့ အေးအိပ်နေပြီထင်လို့ တံခါးကိုတောင် တွန်းကြည့်ကြမှာ မဟုတ်ပါဘူး စိတ်ချရပါတယ် ... သြော် ... ကြည့်လေ သူ့မှာဖြင့် အေး ဘာပြောပြော သက်ပြင်းကြီး တဟင်းဟင်းနဲ့ ၀မ်းမသာ ဘူးလားလို့"
အေးက သူ့စကားအဆုံးမှာ သက်ပြင်းကြီး မှုတ်ထုတ်လိုက်ပြန်သော အောင်နိုင်အား ခပ်ညုညုကလေး နွဲ့ပစ်လိုက်သည်။

" ကိုယ့်ရင်ထဲမှာ ဘယ်လိုတွေ ဖြစ်နေမှန်း မသိတော့ပါဘူးအေးကလေးရာ"
အောင်နိုင်ကလည်း ဖြစ်လာသော သူ့အခြေအနေကို ၀မ်းသာရမှာလိုလို စိတ်ရှုပ်ရမှာလိုလို ဝေခွဲမရနိုင်သော စိတ်လှုပ်ရှားမှုမျိုးဖြင့် မျက်နှာကို မပြုံးတပြုံးထားကာ ခပ်ညည်းညည်း ပြောထုတ် လိုက်သည်။
" အဟင်း ... ၀မ်းသာတာလိုလို ထမင်းဆာတာလိုလို တမျိုးကြီး ဟုတ်လား "

အေးက အရွှန်းကလေး ဖောက်မြဲဖောက်နေသည်။ အောင်နိုင်မှာလည်း သည်တော့မှသာ အကွက်ကောင်း တကွက် ရသွားသည်။ အမှန်မှာတော့ အောင်နိုင်သည် လေထု၏ အထက်လွှာမှ ပေါ့ပေါ့ကလေး ရှက်တိုက်ပြေးနေသလို ဘ၀ တခုကို အသာရွရွကလေး ကြည့်မြင်ပုံချထားသော အေး၏ရှုထောင့်မှ အတွေ့အမြင် သဘောထားများကို အလိုက်သင့် နားထောင်နေရခြင်းထက် ကိုယ်ပိုင်ရှုထောင့်မှ အမြင် အမျိုးမျိုး နှင့်ကြည့်ကာ အရည်လည်အနယ်ထိုင်သည်အထိ လွတ်လပ်စွာ တွေးခေါ်ချင်စိတ် မျိုးလည်း ပေါ်ပေါက်နေသည်။ သို့ကြောင့်လည်း အေးထံမှ အကွက်ကောင်းရတုန်းကို နင်း၍ လိုက်ရသည်။
" ဟဲ ... ဟုတ်သလား မသိပါဘူးအေးရာ ... ကိုယ် ခုထိထမင်းလဲ တကယ်မစားရသေးပါး၊ ချက်မယ်လို့ စိတ်ကူး နေတုန်းတင် အေးရောက်လာတာနဲ့"

" ဟင် .. ဒါများ စောစောက ပြောရောပေါ့၊ ခဏကလေးဈေးသွားဝယ်လိုက်ရင် ပြီးနေတာ၊ ခုတော့ မိုးချုပ် လှပြီ၊ အေး တယောက်ထဲလဲ နေခဲ့ဝံ့မှာ မဟုတ်တော့ဘူး၊ ဘယ့်နှယ် လုပ်အုံးမလဲ ဟင် "
" သြော် အေးရယ် ... ခက်တာမှတ်လို့ ကိုယ်ချက်စားမှာပေါ့ "

" ဒါဖြင့်လဲ ချက် ချက် ... ဒီ့ထက် ညဥ့်နက်ရင် ဘယ်အချိန်သွားစားတော့မှာလဲ၊ နောက်တော့သာ အေးကိုလဲ သင်ပေးပေါ့၊ အေးချက်တတ်တော့ အေးကချည့်နေ့တိုင်း ချက်ကျွေးတယ်နော်"
ခပ်နွဲ့နွဲ့ကလေး ပြောနေသော အေးအား အောင်နိုင်မျာ ရင်ခွင်ထဲမှာတင် ပျောက်သွားအောင် တအား သိမ်းညှစ်ပြီး ဖက်ထားလိုက်ချင်သလိုလို စိတ်ရှုးပေါက်သွားမိသည်။ သူသည် အံကြိတ်ကာ တခဏလောက် စိန်းစိန်း စားစား ကြည့်နေမိပြီးမှ " အေးရယ် ... အောင်နိုင် နဲ့ ဘ၀တူ ဆင်းရဲတဲ့ ဒဏ်ကို မင်း တာရှည် ခံနိုင်မှာလား ဟင်၊ အပြောလွယ်သလောက် လက်တွေ့က လွယ်မယ်မထင်နဲ့အေး၊ နောက်ပီး အောင်နိုင်ဟာ ထောင်ထွက် ဆိုတာလဲ ... "

" အောင်မယ်လေး ... ဒါကြီးကို ခဏခဏ ဂုဏ်ဖော် မနေစမ်းပါနဲ့ ရှင်ကြီးရယ်...အေး မသိတာလိုက်လို့၊ ဆင်းရဲတယ် ဆိုတာဘဲ ဘယ်လောက်ကြာကြာများ ဆင်းရဲမှာမှတ်လို့၊ တော်တော်ကြာ သူ့သမက်ကလေးနဲ့ အေး ကို ဖေဖေကိုယ်တိုင် လာမခေါ်ဘူးဆိုတော့ အေးကို ပြောချင်တိုင်းသာပြော၊ ကဲ ... သွားသွား ထမင်းချက်စားရအုံးမှာဆိုလဲ မြန်မြန် ချက်စားစမ်းပါ တကတဲအဖြစ်ကလဲ အရေးထဲမှာ ပြောချင် တော့ပါဘူး...၊ အေးလဲ ညောင်းလာပါပြီ... တုံးလုံးလှဲနေအုံးမှဘဲ"

" အေးသည် ပြောပြောဆိုဆိုနှင့် အခန်းထောင့်မှာ ထောင်ထားသော သင်ပျူးလိပ်ကို ဆွဲဖြန့်ခင်းလိုက်တာ နံရံမှာ ကပ်ရိုက်ထားသော သစ်သားခုံတန်းကလေးပေါ်မှ ခေါင်းအုံးတလုံးကိုပါ သွားယူသည်။ ပြီးတော့ ရင် ပတ် အောက်မှာ ခေါင်းအုံးကို ခုကာ ၀မ်းလျားမှောက်ကလေး လှဲချလိုက်သည်။
အောင်နိုင်မှာလည်း အခြားရေနံဆီမိးခွက်တလုံးဖြင့် မီးကူးယူလိုက်ကာ ခြေလှမ်းခပ်လေးလေးနှင့်ပင် မီးဖို ဆီသို့ လှမ်းခဲ့ရလေသည်။

" သြော် ... သြော် ... ဒီမှာ ကိုအောင်နိုင် "
မီးဖိုခန်းကလေးထဲသို့ ခြေတဖက်ချမိပြီးမှ အေးအသံကြောင့် ခြေလှမ်းတန့်ကာ သမင်လည်ပြန် ပြန်လှည့် ကြည့်မိ ရပြန်သည်။
" သြော် ... ဟဲ ... ဘာမှမဟုတ်ပါဘူး၊ ခုလမှာ အေး (၁ဂ)နှစ်ပြည့်ပြီးပြီဆိုတာကို ပြောမလို့ပါ သွား ... သွား"
အေးက သူ တွေးမိတွေးရာတွေကို စိတ်ကူးစိတ်ရပြောနေပြန်တော့လည်း အောင်နိုင်မှာ ပြုံးရမလိုလို ရော ရယ်ရ မလိုလိုနှင့် အူတူတူ ဖြစ်သွားရသေးသည်။ ပြီးတော့မှ စိတ်ကို ပြန်ထိန်းကာ လှမ်းဝင်ခဲ့သည်။ ထမင်းအိုးတလုံးကို အမြန်ပြင်ကာ မီးဖိုပေါ်မှာ မီးမွှေး၍ တည်ထားပြီးသည်တွင်ကား အောင်နိုင်သည် ယောက်မ တချောင်း ကို လက်မှာကိုင်ကာ ထိုင်ခုံကလေးနှင့် ထိုင်ပြီး အတွေးညွန့်ပေါင်း ပဒေသာဖြင့် ဝေဖြာ ၍ နေတော့သည်။

ခုအချိန်ထိအောင် အေးအား အိမ်မှလိုက်မရှာပုံကို ထောက်လျှင် အေးပြောသလို အေးထွက်လာတာကို မသိကြ ၍ ပင်ဖြစ်မည်ထင်ရသည်။
အကယ်၍သာ သိများသိကြလျှင် ဘယ်လိုနေမလဲဟု အောင်နိုင် တွေးကြည့်သည်။

ဘယ့်ကလောက် ချမ်းသာကြွယ်ဝ၍ အမျိုးအနွယ် မြင့်မြတ်သည်ပင်ဖြစ်စေ၊ ဘယ်ကလောက် ဆင်းရဲနွမ်း ပါး၍ အမျိုးအနွယ် နိမ့်ကျသည်ပင်ဖြစ်စေ၊ မိဘဆိုသည်မှာ သားသမီးကို ဆင်စီး၍ မြင်းရံသည်ကိုသာ ကြည့် လိုမြင်လိုစမြဲ ဖြစ်ရာ အမိမဲ့ သမီးထွေးဟူ၍ သူတကာထက် အရေးပေး အလိုလိုက်ခဲ့သော ဦးဖေတင် တယောက် အဖို့မှာလည်း အေးအား ဘ၀တသက်တာလုံးတွင် အထက်တန်းကျကျ မျက်နှာပန်း လှလှ ကလေး သာ နေစေချင်ပေလိမ့်မည်။

အေး၏ အိမ်ထောင်ဘက်ကိုလည်း ထိပ်တန်းကိုမှ ရွယ်ရည်မှန်းထားပေလိမ့်မည်။ သည်အထဲကမှ အေးတယောက်က သူ့ဘ၀ကို ဤလိုဤပုံ ဖန်တီးလိုက်ပါပြီ ဆိုသည့်အခါ ဖခင်နှင့် သားချင်းများအဖို့မှာ ဘယ်လို မှ အလိုကျနိုင် ကျေနပ်နိုင်စရာ မမြင်။

အေးကတော့ သူ့အား ဖခင်ဖြစ်သူက ကြာရှည် ပစ်ထားနိုင်မည် မဟုတ်ဟု ယုံကြည်စိတ်ချလျက်ရှိနေသည်။ အချစ်ကြီးလျှင် အမျက်ကြီးတတ်သည်မို့ အကယ်၍ မြှော်လင့်ထားသလို မဖြစ်လာခဲ့ပါလျှင်ကော ဒုက္ခဆိုသည်ကို တရံတဆစ်မျှ တွေ့ကြုံဘူးခြင်းမရှိသည့် အေးတယောက်သည် နွမ်းပါးလှသည့် အိမ်ထောင် ရှင်ဘ၀တွင် အဘယ်မျှကြာကြာ ဆင်းရဲဒုက္ခကို သည်းခံနိုင်ပါလိမ့်မည်နည်း။
အကယ်၍ အေးယုံကြည်မှုရှိသလို ဦးဖေတင်က မိမိတို့အား ပြန်လည်ခေါ်ငင်ကာ ချီးမြှင့်မြှောက်စားထားပါပြီ ဆိုစေ ကာမူ မိမိဘ၀နှင့် အသွင်မလှ ခွင်မကျအောင် ဖြစ်နေလိုက်မည့် အထက်လွှာ၏ ပေါင်းသင်း ဆက်ဆံ ရေး နယ်ပယ်မှာ မည်မျှအရုပ်ဆိုးသည့် အဆွယ်အပွားကိစ္စတွေကို ဖိတ်ခေါ် ဖြစ်ပွားစေဦးမည်ဟူ၍ပင် မခန့်မှန်း တတ်တော့နိုင်။

လူတဦးတယောက်၏ ကောင်းသတင်းကို ဆိုလျှင်သာ ဖုံးမနိုင် ဖိမရကြီးဖြင့် ထင်ရှားလာပါမှ အနည်းငယ်မျှ လောက်ပြောချင်တတ်ပေမည်။ မကောင်းသတင်းဆိုလျှင် တဆိတ်ကို တအိတ်လုပ်ကာ ပုံကြီးချဲ့တတ်ကြ သော ပတ်ဝန်းကျင်ကလည်း မိမိတွေးထင်ထားသည့်လောက်မျှ မကအောင် ဂယက်ရိုက်ပေလိမ့်ဦးမည်။
သည်ဒဏ်ချက်ကို အရေမထူ အပူမတွေ့ဘူးလေသည့် အေးတယောက်က ကြာရှည်ကြာများ သည်းခံခွင့် လွှတ်၍ ချည်းနေနိုင်ပါမည်လော။ အေးက မိမိအား ချစ်ပါသည်ဆိုလာခြင်းမှာလည်း မိမိကဲ့သို့ ဘ၀ တသက်တာ ကို ပုံအပ်ကာ မသွေမကွက် မယွင်းမဖောက် ချစ်မြတ်နိုးနိုင်မည့် အချစ်စစ် အချစ်မှန်မျိုးမှ ဟုတ်ပါ လေမည်လော။

အတွေးချင်းဆက်ကာ ပွေချာလိမ်လျက် ရှိနေသော အောင်နိုင်မှာ ထမင်းအိုး ပွက်ပွက်ဆူလာတော့မှသာ ထမင်းရည် ငဲ့ပြီး ပြန်နှင်ထားလိုက်ရသည်။ ပြီးတော့မှ အခင်းအပြင်ဘက်မှာ တုတ်တုတ်မျှ မလှုပ်ဘဲ ငြိမ်ချက်သားကောင်းနေသော အေးအား အသာအယာခြေဖွနင်းပြီး သွားကြည့်လိုက်မိပြန်သည်။
ပူပင် ကြောင့်ကျ ကင်းစင်လိုက်သည့် အေးတယောက်ဆိုတာကတော့  ဘယ်အချိန်ကများ အိပ်ပျော်နေရှာ သည်မသိ၊ ပူးယှက်ထားသော လက်ကလေးနှစ်ဖက်ကို ခေါင်းအောက်မှာ ခုကာ ခပ်စောင်းစောင်း ကလေး ကွေးပြီး အသက်ရှုမှန်မှန်နှင့် အိပ်ပျော်လျက်ရှိပေပြီ။

" သြော် ... အေး ... အေး ... စည်းစိမ် ချမ်းသာတွေကို နောက်ကျောခိုင်းပြီး အောင်နိုင်သလို အရှုံးတွေဆင့် နေတဲ့ သတ္တ၀ါတကောင်ကို တွယ်တွယ်တာတာ ရှိလိုက်ပုံများနှယ် ဆန်းပြားလှချည်လားဟင်၊ ဒီလောက် စွန့်စားဝံ့ တဲ့ သတ္တဟာလဲ တော်ရုံတန်ရုံ ချစ်တဲ့စိတ်မျိုးတော့ မဟုတ်တန်ရာပါဘူးနော်၊ မင်းကလေး အောင်နိုင်ကို တကယ်ဘဲ ချစ်နေတော့တာထင်ပါရဲ့၊ ဒီလောက် ထက်သန်ထူးကဲနေတဲ့ မေတ္တာမျိုးကိုမှ တန်ဘိုးမထားဘဲ ရှောင်လွှဲလိုက်ရင်လဲ အောင်နိုင်ဟာ ဥဒုဗ`ရေဒေ၀ီကို စွန့်ပစ်ပြေးတဲ့ ပိင်္ဂုတ္တရလုလင်လို အစား ထဲက ဖြစ်နေတော့မှာပေါ့ "
" ဟုတ်တယ်၊ ဟုတ်တယ်၊ ကိုယ်ဟာ အေးကို အသဲထဲကနင့် အောင်ချစ်ရသလို အေးရဲ့အချစ်ကိုလဲ တန်ဘိုး ထားရပေလိမ့်မယ်၊ စစ်မျန်တဲ့မေတ္တာ နှစ်ခုပေါင်းမိရင်လဲ လောကမှာ ဘာမဆို ရင်ဆိုင်ရဲရမှာပေါ့၊ ကိုယ်ဟာ ပိင်္ဂုတ္တရ လုလင် တော့ အဖြစ်မခံနိုင်ပါဘူး အေးရယ် ... "

အောင်နိုင်သည် သူ့အတွေးနှင့်သူ အေးအား စူးစိုက်ကြည့်ရှုနေရာမှ အနီးမှာကပ်ကာ ဒူးထောက်ပြီး ခပ်သာသာ ထိုင်ချလိုက်သည်။
ပြီးတော့ နဖူးထက်မှာ ၀ဲနေသော ဆံပင်အခွေ ကလေးကို ကြင်နာယုယစွာ ဖြည်းဖြည်းကလေး သိမ်းတင် ပေးလိုက်ပြီး နုနယ် ၀င်းပသော မျက်နှာကလေးကို ရှုမ၀နိုင်သလို တစိမ့်စိမ့်ကြည့်ရှုနေပြန်သည်။ ခဏ နေတော့ သူ့ဖာသာသူပင် ခေါင်းရမ်းမိပြန်လေ၏။

" မဟုတ်သေးဘူး၊ မဟုတ်သေးဘူး၊ ပိင်္ဂုတ္တရလုလင်က သတို့သမီးရဲ့ဖခင်ကိုယ်တိုင်က ထိမ်းမြား ပေးလိုက်တာ၊ အခုတော့ လူလောကကို အစစ်အမှန် မသိသေးတဲ့ အရိုင်းမကလေး အရူးမကလေး၊ ခလေး စိတ် မကုန်နိုင်သေးတဲ့ ဟောဒီ ဟာမကလေးက ဆတ်ဆော့တာနဲ့"

အောင်နိုင်မှာ အံကိုကြိတ်ကာ မျက်နှာကို တဖက်သို့ လှည့်ငေးလိုက်မိသည်။ ဦးဖေတင်၏ တည်ကြည် ခန့်ထည်သော မျက်နှာမှာ ဖျတ်ခနဲ ပေါ်ပေါက်လာပြန်၏။
ဆိုက်ကားထောင်သူ ဦးရွှေဘတို့အိမ်မှ သူ့ကိုခေါ်ယူထားပုံ ခြေထောက်အနာကို ကိုယ်တိုင်လာကြည့်ကာ စားရေး သောက်ရေး စီစဉ်ပေးပုံ၊ သူအမှုဖြစ်နေဆဲတွင် ၀တ်လုံတော်ရကြီးများကို ငှားရမ်းကူညီခဲ့ပုံ၊ မောင်နှမ နှစ်ယောက်သား စားသောက်ဘွယ်ရာတွေနှင့် ထောင်ဝင်စာ လာတွေ့ကာ အားပေးစကား ပြောခဲ့ပုံ တွေမှာ အစီအရီ ပေါ်ပေါက်လာသည်။

လူကြီး လူကောင်း ပီသ၍ လေးစားအပ်သော ဦးဖေတင်အပေါ်၌ သည်ကျေးဇူးတရားတွေကို ထောက်ထား ရဦးမည်မှာ သူ၏ ၀တ္တရားပင် မဟုတ်ပါလော။
" ဟုတ်ပါတယ်အေးရယ် ... အချစ်ဆိုတဲ့ စိတ်တခုထဲနဲ့ ဆူဝေမွှန်ထူနေတဲ့ ကိုယ်တို့ လူငယ်တွေ့ရဲ့ အဆုံး အဖြတ်ဟာ အရာရာ နှိုင်းချိန်နိုင်ပြီး သမာသမတ်ရှိတဲ့လူကြီးတယောက်ရဲ့အဆုံးအဖြတ်လောက် ဖြောင့်မျန် သင့်မြတ်နိုင်မယ် မထင်မိပါဘူး၊ ပြုဘူးတဲ့ ကျေးဇူးတရားတွေကို ထောက်ထားပြီး တိုင်ပင်ရ ပန်ကြားရမှာက ကိုယ်တို့ ၀တ္တရားဘဲ မှုတ်ဘူးလားကွယ်"

အောင်နိုင်က အိပ်ပျော်နေသော အေးကိုပင် စိတ်ထဲမှ တိုင်တည်နေလိုက်မိသည်။ တကယ်ဆိုတော့ မိမိ ကိုယ်တိုင် အသဲနစ်မျှ ချစ်မိထားသူကလေးက တုံ့ပြန်သော မေတ္တာဖြင့် ချစ်ခင်ပါသည်ဟု ဖွင့်ဆိုကာ ပုံအပ် လာခြင်းကို ရှောင်ရှားနိုင်ရန်မှာ ခက်ခဲလှသော ဖြစ်ရပ်ကြီးတခု ဖြစ်နေသလို မေတ္တာစစ် မေတ္တာမွန်တို့ သဘာဝအတိုင်း မိမိချစ်သူ၏ ဘ၀တခုလုံးကို ဆုံးရှုံးနစ်မွန်းစေရန် ဆွဲထူပြီး မနှစ်လိုတော့သည်မှာလည်း အမှန်ပင် ဖြစ်နေသည်။

" သြော် ... ငါဟာ ဟိုတုန်းကလို ကိုယ့်ဘ၀ကို တတ်နိုင်သမျှကလေးနဲ့ တတ်အောင် ကြိုးပမ်းနေတဲ့ အောင်နိုင် ဘဲ ပြန်ဖြစ်လိုက်ပါတော့ ... "ဟူ၍လည်း တောင့်တောင့်တတ တွေးမိလိုက်သည်။
မှန်သလောက်တော့လည်း မှန်ပေသည်။ ယခင်က ဆိုလျှင် ဆင်းရဲချမ်းသာနှင့် ဥာဏ်ပညာ ဂုဏ်ဒြပ်တို့ အဘယ်မျှ ကွာခြားလွန်နေပါစေ...၊ သူအားပြိုင်နိုင်စရာ စာရိတ္တ ဂုဏ်ကလေးတလုံးက ကျန်ရှိနေသေးသည်။

ထိုအခါမျိုးမှာ ယခုလို အဖြစ်မျိုးကို လက်ခံ စွန့်စားလိုက်မည်ဆိုလျှင် ဖြစ်နိုင်ကောင်းပါသေး၏။
ယခုတော့ဖြင့် တခုတည်းသော သူ အားပြုဂုဏ်ခံစရာ စာရိတ္တဖြူဖြူစင်စင်ကလေးမှာ ပင်လျှင် ဖျောက်ဖျက် ၍ မရနိုင်စကောင်းကော အမဲကွက်ကြီးဖြင့် ညစ်ထေးစွန်းကွက်ခဲ့ပါလေပြီ ... သူ့ ကိုယ်နှင့်သူပင် အဖတ်ဆည် ၍ ရနိုင်ကောင်းသည်ဟု မထင်မှတ်မိသော ဤဘ၀ထဲသို့ မိမိချစ်သူ နုနုရွရွ သန့်သန့် စင်စင် ကလေး ကို ဆွဲနှစ်လိုက်ရမည်မှာလည်း အဆမတန်မှ ၀န်လေး ပင်ပန်းစရာဖြစ်နေတော့ပေ သည်။

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

Thursday, April 21, 2011

အောင်နိုင် (စိန်စိန် ရေးသည်) အပိုင်း (၆)

သို့နှင့် နည်းလမ်း ကျန်ရှိသေးသည့်အတိုင်း အယူခံရာတွင်မှ "သေူသူ ကိုစိုးကြီးသည် တရားခံ အောင်နိုင် သတ်ပါသည်ဟု ထွက်ဆိုခဲ့၍ တရားခံကလည်း မိမိသတ်ကြောင်းကို ၀န်ခံခဲ့သည်။ သို့ရာတွင် တရားခံသည် ဤသို့ ရိုးသားစွာ ပြစ်မှုကို ၀န်ခံခြင်း၊ နောက်နောက်ကလည်း ပြစ်ချက်တစုံတရာ မရှိခြင်း၊ ယခု အမှု့ တွင်လည်း တရားခံသည် ကိုယ့်ကိုယ်ကို ခုခံကာကွယ်ခြင်းမျှဖြစ်ခြင်း၊ သက်သေခံဓားမှာလည်း သေသူ၏ ဓားသာ ဖြစ်နေခြင်းတို့ကို ထောက်ထားလျှင် ယခု ချမှတ်ထားသော တသက်တကျွန်း အမိန့်မှာ ကြီးလေး နေသည်ဖြစ်၍ အလုပ်ကြမ်းနှင့် ထောင်ဒဉ် ၂ နှစ် ၆ လသာ လွှဲပြောင်းကျခံစေ" ဟု တူရားလွှတ်တော်ချုပ်မှ အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။

မည်သို့ပင်ဖြစ်စေ ဤအမှုအတွက် ဦးဖေတင်တို့က ငွေကုန်ကြေးကျ အတော်ခံခဲ့သည်ကိုတော့ အောင်နိုင် သိသည်။ ကျော်ကြားသော ၀တ်လုံတော်ရကြီး နှစ်ဦးကိုလည်း ငှားရမ်းပေးခဲ့သည်။ ဦးဖေတင်နှင့် ဒေါ်ဒေါ်စော တို့ ကိုယ်တိုင် ဂရုတစိုက် ထောင်ဝင်စာ လာတွေ့ကြကာ အစားအသောက် ကလေးများ ကိုလည်း ကျွေးမွေးတတ်ကြသည်။ အောင်နိုင်သည် ဤကျေးဇူးပြုချက်များအတွက် ကျေးဇူး တင်စွာနှင့် အားနာစွာ လက်ခံခဲ့ရသော်ူလည်း တခါတရံ အေးတယောက် ပါလာပြီ ဆိုလျှင်ဖြင့် သူ့အသဲတွေ မွမွ ကြေလေပြီ လားဟု အောက်မေ့ ရတတ်သည်။
အေးသည် သူ့ကို မြင်လျှင် သံတိုင်ပေါက်မှ လက်ကလေးလျှိုကာ သူ့လက်မောင်းကို ကိုင်ညှစ်ပြီး စကားတလုံးမျှ ပြောဆိုနိုင်ခြင်းမရှိဘဲနှင့်ပင် သည်းထန်စွာ ငိုကြွေးတတ်လေ၏။ ဤအခါမျိုးတိုင်းမှာ မည်မျှ ဖြေဆည် ပါသည်ဟု ဆိုသည့်တိုင် အောင်နိုင့်ရင်ထဲမှာ မချိမဆံ့ ဖြစ်လာရသည်ချည်း ဖြစ်ခဲ့သည်။

အေးမို့ ပြန်သွားပြီ ဆိုတော့လည်း သူသည် အနာဟောင်းကို တုတ်နှင့်ဆွသလို မရွယ်မမှတ်နှင့် ဖြစ်လာခဲ့ ရသော သူ၏လူသတ်တရားခံ ထောင်သားဘ၀ကို ပိုမိုနာကျည်း စက်ဆုပ်မိရတတ်သည်။
အပြင်လောကနှင့် ကင်းကွာပြီး အနေအစားဆင်းရဲယုတ်ညံ့လှစွာသော ထောင်သားဘ၀နှင့် ဖောက်ပြန် ခါမှသာ ဖောက်ပြန်ခဲ့ပေမင့် ၇-လ လုံးလုံးသူနှင့် ရင်းနှီးစွာ အတူနေလာခဲ့ကြသော ကိုစိုးကြီး သတ်တာကို ငါခံလိုက် ရရင် အခုလို ဒုက္ခပေါင်းစုံကို ဆက်တွေ့ရမှာ မဟုတ်တော့ဘူး" ဟု အတွေးဝင်လာ တတ်သေး သည်။ ဤအခါမျိုးများတွင် " ကိုစိုးကြီးရယ် အောင်နိုင် မိုက်မှားမိသမျှကို ခွင့်လွှတ်ပါ" ဟူ၍ပင် သွားလေသူ ကိုစိုးကြီး အား တိုင်တည် ရေရွတ်မိရသည်။

" ဟင် ... ဒီအချိန်က ကိုစိုးကြီးမသေလို့ ငါသေသွားရင်လဲ အေးတယောက်တော့" ဟု အေးအတွက်ကို ထည့်သွင်း စဉ်းစားမိပြန်တော့လည်း အေး အပေါ်မှာ သူထားရှိခဲ့သော မေတ္တာ အဆောက်အအုံမှာ မသေး ငယ်ကြောင်း ကို ထင်ရှားစွာ သိရပြန်သည်။
မည်သို့ပင် ဖြစ်ပါစေ " လ မင်းကို ကြည့်ရှုကာဟောင်"ဟူသော ဘ၀နှင့် သူ့ဘ၀မှာ ဘာများ ထူးခြား လေမည်နည်းဟု စဉ်းစားမိပြန်လျှင်စ တည်ကတည်းက အရှုံးနှင့် ထွက်ခဲ့ရသော သည်လို သတ္တ၀ါအား "အောင်နိုင်" ဟူသော အမည်ကိုမှ ဆန့်ကျင်လျှက် တည့်တည့်ကျအောင် လှောင်ပြောင် အရွဲ့ တိုက်သလို မှည့်ခေါ် တတ်လေခြင်းဟု သူကောင်းစွာ မှတ်မိခြင်းမရှိတော့သည့် သူ့အဖေကိုပါ အပြစ်တင်ချင် လာမိ သေးသည်။

" လူကလေး ငယ်ငယ်တုန်းကများ သိပ်ပြီး ဇွဲကောင်းတာဘဲကွယ်၊ ကြီးလာရင် အပေအတေ ကလေးဖြစ်လာ အုံးတော့မလားတောင် မေမေစိုးရိမ်ခဲ့ရတယ်၊ တခါတလေ မေမေ အလုပ်အားနေလို့ တမနက်လုံးလောက် တနေ့ခင်း လုံးလောက် နို့မတိုက်နိုင်ပေမယ့်လဲ လူကလေးဟာ မငိုခဲ့ဘူး ၀မ်းလျားထိုးသွားလိုက် လက်မ ကလေး စုတ်လိုက်နဲ့ နေတတ်သလို နေလာခဲ့တာဘဲတော်ရုံတန်ရုံ ထိမိ ခိုက်မိရုံနဲ့လဲ မငိုတတ်ဘူး။

မင်း သုံးခါလည် အရွယ်လောက်မှာ ဆောင်းတွင်းကြီး မိုးတွေရွာလို့ အိမ်ရှေ့က ထင်းပုံကြီးကို မိုးတွေမိတာနဲ့ ထင်းချောင်း တွေကို မေမေတို့တွေ ဒရောသောပါး သယ်ယူပြီး အိမ်အောက်ကို သွင်းကြရ တယ်၊ ဒီအချိန်မှာ မင်းကို တယောက်ထဲ အိမ်ပေါ်မှာ ထားခဲ့လို့ မရဘူး မေမေချော့တာလဲ မရဘူး ...
ဒါနဲ့ မေမေလဲ စိတ်ပေါက်ပေါက်ရှိလို့ ဖြစ်ချင်တာ ဖြစ်ရော ဟယ်လို့ ခမောက်စုတ်ကလေး တချပ်ကို ခေါင်း ဆောင်ပေးလိုက်တယ်။

လူကလေးဟာ ဒီတော့မှ သဘောကျသွားပြီး ကိုယ်နိုင်တဲ့ ထင်းကလေး တခြမ်းတခြမ်းကို မေမေတို့နဲ့ လိုက်ပြီး သယ်လိုက်တာဟာ ထင်း ၅၀၀ အားလုံးကုန်လို့ မေမေတို့ ပြီးတော့မှဘဲ ရပ်တော့တယ် အဲဒီ နေ့မှာဘဲပေါ့ အိမ်အောက်က ထင်းပုံပြီး ထွက်အလာမှာ တိုင်ကြားထဲက နေပြီး မင်းကို ကင်းထိုးလိုက်တာ ကင်းမြီးကောက်ကြီး... ဒါကို မင်းဟာရှုံ့မဲ့ပြီး ခံနေတယ်။ ကလေးက မငိုဘူး၊ မေမေဖြင့် အံ့တာဘဲ " ရှင့် သားကြီးရင် လူတေကလေး ဖြစ်လိမ့်မယ်ထင်တယ်" လို့ ပြောမိတော့ မင်းဖေဖေက မခံနိုင်ဘူးလေ"

" ဒါဟာ သတ္တိကွဲ့၊ ပေတာ တေတာမဟုတ်ဘူး၊ ဒီလိုဇွဲရှိ သတ္တိမျိုးမှ ဘ၀တလျှောက်လုံးမှာ ဘယ်လိုဒုက္ခနဲ့ တွေ့ရတွေ့ရ ဖြေရှင်းနိုင်လိမ့်မယ်လို့ စိတ်ချရတာ၊ ငါတော့ ငါ့သားကို ကြည့်တယ်ဟေ့၊ သူ့နာမည်ကိုလဲ "အောင်နိုင်" လို့ မှည့်ရမယ်တဲ့၊ ပြောတဲ့အတိုင်းပါဘဲကွယ်၊ အဲဒီနေ့က စပြီး ဖိုးနီလို့ ခေါ်နေတဲ့ မင်းရဲ့ ငယ်နာမည် ကို ဖျောက်ပြီး "အောင်နိုင်"လို့ စ ခေါ်ခဲ့တာ "
သူ့မိခင် မကွယ်လွန်မီက လသာသော ညဦးများမှာ ဖခင်အကြောင်းကို စကားစပ်၍ ပြောမိကြပြီဆိုလျှင် သူ့အား အောင်နိုင်ဟု မှည့်ခေါ်ရသော ဤအကြောင်းကလေးကို ပုံပြင်ကလေးပမာ ပြန်လည် ပြောပြ တတ်ကာ ယုံကြည်ကိုးစားလှသော မျက်နှာထားမျိုးဖြင့် သူ့ကို စေ့စေ့ ကြည့်နေတတ်ခဲ့သည်။

သူ ဆယ်နှစ်သားလောက်မှာ မေမေပါ ကွယ်လွန်သွားပြန်တော့လည်း မေမေသည် အောင်နိုင်အား ကျောင်းထားရစ် ပါမည့်အကြောင်းကို သူ့မောင်တော်သူအား တဖွဖွ မှာထားရစ်သည်။
မေမေ့ မောင်ဖြစ်သူ ဦးလေးကြွယ် ဆိုတာကလည်း မည်မျှ စေတနာထားသည်တိုင် လက်လုပ်လက်စားမျှ သာဖြစ်ရာ သူတို့ နေရေးစာရေး မချောင်လည်သေးသမျှ ကျောင်းမထားနိုင်၊ အောင်နိုင် ၁၂ နှစ်သားရှိ၍ ဦးလေး များ အနည်းငယ် ချောင်လည် လာတော့မှသာ အင်္ဂလိပ်မြန်မာ နှစ်ဘာသာသင်ကျောင်းသို့ ပို့အပ် ခြင်းခံရသည်။
သို့တိုင်အောင်လည်း ကျောင်းသက်က တာမရှည်နိုင်ရှာ။ ဦးလေးများ၏ နေရေးစားရေးက ဒုံရင်းသို့ ပြန်ရောက်ခဲ့သည်သာ ရေကြည်ရာ မြက်နုရာဆိုသလို ဆွေမျိုးများရှိရာ တောင်ပိုင်းသို့ပင် ပြောင်းရွှေ့သွား ခဲ့ရသည်။

ဤအထဲကပင် ဘုန်းကြီးကျောင်းသားဖြစ်လိုက်၊ နွားကျောင်းသားဖြစ်လိုက်၊ ဆိုက်ကားသမား ဖြစ်လိုက်နှင့် ကျင်လည်ခဲ့ရသော သူ့ဘ၀မှာ ယခုဖြင့် လူသတ်တရားခံ ထောင်သား ဘ၀နှင့် အဖတ်ဆည်မရအောင် နစ်မွန်း ခဲ့ရပေပြီ။
" မေမေတို့ ဖေဖေတို့ရေ ... ကျွန်တော်ဟာ အောင်နိုင်မဟုတ်တော့ဘူး၊ ရှုံးပြီး အရူံးကြီးရှုံးပြီ ... "
ထောင်အလုပ်ကြမ်းများကို သက်မဲ့ စက်ကရိယာတခုလို လုပ်ကိုင်နေရင်းမှ သူ့မိဘများကို တမ်းတ တိုင်တည် ခဲ့ရသည့် ကြိမ်ပေါင်းမှာလည်း မနည်းတော့၊ သည်အထဲမှာ သူ့ဘ၀၏ ရှုံးချက်နာပုံကို နင့်နင့် နာနာ အတွေးမိဆုံးကတော့ အေးတယောက်လာပြီးတိုင်းမှာဖြစ်သည်။ ကြိတ်မနိုင်ခဲမရနှင့် အောင့်အည်း သည်းခံ နိုင်စွမ်း မရှိတော့သည်တွင်ကား အေးအား ဖွင့်ဆိုခဲ့ရသည်။

" အေးရယ် ... ကိုယ့်ဒုက္ခ ကိုယ်ရှာသလို ကိုယ့်ကို လာမတွေ့စမ်းပါနဲ့တော့ကွယ် ... အေးပြန်သွားရင် ကိုယ့်အသဲ တွေဟာလဲ မွမွကြေပြီး ကျန်ရစ်ပြီထင်မိရတယ် ... "
မည်သို့ပင် ဆိုစေ၊ အေးတယောက်ကတော့ သူ့စကားကို နားဝင်နိုင်ခြင်း မရှိသည့်ပမာ သူ့လက်မောင်းကို အား ရှိလောက် ကိုင်ညှစ်ကာသာ မျက်ရည်ရွှဲရွှဲ ခေါင်းတရမ်းရမ်း လုပ်နေတတ်သည်။ ထိုနှစ်က အေးသည် မက်ထရစ် မအောင်မြင်ဘဲ ဟိုက်စကူးဖိုင်နယ်မျှသာ အောင်မြင်ခဲ့ရာ အိမ်မှာ စာပြန်ကြည့်ပြီး မက်ထရစ်ကို အလွတ် ၀င်ဖြေရန် စီစဉ်ထားသည်မို့လည်း ဤမျှ လွတ်လပ်ခွင့်ရနေခြင်းဖြစ်သည်။
နောက်ဆုံးတော့ အောင်နိုင်သည် ဘွင်းဘွင်း ရှင်းရှင်း ဖွင့်ဟကာပင် အေးအား တောင်းပန်သမျှ ပြုရလေ၏။ ဒါကိုပင် တပါးသူများပါ အရောရောအနှောနှောနှင့် ထောင်ဝင်စာတွေ့ကြချိန်မှာ ပြောနိုင်ရန် ခက်သည်မို့ ဖြစ်နိုင် အောင် ကြံဖန်ပြီးတော့သာ စာကလေးတစောင်ကို ရေးပေးလိုက်ရသည်။

အေး ...
ကိုယ်တော့ မတတ်သာတဲ့အဆုံးမို့ စာတတန် ပေတထောက်နဲ့သာ ကိုယ့်ဆန္ဒကိုဖွင့်ဆိုရတော့တာဘဲကွယ် ...
အေးတယောက် ကိုယ့်အပေါ်မှာ စေတနာ ထားနိုင်လွန်းလို့သာ လာတွေ့နေတယ်ဆိုတာလဲ ကိုယ် သိပါတယ်၊ ဒါပေမဲ့ ကိုယ့်ဘ၀ဟာ အေးရဲ့ စေတနာနဲ့ မထိုက်တန် မအပ်စပ်လွန်းလို့ဘဲ ထင်ပါရဲ့၊ အေးကို မြင်တွေ့ရတိုင်း မှာ ကိုယ်ဟာ ရှုံးချက်နစ်နာလှတဲ့ ကိုယ့်ဘ၀အတွက် ဖြေမဆည်နိုင်အောင် ဖြစ် ဖြစ်လာ  ရတယ်။

ကိုယ့်အတွက် စိတ်သက်သာစရာကို ကိုယ်ရှာကြည့်တော့လဲ တခုဘဲ တွေ့ရပါတယ်။ ဒါကတော့ အေး တယောက် ကိုယ်နဲ့ ကင်းလွတ်ရာမှာ မေ့မေ့ပျောက်ပျောက်နေလိုက် စေချင်တာဘဲဖြစ်ပါတယ်။ အပြောင်းအလွဲ ထွေထူးလှတဲ့ စိတ်သဘာဝအတိုင်း အခု ဒီလိုဖြစ်စေချင်တဲ့ ဆန္ဒဟာ ဘယ်လောက် တာရှည် တည်မြဲမယ် ဆိုတာကိုတော့ ကိုယ်မခန့်မှန်းတတ်ဘူးပေါ့။
ဒါပေမဲ့ အခု လောလောဆယ်မှာတော့ (ကိုယ့်ကို စိတ်ပြော့ညံ့သူလို့ ဆိုချင်ဆို) ခု အတိုင်းဘဲ ဖြစ်စေချင်ပါ တယ်။ အေးအနေနဲ့ အောင်နိုင့်အတွက် သက်ညှာငဲ့ကွက်စရာတစွန်းတစ ရှိအုံးမယ်ဆိုရင် ကိုယ့်ဆန္ဒကို လိုက်လျော သမှုနဲ့သာ သက်ညှာ နိုင်ပါစေလို့ မြှော်လင့်တာပါဘဲ...။

သည်စာကလေးကို လက်ခံရရှိ သွားတော့လည်း အေးသည် အောင်နိုင့်ဆန္ဒကို လိုက်လျောဖြည့်စွမ်းရှာပါ ၏။ ရန်ကုန် မှ သူ့ ကြီးကြီးထံ ပြန်သွားပြီး ပရိုက်ဗိတ် ကျူရှင်ယူဦးမည်ဟု ဆိုထား ထွက်ခွာသွားခဲ့သည်။
ထိုနှစ် အကုန်တွင် အေးသည် မက်ထရစ်ကို ကောင်းမွန်စွာ အောင်မြင်သွားခဲ့လေ၏။ သို့ရာတွင် ကျောင်း ရက်ရှည်ကြီး ပိတ်သည်တိုင်အောင် ပြန်မလာ၊ ဒေါ်ဒေါ်စောမှ တဆင့်သာ အောင်နိုင့်ထံသို့ စာတစောင် လာသည်။

စာထဲတွင် အေးသည် မည်သည့်အလွတ် ပညာသင်ကျောင်းမျှ မတက်ဘဲ ကိုကိုလွင့်ထံမှသာ အချိန် အနည်းငယ်ယူ၍ သင်ခဲ့ကြောင်း၊ ယခု မက်ထရစ်ကို အင်္ဂလိပ်စာ ဂုဏ်ထူးနှင့် အောင်မြင်သဖြင့် ကျောင်း ဖွင့် လျှင် တက္ကသိုလ်တွင် ဆက်လက်နေဦးမည်ဖြစ်ကြောင်း။

ကိုအောင်နိုင်လည်း စိတ်အားမငယ်စေချင်ကြောင်း။ လိုအပ်ပါလျှင် ဖေဖေနှင့် ဒေါ်ဒေါ်ထံ အကူအညီ တောင်းရန် နှင့် အေးထံသို့လည်း တိုက်ရိုက်အကူအညီ တောင်းနိုင်ပါကြောင်းများ ပါရှိပေသည်။
အောင်နိုင်မှာလည်း အနေကြာလာတော့ ထောင်သားဘ၀နှင့် နေသားကျသလိုရှိလာသည်။ သူ့ ချစ်ခဲ့မိပြီ ဖြစ်သော အေးတယောက်အား သူ့သဲလွှာထဲမှ ဖျောက်ဖျက်၍ မရနိုင်တော့ သည်တိုင်... သူ့မျက်မှောက်မှာ ပွန်းပွန်း တီးတီး မမြင်တွေ့ရသည်နှင့်စာလျှင် သူ့အတွက် အနေရ သက်သာသည်မှာ လည်း အမှန်ပင် ဖြစ် နေသည်။
သို့တိုင်အောင် ယခုလို အေးလက်ရေးနှင့် စာတစောင် ရရှိပြန်သည်တွင်မူ အောင်နိုင်သည် စာကလေးကို တယုတယ ပါးနှင့်အပ်ကာ ငေး၍ ဆွေး၍ ကောင်းသလို ရှိလာပြန်သည်။ သက်ပြင်း ရှိုက်ကာ ခေါင်းရမ်း ကာ နှင့်သာ သူ့စိတ်ကို အနိုင်တင်းရတော့လေ၏။
*
ရှင်လိင်ပြန်နေ့၊ မင်္ဂလာဆောင်နေ့၊ ထောင်က ထွက်သောနေ့များသည် ၀မ်းအသာဆုံးဟု ဆိုရိုးရှိသော်လည်း အောင်နိုင်အဖို့တော့ ထူးခြားလှသည်ဟု မထင်မှတ်မိချေ။
ထောင်မှ ထွက်ရသည်တိုင်အောင် ထောင်ထွက် ဟူသော အစွန်းကွက်ကြီးသည် ကပ်၍ ပါလာဦးတော့မည် ပင် မဟုတ်ပါလား ... "

အောင်နိုင်သည် သူထောင်ကထွက်သည့်နေ့မှာ ဒေါ်ဒေါ်စောက သူတို့အိမ်တွင် လိုက်နေရန်လာခေါ်သည် ကိုပင် ငြင်းဆန်လိုက်ကာ မြို့စွန်မှ အခန်းကျဉ်းကလေးတခန်းကို သူ့ဖာသာ ငှားနေလိုက်သည်။
အဆိုး ထဲမှ အကောင်းကို ရှာကြည့်မည်ဆိုလျှင်တော့ ... အောင်နိုင်သည် သူ့အား ထောင်မှ အမွေပေးလိုက် သော ကြိမ်ထိုး ကြိမ်ယက်ပညာကို အသက်မွေးလုပ်ငန်းအဖြစ် ကောင်းစွာ အသုံးချနိုင် နေခြင်းပင်ဖြစ်လေ၏။

လက်ဆွဲခြင်း၊ လဘက်ရည်ခြင်း၊ လက်တွန်းလှည်း၊ ကုလားထိုင် စသော ကြိမ်ထည်များယက်လုပ်ခြင်း၊ ပျက် စီး နေသည့် သစ်သားဘောင်ကွပ် ကြိမ်ကုလားထိုင်များကို အသစ်ပြုပြင်ပေးခြင်းတို့ဖြင့် ၀င်ငွေ ကောင်းစွာ ရသည်သာမက၊ အားလပ်ချိန် နည်းနိုင်သမျှနည်း၍ အတွေး မပြန့်ပွားအောင်လည်း ပြုလုပ်ရပေသည်။

အောင်နိုင်တယောက် သူ့ဘ၀ ၀န်ကိုကုန်းကာ ရုန်းကာ ထမ်းဆောင်နေရဆဲဖြစ်သော ဤအချိန်တွင် အေး တယောက် ကတော့ ဥပစာ အပိုင်း(က) စာမေးပွဲကို ဖြေဆိုနေသည်ဖြစ်ရာ သည်တကြိမ် စာမေးပွဲ ဖြေဆိုပြီး လျှင် အိမ်သို့ ပြန်လာဦးမည်ဖြစ်ကြောင်းကို ကြိုတင် အကြောင်းကြားထားသည်မို့ ဦးဖေတင်ကိုယ်တိုင်ပင် သွားရောက် စောင့်ခေါ်နေရကြောင်းကိုလည်း ဒေါ်ဒေါ်စောထံမှ ကြားသိရလေသည်။
အောင်နိုင်သည် အေးတို့၏ အကြောင်းကို ပြောသူရှိí ကြားလာသည်မျတပါး သူနှင့်ဘာမျှမပတ်သက်တော့ သလို မေ့နိုင်သမျှ မေ့ပျောက်အောင် ဖျောက်ဖျက်ထားလေ၏။
တကယ် တော့လည်း သူ့အဖို့မှာ အပိုအမို စိတ်ဒုက္ခ၀န်လေးများကို ထမ်းဆောင်ရသည်မှာ ပင်ပန်းလှချေပြီ။

ထိုတနေ့ကမူ အောင်နိုင်သည် ဈန်သမာပတ်ဝင်စားနေသူတယောက်လို ကြိမ်ထည်တွေကိုချည်း စူးစိုက် လုပ်ကိုင်ရလွန်း၍ ဇက်ကြောများ တောင့်ပြီး တ၀ါးဝါး သန်းဝေလာသည်နှင့် အလုပ်ကို ရပ်ဆိုင်းပစ်လိုက်ရ သည်။
ဤထိအောင် သူဇွဲကြီးမည်လို့သာ ကြီးနေရပေမင့် အချိန်ကလည်း အမှောင်ထုလွှမ်းစပြုနေပေပြီ၊ သူ့တွင် တော့ ထမင်းလည်း မချက်ရသေး၊ ရေပင်လည်း မချိုးရသေးယခုလည်း ဒါတွေကို လုပ်ချင်စိတ်ကို မပေါ်လာသေးသည်နှင့် အောင်နိုင်သည် သူ့နဘေးရှိ ထင်းရှူးသေတ္တာကလေးပေါ်မှ ရေနံဆီမီးခွက်ကလေး မှိန်တုတ်တုတ်ကိုသာ မီးထွန်းညှိလိုက်ပြီးလျှင်၊ လက်မောင်းကို ခေါင်းအုံးကာ ကြမ်းပြင်ပေါ်မှာပင် တုံးလုံးပစ် လှဲနေလိုက်သည်။ သို့တိုင်အောင် ...။

" ကိုအောင်နိုင် ... ကိုအောင်နိုင် ရှိသလားဟင် ... "
မပွင့်တပွင့် နှင့် ခပ်အုပ်အုပ်ခေါ်နေသော အသံကလေးတသံက အနှောင့်အယှက်ပြုလာပြန်လေသည်။ အောင်နိုင် မှာ တံခါးဝဆီသို့ ခေါင်းထောင်ကြည့်ရပြန်လေ၏။ အလင်းရောင် ဖျော့ဖျော့ကလေးသာ ကျရောက် နေသော တံခါးဝတွင် နွဲ့နွဲ့ကလေးလာရပ်နေသူကတော့ အေး ...။
" ဟင် ... အေး ... ဘယ်တော့က ပြန်ရောက်လာသလဲ၊ မိုးချုပ်လှပါရောလား ... တယောက်ထဲလား... "
အောင်နိုင် က ပျာပျာသလဲပင် လူးလဲ၍ ထပြီး မေးလိုက်ရသည်။

" အဟင်း ... ဟင်း ... ဟင်း ... " အေးကတော့ အောင်နိုင့် အမေးစကားများကို လုံးဝဂရုထားနိုင်ပုံ မရသေးဘဲ အသံခပ်ညှင်းညှင်းကလေးနှင့် ရယ်နေသည်။
" မျက်စိများ ရှန်းလိုက်တာ ... ကိုအောင်နိုင်တယောက်လုံးကို အေး မမြင်မိဘူး သိလား ... "
အေးသည် စကားကိုတော့ ခပ်ကျယ်ကျယ်ပင် ပြောလိုက်ကာ လှမ်းဝင်လာခဲ့သည်။ ပြီးတော့ ထိုင်တော့မလို ထတော့မလို ဖြစ်နေသော အောင်နိုင့်နဘေးမှာ လက်ကလေး နောက်ပစ်ထောက်ပြီး ခြေဆင်းကလေးနှင့် အေးအေးလူလူပင် ထိုင်ချလိုက်သည်။ " တယ်ခက်ပါလားအေး" အောင်နိုင်မှာသာ စိတ်ရှုပ်ထွေးစွာဖြင့် ညည်းညူ လိုက်ရလေ၏။

" မိုးချုပ်နေ၀င်မှာ တယောက်ထဲ အတင့်ရဲရသလားဟင်၊ ဒေါ်ဒေါ်တို့ ဦးတို့ကလဲ အဖော်ကလေးများဘဲ ထည့်လိုက်ပါအုံးတော့၊ မပြောကောင်း မဆိုသာ ဆိုသလို ... "
အောင်နိုင်က စကားကို ဆုံးအောင် ဆက်မပြောတော့ဘဲ တပိုင်းတ၀က်နှင့် ရပ်လိုက်ကာ အေးကိုသာ စူးစိုက် ကြည့်နေမိသည်။
အစိမ်းနုရောင် နိုင်လွန်လက်ပြတ် အင်္ကျီကလေးနှင့် ကူတယ်လုံချီမိုးပြာရောင် အပွင့်ကြဲကြဲကို ၀တ်ဆင်ပြီး ကျစ်ဆံမြီး ကျစ်ကာ ဆံထုံးမြင့်မြင့်ကလေး ထုံးထားသော အေးမှာ သူနှင့်ကွဲကွာနေသော အချိန်များအတွင်း တွင် ပိုမိုပြီး ဖွံ့ထွားစိုပြေလျက်ရှိနေသည်။

သည်လိုနှင့်မှ စိတ်ဓာတ်နှင့် အနေအထိုင်ကို မပြောင်းသေးရင်တော့ဟု သူ့မှာသာ အခြာက်တိုက် ရင်လေး နေရပြန်သည်။
အေးကလည်း အောင်နိုင်၏ အခန်းကျဉ်း ကလေးကိုသာ မျက်စိကစားနေကာ ဘာတခွန်းကိုမျှ ပြန်ပြော ဖော်မရသေးပေ။
" ကဲ ... ကြာကြာနေလို့တော့ မဖြစ်သေးဘူးအေး ... ဦးတို့ စိတ်ပူနေမှာစိုးရတယ်၊ ကိုယ်လိုက်ပို့ပေးမယ်"
" မပူပါဘူး ကိုအောင်နိုင်ရာ ... အေးလာတာသူတို့သိကြတာမှ မဟုတ်ဘဲ၊ နောက်ပြီး အေးကလဲ ပြန်သွား ဘို့လာတာမှ မဟုတ်တာ၊ ဘာလဲ ... မျက်လုံးပြူးပြူးကြီးနဲ့ ကြည့်နေလိုက်တာကိုက မရှင်းသေးဘူးလား၊ ဒီ့ ထက် ရှင်းအောင် ပြောရအုံးမှာလား ... "

အေးကတော့ ပြောင်စီစီပြုံးလျက်မှပင် အောင်နိုင်မေးဖျားကို လက်ကလေးတဖက်ဖြင့် ပင့်ကိုင်ပစ် လိုက် သည်။
" ဟင် ... ကိုယ်တော့ ဘာဖြစ်ချင်ပြန်တယ် မသိတော့ပါဘူးကွာ ... အေးဘဲရူးနေသလား ... ကိုယ်ဘဲ ရူးတော့မှာလားလဲ မသိတော့ပါဘူး "
အောင်နိုင်က ဒူးနှစ်လုံးကို လက်နှင့် ပိုက်ပြီး ခေါင်းငိုက်စိုက်ချနေလိုက်သည်။ ဆံပင်အတွန့်အကွေးတခုမှာ သူ့နဖူးပေါ် သို့ ၀ဲကျနေ၏။ အေးက ခပ်ဟက်ဟက် ရယ်ပစ်လိုက်သည်။
" အဟက် ... ဟဲ ... ရူးမယ့် ရူးရင်လဲ တယောက်ထဲတော့ မရူးပါရစေနဲ့ ကိုအောင်နိုင်ရယ် ... နှစ်ယောက်လုံးဘဲ တူတူရူးကြပါမယ်နော် ... "
" ပြောပြော ... အေး ... မင်းပြောချင်တာတွေသာ လျှောက်ပြောနေပေတော့" အောင်နိုင်မှာ မချင့်မရဲနှင့် အေး ကိုသာ ခပ်စူးစူးကြည့်ပြီး မာန်ပါပါပြောပစ်လိုက်သည်။

" ပြောရအုံးမယ် ... ပြောရအုံးမယ် ... ကိုအောင်နိုင်ရေ့ ... တညလုံးနားထောင်နိုင်ရင် တညလုံးပြောစရာ စကား တွေ အေးမှာ ရှိနေခဲ့တာဘဲ။
အေးက မျက်လုံးအိမ်ကလေး ဒေါင့်ကပ်ပြီး ပြောနေပြန်လျှင် အောင်နိုင်မှာ ဖြစ်ချင်တာ ဖြစ်ကရော့လို့ လက် လျှော့ပြီး ဟင်း ရှည်ကြီးကို ချလိုက်ရပြန်သည်။ " အေးဖြင့်လေ ... "ဟု အေးကပင် စကားဆက်နေပြန်၏။

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>