Showing posts with label Trips. Show all posts
Showing posts with label Trips. Show all posts

Sunday, November 21, 2010

လပြည့် နေ့ လေး တနေ့ အကြောင်း

(ချစ်ညီမ စည်းစိမ်ရှင် က ဘလော့ဂ် လာတဲ့ စာဖတ်သူတွေ အတွက် အပင်ပန်းခံပြီး သူများ လာပေးတဲ့ မဲဇလီဖူး သုပ် ကလေး နဲ့  ပြန်လည်ဧည့်ခံကျွေးမွေး ပါတယ် သုံးဆောင်သွားကြပါ.. ကျနော် က တမျိုးထဲ ကျွေးရမှာ အားနာလို့ ပုရစ်ကြော်လေး ပါ ထဲ့ပေးပါတယ်...)

ဒီနေ့ တန်ဆောင်မုန်း လပြည့်နေ့ အသာဆုံး လ နဲ့ ဆေးပေါင်းခတဲ့ ည လို့ ပြောကြတာဘဲ... ကျနော် တို့ ကလေး တုန်းကတော့ လပြည့်တွေ ထဲမှာ အပျော်ရဆုံး နေ့တနေ့ပေါ့ ... 

ငယ်ငယ်တုန်းက ဘာတွေလုပ်ခဲ့ သလည်း ပြန်စဉ်းစားကြည့်တယ် .. ပိုက်ဆံကြဲ တဲ့ စီလိုက်ကောက်တယ် မျက်နှာ အဝတ်စည်းပြီး သံပုန်းရိုက်တယ်.. ဆံပြုတ်တို့ မယ်ဇလီဖူးသုတ် တို့ ကျွေးတဲ့စီ လိုက်စားတယ် .. 
ညကြရင် သူများ အလှူခံပြီး ချက်ပြုတ်စား နေတဲ့စီ လိုက်တောင်းစားတယ်.... လူလစ်ရင် ဟိုရွှေ့ ဒီရွှေ့ လုပ်တဲ့ ထဲ ဝင်ပါတယ်...
မနက် အစောကြီး ပန့်သကူ ပြစ်တဲ့ ဟာတွေ လိုက်ရှာတယ်.. ကိုယ့် အိမ်က အမြင်မတော်တဲ့ ဟိုရွှေ့ဒီရွှေ့ တွေ အရင်ရွှေ့ ပြီးမှ သူများ အိမ် က အမြင်မတော် တာ တွေ ကြည့်ပြီး ထိုင်ရီနေတယ်.....

အခုကြီးလာတော့ သူများ တွေ ပျော်ပွဲစားချင်လို့ လာအလှူခံတာ တွေ  ကို ရှောင်ရအောင် ဆိုင်ပိတ်ပြီး ဟိုသွား ဒီသွား လုပ်ပါတယ်...

သွားရင်း လာရင်း မိတ်ဆွေ တယောက် နဲ့ တွေ့လို့ ဟိုပြောဒီပြော လုပ်ခဲ့ပါတယ်... ကျေးဇူးပြုပြီး နားဆင် ပေးပါ..

သူငယ်ချင်း က အခု ရုံးတရုံး မှာ အလုပ် လုပ်နေပါတယ်.. တွေ့တဲ့ အခါ တိုင်းရေးပြည်ရေး ဆွေးနွေး ကြပါတယ်..  မဲပေးတဲ့ အကြောင်း ... ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာတဲ့ အကြောင်း တွေပါ... 

ကျနော် ကတော့ ဒီရွေးကောက်ပွဲ ဟာ ကျနော် နဲ့ ဘယ်လို့မှ မသက်ဆိုင်တဲ့ အကြောင်း ရွှေစင်ဦး လေး ငယ်သေးတယ် လေ မဲမပေးရသေးဘူး လို့ .....

သူငယ်ချင်း က တော့ ရွေးကောက်ပွဲ မှာ မဲရုံမှူး လုပ်တဲ့ အကြောင်း ပြောရင်း သူ ဟာ ကြံ့ခိုင်ရေး နဲ့ ဖွံ့ဖြိုးရေး မဲနိုင် လည်း မပျော်.... ဒေါ်အောင်ဆန်းစုကြည် လွတ်လာတဲ့ အတွက်လည်း မပျော် .. ဘယ်လိုမှ မပျော်နိုင်ဘဲ ညည အိပ်မပျော် ဘဲ ကြောက်ကြောက် နေပါသတဲ့....

မင်း မဲရုံမှူး လုပ်တော့ ဘာတွေများ မဟုတ်တာတွေ လုပ်ခဲ့ လို့လည်း လို့ မေးပါတယ်... အို ဘာမှ မဟုတ်တာ မလုပ်ဘူး..
ဒို့မဲရုံ လေး မှာ မဲပေး နိုင် တဲ့ လူဦးရေ ၄ဝဝ ရှိတယ်... ခြင်္သေ့က မဲသုံးရာ ကျော်နဲ့ အပြတ်အသတ် နိုင်သွားတယ်.. 

အဲ ဒါဆို ဟိုလူပြောများနေတဲ့ ကြိုတင်မဲ ဆိုတာ များ အပေးများ နေလို့ လား ဆိုတော့ .. မဟုတ်ဘူး ကြိုတင်မဲ မှ ဆယ့်ခြောက်မဲ ဘဲ ရှိတာ ..... 

ဒီရွာလေး မှာ ဘယ်တုန်းက မှ မရခဲ့တဲ့ လျှပ်စစ်မီး တွေ အခုနှစ်ပိုင်း မှာ ရတယ် .. ဘုန်းကြီးကျောင်း ကြီး လည်း ဟီးထနေအောင် ပြင်ဆောက်ထားတယ်... သူတို့ ရွာ ကို အကျိုးပြုတဲ့ အသင်း သူတို့ က ပေးကြ တာပါဘဲတဲ့...

ဒါဆို .. မင်းက ဘာကိုကြောက်နေတာလည်း မဲရေ တဲ့ အခါ မသမာ မှု့ တွေ ကို မင်းများ ပူးပေါင်းကြံစီခဲ့လို့ လား ဆိုတော့...

အမလေး ဝေးပါသေးတယ်... သက်ဆိုင်ရာ ပါတီ တာဝန်ရှိသူ တွေနဲ့ ရွာသူရွာသားတွေ ရှေ့မှာ တရားဝင် မဲရေ ခဲ့တာပါတဲ့... 

ဒါဆို ကိုယ် မှ မဟုတ်တာ မလုပ်ခဲ့တာ ဘာ ကို ကြောက်ရမှာလည်း ဆိုတော့....

အင်း ... အဲဒီလို လူထုစုံစုံညီညီ ထဲမှာ မဲရေတဲ့ အခါ ကိုယ် ကမဲ တွေ ကြည့်ပြီး အော် ရတယ်လေ ကိုယ် တို့ မဲရုံ မှာ ပါတီ သုံးပါတီ ဘဲယှဉ်ပြိုင်ပါတယ်.. ခြင်္သေ့ ရယ် စပါးနှံ ရယ် ဒေါင်း ရယ်ပေါ့ တဲ့...

ကိုယ် က မဲ အော်ပေးရတယ်... ဥပမာ ကွာ ခြင်္သေ..စပါးနှံ.. ခြင်္သေ့၊ ခြင်္သေ့ .. ခြင်္သေ့...  စပါးနှံ၊ ခြင်္သေ့...ခြင်္သေ့ .. ဒေါင်း ပေါ့.... အဲဒါကို လေ ကိုယ် က အားရပါးရကြီး ခြင်္သေ့..ခြင်္သေ့..ဖွတ် လို့ အော်မိ ခဲ့ တယ်.... 

အဲဒီ အတွက် ကိုယ် လေ ခြင်္သေ့ နိုင် လို့လည်း မပျော် ဒေါ်စု လွတ်လို့လည်း မပျော် အို.. ဘယ် ဘက်က ကြည့်ကြည့် ကိုယ် အော်လိုက်ပုံ မကောင်းလွန်းလို့ တွေးတွေး ကြောက် လို့ အိပ်မပျော်ဘူးတဲ့... 
အင်း သူလည်းလေ သူ့ ဒုက္ခ နဲ့သူ....

လေးစားစွာဖြင့်
စာရေးသူ - ရွှေစင်ဦး
.
>>>ဆက်ဖတ်ရန်>>> >>

Thursday, May 20, 2010

ချောင်းသာ တခေါက် ရောက်ခဲ့စဉ်

မရည်ရွယ် ဘဲ နဲ့ ချောင်းသာ ကို ရောက်ဖြစ်သွားပါတယ်..၊ အမှန်တော့ အမြဲတမ်း ရည်ရွယ် နေတာပါ...၊ အခြေအနေ မပေးသေး တာနဲ့ မသွားခဲ့ ရတာ... အခုတော့ ရောက်ခဲ့ ပါပြီ ...

 ငပလီ ဟာ ဟောင်းနွမ်းသွားခဲ့ပြီ... လူအများကြီး ရဲ့ ထိတွေ မှု့ တွေ ကြောင့် သဘာဝ ရဲ့ လှပမှု့ တွေ  ညစ်နွမ်း သွားခဲ့ ပြီ.......

နောက် ချောင်းသာ တဲ့ သူလည်း နဲနဲ တော့ ပျက်ယွင်း သွားပြီ ... 

အခုနောက်ဆုံး ငွေဆောင် ကမ်းခြေ လေးကို (သူတောင် ၁ဝ နှစ်သမီး ရောက်သွားပြီ) ခံစားချင်ပေမဲ့ .... ဒီအချိန်ဆို အဲဒီမှာ လူ အရမ်းနည်း သွားပြီ လို့ပြောကြတဲ့ အတွက် ... ချောင်းသာကိုဘဲ သွားခဲ့ ရပါတယ်... ပင်လယ် မမြင်ဘူးတဲ့ အညာသူမ မျက်လုံး ထဲမှာတော့ အားလုံး ဟာ ....


သွားခဲ့ တာလေး စားခဲ့တာလေး တွေ ကို အမှတ်တရ  အဖြစ် တင်ထားတဲ့ ပိုစ့် လေး ပါ.. ကမ္ဘာ အနှံ မှာ ရောက်နေကြတဲ့ ချစ်သော စာဖတ်သူ များ ရဲ့ မျက်လုံးထဲ မှာ တော့ သိပ်ထူးဆန်း မှာ မဟုတ်ပေမဲ့ ရွှေစင်ဦး လေး အတွက် တော့.....


ပင်လယ် ကို မြင်နေရတဲ့ sea view အခန်းကလေးပါ...


 ချောင်းသာ လေး နိုးထစ ပြုလာပြီ
အားလုံး ဟာလွမ်းမော စရာတွေပါဘဲ......

 ပျော်နေကြတယ်လေ

ဒါကတော့ တံငါရွာလေး ပါဘဲ ဖိုးကုလားကျွန်းတဲ့.. အိမ်ခြေ ၈၀ လောက်ရှိတယ် အားလုံးဟာ ဒီပင်လယ်ကြီး နဲ့ အသက်မွေးကြတယ်


ဘယ် ဘက်က ကျောက်ပါးစပ် တဲ့ ပင်လယ် အောက် ထဲ က ကျောက်တန်း တွေ မှာ ကပ်နေတယ်...  ခရုခွာ တဲ့ သူတွေ ကမာရှာ သူတွေ ပုဇွန် ရှာသူတွေ ကို တော်တော် ဒုက္ခပေးတယ်တဲ့ အဲဒီပါးစပ်ကလေး ဟသွား တဲ့ အထဲ လက်ကလေး ဝင်သွားရင် ပြန်ထုတ်လို့ မရဘဲ ရေ အောက်ထဲမှာ သေရုံဘဲ.. သတိ ရှိရင် တော့ ကိုယ့်လက် ကိုယ်ဖြတ်ပြီး ရေပေါ် ပြန်တက် မှ အသက်ရှင်နိုင်မယ်လို့ပြောပါတယ်... 

ညာဘက်က အကောင်ကတော့ သံပခြုပ်တဲ့ စူးတွေနဲ့ အဆိပ်ရှိသည်ပေါ့... အဲဒီ အကောင် လေး ကိုခွဲပြီး ကြက်ဥ အနှစ်လို ဝါဝါ လေးတွေကို အရက် နဲ့ ရောသောက်ရသတဲ့..
ဖိုးကုလား ကျွန်းမှာ လည်း အဲဒီလို ပိုက် ပုခက် လေးတွေ သစ်ပင်မှာ ဆင်ပြီး အပူဒဏ်ကို ကာကွယ် ကြတယ်..... သူတို့ ရွာမှာလည်း ရေတွင်းတွေ ခန်းသွားလို့ တဘက်ရွာ.. ကနေ သွားသယ်ရသတဲ့.. နောက်ဆုံး သတင်း အဖြစ် တဘက် ရွာမှာ လည်း ရေတွေ မရှိတော့ဘူးတဲ့... ရေ..ရေ..

ညာဘက် အပေါ်ပုံ ကလေး ကတော့ ချောင်းသာရွာထဲက ရေတွေထဲက အိမ်ကလေးတွေပါ..

ညာဘက် အောက်ကပုံလေးကတော့ ဖိုးကုလားကျွန်း ကမ်းခြေပုံလေးပါ...
ဂုံး တဲ့ ဂုံးကင် စားခဲ့တယ်. သိပ်မကြိုက်ဘူး.. အဲဒီဘေးကတော့ ပင်လယ် ကျောက်ဆောင် တွေထဲမှာမှ ရတဲ့ ခရုပေါ့ ... အဲဒါလည်း စားခဲ့တယ်.. အောက်ဆုံး မှာ ပါလိမ့်မယ်..ခရုသုပ် တဲ့.. 
ဟို... ပုဇွန်ကင်လေး ကတော့ ရွှေစင်ဦး တို့ အတွက် ကင်နေတာပါ... 
ညာဘက်က ကမာတဲ့..... မစားခဲ့ရ
ပြည်ကြီးငါး တဲ့ အသုတ်စားခဲ့တယ် .. မကြိုက်ဘူး.. နောက် ရေဘဝဲ တဲ့ .. မစားခဲ့ရဘူး

                                         ကိုယ်မရှိရင် တဲ့
ဈေးသည်တွေ ကတော့ ဒီလိုရောင်းနေကြတာဘဲ... ဟိုအကင်သည်ကြီးက ပုဇွန်ကင် တဲ့ အမှန်တော့ ပုဇွန် ပြုတ်ပါ.. စားလို့တော့ ကောင်းတယ်...
တချို့ က ဈေးထဲမှာ ရောင်းတယ် ..တချို့က အဲလို လည်ရောင်းတယ်... 
ညာဘက်က ပုံမှာ ဒေသခံ ကလေး လေးတွေက မနက်ခင်း ဂဏန်းလွှတ် ဘို့ လိုက်ရောင်းနေတယ်.. ဟိုးကလေး လေးတွေကတော့.......
နေဝင်တော့မယ်.... ညစာ စားပြီ ... ခရုသုပ်.. ပုဇွန်ကင်... ဂဏန်းပြုတ်... ကျောက်ပွင့်သုပ် 
ဟိုးအောက်က ပုံကတော့ ပုသိမ် ရောက်မှ စားခဲ့တဲ့ ငါးရံအူ.. ငါးသလောက်ပေါင်း.. ငါးပိရည်..ချဉ်ပေါင်ကြော်.. အတို့အမြုတ်

သိပ်မပျော် ခဲ့ ပါဘူး... ခပ်ပါးပါး ပါဘဲ..
ဘဝ တဏှာ တွေ မဖြတ်နိုင်သေးသမျှ တချိန်ချိန် မှာတော့ ကျနော်တို့ အားလုံး တနေရာရာ မှာ ပြန်လည် ဆုံတွေ့ ကြအုန်းမှာပါနော်.....

လေးစားစွာဖြင့်
စာရေးသူ - ရွှေစင်ဦး
.
>>>ဆက်ဖတ်ရန်>>> >>

Sunday, May 16, 2010

အပျိုရည် မပျက်သေး တဲ့ ရန်ကုန်

ငယ်ငယ်တုန်း က ရန်ကုန် ကို ရောက်ရင် အရာရာဟာ ထူးဆန်း နေတယ်..၊ အားလုံးဟာ တက်ကြွ လန်းဆန်း နေတယ်....၊ ကျနော်တို့ မန္တလေး နဲ့ နှိုင်းယှဉ် လိုက်တော့  တခြားစီပါ...၊ ကျနော့် မျက်လုံး ထဲမှာ .... ရန်ကုန် ဟာ ဘာနဲ့ တူသလည်း ဆိုတော့ လှပ တဲ့ အပျိုပေါက်မ လေး နဲ့ တူတယ်.. ။

အပျိုပေါက် မလေး ဆိုတော့ ဘာဘဲ လုပ်လုပ် ဖျတ်လတ် သွက်လက် .... နုပျို လှပ နေတာပေါ့... ကျနော် တို့ မြန်မာ သီချင်းလေး တောင်ရှိသေးတယ်.. ဒီအရွယ် တင့်တင့် တို့အရွယ်.. အပျိုဖြန်း ခေါ်မလား အပျိုမဒါန်း ခေါ်မလား ... ဆိုတာလေ... သစ်ရွက် လှုတ်တာ တောင် ရီတတ်တဲ့ အရွယ် လေးပေါ့.....ဒါက ငယ်ငယ် တုန်း က မန္တလေး မြို့ကြီး နဲ့ နှိုင်းယှဉ်ပြီး မြင်ခဲ့တဲ့ ကျနော့် ရဲ့ အမြင် တခုပါ.. ။

ရန်ကုန် ကို ကျနော် မရောက်တာ.. နှစ်ပေါင်း များစွာကြာ ပါပြီ... ၊ အခု တခေါက် သွားမယ် ဆိုတော့ ဒီ အပျိုပေါက် မလေး ဘာတွေများ ထူးခြားနေလည်းဆိုတာ အရမ်း သိချင်နေပါတယ်..၊ သူ့ ကို တွေ့ရဘို့ အတွက် ရင်ခုံသံတွေ တောင် မြန်နေသလားလို့.....။

အပျိုပေါက်မလေး က ကြမ်းတမ်း ဆိုးရွားလှတဲ့ နာဂစ် နဲ့ လည်း ဆုံခဲ့ ဘူးပြီး... ရမ်းကား ရိုင်းပြ လှတဲ့  ရက်စက် ယုတ်မာ လှတဲ့ လူတစု ရဲ့ စော်ကား မှု့ တွေကိုလည်း အကြိမ်ကြိမ် ခံစား ခဲ့ ရဘူးပြီ (ရိုးရာ ပွဲတော် မှာတောင် လက်မရှောင်ခဲ့ဘူးနော်) .. သူမ ဘယ်လိုများ ထူးခြား လာမလည်း လို့ ရင်ခုံစွာ နဲ့ ရောက်သွားခဲ့ ပါတယ်...။

သြ ...  အပျိုပေါက် မလေး အပျိုရည် မပျက်သေးပါလား... ဘာမှ ထူးခြားပြောင်းလဲ မှု့... ရင့်ကျက်မှု့... တိုးတက်မှု့ မရှိပါလားလို့.... အပျိုပေါက် မလေးဟာ အချိန် နဲ့ အမျှ ပြောင်း လဲ နေတဲ့ ကမ္ဘာပေါ်မှာ နှစ်ပေါင်း များစွာ ဒီလို ထူးမခြားနားစွာ နဲ့ နေ နေတဲ့ အတွက် ကျနော် ကတော့ အပျိုရည် မပျက်သေး တဲ့ ရန်ကုန် လို့ လှလှပပ လေး ရေးဖွဲ့ တင်စားလိုက်ချင်ပေမဲ့... နှလုံးသားထဲ ကတော့ သူငယ်ပြန် နေတဲ့ ရန်ကုန် များလားလို့ပေါ့လေ... ။

ဘာဖြစ်လို့ ထင်ရတာလည်း လို့ မမေးနဲ့ လေ .. နုပျို ချင်ရောင် ဆောင်ပြီး  .... လောကဒဏ် တရား ရဲ့ ရိုက်ချက် အောက်မှာ ..ဟန်ဆောင် ထားတဲ့ တက်ကြွမှု့တွေ နဲ့ ဆိုတော့ ..... ရွှေစင်ဦးလေး နဲ့ များ တူနေ သလား လို့ပါ .. (ကိုယ်ချင်းစာ တာပါလေ) .. ။

ထူးမခြားနား ရန်ကုန်လေး မှာ ရိုက်ခဲ့ တဲ့ ဓါတ်ပုံလေး များကို အလွမ်းပြေ တင်ပေးလိုက်ပါတယ် ... ရန်ကုန် မြို့ကြီး ကို မျက်လုံး နဲ့ ရိုက်ခဲ့ တဲ့ ဓါတ်ပုံ တွေ ဘဲ များနေတဲ့ အတွက် နဲနဲ ဘဲ တင်ပေးလိုက် နိုင်တယ်.. ၊ ပါးစပ် နဲ့ စား ခဲ့ တဲ့ ဓါတ်ပုံတွေ ကိုတော့ တော်တော် များများ ရိုက် လိုက်မိတယ် .... ရွှေစင်ဦး လေး မကောင်း တာ ပါဗျာ... ။

အဲဒါ ဝက်သားလုံးခေါက်ဆွဲ တဲ့ ဆန်ပြားဖတ်နဲ့ ဘဲသွေးနဲ့

 ဒါကတော့ ပြောစရာမလိုတော့ ပါဘူး

အားလုံး စားနေကြ တွေ ပါနော် ဟင်းခါး ရည်လေးကတော့
ငရုပ်ကောင်းနံ့လေး ကိုမွှေးနေတာဘဲ



            ဗိုက်စာပေမဲ့ မစားခိုင်းသေးလို့ ငေးနေရသေး  မုံဟင်းခါး ကတော့ တင်တင်အေး ရော စိန်ဥ 
                                                                            ရောစားခဲ့ပါတယ် .. ဒါကတော့ လေးဘမ်း 
                                                                            လေးပါ..  အားလုံး ကောင်းပါတယ်   

မန္တလေး မှာ စားလေ့ မရှိတဲ့ ရန်ကုန် ရောက်မှ စားဖြစ်တဲ့ အစာတွေကတော့ အီကြာကွေး အစာသွတ် တဲ့ အီကြာကွေး အပိုင်းလေး တွေ ထဲမှာ ကြက်သား အစာ သွပ်ပြီး ပြန်ကြော်ထားတာ.. ၊ နောက်ပြီး ကြက်သား ပလာတာ တဲ့ မဆလာနံ့ မွှေး နေတဲ့ ကြက်သား အနှစ်ထဲမှာ ကြက်သား အတုံးကြီးကြီး တတုံး .... အာလူး ၂လုံး... နဲ့ ပလာတာ ရွရွ လေး ကို မွထားတယ်.. အဲဒါ တင်တင်အေး ကပါ... ။

ကျန်တာ တွေ တော့ မစားဖြစ်တော့ဘူး.. ဒါတောင် ၂ ရက်ထဲ ရန်ကုန်မှာ နေခဲ့လို့ ဘာထမင်းမှ မစားဘဲ အပြင်စာတွေ ဘဲ လျှောက်စား လို့ ဒီလောက်စားနိုင်ခဲ့တာ... နောက်တခေါက်မှ စူဇကာ ပုဏ္ဏား လို စားပြီး အားလုံး ဓါတ်ပုံ ရိုက်ခဲ့မယ်နော်....။  


လေးစားစွာဖြင့်
စာရေးသူ - ရွှေစင်ဦး
.
>>>ဆက်ဖတ်ရန်>>> >>

Thursday, November 12, 2009

ခရီးသွားမှတ်တမ်း တတိယပိုင်း

၃ ရက်ခရီးလေး ထွက်လိုက်ပါတယ်.. မပြီးဆုံးနိုင်အောင်ကို ရေးနေတော့တာဘဲနော်..ဟဲ..ဟဲ၊ တောင်းပန် ပါတယ်ဗျာ..၊ ဒါနောက်ဆုံးပါ။

ကျနော် က ညောင်ဦးကနေ ပခုက္ကူဘက်သွားချင်လို့ ဇက်နဲ့မြစ် ကိုကူးပြီး သွားမယ်လို့ ဆုံးဖြတ် လိုက်ပါတယ်။ ပခုက္ကူ က အဖွား ၂ယောက် နဲ့ မိဘ၂ပါးရဲ့ ဇာတိမြေ ကိုး၊ နောက်ပြီး ကျနော်ရဲ့ ညီမအငယ်ဆုံးကလည်း အိမ်ထောင် ကျပြီး ပခုက္ကူသူ ဖြစ်နေတာဆိုတော့ သွားရတော့တာပေါ့၊ နောက်ပြီး ကျနော်တို့ရဲ့ ဆွေမျိုး ဘကြီး ဘုန်းကြီး လည်း ရှိနေတာကိုး။

ညီမက မနက်စာ သူ့အိမ်မှာစားမှာလား၊ ဘုန်းကြီးကျောင်းမှာ စားမှာလားတဲ့၊ ဘာဟင်းစားမှာလည်းတဲ့၊ သူ့အမကြီး အစားပုပ်တာ သိတာကိုး၊ ဘုန်းကြီးကျောင်းမှာဘဲ စားတော့မယ်လို့၊ ဟုတ်တယ်လေ သူ့အိမ်မှာ စားရင် အလွန်ဆုံး သုံးလေးခွက် အပြင် ဘယ်ပို မှာလည်း၊ ကျနော်ကလည်း (အားကျလွန်းလို့) နရသီဟပတေ့ မင်း လုပ်ကြည့်ချင်တာလေ၊ တရုပ်ပြေးမင်း လားတော့မသိဘူး၊ ဟင်းခွက် ၃၀၀ နဲ့ စားတာလေ။ ဟဲ..ဟဲ၊

 ဘုန်းကြီးကျောင်း သွားပြီးတော့ စားမှ ဟင်းခွက်တွေ အများကြီးနဲ့စားရမှာကိုး၊ ကပ်ပ္ပိယ သွားလုပ် မယ်လေ ပျော်စရာကြီးပါ။ ထင်ထားတဲ့ အတိုင်းပါဘဲ ဘကြီး ဘုန်းကြီးက ဟင်းတွေအများကြီးနဲ့ ကျွေးပါ တယ်ဗျာ၊ ကျနော်စားချင်တဲ့ အညာဟင်းအားလုံးကို တခါထဲစားခဲ့ ရပါတယ်။

ခင်ဗျားတို့ သွားရေကျ မှာ သနားလို့ မပြောတော့ပါဘူး၊ ဟင်းခွက်ပေါင်း ၅၀ လောက်ရှိမလားမသိဘူး ဟား.....ဟား။

စားပြီးတာနဲ့ တန်းပြီး ပခုက္ကူ ကထွက်ပါတယ်၊ မုံရွာ ဘက်က လှည့်ပြန်ခဲ့ပါတယ်၊ အမှန်တော့ဗျာ ကျနော် တို့က မန္တလေး ကို တခါထဲတန်းပြန်မလို့ဘဲ လူလည်ကြီး တွေဆိုတော့ လမ်းမှားပြီးထွက်မိတော့ မုံရွာ ဘက်က လှည့်ခဲ့ရပါတော့တယ်။

ရေစကြို ဘက်ကမထွက်ဘဲ ပုလဲ လမ်းဘက်လိုက် သွားတာကိုး၊ တလမ်းလုံးလည်း သိတဲ့အတိုင်းဘဲ နေပူပူနဲ့ ဘာဆိုင်မှမရှိ ရေသန့်အေးအေးတောင် ရှာရခက်နေပါတယ်။ ရေဆာလို့ ဘီယာသောက် ရအောင် ထန်းရေဆိုင် လိုက်ကြည့်လိုက်တော့လည်း ထန်းတော တွေအောက် မှာ ဘယ်ထန်းရေဆိုင်မှ မတွေ့ပါဘူး။ ထန်းတော တွေကတော့ တလမ်းလုံးတွေ့ပါတယ်ဗျာ။

မုံရွာ ရောက်ခါနီး ချင်းတွင်းမြစ်ကူး တံတားနား ရောက်တော့မှ စိတ်ကြိုက်ထန်းရေဆိုင် တွေ တွေ့တော့ တာပါဘဲ။ နေကလည်း ညိုသွားပြီဆိုတော့ အတော်ဘဲပေါ့ဗျာ၊ ထန်းပင် တွေကြားထဲမှာ ထန်းပက်လက် ကုလားထိုင်လေး တွေချပြီး နှိုပ်လိုက် ကြတာပေါ့။

ကျနော်ရှေ့မှာ ပြောခဲ့တယ်နော်၊ ကျနော်တို့ အညာထန်းရေက ဘယ်လောက်ကောင်းတယ်ဆိုတာ၊ ဘယ်နိုင်ငံက ဘီယာ မှ မမှီဘူးလို့၊ ကျနော် အကုန် သောက်ဘူးလို့ ပြောတာမဟုတ်ပါဘူး၊ သူများ ပြောတာ ပြောပြတာပါ။

ဒါပေမဲ့ ကျနော် သောက်ဘူးတဲ့ ဘီယာ ကတော့ ခါးသက်သက် ပေါ့ရွတ်ရွတ်နဲ့ ဒီအညာထန်းရေနဲ့တော့ တခြားစီပါ၊ ကျနော်တို့ က ညနေပိုင်းမှရောက်သွားတာဆို တော့ ထန်းရေကတော့ တအားတော့ မချိုတော့ ပါဘူး၊ ဒါပေမဲ့ ချိုရှရှ နဲ့ ပြင်းပြင်းလေးပေါ့ ဗျာ၊ အနံက လည်းသိပ်မွှေးတာဘဲ။ တော်တော်သောက် လို့ကောင်းပါတယ်။ အမြှုတ်လေး တွေတစီစီနဲ့ သဘာဝ အရသာ မှန်း သိပ်သိသာပါတယ်။

အမြည်းကလည်း ငုံး နဲ့ ဂျိုး ကို  အနေတော်လေးတွေပိုင်းပြီး ကြက်သွန်ဖြူ၊ ဂျင်း နဲ့ကျွတ်နေအောင် ကြော်ထားတာပါ၊ ချိုကျွပ်မွှေးပေါ့ဗျာ။ ကျနော် ကတော့ သောက်လို့် မ၀လို့ ရေသန့်ဘူး နဲ့ ပါဆယ် ထည့်ခဲ့ရပါသေးတယ်။ 

 နေအေးအေး မှာ လေချိုတသွေးသွေး နဲ့တရိပ်ရိပ်ကလေး ဆိုတော့ မိုက်တယ်ဗျာ။
ကဲ..ကျနော် ရဲ့ ခရီးသွား မှတ်တမ်းလေးကို ဒီမှာဘဲ နားလိုက်ပရစေတော့ဗျာ။  အားလုံး အားလုံး ကို ကျေးဇူးတင်ပါတယ်.....။၊
>>>ဆက်ဖတ်ရန်>>> >>

Monday, November 9, 2009

ခရီးသွားမှတ်တမ်း ဒုတိယပိုင်း

အဲဒီလိုနဲ့ညောင်ဦး ကို ရောက်သွားရော ဆိုပါတော့ဗျာ၊ ညောင်ဦးက ကျနော်တို့အဖွားလေး ရဲ့ ယောက်ကျား အသက် ၈၇ နှစ်ရှိတဲ့ အဖိုးလေး ကို ကန်တော့ပြီး လမ်းမကြီးဘေးမှာ ရှိတဲ့ မြန်မာထမင်းဆိုင် တဆိုင်မှာ ဝင်စားခဲ့ပါတယ်။

ဟင်းလက်ရာလေး ကတော်တော်ကောင်းပါတယ်။ ပုန်းရေကြီးသုပ်၊ ငံပြာရည်ချက၊် အတို့အမြှုတ် ကလည်း တော်တော်စုံပါတယ်။ အကောင်းဆုံး ကတော့ဗျာ သခွားသီး စိမ်း နုနုထွတ်ထွတ်လေး တွေပါဘဲ။

နောက်ပြီး ဘူးရွက်ဟင်းရည် ကလည်း ပူပူလေး ဗျာ ဘူးရွက်လေး တွေကလည်း ကျနော်တို့ စားမှ ခတ်လာ ပုံ ရပါတယ်၊ စိမ်းစိမ်းလေး နဲ့ လတ်လတ်ဆတ်ဆတ် ဆိုတော့ တော်တော်ချိုပါတယ်။ ကြက်သား ကြော် ကလည်း ကောင်းပါတယ်။ ကျနော် တို့ အညာ ဟင်းချက်တွေမှာ ဟင်းချိုမှုံ သိပ် မသုံးတာ တွေ့လို့ ဝမ်းသာ မိပါသေးတယ်။

မန္တလေး မြို့ပေါ်က ဆိုင်ကြီးတွေတောင် ဟင်းချိုမှုံ အသုံးမလျှော့ ကြ လို့တော်တော် စိတ်ပျက်မိတယ်။ အခုတော့ အညာ မှာ စားသမျှ ဟင်းတွေမှာ ဟင်းချိုမှုံ သိပ်မသုံးတာတွေ့ရပါတယ်။

ပုဂံကို ဆက်သွားခဲ့ပါတယ်။ ပုဂံ ဘုရားတွေကတော့ ထုံးစံအတိုင်း ပေါ့ဗျာ။ သူ့အတိုင်း သူပါဘဲ။ ကျွဲပါး စောင်းတီး သလိုဖြစ်နေတဲ့ ကျနော်တယောက်သာ ပုဂံဘုရားတွေရဲ့ အံမခန်း အနုပညာ လက်ရာတွေကို မခံစားနိုင်ဘဲ နေပူပူမှာ ခပ်ငူငူနဲ့ ဘုရားတွေအပြင်မှာ ထိုင်ကျန်ရစ် ပါတယ်။ ကျနော်လည်း ပထမအခေါက် တွေ ကတည်းက ကျိုးစားပြီး အနုပညာ လက်ရာတွေကို ခံစားကြည့်ပါသေးတယ်။

အနုပညာ ပါရမီ မပါတဲ့ ကျနော် မျက်စိထဲမှာ တော့ အားလုံးဟာ အတူတူကြီးဘဲဆိုတော့ ထူးခြားပြီး မခံစားမိတတ် ပါဘူးဗျာ။ နောက်အခေါက်တွေမှာတော့ ဘုရားရှေ့မှာ ရှိတဲ့ ခြင်္သေ့ကြီး၂ ကောင်နဲ့ ကျနော်နဲ့ တငုတ်တုတ်တုတ် ပေါ့ဗျာ။

ကြုံတုန်း ကျနော့် ရဲ့ ပန်းချီအနုပညာ ကို ခံစားတတ်ပုံလေး တခုပြောလိုက်ရအုန်းမယ်။ မန္တလေး ထန်းရိပ်ညို မှာ ပြတဲ့ ပန်းချီပြပွဲတခု ကို ကျနော်ရယ် ကျနော့်ချစ်ချစ်ကြီးရယ် သွားမိကြတယ်ဗျာ။ ကျနော် ကပန်းချီ ပြပွဲ တွေ ဘာတွေဆို သွားလေ့မရှိပါဘူး၊ ဒါပေမဲ့ ဒီတခါတော့ မသွားမဖြစ်လို့ သွားရတာပါ၊ ကျနော်ရဲ့ ပန်းချီ အနုပညာ ခံစားနိုင်မှု့ အင်အားက တော်တော်နဲတယ် ဆိုတော့ ကိုယ့်အကြောင်း ကိုယ်သိတော့ အားနာလို့ပါ။

ပန်းချီ ကားတွေတော်တော်များများ တွေ့ပါတယ်။ ကျနော်ကတော့ ဟိုကြည့်ဒီကြည့် လုပ်လိုက်၊ တပြုံးပြုံးနဲ့ ခေါင်းတငြိမ့်ငြိမ့် လုပ်လိုက်ပေါ့၊ သိတယ် မဟုတ်လား၊ အဲဒီအတိုင်း ဘဲလေ။ တပုံထဲဘဲဗျာ၊ တခါတလေ သိသလိုလို၊ နားလည်သလိုလို၊ ခံစားမှု့ တွေသိပ်ပို လာတဲ့ ပုံနဲ့ အနီးက ကြည့်လိုက်၊ အဝေးကကြည့်လိုက်နဲ့ ဟား..ဟား။

အမှန်တော့ ဗျာ ပန်းချီကားလေး တချပ်လောက်ဝယ်ရမယ်ဆိုရင် ဆိုပြီး ရွေးချယ်နေတာလေ၊ size ကလည်း ကြီး ရအုန်းမယ်။ ပါတဲ့ အရုပ်ကလေးတွေက လည်း လှရအုန်းမယ်၊ ဈေးကလည်း ချိုရအုန်းမယ် ဆိုပြီး ဈေးတွက် တွက်နေတာလေ၊ ဟဲ..ဟဲ အနုပညာကို ငွေကြေးနဲ့ တိုင်းတာနေတဲ့ ကျွဲပါး စောင်းတီး ကြီးပါ။

ကျနော့် ချစ်ချစ်ကြီး ကလည်း ကျနော့် အတိုင်းဘဲဗျာ၊ တပြုံးပြုံးနဲ့ ဘေးကနေလိုက်ကြည့်နေတာ၊ ခဏနေတော့ မအောင့်နိုင်တော့ဘူးနဲ့ တူပါတယ်ဗျာ၊ တိုးတိုးလေး ၂ကိုယ်ကြားလာပြောတယ်ဗျာ၊ ဟေ့.. ဟေ့ တဲ့ မင်းထမင်းငတ်မှာ တော့မပူနဲ့ ငါ လည်း ဒီလိုပန်းချီကား မျိုးတော့ ဆွဲ တတ်တယ်ကွတဲ့၊ ကျနော် လည်း သူဆွဲတတ် တယ် ဆိုတဲ့ ပန်းချီကားတွေကို အားရှိပါးရှိ ကြည့်လိုက်တာပေါ့ဗျာ။

ဟဲ..ဟဲ ငါလည်း ဆွဲတတ်တယ်လို့၊ ကျနော်တို့ ၂ယောက်ဆွဲတတ်တဲ့ ပန်းချီကား က (Abstract) စိတ္တဇ ပန်းချီ လို့ခေါ်လား၊ Model လို့ခေါ်လားတော့ မသိပါဘူးဗျာ၊ အဲဒီဆွဲနည်းနဲ့ ဆွဲထားတဲ့ ပန်းချီ ကားချပ်တွေ ပါဘဲဗျာ၊ အောက်ခံအားလုံးကို အမဲရောင်ချယ်ထားတယ်ဗျာ။ အဲဒီ အပေါ်မှာ အဖြူရောင် တစက်၊ နောက်တကား ကတော့ အဖြူ ရောင် ကင်းဘတ်စ ပေါ်မှာ အရောင်တွေကို စုံနေအောင်ချစ်ထားတယ်ဗျာ၊ အရောင်စုံ ဆိုလို့ သက်တန့် လောက်သာ မြင်ဘူးတဲ့ ကျနော် ကတော့ တအံတသြနဲ့ ခေါင်းတငြိမ့်ငြိမ့် ပေါ့ဗျာ၊ ငါ သာဆွဲရင် ဒါထက်အရောင်ပိုစုံအောင် ထည့်မယ်လို့ ဟဲ..ဟဲ။
(ချစ်သော ပန်းချီဆရာများစိတ်မဆိုးပါနဲ့ ခင်ဗျား၊ Just a joke ပါ)

ဒီလိုနဲ့ ပုဂံ ဘုရားတွေ ရှေ့ ခြင်္သေ ကြီးတွေရဲ့ ဘေးနားကနေ ကျနော် ငုတ်တုတ်၊ ငုတ်တုတ် နဲ့ ဖူးမျှော် ခံစားခဲ့ပါကြောင်း။ ညဘက်မှာတော့ ကျနော်တို့ Golden Express Hotel မှာ တည်းခဲ့တယ်ဗျာ။ တည်းခိုဘူးတဲ့ အထဲမှာ တော့ အတန်ဆုံးပါဘဲ၊ ရေကူး ကန်ကြီးရှိတာလည်း တွေ့ခဲ့ပါကြောင်းနဲ့ မနက်စာ ကိုလည်း ဘူဖေးအဝကြွေး ပါကြောင်း ပြောရင်း ပုဂံ ခရီးစဉ်ကို အဆုံးသတ် လိုက်ပရစေတော့ဗျာ။

(ခရီးစဉ် အားလုံးကတော့ မပြီးဆုံးသေးပါ၊ ဇက်ကြီးကူးပြီး ပခုက္ကူ ကတဆင့် ကျနော်တို့ ပြန်ခဲ့ကြပါတယ်။ အပြန်ခရီး စဉ် တတိယပိုင်း ကိုဆက်ရေးချင်ပါသေးတယ်၊ ကျေးဇူးတင်ပါတယ်ဗျာ)
>>>ဆက်ဖတ်ရန်>>> >>

Sunday, November 8, 2009

ခရီးသွားမှတ်တမ်း ပထမပိုင်း

ခရီးလေး တခါထွက်မိပါတယ်။ လွမ်းမော လို့ကို မပြီးနိုင် တော့ဘူးဗျာ၊ အိမ်မက်လှလှလေး က တော်တော် နဲ့ မနိုးထချင်အောင် ဖြစ်နေတယ်။

ဒီတခေါက် ကျနော်တို့ အညာဘက်ကို ခရီးထွက်ဖြစ်တယ်၊ အညာသူဆိုတော့ ဗျာ အညာဘက် တော့ တော်တော် ရောက်ဘူးပါတယ်။ ဒါပေမဲ့ ညီမလုပ်တဲ့ သူက ပုပ္ပါးတဲ့ ပုဂံ တဲ့၊ ကျနော်ကတော့ လာပြန်ပြီ ဟဲ့ ပုဂံလို့၊ ပုဂံ ချစ်သူတွေကတော့ စိတ်ဆိုးကြမလား မသိဘူးဗျာ။

ကျနော်မှာ အနုပညာကို ခံစားတတ်တဲ့ ဓါတ်ခံတော်တော် နည်းပါးနေတယ်၊ အဲဒါတွေ အပြင် မျိုးချစ်စိတ်လည်း တော်တော် ခေါင်းပါးနေတယ်ဗျာ (သတင်းစာ များများဖတ်အုန်း မှပါ..ဟဲ..ဟဲ)၊ ပုဂံ ဘုရားတွေကို ဖူးရတိုင်း ငါတို့ အနုပညာ ဟာအံမခန်း ပါလား၊ ဒို့ ဘုရင်တွေ တယ်တော်ပါလား လို့ မခံစားရဘဲ၊ အမယ်လေး ဒီဘုရားကြီး ပြီးဆုံးဘို့ အုပ်ချပ်တွေ ဘယ်လောက် ကုန်မလည်း၊ သစ်ပင်တွေ ဘယ်လောက်များများ ခုတ်ပစ်ရမလည်း၊ ပုဂံ ပြည်သူတွေ ရဲ့ချွေးတွေ သွေးတွေ ဘယ်လောက်များများ ကုန်ခန်းသွားကြသလည်း ဆိုတာတွေဘဲ အတွေးထဲ ၀င်ပြီး၊ ဟဲ ဟဲ ပြောရရင် မခံစားနိုင် အောင် ကို ခံစားနေမိတယ်ဗျာ၊ ကျနော်က တခါတလေ အဲဒီလိုဘဲ ကိုယ်ချင်းသိပ် စာတတ် နေပါတယ်။

ကျနော်တို့ လူမျိုးက မျိုးရိုးစဉ်ဆက် ကို တော်ခဲ့ကြတာပါ၊ လမ်းတွေဖောက်၊ တံတားတွေဆောက်၊ အဲ ယောင်လို့ ဘုရားတွေတည်၊ ဘုရားတွေတည် ဆိုတဲ့ နေရာမှာ၊ ဘုရားတွေမှာ ဌာပနာ ထားတဲ့ ကျောက်သံပတ္တမြားတွေကလည်း အဲဒီ ဘုရားကြီး တည်ဆောက်ခဲ့တဲ့ ကုန်ကျစရိတ်ထက် အဆပေါင်း မြောက်များစွာ ပိုမယ် ထင်ပါတယ်။ သိပ်ချမ်းသာ ကြတဲ့ မြန်မာလူမျိုး တွေပါဘဲဗျာ။ အားကြလိုက်ပါဘိ ဟဲ..ဟဲ..။

 ကျနော်တို့ ခရီးစဉ်လေး ကို ပြန်စလိုက်မယ်နော်။ မန္တလေး ကနေ ကျနော်တို့ နေ့လည် ၂ နာရီလောက် ထွက်ခဲ့ ကြတယ်ဗျာ။ မြင်းခြံ၊ တောင်သာ ဘက်က ဖြတ်ပြီး ပုပ္ပါး ကို အရင်ဝင် ညကြ တည်းခိုခန်းမှာ အိပ်ပေါ့၊ အဲဒီလို အေးအေးဆေးဆေး ထွက်ခဲ့ကြပါတယ်၊ လမ်းခရီး တလျှောက် မှာ တော့ တန်ဆောင်းမုန်း လပြည်နေ့ မတိုင်ခင် တရက်မှာ သွားတာဆိုတော့ ဘုန်းကြီးကျောင်းသွား၊ ကထိန်လှည့် နေကြတဲ့ မြန်မာ ဓလေ့ထုံးစံ လေးတွေကို ရွာစဉ် အလိုက်တွေ့ခဲ့တယ်ဗျာ၊ တခါတလေ တော့ ကမ္ဘာကြီး ပြားတာ ဟုတ်မှဟုတ်ရဲ့လား၊ ငါတို့ မြန်မာ ပြည်တခုထဲဘဲ ကမ္ဘာကြီးများ လုံးနေသလား ဆိုပြီး ခံစားမိရ ပြန်တယ်ဗျာ ။ 

ညီမ ကတော့ camera တဖြတ်ဖြတ်နဲ့ပေါ့၊ ကျနော် ကတော့ မျက်မှန် သမားဆိုတော့ ဓါတ်ပုံ ရိုက်ရတာ လည်း အဆင်မပြေတော့ ၊ စကားနိုင် လုပြောရတာပေါ့ ဒို့ရဲ့ စိတ် camera နဲ့ရိုက်တဲ့ ပုံတွေက ပိုကောင်းတယ်လို့၊ ပြီးမှ ကျနော်ကြိုက်တဲ့ ပုံတွေ တွေ့ရင် ခင်ဗျားတို့အတွက် တင်ပေးပါမယ်ဗျာ ဟဲ..ဟဲ။

အသွားခရီးစဉ် တလျှောက်ကတော့ ထွေထွေထူးထူးပြောစရာ မရှိပါဘူး။ နေ့လည်ဘက် စထွက်ခဲ့တာ ဆိုတော့ အချိန်ကြာလေ နေအေးအေး လေအေးအေး နဲ့ စိတ်လည်းဘဲ အေးအေး ဆိုတော့  သီချင်း တအေးအေး နဲ့ တော်တော် လွတ်လပ်ပျော်ရွှင်မိပါတယ်။ ပုပ္ပါးကို ည ၈နာရီလောက်မှာ ရောက်သွား ပါတယ်။ မန္တလေး အင်း မှာတည်းခိုပါတယ်ဗျာ။

မနက်မိုးလင်းတာနဲ့ တည်းခိုတဲ့ အနားလေးမှာ ရှိတဲ့ စားသောက်ဆိုင်လေး တခုမှာဘဲ ထမင်းဆီဆမ်း၊ ကြက်ဥကြော်နဲ့ မနက်စာပြီးလိုက်ရပါတယ်၊ အားလုံးကတော့ သာမန်ပါဘဲ၊ ဘာမှ ထူးခြား အရသာ ရှိတဲ့ အစားအသောက် မစားခဲ့ ရပါဘူး၊ သြ မေ့တော့ မလို ညစာ တုန်း ကတော့ ထူးထူးခြားခြား သုပ်ထားတဲ့ ကျောက်ပွင့် အဖြူသုပ်လေး စားခဲ့ရတယ်ဗျာ၊ ပဲမှုန့်တွေထည့်သုပ် ထားတဲ့ အသုပ်ကလေးပါဘဲ၊ ဒီလောက်ကောင်း တဲ့ ကျောက်ပွင့် တွေကို ဒီလောက် မကောင်းအောင် သုပ်တတ်လွန်းလို့ စားရင်း၊ စားရင်းနဲ့ ဆုပေးချင် စိတ်တွေ ဖြစ်လာတယ်ဗျာ ဟား..ဟား။

ပုပ္ပါး တောင်တက် တဲ့ အချိန်မှာတော့ တော်တော် မောတယ်ဗျာ၊ ဒါပေမဲ့လည်း ချစ်စရာ၊ သနားစရာ မျောက်ကလေးတွေကို တွေ့တော့လည်း အမောပြေသွားပါတယ်။  (အမျိုးတွေနဲ့ တွေ့တော့လည်း ဒီလိုဘဲနော်)။ ပုပ္ပါးတောင်က အဆင်းမှာတော့တည်းခိုခန်း ခဏ၀င်ပြီး တခါထဲ ညောင်ဦး တန်း ဆင်းခဲ့ ကြပါတယ်။ ပုပ္ပါးနဲ့ ညောင်ဦးကြားမှာ ထူးထူးခြားခြား ပြောစရာ တခုကတော့ ကလေးတွေပါဘဲဗျာ။ အရွယ် မတိမ်းမယိမ်း လေးတွေ သိပ်များလွန်းတာဘဲ၊ ကျနော် ဖတ်ဘူးတဲ့ ဆရာဝန်မ အပျိုလေးများ သားဆက် ခြားရေး ပညာပေးလုပ်လာ ခဲ့တဲ့ ရွာလေး တွေလားမသိပါဘူး။

ပြောချင်လွန်းလို့ ပြန်ပြောပါအုန်းမယ်၊ သရုပ်ပြ ဟောပြောပွဲမှာ ဆရာဝန်မ အပျိုလေး ကရှက်ပြီး ဒီလို ဟောပြော သရုပ်ပြ ခဲ့ တယ်တဲ့ဗျ၊  ရှင်တို့ ကလေးမရအောင် တားစီးချင် တယ်ဆိုရင် ရှင်တို့ လင်မယား တွေ ညအိပ်တဲ့အခါ ဟိုဟာ ဟိုဟာ လုပ်ရင်လေ လက်ညှိုးလေး ထောင်ပြီး၊ ကွန်ဒုံး လေးကို လက်ညှိုးလေးမှာ စွပ်ပြီး ဒီလို ဒီလို လေးစွပ်ပြီး မှ အဲဒါ အဲဒါ လုပ်ကြပါဆိုပြီး ပညာပေး လက်တွေ့ ဟောပြောသွားတယ်လေ။ နောက်နှစ်ကြ အဲဒီ ရွာတွေမှာ စစ်တမ်း ပြန်ကောက်တော့ ကလေးမွေးတဲ့ ဦးရေက ဟောပြောပွဲ မလုပ်ခင်ကထက် ၂ဆလောက်တောင် ပိုများနေသတဲ့။ 

ဆရာဝန်မလေးလည်း စိတ်ညစ်ညစ်နဲ့ မအောင်မြင်တဲ့ သူ့ဟောပြောပွဲ အကြောင်းကို မေးမြန်း စုံစမ်းတော့မှ၊ သူတို့ က ဟိုဟာ ဟိုဟာ လုပ်ရင်လေ သူတို့ လက်ညှိုးလေးမှာ တကယ် တကယ် ကိုဘဲ ကွန်ဒုံးလေး စွပ်ပြီးတော့ စိတ်ချလက်ချ  အဲဒါ အဲဒါ လုပ်ကြပါသတဲ့ ဟား..ဟား။ ကျနော်တို့ အညာသား တွေ က ဒီလို ဒီလိုရိုးတယ် ဆိုတာ ကျနော်တော့ တကယ် တကယ် ကိုဘဲ ယုံတယ်ဗျာ။

နောက်ပြီးတော့ ထန်းတောတွေနဲ့ ထန်းရေဆိုင်လေး တွေပါဘဲ၊ ကျနော်တို့ အညာထန်းရေ ဆိုတာ ဘယ်နိုင်ငံက ဘယ်ဘီယာ မှ လိုက်မမှီအောင် ကောင်းတယ်ဗျာ။  ခင်ဗျားတို့ သောက်ဖူးရင်တော့ သိကြမှာပါ။ ဒါပေမဲ့ ကျနော်က ညောင်ဦးမှာ အမျိုးတွေနဲ့ တွေ့ဆုံခန်း လုပ်ရဦးမှာ ဆိုတော့ မသောက်ခဲ့ လိုက်ရဘူးဗျာ၊ အပြန်ခရီးမှာ တော့ တဝကြီးသောက်ခဲ့ ရပါတယ်။

ဘယ်လို ဘယ်လို ကောင်းတယ် ဆိုတာ ကျနော် ဒုတိယပိုင်း မှာ ဆက်လက်ဖော်ပြပါမယ်။ မျှော်ပါ...။

>>>ဆက်ဖတ်ရန်>>> >>

Monday, September 7, 2009

ဝါးဖြူတောင်သွား ကင်မရာကစား



ဒီရွာကလေးကို ဒီလိုသွားရင်ဒီလို ဆိုင်းပုဒ် ကလေးတွေကြည့်ပြီး သွားကြနော် တော်တော်ကြာ တောဆင်ရိုင်းကြီးတွေ နဲ့ တွေ့နေရင်
(စိတ်မပူပါနဲ့ သူတို့တွေလမ်းမမှတ်မိလို့ မလာကြတာ အနှစ် ၂၀ နီးပါပြီတဲ့ ခင်ဗျားတို့ဆန္ဒရှိရင်တော့ လမ်းမှန်ရောက်အောင်ပို့ပေးလိုက်လေ၊ ကိုယ့်လမ်းကိုယ် ရွေးတတ်အောင် ဟဲ ဟဲ တော်တော်တော့ခက်မယ်နော် ..တောဆင်ရိုင်းကြီးတွေတဲ့ ..ကြောက်ကြောက်)














ဒီလို အိမ်လေးတွေကိုတော့ သူတို့မဆောက်တတ်ကြဘူး ဒါပေမဲ့ ဒါမျိုးအိမ်လေးတွေကိုတော့ ဆောက်တတ် ကြပါတယ်။ သိပ်မထူးပါဘူးနော်၊ အားလုံး ကတော့ နေစရာတွေဘဲမဟုတ်လား


















ဒီလို ရေကျော်လေးတွေတော့လမ်းပေါ်မှာ အများကြီးတွေ့ခဲ့တယ် ဟဲ..ဟဲ















ဒီလမ်းလေးလောက်တော့မလှပေမဲ့ နဲနဲတော့လှပါသေးတယ်

















ဘာပင်တွေမှန်းတော့ မသိဘူး၊ ကျွန်တော်တို့ အပင်တွေကတော့ ကျွန်းစစ်စစ်တွေပါဗျာ၊ ဟဲ ဟဲ ဥပဒေလည်းထုတ်ထားတယ်နော်၊ သစ်တပင်ခုတ် ထောင် ၃ နှစ်တဲ့၊
ခင်ဗျားတို့ အခုမြင်ရတဲ့ သစ်ပုံကြီး တွေကြည့် ပြီးတော့ စိတ်ညစ်မသွားနဲအုန်း၊ အဲဒါနိုင်ငံခြား ငွေရဘို့အတွက် ရောင်းရမှာပါဗျာ။ ဒီလိုဒီလိုလည်း ပြန်စိုက်ထားပါတယ်၊








>>>ဆက်ဖတ်ရန်>>> >>