Showing posts with label ပန်းသတင်း (သြဂုတ်). Show all posts
Showing posts with label ပန်းသတင်း (သြဂုတ်). Show all posts
Wednesday, August 18, 2010
ပန်းသတင်း (သြဂုတ် ၁၈)
ရွှေလသာဝါ၀ါဝင်း
စာရေးသူ - ဆင်ဖြူကျွန်းအောင်သိန်း
"အဘိုးကြီး၊ ဘာတဲ့တုံး"
    ပုစဉ်းရင်ကွဲအော်သံများကြောင့် ဘဆေးရိုး စိတ်ညစ်နေသည်။ အိုက်ကလည်း အိုက်၊ ပူကလည်းပူ၊ မိတ်ကလည်း ယားသဖြင့် မနေတတ် မထိုင်တတ်ဖြစ်နေသည်။
    ပုစဥ်းရင်ကွဲများက အော်ပဲအော်နိုင်လွန်းသည်။ သူတို့အနားသို့ သက်ရှိ သတ္တ၀ါတစ်ကောင်ကောင် ရောက်သွား မှ အအော်ရပ်သည်။ တစ်ကောင်ကစတင်ပြီးအော်လျှင် မရပ်တော့ပြီ။ အော်သံတွေ များသည် ထက်များ လာသော အခါ ဘဆေးရိုးမှာ လွတ်ရာကင်းရာအရပ်သို့ ထပြေးချင်သည်။
    'ဘာလုပ်ရပါ့၊ တယ်ခက်ပါကလား'
    လေးထပ်ကျောင်းဝိုင်းဘက် ဓာတ်ပေါင်းစုဘုရားဘက်သို့ ပြေးချင်သည်။ ခြေခင်းလက်ခင်းလည်း မစိုးရမ်ရ။ သို့ရာတွင် ပုစဉ်းရင်ကွဲတို့ကား ရှောင်၍မလွတ်။ သစ်ပင်တွင်၊ ချုံတွင် သူတို့ရှိသည်။ သို့ဖြစ်လျှင် ချောင်းတိမ်ယာထဲသို့ ပြေးမည်လော။ ပုစဉ်းရင်ကွဲတစ်ကောင်တလေသာ ရှိသည် သို့သော် မြွေပါး ကင်းပါး စိုးရိမ်ရသည်။
    'တယ်ခက်ပါကလား၊ ဘာလုပ်ရပါ'
    ဘဆေးရိုးကြံရာမရဖြစ်နေစဉ် ဘွားကျီးဒန် ရောက်လာသည်။ အရင်းမရှိ အဖျားမရှိမေးသည်။ မှောင်ထဲ မှာပင် ဘဆေးရိုး မော့ကြည့်သည်။
    "ဘာပြောတာတုံး၊ သည်အမယ်ကြီးက တစ်မှောင့်"
    ဘွားကျီးဒန် စိတ်တိုသွားသည်။
    "ရွာဆော်လှမောင် အော်သွားသံကြားတော့ ကြားတယ်၊ မသဲကွဲလို့ လာမေးတာ တော်ရေ့"
    ဘွားကျီးဒန်ဆက်မပြောနိုင်။ 'မီးဖိုကျင်း'ဘက်သို့ ပြန်သွားသည်။ ရန်ဖြစ်ဖို့ထက် ဟင်းအိုးက အရေးကြီး သည်။ 'ရေလည် ဆီလည်'ချက်ထားခြင်းဖြစ်သည်။ ရေအကျန်များလျှင်ကောင်း။ ရေခန်းသွားလျှင်လည်း အရည် ဆမ်းစရာ နည်းသဖြင့် တာမသွား။ ထို့ကြောင့် မီးခွက်ကိုမြှောက်ကြည့်သည်။ မီးစာတွင် အသီးသီးကြီး သီးနေသဖြင့် အလင်းအားမရှိ ဘွားကျီးဒန်သည် 'မီးကျီးသီး'ကို ခြွေပစ်ငြား အားရပါးရ လင်း မလာပါ။ မီးစာတိုနေသောကြော်င့ ဖြစ်သည်။ မီးစာရှည်လျှင် အလင်းရောင်ပိုရသည်။ သို့ကြောင့် မီးစာကို မြှင့်ရန် ဟိုစမ်းသည်စမ်း စမ်းသည်။
    အင်္ကျီဝတ်မထားသောကြောင့် ဘော်လီချိတ် အကြီးအသေးရှာမတွေ့။ ထိုအခါ ဘွားကျီးဒန်သည် မီးခွက် အဖုံး ကို ဖွင့်သည်။အ၀တ်စုတ်မီးစာ ကို လိမ်ကျစ်ပြီး အပေါ်သို့ ထိုးတင်သည်။ ချက်ပြုတ်နေသော လက် တွင် ရေနံဆီ နံ့တထောင်းထောင်း နံစော်ခြင်းသာ အဖတ်တင်သည်။ မီးရောင်အားကား တက်မလာ။
    ဘွားကျီးဒန်သည် ဟင်းအိုးကိုစောင်း၏။ လှုပ်၏။ ဟင်းရည်တွေ လှုပ်ရှားငြား ဘွားကျီးဒန်မြင်သမျှကိုလည်း အားမရ။ မီးဖိုထဲမှ မီးစတစ်စကို ဆွဲယူသည်။ မီးစ၌ တောက်လောင်နေသော မီးတောက်က မီးခွက်ထက် အလင်း အားကောင်းသည်။ သို့သော် ဟင်းအိုးပေါ်သို့ မီးတောက်မရောက်မီ မီးတောက်ငြိမ်းသွားသည်။
    မိတ်ယားလာသော်ငြား ကုတ်ဖဲ့ချင်စိတ်ကို ချုပ်တည်းပြီး ဘွားကျီးဒန် သည်းခံပါသည်။ စိတ်ရှည်ပါသည်။ စိတ်ရှည်စွာဖြင့် မီးတောက်ပါသော ထင်းစတစ်စကို ထပ်မံဆွဲယူသည်။ မီးဖိုကျင်းတစ်ခုလုံး ထိန်လင်း နေအောင် မီးတောက်အား ကောင်းပါသည်။
    ဟင်းအိုးကို ဘွားကျီးဒန် သေချာစွာကြည့်သည်။ သေချာစေရန် ယောက်မဖြင့် မွှေကြည့်နေဆဲတွင် မီးကျီး ကြွေကာ မီးတောက်ကြီးသည် ဟင်းအိုးထဲသို့ တန်းကျသွားလေ၏ ။ ဘွားကျီးဒန်၏ လက်သည် မီးတောက် နောက် သို့ ထပ်ကြပ်မကွာလိုက်ပါသွားငြား ဟင်းဖတ်ကိုသာ စမ်းမိသည်။ ရေနံဆီနံ့သင်းနေသော လက် ကို ဟင်းအိုးထဲ မှ အသော့အလျင်ရုပ်၏။ ဟင်းဒအိုးတစ်အိုးလုံး ရေနံဆီနံ့ နံကုန်ပါက ခက်ရချည့်။ ဘွားကျီးဒန် သည် ကြံရာမရ ဘဆေးရိုးရှိနေလောက်သည့် ကပြင်ကို လှမ်းကြည့်သည်။ တုတ်မီးရောင် ၀င်းခနဲမြင်ရ၏။
    "ဘယ်သူတုံးဟဲ့"
    "အမေကြီး ကျုပ်လေ၊ ဘာခိုင်းမလို့တုံး"
    မောင်ကိုကြီး၏ အသံဖြစ်သည်။
    "ဟင်းအိုးထဲကို မီးစကြီး ကြွေကျသွားလို့ဟယ် လာစမ်းပါဦး၊ အင်း အိုမင်းမစွမ်းဘ၀ဟာ မကောင်း ပါဘူးဟယ်"
    မောင်ကိုကြီးမှာ ဟက်ခနဲ တစ်ချက်သာ ရယ်နိုင်၏။ သူ့အမေကြီး၏ နောက်ဆက်တွဲ ညည်းတွားသံက သူ့ပါးစပ် ကို ကြမ်းတမ်းစွာပိတ်ပစ်သည်။ ထို့ကြောင့် ဟင်းအိုးထဲသို့ တုတ်မီးဖြင့် ထိုးပြသည်။ ဟင်းရည် တွေကို စုပ်မျိုနေသော မီးသွေးခဲကြီး မှာ လေးသစ်ခန့်ရှိသည်။
    "အမေကြီးလက်က ရေနံဆီစော်နံတယ် လူလေး"
    မောင်ကိုကြီးလည်း မဆယ်ချင်။ သူ့ လက်မှာသာမက တစ်ကိုယ်လုံးမှာ နွားစာ'စဉ်းဖတ်'တွေ ပေလူး နေ၏။ သို့ရောတွင် သူ့လက်က အမေကြီး၏လက်ထက် အခြေအနေကောင်းသည်မဟုတ်ပါလား။ မီးသွေခဲ ကို ဆတ်ခနဲနိုက်ယူပြီး ဖိုခုံလောက် (ဖိုခနောက်)ပေါ်သို့ တင်ထားပေးခဲ့လေ၏။
    "အဲဒါပဲ ဘရေ၊ တစ်အိမ်တစ်ယောက် ကိုလှမောင် အော်သွားတာ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆွေးနွေးဖို့တဲ့ဗျ"
    ခုန 'ဘာတဲ့တုံး'ဟု ဘွားကျီးဒန်မေးခြင်းမှာ ဤကိစ္စဖြစ်သည်။ ဘဆေးရိုးမှာ မိတ်ယားသည့် ဝေဒနာ၊ နားညည်း သည့် ဒုက္ခတို့တွင် အာရုံရောက်နေသဖြင့် မကြားလိုက်ပေ။
    "ဘသွားမှကောင်းမှဗျ"
    "သလို ဆိုလည်း သွားတာပေါ့ကွာ၊ နို့မင်းကကော"
    "ကျုပ်လာလို့မဖြစ်ပါဘူး ဘရာ။ ကျုပ်က ရွာလယ်လမ်းကို အင်္ဂတေခင်းဖို့ ပြောမိမှာဗျ။ ရွာထဲမှာ လှည်းတွေ ဖြတ်သွားတိုင်း ဖုန့်နံ တထောင်းထောင်းထနေတော့ အိမ်တိုင်းမှာ ဖုန်ချည်းပဲ။ လူတိုင်းလည်း ချောင်း တဟွပ်ဟွပ်နဲ့"
    ဘဆေးရိုး၏ သွားကျိုးပါးကျိုး ရယ်မောသံကြီးကို ကြားရသည်။
    "ကိုယ့်မြေးကို တန်ဖိုးထားတဲ့ ဘကတောင် ရယ်နေမှတော့ သည့်ပြင်လူတွေဆိုပိုဆိုး မှာပေါ့ဘရ"
    "ကတ္တရာလမ်း ဆို ပိုမကောင်းဘူးလား လူလေး"
    ဘဆေးရိုး သည် အရယ်အမေရပ်ပြီးမှ မီးဖိုကျင်းဘက်သို့ လှမ်းပြော၏။
    "ကျီးဒန်ရေ အစည်းအဝေးရှိသဟ"
    ထိုသို့ သတိပေးပြီးမှ မြေးကို ဆက်ပြောသည်။
    "အေးကတ္တရာလမ်းတို့ အင်္ဂတေလမ်းတို့ မတတ်နိုင်သေးခင် လှည်းဘီးရာတွေထဲမှာ 'ချောင်းထဲက ကျောက်' တွေ ထည့်ရင်မကောင်းဘူးလား။ သည်လိုဆိုလည်း ဖုန်မထတော့ဘူးလေကွာ"
    "ဒါလည်းရပါတယ် ဘ"
    "ခေတ်ဗဟုသုတရှိတဲ့ မင်းလိုကောင် မလာလို့ဖြစ်မလားကွ။ ကဲကဲ ထမင်းသွားစားချေ၊ ဘာချက်သတုံး"
    "ငရုတ်သီး ချက်ရင်ချက်၊ မဟုတ်ရင် ချဉ်ပေါင်ရွက်ပေါ့ဘရာ"
    မောင်ကိုကြီးသည် ဖြေလည်းဖြေ၏။ ဖုတ်ဖက်ခါထရင်း အပြေးအလွှားလည်း သွား၏။ အပြေးအလွှား သွားခြင်းမှာ 'ဘနဲ့အတူစားကွာ' ဟု ခေါ်မည်စိုးသောကြောင့်ဖြစ်သည်။ အစားသေးသော အိုမင်းမစွမ်း နှစ်ယောက် ၏ တစ်နပ်ထမင်းသည် မောင်ကိုကြီး တစ်နပ်စာပင် မရှိပေ။
    မောင်ကိုကြီး အပြေးထွက်သွားလျှင် ထမင်းပွဲရှိရာသို့ ဘဆေးရိုး ထလာသည်။ မီးစာကို လိမ်ကျစ်ပြီး ထိုးသွင်း ထားသဖြင့် မီးစာတွင် ဆီအလိုက်မကောင်းတော့ပြီ။ ဆီအလိုက်မကောင်းသော မီးစာမှာ အလင်းအား ညံ့နေသည်။ သည်မမြင်မကန်းအလင်းရောင်အောက်တွင် ဘဆေးရိုးထိုင်သည်။ ကိုယ့်ပါးစပ်ကို ကိုယ် သိသောကြောင့် ပန်းကန်ထဲသို့ တစ်လုတ်စာသာထည့်သည်။
    မန်ကျည်းရွက်ဟင်းချုမှာ ချဉ်သည်ဆိုရုံမျှဖြင့် ပြေပြေကလေးဖြစ်သည်။ နှမ်းဖတ်ချဉ်သုပ်နှင့် ငရုတ်သီးချက်မှာလည်း အဆင်ပြေငြား တစ်လုတ်စာ ထမင်းမျှကို ဘဆေးရိုးမကုန်ချင်။ သို့ရာတွင် ရှေးအဘိုးကြီး သည် ဆန်ကို တန်ဖိုးထားသောကြောင့် ထမင်းကို လွှင့်မပစ်ရက်။
        ဆည်မြောင်းတွေ မရှိမီကာလက လယ်ကွက်ထဲသို့ ရေတစ်စက်ရောက်ရှိ ရေးသည် အလွန်ခက်ခဲလွန်း ပင်ပန်း လွန်း၏။ ထိုအခါ စပါးတစ်ပင် ဖြစ်လာရေး၊ စပါးစေ့တစ်စေ့ အောင်မြင်လာရေးသည် အဖိုးတန် အခွင့် အရေးဖြစ်သည်။
    သို့ကြောင့်မျို၍မရ၊ ခံတွင်းမတွေ့တော့သော ထမင်းကို ဟင်းချိုဖြင့် မျှောချလိုက်ပြီးနောက် ရွာလယ် ၀တ်ကျောင်း သို့ သုတ်ခြေတင်ခဲ့လေတော့၏။
    "ဘသောင်းတို့၊ သာဒွန်းတို့မရောက်ကြသေးဘူးဟ"
    တိုင်တစ်တိုင် ကို ၀င်မှီရင်း ဘဆေးရိုးကမေးသည်။ ရမ်းဘိုကုန်းတစ်ရွာလုံးတွင် သူနှင့်သက်တူရွယ်တူမှာ သည်နှစ်ယောက် သာ ကျန်တော့သည်။ သည်နှစ်ယောက်သာလျှင် သူပြောသောစကားများကို နားလည် တော့ သဖြင့် သည်အမည်များကို ရေရွတ်မိခြင်းဖြစ်ပေ၏။
    "ရောက်ပါပြီကွာ၊ မင့်ထက်ဝီရိယကောင်းသကွ"
    ဦးဘသောင်းက ဖြေင့်ဖြောင့်တန်းတန်း တုံ့ပြန်သောငြား ဘိုးသာဒွန်းကမူ အဆဲခံချင်သောကြောင့် ဆဲစရာ အစကို ဆွဲထုတ်သည်။
    "ဘာတုံး၊ လူတွေအများကြီးထဲမှာ ငါတို့နှစ်ယောက်ထဲ ကွက်ပြီး မေးတာက ဘာသဘောတုံး၊ ရှိခိုး ချင်လို့လား၊ ကန်တော့ချင်လို့လား"
    "မင့်အမေနေကောင်းလား မေးမလို့ဟေ့"
    လူမရှိဟုထင်ရသော ၀တ်ကျောင်းထဲမှ ၀ါးခနဲရယ်မောသံများကြောင့် လူရှိကြောင်း ယခုမှ ပေါ်လွင် တော့သည်။
    "မင့်အသက် မငယ်တော့ဘူး ဆေးရိုး"
    "အေးမင်းလည်း သေခါနီးပြီ၊ သတိထား"
    "ငါက အကောင်းပြောတာပါ မောင်ရာ"
    "ငါကလည်း စေတနာနဲ့သတိပေးတာပါကွာ"
    သက်ကြီးရွယ်အိုတို့၏ ဗရွှတ်ရွှတ်တ စကား၊ ထေ့သံငေါ့သံ များသည် လူငယ်လူလတ်တွေ တခိုးခိုးတခွိခွိ ရယ်မောရွှင်ပျစရာဖြစ်နေ၏။
    လူများလည်း သုံးယောက်တစ်တွဲ၊ လေးယောက်တစ်တွဲ အရောက်စိပ်လာငြား ၀တ်ကျောင်းပေါ်သို့ တက်သူ နည်းပါး၏။ တံစက်မြိတ်အောက် လရောင်ထဲတွင်သာ အထိုင်များ၏ ခုံဖိနပ်ကို ဖင်ခုသူခု၊ သစ်တုံး ပေါ် ထိုင်သူထိုင်၊ အစည်းအဝေးစပြီ။
    "ကျွန်တော်တို့ရဲ့ ကျေးရွာဖွံ့ဖြိုးရေးအတွက်"
    ကိုလှမောင်က သည်မျှသာ စရုံရှိသေးငြား အသံတစ်သံ အစွန်ထောင့်မှ ထွက်ပေါ်လာသည်။
    "လွယ်ပါတယ်ကွာ၊ အင်ဂျင်မီးထွန်းမယ်ကွာ၊ နိုင်လွန် ကတ္တရာခင်းမယ်ကွာ"
    တီးတိုးသံ များ အနှံ့အပြားပေါ်လာကာ အသံကျယ်ကျယ် တစ်သံလည်း ထွက်ပေါ်လာသည်။
    "အဲသာက ပိုက်ဆံအများကြီး ကုန်မှာဟ ငခွေးရ"
    "စိန်မောင်လို့ခေါ်ပါဗျ"
    "နှုတ်ကျိုးနေပြီဟ ငခွေးရ၊ အဲပိုက်ဆံနည်းနည်းနဲ့ လုပ်လို့ဖြစ်တာကတော့ ရွာခရိုးကို ခြံခတ်တာပဲကွ။ ရွာခရိုး ကို ဆူးခက်တွေ ကာထားတာခေတ်မမီဘူး၊ မလှဘူး။ ချုံတွေပေါက်တော့ မြွေအောင်းတယ်"
    "ပုတတ်ခို သာလည်း ထည့်ပြောပါဦး"
    "ဟုတ်သယ်၊ ဟုတ်သယ်"
    ရယ်မောသံများ ဆူညံသွားသည်။ ရွာဆော်က လက်နှစ်ဖက်ကားပြီး အငြိမ်ခိုင်းသည်။
    "အေးဖေ ၀ါးဖောင်တစ်ဖောင် အချောင်ရလိုက်လို့ တစ်ရွာလုံး ခြံခတ်မယ် ပြောနေတာကွ"
    "ကဲကဲ နားထောင်ကြပါဦး။ ကျွန်တော်ပြောချင်တာက ကျန်းမာရေးမျက်စိနဲ့ကြည့်ပြီး အဦးဆုံးလုပ်သင့်တဲ့ ယင်လုံအိမ်သာ ဆောက်ကြဖို့ ဆွေးနွေးမလို့ပါဗျာ"
    "ယင်ကတော့ကွာ အတောင်ရှိတဲ့ တိရိစ္ဆာန်ဆိုတော့"
    "ပိုးကောင် ပါဗျာ၊ တိရစ္ဆာန်မဟုတ်ပါဘူး"
    အလယ်ပိုင်း တွင် ထိုင်နေသူနှစ်ဦးက ထငြင်းနေသဖြင့် ရွာဆော်မှာ ဖျန်ဖြေရပြန်သည်။
    "၀မ်းရောဂါ၊ ၀မ်းလျှော၊ ၀မ်းပျက်၊ ၀မ်းကိုက်"
    "ဦးလှမောင်ရေ တော့်မိန်းမနဲ့ တော့်နှမသတ်နေကြလို့"
    စူးစူးဝါးဝါး မိန်းမသံကြောင့် ရွာဆော်ဆင်းပြေးသည်။
    "ကျုပ် တို့ဝိုင်းဖျဉ်တဲ့ကြားထဲက"
    ရွသား များသည် ဖတ်သီဖတ်သီပြေးသွားသော ရွာဆော်ကို လှမ်းကြည့်ကြသည်။
    "သည်ကောင် ဘယ်သူ့မှ မနိုင်ဘူး။ မယားကိုကြောက်ရသယ်၊ နှမက ကျောင်းဆရာမဆိုတော့ ရိုသေ ရတယ်"
    အုန်းခနဲ ရယ်မောသံအစဲတွင် ဟိုနေရာတစ်ဝိုင်းသည် သည်နေရာတစ်ဝိုင်းဖြင့် စကားဝိုင်း များ ဖြစ်လာသည်။ ရွာတောင်ဖျားမှ အော်ဟစ်သံများကိုပင် ရွာလယ်ဝတ်ကျောင်းမှ ကြားရသည်။
    "လူလေးကတော့ ယင်လုံအိမ်သာအကြောင်း ပြောဖူးသကွ ဘသောင်းရ"
    "အေးငါလည်း ကြားဖူးပါသယ်။ ယင်ဟာ ရောဂါပိုးသယ်ဆောင်တဲ့ ယင်မရှိအောင် ယင်လုံအိမ်သာ ဆောက်သင့် သတဲ့ကွ"
    ရွာသားများသည် တစ်ယောက်ဆင်းသွား၊ နှစ်ယောက်ထသွား၊ သုံးယောက်ထသဖြင့် ရွာလယ် ၀တ်ကျောင်းမှာ မူလအခြေအနေအတိုင်း ပြန်လည်တိတ်ဆိတ်သွားလေရာ၊ ဦးဘသောင်းနှင့် ဘဆေးရိုး သာကျန်ခဲ့သည်။ ရွာဆော်ဦးလှမောင် ကား ဇနိးနှင့် နှမကို ဖျန်ဖြေရာက အမေနှင့်ဒွေးလေး၊ ခယ်မ၊ မရီး တို့ကို ဆက်လက်ဖျန်ဖြေနေရသည်။
စာရေးသူ - ဆင်ဖြူကျွန်းအောင်သိန်း
.
>>>ဆက်ဖတ်ရန်>>> >>
Monday, August 16, 2010
ပန်းသတင်း (သြဂုတ် ၁၆)
နေရင်းထိုင်ရင်း ကုသိုလ်ရလိုက်ခြင်း
စာရေးသူ - ဆင်ဖြူကျွန်း အောင်သိန်း
 မြလှိုင်းတွန့် များပြေးလွှားသံမှ အပ လယ်ပြင်ကြီးတခုလုံး တိတ်ဆိတ်အေးချမးလျက် ရှိရာ ဒေါသတကြီး ထိုးဆင်း လာသော ငှက်ခါး တကောင်၏ အော်သံကြောင့် ပွက်လောရိုက် သွားတော့သည်။
ရီးဆေးရိုးမှာ တုန်ခါသွား၏ လက်ထဲမှ ဆေးပေါ့လိပ် လွတ်ကျလု လွတ်ကျခင် ဖြစ်သွားရ၏။ အဲဒါကြောင့် နင်တို့ကို ငှက်သရော နှဲကောမိလို့ ပြောတာ
မော်ကြည့်ပြီး မကျေမချမ်းပြောမိ၏
လယ်ပွဲအသီးသီးတွင် လယ်ကန်သင်းများ တစ်လျှောက် ပဲပင်များ စိုက်ထားကြသည် အပွင့် ဝါကလေးတွေ အပွင့်ပြာ အပွင့်ဖြူကလေး တွေ ပြူစပြုပြီ သားဦး ကို လွယ်စ မိန်းမချော၏ အလှနှယ် သန္ဓေတည်စ စပါးနှံ ငိုက်ငိုက် များတွင် နှင်းစက်နှင်းပေါက် ကလေးတွေ ခိုသီးနေသည်း။ သည်အရာများတွင် တကြည်နူးနူး တမြူးရွှင်ရွှင် အာရုံ ဝင်စား လာချုက်ကို ရုတ်တရက် ထိုးဆင်းလာသော ငှက်ခါးအော်သံက နှောင့် ယှက်လိုက်သော အခါ ရီးဆေးရိုးမှာ လန့်ဖျပ်သွားရတော့၏။ ငှက်ကား ရီးဆေးရိုး စိတ်ဆိုးသည် မဆိုး သည်ကို မသိပါ ထန်းပင်ပေါ် ပြန်ရောက်သွားကာ ကြမ်းတမ်းသော အသံဖြင့် တစ်ချက်ချုင်းမြည်နေလေ၏။ ပုဇွန်လုံး ကို တကောင်သည် တွင်းဝမှ ထွက်ကာ ပါးစပ်မှ အမြှုတ်တစီစီ ထုတ်ရင်း နေစာလှုံနေ၏း ရီးဆေးရိုးကို မြင်လျှင် အမြှုတ် အထုတ်ရပ်ကာ လက်မများကို ထောင်ထား၏၊ 
ရီးဆေးရိုးသည် ပုဇွန်လုံး အခွံတစ်ခုကို တက်နင်းခဲ့သည် ခွေးစားအပြီး ကျီးစား အပြီးတွင် ကျန်ခဲ့သော ကန်သင်းတစ်လျှောက် တင်နေသော ပုဇွန်လုံး အခွံများမှာ များသောအားဖြင့် ကျီးစားထားသော အကျန်အကြွင်းများ ဖြစ်၏။ 
ကျီးသည် တွင်းဝတွင် လာစောင့်နေပြီး ထွက်လာမှ ဖမ်းစားခြင်းထက် အတင်းထိုးသုတ် ဖမ်းဆီးသည်က များ၏ စားသည့် အခါ ပက်လက်လှန်ပြီး ဗိုက်သား အပျော့ကို ထိုးဖောက်စားရာ ကျန်ခဲ့သော အခွံများ သည် ပက်လက်ဟောင်းလောင်း အနေအထားချည်းတည်း။
ရီးဆေးရိုးမှာ ပုဇွန်လုံး အခွံကို နင်းမိမှ ငုံ့ကြည့်ရန် သတိရ၏။ ခြေဖဝါးသည် ဆင်သားရေတမျှ ထူထဲ မာကြောနေငြား ပုဇွန်လုံး ကို ကြောက်သည် ထို့ော့ာင့် ရှောင်ပြီး နင်းလာခဲ့ရသည်။
လယ်ပွဲထိပ်မှာ ညောင်ပင်ကြီးသည် ရွက်လှရွက်သစ်များ တဖျဖ်ဖျပ် ခတ်လျက် ရီးဆေးရိုးကို ကြိုလင့်သည်။ ရီးဆေးရိုးသည် ညောင်ပင်ရိပ်ဝန်းကျင်ကို တစ်ချက်အကဲခတ်ပြီးနောက် လယ်နယ်ဘက်သို့ လျှောက်လာခဲ့သည်။ ကန်သင်းစုံအောင်၊ ကတွက်ပေါက်စုံအောင် ကြည့်ရင်း ရိတ်စရာမြက်ကို ရှာသည်။ မြက်များကား တိုသေးချေသည်။လက်လေးချောင်းဖြင့် ဖမ်းယူဆုပ်ကိုင်၍ အပေါ်သို့ အစမထွက်လျှင် ရိတ်၍မကောင်း။ ထို့ကြောင့် ကန်သင်းတစ်ခုပြီး တစ်ခု ဖြတ်သန်းခဲ့သည်။
    အမှန်မှာမူ ရှိသောမြက်ကို တစ်ကန့်စီ တစ်ကန့်စီ ရိတ်ယူပြီး ကောက်ရိုးကောက်လှိုင်းတို့ဖြင့် နွားကျွေးလေ့ ရှိသည်။ သို့သော် မိမိက ချွေတာပြီး မွေးထားသမျှ မြက်မှာ မြက်သူခိုးအတွက် ဖြစ်နေတတ်သဖြင့် မွေးမထားတော့ပေ။ ရှည်လာလျှင် အကုန်ရိတ်၊ အကုန်ကျွေးပစ်ရသည်။ သည်နည်းဖြင့် ယခုကန်သင်းများတွင် ရိတ်နိုင်လောက်သော မြက် နည်းပါးနေရချေပြီ။ ကန်သင်းနှံ့အောင် လျှောက်ရသောကြောင့် ရီးဆေးရိုး၏ ဒူးအောက်ပိုင်း တစ်ခုလုံး ရွှဲရွှဲစိုနေသည်။ စပါးနှုံတွင် သီးနေသော နှင်းစက်များ၊ ပဲရွက်တွင် တွယ်နေသော နှင်းပွင့်များကြောင့် ဖြစ်သည်။
    ''ကဲ…လျှောက်နေလို့ မပြီးသေးဘူးဟ၊ ရိတ်ဦးမှ''
    နောက်ဆုံးတွင် တစ်ကိုယ်တည်း ရွေရွှတ်ပြီး ငချိပ်ကောက်ညှင်းခင်းဘေးတွင် ထိုင်ချလိုက်၏။ သို့တစေ သည်မှာလည်း မရိတ်သာ။ ကောက်ညှင်းခင်းမှ ငချိပ်စပါးစေ့ကလေးများသည် အခွံမြှေးပါးကို ခွဲထွက်လာခဲ့ပြီ။ ညိုမှောင်သော ဇာတိသွေးကို ပြနေကြပြီ။ သည်ကောက်ညှင်းခင်းသည် အစောဆုံးစိုက်ရာ၊ အစောဆုံးရိတ်ရလိမ့်မည်။ သို့ဖြစ်ပါက ရိတ်နိုင်ပြီးလား။
    ရိတ်နိုင်လျှင် ရိတ်ယူသွားပြီး ပုတ်ခါကာ စဉ်းကျွေးရသော် နွားများ ခေါင်းမဖော်အောင် စားကြလတ္တံ။ သည်အတွေးဖြင့်  စပါးတစ်စေ့ကို အခွံခွာကြည့်သည်။ မရသေး၊ နို့ရည်ခဲသာသာမျှသာ ရှိသေး၏။
    အိမ်တွင် ကောက်လှိုင်းရိုး ရှိသေးသည်။ ကောက်ရိုးပုံမှာလည်း အရာသော်မျှ မယွင်းသေးရှိသော်ငြား၊ လုပ်ဖော်ကိုင်ဖက်ကြီးတွေကို မြက်ရနေသော သည်နှယ်ရာသီ၌ ကောက်ရိုးချည်း ကျွေးရန်မှာ မတရားပေ။ မြက်စိမ်းစိမ်း စိုစိုကလေးပါမှ ဖြစ်မည်။
    ရီးဆေးရိုး မျက်စိကစာသည်။ မြောင်းပေါင်ပေါ်   မြက်ရှိသည်။  နွားကြိုက်သော မြက်ဟူ၍ နီရဲစွင့်လန်းသော နရားမြက် တစ်ပင်တလေသာရှိသည်။ အများစုမှာ မြက်ခါး၊ထို့နောက် လှီကင်းသော ပန်းတော်ဖြူများသာ၊ နွားကြိုက်သော ပန်းတော်နီ မရှိ။ သို့ဖြင့် သည်မြက်များကိုပင် ရီးဆေးရိုး ရိတ်ရတော့သည်။ ကောက်ရိုးချည်း ကျွေးရသည်နှင့်စာသော် တော်သေးစွ။
    မြက်ထုံးကိုရွက်လျက် ရမ်းဘိုးကုန်းရွာ တခါးဝတွင် ရီးဆေးရိုး ခြေချမိသည်နှင့် တစ်ပြိုက်နက် လေးထပ်ကျောင်းမှ   ဆွမ်းစားခေါင်းလောင်းထုံးသံသည် လွင့်ဝဲလာလေ၏။ အေး လေး နေသော ခြေထော်များ သွက်လက်လာသည်။
    နေမပူသည့်အတွက် စောသေးသည် ရီးဆေးရိုး ထင်နေခဲ့သောကြောင့် အေးဆေး နှေးကွေးနေခဲ့ခြင်း ဖြစ်ပေသည်။ ယခုသော်ကား ဖုတ်ပူမီးတိုက် ဖြစ်ပြီ။ အိမ်သို့ လှမ်းမျှော်ကြည့်သည်။ အမယ်ကြီးအို မရှိ။ အိမ်တံခါးကို သံကောက်ချိတ်ကာ ပိတ်ထားသည်။ ခိုင်းနွားကြီးနှစ်ကောင် နှင့် သားအမိသုံးကောင်မှာ မန်ကျည်းပင်ရိပ်တွင် ရှိနေဆဲ။ ၀ါးချိုင့်တွင်းမှ ကောက်ရိုးကို အသာပြေ၀ါးနေရငြား နွားတင်းကုပ်ဘက် တမျှော်မျှော်ဖြင့်။
    '’ဒီအမယ်ကြီး ဘယ်သွားနေပါလိမ့်။ အခုထက်ထိ နွားမကျွေးရသေးပါကလား’'
    ရီးဆေးရိုး ဗျစ်တောက်ဗျစ်တောက်မြည်ရင်း အိမ်ဝိုင်းထဲဝင်လာသည်။ မြက်ထုံးကို နန်းတိုင်ဘေးတွင် ချလိုက်ပြီး တင်းကုပ်ထဲဝင်လာသည်။ လူမရောက်မီ မျက်လုံးအစုံက နွားစာခေါင်းသို့ ရောက်သွားသည်။ ပုပ်ဟောင်နေသော နွားစာဟောင်းနှင့် ရေသိုးများ မရှိ။ ယမန်နေ့က ကျန်သော မြက်ကို စဉ်းကာ ကောက်ရိုးစဉ်းနှင့် ရောပြီး အသင့်ထည့်ထား၏။
    ''အင်း…တော်ပါသေးရဲ''
    ယင်းသို့မဟုတ်ပါက နွားတွေမှာ ဆာလှပြီ။ သည်မှာက စဉ်း၍မပြီးသေးနှင့် အလွန်စိတ်ပင်ပန်းရသည်။ ယခု အသင့်ရှိနေသောအခါ ရီဆေးရိုး မျက်နှာကြည်လင်သည်။ ရေသည်မွှေနှောက်ပြီးလျှင် နွားများကို ရွှေ့ချည်ပေးလိုက်ကာ နွားစာစဉ်းသော နန်းတိုင်ဘေးတွင် ကားကားကြီး ထိုင်ချုလိုက်၏ ။ နွားစာစဉ်းပြီးသားမှာ ခြင်းကြားတောင်းဖြင့် တစ်လုံးအပြည့်သာ ရှိထားသဖြင့် နားနေ၍ မဖြစ်သေး။ စဉ်းရ ခုတ်ရဦးမည်။
    သို့သော် အရေးထဲတွင် ဆေးလိပ်သောက်ချင်ရသေး၏။ ခါးပိုက်ထောင်ထဲမှ မီးခတ်နှင့် ဆေးလိပ်ကို ထုတ်ယူနေဆဲတွင်  ''ဟော…အတော်ပဲ တော်ရ့၊ တော်ပြန်ရောက်တာနဲ့ အတော်ပ'' ဆိုသော  ရီးကျီးဒန့်အသံကို ကျောဘက်မှ ကြားရ၏။ ရီးကျီးဒန် ဆက်ပြောမည့်အသံကို နားစွင့်ရင်း ရီးဆေးရိုး မီးခတ် ခတ်သည်။ ဆေးလိပ်ညှိသည်။ ဥနှဲရိုးဆေးစပ်ကို ပြောင်းဖူးဖက်ချေဖြင့် လိပ်ထားသော ဆေးလိပ်မှာ ချိုမွှေးလှသည်။
    ''ကဲ…နွားစာစဉ်းဖို့ကို ချထားလိုက်ဦး''
    သူ့ဘေးနားသို့ ရီးကျီးဒန် ရောက်လာသည်။ရီဆေးရိုးသည် မြက်ထုံးဘွဲ့ (စည်းသောကြိုး) ကို ဓားဖြင့် ခုတ်ဖြတ်ပြီး မြက်တစ်ဆုပ် ဆွဲယူရာက ချထားလိုက်သည်။
    ''ကောက်လှိုင်းရိုး ၀ယ်မယ့်လူ လာနေလို့တော်ရဲ့''
    ''ဟေ''
    ရီးဆေးရိုး ၀မ်းသာအားရ အော်၏ ။ လယ်ထဲမှ လှည်းဖြင့် တိုက်ယူလာခဲ့သော ကောက်လှိုင်းများကို နွားဖြင့် နယ်၍ စပါးစေ့များ စင်ကြယ်သွားသော အရာသည် ကောက်ရိုးဖြစ်၏။ ကောက်လှိုင်းတစ်လှိုင်းကို သုံးလေးဆုပ်ခွဲပြီး အလှိုင်းတစ်ရာကို ငါးကျပ် နှုန်းဖြင့် ငှားရမ်းပုတ်ခါကာ ပြည်လည်စည်းနှောင်ထားသော အရာကိုကား ကောက်လှိုင်းရိုးခေါ်၏။
    သည်ကောက်လှိုင်းရိုးသည် ကောက်လှိုင်းလောက် မကြီးပေ။ တစ်ခါပုတ်နိုင်ရုံ ယူငင်ပြီး စည်နှေုာင်ထား သောကြောင့် ကောက်လှိုင်း၏ လေးပုံတစ်ပုံ၊ သုံးပုံတစ်ပုံမျှသာ ရှိသည်။ သည်ကောက်လှိုင်းရိုး၏ ပေါက်ဈေးမှာ တလင်းတွင်  ၁၀ ကျပ်၊ ၂၀ ရှိ၍ တော်သလင်း၊ သီတင်းကျွတ်တွင် ၃၅ ကျပ်၊ ၄၀ ဈေး ဖြစ်လေ့ရှိသည်။
    ယခု တန်ဆောင်မုန်းပင် ကုန်ခဲ့ပါပြီကော။ ကောက်ရိုးရှိသူပင် အတော်ရှားနေပြီ။ သို့ဆိုလျှင် ငါးဆယ်ဈေးသည် ပြေးမလွတ်ပါတကား။ သည်အတွေးကြောင့် ရီးဆေးရိုး   ''ဟေ''  ခနဲ အော်ကာ ထသည်။ သူ့တင်ပါးတွင်  ကပ်ပါလာသော ကောက်ရိုးစဉ်းဖတ်၊ မြက်စဉ်းဖတ်များသည် သူ့ခြေလှမ်း လှမ်းတိုင်း တဖွဲဖွဲ ပြုတ်ကြွေ ကျကျန်ခဲ့ကြလေ၏။
    ''ဘယ်မှာလဲဟ၊ နင့် ၀ယ်မယ့်လူက''
    ''လာမှာပေါ့တော်ရဲ့၊ ဒါလောက် အငမ်းမရ မလုပ်စမ်းပါနဲ့၊ ရောင်းချင်မှန်း လူသိသွားပါမယ်''
    ''ရောင်းချင်တာကိုးဟ၊ ပိုက်ဆံရမယ့်ဟာပဲ''
          '' နေဦး၊ ရောင်းစရာကော ရှိသေးလို့လား''
    ''ရှိမှာပေါ့ဟာ၊ သုံးရာကျော် သုံးရာမဲ့မဲ''ဲ့ ဟု ဖြေအပြီးတွင် အိမ်ကပြင် (ကြမ်းပြင်) ခါးပန်းကို လက်ထောက်ကာ ခုန်၍ တစ်ဝက်အရောက်တွင် ခါးလိမ်းပြီး လှည့်ထိုင်လိုက်သည်။
    ''ကြပ်ကြပ်လုပ်၊ တောင်မရောက် မြောက်မရာဖြစ်ပြီး လိမ့်ကျတော့မှ ကျော်မကောင်း ကြားမကောင်း''
    ''ဒါထားစမ်းပါဟာ၊ ရေနွေးလေး ဘာလေး ''
 ၃
ပြောနေဆဲမှာပင် လူနှစ်ယောက် အိမ်ဝိုင်းထဲသို့ ၀င်လာကြ၏။ ရီးဆေးရိုးနည်းတူပင် အပေါ်ပိုင်း ဗလာကျင်း ထားကြသည်။ ရီးဆေးရိုးတို့ အသားမည်လှပြီ ထင်ထားခဲ့ရာ ထိုသူနှစ်ယောက် ရောက်လာတော့မှ ရီဆေးရိုးမှာ ဗျိုင်းဖြစ်သွားလေ၏။ နှစ်ယောက်လုံး၏ ပုဆိုးများမှ အကွက်မပေါ်ပေ။ ထို့ပြင် ဒူးခေါင်းဖုံးရုံမျှသာ ၀တ်ထားလေရာ သစ်စေးမျှင် မီးသွေးချောင်းကို အ၀တ်ပတ်ထား
သည်နှင့်ပင် တူတူသေးတော့။''
ရီးကျီးဒန်က သံမှန်ဖြင့် ပြောလိုက်က အသံမြှင့်လိုက်ပြီး  လာကြပါ၊ အိမ်ပေါ်တက်ကြပါဦး  ပြောသည်။
''ရွာကို မမှောင်ခင် ရောက်ချင်လို့ အစ်မရေ့၊ အစ်မ ကောက်လှိုင်းရိုး ရှိ၊ မရှိ မသိရသေးလို့''
ခေါင်းကို တဘက်ပေါင်ထားသူ နောက်ဖေးသို့ လည်ဆန့်ကြည့်ကာ ဖြေလိုက်သည်တွင် သူ၏အဖော် ကလည်း'' ရှိရင် လှည်းသွားယူမလို့ပါ''ဟု ၀င်ပြောသည်။
''ယူချင်လည်း ယူချေလေ၊ ကောက်လှိုင်းရိုးကတော့ ရှိပါတယ်။ ဒါပေမဲ့ ဈေးလည်း ပြောဦးလေ''
ထိုသူနှစ်ယောက်မှာ မျက်နှာချင်းဆိုင်မိသွားကြသည်။ တအော့က်လောက်ကြာမှ တဘက်ပေါင်းနှင့်လူက စတင်ပြောသည်။
''အစ်မတို့ပဲ ပြောပါဗျာ''
''ဒီအချိန်ကတော့ ငါးဆယ်ဈေးပဲ''
ထိုသူနှုစ်ယောက် တစ်ယောက်မျက့်နှာ တစ်ယောက်ကြည့် ကြပြန်သည်။ ထိုအချိန်တွင် ရီးဆေးရိုသည် ခါးပန်မှ လျှောဆင်းလာ၏။
''ဒီအချိန်ကြီးမှာ ကောက်လှိုင်းရိုး လိုက်ဝယ်ရအောင် ခင်ဗျားတို့ဆီမှာ ဒါလောက်တောင် မိုးခေါင်သလား''
''ပြောရင် ယုံမှာမဟုတ်ဘူး အစ်ကိုရေ့၊ တစ်မိုးလုံး မရွာတဲ့မိုးဟာ သီိတင်းကျွတ်လဆန်းက တစ်ခါရွာပါကော။ အဲဒီနောက်မှ မရွာဘဲ နေလိုက်တာ အခုထက်ထိပဲ။ မိုးမရွာတော့ ယာထဲက အပင်ကလေးတွေလည်း မျိုးဆုံးပေါ့ဗျာ။ နွားစားစရာမြက်လည်း နောက်မိုးမလာတော့ သေကုန်တာပေါ့''
''ရှိသမျှ အပင်စိမ်းစိမ်းစိုစိုတွေလည်း ငုံးငုံးတိုကုန်ပါပြီဗျာ။ နှမ်းရိုးအခြောက်တောင် နွားကျွေးပစ်ရလို့ အခု ဆောင်းတွင်းမှာ နှမ်းရိုး မီးမလှုံရပါဘူးဗျာ။ အခုဥစ္စက လူစာထက် နွားစာခက်နေတော့''
တဘက်ပေါင်းနှင့်လူသည် စကားတစ်ပိုင်းတစ်လစ်ဖြင့်  ရပ်ကာ ခါးပိုက်ထောင်ထဲမှ ငေစက္ကူ အညစ်တစ်ထပ်ကို ထုတ်ယူသည်။ သူ့အဖော်ကလည်း ခါးပိုက်ထောင်ထဲမှ ထုတ်ကာ လှမ်းပေးသည်။
''ကျွုပ်တို့မှာ အဲဒါလောက် ဖြစ်နေကြပါတယ်ဗျာ၊ အဲဒါကြောင့် ကူညီတဲ့အနေနဲ့ ငါးဆယ်ဈေးတော့ မထားပါနဲ့ဗျာ''
ရီးဆေးရိုး သက်ပြင်းချမိသည်။ လုံးဝ အရသာမရှိ၊ လုံးဝ အာဟာရဓာတ်မပါသော နှမ်းရိုးပင်လျှင် မရှိတော့ အောင် မိုးခေါင်ပါသည်ဆိုသောအခါ နွားကစ္စမှာ အမှန်ပင် ၀န်ထုပ်ဝန်ပိုးကြီး ဖြစ်နေပြီ။ ထိုကြောင့် စကားခင်းပေးသည်။
''ကျုပ်လည်း နွားရှိတဲ့ လူပဲလေ၊ ကိုယ်ချင်းစာပါတယ်၊ ပြောသာပြောပါ။ အားမနာပါနဲ့''
တဘက်ပေါင်းနှင့်လူသည် မပြောသေးပေ။ သူ့အဖော်ကို တစ်ချက်ကြည့်ပြီးမှ  စိတ်မဆိုးပါနဲ့ နောင်ကြီးရယ် ပြောပြန်၏
''မဆိုးပါဘူး၊ ပြောပါဗျ''
''ကျွုပ်တို့ မှန်းလာတာက အစိတ်ဈေးနဲ့ ရလောက်ရဲ့ ထင်လို့ လာတပါ။ ဒါလောက်ရရင် ကေက်လှိုင်းရိုး သုံးရာရမယ်။ ဟိုဟာ ဒီဟာလေးနဲ့ရောရင် တစ်ယောက်ကို နှစ်လ၊ သုံးလတော. နွားစာ ကျွေးစရာရမယ် ထင်နေတာကိုး။ပါတာက ၇၅ ကျပ် ဆိုတော့''
ထိုအခါတွင် ရီးဆေးရိုးလည်း ရီးကျီးဒန်ကို ကြည့်ရလေသည်။ ရီးကျီးဒန် မရှိတော့ပါ၊ နန်းတိုင်ဘေးသို့ ရောက်နေကာ နွားစာစဉ်းရန် ပြင်ဆင်လျက် ရှိ၏။
''ဒီိအချိန်မှာဆို ပေါက်ဈေးက ငါးဆယ်ဗျ''
'' ဗျာ''  ဆိုကာ မြောက်ဘက်သားနှစ်ယောက်မှာ ပါးစပ်ကြီးတွေ ဟထားမိကြလေ၏။ ရီးဆေးရိုးက ပြုံးလိုက်သည်။
''လန့်မသွားပါနဲ့ဗျာ၊ ခင်ဗျားတို့ ပိုက်ဆံနဲ့ဆိုရင် ၁၅၀ ပဲရမယ်။ ဒါပေမဲ့ ခင်ဗျားတို့ မျှော်မှန်းသလောက် တော့ မရနိုင်ဘူးထင်တယ်။''
ကောက်လှိုင်းရိုးဝယ်သူများမှာ အတော်ကလေး အားတက်သွားဟန်ရှိကာ ပိုက်ဆံကို ထိုးပေးသည်။ ကျေးဇူးတင်ပါသည် မပြောတတ်ငြား မျက်လုံးလေးလုံးတွင်မူ ကျေးဇူးတင်ပါသည် ဆိုသော ဝေါဟာရထက် လေးနက် ကြီးမားသော စကားလုံးများ အထင်းသားပေါ်လွင်နေသည်။ ရီးဆေးရိုးသည် ပိုက်ဆံကို ရီးကျီးဒန် ပစ်ပေးခဲ့ပြီး နွားတင်းကုပ်အစပ်တွင် ပုံထားသော ကောက်လှိုင်းရိုး များကို သယ်ထုတ်ပေးသည်။ စုစုပေါင်း အလှိုင်းပေါင်း သုံးရာ့အစိတ်ရှိသဖြင့် သုံးရာ အစိတ်တင်း ပေးလိုက်လေသည်။ ထိုသူနှစ်ယောက်၏လှည်း အိမ်ဝိုင်းထဲမှာ ထွက်သွားလျှင် ရီးဆေးရိုးသည် နွားစာစဉ်သည့် နေရာသို့ လျှောက်လာ၏။
''နည်းမှန်းသိပေမဲ့ မတတ်နိုင်ဘူး ကျီးဒန်ရေ့ ၊ ကဲ…ကဲ ထားခဲ့၊ ထမင်းစားဖို့ လုပ်ဦးဟ''
ရီးကျီးဒန်သည် နွားစာစဉ်းသော ဓားကို မှန်မှန်ခုတ်နေရာက   ကျက်ပြီးသားပါတော်  ဟု အေးဆေးစွာ ဖြေသည်။
'' ကျက်ပြီးသားဆိုရင် နွှေးစရာရှိတာ နွှေးဟ၊ မွန်းတိမ်းပြီး''
ထိုအခါကျမှ နွားစာစဉ်းသံ ရပ်သွား၏
 ၎
'' အမေရေ၊ အဖေရောက်ပြီလား၊ အိုး….အမေ''
    လေးကန်တုံ့နှေးစွာဖြင့် ရီးကျီးဒန် ကုန်ထနေစဉ်တွင် သမီးကြီးချောစိန်သည် ပျာယီးပျာယာ ခေါ်သံဖြင်. အိမ်ဝိုင်းဝသို့ရောက်လာ၏
    '' ဘာလဲ ''  ကောက်လှိုင်းရိုးရောင်းလိုက်ရသည် ကြားသောကြောင့် ပိုက်ဆံချေးရန် လာသည်အထင်ဖြင့် ရီးကျီးဒန် ထူးသံ။
    '' အဖေကော အမေ''
    ထပ်၍ မေးရင်း ၀င်လာရာက မချောစိန်သည် သူ့အဖေ၏ သပိတ်ရောင် မျက်ျနှာကြီးကို မြင်သွား၏။
    '' အဖေ၊ ကောက်ရိုးဝယ်ချင်လို့တဲ့။ ကျုပ်လည်း အဖေတို့မှာ ရောင်းစရာရှိတယ်ဆိုပြီး ခေါ်ခဲ့တာ၊ ဟိုမှာ''
    မချောစိန်သည် အိမ်ဝိုင်းပြင်ဘက်သို့ နောက်ပြန် လက်ညိုန်းထိုးပြ၏။ ကမ္မ  န်းရုပ် နွားနှစ်ကောင်နှင့် များစွာ မခြားနားသော လူတစ်ယောက်သည် လှည်းပေါ်မှ ဆင်းလာ၏
    '' သူတို့ပဲ အဖေ''
    မချောစိန်သည် ဧည့်သည်ကို  လက်ညိုးထိုးပြခဲ့ပြီး အိမ်ဝိုင်းဘက်သို့ ခြေဦးလှည့်ရင်း '' အမေ ဘာချက် ''ဟုမေးသွား၏။
    '' အေးအေး အဘိုးကြီး အဘွားကြီး သွားမှမရှိတာ၊ နှမ်းဖတ်ချဉ်နဲ့ ၀က်ဆီနဲ့ ချက်သအေ့။ ဟဲ့ ထိုင်ပါဦးလား''
    တုံ့ပြန်သံက ချိုချိုကလေး။
    ရီးဆေးရိုးသည် သားအမိချင်းပင် အသံနှစ်မျိုးထားသော သူ့အမယ်ကြီးအား သရော်ပြုံးကြည့်ပြီး ၀ိုင်းဝသို့ လှမ်းထွက်လာသည်။
    '' ကောက်ရိုးဝယ်ချင်လို့လား၊ လာလေ ကောက်ရိုးပုံကို  ဦးဆုံးလိုက်ကြည့်ပြီးမှ ပြောကြတာပေါ့ဗျာ''
    သူရော ဧည့်သည်ပါ ရွာလယ်တံခါးမှ ထွက်လာခဲ့ကြကာ လှည်းကိုမူ တောင်တခါးမှကွေ့ လာခဲ့ရန် မှာခဲ့သည်။ကောက်ရိုးပုံမှာ ဓာတ်ပေါင်းစုဘုရား တောင်ဘက်ရှိး ဘုရားပြိုဘုရားပျက်များကြား
တွင် ခြံခတ်လျက်တည်ရှိ၏။ ပုံထားကတည်းက လူအသုံးမပြုသဖြင်. ချုံနွယ်များ တက်နေ၏။ နုတ်ရာဆွဲရာ တစ်စတလေမှအပ တစ်ပုံးလုံးမှာ မွဲသွေ့နေချေသည်။
          '' အဲဒါပဲဗျာ၊ နှစ်စီးတိုက်သာသာ ရှိမယ်။ ပုံတိုက် ငါးရာ ''
    ''မများဘူးလားဗျာ''
    ဧည့်သည်၏ အသံမှာ ပျော့လှသည်။
    ''အစောပိုင်းမှာတော့ တစ်စီးတိုက်ကို တစ်ရာ့အစိပ်၊ တစ်ရာ့သုံးဆယ်ပေါ့ဗျာ။ အခုလိုအချိန်မှာ တစ်စီးတိုက်ကို နှစ်ရာ့ အစိတ် နှစ်ရာ့ငါးဆယ်ဟာ ထုံးစံလို ဖြစ်နေပါပြီဗျာ''
ကျုပ်တို့ တစပုံလုံးလည်း မယူနိုင်ပါဘူး၊ အခုလာတာလည်း ဖျစ်ညှစ်စုဆောင်းပြီး လူတော့ ဖြစ်ချင်ရာဖြစ် နွားတော့ အသေမခံဘူးဆိုပြီး လာတာပါဗျာ ၊ ကျုပ်တို့ဘက်မှာ မိုးခေါင်လွန်းလို့ပါ..။
"ကျုပ်တို့ တစ်ပုံလုံးလည်း မယူနိုင်ပါဘူး။ အခုလာတာကလည်း ဖျစ်ညှစ်စုဆောင်းပြီး လူတော့ ဖြစ်ချင်ရာဖြစ် နွားကတော့ အသေမခံနိုင်ဘူးဆိုပြီး လာတာပေါ့ဗျာ။ ကျုပ်တို့ဘက်မှာ မိုးခေါင်လွန်းလို့ပါ"
    ရီးဆေးရိုးသည် ထိုအခါကျမှ ဧည့်သည်ကို သတိထားကြည့်မိ၏ ခုနက ကောက်လှိုင်းရိုးဝယ်သူများ၏ ရွာနီးချုပ်စပ်မှပင် ဖြစ်ဖွယ်ရှိ၏။ သည်ရာသီကြီးတွင် နွားစာမျှမရှိအောင် မိုးခေါင်သော အရပ်မှာ ထိုအရပ်ပင်ဖြစ်ရမည်။
    "ခင်ဗျားတို့အရပ်မှာ ခေါင်တော့ကောဗျာ၊ မြေနုဘက်ကို ရေလျဉ်ဘက်က စိမ့်စမ်းကောင်းတာပဲဗျ၊ နွားတွေ အဲဒီဘက် သွားကျောင်းပေါ့"
    "အဲဒီနေရာတွေလည်း ကျုပ်တို့နှီပ်စက်လို့ မြက်မရှိတော့ဘူးဗျ။ တချို့တော့လည်း မရှိတဲ့ကြားမှာ ပေပြီး ကျောင်းနေကြတာပေါ့ဗျာ"
    "အရှေ့ဘက် ကျွန်းထဲကိုင်းထဲကော"
    "ဘာရှိမှာလဲဗျာ ရှိရှိသမျှ မြေတွေ စိုက်ခင်းပျိုးခင်းချည်းပဲ။ နွားစာကလေး နည်းနည်းပေးပါ သွားတောင်းရင် ပြောင်းပင်တွေ ပေးကြပါတယ်။ မငြင်းပါဘူး။ သို့သော် သူတို့မှာလည်း ဖက်လှီးဖို့ စိုက်ထားကြတာကလား။ သုံးခါထက်ပိုတောင်းလို့ ကောင်းပါ့မလား"
    ရီးဆေးရိုး ဟင်းချလိုက်ရသည်။ သည်အရပ်သိ့ ပြောင်းခဲ့ပါလားဟူ၍လည်း အကြံမပေးရဲပါ။ ပြောင်းလာကြသော် နွားစာကား ရပါမည်။ လုပ်စားစရာမြေ အဘယ်မှာနည်း။
    "တစ်ပုံလုံးမယူနိုင်ရင် တစ်စီးတင် တင်နိုင်သလောက် တင်သွားပေရော့ဗျာ"
    "အဲ…ပိုက်…ပိုက်ဆံက"
    ဧည့်သည်မှာ အားနာဟန်ဖြင့် ထစ်ထစ်ငေါ့ငေါ့ ပြောရင်း ခါးပိုက်ထောင်ထဲမှ ငွေစက္ကူများကို ထုတ်ယူနေရာက "ပါတာက နှစ်ရာ့အစိတ်တောင် မပြည့်တော့လိ့ပါဗျာ"ဟု တုံ့နှေးတုံ့နှေးပြောသည်။
    "ပေးချင်သလောက်သာ ပေးသွားပါဗျာ၊ နွားဒုက္ခကိုးဗျ၊ ဘယ်တတ်နိုင်မလဲ"
    ရီးဆေးရိုးသည် ဆင်းရဲသား လောဘသားမိုက ကောက်ရိုးတစ်စီးတိုက်ကို နှစ်ရာ့ငါးဆယ်လိုချင်ငြား မလိုချင်တော့ပါ။ စောစောပိုင်းဈေး ၁၃၀ ရလျှင်ပင် တော်ပါပြီ သဘောထားလိုက်တော့၏။ တောင်ဘက်တံခါးမှ လှည့်လာသော လှည်းလည်းရောက်လာ၏။ ရီးဆေးရိုးသည် ကောက်ရိုးပုံ ခြံတံခါးဖွင့်ပေးပြီး "တတ်နိုင်သလောက် တင်သွားကြပေတော့ဗျို့။ ပြီးရင်သာ တံခါးကို သေသေချာချာကလေး ပိတ်သွားကြဗျာ"ဆိုကာ ထွက်လာသည်တွင် ဧည့်သည်က ပြေးလိုက်လာ၏။
    "နောင်ကြီး ပိုက်ဆံယူသွားပါဦး"
    "ဘယ်လောက်လဲ"
    "၂၂၀တော့ ရှိမယ်ထင်တာပဲ"
    ရီးဆေးရိုးသည် ဆယ်တန်အနွမ်းများကို ရေတွက်ကြည့်သည်။ စုစုပေါင်း ၂၂ရွက်။
    "တော်ပါပြီဗျာ ၁၅၀ ပဲပေးပါတော့"
    ပြောပြောဆိုဆို ငွေစက္ကူ ခုနှစ်ရွက်ပြန်ပေးကာ ထွက်လာခဲ့၏။ ဧည့်သည်မှာ ယောင်ပေပေ ကျန်နေခဲ့ပြီးမှ ပြေးလိုက်လာပြန်၏။
    "ငါးဆယ်ထပ်ယူပါ နောင်ကြီးရာ"
    "တော်ပါပြီဗျာ၊ ရေနစ်သူကို ၀ါးကူမထိုးချင်ပါဘူး"
    "ကျေးဇူးတင်လွန်းလို့ပါ နောင်ကြီးရာ"
    ခါးပိုက်ထောင် ရှေ့ခါးကြားသို့ ငွေစက္ကူ အငါးရွက် အတင်းညှပ်ထိုးပေးသည်။ ပေးနေမှတော့ ရီးဆေးရိုးမငြင်းတော့ပါ။ သို့သော် သူ့စေတနာသည် သန့်ရှင်း၏ ကောက်ရိုးသည် လွှာလွှာကလေး ပါးပါးကလေးသာ စိမ်ပြေနပြေ တင်တတ်လျှင် သာမန် တစ်စီးခွဲတိုက်ကို တစ်ခေါက်တည်းဖြင့် ပါနိုင်သည်။ သို့ဖြစ်စေကာမူ သူပြန်မလာပါ။ ပြန်မကြည့်ပါ။ တင်နိုင်သမျှ တင်သွားကြပေစေတော့။ စိတ်အေးလက်အေးဖြင့် ထမင်းစားသည်။ ထမင်းစားပြီးခါရှိသေးသည် ကိုသန်းအုန်း၏ အသံကို ကြားရသည်။
    "ဗျို့ကိုဆေးရိုး၊ မြောက်ခွင်ဘက်က မြေအင်းတို့၊ သီးပင်စုတို့၊ ငလူးအိုင်တို့မှာ မိုးခေါင်တာ နွားစာ ဆောင်းတွင်းကြီးမှာတောင် နွားစာမရှိဘူးတဲ့ဗျာ။ အဲဒါ ကောက်လှိုင်းကလေး ငါးဆယ်၊ တစ်ရာ၊ တစ်ရာ့ငါးဆယ်လောက် လှူပါဗျာ"
    ကိုသန်းအုန်းသည် ရယ်ရယ်မောမောဖြင့် အိမ်ပေါ်တက်လာ၏။
    "အခုလေးတင်ပဲ ရောင်းလိုက်ပြီကွ"
    "သူတို့လည်း လယ်သမား ယာသမားတွေပါဗျာ။ ကျွန်တော်တို့ သွားပြီးကူညီချင်လို့ အခုလိုလိုက်ပြီး အကူအညီတောင်းတာပါ"
    "ခက်တော့တာပဲကွာ၊ ကောက်ရှိးရှိတယ်၊ အဲဒီထဲက လှူမယ်ကဲ"
    ရီးဆေးရိုးသည် ရေနွေးပန်းကန်ကို ကိုသန်းအုန်းရှေ့ ချပေး၏။ သူသည် ရေနွေးပန်းကန်ကို ကောက်ယူရင်း
    "ဟာဗျာ၊ ကော်ကလှိုင်းရိုးကမှ သယ်ရယူရတာ လွယ်တာဗျ"ဟု စဉ်းစဉ်းစားစား ပြော၏။
    "ပုတ်ခစည်းခကလည်း တစ်ရာကို ၅ကျပ်တော်ရဲ့"
    ရီးကျီးဒန်ကမူ ပန်းကန်ဆေးရာမှ လှမ်းပြောသည်။
    "ခမျာများ ဒုက္ခရောက်နေတာပါအေ"
    "ခမျာများဆိုပြး ကောက်လှိုင်းရိုးဝယ်တဲ့လူကိုလည်း လျှော့ပေးလိုက်ရပြီးပြီ။ ကောက်ရိုးဝယ်တဲ့လူကျတော့ကော လျှော့ခဲ့ရပါသေးလား။
    "ဒါနပေါ့အေ"
    ထိုအချိန်တွင် ကိုသန်းအုန်းသည် ကောက်လှိုင်းရိုးများ ထမ်းထုတ်ကာ နှုတ်ဆက်သွား၏။
    "အင်း.. သန်းအုန်းလည်း လူတစ်ကိုယ်တည်း သုံးကိုယ်လောက်ခွဲပြီး လုပ်နေရတာပါကလား။ သူတောင် အပင်ပန်းခံပြီး တစ်အိမ်တက်ဆင်း လိုကအလှူခံနိုင်သေးတာ တို့က ထိုင်ပြီးအသာကလေး လှူရတာများ ဘာပင်ပန်းတာမှတ်လို့"
    ရီးကျီးဒန်သည် ခပ်မဆိတ်ပင် ဆေးလိပ်ကောက်ညှိသည်။ ထိုစဉ်တွင် ရီးဆေးရိုးက ထပ်၍ပြောလိုက်ပြန်သည်မှာ "စိတ်ထားတတ်ရင် မြတ်သတဲ့ဟ၊ ဒါနပြုတယ်လို့ သဘောထား"ဟူ၍ ဖြစ်ပေ၏။
ပြီးပါပြီ
.
>>>ဆက်ဖတ်ရန်>>> >>
Tuesday, August 10, 2010
ပန်းသတင်း (သြဂုတ် ၁ဝ)
ဆည်းလည်းပြာလေးတွေနှင့် အတူ
စာရေးသူ ဆင်ဖြူကျွန်း အောင်သိန်း
နှမ်းပွင့်ရနံ့သည် လေဝေ့တိုင်း သင်း၏။ ကြူ၏။ ကြိုင်လှိုင်၏။ သည်ကြူပျံ့သောရနံ့ရီးဆေးရိုး အသက်ရှူ လိုက်တိုင်း ရင်ခေါင်းထဲအထိ ပြေးဝင်လာ၏။ ငန်းပြားဖြင့်  သုံးလေးကော် ကော်ပြီးတိုင်း ရီးဆေးရိုးသည် ခါးတစ်ခါ ဆန့်၏။ ခါးဆန့်လျှင် နှမ်းပွင့်ပြာကလေးတွေက မြင်ကွင်းထဲသို့ ပြေးလာ၏
ကြူ မည့်သာ ကြူသည်၊ သင်းမည့်သာ သင်းသည်၊ နှမ်းပွင့်က များများမရှိတော့။ 'သိပ်'စပြုပြီ။ တစ်ပင်မှ တစ်ပွင့် နှစ်ပွင့်၊ အများဆုံးမှာ သုံးလေးပွင့်။ သို့ရာတွင် ရှားရှားပါးပါး ဆည်းလည်းပုံနှမ်းပွင့်ကလေးတွေကိုမှ ရီးဆေးရိုး ဟဒယက စွဲငြိသည်။ ကြည့်စမ်း မွှေးလိုက်တာ၊ လှလိုက်တာ။
ဆည်းလည်းပြာ၏ အောက်ကိုလျှောက်လျှင် အစိမ်းနု 'နှမ်းအရှဉ်း'များ။ အပွင့်မဲ့ အပင်များမှာမူ စိမ်းမှောင် နေသည်။ တစ်ရှဉ်း၊ နှစ်ရှဉ်း၊ သုံးရှဉ်း၊ ဟာ----ဟိုအပင်က ဆယ့်ငါးရှဉ်းတောင် ရှိပါကလား။
ပင်စည် ကို ခွပြီး 'စုံ'သီးသော နှမ်းရှဉ်းများကို ရေတွက်မိသောအခါ မောဟိုက်ခြင်းသည် မရှိပြီ။ အားသစ် အင်သစ် တိုးလာသည်။ လုပ်ဦးမှ၊ လုပ်ဦးမှ၊ ဒါကလေးတွေ ကျွတ်ကျွတ်လွတ်လွတ် အောင်ဖို့အရေး တူးလိုက်ဦှး မှ ဟူ၍ ငန်းပြားရိုးကို ဆုပ်မိလေ၏။ ဟိုဘက် သုံးကွက်ကျော်တွင် ထွန်နားထားသည်။ ထွန်နှင့် နွားနေငြား လူမနားနိုင်။ စည်ဝေသော နှမ်းခင်းက မနားချင်အောင် လှုံ့ဆော်သည်။ နှမ်းခင်းဘေးမှ ဖြတ်သွားသော မြောင်းလက်တံကလေးက သတိပေးသည်။ မနားနဲ့။ ပျိုးခင်း ကန်သင်းဘေးမှ နှမ်းခင်း ကလည်း အချက်ပြနေသည်။တူးထားဦး။
ငန်းပြားတစ်ဆစ်သည် တစ်တောင်ခန့် ရှိမည်။ သည်မျှနက်၍ ငန်းပြား နှစ်ပြားစာ ကျယ်သော မြောင်း ကလေး ကို မြောင်းလက်တံဘေးတစ်လျှောက်နှင့် ပျိုးခင်းဘေးတွင် တူးလိုက်လျှင် မည်မျှပန်းမည်နည်း။ ထွန်တစ်ခါ နား နည်းနည်းချင်းတူးလိုက်လျှင် ခုနှစ်ရက် မတူးရပေ။ သည်မျှကိုပင် အားမစိုက်ချင်လျှင် ပျိုးခင်း ရေနှင့် လက်တံရေက နှမ်းခင်းထဲသို့ စိမ့်မည်။ မွရွနေသည့် ထွန်ရေပြင်ထဲသို့ ဖြည်းဖြည်းချင်း စိမ့်ပြန်မည်။ ထိုအခါ နှမ်းသီးတွေ မအောင်မြင်မီ ၀ါမည်။ ရင့်သောကြောင့် မှည့်ခြင်းမဟုတ်၊ အမြစ်ပုပ်သောကြောင့် ဖြစ် သည်။ မမှည့်ဘဲနှင့် ၀ါသော နှမ်းသီးမှ အောင်မြင်သောနှမ်းစေ့များ မရနိုင်ချေ။ သို့ကြောင့် ရီးဆေးရိုး တူးရ သည်။
ငန်းပြား၏ 'မောင်းရင်း'တွင် ကံလတက် သစ်သားအတက်ကလေး ရှိသည်။ သည်ပေါ်မှာ ဖိနင်းလိုက်လျှင် ငန်းပြားသည် မြေအိအိထဲသို့ စိုက်ဝင်သွား၏။ ငန်းပြားကို စောင်းကော်ပြီး မ လိုက်ရုံသာ ရှိတော့သည်။ ရှိ သော်ငြား ရီးဆေးရိုး မ မ သေး။ ငန်းပြားကို ရှေ့သို့တွနးသည်။ ငန်းပြား၏ ကျောနှင့် မြေကြီး ကပ်မနေစေ ရန် ဖြစ် သည်။
ငန်းပြားအခွက်ထဲက မြေကြီးသာလျှင် ပတ်သက်ကြောင်း၊ စပ်ဆိုင်တော့ကြောင်း သေချာပြီ။ သေချာမှ မ သည်။ အတော်လေးပါကလား။ မျက်မှန်အချိန်အဆအရ သည်မျှမလေးသင့်။ ထို့ကြောင့် ပြန်ချပြီး ကြည့်သည်။ 'အဆစ်' နွယ် တစ်နွယ်။
နွယ်စိမ်း ရွက်စိမ်းဖြစ်ငြား ရီးဆေးရိုး မမြင်။ ရွှံ့ပေနေသောကြောင့်ဖြစ်၏။ သေသေချာချာ ငုံ့ကြည့်မှ မြင် သည်။ှဆွဲနုတ်၏။ ကျွတ် ပါမလာ၊ လက်နှစ်ဖက်ဖြင့် ဆွဲဖြတ်မှ ပြတ်သော်လည်း ရွှံ့တစ်ခဲက လောက်လွှဲဖြင့် ပစ် သလို မျက်နှာတည့်တည့် ပြေးရိုက်၏။
ရွှံ့တုံးမဟုတ်။ ရွှံ့ပေနေသော ကဆစ်သီး။ ရေချွဲရေပျစ် တွင်လှုပ်ပြီးဆေးသည်။ လက်မရွယ် ဖရဲသီး အရှည် အသားဝင်း သောအရောင်၊ ၀ါနေသော အရောင်က မှည့်နေပါပြီဟုဆို၏။ ရီးဆေးရိုး နမ်းကြည့်၏။ မွှတ်မွှတ် မွှေးမွှေး အလား ရီးဆေးရိုးသည် ပါးစပ်ထဲသို့ အမှတ်မဲ့ ပစ်သွင်း၏။ သွားဖုံးများမှာ ကဆစ်သီးကွဲအောင် ကြိတ်ခွဲ နိုင်စွမ်း မရှိတော့ပါ။ ထိုအခါကျမှ ရီးဆေးရိုး သတိရ၏။ ဟုတ်သားကပဲ၊ ငါ့မှာ သွားမှ မရှိတော့တာ။ သို့ရာတွင် ကဆစ်သီး ကို ရီးဆေးရိုးမပစ်ရက်။ ခါးပိုက်တောင်ထဲသို့ ထည့်ထားလိုက်မိသည်။
'အင်းဟင်းဟင်း..လုပ်နေပြန်ပြီ၊ နာတော့မှာပဲ။ ဟိုကောင်ကြီးဟာ တယ်လေ ငါရိုက်လိုက်ရ နာပြန်တော့ မယ်။ ဒီလို မလုပ်စမ်းပါနဲ့ သားရ၊ ဟာ…ဟိုကောင်ကြီး လုပ်နေပြန်ပြီလား'
အတိုင်နွား က ဖြောင့်လျှင် အလှည့်နွားက ကောက်၏။ တမင်ကောက်ခြင်းကာ မဟုတ်။ ခြေကျွံ၍ အသွားရပ်စဉ် တစ်ဖက်နွားမှာ ဆက်သွားသဖြင့် ထွန်ကြောင်း ကောက်၏။ စိမ်းစိမ်းမြင် ၍ လှမ်းဟပ်မိသဖြင့် ကောက် ၏။
ရီးဆေးရိုးမှာ မာန်သာမာန်ရငြား ရိုက်မနေအားပါ။ ထွန်ကိုထွန်းရသည်ကတစ်မျိုး၊ သူကိုယ်တိုင်ခြေကျွံပြီး မယိုင်လဲ အောင်ထိန်းနေ နုတ်နေရသည်က တစ်ဝကြောင့် ပါးစပ်ဖြင့်သာ အသံပေးနေရ၏။
သည်အရည်ကို မြင်သောကြောင့် အခြောက်ထွန်ဖြင့် သုံးလေးစပ် ကြိုတင်ထွန်ထားခဲ့လေသည်။ ရေကို လည်း ၄၊ ၅၊ ၆ရက် စိမ်ထားသေးသည်။ ၀ီရိယနည်းသူများအတွက်မူ ပြောဖွယ် မရှိတော့ပြီ။ နွားရော လူပါ မသက်သာ။ ထွန်ရေးလည်းမရသော တောရိုင်းခွဲ။ ထွန်ကွေ့သည်။ တစ်စပ် စပ်သွားပြီး နောက်ဆုံး ထွန်ကြောင်းပင်။ အလှည့်နွားကို ကန်သင်းပေါ်တင်ကြည့်သည်။ တင်သော်ငြား ထွန်တုံးက ကန်သင်းခြေသို့ မကပ်။ ထောင့်ကွေ့ထဲမှာ လှည့်ကွေ့သည်။ ထွန်တုံးမှာ မည်သည့်နည်းဖြင်မျှ ကွေ့ထဲမရောက်။ ရီးဆေးရိုး အံကြိတ်ပြီး ထွန်တုံးကို မ သည်။ ကြွရုံမျှသော ခွန်အားသာရှိသည်။ တစ်လံကွာနေရာသို့ ဆွဲပစ်သွင်းနိုင် သောခွန်အား မရှိပါတကား။
ရီးဆေးရိုးဟင်းချမိ၏။ စိတ်တိုင်းကျ မဆောင်ရွက်နိုင်ခြင်းသည် လုပ်ရကိုင်ရသည်ထက် မော၏။ ကျွံနေ သော ခြေကို နုတ်ပြီး ခြေလှမ်းမပျက် ထွန်နောက်က လိုက်ရသည်ထက် ပင်ပန်း၏။ ဟယ်…ကိုယ်မှ မတတ် နိုင်တာ။ နောက်တစ်ခေါက် မောင်းပြီး ထွန်ကြောင်းပိတ်ချိန်တွင် ရီးဆေးရိုး စိတ်လျှော့လိုက်သည်။
သည်တစ်စပ်ပြီးမှ သည်တစ်စပ်ပြီးမှဟူသည့် တင်းထားစိတ်ကို ဖြေလိုက်သောအခါ ခွေလဲလုလုဖြစ်သည်။ နှင်တံကို ကိုင်ထားသော လက်သည်ပင်ပြေလျော့ချင်ချင်။ သို့ရာတွင် အသစ်ခွဲမည့် နောက် လယ်ကွက် ထဲသို့ ထွန်ကိုပို့ထားချင်သည်။ နွားနှစ်ကောင်ကို တစ်ဖက် လယ်ကွက်တွင်း ရောက်အောင်မောင်းသည်။ တဟင်းဟင်း အသံပေးမပျက်စေဘဲ ထွန်တုံးကိုမ သည်။ ရှည်လိုက်သည့်ထွန်သွား။ တပ်စဉ်က တောင်ဆုပ်။
အဘယ့်ကြောင့် ယခု သုံးထောင်ခန့် ရှည်နေသနည်း။ ကန်သင်းနှင့် ထွန်သွားလွတ်အောင် ပင့်မြှောက် ရသည့် ပင်ပန်းခြင်းမှာ တာရှည်လှ၏။ လာပြန်ပြီ ကန်သင်း။ ကန်သင်းကို ကျော်သည်အထိ ထွန်တုံးကြီး ကို ပင့်ထားရသည်မှာ ကြာညောင်းလှ၏။ အို…ကျယ်လိုက်သည့် ကန်သင်း။ ဘယ်တုန်းကများ ဘယ်သူ လာပို့ သွားပါလိမ့်။ ကျိုးချင်ကျိုး၊ ပဲ့ချင်ပဲ့ ပစ်ချလိုက်သည်။ လူလည်းကန်သင်းပေါ် ဖင်ထိုင်ကျသွားလေ၏။
သင်ကန်သင်းမျှကို သည်အစိုထွန် ထွန်တုံးမျှဖြင့် လက်တစ်ဖက်တည်း အသာကလေး ကျော်ချသော ငယ်ဘ၀ကို ရီးဆေးရို မလွမ်းပါ။ မတမ်းတပါ။ အသက်ရှူမှန်အောင် ကြိုးစားရင်း နှမ်းခင်းကို လှမ်းကြည့် သည်။ လေပြည်သွေးတိုင်း ဣနြေ္ဒနှင့် လှုပ်နေသော ဆည်းလည်းပြာ နှမ်းပွင့်ကလေးတွေ။ ချွေးမှပွင့်သော အပွင့် ကလေးတွေ။ ချွေးမှဖြစ်သော အသီးကလေးတွေကို ကြည့်ရလျှင်ပင် ပီတိဖြစ်ပြီး အဆာပြေပြီ။ အား ဖြစ်ပြီ။
ပျိုးခင်းအစပ်သို့ ဗျိုင်းနှစ်ကောင် ဆင်းသည်။ ဤသည်ကိုမြင်မှ ပျိုးခင်းရေ၀င်ကို မကြည့်ရသေး ပါကလား။ ရီးဆေးရိုး သတိရသည်။ ထရပ်မည်ဟု ကန်သင်းပေါ် လက်ထောက်သည်။ နေသည် ကျဲကျဲတောက် ပူနေရာက ဖျတ်ခနဲကွယ်၏။ ရီးဆေးရိုး မော့ကြည့်သည်။ တိမ်မည်းတစ်အုပ်။ ပျိုးခင်းသို့မသွားမီ အခြေအနေ စမ်းသည့်အနေဖြင့် သုံးလေးခေါက်ခန့် မောင်းထားချင်စိတ်ပေါ်လာ သည်။ နွားနှစ်ကောင် မှာ စားမြုံ့ ပြန်နေကြပြီ။ ထွန်ကိုင်းတွင် ပူးတွဲချိတ်ထားသော 'နတံ့' (နှင်တံ) နှင့် ကန်ကြိုးကို ဖြုတ်ကာမျှဖြင့် တအိအိ ဆွဲရွှေ့ကြသည်။
"ကဲကွာ…ကဲကွာ သုံးလေးခေါက်လောက် အစမ်းကလေးဟေ့"ပြောနေဆဲတွင် အလှည့်နွားက စိမ်းစိမ်းအရာ ကို လှမ်းဟပ်သည်။ "လုပ်ပြီလား၊ နာချင်ပြီထင်တယ်"ငေါက်ဆဲ အလှည့်နွားသည် နှုတ်သီးဖျားမှ စိမ်းစိမ်း အဖုတ်ကြီး ကို လွှတ်ချ၏။ ဆူးပုံတောင်းပင်ကြီး ဖြစ်နေသောကြောင့်တည်း။
"ဟဲ့..စားလေ၊ ဘာပြုလို့ လွှတ်ချရတာတုံး"
ရီးဆေးရိုး ရယ်မောသံဖြင့်ပြောကာ ဆူးပုံတောင်းပင်ကို နတံဖြင့်ထိုးကော်သည်။ ကန်သင်းပေါ် အထိ ရောက် မရောက် လှမ်းအကြည့်တွင် ရီးကျီးဒန်ကိုလှမ်းမြင်ရသည်။ ထမင်းထုပ်ကို ရွက်၊ ရေနွေးအိုးဆွဲလျက်။
နွားနှစ်ကောင်ကို စုတ်သပ်ကာ ရပ်ပစ်ခဲ့ပြီး ပျိုးခင်းကတွတ်ဝသို့ လာခဲ့သည်။ ထွန်ဆဲ လယ်ကွက်ထဲက ရေ လည်း ရွှံ့ရေး ကတွတ်ဝကရေလည်း ရွှံ့ရေပင်။ သို့တစေ ထွန်ဆဲ လယ်ထဲကရေမှာ ကတွတ်ဝကရေထက် ပျစ်သည်။ ချွဲသည်။ မျက်နှာသစ်ရင်း၊ လက်ဆေးရင်းက ရီးဆေးရိုး မျှော်ကြည့်၏။ သူ မျှော်ကြည့်ကာမှ ရီးကျီးဒန် မှာ ကန်သင်းပေါ်မှ ချော်ကျ၏။ "ဟယ်…သည် အမေကြီးအိုဟာ…"ယောင်ယမ်း ရေရွတ်မိသည်။
"သည်အရွယ်ကြီးမှာ ကျိုးရင်ပဲ့ရင်သွားပြီ၊ တစ်သက်လုံး အိပ်ရာထဲမှာနေရတော့မှာ။ တယ်ခက်ပါ ကလား ဘာများ ဒါလောက် အရေးကြီးနေရတယ်မသိဘူး"
သို့ရာတွင် ညောင်ပင်အောက်သို့ ရီးကျီးဒန် ရောက်လာချိန်တွင်ကား မာန်ခဲမြည်တွန်ခြင်း မပြုမိတော့ပေ။ "အလျင်လိုခါမှတော် ချော်ကျရသေး"ဟု ပြောငြားအာရုံမငြိ။ ထမင်းထုပ်ကိုသာ ဖြေသည်။
"ကနေ့တော့ ထမင်းမဟုတ်ဘူးတော့်"
ဖြေနေသောလက်တုံ့သွား၏။
"ထမင်းကမှ အဆာခံတာဟ၊ ထမင်းမဟုတ်လို့ ဘာတုံး"
"မုန့်ဟင်းခါး"
အသံကြားကာမျှဖြင့် သွားရည်ကျရပြီ။ ရွာတွင်လည်ရောင်းသော မုန့်ဟင်းခါးတစ်ပန်းကန် နှစ်ကျပ်။ တစ်ခါ တစ်ရံ စွန့်စွန့်စားစား ၀ယ်စားပစ်မည်စိတ်ကူးပြီး "ဘာဟင်းတုံး"မေးလျှင် "ကြက်သားဟင်း" ဖြေသည်က များ၏ ''တစ်ခါတလေ အမဲသားနဲ့များ ချက်ပါတော့လား'' အကြံပေးသောအခါ ''အမဲသားကို လူတိုင်း မစားဘူး ဘ ရ'' ဖြေသည်။ သည်သို့ဖြင့် တက်တတ် ချက်တတ်သော ကြက်ဖြင့် ဟင်းချက်သည့် မုန့်ဟင်းခါး ကို မစားဖြစ်။
    ယခု မုန့်ဟင်းခါး စားရတော့မည်။
    ''ကိုသာဒွန်းမြေး မွေးနေ့တဲ့တော် အဲဒါကြောင့် မုန့်ဟင်းခါးလုပ်ပြီး ဆွမ်းကပ်သတဲ့၊ အဲဒါ လျှောက် ဝေတာ''
    ''ကြီးကျယ်လိုက်တာ၊ မွေးနေ့၊ ဘာမွေးနေ့တုံး''
    မြန်မာကြီး နား ထဲသို့ မြန်မာမှုမဟုတ်သော မွေးနေ့မင်္ဂလာအထိမ်းအမှတ်သည် ကန့်လန့်ကြီး ၀င်သွားဟနှ် ရှိသည်။ မျက်မှောင်ကြုတ်ကာ စိုက်ကြည့်နေပြီးမှ ပုဆိုးစုတ်ကို ဆက်လက်ဖြေသည်။ ထောင်းခနဲ ထလာသော ဟင်းနံ့သည် ရီးဆေးရိုး၏ အလိုမကျမှုကို ချေဖျက်ပစ်လေ၏။
    ''မုန့်တွေ ပွပြီး ဟင်းတွေ အေးသွားမှာစိုးလို့ မြန်မြန်လာတာတော်''
    ''ပွလည်း ဘယ်တတ်နိုင်မလဲဟာ။ ဟင်းရည်အေးတာ၊ မုန့်ပွတာထက် ကန်သင်းရိုးက ချော်ကျပြီး ကျိုးမှာ ပဲ့မှာ က အရေးကြီး သဟ၊ မကျိုးမပဲ့ဘဲ'မျက်' သွားဦးတော့ သည်အရွယ်မှာ မသက်သာ ဘူးဟ''
    ရီးကျီးဒန် ခေါင်းညိတ်ရ၏။ ဆေးလိပ်တိုကို မီးညှိပြီး မီးညီအောင် မှုတ်နေရာက ကြည်ညိုစွာ လှမ်းကြည့်၏။ သူဆာလောင်တာထက် ငါ နာမှာကျင်မှာကို အရေးထားပါကလား။
    ညောင်ပင်ရိပ်တွင် အတန်ကြာမျှ ငြိမ်သက်၏။ ရီးကျီးဒန်က ဆေးလိပ်ထိပ်ကို တံတွေးဖြင့် ဆွတ်လိုက်၊ ချွန်သော နေရာကို ပါးစပ်ဖြင့်မှုတ်လိုက် အလုပ်များနေ၏။ ရီးဆေးရိုးကား ဇွန်း မပါသဖြင့် လက်ငါးချောင်း ဖြင့် ကော်စာလိုက်၊ ဟင်းရည်ကို ဇလုံစောင်းပြီး မော့သောက်လိုက်ဖြင့် အပြေးအလွှား ၀မ်းဖြည့်နေ၏။ လယ်ကြားမြောင်းထိပ် မှ ရေ၀ဲလှည်သံ ကလုံ ကလုံသည် နဘူးချုံကြားမှ တွတ်ချွဲမြည်သံနှင့်အတူ ဝေ့လွင့် လာချိန် တွင် တစ်စုံတစ်ရာကို ရီးကျီးဒန်သတိရ၏။
    ''မေ့တော့မလို တော်ရေ့၊ စားတုနးသောက်တုန်း ပြောရဦးမယ်''
    ရီးဆေးရိုး လှည့်မကြည့်ပါ။
    ''ဘာများတုံးဟ''
    တော့်မြေး ခင်မောင်ငြိမ်း''
    ကိုဘညိန်း၊ မလှမေတို့တွင် သားချည်း သုံးယောက်ရှိသည့်အနက် အကြီးဆုံးသား။ ၁၈ နှစ်သားရှိပြီး။ ခင်မောင်ငြိမ်း ဆယ်တန်း တစ်ကြိမ်ကျပြီးပြီ။ ကျောင်းတွေ ပြန်ဖွင့်သည်အထိ မစောင့်နိုင်။
ဒုတိယကြိမ် ဖြေဆိုပြီးသည်အထိ သူမဆိုင်းနိုင်။ မိန်းမခိုးပြေးပြီ။
    ''သေချာရဲ့လားဟ''
    ခြေမကို ပုဆိုးစဖြင့်ဖုံးထားပြီး တစ်လမ်းလုံး ဖုန်ထောင်းထောင်းထအောင် လမ်းသွားတတ် လျှောက်တတ်သော မြေးချစ်ကို ရီးဆေးရိုး မြင်ယောင်သည်။
    ''ဘယ်သူမှ မသိဘူး၊ ပြောင်းခင်း အစောင့်ခိုင်းထားတော့ ပြောင်းခင်းထဲမှာပဲ ရှိလိမ့်မယ် ထင်နေကြတာ ပြောင်ခင်းမှာ ရွာနှင့်မဝေးလှ။ အော်ခေါ်လျှင် ကြားနိုင်လောက်သည်။ ရေကလေး မိုးကလေး အဆင်ပြေ လိုက်သဖြင့် ဆံမြိတ်တဝေေ၀ဖြင့် ဖူးစားပြောင်းခင်းကြီးမှာ မှောင်မှိုင်းနေ၏။ မလှမေတို့ ခေါင်းတမော့မော့ တပြုံးပြုံး။ သို့သော်အစေ့ထည့်စ၊ နို့ရည်ခဲစပြုသည်နှင့် ရန်သူတော်များ ပေါ်လာသည်။ ဤသည်တို့မှာ ကျေးနှင့် ခွေးတည်း။ ကျေးသည် အခွံကို ဖြဲပြီး အစေ့ကိုစားသည်။ အခွံဖြဲပြီး အစေ့ကိုစားသည်။ အခွံဖြဲပြီးသော ပြောင်းဖူးသည် မကောင်းတော့။ အစေ့လည်း သုံးမရ။ ဖက်လည်းလှီး၍မရတော့ပြီ။
    ခွေး။ ခွေးက ကြက်တူရွေးထက် ဆိုးသည်။ ပတတ်ရပ်ပြီး ပြောင်းဖူးကို ကိုက်၏။ ကိုက်ရင်းဖြင့် သူ့ရင်အုပ်နှင့်ဖိမိကာ ပြောင်းဖူးပင် ဘိုင်းဘိုင်းလဲတော့မှ လက်ဖြင့်နင်း၊ ပါးစပ်ဖြင့်ဖြဲကာ စားသည်။ ခွေးလှဲသော အပင်ကား နွားကျွေးရုံမှတစ်ပါး အခြားနည်း သုံးမရပြီ။
    သို့ကြောင့် ခင်မောင်ငြိမ်းမှာ လယ်ထဲ၌ ၂၄ နာရီလုံးနေရသ်ည။ နေ့တွင် ခလောက်တွေ၊ သံပုံးတွေကို ကြိုးဖြင့်ဆွဲလိုက်၊ ဟေးဟူအောက်လိုက်၊ ၀ါးလက်ခုပ် တီးလိုက်၊ ခွလောက်လေးဖြင့် ရမ်းသမ်းပစ်လိုက်၊ ပြောင်းခင်း ထဲ ဆင်းသွားလိုက်ဖြင့် နားချိန်မရှိပေ။
    ခင်မောင်ငြိမ်းနားချိန်မှာ ညနေ ငါးနာရီသာသာမှ ညရှစ်နာရီခန့်အထိသာ ရှိ၏။ ရှစ်နာရီထိုးသည်နှင့် ပြောင်းခင်းထဲ ၀င်ရသည်။ ပြောင်းခင်းတွင်း အနှံ့လျှောက်ရသည်။ ပြောင်းခင်းနှင့် မနီးမဝေးတွင် ယောင်လည်လည် လုပ်နေသော ခွေးပင်ဖြစ်စေ၊ မသက်သာ ကိန်းဆိုက်ပြီ။
    သို့နှယ် အားလပ်ချိန်မရှိပ်ါဘဲလျက် မည်သို့လျှင် မိန်းမခိုးပါမည်နည်း။ သို့ရာတွင် ငါ့အဖေ အမေရဲ့ ပစ္စည်းဟာ ငါ့ပစ္စည်း။ သည်ပစ္စည်း မပျက်စီးမှ ငါနဲ့ ငါ့ညီအစ်ကိုမောင်နှမတွေ ၀၀စားရမှာ ဟူသည့် ဆွေချစ် မျိုးချစ်စိတ် သူ့မှာမရှိလျှင်ကား သူသည် ပြောင်ခင်းကိုပစ်ကာ တစ်နေ့လုံး လျှောက်လည် သွားလိမ့်မည်။ တစ်ညလုံး သိုးနေအောင်အိပ်ရန်လည်း သူ ၀န်လေး လိမ့်မည်မထင်။ တစ်သီကြီး တွေးပစ်ပြီးမှ အတွေးစကို ရီးဆေးရိုး သိမ်းသည်။
    ''ပြောင်ခင်းထဲမှာ ရှိလိမ့်မယ် ထင်ရာက အခုဘယ်လိုလုပ်သိကြတုံး''
    ''မိန်းကလေးဘက်က လုက်လာကြမှ သိတာပါ။ ခင်မောင်ငြိမ်းနဲ့ လိုက်ပြေးတယ် ပြော ကြလို့တဲ့''
    ''အင်း... ကျောင်းထားတော့လည်း အသုံးမကျ၊ ကျောင်းပိတ်ခိုက်မှာ လယ်ထဲ သုံးကြည့် တော့လည်း ထွန်တစ်တုံးမှ မနိုင်။ ဖအေ မျက်နှာလွှဲဖို့ဆိုတာ ဝေလာဝေး။ နို့...နေပါဦး၊ မိန်းမလေးက ဘယ်ရွာကတဲ့လဲ''
    ''ရွာသစ်ကြီးက''
    ရီးဆေးရိုး၏မျက်နှာပေါ်က တိမ်ညိုအုပ် ပြယ်စင်သည်။ ရွာသစ်ကြီးက လူများသည် များသောအားဖြင့် ချောင်လည် ကြသည် မဟုတ်လား။ သို့ရာတွင် မိဘမည်ရည်ကို ကြားရ ပြန်သောအခါ တိမ်မည်းတိမ်ပုပ် လွှမ်းချေ၏။
    ''ငပြောင်၊ မိမုန်းသမီးတဲ့တော်''
    ရွာသစ်ကြီး ဇာတိမဟုတ်၊ ပသတ္တိဖြစ်သည်။ ဧရာဝတီမြစ် အရှေ့ဘက်ကမ်းတွင် မိုးခေါင် လွန်း၊ လုပ်ငန်းကိုင်ငန်း ရှားပါးလွန်းသောကြောင့် ပြေးလာသူများဖြစ်ရာ လယ်မရှိ၊ ဥယျာဉ်မရှိ၊ ရာသီလိုက် အခစား လုပ်နေရသော မိသားစုပါ။ သို့အတွက် ပြုံးသော ရီးဆေးရိုး မျက်နှာတည် ရသည်။
    ''မိန်းကလေး ဘက်ကလည်း မသေချာဘဲနဲ့တော့ လိုက်လာမယ် မထင်ပါဘူးလေ''
    ''ဒါဖြင့် ဘယ်လိုလုပ်ကြမတုံး''
    ''ဟုတ် မဟုတ် တော့်သားသားရော၊ တော့်ချွေးမရော ဟိုမေးဒီစမ်းလုပ်ကြရတာပေါ့။ ကျုပ်လာတဲ့ အထိတော့ ဘာသတင်းမှမရသေးဘူး။ ပြောင်းခင်းထဲမှာ တော့်မြေး ရှိ မရှိကို မသိသေးဘူ''
    ''ဟယ်... ဒါကတော့ဟာ၊ မိန်းကလေးကို တစ်နေရမှာ သွားထားပြီး သူက ဟန် မပျက်လာနေ ရင် ရတဲ့ ဥစ္စာ ရီးကျီးဒန် ငေးငေးကြီးဖြစ်သွားပြီးမှ တစ်လုံးချင်း မြည်တမ်း၏။
    ''သူ့နှမ၀မ်းကွဲ မင်္ဂလာဆောင်တုန်းကတော့ ကိုယ်က မိန်းကလေးရှင်မို့ မပူရဘူး။ အခု ကိုယ်က ယောင်္ကျား ကလေးရှင်ဖြစ်လာပြီ။ ထောင့်လေးငါးရာနဲ့မှ ဖြစ်ပါ့မလား။ အင်း... လျော်စရာ ပေး လို့ စားစရာ မှ အနိုင်နိုင်''
    ထိုအခါ ရီးဆေးရိုး၏ အာရုံသည် သူ့မြေးကို လက်ထပ်မင်္ဂလာကျင်းပပေးသညအထိ စဉ်းစားရ ပြီ။ သူ့သားမှာ လင်ဇင်းသောက်လယ်ကို လုပ်သူ။ မြေကိုမက်၍ လုပ်နေရငြား ရေမရသောကြောင့် နွားစားပြောင်း ကြဲပြီး ရိတ်ရောင်းနေရသော လယ်သမား။ သားက မရှိသောကြောင့် ဖအေကို ပြန်ကြည့် ပါဦး။ ဖအေ မှာလည်း အဘိုးကြီးအိုနှင့် အမယ်ကြီးအို။ ထိုင်ပြီး စားစရာမရှိသောကြောင့် လုပ်နေရသူများ၊ တွေးရင်း တွေးရင်းက ရီးဆေးရိုး၏ဦးခေါင်းမှာ ထူပူလာ၏။
    ဟယ်... ရောက်ရာပေါ့ဟာ၊ တွေးပြီး ပူမနေစမ်းပါနဲ့''
    ဆေးလိပ်တိုကို လှမ်းဆွဲပြီး ထရပ်သည်။ စိတ်ထဲမှာ အတန်အသင်ပေါ့သည်။ ညောင်ပင်ရိပ်မှ ခွာလိုက်သော အခါတွင် စိုက်ခင်းခွဲရေးသည်သာ ရီးဆေးရိုး၏ အာရုံထဲ၌ ရှိတော့သည်။
(၄)
သုံးလေးခေါက် မောင်းပြီါ်သော လယ်ကွက်ထဲသို့ ခြေလှမ်းပြင်ပြီးမှ ပျိုါ်ခင်းဘက်သို့ လျှောက်သည်။ ပျိုးခင်းတွင်းရောင် ရေထွက်ကို ယခုထက်ထိ မကြည့်ရသေးပါ။ ပျိုးခင်းသည် ငှက်ပျောညွန့်ရောင် လှိုင်းအိများနှင့် မြူးတူးနေ၏။
    ကောင်းကင်တွင် တိမ်စင်သွားပြီမို့ နေသည် ချစ်ချစ်တောက်အောင် ပူ၏။ တိမ်စင်ပြီဆိုလျှင် လေပူကြီး သည် ထုံးစံအတိုင်း တိုက်ခတ်ပြီ။ အရေခွံ ပူလာအောင်၊ ထူလာအောင် တုက်လေ့ရှိသော လေ။ တစ်နေ့စာတော့ မိုးရွာဖို့ မျှော်လင့်ချက်ဝေးပြီ။
    ပျိုးခင်းတွင်သို့ ၀င်သောရေကို စမ်းကြည့်၏။ အေးသည်။ ပျိုးခင်းထဲကရေကို စမ်းရပြန်သည်။ ထိုနည်းလည်းကောင်ပင်။ ပျိုးခင်းရေငတ်ပြီ အားတိတ်မည်စိုး၍ ရေသွင်းရာတွင် ရေသွင်းရာမရောကဘဲ ရေနွေး'ဖျော' ရာရောက်မည်စိုးသောကြောင့် စမ်းကြည့်ငုံ့ကြည့်ရခြင်းပင်။ ပျိုးခင်းတွင် 'ရေနေ' သည် ညီ၏။  ထိုအခါ ရီးဆေးရိုးကျေနပ်၏။ လယ်ကွက် တွင်း ရေနေညီစေရန် အပင်ပန်းခံပြီး 'ကြမ်းပေါင်' ရိုက်ခဲ့သည် မဟုတ်လား။ ပျိုးခင်းကို ပီတိမျက်လုံးဖြင့် စိန်းစိန်းကြည့်ရင်း စိုက်ခင်းခွဲလက်စ လယ်ကွကဘက်သို့ လျှောက်လာသော ရီးဆေးရိုးသည် နှမ်းခင်းအစပ်သို့ ရောက်လာ၏။ စူးစူးဝါးဝါး တူးတူးခါးခါး အော်လိုက်သော ကြက်တူရွေးတစ်စု။ နှမ်းခင်းထဲတွင် ပါလေကာမျှကြီးပက်ထားသော ပြောင်းဖူးပင်များမှ  ဖြစ်သည်။ လူရိပ်မြင်သောကြောင့် အော်ဟစ်အချက်ပေးရင်း ထပျံခြင်းဖြစ်မည်။ ထိုအခါ မြေး ခင်မောင်ငြိမ်း သည် အာရုံတံခါးဝသို့ ရောက်လာချင်သည်။
    “ဟယ်... ကိုယ် မတတ်နိုင်တ်ာကို ဘာဖြစ်လို့ တွေးပူနေရမှာတုံး“
    အာရုံတံခါးကို ရက်စက်စွာ ပိတ်သည်။ တံခါးပတ္တာက သံချေးတတ်နေ၏။ ဖြန်းခနဲ အသံကြောင့် လန့်၏။ စိုက်ပစ်ခဲ့သော ငန်းပြား ရေနူးပြီး လဲတာပါတကား အသိဖြင့် နှမ်းခင်းထဲ ဆင်းမိသည်။ ငန်းပြားကို ပြန်စိုက်ရင်း က နှမ်းအုံကြီးဘေးသို့ ကပ်မိလျက်သား ဖြစ်သွား၏။
    မဆိတ်မဖဲ့ရဘဲနှင့် အခွံတွေ၊ အခက်အလက်တွေဖြင့် ဝေဆာနေသော နှမ်းပင်ကြီး။ နှမ်းပင်သည် စည်ကားလွန်းသောကြောင့် နှမ်းပင်နှင့်မတူ။ ခရမ်းပင်နှင့်သာ တူနေတော့သည်။ အရှဉ်းလိုက် သီးနေသော နှမ်းသီးများနှင့် ဆည်းလည်းဆွဲသလို တန်းလန်းကျနေသော အပွင့်ပြာ ကလေးတွေကြောင့်သာ နှမ်းပင်ဖြစ်ကြောင်း သိသာ၏။ ရီးဆေးရိုး တောက်ခေါက်သည်။
    “ကောင်းလိုက်တဲ့ နှမ်းပင်ကွာ တစ်ပင်တည်းကကို တစ်ပြည်ကျော်မလား မသိဘူး“
    သူသည် ကြည်နူးစိတ်ဖြင့် နှမ်းပွင့်ကို  နမ်း၏။ မွှတ်မွှတ်မွှေးမွှေး အနံ့ကလေးကြောင့် ရင်မှာ ချမ်းမြေ့ ရပြန်သည်။ ထိုအခါ ခုနက သံချေးတက်နေသော ကတ္တာသည် သံချေးကွာ၍ တံခါးလုံးလုံး ပိတ်သွားပြီ။ ဆည်းလည်းပြာ နှမ်းပွင့်ကလေးတွေမှာ ရီးဆေးရိုး၏ ရင်တွင်းဝေဒနာကို မသိငြား၊ လေ၀ယ် မြူးကြွသည်။ လေနှင့် ဆည်းလည်းပြာတို့၏ ကြားတွင် ရယ်မောသံ ညင်းညင်းကို ကြားရယောင်ရှိ၏ လေကလော၊ ဆည်းလည်း ကလော၊ ရီးဆေးရိုး၏ ဟဒယကလော။
စာရေးသူ - ဆင်ဖြူကျွန်း အောင်သိန်း
.
>>>ဆက်ဖတ်ရန်>>> >>
Saturday, August 7, 2010
ပန်းသတင်း (သြဂုတ် ၇)
မင်္ဂလာနံနက်ခင်းဝယ်
ဆင်ဖြူကျွန်း အောင်သိန်း
"အဘိုးကြီး၊ ထပင်မြစ်ကလေးဝါးလို့၊ ရေနွေးကြမ်းသောက်လို့၊ အေးအေဆေးဆေးနေပါဦးလား၊ နှင်း မကွဲ သေး ဘူးနော်"
    မကျီးဒန်သည် ဆန်ဆေးနေရာက ကိုဆေးရိုးအား လှမ်းပြော၏။ ဤသို့ပြောရခြင်းမှာ မီးဖိုဘေးမှ လေးကန်စွာ ထပြီး ဘာဘူစောင်ကြီးကို ကိုယ်ပေါ်မှ ဆွဲခွာနေသောကြောင့် ဖြစ်၏။
    ချောင်းပြင်ဘက်သို့ ကိုဆေးရိုး လည်ဆန့်ကြည့်၏ ရမ်းဘိုကုန်းရွာဘက်ရှိ သောင်ပြင်ပေါ်တွင် ငွေနှင်း ပြာ မှောင်မှောင် သည် ရီအုံ့ဆိုင်းထားငြား အလယ်ကျွန်းရှိ သောင်ပြင်ပေါ်တွင်မူ ကိုင်းပင်များပေါ်သို့ ဖြူဆွတ် သော နေရောင်ခြည် ကြည်ကြည် တောက်တောက်များ ကျရောက်နားနေလျက်ရှိသည်။
    အလယ်သောင်နှင့် ရေစီးကြောင်း၏ကြားတွင် လူတွေရောက်နေပြီ။ သူတို့သည် မှုန်ပြာရီ နှင်းပြင် အောက် ၌ ဖြူပြာဝါနီစမ်းညိုအရောင်များဖြင့် တကုန်းကုန်းအလုပ်လုပ်နေကြပြီ။ သူတို့သည် အာလူးခင်း ထွန်ယက် သူများ ဖြစ်ကြ၏။ အာလူးကြောင်းဆွဲသူများ အာလူးစိုက်သူများ ဖြစ်ကြ၏။ သူတို့၏ ရယ်မောသံ များက ကိုဆေးရိုးအား “ဘာပျင်းနေတာတုံး”မေးသည်သို့၊ သရော်သည်သို့ရှိ၏။ သူတို့၏ ပါးစပ်ဝ မှ ထောင်းခနဲထလာသော အငွေများက “ထပါတော့လား၊ ဘာပျင်းနေတာတုး” စောကြော နေသည့် နှယ် ရှိ၏။
    သည်ရှုကွင်းကိုမြင်ရသောအခါ မစောတော့ဟု ကိုဆေးရိုးသိသည်။ သို့ကြောင့်မီးဖိုမှထခြင်းဖြစ်၏။ မကျီးဒန် ၏ အသံကို ကြားသည်တွင် မီးဖိုကို ငုံ့ကြည့်မိသည်။ မီးကျီးတွေ ရဲနေသည်။ လက်ဖျားကလေးပင် ကင်ပါရ စေဦး၊ အတော်နွေးမည်။ သည်မီးဖိုကို ၀န်းရံနေသည့်မြစ်များသည် မသန့်ရှင်းသော သွားဝါ၀ါ တွေဖော်လျက် ဘေးကြီးအား မော့ကြည့်နေကြ၏။
“အင်း သူတို့တာဝန်ရှိနေပါကလား။ မိုးရွာရွာ၊ နေပူပူ နွားကျွေးဖို့ နွားစာရှာရမယ်၊ ကျွေးရမယ်။ နေကောင်း ကောင်း မကောင်းကောင်း နွားတာဝန် ကတော့ ရှိမြဲရှိနေပါကလား”
    ထိုအတွေးကြောင့် ကိုဆေးရိုး ညည်းတွားမိသည်။
    “လယ်တွန်း လယ်ထွန်စက် တစ်စီးလောက် ၀ယ်နိုင်ရင်တော့ နွားကိစ္စ ပပျောက်သွားမှာပဲ။ အခုတော့”
    “တော့် လယ်ထွန်စက် က ရှစ်သောင်းကြီးတောင်ဆိုတော့”
    မကျီးဒန်က ထန်းဖုံးဖတ်ကိုင်လျက် မီးဖိုဘေးသို့ ရောက်လာသည်။ သူသည် မြစ်တွေဝန်းရံနေသည့် မီးဖိုထဲ မှ မီးကျီးခဲများကို ထန်းဖုံးဖတ်ထဲသို့ ယက်ထည့်ရင်းက ကိုဆေးရိုးကို မော့ကြည့်၏။
    “တစ်သက်လုံး နွားနဲ့နေလာပြီး အခုမှညည်းရတယ်လို့တော်၊ ထွန်စက်ပေါ်လာလို့ နွားကို ပုန်ကန်တာ မဟုတ်လား”
    ကိုဆေးရိုးသည် ဘာဘူစောင်ကို ခေါက်ပြီး မန်ကျည်းပင် ပင်စည်နှစ်ခုကြား၌ ညှပ်ထားလိုက်သည်။
    “ကိုယ့်အသက်လည်း ကိုယ်ပြန်ကြည့်ဦးလေ၊ ဒါလောက်တောင် အိုမင်းမစွမ်းဖြစ်လာတော့လည်း ပင်ပန်း ရမှန်း သိလာပြီဟ။ ပင်ပန်းလာတော့လည်း သက်သာတဲ့ လယ်ထွန်စက်ကို မျက်စောင်းထိုးမိတာပေါ့ဟာ”
    “ထွန်စက်တစ်စီး သုံးလေးငါးထောင်ဆို ဟုတ်သေးရဲ့”
    “သုံးလေးငါးထောင်နဲ့ ထွန်စက်တော့ မရဘူးဟေ့၊ ခြေမသန် မျက်စိမကောင်းတဲ့ နွားအိုပဲ ရမယ်”
    မြစ်များသည် ဘေးနှင့် ဘေးမတို့ ခွန်းကြီးခွန်းငယ် စကားများလျှင် ပျော်ရွှင်ကြသည်။ ရိုက်နှက်ထိုးကြိတ်ကြသောကြောင့် မဟုတ်။ “တယ်လေ ငါ”ဆိုကာ ဓားကို ဆောင့်ချတတ်၊ ထင်းစကို ဆောင့်ထိုး တတ်ကြသဖြင့် ဖြစ်ပေသည်။ ယခုလည်း ရယ်မောရတော့မည်ဟု မျှော်လင့်ကြ၏။
    သို့ရာတွင် မကျီးဒန်က မီးဖိုကို ကုန်းမှုတ်နေသည်။ ကိုဆေးရိုးကလည်း ပုဆိုးတစ်ထည်ခြုံ၊ တံစဉ်ဆွဲပြီး နှင်းက ရှိမြဲရှိနေသည်။ သစ်ကိုင်းနှင့် တိုက်မိလျှင် ပခုံးနားရွက်များ ကျင်ခနဲဖြစ်အောင် အေးသည်။ လူသွားလမ်းဝဲယာရိ နဘူး ကပ်စေး ဗောက်ခွေးနှင့် မြက်ပင်များတွင် စိန်စီထားသည့်အလား နေရောင်ဖြင့် စိန်ရောင် လက်ဖိတ်နေသည်။
    ကိုဆေးရိုးမှာ သည်အပင်များနှင့် လွှတ်အောင် သွား၍မရ။ ဟိုအပင်က  နှင်းတစ်စက်၊ သည်အပင်က တစ်စက်။ များများမဟုတ် တစ်စက်စက်မျှသာ ခြေကို ဆွတ်လိမ်းခံရသည်။ တစ်စက်ပေါင်း များလာသော အခါ ခြေထောက်သည် တာယာဖိနပ်ပေါ်မှ ချော်၍ချော်၍ ကျတော့သည်။ ကြာလျှင် ဖိနပ့်ပတ်တော့မည်ဟု ကိုဆေးရိုး ကြောင့်ကြသည်။ ဂျပန်ဖိနပ်နှင့် ယှဥလျှင် အလွန်အကျည်းတန်သော သည်ဖိနပ်ကိုမှ ကိုဆေးရိုး နှစ်ခြိုက် သည်။ ဖိနပ်ကို တယုတယချွတ်သည်။ ကျောချင်းကပ်လျက် ခါးတွင် ထိုးထားသည်။    “အေးရော မဟုတ်လား၊ သလိုမဟုတ်ရင် တချော်ချော် တချွတ်ချွတ်နဲ့” တစ်ယောက်တည်း ပြောသည်။ တစ်ယောက်၏ ခေါင်းတစ်ရွက် စာ မြက်သည် မရှားပါးတန်ရာ။
    အခြေအနေများသည် စီးဆင်းနေ၏။ လယ်ထဲတွင် ကိုဆေးရိုးကို တကားကား တကုန်းကုန်းမြင်ရချိန်က လယ်ပြင်သည် ယခုနှယ် ဆောင်းကာလ၌ ရွှေရောင်လွှမ်းနေပြီ။ ကိုဆေးရိုး လယ်ကန်သင်းပေါ်မှ မဆင်း တော့ချိန်ဝယ် နှင်းပွင့်များအောက်၌ ထွန်ယက်နေကြ၊ စိုက်ပျိုးနေကြသည်။
    ကိုယ့်လယ်ထဲက မြက်ကိုသာ ရိတ်ယူပြီး နွားကျွေးရသည်။ ရွှေရောင်ကောက်ပင်များ ပဲလွန်း၊ ပဲကြီး၊ ပဲစိတ်၊ ပဲနောက်ပင်များက မြရောင်ဖြင့် ဘောင်ခတ်ထား၊ ကန့်ထားသည်။ ကောက်ရိတ်ချိန်တွင် သည်အပင် များကိုပါ ရိတ်သိမ်းသည်။ နွားကိုလည်း ကြားဖောက်၍ ကျွေးရသေးသည်။
    ယခုသော်ကား သူခိုးကို အလုပ်အကျွေးပြုရမည်စိုးသဖြင့် ကန်သင်းပေါ်၌ ပဲပင်မရှိ။ ပန်းဖြူ၊ ပန်းပြာတို့ အဆုပ်လိုက်၊ အခဲလိုက် တန်ဆာမဆင်နိုင်ပြီ။ တကူးတက စူးထိုးစိုက်ထားသော ပဲပင်ကို ခိုးသေးလျှင် အလေ့ကျ ပေါက်သော မြက်ကိုကား ပြောရန်မလိုပြီ။ စည်းကမ်းမဲ့သူတို့ကြောင့် ရှိခဲ့ပြီးသော စည်းများ ပျက်ပြား ခဲ့ရသည်။
    ကိုဆေးရိုး၏ခြေလှမ်းတန့်သွား၏။ လယ်ဘေးမှ မြှောင်ပြီး ဆင်လားသော မြောင်းလက်တံကလေး၊ အပြုအပြင်မရှိသဖြင့် ပန်းတော်နီ မြက်ညွန့်တွေကို တိုးဝှေ့လျက် ရေကြည်ကြည်ကလေးတွေ စီးဆင်း နေသည်။
    “သည်လယ်ဟာ ကျော်သောင်းလယ် ထင်ပါရဲ့”
    သို့တစေ သူ့ပိုင်နက်ထဲ မ၀င်ဘဲနဲ့ မြက်ရလောက်သည်။ သည်အတွေးဖြင့် ကိုဆေးရိုးထိုင်သည်။ မီးခြစ် ထုတ်သည်။ ဆေးလိပ်တိုကို မီးညှိသည်။
    နေခြည်က နွေးလာပြီ။ ငှက်ခါးတစ်ကောင်သည် ပေပင်ထက်၌ ခက်ထန်သော အသံကို ပေးနေရာက ဒေါသ တကြီး တဂါးဂါးအော်လျက် ထိုးဆင်းလာသည်။ ကောက်ပင်များကြား တစ်စုံတစ်ရာကို ထိုးသုတ် လျက် ပျံတက်သည်။ ပေပင်ပေါ်သို့ ပြန်အရောက်၌ ခက်ထန်မြဲ ခက်ထန်နေသည်။ ကောင်းကင်၌ တိမ်ဖြူ တစ်ဆုပ် သာရှိသည်။ တရွေ့ရွေ့ ခရီးနှင်နေပုံက ညင်သာလွန်းသည် ပေပင်ထိပ်သို့ တိမ်ဆုပ်ကလေး ရောက်လာချိန်ဝယ် ကိုဆေးရိုး ငေးမောမှုရပ်သည်။ မိုးသားနှင့်ပြိုင်သော ဆေးလိပ်မီးခိုး နွယ်ပြာ ညွန့်ပြာ များကို အထုတ်အမှုတ် ရပ်တန့်ကာ တံစဉ်ကို ကောက်ကိုင်သည်။ ပန်းတော်နီမြက်များကို ဘယ်လက်ဖြင့် ဖမ်းဆုပ်သည်။ ညာလက်ဖြင့် တံစဉ်ကို ကိုင်မြှောက်ပြီးမှ ချထားလိုက်သည်။
    မြက်ထဲ၌ သစ်ခက်ကလေးတွေ၊ သစ်ရွက်တွေ ရှိနေသည်။ တံစဉ်သွားဖြင့် လက်ကို ချော်ထိအောင် လမ်းလွှဲပေးနိုင်သော ဆူးငြောင့်တွေဖြစ်သည်။ တစ်ခက်ခြင်း တစ်ရွက်ခြင်း ကောက်နေစဉ် မျက်နှာချင်းဆိုင် လယ်ပွဲထဲ၌ သူစိမ်းတစ်ယောက်ကို မြင်ရသည်။ ထိုအခါ ကိုဆေးရိုးမှာ မှတ်ဥာဏ်ကို နှိုးဆွရသည်။
    “သည်လယ်ဟာ ကျော်သောင်းရဲ့လယ်မဟုတ်ဘူးလား။ သည်လူဟာ အရပ်ကလူလည်း မဟုတ်ပါ ကလား။ လျှောက်သွားနေပုံကတော့ သူ့လယ်ကို ဂရုတစိုက် လိုက်ကြည့်နေတဲ့ပုံပဲ”
    စဉ်းသာစဉ်းစားရ၊ ကိုဆေးရိုး၏ ရင်ထဲ၌မကောင်း။
    "ဟုတ်ပါတယ်၊ ဒါဟာ ကျော်သောင်းလုပ်တဲ့ ပေတစ်ရာလယ်ပွဲ၊ ဟိုဘက်ကလယ်ပွဲဟာ ဆင်သေလယ်ပွဲ၊ သူ့ထိပ်က လောက်စာပင် လယ်ပွဲ'
    မှတ်ဥာဏ် နှိုးဆွလျက် လည်ပင်းရှည်က မျှော်ကြည့်တော့မှ ကိုဆေးရိုး၏ ရင်ထဲ၌ မကောင်း။ ခံစားမှုများ တိုးမြှင့် လာရသည်။ ဟိုဘက်လယ်ပွဲတွေမှာလည်း သူတစိမ်းတွေပါကလား။
    "ဘယ်လိုဖြစ်ကုန်ကြပါလိမ့်၊ မျက်နှာစိမ်းတွေက မတန်တဆပေးပြီး ငါတို့လယ်တွေကို ငွေတွေနဲ့ ပေါက်ဝယ် ပစ်လိုက်ကြပြီလား"
    သည်ဘက်သို့ နေ့စဉ်အရောက်အပေါက်ရှိလျှင်ကား အပြောင်းအလွဲကို ကိုဆေးရိုးသိနိုင်သည်။ သည်ဆီးဖြူပင်နောက်ဘက်သို့ ကိုဆေးရိုးမရောက်သည်မှာ ကြာပြီ။ ကြာသည်ဆိုငြား တစ်နှစ်မျှသာ ရှိပေဦး မည်။
    ပန်းတော်မြက်တွေ တဝေေ၀ဖြင့် မြောင်းလက်တံကလေး ကပ်စီးဆင်းနေသည့် ကျောဘက်လယ်ပွဲကို ကိုဆေးရိုး လှည့်ကြည့်၏ နွေစပါးစိုက်ပြီးသွားပြီ။ အတန်းလိုက် အစေ့ချစိုက်ထားသည်။။ သို့သော် မေးမြန်း စုံစမ်း စရာ လူရိပ်လူယောင်ကိုမမြင်။ ကိုဆေးရိုးရင်ထဲ၌ နင်တင်တင်ကြီး ခံစားရသည်။ ဆေးလိပ်ကို မဲပြီး ဖွာနေ သည်။
မီးမရှိပြီ။ မီးခြစ်ကို ထုတ်ပြီး မီးခြစ်ငြား ဆေးလိပ်နှင့်မတို့မိ။
    "ငါတို့လယ်တွေကို လူလည်တွေက ငွေနဲ့ပေါက်ဝယ်ရင် ကြာလာတဲ့အခါမှာ တစ်သက်လုံး လယ်ကို ဖက်ပြီး လယ်လုပ်လာတဲ့ လယ်သမားတွေ  ဘာလုပ်စားကြမတုံး"
    တွေးရင်းတွေးရင်း ကိုဆေးရိုး သိမ်ငယ်လာ၏။ သူတစိမ်းတွေကြားထဲသို့ ရောက်နေရသည့်နှယ် ခံစား ရသည်။ ထိုအခါ သူ့မြေးမောင်ကိုကြီး၏ စကားသံတစ်သံကို ကြားယောင်သည်။
    မောင်ကိုကြီး မှာ ဆယ်တန်းအထိ စာသင်ဖူးသည်။
သည်မြေးကို ထွန်းပေါက်လိမ့်မည် ကိုဆေးရိုး မျှော်လင့်ခဲ့ငြား ဆယ်တန်းမအောင်မီ အိမ်ထောင်ပြုသဖြင့် ရင်ကျိုး ခဲ့ရသည်။ မည်သို့ဖြစ်စေ သည်မြေးကား သူ့ဘိုးအေ သိပ္ပံဗဟုသုတ၊ ကမ္ဘာ့ပုဂ္ဂိုလ်ကြီိးဖြစ်သည်။ သူက
    "ဘရေ၊ နားလှည့်ပါးလှည့်နဲ့ ကျုပ်တို့ မြန်မာလယ်သမားတွေရဲ့ လက်ထဲက လယ်တွေ သူများ လက်ထဲ ရောက်တော့မယ် ဘရေ့။ မုန်းနားဘက်မှာ လယ်ကောင်းရင် တစ်ဧကကို ငါးသောင်း ပေးဝယ် နေပြီတဲ့ ဗျို့"ဟု ပြောဖူးသည်။
    သည်စကားကို အမှတ်မဲ့ထားခဲ့မိသည်။ ယခုမှ နားနားကပ်၍ အော်သည့်နှယ် ကျယ်လောင်စွာ ကြားရ တော့သည်။
    လူရိပ်လူခြည်စောင့်ရင်း ကိုဆေးရိုးမြက်ရိတ်သည်။ မြက်က သန်စွမ်းငြား အရှည်ကြီးမဟုတ်။ ဖမ်းဆုပ်၍ ရရုံကလေးသာရှိသည်။ တံစဉ်ကို လက်ဖနောင့်နှင့်ပွတ်ပြီး ဆွဲရရာ တံစဉ်မရှအောင် သတိထားနေရသည်။ တစ်ဆုပ်စာ ရိတ်ပြီးတိုင်း နောက်တွင်ပုံထားခဲ့ကာေ၇ှ့သို့တိုးပြီး ရိတ်သည်။ ရိတ်စက နှင်းရည် နှင်းဥ များကြောင့် ရိတ်၍ မကောင်းလှ။ နှင်းပြယ်၍ ခြောက်ခြောက်သွေ့သွေ့ ရိတ်ရသည်မှာ အဆင်ပြေလာငြား ကိုဆေးရိုး စိတ်မရွှင်ပျတော့ပါ။ သူ့မျက်နှာမူရာဘက်ရှိ လယ်ပွဲများအတွင်း လူတွေကိုကြည့်ပြီး စိတ်ဆင်းရဲ နေသည်။
    "ငါ့မြစ်တွေ၊ တီတွေ၊ တွတ်တွေ လက်ထက်ကျရင် မျက်စိသူငယ်၊ နားသူငယ်နဲ့ ဖြစ်ကုန်ကြတော့မယ် ထင်ပါရဲ့"
    ရှေ့သို့တိုးရင်းတိုးရင်းဖြင့် နှပ်ချို ချုံဖုတ်ကလေးဘေးသို့ ရောက်လာသည်။ ပြောင်းပင်ပေါက်စတွေလား ထင်မှား ရလောက်အောင် သန်စွမ်းလှသည်။ ချုံထဲသို့ တံစဉ်သွင်းပြီး ချိတ်ရန်အတွက် ကိုဆေးရိုး ထရပ်သည်။ တံစဉ်ရိုးကို ချုံထဲသို့အသွင်းတွင် လက်ရောလူပါ ပြိုင်တူဆုပ်မိသည်။ မြွေတစ်ကောင်။ နရားမြက်ဖုတ် သုံးခုကြား၌ ခွေနေသော မြွေတစ်ကောင်။
    "ဗျိုးကိုဆေးရိုး၊ သူများလယ်ဘေးက မြက်ကို မပြောမဆို"
    ကြားဖူးသည်ထင်ရသော အသံတစ်သံကြောင့် ကိုဆေးရိုး ၀မ်းသာအားရ လှည့်ကြည့်မိသည်။
    "ဟ ဘလွန်း၊ သည်လယ် မင့်လယ်လား"
    "ကျုပ်ဘ၊ ကျုပ်အဖေ လုပ်ခဲ့တဲ့လယ်ဟာ ကျုပ်လယ်ပေါ့ဗျ"
    ကိုဆေးရိုး၏မျက်နှာပေါ်ရှိ မန်ကျည်းခေါက်မျက်နှာကြီးမှာ အတွန့်အရွတွေ လျှောစင်သွားဘိသို့ တစ်မျက်နှာလုံး ကြည်လင်၏။ အသက်သုံးဆယ်မျှ ငယ်သွားပြီထင်ရ၏။
    "၀မ်းသာလိုက်တာ အကောင်ရာ၊ မင်္ဂလာရှိလိုက်ပါဘိဟာ"
    ဘလွန်း ရယ်မောသည်။
    "ကျော်သောင်းတို့၊ ထွန်းသာတို့၊ ကျွဲကြီးတို့ လယ်တွေထဲကို ကိုဆေးရိုး လှမ်းကြည့်မိပြီထင်ပါရဲ့"
    "အေးဟာ စိတ်မကောင်းလိုက်တာ၊ ငါကလည်း သည်ဘက်မရောက်တာ ကြာမှကိုးကွ"
    "ကျုပ်မသိဘူးလိုက်ဘူးဗျ၊ သိတဲ့အခါကျတော့ လက်လွန်နေပြီလေ။ အခုတော့ ကန်သင်းချင်းယှဉ်နေတဲ့ လယ်တွေရော၊ အနီးအနားက လယ်တွေကိုပါ ဘယ်နည်းနဲ့မှ မရောင်းဖို့ ပြောထားတယ်ဗျို့"
"သာဓုပါ အကောင်ရာ၊ သာဓု သာဓု"
ကိုဆေးရိုး၏ ကြည်ကြည်စင်စင် မျက်နှာကြီး၌ အပြုံးပန်းတစ်ပွင့် ပွင့်စည်လာပေ၏။
စာရေးသူ - ဆင်ဖြူကျွန်း အောင်သိန်း
.
>>>ဆက်ဖတ်ရန်>>> >>
Thursday, August 5, 2010
ပန်းသတင်း (သြဂုတ် ၅)
ကဆုန်ဦး
ကိုးခွင်တိုင်းသို့ မျှော်လေတိုင်းသည် ပြာစင်သောမိုးသားက ရစ်လွှားထားသည်။ ကျဲကျဲတောက်မျှ ပူလောင်နေသော နေရောင်အောက်ဝယ် လေဟုန်စီးနေသော လဲပေါက်ကလေးများမှအပ တိမ်ဖြူ ကလေး သော်မျှ မမြင်ရပေ။ တိုက်လာသော လေကလည်း လေပူကြီးမို့ ခိုဝင်စရာ အရိပ်ကောင်းကား ရှားပါး လှပါဘိတောင်း။ ကျီးကန်းတွေ ဆက်ရက်တွေကို ကြည့်လိုက် လျှင် ပါးစပ်အပြဲသား။ ခွေးတွေကို ကြည့်လိုက်လျှင် လျှာအတွဲသားနှင့်။ ပူပြင်းသော နေရှိန်အောက်ဝယ် နွမ်းညှိုးသော ဖူးပုရစ်ဆင်သည့် သစ်နွမ်းပင် များသည် ရမ်းဘိုကုန်းရွာ ကလေးအား အပူဒဏ်မှ ကာဆီးမပေးနိုင်ပါချေ။
ကြမ်းကြား လေနှင့် ဘူးခါးရေ။
သည်လိုအပူရှိန်လွန်ကဲနေသောအခါမျိုး၌ ကြမ်းပြင်ပေါ် ကျောခင်း အိပ်ကာ ကြမ်းကြားမှတိုးသော လေ၏ အရာသာကို ခံစားပြီး အိပ်ရာထ၍ဘူးသီးခြောက်တွင် ထည့်ထားသော ဘူးခါးရေ ကို သောက်ရသော် အေးမြခြင်းသည် တစ်ကိုယ်လုံးပျံ့လာ၏။ ထို့ကြောင့် ဘူးခါးရေသည်အေး၏။ ကြမ်းကြားလေသည်လည်း အေးပါ၏။ သို့သော် ပူရှိန်ပြင်း သည့် နေစွယ်သည် ချောင်းအနောက်ဘက်ကမ်းရှိ ရှားတောထိပ်တွင် မေးတင် နေလေပြီ။ ရမ်းဘို ကုန်းရွာ သမီးငယ်များသည် ရေအိုးကိုယ်စီခါးစောင်းတင်လျက် ချောင်းထဲ သို့ဆင်းလာကြ၏။ ကာလသားငယ်များသည်လည်း ဆိုင်းထမ်းပိုးကိုယ်စီနှင့် လက်ယက်တွင်းများဘေးဝယ် ထေ့သံမြှူသံ များနှင့် လုံမေတို့အားကြူနေကြသည်။ သည်အခိုက်ဝယ် ချောင်းရိုးအတိုင်း ပတ်မတုတ် သံ တစ်ခု သည် စုန်ဆင်းလာ၏။
ပတ်မတုတ်သံသည် လုံမပျိုတို့အား သိသာထူးခြားမှုဖြစ်အောင် လုပ်မပေးနိုင်သော်လည်း ကာလသား များ ကိုကားလှုပ်ရှားသွားစေ၏။ တောသားဆိုတာကလည်း ကိုယ်ကသာ ဒိုးပတ်ကို ဖြောင့်အောင်မတီးတတ်၊ ၀ါးကိုမှ ဖြောင့်အောင် မလိုက်တတ်သော်လည်း ပတ်မသံကြားလျှင် ဒါဟာ အလှူကပဲ၊ ဒါဟာ မသာကပဲဆိုတာကို ခွဲခြား၍သိတတ်ကြ၏။ သို့ကြောင့်လည်း တစ်ယောက်သော ကာလသားက ဘယ်ရွာက အလှူများပါလိမ့် ဟု အခြားသော အဖော်များကို လှမ်းပြီးမေးလိုက်နိုင်ခြင်းဖြစ်၏။
"ရှားတောကလို့ ထင်တာပဲကွ"
တစ်ယောက်က မရေမရာပြန်ဖြေလိုက်စဉ်မှာပင် "ဟုတ်တယ်ဟေ့ ရှားတောကပဲ။ မနေ့တုန်းက လူတွေ လာတုန်းက ပြောသွားတယ်။ လာခဲ့ကြပါလို့မှာသွားတယ်" ဟူ၍ ဖြည့်စွက် ထောက်ခံလိုက်လေ၏။
နွေဦးပေါက် တောသူတောင်သား လယ်သမားတွေ ငွေစရွှင်တုန်းမို့ လှူနိုင်တမ်းနိုင်ကြသည်ဟု ထင်လျှင်ကားမှားပေလိမ့်မည်။ သည်ခေတ် သည်အခါသည် မြန်မာပြည်၌ချောင်လည်သော လယ်သမား မရှိနိုင်ပါ။ ရှိလည်းရှိနိုင်စရာ မရှိ။ ရှိနိုင်သောလမ်းအခွင့်များသည်လည်း ပြိုကွဲခဲ့သော ငြိမ်းချမ်းရေးနောက်သို့ ကောက် ကောက်ပါ အောင်လိုက်သွား ခဲ့လေပြီဖြစ်သည်မှာ ကိုးနှစ်တိုင်ခဲ့ချေပြီ။
မှောင်ရီပျိုးလေလေ ဆိုင်းသံသည် ကျယ်လာလေလေဖြစ်၏။ တစ်ချက်တစ်ချက်တွင် ရွာထိပ်က တီးသလား ဟုအောက်မေ့ရ၏။ အမှောင်ထုအောက်ဝယ် ရေနံဆီမီးခွက် ၀ါဖျော့ဖျော့ ကလေးများသည် မှိန်ချည် တစ်လှည့် လင်းချည်တစ်တန်ဖြင့် လင်းပြန့်နေသည်။ ဘညိန်းကား ထမင်းစားပြီးသည်နှင့် တဲပုတ်၏ တိုင်တွင်ချည်ထားသော လက်သုတ် စုတ်စေးထန်းထန်းကို ကရော်ကမည်သုတ်ပြီး အင်္ကျီကို ကောက်ဝတ်လိုက်သည်။
"လူလေး"
ခေါ်သံဘက်သို့ ဘညိန်း လှည့်လိုက်သောအခါ မီးရောင်ဖြင့် လင်းဖန့်ပြူးကျယ်နေသော မကျီးဒန်၏ မျက်လုံးအစုံကို မြင်ရသည်။
"ဗျာ ဘာလဲအမေ"
"ရှားတောကအလှူကို သွားဦးမလို့လား"
မကျီးဒန်က ထမင်းလုတ်ကို ပါးစပ်နားတွင် တေ့ထားလျက်က လှမ်းမေးလိုက်ရာ
"ဟုတ်တယ် အမေ သွားမလို့။ ခဏတစ်ဖြုတ်ပါ"
"ခဏတစ်ဖြုတ်က ကိစ္စမရှိဘူး။ အဖော်ပါရဲ့လား၊ ဘယ်သူတွေပါသလဲ"
"စုံလို့ပေါ့အမေရ။ ကိုဆယ်တို့၊ ကိုအုန်းမောင်တို့၊ ချစ်မောင်တို့၊ ဘခက်တို့၊ ငကြာတို့၊ ပြီးတော့"
"ကဲ၊ သွားသွား။ ရန်တို့ဘာတို့ မဖြစ်နဲ့နော်"
"ဟုတ်ကဲ့"
ရွာကလေးမှာကား ညမိုက်ညမို့ ငြိမ်သက်နေ၏။ မှောင်တွင်းသွားလာနေကျဖြစ်သောကြောင့် ဘညိန်းတို့ အလှူပွဲသွားလူတစ်စုမှား တစ်အိမ်ဝင် တစ်အိမ်ထွက်နှင့် လူစုနေကြသည်။ အဝေးမှဆိုင်းသံကား အငြိမ့်များ ပင် ထွက်နေလေပြီ။ သို့သော် တကယ်တမ်းကား အငြိမ့်ထွက်သည် မဟုတ်။ မဖြစ်တုတ်တက် တည်ထောင် ထားသော ပတ်တစ်ခြမ်းဝိုင်းကလေးက တွေ့ကရ၊  ကောင်းနိုးရာရာ တီးလုံးများကို လျှောက်တီး နေကြခြင်းဖြစ်၏။ ပတ်တစ်ခြမ်း ၀ိုင်းဆိုသည်မှာ စည်တို၊ စခွန်၊ မောင်း၊ ဆိုင်း၊ ကြေးဝိုင်းနှင့် ပတ်မများ စုံလင် စွာပါ၏။ ဆိုင်းဝိုင်း၏ အဓိကကျက်သရေဆောင်ဖြစ်သောပတ်ဝိုင်းကြီးကား မပါပေ။ ထို့ကြောင့် တစ်ခြမ်း ပဲ့ဆိုင်း၊ ဆိုင်း တစ်ခြမ်းပဲ့၊ ပတ်တစ်ခြမ်း စသည်ဖြင့် ခေါ်၍ကောင်းသည် ထင်သလို ခေါ်နေ ကြခြင်း၏။
"ဟေ့ ဖိုးဆယ်၊ မပြီးသေးဘူးလား"
ရွာ၏ တောင်ဘက်လှည့်လမ်းမှ ကျွတ်စီကျွတ်စီအသံများနှင့်အတူ အုန်းမောင်၏ အသံဝါကြီး ထွက် ပေါ်လာသည်။
"ဟ ငါ့လခွေးမှပဲ လာပါပြီ၊ လောလှချည်လားဟ"
အသံများ ပျောက်သွား၍ ကွမ်းတစ်ယာညက်ခန့်ကြာလျှင် ချောင်းလယ်မှ အသံတစ်သံ ထွက်ပေါ် လာ၏။
"သူ့သမီးဟယ် တော်ရာစေလို့ လင်ရှာချေ၊ လင်ရှာချေ ခိုင်း"
မကျီးဒန်မှာ အခါဆိုးခေတ်ဆိုးကြီးတွင် ညကြီးမင်းကြီး သွားလာခွင့်ကို သားဖြစ်သူအား မပေးလို ပေ။ သို့ပါသော်လည်း တစ်နေကုန်တစ်နေခန်း အလုပ်ခွင်၌ အချိန်ကုန်နေရသော သားငယ်အား အများနည်းတူ လူပျိုဘ၀ ပျော်ပါးနေခြင်းကိုလည်း မပိတ်ပင်လိုပေ။ မပိတ်ပင်လိုသောကြောင့် ခွင့်ပြုလိုက်ရပေမင့် စိတ်တ ထင့်ထင့် ဖြစ်နေ ရပါသည်။ တောပွဲတို့ သဘာဝအတိုင်း အလှူပွဲသည် ရိုက်ပွဲဖြစ်သွားတော့မည်လော။ ပျော်ပွဲသည် ငိုပွဲ သတ်ပွဲပင် ဖြစ်လေမည်လောဟု ကြောင့်ကြအိုးဝေနေရလေသည်။
နောက်ဆုံး၎င်း "ဟယ် အဖော်တွေပါသားပဲ။ ဘာမှလည်း မဖြစ်တန်ကောင်းပါဘူး" ဟု စိတ်ကို တင်းကာ အိပ်ရာဝင်လိုက်ရလေ၏။ သို့သော် အိမ်ခေါင်ကိုလည်း ငှက်ဆိုးမထိုး၊ မကျီးဒန်လည်း မျက်ခုံးမလှုပ်၊ စိတ်မလေးဘဲနှင့် ဘညိန်းတို့ သန်းခေါင်လောက်တွင် ပြန်လာသောအခါ၌ သတင်း ဆိုးကို ကြားရလေ၏။
"အဖေ၊ အဖေ"
"ဟဲ့ ဘညိန်း၊ ဘာလဲ"
ကိုဆေးရိုး၏ အသံ ဖြစ်၏။ ဘညိန်း၏ အသံကို နောက်ထပ်မကြားရတော့ဘဲ ဘညိန်း၏အသက်ရှူ သံ ပြင်းပြင်းကသာ တဲတွင်းသို့ ထိုးဝင်လာနေသည်။
"ဟဲ့ ဘာလဲလို့ဆိုနေ ဘာဖြစ်နေလို့လဲ"
နောက်ထပ် အသံမကြားရသောကြောင့် ကိုဆေးရိုးက ခပ်ငေါက်ငေါက်ကလေးအော်မေးလိုက် သောအခါ တွင် မကျီးဒန်ပါ လန့်နိုးလာရသည်။
ဘညိန်းက "ဟို ဟို"နှင့် မောပန်းထစ်ငေါ့စွာပြောရင်း တဲတွင်းသို့ဝင်လာကာ "ဟို ဟို ဟိုအ၀ှာ"
"ဟဲ့ ဘာလဲလို့ဆိုနေတာကို တ၀ှာဝှာ တဟိုဟိုနဲ့။ နင့်အမေလင် ဟိုနဲ့၊ နင့်ကြီးဒေါ် အ၀ှာလားဟင်"
ကိုဆေးရိုး အော်ရင်းငေါက်ရင်းထထိုင်သည်။ ထထိုင်မိလျှင် အကျင့်ပါနေသော ညာဘက်လက် က ဓားရှည်ကို စမ်းမိ၏။ နောက် ပုဆိုးစုတ်ကို စမ်းမိကာ ကောက်ကိုင်ပြီး ကျောနှင့် ရင်ဘတ်ကို တဘုတ် ဘုတ် နှင့် ယပ်ခတ်လိုက်လေ၏။
"လူလေး ဘာဖြစ်တာလတာလဲဟင်"
ချက်ချင်းပင် ရှဲခနဲ မီးခြစ်သံနှင့်အတူ မကျီးဒန်၏အသံပေါ်လာပြီး တဲကလေးအတွင်းမှာ လင်းသွား သည်။ မီးရောင်အောက်တွင် ကွပ်ပျစ်ဘေး၌ ရပ်နေသော ဘညိန်းမှာ မျက်လုံးကြီး အပြူးသားနှင့် ပါးစပ်ကြီးကို ဟနေ၏။ မျက်နှာမှာ ဖြူဖပ်ဖြူရောက်ကြီး ဖြစ်နေသည်။ ညနေစေင်းက ငြိမ့်ညောင်းစွာ ထွက်ပေါ်နေသော ဆိုင်းသံ၏နေရာတွင် သေမင်းတမန်ဖြစ်သည့် အနုတ်လက္ခဏာ သေနတ်သံ များက ဆူညံစွာ လွှမ်းမိုး နေပါပကော။
"သား သား လူလေး၊ ဘာဖြစ်လာတလဲ၊ အမေ့ကို ပြောစမ်း"
မကျီးဒန်က သားကို ပြေးဖတ်သည်။ ချောစိန်က အိပ်မှုန်စုံမွှားနှင့် ထလာကာ ရေတစ်ခွက် ခပ်ပေး သည်။
"ပြောစမ်း သား၊ ပြောစမ်း"
"ဘာဖြစ်လာလဲ။ ပွဲမှာ ရိုက်ကြသလား"
ကိုဆေးရိုးကပါ အနားသို့ တိုးလာပြီး မေး၏။
"ဟို၊ ဟို၊ ဟို ဘခက်ကို ပြန်ပေး ပြန်ပေးဆွဲ ဆွဲထား"
"ဟယ် ဟုတ်လား"
ကိုဆေးရိုး တစ်ခွန်းတည်းသာ အော်ပြီး ဓားကိုဆွဲလျက် ခုန်ထကာ တဲအပြင်သို့ ထွက်သွားလေ၏။
"ကိုဆေးရိုး၊ ကိုဆေးရိုး"
"အဖေ၊ မသွားပါနဲ့"
မကျီးဒန်နှင့် ချောစိန်က လှမ်းအော်လိုက်ရာ
"ဟဲ့၊ ငါ ဘယ်မှာ မသွားဘူး၊ ရွာထဲတင်"
ကိုဆေးရိုး၏အသံက အိမ်ဝိုင်း၏အပြင်မှ ထွက်ပေါ်လာ၏။
"ဟဲ့ လူကလေး၊ မသွားနဲ့လာ"
ကိုဆေးရိုး၏ အသံမဆုံးမီပင် ဘညိန်းက ဖအေ့နောက်သို့ ပြေးလိုက်ရန် တဲပေါက်ဘက်သို့ ခြေဦး လှည့်လိုက်ပြန်သဖြင့် မကျီးဒန်က ဖမ်းဆွဲလိုက်၏။
"ဟေ့ ပိတ်စ၊ ပိတ်စ"
"ဟေး"
"ထစမ်းဟေ့၊ ထစမ်း။ ကျော်ဇံရေ ဟေ့ ကျော်ဇံ"
ကိုဆေးရိုး၏ အသံသည် အိမ်နားဝန်းကျင်တွင် ဆူသွား၏။ တောင်ပိုင်းမှ အော်သံခေါ်သံများ ကလည်း ဆူညံလာ၏။ တဖြည်းဖြည်း ကျယ်လောင်လာသည်။ ခွေးဟောင်းသံများ၊ ခွေးကို ခြောက် သံ၊ ငေါက်သံများ ကလည်း ဆူညံစွာ ပေါ်ထွက်လာပြန်လေ၏။ ချောစိန်မှာ စိမ်းလဲ့သောမျက်လုံး ကြီးအစုံကို မျက်တောင် ကော့ကြီးအောက်မှ အစွမ်းကုန်ပြူးထားလျက် မကျီးဒန်အပါးသို့ တိုးကပ် သွားသည်။ မကျီးဒန်မှာကာ သားဖြစ်သူ၏ ပခုံးကို ကိုင်ထားသည်။ သူ၏ မျက်လုံးအစုံ၌ ရတက်၏ နှောက်ခြင်းက ပေါ်နေ၏။
"ဘယ်လိုဖြစ်တာလဲ ဟင်"
"ဆိုင်းပွဲကို သူပုန်တွေလာသတဲ့ အမေရေ။ ဒါပေမဲ့ ကျုပ်တို့ကတော့ ဘယ်သူတွေပဲလို့ မသိပါဘူး။ တော်တော်ကြာလို့ ယိမ်းလည်းထွက်ရော ပွဲလန့်တာပဲ။ လိုက်ပြီး သတင်းနားထောင်လိုက်တော့ ရွာမြောက် ဘက်မှာ အစိုးရတပ်သားတွေ ရောက်နေသလိုလိုကြားရတာနဲ့ ကျုပ်တို့လည်း ချက်ချင်း လူစုပြီး ပြန်ပြေး လာကြတာပဲ"
"ပွဲလည်း ပျက်ကရောလား"
"ကျုပ်တို့ ထွက်လာတော့ မပျက်သေးဘူး အမေရေ။ ဒါပေမဲ့ ပျက်မှာပါပဲ။ ကျုပ်ဖြင့် အမေရာ၊ ကြောက် လိုက်တာ လွန်ရော။ ချောင်းထဲရောက်တော့လည်း အသက်တောင် ပြင်းပြင်းမရှူဝံ့ဘူး။ ကင်းပုန်းတွေ တွေ့မလား ဘာလားနဲ့၊ ကိုင်းတောကို ဖြတ်လာတုန်းက ဘာမှမဖြစ်ဘူး။ ရွာနားက ရီးဖိုးသာရဲ့ ယာ ထောင့်ကျမှ "ဟေ့ ရပ်လိုက်" ဆိုတဲ့ အသံက မှောင်ထဲက ထွက်လာတော့ လူကို လိပ်ပြာစဉ်သွားသလား အောက်မေ့တယ်"
"အဲဒါက ဘယ်သူတွေလဲ၊ သူပုန်တွေလား"
ချောစိန်က ၀င်ထောက်သည်။
"သူပုန်လား၊ အစိုးရလား၊ ဓားပြလား ဘယ်သိမလဲဟ။ ဓားပြမှန်းသိရင် ဘာနေမလဲ။ တစ်ချိုးတည်း သုတ်ရင် သုတ်၊ မဟုတ်ရင် ၀ိုင်းခုတ်မှာပေါ့။ အခုတော့ သူပုန်နဲ့ အစိုးရ တစ်ခုခုအောက်မေ့လို့ ရပ်လည်း ရပ်လိုက်ကရော မျက်နှာတွေကို ဒုံမီး (လက်နှိပ်ဓာတ်မီး)နဲ့ ၀ိုင်းထိုးထားပြီး ဓားတွေသိမ်း၊ အထိုင်ခိုင်း တော့တာပဲ။ ဓားတွေသိမ်းပြီးမှ တစ်ယောက်စီကို လိုက်ရှာတော့တာပဲ။ လက်စွပ်ပါတဲ့ လူဆီက လက်စွပ်၊ ကြယ်သီးပါတဲ့လူဆီက ကြယ်သီး၊ ကိုဖိုးချမ်း ကြယ်သီးလေးသာ တပ်နိုင်တဲ့ ဘခက်ကျမှပဲ "ကဲ မင်းကို ပြန်ပေးဆွဲတယ်ဟေ့၊ ထ" ဆိုပြီး ပြောတော့တာပဲ အမရာ"
"သူတို့က လူတော်တော်များသလား"
မကျီးဒန်က ဆေးလိပ်တိုကို လှမ်းဆွဲရင်း မေးပြန်၏။
"တစ်ကျိပ်လောက်တော့ ရှိမှာပါပဲ"
"ဘယ်ကိုလာရွေးရမယ် ပြောမသွားဘူးလား"
"ရွာတောင်ဘက်က ရှားပင်ပေါင်းကို မိုးမလင်းခင် ငွေတစ်ထောင်နဲ့ လာရွေးရမတဲ့။ လာရွေးရင် မီးခွက်နှစ်ခွက်ကို ပုံးထဲထည့်ပြီး လာရမတဲ့"
"အင်း"
မကျီးဒန်က မသက်မသာနှင့် ညည်းလိုက်သည်။
"ကဲ သွားကြတော့လို့လည်းဆိုရော ကျုပ်တော့ ရှေ့ဆုံးက ထပြေးလာခဲ့တော့တာပဲ အမေရေ့၊ လူကို ဆို့နေ တာပဲ။ ဒီရောက်တော့ တော်တော်နဲ့ စကားမပြောနိုင်ဘူး။ အရေးထဲမှာ အဖေက မာန်လိုက် သေး တယ်"
ဘယ်ကမှ သက်သာသည်မဟုတ်။ ဘညိန်းတို့မှာ အလှူလုပ်သည့်ရွာထဲတွင် ခိုလှုံနေပါကလည်း တိုက်ပွဲ နှင့် မိမည်။ သူတို့ရွာထဲအရောက်တွင် အလှူလုပ်သည့်ရွာဆီမှ သေနတ်သံများ ညံနေ၏။ တိုက်ပွဲကြားတွင် ရောက်နေ၍ အသက်မသေဘဲ ကျန်နေလျှင်လည်း တိုက်ပွဲအပြီး၌ ဘယ်ကလဲ၊ ဘာလဲ၊ ဘယ်သူ့သားလဲ စသည်ဖြင့် စစ်ဆေးလား အလုပ်ခံရဦးမည်သာမက အဆင့်မသင့်လျှင် အထုအထောင်းနှင့် အဖမ်းအချုပ်ပင် ခံရဖွယ်ရှိသေး၏။ တိုက်ပွဲကြားတွင် မမိဘဲ ရွာဆီသို့ ပြန်ရောက်လာပြန်တော့လည်း ယခုလို ပြန်ပေးနှင့် တွေ့ရ၏။
ထို့ကြောင့် ဘယ်ဟာမှ မသက်သာဟုဆိုခဲ့သည်။ ရမ်းဘိုကုန်းရွာမှာ အိမ်ခြေသုံးဆယ်မျှသာရှိ၏။ ပြန်ပေး အတွက် ငွေတစ်ထောင်ကို တစ်အိမ်လျှင် ၃၀ကျစုမှသာ ကိုးရာရပေမည်။ သုံးဆယ်သောအသပြာကို မည်သူသည် ပေးနိုင်ပါမည်နည်း။ စပါးပေါ်ချိန်တော့ဟုတ်၏။ စာလက်မကို အမွေးနုတ်ပစ်တော့ ဘာကျန် သနည်း။ ဇီးကွက်ကို ခေါင်းဖြတ်ပစ်လျှင်ကော ဘာကျန်ပါသနည်း။ ထို့အတူ လယ်သမားမှာလည်း ဘယ် သတင်းစာမှာမှမပါသော မိုက်ကြေးအမျိုးမျိုး၊ ဆက်ကြေးအထွေထွေ၊ ကုန်စရာကျစရာအဖုံဖုံဖြင့် စပါးနှယ်၍ လက်စသောအချိန်တွင် အသုံးအစွဲမဟော့ရမ်းပါမှ ၀မ်းစာနှင့်မျိုးသာ ကျန်ခဲ့လေသည်။ သို့ကြောင့်ပင် တစ်အိမ် ၃၀ ဆိုသော ငွေမှာ ရမ်းဘိုကုန်းက ကျောပြောင်များအဖို့ အောင့်အောင့်အက်အက်ကြီးရှိလှ၏။ တစ်ရွာလုံးကို မောင်းထဲထည့်ထောင်းပစ်မည်ဆိုသော်လည်း တစ်ယောက်နှစ်ယောက်ထံမှအပ သည်အချိန် ၌ ငွေသုံးဆယ်ထွက်လာလိမ့်မည်မဟုတ်။
မွဲပါသည်ဆိုခါမှ မီးကလောင်၊ ကုန်ဈေးနှုန်းက တက်၊ ဓားပြက ဆူ၊ ပြန်ပေးက ထ၊ သြော် သေသော်မှတည့် သြော်ကောင်း၏။ သို့သော် မသေ၀ံ့ကြသေးလေတော့ မသေ၀ံ့ကြ သေးသူများသည် အချင်းချင်း စုပေါင်း အေးချမ်းမှုကို ရှာကြရန်လမ်းတစ်လမ်းမှတစ်ပါး အခြားလမ်း သည် မရှိချေ။ ထမင်းအိုး တစ်လုံးချက် ခန့်ကြာလျှင် ကိုဆေးရိုးပြန်ရောက်လာကာ မကျီးဒန်ထံတွင် ရှိသမျှကလေးကို လာရောက်ပြီး ခြစ်ခြုတ် ယူသွားလေ၏။ သားအမိသုံးယောက်သားမှာကား မီးခွက်ကြီးကို အလယ်မှာချလျက် တစ်ယောက် မျက်နှာ တစ်ယောက် ကြည့်နေမိကြသည်။
"သားရယ်၊ မင်းတို့တစ်တွေကိုက ကံဆိုးပါတယ်ဟယ်။ ဒီခေတ်မှာလူလာဖြစ်တာဟာ ၀ဋ်မကင်းလို့ လူလာ ဖြစ်ရတယ်လို့ပဲ အမေထင်တယ်"
မီးခွက်မှာ တဖြည်းဖြည်းမှိန်သွားကာ မီးစာထိပ်မှာ နီရဲ၍ ကျွမ်းနေ၏။
"ကဲ အမေ၊ ပုလင်းထဲမလဲ ရေနံဆီမရှိဘူး။ မီးခွက်ထဲက အကပ်ကလေးကုန်သွားရင် လုံးလုံးထွန်း မရဘဲ နေလိမ့်မယ်"
ပြောပြောဆိုဆိုနှင့် ချောစိန်က မီးခွက်အနားသို့ အတိုးလိုက်တွင် လေပုန်းတစ်ချက်က တဲထဲသို့ ၀င်ဆောင့် လိုက်သဖြင့် မှောင်ကျသွားလေ၏။ မည်မျှကြာအောင် အိပ်ပျော်သွားသည်မသိ "ကျီးဒန် ကျီးဒန်" ဟူသော ကိုဆေးရိုး၏ အသံကိုကြားမှ လန့်နိုးလာသည်။
"တော် စမ်းပြီးဝင်ခဲ့ပေတော့။ ရေနံဆီမရှိဘူး"
ကိုဆေးရိုး၏ ခြေသံတရှပ်ရှပ်က မှောင်တွင်းတွင် ထွက်ပေါ်နေသော ကွပ်ပျစ်နားသို့ နီးကပ်လာသည်။ နောက်ဆုံး အိခနဲထိုင်ချလိုက်သံကြားရပြီးနောက်
"ရေနံဆီမရှိတာထက် ငွေမရှိတာက ခက်တယ်ဟေ့။ တော်ရုံတန်ရုံဟာတော့ မထွန်းနဲ့"
"ဘခက်ကလေး ပြန်လွတ်လာပလား"
"အေး လွတ်လာပါပြီ။ ဒါတောင် သွားရွေးတဲ့ ဘချစ်ကို တစ်ချက်၊ ကောင်လေးကို တစ်ချက်၊ ငွေနည်းရ မလားဆိုပြီး ဓားပြားနဲ့ တစ်ချက်စီရိုက်လွှတ်လိုက်သေးတယ်"
"ငွေကဘယ်လောက်ရလို့လဲ"
"နှစ်ရာ့ငါးဆယ်ပဲရတယ်"
"အင်း၊ မောင်မင်းကြီးသားများ ဒါလောက်နဲ့တောင်းပန်ပေလို့ တော်ပါသေးရဲ"
"အေး၊ တိုင်းပြည်မအေးမချင်း နောက်ထပ်ဘယ်နှကြိမ် ရွေးရဦးမယ် မသိဘူး။ ညည်း စုထားတာ လေးများ ရှိရင်"
"ဒီပါးစပ်ပုပ်ကြီးက နိမိတ်မရှိ နမာမရှိ"
မကျီးဒန်က ကိုဆေးရိုးစကားမဆုံးမီပင် မှောင်ထဲတွင် မှန်းပြီး ပါးစပ်ကို လှမ်းပုတ်ပစ်လိုက်၏။ ကိုဆေးရိုး ပြောသည်မှာ မှန်၏။ တစ်မြန်နေ့ကပဲ နေ့ခင်းကြောင်တောင်ကြီးတွင် ဘကြိးဖိုးကို ၃၀၀ နှင့် ဆွဲသွားသဖြင့် လိုက်ရွေးခဲ့ရ၏။ ရွာကသာ မကောင်းလျှင် ဘကြီးဖိုးလို သားထောက်သမီးခံမဲ့ သူတစ်ယောက်မှာ အချောင် လဒစားခံရမည်မှာ သေချာ၏။ ဘကြီးဖိုးမှာ ရွာဦးရှိ ကျောင်းအောက်သို့ နေ့လယ်နေ့ခင်းတွင် သွားအိပ်လေ့ ရှိ၏။ ကျောင်းမှာ ကျယ်ဝန်းကြီးမားသဖြင့် ကျောင်းအောက်ရှိ ခုတင်ရှည်ကြီးများပေါ်သို့ သွားအိပ်လျှင် လေကလေးက တဖြူးဖြူမို့ အိပ်လို့ ကောင်း၏။ ရွာထဲတွင် ကြက်တွေက ပါးစပ်တဟဟ၊ ခွေးတွေက လျှာတ ထွက်ထွက်၊ လူတွေက တလူးလူးနှင့် ပူဆဲလောင်ဆဲဝယ် ဘကြီးဖိုးမှာ ဇိနတ္ထပကာသနီ အဆွေးတစ်အုပ်၊ ဘူးသီးခြောက်ရေဘူးနှင့် ဇိမ်ကျနေ၏။
ကျောင်းထိုင်ဘုန်းကြီးနှင့် ကင်းသောကြောင့် ကျောင်းကြီးမှာ ပြိုစ၊ ပျက်စ၊ တောဖြစ်စ ပြုလေပြီ။ ဒါ့ကြောင့် ပင် လူဆိုးတို့ အထွက်အ၀င်ကောင်း၊ အခိုကောင်းဖြစ်ကာ ဘကြီးဖိုးကို ဆွဲသွားနိုင်ကြခြင်း ဖြစ်၏။ ကိုဆေးရိုးတို့ လင်မယားမှာ စကားပြော၍ မောသွားကြလေပြီ။ တစ်အိမ်လုံးမှာ တိတ်နေ၏။ တစ်ရွာလုံးမှာ တိတ်နေ၏။ သို့သော် ငြိမ်းချမ်းမှု ကင်းမဲ့ခြင်းကို အမှီပြု ပေါက်ဖွားလာသော ရာဇ၀တ်မှုများကား မဆိတ်။ ကဆုန်ဦး၏ လေပွေသဖွယ် တစ်ပြည်လုံးကို မွှေနှောက်နေပါပကော။ ပူလွန်းသော သည်ရာသီ၌ ဘူးခါးရေသည် အေး၏။ ကြမ်းကြားလေသည်လည်း အေးပါ၏။ ထို့ထက် ငြိမ်းချမ်းရေးရေစင်သည် ပို၍ပို၍ အေးကာ၊ ငြိမ်းချမ်းရေလေပြည်သည် အဆအရာထောင်မျှ သာ၍သာ၍ အတိုင်းထက်အလွန် အေးလှပါ သတည်း။
စာရေးသူ - ဆင်ဖြူကျွန်း အောင်သိန်း
.
>>>ဆက်ဖတ်ရန်>>> >>
Monday, August 2, 2010
ပန်းသတင်း (သြဂုတ် ၂)
ကျားဆိုမှ ကျား ယောက်ျား
စာရေးသူ - ဆင်ဖြူကျွန်း - အောင်သိန်း
"အမေကြီး၊ ရှေးစကားပြောပါ"
    "သွားစမ်းဟယ်..၊ ဒီမှာ မောရတဲ့အထဲ"
    မြေးငယ်မောင်မောင်လှသည် မန်းကျည်းပင်ရိပ်တွင် ထိုင်နေသော ရီးကျီးးဒန်၏ ဒူးခေါင်းကို မေးစေ့နှင့် သွားချိတ်လိုက်ရာက ပူဆာသည်တွင် ရီးကျီးဒန်က ခပ်ငေါက်ငေါက်ပြောရင်း တွန်းပစ်၏။ သူသည် နွားစာရေ အခေါက်နှစ်ဆယ်ခန့် ခပ်လိုက်ရသည့်အတွက် အတော်ပင်ပန်းသွားသည်။ မြေးတွေ ကျောင်းဖွင့် သည့် နေရက်ဆိုလျှင် အခေါက်သု့းဆယ်ကျော် ခပ်ရသည်။ ယနေ့မေကြည်၊ ခင်ခင်ကြီးနှင့် မိမိထွေးတို့ ၀င်ကူ သောကြောင့် ဆယ်ခေါက်ကျော်ကျော် သက်သာသွားခြင်းဖြစ်၏။
    သို့ဖြစ်ငြား အသက်၇၀ ကျော်စ အမယ်ကြီးအိုတစ်ယောက်မှာ ၀ါးတစ်ရိုက်ခန့် မြင့်သော ချောက်ကမ်းပါး ကို နှစ်ဂါလံ ကျော်ဝင်သည့် မြေရေအိုးကြီး ရွက်လျက် အကြိမ်နှစ်ဆယ်ခန့် တက်ရဆင်းရသောအလုပ်မှာ မသက်သာ လှပါ။ လုပ်နေကျမို့သာ တော်တော့သည်။ တော်ပေမင့် မောကားမောသည်။ ပြောင်းဖူးဖက် ဆေးလိပ် တိုကို ကောက်ကိုင်ထားပြီးပါလျက် မီးသော်မျှမညှိနိုင်သေးအောင် မောသည်။ သည်မျှ မောပန်း နေချိန် တွင် မည်သူသည် ဖွယ်ဖွယ်ရာရာ ဖွဲ့နွဲ့ပြီး ပုံပြင်ပြောချင်ပါမည်နည်း။ သူ့ဘာသာသူ လာနားသော ကျီးကန်း ကိုပင် အမြင်ကတ်နေချိန်၊ စိတ်တိုနေချိန်လည်းဖြစ်၏။
    မောင်မောင်လှနှင့်မနီးမဝေး၀င် မချောစိန်နှင့် မလှမေ နှစ်မိပေါက်မှ ကလေးများသည် မန်ကျည်းစေ့ဖြင့် ဇယ်တောက် ကစားနေကြ၏။ ကလေးတို့ထုံးစံအတိုင်း ကစားစတွင်သာ သည်ဝိုင်းတွင် မိမိမပါရသော် ယခုပင် သေရတော့မည်လောက်ဖြစ်ငြား ကြာသောအခါ စိတ်ပါဝင်စားမှုနည်းလာတော့သည်။ ထို့ကြောင့် အမေကြီး ထံ သွားကပ်သော မောင်မောင်လှ၏အခြေအနေကို ငဲ့ကြည့်သူကကြည့်၏ မောင်မောင်လှကို အမေကြီး တွန်းပစ်သော အခါ ခပ်ကုပ်ကုပ်ပင် ဆက်လက်ကစားနေကြသည်။ မောငမောင်လှကား အမေကြီး ငေါက်လျှင် ဘထံသို့ မျက်နှာမူသည်။ ဘရီးဆေးရိုးသည် ထန်းပလပ်ပြား အခင်းပေါ်တွင် မည်းမှောင် နေသော ပေါင်ကြီးများ ဖော်လျက် တင်ကလိန်ချိတ်ကာ နှုတ်စီးစွပ်များ ဖာနေ၏။
    "ဘ….ရှေးစကားပြောပါ"
    "ခေါက်လွှတ်လိုက်စမ်းပါတော်"
    လက်တစ်ကမ်းကျော်ကျော်ကလေးသာလှမ်းသော နေရာမှ ရီးကျီးဒန်က လှမ်းပြော၏။ "ဘယ့်နှယ်တော်၊ အချိန် မဟုတ် အခါမဟုတ်" ဆက်လက်ရေရွတ်နေသေးသည်။ သို့ဖြစ်ငြား ရီးဆေးရိုးမခေါက်ပါ။ မငေါက်ပါ။ ပြုံး များပင် ပြုံးနေကာ "ရှေးစကားဆိုတာ ညအိပ်ခါနီးမှ အေးအေးလူလူ ပြောရတာ လူကလေးရဲ့" ဟုရှင်းပြ သည်။
    မောင်မောင်လှမှာ ပုံပြင်နားမထောင်ရသော်ငြား ညင်သာစွာ ရှင်းပြခံရသဖြင့် ဘသပ်နေသော ထန်းလျှော် များကို ငေးကြည့်နေ၏ ရီးဆေးရိုးသ်ည ထန်းလျှော်ဝမ်းသားများကို လိုချင်သော အရွယ်အစား ရအောင် စိတ်ပြီးနောက် အခွေကလေး လုပ်ထားခဲ့သည်။ သည်အခွေကလေးတွေကို နှစ်ဆယ်အစိတ်တွဲကာ မီးဖို အထက်ရှိ ကျပ်ခိုးစင်ပေါ်တွင် တင်ထားခဲ့၏။ ယခုမိမိအလိုရှိသောအခါကျမှ နတံ(နှင်တံ) ထမ်းပိုးကျစ် ကြိုးခွေ များနှင့် ထွန်ညှင်းကွင်းများကြားထဲမှ ထန်းလျှော်ကို ဆွဲထုတ်လာကာ ရေစိမ်ချောသပ်ပြီး နှုတ်သီးစွပ် ဖာထေး နေခြင်းဖြစ်သည်။
    နှုတ်သီးစွပ်မှာ ထန်းလျှော်ဖြင့် ရက်လုပ်ကာ လက်နှစ်လုံးခန့် အပေါက်ကလေးများ ပါရှိသည်။ ကျွဲ၊ နွားတို့၏  နှုတ်သီးတွင် စွပ်ရသည်။ နှုတ်သီးစွပ်ကို မြက်ထူသည့်နေရာတွင် ထွန်ယက်သောအခါ အသုံးပြု သည်။ အပင်ကို ဆွဲစားနေသဖြင့် ခရီးမတွင်၊ ထွန်ကြောင်းမဖြောင့်မည် စိုးသောကြောင့်ဖြစ်၏။ စပါးနယ်ချိန် တွင်လည်း သုံးစွဲသည်။ အလုပ် မတွင်မည်စိုး၍ ဖြစ်၏။
    မောင်မောင်လှ သည် ပုံပြင်ပြောသော ဘအား ငေးမောကြည့်နေ၏ ။ ရီးဆေးရိုးသည် ထန်းလျှောက်ကို ဓားမောက် ဖြင့် ချောသပ်နေပေ၏။
ထန်းလျှော်၏ ချောပြောင်နေသော ဘက်ကို လက်ညှိုးနှင့် လက်ခလယ်ဖြင့် အောက်မှ ထိန်းခံထားကာ လက်မ က ဓားမောက်ဦးကို ထိန်းပေးလျက် တရွေ့ရွေ့ဆွဲသည်ကို အူသားအဖတ်သည် လိပ်ခွေပြီး ဓားမောက် ကို ရစ်ပတ်တက်လာ၏။သို့စဉ်တွင် မောင်မောင်လှ၏ မျက်လုံးအစုံသည် ရီးဆေးရိုး ၏ နက်ကြုတ်သော သပိတ်ကဲ့သို့ မည်းမှောင်နေ၏ သူ့ပေါင်တွင် ဘပေါင်ကဲ့သို့ အဘယ့်ကြောင့် နက်ကြုတ် မနေရပါသနည်း။ သူ့ပေါင်သူလှန်ကာ ပေါင်ချင်းယှဉ်ကြည့်၏ ထိုသို့ယှဉ်ကြည့်ကာမှ ဘပေါင်သည် ရိုးရိုး မည်းမှောင် နေခြင်းမဟုတ်။ အရုပ်တွေလား၊ ပန်းခက်တွေလား ပါနေပါကလားဟု သိလာလေ၏။
    "ဘ…"
    "အင်း…"
    ရီးဆေးရိုးသည် ဖက်ဖြူလိပ်ကို ဖင်စီခံ ကျွံဝင်အောင် အံတွင် ခဲထားရသဖြင့် အသံသာလျှင် ပေးနိုင်၏ ဘမျက်နှာ ကို မောင်မောင်လှတစ်ချက် မော့ကြည့်ပြီးမှ  ထန်းလျှော် အမှုန်အမျှင်များ  ဖုံးနေသော ပေါင်ကြီး ကို ပါးစပ်ဖြင့် မှုတ်ကာ ကိုင်ကြည့်၏။ ဘ၏ အရေခွံသည် ဆွဲတိုင်းရ၏။ ရှုံ့တွ၍လည်း နေ၏။ သို့သော် ဘာမှန်း မသိသော အရုပ်လိုလိုအရာတွေမှာ မောင်မောင်လှလက်ထဲသို့ပါမလော။
"ဘ အဲဒါ ဘာတွေလဲဟင်"
"ထိုးကွင်းခေါ်သကွ"
"အေး"
"အမေကြီးကျတော့ ဘာပြုလို့ မရှိလဲ"
"သူက ယောကျာင်္းမှ မဟုတ်တာဘဲကွ။ ထိုးကွင်းဆိုတာ ယောကျာင်္းမှာမှ ရှိတာ။ ထိုးကွင်းရှိမှ ယောကျာင်္း"
"ဘယ်လို လုပ်ထားတာလဲဟင်ဘ"
ဘနှင့် မောင်မောင်လှတို့ မည်သည့်အရာတွေ ဆွေးနွေးနေကြပါလိမ့်။ ဘသွားရာသို့ မောင်မောင်လှအား ခေါ်သွား ရန် ကျိတ်ပြီး ပူဆာနေခြင်းလော။ တိတ်တဆိတ် မုကျွေးမည်ဟူ၍များ ကတိပေးနေသလော။ မန်ကျည်းစေ့ ဇယ်တောက်ဝိုင်းသားများ အတွေးဝင်လာသည်နှင့်တစ်ပြိုင်နက် ဇယ်တောက်သော တလင်း ကို တစ်ယောက် စွန့်ခွါလာကြရာ ဇယ်တွင်းဘေးတွင် မန်ကျည်းစေ့တွေ စကတ်နှင့် တစ်ထုပ်ကြီးထည့်လျက် ငတက်ပြားမ မိမိထွေးတစ်ယောက်တည်းသာ ကျန်ခဲ့၏။
တစ်ယောက်ပြီးတစ်ယောက် ရောက်လာသော မြေးများသည် ရီးဆေးရိုးရှေ့တွင် ပတ်လုံးကလေးတွေ စီထား ဘိသို့ ရှိနေကြလေပြီ။ ရီးဆေးရိုး၏ မြေးအုပ်မှာ နည်းနည်းနောနော မဟုတ်ချေ။ နှစ်မိပေါက်မှ ကိုးယောက် ရှိသည်။
ကိုဘညိန်း၊ မလှမေမှ လေးယောက်ပေါက်ထား၏။ မေကြည်၊ ခင်မောင်ငြိမ်း၊ မောင်မောင်လှနှင့် ကျော်သူရ ဖြစ်သည်။ အကြီးဆုံး မေကြည် ဆယ်နှစ်၊အငယ်ဆုံး ကျော်သူရ သုံးနှစ်ဖြစ်ကြသည်။ အားလုံး နှစ်နှစ်ကြီး နှစ်နှစ်ငယ် တွေ။ ကိုထွန်းရ၊ မချောစိန်ကား သားပေါက်ကောင်း၏။ တစ်နှစ်ကြီး တစ်နှစ်ငယ်တွေချည်း ဖြစ်သည်။ ကိုကိုကြီး၊ ခင်ခင်ကြီး၊ မိမိထွေး၊ မောင်ထွေးနှင့် လှအုံးမယ် သုံးနှစ်၊ ကိုကိုကြီး ကိုးနှစ်။
"ကြေးနဲ့ လုပ်ထားတဲ့ ဆယ့်နှစ်ခွ စုတ်ကြီးကို"မင်"ထဲမှာ တို့လိုက်၊ အသားပေါ်မှာ ထိုးလိုက် လုပ်တာပေါ့ မြေးရာ။ နာလိုက်တာလည်း မပြောပါနဲ့။နာပေမဲ့ မအော်ရဲဘူး။ အော်ရင် သူရဲဘောကြောင်တယ် ထင်မှာ စိုးလို့။ ပြောင်ချောနေတဲ့ ကွမ်းသီးအမာဆုံးကို ရွေးပြီးမှ အံခဲထားရတာ"
သည်ကလေးများ မှာ စုတ်ကို မြင်ဖူးကြသဖြင့် ရီးဆေးရိုး အရှင်းရအလင်းရ သက်သာသွား၏။
"နာရက်သားနဲ့များ ဘရာ"
ကိုကိုကြီးက မျက်နှာငယ်ကလေးဖြင့် ပြောသည်။
"ဟ မြေးရ၊ မင်းနေမကောင်းလို့ ဆရာဝန်နဲ့ဆေးထိုးတော့ကော မနာဘူးလား။ နာရက်နဲ့ ဘာပြုလို့ အထိုးခံရသလဲ"
"ရောဂါ ပျောက်အောင်လို့ပေါ့ ဘရ" မောင်ထွေး က ၀င်ရှင်းခြင်း ဖြစ်ပေသည်။
"အေး၊ ဘတို့ ထိုးကွင်း ထိုးတာဟာလည်း ယောကျာင်္းပီသအောင်လို့၊ လှအောင်လို့ ထိုးတာပေါ့"
"အလကား ဟဲ့၊ အသားလည်းနာသေး၊ ပိုက်ဆံလည်း ပေးရသေး၊ ခြေနဲ့လည်း အကျောက်ခံရသေး"
ယင်းသို့ ၀င်ထောက်လိုက်သူကား ဆေးလိပ်ကြီး တငေါ့ငေါ့ဖြင့် ဟင်းရွက်သင်နေသော ရီးကျီးဒန်ဖြစ်၏။
"အောင်မာ၊ အခုမှ တစ်မျိုးမပြောပါနဲ့အေ၊ ထိုးကွင်းရှိမှ ကြိုက်မယ်ပြောတာ ညည်းမဟုတ်ဘူးလား"
အမယ်လေးတော်၊ ကျုပ် မဟုတ်ပါဘူး၊ ကိုသာဒွန်းအဆက် မယ်ကွန်းလှပါ။ တော်တို့ ထိုးကွင်းထိုးတာက ပြည်စိုးကုန်း မြောက်ကျောင်း ကို မခံချင်လို့ မဟုတ်လား"
ရီးကျီးဒန် စွာစွာတက်သံဖြင့် ရှင်းပြလိုက်ရာ ရီးဆေးရိုး ပြုံးပြုံးကြီးဖြင့်"သိပါဘူးဟာ၊ ငါ့စိတ်ထဲမှာတော့ ညည်းခိုင်း လို့ ထိုးရတယ်ချည်း ထင်နေတာ"ဟု ဆိုလိုက်လေ၏။
"တော်တို့ လေးထပ်ကျောင်းနဲ့ ပြည်စိုးကုန်းကျောင်းနဲ့က တည့်မှ မတည့်တဲ့ဟာကို"
ထိုအခါ ရီးဆေးရိုးသည် မှတ်မိသယောင်ယောင်ရှိလာသည်။ လူပျိုပေါက်အရွယ်က ဘုန်းကြီးကျောင်းသား ဘ၀ ကို သတိရလာသည်။ အတွေအမြင် အမှတ်အသိများသည် ယနေ့ အလွန်ခြားနေပါပြီ။ ယနေ့ ဆွမ်းခံ ၀င်ချိန် မြင်ကွင်းမှာ ကိုရင်တစ်ပါးနှင့် ကျောင်းသားသုံးယောက်ဆိုလျှင် အလွန်ကြီးကျယ်သောကျောင်း ဖြစ်နေ ချေပြီ။ ကိုရင်မဟုတ်ဘဲ ဦးပဉ္စင်းတစ်ပါးပါလာလျှင် အလွန်ထူးသော မြင်ကွင်းခေါ်ရချေမည်။ ရီးဆေးရိုး တို့ ကျောင်းသားဘ၀က ဆွမ်းခံချိန်မြင်ကွင်းမှာ ရွှေသင်္ကံန်းရောင်ဖြင့် ထိန်နေသည်။ တစ်ကျောင်း လျှင် ဦးပဉ္စင်း သုံးလေးပါး ပါရုံဖြင့် မပြီးသေး၊ သာမဏေ လေးငါးဆယ်ပါး ပါသေး၏။ သာမဏေ များ နောက် တွင် အဖုံးမပါသော သပိတ်ဖြင့် ကျောင်းသားက ချည်းနှစ်ဆယ် သုံးဆယ်။
ထိုဘုန်းကြီးကျောင်းသားများသည် ဆွမ်းခံဝင်ရန်အတွက် နံနက်ရှစ်နာရီ ကိုးနာရီခန့်တွင် သရက်တောရွာ ကားလမ်းဘေး ရှိ ဇရပ်တွင် စုရုံးလေ့ရှိကြ၏။ အချိန်မကျသေးမီ ထွေခင်းကစားသူက ကစား၊ ဂုံညင်းထိုးသူ ထိုး၊ ပေသီးပစ်သူ ပစ်၊ ကိုယ့်ကျောင်းသားချင်း ကစားသည့်နည်းတူ အခြားကျောင်းသားများနှင့်လည်း ကစားတတ် ကြ၏။
ကစားဝိုင်းတွင် ငြင်းခုံရာမှ တစ်ကျောင်းနှင့်တစ်ကျောင်း'စောင်'ဘက် ရန်ဘက်ဖြစ်သွားလေ့ရှိသည်။ ရန်ငြိုး ရန်စ မရှိပါဘဲ 'လယ်ပေါ်ကျောင်းသား သူတောင်းစား၊ ရုပ်စုံကျောင်း အကောင်းစား'စသော သံချပ်ထိုးကာ တစ်ဖက် က စတင်စိန်ခေါ်သောကြောင့် ရန်ဘက်ဖြစ်သွားသော ကျောင်းများလည်း ရှိကြပေ၏။
ကျောင်းသားများမှာ ပုဆိုးမမြဲသော အရွယ်၊ သူငယ်နှပ်စားအရွယ်များ မဟုတ်ကြရကား တစ်ကျောင်းနှင့် တစ်ကျောင်း ရန်ဖြစ်ပြီဆိုလျှင် အစောင်းအချိတ်၊ အဆဲအဆို၊ အထိုးအကြိတ်ဖြင့် မတန့်မရပ်။ ဓါးတွေ၊ တုတ်တွေ၊ ပါလာသည်။ ဆွမ်းခံ ခေါင်းဆောင် ပဉ္စင်းငယ်နှင့် သာမဏေကြီးများပါ ပါဝင်လာလေ့ရှိသည်။ ကျောင်းထိုင် ဆရာတော်ချင်း တွေ့ဆုံဖြေရှင်းပြီး မတည့်သော ဆွမ်းခံအဖွဲ့ကို နယ်ပြောင်းပစ်ရသည်။
နယ်ပြောင်း သည်ဆိုခြင်းမှာ ပုံစံအားဖြင့် လေးထပ်ကျောင်းမှ ဆွမ်းခံအဖွဲ့သည် သရက်တော၊ ရွာသစ်၊ ရမ်းဘိုကုန်း ကို တစ်ဖွဲ့ ပုရပိုက်တန်း၊ လင်းပင်စု၊ သရက်ချင်ကို တစ်ဖွဲ့ဟုရှိသည်တွင် တောင်မှအဖွဲ့ကို မြောက်သို့၊ မြောက်မှအဖွဲ့ကို တောင်သို့ ပြောင်းပို့ တာဝန်လွှဲပေးခြင်းမျိုးဖြစ်၏။ ရီးဆေးရိုးပေါင်ပေါ်မှ ထိုးကွင်းများသည် ထိုကျောင်းချင်း ရန်ပွဲမှ စတင်သည်လည်း ဆိုနိုင်၏။ ရွာအပျိုချောတို့၏ မြင်ကွင်းတွင် ခါးတောင်း ကျိုက် ကာ 'ခါးဝန်းပေါ်စ မင်သေ့မြ' တပြပြဖြင့် ရေခပ်ဆိပ်၌ ရေခပ်လိုခြင်းလည်း တစ်ကြောင်း ပါဝင်၏။
သူတို့ ထိုးကွင်းထိုးသော နှစ်က ပြည်စိုးကုန်းကျောင်းနှင့် လေးထပ်ကျောင်း ဆွမ်းခံအဖွဲ့ချင်း မတည့်သော နှစ် ဖြစ်၏။ မတည့်ရပုံမှာလည်း သရက်တောရွာသူ ပျိုဖြူတစ်ယောက်ကို ပြည်စိုးကုန်းမှ ကျောင်းသား တစ်ယောက် က စာပေးရာမှ စတင်၏ ။ ထိုအခါ လေးထပ်ကျောင်းသားက ငါ့နယ်လာကျယ်သူဆိုကာ ပြည်စိုးကုန်း ကျောင်းသားကို သပိတ်ဖုံးဖြင့် ခုတ်၏။ ပထမနေ့တွင် ပြည်စိုးကုန်းကျောင်းသား မျက်နှာစုတ် သွားငြား၊ နောက်တစ်နေ့ လေးထပ်ကျောင်းသားရော ပြည်စိုးကုန်းကျောင်းသားပါ ထိပ်ကွဲကုန်ကြလေ၏။ အကြောင်း သော်ကား သပိတ်များတွင် ပါမြဲဖြစ်သော ယွန်းသပိတ်ဖုံးနေရာတွင် ကြေးသပိတ်ဖုံးတွေချည်း ဖြစ်ကုန်ကြ သောကြောင့်ပေတည်း။
လေးထပ် ကျောင်းသားဟူသည် သရက်တော၊ ရွာသစ်၊ ရမ်းဘိုကုန်းသားတွေများရာ နေရာဒေသမှာ လေးထပ်ကျောင်းက တစ်ပန်းသာနေ၏။ မည်သည့်အိမ်ထဲမဆို ၀င်ပြေးပြီး ဓါးဆွဲလာနိုင်၏။ တုတ်ဆွဲ လာနိုင်၏။ ရေရှည်တွင် ပြည်စိုးကုန်းကျောင်းသားများ အရေးနိမ့်စပြုလာသည့်အတွက် ပညာကူ လာကြသည်။ သူတို့သည် ဆရာ ဘုန်းတော်ကြီး မသိအောင် ဓါးပြီးဆေး၊ တုတ်ပြီးဆေး၊ တုတ်၊ ဓါး၊ အုတ်ခဲ၊ တံတောင်၊ ဖနောင့်၊ လှံစသည်ဖြင့် စုပေါင်းပြီးသော အပါးဆုံးသုံးဆယ်ဆေး စသောက ကာယသိဒ္ဓိ`ဆေးများ ထိုးနှံ လာကြ၏။
ရင်ဘတ်နှင့် ကျောတွင် ဆေးနီဆေးနက်ရုပ်များ ထိုးနှံပြီး နောက်တစ်နေ့မှစ၍ ပြည်စိုးကုန်းကျောင်းသားများ ရင်ကော့လာကြ၏။ ခေါင်းမော့လာကြ၏။ ထိုဆေးများ ပြီး မပြီး၊ စွမ်း မစွမ်းကို မစမ်းရသေးဘဲနှင့် လေးထပ် ကျောင်းသား များ 'ရှိန်' သွားကြလေ၏။
သို့ဖြစ်ငြား သူတို့ ငုံ့မခံပါ။ ဆရာကောင်းကောင်းရှာပြီး အားကျမခံ ဆေးထိုး ကြကုန်ပြန်၏။ ပါးစပ်ဖြဲ ထားသော ဘီလူးရုပ်၊ သန်လျက်ကိုင်ထားသော ဘီလူးရုပ်၊ သည်အရုပ်တွေ အချိုးမကျငြား၊ ပါးစပ်ကြီး ဖြဲနေကာ မျှ သန်လျက် ကိုင်ထားကာမျှဖြင့် ကြောက်နေကြခြင်းဖြစ်၏။ အမှန် စွမ်း မစွမ်း၊ အဟုတ် ပြီး မပြီး ကို မည်သူမျှ စမ်းသပ်မကြည့်ပေး။ သည်အကြောင်းကို ပြန်ပြောင်းပြောရသောအခါ ရီးဆေးရိုး၏ မှေးသီ သော မျက်လုံးများက ၀င်းရွှန်းနေလေ၏။ ဇရာ၏ အစင်းအကြောင်းများဖြင့် နွမ်းလျော်နေသော မျက်နှာပြင် သည်လည်း နုသစ် လန်းနေပေ၏။
"ဆေးထိုးလိုက်တာကလဲဟာ ပူတုန်းကြီး၊ သင်္ကြံန်တွင်းမှာပေါ့။ ထိုးချင်တဲ့ ကျောင်းသားက များတော့ ဘတို့ ကျောင်းသားငယ် တွေ မထိုးရပါဘူး။ ဒါတောင် သင်္ကြံန်နောက်ပိုင်း ခုနစ်ရက်အထိ ဆက်ထိုးမှ ပြီးသွားတာ"
"ပိုက်ဆပ်(ပိုက်ဆံ)ပေးရသေးလားဘ"
မီးငြိမ်း နေသော ဆေးလိပ်တို မီးညှိနေစဉ် မောင်မောင်လှက မေး၏။
"ပေးရပါသကောကွာ၊ ဒါတင် ဘယ်ကဦးမလဲ၊ ကန်တော့ပွဲဖိုး၊ အမွှေးနံ့သာဖိုးလည်း ကုန်သေးတာ"
"သဂျန်တွင်း(သင်္ကြံန်တွင်း) မှာ ဘာပြုလို့ ထိုးတာလဲဘ"
အမေးရှင်ကား ကိုကိုကြီး။
"သဂျန်ဆိုတော့ နှစ်ဟောင်းကုန်ပြီး နှစ်သစ်ဆန်းတဲ့အချိန်၊ အချိန်ကောင်း၊ အခါကောင်း ဆိုတဲ့ သဘော ပေါ့လေ။ နေက ပူနေတော့ သွေးတွေ ရွှဲနေတာပေါ့။ ဒါပေမဲ့ ဘတို့ ထိုးကွင်းထိုးတာလောက်တော့ မနာပါဘူး။ ထိုးကွင်းပ စပ်ထိုးတာကိုး"
"ထိုးကွင်း က ဘယ်တော့မှ ထိုးတာလဲ ဘ"
"ဖိုးသိချင်ကြီး မောင်မောင်လှ က သိလိုရင်းကို ကြားဖြတ်မေးပြန်ပေ၏။
"ဒီလိုကွ လူကလေးရ"
လယ်သမားများ ဆူတုန်းဆူဆဲအချိန်တွင် ကျေးလက်တောရွာများတွင် လူစည်ကားလေ့ရှိ၏။ သေတ္တာပျက်၊ သော့ပျက် ပြင်သူများ၊ ဖဲထီးပြင် ကုလားများ၊ အထည်ရောင်းသော တရုတ်များ၊စူရတီကုလားများ၊ အမွှေးနံ့သာ ရောင်းသောမိန်းမများ၊ ရွာစဉ်လျှောက် မျက်လှည့်သမားနှင့် မျောက်ပြ ဆန်တောင်းသော မျောက်ဆပ်ကပ်များ ဖြစ်ကြပေ၏။ ထိုသူများအပြင် ထိုးကွင်းမင်ကြောင်ဆရာများလည်း သည်ရာသီမှသာ လွယ်အိတ် တစ်လုံး၊ ထီးတစ်ချောင်းဖြင့် ရောက်လာတတ်ကြ၏။ အခကြေးငွေ ပိုက်ဆံမရှိစေကာမူ ကျုံးပေး စရာ စပါး က တလင်းထဲတွင် အသင့ိမဟုတ်လား။
" မုန်းနားက မင်ကြောင်ဆရာ ပြည်စိုးကုန်းကျောင်းမှာ ရောက်နေသတဲ့ဟေ့"
သည် သတင်း လေးထပ်ကျောင်းသားများ၏ နားဝသို့ ရောက်လာသောအခါ ကိုရင်ကြီးတွေ လှုပ်လှုပ်ရွရွ ဖြစ်သွား ကြလေ၏။
" ဟေ့ သူတို့မထိုးခင် တို့က ဦးအောင်ထိုးကြရအောင်ဟေ့"
မင်ကြောင်ဆရာ ရောက်လာလျှင်လာချင်း မထိုးနိုင်သေးပေ။ ထိုးကွင်းထိုးခ တစ်ပေါင် သုံးမတ်နှုန်းရှိငြား လူအများ မို့ လျှော့ပါ ပေါ့ပါဦးဟု ဈေးဆစ်နေရတတ်သေးသည်။ သိဒ္ဓိဆေး ထိုးစဉ်က ကျောင်းထိုင် ဆရာတော် အား အသိပေး သောအခါ ဆရာတော်က " ထိုးကွင်းထိုးသော ကျောင်းသား ကျောင်းသား မလာဘဲ ခုနစ်ရက် နေနိုင်သည်" ဟု ခွင့်ပေးလိုက်လေ၏။ ရည်းစားက ခိုင်း၍ ထိုးရသူ၊ လူလုံးပြချင်၍ ထိုးသူများ ကြားတွင် စာမအံချင်၊ ကျောင်းမလာချင်သော ကျောင်းသားငယ်များလည်း ၀င်ရောက် ထိုးကြ လေ၏။ အနာပြည်ကိုက်၍ နာသောအနာလည်း မမီ၊ ခွေးကိုက်ခံရသော အနာလည်း မမီ၊ ငုတ်စူးစဉ် နာကျင် သော ဝေဒနာလည်း သည်အနာကို မမီ။ ထိုးကွင်းအထိုးခံရသော နာကျင်မှုသည် အနာတကာတို့အနက် အနာဆုါံ်ဖြစ်၏။ ထို့ကြောင့် ရီးဆေးရိုး တစ်သက်မမေ့။ ကျောင်းရှိ သံဃာတော်များနှင့် သာမဏေများ၊ အရုဏ် ဆွမ်းဘုန်းပေးပြီးချိန်တွင် ထိုးကွင်းထိုးသည့် လုပ်ငန်း စတော့သည်။ ရီးဆေးရိုးမှာ စောစောစီးစီး ပြာသိုလ နံနက်ကြီးတွင် ရေချိုးပြီး မင်ကြောင်ဆရာရှေ့ ရောက်လာရာ ခိုက်ခိုက်တုန်နေ၏။
    "ပုဆိုးချွတ်လကွာ"
    "ဟာဗျာ ချမ်းရတဲ့အထဲ"
    "ချက်ချင်း အချမ်းပြေပြီး ချွေးသီးချွေးပေါက်တွေ ကျလာစေ့မယ်၊ စိတ်ချ"
    မင်ကြောင်ဆရာ ၏ လက်ထောက်က ပြုံးဖြဲဖြဲဆို၏။
    "ရှက်စရာကြီးဗျာ"
    ရီးဆေးရိုး ပါးစပ်မျှမပိတ်သေး၊ မင်ကြောင်ဆရာက ပုဆိုးဆွဲချွတ်သည်။ "ဟာဗျာ၊ ဟာဗျာ" အော်နေစဉ် အမှောက် ခိုင်းသည်။ သည်အချိန်ထိ ရီးဆေးရိုး ရှက်နေဆဲ။ ပေါင်တစ်လျှောက်တွင် နှီးကွင်းချကာ ထိုးကွင်းရာ ကို မင်ဖြင့် 'လျာ'ထားချိန်တွင်လည်း ရှက်ရန် သတိရကောင်းတုန်း။ သို့သော် ခါးပေါ် လူတစ်ယောက် တက်ခွချိန်၊ ခြေနှစ်ဖက်ကို လူနှစ်ယောက် လာကိုင်ချိန်နှင့် တစ်ပြိုင်နက်တည်း အသားပေါ် သို့ ကျလာသော စုတ်ချက် ၏ ဒစ် ကို ခံလိုက်ရသည့်အခါ ရှက်ရန် မေ့သွားတော့သည်။ "အမယ်လေးဗျ၊ သေပါပြီဗျ" မှစပြီး အမယ်လေး တသံတွေသာ အဆက်မပြတ် ထွက်လာလေတော့၏။
    "ရော့၊ ရော့ အဲဒါကို ခဲထား၊ မအော်နဲ့။ ထိုးကွင်းထိုးတုန်း မှာ အော်တယ်ဆိုတာ မာတုဂါမတွေ သိသွားမှာ မရှက်ဘူးလား"
    ပဉ္စင်းပျိုတစ်ပါးက အော်နေသော ပါးစပ်ထဲသို့ ကွမ်းဦးတစ်လုံး လာထည့်၏။ ကွမ်းသီးကို တအားခဲပြီး ကျတ်ခံ၏။ သို့ပေမင့် နာသည်။ မည်သည့်အနာနှင့်မျှ နှိုင်းမရအောင် နာလှသည်။ ပေါင်တွင်းကြော တစ်လျှောက် လည်း နာသည်။ တံကောက်ခွက်အရောက်တွင် မျက်ရည်ပေါက်ပေါက် ကျလာသည်။ ပက်လက်လှန် လိုက်သောအခါ သွေပူလာပြီမို့ သက်သာသည်ထင်ရငြား။ ဒူးခေါင်း သို့လည်းရောက်ရော အံစောင် မှ ကွမ်းသီးကြီး ဖြောင်းခနဲ ကြေမွသွားလေ၏။
    တင်ပါးတွင် အသားချည်းမို့ အနာလျော့မည် မျှော်လင့်၏။ နာသည်ပင်။ သက်သာသည့်နေရာ တစ်ကွက်မျှ မရှိ။ ထိုးကွင်းဆရာကလည်း ကိုယ်ချင်းစာ ဟန်တူ၏။ ခေါင်းအုံးပေါ် ဖင်ခုထိုင်ကာ ခြေဖ၀ါးစောင်း နှစ်ခု တင်ထားပြီး အဆက်မပြတ် ထိုးနှံပေးသည်။ ဆွမ်းခံပြန်ချိန်ရောက်မှ ပေါင်တစ်ဖက် ပြီးသည်။
    ရီးဆေးရိုးလည်း သွေးအရွှဲသားဖြင့် လိမ့်နေ၏။ မင်ကြောင်ဆရာလည်း ချွေးတရွှဲရွှဲဖြင့် ဟိုက်နေ၏။ ဟိုက်သော်ငြား ရီးဆေးရိုး၏ ပေါင်ကို မင်ဖြင့် ပွတ်သပ်ပေးပြီးနောက် မဲဇလီရွက်ရည်ဖြင့် ဆေးကြော ဆုပ်နယ် ပေးကာ အနာမရင်းအောင် နေနည်း၊ ဖန်ရည်ဆေးနည်းများကို ပြောပြသည်။
    ရီးဆေးရိုး ထော့ကျိုးထော့ကျိုးဖြင့် အိမ်သို့ပြန်လာခဲ့၏ သွေးတစ်စိမ့်စိမ့် ယိုဆဲ ပေါင်မည်းကြီး လှန်ကာ ရွာထဲသို့ ၀င်လာသော သူ့အား တွေ့သူတိုင်း ကောင်းချီးပေးကြ၏။ ရီးဆေးရိုး မသာယာနိုင်ပါ။ အိမ်ရောက် သည်နှင့် မည်သည့်အရာမျှ စားလိုစိတ်မရှိ။ ထိုးအိပ်လိုက်တော့သည်။ အိပ်ရာမှနိုးချိန် တစ်ပေါင်လုံး အထိမခံ နိုင်အောင် နာနေပြီ။ အတော်လည်း ရောင်ကိုင်းနေပြီ။ အတော်လည်း ရောင်ကိုင်းနေပြီ ဖျားချင် သလိုလို လည်း ဖြစ်နေ၏။ သို့တစ်စေ ထမင်း စားချင်စိတ် မရှိသည့်ကြားမှ အဖျားဒဏ်ခံနိုင်စေရန် ထမင်း ကို ဖျစ်ညှစ်စားရသည်။ ပေါင်မှာ တစ်နေ့လုံးနာနေဆဲပင်။ နာရုံသာမက ပို၍ပင် ရောင်လာချေသေး၏။
    မဲဇလီရွက်ပြုတ်ရည်ဖြင့် ဖန်ရည်ဆေးရန် မင်ကြောင်ဆရာမှာလိုက်သောကြောင့်သာ ဆေးရ၏။ ထိလိုက် တိုင်း အသည်းခိုက်အောင် နာသည်။ အားအားရှိလျှင် "အမေ…အမေ"ဟုသာ ညည်းနေချင်တော့သည်။
    ဟော ဒုတိယနေ့တွင် အရောင်တန့်သွားပြီ တတိယနေ့တွင် အထိခံနိုင်စပြုပြီ။ စတုတ္ထနေ့တွင် အရောင် လျော့ကာ ပဉ္စမနေ့တွင် အနာဖေးလေးတွေ ကွာလာသည်။ သတ္တမနေ့တွင်ကား သလင်းတောင် ပေါ် စိမ်းမြသော ထိုးကွင်းရုပ်ကလေးတွေဖြင့် ရီးဆေးရိုး လူကောင်းပကတိဖြစ်သွားပြီ။ သို့ဖြစ်ငြား ပေါင် တစ်ဖက် ကျန်သေး၏ တွေးလိုက်တိုင်း ကြက်သီးထစရာ ကိစ္စကြီးပါတကား။ ရီးဆေးရိုးမှာ ထွက်ပြေး ရကောင်း မည်လား စဉ်းစားနေ၏ သည်အတွေးကို ချေဖျက်ပစ်လိုက်သော အရာကား ယောက်ျား ပီသစိတ် ပင်ဖြစ်သည်။
    "ဒါလောက် ကလေးမှ အနာမခံနိုင်တဲ့ကောင် ယောက်ျားမဟုတ်ဘူး"
    ယောက်ျားသနာ တို့၏ တွတ်ဝိုင်း၊ ခြင်းဝိုင်း၊ နပန်းဝိုင်းများမှ အကြဉ်ခံရတော့မည်။ မိန်းမသားတွေ၏ ရယ်သွမ်း သွေးခြင်း ခံရတော့မည်။ ဤသို့ဖြင့် ရီးဆေးရိုးကျန်တစ်ပေါင်ကို မချိမဆံ့ နာကျင်သော ဝေဒနာ အလူးအလဲခံကာ ထိုးကွင်းထိုးလိုက်ရပြန်လေ၏။
"ဘဥစ္စာက လှလည်းမလှဘဲနဲ့၊ ဒါလောက်ကြီး အနာခံရတယ်လို့"
    ရီးဆေးရိုးကား မောင်မောင်လှစကားကို ကြားဟန်မရှိချေ။ သူလူပျိုပေါက်စ ကျောင်းသားဘ၀က အကြောင်း များကို ပြန်လည်မြင်ယောက်ကာ လန်းဆန်းတက်ကြွနေသည်။ ပါးကြီးခွက်နေအောင်ပင် ပြုံးနေ လိုက် ပါသေး၏ တင်ပါးနှစ်ဖက်ပေါ်အောင် တမင်ခါးတောင်းကျိုက်ထားခဲ့ရသော အရသာ၊ ထိုးကွင်း အလှချင်း ပြိုင်သော အရသာ၊ ထိုးကွင်း အသစ်ကလေးကို ဝေ့ခနဲ ပျိုမေတို့ ကြည့်သွားသော အရသာသည် ရီးဆေးရိုး ရင်ထဲ၌ ယခုတိုင် ချိုမြိန်နေဆဲ ရှိသေးသည်။
    "ဒါလောက်နာတာလေးများ ဘရာ၊ ဘာပြုလို့ နောက်တစ်ပေါင်ထိုးရသလဲ ဘရယ်"
    မြေးမကြီး မေကြည့်အမေးဖြစ်၏။
    "ထိုးဖို့ လိုလို့ပေါ့ မြေးရာ"
    "ဘာရုပ်တွေလဲဟင် ဘ"
    "ကြောင်၊ ဇော်၊ ကိန္နရာ၊ ဘီလူး၊ မျောက်၊ ငှက်၊ စုံလို့ပါပဲကွယ်။ ဒါပေမဲ့ အရုပ်က အရေးမကြီးဘူး ယောက်ျား ပီသစိတ် အုတ်မြစ်ချဖို့၊ ယောကျာ်းသိက္ခာ တန်ဖိုးထားစိတ် အခြေတည်ဖို့က အဓိကပဲ မြေးတို့ ရေ"
    "အလကားဟဲ့၊ အသားကလည်းနာ ပိုက်ဆံလည်းပေးရသေး၊ ခြေနဲ့လည်း အကျောက်ခံရသေး"
    ရီးဆေးရိုး ဆတ်ခနတဲလှည့်ကြည့်၏။
    "ညည်း ဒီစကားပြောတာ နှစ်ခါရှိပြီ ကျီးဒန်၊ အခုလိုပြောတာဟာ ထိုးကွင်းထိုးခဲ့တဲ့ ညည့်မောင်တွေ၊ ညည့်ဘဒွေး၊ ဘကြီးတွေနဲ့ ညည့်အဖေတို့၊ ညည့်ဘတို့ကိုပါ အလကား လူတွေလို့ ပြောရာ မရောက် ဘူးလား"
    ရီးကျီးဒန် မျက်နှာပိုးသတ်သွားသည်။ ငါတို့ခေတ်တုန်းက ထိုးကွင်းရှိသော ယောက်ျားကိုသာ စံချိန် မီသော ယောက်ျားအဖြစ် သဘောထားခဲ့ပါကလား ဆိုသော သတိ ဖျတ်ခနဲ ၀င်လာ၏။
    ထို့ကြောင့် လေသံပျော့ကလေးဖြင့် လေချိုသွေးလိုက်၏။
    "ကျုပ်က အသားနာတာတစ်ခုတည်းတွေးမိလို့ ကရုဏာဒေါသောနဲ့ ပြောမိတာပါတော်"
    "နာနာပေါ့ဟ? ဒါလောက်ကလေးမှ အနာမခံနိုင်ရင် လောကဓံတရားရဲ့ အထုအရိုက်ကို ဘယ်လို ခံရဲမလဲ"
    "အဖေတို့ တစ်ပေါင်လုံး ထိုးကွင်းထိုးတဲ့ လူကြီးတွေကို ကျုပ်တော့ အံ့သြတယ် အဖေရေ့"
    ရီးကျီးဒန့်နောက်နားတွင် အတန်ကြာကပင် ရပ်နေသော ကိုဘညိန်းက ရှေ့တိုးလာရင်း သူ့လက်မောင်း ကို ဆန့်ထုတ်ပြ၏။ သူ့လက်ဖျံပေါ်တွင် 'ဗမာ့သတ္တိ' ဆေးနက်နှင့် ဒိုင်းပုံကလေး။
"ကုဿိနာရုံဘုရားပွဲတော်တုန်းက ဘက်ထရီအပ်နဲ့ ထိုးခဲ့တာ တစ်ကျပ်ပေးရသဗျား။ နာလိုက်တာ အဖေရာ၊ ဓါးနဲ့ ထိုးပြီး မွှေယမ်းဆွဲဖြဲသလား မှတ်ရတယ်။
သူသည် ဖုန်ထဲတွင် ဆော့ကစားနေသော အငယ်ဆုံးကလေးကို ကောက်ချီလိုက်ရာက
"ကျုပ် ဒီသေးသေးကလေးတောင် မချိမဆံ့နာရင် အဖေတို့ တစ်ပေါင်လုံးထိုးတဲ့လူတွေ ဘယ်လောက် နာမလဲ တွေးပြီး အံ့တယ်ဗျာ။ တစ်ပေါင်ထိုးလို့ နာတာသိရဲ့နဲ့ နောက်တစ်ပေါင် ဆက်ထိုးပြန်တော့ အဖေ တို့ကို ချီးကျုးလို့ မဆုံးဘူးဗျာ၊ တကယ်ပဲ" ဆိုလိုက်ြ့ပီး ကလေးများကို လှမ်းပြော၏။
"ကဲ သမီးတို့၊ဘ ထိုးကွင်းကို ကြည့် ပြီး ထမင်းမေ့နေကြသလား၊ ထမင်းရအောင် လာကြ"
မလှမေ၏ ကလေးများပြန်သွားလျှင် မချောစိန်၏ ကလေးများလည်း ထမင်းစားရန် သတိရကာ ထပြန် သွားလေ၏။ မန်ကျည်းပင်ရိပ်တွင် တိတ်ဆိတ်နေသည်။ ရီးဆေးဒန်တို့သည် စကားမပြောမိကြ။ လန်းကြည် သော မျက်လုံးများဖြင့် ငေးမောနေကြဆဲသာတကား။   
စာရေးသူ - ဆင်ဖြူကျွန်း အောင်သိန်း
.
>>>ဆက်ဖတ်ရန်>>> >>