Showing posts with label ရွှေစင်ဦး ရဲ့ ပန်ကြားလွှာ. Show all posts
Showing posts with label ရွှေစင်ဦး ရဲ့ ပန်ကြားလွှာ. Show all posts

Thursday, December 22, 2011

ချစ်ဖေဖေ ရဲ့ နှလုံးသား ဝေဒနာ နိဂုံး

 ခွဲစိတ်ပြီး ၁ဝ ရက်အကြာ

ခွဲစိတ်ပြီး ၁၄ရက် အကြာ
(အသက်ရှု လေ့ကျင့်ခန်း ယူနေတဲ့ 
အချိန်ဖြစ်လို့ ရွှေစင်ဦး က မိန့်မိန့်ကြီး ခဏ ဝင်ထိုင်ခြင်းသာ ဖြစ်ပါတယ်)

ချစ်ဖေဖေ ရဲ့ နှလုံးသားဝေဒနာ ကို ပြင်သစ် သမားတော်ကြီး နဲ့ 1.12.2011 မှာ အောင်မြင် စွာ ခွဲစိတ် ကုသ ခဲ့ပြီး 17.12.2011 မှာ ဆေးရုံက ဆင်းခွင့် ရခဲ့တဲ့ အတွက် မန္တလေး ကို ဖေဖေ ကျန်းမာစွာ ပြန်လာ နိုင်ခဲ့ ပါပြီ... ရွှေစင်ဦး နဲ့ချစ်ညီမ ကတော့ အောင်ပွဲခံ တဲ့ အနေနဲ့ (အကြောင်းပြချက် တရပ်လို့ မယူဆ စေချင်ပါ) ကျိုက်ထီးရိုးမှ စလို့ စက်စဲ အဆုံး လျှောက်လည် ခဲ့ကြပါတယ်... (နောက်မှ ခရီးစဉ် အသေးစိတ် ကို ဖော်ပြပေးပါမယ်..)

ဖေဖေ ရဲ့ ဝေဒနာ အစ ကနေပြီး အခု ဝေဒနာ ပျောက်ကင်းတဲ့ အထိ ကျနော့် ရဲ့ ဘလော့ဂ် မှာ ဖေဖေ ရဲ့ ရောဂါ အခြေအနေ ကို တင်ပေးခဲ့ ပါတယ်.... မိတ်ဆွေ များပေးတဲ့ အကြံဥာဏ် များ ဗဟုသုတ များ အားပေးစကား များဟာ ကျနော် အတွက် တကယ် ကို အကျိုး ရှိ ခဲ့ပါတယ်...

ဆေးရုံတက် တဲ့ အချိန်မှာ လည်း စာဖတ်သူ မိတ်ဆွေ များ နဲ့ ဘလော့ဂ်ဂါ မိတ်ဆွေ များရဲ့ အကူအညီ များကို အများကြီး ရခဲ့ပါတယ်... အထူး ကျေးဇူးတင်ပါတယ်.... လို့ ဒီနေရာ ကနေ မှတ်တမ်းတင် ပါတယ်....

ချစ်ဖေဖေ ရဲ့ နှလုံးကို  Bypass surgery - သွေးကြော ၃ခုစလုံး မှာ ၄နေရာ လုပ်ရပါတယ်... တိုးတက် နေတဲ့ ဆေးပညာ တွေ ပစ္စည်းကရိယာ တွေ နဲ့  ဆရာဝန်ကြီး တွေ ရဲ့ ကျွမ်းကျင်မှု့ နဲ့ စေတနာ ကြောင့် ခွဲစိတ် ကုသမှု့ အောင်မြင် ခဲ့ပေမဲ့ တကယ်ကို မလွယ်တဲ့ အလုပ်ကြီးပါ... အသေးစိတ် သိရလေ  ကြောက်စရာ ကောင်းလေပါဘဲ... 
(ဆေးရုံ ပေါ်မှာ ကြောက်စရာတွေ အများကြီး ရှိပါတယ်...  ကြောက်စရာ အကောင်းဆုံး လေးတွေ ကိုလည်း ဆက်လက် ဖော်ပြ ပေးပါအုန်းမယ်....)

ရွှေစင်ဦး ရဲ့ ဖေဖေ ကို ခွဲစိတ် ပေးခဲ့တဲ့ ပြင်သစ်သမားတော်ကြီး ... မေ့ဆေးဆရာဝန်ကြီး နဲ့ အခြား ခွဲစိတ်ဆရာဝန်ကြီး များ အပြင် မခွဲစိတ်ခင် နဲ့ ... ခွဲစိတ်ပြီး နောက်ပိုင်း မှာ ပြုစုစောင့်ရှောက်မှု့ ပေးခဲ့ကြတဲ့ ဝန်ထမ်းများ အားလုံး နဲ့ အတူ ချစ်ဖေဖေ ကို စိတ်ဓါတ် ခွန်အား အပြည့် ပေးခဲ့တဲ့ ချစ်မေမေ (ဒီဆေးကတော့ အင်အားအကြီးဆုံး နေမှာပါ) .... နဲ့ ဖခင်ကြီး အပေါ်မှာ သားသမီး ဝတ္တရား ကျေပွန်စွာ နဲ့ လိုလေသေးမရှိ ကြည့်ရှု့ စောင့်ရှောက် ခဲ့ကြတဲ့ ချစ်သော မောင်နှမ အားလုံး  နဲ့ ဆွေမျိုး .. မိတ်ဆွေ များ ကို ချစ်ဖေဖေ နဲ့ အတူ ရွှေစင်ဦး က လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ရှိပါကြောင်း လည်း မှတ်တမ်း တင် ပါတယ် ဗျာ...

နောက်ဆုံး အနေနဲ့ ကျေးဇူးအတင်ဆုံးကတော့ (ဘက်လိုက် တယ်လို့ မယူဆစေချင်ပါ) ချစ်ဖေဖေ အတွက် လိုအပ်သမျှ အားလုံး ကို တိုင်ပင်စရာ မလိုဘဲ လုပ်ချင်တာလုပ်ပါလို့ ခွင့်ပေးခဲ့တဲ့ ချစ်ချစ်ကြီး နဲ့ ရွှေစင်ဦး လိုအပ်သမျှကို surpport လုပ်ပေးခဲ့တဲ့ ချစ်ညီမ တို့ပါဘဲလို့ မှတ်တမ်းတင်ရင်း ကျေးဇူး တင်လွှာ ကို နိဂုံးချုပ် လိုက်ပါပြီ....

ကျေးဇူးတင်လွှာ အပြီး မှာတော့ ဆေးရုံပေါ် မှာ ရွှေစင်ဦး ဆက်ခံ ခဲ့တဲ့ အမွေ များ အပြင် တခြား ဇာတ်လမ်းလေး တွေ ကိုလည်း အချိန်ရရင် ရသလို တင်ဆက်ပေးပါမယ် လို့ ကြိုတင် အစီရင် ခံလိုက်ပါတယ်....

လေးစားစွာဖြင့်
စာရေးသူ - ရွှေစင်ဦး
.
>>>ဆက်ဖတ်ရန်>>> >>

Thursday, November 17, 2011

ရွှေစင်ဦး ငယ်ငယ်က စားခဲ့တာလေး တွေ နဲ့ မကြာခင် အဆင်ပြေသွားမှာပါ ချစ်ဖေဖေ

ချစ်မိတ်ဆွေ များရေ တောင်လည်း မရောက် မြောက်လည်း မသွားနဲ့ ရွှေစင်ဦး ရဲ့ တာဝန်များ ပျက်ကွက် ခဲ့ တာလည်း ကြာခဲ့ပါပြီ....။

ဖေဖေ ရန်ကုန်မသွားခင်မှာ ... ရွှေစင်ဦး ဟာ ဖေဖေ အနားမှာ အနီးကပ် ကြီးကြပ် .... အဖြစ် နှစ်ပတ် နီးပါး အိမ် မှာ နေခဲ့ပါတယ်... ရွှေစင်ဦး ငယ်ငယ် ကထဲက နေခဲ့တဲ့ အိမ်ဖြစ်နေတော့ နေ့လည် နေ့ခင်း မှာ အဆာပြေ စားဖို့ မုန့်တွေ ကို စဉ်းစားမိတယ်... ။

ရွှေစင်ဦး စားစရာ ဘာမှ မရှိပါလား.... မေမေ ရေ ဟို ခိုတောင်မုန့်တီ သည်ကြီး ရှိသေးလား.... အမဲသား အရွတ် အကြော တွေ ကို နူးအိနေအောင် ပြုတ်ထားပြီး အမဲသား စားသူတွေ ဆိုရင် ခိုတောင်မုန့်တီ နဲ့ ရော သုပ်ပေးတယ် လေ လို့ ပြောရင်း မျက်လုံး ထဲမှာ အကွင်း အကွင်း နဲ့ မုန့်တီ ဟင်းအိုးကြီး ကို တကယ်ဘဲ သားရေတမျှားမျှား နဲ့ မြင်ယောင် လာပါတယ်... ဟင်းရည်အိုး (မြေသောက်ရေအိုးဟောင်း) ပူပူကြီး ကို အပူဓါတ် တွေ မပြယ် အောင် အဝတ်ထူထူ ကြီးနဲ့ ပတ်ထားတယ်....... ။

ရွှေစင်ဦး တို့ ရပ်ကွက် ဟာ သူ့ရဲ့ ပထမဆုံး နယ်မြေ ဖြစ်တော့  ငရုပ်ကောင်း နံ သင်းနေတဲ့ ဟင်းရည် ပူပူချိုချို တွေ ဟာ ငရုပ်သီးစပ်စပ် နဲ့ စားထား လို့ တဟားဟား ဖြစ်နေတဲ့ ပါးစပ် တွေ က မခံနိုင်လို့ တဖူးဖူး မှုတ်သောက် ရအောင် ပူနွေး ချိုမွှေး လှ ပါ တယ်....။

မုန့်တီ မစားဖြစ်ရင် စားနေကြဖြစ်တဲ့ မျက်နှာချင်းဆိုင် အိမ်ဝန်း ထဲမှာ စုငှားနေကြတဲ့ ထဲက တယောက် ဖြစ်တဲ့... ဈေးသည်ကြီး အမေဆင့် ကို လည်း သတိရမိတယ် ....... ပေါ်သမျှ အသီးအနှံ တွေနဲ့ မြန်မာ မုန့် လတ်လတ် ဆတ်ဆတ် တွေကို  သူ့ ရဲ့ ဈေးဗန်း အကြီးကြီး ထဲမှာ ပြည့်ကျပ် နေအောင် တင် ထား တယ်.... ။

ဈေးဗန်းကြီး ထဲမှာ တကယ်ကို ပေါ်သမျှ ရာသီစာ တွေ အားလုံး ကို ရောင်းဖို့တင်ထားပါတယ်... ရွှေစင်ဦး ကြိုက် တဲ့ မကျီးတော ပဲမြစ် စီးစီး လေး တွေ ထန်းပင်မြစ် ပြုတ် (မီးဖုတ်တော့ မရ)... ကန်စွမ်းဥ ပြုတ်... အာတလွတ်ဥ နုနု ထွားထွားကြီး တွေ နဲ့ ရှမ်းပြောင်း အစေ့ညီညီ အဖူးရောင်စုံ လေး တွေ ... ရခိုင်ငှက်ပျောသီး မှည့်မှည့် ချိုချိုလေး တွေ ကို အခု တွေး ရင် အခုတောင် မြင်ယောင် မိတယ်.....။

ရာသီစာ တွေ အပြင် အရပ်ထဲ မှာ ထိုင်ရောင်းလေ့ ရှိတဲ့ မုန့်စိမ်းပေါင်း.... မုန့်ပစ်သလက်... အကြော်... ပဲ နဲ့ ထန်းလျှက် ကို ထာပနာ ပြီး ကောက်ညှင်းမှုန့် နဲ့ ကြော်ထားတဲ့ ကတိုးဝါကြော်....  အုန်းသီး နဲ့ သကြား  ထာပနာ ထားတဲ့ မုန့်လုံးကြီးကြော်.... မုန့်ပေါင်း လို့ မုန့်များ ကို လည်း အော်ဒါ မှာပြီး သူ့ မုန့်ဗန်းထဲ မှာ တင်ရောင်းလေ့ ရှိတယ်.... နောက်တခါ အုန်းမှန်ကူ ဆိုတဲ့ အုန်းသီး နဲ့ သကြား နဲ့ ရောလုပ်ထားတဲ့ အုန်းသီးနိုင်းခြင်း နဲ့ မုန့် အကြီးကြီး တွေလည်း ပါတယ်... ပဲမုန့် လတ်လတ် ဆတ်ဆတ် တွေလည်း ပါတယ်... ။

သူ့ ရဲ့ မုန့် ဗန်းကြီး ဟာ အကြီးကြီး နဲ့ ပြည့်ကျပ် နေတော့ ဘယ်လိုများ သူ ရွက်ရောင်းလည်း မသိဘူး လို့ အခု စဉ်းစားမိတယ် ... နေ့လည် တနာရီ လောက်မှာ ....အမေဆင့် ဟာ မုန့် အပြည့် နဲ့ မုန့် ဗန်းကြီး ကို တအိမ် အိမ် ရဲ့ ရှေ့မှာ ချလိုက် ပြီ ဆိုကထဲ က ဝိုင်းလာလိုက်တဲ့ ကလေး တွေ ဟာ မနည်း ပါဘူး... တယောက် တမျိုး ... နှစ်မျိုး စားလိုက်ကြတော့ ဈေးဗန်းကြီး အတော် ပေါ့သွားမှာ ပေါ့... အဲလိုဘဲ အရိပ်ကောင်း တဲ့ အပင်အောက် တို့ အိမ်ရှေ့ ကွက်လပ် ကောင်းကောင်း တို့ မှာ ထိုင် ရောင်းရင်း မုန့်ဗန်း ကြီးကတော့.... ကုန် သွားတာဘဲ....။

ဈေးသည်ကြီး အမေဆင့် ကို သတိရမိရင်း အမေဆင့် ရဲ့ ဖြစ်ရပ်ဆန်း လေး တခု ကိုလည်း အမှတ် ရမိတယ်... အဲဒီ အမေဆင့် က ယောက်ကျား မရှိဘူး သားသမီးလည်း မရှိဘူး... အပျိုကြီးလား.. မုဆိုးမ လား ဆိုတာ ငယ်တုန်း က ဆိုတော့ သတိမထားမိဘူး.. သူ့မှာ လုပ်ကျွေးမဲ့ သူ မရှိဘဲ အိမ်ခြံဝန်းလေး ထဲ က အခန်းကျဉ်းလေး တခန်း ထဲမှာ နေရင်း တယောက်ထဲ မုန့်ရောင်းစားတာ ဘဲ သိတယ်...။
တနေ့တော့ အမေဆင့် ကြီး ကို ခွေးကိုက် နေလို့ ဆိုပြီး အော်သံကြားတယ်... သူ့ အခန်းကျဉ်း ကလေး ထဲမှာ ကပ်ရက်အိမ် က အယ်လ်ဇေးရှင်း ကြီး ရောက်လာပြီး လှိမ့် ကိုက်နေတာကို အားလုံး အပြင် က နေပြီး ဝိုင်းကြည့် နေကြတာ တွေ့ တယ်... ၊ ရွှေစင်ဦး တို့ ကလေး တွေလည်း ဝိုင်းကြည့် ကြတယ်... ခွေးကြီး ကိုလည်း ဘယ်သူ မှ မခြောက်ရဲဘူး... ခွေး အကြီးကြီး ဆိုတော့ အားလုံး က ကြောက် ကြတယ် ထင်တယ်... ပိုင်ရှင် ရောက်လာတော့ မှ ခွေးကိုဆွဲလို့ ရတယ်... အမေဆင့် လည်း အဲဒီ ခွေးကိုက်တဲ့ ဒဏ်ရာ ကို အတော် ဆေးကုလိုက်ရတယ် .... ငယ်သေးတော့ အားလုံး ကို မမှတ်မိ တော့ ဘူး... တလလောက် မုန့်ရောင်း မထွက်တော့ တာကိုဘဲ သတိရနေတယ်...။

ရွှေစင်ဦး ပြောချင်တာတွေလည်း... လမ်းလွဲ ရောက်သွားပြီ... ကျနော် တို့ ငယ်ငယ် က လတ်လတ် ဆတ်ဆတ် ရာသီပေါ် သီးနှံ တွေ နဲ့ အမေဆင့် ဗန်းထဲ က ဟာတွေ  (မြန်မာ့ ရိုးရာ မုံတွေ) ကိုသာ စားစရာ လို့ ထင်ကြတယ်..၊ အခု အိမ်မှာ နေရင်း အပျင်းပြေ စားဖို့ တူပေါက်စ လေး နဲ့ ကစားဖော် ကလေး တွေ ကို . ဘာ စားစရာ ရှိလည်း မေးကြည့်တော့.. သူတို့ စားတာ ဂျယ်ရီ တို့ ဝေဖာ တို့ ချောကလက် တို့ နဲ့ အထုတ် လှလှ ဗူးလှလှ ထဲက ပက်ကင် စားစရာ တွေ... ရေခဲ သေတ္တာ ထဲက အအေးဘူး လှလှ လေး တွေ...  ကို စားစရာ တွေ တဲ့....။

ကျနော် စားချင်တာ တခု မှ မပါဘူး... ၊ ကန်စွန်းဥ ပြုတ် .. ပြောင်းဖူးပြုတ် ... မြေပဲပြုတ် စားမလား အန်တီ ပြုတ်ပေးမယ် ဆိုတော့ နှာခေါင်းရှုံတယ်... စားစရာ လို့ မထင်ဘူး..... သနားစရာ ကောင်း လိုက်တာ လို့ တွေးမိ တယ်...။

သဘာဝ လတ်လတ်ဆတ်ဆတ် စားစရာတွေ ကို ပစ်ပယ်ထားပြီး အဲဒီ က ရတဲ့ အနံလေး အရသာ လေး  ပါလေကာ နဲ့ ဆိုးဆေး တွေ ဆိုးထားတဲ့... ကြာရှည်ခံ စားစရာ တွေ ကိုသာ စားနေကြတဲ့ အခုခေတ် ကလေး တွေ ကို တော်တော် သနား မိတယ်... သူတို့ ကလည်း ကျနော့် ကို ဘာတွေ ပြောနေတာ လည်း ဆို ပြီး... မဟုတ် တရုပ် စားစရာ တွေကို လာမေးနေ လို့ သနားစရာ ဘွားတော်ကြီး.. ဒိတ်အောက် လိုက်တာ လို့ ထင်နေတာ ကို သဘောပေါက် တယ်...။

အင်း ဘယ်သူက သနားစရာကောင်းလည်း ဆိုတာ ဒီကလေး တွေ နားလည်အောင် ရှင်းပြဖို့ ကျနော် တို့ ဘယ်လောက် ထိ များ အချိန်ပေးရမလည်း.... မိဘ တွေ ကလည်း သဘာဝ အစားအစာ တွေ ကို လုပ်ပေး ဖို့ အချိန် မပေးနိုင်တော့ .. လွယ်လွယ် ရတာတွေ ကို ဝယ်ကျွေးရင်း သဘာဝ အစားအစာ တွေ နဲ့ ဝေးကွာသွားကြတဲ့... ကလေးများကို ကြည့်ပြီး အခုစာလေး ကိုရေးမိတယ်... ၊ ရွှေစင်ဦး ငယ်ငယ် က စားဖြစ် ခဲ့တဲ့ ... နေ့လည်စာမုံလေး တွေ ကို မှန်းဆ.. သားရေကြ မိရင်း စာလေး ကို အဆုံးသတ် လိုက်ပါပြီ.... ။

လေးစားစွာဖြင့်
စာရေးသူ - ရွှေစင်ဦး
-----------------------------------------------
ချစ်ဖေဖေ ရဲ့ ဘရိတ်ကင်း နယူးစ်

 
 
 ရွှေစင်ဦး တို့ ရန်ကုန် ကို ၁၃ရက် ည ကိုးနာရီ ကား နဲ့ သွားပြီး ၁၄ ရက်နေ့ မနက်ခင်း မှာဘဲ မင်္ဂလာဒုံ ဆေးရုံကြီး မှာ ဖေဖေ ကို တင် လိုက် ပါပြီ... ဖေဖေ ရဲ့ အခြေအနေ အားလုံး ကို ဆေးရုံ မှာ ပြန်လည် စစ်ဆေး ပါတယ်... ဒီဇင်ဘာ.. လဆန်း မှာ လာမဲ့ ဘယ်လ်ဂျီယန် အဖွဲ့ နဲ့ ခွဲစိတ် ဖို့ သင့်တော် တယ် လို့ ဆုံးဖြတ် ကြ တဲ့ အတွက် . ၂ဝ၁၁ ဒီဇင်ဘာ လဆန်း မှာ လာမဲ့ ဘယ်လ်ဂျီယန် အဖွဲ့ တွေကို ဆေးရုံပေါ် က နေဘဲ စောင့် ဖို့ မိသားစု တွေ ဆုံးဖြတ်ကြပါတယ်... ။

မေမေ နဲ့ သားသမီး တယောက်ယောက် တွဲ ပြီး စောင့်ကြမှာ ဖြစ်ပါတယ်... အခုတော့ မောင်အလတ် တယောက် နဲ့ မေမေ နဲ့ ထားခဲ့ပြီး ကျနော် က ၁၅ ရက် ည ၉နာရီ ကားနဲ့ မန္တလေး ကို ပြန်လာခဲ့ ပါတယ်... လကုန်ခါနီး မှ တခေါက် ပြန်သွားပါမယ်... ဒီကြားထဲမှာ မောင် အလတ် နဲ့ ညီမငယ် လဲလှယ် ပြီး ဖေဖေ ကို စောင့်ပါမယ်...။

မိတ်ဆွေ အားလုံး ပို့ သတဲ့ မေတ္တာတွေ အတွက် လည်း အထူးဘဲ ကျေးဇူးတင်ပါတယ်.. ။

အင်း ပြင်သစ် နဲ့ မခွဲ ဖြစ်ပေမဲ့... ဘယ်လ်ဂျီယန် နဲ့ ခွဲလည်း ကောင်းတာပါဘဲ ဖေဖေ ရေ ... ဖေဖေ အတွက် သင့်တော် တာ ကို ဆုံးဖြတ်ကြတာပါ လို့ ပြောပေမဲ့... ဆေးရုံပေါ်မှာ အကြာကြီး မနေချင် တဲ့ ချစ်ဖေဖေ ကို သနား မိ ပါတယ်....။

ဖေဖေ ရေ မကြာခင် မှာ အားလုံးအဆင်ပြေ သွားမှာပါ... တလနှစ်လ ဆိုတာ ဘဝ တခု ရှင်သန်ဖို့ ဘာမှ မပြောပ လောက်ပါဘူး... သည်းခံ ပါဖေဖေ ရေ...

ချစ်သမီးကြီး
ရွှေစင်ဦး
.
>>>ဆက်ဖတ်ရန်>>> >>

Sunday, November 13, 2011

ရွှေစင်ဦး ရဲ့ ချစ်ဖေဖေ အတွက် အကြောင်းပြန်ကြားခြင်း

လေးစားရသော စာဖတ်သူများ နဲ့ ခင်မင်ရတဲ့ မိတ်ဆွေ ဘလော့ဂါများ သို့ 

ချစ်ဖေဖေ ရဲ့ နှလုံးသား ဝေဒနာ (ရောဂါ) အတွက် ပေးပို့ ကြတဲ့ မိတ်ဆွေ များ ရဲ့ ကော့မန့် များ .. မေးလ် မှ အကြံဥာဏ် များ နဲ့ နှလုံး သွေးကြောပိတ် ရောဂါ အကြောင်း ကို ပိုစ့် တင်ပြီး ရေးပေးခဲ့တဲ့ မကိ .. ကိုသက်တန့်ချို တို့ ရဲ့ စာ များကို ဖတ်ရတဲ့ အတွက် ဖေဖေ ကို ရောဂါ အကြောင်း သေချာ ရှင်းပြနိုင် သလို နောက်ဆုံး သတင်းများ ကို လည်း ပြောပြနိုင် တဲ့ အတွက် အားလုံး ကို အထူး ဘဲ ကျေးဇူးတင် ပါတယ်.... ရွှေစင်ဦး လည်း မိတ်ဆွေ များရဲ့ မေတ္တာကြောင့် အားတွေ အများကြီး ရှိသွား ပါတယ်....။

ဖေဖေ ကို ကြိုက်တဲ့ နေရာ မှာ ကုသဖို့ ရွေးချယ်ပါလို့ ပြောတဲ့ အခါမှာတော့ မင်္ဂလာဒုံ မှာဘဲ ချစ်မေမေ ရဲ့ ပြုစုယုယ မှု့ ကို ခံယူပြီး ကုသပါမယ့်လို့ ဆုံးဖြတ်ပါတယ်..။

ကျနော် တို့ မောင်နှမ ရန်ကုန်-မင်္ဂလာဒုံ ဆေးရုံကြီး မှာ အရင် စာရင်းသွားသွင်းပါတယ်.... ပြင်သစ် Team နဲ့ ၁၉-၁၁-၂ဝ၁၁ မှာ ခွဲစိတ်ဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်...။

ဒီနေ့ ၁၃-၁၁-၂ဝ၁၁ ရွှေစင်စင်္ကြာ အသင်း မှ ညကိုးနာရီ ကား နဲ့ ချစ်ဖေဖေ ကို မင်္ဂလာဒုံ ဆေးရုံ ကို ခေါ်ဆောင် သွား တော့မှာဖြစ်ပါတယ်...၊  အားလုံး အဆင်ပြေ နေရင်တော့ ၁၉ရက်နေ့ မှာ ခွဲဖြစ်ပါမယ်... အားလုံး ရဲ့ မေတ္တာ နဲ့ ချစ်ဖေဖေ အမြန်ဆုံး ပြန်လည် ကျမ်းမာလာ မယ် လို့ ယုံကြည်ထားပါတယ်...။

စာဖတ်သူ မိတ်ဆွေ များကိုတော့ ဒီရက်ပိုင်း မှာ သည်းခံကြပါလို့ ပြောချင်ပါတယ်... အဆင်ပြေ တဲ့ အချိန် မှာ အဆင်ပြေသလို စာအသစ်များတင်ပေးပါမယ်... တနေ့လုပ် မှ တနေ့စား အဲ ... တနေ့စာ တနေ့ စာရိုက်ရတဲ့ အတွက် ရှက်ဂျူး နဲ့လည်း မတင်နိုင် ပါဘူး.... ချစ်ညီမ က မေးလ် နဲ့ ပို့ပေးမယ် လို့တော့ ပြောပါတယ်... တတ်နိုင်သမျှ ကျိုးစားပေးပါမယ်.....။

ကျနော့် ရဲ့ ဘလော့ဂ် ဆာဗာဒေါင်း သွားတဲ့ အချိန်မှာ တချို့ ဘလော့ဂ် များကို ဖြုတ်ချထားပါတယ်... ကျနော် မန္တလေး ပြန်ရောက်တဲ့ အချိန် မှ ပြန်တင်ပေးပါမယ်.... အားလုံးသည်းခံပေးကြပါ... ချစ်မိတ်ဆွေ များရဲ့ စာများကိုလည်း ဖတ်ခွင့် မရတဲ့ အတွက် စိတ်မကောင်းပါဘူး... မကြာခင် မှာ တော့ အားလုံး ကောင်း သွားတော့မှာပါ... ခဏတာ ခွဲခွာမှု့ အတွက် နှုတ်ဆက်ခဲ့ပါတယ်... အားလုံး အဆင်ပြေ နေကောင်း ကြပါစေ လို့ ဆုမွန် တောင်းလိုက်ပါတယ်ဗျာ....။

လေးစားစွာဖြင့်
စာရေးသူ - ရွှေစင်ဦး
.
>>>ဆက်ဖတ်ရန်>>> >>

Thursday, October 27, 2011

ရွှေစင်ဦး ရဲ့ ချစ်ဖေဖေ အတွက် (angiogram ပုံများ ပါဝင်ပါသည်)

ချစ်မိတ်ဆွေ စာဖတ်သူ များနဲ့ ချစ်မိတ်ဆွေ ဘလော့ဂါ များသို့


(ဖေဖေ မှာ သွေးတိုး ဆီချို ကျောက်ကပ် မည်သည့် ရောဂါ မရှိပါ)
မကောင်းတဲ့ ကိုလက်စ်ထရော LDL ဟာ သာမန်ထက်တောင် နဲနေပါသေးတယ်
အခုလည်း မောလည်း မမော ရင်ဘတ်လည်း မနာပါ ဆေးရုံတက်ရက် များအတွင်း မှာ အတင်း ထ ထ နေလို့ မနဲတားနေရပါတယ်

မရှင်း လင်းတဲ့ ပုံများ ရှိရင် ပြန်တင်ပေးပါမယ်

အကြံပေးကြတဲ့ မိတ်ဆွေ အားလုံးအား အထူးကျေးဇူးတင်ပါတယ်... ရွှေစင်ဦး အတွက် အများကြီး အကျိုးရှိပါတယ် စဉ်းစားစရာတွေ အများကြီး ရပါတယ် ဆက်လက်ပြီး တတ်နိုင်သလောက် ပြောပြကြပါအုန်း အခုညနေ မှာတော့ ဖေဖေ ကို stent ထဲ့ဘို့ အဆင်မပြေ တဲ့ နေရာမှာ ပိတ်နေတဲ့ အတွက် မထဲ့ဖြစ်သေးဘူးလို့ ပြောထားပါတယ် နောက်နေ့ မှ ဆရာဝန်ကြီး ကအသေးစိတ် ရှင်းပြမယ် လို့ ပြောထားပါတယ်

ရွှေစင်ဦး ရဲ့ ချစ်ဖေဖေ ဟာ   နှလုံးသွေးကြောပိတ်သွား တဲ့ အတွက် ဒီနေ့ မနက် မန္တလေး ဆေးရုံကြီးမှာ angiogram ရိုက်ပြီး ဆေးကုသမှု့ ခံယူပါတယ်.. ဒါပေမဲ့ သွေးကြောအားလုံး ပိတ်နေပြီး သွေးကြောတခု ထဲသာ အနည်းငယ် ပွင့်နေ ပါတယ် ဒါကြောင့် stent ဆိုတဲ့ ဇကာပြွန် ကရိယာ လေး လည်း ထဲ့ လို့ မရ တော့ပါ.. ဆေးရုံက သမားတော်ကြီး က ရန်ကုန် မင်္ဂလာဒုံ စစ်ဆေးရုံ မှာ သွားကုဖို့ လွှဲစာရေးပေးပါတယ်... by pass လုပ်ရပါတော့ မယ်... သွေးကြော လေးနေရာ ကို ဖြတ်ဆက်ရပါမယ်..

ဖေဖေ ဟာ အသက် ၇၁ နှစ်ရှိပါပြီ....  အခု stent လေးထဲ့ဖို့တောင် တော်တော် ရှင်းပြရပါတယ် .... by pass လုပ်ဖို့ မပြောရသေးပါဘူး... ရွှေစင်ဦး တို့ မောင်နှမ အားလုံးဟာ ချစ်ဖေဖေ ကို ဘယ်လိုနည်းနဲ့ ဖြစ်ဖြစ် ကြာကြာ နေနိုင်အောင် ... အသက်ရှင် အောင် ကုသ ပေးချင်ပါတယ်.... အဲဒီအတွက် ဖေဖေ ကုသ ချင်တဲ့ နေရာမှာ ကုသနိုင်ဖို့ အတွက် မင်္ဂလာဒုံ စစ်ဆေးရုံ .. ပန်းလှိုင် ဆေးရုံကြီး... စင်ကာပူ ဆေးရုံ ... ထိုင်း ဆေးရုံ  တနေရာရာ မှာ ကုသ ပေးချင်ပါတယ်... မနက်ဖြန် သဘက်ခါ လောက်ဆိုရင် ဖေဖေ ကို ဖွင့်ပြောပြီး ဖေဖေ ကုမယ် ဆိုရင် ကြိုက်တဲ့ နေရာမှာ ကုသမှု့ ခံယူဖို့ အချက်အလက် တွေ စု နေပါတယ်... 

ရွှေစင်ဦး လည်း ကုန်ကျစရိတ်တွေ နဲ့ လုပ်နည်းလုပ်ဟန် တွေ အားလုံး ကို သိချင်ပါတယ်.... စာဖတ်သူ မိတ်ဆွေများ သိသမျှ အချက်အလက် များကို ရွှေစင်ဦး ကိုပေးကြပါလို့ မေတ္တာရပ်ခံပါတယ်.... ချစ်မိတ်ဆွေ ဘလော့ဂါ မကိ ကလည်း ဖေ့စ်ဘွတ်မှာ data collect လုပ်နေပါတယ်

အခုလောလောဆယ်ဆယ် အလုပ်ရှုတ်နေတဲ့ အတွက် စာဖတ်သူများသည်းခံပေးကြဖို့ နဲ့ ရွှေစင်ဦး ရဲ့ ချစ်ဖေဖေ အတွက် မေတ္တာပို့ပေးကြဖို့ ဒီပိုစ့် လေး ကိုရေးပါတယ်.....

angiogram ရိုက်တဲ့ ဓါတ်မှန်များကိုလည်း ညကြရင် တင်ထားပေးပါမယ်... အားလုံး ဆီက သိသမျှ အကြံဥာဏ် များလိုချင် ပါတယ် ... ကူညီကြပါ...

လေးစားစွာဖြင့်
ရွှေစင်ဦး
.
>>>ဆက်ဖတ်ရန်>>> >>