Showing posts with label အထောက်တော် လှအောင် ၏ ကြမ္မာ. Show all posts
Showing posts with label အထောက်တော် လှအောင် ၏ ကြမ္မာ. Show all posts

Wednesday, August 3, 2011

အထောက်တော်လှအောင် ဘာသာပြန် ကြမ္မာ အပိုင်း (၂၅) (ဇာတ်သိမ်း)

အခန်း (၃ဝ)

အတော်ကလေး ကြာတော့မှ နန်စီမတ်တတ်ရပ်နိုင်သည်။ မျက်နှာသစ်ပစ်သည်။ ပလုတ်ကျင်း သည်။
စိတ်မထိန်း နိုင်လောက်အောင် သူစိတ်ထိခိုက်ပြီးလဲပြိုအော့အန်သည်အထိ ဖြစ်ရသည့် အကြောင်း ကို အခြား လူများ အသိမခံနိုင်ပေ။ မည်သူ့ကိုမှ လည်းပြန်မပြောဘဲ ထားရမည်။
ဘာကြောင့် ထိုသို့ ဖြစ်ရကြောင်းပြန်ပြောပြလျှင်လည်း မည်သူကမှ ယုံကြည်မည်မဟုတ်။ သူ့ကိုသာ ရူးသည် ဟု ထင်ကြပေလိမ့်မည်။ ဘယ်လိုမှလည်း နားလည်နိုင်ကြမည်  မဟုတ်ပေ။
သို့သော်လည်း မယုံကြည်နိုင်စရာ အကြောင်းသည် ဖြစ်နိုင်စရာ အနေအထားများ ရှိနေ ပေပြီ။
>>>ဆက်ဖတ်ရန်>>> >>

Tuesday, August 2, 2011

အထောက်တော်လှအောင် ဘာသာပြန် ကြမ္မာ အပိုင်း (၂၄)

အခန်း (၂၉)

"ရေး.. ဖြစ်ရမယ်လို့ အရမ်းကြီးလဲ ထင်မထားနဲ့အုံးနော်" ဂျိုနသန်က သတိပေးသည်။
ရေးက မကြားချင်ယောင်ဆောင်နေသည်။ နှင်းများ ခဲ့နေသည့် ပြတင်းပေါက်မှန်ကို ကျော်ပြီး ရဲစခန်းဆီသို့ လှမ်းကြည့် နေသည်။ ရဲစခန်းထဲမှာ ဓာတ်ငွေ့မီးအိမ်များ၏ အရောင်ကို မြင်နေရ သည်။ ရာစုနှုစ် တစ်ခေတ်လောက် နောက်ပြန်ဆုတ်သွားသည်ဟု ထင်ရသည်။
ရေးက မော်တော်ကားရပ်ရမည့်နေရာတွင် ကမန်ကတန်းရပ်ပြီး တံခါးဖွင့်သည်။ ပြီးတော့ ကျောက် ခင်းလမ်း ကို ကျော်ကာ ရဲစခန်းအတွင်းသို့ ဝင်ပြေးတော့သည်။

ဂျိုနသန်က အသက်ပြင်းပြင်း ရှူပြီးနောက်မှ ပြေးလိုက်လာသံကိုလည်း သူ ကြားနေရသည်။
သူတို့ကိုမြင်တော့ ရဲစာရေးကြီးက အံ့အားသင့်သွာသည်။
"ဟင် ခင်ဗျားကို ဒီနေ့ည ဒီနေရာမှာ တွေ့ရလိမ့်မယ်လို့ မျှော်လင့်မထားမိဘူး မစ္စတာ အဲလ်ဒရက်ခ်ျ၊ ကလေး တွေ ပျောက်နေတဲ့ အတွက် ကျွန်တော် ဝမ်းနည်း.. "
ရေး က စိတ်မရှည်သလို ခေါင်းညိတ်ပြသည်။

"ရော့လဂ္ဂလာကို ဘယ်မှာ စစ်နေသလဲ"
ရေး၏ မေးခွန်းကြောင့် ရဲစာရေးကြီး လန့်သွားသည်။
"ခင်ဗျား ရောလဂ္ဂလာနဲ့လုပ်စရာ အလုပ် ဘာမှမရှိဘူးလေ"ဟု ပြန်ပြောသည်။
"သွားစမ်းပါဗျာ ကျွန်တော် သူနဲ့ တွေ့စရာ ရှိနေတယ်လို့ ခရိုင်ရဲအရာရှိကြီကို သွားပြောစမ်းပါ။"
ရဲစာရေးကြီး၏ ကန့်ကွက်ချက်များသည် သူ့နှုတ်ခမ်းပေါ်မှာပင် ပျောက်ကွယ်သွားတော့သည်။ စင်္ကြန် အတိုင်း လျှောက်လာနေသည့်  ရဲသားတစ်ယောက်ဘက်သို့ သူလှည့်သွားသည်။
"ဆရာကြီး ကို ပြောလိုက်စမ်းဟေ့ ရေးအဲလ်ဒရက်ခ်ျက ရောလဂ္ဂလာကို တွေ့ချင်လို့တဲ့"
ရဲစားရေးကြီး က ခပ်ဆတ်ဆတ် လှမ်းပြောလိုက်သည်။

ရေးက ဂျိုနသန်ကို လှမ်းကြည့်သည်။ သူ့မျက်နှာပေါ်တွင် အပြုံးကလေးတစ်ခု ခပ်ရေးရေး ရှိနေသည်။
"အေးဗျာ ကျွန်တော့်စိတ်ချက်ချင်းပြောင်းလာတယ်၊ ကျွန်တော်တို့ စိတ်ကူးကြီးဟာ ရူးကြောင်ကြောင် စိတ်ကူးကြီး လည်း ဖြစ်နိုင်တာပဲ" ဟုပြောသည်။
"မကြောင်ပါဘူး"
ဂျိုနသန်က တည်ငြိမ်စွာ ပြန်ဖြေသည်။
ရေးက အခန်းထဲကို လှည့်ကြည့်သည်။ သည်တော့မှ အပေါက်ဝနားရှိ ခုံတန်းလျားပေါ်တွင် သူနှင့် နန်စီတို့ အရွယ် ယောက်ျားတစ်ယောက်နှင့် အမျိုးသမီးတစ်ယောက် ထိုင်နေကြသည်ကို တွေ့ရ လေသည်။ ရုပ်ရည် သနားကမား ရှိပါသည်။

ရာသီဥတု ဆိုးရွားသည့် ညအချိန်မတော်ကြီးမှာ ဘာလာလုပ်နေကြပါလိမ့်ဟု သူ တွေးကြည့်နေမိ သည်။
ယောက်ျား လုပ်သူက ရှိုးတိုးရှန့်တန့် ဖြစ်နေသည်။
မိန်းမ ကတော့ ပြတ်သားသော ဆုံးဖြတ်ချက်ဖြင့် မျက်နှာတင်းတင်းထားသည်။
သူတို့နှစ်ယောက် ရန်ဖြစ်လာကြသလား။ ကွာရှင်းပြတ်သားရအောင် ရဲစခန်းကို လာကြခြင်းလား၊။
အတော် ရယ်စရာကောင်းသော အတွေးဖြစ်သည်။ရဲစခန်းသို့လာတိုင်း ကွာရှင်းပြတ်စဲဖို့ ဖြစ်နိုင်ပါမည် လား။

လောကတွင် လူအမျိုးမျိုးရှိကြသည်။ ယခုလိုရာသီဥတု ဆိုးရွားပြီး လျှပ်စစ်မီးများပါ ပြတ်နေသည့် အချိန်၌ လူအများ သည် ကိုယ့်အိမ်ထဲမှာ ကိုယ်ကုပ်နေကြသည်။
ညစာကို ဖယောင်းတိုင် ထွန်းပြီး ဓာတ်ငွေ့ဖြင့် ချက်နေကြသည်။ မှောင်တာကို မကြောက်ဖို့ ကလေးများ ကို ပြောနေကြမည်။
ရန်ဖြစ်သည့် လင်မယားလည်း ရှိနိုင်သည်ပေါ့။

အမျိုးသမီးက သူ့ကို စိုက်ကြည့်နေကြောင်း ရေး သတိထားမိသည်။ ပြီးတော့ ထိုင်ရာမှ ထဖို့ပြင် သည်။ သို့သော်လည်း သူ့ယောက်ျား ပြန်ဆွဲချပြီး ထိုင်ခိုင်းထားလိုက်သည်။
ရေးက ကမန်းကတန်း သူတို့ကို ကျောခိုင်းလိုက်ရသည်။ ယခုလို အချိန်မျိုးတွင်  စိတ်မကောင်း ပါဘူးဟု ပြောသော စကားမျိုးကို သူ မကြားချင်ဆုံး ဖြစ်လေသည်။
စင်္ကြန်အတိုင်း ခပ်မြန်မြန်လျှောက်လာသော ခြေသံများကို ကြားရသည်.။ သူတို့ ရှိနေသည့် အခန်းထဲသို့ ဂျက်ကောဖင် ဒရောသောပါးဝင်လာသည်။
"အကြောင်းထူးလို့လား ရေး၊ မောင်ရင် ဘာကြားလာသလဲ"မဆိုင်းမတွ မေးသည်။
ဂျိုးနသန် က ရေး အစားဝင်ဖြေပေးသည်။

"ရော့လဂ္ဂလာ ဒီမှာရှိနေသလား"
"ရှိတယ် ကျွန်တော်တို့ စစ်နေကြတယ်၊ ဒေါက်တာမိုင်းလ်စ် လဲ ကျွန်တော်နဲ့ အတူတူရှိနေတယ်၊ ဒါပေမယ့် ငတိ က ဘာမေးမေး မဖြေဘူးဗျ"
"ကျွန်တော်လဲ အဒီအတိုင်း ထွက်ကြည့်ထားတယ်၊ ဒါကြောင့် ကျွန်တော်တို့ လိုက်လာကြတာ"
ထိုနောက် ဂျိုးနသန်က ဘေးလူများမမြင်အောင် လေသံ တိုးတိုးဖြင့် သူ့စိတ်ကူး အစီအစဉ်ကို ရှင်းပြသည်။
ဂျက်ကောဖင် က ခေါင်းယမ်းသည်။

"အလုပ်ဖြစ်မှာ မဟုတ်ပါဘူး ဒီငတိက အရမ်းသွေးအေးတယ်၊ ဒီနေ့မနက်က အဲလ်ဒရက်ခ်ျ တို့ အိမ်နား တစ်ဝိုက် မှာ  သူရှိနေတယ်ဆိုတာလောကိုတောင် အပြောမခံဘူး"
"ကောင်းပြီလေ၊ ကျုပ်တို့ ကြိုးစားကြည့်ကြတာပေါ့ အချိန်က သိပ်အရေးကြီး မဟုတ်လား၊ သူ့မှာ ကြံရာပါ တစ်ယောက်ရှိတယ်ဆိုရင် အဲဒီကြံရာပါရဲ့ လက်ထဲမှာ ကလေးတွေ ရှိနေမယ်ဆိုရင် အဲဒီ ကြံရာပါ  အကြီး အကျယ် ချောက်ချားနေရောပေါ့၊သူ ဘာလုပ်မယ်ဆိုတာ ဘုရားသခင်မှပဲ သိတော့ မှာပဲ"
"သဘောပဲလေ စမ်းကြည့်ချင်လဲ ကြည့်ပေါ့၊ လာ အထဲလိုက်ခဲ့ သူနဲ့ စကား ပြောကြည့်ပါ၊ ဒါပေမယ့် ဖြစ်မယ် လို့တော့ ယုံမထားနဲ့"
စင်္ကြံအတိုင်း လျှောက်သွားနေကြသည်ကို လှမ်းကြည့်နေလိုက်သည်။

အယ်လင် မကျေမနပ် ဖြစ်သွားသည်ကို ရဲစာရေးကြီးက အကဲခတ်လိုက်မိသည်။
"ကျွန်တော်နဲ့ တင် မပြီးနိုင်ဘူးဆိုတာ သေချာရဲ့လားဗျာ" ဟု အမျိုးသမီးကို လှမ်းမေးသည်။
သို့သော်လည်း ရဲစာရေးကြီး ကို အယ်လင်က မယုံကြည်ပါ။

သူနှင့်ပက် ရောက်လာစတုန်းက အဲလ်ဒရက်ခ်ျ အမှုနှင့် ပတ်သက်၍ သူတို့သားလေး နေးလ်က တစ်စုံ တစ်ရာ သိနေသည် ထင်ကြောင်း ရှင်းပြဖို့ ကြိုးစားသည်။
သို့သော်လည်း ရဲစာရေးကြီးက စကားကို ဆုံးအောင်တောင် နားမထောင်တော့ပဲ--
"ဒီမှာ သူငယ်မ ကျုပ်တို့ဒီနေ့ တယ်လီဖုန်း တွေ ဘယ်နှစ်ကြိမ်လောက် ပြန်ဖြေနေရတယ်ထင် သလဲ၊ တယ်လီဖုန်း ဝိုင်ယာကြိုးတွေ မီးထတောက်တော့မယ်၊ ဒါပေမယ့် ဘာတန်ဖိုးရှိတဲ့သတင်းမှ မဟုတ်ဘူး၊ တပ်စကန်မြို့ က အရူးတစ်ယောက် ကဆိုရင် ပျောက်သွားတဲ့ ကလေးနှစ်ယောက် သူ့အိမ်ရှေ့က ပန်းခြံထဲ မှာ မနက်တုန်းက ကစားနေတာ တွေ့တယ်လို့ ပြောတယ် ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ၊ အသံထက် ဆယ်ဆမြန်တဲ့ လေယာဉ်ပျံ နဲ့ သွားရင်တောင် သူ့မြို့ကို မရောက်နိုင်ဘူး။

ဆရာကြီးအားတဲ့ အခါ ခင်ဗျားကို လက်ခံစကား ပြောပါလိမ့်မယ်" ဟု အပြတ်ပြောခဲပြီး ဖြစ်သည်။
"အယ်လင် … အိမ်ပြန်ကြရင်ကောင်းမယ်ထင်တယ်၊ ဒီကိုလာပြီး တို့က အလကားသက်သက် ရှုပ်သလို ဖြစ်နေပြီ"
ပက်က သူ့မိန်းမ ကို ကပ်ပြောသည်။
သူ့အိတ်ဆောင်စာအုပ်ကလေးကိုဖွင့်သည်။
နေးလ်ကို သူစိမ်း ပေးလိုက်သည့် စာတိုကလေးကို ထုတ်သည်။
စာတိုက် တွင်ပြပြီး စာရွေးယူရန် ရေးထားသည့် စာတိုဖြစ်သည်။

ထိုစာတိုကလေးနှင့် မှတ်စုများကိုလည်းတွဲထားသည်။ အမှန်တော့ မှတ်စုများမဟုတ်ပါ။
နေးလ် ပြန်ပြောပြသည်များကို သူသဘောပေါက်သလို ပြန်ရေးထားသည့် အစစ်ခံချက်သဘောမျိုး မှတ်တမ်း များ ဖြစ်ပါသည်။
နေးလ် စာသွာရွေးယူပေးရသည့် အချိန်အထိ အကျကိုလည်း သူသိသည်။
နေးလ် ပြန်ပြောသည့် အတိုင်းထိလူ၏ ပုံပန်းသဏ္ဍာန်ကိုလည်း ရနိုင်သမျှ အသေးစိတ် ရေးချထား သည်။
ထိုသူသည် ယနေ့ သတင်းစာမှပါသည့် နန်စီဟာမွန်၏ ယောက်ျား ပါမောက္ခ ကားလ်ဟာမွန်နှင့် ချွတ်စွတ်တူသူ ပါသည် ဟု နေးလ် ပြောည့်အကြောင်းများလည်း ပါသည်။
ထိုလူကြီး မောင်းသည့် ကားသည် စတေရှင်ဝက်ဂွန်းအဟောင်းကြီး ဖြစ်ကြောင်း ၊ အေဒမ်ပို့တွင် ငါးမျှားခွင့် ရထား သည့် လိုင်စင်စာရွက်ကိုလည်း ထိုကား၏ လေကာမှန်တွင် ကပ်ထားသည်ကို လည်း တွေ့ရကြောင်း ဖြင့် နေးလ် က ပြောသည်။

ထိုအကြောင်းများလည်း အကုန်ပါသည်။
မိမိသိထားသည့် ဇာတ်လမ်းကို ပြောပြခွင့် ရသည့်အချိန်အထိ ရဲစခန်းမှာ ထိုင်စောင့်နေဖို့ အယ်လင်က အခိုင် အမာ ဆုံးဖြတ်ချက်ချလိုက်လေသည်။
ပက် ကတော့ အတော်စိတ်ပျက်နေပုံရသည်။
အယ်လင် က ပက်၏ လက်ကို အသာလှမ်းပုတ်သည်။
"စိတ်ရှည်ရှည်ထားစမ်းပါမောင်ရာ၊ စိတ်ရှည်ရှည် ထားစမ်းပါ ၊ ဒီအကြောင်း ကျွန်မပြောရမှ ဖြစ်မှာ ၊ မပြောဘဲ ပြန်သွားရင် နေလို့ထိုင်လို့ရမှာ မဟုတ်ဘူး၊ ရဲဝန်ကြီးက သူအားရင် စကားပြောပါ့မယ်လို့ ပြော သွားတယ် မဟုတ်လား"
အယ်လင် က လေသံကလေးဖြင့် သူ့ယောက်ျားကို အားပေးနေသည်။

ရဲစခန်းတံခါးပွင့်သွားပြန်သည်။
လူလတ်ပိုင်း အရွယ်လင်မယားတစ်စုံ ၀င်လာသည်။
ယောက်ျား ၏ အမူအရာက အတော်စိတ် အနှောင့်အယှက် ဖြစ်နေပုံရသည်။
မိန်းမ ကလည်း စိတ်ဂနာမငြိမ် ဖြစ်နေသည်။
 ဟန်မဆောင်နိုင်လောက်အောင် ဖြစ်နေသည်။
ရဲစာရေးကြီး က သူတို့ကို ၀မ်းသာအားရ လှမ်းနှုတ်ဆက်သည်။

"ဟိုင်း- မစ္စတာဝစ်ဂင်၊ မစ္စက်ဝစဂင် ဘာဖြစ်လာကြတာလဲဗျို့ "
"ပြောရင် ခင်ဗျားကတော့ ယုံမှာမဟုတ်ဘူး၊ ဒီနေ့မနက်တုန်းကဆိုင်မှာ ဘေဘီပေါင်ဒါဘူးကြီး တစ်ဘူး ပျောက်သွားတာကို ဒါလောက်ရာသီဥတု ဆိုးရွားနေတဲ့ ညမျိုးကြီးမှာ ကျွန်တော့် မိန်းမက ရဲစခန်း ကို မရောက် ရောက်အောင်လာပြီး တိုင်ချက်ဖွင့်ချင်လို့တဲ့ဗျာ"
မစ္စတာဝစ်ဂင်က ခပ်ဆတ်ဆတ်ပြောသည်။
"ဘေဘီပေါင်ဒါ-"
ရဲစာရေးကြီး ၏ အသံကလည်း အကျယ်ကြီး ဖြစ်သွားသည်။

သူလည်းအကြီးအကျယ် အံ့အားသင့်သွားပုံရသည်။
မစ္စက်ဝစ်ဂင်မှာ ပို၍ မနေတတ်မထိုင်တတ် ဖြစ်လာသည်။
"အိုး….ဒီလို လာတိုင်တာ ဘယ်လောက် မိုက်မဲတယ်ပဲ ပြောပြော ကျွန်မကတော့ ဂရုမစိုက်နိုင်ဘူး၊ ရဲဝန်ကြီး နဲ့ တွေ့ချင်တယ်"
"ခဏနေရင် ထွက်လာပါလိမ့်မယ်ဗျာ ထွက်လာပါလိမ့်မယ်၊ ဟောဟိုက ပုဂ္ဂိုလ်တွေလဲ ဆရာကြီးနဲ့ တွေ့ဖို့ စောင့်နေကြ တာပါပဲ ထိုင်ပါ- ထိုင်ပါ"
ပက်နှင့် အယ်လင်တို့ ထိုင်နေသည့် ခုံတန်းဘေးမှ လွတ်နေသည့် နေရာမှာ ၀င်ထိုင်ကြသည်။ ယောက်ျား လုပ်သူ ကတော့ စိတ်ဆိုးမာန်ဆိုးဖြင့် ဗျစ်တောက် ဗျစ်တောက် လုပ်နေသည်။

"ဘာမဟုတ်တဲ့ကစ္စလေးနဲ့ ဒီလိုအချိန်ကြီးမှာ ရဲစခန်းအထိလာရတယ်လို့ကွာ"
အသနားလွယ်သော အယ်လင်သည် ၀စ်ဂင်တို့လင်မယားကို မြင်ရုံနှင့် သနားလိုက်ပြီးဖြစ်လေ သည်။ နောက်ပြီးတော့ ယခုလို အချန်မျိုးတွင် အခြားတစ်ယောက်ယောက်နှင့် စကားပြောနေခြင်း အားဖြင့် စိတ်လှုပ်ရှားမှု ကို သက်သာစေမည်ဟု လည်းကောင်း စကားပြောဖော်အခြား အမျိုးသမီး သည်လည်း စိတ်ချောက်ချားမှု သက်သာရာရကောင်း ရလိမ့်မည်ဟု လည်းကောင်း အယ်လင် ထင်လေသည်။
"ကျွန်မတို့လဲ ဒီကိုဘာကြောင့် ရောက်လာရတယ်ဆိုတာ မပြောတတ်အောင် ဖြစ်နေမိတယ်ရှင်၊ ဒါပေမယ့် ပျောက်နေ တဲ့ ကလေးတွေနဲ့ ပတ်သက်လို့-"
သတို့နှင့် ပေငါးဆယ်လောက် ကွာဝေးသည့် ရုံးခန်းတစ်ခုထဲမှာတော့ ရော့လဂ္ဂလာနှင့် ရေးအဲလ်ဒ ရက်ခ်ျ တို့ မျက်နှာချင်းဆိုင် ထိုင်နေကြသည်။ ရေးက လဂ္ဂလာကို စားတော့ ၀ါးတော့ မတတ် စိုက်ကြည့် နေသည်။

လဂ္ဂလာကလည်း ရေးကို ပြန်စိုက်ကြည့်နေသည်။ ရေး သည် အဆင့်အတန်းရှိသူ တစ်ယောက် ဖြစ်ကြောင်း လဂ္ဂလာ က စိတ်ထဲမှာ မှတ်ချက်ချနေမိသည်။
သည် တစ်ခါတော့ နန်စီ လူရွေးမှန်သွားပြီဟု ဆိုရပေမည်။
ကားလ်ဟာမွန် နှင့် တော့ ဘာမျှမဆိုင်။
ကားလ်ဟာမွန် သည် အရူးတစ်ယောက်သာ ဖြစ်ချေသည်။
ရော့လဂ္ဂလာ ၏ ရင်ထဲမှာကြောက်စိတ်တွေ ကြီးစိုးလာသည်။
အဲလ်ဒရက်ခ်ျ ၏ ကလေးများကို ပြန်မတွေ့လျှင် ဟူသော အတွေးကြီးဝင်လာသည်။

ပြန်မတွေ့လျှင် မြှားဦးက မိမိဘက်သို့ လှည့်လာတော့မည်မှာ သေချာသည်။
 ယခင် ဟာမွန်၏ ကလေးများ အမှုတုန်းကလည်း သူပါဝင် ပတ်သက်ခဲ့ဖူးသည်။
 နောက်ပြီးတော့ နန်စီတို့ အိမ်အနီးတစ်ဝိုက် သို့လည်း သူရောက်သွားမိသည်။
သို့သော် ငါ့ကိုတစ်ယောက်မှ မြင်မသွားပါဘူးဟု ရော့ စိတ်ဖြေသည်။

ထိုကြားထဲကပင် နန်စီတို့ အိမ်နောက်တွင် သူနှင့် ဆုံလိုက်သည့်စတေရှင် ၀က်ဂွန်းကား အကြောင်း ကခေါင်းထဲသို့ ရောက်လာပြန်သည်။
ထိုသူသည် နွားနို့ပို့သူမဟုတ်ဘဲ ရိုးရိုးလူတစ်ယောက် ဖြစ်ခဲ့သော်….
ရော့လဂ္ဂလာ ကို နန်စီတို့အိမ်နောက်နားတွင် တွေ့ခဲ့ကြောင်း ရဲကို ထိုသူက အကြောင်းကြားခဲ့သော်.
ဘယ်လို ဖြေရှင်းရပါမည်နည်းဟု ရော့ က တွေးသည်။

နန်စီကို ရိုးရိုးသားသားတွေ့ဆုံ နှုတ်ဆက်ဖို့အတွက် အမေရိကန် ပြည်ထောင်စုအတွင်းသို့ တိတ်တ ဆိတ်ခိုးဝင်လာပါသည်ဟုပြောလျှင် အရူးကတောင် ယုံမည်မဟုတ်သည်ကိုလည်း သူသဘော ပေါက် ထားပြီး ဖြစ်ပါသည်။ဇာတ်လမ်းတစ်ခု ကို အမြန်စဉ်းစားသည်။
 သို့သော် ဘယ်လိုမှ ယုတ္တိရှိနိုင်မည်မဟုတ်သောကြောင့် ဇာတ်လမ်းဖန်တီးရေး အကြံအစည်ကို ချက်ချင်း စွန့်လွှတ် လိုက်သည်။
မိမိဘက်မှ လိုက်ပါဆောင်ရွက်ပေးအည့် ဥပဒေ အကျိုးဆောင်တစ်ယောက် မရမချင်း ဘူးတစ်လုံး ဆောင် ကာ ရေငုံ့နှုတ်ပိတ်နေခြင်းက ကောင်းသည်ဟု သူဆုံးဖြတ်လိုက်လေသည်။
ဥပဒေ အကျိုးဆောင်ရပြီးသည့် တိုင်အောင် လိုအပ်ပါက ဆက်ပြီးနှုတ်ပိတ်တန် ပိတ်နေရပေမည်။

အသက်ခပ်ကြီးကြီးလူက သူ့ကို စကားပြောနေသည်။
"မင်းရဲ့အခြေအနေဟာ အရမ်းကာရောကိုဆိုးနေပြီ၊ ဒါကိုတော့ မင်းသဘောပေါက်မှာပေါ့"
ဂျိုနသန် က ရော့လဂ္ဂလာကို ပြောသည်။
"မင်းဟာ တပ်ပြေးတစ်ယောက်ဖြစ်တယ်၊ ဒါကြောင့် တပ်ပြေးမှုနဲ့ မင်းကိုအခုဖမ်းထားတယ် တပ်ပြေးမှုဟာ ဘယ်လို ပြစ်ဒဏ်တွေကို ခံရနိုင်တယ်ဆိုတာ မင်းကိုငါပြောပြရမလား၊ တရားဥပဒေကို ရင်မဆိုင်ချင်လို့ တိုင်းပြည်ထဲက ထွက်ပြေးတဲ့ လူတစ်ယောက် အမှုမျိုးထက် မင်းအမှုက ပိုပြီးကြီးလေးနေတယ်၊ မင်းဟာ လက်နက်ကိုင် တပ်ဖွဲ့ဝင် တစ်ယောက်ဖြစ်တယ်၊ အဲလ်ဒရက်ခ်ျရဲ့ ကလေးတွေ ပျောက်တဲ့ အမှုမှာ မင်းပါဝင် ပတ်သက်သည်ဖြစ်စေ၊ ကင်းရှင်းသည် ဖြစ်စေ မင်းကျူးလွန်ခဲ့တဲ့ ပြစ်မှုတစ်ခုတည်းနဲ့တင် မင်းဟာ ထောင်ထဲ မှာ ဆယ်နှစ်သော်လည်း ကောင်း၊ နှစ်နှစ်ဆယ်သော် လည်းကောင်း အချိန်ဖြုန်းဖို့ လုံလောက် သွားပြီ"

"ကြည့်သေးတာပေါ့ဗျာ"
ရော့က ဗလုံးဗထွေးပြန်ပြောသည်။ သို့သော်လည်း ဂျိုနသန်ပြောသည်မှာ မှန်ကြောင်း သူသိနေ သည်။
ဘုရားသခင်….
"ဒါပေမယ့် တပ်ပြေးမှုဟာ လူသတ်မှုလောက်တော့ အပြစ်မကြီးလေးပြန်ဘူးပေါ့ကွာ"
"ကျွန်တော် ဘယ်သူ့ ကိုမှ မသတ်ဖူးဘူးဗျ"
ရော့ က ခပ်ထန်ထန်ပြန်အော်ရင်း ထိုင်ရာမှ ၀ုန်ခနဲထသည်။
"ဟေ့ကောင်…..ပြန်ထိုင်"
ဂျက်ကော်ဖင် က လှမ်းငေါက်သည်။

ရေးက ထိုင်ရာမှထသည်။ စားပွဲပေါ်မှ ခါးကိုင်းသည်။ ရော့၏ မျက်လုံးများကို တည့်တည့်စိုက်ကြည့် သည်။
"မင်း ကို အစီအစဉ်တစ်ခု ငါပြောပြမယ်"
ပုံမှန်လေသံဖြင့် သူပြောသည်။
"မင်းဟာ မိမစစ် ဘမစစ်တဲ့အကောင်လို့ ငါထင်တယ်၊ မင်းကိုငါကိုယ်တိုင် အမှုန့်ချေပြီး သတ်ပစ် ချင်တယ် မင်းရဲ့ သက်သေခံချက်ကြောင့် လွန်ခဲ့တဲ့ ခုနှစ်နှစ်တုန်းက ငါ့မိန်းမဟာ အဆိပ်ဓာတ်ငွေ့ ခန်းထဲသွင်းပြီး အသတ် ခံရမယ့် အခြေအနေမျိုးအထိ ဆိုက်ရောက်ခဲ့တယ်။"

"အခုအခါမှာလဲ အချိန်သိပ်နောက်မကျသေးခင်မှာငါ့ကလေးတွေရဲ့ အသက်ကို ကယ်တင်နိုင်ဖို့ မင်းတစ်ခုခုသိနေတဲ့ အခြေအနေမျိုးကို ရောက်နေပြန်တယ်။"
"ဒီမှာခွေးမသား၊ သေသေချာချာ နားထောင်၊ ငါ့ကလေးတွေ နာအောင်ကျင်အောင် မင်းလုပ်မှာ မဟုတ်ဘူး လို့ ငါ့မိန်းမ က ယုံကြည်နေတယ်၊ သူ့ရဲ့ ယုံကြည်ချက်ကို ငါလေးစားတယ်၊ တန်ဖိုး ထားတယ်၊ ဒါပေမယ့် ငါ့မိန်းမ က မင်းကိုဒီနေ့မနက် မြင်လိုက်ရတယ်၊ ဒါကြောင့် ငါ့ကလေးတွေ ဘာဖြစ်နေတယ်ဆိုတာ မင်း သိရမယ်၊ မင်းငြင်း လို့မရဘူး"
ရော့လဂ္ဂလာက တုတ်တုတ်မှ မလှုဘဲ ငြိမ်ပြီးနားထောင်နေသည်။
ရေး က ဆက်ပြောပြန်သည်။

"မင်းရေငုံနေချင်လို့မရဘူး၊ ဒီနေ့မနက် တို့အိမ်နားကို မင်းရောက်လာတာနဲ့ ပတ်သက်ပြီးငြင်းချင်လို့ မရဘူး၊ တို့မှာ ခိုင်လုံတဲ့ သက်သေအထောက်အထားတွေ ရှိနေပြီ၊ ဒါပေမယ့် တို့ပြောစကားကို မင်းနားထောင်မယ် ဆိုရင် တို့မလေးတွေကို ပြန်ရမယ်ဆိုရင် မင်းကို ပြန်ပေးမှု နဲ့ တို့တရားမစွဲ ဘူး"
ရေးက ဂျိုန်သန်နိုးလ်စ် ဘက်သို့ မေးငေါ့ ပြပြီးဆက်ပြောသည်။

"သူက မစ္စတာနိုးလ်စ်၊ ဒီတိုင်းပြည်ရဲ့ အတော်ဆုံးရှေ့နေ တွေထဲမှာ တစ်ယောက်အပါအ၀င် ဖြစ်တယ်၊ တပ်ပြေးမှု က မင်းလွတ်အောင် ဆောင်ရွက်ပေးဖို့ မင်းရဲ့ ဥပဒေ အကျိုးဆောင်ဖြစ်လာ နိုင်တယ်၊ တပ်ပြေးမှု ပေါင်း မြောက်မြားစွာကို လွတ်အောင် သူဆောင်ဗရွက်ပေးနိုင်ခဲ့တယ်၊ တို့ကို မကူညီရင် တပ်ပြေးမှု နဲ့ မင်းထောင်ကျမယ်၊ အဲဒီတော့ ခွေးမသား၊ မျိုးမစစ်တဲ့အကောင်၊ အဲဒီနှစ် လမ်းအနက် ဘယ်လမ်း ကို ရွေးမလဲ"
ရေးအဲဒရက်ခ်ျ၏ နဖူးပေါ်တွင် အကြောကြီးများ ထောင်ထနေသည်။ ရော့၏မျက်နှာနှင့် လက်မ အနည်းငယ် ကွာသည် အထိ ရှေ့သို့သူတိုးလာသည်။

"ငါ့ကလေးတွေနဲ့ ပတ်သက်ပြီးတော့လဲ မင်းတစ်ခုခုသိနေတယ်ဆိုရင် နောက်ပြီးတော့ ငါ့တို့ကိုလဲ မကူညီဘူး ဆိုရင် မင်းကို တပ်ပြေးမှုနဲ့ ဘယ်ထောင်ထဲမှာ ပဲ ထည့်ထားထည့်ထား မရရအောင် လိုက်ပြီး မင်း ကို ငါကိုယ်တိုင်သတ်မယ်၊ ငါ့စကားကို မြဲမြဲမှတ်ထားခွေးမသား"
ဂျိုနသန် က ဟန့်ရင်း သူ့နောက်ဘက်သို့ ခပ်ကြမ်းကြမ်း ပြန်ဆွဲထားလိုက်သည်။
ရော့လဂ္ဂလာ က တစ်မျက်နှာပြီး တစ်မျက်နှာ လိုက်ကြည့်နေသည်။

ခရိုင်ရဲအရာရှိ ဂျက်ကော်ဖင်။
ဆရာဝန်ဒေါက်တာ လင်ဒန်မိုင်းလ်စ်။
ရေးအဲလ်ဒရက်ခ်ျဆိုတဲ့ငတိ။
ရှေ့နေ လျိုနသန်နိုးလ်စ်။
အဲလ်ဒရက်ခ်ျတို့ အိမ်အနီးသို့ မိမိရောက်ခဲ့ကြောင်း ၀န်ခံလိုက်ရမည်လားဟု တွေးသည်။
ဝန်မခံ လို့ရော ဘာအကြောင်းထူးတော့မည်နည်း။ သူတို့ဘက်မှာ ခိုင်လုံသော သက်သေရှိနေပြီ။

တစ်ဘက်မှ ကမ်းလှမ်းလာချက်ကို လက်ခံသင့်ကြောင်း သူ၏ဇာတိစိတ်က သူ့ကို တိုက်တွန်းနေ သည်။
 နောက်ပြီးတော့ သူ့မှာ ၀ှက်ဖဲလည်း မရှိတော့ကြောင်း တဖြည်းဖြည်း သဘောပေါက်လာသည်။ စိတ်ထဲမှာ အလိုလို ခံစားလာရသည်။
သူတို့ကမ်းလှမ်းချက်ကို လက်ခံလိုက်ခြင်းအားဖြင့် တပ်ပြေးမှုတော့ အထိုက်အလျောက် သက်သာရာ ရမည်ကိုပါ နားလည်လာသည်။
သူပခုံးတွန့်ပြီး ဂျိုနသန် ကို လှမ်းကြည့်သည်။
"ကျွန်တော့် ဘက်က ကာကွယ်ပေးမလား"
အားကိုးတကြီး သူမေးသည်။

"ပေးမယ်"
"ပြန်ပေးမှု ကျွန်တော့်ကို ဆွဲသွင်းတာမျိုးတော့ ကျွန်တော် အဖြစ်ခံမှာ မဟုတ်ဘူးနော်"
"မင်း မကျူးလွန်ရင် မင်းကိုဘယ်သူကမှ ဆွဲမထည့် ဘူး၊ တို့အမှန်တရားကိုပဲ လိုချင်တယ်၊ ရိုးရိုး သားသားနဲ့ အမှန်အတိုင်း ပြောတာကိုပဲ ကြားချင်တယ် မင်းသိတဲ့အတိုင်းပဲလေ၊ တို့ဘက်က ကမ်းလှမ်းတာကို မင်းရိုးရိုး သားသား မတုံ့ပြန်ရင်တော့ မင်းထိုက်နဲ့ မင်းကံပဲ"
ဂျိုနသန်က ရှင်းပြနေသည်။
 ရော့က ကိုယ်ကို နောက်သို့ လှန့်လိုက်သည်။ ရေးနှင့် မျက်လုံးချင်း မဆိုင်မိအောင် သူသတိထား ပြီး ရှောင်တိမ်း နေသည်။

"ဒီဇာတ်လမ်းစခဲ့တာက ဒီလိုပါခင်ဗျာ၊ ကျွန်တော် ကနေဒါနိုင်ငံထဲမှာသွားပြီး ရှောင်တိမ်းနေတုန်း. "
ရော့လဂ္ဂလာက ဇာတ်ကြောင်းပြန်ပြသည်။
သူဇာတ်ကြောင်းပြန်သည်ကို သူတို့အားလုံး အထုးအာရုံစိုက်ပြီးနားထောင်ကြသည်။
ဂျက်ကော်ဖင် နှင့် ဂျိုနသန် တို့ နှစ်ယောက်ကသာ တစ်ခါတစ်ရံ မေးခွန်းများ ၀င်မေးသည်။
ကျန်လူများက တိတ်ဆိတ်စွာ နားထောင်ကြသည်။

 နန်စီထံမှာ ငွေညှစ်ဖို့သူလာခဲ့ခြင်း ဖြစ်ကြောင်း ပြောသည့်အခါတွင် ရော့ က စကားမမှားအောင် စကားလုံး များ ကို သတိနှင့် ရွေးချယ်ပြောဆိုသည်။
ဆုတ်သာတက်သာ စကားလုံးများကို သူရွေးချယ်သုံးသည်။
"ကဲ ကျွန်တော်ရှင်းပြတာ အားလုံးကြားကြတဲ့အတိုင်းပဲ၊ ဟာမွန်ရဲ့ကလေးတွေနဲ့ ပတ်သက်ပြီး နန်စီမှာ အပြစ် ရှိတယ်လို့ ကျွတ်တော် လုံးဝမယုံကြည်ခဲ့ပါဘူး၊ နန်စီဟာ အဲဒီလို စိတ်ကြမ်း ကိုယ်ကြမ်းထဲက မဟုတ် ပါဘူး၊ လူသတ်မယ့် အမျိုးသမီး မဟုတ်ပါဘူး၊ ဒါပေမယ့် ကျွန်တော်ဟာ အပျပ်ကိုင်ခံခဲ့ရတယ်၊ ကျုံး အသွင်း ခံခဲ့ရတယ်၊ သူတို့ပြောစေချင်တာ တွေကို ရုံးတော်မှာပြောပေးခဲ့ရတယ်၊ သူတို့ ထွက်ဆိုချင် တာတွေကို စစ်ဆေးတဲ့အခါမှာ ထွက်ဆိုပေးခဲ့ရ တယ်၊ သူတို့သင်ပေးတဲ့အတိုင်း ကျွန်တော့်ထင်မြင်ချက်ကို ပြောခဲ့ ရတယ် နန်စီဟာ အကွက်အဆင်ခံလိုက်ရတာပါ၊ ထောင်ချောက်ထဲ အသွင်းခံလိုက်ရတာပါ၊ ကျွန်တော် လည်း အဲဒီအတိုင်း ခံလိုက်ရတာပါ"
ရှည်လျားစွာ ဇာတ်ကြောင်းပြန်ပြီးသော အခါ ရော့ကထင်မြင်ချက်နှင့် အဆုံးသတ်လိုက်လေသည်။

"ငါ့မိန်းမ ဒီလိုထောင်ချောက်ထဲ အသွင်းခံရတာဟာ မင်းမှာ တိုက်ရိုက် တာဝန်ရှိတာပေါ့ကွ"
ရေး က ဒေါသတကြီးပြောသည်။
"ရေး တိတ်စမ်း"
ဂျက်ကော်ဖင်က လှမ်းမာန်သည်။ ပြီးတောိ့ရော့ကို လှည့်ကြည့်ပြီး အမိန့်ပေးသည်။
"ဒီနေ့မနက်အကြောင်းပြောစမ်း၊ အဲလ်ဒရက်ခ်ျတို့ အိမ်ကို မင်းဘယ်အချိန်လောက် ရောက်သွားသ လဲ"
"ဆယ်းနာရီ ထိုးဖို့ နှစ်မိနစ်အလို လောက်မှာဖြစ်ပါတယ်၊ ကျွန်တော်မော်တော်ကားကို ဖြည်းဖြည်း လေး မောင်း လာပါတယ်၊ ကျွန်တော့်သူငယ်ချင်း ဆွဲပေးလိုက်တဲ့မြေပုံထဲက မြေလမ်းကလေး ကိုရှာပါတယ်။  အဲဒီလို ရှာနေရင်းနဲ့ ကျွန်တော်လမ်းပျောက်နေပြီဆိုတာ ရိပ်မိလာပါတယ်၊ ချက်ချင်း ပဲ အဲဒီ မြေလမ်း ကလေး ကို ကျွန်တော် မျက်စိလျှမ်းသွားတာ သိလိုက်ပါတယ်။"
"မျက်စိလျှမ်းတာ ဘယ်လိုလုပ်သိသလဲ"

"ဒီလိုပါ၊ တခြားကားတစ်စီးကြောင့်ပါ၊ ကျွန်တော် တစ်ဘီးချင်းလှိမ့်ပြီး မောင်းနေတုန်း တခြားကား တစ်စီး က မြေလမ်းမလေးထဲက ထွက်လာပါတယ်၊ ဒါကြောင့် ကျွန်တော့်ကားကို ဘေးကပ်ပေး လိုက်ပါတယ်"
တခြားကား တစ်စီးလား၊ ဘာတခြားကားလဲ"
ရေးကမေးသည်။ ဖြုန်ခနဲလည်းထရပ်နေသည်။
တစ်ချန်တည်မှာပင် သူတို့အခန်းတံခါး ၀ုန်ခနဲ ပွင့်သွားသည်။ ရဲတပ်ကြပ်ကြီး အပြေးအလွှားဝင် လာသည်။
"ဆရာကြီး ၀စ်ဂင် တို့ လင်မယားနဲ့ ဟိုလင်မယားရဲ့ အတွေ့အကြုံဟာ အရမ်းအရေးကြီးတယ်လို့ ထင်ပါတယ်၊ ဆရာကြီးကိုယ်တိုင်နားထောင်ကြည့်ပါ၊ သူတို့မှာ သိပ်အရေးကြီးတဲံ အချက်တွေ ဆရာကြီးကို ပြောပြ ဖို့ ရှိနေပါတယ်။"

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

Monday, August 1, 2011

အထောက်တော်လှအောင် ဘာသာပြန် ကြမ္မာ အပိုင်း (၂၃)

အခန်း (၂၆)

မော်တော်ကားကို စွန့်ပစ်လိုက်ခြင်းသည် အကြီးဆုံး အမှာကြီးတစ်ရပ်ကို ကျူးလွန်လိုက်ခြင်းသာ ဖြစ် ပေသည်။ အလွန်တရာ မိုက်မဲသည့် ရူးနှမ်းသည့် အပြုအမူမျှသာ ဖြစ်သည်။
ရော့လဂ္ဂလာ သည် ကံတရားကို ယုံကြည်သူဖြစ်လေသည်။ ယနေ့တော့ တစ်လျှောက်လုံး ကံဆိုး နေ တော့သည်။ ဘာလုပ်လုပ် အားလုံးတလွဲတွေချည်း ဖြစ်နေလေသည်။
မောရှော့ရေကန် တွင် နန်စီကို တွေ့ကတည်းက ကိပ်ကော့ကို တစ်ခါတည်း ကျောခိုင်းပစ်ရမည်ဖြစ် သည်။ ကံတရား သည် မိမိဘက်မရှိတော့ကြောင်း သဘောပေါက်ဖို့ကောင်းသည်။
ယခုတော့ သူ အရမ်းမိုက်မဲခဲ့သည်။ တစ်နေရာရာမှာ တစ်ရက်လောက် အောင်းနေပြီး နောက်တစ် နေ့တွင် နန်စီ တို့ လင်မယား နှင့် သွားတွေ့ကာ ငွေတောင်းဖို့ကိုပင် စိတ်ကူးလိုက်သေးသည်။
ဘယ်လောက်နွားကျလိုက်ပါသနည်း။

ကံဇာတာ ညှိုးမှိန်သည့် အချိန်တွင် နန်စီတို့ အိမ်ပတ်ဝန်းကျင်သို့ ရောက်ခဲ့မိသည်။
ထိုအချိန်မှာပင် နန်စီတို့၏ ကလေးများက တိုက်တိုက်ဆိုင်ဆိုင် ပျောက်ဆုံးနေကြသည်။
ဟာမွန် ၏ ကလေးများ ပျောက်ဆုံးခဲ့ခြင်းနှင့် ပတ်သက်၍ နန်စီ ပါဝင်ပတ်သက်သည်ဟု ရော့က ဘယ်တုန်း ကမှ မယုံကြည်ခဲ့။
နည်းနည်းကလေး မှ သံသယ မဖြစ်ခဲ့ဖူးပေ။
သို့သော်လည်း ယခု ကိစ္စကိုတော့ မည်သူ ပြောနိုင်ပါတော့မည်နည်း။

သူ့ကို ကားလ်ဟာမွန် ပြောပြဖူးသလိုပင် နန်စီ သက်သက်မဲ့ အရူးထခြင်းလည်း ဖြစ်နိုင်ပေသည်။
မော်တော်ကားကို စွန့်ခွာပြီးနောက် တောင်ဘက်ရှိ အမြန်လိုင်းပြေးလမ်းမကြီးရှိရာသို့ သူ ဦးတည်ပြီး ထွက်လာ ခဲ့သည်။
ထို လမ်းမကြီး သည် ကိပ်ကောနယ်ကို အလယ်မှ ဖြတ်သန်းသွားခြင်း ဖြစ်လေသည်။
သို့သော်လည်း သူ ကံမကောင်းတော့ပါ။
ရဲကားတစ်စီးက သူ့ဘေးမှ ဖြတ်မောင်းသွားသည်။
လွတ်ရုံကလေး ရှောင်တိမ်းကာ ပုန်းအောင်းလိုက်ရသည်။

သည်အတိုင်း ဆိုလျှင်တော့ လမ်းများကို ပိတ်ဆိုရှာဖွေနေကြတော့မည်။
အမြန်လမ်းမကြီးသို့ရောက်ပြီး အမြန်ကားတစ်စီးကို တားစီးနိုင်သည့်တိုင်အောင် ပိတ်ဆို့ရှာဖွေမှု များကို လွတ်အောင် ရှောင်တိမ်းနိုင်တော့မည် မဟုတ်။
တံတားကြီးကိုလည်း ပိတ်ထားပြီး ဖြစ်နေရော့မည်။
ပင်လယ်အော်ဘက်သို့ သွားခြင်းက အခြေအနေပို၍ ကောင်းနိုင်သည်။
ယခုရာသီတွင် ဘိုတဲအတော်များများကို ပိတ်ထားကြသည်။
အချို့ဘိုတဲများတွင် အစားအသောက်များကိုပင် သိုလှောင်ထားတတ်ကြသည်။
ထိုသို့သော ဘိုတဲမျိုးနှင့် တွေ့လျှင် ဖောက်ထွင်းဝင်ရောက်ရမည်။

အခြေအနေကောင်းသော တစ်ရက်ရက်တွင် ထရပ်ကားတစ်စီးစီးကို တားပြီး ကားနောက်ခန်းထဲမှာ ပုန်း လိုက် သွားမည်။
ကိပ်ကော့ဒေသမှ လွတ်မြောက်သွားလျှင် လုံခြုံမှု ရှိသွားပေပြီ။
မည်းမှောင်ပြီး ကျဉ်းမြောင်းလှသော လမ်းကလေးအတိုင်း ခပ်သုတ်သုတ် လျှောက်လာရင်း သူ ခိုက်ခိုက် တုန် အောင် ချမ်နေသည်။
ရာသီဥတုက တစ်မိနစ်ထက် တစ်မိနစ်ပို၍ သာ ဆိုးလေသည်။
အကောင်းဘက်က လှည့်တွေးလျှင် ရာသီဥတု ဆိုးရွားနေသည်ကိုပင် ကျေးဇူးတင်ရသေး  တော့သည်။
လမ်းပေါ် တွင် လမ်းသလားနေသူများနှင့် တိုးမည့် အန္တရာယ်နှင့် ဝေးသွားသည်။
လမ်းပေါ် တွင် ဥဒဟို မောင်းနှင်နေသည့် မော်တော်ကားများကိုလည်း မတွေ့ရတော့။

သို့သော်လည်း လမ်းချိုးတစ်ခုသို့အရောက်တွင် မျက်နှာချင်းဆိုင်မှ မီးလုံးကြီးများဖွင့်ပြီး မောင်နှင် လာ သည့် ကားတစ်စီး နှင့် ဆုံသောကြောင့် နီးရာချုံဖုတ်ထဲသို့ သေပြေးရှင်ပြေး ခုန်ဝင်ပြေးလိုက်ရ သည်။
အသက်ရှု မှန်အောင် ကြိုးစားသည်။
ဘုရားသခင်……
နောက်ထပ် ရဲကားတစ်စီး မောင်းလာပြန်သည်။
သည်အတင်းဆိုလျှင်တော့ လမ်းပေါ်မှာရဲကားများနှင့် ပြည့်နေပုံရသည်။
လမ်းအတိုင်း သွားနေလို့ ကတော့ လုံခြုံမှုမရှိနိုင်။
လမ်းကိုခွာပြီး တော ကို ဖြတ်မှ ဖြစ်တော့မည်။

ပင်လယ်ကမ်းခြေသို့ ရောက်ဖို့ ဘာမှမဝေးတော့။
ချုံဖုတ်ကလေး များ ကို အကာအကွယ်ယူပြီး ခပ်သွက်သွက် သူ လျှောက်လာသည်။
သူ သွားနေသည့် လမ်း မှာ ကမ်းခြေသို့ရောက်ရန် နည်းနည်းတော့ ပိုဝေးသည်။
သို့သော်လည်း လုံခြုံစိတ်ချရသည်။
ရေကန်ကြီး နားမှာ ငါ့ကို နန်စီ မြင်သွားသလားဟု သူ တွေးကြည့်သည်။
သူ တည့်တည့် ကို နန်စီ လှမ်းကြည့်နေခဲ့သည်။ သို့သော်လည်း မမြင်ဘဲလည်း ဖြစ်နိုင်သည်။

ဘာပဲဖြစ်ဖြစ် ထိုနေရာသို့ ရောက်ခဲ့ကြောင်းကို သူ ငြင်းရမည်။
ယုတ်စွ အဆုံး ကိပ်ကော့အရပ်သို့ လုံးဝ မရောက်ခဲ့ကြောင်းဘူးကွယ်ရမည်။
မိမိ ကို နန်စီမြင်ပါသည်ဆိုရုံနှင့် မခိုင်လုံသေးကြောင်း တွေးမိသည်။
သူ့ကို မည်သူမှ မမြင်။ ဒါတစ်ခုတော့ သေချာသည်။
သို့သော် စတေရှင် ဝက်ဂွန်းကားဒရိုင်ဘာက ရှိသေးသည်။ နယ်ခံတစ်ယောက် ဖြစ်နိုင်စရာ အကြောင်း ရှိသည်။

သူ့မော်တော်ကား နံပါတ်က ဂ…၆၄၂…
ဟုတ်သည်။
သူကောင်းကောင်းမှတ်မိသည်။ ဘာကြောင့် ထိုကားနဲ့ နံပါတ်ကို တစ်ကြိမ်မြင်ရုံနှင့် မှတ်မိနေရ သနည်း။
ဂဏန်းတွေ အားလုံး စုံဂဏန်းဖြစ်သည်။ ပြီးတော့ နံပါတ်တစ်ခုခြား ကြီးစဉ်ငယ်လိုက် ဖြစ်နေသည်။ ငယ်စဉ်ကြီးလိုက် ၂…၄….၆….၈ မဟုတ်။ ထို့ကြောင့် သူ မှတ်မိလိုက်ခြင်း ဖြစ်သည်။
အကယ်၍ သူ့ကို ဖမ်းမိသွားလျှင် ထိုစတေရှင်ဝက်ဂွန်း ကားအကြောင်း ရဲကို ပြောပြဖို့လည်း စိတ်ကူး ထားသည်။
ထိုကားသည် နန်စီတို့ခြံထဲမှ မြေလမ်းအတိုင်း မောင်းထွက်လာခြင်းဖြစ်သည်။ မောင်သည်မှာလည်း နောက်ပြန်ဆုတ် လာခြင်း ဖြစ်သောကြောင့် သူ ပိုပြီး သတိထားမိခြင်းဖြစ်သည်။
ထိုအချိန် တွင် နန်စီအဲလ်ရက်ခ်ျ၏ ကလေးများ ပျောက်ဆုံးသည့်အချိန်ပင် ဖြစ်ရပေလိမ့်မည်။

သို့သော်လည်း နောက်တစ်နည်း စဉ်းစားနိုင်သေးသည်။ ထိုစတေရှင် ဝက်ဂွန်းကားသည် နန်စီတို့ အိမ်သို့ ပစ္စည်း ပို့နေကြ ကားရော မဖြစ်နိုင်ဘူးလား။ ဥပမာ နွားနို့ပိုသည့်ကား ဆိုပါတော့။ ထိုကား အကြောင်း သူတို့ အားလုံးသိပြီးသားရော မဖြစ်နိုင်ဘူးလား။
ဒရိုင်ဘာကို သေသေချာချာ မြင်လိုက်ရသည်ဟု တော့မပြောသာ။ လူကောင်ကြီး ထွားထွားကျိုင်း ကျိုင်းနှင့် ဝဝတုတ်တုတ်ကြီး ဖြစ်ကြောင်းလောက်သာ သူပြောပြနိုင်မည်။
မည်သို့ ဆိုစေ၊ စောစောက တွေးသလို သူတို့ အိမ်သို့နွားနို့ပိုနေကြကား၊ ဖြစ်နေမည် ဆိုလျှင် ဘာတန်ဖိုး ရှိတော့ မည်နည်း။
သည်လိုလည်းမဟုတ်သေး။ ဘာမှ မပြောတာက ပိုကောင်းမည်။ ဖမ်းမိသွာလျှင် ထိုအကြောင်းကို ရေငုံ နှုတ်ပိတ် နေလိုက်ခြင်းက ပိုကောင်းမည်။

နန်စီတို့ထံ အလည်သွားဖို့ရောက်လာခြင်း ဖြစ်ကြောင်း၊ သို့သော်လည်း ကိပ်ကော့ကွန်မြူနီတီ သတင်းစာ တွင် မိမိဓာတ်ပုံပါသည့် ဟာမွန်ကလေးများ အသတ်ခံရမှု ဆောင်းပါးကို တွေ့ရသဖြင့် မိမိထွက်ပြေးဖို့ ဆုံးဖြတ် ခဲ့ကြောင်းလောက်သာ အစစ်ခံလျှင် ကောင်မည်။
ထိုစိတ်ကူးကလေးရတော့မှပဲ သူ အသက်ရှူ ချောင်သွားတော့သည်။ စိတ်လက်ပေါပါးကာ ရှေ့ဆက် လျှောက်ခဲ့သည်။
ပင်လယ်ကမ်းခြေ သို့ ရောက်ပြီး ဘိုတဲတစ်လုံးလုံးထဲသို့ တံခါးဖျက်ဝင်ရောက်ပြီးလျှင်-
ခြေလှမ်း ပိုသွက်လိုက်သည်။

သို့သော်လည်း သစ်ပင်ရိပ်များအောက်မှ အပြင်မထွက်မိအောင်တော့ သတိကြီးစွာထားသည်။
ချော်ပြီး ယိုင်သွားသေးသည်။
သူ့ ကိုယ်သူ ကျိတ်ဆဲသည်။
ကိုယ်ကို ပြန်မတ်သည်။
မိုးသီးများသည် လမ်းများကို လုံးဝလောက်နီးပါးသုံးမရတော့အောင် ဖန်တီးပစ်နေသည်။
အရမ်းချော်နေသည်။

သို့သော်လည်း သူ့မှာ ခြေကျင်ခရီး များများ စားစား မကျန်တော့ပါ။
မကြာခင် ဘိုတဲတစ်လုံးထဲသို့ သူ ရောက်တော့မည်
သို့တည်းမဟုတ် တစ်ယောက်ယောက်က သူ့ကို တွေ့သွားပြီး အဖမ်းခံရတော့မည်။
ရေခဲတွေ ဖုံးနေသည့် သစ်ပင်တစ်ပင်ကို  ကိုင်ပြီး ကိုယ်ကို ပြန်မတ်သည်။
ပြီးတော့ မြန်နိုင်သမျှ မြန်အောင် လျှောက်လာခဲ့သည်။

အခန်း (၂၇)

သာစတန်ဂစ်ဗင်သည် အိမ်နောက်ဘက်ရှိ မှန်အလုံ ကာထားသော လသာဆောင်တွင် ထိုင်ပြီး မုန်တိုင်း တိုက်ခတ်ပုံ ကို ကြည့်နေသည်။
အချိန်မှာ ညနေပိုင်း မှောင်ရီဝိုးတဝါး အချိန်ဖြစ်သည်။
သူ့အသက် ရှစ်ဆယ်ကျော်ပြီ။
ယခုလိုမုန်တိုင်းတိုက်သည်ကို  မှန်လုံခန်းထဲမှ ကြည့်ခဲ့သည့်အကြိမ်ပေါင်း မနည်းတော့ပြီ။
သို့သော်လည်း သူ မတင်းတိမ်နိုင်။
နောက်နှစ်ပေါင်း များစွာ ကြာအောင်ကြည့်ရဦးမည်ဆိုလျှင်လည်း ပျော်ပျော်ပါးပါး ကြည့်ဦးမည်သာ ဖြစ်သည်။
ရေဒီယို ကို တိုးတိုးကလေးဖွင့်ထားသည်။

အဲလ်ဒရက်ခ်ျ၏ ကလေးများနှင့် ပတ်သက်    ၍ နောက်ဆုံးသတင်းကို သူ နားထောင်ပြီးပြီ။
ကလေးများအကြောင်းဘာသဲလွန်စမှ မရကြသေး။
သာစတန်သည် အိမ်နောက်ဘက်သို့ မျက်တောင် မခတ်ငေးကြည့်နေသည်။
ကလေးသူငယ် များတွင် ဘာကြောင့်များ စိတ်မချမ်းသာ စရာ တွေ ဖြစ်တတ်ပါလိမ့်ဟု စဉ်းစားနေ သည်။
သူသည် အိမ်မြေပွဲစားအလုပ်မှ အနားယူထားသူဖြစ်သည်။
ရေးအဲလ်ဒရက်ခ်ျ ကို သူစတန်ကောင်းစွားသိသည်။

အမှန်တော့ ရေးကို သာမက ရေး၏အဖေ၊ ရေး၏ အစ်ကိုတို့ နှင့် မိတ်ဆွေရင်းချာများ ဖြစ်ခဲ့လေသည်။
ရေး သည် စိတ်သဘောထားဖြူစင်သူ ဖြစ်သည်။
ရိုးသားဖြောင့်မတ် သူ ဖြစ်သည်။
ကိပ်ကော့နယ် တွင် ရေးကဲ့သို့ လူတော်လူကောင်း တစ်ယောက် လိုအပ်နေသည်မှာ အမှန်ဖြစ်သည်။
ပေါင်သင်း ဆက်ဆံရေးကောင်းသည်။
ပွဲစားကောင် တစ်ယောက်လည်းဖြစ်သည်။
ငွေမျက်နှာ တစ်ခုတည်း ကို ကြည့်နေသူ မဟုတ်။
ပွဲခ ရပြီးရော သဘောမျိုးဖြင့် လုပ်နေမဟုတ်။

ရောင်းသလည်းအကျိုးစေ၊ စိတ်ချမ်းသာစေ၊ ဝယ်သူလည်း အကျိုးရှိစေ၊ စိတ်ချမ်းသာစေ ဟူသော အခြေခံဖြင့် ပွဲစား လုပ်နေသူ ဖြစ်သည်။
ထို့ကြောင့် လည်း နယ်သူနယ်သားများကပါ သူ့ကို ခင်မင်ကြသည်။
ထိုသို့သော လူတစ်ယောက်၏ သားသမီးများ မဖြစ်သင့်တာဖြစ်မည်ဆိုလျှင် ဘယ်လောက် ရှက်စရာ ကောင်း လိုက် ပါသနည်းဟု သာစတန်တွေးကြည့်နေမိသည်။
နန်စီ ကိုလည်း သာစတန် ကောင်းကောင်းသိသည်။
ဟာမွန် နှင့် ရခဲ့သည့် ကလေးများကို သတ်ပစ်သည်ဟု စီရင်ချက်ချခြင်းခံခဲ့ရသည်။
သို့သော် လည်း သူစတန် ကတော့ နည်းနည်းကလေးမှ သံသယ မဖြစ်မိ။

နန်စီ သည် သူကိုယ်တိုင်မွေးထားသည့် သားရင်း သမီးရင်းများကို ထား၍ အခြားမည်သူ့ကိုမှ သတ် မည့် လူစားမျိုး မဟုတ်ကြောင်း သူ အတပ်သိနေသည်။
လူအများ မသိနိုင်သောကြောင့် တစ်ခုခု ရှိနေရမည်ဟု သူစတန်တွေးသည်။
စိတ်ကူးယဉ်ကျော မှာ သူ မျှောပါနေသည်။
ထိုအခိုက် အိမ်နောက်ဘက် သစ်တောထဲမှာ လှုပ်ရှားမှု တစ်ခုက သူ့အာရုံကို ဖမ်းဆွဲလိုက်သည်။
ရှေ့သို့ သူ ကိုင်းလိုက်သည်။
မျက်မှောင်ကုတ်ကြည့်လိုက်သည်။
မျက်လုံး များကို ကျဉ်းကြည့်လိုက်သည်။

တောအုပ်ထဲမှာ လူတစ်ယောက်ယောက်ရှိနေသည်။
တစ်နေရာ မှ တစ်နေရာသို့ ရွှေ့နေသည်။
ပုန်လျှိုး ကွယ်လျှိုး သွားနေသည်မှာ သေချာထင်ရှားသည်။
လူကောင်း တစ်ယာက် ဆိုလျှင် သည်လိုရာသီဥတုမျိုးတွင် သည်လိုတောအုပ်ထဲသို့ ရောက်လာ စရာ အကြောင်း မရှိ။
ဘယ်လို လူကောင်း ကမှ အရူးထမည်မဟုတ်။
နောက်ပြီးတော့ ယခုတလော ကိပ်ကော့နယ်တွင် ဓားပြတိုက်မှုတွေ ဖြစ်နေသည်။
အထူးသဖြင့် ယခု သူတို့ နေသည့် အပိုင်းတွင် ပို အဖြစ်များသည်။

သာစတန်က ဖုန်းကောက်ကိုင်သည်။
ခရိုင်ရဲဌာနချုပ် နံပါတ်လှည့်သည်။
ခရိုင်ရဲအရာရှိ ဂျက်ကော်ဖင် သည် သူ၏ မိတ်ဟောင်းဆွေဟောင်း ဖြစ်သည်။
သို့သော်လည်း ဂျက်သည် သူ့ရုံးတွင် ရှိချင်မှ ရှိမည်။
အဲလ်ဒရက်ခ်ျ ၏ ကလေးများ ပျောက်ဆုံးနေသောကြောင့် ထိုကစ္စနှင့် အပြင်သို့ ထွက်ချင်ထွက်နေ လိမ့်မည်။
ရဲဌာနချုပ်က ပြန်ထူးသည်။
"အေဒမ်ပို့ ရဲဌာနချုပ် က ရဲတပ်ကြပ်ကြီး ပိုလာစကား ပြော…."
သာစတန် က စိတ်မရှည်နိုင်ဘဲ ဖြတ်ပြောသည်။
"သာစတန်ဂစ်ဗင် စကားပြောနေတယ်၊ ငါ့အိမ်နောက်တောအုပ်ထဲမှာ မသင်္ကစရာ လူတစ်ယောက် တွေ့နေ လို့ ပင်လယ်ကမ်းခြေဆီကို သွားနေတယ်"
အခန်း (၂၈)

နန်စီ သည် ခုံတန်းလျားပေါ်မှာ ကိုယ်ကို မတ်မတ်ထားပြီး ထိုင်နေသည်။
ပြီးတော့ ရှေ့တည့်တည့်ကို မျက်တောင်မခတ် ငေးစိုက်ကြည့်နေသည်။
ရေးက မီးလင်းဖိုထဲမှာ မီးထည့်ပေးနေသည်။ ထင်းချောင်းကလေးများကို လောင်ကျွမ်းပြီးသော အခါ ထင်းတုံးကြီး ကို မီးကူးနေသည်။
ထင်းချောင်းကလေးများ
မနေ့က…
ဟုတ်ပါသည်။ မနေ့ကပဲ ဖြစ်ပါသည်။
ဘာမျှ မကြားသေးပါ။ မနေ့က ဟုတ်ပါရဲလား။

သူနှင့် မိုက်ကယ်သည် အိမ်ရှေ့မြက်ခင်းပေါ်သို့ ကျနေသည့် သစ်ရွက်များကို ထွန်ခြစ်နှင့် ရှင်းနေခဲ့ ကြ သည်။
"အခုရာသီ မှာ သစ်ရွက်ခြောက် ရှင်းတာဟာ ဒီတစ်ကြိမ်နောက်ဆုံး ဖြစ်မှာပဲ သားရေ၊ သစ်ပင်ပေါ်မှာ သစ်ရွက် တွေ ကုန်သလောက် ကြွေကုန်ကြပြီလေ"
နန်စီ က မိုက်ကယ်ကို ပြောခဲ့သည်။
မိုက်ကယ် က တည်ငြိမ်စွာ ခေါင်းညိတ်ပြခဲ့သည်။
ပြီတော့ ဘာမပြော ညာမပြောနှင့် သစ်ကိုင်းတစ်ကိုင်းကို သွားကောက်လာသည်။
သစ်ရွက်ကလေးများကို ချိုးသည်။
"ဒီကိုင်ငယ်ကလေး တွေက မီးဆိုက်လို့ကောင်းတယ် မာမီရ" ဟု လူကြီးကလေးကို ပြောသည်။
ထွန်ခြစ်ကို မြက်ခင်းပေါ်မှာ သူချထားခဲ့သည်။

ပက်လက်ဖြစ်နေသောကြောင့် ထွန်သွားများက မိုးပေါ်သို့ ထောင်နေသည်။
သို့သော်လည်း ကားလမ်းကလေးဆီမှ မစ်စီ ပြေလာသည်ကို တွေ့သောအခါ မိုက်ကယ်က ထွန်ခြစ်ကို ပြေးပြီး မှောက်လိုက်သည်။
နောက်ပြီးတော့ တောင်းပန်သည့် အပြုံလေးတစ်ခု ပြုံပြရင်းပြောသည်။
"ထွန်ခြစ်ကို ပက်လက်ထားရင် အန္တရာယ်ဖြစ်တတ်တယ်လို့ ဒယ်ဒီက အမြဲပြောတယ်"
မိုက်ကယ် သည် မစ်စီ ကို အလွန်စောင့်ရှောက်သူ ဖြစ်သည်။
စိတ်ကောင်း အလွန်ရှိသည်။
ရေး နှင့် အရာရာမှာ တူသည်။

အကောင်းဘက်က လှည့်တွေးကြည့်လျှင် မိုက်ကယ်သည် မစ်စီနှင့် အတူ ရှိနေသဖြင့် တော်သေး သည်ဟု နန်စီ တွေးမိလေသည်။
ထိုသို့ တွေးမိသောအခါ တကယ်လည်း စိတ်သက်သာမှု အထိုက်အလျောက် ရလေသည်။
မည်သို့သော အခြေအနေမျိုးမှာမဆို သူ့ညီမလေးကို သူတတ်စွမ်းမျှ စောင့်ရှောက်မည်မှာ သေချာသည်။
မိုက်ကယ် သည် သတိကောင်းသော ကလေးတစ်ယောက်လည်း ဖြစ်သည်။
ထို့ကြောင့် မစ်စီ အအေးမမိနိုင်အောင် အင်္ကျီကြယ်သီးများလုံလုံခြုံခြုံ တပ်ပေးထားမှာလည်း သေချာ ပါသည်။
သေချာ…..
"ဘုရားသခင်…"
တွေးနေရင်း တန်းလန်း ယောင်ပြီး ဘုရားတလိုက်မိသည်။

သူ့အသံအကျယ်ကြီး ထွက်သွားသည်ကို သူကိုယ်တိုင်မသိလိုက်။
ရေး က အထိတ်တလန့် မော့ကြည့်သည်။
ကုလားထိုင်ကြီးကြီးတစ်လုံးပေါ်မှာ သူထိုင်နေသည်။
သူ့စိတ်ကို သူ အရမ်း ထိန်းထားသည့် အမူအရာပေါ်နေသည်။
နဖူးကြောကြီး များ ထောင်ထနေသည်ကို အထင်အရှား မြင်နေရသည်။
မိမိအား ကိုင်တွယ်ပွတ်သပ်ခြင်းကို ယခုအချိန်တွင် မိမိမလိုလားကြောင်း ရေးသိနေသည်ကိုလည်း နန်စီ အကဲခတ် မိနေသည်။
ကြုံတွေ့နေရသည်များကို အရှိအတိုင်း လက်ခံနိုင်ရန် နန်စီ ကြိုးစားနေသည်။
ကလေးတွေ သေသွားပြီ ဆိုခြင်းကို မယုံကြည်ရ။

ဘယ်နည်းနှင့်မှ  မသေနိုင်။
သို့သော်လည်း သူတို့ တစ်ခုခုမဖြစ်ခင် ပြန်တွေ့မှ ဖြစ်တော့မည်ကို နန်စီစိတ်ထဲက ပြောနေမိ သည်။
ဒေါ်ရော်သီကလည်း နန်စီကို အကဲခတ်ကြည့်နေသည်။
ဒေါ်ရော်သီ ကြည့်နေရင်းမှ ပင် မိနစ်ပိုင် နာရီပိုင်း အတွင်း အရမ်းအိုစာသွားသည်။
သတိလက်လွတ်လည်း ဖြစ်နေသည်။
ဒေါ်ရော်သီသည် ကလေးများ ၏ ခေါင်းကိုင် ဘွားအေ ဖြစ်လို့နေသည်။
သို့သော် နန်စီက လက်မခံ။
ကားမှောက်ပြီး သေသွာသည့် သူ့အမေ နေရာတွင် မည်သူ့ကိုမှ အစားမထိုးနိုင်။

ကလေးများကိုလည်း တခြားဘွားအေ အစားမပေးနိုင်။
ယနေ့တော့ ဒေါ်ရော်သီသည် မိမိတို့ အပေါ်တွင် အဘယ်မျှ သံယောဇဉ်ကြီးကြောင်း နန်စီလက် တွေ့ သိရ လေတော့သည်။ သည်လိုဆိုတော့လည်း ဒေါ်ရော်သီအပေါ် ခပ်တန်းတန်းနေခဲ့မိသည် များကို ပြန်တွေးပြီး စိတ်မကောင်း ဖြစ်မိပြန်လေသည်။
"ငါ့မှာ အတ္တစိတ်တွေ တယ်များပါလား" ဟု နန်စီက တွေးသည်။
အမှန်တော့ ဒေါ်ရော်သီ မှာ အထီးကျန်ဖြစ်နေသည်။
ထို့ကြောင့် အဖော်လိုသည်.။
မိုက်ကယ်နှင့် မစ်စီ ကို သူ့မြေးလေးတွေလို သဘောထားပြီး ချစ်လိုသည်။

သို့သော် နန်စီက ခွင့်မပြုခဲ့။
"ငါဟာ ဘယ်လောက် တစ်ကိုယ်ကောင်းဆန်လိုက်ပါသလဲ" ဟု ဆက်ပြီး စဉ်းစားမိပြန်သည်။
ယခု ကိုယ်ဒုက္ခရောက်သော အခါ ကိုယ်စိတ်ပြေရာ ပြေရာ ပြေကြောင်း ဖျောင်းဖျဖို့လိုသော အခါ ဒေါ်ရော်သီ သည် အနားမှ တစ်ဖဝါး မခွာဘဲ ရှိနေလေသည်။
နန်စီမှာ ထိုအကြောင်း စဉ်းစားရင်း ပို၍ စိတ်ထိခိုက်လာသည်။
"ရော့လဂ္ဂလာ၊ မနက်တုန်းက ရေကန်နားမှာ ရော့လဂ္ဂလာကို ကျွန်မတွေ့လိုက်တယ်လို့ ပြောမိတယ်နော်"
နန်စီက ပြောသည်။

"ဟုတ်တယ်"
ရေးက ပြန်ဖြေသည်။
"ကျွန်မ အိပ်မက်မက်နေတာများလားဟင်၊ သူ့ကို ကျွန်မမြင်ခဲ့တယ်လို့ ပြောတာ ဒေါက်တာက ယုံ ကြည်ရဲ့ လား၊ ကျွန်မ အမှန်တွေကို ပြောနေတယ်လို့ ဆရာဝန်က ယုံကြည်ရဲ့လား"
ရေးစဉ်းစားသည်.။ ပြီးတော့ မှန်သည့်အတိုင်း ပြောလိုက်ဖို့ ဆုံးဖြတ်သည်။
နန်စီ၏ စိတ်ဓာတ်ပြန်လည်ခိုင်မာလာစပြုပြီး ခွန်အားတွေ ပြန်လည်ရရှိလာစပြုပြီ။
အမှန်တရား ကို လက်ခံလာနိုင်စွမ်းရှိပြီ။
ယခု ပြောနေသည့် စကားများသည် တိုက်ရိုက်ကျသော စကားများဖြစ်သည်။
သွယ်ဝိုက် ပြောမနေတော့။

"ရာခိုင်နှုန်းပြည့် မှန်ကန်တဲ့စကားတေါကို မင်းပြောနေတယ် လို့ ဆရာဝန် လက်ခံတယ်လို့ ကိုယ် ယုံ ကြည်တယ်။ နောက်ပြီးတော့ နန်းစီ မင်းတစ်ခုသိထားဖို့က လဂ္ဂလာကို ကိုယ်တို့ အိမ်နားတစ် ဝိုက်မှာ မနေ့ညကရော ဒီနေ့မနက်ကပါ တွေ့လိုက်ကြရတယ်။"
"ရော့လဂ္ဂလာဟာ ကလေးတွေ ဒဏ်ရာ အနာတရာဖြစ်အောင်တော့ လုပ်မှာ မဟုတ်ပါဘူး"
ခံစားချက် ကင်းမဲ့သော လေသံဖြင့် နန်စီက ပြောသည်။
ထိုအကြောင်း ကြောင့်လည်း သူ စိတ်သက်သာရာ အထိုက်အလျောက်ရလာခြင်း ဖြစ်သည်။
"ကလေးတွေကို သူခေါ်သွားတာ ဆိုရင် ကလေးတွေနဲ့ ပတ်သက်ပြီး သူ တာဝန်ယူတယ်ဆိုရင် ကလေး တွေ နာကျင်အောင် သူ ဘယ်နည်း နဲ့မှ လုပ်မှာ မဟုတ်ဘူး။ ကျွန်မသိတယ်"
အခန်းထဲ သို့ လင်ဒန်ပြန်ရောက်လာသည်။ သူ့နောက်မှ ဂျိုနသန်ကပ်ပါလာသည်။

ဂျိုနသန်က ဒေါ်ရော်သီးကို ပထမဆုံး အလိုလိုလှမ်းကြည့်မိလိုက်ကြောင်း သူ့ဘာသာသူ သတိထားမိသည်။
ဒေါ်ရော်သီက လက်နှစ်ဘက်စလုံးကို ကုတ်အင်္ကျီအိတ်ထဲသို့ နှိုက်ထားသည်။
ချမ်နေသောကြောင့် လက်သီးများ ဆုပ်ထားမည်ဖြစ်ကြောင်း ဂျိုနသန် ခန့်မှန်းကြည့်မိပါသည်။
ဒေါ်ရော်သီကို ဂျိုနသန် အလွန်သဘောကျပါသည်။
အင်မတန် တည်ငြိမ်ပြီး နေရာတကာတွင် တိကျသော အမျိုးသမီးကြီးတစ်ယောက်ဖြစ်လေသည်။
ရေးက လှမ်းမေးလိုက်သောကြောင့် ဂျိုနသန်၏ စိတ်ကူးများ ပျက်သွားလေသည်။

"တယ်လီဖုန်းက ဘာတဲ့လဲဟင်"
"ဂျက်ကောဖင် အပြင်ထွက်သွားတယ်"
ဂျိုနသန် က ဆင့်ဝှေ့ရန်ရှောင် ဖြေသည်။
"ရပါတယ် ပြောပါ။ ဒီနားတစ်ဝိုက်မှာ ရော့လဂ္ဂလာကို တွေ့ထားကြောင်းနန်စီ သိပြီးပါပြီ"
ရေးက ရှင်းပြသည်.။

"ဟုတ်တယ် အဲဒီကိစ္စနဲ့ ဂျက်ကော်ဖင် အပြင် ထွက်သွားတာ လဂ္ဂလာက သူခိုးပြီး မောင်းသွားတဲ့ ကားကို အဝေးပြေးလမ်းမကြီးပေါ်မှာ ထားပစ်ခဲ့ပြီး လူချည်း လက်လွတ်ထွက်ပြေးသွားတယ်၊ ဒါပေမယ့်  ဒါလောက် တောင် ရာသီဥတု ဆိုးနေတာ သူ ဝေးဝေးပြေးနိုင်မှာ မဟုတ်ပါဘူး"
"ဘယ်လိုနေသေးလဲ နန်စီ"
လင်ဒန်က နန်စီ ကို မေးရင်း အနားကပ်ပြီး အကဲခတ်ကြည့်သည်။
နန်စီ သည် သူ မျှော်လင့်ထားသည်ထက် ပို၍ တည်ငြိမ်နေသည်ကို တွေ့ရသည်။
"ကျွန်မ နေကောင်းပါတယ်ရှင်၊ ကားလ် အကြောင်းတွေ ကျွန်မ အများကြီး ပြောပစ်လိုက်မိတယ် နော် "
"ဟုတ်ကဲ့ "
"ကျွန်မ သတိပြန်ရဖို့ ကြိုးစားနေတာ တစ်ခုရှိတယ်၊ သိပ်အရေးကြီးတယ်။ ရှင့်ကို ပြောပြချင်နေ တာ ဒါပေမယ့် ဘယ်လိုမှ မှတ်မိအောင် ကြိုးစားလို့မရဘူး"
လင်ဒန် က ပုံမှန်အသံမျိုး ဖြစ်အောင် ကြိုးစားပြောသည်။.

"တစ်လျှောက်လုံး မင်းပြောနေတာက ကျွန်မ မယုံကြည်နိုင်ဘူး ကျွန်မ မယုံကြည်နိုင်ဘူး ဆိုတဲ့ စကားလုံးပဲ အဲဒီစကားကိုပဲ ထပ်ခါတလဲလဲ ပြောနေတယ် ဘာကြောင့် ဒီစကားကိုချည်း ပြောနေ တယ်ဆိုတာ မင်းကိုယ်မင်း သိနိုင်မလား"
နန်စီ ခေါင်းခါသည်။
"မသိပါဘူး…"
နန်စီက ထိုင်ရာမှထပြီး ပင်ပန်းနွယ်နယ်စွာဖြင့် ပြတင်းပေါက်ဆီသို့ လျှောက်သွားသည်။
"အပြင်မှာ အရမ်းမှောင်နေပြီနော်၊ တစ်ခုခုကို တွေ့ဖို့ တစ်ယောက်ယောက်ကို တွေ့ဖို့ဆိုတာ မလွယ်နိုင် တော့ဘူး"
အပြင် သို့ လှမ်းကြည့်ရင်း နန်စီက ပြောသည်။

လိုအပ်သည်များကို စဉ်းစားနိုင်ရန် သူ့ခေါင်းကို ကြည်ကြည်လင်လင် ရှိစေချင်သည်။
သူ့ကိုယ်သူ ငုံ့ကြည့်သည်။
အိမ်နေရင်း ဝတ်သည့် သိုးမွေးအင်္ကျီပွကြီးကို ဝတ်ထားဆဲ ဖြစ်ကြောင်း ယခုမှ သတိပြုမိသည်။
"ကျွန်မ အဝတ်သွားလဲလိုက်ဦးမယ် ကျွန်မ အဝတ်လဲချင်နေတယ်"
နန်စီ က ခပ်ဖြည်းဖြည်း ပြောသည်။
"မင်း နဲ့အတူ….."
ဒေါ်ရော်သီက စကားမဆုံးမီ သူ့နှုတ်ခမ်းကို သူ ကမန်းကတန်း ပြန်ကိုက်ပြီး ဘရိတ်အုပ်လိုက် သည်။
နန်စီ အပေါ်ထပ်တက်ရာတွင် မိမိပါ လိုက်ခဲ့ရမလားဟု သူ မေးလိုရင်းဖြစ်သည်။

"နေပါစေရှင် ကျွန်မဘာမှ မဖြစ်ပါဘူး…"
နန်စီက ပျော့ပျောင်းသည့်လေသံဖြင့် သိမ်သိမ်မွေ့မွေ့ ပြန်ပြောသည်။
ရောလဂ္ဂလာ ကို သူတို့ ဖမ်းကြသောအခါ သူ အဝတ်အစားလဲ ထားပြီးသား ဖြစ်နေချင်သည်။.
လဂ္ဂလာ ကို သူတို့ ဘယ်အရပ်သို့ပင် ခေါ်သွားပါစေ၊ ဖြစ်သည့်နည်းဖြင့်လိုက်ပြီး သူ တွေ့ချင်နေ သည်။
ရောလဂ္ဂလာ နှင့် တွေ့လျှင်--
"ရော့ ကျွန်မကလေးတွေ ဒဏ်ရာအနာတရ ဖြစ်အောင် လုပ်မှာ မဟုတ်ပါဘူးဆိုတာ ကျွန်မသိပါတယ်၊ ရှင် ပိုက်ဆံလိုချင်သလား၊ ရှင်ဘာလိုချင်သလဲ၊ သားနဲ့သမီး ဘယ်မှာရှိတယ် ဆိုတာ ကျွန်မကို ပြောပါ၊ ရှင် လိုချင်တာ ဘာမဆို ကျွန်မတို့ ပေးပါ့မယ်" ဟူသော စကားကို သူ ပြောချင်နေသည်။

ထို့ကြောင့် အဆင့်သင့် ဖြစ်အောင် ကြိုတင် အဝတ်အစားလဲထားရပေမည်။
အပေါ်ထပ် သူတို့အိပ်ခန်းထဲ ရောက်တော့ ကိုယ်ပေါ်မှ အဝတ်အစားများကို ချွတ်ချလိုက်သည်။
ပုံမှန်အတိုင်း ဆိုလျှင် ဗီရိုဆီသို့ လျှောက်သွားမည်။
ချွတ်လိုက်သည့် အဝတ်အစားများကို ဗီရိုထဲမှာ ချိတ်မည်။
သို့သော်လည်း ယခုအကြိမ်တွင် ထိုသို့ မလုပ်ဖြစ်။
သူ့ခေါင်းထဲ မှာ ပေါ့ပါးနေသည်။
အုတ်နံရံ ကို ခေါင်းမှီလိုက်သည်။

အုတ်နံရံ၏ အေးစက်သော အတွေ့ကို ခံစားလိုက်ရသည်။
အိပ်ခန်းတံခါး ပွင့်သွားသည်။
ရေး၏ ငိုသံပါကြီး နှင့် ခေါ်သံကိုပါ ဆက်တိုက် ကြားရသည်။
"နန်စီ……"
ရေးက သူ့ဆီသို့ ခပ်သုပ်သုပ် လျှောက်လာသည်။
အသံထဲတွင် စိုးရိမ်ထိတ်လန့်သည့် အသံပါ ရောပါနေကြောင်း နန်စီ သတိထားမိသည်။
သူ့ဘက် သို့ လှည့်ကြည့်လိုက်သည်။
ရေးက လက်နှစ်ဘက်နှင့် သူ့ကိုယ်လုံးကို သိုင်းဖက်သည်။
ရေးကိုယ်ပေါ်မှ အဝတ်များ၏ ပူနွေးမှုကို ခံစားရသည်။

"ကျွန်မ ဘာမှ မဖြစ်ပါဘူး၊ တကယ်ပြောတာပါ"
နန်စီ က တည်ငြိမ်စွာ ပြန်ပြောသည်။
"နန်စီ…"
ရေးက နန်စီ၏ မျက်နှာကို ဆွဲမော့ယူသည်။
ပြီးတော့ နန်စီ ၏ နှုတ်ခမ်းပေါ်သို့ သူ့နှုတ်ခမ်းများက ကျလာသည်။
နန်စီ ကလည်း သူ့ကိုယ်လုံးကလေးကို ရေးနှင့် တအားပူးကပ်ထားလိုက်သည်။
သူတို့နှစ်ယောက်စပြီး တွေ့ကြတုန်းကနှင့် တစ်ပုံစံတည်း တူညီနေပါသည်။
နန်စီ ၏ အိမ်သို့ ရေး ညစာလာစားသည်။

ပြီတော့ မော့ရှော့ရေကန်ကြီးဆီသို့ နှစ်ယောက်လမ်းလျှောက် သွားကြသည်။
ထိုနေ့ညတုန်းကလည်း ရာသီဥတု အေးနေသည်။
သူတို့ နှစ်ယောက်စလုံး ချမ်းနေသည်။
ရေး က သူ ကုတ်အင်္ကျီရင်ဘတ်ကို ဖွင့်ပေးသည်။
ပြီးတော့ သူ  ရယ်ကာ ထိုအထဲသို့ နန်စီကို ဆွဲသွင်းသည်။
ဖွင့်ထားသော ကုတ်အင်္ကျီကို နန်စီ ၏ ကိုယ်ပေါ်သို့ပါ ဖုံးပြီးပြန်စေ့လိုက်သည်။
သူတို့နှစ်ယောက် တစ်သားတည်း ဖြစ်သွားကြသည်။

ပြီးတော့ ပထမဆုံးအကြိမ်အဖြစ် နန်စီကို သူနမ်းသည်။
ဘယ်လိုမှ ရှောင်တိမ်း၍ ရနိုင်မည် မဟုတ်သော အနမ်းဖြစ်ကြောင်း နန်စီက သိထားသည်။
နန်စီ ကလည်း အနမ်းခံချင်ပါသည်။
အရမ်းကို အနမ်းခံချင်နေခြင်း ဖြစ်သည်။
ယခုမှ မဟုတ်ပါ။ ရေးနှင့် စတွေ့သည့် အချိန်ကတည်းက သူနမ်းသည်ကို ခံယူလိုခဲ့ခြင်း ဖြစ်ပါ သည်။
ကားလ် နှင့် ကျတော့ သည်လိုမဟုတ်ပါ။ လားလ်နမ်းသည်ကို သူ မခံလိုပါ။
ထိုကြောင့် ပြစ်မှုတစ်ခုခု ကို ကျူးလွန်ထားမိသလို စိတ်ထဲမှာ ခံစားခဲ့ရလေသည်။

လီဇာ မွေးပြီးတော့ ကားလ်ကလည်း သူ့ကို မနမ်းတော့ပါ။ လင်မယားလို မဆက်ဆံတော့ပါ။
ဘာကြောင့်လဲ… မိမိမှာ အပြစ်တစ်ခုခုရှိနေပြီလား ဟု နန်စီ အမြဲတမ်းတွေးကြည်နေခဲ့ပါသည်။
"ချစ်တယ်…."
ထိုစကား ကို နန်စီ ပြောလိုက်မိသည်။ ထိုစကားကို ရေး ကြားလောက်ရုံ တိုးတိုးကလေး အကြိမ် ကြိမ် ပြောခဲ့ဖူး ပါသည်။
အိပ်ပျော်နေသည့် အခါများမှာပင် မနားတမ်းသူ ပြောဖူးခဲ့ပါသည်။
ယခု တစ်ကြိမ်တွင် သူ့နှုတ်ဖျား မှ ထိုစကားထွက်သွားခြင်းကို သူ ကိုယ်တိုင်ပင် မသိလိုက်ပါ။

"ကိုယ်ကလဲ မင်းကို ချစ်ပါတယ် နန်စီ၊ ကိုယ်ဟာ မင်းအတွက် သိပ်ကို ဆိုးခဲ့ပေလိမ့်မယ်၊ မင်းအ ပေါ်မှာ ကိုယ် နားလည်တယ်လို့ ထင်ခဲ့တယ်၊ အမှန်ကတော့  ကိုယ်နားမလည်ခဲ့ဘူး"
"ရေး  သားနဲသမီး ကို ကျွန်မတို့ ပြန်ရမှာလားဟင်.. "
နန်စီ၏ အသံ တုန်ယင် လှုပ်ရှားနေသည်။ ပြီးတော့ တစ်ကိုယ်လုံးလည်း စတင် တုန်ယင်လာ ကြောင်း စိတ်ထဲ မှာ ခံစားလာရသည်။
ရေးက တင်းတင်းကြီး ဖက်လိုက်သည်။
"ကိုယ်မသိဘူးအချစ်ရယ် ကိုယ်မသိတော့ဘူး၊ ဒါပေမယ့် တစ်ခုတော့ အမြဲသတိရပါ၊ ကလေးတွေ ဘာပဲ ဖြစ်သွား ဖြစ်သွား ကိုယ်တို့နှစ်ယောက် အတူတူ ရှိနေတယ်ဆိုတာလေးတော့ အမြဲတမ်း သိထားပါ။ ကိုယ် တို့ တစ်ယောက်ကိုတစ်ယောက် ပိုင်ဆိုင်နေကြသေးတာပဲ။ ဘာတစ်ခုမှ ပြောင်း လဲမသွားနိုင်ပါဘူး၊ သူတို့ အခုပဲ ဂျက်ကောဖင် ကို လာခေါ်သွားကြတယ်။

ရော့လဂ္ဂလာ ကို သူတို့ ဖမ်းမိကြပြီ၊ ရဲစခန်း ရောက်နေပြီ ဒေါက်တာမိုင်လ်လဲ သူတို့နဲ့ လိုက်သွား တယ်၊ ဂျိုနသန် နဲ့ ကိုယ်လဲ ထပ်လိုက်သွားကြတော့မလို့"
"ကျွန်မလဲ လိုက်ချင်တယ်၊ သူ ကျွန်မကို ပြောချင်ပြောမှာ----"
"မင်းလိုက် လို့ မဖြစ်ဘူး၊ ဂျိုနသန်က စိတ်ကူးတစ်ခု ရတယ်။ သူ့စိတ်ကူးက အလုပ်ဖြစ်ချင်ဖြစ်နိုင် တယ်၊ စမ်းကြည့် ရမှာပဲ ရော့မှာ ကြံရာပါ တစ်ယောက်ရှိချင်ရှိနေလိမ့်မယ် ကလေးတွေဟာ အဲဒီကြံ ရာပါရဲ့ လက်ထဲမှာ ရှိနိုင်တယ်၊ ဘာကြောင့်လဲဆိုတော့ အရင်အမှုတုန်းကလည်း သူ ပတ်သက်နေခဲ့ ဖူးတယ် မဟုတ်လား"
"ရေး……"
မိမိ၏ အသံထဲမှာ စိုးရိမ်ထိတ်လန့်မှုများ ပါသွားကြောင်း နန်စီ သတိထားမိသည်၊

"နေခဲ့ပါ အချစ်ရယ် ခဏလေးပါ၊ ရေပန်နဲ့ ရေနွေးနွေးလေးချိုးလိုက် ပြီးတော့ အဝတ်အစား နဲ့ မင်း အတူတူ ဒေါ်ရော်သီ နေခဲ့လိမ့်မယ်၊ မင်းစားဖို့ ဆင်းဒဝစ် တွေ သူ လုပ်နေတယ်၊ အခုလောက်ဆိုရင် ပြီး နေရောပေါ့၊ ကိစ္စပြီးတာနဲ့ ချက်ချင်း ကိုယ်ပြန်ခဲ့မယ်နော်"
ရေးက မျက်နှာ ကို နန်စီ၏ ဆံပင်များကြားမှာ ခဏကြာအောင် မြှပ်ထားလိုက်သေးသည်။ ပြီးတော့ သူ ထွက်ခွာ သွား တော့သည်။
နန်စီ သည် စက်ရုပ်တစ်ရုပ်လို ရေချိုးခန်းဆီသို့ လျှောက်သွားသည်။ ရေပန်းခလုတ်ကို ဖွင့်လိုက် သည်။
ပြီးတော့ မျက်နှာသစ် ကြွေဇလုံအထက်မှ မှန်ထဲသို့လှမ်းကြည့်သည်။ သွေးရောင်ကင်းမဲ့ပြီး ချောင် ကျနေသည့် သူ၏ မျက်နှာ က သူ့ကို ပြန်ကြည့်နေသည်ကို တွေ့ရသည်။
မျက်လုံး များမှာလည်း လွမ်းရိပ် ဆွေးရိပ်များဖြင့် ညို့မှိုင်းနေလေသည်။

ထိုရုပ်သည် ကားလ်နှင့် အတူတူနေခဲ့ရသည့်ကာလများတုန်းက ရုပ်မျိုးဖြစ်သည်။
သူ ချက်ချင်း ပြန်လှည့်လိုက်သည်။ ဆံပင်ထုံးသည်။ ရေပန်း အောက်သို့ ဝင်ရပ်သည်။
ရေပန်းမှ ထွက်လာသည့် ပူနွေးသော ရေပန်းပွားများက သူ့ကိုယ်လုံးကို လာရောက် တိုက်ခိုက်ကြ သည်။ တင်း နေသည့် အကြောများ လျော့သွားအောင် ငြိမ်နေလိုက်သည်။ စိတ်ကိုလည်း လျှော့ ထားသည်။
ရေပန်း နှင့် ရေချိုးရသည်ကို သူ သဘောကျသည်။

ရေချိုးကြွေဇလုံနှင့် ရေမချိုးသည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်လှချေပြီ။ ကားလ်နှင့် ပေါင်းသင်းနေ စဉ် ကတည်းက ဖြစ်သည်။
ထိုအကြောင်း ကို သူ သတိမရတော့သည်မှာ ကြာပြီ။ နှစ်ပေါင်းများစွာ ကြာပါပြီ။ ယခုမှ ကြွေဇလုံ နှင့် ရေချိုးခြင်း ကို ပြန်သတိရလိုက်မိခြင်းဖြစ်လေသည်။
ကားလ် နှင့် သူ အကြောင်းပါနေစဉ်က ရေချိုးကြွေဇလုံထဲမှာ သူတို့နှစ်ယောက်စ ရင်း ကြွေဇလုံထဲ မှာ ကားလ်၏ မျက်နှာ မြှပ်သွားဖူးသည်။
ကားလ် အကြောက်လွန်ပြီး ခေါင်းကို ရုတ်တရက် ပြန်မဖော်နိုင်။ ခဏကြာမှ ပြန်ဖော်နိုင်သည်။ သူ ရေ အနည်းငယ် မွန်းသွားသည်။
ပြီးတော့ နန်စီ ကို သူ အရမ်းစိတ်ဆိုးသည်။

စိတ်ဆိုသည်ဆိုခြင်းထက် ကြောက်သွားသည် ဆိုခြင်းက ပိုမှန်ကန်ပါလိမ့်မည်။
ကြွေဇလုံထဲမှာ ဘယ်လိုလုပ် ရေနစ်နိုင်ပါမည်နည်း။ သို့သော်လည်း ကားလ် အရမ်းကြောက်နေ သည်။
ထိုအဖြစ် ကို တရေးရေး ပြန်လည် မြင်ယောင်လာသည်။ သေသေချာချာ စဉ်းစားရင်း ပို၍ ထင်ထင် ရှားရှား သတိရ လာသည်။
ဟုတ်ပြီ။
နန်စီ ပြန်သတိရဖို့ ကြိုးစားနေခြင်းသည် ထိုအချက်ဖြစ်သည်။
ကားလ် သည် ရေကို အရမ်းကြောက်သည်။ သို့သော်လည်း သူရေကြောက်သည့် အကြောင်းကို ဖုံး ကွယ်ထားသည်။
ရေ ကြောက်သူက ဘာကြောင့် ရေထဲမှာ ဆင်းသေပစ်ရသနည်း။

အိုး.. ဘုရားသခင်…..
နန်စီ၏ကိုယ်လုံးယိုင်သွားသည်။ တဖြည်းဖြည်း သူ ပျော့ကျသွားသည်။ ရင်ထဲမှာ လိပ်တက်လာ သည်။ ရေပန်း ၏ အပြင်သို့ရောက်အောင် ကြိုးစားထွက်သည်။
အရမ်း အန်ချင် လာသည်။ မိနစ်တော်တော်များများ ကုန်ဆုံးသွားသည်။
ထိုးအန်ပစ်သည်။
ဆက်တိုက်အန်သည်။
အိမ်သာကမုတ်ကို  အားပြု ဖက်ထားရသည်။
နောက်ဆုံးတွင် အအန်ရပ်သွားသည်။ တစ်ကိုယ်လုံး အေးစက်လာသည်။

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

Sunday, July 31, 2011

အထောက်တော်လှအောင် ဘာသာပြန် ကြမ္မာ အပိုင်း (၂၂)

အခန်း (၂၄)

အခြေအနေတွေအားလုံး အရမ်းဆိုးရွားကုန်သည်။ သူ မျှော်လင့်ထားခဲ့သလို ဘာတစ်ခုမှ ဖြစ်မလာ။
အိမ်ပွဲစားမကြီး သောက်ရူးထပြီး ရောက်လာသည်ကစ,သည်။ အားလုံးအိုးနင်းခွက်နင်းတွေ ဖြစ်ကုန်ရ တော့သည်။
နောက်ပြီးတော့ ကောင်မလေးကလည်း တစ်လျှောက်လုံးအိပ်ပျော်နေသည်။ သူ အိပ်ရာမှ မနိုးမချင်း စောင့်ရ တော့သည်။
ကောင်လေး က သူ့လက်ထဲမှ ထွက်ပြေးသွားသည်။ တစ်နေရာရာမှာ ဝင်ပုန်းနေသည်။ ကောင်လေးကို တွေ့အောင် ရှာရဦးမည်။
အရာရာ တို့သည် မိမိလက်ထဲမှ လွတ်ထွက်သွားကုန်ကြပြီဟု ကုတ္တနေပါးရစ်၏ စိတ်ထဲမှာ ခံစားနေ ရသည်။

သူ၏ ကြည်နူးမှုနှင့် မျှော်လင့်ချက်တို့သည် မကျေနပ်မှုနှင့် ဒေါသအဖြစ်သို့ ပြောင်းလဲသွား လေသည်။
သူ ဇောချွေး မပြန်တော့ပါ။ သို့သော်လည်း စောစောကထွက်ခဲ့သည့် ချွေးများကြောင့် အဝတ်အစားများက အသား နှင့် ကပ်ပြီး စေထန်းထန်းဖြစ်နေသည်။
ကောင်လေးသည် အန္တရာယ်ကောင်လေးဖြစ်သည်။သူ လွတ်မြောက်သွားလျှင် ဇာတ်လမ်းဆုံးသွား ပြီ။
ယခုလည်း အန္တရာယ် ဖြစ်လာပြီ။ ခြိမ်းခြောက်လာသော အန္တရာယ်ကို ရျင်းပစ်ရမည်။ မျက်နှာကို ပလတ်စတစ် အိတ်ဖြင့် လေလုံအောင်စွပ်လိုက်ရမည်။

နောက်နာရီအနည်းငယ်ကြာလျှင် ဒီရေတက်လာတော့မည်။ ဒီရေအမြင့်ဆုံး အချိန်တွင် သူတို့ အလောင်း နှစ်လောင်း ကို ပင်လယ်ထဲသို့ ပစ်ချလိုက်ရမည်။ မည်သူမှ သိနိုင်ကြတော့မည် မဟုတ်။
ထို့နောက် တွင် သူ့ကို မည့်သည့် အန္တရာယ်ကမှခြိမ်းခြောက်နိုင်တော့မည်မဟုတ်ဘဲ အစစအရာရာ လုံခြုံ သွားတော့မည်။
နန်စီ ဒုက္ခရောက်ပုံကိုကြည့်ပြီး အရသာခံရပေဦးတော့မည်။
မနက်ဖြန်ည လောက်ဆိုလျှင် အန္တရာယ်အားလုံး ကင်းဝေးသွားတော့မည်ဖြစ်ရာ ကုန်းတွင်းပိုင်သို့ သူ ကားမောင်း သွားရမည်။ ညနေ နေဝင်ရီတရောတွင် ကားမောင်းသွားရမည်။
ထိုသို့ ကားမောင်းသွားရင်း လမ်းတစ်နေရာရာ မှာ ကောင်မလေး ငယ်ငယ်တစ်ယောက်ယောက်နှင့် တွေ့နိုင် သည်။ ထိုသို့ တွေ့လျှင် "ငါဟာ မင်းတို့ အတန်းကို ကိုင်ဖို့ ပြောင်းလာတဲ့ ဆရာသစ်ပဲ" ဟု ပြောရ မည်။

ထိုသို့ ပြောတိုင်း သူ အမြဲတမ်း အလုပ်ဖြစ်သည်။
သူ ဆုံးဖြတ်ချက် ချလိုက်သည်။ စိတ်သက်သာရာ ရသွားသည်။
လောလောဆယ် တွင် သူ အလုပ်ချင်ဆုံး အလုပ်သည် လက်ရှိ ခြိမ်းခြောက်မှုကို အပြတ်ရှင်းပစ်ဖို့ ဖြစ် သည်။
ဒီကောင်လေး…..
နန်စီ ကဲ့သို့ပင် စည်းကမ်းမရှိသော ကောင်လေး။ ဒုက္ခပေးတတ်သောကောင်လေး။ ကျေးဇူးကန်းချင် သော ကောင်လေး။ သည်ကောင်လေးက ထွက်ပြေးချင်နေသည်။ သူ့ကို တွေ့အောင် ရှာရမည်။
တွေ့လျှင် ပလတ်စတစ်အိတ် ပါးပါးထဲ ထည့်ရမည်။ နန်စီသုံးလေ့ ရှိသော လိုဝါရီဆိုင်မှ ပလတ် စတစ်အိတ် ကိုလည်း သူ အသင့်ဝယ်ယူထားပြီး ဖြစ်သည်။
ကောင်လေး ကို အလျင် ရှင်းရမည်။ ဘာကြောင့်လဲဆိုတော့ သူက ပြဿနာကောင်လေး ဖြစ်သော ကြောင့် ပင်။

ပြီးတော့ ကောင်မလေး။
ကောင်မလေးကိုလည်း တစ်ခါတည်း ရှင်းပစ်လိုက်ရမည်။ လက်ဝယ်ထားခြင်းအားဖြင့် အန္တရာယ် များကို ဖိတ်ခေါ် နေသည် နှင့် တူလိမ့်မည်။
အန္တရာယ် ရှိလာပြီဟု စိတ်ထဲက အလိုလိုသိရှိလာတိုင်း သူ၏ ဆုံးဖြတ်ချက်တို့သည်လည်း ပိုမိုခိုင်မြဲ လာမြဲ ဖြစ်သည်။ ယခင်တစ်ခါတုန်းက အတိုင်း ဖြစ်သည်။
ယခင်တစ်ခါတုန်း က တက္ကသိုလ်ပရဝုဏ်ကိုဖြတ်ပြီး ဈေးဆီသို့ သွားနေသည့် အချိန်အထိ သူ ဘာလုပ် ရမည် ကို ဂဃနဏမသိသေး။ လီဇာ အား ဆရာဝန်ကြီးဆီပို့ပြီး ဆေးစစ်မခံနိုင်သည့် အချက်တစ်ခု ကိုသာ သူ သိသည်။  နန်စီ ထိုအလုပ် မလုပ်နိုင်အောင် တားရမည်။

ဈေးသို့ နန်စီမရောက်မီ သူက ကြိုတင်ရောက်နှင့် နေသည်။ ဈေးနှင့် မလှမ်းမကမ်းမှာ သူ့ကားကို ရပ်ထား သည်။
နန်စီ ကားမောင်း ဝင်လာသည်ကို လည်းကောင်း၊ ကလေးများအား တစ်စုံ တစ်ရာ ပြောနေသည်ကို လည်း ကောင်း၊ နောက်ပြီးတော့ စတိုးဆိုင်ထဲသို့ ဝင်သွားသည်ကိုလည်းကောင်း လှမ်းမြင် နေရသည်။
အနီတစ်ဝိုက် တွင် ဘာကားမှ မရှိပါ။ လူလည်း တစ်ယောက်မှ မရျိပါ။ ထိုအချိန်ကလေးမှာပင် သူ ဘာလုပ် ရမည်ဖြစ်ကြောင်း သိလိုက်လေသည်။
ကလေး နှစ်ယောက် အရမ်း ကျိုးနွံသည်။

ကားတံခါးကို သူ ဖွင့်လိုက်စဉ် စစချင်းတော့ သူတို့ကြောက်နေကြသည်။ သို့သော်လည်း….
"လာ….. မြန်မြန်ထွက်ကြ၊ ဒီနေ့ မာမီ့ မွေးနေ့မှာ ပျော်စရာ ကစားပွဲလေးတစ်ခုခု လုပ်လိုက်ကြရ အောင်"
ကလေးနှစ်ယောက် ကို သူ ပြောခဲ့သည်။
ကလေးများက သူ့နောက် လိုက်လာသည်။ ခေါင်းများကို ပလတ်စတစ်အိတ်များနှင့် စွပ်သည်။ သူ့ မော်တော်ကား ပစ္စည်းများထည့်သည့် အကန့် ထဲမှာ ထည့်ထားသည်။ ကျောင်းသို့ ပြန်လာသည်။
သူခဏ ပျောက်သွားသည်ကို ဓာတ်ခွဲခန်းထဲမှ လက်တွေ့လေ့ကျင့်နေကြသူ မည်သူကမှ မသိလိုက် ချေ။ ရုံးတော် မှာ သက်သေပြရမည်ဆိုလျှင် သူ အချိန်ပြည့်ရှိနေကြောင်း တစ်ခန်းလုံးက တစ်ညီတ ညွတ်တည်း ထွက် ဆိုကြမည် ဖြစ်လေသည်။

နောက်ပိုင်း အလုပ်များမှာ ရိုးရိုးကလေးပင်။
ပင်လယ်ကမ်းခြေဆီသို့ မော်တော်ကား မောင်းသွားသည်။ ကလေးအလောင်းများကို ပင်လယ်ထဲ သို့ ပစ်ချ ခဲ့သည်။ ပြီးတော့ ကားပြန်မောင်းလာသည်။
အခွင့်အရေးများက သူ့ဘက်မှာ ရှိနေသည်။
သူ့ကို အန္တရာယ်ပြုမည့် အရာများကို လွန်ခဲ့သည့် ခုနစ်နှစ်တုန်းကလိုပင် လွယ်လွယ်ကူကူနှင့် ဖယ်ရှား ပစ်နိုင် ရပေမည်။
"မိုက်ကယ်၊ ထွက်ခဲ့၊ မိုက်ကယ်၊ ထွက်ခဲ့၊ မင်းအမေရှိတဲ့ မင်းအိမ်ကို ငါပြန်ပို့ပေးမယ်"
သူ မီးဖိုချောင်ထဲမှာပင် ရှိနေသေးသည်။ ဟာရီကိန်း မှန်အိမ်ကို မြှောက်ကိုင်ရင်း အခန်းထဲမှာ လှည့်ပတ် ရှာ နေသည်။

မီးဖိုချောင်ထဲတွင် ပုန်းဖို့နေရာ လုံးဝမရှိ။ ဗီရိုတွေကမြင့်လွန်းသည်။ ကလေးအရပ် နှင့် မမီနိုင်။
သို့သော်လည်း သည်လောက် မှောင်နေသည်က တစ်ကြောင်း၊ အိမ်ကြီးကလည်း အဆောင် ဆောင် အခန်းခန်း နှင့် ရှုပ်ထွေးသည်က တစ်ကြောင်း၊ သူ့လက်ထဲမှာ အားနည်းသည့် အလင်းရောင်သာပေးသော ဟာရီကိန်း မီးအိမ်ကလေး တစ်လုံးသာ ရှိနေသည်ကတစ်ကြောင်း တို့ကြောင့် ကလေးကို တွေ့အောင် ရှာဖို့ ဆိုသည်မှာ အတော်ခက်မည် ဖြစ်ကြောင်း သူ သဘောပေါက်လာသည်။

နာရီပေါင်းများစွာ ကြာအောင် ရှာရပေလိမ့်မည်။ နောက်ပြီးတော့ ဘယ်နေရာက စရှာရမည်နည်း။
"မိုက်ကယ်၊ မင်းအမေဆီကို မပြန်ချင်ဘူးလား"
သူထပ်ခေါ်ပြန်သည်။
"မင်း အမေ ဘုရားသခင်ဆီကို သွားတယ်ဆိုတာ မဟုတ်ပါဘူးကွ၊ သူနေကောင်ပါတယ်၊ မင်းအမေက တွေ့ချင် လို့တဲ့"
တတိယထပ်ရှိ အိပ်ခန်းများကို စရှာလျှင်ကောင်းမည်လား။ သူ စဉ်းစားကြည့်သည်။
သို့သော်လည်း ကောင်လေးသည် အပြင် တံခါးဆီသို့ ရောက်သွားကောင်း ရောက်သွားပေလိမ့် မည်။ ကောင်လေး က ဥာဏ်ကောင်းသည်။ အပေါ်ထပ်တွေမှာတော့ ဘယ်နည်းနှင့်မှ နေမည် မဟုတ်။
အိမ်ရှေ့ဘက် သို့ သွားနေပြီလား။

ထိုနေရာကို အရင်ကြည့်ခြင်းက အကောင်ဆုံး ဖြစ်ပေမည်။
ခန်းမ အငယ်စားလေးထဲမှာ ရှာကြည့်ဖို့ စိတ်ကူးသည်။ ပြီးတော့ ထိုစိတ်ကူးကို ဖျက်ပြီး မီးဖိုချောင် နောက်ဘက် ခန်း ကလေးထဲမှာ ရှာဖို့ ဆုံးဖြတ်လိုက်သည်။
မီးဖိုချောင် ထဲ မှာ ပုန်းဖို့ကြိုးစားရင်း သူဝင်လာနေသည်ကို ကြားလျှင် ထိုဧည့်ခန်းကလေးထဲမှာ ဝင်ပုန်းခြင်း သည် အဖြစ်နိုင်ဆုံးနှင့် အကောင်းဆုံးနေရာဖြစ်သည်။
မီးဖိုချောင် တံခါးမကြီး ဆီသို့ သူ လျှောက်သွားသည်။
အသက်ရူသံ ကို သူ ကြားနေသလား။
သို့တည်းမဟုတ် အိမ်ကြီး ကို လေတိုးနေသည့်အသံလား။

နားစွင့်ပြီး ထောင်ကြည့်သည်။
ဧည့်ခန်းကလေးထဲ သို့ သုံးလေးလှမ်း လျှောက်ဝင်သွားသည်။ ဟာရီကိန်း မီးအိမ်ကို ခေါင်းပေါ်မှာ မြှောက်ကိုင် ထားလိုက်သည်။
မျက်လုံးများ ကို အစွမ်းကုန်ပြူးထားသည်။ တွေ့သမျှကို အာရုံစိုက်ကြည့်သည်။ တစ်ဘက်သို့ လှည့်မည် အပြု တွင် တစ်စုံတစ်ရာကို သူ မြင်လိုက်သည်။
မြင်လိုက်ရသည့်အရာကို စိုက်ကြည့်သည်။ သက်ပြင်းမှုတ်ထုတ်လိုက်သည်။ ပြီးတော့ အရူးတစ်ယောက်လို ရယ်သည်။ ကွပ်ပျစ်နှင့် နံရံကြားတွင် အရိပ်ကလေးကို ကြည့်သည်။
"မိုက်ကယ်၊ မင်းကို ငါတွေ့ပြီ၊ ဒီတစ်ခါတော့ မင်း ဘယ်နည်းနှင့်မှ မလွတ်နိုင်တော့ဘူး။ ဟီး …….ဟီး…"
သူ အကျယ်ကြီး အော်ပြောလိုက်သည်။
အခန်း (၂၅)

ရှုခင်းသာအိမ်ကြီးကို သွားသည့်လမ်းပေါ်သို့ ဂျွန်ကရက်ဂိုပေါလော့စ် ကားမောင်းတက်လိုက်သည့် အချိန်မှာ ပင် တစ်မြို့လုံး လျှပ်စစ်မီးများ ငြိမ်းသွားလေတော့သည်။ ထို့ကြောင့် ရှေ့မီးကြီးမျာကို ဖွင့်လိုက်ပြီး သူ သတိထားမောင်းသည်။
မြင်ကွင်းက အရမ်းမှုန်ဝါးနေသည်။ လမ်းကလည်းအရမ်းချောနေသည်။ ကားကို လမ်းကြောင်း အတိုင်း မောင်း နေသည့် ကြားကပင် ဘီးချော်ချင်နေသည်။
အလွန်တရာ သေးငယ်သည့် မီးခြစ်ကလေးကို အလွန်တရာကြီးမားကျယ်ပြောသည့် အိမ်ကြီးထဲ၌ ရှာဖို့ ယုတ္တိ တန်အောင် ဘယ်လိုပြောရပါမည်နည်း ဟု တစ်လမ်းလုံး သူ စဉ်းစားလာသည်။

မနက်ဖြန်မှ ပြန်လာဖို့ မစ္စတာပါးရစ်က ပြောကောင်းပြောပေလိမ့်မည်။ သို့တည်းမဟုတ် သူ ကိုယ်တိုင် ရှာထားပြီး တွေ့လျှင် ဒေါ်ရော်သီကို ပေးထာမည်ဟုလည်း ပြောကောင်း ပြောပေလိမ့်မည်။
သို့သော်လည်း ဂျွန်ကတော့ မိမိမှာ ပါလာသည့် လက်နှိပ်ဓာတ်မီးကလေးဖြင့် ရှာကြည့်ပါရစေဟု ဇွတ် မေတ္တာ ရပ်ခံရတော့မည်။
နောက်ပြီတော့ အပေါ်ထပ်တွင် မှန်ပြောင်းကို ကြည့်ရန် ငုံ့လိုက်စဉ် တစ်စုံတစ်ရာကျသွားသည့် အသံကို မိမိ ကြားခဲ့ကြောင်း မီးခြစ်ကျသံပင် ဖြစ်ကြောင်း ထိုနေရာမှာ တစ်ချက်လောက်ရှာကြည့် လိုကြောင်း ပြောရမည်။ အလွန်ယုတ္တတန်သော ပြောဆိုချက်ဖြစ်ပါသည်။

သူတကယ်ကြည့်ချင်နေသည် မှာလည်း မစ္စတာပါးရစ်နေသည့် စတုတ္ထထပ်ပင် ဖြစ်လေသည်။
ရှုခင်းသာအိမ်ကြီးဆီသို့ သွားသည့်လမ်းပေါ်တွင် ယခုလို ရာသီမျိုး၌ ကားမောင်းရသည်မှာ အလွန် အန္တရာယ်ကြီး လှလေသည်။ လမ်းမှာ သူ့ မော်တော်ကားဘီး တစ်ခါချော်သေးသည်။ကံကောင်း ထောက်မ သောကြောင့် လမ်းဘေးသို့ ရောက်မသွားခြင်းဖြစ်သည်။

ရှုခင်းသာသို့ ရောက်လျှင့်ကားကို အိမ်ရှေ့ရပ်ရမည်။ ဒေါ်ရော်သီ လို ဂိုဒေါင်ထဲမှာ သွားမရပ်ဖို့စိတ် ကူးသည်။ သို့မှသာ ပုံမှန် ရိုးရိုးသားသား ပြန်လာသည့်နှင့်တူမည်။
မစ္စတာပါရစ် တံခါးလာဖွင့်ပေးလျှင် မီးခြစ်ပျောက်သည်ကို ညစာ စားပြီးမှ သိကြောင်း၊ မိမိလည်း ကိပ်ကော့မြို့ ထဲမှာပင် ရှိနေသေးသဖြင့် ဖုန်းမဆက်တော့ဘဲ ပြန်လာခြင်း ဖြစ်ကြောင်း ပြောပြ ရမည်ဟု စိတ်ကူး စ ထားလိုက်သည်။
ရှုခင်းသာအိမ် သို့ ရောက်၍ ကားပေါ်မှ ဆင်းလိုက်သော အခါ မှောင်မည်းနေသည့် အိမ်ကြီးက သူ့ စိတ်အာရုံ များကို သိမ်းကျုံး ဆွဲငင်ထားလိုက်တော့သည်။
မစ္စတာပါးရစ် နေသည့် အပေါ်ဆုံး ထပ်သည် ပင်လျှင် ပိန်းပိတ်အောင် မှောင်နေလေသည်။

ထိုအထပ်မှာ နေနေသည့် မစ္စတာပါးရစ်တွင် ဟာရီကိန်းမီးအိမ်ရှိရမည်မှာ သေချာသည်။ ကိပ်ကော့ မြို့ တွင် လျှပ်စစ်မီးပျက်ခြင်းသည် ထူးဆန်းသော ကိစ္စမဟုတ်။ မုန်တိုင်းကျတိုင်းပျက်မြဲ ထုံးစံဖြစ် သည်။
သို့တည်းမဟုတ် မစ္စတာပါးရစ်သည် အိပ်မောကျနေသောကြောင့် မီးပျက်သွာသည်ကို သတိမထား မိတာ လည်း ဖြစ်နိုင်သည်။
သို့တည်းမဟုတ်၊ သူ့ဆီသို့ အမျိုးသမီးတစ်ယောက်အလည်လာနေပြီး ထိုအမျိုးသမီးက လူသူလေးပါး အမြင်မခံလိုသောကြောင့်လည်း ဖြစ်နိုင်ပါသည်။
ဖြစ်နိုင်စရာ ရှိသည့် အကြောင်းများကို သူ တစ်သီကြီး လျှောက်စဉ်းစားကြည့်နေသည်။

ချက်ချင်း သူ့စိတ်တစ်မျိုးပြောင်းသွားသည်။ ကားပေါ်ပြန်တက်ရလျှင်ကောင်းမည်လားဟု ချီတုံ ချတုံ ဖြစ်နေသည်။
မျက်နှာ ကို မိုးသီးများ လာမှန်သည်။ လေးအေးက ကုတ်အင်္ကျီအတွင်းသို့ အတင်းတိုးဝင်နေသည်။ နွေးနွေး ထွေးထွေး စားခဲ့ရသည့် ညစာ၏ အရသာကလေးသည် ပျက်စီးပြယ်လွင့်သွားလေတော့ သည်။
သူ အရမ်းချမ်းနေကြောင်းနှင့် အရမ်းလည်းပင်ပန်းနွမ်းနယ်နေ ပြီဖြစ်ကြောင်း ထိုခဏလေးမှာပင် သတိထား လိုက်မိသည်။ သည်လို အခြေအနေမျိုးတွင် ငါးနာရီကြာ ခရီးရှည်ကြီးကို ဘာကြောင့် ဖုတ်ပူ မီးတိုက် ပြန်ထွက်သွားရမည်နည်း။

အမျိုးသမီးတစ်ယောက်ယောက် မစ္စတာပါးရစ် ဆီသို့ အလည်ရောက်နေသည် ဆိုခြင်းမှာလည်း သူ၏ တွေး ထင်ချက်သာ ဖြစ်သည်။ ခိုင်လုံသည့် အထောက်အထား ဘာမှမရှိ။လခ
မည်သို့ဆိုစေ ဘာတစ်ခုမှ ခိုင်လုံသော အကြောင်းပြချက်မရှိဘဲ မစ္စတာပါးရစ်ကို မနှောက်ယှက် သင့်။
စောစောတုန်း ကလည်း ဒေါ်ရော်သီနှင့် သူ တစ်ခေါက်ရောက်လာကာ နှောက်ယှက်ပြီးပြီ။ ကြိုတင် ချိန်းဆိုခြင်း မရှိဘဲ တယ်လီဖုန်းကလေးကြိုးဖြင့် လူတစ်ဘက်သား၏ လွတ်လပ်ခွင့်ကို သူတို့ နှောက်ယှက် ခဲ့ပြီးပြီ။

လက်ကိုင်နောက်တွင် ဝင်ထိုင်မည် အပြု နောက်ဖေးမီးဖိုချောင် လက်ယာဘက်အစွန်းမှ မီးရောင် ကို လက်ခနဲ မြင်လိုက်ရသည်။ မီးရောင်က လျင်မြန်စွာ ရွေ့လျားနေသည်။
စက္ကန့်အနည်းငယ်ကြာသောအခါ ထိုမီးရောင်သည် ညာဘက်ရှိ ပြတင်းပေါက်ဆီသို့ ရောက်သွား သည်။ တစ်စုံ တစ်ယောက် သည် မီးအိမ်ကိုကိုင်ပြီး မီးဖိုချောင်ထဲမှာ လျင်မြန်စွာ လှည့်ပတ်သွားလာ နေသည့် ပုံမျိုးဖြစ်သည်။

ဂျွန်က ကားတံခါးကို အသံမမြည်အောင် အသာကလေး ဖိပိတ်သည်။ လက်နှိပ်ဓာတ်မီးကို တင်းတင်း ဆုပ်ပြီး ကားလမ်းအတိုင်း နောက်ဘက်ရှိ မီးဖိုချောင်ဆီသို့ ခပ်သုတ်သုတ် ပြေးသည်။
ပြတင်းပေါက် မှ နေ၍ အတွင်းသို့ ချောင်းကြည့်သည်။
အခုအခါတွင် မီးရောင်သည် ခန်းမဆီမှာ ရွှေ့လျားလာနေသည်။ စိတ်ကူးထဲမှာအိမ်ကြီး၏ ပုံသဏ္ဍန် ကို ဖော် ကြည့်သည်။
မီးဖိုချောင် ၏ တစ်ဘက်ခြမ်းမှာ ရှိသော ဧည့်ခန်းကျဥ်းကလေးထဲမှ မီးရောင်ဖြစ်ကြောင်း ပုံပေါ်လာသည်။
မိုးသီးများ လွတ်အောင် တံစက်မြိတ်အောက်သို့ တိုးကပ်သည်။ ဧည့်ခန်းကျဉ်းကလေး ရှိသည့်ဘက်သို့ ခပ် သုတ်သုတ် ပတ်ပြေးသည်။

ပြတင်းပေါက် မှန်မှ တစ်ဆင့် အထဲသို့ ချောင်းကြည့်သည်။ မီးရောင်က မှိန်သွားသည်။ သို့သော် လည်း သူ ကြည့်နေဆဲ မှာပင် မီးရောင် ပိုလင်းလာသည်။ ဟာရီကိန်း မီးအိမ်ကိုပင် မြင်လိုက်ရသော ကြောင့် ရုတ်တရက် လန့်ပြီး  နောက်သို့ တွန့်လိုက်မိတော့သည်။
မီးအိမ် ကို မြှောက်ကိုင်ထားသည့် လက်တစ်ဘက် ကိုပင် မြင်ရသည်။
ပြီးတော့ လူကိုပါ မြင်ရပြီ။

မစ္စတာပါးရစ်
တစ်စုံတစ်ရာကို သူ ရေးကြီးသုတ်ပျာ လိုက်ရှာနေကြောင်း သိသာ ထင်ရှားသည်။
ဘာကို ရှာနေတာလဲ။
နောက်ပြီးတော့ တစ်စုံတစ်ယောက်ကို အော်ခေါ်နေသည်။
မည်သူ့ ကို အော်ခေါ်နေသနည်း။

ဂျွန်က အော်ခေါ်သည့် အသံကို ကြိုးစားပြီး အာရုံစိုက်နားထောင်သည်။ လေတိုက်သည့် အသံက အော်ခေါ်သံ ကို ဝါးသွားစေပြန်သည်။
သို့သော် နာမည်တစ်လုံးတော့ ကြာလိုက်ရသည်။
"မိုက်ကယ်….."
မစ္စတာပါးရစ်သည် "မိုက်ကယ်" ကို အော်ခေါ်နေခြင်း ဖြစ်သည်။
ကြက်သီးဖြန်းဖြန်း ထသွားသည်။ ကြောက်စိတ်သည် တ်စကိုယ်လုံးသို့ ပြန့်နှံ့သွားသည်။ ကျောရိုး များပါ စိမ့် သွားသည်။
သူ တွေးထင်ခဲ့သည်မှာ မှန်ပါသည်။

ပါးရစ် သည် ရူးနေသော အရူးတစ်ယောက်……
သည်အတိုင်းဆိုလျှင် ပျောက်ဆုံးနေသည့် ကလေးနှစ်ယောက်သည် သည်အိမ်ကြီးထဲရှိ တစ်နေရာ ရာမှာ ရှိနေ ကြရမည်။
မီးရောင်တွင် ပါးရစ်၏ ခန္ဓာကိုယ်ကြီးကို တွေ့ရသည်။ အလွန်တုပ်ခိုင်သည်။ မိမိ၏ဗလနှင့် ဘက်မ ညီကြောင်း ကိုလည်း စိတ်ထဲမှာ ချက်ချင်း ချိန်းထိုးကြည့်လိုက်သည်။
သည်လို ဆိုလျှင် လက်နက်ဘာရှိသလဲ။

လက်ထဲမှာ ကိုင်ထားသည့် လက်နှိပ်ဓာတ်မီးလေး တစ်ချောင်းသာ ရျိသည်။
သည်လက်နက်အားကိုးဖြင့် မိုက်ကယ်ကို ဝင်ကယ်ရမည်လော။
မိုက်ကယ်သည် ပါးရစ်၏ လက်ထဲမှ လွဲပြီး ပြန်မဖမ်းမိအောင် ပြေးနိုင်ပါမည်လော။
ဘာပဲဖြစ်ဖြစ် မိမိ ကို ပါးရစ် မြင်လိုက်လျှင် တစ်စုံတစ်ရာတော့ ပြောင်းလဲသွားနိုင်သည်ဟု ဂျွန်တွေး သည်။ ထိုအပြောင်းအလဲ သည် မိုက်ကယ်အတွက် ကေင်းဖို့ပင် ဖြစ်ရပေမည်။
ထိတ်ထိတ်လန့်လန့် ဖြင့် သူကြည့်နေဆဲမှာပင် ပါးရစ်သည် မီးကို ပို၍ မြင့်အောင် မြှောက်လိုက်ကာ ကွပ်ပျစ်နှင့် အုတ်နံရံကြားသို့ လက်လျှိုပြီး တစ်စုံတစ်ခုကို နှိုက်ယူသည်။

သူ့လက်ထဲမှာ ကိုယ်လုံးသေးသေးလေး ရုန်းရင်းကန်ရင်း ပါလာသည်။
ပါးရစ် က မီးအိမ်ကို ကြမ်းပြင်ပေါ်သို့ ချလိုက်သည်။
ဂျွန်ကြည့်နေဆဲမှာပင် ပါးရစ် ၏ လက်နှစ်ဖက်သည် မိုက်ကယ်၏ လည်ပင်းကို ညှစ်ဖို့ ဆုတ်ကိုင် လိုက်ပြီး ဖြစ်သွားသည်။
ဂျွန်သည် ဒုတိယကမ္ဘာစစ်အတွင်းက တိုက်ခိုက်ရေးတပ်ဖွဲ့တစ်ခုနှင့် စစ်မြေပြင်တွင် တိုက်ပွဲများ ဆင်နွှဲခဲ့သူ ဖြစ်သည်။ ထို့ကြောင့် သူ့ကိုယ်လုံးက အလိုလိုလှုပ်ရှားပြီးသား ဖြစ်သွားသည်။
ပြတင်းပေါက်မှန် ကို လက်နှပ်ဓာတ်မီးဖြင့် တအားလွှဲရိုက်ချလိုက်သည်။ မှန်ကွဲသွားသည့် အသံ ကြောင့် ပါးရစ် လှည့်ကြည့် လိုက်သည့် အချိန်မှာပင် ဂျွန်က ပြတင်းပေါက် တံခါးမင်းတုပ်ကို လက်လျှိုပြီး ဖြုတ် လိုက်သည်။

တံခါးရွက်ကိုဖွင့်ပြီး ရှိသမျှခွန်အားများကို စုစည်းအသုံးပြုကာ ပြတင်းပေါက်ပေါင်ပေါ်သို့ ကိုယ်ကို မြှောက် တင်လိုက်သည်။ ပြတင်းပေါက်ပေါင်ပေါ်သို့ အရောက်တွင် အခန်းထဲသို့ ခုန်ဆင်းသည်။
ကြမ်းပြင် နှင့် ခြေထောက်ထိလိုက်ချိန်တွင် လက်ထဲက လက်နှိပ်ဓာတ်မီး လွတ်ကျသွာသည်။ ပါးရစ် က ထို လက်နှိပ်ဓာတ်မီးကို ဖျတ်ခနဲကောက်ယူလိုက်သည်။
ဘယ်ဘက်လက်တွင် ဟာရီကိန်း မီးအိမ်ကိုင်ထားသည်ကို တွေ့လိုက်ရသည်။
ဂျွန်၏ လက်နှိပ်ဓာတ်မီးကိုလည်း လက်နက်သဖွယ် သူ့ခေါင်းပေါ်သို့ မြှောက်ကိုင်ကာ ဂျွန်ကို ချိန် ရွယ် ထားသည်။

သူ့ကို ပါးရစ် က သေချာပေါက်ရိုက်ချလိုက်ပေတော့မည်။ လွတ်အောင် ရှောင်ဖို့ကလည်း မဖြစ်နိုင် တော့။
သို့သော်လည်း ဂျွန်က ရသမျှတိုတောင်းသည့် အချိန်ကလေးအတွင်း နံရံဘက်သို့ ခုန်ဆုတ်ရင်း အသံကုန် အော်လိုက်သည်။
"ပြေး၊ မိုက်ကယ် ပြေး၊ လွတ်အောင်ပြေး ကယ်ကြပါ ကယ်ကြပါလို့အော်"
သူ့ ခေါင်းပေါ် သို့ လက်နှိပ်ဓာတ်မီး အရှိန်ဖြင့် ကျရောက်မလာမီကလေးမှာပင် ပါးရစ်၏ လက်ထဲမှ ဟာရီကိန်း မီးအိမ် ကို တော့ ခြေထောက်ဖြင့် ကန်ချမိအောင် ကန်ချဖြစ်လေသည်။

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

Saturday, July 30, 2011

အထောက်တော်လှအောင် ဘာသာပြန် ကြမ္မာ အပိုင်း (၂၁)

(၂၂)

ညနေငါးနာရီ ရုပ်မြင်သံကြားသတင်းတွေ အရှေ့အလယ်ပိုင်းပြဿနာ၊ မော်တော်ကားစက်ရုံ အလုပ် သမား များက သပိတ်သံ ပေးနေသည့် သတင်းနှင့် ငွေဖောင်းကြွမှု သတင်းများကို သဘောလောက်သာ ပြောသွားသည်။
သတင်းကြေညာချိန် နာရီဝက်နီးပါးကို အဲလ်ဒရက်ခ်ျ၏ ကလေးနှစ်ယောက် ပျောက်ဆုံးမှုသတင်း ကချည်း နေရာယူ သွားလေသည်။
နန်စီနှင့် ကားလ်ဟာမွန်တို့၏ ကလေးနှစ်ယောက် ပျောက်ဆုံးသွားပြီး အလောင်းပြန်တွေ့သည့် အကြောင်း၊ ထိုအမှုကို စစ်ဆေးခဲ့သည့် အကြောင်းများကို နောက်ခံသတင်းအဖြစ်ပြန်လည် ဖော်ပြ သည်။ ထိုစဉ်က သတင်းစာများတွင် ပါရှိခဲ့သောဓာတ်ပုံများကိုပါ ပြန်လည်ထုတ်လွင့်ပေးလေသည်။

ထိုနေ့မနက် ထုတ် ကိပ်ကော့ ကွန်မြူနီတီ သတင်းစာပါဆောင်းပါးနှင့် ဓာတ်ပုံသုံးပုံကိုလည်း ပြန်လည် ထုတ်လွင့် ပေးသည်။
အထူးသဖြင့် ရော့လဂ္ဂလာနှင့် ပါမောက္ခ ကားလ်ဟာမွန် တို့၏ ဓာတ်ပုံကိုအသားပေး ဖော်ပြပေး သည်။
နန်စီဟာမွန်သည်သူ၏ သားနှင့်သမီးကို သေစေလိုသော စိတ်ဆန္ဒဖြင့် သတ်ပစ်ခြင်း ဖြစ်ကြောင်း ထင်ရှား ပေါ်ပေါက်သည် ဟု စီရင်ချက်ချအပြီး စန်ဖရန်စစ္စကို တရားရုံးထဲမှာ ရော့လဂ္ဂဘာနှင့် ကားလ်ဟာမွန် တို့ ထွက် လာကြသည့်ပုံ ဖြစ်လေသည်။

ထိုဓာတ်ပုံကို ဖော်ပြနေဆဲအချိန်တွင် သတင်းကြေညာသူက အရေးတကြီး တက်သုတ်နှင်ြ်ပီး ပြောနေ သည်။
ရော့လဂ္ဂလာ ကို ဒီနေ့မနက်က အဲလ်ဒရက်ခ်ျ အိမ်အနီးတစ်ဝိုက်မှာ တွေ့လိုက်ရတာ သေချာပါ တယ်၊ ဒါကြောင့် အခု ဓာတ်ပုံထဲ မှာ ဖော်ပြထားတဲ့လူကို တွေ့ရင်ဖုန်းနံပါတ် ကေအယ်လ်-ငါးသုံး သုညသုညကို ချက်ချင်း ဆက်ပြီး အကြောင်းကြားဖို့ မေတ္တာရပ်ခံပါတယ်၊ အဲလ်ဒရက်ခ်ျရဲ့ သားနဲ့ သမီးတို့ရဲ့ ကံကြမ္မာ ဟာ ဘယ်လိုမှ မတွေးတတ်အောင် ဖြစ်နေပါတယ်၊ ကလေးတွေ ပျောက်ဆုံးသွား ရာမှ ပါဝင် ပတ်သက်နိုင် တယ် လို့ တစ်စုံတစ်ယေက်ကို မသင်္ကာရင်လဲ အရေးကြီးသည် ဖြစ်စေ၊ မကြီးသည်ဖြစ်စေ ဖုန်းနံပါတ် ကေအယ်လ်-ငါးသုံးသုညသုည ကို ချက်ချင်းဆက်ပြီး အကြောင်း ကြားစေလိုပါတယ်၊ ကလေးနှစ်ယောက် ရဲ့ အသက်ကို ကယ်ဆယ်လို့ လူတိုင်းမှာ တာဝန်ရှိပါ တယ်၊ သတင်းပို့ရမယ့် တယ်လီဖုန်း နံပါတ်ကို ထပ်ပြီး ကြေညာပါဦးမယ်၊ ကေအယ်လ်-ငါးသုံးသုည သုည….
မုန်တိုင်း ကြောင့် မီးများ ပြတ်သွားသဖြင့် ၀စ်ဂင် တို့ လင်မယားသည် ဆိုင်စောစောပိတ်ပြီး အိမ် ပြန်လာ ကြသည်။ အိမ်အရောက် ဘက်ထရီ နှင့် ဖွင့်သည့်ရုပ်မြင်သံကြား ကို ဖွင့်လိုက်သောအခါ ရော့လဂ္ဂလာ အကြောင်း သတင်းကြေညာနေသည် နှင့် အလောတော်ဖြစ်ကာ အစအဆုံးကြား လိုက်ရသည်။

"အဲဒီလူကို မြင်ဖူးသလိုလိုပဲ"
မစ္စက်ဝစ်ဂင်က ရုပ်မြင်သံကြားကို ကြည့်နေရာမှ ပြောသည်။
"မင်း မမြင်ဖူးတာ ဘာရှိသလဲ"
သူ့ယောက်ျား က လှမ်းနောက်သည်။
"မနောက်ပါနဲ့၊ ကျွန်မတကယ်ပြောနေတာ၊ သူ့ရှေ့ကိုကိုင်းနေပုံမျိုး မြင်ဖူးတယ်၊ တစ်ခြားဘာကို မှ မကြည့်ဘူးလေ၊ အဲဒီလိုပုံမျိုး ကို ကျွန်မမြင်ဖူးသလိုထင်နေတယ်"
ဂျက်ဝစ်ဂင် က သူ့မိန်းမကို မျက်တောင်မခတ် စိုက်ကြည့်နေမိသည်။

"ဒီကောင်လေးဟာ ကောင်မလေးတွေ သမင်လည်ပြန်ကြည့်ရတဲ့ ကောင်လေးလို့ ငါကအခုပဲ စဉ်းစား ကြည့် နေတာ"
"ကောင်လေးလား အို….ရှင်က ကောင်လေးကိုပြောနေတာလလား ကျွန်မက တခြားတစ်ယောက် အကြောင်း ပြောနေတာ၊ ပါမောက္ခ ဆိုတဲ့ လူအကြောင်း ပြောနေတာ"
ဝစ်ဂင် က သူ့မိန်းမကို အကဲခတ်ကြည့်သည်။
"ဒါကြောင့်မို့လို့ မိန်းမတွေဟာ ဘယ်တော့မှ သက်သေကောင်းမဖြစ်နိုင်ဘူး၊ တရားရုံးမှာ ဂျူရီ အဖွဲ့ဝင် အဖြစ်နဲ့ လဲ မခန့်သင့်ဘူးလို့ ငါအမြဲတမ်း ပြောပြောနေတာပေါ့၊ ဘာကြောင့်လဲ ဆိုတော့ မိန်းမတွေဟာ မှန်မှန် ကန်ကန် စဉ်းစားနိုင်တဲ့ ဦးနှောက်မှမရှိဘဲ၊ ပါမောက္ခ ကားလ်ဟာမွန် အကြောင်း ဘယ်သူမှ ပြောနေကြတာ မဟုတ်ဘူး၊ သူ့ကိုယ်သူသတ်သေသွားပြီးပြီ အခုလူတွေ ပြောနေကြတာက ရော့လဂ္ဂလာ အကြောင်း" မစ္စက်ဝစ်ဂင် က နှုတ်ခမ်းကိုက်သည်။

"သြ..ဒီင်္လိုလား၊ ဟုတ်ပါတယ်တော်၊ ဟုတ်ပါတယ်၊ ရှင်ပဲမှန်ပါတယ်၊ ဟုတ်တယ်၊ ရှင်ပဲအတွေး အခေါ် ကောင်း ပါတယ်"
သူ့ယောက်ျားက ထိုရာမှ လေးလေးပင်ပင်ကြီးထသည်။
ညစာဘယ်အချိန် စားရမလဲ
သူ့မိန်းမကိုလှမ်းမကြည့်ဘဲ မေးသည်။
"မကြာပါဘူး၊ ကျက်တော့မှာပါ၊ မိုက်ကယ်နဲ့ မစ်စီအကြောင်းကြားနေရတာ စိတ်မချမ်းသာတာနဲ့ ထမင်း တောင် စားချင်စိတ် မရှိတော့ဘူးဆို၊ ကလေးတွေကို ရှင်က ကယ်ချင်တယ်ဆို၊ ဒီကြားထဲမှာ ရှင်က ထမင်းဆာ နေသေးသလား၊ စားချင်စိတ် သောက်ချင်စိတ် ရှိနေသေးသလား"
သူ့မိန်းမ က သူ့ကိုငေါ့တော့တော့ ပြန်ပြောသည်။

သူက ဘာမှမပြောဘဲ ရေငုံနေလိုက်သည်။
"နန်စီအဲလ်ဒရက်ခ်ျ အကြောင်းဘယ်သူတွေ ဘာပြောပြော ကျွန်မတော့ ဂရုမစိုက်ပါဘူး၊ ကျွန်မ ဆိုင်ကို သူအမြဲ လာနေကျတော့ မဟုတ်ပါဘူး၊ တစ်ခါတလေမှ လာတာပါ၊ ဒါပေမယ့် သူ့ကို ကျွန်မ သဘောကျ တယ်၊ သူလာတိုင်း ကလေးတွေပါလာတယ်၊ သူနဲ့ကလေးတွေကို ကြည့်နေ ရတာကျွန်မဖြင့် အရမ်း စိတ်ချမ်းသာ တာပဲ၊ ကလေးတွေကို သူဆက်ဆံတာ သိပ်ကြင်နာတာပဲ၊ အဲဒါကိုကြည့်ပြီး အရမ်းလေးစား စရာ ကောင်းတယ်၊ ကလေးတွေအတွက် စိတ်အနှောက်အယှက် ဖြစ်တယ်ဆိုတာမျိုး ဘယ်တော့မှ မတွေ့ ရဘူး၊ သူတို့လိုငယ်ငယ်ရွယ်ရွယ်နဲ့ သားသမီးရတဲ့ အခြားမိန်းကလေးတွေဆိုရင် သားသမီးအပေါ်မှာ စိတ်မရှည် တာနဲ့၊ လူကြားထဲမှာ မနေတတ်သ လို ရှက်ကိုးရှက်ကန်းဖြစ်နေရတာနဲ့၊ ကျွန်မဖြင့် ကြည့်လို့ကို မရဘူး၊ နန်စီအဲလ်ဒရက်ခ်ျတို့ သားအမိ တစ်တွေကို မြင်လိုက်ရရင် တစ်ခြား အနှောင့် အယှက် ကလေး တွေကိုတောင် ကျွန်မဖြင့် မေ့သွားတော့တာပဲ"
"ဘယ်လို အနှောင်အယှက် တွေများ မင်းမှာရှိနေလို့လဲကွ" ၀စ်ဂစ်က မသင်္ကာသလို မေးသည်။

"အရေးမကြီးပါဘူးလေ"
မစ္စက်ဝစ်ဂင်က နှုတ်ခမ်းကို ကိုက်ထားလိုက်လေသည်။
ယခုနှစ် နွေရာသီတွင် အလစ်သုတ် သမားများ၏ ဒဏ်ကိုသူတို့ဆိုင် အတော်လေးခံခဲ့ရသည်။ ထိုအကြောင်း ကို ၀စ်ဂစ်က မကြားချင်၊ မပြောချင်။
မနက်တုန်းက သူတို့ဆိုင်သို့ မစ္စတာပါးရစ် ဈေးလာဝယ်သည်။ ဘေဘီပေါင်ဒါဘူးကြီး တစ်ဘူးကို အလစ်သုတ် သွားသည်။ မစ္စက်ဝစ်ဂင် မြင်လိုက်သည်။ သို့သော်လည်း အကျယ်အကျယ် မငြိမ်းဖွယ် မဖြစ် လိုသောကြောင့် ဘာမှမပြောဘဲ အောင့်ခံလိုက်သည်။
ထိုအကြောင်း သူ့ယောက်ျားကို ပြန်ပြောပြနေလို့ရော ဘာအကြောင်းထူေးတာ့မှာလဲဟု စဉ်းစား နေမိ လေသည်။
(၂၃)

ညနေငါးနာရီ ရုပ်မြင်သံကြား သတင်းလာတော့ ပက်ထရစ်ကီနေတို့ မိသားစု ညစာစားဖို့ စားဖွဲ မှာ ထိုင်ခါစ ဖြစ်သည်။
မိသားစု အားလုံး၏ မျက်လုံးများသည် အခန်းထောင့်ရှိ ရုပ်မြင်သံကြား စက်ပေါ်သို့ ရောက်နေကြ သည်။
တီဗွီဖန်သားပြင်ပေါ် တွင် မိုက်ကယ်နှင့်မစ်စီ တို့၏ ပုံကြီးပြည့်သွားသောအခါ အယ်လင်ကီနေက စိတ်ထိခိုက် စွာဖြင့် ခေါင်းကို ခါယမ်းပစ်လိုက်သည်။ ပြီးတော့ သူ့သမီးကလေးများကို အလိုအလျောက် လှမ်းကြည့် မိလေသည်။

နေးလ်နှင့်ဂျင်မီ….
ဒီယာနှင့်ကစ်….
တစ်ယောက်၊ နှစ်ယောက်၊ သုံးယောက်၊လေးယောက် သူ့သားသမီးများကို ရေတွက်ကြည့် လိုက်မိသည်။
ပင်လယ်ကမ်းခြေ သို့ သူ့သားသမီးများကို ခေါ်သွားတိုင်း ထိုကဲ့သို့ မကြာခဏ ရေကြည့်လေ့ရှိ သည်။ သူ့ကလေး များကို ဘယ်တော့မှ သူစိတ်မချ။
ဘုရားသခင်၊ အဲလ်ဒရက်ခ်ျရဲ့ကလေး လေးတွေ ဘေးမသီရန်မခ ရှိကြပါစေ။ ဘာမှမဖြစ်ကြပါစေ နဲ့။ ကျေးဇူး ပြုပြီး ဘာမှမဖြစ်ကြပါစေနဲ့။
အယ်လင် က ကျိတ်ပြီးဆုတောင်းလိုက်မိသည်။

အယ်လင် ဘုရားတရားအလွန် ကြည်ညိုသူဖြစ်သည်။ နောက်ပြီးတော့ သားသမီးများနှင့် ပတ်သက်၍ လည်း အပူအပင် သောကကြီးသူ ဖြစ်သည်။
ယခု နန်စီအဲလ်ဒရက်ခ်ျ၏ ကလေးနှစ်ယောက် ပျောက်နေသည်။
နန်စီဘယ်လိုခံစားနေမည်လဲဟု ကိုယ်ချင်းစာပြီး သူတွေကြည့်နေမိသည်။
နောက်ပြီးတော့ မိမိသာ ထိုအဖြစ်မျိုးနှင့် ကြုံတွေ့ရမည်ဆိုပါက ဘယ်လိုဖြစ်သွားမည်နည်း ဟုလည်း စဉ်းစား ကြည့် နေမိပြန်သည်။

သတင်းကြောညာသူက ကိပ်ကော့ကွန်မြူနီတီ သတင်းစာထဲမှာပါသည့် ဆောင်းပါးအကြောင်းကို ပြောပြ နေသည်။ ရဲတပ်ဖွဲ့ဝင်များက ဆောင်းပါးရှင်ကို ဖော်ထုတ်နိုင်ဖို့ အပူတပြင်းကြိုးစား နေကြ ကောင်းလည်း ပြော သွားသည်။
သူ့အသံကို ကြားနေရသော်လည်း အယ်လင်အဖိုက နားထဲမ၀င်။ ဘယ်လိုပဲ ဖြစ်ဖြစ် ဟာမွန်၏ ကလေး နှစ်ယောက် သေဆုံးခဲ့ရခြင်းနှင့် ပတ်သက်၍ နန်စီတွင် လုံးဝ အပြစ်မရှိဟု သူ့ဘာသာသူ စိတ်ထဲက ကျိတ်ပြီး အဆုံးအဖြတ် ပေးနေမိသည်။
ဘယ်လို နည်းနှင့်မှ မဖြစ်နိုင် ဆိုသည်ကို ရိုးရိုးကလေး စဉ်းစားကြည့်လျှင်ပင် သိသာနိုင်ပါသည်။

မိမိဝမ်း နှင့် လွယ်ပြီး မွေးထုတ်လိုက်သည့် သားသမီးအရင်းကို မည်သို့သော မိခင်မျိုးကမှ သတ်ရက် နိုင်မည် မဟုတ်ပါ။
ပက်က သူ့ကို ကြည့်နေကြောင်း သတိထားမိသည်။ ပြီးတော့ မိမိဘာစဉ်းစားနေသည်ကို သူသိ ကြောင်း ဖော်ပြ သည့် အနေဖြင့် ပြုံးသည်။ အယ်လင်ကလည်း အားနည်းစွာပြန်ပြုံးပြမိသည်။
တို့အများကြီး ကံကောင်းပါတယ်ကွယ်၊ အများကြီးကံကောင်းပါတယ်ဟု စိတ်ထဲမှ သူတို့ သံပြိုင် ပြောဆို နေကြသည်။
"ဒီလူကြီး တအားဝတာပဲ"
နေးလ် က ရုပ်မြင်သံကြား ကြည့်နေရာမှ မှတ်ချက်ချသည်။

အယ်လင် လန့်သွားသည်။ သားအကြီးဆုံး နေးလ်ကိုလှမ်းကြည့်မိသည်။ နေးလ် ၏ အမူအရာကို အကဲခတ် နေမိသည်။
နေးလ်မှာ အသက်ခုနှစ်ရှိပြီ။ အမေကို အမြဲတမ်း သောကပိုစေသည့်သားဖြစ်သည်။
နေးလ် မှာ အရမ်းအတင့်ရဲသည်။ ထင်ရာလုပ်တတ်သည် လူကောင်ညှက်လွန်းသည်။
"ဒက်ဒီ လဲ အရပ်ရှည်တယ်၊ သားရဲ့ဦးလေးဂျွန်လဲ အရပ်ရှည်သည်၊ ဒါကြောင့် သားကြီးလာရင်လဲ အရပ်ရှည် မှာပါကွယ်"ဟု အားမငယ်အောင် အမြဲတမ်းအားပေးစား ပြောရသည်။
"ဘယ်သူ ၀တာလဲသား"
အယ်လင်က အမှတ်တမဲ့ လှမ်းမေးသည်။ ပြီးတော့ ရုပ်မြင်သံကြားဘက်သို့ ပြန်လှည့်ကြည့် နေလိုက် သည်။

"အဲဒီလူကြီးလေ ရှေ့ဆုံးက လူကြီး၊ အရင်လတုန်းက ကျွန်တော့ကို ပိုက်ဆံ တစ်ဒေါ်လာပေးပြီး စာတိုက် မှာ စာတစ်စောင် သွားယူခိုင်းတာသူပေါ့၊ သူရေးပေးလိုက်တဲ့ စာတိုလေးကို ကျွန်တောပြ တော့ မေမေ တို့က မယုံဘူးလေ၊ မှတ်မိသေးတယ်မဟုတ်လား၊ အဲဒီလူကြီးက ကျွန်တော့်ကို ပိုက်ဆံ ပေးပြီး စာ တစ်စောင် သွားယူခိုင်းလိုက်တာ"
အယ်လင် နှင့် ပက်က ရုပ်မြင်သံကြားကို ပြန်စိုက်ကြည့်သည်။ မှန်သားပြင်ပေါ်တွင် ရော့လဂ္ဂလာနှင့် ကားလ်ဟာမွန် တို့ ပုံကိုပြနေသည်။ သူတို့နှစ်ယောက် ရုံးခန်းထဲမှ ထွက်လာကြခြင်း ဖြစ်ရာ ကားလ်ဟာမွန် က ရှေ့မှဖြစ်ပြီး ရော့လဂ္ဂလာက နောက်မှဖြစ်သည်။

"နေးလ် သားမျက်စိမှားနေလို့ ဖြစ်ပါလိမ့်မယ်၊ အဲဒီလူကြီး သေသွားတာကြာလှပြီ"
နေးလ် ၏ အမူအရာမှ စိတ်ထိခိုက်သွားသည်။
"ဟောကြည့်ပါလား၊ မေမေတို့က ကျွန်တော်တို့ဘယ်တော့မှ မယုံဘူး ပိုက်ဆံတစ်ဒေါ်လာဘယ် က ရလာလဲလို့ မေမေတို့မေးတုန်းကလဲ ကျွန်တော်အမှန်အတိုင်း ပြောခဲ့တယ်၊ ဒါပေမယ့် မေမေ တို့မယုံဘူး၊ အပြင်မှာ ကျွန်တော်မြင်ရတဲ့သူ ကိုယ်လုံးကြီးက အခုထက်ပိုဝသေးတယ်၊ ဆံပင်တွေ လဲပိုပြောင်နေတယ်၊ ဒါပေမယ့် သူ့စတေရင်ဝက်ဂွန်း ကားထဲကနေပြီး အပြင်ကို ခေါင်းပြူထွက် လိုက်တာ ဟောဒီဓာတ်ပုံထဲက လူကြီး အတိုင်းပဲ၊ ကျွန်တော့ကိုပိုက်ဆံပေးခဲ့သူပဲ၊ ကျွန်တော် ဘယ်မေ့ပါ့မလဲ မေမေရ၊ သေသေချာချာ မှတ်မိတာပေါ့"
"သတင်းကြေညာသူက ဆက်ပြောနေသည်။"

"………….ကလေးတွေ ပျောက်ဆုံး သွားရာမှ ပါဝင်ပတ်သတ်နိုင်တယ်လို့၊ တစ်စုံတစ်ယောက်ကို မသင်္ကာ ရင်လဲဖုန်းနံပါတ် ကေအယ် ငါးသုံး သုံညသုံညကို ချက်ချင်း ဆက်ပြီး အကြောင်းကြားစေ လို ပါတယ်…."
ပက် မျက်မှောင်ကုပ်သွားသည်။
"ဒက်ဒီ ဘာဖြစ်လို့ အရူးကြီးလို ဖြစ်သွားတာလဲဟင်"
ငါးနှစ်သား ဒီယာဒါ က မေးသည်။
ပက် က အမူအရာကိုပြင်လိုက်သည်။
"ရုပ်မြင်သံကြားထဲက လူကြီးလိုပေါ့"ဟု နေးလ်က ပြောသည်။

"ဒီကောင်မလွယ်ဘူး"ဟု ပက်က ပြောသည်။
အယ်လင် ကတော့ နေးလ်၏ဆံပင်များကို ဖွပြီး ကိုင်နေသည်။ သားသမီးတွေ မိမိအနားမှာ လုံလုံ ခြုံခြုံ ရှိနေကြသဖြင့် တော်သေးသည်ဟုတွေကာ စိတ်သက်သာရာရမိသည်။
"တီဗွီ ပိတ်လိုက်တော့ နေးလ်"
ပက် က သားအကြီးကို အမိန့်လှမ်းပေးသည်။
"ကလေးတွေ နားထောင် ညစာမစားခင် အဲလ်ဒရက်ခ်ျရဲ့ သားနဲ့သမီး ဘေးမသီရန်မခဘဲ အိမ်ကို ချောချော မောမော ပြန်ရောက်ကြပါစေလို့ ဆုတောင်းကြ"
ထမင်းစားပွဲ မှာ သူတို့မိသားစု ဆုထောင်းကြသည်။

သို့သော် အယ်လင်၏အတွေးကတော့ တစ်နေရာသို့ လွင့်နေသည်။
ပျောက်ဆုံးနေသော ကလေးများနှင့်ပတ်သက်၍ အရေးကြီးသည်ဖြစ်စေ၊ မကြီးသည်ဖြစ်စေ ရရှိ သည့် သတင်း ကို အကြောင်းကြားဖို့ ပြည်သူအမျုားအား မေတ္တာရပ်ခံနေသည်။
စာတိုက် မှ စာတစ်စောင် ရွေးပေးဖို့ နေးလ်ကို ပိုက်ဆံ တစ်ဒေါ်လာပေးပြီး အခိုင်းခံရသည်။
ထိုနေ့ကို အယ်လင် ကောင်းကောင်းမှတ်မိနေသည်။

ဗုဒ္ဓဟူးနေ့-
လွန်ခဲ့သည့် လေးပတ်တိတိက ဗုဒ္ဓဟူးနေ့။
ထိုနေ့က ကျောင်းတွင် မိဘဆရာအသင်း အစည်းအဝေးရှိနေသည်ကတစ်ကြောင်း၊ နေးလ် အိမ်ပြန် နောက်ကျသဖြင့် စိတ်ပူခဲ့ရသည် က တစ်ကြောင်း  ထို့ကြောင့် ထိုနေ့ကို သေသေ ချာချာ မှတ်မိနေခြင်း ဖြစ်သည်။
ရုတ်ရက် တစ်စုံတစ်ခုကို သူသတိရလိုက်သည်။

"နေးလ် စာတိုက်ကိုပြဖို့ အဲဒီလူကြီးက ရေးပေးတဲ့စာတိုလေး သားဆီမှာ ရှိသေးသလားဟင်၊ စာအုပ်ကြား ထဲ ကို ညှပ်လိုက်တာ မေမေတွေ့လိုက်မိတယ် ထင်တယ်"
"ရှိတယ် မေမေ ကျွန်တော်သိမ်းထားတယ်"
အဲဒီစာရွက်လေး သွားယူပေးစမ်းသား၊ သူရေးထားတဲ့ နာမည်ကြည့်ချင်လို့
အယ်လင် က သူ့သားကြီးကို ခိုင်းလိုက်သည်။

ပက်က အယ်လင်ကို အကဲခတ်ကြည့်နေသည်။ နေးလ်ထွက်သွားတော့ အခြားကလေးများ ခေါင်းပေါ် ကျော်ပြီး သူလှမ်းပြောသည်။
"မင်းလုပ်ငန်းကြီးတစ်ခု ကို လုပ်ဦးတော့မယ် ပေါ့လေ"
ထိုစကားကြောင့် အယ်လင်မှာ ရယ်ချင်သွားသည်။ ကလေးများဘက်လှည့်ပြီး၊ "ကေင်းကောင်း စားကြစမ်း မေမေ့ စိတ်ထဲမှာ တစ်မျိုး ဖြစ်သွားလို့၊ ရဲကိုအကြောင်းကြားရရင် ကောင်းမယ် ထင်ပြီး ပြောတာ၊ စားကြစားကြ" ဟု ရှက်ကိုး ရှက်ကန်း ပြောလိုက်ပါသည်။

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

Friday, July 29, 2011

အထောက်တော်လှအောင် ဘာသာပြန် ကြမ္မာ အပိုင်း (၂ဝ)

(၂၁)

နန်စီဘာကိုမှ ပြန်ပြောင်းသတိမရချင်ပါ၊ အတိတ်အကြေင်းကို ပြန်ပြောင်းသတိရခြင်းသည် နာကျင် ခြင်း ကိုသာ ဖြစ်ပေါ်စေပါသည်။
နန်စီ ကလေးဘ၀တုန်းက မီးဖိုပေါ်ရှိ စွပ်ပြုတ်အိုးကိုလှမ်းဆွဲသဖြင့် သူ့ကိုယ်ပေါ်သို့ စွပ်ပြုတ်များ မှောက်ကျကာ ရင်ဘတ်ကို အပူလောင်ဖူးသည်။ ဆေးရုံပေါ်မှာရက်သတ္တပတ်ပေါင်းများစွာ နေခဲ့ရသည်။
ထိုအနာရွတ် များသည် သူ့ရင်ဘတ်ပေါ်တွင် ယခုတိုင်ခပ်ရေးရေး ရှိနေကြသေးသည်။
ထို အနာရွတ်များ အကြောင်း ကားလ်က မေးဖူးသည်။ ပြီးတော့ အနာရွတ်များကို သာသာကလေး ပွတ်ပေး နေတတ်သည်။
"သနားစရာ ကောင်းလိုက်တဲ့ မိန်းကလေးရယ်၊ သနားစရာကောင်းလိုက်တဲ့ မိန်းကလေးရယ်"ဟု လည်း မပြတ် ရေရွတ်သည်။

နောက်ပြီးတော့ ထိုအဖြစ်အပျက်ကလေးကို ထပ်ခါတလဲလဲ ပြန်လည်ပြောပြစေသည်။
အကြိမ်ပေါင်း ဘယ်လောက်ပင်ပြောပြော ပြောပြသူနားထောင်၍ ၀တန်မတူ။
"အရမ်းကြီး နာသလားဟင်"ဟုလည်း မေးတတ်သည်။
အတိတ်အကြောင်းကို ပြန်ပြောင်းသတိရခြင်းဆိုသည်မှာ ထိုအတိုင်းဖြစ်သည်။ နာကျင်မှု၊ နာကျင်မှု တစ်ခု တည်း မေ့ပစ်လိုက်၊ မေ့ပစ်လိုက်၊ သတိရချင်ဘူး၊ ဘာကိုမှ သတိမရချင်ဘူး။
သို့သော်လည်း မေးခွန်းတွေ ဇွတ်တရွက်ကြီးမေးနေသည့် မေးခွန်းတွေ၊ ဟိုးအဝေးကြီးကနေပြီး လှမ်းမေး နေသည့် မေးခွန်းတွေ။

ကားလ်အကြောင်းကို မေးနေသည်၊ အမေ့အကြောင်းစကားကိုမေးနေသည်။ လီဇာ၊ ပီတာ နန်စီ၏ အသံ၊ နန်စီ ပြောနေသည်။ ပြန်ဖြေနေသည်။ သူ့အသံကို သူကြားရသလိုလိုဖြစ်နေသည်။
"တော်ပါတော့ရှင်၊ တော်ပါတော့၊ ကျွန်မဒီအကြောင်း တွေ မပြောချင်ပါဘူး"
"ဒါပေမယ့် မင်းပြောရမယ်၊ ပြောကိုပြောရမယ်၊ တို့ကိုမင်းကူညီမှဖြစ်မယ်"
ဇွတ်တရွတ် တိုက်တွန်းနေသည့်အသံ၊ ဘာကြောင့်လဲ၊ ဘာကြောင့်ဘဲ။
"ကားလ် ကို မင်းဘာကြောင့် ကြောက်နေတာလဲနန်စီ"
သူဖြေရမယ်တဲ့၊ ဒါပေမယ့် အမေးတွေ ရပ်လိုက်တော့မှသာ သူဖြေနိုင်ပေလိမ့်မည်။

နန်စီက သူ့အသံကို သူပြန်ကြားနေရသည်။ အဝေးကြီးက အသံ၊ ဖြေဖို့ကြိုးစားနေသောအသံ။ ပြဇာတ်ထဲမှာ ကနေသော မိမိကိုယ်ကို မိမိကပြန်ကြည့်နေသည်နှင့် တူသည်။ မြင်ကွင်းများသည် တဖြည်းဖြည်း ပုံပေါ်လာသည်။
မေမေ ညစာစားခြင်း၊ မေမေ့ကို သူနောက်ဆုံး မြင်လိုက်ရသည့်အချိန်၊ မေမေအရမ်း မျက်နှာမကောင်း ဖြစ်နေသည်။ မေမေက သူ့ကိုကြည့်နေသည်။ ပြီးတော့ ကားလ်ကိုကြည့်သည်။
"ဒီအ၀တ်အစား မင်းဘယ်ကရသလဲ နန်စီ"ဟု မေမေကမေးသည်။ နန်စီဝတ်ထားသည့် အ၀တ် အစားကို မေမေ သဘောမကျကြောင်းနန်စီအတပ်ပြောနိုင်ပါသည်။
အဖြူရောင် သိုးမွေးအင်္ကျီ။

"ကားလ်ရွေးပေးတာပါ မေမေ၊ မေမေကြိုက်ရဲ့လားဟင်"
သိပ် ကလက်ပြီး ကလေးဆန်မနေဘူးလား
တယ်လီဖုန်းဆက်ဖို့ စားပွဲမှ မေမေထသွားသည်။ ဒေါက်တာ လင်ဒန်မိုင်းလ်စ်ဆီ ဆက်တာ များလား။ နန်စီ ကတော့ ထိုအတိုင်းပဲ မျှော်လင့်သည်။ မေမေစိတ်ချမ်းသာစေချင်ပါသည်။ ပျော်ရွှင် ချမ်းမြေ့ စေချင် ပါသည်။ မေမေနှင့်အတူတူ အိမ်ပြန်လိုက်သွားရလျှင် ကောင်းမည်။
ထိုသို့လိုက်သွားရလျှင် ယခုခံစားနေသည့် မောပန်းနွမ်းနယ်နေမှုများ ပျောက်ကင်းသွားမည်။ ထို အကြောင်း ကားလ်ကိုများ ပြောပြဖူးလေသလား။
ကားလ် ကလည်း စားပွဲမှ ထသွားသည်။

"ခဏလေးပါ အချစ်ရေ"ဟု နန်စီကိုခွင့်တောင်းသွားသေးသည်။
မေမေ က ကားလ် အလျင် ပြန်ရောက်လာသည်။
"နန်စီ မနက်ဖြန်ကျရင် မင်းနဲ့မေမေ စကားပြောကြမှဖြစ်မယ်၊ တို့နှစ်ယောက်တည်း ရှိနေတုန်း ပြောကြ ရအောင် မနက်စာအတူတူစားဖို့ မေမေကား နဲ့လာခေါ်မယ်"
ကားလ်ပြန်ရောက်လာသည်။
နောက်ပြီးတော့ မေမေ၊ နန်စီပါးကိုနမ်းသည်။
"ဂွဒ်နိုက် သမီးလေး၊ မနက်ရှစ်နာရီကျတော့ သမီးနဲ့တွေ့မယ်နော်"
ငှားထားသည့် ကားပေါ်သို့ မေမေတက်ထိုင်သည်။ လက်မြှောက်ပြပြီး နှုတ်ဆက်သည်။ လမ်းမ အတိုင်း မောင်းထွက်သွားသည်။

ကားလ်က နန်စီ ကို ကားနှင့်ကျောင်းပြန်ပို့ပေးသည်။
"မင်းမေမေ က ကိုယ့်ကိုသိပ်လက်မခံနိုင်သေးတဲ့ ပုံစံမျိုးပဲ"ဟု ပြောသည်။
တယ်လီဖုန်းခေါ်သံ။
"မော်တော်ကားမှောက်လို့၊ စတီယာရင်ချွတ်ယွင်းသွားလို့"
ကားလ်….
"မင်းကို ကိုယ်စောင့်ရှောက်ပါ့မယ် မိန်းကလေးရယ်"
အသုဘ အခမ်းအနား….
လက်ထပ်မင်္ဂလာ…
သတို့သမီး ဆိုတာ အဖြူရောင်ဝတ်ရတယ်၊ အဖြူရောင်သိုးမွေးအင်္ကျီကလေးကို သူဝတ်ရမယ်၊ လက်ထပ် တယ် ဆိုတာ မြို့တော်ဝန်ရဲ့ရုံးကို သွားကြရုံကလေးပဲဥစ္စာ။
သို့သော်လည်း ထိုအဖြူရောင် သိုးမွေးအင်္ကျီကလေးကိုသူ မ၀တ်နိုင်တော့ပါ။

ပခုံးမှာ စက်ဆီတွေစွန်းနေသည်။
"ကားလ်၊ ဒီအင်္ကျီာမှာ ကျွန်မကြောင့် ဘယ်လိုလုပ်ပြီး စက်ဆီစွန်းနိုင်မှာလဲ၊ မေမေနဲ့ညစာ အတူ စားကြတုန်း က တစ်ခါပဲ ကျွန်မ၀တ်ဖူးတာ"
"ကျွတ်သွားအောင် ကိုယ်ချွတ်ပေးပါ့မယ်"
နန်စီ ၏ ပခုံးစွန်းကို သူကလက်ဖြင့် ပုတ်ပြီးပြောသည်။

"မှတ်မိနေသောလက်၊ ထိုလက်ဖြင့်ပခုံးကို ပုတ်ခြင်း။"
"မလုပ်ပါနဲ့၊ တော်ပါတော့၊ တော်ပါတော့"
အသံ….
"ဘာကိုဆိုလိုတာလဲ နန်စီ"
"ကျွန်မမသိဘူး၊ ကျွန်မမသေချာဘူး၊ ကျွန်မကြောက်တယ်"
"ကားလ် ကို ကြောက်တာလား"

"မဟုတ်ပါဘူး၊ သူဟာကျွန်မအပေါ် ကောင်းပါတယ်၊ ကျွန်မအရမ်းပင်ပန်းနေတယ်၊ အမြဲတမ်းမော နေတယ်၊ မင်းဆွေးတွေသောက်လိုက်ဦး၊ မင်းဆေးမှန်မှန်သောက်မှ ဖြစ်မှာပေါ့၊ ကလေးတွေ ပီတာနဲ့လီဇာ၊ ခဏတော့ အားလုံး အဆင်ပြေနေပါတယ်၊ ကားလ်ကလဲ ကောင်းပါတယ်၊ ကျေးဇူး ပြုပြီးတော့၊ ကားလ် ကျေးဇူးပြုပြီးတော့ တံခါးပိတ်ထားလိုက်ပါ၊ ကားလ်ကျွန်မအဲဒါမျိုး မကြိုက်ဘူး၊ ကျွန်မကိုမထိနဲ့၊ ကျွန်မ ကို အဲဒီလိုပုံမျိုးနဲ့ မထိနဲ့ ကျွန်မအနားကထွက်သွားပါ၊ ကျွန်မကို တစ်ယောက်တည်း ထားခဲ့ပါ"
"ဘာကြောင့် သူကမင်းကို တစ်ယောက်တည်း ထားခဲ့ရမှာလဲနန်စီ"
"မပြောဘူး၊ ကျွန်မဒီအကြောင်း မပြောချင်ဘူး"
"ကလေး တွေ အပေါ်မှာရော ကားလ်က ကောင်းရဲ့လား"

"ကလေးတွေ အပိုးကျိုးနေအောင် သူလုပ်ထားတယ်၊ သူတို့ကို ကားလ်ကလိမ္မာစေချင်တယ် ပီတာ နဲ့ လီဇာ ကြောက်နေအောင် သူလုပ်ထားတယ်။"
သြ…. ငါ့ရဲ့ကလေးမလေး က ကလေးလေး တစ်ယောက် မွေးလိုက်ပေါ့လေ
"ကားလ် က အဲဒီလို ပြောသလား"
"ဟုတ်ကဲ့ အဲဒီနောက်ကျွန်မကို သူမတို့ မထိတော့ပါဘူး၊ အရင်တုန်းက နည်းမျိုးနဲ့ မတို့မထိတော့ ပါဘူး ကျွန်မ အရမ်း ကို ၀မ်းသာတာပဲရှင်၊ ဒါပေမယ့် ညစာ စားပြီး တိုင်းတော့ဆေး တွေသောက်နေရတယ်၊ ကျွန်မ အရမ်း ပင်ပန်းတယ်၊ အရမ်းမောတယ်၊ တစ်ခုခုတော့ မှားနေပြီ နဲ့တူတယ်၊ ကျွန်မ ထွက်ပြေးမှ ဖြစ်တော့မယ်၊ ကလေးတွေ ကလေးတွေ၊ ကလေးတွေပါ ထွက်ပြေးမှ ဖြစ်တော့မယ်"
"ကားလ် ဆီကနေထွက်ပြေးဖို့လား"

"နေမကောင်းတာ က ကျွန်မမဟုတ်ဘူး၊ နေမကောင်းဖြစ်နေတာက ကားလ်"
"သူ ဘယ်လို နေမကောင်းဖြစ်နေတာလဲနန်စီ"
"ကျွန်မ မသိဘူး"
"နန်စီ၊ လီဇာနဲ့ ပီတာပျောက်သွားတဲ့နေ့ အကြောင်းတို့ကို ပြောပြစမ်းပါ၊ အဲဒီနေ့အကြောင်း မင်း ဘာတွေများ မှတ်မိနေသလဲ"
"ကားလ် စိတ်ဆိုးနေတယ်"
"ဘာဖြစ်လို့ စိတ်ဆိုးတာလဲ"

"ဆေး…မနေ့ညက၊ ဆေးတွေ ကျွန်မလွင့်ပစ်တာ သူမြင်သွားတယ်၊ ဆေးတွေ အများကြီး ထပ် ယူလာတယ် ကျွန်မကို အတင်းသောက်ခိုင်းတယ်၊ ကျွန်မအရမ်းမောနေတယ်၊ အရမ်းအိပ် ချင်နေတယ်၊ လီဇာ ငိုနေတယ်၊ ကားလ်၊ လီဇာနဲ့အတူ ရှိနေတယ်၊ ကျွန်မထမှ၊ အိပ်ရာကထမှ၊ လီဇာဆီကို သွားမှ ဖြစ်မယ်၊ လီဇာ တက်မတတ် ချက်မတတ် ငိုနေတယ်၊ ကားလ် က လီဇာ တင်ပါးကို ရိုက်နေတယ်၊ အိပ်ရာ ထဲမှာ လီဇာသေးပါလို့ အိပ်ရာတွေ စိုကုန်ပြီလို့ သူပြောတယ်၊ လီဇာ ကို ကားလ် နဲ့ဝေးတဲ့နေရာကို ကျွန်မ ခေါ်သွားမှ ဖြစ်တော့မယ်၊ မနက်ကျရင် ခေါ်သွားမှ ဖြစ်တော့မယ်၊ ကျွန်မမွေးနေ့၊ ကားလ်ကို ကျွန်မ ပြောမယ်"
"ကားလ်ကို ဘာပြောမှာလဲဟင်"
"သူသိတယ်၊ သူသိစပြုလာပြီ"
"ဘာကိုသိတာလဲ နန်စီ"
"ကျွန်မ ထွက်ပြေးတော့မယ်၊ ကလေးတွေကို ခေါ်ပြီး ထွက်ပြေးတော့မယ်၊ ထွက်ပြေးမှပဲ ဖြစ်တော့မယ်"

"ကားလ်ကို မင်းမချစ်ဘူးလား နန်စီ"
"ကျွန်မ ချစ်သင့်တာပေါ့၊ ပျော်ရွှင်သော မွေးနေ့ဖြစ်ပါစေ"လို့ ကားလ်က ပြောတယ်၊ လီဇာက အရမ်းငြိမ် တာပဲ၊ မွေ့နေ့ကိတ်မုန့်ကြီး လုပ်မယ်လို့ ကလေးတွေကိုကျွန်မ ကတိပေးထားတယ်၊ လီဇာရယ်၊ ပီတာရယ်၊ ကျွန်မရယ်၊ ကျွန်မတို့အပြင်သွားမယ်၊ မွေးနေ့ ဖယောင်းတိုင် တွေဝယ်ရ မယ်၊ မွေးနေ့ ကိတ် ဖုတ်ဖို့ ချောကလက်ဝယ်ရမယ်၊ အဲဒီနေ့က ရာသီဥတု အရမ်းဆိုးတယ်၊ မိုစ ရွာ နေပြီ၊ လီဇာအအေးမိပြီး ဖျား နိုင်တယ်
"အဲဒီနေ့တုန်းက ကားလ်ကျောင်းသွားသလား"

"ဟုတ်ကဲ့၊ သွားတယ်၊ သူဖုန်းပြန်ဆက်တယ်၊ ကျွန်မတို့ ဈေးဝယ်သွားမယ့်အကြောင်း ကျွန်မက ပြောပြ လိုက်တယ်၊ ဈေးဝယ်ပြီးရင်ဆရာဝန်ဆီ ၀င်ပြီး လီဇာကိုပြကြည့်ဦးမယ် လို့လဲ ပြောလိုက် တယ်၊ ကျွမအရမ်း စိတ်ပူနေတယ်၊ ရုပ်မြင်သံကြားက ကလေးများကဏ္ဍအပြီး ဆယ့်တစ်နာရီ ထိုးရင် ဈေးသွားမယ့် အကြောင်း ကျွန်မက ပြောပြတယ်"
"လီဇာ အတွက် မင်းအရမ်းစိတ်ပူနေကြောင်း ပြောပြတော့ ကားလ်က ဘာပြန်ပြောသလဲ"

"သူကပြောတယ်၊ ဒီနေ့ ရာသီဥတုဆိုးတယ်တဲ့၊ လီဇာအတွက် အအေးမိသွားလိမ့်မယ်တဲ့၊ ဒါကြောင့် လီဇာကို အပြင်ခေါ်မသွားစေချင်ဘူးတဲ့ ကျွန်မက ပြန်ပြောတယ်၊ ဈေးဝယ်နေတုန်းက ကလေးတွေကို ကားထဲမှာ ထားခဲ့မှာပါလို့၊ မွေးနေ့ကိတ်မုန့်ဖုတ်တာကို သူတို့ဝိုင်းကူချင် နေကြတယ်။

သူတို့အရမ်းလဲ စိတ်ထက်သန်နေကြတယ်၊ ကျွန်မရဲ့ မွေးနေ့အတွက် သူတို့ ပျော်နေကြတယ်၊ သူတို့ ဘယ်တုန်းကမှ မပျော်ဖူးဘူး၊ အမှန်တော့ ကားကို ဒါလောက် စည်းကမ်း တင်းကျပ်ခွင့် မပေးသင့်ဘူး၊ ကျွန်မမှားတယ်၊ ကျွန်မအမှားတွေပါ၊ ဆရာဝန်နဲ့ ကျွန်မစကားပြောရ မယ်၊ ဆွေးနွေးရမယ်၊ ဆရာဝန်ကိုမေးရမယ်၊ လီဇာ အကြောင်းမေးရမယ်၊ ဆွေးနွေးရမယ်၊ ကျွန်မ အကြောင်းမေးရမယ်၊ ဘာဖြစ်လို့ အမြဲတမ်း ကျွန်မ မောပန်းနွမ်းနယ် နေတာလဲ ဆိုတာ ဆရာဝန်ကို မေးရမယ်၊ ဘာကြောင့် ကျွန်မဆေးတွေ အများကြီး သောက်နေရတာလဲဆိုတာ မေးရမယ်၊ ရော့်က ကလေးတွေရယ်အောင် လုပ်နိုင်တယ်၊ ကလေးတွေ ပျော်အောင် လုပ်နိုင်တယ်၊ သူ့အနားမှာ ရှိနေရင် ကလေးတွေ ဟာ လုံးဝပြောင်းလဲသွားတော့တယ်၊ ကလေး ဆိုတာ ရယ်ရယ်မောမော နေရမယ်-"

"ရော့နဲ့မင်း မေတ္တာမျှခဲ့သလား နန်စီ"
လင်ဒန်က အလိုက်သင့်မေးသည်။
"မမျှခဲ့ပါဘူးရှင်၊ ကျွန်မဟာလှောင်အိမ်ထဲမှာ ပိတ်အလှောင်ခံနေရတာပါ၊ အဲဒီလှောင်အိမ်ထဲက လွတ်အောင်ထွက်ကို ထွက်ရမယ်၊ တစ်ယောက်ယောက်နဲ့ စကားပြောချင်တယ်၊ အဲဒီအချိန်မျိုး မှာရော့နဲ့တွေ့တယ်၊ သူကလဲ ကျွန်မလို သဘောမျိုးရှိပါတယ်၊ အဲဒီလိုလဲမဟုတ်သေးပါဘူး ဒီလိုလဲ မဟုတ်သေးပါဘူး"
နန်စီ၏အသံမှာ တဖြည်းဖြည်း မြင့်တက်လာလေသည်။

လင်ဒန်၏ လေသံက ချော့မော့သည့လေသံသို့ ပြောင်းလဲသွားသည်။
"ဒီလိုနဲ့ ဆယ်တစ်နာရီထိုးတော့ ကလေးတွေကို ဈေးဆိုင်ကို မင်းခေါ်သွားတယ်ပေါ့"
"ဟုတ်ပါတယ်၊ အဲဒီနေ့က မိုးရွာနေပါတယ်၊ ကားထဲမှာ နေဖို့ ကလေးတွေကို ကျွန်မပြောပါတယ် ကျွန်မပြောတဲ့အတိုင်း နေပါ့မယ်လို့ ကလေးတွေက ပြောပါတယ်၊ အရမ်းကိုလိမ္မာတဲ့ ကလေးတွေ ပါ၊ သူတို့ကိုမော်တော်ကား နောက်ထိုင်ခုံမှာ ထိုင်ခိုင်းထားခဲ့ပါတယ်၊ သူတို့ ကို ကျွန်မလုံးဝ ပြန်မတွေ့ရတော့ဘူး၊ လုံးဝပြန်မတွေ့ရတော့ပါဘူး"
"နန်စီ-ကားရပ်တဲ့ နေရာမှာ တစ်ခြားကားတွေ အများကြီး ရှိနေသလား"

"မရှိပါဘူး၊ ဆိုင်ထဲမှာလဲ ကျွန်မသိတဲ့ လူတစ်ယောက်မှ မရှိပါဘူး၊ လေအရမ်းတိုက်နေတယ်၊ အရမ်းအေးနေတယ်၊ လူတွေအများကြီး မရှိပါဘူး"
"ဆိုင်ထဲမှာ မင်းဘယ်လောက်ကြာသလဲ"
"မကြာပါဘူး၊ ဆယ်မိနစ်လောက်ပဲ ကြာပါတယ်၊ မွေးနေ့ဖယောင်းတိုင် ရှာလို့မရဘူး၊ ဆယ်မိနစ်၊ ကားရှိရာကို ကမန်းကတန်း ပြန်ပြေးလာခဲ့တယ်၊ ကလေးတွေမရှိတော့ဘူး"
သူအသံမှာ မယုံကြည်နိုင်လောက်အောင် အသံမျိုး ဖြစ်နေသည်။

"မင်းဘာလုပ်သလဲ နန်စီ"
"ဘာလုပ်ရမယ်ဆိုတာ ကျွန်မသိပါဘူး၊ ကျွန်မအတွက်လက်ဆောင်ပစ္စည်းတစ်ခုခု သူတို့ သွားတယ်နေကြတာလဲ ဖြစ်နိုင်ပါတယ်၊ ပီတာ့လက်ထဲမှာ ပိုက်ဆံရှိပါတယ်၊ တခြားအကြောင်း နဲ့တော့ တစ်နေရာရာကို သူတို့ ဘယ်နည်းနဲ့မှ သွားမှာမဟုတ်ပါဘူး၊ သူတို့ အရမ်းလိမ္မာတဲ့ ကလေးတွေဖြစ်ပါတယ်၊ ဒါကြောင့်လက်ဆောင်ပစ္စည်းဝယ်ဖို့ အကြောင်းနဲ့သာ ကားထဲက ထွက် သွားတာဖြစ်ရမယ်၊ တစ်ခြားဆိုင်ထဲမှာ ရှိနေနိုင်ပါတယ်၊ မုန့်ဆိုင်၊ လက်ဆောင်ပစ္စည်းဆိုင်၊ အနီး တစ်ဝိုက်မှာ ရှိရှိသမျှ ဆိုင်အားလုံးကို ကျွန်မ လိုက်ရှာတယ်၊ ကားထဲကို ပြန်ကြည့်တယ်၊ လိုက်ရှာ တယ်၊ ကျွန်မကလေးတွေကို လိုက်ရှာတယ်"

"ကလေးတွေများ မြင်မိသလားလို့ တစ်ယောက်ယောက်ကို မင်းမေးကြည့်သေးသလား"
"မမေးပါဘူး၊ ကားလ်မသိမှ ဖြစ်မှာ၊ သူ့စိတ်ဆိုးလိမ့်မယ်၊ သူရိုက်တာ ကလေးတွေ မခံရစေချင် ဘူး"
"ဒီလိုဆိုတော့  အဲဒီအနီး တစ်ဝိုက်က ဆိုင်တွေ အားလု့းမှာမင်းလိုက်ရှာတာပေါ့"

"ကျွန်မဆီကို သူတို့ပြန်လာကြတာလဲ ဖြစ်နိုင်တယ်၊ မျက်စိလည်သွားတာလဲ ဖြစ်နိုင်တယ်၊ ကားရပ်ထားတဲ့ နေရာ မှာ လာကြည့်တာလဲဖြစ်နိုင်တယ်၊ ကားရပ်ထားတာ မတွေ့တော့တာလဲ ဖြစ်နိုင်တယ်၊ ကျွန်မ သူတို့ကို စပြီးအော်ခေါ်တော့တယ်၊ အရမ်းကြောက်နေတယ်၊ ရဲနဲ့ ကျွန်မ ယောက်ျားကို အကြောင်းကြား ပေမယ်လို့ တစ်ယောက်ယောက်က ကျွန်မကို ပြောလာတယ်၊ ကျွန်မကပြန်ပြောလိုက်တယ်၊ ကျွန်မ ယောကျာ်ား ကို မပြောကြပါနဲ့ရှင်လို့ ရုံးတော်မှာ အမှုစစ်တော့ အဲဒီအကြောင်း မိန်မတစ်ယောက်က ထွက်ဆို သွားပါသေးတယ်၊ ကျွန်မကတော့ ကားလ် စိတ်မဆိုး စေချင်တာပါပဲ။
"အမှုစစ်တုန်း က ဒီအကြောင်းတွေ ဘာဖြစ်လို့ မင်းထုတ်မပြောခဲ့တာလဲ"
"မပြောရဘူး တဲ့၊ ကျွန်မရှေ့နေကပြောတယ်၊ ကားလ်စိတ်ဆိုးနေတယ်ဆိုတာ မပြောရဘူးတဲ့၊ ကားလ်နဲ့ ကျွန်မ ဖုန်း စကားပြောရင်း စကားများတာကို မပြောရဘူးတဲ့၊ လီဇာအိပ်ရာမှ ရှူးရှူး မပေါက်ပါဘူး၊ အိပ်ရာခြောက် နေပါတယ်"

"မင်းဘာကို ဆိုလိုတာလဲ"
"မွေ့ရာရာ အိပ်ရာခင်းပါခြောက်နေပါတယ်၊ ကားလ်ကဘာဖြစ်လို့ လီဇာကိုရိုက်ရတာလဲ၊ ဘာဖြစ်လို့လဲ၊ ကိစ္စမရှိ ပါဘူးလေ၊ ကိစ္စမရှိတော့ပါဘူး၊ ထားလိုက်ပါတော့၊ ကလေးတွေ မရှိတော့ ဘူး၊ သေကုန်ပြီ၊ မိုက်ကယ် လဲ မရှိတော့ဘူး၊ မစ်စီလဲမရှိတော့ဘူး၊ ပျောက်ကုန်ပြီ ရှာပေး ကြပါ၊ ကျွန်မသားနဲ့ သမီးလေးကို တွေ့အောင် ရှာပေးကြပါ"
"ဒီနေ့မနက် မိုက်ကယ်နဲ့ မစ်စီကို လိုက်ရှာတဲ့ အကြောင်းကျုပ်တို့ကို ပြန်ပြောပြပါဦး"
"ရေကန်မှာ ကျွန်မသွားရှာရမယ် သူတို့ ရေကန်ကြီးဆီကို သွားတာဖြစ်နိုင်တယ်၊ ရေကန်ထဲဆင်း ရင်း ရေနစ် ကုန်တာ ဖြစ်နိုင်တယ်၊ မြန်မြန်လုပ်ပါ၊ မြန်မြန်လုပ်ပါ၊ ရေကန်ထဲမှာ တစ်ခုခုရှိနေတယ်၊ ရေအောက်ထဲ မှာ တစ်ခုခုရှိနေတယ်"
"ရေအောက်ထဲမှာ ဘာရှိနေသလဲ နန်စီ"

"အနီရောင်၊ အနီရောင်ပစ္စည်းတစ်ခု၊ မစ်စီရဲ့လက်အိတ်အနီကလေး ဖြစ်နိုင်တယ်၊ လက်အိတ် ကလေးကို ရအောင် ယူမှ၊ ရေကအရမ်းအေးနေတယ်၊ လက်အိတ်ကလေးကို မမီနိုငဘူး၊ မဟုတ်ဘူး လက်အိတ် မဟုတ်ဘူး၊ ချမ်းတယ်၊ အရမ်းချမ်းတယ်0
"မင်းဘာလုပ် သလဲ"
"ကလေး တွေ အဲဒီမှာမရှိဘူး၊ ပြန်တက်၊ ရေထဲကပြန်တက်၊ အရမ်းချမ်းတယ်၊ သောင်ပြင်ပေါ်မှာ သောင်ပြင် ပေါ်မှာ ကျွန်မလဲသွားတယ်၊ အဲဒီနေရာမှ သူရှိနေတယ်၊ သစ်တောထဲမှာ ကျွန်မကို ကြည့် နေတယ်၊ သူကို ကျွန်မတွေ့ရတယ်၊ ကျွန်မကို သူလှမ်းကြည့်နေတယ်"
ဂျက်ကော်ဖင် က ထိုင်ရာမှ ဆက်ခနဲထသည်။

ရေး၏ကိုယ်လုံးကလည်း ဖြုန်းခနဲ ရှေ့သို့ ကိုင်းကျလာသည်။
သို့သော်လင်ဒန်က သူတို့နှစ်ယောက်ကို လက်ပြပြီး သတိပေးလိုက်သောကြောင့် နှစ်ယောက် စလုံး ပြန်ငြိမ် သွားသည်။
"ဘယ်သူလဲနန်စီ၊ အဲဒီနေရာမှာ ဘယ်သူရှိနေတယ်ဆိုတာ တို့ကိုပြောပြစမ်း"
"ယောက်ျားတစ်ယောက်၊ သူ့ကိုကျွန်မသိတယ်၊ သူဟာ၊ သူဟာ ရော့လဂ္ဂလာ၊ အဲဒီနေရာမှ ရော့လဂ္ဂလာ ရောက်နေတယ်၊ သူပုန်းနေတယ်၊ ကျွန်မကိုလှမ်းကြည့်နေတယ်"
သူ အသံမြင့်လာသည်။ ပြီးတော့ပြန်နိမ့်ကျသွားသည်။ မျက်တောင်များ ခတ်နေသည်။ ပြီးတော့ ဖြည်းဖြည်းချင်း မျက်လုံးမှိတ်သွားသည်။
ရေး၏မျက်နှာပေါ်တွင် သွေးရောင်ပျောက်နေသည်။
ဒေါ်ရောသီက ခပ်မြန်မြန်အသက်ရှူသည်။

သည်အတိုင်းဆိုလျှင်တော့ ကလေးပျောက်ဆုံးမှုကြီးနှစ်ခုမှာ ဆက်သွယ်မှု ရှိနေချေပြီ။
"အိမ်မွေ့ချဆေး ပြယ်တော့မယ်၊ ခဏလေးနေရင် သတိပြန်ရလာလိမ့်မယ်"
လင်ဒန်က ထိုင်ရာမှထသည်။ အကြာကြီးထိုင်နေရသဖြင့် ခြေထောက်ကျင်နေသောကြောင့် သူ့မျက်နှာ ရှုံ့မဲ့ နေသည်။
"ဒေါက်တာ၊ ခင်ဗျားနဲ့ ဂျိုနသန်ကို အပြင်ဘက်မှာ ကျွန်တော် စကားပြောလို့ရမလား"
"ဂျက်က မည်သို့မှ မခံစားရသော လေသံမျိုးဖြင့် လှမ်းမေးသည်။"

နန်စီနဲ့အတူတူနေလိုက်ဦးရေး၊ ခဏနေရင် သူနိုးလာလိမ့်မယ်
လင်ဒန်က ရေးကိုလှည့်ပြောသည်။
ထမင်းစားခန်းထဲရောက်တော့ ဂျက်က ဂျိုနသန်နှင့်လင်ဒန်တို့နှင့် မျက်နှာချင်းဆိုင်လိုက်သည်။
"ဒေါက်တာ နောက်ထပ်ဘယ်လောက် ကြာကြာအိပ်မွေ့ချားထားလို့ ရနိုင်ဦးမလဲ"
ဂျက်က မေးသည်။ သို့သော် သူ့စိတ်ထဲတွင် ဘာရှိနေကြာင်း အပြောရခက်ပါသည်။
နန်စီ ကို ဒီထက်ပိုပြီး ကျုပ်တို့ မေးလို့ မကောင်းတော့ဘူး
အချိန်တွေ ဒါလောက်ဖြုန်းတီးပစ်ရတာ ဘာများအကျိုးထူးသလဲဗျာ၊ နန်စီဟာ သူ့ယောက်ျားကို အရမ်းကြောက် ရတယ်ဆိုတာရယ်၊ သူ့ယောက်ျားကို မချစ်ဘူး ဆိုတာရယ်၊ ရော့လဂ္ဂလာကို ဒီနေ့ မနက် ရေကန် နားမှာ တွေ့လိုက်ရတယ် ဆိုတာရယ်ပဲ ကျွန်တော်တို့ သိရတာမဟုတ်လား။

လင်ဒန်က ဂျက်ကိုစိုက်ကြည့်နေသည်။
"ဘုရားသခင်၊ ဒီမိန်းကလေး ဘာတွေပြောသွားတယ်ဆိုတာ ခင်ဗျားမကြားလိုက်ဘူးလား၊ သူ ဘာပြောချင် နေတယ်ဆိုတာ ခင်ဗျားသဘော မပေါက်ဘူးလား၊ ခင်ဗျားဘာတွေ နားထောင် နေတယ်ဆိုတာကိုတောင် မသိတော့ ဘူးလား"
"အဲလ်ဒရက်ခ်ျ့ရဲ့ ကလေးတွေကို တွေ့အောင် ပြန်ရှာဖို့ ကျွန်တော့်ကို ဘာအထောက်အကူမှ မဲပြုတဲ့ အကြောင်း တွေပဲ ကျွန်တော် ကြားလိုက်ရတယ်ဗျာ သူ့အမေသေရတာ သူ့ကြောင့်ဆိုပြီး နန်စီအဲဒရက်ခ်ျ က သူ့ကိုယ်သူအပြစ်တင်နေတာပဲ ကြားလိုက်ရတယ်ဗျာ၊ ကျောင်းအိပ်ကျောင်း စားနေနေတဲ့ သားသမီး ဆီကို မိဘကသွားလည်တယ် ဆိုတာ ထုံးစံပဲ ဘာထူးဆန်းလို့လဲ၊ သူ့ရဲ့ပတထမယောကျားနဲ့ ပတ်သက် လို့ကတော့ သူဟာပယောဂပူးသလိုလို သွေးရူး သွေးတမ်းဖြစ်နေတယ်၊ သူထွက်ပြေးချင်တာနဲ့ ပတ်သက် လို့လဲသူ့ ယောကျာ်းကို အပြစ်ဖို့ဖို့ ကြိုးစားနေတယ်၊ ကျွန်တော်တော့ ဒါလောက်ပဲ နားလည်တယ်"

"ကားလ်ဟာမွန်နဲ့ ပတ်သတ်ပြီး ခင်ဗျားဘယ်လို ထင်မြင်ယူဆသလဲ"
လင်ဒန် က တည်ငြိမ်သောလေသံဖြင့် တိုးတိုးမေးသည်။
"မိန်းမငယ် ယူထားပြီး အမြဲတမ်း စိတ်မချနိုင်အောင် ဖြစ်နေတတ်တဲ့လူမျိုး၊ အမြဲတမ်း အနိုင်ကျင့် ချင်နေတဲ့ လူမျိုး ပေါ့ဗျာ၊ လောကကြီးမှာ သူလိုယောက်ျားတွေ အများကြီးပါပဲ၊ အလားတူ ဥပမာ တွေ မရေမတွက်နိုင်အောင် ခင်ဗျားကို ကျွန်တော် ပြောပြနိုင်ပါတယ်၊ တချို့ယောက်ျားက ဈေးဖိုး ကလွဲပြီး မိန်းမလက် ကို ပိုက်ဆံမအပ်ဘူး၊ တချို့ယောက်ျားကမိသာစုကားကိုမိန်မ မမောင်ရဘူး၊ တချို့ယောက်ျားက မိန်းမကို သူလိုက်မပို့ ညဘက်အပြင်ထွက်ခွင့်မပေးဘူး၊ အဲလိုယောက်ျား အမျိုးမျိုး ရှိတာပဲ၊ ကားလ်ဟာမွန်လဲ အဲဒီအမျိုးမစားထဲကမိန်းမငယ်ငယ်လေးကို စိတ်မချနိုင်တဲ့ ယောက်ျား တစ်ယောက် ပေါ့၊ ဒီလိုလူမျိုးတွေကြောင့် အမျိုးသမီးလွတ်မြောက်ရေး အသင်းတွေ ပေါ်လာရတာ"

"ရဲဝင်ကြီး ပီဒိုဖီးလီးယား ဆိုတဲ့ ရောဂါအကြောင်းခင်ဗျားသိသလား"
လင်ဒန် က ခပ်အေးအေး မေးပြန်သည်
ဂျိုနသန် က ခေါင်းညိတ်နေသည်။
"ကျွန်တော်ကလဲ အဲဒီအကြောင်းကိုပဲ စဉ်းစားနေတာ"ဟုဝင်ပြောသည်။
လင်ဒန် က ဂျက်ကော်ဖင်အဖြေမပေးမီ ဆက်ပြောသည်။
"လူပြိန်း နားလည်အောင် ပြောရမယ်ဆိုရင်တော့ လိင်ကိစ္စနဲ့ ပတ်သတ်လာရင် ပုံမှန်စိတ် အနေအ ထား မရှိဘဲ ဖောက်ပြန်နေတဲ့ ရောဂါတစ်မျိုးကိုခေါ်တာ"
"ဒီအမှုမှာ အဲဒီရောဂါနဲ့ ဘယ်လိုပတ်သက်သလဲ"
ဂျက်က ဇဝေဇ၀ါအမှုအရာ ဖြင့်မေးသည်။

"အခုအမှုမှာတော့ မဆိုင်ပါဘူး၊ နန်စီလက်ထပ်တုန်းက ဆယ့်ရှစ်နှစ်တောင် မပြည့်တတ် သေးဘူး၊ နောက်ပြီးတော့ သူ့ရုပ်ကလည်း ပီတိကလေးရုပ်ကလေး ဒီမှာဂျက် ကားလ်ဟာမွန်ရဲ့ နောက်ပိုင်း အဖြစ် အပျက် တွေကို ပြန်ရှာပြီး စစ်ဆေးကြည့်ပေးနိုင်မလား"
ဂျက်ကော်ဖင် က မယုံကြည်နိုင်သလို ပြန်ကြည့်သည်။ သူပြန်ဖြေသောအခါ ဒေါသကို အနိုင်နိုင်ချုပ် တီး ထားရ ကြောင်း သူ့အသံထဲမှာ အထင်အရှား ပေါ်လွင်နေလေသည်။
အပြင်မှာ မိုးသီးတွေ တဖွဲဖွဲကြွေနေသည်။ ပြတင်းပေါက်မှန်များကို မိုးသီးများလာထိသည့် အသံကို လည်း အတိုင်းသား ကြားနေရသည်။
ဂျက်က တုန်ယင်သောလက်ဖြင့် ထိုမြင်ကွင်းကို လက်ညှိုးထိုးပြသည်။

"ဒေါက်တာ အပြင်မှာ ရာသီဥတု ဘယ်လောက်ဆိုးနေတယ်ဆိုတာကို မြင်ရဲ့လား၊ ရာသီဥတု ဆိုးရွားနေတဲ့ အသံကိုရောကြားရဲ့လား၊ အဲဒီလောက်ဆိုးရွာတဲ့ ရာသီဥတုထဲမှာ ကလေးနှစ် ယောက်ရဲ့ ကံကြမ္မာဘယ်လို ဖြစ်နေတယ် ဆိုတာ ဘယသူမှမသိနိုင်ဘူး၊ သူတို့ ဘယ်ရောက်နေ တယ်ဆိုတာကိုလဲ ဘယ်သူမှ မသိနိုင်ဘူး သူတို့အသက်ရှင်လျက် ရှိသေးသလား သေကုန်ပြီလား ဆိုတာလဲ ဘုရားသခင်ကလွဲလို့ ဘယ်သူ မှ မသိနိုင်ဘူး"
"ဒါကြောင့် ကျွန်တော့်တာဝန်ဟာ သူတို့ကို အခုတွေ့အောင် ရှာဖို့ပဲ ရှာဖို့အခြေခံ အကြောင်း တွေထဲမှာ မျှော်လင့်ချက် ကလေးတစ်ခုပဲ ကျွန်တော်တို့ ရသေးတယ်၊ အဲဒါကတော့ ရော့လဂ္ဂလာ ကို တွေ့လိုက်ရတယ်လို့ နန်စီနဲ့ဓာတ်ဆီဆိုင် အလုပ်သမားတို့ရဲ့ ပြောဆိုချက်ပဲ၊ ရော့လဂ္ဂဟာ ဒီနားတစ်ဝိုက် ကို ရောက်လာတယ်ဆိုတဲ့အချက်ပဲ သဲလွန်စရသေးတယ်ဒီသဲလွန်စကလေးကို ကိုင်ပြီး တစ်ခုခုကိုတော့ ကျွန်တော် လုပ်ရတော့မယ်"
ဂျက်၏ လေသံထဲမှာ နားကြည်းသံများ ရောစွက်ပါလာပြန်သည်။

အဲဒီလောက် အရေးကြီးနေတဲ့အချိန်မျိုးမှာ ဇာတ်လမ်းတွေ ကဘောက်တိ ကဘောက်ချာ ဖြစ်ကုန် အောင် နှစ်ပေါင်း များစွာက သေသွားတဲ့လူအကြောင်း ပြန်စုံစမ်းခိုင်နေရတယ်လို့ဗျာ
တယ်လီဖုန်း ခေါင်းလောင်းသံ ထမြည်သည်။
သူတို့ပြောသမျှကို အခန်းထောင့်မှာ ရပ်ပြီး နားထောင်နေသော ရဲသားဘာနီက ဖုန်းကိုင်ရန် ပြေး သည်။ ဒါလောက်အရေးကြီးနေသည့် အချိန်တွင် ကလေးများရှာဖွေတွေ့ရှိရေးကို ဦးစားပေး မစဉ်း စားဘဲ နန်စီ၏ပထမယောက်ျား အကြောင်း စုံစမ်းခိုင်းသည့် အချက်ကိုတော့ သူလည်း သဘောမ တူနိုင်ပါ။
ဖုန်းကို ကောက်ကိုင်ပြီး နားထောင်သည်။ ရဲစခန်မှ လှမ်းဆက်ခြင်းဖြစ်သည်။

"ဆရာကြီးကို ပေးစမ်း"
တယ်လီဖုန်းနားထောင်နေသည့် ဂျက်ကို ဂျိုနသန်နှင့် လင်ဒန်တို့ စောင့်ကြည့်အကဲခတ်နေကြ သည်။
ဂျက်က တစ်ဘက်မှ ပြောသမျှကိုနားထောင်နေသည်။ ပြီးတော့ မေးခွန်းတိုများကို ခပ်မြန်မြန် မေးသည်။
"ဘယ်လောက်ကြာပြီလဲ၊ ဘယ်မှာလဲ"
သူတို့အချင်းချင်း တစ်ယောက်ကို တစ်ယောက်တိတ်ဆိတ်စွာ ကြည့်ကြသည်။
ကလေးများအကြောင်း မကောင်းသတင်း မဖြစ်ပါစေနှင့်ဟု လင်ဒန်က ကျိတ်ပြီး ဆုတောင်းနေ သည်။
ဂျက်က ဖုန်းကို ဆတ်ခနဲပြန်ချပြီး သူတို့ဘက်သို့ လှည့်ကြည့်သည်။

"ဒီနေ့မနက် ဆယ်နာရီခွဲတုန်းက ဒီမြို့မှာ ရှိတဲ့ အေဒမ်ပို့တည်းခိုခန်းမှာ ရော့လဂ္ဂလာ ၀င်တည်း တယ် သူခိုးပြီး မောင်သွားတယ် လို့ယူဆရတဲ့ မော်တော်ကားက အမှတ်-၆(က)လမ်း မကြီးပေးမှာ မှောက်ပြီး ပျက်စီးသွားတယ်၊ ဒါပေမယ့် လူကတော့လွတ်သွားတယ်၊ ကုန်းတွင်းပိုင်းကို ဦးတည်သွားနေတယ်လို့ ယူဆရတယ်၊ ပိတ်ဆို့ပြီးသူ့ကို ပိုက်စိပ်တိုက်ရှာရတော့မယ်၊ အဲဒီအ တွက်လိုအပ်တာတွေ ကျွန်တော် သွားညွှန်ကြားရမယ်၊ ရဲသားဘာနီကို ဒီမှာတာဝန်ချတားခဲ့မယ်၊ ရော့လဂ္ဂဆိုတဲ့ ငတိကို ကျွန်တော်တို့ မိတော့မှာပါပဲ၊ အဲဒီအခါကျရင် ကလေးတွေရဲ့ ကံကြမ္မာ ဘယ်လိုရှိတယ်ဆိုတာ ပြောနိုငတော့မှာပါ"
ဂျက်ထွက်သွားသည်။ တံခါးပိတ်သွားသောအခါ ဂျိုနသန်က လင်ဒန်ကို ကြည့်သည်။

"အခုချိန်အထိ သိထားရသမျှတွေနဲ့ ပတ်သက်လို့ ခင်ဗျား ဘယ်လိုသဘောရသလဲ"ဟုမေး သည်။
လင်ဒန်က ရုတ်တရတ်မဖြေဘဲ အကြာကြီး စဉ်းစားနေသည်။
ဒီအမှုထဲမှာ ငါလဲတော်တော်ကြီးကို ပတ်သတ်နေပါပေါ့လား။ ပရစ်စီလာက ကားလ်ဟာမွန်နဲ့ သူ့သမီးနန်စီနဲ့အတူတူ ညာစာစားနေရာက ထလာပြီး ငါ့ကိုဖုန်းလှမ်းဆက်တယ်၊ သူစားပွဲက ထသွား ပြီးတော့ ကားလ်ဟာမွန်လဲ စားပွဲကထသွားပြန်တယ်။ သူဘယ်ကိုသွားတာလဲ။ တယ်လီင်္ ဖုန်းနဲ့ ပရစ်စီလာ ငါ့ကိုပြောတာတွေ သူကြားသွားသလား။
သူ့အင်္ကျီမှာ စက်ဆီတွေပေကုန်တယ်လို့ နန်စီက ပြောတယ်၊ စက်ဆီတွေပေနေတဲ့လက်နဲ့ ကားလ်က သူ့ပခုံးကို ကိုင်လိုက်တဲ့အတွက် ဒီလိုဖြစ်ရတယ်လို့ နန်စီယုံကြည်နေသလား။ အဲဒီလို သဘောမျိုး ပြောတာလား။

ပရစ်စီရဲ့မော်တော်ကား တစ်ခုခုချွတ်ယွင်းသွားအောင် ကားလ်ဟာမွန် တစ်ခုခုသွားလိုပ်ထားလိုက် ကြောင်း သူယုံကြည်တယ်လို့ပြောဖို့ ကြိုးစားနေတာလား။
စဉ်းစားရင်း လင်ဒန်အဖို့ ဇာတ်လမ်းက ရုပ်လုံးပေါ်တန်သလောက် ပေါ်လာလေသည်။
သို့သော်လည်း ရုပ်လုံးပေါ်လာလို့ ဘာအကျိုးရှိမည်နည်း။
ကားလ်ဟာမွန်သည် ယခုအခါ အရိုးဆွေးနေပြီမဟုတ်လား။
ဂျိုနသန်က လှမ်းပြောသည်။

"ခင်ဗျားနဲ့ကျွန်တော် အတွေချင်းတူနေပြီထင်တယ်၊ ကျွန်တော်က ကားလ်ဟာမွန် အကြောင်း စဉ်းစား နေတာ၊ ဒါပေမယ့် သူတို့ရဲ့ကလေးနှစ်ယောက်ပျောက်ဆုံးပြီး အသတ်ခံရတဲ့အကြောင်း ဟာ အခု အမှု မှာတော့ ဘယ်လိုမှလာပြီး အထောက်အကူပြုနိုင်မယ် မထင်ဘူး၊ ခင်းဗျားလဲကားဟာ မွန်အကြောင်း စဉ်းစားနေတယ် ထင်တယ်"
"ဟုတ်ပါတယ်"
လင်ဒန်ကလည်း ၀န်ခံသည်။
"သူသေသွားတဲ့နောက်ပိုင်းမှာ ရော့လဂ္ဂလာအကြေင်းကို ကျွန်တော်တို့ စဉ်းစားကြတယ် လဂ္ဂလာ ကို အပူပေးတဲ့ စက်ပြင်ဖို့ အိမ်ကိုလွှတ်လိုက်တယ်၊ နန်စီသေဒဏ်ခံရအောင် သက်သေခံနိုငတဲ့ တစ်ယောက် တည်းသော သက်သေပဲ၊ အိပ်မွေ့ချခံရပြီး ဒီနေ့မနက်အကြောင်း နန်စီပြောပြတာ တွေဟာ ဘယ်လောက်အထိ မှန်ကန်တိကျနိုင်သလဲ"
လင်ဒန်က ခေါင်းယမ်းသည်။

"ကျွန်တော်လဲအသေအချာ မပြောနိုင်ဘူး၊ အမိုက်ဘယ်လ်ဆေးထိုးခံရလဲ တချိုကလူနာတွေဟာ အမှန် တွေကိုချည်း တိတိကျကျ ပြန်ပြောပြတတ်တယ် တချို့ကျတော့လဲ ဆေးဒဏ်ကို ခံနိုင်တယ်၊ ဒါပေမယ့် မောရှော့ ရေကန်ကြီးဘေးမှာ ရော့လဂ္ဂလာကို သူတွေ့လိုက်တယ်ဆိုတဲ့အချက်ကိုတော့ ကျွန်တော် ယုံကြည် တယ်ဗျာ"
"နောက်ပြီးတော့ ဒီနေ့မနက် ဆယ်နာရီခွဲမှာ တည်းခိုခန်းတစ်ခုကိုသွားပြီး သူတစ်ယောက်တည်း တည်း တယ်"
ဂျိုနသန် က စဉ်းစားရင်ပြောသည်။
လင်ဒန် က ခေါင်းညိတ်ထောက်ခံသည်။
သူတို့နှစ်ယောက်သည် ဘာမှထပ်မပြေကြတော့ပဲ ပြတင်းပေါက်ကိုကျော်ပြီး မောရော့ရေကန်ကြီး ရှိရာဘက် သို့ ပြိုင်တူ လှမ်းမျှော်ငေးကြည့်နေလေသည်။

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

Thursday, July 28, 2011

အထောက်တော်လှအောင် ဘာသာပြန် ကြမ္မာ အပိုင်း (၁၉)

(၂ဝ)

ဒေါ်ရော်သီကို ချထားပေးပြီးသောအခါ နယူးယောက်မြို့သို့ တိုက်ရိုက်ကားမောင်ပြန်ဖို့ ဂျွန်ကရက် ဂိုပေါလော  စိတ်ကူးထားခဲ့သည်။
သို့သော်လည်း သူခေါင်းအနည်းငယ်ကိုက်နေသည်။
ငါးနာရီ မျှ မောင်းရမည့် ခရီးကိုမနားဘဲ တောက်လျှောက်မမောင်းချင်။
နောက်ပြီးတော့ နန်စီအဲလ်ဒရက်ခ်ျ၏ ကလေးများအကြောင်း ကလည်း စိတ်မကောင်းစရာ ဖြစ်ရာ သူ စိတ်ထိခိုက် နေသည်။
ဒေါ်ရောသီ က ပျောက်ဆုံးသွားသည့် ကလေးများ၏ ဓာတ်ပုံကို ပိုက်ဆံအိတ်ထဲမှ ထုတ်ပြသေး သည်။
အလွန် ချစ်စရာကောင်းသည့် ကလေးများဖြစ်သည်။

ဘယ်လို လူမျိုးကများ ကလေးများကို ဒုက္ခ ပေးချင်ရသနည်း။
သူ့စိတ်ထဲ မှာ ရှုပ်ထွေးလာသည်။
သူ့မှာလည်း အရွယ်ရောက်ပြီးသည့် သားနှစ်ယောက်ရှိသည်။ တစ်ယောက်က လေတပ်မှ လေသူရဲဖြစ်ပြီး ကျန်တစ်ယောက် က ဗိသုကာ ဖြစ်သည်။
နှစ်ယောက်စလုံး သားလိမ္မာများဖြစ်သည်။
သားနှစ်ယောက် အတွက် သူဂုဏ်ယူမိသည်။
သူတို့၏ အဖေနှင့်အမေ ကွယ်လွန်သွားပြီး သည့်နောက် နှစ်ပေါင်းများစွာ ကြာအောင် သူတို့ အသက်ရှင် ကျန်ရစ် ကြရဦးမည်။
သူ့မျိုးဆက်ကို ထိန်းသိမ်းကြဦးမည်။

သားနှစ်ယောက်ကလေးငယ်ဘ၀က ယခုအဲဒရက်ခ်ျကလေးများလို ပျောက်ဆုံးသွားပြီး ပြန်မ တွေ့လျှင်…
သူ ဆက်မတွေးရဲ တော့ပါ။
သူ့ရင်ထဲ မှာ ဒါလောက်နှင့်ပင် အလွန်တရာ တင်းကျပ်လာလေသည်။
ရှေ့နားမှာ ခမ်းနားသပ်ရပ်သည့် စားသောက်ဆိုင်တစ်ဆိုင်ကိုလှမ်းမြင်ရသည်။
ဆိုင်းဘုတ်တွင် မီးထွန်းထားသည်။ ထိုစားသောက်ဆိုင်အတွင်းသို့ အလိုအလျောက် သူကား မောင်းဝင် သွားမိသည်။
ညနေသုံးနာရီထိုးတော့မည်။ တစ်နေ့လုံး ပေါင်မုန့် တစ်ချပ်နှင့် လက်ဖက်ရည်တစ်ခွက်သာ စားသောက် ရသေးကြောင်း သူပြန်အမှတ်ရသည်။
ထို့ကြောင့် ဗိုက်ဆာလာသည်။

နောက်ပြီးတော့ ဒါလောက် ရာသီဥတုဆိုးရွား နေသည့်အချိန်တွင် နေ့လယ်စာအလွတ်ခံပြီး နယူးယောက် သို့ ကားမောင်း မသွားသင့်။
ဗိုက်ပြည့်အောင် ဖြည့်ထားသင့်သည်။
နောက်တစ်ကြောင်း က သည်အရပ်မှာ ဟိုတယ်ဖွင့်မည်ဆိုတော့ သည်အရပ်တွင် ဟိုတယ်လုပ်ငန်း တကယ် လုပ်နေသူ နှင့် စကားစမြည်ပြောကြည့်ခြင်းအားဖြင့် အရှုံးမရှိနိုင်၊ သတင်းကောင်းလေး ဘာလေး ကြားရ နိုင်သည်ဟု လည်းတွေးကြည့်မိလေသည်။
ဘားခန်း ဆီ သို့ သူတောက်လျောက်ဝင်သွားသည်။
သပ်ရပ်စွာ ခင်းကျင်းပြင်ဆင်ထားသည်ကို တွေ့ရသဖြင့် သဘောကျမိသည်။

ဘားခန်းထဲမှာ လူတစ်ယော်ကမှမရှိပါ။
သို့သော်လည်း သည်လိုအရပ်မျိုးတွင် ညနေငါးနာရီ မထိုးမချင်း ဘားခန်းသို့ လူရောက် လာလေ့မရှိ။
လူရှင်း နေသည်မှာ သဘာဝကျပါသည်။
ဝီစကီ မှာသည်။
ပြီးတော့ စားစရာတစ်ခုခု ဘာများရနိုင်မလဲဟု စားပွဲထိုးကို မေးသည်။
"ထုံးစံအတိုင်းကတော့ ဒီအချိန်ဟာ စားဖိုဆောင်ပိတ်တဲ့ အချိန်ပါပဲခင်ဗျာ၊ ဒါကြောင့် စားသောက် ခန်းလဲ ပိတ် ပါတယ်၊ ဒါပေမယ့် ဆရာ့အနေဲ့ ဒီဘားခန်းထဲမှာ အရက်သောက်ရင်း စားနိုင်မယ် ဆိုရင်တော့"
"ဖြစ်ပါတယ်"
ဂျွန်ကစားစရာများမှာသည်။

ထိုနောက် စားရင်းသောက်ရင်း စားပွဲထိုးနှင့်ထွေရာလေးပါစကားပြောသည်။
စားပွဲထိုးမှာ အသက်လေးဆယ်လောက်ရှိပြီ။
"ကျုပ်လဲ ဟိုတယ် လုပ်ငန်းလုပ်နေတဲ့ လူပါပဲ၊ ကျုပ်ဆိုလိုတာကို သဘောပေါက်ပါတယ် နော်"
ထိုသို့ပြောလိုက်ပြီးမှ ပွင့်ပွင့်လင်းလင်း ပြောရန် ဂျွန်ကဆုံးဖြတ်ကာ ဆက်ပြောလိုက်လေ သည်။
"ဒီမြို့က ရှုခင်းသာလို့ ခေါ်တဲ့ အိမ်ကြီးကို ဟိုတယ်ဖွင့်ဖို့ဝယ်ရရင် ကောင်းမလားလို့ ကျုပ်စဉ်းစား နေတယ် ဖြစ်နိုင်ရင် ခင်ဗျား ရဲ့ ထင်မြင်ချက်ကို သိပါရစေလား"
စားပွဲထိုး က စိတ်ပါလက်ပါ ခေါင်းညိတ်သည်။

"အလုပ်ဖြစ်နိုင်ပါတယ်၊ တကယ့်ထိပ်တန်းဟိုတယ်ကြီးလုပ်မယ်ဆိုရင်ပေါ့လေ၊ အခုကျွန်တော်တို့ ရဲ့ စားသောက်ဆိုင် လဲ ကောင်းပါတယ်၊ ဒါပေမယ့် ကျွန်တော်တို့ဆီလာတဲ့ ပရိသတ်ကတော့ အလယ်အလတ် တန်းစားတွေပဲ လာတာပေါ့ခင်ဗျား ကလေးများတဲ့ မိသားစုတို့၊ ပင်စင်စား အဘိုးကြီး အဘွားကြီး တို့ လာစားကြ သောက်ကြတာများပါတယ်၊ ဒါပေမယ့် ရှုခင်းသာကျတော့ အကွက်အကွင်း ကလဲ သိပ်ကောင်းတယ်၊ ပတ်ဝန်းကျင်မြင်ကွင်းကလဲ ကောင်းတယ်၊ အစားအသောက် ကောင်းကောင်း၊ အရက် ကောင်းကောင်း နဲ့ ထိပ်တန်းဟိုတယ်ကြီး အဖြစ်ပြင်ဆင် ပြီးဖွင့်မယ်ဆိုရင် ဈေးနှုန်းကောင်း ကောင်း ယူရင်လဲ ဘယ်သူကမှ ငြင်းတော့မှမဟုတ်ဘူး"
စားပွဲထိုး က စိတ်ရှည်လက်ရှည် ရှင်းပြနေသည်။

"ဟုတ်တယ်၊ ကျုပ်ကလဲ အဲဒီလို လုပ်ချင်နေတာ"ဟု ဂျွန်ကပြောသည်။
"ဒါပေမယ့် ဆရာ့နေရာမှသာ ကျွန်တော်ဆိုရင် အပေါ်ထပ်မှာ ငှားနေတဲ့ ငတိကြီးကို အရင်ဆုံး ကန်ထုတ် ပစ် လိုက်မိမှာပဲ"
စားပွဲထိုးက တဲ့တိုးကြီးပြောချလိုက်သည်။
"ကျုပ်ကလဲ အဲဒီလူအကြောင်းပဲ စဉ်းစားနေမိတာ၊ သူ့ကိုကြည့်ရတာ တစ်မျိုးကြီးပဲဗျ"
"အင်း… သူဟာ အခုလို ငါးဖမ်းတဲ့ရာသီမှာ နှစ်စဉ်နှစ်တိုင်း ရောက်လာလေ့ ရှိတယ်၊ ရေးအဲလ်ဒရက်ခ်ျက ပြောပြ ဖူးလို့ ကျွန်တော် သိနေတာပါခင်ဗျာ၊  ရေးအဲလ်ဒရက်ခ်ျ ဆိုတဲ့လူဟာ အင်မတန် စိတ်ကောင်း ရှိတယ်၊ ပျောက်နေတယ်ဆိုတဲ့ ကလေးတွေဟာ သူ့ကလေးတွေပေါ့"
"ကျုပ်လဲကြားပြီးပြီ"

"အင်မတန် စိတ်မကောင်းစရာပဲ၊ ကလေးတွေက အရမ်းချစ်စရာကောင်းတယ်၊ အရွယ်နဲ့ မလိုက်အာင်လဲ လိမ္မာ တယ်ဗျာ၊ ရေးအဲလ်ဒရက်ခ်ျ တို့ လင်မယားက ကလေးတွေခေါ်ပြီး ကျွန်တော်တို့ဆိုင်ကို မကြာခဏ လာပြီး စားသောက်လေ့ ရှိတယ်၊ ရေးရဲ့မိန်းမကတော့ အရမ်းကိုချောတာပဲ"
နန်စီ ချောကြောင်းကို စားပွဲထိုးက ပြောပြနေသည်။

"ကျွန်တော် က ဒီအရပ်သား မဟုတ်ပါဘူး၊ နယူးယောက်ကပါ၊ ဟိုမှာလဲ စားပွဲထိုးလုပ်ခဲ့ပါတယ်၊ အလုပ်ထဲမှာ အဆင်မပြေတာ နဲ့ လွန်ခဲ့တဲ့ ဆယ်နှစ်က ထွက်ပြီး ဒီကိုရောက်လာတာပါ။ ငါးမျှားလဲ ၀ါသနာ ပါတော့ ဒီမှာ အခြေစိုက်မိသွားပါတယ်၊ တစ်နေ့ အဲဒီရှုခင်းသာမှာ ငှားနေတဲ့ ငတိကြီးဒီ ဆိုင်ကို ရောက်လာပါတယ်၊ ကျွန်တော်ကကိုယ့်ဆိုင် ရောက်လာသူတွေ စိတ်ချမ်းသာအောင် အလိုက်အထိုက် စကား ပြောလေ့ ရှိပါတယ်၊ မကြိုက်တော့ဘူးထင်ရင်လဲ မပြောဘူးပေါ့ခင်ဗျာ၊ အဲဒီ စရိုက်အတိုင်း အဲဒီ ငတိကြီး ကို ကျွန်တော်ကစကားပြောကြည့်တယ်၊ အပြာတွေ မြူးတဲ့ စက်တင်ဘာလ မှာ လာရင် ပိုကောင်း ပါတယ် လို့ ကျွန်တော်က ပြောတယ်၊ ဒီတော့ငတုံးကြီးက ဘာပြန်ပြော တယ်ထင်သလဲ"
ဂျွန် က ဘာမှပြန်မဖြေဘဲ စားပွဲထိုးဆက်ပြောမည့် စကားကိုသာ စောင့်နေလိုက်သည်။

"ဘာမှပြန်မပြောဘူးဗျ၊ မျက်လုံးကြီး အကြောင်သားနဲ့ ကျွန်တော့်ကြို ပန်ကြည့်နေတယ်၊ ကျွန်တော်က ဘာကို ဆိုလိုကြောင်း သူ လုံးဝ သိပုံမရဘူး"
စားပွဲထိုး က တင်းပါးပေါ်မှာ ဟန်ပါပါ လက်ထောက်လိုက်သည်။
ဒီအရပ် ကို ခုနစ်လုံးလုံး နှစ်စဉ်မပျက်မကွက် ငါးမျှားဖို့လားတဲ့လူက ကျွန်တော်ပြောတဲ့ အပြာမြူးတဲ့ စက်တင်ဘာ ဆိုတာကို မသိဘူးတဲ့ဗျာ အံ့ပါရဲ့ အပြာရောင် ငါးတွေပေါတာကို ဒေသစကားနဲ့ ပြောတာ ကိုတောင် မသိဘူး။
အစာကလေး အတော်အသင့် ၀င်သွားတော့ ဂျွန်ကရက်ဂိုပေါလော့စ်မှာ နေသာထိုင်သာ ရှိသွားပြီ။

ခေါင်းအုံတာလည်း အထိုက်အလျောက် သက်သာသွားသည်။ ရှုခင်းသာအကြောင်းကို သူစဉ်းစား နေ မိသည်။
စားပွဲထိုး၏ စကားအရ ရှုခင်းသာကို ၀ယ်ဖို့ ဆုံးဖြတ်ချက်ကိုပို၍ ခိုင်မာအောင် ချမှတ်လိုက်မိ လေတည်။ ရောင်းသူ ဘက်မှ သိပ်လျှော့မပေးနိုင်ဟု ဆိုလျှင်လည်း မိမိဘက်မှ တိုးနိုင်သလောက် တိုးပေးဖို့ စိတ်ကူး လိုက်သည်။
အိမ်ကြီးထဲတွင် လှည့်ပတ်ကြည့်ရသည်ကို သူသဘောကျသည်။ တည်ဆောက်ထားပုံကို နှစ်ခြိုက်သည်။
အပေါ်ဆုံးထပ်သို့ ရောက်တော့မှသာ စိတ်ထဲမှာ ထင့်တင့်တင့်ကြီး ဖြစ်ခဲ့ရသည်။
မှန်ပါသည်။

မစ္စတာပါးရစ်ဆိုသူ ငှားနေသည့် အရပ်သို့ ရောက်ခါမှ မနေတတ် မထိုင်သလို သူဖြစ်ခဲ့ ရလေသည်။
မစ္စတာပါးရစ်အကြောင်း စဉ်းစားရင်း စားသောက်ပြီးသော အခါ စားပွဲထိုးကို ဘောက်ဆူးများများ ပေးခဲ့ သည်။ ပြီးတော့ ကားရပ်ထားရာသို့ ထွက်လာခဲ့သည်။
သူ့ခေါင်းထဲမှာ အတွေးကတော့ မပြတ်သေးပါ။
ညာဘက်သို့ ချိုးကွေ့ပြီး ကုန်းတွင်းသို့ မောင်းရမည်လော။ သို့သော်လည်း မိနစ်အတော်ကြာောအင်ဇဝေဇ၀ါ ဖြင့်ကားထဲမှာ သူထိုင်နေမိသည်။
သူဘာဖြစ်နေသနည်း။ အရူးတစ်ယောက်လို သူဖြစ်နေသည်။ ရှုခင်းသာ သို့ ပြန်သွားဖို့ သူ့ကိုယ် သူ ပြန်လည် တိုက်တွန်း နေမိသည်။
သူတွေ့ခဲ့ သည့် ကုတ္တနေပါရစ်သည် အလွန်စိတ်လှုပ်ရှားကာဂနာမငြိမ် ဖြစ်နေသည်။

ဂျွန် သည် နှစ်ပေါင်းများစွာကြာအောင် ဟိုတယ် လုပ်ငန်းလုပ်ခဲ့သဖြင့် လူကဲကိုကောင်းကောင်း ခတ်တတ် နေသည်။ လူပေါင်းစုံနှင့် ဆက်ဆံခဲ့ရသောကြောင့်လည်း လူအကဲခတ်သည့် အလုပ် သည်သူ့အဖို့ ထမင်းစား ရေသောက်လို မထူးဆန်းတော့ပါ။
ထိုသူသည် အကြီးကျယ် စိတ်လှုပ်ရှား နေသည်။
ဂျွန် နှင့် ဒေါ်ရော်သီကိုထိုနေရာမှ အမြန်ဆုံး ပြန်ထွက်သွားစေချင်နေသည်မှာ သိသာထင်ရှားသည်။
ဘာကြောင့်လဲ။
သူ့ကိုယ် မှာ ချွေးတွေရွဲနေသည်။ ရေခဲလောက်အောင်အေးနေသည့် ရာသီဥတုတွင် ဘာကြောင့် သူချွေးတွေ ထွက်နေသနည်း။ သူ့ချွေးများကလည်း ချဉ်စော်နံနေသည်။
နောက်ပြီးတော့ ကြောက်ရွံ့နေသည့် လက္ခဏာ….
ဘာ ကို သူကြောက်နေသလဲ။

နောက်ပြီးတော့ ပြတင်းပေါက်နားမှ မှန်ပြောင်းကြီး…..
ထိုမှန်ပြောင်းပေါ် သို့ ဂျွန်ကုန်းလိုက်သည်နှင့် တစ်ပြိုင်တည်း ပါးရစ်သည် မှန်ပြောင်းကြီး ဦးတည် နေရာ ရပ် ပျောက်သွားအောင် ကမန်းကတန်း နေရာရွှေ့ပစ်လိုက်သည်။
ထိုအပြုအမှုကို ဂျွန်ရိပ်မိသည်။ ထို့ကြောင့် မှန်ပြောင်းကို မူလနေရာနှင့် တူညီနိုင်သမျှ တူညီ အောင်ပြန်ရွှေ့သည် မှန်ပြောင်းမှ တစ်ဆင့် ကြည့်သည်။
အဲလ်ဒရက်ခ်ျ တို့၏အိမ်…
ရဲကားတွေ၊ သတင်းထောက်တွေ၊ ရုပ်မြင်သံကြားကားတွေဖြင့် လူတွေရှုပ်နေသော အဲဒရက်ခ်ျတို့ အိမ်….
အလွန် အားကောင်းသည့် မှန်ပြောင်းကြီး….

ထိုမှန်ပြောင်း နှင့် မြို့တွင်းရှိ မည်သည့်အိမ်ကိုမဆို လှမ်းကြည့်နိုင်သည်။ သည်လိုချောင်းကြည့်နေ သူသည် လူကောင်း ဖြစ်နိုင်ပါသလား--
အဲလ်ဒရက်ခ်ျ၏ ကလေးတွေ နေအိမ်မှ ပျောက်သွားခြင်းကို မစ္စတာပါးရစ်မှန်ပြောင်းမှ တစ်ဆင့် မြင်တွေ့နေရလေသလား..
တစ်ခုခုကိုများ သူတွေ့သလား….
သို့သော်လည်း တစ်ခုခုကို သူမြင်ခဲ့ရိုးမှန်လျှင် ရဲ ကိုအကြောင်းကြားပေလိမ့်မည်။
မော်တော်ကား မှာ အေးစက်နေသည်။ အင်ဂျင်လည်းအေးစက်နေသည်။ ထို့ကြောင့် စက်နိုးအောင် အတော် နှိုးယူရသည်။
စက်နိုးသွားတော့ အင်ဂျင်ပူအောင် ခဏစောင့်နေသည်။
ဆေးပြင်းလိပ် တစ်လိပ်ထုတ်သည်။ ဒန်းဟေးလ်အမျိုးအစား ရွှေမီးခြစ်ဖြင့် မီးညှိသည်။ သူတို့ လက်ထပ်သည့် နှစ်ပတ်လည် အထိမ်းအမှတ်အဖြစ် သူ့ဇနီးက သူ့ကိုလက်ဆောင် ပေးသည့် ရွှေမီးခြစ် ဖြစ်သည်။ အလွန် အဖိုးတန်လှသည်။

ဆေးပြင်းလိပ် ထိပ်ပိုင်း မီးကောင်းကောင်းစွဲပြီး နီရဲလာသည်အထိ သူဖွာရှိုက်နေသည်။
သူ ကြောင်နေပြီ ထင်သည်။
တစ်စုံတစ်ယောက်အပေါ်မသင်္ကာစိတ်ဖြင့် ကြောင်နေသည်။
သည်လိုအဖြစ်မျိုး ကြုံတွေ့လာလျှင် လူတစ်ယောက်သည်ဘာလုပ်မည်နည်း။
ရဲစခန်း သို့ ဖုန်းဆက်ရမည်။ မသင်္ကာဖွယ် လူတစ်ယောက်ကို တွေ့ကြေင်း သတင်းပေးရမည်။
ထိုသို့တသင်းပေးလျှင်ရဲကသွားရောက် စစ်ဆေးမည်လော။
ထိုအခါတွင် ကုတ္တနေပါးရစ်က အေးအေးဆေးေးဆပြန်အဖြေပေးလိမ့်မည်။

"ဟုတ်တယ်၊ ကျွန်တော် ရေချိုးမလို့ ပြင်ဆင်နေတုန်း၊ ကြိုပြောမထားဘဲ အချိန်ကပ်ပြောပြီး ကျုပ် ငှားနေတဲ့ အိမ်ကို လိုက်ပြတာမျိုး ကျုပ်မကြိုက်ဘူး"
အင်မတန် လုံလောက်သော အကြောင်းပြချက် ဖြစ်လေသည်။
အဖော်မပါတစ်ယောက်တည်းနေသော သူများသည်ဇီဇာကြောင်စမြဲ ဖြစ်လေသည်။
တစ်ယောက်တည်း…..
ထိုစကားလုံးသည် အတိကျ အမှန်ကန်ဆုံး စကားလုံးဖြစ်သည်။
ဂျွန်စိတ်ကို တစ်လျှောက်လုံး စနိုးစနောင့်ဖြစ်အောင် နှောင့်ယှက်နေသော အချက်သည် တစ် ယောက်တည်း ဆိုသော အချက်ဖြစ်သည်။

ထိုအိမ်တွင် အခြားတစ်စုံတစ်ယောက်ကို မတွေ့ရသောကြောင့် ဂျွန်အံ့အားသင့်ခဲ့ရခြင်း ဖြစ်သည်။ ထို အိမ်ထဲတွင် ကုတ္တနေပါးရစ် တစ်ယောက်တည်းရှိနေခြင်းမဟုတ်ကြောင်း အသိကြီး တစ်ခုကို တစ်စုံတစ်ခု က ဖန်တီးပေးနေသလို ဂျွန်ကရက်ဂိုပေါလော့စ် ခံစားနေရသည်။
ရေချိုးကြွေဇလုံထဲမှာ တွေ့ရသော ကလေးကစားစရာ ဘဲရုပ်ကလေးဖြစ်သည်။
မှန်ပါသည်။ ရာဘာ နှင့်ပြုလုပ်ထားသည့် ဘဲရုပ်ကလေးရှိနေသည့် မယုံကြည့်နိုင်စရာအဖြစ် ဖြစ်သည်။ ပြီးတော့ တစ်ခန်းလုံး ကို လွှမ်းခြုံထားသည့် ဘေဘီပေါင်ဒါနံ့….
သံသယ ဖြစ်နေစရာတွေကတော့ များလှသည်။ သို့သော်လည်းမည်သို့ ကောက်ချက်ချမည်ကို ဂျွန်ကရက်ဂိုပေါလော့စ် စဉ်စား၍မရခဲ့။
သူ ဘာလုပ်ရမည် ကို သူသိသည်။

အိတ်ထဲမှ ရွှေမီးခြစ်ကို နှိုက်သည်။ ကားပစ္စည်းထည့်သည့်အကန့်ထဲမှာ ၀ှက်ထားလိုက်သည်။
ကြိုတင်အကြောင်းမကြားဘဲ ရှုခင်းသာအိမ်ကြီးသို့ ကားပြန်မောင်သွားရမည်။ တံခါး ခေါင်းလောင်း တီး ရမည်။ ကုတ္ဆနေပါးရစ် တံခါးလာဖွင့်ပေးသောအခါ တန်ဖိုးကြီးသော မိမိ၏ရွှေမီးခြစ် တစ်နေရာရာမှ ကျကျန်ခဲ့သည် ထင်သောကြောင့် ၀င်ရှာပါရစေဟု ခွင့်တောင်းရမည်။
တစ်ဘက်မှ လက်ခံနိုင်ဖွယ်ရှိသော မေတ္တာရပ်ခံချက်ပင်ဖြစ်လေသည်။

ခွင့်ပြုချက်ရလျှင် သူမသင်္ကာနေသည့် ပတ်သက်၍အိမ်ထဲမှာ အသေးစိတ် ရှာဖွေလေ့လာကြည့် နိုင် ပေမည်။ ရဲကို သတင်းပို့ အကြောင်းကြားခြင်းထက် ပို၍အကျိုးရှိနိုင်မည်။
သူ့စိတ်ကိုသူ တုံးတုံးချလိုက်သည်။ ရှုခင်သာအိမ်ကြီးဆီသို့ ဦးတည်ပြီး ကားမောင်း ထွက်လာခဲ့ သည်။
သူ့မြင်ကွင်းထဲမှာတော့ ရာဘာဘဲရုပ်ကလေး ရှိနေသည်။
သူ့အာရုံထဲမှာတော့ ဘေဘီပေါင်ဒါနံ့ကို ရှူရှိုက်နေရသည်။ မိုးသီးတွေ တဖွဲဖွဲကြွေနေသည့် အောက်မှာပင် ကားကို မှန်မှန်ကလေး သူမောင်းလာခဲ့သည်။

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

Wednesday, July 27, 2011

အထောက်တော်လှအောင် ဘာသာပြန် ကြမ္မာ အပိုင်း (၁၈)

(၁၉)

လှေကားထစ်များအတိုင်း ပြေးဆင်းလာရင်း မိမိကို မစ္စတာပါးရစ် သေချာပေါက် ဖမ်းမိတော့မည် ဖြစ် ကြောင်း မိုက်ကယ်အတပ်သိနေလေသည်။
သို့သော်လည်း ထိုသို့ အတပ်သိလိုက်သည့် အချိန်မှာပင် လေးလေးပင်သည့်အသံကြီးများကို ကြား လိုက်ရသည်။ လှေကားပေါ်မှ မစ္စတာပါးရစ်လိမ့်ကျသည့် အသံဖြစ်ကြောင်းကိုလည်း သူချက်ချင်း သဘောပေါက် သွားသည်။
ပါးရစ် ၏ အဖမ်းမခံလိုလျှင် လုံးဝအသံမပြုမှ ဖြစ်မည်။

သူတို့အိမ်လှေကားတွင် ခင်းထားသည့် ကော်ဇော်ဖြုတ်ပစ်လိုက်တုန်းက ခြေသံမကြားအောင် အဆင်း အတက် လုပ်ဖို့ သူတို့ မောင်နှမကို မာမီက ပြောခဲ့ဖူးသည်။ ထို့ကြောင့် လက်တန်းနား ကပ်ပြီး ခြေသံ မကြားအောင် သူတို့မောင်နှမ အဆင်းအတတ်လုပ်ခဲ့ကြရသည်။
ထိုအကြောင်း များကို ပြန်သတိရသည်။ ထို့ကြောင့် လက်တန်းနားကပ်ပြီးခြေသံလုံလုံဖြင့် အောက်ထပ်သို့ အပြေး ဆင်းခဲ့သည်။
မစ္စတာပါးရစ် အော်ခေါ်နေသံကိုလည်းကောင်း၊ ပြေးလို့မလွတ်၊ ပုန်းလို့မလုံနိုင်ကြောင်း အော်ဟစ် သတိပေး နေသည်ကိုလည်း သူအတိုင်းသား ကြားနေရသည်။
သည်အိမ်ကြီးထဲ မှ အပြင်သို့ရောက်အောင် ထွက်မှဖြစ်တော့မည်ကို သူသိသည်။

အပြင်ရောက်လျှင် ကွေ့နေသည့်လမ်းအတိုင်းပြေးရမည်။
ထိုလမ်း အတိုင်းဆက်ပြေးလျှင် ၀စ်ဂင်ဈေးဆိုင်သို့ ရောက်နိုင်ကြောင်း မိုက်ကယ်သိသည်။
သို့သော်လည်း သူမဝေခွဲနိုင်သည်မှာ ၀စ်ဂင်ဈေးဆိုင်သို့ ပြေးရမည်လား၊ သို့တည်းမဟုတ် အိမ်ဆီသို့ ပြေးရ မည်လား ဆိုခြင်းပင် ဖြစ်လေသည်။
မစ်စီ ကို ကယ်တင်နိုင်ဖို့ ဒက်ဒီင့်္ကို သွားခေါ်လာမှဖြစ်မည်။

မစ္စတာပါးရစ်ကို သူမကြိုက်ကြောင်း မနေ့တုန်းက၀စ်ဂင်းဆိုင်ထဲမှာ ဒက်ဒီ့ကို သူပြောခဲ့သေး သည်။ ယခု တော့ သူကိုကြောက်နေရပြီ။
မှောင်မည်းနေသည့် အိမ်ထဲတွင် ဖြစ်ပြေးရင်း ကြောက်လွန်းသောကြောင့် မိုက်ကယ်မှာ အသက်ရှူ မှားနေ တော့သည်။
မစ္စတာပါးရစ်သည် လူဆိုးကြီးဖြစ်သည်။ ထို့ကြောင်းလည်း သူတို့မောင်နှမနှစ်ယောက်ကို ကြိုးနှင့် တုပ်ပြီး ဗီရိုထဲမှာ ၀ှက်ထားခြင်း ဖြစ်သည်။
ထို့ကြောင့် မစ်စီသည် အကြောက်လွန်ပြီး အိပ်ရာမှ ပြန်နိုးမလာတော့ခြင်းဖြစ်သည်။
ဗီရို ထဲမှာတုန်းက မိုက်ကယ်က မစ်စီကို ကိုင်ကြည့်ဖို့ ကြိုးစားသေးသည်။

မစ်စီသိပ်ကြောက်နေကြောင်း သူသိသည်။
သို့သော်လည်း ကြိုးများနှင့် တင်းနေအောင် တုပ်ထားသဖြင့် မစ်စီကို သူကိုင်ကြည့်၍ မရပါ။
ဗီရိုထဲမှာ သူတို့ကိုထည့်ထားခိုက် အန်တီဒေါ်ရော်ဘီ၏ အသံကို သူကြားရသည်။
သို့သော် အန်တီဒေါ်ရောသီက သူတို့အကြောင်းကိုမမေး။ မိမိတို့မောင်နှမနှစ်ယောက် သည် အိမ်ကြီးထဲရှိ ဗီရိုထဲသို့ရောက်နေကြောင်း အန်တီဒေါ်ရော်ဘီ မခန့်မှန်းမိသောကြောင့် သာဖြစ်ရ မည်ဟု မိုက်ကယ်တွေးကြည့်သည်။

သူတို့နှင့် အလွန်းနီးသည့် နေရာသို့ အန်တီဒေါ်ရော်သီရောက်လာသည်။
မိမိတို့မောင်နှမက သူ့အကူအညီကို လိုအပ်နေခိုက် ထိုအကြောင်း အန်တီဒေါ်ရော်သီ မသိရ ကောင်းလား ဆိုကာ သူအရမ်းစိတ်ဆိုးမိလေသည်။
ဘာပဲဖြစ်ဖြစ် မိမိတို့နှစ်ယောက် သည်နေရာသို့ရောက်နေကြောင်း သူခန့်မှန်းကြည့်နိုင်ဖို့ ကောင်းသည်။
အရမ်းမှောင်နေပြီ။ ပတ်ဝန်းကျင်ကို မမြင်နိုင်လော်ကအောင် မှောင်နေပြီ။

လှေကားခြေရင်း ရောက်တော့ မိုက်ကယ် က ပတ်လည်ကိုလှည့်ကြည့်သည်။ ဘာလုပ်ရမှန်း မသိ အောင် စိတ်များ ရှုပ်ထွေးသွားသည်။
ပြီးတော့ အိမ်နောက်ဖေးဘက်သို့ သူသုတ်ခြေတင်ခဲ့သည်။
မီးဖိုချောင်ထဲ သို့ သူရောက်လာသည်။ အပြင်ထွက်သည် တံခါးပေါက်က ရှေ့နားမှာရှိသည်။ ထိုတံခါး ပေါက်ဆီ သို့ သူပြေးသည်။ လက်ကိုင်ကို လှမ်းဆွဲသည်။
လက်ကိုင်ကို လှည့်ပြီး တံခါးဖွင့်မည်အလုပ်တွင် သူ့ဆီသို့ နီးကပ်လာသည့် ခြေသံကို ကြားရ လေသည်။
မစ္စတာပါးရစ်……
မိုက်ကယ်၏ ဒူးနှစ်ဘက်မှ တဆက်ဆက်တုန်လာသည်။

တံခါးလက်ကိုင် ဒလက်ကကျပ်နေမည်ဆိုလျှင် မစ္စတာပါးရစ် ကြားသွားမည်။ မိမိကိုဖမ်းဆွဲလိုက် တော့ မည်။
အလွန်လျင်မြန်စွာ၊ အလွန်တိတ်ဆိတ်စွာ အခြားတံခါးတစ်ခုဆီသို့မိုက်ကယ်ပြေးပြန်သည်။ အခန်းကျဉ်း ကလေး တစ်ခုထဲသို့ ရောက်သွားသည်။ နောက်ဖေးဘက်မှ အခန်းကလေးဖြစ်ပုံရ သည်။ မစ္စတာပါးရစ် တံခါးမင်းတုပ် ထိုးနေသည်ကိုလည်းကောင်း၊ ကုလားထိုင်တစ်လုံးကို ဒယဥ့် တိုက်ဆွယူပြီးထိုတံခါးအား ခုနေသည့်ကိုလည်းကောင်း မိုက်ကယ်ကြားနေရသည်။
မီးဖိုချောင် ထဲမှ လျှပ်စစ်မီး ဖျတ်ခနဲ လင်းလာသည်။

မိုက်ကယ်အလွန်ကြီးသည့် ကွင်ပျစ်ကြီးနောက် ၀င်ပုန်းသည်။ ကွပ်ပျစ်ကြီးပေါ်တွင် ပစ္စည်းများ အပြည့် တင် ထားသည်။ အသံလုံးဝမထွက်အောင် ကြိုးစားရင်း ကိုယ်လုံးကလေးကို တတ်နိုင်သမျှ ကျုံ့ထားသည်။
ကွပ်ပျစ်နှင့် နံရံကြားတွင် နေရာကျဉ်းကျဉ်းကလေးရှိသည်။ သူ့ကိုယ်လုံးကလေးပင် ကောင်း ကောင်း မ၀င်သာပါ။
ကွပ်ပျစ်မှ ဖုန်မှုန့်များက သူ့နှာခေါင်းထဲသို့ တိုးဝင်လာသည်။ သူအရမ်းနှာချေချင်နေသည်။
မီးဖိုချောင်ထဲ မှ မီးက ရုတ်ရက် ငြိမ်းသွားသည်။ တစ်အိမ်လုံး ပိန်းပိတ်အောင် မှောင်သွားပြန်သည်။

မစ္စတာပါးရစ် လူးလာခေါက်တုံ့လျှော်ကနေသည်ကိုကြားရသည်။ ပြီးတော့ မီးခြစ်ခြစ်သံကိုပါ ကြားရ သည်။
ခဏကြာတော့ မီးဖိုချောင်ထဲမှာ နီကျင်ကျင် မီးရောင် တစ်ခုလင်းလာသည်။

ပြီးတော့…
"မိုက်ကယ် ပြန်လာတော့ မင်းကိုဘာမှမလုပ်တော့ဘူး ငါအလကား ပြောတာ၊ မင်းကိုစိတ်မဆိုးတော့ ပါဘူး၊ ပြန်လာခဲ့ မိုက်ကယ်၊ မင်းအမေဆီပြန်လိုက်ပို့ပေးမယ်"
ဟူသော မစ္စတာပါးရစ် အော်ခေါ်နေသည့် အသံကိုပါ ဆက်တိုက်ကြားရလေသည်။

အခန်း (၂ဝ) ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>