Showing posts with label ဒဂုန်ခင်ခင်လေး စာဆိုတော်. Show all posts
Showing posts with label ဒဂုန်ခင်ခင်လေး စာဆိုတော်. Show all posts
Tuesday, January 26, 2010
ဒဂုန်ခင်ခင်လေး စာဆိုတော် အခန်း(၃၈)
အခန်း(၃၈)
အချိန်အခါအားဖြင့် တစ်လကျော်မျှ ကြာရှိလျှင် သီပေါရွှေနန်းရှင်ဘုရားမှာ လုံးဝကျန်းမာတော်မူ လာပြီ ဖြစ်သောကြောင့် နေ့ည ညီလာခံသဘင်များကို အစဉ်အလာအတိုင်း ကျင်းပလျက် ထွက်တော်မူမြဲ ထွက်တော်မူလေပြီ။ အဂ္ဂမဟေသီ မိဖုရားခေါင်ကြီးဖြစ်သူ နန်းမတော်စုဖုရားနှင့်လည်း နှစ်ပါးသော ရွှေချပ် ကို ဂဟေစပ်သကဲ့သို့ သင့်မြတ်ကြည်သာစွာ စံတော်မူကြလေသည်။
မောင်တော် နှမတော်များ ကံကောင်းထောက်မ၍ ငါးပါးမမှောက်ကြတော့သည်။ ဤကျွန်ယုတ်မာ တစ်စု ကိုလည်း ယခုအခါ သင်းတို့နဲ့ တိုက်တန်ရာအပြစ်ဒဏ်များကို လွှတ်တော်ဝန်ကြီးများက ပေးသနား လိုက်ကြပြီ ဖြစ်တဲ့အတွက် အနှောင့်အယှက် ကင်းကြပါပြီ။ ရွှေနန်းတော်တွင်းပြင်နှင့်တကွ နိုင်ငံတော် အရပ်ရပ်တွင် ယခင်ကကဲ့သို့ လျှို့ဝှက်သော မတရားမှုများ ဖြစ်ပွားပေါ်ပေါက်ရန် မရှိတော့ကြောင်းတို့ကို ပြောင်းပြောင်း ညံ့ညံ့ ကယုကယ အပါးတော်မှ ပြုစုယုယရင်း ရွှေနားတော် သွင်းခဲ့ခြင်း တို့ကြောင့် တစ်ကြောင်း၊ သီပေါရွှေနန်းရှင်ဘုရားသည် စိတ်ထားတော် နူးညံ့သိမ်မွေ့လျက် ရှက်စနိုးတော်မူစိတ် ရှိသဖြင့် တစ်ကြောင်း၊ ဖြစ်ပျက်ခဲ့ပြီးသော အရေးကိစ္စ အတန်တန်ကို အသစ်တစ်ဖန် ပြုတော်မမူ လိုသည် တစ်ကြောင်း တို့ကြောင့် နောက်ထပ် မေးမြန်း စိစစ်တ်ာမမူဘဲ ရှိလေသည်။ သို့သော်လည်း အဆောင် တော် ထဲတွင် တစ်ပါးချင်း စံတော်မူသော အခါမျိုးမှာကား ငေးငေးစိုက်စိုက်ကြီး စဉ်းစားတွေးဝေ နေတော်မူ တတ်ရှာသည်။
သို့ရာတွင် ထိုအခါမျိုး၌ နန်းမတော်ဖုရားသည် မောင်းမမိဿံ ခြွေရံအများနှင့် အပါးတော်တွင် ပျော်ရွှင် ဖွယ်ရာ အဆို၊ အတီး၊ အက စိတ်ကြွရွှင်လန်းဖွယ် အသွယ်သွယ်သော ပရိယာယ်တို့ဖြင့် အချော့တော် ဆက်စေခြင်းဖြင့် ရုတ်တရက် အာရုံပြာင်းတော်မူသွားစေသည်။
"မောင်တော် ကျန်းမာပျော်ရွှင်စွာသာ စံတော်မူပါ၊ နှမတော်လည်း ယခင်ကလို စိတ်လိုကိုယ်လိုက် နှင့် မောင်မောင့် အပေါ်တွင် အချစ်သ၀န်ကြောင်တော်မမူတော့ပါ၊ ညီမတော် ရမည်းသင်း စုလေးကိုလည်း မောင်တော့် ရွှေလက်တော်ရောက် ဆက်သထားပါပြီ၊ စိတ်တော်ကြည်ကြည်လင်လင် ထားပြီး စံတော် မူပါတော့" ဟု မကြာခဏ မိန့်တော်မူခြင်းကြောင့် တစ်ကြောင်း၊ ယခင်အခါက ကြင်နာတော် မူလိုကြောင်း နှင့် မှာတမ်းတော်ပို့သလျက် ကူးလူးဆက်သွယ်ခဲ့ဖူးသော ရမည်းသင်းစုဖုရားကလေးကိုလည်း နန်းမတော် ကြီး ပို့ဆက်ခြင်းအရ သိမ်းပိုက်တော်မူရပြီဖြစ်သည် တစ်ကြောင်းများကြောင့် မှိုင်မှိုင်တွေတွေနှင့် အတိတ်က အာရုံတွေ ၀င်စားလာတတ်သော စိတ်တော်များသည် တစ်နေ့တခြား ဆုတ်ယုတ် ပျက်ပြယ် သွားခဲ့ လေ သတည်း။
နိုင်ငံတော် အုပ်ချုပ်မှု စက်ယန္တရားကြီးကား လည်မြဲ လည်လျက်ပင် ရှိလေသည်။ ဆယ့်နှစ်ရာသီ ပွဲလမ်း သဘင် များမှာလည်း မှန်မှန်ကြီး ကူးပြောင်းလှည့်လည်မြဲအတိုင်း သူ့အခန်းနှင့် သူ့အကွက်၊ အလှည့် သင့်ထွက်လျက် ရှိကြလေသည်။ သို့ရာတွင် ထိုအဖြစ်အပျက်ပြီး၍ ရွှေနန်းရှင်ဘုရား ကျန်းမာတော်မူ ခဲ့သည့် နောက်ပိုင်းတွင် ကောင်းမှုကုသိုလ် အလှူတော်များ ပြုသည့်ဘက်၌ အထူး အားထုတ် တော်မူသည်၊ အနောက်တစ်လွှားရှိ နိုင်ငံရပ်ခြားတို့နှင့်လည်း ရှေးကထက် အဆက်အသွယ် ခိုင်မြဲစေရန် ရည်သန် တော်မူလျက် ရှိလေသည်။
ထို့ကြောင့် လန်ဒန်မြို့ ၀ိတိုရိယဘုရင်မနှင့် အိန္ဒိယဘုရင်ခံတို့ထံ ရာဇသံများ ထပ်မံသွားရောက်ရန် အတွင်း ၀န် ကျောက်မြောင်းမြို့စားမင်းကြီး၊ ၀န်ထောက်တော် ၀က်မစွတ်မြို့စားမင်းကြီး မင်းတင် မဟာစည်သူ၊ ၀န်ထောက်တော် သံချက်ဝန်၊ မင်းလှမဟာစည်သူကျော်တို့ကို သံကြီးသံလတ်ခန့်အပ် ရတနာ ယာဉ်ပျံ သင်္ဘောတော်နှင့် ရန်ကုန်မြို့အရောက် စုန်ဆင်းစေ၍ ရန်ကုန်မြို့ရှိ အင်္ဂလိပ် ၀န်ရှင် တော်မင်းကြီး ဘာနကကြိုယူကာ ပင်လယ်သွားမီးသင်္ဘောနှင့် ကာလကတ္တားမြို့ ဆင်းမလားမြို့များသို့ မြန်မာ သံတော် အရာရှိ များကို မဟာမိတ်စာချုပ်အတွက် စကားကမ်းလှမ်းရန် အရောက်ပို့စေလေ၏။
နိုင်ငံတော် ရှမ်းပြည်နယ်တလွှားရှိ ပဒေသရာဇ် နယ်ပယ်တို့အနက်မှ မိုးနဲစော်ဘွားသစ္စာဖောက်ဖျက် ပုန်ကန် တော်လှန်လျက် ရှိသောအရေးမှာ တစ်ဆင့်တက်၍ မအေးမငြိမ်းဖြစ်လာပြန်သောကြောင့် စစ်ဗိုလ် စစ်ကဲ ကြီးများကို ထပ်မံစေလွှတ် နှိမ်နင်းရစေကာမူ နိုင်ငံတစ်ဝန်းလုံး ဆူပူလောက်သော ကိစ္စမျိုး မဟုတ်သဖြင့် နေပြည်တော်မှာ တစ်စုံတစ်ရာ ချောက်ချားခြင်း မရှိပေ၊ အလှူတော်ရေစက် လက်နှင့်မကွာ ထူးခြားစွာ ပြုလုပ်နေမြဲ နေခဲ့လေသည်။
ခမည်းတော် မင်းတုန်းမင်းတရားကြီး၏ အနွယ်တော်များဖြစ်သော ညီတော် နှမတော်များကို မင်းခမ်း မင်းနား ကြီးစွာဖြင့် သျှောင်ထုံးနားထွင်းမင်္ဂလာများ ပြုလုပ်ချီးမြှောက်တော်မူသည်။ သီပေါ ရွှေနန်းရှင် ဘုရား နံတော်သင့် နန်းမတော်စုဖရားလတ်၏ နံတော်သင့် အရပ်များတွင် စေတီပုထိုးများ တည်ထား ကိုးကွယ်စေသော ကုသိုလ်တော်များ လောကမာရဇိန်ဘုရား၊ မဟာမြတ်မုနိဘုရားများတွင် ထီးတော်သစ် တင်လှူ သော ကုသိုလ်တော်များ ကျောင်းတိုက်တော် ကြီးများ ဆောက်လုပ်လှူဒါန်းသည့် ကုသိုလ်တော် များကိုလည်း မရပ်မနား နေ့ရက်မခြား ပြုတော်မူလျက် ရှိလေသည်။
သာသနာရေး ဆိုင်ရာမှာလည်း ဆရာတော်၊ သံဃာတော်ကြီးများကို သာသနာပြု အပ်နှင်းသော အလှူတော် နန်းတွင်းနန်းပြင် မင်းမှုထမ်းကြီးငယ်များအား ပရိတ်တော်တရား စာပေကျမ်းဂန်များကို အာဂုံပြန်ဆိုနိုင်သူတို့ကို ရွှေဖလား၊ ငွေဖလား၊ ထည်မျိုးစုံ၊ အုပ်မျိုးစုံ စုပုံဆုပေးအပ်ပွဲကြီးမှာလည်း ရွှေနန်းတော်ဦးတွင် သုံးလတိုင်တိုင် ခြိမ့်ခြိမ့်မွှမ်းမျှ ကျင်းပထားလေသည်။
ရွှေနန်းတော်ကြီး၏ မှန်နန်းဆောင်ထဲတွင်လည်း ပွဲလမ်းသဘင် ကြီးကျယ်စွာ ဆင်ယင် ခင်းကျင်းပြီး သမီးတော် ထိပ်စုမြတ်ဖုရားကြီးအား မြပုခတ်တင် မင်္ဂလာအခမ်းအနားဖွင့်၍ ချီးမြှင့်တော်မူလေသည်။
ဆင်ဖြူတော်သိမ်း အခမ်းအနားမှာလည်း အရှင်နှစ်ပါးလုံး မင်းမြောက်တန်ဆာငါးပါး ဆင်ယင်လျက် ထွက်တော်မူလေရာ ညီမတော် ရမည်းသင်းစုဖုရားကလေးမှာလည်း မိဖုရားတစ်ပါးအဖြစ် အခြံအရံ မင်းခမ်းမင်းနားနှင့်ပင် ပါဝင်ထွက်တော်မူရလေသည်။ သီပေါရွှေနန်းရှင် ဘုရား၏ ညီမတော် မိတ္ထီလာ စုဖုရားကလေးအားလည်း ညီမတော် ရမည်းသင်းစုဖုရားနှင့် ရွယ်တူထားလျက် ရှေးကထက် အခွင့်အရေးပေးကာ သဒ္ဓါတော်မူလာလေသည်။ ထို့ကြောင့် ရွှေနန်းတော်သူ ရွှေနန်း တော်သားများ ပျော်ပျော်ပါးပါး ဖြစ်လာကြပြန်တော့သည်။
ဤနည်းနှင်နှင် ရေအယဉ်စီးသကဲ့သို့ ရွှေနန်းတော်ကြီး ပတ်ဝန်းကျင်၌ ပွဲသဘင် အခမ်းအနားနှင့် ဗြောသံစည်သံများ ခြိမ့်ခြိမ့်မွှမ်း လွှမ်းခြုံရစ်သိုင်း၍ ထားလေသတည်း။
ကျဉ်းမြောင်းလုံခြုံသော အခန်းငယ်တွင် ကောက်ရိုးမျှင်တို့ကို အဖော်ပြု၍ နေ့ရှိသမျှ ဆင်းရဲငြိုငြင်စွာ နေခဲ့ရရှာသော ခင်ခင်ကြီးမှာ တိတ်ဆိတ်ငြိမ်သက်သော ညဥ့်အချိန်များ၌ လေအလိုက်သင့်သောအခါ အတူရောနှော ပါလာသော ဗြောသံစည်သံများ၊ ပစ္စဉ်တံမြွာ တူရိယာသံများကို သာယာဆူညံစွာ ကြားရလျှင် မိမိ ခံစားတွေ့ကြုံနေရသော ဆင်းရဲဒုက္ခများကို မေ့လျော့ကာ အားရ၀မ်းသာ ဖြစ်မိရှာသည်။ ရွှေနန်းရှင်ဘုရား ကျန်းမာတော်မူနေပါပြီ။ ဒါကြောင့်သာ ပျော်ပွဲရွှင်ပွဲ သဘင်ပွဲတွေ ခံလို့နေသည်။ "ရွှေနန်းရှင်ဘုရားရယ် ... ခင်ကြီးကို အမေးတော်များ မရှိလေဘူးလားဘုရား၊ ရွှေနန်းရှင်ဘုရားကသာ မေးတော်မူလျှင် မိခင်ကြီးရဲ့ ဖြစ်ကြောင်း ကုန်စင်ကို လျှောက်တင်ချင်တဲ့သူတွေလည်း မနည်းဘဲ ရှိရစ်ပါလိမ့်ဦးမယ်ဘုရား၊ ခင်ကြီးတစ်ယောက်ကို မေ့ပျောက်တော်မူနိုင်ရက်ပါပေ့ ကျေးဇူးရှင်ဘုရားရယ်၊ ကြင်နာတော်မူလှပါတယ် ဆိုတဲ့ အမိန့်တော် စကားများ၊ မုသားဖြစ်ကုန်ပေါ့လားဘုရား"ဟု အမှောင်လောကထဲသို့ ရော်ရမ်းမျှော်မှန်းပြီး မျက်ရည်ချောင်းစီးအောင် သွန်ချနေရှာသည်။
"ရွှေနန်းရှင်ဘုရားမှာ မင်းစည်းစိမ်နှင့် ရိပ်ငြိမ်ချမ်းသာ စံစားတော်မူရာမှ သတိတော် မရသော်လည်း ဒုက္ခသည် ခင်ကြီးမှာတော့ အားကိုးကြီးနှင့် မျှော်လင့်မိပါတယ်၊ ခင်ကြီးရဲ့ အသက်နှင့် ကိုယ်ခန္ဓာ ယခုလို မြဲနေရသည်မှာလည်း ရွှေနန်းရှင်ဘုရား၏ သွေးတော်သားတော် ကလေးကို သန္ဓေဆောင်ထားရသေးလို့တဲ့ဘုရား၊ ဖြစ်သမျှ ကိုယ်တော် မသိရှာဘူးထင်ပါရဲ့၊ ခင်ကြီးအပေါ်မှာ ရက်စက်တော်မူမဲ့ ကိုယ်တော် မဟုတ်ရှာပါဘူး" ဟု လူးလှိမ့်ကာ ပြင်းပြင်း ထန်ထန်ကြီး ကြိတ်၍ ငိုရတော့သည်။
ငှက်ကလေးပမာ အတောင်ပေါက်ကာ ပျံနိုင်လျှင်လည်း ရွှေနန်းရှင် စည်းစိမ်တော် ယစ်မူးရာသို့ အမြန်သွားပြီး အနင့်သား ပြောလိုက်ချင်လှသည်။ လိုရာကို မသွားနိုင်ဘဲ အခန်းကျဉ်းကလေးထဲမှာ လက်ပြန်ကြိုးတစ်ထပ် ချည်ထားခြင်းခံရသော မိမိဘ၀ကို ပြန်ကြည့်လျက် အံကြီးစိတ်ပေါက်မိပြန်တော့သည်။
ဒိုင်းခင်ခင်မှာ ဤသို့နှင်နှင် နေ့စဉ်ရက်ဆက် မျက်ရည်နှင့် မျက်ခွက် ဆင်းရဲဒုက္ခခံလျက်ပင် သီပေါ ရွှေနန်းရှင်ကို စိတ်တွင် တမ်းမှန်းပြီး အားကိုးမျှော်လင့်ခြင်းကြီးစွာ နေခဲ့ရှာသည်။ ထိုညအဖို့မှာလည်း အခါတိုင်းကဲ့သို့ပင် နေ၀င်ဖျိုးဖျ အချိန်လောက်ကစ၍ လေးလံလှသော စိတ်များ၊ အားငယ်ကြောက်ရွံ့သော လှုပ်ရှားမှုများကို ခံစားနေကျအတိုင်း ရှစ်ခွင်သိုင်း၍ မှိုင်းမှောင်လာသော ညမီးထွန်းချိန်အထိ မိမိဖြစ်အင်ကို စဉ်းစားဆင်ခြင်လျက်ရှိသည်။ အကျဉ်းထောင်မှ ထုတ်ယူလာပြီး ဤအခန်းကျဉ်းကလေးထဲသို့ ပြောင်းလာရသည်ပင် တစ်လကျော်ကျော် နှစ်လနီးပါးသို့ ရောက်ခဲ့လေသည်။ တိုင်တားမင်းကြီးကိုလည်း ပထမအကြိမ် တွေ့မြင်လိုက်ပြီးနောက် ယခုတိုင် တစ်ကြိမ် တစ်ခါမှ မတွေ့ရ၊ နေ့စဉ် အာဟာရပို့လာသူ အဒေါ်ကြီးကလည်း မျက်နှာကြီးစွာထား၍ စကားလည်းမဆို မေးလိုရာကို မမေးဝံ့၊ ကြောက်ရွံ့လျက်သာ နေ့ရက်ကုန်လွန်ခဲ့ရာ ကြာသော် ထိုမိန်းမ ကြီးအား ခင်ခင်ကြီး စိတ်များက လူသားဟူ၍ပင် မမှတ်ထင် အကြင်နာတရားနည်းပါးလှသော ဘီလူး သရဲကြီးပမာ မြင်လိုက် သည့် တစ်ခဏ၌ ကြက်သီးများထ၍ လာမိရှာသည်။
ယင်းသို့ နုနယ်ငယ်ရွယ်သူ မိန်းမသားကလေးမှာ ဆင်းရဲဒုက္ခ အသွယ်သွယ်နှင့် ပြည့်နှက်သော နေ့ရက် တည်း ဟူသော ကန္တာရခရီးကြမ်းကြီးကို အားငယ်စွာ လွန်မြောက်လာခဲ့ရာ ယနေ့အဖို့ကား အားအငယ်ဆုံး စိတအလေး ဆုံးသာ ဖြစ်ပါလေတော့သည်။ နေ၀င်စက ညစာအပို့လာသော မိန်းမကြမ်းကြီးမှာ အကြောင်း မသိ ခါတိုင်းထက် ထူးခြားသော စကားတစ်ခွန်းကို ဆို၍ သွားလေ သည်။
တံခါး ဖွင့်လျက် ထမင်းခွက်ကို ချထားပြီး ခါတိုင်းကဲ့သို့ ဣနြေ္ဒကြီးနှင့် ပြန်ဆင်းမသွားဘဲ
"ရော့ စား နက်ဖြန် ငါ မပို့ရတော့ဘူး "
ထူးခြားစွာ ဆိုသွားသော သူ့စကားမှာ ဘာကိုရည်၍ ပြောလိုက်ခြင်းဟု မစဉ်းစားတတ်အောင် ရှိလေသည်။ ထိုကြောင့်လည်း ပို၍ စိတ်လေးမိသည်။
မှောင်ရည်သန်းစအချိန်မှ အစပြု၍လည်း မြင်းဇောင်းတဲတန်းကြီး၏ နောက်ပိုင်းဆီမှ ကြည်ကွဲရှည်လျားစွာ အူလိုက်သော ခွေးအူသံကြီးမှာ မကြာခဏ ကြားနေရတော့သည်။ အတောင်တဖျပ်ဖျပ်ခပ်၍ ပြတ်သည် မရှိအောင် ပျံသန်းကူးသွားနေကြသော လင်ကောင်ပိုးခေါ်သည့် ငှက်ဆိုးသံမှာလည်း နားမခံနိုင် လောက်အောင် စူးရှကျယ်လောင်စွာ ထိုး၍ ထိုး၍ သွားတတ်သည်။ အားငယ်ကြောက်ရွံ့တတ်သော မိန်းမသား ပီပီ ဤအခြင်းအရာများကြောင့် တုန်လှုပ်ချောက်ချားနေမိသည်။ ခါတိုင်းနှင့်မတူ ဆိတ်ငြိမ်သော မြင်းဇောင်းအနီးအပါးမှာ တစ်ခါ တစ်ခါ ဖြတ်သွားသော လူခြေသံလိုလိုလည်း တရှပ်ရှပ်ကြားရသည်။ ခင်ခင်ကြီးမှာ ထိုအခြင်းအရာများကို မသင်္ကာသလို ဖြစ်လာပြီး ၀ါးထရံအနီးသို့ တိုးကပ်ကာ သေးငယ် သော အပေါက်ကလေးမှ အသာတရ ချောင်း၍ ကြည့်လိုက်မိသည်။
အင်္ကျီမပါ ဗလာကိုယ်လုံးတွင် မဲပုဆိုးနွမ်းကို ခါးထောင်းမြှောင်အောင် ကျိုက်ထားသော လူကြီးနှစ်ယောက် မှောင်ထဲမှ ပေါ်လာသည်။ ကွမ်းတွေ တဗျစ်ဗျစ်ဝါးလျက် မျက်ထောက်ကြီးများ နီနေအောင် ထန်းရေတွေ အ၀ သောက်ထားသည်ကို သူတို့လက်မှ ယိမ်းထိုးနေသော ရေနံချေးမီးခွက်အရောင်တွင် အတိုင်းသား မြင်နေ ရသည်။
တစ်ယောက်ကား လက်မောင်းခန့်ရှိသည့် ရှားသားနှစ်တုတ်ကြီးကို မီးခွက်နှင့် တစ်ဖက်စီ ကိုင်ထားသည်။ တစ်ဦးကား ဖျင်နီအိပ်ထောင်ရှည်တစ်ခုနှင့် ၀ါးလုံးနှစ်ခု၊ လူသေကောင်တင် ၀ါးကပ် တစ်ခုတို့ကို စု၍ ကိုင်ထား ရာမှ ဖုတ်ခနဲ မြေပေါ်သို့ ပစ်ချလိုက်လေသည်။
ခင်ခင်ကြီးကား ဖျင်းခနဲ ကြက်သီးထ၍ သွားမိသည်။ ရင်သွေးတော် ဖွားမြင်မှုကိစ္စမပြီးသေးသောကြောင့် ငါ့အသက်ကို ဆိုင်းငံ့ထားခြင်းဖြစ်သည်။ ဤလူတွေဟာ ငါ့ကို သတ်ဖို့ လာတာမဟုတ်ပါဘူးဟု ကြက်သီး မွေးညင်း ထမိသော မိမိစိတ်ကို ကြိတ်၍ ဖြေလိုက်ရသည်။
ထိုခဏ၌ မိမိကို ထမင်းပို့နေကျ မိန်းမကြမ်းကြီးမှာ အာဏာပါးကွက်နှင့်တူသူ နှစ်ဦးအား တီးတိုးပြောဆို ခေါ်ငင်သွားလေသည်။ များမကြာမီ မိမိနေထိုင်ရာ အခန်းမှ တံခါးကို တစ်စုံတစ်ယောက်က လာ၍ ဖွင့်သဖြင့် ပွင့်သွားသည်။ လူရည်သန့်သန့်တစ်ယောက် ၀င်လာပြီး လက်က မီးခွက်နှင့် ခင်ခင်ကြီးအပါး ရောက်လာ လေ၏။
"ခင်ခင်ကို မင်းမင်းဘုရားက တွေ့တော်မူလို၍ အခေါ်ခိုင်းပါသည်။ တဆိတ် အပြင်လိုက်ခဲ့ပါ" ဆိုကာ လက်ပြန်ကြိုးလျှော့လျှော့နှင့် တစ်ဆက်တည်း ထရံတွင် ချည်နှောင်ထားသော ကြိုးကိုဖြတ်၍ အပြင်သို့ ခေါ်လာသဖြင့် ခင်ခင်ကြီးမှာ ဒယီးဒယိုင်နှင့်ပင် ကြိုးစားလိုက်ပါလာခဲ့ရလေသည်။
အပြင် ရောက်လျှင် ယခင်တွေ့ရသော ၀ါးကပ်ပစ္စည်းများအနီးရှိ ငုတ်တိုင်တစ်ခုတွင် ကြိုးစကို ချည်ခဲ့ပြီး အဆိုပါလူသည် မနီးမဝေးမှ ဖယ်နေလိုက်စဉ် အိမ်ကြီး၏ နောက်ဖေး လှေကားမှ အလင်းရောင်တစ်ခု ပေါ်လာလေသည်။ ထို့နောက် မီးခွက်ငယ်၏ အလင်းရောင်ကို အားပြုဆင်းလာသော တိုင်တားမင်းကြီးကို လှမ်းမြင်ရသောအခါ အားတက်၍ လာမိလေသည်။ မိမိကို သည့်ထက်ကောင်းတဲ့နေရာများ ပြောင်းထား မယ်လို့လား၊ သို့တည်းမဟုတ် ရွှေနန်းရှင်ဘုရား သိတော်မူသွားလို့များ အချုပ်အနှောင်ထားရာက လုံးဝ လွှတ်ပစ် တော့မယ်လို့လား စသော အားထားမျှော်လင့်ချက်များမှာ တိုင်တားမင်းကြီး မိမိအနီးသို့ ရွေ့လျား လာနေသော ခြေလှမ်းတိုင်း ခြေလှမ်းတိုင်း တဖွားဖွား တိုးတက်ပေါ်ပေါက်လျက် ရှိလေ တော့သတည်း။
တိုင်တားမင်းကြီးသည် ခင်ခင်ကြီးအနီးသို့ ရောက်လာလေ၏။ မင်းကြီး၏ မျက်နှာမှာ ကြင်နာရောင် သန်း လျက် ရှိလေသည်။
"သြော် ... ခင်ကြီး ... ခင်ကြီး" ဟု လေးလေးကြီး မြည်တမ်းရေရွတ်ခါ ခေါင်းတညိတ်ညိတ်နှင့် စဉ်းစား လျက်ရှိလေ၏။
"တိုင်တားဘိုးဘိုးဘုရား၊ ခင်ကြီးအကြောင်း၊ ရွှေနန်းရှင်ဘုရား သိတော်မူသွားပါပြီလား ဘုရား"
ခင်ခင်ကြီးက မေးသော်လည်း တိုင်တားမင်းကြီးထံမှ အဖြေမရပေ။
"အခု ဘိုးဘိုးဘုရား ကြွတော်မူလာတာ ခင်ကြီးကို လွှတ်ဖို့လားဘုရား၊ ရွှေနန်းရှင် ဘုရားက အပါးတော် ၀င်စေ တဲ့လားပါဘုရား"
အားမလိုအားမရ ထပ်ခါလော၍ စိတ်ဇောကြီးစွာ မေးမြန်းပါလည်း တိုင်တားမင်းကြီးမှာ နှုတ်လေးလျက်သာ တစ်ခါ တစ်ခါ ရေနံချေးမီးစာကို လေမှုတ်သဖြင့် လှုပ်ရှားဖြတ်သန်းလာသော အလင်းရောင်၌ တစ်ခြမ်းမည်း တစ်ခြမ်း မှောင်နေသည့် တိုင်တားမင်းကြီး၏ မကြည်လင်လှသော မျက်နှာကို ခင်ခင်ကြီးက အကဲမခတ် နိုင်ရှာ အောင် ဖြစ်နေလေသည်။
တိုင်တားမင်းကြီးလည်း မပြောလျှင် မပြီးတော့သဖြင့် -
"ခင်ကြီးရယ်၊ နင့်ကံကလည်း ဆိုးလှသကွယ်၊ ဘိုးဘိုးလည်း တတ်နိုင်သလောက် အထောက် အထား ရသမျှနှင့် အကြောင်းပြလို့ ဆိုင်းထားပေမဲ့ အရှင့်အာဏာ ကျွန်မှာတည်စေဆိုတဲ့ စကားအတိုင်း ဘိုးဘိုး ခေါ်လို့ မထားနိုင်တော့ဘူးကွယ်၊ ဒါကြောင့် ငါ့မြေးကို ဒီညပဲ အာဏာပါးကွက်များလက်ထဲ အပ်ရ တော့မယ်" ဟု ၀မ်းနည်းသံကြီးနှင့် ပြောရတော့သည်။
"ဘုရား ... ဘုရား သွေးတော်သားတော်ကလေးကို ငဲ့ညှာတော်မမူတော့ဘူးတဲ့လား ဘိုးဘိုးဘုရား"
"အေး ဘိုးဘိုးက ခင်ကြီးကို သနားတာထက် ထီးဆက်နန်းဆက် ပြတ်သွားတတ်တယ် ဆိုတဲ့ အစဉ်အလာ အယူအဆကြောင့် ဖွားမြင်ပြီးတဲ့ အချိန်ကျအောင် ဆိုင်းငံ့ထားပရစေဦးလို့ အခါခါ ပြောသော်လည်း သဘောတော် မတွေ့၊ နေ့ရှိသရွေ့ ဘာပြုမဲ့ ရာဇ၀တ်ကောင်ကို သိုလှောင်ထိန်ဝှက်ထားရသလဲလို့ မေးတော် မူနေတော့ ကြာလျှင် ကိုယ်ပါ ရာဇ၀တ်မကင်း ဖြစ်မလာရအောင် ထောင်မှူး အာဏာသား တို့လက်သို့ ငါ့မြေးကို ၀ကွက်အပ်ရပေါ့ကွယ်၊ ၀ိပါက ၀ဋ်မကင်းလို့ မင်းတို့မှာ ယခုလို အသတ်ခံရသည်လို့ တွေးပြီး ဘ၀ကူးကောင်းအောင်သာ စိတ်ဖြောင့်ဖြောင့်ထားပေတော့ ခင်ကြီးရယ်၊ ဘိုးဘိုးတော့ မကယ်နိုင် ဘူး"
"အမယ်လေး ... ရက်စက်ကြပါပေရဲ့ တိုင်တားဘိုးဘိုးဘုရားရယ်၊ ဆိုးဝါးတဲ့ ကြမ္မာသည်ကို မကယ်နိုင် လျှင်လည်း ရှိပါစေတော့ ဘိုးဘိုးဘုရား၊ ကိုးပါးရတနာ ခြယ်မွစီစဉ် သီလ၀င်နဲ့ လျှင်မကြာပိုင်းရင်လည်း စိတ်တိုင်း ကျ အသေခံရန် အသင့်ပါပဲဘုရား၊ မသေခင်သာ ရွှေနန်းရှင် မောင်မောင်ကို အားရအောင် တစ်ကြိမ် လောက်ဖူးမြင်လို့ ဦးတင်သွားပါရစေ၊ ဒါမှ ခင်ကြီး သေလို့ ဖြောင့်ပါလိမ့်မယ် ဘိုးဘိုးဘုရား"
တိုင်တား မင်းကြီးကား ခေါင်းကို ဖြည်းညှင်းစွာ ရမ်းခါလျက်ရှိသည်။ ခင်ခင်ကြီးမှာ တိုင်တားမင်းကြီး ဒူးကို ဖက်ကာ မသေခင် ဖူးမြင်ချင်လှသော ဆန္ဒကို မရမရ ပူဆာလျက် ရှိတော့၏။
"ဘိုးဘိုး မတတ်နိုင်ဘူးမြေးရယ်၊ ဘုရင့်သွေးသား လွယ်ပိုးထားရသော မိဖုရားများကို သတ်မိလျှင် ထီးစဉ်နန်းဆက် ပြတ်သွားတတ်တဲ့အတွက် ဘိုးဘိုး၏ ရာထူးစည်းစိမ် မငဲ့ကွက်ဘဲ အချိန်ဆွဲထားခဲ့မိတယ်၊ ယခင် မင်းညီ မင်းသားများ သတ်စဉ်ကလည်း အမှုမဲ့ အမှတ်မဲ့ မြေကျင်းကြီးထဲမှာ တူးမြှုပ်ထားမိတဲ့အတွက် မိုးသုံးနှစ် ဆက်၍ ခေါင်ကာမှ မဟာဆီ မဟာသွေး မြေမကျရဆိုတဲ့ အစဉ်အလာကို သိရပြီး အရေး တကြီးဖော်ယူလို့ ဧရာဝတီမြစ်ထဲ ချပစ်ကြရသေးတယ်၊ ယခုအခါမှာလည်း အဲဒီကိစ္စကို သတိရမိတာနှင့် ကုန်းဘောင်နန်းရိုး မုဆိုးဆက်ပြတ်သွားမည်စိုးသဖြင့် ဘိုးဘိုးလက်မှာ ခင်ကြီးကို မီးဖွားပြီးသည်အထိ တာဝန်ယူကာ ဆိုင်းထားမိတယ်၊ တခြားသော ၀န်ကြီးများဆိုလျှင် ကိုယ့်အရေးထက် သူ့အရေးကို ငဲ့ကွက်ဝံ့မည် မဟုတ်ရှာဘူး၊ ဘိုးဘိုးမှာ အထူးသဒ္ဓါ ယုံမှတ်သူမို့သာ ရာဇ၀တ်မရောက်ရသည် မှတ်ပါ၊ ဒီတော့ကာ ဘိုးဘိုးလည်း ဘာမှထပ်ပြီး မပြောနိုင်ဘူး၊ ငါ့မြေးတို့ ကုသိုလ်သာ အောက်မေ့ကြပေတော့" ဟု ဖြည်းဖြည်း ချင်း ပြောဆိုနားချရှာတော့သည်။
ခင်ခင်ကြီးကား မျက်ရည်များ မထွက်နိုင်လောက်အောင် ခန်းခြောက်ကုန်ပြီဖြစ်၍ သေနေ့စေ့သူဟု မိမိကိုယ်ကို ပိုင်းဖြတ်လိုက်ကာ သွေးပူပြင်းပြီး စိတ်တင်းတင်းကြီးထားလျက် ရှိလေ၏။ ငိုနေ၍လည်း သေဘေး မှ ချမ်းသာရာရမည် မဟုတ်၊ ကြောက်ရွံ့ တွန့်ဆုတ်နေ၍လည်း မဖြစ်၊ ထပြေးနိုင်စေကာလည်း မလွတ်၊ ၀ဋ်နှင့်ကြမ္မာ မလွှဲသာ၍ လည်စင်းကာခံရန်သာ ရှိကြောင်း ကောင်းစွာနားလည်တော့သည်။
"တိုင်တားဘိုးဘိုးဘုရား၊ ခင်ကြီးအတွက် ဤမျှငဲ့ကွက်တော်မူခဲ့တဲ့ ကျေးဇူးတော်တွေ၊ သေရာအထိ မမေ့နိုင်တော့ ပါဘူးဘုရား၊ နောက်ဆုံးတစ်ခုကို ဘိုးဘိုးဘုရားကို ခင်ကြီး တောင်းပန် အသနား ခံသွားလိုသည်မှာတော့ ရွှေနန်းရှင်ဘုရား စိတ်တော်ပျော်ရွှင် ကြည်သာတော်မူခိုက်များ ဘိုးဘိုးဘုရားနှင့် စကား စပ်မိပါလျှင် ခင်ကြီးအဖြစ်အပျက်များ လျှောက်ထားပေးတော်မူပါ၊ ခင်ကြီးဟာ သေရာ အချိန် အထိပင် ရွှေနန်းရှင်ဘုရားရဲ့ ရာဇ၀တ်ကို ဦးညွတ်ခံရင်း တစ်ကြိမ်လောက်မျှ မဖူးရလေခြင်းလို့ ယူကျုံး မရ ဖြစ်လျက် သေသွားတယ်ဆိုတဲ့ အကြောင်းနောက်နောင် ဖြစ်လေရာ ဘ၀သံသရာတွင် ရွှေနန်းရှင်ဘုရားနှင့် ငှက်ဖြစ်သော်မှ တစ်ကိုင်းတည်း နားပါရစေလို့ သေမဲ့ဆဲဆဲ အံခဲပြီး ဆုတောင်းဆုယူပြုသွားပါတယ်လို့ သံတော်ဦး တင်ပါတော့ဘုရား"
"အေးအေး ... အမေးတော်ရှိလျှင် လျှောက်တင်လိုက်ပါမယ် မြေးရယ်၊ ဘိုးဘိုး မျက်နှာလွှဲတော့ မယ်နော်"
"အို ... ချက်ချင်းပင် မျက်နှာတော် လွှဲတော့မလား တိုင်တားဘိုးဘိုး၊ ကံဆိုးတဲ့ ခင်ကြီးက သေခါနီး ကန်တော့ လိုက်ပါရစေ ခဏနေတော်မူပါဦး" ဟု ပြောကာ ဦးသုံးကြိမ်ချလေသည်။ ထို့နောက် "ဘုန်းတော် အလွန်တရာ ကြီးမြတ်တော်မူလှသော ရေမြေ့သခင် ခင်ကြီးရဲ့ လင်၊ ရွှေနန်းရှင်ကို ဦးတင်ညွတ်ကာ ကန်တော့လိုက်ပါပြီ၊ ဤဘ၀မှစ နိဗ္ဗာန်မရသေးသမျှ ဖြစ်လေရာ ဘ၀တို့တွင် ရွှေနန်းရှင် မောင်မောင်နှင့် ကြင်နာ ပေါင်းဖက် ရေစက်ဆုံစည်းရပါစေသား၊ ကံ ကံ၏ အကျိုးပေးမှုအားကြောင့် လူ့ဘ၀ကို မရသော အလှည့်များမှာပင်လည်း ငှက်ဖြစ်သော်မှ တစ်ကိုင်းတည်းနားရပါလို၏ဘုရား၊ မြတ်စွာဘုရားအား ရည်စူး၍ ဆုထူးပန်ရာတွင် ထက်သန်သော အဓိဋ္ဌာန်စိတ်ထားနှင့် မှန်ကန်သောစကားကြောင့် တိုင်တားဘိုးဘိုးကို သက်သေ ထား၍ ယခု တောင်းလိုက်သော ဆုများ ပြည့်စုံရပါလို၏ဘုရား"
"ခင်ကြီး တောင်းတဲ့ဆုနှင့် ပြည့်စုံပါစေကွယ်၊ ကိုင်း ဘိုးဘိုး သွားတော့မယ်"
"ခင်ကြီး နောက်ဆုံးကန်တော့လိုက်ပါပြီဘုရား" ဟု ပြောသော်လည်း အဓိဋ္ဌာန်စိတ်နှင့် မှိတ်ထားသော မျက်လုံးကို မဖွင့်တော့ဘဲ လက်အုပ်ချီကာ ဘုရားအာရုံပြုနေရှာတော့သည်။ တိုင်တားမင်းကြီးမှာ စိတ်မကောင်း စွာနှင့်ပင် အိမ်တော်ကြီးရှိရာ မှောင်ထုထဲသို့ ၀င်ရောက် ပျောက်ကွယ်သွားလေ၏။
မြင်းဇောင်းထဲမှ အာဏာပါးကွက်ကြီး နှစ်ယောက်လည်း ခင်ခင်ကြီးအနီးသို့ ရောက်ခဲ့လေသည်။ မနီးမဝေးမှ လေထဲတွင် ယိမ်းထိုးလှုပ်ရှားနေသော ရေနံချေးမီးခွက်၏ အလင်းရောင် ပျောက်ကြားတွင် မလှုပ် မရှား ဘုရားအာရုံပြုလျက်ပင် ရှိနေသေးသူ ခင်ခင်ကြီးအား အာဏာသားတစ်ဦးက ခေါင်းမှဆံပင်ကို စုဆွဲလျက် မျက်နှာကို နောက်လှန်ချလိုက်သောအခါ ပြေပြစ်သော လည်တိုင်ကလေးကို မော့ပေးသကဲ့သို့ ဖွေးခနဲဝင်းခနဲ ပေါ်လာတော့သည်။ အာဏာသားတစ်ယောက်ကား ရှားနှစ်တုတ်ကြီးကို တယုတယသုတ်၍ လက်ထဲတွင် ဆုပ်ကိုင်ချိန်ဆနေလေရာ မျက်လုံးကိုမှိတ်ထားပြီး ဘုရားအာရုံပြုနေသူ ခင်ခင်ကြီးမှာ အာဏာ သားတို့၏ ကြောက်ရွံ့ဖွယ်အသွင်ကို လုံးဝမမြင်ရ မတွေ့ရတော့ဘဲ စွဲလမ်းထင်မြင် အာရုံ ကောင်းဝင်ဖို့ရာ ရောင်ခြည်တော်ခြောက်ဖြာ ကွန့်မြူးဟန် ဘုရားရှိခိုးကို တီးတိုးရွတ်ဆိုလျက် ရှိလေ သည်။
တိတ်ဆိတ်မည်းမှောင်သော ပတ်ဝန်းကျင်မှာ စူးရှစွာ ထိုးမြည်သွားသော ငှက်ဆိုးသံတစ်ချက် ပေါ်လာပြီး အသံနက်ကြီးနှင့် တစ်ချက်လွှတ်ထ၍ အော်လိုက်သော ခွေးအူသံအဆုံးတွင် ဗြုန်းခနဲ အိပ်တန်းမှ လန့်ဖျပ် ပျံသန်းသွားကြသော ကျီးပြိုသံများ ဆူညံသွားသည်။ ထိုအခိုက် အတန့်မှာ စိတ်မကြည် လင်လှသော တိုင်တားမင်းကြီးသည် ဘုရားခန်းတွင် ပုတီးစိပ်၍ ပရိတ်မေတ္တာဘာဝနာများ ပွားနေဆဲ ဖြစ်လေ၏။ တိုင်တားမင်းကြီးမှာ ဘုရားအာရုံပြုရာ ဘုရားစင် ၀ရန်တာမှ အိမ်ကြီးနောက်ပိုင်းဆီသို့ အမှတ်မထင် မျက်စိရောက်သွားမိ၏။ လူနှစ်ယောက်သည် ရှည်လျားသော အိတ်ထောင်ကြီးကို ၀ါးလုံး နှစ်ချောင်းနှင့် ထမ်းသယ်လျက် နောက်ဖေး ၀င်ပေါက်မှ ထုတ်ယူသွားသည်ကို မှုန်မှုန်မွှားမွှား မြင်လိုက်ရသောအခါ " အင်း... ကုန်းဘောင်ဆက်တော့ ပြတ်ပါပြီ" ဟု တစ်ကိုယ်တည်း ရေရွတ်လိုက်မိပြီး သက်ပြင်းကြီး ချပစ် လိုက်ရှာတော့သတည်း။
တောင်ခိုးတောင်ငွေ့တွေ တဝေေ၀လွှမ်းလျက်ရှိသော ကျောက်တောင်ခါးပန်းကြီးများ ကြားတွင် တသွင်သွင် ဖြတ်သန်းစီးသွယ်နေသော မြစ်ကျဉ်းငယ်မှာ ကြည်လင်အေးမြသော စမ်းရေယာဉ်တို့ အစဉ် ပြည့်လျှံ နေမြဲဖြစ်သည်။ ကြည်ကြည်လဲ့လဲ့ ရေအဟုန်ရစ်သွဲသော မိုးကောင်းမြစ်ကမ်းခြေမှာ သာယာ စိမ်းစိုသော သဘာဝသစ်ပင်ပျိုနှင့် လျှိုမြှောင်ခင်တန်း ပန်းမျိုးစုံလွှမ်းလျက် ရှိစေကာမူ မိုးကောင်း မြို့နှင့် တောတောင်ရေမြေ သာယာပုံတွေကို ရှုမျှော်မိလေလေ အချုပ်ထောင်ကြီးအတွင်းမှ ရင်တွင်း လှိုက်လှဲကြေကွဲဆွေးမြည့်ရလေလေ ဖြစ်လျက်ရှိသူမှာ ဘုရင့် စာဆိုတော် ရာဇ၀တ်အကျဉ်းသားကြီး မောင်မောင်ငယ် သာ ဖြစ်လေသည်။
ရွှေဘုံရွှေနန်း ရွှေကြငှန်းနှင့် ရွှေနန်းကြီးသခင် ကျေးဇူးတော်ရှင်ဘုရားကို အားကိုး တသမှုသည် လည်းကောင်း၊ စေတနာရေယဉ်စီးသဖြင့် ကြိုးကြိုးစားစားကြီး ဆောင်ရွက်ပေးမိသည့် ခင်ခင်ကြီးအတွက် သူကလေး မှာ အပြစ်ရာဇဒဏ် လွတ်မြောက်ခါ စည်းစိမ်ချမ်းသာမပျက် နေထိုင်လျက် ရှိပြီဆိုသော သတင်းကို မိမိ မသေမီအတွင်း ကြားသိသွားလိုသော ဆန္ဒသည်လည်းကောင်း ထိုအကြောင်း နှစ်ရပ်အတွက်သာ ပြင်းပြင်းပြပြ တောင့်တမျှော်လင့်နေမိခြင်းမှ တစ်ပါး မောင်မောင်ငယ်မှာ အခြားသော စိတ်အာရုံဝင်စားမှုဟူ၍ မရှိတော့ပေ။ မိုးကောင်းဝန်မင်းက ထောင်အတွင်းပင် ဖြစ်သော်လည်း ချမ်းသာစွာ နေထိုင်ရန် ခွင့်ပြုထားသဖြင့် အနေအစား ချမ်းသာလျက် ရှိနေသည်ကိုပင် စိတ်မ၀င်စားနိုင်အောင် ဖြစ်ရ တော့သည်။ မိုးကောင်းဝန်မင်း မကြာမကြာ လာရောက်ကာ စားသောက်နေထိုင်မှု စိတ်တိုင်းကျရှိမရှိ မေးမြန်း စုံစမ်းကာ အစစအရာရာ အားပေးစရာများ ပြောကြားလာတိုင်းပင် မိမိအရေးထက် နေပြည်တော်မှ ဒိုင်းခင်ခင်ကြီး၏ သတင်းကို ကြားလိုကြောင်းသာ ပြောကြားလျက်ရှိတော့သည်။
မိုးကောင်းဝန်မင်းကလည်း "ကျွန်တော် ကြိုးစားလျက်ပါပဲ ကိုကြီးဖေ၊ ကိုကြီးဖေသိလိုတဲ့ ကိစ္စအရပ်ရပ်ကို ညီမောင်ကိုယ်စား ထပ်တူထပ်မျှ စိတ်ချရတဲ့လူတစ်ဦးအား စေလွှတ်ထားပါတယ်၊ လွှတ်လိုက်တဲ့ရက်များ အတန် ကြာသဖြင့် ပြန်လာချိန်လည်း နီးပါပြီ" ဟူသော အဖြေနှင့် မောင်မောင်ငယ်ကို နှစ်သိမ့် စေခဲ့ လေသည်။
မိမိကိုယ်ရေးကိုယ်တာ ဒုက္ခရောက်နေရာတွင် မိမိအရေးထက် သူတပါးအတွက် ပူပင် ကြောင့်ကြလျက် ရှိသည်ကို မောင်မောင်ငယ် အပေါ်တွင် မိုးကောင်းဝန်မင်းကပင် အားမလိုအားမရရှိလှသည်။ အကယ်၍သာ နေပြည်တော် က သတင်းရောက်လာလျှင်လည်း ခင်ခင်ကြီးအကြောင်း မကောင်းသတင်း ပါလာက လျှို့ဝှက်ဖျောက်ဖျက်ပြီး သတင်းကောင်းအဖြစ်နှင့် သူ၏ စိတ်သက်သာရာရရန် ကြံဖန် လီဆယ်၍ ပြောရ တော့ မည်ဟု စိတ်ကူး စီစဉ်ထားမိလေ၏။
သို့နှင့်ပင် တစ်နေ့သောအခါ၌ မိုးကောင်းမြို့ ကမ်းခြေသို့ လှေကြီးတစ်စင်း ဆိုက်ကပ်လာလေသည်။ ထိုလှေမှာ နေပြည်တော်မှ ဆန်တက်လာသော လှေဖြစ်၍ မိုးကောင်းဝန်မင်း စေလွှတ်လိုက်သူမှာ ထိုလှေ နှင့်ပင် လိုက်ပါလာလေသည်။ လှေမှာ နေပြည်တော်မှ ခါတိုင်းကဲ့သို့ အရပ်ရပ်ဆင့်ဆိုရသော မင်းကိစ္စနှင့် စပ်လျဉ်းသော စာချွန်တော်များ ရာဇ၀တ်ကောင်များ စားနပ်ရိက္ခများပါလာသည့်အပြင် ဗန်းမော်မြိ့မှ အထူး ကိစ္စ တာဝန်နှင့် လိုက်ပါလာကြသော မင်းလုလင်များနှင့် အရာရှိတစ်ဦးပါ မိုးကောင်းဝန်မင်း အိမ်တော် သို့ ရောက်လာတည်းခိုကြလေသည်။
နေပြည်တော်မှ သတင်းများကို စိတ်ထက်သန်စွာ ကြားသိလိုသူ မောင်မောင်ငယ်အဖို့ အကောင်းမရှိ အဆိုးချည်း သက်သက်ဖြစ်သော သတင်းနှစ်ရပ်မှာ ထိုလှေကြီးနှင့် ထက်ကြပ်ပါခဲ့လေပြီ။ မိုးကောင်းဝန်မင်း စေလွှတ်သူ သည် နေပြည်တော်ရှိ မိုးကောင်းဝန်မင်း၏ ဆွေမျိုး မိသင်္ဂဟတို့ထံမှ စုံစမ်းကြားသိရသော သတင်းများအရ ဒိုင်းအတွင်းဝန်မင်းနှင့် အတွင်းဝန် ကတော်တို့ ကွပ်မျက် လိုက်ပြီဖြစ်ကြောင်းကို လည်းကောင်း၊ ရနောင်မြို့စား မောင်မောင်တုတ်မှာ အကျဉ်းထောင်ထဲတွင် သူ့ကိုယ်သူ ကတ်ကြေးပျက် နှင့်ထိုး၍ သေဆုံးသွားပြီ ဖြစ်ကြောင်းကိုလည်းကောင်း၊ ရနောင်မင်းသား ညီပင်းသာ မောင်မောင်ဗျောင်းမှာ ကံအား လျော်စွာ သတ်ရာတွင်မပါ၊ မိုးကောင်းပို့ရာတွင်လည်း မလိုက်ရ၊ နေပြည်တော် အကျဉ်းထောင်မှာ ကျန်ရှိ နေခဲ့ရသေးကြောင်းတို့ကိုလည်းကောင်း၊ ဒိုင်းခင်ခင်ကြီးကိုလည်း ကွပ်မျက်စေရန် အမိန့်ချပြီး၍ ယခုအချိန်၌ ကွပ်မျက်ပြီးလောက်ပြီဖြစကြောင်းကို လည်းကောင်း၊ ရွှေနန်းရှင်ဘုရားမှာ ကျန်းမာတော် မူလျက် ရှေးအထက်ကကဲ့သို့ အရှင်နှစ်ပါး ဆယ့်နှစ်ရာသီ အလှူတော်များ ပျော်ပွဲသဘင် မင်းပွဲသဘင် အခမ်းအနား များ ထွက်တော်မူမြဲအတိုင်းပင် ထွက်တော်မူနေပြီ ဖြစ်ကြောင်း၊ ညီမတော် ရမည်းသင်း စုဖုရားကိုလည်း ဘုန်းတော်ကြီးဘုရားက သိမ်းပိုက်တော်မူကာ ကြည်သာရွှင်လန်းစွာ စံတော်မူလျက် ရှိကြောင်းများကို တစ်ဆင့်ပြောပြသော အခါ မိုးကောင်းဝန်မင်းမှာ မောင်မောင်ငယ်အတွက် ကြားရချက် မသက်သာလှသော သတင်းများသာ ဖြစ်သောကြောင့် ပြောရမည်ကို စိတ်မကောင်းဖြစ်ရပြန်သည်။ ထို့ကြောင့် မူလစီစဉ် စိတ်ကူးထားချက်အရ ထိုသတင်းများကို ဖုံးဖိထားပြီး နားဝင်ချမ်းသာစေမည့် စကားလောက် ကိုသာ မုသားလွတ်ပြောကြားပါတော့မည်ဟု ပိုင်းဖြတ်ထားလေ၏။
သို့ရာတွင် ထိုထက်ဆိုးသော သတင်းတစ်ရပ်မှာကား ဗန်းမော်မြို့မှ မင်းမှုထမ်းများ ရောက်လာကြသော ကိစ္စဖြစ်လေ၏။ မိုးကောင်းဝန်မင်းသည် ၄င်းအရာရှိများ လာရောက်ကြသည့် ကိစ္စကို ၀တ္တရားအရ မေးမြန်း စုံစမ်းသော အခါ -
နေပြည်တော်ကြီးမှ ဗန်းမော်ဝန်ထံသို့ သံကြိုးနှင့် ပို့လိုက်သော အမိန့်တော်အရ ဗန်းမော်ဝန်က မိမိတို့ကို စေလွှတ်လိုက်သဖြင့် မိုးကောင်းမြို့သို့ ရောက်လာရကြောင်း၊ လာကြသော အကြောင်းကိစ္စမှာ နေပြည်တော်မှ မိုးကောင်းအကျဉ်းထောင်သို့ လွန်ခဲ့သော သုံးလေးလခန့်က ပို့လွှတ်ထားသော ရာဇ၀တ်သား များအနက်မှ သုတ်သင်ကွပ်မျက်ရန် ပါလာသော ရာဇ၀တ်သား ငဖေငယ်အား သုတ်သင် ကွပ်မျက်ခြင်း ပြုပြီးကြောင်းများ ယခုတိုင် အစီရင်ခံစာ မရသေးသဖြင့် ဗန်းမော်ဝန်က တာဝန်ခံ၍ သွားရောက်ခေါ်ယူပြီးလျှင် ဗန်းမော်စစ်တပ်၌ အပြီးပိုင်သတ်ဖြတ် သုတ်သင်ရမည်ဟူသော အမိန့်တော်အရ ရာဇ၀တ် အကျဉ်းသားကို ခေါ်ယူရန် လာရောက်ကြရကြောင်းများ၊ ပြောပြကြသောအခါ မိုးကောင်း ၀န်မင်းမှာ မိမိပါ ရာဇ၀တ်မကင်း ဖြစ်ရတော့မည်လားဟု တုန်လှုပ်ခြင်း ဖြစ်သွားမိလေသည်။
သို့ရာတွင် ကျေးဇူးရှင် မောင်မောင်ငယ်အတွက် မိမိတတ်နိုင်သည့်ဘက်မှ ကျေးဇူးပြုရခြင်းကြောင့် မင်းပြစ် မင်းဒဏ် ခံရသည်တိုင်အောင် ကျေးဇူးဆပ်ရန် စေတနာသန်လျက် ရှိသဖြင့် စိုးရိမ်သင့်သလောက် စိုးရိမ်ခြင်း မဖြစ်တော့ပေ။ ဤသတင်းဆိုးတွေကို မောင်မောင်ငယ်အား အဘယ်ပုံ ပြောကြားရမည်ဆိုသော အရေး ကိုသာ တွေး၍ စိတ်မချမ်းသာဖြစ်မိရှာသည်။ လာရောက် တည်းခိုသော မင်းမှုထမ်းများကိုလည်း များစွာ လောက၀တ်ကျေစေလျက် ၄င်းတို့ နှစ်သက်သော အရာများနှင့် လေးစားစွာ ဧည့်ဝတ်ပြုလေလျှင် မိုးကောင်း ၀န်မင်းမှာ အာဂန္တုမင်းမှုထမ်းတို့၏ ချစ်ကြည်လေးစားခြင်း ခံရရုံမက အကြောင်းပေါင်းများစွာ သင့်သွား ကြတော့သည်။
"အစ်ကိုတို့ကလည်း ဒီရာဇ၀တ်ကောင်ကို စီရင်ဖို့ကိစ္စနဲ့ နေပြည်တော်က အမိန့်တော်များ နောက်ထပ် ရောက်လာ ဦးမလားလို့ စောင့်စားနေမိတာနဲ့ ယခုလောက် ကြန့်ကြာသွားရပါတယ်။ မောင်တို့ အထင် မမှားပါနဲ့၊ ဗန်းမော်မြို့ဝန်ဖြစ်တဲ့ နောင်ကြီးထံသို့ အစ်ကိုပါ မောင်တို့နဲ့အတူ လိုက်လာပြီး ဒီရာဇ၀တ်သား ကို အပ်ပါမည်" ဟု ပြောဆိုထားပြီးလျှင် မိုးကောင်းမြို့မှ ဗန်းမော်မြို့ စုန်ဆင်းရန် လှေသဗ္ဗာန်များ အလျင် အမြန် ပြင်ဆင်ကြရန် မင်းမှုထမ်းများရှေ့တွင် ဆင့်ဆို စီမံထားလေ၏။
မိုးကောင်းဝန်မင်းမှာ ဧည့်သည်များကို စားဖွယ်သောက်ရန် စီမံခင်းကျင်း ကျွေးမွေးခြင်း ပြုထားခဲ့ပြီး အကျဉ်းထောင် ထဲသို့ အမှတ်မထင် ထွက်လာခဲ့လေသည်။
"ကိုကြီးဖေရေ နေပြည်တော်ကလွှတ်လိုက်တဲ့လူ ပြန်ရောက်လာပြီ ကိုကြီးဖေရဲ့"ဟု ၀မ်းသာရွင်ပြသော မျက်နှာနှင့် ကြိုးကြိုးစားစား ဟန်လုပ်ကာ ပြောလိုက်ရတော့သည်။
"ပြောစမ်းပါဦး ညီမောင်ရယ်၊ ဘယ်လိုသတင်းများ ပါလာသလဲ" ဟု စိတ်အားထက်သန်စွာမေးလျှင် -
"ကိုကြီးဖေ ထင်သလို သူတို့ ဒုက္ခရောက်ပုံမရပါဘူး၊ ရွှေနန်းရှင်ဘုရားလည်း ကျန်းကျန်းမာမာနဲ့ အလှူတော် ကြီးများပေးလျက် မင်းပွဲသဘင်၊ ပျော်ပွဲသဘင်များ ထွက်တော်မူနေပါသည်တဲ့၊ နောက် တစ်ချက် ထူးခြားတဲ့ ကိစ္စတစ်ရပ်ကတော့ ရွှေနန်းရှင်ဘုရားနှင့် မိဖုရားခေါင်ကြီးများ ပွဲသဘင် အခမ်း အနား ထွက်တော်မူလေတိုင်း အင်မတန် ချောမောပြေပြစ်တဲ့ မိဖုရား အသစ်ကလေးတစ်ပါးလည်း အရှင်နှစ်ပါး ၏ အပါးတော်က အမြဲပါလျက် တွေ့မြင်ကြရပါသည်တဲ့၊ ကိုကြီးဖေ ပြောပြောနေတဲ့ ဒိုင်းခင်ခင်ကြီး ဆိုတာနှင့်ပဲ တူပါရဲ့" ဟု အမှတ်မဲ့ အရေးမကြီးသလို ပြောလိုက်လေသည်။
မိုးကောင်းအကျဉ်းထောင်သို့ ရောက်လာသည့်နေ့ကစ၍ ရာဇ၀တ်မှု ရောက်နေရသော ဒုက္ခသည် ပီပီ ဘယ်ဆီဘယ်အခါမှ ရွင်ပျသာယာစွာ မရှိခဲ့ဖူးသော မောင်မောင်ငယ်၏ မျက်နှာမှာ မိုးကောင်းဝန်မင်း ပြောလိုက်သော မုသားလွတ်သတင်းစကားကြောင့် ဘွားခနဲ မျက်နှာရွှင်လန်းလာလေသည်။
"အို ... ဟုတ်ပါပြီ၊ ဟုတ်ပါပြီ၊ ချောချောလှလှ မိဖုရားကလေးဆိုသည်မှာ ကိုကြီးနှမကလေး ဖြစ်မှာပါပဲ၊ ရွှေနန်းရှင်ဘုရားလည်း ကျန်းမာတော်မူလာပြီတဲ့လား ညီမောင်ရဲ့၊ ၀မ်းသာလိုက်တာ ညီမောင်ရယ်၊ သြော် ... ခင်ခင်ကြီး ခင်ခင်ကြီး ယခုလို တင့်တင့်တယ်တယ် ဖြစ်သွားသည်လို့ ကြားရတော့ အစ်ကိုတို့ ကြိုးစား ရကျိုး နပ်တာပါပဲ၊ အစ်ကိုတော့ သေမယ်ဆိုလည်း သေပျော်ပါပြီ ခင်ကြီးရယ်" ဟု ၀မ်းသာဝမ်းနည်း မျက်ရည် လည်ရွဲကြီးနှင့် လွှတ်ခနဲ ပြောလိုက်သည်။
အနီးအပါးက မိုးကောင်းဝန်မင်းသည် စိတ်တွင်းက မကောင်းလှဘဲ မောင်မောင်ငယ်၏ အကဲကို ခတ်လျက် ရှိလေ၏။ သေရမဲ့ဆဲဆဲ ခမျာမှာ ၀မ်းသာတဲ့စိတ်နှင့်သာ သေရှာပါစေတော့လေဟု သေရာမှာ အယူ မဖြောင့်မည့် သတင်းဆိုးများကို ကြိုးကြိုးစားစား ထပ်မံဖုံးအုပ် ထားလိုက်လေသည်။
"သတ္တ၀ါတစ်ခု ကံတစ်ခုဆိုတဲ့ စကားအရှိသားပဲ ကိုကြီးဖေရယ်၊ ကောင်းစားထိုက်တဲ့ ကုသိုလ်ကံ ပါလာသူ များဟာ မကောင်းစားဘဲနဲ့ မသေနိုင်ပါဘူး၊ ကိုင်း ... ကိုင်း စိတ်အေးလက်အေးထားပြီး ကိုကြီး အတွက်သာ စိတ်ချမ်းသာ အောင်နေပါ" ဟု သက်သာအောင် ဖြည့်စွက်လိုက်ပြန်သည်။
"ညီမောင်ရယ် ကိုကြီးသိလိုတဲ့ သတင်းကို ဆောင်ကြဉ်းပေးတဲ့အတွက် ညီမောင့် ကျေးဇူးကြီးပါပေတယ်၊ ဘယ်တော့မှ မမေ့ပါဘူး" ဟု ၀မ်းသာဖွယ်သတင်းကို ဆောင်ကြဉ်းပေးသည့် အတွက်ပင် ကျေးဇူးတင် စကား ပြောကြားလိုက်ပြန်ရာ မိုးကောင်းဝန်မင်းမှာ ကြာလျှင် ဣနြေ္ဒပျက်မည်စိုးသောကြောင့် ချက်ချင်းပင် ပြန်လာ ချင်တော့သည်။ သို့ရာတွင် အမျှင်မပြတ် သေးသော ကိစ္စတစ်ရပ်က ကျန်နေသေးသည်။ မောင်မောင်ငယ် ကို နက်ဖြန်ပင် ဗန်းမော်သို့ ပို့ရတော့မည်ဖြစ်ရာ ထိုသတင်းကိုလည်း တစ်လက်စတည်း ပြောထား လိုက်ချင်သေး သည်။ ဟုတ်မှန်သည့်အတိုင်း ဖွင့်ပြောရမည်မှာ နှုတ်မှ စကားမထွက်ရက်အောင် ရှိသော်လည်း သူသွားရမည့်ခရီးကို ကြိုတင်အသိပေးထားခြင်းဖြင့် စိတ်သက်သာမှု ရရှိစေခြင်းငှာ -
"ဒါနဲ့ ကိုကြီးဖေကို နက်ဖြန် ဗန်းမော်မြို့ကို ပို့ရပါမယ်တဲ့၊ ကျွန်တော့်သဘောတော့ ဗန်းမော်မြို့မှာ မိုးကောင်း မြို့ထက် နေပြည်တော်ကြီးနဲ့နီးတဲ့အတွက် အဆက်အသွယ် သတင်းစကားများကို ပိုမို လျင်မြန် စွာ ကြားနိုင်ပါတယ်၊ နေပြည်တော်နှင့် သတင်းအပေးအယူပြုရန် သံကြိုးကြေးနန်းများ သွယ်တန်း ထားရှိသော မြို့ဖြစ်သည့်အတွက်လည်း ပို၍ နှစ်သက်ဖို့ ကောင်းတယ် ထင်ပါတယ်"
ဟု ပြောလိုက် လေသည်။
"အို ... ညီမောင်ရယ်၊ ကိုကြီးဖေ ဘယ်မှာနေရသည်ဖြစ်စေ အရေးမကြီးပါ၊ ခင်ခင်ကြီး ကောင်းမွန် ချမ်းသာ စွာ နေရတဲ့ သတင်း ကြားရပြီးတဲ့နောက် အဖို့မှာတော့ ဘာမှ မလိုပါဘူးလေ၊ ခေါ်လိုရာ ခေါ်ထားပါစေ"
ဟု ကျေကျေနပ်နပ် ပြောလေသည်။
"ဗန်းမော်ထောင်ကို ပြောင်းရတဲ့အတွက် ကိုကြီးဖေ စိတ်မကောင်းမည် စိုး၍ ပြောပါသည်။ ညီမောင် ကလည်း ကိုကြီး တစ်ယောက်တည်း မလွှတ်ပါဘူး၊ အတူလိုက်လာခဲ့ပါဦးမယ်" ဟူသော မယုတ်မလွန် စကား ဖြင့် အသိပေးထားလိုက်လေ၏။
မိုးကောင်းဝန်မင်းမှာ မောင်မောင်ငယ်အား မသေမီ နားမချမ်းသာဖွယ်ဖြစ်သော စကားများကို မကြာစေခြင်းက သူ့အဖို့ ဘ၀ကူးဖြောင့်ရှာမည်။ သူ့ကျေးဇူးကို ဤနည်းနှင့်သာ ဆပ်စရာရှိတော့သည်ဟု ရည်ရွယ် ထားသည်။ ထို့ကြောင့်ပင် မိုးကောင်းမြို့မှ ဗန်းမော်မြို့သို့ စုန်ဆင်းလာသည်အထိ မောင်မောင်ငယ် မှာ ခင်ခင်ကြီး မိဖုရားဖြစ်နေရှာပြီ ဟူသော ယုံကြည်မှုကြောင့် နှစ်သိမ့်ကျေနပ်နေသော မျက်နှာထား ကိုသာ တွေ့မြင်လာရလေသည်။
မိုးကောင်းမြစ်ရေယဉ်သည် လျင်လျင်စီးလျက်ရှိသောကြောင့် လှေသမ္ဗာန်များ ဆန်တက်ရာ၌ အင်တိုက် အားတိုက် ကြိုးစားရသလောက် ရေစုန်မြောရသောအခါမူကား ဒရောသောပါး လှိမ့်ချလာသည်နှင့်မခြား ရက်တိုတို နှင့် ဗန်းမော်မြို့ကို ရောက်ခဲ့လေပြီ။
ဗန်းမော်ဝန်မင်းလက်သို့ မိုးကောင်းဝန်မင်းကိုယ်တိုင် မောင်မောင်ငယ်ကို ပို့အပ်ရောက်လာ၍ မျက်နှာစုံညီ ရှိနေသောအခါမှာမှ မောင်မောင်ငယ်မှာ မိမိကို သုတ်သင်ကွပ်မျက်ရန် ဗန်းမော်မှ လာယူကြကြောင်း သိရတော့ သည်။ သို့ရာတွင် မောင်မောင်ငယ်ကား ပူပင်ထိန်လန့်မှုများ မဖြစ်ဘဲ ရှိလေ၏။ မိမိ အကြံအစည် အောင်မြင်၍ ခင်ခင်ကြီးကို ချစ်စေတနာအလျောက် ချီးမြှောက်လိုက်ရပြီးသော နောက်အနာဂတ် အဖို့မှာမူကား မိမိအတွက် လောကကြီးအတွင်းတွင် အသက်ရှင်လျက် နေရပါငြားလည်း သေသူနှင့် မခြားတော့ဟု မှတ်ထင်ထားပြီး ဖြစ်သဖြင့် သံကြိုးနှင့် အမိန့်ချသောကြောင့် ဗန်းမော် အကျဉ်းထောင် က သုတ်သင်ကွပ်မျက်ရန် လာရောက်ခေါ်ယူသည်ဆိုသော စကားကို မောင်မောင်ငယ်က အရေး မထားတော့ပေ။
"ကောင်းပါပြီလေ၊ အမိန့်အတိုင်းသာ ပြုပါလေတော့၊ သို့ရာတွင် ကိုကြီးဖေ သေခါနီးမှာ ညီမောင် အနားက ရှိစေ ချင်ပါတယ်၊ မှာလိုရာကလေး မှာခဲ့ပါရစေ" ဆိုသော လိုလားချက်တစ်ခုကိုသာ တောင်းပန်သဖြင့် ဗန်းမော် ၀န်မင်းက ခွင့်ပြုလိုက်ရလေသတည်း။
ဗန်းမော်မြို့ ပတ်ဝန်းကျင်ကား လားဝန်တင်တို့ဖြင့် ကူးသန်းသွားသခြင်းဖြင့် ပရိယေသနရှာဖွေ လုပ်ကိုင် စားသောက်သူများ နေထိုင်ရာဌာန ဖြစ်သောကြောင့် နေထွက်က နေ၀င် တချွင်ချွင်မြည် သောဝန်တင်လား တိရစ္ဆာန်တို့၏ ချူဆည်းလည်းသံ ခလောက်သံများမှာ ငြိုးငြိုးညံမျှ ကြားနေရတော့သည်။
တောတောင် စိမ့်စမ်းများလည်း ထူပြော၍ အေးချမ်းစိုစွတ်လျက်ရှိသော ရာသီဥတု၏ ဖုံးလွှမ်းမှုကို အမြဲလိုလို ခံနေရသော ဌာနဖြစ်သဖြင့်လည်း မြို့သူမြို့သားတို့မှာ ထူထဲသော ဂွမ်းအင်္ကျီ၊ ဖျင်အင်္ကျီ ၀တ်စုံများကိုသာ ၀တ်ရုံ အားပြုထားကြရလေသည်။ မြန်မာနှင့် မိုင်းသာ၊ လီရှော၊ ရှမ်းတရုတ်တို့ ရောနှောနေထိုင်ကာ အေးချမ်းငြိမ်သက်စွာ လုပ်ကိုင် ရောင်းဝယ်စားရာ ဒေသဖြစ်သော်ငြားလည်း နယ်ခြားဒေသနှင့် နီးစပ်သဖြင့် မြန်မာဘုရင်၏ ခံတပ်ကြီးများ ဆောက်လုပ်ထား၍ များစွာသော စစ် တန်းလျား များတွင် စစ်သည်ရဲမက်တော်၊ အမှုထမ်းတွေ အများအပြား နေထိုင်ရာ မြို့ကြီးတစ်မြို့လည်း ဖြစ်လေ၏။ ဗန်းမော်ခံတပ်ကြီးမှာ နေပြည်တော်နှင့်လည်း သံကြိုးကြေးနန်းများ သွယ်တန်းထားရှိခြင်းဖြင့် တစ်နေ့တည်းနှင့် အရေးကြီးသော သတင်းများ၊ အမိန့်များကို ကြားသိစေရလျက် သွက်လက် ကျင်လည် သော မင်းမှုထမ်းများအပေါ်တွင် ဗန်းမော် ၀နမင်းဦးဆောင်ကာ စစ်ဗိုလ်စစ်ကြပ်တို့ ကွပ်ကဲအုပ်ချုပ်ခြင်းဖြင့် နယ်စပ်နယ်ခြားတို့မှ ရိုသေခံ့ညားခြင်းကို ခံယူရလေ၏။
နေစက်ဝန်းသည် အနောက်သို့ ယွန်းစပြုနေချိန် ဖြစ်လေသည်။ အနောက်မှ ရောင်ပြန်ဟပ်လျက်ရှိသော နေခြည်တန်းမှာ အရှေ့ဘက်ဆီမှ မြူမင်းလွင်ဆိုင်းလျက်ရှိသော ကုန်းမို့မို့ ဒေသရှိ ကြီးမားသော စကြာသုံးထပ်နှင့် အဆောက်အဦးကြီးများကို ပိုမိုထင်ရှားအောင် ညွှန်ပြထားကဲ့သို့ ရှိလေသည်။ တစ်ခါ တစ်ခါမှာလည်း အဆောက်အဦးကြီး၏ အထက်တွင် တပ်ဆင်ထားသည့် ဒုယင်စွန်းများမှ ၀င်းဝင်းဝါ၀ါ ရွှေရောင်များ ဖြာထွက်နေသော မြန်မာဘုရင်၏ ခံတပ် စစ်တန်းလျားကြီးများကို တွေ့ရသောသူများမှာ ရွှေနန်းတော်ကြီးကို ပြေး၍ ထင်မြင်မိစေတော့သည်။
ကုန်းပြင်မြင့်ရှိ ခံတပ်ကြီးပတ်လည်တွင်လည်း ကျင်းမြောင်းခလုတ်၊ ကတုတ်ရင်တားများနှင့် လက်နက် ခဲယမ်း မီးကျောက်ထားသိုရာ လက်နက်တိုက်များ စစ်မှုထမ်းတို့ နေထိုင်ရန် တဲအိမ်ကန္နား အဆောက် အဦးများလည်း ခံတပ်ကြီး၏ အနီးတစ်ဝိုက်တွင် အလိုက်သင့် အစီအရီ တည်ရှိနေကြလျက် အဆိုပါ ခံတပ်ကြီး၏ မြောက်ဘက် ခင်တန်း အဆွယ်ကလေးအပေါ်တွင်မူကား ယနေ့ နေမ၀င်မီ သုတ်သင် ကွပ်မျက်ရမည့် ရာဇ၀တ်သင့်သူ အကျဉ်းသား ဘုရင့်စာဆိုတော် တောင်သမန် လယ်စားကြီး စီးတော်မြင်းဝန်၊ ရွှေတိုက်စိုး စသော ရာထူးဂုဏ်ထူးဟောင်းများ စွန့်လွှတ်ခဲ့ရသော မောင်မောင်ငယ် (ဦးဖေငယ်) အား လက်မရွံ့ အာဏာသားတစ်စုတို့ သုတ်သင်ကွပ်မျက်တော့မည်ဟု ၀ိုင်းရံနေပြီ ဖြစ်လေ၏။
မိုးကောင်း ၀န်မင်းမှာ သံယောဇဉ် မကင်းတရားကြောင့် မောင်မောင်ငယ် အပါးတွင် မှာထားလိုသော စကားများ နားထောင်ရန် ရောက်နေလေရာ သေရမည့်ဆဲဆဲ ဖြစ်နေသူ မောင်မောင်ငယ်ထက်ပင် မျက်နှာ ညိုးနွမ်း နေလေတော့သည်။ "ညီမောင် ကိုကြီးဖေအတွက် စိတ်မကောင်းမဖြစ်ပါနဲ့ တစ်ဘ၀ တစ်ခါ သေရမည့် သူချည်းဖြစ်ပါတယ်၊ ကိုကြီးဖေကို ညီမောင် သနားကြင်နာပါက ကိုကြီးဖေ သေခါနီး မှာကြား ခဲ့သမျှကိုသာ ဆောင်ရွက်ပါလေတော့"ဟု ပြန်၍ ဖျောင်းဖျ လိုက်ပေသေးသည်။
စီရင်မည့် ထောင်မှူးအာဏာသားတို့ကား အနီးအပါးမှ ဓားတသသ ဖြစ်နေကြသည်။
"ညီမောင်ရယ်၊ ပုရပိုက်ငယ်တစ်လွှာနဲ့ ကန့်ကူဆံတစ်ချောင်းသာ အမြန်ရှာပေးပါ၊ ကိုကြီးဖေ ရေးသားလိုရာ ရေးခဲ့ပါရစေ" ဟု တောင်းဆိုမှုကြောင့် မိုးကောင်းဝန်မင်းက မောင်မောင်ငယ် အလိုရှိသော အရာကို အမြန်ရှာ၍ ပေးရလေသည်။ မောင်မောင်ငယ်မှာ လောလောဆယ်ဆယ် မိမိ သေရမည့်အရေးကို မတွေး မိသည့် အလား အေးချမ်းငြိမ်သက်သော မျက်နှာထားနှင့် ရေးလိုသောမှာစာများကို ရေးသား နေလေ သည်။
နေမင်းသည် အနောက်စကြာဝဠာတွင် မေးတင်လျက်ရှိလေသည်။ ထောင်မှူးနှင့် ငယ်သားတို့သည် မောင်မောင်ငယ်အား ဆွဲငင်လျက် သူသတ်စင်သို့ တင်ထားလေပြီ။ မိုးကောင်း ၀န်မင်းမှာ နောက်ဆုံး အဖြစ်အပျက်ကို မကြည့်ရက်ရှာတော့သဖြင့် မောင်မောင်ငယ်ပေးခဲ့သော ပုရပိုက်လွှာကလေးကို ယူကာ မျက်နှာလွှဲခဲ့ပြီး ခံတပ်ကြီးဆီသို့ ပြန်တက်လာလေ၏။
ကညင်ဆီ မီးတိုင်အလင်းတွင် လက်တွင်းကပါခဲ့သော ပုရပိုက်လွှာကို အသာငုံ့ကြည့်မိသည်။ "ညီနာင် ကိုကြီးဖေအတွက် နောက်ဆုံးဆောင်ရွက်ခြင်းအဖြစ်နဲ့ သည်အလွာကလေးကို မိဖုရားဖြစ်သူ အစ်ကို နှမချစ် ကလေး ဒိုင်းခင်ခင်ကြီးလက်သို့ ရောက်တဲ့နည်းနဲ့ ပို့ပေးပါ ညီမောင်ရယ်" ဟု ထောင်သားများ ဆွဲယူ သွားရာမှ လှည့်ကာလှည့်ကာ အထပ်ထပ် မှာခဲ့ရှာသော မောင်မောင်ငယ်၏ အသံကို အပြန်ပြန် အခါခါ ကြားယောင်ကာနေတော့သည်။
ယခုအခါ ဒိုင်းခင်ခင်ကြီးမှာ လူ့လောကကြီးတွင် အသက်ရှင်လျက် ရှိရှာတော့သည် မဟုတ်ကြောင်း၊ မိုးကောင်းဝန်မင်း ကောင်းစွာ ကြားသိပြီးဖြစ်သည်။ ငါသည် သေမည့်ဆဲဆဲ လူကို လိမ်မိခြင်းမှာ မှားလေပြီလား၊ ဒီစာလွှာကို ငါ တကယ်မပို့နိုင်ပါဘဲနှင့် ယူလိုက်မိခြင်းမှာ သာ၍ အပြစ်လေးနေမည်လားဟု စဉ်းစား ကာ ကြက်သီးဖြာခနဲ ထလာမိလေသည်။ သူ့ခမျာ ဘယ်လိုများ ရေးသားမှာ ကြားခဲ့ လေသည်မသိဟု စာလွှာကို ငုံ့၍ ဖတ်ကြည့်မိသောအခါ -
တေးထပ်
    ချစ်ရသူခင်ခင်ငဲ့၊ ဘ၀င်မြင့်သည်ညှာ၊ ဆင်မသင့်ခက်ပါသည်၊
    သက်သာရာမ့ရ ။   ။ သည်ကိုဖြင့် တိမ်းခဲ့ချော်ပြီ၊ စိမ်းနဲ့နော်
    ဘုန်းခင့်လာပ။ ကလာပ်စုရုပ်ကြွင်းကို ပြုတ်ယွင်းယိုကာလ။  ။ ဖုတ်
    သင်္ဂြိုဟ်ဈာပန၊ ပြာကျမှပြန်ပါ။    ။ ၀ဇီရာစိန်သံလျှင်းငယ်နှင့်
    တရှိန်ချင်း လှမ်းချင်လို့မှာ ။   ။ ၀င်္တံဆင်း နန်းကိန္နရာလို လျှမ်း
    ထိန်ဝါေ၀၀င်းနှင့်၊ ရွှေပယင်းငွေလက်တော်၊ ဘုန်းကိုင်ခဲ့နော် ။   ။
    အသုဘကမ္မဋ္ဌာန်းတော်ကို ကြဋ္ဌာန်းပျော် အိုရှုလှည့်လေး။
ဟူ၍တွေ့ရလေသည်။ မိုးကောင်းဝန်မင်းက သာ၍စိတ်မချမ်းမသာ ဖြစ်ပြန်သည်။ မိမိက သေမည့် ဆဲဆဲ လူကို စိတ်မချမ်းသာမှု ထပ်၍ မဖြစ်စေရန် စေတနာကောင်းနှင့် ကြံဖန်လှည့်ဖျားလိုက်မိခြင်းကြောင့် မောင်မောင်ငယ်မှာ သူ၏ တစ်သက်တာတွင် ရည်ရွယ်ချက်နှင့် အကြံကြီးအောင်မြင်သွားခဲ့ပြီဟု အထင်မှား သွားရှာသည်။ သူအလွန်လျှင် ကောင်းစားကြီးပွားစေချင်သော ဒိုင်းခင်ခင်ကြီးအား သူ၏ ရည်သန်သော စေတနာ စိတ်ထားအတိုင်း မိဖုရားတစ်ပါး အဖြစ်နှင့် ပျော်ရွှင်ချမ်းသာစွာ နေရရှာလေပြီဟု ယုံကြည်မှု ရှိသွားသဖြင့်သာ သူ၏ ရုပ်အလောင်းကို ခင်ခင်ကြီးကိုယ်တိုင် ရောက်လာသင်္ဂြိုဟ်ပါရန် စာလွှာတမန် ရေးသား ၍ မှာကြားခဲ့ရှာခြင်းဖြစ်သည်။
ယခုမူ သူ၏ ဆန္ဒအတိုင်း ဤတေးထပ် မှာတမ်းကလေးကို ယူဆောင်သယ်ပို့ကာ ခင်ခင်ကြီးရှိရာသို့ သွားရောက် ပေးပို့ရန် မဖြစ်နိုင်တော့ပြီတကားဟု စဉ်းစားတွေးတောပြီး ယောက်ျား ရင့်မာကြီး ပင်ဖြစ် လျက် မျက်ရည် များ ၀ဲလာမိတော့သည်။
သို့ စိတ်ထိခိုက်မှုများကြောင့်ပင် မိုးကောင်းဝန်မင်းသည် ဘုရင့်စာဆိုတော် ပညာရှိပုဂ္ဂိုလ်တစ်ဦး သေအံမူးမူး အခါ၌ မထိတ်မရွံ့ သူရသတ္တိနှင့် ယှဉ်သော အာဇာနည်စိတ်ထားဖြင့် ရိုးသားမြင့်မြတ်စွာ ချစ်ခင်သူ တစ်ဦးအတွက် နောက်ဆုံးရေးသားပေးခဲ့သော ဤတေးထပ်မှာတမ်းကို အလဟဿ အချည်းနှီး ပျောက်ပျက် တိမ်မြှုပ်ခြင်း မဖြစ်စေရအောင် နေပြည်တော်သို့ရောက်အောင် ယူဆောင် သတင်းပို့ သွားမည်။
ဒိုင်းခင်ခင်ကြီး လက်သို့ မအပ်နိုင်လင့်ကစား ဤလောကကြီးတွင် မိမိချစ်သူနှင့် အရှင်သခင်တို့အတွက် အရှုံး ဘက်ကနေ၍ အမှုထမ်းသွားရရှာသူ စာဆိုတော် တောင်သမန်လယ်စားကြီး ဦးဖေငယ်၏ နောက်ဆုံး လက်ရာ ဖြစ်သော ဤကဗျာ အတ္တုပ္ပတ္တိကို နောင်လာနောက်သားတို့ တစ်ဆင့်တစ်နား ပြန့်ပွား တည်ရစ် စေရန် ရွှေနန်းတော်သူ ရွှေနန်းတော်သားတို့ နှုတ်ဖျားသို့ လျှို့ဝှက်စွာ သတင်းပို့ တော့မည်ဟု ခိုင်မြဲ တည်ကြည် စွာ သန္နိဋ္ဌာန် ချလိုက်လေသတည်း။   ။
ဤတွင် စာဆိုတော်ဝတ္ထုကြီး၏ ဇာတ်လမ်းဆုံးခန်းရောက် ရေးသားပြီးစီးလေပြီ။
၁၃၁၄-ခု၊ နယုန်လဆန်း ၁ ရက်၊ တနင်္ဂနွေနေ့။
အားလုံး ပြီးစီးသွားပါပြီ..
ဒဂုန် ခင်ခင်လေး ဒုတိယ အုပ် အဖြစ် နှစ်ပေါင်း ၆၀ ကို ရွေးချယ်ထားပါတယ်..မနက်ဖြန် မှ စ၍ စတင် ဖတ်တော်မူကြပါ..
စာချစ်သူ မိတ်ဆွေများ အား အထူးကျေးဇူးတင်ပါသည်
.
>>>ဆက်ဖတ်ရန်>>> >>
Sunday, January 24, 2010
ဒဂုန်ခင်ခင်လေး စာဆိုတော် အခန်း(၃၇)
အခန်း(၃၇)
ထောင်သွင်းအကျဉ်းချထားခြင်းခံရသော ရနောင်မြို့စားမင်းသား မောင်မောင်တုတ်မှာ တစ်နေ့ပြီး တစ်နေ့ နှင့် တရွေ့ရွေ့ ရက်ကြာခဲ့သည်။ မိမိနှင့် ဆက်သွယ်ပတ်သက်သမျှသော အရာရှိထဲက တစ်ဦး တစ်ယောက် မျှ လာရောက်မျက်နှာမပြကြခြင်းမှာ ရာဇ၀တ်သင့်ရာတွင် အားလုံး ပါဝင် ကုန်ကြသလော၊ သာယာစီး သဘော နှင့် ကြောက်ရွံ့သောကြောင့် ရှောင်ဖယ်နေကြခြင်းလော၊ မိမိကို မှီခိုကာ ကျေးဇူးများစွာ ဖြစ်ထွန်း ခဲ့သူများ ကလည်း အနားမျှ မသီလာ၍ သတင်းစကား အကျိုးအကြောင်း ကောင်းဆိုးနှစ်ရပ်ကို မကြား မသိရ၊ လူ့လောကကြီးနှင့် လုံးဝ အဆက်ပြတ်လျက် မသက်မသာ ရှိနေရတော့၏။
မသိရသဖြင့် သိချင်လှသော အကြောင်းများမှာ ရွှေနန်းရှင်ဘုရား ဝေဒနာတော် ပျောက်ကင်း ကျန်းမာခြင်း ရှိမရှိ၊ မိမိချစ်လှသော ရောင်းရင်းဘက် ရွှေတိုက်စိုး တောင်သမန်လယ်စား စာဆိုတော် မောင်မောင်ငယ်နှင့် မိဖုရား ဖြစ်ပါစေမည်ဟု အသွယ်သွယ်အ၀၀ အကျိုးဆောင်သမှု ပြုခဲ့ရသော ဒိုင်းခင်ခင်ကြီးတို့၏ အခြေ အနေ သတင်းများ ဖြစ်လေသည်။
မိမိအဖို့မှာမူကား မည်သို့သော အပြစ်ကြီးမျိုးကို ကျူးလွန်စော်ကားထားသည် ဖြစ်စေဦး အသက် သေသည် အထိ အဆုံးစီရင်နိုင်မည့် အခွင့်အလမ်းမရှိ၊ ဤသို့နှယ် ထောင်ထဲမှာ ကြာရှည်ထားရုံမျှသာ အပြစ် ပေး နိုင်မည်ဟု ယုံကြည်ပြီး ဖြစ်လျက် မိမိအသက်အန္တရာယ်ကို စိုးရိမ်ခြင်း လုံးဝမဖြစ်မိ၊ သိလိုသော ကိစ္စကို သိချင်ရုံမျှရှိတော့သည်။
သို့ရာတွင် ဘယ်သူ တစ်ဦး တစ်ယောက်ယောက်ဆီကမှ သတင်းအစအန ထွက်လာ မည့် အရိပ်လက္ခဏာ မပြ၊ အကျဉ်းထောင်တွင်းမှာ နေ့စဉ်တွေ့မြင်နေရသော ထောင်ကြပ်၊ ထောင်ဝှမ်း ထောင်အမှုထမ်း များမှာလည်း မိမိက မမေးရသေးမီ အနီးအပါးသို့ ရောက်တိုင်း အချင်းချင်း အော်ငေါက် မာန်မဲသွား ခြင်းကိုသာ ကြားရလေရာ ထောင်အမှုထမ်းချင်းပင် မိမိဘက်မှ ပင်းနေသည်လားဟု အယုံသင်္ကာ မကင်း သော မျက်နှာထားတွေနှင့် ရှိနေကြလေသည်။ နောက်နောင်သောအခါက ရနောင်မြို့စား မင်းသား ကြီးဟု ပြားပြားဝပ်မျှ ကြောက်ရွံ့ရိုသေကြရသည့် ထောင်အရာရှိကြီးများမှာ မောင်မောင်တုတ်က လက်ညိုး ညွှန်ရာ ရေဖြစ်အောင် ချက်ချင်းပင် ကြံဆောင် ထမ်းရွက်ခဲ့ကြရသည်။
မင်းညီမင်းသားတွေ သတ်ပစ်စဉ်အခါက ညဥ့်တွင်းချင်း ထောင်ထဲမှာ ကျင်းကြီးတွေ တူးပေးရသည်။ သတ်ချ လိုက်သော အလောင်းများကို ကျင်းကြီးတွင် ထိုးချပြီး မသေမရှင် အထပ်ထပ် ဖိညှပ်နေရာက နောက်တစ်နေ့ မှာ ထမ်းကာ ထမ်းကာ သယ်ယူပြီး မြေတွင်းကြီးများ၌ စုလိုက်ပုံလိုက် မြေဖို့မြှုပ်ပေးခြင်းဖြင့် တစ်နေ့ နှင့် တစ်ည အတွင်း ပင်ပန်းကြီးစွာ လုပ်ဆောင်ပေးကြရသည်အထိ တန်ခိုးထက်မြက်လှခဲ့ည့် လက်သုံး တော် မြောက်ဒ၀ယ်ဗိုလ် မင်းသားကြီး ဖြစ်ခဲ့သည်။
ယခုကား ပြားပြားဝပ် ကြောက်ခဲ့ရသည့် ထောင်ကြပ် ထောင်အုပ်များ မဆိုထားနှင့် အာဏာ ပါးကွက် များကပင် မထီမဲ့မြင် ပြုကြလေသည်။ အရာရှိအချင်းချင်း အဆင်းတွန်းလိုက် မည်တကဲကဲနှင့် မောင်မောင်တုတ် အနား ရစ်ဝဲနေသူရှိက ရုတ်ချည်းသိရအောင် မယောင်မလည် ချောင်းဖမ်း နေကြ ပြန်သည်။ အလွန်အကျူး အထူးသဖြင့် တန်ခိုးထက်မြက်ခဲ့သူဖြစ်သောကြောင့်လည်း တစ်နည်းနည်းနှင့် ကြံစည် ကာ လွတ်မြောက်ရာ လွတ်မြောက်ကြောင်း ပြုသွားမည်ကို စိုးရိမ်ကြဟန် ရှိလေသည်။
ဤနေ့ ဤရက်အထိ အသက်ကို မသေစေဘဲ ထောင်ချရုံမျှ ချထားသည့်ကိစ္စမှာလည်း သူတို့အဖို့ နောက်ပိုင်း မအေးနိုင် စရာ ကိစ္စတစ်ရပ်ကဲ့သို့ ဖြစ်နေတော့သည်။ ဘုရင့်ကိုယ်တော်စား ရွှေလွှတ်တော် ၀န်ကြီးတို့ ဦးစီးအုပ်ချုပ်နေရသော အလုပ်ား တရားလမ်းမှန်အတိုင်း စီမံအုပ်ချုပ်သွားရသည်။ ဘုရင် ထားသော ကတိစကားအတွက် ထီးနန်း လုပ်ကြံမည့် ပုန်ကန်မှုကြီးအရ ရာဇ၀တ် အပြစ်ပေး ချရသည့်  တိုင်အောင် မောင်မောင်တုတ်မှာ သီပေါရွှေနန်းရှင်ဘုရား လက်ထက်တော်တွင် ဘုရင်၏ လက်နက် တော်နှင့် မသတ်ရဘဲ ထောင်ထဲ၌ လုံခြုံစွာ မကျဉ်းချရုံသာ ချထားရလေသည်။ မတော်တဆ မောင်မောင်တုတ် မှာ တန်ခိုး အာဏာ ပြန်လည်ရရှိရပါကလည်း ရှေးဦးစွာ လက်စားချေ ခံရမည့်သူများမှာ ထောင်အရာရှိ များသာ ဖြစ်နေပြန်သည်။
ထောင်ချုပ်ချ ထားစဉ် အမြော်အမြင်နှင့် မောင်မောင်တုတ်အပေါ်မှာ ညှာညှာတာတာ ပြုပြန်ကလည်း အချင်းချင်း တို့မီးရှို့မီးလုပ်၍ လောလောဆယ် ဒုက္ခတွေ့ရဦးမည်ဟု အရာရှိ အချို့မှာ မလွဲသာ မလှုပ်သာ နှင့် အလွန်တရာ စိတ်ကျဉ်းကျပ်ရှာကြသည်။ "တောက်... ဒီဂြိုလ်ကောင်ကြီးဟာ တစ်ခါတည်း သေသွား ရင်လည်း ကိစ္စအေးသား"ဟု နှုတ်စကား အလွယ်တကူ ထွက်တတ်သူတို့က မူးမူးရူးရူးနှင့် ရေရွတ် တတ်ကြ ပြန်လေသည်။
အဆိုပါ လူတစ်စုဖြစ်သော ထောင်အမှုထမ်းအရာထမ်းဆို့အပေါ်တွင် မြို့ဝန်၊ မြို့အုပ်တို့ကလည်း အဆက် မကင်းခဲ့ရာ မောင်မောင်တုတ်အပေါ်တွင် အညံ့ခံလာခဲ့ရသော မြို့ဝန်တစ်ပါး ဖြစ်သော ဦးချစ်သည် မှာလည်း ရန်ငြိုးအကြီးဆုံးဖြစ်နေလေ၏။
မောင်မောင်တုတ် တန်ခိုးအာဏာ ထွားစဉ်က မယားလုဘက် တန်ခိုးပြိုင်ဘက်ဖြစ်၍ တပည့်လက်သား နောက်လိုက် လူမိုက်များမှာ မကြာမကြာ ရန်ပွဲစည်ခဲ့ရာတွင် မြို့ဝန်၏ လူများမှာ တန်ခိုးချင်းမမျှ၍ ရှုံးဘက် ကသာနေခဲ့မြဲ ဖြစ်သောကြောင့် ချုံထဲက စောင့်၍ ချိုသွေးခဲ့သလို မောင်မောင်တုတ်အား အလဲတွင် ဖိထောင်းရန် အချိန်ကောင်းရခိုက်၌ ကတိုက်ကရိုက် အချုပ် ထောင်တွင်းသို့ ဆိုက်ရောက်လာကာ စီစဉ်မှု ကိစ္စများကို ထောင်အမှုထမ်းတို့အား စည်းဝါး ကိုက်ထားလိုက်ပြီး ဖြစ်လေသည်။
မြို့ဝန်မှာ လွှတ်တော်ဝန်ကြီးများ၏ တရားသဖြင့် ပြုမူမှုကိုလည်း ကျူးလွန်စော်ကားခြင်းမပြုသာပေ။ ထီးနန်း လုယူမှုကြီးအတွက် ကြီးလေးလှသော ရာဇ၀တ်အပြစ်သင့်ထိုက် စီရင်ကွပ်မျက် သုတ်သင် ထိုက်လျက် ဘုရင့်လက်နက်တော်နှင့် မသေရအောင် ထောင်တစ်သက်ထားလိုက်ရုံသာ စီရင်ချက်ချ ထားသူကို မိမိလို မြို့ဝန်တစ်ဦးက လွန်ကျူးထိုက်သည်လည်း မဟုတ်ရကား မည်သို့သောနည်းဖြင့် ကလဲ့စား ချေရမည်နည်းဟု စဉ်းစားပြီး ဖြစ်လေသည်။
မြို့ဝန်မင်းသည် ထောင်အတွင်းရှိ အကျဉ်းချထားသူ ရာဇ၀တ်ကောင်များကို မကြာမကြာ လာရောက် စစ်ဆေး ကြည့်ရှုရသူလည်းဖြစ်သည်။ မောင်မောင်တုတ်အပေါ်တွင် မြို့ဝန်မင်း ရန်ငြိုးထားကြောင်း ကိုလည်း ထောင်မှူးနှင့် ထောင်အရာရှိများ ရိပ်မိကြပြီး ဖြစ်လေသည်။ သို့ကြောင့်လည်း အဘယ် သို့သော ထောင်အမှုထမ်းများမှအစ အာဏာပါးကွက်တို့ အဆင့်အတန်းအထိ မောင်မောင်တုတ်ကို အရေး လုပ်ဝံ့သူ မရှိ၊ အရေးလုပ်လိုသော စေတနာလည်း မပေါ်ပေါက်၊ နောက်နောက်က ကြောက်လန့် ခဲ့ရသမျှ ကိုသာ အတိုးချကာချကာ နာနာဖိ၍ နင်းပစ်ချင်သူများလေသည်။
ထို့ကြောင့် အစာရေစာ ပေးလာသော အမှုထမ်းတို့ကပင် မထေမဲ့မြင်ပြုကာ "ဒီမှာ ဒီမှာ သူများတကာရဲ့ မယားခိုးခဲ့တဲ့၊ မင်းသားဆိုးကြီးရဲ့ သုံးဆောင်လှည့်ပါ၊ ပွဲတော်စာတွေ အေးကုန်ပါမယ်"ဟု မဲ့မဲ့ရွဲရွဲ့ပြောပြီး ကျောက်ကာဗျပ်စုတ်ထဲ ထည့်ယူလာသော ၀က်စာကျိုထား၏သို့ ထမင်းပျော့စိစိများကို မလှမ်းမကမ်းမှ ချထားပြီး အနီးသို့ရောက်အောင် ဗျပ်ကို ခြေနှင့် ထိုးကော် ပို့သည့်အခါ ပို့ခဲ့၍ တချို့ကလည်း "စည်းစိမ်ကြီးမနေနဲ့ မင်းသား၊ ခင်ဗျာ့ မယားတွေ လင်ငယ်နေကုန်ပြီ"ဟု ခနိုးခနဲ့ ပြောလိုပြော မထိခလုပ် ထိခလုတ်၊ ပုတ်ခတ်ညှဉ်းဆဲသွားသူက သွားကြ၍ အံကြီးတခဲခဲနှင့် မနည်းကြိတ်ခံခဲ့ရသော အခါပေါင်း လည်း မောင်မောင်တုတ်မှာ မရေတွက်သာအောင် ရှိခဲ့လေသည်။
ငါကိုယ်တိုင် စီရင်လိုက်ရမှ ဒီတစ်သက် အားရမယ်ဟု အခဲမကြေခဲ့သမျှ အကွက်ချ၍ အကြံအစည်း ပြုထားသူ မြို့ဝန်မင်းမှာ တစ်နေ့တွင် ထောင်တွင်းသို့ အမှန်မထင် ရောက်လာလေသည်။ တပည့် လက်သား ထောင်မှူးထောင်ကြပ်များလည်း ၀တ္တရားအတိုင်း မြို့ဝန်မင်း စစ်ဆေးကြည့်လိုသော ထောင်အခန်း များကို သွားလိုရာနောက်က လိုက်လံပြသကြရလေသည်။
အချိန်ကား နေ၀င်ဖျိုးဖျ ဖြစ်လေသည်။ အပြင်လောကတွင် နေခြည်မှာ ရွှေရည်သန်းလျက် ရှိသေး သော်လည်း အကျဉ်းထောင်ကြီးအတွင်းရှိ အခန်းများမှာ မှောင်ရိပ်လွှမ်းလျက် ရေနံဆီ မီးခွက် ကလေး များပင် တလက်လက် လင်းနေရလေပြီ။
မြို့ဝန်နှင့်နောက်ပါတို့သည် စစ်ဆေးလိုသော အခန်းများအနက် မောင်မောင်တုတ်ကို ချုပ်ထားသော အကျဉ်းခန်းသို့ တန်းတန်းမတ်မတ် ရှေ့ဦးစွာ ၀င်သွားလေသည်။ မောင်မောင်တုတ်မှာ ထိုအချိန်တွင် ပျဉ်ထောင် ထရံအနီး၌ စုပုံထားသော ကောက်ရိုးစများကို မှီလျက် ငြိမ်သက်စွာ ခေါင်းစိုက်ရင်း စဉ်းစားခန်း ၀င်နေလေသည်။
"ဟေ့ကောင် မင်းလား ကွ ရှင်ဘုရင်ကို နန်းချခဲ့လူ"ဟု ပြောလျှက် ခြေတစ်ဖက်နှင့် မျက်နှာကို ထိုးကော် မော့ယူကြည့်လိုက်သည်။ မောင်မောင်တုတ်သည် ရုတ်တရက် မျက်လုံးဖွင့်ကြည့်လိုက်သောအခါ မိမိကသာ အမြဲ အနိုင်ယူလာခဲ့သော မြို့ဝန်ကို တွေ့လိုက်သဖြင့် မိုက်ခနဲ ဒေါသထွက်ပြီး လက်သီး လက်မောင်း တန်းကာ-
"အောင်မာ ငချစ်ရာ ငါ့ကို ခုမှ လာစော်ကားဝံ့တဲ့အကောင်ကိုး၊ သတ္တိရှိရင် မင်းနဲ့ငါ ဓားချင်းခုတ် ကြည့်ရအောင်" ဟု တောက်တောက် ခါးခါး ပြောလိုက်မိသည်။
မြို့ဝန်က ပြုံးမဲ့မဲ့လုပ်လျက် စက်ဆုပ်ရွံရှာသော လက္ခဏာနှင့် ဗျစ်ဗျစ်ပါအောင် တံတွေးထွေးလိုက်ပြီးမှ -
"မင်းလို ရာဇ၀တ်ကောင်ကိုလားကွ၊ ငါက ဓားချင်းယှဉ်ခုတ်ရာမှ၊ ဟေ့ ငကျားတို့ ငလွှားတို့ ဒီအကောင် ဖမ်းကိုင် ချုပ်ထားလိုက်စမ်း၊ ကပြားက ပါးမော့သွားအောင် သင်းသျှောင်ကို နောက်လှန်ဆွဲထား"ဟု ဆိုကာ ဗျန်းဗျန်း ပါအောင် ရိုက်လေတော့သည်။ တပည့်လေးငါးယောက်က ၀ိုင်းချုပ်၍ ရှုပ်ယှက်ခတ် ဖြစ်နေသော အခါ မြို့ဝန်လုပ်သူကိုယ်တိုင် ပါးနားရိုက်လျက် ရုတ်ရုတ် ရက်ရက် ဖြစ်သွားလေသည်။ မီးရောင် မလင်း တလင်း မှောင်တိုက်တွင်းဝယ် ဘယ်ပြန် ညာနက် အဆက်မပြတ် အားရ လောက်အောင် ရိုက်နှက်၍ မောင်မောင်တုတ် ကလည်း တစ်ချက် တစ်ချက် ရုန်းကန် ဆဲရေး လျက်ရှိရာမှ ငြိမ်ကျသွားလေသည်။ မြို့ဝန်နှင့် နောက်ပါများလည်း အခြားသော အကျဉ်းထောင်ခန်းများကို ဆက်လက်ကြည့်ရှုရန် တံခါးပိတ် ခဲ့လျက် ထွက်ခွာ သွားကြ လေ၏။
မြို့ဝန်မင်းတို့ လူတစ်သိုက် ထွက်ခွာသွားပြီးသောအခါမူကား မောင်မောင်တုတ်မှာ နှုတ်ရောလူပါ လှုပ်ရုံမျှပင် မလှုပ်နိုင် မဆဲရေးနိုင်တော့ဘဲ တစ်ချီတည်း ငြိမ်သက်ကျသွားတော့သည်။ အချိန်အတန်ငယ်မျှ ကြာသောအခါ အခြားသော အခန်းများကို စစ်ဆေးကြည့်ရှုပြီးခဲ့ပြီဖြစ်၍ တစ်ပတ်လှည့်၍ လာကြသော မြို့ဝန်မင်းတို့ လူတစ်သိုက်သည် ထောင်ကြီးတစ်ဖက်တွင်ရှိနေသော ထောင်မှူးထောင်ကြပ်များကိုပါ ခေါ်လာပြီး မောင်မောင်တုတ်ကို ချုပ်ထားရာ အခန်းထဲသို့ ရေနံချေးမီးတိုင်များ ကိုင်ဆောင်ကာ အလင်းရောင် ထိုးရင်း ၀င်လာကြလေသည်။
"ကျုပ်ကို ပြန်ဆဲလို့ ဒီအကောင် တော်တော်ပဲ ဆုံးမထားခဲ့တယ်၊ ဒါကြောင့် ဘယ်လိုများ နေသလဲလို့ လာကြည့်တာ"ဟု မြို့ဝန်မင်းက ပြောသည်။
ထောင်မှူးနှစ်ယောက်မှာ မီးရောင်အောက်၌ မြင်ရသော မောင်မောင်တုတ်ကိုကြည့်ပြီး ဟင် ... ဟု တစ်ပြိုင်တည်း ဆိုလိုက်ကြလေ၏။
ကောက်ရိုး ပုံပေါ်တွင် ခပ်မော့မော့ ပက်လက်လန်၍ လက်တစ်ဖက်မှာ တန်းလန်းကျလျက်  သံကတ်ကြေး ဦးချွန် အပျက်တစ်ခုကို ဆုပ်ကိုင်ထားသည်။ မော့ထားသော မျက်နှာအောက် လည်မျို တည့်တည့်တွင် သွေးစိမ်းရှင်ရှင် စီးယိုကျနေသော ထုတ်ချင်းခတ် အပေါက်ကြီးဖြစ်လျက် မလှုပ်မယှက် အသက်ထွက်နေလေသည်။ လက်တွင်းက ကတ်ကြေးပျက် အချွန်တစ်လုံးမှာလည်း သွေးရောင် သွေးစ တွေဖုံးကာ ရဲရဲတောက် နီးမြန်းလျက်ရှိလေသည်။
"သူ့ကိုယ်သူ ထိုးသတ်လိုက်ပြီ"ဟု မြို့ဝန်မင်း၏ တပည့်များက တစ်ပြိုင်တည်း ပြောကြားလိုက်လေသည်။
မြို့ဝန်မင်းက အချုပ်ခန်းထဲမှာ ဘယ်ကလာ၍ လက်နက်ရသလဲဟု ပြူးပြူး ပြဲပြဲလုပ်၍ မေးနေ ပြန်သေးသည်။ လက်ထဲက သွေးရဲနေသော ကတ်ကြေးသံချေးတက် တစ်ခြမ်းပျက် ကို ယူကြည့်သူက ကြည့်ကာ "ဟာ ... ကတ်ကြေးပျက် သံချေးတက်ကြီးပါ၊ ထောင်နံရံမှာ ထိုးညှပ်ထားတာ ကြာလှပေါ့ပဲ၊ လွန်ခဲ့တဲ့ တစ်လလောက်ကတည်းက ကျွန်တော် မြင်နေတယ်" ဟု ထောင်အချုပ်ခန်းစောင့် တစ်ဦးက ပြောလိုက်သည်။
"ဟင် ... စောစောက ကျုပ်ကို ဆဲလို့ ပါးရိုက်ခဲ့တယ်၊ သူ ကျုပ်တို့ကို ပြန်မလုပ်နိုင်တာနဲ့ ဒေါသဖြစ်ပြီး သူ့ကိုယ်သူ တွေ့ရာလက်နက်နဲ့ ထိုးသတ်တာပဲ ဖြစ်မှာပေါ့"ဟု မြို့ဝန်မင်းက ပြောလေ၏။ 
ထောင်မှူး များက ၀န်ကြီးများ အပြစ်တင်မည်ကို များစွာ စိုးရိမ်ထိတ်လန့်သွားကြသည်။
"ကျွန်တော်မျိုးများ ကောင်းကောင်းမကြည့်ကောင်းလားလို့ လွှတ်တော်ကြီးက အပြစ်များ တင်ဦး မလား ဘုရား"ဟု ပြောကြသည်။
"သူ့ဘာသာသူ သတ်သေတာပဲ ဘယ့်နှယ့်မှ မတတ်နိုင်ဘူး။ ကျုပ်တို့ ခင်ဗျားတို့ရော အားလုံးမြင်တဲ့အတိုင်း အစီရင်ခံစာပို့လိုက်ရုံပေါ့ဗျာ၊ တစ်ဦးတစ်ယောက်က သတ်သွားတယ်ဆိုရင်လည်း ဆွဲဖမ်းပေးရလေသေးရဲ့၊ ခုတော့ သူ့တရား သူစီရင်သွားတာဖြစ်လို့ တစ်နည်းအားဖြင့် ခင်ဗျားတို့ကျုပ်တို့တာဝန်ပေါ့သွားတာပဲ"ဟု မြို့ဝန်မင်းက ယပ်လှဲတရားဟောပြီး အထက်လူကြီးများကို အစီရင်ခံစာ ရေးသားတင်ပို့ရန် ဆုံးဖြတ် လိုက်ကြ လေ၏။
ဤနည်းဖြင့် တစ်ချိန်က တန်ခိုးအလွန်ကြီးခဲ့သော ရေနံချောင်းမင်းကြီး၏ သား လက်သုံးတော်ကြီး ကိုင် မြောက်ဒ၀ယ်ဗိုလ် ရနောင်မြို့စားမင်းသား မောင်မောင်တုတ်သည် အကျဉ်းထောင်ထဲတွင် ကတ်ကြေး ပျက်တစ်ဖက်နှင့် အသက်ကို စွန့်လိုက်ရရှာသည်။ ထိုကတ်ကြေးမှာ ရမည်းသင်းအရပ်ရှိ ပန်းပဲဖိုများမှ လုပ်ကိုင် ရောင်းချလေ့ရှိသော သံကတ်ကြေးဦးချွန်းမျိုးဖြစ်သည်။ ထိုအခါမှစ၍ ကတ်ကြေး ဦးချွန်ကို ရနောင် ကတ်ကြေး ဟု ခေါ်စမှတ်ပြုခဲ့ကြလေသည်။
လွှတ်တော်ဝန်ကြီးများလည်း မြို့ဝန်နှင့် ထောင်မှူးထောင်ကြပ်တို့၏ အစီရင်ခံချက် အရ ရနောင်မြို့စား ဟောင်း မောင်မောင်တုတ်သည် ထောင်ထဲ၌ သူ့ကိုယ်သူ လုပ်ကြံသေဆုံးကြောင်းနှင့် မှတ်တမ်းဖွင့်၍ ရေးတင် ထားလိုက်လေသတည်း။
ဧရာဝတီမြစ်ရေပြင်သည် တသွင်သွင် တအေးအေး ငြိမ့်လေးစွာ စီးဆင်းလျက်ရှိလေ၏။
မြူခိုးများ ယှက်နေသော မြစ်ကမ်းတစ်ဖက်တစ်ချက်ရှိ တောင်ကမ်းပါးယံကြီးများမှာ မတ်စောက် မြင့်မားစွာ တည်ရှိကြလေသည်။
မြစ်ရေပြင်ဖွေးဖွေး၌ တဖြည်းဖြည်း ဆန်တက်လျက်ရှိသော အညာလှေကြီးငါးစင်းမှာ တင်းမာ ဖောင်းကော့ လျက်ရှိသော ရွက်ကြီးများနှင့် လေလွှင့်ရာသို့ ရင်ပေါင်တန်း ရွ့လျားလျက် ရှိလေသည်။
ရွက်စုံဖွင့်၍ လွှင့်လျက်ရှိသော အဆိုပါလှေကြီးများမှာ တစ်စင်းနှင့်တစ်စင်း လှမ်း၍ မြင်သာရုံမျှ ရှိလေသည်။ လှေပဲ့တွင် ထိုင်လျက်ရှိသော ပဲ့နင်းကြီးများမှာ တစ်ဦးနှင့်တစ်ဦး အချက်ပြ ဆက်သွယ်ခြင်းဖြင့် ရေကြောင်း လေကြောင်းသင့်ရာ စောင်းကာကွေ့ကာ ပဲ့ကိုင်လိုက်ပါလာကြ သည်။ ထိုးဝါးသမားများ မှာမူကား လှေနှုတ်ခမ်း ပေါ် တွင် လေငြိမ်လျှင် ငြိမ်သလို အလုပ်များလျက် လေအားကောင်း၍ ရွက်ဖောင်းလျှင် လေသာ ခိုကာ လိုက်ပါလာကြသည်။
လှေကြီး၏ ပေါင်းမိုးအထက်ရှိ ဦးပိုင်းတွင် ခါးတောင်းကနား မျှောင်လောက်အောင် ကျိုက်လျက် ထိုးကွင်း ဒူးချ ရဲပုဆိုးရဲတဘက် ၀တ်ဆင်ပေါင်းထုပ်ထားသော မင်းမှုထမ်းလုလင်များက ဓားလှံထမ်းကာ အလှည့် စောင့် သူက စောင့်၍ ထမင်းဟင်းချက်သူက ချက်ရင်း ပါလာကြသည်။
လှေဝမ်းတိုက်အတွင်းမှာ ၀က်ခြံပမာ ၀ါးတို့ဖြင့် ခြံခတ်ကာရံပြီး အပေါ်မှာ ၀ါးကပ်ဖိထားသော ယာယီ အချုပ်ခန်း ငယ်အတွင်းမှာမူကား ရာဇ၀တ်သင့်သဖြင့် မိုးကောင်းသို့ အကျဉ်းချုပ်နှင့် အပို့ခံ ရသော ရာဇ၀တ် အကျဉ်းသမားများ ဖြစ်လေ၏။ လှေကြီးတစ်စင်း တစ်စင်း အတွင်းရှိ အချုပ်ခန်းအတွင်းမှာ အပြစ် အလျောက် အကျဉ်းပို့ခံရသော ရာဇ၀တ်ကောင်(တစ်ကျိပ်) ဆယ်ဦးစီ သယ်ယူလာရလေသည်။ အချို့ ရာဇ၀တ်သားများကို မိုးကောင်း၊ မိုးညှင်း၊ ဗန်းမော်မှအစ မဲဇာရွှလီ စခန်းအထိ လွှတ်တော်အမိန့်ချမှတ်ရာ ဌာနအရပ်ရပ်သို့ အရောက်ပို့အပ်ရန် သယ်ယူဆောင်ကြဉ်း လာခဲ့ရခြင်းဖြစ်ပေ၏။
ထိုလှေကြီးများ ထွက်လာသောအခါက်မှာပင် စီးတော်မြင်းဝန် ရွှေတိုက်စိုး တောင်သမန်လယ်စား ဘုရင့် စာဆိုတော်ကြီးဘ၀မှ အရာချ၍ မိုးကောင်းသို့ ပို့ကာ ကွပ်မျက်ခံရရှာမည့် မောင်မောင်ငယ် နှင့်တကွ တစ်ချိန် တည်း ဖမ်းဆီးအရေးယူခြင်းခံရသော အမှုထမ်းများဖြစ်သည့် ကောင်ဟောင်ဝန်၊ ငွေခွန်မှူး၊ ဘုန်းတော်တိုး ဗိုလ်များ၊ သံတော်ဆင့်မြို့စာရေး အသုံးစာရေး ဒိုင်းစာရေး စသူတို့အားလည်း တစ်ပါတည်း မိုးကောင်း မြို့ အကျဉ်းထောင်သို့ပို့ရန် ပါရှိလာကြလေသည်။
ရေသံ၊ မိုးသံတို့ ငြိုးငြိုးညံညံနှင့် အညာဆန်လှေ ၀မ်းဗိုက်ထဲမှာ ညိုးငယ်ကျဉ်းကျပ်စွာ ရာဇ၀တ်သား ဘ၀ဖြင့် ဆောင်ယူရာသို့ လိုက်ပါလာရသော (ဦးဖေငယ်) မောင်မောင်ငယ်မှာ မိမိနှင့် တစ်လှေတည်း စီးရသော ရာဇ၀တ်သင့်သူများတွင် အပေါင်းအသင်းဖြစ်ခဲ့သူ ရွှေနန်းတော်သားထဲက တစ်ဦးတစ်ယောက်မျှ မပါဘဲ နိုင်ငံတော်အောက်တလွှားဆီမှ ခိုးဆိုးလုယက် သတ်ဖြတ်မှုကျူးလွန်သူ လူမိုက် ရာဇ၀တ် ကောင် များချည်းသာ ဖြစ်နေသောကြောင့် မောင်မောင်ငယ်မှာ တိုးတိုးဖော် စကားနှီးနှောရန်မျှ မရှိ၊ မိမိကဲ့သို့ စိတ်ပျော့ နူးညံ့သော စာဆုတော်မျိုးသည် ဤလူဆိုးလူမိုက် စရိုက်ယုတ်ကြမ်းသူများအား မိမိကြားလိုသော အကြောင်း နှင့် စပ်လျဉ်း၍ တစ်ခွန်းသော စကားကိုမျှ မေးမြန်းပြောဆို၍ မရ၊ လူဆိုးလူမိုက်များကလည်း ယောက်ျား ရင့်မာကြီးက မိန်းမလိုမိန်းမရ ပျော့ပျော့ညံ့ညံ့ ရှိလှသည်ဟု အဖက်မလုပ်ဘဲ နေကြလေ၏။
ယင်းသို့ ဒုက္ခသည်ချင်း အပေါင်းအဖော်မရ ကျဉ်းကျပ်လှသော လှေဝမ်းတိုက် အချုပ်ခန်းထဲမှာ ဘယ်အရပ် ဘယ်နေရာက ရောက်လာသည်ဟုလည်း မသိရ၊ လောကနှင့် အဆက်ပြတ်လျက် မျက်မမြင် ဒုက္ခိတ နှင့် မခြား ဖြစ်နေရသောကြောင့် ဒူးပေါ်တွင် ခေါင်းတင်ပြီးတွင်တွင်ကြီး စဉ်းစား၍ အချိန်ကုန်စေရတော့၏။
မောင်မောင်ငယ် စဉ်းစားတွေးတောပြီး မျက်လုံးအိမ်ထဲတွင် အမြဲ ထင်မြင်နေသော အာရုံတို့သည် ကား မိဘနှစ်ပါးကဲ့သို့ ခင်မင်သူ ဒိုင်းအတွင်းဝန်မင်းနှင့် ၀န်ကတော်ကြီး နှမကလေး ခင်ခင်ကြီးတို့ပင် ဖြစ်လေ သည်။ မိမိရှေ့မှာပင် မိမိနှင့်အတူတကွ ဖမ်းဆီးခြင်းခံရသည်ကို မြင်လိုက် ရပြီးနောက် တစ်ယောက်သတင်း တစ်ယောက် မကြား မသိရတော့ဘဲ တစ်ခါတည်း ကွဲခဲ့ရသည်။ သူတို့ခမျာတွေ ဘယ်ဆီဘယ်လမ်း ဘယ်စခန်းများ ရောက်နေရှာကြသလဲ၊ အသက်နှင့် ကိုယ်မှ မြဲနေကြပါသေးစ စသော မေးခွန်းများကို မိမိကိုယ်ကို ပြန်မေးခြင်းဖြင့် ဘာမှမသိသော မိမိကလည်း မဖြေနိုင်၊ အတွေးအထင်နှင့် စိတ်ကူးချင်သလို စိတ်ကူး ၍သာ နေခဲ့ရတော့သည်။
သူ့ခမျာများ ဘယ်လိုအပြစ်မျိုးမှ မရှိကြတာ ငါအသိဆုံးပါ၊ ဒါကို ဘယ်လိုပင် အပြစ်ပြ၍ ဖမ်းသည်ထား အမှုသွား မခိုင်လုံတဲ့အတွက် ရက်မကြာခင် ပြန်လွှတ်ရမှာပါပဲ ဟူ၍လည်း တစ်နည်းတစ်လမ်း စိတ်အေးချမ်း သာအောင် တွေးလိုက်မိသည်။ အပြစ်မရှိ၍ လွှတ်လိုက်သည်ဟူ သော သတင်းမျိုးကလေးကို ကြားလို လှသောကြောင့် မေးမြန်းစုံစမ်း၍ ရနိုင်မည့်လူများကို စောင့်စားခဲ့ပါသော်လည်း အချည်းနှီးမျှသာ။
ယခုအခါ အညာဆန်လှေကြီးနှင့် သယ်ဆောင်ရာသို့ ပါလာခဲ့သည်အထိ သိလိုသော သတင်းကို မသိခဲ့ရ မကြားခဲ့ရ၊ ခင်မင်ရင်းနှီးလှသော မောင်မောင်တုတ်ကို တမ်းတခဲ့စဉ်ကလည်း အရိပ်အရောင်မျှ မပေါ်လာပုံ ထောက်ခြင်း အားဖြင့် မိမိကဲ့သို့ ဖမ်းဆီးချုပ်နှောင်ထားခြင်း ခံနေရရှာပြီဟု တစ်ထစ်ချ ယူဆ လိုက်လေ သည်။
အရွယ်ကြီးရင့် အိုမင်းကာ မစွမ်းမသန်ရှာသူ မိန်းမသားတစ်ယောက်ဖြစ်သော ဒိုင်းအတွင်းဝန် ကတော်ကြီး နှင့် မလိမ်တမာ ငယ်ရွယ်ရှာသော ခင်ခင်ကြီးကဲ့သို့ မိန်းကလေးမျိုးကိုပင် ရေးကြီးခွင်ကျယ်လုပ်ကာ ဖမ်းလား ဆီးလားနှင့် မဟားဒယား လုပ်ကြသေးလျှင် မောင်မောင်တုတ်ကိုလည်း မည်သည့်နည်းနှင့်မျှ ချန်၍ ထားကြမည်မဟုတ်ဟု ယခင်ထင်မြင်ချက်ကို လေးနက်ခိုင်မြဲအောင် ထောက်ခံသမှု ပြုလိုက် ပြန်သည်။
မိမိတို့ အားလုံးကို ယခုကဲ့သို့ သိမ်းကျုံးဖမ်းဆီးခံရခြင်းမှာ ရွှေနန်းရှင်ဘုရား အမျက်တော်ပွားလောက်သည့် အမှုအပြစ်ကြီးများမရှိ၊ မကျန်းမာတော်မူမည့်နေ့ နံနက် နောက်ဆုံးတွေ့ကြုံဖူးမြင်ရသောအခါကလည်း ခင်ခင်ကြီးနှင့် ပတ်သက်သော စေခိုင်းတော်မူချက်ကို ရွက်ဆောင်ရန် အပါးတော်မှ ထွက်ခွာခဲ့ရပြီး နောက် တစ်နေ့မှ အဖမ်းအဆီး ခံရခြင်းဖြစ်သည်။
အမျက်တော်ထားခြင်းထားလျှင် အရှင်နန်းမတော်ဖုရားကသာ ထားစရာရှိသည့်အတွက် နန်းမတော် ဖုရား၏ အလိုတော်အတိုင်း စစ်တပ်နှင့် ၀ိုင်း၍ ဖမ်းဆီးခြင်းသာ ဖြစ်ရာသည်။ ဤအတိုင်းမှန်လျှင် ဓားစာခံရသူ အိမ်တော်ပါ ကျွန်တော်ရင်းတို့အကြောင်းကို ရွှေနန်းရှင်ဘုရား သိရှိတော်မူမည်မထင်၊ မည်သူ ကမှ လည်း ကြားဝင် အမုန်းခံကာ လျှောက်တင်ခြင်း၊ သတင်းပေးခြင်း ပြုဝံ့ကမည်မဟုတ်တကားဟု စဉ်းစားရင်း အခံရခက်လှ တော့သည်။
မိမိတို့မှာ အရှင်သခင် အလိုတော်ကျ စေခိုင်းတော်မူသမျှ ဆောင်ရွက်ရသူများဖြစ်လေရာ ယခုလို အယူခံ ချက်မရှိ ပိပိရိရိ ဖမ်းဆီးအပြစ်ပေးနိုင်ရန် အဘယ်ဓမ္မသတ်၊ အဘယ်ရာဇသတ် ဘယ်ဖြတ်ထုံး ဥပဒေများနှင့် အကျုံးဝင်အောင် အပြစ်ပြကြလေသနည်း။ မည်သည့်နည်းနှင့်မဆို ခင်ခင်ကြီးကိစ္စနှင့် စပ်လျဉ်း၍ ကိုယ်တော်ချင်းချင်း စိတ်ဝမ်းကွဲပြား အမျက်တော်ပွားရာမှာ နောက်ဆုံးတွင် မိမိတို့သာ ဓားစာခံ ဖြစ်ရခြင်း ပါတကားဟု စဉ်းစားမိစေကာမူ ချစ်ခင်ကြင်နာလှသူ နှမငယ် ကောင်းစားရေးကို မိမိက အသက်ပေး၍ပင် ဆောင်ရွက်ဝံ့သော စေတနာရှိခဲ့သဖြင့် ခင်ခင်ကြီးသာ အပြစ်ချမ်းသာရာရလျှင် မိမိ သေချင်သေပေစေ သေရကျိုး နပ်လေသည်ဟု ကြည်ကြည်ဖြူဖြူ အသက်ကိုလှူရန် အသင့်ရှိသူဖြစ်ရကား ခင်အကြီးသာ ချမ်းသာ ကောင်းစား ရစ်ပါစေဟု စေတနာ ပြတ်ပြတ်သားသားနှင့် ထပ်မနား ဆုတောင်းလျက် ရှိလေသည်။
ရွှေနန်းရှင်ဘုရားမှာ ခင်ခင်ကြီးအား များစွာ စုံမက်မြတ်နိုးတော်မူသည်။ ကျန်းမာတော် မမူသေးလို့ မေးတော် မမူနိုင်ခင်သာ သူတို့ထင်သလို လုပ်ထားနိုင်မည်။ ရွှေနန်းရှင်ဘုရား အမေးတော်ရှိတဲ့ တစ်နေ့မှာ ၀ှက်ထား ရာမှ ထုတ်ပေးရမည် မုချဖြစ်တော့သည်။ မိဖုရားကြီးက ကြည်ဖြူတော်မမူ စေကာမူ ကောက်ယူ တော်မူပြီး မိဖုရားအရာ မြောက်၍နေလေပြီ။ သည်အခြေကျကာမှ ခင်ခင်ကြီး သည် မိဖုရား တစ်ပါးဟု အသိအူမှတ်ပြုကြရုံမှ တစ်ပါး ရွှေနန်းရှင်ဘုရား ကိုယ်တော်တိုင်က ဖျောက်ဖျက် လျှို့ဝှက် ထားတော် မူနိုင်မည် မဟုတ်ဟု ယုံယုံကြည်ကြည်ကြီး ဆုံးဖြတ်သမှု ပြုလိုက် လေတော့သည်။
ရွက်စုံဖွင့်ထားသော အညာဆန်လှေကြီးကား တဖြည်းဖြည်းနှင့် မှန်မှန်ကြီးသွားလျက်ရှိလေ၏။ မောင်မောင် ငယ် မှာ လှေဝမ်းထဲတွင် ဆင်းရဲကြပ်တည်းစွာ လိုက်ပါမြဲ လိုက်ပါလျက် ရှိငြားသော်လည်း ခင်ခင်ကြီး ချမ်းသာ ကောင်းစားရေးကိုသာ တတွေးတွေး ဆုတောင်း ဆုယူပြုကာ လိုက်ပါခဲ့သည်။ အရှင်သခင် ၏ အလိုတော် ပြည့်ရန် ဦးဆွေးဆံမြည့် နေ့ရှိသရွေ့ ထမ်းရွက်ခဲ့လျက် အသက်ပါ ဆုံးရှုံးမှုဖြစ်ရ သော်လည်း စေတနာ ကြီးစွာထားလျက် အချစ်မပျက်နိုင်ရှာပေ။
မင်းခစား ကမ်းနားသစ်ပင် ဆိုသည့်စကားအတိုင်း သဒ္ဓါတော်မူတုန်းအခါ လျှမ်းလျှမ်းတောက် ကောင်းစား ခဲ့လျက် မင်းမျက်သင့်သည့်အခါမှာလည်း အသက်စည်းစိမ် အိုးအိမ်ပစ္စည်း ဆိုသမျှမှာ ဖွဲတစ်ထုပ်တစ်မျှ တန်ဖိုးမမြင် ဆံခြည်တစ်မျှင်ခြားနှင့် အပ်သွားပေါ် မုံညင်းစေ့ပမာသာရှိတော့ သည်ဟု နှလုံးပြုမိကာမူ ရွှေနန်း ဘုရားကိုကား အကြည်ညိုမပျက်၊ ရက်စက်တော်မူလိုက်သည့် နန်းမတော် စုဖုရားလတ် ကိုသာ ပြုရက်ပါပေရဲ့ ဘုရားဟု ညည်းတွား ရေရွတ်မိ ခဲ့သည်။
အရှင်နှစ်ပါး မင်းသားမင်းသမီးဘ၀မှာ မိမိတို့ ကျွန်တော်မျိုးရင်းများက အားပေးအားမြှောက် ပြုလျက် တောင်ဥယျာဉ်တော် ထွက်သည်အထိ ချစ်ကြိုးတော်ဆောင်ခဲ့ကြပုံများကိုလည်းကောင်း၊ မိမိကလည်း သဘောကျ၊ လူကြီးများကလည်း ရည်စူးပြီးသော ခင်ခင်ကြီးနှင့် တောင်သမန်အင်းကို သွား၍ ပျော်ပျော် ပါးပါး နေခဲ့ကြပုံများကိုလည်းကောင်း တီတီတာတာ ချစ်စရာတွေပြောရင်း ကျော သပ်လက်သပ်နှင့် သံယောဇဉ် အချစ်ကြိုးတွေ အမျိုးမျိုး ရစ်ပတ်နေမိပြီးမှ ရွှေနန်းရှင် အလိုတော်ရှိလှသည်ဟု သိရသော အချိန်အခါ ကစလျက် သံယောဇဉ် ချစ်နှောင်ကြိုးကို သစ်စိမ်းချိုး ချိုးဖြတ်လျက် အရှင်သခင်လက်သို့ ကြည်ဖြူ စွာ ပို့ဆက်ခဲ့သည်ကိုလည်းကောင်း၊ ချစ်သူကလေး၏ ကောင်းစားကြီးပွားရေးကိုလည်း တစ်နည်း တစ်လမ်း အားဖြင့် စေတနာ ထားခဲ့မိသည်။
အချစ်ရိုးအချစ်မှန်၊ အဖိုးတန်သော အချစ်စိတ်မှာ မြင့်မြတ် တည်ကြည်သော ကြင်နာမှုတွေ ဝေေ၀ ဖြာအောင် ခြံရံကာနေမြဲဖြစ်သည်။ ထိုစဉ်အခါက ဘာမသိ ညာမသိနှင့် မိမိတို့ ခြယ်လှယ်ကာ ရွှေနန်းရှင် ထံတော်ရောက် ပို့ဆက်ခြင်းခံရရှာသော ခင်ခင်ကြီးအတွက် တွေးမိတိုင်း တသက်သက် သနား လိုက်မိ သေးသည်။
အတိတ်အခါက ဖြစ်ခဲ့ပျက်ခဲ့ကြသော မိမိတို့ ရာဇ၀င်ဇာတ်အခန်းကို တစ်လမ်းလုံး ပြန်လည် ဖော်ထုတ် စိတ်တွင်းမှ အသစ်လုပ်ကာ ၀ိပဿနာ တင်လာခဲ့လေသည်။
တအိအိ တသက်သက်နှင့် ရွက်စုံဖွင့်၍ ဆန်တက်ခဲ့သော လှေကြီးများမှာ ရတနာပုံ နေပြည်တော်ကြီးနှင့် ခရီး တိုင်ပေါင်း များစွာ ဝေးကွာလာခဲ့လေပြီ။ ရာသီဥတု ပူပြင်းခြင်းမှလည်း တစ်စတစ်စ နည်းပါးကာ အေးချမ်းလာခဲ့လေပြီ။ ဧရာဝတီ နဒီမြစ်ကမ်းနှစ်ဖက်တို့ကိုလည်း ရုတ်ချည်း မြင်စွမ်းနိုင်ခြင်းမရှိပေ။ မြူခိုး တောင်ခိုးတွေ ဝေေ၀မှိုင်းခဲ့ရာမှ ဆီးနှင့်တွေ ဖြိုင်ဖြိုင်ကျ၍ ဌာနဒေသအလျောက် တစိမ့်စိမ့် တစမ်းစမ်းနှင့် အချမ်း ကြောင့် ခိုက်ခိုက်တုန်လာကြရာ လဲဝါဂွမ်းပုံ တို့ဖြင့် ခြုံရုံမကွေးနိုင်ရာသူ ရာဇ၀တ်ကောင် မောင်မောင်ငယ် ခမျာမှာ မြက်ခြောက် ကောက်ရိုးတည်းဟူသော ကြာဖုံပေါ်တွင် ၀တ်ဆင် လာရ ရင်း ဖြစ်သော ပိုးစင်ပုဆိုးဟောင်းခါးပုံစ တစ်ပိုင်းဖြင့် ရစ်သိုင်းလွှမ်းခြုံကာ အချမ်းလုံအောင် ကွေးလာခဲ့ ရရှာ တော့သည်။
သို့နှင့် တစ်နေ့သော နေထွက်တပြူ အချိန်လောက်တွင် တက်ကုန်ရွက်ကုန် ဖွင့်နှင်လာခဲ့သော နာဝါ လှေယာဉ်ကြီး များမှာ မှိုင်းမှိုင်းမှောင်သော တောင်စဉ်တောင်တန်းများ ပတ်သန်း ၀န်းရံထားသော မိုးကောင်းမြို့ ဆိပ်ကမ်းခြေသို့ ကပ်မိကြလေ၏။ မိုးကောင်းမြို့ကို စီရင် အုပ်ချုပ်ရန် နေပြည်တော်မှ ပို့အပ် ခန့်ထားခြင်း ခံရသော မိုးကောင်းဝန်မင်းသည် နောက်ပါ အမှုထမ်း တပည့်များနှင့် လှေဆိပ်သို့ ထွက်လာ ခိုက်ဖြစ်လေသည်။ ထိုအခါက နေပြည်တော်မှ အဆက်အသွယ်များမှာ လှေကြီးများနှင့်သာ ရောက်လာ တတ်သည်။ လွှတ်တော်ရုံးတော်မှ အမိန့် တော်စာချွန်များ၊ ရိက္ခာတော်များမှာ အဆိုပါ လှေကြီး များနှင့် တစ်လ တစ်ကြိမ်လောက်သာ ရောက်လာလေ့ရှိသည်။ ထိုလှေကြီးများနှင့်အတူ နေပြည်တော်မှ ရာဇ၀တ် သင့်ကြသူ ထောင်ပြောင်း ခံရသူများလည်း အမြဲပါလာတတ်လေသည်။ ထို့ကြောင့် နေပြည်တော်မှ လှေကြီးများ ဆိုက်ကပ်လျှင် မြို့ရွာအုပ်ချုပ်သူ မင်းမှုထမ်းတို့ ၀မ်းပန်းတသာ ဆီးကြို တတ်ကြ မြဲ ဓမ္မတာ ပင် ဖြစ်ချေသည်။
မိုးကောင်းဝန်မင်းမှာလည်း လှေပေါ်တွင် ပါလာသမျှ ပစ္စည်းရိက္ခာ လက်နက်ခဲယမ်း မီးကျောက်မှအစ ပုရပိုက် စာရင်းအင်းနှင့် တိုက်ဆိုင်လက်ခံကာ နေပြည်တော်မှ သတင်းထူးများကို လှေသမား မင်းစေ လုလင် အမှုထမ်းများအား ကိုယ်တိုင်တွေ့ဆုံ မေးမြန်းနားထောင်လေ့ရှိသည် ဖြစ်ရာ-
လှေသူကြီး များက နေပြည်တော်တွင် ထူးခြားသော သတင်းအရပ်ရပ်များကို ၄င်းတို့ တွေ့မြင်ကြားသိသမျှ ဖောက်သည် ချကြသည်။ ယခုအခေါက် ဖောက်သည်ချရသော သတင်းများမှာ အထူး များလှသည်။ နားထောင် သူများကလည်း တအံ့သြသြ ငေးမောနားထောင်ကြ ရသည်။
လှေသူကြီးနှင့် မင်းမှုထမ်းတို့ ကြားသိခဲ့သမျှ ပြောကြသော သတင်းများတွင် နေပြည်တော် ဆယ့်နှစ်ရာသီ ကြုံကြိုက် မြဲ ပွဲလမ်းသဘင်များ၊ ဆယ့်နှစ်ရာသီ အလှူတော်များ၊ နယ်စပ်သို့ ညောင်အုပ်မင်းသားတို့ လာရောက် နှောင့်ယှက်သော သတင်းများ၊ မြင်ကွန်းမင်းသားကြီး ပြင်သစ် ပိုင်နယ်မှ ဖြတ်လျက် ကြယ်ဖိုး နယ်ဘက်မှ အဆက်အသွယ် ပြုနေသော သတင်းများ၊ ညောင်ရမ်း မင်းသားကြီး ကုလားပြည် ရောက်နေ သည်ဆိုသော သတင်းများ၊ နိုင်ငံခြားသို့ သံတမန်တော်များ စေလွှတ်စေ့စပ်မှု မပြီးပြတ် သေးသော အကြောင်းများ၊ ပြင်သစ်တို့နှင့် မဟာမိတ်စာချုပ် ပြုလုပ်ရန် စကားကမ်းလှမ်းနေသော သတင်း များ၊ နန်းတော်တွင်း၌ ပြင်သစ်သူ အပျိုတော်များ ထွက်ဝင်စားနေကြသည်ကို သူလျှိုဟု အချို့က မယုံသင်္ကာ ရှိကြောင်းများ၊ အထက်ဗန်းမော် အောက်မြေလတ် သရက်၊ မင်းလှ၊ အင်းဝ စသော ခံတပ်တော်ကြီးများကို နေပြည်တော်မှ အလျင်စလို အမိန့်ပေးနိုင်ရန် သံကြိုး၊ ကြေးနန်းများ သွယ်တန်းထားသော သတင်းထူးများ၊ မိုးနဲ စော်ဘွား မကျိုးမနွံ တော်လှန်မည့် အရိပ်နိမိတ်နှင့် ရှမ်းပြည်နယ်ကိစ္စများ၊ နိုင်ငံတော် အလယ်ပိုင်း တွင် ဆိုးသွမ်းသောင်းကျန်းနေသော လူဆိုးဓားပြမှုများနှင့် လျှမ်းလျှမ်းတောက် ကောင်းစား၍ တန်ခိုး အာဏာ ကြီးမားခဲ့သော ရနောင်မင်းသားကြီး မောင်မောင်တုတ်တို့ ရုတ်တရက် ရာဇ၀တ်မှု ရောက်ရသော အကြောင်း များအထိ မိမိတို့ ကြားမြင်သိရှိခဲ့ကြသလောက် တစ်ယောက် တစ်ပေါက် လျှောက်တင် အစီရင်ခံ ကြလေသည်။
မိုးကောင်းဝန်မင်းမှာ ကြားရိုးကြားစဉ် သတင်းများထက် ရနောင်မင်းသားတို့ ကိစ္စအတွက် အထူး စိတ်ဝင် စားလျက် ရှိတော့သည်။ အပြန်ပြန် အထပ်ထပ် ရေငတ်သလို ခဏခဏ ပြန်၍ မေးမိသည်။ အမှုထမ်း တို့ကလည်း နားစွန်နားဖျား မိမိတို့ထောက်မှီ ကြားသိရသလောက် အသေးစိပ် ပြောရပြန် သည်။
နောက်ဆုံးတွင် "ကျွန်တော်မျိုးတို့တော့ ဤမျှသာ ကြားသိရပါသည်။ မိုးကောင်း အကျဉ်းထောင်သို့ လွှဲပို့ လိုက်သော လှေပေါ်က ရာဇ၀တ်ကောင် အများထဲမှာ ရနောင်မင်းသားကြီးနှင့် အမှုဖြစ်ရာတွင် ရောယှက် ပါဝင်ခဲ့သောသူများ ပါကောင်း ပါပါလိမ့်မည်။ ရာဇ၀တ်ကောင်တို့၏ ငယ်မည်စာရင်းကို ဖတ်ရှု ကြည့်တော် မူပြီးလျှင် သိချင်သေးသော အရေးကိစ္စများကို ရာဇ၀တ်သားတို့အား မေးမြန်းပါ" ဟု လျှောက်တင်ကာ မိုးကောင်း ၀န်မင်းအား ပါလာသမျှ ရာဇ၀တ်ကောင်တို့ စာရင်းကို ယူ၍ ပြကြရ သည်။
မိုးကောင်းမြို့ အကျဉ်းထောင်တွင် ထားရမည့်ရာဇ၀တ်ကောင် သုံးဆယ်ကျော်၏ ငယ်မည်စာရင်းကို အစဉ် လိုက် လျှောက်၍ ဖတ်ကြားသွားရာ ငလတ်၊ ငပေါ်ညွှန်း၊ ငမှန်၊ ငဘိုးမောင်၊ ငညို၊ ငစော၊ ငဗာလီ၊ ငသက်ရှည် မှအစ နေပြည်တော်မှာ နေစဉ်က မိမိကြားဖူးသော နာမည်များဖြစ်နေပြီး စိတ်ထဲမှ သင်္ကာယန မကင်းဖြစ်ခဲ့ရာ "ငဖေငယ်"ဟူသော အမည်ကို ဖတ်လိုက်သောအခါမူကား မိုးကောင်းဝန်မင်းမှာ ရုတ်တရက် ထိတ်ထိတ် ပျာပျာ ဖြစ်သွားလေ၏။
"ဟေ့ဟေ့ ... တော်စမ်းတော်စမ်း၊ ဘယ်မလဲ၊ အဲဒီရာဇ၀တ်သားတွေ၊ ထောင်ထဲသို့လိုက်ပြီလား၊ ငါ့ဆီ ခေါ်ခဲ့ စမ်းပါဦး"ဟု အမိန့်ပေးလိုက်လေသည်။
"ရှိပါသေးဘုရား၊ လှေဝမ်းထဲက မချရသေးပါ၊ ထောင်မှူးများလာမှ စာရင်းနှင့်တကွ အပ်ရပါမည်ဘုရား"ဟု ပြန်လည်ဖြေကြားကြသည်။
"ဟေ့ ... ဒါဖြင့် နေပါစေ၊ အားလုံးမချခဲ့နဲ့ ဟောဒီ ငဖေငယ်ဆိုတဲ့လူကို မေးပြီး သူ့တစ်ယောက်တည်း ရွေးခေါ်ခဲ့စမ်း"ဟု မိုးကောင်းဝန်မင်းက အမိန့်ပေးလိုက်သည်။ သူ့နယ်တွင် သူမင်း၊ ရုံးတစ်လုံးဓားတစင်းနှင့် ၀င်းဝင်းတောက် အခွင့်အာဏာရှိသော မိုးကောင်းဝန်မင်း၏ အမိန့်ကား ငယ်သားအရာများအတွက် ထိပ်ပေါ်တွင် သံမှိုနှက်သကဲ့သို့ ရှိလေသည်။
မိုးကောင်းဝန်မင်းသည် လှေဝမ်းထဲမှ ပေါ်လာမည့်သူမှာ မိမိထင်သူ မဟုတ်ပါစေနှင့်ဟု ကြိတ်ကာ ဆုတောင်းရင်း ကမ်းပါးစောင်း ကနားဖျဉ်းရိပ်မှ တထိတ်ထိတ် ဖြစ်နေသည်။ ခဏကြာလျှင် ပုသိမ်ပ၀ါ အ၀ါ ရင့်ရောင်ကို ကဖျစ်ကညစ် ဖြစ်သလို ရစ်လိမ်ပေါင်းထုပ်ထားလျက် မြောက်ပြင်ရက် ဘောင်စင်း ပိုးပုဆိုး ပန်းရောင် ညစ်ညစ် ပေပေကို ဒူးဖုံးမိရုံဝတ်ကာ ချေးညှော် အလိန်းလိန်းနှင့် ပိုးအင်္ကျီကရုပ်ပုံ လက်ကြပ်ကို ဖြစ်ကတတ် ဆန်း မြန်းထားသော လူရည်သန့် တစ်ယောက်အား မင်းလုလင်များက လက်ပြန်ကြိုး တည်းလျက်သား တဲအတွင်းသို့ ဆွဲသွင်းလာလေ၏။
မိုးကောင်းဝန်မင်းမှာ ခေါ်လာသူကို မြင်လျှင် မြင်ခြင်း "အမယ်မင်း ကိုကြီးဖေပါကလား" ဟု ထိတ်လန့် တကြား ပြောပြီး တစ်ခါတည်း ဖက်ထားလိုက်တော့သည်။ မင်းလုလင်များလည်း အံ့အားကြီးသင့်လျက် မလှုပ် မယှက် ကြည့်ကြလေ၏။
" ဟေ့ ... သူ့ကို ဒီမှာထားခဲ့၊ မင်းတို့ အပြင်ခဏထွက်နေကြ" ဟု ၀န်မင်းက အမိန့်ရှိလိုက် သောကြောင့် မင်းမှုထမ်းများ ထွက်သွားကြရသည်။
"ကိုကြီးဖေ ... ဘယ်အဖြစ်မျိုး ရောက်ရတာလဲ၊ ကျွန်တော်နဲ့သာ ခုလို အဆင်သင့် လာမတွေ့ရင် အခက် ပါလား"
မောင်မောင်ငယ်မှာ အဖမ်းအဆီးခံရသည့် နေ့မှစ၍ မိမိကို ကြင်နာစွာ ခေါ်ပြောသူဆို၍ ယခုမှ တွေ့ရတော့ သဖြင့် ၀မ်းနည်းဝမ်းသာ ဖြစ်မိရှာသည်။
"ညီမောင်ရာ ကိုကြီးနဲ့လာတွေ့တဲ့အတွက် အထက်က ညီမောင့်အပေါ်မှာ အပြစ်တင်စရာများ နေမလား" ဟု မိုးကောင်းဝန်မင်းအား သနားကရုဏာနှင့် ပြောမိလေသည်။
"ကိုကြီးဖေ၊ ဒါတွေကို စဉ်းစားပြီး မပူပါနှင့်၊ ကိုကြီးဖေရဲ့ ကျေးဇူးတွေ ကျွန်တော့်အပေါ်မှာ များလှပါတယ်၊ ကျေးဇူးရှင်တစ်ယောက် ဒုက္ခရောက်နေတဲ့အခါ အစွမ်းကုန် ကူညီစမ်းပါရစေ၊ ကျွန်တော် ယခု အခြေ အနေ ရောက်အောင် ကြီးပွားခဲ့သည်မှာ ကိုကြီးဖေ ကျေးဇူးသာဖြစ်ပါတယ်၊ တတ်အားသမျှ ကျေးဇူးတပ်ပါရစေ"
"သာဓု သာဓု ညီမောင်ရယ်၊ ကျေးဇူးရိတဲ့သူကို ကျေးဇူးတုံ့ပြန်ဆပ်သည်မှာ သူတော်ကောင်း လက္ခဏာပါပဲ၊ သို့သော်လည်း အစ်ကိုကြီးမှာ ရာဇ၀တ်မှုနှင့် လူဖြစ်နေပြီ၊ ညီမောင်ကို ကိုကြီး အတွက်နဲ့ အကျိုးပျက် မခံစေ ချင်ပါဘူး"
"ကိုကြီးရယ်၊ ညီမောင့် စေတနာကို မချုပ်ချယ်ပါနဲ့၊ ယခု ညီမောင်ရရှိနေတဲ့ မိုးကောင်းဝန်ဆိုတဲ့ ရာထူးဟာ ဘုန်းတော်ကြီးလှသော ရွှေနန်းရှင်ဘုရားကို ကိုကြီး သံတော်ဦးတင်ပေးတဲ့အတွက် ခန့်ထား သူကောင်း ပြုတော်မူခြင်းခံရတဲ့ ရာထူးစည်းစိမ် ဖြစ်ပါတယ်၊ ဒီတော့ ကျွန်တော့် မျက်စိအောက်မှာ ကိုကြီး ဒီလို ဒုက္ခ ရောက်နေ တာကို ဘယ်လိုလုပ်၍ ကြည့်စိမ့်နိုင်မှာလဲ ကိုကြီးရယ်"
"ကဲ ... ကဲ ညီမောင်ရယ်၊ ဒီမြို့ ဒီနယ်မှာ ညီမောင် တန်ခိုးသြဇာ လွှမ်းမိုးနေတဲ့အခါ ကိုယ့်အပြစ် မရောက် မည့် ကိစ္စလောက်တော့ ကူညီထောက်မ တာပေါ့၊ ကိုကြီးတော့ ဒီနေ့ ဒီရက်အထိ ဘယ်လို အမှုမျိုးနှင့် အဖမ်းခံ ခဲ့ရပြီး ဒီမိုးကောင်းမြို့သို့ ခရီးထွက်လာရသည်ကို မသိခဲ့ရသေးပါဘူး"
"သိရပါစေမယ်၊ မင်းအမှုထမ်းများ လက်မှာပါလာတဲ့ အမိန့်စာချွန်တော်များကို ယခု ချက်ချင်း စိစစ် ဖတ်ရှု စေပါမည်" ဟု မိုးကောင်းဝန်မင်းသည် မိမိလက်အောက်တွင် ၀တ္တရားအရ အမှုထမ်းနေကြသော ၀န်စာရေးများ၊ ထောင်မှူးထောင်ဝှမ်းများကို ခေါ်ယူပြီး နေပြည်တော်ကြီးမှ အမိန့်စာချွန်တော်များ ဖတ်ကြား စေရာ -
"ငဖေငယ် အမှူးရှိသော မိုးကောင်းပို့ ရာဇ၀တ်ကောင်များသည် ထီးနန်းလုပ်ကြံသည့် ပြစ်မှုကြောင့် မိုးကောင်း အကျဉ်းထောင်တွင် ချထားရမည်၊ ဤရာဇ၀တ်ကောင်များအနက် ခေါင်းဆောင် ငဖေငယ်ကို အကျဉ်းမှ ထုတ်၍ သုတ်သင်ကွပ်မျက်ရန်ဖြစ်သည်၊ ပို့အပ်လိုက်သော ရာဇ၀တ်ကောင် တို့၏ ငယ်မည် စာရင်း ဦးရေနှင့်တကွ လက်ခံရရှိကြောင်း မိုးကောင်းထောင်မှူးက တင်လွှာတွင် လက်မှတ်ရေးထိုး ဆက်သ လိုက်ရမည်"
မောင်မောင်ငယ်သည် မိုးကောင်းဝန်၏ စာရေးကြီးက တိုးတိုး တိတ်တိတ် ဖတ်ပြသော အမိန့်ကို ကြားရမှ မိမိ ရာဇ၀တ် သင့်ရသောအမှုမှာ ဘယ်အခါကမျှ ကြံစည်ပြစ်မှားရန် စိတ်ကူးရုံမျှ စိတ်ကူး မရခဲ့သော ထီးနန်း လုပ်ကြံမှုကြီးဖြစ်နေကြောင်း သိရတော့လျက် အသက်ဆုံး ကွပ်မျက်ရန် မသေမီ ဆင်းရဲကြီးစွာ နှင့်နေရန် မိုးကောင်းအကျဉ်းထောင်ပို့ သို့ခံရသောအပြစ်မှာလည်း ကြီးလေးသော အပြစ်ကျူးလွနမိသူ မင်းမှုထမ်းအရာရှိကြီးများကို မင်းပြစ်မင်းဒဏ် ပေးမြဲထုံးစံအတိုင်း ပြုလိုက်ကြခြင်းဖြစ်၍ မည်သည့် သက်သေခံ ခိုင်လုံမှုများ တွေ့ရသောကြောင့် ဤသို့ တစ်ဖက်သတ် အယူခံခွင့်မရအောင် စီရင် လိုက်ကြ သနည်းဟု အမျိုးမျိုး စဉ်းစားမရ အံ့သြ၍သာ နေရ တော့သည်။
"ကိုကြီးဖေ အမိန့်တော်က ပြင်းလှချည့်လား၊ ညီမောင် ကြိုးစားနိုင်သလောက် ကြိုးစားပြီး ကိုကြီးဖေကို ကူညီ ပါ့မယ်ဗျာ။ ဘာမှ အားမငယ်ပါနှင့်"
"ဒီအနေ ရောက်မှတော့ ကိုကြီး သေရမှာလည်း မကြောက်ပါဘူး၊ ဒါပေတဲ့ သူတို့ စွပ်စွဲလိုက်တဲ့ ထီးနန်း လုရန် ကြံစည်မှုမျိုးကို ကိုကြီး နည်းနည်းကလေးမှ မကြံခဲ့ရိုး အမှန်ပါရက်နဲ့ သက်သက်မဲ့ နာမည်ပျက်၊ သစ္စာ ပျက်စေလျက် အမှုလေးနက်အောင် ဆင်လိုက်ခြင်းကိုသာ မခံချင်စိတ် ဖြစ်မိတယ်"
"ရနောင် မင်းသားကြီးကိုလည်း ထီးနန်းလုပ်ကြံမှုနဲ့ ဖမ်းတာပဲလို့ ညီမောင်တို့ ကြားရပါတယ်"
"ဟုတ်ပါတယ်လေ၊ ဒီအမှုမျိုးနဲ့ ဆင်ဖမ်း မှသာ ကိုကြီးတို့ လူစုကို အမှုရှာလို့ ကောင်းတော့မှာကိုး၊ ရွှေနန်းရှင် ဘုရား မကျန်းမာတော်မူ၍ သိတော်မမူလိုက် အငိုက် အရိုက်ခံရသလို မလိုသူများက မတရား အမှု့ ဆင်ပြီး တစ်ဖက်သတ် စီရင်လိုက်ခြင်းပါပဲ ညီမောင်"
"ဒီလို မတရားမှုမျိုးဆိုလျှင် ရွှေနန်းရှင်ဘုရား ရွှေနားတော်ကြားတဲ့နည်းကိုရှာပြီး သံတော်ဦး တင်လွှာ ဆက်ကြည့် စမ်းပါဦးလား၊ ရုတ်တရက် မသတ်ရအောင် ညီမောင် ကိုကြီးကို အချိန်ဆွဲ ထားပါစေမယ်"
"ကောင်းပါရဲ့ ညီမောင်ရယ်၊ သို့သော်လည်း ရွှေနန်းရှင်ဘုရား ကိုယ်တော်တိုင်က အထင်တော် မှားလောက် အောင် သက်သေခံ မတရားနှင့် အမှုသွားပေါ်နေလျှင်လည်း အချည်းနှီးဖြစ်ပေလိမ့်မယ်၊ ဒီတော့ ကိုကြီး ပြောမယ်၊ ညီမောင် ကိုကြီးကို ကူညီနိုင်မယ်ဆိုလျှင် နေပြည်တော်ကို လူယုံ တစ်ယောက် စေလွှတ်ပြီး ဒိုင်းအတွင်းဝန်သမီး ခင်ခင်ကြီးအကြောင်းကို စုံစမ်းပေးပါ၊ သူကလေး ချမ်းချမ်းသာသာနှင့် နေရတယ်ဆိုတဲ့ သတင်း စကားကို ကြားရမှ အစ်ကိုရဲ့ ကြိုးပမ်းမှုကြီး အောင်မြင်တယ်လို့ ယူဆလျက် အသက် ဖြောင့်ဖြောင့် ထွက်နိုင်ပါမည် ညီမောင်ရယ်"
"ကောင်းပါပြီ၊ ညီမောင် အမြန်ဆုံး စေလွှတ်စုံစမ်းပေးပါမည်၊ ဒီအတောအတွင်း မှာလည်း ကိုကြီးဖေ အနေ အထိုင် မဆင်းရဲရအောင် ညီမောင် ပြုစုယုယ ထားပါရစေ၊ ရွှေနန်းရှင်ဘုရားထံတော်သို့လည်း တင်လွှာ တော် ဆက်နိုင်တဲ့နည်းလမ်းကို ကြိုးပမ်းရှာဖွေပေးပါလို့ ညီမောင်ရဲ့ ဆွေမျိုးဥာတကာ တို့အား တိတ်တ ဆိတ် အကြောင်းကြား၍ အကူအညီ တောင်းလိုက်ပါမယ်"
"ကောင်းပါပြီ၊ သို့ရာတွင် ညီမောင်က ရာဇ၀တ်သား တစ်ဦးတစ်ယောက်ကို ယခုလောက် ကူညီ ဖေးမ နေပါက ငယ်သားမင်းမှုထမ်းများက"
"အို ... ဒီမြို့မှာ ညီမောင်ဟာ ရှင်ဘုရင်ပါပဲ၊ ဘယ်သူက ဘာပြောဝံ့မှာလဲ၊ ဘယ်နေ့ ဘယ်ရက်မှာ သတ်ပစ် ရမယ်လို့ ရက်ချိန်းနှင့် အတိအကျ အမိန့်တော်ပို့သည် မဟုတ်ပါ၊ တစ်လကြာမှ ဖြစ်စေ၊ တစ်နှစ်ကာမှဖြစ်စေ ထောင်အာဏာ ပိုင်များ၏ သဘောသာဖြစ်ပါတယ်၊ ထောင်အာဏာပိုင် အမှုထမ်းများ ဆိုသည်မှာလည်း ညီမောင်၏ အမိန့်သြဇာကို နာခံရသူများ ဖြစ်တဲ့အတွက် ကိုကြီးဖေ စိတ်လက်ဖြောင့်ဖြောင့်သာ နေတော် မူပါ"
နေ့ရက်ပေါင်းများစွာ ထောင်အရသာနှင့် ဒုက္ခဆင်းရဲ အဖြာဖြာတို့ကို ကြိတ်ခါမှိတ်ခါ ခံစားလာခဲ့ရသော မောင်မောင်ငယ်မှာ မိုးကောင်းဝန်မင်း၏ အားပေးယုယမှုတို့ကြောင့် စိတ်ချမ်းမြေ့ သက်သာလျက် လွတ်မြောက်ရေး မျှော်လင့်ချက်ကလေးများပင် ရိပ်ခြည် ၀င်းလက်လာ ပြန်လေသည်။
ထိုနေ့အဖို့ကစ၍ မိုးကောင်းအကျဉ်းထောင်ကြီးတွင် နေရသည်ဆိုစေကာမူ မောင်မောင်ငယ်မှာ ကောင်းမွန် သော အစားအစာ ပူနွေးသော အိပ်ခင်းအိပ်ရာ၊ ကမ္ဗလခြုံစောင်များနှင့် ချမ်းသာစွာ ပြုစု စောင့်ရှောက် ထားခြင်းခံရလျက် ကွပ်မျက်ရန် နေ့ကိုလည်း အကန့်အသတ်မရှိ ရွှေ့ဆိုင်းငံ့လင့် ထားလိုက် လေ သတည်း။
.......................
အခန်း (၃၈) ဆက်ရန်
>>>ဆက်ဖတ်ရန်>>> >>
ဒဂုန်ခင်ခင်လေး စာဆိုတော် အခန်း(၃၆)
အခန်း (၃၆)
     လက်သုံးတော်ကြီး ရနောင်မြို့စားမင်း မောင်မောင်တုတ်သည် ရွှေနန်းရှင်ဘုရား ရုတ်တရက် ရှောင်တခင် ကျန်းခန့်တော်မမူခြင်းနှင့် ဆောင်တော်တွင်း သို့ပင် ၀င်ရောက်ဖူးမြင်ခွင့် မရခဲ့ခြင်းများကို လည်း ကောင်း၊ ခင်ခင်ကြီးအတွက် အကြံအစည် ပျက်ခဲ့ရခြင်းကို လည်းကောင်း စဉ်စားမိတိုင်း စိတ်ထိခိုက် လှုပ်ရှား၍ ထိုနေ့တစ်နေ့လုံး မိမိအိမ်တော်ကြီးတွင် ဇနီးကြင်ယာတို့ကိုမျှ အပါးသို့ မကပ်လာစေရဘဲ တစ်တည်း အကြံအစည် နည်းသစ်လမ်းစ ရှာဖွေကာ အချိန်ဖြုန်းနေခဲ့လေသည်။
စီးတော်မြင်းဝန်၊ ရွှေတိုက်စိုး၊ တောင်သမန်လယ်စား ညဥ့်ဦးကပင် အကြောင်းအကျိုး သတင်းဆိုး တို့ကို လာရောက်ပြောကြားပြီး နောက်တစ်နေ့တွင်  ရွှေနန်းတော်သို့ ခစားရန် မ၀င်သေးလို သဖြင် အနားယူ နေလေသည်။ လမ်းစရှာနေသလောက် မောင်မောင်ငယ်မှာ စိတ်ကူးခရီးမရောက် နိုင်အောင် ဖြစ်တော့ သည်။
ဒိုင်းဝန်ကတော်ကြီးသည် အလယ်ခန်းမကြီးတွင် အစုလိုက်အပုံလိုက အသင့်ပြင်ထားသော ယမန် နေ့က ပစ္စည်းအသုံးအဆောင်များကိုကြည့်ရင်း သက်ပြင်းချလျက်ရှိနေသည်။
"မောင်မောင်ရေ........ဒီပစ္စည်းတွေကို ဒီလိုပဲ စုပုံလျက်ထားတော့မလား၊ လူသူလေးပါးမြင်လို့မေး
လျှင်ဘယ်လိုအဖြေပေးရမည်မသိ၊ ရှက်စရာကောင်းလှပါဘိတယ်"ဟု ပြောမိလေသည်။
"မေဖုရားက ဒီစကားမျိုး မိန့်တော်မူမှဖြင့် ခင်အကြီးကသာလို့ဆွေးပါတော့မည်။ မောင်တို့လည်း အကြံအစည် ပြုလျက်မို့ အချိန်နည်းနည်းသည်းခံစောင့်စားဖို့ တောင်းပန်စကား ပြောပါရစေ မေဘုရား ရယ်၊ ရက်ရာဇာ အခါရွေးပြီးပြင်ဆင်ချိန်းဆိုထားပြီး ဖြစ်သည်ကိုလည်း သိတော်မူသည့် အတိုင်းပါ ကံမကောင်း ချင်သေးလို့ ဒီအချိန်အခါကိုမှ ရွေးချယ်တိုက်ဆိုက်လျက်  ရုတ်တရက် ရွှေနန်းရှင်ဘုရား နာမကျန်း ဖြစ်တော်မူရပါသည်။ မကြာမီ ကျန်းမာတော်မူလာလျှင် ဆက်လက် ရွက်ဆောင်ကြရန်သာ ဖြစ်ပါတယ်" ယင်းသို့ မောင်မောင်ငယ်က နှစ်သိမ့်စေသော်လည်း ဒိုင်းအ တွင်းဝင်ကတော်ကြီးမှာ စိတ်လက် မချမ်းသာလှသော မျက်နှာနှင့် ဖက်ဖြူချောဆေးပေါ့လိပ်ကြီးကို သောက်လျက် တစ်ချက် တစ်ချက်မှာလည်း ရွှေနန်းရှင်ဘုရား မကြာခင် ကျန်းမာလာတော်မူပါရန် ဘုရားစင်ဘက်သို့ လက်အုပ် ချီကာ ဆုတောင်းပတ္တနာပြု၍သာ နေတတ်တော့သည်။
မျှော်လင့်ကိုးစားခြင်း အားရ၀မ်းသာဖြစ်လာခဲ့ပြီးမှ ညဦးကလာရောက်ပြောကြားသော မောင်မောင်ငယ်၏ သတင်းစကားကိုကြားသိရသည့်အချိန်က အစပြု၍မျှော်လင့်ချက် ပျက်ဆုံး ရသောကြောင့် ချုံးချုံးချ လူပါနုံးပြီး ယနေ့တစ်နေ့လုံး အိပ်ရာထက်တွင် စောင်းလျက်တခွေခွေငို မျက်ရည်မစဲ ဖြစ်နေရသမှာ ဒိုင်းခင်ခင်ကြီးသာ ဖြစ်လေသည်။
သနားတော်မူထားသော  ရွှေချူလုံး၊ ရွှေနောင်ဇကုံးတို့မှအစ အိုးပုတ်ချိုးရုပ်ကလေးများပါ မကျန် ယမန်နေ့က ရွှေနန်းတော်ပေါ်သို့ ပြောင်းရွှေ့နေမည်ဟူသော ရွှေနန်းရှင်ဘုရား အမိန့် တော်အရ မောင်မောင်တုတ်နှင့် မောင်မောင်ငယ်တို့ စီမံသမျှကို နှစ်လိုဝမ်းသာစွာနှင့် ပြင်ဆင်ထုပ်ပိုးထားကာ နံနက်ဖန် အကြိုတော် ဝေါယာဉ်များ ဆိုက်ရောက်လျှင် ပျော်ရွင်စွာလိုက် ပါရတော့မည်ဟု မျှော်လင့်ခြင်း ကြီးစွာ ထားခဲ့ပြီုး အကြောင်းမညီ ကပ်ခါသီခါပျက်ရချက်နာပြီးလျှင် မိမိချစ်ကြည့်မြတ်နိုး  အားကိုး အားထား ပြရာ ပုဂ္ဂိုလ်ဖြစ်သော ရွှေနန်းရှင်ဘုရားမှာ ရုတ်တရက် ဝေဒနာတော်ခံ၍  မကျန်းမမာ ဖြစ်တော် မူရခြင်းအတွက်လည်း ပူပင်စိတ်နှင့် တထိတ်ထိတ် စိုးရိမ် ကြည့်ကြ ဖြစ်ရတော့သည်။
မကြာမထင် အပြေးကလေးဝင်၍ ခြေရင်းတော်တွင် နှိယ်နယ်ပြုစု  တယုတယ လုပ်ချင် လှသော်လည်း ဖြစ်ရပုံက အဆင်မပြေနိုင်သဖြင့် မကြံနိုင် လက်မှိုင်ချလျက် မျက်ရည်စက်ကိုအ ဖော်ပြုကာ ကျန်းမာ တော် မူစေကြောင်းနှင့် ဆုတောင်ရင်း ငိုယိုပူဆွေးနေရာ တစ်ခါတစ်ခါ မောင်မောင်ငယ် အနီးသို့ ရောက်လာပြီး "ခင်အကြီးရယ် မငိုပါနှင့်ကွယ်၊ ရွှေနန်းရှင်ဘုရား မကြခင် ဝေဒနာတော် ကင်းစင်သွားပါစေလို့သာ ဆုတောင်းပါ၊ မည်သူမှ ဖျက်ဆီးလို့ ပျက်စီးရတဲ့ကိစ္စ မဟုတ်ပါဘူး၊ ကျန်းမာတော်မူလျှင် အမိန့်တော် ၀င်ခံပြီး မြန်မြန်ကြီး ခင့်ကို လိုက်၍ ပို့ပါမည်" ဟု အားပေးစကား ပြောကြားလာသည်တိုင်အောင် -
"အစ်ကိုရယ် မငိုဘဲ နေချင်တယ်၊ ခင်ကြီးရဲ့ ကုသိုလ်ကံကိုက အင်မတန်ဆိုးတယ် ထင်ပါရဲ့၊ ငိုရ၊မဲ့ရတဲ့ အနှောက် အယှက်တွေဟာ မကြာမကြာ ပေါ်လာပါတော့သည်၊ အဆောင် တော်နှင့်ထားတဲ့ မိဖုရား ဘ၀ကိုလည်း မမှန်းချင်ပါဘူး၊ ရွှေနန်းရှင်ဘုရားကို အားပါတရ အမြဲတမ်း ဖူးမြင်နေရလျှင် ခင်ကြီး စိတ်ပျော် ပါပြီ၊ ခုတော့ အပါးတော်ကိုလည်း မကပ်ရ၊ အရှင်နန်မတော်ဖုရာ ကလည်း အမျက်တော်ရှ၊ အစ်ကိုတို့ ကိုလည်း ခင်သနားလှပါပြီ"ဟု ပြောကာ ငိုကြောကို ဆွလိုက် သလို ဟစ်၍သာ ငိုပစ်တတ်သဖြင့် မောင်မောင်ငယ်မှာကြာသော် ခပ်ရှောင်ရှောင်လုပ်နေ လိုက်ရတော့သည်။
နေတစ်ချက်တီး ကျော်လောက်ရှိလျှင် ဒိုင်းအတွင်းဝန်မင်းမှာ ဗြဲတိုက်တော်မှ နေအိမ်သို့ ပြန်လည်ရောက်ရှိလာလေရာ မျက်နှာမသာမယာနှင့် ရှိနေကြသော အိမ်သူအိမ်သားများကို မြင်လျှင်-
"ဟင်…….ခင်ကြီးတို့အမေနဲ့ မောင်မောင်တို့ ဘာဖြစ်နေကြသလဲဟူသော အမေးကိုစ တင်၍ မေးလိုက်လျှင် ၀န်ကတော်ကြီးက ထူးထူးထွေထွေ အဖြေမပေးတော့ဘဲ "ကျွန်မတို့လည်း ရွှေနန်းရှင်ဘုရား ရုတ်တရက် နာမကျန်ဖြစ်တော်မူသည်ကြား၍ စိတ်များမကောင်းကြပါ၊ ခင်ကြီးတို့ ဘဘ ဘယ်လိုများ သတင်းရဲခဲ့ပါသေးသလဲ"ဟု ညှိုးငယ်စွာပြန်၍မေးမိလေသည်။
    "ကျုပ်လည်း ထူးထူးထွေထွေ မကြားခဲ့ပါဘူး၊ ယနေ့နံနက်ကမှ  ရွှေနန်းရှင်ဘုရား မှာကောက်ကာငင်ကာ ရုတ်တရက် ဝေဒနာတော် ခသဖြင့် ဗြဲတိုက်ဆောင် ညီလာခံသို့ ထွက် တော်အခြေအနေကို သိနိုင်ရန်  အခစားဝင်မည့်ကြံတော့လည်း အဆောင်တော်ထဲ ဘယ်သူမှ မ၀င် ရဘူး၊ ဒိုင်းဝန်မင်း အေးအေးသာ အိမ်ပြနိကြွပါလို့ ဗြဲတိုက်သံတော်ဆင့်တစ်ဦးက ပြောတာနှင့် ပြန်လာခဲ့ရပါသည့်" ဟု ကြုံကြိုက် ကြားသိခဲ့ရသမျှ ပြောပြလေ၏။
    ဒိုင်းအတွင်းဝန်မင်း အထင်မှာ အရှင်နန်းမတော်ဖုရာနှင့်တကွ ရွှေနန်းတော်တစ်ခု လုံးသည် ဘုန်းတော်ကြီးလှသော ရွှေနန်းရှင်ဘုရား ရုတ်တရက် နာမကျန်ဖြစ်တော်မူသည့်အတွက် စိုးရိမ်သောကဖက်၍ စိတ်လက်မချမ်းသာကြသောကြောင့်သာ မျက်စိမျက်နှာ မသာဖြစ်နေကြသည် ဟုထင်မှတ်လာခဲ့လေသည်။ အိမ်သို့ ရောက်ပြန်ပါလည်း အတွင်းဝန်ကတော်ကြီးနှင့်တကွ သားသမီးတို့ မျက်နှာမကောင်းသည်ကို တွေ့ရပြန်သည်။ သို့သော် အတွင်းဝန်ကတော်ကြိး၏ အဖြေအတိုင်ူး အထူအထွေ မမေးမြန်ဘဲ ရွှေနန်းရှင်ဘုရား ကျန်းမာတော်မမူသော သတင်းစကား ကိုကြားသိကြပြီးဖြစ်၍ စိတ်လက်မကောင်းကြခြင်းသာဟု နှလုံးပြုကာ နောက်ထပ် တစ်စုံတစ်ရာမ မေးဘဲ အရှင်သခင် ဘုရာမင်းမြတ် ကပ်ရောက်သော ဝေဒနာတော်မှ သက်သာရာရစေရန် ဆိတ်ငြိမ်စွာ ဆုတောင်းမေတ္တာပို့လျက် ရှိနေလေသတည်း။
အချိန်နာရီအားဖြင့် နေ့သုံးပဟိုရ်ပြောင်း၍ သုံးမောင်ခန့်ရှိလေသည်။ ရနောင်မြို့စား မောင်မောင်တုတ်သည် သူ၏ အိမ်တော်ကြီးတွင် ပင်ကျရေနှင့် အနားယူ စည်းစိမ်ခံရင်း နန်းတွင်း ကိစ္စများ စဉ်စားကြံထုတ်နေချိန် ဖြစ်လေ၏ မြောက်ဒ၀ယ်ဗိုလ်၊ လက်သုံးတော်ကြီးကိုင် ရနောင်မြို့ စားမင်း မောင်မောင်တုတ်ဟူသော အမည်သတင်းနှင့် တန်ခိုးအရှိန်အ၀ါမှာ အလွန်တရာ ကြီးမား နေသူဖြစ်သည့်အလျှောက် မင်းမူထမ်း အရာရှိကြီးငယ်များမှာလွန်စွာ လေးစားခဲ့ကြသည်တွင် အချို့သော မှူးမတ်အရာရှိးများမှ မောင်မောင်တုတ် ခြေဖျားထောက်သမျှကို မနိုင်၍ သည့်ခံရသော ခန္တီတရာမျိုးနှင့် မျက်စိစပါးမွေးစူးလျက်နှင့် သည်းခဲ့ကြရာ ယခုကဲ့သို့  နန်းမတော်ဖုရာက အပြစ်အ လျောက်မထောက်မညှာ ပြုပေါတော့ဟု အခွင့်တော်သာလျှင်ပင် ယခင်အခါများကသည့်ခံခဲ့ရသမျှ အတိုးချ၍ အခွင့်အာဏာကို သုံးပြတော့မည်ဟု အားတက်သရော ဖြစ်လာကြလေ၏။
မောင်မောင်တုတ်၏ အခြွေအရံ ဘက်တော်သားများကလည်း အင်အားတောင့်တင်းလှရုံမ ကအစစ အရာရာ သူတို့ဘက်မှ လုပ်ရည်ကြံရည် သာခဲ့တတ်သောကြောင့် ယခုကိစ္စတွင် သေချာ ဂန မိမိရရ ဖြစ်စေခြင်း ငှာ အရာရှိကြီးများနှင့် ရဲဘက်တော်တို့ လျှို့ဝှက်သိမ်သည်းစွာ စီမံခန့်ခွဲလာ ပြီးစစ်သည်တော် ဗိုလ်ပါ အများနှင့် ဘွားခနဲ အိမ်တော်ကြီးကို ၀ိုင်းထားပြီးမှ မောင်မောင်ငယ်မှလည်း စိတ်ထဲတွင် လေးလေး ထိုင်းထိုင်း ရှိလှ၏ မောင်မောင်တုတ်ထံသွားပြီး ကြံစည်ဆွေးနွေးရန် စိတ်ကူးမိရာ ရွှေနန်းတော်မှာ ယနေ့ည တွေ့ဆုံကြရန် ချိန်ဆိုးထားခဲ့သည့်ကို သွား၍ သတိရမိမှ မသွားတော့ပါဘူးလေဟု ခြေလှမ်းကို ရုပ်သိမ်း ပြီး မိမိနေထိုင်လေ့ရှိသည့် အခန်းထဲ့သို့ ၀င်ခဲ့လေ သည်။
သို့နှင့် အိမ်ထဲတွင် နေရန်မှလည်း စိတ်ရင်းကပင် ရွှေနန်းရှင်အတွက် မငြိမ်မသက်လှုပ်ရှား ရင်းလေးလျက် ရှိနေသူ ဖြစ်၍ ရပ်တည်မှု မရနိုင်သောကြောင့် အိမ်ကြီး၏ တစ်ဖက်အစွန်းရှိ မန်ကျည်းပင်ရိပ် လွှမ်းထား သော မိုးရေခံကြမ်းပြင်ကို ထွက်လာသော ၀ါသနာအလျှောက်မွေးမြူ ထားခဲ့သော စဥ့်အင်တုံကြီးအတွင်းမှ ရွှေငါး၊ ငွေငါးကလေးများ ကြည့်ရှုရင်း အစာများကျွေးနေမိ သည်။
ရှေးယခင်အခါကဆိုလျှင် ၀ါသနာအလျှောက် စိတ်အေးလက်အေး ပန်မန်ယျာဉ်ကလေး များ  စိုက်ပျိုခြင်း၊ မွေးမြူထားသော ရွှေငါး၊ ငွေငါးကလေးများနှင့် စိတ်လက်ပျော်ပါးကြည်လင်စွာ နေတတ်လျက် စာပေ ရပိုက်များ ဖက်ရှုကာ ရေးတန်ရာကိုရေး မှတ်တန်ရာကိုမှတ်နှင့် အလွန်တရာ လွတ်လပ်ခဲ့သည်။
ယခုအခါ မိမိဇာတိချက်ကြွေဖြစ်သော အမရပူရ ရွှေခဲရပ်ရှိ အိမ်ဂေဟာမှာ ကျန်ရစ်ခဲ့သော ပန်းမန်ယျာဉ် ကလေးများ၊ ရွှေငါး၊ ငွေငါးများကိုမှလည်း သွား၍မကြည့်အားနိုင်၊ မိမိ အဆွေမျိုများဖြစ်သော ရေကူ မင်းသား ကြီး၏ အနွယ်တော်များနေထိုင်ရာ ဗောဓိကုန်းအရပ်သို့ လည်းလုံးဝမရောက်နိုင်ရှိခဲ့သည်။ ခင်ခင်ကြီးနှင့် အရှင်သခင် ရွှေနန်းရှင်ဘုရားတို့ ဆက်သွယ်မှုကိ စ္စတွင် ပါဝင်မိကာမှ နေ့ညမအား ချစ်ခင် သည်ပင် မရှိခဲ့သော မိမိဖြစ်အင်ကို ဆင်ခြင်သုံး သပ် မိ တော့သည်။ မိဘအရင်းကဲ့သို့ ချစ်ခင်ကြင်နာ သံယောဇဉ် နှောင်ကြိုး ခိုင်မာနေပြီဖြစ်သော ဒိုင်းဝန် မင်းနှင့် ဒိုင်းအတွင်းဝန်ကတော်ကြီးတို့ကိုလည်း အားကိုးအားထား သားယောက်ျာမရှိရာသဖြင့်  အရေးကိစ္စမှန်သမျှ့တို့တွင်  တိုင်တိုင်ပင်ပင်နှင့် လုပ်ကိုင် ဆောင်ရွက်ရန် တာဝန်များမှ မိမိကာသာ အခါခပ်သိမ်းဦးဆောင်ရမည့် အလှည့်ကျရောက်နေသည်ဟု အတွေး အယူ ရှိနေလေ၏။
ယင်းသို ငြိမ်သက်စွာ စဉ်းစားလျက် ရေအင်တုံထဲမှ တစ်ချက်တစ်ချက် ပွတ်လိုက်၊အစာလု လိုက်နှင့် ငုပ်ချည် ပေါ်ချည် ဖြစ်နေသော ရွှေငါးကလေးများကို စူးစိုက်ကြည့်နေစဉ် ၀င်းအပြင်ဘက် လမ်းမဆီ မှ စိုင်းလာသော မြင်းခွာသံများကို ကြားရသည်။ ခြံဝင်းကြီးရှေ့နောက်မှ ရုတ်ရုတ် ရက်ရက်လှုပ်ရှားသော လူသံ သူသံများလည်း ပေါ်လာသည်။ ထိုနောက်ငြိမ်သက်သွားပြီး  အိမ်ရှေ့ လှေခါးဆီမှ အသံပြင်းပြင်း နင်း၍ တက်လာသော ခြေသံများကို ကြားရပြီလျှင် နောက်ဖေးလှေကား မှလည်း တစ်စုတရုံတည်း တက်လာသော ခြေသံများကို ကြားရပြန်၍ အိမ်ကြမ်းပြင် လသာဆောင် မှစောင်းငဲ့ကြည့်မိရာ ၀ိုင်းဝန်း တက်လာ သူတို့ကား အံ့အားကြီးသင့်နေမိသည်။
ထို့နောက် သတိရ၍ မည့်သို့ဖြစ်ကြသည်ဟု သိရှိရန် အိမ်ဦးခန်းသို့ လာခဲ့ရာ အခန်းတစ် ခုသို့ ဖြတ်ကူး နေစဉ်မှပင်-
"ဟောဒီမျာ ရွှေတိုက်စိုး" ဟုပြောလျက် စစ်ကြပ်တစ်စုက ၀ိုင်းဖမ်းလိုက်ခြင်း ခံရသည်။
"အို…….ဘယ်လိုဖြစ်ကြတာလဲ" ဟု ပြောလိုက် သည်တိုင်အောင် အဖြေကားမရ ကယောင်ကတမ်းနှင့် အိမ်ရှေ့ခန်းကြီးသို့ ရောက်ခဲ့ရသည်။ အိမ်ရှေ့ခန်းသို့ ရောက်ခဲ့သော တစ်ခဏ ၌ မကြည့်ရက် မမြင်သာ သော ရှုမြင်ကွင်းကြီးကို ရင်ဆိုင်ရသောကြောင့် မောင်မောင်ငယ်၏ မျက်လုံးများမှ ပြာနောက် မှိုင်းဝေ သွားလေသည်။
မောင်မောင်ငယ်၏ မကြည့်ရက်သော ရှုမြင်ကွင်းကား ဘုရားခန်းဘက်မှ လက်တွင် စိပ်ပုတီးကြီး တန်းလန်း နှင့် ဖမ်းဆီးခေါ်ဆောင်ရာသို့ ကသီကရီ လိုက်ပါလာသော ဒိုင်းအတွင်းဝန်ကြီးကို တွေ့မြင်ရခြင်း ဖြစ်လေ သည်။ ဒိုင်းဝန်မင်းနှင့် မောင်မောင်ငယ် အခန်းလယ်သို့ ရောက်ကြ၍မျှ တစ်ခဏမကြာမီ အတွင်းခန်းဆီမှ ခင်ခင်ကြီး၏ စူးစူးရှာရှာ ဟစ်အော်လိုက်သောအသံကို ကြား လိုက်ရသော တစ်ခဏ၌ မောင်မောင်ငယ်မှာ ဖျင်းခနဲ့ သွေးဆူလျက် ရုတ်တရက် ရုန်းထွက်လိုက် မိရာ ကျပ်တည်းစွာ ကိုင်းဖမ်းထားသော စစ်ကြပ် စစ်အမှုထမ်း များက ဆောင့်ဆွဲခံလိုက်ရမှ နောက်ပြန်ယိုင်သွားရတော့သည်။
    ဤသည်နှင့် မရှေးမနှောင်းတွင် ခေါင်းရင်းခန်းမှ စစ်ကြပ်မှုထမ်းတစ်ခု ဆွဲခေါ်လာသော ဒိုင်းအတွင်းဝန် ကတော်ကြီးမှာ "ညှာညှာတာတာ ပြုကြပါ မောင်တို့ရယ်၊ ဝေဒနာသည်မို့ ဘယ်မှမ ပြေးနိုင်ပါဘူး"ဟု အသံယဲယဲနှင့်ပြောရင်း ဒရွတ်တိုက်ပါလာသည်ကို တွေ့မြင်ရပြန်သည်။ မောင်မောင်ငယ်သည် မျက်လုံးကို လက်နှင့်ပိတ်၍ အံ့ကြိတ်နေလိုက်ရုံမှတပါး မတတ်နိုင်တော့ပေ။ "ဖယ်ကြပါ ကျွန်မဘာသာလိုက်မယ်၊ အသားကို မထိကြပါနဲ့၊ ရွှေနန်းရှင်မောင်မောင်ဘုရား၊ စစ်သားတွေ ခင်ကြီးကို လာဖမ်းနေကြပါပြီ ကယ်တော် မူလှည့်ပါဦးဘုရား" ဟူ၍ ဟစ်ဟစ်ကလေး ငိုကြွေးလိုက်သော အသံနှင့်အတူ စစ်သား စစ်ကြပ် များ ရံဝိုင်းထားသော ခင်ခင်ကြီး အလယ်ခန်းကြီ သို့ရောက်လာသောအခါမူကား ဒိုင်းဝန်မင်း၊ ဒိုင်းဝန် ကတော်နှင့် မောင်မောင်ငယ်တို့မှ မိမိတို့ ခံစားရသော ဝေဒနာကို မေ့ပျောက်သွားပြီး ခင်ခင်ကြီးအတွက် အသည်း ဆတ်ခတ်ခါ နာကျင်ခြင်း ဖြစ်ကြရလေ၏။
    ခင်ခင်ကြီးကလည်း ယင်းသို့နည်းတူ မိမိမှိခိုးအားထားရာ မိဘနှစ်ပါးနှင့်တကွ ချစ်လှသော အစ်ကိုတို့မှာ စစ်အရာရှိများ အလယ်တွင် ယုန်သူငယ် ပိုက်တွင်မိသလို မချိသည့် မျက်နှာနှင့် ထိတ်လန့်စွာ အဖမ်း အဆိးခံနေရရှာပုံနှင့် လှမ်းခေါ်ဟစ်အော် ပြောလိုက်ငြားလည်း ဒိုင်းဝန်က တော်ကြီး၏ စကားရ နန်းခုံ တို့လူစုမှာ ခင်ခင်ကြီးအနီးအပါးသို့မျှ မသွားရ၊ မကပ်ရ စစ်မှုထမ်းတို့ က ကန်ကျောက် မောင်းမဲ လွှတ်ခြင်းကြောင့် ကြောက်ရွံ့စွာ လက်မှိုင်းချနေရသည်။ သို့နှင့် အချိန်အနည်းငယ်အတွင်းမှာ ဂြိုလ်ဆိုး ကြမ္မာ ၀င်ရောက်လာသော မိသားဖသားတစ်စုတို့သည် ဖမ်းဆီးထားသော စစ်မှုထမ်းများအလယ်တွင် မျက်နှာငယ် နှင့် ဘယ်အပြစ် ဘယ်အမှုဟူ၍ မသိရ သဖြင့် ဒိုင်းအတွင်းဝန်မင်း ကိုယ်တိုင် မျက်နှာသိ စစ်အရာရှိ တစ်ဦးအား-
    "မောင်ရယ် ဦးကြီးတော်တို့ တစ်အိမ်သားလုံး ဖမ်းဆီးထားသည့်မှာ ဘယ်လိုအပြစ်မျိုးများ ကျူးလွန်မိ လို့ပါတဲ့လဲ၊ မောင်တို့သိခဲ့ရလျှင် ကြားပရစေကွယ်"ဟု မေးမိရာ-
    "ကျွန်တော်တို့မှာ လွှတ်တော်ကြီးက အမိန့်တော်နှင့် ၀တ္တရားအရ လာရောက်ဖမ်းဆီးကြ ခြင်းဖြစ်တယ်၊ ဘာကြောင်းနှင့် ဖမ်းဆီးရန် အမိန့်တော်နှင့် ကျွန်တော်တို့ သိဖို့ မလို၍ မသိကြပါ၊ ကျွန်တော်တို့  တာဝန် ၀တ္တရားမှ ဖမ်းဆီးရန် အမိန့်ကျလျှင် ရမိအောင် ဖမ်းပေးဖို့နှင့် ဖမ်းဆီးပြီး ရာဇာဝတ်သားကို လွတ်မြောက် မသွားဖို့မျှသာ ဖြစ်ပါသည်။
    ဟုသာ ပြန်ပြောသောကြောင့် သိလိုသော အကြောင်းအရင်းကို မသိ၇တော့ပေ၊ မောင်မောင်ငယ် စဥ်းစား မိသည်မှ ရွှေနန်းရှင်ဘုရား ကျန်းမာတော်မမူခိုက်  ဖြစ်သောကြောင့် ဘုရင်မင်းမြတ်၏ အမိန့်တော် အရ ဖမ်းဆီးခြင်း မဟုတ် အရှင်နန်းမတော်ဖုရားက မျက်တော်မူသ ဖြင့် လွှတ်တော်ဝန်ကြီးတို့မှတဆင့် ချပေးသော အမိန့်သာဖြစ်ရမည်ဟု ယုံကြည်လိုက်သည်။ ဖမ်းဆီးသည်ဆိုရာမှလည်း  အပြစ် ကြီးငယ် ရှိမှသာ ဖမ်းဆီးနို်င်ခွင့်ရှိလေရာ မိမိတို့အပေါ်တွင် မတရားစွမ်စွဲသော အမှုဖြစ်ပါကလည်း လွှတ်တော်တွင် လျှောက်လဲချေပနိုင်ခွင့် ရှိသေးသည်။ ရွှေနန်းရှင်ဘုရား ကျန်းမာတော်မူလာလျှင်လည်း မိမိတို့အား ပစ်၍ ထားတော် မူမည်မဟုတ်သောဟု မျှော်လင့်ချက်တစ်ခုကို လက်ကိုင်ပြုကာ ၀မ်းနည်းထိတ်လန့်လှသော အမူအရာ မျိုးကို များစွာမ ပြဘဲ ရှိနေတော့သည်။ ထို့ကြောင့်-
    "ဘဘဘုရားနဲ့ မေးဖုရားတို့ရယ်၊ တရားကို နတ်စောင့်ပါတယ်၊ ဒါလောက်လည်း အားငယ်တော် မမူကြပါနဲ့၊ ဘယ်အပြစ် ဘယ်အမှုကြောင့် ဖမ်းသည်ဖြစ်စေ လမ်းဆုံးလျှင် ရွာတွေ့ဆိုတဲ့ စကားအတိုင်း ရွှေလွှတ်တော် ပေါ် ရောက်တဲ့အခါ ရှင်းလင်ချေပနိုင်ပါသေးတယ်"ဟု အားပေးလေ့ရှိသည်။
    ဆို့တတ်သွားရာမှ သဘာဝအလျှောက်ပင် သတိပြန်ဝင်လာသော ခင်ခင်ကြီးမှာ လူးလွန် ကာ အားယူ ထပြီး မိခင်၊ ဖခင်များကို လှမ်းကြည့်မိပြန်ရာမှ ကြောက်ရွံ့ထိတ်လန့်လှသော မျက်နှာ နှင့်"မိဖုရားရဲ့ ဖခင်ကြီး တို့ကို ဘာလုပ်ဖို့ ဖမ်းကြတာလဲဘုရား၊ အစ်ကိုလည်း မကယ်နိုင်တော့ပါ ကလား၊ အစ်ကို့ ရွှေနန်းရှင် ဘုရားကို ဘယ်သူသွားပြီး သံတော်ဦးတင်ပေပါမလဲ"ဟု ရေရွတ်တသ ရင်း အတွင်းဝန် ကတော်ကြီး၏ ရင်ခွင်သို့ ပြေးဝင်ကာ ဖက်၍ငိုလိုက်မိရာ ဖမ်းထားသော စစ်မှုထမ်း များလည်း ခင်ခင်ကြီး ကို ကြမ်းတမ်းသော လက်ကြီးများဖြင့် တအားဆွဲယူ၍ လူချင်းခွဲလိုက်လေ သည်။
    အကြီးအကဲ စစ်ဗိုလ်တစ်ဦး ခေါင်းဆောင်သော စစ်မှုထမ်း လေးငါးဦးမှာ မြောက်ရွှေရေး ဆောင်တော် သို့ သယ်ယူရန် အသင့်စုပုံပြင်ဆင် ထုပ်ပိုးသော ပစ္စည်းများကို တစ်ခုမကျန် လှန်လှောရှာဖွေ စစ်ဆေး လျက် ရရှိသမျှ ပစ္စည်းများကို အမျိုးအမည် ဦးရေခွဲခြားပြီး ပုရပိုက်တစ်ခု ဖြင့်တင်ပြရန်  သိမ်းယူ သွားကြလေ၏။
    သို့နှင့် မောင်မောင်ငယ် အပါအ၀င် ဒိုင်းအတွင်းဝန်မင်းတို့ မိသားစုတစ်စုတို့အား အချုပ် စခန်းသို့ ခေါ်ဆောင် သွားကြတော့သည်။ ထောင်သို့ရောက်သောအခါလည်း တစ်စုတစ်ရုံးတည်း မထားဘဲ တစ်ကိုယ် လျှင် တစ်ခန်းစီခွဲလျက် အဆက်အသွယ်မရှိ တစ်ယောက် အကြောင်းတစ် ယောက် မမြင်မသိ နိုင် အောင် အချုပ်ထောင်အခန်းချင်း အလှမ်းဝေးရာသို့ ပို့ထားခြင်းခံရလေသ တည်း။
    လက်သုံးတော်ကြီး မြောက်ဒ၀ယ်ဗိုလ် ရနောင်မြို့စားမင်းသား မောင်မောင်တုတ်နှင့် ရွှေတိုက်စိုး ထောင်သမန်လယ်စား စာဆိုတော် မောင်မောင်ယ်၊ ဒိုင်းခင်ခင်ကြီးနှင့် ဒိုင်းအတွင်းဝန်မ မင်း၊ ဒိုးအတွင်းဝန် ကတော်ကြီးတို့ကို ဖမ်းဆီးသောအချိန်နှင့် တစ်ပြိုင်နက် တစ်ချိန်တည်းမှာပင် ရွှေနန်းတော်ကြီးတွင် အမှုထမ်း လျက်ရှိသော လက်သုံးတော်ကိုင်များ၊ ၀င်မှူးများကိုလည်း အမိန့် တော်နှင့် ဖမ်းဆီး လိုက်လေ သည်။
    ရေနံချောင်းမင်းကြီး၏သား မြောက်ဒ၀ယ်ဗိုလ် လက်သုံးတော်ကြီးကိုင် ရနောင်မင်းသား မောင်မောင်တုတ် နှင့် ပေါင်းအသင်းပြုကာ မတရားပြုကျင့် ဆိုးသွမ်းသူများအဖြစ်နှင့် တစ်နွယ်ငင် တစ်စင်ပါ တစ်ချိန်တစ်ခါတည်း ဖမ်းဆီးခြင်းခံရသူများမှ မောင်မောင်တုတ်၏ ညီသူရဲဝန်ကျပင်းမြို့စား၊ ပင်သား  မင်းသား မောင်မောင်ဗြောင်း၊ ရွှေတိုက်စိုး စီးတော်မြင်းဝန်တောင်သမန်လယ်စား မောင်မောင်ငယ် (ကိုဖေငယ်)၊ ကောင်ဟောင်ဝန် မောင်မောင်လတ်၊ ငွေခွန်ဝန်မှူး ကိုမောင်ငယ်၊ ဘုန်းတော်တိုး ဗိုလ် ကိုပေါ်ညွှန်း၊ နတ်ရှင့်ရဲတင်ဗိုလ် ကိုမှန်၊ နတ်ရှင့်လူတော်ဗိုလ် ကိုဘိုးမောင်၊ နတ်ရှင့်တိုးဗိုလ် ကိုညို၊ သံတော်ဆင့် ကိုစော၊ မြို့စားရေးကိုမြို့၊ မြို့စာရေး ကိုကံကော်၊ အသုံးစာ ရေး ကိုဗာလီ၊ ဒိုင်းစာရေး ကိုသက်ရှည်၊ ဗြဲတိုက်သံဆင့် ကိုတုတ်၊ ဗြဲတိုက်သံဆင့်ကိုခင်၊ ပန်းပဲစား ရေးကိုဘိုးအို စသူတို့ ခေါင်းဆောင်လျက် ၎င်းတို့နှင့် အနီးကပ်ဆုံးသော အတူနေအချို့ပါ ဖမ်းဆီးခြင်းခံရပြီး အကျဉ်ထောင် ထဲတွင် လူချင်းခွဲထားလေ၏။
    ဖမ်းဆီးချင်းနှောင်ခံရသူတို့အား တစ်ဦးနှင့်တစ်ဦး  တိုင်ပင်ဆွေးနွေးကလေးမျှ မတွေ့မ မြင်ရ၊ မိမိတို့ ဆိုင်ရာ အဆွေအမျိုးများကလည်း မလာနိုင်၊ အဆက်သွယ် ကင်းပြတ်ကာ လွှတ်တော်ကြီးမှ စီရင်ချက် တစ်ခု သာလျှင် မည်သို့သောအပြစ်နှင့် မည်သို့သော ရာဇ၀တ်ပြစ်ဒဏ်ခံရမည်ဟု ပိုင်းခြား သိသာနိုင် တော့မည်ကဲ့သို့ ရှိနေလေ၏။
    နောက်တစ်နေ့ ရွှေနန်းရှင်ကြီးနှင့် လွတ်တော်ကြီးတစ်ရပ်ကွက်လုံး ရှိသမျှ မင်းခစားတို့မှာ ယမန်နေ့က မောင်မောင်တုတ်နှင့် အပေါင်းပါတစ်စုကို တစ်ပြိုင်နက် ဖမ်းဆီးလိုက်သော သတင်း များကြောင့် တုန်လှုပ် ချောင်ချား လျက် ရှိလေ၏ မောင်မောင်တုတ်တို့နှင့် အပေါင်းဝန်ဆန့်သူတို့ မှာ ကြားရသော သတင်း ကြောင့် စိတ်မချမ်းမသာ ဖြစ်ကြရလျက် ရနောင်မောင်မောင်တုတ်တို့ ကောင်းစားသည်ကို အကြောင်းမဲ့ မနာလို သူတို့သည်လည်းကောင်ုး၊ မောင်မောင်တုတ်တို့ လူသိုက်၏ ဖိနှိပ်ချုပ်ချယ်မှု၊ အနိုင်အထက် နှိပ်စက်မှုများကို  ခံစားရဖူးသူတို့ကလည်းကောင်း၊ မတရာမှုကို မလိုလားသော်လည်း စကားနည်းရန်းနည်း နှုတ်ပိတ်နေခဲ့၇သော ဖြောင့်မတ် တည်ကြည်သူ မင်းမှုထမ်းကြီးငယ်များသည်လည်း၊ မောင်မောင်တုတ်တို့  အချုပ်အမနှောင်ဖမ်း ဆီးခံရပြီးဟူသော သတင်းကို ကြားရသောခါ မာန်မာနဂုဏ်ရောက်၍ ခြေဖျား ထောက် လွန်းသူများ ၏ သွားရာလမ်းဆုံးသို့ ရောက်ကြလေပြီးတကားဟု အားရကျေနပ်ကုန်ကြသည်။ ရနောင် မောင်တုတ်၏ မတရား နှိမ်စက်မှု ခံရဖူးသူများကလည်း တရားရုံးတော်မှ အစစ်အဆေး အမေးအမြန်း ရှိ လျှင် မိမိတို့ခံခဲ့ရသမျှ ကိစ္စကို အားရပါးရ သွားရောက်လျှောက်တင်မည်၊ တကဲကဲ ဖြစ်နေကြသည်။
    အရှင်နှစ်ပါးက သဒ္ဒါကြညဖြူ မြှောက်စးသူကောင်းပြုတော်မူထား၍ မတရားပြုမှုတွေကို သိရှိ သော်ငြားလည်း မှူးတော်မတ်တော်ကြီးများကပင် အရေးမယူနိုင်သလောက် ရှိခဲ့ရာ ယခုကဲ့သို့ မောင်မောင်တုတ်ကို ရုတ်တရက် ဖမ်းဆီးလိုက်ခြင်းအတွက်လည်း ရွှေနန်းတော်ကြီးတစ်ဝိုက်တွင် အံ့သြခြင်း ကြီးစွာနှင့် ဖြစ်ကြလေ၏ အချို့မှလည်း သူကောင်းပြုသူ အရှင်နှစ်ပါးကပင် အမျက်တော် ၀င်လောက် အောင် ဆိုးသွမ်း၍ ဖမ်းဆီးအရေးယူခြင်း ပြုရသည်အထိ ရောင့်တက်လွန်းလှသည်ဟု ပြောကြ၍ အချို့ကလည်း မောင်မောင်တုတ်တို့သည် နေပြည်တော်တစ်ဝိုက်တွင်သာမက အရှင် နှစ်ပါး စံတော်မူရာ ရွှေနန်းတော်ကြီး တစ်ခို၌ပင် ထင်သလိုပြုကျင့် သောင်းကျန်းနေကြသောကြောင့် သာ ဖြစ်ပေ လိမ့်မည်ဟု မှတ်ချက်ချကြကုန်သည်။
    ထို့ကြောင့် မောင်မောင်တုတ်တို့ကို မည်သို့သော ရာဇ်ဝတ်အပြစ်ကိုပင် ပေးသည်ဖြစ်စေ အပြစ် ကျူးလွန် ၍သာ ခံရသည်ဟု လူတိုင်းက ယုံကြည်ကြမည့်အခြေသို့ ရောက်နေသည်။ ရနောင်မြို့စား၏ မတရား ပြုမှုများမှာလည်း၊ မိမိကိုယ်ရေးကိုယ်တာအတွက်နှင့်သော်လည်းကောင်း၊ မိမိအပေါင်း အသင်း တို့ အတွက်သော် လည်းကောင်း၊ မိမိအရှင်သခင် ရွှေနန်းရှင်နှင့် အရှင်မိဖုရား ခေါင်းကြီး စုဖုရားလတ် အတွက်သော်လည်းကောင်း၊ သောင်းပြောင်းအရောရာ အမှုကိစ္စအဖြာဖြာ တို့ကိုပြတ်ပြတ်သားသား ဆောင်ရွက် ခဲ့ဝံ့သဖြင့်လည်း တစ်ပြိုင်နတ်တည်း မောင်မောင်တုတ် အပေါ်၌ အပြစ်ကြီးတွေ မရေမတွက် နိုင်အောင် ရှိနေသည်ဟု ယူဆကြသည်။
    မိန်းမ မှု့နှင့် ရန်ဘက် ဖြစ်ပျက်ကြဖူးသော မြို့တော်ဝန်ကလေးနှင့်တကွ အပေါင်းပါတစ်စု တို့ကလည်း မောင်မောင်တုတ် အလဲ တွင် ဖိထောင်းရန် အချက်ကောင်း စောင့်စားနေကြလရာ မြို့ဝန်မြို့ချုပ်တို့မှာ အကျဉ်းထောင် ရာဇ၀တ်ထောင်များကို စီမံအုပ်ချုပ် အကြီးအမှူးလုပ်သူများ ဖြစ်သောကြောင့် အကျဉ်းထောင် အတွင်းမှ မောင်မောင်တုတ်ကို သူတို့ လက်ခုပ်ထဲရောက်လာ သောရေပမာ သွန်လိုရာ သွန် မှောက်လို့ရာမှောက်နိုင်တော့မည်ဟု ပီတိဖြစ်လျက် ရှိကြလေသည်။
    အချို့ အမြော်အမြင်နှင့် ဆင်ခြင်စဥ်းစားတတ်သူများကမူ မောင်မောင်တုတ်မှာ မည်ကဲ့သို့ ပင်အပြစ်ကြီးမား၍ ရွှေနန်းရှင်ဘုရားက အမျက်တော်ထားစေကာမူ အထွတ်အမြတ်ရောက်တော်မူ စဉ်က "မောင့်မင်းတစ်သက် ငါ့လက်နှင့် မသေစေရ” ဟုကတိသစ္စာ ဆုတော်ပေးထားသဖြင့် ထောင်တန်းချ၊ ရာထူးမှ ရုပ်သိမ်းရုံမျှသာ၊ အပြစ်ပေးတော်မူလိမ့်မည်၊ ငယ်ကျွေးငယ်ကျွန် ဖြစ်ခဲ့ရုံမ ကအရှင့်အကြိုက်ကို  တုံးတိုက်တို ကျားကိုက်ကိုက် မိုက်မိုက်ကန်းကန်းဆောင်ကျဉ်းဝံ့ခဲ့ဖူးသော ကျေးဇူးတရားကလေးကို တွေးမိပြီး သနားကြင်နာတော်မူလာသည့် တစ်နေ့တွင် ယခင်ရာထူး စည်းစိမ်း ကိုပြန်လည် ချီးမြှင့်တော် မူလိမ့် မည်သာ၊ သည်အခါရောက်လျှင် အောက်ကျနိမ့်လျှေစဉ်က အဆင်းတွန်းခဲ့သူများကို မောင်မောင် တုတ်က ကလဲ့စား ပြန်ချေနိုင်သေးသည့်အတွက် အစွန်းအကွက်မလွတ်အောင် မပြုရဲသလောက် ရှိကြပြန် လေသတည်း။
    သီပေါရွှေနန်းရှင် ဘုရား၏ အပါးတော်တွင် စောင့်နေခစားလျက်ရှိသော ခင်ဘွားသစ်အမှူး ရှိသည့်  အပျိုတော် သုံးလေးဦးနှင့် ညီမတော် ရမည်းသင်းစုဖုရားကလေးတို့မှာ အရှင်နန်းမတော် ဘုရား၏ အမိန့်တော် အတိုင်း ရွှေနန်းရှင်ဘုရား ငြိမ်ငြိမ်သက်သက် စက်ပျော်တော်မူသောအခါ ခြေတော်ကို အသာ အယာ ဆုပ်နယ်ခြင်း၊ ဒေါင်းမြီူးယပ်လေ ခပ်နေရခြင်းနှင့် စက်တော်ရာမှ လူးလွန့်လှုပ်ရှားတော်မူလာလျှင် ပြင်ဆင် ထားသော ဆေးတော်များ ဆက်ခြင်းတို့ကြောင့် နောက်တစ်နေ့မှာ အော်ငေါက် ကြိမ်းဝါး တော် မူတတ်သော အမိန့်တော်များ မိန့်ကြားခြင်းမပြု ယုယစွာ ပြုစုစောင့်ရှောက်မူကိုသာ ခံတော်မူတော့သည်။ သို့ရာတွင် မျက်တောင်တော်များလေး လျက်မှေးယှက်ထားသည်က များသောကြောင့် အပါးတော်တွင် ဘယ်သူဝင်၍ ခစားပြုစုနေသည် ကိုမျှ သတိတော်မရသေးဘဲ ရှိတော်မူလေသည်။
    သမားတော်ကြီးများ လျှောက်ထားချက်အရ ဝေဒနာတော်မှ စိုးရိမ်ဖွယ်ရာ  မဟုတ်သော အာဂန္တု ဝေဒနာမျှသာဖြစ်၍ နေ့ရက်မကြာမီ ကျန်းမာတော်မူပါလိမ်မည်။ စိတ်တော်ထိခိုက်လှုပ်ရှား မှုကို အခြေပြု၍ ဖြစ်တော် မူသော ဝေဒနာတော်ဖြစ်ပါ၍ သီတင်းတစ်ပတ်ခန့် ငြိမ်သတ်စွာ စံတော်မူ စေလျက် ဆေးတော် များ ဆက်နေပါက လုံးဝပကတိ ကျန်းမာတော်မူပါတော့မည်။ သို့ရာတွင် ကျန်းမာတော် မူလာသည့် တိုင်အောင် တိုင်းနိုင်ငံတော်အရေးမှ စ၍ စိတ်တော်ရှုပ်ထွေးထိခိုက်စေ မည့် အကြောင်းကိစ္စ သတင်း စကားများ ကြားသိတော်မမူစေရန် အတန်တန် စောင့်ရှောက်ထိန်း သိမ်းမှု ပြုကြစေလိုကြောင်း လျှောက်ထား သည့်နှင့် အရှင်နန်းမတော်ဖုရားနှင့်တကွ ၀န်ကြီးအတွင်း ၀န်တို့ အညီအညွတ်ညှိုနှိုင်းကာ ဘမရာသန နန်းမတော်ကြီးအတွင်၌ ဂရုတစိုက်ထား၍ ရွှေနန်းရှင် ဘုရားအရိပ်အကဲခက်လျက်သာ ငြိမ်ဝပ် တိတ်ဆိတ်စွာ ခစားနေထိုင်ကြရလေ၏။
    အရှင်နန်းမတော် စုဖုရားလတ်သည် မောင်တော် ရွှေနန်းရှင်ဘုရား ကျန်းမာတော်မမူမီ အတွင်း အရေး တကြီး စီမံခန့်အပ်ဖွယ် ကိစ္စများကို ဘုရင့်ကိုယ်တော်စား နိုင်ငံတော်ကို ဘုရင်မင် မြတ်နှင့်ညီတူညီမျှ အစိုးရ တော်မူသော အဂ္ဂမဟေသီ မိဖုရားခေါင်းကြီး ဖြစ်တော်မူသည့် အားလျှော် စွာဝန်ကြီး၊ အတွင်းဝန် များနှင့် ရွှေဆောင်တော်တွင် ဆွေးနွေးတိုင်ပင် စီရင်ခန့်အပ်တော်မူရန် တာဝန်ကို လက်ခံတော် မူထားသည်။ နန်းမတော်ဖုရားသည် အခြားသော အမှုကိစ္စများကိုလွှတ် တော်ကြီများနှင့် စပ်လျဉ်းသော ကိစ္စများကိုမူကား အရေးတကြီးထား၍ ကိုယ်တော်တိုင် အမိန့်ချ မှတ်လျက် စစ်ဘက်ဆိုင်ရာ အမှုထမ်းများ၊ မြို့ဝန်မြို့ကွပ် များကို ဆင့်ခေါ်ကာ  လျှို့ဝှက်စွာ ဖမ်းဆီး ၍ အကျဉ်းထောင်ထဲ ချုပ်ထားပြီမှ အမှုကိစ္စကို သက်သေ သက္ကာသ ခိုင်ခိုင်လုံလုံရှိစေရန်၊ အထောက်အထား စုံစမ်းကြသောအခါ ဒို်င်းအတွင်းဝန်အိမ်မှ သိမ်းဆည်း ရမိခဲ့သမျှ ရတနာရွှေငွေ တို့ဖြင့်ပြီးသော ထီးသုံးနန်းသုံး မင်းခမ်းမင်းနားဝင် ပစ္စည်း အမျိုးအမည် များကို စာရင်းအင်းနှင့်တကွ ဖတ်ကြားလျှောက်တင်ကြလေ၏။
    သီတင်းရက်သတ္တပတ်အတွင်း ရွှေဆောင်တော်တွင် စီရင်ဆွေးနွေးတော်မူသောအခါ၌ အသင့် ရှိနေကြသော ၀န်ကြီးအတွင်းဝန်တို့သည် မောင်မောင်တုတ်၏  ရှုပ်ခဲ့သမျှသော အမှုတို့ကို လည်းကောင်း၊ နန်းတွင်းဝယ် အမျိုးမျိုး ခြယ်လှယ်နေခဲ့သည့်တို့ကိုလည်းကောင်း၊ ဒိုင်းအတွင်းဝန် ကတော်ကြီးက ပန်းတိမ်တော်မှာ စုဆောင်းလုပ်ဆောင်ထားသမျှ မင်သုံးမင်းဆေတာင် ပစ္စည်းတို့နှင့် အခြားသော ကိစ္စ အ၀၀ တို့ကိုလည်းကောင်း၊ မောင်မောင်ငယ်နှင့် မောင်မောင်တုတ် တို့က ညအခါရောက်တိုင်း ဒိုင်းခင်ခင်ကြီးကို တောင်ဘက် ပန်းခုံတော် အုတ်တိုက်နံ့သာဆောင် သို့ လျှို့ဝှက်စွာ ပို့ရသည် တို့ကိုလည်းကောင်း၊ ရွှေနန်းတော်အရှင်ပိုင်းရှိလက်သုံးတော်၊ ကိုယ်ရံ တော်၊ အိမ်ဖန်တော်သား အမှုထမ်များကို မောင်မောတုတ်၏ အမိန့်သြဇာနာခံသူ လူရင်းများကို သာရွှေးချယ်အသစ် မွမ်းမံ ပြင်ဆင်ခြင်း ကိစ္စကို မောင်မောင်တုတ်က ဦးစီးဦးဆောင်လုပ်၍ စီမံနေခဲ့သည်တို့ကိုလည်းကောင်း၊ အကြောင်း ကြောင်း အချက်ချက်တို့သည် ကွင်းကွင်းကွက်ကွက် အမှုသွားပေါ်ထွက်လာသောကြောင့် နောက်ထပ်၍ အထူးအထွေ စစ်ဆေး နေရန်မလိုတော့ဘဲ ထီးနန်းလုပ်ကြံမှု အစီအရင်များ ထင်ရှား နေပြီဖြစ်သော အမှုသွားကို နန်းမတော်ဖုရား အမိန့်တော်ခံပြီးနောက် မှုပြစ်နှင့် ထိုက်လျောက်သော ရာဇ၀တ် အပြစ်ဒဏ်ကို ပေးချရန်သာ လိုတော့ကြောင်း နန်းမတော်ဖုရား၏ အလိုတော်ကို ခွင့်လျှောက် တောင်းဆိုကြ ရတော့သည်။
နန်းမတော်ဖုရားကလည်း ရနောင်မောင်တုတ်အပေါ်တွင် ကိုယ်မွေးသောမျောက် ကိုယ့် ကိုချောက်ဆိုသော ဥပမာအတိုင်း ရိုင်းစိုင်းယုတ်ညံ့စွာ အကြံအစည် ပြုရက်လေသည်ဟု အမျက်တော်ထားသလောက် မထောက်မညှာ ကျူးလွန်လာသောသူတို့ အပြစ်အမှု ကလည်း တစ်ခုပြီးတစ်ခု ရှုမဆုံး၊မျှော်မဆုံး ဖြစ်နေ သည်ကို သိရှိတော်မူရသောအခါ-
" ကိုင်း...ကိုင်း ... ကျေးရင်းကျွန်ရင်းရယ်လို့ ကျွန်မကလည်း မညှာသာပေဘူး၊ သူတို့ ကျူးလွန်ထားတဲ့ အပြစ်က ရှင်ဘုရင်ကို နန်းချရန် အကြံကြီးကြံကြတဲ့ကိစ္စ၊ သက်သေသက္ကာယက အခိုင်အမာ တွေ့ရတဲ့ အတွက် လွှတ်တော်ကြီးက တရားနည်းလမ်းရှိသလောက် စီရင်ချက် ချလိုက်ပေတော့၊ သို့သော် တစ်ခု ကျွန်မ မှာလိုတာကတော့ တိုင်းပြည်နိုင်ငံ ပုန်ကန်မှုဆိုသည်မှာ လက်ညှိုး မကောင်း လက်ညှိုး၊ လက်မ မကောင်း လက်မ၊ တစ်ဦးတစ်ယောက်တည်း အပြစ်ခံရ တဲ့ကိစ္စမျိုး မဟုတ်ပေဘူး၊ ဆွေမျိုးတစ်စု၏ အသက်ပါ တစ်နွယ်ငင် တစ်စင်ပါ ရာဇ၀တ်ခံကြရတဲ့ ထုံးစံပါပဲ၊ သို့သော်လည်း ယခုကိစ္စမှာ သူတို့ရဲ့ နောက်လိုက်နောက်ပါအများကိုတော့ သနားသဖြင့် အပြစ်လွှတ်ပစ်လိုက်ကြပါ၊ ခေါင်းစီးအချို့ကိုလည်း အသက် ချမ်းသာပေးပြီး အဝေးပို့ခြင်း၊ ရာထူးစည်းစိမ် ရုတ်သိမ်းခြင်းတို့ကိုသာ ပြုပါလေ၊ လုံးဝ အပြစ်လွှတ်၍ မရမည့် မူလပင်မ ရေသောက်မြစ်ကဲ့သို့ ဖြစ်ကြသော မောင်တုတ်၊ မောင်ဖေငယ်၊ မိခင်ကြီး၊ ဦးဘိုးကြီး လင်မယားနှင့် ရေနံချောင်းမင်းကြီး ကိုမောင်ကလေး၊ ခန်းပတ်မင်းကြီး တို့မှာတော့ အပြစ်ကို ပေါ့၍ ရနိုင်တော့မည် မထင်သဖြင့် ထီးနန်းလုပ်ကြံရန် ကြံစည်ကျူးလွန်သောအခါ သုံးမြဲဖြစ်တဲ့ ရွှေလွှတ်တော် ရာဇ၀တ် ဖြတ်ထုံးအတိုင်း စီရင်ပါလေတော့" ဟု မိန့်တော်မူလိုက်လေသည်။
ဝန်ကြီးနှင့် အတွင်းဝန်အချို့မှာ မောင်မောင်တုတ်ကို ရာဇ၀တ် အပြစ်တော်ပေးရာ၌ အသက်ဆုံးရှုံးအောင် စီရင်ပိုင်ခွင့် မရှိကြောင်း။ ရွှေနန်းရှင်ဘုရား ကတိက၀တ် ပြုတော်မူထားကြောင်း ပြန်ပြောင်းစဉ်းစားမိ၍ စီရင်ရာ၌ အခက်အခဲတွေ့ နေရပြန်သောကြောင့် ထောင်တစ်သက်လွတ်ရက် မရှိ၊ ထောင်ထဲတွင်လည်း ကျပ်တည်း ဆင်းရဲစွာထားရန်သာ အမိန့်ချမှတ်ကြရတော့သည်
များမကြာမီ စီရင်ချက်အမိန့်တော် ထွက်လာလေ၏။
    ရနောင်မြို့စား ရာထူးဘွဲ့မည်နုတ်၍ အကျဉ်းထောင်တွင် လွတ်ရက်မရှိ ကျပ်တည်းစွာ ထားစေ၊၎င်း၏ညီ ကျပင်းမြို့စားကိုလည်း ရာထူးဘွဲ့မည်နုတ်သိမ်း၍ ထောင်အကျဉ်းသား ထားစေ။
    ဒိုင်းအတွင်းဝန် ပုဂံမြို့စား ဦးဘိုးကြီး၏အဖေ ခန်းပတ်မင်းကြီးအားလည်း ရာထူးစည်းစိမ် ရုပ်သိမ်းလျက် ထောင်အကျဉ်းသား ထားစေ။
    ရေနံချောင်းမင်းကြီး ဦးမောင်ကလေးကိုလည်း ရာထူးဘွဲ့မည်နုတ်၍ အချုပ်တွင်ထားစေ။
    ဒိုင်းအတွင်းဝန် ပုဂံမြို့စား အတွင်းဝန်ဦးဘိုးကြီးအား ရာထူးဘွဲ့အမည်နုတ်၍ ထောင်အကျဉ်းထားရာမှ အသက် ဆုံး စီရင်ကွပ်မျက်စေ။
    ရွှေတိုက်စိုး တောင်သမန်လယ်စား မောင်ဖေငယ်အား မိုးကောင်းမြို့သို့ ထောင်အကျဉ်း ပို့၍ ကွပ်မျက် စေ။
    ဒိုင်းအတွင်းဝန်ကတော်ကိုလည်း အကျဉ်းမှ ယူ၍ ကွပ်မျက်စေ။
    ဒိုင်းမိခင်ကြီးအားလည်း အကျဉ်းမှ ကွပ်မျက်စေ။
    ရွှေမြို့တော်ဝန် မြို့သာမြို့စားအား ရာထူးမှချ၍ ထောင်အကျဉ်းထားစေ။
    မြစ်ကွေးမြို့စား ၀န်ထောက်၊ ပထနဂိုရ်မြို့စား ၀န်ထောက်တို့အား ရာထူးမှ နုတ်ပယ်စေ။
    ဟောင်ကောင်ဝန် မောင်လပ်၊ ငွေခွန်ဝန် မောင်ငယ်၊ ဘုန်းတော်တိုး ဗိုလ် မောင်ပေါ်ညွန့်၊ နတ်ရှင့်ရဲတင် ဗိုလ်မောင်မှန်၊ နတ်ရှင့်လူတော် ဗိုလ်မေင်တိုးမာင်၊ နတ်ရှင့်တိုး ဗိုလ်မောင်ညို၊ သံတော်ဆင့် မေင်စော၊ မြို့စာရေး မောင်မြို့၊ မြို့စာရေး မောင်ကန်တော်၊ အသုံးစာရေး မောင်ဗာလီ၊ ဒိုင်းစာရေး မောင်သက်ရှည် ဗြဲတိုက်သံဆင့် မောင်တုတ်၊ ဗြဲတိုက်သံဆင့် မောင်ခင်၊ ပန်းပဲစာရေး မောင်ဘိုးအို တို့ကို အရာမှနုတ်၍ မိုးကောင်းမြို့ အကျဉ်ထောင်သို့ပို့စေ။ နေပြည်တော် လေးပြည်လေးရပ်နှင့်တကွ ရွှေနန်းတော်နှင့် ဆက်သွယ်သမျှ အရာရှိ အမှုထမ်းတို့မှာ မောင်မောင်တုတ်ကို ရာဇ၀တ် အပြစ်ဒဏ်ပေးခြင်းအတွက် ထူးထူး ခြားခြား အံ့သြမှုများ မရှိကြတော့ပေ။ ဘယ်သူမပြု မိမိမှု ဟုသော စကားအရသာ နှစ်ဦးနှစ်ဖက် အကျိုးကို ကြည့်ရှုဆင်ခြင်လျက် ငြိမ်သက်ကြောက်ရွံ့စွာ နေကြလေတော့၏။
    ဒိုင်းခင်ခင်ကြီးတို့ သားသမီးတို့အတွက်မူကား သနားကြင်နာသောစိတ်နှင့် တိုးတိုးတိတ်တိတ် စုပ်သပ်ကာ စိတ်မချမ်းမသာ ဖြစ်ကြကုန်သည်။
    အကျဉ်းထောင်တွင်းမှာ ဆိုင်ရာဆိုင်ရာ သီးသန့်အချုပ်ခန်းများ၌ တလှိုက်လှဲလှဲ ကြေကွဲဝမ်းနည်းစွာနှင့် လွတ်မြောက်ရေးကို မျှော်တွေးစောင့်စားနေကြသူတို့အနက် နုနယ်ငယ်ရွယ်ရှာသူ ဒိုင်းခင်ခင်ကြီးကား ဆိုးဝါးသော မိမိအပြစ်ကို ဟစ်၍ ငိုလိုက်ချင်ပါသော်လည်း အနီးအပါးမှ အစောင့်အနေများ၏ ကြိမ်းမောင်းခြောက်လှန့်ထားမှုကြောင့် စိတ်တင်း၍ အောင့်ထားရင်းမှ မျက်ရည်သွယ်သွယ်ကျလျက်သာ ရှိရှာတော့သည်။
ကယ်သူကင်းဝေး ဒုက္ခဘေးကြီးဆိုက်လျက် ရှိစဉ်မှာပင် မိခင်ဖခင်တို့နှင့်လည်း တကွဲတခြားဖြစ် ကာဘယ်သူဘာဖြစ်၍နေသည်ဟု မသိရ၊မောင်မောင်ငယ်မှအစ တောင်မင်းမြောက်မင်း မကယ်နိုင် ကြသလို ကိုယ်စီကိုယ်ငှ အကျဉ်းထောင်သို့ ကျရာက်နေကြရသည်မှာ အချိန်အခါ မည်မျှကြာလေ မည်မသိ၊ လွတ်ရက်မျှရှိပါလေဦးမည်လား၊ ရွှေနန်းရှင်ဘုရားမှာလည်း ဝေဒနာတော် မသက်သာ သေးသမျှ မိမိကို သတိရတော်မူနိုင်မည် မဟုတ်၊ မောင်မောင်တုတ်ကိုလည်း ယနေ့အထိ မတွေ့ မမြင်ရဘဲ ရှိခဲ့ သည်မှာ သူ့ခမျာပါ ဘေးအန္တရာယ် ရောက်နေရှလေပြီလားဟု တွေးတော၍ သောကပွားမိပြန်သည်။
    ရွှေနန်းရှင် မောင်မောင်ဘုရား မြန်မြန်ကျန်းကျန်းမာမာရှိပြီး ခင်ကြီးကို သတိရတော်မူပါစေ၊ သတိတော်ရလို့ မေးတော်ရှိလျှင် ခင်ကြီးတို့ဒုက္ခကို သိတော်မူသွားမှ ထောင်ထဲကမြန်မြန် ထွက်ရပါ တော့မယ်၊ မြတ်စွာဘုရား ကယ်တော်မူပါဘုရားဟု မြတ်ဘုရားနှင့် နတ်သိကြားတို့အား ပန်ကြား တိုင်တည် ကာ နေရရှာလေသည်။
    ထောင်ချုပ်ထဲတွင် ဒုက္ခကြီးခံနေရသောအခါမှ လွန်ခဲ့ပြီးသော အချိန်ကာလတုန်းက မိသားတစ်စု ပျော်ပျော် ရွှင်ရွှင် နေထိုင်ခဲ့ကြရသည်များကို အိပ်မက်အလား စမ်းတ၀ါးဝါးထင်မြင် တွေးဆကာ တမ်းတ မိရှာသည်။ ရွှေနန်းရှင်ဘုရား၏ သနားချစ်ခင်မှုကို အားကိုးပြုစအခါကလည်း တစ်စုံတရာ တွေးတော ပူပန်စရာများကို နားမလည်၊ မောင်မောင်ငယ်နှင့် မောင်မောင်တုတ်တို့က လည်းတဖက်တစ်လမ်းမှ အားပေးအားမြှောက်ပြုကြသည်နှင့် ထောင်ချောက်ကိုမမြင်၊ မြက်ခင်းပြင် စိမ်းလဲ့လဲ့စားချင်တဲ့အသာငင်၍ မဆင်မခြင် ပြေးဝင်မိသော သမင်မကလေးကဲ့သို့ ဒုက္ခနှင့် ရင်ဆိုင် တိုးမိမှ ကံဆိုးလှသော ဘ၀ကြောင်းကို ပြန်ပြောင်း တွေးဆ ယူကျုံးမရ ဖြစ်လေတော့သည်။
    မိမိအတွက်နှင့် မိဘနှစ်ပါးမှာလည်း ဒုက္ခကြီးစွာ တွေ့ရသည်။ မိခင်ဒိုင်းဝန်းကတော်ကြီးမှာ သန်သန် စွမ်းစွမ်း မဟုတ်ရှာ၊ ကျန်းမာခြင်းကလည်း ချို့ယွင်းနေသူဖြစ်သောကြောင့် ဆင်းရဲကျပ် တည်းစွာ အချုပ် အနှောင်ကို ဘယ်မျှဒုက္ခရောက်စွာ ခံစားနေရှာလေမည်လဲဟု အသည်းကြွေမ တတ်အခံရ ကျပ်လှ တော့သည်။ နှမလေးကို ကောင်းစားစေချင်ပါတယ်ဆိုကာ အနည်းနည်းအဖုံဖုံ ကြိုးပမ်းရွက်ဆောင်ခဲ့ရှသော အစ်ကိုကြီး မောင်မောင်ငယ်မှာလည်း ယခုအခါအချုပ်ခန်းထဲ၌  အကြံကြီးခဲ့သမျှ ဒုက္ခအမြတ်ပေါ်၌ နေရှာလေပြီ။ မိမိကို အကြောင်းပြု၍တစ်စုံတစ်အုံလုံး မြှုံးမသော ငါးတစ်သိုက်ကဲ့သို့ ဂြိုလ်ဆိုးကြမ္မာ ဆိုက်ရလေပြီ။ ဤဒုက္ခကိုဘယ်လိုပုဂ္ဂိုလ်မျိုးမှ ကယ်နိုင် မည် မထင်၍ ရွှေနန်းရှင်ဘုရားကိုသာ အားထား မျှော်ကိုး၍ နေမိတော့မည်။
    အမှတမ်မထင် နေထိုင်ခဲ့ရင်း ယမန်နေ့ကမှ ရိပ်မိခဲ့ရသော မိမိဘ၀ ဓမ္မတာအခြေအနေ ပြောင်းလဲ လာမှုကလည်း ဒုက္ခဘေးကြောင့် ၀မ်းနည်းပူဆွေး စိတ်မအေးဖြစ်နေစဉ် ဘူးလေးရာဖရုံ ဆင့်သလို တနင့်နင့် တဆို့ဆို့ ပျို့ကာအန်ကာ မကြာမကြာမူးဝေယိုင်လဲသွားပြီးလျှင် ရင်ထဲတွင် တလှပ်လှပ်နှင့် သွေးတဆတ်ဆတ် ခုန်၍ ကတုန်ရီ ဖြစ်နေပြန်သော်လည်း အနီးအပါးမှ ယုယုယယ ဖေးမပြုစုမည့်သူ မရှိ သဖြင့် မချိမဆန့် အားငယ်စွာနှင့်သာ နေရလေတော့သတည်း။
    သို့နှင့်တစ်နေ၀င် တစ်နေထွက် နေ့ရက်တွေ ကုန်ခဲ့ရာ အရေးကြုံ၍ သက်လုံကောင်းနေရ ရှာသူ ခင်ခင်ကြီးမှာ အစားမမှန် အနေပြောင်းလဲ၊ ဆင်းရဲပင်ပန်းလှစွာနှင့် ပိန်ချုံးနွမ်းညှိုးလျက်က မျော်လင့်ချက် ကို လက်မလျှော့ဘဲ အံခဲ၍ စောင့်စားနေမိစဉ် တစ်နေ့သောအခါအစောင့် အာဏာ သားများ ရုတ်တရက် ပေါ်လာပြီး ခင်ခင်ကြီးကို နှေင်ကြိုးတဲကာ အပြင်သို့ထုတ်လာကြလေ၏။
    မိမိကို ကိစ္စငြိမ်း သုတ်သင်ရန်ပင်ဖြစ်မည်ဟု ထင်ခဲ့သောခင်ခင်ကြီးမှာ ကြောက်ရွံ့အား ငယ်စိတ်နှင့် ဒုက္ခ ဆင်းရဲမူများ ထုံပေနေခဲ့သဖြင့် ထိတ်လန့်ခြင်းပင်မရှိနိုင်၊ မသယ်နိုင်သောကိုယ်ကို ဖြစ်သလို ကြိုးစား သယ်ယူလျက် မိမိဖြတ်သန်းလာခဲ့သော ၀ဲယာအချုပ်ခန်းများကိုသာ စိတ်အား ထက်သန်စွာ လှမ်းမျှော် ကြည့်ရင်း မိဘ၊ မောင်ဘွား၊အသိအကျွမ်းများကို ရှာဖွေမိလေသည်။
    သို့ရာတွင် ထောင်နှင့်အ၀ှမ်း မိမိတွေ့လိုသူများကို အရိပ်အခြည်မျှ မတွေ့မမြင်ခဲ့ရသဖြင့် သေ၍များ ကုန်ရှာကြပြီလားဟု စဉ်းစားမိကာ ရင်ထဲတွင်ဆို့၍လာပြန်သည်။ အို....သူတို့တစ်တွေမှ မရှိလျှင် ငါအသက်ရှင် နေလို့ ထူးတော့မှာလား ဟူသော စိတ်ထားကို ပြောင်းလိုက်ရာမှ ရွှေနန်းရှင် ဘုရား မျက်နှာတော် နှင့် သွေးတော်၊သားတော်၊သန္ဓေတော်ဖြစ်သည့် ရင်နှစ်သည်းချာအလေး အတွက်ကွက်ခနဲ စိတ်စော လိုက်မိသောအခါ သေရမှာစိုးရွံ့၍ စိတ်တွန့်သွားပြန်လေသည်။
    မသယ်နိုင်သယ်နိုင် ခြေလှမ်းနှေးမှုကြောင့် မလှမ်းတစ်ချက် လှမ်တစ်ချက်ရှိနေရာ နောက် ဆုံးတွင် ကြမ်းတမ်းစွာ ဆွဲခေါ်လာသူ အာဏာသားတို့လက်၌ ဒရွတ်တိုက်ပါခဲ့ပြီး အကျဉ်းထောင် ကြီးအပြင်သို့ ရောက်ကာမှ လူသတ်ကုန်းသို့ ထုတ်ယူခြင်းမဟုတ်ဘဲ တရုတ်ကပ်လှည်းတစ်စီးပေါ် သို့ပွေ့ခေါ် တင်ယူ သွားခြင်း ခံရပြန်သည်။
    ဘုရား....ဘုရား ဘယ်အရပ်ကိုများ ဆောင်ကြဉ်း၍ သွားမှာပါလိမ့်ဟု တစိမ့်စိမ့်ကြေညက် လန့််ရင်း လိုက်ပါ လာခဲ့ရာ အတန်ကြာလျှင် လှည်းကလေးမှာ တစ်ခုသောဝင်းခြံကြီး၏ နောက်ဖေး ပေါက်မှ မောင်းဝင် သွားပြီး တန်းလျားဆောင်ကြီး တစ်ခုအနီးတွင် ရပ်လိုသည်။
    အချိန်မှ နေ၀င်ဆည်းဆာဖြစ်လေရာ မည်သည့်နေရပ်ဟု အမှတ်အသားမရှိ၍ အသိနိုင်စေ ကာမူ တန်းလျားကြီး တစ်ဖက်တွင် ကကြိုးဆင်သော မြင်းများ၊မြင်းစားခွက်များ ရှိနေသောကြောင့် မင်းမှုထမ်း အရာရှိကြီး တစ်ဦး၏ မြင်းဇောင်းဖြစ်မည်ဟု သိနိင်လေသည်။ မြင်းဇောင်းတစ်ဖက် မြင်း စာများ သိုလှောင် ရန် လုံခြုံစွာ ကာရံပိတ်ဆို့ထားသော  အခန်းငယ်တစ်ခုကိုလည်း မသဲမကွဲ တွေ့ မြင်ရသည်။
    လှည်းရပ်၍ခဏကြာသော် ပါလာသော အစောင့်အရှောက်များနှင့် မြင်းဇောင်းအတွင်းမှ ထွက်လာသော သူများ တီးတိုးတီးတိုးနှင့် စကားအနည်းငယ်ပြောကြပြီး ပိတ်ထားသော မြင်းဇောင်း တံခါးကို ဖွင့်လိုက်ရာ အတွင်းမှ တုတ်တုတ်ခိုင်ခိုင် ထဘီရင်လျားနှင့် မိန်းမကြီးတစ်ဦး ရေနံချေးမီး ခွက်ကြီးကိုကိုင်လျက် ထွက်လာသည်။ အစောင့်များသည် မိန်းမကြီးအား တရုတ်ကပ်လှည်းကို လက်ညွှန်ပြလျက် တစ်စုံတစ်ရာ စေခိုင်း သည်ကို  မီးရောင်တွင် တွေ့မြင် ရပြန်သည်။
    ခင်ခင်ကြီးမှာ ဖြစ်လတံ့သော အနာဂတ်အရေးကို တွေးတောစဉ်းစားခွင့် မရနိုင်အောင် ကြောင်တောင် ငေးလျက်သာ ကြည့်နေမိရှာသည်။ မိန်းမကြမ်းကြီးလည်း မီးခွက်ကို ကိုင်မြှောက်ကာ လှည်းအနီး သို့ ရောက်ပြီး ခင်ခင်ကြီးအား လက်ကမ်းကာ ဆွဲခေါ်လျက် လှည်းပေါ်မှ ချပေး သည်း။
    ပျော့ပျော့နွမ်းနွမ်းနှင့် အားအင်ကုန်ခမ်းနေသော မိန်းကလေးအား လက်ပြန်ကြိုးများတဲ ထားရုံမက ကြိုးရှည် တစ်စမှာ လှည်းရံတိုင်တွင် ခိုင်မာစွာ ချည်နှောင်လျက် ပါလာသည်ကို တွေ့ရသောအခါ မိန်မကြီး မှာ အတော်အံ့သြသွားပုံ လက္ခဏာ ဖြစ်ပေါ်လာလေသည်။ တရှဲရှဲမြည် နေသော မီးခွက်ကိုမြှေက်ကိုင်ပြီး မျက်နှာကို သေသေချာချာ ကြည့်ပြန်သည်။ ဆီမတွေ့ဘဲဖွာရရာ ကျဲနေသော ဆံပင်အစအနများ ၀င်းဝါသော မျက်နှာပေါ်၌ စာပေါင်းသိုက်သမျှ ရှုပ်ပွနေလျက် မျက်ရည်ပေါက်စက်စက်နှင့် တစ်ချက် တစ်ချက် ရှိုက်နေသော ခင်ခင်ကြီး၏ မျက်နှာကလေးမှာ လင်းတစ်လှည့် မှောင်တစ်ခါ အရှိန်ဝါ ညံ့နည်း သော မီးရောင်အောက်တွင် တွေ့မြင်လိုက်ရသည် တွင်-
    "ဟင်....ဒီမိန်းကလေး"ဟု ယောင်ယောင်မှားမှား စကားသံ ထွက်သွားသော မိန်းမကြီးအား အစောင့် များက စကားမပြောရန် လက်ပြပြီး အခန်းထဲလှောင်ထား ဟူသောအမှတ်အသားကိုပြကာ ပြန်သွား ကြသည်တွင် ယခင်မိန်းမကြမ်းကြီးလည်း ခင်ခင်ကြီးကို ဆွဲရင်းတွဲရင်း မြင်းဇောင်းတစ်ဖက်ရှိ အခန်းငယ် အတွင်းသို့ သွင်းခဲ့လေရာ အရုပ်ပမာ ယူငင်ပြောင်းရွှေ့ရာကို အလိုက်သင့် ပါလာရသော ခင်ခင်ကြီး လည်း မြက်ခြောက်ကောက်ရိုးများ အကြား၌ မူးမေ့ခွေပျော့သွားပြန်လေသတည်း။
    "အမယ်လေး........ဘဘဘုရားနဲ့ မေမေဖုရား၊ ခင်ကြီးအဖြစ်ကို မြင်ဝံ့ကြပါသေးရဲ့လား" ဟုပြောပြီး အားရ ပါးရကြီး ဖက်၍ငိုလိုက်မိသည်။
    "သမီး....သမီး၊ ဘာမှအားမငယ်နဲ့၊ ဘဘဘုရားနဲ့ မေမေဖုရားတို့အနားမှာ ရောက်နေကြ ပြီး၊ ဒီဒုက္ခက မကြာခင် လွတ်မြောက်ကြပြီး သမီး ဘဘတို့နှင့် ချမ်းသာသုခ ရှိတဲ့အရပ်ကိုရောက် ရတော့မယ်”
    ဟု ဒိုင်းအတွင်းဝန်မင်းနှင့် ၀န်ကတော်တို့က ပွေဖက်ယုယ နှစ်သိမ့်စေကြသည်။. ခင်ခင် ကြီးမှ ချစ်လှစွာသော မိဘနှစ်ပါးနှင့် ပြန်လည်တွေ့ဆုံရသောကြောင့် မိမိခံစားနေသော ဒုက္ခကို တစ်ခဏမျှမေ့ပြီး ၀မ်းသာ ၀မ်းနည်းကြီး ဖြစ်သွားလေသည်။
"ဘုရား…ဘုရား မေဖရားတို့ လူ့လောကကြီးမှာမှ ရှိရှာကြပါသေးရဲ့လား"ဟု ထိတ်လန့်ခြင်း ဖြစ် သွားလေသည်။ ၀တ်ဖြူစင်ကြယ်နှင့် ဒုက္ခသည် သမီးကလေး ခင်ခင်ကို သံယောဇဉ် မပြတ်နိုင်ရှာ ကြလို့ ဖြစ်ရာ ဘ၀က ကိုယ်ထင်ပြကြလျှင် မြန်မြန်ပင်သေ၍ လိုက်ချင်လှတော့သည်။
ညဦးက ကောက်ရိုးကို အိပ်ခင်း၊ မြက်ထုံးကို ခေါင်းအုံးလျက် ရုတ်တရက် မေ့မြောနေခဲ့သည်မှာ မျက်လုံး ဖွင့်ကြည့်လိုက်သော ယခုအချိန်ရောက်ကာမှ နံနက်နေခြည်ရောင် ထွက်နေပြီဟု သိရှိရ သည်။ မိမိအား ဤနေရာ သို့ ဘယ်သို့သော အကြောင်းကြောင့် ပြောင်းရွှေ့ခေါ်ယူလာခြင်းပေလဲ၊ ရွှေနန်းရှင်ဘုရား သိရှိတော်မူသွားလို့များ တစ်စုံတစ်ယောက်အား ကယ်ဆယ်စောင့်ရှောက်ထား ရန် စီမံတော်မူ ခြင်းပေလားဟု စဉ်းစားကာ တအား တက်လာပြန်သည်။
တစ်ဖန်လည်း ဤမြင်းစောင်းတန်းလျားကဲ့သို့ နိမ့်ကျသောနေရာ၌ လျှို့ဝှက်စွာ ချုပ်နှောင်ထားခြင်း ခံရသော အဖြေကို ထောက်သော် မောင်မောင်ငယ်နှင့် မောင်မောင်တုတ်တို့၏ အကြံအစည် တစ် ရပ်ဖြင့် ဘေးလွတ်ရန် ဌာနသို့ ပို့ရန်ပင်လောဟု တွေးတောမိပြန်သည်။ သို့ရာတွင် အင်အားကုန် ခမ်း၍ နွမ်းနယ် ပျော့ခွေနေပြီဖြစ်သော မိမိအား ကျွဲနွား တိရစ္ဆာန်နှင့်မခြား လက်ပြန်ကြိုးထဲထားရုံ တွင်မက ကြိုးရှည် တစ်စဖြင့် ထရံတွင် ချည်နှောင်ထားပြီး တံခါးပေါက်ကိုလည်း အပြင်မှ ကျပ် တည်းခိုင်ခံ့စွာ ပိတ်ဆို့ ထားသောကြောင့် ဘေးကင်းလွတ်လပ်ရာသို့ ပို့ထားရန် အမှတ်လက္ခဏာ မျိုး မဟုတ်သော ကြောင့် ထပ်လောင်း၍ စဉ်းစားမိပြန်လျှင် ယခင်က တက်ကြွမိသမျှသော မျှော် လင့်စိတ်ကလေးများမှာ တစ်ခါ တည်း မြေခသက်လျှောသွားပြီး အားငယ်ဝမ်းနည်းခြင်း ဖြစ်ရပြန်ရှာ သည်။
ယင်းသို့ မျှော်လင့်စိတ်ကလေးများ မြင့်ချည်နိမ့်ချည် အတည်မကျ ဖြစ်နေစဉ် ပိတ်ထားသော ၀င်ပေါက် တံခါးတစ်ချပ် ဖျက်ခနဲပွင့်လာပြီး ညဦးက မိန်းမကြီး၏ မျက်နှာကို ရှေးဦးစွာ တွေ့မြင်ရလေ သည်။ ယက်မန်းရည် (ဆန်ပြုတ်ကြဲ)ကို စဥ့်အင်တုံငယ်နှင့် တည့်လျက် ယူလာသည်။ မိန်းမကြီး သည် ခင်ခင်ကြီး အနီးတွင် စဥ့်အင်တုံကို ချပေးလေသည်။
"ဒီဟာ ညည်းအတွက် အာဟာရပဲ"ဟု တစ်ခွန်းတည်းပြောလျက် ပြန်ထွက်သွားတော့မည်ပြုလျှင် ခင်ခင်ကြီး မှာ ကပျာကယာလှမ်းပြီး "ဒေါ်ဒေါ်ကြီးရယ်၊ ကျွန်မကို ဘာလုပ်ဖို့ အချုပ်ခန်းက ဒီကိုခေါ် လာပါသလဲ"ဟု အရဲစွန့်၍ မေးလိုက်လေသည်။
"မသိပါဘူးအေ မေးမနေစမ်းပါနှင့်" ဟု စိတ်မရှည်သလိုပြောလက် သွက်လက်စွာ ထွက်ခွာသွား တော့သည်။ သို့သော် တံခါးပြန်မပိတ်မီ လူရိပ်တစ်ခု ပေါ်လာပြန်သည်။ သဏ္ဌာန်မှာ ခံ့ခံ့ညားညား ရှိသဖြင့် မျက်ရည် တွေဆိုင်း၍ မှိုင်းမှိုင်းဝါးဝါး ဖြစ်နေသော မိမိမျက်လုံးများကို လက်ဖမိုးသားနှင့် ပွတ်တိုက်၍ ကြည့်လိုက်ကာမှ မိမိအနားတွင် မားမား မတ်မတ်ရပ်နေသော တိုင်တားမင်းကြီးကို တွေ့မြင်ရလေ၏။
မိဘ ဘိုးဘွား ပမာ မျက်နှာနာခဲ့သော ပုဂ္ဂိုလ်ကြီးတစ်ပါးကို အားငယ်နေစဉ်အခါ ရုတ်တရက် လာ၍ တွေ့မြင် လိုက်သောကြောင့် ၀မ်းနည်းလှိုက်လှဲစွာနှင့် ကပျာကယာ ခြေကိုဖက်ပြီး တိုင်တား ဘိုးဘိုး ကြီးဖျ ခင့် ဒုက္ခ ကယ်တော်မူ ပါဦးဟု ချုံးချုံးချ၍ ငိုကြွေးရင်း ပြောမိရှာသည်။
တိုင်တားမင်းကြီးမှာ မျက်နှာမကောင်းလျက်နှင့်ပင် ခင်ခင်ကြီး၏ ခေါင်းကိုသပ်ကာ
"တိတ်ပါဦးဟဲ ခင်ကြီးရဲ့၊ ဘိုးဘိုးဘုရား မေးချင်တဲ့စကားကလေးများ မေးစမ်းပါရစေဦး"
ငိုနေသော ခင်ခင်ကြီး၏ မျက်လုံးရွဲကြီးများကို ကော့ညွတ်သော မျက်တောင်နှစ်ခုက ဖွင့်မပေး လိုက်သည်။ မျှော်လင့်ချက် နှင့် ၀င်းလက် စိုပြောင် အရောင်တွေ လဲ့လဲ့နှင့် မော်တဲ့၍ ကြည့်ကာ-
"ဘိုးဘိုး မေးတော်မူချင်ရာမေးပါ၊ ခင်ကြီး မငိုပါဘူးဘုရား"
"အင်း ... ခင်ကြီး ... ခင်ကြီး၊ ကိုယ့်မီး ကိုယ့်မွှေးကြတာပဲဟယ်၊ ကဲ ... ကဲ ဘိုးဘိုး မေးတာတွေ မှန်ရာကို ပြောစမ်း ရွှေနန်းရှင်ဘုရားက ခင်ကြီးကို သိမ်းပိုက်တော်မူထားတာ ဘယ်လောက်ကြာပြီလဲ"
"သမီးတော် ထိပ်စုမြတ်စုဖုရားကြီးကို မီးရှူးတော်မြင်ပြီးစကပါဘုရား"
"မောင်တုတ်နဲ့ မောင်ဖေငယ်တို့က ခင်ကြီးကို လက်ဆောင်ပို့ကြ၊ အောင်သွယ်ကြတယ်ဆိုတာ ကော အမှန် ပဲလား"
"ရနောင် ကိုကိုကြီး တို့ကစပြီး လက်ဆောင်တော်ဆက်ကြတာ မဟုတ်ပါဘူး တိုင်တားဘိုးဘိုးဘုရား၊ ရွှေနန်းရှင်ဘုရား ကိုယ်တော်တိုင်က ခင်ခင်ကြီးကို မြတ်နိုးတော်မူလှတယ်၊ ရှေ့တော်ခေါ်၍ ဆက်ကြ ရမယ်ဆိုလို့ သူတို့က ခင်ကြီးကို လာခေါ်ကြခြင်း အမှန်ပါ"
"ဘယ်လိုနည်းနှင့် ဖြစ်စေပေါ့လေ၊ ရွှေနန်းရှင်ဘုရားကို ပရိယာယ်နှင့် ဖြားယောင်းလှည့်စားပြီး ထီးနန်း စည်းစိမ်ကို လုပ်ကြံကြရန် စီမံစိုင်းပြင်းနေတယ်ဆိုတဲ့ စွပ်စွဲချက်များအတိုင်း သက်သေခံ အထောက် အထားက တရားဝင်နေပြီ၊ ဒီကို မေးလာရတဲ့ကိစ္စကတော့ ကွပ်မျက်ခြင်းမပြုမီ ဘိုးဘိုးကိုယ်တိုင် ခင်ခင်ကြီး ကို မေးစရာကိစ္စတစ်ရပ် ပေါ်ပေါက်လာတဲ့အတွက်ပဲ"
"ခင်ကြီးကိုသတ်ဖို့ အမိန့်တော်မှတ်ပြီတဲ့လား ဘိုးဘိုးဘုရား"
"အေး ဟုတ်သကွဲ့၊ မင်းတို့ကလည်း အတင့်ရဲလွန်းကြသကိုးကွယ်"
"ခင်ကြီးတို့မှာ တုံးအောက်ကဖားကဲ့သို့ စေစားရာခံရတဲ့ ကျေးကျွန်များသာ ဖြစ်ပါတယ်ဘုရား၊ နီးရာဓားကို ကြောက်ရသူဖြစ်တဲ့အတွက် အဆုံးတစ်ရက်မှာ မြေနိမ့်ရာ လှံစိုက်ခြင်း ခံရမြဲ ဓမ္မတာ ပါဘုရား"
"ဒါတွေကို ပြောမနေပါနှင့်တော့ မြေးရယ်၊ ကဲ ... ဘိုးဘိုး မေးစမ်းမယ်၊ အချုပ်ထောင်စောင့် အစောင့် အရှောက်များ ထံက အစီရင်ခံချက်အရ ခင်ကြီးမှာ ပေါ့ပေါ့ပါးပါး မရှိဟန် လက္ခဏာများ တွေ့မြင်ကြ ရတယ် ဆိုသည်မှာ ဟုတ်ကဲ့လား"
ခင်ခင်ကြီးမှာ မိမိမှတစ်ပါး ဘယ်သူ့ကိုမျှ ဖွင့်ဟပြောကြားခြင်း မပြုရသေးသော အရေးကိစ္စကို ထောင် အစောင့် အရှောက်များ မည်သည့်နည်းနှင့် သိရှိနိုင်ကြသလဲဟု စိတ်ထဲဝယ် အံ့သြခြင်း ဖြစ်သွားသည်။ သို့ရာတွင် မိမိအခြေအနေမှာ ကိုယ်ရောစိတ်ပါ ဆင်းရဲလျက် အစားပျက် အအိပ်ပျက် ဖြစ်ခဲ့ရသော နေ့ရက်များ ကြောင့် အသားအရေ ပိန်ချုံးနုံးချည့်လာသောအခါမှ ပိုမို သိသာထင်ရှား သည့် အမှတ် လက္ခဏာများ ပေါ်၍လာသည်ကို သတိပြုလိုက်မိလေသည်။
    "မှန်ပါတယ် ဘိုးဘိုးဘုရား၊ ရွှေနန်းရှင်ဘုရား သွေးသားတော်တစ်ပါး ထွန်းကားရပါ တော့မယ်"
    "အဲဒီအတွက် ခင်ကြီးရဲ့အသက်ကို ခေတ္တ ကဲ့ဝှက်လို့ ထားရတော့မယ်"
    ခင်ခင်ကြီးမှာ ရုတ်တရက် အားရ၀မ်းသာဖြစ်လာပြီး-
    "ကျေးဇူးတော်ကြီးလှပါပေရဲ့ တိုင်းတားဘိုးဘိုးဘုရား၊ ရွှေနန်းရှင်ဘုရားက သနားကြင်နာ တေမူလာတဲ့အတွက် အသက်ကို ချမ်းသာပေးမယ်တဲ့လားဘုရား"
    "ဒီလိုမဟုတ်ဘူးဟဲ့၊ ရွှေနန်းစဉ်အဆက်ရဲ့ ထုံးစံမှာ ဧကရာဇ်ဘုရင်မင်းမြတ်တို့၏ သွေးတော် သားတော် ဖြစ်တဲ့ သန္ဓေသားတော်များကို စီရင်သတ်ဖြတ်မိလျှင် ထိုဘုရင်တို့၏ မင်းဆက်ပြတ်တတ်သဖြင့် မသတ် စကောင်း ဘူးတဲ့၊ ခင်ကြီးကို သတ်မဲ့ဆဲဆဲ က ဘိုးဘိုးဆွဲဖယ်ထား ရခြင်းမှာလည်း သည် ထုံးတမ်း စဉ်လာ ကိစ္စကြောင့်ပဲ"
    "သြော်....သန္ဓေတော်သားကို ဖွားသန့်စင်ပြီးလျှင် ခင်ကြီးကို စီရင်မယ်ဆိုပါတော့ဘုရား"
    "အင်း...အင်း အပြစ်ထင်ရှားလို့ စီရင်ကွပ်မျက်စေရန် အမိန့်တော်မှတ်ထားပြီးသားပဲ"
    "ကောင်းကြပါပေရဲ့ဘုရား၊ ဒီအမိန့်မြတ်ကို ရွှေနန်းရှင်ဘုရား ကိုယ်တိုင်တော် ပေးမှတ်တော် မူတယ်ဆိုလျှင် ခင်ကြီးကို ချစ်လှပါတယ်၊ ကြင်နာလှပါတယ်၊ မိဖုရားအရာပေးပြီး မြောက်ရွှေရေး ဆောင် ပေါ်မှာ ပျော်ပျော်ထားလို့ စံစားပါမယ်စေမယ်ဆိုတဲ့ မုသားမျိုးတွေသုံးပြီး မိခင်ကြီးကို အညွန့်တုံး အောင် ပြုပါပဲလား ဘိုးဘိုးဘုရား"
    "အို...ဒီလိုလည်း ရွှေနန်းရှင်ဘုရားကို ရမ်းရမ်းကားကား မစွပ်စွဲလေနဲ့ဟဲ့.... ခင်ကြီးတို့ရဲ့၊ အမှုကိစ္စ တွေ ကလည်း ငြင်းကွယ်လို့မရအောင် သက်သေသက္ကာယ ခိုင်လုံနေလို့ ရာဇာဝတ် ကြောင်း ဓမ္မသတ် အတိုင်း ဖြစ်ကြရတယ်လို့ သဘောထားရမယ်"
"ဓမ္မသတ်တွေ ရာဇသတ်တွေနဲ့ ဥပဒေဘယ်လိုပြုပြု ခင်ကြီးတော့ ချစ်တာတစ်ခုတည်း နားလည်ခဲ့ ပါတယ်၊ ရှင်ဘုရင်ကိုချစ်ကြိုက်မိတဲ့ မိန်းမတွေသာ ရာဇ၀တ်မှုရောက်ရမယ်ဆိုလျှင် မင်းတုန်းဘုရားရဲ့ မိဖုရားတွေ အကုန်သေကြမှာပေါ့ဘုရား၊ ခင်ကြီးကို သက်သက်မဲ့ မတရား နှိပ်စက်ကြတာပါ မသေမီ ရွှေနန်းရှင်ဘုရားကိုသာ တစ်ကြိမ်လောက်ဖူးစမ်း ရစေလား ဘိုးဘိုးဘုရား၊ ခင်ကြီးအားရပါးရ လျှောက်တင် ချင် လွန်းလို့ပါ၊ ယခုအခါ ရွှေနန်းရှင်ဘုရား ကျန်းမာတော်မူပြီ ပေါ့နော်"
    "ရွှေနန်းရှင်ဘုရားမှာ ကောင်းစွာ ကျန်းမာတော်မူလာပေမဲ့ မင်းရေးမင်းခွင့် ကိစ္စမှန်သမျှ ဘာမှပြန်လည် စစ်ဆေးတော် မမူသေးဘဲ စိတ်အေးသက်သာ အတွင်းတော်မှာသာ စံနေတော်မူဆဲ ဖြစ်တယ်"
    "ဒါဖြင့်ခင်ကြီးကို ရာဇ၀တ်အပြစ်ဒဏ် ခံစေဆိုတဲ့အမိန့်ဟာ ရွှေနန်းရှင်ဘုရားနှုတ်တော် က အမိန့် ချတော် မူတာ မဟုတ်ဘူးပေါ့နော် ဘိုးဘိုးဘုရား"
    "နှုတ်တော် တိုက်ရိုက် အမိန့်မချပေတဲ့ နိုင်ငံတော်၏ လွှတ်တော်ရုံးတော်များမှ စီရင်ချမှတ်သမျှ အမိန့် များဟာ ဘုရင်မင်းမြတ်ရဲ့ အမိန့်တော်ချည်းပေါ့ ခင်ကြီးရဲ့"
    "သိပါပေါ့ဘုရား.......သိပါပေါ့၊ ခင်ကြီးတို့မှာ ခြေဖ၀ါးအောက်က နင်းပြားများဖြစ်ကြတဲ့အ တိုင်း အသိုင်း အ၀ိုင်း တွေနဲ့ လေးဘက် လေးတန်မှာ မပြေးသာ မလွတ်အောင် အမိခံရတာပါပဲ"
    "ကဲ.......ကဲ ကံအကြေင်းတရားလို့ အောက်မေံတော့မြေးရယ်၊ ဘိုးဘိုးတို့ ကယ်နိုင်တဲ့ ကိစ္စမျိုးလည်း မဟုတ် ဘူး"
    "မကယ်နိုင်လျှင် ရှိပါစေတော့ဘုရား၊ ခင်ကြီးသိလိုတဲ့ အကြောင်းကလေးများတော့ သနားသဖြင့် ပြောတော် မူပါဦးဘုရား၊ ဒီနေ့အထိ မိဘနှစ်ပါးအကြောင်းကိုလည်း မသိရတဲ့အတွက် သူ့ခမျာများ ဘယ်လို ဖြစ်လျက်ကုန်ရှာကြပါသလဲ ဘိုးဘိုးရယ်"
    "မင့်မိဘများလား.......မသိချင်ပါနှင့်တော့ကွယ်၊ အတ္တသမံပေမံနတ္တိ ဆိုတဲ့စကားအတိုင်း ယခုငါ့မြေးမှာ ကိုယ့်ရာဇ၀တ်အပြစ်ဒဏ်အတွက်ပင် မျက်ရည်မျက်ခွက်ဖြစ်အောင် ဒုက္ခရောက်နေ တဲ့အပေါ်မှာ ကိုယ်မချိ အမိသော်လည်း သားတော်ခဲတဲ့၊ သူတို့ဒုက္ခနဲ့သူတို့ ရှိပါစေ"
    "သေလို့များကုန်ကြပြီလားဘုရား"
    "အင်း.........သူတို့လည်း ရာဇ၀တ်အပြစ်မကင်းသူတွေထဲမှာ စာရင်းပါသကိုး"
    "ရနောင်ကိုကိုကြီးနဲ့ အစ်ကိုကြီး မောင်မောင်ငယ်တို့ကော ရှိကြပါသေးရဲ့လားဘိုးဘိုး ဘုရားရဲ့"
    "မသိချင်ပါနဲ့တော့လို့ ပြောနေပြီမဟုတ်လားမြေးရယ်၊ ကိုဒုက္ခနဲ့ကိုယ် ခံစားနေရာက သူတစ်ပါးကိစ္စကို လက်လျှိုပြီး ၀င်မပူချင်ပါနှင့်တော့"
    "ရာဇ၀တ်မှု အပြစ်ချပြီးသူများ မဟုတ်စေကာမူ လူ့ဘ၀ရောက်လာကြတဲ့လူတွေဟာ တစ်နေ့ကျ သေရမှာ ချည်းပဲလို့ တွက်ထားပေတော့၊ ခုမသေသေးလည်း တဖြည်းဖြည်းသေရမှာပဲ ငါ့မြေး ကိုယ်တိုင် လည်း အမှုအပြစ်မရှိသည်ထားဦး တစ်နေ့သေရမှပဲ၊ ဘိုးဘိုးတို့လည်း ဒီသေဘေးကြီးကိုတော့ ပြေးလို့ မလွတ်ဘူး ကွဲ့၊ ကဲ.........ကဲ ဘိုးဘိုးသွားတော့မယ်၊ ငါ့မြေးကတော့ ဒီလိုပဲ ဟောဒီကဘိုးဘိုးရဲ့ မြင်းဇောင်း ထဲမှာ ၀ှက်ထားရဦးမှာပဲ၊ ကယ်လည်းမကယ်နိုင် ဘူးကွဲ့"
    ဟုပြောဆိုကာ ခင်ခင်ကြီးထံမှ နောက်ထပ်ပြောမည့်စကားကိုပင် မစောင့်တော့ဘဲ တိုင်တားမင်းကြီးက ကျောပေးလျက် ထွက်သွားသောကြောင့် ခင်ခင်ကြီးမှာ သြော်.........ငါတော့ ရုတ်တရက်မသေရသေးဘူး၊ ဒီကြးထဲမှာ ကံကောင်း ထောက်မလာလျှင်လည်း ကယ်ဆယ်မည့်သူ များတွေ့စရာရှိသေးရဲ့ဟု မျှော်လင့်ချက် အလင်းရောင်ကလေးမှာ တစ်ချက်တစ်ချက်လက်ခနဲ ၀င်းခနဲဖြစ်လာလေသည်။ သေသည် ရှင်သည် မသိရတော့ပြီးဖြစ်သော မိဘနှစ်ပါးနှင့် အစ်ကိုကြီး များအတွက်လည်း တစ်သက်သက် စိတ်မော နေရင်း အသက်ပြင်းနေသေးသော မိမိဘ၀ကိုသာ ရွံရှာ စက်ဆုပ် နေရှာတော့သည်။
    ခန်းပတ်မင်းကြီး မှာလည်း သားချွေးမတို့ကို အကြောင်းပြုကာ တစ်နွယ်ငင်တစ်စင်ပါ မျက်တော်မူခြင်း ခံရသဖြင့် ၀န်ကြီးရာထူးမှ ချထားခြင်းခံရသောအခါ မိမိအသက်ဘေးကိုပင် ငဲ့ညှာရ သောအားဖြင့် သားဖြစ်သူ ဒိုင်းအတွင်းဝန် ပုဂံမြို့စားရာဇ၀တ်သင့်သည်ကို ကူညီစောင့်မခြင်းမပြုဝံ့ ရှာဘဲ ဘုရားခန်း ထဲတွင် ပုတီးနာနာစိပ်၍ စိတ်မကောင်းသမျှကို မေ့မေ့လျော့လျော့ပြုနေပြုနေရရှာ သကဲ့သို့ ရေနံချောင်း မင်းကြီးမှာလည်း သားကြီးရနောင်မြို့စားအတွက် တစ်စုံတစ်ရာစွတ်ဖက် ပြောဆိုဝံ့ခြင်းမရှိ၊ မိမိရာထူး စည်းစိမ် ပါ အနုတ်အသိမ်းခံရရုံမျှနှင့် မပြီးဘဲအသက်စည်းစိမ်ပါ ဆုံးရှုံးမခံရ လေအောင်ပင်အင်မတန် ကြံစည် ရဦးမည်ကဲ့သို့ ဖြစ်နေလေ၏။
    ဒိုင်းအတွင်းဝန်မင်းနှင့် ဒိုင်းဝန်ကတော်ကြီးတို့မှာလည်း သမီးကလေး မည်သို့ဖြစ်သည်ဟု မသိနိုင် ကြရုံမက မိမိတို့ ဇနီးမောင်နှံချင်းပင် တစ်ဦးနှင့်တစ်ဦး မတွေ့မမြင်ရ၊ သေလေပြီလား ရှင်နေသည်လားဟု မေးမြန်း စုံစမ်းလိုပါသော်လည်း ရာဇ၀တ်အပြစ်တော်ကြီးကို ကြောက်ရွံ့ကာ မည်သူမှ အနားကိုမလာဝံ့ကြ၊ ထောင်အာဏာသားများကို စွန့်စားမေးမြန်းမိသော အခါတိုင်းမှာ လည်း မျက်နှာထား ဆိုးကြီးတွေနှင့် အမျိုးမျိုး ကြိမ်းဝါး မာန်မဲခံရရင်းဖြင့်သာ လူရွာမှ တစ်ခန်းရပ်၍ ဇာတ်သိမ်းသွား ကြရရှာတော့သတည်း။
အခန်း (၃၇) ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>