Showing posts with label ဒဂုန်ခင်ခင်လေး နှစ်ပေါင်း ၆၀. Show all posts
Showing posts with label ဒဂုန်ခင်ခင်လေး နှစ်ပေါင်း ၆၀. Show all posts

Thursday, May 20, 2010

ဒဂုန်ခင်ခင်လေး နှစ်ပေါင်း (၆၀) အပိုင်း (၁၁၁)

ခိုးသားဒမြလမ်းစဉ်အဓမ္မစံနစ်

၁၉၆၁-ခုနှစ် မတ်လကုန်ခါနီး နောက်ဆုံးရက်တပါတ်အတွင်း တနေ့သောမနက်၁၀နာရီခန့်တွင် အောက်ထပ် မှာ အယ်ဒီတာများနှင့် မန်နေဂျာဦးဗအေးတို့သည် ကျမနှင့်တွေ့ရန်အကြောင်းရှိ၍ လာကြ ပါသည် ဟု ဆိုသောကြောင့် ကျမက အောက်ထပ်ဧည့်ခန်းထည်းသို့ ဆင်းလာခဲ့ပါသည်။ သူတို့ အနီးအပါး သို့ ကျမရောက်သွားသောအခါ မျက်စီမလှ၊ မျက်နှာမလှဖြစ်နေကြပါသည်။ ကျမက အရေးကိစ္စကို မေးမြန်း သော အခါ မန်နေဂျာ ဦးဗအေးက အောက်ပါအတိုင်း ခေါင်းဆောင် ပြုလျက်ပြောပါသည်။ 

မမခင်က အမြတ်တော်ကြေးများ မပေးဆပ်ဘဲထားတဲ့အတွက်  ဒီအတိုင်း ပစ်ထားလို့ မဖြစ်တော့ဘူး၊ သူကိုယ်တိုင် ပြန်လာပြီးဦးစီးလုပ်ကိုင်မှ ဖြစ်တော့မယ်ဆိုပြီး အခုဆရာ ပြန်လာပါပြီ မန်နေဂျာအခန်းမှာ ထိုင်နေ ပါသည်။ ဒီနေ့ကစပြီး သတင်းစာတိုက်ကြီးကို သူပြန်ပြီးဦး စီးလုပ်ကိုင်ပါတော့မည်ဘဲ့။

ဟုပြောသောအခါလွန်ခဲ့သော ရက်ပိုင်းများက သူတို့ဂိုဏ်ဝင်များလှုပ်ရှားမှုနှင့် တီးတိုးကြိတ်၍ ကြံစည် ထားမှု များ၏ အကောင်အထည်မှာ ဤရုပ်လုံးကိုဖော်ရန်တာစူနေကြခြင်းဟု အတွင်း လိုက် မြင်ရပါသည်။ စာချုပ် စာတမ်း နှင့် ရှင်းပြီးသားကို တရားဥပဒေလမ်းကြောင်းမှ မသွားဘဲအတင့်ရဲ လျက် ဒုတိယ အကြိမ် မြောက် ခိုးသားဒမြလမ်းစဉ်နှင့် အဓမ္မစံနစ် သုံးလာပြန်သောကြောင့် အရှက်ကင်းမဲ့နေသူနှင့် မျက်နှာ မဆိုင် လိုသော ကျမသည် ရုတ်တရက် သတိလွတ်ပြီး အလုပ်ရုံးခန်း ထည်းသို့ဆင်းသွားမိပါသည်။

သူတို့ထောင်ချောက်သူတို့ပြန်မိနေခြင်း

အလုပ်ရုံးခန်းထဲသို့ ရောက်သွားသောအခါ စွင့်စွင့်ကားကားကြီးမျက်နှာထား ပြောင်တင်းစွာနှင့် စာပွဲခုံပေါ် ခြေစုံပစ် တင်၍ အကျသားထိုင်လျက်ရှိသည်။ ၀ဲနှင့်ယာမှ သက်တော်စောင့်အဖြစ်ပါလာ သော မန္တလေး မစိုးရိမ် ဘုန်းကြီးနှင့် အခြားလူ တစ်ဦးက ခြံရံထားသည်။

ကျမကတခုခုလုပ်လျှင် ၀င်ပြီးကာကွယ်ဘို့လား၊ သူတို့ကိုမြင်လျှင် ကျမကကြောက်ရွံ့သွားအောင် လူလုံး ပြ၍ ချောက် လှန့်ခြင်းမျိုး ပေလားဟုတွေးထင်ရန် ရှိသော်လည်း ကျမက ကြောက်တတ်သူ မဟုတ်သဖြင့် တုန်လှုပ်မှု မရှိပါ၊  မတရားလုပ်နေသူ သူယုတ်မာဘက်မှ လိုက်ပါလာသူများဖြစ်၍ စက်ဆုပ်ရွ့ ရှာဘွယ်ရာ သဘောထား သေးသိမ်သူ များအဖြစ်ယူဆလိုက်ပါသည်။

ကျမသည် အဓမ္မမျက်နှာပြောင်တိုက်ခါလာရောက်ခြင်းကို သက်ရွယ်ကြီးသော လူကြီးလူကောင်း ပီပီ ရှက်တတ် လျှင် အလုပ်တိုက်ထဲမှထွက်သွားရန် ပြောသော်လည်း သူအမည်နဲ့ ထုတ်တဲ့သတင်း စာတိုက်မို့ ပြန်လာတာ ဟု ရှုးသလိုပေါသလိုလုပ်၍ တောင်ပြောမြှောက်ပြော ပြောလျက် အခန်းအပြင်ဘက်သို့ အစောင့် ချထားသော ကားရုံပေါ်ရှိ အိမ်သစ်ကလေးပေါ်တက်သွားကြသည်။ အလုပ်ခန်း၌ ရောက်နေ ကြသော ဦးဗအေးသူတို့ခြေပုန်းခုတ်ကြခြင်းကို ကြိုတင်သိပြီးသားဖြစ် ကြောင်းပြောပြခဲ့ပြီး ကျမလည်း အိမ်ပေါ် ပြန်တက် လာခဲ့ပါသည်။

ထိုနေ့က စ၍ ငွေထိန်းမသည် ငွေစာရင်းများကို ကျမလက်သို့ လာမအပ်ဘဲ ခပ်ပြောင်ပြောင်သိမ်း ထားသည်။ ကျမက ချက်ခြင်း  ရဲဌာနသို့ တိုင်ချင်သော်လည်း ဒမြမှုဆန်ဆန်ပြု သော်လည်း ယခင် တကြိမ် လို အရာမရောက် ဖြစ်နေဦးမည်ထင်သဖြင့် အလျင်တဆော တိုင်တောခြင်းမပြုသေးဘဲ ထားပါသည်။ မတ်လ ၂၇ရက် မှာ လကုန်ခါနီးဖြစ်သောကြောင့် ဧပြီလတရက်နေ့တွင် အလုပ်သမားလခများထုတ်ပေးရန် နီးကပ် နေပြီ ဖြစ်၍ နယ်မှသတင်းစာဘိုးဝင်ငွေများ မြို့ပေါ်ရှိ ကြော်ငြာ ကိုယ်စားလည်များ ထံမှ ရငွေ များသည် ၁-ရက်၂-ရက်အတွင်း ငွေသားအပြင် ကြော်ငြာပကုမ္ပဏီများမှရရှိသော ချက်ငွေလွှဲစာ များမှ လည်း ဤရက်အတွင်း စုပြုံရောက်လာမြဲဖြစ်၍ သူတို့လက်မှာ ရှိနေပါသည်။

၎င်းဝင်ငွေများ ချက်များကို ဘဏ်တိုက်သို့ မပို့ဘဲ ငွေထိန်းမလက်ထဲ၌ ထားသည်။ ထိုငွေများကို နေ့စဉ် ၀တ္တရား အတိုင်း ကျမလက်မှတ်မထိုးပါက ပြန်ထုတ်ယူသောအခါ ကျမလက်မှတ်မထိုးပါက ထုတ်၍ မရနိုင်ပါ။ သို့အတွက် ၃-၄ရက်တွက် ၀င်ငွေများကို ဘဏ်တိုက်မပို့စေဘဲအပိုင်စီးထား ကြပါသည်။

၎င်းပြင် မတ်လ ၂၇-ရက်နေ့က ၂၉-ရက်နေကအထိမှာတော့ ဗမာ့ခေတ် သတင်းစာ ရိုက်ရန် စက္ကူလိပ်ကြီးများ ၃-ရက်စာရှိပါသည်။ ၃ရက်က လွန်လျှင် သတင်းစာရိုက်ရန် စက္ကူမရှိတော့ပါ။ ၎င်းစက္ကူ များ ထုတ်ယူဘို့မှာလည်း ကျမလက်မှတ် မထိုးလျှင် ဘဏ်တိုက်က ထုတ်၍ ပေးမည်မဟုတ်ပါ။  စက္ကူလိပ် ကြီးများမှာ တနှစ်စာခန့် ခြံထဲရှိ ဂိုဒေါင်နှင့် အပြည့်ထည့်ထားပါသည်။ ငွေရေးကြေးရေးကြောင့် ဘဏ်တိုက် တွင် အာမခံနှင့်ပြန်ထားရခြင်းဖြစ်ရာ ထုတ်ယူလိုသော စက္ကူဘိုး ကျသလောက် ငွေသွင်းပြီးမှ ထုတ်ယူ ရခြင်းဖြစ်ပါသည်။

ဤစက္ကူအမျိုးအစားမှာ ဗမာ့ ခေတ်သတင်းစာ ရိုက်နှိပ်သော (ရိုထရီ) ပတ်လည်စက်အတွက် သီးခြားမှာ ယူသိုလှောင် ထားရခြင်း ဖြစ်ရာ အပြင်အမရှိစက္ကူတိုက်များမှ အစားထိုးဝယ်ယူအသုံးပြု၍ မရပါ။ ပိုးဖလံမျိုး  မီးကိုဝင်တိုး သကဲံသို့လောဘသက္ကာရ တခုထဲရှေ့ရှုပြီး သူတို့ ဆင်ထားသော ထောင်ချောက် သည် သူတို့ခြေ ထောက်အား ပြန်ညှပ်မိနေပြီကို မသိရှာကြရသူများဖြစ်ပါသည်။

တောင်ပြေးမြှောက်ပြေး ရွာဆော်ကြီးခွေး

နောက်တနေ့ဖြစ်သော မတ်လ ၂၈-ရက်နေ့သည် စက္ကူလိပ်များ ထုတ်ယူမည်နေ့ဖြစ်ပါသည်။ မနက်၁၀-နာရီလောက် မှာ မန်နေဂျာဦးဗအေးသည် အောင်ပွဲရစစ်သူကြီး၏ မျက်နှာဖြင့်အိမ်ပေါ်  သို့တက်လာ ပါသည်။ လက်ထဲမှာလဲစာရွက်များ ကိုင် လျက်ဖြစ်သည်။ အိမ်ပေါ်တွင် ကျမ စင်းကြန် လျှောက်နေ သည်နှင့် အဆင်သင့် လှေခါးထိပ်မှာ ဆိုင်မိပါသည်။

မမ-စက္ကူတွေ ဒီနေ့ထုတ်ရပါလိမ့်မယ်၊ လက်မှတ်ထိုးပေးပါ ဟု၍ ခပ်အေးအေးပင် ပြောလွှတ်လိုက် ပါသည်။  ဤတွင် သကောင့်သား တို့မှာ အူယားဖါးယားဖြစ်ကုန်ကြပါသည်။ တောင်ပြေး၊မြှောက် ပြေး ရွာဆော်ကြီး ခွေးကဲ့သို့ဆိုသော စကားအတိုင်း အခြားသတင်းစာတိုက်သို့ သွား၍ စက္ကူလိပ် ချေးငှါးသူနှင့် ဘဏ်တိုက် သွားပြီး နည်းလမ်းရှာသူနှင့် ချာချာလည်နေကြပါသည်။

အရေးရှိလျှင် ကျမက တယ်လီဖုံး ဆက်ခေါ်သည် ဆိုဆိုပြီး  ပေါ်လာတတ်သူ ဗိုလ်ချုပ်ဈေးမှ ဒို့ဗမာ မွတ်စလင် အမျိုးသ္မီးကြီး တို့ သူ့ဓါတ်ဘီယာမယ် လူလျိုမ တို့က သူမှားတာတွေ ဘယ်လိုလဲ ၀န်ချရစေ၊ ၀န်ချရန် ပြောပေးပါဟု လာပြောနေပါသည်။ ဘီယာမယ် စကားပြောနေဆဲမှဘဲ တယ်လီဖုံးလာ၍ ကျမက ယူနားထောင် လိုက်သောအခါ၊ စက္ကူများ အာမခံထားရာ နယ်သာလင် ဘဏ်မှ ရှေ့နေကြီး တဦးက ကျမကို လှမ်း၍ စကားပြောပါသည်။

ဗမာ့ခေတ်တွင် ကျမလက်မှတ်ထိုးခွင့်များကို ပြန်ရုပ်သိမ်းရန် ဦးအုန်းခင် ဒီမှာ ရောက်နေသည်။ လက်မှတ် ပြန်ရုပ်သိမ်းဘို့ ခင်ဗျားသဘောတူပါသလား သဘောမတူလျှင် ကန့်ကွက်ပါဟု ဆိုသည်။ ကျမက သူ့မှာ ရုပ်သိမ်းနိုင်ခွင့် အာဏာမရှိကြောင်း ကျမပိုင် အဖြစ်လွှဲ ပြောင်းထားရသော လက်မှတ်များသာ ဖြစ်ကြောင်း စကားပြန် လိုက်ရသည်။ ဤျတွင်တဘက်မှ ဘီယာမယ် ကိုလည်း အနှုးခိုင်းပြီး တဘက်မှ လက်သီးပုံး ထိုးလိုက်ခြင်း ဖြစ်ရာ စုတ်ပဲ့ ညစ်ပတ်ရာ ကောက်ကျစ်ရာ၌ ဤမျှခြေမြန် လက်မြန် ရှိကြောင်းသိရပါသည်။ ဘီယာမယ်သူလျိုမ သည် ဤအချိန်ကစ၍ ကျမထံသို့ မလာရဲတော့ပါ။

ကျမပေါ်၌ အကြိမ်ကြိမ် အဖန်ဖန်ဥာဏ်နီ ဥာဏ်နက်အမျိုးမျိုး ထုတ်လျက်ကောက်ကျစ်စဉ်းလဲမှု တွေလုပ်လာခဲ့သမျှ အလုပ်သမားဘက်တော်သားတွေစုပြီး အဓမ္မနည်းစံနစ် သုံးလာခဲ့သမျှ ကျမက အပြုံးမပျက် လက်မှတ်မထိုးဘဲနေလိုက်ရုံကလေးနှင့် အဆင့်အတန်း မြင့်မြင့်ဒဏ်ပြန် ထိုးစစ်ဆင် လိုက်ပါသည်။ ပြာပြာသလဲ ပြေးလွှားနေကြသည်များကို အိမ်ပေါ်ထပ်မှဆီးပြီး တွေ့မြင်နေရသည် မှာ ကျမအဘို့ ပျော်စရာ တခုကဲ့သို့ဖြစ်နေပါသည်။

ကံအားလျော်စွာ ၁ရက်နေ၊၂ရက်စာ စက္ကူလိပ်များ အခြားသတင်းစာတိုက်မှ ချေးငှါးရလာသည်။ ဒါပေတဲ့ အသက် က ၂-ထက် ပိုမရှည်နိုင်ပါ။ ဤတွင် နောက်ထပ် အရေးတကြီးမှာယူရန် ကျန်သေး သော စက္ကူလိုင်စင် အရ (အယ်လ်စီ) ဖွင့်ရန် ကြိုးစားကြသည်။

ထိုကိစ္စ မှာလည်း ကျမလက်မှတ် မထိုးလျှင်မပြီးနိုင်ပါ။ ဒါတွင်မျှမက အလုပ်တိုက်က အလုပ်သမား ခေါင်းကြီးပိုင်း များကို ဂိုဒေါင်မှ စက္ကူထုတ်ယူနိုင်ရန် လက်မှတ်ထိုးပေးဘို့ မင်းတို့သွားပြီး တောင်းပန်ပါ။ ကျွန်တော် တို့ ထမင်းငတ်ရပတော့မယ်ဆိုလျှင် မင်းတို့ကိုသနားပြီး လက်မှတ်ထိုး ပေးပါလိမ့်မယ် ဟု ဆွယ်ကြ နှူးကြလေသည်။

အကယ်၍ အနုနှင့်မရက အကြမ်းကိုင်နည်းနှင့် ဆူပွက်ပေးကြဟု သွေးထိုးပေးကြလေသည်။ ဤတွင် အလုပ်သမား ခေါင်းဆောင်ပိုင်းက ပထမအထစ်ဖြစ်သော ကျွန်တော်တို့ သနားသဖြင့် လက်မှတ်ထိုး ပေးပါဟု သွားပြောလျှင် ဒီလိုဆိုလျှင် မင်းတို့ပင့်လာတဲ့ဟာကြီး အပြင်ပြန် သတင်းစာဆက်ထွက်ပေး မယ်လို့  ပြန်ပြောလွှတ်မှာဘဲ၊ ဒီတော့ ကျွန်တော်တို့ သွားပြောလဲ အလကားပဲဟုပြန်၍ ဖြေကြသည်၊

ဤအဖြေကို မကျေမနပ်ဖြစ်သည်။ အလိုတော်ရိ အစိပ်အပို်င်း လူလက်တဆုပ်ကလဲ ဒီကောင်တွေ လူပါးဝ သည်။ လခထုတ်မပေးနဲ့ ညှဉ်းသာထားဟု မြှောက်ပင့်အားပေးပြုကြလေသည်။ အကုသိုလ် ကြီးမားနေသူ အဘို့ မှာလည်း  ပျက်စီးရာပျက်စီးကြောင်း နည်းမကောင်းလမ်းမကောင်း ညွှန်ပြနေသူ အမြှောက်အပင့် သမား တို့၏ စကားကိုသာလျှင် နားဝင်သြဇာညောင်းလျက်ရှိ တော့ရာအမှား အယွင်း တွေကိုသာ ဆက်ခါ ဆက်ခါ ပြုမိနေလေသည်။

အလုပ်သမားများ၏ချွေးနည်းစာလစာငွေများ အပျောက်ရိုက်ယူသွားခြင်း

နောက်တနေ့မှာ ဧပြီလဆန်းတရက်နေ့ဖြစ်ပါသည်။ ခါတိုင်းဆိုလျှင် နေ့မွန်းလွဲချိန်ကစပြီး လခများ စတင်ထုတ်ပေးနေကြဖြစ်ပါသည်။ ထို့နေ့ညနေ၄-နာရီခန့်ရှိလာသောအခါ  စာစီဌာန၊ စက်ဌာနနှင့် အခြား ဌာန လူ၃-၄ဦး ကျမထံ လာရောက်လျက်  မျက်နှာပျက်ပျက်နှင့် တိုင်တန်းကြပါ သည်။

ကျွန်တော်တို့ကို မန်နေဂျာ ဦးဗအေးက ယနေ့လခထုတ်မပေးနိုင်သေးဘူး၊ စက္ကူဝယ်စရာရှိတယ် လို့ ပြောပါတယ်၊ ကျွန်တော်တို့ကလဲ လူကြီးပိုင်းကို မပေးချင်းသေးလျှင်နေပါ၊ လူငယ်အလုပ် သမား တွေကိုတော့ ယနေ့အပေးစေချင်ကြောင်း၊ ဗမာ့ခေတ်သတင်းစာ၏ အစဉ်အလာမှာဘဲ ဘယ်အခါကမှ လဆန်း၁-ရက်နေ့ ငွေထုတ်မပေးဘဲ ပျက်ကွက်မှုမျိုးမရှိခဲ့ပါ၊ လဆန်း၁-ရက်သည် အလုပ်ပိတ်ရက်နှင့် တိုက်ဆိုင် ခဲ့လျှင် ကြိုတင်၍ပင် လခများထုတ်ပေးထားနေကျဖြစ်ပါသည်။ လူငယ်အလုပ်သမားမျာ စိတ်ဓါတ် မပျက်စေရန် ကျွန်တော်တို့တောင်ဆိုသော်လည်း ဦးဗအေးက မပေးနိုင် သေးဟု ငြင်းဆို နေသောကြောင့် မမကတောင်းပေး စေချင်ပါသည်ဟုပြောကြသည်။

ကျမကလဲ သူတို့တခုခုဖြစ်လာပြီဟု ရိပ်မိပါသည်။ အေးကောင်းကြသားဘဲ၊ အစက မင်းတို့ဆရာ ပြန်လာဒါ ၀မ်းသာကြပါတယ်ဆိုတဲ့ လူတွေ ခုလိုအခက်အခဲများ မင်းတို့ဆရာကိုသွားမတိုင်ဘဲ ငါ့ကို လာတိုင်တော့ ငါကသြဇာပေးလို့ကော ဦးဗအေးက လိုက်နာမှမဟုတ်ဘူးထင်တယ်၊ သို့သော် ရှေ့တွင်ဘဲ ခေါ်ပြီး ပြောပေးမယ်ဟု နှစ်သိမ့်စေပြီး ဦးဗအေးအား ခေါ်ယူလျက် နှစ်ဦးနှစ်ဘက်စုံညီ ရှေ့မှာဘဲ သူတို့လခကို ဒီနေ့ထုတ်ပေးဘို့ပြောပေးပါသည်။ ဦးဗအေးက ကျွန်တော့ သဘောနှင့်မ ဟုတ်ပါ၊ ဆရာက စက္ကူ ၀ယ်စရာ ရှိတယ်၊ လခမပေးနဲ့အုံးဆိုလို့ မပေးခြင်းဖြစ်ပါသည်ဟုဖြေသည်။

လခပေးရန်ငွေမှာ တသောင်းကျော်သာဖြစ်၍  ငွေသုံးသောင်းနီးပါး ဘဏ်ကိုမသွင်းဘဲထားသည်။ လခ ပေးလိုက်ရသော်လဲ လက်ထဲမှာ စက္ကူဝယ်ရန် ငွေတွေအများကြီးကျန်ပါသေးသည်။ သူတို့တ လလုံး လုပ်အား ပေးထားသော ရသင့်ရထိုက်သည့် ချွေးနည်စာများဖြစ်သည်။ ထုတ်ပေးလိုက်ပါဟု ပြောသော အခါမှ ကောင်းပါပြီ၊ သိမ်ဖြူလမ်းမိုးကြိုးတိုက်ရှိ ဆရာ့ဆီသို့ တယ်လီဖုန်းဆက်၍ပေးဘို့ အမိန့်ယူပါမည်၊ သူက ပေးဆိုလျှင် ပေးပါမည်၊ မပေးနဲ့ဆိုလျှင်ထပ်၍ အဖြေပေးပါသည်။

သို့ကြောင့်အလုပ်သ္မားခေါင်းဆောင်သို့ ဦးဗအေးနှင့်အတူ အလုပ်တိုက်ဘက်သို့ ပြန်ဆင်းသွားကြ ပါသည်။ နောက်ပိုင်းမှာ ဘာဖြစ်ကြသည့်မသိ ဗမာ့ခေတ်ခြံဝ၌ အလုပ်သမားများစုရုံး စုရုံးဖြစ်နေကြ သည်ကို နေ၀င်ရီရောချိန်တွင် တေ့မြင်ရပါသည်။ ထိုအချိန်မှာပင် အလုပ်တိုက်ဆိုင်ရာ ဖိုမင်လူကြိး နှစ်ယောက် သည် ကျမထံသို့ရောက်လာပြီး သော့တွဲကြိးတခုကိုပေးပါသည်။ ထိုသော့များမှာ ဗမာ့ ခေတ် စာစီခန်း သော့၊ ခဲစာလုံးသွင်းသောဌာန အခန်းသော့၊ ရိုထရီစင်လောက်လုပ်ရာဌာနဆိုင်ရာ အခန်းသော့ များဖြစ်ပါသည်။

ဒီသော့တွဘာလုပ်ဖို့လာပေးရသလဲဟု မေးသောအခါကျွန်တော်တို့ ဒီကနေ့အလုပ်မလုပ်ကြ တော့၍ ပစ္စည်း အပျောက်အရှ မရှိရအောင် အားလုံးသော့ခတ် ပိတ်ထားလိုက်ပြီးဖြစ်၍ သော့ကို မမအား လာအပ် ပါသည်ဟုပြောသည်။ ၎င်းနောက် ထိုသို့ အလုပ်မလုပ်ကြတော့ဘဲ ဆန္ဒပြရသည် မှာ ယနေ့ လခ ထုတ်မပေးနဲ့၊ ငွေတွေသူ့ဆီယူလာခဲ့လို့ မိုးကြိုးတိုက်ကနေပြီး ဆရာကတယ်လီဖုံး နဲ့ အကြောင်း ပြန်လိုက်တဲ့ အတွက် ဦးဗအေးက လခထုတ်မပေးတော့ပါ။ လခထုတ်မပေးတဲ့အပြင် ဦးဗအေးသည် အလုပ် တိုက် မှ လင်းရိုဗာကားကို စီး၍ ငွေထုတ်ကြီးပိုက်ထွက်သွားပါသည်။

ဝင်းပေါက်မှ ကျွန်တော်တို့အား ငွေထုတ်ကြီးကိုပင် မြှောက်ပြကာ ပြောလောင် သွားပါသေးသည်။ ဒါကြောင့် ယနေ့ည ဆန္ဒပြ၍ အလုပ်သမားများဘယ်သူမှအလုပ်မလုပ်ကြတော့သဖြင့် မနက်ဖြန် သတင်းစာ မထွက်တော့ပါဟု ပြောပြကြပါသည်။

ဗမာ့ခေတ်၏ဇာတ်သိမ်းခဏ်း အလုပ်သမားများအား ကယ်တင်ရှင်လုပ်ခဲ့ရ၏

ထိုနေ့ညနေပိုင်းမှာ သတင်းပြန့်နှံ့သွားပြီး အခြားသောသတင်းစာတိုက်အသီးသီးမှ ဆန္ဒပြဗမာ့ ခေတ် အလုပ်သမား များကို ဓါတ်ပုံတသင်းအဖြစ်ရိုက်ယူသွားကြသည်။ နောက်တနေ့မှာ တသင်းစာ များတွင်  သတင်းစာတိုက် အလုပ်သမားများ လခမရသဖြင့် ဆန္ဒပြ၍ ဗမာ့ခေတ်မထွက်နိုင်ကြောင်း တွေပါလာသည်။ သတင်းစာတိုက် တတိုက်ကတော့ မြေနိမ့်ရာလှံစိုက်သဘောနှင့် ကျမက တိုက်သားများကို လခထုတ် မပေးတဲ့ အတွက် သပိတ်မှောက်ကြသည်ဟုပင် ရေးပေးလိုက်ရာ ဆန္ဒပြအလုပ်သမားများမှာ မနေသာတဲ့ သူတို့ ဘာသာသွားပြီး ရှင်းလင်းချက် ထုတ်ရသည်အထိ ဖြစ်ကြရသေးသည်။

၁၉၆၁ခု ဧပြီလတရက်နေ့ကစ၍ ဗမာ့ခေတ် သတင်းစာ မထုတ်ဝေနိုင်တော့ဘဲ ရပ်ဆိုင်းလိုကရပါ သည်။ အလုပ်သမားများသည် လခရနိုး၊ရနိုးနှင့်ဆက်လက်ဆန္ဒပြလျက်ရှိကြသော်လည်း လာ၍မ ပေးပါ၊ သို့ကြောင့် ကျမကို လာပြီး တိုက်ရှင်တဦးအနေနှင့်မန်နေဂျာငွေထုတ်ကြီးမြှောက်ပြ ထုတ်ယူ သွားသော လခငွေများ တောင်းခံပေးရန် နာယူကြပြန်သော်သည်။ ကျမသည် မန်နေဂျာ ဦးဗအေး နှင့် ငွေထိန်းစာရေးမတို့ထံ စာတတန် ပေတတန်ရေး၍ ငွေနှင့်ယူသွာသောကားကို လာအပ်ရန် သတိပေး ပါသည်။

သတိပေးရက်လွန်လာသောအခါ ဆိုင်ရာသို့ တိုင်တန်းပါသည်။ ဥပဒေ အပြင် ဘက်ရောက်နေသလို ခရီး မတွင်ခဲ့ပါ။ ဤတွင်ဆန္ဒပြအလုပ်သမားများမှလည်း မြေကြီးပေါ်တွင်လှဲ လျက် အအိပ်ပျက် အစားပျက် ဒုက္ခခံနေကြရသည်ကို ကျမတွေ့မြင်ရသောအခါ စိတ်မချမ်းမသာ ဖြစ်ရပါသည်။ ၂-ရက်မှ ၃-ရက်၎-ရက်ရှိလာသောအခါ သူုတို့အဘို့  လခငွေရဘို့ ဆွဲထုတ်ပစ်ရန် အကူအညီတောင်းသည်ကို ရဲမှမကူညီ၍ မလုပ် ရသောအခါ အင်းထဲမှ အဆက်အသွယ်လူမိုက်များ နှင့်ခိုက်ရန်ဖြစ်ပွားအောင်  ကြိုးစားပြန်ခြင်း၊ အလုပ်သမား တို့ အိမ်က သားမယားများထံသွား၍ ခြေထိုးပေးခြင်း စသည်ဖြင့် လူစုကွဲသွားရန် ဥဏ်ကစား၍ ညစ်ပတ်ကြပြန်ပါသည်။

ကျမသည်ဒုက္ခရောက်နေသူများကို သနား၍ တခုခုကူညီရန်ဆုံးဖြတ်မိသည်။ သို့ကြောင့် သူတို့အ ထဲမှ အကြီးအမှုးပြုသူတစုကို ခေါ်ယူဆွေးနွေးပါသည်။ သူတို့လခမှာ မတရားအနိုင်ကျင့်၍ လုယူမှု ကြောင့်သတင်းစာကို အုပ်ချုပ်ထုတ်ဝေမှု၃-၄ရက်လက်လွတ်ထားရသည်ကို သိပါသည်။ သတို့အ ဘို့လူပေါင်း (၈၀)ကျော်တို့ စားဝတ်နေရေးအတွက် အခက်တွေ့နေရပါပြီဟုဆိုပြောသည်။ ကျမမှာလည်း မိုးသက် မုန်တိုင်းထည်းတွင် လွင့်ပါနေရသူ အန္တရာယ်အ၀ိုင်းခံနေရရာမှ ကျမကလူ ၈၀-ကို ကယ်တင်ရှင် လုပ်ရဦးတော့မည်၊ သို့ကြောင့် လခမရရုံမက အန္တရာယ်တွေကများလာပြီးဖြစ် သောဆန္ဒပြ အလုပ်သမား များအား ကိုယ့်အိမ် ကိုယ်ပြန်နေကြပါ၊ ယခုလောလောဆယ် ဈေးသုံးရန် တယောက်လျှင်ငွေ ၅၀ိ-ကျစီ ထုတ်၍ချေးလိုက်ပါမည်ဟု နှစ်သိမ့်စေပြီး ကျမလက်ထဲ၌ ဈေးသုံးရန် အလွယ်တကူ ကျန်ရှိ နေသေးသောငွေ ၄၀၀၀ိ-ကျော်ကို ထုတ်ပေးလိုက်သောအခါ သူတို့အဘို့ လက်တလော ပြဿနာ ပြေလည်၍ ကိုယ့်အိမ်ကိုယ်ယာသို့ ပြန်သွားကြရှာပါသည်။

ယုဝတီနေ့စဉ် ပေါ်ထွက်လာပြီ

ကျမအတွက် ပြဿနာအခက်အခဲတွေ မပြေလည်မှီ အလုပ်သမား(၈၀)ကျော်တို့၏ စားဝတ်နေရေးတာ ၀န်ကြီး ကို ကျမက ဘယ်နည်းနှင့်စွမ်းဆောင်နိုင်ပါမည်နည်း၊ ဗမာ့ခေတ်သတင်းစာကို ဆက်လက်ထုတ် ဝေးပေးပြီး သူတို့ တတွေ၏စားဝတ်နေရေး ဖြေရှင်းပေးမည်ကလဲ ကျူးကျော်လာရောက် နှောင်ယှက် ဖျက်ဆီးနေသူတို့၏ အခက်အခဲကြောင့် မဖြစ်နိုင့်တော့ပြီ၊ မသမာသူခေတ်ပဒေသာပင်ကြီးအုပ်၍ ဖြုန်း သုံးနေသော ဗမာ့ပစ်ချင်သည်မှာ ၂-နှစ်ခန့်ရှိလာခဲ့ရာ လွန်ခဲ့သည့်၃-၄လကအခါအခွင့်သင့်၍ ပုဒ်မ၁၄၅ -နှင့်ပင် ပိတ်ပေးဘို့ကြိုးစားခဲ့သည်။

သို့ရာတွင် တရားလွှတ်တော်က မပိတ်ရဟု အမိန့်ကျ၍ ကျမရည် ရွယ်ချက်ပျက်ခဲ့ရသည်၊ ယခုအခါ ကျမဆန္ဒကို တရားဥပဒေက မဖြည့်စွမ်းနို်င်သော်လည်း ဘုရားဥပဒေ ပြည့်အ၀စိတ်တိုင်းကျ အခွင့်ပြု လိုက်သည် နှင့်မခြား ဗမာ့ခေတ် သတင်းစာတိုက်ကြီးအား အလွယ်တကူ အေးအေးဆေးဆေးနှင့် ပိတ်ထား လိုက်ရသဖြင့် ကျမအဘို့ အထူးကြနပ် နှစ်သိမ့်သွားပြီး တဘ၀တာမှ ဖြင့်နားအေး စိတ်အေး နေ သွားရပေတော့မည့်ဟု အလွတ်ကြေနပ်နှင့်သိမ့်ခဲ့ပါသည်။

သို့ရာတွင် ဗမာ့ခေတ်အလုပ်သမား(၈၀)ကျော်တို့အား စားဝတ်နေ ရေးအတွက် ငဲ့ကွက်ညာတာကာ၊ ထမင်းအိုး တယ်ပေးရဦးမည့် တာဝန်ကို ကျမက၊ ယူမိသည့်အတိုင်း  (ယုဝတီနေ့စဉ် သတင်းစာ)ကို ထုတ်ဝေ ပေးရန်၊ စီမံစိုင်းပြင်းကြရပါတော့သည်။ နေ့စဉ်သတင်းစာ တစောင်ကို ထုတ်ဝေဘို့အလုပ်ဆို သည်မှာ မလွယ်ကူပါ။

ငွေကြေးသိန်းနှင့်ချီ၍ ဖြုန်းနိုင်မှဖြစ်ကြရိုးအစဉ် အလာမှန်ပါသည်။ ဤအစဉ်အ လာအတိုင်း မလုပ်နိုင်၊ ငွေရေး မတတ်နိုင်သဖြင့် ထိုင်ငတ်နေကြရမည့်အစား ဖြစ်သလိုလုပ်စားကြမည် ဆိုသော ဇွဲနှင့် လုပ်အားကို ကိုးကား အလုပ်သမားခေါင်းဆောင်ပါတနာ (၁၀)ဦးနှင့် ငွေကလေးတသောင်း ခန့် ချေးငှါး မတည်လျက်  ယုဝတီ နေ့စဉ်သတင်းစာတိုက်ကို မေလ တရက် အလုပ်သမာျးနေ့တွင် ဆိုင်းဘုတ်တင်ကာ၊ ၁၅-ရက် နေ့မှာ သတင်းစာ စတင်ထုတ်ဝေခဲ့ပါသည်။

ငွေတသောင်းကျော်ချေးငှါးရင်းနှီးပြီး ပုံနှိပ်စက်ဆို၍လည်းတလုံးမျှမရှိဘဲ၊ မြို့လုံးပေါက်လည် ပုံနှိပ်တိုက် ရှိသမျှသို့ အငှါးရိုက်စံနစ်နှင့် ယုဝတီစာတင်းထုတ်ဝေလာခဲ့သည့်မှာ ၈-လကျော်ခရိးသို့ ပေါက်ရောက်ခဲ့ ပါသည်။ အလုပ်သမားများစားဝတ်နေရေးအတွက် တလလျှင် လခငွေပေါင်း တစ်သောင်းကျော်မှန်မှန် ပေးနိုင်လျက် ထမင်းအဆက်မပြတ် စားလာကြရသည်မှလဲ ၈-လခရီးရောက်ခဲ့ပါပြီ၊ ယုဝတီကိုအားပေး သော စာဘက်ပရိသတ်များ၊ ကြော်ငြာရှင်များ၊ ကျေးဇူးကို ခိုလှုံရခြင်းကြောင့်လည်း ဖြစ်ပါသည်။

ကျမမှလည်း  သူတို့အလုပ်သမားတစု စည်းလုံးညီညွတ်မှုနှင့် အလုပ်ကိုကြိုးကြပ်အုပ်ချုပ်ပေးလာခဲ့ရ သည်မှာ ၈-လကျော်ကြာခဲ့ပါပြီ၊ ကံအားလျော်စွာ ကျန်းမာရေးက အံ့သြလောက်အောင် ကောင်းမွန်လာ ပြီဖြစ်သောကြောင့် ယုဝတီသတင်းစာ၌ တာဝန်ယူထိန်းသိမ်း အုပ်ချုပ်ပေးနိုင်ခြင်းဖြစ်ပါသည်။ ကျမ သည် အမျိုးသမီးများ အတွက် ရည်ရွယ်ချက်ဖြင့်လွန်ခဲ့သော ၁၇-နှစ်ခန့်ကစ၍ (၇)ရက်တစ်ကြိမ် ထုတ်ဝေ လာခဲ့သော ယုဝတီဂျာနယ်အား ဘယ်သောအခါမျှ နေ့စဉ်သတင်းစာဖြစ်လာရန် ကြံစည်စိတ် ကူးခြင်း အလျဉ် မပြုခဲ့ဘူးပါလျက် အစိန္တိတဗ္ဗံ၊ မကြံရွယ်ဘဲဖြစ်ပေါ်လာရခြင်းကို သတိပြုမိပါသည်။

ဘယ်အခါမှပြန်လှည့်မကြည့်ခဲ့ဘဲ အကြောင်းအားလျော်စွာ ဗမာ့ခေတ်သတင်းစာ တည်းဟူသောပွက် ပွက်ဆူနေသည့်ရေနွေးအိုးကြီးကို ၈-လနီးပါး ကျမ်ခေါင်းပေါ်တင်ရွက်ထားရရမှ ၁၉၆၁ ဧပြီလ တရက် နေ့ကစပြီး လွှတ်ချပေါက်ခွဲပစ်လိုက်ရသဖြင့်  ၀ဋ်ကျွတ်ပြီး တာဝန်ပေါ့သွားပြီဟု ၀မ်းသာနေရာမှ ယခုအ ခါမမျော်လင့်သော ယုဝတီနေ့စဉ် သတင်းစာကို ကျမကိုယ်ကျိုး၊ ကိုယ်စိးပွားမဟုတ်အလုပ်သ္မားတို့ အကျိုးအတွက် ငဲ့ကွက်၍ ရေချမ်းအိုးငယ်ကလေးတလုံးကိုဖြင့် ရွက်ပေးနေရပါပြီ၊ ကျမစီးပွားရေးမဟုတ် ဘဲလျက်နှောင့်ယှက်ဖျက်ဆီးမှုအမျိုးမျိုးကို ပြုလုပ်လျက် ရှိကြလေးသည်။

ယုဝတီသတင်းစာ စောင်ရေနည်းပါးသွားရန် မြို့နယ်အသီးသီး၌ အပန်းတကြီးကြိုးစားကြရလေသည်။ နယ်မှ ပေးပို့သော သတင်းလွှာများကိုလည်း လမ်းမှဖြတ်၍ဖျက်ဆီးနိုင်သမျှ၊ ဖျက်ဆီးခြင်းခံရသည်။ အလုပ်သမားမအချင်းချင်း မသင့်မတင့်ဖြစ်ရန်ခြေထိုး။ ရန်တိုက်ပေးသောနည်းများကိုလည်း သုံးလေ သည်။ ယုဝတီသတင်းစာပျက်စီးသွားစေရန်၊  မလိုသောအကြံနှင့် ဖျက်ဆီးခြင်းပြုသော်လည်း ယုဝတီး အလုပ်သမားတစု၏ အကျိုးသာဖြစ်ရာ ကျမအဘို့တော့ယုဝတီသတင်းစာပျက်စီးသွားသော်လည်း တစုံ တရာထိခိုက်မည့်မဟုတ်ပါ။ မှုလကပင် ဘာမှလုပ်ချင်စိတ်မရှိ၍ စိတ်အေးနာအေးနေလိုသူဖြစ်ရာ ယုဝတီသတင်းစာကို မထုတ်ချင်ဘဲနှင့် မရည်ရွယ်ဘဲနှင့် ထုတ်ဝေကြီးကြပ်ပေးနေရသာ ဖြစ်ပါသည်။

ယင်းသို့ ဗမာ့ခေတ်နှင့် ယုဝတီအလုပ်သမားများ၏ ၀မ်းရေးအတွက် ယုဝတီနေ့စဉ် သတင်းစာကို ထုတ်ဝေပေးရခြင်းဖြစ်ရာ အလုပ်သမားများမှာလည်း မူလကချမှတ်ခဲ့သည့် ဇွဲသတ္တိအတို်င်း အခက်အခဲ အဖျက်အဆီး များဒဏ်ကို ကြံကြံခံကာ ၀-လကျော်ခရီးအထိ ချီတက်လာခဲ့သဖြင့်ရှေ့ အဘို့ တိုးတက် လာပြီး အခြေအနေကောင်းလျက် ပုံနှိပ်စက်ကိုယ်ပိုင်များနှင့် သင့်တင့်လျောက်ပတ်သော ကိုယ်ပိုင်အ ဆောက် အဦး ကလေးများဖြင့် ကြီးပွားလာလျင်လည်း အလုပ်သမားများ၏  ကုသိုလ်သာဖြစ်၍ ယခုလို အတိုင်း လုပ်လုပ်စားစားနှင့် ရပ်တည်သွားလျှင်လည်း အချည်းနှီးကားမဖြစ်ပါ။ လူပေါင်း၈၀-၁၀၀၏ ထာဝရ ထမင်းအိုး တလုံး ဟူ၍ ကြေနပ်နှစ်သိမ့်ရမည်သာဖြစ်ပါသည်။

ကျမ၏ ကိုယ်ရေးကိုယ်တာအတွက်မှာ ဘာမှတာဝန်မရှိ စွဲလန်းခုံမင်ရန် ပစ္စည်းစိုကိုလည်း တခုမကျန် စွန့်လွှတ်ထားပြီး ဖြစ်ပါသည်။ ကြွင်းကုန်သမျှ အိမ်နှင့်ခြံမြေပစ္စည်းများကိုလည်း ဗမာ့ခေတ်ပုံနှိပ်တိုက် စက်ပစ္စည်း များနှင့်အတူ အမြတ်တော်ကြေးဌာနကို ၀ကွက်၍ အပ်ထားပြီး သားဖြစ်ပါသည်။

နိုင်ငံတော်ဘာသာပြဌာန်းသော အကြိုနေ့၌  ရွှေတိဂုံစေတီတော်ကြီးတောင်ဘက်မျက်နှာ ဓါတ်လှေခါး ဖွင့်ပွဲ အတွက် ဘဏ္ဍာတော်ထိန်းအဖွဲ့က ရက်သက်မှတ်လိုက်ပါပြီ။ ဤတွင် ကျမ လှူထားသော ဓါတ်လှေခါး ဘိုးငွေ များ ထုတ်မချေးနိုင်သည့် အတွက် ဂျင်ဟောင်းကုမ္ပဏီက ငွေမရလျှင် အပြီးသတ်တပ် ဆင်မပေး နိုင်ကြောင်းအကြောင်းကြားလိုက်ပါသည်။

ဘဏ္ဍာတော်ထိန်း အဖွဲ့ဝင်ပုဂ္ဂိုလ်ကြီးများသည် ကျမထံမှ စာရွက်စာတမ်းနှင့် အခိုင်အမာ လှူန်ဒါန်း ထားသောကြောင့် ဘဏ္ဍာတော်ထိန်းအဖွဲ့၏ တရားဥပဒေဘက်ဆိုင်ရာ တာဝန်ယူစေရန် ဂေါပကအဖွဲ့၏ ညွန့်ကြားချက် အရ လွှတ်တော်ရှေ့နေကြီး ဦးဘဂျမ်းက အမြတ်တော်ကြေးဌာနဆိုင်ရာ အကြီးအကဲ များနှင့် အလှူစာတမ်းအထောက်အထားခိုင်လုံ စွာထုတ်ပြလေသောကြောင့် ချိပ်ပိတ်ထားသော ဘဏ်တိုက် ရှိ ဓါတ်လှေခါးဘိုးအလှူငွေများကို ထုတ်ယူလှူဒါန်းခွင့်ပြုလိုက်သောကြောင့် ချောချော မောမော ရေစက်သွန်းချ၍ ဓါတ်လှေခါးဖွင့်ပွဲကိုပြီး မြှောက်ခဲ့ရပါသည်။

အကြီးဆုံးနှင့်အကြမ်းဆုံး လောကဓံလှိုင်း

လှူရေးတန်းရေးမှာပင် ဤမျှဝင်ရောက်နှောင့်ယှက်ဖျက်ဆီဝံ့သေးလျက် အခြားညစ်ပတ်ကေ၀ံကျစ်ရန် ကိစ္စ မှန်သမျှ လက်မြန်ခြေမြန်အဖန်ဖန်ပြုခဲ့သည်မှာ အဆန်းမဟုတ်တော့ဘဲ အပ်ကြောင်းထပ်၍နေပြီး ဖြစ်ပါသည်။ ကျမသည် ဘ၀တလျှောက်၌ ရင်ဆိုင်ခဲ့ရလေသမျှုကိစ္စအမျိုးမျိုးများတွင် အသက်အရွယ် ကြီးပြီး ဘ၀နီဂုံးချုပ်ကာနီး နေ၀င်ချိန်နီးသော အချိန်အခါမှာမှ မကြုံခံစားရလေသည်။ ဘ၀တလျှောက်  ကျော်ဖြတ် ခဲ့၇သော  လောကဓံလှိုင်းလုံးများအနက် ဤလှိုင်းတလုံးမှာအကြီးဆုံးအကြမ်းဆုံးနှင့် အဆိုး ဆုံးသာ ဖြစ်ပါသည်။ သို့ရာတွင် ကျမအဘို့မှာ လောကဓံတရားကို တွေကြုံပါများခဲ့သူဖြစ်၍ ခြောက်ချား မှု မဖြစ်တော့ဘဲအဆိုးထဲမှအကောင်းကိုရှာ၍ ယူနိုင်ကာ တရားရေးအမြင်မှန် ကျန်းမာအေရးအမြင်မှန်ကို လက်ဆုပ် လက်ကိုင် တွေ့လာပြီး ဖြစ်သောကြောင့် ကြေနပ်ဝမ်းမြောက်မိပါသည်။

ကုသိုလ်နှင့် အကုသိုလ်တို့မှာ ဘ၀အကျိုးဆက်တိုင်း ကျင်လည်တွေ့ဆုံရခြင်သာလျှင်ဖြစ်ပါသည်။ ကံ ကံ၏ အကျိုးကို ယုံကြည်သူဖြစ်သည့်တိုင်းကံ၏ အကျိုးပေးကိုခံယုရန်စောင့်ဆိုင်းလျက် ရှိပါတော့ သည်။ ဤသည် တို့မှာ နှစ်ပေါင်း၆၀-တွင် ကျမဘ၀၌ ရင်ဆိုင်ခဲ့ရသမျှ ကိုယ်ရေးကိုယ်တာ အတ္တုပ္ပတ္ထိဝင် မှတ်တမ်းများ ဖြစ်ပါသည်။

ယနေ့မှ ရှေ့အဘို့  ဆက်လက်၍အသက်ရှည်နေသ၍ လက်တွေ့ရင်ဆိုင်ရ သောအကြောင်းအရာများကို စုဆောင်း လျက် နှစ်ပေါင်း၆၀-၏ နောက်ဆက်တွဲအဖြစ် ရေးသားဦးမည် ဖြစ်ရာ ၎င်းနောက် ဆက်တွဲတွင် ယခင် ချန်လှပ်ခဲ့ရသော အရေးပါသည့် စာရွက်စာတမ်းများ၊ စာချုပ်လိမ်များ လက်မှတ်လိမ် များနှင့်တကွ မှတ်တမ်း ဓါတ်ပုံဘလောက် များပါ ဝေေ၀ဆာဆာဖော်ပြနိုင်ရန် စီစဉ်ထား မည့်ဖြစ်ပါကြောင်း။

ပြီးပါပြီ
.
(ယခု ဒဂုန် ခင်ခင်လေး စာအုပ် နေရာတွင် မောင်ထွန်းသူ ဘာသာပြန် အကျဉ်းစံ ဝတ္ထု ကို ဖော်ပြ ပေးပါမည် )
.
>>>ဆက်ဖတ်ရန်>>> >>

Wednesday, May 19, 2010

ဒဂုန်ခင်ခင်လေး နှစ်ပေါင်း (၆၀) အပိုင်း (၁၁ဝ)

မဟာဗောဓီတန်ဆောင်းကြီး ရေစက်ချအမျှပေးဝေစာ
ရွှေတိဂုံ စေတီတော် မြောက်ဘက်ယင်ပြင်တော်ရှိ မဟာဗောဓိတန်ဆောင်းတော်ကြီးကို တည်ဆောက် ပြီးစီး ပါသဖြင့် .....

၁၃၂၂- ခုနှစတ်ပေါင်းလ္ဆန်း ၅-ရက်စနေနေ့နံနက်(၇)နာရီ ၁၉၆၁-ခုဖေဖေါ်ဝါရီလ ၁၈-ရက်နေ့တွင် တန်ဆောင်းအမ ဒေါ်ဒဂုန်ခင်ခင်လေးက ရဟန်းသံဃာတော်အရှင်မြတ်တို့အား လှူဘွယ်ဝတ္ထုတို့ ဆက်ကပ် လှူန်းဒါန်း၍ ပရိတ်တရားတော် နာကြားပြီးမဟာဗောဓိ တန်ဆောင်းတော်ကြီးနှင့်တကွ အောက်စာရင်းပါ အလှူ ကောင်းမှူများကို တပါတည်းရေစက်သွန်းချလှူဒါန်းပြီးလျှင် တန်ဆောင်းအတွင်း နှင့် ရွှေတိဂုံ စေတီတော်ကြီး ယင်ပြင်လည်တွင် ရတနာမျိုးစုံကြဲဖြန့် ပူဇော်ခြင်း ပြုကာသုံးဆယ့်တဘုံရှိ ဗုဒ္ဓဘာသာဝင် သူတော်ဝင် ပေါင်းတို့အား အမျှပေးဝေခြင်းပြုပါကြောင်း။

မဟာဗောဓိတန်ဆေင်းနှင့်အတူ


ကိုယ်တိုင်သွားရောက်ခြင်း မပြုနိုင်သော အမြို့မြို့ရှိ အောက်ပါအလှူများကိုပါ တပါတည်း ရေစက် သွန်းချပြီး အမျှပေးဝေပါကြောင်း။

၁။ ပုသိမ်ခရိုင်၊ လိပ်ကျွန်းပေါ်၌တည်ထားလှူဒါန်းသော လောကဥသျှောင်စေတီတော်၊

၂။ သံတွဲမြို့ ငပလီကမ်းခြေ ငါအောင်တောင်ထိပ်တွင် တည်ထားလှူဒါန်းသော ဇီနမာန်အောင် စေတီတော်။

၃။ ပေါင်းတည်မြို့ရွှေကျောင်းဆောင်စေတီတော်၏ ထီးတော်။

၎။ ပြည်ခရိုင်၊ ပြလို့ရွာရှိ ဆုတောင်းပြည့်ဘုရားထီးတော်။

၅။ မုံရွာမြို့၊ ဖိုးဦးတောင် ဘုရားများ ပူဇော်သော ဓါတ်မီးစက်။

၆။ ပြည်မြို့၊ တဘက်ကမ်း ဖိုးဦးတောင်ဘုရား ဓါတ်မီးစက်။

၇။ ပျဉ်းမနားမြို့၊ ဆင်ဖြူတော်ဘုရား ဓါတ်မီးစက်။

၈။ စစ်ကိုင်းတောင်၊ မင်းကွန်းလူအိုရုံသို့ လှူဒါန်းသော ၅-ခန်းအဆောက်အဦး။

အထက်ပါအရပ်ရပ်သော ကောင်းမှူကုသိုလ်များကို ဗုဒ္ဓဘာသာ တရားတော်အရ ကံ-ကံ၏အကျိုး ကို သက်ဝင် ယုံကြည်သူ တစ်ဦးအဖြစ် မဂ်, ဖိုလ်နိဗ္ဗာန်ကို ရည်မှန်း၍  လှူဒါန်းပူဇော်ပါသည်၊ နိဗ္ဗာန် မရမှီ အကြား ဖြစ်လေရာဘ၀တိုင်းတို့တွင် ကောက်ကျစ်စဉ်းလဲသော ခင်ပွန်း၊ ဆွေမျိုး၊ မိဆွေ တပည့် သားမြေး များ နှင့် မကြုံကြိုက်ရသည် ဖြစ်စေသော်။

ကျမ ဘ၀ဖြစ်စဉ် အတို်င်း တွေ့ဆုံကြုံကြိုက်ခဲ့ရသမျှမှာ လောကဓံနှင့် ရင်ဆိုင်ရဖန်များသောကြောင့် များစွာ အရေထူ လျက် ရှိပါသည်၊ ယခုကဲ့သို့ အိုမင်းရင့်ရော်နေချိန်မှာတော့ တရားကိုလက်ဝယ်ပိုက် ထားမီပြီ ဖြစ်သော ကြောင့် တုန်လှုပ်မှုမရှိတော့ပါ။ နားအေး၊ စိတ်အေးနေရခြင်းဖြင့် တရားနှလုံး သွင်းစရာ၊ အာရုံ ပြုစရာ အချိန်တွေများများ ရရှိနေလိုခြင်းတခုသာ ရည်မှန်းနေပါတော့သည်၊

ကျမသည် အမြတ်တော်ကြေး ဌာနသို့ ချိပ်ပိတ်ထားသော ပစ္စည်းများကို အချိန်မရွေး လေလံပစ် ရောင်းချ ယူရန် ထိုးအပ်ပေးထားပြီးနောက် သတင်းစာတိုက်မှလဲ ရသရွေ့ ၀င်ငွေမှ ကြွေးဆပ် နိုင်သမျှဆပ်ရန် တာဝန် တွေ ဆွဲရုန်းနေဆဲမှာဘဲ မန်နေဂျာရုံးခန်းမှ ဦးဗအေးက ကျမအား အမြတ်တော်ကြေးတွေများလှ၍ အယူခံ ဘို့ တိုက်တွန်းပါသည်၊ စောစောပိုင်းက စာတစောင်တင် ထားခဲ့သည်မှအပ နောက်ထပ်ဘာမျှ ကြိုးစား တင်ထားခဲ့သည်မှအပ နောက်ထပ်ဘာမျှ ကြိုးစားလို စိတ်မရှိ၊ ကိုယ်တိုင်မသိသော စာရင်းများကို ဘယ်လို မှ ပြုပြင်စစ်ဆေး၍ ရတော့မည်မဟုတ်၊ စိတ်ရှုပ်မခံလို၊ ရှိသမျှထိုးအပ်လိုက်ရခြင်းက ဦးခေါင်း ရှင်း သွားမည် ဖြစ်ကြောင်းသာ ပြောထားလိုက် ပါသည်။ သူတို့ သဘောကား ဒီငွေ(၈)သိန်းခွဲအတွက် ကျမက နှမြော တွန့်တို နေလိမ့်မည်ထင်သည်။ မိန်းမသားဖြစ်၍လည်း သည်အရေးကိစ္စကြီးကို ရင်မဆိုင်ဝံ့ဟု ထင်ပုံ ရပါသည်။ ရင်မဆိုင်ဝံ့၍ ကယ်ပါ ယူပါ ဖြစ်လာသောအခါမှ သူတို့အလိုသို့ ဥပါယ်တမည်နှင့် ပါလာအောင် ဆွဲဆောင် ယူမည်ဟု ရည်ရွယ်ထားသည်။

ဆရာ့ အမိန့်အတိုင်း ခင်မောင်အေးနှင့် ဦးဗအေးတို့သည် အမြတ်တော်ကြေးကိစ္စကို နောက်ကွယ်မှ တွန်းပို့ နေကြ ရသည်ဟု ကျမနားလည်ပြီးသားဖြစ်ပါသည်။ ရွှေတိဂုံစေတီ ထီးတော်၌ လှူဒါန်းရန် ရေစက်ချ အပ်နှံ ထားသော စိန်ကျောက်ပတ္တမြား ပစ္စည်းများ အပ်နှံထားရာ လုံခြုံရေးဘဏ်ရှိ ကျမ သေတ္တာကို ချိပ်ပိတ်ရန် လာသော အမြတ်တော်ကြေးရုံးမှ ဆိုင်ရာ အရာရှိတဦးနှင့်အတူ ဦးဗအေး၊ ခင်မောင်အး စသူတို့ ပါလာကြ သည်ဟု သိရပါသည်။ ကျမ ပစ္စည်းသေတ္တာ ဒီမှာ ထားကြောင်းကိုလဲ သူတို့ဘဲ သွားသတင်းပေးရုံမက ချိပ်ပိတ်ရာ ၌ပင် ကိုယ်တိုင်ကိုယ်ကျ လိုက်ပါညွှန်ပြပေးကြသည်၊ ဘုရားလှူထားသော ပစ္စည်းသိုက်ကို လိုက်၍ ညွှန်ပြသည် နှင့် လည်း တူပါသည်။

ကျမက မွန်မွန် မြတ်မြတ်လှူထားသော ပစ္စည်းများဖြစ်သည်၊ ဒီပစ္စည်းများကို တရားလက်လွတ် သံသရာ မကြောက်ဘဲ ပြုရဲ ပြစ်မှားရသြည်မှာ ကြက်သီးထစရာ ကောင်းလှပါသည်။ ကျမ ထိုးအပ်ထားသော ပုံနှိပ် စက်ပစ္စည်း များနှင့် အိမ်ခြံတို့မှာ ၁၅-သိန်းနှင့် သိန်းနှစ်ဆယ်ကြား ကာလ တန်ဘိုးရှိနေပါသည်။ ပစ်စလက်ခပ် ချရောင်းဦး (၁၀)သိန်းထက် မနည်းရဘို့ ရှိပါလျက် အမြတ်တော်ခွန် (၈)သိန်းခွဲအတွက် ရေစက်ချ လှူထားပြီးသော စိန်ထည်များနှင့် ဓါတ်လှေခါးရံပုံငွေ၊ မဟာဗောဓိတန်ဆောင်း ရံပုံငွေများကိုပါ ထည့်ပြီး ချိပ်ပိတ်ခံရအောင် သူဘဲတမင်သွားပြပြီးမှ ဦးဗအေးသည် ကျမကိုလာ၍ စေတနာကောင်းနှင့် ပြော သယောင် ပြုပြန်ပါ သည်။ လှူထားသော ပစ္စည်းမှာ စွန့်လွှတ်ပြီးသားဖြစ်သည်။ စုံမက်မြတ်နိုး နေပါလျက် အစထဲက လှူရဲမည် မဟုတ်ပါ၊ ကျမသည် ဤကိစ္စများအတွက် ၀မ်းနည်းပက်လက်မဖြစ်မိဘဲ သံသရာ ကြွေး မကြောက် ပြုရဲသူ၊ တို့အတွက်သာ သနားမိပါတော့သည်။
................................
ဓမ္မ န္တရာယ်သူယုတ်မာ၏ခြေထိုးမှု

နောက်သံသရာ အတွက် စေတနာထက်သန်စွာ ရေစက်ချ၍ လှူဒါန်းထားသော မွန်မြတ်သည့် ရွှေတိဂုံ စေတီတော်ကြီး ၏ထီးတော်ထိပ်တွင် တပ်ဆင်မည်ဖြစ်သော ရတနာပစ္စည်းများကိုပါ ကာမဂုဏ် ကြွေး ပေးဆပ်ရန် ဓမ္မ န္တရာယ်ပြုရဲသည်မှာ ကိုယ့်အကုသိုလ်ကို ကိုယ်ရှာယူရဲခြင်းသာ ဖြစ်ပါသည်၊ အမြတ်တော် ကြွေး(၈)သိန်းခွဲသည် အလှူရတနာပစ္စည်းများ မပါဝင်စေဘဲနှင့်လည်း အခြားသော ဩ-သိန်းတန် ပစ္စည်း များနှင့်ပင် ကြေလည်သွားနိုင်ပါသည်။

ကျမသည် ရေစက်ချလှူထားသော အထက်ပါပစ္စည်းနှစ်ရပ်မှတပါး အားလုံး သိန်းကျုံး လျက် အမြတ်တော် ကြေး အတွက် ပုံအပ်ထားလိုက်သည်၊ အမြတ်တော်ကြေးဆိုင်ရာ အရာရှိအကြီးအကဲ များအား လည်းကောင်း၊ အခွန်တော်ဌာနဆိုင်ရာ ၀န်ကြီးအားလည်းကောင်း၊ သွားရောက် တွေ့ဆုံကာ ရေစက်ချ လှူထားသော ပစ္စည်းနှစ်ရပ်ကို ချန်လှပ်ပြီး ကျန်ပစ္စည်းများကို လိုသလိုပြုကြပါရန် နောက်ဆုံးတကြိမ် ထပ်မံ ပုံအပ် လိုက်ပြန်ပါသည်။

ဤသို့ ကိုယ်တိုင်သွားရောက် ပြောပြခြင်းမှာလည်း ကုသိုလ်ရေးအတွက် ဖြစ်၍သာ အပင်ပန်းခံလိုက်ခြင်း ဖြစ်ပါသည်။ ဓမ္မ န္တရာယ်ပြုရဲသူများက ဌာနဆိုင်ရာ အရာရှိတို့ နားရှုပ်ထွေးသွားစေအောင် ပြုသော် လည်း လွတ်လပ်သော ပြည်ထောင်စုမြန်မာနိုင်ငံတော်မှာ ဗုဒ္ဓဘာသာကို နိုင်ငံတော် ဘာသာအဖြစ် ပြဋ္ဌာန်းသော နှစ်သစ်ဦး တွင်မှ ရွှေတိဂုံစေတီတော်ကြီးသို့ ရေစက်ချလှူထားသော ဘုရားပစ္စည်းများနှင့် ဓါတ်လှေခါး အလှူငွေ၊ မဟာဗောဓိတန်ဆောင်း နှစ်စဉ်မွမ်းမံရန်ရံပုံအလှူငွေများကိုပါ သိမ်းယူမည့် အမြတ်တော်ခွန် ၈-သိန်းခွဲ ထဲသို့ မပါဝင်၊ မရောထွေးသွားရအောင် ခွဲခြားချန်လှပ်ထားစေလိုသောကြောင့် သွားရောက် ရှင်းပြခြင်း ဖြစ်ပါသည်။ ကျမ၏ ကိုယ်ကျိုး ကိုယ့်စီးပွားအတွက်ငဲ့ကွက်၍တော့အပင်ပန်းမခံလိုပါ၊ ဤ ပစ္စည်း တွေ မြန်မြန်ကုန်သွားမှသာ ကိုယ်စိတ်နှစ်ဖြာ အေးချမ်းစွာ တရားအားထုတ်၍နေနိုင်မည်၊ ပစ္စည်းနှင့် ပတ်သက် ၍ ကျမအသက်ကိုပါ အမြဲစောင့်ပြီး ရန်ရှာနေသော လောဘသားတို့ အတွက်လည်း လောဘ ရမက် ငြိမ်းအေးသွားမည်ဖြစ်ပါသည်။

ဤအတောအတွင်းမှာ ရွှေတိဂုံစေတီတော်ကြီး၏ တောင်ဘက်တွင် ဆောက်လုပ်တပ်ဆင်နေသော ဓါတ်လှေခါး များ ပြီးစီးခါနီးသဖြင့် အခမ်းအနားနှင့် ဖွင့်လှစ်ရန် ဘဏ္ဍာတော်ထိန်းအဖွဲ့ဝင် ပုဂ္ဂိုလ်ကြီး များ ဆွေးနွေး နေချိန်ဖြစ်လာသည်၊ ကျမသွားရောက်ရှင်းပြသည့်အတွက် အခွန်တော်ဝန်ကြီးဌာနက အလှူ ပစ္စည်း များကို ဘဏ္ဍာတော်ထိန်းအဖွဲ့ဝင် ပုဂ္ဂိုလ်ကြီးများဆွေးနွေးနေချိန် ဖြစ်လာသည်၊ ကျမ သွားရောက် ရှင်းပြသည့် အတွက် အခွန်တော်ဝန်ကြီးဌာနက အလှူပစ္စည်းများကို ဘဏ္ဍာတော် ၀န်ကြီးဌာနက အလှူ ပစ္စည်း များကို ဘဏ္ဍာတော်ထိန်းအဖွဲ့၏ သက်သေအထောက်အထားပြကြ လျှင်၊ စစ်ဆေး၍ ခွင့်လွှတ် ပေးတော့မည် သတင်းကြားသောအခါ ဓမ္မ နံ္တရာယ် သူယုတ်မာသည် အောက်ပါအတိုင်း အမြတ်တော်ကြေး ဌာန မင်းကြီး ထံသို့ ကန့်ကွက်စာ တစောင်ပို့လိုက်ရာ ထိုဌာန မှတဆင့် ကျမထံသို့လည်း မိတ္တူတစောင် ရောက်လာ ပါသည်။

မြန်မာနိုင်ငံတော်
အမြတ်တော်ခွန်မင်းကြီး။ ရန်ကုန်မြို့။

နေ့စွဲ -
 လူကြီးမင်းခင်ဗျား။

လူကြီးမင်းအား လေးစားစွာ စာရေးအကြောင်းကြားအပ်ပါသည်၊ ယခုအခါတွင် လူကြီးမင်းတို့ ဌာနမှ ဗမာ့ခေတ် သတင်းစာတိုက် အခွန်စည်းကြပ်မှုနှင့် ပတ်သက်၍ မပြေကျန်နေသေးသော အခွန်တော် များ အတွက် ကျွန်တော်နှင့် ဒေါ်ခင်ခင်လေး နှစ်ဦးပိုင်ပစ္စည်းအများအပြားကို တားဝရမ်းထုတ်ထားပါသည်၊ ထိုကိစ္စနှင့် ပတ်သက်၍ လူကြီးမင်းတို့က မည်ကဲ့သို့ပင် ဆက်လက် အရေးယူသည်ဖြစ်စေ၊ ဆုံးဖြတ်ရန် ရှိသည်ဖြစ်စေ၊ ကျွန်တော့်အား အကြောင်းကြား အသိပေးပြီးမှ ပြုလုပ်ပါရန် မေတ္တာရပ်ခံပါသည်။

ဒေါ်ခင်ခင်လေး အမည်နှင့် ရန်ကုန်မြို့နယ်သာလင်ဘဏ်တိုက်တွင်ထားရှိသော ငွေများနှင့်ရန်ကုန် မြို့ အမှတ် ၆၆၆- ကုန်သည်လမ်းလုံခြုံရေးဘဏ်တွင် ထားရှိသော စိန်၊ ရွှေ၊ ရတနာများမှာ အမှန် စင်စစ် နှစ်ဦး ပိုင် ပစ္စည်းများသာဖြစ်ပါသည်၊ ၎င်းတဦးတည်းနှင့် ဆုံးဖြတ်ပိုင်ခွင့်သဘောတူညီမှု ပေးခွင့်မရှိကြောင်း တင်ပြ လိုပါသည်။

အထက် ဖော်ပြပါ အကြောင်းတို့ကြောင့် အခွန်တော်ကိစ္စနှင့်ပတ်သက်၍ ဆောင်ရွက်စရာရှိသော အခါတွင် ဤအချက် ကို သတိပြု ဆောင်ရွက်ပါရန် မေတ္တာရပ်ခံပါသည်။

                                                                             အုန်းခင်

ဟု ကန့်ကွက်စာ ပေးပို့သည်၊ စာချုပ်ကြီး အထင်ကရနှင့် မိမိကျူးလွန်ခဲ့သော အပြစ်အလျှောက်ပါ ဟုဆိုကာ ရှိပစ္စည်းများ စွန့်လွှတ်လက်မှတ်ထိုးကွာရှင်းပြီးခါမှ လှူထားသော စိန်၊ ရွှေ၊ ရတနာ ပစ္စည်း များကိုပင် သက်ဆိုင်ချင်သေးသည်၊ မူလ အကြောင်းပါစဉ်ကလဲ အိမ်ထောင်ကြီးချင်း ပါရင်း ဥစ္စာ ဆိုထား ပါလျက် အ၀တ်တထည် ကိုယ်တခုနှင့် အိမ်ပေါ်တက်လာပြီး ကျမပိုင် အရင်းအနှီးကို အမှီ၊ အခိုပြု နေထိုင်ခါ၊ နှစ်ပေါင်း ၂၀ ကြာမျှ အချိန်ရောက်လာမှ ဖေါက်ပြန် ယုတ်မာမှုတွေ ပေါ်လာပြီး ကွာရှင်း ကြပြီးသား ကို ယခုလိုမျက်နှာပြောင် တိုက်လျက် သက်ဆိုင်ပါ သည်ဟု ပြန်၍ဆိုရဲခြင်းမှာ ယိုသူမရှက် မြင်သူရှက် သကဲ့သို့ ဖြစ်ပျက်နေပါသည်။

လှူထားသောပစ္စည်းများကို ဆိုင်ပါသည်ဟုမရှက်မကြောက် ၀င်လုခြင်းမှာ ဘုရားရွှေခွါလိုသော သိမ်ဖျင်း လှသည့် သူယုတ်မာတဦး နှင့်လည်း ထူးမခြားနားဖြစ်နေပါသည်။

ကျမသည် အလှူကိစ္စတွင် ဤသို့ဝင်စွက်လာသောအခါ မနေသာတော့တဲ့ အရာမရောက်အကျွမ်း မ၀င်သော ၎င်း၏ကန့်ကွက်စာကို ပြန်လည်ကန့်ကွက်သည့်သဘောဖြင့် အမြတ်တော်ခွန်ဌာနမင်း ကြီးထံသို့ ကွာရှင်းစာချုပ်မိတ္တူဓါတ်ပုံများနှင့်တကွ ၎င်းနှင့်မည်သို့မျှပတ်သက်ပိုင်ဆိုင်ခြင်းမရှိတော့ ကြောင်း၊ ၁၉၆၀-ခု သြဂုတ်လ ၁၄-ရက်နေ့တွင် (ယခုတရားလွှတ်တော်တရားဝန်ကြီးချုပ် ဦးရန်အောင်) ယခင် အသိသက်သေအဖြစ် ကွာရှင်းစာချုပ်တွင် လက်မှတ်ပိုင်ရွှေ့ပြောင်းနိုင်သော ပစ္စည်း အရပ်ရပ် တို့ သာမက ဗမာ့ခေတ်သတင်းစာအမည် အကျိုးသတ်ရောက်မှု ခံစားခွင့်အရပ်ရပ် တို့ကိုပါစွန့်လွတ်ကြောင်း အဓိပ္ပါယ် ပါပြီးဖြစ်၍ ၎င်း၏ကန့်ကွက်စာသည် တရာမ၀င်သော ကန့်ကွက်စာသာဖြစ်ကြောင်း၊ အကြောင်း ပြန်စာ ကို တင်ပို့လိုက်၇ပါသည်။ ဘုရားပစ္စည်းကို တားဆီးပိတ်ပင်မှုမှာ သံသရာတွင်မက လောက မျက်မှောက် မှာပင် ဒိဌဓမ္မမကောင်းကျိုးပေးခြင်း ခံရတတ်သည်ဟု အကုသိုလ်ယုံကြည်သူတို့အဘို့မှာ ကြက်သီး ဖျန်းဖျန်း ထယူလောက်အောင်ဖြစ် ကြရပါသည်။

အကြံ ပက်စက်တဆင့်တက်၍

ယင်းသို့ ပစ္စည်းရှိသမျှ အမြတ်တော်ကြေးဌာနမှ (၆)နှစ်စာ ကြွေး(၈)သိန်းကို (၆)ရက်နှင့်မပေး၍ ညှပ်ပူး ညှပ်ပိတ် ချိတ်ပိတ်တားဆီးခံရသည့် အထည်းမှပင် သတင်းစာကို နေ့စဉ် အဆက်မပြတ် ထုတ်ဝေလာခဲ့ရာ ၁၉၆၁-ခုမတ်လ အလည်လောက်သို့ ရောက်ခဲ့ပါပြီ။ ဤအချိန်ပိုင်းဆီမှာဘဲ တရားလွတ်တော်သို့ ဆွဲတင် သွားသောအမှု (ထိုအမှုမှာ တသင်းစာတိုက်ကို ၀င်ရောက်အဓမ္မ အမည်တပ်ထားခြင်းအတွက် ကျမက  တိုက်ပိတ် ထားပေရန် ပုဒ်မ၁၄၅-အရ တိုင်တန်းထားသဖြင့် ရန်ကုန်အရှေ့ပိုင်းနယ်ပိုင် ရာဇ၀တ် တရားသူကြီး ရုံး၌ စစ်ဆေးနေရာမှထိုတရားသူကြီးရုံးကစစ် ဆေးခွင့်မပြုရန် သူတို့ဘက်မှ တရား လွတ်တော် တက်ထားသောအမှုဖြစ်ပါသည်။) ထိုအမှုကို တရားလွှတ်တော်မှ အမိန့်ချ လိုက်ခြင်း ဖြစ်ပါသည်။

အမိန့်က ရန်ကုန်အရှေ့ပိုင်း နယ်ပိုင်ရာဇာဝတ်တရားသူကြီးရုံး၌ မစစ်ဆေးရ၊ ပုဒ်မ၁၄၅နှင့် သတင်းစာတိုက် မပိတ်ရတော့ဟု ယူဆကာ အခြေအနေသည် ပို၍တင်းမာလာကြသည်။ နေ့စဉ် အမြဲတမ်း အလုပ်သမား ၁၀၀-ကျော်ခန့်မှာ အကြံအစည်တစ်ခုပြုရန် တီးတိုး၊တီးတိုး လုပ်လျက် အပြင်ဘက်မှ စကား အဆက် အသွယ် အပို့အယူပြုနေကြလေသည်။ ထိုသူများမှာ အယ်ဒီတာဌာန မှ ဂိုဏ်းဝင်နှစ်ယောက် သုံးယောက် ပါသည်။ မန်နေဂျာရုံးခန်းမှမန်နေရဂျာငွေထိမ်း စာရေးစာချီ စသည့်(၁၀)ဦးခန့်လောက်နှင့် သတင်းစာ ခေါက်ပို့အလုပ်သမား ၄-၅ယောက်တို့ဖြစ်ကြပါသည်။

ညစဉ်ညတိုင်း တီးတိုးအချက်ပြစကားများဘက်တော်သား အချင်းချင်း စည်းဝါးကိုက်နေကြသည်ကို အခြားသော  အလုပ်သမားများက ဘာမှမသိငေး၍သာ ကြည့်နေကြရပါသည်။  ဤတီးတိုးခေါင်း ချင်းရိုက် ကြသော အမှုအရာတွေမှာ ရက်အတန်ကြတော့ ကျမနားသို့ပေါက်ကြားလာပါသည်။

သူတို့တစ်ခုခု အကြံအစည် ပြုကြပြန်ပြီဟု ရိပ်းစားမိလာပါသည်။ သို့ကြောင့် တနေ့တွင် ဂိုဏ်ဝင် အယ်ဒီတာ ခင်မောင်လေးအားခေါ်၍ ကျမသတိပေးလိုက်ပါသည်။ မင်းတို့ဟာ တခုခုကိုအကြံအ စည်ပြု နေကြပြန်ပြီဟု ငါနားလည်သည်။ ယခင်လွန်ခဲ့တဲ့ ၃-လခန့်ကတကြိမ် အကြံအစည်ပြုလိုက် သဖြင့် ဗရမ်း ဗတာ ဖြစ်လျက် ရုံးပြင်ကန္နား တက်ကြရသည်အထိ တိုင်းသိပြည်သိ ဟိုးလေးတကျော် ဖြစ်ခဲ့၇သည်။ ယခု ၃-လ လောက် အချိန်ကြာလာခဲ့ပြန်ရာမှာ ဒုတိယတခါထပ်ပြီး အကြံကြီးကြလျှင် သတင်းစာ တိုက် ဖျက်ပစ်ရုံဘဲ ရှိတော့သည်။ မင်းတို့မတရား ၀ိုင်းဝန်းကြံစည် လုပ်ကြံသော်လည်း ခေါင်းငုံ့ခံနေမည့် မိန်းမစား မဟုတ်၊ ငါဘက်မှာ ဘယ်လိုပုဂ္ဂိုလ်မျိုးကမှ ၀င်ရောက်ကူညီစောင့် ရှောက်မှုမရသည့်တိုင်အောင် တယောက် ထဲ နှင့် ဒဏ်ပြန် ထိုးစစ်ဆင်ရမည်ဖြစ်သည်။

သို့ကြောင့် ရှေု့အဘို့ဆက်လက်၍ အကြံမပတ်စက်ကြပါနှင့် ရှင်းရှင်းဆိုရလျှင် အရင်တကြိမ် မင်းတို့အကြံ ပတ်စက် ကြလို့ ရုံးပြင်ကန္နား တက်ခဲ့ရပြီ၊ ယခုတကြိမ် ထပ်ပြီးမင်းတို့က မတရားသဖြင့် အကြံပက် စက်ကြဦး မည်ဆိုလျှင် ဗမာ့ခေတ်သတင်းစာတိုက် ပိတ်ပစ်လိုက်ရသည့်အခြေသို့ ရောက်သွား မည်။ သည် လိုက်ရသည့် အခြေသို့ ရောက်သွားမည်။ သည်တော့ ရှေ့နောက်ဆင်ခြင်စဉ်စားကြပါ မူလကလဲ သတင်း စာတိုက် ကို ငါပြန်မကြည့်ချင်တော့ဘဲ မင်းတို့အလုပ်သ္မားတတွေအတွက်သာ စိတ်ရှုပ်ခံ၍ ကြည့်ကြပ် အုပ်ချုပ်လာရခြင်းဖြစ်သည်။ ငါ့အဘို့မှာ ခေါင်းပေါ်တွင် အလေးခံ၍ ရွက် ထားရသော ရေအိုးကြီးကို လွှတ်ချပေါက်ခွဲပစ်လိုက်ဘို့ ဘယ်အခါမှ လက်နှေးလိမ့်မည်မဟုတ် ကြောင်း နားလည်စေ ချင် သည် ဟု အတိ အလင်းခေါ်ယူသတိပေးလိုက်ရပါသည်။

ထိုအခါမျိုးမှာတော့ ပြာပြာသလဲနှင့်ဒေါ်ဒေါ်ခင် အထင်မမှားပါနှင့်၊ ကျွန်တော်တို့ ဘာမှမကောင်းမ ကြံစည် ပါဘူး၊ အစစ အရာရာ ဒေါ်ဒေါ်ခင်၏စကား နားထောင်လုပ်ကိုင်နေပါမည်ဟု ၀န်ခံလေ သည်။ သို့ရာတွင် စကား အဖြစ်နှင့်သာ ပြောဆိုဝန်ခံသွားခြင်း ဖြစ်ပါသည်။  နောက်ကွယ်ရာမှာ ဆရာ သမားကြီး အား အဓမ္မ စံနစ်သုံးလျက် ရုံးခန်း အလုပ် ဌာနနှင့် ငွေရေးကြေးရေးကိုပါ အပြီးအ ငြိမ်းဒမြ တိုက်သိမ်း ယူလိုက်ဘို့ အကြံပြုနေကြခြင်း ဖြစ်ပါသည်။ ကျန်သောအလုပ်သမား (၈၀) ကျော်သည် ခေါင်းမော်၍မျှ မကြည့်ဝန့် ကြအောင် လူလက်တဆုပ်စာက ချယ်လှယ်ကြိုးကိုင်းထား ကြိုးကိုင်ထားကြသဖြင့် သူတို့ အဘို့ မှာ ဒီတစ်ခါပြန်လာရင်လဲ အရင်တစ်ခါလိုဘဲ ၀မ်းမြောက်ဝမ်း သာရှိလှပသည်။ ခင်းဗျားဟုဝိုင်းပြီး လက်ညှိုး ထောင်ကြရုံသာရှိကြပါသည်။

ဤရက်ပိုင်း အတွင်းမှာဘဲ ကျမအိမိသို့ ၀င်ထွက်နေသေးသော ယခင်ရေးခဲ့ဘူးသူ ဘီယာမယ် သူလျှိုမ သည် စကားအကူးအသန်းတစ်ခုပြု၍ လာလေသည်။ သူ၏စကားအရ ကျမကိုပြောပြပုံမှာ မမရေ- အကိုကြီး က လာပြောပါသည်။ သူမှားခဲ့ဒါတွေလဲအားလုံးဝန်ခံပါတယ်၊ သတင်းစာတိုက်မှာ ပေးစရာရှိတဲ့ အမြတ်တော်ကြေးတွေလဲ ၃-နှစ်နဲ့ပြေအောင်  ပေးဆပ်ပြီး အမြတ်ကိုလဲ ၇၅-ရာခိုင်နှုန်းမမကို ပေးပါမည်၊ ရုံးပေါ်က အမှုတွေလဲ သိမ်းပေးပါလို့ဆိုသည်ဟု ပြောလေသည်။

ကျမသည် ကျားငစဉ်းလဲနှင့်မခြား ကောက်ကျစ်ညစ်ပတ်သော ညဉ်ရှိသူ၏ ပရိယာယ်ကိုအလွယ် တကူ ယုံကြည် စေရန် အတွေးခေါ်ဥာဏ်ခေါင်းပါးလှသူမဟုတ်တော့ပါ၊ ၃-နှစ်နှင့်အမြတ်တော်ကြွေး ဆပ်ဘို့ ကိစ္စမှာ သတင်းစာတိုက်မှ ၀င်ငွေပေါ်၌တည်ခြင်းဖြစ်ရာ သူသာမဟုတ် ကျမလဲ လုပ်ဆပ် တက်ပါသည်။ တရာလျှင် တရာလုံး အမြတ်ရစေကာမူ သူယုတ်မာတို့နှင့်ဖြင့်ဆက်သွယ်မှုမပြုဝံ့ တော့ကြောင်း ခေါင်းခါ ရသည်။ သည်စကားမျိုးကို နောက်တခါ ထပ်မပြောရန် တောင်းပန်းထားရပါ သည်။ ဤသို့ ပြော၍ မရသော အခါ ဘီယာမယ်သူလျှိုမသည် ၀တ်လုံတော်ရ ဦးညွှန့်ဟန်အိမ် သို့သွားကာ ကျမ အမှုကို လိုက်ပါ ဆောင်ရွက်မပေးဘို့ ဖျက်ဆီးသေးသည်ဟကြားရပါသည်။ ဦးညွှန့်ဟန်မှာတည်ကြည်ဖြောင့်မှန်သူ ပုဂ္ဂိုလ် ဖြစ်၍ သူလျို့မ၏စကားကို လက်မခံ၍ ပြန်ခဲ့ရသည်။ နည်းအမျိုးမျိုးနှင့် ညစ်ပတ်ခဲ့၍လည်းမရ၊ ဂျောက်တွန်း လို့လည်း မရ၊ ချောက်၍လည်းမကြောက်၊ စီပွားရေးနှင့်ဆွယ်၍ လည်းမပါသောအခါ နောက်ဆုံး စွန့်စားခြင်း တရပ်ကို ပြုကြပါတော့သည်။ ထိုစွန့်စားခြင်းမှာ ယခင်ကြံစည်ထားသော တီးတိုးဝါဒနှင့် အချိတ် အဆက် များ အတိုင်းဖြစ်ပါသည်။

ခိုးသားဒမြလမ်းစဉ်အဓမ္မစံနစ် ဆက်ရန်
(နက်ဖြန် ဇာတ်သိမ်းမယ်)
.
>>>ဆက်ဖတ်ရန်>>> >>

Tuesday, May 18, 2010

ဒဂုန်ခင်ခင်လေး နှစ်ပေါင်း (၆၀) အပိုင်း (၁ဝ၉)

၆နှစ်အတွက် အမြတ်တော်ကြေး

သို့ရာတွင် ကျမကို အသေရရ, အရှင်ရရ ဤအိမ်ပေါ်မှ ဆွဲထုတ်ပစ်ချင်ကြသော လူယုတ်မာနှင့် အပေါင်းပါ ဂိုဏ်းဝင် တစုတို့မှာ သူတို့ရည်ရွယ်ချက်မအောင်မြင်တိုင်း ကြိတ်မနိုင်ခဲမရ ဖြစ်နေကြသည်။ အနှစ်နှစ် အလလက ကျကျ,နနစုံပေါင်းဖွဲ့စည်းပြီး အကြံကြီး ကြံခဲ့သမျှ ယခုတော့ ပစ္စည်းတွေနှင့် ဗမာ့ခေတ် ပဒေသာ ပင်ကြီးကိုလည်း ထင်သလိုအပိုင်မစီး လိုက်ရ၍ ဝေစုဝေပုံ မခွဲကြရသောကြောင့် အောင့်သက် သက် ဖြစ်နေကြရလေသည်။

သို့ဖြစ်၍ အလုပ်ရုံးခန်းမှ အလိုကျ ခိုးထုတ်ပေးနေသည်ကိုပင် တင်းတိမ်ရောင့်ရဲမှု မရှိနိုင်ဘဲ ကောက်ကျစ် ညစ်ပတ် သည့်နည်းနှင့် ပြန်၍အပိုင်စီးနိုင်ရန် ကြံဆဲဖြစ်သည်။ သူ၏မှားယွင်း ဖောက်ပြန်ခဲ့မှုတွေကို ၀န်ခံ တောင်းပန်စာ နှင့်တကွ သူမှာ အပြစ်ရှိတဲ့အတွက် ပစ္စည်းဘက်မှာလည်း ကဲ့ဝှက်ယုတ်မာခဲ့တဲ့အတွက် အပြစ် ရှိသူဖြစ်၍  အ၀တ်တထည် ကိုယ်တခုနှင့်ပင် ထွက်သွားပါမည်ဆိုပြီး စာချုပ်စာတမ်းနှင့်တကွ သက်သေ လုံလောက်စွာနှင့် နှင့် ကျကျနန ကွာရှင်းခဲ့လျက်ပါလျက် တဘက်၌ စာချုပ်က တရားမ၀င် လေဟန် လေသံပစ်လျက်ရှိသည်။ ကွာရှင်းသည်မှာ ကျမက မကျန်းမမာ၍ သေမှာစိုးတဲ့အတွက် စိတ်ချမ်း သာအောင် လုပ်ပေးရသလို ဂရုဏာကြီးစွာထားသော လူ့ဘောကောင်းကြီးပမာ ၀ါဒဖြန့်ပါသည်။ ရင်ငွေ့လှုံ ဂိုဏ်းဝင် အမျိုးသမီး/အမျိုးသားများကလည်း (သူ့ဆရာအသံ)အတိုင်း ဟစ်ပေးကြလေသည်။

အသေရရ-အရှင်ရရ အိမ်ပေါ်မှ ဆွဲချပစ်ရန် နည်းအသွယ်သွယ် ပရိယာယ် အခဏ်းခဏ်းနှင့် တဘက်တလမ်းမှ လုပ်ကြံလာသူက ကျမသေမှာစိုးရပြန်သသည်ဆိုသော စကားလုံးကို မရှက် မကြောက်သုံးရဲသော်လည်း ယုတ်မာကောက်ကျစ်နည်းအမျိုးမျိုးတွေနှင့် ယခုလောလောဆယ်ဆယ် ရင်ဆိုင် နေရသူ ကျမမှာတော့ ရယ်စရာသက်သက်သာ ဖြစ်နေပါသည်။  အကြံအစည်ကြီးခဲ့သလောက် ခရီး မရောက်မှီ အတော်အတွင်း ကလေးမှာ (လူမိဒါနာသည်)ဆိုတဲ့စကားလို ကျမက သိလျှင်သိခြင်း ယုတ်မာသူ၏ ညဉ်ဆိုးကို ကွက်ကျော်မြင်ပြီး အိမ်တွင်းအိမ်ပြင်မှစ၍ အကာအကွယ်ပြုလိုက်နိုင်သဖြင့် အန္တရာယ် တွေများ သလောက် ထိုးဖောက်နိုင်စွမ်းမရှိခဲ့ပါ။ သို့ရာတွင် အထက်ကရေးသားလာခဲ့သည့် အတိုင်း အခြားနည်းများနှင့် သုံးမရလျှင် သတင်းစာတိုက်ကို အတင်းဝင်စီးခြင်း၊ ရမ်းကားခြင်းများက သူ၏ ယုတ်မာသော ၀ါဒကို ဖုံးမရ,ဖိမရ ဖော်ပြလိုက်ခြင်းသာ ဖြစ်ပါသည်။

ယင်းသို့ သတင်းစာတိုက်ကို ပုံနှိပ်ထုတ်ဝေသူဟု အဓမ္မအမည်ဝင်ယူသည်ကို တရားရုံးတွင် ကန့်ကွက် ထားသော အမှုရက်ချိန်းများ ရှောင်လွှဲတိမ်းဖယ်နေရင်းမှ အခြားနည်းပရိယာယ်တခုကို အသုံးချ လာပြန်ပါသည်။ ထိုနည်းမှုာ လွန်ခဲ့တဲ့နှစ်တွေက ဗမာခေတ်သတင်းစာကို သူတို့လက်ဝါးကြီးအုပ်၍ လုပ်ချင် သလို လုပ်လာခဲ့ရာတွင် (၆)နှစ်စာ အမြတ်တော်ကြေး မပေးဆောင်ဘဲ ထားခဲ့သော အကြွေးများသည် (၈)သိန်းခွဲ မျှရှိနေသည်ဟု အမြတ်တော်ကြေးဌာနမှ တောင်းခံစာတွေ တစုတပြုံကြီး ရောက်လာလေသည်။ ထို(၈)သိန်းခွဲမှာ တိတိ,ကျကျစာရင်းအရ ကောက်ခြင်းမျိုးမဟုတ်ဘဲ စာရင်းများ အချိန်မှီမတင်သဖြင့် ခန့်မှန်း ခြေနှင့် ကောက်ယူလိုက်သည်ဟု သိရပါသည်။

(၆)နှစ်လုံးလုံး အမြတ်တော်ကြေး မပေးသွင်းခဲ့ဘဲ အပြင်အပ၌ ကာမဂုဏ်အမြတ်တော်ခွန် ဆက်ခါ ရင်ငွေ့လှုံ ဂိုဏ်းဝင်တစုအပေါ်၌သာ ရွှေမိုးငွေမိုး ရွာလာခဲ့ခြင်းကြောင့် ဗမာ့ခေတ်မှ အမြတ်တော် ကြေးပေးရမည့် ငွေများသည် သက်ဆိုင်ရာ အမြတ်တော်ခွန်ဌာနသို့ မသွားဘဲ ကာမခွန်ဌာနသို့ ရေစီးကြောင်း ပြောင်းလွဲစီးဆင်းနေခြင်း ဖြစ်ပါသည်။ ယုတ်စွအဆုံး ဖြုန်းလိုက် သည့် ဖြစ်ခြင်းမှာ ကျမ အမည်နှင့် ထားသော အသက်အာမခံငွေများကိုပင် မချန်လှပ် တော့ပဲ တိတ်တဆိတ်သောင်းနှင့်ချီ၍ ပြန်လည် ချေးယူသည့်အထိ အရမ်းကျနေတော့၏။ 

လွန်ခဲ့သော (၆)နှစ်ခန့်ကစ၍  မပေးသွင်းခဲ့သော အမြတ်တော်ကြေးခန့်မှန်းချေနှင့် တောင်းခံလိုက်သော ငွေ(၈)သိန်း ခွဲ တောင်းခံစာများသည် ဇန်န၀ါရီလထဲမှာ ကျမလက်သို့ ရုတ်တရက် ရောက်လာပါသည်။ ဒီတော့မှ သူတို့လုပ်ချင်သမျှ  လုပ်လာခဲ့သမျှ ပေးစရာကြွေးတွေ သည်အထိရှိသည်ကို ကျမသိရခြင်း ဖြစ်ပါသည်။ သြဂုတ်လက သတင်းစာတိုက်ကို ကျမ လက်အပ်၍ အလုပ်နှင့် ဆက်သွယ်သော ဘဏ်တိုက် များကို ကျမလက်မှတ်နှင့်မှ ဆက်သွယ်ရန် လွှဲပြောင်းခဲ့ပြီး ဖြစ်သော်လည်း ဘဏ်ထည်းမှ ငွေလက်ကျန်က ပြောပ လောက်အောင် မကျန်ခဲ့ဘဲ ငွေလက်ကျန်က ပြောပလောက်အာင်မကျန်ခဲ့ဘဲ ဘဏ်တိုက် တတိုက် လျှင် စာရင်းလက်ကျန်ငွေ ကလေး နှစ်ထောင်စသုံးထောင်စသာ ထားခဲ့ပါသည်။

၁၉၆၀ခု၊ သြဂုတ်လ ၁၄ရက်နေ့၌ ကွာရှင်းစာချုပ်လက်မှတ်ရေးထိုးပြီး သြဂုတ်လ၁၈ရက် နေ့မှ ဘဏ် များကို ကျမလက်မှတ် အမည်ပြောင်းခဲ့ခြင်းဖြစ်ရာ သြဂုတ်လ၁၀ရက်မှ ၁၇ရက်အထိ၊ ၇ရက်တွင်း ဘဏ်များ တွင်ရှိသမျှ ငွေများကို တတိုက်မှ၅သောင်းကျော်၊ တတိုက်မှသောင်းကျော် များ ထုတ်ယူသွားပြီ ဖြစ်ရုံ မက ငွေထိန်းလက်က ငွေသတ္တမှ တရာတန် ငွေစက္ကူတသောင်းစီ စည်းထားသော အထုပ်ပေါင်း ၉ထုပ် ခန့် အုပ်ထည့်ခိုးယူသွားပြီးသား ဖြစ်နေပါသည်။ ငွေထိန်းသည် သူ့လူ-မန်နေဂျာအဟောင်း အသစ် တို့ကလည်း သူ့ဘက်သားခိုးသာ ၄၀-တို့ အလယ်တွင် လုံလှပြီဟု ထုတ်ယူသွားသော်ငြားလည်း မျက်စေ့ရှင်သော အခြားအလုပ်သမားများ ကလည်း မသိလိုက်မသိပါ ကြည့်နေမြင်နေရပါသည်၊ ဤ အထဲမှာ အလုပ်သမားစုငွေ တနှစ်စာငွေ တသောင်းကျော်ကိုပင် တပါတည်း အပျောက်ရိုက်ယူ သွားပါ သေးသည်။

ထိုအပြင် နယ်သာလင်ဘဏ်မှာ သူ့နာမည်နှင့်သီးသန့် ဖွင့်ထားသော မိုးကြိုးလီမီတက် အတွက် ကဲ့ယူ အပ်ထားငွေမှာ တသိန်းနှင့် ၇ထောင်တိတိရှိကြောင်း သိရသေးသည်။ နောက်ပိုင်း ကိစ္စတွေ ယုတ်ယုတ် ယက်ယက်ဖြစ်လာသောအခါ နံမည်နှင့်ငွေများ ပြန်ထုတ်ယူပစ်ပြီး အခြေ အနေမရှိသူ ဂိုဏ်းဝင်လူယုံတော် တဦး နံမည်ဖြင့် ကပြာကရာပြောင်းထားလိုက်ပါသည်။ ကိုယ့်ဘက်ကျတော့ ဤမျှလက်မြန်ခြေမြန် ရှိလှ ပါသည်။ ဒီိလိုနေရာမျိုးမှာတော့ သိမ်ကြီးဈေး တ၀ိုက်က ခါးပိုက်နှိုက်တို့ထက် ကျင်လည်လှပါသည်။

(၆)နှစ်ခန့်က ခိုးထုတ်ကဲ့ဝှက်ပေးလာရသဖြင့် ဗမာ့ခေတ်မှ ငွေတို့သည် အိုးတလုံး ဖျာတချပ်မှ အခြေအနေမရှိသူ အပေါစား အညံ့စား သူတပါးမယားငယ်ဘ၀မှ တဆင့်လက်လွှဲ ခုန်ကူးလာသူ အမြှောင်မများတွင် ကိုယ်စီ,ကိုယ်စီအဆီယစ်လျက် အိမ်ပိုင်ယာပိုင် ကလေးတွေ ကိုယ်စီရနေကြလျက် လက်သွက်သော ခိုးသားလေးဆယ်နှင့် လည်သလို နှိုက်စားလေ့ရှိကြသော မိန်းမပွဲစား သာပေါင်း ညာစား တို့မှ စာပုံနှိပ်တိုက်များ လစဉ်ထောက်ပံ့ကြေးများနှင့် နှုတ်ခမ်းပါးနား အဆီစိုနေကြပါသည်။ ငါးတကာ ယိုသော ချေးသည် ပုဇွန်ဆိပ်ခေါင်းစုသကဲ့သို့ ဗမာ့ခေတ်သတင်း စာတိုက်အပေါ်တွင် အမြတ်တော်ခွန် ၆နှစ် အတွက် ကြွေး၈သိန်းခွဲ တစုတခဲ အရေးတကြီး တောင်းခံရခြင်းဖြစ်ပါသည်။ သည်လို အရေးတကြီး တောင်းအောင်လည်း ယုတ်မာသေ နည်းပရိယာယ်နှင့် ဆိုင်ရာဌာနသို့ သူယုတ်မာတို့က ခြေထိုး သတင်းပို့ လိုက်ပါသည်။

စာရင်းရှင်းမရတဲ့ဗမာ့ခေတ်


၎င်းတို့ ခြေထိုးသတင်းပို့ခြင်းမှာ ဆိုင်ရာဌာနအကြီးအကဲနှင့် ကျမသွားရောက် တွေ့ဆုံမိတော့မှ သိရခြင်း ဖြစ်ပါသည်၊ ဒေါ်ခင်ခင်လေးသည် ဗမာ့ခေတ်သတင်းစာတိုက်နှင့် တကွပစ္စည်းတွေကို အားလုံးလှူပ်ဖို့ စီစဉ် နေပါသည် ဟူ၍ သတင်းပေးလိုက်သည်၊ သည်တော့ဌာနဆိုင်ရာမှ သတင်းပေးလိုက်သည်၊ သည့်တော့ ဌာနဆိုင်ရာ မှ သူတို့အခွန်တော်ရထိုက်သမျှကို တောင်းဆိုဘို့ တာဝန်ရှိလာသည်၊ ၆နှစ်ကျော်က ရရန် ရှိသော အခွန်တော်ငွေများကို ပစ္စလက်ခတ်ထားခဲ့ပြီး ယခုတချိန်ထည်းတစု တပြုံလုံးပေါင်း၍ တောင်းလိုက် သည်၊ နောက်ပိုင်း ၁၉၅၈-၅၉-၆၀ သုံးနှစ်မှာ မန်နေဂျာများနှင့် စာရင်းစစ်ထံမှ အချိန်မှီစာရင်းများ တောင်းမရ ဟုဆိုကာ ထင်ကြေး ခန့်မှန်းခြေ နှင့် စည်းကြပ်တောင်းခံ၍ မတန်တဆကြီး ဖြစ်နေသည်။

၎င်းစာရင်းများမြှာ မန်နေဂျာဟောင်းခင်မောင်အေးလက်ထက်က ရှုပ်ရှုပ်ခတ် ရုတ်ရက် ခတ်မျှ သမီး ယောက်မ နှစ်ဦး ပူး၍လုပ်ခဲ့အုပ်ခဲ့ကြရာ သပွတ်အူပမာ ရှင်း၍မရနိုင်အောင်ရှိရာတွင် သတင်းစာတိုက်နှင့် မပက်သက် သော ကျမဘက်ကငွေများနှုင့် လှူတန်းထားသမျှတွေ၊ ကိုယ့်စရိတ် နှင့်ကိုယ် ကမ္ဘာနှစ်ကြိမ် လှည့်ခဲ့ဒါ တွေကိုပါ ဗမာ့ခေတ်တိုက်စာရင်းမှ ငွေထုတ်ပေးရသည်ဟု ပြထားသေးသည်။

ဤသို့တွေ့ကရ ခြောက်သောင်းထည့်၍ စာရင်းပြ၀သည်တိုင်အောင် ဖယ်ထုတ် သုံးဖြုန်းထားသော ငွေတွေကများပြီး လက်ကြားယိုထွက်သွားသည့် ခိုးပေးခ၊ ခေါင်းပုံဖြတ်ခတွေ၊ ကတုံးပေါ်ထိပ်ကွက်ကြသော ငွေတွေ က အစားထိုးစာရင်းပြ၍ မရနိုင်တော့သော အဆုံးမှာလုံးချာလယ်လျက် နောက်ဆုံးနှစ်ထွက်တော့ စာရင်း ကို အချိန်မှီမတင်နိုင်တော့ပါ။ သို့ကြောင့်ခန့်မှန်းခြေနှင့်သာ ချလိုက်ပါတော့ဟူ၍ ၈နှစ်ခန့် လုပ်လာသူ မန်နေဂျာက ၀တ္တရားကြေစွာပြောလိုက်သဖြင့် ကတိုက်ကရိုက် အမိန့်ချ၍ အမြတ်တော် ခွန်တောင်း ကြတော့ သည်၊ ၆နှစ်လုံးလုံးအေးနေခဲ့သော အမြတ်တော်ကြေးသည် တချိန်တည်း လုံးထွေးပြီး ၈သိန်းခွဲပေးရန် တောင်းခံလေရာ အလုပ်တိုက်ဘဏ်များမှာလည်း ငွေလက်ကျန်များများ စားစားကြီးမရှိပါ။

အမြတ်တော်ဌာနမှ အထက်ပါ (၆)နှစ်အတွက် အခွန်တော်ငွေ (၈)သိန်းခွဲကို တစုတည်း တောင်းခံ လိုက်ပြီးနောက် ၄၊၅ရက်အရှိတွင် ဗမာ့ခေတ်သတင်းစာတိုက်မှ စက်ပစ္စည်း များ၊ ဘဏ်တိုက်မှ ငွေစာရင်း များနှင့် သတင်းစာတိုက်နှင့် မပတ်သက် သော ကျမအမည် သက်သက်ရှိသော အိမ်မြေများကို တချိန်တည်း ချိပ်ပိတ် ထားလိုက်ခြင်း  ခံရပါသည်။ ချိတ်ပိတ် သောပစ္စည်းများတွင် အလှူငွေအဖြစ် သီးသန့် ကျမအမည်နှင်ထားသော ရွှေတိဂုံစေတီတော် ဓါတ်လှေခါးအလှူငွေ၊ မဟာဗေါဓိတန်ဆောင်းကို နှစ်စဉ် ဆေးသုတ်မွမ်းမံ ပြင်ဆင်ရန် ရွှေတိဂုံစေတီတော် မုခ်၎ဘက်တွင် နေ့စဥရေတော် လဲလှယ်ရန် မဟာဗေါဓိ တန်ဆောင်းညစဉ် ဓါတ်မီးပူဇော်ရန် စသော ရံပုံငွေများကိုပါ ချိတ်ပိတ်တားဆီးခြင်း၊ ရွှေတိဂုံ စေတီတော်ကြီး ၏ ထီးတော်၌ တင်လှူရန် ဘဏ္ဍာတော်ထိန်းအဖွဲ့သို့ လှူဒါန်းထားသော စိန်၊ ကျောက်၊ ပတ္တမြား သိမ်းဆည်းထားရာ လုံခြုံရေးဘဏ်ရှိ ပစ္စည်းသေတ္တာကိုပါ စုပေါင်းပြီး ချိတ်ပိတ်တားဆီးခြင်း ပြုပါ သည်။

အမြတ်တော်ကြေးငွေ (၈)သိန်းကျော်ကို ရက်ချင်းဆက်၍ တောင်းခံခြင်း၊ ပစ္စည်းရှိသမျှ အလှူ ပစ္စည်း များပါ မကျန် အပူတပြင်း ချိတ်ပိတ်ထားလိုက်ခြင်းခံရသောအခါ ကျမပစ္စည်းများမှာ လှူထားပြီးဖြစ်၍ အရေးမကြီး သော်လည်း သတင်းစာလုပ်ငန်းအတွက် ဆက်လက်ထုတ်ဝေရန် ဘဏ်များနှင့် မဆက်သွယ် ရသော် အလုပ်လုပ်၍ မဖြစ်ပါ။ (၆)နှစ်ကျော်က မပေးဆောင်ခဲ့သော ဗမာ့ခေတ်အခွန်တော်မှာ ကျမ တာဝန် မဟုတ်သော်လည်း ယခုလက်ရှိ အုပ်ချုပ်နေရသူ ကျမကသာ ပေးဆပ်ရတော့မည်ဟု ဆိုသည်။ ကျမ လက်ထဲ ရောက်လာသည်မှာလဲ ခြောက်လမျှသာ ရှိသေးသည်။ ဗမာ့ခေတ်တိုက်မှာ ငွေလက်ကျန်မရှိ၊ ပုံနှိပ်စက် ပစ္စည်းများနှင့် အခွံချည်း ကျန်ရစ်ခဲ့သော တပ်ပျက်မှာ ဗိုလ်လုပ်ရသူသာဖြစ်ကြောင်း၊ အမြတ်တော် ဌာနဆိုင်ရာ အကြီးအကဲ များကိုစောစောကပင် အကျိုးအကြောင်း ပြောပြ ထားပြီး သားဖြစ်ပါသည်။

သို့ရာတွင် ကျမနှင့် နောက်ထပ်တွေ့ဆုံသောအခါ ၎င်းကြွေးဟောင်း (၈)သိန်းကို ကျမက ပေးဆပ်ရမည်ဟုဆိုသည်။ ကျမမှာ ငွေသား(၈)သိန်းမရှိပါ။ ရှိအောင်လဲဘယ်အခါကမှ စုမထားခဲ့ပါ ရှိသမျှ လှူသာ လာခဲ့သည်။ ယခုလည်းလက်ကြွင်း လက်ကျန်များ စုပုံရေစက်ချ၍ လှူဒါန်းထားပြီးသားဖြစ်သည်။ လှူထားသော ပစ္စည်း၂-ဌာနကို ချန်လှပ်၍ ကျမပစ္စည်းဆိုလျှင် အိမ်နှင့်ခြံသာ ရှိတော့သည်။ ဒါကိုလဲ လှူဘို့ ဘဲ ရည်ရွယ်ပါသည်။ အမြတ်တော်ကြေး (၈)သိန်းခွဲအတွက် သတင်းစာတိက်မှ ပုံနှိပ်စက်ပစ္စည်း အရပ်ရပ် ကို ရောင်း၍ဖြစ်စေ။ လေလံပစ်၍ ဖြစ်စေ သိမ်းယူကြပါ။ အကယ်၍ ငွေမပြည့်သေးဘူးဆိုပါလျှင် လှူရန် ရည်ရွယ် ထားသော အိမ်နှင့်ခြံကိုပါထည့်၍ လေလံပစ်ယူပါဟု တခါတည်းထိုးအပ်ထားလိုက်ပါသည်။

သည်သော အခါ သတင်းစာတိုက်ကြီး တခုကိုတော့ ပျက်စီးပိတ်ထားလိုက်ရသည်အထိ မဖြစ်စေလိုပါ၊ အလုပ် ဆက်လုပ်ပါ၊ သတင်းစာတိုက်နှင့် ဆက်သွယ်ထားသော ဘဏ်များမှ ငွေရှိသမျှကိုတော့ အမြတ် တော်ခွန် အတွက် သိမ်းယူလိုက်ပြီး ငွေစာရင်းပြန်ဖွင်ခွင့် ပေးပါမည်။ အလုပ်ဆက်လုပ်ပါဟု အခွင့်ပြု၍ သတင်းစာ အလုပ်ကိုတော့ အဆက်မပြတ်ဘဲ လုပ်ရပြန်ပါသည်။ သို့ရာတွင် အိမ်နှင့်ခြံမြေ သတင်း စာတိုက် မှ စက်ပစ္စည်းများကိုတော့ ချိပ်ပိတ်ထားမြဲထားမည်။ သို့ရာတွင် အိမ်နှင့်ခြံမြေ သတင်းစာတိုက်မှ စက်ပစ္စည်း များကိုတော့ ချိပ်ပိတ်ထားမြဲထားမည်။ မလွဲမပြောင်း မရောင်းမချရဟု တားမြစ်ထားသည်။ သည် အတော အတွင်း သတင်းစာတိုက်ဝင်ငွေ မှနေ၍ လစဉ်လစဉ်အမြတ်တော်ကြေးအတွက် တသောင်း ဖြစ်စေ။ နှစ်သောင်းဖြစ်စေ။ ပေးသွင်း သွားနိုင်သလောက် ပေးသွင်းသွားရမည်။ ထုခွဲရောင်းချလိုသော ပစ္စည်း များကိုလည်း အမြတ်တော်ကြေးဌာန၏ ခွင့်ပြုချက်အရ ရောင်းချ၍ ရငွေကို ပေးသွင်းသွားရမည်ဟု ဆိုသည်။

ထို့ကြောင့် သတင်းစာကို ဆက်လကိထုတ်ဝေမြဲ ထုတ်ဝေလာခဲ့ရပြန်ပါသည်။ ကျမသဘောမှာ ပေးစရာ ရှိတဲ့ ကြွေးကို ဖြစ်တဲ့နည်းနဲက ထိုးအပ်ပေးပြီး အေးအေးနေလိုပါသည်။ အစိုးရကိုပေးရသော အခွန်တော် ငွေဆိုသည်မှာ တိုင်းပြည်လူထုအတွက် ပြန်အသုံးချသောကြောင့် စက်ပစ္စည်းတွေ အိမ်မြေတွေ လေလံပစ် ပြီး ကိစ္စငြိမ်းသိမ်းယူစေလိုက်လျှင်လည်း တနည်းအားဖြင့် တိုင်းပြည်ကို လှူပစ်သည်နှင့် မခြားပါ။ သို့ကြောင့် များစွာ ကြေနပ်မိပါသည်။

မဟာဗောဓီတန်ဆောင်းကြီး ရေစက်ချအမျှပေးဝေစာ ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

Monday, May 17, 2010

ဒဂုန်ခင်ခင်လေး နှစ်ပေါင်း (၆၀) အပိုင်း (၁ဝ၈)

ရင်ငွေ့လှုံဂိုဏ်းဝင် အမျိုးသ္မီးများက လူရိုး, လူကောင်းဟု ဂုဏ်သရေဆယ်ပေးနေခြင်း

ရဲဘက်ကို တိုင်ကြားထားသော ပိုင်နက်ကျူးလွန်မှုများမှာလဲ ရေခဲနှင်းဆောင်း ဖြစ်ခါရှည်ဝေးလာ ခဲ့ပါသည်။ ကျမသိရသမျှမှာ တိုင်ချက်အရ အတိုင်ခံရသူများကို စစ်ဖို့, မေးဘို့ လိုက်ရှာသော် လည်း မတွေ့ရသေးဟု ကြားရသည်။ ဤအတွင်းမှာပဲ နောက်ထပ်ဆင့်ကဲ၍ ပိုင်နက်ထဲသို့ ကျူး၍, ကျူး၍ ရမ်းလာယုံမက အယ်ဒီတာ ဋ္ဌာန အခန်းမှာ လူကြီးဂုဏ်သိက္ခာနှင့်မညီ လာရောက် သောင်းကျန်း လိုက်ပြန်ရာ။ ဒုတိယ- တတိယ အကြိမ်အဖြစ်များနှင့် ရဲဋ္ဌာနာသို့ ထပ်မံတိုင်ကြား ဖို့ကိုပင်ကျမ စိတ်မ၀င်စားချင်အောင် ဖြစ်လာ ပါသည်။

ယခင်နှစ်လခန့် ပူပူနွေးနွေး အချိန်မှစပြီး မသင်္ကာစရာကောင်းသော အချက်အလက်များ တွေ့သဖြင့် ကျမ၏ အသက်အန္တရာယ်နှင့် လူဆိုးဒမြတို့ရန်ကို ကာကွယ်စောင့်ရှောက်ပေးပါရန် စာနှင့်သော်၎င်း၊ နှုတ်နှင့် သော်၎င်း အကူအညီတောင်းဆိုသမျှ မှာလည်း အရာမထင်ခဲ့ သဖြင့်တံခါး သာနာနာပိတ်၍ ထားခဲ့ ရပါသည်။ ထိုအထဲမှာ ပူးသတ်မည့် အတွင်းရန်များသည် လစ်လျှင်လစ်သ လို ကျမကိုအန္တရာယ် ပြုရန်နည်း အမျိုးမျိုး နှင့် အချက်ကောင်းစောင့်နေကြပါသည်။

ဒမြတိုက်လိမ့်မည်၊ အနုကြမ်းစီး၍ ပစ္စည်းယူ လူသတ်ရန် အကြံအစည်မျိုး အိမ်ထဲမှ တံခါးဖွင့် ပေးမည့် သူလက်ထောက် ချမည့်သူ ရှိစေချင်သည်။ သို့သော် ကျမကမသင်္ကာသမျှ လူတွေအား စောစော စီးစီး ကြီး ကပင် အိမ်ပေါ်တွင်လာမနေစေချင်၍ အပြင်သို့ ထုတ်ထားလိုက်ပြီးသား၊ အချိန်မှီရှင်းလင်း လိုက်ပြီး သား ဖြစ်နေ၍ သက်သာရာရသည်။ သို့ရာတွင် အကြွင်းအကျန် နေထိုင်သူတို့ကိုလည်း အတွင်းစိတ် သဏ္ဍာန် ကို မသိနိုင်သောကြောင့် ကျမအိပ်ခန်း ထဲမှသူနာပြု ဆရာမကြီးမှ တပါး မညသူ့ကိုမှ ၀င်ရောက် စောင့် အိပ်ခွင့် မပြုပဲ ထားခဲ့ပါသည်။

သည်လိုအတွင်းမှ လက်ထောက် ချမည့်သူမရှိသောအခါ အိမ်အပြင်မှ လှေခါးထောင်၍တက်မည်၊ သို့မဟုတ် ယုတ်မာသော နည်းလမ်းတခုဖြစ်သော ရူးဆေးထိုးပြီး တံတားကလေးပို့ ထားမည်စသော သတင်း စကား များမှာ သူတို့ဘက်မှ အတွင်းလူချင်း၊ ဂွင်းဆက်ပြုရာမှ အပြင်၌ ပေါက်ကြားလေသည်။ သို့ကြောင့် ကျမသည် အလွန်သတိထား၍ စောင့်ကြည့်နေရသည်။
အချို့က သွေးတိုး ရောဂါအစာမကြေ ရောဂါများ တခါတည်းအမြစ်ပြတ် ပျောက်ကင်းသွားအောင် ဆေးထိုး ကုပါ။ ဟိုဆရာဒီဆရာတွေ အင်မတန် ကောင်းပါသည်ဟု ညွှန်ကြားလေသည်။ တချို့က အမည်ဝှက်၍ တွေကရာ ဆရာဝန်တွေနဲ့ ဆေးထိုးမခံပါနှင့် ဟုသနားသဖြင့် သတိပေးလေသည်။

ကျမကိုကုသနေသော ဆရာဝန်ကလွဲ၍ မည်သူကိုမှစိတ်မချဝန့်ပါ။ ကျမကိုလက်ရှိကုသနေသော ဒေါက်တာ ကလည်း ဘယ်တော့မှ ဆေးထိုး၍ မကုခဲ့ပါ၊ အသဲအသန်ဖြစ်တဲ့ ညတုံးက တကြိမ်သာ ဆေးထိုး ခဲ့ဘူးပါသည်။ နောက်ပိုင်းမှာ ကျမရောဂါ အခြေအနေက ဆေးထိုးကုဖို့ မလို၊ စားသောဆေးများသာ ပေး၍ ကုထား ပါသည်။

ဤကဲ့သို့ မကျန်းမမာလျက်နှင့် လေးဘက်လက်တန်မှ အန္တရာယ်တွေ ၀ိုင်းဝိုင်းလည်နေသူ မိန်းမသား တဦး အနေနှင့် အားကိုးရမည့် အကွယ်အကာကိုတော့ လိုချင်ပါသည်။ ဤအခြေအနေ မျိုးတွင် ဘယ်လို မိန်းမ သားမျိုး ဖြစ်စေ၊ အကာအကွယ်ကို အလိုမရှိပဲနေနိုင်ပါမည်နည်း၊ သို့ရာတွင် ကျမမှာ ဘယ်ဘက်က လှည့်ကြည့် ကြည့် အားကိုးစရာမရှိ၊ ကူညီစောင့်ရှောက်မည့်သူ မရှိပဲ တဦးထဲ ကြံ့ကြံ့ခံနေရပါသည်။ ကျမ သည် အမှန်တရားနှင့် ဘုရားမှတပါး ကိုးကွယ်အားထားရာမရှိတော့ ပေ၊ အခြေအနေသည် ထိုစဉ် အခါက ကြမ်းတမ်း သော မုန်တိုင်းလှိုင်းလေတွေ ကြားထဲမှ အသက်ဘက်က ၀ိုင်းထားသော ဘေးအန္တရာယ် ထူပြော လှသည့် ကန္တာရခရီးကြီးကို တဦးတည်း ကျန်းမာရေး ချို့တဲ့စွာနှင့် ဖြတ်ကျော်နေခဲ့ရသော အချိန်ဖြစ် ပါသည်။

ကျမသည် နောက်ပိုင်း၌ သဲ့သဲ့ ကြားရသည်မှာ ထိုစဉ်က အရေးတကြီးကိစ္စရှိ၍ တယ်လီဖုံးနှင့် သော်၎င်း၊ စာအားဖြင့် သော်၎င်း တိုင်ကြားအကူအညီတောင်းခဲ့ဘူးလေသမျှ ဆိုင်ရာအရာရှိ အချို့၏ အမြင်၌ အဖွားကြီး စိတ်ကယောင် ချောက်ခြား ဖြစ်ဖြစ်နေလို့ တွေ့ကရာတွေ ရှောက်တိုင်တောနေသည်။ အရေး မယူ ပါနှင့်ဟု မဟုတ်မတရား ၀ါဒဖြန့်ထားမှုက စူးယှနေပုံရပါသည်။

အချို့နေရာများတွင်လည်း ကျမအား အဖွားကြီးရူနေသည်။ ရူးနေပြီ၊ ဒါကြောင့်သာ မိန်းမမှန်သမျှ တွေနှင့် ယုတ်ပတ် စွတ်စွဲ နေခြင်း ဖြစ်ပါသည် ဆိုသော အကာအကွယ်နှင့် ဂုဏ်သရေဆယ်နေပါ သည်၊ အချို့ အလှမ်းဝေး သူများသည် တကယ်ရူးများ နေရှာသလားဆိုပြီး အကြောင်းရှာ၍ လာတွေ့ ကြည့်ရှု သွားသည် ကိုပင် ခံရပါသည်။ အမျိုးသ္မီးကလောင်အဖွဲ့မှ အမျိုးသ္မီးနှစ်ဦး, သုံးဦးကပင်လျှင် သူတို့လာလျှင် ကျမသည် ဘာစကား မှ မပြောပဲ ငေးငေးငိုင်ငိုင်ကြီး ကြောင်ကြည့် နေတတ်သည်၊ တခါ, တခါ သူ မကြိုက်တာ ပြောမိလျှင် ကက်ကက်လံ အောင် ရန်တွေ့လွှတ်တတ် သည်သူ ဗိုလ်ချုပ်ဈေးအတွင်းမှ နေပြီး သတင်းစာ တိုက် တတိုက်မှ သူတို့အသိအကျွမ်း တဦးကို သတင်းပေးလိုက်ပါသည်။ သူတို့အပြောအားဖြင့် ကျမသည် ရူးစ ပြုနေသော ပုံပမ်း လက္ခဏာပေါ် စေရန်ဝါဖြန့်ပေး နည်းဟုလည်း ဆိုနိုင်ပါသည်။

ထိုအကြောင်းကို ကျမပြန်စဉ်းစားမိသော အခါထိုစဉ်က ကျန်းမာရေးမကောင်းနေချိန် ဖြစ်၍ စကားများများ ပြောလျှင် မောသည်၊ ရင်တုန်သည်၊ ပြောရမည့်စကားကလည်း၊ အတွင်းရေးစိတ် မချမ့်မြေ့ စရာ စကား များသာ ဖြစ်ပါသည်၊ သို့ကြောင့် သူတို့လူနာလာမေးစဉ် အခါက ကျမစကားများ များမပြောပဲ ငြိမ်သက်စွာ နေမိသည်၊ သညအချက်ကို ကျမအသည် ဒက်ခနဲ ပြေးမြင် ရပါပြီ၊ သူတို့မှာ လျှို့ဝှက် ဆက်သွယ်မှု လဲရှိနေကြသူများ ဖြစ်ကြောင်း သိရပါသည်။

အလွန်အကျူးကာမယစ်မူးကြီး လူသာမန်တို့ ပြုဝန့်ခဲသော ညစ်ပတ်ကောက်ကျစ် စဉ်းလဲစွာ ပြုမူနေသော ကိစ္စများကြောင့် ပြောရုံနှင့် မည်သူမျှယုံကြည်မည်မဟုတ်ပါ၊ နှစ်ပေါင်းအတော် ကြာက လော်လီ ဖေါက်ပြန် လာသူ ကိုယ့်အရိပ်ခိုးကိုးရောက်လာသော လင်ရှိမယား မိတ်ဆွေ တပည့်, တပန်းသားမယားများပါ မချန်၊ မိန်းမ မှန်တိုင်း ထမိန် လိုက်လှန်နေသည့် လူစွမ်းကောင်း စိတ်လှ ဗိုလ်မဟုတ်သော ထမိန်လှန်ဗိုလ်ကြီး လုပ်လာခဲ့သမျှ ကျမပင် ယခုမှ ဘီလူးတွေ့, ဒူးတွေ့ ကြားရ, မြင်ရသူ ယုတ်မာမှုကို ဗြုံးစားကြီးရင် ဆိုင်ရသူဖြစ်ရာ အပြင်အပက လူများကလည်း အဖွားကြီးရူးနေလို့သာ စွပ်စွဲတယ်ဆိုဒါ ဟုတ်လေမလားဟု ထင် ကောင်း ထင်ကြပါမည်။

အဆိုပါ အမျှောင်အဆွယ် စားဖါးပိုင်းလုံးများနှင့် လင်ရိုမယား အပျော်တန်း မများကလည်း ရူး၍စွပ် စွဲနေသည်ဟု သတင်းဖြန့်သလို မိတ်ဖြစ်, ဆွေဖြစ် ၀င်ထွက်ဆက်ဆံနေသူ ရင်ငွေ့လှုံဂိုဏ်းဝင် ရပ်စပြူတင် အား ကြည်ညိုလေးစားသူ အမျိုးသ္မီးများကလဲ ရှိသမျှမိန်းမတွေနှင့်ပေး စားနေသည်။ စွပ်စွဲ ယုတ်ပတ် နေသည်၊ အဖွားကြီးစိတ်ဂယောင် ချောက်ချားဖြစ်နေပြီ ဟူသော ၀ါဒဖြန့်ပေးမှုများ ကို တကယ်များရူး၍ ပြောနေ သလား ဟု ထင်ကြေးပေးကြသည်။

ကာယကံရှင် နောက်မီးလင်း၍ စားကွက်ဖေါ်နေသော အပျော်ထမ်းမများကလည်း သူတို့လင်နှင့် ပတ်ဝန်းကျင် ကို သူတို့ အကျင့်အကြံမရိပ်မိစေရန် သည်နည်းနှင့်ပြန်၍ အကာအကွယ် ယူထားကြပါသည်၊ (အဖွားကြီး စိတ်ဂယောင်ချောက်ချား ဖြစ်နေလို့ သူတို့နဲလဲ စွပ်စွဲပါသည်။ ဟိုကတကဲ့ သူတော်ကောင်း ယောကျာ်ကြီးပါ လူရိုးလူကောင်းကြီးပါ)ဟူသော  ဤဂါကိုရွတ်လျက် အရှက်ကို ကာကွယ် ဖုံးအုပ် နေကြ ပါသည်။ ရင်ငွေ့လှုံအသင်းဝင်ရပ် စပြူတင်ဂိုဏ်းကို ကြည်ညိုလေးစားသော အချို့ အမျိုးသ္မီး များသည်၊ မိတ်ဖြစ်, ဆွေဖြစ်လိုလိုသွားလာဝင်ထွက် အဆက်အသွယ်ပြုလျက် ရှိကြရုံမက မူးတယ်ရမ်းတယ် ဆိုတာ တွေလဲ မဟုတ်ပါဘူး၊ အခုအဖိုးကြီးအရပ်မသောက်တော့ဘူး၊ အရက်ပြတ်သွားပါပြီ၊ ခုမှပိုကောင်းသွာပြီ ဆိုသော ဟိမန္တာ ချီးမွမ်းခဏ်း အပြောမျိုးနှင့်လည်း ဂုဏ်ပုဒ် လိုက်ဆယ်ပေးကြရသေးသည်။

နာလဲနာ နံလဲနံ ၂-ခါနစ်နာခဲ့ရပုံ


ယင်းသို့ ရင်ငွေ့လှုံဂိုဏ်းဝင်အမျိုးသ္မီးများ အသိမိတ်ဆွေများက ပြစ်မှုတွေလျှို့ဝှက်ကျူးလွန် လာခဲ့သူ၊ ကလိန်ကျလာခဲ့သူ၏ ဘက်မှနေပြီး ဆိုခဲ့သည့်နည်းအတိုင်း ကောင်းသတင်းတွေ ဖြန့်ဝေဖုံးဖိပေး ကြခြင်း ကြောင့် တကြောင်း၊ အလွန့်အလွန် များပြားစွာ ကျူးလွန်ထားသော တရားမဲ့မှုတွေက များပြားလွန်း လှသဖြင့် ယုံနိုင်ကြစရာမရှိ၊ ကောက်ကျစ်ခြင်း, ညစ်ပတ်ခြင်း, ပြောင်းပြန်လှန်၍ ခြေထိုးသတင်းပေးခြင်း စသည် များမှာ သာမာန်လူဆိုး, လူညစ်တို့ပင်ပြုဝံ့ ကျူးလွန်ဝံ့, နိုင်ခဲ့သဖြင့် တကြောင်း၊ မည်သူမျှလဲ ရုတ်တရက် အတွင်းသိ မဟုတ်ပဲနှင့် ယုံနိုင်စရာ အကြောင်းမရှိအောင် ဖြစ်နေပါသည်။

ယခုကဲ့သို့ ကျမအတ္တုပ္ပုတ္တိမှာ ဖွင့်ချရေးသား ထားသည်ကိုပဲ အာဃာက တရားကြောင့်ရေးသားသည် ဟု ထင်ချင်လည်း တင်ပေမည်၊ သို့ရာတွင် ကျမ၏ကိုယ်ရေးကိုယ်တာ အတ္တုပ္ပတ္တိ အတွေ့အကြုံ အဖြစ် အပျက် များမှာ တဘက်မှယုတ်မာမှု ကိုလက်ညှိုးညွန်ပြရာ၌ ဒေါသကြီး၍, ရူးနေ၍သာ ပြုမူပါသည် ဟု ကာကွယ်မှု လုပ်ပေးကြသောအခါ ကျမမှာနာလဲနာ နံလဲနံဆိုသော စကားပုံလို နှစ်ဘက်နာနေသူ ဖြစ်သော ကြောင့် ဒါတွေကိုချန်လှပ်ထားခဲ့၍ မဖြတ်တော့ပါ၊ မပါလျှင်မပြီးသော ကြောင့်သာဖွင့်ဟ ရေးရပါသည်၊ ရေးရာ တွင်လည်း အလွန်သက်သက်, ညှာညှာနှင့်ရေးခဲ့ခြင်း ဖြစ်ရာ အက္ခရာစာလုံးများ နှင့်တင်၍ မရေးအပ်, မရေးထိုက်သော စုတ်ပဲ့ညစ်ညမ်းလှသည့် ကိစ္စများကို လုံးဝချန်လှပ် ထားခဲ့ရခြင်း ဖြစ်ပါသည်။

ရေးသားပြီးခဲ့သည့် အတိုင်းဗမာ့ခေတ်သတင်းစာ အယ်ဒီတာ အခန်းတွင် တရက်နှစ်ရက် ၀င်ရောက် သောင်းကျန်း လိုက်ပြီးသည်နောက် ပျောက်ကွယ်ငြိမ်ဝပ် သွားပြန်ပါသည်။ သို့ရာတွင် ရိုးရိုးသားသား ငြိမ်ဝပ် သွားခြင်းမဟုတ်ပါ။ တနည်းတမ်း”ညစ်“ ရန်လမ်းစ ရှာနေခြင်းသာ ဖြစ်ပါသည်၊ သတင်းစာ အယ်ဒီတာ ဋ္ဌာန၌ဦးချစ်သိမ်း ထွက်သွားသည်မှ တပါးယခင်အတိုင်း ဆက်လက်လုပ်ကိုင် လျှက်ရှိပါသည်။ ဦးချစ်သိမ်း နေရာ၌အယ်ဒီတာ တဦးဖြစ်သူဦးသိုက်ထွန်းအား နိုင်ငံခြားရေးဋ္ဌာန အယ်ဒီတာအဖြစ် အစားထိုး လုပ်ကိုင် စေခဲ့ပါသည်။

အောက်ထပ်ရှိ အလုပ်ရုံခန်းဋ္ဌာန အရပ်ရပ်မှာ သတင်းစာ ဖြန့်ချီရေး၊ ကြော်ငြာဋ္ဌာန၊ ဘလောက်ဋ္ဌာန၊ ခဲစာလုံး ဋ္ဌာန စသည်နှင့် ငွေရေးကြေးရေး အ၀င်အထွက် စာရင်းများကို ယာယီမန်နေဂျာ ဦးဗအေး(နှစ် ဘက်လွှ)က ကြိုးကိုင်အုပ်ချုပ် လုပ်ကိုင်ပေးနေပါသည်၊ သူနှင့်အတူငွေထိန်း မခင်ရီနှင့် စာရေးစာချီ ၃-၄ဦး တို့မှာ ဦးဗအေးနှင့် တစိတ်တ၀မ်းထည်း တကြိတ်ထည်း တညဏ်ထည်း ဖြစ်နေကြလျက် လျှို့ဝှက် အသင်း တခု ပမာ ကျမကိုဝိုင်းညာ နေကြသည်။

သူတို့လာအပ်သော နေ့စဉ်ဝင်ငွေနှင့် ထွက်ငွေ စာရင်းများကိုသာ ကျမက အသိအမှတ်ပြု၍ နေရသည်၊ မသင်္ကာ သော အချက်အလက်များကို ထောက်ပြမေးမြန်း သောအခါလည်း အမျိုးမျိုးသော နည်းပရိယာယ် နှင့် လယ်သလိုလှည့်ပတ်ပြောပြနေ ကြသည်၊ သတင်းစာမှာ ထောင်နှင့်ချီ၍ ခိုးမထုတ်သောကြောင့် ကြော်ငြာ ဋ္ဌာနမှ ၀င်ငွေများ နယ်ကိုယ်စားလည်များထံမှ ၀င်ငွေများကို နေ့စဉ်ဝင်လာသလောက် စာရင်း မှာ မသွင်းပဲ အကြွေးစာရင်း လိုလိုပြုပြင်ထားသည်။

စင်စစ်တော့ဤငွေများကို ဆရာသမားကြီအား သွား၍, သွား၍, ပူဇော်နေရသည်၊ ခါးပိုက်နှိုက် နည်းပြ ဆရာကြီး ကလည်း သည်နည်းသည်ပုံလုပ်ရမည်ဟု ချမှတ် ထားသော အမိန့်အာဏာကို ဦးလည်း မသုံး လိုက်နာ ကျင့်သုံးပေးနေရကြောင်း၊ တဖြေးဖြေး ပေါ်မှန်းမသိပေါ်လာပါသည်။

    ယာယီမန်နေဂျာသည် ဗမာ့ခေတ်မှ နေခင်းအလုပ်ပြီးသောအခါ သိမ်ဖြူလမ်းရှိ ဌာနချုပ်မှာ ညညီလာခံ တက်၍ အရက်ဝိုင်းက အကြံပေးလွှတ်သမျှ, အမိန့်ချလွှတ်သမျှ, နေ့နေကျတော့ လုပ်ကိုင်ပေးရသည်၊ ကျမကို ပြောတော့ မမခင် အထင်မလွဲပါနဲ့၊ ကျွန်တော်ဘယ်တော့မှ ဟိုကိုမသွားပါဘူး၊ သူခိုင်းတာ လဲဘာမှ လုပ်မပေးပါဘူး ငွေရေးကြေးရေးကိစ္စ စိတ်ချပါ၊ ကျွန်တော် တယောက်ထဲနဲက ခိုးပေးလို့မရပါဘူး ငွေထိမ်းရော စာရေးများပါ ၄-၅ယောက်ဝိုင်း ပြီးကြိုတ်ပြီး လိမ်မှဖြစ်နိုင်ပါတယ် ဟူသော ဆင်ခြေမျိး ကိုပေးလျှက် ကျမ၏သင်္ကာမကင်းချက် တို့ကိုအဖြေပေး၍ ကာကွယ်နေပါသည်။

ဗမာ့ခေတ် သတင်းစာနှင့် ဆက်သွယ်လုပ်ကိုင်လျက်ရှိသော စာရင်းစစ်အဖွဲမှာ လည်းယာယီမန်နေဂျာ ဦးဗအေး ၏ တူသားတို့ဖြစ်ကြငည့်ဟု နောက်မှသိရှိရပါသည်၊ သို့ကြောင့် ဗာမာ့ခေတ်သတင်းစာ အလုပ်တိုက် ၏ ငွေဝင်ငွေထွက် စာရင်းအင်းများနှင့် (၁၀)နှစ် (၁၀)မိုးကင်း ကွာနေသူကျမမှာ ဘာမျှ ရုတ်တရက်ပြုပြင် စစ်ဆေးနိုင်စွမ်းမရှိသော အခြေအနေတွင် ရောရှိနေပါသည်၊ ၃-၄လ ရှိလာသည် တိုင်အောင် လချုပ်စာရင်းအကျဉ်းချုပ်ကို တိတိကျကျ တောင်းမရပဲ စာရင်းတွေရှုပ်နေလို့ လုပ်နေဆဲ ပါဟူသော အဖြေကို ပေးပါသည်။

အလုပ်တိုက်မှ စာပေါင်းသိုက် ကလိမ်ခြုံကျ၍ သပွတ်အူဖြစ်နေသမျှ ကျမသိသလောက် အချက် အလက် တို့ကို ကွက်တိထောက်ပြပြီး မေးသောအခါ၌ အကောင်းဆုံးအဖြေ တမျိုးရှိပါသေး သည်၊ ဒါတွေ, ဒါတွေ ကတော့ မမရဲ့မောင်ခင်မောင်အေး မန်နေဂျာ အဖြစ်၇-နှစ် လုပ်ချင်သလို လုပ်သွားဒါတွေပါ၊ ကျွန်တော်က ခုမှ ယာယီမန်နေဂျာ ၀င်လုပ်ရတာ ၄-၅လထဲရှိပါသေးသည်၊ သူလုပ်သွားတဲ့အတိုင်းပဲ ကျွန်တော်က ဆက်လိုက် နေရခြင်းသာ ဖြစ်ပါသည်၊ စသောအဖြေများ ကြောင့်လက်ပူးလက်ကြပ် မိနေသော အမှု မပြစ် များကို အပြစ်ဟောင်းများအဖြစ် လျှော်ပစ်လိုက်ရ ပြီးနောက် သည်နည်းအတိုင်း လိုက်၍ မလုပ်ဖို့ စည်းကမ်းပြုလုပ်ပေးရပါသည်၊ သို့ရာတွင် ကျမရှေ့ ၌ဟုတ်ကဲ့ဟု ၀န်ခံသွားသော်လည်း ကျမ ကွယ်ရာ မှာ တော့ဆရာ့အကြိုက်အတိုင်း တုံးတိုက်တိုက် ကမ်းတိုက်တိုက် လုပ်ပေးနကြသည်၊ ဆီကဲ့သို့ အပေါက် ရှာ၍ ယိုစိမ့်နေကြပါသည်၊ဤတပေါက် တွေ့၍ပိတ်လိုက်သောအခါ ဟိုတပေါက်မှတိုးပြီး ထွက်ပါ သည်။

ကျမကလည်း လောဘ သက္ကာံယကြီးကြီးနှင့် အလုပ်တိုက်ကို ဦးစီးပြီးငွေရေး, ကြေးရေးကို စစ်စစ် ပေါက်ပေါက်ကြီး အပင်ပန်းခံကာ မကြည့်လိုမလုပ်လိုပါ၊ ကျန်းမာရေးကလည်း မကောင်းပါ၊ ကျမမသေခင် ၀န်လေး ပင်ပန်းမှုမခံလို၊ ရည်ရွယ်ထားသော လှူစရာတန်းစရာ ကိစ္စများအတွက်သာ မပြီးပြတ်သေးသဖြင့် သတင်းစာ တိုက်နှင့် အလုပ်ကိစ္စ တာဝန်များကိုမလွှဲ မရှောင်သာ ပြန်ကြည့်နေ ရခြင်းဖြစ်ပါသည်၊ ဤမျှသော ပစ္စည်းဥစ္စာကလေးများ အတွက် လောဘရမ္မက် ငမ်းငမ်းတက်၍ အသက်အန္တရာယ် ကိုပါ ယုတ်မာ ကောက်ကျစ်စွာ ၀ိုင်းဝန်းလုပ်ကြံခံရခြင်းတို့ကြောင့် ကျမသည် ပစ္စည်းဥစ္စာနှင့် အမြန်ဆုံးကင်း ကွာသွား အောင် နေလိုလှပြီ၊ လူစရာရှိသလောက် လှူတန်း၍ ပေးကမ်းစရာ ရှိသမျှပေးကမ်း စွန့်ကြဲပစ်ရန် သန္နိဋ္ဌာန် ချပြီး ဖြစ်ပါသည်၊ ကျမပစ္စည်းမှန်သမျှ အ၀တ်အထည်အနည်းငယ်မှ တပါးအားလုံး ဘုရား ပစ္စည်း များ ချည်းသာဟု ရည်မှန်းပြီးသာဖြစ်ပါ သည်။

၆နှစ်အတွက် အမြတ်တော်ကြေး ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

Sunday, May 16, 2010

ဒဂုန်ခင်ခင်လေး နှစ်ပေါင်း (၆၀) အပိုင်း (၁ဝ၇)

အယ်ဒီတာကို မအေနှင့်ဆဲခြင်း

ထိုညက ရှိနေသောသူမှာ ဗမာ့ခေတ်သတင်းထောက်ချုပ် မောင်စိန်လှိုင်ဖြစ်ပါသည်။ ၎င်းပြင် နိုင်ငံခြား ရေး အယ်ဒီတာ ဦးချစ်သိမ်းနှင့်အတူ ဝေပုံကျအဆူအဆံခံရသူမှာ အယ်ဒီနာဦးမြသွင် ဖြစ်သည်စု ကြားသိ ရသဖြင့် အယ်ဒီတာဦးမြသွင်နှင့် သတင်းထောက်ချုပ်မောင်စိန်လှိုင်တို့ တွေ့ကြုံဖြစ်ပျက်သမျှ သတင်း အမှန် ကို တိတိကျကျစာနှင့်ရေးပေးကြရန် ကျမကတောင်းဆိုလိုက် ပါသည်။

ထိုသို့ အဖြစ်မှန် ရေးသားအစီရင်ခံချက်ကို တောင်းဆိုထားရသည်မှာ ရန်ကုန်ခရိုင် ရာဇ၀တ်တရားသူကြီး ဦးသန်းနွဲ့ ရုံး တွင် ဗမာ့ခေတ်သတင်းစာနှင့် မပတ်သတ်တော့ဘဲ၊ အယ်ဒီတာ ကိုကိုလေးနှင့်ပူးပေါင်းပြီး မလိမ့်တပတ် လုပ်၍ ပုံနှိပ်ထုတ်ဝေသူ အမည်ကို ကျမ သဘောမတူဘဲ အဓမ္မပြောင်း ယူထားသည့် ကိစ္စ အတွက် ပယ်ဖျက်ပေးရန် ကျမကတရားစွဲဆိုထားခြင်းကြောင့် ၌အချက်အလက်များသည် ထိုတရားရုံး ၌ တင်ပြရန် အရေးကြီးသောကြောင့် ဖြစ်ပါသည်။

စာချုပ်များ အရ ဗမာ့ခေတ်သတင်းစာတိုက်ပိုင်ရှင် မဟုတ်တော့ဘဲနှင့် အယ်ဒီတာများကိုပါ လာရောက် ကျုးကျော် စော်ကားခြင်းမကျေနပ်လျှင် တရားဥပဒေစည်းဝိုင်းအတွင်းမှ စကားမပြောဘဲ လူဆိုးဒမြ လမ်းစဉ် အရ အဓမ္မစံနစ်နှင့် မျက်နှာပြောင်တိုက်လျက် တရားဥပဒေမရှိသော တိုင်းပြည် ကဲ့သို့ လာရောက် ပြုမူခြင်း တို့မှာ ခရိုင်ရာဇ၀တ်တရားသူကြီးရုံးတွင် ကျမစွဲဆိုတင်သွင်းထားသော အမှုနှင့် ဤသို့ ယခု ပြုမူချက် များမှာ ထပ်မံအကျွမ်းဝင်လျက် ရှိပါသည်။ သို့ကြောင့်အဖြစ်မှန်ကို သက်သေခံအဖြစ် ရေးသား ပေးရန် တောင်းဆိုသောအခါ ကိုယ်တွေ့မျက်မြင် ခံစားလိုက်ရ ကြားသိလိုက်ရသော အယ်ဒီတာ ဦးမြသွင် နှင့် သတင်းထောက်ချုပ် မောင်စိန်လှိုင်တို့က အောက်ပါ အတိုင်းတင်ပြကြသည့်အနက် ဦးမြသွင် ၏ စာကို ပထမ ဖေါ်ပြရမည်ဆိုလျှင်။

သို့
ဒေါ်ခင်ခင်လေး
ဗမာ့ခေတ်သတင်းစာတိုက်ပိုင်ရှင်
ရန်ကုန်မြို့နေ့စွဲ ၂၅-၁၂-၆၀

ရိုသေစွာအစီရင်ခံပါသည်။

ဒီဇင်ဘာလ ၂၄-ရက်ညဘက်တွင် ကျွန်တော်သည် ညအယ်ဒီတာအလုပ် တာဝန်ကျသဖြင့် ညနေ ၅-နာရီခွဲအချိန်တွင် ဗမာ့ခေတ်သတင်းစာတိုက် အယ်ဒီတာအလုပ်ခန်းသို့ လာခဲ့ရာ။ အလုပ်ခန်းထဲ ၌ နိုင်ငံခြားရေးအယ်ဒီတာ ဦးစွာရောက်နှင့်နေသည်ကို တွေ့ရပါသည်။

ကျွန်တော်အလုပ်စာပွဲသို့ရောက်လျှင်ပင် နိုင်ငံခြားရေးအယ်ဒီတာ ဦးချစ်သိမ်းက ဦးအုန်းခင်ရေး သော မိုးကြိုးရေးသည့် စကားမစပ်ဆောင်းပါးကို ကျွန်တော်အားပေးပါသည်။ ဦးချစ်သိမ်းက ၎င်းဆောင်းပါးကို သတင်းစာ၌ ထည့်ရန်ပေးသည်ဟုလည်း ပြောပါသည်။

ကျွန်တော်သည် မိုးကြိုးဆောင်းပါးကို ဖတ်ရှုပြီး၎င်းဆောင်းပါးကို တိုက်ပိုင်ရှင် ဒေါ်ခင်ခင်လေးကို အယ်ဒီတာ၏ ဆန္ဒကိုမေးရာ ၎င်းကလည်း ပြသင့်ပါသည်ဟု ပြောပါသည်။
အထက် ဖေါ်ပြပါဆောင်းပါးကို ဒေါ်ခင်ခင်လေးကို ထိုနေ့ညနေ ၆-နာရီအချိန်တွင် လာရောက်ပြသ ရာ၌ ဒေါ်ခင်ခင်လေး က ၎င်းဆောင်းပါးကို မထည့်ရဟုပြောကာ ဆောင်းပါးကို သိမ်းယူထားလိုက် ပါသည်။

၎င်းနောက်ကျွန်တော်သည် အလုပ်ခန်းသို့ပြန်၍ ဦးချစ်သိမ်းအား တိုက်ပိုင်ရှင်ဒေါ်ခင်ခင်လေးက ဆောင်းပါး ကို မထည့်ရန်ဟု ပြောခါသိမ်းယူထားလိုက်ကြောင်း ပြောပြပါသည်။
ည ၇-နာရီအချိန်တွင် မိုးကြိုးကုမ္ပဏီရှိ ဦးအုန်းခင်ထံမှ တယ်လီဖုံးလာပါသည်။ ဦးစွာ ပထမနိုင်ငံ ခြားရေး အယ်ဒီတာ ဦးချစ်သိမ်းနှင့် တယ်လီဖုံးပြောပါသည်။ ဦးချစ်သိမ်းကဆောင်းပါးကို မောင်မြသွင်က ဒေါ်ခင်ခင်လေး ကို သွားပြရာတွင် ဒေါ်ခင်ခင်လေးက ဆောင်းပါးကိုမထည့်ရန် ညွှန်ကြားပြီး သိမ်းထား လိုက်ကြောင်း ပြောပါသည်။

အယ်ဒီတာကို မအေနှင့်ဆဲခြင်း၊ ၎င်းနောက်ဦးအုန်းခင်က တယ်လီဖုံးမှနေ၍ ကျွန်တော့်ကို စကား ပြော ပါသည်။ စကားပြောလျှင် ပြောချင်းဦးချင်းအုန်းခင်က ကျွန်တော့်ကို မအေနှင့်ဆဲဆိုပြီး မင်းက ဒီဆောင်းပါး ကို ဘာဖြစ်လို့ဒေါ်ခင်ခင်လေး သွားပြတာလဲ၊ မင်းကိုဘယ်သူကပြခိုင်းသလဲ မင်းသွားပြစရာမလိုဘူး၊ ဒီသတင်းစာ မှာ ငါ့တာဝန်ခံအယ်ဒီတာနဲ့ ပုံနှိပ်ထုတ်ဝေသူဆိုတာ မသိဘူးလား၊ မင်းဘာကောင်လဲ မင်း ငါ့ကို သက်သက်စော်ကားတာဘဲ၊ မင်းငါ့ဆောင်းပါးကို ပြန်တောင်းချေ၊ မရရင်မင်းအလုပ်က ထွက်သွားဟု အစဉ် တစိုက် ဆဲဆိုကြိမ်းမောင်းပါသည်။

(မှတ်ချက်။   ။ ထိုအချိန်က မတရားပုံနှိပ်ထုတ်ဝေသူအမည် ပြောင်းယူ၍ ရာဇ၀တ်တရားသူကြီး ဦးသန်းနွဲ့ရုံးတွင်ကျမက တရားစွဲထားရာ အမှုစစ်ရန် သမ္ဗာန်စာပို့တိုင်းမလာမရောက်ဘဲ ၃-ကြိမ် တိတိ အချိန်ဆွဲနေသည်)။

ကျွန်တော်တယ်လီဖုံးချလိုက်ပြီးနောက် နိုင်ငံခြားရေးအယ်ဒီတာအား ဆဲဆိုကြိမ်းမောင်းပြီး သူ့ဆောင်းပါး ကို ဒေါ်ခင်ခင်လေးထံမှ ပြန်တောင်းခိုင်းကြောင်း၊ ဆောင်းပါးမရလျှင် မင်းအလုပ်မှ ထွက်သွား ဟု ပြောကြောင်း ပြောပြခါဆောင်းပါးတော့ ပြန်ရမှာမဟုတ်ဘူး (ဆုတ်ပစ်လိုက်ပြီ)ဒီတော့ ကျွန်တော်အလုပ်က ထွက်သွားမယ် ဟု ပြောပါသည်။
ဦးချစ်သိမ်းကမင်းမသွားပါနဲ့ ဒီဆောင်းပါးဒေါ်ခင်ခင်လေးကို သွားပြဘို့ကိစ္စငါလဲသဘောတူခဲ့လို့ ငါလဲ တာဝန် ရှိပါတယ်။ ခံစရာရှိလဲ နှစ်ယောက်ခံတာပေါ့လို့ ပြောပါသည်။ နောက်၎င်းက ဒီတခါ ဟိုက တယ်လီဖုန်း နှင့်မေးရင် ဆောင်းပါးတောင်းတာ မရသေးဘူးလို့ ပြောပေါ့လို့ပြောပါသည်။

မရှေးမနှောင်းပင် မန်နေဂျာဦးဗအေးက ကျွန်တော့်ထံသို့ တယ်လီဖုံးဆက်၍ ခင်ဗျားသူ့ ဆောင်းပါးကို ဒေါ်ခင်ခင်လေးသွားပြလို့ ဦးအုန်းခင် သိပ်ဒေါပွနေတယ်၊ ခုလဲကားနဲ့ ဗမာ့ခေတ် လာနေပြီ ခင်ဗျား ရှောင်နေ လိုက်ပါ အတွေ့မခံနဲ့ အတွေ့ခံလိုက် မဖြစ်ဘူးဟုပြောလိုက်သည်။

မန်နေဂျာ ဦးဗအေး၏အကြံပေးချက်အရ ကျွန်တော်သည် ဦးချစ်သိမ်းအား အကျိုးအကြောင်း ပြောပြပြီး ဗမာ့ခေတ် သတင်းစာ တိုက်အပြင်ဘက်၌ သွားရှောင်နေပါသည်။
(မှတ်ချက် - အရက်မူးကို ပင့်မြှောက်ပေးလိုက်သူ အရက်ဝိုင်းထဲမှာလည်း ဤနှစ်ဘက်လွှသမားက ပါဝင် လျက် ရှိ၍ တဘက်ကိုသတင်းပေးပြန်တာလဲ သူဘဲဖြစ်သည်)
ည ၉-နာရီ မထိုးမှီ ဦးအုန်းခင်ပြန်သွားပြီးမှ တိုက်ထဲပြန်ဝင်လာခဲ့ပါသည်။

ဦးချစ်သိမ်းက ဆီး၍ ပြောသည်မှာ အလုပ်ခန်းသို့ ရောက်လျှင်ရောက်ခြင်းမင်းကို လိုက်ရှာခိုင်းတယ်၊ နောက်ပြီး ငါနဲ့ စကားများတယ်။ ဆောင်းပါထပ်ရေးပြီး ထည့်ခိုင်းတယ်၊ ဒီဆောင်းပါးကို ဒေါ်ခင်ခင်လေး သွားပြ မယ်ဆိုလို့ငါ့ကို (ဂက်ဒေါက်)လို့အော်ပြီ နှင်ထုတ်တယ်။

နောက်မှပြန်ခေါ်ပြီး ဒီဆောင်းပါးကို ဒေါ်ခင်ခင်လေးသွားပြစရာ မလိုဘူးထည့်လိုက် ဒီညတော့ ခင်ဗျား အလုပ်ပြီးအောင် လုပ်သွား ပါလို့ပြောတယ် စသည်ဖြင့် ဦးချစ်သိမ်းက ပြန်ပြောပြပါသည်။ ဦးချစ်သိမ်းက ကျွန်တော့်ကို မင်းတော့အလုပ်လုပ်စရာမရှိတော့ပါဘူး။ ငါအားလုံးလုပ်ထားလိုက်ပြီ နက်ဖန် မနက် မင်း ဒေါ်ခင်ခင်လေး နဲ့တွေ့ပြီး မင်းနဲ့ပတ်သက်တဲ့ အဖြစ်အပျက်ကို ပြောပြပေါ့၊ ငါလဲငါ့နဲ့ ပတ်သက်တဲ့ အဖြစ်အပျက် ကို ပြောပြမယ်ဟုပြောကြားပါသည်၊ အထက်ပါအဖြစ်အပျက် မှာ ပြောကြားပါသည်။ အထက်ပါ အဖြစ်အပျက်မှာ အဖြစ်မှန်ဖြစ်၍ သိသာပါရန် အစီရင်ခံခြင်း ဖြစ်ပါသည်ခင်ဗျား။

ကျွန်တော်-မြသွင်။
ညအယ်ဒီတာ-ဗမာ့ခေတ်။

ကျမသည် အထက်ပါစာအတိုင်း ညအယ်ဒီတာထံမှ အစီရင်ခံစာရရှိပြီးနောက် သတင်းထောက်ချုပ် မောင်စိန်လှိုင် ၏ စာကိုလည်း အောက်ပါအတိုင်း ရရှိပါသည်။

ဗမာ့ခေတ်တိုက်ဝင်ရမ်းစဉ်က
ဗမာ့ခေတ်သတင်းစာတိုက် သတင်းထောက်ချုပ် မောင်စိန်လှိုင်၏စာမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

သို့
ဒေါ်ဒဂုန်ခင်ခင်လေး။
၂၄-၁၂-၆၀ နေ့ညက အဖြစ်အပျက်ကို အစီရင်ခံပါသည်။
၂၄-၁၂-၆၀ နေ့ညက အလုပ်တိုက်သို့ ကျွန်တော် ည၆-နာရီ ပြန်ရောက်ပါသ်ည။ ဘာသာပြန် အယ်ဒီတာ ဦးချစ်သိမ်းက ကျွန်တော့်အရင် ရောက်နေပါသည်။
ည၆-နာရီခွဲခန့်တွင် ညဘက်အယ်ဒီတာတာဝန် ကျသူဦးမြသွင်ရောက်လာပါသည်။ ရောက်မဆိုက် ပင် ဦးချစ်သိမ်း က စာမူစာခုကို ဦးမြသွင် အားပေးပါသည်။ ဦးမြသွင်က ဒေါ်ခင်ခင်လေး ကိုသွားပြရင် ကောင်းမလား ဟု ဦးချစ်သိမ်းအား မေးပါသည်။ ဦးချစ်သိမ်းက ဒို့တာဝန်က ပြရမှာပေါ့ဟု ပြောပြီး သဘောတူ လိုက်ပါသည်။ ဦးမြသွင်အောက်ဆင်းသွားပြီး တအောင့်အကြာ ပြန်တက်လာကာ ဦးချစ်သိမ်း အား (ဒေါ်ခင်ခင်လေးက ယူထားလိုက်တယ် ဦးလေး)ဟု ပြောပြီးသူ, အလုပ်သူ စတင်လုပ်နေပါသည်။

ကျွန်တော်နှင့် ဦးချစ်သိမ်းလည်း မိမိတို့၏ လုပ်စရာရှိသော အလုပ်များကို လုပ်နေကြပါသည်။ ထိုအချိန်တွင် တယ်လီဖုံးလာ၍ ဦးမြသွင်က နားထောင်ပါသည်။ တယ်လီဖုံးပြောရင်း တန်းလန်းမှ ဦးမြသွင် က ဦးချစ်သိမ်းဘက်လှည့်ပြီး (ကျွန်တော့ကို ကော်ပီပြန်တောင်းခိုင်းနေတယ်။ ကျွန်တော် မလုပ်ချင် တော့ဘူး။ တခြားမှာဧဧဆေးဆေး သွားလုပ်စားတာပဲ ကောင်းတယ်)လို့ ပြောဆိုကာ တယ်လီဖုံးကို ပြန်ချ လိုက်ပြီး ဦးချစ်သိမ်းအား ဦးလေးကျွန်တော် ထွက်တော့မည်ဟု ပြောပြောဆိုဆို ကုလားထိုင်မှ ထပါသည်။ ဦးချစ်သိမ်း က ငါလဲတာဝန်ရှိပါတယ်ဟု ပြောပြီး ပြန်ထိုင်ခိုင်းသည်။ (တယ်လီဖုံးမှာ ဦးအုန်းခင်ထံမှဟု သိရပါသည်။)

တအောင့်အကြာတွင် တယ်လီဖုံးလာ၍ ဦးမြသွင်ကနား ထောင်ပါသည်။ ပြီးနောက် ဦးချစ်သိမ်း အား (ကျွန်တော့ကိုရှောင်နေ ဦးအုန်းခင် ဒေါပွပြီးလာနေပြီလို့ ဦးဗအေးက ပြောတယ်)ဟု ပြောပြီးဦးမြသွင် အမြန် ဆင်းသွားပါသည်။

ဦးမြသွင် အောက်ဆင်းသွားပြီး မကြာမီပင် ဦးအုန်းခင် တက်လာပါသည်။ ဦးအုန်းခင်က မြသွင် ဘယ်သွား သလဲဟု မေးပါသည်။ မြသွင်ကို သွားရှာစမ်းဟု မေးပါသည်။ မြသွင်ကို သွားရှာစမ်းဟု မင်းစေနီတကို ခိုင်းပါသည်။ နောက်ဦးချစ်သိမ်းအား ဦးအုန်းခင်က အင်္ဂလိပ် ဘာသာဖြင့် ပြောနေပါသည်။ ကျွန်တော်သည် နေ့ဘက် ၌ နိုင်ငံရေးသတင်းနှင့် သတင်းထောက်ချုပ် တာဝန်ယူထားရပြီး ညဘက်အကူအညီ အယ်ဒီတာ အဖြစ် တကြိမ်လျှင် ၇-ရက် တပတ်မျှ အလှည့်ကျ တာဝန်ယူလုပ်နေရ၍ ထိုနေ့အတွက် သတင်းများ အမြန် ရေးပြီး နယ်သတင်းများပါ အချိန်မှီကော်ပီ ချပေးနိုင်ရန် အတွက် နယ်သတင်းများ တည်းဖြတ်ခြင်း၊ ပြန်ရေးခြင်း ပြုလုပ်နေရ သဖြင့် ဦးအုန်းခင်နှင့် ဦးချစ်သိမ်းတို့ အပြန်အလှန် ပြောဆိုနေကြသည်ကို စိတ်မ၀င် စားမိခဲ့ပါ၍ ကျွန်တော် အကုန်မသိပါ။

သို့ရာတွင် သိသလောက် အစီရင်ခံရသော် ဦးချစ်သိမ်းက ကျွန်တော်တို့နေရာက လဲကြည့်ပါအုံး ဟု ပြောသည်။ ဦးအုန်းခင်က ဒီသတင်းစာမှာ တာဝန်ခံနဲ့ ကြီးကြပ်သူဟာ ဘယ်သူလဲသိသလား ဟု မေးပါသည်။ည နေခံရှည်ရှည်လျားလျား အင်္ဂလိပ်လို ဆက်ပြောနေသည်။ ဂက်ဒေါက်, ဂက်ဒေါက်ဟု ဒေါနဲ့, မောနဲ့ အော်ပြောလိုက် သောစကားလုံးကို ၂-ခါမျှကြားလိုက်မိ၍ မော့ကြည့်ရာ ဦးချစ်သိမ်း လွယ်အိတ် လွယ်ပြီး ပြန်သွားသည်ကို တွေ့ရပါသည်။

ခဏအကြာတွင် ဦးအန်းခင်ကနီတာအား ဦးချစ်သိးကို လိုက်ခေါ်စမ်းဟု ပြော၍ဦးချစ်သိမ်းအား ဗမာ့ခေတ် ၀င်း အ၀တွင်တွေ့၍ ဦးချစ်သိမ်း ပြန်လိုက်လာပါသည်။ ဦးချစ်သိမ်းအား ခင်ဗျားကို ကျွန်တော်အလုပ်က ထွက်ခိုင်းတာ မဟုတ်ဘူးဟု မြန်မာစကားဖြင့် ပြောပါသည်။ ဦးချစ်သိမ်းက (ဂက်ဒေါက်)ဆိုတာ ထွက်သွား လို့ အဓိပ္ပါယ်ပြန်မှားသွာပြီလို့ အင်္ဂလိပ်ဘာသာနှင့် ပြောလိုက် သည်။ ခင်ဗျား အဓိပ္ပါယ် ပြန်မှား သွားပြီလို့ အင်္ဂလိပ် ဘာသာနှင့် ပြောလိုက်သည်။

နောက်ကျွန်တော် မှားချင်၊ မှားမယ်၊ ခင်ဗျားမှား ချင်မှားမယ်၊ စိတ်မရှိပါနဲ့ ဟုပြော၍ ဦးချစ်သိမ်းက ကျွန်တော် အမှတ်မထားပါဘူးဟု ပြောသည်။ ကျွန်တော်မှတ်မိပါတယ်။ ဆောင်းပါးပြန်ရေးနိုင် တယ်ဟု ပြောပြီးဆောင်းပါးရေးပါသည်။ ပြီးနောက် ဦးအုန်းခင် ပြန်ဆင်းသွားပါသည်။

၎င်းနောက်ဦးမြသွင်က ကျောင်တံတားရဲဋ္ဌာနာမှာ နေပြီးဖုံးဆက်၍ ဦးချစ်သိမ်းကအကျိုးအကြောင်း သိချင်လျှင် ပြန်လာခဲ့ဟု ပြောခိုင်း၍ ကျွန်တော်က ပြောလိုက်ပါသည်။ ဦးချစ်သိမ်းက အဖြစ်အပျက် များကို ပြန်ရောက်လာသူ ဦးမြသွင်အားရှင်းပြ ပါသည်။ ဦးချစ်သိမ်းဆောင်းပါးကိုတော့ ထည့်လိုက်ပြီ။ နက်ဖန် ငါ့ထုတ်ဖို့လဲရှိတော့တယ် ဟုပြောသည်။ ဗမာ့ခေတ်မှာ ငါ့လဲဂက်ဒေါက် ချစ်သိမ်းဖြစ်ပြီလို့ ပြောပါသည်။ ကျွန်တော် အလုပ်ပြီး၍ ပြန်လာရာဦးမြသွင်လည်း ကျွန်တော်နှင့် အတူ အိမ်ပြန်လိုက်ပါသည်။ ဤသည် တို့မှာ ကျွန်တော် ကြားသမျှမြင်သမျှပင် ဖြစ်ပါသည်။

                                                                   စိန်လှိုင်
                                                      သတင်းထောက်ချုပ်ဗမာ့ခေတ်
                             ( ၂-၆၀နေ့မှ ၂၅-၁၂-၆၀ နေ့အထိညတွဲ အယ်ဒီတာ တာဝန်အလှည့်ကျသူ)

ဤကဲ့သို့ရေးပေးသော သတင်းထောက်ချုပ် မောင်စိန်လှိုင်၏ စာကိုရရှိပါသည်။ ၎င်းစာများ သည် မျက်မြင် သက်သေနှင့် လာရောက်ကျူးလွန်မှု ခံရသူအယ်ဒီတာတို့ လက်တွေ့ခံစား ရချက်ကို အမှတ်အသား ပြုထား ၍ ခရိုင်ရာဇာဝတ်သူကြီး ရုံး၌တင်ပို့စွဲဆိုထားသော အမှုအတွက်၎င်း။ ဗမာ့ခေတ် သတင်းစာ တိုက် သို့ ဤသို့မကြာခဏ, လာရောက်နှောင့်ယှက်မှု ရိုင်းပြစော်ကားမှု တို့ကြောင့် ရှေ့အဘို့ ပဋိပက္ခမှာ သာ၍ ဖြစ်လာနိုင်စရာရှိသဖြင့် ပုဒ်မ ၁၄၅-နှင်တိုင်ကြား၍ ရုံးရောက်နေသောအမှု အတွက်လည်း အကျုံးဝင် လျက် ရှိသည်။ ပိုင်နက်ကျူးလွန်မှုနှင့် တိုင်ကြားထားသော ရဲဋ္ဌာနမှအမှုများ အတွက်လည်း နောက်ထပ် အကျူံးဝင် လျက်ရှိသည်။

သို့ရာတွင် တာဝန်ခံပုံနှိပ်ထုတ်ဝေခွင့် ပယ်ဖျယ်ပေးရန် ခရိုင်ရာဇ၀တ်တရာသူကြီးရုံးမှ အမှုဖွင့်၍ စစ်ဆေး ရန် သမ္ဗာန် စာချခေါ်တိုင်းတော်ရာ ရှောင်လျက် ခရီးထွက်နေသဖြင့် ရက်ရှည်ခဲ့၏။ ဤ အတော အတွင်း ယခုလိုမကြာခဏ လာရောက် နှောင့်ယှက်လျက် အလုပ်တိုက်သားတွေကို အနိုင်ကျင့်နေသည်။ မောင်ဝမ်းကွဲ များနှင့် ပတ်သက်၍ ငှါးပေးသောရှေ့နေများလည်း ၎င်းမောင်ဝမ်း ကွဲများကပင် ကပျက် ကယက် လုပ်ခံရ၍ စိတ်ပြောင်းသွားကြသဖြင့် နောက်ဆုံးအချိန်မှာ ၀တ်လုံတော်ရ ဦးညွန့်ဟန်လက်သို့ ကျမ ကိုယ်တိုင် အမှုတွေအပ်ရပါသည်။

ရင်ငွေ့လှုံဂိုဏ်းဝင် အမျိုးသ္မီးများက လူရိုး, လူကောင်းဟု ဂုဏ်သရေဆယ်ပေးနေခြင်း ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

Saturday, May 15, 2010

ဒဂုန်ခင်ခင်လေး နှစ်ပေါင်း (၆၀) အပိုင်း (၁၀၆)

သတင်းပေးတဲ့နှစ်ဘက်လွှ ယာယီမန်နေဂျာ

ဤအချိန်မှာ အပါးတော်စောင့်အဖြစ် ရောက်လာသောဘုန်းကြီးက ဒီလိုလုပ်တာမတော်ပါဘူးဟု ဆိုကာ သူ့ဒကာ၏ မှားမှားယွင်းယွင်းပြုမူမှုကို သတိပေးပြီးဗမာ့ခေတ်ခြံဝင်းထည်းမှအပြင် မရောက် သေးဘဲ ထွက်သွား နေဆဲအယ်ဒီတာ ဦးချစ်သိမ်းအား ဘုန်းကြီးအမိန့်နှင့် ကောင်ကလေး တယောက်ကို အမှီ ပြေးလိုက်စေပြီး ပြန်ခေါ်လာခဲ့စေသည်။

ဦးချစ်သိမ်းပြန်တက်လာသောအခါ ကျွန်တော်မူးမူးနဲ့ပြောမိတဲ့စကားတွေဟာ မှားချင်လဲမှားသွား ပါမည်။ မသွားပါနဲ့ ဒီညတော့ အလုပ်လုပ်ပေးခဲ့ပါဦးဟုဆိုကာ (ထိပ်ခေါက်ပြီးမှ ကန်တော့ပါရဲ့)ဆို ကာ စကားပုံ လိုပြုမူပြန် လေသည်။ ဦးချစ်သိမ်းမှမရှိလျှင် ထိုညကသတင်းစာတွင် ထွက်နိုင်မည် မဟုတ်ပါ၊ တပါးကျွန် ဦးကိုလေးလည်း မရှိတော့ပြီ၊ ဆရာ့အလိုတော်ဖြည့် အယ်ဒီတာ ခင်မောင်လေးကလဲ ခရီးထွက်နေသည်။ အယ်ဒီတာ ဦးမြသွင်မှာလည်း စောစောကြီးကပင် အပြင် အပ၌ရှောင်ပုန်းနေရသည်။ ဦးမြသွင် ရှောင်ပုန်း နေအောင် သိမ်ဖြူလမ်းမှနေပြီး ထွက်လာပြီ၊ ဆူလိမ့်မယ်ဟု တယ်လီဖုံးနှင့် သတင်းပေးလိုက်သူမှာလည်း နှစ်ဘက်လွှ ယာယီမန်နေဂျာ ဦးဗအေး ပင်ဖြစ်ရာ ဟိုမှာလည်းနှောက်သည်မှာလည်းနှောက်နှင့် အတော် ကြောက်စရာကောင်းသော အပြုအမူဖြစ်သည်။

အယ်ဒီတာ ဦးချစ်သိမ်းမှာ တိုက်တွင်အသက်အရွယ်ကြီးသော အယ်ဒီတာကြီးတဦးအနေနှင့် ယခုလို သူ၏ ဂုဏ်သိက္ခာကို မဖွယ်မရာသည့်နည်းနှင့် စော်ကားခံလိုက်ရသော်လည်း လူကြီးပြီပြီ £နြေ္ဒရရနှင့် ထိုည အဘို့သည်းခံပြီးမပြီးသေးသော အလုပ်ကိစ္စများ ဆက်လက်လုပ်ကိုင်ပေးနေရပါ သည်။ ညဉ့်အချိန်ဖြစ်၍ အောက်အလုပ်တိုက်ရှိ အယ်ဒီတာဌာန၌ ဤသို့လာရောက်ဗိုလ်ကျပြီး ရမ်းကားနေသည်ကို ကျမ မသိရ သေးပါ။

အယ်ဒီတာတယောက် အပေါ်၌ဤကဲ့သို့အောက်တန်းကျကျ အပြုအမူနှင့် ရမ်းကားလာသော လူမသမာ လည်း ထိုညအဘို့ ကာမစည်းစိမ်ခံရန်ကိစ္စတွေက ကျန်လေသေးသည်။ အချိန်ကုန် မခံနိုင်အချိန်ကို ချွေတာ သုံးရမည်။ အချိန်ရှိခိုက် လုလ္လံစိုက်ရမည်၊ ပြည်ထဲရေးထက် ၀မ်းရေးခက် သည်။ ဆောင်းပါး စာမူ ပါရှိရေး ထက် တဏှာရာဂအရေးက ခြေသွက်နေသူဖြစ်သည့် အားလျော် စွာဆောင်းပါးထည့်ရန် ဗရမ်း ဗတာ ရှောက်ရေးပေးခဲ့ပြီး ပြန်ထွက်သွားလေသည်။

ထိုအဖြစ်အပျက်များမှာ နောက်တစ်နေ့မနက်ရောက်မှ ဗမာ့ခေတ်သတင်းစာနှင့်အတူ အယ်ဒီတာ  ဦးချစ်သိမ်း သည် ကျမနေထိုင်ရာ အိမ်ကြီးပေါ်သို့တက်လာပြီး နောက်ဆက်တွဲခံလိုက်ရသည့် ရမ်းကားမှု ကြီးကို ပြန်လည်ဖေါက်သည် ချပြပါသည်။ ကျမသည် နိုဝင်ဘာလ ၂၂-ရက်နေ့ထုတ် ဗမာ့ခေတ် သတင်းစာ ၌ အလုပ်တိုက်သားများက သူတို့ဆရာပြန်ရောက်လာခြင်းကို ၀မ်းသာလှပါ သည်ဟု ဆုံးဖြတ်ချက် ချပြီး သတင်းစာတွင် အထင်ကရ ထည့်လိုက်ကြီးမှ ဤသို့စော်ကားခံကြရ သည်မှာ ဘယ်သူ မပြု မိမိမှုဆိုသလို သူတို့ကြိုဆိုသူက သူတို့အထည်းမှ အသက်အကြီးဆုံးတိုက် သား တယောက် ကို ဈေးဦးပေါက် စော်ကားဖိနပ်ပြလိုက်ခြင်းဖြစ်သည်ဟု နားလည်ထားမိပါသည်။

ဦးချစ်သိမ်းသည် ယင်းသို့ ညဉ့်ကအဖြစ်အပျက်များ ပြန်လည်ပြောကြားဖေါက်သည်ချပြီးနောက် ပြန်လည်ပြောကြားဖေါက်သည်ချပြီးနောက် ကျမတားမြစ်ချက်ကို ဖေါက်ဖျက်၍ဆောင်းပါးထည့် ပေးလိုက် မိတဲ့ အတွက် ကျွန်တော့်မှာ အပြစ်ရှိနေပါသည်။ ဒါကိုဒေါ်ခင်ခင်လေးအား လာရောက် အဆုံးအဖြတ် ခံခြင်း ဖြစ်ပါ သည်ဟု ဆိုပြန်သည်။ သဘောမှာ ကျမက အလုပ်မှထုတ်ပစ်လျှင် ခံပါမည်ဆိုသော အဓိပ္ပာယ် ပေါ်နေ ပါသည်။

သူ၏ပြောကြားချက်အရ အမှန်စင်စစ်အားဖြင့် ညဦးပိုင်းကပင် ဒါမှဒို့ဆရာသမားဟု ထင်သူကနှင် ထုတ်ပစ်လိုက်သဖြင့် အပေါ်အင်္ကျီကောက်ဝတ်ပြီး  ထွက်သွားရရာမှ တခါလိုက်ခေါ်ပြီး ခိုင်းသည် ကိုပြန်ထိုင်ပြီး လုပ်ပေးခဲ့သည်။ ထိုအချိန်ကပဲ မလုပ်နိုင်ပါဟု တခါတဲထွက်သွား လက်စနှင့် ထွက်သွား လျှင်လည်း ဖြစ်နိုင်ပါလျှက် ဆက်လက် အလုပ်, လုပ်ပေးသွားသေးသည်မှာ ညှာကာမှု သံယောဇဉ်ကြီး၍ သည်းခံခြင်း ကြောင့်လား၊ အနားကဘုန်းကြီးကို လန့်နေ၍လားဟု စဉ်းစားရန် တချက်ရှိပါသည်။

သို့ရာတွင် ဘာပဲဖြစ်ဖြစ် ဦးချစ်သိမ်းအပေါ်မှာကျ မခွင့်လွှတ်ပါသည်။ လူမဆန်စွာ စောကားခံရသူ အား သဘောထား ကြီးကြီးနှင့် သည်းခံ၍ လူကြီးစိတ်, လူကြီးသိက္ခာနှင့်မလွှဲမရှောင်သာ လုပ်ပေးလိုက်ရ ရှာသည် ဟုသာ ယူဆပါသည်။ ဤကိစ္စတာဝန်ပျက် ကွက်မှုကို အပြစ်မတင်ပါ၊ အလုပ်မှနှုတ်ထွက်ပေးရန် မလိုပါ ဟု ကျမသည် ညှာတာစွာ အခွင့်ပြုလိုက်ပါသည်။

သို့ရာတွင် အယ်ဒီတာ ဦးချစ်သိမ်းသည် ဒီလိုကိစ္စမျိုးတွေ နောက်ထပ်မည်မျှရင်ဆိုင်ရဦး မည်မသိပါ၊ သို့အတွက် ကျွန်တော် အလုပ်, လုပ်ရန်စိတ်ပျက်ပါပြီ၊ နှုတ်ထွက်ပါရစေတော့ဟု တကြော့ထပ်၍ ပြောပါသည်။ ကျမကမနှုတ် ထွက်ဖို့ နှစ်ကြိမ်, သုံးကြိမ် ထားပါသေးသည်မရပါ။ သို့ဖြစ်လျှင် ဦးချစ်သိမ်း တွ့ကြုံရသော အဖြစ်မှန် အခက်အခဲများကို တင်ပြရေးသားလျက် ထွက်စာတင်ပါဟု အခွင့်ပြုပါသည်။

သည်လိုအခွင့်ပြုပြန်တော့လည်း အဖြစ်မှန်အတိုင်းတော့ မရေးပါရစေနဲ့၊ ကျမက အပြစ်ရှိ၍ အလုပ်မှ ထုတ်ပစ်တဲ့အနေနဲ့ပဲ အလုပ်ကထွက်ပါရစေဟု ဆိုနေသည်။ ထိုအခါ၌ကျမမှာ အတော်အံ့သြ၀မ်းနည်း ဖြစ်သွားမိသည်။ သူအလုပ်ထွက်ရတဲ့ကိစ္စ မှာ စော်ကားရမ်းကားလာလုပ် သူ့ကိုဖုံးအုပ်၍ ကျမက အလုပ် ထုတ်ပစ်ခြင်း မျိုးဖြစ်သွားလေအောင် သတင်းခေါင်းစဉ် ပြောင်းတပ် ပေးရာကျနေပါသည်။ ကျမက ဒီအဖြစ် မျိုးတော့ လက်မခံနိုင်ပါ၊ ထွက်စာကို တိတိကျကျ အဖြစ်မှန်ကို ရေးပေးပါဟု ထပ်ခါ ပြောရပါသည်။

ဝန်ကြီးချုပ်အား လက်ဝါးကြီးအုပ်ခါ

သည်လိုမှန်ဒါတွေကိုရေးပြီး ထွက်စာတင်ရလျှင် ဦးအုန်းခင်နစ်နာသွားမလားလို့ပါ။ ဒေါ်ခင်ခင်လေး က ဆောင်းပါး ထည့်လို့ ထုတ်ပစ်တဲ့အနေနှင့်သာ ထွက်ပါရစေဟု ခပ်ပြောင်ပြောင် ရှင်းရှင်းဘဲ ထပ်ပြော ပြန်ပါသည်။ စေတနာထားပုံခြင်း ဤမျှကွာခြားနေပါသည်။ ကျမကဦးချစ်သိမ်းကို ဘယ်တော့မှ အလုပ်က ထုတ်မပစ်ဘူး။ ဗမာ့ခေတ်တသက် ဦးချစ်သိမ်းတသက် အလုပ်လုပ်ပါဟု ထပ်ပြီး ရှင်းရှင်းပြတ်ပြတ်ကြီး ပြောယူ ရသောအခါ ဒါပေမဲ့ ကျွန်တော်အလုပ်ဆက်လုပ်ရမှာ မနေ့ညကအဖြစ်မျိုးတွေနှင့် ရင်မဆိုင် လိုပါဟု ထပ်၍ဆိုပြန်ပါသည်။

ရင်မဆိုင်လို၍ တားမရလျှင်အဖြစ်မှန်ကို တင်ပြတဲ့ထွက်စာနဲ့မှ ကျမလက်ခံနိုင်ပါမည်။ ကျမကို အဆိုး ချထား ခဲ့မဲ့ ထွက်ခွင့်မျိုးတော့မပေးပါရစေနဲ့ဟုဆိုကာမှ အတန်ကြာကြီး တွေးတောငေးမော စဉ်းစားပြီးမှ အောက်ပါ ထွက်စာကို ရေး၍ပေးပါသည်။ ၎င်းရေးသားချက်ကိုကြည့်လျှင် တရားဝင် အုပ်ချုပ်သူဟူ၍ ကျမအား အသိအမှတ်မပြုနိုင်သော သဘောသက်ရောက်ရုံမက မိုက်ရိုင်းစော်ကား စွာဆက်ဆံသူကိုသာ စိတ်ညွှတ် ညှာတာ လွန်းရာကျနေပါသည်။

၎င်းထွက်စာမူရင်းမှာ
၂၅-၁၂-၆၀
ဒေါ်ခင်ခင်လေးခင်ဗျား။
မနေ့ည ၂၄-၁၂-၆၀က မိုးကြိုး၏ စကားမစပ် ပထမဆောင်းပါးကို ဒေါ်ခင်ခင်လေးအားပြသပြီး ဒေါ်ခင်ခင်လေး ၏ တားမြစ်ချက်အရ မထည့်သွင်းဘဲထားခဲ့ပါသည်။ သို့ရာတွင် နောက်ထပ် ဦးအုန်းခင် ကိုယ်တိုင် လာရောက်၍ ဒုတိယဆောင်းကိုရေးသားပြီး ထပ်မံထည့်သွင်းခိုင်းပြန်သဖြင့် မလွှဲ မရှောင် သာတော့ဘဲ ထည့်သွင်းခဲ့ရပါသည်။

ဒုတိယ ဆောင်းပါးကိုလည်း ဒေါ်ခင်ခင်လေးအား ပြသဦးမည်ဟုဆိုသဖြင့် ကျွန်တော်အား အလုပ်မှ ထွက်သွား ရန် အမိန့်ပေးပြီးမှပြန်ခေါ်ပြီး ဆက်လက်လုပ်ရန်ပြောဆို၍ ဆက်လက်လုပ်ကိုင်ခဲ့ရပါ သည်။
ကျွန်တော် မှ ဦးအုန်းခင်ကိုလဲ မလွန်ဆန်သာဒေါ်ခင်ခင်လေး၏ အမိန့်ကိုလည်းမလွန်ဆန်သာ။ ဤသို့ ရှိနေရာ ရံဖန်ရံခါအမိန့် ၂ခု တခုနှင့်တခုဆန့်ကျင်နေသည့် အထက်ပါအခါမျိုးတွင် အလုပ် လုပ်ရန် အလွန် အခက်အခဲ ဖြစ်နေပါသည်။

ရှေ့အဘို့ တွင်လည်း အလားတူအခက်အခဲများ ကြုံတွေ့မည်မဟုတ်ဟု မယူဆနိုင်ပါ။ ကြုံတွေ့ ဘွယ်ရာသာ ရှိပါသည်။
သို့ဖြစ်၍ကျွန်တော်ဆက်လက်၍ အလုပ်လုပ်ရန် ခက်ခဲသည့်အတွက် ၂၆-၁၂-၆၀ တနင်းလာနေ့ မှစ၍ အလုပ်မှ ထွက်ခွင့်ပြုပါရန် ခွင့်တောင်းပါသည်။

ချစ်သိမ်း

ဟူ၍ရေးသားထားရာ စာပါအဓိပ္ပာယ်မှာ ဟိုအချိန်တုံးက ကျမကို တိုက်ရှင်တယောက်ဟူ၍ သဘော မထား၊ အသိအမှတ် မပြုလိုဘဲ အပြင်မှလာရောက်ရမ်းကားသူအား တဦးတည်း ပိုင်တိုက်ရှင်ဟု ယူဆလျက် နှင်ထုတ်၍ ထွက်သွားရာမှပင် ပြန်ဝင်ထိုင်ပြီး လုပ်ကိုင်ပေးခဲ့သည်။ ယခုအလုပ်ထွက် ဘို့ ကိစ္စကျတော့ ကျမကို တိုက်ရှင် အုပ်ချုပ်သူဟူ၍ အသိအမှတ်ပြုပြန်ရာ ရောက်နေပါသည်။
ထွက်စာ တွင် ဆူဒါပူဒါဂက်ဒေါက် ဟုပြော၍ နှင်ထုတ်တာတွေမပါ ချန်လှပ်ခဲ့ပါသည်။

ကျမ ကသာ မထည့်ရန်တားမြစ်ထားသော ဆောင်းပါးကို ထည့်ပေးတဲ့အတွက် အလုပ်မှ ထုတ်ပစ် လိုက်သည့် အနေမျိုးဖြစ်စေလိုသော ဆန္ဒရှိပုံရပါသည်။ အရက်မူးသမားက လာရမ်းကား၍မဟုတ်၊ ကျမက ထုတ်ပစ်လို့ ထွက်ရသည်ဟု မြေနိမ့်ရာလှံစိုက်ပြုလုပ်ခြင်းနှင့်လည်း တူနေပါသည်။ သို့သော် ကျမက ဒီအပြစ်ကို သီးခံပါသည်။ ဘယ်တော့မှ မထုတ်ပစ်ပါဘူးဆိုတော့မှသာ ရှေ့အဘို့ဒီလို အခက်အခဲတွေ ရင်ဆိုင် နေရဦးမှာဘဲဆို၍ ဤထွက်စာရေးပေးခြင်းဖြစ်ပါသည်။

၎င်းဆောင်းပါး(စကားမစပ်)ကို မထည့်ရန်တားမြစ်ခဲ့သည်မှာ အဆန်းမဟုတ်ပါ၊ သြဂုတ်လမှစပြီး ၃-လ ကျော်ပင်ကြာခဲ့ပါပြီ။ ပို့လာသော ဆောင်းပါးတို့ကို အမှိုက်ချင်းထဲ ထည့်ခဲ့ပေါင်းလည်း များလှပါပြီ။ ဆောင်းပါး မထည့်သော်လည်း ငြိမ်ငြိမ်သက်သက်ကုပ်နေခဲ့ရာက သည်တကြိမ်မှာ တော့ ဘေးမှ သာပေါင်း ညာစားတို့က မြှောက်ပေးကြသောကြောင့် ဘ၀င်မြင့်ရူး အရက်မူးရူး နေရာတွင် မန္တလေးမှ ရာထူး နေရာရလိုမှုကြောင့် ကြိုက်ရာဓါတ်စာနှင့် မျှား၍ကပ်ပေါင်းထားကြ သော လူတစုအတွက် ရေးကွက် တခုကြောင့် စွန့်စားခြင်းဖြစ်သည်။ မန္တလေးလူစုက အရူးကိုမြှောက်၍ခဲနှင့် အပေါက်ခိုင်းကြခြင်းသာဖြစ်ရာ စပ်ကြားမှ အယ်ဒီတာများက အဆဲခံဒါးစာခံ ဖြစ်နေရပါသည်။

မန္တလေးမှရာထူးငန်းဖမ်းနေသူများက ဤသို့အကြိုက်နှင့်မျှား၍ နှဖါးကြိုးတပ် ထားသည့်အတိုင်း ခိုင်းသမျှ ရုန်းပေးနေရသည်။ ဦးနုဝန်ကြီးချုပ်အဖြစ်နှင့် အစိုးရဖွဲ့စကပင် အကြံပေးအဖွဲ့များ ထားခဲ့သည်ကို ခါးခါးသီး မခံ မရပ်နိုင်ဖြစ်ခါ ဗမာ့ခေတ်သတင်းစာမှနေ၍ အခါပေါင်းများစွာ ကလောခဲ့ဆော်ခဲ့သည်ကို သတင်းစာဖတ်ပရိသတ်များ မှတ်မိကြပါလိမ့်မည်။ သဘောမှာသူတဦးတည်းသာ ၀န်ကြီးချုပ် အား လက်ဝါးကြီး အုပ်ခါ အကြံပေးနေချင်ပါသည်။ လမ်းညွှန်နေချင်ပါသည်။

သည့်ပြင် ပုဂ္ဂိုလ်တွေအား အကြံပေးအဖွဲ့ဖွဲ့လိုက်သည်ကို နဲနဲမှမနာလို ၀န်တိုမိစ္ဆာသိပ်ဖြစ်နေပါသည်။ နဖါးကြိုးဆွဲထားသူများကလည်း အားအားရှိတိုင်းနောက်မှ လက်ကုပ်ပေး၊ လက်တို့ပေးသမျှ ရှေ့ကလူကိုခဲနှင့်ပေါက် ပေါက်ပြရသည်မှာ အတွင်းသိအစင်းသိ တဦး၏အနေနှင့်အပေါ်မှ စီးကြည့်သလို မြင်နေရသော အခါ၌လူ့ရွာ၌သနားစရာ သတ္တာဝါတဦး အဖြစ်နှင့်မြင်နေကြမည်သာဖြစ်ပါသည်။

သို့နှင့်ကျမသည် ၂၆-၁၂-၆၀ နေ့စွဲပါနိုင်ငံခြားရေးအယ်ဒီတာ ဦးချစ်သိမ်း၏ ဗမာ့ခေတ်သတင်းစာ အလုပ်တိုက်မှ နှုတ်ထွက်စာကို လက်ခံလိုက်ရပါသည်။ သို့ရာတွင် ၂၄-၁၂-၆၀နေ့ညပိုင်းက အဖြစ် အပျက်မှန်ကို တိတိကျကျမှတ်တမ်း တင်ထားလိုသေးသဖြင့် ထိုအချိန်က အယ်ဒီတာဌာန အခန်းတွင် မျက်မြင် သက်သေ မည်သူတွေရှိကြောင်း စုံစမ်းရာညအလှည့်ကျ လာရောက်လုပ်ကိုင် သူ သတင်း ထောက် ချုပ် တဦးရှိကြောင်း သိရပါသည်။

အယ်ဒီတာကို မအေနှင့်ဆဲခြင်း ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

Friday, May 14, 2010

ဒဂုန်ခင်ခင်လေး နှစ်ပေါင်း (၆၀) အပိုင်း (၁၀၅)

ဝန်ကြီးချုပ် ကို သူကြိုးဆွဲသလိုမက၍ ဆဲခြင်း

တရားမရှိသော တိုင်းပြည်မဟုတ်ပါ၊ လွတ်လပ်သော ပြည်ထောင်စု မြန်မာနိုင်ငံတော်မှာ တရားဥပဒေ စိုးမိုးရေး သည် မူလပထမဟု ကြွေးကြော်ထားသည်က အထင်အရှားဖြစ်ပါသည်။ သူတို့ဟိတ်လုံး၊ ဟန်လုံး နှင့် ကြွားလုံး ထုတ် ထားသလို အကယ်၍များ မတော်တဆဟုတ်နေခဲ့လျှင် သူ့အိတ်ထောင်ထဲက အာဏာရ ပုဂ္ဂိုလ်ကြီး များနှင့် တရားဥပဒေပါရဂူကြီးများက လူယုတ်မာ လူညစ်ပတ်၏ မတရားပြုမူသမျှ ခံခဲ့ရသော တဦးတည်း ရင်ဆိုင်နေသူ မိန်းမသားတယောက် အပေါ်တွင် ခရု ခါးတောင်းကြိုက် ဖမ်းသကဲ့ သို့ လူစွမ်းကောင်း လုပ်၍ လူလိမ်, လူကောက်ကြိး ဘက်မှ တရားလက်လွတ် ကူညီ ဖေးမပေး ကြလျှင် လည်း ခံရ မည်။

သို့သော် ဤသို့ ပြုလုပ်ကြလိမ့်မည်ဟု မယုံကြည်ပါ၊ လူလိမ်နေအေး ဂိုဏ်းဝင်များသည် ဤသို့လှည့်လည် ၀ါကြွားပြောကြားနေသည့်အတွက်ပင် အာဏာရ ပုဂ္ဂိုလ်များနှင့် ဥပဒေပါရဂူများအတွက် ဂုဏ်အသရေ ထိခိုက်လျက် ရှိနေပါပြီ၊ နေအေးဂိုဏ်းဝင်ဘို့သည် အပြင်လောကတွင် သာမက ဤ၀ါကြွားလုံးများ ကျမ နားသို့ ပေါက်ရောက်အောင်လာပြောနိုင်မည့်သူများကိုလည်း ဘေးတီးအလံရှူးလုပ်ခါ အပြောခိုင်း ပါသေး သည်။ အဲဒါကမှ ပို၍ဆိုးပါသည်။

အာဏာနှင့် တရားဥပဒေကို ကိုင်တွယ်နေရသူ ပုဂ္ဂိုလ်တို့၏ အမည်နာမကိုပါ ပြောပြကာ ဘယ်သူ, ဘယ်ဝါ တွေ ဟာ လူလိမ်, လူညစ်ကြီး၏ ဘတ်တော်သား အစစ်မို့ သူညစ်လိုသမျှ ညစ်၍ ပေးကြလိမ့်မည်၊ အမှုကို အချိန် ကြာအောင် ညစ်ပတ်စွာဆွဲပြီး နည်းအမျိုးမျိုးနှင့် အကြပ်ကိုင်နေမည်။ သည်တော့ တာရှည်, တာဝေးရုံး ပေါ်မှာ ငွေကုန်ကြေးကျမခံချင်ပါနှင့်ဟု ဆိုကြသည်။ နောက်တနည်းကလည်း ဘီယာမယ်ကို စေတမန် ပြုလျက် ရုံးပေါ်မှာ တက်ရင်ဆိုင်နေလျှင် သူ့ဘက်က ရှေ့နေများကို ကျမအား အရှက်ရအောင် မေးခွန်း တွေ မေးခိုင်းစေမည်ဟု ခြိမ်းချောက်သလို ပြောစေပြန်သည်။

အရှက်ကွဲ ရန် မေးခွန်းမေးခြင်းမျိုးမှာ ကျမလို အသက်ခြောက်ဆယ်နီးပါးအရွယ် အလှူအတန်း ဘုရား ကျောင်းကန် နှင့် ဆက်သွယ်နေသော အရွယ်လွန်နေသူ မိန်းမတဦးအဘို့မှာ ဘာမျှရှက်စရာမရှိတော့ပါ။ ဖြစ်လာသောအမှုကလည်း သူ့အပြစ်ဝန်ခံ၍ အခိုင်အမာ ကွာရှင်းထားမှုသာဖြစ်သည်။ မုဒိမ်းမှု လည်း မဟုတ်၊ မျောက်မထားမှုလည်းမဟုတ်၍ ယုတ်ယုတ်မာမာ နည်းမျိုးနှင့် ကြိုးစားစေကာမူ ကျမအဘို့ သွေးပူ လောက်အောင် ချောက်ချားခြင်း အလျဉ်းဖြစ်မည်မဟုတ်ပါ။

ယုတ်မာသူ၏ အဘို့သာ သည်မျှ ညစ်ပတ်စုတ်ပဲ့ပါကလားဟု အများတကာ၏ မှတ်ချက်ချခြင်းခံရရုံသာ ဖြစ်ပါမည်။
ကျမ သည် အရပ်ရှစ်မျက်နှာမှ ရောက်လာသော ရန်အမျိုးမျိုးကို တဦးတည်းကြံ့ကြံ့ခံနေရသည်။ တော်ယုံ,တန်ယုံစိတ်ဓါတ်မျိုးသာ ဆိုလျှင် အရည်ပျော်ဆင်းသွားပေမည်။ နောက်ဆုံး တရားဥပဒေကို အားကိုး မရတော့သည်ထားဦး၊ ဘုရားဥပဒေ အမှန်တရားကြီးသည် မဟာတံတိုင်းကြီးပမာ ကာဆီးလျက် ရှိပါ သေးသည်ဟု ကျမယုံကြည်နေသူဖြစ်ပါသည်။ ဘီယာမယ်သည်လည်း နေ့စဉ် ကျမအိမ်မှာ ၀င်ထွက် နေပြီး ဤကဲ့သို့နည်း အမျိုးမျိုးနှင့် သွေးထိုးစမ်းလျက် ရှိဆဲဖြစ်ပါသည်။

ထိုအတောအတွင်း၌ ဗမာ့ခေတ် သတင်းစာ ဋ္ဌာနတွင် အယ်ဒီတာ ဦးကိုလေးမှာ တပါးကျွန်အလိုကျ မမှန် သတင်း ဖြန့်ပြီး ဘက်လိုက် ဆောင်ရွက်ပေးခဲ့ဘူးသော ကိစ္စတွေပြီးသွားတဲ့နောက် သတင်းစာတိုက်ထကြို ရဲရဲဝင် မလာဝံ့ တော့ပါ။ သူ့သိက္ခသူမလုံအောင် ဖြစ်နေပါသည်။ ကြိုးကိုင်စရာရှိလျှင် ခြံဝင်းအပြင်ဘက်မှ နေပြီး ဆက်သွယ် ပါသည်။ ထိုသို့ရှိစဉ်ဖက်စပ်ကုန်ရောင်း ဋ္ဌာနတို့၌၄င်း၊ ဗမာ့ခေတ် သတင်းစာတိုက် အမည်နှင့် ရရှိသော အခွင့်အရေးများကို သူတဦးတည်း အကျိုးခံစားမှုအတွက် ထုတ်ယူနေကြောင်း ကိစ္စတရပ်, နှစ်ရပ်ပေါ်ပေါက်လာပါသည်။ ၄င်းအကြောင်း ကိစ္စများအား ကျမနားသို့ ပေါက်ကြားအောင် လာပြောသ မှာ ထိုအခါက ယာယီမန်နေဂျာလုပ်နေသူ ဦးဗအေးက နှစ်ဘက်လွှလုပ်၍ အယ်ဒီတာ ဦးကိုလေး အား သွားပြီး အကြော်ငးကြားလိုက်ပြန်ပါသည်။

သူနေထိုင်မကောင်း၍ ဆရာဝန်က ဆေးရုံကိုတက်ပြီး ရက်ရှည်အနားယူရမည်ဖြစ်သောကြောင့် အကန့် အသတ်မရှိ နားယူခွင့်ပြုပါရန်နှင့် သူ့အား ဗမာ့ခေတ်သတင်းစာ စတင်ထုတ်ဝေလာခဲ့သည်မှ အစပြုပြီး ယနေ့ထိအလုပ်, လုပ်ကိုင်ခဲ့ရသည့် အတွင်းသားဆိုးတယောက်ကို အလိုလိုက်သကဲ့သို့ သူဆိုးတေခဲ့သမျှ သည်းညည်း ခံ ခဲ့သော ကျေးဇူးများကို မမေ့ပါကြောင်း၊ ဗမာ့ခေတ် သတင်းစာအပေါ်မှာလည်း သံယောဇဉ် အလွန် ကြီးမားသူဖြစ်ပါကြောင်း စသည်များကို ရေးသား၍ အခွင့်တိုင်စာကို ကျမထံသို့ ပေးပို့ပါသည်။ ကျမသည် သူ့အဖြစ်သူသိ၍ ရှောင်ထွက်သွားခြင်းဖြစ်ကြောင်း ကောင်းစွာနားလည်ပါသည်။

သို့အတွက် အရေးယူခိုင်းထားသောကိစ္စများကိုလည်း ဆက်လက်စုံစမ်းခိုင်းခြင်းမပြုစေတော့ဘဲ သူ၏ နှုတ်ထွက်စာ ကို လက်ခံလိုက်ပါသည်။
ထိုနောက်ပိုင်း မှာတော့ အယ်ဒီတာဋ္ဌာနတွင် ကိစ္စတရပ်သည် နောက်ထပ်ပေါ်လာပြန်ပါသည်။ ကျမက အယ်တီတာဋ္ဌာန နှင့် စာစီစာရိုက်ဋ္ဌာနအကြီးအမှူးများသို့ မဆိုင်တော့သူ၏ အမည်နှင့် တပ်ထားသော (စကားမစပ်) ဆောင်းပါးများကို ထည့်သွင်းခြင်း မပြုတော့ရန် တားမြစ်ထားပါသည်။

တကြိမ် မှာ ၀န်ကြီးချုပ်ကို သူကြိုးဆွဲသလို မကကောင်းလားဟု ဆဲထားသော ဆောင်းပါးတခု ဖြစ်၍ အယ်ဒီတာ အဖွဲ့ တို့က ထည့်၍မတော်ဘူးထင်သဖြင့် မထည့်ဘဲ ဆွဲထားသည်။ ကျမအား ထို(စကားမစပ်) ဆောင်းပါး ကို လာပြ၍ မထည့်ရန် သိမ်းထားလိုက်ပါသ်ည။ နောက်တချီ လက်ရေးကို မသိအောင် လက်နှိပ်စက် နှင့်ရိုက်ပြီး၊ ရေးသူအယ်ဒီတာအဖွဲ့ဝင်တဦးဟု အမည်တတ်ထားသော ဆောင်းပါး တခု ပါလာသည်။ အယ်ဒီတာ ခင်မောင်းလေးတို့က မလိမ့်တပါတ်လုပ်ပြီး ထည့်ပေးလိုက်ပါသည်။သို့သော် ကျမ က ကလိန်ကျလိုက်သည်ကို မနက်မှ သိရပါသည်။

ဝန်ကြီးချုပ်က သူပြောတိုင်းမရ

သို့ကြောင့် နောက်ပိုင်းမှာ ဆောင်းပါးကိစ္စ ကလိန်မကျနိုင်ရန် ကျမက ပြင်းပြင်းထန်ထန် တားမြစ် လိုက်ရ ပြန်ပါသည်။ သို့သော် တနေ့တါင် ပြဿနာတရပ်သည် ထပ်၍ ပေါ်လာပြန်ပါသည်။ ညနေ နေ၀င်ရီရော အချိန်မှာ စကားမစပ် ဆောင်းပါးရေးပြီး သတင်းစာတွင် ထည့်ရန်ဟု လာပေးသွာသည်။ ရေးသာထားသော အကြောင်း အရာ မှာ ယခင်အတိုင်း သူဖြစ်ချင်သလို ၀န်ကြီးချုပ်ပြောတိုင်းမရ၊ ကပ်တိုင်းမဖြစ်၍ အပြစ် တင်ခြင်း၊ ဆဲခြင်းမျိုး သဘောပင်ဖြစ်သည်။ တိုင်းပြည်အတွက် အကျိုးရှိရန် အကျိုးပြုရန် ရည်ရွယ်ချက်မပါ။ ကပ်ညာ နေသော လူလက်တဆုပ်စာအတွက် ဖင်နရာ ရဘို့တခုသာ ရည်ရွယ်ရေးသားချက် ဖြစ်ပါသည်။

သို့သော် ရည်ရွယ်ချက် ကောင်းသည်ဖြစ်စေ မကောင်းသည်ဖြစ်စေ ၄င်း၏ အမည်နှင့် ပါဝင် ရေးသားခွင့် မပြု နိုင်ရန် ပိတ်ပင်ထားပြီးဖြစ်၍ အယ်ဒီတာဋ္ဌာနမှ မထည့်နိုင်ပါ။ အကယ်၍ အယ်ဒီတာဋ္ဌာနက ကျမ၏ သြဇာ ကို လွန်ဆန်၍ ထည့်သည့်တိုင်အောင် စာစီဋ္ဌာနကပါ ကျမသြဇာကို ပယ်ဖျက်ပစ် လိုက်ကြသည့်တိုင်အောင် စာရိုက်မည့် ဋ္ဌာနက ကျန်ပါသေးသည်။

ထိုအခါက ညပိုင်းမှာ နိုင်ငံခြားရေး အယ်ဒီတာ ဦးချစ်သိမ်းမှာ အသက်အရွယ်ဝါအကြီးဆုံး ဖြစ်သောကြောင့် လူရွယ် အယ်ဒီတာတို့ကို အကြောင်းကိစ္စရှိလျှင် ထိန်းထိန်းသိမ်းသိမ်းနှင့် အကြံဥာဏ်ပေးတန်သမျှ ပေးသည်။ အတွင်းရေး အရှုပ်အထွေးတွေကိုလည်း သိနားလည်မပြီးနေသူဖြစ်ပါသည်။ အယ်ဒီတာ လူငယ်များ ကလည်း လူကြီးအသက်ကြီး ဖြစ်သူ ဦးချစ်သိမ်းအား ၄င်းဆောင်းပါးကိစ္စကို ဘယ်လို လုပ်ရမည် မသိသဖြင့် ခေါင်းချင်းဆိုင်ပြီး တိုင်ပင်ကြပါသည်။

သည်တော့မှ အယ်ဒီတာဦးချစ်သိမ်းက သူတို့ တာဝန်ကုန်အောင် သည်ဆောင်းပါး စာမူကို ဒေါ်ခင်ခင်လေးအား သွားပြပြီး ထည့်ရမည် မထည့်ရမည်ဆိုသော  အဆုံးအဖြတ်ကို ယူရမည်ဟု ဆုံးဖြတ် ကြသည်။ ထိုအခါက ဗမာ့ခေတ် သတင်းစာကို ဦးစီးချုပ်ကိုင်နေသူမှာ ကျမသာဖြစ်၍ အယ်ဒီတာ တိုက်အုပ် အစ အလုပ်သမားအားလုံးသည် ကျမနှင့်သာ ဆက်ဆံ လုပ်ကိုင်နေကြရပါသည်။ ပုံနှိပ် ထုတ်ဝေသူ အမည် ကို အဓမ္မစံနစ် နှင့် ညစ်ပတ်စွာ အယ်ဒီတာ ကိုကိုလေးတို့နှင့်ပေါင်း၍ ပြောင်းလွဲလိုက်သော်လည်း၊ တတိုက်လုံး ကျမလက်ထဲမှာဘဲ ဖြစ်ပါသည်။

ပုံနှိပ်တိုက် ထုတ်ဝေသည်အမည် မတရားလွှဲပြောင်း ထားခြင်းကိုလည်း ရုံးတွင် တရားစွဲဆိုထားဆဲ ဖြစ်ပါ သည်။ ထို့ပြင် ကျမသဘောတူခွင့်ပြုချက်မပေး တင်းတင်း,မာမာ တားမြစ်ထားသော ကိစ္စတခု ဖြစ်နေ သောကြောင့် ဦးချစ်သိမ်းအမှူးရှိသော အယ်ဒီတာများက စာမူကို ကျမလို့ လာရောက် တင်ပြကြခြင်း ဖြစ်ပါသည်။

ကျမထံ ရောက်လာသော ထိုစာမူကို မသုံးရ၊ သတင်းစာ၌ မထည့်ရဟု တားမြစ်ထားပြီး ဖြစ်ပါလျက် မရှက် မကြောက် ပမာမခန့်ပြုခြင်းသာ ဖြစ်သည်။ သို့အတွက် စက္ကူစုပ်ဘ၀ရောက်အောင် ဆွဲဆုပ် ပစ်လိုက် ပါသည်။ သည်တော့မှ အယ်ဒီတာများ တာဝန်ပေါ့ပါးသွားကြပါသည်။ သို့ရာတွင် မကြာခင် သည်အကျိုး အကြောင်းအဖြစ်အပျက် များကို လက်ပါးစေ အယ်ဒီတာတယောက်က သိမ်ဖြူလမ်းသို့ လှမ်း၍ တယ်လီဖုံး ဆက်ခါ သတင်းပို့ လိုက်ပါသည်။

ထိုအချိန်မှာ ယစ်ထုပ်ကြီး၏ ဇိမ်ခံချိန်ဖြစ်သည်။ အရက်ရေချိန်လွန်အောင် သောက်နေချိန် အရက် ယစ်ဝ တော့မှ ကာမမယ်များထားရာရပ်ကွက် အသီးသီးသို့ ကားတစီးနှင့် အလှည့်ကျ တအိမ်ဆင်း တအိမ်တက် လေးကွက်သိုင်းနင်း၍ ရောက်လေလျှင် ကာမအ ပျော်တော်ဆက်မများက ထွက်၍ တွဲမ ခေါ်ယူပြီး ကာမစည်းစိမ် ဆက်ရမြဲဖြစ်သည်။ သို့ရာတွင် ယစ်ရည်ဝစ၍ တယ်လီဖုံးက အကြောင်း ကြားချက် အရ စာမူကိစ္စကြောင့် ဒေါပွပြီး မူးမူးယစ်ယစ်ကြီးနှင့်ပင် ရုပ်ပျက်ဆင်းပျက် အယ်ဒီတာခန်းသို့ ရောက်လာပြီး ဦးချစ်သိမ်းအား ကြိမ်းဝါးဆူပူခြင်း ပြုလုပ်လေသည်။

အယ်ဒီတာခန်းထဲမှာ ထန်းရေမူးသမား ရမ်းပုံမျိုး ဒုတိယအကြိမ် ရမ်းကားနေပြန်ပါသည်။ စားပွဲကို လက်နှင့် ထု၍ ဘာပြုလို့ ခင်ဗျားက သွားပြရဒါတုန်း၊ ဟိုကောင်တွေကော ဘယ်မှာပုံးနေကြသလဲဟု ဆဲရေး တိုင်းထွာ လျက်ရှိသည်။ အယ်ဒီတာလူငယ်ပိုင်းက တော်ရာမှာ သွားပုံးရှောင်နေကြပါသည်။ အခြားသူ မတွေ့တိုင်း ဦးချစ်သိမ်းကိုဘဲ မဲ၍ဆူပူနေပါသည်၊ ဦးချစ်သိမ်းကလဲ လူကြီးဖြစ်သည်တကြောင်း၊ အရက်ရည် ၀၍ မူးရူးနေသူဖြစ်သည် တကြောင်းကြောင့်၊ အကျိုးအကြောင်းဖြောင်းဖြောင်း ဖျဖျ ပြောနေ ပြနေသည်ဟု သိရပါသည်။ သည်လိုလုပ်လေ သူကိုကြောင်သည်ထင်ပြီး ဖြဲချောက်ပြလေ လုပ်နေပြန်သည်။ မိုက်မိုက်,ရိုင်းရိုင်းတွေလဲ ပြောသေးသည်။

နောက်ဆုံးတော့ ကောင်းပြီ ကျုပ်ရေးတဲ့ ကော်ပီကို ဆုတ်ပစ်ရင်၊ အခုတော့ ကျုပ်မှတ်မိသလောက် ပြန်ရေးပေးခဲ့ဦးမည်။ ဒါကိုလဲ သွားပြပြီး အမိန့်တောင်းဦးမှာလား ဟုဆိုသည်။ ထိုအခါ၍ ဦးချစ်သိမ်းက လေပြော့ပြော့ နှင့် ချော့မော့မနေတော့ပေ၊ ကျွန်တော်တို့မှာ ဒေါ်ခင်ခင်လေး၏ အုပ်ချုပ်မှုအောက်မှာ အလုပ် လုပ်နေရသူများ ဖြစ်သောကြောင့် သူ့ကို သွားပြရဦးမည့် ၀တ္တရားရှိနေပါသည်ဟု ရှင်းရှင်းဘဲ ပြောချ လိုက်သည်။

သည်တော့မှ အရက်မူးသည် ဒေါပွလာပြီး အဘိုးကြီး ဦးချစ်သိမ်းအား အယ်ဒီတာတဦးတယောက်ဟူ၍မှ မလေးစားတော့ဘဲ ချင်ဗျား အခုထွက်သွား (ဂက်ဒေါက်-ဂက်ဒေါက်)ဟု ရင်ဘတ်ကော့ပြိး ဟစ်အော် နှင်ထုတ် လေသည်။ သတင်းစာလောက၌ အယ်ဒီတာ တဦးတယောက်အား ရိုင်းပြစော်ကားစွာ ဆက်ဆံ လိုက်ပုံမှာ ကမ်းကုန်ယမ်းကုန်ဖြစ်သွားပါသည်။ ဦးချစ်သိမ်းသည် ဘာမျှမပြောတော့ဘဲ သူ့အပေါ် အင်္ကျီ ကလေး ဆွဲဝတ်ကာ အယ်ဒီတာအခန်းမှ ဆင်းသွားရရှာပါသည်။

သတင်းပေးတဲ့နှစ်ဘက်လွှ ယာယီမန်နေဂျာ
.
>>>ဆက်ဖတ်ရန်>>> >>

Wednesday, May 12, 2010

ဒဂုန်ခင်ခင်လေး နှစ်ပေါင်း (၆၀) အပိုင်း (၁၀၄)

ကာမသူရဲဗိုလ်ချုပ်ခေါင်းဖြူ

နောက်ပြီး ဘေးတီးပေးကြသော အချောက်အလန့်သမား တစားကလည်း ရှိသေးသည်။ အပြင်ဘက်မှ ဝေဘန် ကြသောစကားကို တဆင့်ကြားရသလိုလို သူတို့ကိုယ်တိုင် ကြုံရသလိုလို ဘာရယ်လို့ အစရှာ မရတဲ့ စကားမျိုးဖြစ်ပါသည်။ ဒီအိမ်ကြီးက ခိုက်တယ်ဟူရင်း တစ္ဆေရှိသည်၊ သရဲရှိသည်။ ဥစ္စာစောင့် ရှိသည် စသော စကားများမှာ နှစ်အတန်ကြာကပင်စာပြင် မိန်းမလောကနှင့် အတွင်းကမိန်းမများက ဆက်သွယ် သတင်းပျံ့ပွားခဲ့စေသည်။

အိမ်ကြီးက ဘုံဆောင်ကြီးနဲ့ဆိုတော့ ခိုက်တာပေါ့၊ တော်တော့လူမခံနိုင်ဘူး ဒေါ်ခင်ခင်လေးက ဘုရား တရား နဲ့နေလို့ ဘုန်းကံရှိလို့ မင်းမျိုးစိုးနွယ်ထဲကမို့ ဒီလောက် ကြာရှည်နေနိုင်သေးတာဘဲ၊ သူများ တကာ ဆိုရင် ပြေးရတာကြာလှပြီ-ဟု ဆိုသည်။ သည်အိမ်မျိုးတွေမှာ လွန်ခဲ့သော နှစ်ပေါင်း ၄-၅ဆယ်က၊ အနောက် တိုင်းသားများ ဂျူးလူမျိုး ကန်ထရိုက်တာများ ဆောက်လုပ်သွားကြသော ဟိုခေတ်တုံးက ဆောက်ထားသော ပုံသစ်ပုံဆန်းများ ဖြစ်ကြပါသည်။

ဘုရင်ခံအိမ် (ယခုသမတအိမ်တော်) အတွင်းဝန်များရုံးစသည်တို့နှင့် တချိန်ထည်း တခေတ်တည်း ဆောက်ခဲ့ကြသည်။ ကန်တော်ကြီး တ၀ိုက် မြို့ပတ်လမ်းခေါ် ယခုဘောင်ဒရီလမ်း ရပ်ကွက်တို့ရှိ အိမ်များမှာ အများ အားဖြင့် ဘုံအဆင့် တွေနှင့်ချည်း ဆောက်ကြပါသည်။ အနောက်နိုင်ငံပုံစံနှင့် နိုင်ငံခြားသား ကန်ထရိုက် များက အင်္ဂလိပ် အစိုးရအရာရှိကြီးများ နေထိုင်ရန် ဆောက်လုပ်သွားကြ ခြင်းဖြစ်ပါသည်။ ဒါကို ဗမာ့မျက်စေ့ နှင့်ကြည့်ပြီး (ဘုံအမြင့်နှင့်ဂုဏ်တင့်ကြက်သရေလျှံ) (ဘုံဆောင်မြင့် စိန်ကြောင် နီလာ) စသော သီချင်းတွေ ထည်းကလို ဗမာ့အသုံးအဆောင် ဘုံနန်းပြဿဒ်နှင့် နှိုင်းစာတင်စား၍ ရာဇဂိုဏ်း မလွတ်သော အဆောက်အဦးဟူ၍ မြင်သူကမြင်ကြ ထင်သူက ထင်ကြခြင်းဖြစ်ပါသည်။

အိမ်ကြီးက အလွန်ကြီးနေတဲ့အတွက် တံမြက်လှဲ ဖုံသုပ်ရသော အလုပ်ကပင် အပေါ်ထပ် အောက်ထပ် ၄-ယောက် ထားမှ လုံလောက်ပြီး သုံးဧက ကျယ်သော ခြံကြီး အတွက်ကလည်း အနည်းဆုံးမာလီ ခြံစောင့် အလုပ်သမား ၄-၅ယောက်လောက်မထားဘဲ မနိုင်နင်းပါ။ အခြားသောအိမ်၏ ဝေယျာဝစ္စ ဆောင်ရွက် သူများ ဧည့်ဝတ်စောင်ဝတ်များကို ရွက်ဆောင်ရသူများကိုလည်း အိမ်ကြီးသည်နှင့်အမျှ တာဝန် ဆောင်ရွက် ရသူတွေ များပါသည်။ ဆိုလိုသည်မှာ အိမ်ကြီးသလောက် တာဝန်စရိတ်ကကြီးသည်။ ရှေးခေတ် သူဌေးကြီးများ ရွှေမိုး, ငွေမိုး ရွာသလို ပစ္စည်းဥစ္စာပေါများကြစဉ်က မာလီ၊ ဒရ၀မ်၊ အိမ်စေတို့၏ လခ ကြေးငွေမှာ ၁၂ိမှ ၃၀ိအထိသာ ရှိသည်။ သို့ကြောင့် ကျမတို့လက် မရောက်မီ နောက်ဆုံး အိမ်ရှင် အရေးပိုင် ကတော်ကြီးသည် သားအမိနှစ်ယောက်တည်းနှင့် အိမ်ကကြီးလွန်း၍ ကျမအား ရောင်းချ လိုက်ခြင်း ဖြစ်ပါသည်။

ဤအိမ်ကြီးကို လွန်ခဲ့သော နှစ်ပေါင်း၄၀-ကျော်ခန့်က ပဋ္ဌမစတင် ဆောက်လုပ်သူမှာ မော်လမြိုင် နယ်သစ် တောမှ မက္ကရီကာသစ်သူဌေး နိုင်ငံခြားသား ဖြစ်ပါသည်။ အခြားအိမ်များနှင့်မတူ သူက ကျွန်းသစ်တော ကုမ္ပဏီ က သူဋ္ဌေးဖြစ်သောကြော်င့ အကောင်းဆုံးသော ကျွန်းသစ်များနှင့် စိတ်တိုင်းကျ ဆောက်လုပ် သွားခြင်း ဖြစ်ပါသည်။ မက္ကရီကာ သစ်ကုမ္ပဏီမှာ နှစ်စေ့၍ရုပ်သိမ်းပြန်သွားသောအခါ စူရတီလူမျိုးသူဋ္ဌေး (ရွှေသူဋ္ဌေး) ဟုလည်း ခေါ်သည်။ ၄င်းရွှေသူဋ္ဌေးအား ရောင်းချသွားခြင်း ဖြစ်ပါသည်။

စူရတီလူမျိုးသူဋ္ဌေးများ လက်တွင် ၁၅-နှစ်ခန့်ကြာသောအခါ အမွေခွဲဝေရန် သားချင်းများသဘောတူ၍ အိမ်ကြီးကို အရေးပိုင်ကတော်ကြီး ဒေါ်ဒေါ်ခိုင်အား ရောင်းချလိုက်ခြင်း ဖြစ်ပါသည်။ ထိုအရေးပိုင် ကတော်ကြီး လက်တည်းကမှ တတိယမြောက် ကျမက ၀ယ်ယူလိုက်ခြင်း ဖြစ်ပါသည်။ သူတို့ ထင်သလို ခိုက်၍ ပျက်စီး၍ ဆင်းပြေးကြရခြင်းမဟုတ်ဘဲ၊ အကြောင်းအားလျော်စွာ ပိုက်ရှင် လက်ပြောင်းလွှဲလာခဲ့ ရခြင်းသာ ဖြစ်ပါသည်။

တစ္ဆေသရဲရှိသည်ဟု ကျမလက်ထက် အိမ်ပေါ်မှလာနေကြသော ဖေါက်ပြန်ရေးအမျိုးမသီးအချို့၏ ၀ါဒဖြန့်ခြင်း မှာလည်း သူတို့အကြောင်းနှင့် သူတို့ရှိကြပါသည်။ သူတို့နေသော အိပ်ခန်းကျယ်ကြီးနှစ်ခန်းမှာ နောက်ဖေး လှေခါးမှ တက်လာပြီးမှ ရေချိုးခန်းမှ ဖြတ်ဝင်လာရပါသည်။ သူတို့အဆို ညသန်းခေါင်ကျလျှင် ဖြူဖြူ အရိပ်တစ်ခုသည် ရေချိုးခန်းထဲမှ ဖြတ်လာပြီး ရိပ်ခနဲ ပျောက်,ပျောက်သွားသည်ဟုဆိုသည်။ ဘာအချိပ် အဆက်မှ မရှိကြသော မိန်းခလေးများကတော့ ခလေးပြီပြီ တစ္ဆေဆိုလျှင် ကြောက်တတ်သည်။ ချွတ်ချွတ်သံ ကြားလျှင်ပင် တစ္ဆေသရဲထင်ပြီး စောင်ခေါင်းမြီးခြုံ ဖွင့်ကြည့်ဝံ့ကြတော့မည်မဟုတ်တော့ပါ။

သည်တော့သူတို့ထင်သလို ကျင့်နိုင်ကြပါသည်။ သူတို့ပြောသည့်အတိုင်း ဒီအိမ်ကြီးမှာ တစ္ဆေလည်း ရှိသည်၊ သရဲကြီးလဲရှိပါသည်။ ဥစ္စာစောင့်ဆိုတာလည်းရှိပါသည်။ လွန်ခဲ့သော ၆-နှစ်၇-နှစ်ခန့်က တစ္ဆေ တကောင်း သောင်းကျန်းလိုက်ပုံမှာ နေ့ခင်းနေ့လည်မရှောင် နောက်ဖေးလှေခါးမှ တက်လာပြီး ရေချိုးခန်း မှ ဖြတ်ဝင်လာသည် ထိုတစ္ဆေသည် ဓါတ်မီးလုံး ကျွမ်း၍ အသစ်လာပြင်တပ်ပေးတတ်သည်။ ထိုစဉ်က ထိုအခန်း ၌ ကျွမ်းလိုက်ရသည့် ဓါတ်မီးလုံးဖလ်သီးမှာ နေ့တိုင်းဘဲဖြစ်ပါသည်။ ထိုအခန်းမှာ အိပ်သော အမျိုးသ္မီး နှင့် ဓါတ်မီးလုံး တကပ်ပေးတတ်သော တစ္ဆေတို့ ညားသွားကြသောအချိန်မှစပြီး ဓါတ်မီးလုံးက တစ်နှစ် ရှိလို့မှ တကြိမ်မကျွမ်းတော့ပါ။

သို့ရာတွင် ထိုအမျိုးသ္မီးကစ၍ ဖြန့်ထားခဲ့သော တစ္ဆေသရဲသတင်းမှာ သူတို့အခန်းထဲတွင် ခေတ်မတိမ် ကောသေးပေ၊ ခွန်အားကောင်း ဗလကောင်း တစ္ဆေတယောက်ရှိသေးသည်။ သူကလည်း ရေးချိုးခန်းထဲက ဖြူဖြူကြီး ရိပ်ခနဲ ဖြတ်ကူးလာပြီး အိမှာ အကြောင်းမညီညွတ်၍ ခဏလာနေကြသော လင်နှင့်ကွဲလာသူ အမျိုးသ္မီး တဦးအား ဂုတ်ချိုးသည်။ တစ္ဆေ သရဲက ဂုတ်ချိုးစားခြင်းမျိုးမဟုတ်ပါ။ ဂုတ်ချိုး၍ ဇက်ကြောနှိပ် ပေးခြင်းမှ အခြားအကြောများကိုပါ တလက်စာထဲနှိပ်ပေးရခြင်းဖြစ်ပါသည်။ ဂုတ်ချိုးပုံခြင်းမတူပါ နောက်ပိုင်း မှာလဲ သရဲအငယ်စားပေါ်လာသေးသည်။ ထိုသရဲကလည်း ညလူခြေတိတ် နောက်ဖေး လှေခါး မှ တိတ်တဆိပ် တက်လာပြီး၊ ဆိုင်ရာတကာမကိုပူးသည်။ တကာတော်မက သူကဲ့ဝှက် စုဆောင်း ထားသည်။ ရမ်အရက်ပုလင်းနှင့် ကြောက်နက်စီးကရက်ဘူးကို ထုတ်ခါပသတင်မြှောက် ရပါသည်။ ထိုသရဲ မှာ ဇိမ်ခံ သရဲဆိုရင်လဲ မမှားပါ။

အဆိုးဆုံးကတော့ လွန်ခဲ့တဲ့ ၂-နှစ် ၃-နှစ်ခန့်အချိန်ကစပြီး၊ သရဲအကြီးစားကြီးက အိမ်ပေါ်ရော အောက်ထပ် ပါမကျန် အလွန်တရာ သောင်းကျန်းလာပါသည်။ ထိုသရဲကြီးမှာ အသက်ရင့်ပြီး ဆံပင်တွေ ဖွေးဖွေးဖြူ နေသောထိပ်တန်းစားသရဲ ဗိုလ်ချုပ်ကြီး ဖြစ်ပါသည်။ သောင်းကျန်းလိုက်သည့်ဖြစ်ခြင်း တအိမ်လုံး တခြံလုံး အလုပ်တိုက်ပါမကျန်ရအောင် ခြောက်လှန့် စားဝါးလျက်ရှိပါသည်။ ကာမသရဲလို့လဲ ခေါ်ချင် ခေါ်နိုင်ပါသည်။

ဥစ္စစောင့်ရှိသည်ဆိုသော သတင်းစကားကလည်း မှားလှသည်တော့ မဆိုနိုင်ပါ။ ဥစ္စစောင့်မသည် ခြံဝင်းအရှေ့ရှိ ခယားပင်နှင့် ရေတွင်းအကြား၌ ကျက်စားလေ့ရှိပါသည်။ ဥစ္စစောင့်မဆိုပေမင့် သူကရွှေငွေပိုက်ဆံမထုတ်ဘဲ သရဲဗိုလ်ချုပ်လက်ထဲက ပိုက်ဆံကိုသာ မိုးတိုးမတ်တပ်ရပ်၍ အရောင်ပြပြီး ချုယူသွားလေ့ရှိပါသည်။ သွားတာတောင်မှ ဥစ္စာစောင့်မပီပီ ကိုယ်ရောင်ဖျောက်မသွားဘဲ ဗမာ့ခေတ် အလုပ်တိုက် လင်းရိုဗာကားနှင့်မှ ပြန်,ပြန်ပို့ရပါသည်။ တခါတရံ ပြန်ပို့ရသော မှင်စာက ဥစ္စစောင့်မအပေါ် အမြတ်တော်ကြေး ကောက်သေးသည်ဟု ကြားရပြန်သေးသည်။ သို့ကြောင့် အိမ်ကြီးခိုက်သည် ဥစ္စာစောင့် ရှိသည်၊ သရဲကြီးရှိသည်၊ တစ္ဆေကြီးရှိသည်။ဆိုခြင်းမှာ သူတို့က ကောဋ္ဌာဟလထုတ်ပြီး သူတို့အလုပ် သူတို့တွင် ကျယ်အောင် လုပ်ကြခြင်းသာဖြစ်ပါသည်။


အကျိုးဆောင်ဘီယာမယ်


အိမ်ကြီးမှာသရဲတွေ့ဥစ္စာစောင့်တွေ ရှိသည် ခိုက်သည်ဆိုတဲ့ စကားမျိုးတွေကို ကျမနားကိုလဲ ပေါက်ကြား အောင် လာရောက်ပြောကြသေးသည်။ ကျမက ကြောက်ရွံ့ပြီး လူနည်းနည်းနှင့် မနေ၀ံ့အောင် အိမ်ပေါ်မှ ခါချလိုက်သော သူတို့, တတွေအား ပြန်ခေါ်ထားအောင် ခေါ်ထားသောအခါမှ မတင်မကျဖြစ်နေသော (ပူးသတ်)ကိစ္စကို လက်စသပ် ဆောင်ရွက်ပေးကြရန် ရည်သန်ခြင်း ရှိကြပါသည်။ သို့ရာတွင် ကျမက ကြောက်တတ်သူမဟုတ်ပါ၊ တစ္ဆေသူရဲကိုလဲ ယုံကြည်သူမဟုတ်၊ တစ္ဆေ,သရဲ, ဥစ္စစောင့် ဇာတ်ထုပ်တွေကို ကိုယ်တိုင်မယုံဘဲ စိတ်ကူးယဉ်နှင့် ဇာတ်လမ်းဝင်အောင် ရေးလာသူဖြစ်၍ ရယ်စရာလို့သာ သဘောထား လိုက်မိပါသည်။ သည်မြွေပွေး တွေအား ဘယ်တော့မှ ခါးပိုက်,ပိုက်၍ မထားတော့ပါ။

ဤအခြေအနေတွင် အပြင်မှ အသိမိန်းမတဦးသည် နှစ်လလောက်မလာဘဲ လမ်းမြတ်နေရာမှ ထူးထူးခြားခြား ကျမထံရောက်လာပြန်ပါသည်။ ထိုအမျိုးသ္မီးမှာ နိုင်ငံခြား သံရုံးများတွင် အလုပ်လုပ်ဘူး၍ အတော် လယ်လယ်ဝယ်ဝယ်ရှိသည်။ ပါးရေ,နပ်ရေလည်း ရှိသည်။ နှုတ်ထွက်,လျှာသွက်, လည်းရှိသည်။၊ သူသည် လွန်ခဲ့သော နှစ်လခန့်က ကျမအသဲ,အသန်မမာမကျန်းဖြစ်သည်ကိုလဲ မသိရပါ။ မကြားရပါ၊ ရုံးတွေ ဂါတ်တွေ ရောက်ရသည့် ကိစ္စတွေလဲ မသိရပါ၊ မရောက်တာကြာလို့ လာခဲ့ပါသည် ဟုဆိုသောစကားကို အရင်းတည်လျက် ကျမထံသို့ နေ့စဉ်ရက်ဆက်တနေကုန်, တနေကုန် လာနေ တတ်ပါသည်။

ကျမကရိုးရိုးဘဲ ခင်မင်မှုကြောင့် လာနေသည်ဟု ထင်ရသည်မှ တပါးထွေထွေ,ပြားပြားမသင်္ကာမှု မဖြစ်မိပါ။ နိုင်ငံခြားသံရုံးများ၌ တရုံးနှင့်အဆင်မပြောလျှင် တရုံးပြောင်းပြီး လခစားလုပ်နေသူက နေ့စဉ် တလ နီးပါး ကျမအိမ်မှာ အချိန်လာဖြုံးနေနိုင် သောကြောင့် မေးမြန်းကြည့်ရာ ခေတ္တ ခွင့်ယူထား သောကြောင့် မမလဲ စိတ်မကောင်းတဲ့အခါ အပျင်းပြေပါစေတော့လို့ လာနေခြင်းဖြစ်ပါသည်ဟု အဆိုရှိပြန်ရာ ကျမသည် သူ့ကို ကျေးဇူးလဲတင်မိပါသည်။

ခင်လဲခင်မင်မိပါသည်။ သူ၏သားသ္မီး ကလေးများကိုပင် ခင်ခင်,မင်မင်နှင့် သံယောဇဉ်ရှိမိပါသည်။
ကျမက ရိုးသားစွာ ၀င်ထွက်နေသည်ဟု ယုံကြည်သည်၊ သူသည်သံရုံးများတွင် ဒီပလိုမေစီခေါ်သော သုံးနည်း ပရိယာယ်ကို နားလည်ကြွယ်ဝလာခဲ့သူဖြစ်၍ ကျမမကြိုက်,မနှစ် သက်မည့် စကားဆို၍ တလုံးတပါဒ မှ ပြောင်ပြောင်ပြောကြားခြင်းမရှိပါ။ သို့ရာတွင် တခါတရံတော့ စကားထဲက ဇာတိပြ၍,ပြ၍ လာသည် စကားကျွံ၍, သွားပြီးမှ ရုပ်သိမ်းပစ်တတ်သည်။ သို့ရာတွင် သူ့စေတနာက ကျမ ရင်ဆိုင် နေရသော ကိစ္စအရပ်ရပ်များကို သင့်မြတ်ကြေအေးသွားစေလိုသော ဆန္ဒကြောင့် ပြောပြသည်ဟု အယူ အဆဖြစ်ပေါ်စေပါသည် တခါတရံ ရုံးပြင်ကန္နားက အမှုကိစ္စများရှေ့ဆက် မသွားဘို့ ကျမကိုလဲ ရုံးပြင်ကန္နား တက်ရန် မထိုက်တန်သော အင်မတန်ကြီး ကဲမြင့်မြတ်သော အမျိုးသ္မီးကြီးတစ်ယောက်အနေနှင့် အထက်ဘ၀ဂ် အထိ မြှောက်သည့်အခါ မြှောက်လိုက်သည်။

သေကြောင်း ကြံသည် အစာခပ်သည် ဆိုဒါတွေလဲမဟုတ်ပါ ငါဒီလိုလုပ်ရက်ပါ့မလားဟု ပြောကြောင်း အထင် လွဲမှား ဒါဘဲ ဖြစ်ပါလိမ့်မည်ဟုဆိုသော နားသွင်းချက်များကလည်း တခါ,တခါ အလစ်ဝင်, ၀င်လာ တတ်သည်။ ဒီအကြောင်းတွေ ဘယ်တုန်းကတွေ့၍ ပြောသလဲဟု အငိုက်ဖမ်းမေးသောအခါ သံရုံးဧည့်ခံပွဲ တွေမှာ ပြောဒါကို တဆင့်ကြားခြင်းပါဟုဆိုသည်။ ကျမအထင်က စေတနာနှင့် ပြေရာ ပြေကြောင်း ပြောရိုးပြောစဉ်ပြောသည်ဟုပင် ယူဆခဲ့ပါသေးသည်၊ သူကျမအိမ်မှာ နေ့စဉ်ဝင်ထွက်နေသော အချိန်မှာဘဲ ဆိုခဲ့ပြီးသော အရာရှိ မောင်ဝမ်းကွဲ နှစ်ယောက်အနက်မှ အရက်သောက်တတ်သူ မောင်အရာရှိအား ယခင်က သိကျွမ်းခဲ့သော အခံကလည်း ရှိသဖြင့် သူနှင့် အလွမ်းသင့်ပြီးသား ဖြစ်သောကြောင့် ထိုအမျိုးသ္မီး သည် အရာရှိ ရုံးအား သောနေ့ရက်များတွင် သူ့အိမ်သို့ ခေါ်ကာဘီယာနှင့် ကြက်သားကြော် တိုက်ကျွေး ဧည့်ခံပြီး ကျမအမှုထဲဝင်မပါရန် လင်မယားခြားထဲမပါရန် နားသွင်းဖြောင်းဖျ ဖျက်ဆီးလျက်ရှိသည်။ ဤမောင်ဝမ်းကွဲအရာရှိက ကျမကို နည်းလမ်းပြနေသည်ု လူယုတ်မာတို့ဘက်မှ အထင်ရှိ၍ တမင်ကြိုက်တတ်သော အစာနှင့်ဖျားယောင်း သွေးဆောင်ကာ နားချဖျက်ဆီးခိုင်းသောကြောင့် ဘီယာ မယ်က သူ့ဂျူတီအရ ပြုလုပ်ပေးရသော အဖြစ်မှန်ကို ကျမကနောက်မှ ဇာတ်ရည်လည်စွာ သိရှိ ရပါသည်။

သို့ရာတွင် ဘီယာမယ်အမျိုးသ္မီး၏ အကျိုးဆောင်ရွက်မှုမှာ အလာကောင်းသော်လည်း အခါနှောင်း လျက်သာ ရှိနေပါသည်။ မောင်ဝမ်းကွဲအရာရှိနှစ်ယောက်မှာ ကျမရေးသားဖေါ်ပြခဲ့ပြီး အတိုင်းထန်းပင်ပေါ်က အာဏာရကြီးနှစ်ဦးက မျက်လုံးပြူးပြလိုက်စဉ်ကတည်းက ကျမကိစ္စ၌ သူတို့ပါဝင် မေးမြန်းခြင်း မပြုရုံမက သူတို့နှင့်ပတ်သက်သော ရှေ့နေများကိုပင် စိတ်ရောကိုယ်ပါ အမှုကိစ္စ၌ ဆောင်ရွက် မပေးကြရန် ပြန်ပြီး တားမြစ်နေသည်။ ရုံးအမှုများကို ကျမရှုံးသွားစေရန် ရည်သန် အကျိုးဆောင် ပေးရမည်၊ ရဲဋ္ဌာနတိုင်ချက်များကိုလည်း အဖျားရှူးသွားအောင် ရွက်ဆောင်ပေးရသည်၊ ဘီယာ နှင့် ကြက်သားကြော ကျွေး၍ မဖျက်ဆီးမှီကပင် သူတို့စိတ်ဓါတ်ပျက်စီးနှင့်ပြီဖြစ်ပါသည်။

ဤဘီယာမယ် အမျိုးသ္မီးသည် တခါတခါလည်း ကျမအား ကြောက်လန့်အားငယ်သွားလိုသွားညား ခြောက် လှန့်သော စကားများကို ပြောကြားတတ်ပါသေး သည်။ ပစ္စည်းဥစ္စာမက်မောနေသူ, စုံမက်နေသူ,ဟုထင်ပြီး ဤပစ္စည်းဥစ္စာတွေ လေလွင့်ပျက်စီးကုန်တော့မည်၊ နှမျောစရာကြီး ဖြစ်၍ အချင်းချင်း ပြန်လည် စေ့စပ် ပေးပြီး ရုံးပေါ်ရောက်နေတဲ့အမှုကြီးတွေ ပြန်ရုပ်သိမ်းစေလိုကြောင်းစသော စကားများကို ကြိုးကြား, ကြိုးကြား, နားသွင်း တတ်လေသေးသည်။

ဘီယာမယ်နှင့်အလားတူ အခြားသူတွေကိုလည်း စေလွှတ် ဘေးတီးချောက်လှန့်စေသေးသည်။ ထိုသူ တွေက အမှုတွေ ရုံးရောက်နေလျှင် ရုံးစရိတ်နဲ့ ကုန်မှာဘဲ, ရုံးစားမှာဘဲ၊ ဟိုကလဲ အချိန်သိပ်ဆွဲမှာဘဲ, နောက်ဆုံး မှာ ကျမဘက်က ဘယ်လောက်ဘဲလမ်းမှန်နေစေကာမူ ဆိုင်ရာဆိုင်ရာ အာဏာရှိသူတွေက ၀င်ပါထား တော့ မျက်နှာကြီးရာ ဟင်းဖတ်ပါကြရမှာဘဲ၊ ဟိုထိပ်တန်းရုံးကြီးကဆိုရင် အားလုံးလိုလို သူ့ဘက်သား တွေချည်းဘဲ၊ ဒီတော့ ရုံးမတက်ချင်ပါနဲ့ စသော မျက်လုံးမျိုးတွေက ကျမနားကို လျှံကျ လာအောင် လောင်းထည့်နေကြပါသည်။ ကျမသည် သူတို့ဘယ်လိုဘဲပြောပြော ကြောက်ရွံ့ အားငယ်ခြင်း မရှိပါ။ ကျမက မမှန်မကန်လုပ်နေသူလည်း မဟုတ်၊ ညစ်ပတ်နေသူလည်းမဟုတ်ပါ။ တရားဥပဒေကိုရော ဘုရား ဥပဒေ ကိုပါ အားကိုးနေသူဖြစ်ပါသည်။

ဝန်ကြီးချုပ်ကို သူကြိုးဆွဲသလိုမက၍ဆဲခြင်း ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

Tuesday, May 11, 2010

ဒဂုန်ခင်ခင်လေး နှစ်ပေါင်း (၆၀) အပိုင်း (၁၀၃)

သူ့အိပ်ထောင်ထဲက အစိုးရ

ပုဒ်မ၁၄၅-အမှုအတွက် ရုံးရက်ချိန်းများ ရွှေ့၍ ရွှေ့၍ လာခဲ့ပါသည်။ ရဲဋ္ဌာနတွင် တိုင်ထားသော ပိုင်နက် ကျူးလွန်မှု စသည်များလည် အမျှင်တန်းလန်း အတိုင်းသာ ရှိပါသည်။ ရန်ကုန် ခရိုင် ရာဇ၀တ် တရားသူကြီးရုံး နှင့် ပြန်ကြားရေးဋ္ဌာနတို့တွင် တင်ပို့ကန့်ကွက်ထားသော ဗမာ့ခေတ်သတင်းစာ ပုံနှိပ်ထုတ်ဝေသူ အမည် ပယ်ဖျက် ပေးရန်ကိစ္စကိုလည်း တသီးတခြား အမှုဖွင့်၍ထားလိုက်ပြီးဖြစ်ပါသည်။ ထို့ပြင်မှတ်ပုံတင် အရာရှိရုံး သို့လည်း မှတ်ပုံတင်ရမည့် စာချုပ်စာတမ်းများအတွက် တဘက်တလမ်းမှ ဆောင်ရွက်နေရသဖြင့် သက်ဆိုင်ရာ ရုံးပြင် ကန္နားများ၌ စစ်မျက်နှာ ၄-၅ခုမျှ ဖွင့်ထားလိုက်ရပါသည်။

ပုံနှိပ်ထုတ်ဝေသူ ကန့်ကွက်ချက်ကို တရားသူကြီးရုံးမှ စစ်ဆေးရန်အမိန့်နှင့် ခေါ်သော်လည်း(၃) ကြိမ်တိတိ အကြောင်း အမျိုးမျိုးပြကာ မလာမရောက်ခဲ့ကြပါ။ စာချုပ်များမှတ်ပုံတင်ရုံးမှ ခေါ်သောအခါလည်း ဤနည်း အတိုင်း သာ ဖြစ်နေပါသည်။ ရဲဋ္ဌာနက အမှုများကလည်း တိုင်ချက်ရေးမှတ်ထားသော စာအုပ်ထည်းမှာပင် ရှိနေသေးသည်။ ပဋိပက္ခကြောင့် သတင်းစာတိုက်ပိတ်လိုမှုကိစ္စမှာလည်း ဟိုက်ကုတ်တရားလွှတ်တော်အထိ ဆွဲယူ သွားလေသည်။

ဤအတော အတွင်းမှာ ဗမာ့ခေတ်သတင်းစာက ကျမအုပ်ချုပ်လျက် နေ့စဉ်ထုတ်ဝေလျက်ရှိပြီးလျှင် အောက်အိမ်သစ် ကလေးတွင် သော့ခလောက် ရိုက်ချိုးဝင်ပြီး အတင်းအဓမ္မလာရောက်နေထိုင်သူ လူညစ်ပတ်ကြီးမှာ ၄-၅ရက်မျှသာနေလျက် အပြင်ပြန်ထွက်သွားလေသည်။ သူ၏စားကျတ်တွေက အပြင်အပ မှာသာရှိလေသည်။ နေ့မှာ မိုးကြိုးတိုက်တွင် ညီလာခံလျက် ညဘက်တွင် အရက် ပုလင်း ခါးထိုး လျက် ရပ်ကွက်တိုင်းလိုလိုတွင် ရှိနေသော အမျှောင်မများအိမ်တွင် တအိမ်တက်, တအိမ်ဆင်းနှင့် ကာမ စည်းစိမ် ယစ်မူးပြီး လင်းအားကြီးလောက်မှာ အိမ်သစ်ကလေးသို့ ပြန်လာသည်။ တဖန်မနက်လင်းလျှင် ထွက်သွား သည်။

 တပတ်လောက် အကြာတွင် လုံးဝလာရောက်နေထိုင်ခြင်း မပြုတော့ပေ။ သို့ရာတွင် အိမ်သစ်ကလေးကို ခြေကုပ် ယူထားသည် ၄င်းအိမ်သစ်ကလေးကို လက်လွတ်မသွားစေရန် မန္တလေး မစိုးရိမ်တိုက်က ဘုန်းကြီး တပါးကို ခေါ်ယူပြီး အစောင့်တင်ထားသည်၊ အကျင့်စာရိတ္တကို မကြိုက်သဖြင့် တိုက်ဝင်း အပြင် နှင်ထုတ် ထားပြီးသော ချင်းကောင်ငယ်လေးနှစ်ယောက်ကိုလည်း ၄င်းဘုန်းကြီးနှင့် အတူ အိမ်သစ်ပေါ်မှာ ဇွတ်အတင်း လာရောက် နေထိုင်စေသည်မှာ ယနေ့အထိဖြစ်ပါသည်။ ပိုင်နက်ကျူးလွန်မှုကို အဆက်မပြတ်အောင် ကိုယ်စားလည် လွှဲနှင့် အပ်ထားခဲ့သော သဘောသက်ဝင်လျှက်ရှိပါသည်။

ထိုစဉ်က အိမ်ကြီးပေါ်တွင် ကျမနှင့်အတူ လာနေသော ဦးပု၏နှမအဒေါ် တူသုံးဦးသားရှိ၍ ကရင်မ အိမ်ဖေါ်သုံးယောက်ရှိသေးသည်။ ဦးကိုကြီး ဦးပုတို့က တနေ့တခေါက်လောက်တော့ ရုံးသွား ရုံပြန်ဝင်ကြ သေးသည်။ သူတို့ငှားပေးသော ရှေ့နေများနှင့် အမှုကိစ္စစကားများ ဆွေးနွေးမေးမြန်း ပေးဖေါ်ရသေးသည်။

သို့ရာတွင်  ရက်များမကြာခင်မှာဘဲ အမူအရာကွဲလွဲ လာကြပါသည်။ သူတို့ညီအကို နှစ်ယောက်မှာ အစိုးရ လခစား များဖြစ်ကြပါသည်။ ကျမအမှုကိစ္စမှာ သူတို့ပါဝင်ပြီး အခါပေးနေလို့သာ ရုံးပြင်ကန္နားသို့ ကျမက ပေါက်ရောက်သွားသည်ဟု လူညစ်ပတ်နှင့် ၄င်း၏ပတ်ဝန်းကျင်ထင်ပုံရသည်။ သူတို့ကြားမ၀င်လျှင် ကျမမှာ သူယုတ်မှာလှည့်ဖျား ညစ်ပတ်သမျှ ခေါင်းငုံ့ခံရမည်ဟု ပုံသေကားကျယူဆကြသည်။ သို့ကြောင့် ၄င်း မောင်ဝမ်းကွဲ အရာရှိနှစ်ယောက်အား ဆိုင်ရာအာဏာရထန်းပင်ပေါ်က ပုဂ္ဂိုလ်နှစ်ဦးကခေါ်ယူ တွေ့ဆုံးပေးရန် ကုလားဖန် ထိုးလိုက်ပါသည်။

ထိုအခါက ထန်းပင်ပေါ်မှ အာဏာရပုဂ္ဂိုလ်နှစ်ဦးမှာ ဘုမသိ, ဘမသိ လေသံကြားနှင့် တရားနာရသလို လူညစ်ပတ်က အသံကောင်းဟစ်၍ ဒူးကိုင်ပြီး နားပူသဖြင့် အေးအေးဆေးဆေး ဖြစ်သွားကြရန် စေတနာ ရိုးနှင့် ဆွေးနွေးဒါမျိုးလည်းဖြစ် ဖြစ်နိုင်ပါသည်။ ဒါကြောင့် တနေ့သောအခါ အရာရှိ မောင်ဝမ်းကွဲ နှစ်ယောက် အား အဆိုပါ ထန်းပင်ပေါ်က အာဏာရှိကြီးနှစ်ဦးက ခေါ်ယူဆွေးနွေး၍ ကျေအေးအောင် ပြုလုပ်ပေးပါ။ ရုံးပြင် ကန္နား မှာ အကျယ်, အကျယ်မငြိမ်းဘွယ်တွေဖြစ်ပြီး ခရီးရှေ မနေကြပါနှင့်ဟု ပြောသည်ဟု ကျမကို ပြန် ပြောပြ၍ သိရှိရပါသည်။ သူတို့ကလည်း မောင်အငယ်များဖြစ်၍ အမကို သြဇာပေးနိုင်သူများ မဟုတ်ကြောင်း အကယ် ၍ လိုလားချက်များပြောပြပါဆိုက ပြောပြပါမည်ဟု ပြန်လည်ပြောခဲ့ရကြောင်းများကိုပါ ကျမအား ပြန်၍ တဆင့် ပြောပြကြပါသည်။

ဒါကလည်း လူယုတ်မာ၏ ခြေထိုးမှုသာဖြစ်ပါသည်။ အာဏာရှိ ပုဂ္ဂိုလ်များကလည်း အကြောင်းစုံမသိ၍ ကျေအေး စေချင်လို့ ပြောကြခြင်းသာဖြစ်ပါမည်။ အစိုးရ လခစားအရာရှိများ အနေနှင့် မောင်ဝမ်းကွဲတို့က အထက် လူကြီးတွေ၏ အထင်လွဲမှုကို မခံဝန့်၊ ဒီလိုခေါ်ပြောကတည်းက နည်းနည်းတော့ သွေးလန့် နေကြ ပုံရသည်။ ဒီအရာရှိ၂-ယောက်က ကျမကို အကူအညီမပြုဝန့်ကြအောင် သွယ်ဝိုက်သော နည်းပရိယာယ် ဖြင့် ဟန့်တား ဖျက်ဆီးလိုက်ခြင်း, ခြေထိုးလိုက်ခြင်းဖြစ်ကြောင်း ကျမက ကောင်းစွာ နားလည် လိုက်ပါသည်။ ညစ်ပတ်ရာ ခြေထိုးရာ၌ ဤမျှကျင်လည်သည်ကို ကျမက ဓါတ်ကြောသိခဲ့သူ ဖြစ်သော်လည်း အရာရှိ ၂-ယောက်မှ ကိုယ့်ရာထူးကလေးတွေ ထိခိုက်မှာ စိုးရိမ်လာသည် စိုးရိမ်စိတ် ၀င်အောင် တဘက် တလမ်း မှ ဘေးတီးပေးကြမည့် အလံရှူးတွေကိုလည်း နည်းအမျိုးမျိုးနှင့် စေလွှတ်နေပါ သေးသည်။

တကြောင်းကလည်း ဦးပုသည် သူ၏တူမအမျှောင်နှင့် ဆက်စပ်ခါ ညှာတာချင်သော သံယောဇဉ် ၀င်လာပုံရပါသည်။ ဘိန်းပုံးစားအလံရှူး၏ ပြောနည်းကား လေထုတ်နည်းကား တွေကလည်း အလုံးကြီးအခဲကြီးတွေ လေးလေးနက်နက်ကြီးတွေ ဖြစ်သည်။ ခင်ဗျားတို့ ၀င်ပါမနေကြနဲ့ ဟိုက အင်မတန် မျက်နှာကြီး တာကြီး ဒီအစိုးရကို သူတင်ပေးလိုက်တာ ဒီတော့ အစိုးရတဖွဲ့လုံး သူ့အိပ်ထောင် ထဲထည့်ထားနိုင်တဲ့သူ့လူ လက်ညိုးညွှန်ရာကို ဘာမဆို လုပ်ပေးရလိမ့်မယ် မယုံကြည့်နေပါ၊ ၀န်ကြီးတွေ, အတွင်းဝန် တွေတောင်မှ သူကခန့်ပါဆိုတဲ့လူကို ခန့်ရမယ်လို့ မျှော်လင့်ပြီး သူ့ကို ၀ိုင်းကပ်နေကြတယ်ဟု လူငှား နှင့် ဟိန်းဟောက်ကြွားဝါခိုင်း ထားပါသည်။ ဒီတော့ကိုယ့်ရာထူးကလေး မတော်တဆ ထိခံကြ ရမှာတော့ ကြောက်ရွံ့ပူပန်သွားကြ သည်။ မူပျက်လာကြတာကိုလည်း တစတစကျမက ရိပ်မိလာပါသည်။ မကူညီချင် နေ မနှောင့်ယှက်ပါနှင့် ဆိုသလို သူတို့မကူညီချင်လျှင် နောက်ဆုတ်နေနိုင်ပါသည်။ သို့သော် သူတို့နှင့် ပတ်သက်၍ ငှားပေးထားရှေ့နေများကို ပါသွား၍ ဇက်ဆွဲပေးကြရပြန်ပါသည်။ ကျမသည် ဒါတွေကို စောစောပိုင်းက မရိပ်စားမိခဲ့ပေ။

ရာထူးထိခိုက်မှာ စိုးရိမ်နေကြလို့

နောက်ပိုင်းမှာတော့ အမူအရာတွေက ဖုံးမရအောင် ပေါ်လာပါသည်။ အိမ်သို့ခါတိုင်းလို တနေ့တခေါက် လာရောက်ခြင်း၊ မေးမြန်းခြင်း မရှိတော့ဘဲ ရက်တွေခြားမှန်းမသိ ခြားသွားကြပါသည်။ လာသော အခါမှာလည်း အမှု, အခင်းအခြေအနေ ကိစ္စအရပ်ရပ်တို့ကို စကားစပ်၍မျှ မမေးကြတော့ပါ။ သူတို့နှင့် ပတ်သက်ပြီး မှ ငှားရမ်းရသော ရှေ့နေများကလည်း သူတို့ဇာတ်ဆွဲရမ်းသောကြောင့် ခပ်ပေါ့ပေါ့  နေကြ ယုံမက တခါတရံ အမှုရက်ချိန်းနေ့, ရက်ကိုပင် ကျမကို အကြောင်းမကြား၍ သိလိုသူကျမက လူလွှတ်၍ တယ်လီဖုန်း ဆက်၍၄င်း မေးမြန်း ယူရပါသည်။

ဤသည် တို့ကို ထောက်ထား၍ မောင်ဝမ်းကွဲ အရာရှိနှစ်ယောက်သည် မကူညီရုံမျှမက ပူး၍ သတ်ပေးကြရန် ဆင်ကြံ,ကြံနေကြပြီ ဖြစ်ပါသည်။ သူတို့၏ သားမယားများကိုလည်း တဖက်မှသွား၍ မိန်းမချင်း ချောက်လှန့်ပေးထားကြသေးသည်။ သည်တော့ မိန်းမများဖြစ်သည့်အလျှောက် ကြောက်ရွံ့ကြသည်။ ပညာရေးဌာန ဒု-အတွင်းဝန် ဦးပု၏ သမီးများကဆိုလျှင် သူတို့အဖေမှာ ရာထူးမပြတ်သည်ထားဦး အဆင့်အတန်း တိုးတက် စရာမရှိအောင် ဖိနှိပ်ခံရမှာ စိုးသည်၊ နယ်ပြောင်းပစ်ခံရမှာ စိုးသည်၊

ဒါကြောင့် ဒီအမှုကိစ္စမှာလည်း မပါဝင်၊ ရှေ့နေများကိုလည်း အားမပေး မမေးမမြန်း ကျမထံကိုလာရန်ပင် မရဲတော့ကြောင်း၊ ပွင့်ပွင့်လင်းလင်းလာ၍ ထုတ်ပြောကြပါသည်။။ သို့ကြောင့် နောက်ဆုံးတွင် ကျမက သူတို့ရာထူးဋ္ဌာန အလုပ်အကိုင် ထိုက်မည်စိုးရိမ်သည်ဆိုသောကြောင့် မည်သူမျှမ၀င်မထွက် မဆက်ဆံကြပါနှင့်တော့ဟု ယတိပြတ် ကန်တော့ဆွမ်းလောင်းလိုက်ရပါသည်။ ကျမသည် ကိစ္စတခု၌ ရှင်းရှင်းဘဲ ပြုတ်တတ်ပါသည်။

အရာရှိများကိုယ်တိုင် လာရောက်ဘို့ မဆိုထားနှင့် သူတို့၏ သားမယား၊ နှမသားချင်း ဆွေမျိုးများကိုပါ အလာမခံ၊ အ၀င်,အထွက်၊ အဆက်အဆံမပြုတော့ဘဲ တချီထဲ လမ်းဖြတ်လိုက်ပါသည်။ အိမ်မှာလာနေသော သူတို့ အမျိုးအဆွေ ၃-၄ယောက်ကိုပါ တယောက်မကျန် ပြန်လွှတ်လိုက်ပါသည်။ နောက်ပိုင်း၌ တခါတရံလာတွေ့ပါရစေဟု သူတို့ထဲမှာ အမျိုးသ္မီးအချို့က ၀င်းတံခါးဝမှစောင့်၍ စာပေးခိုင်းသည့်တိုင်အောင် ကျမသည် တွေ့ခွင့်မပြုတော့ပါ၊ အ၀င်,အထွက် ခွင့်မပြုဝံ့သော အကြောင်းတခုကလည်း တပြိုင်တည်း လိုလိုပေါ်ပေါက်လျက်ရှိပါသည်။

ထိုအကြောင်းမှာ ကျမအိမ်တွင် ခေတ္တလာရောက်နေထိုင်သော ဦးပု၏နှမအရင်း မုဆိုးမသည်၎င်း၊ နေ့စဉ် ဗာဟီရ စာအုပ်ရောင်းခြင်း၊ သတင်းစာမှ ဓါတ်ပုံဖိုင်တွဲခြင်း အလုပ်များကို ယာယီလခနှင့် အလုပ် ပေးထားသော မုဆိုးမ၏တူမ မေရီဆိုသော မိန်းခလေးတို့မှာ အပြင်အပ၌ စလေသူ မိုနိုစာစီမနှင့် ဒွေးရော ယှက်တင် ဆက်ဆံလျက်ရှိသည်။ ငွေရေး,ကြေးရေး အချေးအငှါး၊ အပေါင်အနှံများ ရှုပ်ထွေးလျက်ရှိသည်။ မိုးကြိုး လီမိတက် ရှယ်ယာကိစ္စနှင့်လည်း မုဆိုးမနှင့် အမျှောင်မ ဖြစ်နေသော မိုနိုစာစီသူ့တူမတို့ ခြေပုန်းခုတ် ရှုပ်ယှက်ခပ် နေကြသည်။ သူတို့မရှင်း,မရှင်း ဆက်သွယ်နေသော ကိစ္စတွေရှိကြခြင်းကို ပွင့်ပွင့်လင်းလင်း ကျမသိရသောအခါ သူတို့နှစ်ယောက်ကို စက်ဆုတ်ရွံရှာလာသည်။ စလေသူမသည် အိမ်တွင်းမှာ လာနေစဉ် အခါထဲက ဆေးဝါးပယောဂများ လိုက်စား၍ မကြာခဏ စုန်းပူးသလို,သရဲပူးသလိုလို ငိုလားရယ်လား ဖြစ်တတ် သည်။

ကျမ ကိုလဲရောဂါနှင့် မသင့်သော အစာအဟာရများ အထက်ဆရာအမိန့်အရ ထည့်ခါ,ထည့်ခါ ကျွေးလာ ရသူဖြစ်သည်။
သည်မျှဇာတ်လမ်းရှုပ်၍ ယုတ်ညံ့သူနှင့် ဆက်သွယ်နေသော မိန်းမနှစ်ဦးအား ကျမအိမ်ထဲမှာ ယုံယုံ ကြည်ကြည် ခေါ်ထား၍ မဖြစ်တော့ဟု ဆုံးဖြတ်ခါ ပြန်လွှတ်လိုက်ရခြင်းကလည်း အကြောင်းတရပ် ပါခဲ့ပါ သေးသည်။ ၄င်းမေးရီဆိုသူအား သူ့အဒေါ်နှင့် အတူပင်အိမ်တွင် မထားလို၍ အလုပ်မလာရန် ပြန်လွှတ်သော အခါ အောက်ထပ်မှာ စုန်းပူးပါသည်ဆိုပြီး ငိုကြီးရယ်ကြီး လုပ်လာသည်။ ငိုရင်း,ငိုရင်းက အကြမ်းဘက်လာပြီး စုန်းမကြီး က စုန်းပူးပြီး ဆဲနည်းမျိုးနှင့် ကျမကိုဆဲဆို သောင်းကျန်းနေသည်ဟုဆိုသည်။ အောက်ထပ်ရှိ ကရင် အိမ်ဖေါ် ကလေးမများသည် ကျမအား အထိတ်တလန့်ဖြစ်မည်စိုး၍ ချက်ခြင်း လာမပြောဘဲ ငြိမ်သက် သွားတော့မှ လာပြောကြပါသည်။

    တော်တော်လည်း အတွေးအခေါ်ခေါင်းပါးရှာကြသည်။ ဤသို့စုန်းပူးပြလိုက်လျှင် ကျမက ကြောက်ရွံ့ပြီး အဖေါ် မရှိက မနေ၀န့်အောင် သူတို့ကို ပြန်မလွတ်အောင် ပရိယာယ်တထောင် သုံးခြင်းစြဖ်ရာ မှော်ဆရာ ကိုကိုလေး အမည်နှင့် ကျမက ဒါမျိုးတွေကို လုပ်ကြံရေးသားကာ စာဘတ်ပရိတ်သတ်ကို အပျင်းဖြေ လာခဲ့သည်မှာ နှစ်ပေါင်း ၄၀-ကျော်နေပါပြီး ဒီနည်းမျိုးနှင့်မစွံပါ၊ အမှုကိစ္စတွေ ရုံးရောက်စ အချိန်ပိုင်း ဆီကလည်း တချီတမောင်း ကြိုးပမ်းလိုက်ကြသေးသည်။

၎င်းအမျိုးသ္မီးတူအရီးနှစ်ဦးဘဲ အိမ်ထဲမှာ တိုးတိုး-တီးတီး လုပ်နေကြသည်။ မျက်နှာတွေလဲပျက်လို့ ဒီအက်တင် ကို ကျမမမြင်အောင် တမင်လုပ်ပြကြသည်ဟု ယူဆမိသည်။ ကျမက ဘာစြဖ်နေကြဒါလဲဟု မေးသောအခါ သူတို့ သည် ကျမအတွက် ဗေဒင်သွားမေးပါသည်။ ၇-ရက်အတွင်း အသက်ကို လုပ်ကြံခံရမည့်ကိန်းရှိသည်ဟု ဟောလိုက်သည်ဟု ပြောပါသည်။ ၇-ရက်အတွင်း မဟုတ်ပါဘူး လွန်ခဲ့တဲ့ တနှစ်ကျော် အချိန်ကစပြီး နည်းအမျိုးမျိုး သုံး၍ သွေးအေးအေးနှင့် လုပ်ကြံလာခဲ့ကြဒါ ယနေ့အထိ ငါမသေမှ မသေခဲ့ဘဲ စိုးရိမ်စရာ မလို ပါဘူးဟု ပြောလိုက်ရပါသည်။ နောက်၁၀-ရက်လောက် ရှိသောအခါ ဘဲ့နဲ့လဲဟေ့ ၇-ရက်ကျော်လာလို့ ၁၀-ရက် ရှိခဲ့ပြီ ငါမသေပါလား၊ နင်တို့ဗေဒင်က ဘယ်မှာမှန်လို့လဲဟု ရယ်သွမ်းသွေးလိုက်သောအခါ ဗေဒင်ယတြာမလုပ်လိုက်ရှာရသူတို့အတွက် မျက်စိမလှ မျက်နှာမလှ ဖြစ်သွားကြသည်ကို တွေ့ရပါသည်။


ကာမသူရဲ ဗိုလ်ချုပ်ခေါင်းဖြူ ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>