Showing posts with label မြသိန်း ဘာသာပြန် တော့တိုး-ချန်. Show all posts
Showing posts with label မြသိန်း ဘာသာပြန် တော့တိုး-ချန်. Show all posts

Sunday, January 31, 2010

တော့တိုး-ချန်

နိဂုံး

သူတို့တစ်တွေ အခုဘာလုပ်နေကြသနည်း။ ကျွန်မနှင့် အတူတူမီးရထားတွဲစာသင်ခန်းတွင် အတူတူ ''ခရီးသွား'' ခဲ့ကြသူများ ဘာလုပ်နေကြသနည်း။

အာကီရာတာဟာရှီ

တိုမိုကျောင်းအားကစားပြိုင်ပွဲနေ့တွင် ဆုတံဆိပ်အများဆုံးရရှိသော တာကာဟာရှီသည် နောက်ထပ်အရပ် မြင့်လာခြင်းမရှိသော်လည်း မီဂျီတက္ကသိုလ်သို့ တက်ရောက်ခွင့်ရသော အီလက်ထရွန်နစ်အင်ဂျင်နီယာဘွဲ့ ကို ရရှိခဲ့လေသည်။
သူသည် ယခုအခါဝယ် ဂျပန်ပြည်အလယ်ပိုင်း ယာမာနာရေကန်အနီးရှိ အီလက်ထရွန်နစ်ကုမ္ပဏီကြီးတစ်ခု တွင် မန်နေဂျာဖြစ်နေပါသည်။
ကျွန်မသည် သူနှင့်သူဇနီးကို တွေ့ဆုံရန် ဟန်မာမတ်ဆုသို့သွားပါသည်။ သူ၏ဇနီးသည် သူ့အကြောင်းကို ကောင်းစွာသိထားသူဖြစ်ပါသည်။ တိုမိုကျောင်းအကြောင်းကို ခင်ပွန်းဖြစ်သူက သူမကို ပြောပြထားသည့်အ တွက် သူမသည် တိုမိုကျောင်းသူတစ်ဦးကဲ့သို့ပင် တိုမိုကျောင်းအကြောင်းကို သိထားပါကြောင်းဖြင့် ကျွန်မ ကို ပြောပြပါသည်။ သူမ၏ခင်ပွန်းသည် အခြားသူများနှင့် ယှဉ်လိုက်လျှင် ခန္ဓာကိုယ်မှာ ပုပုကလေး ဖြစ် နေသော်လည်း အထူးခိုင်မာကြောင်းဖြင့် ကျွန်မကို ပြောပြပါသည်။

တာကာဟာရှီက သူသည် တိုမိုကျောင်းသို့ ပထမဆုံးစတင်ရောက်ရှိသည့်နေ့က ကျောင်းတွင် ကိုယ်အင်္ဂါမ သန်မစွမ်းသူအချို့ကို မြင်တွေ့ရသဖြင့် စိတ်သက်သာရာရခဲ့ကြောင်း၊ တိုမိုကျောင်း၌ ပညာ သင်ကြား ရသည် မှာ စိတ်ပျော်ရွှင်သောကြောင့် အိမ်ပြန်ရမှာကိုပင် စိတ်မပါကြောင်း ပြောပြပါသည်။
ဆရာကြီး ကိုဘာယာရှီသည် မိမိကို စိတ်အားမငယ်ဖို့ အမြဲအားပေးစကားပြောကြောင်း၊ မိမိကိုယ်မိမိ ယုံကြည်မှု အပြည့်အ၀ထားဖို့ အမြဲတိုက်တွန်းကြောင်း၊ လူအများ၏ နောက်ဘက်တွင် နေလေ့ရှိသော မိမိအား ဆရာကြီးက လူရှေ့သို့ခေါ်ထုတ်ကာ အစစအရာရာကို သတ္တိရှိရှိ၊ ရဲရဲဝံ့ဝံ့ဖြင့် ရင်ဆိုင်ရန် အလေ့အ ကျင့်များ ပြုလုပ်ပေးကြောင်း တာကာဟာရှီက ပြောပြပါသည်။

တာကာဟာရှီအား ယခုကဲ့သို့ လူတော်တစ်ယောက်ဖြစ်အောင် ပံ့ပိုးပေးသောအချက်များတွင် သူ၏ကောင်း မွန်သော မိသားစု၊ ကောင်းမွန်သော ပတ်ဝန်းကျင်နှင့် ဆွေမျိုးအသိုင်းအ၀ိုင်းများ ပါဝင်လေသည်။
မည်သို့ပင်ရှိစေ ဆရာကြီးက ကျွန်မကို ''မင်းဟာ တကယ့်ကို လိမ္မာတဲ့ မိန်းကလေးငယ်တစ်ယောက်ဖြစ် တယ်၊ မင်းသိရဲ့လား''ဟု အားပေးစကားပြောသလို သူ့ကိုလည်း ''မင်း ဒါကို လုပ်နိုင်တယ်''ဟူ၍ အားပေး လေ့ရှိရာ ထိုအားပေးချက်သည် သူ၏ဘ၀ကို ကောင်းအောင်ပြုပြင်ပေးရာ၌ အလွန်ထိရောက်မှုရှိခဲ့ သည်ဟု ကျွန်မ ယုံကြည်ပါသည်။

ဟာမာမတ်ဆုမှ ကျွန်မပြန်ခါနီးတွင် တာကာဟာရှီသည် ကျွန်မမေ့နေသည့် အကြောင်းအရာတစ်ခုကို ပြောပြ ပါသည်။ သူက ''သူသည် တိုမိုကျောင်းသို့ လာသည့်အခါ လမ်းခရီး၌ အခြားကျောင်းမှ ကျောင်းသား များ၏ အနိုင်ကျင့်မှုကို အမြဲလိုလိုခံရလေ့ရှိကြောင်း၊ ကျောင်းသို့ရောက်သောအခါ သူသည် မျက်နှာ မကောင်းဘဲ စိတ်အားငယ်နေလေ့ရှိရာ ကျွန်မက သူ့ကိုကြည့်ပြီး ဘာဖြစ်လာသလဲဟု မေးလေ့ ရှိကြောင်း၊ အကျိုးအကြောင်းကို သိရသောအခါ ကျွန်မက ကျောင်းဝင်းအပြင်ဘက်သို့ အမြန်ဆုံး ပြေးထွက်သွားလေ့ရှိ ကြောင်း၊ ခဏအကြာတွင် ကျွန်မပြန်ရောက်လာပြီး 'သူတို့မရှိကြတော့ဘူး၊ နောင်ကို ဒီလိုဖြစ်မှာ မဟုတ်တော့ဘူး'ဟု ပြန်ပြောကြောင်း၊ ထိုအခါ သူသည် အလွန်ပင်ဝမ်းသာမိကြောင်း''ဖြင့် ပြန်ပြောပါသည်။

''နင်က အဲဒီလို ပြုလုပ်ပေးတဲ့အတွက် ငါလေသိပ်ကို ပျော်သွားတာပဲ''ဟု ခွဲခွာခါနီးတွင် တာကာဟာရှီက ပြောပါသည်။
ထိုအကြောင်းကို ကျွန်မမေ့နေပါသည်။ ကျွန်မသည် သူ့ကိုအလွန်ကျေးဇူးတင်မိပါသည်။ ယခုလိုသတိပြန်ရ စေသောကြောင့် တာကာဟာရှီကို ကျွန်မအလွန်ပင် ကျေးဇူးတင်ပါသည်။


မိရိုး-ချန် (မိရိုးကာနီကိုး)

ဆရာကြီးမစ္စတာ ကိုဘာယာရှီ၏ တတိယသမီးဖြစ်သူ မိရိုး-ချန်သည် ကူနီတာချီ ဂီတကောလိပ်၏ ပညာရေး ဌာနမှ ဘွဲ့လက်မှတ်ရခဲ့ပါသည်။ သူမသည် ထိုကောလိပ်ကျောင်း၌ပင် တေးဂီတဆရာမအဖြစ် အမှုထမ်း လျက်ရှိပါသည်။ သူမသည် ငယ်စဉ်ကတည်းက လမ်းလျှောက်ရာ၌လည်းကောင်း၊ ကိုယ်လက် လှုပ်ရှားရာ၌ လည်းကောင်း တေးဂီတသံစဉ်အတိုင်း အချက်ကျကျ လှုပ်ရှားလေ့ရှိကြောင်းကို ဖခင်ဖြစ်သူ မစ္စတာ ကိုဘာယာရှီသည် ကောင်းစွာသတိပြုမိခဲ့လေသည်။


ဆက်ကိုး မတ်ဆူယာမ (မစ္စက်ဆိုက်တို)

တိုမိုကျောင်းသို့ ကျွန်မ ပထမဦးဆုံး ကျောင်းစတက်သည့်နေ့က ကျွန်မဆုံတွေ့ခဲ့သည့် ယုန်အရုပ်ပါသော ဂါဝန် လှလှကလေးကို ၀တ်ဆင်ခဲ့သော မျက်လုံးပြူးပြူးနှင့် မိန်းကလေး ဆက်တိုး-ချန်သည် တိုကျို အမျိုးသမီး တက္ကသိုလ်တွင် အင်္ဂလိပ်စာပြ ဆရာမအဖြစ် အမှုထမ်းလျက်ရှိနေပါသည်။ သူမသည် ဂျပန် တောင်တန်း ဒေသတစ်ခုတွင် တောင်တက်ရင်း တွေ့ခဲ့သူတစ်ဦးနှင့် အိမ်ထောင်ကျနေပါသည်။ သူတို့၏ သားဦး အမည်ကို သူတို့စတင်တွေ့ဆုံရာ တောင်တန်း၏အမည်ဖြစ်သည့် ''ယာဆူတာကာ''ဟု ခေါ်တွင် စေပါသည်။

တာအိဂျီ ယာမာနိုအုချိ

ကျွန်မကို မယူဘူးဟု ပြောခဲ့သော တာအိဂျီ-ချန်သည် ဂျပန်နိုင်ငံ၏ ထင်ရှားသော ရူပဗေဒပညာရှင်တစ် ယောက်အဖြစ်သို့ ရောက်ရှိနေပါပြီ။ သို့သော်သူသည် ယခုအခါတွင် ဂျပန်ပြည်တွင် မရှိဘဲ အမေရိကန်ပြည် သို့ရောက်နေပါသည်။ သူသည် အမေရိကန်ပြည်၌ပင် အိမ်ထောင်ကျနေပါသည်။

ကူနီယို အိုအိ

ကျွန်မ၏ ကျစ်ဆံမြီးကို ဆွဲခဲ့သူ အိုအိသည် သစ်ခွပန်းစိုက်ပျိုးရေးလုပ်ငန်းဖြင့် အောင်မြင်မှုရရှိနေပါသည်။ သူ သည် တိုမိုကျောင်းမှ ထွက်ခဲ့ပြီးနောက် အခြားမည်သည့်ကျောင်းတွင်မျှ ပညာမသင်ကြားတော့ပေ။ သူသည် သစ်ခွပန်းစိုက်ပျိုးရေးအလုပ်တွင် ကျွမ်းကျင်သောကြောင့် ဂျပန်ပြည်အနှံ့သို့ ခရီးထွက် နေရ ပါသည်။ ကျွန်မ သည် အလွန်အလုပ်များနေသော အိုအိနှင့် တယ်လီဖုန်းဖြင့်သာ စကားပြောခဲ့ရပါသည်။ သူစကား ပြောသော လေသံသည် တိုမိုကျောင်းတုန်းက လေသံအတိုင်းပင်ဖြစ်ပါသည်။ မည်သို့မျှ ပြောင်းလဲ ခြင်းမရှိပါ။

ယိုအိချိ-မီဂီးတာ

မီးသင်္ဂြုံလ်ထားသော ပြာများကို ယူခဲ့မည်ဟု ရွှတ်နောက်နောက်ပြောသော မီဂီးတာသည် သီးနှံစိုက်ပျိုးရေး ဘွဲ့တစ်ခုကို ရရှိခဲ့ပါသည်။ သို့သော်သူသည် ပုံဆွဲခြင်းအလုပ်ကိုသာ စိတ်အားထက်သန်သဖြင့် စိုက်ပျိုးရေး အလုပ်ကို မလုပ်တော့ဘဲ ပန်းချီကျောင်းသို့ တက်ရောက်ကာ ဘွဲ့လက်မှတ်ကို ရယူပြီးနောက်၊ ကိုယ်တိုင် ဂရပ်ဖစ်ဒီဇိုင်း ကုမ္ပဏီတစ်ခုကို တည်ထောင်ထားလေသည်။

ရာရိုး-ချန်

တိုင်းပြည်အတွက် စစ်မြေပြင်သို့ သွားရောက်ကာ တာဝန်ထမ်းဆောင်ခဲ့ရသော ကျောင်းစောင့်ကြီး ရာရိုး-ချန်သည် ဒုတိယကမ္ဘာစစ်ကြီးပြီးဆုံးသောအခါ ပြန်ရောက်လာပါသည်။ သူသည် နိုဝင်ဘာလ(၃)ရက်နေ့ တွင် ကျင်းပမြဲဖြစ်သည့် တိုမိုကျောင်းသားဟောင်းများ မိတ်ဆုံပွဲသို့ မပျက်မကွက် တက်ရောက်လေ့ရှိပါ သည်။

မြန်မာပြန်သူ - မြသိန်း
.
နောက်ဆုံးအပိုင်းတွင် ပုံလေးများ ထည့်ရန် အကြံပေးခဲ့သော ညီမငယ် မိုမိဂျိ နှင့် တော့တိုး-ချန် ကလေး အား ချစ်ခင်စွာ အားပေး ဖတ်ရှု ခဲ့သော စာချစ်သူများ အား အထူး ကျေးဇူးတင် လျှက်......

ကမ္ဘာကြီး ကောင်းကျိုးအတွက် အလေးထား လုပ်ဆောင်ခဲ့သော လူသားများအား ထာဝရလေးစား လျှက်...

ရွှေစင်ဦး

တော့တိုး-ချန် ပြီးရင် ဘာတင်မလည်း ဆိုတဲ့ စာချစ်သူများ အတွက် မြန်မာပြည်၏ဟယ်လင် ဦးမြင့်ဆွေ (ဖြူး) ဘာသာပြန်.. မူရင်း HELLEN OF BURMA BY HELEN RODRIGUEZ အား တင်ပေး ပါမယ်..ဒါလည်း ဖြစ်ရပ်မှန်ပါဘဲ..အားလုံးဘဲ စိတ်ဝင်စားမယ်ထင်ပါတယ်..

စာချစ်သူများ အား အစဉ်လေးစားလျှက်
.
>>>ဆက်ဖတ်ရန်>>> >>

Saturday, January 30, 2010

တော့တိုး-ချန်

ဖြည့်စွက်ချက်

တိုမိုကျောင်းကို တည်ထောင်သူ ဆိုဆာကူးကိုဘာယာရှီ အကြောင်းကို ကျွန်မ ရေးလိုသည်မှာ ကြာလှပြီ။
ကျွန်မ၏ ယခု ရေးသားချက်များသည် အမှန်တကယ် ဖြစ်ပျက်ခဲ့သော အကြောင်းအရာများသာ ဖြစ်ပါ သည်။

ကျွန်မအနေဖြင့် ထပ်မံဖြည့်စွက်လိုသည်မှာ ကျွန်မသည် မစ္စတာကိုဘာယာရှီအား ကျွန်မ လူကြီး ဖြစ်လာ လျှင် ဆရာကြီး၏ ကျောင်း၌ ကျောင်းဆရာမအဖြစ် အမှုထမ်းပါမည်ဟု ကတိပေးခဲ့ပါသည်။ သို့သော် မစ္စတာကိုဘာယာရှီ၏ အကြောင်းကိုသာ ယခုလို စာရေးပြီး လူအများသိအောင် သာ ပြုလုပ်ပေး နိုင်ခဲ့ပါ သည်။

မစ္စတာကိုဘာယာရှီသည် ခရစ်နှစ် ၁၉၆၃ ခုနှစ်တွင် ကွယ်လွန် အနိစ္စ ရောက်ခဲ့ပါသည်။ အကယ်၍သာ သူသည် ယခုအချိန်အထိ အသက်ရှင်နေဦးမည်ဆိုလျှင် သူ၏အကြောင်းကို ကျွန်မအား ပိုမို ပြောပြ နိုင်မည် ဖြစ်သည်။

တိုမိုကျောင်းသည် ၁၉၄၅ခုနှစ်တွင် တိုကျိုမြို့ ဗုံးကြဲခံခဲ့ရစဉ်က မီးလောင်ပြာကျခဲ့ရသည်။ မစ္စတာ ကိုဘာယာရှီသည် တိုမိုကျောင်းကို သူ၏ ကိုယ်ပိုင်ငွေဖြင့် တည်ဆောက်ခဲ့ခြင်း ဖြစ်လေရာ ကျောင်းကို ဆောက်ရာ၌ သူသည် အချိန်များများ ယူရပါသည်။ စစ်ပြီးသောအခါ မူလကျောင်းဟောင်း နေရာ၌ပင် မူလတန်း ကျောင်းကို စတင်သည်။ ထိုတစ်ချိန်တည်းမှာပင် သူသည် နောင်အခါ၌ ကူနီတာချီ ဂီတ ကောလိပ် ၏ ကလေးများ ပညာရေးဌာန ဖြစ်လာမည့် ဌာနတွင် လိုအပ်သော အကူအညီ များကို ပေးသည်။ သူသည် ဂီတသံဖြင့် ယိမ်းကနည်းတစ်မျိုးကို သင်ကြားပြီး ကူနီတာချီ မူလတန်း ကျောင်း တည်ထောင်ရေး ၌ အကူအညီ ပေးသည်။ သူသည် အသက်၆၉နှစ် အရွယ်တွင် ကွယ်လွန်ခြင်း ဖြစ်သည်။ သူသည် သူ၏ စံပြကျောင်းတစ်ကျောင်းကို နောက်ထပ် မတည်ထောင်နိုင်တော့ဘဲ ကွယ်လွန် သွားခြင်း ဖြစ်သည်။

တိုမိုဂါကူးအန် သည် တိုကျိုမြို့၏ အနောက်တောင်ပိုင်းတွင် တည်ရှိသည်။ တိုယိုကို မီးရထားလိုင်းပြေး ဆွဲရာ ဂျီယူဂါအိုကာ ဘူတာရုံမှ သုံးမိနစ်ခန့်ဝေး သော လမ်းလျှောက်သွားလျှင် ရောက်နိုင်သော အကွာ အဝေးတွင် တည်ရှိသည်။ ထိုကျောင်းနေရာသည် ယခုအခါတွင် 'ဥဒေါင်းငှက်ပဒေသာဆိုင်ကြီး' နှင့် မော်တော်ကား များ ခေတ္တအပ်နှံရာ နေရာအဖြစ်သို့ ရောက်ရှိနေလေပြီ.
 
ကျွန်မသည် နေ့တစ်နေ့တွင် ထိုကျောင်းနေရာဟောင်းသို့ ရောက်သွားပါသည်။ ကျွန်မတို့ ကျောင်း နေစဉ် က အနေအထားများ၊ အမှတ်အသားများ၊ ဘာမျှကျန်ရှိတော့မှမဟုတ် ဆိုသည်ကို ကျွန်မ သိပါ ၏။ သို့သော်လည်း ကျွန်မသည် မော်တော်ကားများ ခေတ္တအပ်နှံရာ နေရာ၊ သတ်မှတ်ထားသောနေရာ တွင် ကားကို ဖြည်းညင်းစွာ မောင်းသွားမိသည်။ ၎င်းနေရာသည် စာသင်ခန်း ရထားတွဲဟောင်းများ ရှိခဲ့ရာ နေရာနှင့် ကစားကွင်း တည်ရှိခဲ့ရာ နေရာပင် ဖြစ်သည်။ မော်တော်ကားများကို ခေတ္တအပ်နှံရာနေရာ ပေါ်မှ တာဝန်ခံ လူကြီးတစ်ယောက်ဖြစ်ဟန်တူသူက "မလာနဲ့၊ မလာနဲ့၊ ကားတွေ ပြည့်နေပြီ၊ နောက်ထပ် လက်ခံဖို့ နေရာမရှိဘူး"ဟု ကျွန်မကို အော်ပြောပါသည်။

"ကျွန်မ ကားအပ်ဖို့လာတာ မဟုတ်ဘူး၊ ကျွန်မရဲ့ နေရာဟောင်းကို လာကြည့်တာပါ"ဟု ကျွန်မ ပြန်ပြောလိုက်ချင်ပါသည်။ သို့သော်လည်း ကျွန်မဆိုလိုချက်ကို ထိုသူသိမှာ မဟုတ်ဟု စဉ်းစားမိသော ကြောင့် ကျွန်မသည် ကားကို ပြန်မောင်းထွက်လာပါသည်။ သို့သော်လည်း ကျွန်မသည် အတိတ်က အကြောင်းအရာများကို ပြန်လည်စဉ်းစားမိသဖြင့် ကားမောင်းသွားရင်း မျက်ရည်များ ကျလာပါသည်။
ဤကမ္ဘာလောကကြီးတွင် ပညာရေးဘက်၌ ကျွမ်းကျင်သူ လူအများရှိသည်ကို ကျွန်မ သိပါသည်။ သူတို့သည် ကလေးသူငယ်များကို ချစ်တတ်၊ ခင်တတ်သူများ ဖြစ်ကြပြီး သူတို့တွင် အဆင့်အတန်း မြင့်မားသော အတွေးအခေါ်များ ရှိကြပါသည်။ သူတို့သည် စံပြကျောင်းများကို တည်ထောင်လိုကြသူ များ ဖြစ်မည်မှာ သေချာပါသည်။

သို့သော်လည်း စိတ်ကူးထဲတွင် ရှိသော စံပြကျောင်းကို လက်တွေ့ အကောင်အထည် ဖော်ရေးသည် ခက်ခဲ သည်ဟု ကျွန်မသိရှိ နားလည်ထားပါသည်။ မစ္စတာကိုဘာယာရှီသည် နှစ်ပေါင်းများစွာကြာအောင် လေ့လာမှု့ များနှင့် ပြင်ဆင်မှု့ များကို ပြုလုပ်ခဲ့ပြီးမှ ၁၉၃၇ခုနှစ် တွင် တိုမိုကျောင်းကို စတင်ထည်ထောင် နိုင်ခဲ့သည်။ ၁၉၄၅ခုနှစ် တွင် တိုမိုကျောင်းသည် မီးလောင်ပြာကျခဲ့ရသည်။ ကျောင်း ၏ သက်တမ်းမှာ အလွန်ပင် တိုတောင်းလှပေရာ ကျွန်မအနေဖြင့် များစွာ စိတ်မကောင်းခြင်း ဖြစ်မိပါသည်။

လူ့လောကထဲသို့ စတင်ရောက်ရှိလာသော ကလေးများ၏ ပင်ကို စရိုက်သည် ဖြူစင်ပါသည်ဟု မစ္စတာ ကိုဘာယာရှီ ယုံကြည်ထားသည်။ သို့သော်လည်း ထိုကလေးများ၏ ပင်ကိုစရိုက်ကောင်း သည် သူတို့၏ ပတ်ဝန်းကျင် အခြေအနေများနှင့် အချို့လူကြီးများ၏ လွဲမှားသော လွှမ်းမိုးမှုများကြောင့် ပျက်စီး ယိုယွင်းခြင်းသို့ ရောက်ရှိသွားကြရသည်ဟု မစ္စတာကိုဘာယာရှီ ယူဆထားလေသည်။ သူ၏ ရည်ရွယ် ချက်မှာ ထိုကလေးများသည် တဖြည်းဖြည်း ကြီးပြင်းလာရင်း လူကောင်းများ၊ လူတော်များ ဖြစ်လာ လိမ့်မည် ဟု ယုံကြည် ထားလေသည်။

မစ္စတာကိုဘာယာရှီသည် သဘာဝလောကကြီးကို ချစ်မြတ်နိုး၏။ တန်ဖိုးထား၏။ ကလေးများ၏ ပင်ကို စရိုက်များကို သူတို့၏ ပုံမှန်အခြေအနေအတိုင်း ဖွံ့ဖြိုး တိုးတက် စေချင်၏။
သူ၏ သမီးငယ် မိရိုး-ချန်က သူမ၏ ဖခင်သည် သူမငယ်စဉ်က သူမကို လမ်းလျှောက်ခေါ်သွားလေ့ရှိ ကြောင်း၊ သဘာဝရဲ့ တေးဆိုသံတွေကို ငါတို့သွားနားထောင်ကြစို့" ဟု ပြောပြီး လမ်းလျှောက်ခေါ်သွား လေ့ရှိကြောင်းဖြင့် ကျွန်မကို ပြောပြဖူးပါသည်။ သူသည် သမီးဖြစ်သူကို သစ်ပင်ကြီးများ ရှိရာသို့ခေါ် သွားပြီးလျှင် သစ်ရွက်များနှင့် သစ်ကိုင်းများသည် လေပြည်လေညင်းများနှင့်အတူ လှုပ်ရှားနေပုံ၊ သစ်ရွက်များ၊ သစ်ကိုင်းများနှင့် ပင်စည်တို့ အပြန်အလှန် အထောက်အကူ ပြုနေပုံ၊ လေတိုက်ခတ်မှု နှုန်း အမြန်အနှေးကို လိုက်၍ သစ်ရွက်များ၏ လှုပ်ရှားမှုများမှာလည်း အပြောင်းအလဲရှိပုံကို ပြောပြ သည်။ လေငြိမ် နေလျှင် သူတို့သည် စိတ်ရှည်စွာဖြင့် လေတိုက်မည့်အချိန်ကို စောင့်နေတတ်ကြောင်း၊ သူတို့သည် မြစ်များ၊ ချောင်းများကိုလည်း လေ့လာကြကြောင်း။ သူတို့သည် အိမ်အနီးရှိ တာမာမြစ်ဆီ သို့ သွားကြပြီး ရေစီးသံကို နားထောင်ကြကြောင်း၊ ရေစီးဆင်းပုံကို ကြည့်ကြကြောင်း၊ ဤသို့သော အလုပ်မျိုးကို သူတို့သည် ဘယ်တော့မျှမငြီးငွေ့ဘဲ လုပ်ကြကြောင်းကို သူမက ကျွန်မအား ပြောပြခဲ့ဖူး ပါသည်။

မစ္စတာကိုဘာယာရှီသည် ထင်ပေါ်ကျော်ကြားမှုကို မလိုလားပေ။ သူသည် သူ၏ ကျောင်းအကြောင်းကို မကြေညာပေ။ ကျောင်းနှင့် ပတ်သက်၍ ဓာတ်ပုံများဖြင့် ဖော်ပြခြင်း၊ သတင်းဆောင်းပါးများ ရေးသား ခြင်းမျိုးကို မပြုလုပ်ပေ။ သို့သော်လည်း ပညာရေးဌာနအနေဖြင့် သူ့အား ကလေးများ ပညာရေးတွင် ကျွမ်းကျင်ပညာရှင်တစ်ယောက်အဖြစ်ဖြင့် အသိအမှတ်ပြုထားလေသည်။
တိုမိုကျောင်း အားကစားပြိုင်ပွဲကျင်းပသည့်နေ့ဖြစ်သော နိုဝင်ဘာ(၃)ရက်နေ့သို့ ရောက်သည့်အခါ တိုင်း တိုမိုကျောင်းသားဟောင်းများသည် ကူဟွန်းဘတ်စု ဘုရားကျောင်းတွင် စုဝေးတွေ့ဆုံလေ့ရှိကြ ပါသည်။ ကျွန်မတို့တစ်တွေ၏ အသက်များမှာ လေးဆယ်ကျော် ငါးဆယ်တွင်းသို့ ရောက်လာကြပြီဖြစ် သော်လည်း တစ်ဦးနှင့်တစ်ဦး တွေ့ဆုံကြသည့်အခါ ငယ်စဉ်ကအတိုင်း ပြောကြဆိုကြ ဆက်ဆံလေ့ရှိ ကြပါသည်။ တစ်ယောက်ကိုတစ်ယောက် နောက်ကြ ပြောင်ကြပါသည်။ ငယ်ငယ်တုန်းက ခေါ်ခဲ့ကြ သော ငယ်နာမည် များ ခေါ်ကြပါသည်။ မစ္စတာကိုဘာယာရှီ ချန် ထားခဲ့သော အမွေအနှစ်များတွင် ဤ တွေ့ဆုံပွဲသည် တစ်ခု အပါအ၀င် ဖြစ်ပါသည်။

ကျွန်မသည် ပထမဦးဆုံး ပညာသင်ကြားခဲ့ရာ မူလတန်းကျောင်းမှ ကျောင်းထုတ်ခြင်း ခံခဲ့ရပါသည်။ ထိုအကြောင်းနှင့် ပတ်သက်၍ ကျွန်မကောင်းကောင်း မမှတ်မိတော့ပါ။ အမေက ကျွန်မကို လမ်းပေါ်က အတီးအမှုတ်သမားများအကြောင်းနှင့် စာရေးစားပွဲအကြောင်းကို ပြောပြဖူးပါသည်။ ကျွန်မကျောင်း ထုတ်ခံရသည်ဟု ပြောပြခြင်းကို ကျွန်မ မယုံကြည်နိုင်အောင် ဖြစ်မိပါသည်။ ထိုအချိန်ထိုအခါက ကျွန်မ သည် ကျောင်းထုတ်ခံရလောက်အောင် ဆိုးခဲ့လေသလော။

လွန်ခဲ့သော ငါးနှစ်က ဖြစ်ပါသည်။ ကျွန်မသည် နံနက်ပိုင်း ရုပ်မြင်သံကြား အခန်းတစ်ခန်းတွင် ကျွန်မကို ငယ်စဉ်က သိခဲ့ပါသည်ဆိုသော အမျိုးသမီးတစ်ဦးနှင့် တွေ့ဆုံဆွေးနွေးခန်းကို ဖွင့်ခဲ့ရပါသည်။ သူမသည် ကျွန်မ၏ အတန်းပိုင်ဆရာမမဟုတ်ပါ။ ကျွန်မ ပထမဆုံး နေခဲ့ရာ မူလတန်းကျောင်းမှ ကျွန်မတို့၏ အတန်းနှင့် ကပ်လျက် အခန်းမှ အတန်းပိုင် ဆရာမဖြစ်ပါသည်။
    ထိုဆရာမ ပြောသည်များကို ကျွန်မသည် အံ့အားသင့်စွာဖြင့် နားထောင်နေမိသည်။

    "မင်းဟာ ဆရာမရဲ့အတန်းနဲ့ ကပ်လျက်အတန်းက ကျောင်းသူကလေးပေါ့၊ စာသင်နေချိန်မှာ ဆရာမက ဆရာတွေ စုဝေးရာအခန်းကို သွားတဲ့အခါမှာ မင်းဟာ စာသင်ခန်းအပြင်ဘက် လူသွားလမ်းပေါ်မှာ ထွက်ရပ် နေတတ်တယ်။ ဆရာမက မင်းရဲ့ရှေ့က ဖြတ်သွားတိုင်း မင်းက ဆရာမကို မေးလေ့ရှိတယ်။ " ကျွန်မဘာဖြစ်လို့ ဒီမှာ ရပ်နေတယ်ဆိုတာ သိသလား၊ ကျွန်မဘာအပြစ် လုပ်မိသလဲဆိုတာ သိရဲ့လား၊ ဆရာမ လမ်းပေါ်က အတီးအမှုတ်သမားတွေကို ဆရာမသဘောမကျ ဘူးလား" စသည်ဖြင့် မေးလေ့ ရှိတယ်။ ဆရာမက ပြန်မဖြေတတ်ဘူး။ ကြာတော့ ဆရာမဘယ်လိုဖြစ်လာသလဲဆိုရင်၊ ဆရာတွေ စုဝေးခန်းကို သွားတော့ မယ်ဆိုရင် လူသွားလမ်းပေါ်မှာ မင်းရှိမရှိဆိုတာကို အရင်ဆုံး ကြည့်ရသေးတယ်။ မင်းရှိနေရင် ဆရာမ မသွားသေးဘူး။ မင်းမရှိတော့မှ ဆရာမ ထွက်ဝံ့တော့တယ်။

    မင်းရဲ့အကြောင်းကို မင်းရဲ့ အတန်းပိုင်ဆရာမက ဆရာတွေ စုဝေးခန်းမှာ အမြဲပြောလေ့ရှိ တယ်။ ဒါ့ကြောင့် ဆရာမအနေနဲ့ မင်းကို အခြားကျောင်းသားတွေထက်ပိုပြီး သိတာပေါ့။ ရုပ်မြင်သံကြားမှာ မင်းပထမဆုံး ပါဝင် သရုပ်ဆောင်တာကို ကြည့်ပြီးကတည်းက မင်းကို ဆရာမ ချက်ချင်း မှတ်မိတယ်။ အချိန် ဟာ သိပ်ကြာနေပေမယ့်လို့ ဆရာမကတော့ မင်းကို ကောင်းကာင်း မှတ်မိနေတယ်"
    ကျွန်မ၏ အတန်းပိုင်ဆရာမသည် ကျွန်မကို အပြင်ဘက်၌ မတ်တတ် ရပ်ခိုင်း ထားလေသလော၊ ကျွန်မ အံ့သြမိ ပါသည်။ ကျွန်မ ကျောင်းထုတ်ခံရခြင်းကို ထိုဆရာမ ပြောပြပြီးပါပြီ။
    ဤတွင် အလျဉ်းသင့်သဖြင့်၊ ကျွန်မ၏ မိခင်အကြောင်းကို ဖော်ပြလိုပါသည်။ ကျွန်မ အသက်နှစ်ဆယ် မပြည့် မချင်း အမေသည် ကျွန်မကျောင်းထုတ်ခံရသည့် အကြောင်းကို လုံးဝမပြောပေ။ ကျွန်မ အသက်နှစ်ဆယ် ပြည့်သောအခါမှ အမေက ထိုအကြောင်းကို ပြောပြသဖြင့် ကျွန်မသည် အမေ့ကို အထူး ကျေးဇူးတင် ပါသည်။

    "သမီး-သမီးဘာဖြစ်လို့ တိုမိုကျောင်းကို ပြောင်းရတယ်ဆိုတာ သိသလား"
    အမေသည် ကျွန်မကို မေးပါသည်။ ကျွန်မက မသိပါဘူးဟု ဖြေလိုက်သောအခါ အမေက ပြောပါသည်။
    "သမီး-ပထမဆုံးနေခဲ့တဲ့ မူလတန်းကျောင်းက ကျောင်းထုတ်ခံခဲ့ရလို့ပဲ"
    အကယ်၍ အမေကသာ ထိုအချိန်ထိုအခါက "သမီးသိပ်ဆိုးတာပဲ၊ သမီးအခုကျောင်းထုတ်ခံရ ပြီ၊ နောက်ထပ်ကျောင်းထုတ်ခံရဦးမယ် ဆိုရင် သမီးဘယ်ကျောင်းမှာ သွားနေမလဲ"ဟု ပြောမည်ဆို က ပြောနိုင် ပါသည်။ အမေ ကသာ ထိုသို့ပြောခဲ့လျှင် တိုမိုဂါကူးအန်ကျောင်းဝင်းထဲသို့ ကျွန်မပထမဆုံး ၀င်ရောက်သည့်နေ့က ကျွန်မသည် ပျော်ပျော်ရွှင်ရွှင် ဖြစ်နေလိမ့်မည် မဟုတ်ဘဲ၊ အားငယ်စိတ် ၀င်နေလိမ့် မည်ဖြစ်သည်။ အမေက ကျွန်မကို ကျောင်းထုတ်ခံခဲ့ရခြင်းနှင့် ပတ်သတ်၍ ဟိုတုန်းက လုံးဝမပြောခဲ့ပါ။ အမေ့လို မိခင်မျိုး ကျွန်မ ရခဲ့သဖြင့် ကျွန်မကံကောင်းပါသည်။

    စစ်ကြီး ဖြစ်နေစဉ် တိုမိုကျောင်း၏ မှတ်တမ်းတင် ဓာတ်ပုံ အနည်းငယ်ကို ရိုက်ယူ နိုင်ခဲ့ပါသည်။ ထိုဓာတ်ပုံများ ထဲတွင် အတန်းတင် စာမေးပွဲ အောင်သူများ၏ မှတ်တမ်းတင် ဓာတ်ပုံများသည် အကောင်းဆုံး ဖြစ်သည်။ အတန်းတင်စာမေးပွဲအောင်သူများသည် မိမိတို့အတန်း အလိုက် ဓာတ်ပုံများကို အမှတ်တရ ရိုက်ကြပါသည်။ စုဝေး ခန်းမကြီးရှေ့ တွင် ရိုက်ကြပါသည်။ "လာကြဟေ့-လာကြ၊ ဓာတ်ပုံ ရိုက်ကြမယ်" ဟု တယောက်ယောက်က နှိုးဆော်လိုက်လျှင် မသက်ဆိုင်သော အတန်းများမှ ကျောင်းသား များသည်လည်း ဓာတ်ပုံရိုက်မည့် နေရာသို့ ရောက်လာကြပြီး၊ သူတို့ပါ ၀င်ရောက် အရိုက်ခံကြပါသည်။ ထို့ကြောင့် ဓာတ်ပုံများကို ကြည့်ပြီး မည်သည့်အတန်းက စာမေးပွဲအောင်သူများ၏ ဓာတ်ပုံများဖြစ်သည်ကို ပြော၍မရနိုင်ပါ။ ဓာတ်ပုံကိစ္စနှင့် ပတ်သက်၍ မစ္စတာကိုဘာယာရှီသည် အလေးအနက်သိပ်မထားပေ။ သူ့အနေဖြင့် တိုမိုကျောင်းသား ကျောင်းသူများ ၏ ဓာတ်ပုံဖြစ်လျှင် ကျေနပ်ပါသည်။ ခွဲခြားသည့် အလုပ် မျိုးကို သူမလုပ်ပေ။

    တိုမိုကျောင်းအကြောင်းနှင့် ပတ်သက်၍ ကျွန်မတွင် ရေးစရာအကြောင်း များစွာ ရှိပါသည်။ သို့သော်လည်း စာရှုသူများအနေဖြင့် တော့တိုး-ချန်လို မိန်းကလေးငယ် တစ်ယောက်သည် အခြား အခြား သော လူများနှင့် အဆင်ပြေအောင်နှင့် အံဝင်ခွင်ကျပြီး ၀င်ဆံ့သူ ဘ၀သို့ ရောက်လာပုံကို သိရလျှင် ကျွန်မ အနေဖြင့် ကျေနပ်သည်။
    တိုမိုကျောင်းကဲ့သို့သော ကျောင်းများသာရှိလျှင် ကျောင်းထုတ်ခံရမှု့ များနှင့် ကျောင်းတွင်း အဆင် မပြေ မှုများ ရှိလိမ့်မည်မဟုတ်ဟု ကျွန်မထင်ပါသည်။ တိုမိုကျောင်းတွင် ကျောင်းလွှတ် လိုက်သော်လည်း မည်သည့် ကျောင်းသား မှ အိမ်သို့ ချက်ချင်းမပြန်ကြပေ။ နံနက်အချိန်တွင်လည်း ကျွန်မတို့သည် ကျောင်းသွား ဖို့ကိုသာ စိတ်စောနေကြပါသည်။ တိုမိုကျောင်းသည် ထိုသို့သော ကျောင်းမျိုးဖြစ်သည်။

    ဆရာကြီး ဆိုဆာကူးကိုဘာယာရှီကို တိုကျိုမြို့ အနောက်မြောက်ပိုင်းရှိ ရွာတစ်ရွာတွင် ၁၈၉၃ ခုနှစ် ဇွန်လ (၁၈)ရက်နေ့၍ မွေးဖွားခဲ့ပါသည်။ သူသည် ရေမြေတောတောင် သဘာဝနှင့် တေးဂီတသံသာများကို ချစ်ခင်မြတ်နိုးသူဖြစ်သည်။ ကလေးဘ၀က သူသည် အိမ်အနီးရှိ မြစ်ကမ်းနဘေးတွင် မတ်တတ်ရပ်ရင်း မလှမ်းမကမ်းရှိ ဟာရူးနာတောင်ထိပ်ကို ကြည့်နေလေ့ရှိသည်။ မြစ်ရေစီးသံများကို သူ၏နားထဲတွင် တေးဂီတသံ များအဖြစ် ကြားယောင်နေမိသည်။

    သူသည် လယ်ယာလုပ်ငန်းဖြင့် အသက်မွေးသော ဆင်းရဲသားမိသားစုတစ်စုမှ မွေးဖွား လာခဲ့သူ ဖြစ်သည်။ မွေးချင်းခြောက်ယောက် အနက် သူသည် အထွေးဆုံးဖြစ်သည်။ မူလတန်းအဆင့် ပညာရေး ပြီးဆုံးသောအခါ သူသည် လက်ထောက်ကျောင်းဆရာအဖြစ် အမှုထမ်းသည်။ ဆရာဖြစ် လက်မှတ် ရရှိရေး အတွက် သူသည် ခက်ခဲစွာ ကြိုးစားအားထုတ်ခဲ့ရသည်။ သို့သော်လည်း သူသည် စိတ်မပျက်ဘဲ ဆက်လက်ကြိုးစားရာ၊ တိုကျိုမြို့ မူလတန်းကျောင်း တစ်ကျောင်းတွင် ကျောင်းဆရာ အလုပ်ကိုရသည်။ ကျောင်းဆရာအလုပ်ကို လုပ်ကိုင်ရင်း သူသည် တေးဂီတပညာကို လေ့လာဆည်းပူးသည်။

ထို့နောက်သူသည် ဂျပန်တေးဂီတ ပညာရေးဌာနမှ ဖွင့်လှစ်သော တေးဂီတသင်တန်းသို့ တက်ခွင့်ရသည်။ သင်တန်းပြီးဆုံးသောအခါ သူသည် ဆီကီအီမူလတန်းကျောင်း၌ တေးဂီတနည်းပြဆရာအဖြစ် အမှုထမ်းခွင့် ရသည်။ မွန်းလွှဲပိုင်းအားလပ်ချိန်များ၌ သူသည် လမ်းလျှောက်ခြင်း၊ အပင်များစုဆောင်းခြင်း၊ စိုက်ပျိုးခြင်း၊ ပန်းချီရေးဆွဲခြင်း၊ သီချင်းဆိုခြင်းနှင့် ကျောင်းအုပ်ဆရာကြီး၏ ဟောပြောပွဲများကို နားထောင်ခြင်းဖြင့် အချိန် များကို ကုန်လွန်စေခဲ့သည်။ သူသည် ကျောင်း၌ တေးဂီတကို သင်ကြားပြသရင်း ကလေးများ အတွက် ရွှင်မြူးဖွယ်ရာ တစ်ခန်းရပ်ပြဇာတ်တိုတစ်ပုဒ် ရေးသားပြီး ကျောင်း၌ တင်ဆက်ကပြသည်။ ထိုပြဇာတ်တိုကို စက်မှုလုပ်ငန်းပိုင်ရှင်ကြီးတစ်ဦးဖြစ်သော ရွန်အိုင်ဝါဆာကီးဆိုသူသည် လွန်စွာ သဘောကျ နှစ်ခြိုက်သည်။ အိုင်ဝါဆာကီးသည် `ကျောင်း၏ အနုပညာအသင်း နာယက တစ်ဦး ဖြစ်သည့်အပြင် `ကျောင်းကိုလည်း `ငွေ ကြေးထောက်ပံ့မှု ပေးနေသူဖြစ်သည်။ သူသည် မစ္စတာ ကိုဘာ ယာရှီကို ဥရောပတိုက်၌ ပညာသင်ကြားရေး နည်းစနစ်များအားလေ့လာစေရန် `စေလွှတ်ဖို့ ထောက်ခံပြီး လိုအပ်သော ငွေကြေးများကိုလည်း ထောက်ပံ့သည်။

''သူတို့ကို သူတို့ရဲ့ ပင်ကိုစရိုက်အတိုင်း လွှတ်ထားပါ၊ သူတို့ရဲ့ ရည်ရွယ်ချက်၊ သူတို့ လုပ်ချင်တာတွေကို သွားမချုပ်ချယ်ပါနဲ့၊ သူတို့ရဲ့ စိတ်ကူးစိတ်သန်းတွေဟာ ခင်ဗျားတို့ထက်တောင်မှ ကြီးချင်ရင် ကြီးနေမှာ''ဟု ပြောလေ့ရှိသည်။ ထိုကျောင်းမျိုးသည် ဂျပန်ပြည်တွင် ရှေးအခါက မရှိခဲ့ပေ။

၁၉၃၀ပြည့်နှစ်တွင် မစ္စတာကိုဘာယာရှီသည် ဥရောပတိုက်သို့ ခရီးသွားပြန်သည်။ သူသည် ဒါလ်ခရိုဇီထံမှ ပညာများကို ဆည်းပူးသည်။ ထို့နောက်သူသည် အမြို့မြို့အနယ်နယ်သို့ လှည့်လည်ပြီး ပညာရေးဆိုင်ရာ လေ့လာမှုများကို ပြုလုပ်သည်။ ဂျပန်ပြည်သို့   ပြန်ရောက်လျှင် သူ၏ ကိုယ်ပိုင်ကျောင်းတစ်ကျောင်း တည်ထောင်ရန်ကိုလည်း စိတ်ကူးထားသည်။
၁၉၃၇ခုနှစ်တွင် သူသည် တိုမိုဂါကူးအန်ကျောင်းကို စတင်တည်ထောင်သည့်အပြင်၊ သူသည် ဂျပန်ယိမ်း အက နည်းသစ်အသင်း ကိုပါ တည်ထောင်သည်။

မစ္စတာကိုဘာယာရှီသည် တိုမိုကျောင်းကဲ့သို့သော ကျောင်းမျိုးကို စစ်ကြီးပြီးသောအခါ နောက်ထပ်မထူ ထောင် နိုင်သည်မှာ စိတ်မကောင်းစရာပင်။
လွန်ခဲ့သော အနှစ်နှစ်ဆယ်ခန့်ကဖြစ်ပါသည်။ ကိုဒန်းရှားစာအုပ်ထုတ်ဝေရေးဌာနမှ အယ်ဒီတာ တစ်ယောက် သည် ကျွန်မထံသို့ ရောက်လာခဲ့ပါသည်။ အမျိုးသမီး မဂ္ဂဇင်း တစ်စောင်တွင် တိုမိုကျောင်း အကြောင်း နှင့် ပတ်သက်၍ ကျွန်မ စာရေးခဲ့သည်ကို သူ သတိပြုမိသောကြောင့် ဖြစ်သည်။ ထိုအယ်ဒီတာ သည် ကျွန်မကို စာရေး စက္ကူများစွာ ပေးထားခဲ့ပြီး တိုမိုကျောင်းနှင့် ပတ်သက်၍ စာအုပ် အဖြစ် ထုတ်ဝေနိုင်အောင် ရေးပေးပါဟု ပြောပါသည်။ သို့သော် ကျွန်မသည် ထိုစာရွက်များအား အခြား အကြောင်း အရာ များကို ရေးသားခြင်း၌ အသုံး ပြုလိုက်မိပါသည်။ ထိုအယ်ဒီတာသည် ယခုအခါတွင် ကိုဒန်းရှား၏ ညွှန်ကြားရေးမှူးတစ်ဦးဖြစ်လာပေသည်။ သူသည် လွန်ခဲ့သော အနှစ်နှစ်ဆယ်က အကြောင်း ကို မမေ့ပေ။

ကျွန်မသည်  ကိုဒန်းရှားမှ ထုတ်ဝေသော 'အမျိုးသမီးငယ်'မဂ္ဂဇင်းတွင် တိုမိုကျောင်းအကြောင်းကို အခန်းဆက် ဆောင်းပါးများအဖြစ် ၁၉၇၉ခုနှစ် ဖေဖော်ဝါရီလမှ ၁၉၈၀ပြည့်နှစ် ဒီဇင်ဘာလအထိ ရေးသားခဲ့ ပါသည်။ မိရိုး-ချန်နှင့် တိုမိုကျောင်းမှ ကျွန်မ ကျောင်းနေဘက် သူငယ်ချင်းများက ကျွန်မကို အကူ အညီ များစွာ ပေးကြပါသည်။
တိုမိုကျောင်းသည် ယခုအခါတွင် မရှိတော့ပါ။ သို့သော်လည်း တစ်ချိန်က ရှိခဲ့သော တိုမိုကျောင်းအကြောင်း နှင့် ပတ်သက်၍ ယခုလို စာအုပ်ထုတ်ဝေရန် အခွင့်အရေးရခဲ့သဖြင့် ကျွန်မသည် လွန်စွာမှ ပျော်ရွှင် ကြည်နူးမိ ပါသည်။

ကျွန်မရေးသော စာအုပ်သည် မမျှော်လင့်ဘဲနှင့် ဂျပန်နိုင်ငံ၏ အရောင်းရဆုံး စာအုပ်တစ်အုပ် ဖြစ်လာ ပါသည်။ တစ်နှစ်အတွင်း၌ ၄,၅၀၀,၀၀၀ ရောင်းရခဲ့ရပါသည်။
ပို၍ အံ့သြစရာနှင့် ကြုံရသည်မှာ ကျွန်မ၏စာအုပ်ကို ဂျပန်နိုင်ငံပညာရေးဌာနမှ ကျောင်းသုံးဖတ်စာအုပ်အ ဖြစ်ဖတ်ရန် အားပေးသမှုပြုခဲ့သောကြောင့်ဖြစ်ပါသည်။
ကလေးများအဖို့ ယခုစာအုပ်သည် ပုံပြင်စာအုပ်သဖွယ်မျှသာ ဖြစ်ပါလိမ့်မည်။ အသက်ခုနစ်နှစ်နှင့်အထက် ကလေးများသည် အဘိဓာန်အကူအညီဖြင့် ဤစာအုပ်ကို ဖတ်ကြသည်ဟု ကျွန်မသိရပါသည်။ ကျွန်မ၏ ၀မ်း သာမှုသည် ပို၍တိုးလာပါသည်။

ရုပ်ရှင်ကုမ္ပဏီများ၊ ရုပ်မြင်သံကြားနှင့် ပြဇာတ်အဖွဲ့များက ကျွန်မ၏စာအုပ်ကို အသုံးပြုရန် ခွင့်တောင်းလာ ကြပါသည်။ သူတို့သည် စာအုပ်ပါအကြောင်းအရာအချို့ကို အနည်းငယ်ပြုပြင်ပြောင်းလဲပြီး တင်ဆက် လိုကြသည်။ သို့သော် ကျွန်မသည် ခွင့်မပြုပေ။ သို့သော်လည်း တေးဂီတပညာရှင် အာကီဟီရိုကိုမိုရီ၏ အကူအညီ ဖြင့် ကျွန်မက ဇာတ်ကြောင်းပြောသူ တာဝန်ယူကာ ဓာတ်ပြားသွင်းခဲ့ရာ အောင်မြင်မှု ရရှိခဲ့ ပါသည်။

ကျွန်မ၏ စာအုပ်ကို ကျောင်းဖတ်စာအုပ်အဖြစ် တရားဝင်သတ်မှတ်ထားပါသည်။ ပညာရေးဝန်ကြီးဌာန၏ သဘောတူညီချက်ဖြင့် ''လယ်သမား ကျောင်းဆရာ''ကို တတိယတန်း၌ လာမည့်နှစ်မှ အစပြု၍ သင်ကြား ရန် ပြဠာန်းထားပါသည်။ ''ကျောင်းစုတ် ကျောင်းအို''ကိုမူ စတုတ္ထတန်း၌ ပြဠာန်းထားပါသည်။ ကျောင်းဆရာ များသည် ဤစာအုပ်ကို သူတို့နည်း သူတို့ဟန်ဖြင့် အသုံးပြုလျက်ရှိနေကြပါသည်။ ဥပမာ အားဖြင့် ပန်းချီသင် တန်းများ၌ ဆရာများသည် စာအုပ်ပါအခန်းတစ်ခန်းကို ကျောင်းသားများအား ဖတ်ခိုင်းပြီးနောက် ကျောင်းသားများအား သူတို့ အနှစ်သက်ဆုံး ပုံများကို ရေးဆွဲချင်သလို ရေးဆွဲစေ သည်ဟု ကြားသိရပါသည်။

ကျွန်မသည် ဂျပန်နိုင်ငံ၏ ပထမဦးဆုံးဖြစ်သော နားမကြားသူများ၏ အပျော်တမ်းပြဇာတ်အဖွဲ့ကို တည်ထောင်လိုသည်မှာ ကြာလှပါပြီ။ ထိုလုပ်ငန်းကို ဤစာအုပ်မှရသော စာမူခငွေများနှင့် စာအုပ်အတွက် ချီးမြှင့်သော စာပေဆုမှ ဆုငွေများကို ပေါင်းစပ်ပြီးနောက် အကောင်အထည်ဖော်လိုက်ပါသည်။ နားမကြား သူ များ အပျော်တမ်းပြဇာတ် အသင်းကြီးတွင် အားတက်သရော ပါဝင်ဆောင်ရွက်မှုကို ဂုဏ်ပြုသည့် အနေဖြင့် ဂျပန်ဘုရင်မင်းမြတ်က တည်ခင်းသော ဥယျာဉ်ပါတီပွဲသို့ ကျွန်မ တက်ရောက် ခဲ့ရပါသည်။ ဂျပန်ဘုရင်မင်း မြတ်နှင့် ကျွန်မသည် စကားပြောခွင့်ရပါသည်။  ထိုဥယျာဉ်ပါတီပွဲသို့ ဂျပန်အမျိုးသား ဓာတုဗေဒ နိုဘယ်ဆုရှင် ကင်နီချီဖူကူအီ လည်း တက်ရောက်ခဲ့ပါသည်။ ထို့အပြင် လွန်ခဲ့သောနှစ်ကလည်း ကျွန်မသည် ၀န်ကြီးချုပ်၏ သဘောတူညီချက်ဖြင့် နိုင်ငံတကာမသန်စွမ်းသူများ အခမ်းအနား၌ ပါဝင် စကားပြောခွင့် ရခဲ့ပါ သည်။

ကျွန်မသည် ကျွန်မအလွန်ရေးလိုသော စာအုပ်ကို ရေးပြီးပါပြီ။ စာအုပ်က ကျွန်မကို စိတ်ပျော်ရွှင်ချမ်းသာမှု များကို ပေးခဲ့ပါကြောင်း။
တိုကျို။ ၁၉၈၂။                                      တက်ဆူးကိုးကူရိုယာနာဂီ

ဘယ်သူတွေ ဘာတွေဖြစ်နေကြသလည်း ဆိုတာနဲ့ မနက်ဖြန်မှာ နိဂုံးချုပ် ပါတော့မယ်..
.
>>>ဆက်ဖတ်ရန်>>> >>

Friday, January 29, 2010

တော့တိုး-ချန်

ရော့ကီ မရှိတော့ပါ

စစ်သားအများအပြား ကျဆုံးကြသည်။ အစားအသောက်များတဖြည်းဖြည်း ရှားပါးလာသည်။ လူတိုင်းသည် တထိတ်ထိတ် တလန့်လန့် ဖြစ်နေကြသည်။ သို့သော်လည်းနွေရာသီမှာမူ ရောက်နေကြ အတိုင်း ရောက်လာသည်။ နေရောင်ခြည်သည် အနိုင်ရသည့် တိုင်းပြည်နိုင်ငံများပေါ်၌ ကျရောက်သလို အနိုင် မရနိုင်သော တိုင်းပြည်နိုင်ငံများ အပေါ်သို့လည်း ကျရောက်ပါသည်။
တော့တိုး-ချန်သည် ကာမာကူးရားရှိ သူမ၏  ဦးလေးနေအိမ်မှ တိုကျိုမြို့သို့ ပြန်ရောက်ခါစပင်ရှိ သေးသည်။

တိုမိုကျောင်းတွင် စခန်းချခြင်းနှင့် ရေပူစမ်းသို့ အပန်းဖြေခရီး ထွက်ခြင်းကို မလုပ်နိုင်ကြတော့။ ကလေး များသည် ယခင့်ယခင် နွေရာသီများကလို ပျော်ရွှင်ဖွယ်ရာ အလုပ်များကို မပြုလုပ်နိုင်ကြတော့။ တော့တိုး-ချန် သည် နွေရာသီရက်များ၌ ကာမာကူးရားရှိ သူမ၏မောင်နှမ၀မ်းကွဲများရှိရာသို့ သွားရောက် လည်ပတ် လျက်ရှိသည်။ယခုနှစ် နွေရာသီတွင် ထူးခြားမှု့ တစ်ခုနှင့် ကြုံရသည်။
သူမကို တစ္ဆေပုံပြင်များ ပြောပြလေ့ရှိသော သူမ၏ အစ်ကိုဝမ်းကွဲတစ်ယောက်သည် ယခုနှစ်တွင် တစ္ဆေပုံပြင် များကို မပြောပြနိုင်တော့။ သူသည်စစ်ထဲသို့ လိုက်ပါသွားရသောကြောင့်ဖြစ်သည်။သူမ ကို အမေရိကန် ပြည် အကြောင်း များများ ပြောလေ့ရှိသော သူမ၏ ဘကြီးဖြစ်သူမှာလည်း ရှေ့တန်း တစ်နေရာသို့ ရောက်နေသည်။ သူ၏အမည်မှာ ရှုဂျီတာဂူချီဖြစ်သည်။ သူသည် ထိပ်တန်းဓာတ်ပုံ ဆရာ တစ်ယောက် ဖြစ်သည်။ သူသည် နယူးယောက်မြို့တွင် နီဟွန်သတင်းဌာန၏ အကြီးအကဲ အဖြစ် လည်းကောင်း၊ အမေရိကန် မက်ထရိုသတင်းဌာနတွင် အရှေ့ဖျားဒေသ ကိုယ်စားလည် အဖြစ် အမှုထမ်း ခဲ့ဖူး လေသည်။ သူသည် အဖေ၏အစ်ကိုကြီး ဖြစ်သည်။

ယခုရှေ့တန်းမှ ထုတ်ပြန်သော သတင်းဓာတ်ပုံများ အားလုံးမှာ ဘကြီး၏ဓာတ်ပုံများဖြစ်သည်။ ရှေ့တန်း ကျသောနေရာများသို့ သွားရောက်ပြီး ဓာတ်ပုံများရိုက်ကူးနေရသော ဘကြီးအတွက် တော့တိုး-ချန် ၏ ဆွေမျိုးသားချင်း များက စိတ်ပူပန်နေကြရသည်။

ကာမာကူးရာတွင် နေရစဉ်က တော့တိုး-ချန်သည် ညအိပ်ရာဝင်ချိန်တွင် စိတ်ညစ်ညူးမှုနှင့်ကြုံရ သည်။ ဘကြီးရှုဂျီ၏သားကြီး ရက်-ချန်ကြောင့်ဖြစ်သည်။ ရက်-ချန်သည် တော့တိုး-ချန်ထက် အသက်တစ်နှစ်ခန့် ပိုငယ်သူဖြစ်သည်။ ကလေးများအားလုံးသည် ညအိပ်သည့်အခါ ခြင်ထောင် ကြီးတစ်လုံးထဲ၌ အတူတူ အိပ်ကြရသည်။ အိပ်ရာသို့ မ၀င်မီ ရက်-ချန်က "ဘုရင်ဧကရာဇ် သက်တော်ရာကျော် ရှည်ပါစေ" ဟုအော်ပြီး အိပ်ရာထဲသို့လှဲအိပ်ချလိုက်သည်။

တိုက်ပွဲတွင် ကျဆုံးသွားသော စစ်သားများ လုပ်ပုံလုပ်နည်းအတိုင်း လုပ်ခြင်းဖြစ်သည်။  ရက်-ချန် က လူသေကောင် သဖွယ် မလှုပ်မယှက်ဘဲ ရှိနေသောကြောင့် ကျန်ကလေးများအဖို့ အိပ်ရသည်မှာ ကသိ၊ ကအောက် နိုင်လွန်းလှပေသည်။
တော့တိုး-ချန်၏ အမေနှင့် အဖေသည် ကာမာကူးရား သို့ လိုက်ပါလာခြင်း မရှိပေ။ အဖေသည် တိုကျို၌ အလုပ်ရှိ သောကြောင့်ဖြစ်သည်။ နွေရာသီရက်များ ကုန်သောအခါ တော့တိုး-ချန်ကို သူမ၏ အစ်မ၀မ်းကွဲ က တိုကျိုသို့ ပြန်ပို့ပေးသည်။

အိမ်သို့ပြန်ရောက်လျှင်ရောက်ခြင်း တော့တိုး-ချန်သည် သူပြုလုပ်နေကြအတိုင်း ရော့ကီကို ပထမဦးစွာ ရှာဖွေသည်။ ရော့ကီကို ဘယ်နေရာမှာမျှရှာမတွေ့ပေ။ ၎င်းသည် အိမ်ထဲမှာလည်းမရှိ၊ အိမ်ပြင် မှာလည်း မရှိ။တော့တိုး-ချန် စိတ်ပူသွားသည်။ ယခင်ကဆိုလျှင် ရော့ကီသည် သူမအိမ်သို့မရောက်မီ လမ်းသို့ထွက်၍ ကြိုလေ့ရှိသည်။ တော့တိုး-ချန်သည် အိမ်ပြင်သို့ထွက်၍ အိမ်ရှေ့လမ်းမပေါ်တွင် ရော့ကီ၏အမည်ကို တကြော်ကြော်အော်ခေါ်လိုက်သည်။ သို့သော်လည်း ၎င်း၏အရိပ်အရောင် ကို လုံးဝမတွေ့ရ။ သူမက ရော့ကီကို လိုက်ရှာနေစဉ် ရော့ကီသည် အိမ်သို့ပြန်ရောက်ကောင်း ရောက်နေမည်ဟု တော့တိုး-ချန် စဉ်းစား မိသဖြင့် သူမသည် အိမ်သို့ အမြန်ဆုံးပြန်လာသည်။ သို့သော် ၎င်းကိုမတွေ့ရ။

"ရော့ကီ ဘယ်မှာလဲ"
သူမက အမေ့ကို မေးလိုက်သည်။
သမီးဖြစ်သူက ရော့ကီကို အပူတပြင်းလိုက်ရှာနေသည်ကို အမေသည် မသိမဟုတ် သိပါ၏။ သို့သော် အမေသည် သမီးကိုဘာမျှမပြော။ အမေသည် သမီးကို အဖြေပေးရန် အခက်အခဲနှင့် ကြုံတွေ့ နေဟန် ရှိသည်။ "ရော့ကီပျောက်နေတယ်" ဟူ၍သာ သူမကပြန်ပြောလိုက်သည်။
တော့တိုး-ချန် မယုံပေ။ ရော့ကီဘယ်လိုလုပ်ပြီး ပျောက်ရမှာလဲ။

"ဘယ်တုန်းကလဲ"
တော့တိုး-ချန်သည် အမေ၏မျက်နှာကို ကြည့်ပြီမေးလိုက်သည်။
"သမီး ကာမာကူးရားသို့ သွားပြီး မကြာခင်မှာပဲ"
အမေက စိတ်မကောင်းစွာဖြင့် ပြောလိုက်သည်။ ၎င်းနောက်အမေကပင် ဆက်လက်၍ ခက်သွက်သွက် ကလေး ပြောလိုက်သည်။
"အမေတို့လိုက်ရှာကြသေးတယ်၊ တွေ့တဲ့သူတိုင်း ကိုမေးကြတယ်။ဒါပေမဲ့မတွေ့ဘူး သမီးရယ်၊ သမီးကို ဘယ်လို ပြောရမယ်ဆိုတာကို အမေစဉ်းစားနေတာပါ၊ အမေတို့ စိတ်မကောင်းဖြစ်ကြတာ ပေါ့"
တော့တိုး-ချန်သည် အဖြစ်မှန်ကို နားလည်လိုက်လေပြီ။ ရော့ကီသေသွားခြင်းသာဖြစ်ရမည်။

အမေသည် သမီးဖြစ်သူ စိတ်မကောင်းဖြစ်မှာ စိုးသောကြောင့် အဖြစ်မှန်ကို မပြောပြခြင်းသာဖြစ်ရ မည်။ အမှန်ကတော့ ရော့ကီသေသွားသည်ဆိုသည်မှာ သေချာသည်ဟု တော့တိုး-ချန်စဉ်းစားမိသည်။
တော့တိုး-ချန် သည် အဖြစ်မှန်ကို ကောင်းစွာသိလိုက်လေပြီ။သူမ မည်မျှကြာကြာ ခရီးထွက်ထွက်၊ ရော့ကီ သည် အိမ်မှဝေးဝေး ဘယ်ကိုမျှသွားလေ့မရှိပေ။ သူမပြန်လာမည်ကို ရော့ကီအစဉ်အမြဲ သတိထားသည်။
"ရော့ကီဟာ ငါ့ကို မပြောဘဲ ဘယ်ကိုမှ သွားလေ့မရှိပါဘူး"
တော့တိုး-ချန်သည်စိတ်ထဲမှ ပြောလိုက်သည်။

သို့သော်လည်း တော့တိုး-ချန်သည် အမေ့ကို ဘာမျှမပြောတော့ပေ။ အမေ့စိတ်ထဲ မည်သို့ ခံစားနေရ မည်ကိုလည်း သူမသိထားသည်။
"ရော့ကီ  ဘယ်ကို များ သွားနေပါလိမ့်"
တော့တိုး-ချန်သည် မျက်လွှာချပြီး ပြောလိုက်သည်။
၎င်းနောက် သူမသည် အိမ်ပေါ်ထပ်၌ရှိသော သူမ၏ အိပ်ခန်းသို့ တက်သွားသည်။ အိပ်ခန်းထဲသို့ ရောက်သော အခါ သူမသည် မငိုမိရန် တင်းထားလိုက်သည်။ ရော့ကီသည် သူမကို စိတ်ဆိုးပြီး ထွက်သွား လေရော သလား။ ရော့ကီ အပေါ် မကောင်းတာဘာများပြုမိပါလိမ့်၊ သူမပြန်စဉ်းစားကြည့်သည်။

"တိရ စ္ဆာန်များကို ဘယ်တော့မှ မစကြနဲ့နော်"
မစ္စတာကိုဘာယာရှီိသည် တိုမိုကျောင်းမှ ကလေးများကို အစဉ်ဆုံးမလေ့ရှိသည်။
"ဥပမာ ဆိုကြပါစို့၊ ခွေးကို အစာတောင်းခိုင်းရင် ခွေးက အစာတောင်း လိမ့်မည်။ အဲဒီအခါမှာ ခွေးကို စတဲ့ အနေနဲ့  အစာမပေးဘဲ ထားလိုက်ရင် ခွေးက မင်းတို့ကို အယုံအကြည် မရှိတော့ဘူး၊ ခွေး ဟာ စရိုက်ဆိုး လာလိမ့်မယ်"
တော့တိုး-ချန်သည် ဆရာကြီး၏ ဆုံးမစကားကို အမြဲနားထောင်သည်။ သူမသည် ရော့ကီကို ဘယ်တော့ မှမစပေ၊ ဘယ်တော့မှ မလှည့်စားပေ။ ရော့ကီအပေါ် မကောင်းတာ ဘာကိုမျှ မလုပ်ခဲ့ပါဟု သူမ စဉ်းစား မိသည်။

ထိုအခိုက် တော့တိုး-ချန်သည် ကြမ်းပြင်ပေါ်တွင် ရောက်နေသော သူမ ကစားစရာ ၀က်ဝံရုပ်၏ ခြေထောက်ကြား တွင် တစ်စုံတစ်ရာကို သတိပြုလိုက်မိသည်။ ထိုအရာကို မမြင်မီအထိ သူမသည် မငိုမိရန် စိတ်ကို ထိန်းချုပ် ထားနိုင်ခဲ့သည်။ သို့သော်လည်း ၀က်ဝံရုပ် ခြေထောက်ကြား၌ရှိသော ထိုအရာကို မြင်လိုက်ရသည်နှင့် သူမသည် သည်းထန်စွာ ငိုကြွေး လိုက်မိလေတော့သည်။ ထိုအရာမှာ ရော့ကီ၏ အညိုရောင် အမွှေး အချို့ဖြစ်သည်။ ထိုအမွှေးများသည် ကာမာကူးရား သို့ သူမ မသွားမီ နံနက်က သူမ အခန်းထဲ၌ သူတို့နှစ်ဦး ကစားရင်း ရော့ကီိထံမှ ကျွတ်ကျန်ခဲ့သော အမွှေးနု များ ဖြစ်သည်မှာသေချာသည်။

တေားတိုး-ချန် သည် ထိုအမွှေးများကို လက်ဝယ်ကိုင်ထားရင်း အသံကျယ်စွာဖြင့် ငိုကြွေးမိလေ တော့သည်။ သူမ၏ မျက်လုံးအိမ်မှ ယိုစီးကျလာသော မျက်ရည်များသည် လည်းကောင်း၊ ရှိုက်သံများ သည်လည်းကောင်း ရပ်ဆိုင်းသွားခြင်းမရှိတော့ပေ။
ပထမ ယာဆူအာကီ-ချန်၊ ယခုတဖန် ရော့ကီ။ တော့တိုး-ချန်သည် မိတ်ဆွေ တစ်ယောက် နောက်ထပ် ဆုံးရှုံး ခဲ့ရပြန်လေပြီ။

လက်ဖက်ရည်ပွဲ


တိုမိုကျောင်းမှ ကလေးများ ချစ်ခင်ကြသော ကျောင်းစောင့်ကြီး ရာရိုး-ချန်သည် စစ်ထဲဝင်ရပေတော့မည်။ သူသည် ကလေးတစ်ယောက်ယောက် ဒုက္ခရောက်လျှင်၊ သို့မဟုတ် အခက်အခဲတွေ့ပြီး အကူအညီလိုလျှင် အမြဲတမ်း ကူညီလေ့ရှိသည်။ သူသည် ကလေးများ၏ ကယ်တင်ရှင်တစ်ယောက်ဖြစ်သည်။ရာရိုး-ချန်သည်  ဘာကိုမဆို ပြုလုပ်နိုင်သူဖြစ်သည်။ သူသည် စကားများများ မပြော။ ပြုံးရုံသာ ပြုံးသည်။ သို့သော်လည်း သူသည် ဘာလုပ်ရမည်ကို သိသူဖြစ်သည်။ တော့တိုး-ချန်သည် အညစ်အကျေးကန်ထဲသို့ ကျသွားစဉ်က သူမကို လာရောက် ကယ်ဆယ်သူမှာ ရာရိုး-ချန်ပင်ဖြစ်သည်။ သူသည် မရွံမရှာဘဲ သူမကို ရေချိုး ပေးသူ ဖြစ်သည်။ သူ့ နှုတ်မှ ညည်းညူခြင်းလည်း မရှိပေ။

"ငါတို့တစ်တွေ ရာရိုး-ချန်ကို လက်ဖက်ရည်ပွဲနဲ့ တည်ခင်းကြရအောင်"
ဆရာကြီးက ပြောသည်။
"လက်ဖက်ရည်ပွဲ"
လက်ဖက်ရည်ပွဲနှင့် နှုတ်ဆက်မည့် အစီအစဉ်ကို တိုမိုကျောင်းမှကလေးများ သဘောကျကြသည်။ သူတို့သည် မလုပ်ဖူးသေးသော အသစ်အဆန်းကို လုပ်လျှင် သဘောကျလေ့ ရှိကြသည်။
ဆရာကြီးသည် လက်ဖက်ရည်ပွဲဟူသော အသုံးအနှုန်းကိုသာသုံးသည်။နှုတ်ဆက်လက်ဖက်ရည် ပွဲဟု မသုံးနှုန်းပေ။ ကျောင်းသားကြီးများက နားလည်သည်။နှုတ်ဆက်ပွဲ၏ နောက်ဝယ် ၀မ်းနည်းခြင်းက တွဲ၍ ပါလာတတ်သည်။ရာရိုး-ချန်ကို နှုတ်ဆက်မည်ဟုပြောလျှင် သူသည်ပြန်မလာတော့ဟု ဆိုလျှင် တိုက်ပွဲ၌ ကျဆုံး သွားသည်ဟူသော သဘောဖြစ်သည်။

ကျောင်းသားများသည် လက်ဖက်ရည်ပွဲကို တစ်ခါတစ်ရံမျှ မတက်ဖူးကြ။ ထို့ကြောင့် သူတို့သည် စိတ်လှုပ်ရှား နေကြသည်။
ကျောင်းဆင်းသောအခါ မစ္စတာကိုဘာယာရှီသည် ကျောင်းသားများအား စုဝေးခန်းမကြီးထဲ၌ နေ့လယ်စာ စားချိန်တွင် ခုံများကို ပြန်နည်းအတိုင်း စက်ဝိုင်းပုံသဏ္ဍန်ဖြစ်အောင် ပြင်ခိုင်းလိုက် သည်။ထို့နောက် ကျောင်းသား များအားလုံးကို နေရာယူခိုင်းလိုက်သည်။ ကျောင်းသာ၊ကျောင်းသူ တိုင်း၏ရှေ့တွင် လက်ဖက်ရည် ပန်းကန်လုံးများ ချထားသည်။ ဆရာကြီးသည် ရာရိုး-ချန်၏အနီး တွင်  ကပ်၍ ထိုင်သည်။ ရာရိုး-ချန်၏ ရှေ့တွင်မူ ဖန်ခွက်တစ်လုံးချထားသည်။ ဖန်ခွက်ထဲတွင် ဆာကေ(အရက်)ရှိသည်။ ဆာကေကို ရှေ့တန်း စစ်မြေပြင်သို့သွားမည့် သူများသာ သောက်ရသည်။
"ယခု လက်ဖက်ရည်ပွဲ ဟာဆိုရင် တိုမိုကျောင်းရဲ့ ပထမဆုံး လက်ဖက်ရည်ပွဲဖြစ်တယ်" ဆရာကြီးက ပြောသည်။

"ငါတို့ တစ်တွေ ပျော်ပျော်ပါးပါး လက်ဖက်ရည် သောက်ကြရအောင်၊ မင်းတို့တစ်တွေ ရာရိုး-ချန်ကို ပြောစရာ ရှိရင် ပြောကြပါ။ မင်းတို့ အချင်းချင်းလည်း ပြောချင်တာပြောကြပါ။ ရာရိုး-ချန်ကိုမှ မဟုတ်ပါဘူး။တစ်ယောက်ပြီး တစ်ယောက် အလယ်ကို ထွက်ပြီး ပြောကြပါ"
သူတို့တစ်တွေ တိုမိုကျောင်း၌ ယခုလို လက်ဖက်ရည်ပွဲ ကျင်းပခြင်းသည် ပထမဆုံး အကြိမ်ပင် ဖြစ်သည်။ ရာရိုး-ချန် ဆာကေ သောက်သည်ကို သူတို့မြင်ဖူးခြင်းမှာလည်း ပထမဆုံး အကြိမ်ပင် ဖြစ်သည်။
ကလေးများသည် တစ်ယောက်ပြီးတစ်ယောက် မတ်တတ်ရပ်၍ ရာရိုး-ချန်ကို ကြည့်ပြီး စကားပြော ကြသည်။ ပထမဆုံး စကားထပြောသော ကလေးများက ရာရိုး-ချန်ကို ကျန်းမာရေး ဂရုစိုက်ဖို့ နှင့် သတိဝီရိယ အမြဲရှိဖို့ ပြောကြသည်။ ထို့နောက် တော့တိုး-ချန်နှင့် တစ်တန်းတည်းသားဖြစ်သူ မီဂီးတာ က ပြောသည်။

"နောက်တစ်ကြိမ် ကျွန်တော် တိုင်းပြည်ကို ပြန်ရောက်လာရင် ခင်ဗျားတို့ အားလုံးအတွက် မီးသင်္ဂြိုလ် ထားတဲ့ ပြာတွေယူခဲ့မယ်"
ကလေးတိုင်းက ရယ်ကြသည်။ မီးသင်္ဂြိုလ်ထားသော ပြာတွေကို ယူခဲ့မည်ဟု လွန်ခဲ့သော နှစ်ကလည်း မီဂီးတာက သူ၏ သူငယ်ချင်းများကို ပြောဖူးသည်။ သူသည် စကားပြောခွင့်ရတိုင်း ထိုအတိုင်းပင် ပြောလေ့ ရှိသည်။ ပြောသာပြောသည် သူသည် ဘယ်တော့မျှ မယူခဲ့ပေ။

မီဂီးတာ၏ ပြောစကားကို ကြားရသောအခါ ဆရာကြီးသည် လှုပ်လှုပ်ရှားရှား ဖြစ်သွားသည်။ ယခုလို အချိန် မျိုး၌  မီးသင်္ဂြိုလ်ထားသော ပြာအကြောင်း ပြောခြင်းသည် နိမိတ်မရှိပါဟု ယူဆစရာပင်ဖြစ်သည်။ သို့သော် လည်း မီဂီတာသည် အရိုးခံအတိုင်း ပြောလိုက်ခြင်းသာဖြစ်သည်။ သူ့စိတ်ထဲ၌ ထူးထူးခြားခြား ဘယ်လိုမျှ မရှိပေ။ ရယ်စရာပြောခြင်းတစ်မျိုးသာဖြစ်ကြောင်း ဆရာကြီးသိသည်။ ထို့ကြောင့် ဆရာကြီး သည် ကလေးများ နှင့် အတူတူ ရော၍ ရယ်လိုက်သည်။ ရာရိုး-ချန်ကလည်း လိုက်ရယ်သည်။

ထို့နောက် အိုအီသည် ထိုင်ရာမှထလိုက်ပြီး သူသည် ဂျပန်နိုင်ငံ၏ အတော်ဆုံး စိုက်ပျိုးရေးသမား တစ်ယောက် ဖြစ်အောင် ကြိုးစားမည် ဖြစ်ကြောင်း ရိုးရာ-ချန်ကို ကတိပေးလိုက်သည်။ ၎င်းနောက် ကီကိုအာအိုကီးသည် ထိုင်ရာမှထလိုက်သည်။ သူမသည် ရှက်တတ်သူ ဖြစ်သည်။ ထုံးစံအတိုင်း သူမ သည် ရယ်လိုက်ပြီးနောက် ဦးညွတ်ကာ ပြန်ထိုင်လိုက်သည်။ ထိုအခါ တော့တိုး-ချန် က ရှေ့သို့ထွက်၍ ကီးကိုအာအိုကီး ကိုယ်စား ပြောလိုက်သည်။
"ကီးကို-ချန်ရဲ့ ကြက်ပေါက်ကလေးတွေဟာ ပျံနိုင်တယ်၊ ဟိုတစ်နေ့တုန်းက ကျွန်မ မြင်လိုက်တယ်"
အခြား အလှည့်ကျသူ တစ်ဦးမှာ အာမာဒီရား ဖြစ်သည်။ သူက ပြောလိုက်သည်။

"ဒဏ်ရာ ရထားတဲ့ ကြောင်ကလေးတွေ၊ ခွေးကလေးတွေကို တွေ့ရင် ကျွန်တော့်ထံကို ခေါ်ခဲ့ကြပါ။ ကျွန်တော် ကုပေးမယ်"
တာကာဟာရှီ၏ အလှည့်သို့ ရောက်လာလေပြီ။ တာကာဟာရှီသည် သေးသေးညှက်ညှက် ကလေး ဖြစ်သောကြောင့် သူသည် ခုံအောက်မှ ငုံ့ထွက်၍ အပြင်သို့ ထွက်လာသည်။ သူက ပြောလိုက်သည်။
"ကျေးဇူးတင်ပါတယ် ရာရိုး-ချန်၊ အစစအရာရာအတွက် ကျေးဇူးတင်ပါတယ်၊ အားလုံးသော ကိစ္စ အ၀၀ တွေကို ဆောင်ရွက်ပေးတဲ့ အတွက်ကြောင့်ပါပဲ"
တာကာဟာရှီ ပြောပြီးသောအခါ အာအီကို ဆိုင်ရှိုး၏ အလှည့်သို့ ရောက်လာသည်။ သူမသည် မတ်တတ်ရပ် လိုက်ပြီး ပြောလိုက်သည်။
"ရာရိုး-ချန်၊ ကျွန်မ  လိမ့်ကျတုန်းက ကျွန်မကို ပတ်တီးတွေ စည်းပေးတဲ့အတွက် ကျေးဇူးအများကြီး တင်ပါတယ်၊ ကျွန်မ ဘယ်တော့မှ မမေ့ပါဘူး"
ကျောင်းအုပ်ဆရာကြီး၏ သမီးဖြစ်သူ မိရိုး-ချန်သည် ရာရိုး-ချန်အကြောင်းကို အသိဆုံး ဖြစ်သည်။ သူမ၏ မျက်လုံးအိမ် များတွင် မျက်ရည်များ ပြည့်နေသည်။

"ဦးလေး ရာရိုး-ချန် အနေနဲ့ ဦးလေးကိုယ်ကို ဦးလေး ဂရုစိုက်ရမယ်၊ စာရေးပါ၊ ကျွန်မကလည်း စာရေး မယ်"တော့တိုး-ချန် တွင် ပြောစရာစကားတွေ အများကြီး ရှိသည်။ သို့သော် မည်သည့်နေရာက စပြောရမှန်း မသိ ဖြစ်နေသည်။ ထို့ကြောင့် သူမက "ဦးလေး ရာရိုး-ချန် ခရီးသွားပေမယ်လို့ ကျွန်မတို့ ကတော့ နေ့တိုင်း လက်ဖက်ရည်ပွဲ ကျင်းပပေးမှာပါ" ဟူ၍သာ ပြောသည်။

တော့တိုး-ချန်၏ ပြောစကားသည် မှန်၏။ နောက်တစ်နေ့တွင် ကလေးများသည် အချင်းချင်း စုမိသည့် အခါ လက်ဖက်ရည်ပွဲ ကျင်းပတမ်း ကစားကြသည်။ သူတို့သည် ရေကို လက်ဖက်ရည်ဟု သဘောထား ၍လည်းကောင်း၊ ဆာကေဟု သဘောထား၍ လည်းကောင်း သောက်ကြသည်။ တချို့ကျောင်းသား များက "ငါတို့ ပြာတွေယူခဲ့မယ်"ဟု၍ နောက်ပြောင်ကြသည်။ ထိုအခါ ကျောင်းသားများက ရယ်ကြ သည်။ ထို့နောက် သူတို့သည် သူတို့ပြောချင်သည့် စကားများကို ပြောကြသည်။

'လက်ဖက်ရည်ပွဲ'သည် ရာရိုး-ချန်က တိုမိုကျောင်းမှ ကလေးများအတွက် ချန်ထားခဲ့သော အံ့သြဖွယ်ရာ လက်ဆောင်တစ်မျိုး ဖြစ်သည်။ ထို လက်ဖက်ရည်ပွဲကစားနည်းသည် တိုမိုကျောင်းမှ ကျောင်းသားများ မခွဲခွာကြမီ နောက်ဆုံး ကစားသွားကြသော ကစားနည်းတစ်မျိုးပင် ဖြစ်တော့သည်။
ရာရိုး-ချန်သည် တိုယိုကို "မီးရထားကိုစီး၍ ထွက်ခွာသွားသည်။ သူထွက်ခွာသည့်အချိန်နှင့် အမေရိကန် လေယာဉ်ပျံများ ရောက်လာသည့်အချိန်မှာ တိုက်ဆိုင်လျက် ရှိသည်။ ၎င်းလေယာဉ်ပျံများသည် တိုကျို မြို့ပေါ်သို့ ရောက်လာကြပြီး၊ ဗုံးများကို ကြဲချလေသည်။ နေ့စဉ် ရက်ဆက် လာရောက်ကြဲချသည်။

ဆာယိုနာရာ၊ ဆာယိုနာရာ


တိုမိုကျောင်း မီးလောင်ပြာကျသွားလေပြီ။ ထိုအဖြစ်အပျက်သည် ညဘက်၌ ဖြစ်ခြင်း ဖြစ်သည်။ ကျောင်းနှင့် ဆက်လျက် တည်ရှိသည့် အိမ်တွင်နေထိုင်ကြသော မိရိုး-ချန်၊ သူမ၏ အစ်မ မိဆား-ချန်နှင့် သူတို့၏ မိခင်သည် ကူဟွန်းဘတ်စု ဘုရားကျောင်း၌ရှိသော ရေအိုင်အနီးရှိ တိုမို-စိုက်ခင်းသို့ တိမ်းရှောင် နေသည့်အတွက် အသက်ဘေးမှ လွတ်မြောက်သွားကြသည်။
ဘီ ၂၉ဗုံးကြဲလေယာဉ်ပျံများပေါ်မှ ကြဲချသော မီးလောင်းဗုံးများသည် ကျောင်း၏ စာသင်ခန်းများအဖြစ် အသုံးပြု ထားသော မီးရထား တွဲဟောင်းများ ပေါ်သို့ ကျရောက်ခဲ့သည်။

ကျောင်းအုပ်ဆရာကြီးက တယုတယ ပြုစုပျိုးထောင်းသော ကျောင်းသည် မီးတောက်မီးလျှံများဖြင့် ဖုံးအုပ်ခြင်း ခံခဲ့ရသည်။ သူအလွန် နှစ်သက်မြတ်နိုးသော ကလေးများ၏ ရယ်မောသံများနှင့် ကလေးများ ၏ သီချင်းဆိုသံ များ၏နေရာတွင်  ကြောက်စရာကောင်းသော အသံများက ကျောင်းထဲသို့ အစားထိုး ၀င်ရောက် လာခဲ့သည်။ ငြိမ်းသတ်ရန် မဖြစ်နိုင်သော မီးများကြောင့် ကျောင်းအဆောက်အအုံများ အားလုံး ပြာကျ သွားလေပြီ။ ဂျီယူဂါအိုကာ ရပ်ကွက်တစ်ခုလုံး မီးများဖြင့် ဟုန်းဟုန်းတောက်လျက် ရှိ သည်။

ကျောင်းအုပ်ဆရာကြီးသည် လမ်းမပေါ်၌ ရပ်ပြီး တိုမိုကျောင်း မီးစွဲလောင်နေသည်ကို ကြည့်နေပါ သည်။ သူသည် သူ၏ လက်နှစ်ဖက်ကို အပေါ်အင်္ကျီအိတ်များထဲသို့ နှိုက်ထားရင်း ကြည့်နေသည်။
"နောက်တစ်ခါ ကျောင်းပြန်ဆောက်ရင် ဘယ်လိုကျောင်းမျိုးဆောက်ရင် ကောင်းမလဲ"
ဆရာကြီး သည် သူ၏အနီး၌  ရပ်နေသော သားဖြစ်သူ တက္ကသိုလ်ကျောင်းသား တိုမိုကို မေးလိုက် သည်။ တိုမိုသည် ဖခင်၏ ပြောစကားကို အံ့အားသင့်စွာ နားထောင်နေမိသည်။
မစ္စတာကိုဘာယာရှီ ၏ ကလေးများအပေါ်ထားရှိသော မေတ္တာနှင့် စာသင်ရန် စိတ်အားထက်သန်နေ ခြင်းသည် ကျောင်းကိုစွဲလောင်နေသော မီးတောက်မီးလျှံများထက် ပို၍ အင်အားကြီးမား၏။ ပို၍ ခိုင်မာ တောင့်တင်း လေသည်။ ဆရာကြီးသည် စိတ်ညစ်ခြင်း မရှိပေ။ သူသည် ပျော်ပျော် ရွှင်ရွှင်ပင် ရှိသည်။

စစ်ပြေးဒုက္ခသည်များဖြင့် ပြည့်ကျပ်နေသော မီးရထားတွဲတစ်တွဲ၌ တော့တိုး-ချန်သည် လဲလျောင်း လျက် ရှိသည်။ သူမသည် လူကြီးများကြားထဲ၌ ညပ်နေသည်။ မီးရထားသည် အရှေ့မြောက်အရပ်သို့ ဦးတည်၍ သွားနေသည်။ သူမသည် မီးရထား ပြတင်းပေါက်ကို ဖြတ်ကျော်၍ အပြင်ဘက်သို့ ကြည့် လိုက်သည်။ အပြင်ဘက် ၌ မည်းမှောင်လျက် ရှိသည်။ သူမသည် ကျောင်းအုပ်ဆရာကြီး၏ ခွဲခွာခါနီး ပြောစကားများကို ကြားယောင် နေမိသည်။ "ငါတို့ ပြန်ဆုံကြဦးမှာပါ"ဟု ဆရာကြီးက ထပ်ခါတလဲလဲ ပြောခဲ့သည်။ ၎င်းအပြင် သူမကို ဆရာကြီးက အမြဲပြောလေ့ရှိသော စကားဖြစ်သည့် "မင်းဟာ တကယ့် ကို လိမ္မာတဲ့ မိန်းကလေး ငယ် တစ်ယောက် ဖြစ်တယ်။ မင်းသိတယ် မဟုတ်လား"ဟူသော စကားများ ကိုပါ ကြားယောင်နေမိသည်။ သူမသည် ဆရာကြီး၏ ပြောစကားများကို မမေ့လိုပေ။ မစ္စတာ ကိုဘာယာရှီနှင့်မကြာမီ ပြန်ဆုံရမှာပဲဟု စဉ်းစားရင်း သူမသည် အိပ်ပျော်သွားလေတော့သည်။

မီးရထားသည် တထိတ်ထိတ် တလန့်လန့်ဖြင့် လိုက်ပါလာကြသော ခရီးသည်များကို သယ်ဆောင်ရင်း အမှောင်ထုထဲ၌ ကျယ်လောင်စွာ အသံဖြင့် ခုတ်မောင်းသွားလျက် ရှိသည်။

ဖြည့်စွက်ချက် ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

Thursday, January 28, 2010

တော့တိုး-ချန်

သူလျှိတစ်ယောက်

တိုမိုကျောင်း မှ ကလေးများသည် ယာဆူအာကီ-ချန်ကို သတိရသဖြင့် စိတ်မကောင်း ဖြစ်နေကြသည်။ အထူးသဖြင့် နံနက်စောစောကျောင်းတက်ချိန်တွင် သူ့ကိုပို၍သတိရကြသည်။ ယာဆူအာကီ-ချန် သည် ကျောင်း နောက်ကျခြင်းမဟုတ်၊ ကျောင်းသို့ ဘယ်တော့မျှ လာတော့မှာမဟုတ် ကြောင်းကို သူတို့ စဉ်းစားမိ သောအခါ ပို၍ပင် စိတ်မကောင်း ဖြစ်ကြသည်။ ရက်တွေကြာလာသော အခါ သူတို့၏၀မ်းနည်းခြင်းသည် တဖြည်းဖြည်း လျော့နည်း လာလေတော့သည်။

တော့တိုး-ချန်သည် သူမကြီးလာရင် ဘာအလုပ်လုပ်ရင် ကောင်းမလဲ ဆိုသည်ကို ယခုတလော စဉ်းစား လျက်ရှိသည်။ သူမသည် ဟိုး....ခပ်ငယ်ငယ်တုန်းက လမ်းပေါ်က အတီးအမှုတ်သမား ဖြစ်ချင်ခဲ့သည်။ ထို့နောက် ဘဲလေးကချေသည် ဖြစ်ချင်ပြန်သည်။ တိုမိုကျောင်း သို့ ပထမဆုံး လာရောက်စဉ် က သူမသည် မီးရထား လက်မှတ်ရောင်းသမား ဖြစ်ရရင် ကောင်းမှာပဲဟု စိတ်ကူး ရပြန်သည်။

ယခုအခါတွင် သူမသည် အခြားအလုပ်တစ်မျိုးမျိုးလုပ်ရင် ကောင်းမှာပဲဟုတွေးတောမိပြန်သည်။ သူနာပြု ဆရာမ အလုပ်လုပ်ရရင် မကောင်းဘူးလား၊ သူမစဉ်းစားကြည့်သည်။ ဤတွင် သူမသည် ဒဏ်ရာရ စစ်သည်များကို သွားကြည့်စဉ်က မြင်တွေ့ခဲ့ရသည်များကို သတိရလိုက်သည်။ ဆေးရုံမှ သူနာပြု ဆရာမ များသည် လူနာများကို ဆေးထိုးပေးကြသည်။ ဆေးထိုးရသည့် အလုပ်သည် အတော်ကလေးကို ခက်ခဲ သည်။ ဒီလိုဆိုရင် ဘာအလုပ်လုပ်မလဲ၊ သူမကိုယ်ကို သူမ မေးလိုက်သည်။ ထိုအခိုက် သူမသည် ရုတ်တရက် ပျော်သွားသည်။

''ငါဘာလုပ်မယ်ဆိုတာကို ဆုံးဖြတ်ထားတာရှိပြီးသားပဲ''
သူမသည် တာအီး-ချန် ရှိရာသို့ သွားသည်။ တာအီး-ချန် သည် သိပ္ပံလက်တွေ့ခန်းတွင် လက်တွေ့ စမ်းသပ်မှု တစ်ခုပြုလုပ်နေသည်။ သူသည် အရက်ပြန်ကို မီးရှို့နေသည်။
''သူလျှို တစ်ယောက်ဖြစ်ရရင် ကောင်းမလားလို့ ငါစဉ်းစားနေတယ်''
သူမ က တာအီး-ချန်ကို ပြောလိုက်သည်။

တာအီး-ချန်သည် မီးလောင်နေသော အရက်ပြန်များကို ကြည့်နေရာမှ တော့တိုး-ချန်ဘက် လှည့်ကြည့် လိုက်သည်။ ထို့နောက်သူသည် ပြတင်းပေါက်ဘက်သို့ မျက်နှာလွှဲလိုက်ပြီးလျှင် အကြာကြီးစဉ်းစားပြီး ခပ်ဖြည်းဖြည်း ပြောလိုက်သည်။
''သူလျှို တစ်ယောက် ဖြစ်ဖို့ရာ မလွယ်ပါဘူး၊ ပါးပါးနပ်နပ်သိပ်ရှိရမယ်။ ဒါ့အပြင် နင့်အနေနဲ့ ဘာသာ စကား အမျိုးမျိုး ကို တတ်ထားဖို့လိုတယ်''
ထို့နောက် သူသည် တော့တိုး-ချန်ကို အသေအချာစူးစိုက်ကြည့်ရင်း '' ပထမ အချက်အနေနဲ့ မိန်းမ သူလျှို ဟာ ရုပ်ချောရမယ်'' ဟုပြောလိုက်သည်။

တာအီး-ချန်က ထိုသို့ပြောလိုက်သောအခါ တော့တိုး-ချန် သည် သူ့ကို ရဲရဲ မကြည့်တော့ဘဲ သူမ၏ မျက်လွှာ ကို အောက်သို့ စိုက်ချလိုက်သည်။ ခဏအကြာတွင် တာအီး-ချန်သည် သူ၏စကားကို ဆက်ပြော ပြန် သည်။ ယခုတစ်ကြိမ်တွင် သူသည် တော့တိုး-ချန်ကို ကြည့်၍ မပြောတော့ဘဲ အခြားနေရာကို ကြည့်၍ ပြောလိုက်သည်။
''ပြီးတော့ နောက်တစ်ချက် ရှိသေးတယ်၊ စကားများတဲ့သူဟာ သူလျှိုတစ်ယောက် မဖြစ်နိုင်ဘူးလို့ ငါထင် တယ်''

တော့တိုး-ချန် သည် ကြောင်အမ်းအမ်းဖြစ်သွားသည်။ သူမ သူလျှိုတစ်ယောက် မဖြစ်နိုင်ဘူးဟု သူပြော သောကြောင့် မဟုတ်။ သူလျှို တစ်ယောက်ဖြစ်နိုင်ရေးနှင့် ပတ်သတ်ပြီး သူပြောသည့် အချက်များမှာ မှန်သော ကြောင့်ဖြစ်သည်။ တာအီး-ချန် ပြောပြတော့မှ သူမသည် သူမ ကိုယ် သူမ ပြန်လည် ဆန်းစစ် ကြည့်မိသည်။ သူမတွင် သူလျှိုတစ်ယောက် ဖြစ်နိုင်မည့် အရည်အချင်းများ မရှိကြောင်း နားလည် လိုက်သည်။ ထို့ကြောင့် သူလျှိုအလုပ်လုပ်မည့် စိတ်ကူးကို စွန့်လွှတ်လိုက်ရန် ဆုံးဖြတ်လိုက်သည်။
''တာအီး-ချန်ဟာ ငါနဲ့အသက်တူတူပါပဲ။ ဒါပေမဲ့လို့ သူဟာငါ့ထက်ပိုပြီး ဗဟုသုတ ကြွယ်ဝတယ်''
တော့တိုး-ချန်သည် စိတ်ထဲမှ ပြောလိုက်သည်။

တာအီး-ချန်သည် ထူးချွန် ထက်မြက်မည့် သူတစ်ယောက် ဖြစ်လာမှာမလွဲဟု တော့တိုး-ချန်မှတ် ထားလိုက် သည်။
ထို့နောက်သူမသည် တာအီး-ချန်ကို ခပ်ပြုံးပြုံးကြည့်လိုက်ရင်း ပြောလိုက်သည်။

''ကျေးဇူးတင်ပါတယ်၊ ငါသူလျှို မလုပ်တော့ဘူး၊ နင်ကတော့ တစ်နေ့မှာအရေးပါ အရာရောက် တဲ့သူ တစ်ယောက် ဖြစ်မှာ မလွဲဘူးလို့ ငါထင်တယ်''
တာအီး-ချန်သည် သူ့ခေါင်းကို လက်ဖြင့်ကုတ်လိုက်ပြီးနောက် သူ၏ရှေ့စားပွဲပေါ်တွင် ဖွင့်ထားသော စာအုပ် ကို ကြည့်နေလိုက်သည်။
တော့တိုး-ချန်မှာမူ သူလျှိုမဖြစ်နိုင်ရင် ဘာအလုပ်လုပ်ရရင်ကောင်းမလဲဟု တွေးတောရင်း တာအီး-ချန် အနား ၌ပင် ဆက်ရပ် နေမိသည်။ ခပ်စောစောက တာအီး-ချန် ရှို့ထားသော အရက်ပြန်မီးသည် ယခုထိ တောက်နေဆဲ ပင်ရှိနေပါသည်။

အဖေ့တယော

စစ်ကြီးသည် တော့တိုး-ချန်နှင့် သူမ၏မိသားစုကိုပါ ဒုက္ခပေးစပြုလာလေပြီ။ သူမ၏ အိမ်နီးနားချင်း ယောက်ျား ကလေးများသည်လည်းကောင်း၊ လူကြီးများသည်လည်းကောင်း၊ အလံများကို ကိုင်ဆောင်ကာ ''ဘင်ဇိုင်း'' ဟု ဟစ်အော်ကြွေးကြော်ကာ ထွက်ခွာသွားနေကြရ သည်။ ဈေးဆိုင်များပေါ်မှ စားကုန် သောက်ကုန် များသည် တဖြည်းဖြည်း ကုန်ခန်းလျက်ရှိသည်။ တိုမိုကျောင်း၌ နေ့လယ်စာစားချိန်တွင် ကြားနေရသော ''ပင်လယ်သမုဒ္ဒရာထဲက တစ်မျိုးမျိုး၊ တောင်ကုန်းများပေါ်မှ တစ်မျိုးမျိုး'' အစားအစာ များကိုရှာရန် သိပ်မလွယ်တော့။ အမေသည် ဟင်းချက်စရာရရှိရေးအတွက် အခက်အခဲနှင့်ကြုံနေရသည်။ အစစ အရာရာကို ချွေချွေ တာတာ ရယူနေရသည်။ ဘယ်လိုပင် ကြိုးစားရှာစေကာမူ သကြားလုံး များကိုပင် ရရှိရန်မလွယ်ပေ။ တော့တိုး-ချန်တွင် မုန့်ဝယ်စားရန် ပိုက်ဆံများရှိသော်လည်း မုန့်များကို ၀ယ်၍ မရတော့။

ထိုအတောအတွင်း အချို့လူများက အဖေ့ကို လက်နက် ခဲယမ်းမီးကျောက် စက်ရုံတွင် စစ်သီချင်း များကို တယော ဖြင့် ဖျော်ဖြေပေးဖို့ တိုက်တွန်း စကားပြောလာကြသည်။ ထိုသို့ သွားရောက်ဖျော်ဖြေ ပေးလျှင် ဆန်၊ သကြားနှင့် အခြားအစားအစာများ မလွဲမသွေရမည်ဟုပြောသည်။ အဖေသည် တယောထိုး တော်သူ ဖြစ်သောကြောင့် ဆုတံဆိပ်များကိုလည်း ရရှိထားသူဖြစ်ရာ အခြားလက် ဆောင် အများအပြားကိုလည်း ရနိုင်သည်ဟု အဖေ၏ မိတ်ဆွေ တစ်ယောက်က ပြောပါသေးသည်။

''ရှင် ဘယ်လိုသဘောရလဲ၊ သွားမှာလား''
အမေက အဖေ့ကို မေးသည်။
ပြဇာတ်များနှင့် အခြားဖျော်ဖြေမှုများသည် တဖြည်းဖြည်း နည်းပါးလာသည်။ နည်းပါး လာရသည့် အကြောင်း များအနက် ပထမအချက်မှာ အတီးအမှုတ်သမားများသည် အခြားတာဝန်များ ထမ်းဆောင် ခေါ်ယူခြင်း ခံရသောကြောင့်ဖြစ်သည်။ ထို့ကြောင့် သံစုံတီးဝိုင်းများတွင် တီးမှုတ်မည့်သူများ လိုအပ် လျက် ရှိလာသည်။ ရေဒီယိုအသံလွှင့်မူ အစီအစဉ်များတွင် စစ်ပွဲနှင့်ပက်သက်သော အစီအစဉ်များက ပိုမို လာသည်။ ထို့ကြောင့် အဖေနှင့်သူ၏အပေါင်းအသင်းများသည် အလုပ်များ များ မလုပ်ကြရတော့။

အမေ၏ မေးခွန်းကို ပြန်မဖြေမီ အဖေသည် ခပ်ကြာကြာ စဉ်းစားလိုက်သည်။ ပြီး....
''အဲဒီလို နေရာမျိုးမှာ ငါ တယောသွားမထိုးချင်ဘူး''ဟု ပြောလိုက်သည်။
''ရှင့်ရဲ့ ဆုံးဖြတ်ချက် မှန်တယ်လို့ ကျွန်မထင်တယ်၊ ကျွန်မလည်း သဘောမတူပါဘူး၊ အခြားတစ် နည်းနည်း နဲ့ ကျွန်မတို့ စားသောက်ဖို့ ရှာကြတာပေါ့''
အမေက ပြောလိုက်သည်။

တော့တိုး-ချန်သည် အစားအသောက်များကို ယခင်ကလို မစားရ မသောက်ရ တော့ကြောင်းကို အဖေ ကောင်းစွာ သိသည်။ ပိုက်ဆံရှိသော်လည်း အစားအစာများက မရှိ။ လက်နက်ခဲယမ်းမီး ကျောက်စက်ရုံ သို့သွား၍ တယောထိုးပြီး ဖျော်ဖြေမှုပြုလုပ်လျှင် သူ၏မိသားစုများသည် ဖောဖောသီ သီ စားနိုင်မည်ကို အဖေ ကောင်းစွာသိပါသည်။ သို့သော်အဖေသည် သူ၏အနုပညာကို အလွန်တန် ဖိုးထားသည်။ ဤသည်ကို အမေ ကလည်း သိသည်။ ထို့ကြောင့် အမေသည် အဖေ့ကို မတိုက်တွန်း ပေ။

အဖေက သူ၏သမီးကို ၀မ်းနည်းစွာဖြင့် ပြောလိုက်သည်။
''အဖေ့ကို ခွင့်လွှတ်နော် တော့စကီ''
တော့တိုး-ချန်သည် အနုပညာအကြောင်း၊ ၀ါဒသဘောတရားအကြောင်းနှင့် အလုပ်အကြောင်းများ နှင့် အလုပ် အကြောင်းများကို အသက်ငယ်လွန်းသူဖြစ်သောကြောင့် ဘာမျှမသိသေးပေ။ သို့သော် အဖေသည် တယောကို ချစ်လွန်းသောကြောင့် စွန့်ပစ်ခြင်းခံနေရသူဖြစ်ကြောင်းကို သူမကောင်းစွာ သိထား၏။ အဖေ၏ မိဘဆွေမျိုးများသည် တယောကို ချစ်ရမလားဆိုပြီး အဖေ့ကို စွန့်ပစ်ထားကြ သည်။ အဖေ့ကို စကား မပြောကြပေ။ အဖေ့တွင် ငွေကြေးအခက်အခဲနှင့် ကြုံတွေ့ခဲ့ရသော အချိန် များရှိခဲ့သည်။ သို့သော် အဖေသည် သူ၏တယောကို ဘယ်တော့မျှမစွန့်လွှတ်ပေ။ ထို့ကြောင့် အဖေသည် သူမ နှစ်သက်သော နေရာ၌ တယောမထိုးသည်မှာ အလွန်မှန်ကန်သည်ဟု တော့တိုး-ချန် စဉ်းစားမိလေသည်။

တော့တိုး-ချန်သည် အဖေ၏ အနီးတွင် ခုန်ဆွခုန်ဆွပြုလုပ်ရင်း ပျော်ရွှင်သောအသံဖြင့် ပြောလိုက်သည်။
''သမီးစိတ်ထဲ ဘယ်လိုမှမဖြစ်ဘူး၊ ဘာ့ကြောင့်လဲဆိုတော့ သမီးလည်းပဲ အဖေ့တယောကို ချစ်တယ်''
နောက်တစ်နေ့တွင် တော့တိုး-ချန်သည် သူမအိမ်အနီးရှိ ဘူတာရုံဘက်သို့သွားပြီး မုန့်ပဲသားရေစာ များကို သွားရှာ သည်။ သို့သော်ရှာမတွေ့ပေ။ ရှာမတွေ့သော်လည်း သူမစိတ်မပျက်ပေ။ တစ်နေ့နေ့ တစ်ချိန်ချိန် တွင် ရမှာမလွဲဟု သူမ မျှော်လင့်လျက်ပင်။

ကတိ

နေ့လယ်စာကို စားသောက်ပြီးသောအခါ ကလေးများသည် သူတို့၏ စားပွဲကုလားထိုင်များကို နေရာတကျ ပြန်ထားကြရသည်။ ထိုအခါ စုဝေးခန်းမကြီးသည် ရှင်းသွားလေသည်။
''ကနေ့တော့ ဆရာကြီးရဲ့ ကျောကုန်းကို ငါပထမဆုံးတက်ခွစီးမယ်''
တော့တိုး-ချန်သည် ဆုံးဖြတ်ထားပြီးဖြစ်သည်။ သူမသည် ထိုအလုပ်ကို သိပ်လုပ်ချင်လေသည်။ သို့သော် သူမက စိတ်ကူးရုံသာရှိသေးသည်။ အခြားကလေးများသည် ဆရာကြီး၏ ကျောကုန်းပေါ် ရောက်ကုန် ကြလေပြီ။ စုဝေးခန်းမကြီး၏ အလယ်တွင် တင်ပျဉ်ခွေထိုင်လေ့ရှိသော ဆရာကြီး၏ ကျောကုန်းပေါ် နှင့် ပေါင်ပေါ် သို့ သူ၏ တပည့်ငယ်ကလေးများသည် သားသမီးများက ဖခင်၏ ကိုယ်ပေါ် တက်ဆော့ သလို ဆော့ ကြသည်။

ထိုအခါမျိုးတွင် ဆရာကြီးက ''ဟေး.... တော်တော့၊ ဆင်းကြတော့၊ ဆင်းကြတော့၊ တော်ပြီ''ဟု အော်လေ့ ရှိသော်လည်း ၏မျက်နှာမှာ ရယ်ရလွန်းသောကြောင့် အနီရောင်သန်းနေသည်။ ဆရာကြီးက ဘယ်လို အော်သော်လည်း ကလေးများသည် သူ့ကိုယ်ပေါ်မှ မဆင်းပေ။ ထို့ကြောင့် နောက်ကျသော ကလေးများ သည် ဆရာကြီး၏ ကျောကုန်းပေါ်သို့ ရောက်ဖို့ မလွယ်တော့ပေ။
ဆရာကြီး၏ ကျောကုန်းပေါ်သို့ ပထမဆုံးတက်ရန် ဆုံးဖြတ်ချက် ချထားပြီးဖြစ်သော တော့တိုး-ချန်သည် စုဝေး ခန်းမကြီးကို စောင့်ကြည့်လျက်ရှိသည်။ ဆရာကြီး ခန်းမကြီးနားသို့ ရောက်သည်နှင့် သူမသည် ဆရာကြီး ကို ပြောစရာတစ်ခုရှိပါတယ်ီ'' ဟု ပြောလိုက်သည်။

''ဘာပြောစရာရှိလို့လဲ''
ဆရာကြီးသည် ၀မ်းမြေက်သောအသံဖြင့် မေးလိုက်သည်။ ထို့သို့မေးရင်း ဆရာကြီးသည် ကြမ်းပြင်ပေါ်၌ တင်ပျဉ်ခွေချိတ်၍ ထိုင်ချလိုက်သည်။ ဆရာကြီးထိုသို့ ထိုင်လိုက်သည်နှင့် တစ်ပြိုင် နက် တော့တိုး-ချန်သည် ဆရာကြီး၏ ကျောကုန်းပေါ်တက်ရန် အစီအစဉ်ကို ဖျက်လိုက်သည်။ သူမသည်ဆရာကြီးနှင့် မျက်နှာချင်း ဆိုင်ထိုင်ပြီး သူမ ပြောချင်သည်များကို ပြောမည်ဟု ဆုံးဖြတ် လိုက်သည်။ ထို့ကြောင့်သူမသည် ဆရာကြီး နှင့် နီးကပ်စွာ မျက်နှာချင်းဆိုင်ထိုင်ကာ သူ့မမျက်နှာကို အချိုသာဆုံး ထားလိုက်သည်။ အမေက ပြောလေ့ရှိသည့် ချစ်စရာကောင်းသော မျက်နှာပေးမျိုးဖြစ် သည်။
ဆရာကြီး သည် သူ၏ကိုယ်ခန္ဓာကို ကိုင်းညွှတ်ရင်း ထပ်မံမေးလိုက်ပြန်သည်။

'' ဘာပြောမလို့လဲ''
တော့တိုး-ချန်သည် ချိုသာစွာနှင့် ဖြည်းညင်းစွာပြောလိုက်သည်။ သူမ၏လေသံမှာ အစ်မကြီးက မောင်လေး တစ်ယောက်ကို ပြောသည့်လေသံမျိုးဖြစ်သည်။
'' ကျွန်မ လူကြီးဖြစ်လာရင် ဒီကျောင်းမှာ စာလာသင် ပေးချင်တယ်၊ တကယ့်ကို လာသင် မှာပါ ''
သူမက ထိုသို့ပြောလျှင် ဆရာကြီးသည် ပြုံးလိမ့်မည်ဟု သူမမျှော်လင့်ထားသည်။ သို့သော် ဆရာကြီးသည် မပြုံးဘဲ မှင်သေသေ ဖြင့် ပြောလိုက်သည်။
'' တကယ်လား၊ ကတိတည်စေနော်''

သူသည် သူမကို အမှန်တကယ် စာလာသင်ပေးစေလိုသေ ဆန္ဒသူ့မှာရှိပုံရသည်။
တော့တိုး-ချန်သည် သူမ၏ ဦးခေါင်းကို အားပါးတရ ညိတ်လိုက်ရင်းပြောလိုက်သည်။
'' ကျွန်မ ကတိပေးပါတယ်''
သူမ၏ ရင်ထဲဝယ် ကျောင်းဆရာမတစ်ယောက် ဖြစ်လိုစိတ်အမှန်တကယ် ဖြစ်ပေါ်လာ သည်မှာ ထင်ရှား ပါသည်။

ထိုအချိန်ဝယ် သူမသည် တိုမိုကျောင်းသို့ ပထမတန်းကျောင်းသူအဖြစ် ပထမဆုံး စတင် ရောက်သည့်နေ့က ဆရာကြီး၏ ရုံးခန်း၌ ဆရာကြီးနှင့် စတွေ့ပုံကို စဉ်းစားလိုက်မိသည်။ ထိုအချိန် မှုာ အတန်ကြာခဲ့လေပြီ။ ဆရာကြီးသည် သူမ၏ပြောစကားများကို နာရီခပ်ကြာကြာစိတ်ရှည်စွာဖြင့် နားထောင်ခဲ့သည်။ သူမ စကား ပြောပြီး သောအခါ '' မင်းဟာ အခုအချိန်ကစပြီး ဒီကျောင်းရဲ့ ကျောင်းသူတစ်ယောက်ဖြစ်သွာပြီ'' ဟ ပြောလိုက်သော ဆရာကြီး၏ လေသံမှာ မေတ္တာကို အရင်းခံသော လေသံဖြစ်လေသည်။ ထိုအချိန်မှစ၍ သူမသည် မစ္စတာကိုဘာယာရှီအပေါ် တစ်နေ့တစ်ခြားပို၍ပို၍သာ အချစ်ပိုလာခဲ့သည်။ သူ့အတွက်သူမ ဘယ်လို အကူအညီမျိုး ပေးရပေးရ ပေးမည်ဟု ဆုံးဖြတ်ထားပြီးဖြစ်သည်။

သူမက ကတိပေးလိုက်သောအခါ ဆရာကြီးသည် နှစ်နှစ်ခြိုက်ခြိုက်ပြုံးလိုက်သည်။ ထုံးစံအတိုင်း ပင် သူ့တွင် သွားအချို့မရှိသည်ကိုပင် သူဂရုမပြုတော့။ တော့တိုး-ချန်သည် သူမ၏ လက်ညှိုးသေးသေး ကလေးကို ထောင်ပြလိုက်သည်။ ဆရာကြီးကလည်း သူမအတိုင်း ပြန်လုပ် လိုက်သည်။ ဆရာကြီးသည် ပြုံးနေသည်။ တော့တိုး-ချန်သည်လည်း ပြုံးနေသည်။ သူမသည် တိုမိုကျောင်းတွင် ဆရာမအဖြစ် အမှုထမ်း မည်။ အံ့သြစရာကောင်းသော စိတ်ကူးပင် ဖြစ်သည်။

''ငါဆရာမဖြစ်ရင် စာများများ မကျက်ခိုင်းဘူး၊ အားကစားများများလုပ်ခိုင်းမယ်၊ အချက်အပြုတ် အလုပ်ကို အပြင်မှာ လက်တွေ့လုပ်ခိုင်းမယ်၊ လမ်းများများ လျှောက်ခိုင်းမယ်''
တော့တိုး-ချန် စိတ်ကူးထားသည်။

ဆရာကြီးသည် ၀မ်းသာလျက် ရှိသည်။ သူမသည် တိုမိုကျောင်း၌ ဆရာမတစ်ယောက်ဖြစ်လာမှာ မလွဲဟု သူသည် သေချာပေါက် ယူဆထားလိုက်သည်။
တိုမိုကျောင်း၌ ကျောင်းအုပ်ဆရာကြီးရှေ့တွင် သူ၏တပည့်မတစ်ယောက်က ကျောင်းဆရာမအ ဖြစ် အမှုထမ်းပါမည်ဟု ကတိပေးနေစဉ် အမေရိကန်ဗုံးကြဲလေယာဉ်ပျံများသည် ဂျပန်နိုင်ငံ၏ ကောင်းကင်ယံ သို့ ရောက်ရှိလာလေပြီဖြစ်သည်။

ရော့ကီ မရှိတော့ပါ
.
>>>ဆက်ဖတ်ရန်>>> >>

Wednesday, January 27, 2010

တော့တိုး-ချန်

အင်္ဂလိပ်စကား ပြောသော ကလေးတစ်ယောက်

တိုမိုကျောင်း သို့ ကျောင်းသားတစ်ယောက် ရောက်လာသည်။ မူလတန်းအဆင့် ကျောင်းသား တစ်ယောက် နှင့် မလိုက်အောင်သူသည် အရပ်မြင့်ပြီး ပခုံးကျယ်သည်။ တော့တိုး-ချန် က သူသည် သတ္တမတန်းအဆင့် ကျောင်းသားဖြစ်သင့်သည်ဟု ထင်မှတ်မိသည်။ သူဝတ်ထားသော အ၀တ်များမှာ လည်းထူးခြားသည်။ လူကြီးများ ၀တ်သလို ၀တ်ထားသည်။
ကျောင်းကစားကွင်းတွင် ထိုနေ့နံနက်က ဆရာကြီးသည် ကျောင်းသားသစ်ကို သူ၏ တပည့်ဟောင်းများ နှင့် မိတ်ဆက် ပေးသည်။

"သူဟာ မီယာဇာကီဖြစ်တယ်။ သူ့ကို အမေရိကန်မှာ မွေးဖွားခဲ့တယ်။ သူဟာ အမေရိကန်မှာ ကြီးပြင်း ခဲ့ရသူ ဖြစ်တယ်။ ဒါကြောင့် သူဟာ ဂျပန်လို ကောင်းကောင်းမပြောတတ်သေးဘူး။ ဒါ့ကြောင့်မို့လို့လဲ သူဟာ တိုမိုကျောင်းမှာလာရောက်ပြီး မင်းတို့တစ်တွေနဲ့ ရင်းရင်းနှီးနှီး မိတ်ဆွေသူငယ်ချင်းအဖြစ်ကို  ရယူ ပြီးတော့ စာသင်ဖို့ရာ ရောက်လာခြင်းဖြစ်တယ်။ အခုအချိန်ကစပြီးတော့ သူဟာ မင်းတို့လိုပဲ ကျောင်းသား တစ်ယောက်ဖြစ်သွားပြီ။ သူ့ကို ဘယ်အတန်းထားရင် ကောင်းမလဲဆိုတော့ ငါးတန်း မှာပေါ့။ တာ-ချန်နှင့် တခြား ကျောင်းသားတွေနဲ့ အတူတူပေါ့"

"ကောင်းပါတယ်"
ပုံဆွဲတော်သော တာ-ချန်ကပြောလိုက်သည်။ သူ၏်လေသံမှာ အစ်ကိုကြီးတစ်ယောက်ဧ။် လေသံ ဖြစ်သည်။
ဆရာကြီးသည် ပြုံးလိုက်ပြီးနောက် ဆက်ပြောသည်။

"သူဟာ ဂျပန်စကားနဲ့ ဂျပန်စာမှာ သိပ်မတော်ဘူးလို့သာ ပြောတာနော်၊ အင်္ဂလိပ်လိုတော့ သိပ်တော် တယ်ကွဲ့။ သူက မင်းတို့ကို အင်္ဂလိပ်စာမှာ ကူညီပါလိမ့်မယ်။ သူဟာ ဂျပန်ရဲ့နေပုံ ထိုင်ပုံ၊ သွားပုံ လာပုံ တွေကို ကောင်းကောင်းမသိဘူး။ မင်းတို့က သူ့ကိုအကအညီပေးကြပါ။ ပေးကြမယ် မဟုတ်လား။

အမေရိကန် ပြည်မှာ ဘယ်လိုနေကြထိုင်ကြ သွားကြလာကြတယ်ဆိုတာကိုလည်း သူ့ကို မေးကြည့်ကြပေါ့။ သူက မင်းတို့တစ်တွေကို စိတ်ဝင်စားစရာ ကောင်းတဲ့ အကြောင်းအရာ အမျိုးမျိုးကို ပြောပြနိုင်ပါလိမ့်မယ်။
ကဲ-ကောင်းပြီ၊ သူကို မင်းတို့နဲ့ အတူတူထားခဲ့တော့မယ်" မီယာဇာကီသည် သူ၏ အတန်းသားများကို ဦးညွှတ်၍ ကြိုဆိုလိုက်သည်။ သူတို့အားလုံးသည် သူထက်အရပ်ပုကြသည်။ သူကဦးညွှတ်ကြိုဆိုသည်ကို လက်ခံသည့် အနေဖြင့် ပဉ္စမတန်းမှ ကျောင်းသားများသာမက တစ်ကျောင်းလုံးမှ ကျောင်းသားများကပါ သူ့ကို ဦးညွှတ်ကြိုဆို လိုက်ကြသည်။

နေ့လယ်စာစားချိန်တွင် မီယာကီသည် ဆရာကြီး၏ အိမ်သို့သွားသည်။ အခြားကျောင်းသားများကပါ သူ့နောက်မှ လိုက်သွားကြသည်။ သူသည် ဖိနပ်မချွတ်ဘဲဝင်သွားရာ ကလေးများအားလုံးက "မင်းရဲ့ ဖိနပ်ကို ချွတ်ရမယ်" ဟု အော်ပြောလိုက်သည်။
မီယာဇာကီသည် ရုတ်တရက် ကြောင်အမ်းအမ်းဖြစ်သွားသည်။ ပြီးတော့မှ "အိုး ငါ့ကို ခွင့်လွှတ်ပါ" ဟု ပြောပြီး သူစီးထားသော ဖိနပ်ကိုချွတ်လိုက်သည်။
ထိုအခါ ကလေးများက သူဘာလုပ်ရမည်ကို ပြောပြကြသည်။

"တာတာမီ မြက်ဖျာခင်းထားတဲ့ ကြမ်းပြင်ပေါ်တွေကို တက်တဲ့အခါမှာ၊ နောက်ပြီးတော့ စုဝေးခန်းမ ကြီးထဲကို ၀င်တဲ့အခါမှာ စီးထားတဲ့ဖိနပ်တွေကို ချွတ်ခဲ့ရမယ်၊ စာသင်ခန်းတွေထဲမှာနဲ့ စာကြည့်ဆောင် ထဲမှာတော့ ဖိနပ်ကို စီးထားနိုင်တယ်"
"ကူဟွန်းဘတ်စု ဘုရားကျောင်းကိုသွားရင် ကျောင်းဝင်းထဲက မြေကြီးပေါ်မှာတော့ ဖိနပ်စီးလို့ရတယ်၊ ဘုရားကျောင်းရှိတဲ့ နေရာပေါ်ကိုတက်ရင်တော့ ဖိနပ်ချွတ်ရမယ်"
ဂျပန်ပြည်၌ နေထိုင်ရပုံနှင့် နိုင်ငံခြား၌ နေထိုင်ရပုံများကွဲပြားခြားနားမှုရှိပုံကို လေ့လာရခြင်းသည် စိတ်ဝင်စား ဖွယ်ကောင်းသည်ဟု သူတွေးမိလေသည်။

နောက်တစ်နေ့တွင် မီယာဇာကီသည် ကျောင်းသို့ အင်္ဂလိပ်ရုပ်စုံ စာအုပ်ကြီးတစ်အုပ် ယူလာသည်။ နေ့လည်စာ စားချိန်တွင် ကျောင်းသားခပ်များများသည် သူ့အနီး၌ ၀ိုင်းအုံပြီး စာအုပ်ကို ကြည့်နေကြ သည်။ သူတို့ အလွန်အံ့သြနေကြသည်။ ဤမျှလှပသော စာအုပ်မျိုးကို ယခင်က သူတို့မတွေ့ဖူးချေ။ သူတို့ မြင်ဖူးသော ရုပ်စုံစာအုပ်များတွင် အနီရောင်၊ အစိမ်းရောင်၊ အ၀ါရောင်များသာပါသည်။ ယခုစာအုပ်တွင် အရောင်မျိုးစုံပါဝင်သည်။ အချို့အရောင်များမှာ ခပ်ဖျော့ဖျော့ ဖြစ်သည်။ အရောင်သိပ် မတောက်လွန်းဘဲ ကြည့်ရသည်မှာ မျက်စိအလွန်အေးသည်။ သူတို့မြင်တွေ့နေကျ ခဲတံရောင်စုံ     နှစ်ဆယ်လေးမျိုး၊ အရောင် များသာမက၊ တော့တိုး-ချန်တွင်ရှိသော အထူးရောင်စုံခဲတံ လေးဆယ့်ရှစ် မျိုး၏ အရောင်များပင် လိုက်မမီသော အရောင်များကို တွေ့ကြရသည်။ ရေးဆွဲထားသော ရုပ်ပုံများမှာ လည်း အလွန် လှလှ ပပ ရှိသည်။ ဤမျှသပ်သပ်ရပ်ရပ်ရှိသော ရုပ်စုံစာအုပ်မျိုးကို သူတို့တစ်တွေ ယခင်က မမြင်ခဲ့ဖူးပါ။ တော့တိုး- ချန် သည် မီယာဇာကီ အနားသို့တက်နိုင်သမျှကပ်၍ စာအုပ်ထဲမှအရုပ်များ ကိုကြည့်သည်။

မီယာဇာကီသည် စာအုပ်ထဲ၌ ရေးသားထားသော အင်္ဂလိပ်စာများကို ဖတ်ပြသည်။ သူ၏ အင်္ဂလိပ် အသံ ထွက် မှာ အလွန်နားထောင်လို့ ကောင်းသည်။ သူသည် ကျောင်းသို့ အသစ်အဆန်းများ ယူဆောင် လာခဲ့သည်။ သူနှင့်အခြား ကလေးများသည် တိုတောင်သော အချိန်အတွင်း ရင်းနှီးခင်မင်သော မိတ်ဆွေ သူငယ်ချင်း များ ဘ၀သို့ရောက်သွားကြလေ တော့သည်။ သူ့သည် ကျောင်းသို့နေ့စဉ်  စာအုပ် အမျိုးမျိုး ယူလာ၍ နေ့လယ်စာစားပြီး ကျောင်းလွှတ်ချိန်၌  သူတို့ကို ဖတ်ပြသည်။

မီယာဇာကီသည် သူတို့၏ အင်္ဂလိပ်စာနည်းပြဆရာသဖွယ် ဖြစ်လာသည်။ ထိုတစ်ချိန်တည်းမှာပင် မီယာဇာကီ ၏ ဂျပန်လိုအပြောအဆို အရေးအသားမှာ လျင်မြန်စွာ တိုးတက်၍ လာသည်။
တော့တိုး-ချန် နှင့် သူမ၏ မိတ်ဆွေအပေါင်းအသင်းများသည် အမေရိကန်ပြည်အကြောင်း ဗဟုသုတ များစွာ ကို ရလိုက်ကြသည်။ တိုမိုကျောင်းတွင် ဂျပန်နှင့် အမေရိကန်သည် မိတ်ဆွေ ဖြစ်နေကြသည်။ သို့ရာတွင် တိုမို၏အပြင်ဘက်၌ အမေရိကန်သည် ရန်သူဖြစ်လာလေပြီ။ အင်္ဂလိပ်မှာလည်း ရန်သူ ဘာသာ စကား ဖြစ်လာသောကြောင့် ဂျပန်နိုင်ငံရှိ ကျောင်းများအားလုံးတွင် အင်္ဂလိပ်စာ သင်ကြားရေး ကို သင်ရိုး ညွှန်းတမ်း မှ ဖြုတ်ထားလိုက်ပြီ ဖြစ်သည်။

“အမေရိကန်တွေဟာ မကောင်းဆိုးဝါးတွေပဲ" အစိုးရက ကြေငြာချက် ထုတ်ပြန်လိုက်သည်။ သို့ရာတွင် တိုမိုကျောင်း၌ ကလေးများသည် အင်္ဂလိပ်စာလုံးအချို့ကို ရွတ်ဆိုနေကြသည်။ တိုမိုကျောင်းကို ဖြတန် သန်းပြီး တိုက်ခတ်လာသော လေပြည်လေညင်းများမှာ ပူပူနွေးနွေးနှင့် နူးနူးညံ့ညံ့ ရှိသည်။
ကလေးများ အားလုံးမှာလည်း ချစ်စရာကောင်းသောအသွင်ကို ဆောင်နေကြသည်။

အပျော်တမ်းပြဇာတ်

"ငါတို့ ပြဇာတ်တစ်ခု ကပြကြမယ်"
တိုမိုကျောင်း၏ သမိုင်းတွင် ပထဦးဆုံးအကြိမ် တင်ဆက်မည့် ပြဇာတ် ဖြစ်သည်။ နေ့လယ်စာ စားချိန် တွင် ကျောင်းသားအများရှေ့ထွက်၍ အကြောင်းအရာတစ်ခုခုကို တလှည့်စီ ပြောရသည့်အလုပ်ကို ယခုထက်ထိ ပြုလုပ်နေရတုန်းပင် ဖြစ်သော်လည်း ယခုမူထို့ထက် တစ်ဆင့်တက်၍ စင်မြင့်ပေါ်တက်ပြီး ပြဇာတ် ကကြရမည်။ ဆရာကြီးက စန္ဒရားတီးမည်။ ပရိသတ်က ကြည့်ကြမည်။ သိပ်ကို ပျော်စရာ ကောင်းပေ လိမ့်မည်။ ကလေးများသည် ပြဇာတ်မကြည့်ဖူးကြ။ တော့တိုး-ချန်သည်ပင်လျှင် မကြည့်ဖူး သေးပေ။

"ငန်းတို့၏ ရေကန်" ကြည့်ရသည့်အခါကလွဲလျှင် သူမသည် ပြဇာတ်ကရာ ကပွဲရုံသို့တစ်ခါမှ မရောက် ဖူးပေ။ သူတို့အားလုံးသည် ကျောင်းစာသင်နှစ်အကုန်တွင် တင်ဆက်မည့် အစီအစဉ်ကို စုပေါင်း ဆွေးနွေး ကြသည်။

တော့တိုး-ချန်၏ အတန်းမှ "ကန်ဂျင်ချို" ပြဇာတ်ကို တင်ဆက်ကပြရန် ဆုံးဖတ်ချက်ချလိုက်ကြသည်။ ထိုပြဇာတ် သည် သူတို့၏ ကျောင်းဖက်စာအုပ်ထဲတွင် ပါရှိသည်။ မစ္စတာမာရူယာမားက သူတို့ကို သင်ကြားပြသပေးမည် ဖြစ်သည်။ အရပ်မြင့်မြင့်နှင့် ကိုယ်ခန္ဓာ တုတ်တုတ်ခိုင်ခိုင်ရှိသော အီကို ဆိုင်ရှိုက ဇာတ်လမ်းတွင် ပါဝင်သော လူသန်ကြီးဘင်ကီအီအဖြစ် သရုပ်ဆောင်ရမည်ဖြစ်ပြီးလျှင် အသံသြဇာရှိပြီး ကိုယ်ခန္ဓာ တောင့်တောင့်တင်းတင်းရှိသော အမာဒီရားက တပ်မှူးတိုဂါရှီ အဖြစ် သရုပ်ဆောင်ရမည်။ တော့တိုး-ချန် မှာမူ အစေခံအဖြစ် ရုပ်ဖျက်ထားသော အမတ်ကြီး ရိုရှိဆူအနေဖြင့် သရုပ်ဆောင်ရမည်။ ကျန်ကျောင်းသား များက ဘုန်းကြီးများအဖြစ် သရုပ်ဆောင် ကြရမည်။

အစမ်းလေ့ကျင့်မှု မစတင်မီ ကျောင်းသားများသည် သူတို့ရွတ်ဆိုရမည့် စာကြောင်းများကို အလွတ် ကျက်မှတ် ကြရသည်။ တော့တိုး-ချန်နှင့် ဘုန်းတော်ကြီးများအဖြစ် သရုပ်ဆောင် ကြရမည့် သူများသည် မည့်သည့် စကားကိုမျှ ပြောရန်မလိုသောကြောင့် ဘာမျှ ကျက်မှတ်ရန် မလိုပေ။ ပြဇာတ်တလျှောက်လုံး ဘုန်းကြီးများ သည် ငြိမ်ငြိမ်ကလေးရပ်နေကြရမည်။ ရိုရှီဆူနေအဖြစ် သရုပ်ဆောင်ရမည့် တော့တိုး-ချန်သည် ဆောင်းထားသော မြတ်ဦးထုပ်ကြီးဖြင့် မျက်နှာကို  ဖုံးကွယ်ထားရင်း ဒူးထောက်၍ ငြိမ်ငြိမ် ကလေး နေရမည်ဖြစ်သည်။ အမှန်တကယ်အားဖြင့်ဆိုလျှင် လူသန်ကြီးဘင်ကီအီသည် ရိုရှီဆူနေ၏ အစေခံ ဖြစ်သည်။ သို့သော်လည်း ဇာတ်လမ်းအရ သူသည် ဆရာဖြစ်သူကို သူ၏ လက်ထဲမှတုတ်ဖြင့် ရိုက်ရ မည်ဖြစ်သည်။

အစမ်းလေ့ကျင့်ကြလေပြီ။ တိုဂါရှီနှင့် ဘင်ကီအီတို့လမ်းတွင် ဆုံတွေ့ကြသည်။ ဘုန်းကြီးများက ဘင်ကီအီ၏ နောက်တွင် မတ်တတ်ရပ်နေကြပြီ။ ရိုရီုဆူအနေဖြင့် သရုပ်ဆောင်သော တော့တိုး-ချန်က ဘင်ကီအီ ၏ ရှေ့တွင် ဒူးထောက်၍ ရှိနေရမည်ဖြစ်သည်။ ဘင်ကီအီသည် သူ၏ရှေ့မှ ရိုရှီဆူနေကို တုတ်ဖြင့် ရိုက်လျှင် ရိုရှီဆူနေက ငြိမ်ခံနေရမည်ဖြစ်သည်။

သို့သော် တကယ့်တကယ် ရိုက်သောအခါ တော့တိုး-ချန်သည် ဆရာသင်ထားသည့်အတိုင်း ငြိမ်ငြိမ် ကလေး မနေဘဲ ဘင်ကီအီကို ခံရိုကိလေတော့သည်။ သူမသည် ဘင်ကီအီအဖြစ် သရုပ်ဆောင်သော အီကိုဆိုင်ရှို ၏ ခြေထောက်များကိုကန်ပြီး လက်သည်းများဖြင့် ကုတ်ဖဲ့လိုက်သည်။ အီကိုဆိုင်ရှိုသည် နာကျင်သောကြောင့် အော်ငိုလိုက်မိသည်။ ဘုန်းကြီးအဖြစ် သရုပ်ဆောင်သူများက ရယ်ကြသည်။

ရိုရှီဆူနေက ခံရိုက်သောကြောင့် အစီအစဉ်များ ပျက်ကုန်လေတော့သည်။ မစ္စတာ မာရူယာမားသည် တော့တိုး-ချန် နားလည်သဘောပေါက်အောင် ရှင်းပြသော်လည်း တော့တိုး-ချန်က လက်မခံပေ။ သူမ ကို ရိုက်လျှင် သူမကလည်း ခံရိုက်မည်ဟု ပြန်ပြောလေသည်။

သူတို့သည် ထိုအခန်းကို ထပ်ခါတလဲလဲ အစမ်းလေ့ကျုင့်ကြသော်လည် အခြေအနေ မကောင်းလာပါ။ တော့တိုး-ချန် က ပြန်လည်ခုခံ နေသောကြောင့်ဖြစ်သည်။
နောက်ဆုံး၌ မစ္စတာမာရူယာမားက.....
''ကဲ တောတိုး-ချန် ဆရာတော့ သိပ်ဝမ်းနည်းတယ်ကွာ၊ မင်းရဲ့နေရာကို တာအိ-ချန်နဲ့ အစားထိုး ရတော့ မှာပဲ၊ တာအိ-ချန်က ရိုရှီဆူနေအဖြစ် သူရုပ်ဆောင်ပေတော့'' ဟု ပြောဆိုလိုက်သည်။
တော့တိုး-ချန်သည် ကြည်ကြည်ဖြူဖြူပင် သဘောတူလိုက်သည်။ သူမအနေဖြင့် တစ်ယောက်တည်း အရိုက်ခံ ရသည့်နေရာမျိုး၌ ပါဝင် သရုပ်ဆောင်လိုစိတ် မရှိသည်မှာ အမှန်ပင်။

ထို့နောက် မာရူယာမားကပင် ဆက်လက်၍ ''တော့တိုး-ချန် မင်းက ဘုန်းကြီးအဖြစ်တော့ သရုပ်ဆောင် ပေးဦးနော်''ဟု ပြောသောကြောင့် တော့တိုး-ချန်သည် ဆရာပြောသည့်အတိုင်း လက်ခံလိုက်သည်။
တောင်ဝှေးကိုကိုင်၍ ခပ်ကြာကြာရပ်နေသော တော့တိုး-ချန်သည် ကြာတော့ပျင်းလာသည်။ ထို့ကြောင့် သူမ၏ နံဘေးနှင့် ရှေ့တွင်ရပ်နေသော ဘုန်းကြီးအဖြစ် သရုပ်ဆောင်နေကြသော အခြားကျောင်းသား ကျောင်းသူ များကို တောင်ဝှေးဖြင့်တို့ပြီး မထိတထိစလေရာ ဘုန်းကြီးများ လှုပ်လှုပ်ရွရွ ဖြစ်ကုန်လေသော ကြောင့် အစမ်းလေ့ကျင့်မှုသည် မအောင်မြင်ပဲ ဖြစ်ရလေ ပြန်တော့သည်။
ထို့ကြောင့်ဆရာသည် သူမကို ဘုန်းကြီးအဖြစ် သရုပ်ဆောင်ခြင်းမှ ကင်းလွတ်ခွင့် ပြုလိုက်ပြန်လေတော့ သည်။

ပြဇာတ်ထဲတွင် မပါဝင်ရသော်လည်း တော့တိုး-ချန်သည် စိတ်ထဲဘယ်လိုမျှမဖြစ်ပေ။ သူမသည် ကျောင်း ကစား ကွင်းသို့သွား၍ သူမ၏ ဖိနပ်များကို ချွတ်လိုက်ပြီးနောက် ဘဲလေးအကကို ကလေတော့သည်။ သူမ သည် သူမနည်း သူမဟန်ဖြင့် ငန်းလိုကလိုက်၊ လေတိုက်သလိုရပ်လိုက်၊ သစ်ပင်များ ယိမ်းထိုး သလိုလုပ်လိုက်နှင့် မည်သူတစ်ဦးတစ်ယောက်မျှ မရှိသောကွင်း၏ အလယ်တွင် တစ်ယောက်တည်း က နေ လေတော့သည်။

မြေဖြူခဲ

တိုမိုကျောင်းမှ ကျောင်းသားများသည် အခြားသူတစ်ပါး၏ နံရံများပေါ်၌ လည်းကောင်း၊ လမ်းများပေါ်၌ လည်းကောင်း၊ စာများရေးခြစ်လေ့မရှိကြပေ။ အဘယ့်ကြောင့်ဆိုသော် သူတို့သည် ကျောင်း၌ ရေးရန် အခွင့်အရေး များစွာရကြသောကြောင့် ဖြစ်သည်။

စုဝေးခန်းမကြီးထဲ၌ တေးဂီတသင်ခန်းစာများသင်ကြားရသည့် အချိန်များ၌ ဆရာကြီးသည် သူ၏ တပည့် များကို လက်တွင်ကိုင်ထားပြီးနောက် ခန်းမကြီး၏ ကြမ်းပြင်ပေါ်၌ မိမိတို့ထိုင်ချင်သည့်နေရာတွင် ထိုင်နိုင် ကြသည်။ လဲလျောင်းလိုကလည်း လဲလျောင်းပြီး နေနိုင်သည်။ သူတို့တစ်တွေ အဆင်သင့် ဖြစ်ကြသည်နှင့် ဆရာကြီးက စန္ဒရားကိုစတင် တီးလေတော့သည်။ ဆရာကြီး၏ စန္ဒရားသံပေါ်ထွက်လာသည်နှင့် တပြိုင်နက် တပည့်များသည် သူတို့၏လက်ထဲရှိ မြေဖြူခဲများဖြင့် ကြမ်းပြင်ပေါ်၌ ဂီတသံစဉ် အနိမ့်အမြင့် အတက် အကျ အလိုက် ဂီတသင်္ကေတများကို ရေးခြစ်ကြရလေတော့သည်။ စုဝေးခန်းမကြီး၏ကြမ်းပြင်မှာ သစ်သား ကြမ်းပြင်မှာ သစ်သားကြမ်းပြင်ဖြစ်သည်။

တော့တိုး-ချန်၏ အတန်းတွင် ကျောင်းသားကျောင်းသူ ဆယ်ယောက်သာရှိသည်။ သူတို့သည် ကြမ်းပြင် ပေါ်၌ သူတို့ရေးခြစ်ချင်သလို လွတ်လွတ်လပ်လပ် ရေးခြစ်နိုင်လေသည်။ ကျောင်းသား များသည် ဤ အချိန်ကို အလွန်နှစ်သက်ကြသည်။ ကြမ်းပြင်ပေါ်၌ မြေဖြူခဲများဖြင့်ရေးရန် စိတ်ကူး ရသည်မှာ ဆရာကြီး ဖြစ်သည်။ စာရွက်မှာရေးမည်ဆိုလျှင် စာရွက်မှာသိပ်မကြီးပေ။ ကျောက်သင်ပုန်းကြီးပေါ်၌ ရေးမည် ဆိုလျှင် လည်း တလှည့်စီရေးကြရမည်။ ထို့ကြောင့် စုဝေးခန်းမကြီး၏ ကြမ်းပြင်သည်သာလျှင် သူတို့ အတွက် အကောင်းဆုံး ကျောက်သင်ပုန်းကြီးဖြစ်သည်ဟု ဆရာကြီး စိတ်ကူးမိခြင်း ဖြစ်လေသည်။ ကျောင်းသားများသည် ဂီတသင်္ကေတများကို သေးသေးသော်လည်းကောင်း၊ကြီးကြီးသော်လည်းကောင်း၊ ရေးချင်သလို ရေးနိုင်လေသည်။ အကယ်၍ အချိန်ရလျှင် သူတို့သည် လေယာဉ်များ၊ ကစားစရာရုပ်ပုံများ စသည်တို့ကိုသူတို့ ရေးချင်ရာ ရေးဆွဲလေသည်။

 တစ်ခါတစ်ရံတွင် ကလေးများသည် သူတို့အချင်းချင်း ညှိနှိုင်းပြီး ပန်းချီကားကို တစ်ပိုင်းစီ တပိုင်းစီ ရေးဆွဲ ကြရသည်။ သူတို့ရေးဆွဲထားသော ပန်းချီကားကို ဆပ်စပ်လိုက်သောအခါ တစ်မျိုးတစ်မည်ထူးသော ပန်းချီကား ချပ်တစ်မျိုးကို ရရှိကြသည်။ ဂီတသင်ခန်းစာ အချိန်ပြီး၍ ခေတ္တအားလပ်ခွင့် ပေးထားစဉ် ဆရာကြီးက သူ၏တပည့်များ ရေးသားထားသော ဂီတသင်္ကေတ များနှင့် အခြား ရေးဆွဲ ထားသည် များကို လိုက်ကြည့်ပြီး ကောင်းသည်။ သင့်သည်။ ဘယ်နေရာမှာ ဘာလိုသေးသည် စသည်ဖြင့် မှတ်ချက် ပေးလေ့ ရှိသည်။ ဆရာကြီးသည် မည်မျှပင် အလုပ်များစေ ကာမူ ဂီတသင်ခန်းစာ အချိန်ကိုမူ မပျက်မကွက်မှန်မှန်ပြု လုပ်ပေးလေ့ ရှိသည်။

ဂီတသင်ခန်းစာ အချိန်ပြီးဆုံးသောအခါ ကြမ်းပြင်ကို သန့်ရှင်းရေး ပြုလုပ်ကြရသည်။ ဤအလုပ်သည် ပင်ပန်းသောအလုပ်တစ်မျိုးဖြစ်ပြီးလျှင် အ၀တ်စုတ်များဖြင့် မြေဖြူမှုန့်များ စင်အောင် ပွတ်တိုက်ကြရသည်။ ရေးရာ ခြစ်ရာများ လုံးဝမကျန်ရစ်အောင် ကျောင်းသားများ အားလုံးက စေ့စေ့စပ်စပ်ပြုလုပ်ကြရသည်။

ဤနည်းအားဖြင့် တိုမိုကျောင်းမှ ကျောင်းသား ကျောင်းသူကလေးများအဖို့ သန့်ရှင်းရေး အလုပ်သည် မည်မျှ ပင်ပန်းသည်ဆိုကို နားလည်လာကြသည်။ သူတို့သည် စုဝေးခန်းမကြီး၏ ကြမ်းပြင်ပေါ်မှလွဲလျှင် အခြား မည်သည့်နေရာတွင်မှ မြေဖြူခဲများဖြင့် ရေးခြစ်ရန် စိတ်မကူး ကြတော့။ ဂီတသင်ခန်းစာအချိန်သည် တစ်ပတ် လျှင် အချိန်နှစ်ကြိမ်ရှိရာ ထိုနှစ်ကြိမ်သည် ကလေးများအတွက် အကျိုးထူးရှိသော အချိန်များ စာရင်း တွင် ပါဝင်လေသည်။

တိုမိုကျောင်းမှ ကလေးများသည် မြေဖြူခဲအကြောင်းကို သိနားလည်ကြလေသေးသည်။ မည်သို့သော မြေဖြူခဲ သည် ကောင်းသည်၊ မည်သည့်မြေဖြူခဲက ညံ့သည်ကို သူတို့သိ ထားကြသည်။ ၎င်းအပြင် မြေဖြူခဲ ကို မည်သို့ကိုင်ရမည်။ မကျိုးအောင် မည်သို့ ရေးရမည်ကိုလည်း သူတို့သိထားကြသည်။ ကလေး တိုင်း သည် မြေဖြူခဲ အကဲဖြတ်သမားများ ဖြစ်ကြလေသည်။

ယာဆူအာကီ-ချန် သေဆုံးသွားခြင်း

နွေဦးရာသီကျောင်းပိတ်ရက်များ ကုန်ဆုံးပြီးနောက် ကျောင်းစဖွင့်သော ပထမရက်၏ နံနက်ခင်း အချိန် ဖြစ်သည်။ မစ္စတာကိုဘာယာရှီသည် ကျောင်းကစားကွင်းတွင် စုဝေးနေကြသော ကျောင်းသား ကျောင်းသူ များရှေ့၌ မတ်တပ်ရပ်လျက်ရှိသည်။ ထုံးစံအတိုင်း သူသည် သူ၏လက်နှစ် ဘက်စလုံးကို အင်္ကျီအိတ်များ ထဲသို့ ထည့်ထားသည်။ သူသည် ရုတ်တရက် စကားမပြောသေးပေ။ ခဏအကြာတွင်သူ၏ လက်များကို အိတ်များထဲမှ ထုတ်လိုက်ရင်း ကလေးများအားလုံးကို သိမ်းကျူံး၍ ကြည့်လိုက်သည်။ သူ၏ အကြည့်မှာ တစ်စုံ တစ်ခု အတွက် ၀မ်းနည်းနေပုံရသော အကြည့်မျိုးဖြစ်သည်။
'' ယာဆူအာကီ-ချန် သေသွားပြီ ''
သူသည် ခပ်ဖြည်းဖြည်းကလေး ပြောလိုက်သည်။
''ငါတို့အားလုံး ကနေ့ပဲ သူရဲ့အသုဘကို သွားကြမယ် ''
ဆရာကြီး က ဆက်ပြောပြန်သည်။

''မင်းတို့အားလုံး ယာဆူအာကီ- ချန်ကို ချစ်တယ်ဆိုတာ ဆရာကြီးသိပါတယ်၊ ဆရာကြီးတော့ သိပ်ဝမ်းနည်း မိတယ်''
ဆရာကြီးသည် စကားဆက်မပြောတော့ပေ။ သူ၏ မျက်နှာမှာ နီမြန်း၍လာပြီး သူ၏မျက်လုံး အိမ်များတွင် မျက်ရည်များ ပြည့်လာသည်။ ကလေးများအားလုံး လုံးဝမလှုပ်ကြပေ။ စကားသံများလည်း လုံးဝ ထွက်မ လာပေ။ သူတို့အားလုံး ယာဆူအာကီ-ချန်ကို သတိရ နေကြ သည်။ ထိုမိုကျောင်း၏ အားကစားကွင်းတွင် ယခုလို တိတ်တိတ်ဆိတ်ဆိတ်အဖြစ်မျိုး တစ်ခါဖူးမျှ မရှိဖူးချေ။
''သူသေတာ စောလွန်းတယ်။ ယာဆူအာကီ-ချန်က ငါဖတ်ဖို့ သင့်တယ်ဆိုပြီး ကျောင်းမပိတ်ခင် က ငါ့ကို ငှားထား တဲ့'ဦးလေးတွမ်းရဲ့အိမ်ကလေး'စာအုပ်ကိုတောင်မှ ငါဖတ်လို့ မပြီးသေးဘူး''
တော့တိုး-ချန် သည် စိတ်ထဲမှ ပြောနေမိသည်။

ကျောင်းပိတ်ခါနီးတွင် ယာဆူအာကီ-ချန် က သူမကို ထိုစာအုပ်ပေးရင်း နှုတ်ဆက်လိုက်ပုံ၊ သူ၏ လက်ချောင်း ကလေးများသည် ကွေးကောက်လျက်ရှိနေပုံများကို တော့တိုး-ချန်သည် မြင်ယောင်၍ လာသည်။ သူမနှင့်သူ ပထမဆုံးတွေ့ကြစဉ် သူမက ''နင်ဘာဖြစ်လို့ အဲဒီလို လမ်းလျှောက်ရတာလဲ''ဟု မေးလိုက် သော အခါ ''ငါ့မှာ ပိုလီယိုရောဂါဖြစ်နေလို့'' ဟု ပြန်ဖြေလိုက်ပုံကလည်း သူမသတိရမိပြန်သည်။
ထိုနှစ်နွေရာသီတွင် သူတို့နှစ်ယောက် သစ်ပင်ပေါ်သို့ တတ်ခဲ့ကြပုံ၊ ယာဆူအာကီ-ချန်က အမေရိကန် တွင် တယ်လီဗေရှင်းဟုခေါ်သော  ပစ္စည်းပေါ်ပေါက်နေပုံကို ပြောပြခဲ့ပုံများကို သူမသည် အမှတ်ရ လျက်ရှိသည် ။ တော့တိုး-ချန်သည် ယာဆူအာကီ-ချန်ကို ချစ်ပါသည်။ သူတို့ သည် နေ့လယ်စာကိုအတူတူ သွားလေ့ရှိကြသည်။ သူ မရှိတော့သည့်အတွက် သူမမှာ ဆုံးရှုံးမှုတစ် ရပ်ဖြစ်ခဲ့သည်မှာ အမှန်ပင်။ သူသေသွား ပြီဖြစ်၍ သူသည် ကျောင်းသို့လာတော့မည်မဟုတ် ကြောင်းကို တော့တိုး-ချန် ကောင်းမွန်စွာ နားလည် ထားသည်။ ပွဲဈေးက သူမကို ၀ယ်ပေးသော ကြက်ပေါက်ကလေးများအတိုင်းပင် ရှိမည်ဖြစ်သည်။ ၄င်းတို့ သေသွားသောအခါ သူမက ဘယ်လို ပင်ခေါ်ခေါ် ၄င်းတို့ လုံးဝ လှုပ်မလာတော့။

ယာဆူအာကီ-ချန်၏ ရုပ်အလောင်းကို သူနေထိုင်ရာ ရပ်ကွက်အနီးရှိ ဘုရားရှိခိုးကျောင်း တစ်ကျောင်းတွင် ထားရှိသည်။
ကလေးများအားလုံးသည် ဂျီယူဂါအိုကာ ဘူတာရုံမှ တစ်ဦးချင်းစီတန်းပြီးလျှင် တိတ်ဆိတ်စွာဖြင့် သွားကြ သည်။ အငြိမ်မနေတတ်သော တော့တိုး-ချန်ပင်လျှင် ဦးခေါင်းငုံ့ထားပြီး မြေကြီးကိုသာ ကြည့်၍ လမ်းလျှောက် သွားကြသည်။

ဘုရားရှိခိုးကျောင်းထဲ၌ အဖြူရောင်ပန်းပွင့်များဖြင့် ပြည့်နေသည်။ ယာဆူအာကီ-ချန် ၏ ချောမောလှပ သော အမေ၊ အစ်မနှင့် ဆွေမျိုးသားချင်းများသည် အနက်ရောင်အ၀တ်များကို ၀တ်ဆင်ထား ကြသည်။ သူတို့သည် ဘုရားရှိခိုးကျောင်း၏ အပြင်ဘက်၌ မတ်တတ်ရပ်နေကြသည်။ တော့တိုး-ချန်ကို တွေ့သော အခါ သူတို့ငိုသံသည် ပို၍ကျယ်လာသည်။ သူတို့၏လက်များထဲတွင် အဖြူရောင် လက်ကိုင်ပုဝါများရှိသည်။

တော့တိုး-ချန်အဖို့ လူသေရှိရာနေရာသို့ ပထမဆုံးအကြိမ်ရောက်ဖူးခြင်းဖြစ်သည်။ သူမအလွန်ပင် စိတ်မကောင်း ဖြစ်နေသည်။ မည်သူမျှ စကားမပြောကြပေ။ နေရောင်ခြည်ကြောင့် ဘုရားရှိခိုးကျောင်း ၌ လင်းထိန် နေသည်။ သို့သော်လည်း ပျော်ရွှင်စရာများကို တစ်ခုမျှမမြင်ရပါ။ အင်္ကျီ လက်မောင်း တစ်ဖက် တွင် အနက်ရောင် အ၀တ်စကို ပတ်ထားသော လူတစ်ယောက်က တိုမို ကျောင်းသားကျောင်းသူ တိုင်းကို အဖြူရောင် ပန်းပွင့်တစ်ပွင့်စီပေးရင်း ၄င်းပန်းပွင့် များကို ယာဆူအာကီ-ချန် ၏ အခေါင်းထဲသို့ ထည့်ဖို့ ပြောသည်။

ယာဆူအာကီ-ချန် ၏ အလောင်းကို အခေါင်းထဲ၌ထည့်ထားသည်။ သူ၏မျက်လုံးများမှာ ပိတ်နေသည်။ သူ၏ ပတ်ပတ်လည်တွင် ပန်းများရှိသည်။ သူသေသွားသော်လည်း သူ၏မျက်နှာမှာ ကြင်နာသော အသွင်ကို ဆောင်နေလျက်ပင်။ တော့တိုး-ချန်သည် သူမ၏ပန်းပွင့်ကို သူ၏လက်နားတွင် ထားရင်း သူ၏ လက်ကို တို့ကြည့်လိုက်သည်။ သူ၏လက်သည်ပို၍ ဖြူလာသည်။ သူ၏လက်ချောင်း များမှာလည်း ပိုရှည် လာသလိုလို ရှိသည်ဟု သူမ ထင်မိသည်။

''နှုတ်ဆက်ပါတယ် သူငယ်ချင်း''
တော့တိုး-ချန်က ခပ်တိုးတိုးကလေး ရေရွတ်လိုက်သည်။
''ငါတို့ အသက်ကြီးလာတဲ့အခါ တစ်နေရာရာမှာ ဆုံကြကောင်းပါရဲ့။ အဲဒီအခါမှာ နင်ရဲ့ ပိုလီယိုရောဂါဟာ လည်း ကုသလို့ ပျောက်ကင်းတန်ကောင်းပါရဲ့''
တော့တိုး-ချန် က ဆက်လက်၍ပြောလိုက်သည်။

ထို့နောက် သူမသည် ယာဆူအာကီ-ချန်ကို ကြည့်ပြီး
''အိုး....ငါမေ့သွားတယ်၊ နင့်ရဲ့ ''ဦးလေးတွမ်ရဲ့အိမ်ကလေး''စာအုပ် နင့်ကိုငါ ပြန်မပေးနိုင်သေးဘူး၊ ငါသိမ်းထား မယ်၊ နောက်တစ်ခါ နင်နဲ့ငါ ပြန်ဆုံကြသည်အထိ ငါသိမ်းထားမယ်''
ထို့နောက် သူမသည် အပြင်သို့ လမ်းလျှောက်ထွက်ခွာသွားသည်။ ဤသို့လျှောက်သွားရင်း တော့တိုး-ချန်၊ ငါတို့ အတူတူနေခဲ့ရတဲ့ ရက်တွေဟာ သိပ်ပျော်စရာကောင်းတယ်နော်၊ မဟုတ်ဘူး လား၊ ငါလေနင့်ကို ဘယ်တော့ မှ မမေ့ဘူး၊ ဘယ်တော့မှ မမေ့ဘူး''ဟူ၍ ပြောလိုက်သံကို ကြားမိသ လိုလို ခံစားလိုက်ရသည်။

အပြင်သို့ ရောက်သောအခါ တော့တိုး-ချန်သည် ဘုရားရှိခိုးကျောင်းကို လှည့်ကြည့်ရင်း ''ငါလည်း နင့်ကို ဘယ်တော့မှ မမေ့ပါဘူး''ဟု ပြောလိုက်လေသည်။
နွေဦးရာသီ၏ ပူနွေးသော နေရောင်ခြည်သည် သူမနှင့် ယာဆူအာကီ-ချန် တို့ မီးရထားတွဲ စာသင်ခန်းထဲ၌ ပထမဆုံး အကြိမ်ဆုံတွေ့စဉ်ကအတိုင်း သူမကို ပက်ဖျန်းလျက်ရှိသည်။ သို့သော် ထိုနေ့က နှင့် မတူသော အချက်မှာ ယခုအခါ သူမ ၏ ပါးပြင်များသည် မျက်ရည်များနှင့် ရွှဲရွှဲစို လျက် ရှိနေခြင်းပင်ဖြစ်သည်။

သူလျှိတစ်ယောက် ဆက်ရန်

>>>ဆက်ဖတ်ရန်>>> >>

Tuesday, January 26, 2010

တော့တိုး-ချန်

သူ၏ သတို့သမီး

တော့တိုး-ချန်သည် အလွန်စိတ်မကောင်းဖြစ်နေမိသည်။ သူမသည် တတိယတန်းသို့ ရောက်လာ လေပြီ။ သူမသည် တာအိ-ချန်ကို အလွန်ချစ်သည်။ သူသည် လိမ္မာသူဖြစ်သည်။ ရူပဗေဒ ဘာသာရပ်တွင် တော်သည်။ သူသည် အင်္ဂလိပ်စာကိုလည်း လေ့လာသည်။ သူမအား မြေးခွေးကို အင်္ဂလိပ် လိုမည်သို့ ခေါ်ရမည်ကို သင်ပြပေးသူမှာ သူမပင် ဖြစ်သည်။

တော့တိုး-ချန်သည်  ထိုနေ့တစ်နေ့လုံး မြေခွေးကို အင်္ဂလိပ်လို ရွတ်ဆိုနေမိသည်။ တော့တိုး-ချန်သည် တာအိ-ချန်ကို မည်မျှချစ်သနည်းဆိုသော် ကျောင်းသို့ရောက်သည့်အခါ သူ၏ခဲတံများ အားလုံးကို ခဲတံချွန် သည့် ဓားဖြင့် လှလှပပကလေးများဖြစ်သွားအောင် ချွန်ပေးသည်။ သူမ၏ ခဲတံများကိုပင် သူမသည် တစ်ခါ တစ်လေ ပါးစပ်ဖြင့်ကိုက်ဖြတ်ပြီး ချွန်ယူသည်။

သို့သော်လည်း တစ်နေ့တွင် တာအိ-ချန်သည် သူမကို ကြမ်းတမ်းသောစကား ပြောလာသည်။ နေ့လယ်စာ စားပြီးချိန်၌ဖြစ်သည်။ တော့တိုး-ချန်သည် စုဝေးခန်းမကြီး၏ နောက်ဘက်၌ လမ်းလျှောက်သွားနေစဉ် တာအိ-ချန်က-

"တော့တိုး-ချန်" ဟု လှမ်းခေါ်လိုက်သည်။ သူ၏အသံမှာ စိတ်ဆိုးသံဖြစ်သည်။ သူမသည် လမ်းဆက် မလျှောက်ဘဲ ရပ်လိုက်သည်။အံ့သြခြင်းဖြစ်မိသည်။ ငါကြီးလာရင်လေ နင့်ကိုမယူဘူး သိလား၊ နင်က ငါ့ကိုယူပါ လို့ ဘယ်လိုပဲပြောပြော ငါနင့်ကို မယူဘူး" ထိုသို့ပြောပြီးနောက် သူထွက်သွားသည်။ ခေါင်း ငိုက်စိုက် ချပြီး ထွက်သွားသည်။

တော့တိုး-ချန်သည် ကြောင်အမ်းအမ်းဖြစ်နေမိသည်။ သူမသည် တာအိ-ချန် သူမ၏ မြင်ကွင်းမှ ပျောက်ကွယ် သွားသည်အထိ ရပ်နေမိသည်။ ခဏာအကြာတွင် သူမ၏ လက်နှစ်ဖက်ကို အင်္ကျီအိတ်များ ထဲသို့ နှိုက်ထားရင်း စဉ်းစားလိုက်သည်။ သူ့ကိုစိတ်ဆိုးအောင် သူမအနေဖြင့် ဘာများလုပ်မိပါလိမ့်။ ဘယ်လိုမှ စဉ်းစား၍မရ။ သူမသည် ထိုအကြောင်းကို သူငယ်ချင်း မိရိုး-ချန်အား စိတ်ပျက်စွာဖြင့် ပြောပြ လိုက်မိသည်။ တော့တိုး-ချန်၏ ပြောစကားများကို နားထောက်ပြီးသောအခါ မိရိုး-ချန်က...

"သူဒီလို ပြောမှာပေါ့။ ဆူမိုနပန်းလုံးပွဲမှာ နင်ကသူ့ကို အနိုင်ရလိုက်တယ်မဟုတ်လား၊ နင်က ကိုင်ပေါက် လိုက်လို့ သူဟာကြိုးဝိုင်းထဲက လွင့်စဉ်ထွက်သွားတယ်လေ၊ သူ့ခေါင်းက သိပ်ကြီးတော့ လွင့်သွားတာပေါ့" ဟု လူကြီး လေသံဖြင့် ပြောလိုက်သည်။
တော့တိုး-ချန် စိတ်မကောင်းဖြစ်သွားမိသည်။ သူမချစ်သည့် ယောက်ျားကလေးတစ်ယောက်၊ သူမ ခဲတံကို ချွန်ပေးနေသည့် ယောက်ျားကလေး တစ်ယောက်ကို သူမက ဘာဖြစ်လို့များ အရှုံးမပေး မိခဲ့ပါလိမ့်။ အခုတော့ လက်လွန်ကုန်ပြီ။ နောက်ကျသွားလေပြီ။ သူမသည်  သူမ၏သတိုးသမီး မဖြစ်နိုင်တော့။

"ငါကတော့ ခါတိုင်းလိုပဲ၊ သူ့ခဲတံတွေကို ချွန်ပေးဦးမှာပါပဲ၊ ဘာပဲဖြစ်ဖြစ် ငါသူ့ကို ချစ်တယ်"ဟု တော့တိုး-ချန်သည် ဆုံးဖြတ်ချက် ချလိုက်သည်။
မူလတန်း အဆင့်ရှိ ကျောင်းသား၊ ကျောင်းသူကလေးများသည် သူတို့ကျောင်းက ကောင်းကြောင်း၊ တစ်ခြား ကျောင်းမှာ မကောင်းကြောင်းစသည်ဖြင့် စကားနိုင်လုပြီး ပြောဆိုတတ်ကြသည်။ တော့တိုး-ချန် ယခင် နေခဲ့သော ကျောင်း၌ထိုအဖြစ်မျိုးနှင့် ကြုံခဲ့ရသည်။ ကလေးများသည် ကျောင်းလွှတ်၍ံ အိမ်ပြန်သော အခါ ကျောင်းဝန်းတံခါးဝမှ အထွက်တွင်ကျောင်းကို လည်ပြန်ကြည့်ရင်း နှုတ်ဖျားများမှ...
"အာကာမတ်စု ကျောင်း၊ ကျောင်းအို ကျောင်းဟောင်းတစ်ကျောင်း၊ အတွင်းမှာတော့ အလွန် လှပခန့်ညား တဲ့ကျောင်း"ဟု ရွှတ်ဆိုရင်း လှောင်ပြောင်သွားတတ်ကြသည်။

အခြားကျောင်းမှ ကျောင်းသားကလေးများ ကျောင်းရှေ့မှဖြစ်သွားသောအခါ သူတို့သည် အာကာမတ်စု ကျောင်းကို လက်ညှိုးထိုးရင်း-
"အာကာမတ်စုကျောင်း၊ ခမ်းနားတဲ့ ကျောင်းတစ်ကျောင်း၊ အတွင်းမှာတော့ အလွန်စုတ်တဲ့ ကျောင်း တစ်ကျောင်း"ဟုရွှတ်ဆိုရင်း လှောင်ပြောင်သွားတတ်ကြလေသည်။
သူတို့ရွှတ်ဆိုလေ့ရှိသော စာကြောင်းများအနက် ပထမစာကြောင်းသည်ကျောင်း ၏အပြင်ပိုင်း ကိုကြည့်ပြီး ရွှတ်ဆိုကြခြင်း ဖြစ်သည်။ ကျောင်း၏ အဆောက်အအုံသစ်ဖြစ်လျှင် အသစ်၊ အဟောင်းဖြစ်လျှင် အဟောင်း စသည်ဖြင့် ရွှတ်ဆိုခြင်းဖြစ်သည်။ ထို့ကြောင့် ပထမစာကြောင်းသည် အရေးမကြီးပေ။အရေးကြီးသည်မှာ ဒုတိယ စာကြောင်းသာဖြစ်သည်။ ကျောင်းအဆောက်အ အုံဟောင်းလျှင် ကျောင်းအို၊ကျောင်းဟောင်း ဟုရွှတ်ဆို တတ်ကြပြီး၊ ဒုတိယစာကြောင်းတွင်မူ သူတို့ကျောင်းမဟုတ်က စုတ်တဲ့ ကျောင်းဟု ရွှတ်တတ်လေသည်။ ရွှတ်ဆိုရာတွင်လည်း ကျောင်းသားကလေး လေး၊ ငါး၊ ခြောက်ယောက်ခန့်က ပြိုင်တူ ရွှတ်ဆိုတတ်ကြလေသည်။

တစ်နေ့သော မွန်းလွဲပိုင်း ကစားချိန်တွင် တိုမိုကျောင်းမှ ကျောင်းသား ကျောင်းသူ ကလေးများသည် ထုံးစံ အတိုင်း ကျောင်းဝင်းထံ၌ ကစားနေကြသည်။ ကျောင်းလွှတ်ခေါင်းလောင်း မထိုးမချင်း သူတို့သည် ကျောင်းဝင်း ထဲ၌ မိမိတို့ကြိုက်နှစ်သက်သလို လွတ်လွတ်လပ်လပ် နေနိုင်ကြသည်။ ထိုနေ့က အချို့ ကျောင်းသား များသည် ဘော့လုံးကန်နေကြသည်။ အချို့က သဲပုံပေါ်တွင် ဆော့ကစားနေကြသည်။ အချို့က ပန်းခင်းများကို ကြည့်နေကြသည်။ အချို့က သစ်ပင်ပေါ်တက် ကစားနေကြသည်။ အသက် ခပ်ကြီးကြီး ကျောင်းသူအချို့မှာမူ ခုံတန်းလျားပေါ်တွင် ထိုင်ရင်းစကားပြောနေကြသည်။တာအိ-ချန် ကဲ့သို့သော ကျောင်းသူအချို့မှာမူ စာသင်ခန်းမှမခွာဘဲ ရူပဗေဒဆိုင်ရာ လက်တွေ့လုပ်နေကြသည်။ စာကြည့်ဆောင်ထဲ၌ စာဖတ်နေသော ကျောင်းသားအချို့ကို လည်းတွေ့နိုင်ပါသည်။

ကျောင်းသူတစ်ယောက်မှာမူ ကြောင်တစ်ကောင်နှင့် ဆော့ကစားလျက်ရှိသည်။ သူတို့အားလုံးသည် သူတို့ ၏ အားလပ်ချိန်ကို သူတို့ နှစ်သက်သလို အသုံးချလျက်ရှိနေကြသည်။
ထိုအခိုက် ကျောင်းဝန်းအပြင်ဘက်မှ အော်ဟစ်ရွတ်ဆိုသံများ ထွက်ပေါ်လာသည်။ "တိုမိုကျောင်းဟာ ကျောင်းအို၊ ကျောင်းစုတ်၊ အတွင်းမှာလည်း စုတ်ချာတဲ့ကျောင်း၊ အိုတဲ့ကျောင်း"
"ဒါသိပ်စော်ကားတာပဲ"

တော့တိုး-ချန်က ပြောလိုက်သည်။ သူမသည် ကျောင်းတံခါးဝသို့ ပြေးသွားသည်။သူမသည် အော်သံများ၊ ရွတ်ဆိုသံ များးကို ရှင်းလင်းစွာ ကြားလိုက်ရပြန်သည်။ အသံများမှာ ကျယ်လွန်းသည်။ သူမတို့ကျောင်းကို အပြင်ရော အတွင်းပါ ကျောင်းစုတ်တဲ့။ မတရားပြောရမလားဆိုပြီး သူမ ဒေါသထွက်သွားသည်။ တခြား ကျောင်းသား များလည်း စိတ်ဆိုးကြသည်။ သူတို့အားလုံး ကျောင်းဝင်းတံခါးဝသို့ ပြေးထွက်လာကြသည်။
"ကျောင်းစုတ်၊ ကျောင်းအို"
တစ်ခြားကျောင်းမှ ကျောင်းသားငယ်တစ်စုသည် ထိုသို့အော်ရင်း ထွက်ပြေးသွားကြလေတော့သည်။
တော့တိုး-ချန်သည် ဒေါသထွက်လွန်းသောကြောင့် သူတို့ နောက်သို့ အမြန်ဆုံးပြေးလိုက်သည်။ သူမနောက်မှ မည်သူမျှ ဆက်မလိုက်လာကြချေ။ တခြားကျောင်းမှ ကျောင်းသားကလေးများသည် လမ်းကြို လမ်းကြားများထဲသို့ ၀င်ရောက်သွားကြကာ ပျောက်ကွယ်ကုန်တော့သည်။ တော့တိုး-ချန်သည် ထို ကလေး များကို ရှာမတွေ့တော့သည့်အတွက် စိတ်ပျက်လက်ပျက်ဖြင့် ကျောင်းသို့ ပြန်လာ သည်။ ဤသို့ ပြန်လာစဉ် သူမ၏ နှုတ်မှ...

တိုမိုကျောင်းဟာ အံ့သြစရာကောင်းတဲ့ကျောင်း၊ အတွင်းရော၊ အပြင်ရော သိပ်ကိုအံ့သြစရာ ကောင်းတဲ့ ကျောင်း" ဟု ရွတ်ဆိုလိုက်သည်။ ထိုသို့ ရွတ်ဆိုလိုက်သောကြောင့် သူမသည် သူမကိုယ်သူမ တခြား ကျောင်းမှ ကျောင်းသူတစ်ဦးဟု သဘောထားကာ ကျောင်းထဲရှိ လူတိုင်းကြားနိုင်လောက်အောင် အသံကို မြှင့်၍....
"တိုမိုကျောင်းဟာ အံ့သြစရာကောင်းတဲ့ကျောင်း၊ အတွင်းရော၊ အပြင်ရော သိပ်ကို အံ့သြစရာ ကောင်းတဲ့ ကျောင်း" ဟုရွတ်ဆိုလိုက်သည်။

ကစားကွင်းထဲ၌ ကစားနေကြသော ကျောင်းသားများသည် ဘယ်သူများ ရွတ်နေပါလိမ့်ဟု မခန့်မှန်း မိကြပေ။ သို့သော်လည်းခဏ အကြာတွင် တော့တိုး-ချန် ရွတ်ဆိုနေခြင်းဖြစ်ကြောင်း သူတို့ သိရှိသွား ကြလေတော့သည်။ ထို့ကြောင့် သူတို့သည် လမ်းမပေါ်သို့ ထွက်လာကြပြီး တော့တိုး-ချန် နှင့်ပေါင်းလိုက် ကြသည်။ သူတို့သည် လက်ချင်းယှက်ပြီး ကျောင်းဝင်းအပြင်ဘက်၌ရှိ သော ကျောင်းကို ၀န်းရံထားသည့် လမ်းများပေါ်တွင် အသံကုန်ရွတ်ဆိုကြလေတော့သည်။

"တိုမိုကျောင်းဟာ အံ့သြစရာကောင်းတဲ့ကျောင်း" "အတွင်းရော၊ အပြင်ရော သိပ်ကို အံသြစရာ ကောင်းတဲ့ ကျောင်း"
ဆရာကြီးသည် သူ၏ရုံးခန်းထဲ၌ ထိုင်ရင်း သူ၏တပည့်များ၏ ရွတ်ဆိုသံများကို ကောင်းစွာ ကြားရသည်။သူ၏တပည့်များက သူတို့၏ရင်များထဲဝယ် ရှိသည့်အတိုင်း သူတို့သည် ဆရာကြီးကို ဆုပေး လိုက် ကြလေပြီဖြစ်သည်။
"တိုမိုကျောင်းဟာ အံ့သြစရာကောင်းတဲ့ကျောင်း" "အတွင်းရော၊ အပြင်ရော သိပ်ကို အံ့သြစရာ ကောင်းတဲ့ ကျောင်း"
ထိုနေ့က တိုမိုကျောင်း၏ ကျောင်းလွတ်ချိန်ထိုးသော ခေါင်းလောင်းသံသည် ခါတိုင်းထက်ပို၍ နောက်ကျ ပြီးမှ ထွက်ပေါ်လာ ပါတော့သည်။

ဆံပင်မှာချည်သော  ဖဲပြား

တစ်နေ့သော နေ့လယ်စာစာ့းပြီးချိန်ဝယ် တော့တိုး-ချန်သည် စုဝေးခန်းမကြီးထဲ၌ ကြိုးခုန်လျက်ရှိနေစဉ် ဆရာကြီးနှင့် မျက်နှာချင်းဆိုင် ဆုံတွေ့သည်။
"အိုး တော့တိုး-ချန်ပါလား၊ အတော်ပဲ ဆရာကြီးမင်းကို မေးစရာတစ်ခုရှိတယ်" ဟု ဆရာကြီးက စတင် ပြောသည်။ "ဘာမေးမှာလဲ ဆရာကြီး
သူမသည် ဆရာကြီးကို တစ်ခုခုပြောရတော့မည်ဖြစ်၍ ၀မ်းသာနေသည်။"အဲဒီ ဖဲပြားကို မင်းဘယ်က ရသလဲ"

ဆရာကြီးက ထိုသို့မေးလိုက်သောအခါ သူမမျက်နှာသည် အနည်းငယ်ညှိုးသွားသည်။ဤဖဲပြားကို သူမသည် တမြန်မနေ့ကတည်းက ဆံပင်၌ စည်၍ကျောင်းသို့လာခဲ့ခြင်းဖြစ်သည်။ သူမသည် ဆရာကြီး အနားသို့ တိုးကပ်သွားပြီး...." ကျွန်မရဲ့အဒေါ်ဆီကရတာပါ။ အဒေါ် ငယ်ငယ်တုန်းက ၀တ်တဲ့ကျောင်း ၀တ်စုံဟောင်း က ရခဲ့တာပါ။ အဒေါ်က အံ့ဆွဲထဲကို ထည့်နေတုန်း ကျွန်မမြင်တာနဲ့ ကျွန်မကိုပေးပါတယ်။ အဒေါ် ကတောင် ပြောသေးတယ်။ ကျွန်မဟာ သိပ်ကို မျက်စိလျင်တာပဲတဲ့" ဟု ပြောလိုက်သည်။

"ဒီလိုကိုး ဆရာကြီးက မှတ်ချက်ချလိုက်သည်။ ၄င်းနောက် တော့တိုး-ချန်သည် ဆက်လက်ပြီး သူမသည် သူမ၏ အဒေါ်အိမ်သို့ သွားလည်စဉ် အဒေါ်က အ၀တ်ဟောင်းများကို နေရောင်၌ ထုတ်လှမ်းရာ ဖဲပြား ပါသော ထိုအင်္ကျီဟောင်းကို သူမတွေ့သောအခါ သူမက ဖဲပြားပေါ်၌သာ မျက်စိရောက်နေကြောင်း ကတ်ကြေး ယူပြီး ဖဲပြားကို ဖြတ်ပေးကြောင်း၊ ၄င်းဖဲပြားသည် အလွန်ကြီးပြီး လှပသော ဖဲပြား တစ်မျိုး ဖြစ်ကြောင်း၊ ပိုးသားများဖြင့် ပြုလုပ်ထားကြောင်း၊ ၄င်းဖဲပြားသည် နိုင်ငံခြားမှလာသော ဖဲပြား ဖြစ်ကြောင်း ဖြင့် တော့တိုး-ချန်က ရှည်လျားစွာပြောပြလိုက်သည်။

"ဒီလိုကိုး"ဆရာကြီးက မှတ်ချက်ချလိုက်သည်။
၎င်းနောက် တော့တိုး-ချန်သည် ဆက်လက်ပြီး သူမသည် သူမ၏ အဒေါ်အိမ်သို့ သွားလည်စဉ် အဒေါ်က အ၀တ်ဟောင်းများကို နေရောင်၌ထုတ်လှမ်းရာ ဖဲပြားပါသော ထိုအင်္ကျီဟောင်းကို သူမတွေ့သောအခါ သူမက ဖဲပြားအပေါ်၌သာ မျက်စိရောက်နေကြောင်း ကတ်ကြေးယူပြီး ဖဲပြားကိုဖြတ်ပေးကြောင်း၊ ၄င်းဖဲပြားသည် အလွန်ကြီးပြီးလှပသော ဖဲပြားတစ်မျိုးဖြစ်ကြောင်း၊ ပိုးသားများဖြင့် ပြုလုပ်ထားကြောင်း တော့တိုး-ချန်က ရှည်လျားစွာပြောပြလိုက်သည်။

"သြော် ဒီလိုကိုး"
ဆရာကြီးသည် ခေါင်းညိတ်ရင်း ပြောလိုက်သည်။ သူ၏ မျက်နှာသည် သိပ်မရွှင်လန်းပေ။ ထို့နောက် ဆရာကြီးကပင် ဆက်လက်ပြောပြန်သည်။
မနေ့တုန်းက မိရိုး-ချန်ဟာ မင်းခေါင်းပေါ်က ဖဲပြားမျိုးလိုချင်တယ်လို့ပြောတယ်။ အဲဒီတော့ ဂျီယူဂါအိုကာ မှာရှိတဲ့ ဖဲပြားရောင်းတဲ့ဆိုင်မှန်သမျှကို ဆရာကြီးလိုက်ရှာတယ်။ အဲဒီလိုဖဲပြားမျိုးကို ရှာမတွေ့ဘူး၊ တခြား တိုင်းပြည်က လာတဲ့ ဖဲပြားကိုး၊ ဒါကြောင့် မတွေ့တာကိုး"

ဆရာကြီး၏ မျက်နှာသည် ယခင်လို ရွှင်ရွှင်လန်းလန်းမရှိဘဲ အသွင်တစ်မျိုးဖြစ်နေသည်။ သမီး တစ်ယောက် ၏ နားပူနားဆာပြုလုပ်မှုကြောင့် စိတ်မကောင်း ဖြစ်နေသော ဖခင်တစ်ယောက်၏ မျက်နှာ အသွင်အပြင်မျိုးဖြစ်သည်။
ထို့နောက် ဆရာကြီးက ဆက်ပြောသည်။

"တော့တိုး-ချန်၊ ဒီဖဲပြားကို ကျောင်းကို စည်းမလာဖို့ရာ ဆရာကြီးမေတ္တာရပ်လိုက်တယ်၊ ဘာဖြစ်လို့လဲ ဆိုတော့ အဲဒါကိုမြင်တိုင်း မိရိုး-ချန်က ဆရာကြီးကို ပူဆာလွန်းလို့ပါ။ ဆရာကြီးကို ကူညီမယ် မဟုတ်လား"
တော့တိုး-ချန်သည် လက်နှစ်ဖက်ကို ပိုက်ရင်း အနည်းငယ် စဉ်းစားလိုက်ပြီးနောက် လျှင်မြန်စွာ အဖြေ ပေးလိုက်သည်။
"ကောင်းပါပြီ၊ ကျွန်မဒီဖဲပြားကို နောက်ထက်ကျောင်းကို စည်းမလာတော့ပါဘူး"
"ကျေးဇူးတင်ပါတယ်ကွယ်"
ဆရာကြီးက ပြောလိုက်သည်။

တော့တိုး-ချန်သည် ဆရာကြီး၏ ဒုက္ခကို သိသောကြောင့် ထိုကတိကို ပေးလိုက်ခြင်းဖြစ်သည်။ အခြား အကြောင်း တစ်ရပ်မှာလည်း ဆရာကြီး၊ သူမချစ်သော ဆရာကြီးသည် ဖဲပြားဆိုင်များ သို့သွားပြီး ဖဲပြားကို ရှာရသည် ဆိုသည့်အတွက် သူမ စိတ်မကောင်းပေ။
နောက်တစ်နေ့နံနက်တွင် တော့တိုး-ချန်ကျောင်းသို့ သွားသောအခါ အမေသည် တော့တိုး-ချန်၏ အခန်းသို့ဝင်ပြီး သန့်ရှင်းရေးပြုလုပ်စဉ် တော့တိုး-ချန် အလွန်နှစ်သက်သော ကစားစရာ ၀က်ဝံရုပ်၏ လည်ပင်း၌ ဖဲပြားစည်းထားသည်ကို တွေ့ရသည်။ တော့တိုး-ချန်သည် သူမနှစ်ခြိုက်သော ဖဲပြားကို ဘာ့ကြောင့် ကျောင်းသို့ စည်းမသွားသည်ကို အမေသည် မစဉ်းစားတတ်အောင်ဘဲ ဖြစ်နေမိလေတော့၏။

ဒဏ်ရာရသူများ၏ သွားကြည့်ခြင်း

တော့တိုး-ချန်းသည် သူမ၏ဘ၀တွင် ပထမဦးဆုံးအကြိမ် အဖြစ်ဆေးရုံရှို ဒဏ်ရာရ စစ်သည်များကို သွားရောက် ကြည့်ရှုခဲ့ရသည်။ သူမသည် ကျောင်းပေါင်းစုံမှ မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူ သုံးဆယ်ကျော်နှင့်အတူ သွားရခြင်းဖြစ်သည်။ ထိုကျောင်းသား၊ ကျောင်းသားသူများနှင့် သူမ မသိပေ။ ဤအစီအစဉ်သည် မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူများအတွက် တီထွင်ပေးသော အစီအစဉ် သစ်တစ်မျိုးဖြစ်သည်။. ကျောင်းတိုင်းမှ ကျောင်းသားနှစ်ယောက်သို့မ ဟုတ် သုံးယောက်စေလွှတ်နိုင်သည်။ သို့သော် တိုမိုကျောင်းကဲသို့သော ကျောင်းသားဦရေနည်း သည့် ကျောင်းမျိုးသည် ကျောင်းသား တစ်ယောက်သာ စေလွှတ်နိုင်သည်။ ကျောင်းတစ်ကျောင်း ကျောင်းမှ ဆရာသို့မဟုတ် ဆရာမတစ်ဦက ဆေးရုံသို့သွားမည့် ထိုကျောင်းသားကျောင်းသူများ ကို တာဝန်ယူ ထိန်းသိမ်းကွပ်ကဲရမည်ဖြစ်သည်။

ကြီးကြပ်သူမှာ ဆရာမတစ်ယောက်ဖြစ်သည်။ သူမသည် ပိန်ပိန်းပါးပါးဖြစ်ပြီး မျက်မှန်တပ်ထားသည်။ သူမသည် ကလေးများကို ဒဏ်ရာရစစ်သား တစ်ဆယ့်ငါးယောက်ခန့် ရှိသော ဆေးရုံ အဆောင် တစ်ဆောင် သို့ခေါ်သွားသည်။ စစ်သားများသည် အဖြူရောင် ဆေးရုံအ၀တ်များကို ၀တ်ထားကြပြီး အချို့မှာ အိပ်ရာများပေါ်၌ ရှိနေကြ၍ အချို့မှာမူ လမ်းလျှောက်နေကြသည်။ ဒဏ်ရာရ စစ်သားများ၏ အခြေအနေ သည် ဆိုးဆိုးရွားရွား ရှိနေကြလေမလားဟု စိုးရိမ်စိတ်များ ဖြစ်ပေါ်ချဲ့သော တော့တိုး-ချန်သည် သူတို့ကို မြင်သည်နှင့် ပြုံးပြသူက ပြုံးပြ၊ လက်ဝှေ့ယမ်းသူကပြနှင့် ရွှင်ရွှင်လန်းလန်း ရှိကြသည်ကို တွေ့ရသော အခါမှ သူမ၏ စိုးရိမ်စိတ်များ ပျောက်ပျက်သွားလေသည်။ အချို့စစ်သားများသည် ဦးခေါင်း၌ ပတ်တီးများ စည်းထားသော်လည်း သူတို့သည် ရွှင်ရွှင်လန်းလန်းပင် ရှိကြသည်။

ဆရာမသည် ကလေးများကို လူနာဆောင်၏ အလယ်၌ စုဝေးစေပြီးနောက် စစ်သားများကို စကား ပြောသည်။
"ကျွန်မတို့တစ်တွေ ရှင်တို့ကို လာကြည့်ကြတာပါ"
ဆရာမက ထိုသို့ပြောလိုက်သောအခါ ကလေးများအားလုံးက ဦးခေါင်းများကို ညွတ်လိုက်ကြသည်။ ထို့နောက် ဆရာမက ဆက်ပြောသည်။
"ကနေ့ဟာ မေလငါးရက်နေ့ ဖြစ်ပါတယ်။ ယောကျာ်းကလေးများနေ့ပါပဲ၊ ကျွန်မတို့တစ်တွေ အဲဒီနေ့နဲ့ ပတ်သက်ပြီး ဆီလျော်တဲ့ သီချင်းတွေကို ဆိုပြပါ့မယ်"
ဆရာမသည် သူမ၏ လက်များကို မြှောက်လိုက်ပြီးနောက် တီးဝိုင်းခေါင်းဆောင်သဖွယ် သူမ၏နှုတ်မှ "ကဲ အသင့်ပြင်၊တစ်-နှစ်-သုံး-လေး" ဟူ၍ အချက်ပေးလိုက်သည်။ ကလေးများသည် တစ်ယောက်နှင့် တစ်ယောက် မသိကြသော်လည်း ဆရာမက ဆိုခိုင်းသည့်  သီချင်းကို စိတ်ပါလက်ပါဖြင့် ညီညီညာညာ သီဆို ကြသည်။

သူတို့သီချင်းသုံးပုဒ် ဆိုကြသည်။ ထိုသီချင်းသုံးပုဒ်စလုံးကိုတော့ တိုး-ချန် မရပေ။ တိုမိုကျောင်း၌ ထိုသီချင်း မျိုးများ မသင်ပေ။ သူမသည် စစ်သားတစ်ယောက်၏  ခုတင်စွန်းတွင် ငြိမ်သက်စွာ ထိုင်နေ မိသည်။ထိုစစ်သား၏ မျက်နှာမှာ ကြင်နာသော အသွင်ကိုဆောင်နေသည်။
ကလေးများ သီချင်းတစ်ပုဒ်ဆိုပြီးတိုင်း လူနာများက လက်ခုပ်တီးပြီး သြဘာပေးကြသည်။ သီချင်းများ ဆိုပြီးကြသောအခါ သူမထိုင်နေသော ခုတင်ပေါ်ရှိ  စစ်သားက သူမ၏ ဦးခေါင်းကို သူ၏လက်ဖ၀ါးဖြင့် အသာအယာ ပုတ်ရင်း"မင်းဘာဖြစ်လို့ မဆိုတာလဲ" ဟု မေးလိုက်သည်။

သူမ စိတ်မကောင်းဖြစ်သွားသည်။ သူမသည် စစ်သားများကိုလာကြည့်သည်။ သူတို့အတွက် သီချင်းတစ်ပုဒ်တစ်လေပင် ဆိုမပေးနိုင်ခဲ့။ ထို့ကြောင့်သူမသည် ထိုင်နေရာမှ ထလိုက်ပြီး ခုတင်နှင့် ခပ်ခွာခွာနေရာ၌ သွားရပ်ကာ "ကောင်းပါပြီ ကျွန်မဆိုတတ်တဲ့ သီချင်းတစ်ပုဒ်ကို ဆိုပြပါ့မယ်" ဟု ရဲဝံ့စွာ ပြောလိုက်သည်။
အစီအစဉ် တွင် မပါသော အဖြစ်အပျက်သည် ဖြစ်လာချေပြီ။ မင်းဘာသီချင်းဆိုမှာလဲ" ဟု ဆရာမက ထိုမေးခွန်း မေးလိုက်ချန်တွင် တော့တိုး-ချန်သည် သီချင်းစဆိုရန် အသက်ပြင်းပြင်းတစ်ချက် ရှူသွင်း လိုက်လေပြီ။ ဆရာမသည် တော့တိုး-ချန်၏ အခြေအနေကို စောင့်ကြည့်နေမိသည်။

မိမိသည် တိုမိုကျောင်း၏ ကိုယ်စားပြု၍ လာခဲ့သူဖြစ်သည်။ ထို့ကြောင့် တိုမိုကျောင်း၌ အဆို အများဆုံး သီချင်းကို သီဆိုခြင်းသည်သာ အကောင်းဆုံးဟု တော့တိုး-ချန်ဆုံးဖြတ်ချက်ချလိုက်သည်။
သူမ သီချင်းစဆိုလေပြီ။
"၀ါးပါ-၀ါးပါ၊ ညက်ညက်ဝါးပါ၊
သင်စားမည့် အစားအစာတိုင်းကိုပါ"

အချို့ကလေးများက ရယ်ကြသည်။ အချို့ကမူ သူတို့အချင်းချင်း"ဘာသီချင်းလဲ၊ ဘာသီချင်းလဲ" ဟု မေးကြသည်။တော့တိုး-ချန်သည်ကျောင်းသားများ၏ လှုပ်ရှားမှုများကို ကြည့်ပြီး စိတ်ထဲ၌ အနှောင့် အယှက် ဖြစ်သော်လည်း သီချင်းကို ဆုံးအောင်ဆိုလိုက်သည်။
"ညက်ညက်ဝါးဝါး-ညက်ညက်ဝါးဝါး၊ ညက်ညက်ဝါးပါ၊
သင်စားမည့် ထမင်း၊ငါးဟင်းနှင့် အသားဟင်းများကိုသာ"

သီချင်းဆိုပြီးသောအခါ တော့တိုး-ချန်သည် ဦးခေါင်းကို ညွတ်လိုက်သည်။ သူမ၏ ဦးခေါင်းကို ပြန်မော့ လိုက်သည့်အခါ သူမ၏ ရှေ့မှစစ်သား မျက်ရည်များကျနေသည်ကို တွေ့ရသောကြောင့် သူမ အံ့အားသင့် သွားသည်။ သူမ အမှာအယွင်းတစ်ခုခုပြုလုပ်မိလေသလား။ သူမစဉ်းစားကြည့် သည်။ထိုအခိုက် သူမ၏ ဖခင်ထက် အသက်အနည်းငယ် ပိုကြီးပုံရသော ထိုစစ်သားကြီးသည် သူမ ၏ဦးခေါင်းကို ထပ်မံပုပ် လိုက်ရင်း"ကျေးဇူးတင်ပါတယ်၊ ကျေးဇူးတင်ပါတယ်" ဟုပြောလိုက်သည်။
သူသည် သူမ၏ဦးခေါင်းကို အဆက်မပြတ် ပုတ်လျက်ရှိရာ တစ်ချိန်တည်းမှာပင် သူသည် စိတ်မ ထိန်းနိုင်ဘဲ ငိုလေ တော့သည်။ ထိုအခိုက် ဆရာမက ရွှင်လန်းသော အမူအရာဖြင့် သူ့ကိုအားပေးရင်း ...........

"စစ်သည်တော်များအတွက် ကျွန်မတို့ ရေးလာတဲ့စာလွှာတွေကို ဖတ်ပြပါရစေ" ဟုပြောလိုက် သည်။
ကလေးများသည် တစ်ယောက်တစ်လှည့်စီ ဖတ်ကြသည်။ တော့တိုး-ချန်သည်ထို စစ်သားကြီးကို ကြည့်လိုက်သည်။ သူ၏နှာခေါင်းနှင့် မျက်လုံးများမှာ နီရဲနေသည်။ သို့သော်သူသည် ပြုံးပြ လိုက်သည်။တော့းတိုး-ချန်ကလည်း ပြုံးပြလိုက်သည်။ "စစ်သားကြီးပြုံးတာ မြင်ရလို့ ငါသိပ် ပျော်တာပဲ" တော့တိုး-ချန် သည် စိတ်ထဲမှ ပြောလိုက်သည်။

စစ်သားကြီးဘာကြောင့် ငိုရသည်ကို မည်သူမျှမသိနိုင် ၊ သူသာ လျှင် သိမည်ဖြစ်သည်။ သူ့တွင် တော့တိုးချန်အရွယ် သမီးတစ်ယောက်ရှိချင်လည်း ရှိမည်။သို့မဟုတ် တော့တိုး-ချန်က သူ့ကို သီချင်း ဆိုပြသောကြောင့် စိတ်ထဲတစ်မျိုးတစ်မည် ခံစားရပြီး ငိုမိခြင်းဖြစ်ကောင်းဖြစ်နိုင်သည်။ ဒါမှ မဟုတ်ရင်လည်းသူသည် ရှေ့တန်းစစ်မျက်နှာ အတွေ့အကြုံကို သတိရပြီး ငတ်တလှည့် ပြတ်တလှည့် နေခဲ့ရသည့် အဖြစ်များရှိခဲ့လေရာ "ညက်ညက်ဝါးပါ"သီချင်းကို ကြားရသောအခါ ရှေ့တန်း ၌ စားစရာ မရှိခဲ့သည်များကို စဉ်းစားမိသောကြောင့် ငိုမိခြင်းဖြစ်နိုင်သည်။ ဒါမှမဟုတ်ရင်လည်း ကြောက်စရာ အဖြစ်အပျက်များက ဤကလေးများကို ၀န်းရံပြီးလာတော့မှာဘဲဟု စဉ်းစားမိသော ကြောင့် စစ်သားကြီး ငိုမိခြင်း ဖြစ်ကောင်း ဖြစ်နိုင်လေသည်။

စာလွှာများကို ဖတ်နေကြသော ကလေးများသည် ကြောက်စရာကောင်းသော အဖြစ်အပျက်များအ ကြောင်းကို ဘာမျှမသိကြသေးပေ။သို့သော်လည်း ပစိဖိတ်ဒေသ စစ်ပွဲကြီးသည် သူတို့အနီးသို့ ချဉ်း ကပ်၍ လာလျက် ရှိနေချေပြီ။

ကျန်းမာရေး သစ်ခေါက်

တောတိုး-ချန်သည် သူမ၏ လည်ပင်းတွင် ချိတ်ဆွဲထားသော မီးရထားစီးခွင့်ကတ်ပြားကို ဘူတာရုံ အ၀င်အထွက် အပေါက်ဝရှိ လက်မှတ်စစ်ကို ပြလိုက်သည်။ ထိုလက်မှတ်စစ်ကို သူမသိမလို သူကလည်း သူမကို သိပြီးသားဖြစ်သည်။ ထို့နောက် သူမသည် ဂျီယာဂါအိုကာဘူတာ ရုံထဲမှထွက်လာသည်။

ဘူတာရုံအထွက်တွင် သူမသည် စိတ်ဝင်စားစရာ ကောင်းသောမြင်ကွင်းတစ်ခုကို မြင်တွေ့လိုက်ရ သည်။ လူငယ်တစ်ယောက်သည် မြေကြီးပေါ်၌့ ဖျာတစ်ချပ်ခင်းပြီး ထိုဖျာပေါ်၌ တင်ပျဉ်ချိတ်ပြီး ထိုင်နေသည်။ သူ၏ နောက်ကျောတွင် သစ်ခေါက်အများအပြားကို ထောင်ထားသည်။ သူ့ကို လူငါး ယောက်ခြောက် ယောက်ခန့်က ၀ိုင်းအုံပြီး ကြည့်နေကြသည်။ တော့တိုး-ချန်သည် ထိုလူစုကြား ထဲသို့ ၀င်လိုက်သည်။ ဖျာပေါ်၌ ထိုင်နေသောလူငယ်က ...

"ကျွန်တော့်ကို သေသေချာချာကြည့်၊ ကျွန်တော့်ကို သေသေချာချာကြည့်ပါ"ဟု ပေပြာလိုက်သည်။ ထိုလူငယ်သည် သူ့ရှေ့တွင် လာရပ်သောတော့တိုး-ချန်ကို ကြည့်ပြီးနောက် ဆက်ပြောသည်။
"ခင်ဗျားတို့ အတွက် အရေးကြီးဆုံးဟာ ကျန်းမာရေးပဲ၊ နံနက်အိပ်ရာက နိုးလာတဲ့အခါမှာ ခင်ဗျား တို့နေကောင်း သလား၊ နေမကောင်းဘူးလားဆိုတာ သိထားဖို့လိုတယ်။ ဒီသစ်ခေါက်ကလေးက ပြောပြ နိုင်တယ်။ ခင်ဗျားတို့လုပ်ရမှာကတော့ မနက်အိပ်ရာက ထထချင်း ဒီသစ်ခေါက်ကလေးကို နည်းနည်း ၀ါးကြည့်လိုက်ပါ။ ၀ါးကြည်လို့ခါးရင်ခင်ဗျားနေမကောင်းဘူး။ အကယ်၍ အခါးဘူးဆိုရင် ခင်ဗျား နေကောင်း တယ်၊ ခင်ဗျားမဖျားဘူး၊ မနာဘူး၊ ဒီသစ်ခေါက်က ခင်ဗျားနေကောင်းတယ်၊ မကောင်းဘူးဆိုတာ ပြောပြ နိုင်တယ်၊ဈေးမများပါဘူး၊ဆင့်နှစ်ဆယ်ထဲပါ၊ ဟိုနားက လူကြီးမင်း ဒီသစ်ခေါက်စကလေးကို အနည်းငယ် ၀ါးကြည့် ပေးပါလား"

သူသည် သူ၏အနားတွင် ရပ်နေသော ခပ်ပိန်ပိန်လူတစ်ယောက်ကို သစ်ခေါက် အနည်းငယ် ဖဲ့ပေး လိုက်သည်။ ထိုလူပိန်ပိန်သည် သူ၏ရှေ့သွားများဖြင့် သစ်ခေါက်ကို ၀ါးကြည့်လိုက်သည်။ ခဏအကြာတွင်  သူသည် ဦးခေါင်းကို နောက်သို့လှန်လိုက်ပြီး အနည်းငယ် စဉ်းစားပြီးမှ "အဲ နည်း နည်း ခါးသက်သက် ဖြစ်သလိုပဲ"ဟုပြောလိုက် လေတော့သည်။
ထိုလူငယ်သည် ထိုင်နေရာမှ ခုန်ထလိုက်ပြီး .........

"ခင်ဗျားကျန်းမာရေး မကောင်းဘူး။ ရောဂါဝေဒနာ တစ်ခုခုခံစားနေရတယ်၊ ကျန်းမာရေးဂရုစိုက်ဖို့ လိုတယ်။ ဒါပေမဲ့လို့ စိတ်မပူပါနဲ့ အခြေအနေ ဆိုးဆိုးရွားရွားမဟုတ်ပါဘူး၊ ခင်ဗျားက နည်းနည်းကလေးပဲ ခါးတယ်လို့ ပြောထားတယ်မဟုတ်လား၊ ဟိုဘက်က   အစ်မကြီးရော သစ် ခေါက်ကို အနည်းငယ် ၀ါးကြည့် ပါလား"
လူငယ်က သူ၏ရှေ့မှ ဈေးခြင်းတောင်းကို ဆွဲထားသော ခပ်၀၀အမျိုးသမီးတစ်ယောက်ကို ဆက်ပြော လိုက်ပြန်သည်။ ထိုအမျိုးသမီးသည် လူငယ့်ထံမှ သစ်ခေါက်အနည်းငယ်ကိုယူပြီး ၀ါးကြည့်လိုက်သည်။ ခဏအကြာတွင် .........

"ဟင် ဘယ်လိုမှ အရသာမရှိပါဘူး" ဟု ရွှင်မြူးသောလေသံဖြင့် ပြောလိုက်သည်။
"ကျေးဇူးတင်ပါတယ် အစ်မကြီးခင်ဗျာ၊ အစ်မကြီးမှာ ဘာရောဂါမှ မရှိပါဘူး ။ ကျန်းမာရေး ကောင်းပါတယ်"
လူငယ်က ပြောလိုက်သည်။ ထို့နောက်သူသည် ကျယ်လောင်သောအသံဖြင့် "ဆင့်နှစ်ဆယ်ထဲပါ။ ဆင့်နှစ်ဆယ်ထဲပါ။ ဆင့်နှစ်ဆယ်ထဲနဲ့ မနက်ရောက်ရင် သင်တို့ရဲ့ ကျန်းမာရေးကို စစ်ဆေးလို့ရ မယ်"ဟု အော်ဟစ် ပြောဆိုလေသည်။

တော့တိုး-ချန်သ်ည ညိုပုပ်ပုပ်အရောင်ရှိသော သစ်ခေါက်ကို အနည်းငယ် ကိုက်ကြည့်လိုက်ချင်သည်။ သို့သော်ပြောရမှာ ရှက်နေသည်။သို့သော်လည်း သူမက "ညနေကျောင်းဆင်းချိန်အထိ ဒီမှာရှိနေမလား ဦးလေး" ဟုဈေးသည်ကို မေးလိုက်သည်။
"အေး ........ ရှိနေမယ်"
ဈေးသည် လူငယ်သည် ကျောင်းသူကလေးကို စွေစောင်း၍ကြည့်ရင်း ဖြေလိုက်သည်။

တော့တိုး-ချန်သည် ထိုနေရာမှ အမြန်ဆုံး ပြေးထွက်သွားသည်။ သူမ၏ကျောကုန်းပေါ်မှ အိတ်သည် ကျောကုန်းကို တဖုတ်ဖုတ် ရိုက်ခတ်လျက်ရှိသည်။သူမသည် ကျောင်းမတက်မီ လုပ်စရာ ရှိသေးသည်။ ထို့ကြောင့် ကျောင်းနောက်ကျလို့မဖြစ်။ စာသင်ခန်းထဲသို့ ရောက်သည်နှင့် သူမသည် သူမ၏ သူငယ်ချင်း များကို မေးလိုက်သည်။
"ငါ့ကို ဆင့်နှစ်ဆယ် ဘယ်သူ ချေးနိုင်မလဲ"
သို့သော်လည်း မည်သူ့ထံမျှ ဆင့်နှစ်ဆယ် မပါပေ။ ဆယ်ဆင့်ဆိုလျှင် သူတို့မုန့်အများကြီး ၀ယ်လို့ရ သည်။ ထို့ကြောင့် သူတို့ထံ ဆင့်နှစ်ဆယ်မပါပေ။

"ငါ့အမေနဲ့အဖေကို ပြောကြည့်မယ်"
မိရိုး-ချန်က ပြောလိုက်သည်။
မိရိုး-ချန်သည် ကျောင်းအုပ်ဆရာကြီး၏ သမီးဖြစ်သည့်အတွက် တော့တိုး-ချန်အဖို့ အလွန်အဆင် ပြေသွားသည်။ မိရိုး-ချန်တို့၏အိမ်သည်ကျောင်း၏ စုဝေးခန်းမကြီးနှင့် တဆက်တည်းရှိနေသော ကြောင့် မိရိုး-ချန်၏ အမေသည် အိမ်၌အမြဲ ရှိသည်။ ထို့ကြောင့် မိရိုး-ချန်သည် အမေ့ကို လည်းကောင်း၊ အဖေ့ ကိုလည်း အချိန်မရွေး သွားတွေ့လို့ရလေသည်။

"အဖေက ပြောတယ် နင်တို့ ငွေချေးမယ်တဲ့။ ဒါပေမဲ့လို့ နင်ဘာလုပ်မယ်ဆိုတာကိုတော့ သူသိချင် တယ်တဲ့"
နေ့လယ်စာစားချိန်တွင် မိရိုး-ချန်က တော့တိုး-ချန်ကို ပြောလိုက်သည်။
တော့တိုး-ချန်သည် ဆရာကြီးရုံးခန်းသို့ သွားသည်။

"မင်း ဆင့်နှစ်ဆယ် လိုချင်တယ်ဆို၊ ဘာလုပ်ဖို့လဲဆိုတာကိုတော့ ဆရာကြီး သိချင်တယ်ကွယ်" ဟု ဆရာကြီးက သူ၏မျက်မှန်ကို ချွတ်လိုက်ရင်း မေးသည်။
"နေကောင်းတယ်၊ မကောင်းဘူးဆိုတာ ပြောနိုင်တဲ့ သစ်ခေါက်ဝယ်ချင်လို့ပါ"ဟု သူမက လျင်မြန်စွာ ဖြေလိုက် သည်။
ဆရာကြီး အလွန် အံ့သြသွားသည်။

"အဲဒါကို ဘယ်မှာရောင်းတာလဲ"
"ဘူတာရုံ ရှေ့မှာပါ" ဟုတော့တိုး-ချန်သည်ခပ်မြန်မြန် အဖြေပေးလိုက်ပြန်သည်။
" ကောင်းပြီလေ မင်းဝယ်ချင်တယ်ဆိုရင် တစ်ခုဝယ်ပေါ့ ဒါပေမဲ့လို့ ဆရာကြီးလဲ တစ်ကိုက်လောက် ကိုက်ကြည့် ချင်တယ်၊ ရမလား"
ဆရာကြီးသည် သူ၏အပေါ်အိတ်ထဲမှ ပိုက်ဆံအိတ်ကို ထုတ်ယူ၍ ၎င်းအိတ်ထဲမှ ဆင့်နှစ်ဆယ်ကို နှိုက်ယူပြီး တော့တိုး-ချန်၏ လက်ထဲသို့ ထည့်လိုက်သည်။

"အိုး ကျေးဇူးအများကြီးတင်ပါတယ်၊ ကျွန်မ အမေ့ထံက ပိုက်ဆံပြန်တောင်းပြီး ပြန်ပေးပါ့မယ်၊ အမေက ကျွန်မကို စာအုပ်ဝယ်ဖို့ ပိုက်ဆံတွေပေးပါတယ်။ တစ်ခုခုဝယ်ချင်ရင် ၀ယ်ချင်တဲ့အ ကြောင်းကို ပထမ ကြိုတင်ခွင့်တောင်းရပါတယ်။ အခုဒီတစ်ခေါက်မှာတော့ ကျန်းမာရေးအတွက် လို အပ်လို့ အမေက ၀ယ်ခွင့်ပေးလိုက်မယ်လို့ ထင်ပါတယ်" ဟုတော့တိုး-ချန်က ပြောလိုက်သည်။
ကျောင်းဆင်းသောအခါ တော့တိုး-ချန်သည် ဘူတာရုံသို့ အမြန်ဆုံးပြေးသွားသည်။ သူမ၏လက်ထဲ ၌ ပိုက်ဆံဆင့်နှစ်ဆယ်ကို ဆုပ်ကိုင်ထားသည်။ သစ်ခေါက်ရောင်းသူသည် အာပေါက်အာရင်းသန် သန်ဖြင့် သူ၏ သစ်ခေါက်များကို အော်ဟစ်ရောင်းနေဆဲပင်ရှိသည်။ တော့တိုး-ချန်၏ လက်ထဲမှ  ပိုက်ဆံ ဆင့်နှစ်ဆယ် ကို တွေ့သောအခါ သူသည်သွားများပေါ်အောင် ပြုံးလိုက်သည်။

"သိပ်လိမ္မာတဲ့ မိန်းကလေး၊ မင်းရဲ့အဖေနဲ့အမေတော့ သိပ်ဝမ်းသာကြမှာပဲ"
'ရော့ကီလည်းဝမ်းသာမှာပါ"ဟု တော့တိုး-ချန်က ပြောလိုက်သည်။
"ရော့ကီဆိုတာ ဘယ်သူလဲ"
ဈေးသည်သည်တော့တိုး-ချန်အတွက် သစ်ခေါက်တစ်ခေါက်ကို ကောက်ယူလိုက်ရင်း မေးလိုက် သည်။

"ရော့ကီဟာ ကျွန်မရဲ့ခွေးပေါ့၊ ဂျာမန်သိုးထိန်းခွေး"
ထိုသူသည်ရုတ်တရက် မလှုပ်မယှက်ဖြစ်သွားပြီး စဉ်းစားလိုက်သည်။ ပြီးတော့မှ "ခွေး ဟုတ်လား၊ အေးလေ ခွေးကိုလည်း ကိုက်ခိုင်းလို့ ရပါတယ်၊ ခွေးက ကိုက်ကြည့်လို့ ခါးတယ်ဆိုရင်လည်း ခွေးနေမကောင်းဘူးဆိုတာ သိနိုင်တာပေါ့" ဟုပြောလိုက်သည်။
ထို့နောက်ဈေး သည် အလျားခြောက်လက်မခန့်နှင့် အနံနှစ်လက်မခန့်ရှိသော သစ်ခေါက်တစ်ခေါက် ကို တော့တိုး-ချန် သို့ပေးလိုက်သည်။

"ဒီမှာ သစ်ခေါက်မနက်တိုင်းနည်းနည်း ကိုက်ကြည့်ပေါ့၊ ခါးရင်မင်းနေမကောင်းလို့ဘဲ၊ မခါးရင်တော့ မင်းဟာ နေကောင်းနေပြီလို့သာ မှတ်ပေရော့"
တော့တိုး-ချန်သည် သတင်းစာစက္ကူဖြင့် ထုပ်ထားသော အဖိုးတန် သစ်ခေါက်ကို အိမ်သို့ဂရုတစိုက် သယ်ယူ သွားလေသည်။ အိမ်သို့ရောက်လျှင်ရောက်ချင်း သူမ ပထမဦးဆုံးပြုလုပ်သည့် အလုပ်မှာ  သစ်ခေါက် ကို အနည်းငယ်ကိုက်ကြည့်လိုက်ခြင်းပင်ဖြစ်သည်။ သစ်ခေါက်မှာ ခြောက်သွေ့ပြီး ကြမ်းသည်။ မည်သည့် အရသာမျှမရှိပေ။အမှန်တကယ်အားဖြင့်ဆိုလျှင် ထိုသစ်ခေါက်၌ မည်သည့် အရသာမျိုးမျှမရှိချေ။

"ဟူးရေး ......... ငါနေကောင်းတယ်"
"ဟုတ်တယ်လေ၊ သမီးနေကောင်းသားပဲဟာ၊ ဘာများဖြစ်လာပြန်ပြီလဲ" ဟု အမေကပြုံး၍ မေးလိုက်သည်။
တော့တိုး-ချန်က ရှင်းပြလိုက်သည်။ အမေက သစ်ခေါက်ကို နည်းနည်းဖဲ့ပြီး ကိုက်ကြည့် လိုက်တယ်။
"မခါးပါဘူး"
"ဒီလိုဆိုရင် အမေလည်း နေကောင်းတယ်"

၎င်းကောင်းနောက် တော့တိုး-ချန်သည် ရော့ကီရှိရာသို့သွား၍ သစ်ခေါက်ကို သူ၏ပါးစပ်ရှေ့တွင် ကိုက်ပြသည်။ ရော့ကီသည် ပထမဦးစွာ သစ်ခေါက်ကို အနံ့ခံလိုက်သည်။ ၄င်းကောင်းနောက် လျှာဖြင့် လျက်လိုက်သည်။
"မဟုတ်ဘူး၊ နင်ကိုက်ကြည့်ရမယ်၊ ဒါမှနင်နေကောင်းမကောင်းသိနိုင်မယ်"ဟု တော့တိုးချန်က ပြောလိုက် သည်။
သို့ရာတွင် ရော့ကီသည် ကိုက်ကြည့်ဖို့မကြိုးစားပေ။ ၄င်း၏နားရွက်ကိုသာ လက်ဝါးဖြင့် ကုတ်လိုက်သည်။ တော့တိုး-ချန်သည် သစ်ခေါက်ကို ၄င်းကောင်း၏ပါးစပ်နားသို့ ကပ်နိုင်သမျှ ကပ်ထားလိုက်ရင်း…
"ကိုက်စမ်း၊ နေမကောင်းဖြစ်ရင် ဘယ်လောက်စိတ်ညစ်စရာကောင်းတယ်ဆိုတာ နင်သိတယ် မလား"

ရော့ကီသည် မကိုက်ချင်ကိုက်ချင်ဖြင့် သစ်ခေါက်၏အစွန်းပိုင်းကို အနည်းငယ်ကိုက်လိုက်သည်။ ၄င်းနောက် နမ်းကြည့်လိုက်သည်။ သစ်ခေါက်ကို မနှစ်သက်သော အမူအရာမပြပေ။ ၄င်းသည် ပါးစပ်ကို ဖြဲပြီး တချက် သမ်းပြလိုက်သည်။
"ဟူးရေး…ရော့ကီလည်းနေကောင်းတယ်"
နောက်တနေ့ နံနက်တွင် အမေက တော့တိုး-ချန်ကို ဆင့်နှစ်ဆယ် ပေးသည်။ သူမသည် ဆရာကြီး၏ ရုံးခန်းသို့ တန်းသွားပြီး သစ်ခေါက်ကို ထုတ်ပြလိုက်သည်။
ဆရာကြီးသည် ရုတ်တရက်အံ့အားသင့်သွားပြီးနောက် "ဘာပါလိမ့်"ဟူသောအကြည့်ဖြင့် ကြည့်လိုက် သည်။ ထို့နောက်သူသည် တော့တိုး-ချန်၏ လက်ထဲတွင်ကိုင်ထားသော ဆင့်နှစ်ဆယ် ကို တွေ့လိုက် ရတော့ မှ မနေ့က အဖြစ်အပျက်ကို အမှတ်ရလိုက်သည်။

"၀ါးကြည့်ပါ၊ ခါးရင်တော့ ဆရာကြီးနေမကောင်းလို့ပဲ"ဟု တော့တိုး-ချန်က ပြောလိုက်သည်။
ဆရာကြီးက အနည်းငယ်ကိုက်ကြည့်သည်။ ထို့နောက်သူသည် သစ်ခေါက်ကို သေသေချာချာ ဟိုဘက် ဒီဘက် လှန်လှောကြည့်သည်။
"ခါးသလား ဆရာကြီး"
တော့တိုး-ချန်သည် ဆရာကြီးမျက်နှာကို ပူပန်စိတ်ဖြင့် အကဲခတ်ကြည့်ရင်း မေးလိုက်သည်။

"ဘယ်လိုမှအရသာ မရှိဘူး"
ထို့နောက် ဆရာကြီးသည် တော့တိုး-ချန်ကို သစ်ခေါက်ပြန်ပေးရင်း "ဆရာကြီး နေကောင်းတယ် ကျေးဇူးပဲ"ဟု ပြောလိုက်လေသည်။
"ဟူးရေး… ဆရာကြီး ကျန်းမာတယ်၊ ကျွန်မသိပ်ဝမ်းသာတာပဲ"
ထိုနေ့က တော့တိုး-ချန်သည် ကျောင်းတွင်တွေ့သမျှ ကျောင်းသားတိုင်းအား သစ်ခေါက်ကို အနည်းငယ်စီ ကိုက်ခိုင်း သည်။ သစ်ခေါက်ကို ကိုက်ကြည့်သော ကျောင်းသားတိုင်းက မခါးပါဟုပြောကြသည်။ အဓိပ္ပါယ်မှာ သူတို့နေကောင်းသည့် အဓိပ္ပါယ်ပင်ဖြစ်သည်။ တော့တိုး-ချန် သည် အလွန်ဝမ်းသာသည်။

ကလေးများသည် ဆရာကြီးထံသို့သွား၍ သူ.တို့နေကောင်းပါသည်ဟု ပြောကြသည်။ ဆရာကြီး သည် သူ့ထံလာသော ကလေးတိုင်းကို"နေကောင်းတာ ကောင်းတာပေါ့"ဟု ပြန်လည်အဖြေပေး လိုက်သည်။
ဆရာကြီးသည် ဤသစ်ခေါက်အကြာင်းကို သိထားပြီးဖြစ်သည်။ သူသည် ထိုသစ်ခေါက်ရရှိသော သစ်ပင်များ ပေါက်ရာ ဒေသ၌ မွေးဖွားကြီးပြင်းလာသူဖြစ်သည်။ ထိုသစ်ခေါက်ကို မည်သူပင် ၀ါးကြည့် ၀ါးကြည့် မည်သည့်အရသာကိုမျှ ခံစားရမည်မဟုတ်ပေ။

တော့တိုး-ချန်က သစ်ခေါက်ဖြင့် လူတိုင်း၏ ကျန်းမာရေးကို စစ်ဆေးခြင်းသည် ကောင်းသော အလုပ်တစ်မျိုးဖြစ်သည်ဟု ဆရာကြီးစဉ်းစားမိလေသည်။ သူတပါးနေမကောင်းမှာကို စိတ်ပူတတ် ခြင်းသည် ကောင်းသော အလေ့အကျင့်တစ်မျိုးဖြစ်သည်။
တော့တိုး-ချန်သည် ကျောင်းဝင်းထဲ၌ ခွေးလေခွေးလွင့်တစ်ကောင်၏ ပါးစပ်နားသို့ သစ်ခေါက်ကိုကပ်ပြီး ကိုက်ခိုင်း သည်။ ထိုခွေးက သူမကို ကိုက်မလို့ လုပ်သည်ကိုပင် သူမ ဂရုမပြုပေ။
နင်နေကောင်း မကောင်း သိနိုင်မယ်၊ လာစမ်း ကိုက်ကြည့်စမ်း၊ နင်နေကောင်း ရင် ကောင်းတာပေါ့..
သူမက ထိုခွေးကို ပြောသည်။

သူမ၏ ကြီုးစားအားထုတ်မှုကြောင့် ထိုခွေးသည် သစ်ခေါက်ကို အနည်းငယ် ကိုက်လိုက်သည်။ ခွေးက ထူးထူး ခြားခြား ဖြစ်မသွားပေ။
ထို့ကြောင့် သူမက…
ဟူးရေး နင်လည်း နေကောင်းတယ်..ဟုအော်စစ်ပြောဆိုလိုက်သည်။
ခွေးသည် ခေါင်းငုံ့ပြီး သူမ၏အပါးမှ ထွက်ခွာသွားလေတော့သည်။

ကျောင်းအုပ် ဆရာကြီးသည် မှန်းဆမိသည့်အတိုင်းပင် သစ်ခေါက်ရောင်းသမားကို ဂျီယူဂါအိုကာ ဘူတာရုံရှေ့ ၌ နောက်ထပ်မတွေ့ ရတော့ပေ။
တော့တိုး-ချန်သည် နံနက်တိုင်းကျောင်းသို့ မသွားမီ သူမ၏ အံဆွဲထဲမှ ထိုသစ်ခေါက်ကို ထုတ်ယူပြီး ၀ါးကြည့် သည်။ ကျောင်းသွားရန် အိမ်မှ ထွက်သည်နှင့်..
ငါနေကောင်းတယ် ဟု အသံပြုလေ့ရှိသည်။
တော့တိုး-ချန်သည် အမှန်တကယ်ပင် ကျန်းမာရေး ကောင်းလျက်ရှိနေပါတော့၏။

အင်္ဂလိပ် စကားပြောသော ကလေးတစ်ယောက် မျှော်

.
>>>ဆက်ဖတ်ရန်>>> >>

Monday, January 25, 2010

တော့တိုး-ချန်

လယ်သမားကျောင်းဆရာ

“ယနေ့ မင်းတို့ကို သင်ကြားပြသမည့် ဆရာဟာ ဒီဆရာပဲ၊ သူဟာ မင်းတို့တစ်တွေကို အမျိုးမျိုးသင် ပြမယ်“
ဆရာကြီးသည် ထိုသို့မိတ်ဆက်စကားပြောပြီးလျှင် ဆရာအသစ်တစ်ယောက်နှင့် သူတို့ကို မိတ်ဆက် ပေးသည်။ တော့တိုး-ချန်သည် ဆရာအသစ်ကို အသေအချာ ကြည့်လိုက်သည်။ ပထမ အချက်မှာ သူသည် ကျောင်းဆရာ တစ်ယောက်ကဲ့သို့ အ၀တ်ဝတ်ထားခြင်း မရှိ။ သူ၏ အပေါ်အင်ကျီမှာ ချည်အင်ကျီ တိုဖြစ်သည်။ လည်ပင်းမစည်းထားဘဲ လည်ပင်း၌ မျက်နှာသုတ်ပ၀ါ ကို ပတ်ထားသည်။ သူ၏ဘောင်းဘီမှာ မဲနယ်ရောင် ချည်ဘောင်းဘီ ဖြစ်သည်။ ဘောင်းဘီပွ မဟုတ်ပေ။ ၎င်းအပြင် ဘောင်းဘီ၌ ဖာထေး ထားသည့်အရာများ ရှိသည်။ သူသည် ရှူးဖိနပ်မစီးဘဲ အလုပ်ကြမ်းသမားများ စီးလေ့ရှိသည့် ရော်ဘာ ဖိနပ်ကို စီးထားသည်။ သူ၏ဦးခေါင်းပေါ်တွင် မြက်ဦးထုပ်ကြီးကို ဆောင်းထားသည်။

ကျောင်းသား ကလေးများအားလုံးသည် ကူဟွန်းဘတ်စုဘုရားကျောင်းရှိ ရေကန်အနီးတွင် စုရုံး ရောက်ရှိ နေကြခြင်း ဖြစ်သည်။
တော့တိုး-ချန်သည် ဆရာကို စိုက်ကြည့်ရင်း ယခင်က ဘယ်မှာ တွေ့ဆုံဖူးပါလိမ့်ဟု စဉ်းစားလိုက်သည်။ “ဘယ်နေရာမှာလဲ“ဓ စဉ်းစားသည်။ သူ၏ ကြင်နာမှုရှိသော မျက်နှာမှာ နေလောင်ထားပြီး အတွန့် အတွန့် များဖြင့် ပြည့်နှက်လျက် ရှိနေသည်။ သူမ ရုတ်တရက် မှတ်မိသွားသည်။

“ဦးလေးကြီးဟာ စမ်းချောင်းနားက လယ်ကွင်းထဲမှာ အလုပ်လုပ်တဲ့ လယ်သမားကြီးမဟုတ်လား“ ဟု တော့တိုး-ချန် သည် ၀မ်းမြောက်ဝမ်းသာ မေးလိုက်သည်။
“ဟုတ်တယ်ကဲ့“ ဟု ဆရာက ပြောလိုက်သည်။
“ဓကူဟွန်းဘတ်စု ကို မင်းတို့တတွေ လမ်းလျှောက်သွားကြတိုင်း ငါ့လယ်ကွင်းအနီးက ဖြတ်သွား ကြတယ် မဟုတ်လား၊ မုန်ညင်းပွင့်တွေ ပွင့်နေတဲ့ လယ်ကွင်းဟာလေ၊ အဲဒီလယ်ကွင်းပေါ့“
“၀ိုး ဦးလေးကြီးဟာ ယနေ့ ကျွန်တော်တို့ ဆရာပေါ့နော်"
ကလေးများ ထံမှ ကျယ်လောင်သောအသံထွက်လာသည်။

"မဟုတ်ဘူး၊ ငါဟာ 'ဆရာ' မဟုတ်ဘူး၊ လယ်သမား တစ်ယောက်ပဲ၊ မင်းတို့ရဲ့ ဆရာကြီးက ကူညီပါလို့ ပြောလို့ပေါ့"
လယ်သမားကြီးက သူ၏မျက်နှာရှေ့တွင် သူ၏လက်ကို ဝှေ့ယမ်းရင်း ပြောလိုက်သည်။
"အိုး ဟုတ်တယ်၊ သူပြောသလိုပဲ၊ သူဟာမင်းတို့ရဲ့ လယ်သမား ဆရာတစ်ယောက်"
ဆရာကြီး သည် သူ၏နံဘေးတွင် လာရပ်ရင်း ပြောလိုက်သည်။

"လယ်ကွင်းထဲမှာ အပင်ဘယ်လို စိုက်ရမယ် ဆိုတာကို သူက မင်းတို့ကို သင်ပေးလိမ့်မယ်၊ ဘာနဲ့ တူသလဲ ဆိုတော့ မုန့်ဖုတ်သမားက ပေါင်မုန့် ဘယ်လို ဖုတ်ရသလဲဆိုတာကို ပြသလိုပေါ့"
ထို့နောက် ဆရာကြီးသည် လယ်သမားကြီးဘက်သို့ လှည့်ပြီး "ဘာလုပ်ရမယ် ဆိုတာ ကလေးတွေ ကို ပြောပြပါ..၊ ကဲ....စကြစို့"
သာမန်မူလတန်းကျောင်း တစ်ကျောင်း တွင် ကလေးများကို စာသင်ပြရမည့် သူများ၌ ဆရာဖြစ် အောင်လက်မှတ် များ ရရှိထားရန် လိုအပ်ပေသည်။ သို့ရာတွင် မစ္စတာကိုဘာယာရှီသည် ထိုအကြောင်း ကိစ္စမျိုး ကို သိပ်အမှုမထားချေ။ ကလေးများအနေဖြင့် လက်တွေ့လုပ်ငန်းများကို ကိုယ်တိုင်ကိုယ်ကြပ် မြင်တွေ့ပြီး လေ့လာဆည်းပူး ဖို့သာ အရေးကြီးပါသည်ဟု သူ့အနေဖြင့် စိတ်ကူးမိလေသည်။
"ဒီလိုဆိုရင် ငါတို့စကြစို့"ဟု လယ်သမားဆရာက ပြောလိုက်သည်။

သူတို့ရောက်ရှိသည့်နေရာမှာ ကူဟွန်းဘတ်စု ရေအိုင်အနီးတွင် ဖြစ်သည်။ ထိုနေရာသည် တိတ်ဆိတ်သော နေရာလည်း ဖြစ်သည်။ သာယာသော နေရာလည်း ဖြစ်သည်။ ရေအိုင်ပတ်ပတ် လည်တွင် အရိပ် ကောင်းသော သစ်ပင်များလည်း ရှိသည်။ ဆရာကြီးသည် ပေါက်တူး၊ ဂေါ်ပြားအစ ရှိသော လယ်ယာသုံး ပစ္စည်းများသည် ကလေးများ ကိုင်တွယ် အသုံးပြုနိုင်သော ပစ္စည်းအမျိုးမျိုး ဖြစ်သည်။
လယ်သမား ဆရာက ကလေးများအား ပေါက်တူးများနှင့် ဂေါ်ပြားများကို ယူစေပြီးနောက် မြက်များကို ရှင်းလင်း ခိုင်းသည်။ သူသည် သူတို့ကို မြက်များအကြောင်း ပြောပြသည်။ မြက်များသည် အလွန်အကြမ်း ပတမ်းခံ ကြကြောင်း၊ အချို့မြက်ပင်များသည် ကောက်ပဲသီးနှံပင် များထက်ပို၍ လျင်မြန်စွာ ပေါက်ကြ ပြီးနောက် ကောက်ပဲသီးနှံပင်များ နေရောင်ခြည်မရအောင် ကာဆီးထား တတ်ကြောင်း၊ မကောင်းသော ပိုးမွှား များသည် မြက်ပင်များကြား၌ ခိုအောင်းလေ့ရှိကြောင်း၊ မြက်ပင်များသည် မြေကြီးထဲ၌ရှိသော မြေသြဇာ များကို စားသုံးပစ်ကြောင်း စသည်တို့ကို တစ်ဆင့် ပြီးတစ်ဆင့်၊ တစ်ခုပြီးတစ်ခု ရှင်းပြသည်။ သူသည် စကားပြောနေရင်း မြက်များကို မည်သို့ သုတ်သင်ရှင်းလင်းရမည်ကိုလည်း လက်တွေ့ လုပ်ပြသည်။ ကလေးများကလည်း သူလုပ်သလို လိုက်လုပ်ကြသည်။ ၎င်းနောက်ဆရာသည် ပေါက်တူးကို ဘယ်လို ပေါက်ရမည်၊ ထယ်ကြောင်းများ ကို ဘယ်လိုလုပ်ရမည်။ မြေသြဇာကို မည်သို့ ထည့်ရမည် အစရှိသဖြင့် လယ်ကွင်းတွင် စိုက်ရေးရေး ပြုလုပ်ရမည့်အကြောင်းအရာ မှန်သမျှအားလုံးကို ရှင်းပြသည်။ ရှင်းပြရင်း လက်တွေ့ လုပ်ပြ သည်။

မြွေငယ်ကလေးတစ်ကောင်သည် ခေါင်းထောင်၍ အသက်ခပ်ကြီးကြီး ကျောင်းသား တစ်ယောက် ဖြစ်သော တား-ချန်၏ လက်ကို ပေါက်မည်ကဲ့သို့ လုပ်သည်။ လယ်သမားဆရာက ...
"ဒီကွင်းထဲမှာရှိတဲ့ မြွေတွေဟာ အဆိပ်မရှိဘူး၊ မင်းတို့က သူတို့ကို နာကျင်အောင် မလုပ်သရွေ့ သူတို့ ကလည်း မင်းတို့ကို နာကျင်အောင် မလုပ်ဘူး"ဟု နှစ်သိမ့်စကားပြောလိုက်သည်။
ကလေးများအား လယ်ကွက်ထဲ၌ မည်သို့ စိုက်ပျိုးရမည်ကို သင်ကြားပြသည့်အပြင် ဆရာသည် သူတို့ တတွေကို စိတ်ဝင်စားဖွယ်ရာများအကြောင်း၊ လိပ်ပြာများအကြောင်း၊ မိုးလေ၀သ ရာသီဥတု အကြောင်း ကိုပြောပြသည်။ ဖုထစ်နေသော လက်များက သူသည် လက်တွေ့သမား တစ်ဦးဖြစ်ကြောင်း ကလေးများ ကို သက်သေပြလျက် ရှိသည်။

ကလေးများသည် ဆရာ၏အကူအညီဖြင့် လယ်ကွက်ထဲ၌ စိုက်ခြင်းပျိုးခြင်း အလုပ်ကို လုပ်ကိုင် ပြီးသွား လေပြီ။ သူတို့အားလုံးမှာ ချွေးများဖြင့် ရွှဲရွှဲစိုနေကြသည်။ အချို့ထယ်ကြောင်းများ အနည်းငယ် မညီမညာ ရှိသည်မှအပ သူတို့ကိုယ်တိုင်ကိုယ်ကြပ် စိုက်ပျိုးထားသော လယ်ကွင်းကို မည်သည့်နေရာမှပင် ကြည့်ကြည့် အတွေ့အကြုံရှိသော လယ်သမားကြီးတစ်ဦး စိုက်ပျိုးထားသော လယ်ကွင်းနှင့်မခြား မြင်တွေ့ နိုင်ပါသည်။

ထိုနေ့မှစ၍ ကလေးများသည် ထို လယ်သမားကြီးကို အထူးချစ်ခင်လေးစားလာကြသည်။ သူ့ကို မြင်တွေ့သည့်အခါ မည်မျှပင် အလှမ်းကွာဝေးနေစေကာမူ "ဟိုမှာ ငါတို့ရဲ့ လယ်သမားဆရာ"ဟု အော်ပြောလေ့ ရှိသည်။ ထိုလယ်သမားကြီး အနေဖြင့်လည်း ဓာတ်မြေသြဇာ အပိုအလျှံများ ရလာ သည့်အခါတိုင်း ကလေးများ၏ လယ်ကွက်ထဲသို့ ထည့်ပေးလေ့ရှိလေရာ ကလေးများ စိုက်ပျိုးထား သော လယ်များသည် ကောင်းစွာ ရှင်သန်ကြီးထွားလာလေသည်။ ကျောင်းသားများသည် တစ်ယောက်စီ အလှည့်ကျ ထိုလယ်ကွက်ရှိရာသို့ နေ့တိုင်းသွားရောက်ပြီး အခြေအနေကို စစ်ဆေး ကြရသည်။ သူ၏ တွေ့ရှိချက်များကို ဆရာကြီးနှင့် ကျောင်းသားများအားလုံးအား အသိပေးရသည်။ ကလေးများသည် သူတို့ကိုယ်တိုင်ကိုယ်ကြပ် လက်တွေ့စိုက်ပျိုးထားသော မျိုးစေ့များမှ အပင်ငယ် များ ပေါက်လာသည်ကို မြင်တွေ့ရသောအခါ အလွန်ပျော်ရွှင်ကြသည်။ ကလေးများသည် သုံးလေး ယောက်မစုမိနှင့်၊ စုမိသည်နှင့် သူတို့လက်တွေ့ စိုက်ပျိုးထားသော လယ်ကွက်ထဲရှိ အပင်ငယ်များ အကြောင်းကို အားရပါးရ ပြောကြ လေသည်။

ကမ္ဘာ၏ အခြားအခြားသော အစိတ်အပိုင်းများတွင် ကြောက်စရာကောင်းသော အဖြစ်အပျက်များ စတင်ဖြစ်ပျက်လျက် ရှိနေလေပြီ။ သို့သော်လည်း ထိုကလေးများသည် သူတို့၏ သေးငယ်သော လယ်ကွင်း များအကြောင်းကို ဆွေးနွေးပြောဆိုကြရာ၌ သူတို့တတွေ၏ စိတ်ထဲဝယ် ငြိမ်းချမ်းရေးကို ဖက်တွယ် ထားကြသည်နှင့် တူနေပါတော့သည်။

လက်တွေ့ မီးဖိုချောင်းအလုပ်

တနေ့သော် ကျောင်းလွှတ်ချိန်တွင် တော့တိုး-ချန်သည် မည်သူ့ကိုမျှ စကားလည်းမပြော၊ နှုတ်လည်း မဆက်ဘဲ ကျောင်းဝင်းတံခါးမှ ဂျီယူဂါအိုကာ ဘူတာရုံသို့ အမြန်ဆုံး ပြေးသွားသည်။ ဤသို့ပြေးသွားစဉ် သူမနှုတ်မှ "မိုးကြိုးကမ်းပါးယံမှာ လက်တွေ့ချက်ပြုတ်စားသောက်ကြမယ်၊ မိုးကြိုးကမ်းပါးယံမှာ လက်တွေ့ချက်ပြုတ် စားသောက်ကြမယ်"ဟု ခပ်တိုးတိုးကလေး ရွတ်သွား သည်။

သူမတို့လို ငယ်ရွယ်သော ကလေးတစ်ယောက်အဖို့ ထိုစာကြောင်းသည် အလွယ်တကူမေ့သွားနိုင် သော စာကြောင်း ဖြစ်သည်။ တော့တိုး-ချန်သည် ထိုစာကြောင်းကို မေ့မသွားစေရန် အလို့ငှာ ကြိုးစားပမ်းစား ကျက်မှတ် ထားရလေရာ၊ တစ်ဦးတစ်ယောက်ကိကုသာ စကားပြောလိုက်မိပါက သူမကျက်ထားသော စာကြောင်းကို မေ့သွားနိုင်လေသည်။ "ငါတို့အိမ်ပြန်ကြစို့"ဟု ပြောလိုက်မိ လျှင်ပင် မေ့သွားဖွယ်ရာ အကြောင်း ရှိလေသည်။ ထို့ကြောင့် သူမသည် မည်သူ့ကိုမျှ စကားမပြော ဘဲ ထိုစာကြောင်း ကိုသာ ထပ်ခါတလဲလဲ ခပ်တိုးတိုးကလေး ရွတ်ဆိုနေမိခြင်း ဖြစ်သည်။

ကံကောင်းထောက်မသောကြောင့် မီးရထားပေါ်၌ သူမကို မည်သူမျှ စကားမပြောကြပေ။ မီရထားပေါ်၌ မည်သည့်အကြောင်းအရာကိုမျှ စပ်စပ်စုစုမပြုလုပ်ပေ။ သို့သော်လည်း မီးရထားပေါ် မှ ဆင်းပြီး ဘူတာရုံမှ အထွက်ပင် သူမကိုသိသော ဘူတာရုံမှ အမှုထမ်းတစ်င်္ဦးက "ဟဲလို မင်းပြန် လာပြီကိုး"ဟု နှုတ်ဆက်လိုက်သသည်။ သူမသည် ပြန်လည် နှုတ်ဆက်ရန် ဟန်ပြင်ပြီးမှ သူမ အလွတ်ရွတ်နေသော စာကြောင်းကိစ္စကို သတိရလိုက်မိသဖြင့် သူ့ကို လက်ပြန်ပြရုံသာပြလိုက်ပြီး အိမ်သို့အမြန်ဆုံး ပြေးသွားလေတော့သည်။

အိမ်ရှေ့တံခါးဝသို့ ရောက်သည်နှင့် သူမသည် "မိုးကြိုးကမ်းပါးယံမှာ လက်တွေ့ချက်ပြုတ် စားသောက်ကြမယ်"ဟု အသံကုန်ဟစ်၍ အော်ဆိုလိုက်သည်။ အစပထမ၌ အမေက သမီးဖြစ်သူ သည် ဂျူဒိုကစားသည့်အခါ ရွတ်ဆိုရသည့်အလေ့အတိုင်း ရွတ်ဆိုလေသလော၊ သို့မဟုတ် ယို နင်လေးဆယ့်ခုနှစ်ယောက်တို့၏ ရွတ်ဆိုသံကိုတုပြီး လိုက်ရွတ်လေသလားဟု တွေးမိသည်။ သို့သော် ခဏအကြာတွင် သူမအဖြေမှန်ရလိုက်သည်။ ဂျီယူဂါအိုကာဘူတာရုံနှင့် သုံးဘူတာခြား သော တိုဒိုရိုကီ ဘူတာရုံအနီးတွင် တိုဒိုရိုက်၊ ကီအိကိုကူး (သို့မဟုတ်) မိုးကြိုးကမ်းပါးယံမှ ခေါ်တွင် သော ထင်ရှားသည့် စခန်းတစ်ခု ရှိလေသည်။ ၎င်းနေရာ၌ ရေတံခွန်တစ်ခု၊ စမ်းချောင်းတစ်ခုနှင့် လှပသော သစ်တော ရှိသည်။ လက်တွေ့ချက်ပြုတ်စားသောက်ကြမယ်ဟု ဆိုရာတွင် ကလေးများ သည် ထိုနေရာသို့ သွားရောက်ပြီး ချက်ပြုတ်စားသောက်ကြမယ်ဟု ဆိုလိုခြင်း ဖြစ်သည်။

တော့တိုး-ချန်သည် အမေ့အား သူမတို့ သွားရောက်မည့် အစီအစဉ်များကို တစ်ခုပြီးတစ်ခု အကျယ် တ၀င့် ပြောပြသည်။ ကလေးများအားလုံးသည် လာမည့် သောကြာနေ့နံနက်တွင် ကျောင်းသို့ သွားရောက်စုဝေးကြရမည်။ သူတို့နှင့်အတူ စွပ်ပြုတ်ထည့်ရန် ခွက်တစ်လုံး၊ ထမင်းထည့်ရန် ပန်းကန်တစ်လုံး၊ တူနှစ်ချောင်းနှင့် ဆန်တစ်ပန်းကန်လုံး ယူလာကြမည် ဖြစ်သည်။ ဆရာကြီးက ချက်ပြုတ်ပြီးရင် ပန်းကန်လုံးနှစ်လုံးစာ ရမည်ဟု ပြောကြောင်းကိုလည်း သူမက ပြောပြသေးသည်။ ထို့ကြောင့် သူမသည် ၀က်သားအနည်းငယ်နှင့် ဟင်းသီးဟင်းရွက်အချို့ယူသွားရန်လိုကြောင်း ပြောသည်။ မွန်းလွဲပိုင်းတွင် စားသောက်ရန် မုန့်နည်းနည်း ယူခဲ့ချင်လည်း ယူခဲ့နိုင်ကြောင်း ဆရာကြီးက မှာလိုက်သည်ဟု သူမက ဆက်လက်ပြောဆိုသေးသည်။

နောက်ရက်များ၌ တော့တိုး-ချန်သည် မီးဖိုချောင်သို့သွား၍ အမေ့နားကပ်ပြီး အမေက ဓားကိုမည်သို့အသုံးပြုသည်။ အိုးကို မည်သို့ကိုင်သည်။ ထမင်းကို မည်သို့မည်ပုံ ခူးခပ်သည်ကို ဂရု တစိုက်လေ့လာသည်။ မီးဖိုချောင်ထဲ၌အမေ၏လုပ်ပုံကိုင်ပုံကို ကြည့်ရသည်မှာ အလွန်ကိုကြည့် ကောင်းပါ သည်။ သို့သော်လည်း တော့တိုး-ချန် သဘောအကျဆုံးမှာ အမေက"အိုး ... ပူလိုက်တာ" ဟု ပါးစပ်က ပြောရင်း လက်မနှင့် လက်ညှိုးက နားရွက်ဖျားကို ကိုင်လိုက်ပုံကိုပင် ဖြစ်သည်။
"ဘာဖြစ်လို့ ဒီလိုလုပ်ရသလဲဆိုတော့ နားရွက်ဖျားတွေဟာ အေးလို့ပဲ"
အမေကရှင်းပြသည်။

တော့တိုး-ချန်သည် အမေ၏ ထိုမီးဖိုချောင်အပြုအမူကို နှစ်သက်သဘောကျသောကြောင့် "မိုးကြိုး ကမ်းပါးယံမှာ လက်တွေ့ချက်ပြုတ်ရင်အဲဒီအတိုင်းလုပ်မယ်" ဟုစိတ်ကူးထားလိုက်လေသည် ။
သောကြာနေ့သို့ ဆိုက်ရောက်လာသည်။ မီးရထားပေါ်မှ ဆင်းသက်ခဲ့ကြပြီးနောက် သူတို့တတွေသည် မိုးကြိုးကမ်းပါးယံသို့ ရောက်ရှိလာကြသည်။ ဆရာကြီးသည် သူ၏တပည့်အားလုံးကို တစ်နေရာတည်း၌ စုဝေးစေသည်။ သစ်ပင်များက သူတို့အပေါ်၌ မိုးလျက်ရှိသည်။ ကလေးများသည် သူတို့၏အိတ်များကို ကျောပေါ်မှ အချသေးဘဲ ဆရာကြီးပြောမည့် စကားများကို နားစွင့်နေကြသည်။သူတို့နှင့် ခပ်လှမ်းလှမ်း နေရာတွင် ရေတံခွန်ရှိသည်။ ရေတံခွန်မှ ရေကျသံများသည် နားထဲတွင် သာသာယာယာရှိသည်။

"အခုအချိန်ကစပြီး ငါတို့အဖွဲ့တွေခွဲမယ်၊ ပြီးရင် ဆရာတွေယူလာတဲ့ အုတ်ခဲတွေနဲ့ မီးဖိုပြုလုပ်မယ်။ပြီးရင် မင်းတို့ထဲက အချို့စမ်းချောင်းထဲမှာ ဆန်ကိုဆေးမယ်၊ပြီးရင်ချက်မယ်။ အဲဒါတွေပြီးရင် ငါတို့ဝက်သား စွပ်ပြုတ်ပြုတ်ကြမယ်။ ကဲ-ငါတို့ လုပ်စရာရှိတာတွေ လုပ်ကြစို့"
ကျောင်းသားများသည် "ကျောက်ခဲ-စက္ကူ- ကတ်ကြေး"ဟုနှုတ်မှရွတ်ရင်း သူတို့ဘာသာသူတို့ အဖွဲ့များကို ခွဲကြသည်။ကျောင်းသားဦးရေစုစုပေါင်းမှာ ငါးဆယ်သာရှိသောကြောင့် အဖွဲ့ခြောက် ဖွဲ့ခွဲနိုင်ခဲ့သည်။ သူတို့သည် မြေကြီးပေါ်တွင် တွင်းများတူး၍ တွင်းနှုတ်ခမ်းများပေါ်၌ အုတ်ခဲများရံ ကာ မီးဖိုများပြုလုပ်ကြ သည်။အုတ်ခဲများပေါ်၌ သံချောင်းများကို ကန့်လန့်ဖြတ်တင်လိုက်ကြသည်။ စွပ်ပြုတ်အိုးများနှင့် ထမင်းအိုး များမမှောက်ရန် မီးဖိုကို အသေအချာပြုလုပ်ကြသည်။အချို့က မီးဖို များကို ပြုလုပ်နေချိန်တွင် အချို့က ထင်းများကို သွားရှာကြသည်။အချို့က စမ်းချောင်းသို့သွားပြီး ဆန်များကို ဆေးကြသည်။

ကလေးများအားလုံးတွင် တာဝန်ကိုယ်စီ ရှိလာကြသည်။တော့တိုး-ချန်သည် ဟင်းသီးဟင်းရွက် များကို လှီးဖြတ်ရန်နှင့်  ၀က်သားစွပ်ပြုတ်အိုးကို စောင့်ကြည့်ရန် တာဝန်ကျသည်။ တော့တိုး-ချန် ထက် အသက်နှစ်နှစ်ခန့် ပိုကြီးသော ယောက်ျားလေးတစ်ယောက်သည်လည်း ဟင်းသီးဟင်းရွက် များကို လှီးဖြတ်ရန်တာဝန်ယူရသည်။ သူသည် တော့တိုး-ချန်ကဲ့သို့မလှီးတတ်။အချို့မှာ ကြီးနေပြီး အချို့မှာ သေးနေသည်။ သူသည်အားသွန်ခွန်စိုက်ပြီး လှီးနေရရှာသည်။ နှာခေါင်းထိပ်တွင် ချွေးများစို့လျက် ရှိသည်။တော့တိုး-ချန်မှာမူ အမေ့ထံမှ အတုများရယူသောကြောင့် ဟင်းသီးဟင်းရွက်များ ပါးစပ်ထဲထည့် သည့်အခါ အနေတော်ဖြစ်အောင် လှီးဖြတ်နိုင်ခဲ့သည်။

သူမသည် သခွားသီးများကိုပင် ပါးပါးကလေးလှီး၍ ဆားဖြူးပြီး သီးခြားထားလိုက်သည်။ စွပ်ပြုတ်သောက် သည့်အခါ သခွားသီး ချဉ်သဘောမျိုးဖြင့် သီးခြား ၀ါးစားနိုင်ရန်အတွက် ဖြစ်သည်။ တော့တိုး-ချန်သည် သူမကိုယ်သူမ တကယ့်အိမ်ရှင်မဟု သဘောထားနေမိသည်။ ကလေးတိုင်းက သူမ၏သခွားသီးချဉ်ကို ချီးကျူးကြသည်။
စွပ်ပြုတ်အိုးဆူလာပြီး အနံ့များထွက်လာသောအခါ ကလေးများမြည်းကြည့်ကြသည်။ "၀ိုး" "ဂီး" စသော အသံများသည် အဖွဲ့အသီးသီးတိုင်းမှ ထွက်ပေါ်လာသည်။သစ်ပင်များပေါ်မှ ငှက်မျာ၏ အော်မြည်သံ များမှာလည်း ကလေးများ၏ အသံများနှင့် အပြိုင်အဆိုင်ဖြစ်နေသည်။ ကလေးများသည် သူတို့၏ အိမ်များ ထဲ၌ အဆင်သင့် ခူခပ်ထားသော ထမင်းဟင်းများကို ထမင်းဝိုင်း၌ ၀င်ထိုင်ပြီး စားကြရသူများဖြစ်ကြသည်။ အချက်အပြုတ်ကို နားလည်ကြသူများ မဟုတ်ကြ။ယခုဤနေရာတွင် သူတို့ကိုယ်တိုင် အချက်အပြုတ် အလုပ်ကို လုပ်ကြရပြီး မီးဖိုချောင်လုပ်ငန်း၏ လက်တွေ့သဘောကို စတင်သိရှိလာကာ အတွေ့အကြုံ တစ်မျိုး ရလာကြပြီ ဖြစ်သည်။

အချက်အပြုတ်အလုပ် ပြီးဆုံးသောအခါ ဆရာကြီးသည် မြက်ခင်းတစ်နေရာတွင် ကလေးများ အားလုံးကို စက်ဝိုင်းပုံသဏ္ဍန်ဖြစ်အောင် ထိုင်ခိုင်းလိုက်သည်။ အဖွဲ့တိုင်း၏ရှေ့တွင် စွပ်ပြုတ်အိုး တစ်အိုးနှင့် ထမင်းအိုးတစ်အိုးစီ ချထားပေးသည်။ တော့တိုး-ချန်သည် သူမတို့အဖွဲ့မှ စွပ်ပြုတ်အိုး ကို လာရောက်သယ်ယူသူကို ခေတ္တခဏတားဆီးပြီးနောက် သူမစိတ်ကူးထားသည့် အလုပ်တစ်ခု အား လုပ်ဖြစ်အောင် လုပ်လိုက်သည်။ သူမသည် စွပ်ပြုတ်အိုး၏ အဖုံးကိုရုတ်တရက် ဆွဲဖွင့်လိုက်ပြီး "အိုး....... ပူလိုက်တာ"ဟု အော်ပြောရင်း သူမ၏ လက်ချောင်းငယ်များဖြင့် သူမ၏ နားရွက်ဖျားကို ကိုင်လိုက် သည်။ထိုသိုပြုလုပ်ပြီးသောအခါမှ "ယူသွားနိုင်ပါပြီ" ဟုပြောလိုက်သည်။ တော့တိုး-ချန်သည် သူမလုပ် ချင်တာ လုပ်လိုက်ရ၍ကျေနပ်သွားသည်။

ကလေးတိုင်းသည် သူတို့ရှေ့မှ အငွေ့တထောင်းထောင်းထွက်နေသော ထမင်းအိုးများနှင့် စွပ်ပြုတ်အိုး များကိုစူးစိုက်ကြည့်နေကြသည်။ သူတို့အားလုံး ဆာနေကြသည်။ ယခုသူတို့စားသောက်ကြမည့် အစားအစာသည်  သူတို့ကိုယ်တိုင် ပထမဆုံးအကြိမ်အဖြစ် ချက်ပြုတ်ထားသည့် အစားအစာများ ဖြစ်သည်။

ခဏအကြာတွင် သူတို့သည် "၀ါးပါ-၀ါးပါ၊ ၀ါးပါ-ညက်ညက် ၀ါးပါ၊ သင်စားမည့် အစားအစာ တိုင်းကိုပါ"ဟု သီချင်းဆိုကြသည်။ သီချင်းဆိုပြီးသောအခါ "ကျွန်ုပ်သည် ကျေးဇူးတင်စွာဖြင့် ပါဝင်စားသောက်ပါသည်" ဟု ပြောဆိုကြပြီး စားကြသောက်ကြသည်။
ပတ်ဝန်းကျင်တစ်ခုလုံးမှာ တိတ်ဆိတ်သွားသည်။ ရေတံခွန်မှ ရေသံများမှတပါး အခြားမည်သည့် အသံများကိုမှ မကြားရတော့။

မင်းဟာ တကယ်ကို လိမ္မာတဲ့ မိန်းကလေးတစ်ယောက်ဖြစ်တယ်
"မင်းဟာ တကယ်ကို လိမ္မာတဲ့ မိန်းကလေးတစ်ယောက်ဖြစ်တယ် မဟုတ်လား"
ကျောင်းအုပ်ဆရာကြီးသည် တော့တိုး-ချန်ကို တွေ့သည့်အခါတိုင်း အထက်ပါအတိုင်းပြောလေ့ရှိ
သည်။ ဆရာကြီးက ထိုကဲ့သို့ ပြောသည့်အခါ တော့တိုး-ချန်သည်ပြန်ပြုံးပြရင်း ခြေထောက်ကိုလည်း အနည်းငယ် မြှောက်ကြွပြုလုပ်လိုက်ပြီးနောက် ဟုတ်ကဲ့၊ ကျွန်မဟာ လိမ္မာတဲ့ မိန်းကလေးတစ်ယောက် ဖြစ်ပါတယ် ဟု ပြန်ပြောသည်၊ သူမသည် လိမ္မာသူတစ်ယောက် ဖြစ်သည်ကိုလည်း သူမကိုယ်သူမ ယုံကြည်ပြီးသားဖြစ်သည်။

တော့တိုး-ချန်သည် လိမ္မာသော မိန်းကလေးတစ်ယောက် ဖြစ်သည်မှာ အမှန်ပင်၊ သူမသည် လူတိုင်းအပေါ် သနားကြင်နာသူဖြစ်သည်။ အထူးသဖြင့် ကိုယ်လက်အင်္ဂါမသန်စွမ်းသော သူငယ်ချင်းများအပေါ် ပိုမို၍ပင် ကြင်နာသနားသူဖြစ်သည်။ သူမသည် သူတို့ဘက်မှ အစဉ်အမြဲပင် ခုခံကာကွယ်သည်။ အခြားကျောင်းမှ ကျောင်းသားများက သူမဧ။်ထိုသူငယ်ချင်းများကို နောက်ပြောင်လာလျှင် သို့မဟုတ် အနိုင်ကျင့်လာလျှင် သူမသည် ထိုသူများကို ရန်တွေ့လျှင်တွေ့၊ မတွေ့လျှင်ဖက်သတ်သည်။ သူမက ရှုံ၍ငိုလျှင်ငိုရပါစေ၊ သူမသည် သူဧ။် သူငယ်ချင်းများဘက်မှ အမြဲတမ်းရပ်တည်သည်။ သူမသည် ဒဏ်ရာအနာတရ ရသော တိရစာäန်များကို တွေ့လျှင်လည်း အတတ်နိုင်ဆုံး ကူညီမှုများပြုလုပ်ပေးသည်။ သို့သော်လည်း တစ်ချိန်တည်းမှာပင် သူမသည် ဆရာ၊ ဆရာမများအား အံ့သြမှုဖြစ်စေမည့် အမှုများကို ပြုလုပ်တတ်သည်။ သူမအနေဖြင့် တမူထူးခြားသော အကြောင်းအရာများကိုတွေ့ကစပ်စပ်စုစုပြုလုပ်လေ့ရှိသည်။ သူမဧ။် စပ်စပ်စုစု ပြုလုပ်မှုက အခြားသူတစ်ပါးအပေါ် အနှောက်အယှက်ဖြစ်စေသည်ကို သူမမသိချေ။

သူမသည် နံနက်ကျောင်းတက်ခေါင်းလောင်းထိုး၍ ကျောင်းသားများနှင့်အတူ စုဝေးခန်းမကြီး ရှိရာသို့ သွားသည့်အခါ သူမဧ။် ကျစ်ဆံမြီးများကို ချိုင်းကြားထဲညှပ်ပြီး လမ်းလျှောက်သွားလေ့ ရှိသည်။ တစ်ခါကလည်း အတန်းထဲ သန့်ရှင်းရေး ပြုလုပ်ရသည့်အခါ၊ ကြမ်းပြင်ပေါ်ရှိသော အရေးပေါ် ထွက်ပေါက်ကို မရရအောင်ဖွင့်ပြီး ထိုအပေါက်ထဲသို့အမှိုက်များလှည်းချလိုက်သည်။ ထိုအပေါက်သည် ရထားတွဲပြင်သူများအသုံးပြုလေ့ရှိသော အပေါက်ဖြစ်သည်။

တော့တိုး-ချန်သည် အပေါက်ကို ဖွင့်တုန်းက လွယ်လွယ်နှင့်ဖွင့်နိုင်ခဲ့သော်လည်း ပြန်ပိတ်၍ မရသော ကြောင့်အခြားသူများပါ ဒုက္ခများသွားကြလေတော့သည်။ တစ်ခါကလည်း တစ်ဦးတစ်ယောက်က အသားများကို သံချိတ်များü ချိတ်ဆွဲပြီးရောင်းချလေ့ရှိသည်ဟု ပြောလေရာ သူမသည် လေ့ကျင့်ခန်းများ ပြုလုပ်ရာ သံဘားတန်းများအနက် အမြင့်ဆုံးသံဘားတန်းကို လက်နှစ်ဖက် တွဲလဲခိုထားသည်။ သူမသည် အချိန်အတန်ကြာအောင်တွဲလဲခိုထားသည်။ ဆရာမက သူမအား ဘာလုပ်နေတာလဲဟု မေးသည့်အခါ "ကနေ့အဖို့မှာတော့ ကျွန်မဟာ အသားတုံးကြီး တစ်တုံးပေါ့" ဟု ပြန်ပြောလိုက်သည်။ ထိုသို့ပြောပြီး ခဏကြာသောအခါ သူမသည် လက်အံသေပြီး ပြုတ်ကျသွားလေတော့သည်။ ကျသည့်အရှိန်မှာ ပြင်းသောကြောင့် သူမသည် အထိနာကာ ထိုနေ့တစ်နေ့လုံး စကားပင်ကောင်းကောင်းမပြောနိုင်တော့ချေ။ တစ်ခါကလည်း သူမသည် မစူးမစမ်းဘဲ ပြုလုပ်မှုကြောင့် အညစ်အကြေးများစွန့်ရာ ကန်ကြီးထဲသို့ ကျသွားခဲ့ဖူးလေသေးသည်။

သူမသည် အထက်ပါအတိုင်း ပြုမူတတ်သောကြောင့် ထိခိုက်နာကျင်မှုများ ရှိလာတတ်လေရာ ဆရာကြီးသည် သူမဧ။်အမေနှင့်အဖေကို ဘယ်တော့မှ ကျောင်းသို့ခေါ်လေ့မရှိပေ။ ဆရာကြီးသည် သူမကိုသာမဟုတ်၊ အခြားကျောင်းသား၊ ကျောင်းသူများအပေါ်တွင်လည်း တသဘောတည်းပင် ထားရှိသည်။ ခွဲခြားမှုမရှိချေ။ ဆရာကြီးသည် တပည့်များကို ဆုံးမရာ စိတ်ရှည်ရှည်ထားသည်။ ကလေးတစ်ယောက်ယောက်သည် ဆိုးဆိုးရွားရွား အမှုတစ်ခုကို ကျူးလွန်ပါက ဆရာကြီးသည် ကလေးအားခေါ်ယူပြီး သူမဧ။် အပြစ်ကိုနားလည်အောင်ရှင်းပြသည်၊ ဆုံးမသည်။ ပြီးလျှင် ဆရာကြီးက "ကဲ တောင်းပန်လိုက်" ဟုပြောပြီး နိဂုံးချုပ်လိုက်သည်။

တော့တိုး-ချန်နှင့် စပ်လျဉ်း၍ အခြားကျောင်းသား၊ ကျောင်းသူများဧ။် မိဘများက ညည်းညူစကား ပြောသည်များကိုဆရာကြီးသည်တစ်ဆင့်စကားတစ်ဆင့်ကြားသိရသည်။ သို့အတွက်ကြောင့်လည်း
ဆရာကြီးသည် တော့တိုး-ချန်ကို တွေ့သည့်အခါတိုင်း "မင်းဟာ တကယ်ကို လိမ္မာတဲ့ မိန်းကလေး တစ်ယောက်ဖြစ်တယ်ဆိုတာ သိတယ်မဟုတ်လား " ဟူ၍ သာ ပြောလေ့ရှိသည်။

ဆရာကြီးက သူမကိုထိုသို့ပြောရာ၍ "တချို့လူတွေက မင်းကိုဆိုးတယ်လို့ ထင်နေကြတယ်၊ မင်းဟာ မဆိုးဘူးဆိုတာ ဆရာကြီးသိတယ်" ဟူသောအဓိပ္ပာယ်မျိုး သက်ဝင်လေရာ ဤသည်ကို တော့တိုး-ချန်သည် နောင်သောအခါမှ နားလည်သဘောပေါက်သည်။ "လိမ္မာတဲ့မိန်းကလေး" ဆိုသော စကားသံသည် သူမဧ။်ရင်ထဲဝယ် ပဲ့တင်ထပ်လျက်ရှိသည်။ သူမသည် တစ်ခုခု ထူးထူးခြားခြား ဆန်းဆန်းပြားပြား လုပ်မိသည့်အခါတိုင်း ဆရာကြီးဧ။် စကားသံကို အစဉ် သတိရမိသည်။ တိုမိုကျောင်း၌ သူမ ပညာသင်ကြား နေသမျှ ကာလပတ်လုံး မစ္စတာ ကိုဘာယာရှီသည် သူမကိုတွေ့တိုင်း ထိုစကားလုံးများကို ပြောတတ် လေရာ ထိုစကားများသည် သူမဧ။် ဘ၀တွင် အရေးပါသောစကားလုံးများ ဖြစ်လာပါတော့ သည်။
"တော့တိုး-ချန်၊ မင်းဟာ တကယ့်ကိုလိမ္မာတဲ့ မိန်းကလေးတစ်ယောက်ဖြစ်တယ်ဆိုတာ မင်းသိတယ် မဟုတ်လား"

သူ၏ သတို့သမီး ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>