Showing posts with label ဂျာနယ်ကျော် မမလေး. Show all posts
Showing posts with label ဂျာနယ်ကျော် မမလေး. Show all posts

Thursday, October 21, 2010

ဂျာနယ်ကျော် မမလေး ၏ မန်းရာပြည့် နှင့် တရာ ပွဲ အပိုင်း (၄) ဇာတ်သိမ်း

"ဘုန်းတော်ကြီးဘုရား နတ်ရွာစံတော့ အလောင်းတော်အတွက် ငွေ ၅၀၀၀ကျပ် တောင်းတာ တော်တော် နဲ့ အင်္ဂလိပ် က မပေးလို့ နှစ်လလုံးလုံး အလောင်းကို ဒီအတိုင်းပဲ ထားရတယ်၊ ခေါင်းကို ရွှေမှိုကြီးတွေ ရိုက်ပြီး ခေါင်းရင်းတော် က ကမ္ပည်းတော် ထည့်တယ်။ အဝေးရောက်သွားတဲ့ ပထမနဲ့ ဒုတိယသမီးတော်ဆီကို သံကြိုး ပို့လိုက်တော့ မလာနိုင်ဘူးလို့ သံကြိုးပြန်တယ်။

ဗမာဆိုလို့ ဘယ်သူမှ မရှိဘူး၊ စုဘုရားတို့ စတုတ္ထသမီးတော် ထိပ်စုဘုရားလေးရယ်၊ သံတော်ဆင့် ဦးအော်ရော် ရာ်၊ ဒါပဲ ရှိတယ်။ ည၁၂နာရီမှာ နတ်ရွာစံရှာတယ်။ နတ်ရွာလည်း စံရော စုဘုရားတို့အားလုံး ဒုက္ခ ဖြစ်ကုန်တာပဲ၊ အိမ်တော်မှာ စောင့်တဲ့ ပေါ်လီးတီကား (Political Officer)က ကုလားအစေခံတွေ ကို လိုချင် တဲ့ သမီးတော်ကို ယူနိုင်တယ်။ ယူကြလို့ အခွင့်ပေးလိုက်တော့ စုဘုရား ထမင်းစားနေတဲ့ အခန်းထဲ မှာ ကုလားအစေခံ က အတင်း ၀င်လာပြီး ဆွဲတာပါပဲ။

"စုဘုရား ငိုတာပေါ့"
"ငိုတာပေါ့ "ဟု ပြောရင်း မျက်ရည်များ စီးကျလာလေကာ ငိုသံပါကြီးဖြင့် ဆက်လက်၍ ပြောသွား ပြန် လေသည်။
"ဟဲ့ ... ကုလားစုတ်၊ ငါတို့ခွေးလား၊ အ၀တ်စုတ်လားဟင် ဆိုတော့ ကုလားက နင့်ကို ငါယူမယ်ဆို ပြီး အတင်း ဆွဲတာပဲ။ စုဘုရားကလည်း အားရှိသမျှ ရုန်းတာပဲ၊ လက်ကို သွေးခြည်တွေ ဥသွားတာ ပဲ၊ နောက်တော့ ကုလားက အတင်း ချိုင်းကြားက ဆွဲမတော့ ရုန်းရင်းပဲ ကြမ်းပေါ် လဲကျသွားတယ်။ ကုလားက စုဘုရား ကိုယ်ပေါ် မှာ အတင်း တက်ဖိထားတုန်း စုဘုရားက ကယ်တော်မူကြပါလို့ အသံကုန် အော်တော့တာပဲ၊ စုဘုရား တို့ မွေးထားတဲ့ ခွေးကြီးတွေအားလုံး ၁၀ကောင် ရှိတယ်၊ ခွေးတွေက ကုလားကို ၀ိုင်းဆွဲကြ၊ ကိုက်ကြတော့ မှ အားယားမက ပြေးလာ တယ်၊

ဒီတော့မှ ကုလားလက်က လွတ်သွားတယ်။ မယ်တော် ဘုရားက ပြေးလာပြီး စိတ်ဆိုးတော် မူလွန်းလို့ ကုလား ကို သံပုံးနဲ့ ပေါက်တယ်၊ နင်ထွက်သွားလို့ အော်တယ်။ ဒီကုလား စော်ကားလို့ ထုတ်ပစ်တာ ပေါ်လီးတီကား က မထုတ်ရဲဘူးတဲ့။ နတ်ရွာလည်း စံရော ကုလားတွေ ၀ိုင်းစော်ကား လိုက်ကြတာ၊ စုဘုရားဖြင့် ကြောက်လွန်းအားကြီးလို့ တုန်ပြီး တစ်ခါတည်း တက်သွားပြီး လူမှန်း မသိ မေ့သွားတယ်။ စတုတ္ထသမီးတော်က သတ္တိအင်မတန် ရှိတယ်။ စုဘုရားက သိပ်ကြောက်တတ် သလောက် သူက သိပ်သတ္တိရှိတယ်၊ သူ့ကို လာဆွဲမယ်လုပ်နေတဲ့ ကုလားအစေခံတွေကို ဓားကြီး ဆွဲပြီး လာစမ်းပါစေ၊ လာခဲ့စမ်းနဲ့ ကြိမ်းပြီး ဓားကြီးတ၀င့်ဝင့်နဲ့ အနားကပ်ရင် ခုတ်ဖို့ တစ်ခါတည်း ရွယ်နေတယ်။ သံတော်ဆင့်မင်း ဦးအော်ရော်ကလည်း အဘိုးအိုကြီး၊ ဘာမှ မတတ်နိုင်ဘူး။ အရှင် မိဖုရားခေါင်ကြီးက ရန်ကုန်က ကိုဘရှင်ဆီကို ချက်ချင်း သံကြိုးရိုက်တယ်၊ ဘုန်းတော်ကြီးဘုရား နတ်ရွာစံပြီ၊ သမီးတော်တွေကို ကုလားအစေခံ တွေက ဆွဲကုန်ပြီလို့ သံကြိုးရိုက်တော့ သမာဓိမြို့ဝန် ကိုဘရှင်ဆီက "မြန်မာနိုင်ငံ တစ်နိုင်ငံလုံး ရှိပါသေးတယ်၊ ဘာမှ အားမငယ်ပါနဲ့" လို့ သံကြိုးပြန် တယ်"

ကျွန်မမှာ နားစိုက်ထောင်နေရင်း ဆိုးရွားလှသော အဖြစ်အပျက်များကို ရုပ်ရှင်ကား ကြည့်နေသကဲ့သို့ပင် မြင်နေသည်။ ကုလားအစေခံတွေက စော်ကားမော်ကား ပြုကျင့်နေကြပုံကို ထွေးလားလုံးလား မြင်မိလျက် ရင်ထဲ ၌ လှိုက်ဖိုလျက် နေလေတော့သည်။

"စုဘုရား ကုလားစော်ကားပြီး လန့်သွားလိုက်တာ၊ သွေးပျက်ပြီး ရူးသွားလိုက်တာ ဆရာဝန်နဲ့ တစ်နှစ်သုံးလ ကုရတယ်။ ဆရာဝန်က ပြောတယ်၊ စုဘုရား သိပ်ကြောက်တတ်တာဟာ အင်္ဂလိပ် က ဖမ်းလာတော့ စုဘုရားကိုယ်ဝန်ကြီးနဲ့ အရှင်မိဖုရားခေါင်ကြီး ဘုရားဟာ စိတ်ထဲမှာ သိပ်ချောက် ချားပြီး သွေးလန့် လာတဲ့ အတွက် စုဘုရားကို ဖွားမြင်တော့ စုဘုရားဟာ သွေးမကောင်းဘဲ သိပ်ကြောက် တတ်တာ လို့ ပြောတယ်၊ သွေးပျက်ပြီး ဘာမှ မသိတော့ဘူး။ ငိုလိုက်၊ ရယ်လိုက်၊ ကလိုက်၊ ခုန်လိုက်နဲ့ လူမှန်း မသိအောင် ရူးသွားတယ်။

"အလောင်းတော်ကြီး မြေမချရဘဲ သုံးလ ထားရတယ်၊ အလောင်းတော်မှာ ရန်ဖြစ်လိုက်ကြတာ။ စတုတ္ထသမီးတော်က အလောင်းကို ပက်ကင် ပါဆယ်ထုပ်ပြီး ယူသွားလိမ့်မယ်လို့ တချို့က သွား တိုက်ကြ ခိုက်ကြတော့ စစ်သားတွေက ခေါင်းကို ဖွင့်ကြည့်မယ်၊ စစ်မယ် လုပ်တယ်။ မယ်တော် ဘုရားက အဖွင့် မခံဘူး၊ အရှင်နန်းမတော်ဘုရား တံဆိပ် ရိုက်လိုက်တယ်၊ မန္တလေး ယူချင်တာ လည်း မယူရဘူးတဲ့၊ တစ်ခါတည်း မြေကြီးမှာ မြှုပ်သာ မြှုပ်ပစ်လိုက်ရတယ်၊ သရဏဂုံလည်း မတင်ရပါဘူး"

"မြန်မာပြည် ဘယ်လို ပြန်ခဲ့ကြရပါသလဲ"
"ဖယ်ရီကွင်း သဘောနဲ့ ပြန်ရတယ်၊ အ၀တ်သေတ္တာတစ်လုံး၊ အိပ်ရာတစ်လုံးစီ ပါလာကြတယ်။ သင်္ဘောပေါ် မှာ တစ်လ ကြာတယ်၊ ဘုံဘေမှာ တစ်လကြာတယ်၊ ဘုံဘေက ကာလကတ္တားကို မီးရထားစီးတာ ၃ရက် ကြာတယ်၊ အလုံတံခါးကို သော့ခတ်ပိတ် ခေါ်တယ်၊ ခွေးတွေ ၁၀ကောင် စလုံး ပါလာတယ်၊ ဘုံဘေမှာ ဟိုတယ် မှာ ခွေးမတည်းရဘူးဆိုလို့ ခွေးတွေနဲ့ ခွဲနေရတော့ စုဘုရား တို့ ငိုလိုက်ကြတာ။ အဲဒီအချိန်က ဂန္ဒီကြီး သပိတ်တားနေလို့ ဘယ်မီးရထားမှ မထွက်ရဘူး၊ သီပေါ ဘုရင် နတ်ရွာစံတော်မူလို့ သီပေါဘုရင်ရဲ့ မိဖုရား ခေါင်ကြီး မြန်မာပြည် ပြန်တာပါလို့ ပြောတော့မှ သပိတ်မတားဘဲ လွှတ်ပေးလိုက်တယ်။

ကာလကတ္တား ရောက်တော့ ဂရင်းဟိုတယ်မှာ တည်းတယ်၊ မြန်မာပြည် ပြန်ဖို့ သင်္ဘောဆင်းလာကြတော့ ဘယ်က ဗမာတွေလဲ မသိဘူး၊ သင်္ဘောဆိပ်မှာ စုဘုရားတို့ကို မြင်တော့ ငိုလိုက်တာမှ သိပ်ငိုကြတာပဲ၊ အရှင်နန်းမတော်ဘုရား ကတော့ ဘုန်းတော်ကြီးဘုရား နတ်ရွာစံတဲ့ နေ့ကစပြီး တစ်ကိုယ်လုံး အဖြူပဲ ၀တ်တယ်၊ သင်္ဘော ပေါ်ဆင်းတော့ အဖြူဝတ်ဆင်းလာတယ်။ ရေနီ၊ ရေဖြူ၊ ရေစိမ်းတွေ မြင်ရပြီ ၃ရက်ကြာ မှ ရန်ကုန်ကို ရောက်တယ်။ စစ်သားအစောင့်တွေ တစ်လမ်းလုံး ပါလာတယ်၊ ရန်ကုန်မြစ်ထဲ နေ့လယ် ၁၂နာရီ ၀င်တယ်"
"မြန်မာပြည် ပြန်ရောက် တော့ စိတ်ထဲမှာ ဘယ်လို ခံစားရပါသလဲ ဘုရား"

"မြန်မာပြည် ပြန်ရောက်လို့ သင်္ဘောလည်း ဆိုက်ရော၊ မြန်မာပြည်က ကြောက်စရာ ကောင်းလိုက် တာ၊ ရတနာဂီရိ မှာ သစ်ပင် မရှိဘူး၊ မြန်မာပြည်က သစ်ပင်ကြီးတွေက မိုးပေါ်ထိုးနေတော့ သိပ်ကြောက်တာပဲ"
"ရွှေနန်းတော်ကြီး ကို တွေ့ချင်စိတ် မြင်ချင်စိတ် မရှိဘူးလား ဘုရာ့း"
"တွေ့ချင်စိတ် မရှိပါဘူး၊ ကိုယ်မှ နန်းတော်ကြီးကို မမြင်ဖူးတာပဲ၊ ဘယ်တွေ့ချင်ပါမလဲ"
"ရောက်တော့ ဘယ်ကို ခေါ်သွားသလဲ"

"အိမ်တစ်အိမ်ကို ခေါ်သွားတယ်၊ ကုလားထိုင် ၃လုံးနဲ့ မြက်ကို ရက်ထားတဲ့ ဖျာကို တွေ့ဖူးတယ်၊ ဖျာပေါ်မှာ ခြင်္သေ့ရုပ် နဲ့။ စုဘုရားတို့ ရတနာဂီရိ စံအိမ်မှာ နေတုန်းက ဒီလို ကြိမ်ကုလားထိုင် မထိုင်ဖူးဘူး၊ ကြေးဝါမှို ကလေးတွေ ရိုက်ထားတဲ့ ကတ္တီပါဆိုဖာ ကုလားထိုင်ကြီးတွေပဲ ထိုင်တယ်၊ ခြေထောက်အောက် က ကော်ဇော က အမွေး တစ်ထွာလောက် ရှိတယ်၊ ခြေထောက်နင်းရင် မြှုပ် သွားတာပဲ"
ရတနာဂီရိ အသိမှတစ်ပါး မြန်မာပြည်ရောက်၍ နန်းတော်ပင် မြင်ချင်စိတ် မရှိခြင်းအတွက် မြန်မာ နှင့် မည်မျှ ကင်းကွာကာ အဆက်ပြတ်သွားခြင်းကို စဉ်းစားလျက် ကျွန်မမှာ သက်ပြင်းချက်ကာ ခေါင်းသာ ညိတ် နေရ လေသည်။

"မြန်မာပြည်ရောက်တော့ ဗမာတွေက လက်ဆောင်တွေ လာဆက်ကြတာ တစ်ပုံကြီးပဲ။ ဗမာထမင်းဟင်း စားရတယ်၊ ကြက်သား ၀က်သားဟင်း၊ ဆန်စားရတာက ဆန်စေ့ကြီးတွေက အကြီးကြီးပဲ၊ ကြောက်စရာကြီး၊ မမျိုဝံ့ ပါဘူး။ စပါးနက်ဆန်ဆိုလား၊ ကုလားပြည်မှာ စားတဲ့ ဆန်က ဆံပင်ခြည်လောက် ရှိတယ်၊ သေးသေး ကလေး ရယ်။

"ညတိုင် ပလားဆိုရင် သစ်ပင်က လူနာမည် ခေါ်နေတယ်၊ စုဘုရားတို့ ကြောက်လွန်းလို့ မအိပ်ဝံ့ကြ ဘူး၊ စုဘုရား က သိပ်ကြောက်တတ်တယ်၊ အခုတောင် ကြောက်ရင် ကလေးတွေကြားထဲ အတင်း ၀င်အိပ်တာပဲ၊ မယ်တော်ဘုရား က ကိုဘရှင်ကို ခေါ်ခိုင်းပြီး "ဟဲ့မောင်ဘရှင်၊ သစ်ပင်က လူနာမည် ခေါ်သတဲ့၊ ဘယ်လိုကြောင့်လဲ" မေးတော့ မှ ကိုဘရှင် က "တောက်တဲ့ပါဘုရား" လို့ ပြောတယ်"
ကျွန်မ မှာ မျက်တောင် မှ မခတ်တော့ဘဲ စိုက်၍သာ ကြည့်နေလေသည်။ အနီးအပါးတွင် ထိုင်နေကြ လျက် အလွန် အလှမ်း ဝေးကွာလှသော နေရာတစ်ခုသို့ လှမ်း၍ ကြည့်ရသလိုပင် စိတ်ထဲ၌ ခံစားနေရလေသည်။

"ဘုရာုးမှာ စုဘုရား ငါးစာ သွားကျွေးတော့ စုဘုရားက ကုလားသံ သိပ်ဝဲနေတာနဲ့ ငါးစာရောင်းတဲ့ ဈေးသည်မ က စုဘုရား ကို မေးတယ်။ ရှင်က ကချင်လား၊ ကရင်လား၊ ဘာလူမျိုးလဲ၊ ဘယ်က လာတာ လဲတဲ့။ စုဘုရား က လူ့ပြည်က လာတာပါလို့ ပြန်ပြောခဲ့ရတယ်"
"မန္တလေး ကို ဘယ်တော့မှ ရောက်ပါသလဲ"

"အင်္ဂလိပ်က ပိတ်ထားလို့ မရောက်ရဘူး၊ သခင်ထိပ်တင်ကိုယ်တော်နဲ့ လက်ထပ်တော့ ရောက်သွားတယ်။ ဒီတော့ မှ နန်းတော်ဆိုတာ မြင်ဖူးတယ်၊ ရောက်ဖူးတယ်။ အရှင်မိဖုရားခေါင်ကြီးကတော့ မြန်မာပြည် ရောက်တာ နဲ့ ဘယ်မှလည်း မသွားဘူး၊ ဘယ်သူနဲ့မှ လည်း အတွေ့မခံဘူး၊ လူလာရင် ပုန်းတာပဲ။ မနက်စောစော ကျီးမနိုးခင် ပြတင်းပေါက်ကနေပြီး ရွှေတိဂုံ ဘုရားကို ထဖူးတယ်၊ ဘယ်သူ့ကအမြင်မှ မခံ တော့ဘူး၊ အိမ်အောက် လည်း ဘယ်တော့မှ မဆင်းတော့ဘူး၊ နတ်ရွာသာ စံရော"

"အခု ဆေးရုံတက် ကုနေတာ ဝေဒနာသက်သာပါရဲ့လား ဘုရား"
"မသက်သာ ပါဘူး၊ ပင်စင်တစ်လ အစိုးရက ငါးရာ ပေးတယ်၊ အင်္ဂလိပ်ခေတ်တုန်းက ဆေးရုံတက်ရင် ဆေးရုံခ တခြား၊ ပင်စင်ခဲထက မဖြတ်ဘူး၊ အခု ဗမာခေတ်မှာ ဆေးရုံခ မပေးဘူး၊ အခုတော့ ဆေးရုံခ တစ်နေ့ တစ်ဆယ် ပေးရတာနဲ့ ပင်စင်ခလည်း ကုန်သွားတာပဲ၊ စုဘုရား သေရင် ပြင်ဦးလွင်မှာ မသေ ချင်ဘူး၊

ရန်ကုန် မယ်တော်ဘုရား ဂူ နားမှာ သွားသေချင်တယ်၊ လူဖြင့် မမာနေရတဲ့ အထဲ၊ ဒီကနေ့ ဆရာဝန် က ပြောသေးတယ်၊ တော်ဘုရားနဲ့ ထိပ်စုဘုရား ပရင်းစ်နဲ့ ပရင်းစက် လက်တွဲပြီး ပွဲသွားကြတယ်တဲ့၊ ငါ သေနာပေါ် နေတာ မသွားပါဘူး၊ ပလီတာ လို့ ပြောလိုက်ရတယ်။ ဘာပွဲဆိုလား၊ ဘာတဲ့၊ ဘာပါလိမ့်၊ မန္တလေး က ပွဲတစ်ခုလေ။ လူတွေ သိပ်သွား တယ်၊ တရာ ပွဲ ဆိုလား"
ကျွန်မသည် တတိယသမီးတော်၏ ရှေ့၌ ဘယ်လိုဖြစ်မှန်း မသိသာအောင်ပင် ကြောင်တက်တက်ကြီး ဖြစ်သွား လျက် ရင်နာနာနှင့် ငေးနေရတော့လေ၏။

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

Wednesday, October 20, 2010

ဂျာနယ်ကျော် မမလေး ၏ မန်းရာပြည့် နှင့် တရာ ပွဲ အပိုင်း (၃)

"ဗမာတွေ အချို့လာတယ်၊ လာတော့ ကြည့်ပြီး ငိုကြတာပဲ၊ ဗမာတွေလာတော့ အံ့သြနေတယ်၊ ကုလားတွေအားလုံး ၀င်းတော်ထဲ ၀င်လာရင် ဟိုဝင်းအ၀ကစပြီး ဒူးတုပ်ဝင်လာရတာ၊ ခစားတဲ့အခါမှာ လည်း ၀ပ်နေတာပဲ။ စုဘုရားတို့လည်း ဘုန်းတော်ကြီးရှေ့မှာ နေ့စဉ်နှင့်အမျှ ၀ပ်ပြီး ခစားနေရတာပဲ၊ တန်ခူးလကျရင် ဘုန်းတော်ကြီးဘုရားနဲ့ မယ်တော်တို့ ရေသပ္ပာယ်တဲ့အခါမှာ တိတ်စေလို့ အမိန့်တော် ရှိလိုက်ရင် အားလုံး တိတ်နေကြတာ၊ ရေသံသာ ကြားရတယ်။ ကုလားတွေကို ဒီလို ၀ပ်ဟဲ့၊ ဒီလို ဒူးတုပ်ဟဲ့၊ ဒီလို ရှိခိုးဟဲ့နဲ့ ခိုင်းတော်မူတဲ့အတိုင်း လုပ်တတ်ကြတော့ လာတဲ့ ဗမာတွေက  အံ့သြတာ ပေါ့။ တောထဲက ကြက်တူရွေးတောင် သင်ရင် ရသေးတာပဲလို့  အရှင် နန်းမတော် ဘုရားက ပြောတော်မူတယ်"

"ကုလားပြည်မှာ စံနေခိုက် ဘယ်လိုများ ၀တ်ဆင်နေပါသလဲ ဘုရာ့း"
"ဗမာအတိုင်းပဲ ၀တ်တယ်၊ ကုလားမလို ဆာရီ မ၀တ်ဘူး၊ ထိုင်မသိမ်းအင်္ကျီနဲ့ ထဘီဝတ်တယ်၊ ရန်ကုန် က ကိုဘရှင်က ပို့ပေးတယ်၊ ထိပ်စုဘုရား ဒုတိယမိဖုရားက အချုပ်အလုပ် တတ်တယ်၊ အ၀တ်အစား တွေ အကုန်လုံး သူပဲ ချုပ်လုပ်တော်မူတယ်။ ထိုင်မသိမ်းအင်္ကျီ နို့ကလေးနှစ်ခုချပြီး ပန်းနုရောင် ရင်စည်းနဲ့ စိန်ဒလက်ကလေးတွေ တပ်ထားတယ်၊ နားထွင်းတုန်းက အင်္ဂလိပ်က ငွေတစ်သိန်း ဆက် တယ်၊ ပွဲလမ်းလုပ်ရင် ထိုင်မသိမ်းနဲ့ ထဘီဝတ်ပြီး အိမ်မှာ နေ့တိုင်းတော့ တရုတ်ပွ အင်္ကျီနဲ့ထဘီ ၀တ်နေကြတယ်"

"အိမ်တော်မှာ ပွဲလမ်းသဘင် လုပ်ပါသလား"
"သီတင်းကျွတ်နဲ့ တန်ခူးလတိုင်း ပွဲလုပ်တယ်၊ လူတွေ အားကြီးလာကြည့်တယ်၊ မဏ္ဍပ်ပုံစံကို ဘုန်းတော်ကြီးကျောင်းဘုရားက ပုံရေး သနားတော်မူပြီး ပြဿာဒ်ကြီးတွေ အထပ်ထပ် လုပ်တာ တကယ့်အိမ်ကြီးပဲ။ မုခ်လေးမုခ်နဲ့ လုပ်ထားတယ်၊ တကတဲ ရွဲလုံးတွေ ရွဲလုံးတွေဆွဲလို့၊ ဘုန်းတော်ကြီး ဘုရားဟာ လက်သမားလည်း ကောင်းကောင်း တတ်တယ်"
ကျွန်မတို့မှာ ဣနြေ္ဒမဆည်နိုင်ဘဲ ရယ်နေကြသည်။

"ဘုန်းတော်ကြီးဘုရားဟာ စောင်းကောက်လည်း တီးတယ်၊ စန္ဒရားလည်း တီးတယ်၊ စန္ဒရားကြီး လေးလုံး တောင် ရှိတယ်။
"ဘုန်းတော်ကြီးဘုရားက စန္ဒရားတီးပြပြီး သီချင်းသံကို တယောနဲ့ လိုက်ယူခိုင်းတယ်၊ စန္ဒရား တီးနေ တော်မူတဲ့အခါများ ဆိုရင် အမယ်လေး သိပ်သာယာတော်မူတာပဲ"
ကျွန်မမှာ မပီ့တပီ ပြောနေသော အသံကိုင် အင်္ဂလိပ်၏ ဖျက်ဆီးခြင်း တစ်ရပ်ကဲ့သို့ ခံစားနေရတော့ သည်။ အင်္ဂလန်ပြည့်ရှင် ဘုရင်မ အယ်လစ်ဇဘက် မင်းသမီးကို မြင်ယောင်လိုက်မိသည်။ အဖြစ်ချင်း လဲ၍ ခံစားကြည့်ကြမည်ဆိုလျှင် အင်္ဂလိပ်ဘုရင်မ၏ ဘ၀မှာ ဘယ်လိုနေလိမ့်မည်နည်းဟု တွေးခေါ် ကြည့်မိ လေသည်။

'သမီးတော်တွေကော သင်မပေးဘူးလား ဘုရား'
'မသင်ရဘူး၊ သမီးတော်တွေ သီချင်းဆိုရင်၊ လေချွန်ရင်အရှင်နန်းမတော်ဘုရားက တစ်ခါတည်းပါးဖဲ့တယ်။ မိန်းကလေးလေမချွန်ရဘူးတဲ့'
အပါး တရိုတသေထိုင် ခစားနေကြသော မြေးတော်ကလေးများသည် တောက်ပသော မျက်လုံး ကလေးတွေနှင့်ဘွားအေကို စိုက်ကြည့်နေကြသည်။ ရယ်ချင်ကြလျှင် ပါးစပ်ကိုလက်ကလေးနှင့် ပိတ်ကာ အသံမထွက်အောင် ကျိတ်ရယ်ကြလေသည်။

"ပျို့၊ ရတု၊ ကဗျာ၊ လင်္ကာ မသင်ပြဘူးလား ဘုရား"
"မသင်ဘူး၊ ဘုန်းတော်ကြီးဘုရားပဲ ပျို့ရတုတို့ ရွတ်ဆိုနေတယ်၊ သူများနိုင်ငံမှာ ဘယ်သူရှိလို့တုံး၊ ဒီသားသမီးလေးဦးရှိတာ၊ ရွတ်ဆိုပြတာက ဘာတဲ့၊ ပျို့တစ်ခုဟာ။ ဇာတိ၊ ပုည၊ ဂုဏ်မာန တဲ့။ ရွတ်တော်မူတဲ့အခါများ သိပ်သာယာတော်မူတာပါပဲ"
"ပါတော်မူသွားတော့ ဘုရားဆင်းတုတော်တွင် ပါသွားပါသလား"

"ပါတာပေါ့၊ ဘုန်းတော်ကြီးဘုရားဟာ ဘုရားကို အင်မတန် ၀ါသနာပါတယ်၊ စုဘုရားတို့ ဘုရားဝတ် တက်ရတယ်၊ ရေကပ်ရတယ်။ ဘာခေါ်ပါလိမ့်၊ ဘုရားမျက်နှာကြီးက အဖြူကြီး၊ သိပ်ဖြူတယ်၊ တစ်ခါ တစ်လေ ဘုန်းတော်ကြီးဘုရား ဘုရားကို ချက်ခုံးမွေး ဆေးထည့်ပေးတော်မူတယ်"

ကျောက်ဆင်းတုတော်ဘုရားကိုပင် မည်သို့ ခေါ်ဝေါ်ရမှန်း မသိရှာဘဲ မျက်ခုံးမွေး ဆေးထည့်ပေး တယ်ဟု နားလည်တော်မူသလို၊ ပြောတတ်သလို မပြောတတ် ပြောတတ် ပြောနေခြင်းပင် နားထောင် သူများအတွက် ကြေကွဲစရာ ကောင်းနေပေသည်။ ကုလားစကား အသုံးအနှုန်းကို မြန်မာလို ဘာသာ ပြန်လျက် ပြောသည့်အခါလည်း ပြော၏။
"စုဘုရားတို့ ဖိနပ်ဆိုရင် ဘယ်နေရာမှန်းတောင် မသိဘူး၊ အရှင်မိဖုရားခေါင်ကြီးဟာ ဖိနပ်ဆိုရင် အင်မတန် ရွံတယ်၊ နေမကောင်းတော်မူတဲ့အခါများ အင်္ဂလိပ်နပ်စ်မတွေ လာရင် သူတို့ ဖိနပ်သံ ဒေါက်ဒေါက်ဒေါက် ကြားရတယ်၊ သူတို့ဖိနပ်သံကို နားခါးလိုက်တာဟယ်လို့ ဆိုတော်မူတယ်"

"ရတနာဂီရိမှာ စံနေစဉ်က မျက်နှာကို လူးတာ လိမ်းတာ ဘယ်လိုအရာမျိုးနဲ့ လိမ်းပါသလဲ ဘုရား"
"သနပ်ခါးပဲ လူးတာပဲ၊ သနပ်ခါးနဲ့ ငါးပိကို ရန်ကုန်က ကိုဘရှင်ဆီမှာ မှာရတယ်"
ကျွန်မက မေးခွန်းတစ်ချက် တို့လိုက်လျှင် အခြားသိသင့်စရာ အရာများပါ တွဲပါလာတတ်သော ပွင့်ပွင့် လင်းလင်း ပြောတတ်နိုင်ခြင်း ရှိသည်။ တစ်ခွန်းနှစ်ခွန်း စလိုက်ရုံနှင့် သိစရာများ အကုန်တသီကြီး သိခွင့်ရသည်။

"စုဘုရားတို့ ပေါင်ဒါလူးရင် အရှင်နန်းမတော်ဘုရား သိပ်စိတ်ဆိုးတော်မူတယ်၊ ပေါင်ဒါဆိုရင် ဘယ်တော့မှ မလူးရဘူး၊ သနပ်ခါးမှတစ်ပါး ဘာမှ မလူးရဘူး၊ အမယ်လေး ... ဘယ်တော့မှ မလူးဘူး၊ အခုပေါ်တဲ့ အိုက်စကရင်ဆိုတာမျိုး ဘယ်တော့မှ မလူးဘူး။ ဒီနေ့ထိ မလူးဖူးဘူး၊ အခုခေတ်တော့ မပြောနဲ့တော့၊ အမျိုစုံ အမျိုးစုံ"
မလူးဘူး၊ မလိမ်းဘူးဟု ပြောသည့်အသံမှာ မာလွန်းလှချေသည်။ စိတ်ထဲမတွေ့လျှင် မတွေ့သည့် အတိုင်း ထန်ထန်ကလေး ဒေါနှင့်မောနှင့်ပင် အသံမာမာ ပြောချလေသည်။ ကုလားပြည်နေတော်မူစဉ် က ဗမာနှင့် အဆက်ပြတ်ရုံသာမက မြန်မာပြည်တွင်လည်း ဗမာနှင့် အဆက်ပြတ်နေသော အသွင် လက္ခဏာတို့ကို တစ်ချိန်လုံး အကဲခတ်၍ရသဖြင့် ဘ၀တစ်ခုတွင် တသီးတခြား အသက်ရှင်နေ သကဲ့သို့ ဖြစ်နေရှာသည်။

"အရှင်မိဖုရားခေါင်းကြီးဟာ အင်္ဂလိပ်ရဲ့အမူအရာ တစ်စက်မှ မရှိဘူး၊ အင်္ဂလိပ်ဆိုရင် ဆဲနေတယ်"
"ရှေးရှေးက နန်းတော်ထဲမှာ မင်းသမီးတွေ ခေါင်းကို အုန်းဆီပဲ သုံးပါသလား ဘုရား"
"အုန်းဆီ မသုံးဘူး၊ နှမ်းဆီ သုံးတယ်။ မြတ်လေးပန်းကို ထုပ်၊ နှမ်းဆီထဲမှာ ထည့်ထားတယ်၊ နှမ်းစိမ်းနဲ့ မြတ်လေးပန်းကို အထပ်ထပ်သပ်ပြီးမှ ကြိတ်ပြီး၊ မြတ်လေးဆီထုတ်ပြီး  လိမ်းကြတယ်။ သနပ်ခါးကို လှဲသွေးတာ မလူးဘူး၊ သနပ်ခါးတုံးကို မတ်တတ်ထောင် သွေးမှ လူးတယ်၊ တစ်နေ့လုံး ထိုင်သွေးမှ ပန်းကန်လေးတစ်လုံးပဲ ရတယ်၊ အရှင်ဘုရာုးက ငါ့သမီးများ သွေးကြ၊ ၁ကျပ်ပေးမယ် အမိန့်ရှိလို့ စုဘုရားတို့လေ တစ်နေ့လုံး ထိုင်သွေးနေကြတာပဲ"

ရယ်စရာ ပြောရတော့မည်အခါဆိုလျှင် မပြောမီ ပြုံးရယ်ပြီးမှ ပြောတတ်လေသည်။ ပြုံးရယ်သွားသည့် အခါ ချစ်စရာ သိမ်မွေ့ ကြည်လင်သွားသော မျက်နှာပြင်ကို စိုက်၍ ကြည့်မိသည်။
"ရေမွှေးကော မသုံးပါဘူးလား ဘုရား"

"ရေမွှေး မလိုဘူး၊ သရဖီပန်း အဆံတွေ နေလှန်းပြီး ကြိတ်၊ အခဲကလေးလို၊ နေပူပြန်လှန်း၊ ခြောက် သွားတော့ နှင်းရည်နဲ့ သွေးလူးလိုက်တယ်၊ မွှေးကြိုင်နေတာပဲ။ အရှင်မိဖုရားခေါင်ကြီး ဘုရားဟာ အင်္ဂလိပ်အသုံးအဆောင် ဘာမှမလုပ်ဘူး၊ တစ်ခါက သီတင်းကျွတ်လ ပန်းစက္ကူလေးတွေ ထိုင်ညှပ်နေ တုန်း "သခင်လာပြီ၊ ဘုရား၊ ဘုရား"လို့ ကုလားအစေခံတွေက လာပြောတော့ ဟဲ့ သွား၊ မလာဘူး။ ဒီအင်္ဂလိပ်ဆီကို ငါမလာဘူးလို့ အော်လွှတ်လိုက်တာလေ"
စုဘုရား၏ အသံမှာ မာချင်သည့်အခါ၌ မာလှသော်လည်း သာယာညင်းပျောင်း ပြောရမည့် နေရာများတွင် ထူးထူးခြားခြားပင် အသံပြောင်းသွားလျက် ကရုဏာရသ ပြည့်ဝသောအသံနှင့် သာယာညင်းပျောင်း ထွက်ပေါ်လာလေသည်။

ဘုန်းတော်ကြီးဘုရားဟာ နေ့တိုင်းပဲ မေတ္တာပို့တယ်၊ ညနေတိုင်း နေ၀င်ချိန်မှာ လက်ပိုက်ပြီး မေတ္တာပို့နေတယ်။ အဟံ၊ အကျွန်ုပ်သည် လို့ ဆိုလိုက်တာများ သိပ်နားထောင်ကောင်းတာပဲ။ အင်္ဂလိပ် ဟာ ငါတို့ရန်သူတဲ့။ သူတို့ကြောင့် ဆွေမျိုး၊ စည်းစိမ်၊ ဥစ္စာနဲ့ တိုင်းပြည်ကို ပစ်ခဲ့ရတယ်လို့ ပြောပြီး နေ၀င်ချိန်တိုင်း လက်ပိုက်ပြီး အင်္ဂလိပ်ကို မေတ္တာပို့နေတယ်"
"ရှေးက နန်းတော်ထဲမှာ နန်းတော်သူတွေ အင်္ကျီ လက်ပြတ်တွေ ၀တ်တာ မန္တလေးဦးကိုကိုလတ် သိမ်းထားတဲ့ ရေးဆေးပန်းချီပုံတွေထဲမှာ တွေ့ခဲ့ရပါတယ် ဘုရား"
"အဲဒါ ကိုယ်ကုပ်အင်္ကျီ ဖြစ်မယ်၊ ပထမသမီးတော် ဘုရားဟာ ကိုယ်ကျပ်အင်္ကျီဝတ်ရင် အမယ်လေး ငါ ဗမာဖြစ်ရတာ ကြောက်စရာကောင်းလိုက်တာလို့ ဆိုတယ်၊ ဗမာရဲ့ ကိုယ်ကျပ်ဟာ ကြောက်စရာပါ။ နောက်ကနေပြီး တစ်ယောက်က ခါးကို ဒူးနဲ့ တိုက်ပြီး အတင်း ချည်ပေးရတာပဲ"

"အင်္ဂလိပ်ရှင်ဘုရင်မနဲ့ နန်းတော်သူတွေလည်း ခါးသေးအောင် ဒီလိုပဲ နောက်က တစ်ယောက်က တုပ်ချည်ဝတ်ပေးရတာပဲ ဘုရား၊ ဗမာမှာလည်း ခါးသေးအောင် ဂရုစိုက်ရပါကလား"
"ဗမာလည်း ဂရုစိုက်ရတာပေါ့၊ ခါးသေးလေလေ လူလှလေလေပဲ။ စုဘုရား ကိုယ်ကျပ်ဝတ်ရင် "အမယ် လေး သေတော့မှာပဲ" လို့ အော်တာပဲ။ အသက်ကို မရှူနိုင်ဘူး၊ ကျပ်လွန်းလို့။ ကိုယ်ကျပ်ဝတ်ပြီးမှ ခေါင်းပေါ င်းပိုးပ၀ါ၊ မိန်းမအင်္ကျီထိုင်မသိမ်းထပ် ၀တ်လိုက်ရတယ်။ ခါးလေးကို သေးသေးကလေး ဖြစ်သွားတယ်။ အရှင် မိဖုရားခေါင်ကြီး ဘုရားတော့ ကိုယ်ကျပ်အမြဲ ၀တ်ဆင်တော်မူတယ်၊ ညအိပ် တော့လည်း ကိုယ်ကျပ်နဲ့ပဲ စက်တော် ခေါ်တယ်၊ နန်းတော်ထဲမှာ ကိုယ်ကျပ်နဲ့ ၀င်ရတယ်လို့ အမိန့် တော်ရှိတယ်။ လင်ရှိရင် ရင်စည်းတဲ့ မိန်းမဟာ အနက်ရောင် စည်းရတယ်၊ လင်မရှိတဲ့ အပျိုတွေက ကိုယ်ကျပ်ကြိုးထိုး ၀တ်ပြီး ၀င်ရတယ်တဲ့"

ကိုယ်အလှအပ ဂရုစိုက်ခြင်း ရှိသော နန်းတွင်းသူတို့၏ ခါးသေးရင်ချီသော အလှကို ကြောက်စရာ ကောင်းလိုက်တာဟု ပြောရင်း တစ်ကိုယ်လုံး တုန်သွားလေ၏။ ကျွန်မတို့မှာ ရယ်နေကြရသည်။
"ထိုင်မသိမ်းအင်္ကျီလက်က အရှည်ကြီးပဲ ချုပ်ရတယ်၊ လက်လျှိုဝတ်တော့မှ တစ်တောင်လောက်အထိ မှာ တွန့်တွန့်၊ တွန့်ပြီးမှ လျှိုဝတ်ရတယ်။ ပြီးတော့ ပန်းနုရောင် ရင်စည်းပြီး ရင်ဖွင့်ထားတယ်၊ အရှင် မိဖုရားခေါင်ကြီးဘုရား အမိန့်တော် ရှိတယ်။ "ငါတို့ ဗမာလူမျိုးဆိုတာ မိန်းမဆိုရင် ပေါင်သားတစ်စက်မှ မပေါ်ရဘူး" တဲ့၊ စုဘုရားတို့ အခုထက်ထိ အင်္ကျီဝတ်ရင် တင်ပါဖုံး ၀တ်ရတယ်၊ အခုတော့ ဘာအရောင်အဆင်းမှ မ၀တ်တော့ဘူး။ ရသေ့ဝတ်နဲ့ နေတာ ခု ၂နှစ် ရှိပြီ"

"ရတနာဂီရိကု ပို့တော့ မိဖုရား ဘယ်နှပါး ပါပါသလဲ ဘုရား"
"မိဖုရား သုံးပါး ရှိတယ်၊ သူတို့ကို ဒိပြင်လင်နဲ့ ပေးစားဖို့ အမျိုး မရှိဘူး၊ စုဘုရားတို့ မယ်တော်ဘုရားက မိဖုရားအကြီးကို သဘောမတူဘူး၊ ညီမသာ သဘောတူတော်မူတယ်၊ အစ်မတော် ဘုရားက သဘော မတူ မှန်း ရိပ်မိတော့ မယ်သီလရင် လုပ်သွားတယ်၊ ဒီရာဇ၀င် ကြားဖူးတယ် မဟုတ်လား"
ကျွန်မမှာ ပြုံုးနေလိုက်လေသည်။

"ရတနာဂီရိကနေပြီး ဆင်ဖြူရှင်ဘုရားနဲ့အတူ အစ်မဖုရားကြီး ပြန်သွားတယ်၊ နတ်ရွာစံတော့ သူ့ဂူဟာ ကြည့်မြင်တိုင်မှာ ရှိတယ် ပြောတယ်၊ ဆင်ဖြူရှင်ဘုရားကတော့ မန္တလေးနန်းတော်ထဲမှာ ဘိုးတော် ဘုရားဂူနဲ့ အတူတူ ထားတယ်"
"ဒုတိယသမီးတော် လတ်သခင်နဲ့ လက်ထပ်တော်မူတာ ရတနာဂီရိမှာလား ဘုရား"
"လက်ထပ်တာ မဟုတ်ဘူး၊ ရန်သူဖြစ်ပြီး ခိုးသွားတာ၊ ဘုန်းတော်ကြီးဘုရားက လတ်သခင်ကို ယုံလို့ ဓားနဲ့ သေနတ် သနားတော်မူပြီး ၀င်ချင်တဲ့အချိန် ၀င်၊ ထွက်ချင်တဲ့အချိန် ထွက်၊ ဒီတော့ သမီးတော် တစ်ပါး ပါသွားရော၊ ပြီးရော၊ အေးရော"

သံခုတင်ပေါ်၌ မိန်းမပီပီ ပုံ့ပုံ့ကြီး ထိုင်နေတော်မူလျက် လက်ဟန်ခြေဟန် မပါဘဲနှင့် ပြောနေပုံမှာ လက်ဟန်ခြေဟန်နှင့် ပြောသည်ထက်ပင် ဟန်ပါသေး၏။ တစ်ခါတစ်ရံ ကလေးနှင့် တူသလို ကျွန်မ စိတ်ထဲ ထင်မိသည်။

"အဲဒီတုန်းက တစ်အိမ်လုံး ဗြောင်းဆန်ပြီး မကောင်းလိုက်တာ၊ ၀က်မစွတ်ဝန်ထောက်ကို ဘုန်းတော် ကြီးဘုရားက အမိန့်တော် ရှိတယ်။ ခင်မောင်လတ်ကို သေခန်းဖြတ်၊ တကယ်ဆိုရင် ငါ့ကို ပြောပါ တော့၊ သမီးတော် လိုချင်ပါတယ်လို၊ ငါသဘောတူမှာပေါ့၊ အခုတော့ ဘာမှ မပြောမဆိုဘဲ ခေါ်သွား တယ်၊ အင်္ဂလိပ်က ဖွက်ထားတယ်။ မီးမယူနဲ့၊ ရေမယူနဲ့လို့ ၀က်မစွတ် ၀န်ထောက်ကို ရေးသနားလိုက် တယ်"
"ပထမသမီးတော် ရန်ကုန်ပြန်တော့ ပါလာပါသေးသလား"

"ပါလာတယ်၊ သူ့ကိုလည်း ချော့ပြီး ခေါ်လာရတယ်၊ သူ့လင်က တံခါးစောင့်၊ တစ်လမှ ၁၅ကျပ်ပဲ ရတယ်၊ ဒါတောင် ကုလားဇာတ်ရှိလိုတဲ့၊ ကုလားက  လက်မထပ်ဘူး။ ဘုန်းတော်ကြီးဘုရား နတ်ရွာစံ ပြီး မြန်မာပြည် ပြန်ကြတော့ သူ့ကို ပြန်ချော့ခေါ်နေရတဲ့အတွက် အာရံကိုလာ သင်္ဘောကြီးမစီးရဘဲ ဖယ်ရီကွင်း သင်္ဘောလေး နဲ့ ပြန်ခဲ့ကြရတယ်၊ မြန်မာပြည် လိုက်လာတော့ သူ့သမီးလေး ပါလာတယ်၊ မြန်မာပြည်မှာ မနေချင်ဘူး ဆိုပြီး အတင်း ကုလားပြည် ပြန်သွားတယ်၊ ဘုန်းတော်ကြီးဘုရားဟာ သမီးတော်တွေအတွက် နှလုံး ရောဂါ ဖြစ်ပြီး နတ်ရွာစံရတာ၊ ကုလားပြည်မှာ အားလုံး ကိုးရိုးကားရား ကြီးပဲ"

"ပထမ သမီးတော်၊ ဒုတိယ သမီးတော်တို့နဲ့ စာပေးစာယူ လုပ်သေးသလား ဘုရာ့း"
"စုဘုရားတို့ ရေးကြတယ်၊ စာရေးတော့ ကုလားလိုပဲ ရေးကြတယ်၊ ကုလားလိုရေးတော့ သူတို့ လင်တွေက စာမတတ်လို့ မဖတ်နိုင်ဘူး"
တစ်ခါတစ်ရံ ထီးမူနန်းဟန် စကားသံ ပျောက်သွားလေသည်။ ဆွေတော်မျိုးတော် မဟုတ်ဘဲ အရပ်သူ အရပ်သားနှင့် စကားအတူတူ ပြောသည့်အနေနှင့် ပြောနေမကျလှသော အရပ်သုံး အရပ်သားနှင့် စကားများကို လိုက်ပြောခြင်းကြောင့် ကျွန်မနား၌ပင် ရင့်သီး၍ သွားပေသည်။ သီပေါဘုရင် နတ်ရွာစံ ရပုံ အကြောင်း ကို ပြောပြသောအခါ၌ မျက်နှာတော် ပျက်လျက် မျက်ရည်များ ၀ဲနေလေသည်။

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

Tuesday, October 19, 2010

ဂျာနယ်ကျော် မမလေး ၏ မန်းရာပြည့် နှင့် တရာ ပွဲ အပိုင်း (၂)

(၂)

မန်းရာပြည့် ဖွင့်ပွဲသို့ တက်ရောက်ခဲ့ပြီးနောက် ပြင်ဦးလွင်သို့ တစ်ဆက်တည်း ဆက်လက် ထွက်ခဲ့သော ခရီး ကား ကျွန်မအဖို့ စိတ်ဝင်စားဖွယ်ရာ ဖြစ်နေသည်။ ကျွန်မတို့ စီးလာသော ကားသည် သီပေါဘုရင်၏ မြေးတော်၊ စတုတ္ထသမီးတော်၏ သားတော်၊ သခင်ထိပ်တင် ကိုယ်တော်ကြီး၏ သမက်တော်၊ တော်ဘုရား က မောင်းလာလေသည်။ ကားရှေ့တွင် တော်ဘုရားနှင့် တော်ဘုရား၏ ညီတော်၊ တော်ဘုရားကလေးတို့ ထိုင်ကြကာ ကားနောက်၌ ကျွန်မတို့ ဇနီးမောင်နှံ ထိုင်လိုက်လာသည်။

မန်းရာပြည့်ပွဲတော်နှင့် ဆက်နွယ်လျက် ဆွေတော်မျိုးတော် ဖြစ်ကြသော သူတို့ညီအစ်ကိုတော် နှစ်ဦး ကို လေ့လာ အကဲခတ်လျက် နေမိသည်။
တော်ဘုရား မှာ အလွန်သိမ်မွေ့နူးညံ့လျက် အေးဆေးသော အသွင် ရှိသည်။ စကားလည်း နည်း သည်။ သခင်ထိပ်တင် ကိုယ်တော်ကြီးနှင့် တတိယသမီးတော်တို့မှာ ဖွားမြင်သော သမီးတော် ထိပ်စု ကြီးဘုရားနှင့် ပြန်လည် လက်ဆက်ကာ ပြင်ဦးလွင်အိမ်တော်တွင် တတိယ သမီးတော်ကြီးနှင့် အတူတကွ နေထိုင် လေသည်။

တော်ဘုရားလေး ကား တော်ဘုရားနှင့် မတူဘဲ တစ်မူ ထူးခြားနေသည်။ ပဒေသရာဇ်စနစ်ကို ရွံ့မုန်း ကာ အမျိုးအနွယ် ဖြစ်သော "တော်ဘုရားကလေး" အမည်ကို စွန့်ပစ်လျက် "မောင်သန့်စင်" အမည်နှင့် သာသနာရေး နိုင်ငံရေး များကို အားသွန်ခွန်စိုက် ဆောင်ရွက်ချင် စိတ် ပြင်းထန်သည်။ မန်းရာပြည့်ပွဲတော် အမီ သီပေါမင်းဆက် အတွင်းရေးများ စာအုပ် ကို ကျွန်မပုံနှိပ်တိုက်တွင် လာအပ်လေသည်။ စာအုပ်၏ တန်ရာ တန်ဖိုး အဖိုး ၁ကျပ် ထားရန် တောင်းပန်၍ မရ။ အကျပ်ပြောမှပင် ၇၅ပြားနှင့် အရှုံးခံ ထုတ်ဝေ လေသည်။

ညီအစ်ကိုတော် နှစ်ဦးသဘောချင်း မတူ၊ ခြားနားပုံကို လေ့လာနေရင်း ကျွန်မက တော်ဘုရားကို လှမ်းမေး လိုက်သည်။
"မန်းရာပြည့်ပွဲတော် ကော်မတီက ကျန်ရှိနေသေးတဲ့ တတိယ သမီးတော်ကြီးဆီကို ဖိတ်စာ မပို့ဘူး လား"
"မဖိတ် ပါဘူး"
တော်ဘုရားကလေးသည် ကျွန်မတို့ဘက်သို့ လှည့်ကြည့်လိုက်ကာ ခစ်ခနဲ ရယ်ပြီးမှ ၀င်ပြောလေသည်။

"မဖိတ်တာပဲ ကောင်းပါတယ်"
ကျွန်မမှာ အံ့အားသင့်သွာကာ "ဘာဖြစ်လို့လဲ" ဟု ပြန်မေးရသည်။
"ပြင်ဦးလွင်မှာ သမ္မတရဲ့ ဧည့်ခံပွဲတစ်ခု လုပ်တုန်းက မမဘုရားကို ဖိတ်ကြလို့ အဲဒီပွဲကို သွားတက် တယ်။ သမ္မတကြီး စပ်ရွှေသိုက် ဟာ ကိုယ်ရံတော်တွေနဲ့ ခြံရံပြီး ကြွလာရာက မမ ဘုရားကိုလည်း မြင်ပါရော လူပုံ အလယ် မှာ တစ်ခါတည်း ဒူးတုပ်ပြီး ဦးချတာပဲ။ ဘေးက ကိုယ်ရံတော်တွေ၊ အိမ်တော် ၀န်တွေ အမြင်မှာ ဒီလို လုပ်တာ ရာဇဣနြေ္ဒပဲတာပေါ့။ ဟုတ်တာပေါ့၊ နောက်တော့ ဘယ် မင်းခမ်း မင်းနားမှ မမဘုရားအတွက် ဖိတ်စာ မလာတော့ဘူး"
တော်ဘုရားကလေး မှာ ပြောပြီး ရယ်နေလေသည်။ ရယ်ပြီးမှ ဆက်ပြောပြန်သည်။

"စပ်ရွှေသိုက်နေရာက မမဘုရားကို ဦးမချလို့လဲ မဖြစ်ဘူး၊ ပဒေသရာဇ်စနစ်ကို ဦးစားပေးတာ ဦးခိုက် တာ မဟုတ်ဘူး၊ သူတို့အချင်းချင်း မှာ အဓိပ္ပာယ် ရှိတယ်၊ သူတို့အချင်းချင်း ထိန်းသိမ်းကြတဲ့ ယဉ်ကျေးမှုပဲ၊ ယဉ်ကျေးခြင်း ကိုတော့ ဒီပြင်ဟာတွေထက် ဂါရ၀ထားပြီး ဦးစားပေးကြတယ်"
"သြော် ... သြော် ..."
ကျွန်မမှာ တတိယသမီးတော်ကြီး ကို တစ်ခါမှ မမြင်ဖူး၍ တွေ့မြင်လိုစိတ် ရှိနေသည်။ ဂျာနယ်ကျော် တွင် သမီးတော် လေးပါး ၏ပုံတော်ကို ရှာဖွေထည့်သွင်း ဖော်ပြစဉ်အခါက ထီးနန်းကို ပစ်ကာ မြန်မာ ပြည်နှင့် အဆက်ပြတ် ၍ ကုလားပြည်တွင် ကြီးပြင် စိုးစံနေရရှာသော သမီးတော်များ၏ ဘ၀ကို ဘယ်လိုများ နေရှာလေ မလဲ ဟု တစ်ခါတစ်ရံ တွေးနေတတ်သည်။
ပြင်ဦးလွင်မြို့ ရှိ "တတိယသမီးတော်" ၏  စံအိမ်တော်ဝင်းထဲသို့ ကားဝင်သွားသည့်အခါ၌ ခမ်းနား သပ်ရပ် လှသော အိမ်ကြီးနှင့်တကွ ခြံဝန်းကျယ်ကြီးကို တွေ့ရလေသည်။
"သမီးတော်၏ အိမ်ပိုင်လား" ဟု ကျွန်မက မေးကြည့်ရာ "မဟုတ်ဘူး၊ သီပေါ ရောင်းဝယ်ရေး ကုမ္ပဏီ ဖွင့်တော့ မှ ဆန်အရောင်းအ၀ယ် လုပ်ကြလို့ ရတဲ့ငွေနဲ့ တော်ဘုရား ၀ယ်လိုက်တဲ့အိမ်"ဟု တော်ဘုရား ကလေး က ပြောသည်။

"တတိယသမီးတော်"မှာ အိမ်တော်၌ မရှိဘဲ မကျန်းမမာ ဖြစ်နေ၏။ ပြင်ဦးလွင် ဆေးရုံ၌ တက်ရောက် ကုသ နေရ လေသည်။ ညနေဘက်တွင်  ကျွန်မတို့နှင့်တကွ တစ်အိမ်သားလုံး ဆေးရုံသို့ လိုက်သွား ကြသည်။ တော်ဘုရားက ကားထဲတွင် အသံဖမ်းစက် ထည့်ယူခဲ့လေ၏။

ကျွန်မမှာ ဆွေတော်မျိုးတော်တို့ဆို၍ ပျဉ်းမနား ကိုယ်တော်ကြီး၏ ကြင်ရာတော်၊ ထိပ်ခေါင်တင် မင်းသမီးကြီး နှင့် တစ်ကြိမ်သာ တွေ့ဆုံဖူးလေသည်။ အသက်အရွယ် ကြီးရင့်သော်လည်း ရုပ်သွင် သန့်ပြန့် လှပေ သေးသည်။ ထီးဟန်နန်းဟန်နှင့်တကွ ထီးဆန်နန်းဆန်သော အပြုအမူ အပြောအဆို ရှိကာ ယဉ်ကျေး သိမ်မွေ့ လှလေသည်။
တတိယ သမီးတော်မှာလည်း ဘုရင့်သမီးတော်တစ်ပါးဖြစ်၍ ထိပ်ခေါင်တင်မင်းသမီးကြီး ကဲ့သို့ပင် ဖြစ်မှာပဲ ဟု တွေးထင် လာခဲ့သည်။

ဆေးရုံအခန်းထဲသို့ ၀င်သွားကြသောအခါ အသက် ၇၀ကျော်အရွယ်၊ သစ်ခေါက်ဆိုး ရသေ့အ၀တ်ကို ၀တ်လျက် ခုတင်ပေါ်တွင် ပုံ့ပုံ့ကြီး ထိုင်နေသော တတိယသမီးတော်ကြီးကို တွေ့မြင်ရသည်။
တော်ဘုရား နှင့် တကွ ကျွန်မတို့အားလုံး ထိုင်၍ ဦးချကြသည်။
"မမဘုရား ကို ဖူးတွေ့ချင်လို့ လာပါတယ်၊ ရန်ကုန်က စာရေးဆရာ ဂျာနယ်ကျော်မမလေး ဆိုတာပေါ့ ဘုရား"
တော်ဘုရား က တရိုတသေ လျှောက်တင်လိုက်သည်။

ပြုံး၍ သွားလေ၏။ ပြုံးခါမှ နှစ်လိုဖွယ်ရာ ဆောင်ကာ ချောမောလှပခဲ့သော မျက်နှာမှာ ပိုပေါ်လာသည်။ မျက်လုံး မျက်ဖန်၊ နှာတံတို့ကား မြန်မာ့အလှကို သရုပ်ဖော်ပြနေလျက်ပင် ရှိသေး၏။ ငယ်ရွယ်နုပျိုစဉ် က အတော် ချောမော မှာ ပဲ ဟု ခန့်မှန်းကြည့်မိသည်။ ရှေးမြန်မာစစ်စစ် အလှကို တွေ့နေရသည်။
"ရတနာဂီရိမှာ စံနေစဉ်က မှတ်မိတော်မူသရွေ့၊ သိရှိတော်မူသရွေ့ကို ပြန်ပြောပြစေလိုပါတယ် ဘုရား"
ကျွန်မ က ရိုးရာဓလေ့ ထံးစံ၏ ယဉ်ကျေးမှုအတိုင်း ရိုရိုသေသေပင် လျှောက်တင်ရလေ၏။

"ပါတော်မူသွားတော့ မမဘုရားက မဒရပ်မှာ ဖွားတယ်၊ သုံးလသမီး ရှိတော့မှ ရတနာဂီရိကို ခေါ်လာ တာ၊ ရတနာဂီရိမှာ ၃၂နှစ်တိုင်တိုင် စံခဲ့ရတယ်၊ မြန်မာပြည်ကို ၁၉၂၁ခုနှစ်မှာ ပြန်ရောက်တယ်၊ အသက်၃၈နှစ် မှာ မန္တလေးမှာပဲ လက်ထပ်တယ်"
ကျွန်မမှာ အမ်း၍ နေလေ၏။ အကယ်၍များ ကန့်လန့်ကာ တစ်ခု ခြားကာထားလိုက်ခဲ့လျှင် ဘယ်က ကုလားမကြီး တစ်ယောက် မြန်မာစကား မပြောတတ်၊ ပြောတတ်နှင့် ထီးနန်းစကားပြောနေပါလိမ့် ဟု ထင်ရလောက် အောင်ပင် စကားလုံးတိုင်း ကုလားသံပေါက်နေကာ ကုလားသံဝဲ၀ဲဖြင့် ပြောသဖြင့် မနည်း စိုက်နားထောင်မှသာ နားလည်လေသည်။ ပါတော်မူစဉ်က ကုလားပြည် မပို့ဘဲ အင်္ဂလန်သို့ ပို့လိုက်လျှင် လည်း ဘိုသံပေါက်နေမှာပဲဟု အောက်မေ့မိသည်။ လျှာလိပ်သံ၊ အာလိပ်သံတို့မှာ ပကတိ ကုလားသံနှင့် ထွက်လာ သည်။

"ရတနာဂီရိမှာ အကြပ်နှင့် ထားတယ်၊ ဘုန်းတော်ကြီးဘုရား အနားလာချင်ရင် ရှာဖွေပြီးမှ ၀င်ရတယ်၊ ရတနာဂီရိ ရောက်စ အင်္ဂလိပ်က တစ်လ ၃၀၀ကျပ်ပဲ ပေးရတယ်၊ သိပ်ဆင်းရဲကြတယ်၊ မြန်မာနိုင်ငံက ပါလာ တဲ့ ပစ္စည်းတွေ ထုခွဲရောင်းစားနေရတယ်"
စကာုးပြော အတန်ပင် မြန်သည်။ ပြောသော အသံမှာ အသက်အရွယ်နှင့် မလိုက်အောင်ပင် မာလှပေ သည်။ "ဘုန်းတော်ကြီးဘုရား" ဟု ဆိုလိုက်သော အသံသည် ကုလားသံရောနှောကာ ၀ဲသွားလေရာ ကျွန်မ မှာ ပြုံးချင်ခြင်းထက် ၀မ်းနည်းချင်ခြင်းသာ ရှိနေသည်။

"ဘုန်းတော်ကြီးဘုရားကို လူတွေက ပြောတယ်၊ ခံမနေနဲ့၊ အဲသလို ခံမနေနဲ့ ပြောကြတော့ ဘိလိပ်က ၀တ်လုံ ငှားပြီး စကားအရေး ဆိုရတယ်"
"၃၂နှစ်လုံးလုံး ကုလားပြည်မှ စံနေရခိုက် နန်းတွင်းရေးရာများကို သင်ကြားပြသပေးခြင်း မရှိဘူးလား ဘုရား"
မြန်မာစစ်စစ် ဘုရင့်သမီးတော်ဖြစ်လျက် ကုလားသံပေါက်နေခြင်းအတွက် ထီးသုံးနန်းသုံးများနှင့် ကင်းကွာ နေသော မင်းသမီးကြီးတစ်ပါးအနေဖြင့် ပိုမို၍ စိတ်ဝင်စားလာသည်။
"စုဘုရား တို့ စာသင် ရတယ်၊ မယ်တော်မိဖုရားခေါင်ကြီး ဘုရားက သင်ပေးတယ်။

"အရှင့်မိဖုရားခေါင်ကြီး ဘုရားဟာ သိပ်စနစ်ကြီးတော်မူတာပဲ၊ ပေတံမှာ ပိုးကြိုးအနီ ချည်ပြီး ရိုက်သင် တာပဲ။ ဘုန်းတော်ကြီး ဘုရားကို မကြောက်ရဘူး၊ မယ်တော်ဘုရားကို ကြောက်ရတယ်၊ ချောင်းဆိုးချင် တာလည်း မဆိုးဝံ့ဘူး၊ မတည့်တာ စားတယ်ဆိုပြီး ရိုက်တာပဲ၊ အချက်အပြုတ် သင်ပြတဲ့အခါကျတော့ လည်း ကြက်သွန် သင်တာက စ ပြတယ်၊ တစ်ခါတလေလည်း ကြည်ကြည် သာသာပဲ သင်ပြတယ်"

"အချက်အပြုတ် သင်ပြတာ ဘယ်အရွယ်မှာပါလဲ ဘုရား"
"၁၃နှစ် အရွယ်လောက်မှာ သင်တယ်။ ၀က်သားနီချက်၊ ခနုံချက်၊ မသိုးထမင်း မသိုးဟင်း၊ အကုန် ချက်တတ် အောင် သင်တယ်။ သိပ်ကြောက်ရတာပဲ၊ အိပ်ရင် ခြေရင်းတော်မှာ တန်းအိပ်ရတယ်။ "ငါ့သမီးတော်တွေဟာ ကုလားပြည်မှာ တောသူမတွေ ဖြစ်နေပြီ၊ နန်းမူနန်းရာ ဘာမှမရှိဘူး" လု့ ခဏခဏ အမိန့်ရှိတယ်၊ ဘုန်းတော်ကြီး ဘုရား ကလည်း "ငါ့သမီးတော်တွေ စကားပြောတာ ကုလားသံ တွေ ၀ဲလှချည်ရဲ့၊ မြန်မာပြည် ပြန်ရောက်ရင် ရယ်ကြမှာပဲ"လို့ အမိန့်တော် ရှိတယ်။ စုဘုရားတို့ရဲ့ တာဝန်အားလုံးကို ဒုတိယ မိဖုရား ထိပ်စုဘုရား ညီမတော်က စီမံတယ်၊ ပထမနဲ့ ဒုတိယ သမီးတော် ဘုရားတို့က သဒ္ဒါ၊ သင်္ဂြိုဟ် ကုန်အောင် တတ်ကြတယ်၊ စုဘုရားကတော့ ပရိတ်ကြီးပဲ ကုန်တယ်"

မြန်မာစာကို တက်ခဲ့ကြသေးသားပဲဟု အောက်မေ့ရသည်။ ကုလားသံ ၀ဲနေခြင်းမှ တစ်ပါး စကားပြော ရာတွင် ပြတ်ပြတ်သားသား ရှိလာလေသည်။
"အင်္ဂလိပ် တွေက ဘုန်းတော်ကြီးဘုရားကို စိတ်ဆိုးတယ်၊ ဒါကြောင့်  နန်းကျတယ် တဲ့"
"ဘာဖြစ်လို့ လဲ ဘုရား"

"ဟို ... ပုပ္ပါးက ကုလားရသေ့ကြီးတစ်ယောက် ရောက်လာတယ်။ ရွှေဖြစ်တယ်၊ ငွေဖြစ်တယ် ပြောတယ်။ သူ ရောက်လာပြီး တစ်အိမ်လုံး မှောက်တာပါပဲ"
ရတနာဂီရိ၌ တွေ့ကြုံခဲ့သော အဖြစ်အပျက်တစ်ခုကို အမှတ်မထင် အမိန့်ရှိလိုက်သည်။ ကျွန်မက စစ်စစ် ပေါက်ပေါက် မေးမည် ကြံမိသေး၏။ စကား ဆက်ပြောသွားသဖြင့် အသာနေလိုက်ရသည်။
"ဘုန်းတော်ကြီးဘုရား နတ်ရွာစံတော့ မြန်မာပြည် ပြန်ကြဖို့ဟာ သမီးတော်အကြီး ထိပ်စုဘုရားကြီး မလိုက်ချင်ဘူး ဆိုလို့ ကြာနေတယ်။ မြန်မာပြည်ပြန်တော့ ပစ္စည်းတွေအားလုံး သိမ်းယူပြီး အင်္ဂလိပ်က မီးနဲ့ ရှို့ပစ်တယ်။ ရတနာဂီရိ စံအိမ်တော်က ၄-ထပ်တိုက် အမြင့်ကြီး၊ သိပ်ကောင်းတယ်။ ၀တ်လုံငှား အရေး ဆိုတော့ တစ်လတစ်သောင်းရတယ်၊ အရှင်ထိပ်စုဘုရား ငွေကိုင်တယ်။ မြန်မာပြည် ပြန်ကြ တော့ နားထွင်းတုန်း က လက်ဖွဲ့တဲ့ ပစ္စည်းတွေ တောင်းတာ မပေးဘူး"

"နားထွင်းတော့ ဘယ်အရွယ်မှာ ထွင်းပါသလဲ ဘုရား"
"နားထွင်းတော့ ငယ်ငယ်ကလေး ရှိသေးတယ်၊ ၂၁နှစ်မှာ နားထွင်းတာ၊ သမီးတော်လေးပါးပုံတော် ရိုက်တာ နားထွင်းတုန်း ကပေါ့"
အသက် နှစ်ဆယ့်တစ်နှစ်ကို ငယ်ငယ်ကလေး ရှိသေးတယ်ဆို၍ ကျွန်မတို့ ပြုံးနေကြသည်။
"ဘုန်းကြီး ဆိုတာ ဘယ်တော့မှ မမြင်ဖူးဘူး၊ နားထွင်းတော့မှ ဘုန်းကြီးရယ်၊ ဆိုင်းရယ်၊ ပုဏ္ဏားရယ် မြင်ဖူးတယ်။ ဘုန်းကြီးမြင်တော့ ရှိခိုးရတယ်လို့ ပြောတယ်၊ စုဘုရားတို့က ပြောတယ်၊ အမယ်လေး ဘုန်းကြီး ကလည်း ဆာရီကြီးဝတ်လို့"

ဘုန်းကြီးနှင့်ဆိုင်း ကို အသက်၂၁နှစ်သမီး အရွယ်ရှိမှ မြင်ဖူးသည့်အတွက် မျက်စိထဲ ဆန်းနေသဖြင့် အံ့အားသင့် သော ပုံဟန် အမူအရာနှင့်တကွ ပြောကာ ရယ်နေလေသည်။
"နားထွင်းတော်မူတုန်း ဘာတဲ့၊ ခေါင်းဆောင်တာ လုပ်ရတယ်"
တော်ဘုရားလေး ၏ ကြင်ရာဇနီး "မေ"က စည်းပုံပါ ဘုရားဟု ၀င်ထောက်ပေးသည်။

"အဲဒီ စည်းပုံတော်လုပ်ဖို့ ၀က်မစွပ်ဝန်ထောက်မင်းက ပုံစံ ပြပေးတယ်၊ ကုလားပန်းထိန်နဲ့ လုပ်ရတယ်၊ သိုရင်းအင်္ကျီ လည်း ချုပ်ရတယ်၊ သိုရင်းတစ်ထည်ကို အဖိုးငွေ ၄၀၀၀ကျပ် တန်တယ်၊ ရွှေလေးထောင့် ကပ်၊ ကျောက်နီ မြ စီပြီး အပေါက်ကလေးတွေ ဖောက်၊ သရက်ရွက်ပုံ စိန်စီထားတယ်"
"စိန်တွေ ကျောက်တွေ မြန်မာပြည်က ပါသွားပါသလား ဘုရား"

"ကုလားပြည် ကို ဖမ်းသွားတုန်းက ပါလာတယ်၊ တစ်လ ၃၀၀ကျပ်ထဲ ပေးထားတော့ ဒါတွေပဲ ရောင်းစား ကြရတယ်။ ရွှေဖလားတွေ၊ ရွှေမျက်နှာသစ်ခွက်၊ ရွှေဇလုံ၊ ပုလဲတွေကတော့ အပြည့်ပဲ။ ဒါတွေ ဘယ်လောက် တန်မှန်းလည်း အဖိုး မသိဘူး၊ ပုလဲတစ်လုံး ဖြုတ်ရောင်းလိုက်ရင် ၃၀၀ကျပ် ရတယ်၊ နောက်မှ သိတယ်၊ လူ ပလီတာ ခံရတယ်။ တစ်လုံးကို ၁၀၀၀ကျပ်၊ ၂၀၀၀ကျပ် တန်သတဲ့ ၀ိုင်းပလီကြတာပဲ၊ စုဘုရားတို့ကို တစ်ကုံး စီ ဘုန်းတော်ကြီးဘုရားက သနားတော်မူတယ်"
ကျွန်မမှာ သလိုသော မေးခွန်းများကို အစီအစဉ်နှင့် ရှိပင် ရှိလျက် စိတ်ရှိသလို၊ စိတ်ပါသလို ပြောဆို နေ သဖြင့် စိုက်သာ နားထောင်နေလေသည်။

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

Monday, October 18, 2010

ဂျာနယ်ကျော် မမလေး ၏ မန်းရာပြည့် နှင့် တရာ ပွဲ အပိုင်း (၁)

(၁)

နံနက်ခင်း နေရောင် ၌ ကျုံးရေသည် ၀င်းပနေသည်။ ဘော်ငွေ အဆင်းရှိသော မြွေအရေခွံကြီး ကဲ့သို့ ခွေရံ ကာ သမ်းနေလေသည်။ မြို့ရိုးတံတိုင်းမှ အုတ်နီများမှာ အချို့နေရာတွင် တောက်နေကြသေး၏။ အချို့ နေရာ တွင် ညစ်မည်းနေသော ရေညှိရောင်နှင့် ပဲ့ရွဲ့ကာ အပိုင်းပိုင်း ပြတ်ကျလျက် ရှိသည်။

ကျွန်မတို့ စီးလာသော ဂျစ်ကားမှ ဖုန်းတထောင်းထောင်း ထနေသော လမ်းပေါ်၌ ပြေးနေသည်။ မန်းရာပြည့် ပွဲတော်သဘင် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ရန် မန္တလေးလူထုဦးလှနှင့် ဒေါ်အမာတို့ ပေးလိုက်သော ဖိတ်ကြားလွှာမှ ဖွင့်ပွဲအချိန် နာရီကို ပြန်ကြည့်မိသည်။ အချိန်နီးကပ်နေသဖြင့် နောက်ကျမည်ကို ပူပန်မိသည်။ လမ်းပေါ်၌ မော်တော်ကား၊ ဘိုင်စကယ်များဖြင့် ရှုပ်နေတော့သည်။ ပွဲတော်လာ လူသွား လူလာတို့မှာ များပြားသည်။ ကျုံးဘေးရှိ စီတန်းစွာ ပေါက်ရောက်နေကြကုန်သော သစ်ပင်တို့သည် ဖုတ်များ လိမ်းကျံ ကာ ရေထဲတွင် မှန်ကြည့်နေကြလေသည်။

မန်းရာပြည့်ပွဲတော် ဖွင့်ပွဲသို့ တက်ရောက်ရန် ကျုံးနှင့် နန်းတော်မြို့ရိုးကြီးကို ဖြတ်ကျော်၍ သွားနေရ သည့်အတွက် ရှေးဟောင်း ရာဇဋ္ဌာနီ မင်းနေပြည်တော်ကြီးကို စိတ်ကူးထဲ၌ ပြန်လည်တန်ဆာဆင်၍ ကြည့်မိသည်။ စလေဆရာကြီး ဦးပုည ရေးစပ်သွားသော ရတနာပုံ ရွှေမြို့တော်ဘွဲ့၌ "ရွှေဆောင် ရွှေနန်းကျက်သရေ၊ ရွှေလောင်းရွှေလှေ ထွေထွေယှက် တေဇော်ရွှေစက် ရေလကျာ်ရစ်ခွေ" စသော တေးထပ်အပိုဒ်နှင့် စပ်မိဟပ်မိအောင် ရွှေနန်းတော်ကြီးနှင့်တကွ ရွှေနန်းဆောင်၏ ကျက်သရေကို ဆောင်နေပေသော ဤရွှေကျုံးထဲ၌ ရွှေလောင်း ရွှေလှေတွေ ထွေထွေယှက်ကူးလျက် လှော်ခတ် နေကြဟန်ပင် မြင်ယောင်၍ လာပေတော့သည်။

အတိတ်ရာဇ၀င် အဖြစ်အပျက်များဖြင့် လွှမ်းခြုံနေသော နန်းတော်ကြီးကို ငေးကာကြည့်မိသည်။ ဤမြို့ နှင့် ဤနန်းကို မင်းတုန်းမင်းတရားကြီး တည်ထောင်တော်မူခဲ့ပြီးနောက် သီပေါဘုရင် ပါတော်မူသွား သည်အထိ နန်းတွင်းရေး အဖြစ်အပျက်၊ ရာဇ၀င်သမိုင်း ကဏ္ဍ၊ ဆုံးပါး ပျက်စီးမှုများကို အစဉ်တစိုက် တွေးမိလေသည်။
အနှစ်တစ်ရာ ပြည့်မြောက်ခဲ့၏။ နှစ်ပေါင်းတစ်ရာအတွင်း ခေတ်အမျိုးမျိုး ပြောင်းလဲခဲ့လျက် နိုင်ငံတော် ကြီးနှင့်တကွ နိုင်ငံတော်သူ၊ နိုင်ငံတော်သားတို့ ကြုံတွေ့ခံစားကြရသော အဖြစ်အပျက်ပေါင်းမှာ ယနေ့အထိ တစ်ရာမက၊ တစ်ထောင်မက ရှိပေတော့မည်။

ပဒေသရာဇစ်စနစ်၊ ပဒေသရာဇစ်ခေတ်ကို တော်လှန်နေသော လက်ရှိခေတ် အခြေအနေအား ဖောက်ပြန် သည်ပင် ခေါ်ခေါ်၊ ကျွန်မမှာ ရှေးပဒေသရာဇင်မင်းတို့၏ ကျေးဇူးဂုဏ်ကို ပြန်လည် အောက်မေ့ တသ လာသည်။ ပြည်ထောင်စု မြန်မာနိုင်ငံတော်ဟူ၍ ကမ္ဘာ့တစ်ဝန်းတွင် ပါဝင် ဂုဏ်ယူကြ ရခြင်းသည် လက်မွန် မဆွ ပထမမြန်မာနိုင်ငံတော်ကြီးကို အခြေစိုက်ချတည်ထောင်ပေးခဲ့သော  အနော်ရထာမင်းစော ၏ ကျေးဇူး ပင်တည်း။

အနော်ရထာမင်းစော တည်ထောင်ခဲ့သော ပထမမြန်မာ နိုင်ငံတော်ကား ဆက်ခံသော မင်းစဉ် မင်းဆက် အရည် အချင်း၊ ကာလ၊ ပယောဂလိုက်၍ နှစ်ပေါင်း ၂၅၀ ခံသွားသော်လည်း အနော်ရထာမင်းစော၏ လက်ငုတ် လက်ရာ ဖြစ်သော လုပ်ငန်းအရပ်ရပ်တို့ ကား အနှစ် ၉၀၀၊ ၁၀၀၀ မက ခံနိုင်ပြီးလျှင် ရှေ့ အဖို့ လည်း နှစ်ပေါင်းများစွာ ဆက်လက် တည်တံ့နေဦး မည့်အသွင်နှင့် ခွန်အားကို ဆောင်ယူလျက်ပင် ရှိနေ သေးသဖြင့် သူ့ကျေးဇူးကို တ သ ရပေသည်။

နိုင်ငံတော်ကို ဒုတိယအကြိမ် ပြုစုပျိုးထောင်ပေးခဲ့သော ဘုရင့်နောင်ကျော်ထင်နော်ရထာ၏ ကျေးဇူးမှာ လည်း ကြီးမားပေ၏။ ဘုရင့်နောင်ကျောင်ထင်နော်ရထာသာ သွေးသစ်သားသစ်လောင်းမပေးခထဲ့လျှင် စောစောစီးစီးကပင် နယ်ချဲ့မျက်နှာဖြူတို့၏ လွှမ်းမိုးမှုကို ဆိုးဆိုးဝါးဝါး ခံရဖို့သာ ရှိပေသည်။

တတိယအကြိမ် ထူထောင်ပေးခဲ့သော အလောင်းမင်းတရားကြီး၏ လုပ်ငန်းမှာ အနော်ရထာမင်းစော၊ ဘုရင့်နောင် ကျော်ထင်အနော်ရထာတို့၏ လုပ်ငန်းထက် အဆပေါင်းများစွာ ခက်ခဲနေလျက် အဘယ်မျှ စုစည်းရသည်၊ အဘယ်မျှ ဖြိုခွင်းရသည်၊ အဘယ်မျှ တိုက်ခိုက်ရသည်၊ အဘယ်မျှ အသစ် အခိုင်အမာ ပြုစုပျိုးထောင် ပေးသွားရရှာပုံမှာ ရာဇ၀င်က သက်သေခံနေသဖြင့် ယင်းပဒေရာဇ်မင်း အစဉ်အဆင်တို့ ၏ ကျေးဇူးဂုဏ် ကို တမ်းတ တ သ လာရင်းဖြင့်ပင် မန္တလေးတောင်ကို လှမ်းမြင်ရလေသည်။ တောင်ခြေ တော်ရိပ် ၌ မဏ္ဍပ်ကနားကြီးများ ထိုးထားအလံတွေ တလွင့်လွင့်နှင့် ရှိနေသော မန်းရာပြည့်ပွဲ သဘင်ကြီးကို အဝေး မှ မြင်လိုက်လေသည်။

မန်းရာပြည့်ပွဲသဘင်ကို ဆို၍ အခြားပွဲသဘင်တွေထက် ထူးကဲစွာ စိတ်ဝင်းစားမိသည်။ လမ်းတွင် တွေ့ခဲ့ရသော နန်းတော်ကြီး၏ အသက်တစ်ရာ၊ အနှစ်တစ်ရာ ပြည့်လည်းဖြစ်၍ အစီအစဉ် အခမ်း အနားတို့၌ ရှေးခေတ်ကို နွှယ်လျက်၊ ရှေးယဉ်ကျေးမှု အမွေအနှစ်တွေကို ပြန်လည် ထုတ်ဖော် ဦးစား ပေးကာ၊ ဇာတိသွေး ဇာတိမာန်ကို အရောင်တင်ပေးမည့်၊ တစ်မျိုးတစ်ဖုံ ခြားနားရမည့် အထိမ်းအမှတ် ပွဲကြီးဟု တွက်ထားသည်။

ကျွန်မမှာ မြန်မြန်ရောက်ချင်နေသည်။ ဖွင့်ပွဲအခမ်းအနား ကို မမီလိုက်မှာ စိုးရိမ်နေသည်။ အစမှ အဆုံးတိုင် မှတ်တမ်းတင်ချင်စိတ်သာ ပြင်းပြနေသည်။ လမ်းခုလတ်တွင် အခမ်းအနား ဖွင့်ပွဲသို့ တက်ရောက်ရန် ထွက်လာသော မန္တလေး ဦးအောင်ညွန့်၏ ကားနှင့် သွားဆုံ၏။ မြန်မြန်ရောက်ရန် ကားပြောင်း စီးလိုက် လာကြသည်။ ကားဝင်ခွင့် လက်မှတ်မရှိ၍ အခမ်းအနား ဖွင့်ပွဲနေရာသို့ အတော် လှမ်းလှမ်းက လျှောက်ဝင်လာကြရသည်။ တောင်ခြေတစ်ဝိုက် မန်းရာပြည့် ပွဲခင်းကြီးမှာ မျှော်မဆုံး အောင် ကျယ်ဝန်း လှလေသည်။ လမ်းများ ဖောက်ကာ လမ်းနာမည်စာတန်း ဆွဲချိတ်လျက် တစ်ဖက်နှင့် တစ်ဖက်  တဲတန်းလျားကြီးများ ထိုးထားသည်။ တဲတန်းကြီးများ၏ မျက်နှာစကို ဆေးရောင်ခြယ် နဖူး စည်းတပ်၍ လှလှ ပပ မွမ်းမံ ပြင်ဆင်ကာ ဆိုင်းဘုတ် ကပ်ထားကြလေသည်။

ကျွန်မမှာ လျှောက်လာရင်း ဟိုကြည့် ဒီကြည့် လှမ်းကြည့် လိုက်သည်။ အာဂျင်တိုမိုတို အချိုမှုန့်၊ အမေရိကန် ပြန်ကြားရေးဌာန၊ အီးအမ်ဒီဆူဇာ၊ ကြက်ဆင်ဖဲထီး စသော ဟိုတစ်ကွက်၊ ဒီတစ်ကွက် ဆိုင်းဘုတ်များကို မြင်မိ၍ ရွှေတိဂုံ အနောက်မုခ် ပြပွဲပြိုင်ပွဲ ဈေးတန်းထဲ ရောက်လာသလိုလို၊ ဘာလိုလို နှင့် ခပ်သုတ်သုတ် လျှောက်သွားလေသည်။
အခမ်းအနား ဖွင့်လှစ်ရာ အောက်ဆန်းခန်းမဆောင်ရှေ့သို့ ရောက်သောအခါ၌ ကျွန်မတို့မှာ နောက်ဆုံး ၀င်လာသော ဧည့်ပရိသတ် ဖြစ်နေသည်။

ရတနာပုံမဏ္ဍပ်ထဲ၌ ပိတ်ဖြူမျက်နှာကြက် မိုးကာ၊ ရွှေတိုင်တွေ ထူ၍ ရွှေကနုတ်ပန်းတို့ဖြင့် မွမ်းမံကာ ရွှေရောင်များ တောက်ပနေသည်။ အနီပေါ် အပြာ ငွေကြည်ပျောက်နှင့် "အောင်ဆန်းခန်းမ" ဟု စာတန်းထိုးထားသည်။ မဏ္ဍပ်ထိပ် စင်မြင့်ပေါ်၌ ကတ္တီပါအနီ ကန့်လန့်ကာကြီး နောက်ခံထားကာ သမ္မတထိုင်ရန် ဆိုဖာကုလားထိုင်များ ခင်းချထားသည်။ ကတ္တီပါကန့်လန့်ကာ အနီထက်တွင် ဗိုလ်ချုပ် အောင်ဆန်း၊ သမ္မတကြီး မန်းဝင်းမောင်နှင့် ဗိုလ်ချုပ်ကြီးနေ၀င်း၏ ဓာတ်ပုံ(၃)ပုံကို ချိတ်ဆွဲ၍ ထားသည်။

တက်ရောက်ကြသော ဧည့်ပရိသတ်ထဲတွင် လူမျိုးစု တောင်တန်းသား ဧည့်သည်တော်များ ကို သူတို့၏ တိုင်းရင်းသား ၀တ်စုံဖြင့် တွေ့ရသည်။ နိုင်ငံခြား သံတမန် ဧည့်သည်များလည်း တွေ့ရ သည်။ ရန်ကုန်မှ လာကြသော ရန်ကုန်ပရိသတ်ကလည်း မနည်းလှပေ။ သတင်းစာဆရာများ၊ ရုပ်ရှင် အနုပညာသည်များ၊ ဓာတ်ပုံရိုက်ရန် စောင့်နေကြသော ရန်ကုန် မန္တလေး သတင်းစာတိုက်များမှ သတင်းထောက်များ၊ မဏ္ဍပ်ထဲတွင် တွေ့နေမြင်နေကျ ဖြစ်သော ရန်ကုန်ပရိသတ်ကပင် များနေသလို လို ထင်ရလေသည်။

မဏ္ဍပ်ဝဲယာ နှစ်ဖက် ခပ်လှမ်းလှမ်း ကွင်းကြီးထဲ၌ ရှိသော ပြပွဲများတွင် ပန်းချီပြပွဲ၊ ပန်းပုပြပွဲ၊ ရက်ကန်း ပြပွဲ၊ ရွှေချည်ထိုးလုပ်ငန်း၊ ရွှေဆိုင်းလုပ်ငန်း စသော ပြပွဲခန်းမဆောင်များကို တသီတတန်းကြီး လှမ်းတွေ့ နေရသည်။

ကျွန်မတို့  ရောက်၍ မကြာမြင့်မီ စစ်ဗိုလ်တစ်ဦးသည် ဓာတ်ခွက်ရှေ့၌ ပေါ်လာကာ၊ အောင်မြင် ကြည်လင် သော အသံဖြင့် နိုင်ငံတော်သမ္မတကြီး ရတနာပုံအိမ်တော်မှ ထွက်ခွာလာပြီဖြစ်ကြောင်း ကြေညာလေသည်။ မဏ္ဍပ်ထဲ ၌ ထိုင်နေကြသော ပရိသတ်အားလုံး သမ္မတာလာမည့် လမ်းပေါက်ဘက် သို့ မျှော်ငံ့ စောင့်ဆိုင်း ရင်း ကြည့်နေကြသည်။ အပေါက်ဝ၌ မြင်းသည်တော်များ ကြိုဆို၍ နေသည်။ စစ်ဘိုက်ဆိုင်ရာ၊ ရုပ်ရှင် ဘက်ဆိုင်ရာ၊ သတင်းစာဘက် ဆိုင်ရာမှ ဓာတ်ပုံဆရာများမှာ သမ္မတကြီး လာမည့်လမ်းဘက်သို့ ဓာတ်ပုံများဖြင့် အသင့်ချိန်ရွယ်၍ နေကြလေ၏။

"နိုင်ငံတော် သမ္မတကြီး ကျွန်းလုံးယူ တံခါးသို့ ဆိုက်ရောက်လာပါပြီ၊ ၉နာရီနဲ့ ၈မိနစ်မှာ အောင်ဆန်း ခန်းမ သို့ ဆိုက်ရောက်လာပါလိမ့်မည်"
အောင်မြင် ကြည်လင်သော စစ်ဗိုလ်၏ အသံ ပေါ်လာပြန်လေ၏။

တိတ်ဆိတ်စွာ ရှိနေသော ပရိသတ်ထဲတွင် ကျွန်မတို့ နေရာနှင့် မလှမ်းမကမ်း၌ ထိုင်နေသော နေရာ၌ ဆူညံ ဆူညံ စကားပြောနေကြ၍ နားစွင့်ကြည့်သည်။ သန့်ရှင်းနှင့် တည်မြဲတစ်ဖက်နှင့်တစ်ဖက် ထေ့ကာ ချိတ်ကာ ပြောဆို ဆိုနေသံကို အတိုင်းသား ကြားရလေသည်။ အကယ်၍များ ဖ-ဆ-ပ-လ အဖွဲ့ကြီး နှစ်ခြမ်း မကွဲဘဲ ရှိက ဤမန်းရာပြည့်ပွဲတွင် မည်သို့ မည်ပုံ ပါဝင် ဆင်နွှဲကြမည်နည်းဟု တွေးဆ ကြည်မိလေသည်။

စာရွက်ကို တစ်ရွက်ပြီးတစ်ရွက် လှန်လိုက်သလိုပင် တစ်ခေတ်နှင့်တစ်ခေတ် ကူးပြောင်းသွားပုံမှာ မြန်ဆန်းလွန်းလှချေသည်။ မဏ္ဍပ်ပတ်လည်တွင် အလံမျိုးစုံ လွှင့်ထူးထားသဖြင့် အနားတွင် လာထိုင် သော ဗဟိုရ်စည် သတင်းထောက်ကို "ပွဲတော်အလံတွေလား" ဟု ခပ်တိုးတိုး မေးကြည့်သည်။
"မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် လက်အောက်မှာ ရှိတဲ့ စစ်တပ်ယူနစ် (၆၀)က စစ်အလံတွေ"
"နိုင်ငံတော်သမ္မတကြီး မဏ္ဍပ်ဝသိုပ ဆိုက်ရောက်လာပါပြီ၊ အားလုံး မတ်တတ်ရပ်၍ အရိုအသေ ပြုကြပါ"

မြင်းသည်တော်များ ရှေ့ဆောင်လျက် မင်းခမ်းမင်းနားဖြင့် ကြွရောက်လာသော သမ္မတကြီးကို မတ်တတ် ထ၍ ကြိုဆိုနေရင်းမှ မင်းတုန်းမင်းတရားကြီး တည်ထောင်တော်မူသွားလေသော မန်းမြို့၏ နှစ်တစ်ရာပြည့် ပွဲ ကို သမ္မတကြီး မန်းဝင်းမောင် ကြွရောက် ဖွင့်လှစ်ခြင်းသည် လွတ်လပ်ရေးရပြီးမှ နှစ်တစ်ရာ လာပြည့် သော အဓိပ္ပာယ်နက် ဆောင်ခြင်းအပြင်၊ လွတ်လပ်သော အချုပ်အခြာ အာဏာပိုင် နိုင်ငံအဖြစ် ပြန်လည် ရပ်တည် နိုင်ခြင်း အထိမ်းအမှတ်ကြီး တစ်ခုပဲဟု စဉ်းစားမိလေသည်။

နိုင်ငံတော်သီချင်း သီဆိုကာ သမ္မတကြီးနှင့် မြို့တော်ဝန်တို့ စင်မြင့်ပေါ်တွင် နေရာယူပြီးနောက် ပုဏ္ဏား တော်များက မင်္ဂလာ အခါတော် ရောက်ကြောင်း ကြေညာကြကာ ခရုသင်းမှုတ်လျက် ဆုတောင်း ရွတ်ဖတ် သရဇယ်ကြကုန်လေ၏။

အခမ်းအနားဖွင့်လျှင် မန္တလေးမြို့တော်ဝန်က နှုတ်ဆက်မိန့်ခွန်း ဖတ်ကြားလေ၏။ မိန့်ခွန်းအစ၌ ဘ၀ရှင် မင်းတရားကြီး ဘုရားတည်ထောင်သော မန္တလေးမြို့တည် နန်းတည် အချိန်နာရီ ကာလ အပိုင်းအခြားနှင့်တကွ နန်းတံခါး ၁၂ရပ်၊ ပြဿဒ်တော် အဆင့်ဆင့်၊ ရာဇပလ္လင်ရှစ်ရပ်၊ မြေနန်း၊ မှန်နန်း၊ ရွှေနန်းတို့ဖြင့် တည်ထောင် စိုးစံတော်မူသွားခဲ့ပုံ၊ မြို့တော်ကြီးကို အင်းကြီးကန်ကြီး မြစ်ကြီးများ ခြံရံ တည်ဆောက်သွားခဲ့ခြင်းဖြင့် စိမ်းလန်းစိုပြည်သာယာခဲ့ပုံ စသည်များကို အကျယ်တ၀င့် ဖတ်ကြား သွားစဉ်၊ မင်းမရှိပြီးနောက် အင်းတွေ ကန်တွေ တိမ်ကော ခန်းခြောက်ကုန်ကာ၊ ဖုန်တထောင်းထောင်း ထလျက် အလွန်ပူပြင်းနေသော မန္တလေးမြို့နှင့် ရှေးမင်းနေပြည်တော်ကို နှိုင်းယှဉ်၍ ကြည့်နေမိသည်။ မြို့ပြတည်ခဲ့ပုံ၊ ဖြောင့်ဖြူးနေအောင် လမ်းကြီးများ၊ ခင်းသွားပုံ၊ အင်းကြီး ကန်ကြီးများ ခြံရံလျက် စိမ်းလန်းစိုပြည်အောင် ဖန်တီးထူထောင်တော်မူခဲ့ပုံကား အလွန်အမြင်ကျယ်၍ အလွန်လျှင် ကြီးကျယ် ခဲ့ပေသည်။

မြို့တော်ဝန်သည် အနှစ် ၁၀၀ ခရီးတစ်လျှောက် ဖြတ်ကျော်လာခဲ့သော မှတ်တိုင်များကို ထောက်ပြနေ လေ၏။ ကိုယ့်ထီးကိုယ့်နန်း ကိုယ့်ကြငှန်းမှစ၍ ဖော်ပြကာ ထီးကျိုးစည်ပေါက်သူတစ်ပါးလက်အောက် ပြားပြားဝပ် ရောက်သွားပြီးနောက် လွတ်လပ်ရေး တိုက်ပွဲတွင် အသက်ပေး ဆောင်ရွက်သွားကြသော မျိုးချစ်အာဇာနည်တို့ ကျေးဇူးဖြင့် ပြည်ထောင်စု သမ္မတနိုင်ငံတော် ဖြစ်ပေါ်လာပုံ၊ လွတ်လပ်ရေး ရရှိပြီး သောင်းကျန်းနေသူတို့၏ ရန်စူးရန်ငြောင့်ကို ၁၀နှစ်တိုင်တိုင် ရင်ဆိုင်ခဲ့ရပုံ၊ ထိုမှ တစ်ဖန် တရားဥပဒေ ချိုးဖောက်မှု၊ စီးပွားရေး သောင်းကျန်းမှု၊ စာရိတ္တ ပျက်ပြားမှုများကြောင့် လွတ်လပ်ရေး ဆုံးရှုံးရအံ့ ဆဲဆဲ ဗိုလ်ချုပ်ကြီးနေ၀င်း၏ ဆောင်ရွက်ချက်များကို အကျယ်တ၀င့် ဖတ်ကြား၍ နေလေ၏။

မြို့တော်ဝန်၏ မိန့်ခွန်းတစ်ရပ်လုံး၌ အနှစ် ၁၀၀ ခရီးတစ်လျှောက်လုံးတွင် လွတ်လပ်ရေး ရခဲ့ပြီးနောက် ဖ-ဆ-ပ-လ စိုးမိုးအုပ်ချုပ်ခဲ့သော ၁၀နှစ် ခရီးစဉ်ကို နားစွင့်လျက် ကြည့်မိသည့်အခါ ဖ-ဆ-ပ-လ အက္ခရာများ မြုပ်ကွယ်လျက် ရှိနေသဖြင့် နိုင်ငံရေးသင်္ခါရ သဘောတရားကို သံဝေဂ ရမိတော့သည်။

သမ္မတကြီး၏ မိန့်ခွန်းသြ၀ါဒ၌လည်း သင်္ခါရသဘောတရားအလျောက် မြန်မာဘုရင်တို့၏ ဘုန်းတန်ခိုး အရှိန် မှေးမှိန် ကွယ်ပျောက်ခဲ့ရပြီးနောက်၊ မန္တလေးမြို့တော်ကြီးကို ရိုးရာဓလေ့ ထုံးစံများ ထိန်းသိမ်း ထားနိုင်သော ယဉ်ကျေးမှု မြို့တော်ကြီးအဖြစ် ဂုဏ်ယူလျက်ရှိကြောင်းနှင့် လွတ်လပ်ရေး ရရှိပြီးသည့် နောက် ပြန်လည် ဆင်ယင် ကျင်းပနိုင်သော ပွဲကြီးဖြစ်၍ ပြန်လည်ဆင်ယင် ကျင်းပနိုင်အောင် ပို့ဆောင် ပေးခဲ့သော ဗိုလ်ချုပ်အောင်ဆန်း အမှူးပြုသည့် ခေါင်းဆောင်ကြီးများ၏ ကျေးဇူးကို သတိတရ ဂုဏ်ပြု ဦးညွှတ်ကြရန်။

အာဏာရ ပါတီကြီ ၂ခြမ်းကွယ်ခဲ့သည့် နောက်ပိုင်းတွင် တိုင်းပြည်အလုံး ၀ါးအစည်းပြေ၍ အထူး စိုးရိမ် ဖွယ်ရာ အခြေအနေတွင် ဗိုလ်ချုပ်ကြီး အစိုးရ အားကိုအားထားပြုလျက် ဆက်လက်ရပ်တည်ရ၍ ဗိုလ်ချုပ်ကြီးနေ၀င်း အမှူးပြုသော လက်ရှိခေါင်းဆောင်များကို ဂုဏ်ပြုဦးညွှတ်ကြရန် မိန့်ခွန်းထဲ၌ အကျယ် တ၀င့် ထည့်သွင်းမြွက်ကြား သွားလေ၏။
ဗိုလ်ချုပ်အောင်ဆန်း၏ ပုံကားကြီးကို စိုက်ကြည့်ကာ မိန့်ခွန်းများကို ကြားနာမှတ်သားနေရင်း ဘယ်က ပေါ်လာမှန်း မသိ၊ ကျွန်မ၏ မျက်လုံးထဲတွင် သခင်ထိပ်တင်ကိုယ်တော်ကြီး၏ ရုပ်ပုံမှာ ဖျတ်ခနဲ ပေါ်လာ တော့သည်။

နယ်ချဲ့ အင်္ဂလိပ်ကို တော်လှန်ရန် အမျိုးသားစိတ်ဓာတ်၊ အမျိုးသား သွေးစည်းရေးအတွက် သခင် အသင်း၊ တို့ဗမာ အစည်းရုံး၌ သခင် ထိပ်တင်ကိုယ်တော်ကြီး ပါဝင်၍ သွေးစည်း စုရုံးသွားခဲ့ပုံတွေကို ပြန်လည်၍ အမှတ်ရ မိတော့သည်။

"တို့က ဒီမင်းသားကို ပြပြီး အင်္ဂလိပ်ခံချဖို့ သွေးစည်းရတာကွ၊ သခင်တရားပွဲတိုင်း မင်းသား ပါရင် လူစည် ကား တယ်"
ပါးစောင်တွင် ကွမ်းငုံခဲလျက် သခင်ထိပ်တင် ကိုယ်တော်ကြီးကို မေးထိုး၍ ပြောဆိုနေသော ဆရာကြီး သခင် ကိုယ်တော်မှိုင်း ၏ ခပ်ပြုံးပြုံး မျက်နှာ ဟန်ပန်ပါ ပေါ်လာလေသည်။
သမ္မတကြီး မိန့်ခွန်းမြွက်ကြားပြီးနောက် အခမ်းအနား မရုပ်သိမ်းမီ ၀ဲယာနှစ်ဖက်၌ရှိသော မင်္ဂလာဆိုင်း များ က မန္တလေးမြို့တည် ပတ်ဆိုင်းသံ ဖြင့် တီးမှုတ်သီဆို ဧည့်ခံကြလေသည်။
မန်းရာပြည့် အထိမ်းအမှတ် ပြုကြသောနေ့သည် အဘက်ဘက်မှ အဓိပ္ပာယ်အမျိုးမျိုး လေးနက်ဖော်ယူ လျက် ရှိချေသည်။

မြန်မာနိုင်ငံတော်ကို နောက်ဆုံး နန်းစိုက် တည်ထောင်သွားကြသော ဘ၀ရှင်မင်းတနုးမင်းတရားကြီးနှင့် ပါတော်မူ သွားကြသော သီပေါမင်းတရားတို့၏ နောက်ဆုံးအမွေအနှစ် ပေးသွားခဲ့သည့် အဖိုးတန်ပြီး အရေးကြီး သော အခြင်းအရာကား အခြားမဟုတ်။

ယခုထက်တိုင် ကြံ့ခိုင်စွာ ဆက်လက်တည်ရှိနေသော နိုင်ငံတော်၏ ယဉ်ကျေးမှု မြို့တော်ကြီးအဖြစ် ထွန်းလင်း တောက်ပြောင် လျက် ရှိသေးသည့်  ဂုဏ်ကျက်သရေတစ်ရပ်ပင် ဖြစ်တော့သည်။
ကျွန်ဘ၀ မှ တစ်ခဲနက် ကျော်လွန် ဖောက်ထွက်ကာ ပြည်ထောင်စု နိုင်ငံတော်ဟူ၍ တစ်ပြည်တည်း၊ တစ်မျိုး တည်း၊ တစည်းတလုံးတည်း ပြန်လည်ထွက်ပေါ်ကာ ဆက်လက်တည်တံ့နိုင်အောင် ဖန်တီး ပေးသွား ရှာသော ဗိုလ်ချုပ်အောင်ဆန်း အမှူးပြုသည့် နိုင်ငံတော် ခေါင်းဆောင်ကြီးများကိုသာမက နောက်ဆုံး နန်းစိုက် တည်ထောင် သွားကာ၊ ယဉ်ကျေးမှု အမွေအနှစ် အရပ်ရပ် ပေးအပ်သွားကြသော မင်းနှစ်ပါး တို့ကို လည်း သတိရ ကျေးဇူးတင်ရှိခြင်းအပြင်၊ သတိတရ ဂုဏ်ပြုဦးညွှတ်ခဲ့ခြင်းဖြင့် ရတနာပုံ ရာပြည့် အထိမ်း အမှတ် မဏ္ဍပ်ထဲ မှ ထွက်ခွာလာခဲ့သည်။

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

Thursday, September 16, 2010

ဂျာနယ်ကျော် မမလေး ၏ ဘဝအဖော် အပိုင်း (၂) ဇာတ်သိမ်း

ကျွန်မက အတွေးကိုရပ်ကာ 'လက်သုပ်ရောင်းတာ ဘာဖြစ်လဲ ကျွန်မစိတ်ထဲမှာ ဒီအလုပ်ဟာ သိမ်ငယ် တယ်လို့ နည်းနည်းမှ မထင်ဘူး။ ၀င်ငွေလည်း ကောင်းသားပဲ' ဟု နှစ်သိမ့်အားပေး လိုက်လေ သည်။
ထမင်းစားပွဲပြင်ပြီး၍ ဒေါ်ဥခင်ပွန်းက ထမင်းစားရန် လာခေါ်သည်။ မောင်စိုးမြင့် ချက်ပြုတ်ထားသော ဟင်းခွက်များကို လှမ်းကြည့်လိုက်သည်။ ဟင်းခွက်များ စုံလင်လျက် စားချင်သဖွယ်ပင် ဖြစ်သည်။ လက်သုပ်ပ၀ါ ဆပ်ပြာခွက်ကအစ သပ်သပ်ရပ်ရပ် ချထားသည်။ ထမင်းတစ်စားပွဲလုံး ဖြူဖြူစင်စင် သန့်သန့် ရှင်းရှင်း ရှိလှသည်။

လက်သုပ်ရောင်း၍ ၀မ်းရေးအတွက် အောက်ခြေသိမ်း လုပ်ကိုင်နေကြစေကာမူ အနေအထိုင် အဆင့် အတန်း အောက်ကျနောက်ကျ မဖြစ်အောင် ဆွဲထိန်းထားနိုင်သည်။ ကျွန်မနံဘေး၌  ယပ်ခက် ပေးနေကြ သော မောင်စိုးမြင့်နှင့် မောင်အေးတို့ကို ကြည့်ကာ ကိုယ့်သားကလေးများနှင့်မခြား ချစ်ခင်ကြင်နာ၍ မဆုံး နိုင်အောင် ဖြစ်မိသည်။ လိမ္မာယဉ်ကျေးလျက် စည်းကမ်းကျနေသော အမူအရာအလေးတွေမှာ ချစ်စရာ ကောင်းလှပေသည်။
ထမင်းစားပြီး ရထားသို့ ဆင်းခဲ့သည်။ ဘူတာရုံသို့ သားအဖနှစ်ယောက် လိုက်ပို့ကြသည်။ မောင်စိုးမြင့်က ရထား ပေါ်တွင် ရှူသွားနိုင်ရန် ဒေါနပန်းစည်းကို မောကြီးပန်းကြီး ပြေးဝယ်ပေးလိုက် သေးသည်။


ပူပြင်းသော ရာသီဖြစ်သည်။ နေရောင်ကြဲကြဲထဲတွင် ရေတွင်း၌ ရေဆွဲနေသော ကလေးတစ်စုကို ရထားပေါ်မှ တွေ့မြင်ရသည်။ ဆင်းရဲသား ကျောမွဲကလေးတွေဖြစ်သည်။ တစ်နေ့လုပ်မှ တစ်နေ့စားရမည့် သွင်ဟန် လက္ခဏာလည်း ပေါ်၏။်ကျွန်မသည် ရထားပြင်ဘက်သို့ ငေးနေသည်။ ဖျက်ခနဲ တွေ့လိုက် ရသော ဆင်းရဲသားကလေးများ၏ ဘ၀။ ပြည်မြို့၌ တွေ့ကြုံခဲ့ရသော မောင်စိုးမြင့်တို့၏ ဘ၀နှင့် ကျွန်မ၏ သားသမီး သုံးယောက်၏ ဘ၀ပါမကျန် ဘ၀အထွေထွေကို နိုင်းယှဉ်ခြားနား၍ တွေးတောစဉ်းစားလျက် နေလေတော့သည်။

သူများသားသမီးများမြင်မှ ကိုယ့်သားသမီးအကြောင်းမှာ ပို၍ တွေးစရာဖြစ်လာသည်။ သူတို့ကို အေ၊ဘီ၊စီ သင်ကတည်းက ကျောင်းအိပ်ကျောင်းစား ပို့ခဲ့ရသည်။ အမေနှင့်ရင်အုပ်မကွာ ထိန်းသိမ်း သွန်သင် ခဲ့ရသည့် အခါမျိုးဆို၍ ယခုအချိန်ထိအောင် မရှိဖူးသေးချေ။ သားနှစ်ယောက်က နိုင်ငံခြား ကျောင်းမှာ နေချင်ပါသည်ဆို၍ မတတ်နိုင်တတ်နိုင် ကြံဖန်ကြိုးပမ်း၍ ပို့ခဲ့ရဖူးသည်။ လဆန်းတိုင်း ကျောင်းစရိတ်ငွေ ၇၀၀ကျပ် ပို့နိုင်ရေးအတွက် ကြံရဖန်၊ ခေါင်းကိုက်ရပုံတွေကို ပြန်လည် တွေးကြည့်လိုက်မိသည်။ ကျွန်မမှာ မိုးလင်းက မိုးချုပ်မအားမလပ် နေရေးထိုင်ရေး ၀တ်ရေးစားရေး အတွက်ရှေးရှုလုံးပန်းရင်းဖြင့် အချိန်တွေ ကုန်ခဲ့ရသည်။ ကျွန်မသည် မိခင်တစ်ယောက်နှင့် လုံးဝမတူတော့ချေ။

ကျွန်မအပေါ်၌ သားသမီးများကလည်း မိခင်တစ်ယောက်ခဲ့သို့ အသိအမှတ် မထားကြတော့ပေ။ တစ်ချိန်ထက်တစ်ချိန် အရွယ်ရောက်လာကြရာတွင် ကျွန်မကို အဖေလိုလို၊ အမေလိုလို ကွဲကွဲပြားပြား မဟုတ်သည့် ဆက်ဆံနည်းမျိုးဖြင့် တစ်မျိုးတစ်မည်ကြီး ဆက်ဆံနေကြသည်။

ကျွန်မသည် ၁၃နှစ်ပတ်လုံး ထမ်းရွက်လာခဲ့သည့် ဘ၀ခရီး၌ အခက်အခဲ အကျဉ်းအကျပ် အမျိုးမျိုး အဖုံဖုံရင်ဆိုင်ခဲ့ရသော်လည်း သူတို့ရှေ့၌ တစ်ချက်မျှ မျက်နှာပျက် မပြခဲ့ဖူးချေ။ ညည်းညည်း ညူညူ လည်း မလုပ်ခဲ့ဘူးချေ။ စီးပွားရေးဝင်ငွေ ဘယ်ရွ့ဘယ်မျှ ဟူ၍လည်း ပြောမပြခဲ့ဖူးချေ။ သူတို့အား အနေအထိုင်၊ အပြောအဆို၊ အသွားအလာစသည်တို့၌ လမ်းကြောင်းပြောဆိုပြုပြင် သွန်သွင်ပေးနိုင်သော အခါအခွင့် လည်း မရခဲ့ချေ။

နံနက်လင်းလျှင် အလုပ်ထွက်သွားကာ နေ၀င်မိုးချပ်မှ ပြန်ရောက်ခဲ့သည်။ အိမ်ပြန်ရောက်တော့ လည်းအိမ်အလုပ်နှင့် တွေ့ရပြန်သည်။ အိမ်ကိုအိမ်နှင့် တူအောင် ပြုပြင်မွမ်းမံရေးအတွက် အိမ်ဖော် များအား စနစ်တကျရှိစေရန် တတွက်တွက် တဖွဖွ ပြောရဆိုရ လုပ်ကိုင်ပြရပြန်သည်။  နောက်တစ်နေ့ အတွက် စားရေးဝတ်ရေး အိမ်ကစ္စအ၀၀ကို ယနေ့ညက ကြိုတင်၍ စီမံပြင်ဆင် ရသည်မှာ အလုပ်ကြီး တစ်လုပ် ဖြစ်နေပြန်သည်။ ကျွန်မမှာ အလုပ်ကပြန်လာကတည်းက မောလာလေပြီ။ အိမ်ရောက်ပြန်၍ အိမ်မှုကိစ္စအ၀၀နှင့် ရင်ဆိုင်ပြီးသည့်အခါတွင် စိတ်ကို ပန်းကျသွားသည်မှာ မလှုပ်မသယ် ချင် လောက်အောင် ဖြစ်သွားတတ်လေသည်။ မဂ္ဂဇင်းများ အတွက် ၀တ္ထုဆောင်းပါးရေးရန် ညအလုပ် ကလည်း ပါလာသေးရာ စိတ်မှာ အားလပ်ခွင့်ရသည်ဟူ ၍မရှိလှဘဲ တစ်ခါတစ်ရံမူ လူနှင့်မတူဘဲ သံပတ် ပေးထားသော စက်နှင့်သာ တူနေတော့သည်။

တစ်နေကုန်၍ ပန်းကျသွားတော့သည့်အတိုင်း သားသမီးများကို မတော်တာ မလျော်တာ မြင်သည့် ကြားသည့်တိုင်အောင် သူတို့ နားလည်ကြရန် စိတ်ရှည်ရှည်နှင့် ပြောဆိုသွန်သင် မနေနိုင်တော့ဘဲ ပြောချင် လျက်နှင့် စိတ်မောလှ၍ မပြောနိုင်ခဲ့သော အကြိမ်ပေါင်းကား မရေမတွက်နိုင်အောင် ကြုံတွေ့ ခဲ့ရသည်။
သူတို့မှာ လွတ်လပ်နေကြသည်။ သူတို့စိတ်နှင့် သူတို့ကိုယ် ဖြစ်နေကြသည်။ ကျောင်းအိပ် ကျောင်းစား ဘ၀ အမေနှင့် ၁၀နှစ်ခန့် ခွဲနေခဲ့ကြပြီးနောက် အမေနှင့် အတူတကွ နေကြရပြန်တော့ လည်းမနက်တစ်ခါ ညတစ်ခါ လောက်သာ မျက်နှာချင်းဆိုင်ရသော အမေကို နီးလျက်နှင့် ဝေးနေကြတော့သည်။

သူတို့အတွက် အစစအရာရာ အကုန်လုံးအဆင်သင့် အရန်သင့်ရှိအောင် စီစဉ်ပေးထားခြင်းဖြင့် အိမ်တာဝန်ဆို၍ ဘယ်နေရာ ဘယ်အကွက်ကမှ သူတို့ပါဝင်စရာမရှိအောင် ဖြစ်နေသည်။ သူတို့ကို မျက်စိအောက် တွင် ထားကာ စောင့်ကြည့်၊ စောင့်ခိုင်း၊ စောင့်ပြော သွန်သင်နည်းပြရမည့် မိခင် ၀တ္တရား များ မပြည့်မ၀ ဖြစ်နေရ၏။
ကျွန်မ ၏ ဘ၀ကို ပြန်လည်သုံးသပ်၍ ကြည့်လိုက်ပြန်သည်။

ကျွန်မမှာ သားသမီးသုံးယောက်နှင့် အဖေလည်း မဟုတ်၊ အမေလည်းမဟုတ်၊ အိမ်ထောင်စုတစ်ခုတွင် ဟိုမရောက် သည်မရောက် ဖြစ်နေခြင်းအတွက် အကြီးအကျယ် စိတ်ပျက်မိသည်။ မိခင်တစ်ဦး၌ ရှိရမည့် ၀တ္တရားတွေ ဘယ်လောက် ပျက်ကွက်နေသည်ကို ကျွန်မကိုယ်တိုင်လည်း ကျွန်မ သိမြင်သည်။ အမေနှင့် မတူ၍ အဖေတစ်ဦးအဖြစ်ဖြင့် အိမ်ကို လုံးလုံးလျားလျားကြီး မျက်နှာလွှဲရန် မဖြစ်နိုင်ပုံကိုလည်း တွေ့ရ သည်။

နှစ်ရှည်ကြာညောင်းလာသည့်အခါ၌ သားသမီးများသည် ကျွန်မကို အများနည်းတူ မြင်လာကြ လေသည်။ ဘာမဆို ကျွန်မ ဖန်တီးနိုင်သည်။ ယုတ်စွအဆုံး ကျွန်မ နေထိုင်မကောင်း ရှိသည့်အခါပင် ဆေးဆရာပဲ ဟူသောအသိဖြင့် ကြည့်ရှုရန် မလိုသကဲ့သို့ ပူစရာ မဟုတ်သကဲ့သို့ ပြုစုရမှန်းလည်း မသိ အခန်းဝမှ လိုက်ကာကို အသာဖယ်၍ 'မေမေနေကောင်းသွားပြီလား' ဟု သတင်းမေးကာ ထွက်သွာတက်ကြသည်။

ကျွန်မမှာ သူတို့အကြောင်းတွေကို တွေးရင်း တွေးရင်း သားသမီးသုံးယောက်အနက် သမီးမိန်း ကလေးအတွက် ပိုမို၍ စိတ်ပူပန်လာသည်။ လောက၌ အကောင်းနှင့် အဆိုးဟူ၍ ဒွန်တွဲလျက် ရှိနေ လေရာ အဆိုးနှင့်တွေ့ကြုံရသည့် အလှည့်၌ ခံနိုင်ရည်ရှိပါ့မလားဟု တွေးတောမိလာရသည်။ ယခု အချိန် အထိ လောကအကြောင်းကို ပြည့်စုံအောင် သူမသိသေးချေ။ အရွယ်လည်း ရောက်လာပေပြီ။ သူ့အရွယ် လောက်တုန်းက ကျွန်မ သိခဲ့သလို လောကရေးရာများကို သုံးပုံ ပုံ၍မှ တစ်ပုံပင် သူမသိသေးချေ။

မိန်းကလေးများ သိသင့် သိအပ် သိထိုက်သော သြ၀ါဒမျိုးကို တဖွဖွ ပြောနိုင်၊ ဆိုနိုင်၊သတိပေးနိုင်မှသာ တန်ကာကျသည်။ သူ့အပေါ်၌ ကျွန်မ ပျက်ကွက်ရသော ၀တ္တရားကား ပြောစရာ မရှိအောင် ချို့ယွင်းနေသည်ကို တွေးမိသည်။ လွတ်လပ်ခွင့် အများကြီးရှိသော သူ့ဘ၀၌ သူ့ကိုယ်သူ ထိန်းသိမ်းလျက် မပျက်မစီးအောင် နေသည်ကိုပင် ကျေးဇူးတင်ရသေးသည်။ အကွပ်မရှိသောကြမ်း ပရမ်းပတာ ဆိုရိုးးအတိုင်း သားနှစ်ယောက်ထက် အရွယ်ရောက်သော သမီးမိန်းကလေးက အထူးအရေးကြီး နေပေသည်။ ခေတ်ပညာတတ်ရုံနှင့်မပြီး၊ လိမ္မာယဉ်ကျေးရုံနှင့် မပြီး။ အိမ်ထောင်ဦးစီး အုပ်ထိန်းနိုင်ရုံနှင့် မပြီး။ ဆင်ခြင်တုန်တရားနှင့် သတ္တိစွမ်းရည် ရှိမှသာလျှင် လူ့လောကအလယ်တွင် ဒေါင်လိုက်ကျကျ ပြားလိုက် ကျကျ မလဲမပြိုဘဲ မတ်မတ်ရပ်နိုင်စွမ်း ရှိပေလိမ့်မည်။

ကျွန်မသည် သူတို့နှင့် ခွာ၍ သူတို့အကြောင်းကို စဉ်းစားနေရင်ရင်ထဲ၌ လှိုက်ဖိုလာတော့သည်။ ကျွန်မ အိမ်ပြင်သို့ ထွက်ရှာနေခိုက် အိမ်ထဲတွင် ကျွန်မကိုယ်စား စိတ်ချရသော တစ်ဦးတစ် ယောက်ရှိဖို့ လိုအပ်သည်။ သူတို့ကို မျက်ခြည်မပြတ် သင်ကြားပြောဆို ဆုံးမရန် လိုပေသည်။ စည်းစနစ်လည်း ကျအောင် နည်းပေးလမ်းပြ ဆိုဆုံးမနိုင်မည့်သူကို ရှာဖွေကြည့်မိသည်။ ဆွေထဲမျိုးထဲ၌လည်း တစ်ယောက်မှ မရှိ။ မိတ်ထဲဆွေထဲ၌လည်း တစ်ယောက်မှ မရှိ။

သူတို့ ဝေယျာဝစ္စကို လုပ်ကိုင်ပေးကြရန် အိမ်ဖော်မိန်းကလေးများသာလျှင် သူတို့အပါး၌ ရှိနေကြ၏။
ကျွန်မမှာ အိမ်ပြင်မထွက်ဘဲ အိမ်ထဲတွင်ရှိနေကာ သူတို့ကို ရင်အုပ်မကွာ သွန်သင်ဆုံးမ နည်းပေးလမ်းပြ လုပ်လိုသော စိတ်မှာ ပြင်းထန်၍သာ လာလေသည်။ အရွယ်ရောက်စ ဖြစ်ကြ၍ သင်ပြထိမ်းသိမ်းရန် အချိန်မီသေးသည်။ ဘ၀အသိတရားများ ပေးလိုက်ဖို့ အချိန်ရှိသေးသည်။ ဤအခွင့်အရေးမျိုးရအောင် ဘယ်ပုံကြံရမည်နည်းဟု ကြံဆစဉ်းစားရင်း စိတ်ထဲ၌ မချင့်မရဲ ဖြစ်လာမိသည်။ ကိုယ်ခွဲမရှိသော ဘ၀ကို စေ့စေ့ တွေးလျက် စိတ်မချမ်းမသာ ဖြစ်လာပြန်သည်။

ဒေါ်ဥမိသားစုနှင့် ကျွန်မ မိသားစု ဘ၀အခြေအနေကို နှိုင်းယှဉ်စဉ်းစားကြည်လိုက်သည်။ ဒေါ်ဥတို့ မိသားစုက အဘက်ဘက်က ပြည့်စုံသည် ထားစေဦး၊ မိဘနှင့် သားသမီးတို့ အပြန်အလှန် ထားရှိရမည့် ၀တ္တရား ကို နှိုင်းယှဉ်ကြည့်လျှင် ကျွန်မတို့မိသားစုမှာ သူတို့မိသားစုကဲ့သို့မဟုတ်ဘဲ လျော့ပါးနေသော အချက် များကို တွေ့ရပေသည်။ အမှန်စင်စစ် ကျွန်မသည် အဖေတစ်ယောက် အနေနှင့် ရှေ့ကနေ၍ ဦးဆောင် ထမ်းရွက်သွားနိုင်သလို အမေတစ်ယောက်နေဖြင့်မူကား နောက် ပိုင်းဟာ၍ နေသည်ကို တွေ့ရ ပေသည်။

ပြည်-ရန်ကုန် ဒီဇယ်ရထားသည် စက်ကုန်ဖွင့်လျက် မောင်းနေလေသည်။ သူတို့၏ အကြောင်း၊ သူတို့၏ အနာဂတ်ရှေ့ရေးတွေကို တွေးတောစဉ်းစားနေသော ကျွန်မသည် ဒီဇယ်ရထားနှင့်အတူ လိုက်ပြေး နေသော သူကဲ့သို့ပင် ပင်ပန်းမောဟိုက်၍ လာလေသည်။

ကျွန်မ၌စုမိ ဆောင်းမိ ရှိမည်ဆိုလျှင် အချိန်ကိုပိုင်းကာ အိမ်ထဲတွင် သားသမီးများနှင့် ရင်အုပ်မကွာ အတူနေ ချင်သည်။ အေးအေးထိုင်စားနိုင်သော အောင်စုမိ ဆောင်းမိသော ပစ္စည်းလည်း မရှိ၊ တစ်လနှင့် တစ်လ အပြေးအလွှား ရှာဖွေနေရသော ဘ၀ကို သားသမီးများအတွက် အသည်းနာမိ သည်။ ကံကြမ္မာ ဖန်လာပုံ ကား နောက်ပိုင်း၌ သူတို့အတွက်(၀ါ)သမီးပျိုမိန်းကလေးအတွက် စောင့်ရှောက်ကြည့်ရှုမည့် ကြီးတော်၊ ဒွေးလေး၊ ဘကြီး၊ ဦးလေးမျိုးဆို၍ တစ်ယောက်တလေမျှ အမြဲတစေ အိမ်၌ လာရောက်နေထိုင်ပေးနိုင်မည့်သူ မရှိသည့်အတွက် အကျပ်အတည်းတွေ့ကာ စိတ်အိုက်နေလေသည်။

ကျွန်မသည် အနာဂတ်ခရီးကို ခေါင်းနောက်အောင် တွေးနေသည်။ သက်ပြင်းသာချမိသည်။ သူတို့ရှေ့ရေးအတွက် ခုနေများ ကျွန်မ သေသွားလျှင် အခက်ဟု တွေးမိသည်။ စင်စစ် ကျွန်မဘ၀မှာ ခုပုံအတိုင်းနေလျှင်လည်းအခက်၊ သေလျှင်လည်း အခက် ဖြစ်ချေသည်။ လောက ကြောင်အားဖြင့် ပြုပြင်နိုင်သော လမ်းတစ်သွယ်ကို အတောမသတ် စဉ်းစားတွေးတောရင်း ရန်ကုန် ဘူတာကြီးထဲသို့ ရထား ၀င်သွားလေသည်။ 



တနင်္ဂနွေနေ့ ဖြစ်လေ၏။
အိမ်တွင်ဧည့်သည်စဲကာ လူရှင်းနေခိုက် ဧည့်ခန်းတွင် သားသမီးများနှင့် ထိုင်းစကးပြော နေကြသည်။ ပြည်က ဒေါ်ဥတို့၏ မိသားစုပုံပြင်ဝတ္ထုကို တွေ့မြင်ခဲ့သည့်အတိုင်း ပြောပြမိလေ သည်။  ပုံပြင်ထဲ၌ သမီိးနှင့်ပက်သက်လျက် နာယူမှနတ်သားသင့်သော အချက်ရောက်လျှင် ကျွန်မ ၏ ထင်မြင်ချက်များ၊ မှတ်ချက်များဖြင့် ဖြည့်စွက်၍ အကျယ်တ၀င့် ပြောပြသည်။ ပြောရင်း သူ့အကဲ ကိုသည်း ခတ်ကြည့်သည်။ ယောက်ျားပျိုလေးတစ်ဦးက မိန်းကလေးနှင့်မခြား အိမ်ထောင်ထိန်း သိမ်းမှု အတတ်ပညာဘက်၍ လိမ္မာရေးခြားရှိကာ ကျွမ်းကျင်တတ်မြောက်နေဟန်ကို သရုပ်ပေါ် အောင် ဖိပြောလိုက်သည်။

သမီးမိန်းကလေးမှာ ထမင်းဟင်း ချက်ပြုတ်တတ်သည်၊ ကြမ်းတိုက်၊ အိမ်သိမ်း၊ အ၀တ်လျှော် စသော အလုပ်များကို နေ့စဉ် ၀တ္တရားအနေနှင့် မလုပ်ကိုင်သော်လည်း စိတ်ပါလျှင် ထလုပ်တတ်သဖြင့် အိမ်ထောင် ထိန်းသိမ်းမှု အတတ်ပညာ၌ လုံးလုံး မတတ်သိ မကျွမ်းကျင်ဟု မဆိုသာ။ သို့ရာတွင် နေ့စဉ်ဝေယျာဝစ္စအနေနှင့် အိမ်မှုကိစ္စကို မလုပ်ကိုင်သည့် တိုင်အောင် မိခင်၏ ဝေယျာဝစ္စကို တာဝန်တစ်ရပ်အနေဖြင့် နေ့စဉ်လုပ်ကိုင်ဆောင်ရွက်ပေးရန် အသိဥာဏ်ပေးနည်းမျိုး သွယ်ဝိုက်လမ်းခင်း ပြောပြ သွားသည်။ 

သားများနှင့် သက်ဆိုင်နေသော အခန်းသို့ ရောက်လျှင် တစ်ဖက်လမ်းက မိဘကို ကူဖော်လောင် ဖက်ရလျက် တစ်ဖက်က ပညာကို ကြိုးစားသင်နေကြပုံကို လေးလေးနက်နက် အဓိပ္ပယ်ပေါက် အောင် ပြောပြနေမိသည်။ သားအလတ်မှာ ကျောင်းနေချင်စိတ် လုံးဝမရှိချေ။ လွန်ခဲ့ သော၂ နှစ် ခန့်က ပေတေကာ လွင့်လျက်နေသည်။ အလုပ်တစ်ဖက် အိမ်တစ်ဖက်နှင့် ဒုက္ခများ လှသော အထဲ မှ အချိန်တန် အိမ်ပြန်မလာ၍ ညဥ့်နက်သန်းခေါင်ကြီးတွင် သူသွားမည်ထင်ရာ နေရာအနှံ့အပြား မကြာမဏ လိုက်ရှာခဲ့ရခြင်းကြောင့် သူ့အတွက် အမျိုးမျိုး သောကရောက်ခဲ့ရသည်။ ယခုမှ ခြေငြိမ် သွားကာ စိတ်ငြိမ်စ ရှိသေးသည်။ မောင်စိုးမြင့်တို့၏ ဘ၀ကို သူတို့ကိုယ်တိုင် ကိုယ်တွေ့မျက်မြင် စဉ်းစား နိုင်လာ အောင် စိတ်ပါလက်ပါ အားတိုက် ခွန်တိုက်ပြောပြမိသည်။

ဒေါ်ဥတို့ ဇာတ်လမ်းပုံပြင်တဲမှ အတုယူစရာ၊ အားကျစရာ၊ သတိတရား ရစရာ ဖြစ်ကြစေအောင် ပြေပြရသည်မှုာ အာခြောက်သွားတော့သည်အထိ ဖြစ်သည်။ သားအလတ်သည် စဉ်းစားတတ် သော သဘောရှိသည်။ သားအငယ်မှုကား ရှည်ရှည်ဝေးဝေးကြီး ပြောနေစရာမလို၊ အရိပ်ပြသည် နှင့်ကောင်အထင်ကာ ပါးရည်နပ်ရည် ရှိလေသည်။

အကြီးနှစ်ယောက်သည် ၀တ္ထုပုံပြင်တစ်ခုကို နားထောင်နေရုံမျှသာဟု သဘောထားကြပုံရသည်။ အငယ်ဆုံး မှာ ဘယ်အဓိပ္ပာယ်နှင့် သည်လောက်စိတ်ရှည်လက်ရှည်နှင့် ပြောနေမှန်းကို ရိပ်မိဟန် ရသည်။
"မင်းတို့အတွက် မေမေတော့ ရင်လေးလှတယ်။ မင်းတို့မှာ ရှိတဲ့ချို့ယွင်းချက်တွေဟာ မင်းတို့အပြစ် လည်းလုံးလုံး မဟုတ်ဘူး။ မင်းတို့ငယ်စဉ်တောင်ကျေးကတည်းက ခုချိန်ထိ မင်းတို့စိတ် မင်းတို့သ ဘာတိုင်း လွှတ်ပေးထားရတဲ့အတွက် မင်းတို့ရဲ့ ချို့ယွင်းချက်ဟာ မေမေနေရာက မိခင်တစ် ယောက်ရဲ့ ပျက်ကွက်မှုကြောင့်သာဖြစ်တယ်။ ဒီအတိုင်းသာ မပြင်ကြဘူးဆိုရင် မင်းတို့ မေမေ မရှိရင် ခက်မှာပဲ"

သားအလတ်သည် မိခင်၏ လက်ရှိအခက်အခဲများကို ခရေစေ့တွင်းကျ စဉ်းစားကြည့်ပုံ မပေါက်
သော်လည်း သူ့စိတ်ထဲတွင် ကြိုတင် စဉ်းစားထားမိသော အချက်တစ်ခုကို ထုတ်ဖော်၍ ပြောလိုက်သည်။

"မခက်ပါဘူး၊ ခုနေ မေမေ သေသွားရင် မမနဲ့ မိုးဟိန်းကို ကုက္ကိုင်းက ဒေါ်ကြီးတို့ဆီ ပို့လိုက်မယ်။ ကျွန်တော် ကတော့ စာပုံနှိပ်တိုက်ကို ပြေးမှာပဲ။ ဒီတိုက်ကို ဘယ်သူမှ မထိရဘူး"
သူ့စကား မဆုံးခင် သမီးက ၀င်ပြောသည်။
"အောင်မယ်၊ ဒီတိုက်က မင်းချည်းပဲ မဆိုင်ဘူး။ တို့နာမည်နဲ့လည်း ရှယ်ယာပါတယ်"
"ပါပေ့စေလေ၊ ဘယ်သူပဲပါပါ ပုံနှိပ်တိုက်တော့ ကိုယ်သိမ်းလိုက်မှာပဲ။ အလုပ်လုပ်ပြီး မမတို့ကို ကျောင်းဆက် ထားပေးမှာပေါ့"

သမီးသည် မျက်လုံးထောင့်ကပ်လျက် သူ့ကို လှမ်းကြည့်လိုက်ကာ မျက်နှာထားနှင့် ပြောလိုက်
သည်။
"ဟင်း…ကျောင်းပဲ ဆက်ထားပေးမလား၊ ပုံနှိပ်တိုက်က ရှိတာလေးပဲ အကုန်လုံး ဖြုန်းပစ်လို့ ကုန်မလား"
သူတို့ သည် အမေတစ်ယောက်လုံး ရှေ့ထားလျက် သေစကားပြောနေကြကာ အမွေဆိုင်နေကြ သည်။ သေတာလောက်သာ သူတို့ သိကြသည်။ ဘယ်မျှ မလွယ်ကူကြောင်းကိုတော့ ထည့်၍မျှ စဉ်းစားပုံ မရကြချေ။ ကျွန်မသည် သူတို့်အချင်းချင်း သေစကား၊ အမွေစကား ပြောဆိုနေခိုက် ဘ၀သစ်ကို မျက်နှာမူ လိုက်မိလေသည်။

မျက်နှာမူကြည့်မိသော ထိုဘ၀သစ်ကား သေစကားပြောနေ၍ ဘ၀တစ်ပါးကူးပြောင်းသွားသော ဘ၀သစ်မဟုတ်ဘဲ လက်ရှိဘ၀ကို တွန်းလှန်ပြောင်းလဲ၍ စိတ်ကူးထဲတွင် ဘ၀သစ်တစ်ခု ထူထောင်ကြည့် လိုက်ခြင်းဖြစ်သည်။

ထိုအချိန်၌ ကျွန်မ အတွေးထဲဝယ် ကျွန်မအား ဘ၀ခရီးတွင် တစ်ယောက်တည်း မနေပါရန် ဘ၀အဖော်အဖြစ် လိုက်ပါ ရစေဟု တိုက်တွန်းတောင်းဆိုနေသော အကျဉ်းထောင်မှ လွတ်မြောက်
လာသူတစ်ဦး၏ မေတ္တာတရားသည် လူပျို အပျိုများ တစ်ဦးပေါ်တစ်ဦး ထားရှိကြသော မေတ္တာမျိုး မဟုတ်မှန်း အကဲခတ်မိသည်။ ကျွန်မဘ၀ခရီးအတွက် တစ်ဖက်တစ်လမ်းမှနေ၍ ကူညီရိုင်းပင်းချင် သာ စေတနာသည် ကွယ်လွန်သွာသော ကျွန်မ၏ ခင်ပွန်းကို ကြည်ညိုရင်းက ကျွန်မပေါ်၌ လေးစား ခင်မင်ရင်း က အကြောင်းခံဆက်စပ်၍ ထွက်ပေါ်ပြင်းပြလာသော စေတနာလည်း မှန်ကန် ပ၏။ သူသည် ထင်ရှား ကျော်စော သော ပုဂ္ဂိုလ်ကြီးတစ်ဦးတစ်ယောက် မဟုတ်ချေ။ သည်းခံတတ် သာ စိတ်နှလုံးနှင့် ရိုးဖြောင့်သော သူတစ်ဦးသာ ဖြစ်သည်။

မုဆိုးမဘ၀နှင့် ကျင်လည်ခဲ့ရသော ခရီး၌ သားရေး၊ သမီးရေး၊ အိမ်တွင်းရေးတို့အပြင် ကိုယ်ရေးကိုယ်တာအဖို့ပါ တည်တံ့ခိုင်မာမှုရှိစေရန် ကျွန်မ၏ ယုံကြည်လေးစားမှု ရရှိသော ထိုသူအား ဘ၀အဖော်အဖြစ် လက်ခံစဉ်းစားတွေးခေါ်ကြည့်လိုက်မိသည်။ သားရေး၊ သမီးရေး၊ ဘ၀၏ အနာဂတ်ရေး၊ လူမှုဆက်ဆံရေး၊ လူ့လောကအလယ်၌ တင့်တောင်းတင့်တယ်ဖြစ်ရေး၊ စိတ်
ချမ်းသာမှု ကိုယ်ချမ်းသာမှုစသော ထောင့်အမျိုးမျိုးမှ ချိန်းထိုးတွက်ဆ၍လည်း ကြည့်နေမိလေသည်။

ကျွန်မ အိမ်ထောင်ပြုစဉ်က သွားလေသူ၏ ဘ၀ခရီးကြမ်းတစ်လျှောက်တွင် ကူဖော်လောင် က်အဖြစ် လက်တွဲလိုက်ပါရန် စေတနာပြဠာန်း ဆုံးဖြတ်ချက် ချခဲ့သည့်နည်းတူ ယခု ထိုသူကလည်း သားကြီး၊ သမီးကြီးများနှင့် မုဆိုးမဘ၀ တစ်ယောက်တည်း ဦးဆောင်သော ခရီးကြမ်းတစ် လျှာက်တွင် ကုဖော်လောင်ဖက်အဖြစ် စေတနာ ပြဠာန်းပုံချင်း ထပ်တူကျနေသည့်အတွက် သူ့စေ နာ သူ့မေတ္တာကို နှိုင်းဆခန့်မှန်းနိုင်သည်။ ဤစေတနာမျိုး ဤမေတ္တာစေတနာဟု အဆုံးအဖြတ် ပေးနိုင်သည်။

အဆုံးအဖြတ် ပေးနိုင်ငြားလည်း သူ့အကျိုး သူ့အတွက် ရှေးရှု့ထောက်ထားလျှက် လွတ်လပ်သောသူ ဖြစ်သည့် အတိုင်း လွတ်လပ်သော သူအခြင်းခြင်း နှင့်သာ ပေါင်းသင်း ချစ်ခင်ကြစေရန် တောင်းဆိုချက်ကို လက်မခံဘဲ ငြင်းပယ်ခဲ့သည်။

အကြောင်းအမျိုးမျိုး ပြလျှက် အတန်တန် ငြင်းပယ်နေခဲ့လျှက် နောက်မဆုတ်ခြင်းဖြင့် ရှေ့တိုး၍သာ ထင်ရှားဖော်ပြနေသည်။
ခုနေ ကျမသေသွားလျှင် ဘာလုပ်မည် ညာလုပ်မည် အပြန်ပြန်အလှန်လှန် ပြောဆိုနေကြသော သားသမီး များ ရှေ့ ၌ သူတို့က တလမ်း စဉ်းစားနေချိန်တွင် ဘဝခရီး အတွက် ဘဝအဖော်နှင့် သွားသင့် မသွားသင့် တယောက်တည်း ကျိတ်၍ ကျမ က တလမ်း စဉ်းစားနေမိလေသည်။

ပြီးပါပြီ
.
>>>ဆက်ဖတ်ရန်>>> >>

Wednesday, September 15, 2010

ဂျာနယ်ကျော် မမလေး ၏ ဘဝအဖော် အပိုင်း (၁)

ဘ၀အဖော်

ကျွန်မ မျက်စိထဲ၌ ဆန်းနေသည်။
အသက်အားဖြင့် ၁၈နှစ်ခန့််ရှိ လူပျိုပေါက် အရွာယ်ကလေး ဖြစ်သည်။ နေရောင်ခြည်ထဲတွင် အကျီင်္မပါဘဲ ဦးထုပ်ကလေး ဆောင်းကာ အိုးခွက်များတိုက်ချွတ်ဆေးနေလေသည်။ အိုးတိုက်ခွက်တိုက် အလုပ်ကို မိန်းကလေး တစ်ယောက်နှင့် မခြားကျင်လည်စွာ တိုက်ချွတ် ဆေးကြောနေလေသည်။ အလုပ်ထဲ၌ စိတ်ဝင်စား နေပုံလည်း ပေါ်၏။ အိုးတိုက်ဖွဲပြာမျးကို ကျုံး၍ ဧရာမဒန်အိုးကြီးတစ်လုံးကို နှံ့နှံ့စပ်စပ် ပွတ်တိုက်ပြီး သွားမှ အခြားအိုးအလတ်၊ အိုးအငယ် အရွယ်အစားစားကို တစ်အိုးပြီးတစ်အိုး ဆွဲ၍ဖွဲပြာနှင့် ပွတ်တိုက် နေပြန်လေသည်။

ကျွန်မမှာ ပက်လက်ကုလားထိုင်ပေါ်၌ ထိုင်ကာ သူလုပ်ပုံကိုင်ပုံကို စိုက်၍ ကြည့်နေ၏။ သူလုပ်ကိုင် နေပုံမှာ အလွန်သေချာလှသည့်အတွက် စိတ်ဝင်စားရသည်။ နေရောင်ခြည်သည် သူ့ကျောကုန်းပေါ်သို့ ထိုးကျ နေသည်။ သူ့ကိုယ်တွင် ရေချိုးထားသကဲ့သို့ ချွေးများစိုရွဲလျက် ရှိ၏။ ကစားခုန်စားဘက်၌ လူငယ် လူရွယ် တစ်ယောက်ဟု ခန့်မှန်းရသည်။ ကိုယ်လုံးကိုယ်ပေါက် တောင့်တင်းထွားကျိုင်းလျက် လှပသော ကိုယ်နေ အချိုးအစားမျိုး ဖြစ်၏။

အိုးတွေ ခွက်တွေ တိုက်ချွတ်ဆေးကြောနေသော နေရာသည် အိမ်ရှေ့မျက်နှာစာတွင် ဖြစသည်။ လူသွားလမ်းနှင့် နီးကပ်နေသည်။ လမ်းပေါ်၌ ရွယ်တူတန်းတူဖြစ်သော အပျိုလေးသုံးယောက်သည် ဈေးခြင်းတောင်း ကိုယ်စီဆွဲလျက် လျှောက်သွားကြသည်။
ခရမ်းရောင် နိုင်လွန်လက်ပြတ် ၀တ်ထားသော အပျိုမလေးက သူ့ကိုလှည့်ကြည့်သွားလေသည်။ ထိုအချိန်၌ သူသည် ဒန်အိုးအဖုံးများကို တစ်ချက်ပြီး တစ်ချပ်ဖွဲပြာမှုန့်နှင့် ပွတ်နေရင်းမှ လှမ်းကြည့် လိုက်သည်။ အပျိုမကလေးက ပြုံးစိစိကြည့်သွားသည်။ သူ့မျက်နှာတွင် ဘာမျှ ထူးခြား၍မသွား။ ကျွန်တော် အိုးတိုက်၍ နေပါသည်ဟူသော ရိုးသားသော အသွင်မှတစ်ပါး ရှက်ပုံလည်းမရှိ။ ကျွန်မ သာလျှင် ပကတိ မထူးခြားသော သူ့အမူအရာကို ကြည့်ကာရင်ထဲ၌ လှုပ်ရှားနေလေသည်။

ကျွန်မ သားသည် သူ့အရွယ်လောက်ပင် ဖြစ်သည်။ ကိုယ်လုံးကိုယ်ပေါက်လည်း ဆင်သည်။ သူ့နေရာတွင် ကျွန်မသားကို အစားထိုးကာ အိုးတိုက်ခွက်တိုက်နေပုံကို မြင်ယောင်ကြည့်နေ မိသည်။
အစားထိုးကြည့်မှ ရုတ်တရက် ပြဿနာတစ်ခု ပေါ်လာသည်။ သူသာကျွန်မသားဖြစ်ခဲ့လျှင် အိုးတိုက် ခွက်တိုက် အလုပ်ကို ခိုင်းနိုင်ပါ့မလား။ ဤမေးခွန်းမှာ ချက်ချင်းပဲ အဖြေထွက်သည်။ ကျွန်မသားဆိုလျှင် ဘယ်နည်း နှင့်မျှ ဤအလုပ်ကို ခိုင်းစေလိမ့်မည်မဟုတ်။ လူပျိုပေါက်ကလေး ဖြစ်လျက် သူ့အမေက ဘယ့်နှယ်ကြောင့် များ အိုးတွေ ခွက်တွေ တိုက်ခိုင်းရသလဲ။ သူ့တို့မိသားစုထဲ တွင် သူသည် သားအကြီးဆုံး ဖြစ်သည်။ သမီးမိန်းကလေး မရှိ၍ သူ့အမေက သူ့ကို တစ်အိမ်ထောင် လုံးလုပ်ငန်း တာဝန်များ လုပ်ကိုင်ရန် လွှဲအပ်ထားသည့်အတိုင်း အပိုးကျိုးနေပါပေ၏။

သူသည်နံနက် ၃နာနီ၌ ထရသည်။ မျက်နှာသစ်ရန်ပင် အချိန်မရဘဲ မီးဖိုထဲသို့ တန်းပြေးကာ ကပျာပယာ မီးမွှေးလေသည်။ မုန့်ဟင်းခါးဟင်းရည်အိုးကြီး တည်ရန် စိုင်းပြင်နေသည်။ ခွင်ပေါ်သို့ ဟင်းအိုးကြီး ရောက်သွားပြီး သည်နှင့် ထမင်းလက်သုပ်အတွက် ထမင်းအိုးကြီး တစ်အိုးကို ဆန်ဆေး၍ တည်လိုက်ပြန်သည်။ ညဥ့်ဦးယံက ကြော်လှော်ထားသော ငရုတ်ဆီ၊ ဆီချက်၊ ညက်ညက်ပါအောင် ထောင်းထား သော ပဲမှုန့်၊ ပုဇွန်ခြောက်စသည်တို့ကို ကြွေရည်သုတ် သံခွက်များထဲတွင် မောက်အောင် ထည့်ပြင်သည်။ ထမင်းအိုးကျသည်နှင့် အာလူး၊ ကြာဆန်၊ ပဲလိပ်၊ ဘဲဥအစရှိသည်တို့ကို ဖိုပေါ်တင်ပြုတ် လိုက်ပြန်သည်။

သူ့ညီလေး မောင်အေးသည် အိပ်ရာမှ ထလာသည်။ မောင်အေးမှာ အသက်အားဖြင့် ၁၂နှစ်ခန့်ပင် ရှိသည်။ ဝေလီဝေလင်းတွင် အစ်ကိုက ညီကိုချော့မော့ ပြောဆိုနေလေ၏။
''ညီလေး၊ ပန်းကန်တွေ တောင်းထဲ ထည့်တော့။ အိမ်ရှေ့မှာ တွန်းလှည်းပြင်ထားပြီ''
မီးဖိုထဲ တွင် သမံတလင်းပေါ်၌ ဒေါက်ဒေါက် ပြေးနေသော သူ့ဖိနပ်သံဖြင့် သူ့အမေ ဒေါ်ဥသည် နိုးသွား လေသည်။
''မောင်စိုးမြင့်ရေ သင်္ဘောသီး ခြစ်ပြီးပြီလား''
ဒေါ်ဥသည် ပြောပြောဆိုဆို အိပ်ရာမှ ထလာသည်။

''အားလုံး အဆင်သင့်ပါ အမေ'' ဟုချိုအေးသံသာဖြင့် သူကပြန်ပြောသည်။
သူ့အမေနေရာတွင် အခြားမိခင်တစ်ဦးဆိုလျှင် သမီးမိန်းကလေးတစ်ယောက်လို အားကိုးရသည့် သားအတွက် ကျေနပ်ကြည်နူးသွားကြမည်သာပင်။ သူ့အမေနေရာတွင် ကျွန်မနေကြည့် လိုက်သည်။ ကျွန်မ မှာ သူ့အမေဆိုလျှင်ပင် သူလုပ်ကိုင်နေပုံတွေကို ကြည်နေဖို့ မဆိုထားဘိ။ သူ့အမေနံဘေးက ယှဉ်ကြည့် ရမည်ဆိုလျှင်ပင် သူလုပ်ကိုင်နေပုံတွေကို ကြည့်ရင်းကြည့်ရင်း ရင်ထဲ၌ အောင့်လာ စရာရှိသည်။

နံနက်မိုးသောက်စ လက်တွန်းလှည်းကြီးပေါ်တွင် အိုးခွက်ပစ္စည်းပစ္စယတွေ အကုန်တင်ကာ သားအမိ သုံးယောက် အိပ်က ထွက်သွားကြသည်။ ပြည်မြို့ ကင်းဘုရားအနီးရှိ ကွက်လပ်၌ ထမင်းလက်သုပ်ဆိုင် ဖွင့်ခင်းကြသည်။ တာလပတ်အဖြူ ရွက်ထည်ရုံကြီးမိုးလျက် စားပွဲခုံများ ခွေးခြေများနေရာချ ခင်းကျင်း ပြင်ဆင်ကြသည်။ ခုံတန်းရှည်ကြီးပေါ်၌ လက်သုပ်ရောင်းရန်အတွက် အမည်မျိုးစုံတို့ကို ပတ္တလား စီချ ခင်းသည်။ ဆိုင်ရှေ့မှ  ရပ်ကြည့်လိုက်လျှင် စားပွဲခုံရှည်ပေါ်၌ ထမင်း၊ အာလူး၊ ကြာဆံ၊ သင်္ဘောသီး၊ ပဲလိပ်၊ ကျောက်ပွင့်၊ ပဲပြားစသော ပစ္စည်းအမည်များမျာ သီးခြားတစ်ခွက်စီ ထည့်ထားသည်။ ယင်မနားအောင် လက်နှိုက်သာရှံ ဖွင့်လျက် အ၀တ်ဖြူစနှင့် ဖုံးအုပ်ထားသည်။ ဆီချက်၊ ပဲမှုန့်၊ ပုဇွန်ခြောက်၊ ငရုပ်သီး၊ ငံပြာရည်၊ မန်ကျည်းရည် စသောအမည် များကိုသဇလုံ အဖြူခွက်ကလေးတွေနှင့် တန်းစီ ၍ ချထားလေသည်။

သားအမိနှစ်ယောက် ဆိုင်ကိုခင်းကျင်း ပြင်ဆင်နေသည်။ သားအငယ်မောင်အေးသည် မီးမွှေးနေသည်။ မောင်အေးသည် မီးမွှေးပြီး သူ့အလုပ်ကို တစ်ခုပြီးတစ်ခု လုပ်ရန်အတွက် ဟန်ပြင်နေပြီ။ သူသည် ပန်းကန်ဆေး ရမည်။ မုန့််ပွဲချရမည်။ ပိုက်ဆံသိမ်းရမည်။
'ဟေ့ မောင်အေး၊ ရေနွေးကြမ်းဟေ့' ဟုဆိုလျှင် အဆင်သင့်ဖြစ်ရအောင် ရေနွေးအိုးကြီး တည်နေသည်။
နံနက် စောစော ရ နာရီခန့်က ဒေါ်ဥ လက်သုပ်ဆိုင်သို့ ကျွန်မနှင့် မမပြုံးတို့ ရောက်သွားကြသည်။

သန့်သန့်ရှင်းရှင်း ခင်းကျင်းပြင်ဆင်ထားပုံကို တန်းတွေ့ရသည်။ စားပွဲ၊ကုလားထိုင်တိုင်းတွင် လူတွေ ပြည့်ကျပ် နေလေ၏။ ရွက်ထည်ရုံကြီးမိုးလျက် စားပွဲကုားထိုင်နှင့် ကျကျနန ထည်ထည်ဝါ၀ါ ရောင်းသော ထမင်းလက်သုပ်ဆိုင်ကို သည်တစ်ခါသာ တွေ့ဖူးသေး၏။ ထမင်းကို ငရုပ်ဆီရောင် မဆိုးဘဲ အဖြူထည် ပြင်ကာ ငရုပ်ဆီဆမ်းပေးသည်။ ဒေါ်ဥမှာ နှစ်ပေါင်းများစွာ ရောင်းခဲသဖြင့် လက်သားကျနေ၏။ ဘာထပ် ထည့်ပါဦးဟု မပြောရအောင် တစ်ခါပြင်နှင့် လက်မှန်းကောင်းကာ အစပ်တည့်၏။ ပြည်မြို့ တစ်မြို့လုံး ဒေါ်ဥကို စွဲကြသည်။ နေထိုင်မကောင်း၍ ဒေါ်ဥဆိုင်မထွက်သော် မနက်မိုးလင်း သူ့လက်သုပ် မစားရလျှင် မနေနိုင်မထိုင်နိုင် ဖြစ်သူတိုင်း ကသိကအောက် ဖြစ်ကြရသည်။

တစ်နေ့နံနက် ပျက်ကွက်သည့်အတွက် 'ခင်ဗျားကြီး သေများနေသလား' ဟု မချင့်မရဲ ရန်တွေ့ တတ်ကြ သည်။
မောင်အေးသည် ခေါင်းတုံးဆံတောက်ကလေးနှင့် စွပ်ကျယ်လက်တို ဘောင်းဘီတို နက်ပြာကလေး ၀တ်ထားသည်။ တစ်ပန်းကန်းပြီး တစ်ပန်းကန် ပြေးချပေးရသည်။ ဟိုတောင့်သည်တောင့်တို့မှ 'မောင်အေးရေ' ဟုအော်လိုက်လျှင် ပန်းကန်းဆေးနေရာမှ လက်ဖက်ရည်ကြမ်း ကရားအိုးထဲ ရေနွေးဖြည့် ပေးရသည်။ မုန့်တစ်ပွဲကို အကြော်ပါလျှင် ဘယ်လောက်၊ အကြော်မပါလျှင် ဘယ်လောက် ၀ိုင်းတစ်ဝိုင်း တွင် ပန်းကန်ချလိုက်တိုင်း စိတ်ထဲက တွက်ချက်ပြီးသား ဖြစ်အောင် လည်ပေသည်။

ဒေါ်ဥမှာ တစ်ချိန်လုံး မတ်တတ်ရပ်လျက် လက်မအားအောင် ပြင်ပေးနေသည်။ မုန့်ပြင်နေရင်း ဆိုင်ထဲ ၀င်လာသူတိုင်းနှင့် စကားပြောလိုက်သေးသည်။ ကျွန်မရှေ့၌ လာချလိုက်သော လက်သုပ်ပန်းကန်မှာ အဆင်သင့် ဇွန်းဖြင့်ခပ်စားနိုင်ရန် တစ်ခါတည်း နယ်ပေးလိုက်သည်။ ဟိုဟာသည်ဟာ ထပ်တောင်းစရာ မလိုလောက် အောင်ပင် အစပ်တည့်နေသည်။ တစ်ဇွန်းနှစ်ဇွန်းနှင့်ပင် ပါးစပ်ထဲ၌ စွဲသွားသဖြင့် ဒါကြောင့် လည်း မနက်တိုင်း မစားရမနေနိုင်ဖြစ်ကြ မှာပဲဟု တွေးမိသည်။

လက်သုပ်မုန့်ဟင်းခါး ရောင်း၍ရသော ဒေါ်ဥ၏ ၀င်ငွေမှာ တစ်လ ၅၀၀၊ ၆၀၀ ရသည်။ နံနက်၆နာရီ မှ ၁၀နာရီ ထိသာ ဆိုင်ဖွင့်သည်။ တစ်နေ့လုံးများ ဆိုင်ထွက်နိုင်ခဲ့လျှင် ၀င်ငွေ ၁၀၀၀ ခန့်ရှိမည်ဟု အဆိုရှိသည်။
ပြည်မြို့သို့ ကျွန်မ နှစ်ခေါက်သုံးခေါက် ရောက်သွားသော်လည်း ဒေါ်ဥတို့ မိသားစုနှင့် အသိမိတ်ဆွေ မဖြစ်ခဲ့ချေ။ ယခုတစ်ခေါက်မှ မမပြုံးက ညဘက်ခေါ်သွား၍ ရောက်ဖူးရသည်။ သမံတလင်းခင်း၊ ပျဉ်ထောင်သွပ်မိုးအိပ်သစ်ဖြင့် မိသားစုတစ်စု ထောင့်စွန်းခန်းကို ငှားနေကြသည်။ ၀င်ဝင်ချင်း အိမ်ရှေ့ ဘုရားခန်း တွင် စားပွဲခုံနှစ်ခုံ နံရံကပ်ထားသည်။ စားပွဲပေါ်၌ စာအုပ်များသပ်သပ် ရပ်ရပ်စီ၍ ထားသည်။ ထိုအခန်း နှင့် ကန့်လန့်ကာခြားလျက် ပေါ်လစ်ရောင်ပြောင်နေသော နှစ်ယောက်အိပ် ခုတင်ကြီး ခင်းထားသည်။ ခုတင်ပေါ်၌ မွေ့ရာခင်း၊ ခေါင်းအုံးစွပ်များမှာ ဒိုဘီချအတိုင်း ခေါက်ရိုးကျကျနှင့် ဖြူဖွေး နေသည်။ ခုတင်နှင့် တစ်ဆက်တည်း ခြေရင်းဘက်တွင် ကွပ်ပျစ်တစ်ချပ် ခင်းထားသည်။ လူသွား လမ်းဘေးတွင် အ၀တ်အစားသေတ္တာများ အောက်က ခုခု၍ အစီအရီ တင်ထားသည်။

သေတ္တာများပေါ်၌ ကြိုးတန်းတွေ့ရသည်။ မျက်နှာသုပ်ပ၀ါ၊ ပုဆိုး၊ အင်္ကျိများကို ခေါက်တင်ထားပုံမှာ စနစ်ရှိသော အိမ်ရှင်မကောင်း တစ်ယောက်၏ လက်ရာအတိုင်း ဖြစ်သည်။
ဤအခန်းကို ကျော်လျှင် မီးဖိုကိုတွေ့ရသည်။ ဆေးရောင်စိမ်းသုတ်ထားသော သံဇကာ ကြောင်အိမ်ကြီး တစ်လုံးသည် နံရံ၌ ကပ်နေသည်။ ကြောင်အိမ်ပေါ်၌ နို့ဆီ၊ သကြား၊ကော်ဖီမှုန့်၊ ဟောလစ် စသော ဘူးခွက် တို့ကို ကြည့်ခြင်းအားဖြင့် အလျှံပယ် စားနိုင်သောက်နိုင်ပုံပေါ်သည်။

မီးဖိုထဲ၌ ဆန်ကိုအိတ်လိုက် ထောင်ထားသည်။ ဆီကို ပုံးလိုက်တွေ့ရသည်။ ငရုတ်၊ ကြက်သွန်၊ အာလူးစသော စားသုံးကုန်များမှာ လက်လီဝယ်သုံး၍ မဖြစ်။ နေ့စဉ်လက်သုပ်ဆိုင်အတွက် အိမ့်အတွက်သုံးနေရသောကြောင့် အိတ်လိုက်၊ ပုံးလိုက်၊ ပိဿလိုက် အတောင့်ဝယ်ထားရသော ပစ္စည်းတွေ ဖြစ်၏။
ဗီရိုထဲတွင် တိုက်ချောပန်းကန်များကို အထပ်လိုက် စီတင်ထားသည်။ မီးဖိုထဲ၌ ဘယ်ပစ္စည်း ကြည့်ကြည့်၊ ပြောင်ပြောင်ရောင်ရောင် ရှိသည်။ အိမ်ကြီးအိမ်ကောင်းများ၌ သုံးသော နိုင်ငံခြားလုပ် ခွက်ယောက် အသုံးအဆောင် များနှင့် မကင်းသည်ကိုတွေ့ရ၏။ သောက်ရေအိုးဖုံးပေါ်တွင် တင်ထားသော ကြေးဖလား မှာ အရောင်တပြောင်ပြောင် လက်နေလေသည်။

အိမ်ရှေ့ အိမ်နောက်ဖေးအထိ တစ်ခန်းလုံးတွင် ထူးခြားချက်တစ်ခုတွေ့ရသည်။ ၄င်းမှာ အိမ်ရှေ့ရှိ စာရေးစားပဲခုံကလေး ကပ်ထားသော နံရံတစ်ခုလုံး၌ မှန်ပေါင်သွင်း၍ ချိတ်ထားသော ကားချပ်များ ဖြစ်သည်။ ဒေါ်ဥ၌ သားသုံးယောက်ရှိသည။ သားသုံးယောက်စလုံး ကျောင်းတွင် အတန်းတိုင်း၌ စာတော်ကာ ပထမစွဲကြသည်။ စာမေးပွဲတိုင်း ပထမချည်းစွဲ၍ ဂုဏ်ထူးဆောင်နှင့် အောင်ကြသော အောင်လက်မှတ် များကို နံရံ၌တန်းစီ၍ ဆွဲချိတ်ထားလေသည်။ သားအကြီး မောင်စိုးမြင့်သည် ၁၀တန်း ဖြေထားသည်။ သားအလတ် မောင်အေးသည် ၇တန်းဖြေထားသည်။ အငယ်ဆုံး မောင်တင်ဝင်းမှာ ၄-၅တန်း ရောက်နေလေပြီ။ သားတွေအတွက် စာမေးပွဲ မအောင်မှာကို လုံးဝမပူရဘဲ ပထမ မစွဲကြမှာ ကိုသာ ပူရသည်။

''ဟောဒါက မောင်စိုးမြင့် ပထမစွဲခဲ့တဲ့ ဂုဏ်ထူးဆောင် အောင်လက်မှတ်ပဲ။ ဟောဒါက မောင်အေး ၄တန်း၊ ၅တန်း၊ ၆တန်း၊ ၇တန်း၊ အထိစာမေးပွဲတိုင်းမှာ ပထမချည်း စွဲလာတဲ့ အောင်လက်မှတ်တွေ''
ဒေါ်ဥသည် မှန်ပေါင်သွင်း ချိတ်ထားသော စာမေးပွဲအောင်လက်မှတ်များကို တစ်ခုပြီးတစ်ခု ကြည့်လျက် အေးတိအေးစက်ဟန်ဖြင့် မပွင့်တပွင့် ပြောပြနေသည်။
အစိုးရတန်းမြင့်ကျောင်းတွင် စာသင်နေကြသော ကျောင်းသားတွေဖြစ်လျက် မနက်တိုင်း လက်သုပ်ဆိုင် ထွက်ရောင်းကြကာ အတန်းတိုင်း ပထမစွဲအောင် စာကြိုးစားကြသော ကလေးတွေကို ချီးကျူး စရာကောင်းသည်။ နံနက် ၉နာရီကျောင်းမတက်ခင် ဆိုင်အတွက် ဝေယျာဝစ္စအကုန်လုံး တစ်ယောက် တစ်လက် သိမ်းကျုံး၍ လုပ်ကြရ၏။ ကျောင်းချန်နီးမှ ကျောင်းပြေးတက်ကြ၏။ ညနေ ကျောင်းကဆင်းလာပြန်လျှင် ငရုတ်သီးထောင်းဆီကျက်ချက်နှင့် ဗာဟီရအလုပ် များလှသည်။ ညဥ့်နက်မိုးချုပ်မှ စာကျက်နိုင်ကြ၏။

သူတို့သည် အစိုးရတန်းမြင့်ကျောင်း၌လည်း နေကြသည်။ နေပုံထိုင်ပုံ ၀တ်ပုံစားပုံမှာလည်း အဆင့်အတန်း ရှိသည်။ ယခုကဲ့သို့သော အခြေအနေနှင့် လူပျိုကာလသားလေးတစ်ယောက် အိုးတိုက် ခွက်တိုက် အလုပ်တို့ဖြင့် အပိုးကျိုးနေခြင်းကို စိတ်ဝင်စားရင်း သူတို့ဘ၀ကို သူ့တို့နားလည်ကြ၍သာ ဟု တွေးမိ တော့သည်။
ကျွန်မက 'ဟေ့ မောင်စိုးမြင့်' ဟု ခေါ်လိုက်သည်။ မောင်စိုးမြင့်သည် အိုးတွေခွက်တွေကို ရေလောင်း ဆေးကြော နေရာမှ 'ခင်ဗျာ' ဟုထူးလိုက်ပြီး ပြုံးနေ၏။
''မင်းတို့ အမေ ဘယ်အချိန် ပြန်မှာလဲကွ''

ကျွန်မနှင့် မမပြုံးကို ယနေ့နံနက် ဒေါ်ဥက ထမင်းစားဖိတ်ထားသည်။ ကျွန်မမှာ နေ့လယ် ၁၂နာရီ ရထားနှင့် ရန်ကုန်ပြန်ရမည်ဖြစ်၍ ရထားနောက်ကျမှာ စိုးရိမ်နေသည်။ ဒေါ်ဥဆိုင်သိမ်း၍ ပြန်လာမှ ချက်ပြုတ် နေလျှင် မီမှမီပါ့မလားဟု စိတ်ပူသွားသည်။
''၁၀ နာရီလောက် ပြန်လာလိမ့်မယ် အန်တီ'']
'မင်းမေမေ ပြန်လာမှ ထမင်းချက်မှာလား' ဟု ကျွန်မက မေးကြည့်လိုက်သည်။
''ဘယ်ဟုတ်မလဲ အန်တီ။ မနက်က ကျွန်တော်တို့အဖေ အစောကြီးဈေးထွက်ဝယ်ပေးတယ်။ အားလုံး ကျွန်တော် ချက်ပြီးပါပြီ''

သူတို့တွင် အဖရှိမှန်း မမပြုံးပြော၍ သိသည်။ သူတို့အဖေနှင့် မတွေ့ရသေးချေ။ ကောင်းကောင်း မကျန်းမာသဖြင့် အလုပ်မလုပ်နိုင်ရှာဘဲ တစ်အိမ်လုံးကို ထိန်းသိမ်းစောင့်ရှောက်ကာ မားမားမတ်မတ် ရပ်နိုင်ရုံ၊ ပါးစပ်နှင့် စီမံရုံသာ အခြေအနေရှိသည်ဟု ဆိုသည်။ မောင်စိုးမြင့် ပြောမှ သူတို့အဖေ အခန်းကဏ္ဍ သည် ခေါင်းထဲဝင်လာသည်။ အကယ်၍သာ သူတို့သည် အဖေမရှိဘဲ မုဆိုးမ သားသမီး ဖြစ်ကြလျှင် အခုလောက် သေ၀ပ်အပိုးကျိုးကြပါမလားဟု တွေးစရာ ဖြစ်လာလေသည်။ သားယောကျာ်း လေးတွေလည်းဖြစ်ပြန် အစိုးရတန်းမြင့်ကျောင်း၌လည်း နေပြန် ဘယ်လိုပင် အမေကို ကူဖော် လောင်ဖက်ရသည် ထားဦးတော့။

ယခုလိုအိုးတိုက် အိမ်သိမ်း၊ ထမင်းချက်၊ အ၀တ်လျှော် စသောအိမ်ထောင့်တာဝန်တွေကို နေ့စဉ်နှင့်အမျှ အပိုးသေသေနှင့် သိမ်းကျုံးလုပ်ကိုင်ပေးလိမ့်မည်မထင်။ အဖေဟူသောရိုသေ ကြောက်ရွံ့ရမည့်သူ တစ်ဦးမားမား မတ်မတ်ရှိနေခြင်းကြောင့်ပင် သူတို့ကို အပိုးကျုံးအောင် ဖန်တီးပေးသကဲ့သို့ ဖြစ်နေသည်။ သူလုပ်ကိုင်နေပုံကို အကဲခတ်ရင်း စည်းစနစ်ကို အမေက ပေးသလား အဖေက ပေးသလား တွေးစရာရှိနေသည်။ သူ့အဖေနှင့် မမြင်ဘူးခင် ပုံဖမ်း၍ ကြည့်မိသည်။ မနက်အိမ်ရှင်မ ဆိုင်ထွက်နေစဉ် အိမ်အတွက် ဟင်းလျာချက်ရန် ဈေးထွက်ဝယ်သည် ဆိုသည်နှင့်ပင် ဘယ်လိုပုဂ္ဂိုလ်မှန်း အကဲခတ်နိုင်သည်။ သူ့အဖေသည် အလုပ်အကိုင် မလုပ်နိုင်သည့် အချိန်ကာလအတွင်း၌ အိမ်ကို တစ်ဖက်ကြည့်ကာ သားတွေကို ဖိဆုံးမလျက် 'မင်းအမေဆိုင်ထွက်ဈေးရောင်းနေရတာ မင်းတို့ ပညာတတ် ဖို့အတွက်' ဟု သိစေနားလည် စေအောင် ခေါင်းထဲသို့ ရိုက်သွင်းပေးနေသော အဖေ တစ်ဦး ဖြစ်ရမည်ဟု တွေးထင်ကြည့်မိသည်။

မောင်စိုးမြင့်သည် နံနက် ဝေလီဝေလင်း၌ ဆိုင်ခင်းပေးပြီး ပြန်လာကာ ထမင်းချက်ရလေသည်။ အဖေဈေးက၀ယ်လာသော ဟင်းလျာများကို ဘာနှင့် ဘာနှင့် ချက်ရန် ခိုင်းစေသည့်အတိုင်း ချက်ပြီး သွားချေပြီ။ ထမင်းချက်ပြီးသွား၍ အိုးတွေခွက်တွေကို အိမ်ရှေ့တွင် တိုက်ချွတ်ဆေးနေခြင်း ဖြစ်သည်။ သည့်နောက် အ၀တ်လျှော်၊ အိမ်သိမ်းစသော သူ့အလုပ်တွေ တစ်ပုံကြီး ရှိပေဦးမည်။
သူ့အဖေအကြောင်း စဉ်းစားနေခိုက် သူ့အဖေအပြန်က ပြန်လာသည်။ အသားညိုညို၊ ပိန်ပိန်ပါးပါး အသက်၅၀ခန့်ရှိမည်။ အညောင်းမိထားသော မကျန်းမာသည့် ရုပ်မျိုးလည်း ပေါ်သည်။ အထူးသဖြင့် မျက်လုံးများသည် ထက်မြက်လျက် သြဇာတက္ကမနှင့် ပြည့်စုံသော မျက်လုံးများ ဖြစ်သည်။ ကျွန်မကို ပြုံးပြုံးရွှင်ရွှင် နှုတ်ဆက်လိုက်လျက် သားဘက်သို့ လှမ်းကြည့်လိုက်သည်။
''ပြီးပြီလားဟေ့… မောင်စိုးမြင့်၊ ပြီးရင် ထမင်းပွဲ ပြင်ရအောင်''
သူသည် ပြောပြောဆိုဆိုနှင့်ပင် မီးဖိုထဲသို့ တန်းဝင်သွားလေသည်။

ထိုအချိန်၌ သားအမိနှစ်ယောက်သည် လက်တွန်းလှည်းကြီး တွန်းကာဈေးမှ ဆိုင်သိမ်းပြန်လာ ကြသည်။ အိမ်ရှေ့၌ လှည်းဆိုက်သည့်အခါ  မောင်စိုးမြင့်သည် ပြေးထွက်သွားသည်။ လှည်းပေါ်မှ ပစ္စည်းများကို သယ်ချကြသည်။ မောင်အေးသည် သူနိုင်သလောက် ထမ်းရွက်လျက် တစ်ခေါက်ပြီး တစ်ခေါက်မီးဖိုထဲသို့ ပို့ပေးနေလေသည်။
ဒေါ်ဥသည် မောမောပန်းပန်းဖြင့် ကျွန်မနားတွင် ထိုင်ချလိုက်သည်။ ပန်းနာသည်ကဲ့သို့ အသက်ရှုသံတွင် ချွဲသံ ပါနေသည်။ သူ့ခင်ပွန်းလို သက်လက်ဖျတ်လတ်သော အမူအရာမရှိဘဲ ခပ်အေးအေးနှင့် ရိုးသားသော အသွင်ဆောင်နေသည်။ ကျွန်မက ပြုံး၍ ပြောလိုက်သည်။

''ကျွန်မဈေးကပြန်လာပြီး မောမောနဲ့ ဒီပက်လက်ကုလားထိုင်မှာ ထိုင်နေတယ်။ မောင်စိုးမြင့် အိုးတိုက်နေတာကို ကြည့်ပြီး စိတ်ထဲမှာ တစ်မျိုးကြီးပဲ။
ဒေါ်ဥသည် မျက်လုံးကိုပင့်ကာ ဖြည်းလေးစွာ လှမ်းကြည့်လိုက်သည်။

''သူ့အဖေကလည်းမမာ၊ ကျွန်မကလည်း မာတာ မဟုတ်ဘူး၊ လက်သုပ်ရောင်းတဲ့ အလုပ်ဟာ သိပ်အညှော်မိတာ၊ ပင်လည်းပင်ပန်းတယ်။ သူတို့ကိုသာ ဒီလိုခိုင်းမလာရင် မိဘနှစ်ယောင်စလုံး မမာ နေပုံနဲ့တော့ အခက်ပေါ့။ သူတို့အကူအညီရလို့သာ ကျွန်မထွက်ရောင်းနိုင်တာပေါ့။ ကျွန်မတို့ ပင်ပင် ပန်းပန်း လုပ်ရသမျှ သူတို့ပညာသင်နိုင်ကြဖို့ အတွက်ပါပဲ။
ကျွန်မက 'လိမ္မာကြပါတယ်လေ' ဟုပြောလိုက်သည်။ ဒေါ်ဥသည် ပြုံးလိုက်လေသည်။ သူ့အပြုံးသည် မပွင့်တပွင့် ပြုံးဟုန်ဖြစ်သည်။ အပြုံးနောက်၌ ပုန်းကွယ်နေသော အားရကျေနပ်ခြင်း သည် ထွက်ပြု နေသည်။

''သူ့တို့ကျောင်းက ဆရာ၊ ဆရာမတွေဆိုရင် သူတို့အကြောင်း သိလို့သူတို့ကို သိပ်ချစ်ကြတာပဲ။ ဖအေကလည်း မျက်နှာသာကို တစ်ချက်မှ မပေးဘူး။ အပိုးကျိုးအောင် ဖိခိုင်းပြီး ပညာတတ် ကြအောင်ပဲ စောင့်ကြည့် စောင့်ပြောနေတော့တာပဲ။ ဈေးထဲမှာ တချို့ဆိုင်လာစားတဲ့ သူတွေ သူတို့ကျောင်းနေမှန်း မသိကြဘူး။ 'ခင်ဗျားကြိး သားလေးတွေကို ခိုင်းလိုက်တာဗျာ။ ကျောင်းလေးဘာလေး အရွယ်ရှိတုန်း ထားပါဦး' လို့ပြောကြတယ်။ ကျွန်မက ဘာမှမပြောဘဲ အသာလေး နေလိုက်တယ်။ ကျောင်းချိန်နိုးလာရင် ဆိုင်ကနေ ကျောင်းကို ပြေးတက်ကြတာပဲ''

ကျွန်မမှာ သူပြောသည်ကို နားထောင်ရင်း တစ်ဖက်၌ တွေးမိတွေးရာတွေးနေမိသည်။ မျက်စိရှေ့ထဲတွင် ကျွန်မသားသမီးသုံးယောက်၏ မျက်နှာများသည် ရစ်ဝဲနေလေသည်။ သူတို့အဖေ သေဆုံးသွားပြီးသည့် နောက်အဆင့်အတန်းမြင့်အောင် လူ့အောက်သူ့အောင် မကျအောင်ဆိုတာတွေထက် ပိုလွန်ကဲလျက် ၀တ်ချင်သလိုဝတ် စားချင်သလိုစားကြစေကာ အဘက်ဘက်ကလိုလေသေးမရှိအောင် အလိုလိုက် ခဲ့သည်။ အိမ်မှုကစ္စ၌ အမေကိုယ်တိုင်က တံမြက်စည်းလှည်း ကြမ်းတိုက်ခဲ့သည်။ သားသမီးများကို တံမြတ်စည်း တစ်ချောင်းမှ မကိုင်ခိုင်းခဲ့ပုံ တွေကိုတရေးရေး တွေးမြင်နေမိလေသည်။

ဒေါ်ဥက ဆက်ပြောသည်။
''ဆွေမျိုးတွေ သဘောမကျသူနဲ့ အိမ်ထောင်ချလာခဲ့တော့ ကျွန်မဘ၀ဟာ ဆွေမျိုးတွေနဲ့ အတော် ဝေးနေတယ်။ ဒီကြားထဲ လက်သုပ်ကလည်းရောင်းတော့ သူတို့တစ်တွေနဲ့ သာ မတွေ့ချင် သေးတယ်''

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

Tuesday, September 14, 2010

ဂျာနယ်ကျော် မမလေး ၏ လောကီရတနာ အပိုင်း (၁၂) ဇာတ်သိမ်း ပိုင်း

(၁၂)

ကျွန်မသည် အလောင်းခြေရင်းမှနေ၍ ကြီးကြီးခင်၏ မျက်နှာကို တစိမ့်စိမ့် ထိုင်ကြည့်နေ ရင်း ကျွန်မနှင့် နောက်ဆုံးအဖြစ် တွေ့ကြသည့်နေ့က မီးဖိုထဲတွင် ကျွန်မအား စကား တစ်ခွန်းမှ မပြောနိုင်လောက်အောင် ဆို့လျက် မှိုင်တိမှိုင်တိုင် ဖြစ်နေရှာသော မျက်နှာ ကလေးကို ကွက်ခနဲ မြင်ယောင်လာသည်။
မျက်တောင်သာ မခတ်ပေသည့် အသက်ထွက်နေသော မျက်နှာသည် မှိုင်တိမှိုင်တိုင်ပင် ထင်နေရ၏။
ကြီးကြီးခင်သည် မသေမီကပင် စိတ်ထိခိုက်လောက်အောင် ဒဏ်ရာဒဏ်ချက် ရသွားလေ သည်။

သူ့ဓာတ်လုံးကို သူတစ်ပါးက ရွှေဖြစ်အောင် အသုံးချခြင်းသည် သူ့အသည်းကို ဓားနှင့်မွှန်း ပြီးသား အနာတရကြီး ဒဏ်ရာရလိုက်ပေပြီ။
ကျွန်မကို မြင်လျှင် အကြောင်းသိခြင်းမို့ ပို၍သာ စိတ်မချမ်းမသာ ဖြစ်သွားမည်ကြောင့် ဤအတောအတွင်း ၀မ်းနည်းနည်းဖြင့် မတွေ့ဘဲ နေလိုက်မိသည်။
ကြီးကြီးခင် သေပြီဟူသော အသိသည် အသည်းကို ဆတ်ဆတ်ခါ နာနေတော့သည်။

တစ်ဘ၀လုံး ကိုယ်တိုင်လည်း မစားဘဲ မီးဖိုချောင်အလုပ်ကို ပင်ပန်းကြီးစွာ လုပ်ပေးနေရင်း နောက်ဆုံးအမောကြီးမောသွားကာ မီးဖိုနား၌ပင် ခေါင်းချသွားလေပြီ။
ကျွန်မအနားတွင် ၀ိုင်းထိုင်နေကြသော အမြတ်တော်ကြေး ၀န်ထောက်ကတော် ဒေါ်ပြုံးနှင့် မမြစိန်၊ ခင်ခင်စုတို့လည်း ကျွန်မကဲ့သို့ စိတ်မချမ်းမသာ ဖြစ်နေကြသည်။
တရှုံ့ရှုံ့ ငိုနေကြသည်။

ကျွန်မသည် ပါးပေါ်သို့ စီးလိမ့်ကျလာသော မျက်ရည်ပေါက်ကြီးကို သုတ်လျက် …
"အသက်ထွက်တာ ဘယ်အချိန်လောက်ကလဲ ဟု ခင်ခင်စုကို လှမ်းမေးကြည့်သည်။
"၇-နာရီ လောက်ပဲ … အသက်မထွက်ခင် ဆရာဝန်ကို သူ့လည်ပင်းထဲမှာ ဓာတ်လုံးရှိတယ် လို့ ပြောပြကြတော့ ပါးစပ်ကို ဇွန်းနဲ့ကလန့်ပြီး နှိုက်ရှာကြည့်သေးတယ်၊ မရပါဘူး မမရယ် … ၀မ်းထဲများ ရောက်သွားသလား မသိပါဘူး"
ကြီးကြီးခင်၏ ပါးစပ်ထဲ၌ ဓာတ်လုံးရှိနေမှန်း လူသိသူသိ များကြသည်။

သူတစ်ပါး မယူနိုင်အောင် လုံလုံခြုံခြုံ ဖွက်ထားပါလျက်နှင့် သူတစ်ပါးလက်ထဲသို့ ရောက်မိ အောင် ရောက်သွားရသေးခဲ့ခြင်းကြောင့် ယခုအသက်ပျောက်၍ ၀မ်းထဲရောက်သွား သယောင်ယောင် ထပ်ပြီး လူသိ သူသိများကြဦးမယ်ဆိုလျှင် မသူတော်တို့ သင်္ချိုင်းလိုက်၍ ဗိုက်ခွဲပြီးများ ယူချင်လိမ့်ဦးမလားဟု မြော်မြှင်ထိတ်လန့်ကာ ကြက်သီျးားပင် ထသွားမိ သည်။
"မသေခင်ကလေးက မမရယ် … မကြာသေးဘူး သထုံ သွားသေးတယ်။ လေယာဉ်ပျံနဲ့ သွားလို့ မင်္ဂလာဒုံကို လိုက်ပို့လိုက်ရသေးတယ်"
"သထုံ ဘာသွားလုပ်တာ" ဟု အံ့အားသင့်စွာ မေးလိုက်သည်။

"အို … မမကမှ မသိဘဲ၊ မသေခင် သိပ်ယောက်ယက်ခတ်သွားတာပေါ့။ ပဲခူး ရွှေမော်ဓော ဘုရားတည်ကြတာ သူမကူညီရင် ဘယ်နည်းနဲ့မှ ပြီးမှာ မဟုတ်ဘူး၊ သူ့တာဝန်ကျနေပြီ၊ ဒီဘုရားမှာ သူဌာပနာမှာ ပြီးလိမ့်မယ်၊ နို့မိုရင် မပြီးနိုင်သေးဘူး ဆိုပြီး ယောက်ယက်ခတ်နေ တာပဲ"
"ဘာ ဌာပနာရမှာတဲ့လဲ"
ကျွန်မသည် အလန့်တကြား မေးလိုက်သည်။

ဖျတ်ခနဲ ခေါင်းထဲသို့ ၀င်ရောက်လာသော အသိတစ်ခုဖြင့် ရင်ထဲ၌ ဟစ်အော်ငိုနေမိသည်။
"သူကိုးကွယ်တဲ့ သစ်ကနက်သား ဒက္ခိဏသာခါဘုရားကို သထုံအိမ်မှာထားတာ အဲဒါ ပြန်ယူတယ်။ သထုံ က သွားယူပြီး ဒက္ခိဏသာခါကို ပဲခူးယူသွားတယ်။ ဌာပနာတိုက်မပိတ်ခင်ကလေး ပြေးလှူတာပဲ။ ညနေက ဈေးသွားမယ်လို့အထွက် မူးတယ်ဆိုပြီး ထိုင်လိုက် တော့လေ သူ့လက်ထဲမှာ ပိုက်ဆံအိတ် ကလေး ကိုင်ထားတယ်။ ဒီအိတ်ကလေးကို ခုနက အသက်ထွက်တော့မှ ဖွင့်ကြည့်ကြတော့ ပဲခူးရွှေမော်ဓော ဘုရားမှာ ဌာပနာ တိုက်ထဲ ထည့်ဖို့အတွက် ဘုရားလှူခဲ့တဲ့ လက်မှတ်ဖြတ်ပိုင်းကလေး တွေ့ကြတယ်"

ခင်ခင်စုသည် အလောင်းခေါင်းရင်းတွင် ချထားသော သားရေအိတ်အသေးစားကလေးကို ကောက်ယူကာ အိတ်ထဲမှ ဖြတ်ပိုင်းလက်မှတ်ကို ဖွင့်ထုတ်ယူပြီး ကျွန်မကို လှမ်းပေးလေသည်။
"လယ်ဝန်မင်း ဦးဘိုဦး၏ သမီး မအေးခင် ကောင်းမှု"

ကျွန်မမှာ ရွှေမောဓောဘုရားမှ ဌာပနာပစ္စည်း အလှူဖြတ်ပိုင်း လက်မှတ်ကလေးကို ဖတ်လိုက်ကာ မျက်ရည်များ မဆည်နိုင်အောင် ဖြစ်နေမိသည်။
ဓာတ်လုံးကို ရှေ့ဆက်ကြံစည်ဖို့ရာတွင် လမ်းခုလတ်၌ သူတစ်ပါး ၀င်နှိပ်စက်သွားသဖြင့် လမ်းဆုံး သွားတော့သည့်အတွက် မျှော်လင့်ချက်ကလေး ကုန်ဆုံးသွားကာ မချိတင်ကဲဖြင့် ဌာပနာ လိုက်ခြင်းဟု ဤသို့ထင်ကာ၊ ဤသို့အတတ်စွဲကာ၊ ဤသို့ပင် အောက်မေ့လိုက်မိ တော့ကာ ရွှေမော်ဓော၌ ဌာပနာခဲ့ သော ဒက္ခိသာခါ ဆင်းတုတော်၌ တစ်နည်းနည်းဖြင့် ဓာတ်လုံး ပါသွားလေပြီလား ဟူသော အတွေးအထင် တို့သည် သာမန်ရိုးတိုးရိပ်တိတ် ထင်သလို မထင်ဘဲ တန်းတန်းစွဲ ထင်နည်းမျိုး ထင်လိုက် မိတော့သည်။

ရှင်လူထွက်လက်ထဲမှ ဓာတ်လုံး သူ့လက်ထဲ ပြန်ရောက်လာပြီး သည့်နောက်ပိုင်း၌ ရွှေ မလုပ်ရန် ဆရာတော်ဘုရား တားမြစ်ခဲ့သလို မဖြစ်ရလေခြင်းအတွက် ဘယ်လောက်များ ယူကျုံးမရ ဖြစ်လိုက် မည်နည်း။
ဘယ်လောက်ထိအောင် စိတ်ဒုက္ခကြီး ရောက်သွားရလိမ့်မည်နည်း။
ရွှေမော်ဓောဘုရားသို့ သွားရောက်မလှူခင် အတောအတွင်း ကြီးကြီးခင် ခံစားသွားရမည် ဖြစ်သော မချိတင်ကဲဝေဒနာသည် ဘယ်နှစ်ရက် ဘယ်နှစ်လ ခံစားသွားရသော ဝေဒနာ ဆိုးမျိုးမှန်း ရှင်လူထွက် သိပါလေစ။

ကျွန်မသည် …
"သနားလိုက်ပါရဲ့ ကြီးကြီးခင်ရယ်" ဟု ဟစ်၍ အော်ပြောလိုက်သကဲ့သို့ ရင်ထဲက …
"သနားလိုက်ပါရဲ့ ကြီးကြီးခင်ရယ်" ပြောမိကာ ဆောက်တည်ရာမရ ကြင်နာသနား၍ မဆုံး နိုင်အောင် ဖြစ်နေတော့သည်။
"ကိုင်း … ကိုင်း၊ ညဥ့်နက်ပြီ၊ အလောင်းပြင်ဖို့ရေချိုးမှ"
ကြောင်အိမ်နား တွင် ရပ်ကြည့်နေသော အဘိုးကြီးက ပြောလိုက်၍ ကျွန်မအနားက ခင်ခင်စု တို့ထလိုက်ကြသည်။
ကျွန်မသည် နောက်ဆုံးမှ ထလိုက်သည်။

ကျွန်မ၏ မျက်စိမှာ ကြီးကြီးခင်နှင့် ခွာမရဘဲဖြစ်ကာ မတ်တတ်ရပ်နေရာကပင် မရွှေ့တော့ ဘဲ ရပ်မြဲ ရပ်ကြည့် နေမိသည်။
အလောင်းရေချိုးရန်ရှိသဖြင့် ခင်ခင်စုတို့ အခန်းထဲမှ ထွက်သွားကြသည်။
အလောင်းနားတွင် ဦးပဉ္စင်း ၂-ပါး၊ အဘိုးကြီး၊ အမယ်ကြီးတစ်ယောက်နှင့် ကျွန်မသာ ရှိလေသည်။

ထိုသို့ ကျွန်မရပ်ကြည့်နေရင်း တောင်လုပ်ရတော့မလို မြောက်လုပ်ရတော့မလို ယောင်တောင် တောင် ဖြစ်နေကြသော ဦးပဉ္စင်းနှင့် အဘိုးကြီး၏ အမူအရာကို မြင်လိုက်ရ တော့မှ …
အရှက်အကြောက်ကြီးကာ တစ်သက်လုံး အပျိုကြီးလုပ်လာသော ကြီးကြီးခင်အဖို့ သေကာ မှ ယောက်ျားတွေ အထူးသဖြင့် ဦးပဉ္စင်းများပါ ၀ိုင်းပြီး အ၀တ်အစားချွတ်ကာ ရေချိုးပေးကြ ရတော့မည်။
ကျွန်မ တစ်ယောက်လုံးအနားတွင် ရှိနေပါလျက် မျက်နှာလွှဲသွားရန် မတတ်နိုင်လွန်းသော ကြောင့် မလွှဲသာ မနေသာ ကိစ္စကြီးဖြစ်၍ နောက်ဆုံးအားဖြင့် လုပ်ပေးရမည့်တာဝန်ကို လုပ်ရန် ဖြစ်နှစ်လျက် စိတ်ကိုတင်းလိုက်ပြီးနောက် …
"ကျွန်မ ချိုးပေးပါ့မယ်" ဟု ပြောလိုက်ရသည်။

ယခုအသက်အရွယ်အထိ ကျွန်မမှာ လူသေကို ရေချိုးပေးတာ တစ်ကြိမ်တစ်ခါမျှ မျက်စိ ဖြင့် မမြင်ဖူးခဲ့ပေ။
ကျွန်မနှင့် နီးစပ်ရာ မိဘလင်သား ဆွေမျိုး ညီအစ်ကိုမောင်နှမများ အသက်ပျောက်သည့် အခါမျိုး၌ပင် အသက်ထွက်သွားရင် ပရိဒေ၀မီးတောက်ကာ မျက်ရည်ကြီးပေါက်သာ ကျမိ လျက် အလောင်းပြင်ရန် ရေချိုးပေးကာနီး၌ လူကြီးတွေ "ဖယ်ကြ ဖယ်ကြ သွားကြ" ဟု ပြောတတ်ကြသည့်အတိုင်း မမြင်ကွယ်ရာတွင် ခေတ္တထွက်ရှောင်ပေးခဲ့သည်ချည်း ဖြစ်ခဲ့ သောကြောင့် ဘယ်လိုရေချိုးပေးကြမှန်းလည်း မမြင်ဖူးခဲ့ပေ။

လူသေကို အသက်မပျောက်ခင် ၀တ်ထားသည့် အ၀တ်နှင့်ပင် မချွတ်ဘဲ ချိုးလိုက်သလား၊ ချွတ်ပြီးမှ ချိုးပေးကြသလားလည်း မမြင်ဖူး၍ မသိခဲ့ပေ။
ကျွန်မမှာ ရေချိုးလျှင် အင်္ကျိအ၀တ်အစားများ ချွတ်ရမည်ကိုသာ နားလည်ကာ ကြီးကြီးခင် ၏ အပေါ်၌ လွှမ်းခြုံ ထားသော အညာစောင်အနီကို ဖယ်လိုက်ကာ အင်္ကျီကြယ်သီးကို ဖြုတ်ပေးလေ၏။
အဘိုးကြီး သည် မီးဖိုထဲသို့ ၀င်သွားကာ လက်ဆွဲသံပုံးကို ယူလျက် ဘုံဘိုင်၌ ရေသွားခပ် နေသည်။

ကျွန်မဘေးက အမေကြီးမှာ ကူတော့မလို ကိုင်တော့မလို အမူအရာမျိုးသာ တစ်ပြတည်း ပြနေလျက် တကယ်တမ်း ကိုင်တွယ်ကူညီဖို့ရန် ရွံ့သလို ကြောက်သလို ရှိနေ၏။
အနားတွင် ဦးပဉ္စင်းများ ရှိကြ၍ အပေါ်ပဒုမ္မာအင်္ကျီမှ ကြယ်သီးများကို အားလုံး မဖြုတ်ဘဲ အပေါ်နှစ်လုံးချန်ကာ အတွင်းမှ ဘော်လီကြယ်စိများကို ဖြုတ်လိုက်၏။
ဖြုတ်ပြီး အင်္ကျီကို မလှပ်ဘဲ လုံချည်သာ အထက်သို့ ပင့်၍ ပင့်၍ ကိုယ်ကြီးကို တွန်းလိုက် ခါးကို မလိုက်ဖြင့် လုံချည် ရင်ခေါင်းရောက်အောင် ဘော်လီအင်္ကျီအောက်ကလျှို၍ မြှင့်ယူ ကာ ရင်လျားပေးပြီး ကြယ်စိများ အားလုံး ဖြုတ်လိုက်၏။

ဦးပဉ္စင်းများမှာ ရပ်ကြည့်နေကြသည်။
ကျွန်မမှာ အရှက်အကြောက် လုံလုံခြုံခြုံဖြင့် အင်္ကျီကိယ်က ကျွတ်သွားအောင် ခက်ခက် ခဲခဲ ချွတ်ပေးနေရသည်။
ကျွန်မစိတ်ထဲတွင် အလောင်းကြီး ပက်လက်စန့်နေရက်အတိုင်းပင် အပေါ်က ရေလောင်းချ ချိုးပေးရသည်ဟု ထင်မိသည်။
မဟုတ်ချေတကား … အဘိုးကြီးသည် ရေပုံးကို အနား၌ ချလိုက်ကာ အလောင်းကို ပခုံး နှစ်ဖက်မှ ဆွဲထူထိုင်ပေးနေ၍ ကျွန်မလည်း ဘုမသိဘမသိ ထူပေးကာ ထိုင်ပေးလိုက်ရ၏။
မီးရောင်အောက်တွင် ကြီးကြီးခင်သည် ထမီရင်လျားနှင့် ငုတ်တုတ်ကြီး ထထိုင်လေသည်။

အဘိုးကြီးက နောက်သို့ ပြန်မလဲအောင် နောက်ကနေပြီး ကျောကိုကိုင်လျက် မေးမ တွန်းပေးထားသည်။
ကြီးကြီးခင်၏ ခေါင်းပေါ်မှ ဘီးစပတ်ကြီးမှာ ထူလိုက်သည်နှင့် ပြေကျသွားလေသည်။
ဂုတ်ပေါ်တွင် ဖားလျားဝဲနေသော ဆံပင်ဆံတိုကလေးနှင့် ဇက်ကြီး ကျိုးကျနေသည်။
ကြမ်းပေါ်၌ လက်များ တွဲလောင်းကျနေကာ ခြေထောက်နှစ်ဖက် ဆင်းထားသည်။

အမေကြီးသည် ခေါင်းက ပြေကျသွားသော ဆံစုများနှင့် ဆင်စွယ်ဘီးကို ကောက်ယူကာ လက်နှစ်ဖက်တွင် မျှကိုင်ထားသည်။
ကျွန်မမှာ ခြေရင်းဘတ်က ဆောင့်ကြောင့်ထိုင်လျက် ဘေးက သံပုံးထဲမှ ရေကို ခွက်နှင်ပ ခပ်လိုက်ကာ လောင်းတော့မည်ပြုစ်ဉ် ရေခွက်ကြီးကို ရွယ်၍ ကြက်သီးဖြန်းဖြန်းထသွား သည်။
ကျွန်မမျက်စိထဲ၌ ခြေဆင်းထိုင်နေသော ကြီးကြီးခင်၏ မျက်နှာကို မမြင်ရခြင်းမျာ အဆိုးဝါး ဆံး ဖြစ်သည်။

ဂုတ်ပေါ်တွင် ဆံပင်ဖားလျားနှင့် ခြေဆင်းလျက် ဇက်ကြီး ကျိုးကျနေပုံသည် အသိသာ အမြင်သာ ဆုံးဖြစ်သဖြင့် သည်တစ်ကြိမ်ကလွဲ၍ နောက်တစ်ကြိမ် ဘယ်သူသေလို့မှ သည်လို လူသေကြီး ထိုင်နေပုံမျိုးကို မမြင်ပါရစေနဲ့ဟု စိတ်ထဲက ယောင်ရမ်းဆုတောင်းမိ တော့သည်။
"ဟဲ့ … ကလေးမ၊ သည်လိုမလောင်းကောင်းဘူး၊ ရေခွက်ကို ဘေးကနေပန်းပြီးတော့ အောက်ကို လောင်းချသွားရတယ်"
လူကောင်းကို ရေချိုးပေးသလိုပင် လက်ထဲက ရေခွက်ဖြင့် ပခုံးသို့ လှမ်းကာ ပခုံးမှ ရေလောင်းချပေးလိုက်မိသဖြင့် အဘိုးကြီးက ဆိုလိုက်သည်။

ကျွန်မမှာ သူပြောသည့်အတိုင်း လူသေ ရေချိုးနည်း၊ နိဿနည်းကျနအောင် သတိထားပြီး အတော် ကြိုးစား ၍ လောင်းချိုးနေရသည်။
"ဆပ်ပြာတိုက် … ဆပ်ပြာတိုက်"
အမေကြီးက ဆံစုများ ကိုင်ထားသော လက်ဘက်က မဟုတ်ဘဲ ဘီးကိုင်ထားသော လက်တစ်ဖက်ဖြင့် ဆပ်ပြာခွက်ကို လှမ်းယူလာပေး၍ ဆပ်ပြာခွက်ကို သူ့လက်ထဲမှ ဘီးလွတ်ကျမသွားအောင် အသာသတိထားပြီး လှမ်းယူလိုက်ရသည်။

ရေလောင်းရုံ မဟုတ်ဘဲ ဆပ်ပြာတိုက်ပေးရမည့် အလုပ်ကလည်း ကျွန်မအဖို့ မလွယ်လှ ပေ၊ တတ်နိုင်လျှင် မလုပ်ချင်သောစိတ် ဖြစ်မိသည်။
သေတယ်ဆိုတော့ သေတာနဲ့ ကိုင်ချင်တွယ်ချင်သည့်သူပင် မရှိတော့ပါကလားဟု မလုပ်ချင်သောစိတ်ကို ပထမ တရားချသည်။
တရားချပြီးမှ ဆပ်ပြာတုံးကို လက်ထဲပါအောင် ပွတ်ယူလိုက်ကာ အလောင်း၏ ရင်နှင့် လက်နှစ်ဖက်ကို အနှံ့အပြား ပွတ်သုတ်ပေးရသည်။
ထို့နောက် ခြေထောက်ကို ဆပ်ပြာတိုက်ရန် ဒူးဆစ်လောက်အထိ လက်ကို ရေစိုထဘီ အတွင်းသို့ လျှိုသွင်းလျက် လျှောက်ပွတ်ပေးရသည်။

ကျွန်မလုပ်သမျှ ဇက်ကျိုး၍ စင်းခံနေကာ ကိုယ်ငွေ့မရှိမှန်း၊ မလှုပ်ရှားနိုင်မှန်း၊ လူတစ်ယောက်က နောက်ကျောကို ကိုင်ထောင် ထူးပေးထားမှန်း၊ သေနေမှန်း သိလျက် မြင်လျက်နှင့် ကျွန်မလုပ်၍ လှုပ်ယမ်းသွားလျှင် လှုပ်တာနှင့် တစ်ချက်တည်း ကျွန်မအား လှမ်းကိုင်ပုတ်လိုက်တော့မလောက် စိတ်ထဲတွင် ကယောင်ချောက်ချား ထင်မြင်ကာ ခေါင်းနပန်း ကြီးကြီးသွားခြင်းကို သည်တစ်ကြိမ်ပဲ ကြုံဖူးသည်။

ဆပ်ပြာများတိုက်ပြီးနောက် ဆောင့်ကြောင့်ထိုင်ရာက ရေကိုခပ်၍ ကုန်းထရပ်ကာ လောင်းချပေးသည်။
အလောင်းရှေ့တွင် ထိုသို့ကုန်းလိုက်ကွလိုက် ရေခပ်လိုက်လောင်းလိုက်နှင့်ပင် ကျွန်မ လက်ထဲ ၀ကွက်ရောက်နေသော အလောင်းသည် ရေချိုးခြင်းကိစ္စ ပြီးသွားသည်။
အနားသို့ ဘယ်အချိန်က ရောက်နေမှန်းမသိသော မိန်းမ ရွယ်ရွယ်တစ်ယောက်သည် သူ့လက်ထဲမှ ထဘီတစ်ထည်ကို ကမ်းပေးသည်။
ရေချိုးနေတုန်းတစ်ချိန်လုံး အလောင်း၏ကျောကို ကိုင်ပေးထားသော အဘိုးကြီးက "ခေါင်းကစွပ်လိုက်" ဟု ပြောလိုက်သည်။

"မလုပ်ပါနဲ့ … ပေးပါ ဒီကို"
ကြီးကြီးခင် အသက်ရှင်စဉ်က ရေချိုးပြီး ဘယ်နည်းနှင့်မှ ထဘီကို ခေါင်းက စွပ်ဝတ် လိမ့်မည် မဟုတ်သဖြင့် ကျွန်မမှာ ထိုမိန်းမထဘီခေါင်းက စွပ်ချလိုက်မှာကို အသည်းယား သွားကာ သူ့လက်ထဲမှ ထဘီကို လှမ်းယူလိုက်သည်။

ထဘီရေစိုကို ညစ်လိုက်ကာ ထဘီခြောက်ကို ခြေထောက်က နေ၍ ရင်ခေါင်းရောက် အောင် အေးစက်လှသော လူသေ၏ အသားအေးပုံကြီးသည် လက်ထဲ၌ စွဲနေလေသည်။
ကျွန်မသည် ကျောထဲက စိမ့်သွာျးက် လက်၌ စွဲနေသော အအေးကို စိတ်ဖျောက်ပစ်ကာ မိန်းမလက်ထဲက ဘော်လီအင်္ကျီကို လှမ်းယူလိုက်သည်။
"ဟဲ့ … ဟဲ့ … ပြောင်းပြန်ဝတ်"
ကျွန်မမှာ ဘော်လီအင်္ကျီကို လက်လျှိုပြီးမှ ကမန်းကတန်း ပြောင်းပြန် ပြန်လှည့်လျှိုလိုက် ကာ ကျောတွင်သွား၍ ကြယ်စိတပ်ပေးရသည်။

လူကို သေတာနှင့် ကြည့်မကောင်းအောင် ကိုးရိုးကားရား ပြောင်းပြန်ဇောက်ထိုး လုပ်ကြပုံ ကို သေသောသူက သေလို့သာ ခံနေတာဟု တွေးလိုက်မိသည်။
ကြီးကြီးခင်သည် ဒိုဗီချ ပဒုမ္မာအင်္ကျီကို ပြောင်းပြန်ဝတ်လျက် ဘယ်သူ့ကိုမှ မကြည့်ဘဲ ရင်ပတ်နှင့် မေးစေ့ ထိလုအောင် ငုံ့ထိုင်နေကာ ဆံပင်ဖားလျား လက်ကားယားဖြင့် ခြေဆင်းထားသည်။
"ကိုင်း … ရွှေ့ရအောင်၊ အပြင်မှာ ခုတင် ဆင်ထားပြီးပြီ"

ပို့မယ့်ပို့ ခုတင်ရောက်အောင်ပို့မှဟု အောက်မေ့ရတော့ကာ အလောင်းရွှေ့ရမည့်နေရာနှင့် အပြင်ဘက်က ခုတင်မှာ မနီးလှ၍ အဘိုးကြီးနှင့် ကျွန်မ ပွေ့ဖို့ရာ နိုင်မှနိုင်ပါ့မလားဟု ပူပန် လိုက်မိသည်။
ကျွန်မ၏ ရှိရှိသမျှခွန်အားကို ထုတ်လျက် အလောင်းကြီးကို တစ်ယောက်နှင့်တစ်ယောက် မျက်နှာချင်းဆိုင် သူတစ်ဖက် ကိုယ်တစ်ဖက် လက်သွင်းကာ ပွေ့ချီလိုက်ကြသည်။
ယူသွားမည့်လမ်းတွင် အဆင်းတွေ အကွေ့တွေရှိ၍ လက်ပေါ်ရောက်တာနှင့် လေးလွန်း လှသဖြင့် နိုင်မှာ မဟုတ်ဘူးထင်ကာ မျက်လုံးများပင် ပြာသွားသည်။

ကျောင်းသို့ ရောက်ရှိနေသော ပရိသတ်မှာ စုရုံးစုရုံးဖြင့် ခပ်လှမ်းလှမ်းကနေ ကြည့်နေကြ လျက် ကျွန်မတို့ အလောင်းကို ပွေ့လိုက်တာမြင်လျှင် ရှဲသွားကြကာ နံရံသို့ သွားကပ်နေ ကြသည်။
ကိုယ် မချီနိုင်သော ၀န်ထုပ်ဝန်ပိုးကြီးကို ခုတင်နားရောက်အောင် ဟီးတိုက်၍ ချီပွေ့ ရွှေ့လာခဲ့ကြရ၏။

အလောင်းကို ပွေ့လာရင်း ပျဉ်ပေါ်တွင် နင်းခဲ့ကြသော ခြေနင်း သံများသည် နားထဲတွင် တဒိန်းဒိန်း၊ တဒုံးဒုံး ပြန်ကြားနေရသည်။
အဘိုးကြီးနှင့် ကျွန်မ၏ အသက်ရှူသံသည်လည်း အဂ္ဂိရတ် ဖိုဆွဲနေသည့် ရှူးရှဲ ရှူးရှဲ အသံမြည်နေသကဲ့သို့ မြည်နေလေသည်။
လမ်းခုလတတ်တွင် ကျွန်မတို့ မနိုင်မနင်းဖြစ်နေမှန်း မြင်၍ ထဘီလာကမ်းပေးနေသော မိန်းမသည် မနေသာဘဲ ခြေထောက်ဘက်က ၀င်ကူမ ပေးလိုက်သဖြင့် ထိုမိန်းမကို ကျေးဇူးတင်မိခြင်းမှာ ပြောမပြတတ်လောက်အောင်ပင် ဖြစ်သည်။

ကျွန်မမှာ ကိုယ်ပွေ့လာသော ပစ္စည်းကို မျက်စိ၌ သေသေချာချာ မမြင်တော့ပေ။
ဇောနှင့် ဖြစ်၍ သူနှင့် ခွာသည့်အခါကျပင် ကျွန်မပခုံးပေါ်တွင် ဆံပင် ဆံတိုကလေးဝဲကျပါ ကျွန်မ ပခုံးပေါ်တွင် ဆံပင် ဆံတိုကလေးဝဲကျပါလာသော သူ့အား မြင်လို့မပြီး၊ မြင်လို့ မဆုံး ဖြစ်နေပေလိမ့်မည်။
ခုတင်နားရောက်လျှင် အနားတွင် ရပ်ကြည့်နေကြသော မိန်းမကြီးတစ်ဦးက …
"ပြင်ပါရစေ ပြောချနော် … ပြင်မယ်လို့ ပြောချ" ဟု ကတိုက်ကရိုက် လှမ်းပြောလိုက်သည်။

အကယ်၍ အလောင်းချပြီး ရွဲ့နေခဲ့လျှင် နှစ်ခါထပ်မပြင်ကောင်း၍ စောစောကတည်းက မချခင် ပါးစပ်က ပြောထားရမည့်စည်းကမ်းကို သဘောပေါက်သွားမိသည်။
ခုတင်ပေါ်ရှိ ပိတ်ဖြူ ခင်းထားရာပေါ်သို့ ချလိုက်ကြသည့်အခါ အလောင်းကြီးမှာ မတည့်ဘဲ စွေစောင်းရွဲ့နေလေသည်။
သို့သော် ပါးစပ်ကပြင်မယ်ဟု အရင်ပြောထားနှင့်ပြီးကြ၍ ကိစ္စမရှိ။

တစ်ခါ ပြန်မ ၍ တည့်တည့် ထားလိုက်ကြသည်။
အံကြိတ်၍ မှုန်ကုပ်ကာ ရှုံ့လျက်ရှိသော ကျွန်မ မျက်နှာကို ပင်ပန်းကြီးစွာပင့်၍ ပြန်ဟင်းချ လိုက်ပြီး ကြီးကြီးခင် ၏ မျက်နှာကို စိုက်ကြည့်လိုက်သည်။
လောက လူ့ဘောင်ကြီးတွင် နေရစ်ခဲ့သော ကျွန်မအား အမျိုးမျိုးအဖုံဖုံ သင်ခန်းစာများ ပေးသွားသော ကျေးဇူးရှင်အား သူ၏အကျင့်သီလနှင့် စိတ်စေတနာများကို နှစ်လိုကြည်ညို စွာ ကြည်ညိုပြီး ကြည်ညိုရင်း ဖြင့် ရင်ထဲ၌ တသသ ကြည်ညိုနေမိလျက် နောက်ဆုံးတွင် ကျွန်မသည် မချိတရိဖြင့်ပင် စိတ်ထဲက သေသူအား ပန်ကြားတမ်းတလိုက်ကာ မည်သူ့ကို မျှ မကြည့်ဘဲ အလောင်းနားမှ လှည့်ထွက် လာခဲ့သည်။

"ဂူသွင်းပါ့မယ် ကြီးကြီးခင်"

ပြီးပါပြီ
ဂျာနယ်ကျော်မမလေး
.
>>>ဆက်ဖတ်ရန်>>> >>

Monday, September 13, 2010

ဂျာနယ်ကျော် မမလေး ၏ လောကီရတနာ အပိုင်း (၁၁) (ဒု) ပိုင်း

ဘယ်လို ရူးကျန်ရစ်ခဲ့သည်ကို ကျွန်မအား အကျယ်တ၀င့် ပြောပြနေစရာမလိုပေ။
ကျွန်မမျက်စိထဲတွင် ဓာတ်လုံးယူပြေး၍ ကြီးကြီးခင် ယောက်ယက်ခတ်သွားမည့်ပုံပန်းကို သေသေ  ချာတတ် အပ် မြင်နေရသည်။
ကြီးကြီးခင်ထံမှ ဓာတ်လုံးယူပြေးသော ဦးပဉ္စင်းသည် ညောင်လေးပင်သို့ ထွက်ပြေးကာ လူဝတ်လဲလေ၏။
လူဝတ်လဲကာ ဖိုထိုး၍ နေလေ၏။

ဖိုထိုးနေပြီး မကြာမီ ၀တ်ပုံစားပုံ နေပုံထိုင်ပုံတွေ ပြောင်းလဲလာကာ ပြောင်ပြောင်ရောင်ရောင် ဖြစ်လာရုံမက ဖောဖောသီသီကြီးကြီး သုံးစွဲနေပုံကို အရပ်က မသင်္ကာစပြုလာကြသည်။
မေဒိနီကျောင်းက ပြန်လာပြီးမှ လူဝတ်လဲကာ ဖိုထိုးနေရင်း ဗြုံးခနဲ "သူဌေး" ဖြစ်နေခြင်းကို ဆန်းနေကြစဉ် မေဒိနီကျောင်းတွင်နေသော ကြီးကြီးခင်၏ ဓာတ်လုံး ခိုးယူလာသည့်သတင်းသည် တစ်စွန်းတစ်စ ညောင်လေး ပင်သို့ ရောက်သွားသည်။

ညောင်လေးပင်တွင် ရှိကြသော ကြီးကြီးခင်၏ မိတ်ဆွေများသည် တစ်စွန်းတစ်စရသည့်သတင်းဖြင့် ရှင်လူထွက် ကို မပြတ် အကဲစောင့်ခတ်လျက် ချောင်းနေကြသည်။
ရှင်လူထွက်သည် ရွှေတွေငွေတွေ လက်ဖျားသီးနေကာ ၀င့်ဝါမောက်ကြွားလျက် ရှိနေပြီး ဓာတ်လုံးကို ရွှေဖြစ်ေ အာင် ထိုးလျက် ရွှေတွေကို ရောင်းချသုံးစွဲနေသည်။
ကျွန်မမှာ ဓာတ်လုံးကို ရွှေမထိုးနဲ့၊ ထိုးရင်ပျက်သွားလိမ့်မယ်ဟု ကာယကံရှင် ဆရာတော်ဘုရား မှာကြားသွား ခဲ့သည်ဆိုသော အချက်ကို သတိရလိုက်ကာ ပြီးပါပြီဟု စိတ်မကောင်း ဖြစ်သွားမိသည်။
"ကြီးကြီးခင် ဓာတ်လုံးမှန် အရပ်က မသိကြတော့ဘူးလား ... ဒီလိုပဲ ကြည့်နေကြသလား" ဟု ဆိုလိုက်၏။

ကြီးကြီးခင်၏ ရင်းနှီးသော မိတ်ဆွေများက ညောင်လေးပင်မြို့ရှိ မိတ်ဆွေတစ်ဦးထံသို့ သွားကြကာ ရှင်လူထွက် ၏အဖြစ်ကို သတင်းသွားပေးကြသည်။
ထိုမိတ်ဆွေမှာ ကြီးကြီးခင်ကို ခင်မင်သော မိတ်ဆွေဖြစ်၍ ကြား ကြားချင်းပင် "ရှင်လူထွက်" ကို ခေါ်၍ စစ်လေ ၏။

ရှင်လူထွက်သည် ပထမငြင်းကွယ်နေပြီးမှ နောက်ဆုံး ငြင်းကွယ်၍ မရတော့သဖြင့် ဓာတ်လုံးကို ယူပြေးခဲ့သော် လည်း ထိုဓာတ်လုံးမှာ သူ့လက်တွင် မရှိတော့ဘဲ ဓါးပြတိုက်သွားကြောင်း အစစ်ခံလေသည်။
ရှင်လူထွက်၏ အစစ်ခံချက်ကို မယုံကြည်ဘဲ ဓာတ်လုံးကို ပေးအပ်ရန် အတင်းအဓမ္မ စစ်လားဆေးလား လုပ်ကြ တော့မှာပင် ရှင်လူထွက်လည်း ကာယကံရှင်၏ လက်ထဲသို့ သူကိုယ်တိုင်ထည့်မည်။ ဘယ်သူ့မှ မပေးနိုင်ဘူးဆို နေ၍ ရှင်လူထွက်ကို ကားပေါ်တင်ကာ ညောင်လေးပင်မှ မိတ်ဆွေကိုယ်တိုင် ကံဘဲ့ မေဒိနီကျောင်းဝင်းထဲသို့ လိုက်ပို့ရသည်အထိ ဖြစ်ပျက်ခဲ့လေ၏။

"ကျောင်းရောက်တော့ အားလုံးရှေ့မှာပဲ သူ့လည်ပင်းထဲက ဓာတ်လုံးကို အံထုတ်င်္ပြီး ၀ိဇ္ဇာမလက်ထဲ ပြန်အပ် တယ်။ ဓာတ်လုံး ပြန်ရလို့ပေါ့ ... မရရင် ခုလောက်ရှိ သွက်သွက်လည်နေမှာပဲ"
သူများ မပြရန် အတန်တန် သတိပေးပါလျက် ယခုလိုအဖြစ်မျိုး ရောက်ရသည်ဟု ကြီးကြီးခင်ကို ခြံထဲမှ တက်လာကာ အခန်းထဲသို့ ၀င်လာ၏။
ကျွန်မကို မြင်လျှင် မျက်နှာပျက်သွားသည်။

"လှိုင် ... ရောက်နေသလား" ဟု ခပ်လေးလေးပင် နှုတ်ဆက်၏။
"ဟောဒီမှာ ရှင့်အကြောင်း ပြောနေကြတယ်" ဟု ဒေါက်တာ ဦးသိန်းမောင်ကတော်ကြီးက ပြောလိုက်၍ မျက်နှာ ပို၍ ပျက်သွားပြန်ကာ ကျွန်မအနား၌ ထိုင်လိုက်သည်။
"ဘယ်မလဲ ဒီဓာတ်လုံး ပြစမ်းပါ"
ကျွန်မသည် ကြီးကြီးခင်ကို လှည့်ကြည့်လိုက်သည်။

ကြီးကြီးခင်လည်း ဓာတ်လုံးပြရန် တောင်းနေသော ဒေါ်ဒေါ်ကြီး၏မျက်နှာကို မချိပြုံး ပြုံးလျက် ကြည့်နေ၏။
"ပြစမ်းပါ ... ကြည့်ချင်လို့ပါ၊ လည်ချောင်းထဲမှာပဲ ထားသလား ... ခဏပြစမ်းပါ"
ကြီးကြီးခင်သည် ငြင်းလည်းမငြင်း၊ အားနာနာနှင့် ပါးစပ်ထဲမှ ဓာတ်လုံးထုတ်ယူကာ ဒေါ်ဒေါ်ကြီး၏လက်သို့ ကမ်းပေးလိုက်သည်။

ထိုသို့ အလွယ်တကူ ကမ်းပေးလိုက်ပြန်၍ ကျွန်မမှာ ငေးကြည့်နေရင်း ဦးပဉ္စင်းလည်း ဒီလိုပြခဲ့မှာပဲဟု အောက်မေ့လိုက်ကာ ခေါင်းကို ယမ်းနေမိတော့သည်။
ဒေါ်ဒေါ်ကြီးသည် ဓာတ်လုံးကို ကြည့်ကာ ကျီစယ်သည့်မျက်နှာဖြင့် ပြုံး၍ ...
"ဟော ... မရှိတော့ဘူး" ဟု အော်လိုက်ကာ ဓာတ်လုံးကို ဖွက်လိုက်၏။

ကြီးကြီးခင်သည် မျက်နှာငယ်ကလေးဖြင့် ...
"မလုပ်ပါနဲ့ မမကြီးရယ်" ဟုဆိုကာ မျက်လုံးများ ၀ိုင်းလာလေသည်။

"ဟုတ်တယ် ... ကိုင်ထားရင် ဘယ်ရောက်သွားမှန်း မသိဘူး၊ ဟောဒီမှာကြည့်"
ကြီးကြီးခင်သည် ပထမ ကျီစားသည့်ထင်နေပြီးလျှင် လက်ဝါးခါပြလိုက်မှ မျက်နှာမည်းသွားကာ ...
"မလုပ်ပါနဲ့ မမကြီးရယ် ... ပေးပါ မမကြီးရယ်" ဟု ဆိုကာ ရှိခိုးမတတ် တစာစာ တောင်းပန် ပြောဆို နေသည်။

ကြီးကြီးခင်ကို မျက်ရည်လည်ဝိုင်းလာသည်အထိ စပြီးမှ ဓာတ်လုံးကို ပြန်၍ ကမ်းပေးလိုက်သည်။
ကြီးကြီးခင်လည်း ဓာတ်လုံးကို ပါးစပ်ထဲငုံလိုက်ကာ နေရာမှ ထသွားသည်။
ကျွန်မသည် ဒေါ်ဒေါ်နှင့် စကားပြောပြီး အိမ်ရှေ့မှ ကွေ့ကာ မီးဖိုထဲသို့ ၀င်သွားသည်။

"ကြီးကြီးခင်"
ကြီးကြီးခင်၏ရှေ့၌ မျက်နှာချင်းဆိုင်ရပ်လျက် မျက်နှာကို ငေးကြည့်ကာ တစ်ခွန်းသာ ခေါ်မိသည်။
စကားကို မပြောနိုင်ဘဲ ရပ်ကြည့်နေမိသည်။
ကြီးကြီးခင်သည် ညှိုးငယ်လျက် မှိုင်တိမှိုင်တိုင်ဖြစ်နေကာ နှုတ်ကပြောချင်သည့်စကားများမှာ အပြင်သို့ ထွက်ရန် ဓာတ်လုံး ထုတ်လိုက်ဖို့ထက် ခဲယဉ်းသော အခြေသို့ ရောက်နေတော့သည်။

အခန်း (၁၂) ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

Sunday, September 12, 2010

ဂျာနယ်ကျော် မမလေး ၏ လောကီရတနာ အပိုင်း (၁၁) (ပ )ပိုင်း

(၁၁)

"ဘုရားရေ"
ကျွန်မမှာ မဟုတ်နိုင်ဘူးဟု တွေး၏။
မဖြစ်နိုင်ပါဘူးဟုလည်း ထင်လိုက်၏။
မဖြစ်နိုင် မဟုတ်နိုင်ဘူးဟု ထင်ခြင်းတွေးခြင်းသည် မဖြစ်သချင် မဟုတ်သချင်ခြင်းဘက်က ကာကွယ် လျက် တွေးခြင်း သာ ဖြစ်သည်။
ကျွန်မ၏ အတွေးကို ခိုင်လုံသည်ဟု စိတ်မချဝံ့သဖြင့် ရှင်းအောင် ထပ်မေးရပြန်သည်။
သေချာ အောင် ထပ်မေးရပြန်သော်လည်း သေချာတတ်အပ် ပြောလိုက်မှာကို နားနှင့် မထောင်ရဲ သလောက် တုန်လှုပ်နေသည့်အဖြစ်သို့ သတိပြုမိသည်။

"ဘယ်က နားစွန်နားဖျား ကြားလာတာပဲ ... ဟုတ်ကဲ့လား"
"ဒီလိုပဲ ကြားတာပဲ ... ဓာတ်လုံး သူများ ယူပြေးလို့ စိတ်တောင် နောက်တောက်တောက်ဖြစ်နေသလို ဆိုလားပဲ"
ကျွန်မသည် ဒေါင်ချာစိုင်းလာလေ၏။
ဘောက်ထော် ဘူတာရုံလမ်းအတိုင်းသွားနေလျှင် ကြာသည်ထင်၍ စာရေးတန်းမှဖြတ်ကာ ဘောလုံးကွင်း ကို ကျော်လျက် ကံဘဲ့ဘက်သို့ ထွက်လာခဲ့သည်။
မြေနီလမ်းမှာ ကြမ်းလှသည်။

ချိုင့်ဝှမ်းတွေ ထူထပ်လွန်း၍ ရှောင်ကာ မြန်မြန်ရောက်အောင် လမ်းကောင်းကို ရွေးလျှောက်မှ ပိုကြာသည် ဟု ထင်လေသည်။
အိမ်ဆိုင်ကလေးတွေကို ဖြတ်ခဲ့လျက် အဆောက်အအုံများ တစ်ခုပြီးတစ်ခု ကျော်သွားတိုင်း ရောက်ခါ နီးပြီ ဟု အားပေးလာခဲ့ရသည်။
နေမှာ ချစ်ချစ်တောက်အောင် ပူနေလေသည်။

ကျွန်မ ရောက်လိုသည့် လမ်းအကွေ့ကား အမြင်သာနီးသော်လည်း အတော်ကြီး လျှောက်နေရသည်။
ကျွန်မစိတ်ထဲ၌ သည်လောက်ကြာကြာ လျှောက်နေရလောက်အောင် ဝေးသည့်ခရီးလမ်း မဟုတ်။ သို့ရာတွင် မရောက်နိုင်သေး၍ အဝေးကြီး လျှောက်နေသလို လျှောက်နေရလေသည်။
ပိန္နဲပင်အရွက်များ အုပ်ကွယ်နေသည့် သွပ်မိုးကျောင်းကြီးကို လှမ်းမြင်ရသည်။

ကျောင်းမှာ ဆေးအနက်သုတ်ထားကာ နှစ်ထပ်ကျောင်းဖြစ်၍ ဘောက်ထော်ဘက်ကလာလျှင် ၎င်း ဆွမ်းစား ကျောင်းကို ပထမ မြင်ရသည်။
ဆွမ်းစားကျောင်း အောက်ထပ်၌ ကြီးကြီးခင်သည် ဤအချိန်၌ ရှိစမြဲ ဖြစ်သည်။
ကျွန်မသည် မြန်မြန်လျှောက်လာခဲ့ကာ ကျောင်း၏ခြံစည်းရိုးထောင့်သို့ ရောက်လျှင် ထရံသံ ဆူးကြိုး တန်းနား ကပ်သွားလျက် ...
"ကြီးကြီးခင် ... ကြီးကြီးခင်" ဟု နှစ်ခွန်း သုံးခွန်း ဟစ်ခေါ်ကြည့်သည်။

ကျောင်းအပေါ်ထပ်မှ စာဖတ်နေသော ဦးပဉ္စင်းတစ်ပါးသည် စာအုပ်ကို ပိတ်ကာ အောက်သို့ငုံ့ကြည့်လျက် "ဒီမှာ မရှိဘူး ... ဒကာမကြီး အိမ်မှာ ရှိတယ်"ဟု ပြောလိုက်၏။
ဓာတ်လုံး သူများ ယူသွားလို့များ စိတ်နောက်သွားလို့ အိမ်ရောက်နေသလားဟု လန့်ထိတ်သွားလျက် ကျောင်းဝင်းထောင့်အဆုံးအထိ မြန်မြန်လျှောက်လာခဲ့၏။
ဝင်းထောင့်သို့ ရောက်သောအခါ လမ်းမက မသွားဘဲ ကျောင်းခြံစည်းရိုးနားက ကပ်လျှောက်သွားကာ ကျောင်းကို လွန်မှ လမ်းပေါ်သို့ ကွေ့ဆင်းလျက် အိမ်ဆီသို့ သုတ်သုတ်သွားလေသည်။
ကြီးကြီးခင် နှင့် တွေ့ပြီးနောက် နိုင်ငံခြားသို့ ခရီးထွက်သွားရသည်။

ရောက်ပြန်လည်း အလုပ်ကိစ္စများဖြင့် မြို့ထဲသို့ သွားနေရလျက် မိုးချုပ်မှ အိမ်ပြန်ရောက်တတ်သဖြင့် ဘယ်မှ မသွားအားဘဲ ဖြစ်နေလေသည်။
ယခုလာခဲ့တော့မှပင် ကြီးကြီးခင်နဲ့ မတွေ့ရတာ ၅လ လောက်ရှိမည်ဟု တွက်ကြည့်မိသည်။
ကျွန်မနှင့် မတွေ့ကြသည့်အတွင်း ဓာတ်လုံးကို ဘယ်သူ့အား ထုတ်ပြ၍ ဘယ်သူက ယူပြေးမှန်း သေချာဂန မသိခဲ့ရခြင်းကြောင့် မတွေးတတ် မစဉ်းစားတတ်နှင့် ခေါင်းရှုပ်လာကာ ဒီသတင်း မဟုတ်ပါစေ နှင့်ဟု တစ်လမ်း လုံး နင်းကန်ဆုတောင်းလာမိသည်။

လမ်းပေါ်မှ အိမ်၏ ကုန်းမြင့်ကလေးပေါ်သို့ တက်လာခဲ့သည်။
ခြံတံခါးမှာ ပိတ်ထားသည်။
အိမ်ပေါ်၌ လူရိပ်လူစ မမြင်ရဘဲ အိမ်ရှေ့ပြတင်းတံခါးများ အားလုံး ပိတ်ထားသည်။
အမြဲစည်းကားနေတတ်သော အိမ်တစ်အိမ် တံခါးများ ပိတ်ဆို့ တိတ်ဆိတ်နေခြင်းသည် အိမ်ထဲ၌ တစ်စုံတစ်ရာ ဖြစ်နေကြဟန် အထင်နှင့် တွေးကြည့်သည်။ အထင်နှင့် ဒိတ်ဒိတ် ဒိတ်ဒိတ် ဖြစ်လာသည်။
ခြံတံခါးကို လက်နှိုက်၍ ကလန့်ကို ဆွဲဖွင့်လိုက်ကာ အထဲသို့ ၀င်လာသည်။

လှေကားခြေရင်းကနေ၍ "ဒေါ်ဒေါ် ... ဒေါ်ဒေါ်" ဟု ဟစ်ခေါ်လိုက်သည်။
အိမ်ထဲမှ "လာပြီ ... လာပြီ"ဟု ခပ်ဝဲ၀ဲ အသံတစ်သံ ကြားရသည်။
ထိုအသံမှာ ဒေါ်ဒေါ်အသံလည်း မဟုတ်၊ ကြီးကြီးခင် အသံလည်း မဟုတ်၊ လူစိမ်းတစ်ယောက်အသံ ဖြစ်နေ သည်။
အိမ်ရှေ့တံခါးပွင့်လာကာ ကျွန်မ မမြင်ဖူးသည့် မိန်းမကြီးတစ်ယောက် တံခါးဖွင့်ပေးတာ တွေ့ရလေသည်။
"ဒေါ်ဒေါ်ကော ... "ဟု လှမ်းမေးရင်း ပြေးတတ်လာသည်။

"အထဲမှာ ဖျင်းနေတယ်"
ကြီးကြီးခင် ကို သတင်းမေးရန် လာခဲ့ရာတွင် ဒေါ်ဒေါ်ဖျားနေသည့် သတင်းကြားရသဖြင့် အိမ်မရောက်တာ ကြာနေခြင်းကို မျက်နှာပူပူဖြင့် တက်ခဲ့ရသည်။
"လှိုင်လား ... လာ ... လာ ... ဒီအထဲကို ၀င်ခဲ့ပါ"
ဒေါ်ဒေါ်၏ အသံလာရာ အခန်းထဲသို့ စွတ်ဝင်သွားသည်။
ဒေါ်ဒေါ်သည် ပိန်ချုံးလျက် အိပ်ရာပေါ်တွင် လှဲနေကာ ဒေါ်ဒေါ်၏အနီး၌ ဂျပန်ပြည်သံအမတ်ကြီး လုပ်သွား သော ဒေါက်တာ ဦးသိန်းမောင်၏ဇနီး ဒေါ်ဒေါ်ကြီးဒေါ်ခင်လတ် ရောက်နေလေသည်။
ဒေါ်ဒေါ်ကြိးကို ပြုံးနှုတ်ဆက်လိုက်ကာ ...
"ဘယ်နှယ့် ဒေါ်ဒေါ် ဖျားနေတာ ကြာပြီလား" ဟု သတင်းမေးရင်း ကျွန်မမျက်လုံးမှာ ကြီးကြီးခင်ကို လျှောက်ရှာ နေလေသည်။

"ဖျားတာကြာပါပြီ ... ခုမှ အစာအစားနိုင်တာ ... လှိုင်လည်း အတော်အလုပ်များနေတယ်လို့ ကြားရတယ် ... ကလေးတွေကော နေကောင်းရဲ့လား"
ဒေါ်ဒေါ့်အနား၌ ထိုင်လိုက်ကာ ဘယ်မေးခွန်းမှ မဖြေဘဲ ...
"ကြီးကြီးခင် ... ဓာတ်လုံး လုယူပြေးလို့ ကြီးကြီးခင်လည်း တစ်မျိုးဖြစ်နေတယ်ကြားတာနဲ့ ကျွန်မ ထွက်လာခဲ့ တယ် ... ဒေါ်ဒေါ် ဖျားတာ မသိပါဘူး၊ ကြီးကြီးခင်ကော ... " ဟု မေးလိုက်၏။
"ရှိတယ် ... ဒေါ်ဒေါ်ဖျားလို့ ဒီလာနေတယ်။ ခြံနောက်ဖေးမှာ ထင်ပါရဲ့ ... ဓာတ်လုံးအကြောင်းတော့ မပြောပါနဲ့ လှိုင်ရယ်"
ဓာတ်လုံးသတင်းကို အမြန်ကြားချင် သိချင်လှပြီဖြစ်၍ မဆိုင်းနိုင်အောင် အရင်လိုလျက် ...

"ပြောပါဦး ဒေါ်ဒေါ်ရယ် ... ဘယ်လိုဖြစ်တာလဲ"ဟု မြန်မြန် ပြောရန် ဆက်မေးရသည်။ ကျောင်းက ဦးပဉ္စင်း တပါးကို သူထုတ်ပြတယ်လေ ဥိးပဉ္စင်း က သူ့ကို အယုံသွာင်းပြီး သူ့အကြိုက်ချည်းလိုက်နေတာ အဟုတ် ထင်ပြီးထုတ်ပြတော့ သုတ်ပြေးတာပေါ့..
ပြေးပြီ... ဘယ်ကိုပြေးသလဲ ဒေါ်ဒေါ်
ကျမ ရင်ခုန်ပုံသည် ရင်ထဲက ဟု မထင်ရ ရင်တွင်းက မဟုတ်ဘဲ ရင်ညွှန့်နား ကပ်ခုန်နေသလို ဇတ်ဇတ် ဇတ်ဇတ် ဖြစ်နေလေသည် ... ညောင်လေးပင် ပြေးတာပေါ့ ... ညောင်လေးပင်က ကရင်ဘုန်းကြီးဘဲ.. ညောင်လေးပင်အဆက်နဲ့ ဒီကျောင်းရောက်လာတာ ဦးပဉ္စင်းသည် ဓါတ်လုံးယူလစ်ကရော ဝိဇ္ဇာ မလည်း အရူးကြီးဖြစ်ကျန်ရစ်တာပေါ့...။

အခန်း (၁၁)  (ဒု) ပိုင်း ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

Saturday, September 11, 2010

ဂျာနယ်ကျော် မမလေး ၏ လောကီရတနာ အပိုင်း (၁ဝ)

(၁၀)

လှပသော နံနက်ခင်း ဖြစ်သည်။
ကောင်းကင်မှ ထွက်ပြူစနေရောင်သည် ပူနွေးနေ၏။
ကံဘဲ့ အုတ်နီလမ်းဘေးရှိ ကုန်းမြင့်ပေါ်၌ မြကဲ့သို့ စိမ်းညိုနေသော အညွန့်အခက်များ အုပ်ဝေ နေသည့် သစ်ပင်များသည် စိုလျက် ပျိုလျက် အရောင်ထွက်လျက် နေကြ၏။
ပတ်ဝန်းကျင် တစ်ရပ်လုံး ဆိတ်ငြိမ်း အေးချမ်းစွာဖြင့် ရိုးရိုးကလေး ရှိနေခြင်းပင် သာယာတင့်တယ် နေသည်။
ကျွန်မသည် မှန်ခုံရှေ့၌ရပ်ကာ မှန်ခုံအနောက်ရှိ ပြတင်းပေါက်မှ နံနက်ဦး ငြိမ်ဝပ်စွာ လှပဖြူလင်း နေသော ကံဘဲ့ရပ်ကွက်၏ ရှုခင်းကို လှမ်း မျှော်ကြည့်နေမိသည်။
"လှိုင်ရေ … မြန်မြန်လုပ်၊ ကျောင်းမှာ တချို့ဧည့်သည်တွေတောင် လာနေကြပတဲ့၊ ဒေါ်ဒေါ် သွားနှင့်မယ်"

ဒေါ်ဒေါ်သည် ဖြီးလမ်ဝတ်စားပြီးနေပြီ။
ခေါင်းတွင် ဘီးစပတ်ပုံ့ပုံ့ကလေးပတ်ထုံးထားလျက် ဆံထုံးပေါ်၌ အုပ်ထားသော ပိုက်ကလေးမှာ သပ်သပ် ရပ်ရပ် ပိနေသည်။
ပဒုမ္မာ အင်္ကျီအဖြူတွင် ဆီးဖြူသီးလုးလောက်ရှိမည့် နီညိုရောင် ပယင်းကြယ်စိ အလုံးကြီးကြီးကို တပ်လျက် ဇင်းမယ်လုံချည် ၀တ်ထားသည်။
အရပ်အလုံးမှာ အပျိုကလေး ကိုယ်လိုပင် သေးသေး ပြတ်ပြတ်နှင့် နုလည်းနုသည်။
ပျိုလည်း ပျိုနေသေးသည်။

အသက် ၅၀ရွယ် အမယ်ကြီးမျိုးနှင့်မတူ။
ဇင်းမယ်လုံချည်စကို ပေါင်ကနေဆုပ်ကိုင်၍ အခန်းထဲမှ လျင်လျင်မြန်မြန် လှမ်းကာ ရွရွလေး နင်းထွက် သွားပုံ ကို နောက်ကနေ ကြည့်လျက် …
"ဒေါ်ဒေါ်က သိပ်ကြည့်ကောင်းတာပဲ၊ သွားနှင့်ပါ၊ လာခဲ့မယ်" ဟု လှည့်ပြောလိုက်သည်။
ရယ်မော သွားသော ဒေါ်ဒေါ်၏ ကြည်လင်သောအသံသည် တစ်ကိုယ်လုံးကို ပျံ့နှံ့၍ သွား၏။
ဒေါ်ဒေါ်၏ကိုယ်မှ မွှေးနေသော ရေမွှေးနံ့သည် အခန်းထဲတွင် ထုံသင်းကျန်ရစ်ခဲ့သည်။

ယနေ့နံနက် မေဒိနီတောရကျောင်းကလေး၌ ကထိန်ပွဲရှိ၍ ကျွန်မမှာ ကံဘဲ့သို့ ညဘက်လာအိပ်ရ သည်။
ကြီးကြီးခင် သည် ယားလို့မှ မကုတ်အားအောင် အလုပ်များနေလေ၏။
ရဟန်းသံဃာများအတွက် အရုဏ်ဆွမ်း နေ့ဆွမ်းနှင့် ကထိန်ပွဲသို့ လာသမျှ ပရိသတ် ကျွေးမွေး ဧည့်ခံရန် အုန်နို့ခေါက်ဆွဲ စီစဉ်ကာ အလှူအတွက် အားလုံး စားမှု၊ သောက်မှု တာဝန်တွေကို တစ်ယောက်တည်း ကျုံးလုပ် နေရှာသည်။

ညကလည်း အိမ်၏တစ်ဖက် ဦးဘိုထင်၏ ခြံကလေးထဲမှ ပိန္နဲပင်တွင် လက်ဆွဲဓာတ်မီးများ ချိတ်လျက် ဟင်းလျာအိုး များ တစ်အိုးပြီးတစ်အိုး တစ်ညလုံးလိုလို ချက်နေပေသည်။
"ကြီးကြီးခင် မမောသေးဘူးလား၊ အိပ်ပါတော့" ဟု အိမ်ပေါ်မှ လှမ်းအောင်ပြောလိုက်ရာ …
"မမောပါဘူး လှိုင်ရေ … အိပ်ပါ။ အုန်းသီးတွေက မနည်းဘူး ခြစ်ရဦးမှာ၊ ခေါက်ဆွဲဟင်းကတော့ ပထမတန်းပဲ" ဟု အားရပါးရ အော်ပြောနေသည်။
အစာလည်းမစားဘဲ သည်လောက် အပင်ပန်းခံနိုင်တာ မတွေ့ဖူး၍ သူက မမောဘဲ သူ့ကို မြင် သူတိုင်း ကပင် မောသွားကြတတ်၏။
ကျွန်မ မှာ ဒေါ်ဒေါ် လောသွား၍ ကပျာကယာ ဖြီးလိမ်း ၀တ်စားကာ ကျောင်းသို့ ထွက်လာခံသည်။

ကျယ်ဝန်းသော ကျောင်းဝင်းကြီးထဲ၌ ဆွမ်းစားဇရပ် တစ်လုံးနှင့် ဆရာတော်နေသော ကျူထရံ ၀ါးကျောင်း ကလေး သာ ရှိသည်။
ကြီးကြီးခင် စိုက်ထားသော သရက်ပင်၊ ပိန္နဲပင်တို့မှာ ၀င်းထဲတွင် ပင်ပေါက်ပင်ပျိုကလေးတွေသာ ရှိကြသေး၍ အရိပ်အာဝါသ နည်းနေလေသည်။
ငှက်ပျော၊ မာလကာ၊ ကင်မွန်း၊ ဒန့် ဒလွန် စသည့် စားပင် သောက်ပင်တို့ကား တစ်ထွာ၊ တစ်တောင် လောက် ရှိနေကာ ကြီးလျှင် ပြိုင်တူကြီးလာကြမည့် လက္ခဏာ ရှိသည်။
နောက်သုံးနှစ်လောက်ဆိုလျှင် သည်ကျောင်းတော့ သာသာယာယာ ရှိမှာပဲဟု ပင်ပျိုပင်ပေါက် ကလေး တွေကို စိတ်ကူးဖြင့် ကြီးထားဖန်ဆင်းကြည့်မိသည်။
မြေကွက်လပ်တွင် ရွက်ထည်ရုံမိုးလျက် ဧည့်သည်များ ဧည့်ခရန် စားပွဲ၊ ကုလားထိုင်များ ခင်းကျင်း ပြင်ဆင် ထားလေသည်။

ဧည့်သည်များ အချို့ရောက်ကာ ထိုင်နေကြသည်။
ကျွန်မသည် ဆွမ်းစားဇရပ်ထဲသို့ တန်းဝင်းသွားကာ ကြီးကြီးခင်ကို ရှာလေ၏။
မီးခိုးများ ခိုးလွန်း၍ မျက်ရည်တွေကျနေကာ ချွေးတလုံးလုံး ဖြစ်နေသော ကြီးကြီးခင်ကို မီးဖိုးနား၌ တွေ့ရ သည်။
ဖိုပေါ်ရှိ ဟင်းအိုးကြီးထဲသို့ စိတ်ကူးရသလို အဆာတွေ တစ်မျိုးပြီးတစ်မျိုး ပစ်ထည့်ကာ မွှေချက် နေသည်။
"လှိုင် … သွားလေ၊ ဒီမှာ မီးခိုးတယ်၊ အပြင်ထွက်။ အရုဏ်ဆွမ်းပြီးလို့ ဟင်းပွဲတွေ ဇရပ်ပေါ်မှာ ရှိ တယ်၊ ဆာရင် အဆာပြေလေးလေ စားလိုက်ပါလား"
ကျွန်မလည်း မီးဖိုနားတွင် ထိုင်ချကာ ကြီးကြီးခင်ကို ပြုံးကြည့်နေသည်။

ကြွေရည်သုတ် ဟင်းခတ်ဇွန်းကြီးဖြင့် ဟင်းရေများကို အိုးထဲမှ ခတ်ယူလျက် …
"မြည်းစမ်းပါ လှိုင် …၊ အပေါ့ အငံ ဘယ့်နှယ်လဲ … ကောင်းရဲ့လား" ဟု လာပေး၍ အနည်းငယ် မှုတ်သောက် လိုက်ပြီး "မမြည်းဘဲနဲ့ ချက်တဲ့ဟင်းက အစပ်တဲ့လိုက်တာ ကြီးကြီးခင်ရယ်၊ ကောင်းတာမှ ပထမတန်းပဲ" ဟု ပြောလိုက်သည်။
ကြီးကြီးခင် သည် နှစ်နှစ်ခြိုက်ခြိုက် ရယ်နေလေ၏။

ချိုနေသော မျက်နှာဖြင့် ရွှန်းရွှန်းစားစားကြည့်ကာ "သံဃာတော်တွေ ဆွမ်းဘုဉ်းပေးတာ အားရ စရာ ကောင်းလိုက်တာ လှိုင်ရယ် … အရုဏ်တက်က လာကြည့်ပါတော့ ဟင်းတွေ ကောင်းလွန်းလို့ ဘုဉ်းပေး လိုက်ကြတာ မြိန်စရာကြီး" ဟု ပလုတ်ပလောင်း ပြောပြနေသည်။
"သံဃာဘယ်နှစ်ပါး ရှိသွားပြီလဲ ကြီးကြီးခင်"

"အခုလား … ၁၂ပါးလောက် ဖြစ်လာပြီ၊ ကြည့်ပါ လှိုင်ရယ်။ နောက် လေးငါးနှစ်ကြာရင် ကြည့်ပါ၊ … ဒီဝင်းကြီးထဲမှာ ကျောင်းတိုက်တွေ ပြည့်လာမှာပဲ၊ သံဃာတွေလည်း များလာမှာပဲ။ ဆွမ်းစရိတ် လစဉ်အလှူခံတာ တစ်လ ၃၀၀လောက်ရနေပြီ၊ ပရိယတ္တိသာသနာ ပြန့်ပွားအောင် ဆရာတော်က သိပ်အားထုတ် တာ … ဖြစ်လာမယ် … ဖြစ်လာမယ် … သိပ်စည်ကားလာမယ်"
ကျွန်မမှာ ကြီးကြီးခင် မြိန်ရေရှက်ရေ ပြောနေပုံကို စိုက်ကြည့်ကာ ကြီးကြီးခင် ပြောသည့်အတိုင်း ကျောင်းတွေ သံဃာတွေ တိုးလာခဲ့ရင် ကြီးကြီးခင် ဘယ်လောက်ပင်ပန်းလိုက်မလဲဟု တွေးနေမိ သည်။
"ကြီးကြီးခင် စိုက်ထားသော သစ်ပင်တွေ ပြီးတော့ လျှောက်ကြည့်စမ်းပါ … အုန်း၊ ပန်းပင်တွေ လည်း အားကြီး ပွင့်တာပဲ၊ ဘုံဘိုင်နဲ့ ရေသွယ်လို့ ရတော့ အပင်တွေ သိပ်သန်လာတာပဲတဲ့။ လူတိုင်း သဒ္ဓါတရား ဖြစ်ပါတယ် လှိုင်ရယ်။ လိုတာလှူသွားတာပဲ"

ကျောင်းက ဘုန်းကြီးကို မပြောနှင့် ကျောင်းရောက်သည့်သူတိုင်း ကြီးကြီးခင်ကို မြင်တာနှင့် သဒ္ဓါ တရား ဖြစ်စရာ ကောင်းနေသည်။
ကုသိုလ်ရေး ကောင်းမှုရေးအတွက် စိတ်အားတက်စရာ ကောင်းလှသည်။
သဒ္ဓါတရား ထက်သန်ကြ၍ သံဃာတော်များအတွက် အရုဏ်ဆွမ်းတစ်နပ် ကပ်လှူမည့် ဒကာပေါ် လျှင် ကြီးကြီးခင်မှာ ထခုန်မတတ် ၀မ်းမြောက်ဝမ်းသာ ဖြစ်နေလေ၏။
ဆွမ်းကပ်လိုက်သည့် ဒကာ ဒကာမကိုယ်တိုင် လာချက်ပြုတ်၍ ကပ်နေစရာမလိုဘဲ ကြီးကြီးခင် လက်ထဲသာ သံဃာကုန် ဆွမ်းတစ်နပ်အတွက် ကုန်ကျမည့်စရိတ်ကို သဒ္ဓါတရားရှိသလောက် ပေးလှူ သွားရုံပင် ဖြစ်သည်။

ကြီးကြီးခင်သည် လာသမျှ အလှူရှင်အတွက် သူက ဒိုင်ခံချက်ပေးလေ၏။
နံနက်အရုဏ်ကျမှ  လာ၍ ကပ်လှူရန် အဆင်သင့် လုပ်ပေးထား၏။
ဆွမ်းတစ်နပ်စာ ၀င်ခုသည့်အတွက် ဆွမ်းစရိတ် အလှူငွေထဲမှ တစ်နေ့အတွက် သက်သာသွား သဖြင့် လှူသူ တန်းသူတို့ ပေါများလေလေ ကြည်နူးဝမ်းသာ၍ မဆုံးလေ ဖြစ်နေလေသည်။
ထုံးစံ အတိုင်းပင် ဒေါ်ဒေါ်နှင့် ကြီးကြီးခင်မှာ တကျက်ကျက် ရန်ဖြစ်ကြသည်။

ဒေါ်ဒေါ်မှာ သံဃာများအတွက် ဆွမ်းစရိတ်ရရန် ကိုယ်တိုင်လည်ကောက် အလှူခံခြင်းကို ပင်ပန်း လှ၍ ကြည့်ရှု သုံးရန် တဖွဖွပြောနေသည့်ကြားထဲမှ ကြီးကြီးခင်က ကျောင်းကနေပြီး ကုန်ကုန် ခန်းခန်း ဗုံးပေါလအော ချည်း လုပ်နေသဖြင့် မျက်နှာချင်းဆိုင်တာနှင့် ရန်ဖြစ်ကြသည်။
"ကြည့်လုပ်ပါဦး မစိန်ခင်ရဲ့ … ဆီတွေကလဲ သုံးလိုက်တာ အရမ်းပဲ၊ တော်ရုံ မဟုတ်ဘူး။ အလှူငွေ ပြတ်သွားတိုင်း စိုက်ရတာချည်းပဲ။ စိုက်ရတာက ထားပါတော့၊ ကုန်သင့်မှ ကုန်ပါစေ"
"ကုန်ရင် ဖြစ်လာမှာပေါ့၊ ဖြစ်ဖြစ်လာတာပဲ မဟုတ်လား"

ဒေါ်ဒေါ်သည် သည်းမခံနိုင်လောက်အောင် ဖြစ်သွားကာ သည်လိုပြောရမလားဟု နင်းကန်ဆူပွက် နေသည်။
ကျွန်မမှာ ဟင်းအိုးနားတွင် မီးခိုးလွန်း၍ ဇရပ်၏နောက်ဖေးကပြင်ပေါ်သို့ တက်ရွှေ့ထိုင်လိုက်ကာ "ကြီးကြီးခင် … အခု အိမ်ကို မိုးချုပ်မှ ပြန်တယ်ဆို" ဟု လှမ်းမေးလိုက်သည်။
"အင်းလေ … ခုတော့ မနက်အိမ်က ၃-နာရီလောက်ထလာပြီး မိုးချုပ်မှာပဲ ပြန်တော့တယ်။ တယ် နားပူတယ် လှိုင်ရယ် … မသိန်းဟာ ကြီးကြီးခင်ကို မြင်တာနဲ့ ဆူတာပဲ၊ တစ်နေ့လုံးလာနေ တော့ နားအေး တာပေါ့၊ အရုဏ်ကပ်ပြီးတစ်ခါ နေ့ဆွမ်းကပ်၊ နေ့လည် သံဃာတွေ စာချနေတဲ့အချိန် ကြီးကြီးခင် က ခြံထဲမှာ သစ်ပင်တွေ လျှောက်စိုက်နေပြီး ညနေကျပြန်တော့ မနက်အရုဏ် ဆွမ်းဟင်းအတွက် စုစု ဈေးက၀ယ်ပို့လိုက်တဲ့ ဟင်းရံတွေကို အကုန်ချက်ပြုတ်ထားခဲ့ပြီး မှောင်မှ အိမ်ပြန်အိပ်တာပဲ"

"ကြီးကြီးခင် ဒါနဲ့ပဲ အချိန်ကုန်မှာပါပဲ" ဟု ကျွန်မက ညည်းလိုက်မိသည်။
ကြီးကြီးခင်သည် လက်မလည်အောင် လုပ်နေရင်းပင် ပြန်ပြောသည်။
"အချိန် မရောက်သေးလို့ပေါ့ လှိုင်ရယ် … အချိန်ရောက်တော့လည်း … အင်း … ဒီလိုပေါ့၊ လှိုင်ကော ကြံစည် လို့ မရသေးဘူးလား"
ကျွန်မက ဟက်ဟက်ပက်ပက် ရယ်မောလိုက်သည်။
ကြီးကြီးခင်အဖြစ်ကိုလည်း ရယ်ချင်၏။

ကြီးကြီးခင်၏ လိုအင်ဆန္ဒကို ဖြည့်လိုက်သည့် စေတနာအကြောင်းပြု၍ ကျွန်မအလိုဆန္ဒ အလိုလို သွားပြည့်ကာ ဆေးပညာတွင် ခရီးအတော်ပေါက်နေသော အခြေအနေသို့ ရောက်နေလေပြီး လောက၌ အကျိုးတရား အကြောင်းတရားများသည်  ဆန်းကြယ်စွာ ဆက်စပ်နေတာ ကျွန်မ ဘ၀တွင် သင်ခန်းစာ အမျိုးမျိုး ရလျက် အထူးအဆန်းကြီး ကြုံတွေ့နေရသည်။
"ကြံလို့မရသေးပါဘူး ကြီးကြီးခင်ရယ် … ကျွန်မအခု သင်နေတဲ့ပညာ တစ်နေ့ ကြံလို့ရအောင် ပို့ပေးမှာပါပဲ … အချိန်ကာလသာ ကြာချင်ကြာမယ်၊ တစ်နေ့ အဖြေတော့ရမှာပဲ။ အလုပ်ကလည်း မအားဘူး ကြီးကြီးခင်ရဲ့ … ပုံနှိပ်လုပ်ငန်းတစ်မျိုး၊ ပညာသင်ရတာကလည်းတစ်မျိုး၊ ဒါကြောင့်လည်း မရောက်တာ"

ကြီးကြီးခင်သည် သူ့အလုပ်ကိုချလျက် ကျွန်မအနားသို့လာကာ "လှိုင် ပြောသွားတာလေ သိပ်မှန် တာပဲ၊ ကြီးကြီးခင် နှင်းဆီပင်တွေ ၀ါးလုံးထောက်ပေးတာ သိပ်သန်လာတာပဲ … ပိန္နဲပင်တွေလည်း လှိုင်ပြောသလို  ခဲတွေစုပုံလိုက်တာပဲ။ ကြိုးစားသင့်ပါ လှိုင်ရယ် … လှိုင် တစ်နေ့ ဓာတ်ဆရာဖြစ်မှာ မုချပဲ" ဟု လာပြော၍ ကျွန်မလည်း အတောမသတ် ရယ်မောကာ ဧည့်ခံရမည့်အတွက် နေရာမှ ထလာခဲ့၏။

ဤသို့ဖြင့် တစ်နှစ်ကုန်၍ တန်ဆောင်မုန်းလသို့ ရောက်လာတိုင်း ကံဘဲ့တွင် ကထိန်ခင်းသော အလှူလုပ် နေ၏။
အလှူဘယ်နှစ်ကြိမ်မြောက်ဟူသော ကထိန်ဖိတ်စာများ နှစ်တိုင်း ရိုက်နှိပ်ကမ်းဝေခဲ့သည်။
တစ်နှစ်က မုန့်ဟင်းခါး၊ တစ်နှစ်က ကြာဇံကြီးခေါက်ဆွဲ၊ တစ်နှစ်က ကြက်သားပလာတာ၊ ရေခဲမုန့် စသည့်အားဖြင့် လူတွေ ပြောစမှတ်ပြုလောက်အောင် အရသာရှိရှိ ကျွေးမွေးဧည့်ခံကာ နှစ်စဉ် မပျက် မြိုင်မြိုင် ဆိုင်ဆိုင်ကြီး လှူဒါန်းလာနိုင်ခဲ့ကြလေသည်။

ကြီးကြီးခင် ပြောသည့်အတိုင်းပင် ၃-၄နှစ် ရှိသည်နှင့် ကျောင်းဝင်းကြီးထဲတွင် ကျောင်းဆောင်တွေ တစ်ဆောင်ပြီးတစ်ဆောင် တိုးချဲ့ဆောက်လာရ၏။
သံဃာတော်တွေကား အပါး ၆၀ ကျော် ရောက်လာ စာသင်နေကြ၏။
စာပြန်ပွဲများတွင် မေဒိနီကျောင်းက ဆွတ်ခူးသော အောင်ပွဲစာရင်းများမှာ နှစ်စဉ် တိုးတက်လျက် သာ ရှိသည်။
ကြီးကြီးခင်မှာ ညအိပ်အိမ်ပြန်ခြင်း မရှိတော့ဘဲ ဒေါ်ဒေါ်၏ အဆူအပူလွတ်အောင် နားအေးပါးအေး ဆွမ်းစားဇရပ်သို့ အပြီးပြောင်းရွှေ့နေတော့ကာ ကျောင်းကပ္ပိယမကြီးအဖြစ် ဆွမ်းချက်ကျွေးနေ တော့၏။
သံဃာ ၆၀ ကျော်အတွက် ည ၂နာရီက ထ၍ ဆွမ်းချက်ရ၏။

ဆွမ်းအိုး ဟင်းအိုးကြီးလာ၍ ဦးပဉ္စင်း၊ ကိုရင်းများကို ၀ိုင်းကူ လုပ်ပေးကြရသည်။
ကျောင်းဝင်းထဲ၌ ကိုယ်တိုင်စိုက်ပျိုးထားသော သစ်ပင်၊ ပန်းပင်တွေကား စိမ်းလန်းအုပ်ဝေနေကာ စားပင်သောက်ပင်များပါ စုံလင်စွာ စိုက်ထားသည့်အတွက် အ၀ယ်ရပင် သက်သာလာတော့သည်။
နေ့စဉ်နှင့် အမျှ ပင်ပန်းကြီးစွာ မီးဖိုထဲဝင်နေငြားလည်း မောသည် ပန်းသည်မရှိ။ ရုပ်ဆင်းမကျ၊ တစ်နှစ် လာလည်း သည်လိုပဲ၊ တစ်နှစ်လာလည်း သည်လိုပဲဟု လူတိုင်းပါးစပ်ဖျားက ပြောလာကြ သည်။
ကြီးကြီးခင် နေမကောင်းဘူး ဟူသော သတင်းစကားမှာ နားမှ လေသံပင် မကြားစဖူးကြအောင် ကျန်းမာရေး ပြည့်စုံသဖြင့် နီးစပ်သူတိုင်းကပင် "ကြီးကြီးခင် … အစာလည်း မစားဘူး၊ မကျန်းမမာ လည်း မဖြစ်ဘူး၊ ပင်ပန်းလည်း ခံနိုင်တယ်၊ ဆေးကောင်းတော့ ရှိပြီ ထင်တယ်" ဟု ရယ်စရာ နောက်ပြောင် ပြောဆို နှုတ်ဆက်တတ်ကြသည်။

အတွင်းသိ အစင်းသိသူတို့က "ဓာတ်လုံးတန်ခိုး" ဟု နောက်ပြောင်ကြသည်။
ကြီးကြီးခင် လည်ပင်းထဲ၌ ဓာတ်လုံးရှိသည်ဆိုသော သတင်းမှာ ဒေါ်ဒေါ်နှင့် စုစုတို့မှတစ်ဆင့် တစ်စတစ်စ သိရှိ ရိပ်မိလာကြကာ အဆင့်ဆင့် ပြန့်ပွားကုန်သောကြောင့် နီးစပ်သူတိုင်း သိလာကြ သည်။
ကျွန်မမှာ ဓာတ်လုံးအကြောင်း လူသိသူသိ များနေသဖြင့် ကြီးကြီးခင်နှင့်တွေ့တိုင်း "သတိထားနော် ကြီးကြီးခင် … လူသိတိုင်း ကောင်းတာ မဟုတ်ဘူး" ဟု ပြောမိသည်။
"သိတာ သိတာပါ … မပြပါဘူး"

ဟု ပြောသော်လည်း ကျွန်မကို ပြဖူးသောထုံးကို ထောက်ရှုကာ အတင်းပြခိုင်းရင် ပြမှာပါဟု စိတ်ထဲ၌ ထင်မိသည်။
ကြီးကြီးခင်သည် သူ့ဘ၀ကို အကျေနပ်ကြီး ကျေနပ်လျက် စက်ကဲ့သို့ မှန်မှန်ကြီး ခုတ်မောင်းကာ အချိန်ရှိ သ၍ မီးဖိုထဲ၌သာ အချိန်ကုန်လွန်ပစ်နေလေ၏။
ကျောင်းထဲသို့ ဧည့်သည်လာလျှင် လုပ်ရာကိုင်ရာကထ၍ ပြေးကြိုကာ ဆရာတော်ထံသို့ သွားပို့၏။

ကျောင်းအတွက် သဒ္ဓါတရား မပွားများ ပွားများအောင် နိဗ္ဗာန်ဆော် လုပ်တတ်လေသည်။
လာသမျှ ဧည့်သည်ကို ဧည့်ဝတ်ကျေစွာ လိုလေသေးမရှိ ဧည့်ခံဆက်ဆံတတ်ခြင်းကြောင့် တစ်ခါ တစ်ရံ ဒေါ်ဒေါ်ကပင် "ရွှေကြိုလေ ကျောင်းမှာ ရွှေကြိုသွားလုပ်နေတယ်" ဟု ကျွန်မကို ပြောတတ် သည်။
ကျွန်မနှင့် ကြီးကြီးခင်မှာ ယခင်ကလောက် ခဏခဏ မတွေ့နိုင်ကြဘဲ အဆက်ပြတ်နေသည်။
ကျွန်မမှာ အားသည့်အချိန်ကို ပညာသာ ဆည်းပူးအားထုတ်ကာ ဓာတ်တွေကို လက်တွေ့ စမ်းသပ် နေခြင်းဖြင့် အချိန်ကုန်နေသည်။

အခန်း (၁၁) ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>