Showing posts with label တင်မောင်မြင့် ၏ ဒက်ဒီ. Show all posts
Showing posts with label တင်မောင်မြင့် ၏ ဒက်ဒီ. Show all posts

Wednesday, June 6, 2012

တင်မောင်မြင့် ၏ ဒက်ဒီ, အပိုင်း (၂၆) ဇာတ်သိမ်း

တစ်နေ့လုံး ဖုန်းဆက်ဖို့ အကြိမ်ကြိမ်စိတ်ကူးသည်။ သို့သော် စိတ်ကိုတအားတင်းထား၏။ သတင်းစာ အားလုံးတွင် ရှာလီ့သတင်းတွေ ဆက်တိုက်ပါလာသည်၊ နောက်ရက်များတွင်လည်း ဆက်ပါမြဲ၊ ရှာလီဘက်မှလည်း လုံးဝဖုန်းမလာတော့။ သူမြန်မြန်သွားပါစေ ဟု အော်လီဗာ ကျိတ်ပြီး ဆုတောင်းနေ၏။ သူ့အိမ်ကို ၀င်သွားရမလား၊ စတူဒီယို တွင်းသွားတော့ ရ မလားနှင့် နေ့စဉ်ထိန်းချုပ်ရလွန်းသဖြင့် ပင်ပန်းလှပြီ။ သွားပါတော့ရှာလီရယ်၊ မင်းရဲ့ဘ၀သစ် ရှိရာ ကို အပြီးအပိုင်ထွက်သွားပါတော့ အချစ်ရယ်။ ကို ဆက်ဖတ်ရန်.......

အခန်း (၂၉)

ကျေးဇူးတော်နေ့ မတိုင်မီတစ်ရက်တွင် မယ်လီဆာနှင့် ဆမ်ကို ခေါ်ပြီး ဆန်ဖရန်စစ္စကို တစ်ဝိုက် လျှောက်လည် ဖို့ ဆာရာရောက်လာသည်။ အက်နက်နှင့် မြေးကလေးကိုပါ ခေါ်သွားမည်တဲ့။ ဘင်ဂျမင် က စကိတ်စီး ထွက်ဖို့ စီစဉ်ထား၏။
ရေးနေသည့် စာအုပ်ပြီးသွားပြီ။ ဆာရာ့ကို ကြည့်ရသည်မှာ ကျန်းမာရွှင်လန်းနေပုံရ၏။ ပို၍ လှနေ သည် ဟု အော်လီဗာ ထင်သည်။ သူ့ပါးကို နမ်းပြီး နှုတ်ဆက်သည့်ခါ လုံးဝပူနွေးခြင်း မရှိတော့ ဘဲ ကျောက်ဆစ်ရုပ် ၏ ပါးပြင်နှင့်တူနေသည်ကို ထူးဆန်းစွာ တွေ့ရသည်။
မိမိ ဘက် မှလည်း တမ်းတမ်းတတ မဖြစ်မိတော့၊ သူဆွတ်လာသည့် ရေမွှေးအနံ့သည်ပင် နှာခေါင်း ထဲတွင် စိမ်းနေ ၏။ မိမိအိပ်မက်များ စိုးမိုးထားသူက ရှာလီ။ သည်နာမည်ကို သတင်းစာ များ တွင် တွေ့ ရတိုင်း၊ သူ့အကြောင်း စဉ်းစားမိတိုင်း၊ ရင်ထဲမှာ နာကျင်နေဆဲ။
ခရီးထွက်မည့် မနက်တွင် အဲလက်စ်ကလေး ကို ပေါင်ပေါ်တွင် တင်ထားရင်း ဆာရာ မေးသည်။

"အော်လီဗာ တို့ ဘယ်တော့ လက်ထပ်ကြမှာလဲဟင်"
အော်လီဗာ အလန့်တကြား ဖြစ်သွားသည်။
"ကလေးတွေ ပြောတယ်ထင်တယ်၊ ဟုတ်လား"
သူ့အသံမှာ တိုးသော်လည်း မာကျောနေ၏။
"ကလေးတွေ က ဘာပြောရမှာလဲ"
ဆာရာ တအံ့တသြ ပြန်မေးသည်။ အဲလက်စ်ကလေးက ဖွားအေ၏ ရင်ပတ်ကို မျက်နှာ အပ်ပြီး ဆော့နေ သဖြင့် ရှပ်အင်္ကျီအဖြူတွင် သွားရည်စတွေ ပေကျန်ကုန်သည်၊ အက်နက်က ကလေးတွေ ၏ ပစ္စည်းတွေ ကူသယ် ဖို့ အပေါ်ထပ်တက်သွားသည်။

"ရှားလော့ ကို ဘရော့ဒ်ဝေးက လှမ်းခေါ်တယ်၊ သူမကြာခင် သွားလိမ့်မယ်၊ တကယ်တော့ ... ဒါကြောင့် နှစ်ယောက် တိုင်ပင်ပြီး ဆုံးဖြတ်လိုက်တာလေ၊ လက်ထပ်တာထက် နယူးယောက်ကို သွားတာ က သူ့အတွက် အကျိုးရှိမယ် မဟုတ်လား"
အော်လီဗာ ပြုံးပြုံးရယ်ရယ်နှင့် ခပ်ပေါ့ပေါ့ ပြောလိုက်သည်။ သူ့ရင်ထဲက ဝေဒနာကို ဆာရာ မြင်နိုင် ပါသည်။ သူ့အကြောင်း ကို ကောင်းကောင်းသိခဲ့သူ မဟုတ်လား။ အရမ်းစိတ်မကောင်း ဖြစ်သွား သည်။ မိမိနှင့် ယန်းပီယာ ၏ ဇာတ်လမ်းမျိုးထက် လေးနက်ကြောင်း ဆာရာသိနေသည်။
ဘယ်နည်းနဲ့ ကွဲရကွဲရ ချစ်သူတို့၏ ခွဲခွာခန်းတိုင်းသည် သည်းအူပြတ်မျှ ခံစားကြရစမြဲ မဟုတ်လား။

"အင်း ... ကံပေါ့လေ၊ လက္ခဏာကိုက သိပ်တော်တဲ့၊ သိပ်တတ်တဲ့၊ သိပ်ရည်မှန်းချက် ကြီးမားတဲ့ မိန်းမတွေ နဲ့ ချည်း ဆုံစည်းဖို့ ပါလာတယ်ထင်ပါရဲ့"
"တစ်နေ့နေ့တော့ ထိုက်ထိုက်တန်တန် မိန်းကလေးတစ်ယောက် နဲ့ တွေ့ဦး မှာ ပါလေ၊ အော်လီ တွေ့သင့် ပါတယ်"
ဆာရာ ရင်ထဲ ရှိသည့်အတိုင်း ပြောလိုက်ခြင်း ဖြစ်၏။
"ကိုယ်က တွေ့ချင်သည့် တိုင်အောင် အချိန်မရှိတော့ပါဘူး"
ရင်ထဲက ဝေဒနာကို အပြုံးဖြင့် ဖုံးကွယ်ရင်း ပြောလိုက်သည်။ တစ်ဆက်တည်းတွင် မြေးကလေးကို လှမ်း ကြည့်ပြီး ... "အဲဒီချာတိတ်ကြောင့် တစ်အိမ်လုံး ဘယ်သူမှ မအားကြရဘူး"
ဘင်ဂျမင်ရောက် လာပြီး ကလေးကို အမေ့လက်ထဲမှ ယူပြီး ဆာရာငှားလာသည့် ပွန်တီယက်က ကားကလေးပေါ် သို့ သွားပို့သည်။ ဘင်ဂျမင် သားကလေးနှင့် လုံးဝမခွဲလို၊ သူ့ကို စကိတ်စီး ထွက် ဖြစ်အောင် အော်လီဗာ တမင်စီစဉ်ခြင်း ဖြစ်၏။

ရှားလော့ကို ဆုံးရသည့်အတွက် ရသည့်ဒဏ်ရာဒဏ်ချက်တွေကြားမှာ မိသားစု အစုံအလင် ပျော်ရွှင်စွာ ဆုံကြပုံ ကို ကြည့်ပြီး အော်လီဗာ ပျော်နေသည်။
ခဏနေတော့ ဆာရာနှင့် ကလေးတွေ ထွက်သွားကြသည်။ နောက် မကြာခင် ဘင်ဂျမင်ကို သူ့ သူငယ်ချင်းတွေ လာခေါ်သွားသည်။ အိမ်ကြီးထဲတွင် အော်လီဗာ တစ်ယောက်တည်း ကျန်ရစ် သည်။ ပုံနေ သည့် ငွေတောင်းခံလွှာတွေ၊ စာအုပ်တွေကို ရှင်းဖို့ အာရုံပြုလိုက်သ်ည။
အိမ်ကြီး မှာ ထူးထူးခြားခြား တိတ်ဆိတ်နေ၏။ ကုလားထိုင် နောက်ကျောကို မှီပြီး သက်ပြင်း တစ်ချက် ချလိုက်သည်။ စိတ်ပါလက်ပါ လုပ်ဖြစ်ပါ့မလားဟု ကိုယ့်ကိုကိုယ် မယုံသည့်နှယ် ချီတုံချတုံ ဖြစ်နေ၏။
ရှာလီ အကြောင်း ခေါင်းထဲ ၀င်လာပြန်၏။ ဆာရာ့အကြောင်းကိုလည်း စဉ်းစားပါသည်။ တစ်နည်းတစ်ဖုံ များ သူတို့နှင့် ပြန်လည် ပတသက်လာနိုင်စရာ ရှိနိုင်သေးလားဟု တွေးကြည့်၏။ မည်သို့မျှ ပြန်လည်ဆုံစည်းရန် အကြောင်းမရှိတော့ ဟူ၍ နှလုံးသား၏ အနက်ရှိုင်းဆုံး တစ်နေရာမှ အဖြေပေး သံ ကြားရသည်။

အင်း ... ဘ၀အစကတည်းက တစ်မျိုးတစ်ဖုံ စခဲ့ရင် နောင်အခါတွင် ဆာရာ ထွက်ပြေးမည်မဟုတ်။ ပြီးတော့မှ သည်လိုတွေးလို့ ဘာမှအကျိုးမရှိကြောင်း သဘောပေါက်လာသည်။ ဆာရာသည် ဆာရာပဲမို့ ဘယ်လို မှ ထိန်းလို့ရမည် မဟုတ်ပါ။ သူက လွတ်လပ်မှုကို ကိုးကွယ်ချင်သူ၊ တစ်ယောက် တည်း ဖြစ်သလိုနေပြီး ၀တ္ထုတွေ ရေးနေမည်။ ရှာလီက ဘရော့ဒ်ဝေးမှာ၊ မီဂန်က နယူးယောက် မိုးပျံ တိုက်ခန်းကြီးမှာ ဒက်ဖနီ ပင်လျှင် ဇနီးကို မစွန့်နိုင်သော ချစ်သူနှင့် ဣနြေ္ဒရရ။

ရှားလော့အကြောင်းတွေးရင်း ရင်ထဲတွင် အောင့်သက်သက် ဖြစ်လာ၏။ အကြင်မိန်းကလေးသည် လက်ထပ်ခြင်း၊ အိမ်ထောင်သားမွေးခြင်းကို ဘ၀ဟု ယုံကြည်၏။ မိမိအား အသက်တမျှ ချစ်ပါသည် ဆို၏။ ထိုမိန်းကလေး သည်လည်း နောက်ဆုံးတွင် မိမိအား ထားခဲ့ကာ "ကိုယ်ပိုင်လွတ်လပ်ခွင့်" လမ်း ကို ရွေးချယ်သွားသည်ပင်။ သူယုံကြည်တာကို ဦးစားပေးသွားခြင်းပင်။ နယူးယောက်ကို သွားမည်တဲ့။ မကြာ မကြာ ပြန်လာပါမည်တဲ့။ ကတိတွေ အထပ်ထပ်ပေးပြီး ခွဲခွာသွား၏။ ဘယ်တော့မှ ဖြစ်လာမည် မဟုတ် သည့် ကတိများ။ သူ့နှလုံးသားက သည်ကတိတွေကို အမြဲတမ်း သတိပေးနေဦးတော့၊ လက်တွေ့ ဘ၀ က သူ့ကို ခွင့်ပြုမည် မဟုတ်ပေ။
ဘယ်လောက်ကြာအောင် စားပွဲတွင် ထိုင်ပြီး ငိုင်နေမိသည်မသိ။ ထလိုက်တော့ မွန်းလွဲနေပြီ။ ဆာဆာ ရှိသည်နှင့် မီးဖိုဆောင်ဘက်သို့ လျှောက်ခဲ့သည်။ ဤတွင် သူ့ကို လှမ်းမြင်လိုက်ခြင်း ဖြစ်၏။ ကားပေါ်မှ ဆင်း လာပြီး မရေမရာ ပုံစံဖြင့် ရပ်နေသည့် ရှားလော့။

ဂျင်းဘောင်းဘီနှင့် တီရှပ်ဝတ်ထားသည်။ ဆံပင်ကို ခါတိုင်းလိုပင် မြင်းစီးပုံစံစည်းနှောင်လျက်။ မိမိ အသည်းကို ခွဲပြီး လက်တွဲဖြုတ်ခဲ့သည့် မိန်းမတစ်ယောက်နှင့် မတူဘဲ မယ်လီဆာ သူငယ်ချင်းမ ကလေး တစ်ယောက်နှင့် တူနေသည်။ အပြင်ဘက်တွင် အကြာကြီးရပ်ပြီး အော်လီဗာကို သူငေး ကြည့်နေသည်။
အိမ်ရှေ့ တံခါး သွားဖွင့်ပေးရမှာလား၊ သည် အတိုင်း ငေးကြည့်နေရ မှာလား၊ အော်လီဗာ ဝေခွဲ မရ ဖြစ်နေ သည်။ နှုတ်ဆက်ဖို့ လာသည်ဆိုလျှင်တော့ တော်တော် ရက်စက်ရာ ကျလိမ့်မည်။ တစ်စုံ တစ်ခု က ဆွဲယူညှို့ငင်နေသလို ခံစားရ၏။ ကိုယ့်ကိုကိုယ် ဘာလုပ်နေမှန်း မသိဘဲ တံခါးဝ ဆီ သို့ လျှောက်သွားပြီး ဖွင့်ပေးလိုက်မိသည်။ ဆောက်တည်ရာမရ ဖြစ်နေသည့် ခြေလှမ်းများဖြင့် ရှားလော့ လျှောက်လာသည်။

"မောင့်ကို တွေ့မယ် မထင်ဘူး၊ မတွေ့ရင်ထားခဲ့ဖို့ စာတောင် ရေးယူလာသေးတယ်"
လက်ထဲ တွင် စာရွက်ကလေးကိုင်လျက်၊ သို့သော် အော်လီဗာ ဖတ်ချစ်စိတ် မရှိတော့ပါ။
"မလာခင် ရှာလီ မောင့် ကို ဖုန်းဆက်ဖို့ ကောင်းတာပေါ့နော်"
"စာတိုက် ကနေ ထည့်လိုက်လဲ ရတာပဲ"
သူနှင့် စကားများများ ပြောစရာအကြောင်း မရှိတော့ပါ။ ပြောစရာရှိသမျှ အားလုံး ပြောခဲ့ပြီးပြီပဲ၊ မျက်ရည်တွေ လည်း အကြိမ်ကြိမ် ကျခဲ့ပြီးပြီပဲ၊ ရှားလော့က အော်လီဗာကို ကျော်ပြီး မီးဖိုဆောင်ကို လှမ်းကြည့် သည်။

"ကလေးတွေ နေကောင်းကြရဲ့လားဟင်"
"နေကောင်းပါတယ်" ဟု ဖြေရင်း အော်လီဗာ အံ့သြနေသည်။ ဘာအတွက်များ သူရောက်လာတာ ပါလိမ့်" "သူတို့ကို ရှာလီ အောက်မေ့ပါတယ် မောင်ရယ်"
ကိုယ့် ကိုကိုယ် အပြစ်ရှိသူတစ်ယောက် အယူခံဝင်နေသည့်လေသံ၊ တောင်းပန်သည့်လေသံဖြင့် ရှားလော့ ပြောသည်။ "သူတို့လဲ မင်းကို အောက်မေ့နေကြတာပါပဲ"
"အဲလက်စ်ကလေးကော" "ကောင်းပါတယ်၊ သူ့အဖေနဲ့ လုံးထွေးနေတာပဲ"
အော်လီဗာ ပြောရင်း ပြုံးလိုက်သည်။

"တစ်ယောက်မှ မမြင်ပါလား၊ ဘယ်သွားနေကြတာလဲ"
"ကျေးဇူးတော်နေ့ ခရီးထွက်ကြတယ်လေ"
အတွင်း ကို ၀င်ဖို့ ဖိတ်ခေါ်ချင်နေပြီ။ သို့သော် အကျိုးအမြတ်မှာ ဝေဒနာတွေ တိုးလာခြင်းသာ ဖြစ်မည်။ ပြီးမှ ပုခုံးတွန့်ပြီး အထဲဝင်ဖို့ လက်ဝှေ့ပြပြီး တံခါးဆွဲဖွင့်ပေးလိုက်သည်။
"ခဏ၀င်ဦးလေ" ရှားလော့ သူ့နောက်မှ လိုက်ဝင်သွားသည်။ ယောက်ျားပီသလှသည့် ချစ်သူကို အမြတ်တနိုး ကြည့်မိသည်။ ချစ်နေတုန်းပါ မောင်ရယ်၊ စာရွက်ခေါက်ကလေးကို အိတ်ထဲပြန်ထည့် လိုက်၏။ "ဘယ်တော့သွားမှာလဲ" အော်လီဗာ က စမေးလိုက်သည်။ ရှားလော့ ခပ်တွေတွေ ဖြစ်နေသည်။ ဘာပြော ရမှန်း မသိဘဲ ကြောင်တောင်တောင် ဖြစ်နေခြင်းမျိုး။ မိမိကြောင့် ချစ်သူဘယ်၍ ဘယ်မျှ ခံစားခဲ့ရည် ကို ရှားလေ့ သိပါသည်။ သည်အတွက် ဘယ်လိုမှ အလျော်ပေး၍ ရနိုင်မည် မဟုတ်ပါ။ ထို့ကြောင့် ရှည်ရှည် ဝေးဝေး ရှင်းပြစရာလည်း သိပ်ရှိတော့မည် မထင်ပါ။ ရှင်းပြချင်သည့်တိုင်အောင် ဘယ်က စပြော ရမှန်း ရှားလော့ မသိ။ ထို့ကြောင့် ချစ်သူမျက်နှာကို ခပ်ငေးငေးလေး ကြည့်နေမိသည်။

"ပြောရမှာ အရှည်ကြီးပဲ မောင်ရယ်" "သိပ်ပျော်နေမှာပဲနော်"
တတ်နိုင်သမျှ ဣနြေ္ဒဆည်ပြီး ပြောသော်လည်း ဒေါသသံပါနေ၏။ အချစ်ကြီးသဖြင့် အမျက်ကြီး ခြင်းမျိုး၊ သို့သော်လည်း ချစ်သူအပေါ် အမျက်မသိုမိရန် အတတ်နိုင်ဆုံး အော်လီဗာ သတိထားပါ သည်။
"မောင်နဲ့ မတွေ့တဲ့ ရက်ပိုင်းမှာ အဖြစ်အပျက်တွေက အများကြီးရယ်"
ငရဲတမျှ ပူပူလောင်လောင် ခံစားခဲ့ရသည့်အကြောင်းများကိုတော့ ထည့်မပြောတော့ ပါ။ အေးစက်စက် ဖြစ်နေသည့် သူ့မျက်လုံးများကို ကြည့်ပြီး ပြောဖို့ သိပ်နောက်ကျသွားပြီဖြစ်ကြောင်း ရှားလော့ နားလည် လိုက်ပါပြီ။ လာမိတာပင် မှားလေပြီလားဟု သံသယ၀င်လာ၏။

"ကော်ဖီတစ်ခွက်လောက် သောက်ပါလားဟင်" စိတ်တစ်ခုက သူ့ကို ပြန်စေချင်ပြီ။ သို့သော် အခြား စိတ်တစ်ခု က နေစေချင်သေးသည်။ မပြန်စေချင်၊ ဘယ်တော့မှ ပြန်မလွှတ်ချင်။
ချစ်သူ ကို ရှားလော့ ဆွေးဆွေးမြေ့မြေ့ စိုက်ကြည့်နေသည်။ ပြီးမှ တိုးတိုးကလေး ပြောလိုက်သည်။
"ရှာလီ မသွားတော့ဘူး မောင်" "ဘာ ... မသွားတော့ဘူး ဟုတ်လား"
အော်လီဗာ့နားထဲတွင် သူ့စကားလုံးလေးတွေ ဆူညံစွာ ပဲ့တင်နေသည်။ ဘာအဓိပ္ပာယ်ပါလိမ့်။ သတင်းစာတွေ၊ တီဗွီတွေ တရားဝင်သတင်းလွှင့်ပြီးမှ ဘယ်လို ဖြစ်တာပါလိမ့်။
"ဟုတ်တယ်မောင်၊ ဒီမှာပဲ လုပ်လက်စတွေ ဆက်လုပ်တော့မယ်"
"ဒီက ထုတ်လုပ်သူတွေ က စာချုပ်နဲ့ ကိုင်ထားလို့လား" "မဟုတ်ပါဘူး၊ အဲဒီကိစ္စ လုံးဝပြဿနာ မရှိဘူး ..." အော်လီဗာ မျက်မှောင်ကုတ်ပြီး စကားဆက်ကို စောင့်နေသည်။

"မသွားသင့်ဘူးထင်လို့ ရှာလီဘာသာ ဆုံးဖြတ်ချက်ကို ပြင်လိုက်တာပါ"
"ဒါဖြင့် ဘရော့ဒ်ဝေးကို သွားဖို့ မင်းရည်ရွယ်ချက်ကကော၊ ဘာလို့ မသွားတော့တာလဲ"
"မောင့်ကြောင့်ပေါ့၊ သိပ်များ နောက်ကျသွားပြီလားဟင်။ နောက်ဆုံးကျမှ ဘရော့ဒ်ဝေးကို သွားမယ်ဆိုတဲ့ ဆုံးဖြတ်ချက်မှားကြောင့် သိလာတယ်လေ၊ အိမ်ထောင်ပြုဖို့ရယ်။ အိုးနဲ့အိမ်နဲ့ နေဖို့ ရယ်ကို ရှာလီ ဘယ်လောက် အလေးအနက် ထားခဲ့တယ်ဆိုတာ မောင်သိတယ်နော်၊ ဒါပေမယ့် ရှာလီ လုပ်ပုံက အဲဒါတွေ ကို အားလုံးဘေးချိတ်ပြီး ရှာလီနဲ့ မောင့်ကို ဘယ်လောက်ပဲ ထိခိုက် ထိခိုက် ကလေးတွေ ဘယ်လိုဖြစ်ကျန် ကျန် တစ်ကိုယ်ကောင်းဆန်ဆန် ထွက်ပြေးတဲ့ သဘောပဲ"

"ဒါမျိုး မလုပ်သင့်ဘူးလေ၊ ချစ်သူကို ထားခဲ့ဖို့ဆိုတာ တကယ့်တကယ်ကျမှ မဖြစ်နိုင်မှန်း သိလာ တယ်။ တစ်ဘက်က ဆန္ဒတွေ ဘယ်လောက်ကြီးကြီး အချစ်နဲ့ယှဉ်တိုးကြည့်တဲ့အခါ အလိုလို သေးသိမ် သွားတယ်၊ ရှာလီ ကို မောင်ပြန်ပြီး လက်မခံသည့်တိုင် ဘရော့ဒ်ဝေးကို မသွားဖို့ ဆုံးဖြတ် ချက် ကိုတော့ ရှာလီ မပြင်တော့ဘူး" နာကြည်းပြုံးကလေး ပြုံးလိုက်ပြီး စကားဆက်သည်။
"အဲဒီလို ဆုံးဖြတ်ပြီး မှ ကိုယ့်ကိုကိုယ်အမှန်ဘက် ပြန်ရောက်လာတယ်လို့ ခံစားရတယ်၊ အဲဒီတော့ မှ နေသာထိုင်သာ ရှိလာတယ်" တွန့်နေ သည့် နဖူးရေတွေ တဖြည်းဖြည်း လျော့ကျ သွားပြီး အော်လီဗာ ၏ နှုတ်ခမ်းများပေါ်တွင် ပြုံးရိပ်သန်းလာ သည်။ "သူတို့ ဒေါသပုန်ထမနေကြဘူးလား"
ရှားလော့ ပြုံးသည်။

"ဘယ်ပြောကောင်းမလဲ၊ ဘရော့ဒ်ဝေးနဲ့တော့ ဝေးပြီပေါ၊ ဒါပေမယ့် ဟောလိဝုဒ်က ရှာလီကို ချစ်ကြ ပါ တယ်လေ၊ အဲဒါတွေ မောင့်ကို ရှင်းပြချင်တယ်၊ ဖုန်းဆက်မယ် အကြိမ်ကြိမ် စိတ်ကူးတယ်၊ ရှာလီ မဆက်ရဲလို့" "ဘာဖြစ်လို့" "မောင့်ကို ရှာလီစိတ်ဆင်းရဲအောင် လုပ်ခဲ့မိလို့လေ၊ နောက်တစ်ခုက နယူးယောက် ကို သွားပါတော့ မယ်လို့ ဒီနေ့ ပြောပြီးနောက်တစ်နေ့မှာ လာပြီး ဘွာခတ်လို့ မကောင်း ဘူးလေ၊ စာရွက်ကလေးထဲ မှာ အဲဒီအကြောင်းတွေ ရေးထားတာပါ။ သတင်းစာတွေ။ တီဗွီသတင်းတွေ ထဲ မပါခင် မောင်ကြို သိထားစေချင်လို့လေ။ မောင်နဲ့ရှာလီ အဆက်အသွယ်ရှိနေရင်တော့ ဒီကိစ္စ မောင်အရင် သိရမှာပေါ့၊ ဒါပေမယ့် မောင်က အဆက်အသွယ်လုပ်ချင်စိတ်တောင် မရှိတော့ဘူး မဟုတ်လား" ချစ်သူဆီမှ ဘာမျှမမျှော်လင့်တော့သည့် လေသံဖြင့် ပြောနေသည်။ ချစ်သော သူနှင့် ကွေကွင်းရလျှင် တစ်သက်လုံး စိတ်ဆင်းရဲနေတော့မည့်အသွင်က အထင်းသား ပေါ်လွင်နေ၏။

ရှားလော့က လေးလံလွန်းသည့်အကြောင်းအရာမှ အာရုံပြောင်းသည့်အနေဖြင့် ပူးလှောင်အိမ် ကလေးကို လှမ်းကြည့်ပြီး … "ဒါထက် … ရှာလီ ကလေးကော" အော်လီဗာက ချစ်သူကို ကြည့်ပြီး ပြုံးလိုက်သည်။ ဖိစီးနေ သည့် ၀န်ထုပ်ဝန်ပိုးကြီး ပခုံးပေါ်မှ လျောကျသွားသလို ပေါ့ပါးသွား၏။
"မျက်စိနောက်တာနဲ့ ဆမ်မရှိတုန်း ကားရုံထဲ သွားပို့ထားတယ်၊ အိပ်လို့မရတဲ့အထဲ သူက လာလာ ရှုပ်နေလို့လေ" ရှားလော့၏ ရင်ထဲတွင် နင့်ခနဲ ဖြစ်သွားသည်။ ပြီးတော့ ၀မ်းနည်းပက်လက် ပြောသည်။
"ရှာလီ တစ်ညမှ ကောင်းကောင်းမအိပ်နိုင်ပါဘူးမောင်ရယ်၊ ရှာလီ သိပ်မိုက်မဲတာပဲနော်၊ ဟုတ်တယ် မဟုတ်လားဟင်" အော်လီဗာက သူ့ကို ကြည့်ပြီး ပြုံးသည်။

"မိုက်တယ်လဲ ဘယ်ဟုတ်မလဲလေ၊ နောက်ဆုံးမှာ လမ်းဆုံလမ်းခွရောက်ရင် တစ်လမ်းလမ်း ကို ရွေးကြ ရတာပဲ၊ ဒါဟာ ဘ၀ပဲ၊ တို့အားလုံးဟာ ဘ၀လမ်းတစ်လျှောက်မှာ စမ်းတ၀ါးဝါးနဲ့ မရေမရာ လျှောက်နေကြသူတွေပဲလေ"
နှစ်ယောက်သား မထိုင်ကြသေး။ မီးဖိုဆောင်ထဲတွင် ခပ်ကြောင်ကြောင်ကလေး ရပ်နေကြဆဲ ဖြစ်၏။ ခုထိ သူတို့ ဘ၀ ရေရေရာရာ မရှိသေး။ နှစ်ယောက်စလုံး အနာဂတ်သည် အော်လီဗာ့အပေါ် တွင် လုံးလုံး တည်နေပြီ။ "မောင့်ကို ရှာလီ သိပ်အောက်မေ့တာပဲကွယ်၊ ရှာလီ့ကို ခွင့်မလွှတ်ဘူးဆိုရင်တော့ မောင့်ကို တစ်သက်လုံး အောက်မေ့ နေရတော့မှာပေါ့နော်၊ မောင့်ကို ခေါ်ဖို့ နေ့တိုင်း ကြိုးစားတယ်၊ လာဖို့လဲ ကြိုးစား တယ်၊ ရှာလီ့ အပြစ်တွေ အားလုံး ခွင့်လွှတ်ဖို့ မောင့်ကိုတောင်းပန်မလို့လေ၊ ဘရော့ဒ် ဝေးကို သွားဖို့ ဆုံးဖြတ်တာကိုက ခွင့်မလွှတ်နိုင်တဲ့ အမှားပါမောင်" "ဒါပေမယ့် ဘရော့ဒ်ဝေး က မင်းရဲ့ ဘ၀ပန်းတိုင်ပဲ ရှာလီ၊ ဘာလို့ မှားတယ်လို့ ပြောနိုင်မလဲ"

"မောင့်ကို အဲဒီဘ၀ပန်းတိုင်ထက် ပိုချစ်လို့ပေါ့၊ အဲဒါကို စောစောပိုင်းက မသိဘူး၊ မောင့်ကို ဆုံးရတော့ မှာပါလားဆိုတဲ့ အသိဝင်မှသိတာ၊ ခုတော့ သိတာ သိပ်နောက်ကျသွားပြီပေါ့နော်"
သူ့မျက်လုံးက နောက်ကျသွားပြီ ဆိုခြင်းကို အတည်ပြုသည့်နှယ် အေးစက်နေဆဲ။ လာမိသည့်အတွက် ရှာလီ ယူကြုံးမရ ဖြစ်နေသည်။ ထိုစဉ် သူ့မျက်နှာပေါ်တွင် ထူးဆန်းသည့် အရောင်များ ယှက်သန်း လာပြီး ရှေ့သို့ တရွှေ့ရွှေ့ တိုးလာသည်။
"ဘယ်သူပြောလဲ၊ နောက်ကျသွားပြီလို့" ရှားလော့၏ ခန္ဓာကိုယ်ကလေးကို ဆွဲယူပြီး တိုးတိုးကလေး ထပ်မေး သည်။

"ဘယ်သူပြောလဲ၊ နောက်ကျသွားပြီလို့၊ ပြီးတော့ မင်းဆုံးဖြတ်ချက်မှားတယ်၊ ကိုယ်က မှန်တယ်လို့ ကော ဘယ်သူပြောလဲ၊ ကိုယ်တို့ မိသားစုပါ နယူးယောက်ကို ပြောင်းပြီး ပါချေ့စ်အိမ်မှာနေဖို့ အကြိမ် တစ်ထောင်မက စဉ်းစားတယ်၊ ဒါပေမယ့် မင်းရဲ့ ရှေ့မှာ ကိုယ်က ကာဆီးကာဆီးလုပ်ဖို့ ဘာအခွင့်အရေး မှ မရှိဘူးလေ" "မောင့်ကို ရှာလီနဲ့ ပတ်သက်တဲ့အခွင့်အရေးအများကြီး ရှိပါတယ်ကွယ်၊ ရှာလီသက်သက် တစ်ကိုယ်ကောင်းဆန်တာပါ" "ဒါဖြင့် ခု ဘာဆက်လုပ်ကြမလဲ" အော်လီဗာနှုတ်မှ ကြိုးကြိုးစားစား ထွက်သွားသော စကားလုံးများ … "မောင့်ကို ရှာလီ သိပ်ချစ်တယ်" ရှာလီ လှိုက်လှိုက် လှဲလှဲ ပြော လိုက်သည်။ အော်လီဗာအတွက် အချိုမြိန်ဆုံးနားဝင်ပီယံအဖြစ်ဆုံး စကားလုံးများ၊ ချစ်သူကို ထွေးပွေ့ပြီး ခပ်ဖြည်းဖြည်း နမ်းလိုက်သည်။

"မောင်လဲ အတူတူပါပဲ အချစ်ရယ်၊ ကိုယ်လေ … မင်းကို အောက်မေ့လွန်းလို့ တစ်ခါတစ်လေ ကိုယ့်ကိုကိုယ် ရူးသွားမလား အောက်မေ့တယ်" "အတူတူပါပဲ မောင်ရယ်"
ရှားလော့က ပြုံးပြုံးကလေး ပြန်ပြောသည်။ အော်လီဗာက ဘာမပြောညာမပြောနှင့် ရှားလော့၏ ကိုယ်ကလေး ကို စွေ့ခနဲ ပွေ့ယူပြီး မီးဖိုဆောင်ထဲမှ ထွက်လာသည်။ "ဒါ ဘယ်ကိုသွားမလို့လဲ"
ရှားလော့ ရယ်ရင်း မေးသည်။ ပျော်လွန်းလို့ ရင်တွေ တလှပ်လှပ်ခုန်လာ၏။ ချစ်သူ ရင်ခွင် ထဲကို ပြန်ရောက်လာခဲ့ပြီ မဟုတ်လား။ "ဘာလုပ်မလို့လဲလို့" ထပ်မေးသည်။ အော်လီဗာ က လှေကားထစ်တွေ ကို တက်နေပြီ။

"အကယ်ဒမီ မင်းသမီးကို ဒဏ်ခတ်မလို့လေ"
ရင်းနှီးပြီးသား အိပ်ခန်းသည် နွေးထွေးလျက် ရှိ၏။ သူ့မျက်နှာကို မော့ကြည့်လိုက်သည်။
"ရှာ့လီကို ခွင့်လွှတ်ပါနော် မောင်" "မောင့်ကို ခွင့်လွှတ်ပါ၊ မောင်မှားတာတွေလဲ ပါတာပဲ"
သူ့ရင်ခွင်ထဲတွင် မျက်နှာကလေး မြှုပ်ထားလိုက်သည်။  လေးရက်လုံးလုံး ငရဲရက်များကို အတိုးချပြီး နှစ်ယောက် သား ပျော်ကြသည်။ ကလေးတွေ ပြန်လာ တော့ ရှားလော့ကို မီးဖိုဆောင်ထဲတွင် အ၀တ်အစား ကပိုကရိုနှင့် ဖိနပ်မပါဘဲ တွေ့သည်။ ဆာရာက ကလေးတွေ ကို ပြန်ပို့ပြီး အော်လီဗာ ကို နှုတ်ဆက် ကာ လေယာဉ်ကွင်းတန်းဆင်းမည်၊ အော်လီဗာက ဆာရာ့ကားဆီသို့ လျှောက်လာသည်။ ဆာရာ က မီးဖိုဆောင် ထဲတွင် ရှားလော့ ကို ကပိုကရို မြူးမြူးရွှင်ရွှင် လှမ်းမြင်တော့ ပါးစပ် အဟောင်းသား ဖြစ်နေသည်။

"အဲဒါ သူလားဟင်" ဆာရာက အော်လီဗာကို တိုးတိုးကလေး မေးသည်။
"ဟုတ်တယ်လေ" ရှားလော့ကို ဆာရာနဲ့ မိတ်ဆက်ပေးဖို့ အော်လီဗာ လှမ်းခေါ်မည် ပြုသည်။ သို့သော် အိမ်ထဲတွင် ရှားလော့နှင့် ကလေးတွေ ဆူညံနေကြသည်။ "ဒါဆို အော်လီဗာတို့ နယူးယောက်ကို လိုက်ပြောင်းကြတော့မှာပေါ့နော်" ဆာရာ ၀မ်းသာသွားသည်။ အော်လီဗာ့အတွက် ပျော်သွားခြင်း ဖြစ်၏။ ကားထဲသို့ ၀င်ထိုင်လိုက် သည်။ သားသမီးတွေနှင့် တ၀ကြီး လည်ပတ်ခဲ့ရ၍ သူ့မျက်နှာမှာ တင်းတိမ်ကျေနပ်နေပုံရသည်။ "ဟင့်အင်း … လိုက်မပြောင်းပါဘူး"
ဝင့်ကြွားသည့် လေသံကလေး စွက်နေကြောင်း ကိုယ့်ကိုကိုယ် သတိထားလိုက်မိ၏။ ဆက်ပြော လိုက်သည်။

"သူ မသွားတော့ဘူးတဲ့"
"ဟုတ်လား" ဆာရာ အရမ်းသဘောကျသွားပုံရ၏။ အော်လီဗာက သူ့ကို ကြည့်ပြီး ပြုံးလိုက်သည်။
"ဒီတစ်ခါတော့ ကိုယ်ကံကောင်းတယ်လို့ အောက်မေ့ရတာပဲ" "ရှားလော့ဟာ သိပ်တော်တဲ့ မိန်းကလေးပါ၊ နှစ်ယောက်စလုံး အတွက် ဂုဏ်ယူပါတယ် အော်လီ၊ သူနဲ့စာရင် ဆာရာက မနူးမနပ် ဖြစ်နေမှာပေါနော့်" "နည်းနည်းပါ" နှစ်ယောက်သား ရယ်ကြသည်။ "အော်လီဗာ ကံကောင်းပါစေကွယ်"

ဆာရာလက်ပြပြီး မောင်းထွက်သွားသည်။ အော်လီဗာအိမ်ထဲသို့ ပြန်ဝင်လာခဲ့၏။ ရှားလော့၏ အဖြစ်ကို မယုံနိုင် သလို လှမ်းကြည့်နေသည်။ လက်တစ်ဖက်က အဲလက်စ်ကလေးကို ချီထားပြီး ကျန်တစ်ဖက်က ဆမ် ကို သိုင်းဖက်ထားသည်။ တပြိုင်တည်းတွင် မယ်လီဆာနှင့် စကားလက်ဆုံ ကျနေသည်။ ရှုပ်ယှက်ခတ်နေသည့်ကြားတွင် အက်နက်က ချောကလက်နွေး လုပ်နေသည်။ မီးဖိုဆောင်ထဲမှ စားပွဲ တွင် ၀ိုင်းထိုင်လိုက်ကြ၏။ ရှားလော့က အော်လီဗာ နားနားကပ်ပြီး …
"ရှာလီ အရမ်း ကံကောင်းတာပဲနော်မောင်" "ကံကောင်းတာက ကိုယ်ပါကွာ"
"နှစ်ယောက်လုံး ကံကောင်းတာပါလေ" ပြောနေရင်း သူ့ဆီပြန်ပို့လိုက်သော လက်စွပ်အကြောင်း သွား သတိရသည်။ သူ ဘာလုပ်ပစ်ပါလိမ့်။ ရှားလော့က သူ့လက်ကလေးကို သူ ငုံ့ကြည့်လိုက်၏။ သူ့ကို မော့ကြည့်တော့ ရယ်နေသည်ကို တွေ့ရသည်။
"ဘာရယ်စရာတွေ့လို့လဲ" "မင်းကို ကြည့်ပြီး ရယ်ချင်လို့၊ မမေးတဲ့မေးခွန်းကို ကိုယ်ဖြေပါ့မယ်၊ လွှင့်ပစ် လိုက်ပြီလေ။

တကယ်က စိန်လက်စွပ်ကလေးကို အိပ်ခန်းထဲမှ အ၀တ်ဗီရိုထဲတွင် အော်လီဗာက တရိုတသေ သိမ်းဆည်း ထားခြင်း ဖြစ်၏။ "ရှာလီ ဘာတွေးနေတယ်ဆိုတာ မောင် ဘယ်လိုသိလဲဟင်"
"ဘာပြုလို့လဲ ဆိုတော့ မင်းအကြောင်း ပိုပိုသိလာလို့ပေါ့၊ ပြီးတော့ ချစ်လွန်းလို့ပေါ့"
အဲလက်စ်ကလေး ၏ ခေါင်းပေါ်ကျော်ပြီး တစ်ဦးနှင့်တစ်ဦး အပြုံးကိုယ်စီဖြင့် အကြာကြီး စိုက်ကြည့်နေကြသည်။ "ရိုးရိုးရွှေလက်စွပ်ကလေးနဲ့ လဲဝတ်ပါလားဟင်"
အခြေအနေတွေ နောက်ထပ်မပြောင်းခင် အော်လီဗာ အပိုင်လုပ်ထားချင်သည်။ ကမ္ဘာကျော် ကုမ္ပဏီကြီးတွေ၊ ကမ္ဘာကျော် ဒါရိုက်တာကြီးတွေက လာခေါ်လို့ သူစိတ်ပြောင်းသွားရင် မခက်ပါလား၊ ခရစ္စမတ်ရောက် ဖို့ က လေးပတ်လိုသေးသည်။ အော်လီဗာ မစောင့်ချင်တော့။

သူ့မေးခွန်း ကို ရှားလော့က ခေါင်းညိတ်ပြီး ဖြေသည်။ မျက်လုံးများက အော်လီဗာ ဖြစ်နေသည့် သံသယတွေ ကို ချေဖျက်နေဘိသို့ ရှိ၏။ ချစ်သူရင်ခွင်ဆီသို့ အပြီးအပိုင် ပြန်လာခဲ့ခြင်း ပါ မောင်ရယ် ဟု ပြောနေသည့် အလား။
ချစ်သူ ရယ်၊ ချစ်စရာကလေး သုံးယောက်ရယ်၊ ရွှေစင်ရုပ်တုပိုင်ရှင် မင်းသမီးဘ၀ရယ်၊ ပြီးတော့ မိမိ အတွက်အမြဲ ရှိနေမယ့် ဟောလီဝုဒ်စင်မြင့်ရယ်၊ နောက်ထပ် ရှားလော့ဘ၀မှာ ဘာမှ မလိုတော့ အောင် ပြည့်စုံနေပါပြီ။ အော်လီဗာ ကလည်း ဒါတွေအားလုံး ချစ်သူကိကု ပေးဖို့ အသင့်ဖြစ်နေ ပါပြီ။ သူနှင့် ကွဲကွာနေသည့် ရက်ပိုင်းတွင်မှ ပို၍ နားလည်လာခြင်း ဖြစ်၏။ "ဘယ်တော့လဲဟင်"
အော်လီဗာ က မေးသည်။

ရှားလော့ က ပေါင်ပေါ်မှ အဲလက်စ်ကလေးကို အက်နက်အား လှမ်းပေးရင်း အော်လီဗာကို လှမ်းကြည့်လိုက်သည်။ "ဒီနေ့" အော်လီဗာ မျက်မှောင်ကုတ်ပြီး ရှားလော့ကို သူ့ဘက်ဆွဲတိုးလိုက်သည်။ ပြီးတော့ နမ်းဖို့ ပြင်သည်။
စကိတ်ပစ္စည်းတွေ ထမ်းပြီး ၀င်လာသည့် ဘင်ဂျမင်က … "ဟာ … ဆောရီး ဖေဖေ" ရှားလော့ ကို မြင်တော့ ဘင်ဂျမင် အရမ်းပျော်သွားသည်။ သို့သော် ဘာမှ ဆက်မပြောဘဲ အခန်းထဲမှ ပြေးထွက်သွားသည်။ နှစ်ယောက်သား ရယ်ကြသည်။ ပြီးမှ နမ်းကြသည်။
"အကောင်းပြောတာ၊ နောက်တစ်ပါတ်လား" "အကောင်းပြောတာ၊ မနက်ဖြန်"
မင်္ဂလာရက်မြတ်ကို မရွေးတတ်အောင် သူတို့ပျော်နေကြသည်။

"သိပ်ချစ်တယ်"
အော်လီဗာ တိုးတိုးကလေး ပြောသည်။ ချစ်သူ့ ရင်ခုန်သံကို ကြားနေရသည်ထင်၏။
"ရှာလီလဲ မောင့်ကို သိပ်ချစ်ပါတယ် မောင်ရယ်"
ရှားလော့ လေသံဖြင့် ပြန်ပြောသည်။ ကလေးတွေ ရယ်မောသံနှင့် အပေါ်ထပ်သို့ ပြေးတက်သွား ကြသည့် ခြေသံတွေ ကို ကြားရသည်။ မင်္ဂလာသတင်းအကြောင်း ပြောကြဆိုကြရင်း သူတို့တတွေ အပျော်ကြီး ပျော်နေကြသည်။
နောက်အပါတ် ဆိုလျှင် သတင်းစာတွေထဲပါပြီ။ သို့သော် ထိုအချိန်တွင် သူတို့ ဟာဝိုင်ယီ ကို ရောက်နေပြီ။ ကုမ္ပဏီ၏ ခွင့်ပြုချက်ဖြင့် မင်္ဂလာခရီးတစ်ပါတ် ထွက်ကြမည်လေ။
ထင်သည့် အတိုင်းပင် သတင်းထောက်တွေ အလုပ်ရှုပ်ကြပြန်သည်။ ဟာဝိုင်ယီမှ အပြန်တွင် အိမ်မှာကော လေယာဉ်ကွင်းမှာပါ စောင့်ပြီး ဓာတ်ပုံတွေ တဖျပ်ဖျပ် ရိုက်ကြသည်။

လေယာဉ်ကွင်းတွင် ဘင်ဂျမင်တို့ သားအဖေ လာကြိုသည်။ ဘင်ဂျမင့်မျက်နှာကလေးမှာ အကျေနပ်ဆုံး ပြုံးနေ၏။ အဲလက်စ်ကလေးက ဖအေ့ပုခုံးပေါ်တွင် အိပ်နေသည်။ အိပ်ပျော်နေသည့် သူ့မျက်နှာကလေး က ဖအေ့ပုခုံးပေါ်တွင် အိပ်နေသည်။ အိပ်ပျော်နေသည့် သူ့မျက်နှာကလေး တွင် ငြိမ်းချမ်းခြင်းနှင့် ပျော်ရွှင်ခြင်းကို တွေ့ရ၏။ "ရှာလီတို့ မွေးလာရင် အဲလက်စ်ကလေးလိုပဲ ချစ်ဖို့ကောင်း မှာပါနော်" တန်ဆာရွေးရမည့် ကောင်တာဆီသို့ ဘင်ဂျမင့်နောက်မှ လျှောက်လိုက်သွားရင်း ရှားလော့က ကပ်မေးသည်။ ဇနီးသည်၏ ခါးကို အော်လီဗာ သိုင်းဖက်လိုက်ပြီး ပြုံးလိုက်၏။ မိမိအနေဖြင့် ဘာမှ မပူတော့၊ ဆန္ဒမှန် သမျှတို့ အားလုံးပြည့်ဝခဲ့ပြီ မဟုတ်လား။

လိုချင်သည့် ဘ၀မျိုးကိုလည်း တည်ဆောက်နိုင်ခဲ့ပြီ။ ချစ်သူနှင့်လည်း ဖူးစာဆုံခဲ့ပြီ။ ဘာလိုသေး သနည်း။ ကမ္ဘာပေါ်တွင် ကံအကောင်းဆုံး လူတစ်ယောက်အဖြစ် မိမိကိုယ်မိမိ ယုံကြည်လိုက် သည်။
"အားလုံးပြီးပြီလား" ဘင်ဂျမင့်ကို အော်လီဗာ လှမ်းမေးလိုက်သည်။ ဘင်ဂျမင်က အထုပ်အပိုးတွေ ကူသယ်သည်။ ကွင်းထဲမှ ထွက်လာခဲ့ကြစဉ် အမျိုးသမီးတစ်ယောက် နောက် မှ ပြေးလိုက် လာပြီး ဆွေ့ဆွေ့ခုန် ၀မ်းသာနေသည့်ပုံဖြင့် မေးသည်။
"ရှား … ရှားလော့ဆင်မဆင် မဟုတ်လား ဟင် …" "လူမှား နေတယ် ထင်ပါတယ်၊ ကျွန်မနာမည် မစ္စက်ဝတ်ဆင်ပါ" "အို …" အမျိုးသမီးက တောင်းပန်ပြီး ပြန်လှည့်ထွက်သွားသည်။ သုံးယောက်သား တခစ်ခစ် ရယ်ကြသည်။ အဲလက်စ်ကလေး က ဖအေ့ ပခုံးပေါ်တွင် အိပ်လို့ ကောင်းတုန်း။
အော်လီဗာနှင့် ရှားလော့တို့သည် ကျန်ကလေးနှစ်ယောက်ရှိရာသို့ ဆက်လက် ထွက်ခွာ လာခဲ့ကြ လေ သည်။

ပြီးပါပြီ
တင်မောင်မြင့်
29-3-1993
>>>ဆက်ဖတ်ရန်>>> >>

Tuesday, June 5, 2012

တင်မောင်မြင့် ၏ ဒက်ဒီ, အပိုင်း (၂၅)

ဆမ်ကလေးက တီဗွီကြည့်ရင်း အဲလက်စ်ကလေးက အက်နက်၏ လက်ပေါ်တွင် နှစ်ခြိုက်ခြိုက် အိပ်ပျော်နေပြီ။ ပဏာမအရွေးခံရသည့် နာမည်စာရင်းကို အခမ်းအနားမှူးက ပထမ ဖတ်ပြသည်။ ရှားလော့ နာမည်ပါလာတော့ မယ်လီဆာနှင့် ဘင်ဂျမင်တို့ ထအော်ကြသည်။ အလားတူ တန်းဝင် ကား အမည် များ ကြေညာတော့ ထုတ်လုပ်သူ နှစ်ယောက်နှင့် သူတို့ဇနီးတွေ ပရိသတ်ထဲ မှ ပြေးထွက် လာပြီး ၀မ်းသာအားရ အော်ကြသည်။ ရှားလော့က အားရပါးရ ပြုံးပြီး အော်လီဗာကို သိုင်းဖက် လိုက်၏။ အကောင်းဆုံး သရုပ်ဆောင်ဆု ကြေညာမည့်အချိန်သည် စက္ကန့်နှင့် နီး လာလေပြီ၊ ရှားလော့၏ မိတ်ဆွေတစ်ယောက် ထုတ်လုပ်သည့် ရုပ်ရှင်ကား အကောင်းဆုံးဆု ဆွတ်ခူး သွားသည်။ တဖြည်းဖြည်းနှင့် မိမိတို့အလှည့် ရောက်ပြီ၊ ရှားလော့ အသက်ရှူဖို့မေ့နေ၏။ ကို ဆက်ဖတ်ရန်....

ပဏာမ အရွေးခံရသည့် နာမည်စာရင်းကို အခမ်းအနားမှူးက ပထမ ဖတ်ပြသည်။ ရှားလော့ နာမည် ပါလာတော့ မယ်လီဆာနှင့် ဘင်ဂျမင်တို့ ထအော်ကြသည်။ အလားတူ တန်းဝင် ကား အမည် များ ကြေညာတော့ ထုတ်လုပ်သူ နှစ်ယောက်နှင့် သူတို့ဇနီးတွေ ပရိသတ်ထဲမှ ပြေးထွက်လာပြီး ၀မ်းသာအားရ အော်ကြသည်။ ရှားလော့က အားရပါးရ ပြုံးပြီး အော်လီဗာကို သိုင်းဖက်လိုက်၏။
အကောင်းဆုံး သရုပ်ဆောင်ဆု ကြေညာမည့် အချိန်သည် စက္ကန့်နှင့် နီးလာလေပြီ၊ ရှားလော့၏ မိတ်ဆွေ တစ်ယောက် ထုတ်လုပ်သည့် ရုပ်ရှင်ကား အကောင်းဆုံးဆု ဆွတ်ခူးသွားသည်။ တဖြည်းဖြည်းနှင့် မိမိတို့ အလှည့် ရောက်ပြီ၊ ရှားလော့ အသက်ရှူဖို့မေ့နေ၏။

မိမိဘ၀ တစ်လျှောက်လုံးတွင် ကျော်ဇောမှုနှင့် ပကာသနတွေကို ဂရုမစိုက်ဘဲ နေခဲ့သော်လည်း သည်ရွှေစင် ရုပ်တုကိုတော့ အများနည်းတူ လိုချင်ခဲ့သည်၊ သည်အတွက်ပင် အသေအလဲ အပင် ပမ်း ခံခဲ့ခြင်း၊ ကြိုးစားခဲ့ခြင်းမဟုတ်လား ရွှေစင်ရုပ်တုမရလျှင်လည်း အနုပညာလောကတွင် ထိုက်ထိုက် တန်တန် နေရာရနေပြီဖြစ်၍ ရှားလော့ကျေနပ်ပြီဖြစ်၏။
တီဗွိကင်မရာတွေ က မကြာခဏရှားလော့ဆီသို့ ချိန်သည် အော်လီဗာ၏ လက်ကို တင်းတင်းဆုပ် ထား မိ၏။ အော်လီဗာ က ချစ်သူအတွက် ကျိတ်ပြီး ဆုတောင်းပေးနေသည်။
အခြား ရုပ်ရှင်မင်းသမီးများ၏ အမည်များနှင့် ဆုတွေကို ဆက်ကြေညာသည်။ ပြီးတော့ အကြာကြီး တိတ်ဆိတ် သွားသည်၊ ကဇာတ်ရုံကြီးထဲတွင် အပ်ကျသံကိုမျှ မကြားရလောက်အောင် ငြိမ်သက် သွား၏။ တစ်စုံတစ်ယောက် သည်းမခံနိုင်သလို "လုပ်ပါတောဗျို့" ဟု လေသံနိမ့်ဖြင့်အော်သည်၊ တစ်ခဏအတွင်း ရှားလော့၏ နာမည်ကိုကြားလိုက်ရ၏။ အော်လီဗာ နားထဲသို့ လေးဘက်လေး တန်မှမိုးကြိုးပစ်သံလို ၀င်လာသည်။

ရှားလော့ ကြက်သေသေပြီး အော်လီဗာ့ကိုစိုက်ကြည့်နေသည်၊ ပြီးမှ ယောင်ယမ်းပြီး ပါးစပ်ကို လက် တစ်ဖက်နှင့် ပိတ် လိုက်သည်၊ ကိုယ့်နားကိုယ် မယုံနိုင်အောင် ဖြစ်သွား၏။
အော်လီဗာ က အသာကလေးဆွဲထူလိုက်သည်။ ရှားလော့ခပ်ကြောင်ကြောင်ထရပ်သည်။
"ဟုတ်ကော ဟုတ်ရဲ့လား မောင်ရယ်"
ပတ်ဝန်းကျင် ကို တစ်ချက်ဝေ့ကြည့်လိုက်၏။ အိပ်မက်မဟုတ်ပါကလား။
စင်မြင့်ဆီ သို့ လူသွားလမ်းကလေးအတိုင်း အပြေးကလေးထွက်သွားသည်၊ လှပသည့်ဆံပင်များ သည်လေထဲ တွင် ၀ဲပျံနေ၏။
ရွှေစင်ရုပ်ထု ကို လက်တစ်ဖက်မှ ကိုင်လျက် တစ်ဖက်မှ စကားပြောခွက်ကိုကိုင်ပြီး ပရိတ်သတ် ကို နှုတ်ဆက်သည်။

စိတ်လှုပ်ရှားစွာဖြင့် ရယ်ပြီး......
"ကျွန်မ...ကျွန်မ...ဘာပြောရမှန်း မသိတော့ပါဘူးရှင်၊ လုံးဝမပျော်လင့်ခဲ့တဲ့အတွက် ဘာမှပြင်ဆင် မလာခဲ့ မိပါဘူး၊ ကျွန်မ...ကျွန်မ အနေနဲ့ အားလုံးကို ကျေးဇူးတင်ပါတယ်၊ ထုတ်လုပ်သူမျာ၊ ဒါရိုက်တာ များ၊ စာရေးဆရာ များ၊ လုပ်ဖော်ကိုင်ဖက် မင်းသားမင်းသမီးများ၊ ကင်မရာဆရာများ.. ပြီးတော့ ကျွန်မရဲ့ အကသင်ဆရာ ဂျွန်ဒရမ်၊ နောက်ဒီပြဇာတ်ဖြစ်ဖို့အတွက် စီစဉ်ပေးတဲ့ ကျွန်မ ရဲ့မန်နေဂျာအင်နီ၊ အထူးအနေ နဲ့ကတော့..."
ချစ်သူမျက်နှာ ကိုလှမ်းကြည့်လိုက်သည်။
"ကျွန်မရဲ့ မိသားစုပေါ့လေ၊ ကျွန်မကို အမြတ်တနိုးအားပေးတဲ့ ကျွန်မရဲ့ ခင်ပွန်းလောင်း အော်လီဗာ၊ ပြီးတော့ ... ကျွန်မတို့ကလေးတွေ၊ ဘင်ဂျမာ၊ မယ်လီဆာ၊ ဆမ်..."
ရှားလော့ ၏ မျက်ဝန်းတွင် မျက်ရည်တွေ ပြည့်လျှံလာသည်၊ အော်လီဗာလည်း အလားတူပင်၊ အိမ်တွင် တီဗွီကြည့်နေသော ဆမ်ကလေးက ကျောက်ရုပ်လေးလို ငြိမ်နေသည်။

"အးလုံးကို ရှာလီချစ်ပါတယ်၊ ကျေးဇူးတင်ပါတယ်၊ နောက်နှစ်ကို ဒါထက်ပိုပြီး ကြိုးစားနိုင်လိမ့် မယ် လို့မျှော်လင့် ပါတယ် ရှင်"
ပြီးတော့ ရွှေစင်ရုပ်ထုကို ဝှေ့ယမ်းပြီး ပရိသတ်ကို နှုတ်ဆက်ရင်း စင်မြင့်ပေါ်မှ ဆင်းလာခဲ့သည်၊ ထိုင်ခုံ ကို ပြန်ရောက်သည်နှင့် တပြိုင်တည်း သတင်းထောက်တွေတိုးဝှေ့ ရောက်လာ၏။ အော်လီ ဗာ အတင်း ကာထားသည်။ တစ်ဦးကိုတစ်ဦး နမ်းလိုက်ကြသည်။ မယ်လီဆာနှင့် ဘင်ဂျမင်က တစ်ယောက်လက်ကို တစ်ယောက် တင်းတင်း ဆုပ်ထားကြသည်။
ဆုပေးပွဲ အခမ်းအနား ပြီးသွားပြီ။ ပရိသတ်နှင့် သတင်းသမားတွေကို အတင်းတိုးဝှေ့ပြီး အိမ်အ ရောက် ပြန်ခဲ့ကြသည်။ အိမ်ရောက်ရောက်ချင်း ရှမ်ပန်တစ်လုံး ဖောက်ပြီးအောင်ပွဲခံကြသည်။  အိမ် တွင် ကလေးတွေနှင့် ဦးဦးဖျားဖျား အထိမ်းအမှတ် လုပ်ခြင်းဖြစ်သည်။ ဂုဏ်ပြုပွဲတွေ၊ ဧည့်ခံ ပွဲတွေ ကို နေရာအနှံ့ တက်ရောက်ရတော့မည်။ ညလုံးပေါက် မည်ထင်၏။ ရှားလော့အတွက် ဘယ်တော့ မှ မေ့လိုရမည်မဟုတ် သည့် ပန်းတိုင် ကို ရောက်သောည။

နှစ်ယောက်သား အိမ်မှထွက်မည်အပြုတွင် တယ်လီဖုန်းမြည်လာသည်။ အဖေနှင့်မာဂရက်တို့ထံ မှရှားလော့ အတွက် ဂုဏ်ယူကြောင်းလှမ်းပြောကြခြင်း ဖြစ်သည်။ ရှားလော့က နီဘရာစကာ မှ မိဘ များထံ ဖုန်းဆက်နေစဉ် နဘေးမှအက်နက်တစ်ယောက် မျက်ရည်တွေကျနေသည်။ ၀မ်းသာလွန်း လို့ ကျသည့် မျက်ရည်များသည် အားလုံး၏ ပါးပြင်ပေးတွင် စိုရွှဲလျက်ရှိသည်။ ငိုလည်းငိုကြ၏။ ရယ်လည်း ရယ်ကြ၏။ အိမ်မှမထွက်မီ တီဗွီမှလာသည့် အကယ်ဒမီသတင်း ကို ထပ်ကြည့်ကြ သေးသည်။
ဧည့်ခံပွဲ ပေါင်းစုံမှ အပြန်တွင် ရှားလော့ကအော်လီဗာကို ကပ်ပြောသည်။
"ရှာလီ တကယ့်ကိုရမယ်မထင်တာ" "မောင်ကတော့ တကယ့်ကိုရမယ်ထင်တာ"
အော်လီဗာသည် ချစ်သူအတွက် ဂုဏ်ယူမဆုံးဖြစ်နေ၏။ သူတို့နှစ်ယောက် အိမ်ပြန်ရောက်တော့ မနက်လေးနာရီထိုးနေပြီ။ ရှာလော့ က အိပ်ယာပေါ်သို့ ခြေပစ်လက်ပစ် လှဲချလိုက်သည်။ 

အော်လီဗာ့ နဘေးတွင် ၀င်လှဲလိုက်သည်။ ရွှေစင်ရုပ်သည် အခန်းထောင့်စားပွဲပေါ်မှ သူတို့နှစ် ယောက် ကို စိုက်ကြည့်နေသည်။ အော်လီဗာက လည်စီးကိုတောင် မလျှော့နိုင်လောက်အောင် ပင်ပမ်းနေပြီ။ ရွှေစင်ရုပ် ကိုလှမ်းကြည့်ပြီး "သူကသိပ်လှတာပဲနော်"ဟု ပြောတော့ရှားလော့က သူ့ဘက် သို့လှည့်ပြီး- "မောင့်လောက်မလှပါဘူး၊ မောင်ကမှ တကယ်ချောတာ"
ရှားလော့ တစ်ယောက် အရမ်းစိတ်လှုပ်ရှားနေဆဲဖြစ်သည်။ ရှမ်ပိန် တန်းခိုးလည်း ပြနေပုံရ၏။

"မင်းဟာ ဟောလိဝုဒ် မှာ အတော်ဆုံး မင်းသမီးတစ်လက် ဖြစ်နေပြီရှာလီ၊ ကိုယ့်လို အဘိုးကြီး တစ်ယောက် နဲ့ ဘာ ဆက်လုပ်မှာလဲ" "ဆက်ချစ်မှာပေါ့၊ ကလေးတွေ မွေးမှာပေါ့"
"သတိထားနော်၊ မင်းဟာ ကလေးသုံးယောက်ရဲ့အမေ ဖြစ်တော့မှာ၊ ဟာ...ဘယ်က မလဲ၊ မြေးတစ်ယောက် ရဲ့ အဘွားဆိုလဲ ဟုတ်တယ်လေ"
နှစ်ယောက်သား ပျော်ရွှင်စွာ ရယ်မောကြသည်။ ခဏကြာတော့ ချစ်သူရင်ခွင်ထဲတွင် အိပ်ပျော် သွား သည်။ လမင်းထက်နှစ်လေးသာနေသည့် ချစ်သူမျက်နှာကလေးကို အော်လီဗာ ငေးကြည့်နေ သည်။ ထိုမိန်းကလေး သည် မိမိ၏ဇနီးမယား ဖြစ်တော့မည်ဆိုသည်မှာ မယုံနိုင်စရာပါလား။
မနက်၆နာရီ တွင် ရှာလော့ မနိုးခင် အိပ်ယာထဲမှ ထခဲ့သည်။ ကလေးတွေလည်း မနိုး ကြလေသေး။ ရေချိုး နေရင်းစောင့်ရမည့် အချိန်ကာလကို စဉ်းစားကြည့်မိသည်။ သုံးလကြီး များတောင် နေရဦးမှာ ပါကလား။ သို့သော်ရေပန်းပွားအောက် မှ အော်လီဗာ့မျက်နှာ သည် ပြုံးရယ်လျက်ရှိ သည်။

အခန်း(၂၈)

စိတ်လှုပ်ရှားစရာ၊ အံ့သြစရာအဖြစ်အပျက် တို့သည် မဆုံးနိုင်လောက်အောင်ပင်၊ ရှားလော့ နောက်မှ သတင်းထောက်တွေ တစ်ပတ်လုံးလုံး ကပ်လိုက်နေသည်။ ကုမ္ပဏီက မယုံနိုင်လောက် သည့် ဆုငွေတွေပေး သည်၊ ဈာုပ်သက်တမ်းတိုးဖို့လည်း ကမ်းလှမ်းသည်။ အခြား အခြားသော နာမည်ကြီး ကုမ္ပဏီများ ကလည်း အလုအယက်စာချုပ်ချုပ်ဖို့ ကြိုးစားကြသည်၊ ၎င်းတို့အထဲတွင် ဘာရောဒ်ဝေးမှ ကမ်းလှမ်းချက် ပါလာသောအခါ ရှားလော့ရှုးချင်သလိုလို ဖြစ်သွားသည်။ သို့သော် ဘယ်သူ့ကိုမှ လက်မခံသေး ဘဲအော်လီဗာနှင့် အရင်ဆွေးနွေးပါရစေဟု ပြောလွှတ် သည်။ ထိုည စတူဒီယိုမှအပြန် ရှားလော့ အိမ်ဝင်ပြီး မင်္ဂလာခရီးထွက်ဖို့ ဆွေးနွေးကြသည်။ အော်လီဗာက ဘိုရာဘိုရာကို သွားချင်သည်။ ဆွေးနွေးနေရင်း ရှားလော့၏ အမူအယာတစ်မျိုး ဖြစ်နေသည်ကို သတိထားမိ၏။
"ရှာလီ ဘာဖြစ်နေတာလဲဟင်" ချစ်သူနှင့်ဆိုလျှင် အမြဲရွှင်နေတတ်သည့် မိန်းကလေးသည် ထူး ထူးခြားခြားနှုတ်ဆိတ် လျက်ရှိ သည်။ ရှားလော့က အချိန်မဆိုင်းဘဲအဖြစ်မှန်ကို ပြောပြလိုက်သည်။ ဘရော့ဒ်ဝေး မှ ကမ်းလှမ်း လာကြောင်း၊ ကရမည့်ဇာတ်ခွင်မှာ ပြဇာတ်လောက၏ အဆင့်မြင့်ဆုံး ခွင်မျိုးဖြစ်ကြောင်း၊ ယင်းမှာ မိမိ၏အမြင့်ဆုံးရည်မှန်းချက် ပန်းတိုင်ဖြစ်ကြောင်း။

"ဒီဇင်ဘာလမှစပြီး လေ့ကျင့်ရမယ်တဲ့၊ အနည်းဆုံးတစ်နှစ်လောက် ကရမှာ၊ နှစ်နှစ်လောက်ကြာ ရင်လဲ ကြာ သွားနိုင်တယ် တဲ့"
အော်လီဗာ မျက်နှာပျက်သွားသည်၊ သူ့နားကို သူမယုံနိုင်အောင်လည်း ဖြစ်နေ၏။ ရှားလော့၏ မျက်နှာကလေး မှာလည်း ညှိုးနွမ်းနေသည်၊ အော်လီဗာ၏ ရင်ထဲတွင် မုန်တိုင်းထန်နေသည်။
"ဒီက ကားလက်စတွေ၊ ရိုက်လက်စတွေကကော" ကိုယ့်အတွက်ကကောဟုလည်း အော်မေးလိုက်ချင်၏။
"ရှာလီ ရဲ့ မန်နေဂျာကပြောတယ်၊ ထုတ်လုပ်သူတွေနဲ့ ညှိပြီးပြီတဲ့၊ သူတို့ရှာလီကို လျှော့ပေးကြ မှာပါ။ ဒီအခွင့်အရေးမျိုး က တစ်သက်တစ်ခါ အခွင့်အရေးမျိုးလေ။"

"မင်းသွားရမှာပေါ့နော်" "ရှာလီ ဘာလုပ်ရမှန်းမသိတော့ဘူးမောင်၊ ဘာရော့ဒ်ဝေးဟာ ရှာလီရဲ့ ရည်မှန်းချက် ပန်းတိုင်ပါ" ရှားလော့ သည် ခါတိုင်းလိုပင် ချစ်သူအပေါ် ရိုးသားလျက်ရှိသည်။
"ရှာလီ မောင့်ကို အမှန်အတိုင်းပြောနေတာပါနော်၊ ရှာလီဘာမှမဆုံးဖြတ်ရသေးဘူး၊ မောင်နဲ့ တိုင်ပင် ပါရစေဦးလို့ သူတို့ကို ပြောထားတယ်၊ ဒါပေမယ့်မောင်ရယ်၊ ဘရော့ဒ်ဝေးကိုတော့ ရှာလီ သွားချင်တယ် ကွယ်၊ အထူးသဖြင့် ဒီဇာတ်မျိုးမို့ ပိုပြီးကချင်တာ"
"ဒါဆို မောင်တို့ဇာတ်လမ်းကကော၊ နှစ်နှစ်လုံးလုံးမောင်က ဘာလုပ်နေရမှာလဲ၊ ဒီမှာလုပ်တာ မကြာသေးတော့ အလုပ်ကလဲ ပြန်ပြောင်းဖို့မလွယ်ဘူး၊ ကလေးတွေကလဲ ဒီမှာအခြေကျနေပြီ။ ဒါပေမယ့် မင်းကိုလဲ အခွင့်အရေးကောင်းတွေ မလွတ်စေချင်ဘူး" "ရှာလီ မကြာ မကြာ ပြန်လာလို့ရပါတယ် မောင်ရယ်"

သည်စကားလုံးတွေကြားရတော့ အော်လီဗာ အလန့်တကြားဖြစ်သွားသည်။ ဆတ်ခနဲထပြီး အခန်းထဲ တွင် လမ်းလျှောက်နေလိုက်၏။
"မကြာမကြာပြန် လာမယ် ဟုတ်လား၊ ကိုယ်တစ်ခါခံရဖူးပြီ ရှာလီ၊ ဒီစကားလုံးတွေနဲ့ပဲ ကိုယ်ခံခဲ့ ရတာလေ၊ ဆာရာဟာ အဲဒီအတိုင်းပြောပြီး ထွက်သွားတာ၊ ဘော့စတန်ကနေ နယူးယောက် ကို ပြန်မလာနိုင်တော့ ဘူး။ ခုဟာ မိုင်သုံးထောင်ကျော်ဝေးတာ၊ တစ်ခါတည်း အပြတ်ပြောလိုက်ပါ ရှာလီ၊ တစ်စောင့်စောင့် နဲ့ နေရတဲ့ ဘ၀မျိုးကို ကိုယ်ထပ်မရောက်ပါရစေနဲ့တော့"
စိတ် ကိုနိုင်အောင်ထိန်းလိုက်ပြီး ဆက်ပြောသည်။ ချစ်ကို မနစ်နာစေလိုပါ။ "ရှာလီလုပ်စရာ ရှိတာ လုပ်ပါလေ၊ မောင့်အတွက်သိပ်မစဉ်းစားပါနဲ့တော့" မျက်လုံးအစုံကို ပိတ်လိုက်သည်။ ခံစားဖူး သည့် ဝေဒနာဟောင်းသည် ရင်ထဲတွင် ပြန်လည် လှုပ်ရှားလာသည်။

"ဟုတ်တယ်၊ ရှာလီသွားသာသွား၊ သွားဖြစ်အောင်သွားရမယ်၊ ဒါပေမယ့် ပြန်လာပါ့မယ်လို့တော့ အာမခံ မသွားပါနဲ့၊ ဒီအခွင့်အရေးမျိုးက လက်လွတ်လို့ဖြစ်တဲ့ အခွင့်အရေးမျိုးမဟုတ်ဘူး၊ မင်းပြော သလို နောက်တစ်ခါ ဘယ်တော့မှရောက်လာမှ မဟုတ်ဘူး"
ပြောရင်း မျက်ရည်တွေ လည်လာသဖြင့် မျက်နှာကို တစ်ဘက်သို့ လွှဲလိုက်ရသည်။
"မောင်ပြောနေပုံက တစ်မျိုးကြီးပဲ၊ မောင်နဲ့ရှာလီတို့ရဲ့ ဇာတ်လမ်းဆုံးပြီလို့ ပြောနေတာလား ဟင်"
ရှာလီ အသံတွေ တုန်တုန်ယင်ယင်ဖြစ်လာသည်။

"ဟုတ်တယ် ရှာလီ၊ မင်းဘ၀အောင်မြင်ရေးမှာ ကိုယ့်ကြောင့် အဟန့်အတားမဖြစ်စေရဘူး၊ တစ်ခါသေ ခဲ့ဖူးပြီမို့ ဒါမျိုးထပ်အဖြစ်မခံနိုင်တော့ဘူး၊ ဒါကြောင့် အကိုယ်အသဲကွဲခံပြီး မင်းကို အပြီး အပိုင် နှုတ်ဆက်ပါ့မယ် ရှာလီ၊ လပေါင်းများစွာခံစားရမယ့် အစားခုကတည်းက တစ်ခါတည်း အပြတ် ခံစားပစ်လိုက် ရတာက သက်သာဦးမယ်ထင်တယ်လေ၊ ကိုယ်မင်းကို သိပ်ချစ်ပါတယ် ရှာလီ၊ ကိုယ် ရင်ကွဲနာ ကျချင်ကျပါစေ၊ မင်းဒီထက်ဒီအောင်မြင်ဖို့လေ အဓိကပါ၊ ကိုယ်ပြန်မယ်၊ အေးအေးဆေးဆေး လုပ်စရာရှိတာ လုပ်နော်၊ တကယ်ပြောတာပါရှာလီ၊ မောင်နားလည်ပါတယ်" ရှားလေ့ ငိုနေပြီ။ ချစ်သူ ဆီက သည်လိုစကားမျိုးကြားရလိမ့်မည်ဟု လုံးဝမမျှော်လင့်ခဲပါ။ ကားမောင်း ထွက်သွားသံ ကြား လိုက်ရ၏။

အော်လီဗာ အိမ်ပြန်ရောက်တော့ ဆမ်ကလေး မအိပ်သေး၊ သူ့ပူးကလေးနှင့် မိးဖိုထဲတွင် ကစား နေ သည်။ အဖေ့အမူအယာကိုကြည့်ပြီး.... "ဟဲလို ဖေဖေ...ဟင်...ဖေဖေ ဘာဖြစ်တာလဲဟင်"
"ဘာမှ မဖြစ်ပါဘူး သားရဲ့၊ ရုံးမှာ ပင်ပမ်းလာလို့ပါ။ ကဲ...ဖေဖေအိပ်တော့မယ်နော်"
ဆမ်ကလေး ၏ ဆံပင်တွေကို ဖွခဲ့ပြီး အပေါ်ထပ်တန်းတက်ခဲ့သည်။ ဆမ်က မယ်လီဆာ အနားသို့ ပြေးပြီး ချက်ချင်း သတင်းပို့သည်။ "ဖေဖေ ဘာဖြစ်တာလဲ မသိဘူးမမ၊ မျက်နှမကောင်ဘူး"
"နေမကောင်းဘူးလား မှ မသိတာ၊ မေးမကြည့်ဘူးလား"

"ရုံးမှာပင်ပမ်းလာလို့တဲ့"
"ဟုတ်မှာပါ၊ မနက်ဖြန်ဆို အိုကေသွားမှာပါ၊ ပူမနေပါနဲ့"
သို့သော် နောက်တစ်နေ့ မနက်တွင်လည်း အော်လီဗာ မှိုင်တွေချလျက်ပင်၊ စကားတစ်လုံးမှ မပြောဘဲ မျက်နှာဖြူ ဖပ်ဖြူယော်ဖြစ်နေ၏။ မနက်စာပွဲတွေကို တို့ပင်မတို့၊ ဆမ်ကအစ်မလုပ်သူ ကိုလှမ်းကြည့် လိုက်သည်။ "ဖေဖေ နေမကောင်းဘူးလားဟင်" မယ်လီဆာက အမှတ်မထင်လေသံနှင့် မေးလိုက်သည်။

"ဖေဖေညက ရှာလီနဲ့ ရန်ဖြစ်လာတယ် ထင်တယ်"
ဆမ်ကလေး က တည့်တည့်ကြီးမှန်အောင် ပစ်လိုက်သည်။ အော်လီဗာ တစ်ချက်တွန့်သွားသည်။
"ဟာ..မဟုတ်ပါဘူး သားရယ်"
သို့သော်မနေ့ည အိမ်ပြန်ရောက်ပြီးကတည်းက ဖုန်းလှမ်းမဆက်တော့။ တစ်ညလုံး အိပ်၍လည်း မပျော်၊ ရင်နှင့်ချစ်ရသည့်ချစ်ရသူကို ပိုင်ရခါနီးဆဲဆဲတွင်မှ စွန့်လွှတ်ရမည့်အဖြစ်၊ ခံနိုင်ရည်ဟူ သမျှတို့ တဖြည်းဖြည်း ခမ်းခြောက်စပြုနေပြီ။ စက်ရုပ်တစ်ရုပ်၏ လှုပ်ရှားမှုမျိုးဖြင့် ရုံးသို့ရောက် လာခဲ့သည်။ ရှားလော့ လာစောင့်နေကြောင်း အတွင်းရေးမှုးက ပြောတော့ အော်လီဗာတစ်ယောက် အိမ်မက်ဆိုးမှ လန့်နိုးစ လူလို ကြောင်စီစီဖြစ်သွားသည်။

သူနှင့်တွေ့ရမည် ကိုကြောက်နေ၏။ သူဆုံးဖြတ်ချက်ကို သိနေသော်လည်း ကြားရမည်ကို လန့်နေ ၏။
"မောင် နေကောင်းရဲ့လားဟင်"
သူ့ပုံ ကိုကြည်ပြီးမျက်လုံး ချင်းဆုံကြ၏။ ရှားလော့ကိုယ်တိုင်လည်း ကောင်းကောင်းအိပ်ခဲ့ရပုံမပေါ်။
"ဆုံးဖြတ်ပြီးပြီးပေါ့...ဟုတ်လား" ရှားလော့ခေါင်းညိတ်သည်။

"မောင့်ကို ကြိုပြောချင်လို့ လာခဲ့တာ၊ ညနေလောက်ဆိုရင် သတင်းကြေညာတဲ့အထဲမှာပါတော့ မှာ ခရစ္စမတ် မှာရုံတင်နိုင်အောင် အပူတပြင်း ဇာတ်တိုက်ရမယ်တဲ့"
ခရစ္စမတ်၊ အင်း..မင်္ဂလာဆောင်ဖို့ရက် ရွေးထားသည့် မင်္ဂလာရက်မြတ် ခရစ်စ္စမတ်။ "ဘရော့ဒ်ဝေးကို လက်ခံ လိုက်ပြီပေါ့" ဆို့နစ်နစ်အသံဖြင့် မေးလိုက်၏။
ရှားလော့ ခပ်ဖြည်းဖြည်း ခေါင်းညိတ်သည်။ မျက်လုံးထဲတွင် ကြေကွဲရိပ်များကို အထင်းသားတွေ့ ရ၏။
"ဟုတ်တယ်မောင်" သူ့လက်နှစ်ဖက်ကို ရှားလော့လှမ်းဆုပ်လိုက် သည်။ ပြီးတော့ တောင်းတောင်း ပန်ပန်ပြော သည်။

"မောင်နဲ့ရှာလီ ညှိကြရအောင်ပေါ့နော်၊ မောင့်ကိုရှာလီချစ်တယ်၊ အဲဒါဘယ်တော့မှမပြောင်းလဲ ဘူး၊ ဘာကြောင့်မှ မပြောင်းလဲဘူးမှတ်ပါမောင်" အလွန်အမင်းစိတ်လှုပ်ရှားနေဟန်ဖြင့် ရှားလော့ပြောသည်၊ လက်ရှိ အခြေအနေကို အော်လီဗာ ယုံကြည်ပါသည်။ ယခုအခြေအနေကို မောင်ယုံပါတယ်။ အနာဂတ် ကိုမယုံဘူး၊ ကြာရင် မလွယ်ပါ ဘူး၊ အဝေးချိတ်မာ ဖြစ်သါားမှာပါ၊ မင်းက နယူးယောက် မှာ နေပြီးပြဇာတ်ထဲမှာ နစ်မြုပ်နေမယ်ြ၊ ကိုယ်က ဒီမှာကျန်ခဲ့ပြီး ကလေးတွေကိစ္စ၊ အလုပ်ကိစ္စတွေထဲမှာ လည်နေယင်၊ ဘာအဓိပ္ပာယ်ရှိ မှာလဲ "ဟုတ်ပါတယ်၊ အခက်အခဲတွ အများကြီးရှိမယ်၊ ဒါပေမယ့် စိတ်ရှည်ရှည် နဲ့စောင့်ကြမယ်လေ၊ ဒီလိုနဲ့ အဆင်ပြေသွားတဲ့ ချစ်သူတွေအများကြီးပါမောင်ရယ်၊ ရှာလီ ကတိပေးပါတယ်ကွယ်၊ မောင်နဲ့ ရှာလီ ဘယ်တော့မှ မီးဝေးချိတ်မာ မဖြစ်စေရပါဘူး၊ ကတိပေး ပါတယ်၊ မောင့်ဆီလဲ မကြာ မကြာ ပြန်လာပါ့မယ်နော်"

"ဘယ်လိုဖြစ်နိုင်မှာလဲ ရှာလီ၊ မင်းအလွန်ဆုံးရရင် တစ်ပတ်နှစ်ရက်ပေါ့်၊ လာတာတစ်ရက် ကြာမယ်၊ ပြန် တာတစ်ရက်ကြာမယ်၊ ကိုတို့အတွက် ဘာကျန်မှာဘဲ၊ လေယာဉ်ကွင်းမှာရပ်ပြီး နှုတ်ဆက် ရုံပဲ ရမယ်၊ အဲဒီဘ၀မျိုး နဲ့ ကိုယ်ဘယ်လောက်ကြာကြာဆက်နေနိုင်မှာလဲ" စားပွဲကို ပတ်လျှောက်လာပြီး ရှားလော့နှင့် မျက်နှာချင်းဆိုင်လိုက်သည်။
"မင်း ဆုံးဖြတ်တာ မှန်ပါတယ် ရှာလီ၊ မင်းမှာပါရမီရှိတယ်၊ အခြေအနေပေးတယ်၊ ဒါကြောင့် ထိပ် ဆုံးရောက်အောင် သွား ဖို့ မင်းမှာအခွင့်အရေးရှိတယ်" "ဒါပေမယ့် မောင့်ကို ချစ်တယ်လေ"
"မောင်လဲ ချစ်ပါတယ်၊ ဒါပေမယ့်တို့အချစ်ဇာတ်လမ်းဘယ်လိုမှ ဆက်လက်ရှင်သန်ဖို့ အကြောင်း မရှိ ဘူးလေ၊ ကိုယ်သိလို့ ပြောနေတာပါရှာလီ" ခံစားရသည့်ဝေဒနာက ပြင်းထန်လှ၏။ နက်ရှိုင်းလှ၏။ ချစ်သူ့မျက်နှာကို ငေးကြည့်နေမိ၏။ စိတ်ထဲတွင် ဆုံးပြီဟု နားလည်လိုက်သည်။

"အဲဒါဆို ဘယ်လိုလုပ်ကြမလဲဟင်" ရှားလော့ စိတ်ပျက်လက်ပျက် ဖြစ်သွားသည် သို့သော် ဆက်လက်ငြင်းဆန်ခြင်းမပြုလိုတော့။ "ခဏတော့ ခံစားကြရမှာပေါ့၊ ကြာတော့ ခံနိုင်ရည် တဖြည်းဖြည်း ရှိလာပြီး မင်းလဲ မင်းအလုပ်ထဲ မှာနေသားကျသွားမယ်လေ၊ ကိုယ်လဲအလုပ်တွေ၊ ကလေး တွေ နဲ့ပျော်အောင် နေရတော့မှာပေါ့၊ ဒီလိုနဲ့ ဝေဒနာတွေ တစ်စတစ်စလွင့်ပျယ်သွားမှာပေါ့"
ဆာရာ တုန်းက အတွေ့အကြုံအရ ပြောလိုက်ခြင်းဖြစ်ပါ၏။ သို့သော် ရှာလော့နှင့် လမ်းခွဲရသည့် အခါပို၍ ခံစားရမည်ကို သိနေ၏။ အချစ်ကြီး ချစ်ခဲ့ကြ၊ အပျော်ကြီး ပျော်ခဲ့ကြသည်မဟုတ်လား။ ပြီးတော့ အနာဂတ် ရည်မှန်းချက်တွေက အပုံအပင်မဟုတ်လား၊ ခုတော့ အားလုံးသဲထဲရေသွန် ဖြစ် ကုန်ပါချေပြီ။

မောင်တွေးပုံ အပေါ်ယံမဆန်လွန်းဘူးလားဟင်။ ရှားလော့က ဆွေးမြေ့ခြင်းနှင့်အတူ အံ့သြ ထိတ်လန့်နေ သည့် မျက်လုံးများဖြင့် ချစ်သူကို ကြည့် ပြီးမေးသည်။ အော်လီဗာက ချစ်သူ့ လက်နှစ်ဖက် ကို ဆုပ်နယ်နေ၏။
အော်လီဗာ ရုံးခန်းထဲမှ မျက်ရည်စက်လက်နှင့် ရှားလော့ထွက်သွားသည်။ ညနေရုံးဆင်းတော့ လမ်းတွင် အရက်ပြင်းပြင်း တစ်ခွက် ၀င်သောက်သွားသည်၊ အိမ်ရောက်တော့ ဆမ်နှင့် အက်နက် တို့ နှစ်ယောက် အဲလက်စ်ကလေး ကို ညနေစာကျွေးရင် တီဗွီထိုင်ကြည့်နေကြသည်။ ရှားလော့ ဆင်မဆင်ဘရောဒ့်ဝေး သို့ သွားမည့်အကြောင်း ကြေညာပြီးကာစကလေး ဖြစ်၏။
ဆမ်ကရယ်ပြီး... "ခုပဲသတင်းလာသွားတယ်ဖေဖေ၊ မဟုတ်တရုတ်တွေ လျှောက်ပြောသွားတယ်၊ ရှားလော့ က ဘရော့ဒ်ဝေးကို သွားပြီး ပြဇာတ် ကမလို့တဲ့၊ အလကားပါနော် ဖေဖေ၊ သူကဖေဖေ နဲ့လက်ထပ် ပြီး သားတို့နဲ့ နေမှာပဲဟာ" အော်လီဗာမျက်နှာပျက်သွားသည်။ ရုတ်တရက်ဘာပြောရမှန်း မသိ သဖြင့် ခေါင်းရမ်းပြလိုက် သည်။

ခဏနေမှ.....
"ဖေဖေတို့ စီစဉ်ထားသလို ဖြစ်ချင်မှဖြစ်လိမ့်မယ်သား၊ ရှာလီ့အတွက် သိပ်အရေးကြီးတဲ့ ကိစ္စ ဖြစ်နေ တယ်၊ ဒါကြောင့်သူ ဘရော့ဒ်ဝေးသို့ သွားရလိမ့်မယ်" အက်နက်နှင့်ဆမ် တို့နှစ်ယောက် အော်လီဗာ ကို ကြောင်ကြည့်နေကြ၏။ ထိုစဉ်ဘင်ဂျမင် အခန်းထဲ ၀င်လာသည်။ နာစွန်နားဖျား ကြားလိုက်သဖြင့် ရိမ်ဖမ်း သံဖမ်းသာ အဓိပ္ပာယ်ကောက် လိုက်နိုင်၏။ အဲလက်စ်ကလေးက အဖေကိုမြင်တော့ လက်ကမ်းပြီးခေါ် ဖို့ အချက်ပြသည်။ သို့သော် ကလေးကိုဘယ်သူမှဂရုမပြုမိကြ။ ဆမ်ကလေးက ဆက်မေး သည်။ "သားတို့ကော နယူးယောက်ကို ပြန်ပြောင်းမှာလား ဖေဖေ" အဖေ က ခေါင်းရမ်းပြ သည်။ တစ်ရက်အတွင်း အဖေ့မျက်နှာ အများကြီး အိုစာသွားသည်ထင်၏။

"ဘယ်ဖြစ်မလဲ သားရဲ့၊ သားတို့ ကျောင်းတက်စတန်းလန်းကြီးနဲ့၊ ပြီးတော့ ဖေဖေ့အလုပ်နဲ့ ခဏခဏပြောင်း လို့ မရဘူးလေ" "ဖေဖေလိုက်မသွားချင်ဘူး ဟုတ်လား" ဆမ်က နားမလည် သလို ထပ်မေးသည်။ "လိုက်သွားချင်ပါတယ်၊ ဒါပေမယ့် မဖြစ်ဘူးလေသားရဲ့ သူများဘ၀ထဲကို ၀င်ပြီး အနှောက်အ ယှက်မပေးရဘူးလေ၊ ရှာလီမှာ လုပ်စရာတွေရှိတယ်၊ သူ့ဘ၀နဲ့သူလေ၊ ဖေဖေတို့မှာလဲ အလားတူ လုပ်စရာတွေရှိသေးတယ် မဟုတ်လား" ခဏတွေနေပြီး ဆမ်ကလေး ခေါင်းညိတ်သည်၊ ပြီးမှ ပါးပြင်ပေါ် လိမ့်ဆင်းလာသည့် မျက်ရည်တွေ ကိုလက်ဖြင့် သုတ်ရင်း..... "မေမေ့လိုပေါ့ ....ဟုတ်လား"
"အင်း... ဆိုပါတော့" ခေါင်းညိတ်ပြီး ဆမ်ကလေးအခန်းထဲမှ ထွက်သွားသည်။ အက်နက် က ကလေး ချီပြီး ဆမ့်နောက် သို့လိုက်သွား၏ ဘင်ဂျမင်က ဖအေ့လက်မောင်းကို အသာဆုပ်လိုက်သည်။

"သား ဘာလုပ်ပေးရမလဲဟင် ဖေဖေ"
ဖေအေ့ဖြစ်အင် ကို နားလည်ပြီး စိတ်မကောင်းသည့် လေသံဖြင့် မေးလိုက်သည်။ အော်လီဗာခေါင်း ရမ်းပြ၏။ သားဖြစ်သူ၏ လက်မောင်ကို ပြန်ဆုပ်ပြီး အပေါ်ထပ်သို့ တက်သွားသည်၊ အိပ်ယာထဲ တွင် လှဲချ လိုက်ပြီး တစ်ညလုံးစဉ်စားသည်၊ တစ်ဘ၀တည်းတွင် သည်ဝေဒနာမျိုးနှစ်ခါ ခံရသည် ကတော့ တရားမျှတမှု ရှိသည်မထင်။ ချစ်သူနှင့် ကွေကွင်းရခြင်းကလည်း ဖြစ်သင့်သည့် ကိစ္စမ ဟုတ်ပါ။
အတွေး သံသရာတွင် ချာချာလည်နေ၏။ သူ့ကိုမုန်းချင်ပါ၏။ သို့သော် စိတ်ကူးဖြင့်ပင် မုန်း၍မရ။ သိပ်ချစ်ရသည့် ချစ်သူမဟုတ်လား။ အိပ်၍မပျော်သော ဒုတိယည၊ နောက်တစ်နေ့ မနက် တွင် စောစောစီးစီး ခံပြင်းစရာ ရှက်စရာနှင့် ကြုံရ၏။ အိပ်ယာနံဘေး စားပွဲပေါ်မှ ဘိုရာဘိုရာ ခရီးစဉ် စာရွက်စာတမ်း များနှင့် တည်းခိုးခန်းကြော်ငြာစာရွက်များ၊ အားလုံးဆွဲယူပြီး လွှင့်ပစ်လိုက်သည်။

သည်တစ်သက် တွင် ဘယ်သူ့ကိုမှ ချစ်၍ ရနိုင်တော့မည်မဟုတ်။ ပြတင်းပေါက်အပြင်သို့ ငေးရင်း ရှာလီ့ အကြောင်းဆက်စဉ်းစားမိပြန်၏။ မျက်ရည်တွေစီးကျလာသည်။ ထုထည် ကြီးမား လှသော မေတ္တာ မျိုးဖြင့် ချစ်ခဲ့သည်။ ပိုင်ဆိုင်ရယူလိုစိတ်ဖြင့် တစ်ကိုယ်လုံးပူလောင်လျက်ရှိ၏။ သို့သော် ဝေဒနာ ကို မျိုချပြီး သူ့ကိုလျှော့ဖြေပေးရမည်သာ။
တစ်နေ့လုံး ဖုန်းဆက်ဖို့ အကြိမ်ကြိမ်စိတ်ကူးသည်။ သို့သော် စိတ်ကိုတအားတင်းထား၏။ သတင်းစာ အားလုံးတွင် ရှာလီ့သတင်းတွေ ဆက်တိုက်ပါလာသည်၊ နောက်ရက်များတွင်လည်း ဆက်ပါမြဲ၊ ရှာလီဘက်မှလည်း လုံးဝဖုန်းမလာတော့။ သူမြန်မြန်သွားပါစေဟု အော်လီဗာကျိတ်ပြီးဆုတောင်းနေ၏။ သူ့အိမ်ကို ၀င်သွားရမလား၊ စတူဒီယို တွင်းသွားတော့ရမလားနှင့် နေ့စဉ်ထိန်းချုပ်ရလွန်းသဖြင့် ပင်ပန်းလှပြီ။ သွားပါတော့ရှာလီရယ်၊ မင်းရဲ့ဘ၀သစ်ရှိရာကို အပြီးအပိုင်ထွက်သွားပါတော့ အချစ်ရယ်။

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

Sunday, June 3, 2012

တင်မောင်မြင့် ၏ ဒက်ဒီ, အပိုင်း (၂၄)

အော်လဗာသည် သားလုပ်သူ၏ အဖြစ်ကို ကြည့်ပြီး မနည်း မျက်ရည် ဆည်ထားရ၏။ အတတ်နိုင် ဆုံး ကူညီဖို့ လည်း ဆုံးဖြတ်ထားပြီ။
"မစ္စက်ကာတာ နဲ့လဲ ဦးတို့ ဆွေးနွေးပြီးပါပြီ။ သားဟာ ဖခင်ကောင်းတစ်ယောက်ဖြစ်ကြောင်းနဲ့ ကလေး ရဲ့ တာဝန် ယူနိုင်သူဖြစ်ကြောင်း လက်မှတ်ထိုးပေးမယ်တဲ့။ လက်ဆောင်လေး ဘာလေးတော့ မျှော်လင့် တာပေါ့ကွာ၊ မင်းတို့ သားအဖကြည့်ပေးလိုက်ပေါ့၊ ဒါပေမယ့် သတိတော့ ထားရမယ်နော်၊ ကလေး ကို ငွေနဲ့ဝယ်တဲ့ သဘောမျိုး မသက်ရောက်စေရဘူး၊ အဲဒါ ဆိုရင်တော့ ရာဇ၀တ်မှုပဲ၊ ဒါပေမယ့် မပူပါနဲ့၊ ဦး တို့ ရေးပေးမယ့် စာချုပ်မှာ သူလက်မှတ် ထိုးပါ့မယ် တဲ့၊
ကို ဆက်ဖတ်ရန်...........

နောက်အပါတ်မှာ ဘာကာစဖီး ရုံးချိန်ရက်ရမယ်၊ အားလုံး အဆင်ပြေမယ်ဆိုရင် အဲဒီနေ့မှာပဲ သားသေးကို မင်း တစ်ခါတည်း ခေါ်ပြန်လာနိုင်ပါလိမ့်မယ်"
"အဲဒီရက် မတိုင်ခင် ကျွန်တော် ဘာလုပ်ရလဲဟင်" ဘင်ဂျမင် ဆောက်တည်ရာမရ ပုံစံဖြင့် မေးသည်။
"အဲဒါတော့ ဦးတို့ ဘာမှ မတတ်နိုင်ဘူးသား၊ ကလေးက ကောင်းကောင်းမွန်မွန်ထားတဲ့ နေရာမှာ ရှိနေပါတယ်လေ" ဘင်ဂျမင် မကျေမနပ်နှင့် သဘောတူလိုက်ရသည်။ ဆန္ဒရာကို စာချုပ်လက်မှတ်ထိုးဖို့ ရှာတွေ့ပါစေ ဟုသာ ဆုတောင်းရတော့မည်။

အခန်း (၂၆)


သားအဖနှစ်ယောက် ဘာကာစဖီးသို့ ထွက်ခဲ့ကြသည်။ ကားပေါ်တွင် ဘင်ဂျမင်တစ်ယောက် ရင်တထိတ်ထိတ်နှင့်။ နှစ်ယောက်သား အတွေး ကိုယ်စီဖြင့် စကား သိပ်မပြောဖြစ်ကြ။
အော်လီဗာ က စတင်ရမည့် ဘ၀သစ်အကြောင်း စဉ်းစားလာသည်။ ကလေးတွေ မွေး ချင်ပါသည် ဆို သော ရှားလော့၊ အက်နက်ကလေးတစ်ယောက် ထပ်တိုးလာဦးမည့် အဖြစ်။
သို့သော် ဘင်ဂျမင်ကတော့ အက်နက်၏ အကူအညီဖြင့် ကလေးကို သူ့ဘာသာသူ တာဝန်ယူမည် ဆိုသည်၊ ဘင်ဂျမင်နှင့် အက်နက်တို့နှစ်ယောက် ပုခက်တွေ ဘာတွေ ဆင်ထားပြီးပြီ၊ ကစားစရာ တွေလည်း အများကြီး ၀ယ်ထား၏။

မစ္စက်ကာဘာအိမ် တွင် အက်နက် အ၀တ်အစားတွေ ၀င်ယူဖို့ ဘင်ဂျမင်က ပြောသည်၊ အော်လီဗာက အပြန် မှ ယူရန် အကြံပေး၏။ တစ်စုံတစ်ခု အမှားအယွင်း ဖြစ်မှာကို အော်လီဗာ စိုးရိမ်နေဆဲ ဖြစ်၏။ ဆန္ဒရာ့ ကို ဘယ်မှာမှ ရှာမရကြောင်း သိရသည်။ သို့သော် ဘင်ဂျမင့်အလိုကျ ဖြစ်အောင် ကြိုးစားပေးမည် ဟု ရှေ့နေကြီးတွေက ကတိပေးထားသည်။
သြဂုတ်လနောက်ဆုံးအပါတ်ဖြစ်၍ ဘာကာစဖီး ရာသီဥတုမှာ ပူပြင်းလှသည်။ သားအဖနှစ်ယောက် တရားရုံးရှေ့တွင် ကားရပ်ပြီး အဆောက်အအုံထဲသို့ ၀င်ခဲ့ကြသည်။
ရှေ့နေကြီးတွေ ရောက်နှင်နေကြပြီ။ တရားရုံးတွင် သားအဖနှစ်ယောက် နေရာယူလိုက်ကြ၏။ ဘင်ဂျမင် ကြောက်နေသည်။ ကာကီဘောင်းဘီနှင့် ဂျာကင်အပြာရောင်ကို ၀တ်ထားသည်။ ဘီးလစ် စာရေးကြီးက အားလုံးမတ်တပ်ရပ်ဖို့ ပြောတော့ အော်လီဗာက သားဖြစ်သူကို အားပေး ပြုံးပြပြီး လက်မောင်းကို ညှစ်လိုက်သည်။ "အားလုံး အိုကေမှာ သားရယ်" ဘင်ဂျမင် က နွမ်းနယ် စွာဖြင့် ပြန်ပြုံးလိုက်သည်။

"ကျေးဇူးတင်ပါတယ် ဖေဖေ"
သို့သော် အပိုင်တွက်၍ မရကြောင်း နှစ်ယောက်စလုံး သိနေကြသည်။ တရားသူကြီးက အချီး စကား ပြောရာတွင် သူ့မျက်နှာမှာ သိသိသာသာလေးနက်နေ၏။
မစ္စက်ကာဘာ ၏ ထွက်ချက်ကို ရုံးတော်တွင် ဖတ်ကြားသည်။ သည်မိန်းမကြီးနှင့် မျက်နှာချင်း မဆိုင်ရသည့် အတွက် အော်လီဗာတို့ သားအဖနှစ်ယောက်လုံး ၀မ်းသာနေကြသည်။ ဆန္ဒရာ လက်မှတ်ရေး ထိုးပြီး စောင့်ရှောက်ရေးအဖွဲ့တွင် တင်ထားခဲ့သည့်လျှောက်လွှာကို သက်သေအဖြစ် ရုံးတော် သို့ တင်ပြသည်။
ထို့နောက် ကလေး၏ အနာဂတ်အတွက် အစီအမံများကို တင်ပြသည်။ ကလေးကို ၀တ်ဆင် မိသားစုနေအိမ်တွင် ဘင်ဂျမင်၏အဖေ၊ ညီ၊ ညီမတို့နှင့်အတူ အိမ်ဖော် အမျိုးသမီးက စောင့်ရှောက် ထိန်းသိမ်း မည်။ ကလေး၏ အဖေ ကောလိပ်တက်နေစဉ်ကာလတွင်လည်း အားလုံးက တာဝန်ယူမည်။
ဘင်ဂျမင် တက်မည့် တက္ကသိုလ်မှာ ဖွင့်ဖို့ တစ်ပတ်သာ လိုတော့သည်။ စာအုပ်ဆိုင် အချိန်ပိုင်း အလုပ်ကို သူ လက်မလွှတ်သေး။

တရားသူကြီးမင်းသည် ဝေခွဲ၍ မရသည့်ပုံဖြင့် တစ်ဘက်မှ အကျိုးတော်ဆောင်ရှေ့နေကြီးကို ဘင်ဂျမင်နှင့် တရားခွင်သို့ ၀င်ရန် ဆင့်ဆိုသည်။ ထို့နောက် ဘင်ဂျမင်ကို ကျမ်းကြိမ်ခိုင်းသည်။
မေးစရာ များ ရှိ၍ ကျမ်းကြိမ်ခိုင်ခြင်းဖြစ်ကြောင်း တရားသူကြီးက ရှင်းပြသည်။ ဘင်ဂျမင်သည် သက်သေ ၀က်ခြံထဲတွင် ဒူးတွေတဆတ်ဆတ်တုန်သည်။ အဖေ့ကို တစ်ချက် လှမ်းကြည့်သည်။
"ဒါဟာ လုပ်နေကျ ကြားနာစစ်ဆေးမှုမျိုး မဟုတ်ဘူးဆိုတာ နားလည်ထားပါ မစ္စတာဘင်ဂျမင် ၀တ်ဆင်၊ သိပ်လေးနက် သိမ်မွေ့ တဲ့ အကြောင်းအရာတစ်ခုကို ရုံးတော်က ဆွေးနွေးမှာ ဖြစ်တယ်၊ ကလေး တစ်ယောက် ရဲ့ ဘ၀ဟာ ကြိုးတန်းပေါ်မှာ ရောက်သလို ဖြစ်နေတယ်၊ အဲဒါလည်း သဘောပေါက် ရဲ့လား" ဘင်ဂျမင်၏ မျက်နှာ ဖြူဖပ်ဖြူရော် ဖြစ်သွားသည်။

သို့သော် ဣနြေ္ဒမပျက်ခေါင်းညိတ်ပြီး ...
"ဟုတ်ကဲ့ခင်ဗျား၊ ကျွန်တော် နားလည်ပါတယ်"
"အဲလက်ကာ ဘာဆိုတဲ့ ကလေးဟာ၊ မောင်ရင့်ကလေး၊ မောင်ရင့်ကလေးအဖြစ် ခံယူသလား"
"ဟုတ်ကဲ့၊ အဲလက်စ်ဟာ ကျွန်တော့်သားပါ" "ခုလောလောဆယ် ကလေးအမေနဲ့မောင်ရင် အတူတူနေ သလား" "ခု မနေပါဘူး ခင်ဗျာ" "ဟိုတုန်းက ဘယ်လောက်ကြာကြာ အတူတူနေခဲ့ဖူးသလဲ"
"တစ်နှစ်လောက် နေခဲ့ဖူးပါတယ်" "လက်ထပ်ပြီး အတူတူနေတာလား" "မဟုတ်ပါဘူး ခင်ဗျာ၊ ကျွန်တော် တို့ လက်ထမပ်ကြပါဘူး" "ကလေးနဲ့ ကလေးအမေကို ငွေကြေးထောက်ပံ့သလား"

"ဟုတ်ကဲ့၊ ကလေးမမွေးခင် ခြောက်လလောက် ကတည်းက ကျွန်တော် ရှာကျွေးလာခဲ့တာပါ။ လင်မယား ကွဲတဲ့ အထိပါပဲ၊ နောက်ပိုင်းမျာပဲ ကျွန်တော် ... အဲ ... ကျွန်တော့် ဖခင်နဲ့ ကျွန်တော်ပဲ လစဉ်ဒေါ်လာခြောက်ရာထောက်ပံ့ ခဲ့ပါတယ်" တရားသူကြီး က ခေါင်းတညိတ်ညိတ်လုပ်ပြီး ဆက်မေး သည်။ "ဒီအရွယ်ကလေး တစ်ယောက် ကို ဘယ်လိုကျွေးမွေး ထိန်းသိမ်းရမယ် ဆိုတာ မောင်ရင် သိသလား" "ဟုတ်ကဲ့၊ ကျွန်တော်တို့ မကွဲခင်အထိ သားကလေးကို ကျွန်တော်ပဲ ထိန်းခဲ့ရတာပါ။ ဆန္ဒရာ ... အဲ ... သူ့အမေ က အမြဲတမ်း အပြင်ထွက်နေတာပါ၊ ပြီးတော့ ကလေးကို ဘယ်လို ပြုစုရမယ်ဆိုတာ သူလုံးလုံး မသိပါဘူး" "မောင်ရင်က သိတယ်ပေါ့" တရားသူကြီးက နားမလည်သလို မေးသည်။ ဘင်ဂျမင် အခြေအနေ ကို ထိန်းလိုက်နိုင်၏။

"ဒီလို မဟုတ်ပါဘူးခင်ဗျာ၊ ပထမ ကျွန်တော် ဘာမှ မသိပါဘူး၊ ကျွန်တော် ဖြည်းဖြည်း သင်ယူရတာ ပါ၊ အလုပ် က ပြန်လာရင် ကျွန်တော်ပဲ ထိန်းရတော့ တဖြည်းဖြည်း နားလည်လာတာပါ။ တစ်ခါတစ်လေ ကလေး ကို ကျွန်တော့်အလုပ်ထဲ ခေါ်သွားရတဲ့အခါမျိုးလဲ ရှိပါတယ်။ သူတို့ သားအမိအတွက် ကျွန်တော် အဲဒီတုန်းက အလုပ်နှစ်ခုတပြိုင်တည်း လုပ်နေရပါတယ်" "ကလေးကို အလုပ်ထဲ ခေါ်သွားတယ်၊ ဟုတ်လား" "ဟုတ်ကဲ့၊ သူအိမ်မှာ မရှိတဲ့ အခါမျိုးမှာ ကြည့်ပေးမယ့် လူတစ်ယောက်မှ မရှိလို့ ခေါ်သွား ရတာပါ။ ကျွန်တော်တို့မှာ ကလေးထိန်းငှားနိုင်တဲ့ အင်အား မရှိကြပါဘူး" တရားသူကြီးကို လှမ်းအကဲခတ် လိုက်သည်။ ခံစားမှုအလျဉ်း မရှိသည့်မျက်နှာမျိုး။ ဘင်ဂျမင် ပြောပုံဆိုပုံကို အော်လီဗာ ဂုဏ်ယူ မဆုံး ဖြစ်နေ သည်။ လုံးဝ ရင့်ကြက်နေကြောင်း သူ့ထွက်ဆိုပုံက ပြနေပြီလေ၊ ဘင်ဂျမင်တစ်ယောက် လုံးဝ လူကြီး ဖြစ်နေပါပေါ့လား။ ပြီးတော့ ဖခင်ကောင်း တစ်ယောက်လည်း ဖြစ်နေပြီ။ တရားသူကြီး သဘောပေါက်နိုင် လိမ့်မည် ထင်ပါ၏။

"ဒါဖြင့် ခု မောင်ရင်နဲ့ ကလေးနဲ့ အဖေ့ဆီမှာ နေကြမယ်ပေါ့၊ ဟုတ်လား"
"ဟုတ်ပါတယ်ခင်ဗျာ" "မောင်ရင့်အဖေက သဘောတူသလား" အော်လီဗာက ဘင်ဂျမင်ကို လှမ်းပြီး ခေါင်းညိတ်ပြလိုက်သည်။ "ဟုတ်ကဲ့ခင်ဗျာ၊ သဘောတူပြီးသားပါ"
"အဖေ့ အိမ်ကနေ တစ်နေ့နေ့ မောင်ရင်ထွက်သွားရင်ကော၊ ဥပမာကွာ ကျောင်းကနေ ဒုတိယ အကြိမ် အထုတ် ခံ ရတာမျိုး။ ဒါမှမဟုတ် နောက်မိန်းကလေးတစ်ယောက်နဲ့ တွေ့ပြီး လိုက်သွားတာ မျိုးပေါ့"
"ကျွန်တော့် ဘယ်သွားသွား သားကလေး ကို ခေါ်သွားမှာပါပဲ၊ ကျွန်တော့်ဘ၀မှာ သူ့ထက် အရေးကြီးတာ ဘာမှ မရှိပါဘူး။ ကျောင်းက အထုတ်ခံရရင်လဲ အရင်ကလိုပဲ အလုပ်လုပ်ပြီး သူ့ကို ကျွေးမှာပါ" "ကဲ ... အနားယူနိုင်ပါပြီ မစ္စတာဝတ်ဆင်၊ တရားခွင်ကို ဆယ့်ငါးမိနစ် နားပါမယ်"
တရားသူကြီး က တူကလေးကို ထုပြီး ထသွားသည်။ ဘင်ဂျမင် ဆက်ရပ်နေ၏။ သူ့ကိုကြည့်ရသည် မှာ တည်တည်ငြိမ်ငြိမ် ဟု ထင်ရသည်။ သို့သော် သူ့တစ်ကိုယ်လုံး ချွေးတွေ ရွှဲနေပြီ။။

ရှေ့နေကြီးက တိုးတိုးကပ် ပြောသည်။
"အဲဒီအတိုင်း ဆက်လုပ်၊ သိပ်နှိပ်တာပဲ၊ သား အရမ်းတော်တယ်"
"ဘာလို့ အနားပေးလိုက်တာလဲဗျ" အော်လီဗာက နားမလည်သလို ၀င်မေးသည်။
"သက်သေခံ စာရွက်စာတမ်းတွေ သူပြန်ဖတ်ဦးမှာပေါ၊ သေချာအောင် ပြန်ကြည့်ရတယ် အော်လီဗာ၊ အိုကေ မှာပါ၊ ဘင်ဂျမင်ထွက်တာ သိပ်ကောင်းတာပဲ၊ ကျုပ်ကလေးတွေ ဘင်ဂျမင်ထွက် တာ သိပ်ကောင်း တာပဲ၊ ကျုပ်ကလေးတွေတောင် သူ့ကို ပေးလိုက်ချင်စိတ် ပေါက်လာတယ်"
ရှေ့နေကြီး က အရွှန်းဖောက်ပြီး ပြုံးပြုံးကြီးနှင့် အားပေးစကားဆိုသည်။ ပြီးတော့ သူတို့ သုံးဦးသား ခေါင်းချင်းရိုက်ပြီး ဆက်တိုင်ပင်ကြသည်။ ဆယ့်ငါးမိနစ် ပြည့်သွားပြီ။ တရားသူကြီး ပြန် ထွက်လာသည်။ အားလုံး ကိုယ့်နေရာ ကိုယ်ပြန်ယူကြသည်။

တရားသူကြီးက အော်လီဗာနှင့် အော်လီဗာ့ရှေ့နေကြီးကို တစ်ချက်ကြည့်သည်။ ပြီးတော့ စားပွဲကို တူနှင့်ထုရင်း ဘင်ဂျမင်ကို စူးစူးစိုက်စိုက်ကြည့်သည်။
"ပြန်စမယ်၊ မတ်တတ်မရ်ပကြပါနဲ့တော့၊ မစ္စတာဘင်ဂျမင် ၀တ်ဆင်၊ ကလေးကို ရယူလိုမှု နဲ့ မောင်ရင် လျှောက်ထားတာတော့ ဟုတ်ပါပြီ၊ ဒီတာဝန်ဟာ အလွန်မတန်ကြီးမားတယ်၊ ဘယ်လို မှ ရှောင်လွှဲလို့ မေ့ပျောက်လို့ရတဲ့ တာဝန်မျိုး မဟုတ်ဘူး။ ပစ်ပယ်လို့ ထွက်ပြေးလို့ ရတဲ့ တာဝန်မျိုး မဟုတ်ဘူး။ အဲဒီတာဝန်မျိုးကို မောင် ဆယ့်ရှင်နှစ်လုံးလုံး ယူရမှာနော်။ ရုံးတော်က မောင့်ကို အုပ်ထိန်းခွင့်ပေး လိုက်ရင်ပေါ့လေ ..."

"ဒါကြောင့် အလေးအနက် ထပ်စဉ်းစားဖို့ ရုံးတော်က တိုက်တွန်းချင်ပါတယ်။ သည်ကလေးရဲ့ တာဝန် ကို နေ့တိုင်း အမှတ်ရနေရမယ်၊ သားအပေါ်မှာ မောင်ကြွေးတွေ ရှိနေတယ်ဆိုတာ ဘယ်တော့မှ မမေ့ ရဘူး" "ဒီနေ့ နှစ်ဆယ့်ကိုးရက် သြဂုတ်လကစပြီး ဘင်ဂျမင် ၀တ်ဆင်က အဲလက်စ်ကာဘာကို ရုံးတော် က တစ်ဦးတည်း အုပ်ချုပ်ခွင့်ပေးလိုက်တယ်၊ တပြိုင်တည်းမှာ မိခင်၏ အုပ်ထိန်းမှုအား ဒီနေ့ကစပြီး ရုပ်သိမ်းခြင်း ကို ရုံးတော်က အသိအမှတ် ပြုလိုက်တယ်" "ကလေးနာမည်ကို မောင့်နာမည်နဲ့ တရားဝင် မှည့်ခေါ်နိုင်တယ်" တရားသူကြီးက ဘင်ဂျမင်ကို ကြည့်ပြီး ပြုံးလိုက်သည်။

"ကဲ ... ကလေးကို မောင်ပိုင်ပါပြီ ဘင်ဂျမင်"
ဘီလစ်စာရေးကြီးအား တရားသူကြီးက အချက်ပြလိုက်သည်။ စာရေးကြီးက အခန်းတစ်ခန်းမှ တခါးရွက်ကြီး သွားဆွဲဖွင့်သည်။ စောင့်ရှောက်ရေး လူမှုဝန်ထမ်း အလုပ်သမားတစ်ယောက်က ကလေး ကို ပွေ့ပြီး ထွက်လာသည်။ အဲလက်စ်ကလေးသည် လူစိမ်း၏ ရင်ခွင်ထဲမှ ထူးထူးဆန်းဆန်း ပတ်ဝန်းကျင် ကို ကျီးကန်း တောင်းမှောက် လိုက်ကြည့်နေသည်။ ဘင်ဂျမင်နှင့် အော်လီဗာတို့သားဖ မျက်ရည်တွေ လည်နေ သည်။ ရှေ့နေကြီးပင် မျက်ရည်ကျချင်နေ၏။
"အဲလက်စ် ကို ခေါ်သွားနိုင်ပါပြီ ဘင်ဂျမင်" ကြင်နာသည့် လေသံဖြင့် တရားသူကြီးက ထပ်ပြောသည်။ လူမှုဝန်ထမ်း အလုပ်သမားက ကလေးကို ချီပြီး ဘင်ဂျမင်ဆီသို့ တန်းတန်းမတ်မတ် လျှောက်သွားသည်။

အဲလက်စ်ကလေးက ခုမှ သူ့အဖေကို မြင်သည်။ ၀မ်းသာအားရ အော်သည်။ အလုပ်သမားက ကလေးကို သူ့အဖေလက်အပ်ပြီး ကစားစရာတွေနှင့် အ၀တ်အစားအချို့ပါသည့် စက္ကူပုံးတစ်ခု ကို ရှေ့နေကြီး လက်ထဲ သို့ ထည့်ပေးသည်။ ဘင်ဂျမင်တို့သားအဖ မျက်ရည်တွေ စီးကျလျက်က  ရယ်နေကြ သည်။ ဘင်ဂျမင်က သားကလေးကို တအားဖက်ထားလျက်က တရားသူကြီး ကို တအံ့တသြမော့ကြည့်ပြီး ...
"ကျေးဇူးပါတယ် ခင်ဗျာ၊ ကျွန်တော် အရမ်းကျေးဇူးတင်ပါတယ် တရားသူကြီးမင်းခင်ဗျာ"
တရားသူကြီးက ခင်ဖြည်းဖြည်း ထပြီး တရားခွင်ထဲမှ ထွက်ခွာသွားသည်။ ရှေ့နေကြီးက သားအဖ သုံးယောက် ကို တရားရုံးခန်းထဲမှ ဦးဆောင်ပြီး အပြင်သို့ ခေါ်ထွက်လာခဲ့သည်။ ဘင်ဂျမင်က သားကလေး ကို ပွေ့လျက် အော်လီဗာက သူ၏ပခုံးကို သိုင်းဖက်လျက်။

အပြင်ရောက်တော့ ရှေ့နေကြီး ကို ကျေးဇူးတင်ကြောင်း ပြောပြီး နှုတ်ဆက်ကြသည်။ ဘင်ဂျမင်တို့ သားအဖ ကားနောက်ခန်းတွင် ၀င်ထိုင်သည်။ ထိုင်ခုံမှ ခါးပတ်ကို သေသေချာချာ ပတ်သည်။ မစ္စက်ကာဘာအိမ် သို့ မ၀င်တော့ဘဲ တန်းပြန်ဖို့ ဆုံးဖြတ်လိုက်ကြ၏။ ဤဘ၀ဤမျှသာပဲပေါ့။ သို့ သား အမိနှင့် ဘယ်တော့မှ ဘင်ဂျမင် မပတ်သက်ချင်တော့။
အမှတ်(၉၉) လမ်းမကြီးပေါ်တွင် ခပ်ဖြည်းဖြည်းချင်း မောင်းလာခဲ့ကြသည်။ အဲလက်စ်ကလေးက ကားပေါ် တွင် ၀ူးဝူးဝါးဝါးနှင့် ပျော်ရွှင်စွာ လိုက်ပါလာသည်။ ဘင်ဂျမင်က တရားသူကြီးအကြောင်း တရားခွင် အကြောင်းများ ကို စိတ်လှုပ်ရှားစွာ စားမြုံ့ပြန်သည်။
ပြီးတော့ သားကလေးနှင့် တတွတ်တွတ် စကားပြောလိုက်လာသည်။
"ကဲ ... ဆရာသမား၊ ဘယ်လိုလဲ၊ ဘိုးဘိုးတို့၊ မယ်လီဆာတို့၊ ဆမ်တို့နဲ့အတူ နေရတော့မယ် သဘောကျ ရဲ့လား" အဲလက်က ရယ်ပြီး ဖြတ်သွားသည် ထရပ်ကားကြီးကို လက်ညှိုးထိုးပြသည်။

"သဘောမကျဘူးဆိုရင် ကားရုံထဲမှာ တီကောင်တွေနဲ့ သွားထားပေါ့ကွာ"
ချစ်စနိုးပြောပြီး မြေးကလေးကို လှည့်ကြည့်သည်။ အဘိုးလုပ်သူ၏ မျက်နှာသည် မြေကလေးနှင့် အပြိုင် ပြုံးနေသည်။ မယ်လီဆာ၊ ဆမ်နှင့် အက်နက်တို့သုံးယောက် ရင်တမမဖြင့် စောင့်နေကြ၏။ မယ်လီဆာက အဖေ တစ်ယောက်တည်း ရှေ့ခန်းတွင် ထိုင်မောင်းလာသည်ကို ဦးစွာ မြင်သည်။ တစ်ခုခုတော့ ဖြစ်ပြီ ထင်ပြီး စိတ်ဓာတ်အကျကြီး ကျသွားသည်။ အနားရောက်မှ နောက်ခန်းက သားအဖနှစ်ယောက် ကို မြင်သည်။ မယ်လီဆာ တအားအော်ပြီး ပြေးချသွားသည်။ တံခါးဖွင့်ပြီး ဆင်းမည်လုပ်နေသည့် ဘင်ဂျမင်က ... "ဟေး ... ဟေး ... အရမ်းမလုပ်နဲ့လေ၊ ကလေးလန့်သွားမယ်၊ သူ့အတွက် အားလုံး အသစ်အဆန်း တွေ ချည်း ဆက်တိုက်တွေ့လာတာလေ" အက်နက် က မုန့်တွေပေးပြီး ကလေး ကို မြှူသည်။ ဆမ်က ပူကလေးကို ပြပြီး ခေါ်ဖို့ ကြိုးစားသည်။ အဲလက်စ်ကလေးက ပူးကလေးကို သဘောကျပုံ ရသည်။ နှာခေါင်းကို လက်နှင့်တို့ကြည့်သည်။

အားလုံးမီးဖိုဆောင်ထဲသို့ သွားကြသည်။ အက်နက်က ကုလားထိုင်အမြင့်တစ်လုံး ရှာလာပြီး အဲလက်စ်ကို ထိုင်ခိုင်းသည်။ အော်လီဗာက ရှမ်ပိန်တစ်လုံးဖောက်ပြီး ဘင်ဂျမင်ကို ငှဲ့ပေးသည်။ ဆမ်ကလေးကိုလည်း တစ်စက်နှစ်စက်တိုက်သည်။ "အဲလက်စ် ၀တ်ဆင်အတွက်" ဖန်ခွက်ကို မြှောက်ပြီး ဆုတောင်းလိုက် သည်။ တစ်ဆက်တည်း ... "သားကလေး အတော်ဆုံးအဖေနဲ့ အသက်ရာကျော်နေနိုင်ပါစေ" ဟု ထပ်ဖြည့် လိုက်သည်။ ဘင်ဂျမင်က အဖေကို ပြုံးပြုံးကလေးကြည့်ပြီး ... "အတော်ဆုံးအဖေ က ဖေဖေပါဖေဖေ မယ်လီဆာက ၀င်ပြောသည်။ "နှစ်ယောက်စလုံးပါပဲလေ"
မျက်ရည်ဝဲနေသော မျက်လုံးများဖြင့် အဲအက်စ်ကလေးကို ၀ိုင်းကြည့်နေကြသည်။

အခန်း (၂၇)
နောက်တစ်နေ့တွင် ဘင်ဂျမင် ကျောင်းစတက်ရသည်။ စိတ်ချလက်ချသွားပါဟု အက်နက် အတန်တန် မှာသည့်ကြား မှ အိမ်ကို နှစ်ခေါက်ပြန်လာပြီး။ အဲလက်စ်ကလေး၏ အခြေအနေကို ကြည့်သည်။ ဘင်ဂျမင့် ကို ကြည့်ရသည်မှာ သူ့သားကလေးကို မျက်စိမှ အပျောက်မခံနိုင်သလို ဖြစ်နေသည်ထင်ရ၏။
ညနေကျောင်းဆင်း လို့ အိမ်ပြန်လာတော့ ကုလားထိုင် အမြင့်ကြီးပေါ်တွင် ထိုင်ကာ အက်နက် ကျွေးသည့်ညနေစာ ကို အားရပါးရ လွေးနေသည့် အဲလက်စ်ကလေးကို တွေ့ရ၏။
ညပိုင်း တွင် ရှားလော့ ရောက်လာသည်၊ ကလေးကို ပုခက်ထဲထည့်ပြီး သီချင်းဆိုသိပ်သည်။ မယ်လီဆာနှင့် အက်နက်က နဘေးမှ ရပ်ကြည့်နေကြ၏။ ဆမ်က သူ့ဝက်ဝံရုပ်ကြီးကို ပုခက်ထဲ ထည့်ပေး သည်။ တစ်ခဏအတွင်း အဲလက်စ်ကလေး အိပ်ပျော်သွားသည်။ "နောက်တစ်ပါတ်ဆို အဲဒီကလေး လုံးလုံး ပျက်စီးသွား မှာ သေချာတယ်"
အော်လီဗာ က မနှစ်မြို့ဟန်ဖြင့် ပြောသည်။ သို့သော် သူ့မျက်နှာကြီးက ပြုံးလို့၊ ကလေးကို တကယ် ဖျက်ဆီးမည့် သူက အော်လီဗာဖြစ်ကြောင်း ရှားလော့ သိထားသည်။

"ကလေးတစ်ယောက် အိမ်ပြန်ရောက်လာတော့ ဘယ်လိုနေလဲဟင်"
ရှာားလော့က မေးလိုက်သည်။ "ကောင်းတာပေါ့။ သူမနက် ၆နာရီမှ နိုးတော့ တစ်အိမ်လုံးနိုးရော၊ ဘင်ဂျမင်ကတော့ ရှားတယ်ဟေ့။ ကလေးကို ပြုစုတဲ့နေရာမှာ အက်နက်ထက်သာတယ်ဗျာ"
အော်လီဗာက လေသံနှိမ့်ပြောသည်။ "မောင်လဲ ပြုစုတတ်နေပါပြီ မဟုတ်လား၊ ရှာလီတော့ ဘာမှ မလုပ်တတ် ဘူးနော်" အော်လီဗာက ရှားလော့ကို အနားတိုး ထိုင်ခိုင်းလိုက်သည်။
ထိုတနင်္ဂနွေနေ့တွင် ကလေးကို သူ့အဖေမပါဘဲ သူတို့နှစ်ယောက် တိရစ္ဆာန်ရုံသို့ ခေါ်သွားကြသည်။ အမှတ် ထင်ထင်နေ့ ဖြစ်၏။ သစ်ဆန်းသည့် ပျော်ရွှင်မှုတစ်မျိုးကို ရှာဖွေ တွေ့ရှိကြသည်။ ဘယ်သူမှ မနှောင့်ယှက်ကြ။ အော်တိုရေးခိုင်းမည့်သူတွေနှင့်လည်း မတိုး။

လူတော်တော်များများက သူတို့ကို ကွက်ကြည့်ကွက်ကြည့် လုပ်ကြသည်။ သို့သော် ရှားလော့ ဆင်မဆင်ဟူ၍ ဘယ်သူမှမထင်ကြ။ တိရစ္ဆာန်ရုံသို့ ပျော်ပျော်ရွှင်ရွှင် ထွက်လာကြသည့် ရိုးရိုး မိသားစုဟု ပင် ထင်ကြပေမည်။
သြဂုတ်လအတွင်း က အကယ်ဒမီ ပဏာမ ရွေးပွဲတွင် ရှားလော့ကော၊ သူခေါင်းဆောင်သည့် ပြဇာတ်ပါ တန်းဝင်စာရင်းထဲ ပါသွားပြီးကတည်းက ဘယ်ကိုမှ လွတ်လွတ်လပ်လပ် မသွားရ။ သတင်းထောက်တွေ က တကောက်ကောက် လျှောက်လိုက်နေသည်။ နောက်အပတ်မှာ ကြေငြာ မည့် သည်နှစ်အကယ်ဒမီဆု စာရင်းဝင်သရုပ်ဆောင်များ၏ ကိုယ်ရေးအတ္ထုပ္ပတ္တိကို သတင်း ထောက်တွေ အတင်းလိုက်နေကြသည်။ ရှားလော့ တတ်နိုင် သမျှ ရှောင်နေ၏။
မနက်အစောကြီးထပြီး စတူဒီယိုသို့ သွားသည်။ ညပိုင်းတွင် အော်လီဗာက လာကြိုသည်။ တစ်ခါ တစ်လေ အပြင်တွင် အေးအေးဆေးဆေး နေရာရှာပြီး ညစာစားသည်။ တစ်ခါတစ်ခါလည်း ကလေးတွေနှင့် အတူ အိမ်မှာ ပြန်စားကြသည်။

ဒီဇင်ဘာလတွင် ကျရောက်မည့် လက်ထပ်ပွဲအတွက် သူတို့တတွေ ရင်ခုန်နေကြ၏။ မင်္ဂလာခရီး ဘယ်ကို ထွက်ဖြစ်မည် ကို ယခုထိ မဆုံးဖြတ်ရသေး။ ဆမ်ကလေးက လိုက်ချင်နေသည်။ သို့သော် အော်လီဗာ ခေါ်မသွားဖို့ ဆုံးဖြတ်ထားသည်။
နောက်တစ်ပတ် တွင် ရှားလော့၏ အရေးတကြီး အချိန်သို့ ရောက်လာ၏။ သတင်းမုဆိုးတွေကို ဘယ် လိုမှ ရှောင်မလွတ်တော့။ သားကောင်းကို ချောင်းသလို လိုက်ချောင်းနေကြသည်။ စတူဒီယို အပြင်ဘက်တွင်လည်း သူတို့တတွေ ခြေချင်းလိမ်နေသည်။
မယ်လီဆာအတွက် ၀တ်စုံတစ်စုံဝယ်ဖို့ ကုန်တိုက်သို့ လစ်ထွက်ခဲ့သည်။ သို့သော် သူတို့ တတွေက နောက်မှတကောက်ကောက်။ မယ်လီဆယအတွက် ရှားလော့ အ၀တ် ၀ယ်ပေး လျှင် အော်လီဗာက ဆူတတ်သည်။ သို့သော် ရှားလော့က မဆိုင်သည့်ကိစ္စ ၀င်မပါဖို့ ပြောထားသည်။
ဝတ်စုံ အမျိုးမျိုးဝတ်ပြီး မယ်လီဆာ အက သင်နေပြီ။ ရှားလော့က စနစ်တကျ သင်ပေး၏။ မိန်းကလေးနှစ်ယောက် အဖွဲ့ကျနေပြီ။

ဤသို့ဖြင့် အကယ်ဒမီနေ့သို့ ရောက်လာခဲ့လေသည်။ ဘင်ဂျမင်နှင့် မယ်လီဆာတို့ခေါ်ပြီး အော်လီနှင့် ရှားလော့ အိမ်မှ ခပ်စောစော ထွက်ခဲ့သည်။ အက်နက်နှင့် ဆမ်ကလေးက အခန်းအနားကို အိမ်မှာပင် တီဗွီ တွင် စောင့်ကြည့်ကြမည်။
ဆုပေးပွဲ ကျင်းပမည့် ပီဆာဒိုနာ ဇာတ်ရုံကြီးကို လေးယောက်သား ၀င်ခဲ့ကြ၏။ ကားပေါ်မှ ဆင်းလျှောက် သွားသည့် ရှားလော့၏ ခြေလှမ်းများက တည်ငြိမ်သည်။ ဣနြေ္ဒရသည်။ ရုံထဲရောက် တော့ အော်လီဗာ့ လက်တွဲလိုက်သည်။ မယ်လီဆာနှင့် ဘင်ဂျမင်က နောက်မှကပ်လိုက်သွားကြ၏။
မောင်နှမနှစ်ယောက် ဘယ်လောက် ရင်တွေခုန်နေသည်ကို သူတို့မျက်နှာကလေးတွေပေါ်တွင် အတိုင်းသား တွေ့နေရ၏။ အလွန့်အလွန် စိတ်လှုပ်ရှားစရာကောင်းသည့် တစ်ဒင်္ဂ။ သတင်း ထောက်အုပ်စု ကို မြင်တော့ ရှားလော့၏ လက်ဖ၀ါးလေးတွေ ချွေးစို့လာသည်။

မသိမသာတုန်နေကြောင်း အော်လီဗာ သတိထားမိသည်။ ထိုင်ခုံတွင် အသီးသီးနေရာယူလိုက် သည်နှင့် ဗွီဒီယို ကင်မရာမှန်ဘီလူးများက သူတို့ဆီ ၀ိုင်းပြုံချိန်လိုက်ကြသည်။
နာမည်ကျော် မင်းသားမင်းသမီးတွေ လာရောက် နှုတ်ဆက်ကြ၏။ ခဏနေတော့ ဆုပေးပွဲ အခမ်းနား စသည် ထုံးစံအတိုင်း၊ ဇာတ်ရံ၊ ဇာတ်ပို့များ စာရင်းက စကြေညာသည်။ ပထမတန်း ရုပ်ရှင် မင်းသားမင်းသမီး များ အလှည့်ကို ရောက်ဖို့ လူတိုင်း စိတ်စောနေကြ၏။

ဆမ်ကလေးက တီဗွီကြည့်ရင်း အဲလက်စ်ကလေးက အက်နက်၏ လက်ပေါ်တွင် နှစ်ခြိုက်ခြိုက် အိပ်ပျော်နေပြီ။ ပဏာမအရွေးခံရသည့် နာမည်စာရင်းကို အခမ်းအနားမှူးက ပထမ ဖတ်ပြသည်။ ရှားလော့ နာမည်ပါလာတော့ မယ်လီဆာနှင့် ဘင်ဂျမင်တို့ ထအော်ကြသည်။ အလားတူ တန်းဝင် ကားအမည် များ ကြေညာတော့ ထုတ်လုပ်သူ နှစ်ယောက်နှင့် သူတို့ဇနီးတွေ ပရိသတ်ထဲ မှ ပြေးထွက်လာပြီး ၀မ်းသာအားရ အော်ကြသည်။ ရှားလော့က အားရပါးရ ပြုံးပြီး အော်လီဗာကို သိုင်းဖက်လိုက်၏။ အကောင်းဆုံး သရုပ်ဆောင်ဆု ကြေညာမည့်အချိန်သည် စက္ကန့်နှင့် နီးလာလေပြီ၊ ရှားလော့၏ မိတ်ဆွေတစ်ယောက် ထုတ်လုပ်သည့် ရုပ်ရှင်ကား အကောင်းဆုံးဆု ဆွတ်ခူးသွားသည်။ တဖြည်းဖြည်းနှင့် မိမိတို့အလှည့် ရောက်ပြီ၊ ရှားလော့ အသက်ရှူဖို့မေ့နေ၏။

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

Saturday, June 2, 2012

တင်မောင်မြင့် ၏ ဒက်ဒီ, အပိုင်း (၂၃)

တက္ကသိုလ်စာအုပ်တွင် အချိန်ပိုင်းအလုပ်တစ်ခု ရသည်။ သည်ဝင်ငွေဖြင့် အက်နက်ကုလေး ကို ထောက်ပံ့ မည်။
နောက် တစ်ခေါက် ဘာကာစဖီးသို့ ထွက်လာခဲ့ပြန်သည်။ သူတို့အိမ်အခြေအနေက ဘာမှ မပြောင်း လဲ၊ ဆန္ဒရာ ကို မတွေ့ခဲ့ရ၊ အပြင် ထွက်နေသည်တဲ့လေ၊ အဘွားကြီးက ဘီယာကလေး တမြမြနှင့် အက်နက် ကလေးနှင့် တစ်နာရီခန့် ကစားပြီး ပြန်လာခဲ့သည်။ ဆန္ဒရာ တို့ အမေ က ဘင်ဂျမင် လာသည် ကို ကြည်ကြည်ဖြူဖြူ ရှိသည်။
ကို ဆက်ဖတ်ရန်..........

 ထောက်ပံ့ကြေးမှန်မှန်ရနေ သည် မဟုတ်လား။ တစ်နေ့မှာ သူတို့သားအဖ စိတ်ပြောင်းသွားပြီး ရပ်ပစ်လိုက်ရင် ဘာလုပ်မည်ကို လည်း စဉ်းစားထားပြီးသား ဖြစ်၏။ ဘင်ဂျမင်တို့အဖေနှင့် ရှားလော့ ဆင်မဆင် အကြောင်း စာစောင် တွေထဲတွင် ဖတ်လိုက်ရသည်။ ဒါဆိုလျှင် သူတို့ကို ခြိမ်းခြောက်ဖို့ မခက်တော့ ဘူး မဟုတ်လား၊
အော်လီဗာနှင့် ရှားလော့တို့၏ အချစ်ဇာတ်လမ်းသည် ရှင်သန်ဖွံ့ဖြိုးလျက် ရှိသည်။ ဧပြီနောက်ပိုင်း တွင်မှ အရဲ စွန့်ပြီး အော်လီဗာ မေးဖြစ်တော့၏။

ထုံးစံ အတိုင်း ချန်ပီယံ စားသောက်ဆိုင်တွင် အေးအေးငြိမ့်ငြိမ့်လေးထိုင်ပြီး ညစာ စားကြသည်။ စိတ်လှုပ်ရှားနေ သည့် အော်လီဗာကို ကြည့်ပြီး ရှားလော့ ရယ်ချင်နေသည်။ သူဘာပြောမည်ကို ကြိုတင် သိနှင့်နေပြီလေ။ "ရုံးမှာ ဒီနေ့ အဆင်ပြေရဲ့လားဟင်" ရှားလော့က သက်သက်ကျီစယ်နေခြင်း ဖြစ်၏။
"ကိုယ့်ကို မနောက်နဲ့ ရှာလီ၊ အရေးကြီးတာ ပြောမလို့၊ ပြောသင့်မပြောသင့် စဉ်းစားနေတာ ကြာပြီ။ ရှာလီ ဘယ်လို တုံ့ပြန်မလဲဆိုတာ စဉ်းစားနေတာနဲ့ မပြောဖြစ်တာ၊ ပြီးတော့ ရှာလီ ရှေ့ရေးကလဲ ..."
ရှာလီ က မလိမ်မိုးမလိမ်မာ ကောင်မလေးငုံဖမ်းပြီး ...  "ရှာလီကို အလုပ်ပေးမလို့လားဟင်"
"ဟာ ... ဘယ်ကလာ၊ အေး ... ဟုတ်တယ်၊ မင်းကို အလုပ်ပေးမလို့၊ တစ်သက်လုံး လုပ်ရမယ့် အလုပ်၊ လခတော့ မကောင်းဘူး၊ အပိုဆု အဖြစ် နဲ့ ကလေးဆိုး သုံးယောက်ရဲ့ တာဝန်ယူရမယ်၊ ပင်စင် ခံစားခွင့် လဲ နည်းနည်းပဲ ရှိမယ်"

ဘာလို့ ကလေးတွေကို ကလေးဆိုးတွေလို့ ပြောရတာလဲ၊ ရှာလီ သူတို့အားလုံးကို ချစ်နေသားပဲ"
ကလေးတွေ ကို အထိမခံနိုင်သည့် လေသံဖြင့် ရှားလော့က တုံ့ပြန်သည်။ သူ့လက်ကလေးကို ကိုင်ပြီး အော်လီဗာ နမ်းလိုက်မိသည်။
"ကလေးတွေ ကို ကိုယ်လဲချစ်ပါတယ်၊ ဒါပေမယ့် မင်းကိုလဲ ချစ်တယ်၊ ကိုယ်တို့ လက်ထပ်ကြစို့လား ရှာလီ ရယ်"
ဇွတ်ပြောချ လိုက်သည်။ ရင်တွေ တဒိုင်းဒိုင်း ခုန်လျက်၊ ရှားလော့ ခေါင်းရမ်းမည်ဆိုလျှင် အံ့သြစရာ ရှိမည် မဟုတ်ပါ။ သို့သော် ဘာမှ မပြောဘဲ အော်လီဗာကို အနမ်းဖြင့် တုံ့ပြန်သည်။ "မောင်ပြောသမျှ ထဲမှာ ဒီစကားတွေ ဟာ ရှာလီအတွက် နားဝင်အချိုဆုံးပါပဲ မောင်ရယ်" သူ့မေးခွန်း ကို ရှားလော့ မဖြေသေး။ အော်လီဗာ သိချင်လှပြီ။

"အဲဒီတော့"
"မောင်ရော၊ ရှာလီပါ အလေးအနက် စဉ်းစားကြရလိမ့်မယ်၊ မောင်က ပိုပြီး စဉ်းစားရမှာ၊ ရှာလီက လိုချင်တာ အားလုံးရနေပြီးသားလေး၊ မောင်တို့သားအဖလေးယောက်စလုံးကို ရှာလီ ချစ်နေပြီလေ၊ ဒါပေမဲ့ မောင်က ရှာလီလို မိန်းကလေးမျိုးနဲ့ လက်မထပ်ဖူးသေးဘူး။ မင်းသမီးရဲ့ ယောက်ျားလုပ် ဖို့ ဆိုတာ သိပ်မလွယ်ဘူးနော်"
"ရှာလီတို့ တစ်တွေ ကိုယ့်ဘ၀ကိုယ် မပိုင်ကြဘူး၊ ဘယ်လောက် ပိုင်အောင် ကြိုးစား ကြိုးစား မအောင်မြင်ဘူး၊ မင်းသမီးဘ၀ ကို ရှာလီ မစွန့်လွှတ်မချင်း မောင်စိတ်အနှောင့်အယှက် ဖြစ်နေရမှာ ပဲ"
သည်ပြဿနာ ကို ခဏခဏ ကြုံဖူးပြီပဲ။ သူတို့နှစ်ယောက် ဘယ်သွားသွား အော်တို ရေးခိုင်းသူတွေ၊ သတင်းထောက်တွေ၊ အတင်းလိုက်မိတ်ဆက်သူတွေ ကို ဘယ်တော့မှ ရှောင်လို့ မလွတ်၊ သို့သော် အော်လီဗာ ဘယ်တော့မှ စိတ်မပူ ခဲ့ပါ၊ ဂုဏ်ယူအပ်သည့် အရာဟုပင် ယူဆထားပါသည်။

"ကိုယ် အဲဒီအတွက် လုံးဝ စိတ်အနှောင့်အယှက် မဖြစ်ရပါလား ရှာလီရယ်"
"သေချာ ရဲ့လား မောင်ရယ်၊ မောင်စိတ်အနှောက်အယှက် ဖြစ်မယ်ဆိုရင်လဲ ရှာလီ ဒီအလုပ်ကို စွန့်လွှတ်နိုင် ပါတယ်၊ ဒါပေမယ့် ခုတော့ မဟုတ်သေးဘူးနော်၊ အပင်ပန်းခံလက်စနဲ့ ဆက်ပြီး လုပ်ချင်သေး တယ်"
"မောင် သဘောပေါက် ပါတယ် ရှာလီရယ်၊ မောင့်အတွက်ကြောင့် မင်းရဲ့ ၀ါသနာနဲ့ ရည်မှန်းချက်ကို မထိပါးစေ ရပါဘူး"
"ရှာလီ လဲ ဒီလိုပဲ ဖြစ်စေချင်ပါတယ် မောင်ရယ်၊ ကလေးတွေကကောဟင်၊ သူတို့ကြာရှည် သဘော ကျနိုင် ပါ့မလား" အော်လီဗာ ရယ်သည်။

"မင်းက မောင့်ကို လက်မထပ်ရင် သူတို့ မောင့်ကို စွန့်ပစ်ပြီး နောက်အဖေတစ်ယောက် ရှာမလား မသိဘူး" "ဒါဆိုရင်တော့ သူတို့ မိုက်မဲရာကျမှာပေါ့၊ ဒီလို အဖေမျိုး ဘယ်မှာ ရှိမှာလဲ"
"မင်းမသိသေး လို့ပါ ရှာလီ၊ ကလေးတွေအပေါ် မောင်ဆိုးတဲ့အခါတွေ ရှိတယ်နော်"
"ရှိချင်ရှိ မှာပေါ့၊ ဒါပေမယ့် မောင်ဟာ ကမ္ဘာပေါ်မှာ သားသမီးတွေကို အချစ်ဆုံးဖခင် တစ်ယောက်ပါ"
ဘင်ဂျမင်တစ်ယောက် ပုံမှန်ပြန်ရောက်နေပြီ၊ မယ်လီဆာသည် ကျောင်းတွင်အတော်ဆုံးကျောင်း သူ စာရင်းဝင်နေပြီ၊ ဆမ်ကလေးသည် အပျော်ရွှင်ဆုံး ကလေးတစ်ယောက် ဖြစ်နေပြီ။ ရှားလော့က ခပ်ရှက်ရှက် ကလေး ပြုံးလိုက်၏။

"ရှားလော့လဲ ကလေး လိုချင်တယ်၊ တစ်ယောက် နှစ်ယောက်တော့ ယူချင်တယ်၊ သုံးယောက် ဖြစ်ချင်လဲ ဖြစ်ပါစေလေး မောင် ဘယ်လိုထင်လဲဟင်၊ အိမ်မှာ လူတွေသိပ်ကျပ်သွားမလား၊ ပူးတွေ ကြွက်ဝမ်းဖြူတွေ တီကောင်မွေးချင်တဲ့ ချာတိတ်တွေ ပါချင်ပါလာဦးမှာ"
နှစ်ယောက် သား ရယ်ကြသည်။ သို့သော် သူတို့ဆွေးနွေးနေသည့် အကြောင်းအရာက ရယ်စရာ မဟုတ်ကြောင်း နှစ်ယောက်စလုံး သိနေကြပါသည်။
"မောင် က ကလေးတွေယူဖို့ သိပ်ကြီးသွားပြီ ထင်တယ်။ ပြီးတော့ ကလေးယူရတာ ထင်သလောက် မလွယ် ဘူးနော်"
ချစ်သူ ကို ဒုက္ခမရောက်စေချင်ပါ၊ ရှိပြီးသားတွေရဲ့ တာဝန်ရော၊ နောက်ရမယ့်ကလေးတွေ၏ တာဝန်ပါယူ ဖို့ ဆိုသည်မှာ ရှားလော့အဖို့ လွယ်သည့်ကိစ္စ မဟုတ်ပါ။

"အင်းပါလေ၊ နောက်မှတစ်ခါ ပြန်စဉ်းစားကြတာပေါ့" ချစ်သူပြုံးပုံကို ကြည့်ပြီး အော်လီဗာ့ရင်ထဲ သိမ့်ခနဲ ဖြစ်သွားသည်။ "နှစ်ခါတော့ ပြန် မစဉ်းစားနဲ့နော်၊ မောင် က  မြေးတစ်ယောက် ရဲ့အဘိုး ဖြစ်နေပြီလေ" "မဆိုင်ပါဘူး" ရှာလီ အတွက် အော်လီဗာသည် နုပျိုနေဆဲ ချစ်သူ ဖြစ်ပါ၏။ သို့သော် အော်လီဗာ ၀မ်းနည်းသည့် လေသံဖြင့် ... "ဘင်ဂျမင်အတွက်တော့ ဟုတ်တယ်လေ"
"ရှာလီ ဆိုလိုတာက တစ်မျိုးပါ၊ မောင်အဘိုးကြီး မဖြစ်သေးတာကို ပြောတာပါ"

"ချစ်သူနဲ့ အတူနေရတဲ့ အချိန်ကလွဲပြီး ကိုယ့်ကိုယ်ကို အဘိုးကြီးတစ်ယောက်လိုပဲ ထင်နေတော့ တယ်။ မင်းနဲ့ဆိုရင်လေ၊ မောင်သိပ်ပျော်တယ် ရှာလီရယ်၊ ခရီးရှည်တွေ အတူ ထွက်ချင်တယ်၊ ပြီးတော့ ချစ်သူ ဒီထက်ဒီ အောင်မြင်အောင် ၀ိုင်းကူပေးချင်သေးတယ်၊ လုံးဝကို သံသယ မရှိဘူး"
"စိတ်၏ ငြိမ်းချမ်းမှု ကို အပြည့်ဝဆုံး ရသည့် ကာလ ဖြစ်ပါ၏။
"ရှာလီ လဲ အတူတူပါပဲ မောင်ရယ်၊ မောင်ယုံသလို ယုံနေပါတယ်၊ မောင့်ကို သိပ်ချစ်ပါတယ်၊ ရှာလီ ပြောချင်တာ က မောင့်ဘက်က သေသေချာချာ စဉ်းစားစေချင်လို့ပါ"
ပြီးတော့ ချစ်သူကို ဖွဖွနမ်းရင်း ခပ်တိုးတိုးကလေး ပြောသည်။ "ကဲ ... မောင်မှန်တယ် ထင်ရင် မောင့် သဘော၊ ဒါပေမယ့် မောင်နဲ့ တွေ့တဲ့အချိန်ကစပြီး တစ်နှစ်ပြည့်မှ လက်ထပ်မယ်၊ ဟုတ်ပြီလား၊ နောင်နှစ် ခရစ္စမတ်ပေါ့" "တကယ် ... မင်း တကယ်ပြောတာနော်"

ရှားလော့က ပြုံးပြုံးကလေးနှင့် ခေါင်းတဆတ်ဆတ် ညိတ်သည်။ နှစ်ယောက်စလုံးအတွက် အပျော်ဆုံး တဒင်္ဂ။
"တကယ်ပေါ့ ခရစ္စမတ်အထိ စောင့်ရမှာ ကြာတယ် ထင်လို့လား"
"အင်း ... နည်းနည်းတော့ ကြာတာပေါ့လေ၊ ဒါပေမယ့် ကောင်းပါတယ်၊ သမ ရိုးကျ စေ့စပ် မျိုး ဖြစ်သွား တာပေါ့"
"ဇွန်လမှာ ပြဇာတ်နားမယ်၊ နှစ်လလောက် ခရီးထွက်ကြမယ်နော်၊ ကုမ္ပဏီတစ်ခုကတော့ ကားတစ်ကား ရိုက် ဖို့ပြောနေ တယ်၊ သိပ်အဆင့်အတန်း မြင့်မြင့်ထဲက မဟုတ်ဘူး၊ ထားခဲ့မယ်၊ မောင်နဲ့ ခရီးထွက်ချင် လှပြီ၊ ဆာရာ့ ဆီ မသွားဘူးဆိုရင် သူတို့ကိုပါ ခေါ်သွားမယ်နော်"

"သွားတော့ သွားကြလိမ့်မယ်၊ ဒါပေမယ့် သြဂုတ်လထဲရောက်မှ သွားကြမှာပါ"
တစ်ည လုံး အစီအစဉ်တွေ ဆွဲရင်း အချိန်ကုန်ကြသည်။ ရှာလီကို လိုက်ပို့ပြီးတော့ ပြန်ဖို့ အချိန် နောက်ကျနေပြီ။ ထို့ကြောင့် မပြန်တော့ဘဲ စေ့စပ်ကြောင်းလမ်းသည့် အထိမ်းအမှတ်ကလေး ကျိတ်ပြီး လုပ်ကြ သည်။
အချစ်ည သည် ပို၍ ပြည့်စုံကာ ပို၍ အဓိပ္ပာယ် ရှိနေလသည်။

အခန်း (၂၅)
နောက်တစ်နေ့တွင် ကလေးတွေကို ပြောလိုက်သည်။ သူတို့အားလုံး ဆွေ့ဆွေ့ခုန် ၀မ်းသာနေကြ ၏။ မင်္ဂလာခရီးထွက်လျှင် သူပါလိုက်ချင်သည်ဟု ဆမ်ကလေးက ပူဆာတော့ အော်လီဗာက လှမ်းပြီး ဟန့်လိုက်သည်။ ရှားလော့က မယ်လီဆာကို အပျိုရံလုပ်ဖို့ ဆွေးနွေးသည်။ ရှစ်လကြီးများ တောင် လိုသေး သည့် ကိစ္စအတွက် သူတို့တတွေ ခုတည်းက ရင်ခုန်နေကြပြီ။
နောက် တစ်နေ့တွင် အော်လီဗာက ရှားလော့ကို စတူဒီယိုတွင် သွားကြိုသည်။ ကား ထဲ ရောက်တော့ လေးထောင့် သေတ္တာငယ်ကလေးတစ်လုံးကို ထိုင်ခုံပေါ်တွင် ရှားလော့ တွေ့ရသည်။ လှလှပပ ဖဲကြိုးဖြင့် စီးထားသည့် ဖာကလေး။
ဖဲကြိုး ကလေးတွေ ဖြေနေရင်း ရှားလော့လက်တွေ တုန်နေသည်။ အတွင်းမှ ကတ္တီပါ သေတ္တာ ကလေး တစ်လုံး ထွက်လာသည်။ ဖွင့်ကြည့်လိုက်တော့ အရောင်တဖျပ်ဖျပ်လက်နေသည့် စိန်လက်စွပ်ကလေး။ ရှားလော့ မျက်ရည်တွေလည်နေသည်။ အော်လီဗာက ချစ်သူ၏ လက်ချောင်း သွယ်သွယ်ကလေးတွင် ၀တ်ပေး လိုက်၏။

"အို ... မောင်ရယ် ... လှလိုက်တာနော်"
"အချစ်လောက် မလှပါဘူးကွယ်"
နှစ်ယောက်သား ပူးပူးကပ်ကပ် ထိုင်ပြီး ကလေးတွေနှင့် တွေ့ဖို့ အိမ်ပြန်လာခဲ့ကြသည်။ ရက် အနည်းငယ် အတွင်း သတင်းထောက်တွေ အနံ့ရသွား၏။ ဟောလိဝုဒ်လောကတစ်ခုလုံး ချက်ချင်း သတင်းပျံ့ သွားသည်။ သူတို့နှစ်ယောက်တွဲနေသည့် ဓာတ်ပုံရော၊ ကလေးတွေ၏ ဓာတ်ပုံ ကိုပါ မရရအောင် အသေလဲ လိုက်ကြတော့၏။
စေ့စပ်ကြောင်းလမ်းခြင်း ကို တိုင်းမ်စ်နှင့် နယူးဝ်စ် မဂ္ဂဇင်းများတွင် တပြိုင်တည်း ပါလာသည်။ အခြား မဂ္ဂဇင်းကြီး များကလည်း အလုအယက် ဖော်ပြကြသည်။ သတင်းထောက်တွေက ကလေး တွေကိုပင် ချမ်းသာ မပေးတော့။ ရှားလော့ ကျွဲမြီးတိုစပြုလာပြီ။ အရေထူပါသည် ဆိုသော အော်လီဗာလည်း ခြံအပြင် ဘက်တွင် တရစ်ဝဲ၀ဲလ်ုပနေကြသည့် သတင်းသမားတွေကို စိတ်ကုန်စ ပြုလာသည်။

"မောင်စိတ်ညစ်နေပြီလား ဟင်"
ရှားလော့က ခဏခဏ မေးနေသည်။ နွေရာသီ ခရီးစဉ်ကိုလည်း ပြောင်းပစ်လိုက်ရ၏။ ထရန်ကတ်စ်တွင် အိမ် တစ်လုံး ငှားလိုက်သည်။ ကလေးတွေပါ ခေါ်သွားပြီး တိတ်တိတ်ကလေး သွားနေမည်။
ရက်သတ္တပတ်ပေါင်းများစွာ အပြင် မထွက်ရဲလောက်အောင် ဖြစ်နေသေးသည်။ သို့သော် ထုံးစံ အတိုင်း အချိန်ကြာလာတော့မှ သူတို့ရန် တဖြည်းဖြည်းကျဲသွား၏။ ဆာရာက ဂုဏ်ယူပါကြောင်း ဖုန်းဆက်ပြော သည်။ ဆမ်ကလေးက ဖုန်းဆက်ပြီး ဖောက်သည်ချတော့ ဆာရာမဂ္ဂဇင်းတွေ ဖတ်ပြီးနေပြီ။
"ကလေးတွေ သူတို့တော်တော် ချစ်ကြပုံရတယ်၊ အော်လီဗာ့အတွက် စိတ်ညစ်ဖို့ ကောင်းပါတယ်"
"ကြာတော့ ရိုးသွားမှာပါ အော်လီဗာရယ်၊ ဟောလိဝုဒ်ပဲ၊ ဒီလောက်တော့ ရှိမှာပေါ့"

ဆာရာက ခပ်ရွှင်ရွှင်ကလေး ပြောသည်။ တကယ်လည်း ပျော်နေပုံရ၏။ အဖေနှင့်မာဂရက်တို့ လည်း ၀မ်းသာ အားရ ဆက်ကြသည်။ နှစ်ယောက်စလုံးအတွက် ပျော်စရာအကောင်းဆုံးအချိန်များ ဖြစ်ပါ၏။ ခရီး မထွက်ခင် လုပ်စရာတွေအပုံကြီး ကျန်သေးသည်။
ဤသို့ဖြင့် ကလေးတွေ ကျောင်းပိတ်ချိန်သို့ ရောက်လာခဲ့သည်။ ရှားလော့ကလည်း ရိုက်လက်စ ကားတွေ အားလုံး လက်စသတ်ပေးပြီးပြီ။ အော်လီဗာက နားခွင့်တစ်လရသည်။ ငါးယောက်သား ထရင်ကတ်စ် သို့ ထွက် ခဲ့ကြ၏။ ပင်လယ်ကမ်းခြေတွင် တစ်လလုံးလုံး ပျော်ကြပြီး မယ်လီဆာနှင့် ဆမ်က သူ့အမေရှိရာ အရှေ့ပိုင်း သို့ ခရီးဆက် ထွက်သွားသည်။
ရှားလော့ က ကြော်ငြာကားတွေ ရိုက်ဖို့အစီအစဉ်တွေ ဆွဲနေသည်။ အော်လီဗာက အလုပ်ခွင်ပြန်ဝင် ရတော့မည်။ သြကုတ်လကုန်ဆိုလျှင် ဘင်ဂျမင်၏ တက္ကသိုလ်သင်တန်းတွေ စပြီ။
ကျောင်းတက်မည့် ဆဲဆဲ ရက်ပိုင်းအလိုတွင် ဆန္ဒရာ့အမေဆီမှ တယ်လီဖုန်းလာ၏။ သည်ညနေ အဖေတို့ စုံတွဲနှင့် အတူ အပြင်ထွက်ညစာစားဖို့ ရှိသည်။ ဘင်ဂျမင့်အတွက် တယ်လီဖုန်းလာသည် ဆိုတော့ အဖေရုံး မှ လှမ်းဆက်သည် ထင်လိုက်၏။ ဆန္ဒရာ့အမေ၏ အသံကြားရတော့ အသက်ရှူ မှားမတတ် ထိတ်ထိတ်ပြာပြာ ဖြစ်သွားသည်။

"ဘာဖြစ်လို့လဲဟင် ... သားလေး ... သားလေး"
"ကလေး ဘာမှ မဖြစ်ပါဘူး"
အဘွားကြီးအသံက တစ်မျိုးကြီးပါလားဟု ထင်လိုက်၏။
မစ္စက်ကာတာ ဖုန်းဆက်ဖို့ စိတ်ကူးသည်မှာ ကြာပြီ။ ဘင်ဂျမင်သိသင့်သည်ထင်သည်။ သည်သူငယ် လူကောင်းကလေးဖြစ်ကြောင်း မစ္စက်ကာတာ သိပါသည်။ သူ့သားကလေးကိုလည်း အလွန် ချစ်သည့် သူငယ်။ "မင်း သိဖို့လိုတယ်ထင်လို့ အဒေါ် ဆက်တာ။ ဆန္ဒရာက ကလေး ကို မွေးစားချင်တဲ့ လူ ရှိရင် ပေးဖို့ ဆိုပြီး မနေ့ က စောင့်ရှောက်ရေးကို သွားပို့လိုက်တယ်"
"ဘာ ... "
ရင်တွေ တဒိုင်းဒိုင်း ခုန်လာသည်။

"ဒီလို လုပ်လို့ ဘယ်ရလဲဗျ၊ ကျွန်တော့်သားပဲ၊ ကျွန်တော်လဲ ဆိုင်သေးတာပေါ့၊ ခု အဲလက်စ် ဘယ်မှာလဲ၊ ကျွန်တော် ဒီလို အဖြစ် မခံနိုင်ဘူး အဒေါ်၊ ဘာလို့သူများကို ပေးရမှာလဲ၊ ကျွန်တော့်သား ကျွန်တော်မွေး မှာပေါ့၊ ပါချော့စ် မှာ ကတည်းက ကျန်တော်တောင်းသားပဲ"
"အေးပါ ... မင်း ဘယ်လိုခံစားရမယ်ဆိုတာ အဒေါ်ကိုယ်ချင်း စာပါတယ်၊ ဒါကြောင့် အကြောင်း ကြားတာပေါ့၊ မင်းကို ဖုန်းဆက်ဖို့ သူ့ကို အဒေါ်ပြောပါတယ်၊ ဒါပေမယ့် မရဘူး။ ကလေးကို ထားပြီး ဒီမနက် ပဲ ဟာဝိုင်ယီကို လစ်သွားတယ်"
"ကျေးဇူး ပဲ အဒေါ်၊ ကျေးဇူးတင်ပါတယ်ဗျာ၊ ကျွန်တော် စောင့်ရှောက်ရေးအဖွဲ့က အဲလက်စ် ကာတာကို တရားရုံး က ပိုင်ဆိုင်ကြောင်း ရှင်းပြသည်၊ အင်း ... အဲ့လက်စ်ကာတာတဲ့။ ဒါဆို မိမိက ဖခင်ဖြစ်ကြောင်း၊ သက်သေပြပြီး ကလေးအုပ်ထိန်းခွင့် ကို ဦးတိုက် လျှောက်ထားရမည်။

အဖေ့ဆီ လှမ်းဆက်သည်။ အစည်းအဝေးအခန်းထဲမှ ခေါ်ထုတ်ရခြင်း ဖြစ်၏။ ဘင်ဂျမင် အရမ်း စိတ်လှုပ်ရှားနေ ၏။ အော်လီဗာက စိတ်အေးအေးထားပြီး အစအဆုံး ပြောပြရန် တောင်းပန်ရသည်။
"ကောင်းပြီ၊ ကောင်းပြီ၊ ဖေဖေ နားလည်ပြီ၊ ဖေဖေ ရှေ့နေနဲ့ တိုင်ပင်မယ်၊ စိတ်အေးအေးထားတော့၊ ဟုတ်ပြီလား၊ ဒါပေမယ့် တစ်ခုတော့ ဖေဖေ ပြောမယ်၊ ဘာမှ မလုပ်ခင် သားဘာဖြစ်စေချင်တယ် ဆိုတာ အရင် စဉ်းစား၊ ကလေးကို အပြီးအပိုင် ယူမှာလား၊ အဲဒါ သားအပေါ်မှာ တည်တယ်"
ဘင်ဂျမင် ဆုံးဖြတ်ပြီးပါပြီ။ ကျောင်းပြန်မတက်ရလျှင် ရှိစေတော့။ သားကိုတော့ အရယူမည်။ အလုပ် လုပ်ပြီး ရှာကျွေးမည်။ သားကို မိမိချွေးနည်းစာနှင့် မွေးမည်။ အော်လီဗာ မညင်းချင်တော့။
"သား ဘယ်မှ မသွားနဲ့၊ စိတ်အေးအေးထားပြီး ထိုင်စောင့်နေ၊ ဖေဖေ ပြန်ခေါ်မယ်"
နောက်နာရီ ၀က် အတွင်း အော်လီဗာ ပြန်ခေါ်သည်။ ညနေလေးနာရီတိတိတွင် ရှေ့နေ၏ ရုံးခန်းကို လာခဲ့ ဖို့ ချိန်းသည်။ ဘင်ဂျမင် ဆယ်မိနစ်စောပြီး ရောက်နေ၏။ အော်လီဗာ၏ အလုပ်နှင့် ဆက်နွယ် နေသည့် ရှေ့နေကြီးများ ဖြစ်၍ ကူညီရန်အသင့်ဖြစ်နေကြသည်။ ရှေ့နေကြီးတစ်ဦးက စိတ်ရှည် လက်ရှည် ရှင်းပြ သည်။

"သားက ဒီအတိုင်း ဖြစ်စေချင်တယ်ဆိုရင်တော့ လုပ်ရတာ သိပ်မခက်ပါဘူး၊ သက်ဆိုင်ရာတွေနဲ့ ဦးတို့ စကားပြော ပြီးပါပြီ။ ကလေးရဲ့အမေလည်း ကလေးကို အပြီးအပိုင် စွန့်လွှတ် လိုကြောင်း လျှောက်လွှာ တင်ခဲ့တယ်တဲ့၊ အဲဒီအတိုင်း စာချုပ်ထဲမှာ သူလက်မှတ်ထိုးရင်ပြီးတာပဲ။ မိခင်ရဲ့ အခွင့်အရေးတွေ ဖခင် လက်ထဲရောက်ရာပေါ့။ ကလေးတစ်ယောက်ကို မွေးရတာ သိပ်လွယ်တဲ့ ကိစ္စတော့ မဟုတ်ဘူးနော်။ မင်းသေသေ ချာချာ စဉ်းစားရလိမ့်မယ်"
"ကျွန်တော် အကြိမ်ကြိမ် စဉ်းစားပြီးပါပြီ ခင်ဗျာ၊ ကျွန်တော့်ကို ကျွန်တော် ဘာလုပ်နေတယ်ဆိုတာ လဲ သိ ပါတယ်၊ သားလေးကို ကျွန်တော် သိပ်ချစ်လွန်းလို့ပါခင်ဗျာ"
ပြောရင်း မျက်ရည်တွေ လည်လာသည်။ ကလေးအဖေ ဘင်ဂျမင်သည် ကလေး ကလေး တစ်ယောက်နှင့် ပိုတူနေ၏။

အော်လဗာသည် သားလုပ်သူ၏ အဖြစ်ကို ကြည့်ပြီး မနည်း မျက်ရည် ဆည်ထားရ၏။
အတတ်နိုင် ဆုံး ကူညီဖို့လည်း ဆုံးဖြတ်ထားပြီ။
"မစ္စက်ကာတာ နဲ့လဲ ဦးတို့ ဆွေးနွေးပြီးပါပြီ။ သားဟာ ဖခင်ကောင်းတစ်ယောက်ဖြစ်ကြောင်းနဲ့ ကလေးရဲ့ တာဝန် ယူနိုင်သူဖြစ်ကြောင်း လက်မှတ်ထိုးပေးမယ်တဲ့။ လက်ဆောင်လေး ဘာလေးတော့ မျှော်လင့် တာပေါ့ကွာ၊ မင်းတို့ သားအဖကြည့်ပေးလိုက်ပေါ့၊ ဒါပေမယ့် သတိတော့ ထားရမယ်နော်၊ ကလေး ကို ငွေနဲ့ဝယ်တဲ့ သဘောမျိုး မသက်ရောက်စေရဘူး၊ အဲဒါဆိုရင်တော့ ရာဇ၀တ်မှုပဲ၊ ဒါပေမယ့် မပူပါနဲ့၊ ဦး တို့ ရေးပေးမယ့် စာချုပ်မှာ သူလက်မှတ် ထိုးပါ့မယ်တဲ့၊

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

Friday, June 1, 2012

တင်မောင်မြင့် ၏ ဒက်ဒီ, အပိုင်း (၂၂)

 "ဘုရား ... ဘုရား၊ လုပ်စရာ ရှိတာ မြန်မြန်လုပ်ပါ အော်လီဗာရယ်၊ လိုက်သွားပြီး ခေါ်ခဲ့ ပါလားဟင်"
"ကောင်မလေး နဲ့ အမေနဲ့ စကားပြောရဦးမယ်၊ ဆန္ဒရာတို့ သားအမိကို သူပြန်ခေါ်နိုင် မလား မေး မယ်လေ"
တယ်လီဖုန်း ဆက်တော့ ချက်ချင်း ကောက်ကိုင်သည်။ အရက်မူးနေပုံရသည့် မိန်းမ တစ်ယောက် ၏ အသံ၊ အော်လီဗာ က ဘယ်သူဘယ်ဝါဖြစ်ကြောင်း ပြောတော့ အမျိုးသမီးက ချက်ချင်း မှတ်မိ သည်။ ဘင်ဂျမင်နှင့် သူ့သမီး အကြောင်းကိုလည်း သိနေပုံရ၏။
အော်လီဗာ က လေအေးကလေးဖြင့် တစ်မျိုးတစ်ဖုံ စီစဉ်ဖို့လိုပြီဖြစ်ကြောင်း နားချသည်။ သမီးနှင့် မြေး ကို ပြန်ခေါ်ထားနိုင်မလား မေးသည်။ ဆန္ဒရာအမေက အရေးအကြီးဆုံးအချက်ကို ဒဲဒိုးမေး သည်။
ကို ဆက်ဖတ်ရန်............

"ကျွန်မ ပြန်ခေါ်ထားမယ်ဆိုရင် ရှင်က သူတို့သားအမိအတွက် စရိတ်ထောက်မယ်ပေါ့" "စဉ်းစားသေး တာပေါ့ ဗျာ"
လုပ်စရာ ရှိတာ လုပ်ရမည်။ ဘင်ဂျမင်ဘ၀ထက် ငွေက ပို၍ အရေးမကြီးနိုင်ပါ။ သည်အကြောင်းကို တော့ သည် အမျိုးသမီး သိ၍ မဖြစ်၊ ရလေလိုလေဖြစ်မည်မုချ။
"ဒါကတော့ ရှင် ဘယ်လောက်ပေးမယ်ဆိုတဲ့ အပေါ်မှာ မူတည်ပြီး စဉ်းစားရလိမ့်မယ်၊ ဆန္ဒရာ ကျောင်းပြန်နေချင် တယ်ဆိုရင် လဲ ကျွန်မက ပြန်ထားရဦးမယ်လေ"
အော်လီဗာ လုံးဝ မယုံကြည်ပါ။

"ဆိုပါဦး၊ ဘယ်လောက်ပေးရမှာလဲ"
"သားအမိနှစ်ယောက် အတွက် တစ်လ ဒေါ်လာ ၅၀၀တော့ အနည်းဆုံးရမှ ဖြစ်မယ်"
အင်း ... ဒါလောက် ဆိုရင်တော့ သိပ်မဆိုး။
"ကောင်းပြီလေ၊ ကျွန်တော် ပေးပါ့မယ်"
ဆန္ဒရာ တို့ အမေ ပျော်သွားသည်။ အော်လီဗာ ၀တ်ဆင် စိတ်ပြောင်း မသွားခင် မြန်မြန် ပြီးအောင် လုပ်မှ ကလေး အတွက် ကုန်ကျစရာ သိပ်မရှိပါ။ ဒီငွေနှင့်ဆိုလျှင် သား အမိ နှစ်ယောက် ကောင်းကောင်း ပျော်နိုင် သည်။

"လိုအပ် တဲ့ စာရွက်စာတမ်းတွေ ခင်ဗျား လက်မှတ်ထိုးရမယ်နော်" "ဒါပေါ့ ... ဒါပေါ့၊ ထိုးရမှာပေါ့ ကျွန်မ နားလည် ပါတယ်" "ဘယ်တော့လောက် ခင်ဗျား သမီးကို သွားခေါ်နိုင်မလဲ" "အဲ ... အဲဒါ ကျွန်မ မပြောနိုင်သေး ဘူး၊ လောလောဆယ် ကျွန်မမှာ လုပ်စရာတော့ မရှိပါဘူး၊ ဒါပေမယ့် ..." ဆူဆူပူပူ ကလေး တစ်ယောက်နှင့် ဆန္ဒရာကို ပြန်မခေါ်ချင်ပါ။ သို့သော် ပိုက်ဆံ အရေးကြီးနေ သည် လေ၊ ဒါထက် ပိုရနိုင် ရင် ဘယ်လောက်ကောင်းမလဲ။ "ကျွန်မ စဉ်းစားနေတယ်၊ ခုနစ်ရာလောက် မှ လောက်မယ် ထင်တယ်" "ကဲ ... ခြောက်ရာထား" အော်လီဗာ သည် စက်ဆုပ်ရွံ့ရှာစွာ မျက်နှာကို မဲ့လိုက် ၏။ သည်လောက် အောက်တန်းကျသည့် မိန်းမ ၏ သမီးနှင့် မှ ဆုံရလေခြင်း။

"ကောင်းပြီ၊ ကျွန်မ လက်ခံတယ်"
"သူတို့သားအမိကို မနက်ဖြန် လေယာဉ်ပျံနဲ့ ခင်ဗျားဆီအရောက် ကျွန်တော်တင်ပေးလိုက်မယ်"
တဆက်တည်း တွင် မာဂရက်ဆီ လှမ်းဆက်သည်။ ပါချော့စ်အိမ်သို့ သွားပြီး သူတို့သားအမိကို ကူညီ ထုပ်ပိုးပေး ပြီး လော့စ်အိန်ဂျလိစ်လေယာဉ်နှင့် တင်ပေးလိုက်ဖို့ အကူအညီ တောင်းရသည်။ သည်စနေ၊ တနင်္ဂနွေတွင် ဘင်ဂျမင်ကို သူတို့အိမ်မှာ နားနေစေရန်လည်း ပြောလိုက်သည်။ သူတို့ သားအမိနှင့် လေယာဉ်တစ်စီးတည်းတွင် ဆုံမနေအောင် စီစဉ်ရခြင်း ဖြစ်၏။ မာဂရက်က လုပ်စရာ ရှိတာတွေ အားလုံး လုပ်ပေးပါမည့်အကြောင်း။ ဘင်ဂျမင့်ရှေ့ရေး အကောင်းဆုံး ဖြစ်လာနိုင်ဖို့ အတွက် ၀မ်းပမ်း တသာ လုပ်ပေးမည်အကြောင်းများကို တည်တည်ငြိမ်ငြိမ် ပြောသည်။
အော်လီဗာက ကျေးဇူးတင်ကြောင်း အူလှိုက် သဲလှိုက် ပြောလိုက်၏။ မာဂရက်က ပါချေ့စ်အိမ် အတွက်လည်း ဘာမှမပူဖို့ ထပ်ပြောသည်။ အချိန်ရလျှင် ရသလို သွားကြည့်ပေးမည်တဲ့။ တယ်လီဖိုးနီးယား တွင် အခြေ မကျသေးသဖြင့် ပါချော့စ်အိမ်ကို ရောင်းဖို့မစဉ်းစားသေးခြင်း ဖြစ်၏။

ဘင်ဂျမင်ဆီ ပြန်ဆက်သည်။ ချက်ချင်းကောက်ကိုင်သည်။ တယ်လီဖုန်း စောင့်နေဟန်တူ၏။
"အားလုံး စီစဉ်ပြီးပြီသား၊ ဆန္ဒရာ အမေနဲ့လဲ ဖေဖေ ညှိပြီးပြီ။ သူတို့ သားအမိ နှစ်ယောက် စလုံး ကို ပြန်ခေါ်လိမ့်မယ်"
ကလေး အတွက်ရော၊ ဆန္ဒရာ့အတွက်ပါ လုံလောက်သည့် အထောက်အပံ့ပေးမည့် အကြောင်းကို လည်း ထည့်ပြော လိုက်သည်။
"ဒီတော့ သူတို့အတွက် သား ဘာမှ ပူစရာ မလိုတော့ဘူး ဟုတ်ပြီလား။ မနက်ဖြန်ကို သူတို့ သားအမိ ဆီ လေယာဉ်ပျံ လက်မှတ်ပို့ပေးလိုက်မယ်၊ မာဂရက် လာပြီး ကူလိမ့်မယ်၊ ပြီးတော့ သားကိုလဲ တစ်ခါထဲ ဘိုးဘိုး ဆီခေါ်သွားလိမ့်မယ်၊ သားအဲဒီမှာ တစ်ရက်နှစ်ရက် နားနေလိုက်၊ ဟုတ်ပြီးလား"
ဒါဆိုလျှင် ဘင်ဂျမင် အိမ်ပြန်ရောက်ပြီး လပေါင်းများစွာ ခွဲခွာနေခဲ့ရသည့် သား မိမိ အတောင် အောက် သို့ ပြန်ရောက်လာတော့မည်။

သား ကို ပေးလိုက်ရမည် ဆိုတော့ ဘင်ဂျမင် ဘာလုပ်ရမှန်းမသိအောင် ဖြစ်သွားသည်။ သို့သော် အဖေနှင့် ဆန့်ကျင်ဖို့ သူ့တွင် အင်အား မရှိတော့။
အတန်ကြာ တိတ်ဆိတ်နေပြီးမှ ကျေးဇူးတင်ကြောင်း ပြောသည်။
"သားလေး ကို ကျွန်တာ် အရမ်းအောက်မေ့နေမှာပဲ အဖေ၊ လေးဘက်တောင်သွားချင်နေပြီ။ အရမ်း တတ် တာပဲ၊ ကျွန်တော်တို့ လုပ်တာတွေ မှန်မှမှန်ရဲ့လား မသိဘူး ဖေဖေ"
"ဘာလို့ မမှန်ရမှာလဲ သားရဲ့၊ သူတို့နေတဲ့ ဘာကာစီဖီးဆိုတာ ဖေဖေတို့ အိမ် ကနေ နှစ်နာရီ မောင်းရင် ရောက် တာပဲ၊ သား အချိန်မရွေးသွားလည်နိုင်တယ်လေ၊ သားအတွက်ရော၊ ဆန္ဒရာ့ အတွက်ရော၊ ကလေးအတွက်ပါ အကောင်းဆုံးပဲလေ၊ သား သိပ်ပင်ပမ်းနေပြီ။ ဒါလောက် အဆင်းရဲ ခံပြီး အမှန်ဘက်က နေခဲ့တာကိုဘဲ ဖေဖေဂုဏ်ယူလို့ မဆုံးပါဘူးကွာ၊ သားအတွက်လဲ စဉ်းစား ရ ဦးမယ်လေ။ ဒီအရွယ်နဲ့ ဆယ်တန်းအောင် မအောင်သေးဘဲ အဲလ်လက်စ်ကလေးကို သား ဘယ်လို လုပ်ပြီး ထောက်ပံ့နိုင် မှာလဲ"

"ဟုတ်ပါတယ် ဖေဖေ"
ပြီးတော့ စိတ်မချသည့် လေသံဖြင့် ...
"ဆန္ဒရာ့ အမေ က ကလေးကို တကယ်ဂရုစိုက်ပါ့မလား ဖေဖေ၊ ကျွန်တော်သိပ်မယုံဘူး"
"သူ့ မှာ ဘာအလုပ်မှ မရှိဘူးတဲ့၊ ဂရုစိုက်မှာပါ၊ ကဲ ... သား အိပ်တော့၊ အနားယူတော့နော်"
"ဟုတ်ကဲ့ ဖေဖေ၊ မနက်ဖြန် ညကျမှ ဘိုးဘိုးအိမ်က ဆက်မယ်နော်"
ဆန္ဒရာပြန်အလာ ကို ဘင်ဂျမင် စောင့်နေမည်။ မနက်ဆိုလျှင် မာဂရက် ရောက်လာတော့မည်။
နောက် တစ်နေ့ အော်လီဗာ ဖုန်းဆက်တော့ ဘင်ဂျမင်တစ်ယောက် သူ့အဘိုးအိမ်တွင် နှစ်နှစ် ခြိုက်ခြိုက် အိပ်ပျော်နေ သည်။ ဆန္ဒရာတို့သားအမိ အိမ်က ဆင်းသွားသည်ကို ကြည့်ပြီး ဘင်ဂျမင် အကြီးအကျယ် စိတ် ထိခိုက်နေကြောင်း မာဂရက်ပြန်ပြောပြသည်။ ပါချေ့စ်အိမ်ကိုလည်း နောက်မှ သန့်ရှင်းရေး လုပ်ပေး မည် ပြောသည်ကိုမရ။ ဘင်ဂျမင်က သူကိုယ်တိုင်တစ်နေကုန် ဆေးကြော သန့်ရှင်းပေးသည်ဆို၏။

အဘိုး အိမ်ရောက်တော့ ဘင်ဂျမင်တစ်ယောက် စိတ်ပမ်းလူပမ်းဖြစ်ကာ ယဲ့ယဲ့သာ ကျန်တော့သည်။ မာဂရက် က ကလေးတစ်ယောက်ကို သိပ်သလို သူ့ကို သိပ်ရသည်။ ညစာကိုပင် ဘင်ဂျမင် မစားနိုင်တော့။ မာဂရက် အရမ်း စိတ်မကောင်း ဖြစ်သွားသည်။
ခဏတဖြုတ်နေ ဖို့ တားလို့မှ ရပါတော့မလား။ အော်လီဗာက အမြန်ဆုံးလာစေချင်နေပြီ။ ပတ်ဝန်း ကျင်သစ် ကို အမြန်ဆုံး ရောက်လာဖို့လိုသည်ဟု ယူဆသည်။ အတိတ်၏ အရိပ်မည်းကြီးအောက်မှ ထွက်ပြေးဖို့ မှာ သည်ပတ်ဝန်းကျင်က မိုင်ပေါင်းများစွာ ဝေးကွာသည့် အနောက်ကမ်းခြေသို့ မီရာ လေယာဉ်ဖြင့် တင်ပေးလိုက်ရုံမှ တစ်ပါး အခြားမရှိပြီ။
"ဘင်ဂျမင် ဟာ သိပ်တော်တဲ့ကလေးပါ အော်လီဗာ၊ အဖေတစ်ယောက်အနေနဲ့ ဂုဏ်ယူသင့်ပါ တယ်၊ တကယ်ယောကျာ်းပီသ တာပဲ၊ ဆန္ဒရာ့နောက်ကို သားကလေးပါ သွားတော့ သူ့ခမျာ ရူးမတတ်ပဲ"
"ကျွန်တော် နားလည်ပါတယ် မာဂရက်ရယ်"

ဘင်ဂျမင် သည် အဲလ်စ်ကလေး ကို သည်လောက်သံယောဇဉ်ကြီး လိမ့်မည် အော်လီဗာ လုံးဝ မထင်ခဲ့။ အင်း ... တစ်ချိန်ချိန်မှာ စိတ်ပြောင်းလာပြီး ကလေးကို ဘင်ဂျမင့်ဆီ ပြန်အပ်တန်ကောင်း ပါရဲ့၊ သည် ကိစ္စ ရှေ့နေနှင့် ဆွေးနွေးပြီးပြီ။ အမေလုပ်သူက လိုလိုချင်ချင် မပေးသမျှ ဘယ်နည်းနှင့် မှ ရနိုင်စရာ လမ်းမရှိ ဟု ဆိုသည်။
"ကျေးဇူးပါပဲ မာဂရက်ရယ်၊ မာဂရက်ကို ဒုက္ခပေးရတဲ့အတွက် စိတ်မကောင်းပါဘူး၊ တစ်ခြား အပူကပ်စရာ လဲ ကျွန်တော့်မှာ မရှိဘူးလေ"
ဒက်ဖန် ဆီ လှမ်းဆက်မည် စိတ်ကူးသေးသည်။သူက နယူးယောက်မှ သွားရမည်ဖြစ်၍ တကူးတက နိုင်လွန်းသည်။ မာဂရက်သည် အားလုံးကို အကောင်း ဆုံး ဖြစ်အောင် လုပ်ပေးသွား သည်။ ဖေဖေ မှန်ပါပေသည်။ အလွန်တော်သည့် အမျိုးသမီးတစ်ဦး ဖြစ်ပါ၏။

"အော်လီဗာ တို့ အဖေက ပြောနေတယ်၊ ဘင်ဂျမင်ဟာ အော်လီဗာ ငယ်ငယ်ကလိုပဲ ခေါင်းမာတယ် တဲ့"
စိတ်ထဲက တစ်မျိုးကြီး ဖြစ်သွားသည်။ သားကြီးကို အမေတူမို့ ခေါင်းမာသည်ဟု မိမိအမြဲ ထင်ခဲ့သည် မဟုတ်လား။
"ခုတော့ သူလမ်းကြောင်းပေါ် ပြန်ရောက်လာပြီလေ၊ သူ့အတွက် အော်လီဗာ ဘာမှ မပူနဲ့တော့ နော်၊ မနက်ဖြန်ဖြစ်ဖြစ်၊ သန်ဘက်ခါဖြစ်ဖြစ် လေယာဉ်ပေါ် တင်ပေးလိုက်မယ်"
ကျေးဇူးတင်ကြောင်း ထပ်ပြောပြီး တယ်လီဖုန်းချလိုက်သည်၊ ပြီးတော့ ဆန္ဒရာ့ အမေဆီသို့ ဆက်သည်။ ဆန္ဒရာတို့ သားအမိ ချောချောမောမော ရောက်မရောက်လှမ်းမေးသည်။ သူတို့ သားအမိက ချက် လက်မှတ် ဘယ်တော့ပို့မှာလဲ ပြန်မေးသည်။

"ကျွန်တော် မနေ့ကပဲ ပို့လိုက်ပါပြီ မစ္စက်ကာတာ၊ ကလေးကော နေကောင်းရဲ့လားဟင်"
"ကောင်းပါတယ်၊ ကလေးကို သိပ်ချစ်ဖို့ ကောင်းတာပဲရှင်"
အော်လီဗာ စိတ်အေးသွားသည်။ ဆိုဖာပေါ်သို့ ခြေပစ်လက်ပစ် လှဲချလိုက်သည်။ အမြဲတမ်းလိုလို အနား တွင် ရှိနေ သည့် ရှားလော့ က သူ့ဦးခေါင်းကို ယုယုယယ ပိုက်ထားပေးသည်။
ပင်ပမ်းနွမ်းနယ် စွာ ပြုံးပြီး ချစ်သူမျက်နှာကို မော့ကြည့်လိုက်၏။ ရှားလော့က သူ့ဆံပင်တွေကို အသာ ပွတ်သတ်ပေးနေ၏။
"သူငရဲတွင်း ထဲရောက်နေသော တစ်နှစ်ကျော်ပြီ ရှာလီ၊ အင်း ... ခုမှပဲ ဆွဲတင်နိုင်တော့တယ်"
မယ်လီဆာ ပါ ရောက်လာပြီး ဘင်ဂျမင်ရောက်လာလျှင် အားလုံးဝိုင်းဂရုစိုက်ကြဖို့ ဆွေးနွေးကြ သည်။ ကျောင်းကိစ္စ လည်း တိုင်ပင်ကြသည်။

ညဥ့်နက်မှ ရှားလော့ ကို အော်လီဗာ ပြန်ပို့သည်။ ရှားလော့ အိမ်တွင်လည်း ဘင်ဂျမင့်အကြောင်းပဲ ဆက်ပြော ဖြစ်ကြသည်။ ခဏနေတော့ အော်လီဗာက ပြန်ဖို့ပြင်သည်။ စိတ်ရှုပ်စရာ ၀င်လာသည့်အတွက် ရှားလော့ ကို တောင်းပန်သည်။
"ဒါလင် မောင့် ကို စိတ်ညစ်သွားပြီလား ဟင်"
"ဘာကို ညစ်ရမှာလဲ မောင်ရယ်၊ အတူတူမျှဝေခံစားမှာပေါ့။ မနက်ဖြန် လေယာဉ်ကွင်းသွားကြိုရင် ရှာလီ လိုက် မယ်နော်၊ ဒါမှမဟုတ် မောင်တစ်ယောက်တည်း သွားတာက ပိုကောင်းမလား"
မမြင်ဖူးခင် ကပင် ဘင်ဂျမင်ဆိုသည့်ကလေးကို ရှားလော့ ချစ်နေပြီ။
"လိုက်ခဲ့ရင် ပိုကောင်းတာပေါ့ကွာ"
ချစ်သူမျက်နှာကို ပြုံးပြုံးကြီး မော့ကြည့်ရင်း ကျေးဇူးတင်စွာ ပြောလိုက်သည်။ သိပ်သိတတ်သည့် မိန်းကလေး၊ အနမ်းဖြင့် နှုတ်ဆက်ပြီး ပြန်လာခဲ့သည်။ အိမ်ရောက်တော့ ခြေပစ်လက်ပစ် လှဲအိပ် လိုက်သည်။ ဘင်ဂျမင် တစ်ယောက် ဘယ်လောက်ပင်ပမ်းနေရှာမည်ကို တွေးပြီး သနားနေ၏။

နောက်တစ်နေ့ညပိုင်းတွင် လေယာဉ်ကွင်းသို့ သွားကြိုသည်။ ဖြူလျော့ပိန်လှီနေသည့် သားကို မြင်တော့ တအားပြေး သွားပြီး ရင်ခွင်ထဲ ထွေးပိုက်ထားလိုက်သည်။ ဘင်ဂျမင် အားရပါးရ ငိုချလိုက် ၏။ သားအဖနှစ်ယောက် ကို ရှားလော့က ခပ်လှမ်းလှမ်းမှ ရပ်ကြည့်နေသည်။
မျက်ရည်တွေ သုတ်ပြီး အဖေ့မျက်နှာကို မော့ကြည့်သည်။ အကြာကြီး ကွဲနေသည့် သူငယ်ချင်း တစ်ယောက်နှင့် ပြန်တွေ့နေသည့်အလား။ ရှားလော့ မျက်ရည်မဆည်နိုင်တော့။ တစ်ဘက်သို့ မျက်နှာ လွှဲလိုက်ရသည်။ သားအဖနှစ်ယောက် ရှားလော့ရှိရာသို့ လျှောက်လာကြသည်။

"ဒါ ကိုယ့်သား ဘင်ဂျမင်လေ" အော်လီဗာက ဆို့နစ်နစ်အသံဖြင့် မိတ်ဆက်ပေးသည်။ ဘင်ဂျမင်က လက်ဆွဲနှုတ်ဆက်ရင်း ... "ညီမလေးက အန်တီအကြောင်းတွေ အများကြီး ကျွန်တော့် ကို ပြောပြထားပြီးပါပြီး ကျွန်တော်လဲ တီဗွီမှာ အန်တီပြဇာတ်တွေ အများကြီး ကြည့်ဖူးပါတယ်၊ ဆမ်ကလေး ကလဲ အန်တီ ပူးဖြူကလေး ၀ယ်ပေးတဲ့အကြောင်း ပြောတယ်ခင်ဗျ၊ ကျွန်တော် တို့ မောင်နှမတွေ နဲ့ အန်တီအဖွဲ့ကျနေတာ ၀မ်းသာပါတယ်ခင်ဗျာ"
ရှားလော့ အရမ်းပျော်သွားသည်။ ဘင်ဂျမင် ၏ ပါးကလေးကို ငုံ့ပြီး နမ်းလိုက်မိသည်။
"မင်းအဲဒီလို သဘောရတာ အန်တီ ၀မ်းသာပါတယ်ကွယ်၊ ဒါပေမယ် အန်တီကို ရှာလီလို့ခေါ်ရင် ပိုသဘောကျ မှာ၊ လေယာဉ်ပေါ်မှာ အဆင်ပြေရဲ့လား"
"ကောင်းပါတယ်ခင်ဗျ၊ ကျွန်တော်တော့ တစ်လမ်းလုံး အိပ်ပျော်လာတာပဲ" အဖေ့ဘက်သို့ လှည့်ပြီး တစ်ဆက် တည်း မေးသည်။

"ဖေဖေ ဆန္ဒရာ့ဆီ ဖုန်းဆက် ဖြစ်သေးလားဟင်၊ ကလေးနေကောင်းရဲ့လား မသိဘူး"
တန်ဆာရွေးသည့် ကောင်တာဆီသို့ လျှောက်သွားကြသည်။
ဆက်တာပေါ့ သားရဲ့၊ အားလုံး နေကောင်းကြတယ်တဲ့"
ရင်သွေးကလေး ကို သံယောဇဉ်ကြီးလွန်းသည့် သားအား ကြည့်ပြီး အော်လီဗာ ရင်ထုမနာ ဖြစ်နေ သည်။ အိမ်ရောက်တော့ အငယ်နှစ်ကောင်က သူတို့အစ်ကိုကြီးကို ၀မ်းသာအားရ ကြိုဆိုကြသည်။ ရှားလော့နှင့် အော်လီဗာက အထုပ်အပိုးတွေသည်ပြီး အော်လီဗာ့ အိပ်ခန်းရှိရာသို့ တက်ခဲ့ကြ သည်။ ရှားလော့ စာနာစိတ်အပြည့်ဖြင့် ...
"သူ့သားကလေး ကို ဘယ်တော့မှ မေ့မှာ မဟုတ်ဘူး အော်လီ၊ သူ့ကြည့်ရတာ ပုံမှန် မရောက်သေး သလို ပဲ၊ သူ ဖြတ်သန်းခဲ့ရတဲ့ ဘ၀ကြမ်းကိုလဲ ကြည့်ဦးလေ"
နှစ်ယောက်သား ကလေးတွေရှိရာ  အောက်ထပ်သို့ ဆင်းလာခဲ့ကြသည်။ မောင်နှမတစ်သိုက် မီးဖိုဆောင် ထဲ ရောက်နေကြပြီ။ သူ့အတွက် အက်နက်လုပ်ထားသည့် အသားညှပ်မုန့်တွေကို ဘင်ဂျမင် အားရပါးရ စားနေ သည်။ မယ်လီဆာက စကားတွေ အားရပါးရ ပြောနေ၏။ ဆမ်ကလေး က ပူးကလေးနှင့် ဘင်ဂျမင် ၏ မျက်နှာ ကို မထိတထိ လိုက်တို့နေသည်။

ဘင်ဂျမင် ပျော်နေ၏။ အင်း ... ကိုယ့်မိသားစုနဲ့ နေရတဲ့ ဘ၀က ကြည်နူးစရာ အထိပါလား။ စိတ်ထဲတွင် အခြားမြို့တစ်ခု မှ ပြန်လာသူလို ကိုယ့်ကိုကိုယ် ထင်မှတ်နေ၏။
"ကျောင်းမှာ ပျော်ရဲ့လား မယ်လီဆာ" ညီမ လုပ်သူဘက်သို့ လျည့်ပြီး မေးလိုက်သည်။ "သိပ်ပျော်၊ အရမ်းပျော် ပဲ၊ မပျော်ပဲ ရှိပါ့မလား ကိုကိုရယ်" မယ်လီဆာ စကားဖြတ်ပစ်လိုက်သည်။ အဖေက ဘင်ဂျမင်ရှေ့တွင် ကျောင်းအကြောင်း မပြောဖို့ မှာထားခြင်းကြောင့် ဖြစ်၏။ ဘင်ဂျမင်က ရိပ်မိသွားပုံဖြင့် ... "ဆက်ပြောလေကွယ်၊ အစ်ကိုဒါလောက် ကျောင်းနဲ့ မဝေးပါဘူး၊ အင်း ... လောလောဆယ်တော့ ဘာလုပ်ရ မှန်း မသိသေးဘူး၊ ဘာကာစဖီးကို သွားပြီး အဲလက်ကလေးရဲ့ အခြေအနေကို ကြည့်ချင် သေးတယ်၊ ပြီးအလွတ်ဝင်ဖြေဖို့ ကြိုးစားမယ်၊ ကယ်လီဖိုးနီးယား တက္ကသိုလ်မှာပဲ တက်ရတော့ မှာ ပေါ့" ယေးလ် တို့၊ ဟားဗတ်တို့နှင့် ဝေးခဲ့ပြီ။ မိသားစုနှင့် အတူတကွ နေပြီး ကျောင်းတက်ဖို့သာ စိတ်ကူးတော့ သည်။

အငယ်နှစ်ကောင် အိပ်ယာ ၀င်သွားတော့ မိမိ အစီအစဉ်ကို အဖေ့အား ပြောပြသည်။ ရှားလော့က မိမိ တက်သည့်ကျောင်းဖြစ်ကြောင်း၊ လိုအပ်လျှင် ဆရာ၊ ဆရာမတွေဆီကို မိတ်ဆက်စာ ရေးပေး မည့် အကြောင်း ပြောသည်။
ဘင်ဂျမင် က ကျေးဇူးတင်ကြောင်း ပြောသည်။ ရှားလော့ကို ကျေနပ်စွာ ပြုံးကြည့်နေ၏။ သိပ်လှ သည့် အမျိုးသမီး ပါလား။ ဖေဖေ ကံကောင်းပါပေသည်။
သားအဖတွေ အေးအေးဆေးဆေး စကား ဆက်ပြောနေစေချင်၍ ရှားလော့ နှုတ်ဆက်ပြီး ပြန်လာခဲ့ သည်။ "ဖေဖေ အရမ်းကံကောင်းတာပဲ" ဘင်ဂျမင်က ရှားလော့ပြန်သွားလျှင် သွားချင် ဖအေ ကို ကောင်းချီးပေး သည်။
"အင်း-ဖေဖေလဲ အဲဒီလိုပဲ ထင်ပါတယ်"
သားဖြစ်သူ၏ ညှိုးယောင်ယောင် မျက်နှာကလေးကို ကြည့်ပြီး-
"သား နေကောင်းပါတယ်နော်၊ ဘာမှမဖြစ်ပါဘူးနော်"

"ကောင်းပါတယ် ဖေဖေရဲ့၊ မနက်ဖြန် ကားတစ်စီးလောက် ရနိုင်မလား၊ ဘာကာစဖီးကို ခဏ သွားချင် လို့"
"မမြန်လွန်းဘူးလားသား၊ သားနဲ့ဆန္ဒရာ စကားပြောလို့ ဖြစ်ပါ့မလား၊ အသားကျသွားအောင် ခဏ လေး စောင့်လိုက် ရင် ကောင်းမယ်ထင်တယ်"
ဘင်ဂျမင် သက်ပြင်းချသည်၊ ဆိုဖာပေါ်တွင် ခြေဆန့် ထိုင်လိုက်၏။ သက်တောင့်သက်သာ ဖြစ်နေ ပုံရ၏။
"သူနဲ့ လုံးဝ မတွေ့နိုင်ရင် ပိုကောင်းမှာ၊ ဒါပေမယ့် ကလေးကိုတော့ တွေ့ချင်တယ် ဖေဖေ"
"အဲလက်စ်ကို သား သိပ်ချစ်တာပဲလား" သူတို့မွေးစဉ်က အချိန်တွေကို ပြန် သတိရနေသည်။ သို့သော် မိမိ သားက မိမိနည်းတူ ဖြစ်လာ သည့်အခါ မအံ့သြသင့်ဘဲ အံ့သြနေ၏။
"အဲလက်စ်ဟာ ကျွန်တော့်ရင်သွေးပဲ ဖေဖေရယ်၊ ကလေးကို ကျွန်တော် ဒါလောက် ချစ်လိမ့်မယ် လို့ ဖေဖေ မမျှော်လင့်ဘူးလားဟင်"
ဘင်ဂျမင်က အံ့သြသည့်အမူအယာဖြင့် မေးလိုက်သည်။ တရားဝင်သည်ဖြစ်စေ၊ မ၀င်သည်ဖြစ်စေ သားကလေး ကိုတော့ ရင်နှင့်အမျှ ဘင်ဂျမင် ချစ်ပါသည်။

"အဲဒီလို မဟုတ်ပါဘူး သားရယ်၊ ဖေဖေ နားလည်ပါတယ်၊ စတေရှင် ၀က်ဂွန်းကို ယူသွားလေ၊ အက်နက် ကိုတော့ ယူသွားမယ့်အကြောင်း ပြောသွားပေါ့၊ ဆမ်ကို ကြိုဖို့နဲ့ ဈေးဝယ်ဖို့ သူ စီစဉ်နိုင် အောင်လို့လေ"
"ကျေးဇူးပဲဖေဖေ၊ အဲဒီကိစ္စ ပြီးပြီးချင်း ကျောင်းတက် ကျွန်တော် စီစဉ်ပါ့မယ်၊ ကောလိပ်တက်ဖို့ အချိန်စောင့်ဦးမယ် ဆိုရင်လဲ အလုပ်တစ်ခုခု ၀င်လုပ်မယ်လေ၊ အလကားတော့ ထိုင်မနေပါရစေနဲ့၊ ဖေဖေ့ကိုအားလုံးအတွက် ကျေးဇူးတင်ပါတယ် ဖေဖေ"
အော်လီဗာ မျက်ရည်လည်သွားသည်။ သူ့ပေါင်ကို ပုတ်ပြီး အားပေးစကား ပြောရသည်။
"သားရဲ့ ဘ၀ကို ပြန်စေရမယ်၊ လမ်းမှန်ပေါ်ကို ပြန်လျှောက်ရတော့မှာမို့ အားလုံးအတွက် ကျေးဇူး တင်ပါတယ် ဖေဖေ"
ဘင်ဂျမင်က ပြုံးပြီး ဖအေကို မေးခွန်းထုတ်သည်။

"အင်း ... လက်ထပ်ဖြစ်မယ် ထင်ပါတယ် ..."
လူကြီး တစ်ယောက် ဖြစ်နေသော ဘင်ဂျမင်ကို ပွင့်ပွင့်လင်းလင်းပင် ပြောရတော့မည်။
"ဒါပေမယ့် သေသေချာချာ မဆွေးနွေးရသေးပါဘူး"
အော်လီဗာ သည်ကိစ္စ မဆွေးနွေးရဲသေး။ အငြင်းပယ်မည်ကို တွေးကြောက်နေသည်။ မိမိကြောင့် ရှာလီ့ဘ၀ တက်လမ်း ပိတ်သွားလေမည်လား ဟုလည်း စဉ်းစားရသေး၏။
"သိပ်တော်တဲ့ အမျိုးသမီးပါ ဖေဖေ၊ ကျွန်တော် တကယ် သဘောကျပါတယ်"
"အင်း ... ဖေဖေလဲ သဘောကျပါတယ်"
အော်လီဗာ ပြုံးပြုံးကြီး ပြောလိုက်သည်။ ပြီးတော့မှ သားတော်မောင်ကို အပေါ်ထပ် အိပ်ခန်းထဲထိ လိုက်ပို့ ပေးသည်။
သားသမီး သုံးယောက်စလုံး တဟုန်ထိုး ကြီးပြင်းလာကြသလိုပါပဲလား၊ ဆမ်က အဖေ့ဆီလာ မအိပ်တော့၊ ပူးကလေး ရှာလီနှင့် သူ့အခန်းထဲတွင် ကျေကျေနပ်နပ် အိပ်တတ်နေပြီ။

အခန်း(၂၄)

နောက်တစ်နေ့တွင် ဘာကာစဖီးသို့ ဘင်ဂျမင် ထွက်လာသည်။ သူတို့အိမ်ရောက်တော့ စိတ်ပျက် သွားသည်။ တစ်အိမ်လုံး ရှုပ်ရှုပ်ခတ်နေ၏။ လေအေးစက်ကပျက်နေသည်။ သားကလေးကို ကျန်းကျန်း မာမာ တွေ့ရ၍ တော်ပါသေး၏။ ဧည့်ခန်းထဲမှ တီဗွီဘေးတွင် အက်နက်ကလေး အိပ်ပျော်နေသည်။
နိုးလာပြီ ဖအေ ကိုမြင်တော့ ၀မ်းသာအားရအော်သည်။ ပြန်ခါနီးတွင် သားကလေးကို ကြည့်ပြီး မျက်ရည် လည်ပြန်၏။ သို့သော် ဆန္ဒရာနှင့် ဝေးရာ သို့ ပြန်ရမှာမို့ ၀မ်းသာနေ၏။
ကိုယ့် ကိုကိုယ် ယုံကြည်မှုအပြည့်ဖြင့် ကားမောင်းပြန်ခဲ့၏။ နောက်ရက်များတွင် စာကိုဖိကျက်သည်။ ဆယ်တန်းနောက်ဆက် တွဲ စာမေးပွဲ အပြင်မှ ၀င်ဖြေသည်။ အောင်သည်။ တဆက်တည်း တွင် လော့စ်အိန်ဂျလိစ် တက္ကသိုလ် ၀င်ခွင့်လျှောက်လိုက်သည်။ ကျောင်းက လက်ခံသည်။

တက္ကသိုလ်စာအုပ် ဆိုင် တွင် အချိန်ပိုင်းအလုပ်တစ်ခု ရသည်။ သည်ဝင်ငွေဖြင့် အက်နက် ကလေး ကို ထောက်ပံ့မည်။
နောက်တစ်ခေါက် ဘာကာစဖီး သို့ ထွက်လာခဲ့ပြန်သည်။ သူတို့အိမ်အခြေအနေက ဘာမှမပြောင်း လဲ၊ ဆန္ဒရာ ကို မတွေ့ခဲ့ရ၊ အပြင် ထွက်နေသည်တဲ့လေ၊ အဘွားကြီးက ဘီယာကလေးတမြမြနှင့် အက်နက် ကလေးနှင့် တစ်နာရီ ခန့် ကစားပြီး ပြန်လာခဲ့သည်။
ဆန္ဒရာ တို့ အမေက ဘင်ဂျမင်လာသည်ကို ကြည်ကြည်ဖြူဖြူ ရှိသည်။ ထောက်ပံ့ကြေးမှန်မှန်ရနေ သည် မဟုတ် လား။

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

Thursday, May 31, 2012

တင်မောင်မြင့် ၏ ဒက်ဒီ, အပိုင်း (၂၁)

'အင်ဒီရော၊ ဟင် ဖေဖေ' ဆမ်က သူ့အချစ်တော်အကြောင်းမေးသည်။
ထုံးစံ အတိုင်းပေါ့ကွာ၊ သိပ်ခွေးပါးဝတဲ့ကောင်၊ ဟိုနေ့ကကန်ထဲ ဆင်းကူးပြီး ရေစိုကြီး နဲ့ ဆိုဖာတွေပေါ် တက် အိပ် တယ်လေ၊ အက်နက် က တံမြက်စည်းနဲ့ လိုက်ရိုက်တယ်၊ လုံးလားထွေးလား နဲ့ ဘယ်သူနိုင် လဲတော့ မသိ ဘူး၊ ညနေကျတော့ သူ့ခန်းဆီးတွေကို အင်ဒီကိုက်ဖြဲပစ်တယ်လေ'
ကို ဆက်ဖတ်ရန်.....

သားအဖသုံးယောက်ပြောပြီး ရယ်ကြသည်။ အော်လီဗာက စကားလုံး သေသေချာချာ ရွေးပြီး စကားဆက်သည်။
"ဒီည ဧည့်သည်တစ်ယောက်လာပြီး ညစာစားလိမ့်မယ်၊ ဖေဖေ့ အသိထဲကပါ"
လေသံ ကို သာမန်ဖြစ်အောင် တတ်နိုင်သျှ ကြိုးစား ပြောသည်။ သို့သော် ကလေးတွေက ချက်ဆို နားခွက် က မီးတောက်သည်။

"သမီး တို့ သူ့ကို တွေ့ရင် ခင်ကြမှာပါ"
မယ်လီဆာက မျက်ခုံးတစ်ဖက်ပင့်ပြီး စူးစမ်းသည့်အပြုံးမျိုးဖြင့် …
"ဖေဖေ စိတ်ဝင်စားစရာတွေ့နေပြီလား"
လွန်ခဲ့သည့်ခြောက်လခန့်ကဆိုလျှင် အဖေ့ကို စိတ်ဝင်စားသည့် မိန်းမတိုင်းအား မုန်းဖို့အသင့် ရှိနေခဲ့၏။ ယခုတော့ အခြေအနေတွေ ဗြုန်းစားကြီး ပြောင်းလဲခဲပြီ၊ မယ်လီဆာ ဆယ့်ခုနစ်နှစ်ပြည့် ပြီလေ၊ ကျောင်း က ကောင်ကလေး တစ်ယောက် ကို ကိုယ်တိုင်စိတ်ဝင်စားနေပြီ ဟုတ်လား၊ ပြီးခဲ့ သည့် နွေရာသီကျောင်းပိတ်ရက် က ယန်းမီယာနှင့် အမေ့အကြောင်းကိုရော၊ အဖေနှင့်အမေ ဘယ်တော့ မှ ပြန်ပေါင်းကြတော့မည် မဟုတ်ကြောင်းကိုရော နားလည်ခဲ့ပြီ။

"ရိုးရိုးမိတ်ဆွေပါ သမီးရဲ့"
"သူက ဘယ်သူလဲဟင်"
"သူ့နာမည် က ရှားလော့တဲ့၊ နီဘရာစကာ သူလေ"
ဘာ ဆက်ပြောရမှန်း မသိ ရယ်နေသည်။ ပြဇာတ်မင်းသမီးတစ်ယောက် ဖြစ်ကြောင်းနှင့် တီဗွီတွင် နာမည်ကြီးနေ သူ ဖြစ်ကြောင်းတော့ မပြောချင်သေး၊ နောက်မှ သူတို့ ဘာသာ သိပါစေ။ အက်နက်နှင့် မိတ်ဆက်ပေးစဉ် တုန်းက အတိုင်းပေါ့။
အက်နက် ပါးစပ် အဟောင်းသား ဖြစ်နေသည်။ ချက်ချင်း နှစ်ယောက်သား ရင်းနှီးသွားကြ၏။ အက်နက်တောင်း သဖြင့် ရှားလော့က ဓာတ်ပုံတွေ အများကြီး ယူလာပေးသည်။ သူငယ်ချင်းတွေဆီ ပို့ဖို့လေ၊ ခုတော့ ရှားလော့ကို သူ့ဆရာနှင့် သဘောတူနေပြီ။

အိမ်ရောက်တော့ အက်နက် က အသင့်စောင့်ကြိုနေ သည်။ မောင်နှမနှစ်ယောက် ကို ပွေ့ ဖက် နှုတ်ဆက်သည်။ စားစရာမျိုးစုံ အသင့် လုပ်ထားပြီးသား၊ အင်ဒီ က သူတို့ မောင်နှမနှစ်ယောက် ကို မြင့်တော့ ခုန်ပေါက်အော်ဟစ်ကာ အမူအယာအမျိုးမျိုးဖြင့် နှုတ်ဆက်သည်။
ညစာ မစားခင် ဆမ်က ရေကူးချင်ကြောင်း ပြောသည်။ ဘော့စတန်မှာ ချမ်းလွန်း၍ နှစ်ပတ်လုံးလုံး ဆန်ဖရန်စ္စ ကို အိမ်မှ ရေကူးကန်ကို သတိရနေမြဲ၏။ ဒါလောက်ချမ်းတာမျိုး တစ်ခါမှ မကြုံဖူးဘူး ဟု ပြောသည်။

မယ်လီဆာ က အထုပ်အပိုးတွေ ဖြေဖို့ သတိမရနိုင်ဘဲ သူငယ်ချင်းတွေဆီ ဖုန်းဆက် သည်။ မောင်နှမနှစ်ယောက်စလုံး အိမ်ပြန်ရောက်လာသည့်အတွက် ၀မ်းသာနေကြ သည်ကို မြင်ရ၍ အော်လီဗာ ပျော်သွားသည်။ ဘင်ဂျမင်ဆီ သူတို့နှစ်ယောက် သွားချိန် မရခဲ့ခြင်း အတွက်တော့ စိတ်မကောင်း ဖြစ်ရ၏။
ဘင်ဂျမင် တစ်ယောက် အလုပ်နှစ်ခုကို အချိန်မှန်မှန် လုပ်နေရပြန်ပြီဖြစ်ကြောင်း မယ်လီဆာက ကားပေါ် တွင် ပြောပြသည်။
"တယ်လီဖုန်းဆက်တိုင်း ဆန္ဒရာ မရှိဘူးဖေဖေ၊ သူကိုယ်တိုင် ကလေးထိန်းနေရတယ်တဲ့၊ ညနက် သန်းခေါင် အထိ ပြန်လာချင်မှ ပြန်လာတယ်တဲ့၊ ကိုကိုအကြီးအကျယ် စိတ်ဓာတ်ကျနေပုံပဲ"
ညခုနစ်နာရီ တိတိတွင် အော်လီဗာ တစ်ယောက် ရင်တထိတ်ထိတ်ခုန်လျက် ဧည့်ခန်းထဲတွင် ထိုင်စောင့်နေ သည်။ အပေါ်ထပ်မှ မယ်လီဆာနှင့် ဆမ်ကလေးတို့ အသံတွေကိုလည်း တစ်ဖက်က နားစွင့်နေသည်။ ဟော … မာစီဒီးအနီး ကလေးဝင်လာပြီ။ အသက်ရှူမှားမတတ် ဖြစ်သွားသည်။

ပြေးထွက်ပြီး ချစ်သူကို အနမ်းဖြင့် ကြိုဆိုလိုက်ချင်၏။ သို့သော် အသာကလေး ထပြီး တံခါးဝမှ ဣနြေ္ဒရရ ဆီးကြိုသည်။ ကလေးတွေ ချောင်းကြည့်နေကြမည်ကိုလည်း စိုးရိမ်နေ၏။
ကုတ်သားကလေး ကို ငုံ့နမ်းပြီး နှုတ်ဆက်သည်။ "သိပ်အောက်မေ့တာပဲ" ဟု တိုးတိုး ကလေး ပြောလိုက်၏။ ရက်ပေါင်း များစွာ၊ လပေါင်းများစွာ ဝေးကွာနေသည်ဟု စိတ်ထဲထင်နေ၏။ မနက်ပိုင်း ကပဲ တွေ့ခဲ့ကြသေးသည်။
"ရှာလီ လဲ အောက်မေ့တာပဲ မောင်ရယ်"
တိုးတိုး ကလေး ပြန်ပြောသည်။ တစ်ဆက်တည်း မေးလိုက်သည်။
သူတို့ အခြေအနေကောဟင်"
အလုပ်တစ်ခု ကို ခိုးကြောင်ခိုးဝှက် ကျိတ် လုပ်နေသည့် ကလေးနှစ်ယောက်နှင့် တူနေ၏။

"ကောင်းတယ်၊ ပျော်ပျော်ပါးပါးပဲ၊ ကားပေါ်မှာ မင်းအကြောင်း ပြောလိုက်တယ်၊ ခုထိတော့ အခြေအနေ မဆိုးဘူး"
ဇီဇာကြောင်သည် အမေ့ဆီကို ချွေးမလောင်း ကို ခေါ်လာသူ၏ အဖြစ်ထက် ဆိုးပါသည်။ အော်လီဗာ ရင်တွေ ခုန်လှပြီ။ ရှားလော့က ပိုဆိုး၏။ သူတို့ကလေးတွေနှင့် တွေ့ရမည်ကို လန့်နေ၏။
အော်လီဗာ က မောင်နှမနှစ်ယောက်ကိုခေါ်ဖို့ အပေါ်ထပ်တက်သွားတော့ ရှားလော့ တစ်ယောက် ထိုင်ရ မလို၊ ထရမလိုနှင့်။ ဓာတ်ပုံတွေကို မော့ကြည့်လိုက်၊ အပြင်ကို ငေးကြည့်လိုက်၊ ပရိဘောဂ တွေကို ကိုင်ကြည့် လိုက်နှင့် မတည်မငြိမ် ဖြစ်နေသည်။ သူတို့မောင်နှမနှစ်ယောက် မိမိကိုမုန်းနေ လျှင် ဆိုသည့် အတွေး က ရှားလော့အား ခြောက်လှန့်လျက် ရှိ၏။ ထွက်ပြေးရ ကောင်းမလားဟုပင် စိတ်ကူးပေါက် မိသည်။ ထိုတဒင်္ဂတွင်ပင် သူတို့သားအဖ သုံးယောက်နှင့် အင်ဒီပါ အခန်းထဲသို့ ဆူဆူညံညံနှင့် ၀င်လာကြ သည်။ ရယ်ရယ်မောမော ပျော်ပျော်ရွှင်ရွှင် အသံများနှင့် အထူဝင်လာကြ ခြင်း ဖြစ်၏။ သို့သော် ရှားလော့ ကိုမြင်တော့ ရုတ်ချည်း တိတ်ဆိတ်သွားသည်။

အော်လီဗာ က ခပ်သွက်သွက် ရှေ့တိုးလာပြီး သူတို့နှင့် မိတ်ဆက်ပေးသည်။ မယ်လီဆာက လက်ဆွဲ နှုတ်ဆက်ပြီး ရှားလော့ ကို သေသေချာချာ အကဲခတ်သည်။ သဘောကျနေပုံရ၏။ ဆမ်က မျက်စိ ကို မှေးပြီး ကြည့်သည်။ တစ်ခုခုကို အပြေးအလွှား စဉ်းစားနေသည့်ပုံမျိုး၊ တော်တော်လှ သည့် အမျိုးသမီး ပါကလား၊ အဖြူရောင် ဆွယ်တာနှင့် အပြာရောင်စကတ်ကို ၀တ်ထားသည်။ မျက်နှာကို မယ်လီဆာလောက် ပင် ပြင်ပြင်ဆင်ဆင် လုပ်မထား။ ဆံပင်ပုံ သဏ္ဍာန်လည်း ခပ်ရိုးရိုးပင်။
ရှားလော့ က ပြုံးပြီး ...
"နှစ်ယောက်လုံး နဲ့ တွေ့ရတာ ၀မ်းသာပါတယ်၊ သားနဲ့သမီးအကြောင်းတော့ ဖေဖေ့ဆီက အများကြီး ကြား ထားပြီးပါပြီ"
ဆမ် က အားရ၀မ်းသာရယ်ပြီ ...
"ဟုတ်လား၊ ကျွန်တော့်အကြောင်း ဘာတွေပြောလဲ၊ ကျွန်တော့် သိပ္ပံစမ်းသပ်ခန်းအကြောင်း မပြောဘူး လား"
ဆမ် က ဂုဏ်ယူဝမ်းသာစွာ ပြောသည်။ မယ်လီဆာက လှမ်းဟောက်သည်။

"ကဲ-ဆမ်၊ အသာနေစမ်း"
"အန်တီကြည့်မလား ဟင်၊ ကျွန်တော်ပြမယ်"
ဆမ်က အားရပါးရ ပြုံးပြီး ဖိတ်ခေါ်နေသည်။ ရှားလော့က ခေါင်းညိတ်လိုက်သည်။ သို့သော် မယ်လီဆာ က အတင်းဝင်တား၏။
"သွားမကြည့် နဲ့ အန်တီ၊ အလကား၊ တီကောင်တွေ မွေးထားတာ၊ ရွံ့စရာကြီး"
အက်နက်နှင့် မယ်လီဆာက အိမ်ပေါ်မှာ မထားရဘူးဆို၍ တီမွေးမြူရေးခြံ ကို ကားရုံထဲပို့ထားရသည်။ အလွန် ချစ်စရာကောင်းသည့် အဖေ့မိတ်ဆွေအမျိုးသမီးကို သူပြချင်လှပြီ၊ ရှားလော့က ဆမ်ကလေး က ကြည့်ပြီး သဘောကျနေသည်။

"အန်တီ ငယ်ငယ် ကလည်း မွေးဖူးတယ်ကွယ့်၊ အမက ရွံ့လို့ဆိုပြီး ပစ်ထုတ်လိုက်တယ်၊ အန်တီ က မြွေတွေကော၊ ကြွက်ဖြူတွေကော မွေးတာ၊ ပူးကလေးတစ်ကောင်လဲ ပါတယ်၊ ဆမ်ကော မမွေးဘူး လား" ဆမ် ခေါင်းရမ်း သည်။ အန်တီ ရှားလော့ကို ကြိုက်သွားပြီ။
"ဟား ... ပျော်စရာကြီး နေမှာပဲ၊ ဖေဖေ သား မွေးရမလားဟင်"
"အက်နက် ဆီကို ပထမ ခွင့်တောင်းလေ"
ညစာ အဆင်သင့်ပြင်ပြီးဖြစ်ကြောင်း အက်နက် သတင်းလာပို့သည်။ အားလုံးဝိုင်းထိုင်လိုက်ကြ သည်။ ရှားလော့ က အဖြူရောင် လက်သုတ်ပ၀ါကို ပေါင်ပေါ်တွင် ဖြန့်တင်လိုက်၏။ မယ်လီဆာက အသေးစိတ် အကဲခတ်နေသည်။ ဆံပင်အရောင်တဖိတ်ဖိတ်၊ လက်သည်းကလေးတွေကို လှပစွာ ပြင်ထားသည်။

အမယ်စုံလှသော အက်နက်၏ လက်ရာ ဟင်းလျာမျိုးကို အားရပါးရစားကြသည်။ ရှားလော့နှင့် နှစ်ယောက် တည်းဖြစ်သလို ချက်ပြုတ်စားခဲ့သည့် အချိန်များ ကို အော်လီဗာ အောက်မေ့ တမ်းတနေ သည်။ ကလေးတွေ ပြန်ရောက်ပြီး နောက်ပိုင်းလည်း အတတ်နိုင် ဆုံး ရှားလော့ကို အချိန်ပေးမည် ဟု စိတ်ကူးထား၏။ သည်မျှတော့ အခွင့်အရေး ရှိသင့်သည်လေ၊
စားလို့သောက် လို့ ကောင်းနေကြတုန်း ဆမ်ကလေးက ရှားလော့ကို တည့်တည့်ကြည့်ပြီး ထအော် ပါလေတော့ ၏။ မျက်လုံးအပြူးသားနှင့် ... "အဲဒါ ... အဲဒါ ... အန်တီက ... ဟို ... ဟို"
ဘယ်က စလို့ ဘယ်လိုမေးရမှန်း သူ မသိ။ ရှားလော့ ရယ်သည်၊ မယ်လီဆာအရင်မှတ်မိမည် ထင်ခဲ့ သည်။ ရှားလော့ က လျှို့ဝှက်စွာ ပြုံးနေသည်။ ဆမ်ကလေးက ဆက်မေးသည်။

"ကျွန်တော်သိပြီ၊ တီဗွီမှာ ... ဟုတ်တယ် မဟုတ်လားဟင်"
ရှားလော့ က အနေရကျပ်သွားသည့် အမူအယာဖြင့် ...
"ဟုတ်ပါတယ်ဆမ်ရဲ့၊ ဟုတ်ပါတယ်"
"ဘာဖြစ်လို့ ကျွန်တော်တို့ကို မပြောသလဲ" ဆမ်ကလေး မကျေမနက်ဖြင့် မေးသည်။ မယ်လီဆာက တွေးပြီး စဉ်းစားနေသည်။ အသိအကျွမ်း ထဲက တစ်ယောက်ယောက်နှင့် တူသလိုလိုတော့ ရှိသည်။ သို့သော် ဘယ်သူနှင့် တူမှန်း မသိ။ "အဲဒါ အရေးကြီးလို့လား ဆမ်ရယ်"

"အန်တီက မြွေတွေ ကြွက်တွေ ပူးတွေ မွေးတာတော့ ပြောတယ်။ တီဗွီပြဇာတ်အကြောင်းတော့ မပြောဘူး" အားလုံးဝိုင်း ရယ်ကြသည်။ မယ်လီဆာ ချက်ချင်း မှတ်မိလိုက်ပြီ၊ မျက်လုံးအပြူးသား ပါးစပ် အဟောင်းသားနှင့် ... "ကြည့်စမ်း ... ကြည့်စမ်း၊ ရှားလော့ ဆင်မဆင်၊ ဟုတ်လား"
"ဟုတ်ပါတယ် သမီးရယ်" ရှားလော့ ခပ်အေးအေး ပြန်ပြောသည်။ အက်နက်က အချိုပွဲလာချရင်း ဂုဏ်ယူဝံ့ကြွားစွာ ပြုံးသည်။ "ကျေးဇူးပဲ အက်နက်" ရှားလော့က အက်နက်ဘက်ကို လှည့်ပြီး ပြော လိုက်သည်။

"ဘာဖြစ်လို့ အစက မပြောတာလဲဟင်"
မယ်လီဆာ က ဆမ့်လေသံအတိုင်း ထပ်မေးသည်။
"ပြောလိုက်ရင် သမီးတို့ ပိုသဘောကျမယ်ဆိုတာ သိပါတယ်တယ်၊ ဒါပေမယ့် အန်တီကို မင်းသမီး တစ်လက် အဖြစ် မဟုတ်ဘဲ ရိုးရိုးခင်စေချင်လို့၊ ပြီးတော့ အဲဒါ သိပ်အရေးကြီးလို့လားဟင်"
"ဟုတ်ကဲ့၊ မယ်လီဆာသဘောပေါက်ပါတယ်၊ ဒါပေမယ်ံ"
စကားပြတ် သွားပြီး မနက်ဖြန်ကျောင်းရောက်ရင် သူငယ်ချင်းတွေ ကြွားဖို့ မယ်လီဆာ စိတ်ကူးလိုက် သည်။ ရှားလော့ ဆင်မဆင်နှင့်အတူတူ ညစာစားခဲ့သည့်အကြောင်း ပြောရမည်။ ကျောင်းက သူငယ်ချင်း ကောင်မလေး တော်တော်များများက ရုပ်ရှင်မင်းသမီး မင်းသားများကို သိကြသည်။ အချို့ဆွေမျိုးတော် ကြသည်။ မိမိတွင် အသိအကျွမ်းပင် မရှိခဲ့။
ရှားလော့ ကို သေသေချာချာ ပြန်ကြည့်သည်။ သိပ်လှတဲ့ အမျိုးသမီးပဲ၊ အဖေကလည်း ပိုချောနေ ၏။ မိမိတို့မောင်နှမနှင့် တရင်းတနှီး ဆက်ဆံပုံ၊ ရှားလေ့ ပြောပုံဆိုပုံ၊ နေပုံထိုင်ပုံ အားလုံးသဘော ကျနေ သည်။

"မယ်လီဆာ အရမ်း ၀မ်းသာတာပဲ အန်တီရယ်"
မယ်လီဆာ က အရိုးခံအတိုင်း ပြောလိုက်သည်။ ရှားလော့ ရယ်နေသည်။ အော်လီဗာ ၀တ်ဆင်၏ သမီးဆီ က သည်လို စကားမျိုးကြားရခြင်းသည် မိမိအတွက်လည်း ၀မ်းသာစရာအတိ မဟုတ်လား။
"ကျေးဇူးတင်ပါတယ် မယ်လီဆာ၊ သမီးတို့မောင်နှမနဲ့ တွေ့ဖို့ အန်တီ အရမ်းစိတ်လှုပ်ရှားခဲ့ရပါ တယ်၊ အ၀တ် ကို ဆယ်ခါလောက် ပြန်လဲရတယ်လေ"
အော်လီဗာ့ရင်ထဲ နွေးခနဲ ဖြစ်သွားသည်။ မယ်လီဆာက ပါးစပ်အဟောင်းသားနှင့် ...
"အန်တီ တကယ်ပြောတာလားဟင်၊ မယ်လီဆာ အံ့သြလို့ကို မဆုံးနိုင်ဘူး၊ ပြဇာတ်ကနေရင်း တီဗွီ ဘယ်လို ရိုက်ရတာလဲဟင်" ထို့နောက်တော့ မောင်နှမနှစ်ယောက် မေးခွန်းတွေ မြားပစ်သလို ဆက်တိုက်လွှတ်တော့၏။ "ဟေး ... ဟေး အန်တီပြီးအောင် စားပါစေဦးကွာ၊ ဖြေးဖြေးပေါ့"
အော်လီဗာ ၀င်တားမှ မောင်နှမနှစ်ယောက် ငြိမ်သွားသည်။ မယ်လီဆာက စဉ်းစဉ်း စားစား လေသံဖြင့် မေးခွန်းတစ်ခု ထုတ်မေးသည်။

"သမီးတို့ ဖေဖေနဲ့ အန်တီ ဘယ်လိုတွေ့တာလဲ ဟင်"
ဝန်တိုစိတ်မရှိဘဲ သိလိုစိတ်သက်သက်ဖြင့် မေးလိုက်ခြင်း ဖြစ်၏။ ရှားလော့က မယ်လီဆာကို ကြည့်ပြီး ကြင်ကြင်နာနာ ပြုံးလိုက်သည်။
"ကံကောင်းထောက်မလို့ ဆိုပါတော့ သမီးရယ်၊ ကုမ္ပဏီက ပေးတဲ့ ခရစ္စမတ်ပွဲမှာ ဆုံကြတာလေ"
အော်လီဗာက အမှန်အတိုင်း ပြောဖို့ ဆုံးဖြတ်လိုက်သည်။ လက်ခံဖို့ သူတို့အသင့် ဖြစ်နေကြပြီ မဟုတ်လား။
"ခရစ္စမတ် အဖိတ်နေ့ညမှာ ရှာလီက ဖေဖေ့ကို ညစာ ဖိတ်ကျွေးတယ်လေ"
ရှားလော့ အခန်းတွင် ထိုညအိပ်ခဲ့သည့်အကြောင်းနှင့် အရူးအမူး ချစ်နေကြပြီဖြစ်ကြောင်းများတော့ ထည့် မပြော။ သို့သော် သူတို့နှစ်ယောက်၏ မျက်လုံးများက ပြောပြနေသည်နှင့်မခြား။ မယ်လီဆာ ကောင်းကောင်းရိပ်မိပါသည်။ ဆမ်ကလေးကပင် အကဲခတ်နိုင်သည်။ ဖေဖေနှင့် သည် အမျိုးသမီး ကြည့်ပုံတွေ က ယန်းပီယာနှင့် မေမေ့လိုဘဲဟု သိနေ၏။ သို့သော် သည်အတွက် ဆမ်ကလေး လုံးဝစိတ်အနှောင့်အယှက် မဖြစ်၊ ပျော်နေသည်။

အချိုပွဲစားပြီးတော့ ဆမ်က ရှားလော့ကို ကားရုံထဲလိုက် ကြည့်ဖို့ ခေါ်ပြန်သည်။ ရှားလော့က လိုလို ချင်ချင် ထသွားပြီး ဆမ့်တီမွေးခန်းမှာ စနစ်တကျရှိကြောင်း ပြန်လာပြောတော့ မယ်လီဆာ ပါးစပ် အဟောင်းသား ဖြစ်နေသည်။
ညကိုးနာရီထိုးတော့ ဆမ်အိပ်ယာ ၀င်သွားသည်။ မယ်လီဆာက အောက်ထပ်တွင် ဆက်နေပြီး ဇာတ်ညွှန်း အကြောင်း ရှားလော့နှင့် ဆက်ဆွေးနွေးသည်။
ရှားလော့ က ဘရော့ဒ်ဝေးကိုရောက်ဖို့ ကြိုးစားနေကြောင်းများပါ ပြောပြီး နာရီကြည့်ရင်း မနက်လေး နာရီ တွင် အရေးကြီးသည့် အခန်းတစ်ခန်းရိုက်ရန် စတူဒီယို သွားရမည်ဖြစ်ကြောင်း စိတ်မကောင်း စွာ ပြောသည်။

"အိမ်ပြန်ရောက်ရင်လဲ အန်တီမအိပ်နိုင်သေးဘူး သမီးရဲ့၊ စာတွေ ကျက်ရဦးမယ်၊ သမီးဝါသနာပါ ရင် ဆက်ကြိုးစား ပါ။ ဒါပေမယ့် အရမ်းပင်ပမ်းတယ်နော်၊ အန်တီကတော့ အဲဒီလို ပင်ပမ်းတာကိုပဲ သဘောကျနေတယ်" "တစ်ခါလောက် လာကြည့်လိုရမလား ဟင်"

မယ်လီဆာ မရဲတရဲ မေးသည်။
"အို ... ရပါတယ် သမီးရဲ့၊ ဖေဖေ လွှတ်မယ်ဆိုရင် အချိန်မရွေးလာခဲ့ပါ။ သူတောင် တစ်ခါလာ ကြည့်လို့ရမလား ဟင်"
ရှားလော့က ရှက်ပြုံးကလေး ပြုံးပြီး အော်လီဗာ့ကို ငဲ့ကြည့်သည်။ ပြီးတော့ မယ်လီဆာ မမြင် အောင် သူ့လက်ကို တင်းတင်းဆုပ်ထားလိုက်သည်။
"ဟုတ်လား၊ ဘယ်လိုနေလဲဟင် ဖေဖေ"
"သိပ်စိတ်ဝင်စားဖို့ကောင်းတယ်၊ ဒါပေမယ့် အရမ်းပင်ပမ်းတဲ့အလုပ်ပဲ"
အော်လီဗာက အကြင်နာ မျက်လုံးများဖြင့် ချစ်သူကလေးကို ငေးကြည့်ရင်း ပြောသည်။

"လူတွေအများကြီးလားဟင် အန်တီ"
"အဲဒီတုန်းက သုံးဆယ့်နှစ်ယောက် ထင်တယ်"
"တစ်ခြားသရုပ်ဆောင်တွေက စကားမှားလို့ ခဏခဏ ပြန်တိုက်ရတယ်၊ ဒါပေမယ့် ကြည့်လို့ ကောင်းပါတယ်"
အော်လီဗာက ရှင်းပြသည်။ ရှားလော့ကလည်း ထပ်ဖြည့်ပြောသည်။
"ရိုက်ကွင်းရဲ့ နောက်ကွယ်မှာ ဖြစ်နေတာတွေကို မယ်လီဆာ ပိုပြီး စိတ်ဝင်စားမယ်ထင်တယ်၊ ကြည့်စမ်း၊ စကားကောင်းနေလိုက်တာ ..."
သားအဖနှစ်ယောက်ကို ရှားလော့ နှုတ်ဆက်သည်။ မယ်လီဆာက လက်ပြပြီး အပေါ်ထပ်သို့ တစ်ကြိုးတည်း လစ်တော့၏။ မနက်ဖြန်ထိ မစောင့်နိုင်တော့၊ ညတွင်းချင်း သူငယ်ချင်းတွေဆီ ဖုန်းဆက်တော့မည်။

အော်လီဗာက ရှားလော့ကို ကားဆီသို့ လိုက်ပို့သည်။
"မင်းဟာ ကိုယ်ထင်တာထက်ပိုပြီး အံ့သြစရာ ကောင်းတဲ့ မိန်းကလေးပဲ ရှာလီ၊ တီကောင်တွေကို လဲ မရွံ့မရှာသွားကြည့်တယ်၊ ဆယ်ကျော်သက်တွေနဲ့လဲ တည့်အောင် ပေါင်းတတ်တယ်၊ မင်းအကြောင်း ကိုယ်မသိတာ နောက်ဘာတွေများ ရှိသေးလဲဟင်"
"ရှိတာပေါ့"
ပျော်လွန်းလို့ ရွှန်းလဲနေသည့် မျက်လုံးများဖြင့် ချစ်သူကို မော့ကြည့်သည်။ ဘယ်လောက်စိတ်ချမ်း သာစရာကောင်းသည့် ညချမ်းပါလဲ၊ စိုးရိမ်စိတ်တွေ၊ ထိတ်လန့်မှုတွေ ကင်းစင်ပပျောက်တာ သူတို့ ကလေးတွေ၏ ရှေ့တွင် ချစ်သူမျက်နှာကို ရဲရဲကြည့်နိုင်တော့မည် အဖြစ်ထက် ပို၍ ကြည်နူးစရာ ဘာများ ရှိပါဦးမည်လဲ။

"ရှိတာပေါ့၊ မောင့်ကို ဘယ်လောက်ချစ်နေတယ်ဆိုတာ မောင်မသိဘူးလေ"
"ကိုယ်လဲ အတူတူပါပဲ ရှာလီရယ်"
ပြောပြောဆိုဆို ရင်ခွင်ထဲ ဆွဲယူပြီး နမ်းလိုက်သည်။ ဆမ်ကလေးက သူ့အိပ်ခန်းထဲမှ မျက်လုံး အပြူးသားနှင့် အောက်သို့ ငုံ့ကြည့်နေ၏။ အိပ်ယာပြင်ပေးနေသော အက်နက်ကို လှမ်းအော်ပြောသည်။
"အက်နက်၊ အက်နက်၊ ဟိုမှာကြည့်စမ်း ... ဖေဖေရယ်၊ ဖေဖေရယ်၊ ရှားလော့ကို နမ်းနေပြီ"
အက်နက် က သူ့ကို နောက်မှ ဆွဲခေါ်ပြီး
"ကဲ ... ကိုယ့်အလုပ် ကိုယ်လုပ်စမ်း၊ လာ ... သွားတိုက်မယ်"
"ဖေဖေ့ကို သူသဘောကျနေပြီလားဟင် အက်နက်"
"သား ဖေဖေ က ဒါလောက်ချောတာပဲ၊ ဘာကို သဘောမကျရမှာလဲ"
"ဒါပေမယ့် သူက တီဗွီမင်းသမီးလ၊ ပြဇာတ်မင်းသမီး"
"အို ... ဘာပဲဖြစ်ဖြစ်၊ ဘာထူးလဲ"
ရေချိုးခန်းထဲသို့ သွားတိုက်ဖို့ ဆမ်ဝင်သွားသည်။ အက်နက်တစ်ယောက် ခေါင်းတညိတ်ညိတ်နှင့် ရပ်ကြည့်နေ၏။ သည်ညမြင်ကွင်းကို ပြန်လည်မြင်ယောင်ပြီး အက်နက်ကြည်နူးနေသည်။ မိမိ ဆရာ ကော၊ ရှားလော့ဆင်မဆင် ပါ ကံကောင်းကြပါသည်။
 
အခန်း(၂၃)


ထိုရက်သတ္တပတ် ရုံးပိတ်ရက်တွင် ရှားလော့ ရောက်လာသည်။ မာစီဒီးကားကလေးကို တောင်ကုန်း ကလေး လမ်းအတိုင်း ကွေ့ပတ်မောင်းတက်လာခဲ့၏။ တံခါးဝမှ ခလုတ်ကို ရဲရဲတင်းတင်း နှိပ်လိုက် သည်။ ဆမ်ကလေး ပြေးထွက်လာသည်။ ရှားလော့ကို မြင်တော့ ဆွေ့ဆွေ့ခုန် ၀မ်းသားနေ၏။
ရှားလော့က စောင်နှင့်ပတ်ထားသည့် လှောင်အိမ်ငယ်တစ်ခုကို ဆမ်ကလေးအား ကမ်းပေးလိုက် သည်။ အထဲမှ ရှူးရှူးရှဲရှဲနှင့် အသံတွေ ထွက်နေ၏။ ဆမ်က စောင်ကို ဆွဲခွာပြီး အထဲကို ငုံ့ကြည့် လိုက်သည်။ သူ့မျက်နှာကလေး ၀င်းထိန်သွားသည်။
"ဟယ်...ဟယ်၊ ဖေဖေရေ၊ ဒီမှာ လာကြည့်ပါဦး၊  သားအတွက် အန်တီရှာလီ ယူလာတယ်၊ ပူးကလေးဗျ"
မုတ်ဆိတ်ရိတ် ရေမိုးချိုးပြီး ဆင်းလာသော အဖေ့ကို လှမ်းအော်ပြောသည်။

"သား မွေးမယ်နော် ဖေဖေ"
"မွေးလေ၊ မွေးပေါ့ သားရဲ့"
"သားအခန်းထဲမှာ ထားလို့ရမလားဟင်"
"သား ဘယ်အနံ့ခံနိုင်မလဲ၊ အနံ့မခံနိုင်ရင် ထားလေ"
ဆမ်သည် လှောင်အိမ်ကလေးကို ပိုက်ပြီး အပေါ်ထပ် ပြေးတက်သွားတော့၏။
ထိုနေ့ညနေ တွင် မာလီဘူကမ်းခြေသို့ အလည်ထွက်ခဲ့ကြ၏။ ကမ်းခြေတွင် ဆော့ပြီးလျှင် မယ်လီဆာ ကြည့်ချင်နေ သည့် ရုပ်ရှင်ကားကို ၀င်ကြည့်မည်။ မြီးကောင်ပေါက်တွေ အကြိုက်တစ္ဆေ ကား။ ရုပ်ရှင်ကြည့်ပြီးတော့ "ကျောက်ဆောင်နီ" တွင် သွားစားကြသည်။ ဆူဆူညံညံ အသံတွေကို သူတို့ မမှုကြတော့။
နောက်တစ်ပတ်တေါင် ဒစ်စနေဥယျာဉ်သို့ သွားလည်ကြသည်။ ရှားလော့တစ်ယောက် အပျော်ကြီး ပျော်နေသည်။ မောင်နှမနှစ်ယောက်ကို ပျော်စရာနေရာတွေအားလုံးပို့ပေးသည်။ အိမ်တွင် လည်း သားအဖသုံးယောက်ကို ညစာ ချက်ကျွေးသည်။

ရှားလော့ ၀ယ်ပေးထာသည့် ပူးကလေးကို ဆမ်က "ရှာလီ" ဟု ချစ်စနိုး နာမည်ပေးထားသည်။ မယ်လီဆာက သူ့အဖေနှင့် ရှားလော့ဆင်မဆင်တွဲနေကြောင်း သူငယ်ချင်းအားလုံးကို ခပ်ကြွားကြွားကလေး ပြောထားသည်။
ရှားလော့နှင့် အဖေ ညပိုင်း ထွက်လျှင်လည်း မောင်နှမနှစ်ယောက် ကြည်ကြည်ဖြူဖြူပင်၊ စနေ၊ တနင်္ဂနွေနေ့ များတွင် ရှားလော့က မပြန်တော့ဘဲ အိပ်သည့်အခါ အိပ်သည်။ ဧည့်သည်များအတွက် ထားသည့် အိပ်ခန်းလွတ်တစ်ခု တွင် အိပ်ခြင်း ဖြစ်၏။ သို့သော် ကလေးတွေ အထင် အမြင် သေးလောက်သော အပြုအမူမျိုး ရှားလော့တွင် ရှာမရ။
သူတို့ မောင်နှမနှစ်ယောက် အိပ်ပြီဆိုမှ အော်လီဗာက ချွတ်နင်းပြီး ဆောင်တော်ကူးသည်။ ခိုးကြောင် ခိုးဝှက် ချစ်ရသည်ကိုပင် နှစ်ယောက်သား ပို၍ အရသာတွေ့နေကြ၏။
နောက်တစ်လ အကြာတွင် ဂျော့တို့ ဇနီးမောင်နှံ ရောက်လာကြသည်။ ပထမပိုင်းတွင် နာမည်ကျော် မင်းသမီးနှင့် တွေ့ရခြင်းအတွက် ၀မ်းသာအားရ ဖြစ်ကြသော်လည်း မကြာခင်ပင် မင်းသမီးဆိုသည့် ဂုဏ်ပုဒ် ကိုမေ့သွားကြပြီး ရှားလော့နှင့် တရင်းတနှီး ဖြစ်သွားကြသည်။

ရှားလော့သည် အောင်မြင်မှုကို သတိရနေသည့် အမျိုးသမီး မဟုတ်။ ထို့ကြောင့် သူနှင့်ဆက်ဆံဖူး သမျှ လူ အားလုံး သူ့ကို ချစ်ကြခြင်း ဖြစ်၏။ မယ်လီဆာနှင့် တွေ့စက ပြောသလိုပင် အောင်မြင်မှု ရခြင်း ကို ကျေနပ်သော်လည်း ဘ၀တွင် သိပ်ရေးပါသည့်ကိစ္စကြီးတစ်ခုလိုတော့ ရှားလော့မထင်။ မိမိကို ချစ်ခင် သည့် လူတွေကိုသာ အဓိက ထားချင်သည်။
သို့သော် သူ့အောင်မြင်မှုကို ဘာနှင့်မှ ဖုံးကွယ်ထား၍ မရပါ။  သွားလေရာရာ မှာ အော်တို စာအုပ် ပေးသူတွေနှင့် ရှောင်လို့ မလွတ်နိုင်အောင်ပင်။ သူ့ပြဇာတ်တွေကို ချီးကျူးချင်သည့် လူတွေ ကို လည်း နေရာတကာတွင် တွေ့ရ၏။ သူတို့သားအဖတွေက စိတ်မရှည်ချင်သော်လည်း ရှားလော့ က ပရိသတ်ကို ကျေးဇူးရှင်ဟု သတ်မှတ်ပြီး အားလုံး၏ အလို ကျအောင် နေတတ်ပြောတတ်သည်။
သည်အကြောင်း မယ်လီဆာက မေးသည်။

"ဘာလို့ အန်တီ ဒါလောက် စိတ်ရှည်ရတာလဲဟင်"
"အဲဒါက မင်းသားမင်းသမီးတွေရဲ့ အလုပ်တွေနဲ့ ဆက်နေတယ်လေ၊ သူတို့ကို ပေးရသလို  ကိုယ်ကလဲ ပြန်ရတဲ့ လုပ်မျိုးလေ သမီးရဲ့၊ ပရိသတ်ကို ဂရုမစိုက်တဲ့နေ့ဟာ အနုပညာရှင် တစ်ယောက် နာမည်ကျ တဲ့နေ့ပဲ"
ဂျော့ဝတ်ဆင်ကမူ ရှားလော့ကို ကမ္ဘာပေါ်တွင် အလှဆုံး မိန်းကလေးဟု ထင်သည်။ သားဖြစ်သူနှင့် လက်ထပ်ဖြစ်ပါစေဟုလည်း ဆုတောင်းရသည်မှာအမော။ မပြန်ခင် အော်လီဗာ မေးသည်။
"သားတို့ လက်ထပ်ဖြစ်မှာလား"
"ဟာ ... ဖေဖေကလဲ၊ တွေ့တာမှ နှစ်လပဲ ရှိသေးတယ်၊ ဖြည်းဖြည်းပေါ့၊ ပြီးတော့ ရှားလော့က ရှေ့မှာ တက်လမ်း အများကြီး ရှိသေးတယ်။ ကျွန်တော့်လို ကလေးသုံးယောက်အဖေကို သူစိတ်ကူးမယ် မထင်ပါဘူး" "ဖေဖေတော့ သူစိတ်ကူးမယ် ထင်တယ်။ သိပ်ကို ရိုးသားသန့်စင်တဲ့ အဖိုးတန်မကလေးပဲ"
"ဟုတ်တော့ ဟုတ်ပါတယ်၊ ဟောလိဝုဒ်မှာ သူခေါင်းခေါက် ရွေးနိုင်တာပဲ၊ ကြည့်သေးတာပေါ့လေ"
သို့သော် ကံကောင်းထောက်မစွာ တွေ့ဆုံကြသည့်အတွက် သူတို့နှစ်ယောက်စလုံး အံ့သြ မဆုံး ဖြစ်နေကြသည်တော့ အမှန်။

အဖေတို့စုံတွဲ နယူးယောက်ကို ပြန်သွားပြီး နောက်တစ်နေ့ညတွင် နှစ်ယောက်သား အေးအေး လူလူ ထိုင်စကားပြောနေကြစဉ် တယ်လီဖုန်းသံမြည်လာသည်။ ဟင် ... ဘင်ဂျမင် အသံပါလား၊ ရှိုက်ကြီးတငင် ငိုနေသည်။ အော်လီဗာ နားမလည်နိုင်အောင် ဖြစ်နေ၏။
"စိတ်အေးအေး ထားစမ်း၊ ဖြည်းဖြည်းပြော သား ဖြည်းဖြည်းပြော၊ အသက်ဝအောင် ရှူပစ်လိုက်"
"ရှားလော့ ကို လှမ်းကြည့်ရင်း ပြောနေသည်။ ဘာများ ဖြစ်လို့ပါလိမ့်။ ဘင်ဂျမင့်ဆီက သတင်း မကြာုးသည် မှာ ကြာပြီ။
"ဘင်ဂျမင်-ပြောစမ်း၊ ဖေဖေ့ကို ပြောစမ်း၊ ဘာဖြစ်တာလဲ"
"ကျွန်တော် ... ကျွန်တော် မခံနိုင်တော့ဘူး ဖေဖေ၊ ကျွန်တော် သူ့ကို သိပ်မုန်းတယ်"

"ဘာဖြစ်လို့လဲ"
"ဘာမှမဖြစ်ပါဘူး၊ ကျွန်တော် ခံနိုင်ရည် မရှိတော့ဘူး။ ကျွန်တော် အလုပ်ကို ကုန်းရုန်းလုပ်ပြီး သူတို့ သားအဖ အဆင်ပြေအောင် ထားပါတယ်၊ ဒါပေမယ့် နောက်ကို တာဝန်ရှိတယ်ဆိုပြီး သူက အလုပ် ထွက်ပစ်လိုက်တယ်၊ ပြီးတော့ ဟုတ်တာလဲ မဟုတ်ဘူး"
သည် တစ်ခါ ကလေးရရင်တော့ မိမိကလေး မဟုတ်နိုင်တော့။ သူနှင့်မထိတွေ့တာ နှစ်လကျော်ပြီ လေ"
"တစ်ချိန်လုံး အပြင်ထွက်နေတယ် ဖေဖေ၊ ဘီလီနဲ့ တွဲလိုက်၊ ဂျော့ပီယာစ်နဲ့တွဲလိုက်နဲ့၊ ကျွန်တော်လဲ မပြော တတ်တော့ဘူး ဖေဖေ၊ တစ်ခါတစ်လေ ကလေးကို ကျွန်တော်က အလုပ်ထဲ ခေါ်သွားရတယ်၊ အဲလက်စ် ကို ကျွန်တော် သိပ်ချစ်တယ် ဖေဖေ၊ ကျွန်တော် သူနဲ့ မထားခဲ့နိုင်ဘူး၊ ကျွန်တော် ကိုယ့်ကိုကိုယ် သတ်သေဖို့တောင် ကြိုးစားသေးတယ်၊ သားလေးကြောင့် ကျွန်တော် မလုပ်ဖြစ်တာ၊ ကလေးကို သူ လုံးဝ ဂရုမစိုက်ဘူး၊ ကလေးကို နို့ဖျော်တိုက်ဖို့တောင် သတိရချင်မှ ရတယ်။ ကျွန်တော် အိမ်ပြန်ရောက်ရင် ကလေးက ဆာလွန်းလို့ ငယ်သံပါအောင် အော်ငိုတာ ခဏ ခဏ ကြုံရတယ်၊ ကျွန်တော် ဘာလုပ်ရမလဲ ဖေဖေ၊ ကျွန်တော့်ကို ... ကျွန်တော့်ကို ကယ်ပါဦး ဖေဖေ"

တရှိုက်ရှိုက် ငိုပြန်သည်။ တယ်လီဖိုးနီးယားကို အမြန်ဆုံး ထွက်ခဲ့ဖို့ အော်လီဗာက အကြံပေးသည်။ ကလေးကို မထားခဲ့နိုင်ကြောင်း ဘင်ဂျမင်ပြောတော့ ...
"ခေါ်လာခဲ့လေ၊ သားနဲ့အတူ ခေါ်လာခဲ့ပေါ့"
"အဲဒီလိုလဲ မပေးနိုင်ဘူးတဲ့၊ ကျွန်တော်က အတင်းခေါ်သွားမယ် ပြောတော့ ရဲတိုင်မယ်တဲ့၊ သူက အမေ တဲ့၊ ကျွန်တော် ယူသွားပိုင်ခွင့် မရှိဘူးတဲ့"
"ဆန္ဒရာ့ အမေ ဘယ်မှာလဲ၊ သူ့အမေကို အကူအညီ တောင်းရင်ကော"
"မပြောတတ်ဘူး ဖေဖေ၊ နောက်တစ်ယောက်နဲ့ တွဲသွားပြီး ဘာကာစဖီးမှာ ရောက်နေတယ်"
"သူ့ဖုန်းနံပါတ် ရှိလား" "ဟုတ်ကဲ့ ရှိတယ်၊ မီးဖိုဆောင်နံရံမှာ ဆန္ဒရာ ရေးထားတာ တွေ့တယ်"
ဘင်ဂျမင် အငိုတိတ်သွားပြီ။

"မနေ့ မနက်ကတည်းက ထွက်သွားတာ ခုထိ အိမ်ပြန်မလာဘူး ဖေဖေ၊ အဲလက်စ် ကလေး မွေးပြီးကတည်းက အဲဒီအတိုင်းပဲ ဖြစ်ချင်တိုင်း ဖြစ်နေတာ"
အဲလက်စ် ကလေး မွေးသည်မှာ ငါးလခွဲ ရှိခဲ့ပြီ။
"ကျွန်တော် အတတ်နိုင်ဆုံး ကြိုးစားပါတယ် ဖေဖေ မရတော့ဘူး၊ ကျွန်တော် အရမ်းမုန်းသွားပြီ"
အော်လီဗာ နားလည်ပါသည်။ မိမိကိုယ်တိုင်သာ ဘင်ဂျမင်နေရာမှာ ရှိလျှင် သတ်မိမည်ထင်၏။ လက်မထပ်ဖြစ်တာ ကို ကျေးဇူးတင်ရတော့မည်။ ရှင်းလို့ ရနိုင်သေးသည်လေ။
"စိတ်အေးအေးထား၊ ဒီစနေ့၊ တနင်္ဂနွေမှာ ဘိုးဘိုးတို့ဆီ သွားနေပါလား သားရဲ့"
"အဲလက်စ် ကလေးအတွက် ဘယ်လိုလုပ်မလဲ ဖေဖေ"

"ခေါ်သွားလေ၊ ဘွားဘွားမာဂရက် ကြည့်ပေးမှာပေါ့၊ သူက တစ်ချိန်တုန်းက သူနာပြုဆရာမပဲ၊ ဘာမှ စဉ်းစားမနေနဲ့၊ ထုပ်ပိုးပြီး ချက်ချင်း ထွက်ခဲ့တော့၊ ဘိုးဘိုးဆီကို ဖေဖေကြိုပြီး ဖုန်းဆက်ထား မယ်၊ ကဲ ... ဆန္ဒရာ့ အမေ ဖုန်းနံပါတ်ပေး" ဘင်ဂျမင်က ဖုန်းနံပါတ်ပေးပြီးသည် ညနေပဲ အဘိုးအိမ်ကို သွားပါမည်ဟု ကတိပေးသည်။ အော်လီဗာ က အဖေ့ကို ဖုန်းခေါ်ပြီး အကျိုးအကြောင်း ပြောသည်။ နံဘေးတွင် မာဂရက်လည်း ရှိနေ၏။ အားလုံး အဆင်ပြေစေရမည်ကို ဂျော့က ကတိပေးသည်။
"သားလေး ကို ဒီအမှိုက်ပုံ ထဲက အမြန်ဆုံး မင်း ဆွဲထုတ်ရမယ် အော်လီဗာ" "ကျွန်တော် အတတ်နိုင်ဆုံး ကြိုးစားမှာပါ ဖေဖေ" အချစ်ဆိုး မြေးဦးကလေးက စိတ်ညစ်လွန်းလို့ သူ့ကိုယ်သူ သတ်သေဖို့ပင် စိတ်ကူးကြောင်းတော့ ထပ် မပြောတော့ပါ။ သို့သော် ရှားလော့ကိုတော့ ပြောပြလိုက်သည်။ ရှားလော့ တစ်ယောက် မျက်နှာဖြူဖပ်ဖြူရော် ဖြစ်သွားသည်။

"ဘုရား ... ဘုရား၊ လုပ်စရာ ရှိတာ မြန်မြန်လုပ်ပါ အော်လီဗာရယ်၊ လိုက်သွားပြီး ခေါ်ခဲ့ပါလားဟင်"
"ကောင်မလေး နဲ့ အမေနဲ့ စကားပြောရဦးမယ်၊ ဆန္ဒရာတို့ သားအမိကို သူပြန်ခေါ်နိုင် မလား မေးမယ်လေ"
တယ်လီဖုန်း ဆက်တော့ ချက်ချင်း ကောက်ကိုင်သည်။ အရက်မူးနေပုံရသည့် မိန်းမတစ်ယောက်၏ အသံ၊ အော်လီဗာ က ဘယ်သူဘယ်ဝါဖြစ်ကြောင်း ပြောတော့ အမျိုးသမီးက ချက်ချင်း မှတ်မိသည်။ ဘင်ဂျမင်နှင့် သူ့သမီး အကြောင်းကိုလည်း သိနေပုံရ၏။
အော်လီဗာ က လေအေးကလေးဖြင့် တစ်မျိုးတစ်ဖုံ စီစဉ်ဖို့လိုပြီဖြစ်ကြောင်း နားချသည်။ သမီးနှင့် မြေးကို ပြန်ခေါ်ထားနိုင်မလား မေးသည်။ ဆန္ဒရာအမေက အရေးအကြီးဆုံးအချက်ကို ဒဲဒိုးမေးသည်။

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>