Showing posts with label တင်မောင်မြင့်. Show all posts
Showing posts with label တင်မောင်မြင့်. Show all posts

Tuesday, July 5, 2011

တင်မောင်မြင့် ဘာသာပြန် သတင်းမုဆိုး အပိုင်း (၅၆)

အခန်း (၈၁)
နှစ်ကူး ညနေ

နှစ်သစ်ကြိုပွဲကို အားလုံး ၀တ်ကောင်းစားလှများ ဆင်မြန်းပြီး လာခဲ့ကြသည်။ လင်ကီက ပိုးဘောင်းဘီရှည် ၀တ်ထား၏။ သူ့ခန္ဓာကိုယ် နွဲ့နွဲ့နောင်းနောင်းမှာ ပို၍ လှနေသလိုထင်ရ၏။ ပုလဲလုံးကလေးများ စီထားသည့် ဆွယ်တာက သူ့မျက်လုံးနှင့် တစ်ရောင်တည်း၊ မိုးပြာရောင်။
ထောပတ်ရောင် တောက်နေသည့် ဆံပင်ကို ခပ်ပါးပါးညှပ်ပြီး ကုပ်ဝဲကလေးလုပ်ထား၏။ ခါတိုင်းလိုပင် လင်ကီသည် မြူးကြွသွက်လက်နေ၏။ ခေတ်နှင့် အပြိုင် ပြေးနေ၏။ အားအပြည့် မာန်အပြည့်။
လင်ကီကို ဟန့်နှင့် သားသမီး သုံးယောက်က ခြံရံထား၏။ သားနှစ်ယောက်၊ သမီးတစ်ယောက်။
" ဟန့်ငယ်ကို မွေးပြီးတော့ ကိုယ်ကပြောတယ်။ တစ်ဦးတည်းသော ကလေးမဖြစ်စေချင်ဘူးလို့၊ အမယ် ကိုယ်တော်မြတ်က ဒါကျတော့ ဒါတိုင်းလို အတိုက်အခံမလုပ်ဘူး "
ဟုလင်ကီက အယ်လီ့ကို ပြောပြသည်။

အယ်လီကလည်း ထူးထူးဆန်းဆန်း အလှပြင်လာသည်။ အပြာရောင် ပိုးပျော့ဝတ်စုံနှင့်။ ရှယ်နယ်ကုန်တိုက် ကြီးမှ ဈေးကြီးပေးဝယ်လာခဲ့သော်လည်း ကြယ်သီး တစ်လုံးက မသေမသပ်နှင့် တွဲလောင်းကျနေ၏။ သို့ သော် သွယ်လျလျ ကိုယ်နေဟန်နှင့် လိုက်ဖက်သဖြင့် ကြည့်ကောင်းလှ၏။ မိန်းမကျက်သရေဖြင့် တင့်တယ် လှ၏။
" မင်း အစားအသောက်ကို ဘယ်လို ထိန်းလဲဟင် "
တစ်နေ့တခြား ကောက်ညှင်းထုပ်နှင့်တူလာသည့် ဂျိန်းက အယ်လီကို မေးခြင်းဖြစ်၏။

" ဘယ်လိုမှ မထိန်းပါဘူး "
ဂျိန်းက ဇာနားကွတ် ၀တ်စုံ တိုနန့်နန့်နှင့် ပြင်သစ်နိုင်ငံလုပ် ဘရာစီယာကြောင့် သူ့ရင်သားတွေက ရုန်းကန် တိုးထွက်ကြတော့မည့်နှယ်။
နားဆွဲကြီးတွေက ပခုံးကို ထိလုနေပြီး မျက်နှာကျက်မှ ဖန်မီးဆိုင်းကြီးတွေနှင့် တူနေ၏။ ဆံပင်ကိုတော့ ထုံးစံအတိုင်း အသေအလဲ ချုပ်နှောင်လာခဲ့ရပုံ။
ဂျိန်းနှင့် ဘယ်မှာ ဆုံဆုံ မျက်နှာလွှဲသွားတတ်သော အိုဝင်က ခုတော့ ဂျိန်းဆိသို့ တန်းတန်းမတ်မတ် လျှောက်လာသည်။
အိုဝင်သည် အရွယ်နှင့်မလိုက်အောင် ကျသွားလေပြီ။ သို့သော် ချောမောနုပျိုခြင်းတို့ နေရာတွင် ရင့်ကျက် တည်ငြိမ်မှုတို့ အစားဝင်လာသည် ထင်ရ၏။
အတွဲလိုက် ရေးနေသည့် မှုခင်းဝတ္ထု ၁၅ အုပ်မှ တတိယအုပ်သည် ရောင်းအစွံဆုံးစာရင်း ၀င်သွားပြီး၊ ကတ္တူဖုံး ပြန်ရိုက်ရသည်။ ပထမဆုံးတစ်ပုဒ်က ရုပ်ရှင်ရိုက်ရသည်။
" ကိုယ် မင်းကို ခွင့်လွှတ်တယ် ဂျိန်း၊ ကိုယ့်ကိုလည်း ခွင့်လွှတ်ပ "
ဂျိန်းက ချိုချိုကလေး ပြုံးပြီး ပြန်ဖြေသည်။

" အို ခွင့်လွှတ်ပါတယ် အိုဝင်ရယ်၊ အိုဝင့်ကြောင့် ဂျိန်းနာမည်ကျော်ခဲ့တာပဲ၊ ဘယ်လိုလုပ်ပြီး စိတ်ဆိုးနိုင်မှာလဲ၊ ပြီးတော့ အိုဝင်ဟာ ဂျိန်း ချစ်သူတွေထဲမှာ စတုတ္ထလောက်တော့ လိုက်တယ်လေ "

နှစ်သစ်ကူးခေါင်းလောင်းသံကြားသည်နှင့် အနမ်းချင်း ဖလှယ်ကြ၊ ဖန်ခွက်တွေ မြှောက်ကြ၊ ဆုတွေတောင်း ကြနှင့် ဆူညံသွားသည်။
ဟန့်က သူ့ ရှိန်ပိန်ခွက်ကို မြှောက်ပြီး
" မင်္ဂလာနှစ်သစ်အတွက်" ဟု ဆုတောင်းလိုက်သည်။ ဟန့်သည် ရုပ်ရှင် အေဂျင်စီကြီးတစ်ခုနှင့် စပ်တူလုပ်ဖို့ စကားပြောနေသည်။ အောင်မြင်လျှင် ပို၍ ပို၍ ချမ်းသာဦးမည်။ လင်ကီ့ကို သူ ငဲ့ကြည့်လိုက် သည်။

" အားလုံးရဲ့ အနာဂတ်အတွက်" ဟု ဖန်ခွက်မြှောက် ဆုတောင်းလိုက်သည်။
ဟန့်၏ ချိုမြိန်သော အနမ်းသည် နှုတ်ခမ်းပေါ်တွင် နွေးကျန်ခဲ့သည်။ လက်ထပ်လက်စွပ်ကလေးကို အမှတ် မထင် စမ်းကြည့်မိ၏။ မိမိအတွက် သည်လက်စွပ်ကလေးသည် ပုံပြင်ထဲက ခြေမန်းကွင်းမျိုးကလေးဖြစ်လေ သည်။ ရုန်းမထွက်ချစ်စရာ ပိုင်ဆိုင်မှုကို ပြနေသည့် သင်္ကေတပစ္စည်းကလေး။
" အချစ်အတွက် " ဟု အယ်လီက အိုဝင့်ကို ကြည့်ပြီး ဆုတောင်းသမျှပြုသည်။
" မင်းအတွက် " ဟု အိုဝင်က ပြန်ဆုတောင်းပေးသည်။

ဂျိန်းက ဖန်ခွက်အားလုံးထက် မြင့်အောင် မြှောက်လိုက်ပြီး သူငယ်ချင်းအားလုံးနှင့် မိမိအရွယ်ကို သတိရ လိုက်သဖြင့်
" ငါးဆယ် အရွယ်အတွက် "
ဟု ဆုတောင်းလိုက်၏။ သူတို့အားလုံးသည် လေးဆယ်နှင့် ဝေးခဲ့ပြီး ငါးဆယ်ဘက်သို့ ယိုင်လာကြသူတွေ ချည်းမဟုတ်လား။
ဂျိန်းတစ်ယောက်တည်းဆိုလျှင် သူ့ကိုယ်သူ သုံးဆယ့်ငါးက တက်သည်မထင်။
" သုံးဆယ်ဟာ နေလို့ အကောင်းဆုံးအရွယ်ကွ" ဟု ၀ီလ်မာကို ဂျိန်းပြောဖူး၏။
ဂျိန်းသည် နှစ်ဆယ့်ခုနစ်နှစ်ပြည့်သည့်အချိန်မှစ၍ သူ့ အတွဲကောင်ကလေးတွေ ရှေ့တွင် အသက်ကို လိမ် မပြောတော့။
တဒ်ဝိတ်ဆိုသည့် ကောင်ကလေးသည် သူ့အသက်မှန် ပြောလိုက်တုန်းက လန့်သွားသည်ကို ဂျိန်း မှတ်မိနေ သည်။

အမှတ်မထင် ဆုတောင်းလိုက်မိသည့် စကားလုံးများကို ဂျိန်းက နောက်ရေးမည့် ၀တ္ထုခေါင်းစဉ် ရွေးလိုက် သည်။ ခုတလော ရေးမည်။ ရေးမည်နှင့် တဖွဖွ ပြောနေသည့် ၀တ္ထု၊ ဟုတ်ပြီ " ငါးဆယ်ရွယ် မမလှလှ "ဟု ပေးမည်။
ယနေ့ခေတ် ငါးဆယ်ရွယ် မိန်းမတို့သည် နောက်ဆယ်စုနှစ်တစ်ခုကို ဖြတ်သန်းဖို့ မုခ်ဝတစ်ခုကို ရောက်လာ ခြင်းပင်၊ ဂျိန်းက ငါးဆယ်ရွယ် အမျိုးသမီးတစ်ယောက်ကို ဇာတ်လိုက်မင်းသမီးအဖြစ် ထားရေးဖို့ ဆုံးဖြတ် လိုက်၏။ ချမ်းသာသည်။ ကျော်ကြားသည်။ အောင်မြင်သည်။ ပူနွေးသည်။ တစ်ယောက်မကောင်း တစ်ယောက်ပြောင်းသည်။ အဓိကအားဖြင့် ကိုယ်တိုင်၏ အတွေ့အကြုံများဖြစ်မည်။
" ဟုတ်တယ်လေ၊ ဒီကိစ္စတွေ ဂျိန်းထက်ပိုပြီး ဘယ်သူသိနိုင်မှာလဲ "

နှစ်သစ်ကြိုပွဲ အသိမ်းတွင် ဂျိန်းက လင်ကီ့ကို ပြောပြခြင်းဖြစ်၏။ တက်ဒ်က ဂျိန်း၏ မြွေပါရေ၀တ်ရုံရှည်ကြီးကို ၀တ်ပေးသည်။ ဂျိန်းအလွန်ကြိုက်သည့် ဒေါ်လာငါးသောင်းတန် သားမွေးဝတ်ရုံ ကြီး။
မည်သို့ရှိစေ၊ စည်းစိမ်ဥစ္စာ ဟူသည် ဘ၀တွင် ရေပွတ်ပမာမျှသာဖြစ်ပြီး ထာဝရ ပျော်ရွှင်မှုကို ပေးစွမ်းနိုင် သည့်အရာမျိုးမဟုတ်ပေ။
ထာဝရ တည်မြဲသည့်အရာမှာ " အလုပ် " ဖြစ်၏။

" ငါးဆယ်ရွယ် မမလှလှ"
ဂျိန်းက သူ့ဝတ္ထုနာမည်ကို သူ့ဘာသာသူ အရမ်းသဘောကျနေ၏။ အိမ်ကို မြန်မြန် ပြန်ရောက်ချင်လှပြီ၊ လက်နှိပ်စက်နားသို့ ပြေးသွားချင်နေပြီ။
ကဲ မရေးဖြစ်ဘူးလား၊ ရေးဖြစ်မလား၊ ဘယ်သူ လောင်းရဲသလဲ။

ပြီးပါပြီ
.
>>>ဆက်ဖတ်ရန်>>> >>

Monday, July 4, 2011

တင်မောင်မြင့် ဘာသာပြန် သတင်းမုဆိုး အပိုင်း (၅၅)

အခန်း (၇၈)
လင်ကီ

၁၈၇၆ ခုနှစ်တွင် ကာရိုးလိုင်းနားတောင်ပိုင်း ဂရင်းဗီးလ်သို့ ဟန့်နှင့်လင်ကီ သွားလည်ကြသည်။ ဟန့်၏ မိဘ များဖြစ်သည့် ဆော်လ်နှင့် ကေး ဂရင်းဘတ်တို့ နေကြသည့် အိမ်ကြီးမှာ " လေရူးသုန်သုန် "ထဲမှ အိမ်ကြီး မျိုးဖြစ်သည်။ ဧရာမတိုင်လုံး ဖြူဖြူကြီးတွေနှင့် ပြည်တွင်းစစ်မတိုင်မီ ခေတ်စားခဲ့သည့် အိမ်ကြီးမျိုး။
လင်ကီ မျက်တောင် တဖျပ်ဖျပ် ဖြစ်နေ၏။ အိမ်တွင် ထမင်းချက်နှင့် အိမ်ဖော်နှင့် ဘဏ္ဍာစိုးနှင့် ယဉ်မောင်း နှင့်၊ အိမ်ကြီးရှင်တို့တွင် ရှိအပ်သည့် အခြွေအရံ အစုံအလင်။
နွေရာသီအနားယူဖို့ ဘာသာဒို့စ်တွင် အိမ်တစ်လုံး၊ ဆောင်းခိုဖို့ မိန်းပြည်နယ်တွင် အိမ်တစ်လုံးလည်း ရှိသေး သည်ဆို၏။ နယူးယောက်သို့သာမက၊ လန်ဒန်အထဲ ပြဇာတ်သွားကြည့်တတ်ကြပြီး ပါရီရောက်လျှင် ကြယ်လေးပွင့် ဟိုတယ်ကြီးများတွင် တည်းခိုကြကြောင်း သိရ၏။

ဂရင်းဗီးလ်သို့ ရောက်သည့် ညတွင်ပင် ဟန့်ကို လင်ကီ မအောင့်နိုင်ဘဲ မေးသည်။
" ဒါထက် ဟန့်တို့ကို အဖေက သင်္ဘောဆေးစက်ရုံမှာ လခအနည်းဆုံး အရာရှိဆို "
" ဟုတ်တယ်လေ "
" သူတို့ထက် ချမ်းသာတဲ့လူတွေက ဘယ်လိုလူမျိုးတွေလဲ၊ အဲဒီလူတွေက နန်းတော်ကြီးတွေမှာ နေကြမှာ ပေါ့နော် "
" အဖေက စတော့ အရောင်းအ၀ယ် လုပ်လို့ ဒီဘ၀ ရောက်လာတာလေ " ဟု ဟန့်က ၀န်ခံသည်။

နောက်တစ်နေ့ ဧရာမ နေ့လယ်စာဝိုင်းကြီးတွင် ကေးဂရင်းဘတ်က သားအကြောင်း ဖောက်သည်ချသည်။
" ဟန့်ရဲ့ အမှတ်တွေက ထိပ်ဆုံးကချည်းဆိုတော့ နှစ်တိုင်း ဆုရတယ်၊ ထောက်ပံ့ကြေးရတယ်၊ သူ့အတွက် ကျောင်းစရိတ် မကုန်လို့ ဟန့်က သိပ်ဂုဏ်ယူတာ၊ ဘ၀င်ကလည်း မြင့်တယ်ကွယ့်၊ ကိုလံဘီယာကို ၀င်ခွင့် ရလျက်သားနဲ့ မသွားတာလေ "
" ဟုတ်လား၊ ဒါနဲ့ ၀င်ခွင့်မရလို့ဆို "
အကြိမ်ပေါင်းတစ်ဒါဇင်မက ဟန့် ပြောဖူးသဖြင့် လင်ကီက ပြန်မေးခြင်းဖြစ်သည်။
" သူ့ အမှတ်တွေနဲ့ ဘယ်ကျောင်းသွားသွား ရင်ကော့ပြီး ၀င်နိုင်တာ သမီးရဲ့ "
ညပိုင်းနှစ်ယောက်တည်းရှိချိန်တွင် လင်ကီက ဟန့်ကို စပြီး အထုပ်ဖြေသည်။

" အပယ်ခံဘ၀တို့၊ ဒုတိယတန်းစားဘ၀တို့အကြောင်း နောက်လာမပြောနဲ့၊ ရှင့်ရဲ့ သနားစရာ ဇာတ်လမ်း တွေကြောင့် ကျွန်မ ရှင့်ကို ချစ်တာလား ဆိုတာ ပြန်စဉ်းစားနေတယ် "

" ဟန့် ငယ်ငယ်က မျက်စိ သိပ်မကောင်းဘူး၊ အနီးမှုန်လေ၊ ဒါပေမယ့် အားကစားမှာ အသင်းခေါင်းဆောင် ဖြစ်လာတဲ့ထိ ကြိုးစားတယ်၊ သူ ခေါင်းဆောင်တဲ့ နှစ်တွေမှာ ဆုတွေ ဆက်တိုက်ရတယ်လေ " ဟု ဖအေကြီးက ဂုဏ်ယူစွာ ပြောပြသည်။
" အားကစားမှာလည်း လူစဉ်မမှီဘူးတဲ့၊ ဟုတ်လား "
နောက်မကြားချင်ဘူး ဟု လင်ကီက ဟန့်ကို ရာဇသံပေးလိုက်သည်။

ဟန့်ပြောသမျှ သူ့ဘ၀ ဇာတ်ကြောင်းများသည် အမှန်တွေချည်းဖြစ်၏။ သို့သော် အကုန်အစင် ပြောခြင်း မဟုတ်။ ဟိုတစ်ကွက် သည်တစ်ကွက် ချန်လှပ်ပြီး ပြောခြင်းဖြစ်၏။
ဂျူးကျောင်းသားတွေကို တက္ကသိုလ်များက အရေအတွက် ကန့်သတ် လက်ခံသည်ဆိုသည်မှာ အမှန်ဖြစ် သည်။ သို့သော် ရသည့်အမှတ်က ခြွင်းချက်ရှိကြောင်း သူ ထည့်မပြော။
ဝေါလ်စထရိတွင် အလုပ်လျှောက်တုန်းက ဂျူး ဖြစ်နေသဖြင့် အလုပ်မခန့်သော်လည်း သူ့အမှတ်တွေကြည့် ပြီး ကုမ္ပဏီပိုင်ရှင်က သူ့သူငယ်ချင်း ဘဲလ် စာအုပ်လုပ်ငန်းထဲကို ထည့်ပေးခဲ့သည်။
ဘဲလ် စာအုပ်ထုတ်ဝေရေးလုပ်ငန်းက ဂျူးလူမျိုးများအပေါ် ကန့်သတ်ချက်မရှိသဖြင့် ဟန့် အလုပ်ရခဲ့သည်။ ရာထူးတွေ အဆင့်ဆင့် တက်ခဲ့သည်။
အယ်ဒီတာဘ၀ဖြင့် နှစ်နှစ်လုပ်ပြီး အေဂျင်စီလုပ်ငန်းဘက်သို့ ပြောင်းသည်။ ခွဲထောင်သည်။ သူ့လုပ်ငန်း ကလေးမှာ သေးသေးကလေးဖြစ်သော်လည်း အမြတ်အစွန်းက မသေးလှ။

ဟန့်၏ မိဘများဆီမှ ပြန်လာတော့ လင်ကီ့မျက်စိထဲတွင် ဟန့်သည် တစ်မျိုးဖြစ်လာ၏။
" ရှင့်မှာ အရမ်းချစ်ဖို့ကောင်းတဲ့ အဖေနဲ့ အမေ ရှိတယ်၊ ရှင့်ကလေး ဘ၀ကလည်း အပယ်ခံ၊ အနှိမ်ခံမဟုတ် ခဲ့ဘူး၊ ကျောင်းသားဘ၀က ရှင့်အမှတ်တွေရဲ့ အပေါ်မှာ မျဉ်းကြောင်းပဲရှိတယ်၊ အလုပ်ခွင် ၀င်တော့လည်း တစ်ခုပြီးတစ်ခု အောင်မြင်တယ်၊ ရှင် ဘာလို့ ကျွန်မကို လံကြုတ်ဇာတ်လမ်းတွေနဲ့ ညာပြောတာလဲ၊ ရှင်က တော်တော် တုံးတဲ့ လူစားမျိုးပဲ "
ရန်ပွဲတစ်ခု စရပြန်ပြီဟု လင်ကီ တွေးပြီး သူ့တုံ့ပြန်မှုကို အသင့်စောင့်နေလိုက်သည်။ ဒေါသ ကုမ္မာရ၏ မျက်နှာကြီး သည် နူးနူးညံ့ညံ့ ဖြစ်နေပြီး ပြုံးဖြီးဖြီးကြီးနှင့်
" ဂျိန်းကလည်း ကိုယ့်ကို အဲဒီလိုပဲ ဆဲတယ် "ဟု ပြန်ပြောသည်။ သည်လေသံမျိုး သူ့နှုတ်မှ ထွက်လာသည် ကို လင်ကီ တစ်ခါမှ မကြားဖူးခဲ့ "
 
အခန်း (၇၉)
လင်ကီ

၁၉၇၆ ခုနှစ်၊ ဇူလိုင်လ ၄ ရက်။
" သည်လွတ်လပ်ရေးနေ့မှာ လင်ကီ ဘာတွေ အစီအစဉ်ရှိလဲ"ဟု ဟန့်က လင်ကီ့အတွင်းရေးမှူး ဆမ်လို့ဝဲလ် ကို ဖုန်းဆက်မေးသည်။
ဆမ်က ဒိုင်ယာရီကို လှမ်းကြည့်သည်။ ဆမ်သည် အလွန် စေ့စပ်သည့် အတွင်းရေးမှူးမျိုးဖြစ်၏။ အစည်း အဝေးတက်ရမည့် နေ့စွဲနှင့် အချိန်၊ အနားယူခရီးထွက်မည့် အစီအစဉ်၊ သွားဆရာဝန်နှင့် ပြရမည့်နေ့၊ လုံးဝ အနားယူရမည့်နေ့ ... စသည်ဖြင့် လင်ကီ့အတွက် အသေးစိတ် စီစဉ်တတ်သူဖြစ်၏။
လင်ကီ ကိုလည်း မလိုအပ်ပါပဲလျက် မိခင်တစ်ယောက်လို ဂရုစိုက်စောင့်ရှောက်သည်။

" ဘရစ်ဟင်တန်ကို သွားဖို့ရှိတယ် ဟန့် "
ဆမ်က ပြန်ဖြေသည်။
" အဲဒီခရီးစဉ်ကို ဖျက်လိုက်၊ မြို့ထဲက ဘယ်မှ မထွက်ရဘူး၊ ဆေးစစ်ဖို့ ဒေါက်တာ ရိုက်စ်နဲ့ ချိန်းလိုက်၊ ပြီး တော့ ဘရစ်ဟင်တန်အစား ဂျိန်းရဲ့ ရွက်လှေပွဲကို သွားရမယ်လို့ပြော၊ အဲဒီအတိုင်း လုပ်နော်၊ မင်းကို သူ အလုပ်ထုတ်ရင် ဒါထက်ကောင်းတဲ့အလုပ် ငါပေးမယ်၊ ရှင်းတယ်နော် "
ဖုန်းချလိုက်သည်။ ဟန့်တစ်ယောက် တစ်မနက်လုံး ဖုန်းထိုင်ခေါ်နေသည်မှာ အကြိမ်တစ်ဒါဇင်မကတော့။ အစားအသောက်အတွက်လည်း စီစဉ်ပြီးပြီ။ ပြီးတော့ တိးဝိုင်း၊ ဓာတ်ပုံဆရာ၊ ပန်းဆိုင်၊ ပြီးတော့ ခရီးသွား အေဂျင်စီ။ အကောင်းဆုံး ရှန်ပိန်နှင့် ကမ္ဘာကျော် ငါးဥကျွေးဖို့ စီစဉ်ထား၏။ အကြိုက်ဆုံး သီချင်းတွေ တီး နိုင်သည့် ဂီတအဖွဲ့ကို ရှာထားပြီးပြီ။

ပန်းပွင့်တွေကိုတော့ အားလုံးအဖြူရောင်တွေချည်း ရွေးခိုင်းထား၏။ ကျူးလစ်၊ နှင်းပန်း၊ သစ်ခွ၊ နှင်းဆီ၊ ပြီး တော့ ပါရီသို့ခရီးသွားလက်မှတ်နှစ်စောင်။
အစီအစဉ်အားလုံး ဆွဲပြီးမှ ကြံရပါ ဂျိန်းဆီကို လှမ်းခေါ်သည်။
" အားလုံး စီစဉ်ပြီးပြီ၊ ဖိတ်စာတွေ ဝေတော့ "
" ကာရိုလိုင်နာ ခရီးစဉ်ရဲ့ ရလဒ်ပေါ့ ဟုတ်လား "
" ဒါပေမယ့် ကိုယ် ဘုရားတနေတုန်းပဲ ဂျိန်း "
နယူးယောက်မြို့ကြီးတွင် အမေရိကန် နှစ်နှစ်ရာပြည့် လွတ်လပ်ရေးနေ့ကို ခြိမ့်ခြိမ့်သဲ ဆင်နွှဲလျက်ရှိသည်။ ကြည့်လို့အကောင်းဆုံးမှာ ရွက်လှေပွဲ။

ဧရာမ ရွက်လှေကြီး ဆယ့်ငါးစီးနှင့် ရွက်လှေငယ်နှစ်ရာကျော်တို့သည် ဟတ်ဆင်မြစ်ကို တရိပ်ရိပ် ရွက်လွင့် ဆန်တက်လာနေကြသည်။ လွတ်လပ်ရေးနေ့ အခမ်းအနားကို ချီတက်ဂုဏ်ပြုကြခြင်းဖြစ်သည်။
ဂျိန်း၏ မိုးပျံခန်းမကြီး၏ လေသာဆောင်သည် အကျယ်ပြန့်ဆုံး မြင်ကွင်းကို မြင်ရသည့်နေရာဖြစ်၏။ ရာသီကို စောင့်ကြသည့် လေနတ်သား မိုးနတ်သားတို့က ပွဲတော်ကြီးကို စောင့်ရှောက်ပေးနေဘိသို့။ လွတ် လပ်ရေးနေ့မှာ သာသောင့်သာယာရှိနေသည်။

နယူးယောက် ရှုခင်းသည် နေခြည်ကလေး ဆွတ်ဖျန်းကာ ပို့စကတ်ကလေးတစ်ခုလို လှပနေ၏။ ဂျိန်း၏ အိမ်အ၀င်လမ်းတွင် ပန်းပွင့်ဖြူတွေ အပြည့်ဖြင့် ပန်းအိုးများ စီတန်းလျက်။ ဂျိန်းက လင်ကီနှင့် ဟန့်တို့၏ အချစ်ဆုံး၊ အရင်းဆုံး မိတ်ဆွေခြောက်ဆယ် ဖိတ်ထားသေး၏။

အယ်လီနျင့် အိုဝင်ကို လက်ထပ်ပေးသည့် ဘုန်းတော်ကြီးကိုလည်း ဖိတ်ထား၏။ ဧည့်သည်တွေ စုံတော့ ရှိန်ပိန်ခွက်များ စဝေသည်။ ဟန့်က အားလုံးငြိမ်သက်ပေးဖို့ ဖန်ခွက်ကို မြှောက်ပြီး တောင်းပန်လိုက်သည်။
ပရိသတ် ငြိမ်သွားမှ ဟန့်က စက္ကူဖာကလေး ထုတ်ပြီး လင်ကီ့ကို ကမ်းပေးရင်းပြောသည်။
" ကိုယ့်ကို လက်ထပ်ပါ လင်ကီ "
လက်ကီ့မျက်နှာ ဖြူဖက်ဖြူရော် ဖြစ်သွားသည်။ ပြီးတော့ ရဲတက်လာသည်။

" ရုပ်ရှင် ဘယ်လိုလုပ်တာလဲ "
ပြောပြောဆိုဆို လက်ကီ ထွက်ပြေးဖို့ ချာခနဲ လှည့်လိုက်သည်။ ပန်းခြင်းတစ်ခုကို တိုက်မိပြီး လဲကျမလို ဖြစ် သွားသည်။
ဟန့်က လှမ်းထိန်းလိုက်ရင်း
" ကိုယ် ဒါလောက် ဆိုးနေလို့လားကွာ "
" ရှင် ရှင် ဘယ်လိုလုပ်ပြီး "
လင်ကီ ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်သည်။ အားလုံးက ပြုံးပြီး သူတို့နှစ်ယောက်ကို စောင့်ကြည့်နေကြ၏။ လင်ကီ သက်ပြင်းချလိုက်သည်။ ပြီးမှ တဖြည်းဖြည်း သူငယ်ချင်းတွေကို ပြန်ကြည့် သည်။ ခုမှ လင်ကီ သတိပြုမိ၏။ တစ်ခန်းလုံး အဖြူရောင် ပန်းတွေနှင့် ဝေလို့ပါလား၊ သင်းပျံ့ပျံ့မွှေးနံ့သည် တစ်ခန်းလုံး ပျံ့လွင့်နေ၏။

ပန်းပွင့်များက လင်ကီ့ကို ဟန့်အကြောင်း တီးတိုးပြောနေဘိသို့ ရှိ၏။ ဘယ်လောက် ခံစားမှု ပြင်းပြသည့် ဟန့်ပါလဲ၊ ဘယ်လောက် အတွေးကောင်းသည့် ဟန့်ပါလဲ၊ ခုမှ သတိထားမိသည်။ ပရိသတ်ကို တိုက်သည့် ရှန်ပိန်က ၁၉၄၁ ခုနှစ် ကျူဗီရှိနပိန် သူ ဘယ်လောက်ငွေကုန်ကြေးကျခံပြီး ဒီရှန်ပိန်ကို ရအောင် ရှာပါလိမ့်။ လင်ကီ စဉ်းစားနေသည်ကို ဟန့်က မပြောဘဲနှင့် သိလိုက်သလိုဖြေသည်။
" သိပ် မခက်ပါဘူး၊ နေ့တစ်ဝက်လောက် ထိုင်ပြီး ဖုန်းဆက်တော့ ဘယ်မှာ ရနိုင်တယ်ဆိုတာလည်း သိ ရော၊ ပြင်သစ်ကနေ လေယာဉ်နဲ့ ပို့ခိုင်းလိုက်တာ "
" လင်ကီ့ မင်္ဂလာဆောင်မှာ ၄၁ ခုနှစ် ရှိန်ပိန်တိုက်မယ်လို့ အဖေ ပြောဖူးတာ မှတ်ထားတယ်ပေါ့ "
" ဒါပေါ့၊ ကိုယ်က ရိုးရာ အစဉ်အလာကို ထိန်းချင်တာလေ "
ဟန့်သည် မိမိအတွက် တနံတလျားကြီး ပြောင်းလဲလာခြင်းပါကလား။

မိမိ အပေါင်းအသင်းအားလုံးကို သူ ဖိတ်ထားသည်။ သူ့အမူအရာကို အောက်ခြေသိမ်း ပြင်ပစ်သည်။ မိမိနှင့် လိုက်ဖက်လာအောင် ကိုယ်နှုတ်နှလုံး သုံးပါးစလုံး ပြုပြင်သည်။ လင်ကီ့ကို လှုပ်ရှားစေခဲ့သည့် နောက်တစ် ချက်မှာ ဟန့်က မိမိ အရည်အချင်းကို အသိအမှတ်ပြုသည်။ အခြားတစ်ယောက်ယောက်နှင့် အိမ်ထောင်ပြု လျှင် မိမိဘ၀သည် သာမန် အိမ်ရှင်မတစ်ယောက်၏ ဘ၀မျိုးသာဖြစ်ချေမည်။
ဟန့်က မိမိ တက်လမ်းကို တွန်းပို့သည်။ ရသည့် အောင်မြင်မှုများအတွက် ဂုဏ်ယူသည်။
အဖေနှင့် အမေကို မျက်စိထဲ ပြန်မြင်လာသည်။

သူတို့ ရှိသေးလျှင် ဟန့်ကို သဘောကျကြမည် မုချ။ ဟန့်၏ ထက်မြက်မှုကို အဖေ အမှတ်ပေးမှာ သေချာ သည်။ အလုပ်ကြိုးစားပုံကိုလည်း အမေသဘောကျမည်။ ဧကန်။ ရှန်ပိန်ရွေးပုံကိုလည်း နှစ်ယောက်စလုံးချီးကျူးမည်ထင်၏။
" မေမေတို့ မိသားစုထဲကို ၀င်ဖို့ အချိန်တန်ပါပြီ သမီးရယ် "
ဟု ကေးဂရင်းဘတ်က ကပ်ပြောသည်။
" ဟန့်ရော ဖေဖေတို့ပါ အရမ်း ပျော်ကြမှာ" ဟု ဟန့်တို့ အဖေက ဖြည့်ပြောသည်။ လင်ကီက အယ်လ်ဗင်ဟေးစ်ကို လှမ်းကြည့်လိုက်၏။ ပြီးတော့ အယ်လီ၊ နောက်ဂျိန်း။
" ဟာ ဒုက္ခပါပဲ "
" အင်း ... "
လို့ ပြောလိုက်လေ၊ ခေါင်းညိတ်လိုက်လေ ဟု ဂျိန်းက ထောက်ပေးသည်။

" ကဲ အဲဒီတော့ "
ဟန့်က မချင့်မရဲ ၀င်ပြောသည်။
" ဘာ အဲဒီတော့လဲ "
လင်ကီက မဆိုင်းမတွ တုံ့ပြန်လိုက်၏။
" လုပ်ပါ လင်ကီရယ်၊ နော် "
ဟန့် တောင်းတောင်းပန်ပန် ထပ်ပြောသည်။
" ကောင်းပါပြီလေ၊ လင်ကီ လက်ထပ်ပါ့မယ် "
ဟန့် ဘာဆက်ပြောရမှန်းမသိဘဲ ပါးစပ်ကြီး အဟောင်းသားဖြစ်နေသည်။

သူ ပြုံးဖို့ ကြိုးစားသည်။ သို့သော် မပြုံးဖြစ်ဘဲ ရှိုက်ကြီးတငင် ငိုချလိုက်၏။
အတန်ကြာမှ ပြန်ဣနြေ္ဒဆယ်ပြီး စက္ကူဖာကလေးကို လင်ကီ့လက်ထဲ ထည့်လိုက်သည်။
" ရော့ မင်းအတွက် အဲ ကိုယ့်အတွက်လည်း ပါတာပေါ့ "
လင်ကီ ဖာကလေးကို ဖွင့်ဖို့ ကြိုးစားသည်။
" လင်ကီ့ လက်တွေ တုန်နေတယ် "
ဖဲကြိုးကလေးကို တော်တော်နှင့် ဖြေလို့မရ။ နောက်မှ ပွင့်သွားပြီး ကတ္တီပါကြုတ်ငယ်ထဲက လက်စွပ်ကလေး ကို ထုတ်ယူလိုက်သည်။ မြင်သူ ငေးရလောက်အောင် လှသည့်မြေ ကျောက် ပုံစံ သွေးထားသည့် စိန်လက်စွပ် ကလေး။ ရတနာကို ၀ါသနာမပါလှသည့် လင်ကီပင် ရင်ခုန်သွားသည်။

" ကဲ ၀တ်မှာလား၊ မ၀တ်ဘူးလား ပြော "
အငိုတိတ်ခါစ တစ်ဆို့ဆို့အသံဖြင့် ဟန့်က ကလေးဆိုးကြီးလို ပြောသည်။
လင်ကီက ရယ်ပြီး လက်ကလေး ဆန့်ပေးရင်း
" ရော့ ၀တ်ပေး " ပြောတော့မှ ဟန့်က လက်စွတ်ကလေးကို လင်ကီ့ ဘယ်ဘက်လက်ခလယ်တွင် စွပ်ပေး လိုက်သည်။ သည်တော့မှ ငြိမ်ကြည့်နေသည့် ပရိသတ်အသက် ၀င်လာပြီး လက်ခေါက်မှုတ်သံတွေ၊ လက်ခုပ်တီးသံတွေ ဆူညံသွားသည်။

ဂေါ်ဒွန်ဂေဂျာက
" မင်းအတွက် အကောင်းဆုံး ဘ၀အဖော်ပဲ ဟန့် "
ချာလီလင့်က
" ဂုဏ်ယူပါတယ် သူငယ်ချင်း "
ဂလင်ဆင်ကလဲယားက
" ဒါဟာ လက်ထပ်ပွဲမဟုတ်ဘူး၊ နေနဲ့လ ပေါင်းစည်းတဲ့ ပွဲ "
ဝီလ်မာက
" အင်း ခုမှပဲ စိတ်အေးရတော့တယ် "
စသည်ဖြင့် ရင်ဖွင့်ကြ၊ ဂုဏ်ပြုကြနှင့် အားလုံး ပျော်နေကြ၏။

ဘက်ကီရီးစ်ကတော့ ဟန့်အနားကပ်ပြီး
" ဘက်ကီကတော့ သူ့ကို ဟန့် မရတော့ဘူး ထင်နေတာ "
" အင်း လွယ်လွယ်နဲ့ ရတာတော့ မဟုတ်ဘူးဗျ "
" ဟေး ဟန့်၊ နမ်းလေကွာ "
ရော့ဖ်ဝိတ်စ်က လှမ်းအော်သည်။

" လင်ကီ၊ ပြန်နမ်းလေဟယ် "
ကော်ရယ်ဝင်စတိန်းအသံ။
နောက်ထပ် လက်ခုပ်သံတွေ၊ လက်ခေါက်မှုတ်သံတွေ ဆူညံသွားပြန်သည်။ ဟန့်နှင့် လင်ကီ အားလုံးကို ကျေးဇူးတင်မဆုံး ဖြစ်နေကြ၏။
မင်္ဂလာအနမ်းနှင့် သြဘာသံများ စဲသွားတော့မှ ပရိသတ်ထဲမှ မျက်နှာစိမ်းတစ်ယောက်နှင့် ဟန့်က လင်ကီ့ကို မိတ်ဆက်ပေးသည်။
" ဒါက ဟားဘတ်အန်ဂလန်တဲ့။ နယူးယောက်ပြည်နယ် တရားရုံးချုပ်က တရားသူကြီးလေ "

ဟတ်ဆင်မြစ်ကမ်းနဖူးမှ ဂျိန်း၏ မိုးပျံတိုက်ခန်းကြီးတွင် ထိုနေ့က ဟန့်နှင့်လင်ကီ လက်ထပ်လိုက်ကြသည်။ နေခြည်ဆွတ်ဖျန်းကာ ပန်းစုံနံ့မွှေးနေသည့် လွတ်လပ်ရေးနေ့။
ရွက်နှစ်ဖုံလွှင့် ဧရာမ ဂလူစက်စတာ ရွက်သင်္ဘောကြီးသည် တရွေ့ရွေ့ ဆန်တက်လာ၏။ ကျက်သရေရှိလှ သည်။ လမ်းပေါ်တွင် လူတွေ ကခုန်ရွှင်မြူးနေကြ၏။ ပျော်စရာကောင်းလှသည်။
လင်ကီ့ အာရုံတွင် ကြည်နူးစရာများသည် ထင်ကျန်ခဲ့ပြီဖြစ်၏။ အနိဋ္ဌာရုံမျန်သမျှ ဘာမှ မကျန်တော့။
" မင်္ဂလာသာ ဆောင်လိုက်ရတယ်၊ လင်ကီတစ်ပြားမှလည်း မကုန်ဘူး " ဟု နောက်ပိုင်းတွင် လင်ကီက ရယ်စရာပြောသည်။
" အဲဒါက မင်းတကယ့်ယောက်ျားကို ရလို့ပေါ့" ဟု ဟန့်က ပြော၏။ သူကတော့ ရယ်စရာ ပြောခြင်းမဟုတ် ပါ။

အယ်လီက သတင်းရေးပြီး၊ ဓာတ်ပုံတွေပါ စာနယ်ဇင်းလောကကို ဖြန့်လိုက်သည်။
" အပေါင်းအသင်းများနဲ့ မိသားစုများ တက်ရောက်ကြသည်လို့ ရေးပါကွယ်" ဟု လင်ကီက အယ်လီ့ကို မှာ သည်။ သူငယ်ချင်းအပေါင်းအသင်းများသည် လင်ကီ့အတွက် မိသားစု ဖြစ်လာလေပြီ။ ဟန့်၏ မိသားစုသည်လည်း မိမိ၏ မိသားစု ဖြစ်လာလိမ့်မည်ဟု လင်ကီ့ စိတ်ထဲက သိနေ၏။

ထိုညတွင် မင်ဟက်တန် ကောင်းကင်ပြင်တွင် မီးရှူးမီးပန်းတွေ ရောင်စုံ လင်းလက်နေ၏။ ထိုညတွင်ပင် လင်ကီနှင့် ဟန့်တို့ ဇနီးမောင်နှံသည် ပါရီသို့ ထွက်လာခဲ့ကြသည်။
" လင်ကီက ဘာလုပ်လုပ် အမျိုးသားရေးစိတ်ဓာတ်နဲ့ လုပ်တာ၊ အမေရိကန် လွတ်လပ်ရေးနေ့မှာ လက်ထပ် တယ်၊ ပြင်သစ်အမျိုးသားနေ့မှာ ကလေးယူတယ်" ဟု နောက်ပိုင်းတွင် လင်ကီက ရက်ပြန်တွက်ပြီး ပြော သည်။ (ပြင်သစ်အမျိုးသားနေ့မှာ ဇူလိုင်လ ၁၄ ရက်ဖြစ်သည်။ ပြန်ဆိုသူ) အကြင်မိန်းမသည် ယောက်ျား မယူတော့ပါဘူးဟု ကြေညာခဲ့၏။ ထိုမိန်းမသည် မနားမနေ အလုပ်လုပ်ပြီး အောင်မြင်မှုလောဘ အလွန်ကြီး သူဖြစ်၏။

အကြင်မိန်းမသည် အိမ်ထောင်ပြုဖြစ်သည့်အခါ အပျော်ကြီး ပျော်နေပြီး လောဘတရားလည်း မရှိတော့။ ထိုမိန်းကလေးမှာ လင်ကီဖြစ်လေသည်။
ဟန့်ဂရင်နီသည် အလါန် ရှေးရိုးဆန်သူ ဖြစ်၏။ သူသည် ခေတ်နှင့်အမီ ဖြစ်အောင် မနည်းလိုက်နေရသူဖြစ် ၏။ မိန်းမယူဖြစ်သော်လည်း ဘာတွေဖြစ်လာမည်ကို သူ မသိ၊ သူ့ရှေ့ လက်တစ်ကမ်းတွင် အောင်မြင်မှုတွေ အဆင်သင့်ရှိနေသည်ကို သူ မသိ။ ခေတ်၏ သမီးပျိုတစ်ယောက်နှင့် အိမ်ထောင်ပြုလိုက်ခြင်းကြောင့် မိမိ ကိုယ်တိုင် ခေတ် လူတစ်ယောက်ဖြစ်လာမည်ကို သူ မသိ။ သည်အပြောင်းအလဲများကြောင့် ငုပ်လျှိုးနေ သည့် ဗီဇစိတ်တို့ အပေါ်ယံလွှာသို့ တက်လာမည်ကိုလည်း သူမသိ။
ဥခွံထဲမှ ဟန့်ဂရင်နီ ပြင်ပလောကထဲသို့ ထွက်လာတော့မည်။ ထိုအခါတွင် လင်ကီသည် လောကအလယ် တွင် တစ်ကိုယ်တည်း အထီးကျန်လဘ၀မှ လွတ်မောက်လေတော့မည်။

အခန်း ၈၀
ဂျိန်း၊ အယ်လီ၊ လင်ကီ

ရှန်ပိန်၊ ငါးဥကြော်နှင့် မီးပန်းလွှတ်ခြင်းများသည် လင်ကီနှင့် ဟန်တို့၏ နှစ်စဉ်ကျင်းပနေကျ နှစ်သစ်ကြို အခမ်းအနား လုပ်ထုံးလုပ်နည်းများဖြစ်သည်။
၁၉၈၇ ခုနှစ်မှ ၁၉၈၈ ခုနှစ်ကို ကြိုရမည့်အခါတွင် သူတို့ တွေ့ဆုံသိကျွမ်းခဲ့သည့် ကာလသည် ရာစုနှစ် တစ်ခု၏ လေးပုံတစ်ပုံ ကုန်သွားပြီဖြစ်ကြောင်း အားလုံးသတိပြုမိကြသည်။
ထို့ကြောင့် သည်နှစ် အမှတ်ထင်ထင် တစ်ခုခု လုပ်ဖို့ ဟန့်နှင့်လင်ကီ ဆုံးဖြတ်လိုက်ကြသည်။ " ဘယ်သူလဲ၊ ဘာလဲ "ဟူသည့် ပွဲကလေးလုပ်ဖို့ စီစဉ်ကြ၏။
ဖိတ်ထားသည့် ဧည့်သည်တွေကို ကြိုပြီးမှာထားလိုက်သည်။

" ဒီနှစ် ထူးထူးဆန်းဆန်းကလေး လုပ်ချင်တယ်၊ ကိုယ့်ဘ၀မှာ ဘယ်အရာ၊ ဒါမှ မဟုတ် ဘယ်သူက အမှတ် ထင်ထင် အဖြစ်ဆုံးလဲ ဆိုတဲ့ မေးခွန်းကို ဖြေကြဖို့ပါပဲ၊ ဘယ်နည်းနဲ့ ဖြေရမလဲဆိုတော့ အရာဝတ္ထုတစ်ခုခု ဖြစ်ဖြစ်၊ လူပုဂ္ဂိုလ်တစ်ယောက်ယောက် ဖြစ်ဖြစ် တစ်ခါတည်း ယူခဲ့ပါ။ ခေါ်ခဲ့ပါ "

အယ်လီကတော့ ချက်ချင်း ဆုံးဖြတ်နိုင်သည်။ အဖေနှင့် အမေကို လှမ်းဖိတ်လိုက်သည်။ လူစီမက်ဂရက်သည် ခြောက်ဆယ့်ကိုးနှစ်ထဲ ၀င်နေပြီ၊ လှလှပပ ၀တ်တုန်း၊ နှုတ်ခမ်းဆိုးတုန်း၊ မေမေသည် သည်အရွယ်အထိ အယ်လီထက် အ၀တ်အစား ရွေးတတ်နေဆဲ။ မင်ဟက်တန်ပြတိုက်တွင် အလုပ်လုပ်ဆဲ ဖြစ်၏။ မင်ဟက်တန်ရေအောက်ပြတိုက်မှ မေမေ့ရာထူးမှာ ၀တ်စုံ စုဆောင်းရေးဌာန ဒါရိုက်တာဖြစ်၏။ ခုနစ် ဆယ့်သုံးနှစ် ရှိနေပြီဖြစ်သည့် ဘရိန်မက်ဂရက်ကလည်း ဇနီးသည်အတွက် ဂုဏ်ယူမဆုံးဖြစ်နေဆဲ။
" အဖေနဲ့ အမေက သင်မှန်းမသိ သင်ပေးခဲ့တာ၊ အလုပ်ခွင်မှာ အောင်မြင်ဖို့တို့၊ အိမ်ထောင်ရေးတို့ပေါ့၊ အဲ သင်လို့မရတာ တစ်ခုရှိတယ်၊ လှလှပပ ၀တ်တတ်ဖို့၊ မေမေ့ဆီက မတတ်ခဲ့ဘူး" ဟု အစ်မလုပ်သူကို အယ်လီပြောပြသည်။

" ဘယ်သူလဲ "
" ဖေဖေ့အတွက် " ဘယ်သူလဲ" ကတော့ မေမေပဲ "ဟု သားနှင့် သမီးကို အိုဝင်က ပြောသည်။
" မင်းတို့ အမေက ဖေဖေ့ကို ဘာဖြစ်နေတယ်ဆိုတာ ဘယ်တော့မှ မကြည့်ဘူး၊ ဖေဖေ ဘာဖြစ်နိုင်တယ် ဆိုတာကိုပဲ ကြည့်တယ် "

လင်ကီ့အတွက် " ဘာလဲ "ဟူသည့် ပစ္စည်းရွေးဖို့ သိပ်စဉ်းစားစရာမလိုပါ။ ဥတတရကြယ်စတော့များကို ၁၉၈၀ ပြည့်နှစ်၊ အများပြည်သူ ကုမ္ပဏီအဖြစ် ဖွင့်ပေးပေးချင်း ၀ယ်လိုက်သည်။
အလုပ်အတွက်ရော၊ မိမိကိုယ်တိုင်အတွက်ပါ ရင်းနှီးမြှုပ်နှံလိုက်ခြင်းဖြစ်၏။ ဥတ္တရကြယ်သည် တင်းအက်ဝိုင် လုပ်ငန်းကြီး အသစ်တစ်ဖန် ပြန်လည် မွေးဖွားခြင်းဖြစ်သည်။

အမွေဆက်ခံလုပ်ကိုင်ရမည့် ၀ိုင်လုပ်ငန်းအစား စာအုပ်လုပ်ငန်းတွင် စောက်ချဖြစ်ခြင်းပင်။ မိဘနှစ်ပါး၏ အိပ်မက်အတိုင်း ဖြစ်လာစေရန် မိမိ ခွန်အားကိုရော ဟန့်၏ အထောက်အကူကိုပါ ရယူခဲ့ရသည်။
" စောစောပိုင်းကာလတွေက ဥတ္တရကြယ်အတွက် စပျစ်ပျိုးချိန်တွေပေါ့၊ မိုးမခတိုက်ကို ၀ယ်လိုက်တော့ ရောင်းအား ဖြန့်အား ပိုကောင်းလာတယ်၊ မနှစ်က ပါမင်းနိုက်ကိုပါ ၀ယ်နိုင်တော့ စာရေးဆရာ အားလုံး လင်ကီတို့ဆီ ရောက်လာတယ်၊ စတော့တွေကိုလည်း ဖြန့်ထားနိုင်ခဲ့တယ်၊ အဲဒီမင်္ဂလာသတင်းကို ဒီပွဲမှာ ကြေငြာလိုက်မယ်လေ "
" ဘယ်သူလဲ " ကိုရော၊ " ဘာလဲ " ကိုပါ မရွေးနိုင်ဘဲ၊ ဝေခွဲမရ ဖြစ်နေသူက ဂျိန်း။ " ရှင်နဲ့ကျွန်မ" ပထမ ပုံနှိပ်စာအုပ်ကို ယူသွားဖို့ စိတ်ကူးသေးသည်။ ဒါပေမယ့် လူတွေက ကြိုတင်ရိပ်မိနေမည်ထင်၍ သည်စိတ် ကူးကို ဖျက်ပစ်လိုက်သည်။

ဂျိန်းဖြစ်နေသည့်အတွက် မထူးခြားသည့် အလုပ်ဆို၍ ဘာမှ မလုပ်ချင်။ ထို့ကြောင့် ခေါင်းပူအောင် စဉ်းစား ရ၏။ ထူးဆန်းရမည်၊ စိတ်လှုပ်ရှားစေရမည်။ ပြီးတော့ လေးနက်ရမည်။
" တစ်ခုခုပေါ့ဟာ၊ ငါ့သရုပ်သကန် ပေါ်စေရမယ်လေ "
ဝီလ်မာ့ထံ အကြံတောင်းသည်။

သို့သော် အဖြေမထွက်၊ ဂျိန်းက ထိထိမိမိရှိတာ၊ ကိုယ်ပိုင်ဖြစ်တာကို ရွေးချင်သည်။ ကြမ်းချင်ကြမ်းပစေ၊ ရိုင်းချင်ရိုင်းပစေ။ ဘာရွေးရရင် ကောင်းမလ။
လင်မယား ကွာရှင်းစာချုပ်ဆိုရင်ကော၊ ဟာ မနိပ်သေးပါဘူး၊ ကိုယ်ခံရတဲ့ကိစ္စကြီးပဲ၊ ဘားလက်ခရစ္စပန်ရဲ့ ဆောင်းပါးကို ဖြတ်ယူသွားရင်ကော၊ ဒါလည်း သိပ်မကောင်းသေးဘူး၊ ကိုယ့်ထက် ၁၅ နှစ်ငယ်တဲ့ ကောင် လေးနဲ့ တွဲသွားရင်ကော။
" မဖြစ်ဘူး၊ ကိုယ်ကဒါတော့ ရှက်တတ်သား" ဟု ဘယ်လီ့ကို ဖွင့်ပြောသည်။

ဘာမှ စဉ်းစားလို့ မရသည့်အဆုံး " ရှင်နဲ့ကျွန်မ" စာမူကြီးပိုက်သွားဖို့ ဆုံးဖြတ်လိုက်သည်။ အကြိမ်ကြိမ် ပြင် ထားသည့် အယ်ဒီတာမှတ်ချက်တွေနှင့် မူရင်းစာမူကြီးကို လူတွေ စိတ်ဝင်စားကြမည်ထင်သည်။ ဘယ် လောက်အပင်ပန်းခံထားရသည်ကိုလည်း အားလုံး သိသွားမည်လေ။
စာမူလည်း စာအုပ်ပုံထဲတွင် ပြန်ရှာရင်း လုံးဝ မေ့နေသည့် ပစ္စည်းကလေးတစ်ခု ထွက်လာသည်။
၁၉၆၃ ခုနှစ်၊ နိုဝင်ဘာလ ၂၂ ရက်နေ့က လက်မောင်းတွင် ပတ်ခဲ့သည့် သတင်းထောက် လက်ပတ် ကလေး။
တွယ်ချိတ်ကလေးတွင် သံချေးပင် တက်နေပြီ၊ စာလုံးတွေလည်း အရောင်မှိန်နေပြီ။ သို့သော် ဂျိန်း သုံးခဲ့ သည့်နာမည်ကတော့ ထင်ထင်ရှားရှားရှိနေဆဲ။
ပူစီ ဂလိုရီ တဲ့။

ဟိုစဉ်က သည်လက်ပတ်ကိုကြည့်ပြီး အခြားသတင်းထောက်တွေနဲပအတူ ရယ်ခဲ့ရသေးသည်ကို ပြန်အမှတ် ရသည်။ ဂျိန်းက လက်ပက်ကလေးကို အင်္ကျီမှာ ချိတ်လိုက်သည်။
ဟန့်နှင့် လင်ကီတို့ အိမ်ဝင်တော့ ဂျိန်းက သူ့ရင်ဘတ်ကို ငုံ့ကြည့်လိုက်သေးသည်။ အရမ်း သဘောကျသွား ၏။
" ဒါလေးကို ရွေးပြီး တက်လာတာ အခြားကြောင့်မဟုတ်ဘူး၊ ကိုယ်ဘယ်လောက် ဝေးဝေးလျှောက်လာခဲ့ ရတယ်ဆိုတာနဲ့ ကိုယ်တို့အားလုံး ဘယ်လောက် ခရီးပေါက်ခဲ့ပြီဆိုတာ ပေါ်လွင်အောင်လို့လေ "ဟု လင်ကီ့ ကိုဂျိန်းက ရှင်းပြသည်။

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

Saturday, July 2, 2011

တင်မောင်မြင့် ဘာသာပြန် သတင်းမုဆိုး အပိုင်း (၅၄)

အခန်း (၇၆)
ဂျိန်း

လင်မယားကွာရှင်းပြတ်စဲပြီး နောက်ပိုင်းတွင် ဂျိန်းသည် ဟတ်ဆင်မြစ်နံဘေးမှ မိုးပျံတိုက်ခန်းကြီးတွင် တစ် ယောက်တည်း နေသည်။ နောက်တစ်ခါ ပြန်ဝယ်လိုက်ရသော တိုက်ခန်းကြီးလေ။
ဂျိန်း၏ ဘ၀သည် တစ်ပတ်ကျော့ကာ ၁၉၇၀ ပြည့်လွန်နှစ်များ၏ လွတ်လပ်သော သမီးပျိုဖြစ်လာပြန်သည်။ ကျော်ကြား မှုကြောင့် ဂျိန်းသည် စွဲမက်စရာ ကောင်းနေဆဲ၊ နုပျိုဆိုလန်းဆန်းနေဆဲ ဖြစ်၏။
နှစ်ပေါင်း များစွာ စွန့်ပစ်ထားသော ဒေါက်မြင့်ဖိနပ်ကို ပြန်စီးသည်။ သုံးဆယ့်ငါးနှစ်အရွယ်တွင် ဂျိန်းသည် ရွယ်တူတန်းတူ များနှင့် မတွဲတော့။ " သုံးဆယ်ကျော်လာတဲ့ ယောက်ျားဆိုရင် ဘယ်ယောက်ျားမှ မယုံနဲ့။ ကိုယ့် ဘက်ကိုယ် ယက်တဲ့ လိပ်တွေချည်းပဲ" ဟု နီတိထုတ်၏။ ပြီးတော့ ငယ်ငယ်ချောချောကလေးတွေနှင့်မှ ရွေးပြီး တွဲသည်။

လွတ်လပ်သည့်ဘ၀တွင် ဂျိန်းသည် နေရာတကာတွင် ယောက်ျားများစွာနှင့် တွေ့ကြုံဆုံစည်းရသည်။ မိမိ ဟောပြော ရသည့် ဟောပြောပွဲများတွင် တွေ့၏။ စားသောက်ဆိုင်များတွင် တွေ့၏။ စာပေအသိုင်းအ၀ိုင်း တွင် လုပ်ငန်း နှင့် ဆက်နွယ်ပြီး တွေ့၏။
ဤသို့ဖြင့် ယောက်ျားတို့အကြောင်းကို မဂ္ဂဇင်းအစောင်စောင်တွင် ဆောင်းပါးတွေ ရေးဖြစ်သည်။
" အမျိုးသမီး တစ်ယောက်က ဘာကြောင့် ယောက်ျားတစ်ယောက်နှင့် မတူနိုင်ရမှာလဲ " ဟူသည့် ခေါင်းစဉ် ဖြင့် တစ်ပုဒ်ရေးသေး၏။ ဂျိန်းက မတူနိုင်စရာအကြောင်းမရှိဟု အဖြေထုတ်သည်။
ဝတ္ထု အသစ် နှစ်အုပ်ရေးဖြစ်သည်။ နှစ်အုပ်စလုံးကို အဆုံးမသတ်ဘဲ ပစ်ထားလိုက်၏။

" အတွေးသစ် မရလို့ " ဟု ဂျိန်းက အကြောင်းပြသည်။ အဲလျော့နှင့် ကွာရှင်းပြီး နောက်ပိုင်းတွင် စိုးရိမ်ထိတ် လန့်သည့် ဝေဒနာသည် ဂျိန်းဆီသို့ ပြန်ရောက်လာသည်။ တစ်အုပ်ရေး စာရေးဆရာ ဖြစ်သွားမည်ကို အကြောက်ကြီး ကြောက်ခဲ့၏။ ခု သည်အတိုင်း ဖြစ်နေချေပြီ။ "ရှင်နဲ့ကျွန်မ " ထွက်ပြီး သုံးနှစ်ရှိခဲ့ပြီ။ နောက် နှစ်ပုဒ် သာ ရေးဖြစ်သည်။ နှစ်ပုဒ်စလုံး စိတ်ကြိုက်ဖြစ်မလာ။
" ကိုယ်တွေ့ လင်မယား ကွာရှင်းခန်းကို ရေးတယ်၊ ဒါပေမယ့် အဲလျော့ကို မြင်ပြီး ဒေါသ သိပ်ဖြစ်နေတော့ ၀တ္ထုဖြစ်မလာဘဲ ယောက်ျားမုန်းဝါဒ ဖြန့်ချိရေးစာတမ်းဖြစ်နေတယ်၊ ဘယ်သူမှ ထုတ်မှာမဟ်ုတ်ဘူး၊ ဘယ် သူမှ ဖတ်မှာ မဟုတ်ဘူး။

နောက်တစ်ပုဒ်က ကိုယ့်ယောက်ျားကိုယ်သတ်ပြီး လူသတ်မှုက လွတ်သွားသည့် မိန်းမတစ်ယောက် အကြောင်း။ သို့သော် ဇာတ်ကို အကွက်လှလှချလို့ မရဘဲ ဖြစ်နေ၏။
" အဆုံးမသတ်နိုင်တာ တော်သေးတာပေါ့၊ မဟုတ်ရင် အဲလ်ဖရက်ဟစ်ခ်ျကော့နဲ့ ပြိုင်နေရဦးမယ် "ဟု နာတာလီရှားကို ဂျိန်းက ရယ်သွမ်းသွေးပြီး ပြောပြသည်။

ရံခါတွင်တော့ ဂျိန်းသည် " ရှင်နဲ့ကျွန်မ " တုန်းကလို ရေးလို့မရသည့်အတွက် ကိုယ့်ကိုယ်ကိုယ် အပြစ်ပုံချ သည်။
" ငါက ဒုတိယအကြိမ်က ပထမအကြိမ်ထက် ပို ကောင်းရမယ်လို့ စွဲလန်းနေတယ်၊ " ရှင်နဲ့ကျွန်မ" က အရမ်းကောင်းနေတော့ သူ့ကို သာအောင် ငါ ဘယ်တတ်နိုင်မလဲ "ဟု ၀ီလ်မာကို ပြောပြသည်။
ရံခါတွင်လည်း စာရေးလို့ မရခြင်းအတွက် အဲလျော့ကို အပြစ်ပုံချသည်။
" အဲဒါ သူ့ကြောင့်၊ ကိုယ့်မှာ ရှိသမျှ အားလုံး သူညှစ်ယူသွားတာ၊ သူနဲ့ ဖိုက်နေရတာနဲ့ ရှိသမျှ အားအင်တွေ ကိုယ့်မှာ ကုန်ခန်းသွားတာ "ဟု အယ်လီကို ပြောပြသည်။
" ဒါပေမယ့် " ရှင်နဲ့ကျွန်မ"ကိုတော့ သူ့ကြောင့် မင်းရေးဖြစ်တာလေ "
ဟု အယ်လီက ပြန်ဖော်ပေးတော့။
" တော်ပါပြီကွာ၊ အဲဒီအကြောင်းတွေ ပြန်ပြောမနေပါနဲ့ "

စာရေးလို့ မရခြင်းမှာ ငွေရေးကြေးရေး စိုးရိမ်စိတ်များကြောင့် ဖြစ်သည်ဟုလည်း ဂျိန်းထင်၏။ အဲလျော့ကို အဆမတန်ပေးပြီး ကွာရှင်းခဲ့ရခြင်းကြောင့် ဂျိန်းတွင် ရှိသမျှ ကုန်သလောက် ဖြစ်သွား၏။
၁၉၇၆ ခုနှစ်သို့ ရောက်သောအခါ ဂျိန်းတွင် ဖြူခါ ပြာခါ ကျနေပြီ။ စာအုပ်အသစ်တစ်အုပ် မရေးနိုင်လျှင်၊ ရေးဖို့ ဇာတ်လမ်းပေးပြီး ကြိုတင်ငွေ မရလျှင် မိမိအလွန်မတန် နေသားကျနေပြီဖြစ်သော မိုးပျံတိုက်ခန်းကြီး ကိုသော်လည်းကောင်း၊ ကမ်းခြေက အပန်းဖြေအိမ်ကိုသော်လည်းကောင်း တစ်ခုခုကို ရောင်းရတော့မည်။
မျက်နှာ အောက်ချပြီး ဂလင်ဆင်ကလဲယားဆီကို အလုပ်ပြန်တောင်းရတော့မှာလား၊ သည်လို တွေးမိလျှင် ဂျိန်းတစ်ယောက် ရူးချင်သလိုလို ဖြစ်သွားသည်။

" ဒါလောက် စိတ်သောက ရောက်နေမှတော့ ဘယ်မှာ စာရေးနိုင်တော့မှာလဲ၊ ဘယ်လိုလုပ်ပြီး ခေါင်းထဲမှာ ရသ ကွန့်မြူးတော့မှာလဲ " ဟု ဟန့်ကို ရင်ဖွင့်တော့ဟန့်က
" မင်း လင်ကီနဲ့ တိုင်ပင်ကြည့်ပါလား၊ သူ အကူအညီပေးချင် ပေးနိုင်မှာပေါ့ " ဟု အကြံပေးသည်။

" ရှင်နဲ့ကျွန်မ" ထက်သာအောင် ရေးနိုင်ရမယ်ဆိုတာကြီးက ဂျိန်း ရင်ထဲမှာ ချလို့ မရဘူး၊ ရယ်စရာ ကောင်း မှန်းသိပါတယ်၊ သိသိကြီးနဲ့ ဂျိန်း တယူသန်နေတာ၊ ရေးလို့ မရခြင်းရဲ့ အကြောင်းရင်းက အဲဒါပဲ၊ ဘာလုပ် လုပ် အကောင်းဆုံး ဖြစ်ရမယ်ဆိုတဲ့ လောဘက ခက်နေတာ၊ အဲဒီလိုဖြစ်မလာရင်လည်း ဂျိန်း ရူးမှာ "ဟု လင်ကီကို ဖွင့်တိုင်ပင်သည်။
" ကိုယ် နားလည်တယ် ဂျိန်း လင်ကီလည်း အဲဒီအတိုင်းပဲလေ "
" ရှင်နဲ့ကျွန်မ အဲဒီလို ဖြစ်မလာရင်ဂျိန်းအခုလိုဖြစ်မှာ မဟုတ်ဘူး၊ အောင်မြင်မှုကြောင့် ခုလို ဖြစ်ရတာ၊ ဂျိန်း အိမ်ထောင်ပျက်တာလည်း အောင်မြင်မှုကြောင့်ပဲ၊ နောက်တစ်အုပ် ရေးမရတာ ဒါကြောင့်ပဲ၊ ဂျိန်းတော့ သွား ပြီ ထင်တယ် "
" အောင်မြင်မှုကြောင့် ကျဆုံးရတယ်၊ ဟုတ်လား "
လင်ကီ ထပ်မေးတော့ ဂျိန်း ခေါင်းညိတ်သည်။

" ဟုတ်တယ်လေ၊ အောင်မြင်မှုရတော့ ငွေတွေ၊ ဂုဏ်တွေ၊ ကျော်ကြားမှုတွေ၊ စုဝေးရောက်လာရော၊ အဲဒါ တွေက အကောင်းဘက်က ကြည့်လို့ရသလို အနိဋ္ဌာရုံဘက်ကလည်း ကြည့်လို့ရတယ်၊ ဂျိန်း ကိုယ်တွေ့ပြောတာနော်၊ ဂျိန်းရဲ့ အချိန် တစ်ဝက်လောက်က ဒါတွေဟာ ငါနဲ့ မတန်ဘူး၊ ငါ ဒါလောက်မရ သင့်ဘူး၊ ညာပြီး ယူသလို ဖြစ်နေတယ်ဆိုတာမျိုး အမြဲတမ်း တွေးနေတယ်။ ကျန်တစ်ဝက်ကတော့ ဒါ ဘုရားသခင်ပေးတဲ့ဆုပဲ။ ငါ တော်လို့၊ ငါတတ်လို့ပေါ့လေ။ ဂျိန်းစိတ်က အဲဒီလို တက်လိုက် ကျလိုက်ဖြစ်နေ တယ်။ လောဘကြီးတတ်လာတာကိုတော့ အဲလျော့ကို အပြစ်မတင်ချင်တော့ဘူး၊ မင်းကော ကိုယ့်ကို ဘ၀င် မြင့်တယ်လို့ မထင်မိဘူးလား လင်ကီ "
" ဒါက မင်းတစ်ယောက်တည်း ဖြစ်တာ မဟုတ်ဘူး ဂျိန်းရဲ့၊ နိုင်ငံကျော် ရုပ်ရှင် မင်းသား မင်းသမီးတွေ၊ နိုင်ငံရေးသမားတွေ၊ အားလုံးဖြစ်နေကြတာပါ။ သူတို့ကိုယ်သူတို့ မိုးပေါ်က ပြန်မကျတော့ဘူး ထင်ပြီး ကျ မယ့်ကျတော့ အ၀ီစိအထိ ဆင်းသွားကြတာတွေ ပြည့်လို့ "

" လင်ကီ ကိုယ့်ကို ဝေဖန်စမ်းပါကွာ၊ အဲလျော့ မပါဘဲ ကိုယ့်ဘ၀ကိုယ် လျှောက်မယ်ပြောနေတာ၊ ဟုတ်ပါ့ မလားဟင်၊ ဂျိန်း ၀န်မခံပေမယ့် ဂျိန်းတစ်ယောက်တည်းဆို မလွယ်ဘူးဆိုတာ သိတယ်၊ သူနဲ့ ကွာလိုက်တာ မှားတယ် ထင်တယ်၊ ဂျိန်း အပြစ် ဂျိန်း လုပ်တာတွေက သူ မခံနိုင်လောက်စရာတွေချည်းပဲ "
" မင်းက အဲဒီလို ဖြစ်စေချင်နေတာကိုး၊ မင်း ပြောတဲ့အောင်မြင်မှုရဲ့ အဆိုးပိုင်းလေ "
လင်ကီက ဂျိန်းနှင့် မတူပေ။ အောင်မြင်မှုကို ကျေနပ်သည်။ ဂျိန်းလောက် ဟိုးလေးတကျော်မဖြစ်သော အောင်မြင်မှုမျိုးကို လင်ကီ ရသော်လည်း ဂျိန်းလို အာရုံ မထွေပြား၊ လင်ကီ၏ ဘ၀သည် လူသိရှင်ကြားခြင်း မရှိ။ အောင်မြင်မှုကို တစ်ဆင့်ပြီး တစ်ဆင့် တဖြည်းဖြည်း ရယူခဲ့ခြင်းဖြစ်သည်။ တစ်ထစ်ပြီးတစ်ထစ် လှမ်း တက်ခဲ့ခြင်းဖြစ်သည်။

" ကိုယ် နာမည်တော့ ရပြီ၊ နောက်ရေးမယ့် ၀တ္ထုကို " သူပုန်မ "လို့ ပေးမယ်"
ဂျိန်းက ခေါင်းထဲ ၀င်လာသဖြင့် ဗြုန်းစားကြီး ကောက်ကာငင်ကာ ပြောသည်။
" ဘယ့်နှယ်လဲ လင်ကီ၊ "ရှင်နဲ့ ကျွန်မ" လောက် လှုပ်ရဲ့လား "
" နိမ့်တယ်၊ နိမ့်တယ်၊ ဆက်လုပ် ဂျိန်း "

ဝတ္ထုသစ်ကို ဂျိန်း စကိုင်ပြီ။ သုံးပတ်အတွင်း ဇာတ်လမ်းအကျဉ်း ငါးခန်းရေးပြီးသွားသည်။ တစ်နေ့လျှင် ဆယ့်လေးနာရီ စာရေးစားပွဲတွင် ထိုင်သည်။
" ကိုယ်အရမ်း လက်တွေ့နေပြီ၊ အောင်မြင်မှုဆိုတာ ဆက်တိုက်ယူလို့ရတဲ့ အကြောင်း လူတွေ သိစေရမယ်" ဟု ၀ီလ်မာကို အားရပါးရ ပြောပြသည်။
" ရှင်နဲ့ကျွန်မ" ထက် ပိုလေးနက်တယ်၊ စာရေးလို့ မရတာကို၊ အဲလျော့ကို ချည်း အပြစ်ပုံချနေခဲ့တယ်၊ တကယ်က ကိုယ့်အားကိုယ်ကိုးရမှာ "ဟု အယ်လီ့ကို ၀န်ခံသည်။
ထုံးစံအတိုင်းပင်။ ဂျိန်းက တကယ်လုပ်ပြီးဆိုတော့လည်း မနားမနေ စိတ်ပါလက်ပါ လုပ်တော့၏။ " သူပုန်မ " ကို ဂျိန်း ကိုယ်တိုင် ချစ်နေပြီ။
" ကိုယ့် မင်းသမီးကို ကိုယ်က စမချစ်ရင် ဘယ် ချစ်မလဲနော်၊ သူ့ကို ဖန်ဆင်းရမျာက ကိုယ်လေ "ဟု နက်တာလီကို ဂျိန်းက ပြောပြသည်။

ဂျိန်းက ရေးပြီးသမျှ အခန်းတွေကို ဟန့်ဆီ ပို့ပေးသည်။
ဟန့်က အငမ်းမရ စောင့်ဖတ်သည်။
" မင်း စွံပြန်ပြီ ဂျိန်း "
ဟန့်က ဇာတ်လမ်းအကျဉ်း ဖတ်ပြီး ၀မ်းသာအားရ ပြောသည်။
" လင်ကီ့ကိုလည်း ဖတ်ခိုင်းရဦးမယ် "
" သူ့ကို ဘယ်တော့ ဖတ်ခိုင်းမှာလဲဟင် "
လင်ကီနှင့် ဟန့်သည် အနီးစပ်ဆုံး လူသားနှစ်ဦးဖြစ်သည်။ သို့သော် သူတို့ ခတ်လှမ်းလှမ်းတွင်သာ နေကြ သည်။

" လင်ကီလည်း အရမ်းကြိုက်မှာ "
" ဟန့်ကိုရော သူ ခုထိ မကြိုက်သေးဘူးလား "
" အဲဒါတော့ မမေးနဲ့ ဂျိန်း၊ အားလုံးကို စည်းရုံးလို့ရတယ်၊ လင်ကီကိုတော့ ကိုယ် မနိုင်ဘူး၊ သူက ကိုယ့်ဆိုရင် အမြဲတမ်း ခါချနေတုန်းပဲ "
" လင်ကီ ရူးနေလား မသိဘူး၊ ဟန့်လိုလူ သူ ဘယ်မှာ သွားရှာမလဲ၊ ဟန့်က အတည်တကျ နေချင်တယ်၊ သူ့ကို စိတ်ရှည်လက်ရှည် စောင့်နေတယ် "
" ကိုယ့်ကို တဆိတ် ကူညီပါ ဂျိန်း၊ အဲဒါကို သူ နားလည်အောင် ပြောပေးစမ်းပါ "

အခန်း (၇၇)
လင်ကီ

ဟန့်၏ အခန်းထဲတွင် လင်ကီက ဘာပစ္စည်းမှ ချန်ထားလေ့ မရှိ။ ဘာအ၀တ်အစားမှ မထား၊ မိတ်ကပ်၊ ရေမွှေး၊ ဘီး ကအစ ပြန်သယ်သည်။ သော့တစ်ချောင်းယူထားဖို့လည်း ငြင်းသည်။ လင်ကီ ပြန်သွားလျှင် ဟန့်၏ အခန်း ထဲတွင် ဘာသဲလွန်စမှ မကျန်ခဲ့။
အစောကြီး ထပြန်လေ့ရှိပြီး ကိုယ့်အခန်းကိုယ်ပြန်ရောက်မှ အလုပ်သွားဖို့ ပြင်သည်။ စာတိုက်ပုံး ဖွင့်သည်။
" လင်ကီ့အတွက် အလုပ်က ပထမပဲ၊ ဟန့်က ဒုတိယလေ၊ အဲဒီအတွက် သဘောမကျဘူး မဟုတ်လား "
" သွားပွတ်တံတစ်ချောင်းလောက်တော့ ထားဖို့သင့်တာပေါ့ကွာ၊ အဲဒီအတွက် အိပ်ရေး၀၀ ပိုအိပ်ရတာ ပေါ့"
" လင်ကီ အစောကြီးထတာ အကျင့်ဖြစ်နေပါပြီ "

ဟန့်က လက်ထပ်ဖို့ ပြောတိုင်း လင်ကီ ပယ်ချဆဲ။
" လက်ထပ်တယ်ဆိုတာ ကွဲဖို့လုပ်တာနဲ့ အတူတူပါပဲ"ဟု ပြောပြီး အိမ်ထောင်ငါးခုမှာ သုံးခုက ကွဲကြသည့် အဖြစ်ကို လင်ကီက အထောက်အထားနှင့်ပြသည်။
သည်တော့ လင်ကီ့ကို ဟန့်က လာဘ်ထိုးဖို့ ကြိုးစားသည်။ တိုက်ခန်းတစ်ခန်းဝယ်ပေးမည်။ ဘဏ်စာရင်း တစ်ခု ဖွင့်ပေးမည်။ မာစီးဒီးတစ်စိး ၀ယ်ပေးမည်။ မြွေပါရေသားမွေးအင်္ကျီဝယ်ပေးမည်။ ကနက်တီကတ်မှ ကက်ပရီကြား၊ ကြိုက်တဲ့နေရာပြော၊ အပန်းဖြေ အိမ်တစ်ဆောင် ဆောက်ပေးမည်။ စသည် စသည်။
လင်ကီက တစ်ခုမှ လက်မခံ။ အားလုံး ပယ်ချသည်။
" ကျွန်မက ပိုင်းလုံးမှ မဟုတ်တာ၊ အဲဒါတွေ အားလုံးလိုချင်ရင် ကိုယ့်ဟာကိုယ် အချိန်မရွေး ၀ယ်နိုင်သားပဲ"

လင်ကီ့ ရည်မှန်းချက်တွေကို ဟန့် သဘောကျသည်။
" တို့ လက်ထပ်ဖြစ်ရင် ခုနှစ်ဆယ်ပြည့်နှစ်ရဲ့ ကာလယ်ယာဘုသ်နဲ့ ဟင်နရီလုစ်"
ဖြစ်မျာ သေချာတယ် "ဟု ဟန့်က နိမိတ်ဖတ်သည်။
" ရှင်ပဲ ပြောခဲ့တယ်လေ၊ ဘယ်တော့မှ လက်မထပ်ဘူးဆို၊ ရှင်က အောက်တန်းကျပြီး ကျွန်မက အရမ်း အထက်တန်း ဆန်တယ်ဆို "
" အဲဒါက ဟိုတုန်းက ပြောခဲ့တာပဲ၊ ခု ကိုယ်ပြောင်းလဲနေပြီလေ "
" ဒါပေမယ့် ကျွန်မက မပြောင်းလဲဘူးလေ "

လင်ကီတစ်ယောက် ကလေးရူးရူးနေသည်ကို ဟန့်သတိထားမိသည်။ အယ်လီ့ ကလေးတွေကိုရော ပီတာ နောက်အိမ်ထောင်နှင့်ရသည့် ကလေးတွေကိုပါ လှည့်ပြီး ဒေါ်ဒေါ်လေး လုပ်နေသည်။ လက်ဆောင်ပစ္စည်း တွေ ၀ယ်ပေးသည်။ ကလေးတွေ ခေါ်ပြီး ပျော်ပွဲစားထွက်သည်။ ဟိုတုန်းက ကလေးမယူမိတာ မှားလေခြင်း ဟု နောင်တပင် ရနေသေးသည် ဆို၏။
" ကိုယ်တို့ လက်ထပ်လိုက်ရင် ဒီကိစ္စ ပြေလည်သွားမှာပေါ့" ဟု ဟန့်က အကြံပြုပြန်၏။
" ဟာ မဟုတ်တာ၊ လင်ကီ အသက်ကြီးသွားပြီ"
" မင်း ခုမှ သုံးဆယ့်ငါးပဲရှိသေးတယ်လေ၊ မင်းကို မင်းအမေ မွေးတော့ သုံးဆယ့်နှစ်နှစ် မဟုတ်လား "
" ဟုတ်တယ်၊ လင်ကီက တစ်ဦးတည်းသောသမီးလေ၊ ဘယ်တော့မှ လင်ကီ တစ်ယောက်တည်း မမွေးချင်ဘူး၊ တစ်ကောင်ကြွက်ဘ၀ ဘယ်လောက်ဆိုးတယ်ဆိုတာ သိပြီးသားလေ "

လက်ထပ်ဖို့ ကိစ္စကို ဟန့်က ဇွဲမလျော့။ လင်ကီကလည်း ပယ်ချမြဲ။
" ဟန့်နဲ့ လင်ကီ လက်ထပ်ရင် ပြန်ကွဲမှာပဲ၊ ဧရာမသတ္တ၀ါနှစ်ကောင် အတူနေလို့ မဖြစ်ပါဘူး "
" စမ်းတော့ စမ်းကြည့်သင့်တာပေါ့ "
" မစမ်းချင်တော့ပါဘူး၊ ဟန့်က တစ်ခါ လင်ကီ့ကို မောင်းထုတ်ပြီးပြီ၊ အဲဒါမျိုး ထပ်မဖြစ်ပါဘူးလို့ ဘယ်လို လုပ်ပြီး ယုံရမှာလဲ "
" အဲဒီအတွက် ကိုယ်လည်း ခံစားရတာပဲဆိုတာ မင်းနည်းနည်းလေးမှ မစဉ်းစားမိဘူးလား၊ ကိုယ် မင်းကို ချစ်တယ်၊ မင်းကြောင့် ကိုယ့်ဘ၀လမ်းကြောင်း ပြောင်းလဲခဲ့တယ်။ မင်း သိပ်ရက်စက်ပါလား လင်ကီ၊ ကိုယ့် ဘက်က ၀င်ပြီး နည်းနည်းလေးမှ မကြည့်ဘူး "
" မဖြစ်ပါဘူး၊ ခုအတိုင်းနေတာပဲ လင်ကီ ပျော်တယ် "
" ဒါပေမယ့် ကိုယ်မပျော်ဘူး "

ဟန့်က ဇွဲမလျှော့။ လက်ထပ်ဖို့ ထပ်ပူဆာပြန်သည်။ လင်ကီက အားနာပါးနာပင် လက်မခံ၊ ထပ်ငြင်းသည်။ ယောက်ျားကို မှီခိုရသည့်အဖြစ်မျိုးကို လင်ကီ အရောက်မခံတော့။
ရင်းနှီးမြှုပ်နှံမှု အကြံပေးအဖြစ် အမျိုးသမီးတစ်ယောက်ကို ငှားပြီး ငွေရေး ကြေးရေးကိစ္စ လွှဲထားလိုက် သည်။ ဆံပင်ညှပ်ဖို့လည်း မိန်းကလေးတစ်ယောက်ကို ငှားထားလိုက်သည်။
ဥတ္တရကြယ်တွင် အခါအခွင့်သင့်တိုင်း မိန်းကလေးတွေကို ရာထူးပေးသည်။ ထက်သည့် မိန်းကလေးတွေ ရှာခန့်သည်။ ယခုတော့ အယ်ဒီတာအဖွဲ့မှာရော၊ ဖြန့်ချိရေးနှင့် အရောင်းဌာနမှာပါ မိန်းကလေးတွေချည်း ဖြစ်နေပြီ။
ဟန့်နှင့် ဂေါ်ဒွန်မှ လွဲပြီး လင်ကီနှင့် ပတ်သက်သည့် ယောက်ျားဆို၍ သူ့အတွင်းရေးမှူး တစ်ယောက်သာ ရှိ၏။ လင်ကီက အတွင်းရေးမှူးကိုတော့ ထူးထူး ဆန်းဆန်း ယောက်ျားလေးတစ်ယောက် ခန့်ထား၏။
" မင်း တစ်ယောက်တည်း အထီးကျန်ဘ၀နဲ့ သွားရမှာ မစိုးရိမ်ဘူးလား "ဟု အယ်လီကမေးသည်။
" ဟင့်အင်း၊ မစိုးရိမ်ပါဘူး၊ ကိုယ်က ဥတစ်လုံးဘ၀ကို အထာကျပြီးသားပဲ " ဟု ပြန်ပြောသည်။

ဟန့်ကို နည်းလမ်းရှာပေးသူမှာ ဂျိန်းဖြစ်သည်။
" ရှင် လုပ်နေပုံက သိပ်တုံးတာပဲ၊ အဲဒီနည်းနဲ့ ဘယ်တော့မှ လင်ကီကို ရမှာ မဟုတ်ဘူး "
" မျှော်လင့်ချက် မရှိတော့ဘူးလားဟင် ဂျိန်း "
" ရှင် လုပ်နေပုံကြောင့် မျှော်လင့်ချက်မရှိတာ၊ ရှင် ညံ့လို့ "
" ကိုယ် ညံ့လို့ ဟုတ်လား "

" လင်ကီ့ဘက်က ကြည့်ရင် ဟုတ်တယ်၊ ရှင်ညံ့လို့၊ သူ့ ရှုထောင့်က မြင်ရတဲ့ ရှင့်ရဲ့ ပုံသဏ္ဍာန်က မှားနေ တယ်"
" ဟာ သေတော့မှာပါပဲ၊ မင်း ဘာတွေ ပြောနေတာလဲ ဂျိန်း၊ ကိုယ်က အောင်မြင်တယ်၊ ချမ်းသာတယ်၊ သူ့ ကိုချစ်တယ်၊ ဒါ့အပြင် သူက ဘာလိုချင်သေးလို့လဲ "
" ဟုတ်တယ်၊ ချမ်းသာတဲ့၊ အောင်မြင်တဲ့ ပုံမျိုးနဲ့ နေလေ ခုရှင် လုပ်နေပုံက လောကမှာ ရှိရှိသမဆ ဒုက္ခတွေကို ရှင်တစ်ယောက်တည်း ခံစားခဲ့ရပုံမျိုး၊ တစ်မြို့လုံးမှာ ဂျူးမိသားစုဆိုလို့ ရှင်တို့ တစ်အိမ်တည်း ရှိခဲ့ပုံ၊ အဖေက ဘယ်လောက် ဆင်းရဲပုံ၊ တက်ချင်တဲ့ ကောလိပ်ကို တက်ခွင့်မရခဲ့ပုံ၊ ဘာညာ ဘာညာတွေ ချည်း လျှောက်ပြောနေတော့ ဘာဖြစ်လာမှာလဲ "
ဟန့် မျက်နှာကြီး ဒေါသကြောင့် နီရဲလာသည်။

" အဲဒါ အမှန်တွေပဲ "
ဟန့်က သူ့ဘက်မှ ကာကွယ်သည်။
" ကိုယ်တို့ မိသားစုဟာ ဂျူးတွေ ဖြစ်လို့ ၀ိုင်းပယ်ခံရတာ အမှန်ပဲ၊ သင်္ဘောဆေးကုမ္ပဏီမှာ ကိုယ့်အဖေဟာ အရာရှိဖြစ်ပါလျက်နဲ့ ဂျူးဖြစ်နေလို့ လခအနည်းဆုံးနဲ့ လုပ်ခဲ့ရတယ်၊ ကိုယ်တက်ချင်တဲ့ ကျောင်းကို မတက်ခဲ့ ရတာလည်း အမှန်ပဲ၊ ပြီးတော့ "
" အမယ်လေး ရေးကြီးခွင်ကျယ်၊ အဲဒါတွေက လွန်ခဲ့တဲ့နှစ်ပေါင်းတစ်ရာလောက်က ဖြစ်ခဲ့တာကို ရှင်က မနေ့တစ်နေ့ကအဖြစ်တွေလို ချေးခြောက်ရေနူးနေတာပဲ "
နယူးယောက်ကို အလည်အပတ် ရောက်လာစဉ်က ဟန့်၏ အဖေနှင့် အမေကို ဂျိန်း တွေ့ဖူးလိုက်သည်။
" ရှင့်ပုံစံကို ပြောင်းလိုက်ရင် လင်ကီ စိတ်ပြောင်းချင်ပြောင်းလာမှာ "

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

Friday, July 1, 2011

တင်မောင်မြင့် ဘာသာပြန် သတင်းမုဆိုး အပိုင်း (၅၃)

အခန်း (၇၄)
အယ်လီ

ဂျိန်း၏ စကားလုံးများနှင့် ကလေးတွေ၏ ဆန္ဒသည် အယ်လီ့အပေါ်ကို လွှမ်းမိုးလျက်ရှိသည်။ နှစ်ရှည်လများ ကြိတ်မှိတ် ထားခဲ့ရသည့် မျိုသိပ်ဒေါသတို့ ဟုဝေးပေါက်ကွဲစပြုလေပြီ။
နှစ်ပေါင်းများစွာ ကိုယ်စွမ်းကိုယ်စ ကိုယ်အားကိုယ့်မာန်တွေကို မျိုချထားခဲ့ရသည့် အယ်လီ။ မယားငယ်က လင် ယောက်ျား ကို ခေါ်ထုတ်သွားပြီး " ပျော်စရာနေ့ဖြစ်ပါစေ " လို့ ပြုံးပြုံးကလေး ဆုတောင်းခံရသည့် အယ်လီ။

ခံနိုင်ရည် မှန်သမျှ ဘာမှမကျန်တော့အောင် ပေါက်ကွဲလေပြီ။
" အယ်လီက သူတော်စဉ် တစ်ယောက်လို နေခဲ့တာကိုး၊ အယ်လီဟာ တကယ်တော့ သိပ်တုံးတာပဲ၊ သူ့ကို စိတ် ကုန်သလို ကိုယ့်ကိုယ်ကိုယ်လည်း စိတ်ပျက်တယ်" ဟု အစ်မလုပ်သူ မာဂရက်ကို ပြောပြသည်။

အိုဝင်သည် " ကလေးဘ၀ " တွင် လုံးဝ ကျဆုံးသွားလေသည်။ ဤသို့ဖြင့် ကြုံရာ ကျဘမ်းဆူလွယ်နပ်လွယ် တီဗွီ ဇာတ်လမ်းတွေ၊ လျှို့ဝှက်သည်းဖိုတွေ ရေးပြီး ပိုက်ဆံ ရှာသည်။ သည်အလုပ်တွေက သူနှင့် မတန်ဘဲ အခြေအနေ အရ လုပ်နေရခြင်းဖြစ်ကြောင်း မကျေမနပ်ပြောသည်။ အသောက်များသွားသည့် ညများတွင် တော့ ထိပ်ဆုံး ရောက်နေသည့် စာရေးဆရာ အားလုံးကို ချဲတတ်၏။
" ရောဘတ်လုဒ်လမ်၊ ဟာရိုးရော်ဘင်၊ အာသာဟေလီ၊ အလကားကောင်တွေ၊ အချိန်မရွေး ကိုယ်ပြိုင်ရေး နိုင်တယ် "
" ဒါဆိုလည်း လုပ်လေ၊ ပြိုင်ရေးပေါ့ "
သို့သော် အိုဝင်သည် လေထဲတွင်သာ ပြိုင်ပွဲ ၀င်နေခြင်းဖြစ်သည်။ လက်ကမပါနိုင်တော့။

သတင်းမဂ္ဂဇင်း၏ တရံရောအခါက လျှမ်းလျှမ်းတောက် သတင်းမုဆိုးသည် အသက်ထောက်လာသည့်အခါ သူ၏ အနုတ်လက္ခဏာများကို မြာလေးများနှင့် ဖြည့်ဆည်းလျက်ရှိသည်။
အိုဝင် ၏ ဘ၀ကျဆုံးလေလေ သူ့ပုံရိပ်သည် ဂျိန်း၏ " ရှင်နဲ့ကျွန်မ" မှ အီဗန်နှင့် တူလေလေ ဖြစ်လာ၏။

အိုဝင် အိမ်မှ ဆင်းသွားပြီး နှစ်ပတ်အကြာတွင် အယ်လီသည် ဘရိန်နျင့် အင်ဂျလာကို ပို၍ ထိန်းရသိမ်းရ ခက် လာ၏။
ဘရိန်သည် ကျောင်းတွင် ရန်ဖြစ်သည်။ အတန်းထဲတွင် သောင်းကျန်းသည်။ ဘောဖျက်နျင့် ဟိုပစ် သည် ပစ် ပစ်သည်။ မင်းဘူးကို အတန်းသား တစ်ယောက်၏ အင်္ကျီပေါ် လောင်းချသည်။ ထိုကလေး၏ ကုတ်အင်္ကျီ အသစ် ကျပ်ချွတ် ၀တ်လာသည့်နေ့။

အတန်းပိုင်ဆရာ၏ ရှေ့တွင် ပြစ်မှု ကျူးလွန်ခြင်းဖြစ်သော်လည်း၊ ဘရိန်က သူ မလုပ်ပါဟု ငြင်းကွယ်သည်။
နောက်ဆုံး တွင် အတန်းပိုင်ဆရာက ကလေးကို စိတ်ပညာဆရာဝန်နှင့် ကုသဖို့ လိုပြီဖြစ်ကြောင်း အယ်လီ့ ကို အကြောင်း ကြားရင်း ဘရိန်ကို သည်အတိုင်း လွှတ်ထားလျှင် ကျောင်းထုတ်ရမည့် အခြေအနေနှင့် မလွှဲ မသွေ ကြုံရတော့မည်ဟု ဆရာက နိမိတ် ဖတ်သည်။

အင်ယလေးက ညည လန့်အော်သည်။ လန့်နိုးပြီးလျှင် ပြန်မအိပ်တော့။ ပြီးလျှင် ငိုလို့ မဆုံးတော့။ အမေ ရုံး သွားချိန်ထိ တစ်ဆက်တည်း ငိုချင် ငိုနေ၏။
မောင်နှမ နှစ်ယောက်စလုံးက အဖေ အဖေ နှင့် တစ်ဖေတည်း ဖေနေကြ၏။ အဖေ ဘယ်သွားနေတာလဲ၊ ဘာလုပ် နေတာလဲဟု တစ်မေးတည်းမေးနေ၏။ သူတို့တွင် ကစားစရာ အဖော်မရှိတော့ဘူး မဟုတ်လား၊ ပုံပြင်တွေ ဖတ်ပြမည့်သူ မရှိတော့ဘူး မဟုတ်လား၊ သည်အတွက် သူတို့ မကျေနပ်။ အဖေ ပျောက်နေသည့် အတွက် သူတို့ အဖြေကို သိချင်လာကြ၏။
" အဖေ က သမီးတို့ ဘယ်မှာနေတယ်ဆိုတာ မေ့သွားပြီ ထင်တယ်နော် "ဟု အငယ်လေးက အမေ့ကို ပြော သည်။
" သမီးတို့ကို တွေ့ရင် သူပြန်လာမှာပါ " ဟုလည်း သူ့ထင်မြင်ချက်ကို ဖော်ထုတ်၏။

" အဖေ ပြန်လာမယ်ဆိုရင် ကျွန်တော် ဘာလုပ်ရ လုပ်ရ လုပ်မယ်၊ ဟိမ၀န္တာ တောင်ကိုတောင် တက်မယ် " ဟု ဘရိန်က ကြွေးကြော်သည်။
" သား တကယ်ပြောတာလား "
အယ်လီက မေးသည်။
" တကယ် ပြောတာ မေမေ "
ဘရိန်က မဆိုင်းမတွ ပြန်ပြော၏။
" သမီးလည်း အတူတူပဲ "
" ကဲ မေမေ ပြောမယ်၊ သားနဲပသမီး ဟိမန္တာတောင်လည်း တက်စရာမလိုဘူး၊ ၂၁ လမ်း သွားရုံပဲ ဆိုရင်ကော"
ဂျနီဖာက ကလေး မချစ်တတ်ဘူး၊ ခေါ်ထားလို့ မဖြစ်သေးပါဘူး ဟု အိုဝင့် ပြောစကားကို သတိရပြီး အယ်လီ လျှပ်တပြတ် စီမံချက် ချလိုက်သည်။

" ခုချက်ချင်း သား ပြေးသွားမှာပေါ့ " ဟု ဘရိန်က ပြောသည်။
အင်ဂျလာကလည်း " သမီးလည်း လိုက်မယ် " ဟု ဆန္ဒပြုသည်။
" အန္တရာယ်ရှိနိုင်တယ်နော်၊ သားသွားရဲပါ့မလား "
" ကျွန်တော် ဘယ်သူ့မှ မကြောက်ဘူး "
အင်ဂျလာက မေးခွန်းထုတ်သည်။
" ဘာအန္တရာယ်မျိုးလည်း မေမေ "
" သိပ်မကြီးကျယ်ပါဘူး သမီးရဲ့၊ ခဏတဖြုတ် ကိစ္စပါ "

" အဲဒါပြီးရင် ဖေဖေ ပြန်လိုက်လာမှာလား "
" မေမေ အတပ်တော့ မပြောနိုင်ဘူး၊ ဒါပေမယ့် ပြန်လာဖို့များပါတယ် "
ဘရိန်က အ၀တ်ဘီဒိုဆီသို့ ပြေးသွားပြီး ဂျာကင်အင်္ကျီယူရင်း
" ကဲ ဒါဆို သွားကြမယ်လေ "
" သမီး ရိန်းဘိုး ယူသွားလို့ ရမလားဟင် "
ရိန်းဘိုးက အင်ဂျလာ အသည်းစွဲအရုပ်။

" သားလည်း စက်သေနတ်ယူသွားမယ်၊ ဖေဖေ့ကို ပြန်ရဖို့ သေနတ်လိုချင်လိုမှာ "
" သား ပြောတာ ဟုတ်တယ်၊ ယူခဲ့ "
ဘရိန်၏ ကစားစရာများတွင် အဆူညံဆုံး ပစ္စည်း။

အယ်လီက ကလေးနှစ်ယောက်ကို တက္ကစီကားထဲ ထိုးထည့်သည်။
" န၀မရိပ်သာ၊ ၂၁ လမ်းကို မောင်း "ပြီးတော့ ဂျနီဖာနှင့် အိုဝင်နေသည့် လိပ်စာကို ယာဉ်မောင်းကို ပြော ပြလိုက်သည်။
" ကျွန်တော်ုတို့ အဖေကို သွားခေါ်မလို့ဗျ "
ဘရိန်က ကားဆရာကို ခပ်ကြွားကြွား လေသံဖြင့် ပြောလိုက်၏။
" သမီးတို့ ဘယ်မှာနေလဲဆိုတာ သူ မေ့နေတယ်။ ဒါပေမယ့် သမီးကို သူမြင်မြင်ချင်း သတိရမှာပါ "ဟု အင်ဂျလာက ယုံယုံကြည်ကြည် ပြော၏။
ကားခရှင်းပေးပြီး ကားပေါ်မှ ဆင်းဆင်းချင်း သားနှင့်သမီးကို အယ်လီ ညွှန်ကြားသည်။

" သေသေချာချာ နားထောင်၊ သားတို့ တစ်ခုခု ဖြစ်ရင် ကြောက်စရာနဲ့ တွေ့ရင် မေမေ့ကို ချက်ချင်း ဖုန်းဆက် သိလား၊ မေမေ ချက်ချင်းရောက်လာမယ်၊ ကြားလား "
တတိယထပ် အခန်းတစ်ခန်းရောက်တော့ အယ်လီက တံခါးဝမှ ခလုတ်ကို နှိပ်လိုက်သည်။ ဂျနီဖာက ထိုည တွင် အထူးစီစဉ်ထားသည့် ညစာဝိုင်းအတွက် လာပို့မည့် ၀ိုင်သမားကို စောင့်နေချိန်ဖြစ်၏။
သားအမိ သုံးယောက်ကို တံခါးဖွင့်ပေးတော့ သူ့ လက်ထဲတွင် ၀ိုင်လာပို့သူကို ပေးဖို့ ဆင့်ငါးဆယ်တန် ငွေစက္ကူကို လက်ထဲ ကိုင်လျက်သား။ ပြုံးပြုံးကလေးနှင့် တံခါးဖွင့်ပေးလိုက်၏။ အယ်လီ့ကို ချက်ချင်း မှတ်မိ သည်။ ဂျနီဖာတစ်ကိုယ်လုံး တောင့်ကနဲ ဖြစ်သွားသည်။

" ရှင် ဘာလာလုပ်တာလဲ "
ဂျနီဖာက စမေးသည်။ အယ်လီက ကလေးနှစ်ယောက်ကို အသာဝင်စေပြီး
" မင်း ငါ့ယောက်ျားကို ယူထားတယ် မဟုတ်လား၊ အဲဒီတော့ သူ့ကလေးတွေကိုပါ မင်း ယူရမယ်လေ "
ဂျနီဖာ ဘာမှ ပြန်မပြောနိုင်ခင် အယ်လီ လှည့်ထွက်လာခဲ့သည်။
ဒုတိယထပ်ရောက်သည်နှင့် ဘရိန်၏ စက်သေနတ်သံကို ကြားရသည်။ တစ်ဆက်တည်းတွင် အင်ဂျလာ၏ ငိုသံနှင့် သူ့အဖေကို အော်ခေါ်သံ ကြားရပြန်၏။ အငယ်မ ငိုလျှင် အကြီးကောင်ပါ လိုက်ငိုတော့မည်မုချ။ ပြီး တော့ ထုံးစံအတိုင်း သောင်းကျန်းမည်။

ထင်သည့်အတိုင်း အယ်လီ လမ်းပေါ် ရောက်သည်နှင့် ဘရိန်၏ အာခေါင်ခြင်အော်သံ ကြားလိုက်၏။
ဂျနီဖာ ရှိမည်ထင်သည့် ပြတင်းပေါက်ဆီကို မော်ကြည့်ပြီး အယ်လီ တိုးတိုးကလေး ပြောလိုက်သည်။
" ပျော်စရာ ညချမ်းကလေး ဖြစ်ပါစေကွယ် "

အယ်လီ အခန်းပြန်ရောက်တော့ တယ်လီဖုန်း မြည်နေသည်။
အိုဝင့်အသံ၊ ဘယ်တုန်းကမှ သူ ဒါလောက် ဒေါသမကြီးဖူးခဲ့။
" ခွေးမ၊ အဲဒါ ဘာလုပ်တာလဲဟင် "
" တော်တော်စဉ်းစားပြီး စီစဉ်ရတာ၊ လွယ်တယ် မထင်နဲ့ "
" ဂျနီဖာ အရမ်း စိတ်ညစ်နေတယ် "

" မယားရှိပြီးသား ယောက်ျားနဲ့ ပတ်သက်ရင် ဒီလောက်တော့ ခံနိုင်ရည် ရှိရမှာပေါ့၊ အိမ်ထောင်သည် ဘ၀ ဘယ်လိုဆိုတာ သိပါစေလေ "
" ဘရိန်က ထိန်းမနိုင် သိမ်းမရ ဖြစ်နေတယ်၊ အငယ်လေးကလည်း ချော့လို့ကို မရဘူး၊ ဂျနီဖာ ရူးချင်သလို လိုဖြစ်နေပြီ၊ ကိုယ်လည်း ဘာလုပ်ရမှန်း မသိတော့ဘူး "
" ဘရိန်ကို အချိုရည်တစ်ပုလင်းလောက် တိုက်လိုက်၊ သူ ရင်အေးရင် ငြိမ်သွားလိမ့်မယ်၊ အငယ်လေးကို ဖက်ပြီး သိပ်လိုက်၊ အငိုတိတ်ပြီး အိပ်သွားမှာပါ၊ အဲ ဂျနီဖာကို ဘာလုပ်ပေးရမယ်ဆိုတာတော့ ကျွန်မ မသိဘူး၊ အဲဒါ ရှင့်ကိစ္စ "
 
အခန်း (၇၅)
အယ်လီ

" ကြိုက်သွားပြီ၊ အရမ်းမိတယ် "
အကျိုးအကြောင်း အစ်မလုပ်သူကို ပြောပြတော့ မာဂရက်က ကောင်းချိးပေးသည်။
" နောက်ဆုံးတော့ နင် တိုက်ပွဲဝင်တတ်လာသားပဲ၊ နင် လုပ်ပုံက အိုဝင့်ကို လူသတ်မှု ကျူးလွန်ထားရက်က လွှတ်ပေးထားသလိုပဲ၊ အမိဖမ်းဖို့ အချိန်တန်ပြီ "
" ကလေးတွေအပေါ် ငါ သိပ်ရက်စက်ရာများ ကျနေမလား "
" မကျပါဘူး၊ စွန့်စားခန်း လုပ်ရလို့ ဘရိန်က ခုလောက်ဆို ပျော်နေရော့မယ်၊ ဟိုကောင်မလက်က သူ့အဖေ ပြန်လုယူတဲ့ ကိစ္စပဲ၊ အငယ်လေးလည်း သဘောကျမှာပါ "

" ဟာ လှတယ်ကွာ၊ ကိုယ် မင်းကို ကြိုက်သွားပြီ အယ်လီ "
ဟု ဂျိန်းကလည်း သြဘာပေးသည်။
" သည်ခွေးသူတောင်းစားကို အဲဒီလို ဆုံးမရမှာ၊ သူ ဘာပြောသေးသလဲ "
" ကိုယ့်ကို ခွေးမတဲ့ "
" ပြီးတော့ကော "
" ဂျနီဖာ အရမ်းစိတ်ညစ်နေပြီတဲ့ " သူ ဘာလုပ်ရမလဲတဲ့ ။
" သူ့ကောင်မနဲ့ ကြည့်နေရင် မင်းကို အဲဒီလို မေးမျာ မဟုတ်ဘူး "

" အဲဒီလိုမျပေါ့ကွ၊ မင်း ပညာပေးပုံကို ကိုယ် အရမ်းသဘောကျတယ် "
လင်ကီကလည်း ထောက်ခံသည်။
" ခြေသုတ်ပုဆိုး ဘ၀မျိုး မဟုတ်ကြောင်း ပြရတော့ ကိုယ်လည်း ပျော်သလိုလိုပဲ "
ဟု အယ်လီက ကျေနပ်စွာ ပြောသည်။
" နောက် ဘာဆက်လုပ်ကြမှာလဲ "
" မသိသေးဘူး၊ အိုဝင်နဲ့ ကိုယ်နဲ့ ညှိုတုန်းပဲ "
နောက်တစ်နေ့ မနက်တွင် အိုဝင် အိမ်ပြန်ရောက်လာသည်။ ဘယ်ဘက်မှ ဘရိန်၏ လက်ကိုဆွဲလျက်၊ ညာ ဘက်တွင် အင်ဂျလာ။

" ဖေဖေ ပြန်လာပြီ မေမေ "
အငယ်လေးက ၀မ်းသာအားရ အော်ပြောသည်။ ဘရိန်က
" သား ဟိုမှာ ပွဲကြမ်းလာခဲ့တယ်၊ ဒါပေမယ့် ခု မဆိုးတော့ဘူးနော် ဖေဖေ "ဟု ဆို၏။
အိုဝင့် မျက်နှာ ဖြူဖတ်ဖြူရော် ဖြစ်နေ၏။ အရမ်းပင်ပန်းနေပုံ။
" ကိုယ်လုပ်တာ မှားသွားတယ် ထင်တယ် "
" ထင်တယ်၊ ဟုတ်လား "
" ဟုတ်ပါတယ်၊ ကိုယ် မကောင်းပါဘူး၊ ကိုယ် အိမ်က ဆင်းမသွားသင့်ဘူး "

" ဆိုလိုတာက အိမ်ပေါ်မှာနေပြီး ဒီအတိုင်း ဆက်ကမြင်းသွားမယ်ပေါ့၊ ဒါမျိုးလား၊ ကျွန်မဘက်က တစ်ခုခု ပြောဖို့ ရှိလိမ့်မယ်လို့ ရှင်မထင်ဘူးလား "
" ဟိုတုန်းက မင်း သိပ်မပြောခဲ့ဘူးလေ "
" အများကြီး ပြောခဲ့ပါတယ်၊ ရှင် နားမထောင်ခဲ့တာ "
" မင်း ဘာမှ ကိုယ့်ကို မလုပ်ခဲ့ဘူး မဟုတ်လား "
" ကျွန်မ ပြောသမျှ အလကားလို့ ပြောချင်တာလား၊ ရှင် ကျွန်မကို ရွှေစိတ်တော် လည်လာဖို့ ကလေးတွေကို ကျွန်မက အမြဲ အသုံးချနေရမှာလား "
အိုဝင်က အနေရ ကျပ်နေပုံဖြင့်
" ဂျနီဖာ အရမ်းစိတ်ပျက်နေတယ်၊ သူ ကလေးတွေနဲ့ ဘယ်လိုမှ မနေတတ်ဘူး၊ သူတို့ မောင်နှမ တစ်ညလုံး သောင်းကျန်းကြတယ်လေ "

" ရှင့် ဂျနီဖာကို ကျွန်မ စိတ်မ၀င်စားပါဘူး၊ ဘရိန် အိမ်မှာ ပစ္စည်းတွေ ခွဲတာ၊ ကျောင်းမှာ ရန်ဖြစ်တာ၊ အငယ်လေး လန့်လန့်နိုးပြီး အော်ငိုတာတွေအတွက်ကော ကျွန်မ စိတ်မပျက်ရဘူးလား "
" မင်းက ကလေးတွေရဲ့ အမေလေ၊ မင်းက သူတို့ကို ဘယ်လို ချော့ရမယ်ဆိုတာ သိတယ် "
" ရှင်ကလည်း အဖေပဲ၊ ဘယ်လိုချော့ရမယ်ဆိုတာ ဘာလို့ မသိရမှာလဲ "
" ကိုယ်တို့ ဘာလုပ်ကြမလဲဟင် "
" မသိဘူးလေ "
" ကလေးတွေကို ပြန်ခေါ်ထားလိုက်ပါကွာ "
" ပြီးတော့ ရှင်က ဘာမှ မဖြစ်သလို ဂျနီဖာဆီ ပြန်သွားမယ်ပေါ့ "

" ကိုယ် သူ့ကို ချစ်နေပြီလေ "
" ကျွန်မ အလှည့်ပြီးသွားပြီပေါ့၊ အဲဒီလိုလား၊ ရှင်ဟာ တခြားယောက်ျားတွေလိုပဲ၊ ဖောက်ပြန်လို့ကောင်းတဲ့ အရွယ်မှာ သောင်းကျန်းတာကို အချစ်လို့ နာမည်ပေးတယ် "
" ဟုတ်တယ်၊ သွေးသားကိစ္စ ဖြစ်မှာပါ၊ မကြာခင် ပြီးသွားမှာပါကွာ "
" ရှင်ပြီးသွားတဲ့အချိန်ကျရင် ကျွန်မအလှည့် ပြန်ရောက်မယ်၊ အဲဒီအချိန်အထိ ကျွန်မက စောင့်၊ အဲဒီလိုလား"
" မင်း ကိုယ့်ကို တစ်ကိုယ်ကောင်းဆန်တယ်လို့ ထင်လားဟင် "
" ဟုတ်တယ်၊ ထင်တယ် "

နောက်တစ်ပတ်အကြာတွင် အယ်လီ ရုံးခန်းသို့ အိုဝင် ပေါက်ချလာသည်။ မျက်တွင်းဟောက်ပက်နှင့် လူမမာရုပ် ပေါက်နေ၏။
" တစ်ပတ်လုံးလုံး ကိုယ် ဟိုတယ်မှာ သွားနေနေတာ၊ မင်းပြောတာတွေ ကိုယ်စဉ်းစားတယ်၊ ဟုတ်တယ် အရွယ်ပိုင်းနဲ့ ဆိုင်မယ်ထင်တယ်၊ ဂျနီဖာနဲ့ကိုယ် ပျော်သလိုလို ဖြစ်ခဲ့တယ် "
" ဖြစ်ခဲ့တယ်၊ ဟုတ်လား၊ ခု သူက ရှင့်ကို ကန်ထုတ်လိုက်ပြီလား "
အယ်လီ မေးခွန်းထုတ်လိုက်သည်။ အိုဝင်ကို ကြည့်ရသည်မှာ တိုက်ပွဲထဲမှ စစ်သားတစ်ယောက်နှင့် တူနေ၏။ မျက်ကွင်းတွေ ညိုနေသည်။ ပိန်လည်း ပိန်သွား၏။ သူ့မျက်နှာပေါ်တွင် အမြဲတွေ့ရသည့် မာန ရိပ်တွေ တစ်ခုမှ မရှိတော့။
အိုဝင်က ခေါင်းယမ်းပြီး။

" ကိုယ်တို့နှစ်ဦးသဘောတူ လမ်းခွဲခဲ့ကြတာပါ၊ သူဟာ တကယ်တော့ ကလေးသာသာပဲ ရှိသေးတာ၊ ဘာမှ နားလည်ဘူး "
" နှစ်ဆယ့်နှစ် နှစ်ဆို၊ ဒါ ကလေးလား "
" အယ်လီ၊ မင်း ကိုယ့်ကို ပြန်လက်ခံနိုင်ပါ့မလားဟင် "
" ဘာလို့ လက်ခံရမှာလဲ "
" ကိုယ် မင်းကို ချစ်ပါတယ် "
" သေလိုက်ပါလား၊ ရှင် ကျွန်မကို ထားခဲ့တယ်၊ ကလေးတွေကိုလည်း ဟင်းရွက်ကန်စွန်းလို လုပ်သွားတယ်၊ ရှင်ဟာ အလကားလူ၊ အသုံးမကျတဲ့လင်၊ တာဝန်မဲ့တဲ့အဖေ "
" ကိုယ်သိပါပြီ အယ်လီ၊ ကိုယ် အဲဒါတွေ အားလုံးအတွက် အလျော်ပေးပါရစေ၊ ကိုယ့်ကိုယ်ကိုယ် ပြုပြင်ပါ့ မယ်၊ စဉ်းစားပါ မိန်းမရယ် "

" နားမလည်ဘူး၊ ရှင် ကျွန်မကို နာကြည်းအောင်လုပ်တယ်၊ ကလေးတွေအပေါ်လည်း မညှမတာ လုပ်တယ်၊ ဒါမျိုး နောက်မလုပ်ပါဘူးလို့ ကျွန်မ ဘယ်လို ယုံရမှာလ"
" ကိုယ် သင်ခန်းစာတွေ အများကြီး ရပါပြီ၊ ကိုယ်တို့ ပြန်ကြိုးစားကြရအောင်ပါနော် "
အယ်လီ ခဏတွေပြီး စဉ်းစားသည်။
အကြင်လင်မယားအဖြစ် ပေါင်းသင်းနေထိုင်လာခဲ့သည်မှာ ဆယ့်ငါးနှစ် နီးပါးရှိခဲ့ပြီ။ သည်အချိန်တွေကို လွှင့်ပစ်သင့်ပါသလား။ သည်လောက်လွယ်လွယ်နှင့် လင်မယားဘ၀ကို ခြေမွပြစ်သင့်ပါသလား၊ အချစ်ဆို သည့် ထိုအရာကို ကတိက၀တ်တွေဖြင့် တုပ်နှောင်ထားလို့ကော ရနိုင်ပါမည်လား။
မဖြစ်နိုင်ဘူး၊ မဖြစ်နိုင်ဘူး။

သူ့ကို ချစ်သလို၊ ချစ်နိုင်မည့် အခြားလူတစ်ယောက်ကိုကော တွေ့နိုင်ဦးမှာလား။ မထင်။ ဂျိန်းကိုကြည့်၊ တစ် ယောက်တည်း။ လင်ကီ့ကို ကြည့်၊ တစ်ယောက်တည်း။
" စည်းကမ်းချက်တော့ ထားရမယ်၊ (၁) ရှင် စာပြန်ရေးရမယ်၊ ရှင် ကောင်းကောင်းရေးနိုင်တယ်ဆိုတာ ရှင် ရော ကျွန်မပါ သိတယ်၊ (၂) ရှင်နဲ့ကျွန်မဟာ မိရိုးဖလာ ထုံးတမ်းစဉ်လာအရ တရားဝင် လက်ထပ်ထားတာ၊ ဂျနီဖာတွေ၊ ဘာဖာတွေ မလိုချင်ဘူး၊ ဘယ်သူနဲ့မှ မကမြင်းရဘူး၊ ဒီတစ်ခါ ရှင်ဖောက်ပြန်ရင် ရှင့်အတွက် နောက်အခွင့်အရေး မရှိတော့ဘူး၊ ရှင်းတယ်နော် အိုဝင် "
အိုဝင် စိတ်သက်သာရသွားသလို ခေါင်းညိတ်သည်။

" မှုခင်းဇာတ်လမ်းတွေ ကိုယ့်ခေါင်းထဲမှာ ငုပ်နေတာ အများကြီး၊ ဟန့်နဲ့ တိုင်ပင်ပြီး ရေးပါမယ်"
" ကောင်းတာပေါ့၊ နောက်တော့ကော "
" မင်းပြောတာ မှန်ပါတယ်၊ ကိုယ်က မိသားဖသားပီပီ မင်းကို လက်ထပ်ယူထားတာပဲ၊ နောက် ကိုယ် မရှုပ် တော့ပါဘူး "
သူတကယ်စိတ်သက်သာရာ ရသွားပုံကို ကြည့်ပြီး အယ်လီ အံ့သြနေ၏။ သူလာပြီး မနမ်းပါ။ ရုပ်ရှင်ထဲကလို တစ်ယောက် ရင်ခွင်ထဲသို့ တစ်ယောက် ပြေးဝင်ပြီး ပွေ့ဖက်ခြင်းမျိုးလည်း မလုပ်ကြပါ။
အိုဝင် က သူ ကတိက၀က် တည်ဖို့၊ ထိန်းဖို့ပဲ အာရုံပြုလျက်ရှိပြီး အယ်လီကမူ ခါးသီးနာကြည်းမှုတွေကို မေ့ ပျောက်ချေဖျက်နိုင်ကောင်းပါရဲ့ဟု တွေးနေ၏။
ပျော်စရာ ဇာတ်သိမ်းခန်းသည် ရုပ်ရှင်ထဲတွင်သာ ကြည့်လို့ကောင်းသည့် မြင်ကွင်းမျိုး ဖြစ်ပါသည်။ အပြင်လောကတွင်မူ သည်မျှ လွယ်လွယ်ကူကူ မဖြစ်နိုင်ပါချေ။

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

Thursday, June 30, 2011

တင်မောင်မြင့် ဘာသာပြန် သတင်းမုဆိုး အပိုင်း (၅၂)

အခန်း (၇၂)
လင်ကီ

၁၉၇၆ ခုနှစ်သည် နှစ်ဆယ်ရာစုထဲသို့ တိုးဝင်နေသည့်နှစ် ဖြစ်သည်။ " ချာလီ၏ နတ်သမီးကလေးများ"တွင် ဖာရာဖောက်နာမည်ကျော်သွားသည့် နှစ်လည်းဖြစ်၏။ ရုပ်သံ ဇာတ်လမ်းတွင် လင်ဒါကာတာ စူပါမင်းသမီး ဖြစ် သွား သည့် နှစ်လည်းဖြစ်၏။ ပြီးတော့ ဖေးဒွန်းနဝေး။
လင်ကီသည် စူပါ မင်းသမီးတစ်ယောက် မဟုတ်ပေ။ ကြယ်တစ်ပွင့်လည်း မဟုတ်ပေ။ သို့သော် သူအလုပ် တွင် သူ အဟုတ် အောင်မြင်နေသည့် မိန်းကလေးဖြစ်၏။
" လုပ်သမျှ ဖြစ်ရမည်ဆိုတဲ့ ဇွဲရှိတယ်။ နောက်ဆုံးတော့ ဖြစ်လာတာပဲ"ဟု အယ်လီကို ပြောပြသည်။ ငယ်ငယ်ကတည်းက မိဘတွေ ဂုဏ်ယူလောက်အောင် လုပ်ပြမည်ဟူသည့် အစွဲရှိခဲ့ဖူးသည်ကို ပြန် သတိရ နေ၏။

လူတွေက လင်ကီကို အလုပ်ကို ဘိန်းစွဲသလို စွဲနေတယ်လို့ ပြောကြတယ်။ ခုတော့ အဲဒီလို မပြောကြတော့ ဘူး၊ အတုယူလောက်တဲ့ စံပြမယ်တဲ့လေ" ဟု ဂျိန်းကို ပြောပြသည်။
ဂျိန်းရှ်နှင့် ဇာတ်လမ်းဆုံးပြီးကတည်းက ယောက်ျားတွေကို လင်ကီ ရှောင်သည်။ ဟန့်နှင့် ပြန်တွဲဖြစ်သော် လည်း တစ်ယောက်တည်း ဆက်နေပြီး အလုပ်သည် ပထမ၊ အလုပ်သည် ဒုတိယဟုပင် သဘောထားသည်။

သည်အကြောင်း ဟန့်ကို ထုတ်ပြောတော့
" တော်ပါပြီ၊ မင်းအကြောင်း မင်းထက် ကိုယ် ပိုသိတာပေါ့၊ အမြဲသိနေတယ်၊ နောင်လည်း သိနေမယ်" ဟု ပြန်ပြော၏။
" ရှင်နဲ့ကျွန်မ" ထွက်ပြီးနောက် ဥတ္တရကြယ်မှ ရောင်းအစွံဆုံးစာအုပ်တွေ ဆက်တိုက်ထုတ်နိုင်ခဲ့၏။ လင်ကီ သည် စာမူကို ကိုယ်တိုင်ရှာ၊ ကိုယ်တိုင်ရွေး၊ ကိုယ်တိုင်တည်းဖြတ်ကာ ဥတ္တရကြယ်သည် သူ့လက် သူ့ခြေ ချည်းဖြစ်နေ၏။
လင်ကီက ခေတ် အခြေအနေကို ကြည့်ပြီး စာအုပ် ထုတ်သည်။ ဗေဒင် စာအုပ်၊ နက္ခတ်စာအုပ်က စစွံသည်။

စာရေးဆရာမ ကတ်သလင်း ဒိုရင်းနှင့်နေ့လယ်က စားရင်း လင်ကီ ဆွေးနွေးသည်။
" နှစ်ဆယ်ရာစု နှစ်ကုန်ဖို့ တဖြည်းဖြည်း နီးလာနေပြီ။ နှစ်ဆယ်ရာစု နောက်ခံနဲ့ ၀တ္ထုတစ်ပုဒ် ထုတ်ချင် တယ်၊ အမျိုးသမီး ဇာတ်လိုက် သုံးယောက်ပါမယ်၊ ခေတ်သုံးခေတ်ပါမယ်။ ၁၇၇၆ ခုနှစ်က တစ်ပိုင်း၊ ၁၈၇၆ ခုနှစ်က တစ်ပိုင်း၊ နောက်ဆုံးအပိုင်းက ၁၉၇၆ ပေါ့၊ ပထမပိုင်း မင်းသမီးက တော်လှန်ရေးကာလရဲ့ သမီးပျို ပေါ့၊ ဒုတိယ က နာမည်ကျော်စံပြမယ်၊ တတိယကတော့ ကက်သလင်း ရေးနေကျ ဒီနေ့ခေတ် အမျိုးသမီးပေါ့၊ ဘယ်လိုလဲ စိတ်ဝင်စားရဲ့လား "
" စိတ်ဝင်စားပါတယ် လင်ကီရဲ့ ကိုယ်လည်း ဇာတ်အိမ်ကျယ်ကျယ် ရေးချင်နေတာနဲ့ အတော်ပဲ "
သတ်သတ်လွတ်စားသည့် စာရေးဆရာမက ဆက်ပြောသေးသည်။

" ကိုယ် သတိထားမိတာ တစ်ခုရှိတယ်၊ စာအုပ်အထူကြီးတွေက ပါးပါးကလေးတွေထက် ရောင်းကောင်း နေတယ်"
လင်ကီနှင့် ကက်သရင်း ဇာတ်ကောင်တွေ၊ ဇာတ်ကွက်တွေအကြောင်း ဆွေးနွေးကြသည်။ ဇာတ်အိမ်ကအစ အသေးစိတ် တိုင်ပင်ကြသည်။ စာအုပ်ကို " အမေရိကန် အမျိုးသမီးများ" ဟု ရိုးရိုးကလေး နာမည်ပေး လိုက်သည်။

ကက်သလင်း ရေးသမျှ စာအုပ်များထဲတွင် အရောင်းရဆုံးဖြစ်သွား၏။ ဟန့်က ရုပ်သံကုမ္ပဏီတစ်ခုသို့ ဇာတ် လမ်းတွဲ ရိုက်ဖို့ စပ်ရောင်းပေးသည်။
" လင်ကီကိုပါ ပိုက်ဆံခွဲပေးဖို့ ကောင်းတယ်၊ အဲဒါ အားလုံး သူ့ခေါင်းထဲက ထွက်လာတာတွေချည်းပဲ" ဟု ကက်သလင်း က သူ့အေးဂျင်ဖြစ်သူ ဟန့်ကို ပြောပြသည်။

လင်ကီသည် ကြီးကျယ်ခမ်းနားပြီး ထူးထွေ ဆန်းပြားသည့် အချစ်ဝတ္ထုတွေ ထုတ်သည်။ စီအိုင်အေ လူထွက် ဇာတ်ကောင်များ ပါသည့် သူ့လျှိုဝတ္ထုတွေ ထုတ်သည်။ စိတ်ပညာစာအုပ်တွေ၊ ၀ိုင်အရက်အကြောင်းတွေ၊ ထမင်းဟင်းချက်နည်း စာအုပ်တွေပါ ထုတ်သည်။
ထွက်သမျှလိုလို ရောင်းအစွံဆုံး စာရင်းဝင်သွားသည်ချည်း။

" မင်းကို ဥတ္တရကြယ်ရဲ့ ဥက္ကဌ ရာထူးကို ပေးတော့မယ်၊ မင်းရသင့်ပြီ၊ လုပ်ငန်းအတွက်လည်း ပိုပြီး ခန့်ခန့် ထည်ထည် ဖြစ်သွားမယ်" ဟု ပြောပြီးပြီ ဂေါ်ဒွန်ကချယ်ယာမင် ရာထူး ယူလိုက်သည်။
အချိန်မှာ ၁၉၇၆ ခုနှစ်ဖြစ်၏။
ဤသို့ဖြင့် လင်ကီဒက်စမွန်သည် အမေရိကန်နိုင်ငံတွင် လက်ချိုးရေတွက်၍ ရသော အမျိုးသမီး ဥက္ကဌရာထူးကို ရရှိသွားလေသည်။
အမျိုးသမီး မဂ္ဂဇင်းများ၊ ဂျာနယ်များက လင်ကီ့အကြောင်း အလုအယက် သတင်းယူပြီး ရေးကြ၏။ တိုင်းမ်စ် မဂ္ဂဇင်းက မျက်နျာဖုံးသတင်းနေရာပေး၏။ နယူးယောက် တိုင်းမ်နှင့် ပြည်သူ့ဂျာနယ်တို့ကလည်း ဆောင်းပါး တွေ ဝေေ၀ဆာဆာ ရေးကြ၏။

စာရေးဆရာတိုင်း သတင်းသမားတိုင်းက အမျိုးသမီးများအကြောင်း ခံတွင်းတွေ့နေကြချိန်၊ လုပ်ငန်းခွင်မှ အမျိုးသမီး များ အကြောင်း ရေးကြ၏။ ရာထူးကြီးများ ရနေသည့် မိန်းကလေးများအကြောင်း ရေးကြ၏။ အောင်မြင် နေသည့် အမျိုးသမီးများအကြောင်း ရေးကြ၏။ သူတို့အားလုံး လင်ကီနှင့် တွေ့ဖို့ အလုအယက် ကြိုးစားကြ၏။
" စာရေးဆရာတွေ ဆရာမတွေ နာမည်ကြီးသလောက် လင်ကီနာမည်ကြီးသွားပြီ" ဟု အယ်လီက ၀မ်းသာ အားရ ပြောသည်။
လင်ကီနှင့် အင်တာဗျူးဖို့ စာတွေ ၀င်လာမစဲ ဖြစ်နေပြီ။

" ကိုယ်သာ ဂျူးမ တစ်ယောက်ဖြစ်ရင် ဒါမှမဟ်ုတ် မဟူရာမကလေးဖြစ်နေရင် ဒါမှမဟုတ် မိန်းမလျာဆိုရင် ဒါထက်တောင် လူတွေ စိတ်ဝင်စားဦးမယ် "
ဟု လင်ကီက ရယ်စရာလုပ်ပစ်သည်။
အယ်လီက သူနှင့် လိုက်မရယ်ဘဲ အတည်ဆက်ပြော၏။
" မင်း လက်ထပ်ပြီး ဘ၀ကို အခြေပြန်ချမှ ပိုစိတ်ဝင်စားဖို့ ကောင်းမှာ "
" အင်း အစီအစဉ်တော့ ရှိသလိုလိုပဲ၊ ဒါပေမယ့် ဒီအတိုင်းပဲ ကောင်းပါတယ် အယ်လီရယ် "
လင်ကီက အလန်ဂိုးလ်မတ်၊ အက်ဂါဆင်တာဒန်နှင့် ဂျိုးရှ်ဘတ်တာဖီးလ်တို့ အကြောင်းတွေးမိပြီး ယောက်ျားတွေကိုလည်း စိတ်ကုန်၊ ကိုယ့်ကိုကိုယ်လည်း စိတ်ပျက်လျက်ရှိသည်။ နောက်ဆုံး သည်ကိစ္စမျိုး တွေ မစဉ်းစားတော့ဘဲ အလုပ်ထဲတွင် နှစ်ထားလိုက်ခြင်းဖြစ်၏။ ထို့ကြောင့်လည်း ဆက်တိုက် အောင်မြင်ခဲ့ ခြင်းဖြစ်လေသည်။

" ဘယ်တော့မှ ယောက်ျားမယူတော့ဘူး၊ မင်းရော "
ခါးသီးနာကြည်းစွာဖြင့် အဲလျော့နှင့် ကွဲပြီးနောက် ဂျိန်းက လင်ကီ့ကို မေးခြင်းဖြစ်၏။
" ဟင့်အင်း တစ်ခါသေဖူးပြီပဲ၊ အမျိုးသမီးတွေက လွတ်လပ်ပြီး ယောက်ျားတွေက အနှောင်အဖွဲ့နဲ့ဖြစ်နေတာ ဂျိန်းရဲ့၊ သူတို့ ဘာတွေ ပြောနေပြောနေ သူတို့က အိမ်ထောင်ဘက်အဖြစ်ကျတော့ ရိုးရိုးအိမ်ရှင်မတွေကိုပဲ လိုချင်ကြတာ၊ ကိုယ်တွေ့ဖူးသမျှထဲမှာ တစ်ဝက် လောက်က ကိုယ့်ကို လန့်ကြတယ်၊ ကျန်တစ်ဝက်က ကိုယ့်ကို အပြိုင်လို့ သဘောထားကြတယ် "
" လင်ကီပြောတာ၊ ဂျိန်းနားလည်တယ်၊ တွေ့လိုက်ရင် ဟုတ်မလိုလိုနဲ့ နောက်ကျတော့ သူတို့က ဂျိန်းထက် ပို ချမ်းသာ ကြောင်း ပြဖို့ လိုအပ်သလိုလို၊ ဘာလိုလိုနဲ့ ပြီးတော့ မဟုတ်ရင် ခြေမကိုင်မိ လက်မကိုင်မိနဲ့ လစ်ရော" ဟု ဂျိန်းက အတွေ့အကြုံဖလှယ်သည်။

" လင်ကီ အောင်မြင်တာကို ကြည့်ချင်တယ်လို့ ပြောဖော်ရတာ တစ်ယောက်တော့ရှိတယ် ဂျိန်း၊ ဟန့်လေ "

လင်ကီသည် တဖြည်းဖြည်းနှင့် စာအုပ်လောက အ၀န်းအ၀ိုင်း၏ ပြင်ပသို့ပင် ထွက်ကာ စွန့်စားခန်းများ ဖွင့် သေးသည်။ ဘက်ကီရီးစ်ကို ငွေထုတ်ချေးပြီး စားသောက်ကုန် လုပ်ငန်းတစ်ခု တည်ထောင်စေသည်။
မိမိ အရှိန်အ၀ါကို သုံးပြီး ကော်ရယ်ဝင်စတိန်းကို " ချမ့်အယ်လီစီ" ရေမွှေးကုမ္ပဏီကြီးတွင် ဥက္ကဌ ရာထူးရ အောင် လုပ်ပေးသည်။ အယ်လီကိုလည်း ဥတ္တရကြယ် ဒုတိယဥက္ကဌ ဖြစ်အောင် တွန်းတင်ပေးသေးသည်။

" ဒုတိယ ဥက္ကဌ ဟုတ်လား "
အယ်လီက မယုံသလို လင်ကီ့ကို ပြန်မေးနေသည်။ အယ်လီက သိပ်မမျှော်မှန်းတော့။ ခုတလော အလုပ် ထဲတွင် အာရုံစိုက်လို့ သိပ်မရချင်။ အိုဝင်နှင့် အမြဲ တိုက်ပွဲဆင်နေရသည်။ မဟုတ်လား။ သူတို့ အိမ် ထောင်ရေးကလည်း ခပ်လှုပ်လှုပ်။

အိုဝင်၏ တာဝန်မဲ့မှု၊ သစ္စာမဲ့မှုတွေကို အယ်လီ ခါးသီးစွာ မုန်းတီးစ ပြုလာပြီ။ တစ်ဖက်တွင် အယ်လီ အောင်မြင်နေသည်ကိုလည်း အိုဝင် လုံးဝ မရှုဆိတ်ဖြစ်နေ၏။
" အင်း အိုဝင် ဘာပြောမလဲ မသိဘူး " ဟု အယ်လီက မရေမရာ ပြောတော့ လင်ကီက
" ဂုဏ်ယူပါတယ်၊ မိန်းမရယ်လို့ ပြောမှာပေါ့ကွာ " ဟု နှစ်သိမ့်သည်။

ဆေးစက်ကျရာ အရုပ်ထင်နေသော်လည်း လင်ကီက တင်းတိမ်ခြင်းမရှိ။ ရှေ့ဆက်လောဘကြီးဆဲ။ စာအုပ် တစ်အုပ် ရောင်းအစွံဆုံး စာရင်းဝင်သွားရင် ထိုစာရင်းဝင် အပေါ်သို့ တစ်ဆင့်တက်ရန် ထပ်ကြိုးစား၏။ စာရင်းထဲတွင် ခြောက်ပတ်ကြာ ၀င်လျှင် ခုနစ်ပတ် ခံအောင် ကြိုးစား၏။ နံပါတ်တစ်သို့ ရောက်လျှင်လည်း တစ်မှ အောက်သို့ ပြန်မဆင်းအောင် ကြိုးစား၏။ ပြီးတော့ တစ်ခု အောင်မြင်နေရုံဖြင့် ဘယ်တော့မှ ရပ်မနေ။ နောက်တစ်ခုကို ဆက်စဉ်းစားနေမည်သာ။

" မင်းဟာက လောဘကြီးလှချေလားကွာ "
ဟု ပီတာက သတိပေးသည်။ သို့သော် သူ ဂုဏ်ယူနေ၏။ တစ်ပြိုင်တည်းတွင် လမ်းခွဲဖြစ်သည့်အတွက်လည်း မှန်သည် ထင်နေသည်။ လင်ကီသည် ဥတ္တရကြယ်နှင့် သူ့လုပ်ငန်းတာဝန်မှ လွဲ၍ ဘာခံစားမှုမှ မရှိတော့ဟု ပီတာ ထင်၏။ သူ ရယ်တာ ပြုံးတာလည်း ပီတာ မတွေ့သည်မှာ ကြာပြီ။

" လောဘကြီးတာက ကောင်းသောကြီးခြင်းပဲ " ဟု လင်ကီက ချေပသည်။ လင်ကီသည် အကျိုးရှိသော အောင်မြင်မှုကို ရယူလိုခြင်းဖြစ်၏။ သို့သော် ဂျိန်းလို အောင်မြင်မှု၏ သားကောင် မဖြစ်ဖို့တော့ အမြဲ သတိရှိ သည်။ ပြီးတော့ သွားရမည့် လမ်းကြောင်းပေါ်မှ ဆူးညှောင့်ခလုတ်များကိုလည်း အမြဲရှောင်ရှားတတ်လေ သည်။
ဟန့်ကလည်း လင်ကီ့ကို ကြည့်ပြီး ပီတာ့လိုပင် ချီးကျူးစကားဆိုသည်။

" မင်းဟာ အောင်မြင်မှုရော၊ အမြတ်အစွန်းရော၊ တစ်ပြိုင်တည်း ရအောင် လုပ်နိုင်တဲ့ စာအုပ်လောကရဲ့ နတ်သမီးကလေးပဲ "
" လုပ်စရာတွေ ရှိသေးတယ်၊ စံချိန်တစ်ခုတင်ပြီးတိုင်း နောက်တစ်ခု ထပ်ချိုးဖို့ ရှိနေတယ်လေ" ဟု လင်ကီက ပြန်ပြောသည်။
" ဒါပေါ့၊ မင်းရှေ့ဆက်ကြိုးစားရဦးမှာပေါ့၊ ဘာဘရာဝေါလ်တာက တစ်နှစ်ကို ဒေါ်လာတစ်သန်း ၀င်တယ်တဲ့ "ဟု ဟန့်က ပြောတော့
" လင်ကီက ဘယ်သူနဲ့မှ မယှဉ်ပါဘူး "
" ကိုယ်ကတော့ယှဉ်တယ်၊ ဘယ်တော့မှ မလျှော့ဘူး၊ ဘယ်တော့မှ အရှုံးမပေးဘူး မင်းအနားက ဘယ်တော့မှ ထွက် မသွားဘူး" ဟု ဟန့်က ဆိုသည်။
 
အခန်း (၇၃)
အယ်လီ

အလုပ်ထဲတွင် တစ်ထစ် တက်တိုင်း အိမ်တွင်းရေးတွင် တစ်ထစ် ဆင်းနေရ၏။ လင်ကီက ဒုတိယ ဥက္ကဋ္ဌ ရာထူး ရအောင် လုပ်ပေးတော့ အိုဝင်က လင်ကီပြောသည့် အတိုင်း ဂုဏ်ယူပါသည်။ သို့သော် တစ်ပြိုင်တည်းတွင် အယ်လီအား အရေးမပါသည့် အလကား အလုပ်ထဲတွင် ဘ၀ကို နစ်မွန်းခံနေသည်ဟု လည်း စွပ်စွဲ၏။
" လင်ကီကတော့ အဲဒီလို မထင်ဘူး၊ ဂေါ်ဒွန်ကလည်း မထင်ဘူး "
" အလကား အလုပ်ပါ၊ မင်းအရည်အချင်းနဲ့ မတန်ပါဘူး "

" ဒါဖြင့် အယ်လီ ဘာလုပ်ရမှာလဲ၊ ပါမင်းနိုက်မှာ တစ်ပတ်ဒေါ်လာ တစ်ရာ့ငါးဆယ်နဲ့ ကဗျာစာအုပ်ကြော် ငြာတွေ လုပ်ပေးရမှာလား "
" ဘာပဲဖြစ်ဖြစ် ခေါင်းမော့ထားနိုင်တဲ့ အလုပ်မျိုး လုပ်သင့်တာပေါ့ "
" ခု အယ်လီ ခေါင်းငုံ့ထားရလို့လား၊ နေပါဦး ဘယ်တုန်းက စပြီး ရှင် အယ်လီကို မကျေနပ်နေတာလဲ "
တစ်ဖက်တွင် အယ်လီ အောင်မြင်လာလေ၊ သူက အပြင်မှာ ပိုရှုပ်လေလေ ဖြစ်နေကြောင်း အယ်လီသိသည်။

" မကျေနပ်လို့ ပြောတာ မဟုတ်ဘူး၊ မင်း အချိန်တွေ အလကား ကုန်နေတာ ကိုယ်မကြည့်ချင်လို့ ပြောတာ ပါ"
" ရှင် မြီးကောင်ပေါက်ကလေးတွေနဲ့ အချိန်ကုန်နေတာကျတော့ကော ကျွန်မက ကြည့်ချင်နေတယ် ထင်လား "
" ဒီအကြောင်း စဦးမလို့လား "
" ကျွန်မ စိတ်ကုန်လာပြီ အိုဝင် "
" အဲဒါက တို့အိမ်ထောင်ရေးနဲ့ ဘာဆိုင်တာမှတ်လို့ "
" ရှင်က ကျွန်မအလုပ်နဲ့ ကျွန်မ မတန်ဘူး ပြောတယ်၊ ရှင် ကောင်မလေးတွေနဲ့ ရှင်နဲ့ကျတော့ တန်တယ်ပေါ့၊ ဟုတ်လား "
" ဒါတွေက ကစားစရာတွေပါကွာ "
" ရှင်ဟာ ယောက်ျားပြည့်တန်ဆာပဲ "

အယ်လီက ပြောပြီး ကလေးတွေကို ညစာကျွေးဖို့ မီးဖိုဆောင်ဘက်သို့ထွက်ခဲ့သည်။ အိုဝင် အပြင်မှာ ရှုပ်သည့်ကိစ္စသည် အယ်လီတစ်ယောက်တည်းကိုသာ ထိ ခိုက်သည် မဟုတ်ဘဲ နှစ်ယောက်စလုံးကို ရောင်ပြန်ဟပ်လာသည်။ ၁၉၇၅ ခုနှစ်တွင် အိုဝင်က အယ်လီကို စွပ်စွဲသည်။
" မင်းကိုယ့်ကို စိတ်မပါတော့ဘူး မဟုတ်လား "
" ဘယ်လိုလုပ်ပြီး စိတ်ပါတော့မှာလဲ၊ ရှင်က တွေ့ကရာ မိန်းမနဲ့ ဖြစ်မှမော့ "
" ဘာဆိုင်လဲကွ၊ မင်းက ကိုယ့်မိန်းမပဲ "
" ဒါဆို ရှင် လင်ယောက်ျားတစ်ယောက်လို နေပါလား "
" ယောက်ျားဆိုတာ အပြောင်းအလဲကလေးတွေတော့ လုပ်ချင်ကြတာချည်းပဲ "

" မိန်းမတွေကျတော့ မလုပ်ရဘူးပေါ့ ဟုတ်လား "
" မင်း ကိုယ့်ကို ခြိမ်းခြောက်နေတာလား၊ ဇာတ်လမ်းတစ်ပုဒ် စမလို့လား "
" ရှင့်ကို ခြိမ်းခြောက်တာလည်း မဟုတ်ဘူး၊ ဇာတ်လမ်းလည်းမရှိဘူး၊ ဒါပေမယ့် ရှင် ကျွန်မ အနားမကပ်နဲ့ "

အယ်လီ ဒုတိယ ဥက္ကဌရာထူးရပြီး တစ်လအကြာတွင် အိုဝင်က ချစ်သူတွေ့ပါပြီဟု အယ်လီ့ကို ထုတ်ပြော သည်။ သည်တစ်ခါ အတည်ဖြစ်ပြီဟုလည်း ဆိုသည်။
" သူ့နာမည်က ဂျနီဖာတဲ့ "
အိုဝင်က ကောင်မလေး၏ နာမည်ပါ ပြောသည်။
" ဘာဆန်းလဲ၊ ခုခေတ်ကောင်မလေးတွေ အားလုံး ဂျနီဖာချည်းပဲ "
" ပြပွဲတစ်ခုမှာ တွေ့တာ "
" သူက ဘာလုပ်လဲ၊ ကော်ဖီဆိုင်ကလား "
" မဟုတ်ဘူး၊ အတွင်းရေးမှူး "
" ဟုတ်လား၊ အနိမ့်စားပဲ၊ အသက်ဘယ်လောက် ရှိပြီလဲ၊ အသက်တော့ ပြည့်ပါတယ်နော် "

" နှစ်ဆယ့်နှစ်နှစ် "
အိုဝင်က လေးဆယ့်ငါးထဲ ၀င်နေပြီ။
" ဟင် သိပ်မငယ်တော့ပါလား "
" မင်း ဘာကြီးထင်ထင်၊ ကိုယ့်အစီအစဉ်တွေ ပြောင်းမယ်တော့ မထင်နဲ့ "
" ဘာ အစီအစဉ်တွေ များပါလိမ့် "
" ကိုယ် ဒီအိမ်ကဆင်းတော့မယ်၊ ဂျနီဖာနဲ့ သွားနေမယ် "
နောက်တစ်နေ့ စနေနေ့တွင် သူ့အချစ်သစ်ကလေးနှင့် အိုဝင် ရောက်လာသည်။ ကောင်မလေးနာမည်က ဂျနီဖာ ချဒ်ဆင်တဲ့။ ဆံပင်ကုတ်ဝဲနှင့် မျက်လုံးပြူးပြူး၊ အသားအရေက ၀ါဝါ၀င်းဝင်း။ အင်း သူ အသားကလေး ချောမွေ့သလို စိတ်ထား ချောမွေ့ပါ့မလားဟု အယ်လီ တွေးနေ၏။

" ညီမရေ ကိုယ့်ကို ကူပါဦးကွာ "
ရှက်ရွံ့ရွံ့ ဖြစ်နေပုံရသော်လည်း အပေါ်စီးရထားဟန်ဖြင့် အိုဝင့်ကို ကူညီထုပ်ပိုးသည်။ ဘယ်ဟာတွေထည့်၊ ဘယ်ဟာတွေ ထားခဲ့ဟု အိုဝင်က ညွှန်ကြား၏။
အယ်လီက ဘာမှ မပြော၊ မြင်ကွင်းကို လက်ပိုက်ကြည့်နေ၏။
ထုပ်ပိုးပြီးစီးသည်နှင့် အိုဝင်သည် ဆံတိုကုပ်ဝဲမကလေးနောက်သို့ ကောက်ကောက်ပါသွားလေတော့၏။
ကောင်မလေးက အယ်လီကို နှုတ်ဆက်သွားသေးသည်။
အသံသေးသေးကလေးဖြင့်
" ပျော်စရာနေ့ဖြစ်ပါစေနော်" တဲ့ ။
သူတို့ထွက်သည်နှင့် အယ်လီက တံခါးကို တအားဆောင့်ပိတ်လိုက်သည်။ နံရံမှ ဓာတ်ပုံတွေ လှုပ်ခါသွား၏။

အသံဗလံများကြောင့် အင်ဂျလာ နိုးလာသည်။ အဖေ ထွက်သွားသည်ကို ရိပ်ကနဲ လှမ်းမြင်လိုက်၏။
" ဖေဖေ ဘယ်သွားတာလဲ မေမေ "
" ကိစ္စရှိလို့ အပြင်သွားတာ "
အံကြိတ်ထားရင် အယ်လီ ပြောလိုက်ခြင်းဖြစ်၏။ စိတ်ဆိုးလွန်းသဖြင့် မနည်းအားယူပြောရသည်။

သမီးငယ်က အမေ့စကားကို မယုံသလို ပုံမျိုးဖြင့်
" သမီး လိုက်သွားမယ်နော် "
" ဟာ အပြင်မှာ မှောင်နေပြီလေ "
မီးဖိုထဲတွင် မုန့်စားနေသည့် သား ဘရိန်ကလည်း တံခါး ဆောင့်ပိတ်သံ ကြားသဖြင့် ရှေ့ထွက်လာသည်။

" ဖေဖေ စိတ်ဆိုးသွားလားဟင် မေမေ "
" အင် နည်းနည်း စိတ်တိုင်းမကျဖြစ်သွားတာ ထင်တယ် "
" ပြန်လာရင် သားချော့လိုက်ပ့ါမယ်" ဟု ဘရိန်က ပြောသည်။ အင်ဂျလာကလည်း " သမီးလည်း ၀ိုင်းချော့မယ်" ဟုဆိုသည်။ ခြောက်နှစ်သားအရွယ် သားငယ် ဘရိန်က ဖအေတူ၊ တစ်ကိုယ်ကောင်းဆန် ဆန်၊ ကစားစရာဆိုလျှင် ဒုံးပျံတွေ စက်သေနတ်တွေမှ။ အင်ဂျလာက အယ်လီ အမေနှင့် သွားတူသည်။ လေးနှစ်သမီးအရွယ်တွင် လှချင် ပချင်နေပြီ။ အ၀တ်အစားရွေးတတ်နေပြီ။ မကြိုက်သည့် အင်္ကျီကို ဘယ်တော့မှ မ၀တ်။ ပြီးတော့ အလွန်မတန် သေသေသပ်သပ် နေတတ်သည်။ သူ့အခန်းထဲတွင် ရှုပ်ပွနေလျှင် စားလည်း မစား၊ အိပ်လည်း မအိပ်။ အားလုံး စီစီညီညီ သိမ်းဆည်းပေးမှ ကြိုက်သည်။
သားကိုရော သမီးကိုပါ အယ်လီ ချစ်ပါသည်။

" ကလေးတွေနဲ့ ပတ်သက်လို့တော့ အောင်မြင်တဲ့ အမေဖြစ်လာပါ့မလား မသိဘူး " ဟု လင်ကီ့ကို အယ်လီ ထုတ်ပြောဖူးသည်။
ပထမနှင့် ဒုတိယ အိမ်ထောင်တို့မှ ရသည့် ကလေးများကို အိုဝင် လုံးဝ သံယောဇဉ် မရှိ။ ဘရိန်နှင့် အင်ဂျလာ ကိုတော့ အံ့သြစရာ ကောင်းလောက်အောင် သူ ချစ်သည်။ အနွံနာခံသည်။
ဘရိန်ကလေး ၀က်သက်ပေါက်တုန်းက အိုဝင်တစ်ညလုံး ထိုင်စောင့်ပေးသည်။ ပုံပြင်တွေ ပြောပြီး ချော့ချော့ မော့မော့ ဆေးတိုက်သည်။ အင်ဂျလာကလေး ကစားရင်း လက်ကျိုးတုန်းကလည်း အိမ်မှာ အယ်လီ မရှိ၊ သူပဲ ဆေးရုံသို့ ပွေ့ပြီး ပြေးသည်။

" ကိုယ့် သားနဲ့ သမီး ဘာမှမဖြစ်စေရဘူး၊ ကိုယ်အသက်နဲ့လဲပြီး ကာကွယ်မယ် " ဟု အယ်လီ့ကို ပြောဖူး သည်။
အိုဝင် အိမ်မှ ဆင်းသွားပြီး တစ်ပတ်အကြာတွင် အယ်လီ ပြန်ခေါ်သည်။
" ကလေးတွေကို သိပ်ချစ်တယ်ဆို၊ ပြန်လာခဲ့ပါလား "
" ကိုယ်သူတို့ကို အောက်မေ့ပါတယ် "
" ဟုတ်လား၊ ဒါတောင် တစ်ခါမှ လာမကြည့်ဘူးနော်၊ သူတို့ကလေးတွေ သိပ်စိတ်အားငယ်နေတယ်၊ အဖေ့ကို တမေးတည်း မေးနေတယ်၊ သူတို့ ဘာမှ နားမလည်ဘူးလေ၊ ဘာဖြစ်မှန်းလည်း မသိဘူး၊ ဘာ ကြောင့် ပျောက်သွားမှန်းလည်း မသိဘူး "

အဖေ ပျောက်သွားကတည်းက ဘရိန်က သောင်းကျန်းလာသည်။ ဧရာမ ဒုံးပျံကြီးကို ရိုက်ချိုးပစ်သည်။ အဖေ့ ကော်ဖီပန်းကန်ကို ကိုင်ပေါက်ခွဲသည်။ ပျားရည် ပုလင်းကို အဖေ့လက်နှိပ်စက်ထဲ လောင်းချသည်။ အငယ်မက အစ်ကို့ သံယောင်လိုက်ပြီး ဂျီတိုက်သည်။
" ဖေဖေ ဘယ်မှာလဲ၊ ဖေဖေ့ကိုခေါ်ပေး၊ သမီးတို့ကို ဖေဖေ စိတ်ဆိုးသွားတာ "
ညညဆိုလည်း မအိပ်ဘူး။ ထထ ငိုသည်။ မအေ ချော့လည်း မရ၊ အငယ်မငိုတော့ အကြီးကောင်က လိုက်ငို သည်။

ကလေးတွေ ဖြစ်နေပုံကို အယ်လီက အိုဝင်အား ပြောပြတော့ ပထမ ဘာမှ မပြောဘဲ ငြိမ်နားထောင်နေသည်။ ပြီးမှ အနေရအထိုင်ရ ကျပ်နေသည့် လေသံဖြင့်
" ဂျနီဖာက ကလေးမချစ်တတ်ဘူး၊ ခေါ်ထားလို့ မဖြစ်ဘူး" ဟု ၀န်ခံသည်။
အိုဝင်တစ်ယောက် အိမ်မှ ဆင်းသွားပြီး ဂျနီဖာဆိုသူ ကောင်မလေးတစ်ယောက်နှင့် သွားနေသည်။ ကြာတော့ ဂျိန်းက အယ်လီအတွက် ရင်ထဲ ပေါ့သွားသည်။ အယ်လီတစ်ယောက် ၀ဋ်ကျွတ်သွားပြီပေါ့။
" ကောင်းတာပေါ့၊ ဒါလောက် တစ်ကိုယ်ကောင်းဆန်တဲ့ သူတောင်းစား၊ သွားပစေ" ဟု ဂျိန်းက ဒိုးဒိုးဒေါက်ဒေါက် ပြောသည်။

" သူ တစ်ကိုယ်ကောင်းသမားမှန်း အယ်လီ သိပါတယ်၊ ဂျိန်းရယ် ဒါပေမယ့် ကလေးတွေကိုကကို သူ့ကိုပဲ အောက်မေ့နေတယ် "
" ဒါဆိုလဲ သူ့ကို ဒေါသဖြစ်နေလိုက်ပေါ့၊ ဒါမှ မင်း သက်သာမှာ၊ မင်းက သိပ်ပျော့တာကိုး၊ သူလိုလူမျိုးကို အလျော့မပေးရဘူး "
" ဂျိန်းက သတ္တိရှိတယ်၊ အယ်လီက အသည်းငယ်တယ်လေ၊ သူ့ကို နာကြည်းပေမယ့် သူပြန်လာရင် အယ်လီ ချက်ချင်း လက်ခံမိမှာပဲ "
" ရုတ်တရက်တော့ ပြန်လာမှာ မဟုတ်ဘူး ထင်တယ် "
" ဟုတ်တယ် ဂျိန်း၊ အယ်လီလည်း မထင်ဘူး "
အယ်လီက ဖြစ်ကြောင်းကုန်စင်မှာ သူ့အပြစ်ပါဟု သူ့ကိုယ်သူ အပြစ်ဖို့နေလို့ ဂျိန်းက နှစ်သိမ့်ရသေးသည်။

" ယောက်ျားဖြစ်ကြောင်းကုန်စင်မှာ သူ့အပြစ်ပါဟု သူ့ကိုယ်သူ အပြစ်ဖို့နေလို့ ဂျိန်းက နှစ်သိမ့်ရသေးသည်။
" ယောက်ျားတွေဟာ မိန်းမတွေ တစ်ဖက်မှာ အောင်မြင်လာရင် သူတို့မခံနိုင်ကြဘူး "
ဂျိန်းက လင်ကီနှင့် တစ်လေတည်း ထွက်လာသည်။
" မင်း ပထမ ရာထူးကြီးကြီး ရတော့ အိုဝင် စဖောက်တယ်လေ၊ မင်း ဒုဥက္ကဌဖြစ်တော့ အိမ်ပေါ်က ဆင်းသွားရော မဟုတ်လား "
ဂျိန်းက ချက်ကျလက်ကျ ထောက်ပြသည်။

" ဟုတ်တယ်နော်၊ အယ်လီက ချိန်ကို မှတ်မထားမိလို့၊ ဒါပေမယ့် ကိုယ့် အမေအောင်မြင်တာကိုတော့ အဖေက သဘောကျတယ် ဂျိန်း "
" ဒါကတော့ မင်း အဖေကိုယ်တိုင် အောင်မြင်နေတာကိုး အယ်လီရဲ့၊ အိုဝင်က အဲဒီလို မဟုတ်ဘူးလေ၊ နောက်ပိုင်း ရုပ်သံ ဇာတ်ညွှန်းတွေနဲ့ အပေါစား ၀တ္ထုတွေရေးပြီး ရပ်တည်ရတဲ့ ဘ၀ကို သူ့ကိုယ်သူ သိမ်ငယ် လာလေလေ မင်းအပေါ်မှာ ကြိတ်ပြီး အနိုင်ကျင့်လေ လုပ်တာ "
" ဒါဆို အယ်လီ ဘာလုပ်ရမလဲ၊ ဒီအလုပ်က ထွက်ပြီး သူများ အတွင်းရေးမှူး ပြန်လုပ်ရမှာလား "
ဂျိန်းပြောတာ မှန်တယ်ဟု တွေးမိပြီး ပြန်မေးလိုက်ခြင်းဖြစ်၏။ မိမိက အတွင်းရေးမှူးဘ၀ဖြင့် ဆက်နေလျှင် ကော အိုဝင်က အောင်မြင်မှာလား။ သည်လိုပင် အယ်လီယုံကြည်ချင်ပါ၏။ သို့သော် လက်တွေ့တွင် ဖြစ်လာဖို့ မလွယ်ပါ။

" ဟာ ဘယ်ကလာ၊ မင်းအဲဒီ သူတောင်းစားကို မပြတ်နိုင်ရင် ပြန်ခေါ်၊ ရအောင်ပြန်ခေါ်၊ အတင်း တရွတ်ဆွဲ ခေါ်"
ဘရိန်နှင့် အင်ဂျလာကလည်း ဂျိန်းနှင့် တစ်သဘောတည်း ရှိကြသည်။
" ဖေဖေ ဘယ်တော့ ပြန်လာမှာလဲ၊ သွားပြီး အတင်းဆွဲခေါ်မယ်လေ "ဟု အမေ့ကို ခဏခဏ ပူဆာနေကြ၏။

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

Wednesday, June 29, 2011

တင်မောင်မြင့် ဘာသာပြန် သတင်းမုဆိုး အပိုင်း (၅၁)

အခန်း(၇၁)
အဲလျော့

ဂျိန်း၏ ၁၅ မိနစ်သည် ၁၉၇၅ ခုနှစ်ကုန်လို့ ၁၉၇၆ ခုနှစ်ထဲအထိ မကုန်ဆုံးသေးပေ။ သူ စိတ်ဓာတ်က တက် လိုက်ကျလိုက် ဖြစ်နေဆဲ။
အဲလျော့ကိုမူ လူတွေက မစ္စတာဂရက်ခ်ျဟု ပြောင်လှောင်စပြုလာသည်။ အဲလျော့သည် သူ့ဘ၀သူ စိတ် ပျက်လာ၏။ ဂျိန်းကို ဆရာဝန်လိုလည်း ပြုစုရ၏။ ကလေးထိန်းလိုလည်း စောင့်ရှောက်ရ၏။ စာရင်းကိုင်လည်း လုပ်ပေးရ၏။ ရှေ့နေအဖြစ်လည်း ဆောင်ရွက်ပေးရ၏။ တယ်လီဖုန်း အော်ပရေတာလည်း လုပ်ပေးရ၏။ သူ့စာတိုက်ပုံးကိုလည်း ကြီးကြပ်ပေးရသေး၏။
" ကိုယ် မင်းယောက်ျား ပြန်လုပ်ပါရစေလား " ဆိုတော့ " ဘယ်သူက ရှင့်ကို တားထားလို့လဲ "ဟု ပြန်ပက် သည်။

" မင်းက တားနေလို့ပေါ့၊ မင်းကို ထိန်းရတာ ကိုယ် စိတ်ကုန်လာပြီ ဂျိန်း "
၁၈၇၅ ခုနှစ်။ နှစ်လယ်ပိုင်းတွင် အဲလျော့ ပြောခြင်းဖြစ်သည်။
" မင်း လူကြီးဖြစ်ဖို့ ကောင်းပြီ၊ ကိုယ်ဘာသာကိုယ် ရပ်တည်ဖို့ ကောင်းပြီ။ မင်းဟာ လိုချင်တာကို ရအောင် ယူတတ်တဲ့ မိန်းမပဲ၊ အဲသည်လောက် တော်ခဲ့တာပဲ "
" ရှင်က နာမည်ကြီး မိန်းမကို လိုချင်တယ်၊ ခု ရနေပြီလေ၊ ဘာလဲ အဲဒီနာမည်ကြီးတာကြီးက အင်ကြီး ဖြစ် နေလို့လား "
စိတ်ကုဆရာဝန်တစ်ယောက်နဲ့ ပြကြည့်ဖို့ အဲလျော့ အကြံပေးတော့ ဂျိန်းက လက်မခံ။ သူရူးနေတာ မဟုတ်ဘူးတဲ့၊ အောင်မြင်နေတာတဲ့။

" စိတ်ကုဆရာဝန်လိုတာက ဂျိန်း မဟုတ်ဘူး၊ ရှင် "
ဒေါက်တာ ရှနိုက်ဒါဆီကို မကြာခဏ အဲလျော့ သွားနေခြင်းကို ဂျိန်းရွဲ့ပြီး ပြောခြင်းဖြစ်၏။
အဲလျော့က ဂျိန်းကို အလုပ်ကိစ္စ၊ ၀င်လာသည့် စာတွေ ဖတ်ဖို့အတွက် အတွင်းရေးမှူးတစ်ယောက် ငှာဖို့ ပြောတာကိုလည်း ဂျိန်း လက်မခံ။
" အဲဒီလောက် အကုန်မခံနိုင်ပါဘူး "
စာရင်းကိုင်ဆီမှာ ဒေါ်လာနှစ် ငွေတောင်းခံလွှာ တက်လာသည်။ စိတ်ညစ်နေရသည့်အထဲ သူက တစ်မျိုး။ လွန်ခဲ့သည့် မကြာသေးခင် အချိန်ကဆို ဒေါ်လာ နှစ်ထောင်သည် ဂျိန်းအတွက် လပေါင်းများစွာ သုံးနိုင်သည့် ငွေဖြစ်၏။

" အဲလျော့၏ ကြိုးစားအားထုတ်မှုမှန်သမျှ တစ်ခုမှ အရာမထင်ဘဲ ဂျိန်း၏ အောင်မြင်မှု လှိုင်းလုံးကြီးများထဲ တွင် နစ်မြှုပ်ပျောက်သွားကြသည်သာ။
"ရှင်နဲပကျွန်မ" ၏ ၀င်ငွေတွေသည် သူတို့နျစ်ယောက်၏ လင်မယားဘ၀ကို ၀ါးမျိုပစ်လိုက်ဘိသို့ရှိ၏။ ပြောရ သည် စကားဝိုင်းတိုင်းတွင်ကလည်း ဂျိန်း၏အကြောင်း၊ ဂျိန်း၏ အလုပ်ကိစ္စ၊ " ရှင်နဲ့ကျွန်မ"၏ နိုင်ငံခြားပုံနှိပ် ခွင့်၊ ရုပ်ရှင်ရိုက်ခွင့်၊ အင်တာဗျူးခွင့် တောင်းခြင်း၊ စသည်တို့သာလျှင်ဖြစ်၏။

အဲလျော့ကို ပြည်နယ် ပညာရေးကော်မရှင်တွင် ဘုတ်အဖွဲ့ဝင်အဖြစ် ခန့်ထားခံရခြင်းသည် ဂျိန်းအတွက် ဘာမှ အရေးပါသည့် ကိစ္စမဟုတ်။ မင်ဟက်တန်စိတ္တဇ ဆေးရုံတွင် ပူးတွဲဒါရိုက်တာ ဖြစ်သွားခြင်းကိုလည်း ဂုဏ်ယူရမှန်း မသိ။
" တစ်ခါ တစ်ခါတော့လည်း ကိုယ့်ကိုယ်ကိုယ် ဘယ်သူမှ မမြင်တဲ့ ဒြပ်မဲ့ ပစ္စည်းတစ်ခုလို မြင်လာတယ်" ဟု ဂျိန်းကိုရော ဒေါက်တာ ရှနိုက်ဒါကိုပါ ပြောပြမိသည်။

" ကျောင်းတိုင်းမှာ စိတ်ပညာ ဌာနတွဲထားပေးဖို့ ကိုယ်တို့ ကော်မရှင်က တင်လိုက်တဲ့ အစီရင်ခံစာကို ပြည် နယ်အစိုးရက လက်ခံလိုက်ပြီ"
၁၉၇၆ ခုနှစ်တွင် သူ့အောင်မြင်မှုကို လဲလျော့က ဇနီးဖြစ်သူအား ဂုဏ်ယူစွာ ပြောနေစဉ် ဂျိန်းက
" မီချီဂန် တက္ကသိုလ်က ဒုတိယကမ္ဘာစစ်အပြီးတွင် ပြောင်းလဲလာသည့် အမျိုးသမီးများ ဆိုတဲ့ ခေါင်းစဉ်နဲ့ ဟောပြောဖို့ ဂျိန်းကို ဖိတ်ထားတယ်၊ အထက်တန်းကျောင်းမှာ ပြောရမယ့် လက်ချာကို ဖျက်ပြီး သွားရမလား ဟင်" ဟု ဖိတ်စာကတ်ပြားကလေးကို ပြပြီး အဲလျော့ကို ပြန်မေး၏။

" သြော် မင်းကိုယ့်ကို မမြင်ရုံမဟုတ်ဘူး၊ ကိုယ်ပြောတာလဲ မကြားတော့ပဲကိုး " ဟု သူပြသည့် ဖိတ်စာကတ် ပြားကို မကြည့်တော့ဘဲ အဲလျော့ ညည်းညူလိုက်မိသည။

အဲလျော့သည် လူ့သဘာဝနှင့် လူတို့၏ စိတ်အကြောင်းကို သင်ကြားခဲ့ရသည့် ကျောင်းသားဖြစ်ခဲ့ဖူးသော်ငြားလည်း သူသည် လူတစ်ယောက်သာလျှင် ဖြစ်လေသည်။
" မင်း တစ်နေ့တခြား အောက်ခြေလွတ်လာပြီ ဂျိန်း "
လာပို့ရမည့် ရက်ထက် သုံးရက်နောက်ကျသဖြင့် မှာထားသည့် မာစီးဒီးကားသစ်ကို မယူတော့ဟု ဂျိန်းက ငြင်းသည့် အတွက် အဲလျော့က စွပ်စွဲလိုက်ခြင်းဖြစ်၏။
အတ္တ၏ သားကောင်ဖြစ်နေပြီဟုလည်း ထပ်ပြော၏။
ငါနဲ့ ငါသာနှိုင်းစရာ ထင်ပြီး ဘ၀င်မြင့်လွန်းနေခြင်းကိုလည်း ထောက်ပြ၏။

သတင်းစာတစ်စောင်တွင် ပါလာသည့် သူ့ဓာတ်ပုံမှာ ၀လွန်းနေသဖြင့် ဂျိန်းသုံးရက်လောက် စားမ၀င် အိပ်မပျော် ဖြစ်နေပြီး ဒေါသထွက်နေ၏။
" အဲဒီ ခွေးသူတောင်းစားတွေကို တရားစွဲမယ် "
ဂျိန်းက နာမည်ကြီး စာရင်းဝင်မို့ သက်သက်လုပ်တာ "
" မင်းဟာ အတ္တရူးပဲ၊ မင်းရုပ်ပုံကို လူတွေ လှလှပပ မြင်ဖို့က လွဲပြီး မင်းဘာမှ စိတ်မ၀င်စားဘူး "
" ပရိသတ်က လှလှပပမြင်ဖို့ ကျွန်မအတွက် အရေးကြီးတယ် "
ဂျိန်းက ပြန်အော်သည်။

အဲလျော့ကို မိမိအား မချစ်ဘဲ ငွေကိုသာ ချစ်သူဟု ခဏခဏ စွပ်စွဲသည်။
" ကျွန်မမှာ ငွေမရှိရင် ရှင် ကျွန်မကို ထားခဲ့တာ ကြာပြီ "
" မင်းကို ထားခဲ့ပြီဆိုရင်လည်း ငွေမတွက်ကြောင့်တော့ မဖြစ်စေရဘူး၊ မင်းငွေတွေကို စီမံပေးရ၊ အဲဒီ အတွက် ဘာမှ အကျိုးမခံစားရ၊ အမျိုးမျိုးစွပ်စွဲခံနေရလို့ပဲဖြစ်မယ် "
" ဂျိန်း စိတ်ဆိုးလာရင် ဒီလိုပဲ ပြောတတ်တာပဲ၊ စိတ်ထဲကပါလို့မှ မဟုတ်တာ၊ အဲဒါ ရှင် သိသားပဲ "
" သိတော့ သိတယ်၊ ဒါပေမယ့် နာတယ် "

ဂျိန်းက အဲလျော့ကို ကပ်ပါးသွေးစုပ်ကောင်၊ အဝေဖန် မခံနိုင်သူ စသည်ဖြင့် အမျိုးစုံစွပ်စွဲသည်။ အဲလျော့ ခံပြင်းဆုံးမှာ ခံစားမှု မရှိဟု အပြောခံရခြင်းဖြစ်၏။ လူယောင်ဆောင်နေသည့် စက်ရုပ်ဟု ပြော၏။ ဦးခေါင်း သာရှိပြီး နှလုံးသား မရှိသူဟုဆို၏။
" ရှင့်လောက် အေးစက်တဲ့ လူမျိုးဆီကို လူနာတွေ လာနေတာ အံ့သြပါရဲ့" ဟုလည်း သူ့ပြဿနာတွေကို အဲလျော့ အကူအညီပေးပုံ မကြိုက်လျှင် ပြောတတ်၏။
ဒေါက်တာ ရှနိုက်ဒါကို တစ်ခါမှ မတွေ့ဖူးဘဲ မုန်းနေ၏။ အဲလျော့နှင့် မာသာရှနှိုက်ဒါကို စွပ်စွဲ၏။ အောင်မြင် မှုကြောင့် ပျော်ရွှင်မှု မရနိုင်ကြောင်းကို အဲလျော့နှင့် ဂျိတ်းတို့ နှစ်ယောက်၏ အဖြစ်က သက်သေခံနေသလို ဖြစ်နေ၏။

" မင်း လုံးလုံးလျားလျား ပြောင်းလဲသွားပြီ ဂျိန်း၊ မင်းဟာ ဘ၀င်မြင့်ရောဂါနဲ့ ရူးကြောင်ကြောင်ဖြစ်နေပြီ၊ အဲဒါ ကောင်းတဲ့ လက္ခဏာ မဟုတ်ဘူး ဂျိန်း"
ဂျိန်းသည် မှန်ရှေ့တွင် နာရီများစွာ အချိန်ဖြုန်း၏။ အ၀တ်အစား ရွေးရသည်နှင့် ခြေကုန်လက်ပန်း ကျနေတတ်၏။
ဘယ်ဖိတ်စာကို သူ လက်ခံပြီး ဘယ်ဧည့်ခံပွဲကို ပယ်ချရမှာပါလိမ့်၊ လက်ခံလျှင် ဘာပြောမှာပါလိမ့်၊ စသည် ဖြင့် အဲလျော့ ရင်တမမနှင့် စောင့်ရသည်။
တစ်ခုခုကို ဆုံးဖြတ်ဖို့ အဲလျော့ကို အကြိမ်ပေါင်း မရေမတွက်နိုင်အောင် တိုင်ပင်သည်။ အသေးအဖွဲ့ကိစ္စ ကလေးမှစ၍ သူ့ဘာသာသူ မဆုံးဖြတ်။ နှုတ်ခမ်းဆိုးဆေးအရောင် ရွေးတာက အဲလျော့တာဝန်။ စားသောက်ဆိုင်သွားလို့ စားမြိန် ယမကာရွေးဖို့လည်း အဲလျော့ အဆုံးအဖြတ်ပေးရ၏။

" ဂျိန်းပြောင်းလဲသွားပြီးဆိုရင်လဲ ရင့်ကျက်လာလို့ ဖြစ်မှာပေါ့၊ အရွယ်ရောက်လာလို့ ဖြစ်မှာပေါ့၊ ဂျိန်းက အထွက်အထိပ်ရောက်နေပြီလေ၊ ဂျိန်း နောက်ကို လူတွေ လိုက်နေရပြီ၊ အဲလျော့ အမှီလိုက်ရမှာပေါ့ "

အခြား အခြားသော စကားနိုင်လုပွဲများကတော့ လျှာနှင့်သွား အဖြစ်မျိုးများဖြစ်၏။ လင်မယားတိုင်း ဖြစ်နေကျကိစ္စမျိုးများဖြစ်၏။
" ညက မင်းဂျက်ဖရီကိုညုနေတာ မဟုတ်လား၊ မင်းလက်က သူ့ပေါင်ပေါ်မှာ၊ မင်း လုပ်နေပုံက ဖက်နမ်း တော့မတတ်ပဲ၊ ဒါလောက် ဣနြေ္ဒမဲ့ဖို့ မကောင်းဘူး "
မနေ့ညက ညစာစားပွဲအကြောင်းကို နောက်တစ်နေ့ အဲလျော့ စားမြုံ့ပြန်နေခြင်းဖြစ်သည်။ ညစာကျွေးသည့် ဂျက်ဖရီမှာ ရုပ်သံကုမ္ပဏီတစ်ခု၏ နာမည်ကျော် သတင်းကြေညာသူဖြစ်သည်။ လူက အရပ်မြင့်မြင့်၊ ရုပ်ရှင် မင်းသား ပုံစံမျိုး၊ မိန်းမတွေ တစ်ယောက်ပြီးတစ်ယောက် ယူလိုက် ကွာလိုက် လုပ်နေသူ။

" ညုတာ မဟုတ်ဘူး၊ ဒါပေမယ့် ဂျိန်းကို ယောက်ျားတွေ စိတ်ဝင်စားလာရင်၊ ဂျိန်း ဒီလိုပဲ နေတတ်တယ်"
" အဲဒါ အပေါစား ဆန်တာပေါ့ "
" ဂျက်ဖရီကတော့ ကျွန်မကို ရှင်ထင်သလို မထင်ဘူး "
တစ်အိမ်တည်းနေပြီး မီးဝေးချိပ်ပမာ ဖြစ်လာတော့ ဂျိန်းက ဟိုလူနှင့်တွဲသည် လူနှင့်တွဲလုပ်လာ၏။
" ရှင်ကလွဲရင် ယောက်ျားတိုင်း ဂျိန်းကို စိတ်ဝင်စားကြတာချည်းပဲ" ဟု မခံချင်အောင် ပြောတတ်၏။

ဂျိန်းက အမြဲတမ်း အဲလျော့ကို စိတ်ချဉ်ပေါက်နေသည်တော့ မဟုတ်။ ရံခါတွင် ပြောသမျှ လုပ်သမျှကို နောင်တ တရရ ဖြစ်ချင် ဖြစ်နေ၏။ မလုပ်သင့်မှန်း သိသော်လည်း မည်သို့ ရပ်တန့်ရမည်ကို မသိ ဖြစ်နေ၏။
ရိုးသားသည့် သာမာန် ဘ၀ကို ပြန်လည် အာရုံပြုဖို့ ကြိုးစားသည်။ သို့သော်လည်း ဘုံဆောင်မြင့်ပေါ်မှ အားလုံး ဖူးဖူးမှုတ်ထားသည့် ဘ၀မှ မြေကြီးပေး ပြန်ဆင်းဖို့ ကိစ္စမှာ ထင်သလောက် မလွယ်တော့ပေ။ ခုတော့ ဂျိန်းသည် ရံရွှေတော်ပေါင်းများစွာ၏ အလယ်မှ ရွှေမင်းသမီးကလေးဖြစ်နေပြီ။
လူတိုင်းက သူ့ကို တွေ့ချင်နေကြ၏။ လူတိုင်းက သူ့ကို အတော်ဆုံးဟု ထင်နေကြ၏။ လူတိုင်းက သူ့ဆီမှာ တစ်ခုခု လိုချင်နေကြ၏။
"ရှင်နဲ့ကျွန်မ" ဟာ ကျွန်မရဲ့ ဘ၀ကို လုံးလုံးပြောင်းပေးလိုက်သလိုပါပဲ၊ ဖတ်ဖူးသမျှဝတ္ထုတွေထဲမှာ အစွဲဆုံး ပဲ၊ ရုပ်ရှင်ရိုက်မယ်ဆိုရင် ဖရန်စင်းနေရာမှာ ကျွန်မ သရုပ်ဆောင်ချင်ပါတယ်၊ ကုမ္ပဏီပိုင်ရှင်ကို ပြောပေးပါ လား" ဟု နာမည်ကျော် ရုပ်ရှင်မင်းသမီး တစ်လက်က စာရေးလာသည်။

" မင်း ယောက်ျားနဲ့ လမ်းခွဲဖြစ်ပြီဆိုရင်တော့ ကိုယ့်ကို အကြောင်းကြားနော် " ဟု သူ့လျှို့ဝှက် ဖုန်းနံပါတ်ကို ဂျိန်းလက်ထဲ ထိုးထည့်ပြီး သတင်းပြန်ကြားရေး လုပ်ငန်းကြီးတစ်ခု၏ ထိပ်သီးပုဂ္ဂိုလ်ကြီးတစ်ဦးက ကြိတ်ပြောသည်။
ဂျိန်းက သည်အကြောင်းကို အဲလျော့အား ပြန်ပြောရင်း
" ဂျိန်းဖြင့် ငိုရမလား၊ ရယ်ရမလား မသိအောင် ဖြစ်သွားတယ် "
အဘိုးကြီးက ခုနစ်ဆယ်ကျော်နေပြီဖြစ်၏။
" ငိုဖို့လည်း မလိုဘူး၊ ရယ်ဖို့လည်း မလိုဘူး၊ ကိုယ့်ဘ၀ကိုယ် သိဖို့ပဲ လိုတယ်" ဟု အဲလျော့က ပြန်ပြော သည်။
" ကိုယ့်ဘ၀ ကိုယ် သိဖို့ ဟုတ်လား "
ဂျိန်းက သူ ကြားလိုက်သည့် စကားလုံးသည် အင်္ဂလိပ်စကား မဟုတ်သလို ပြန်မေးလိုက်သည်။

တွန်းလှန်ရုန်းကန်ဖို့ ကြိုးစားသော်လည်း စိတ်ပင်ပန်းမှု၊ မွန်းကျပ်မှု နွံတွင် ကြာလေ နစ်လေဖြစ်နေ၏။ ဒေါသကို လုံးဝ မထိန်းနိုင်ဘဲ ဖြစ်နေ၏။ ကြာလေ ကြာလေ ဟောဟောဒိုင်းဒိုင်း လုပ်လေလေ ဖြစ်လာ၏။
သို့သော် တစ်ဖက်တွင်လည်း အဲလျော့အပေါ် မိမိ၏ ဆက်ဆံပြုမူနေပုံများ မတရားမှန်း သိနေ၏။ ကိုယ့်ကိုယ်ကိုယ် ပြင်ဖို့ ကြိုးစားပါသည်။
" ဂျိန်း လုပ်နေပုံတွေ မဟုတ်မှန်းသိပါတယ် ဘယ်လိုမှ ထိန်းလို့မရဘူး၊ အောင်မြင်မှုဒဏ်ကို ဂျိန်း မခံနိုင်တာပဲ၊ ဒါပေမယ့် မကြာခင် အသားကျသွားမှာပါ။ ဂျိန်း ပြင်ပါ့မယ်နော်" ဟူသည့် စကားမျိုး မကြာခဏ ပြောသည်။

လက်ထပ်ပြီးစလို အချိန်မျိုး ပြန်ရောက်သွားပြီး အကြည်ဆိုက်ချိန်များတွင်တော့
" သိပ်ချစ်တယ် မောင်ရယ်" ဟု လှိုက်လှိုက်မောမော ဂျိန်းက ပြောတတ်၏။
" အတူတူပါပဲကွယ်" ဟု အဲလျော့ ပြန်ပြောတတ်၏။ အဲလျော့က " သိပ်ချစ်တယ်ကွယ်" ဟု ပြောသည့် အခါတွင် ဂျိန်းက " တူတူပဲပေါ့ မောင်ရယ်" ဟု ဆိုတတ်သည်။
သို့သော် ဟိုတုန်းကလို ရင်ခုန်သံမြန်ကြတော့။ ဒါကို နှစ်ယောက်စလုံး ၀န်မခံကြဘဲ မသိကျိုးကျွန်ပြုထား ကြ၏။ ၁၉၇၆ ခုနှစ်တွင် သူတို့ အိမ်ထောင်ရေးမှာ ယိုင်သည်ထက် ယိုင်လာ၏။
ပြန်လည် ကြိုးစားသမျှတို့ ဘာမှ ဖြစ်မလာ။ အဲလျော့၏ ဆရာဝန်မ ဒေါက်တာ ရှနိုက်ဒါလည်း မကယ်နိုင်တော့။ သြော် သူလည်း မိမိလို စိတ်ကုဆရာဝန်ပေပဲ။ မှော်ဆရာမမှ မဟုတ်တာ ဟု အဲလျော့ သဘောထားလိုက်ရတော့သည်။

ကျေးဇူးတော်နေ့တွင် အဲလျော့၏ အိမ်ရှိရာ တောင်ပိုင်းသို့ လေးရက်ခရီးထွက်ခဲ့ကြသည်။ ငွေမက်လွန်းသည့် အဲလျော့၏ မိဘများဆီက ပြန်လာတော့ ဂျိန်းဒေါသတွေ ထွက်နေပြန်သည်။
" ဂျိန်းတို့ လမ်းခွဲကြရအောင်လား "
ဂျိန်း၏ စကား မဆုံးခင် အဲလျော့က
" လုပ်လေ၊ ကိုယ်ကလည်း ပြောတော့မလို့"
တက်လိုက်၊ ကျလိုက် ဖြစ်နေသည့် ဂျိန်း၏ မာနကိုလည်း အဲလျော့ဆက်ပြီး သည်းမခံနိုင်တော့။

တရားရုံးတွင် အငြင်းအခုံဖြစ်ကြသေးသည်။ ဘယ်သူက ကွာရှင်းဖို့ စပြောသလဲ ဟူသည့် ပြဿနာ။
" ဂျိန်း စပြောတာ" ဟု ဂျိန်းက ပြောတော့ အဲလျော့က
" မင်းပြောပြီးအောင်ကို ကိုယ်က ယဉ်ကျေးစွာ စောင့်လိုက်တာပါ၊ အမှန်က ကိုယ် အရင်ပြောမလို့" ဟု ပြန်ချေသည်။

တရားသူကြီးက အမျိုးသမီးတို့၏ အခွင့်အရေးကို အလေးပေးသူဖြစ်၏။ ယောက်ျားနှင့်မိန်းမ တန်းတူ အခွင့် အရေး ရှိရမည်ဟု ယုံကြည်သူဖြစ်၏။ ငွေရေး ကြေးရေး တာဝန်လည်း အလားတူပင် ဖြစ်စေရမည်။
သို့သော် ဂျိန်းသည် အဲလျော့ထက် ပိုချမ်းသာသည် ဆိုသည်မှာ ထင်ရှားနေသည်။ ထို့ကြောင့် ဂျိန်းက အဲလျော့ကို ခွဲဝေပေးရမည်။ သို့ရာတွင် မိုးပျံတိုက်ခန်းကြီးရော၊ ကမ်းခြေအိမ်ပါ အဲလျော့၏ နာမည်နှင့် ဖြစ်နေ၏။

ထို့ကြောင့် ကွာရှင်းခွင့်ကျသည်နှင့် ဂျိန်းက စီရင်ချက်အရ အဲလျော့ဆီမျ ပြန်ဝယ်ရတော့မည့်အဖြစ်။
" သေလိုက်ပါတော့၊ သူပြောတဲ့အတိုင်း ကမ်းခြေအိမ်ရော၊ တိုက်ခန်းကြီးရော ဈေးတွေ တက်လာတာ အမှန်ပါပဲ၊ အဲဒီဈေးနဲ့ ဂျိန်းက ပြန်ဝယ်ရတာလေ၊ ဘယ်လောက် တုံးတဲ့ဂျိန်းလဲ၊ မိဂျိန်း နှစ်ခါ နာလေ" ဟု ဂျိန်း က အပေါင်းအသင်းများကို ထုတ်ပြောသည်။

အမျိုးသမီး အခွင့်အရေးကို အလေးပေးသည့် တရားသူကြီးမို့ တော်ပါသေးသည်ဟုလည်း ဂျိန်းက စိတ်ချဉ် ပေါက်ပေါက်နှင့် ပြောသေးသည်။

" ရှင်နဲ့ကျွန်မ"ကို ဂျိန်း ဂရက်ခ်ျနာမည်နဲ့ ထုတ်ဖြစ်ခဲ့တာကိုပဲ ကျေးဇူးတင်ရဦးမယ်" ဟု ဂျိန်း ခဏခဏ ပြော လေ့ရှိ၏။
" သူ့ကို ချမ်းသာအောင် လုပ်ပေးရုံမကဘဲ နာမည်ကျော်ဖြစ်အောင်ပါ လုပ်ပေးမိရင် ဂျိန်း ရူးသွားမလားပဲ "

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

Tuesday, June 28, 2011

တင်မောင်မြင့် ဘာသာပြန် သတင်းမုဆိုး အပိုင်း (၅ဝ)

အခန်း (၆၉)
ဂျိန်း

အိမ်ပြောင်းဖို့ အကြံရသူက အဲလျော့ဖြစ်သည်။ အခန်းရှာပုံတော် ကို သူ ကိုယ်တိုင် ဖွင့်သည်။ စိတ်ကြိုက် တွေ့တော့ ၀ယ်ဖို့တိုက်တွန်းသည်။ အခန်းခုနစ်ခန်းပါသည့် ဧရာမ တိုက်ခန်းကြီး။ မြစ်၏ မြင်ကွင်းကို စီးမိုး ကြည့်မြင်နိုင် သည့် အပေါ်ဆုံးထပ် မိုးပျံတိုက်ခန်းကြီး။
နေရာလွတ် တွေကလည်း အများကြိး ကလေးအတွက် အခန်းတစ်ခန်း၊ အိမ်ဖော်အတွက် အခန်းလည်း ပါ၏။ ဂျိန်း တွင် ကိုယ်ဝန်လည်း မရှိသေး။ ကလေးယူဖို့ ဂျိန်းစိတ်ကူးထဲပင် မထည့်။
" ပြီးတော့ မင်းဖို့ ရုံးခန်းအကျယ်ကြီးလည်းပါတယ် " အဲလျော့ ပြောသမျှ သဘောကျချင်စရာချည်း။

သည်အခန်းကြီးကို ၀ယ်လိုက်တော့ အပေါင်းအသင်းအားလုံးက သဘောမတူကြ။
ကုန်လိုက် သည့် ပိုက်ဆံတွေက နည်းနည်း နောနော မဟုတ်။ ဒေါ်လာ ငါးသောင်းကြီးများတောင် ကုန်သွား သည်။ မတန်တဆ ပေးလိုက်ရခြင်းဖြစ်ကြောင်း အားလုံးသိသည်။ အခွန်ရှေ့နေက သူတို့ကို ကနက်တီကတ် တွင် သွားနေသင့်ကြောင်း အကြံပြုသည်။
" ခင်ဗျားတို့ လင်မယား ကနက်တီကတ်ကို ပြောင်းနေရင် နယူးယောက်မြို့တော်အခွန်ရော၊ လုပ်ငန်းဝင် ငွေခါန်ပါ သက်သာသွားမယ် "
စာရင်းကိုင်ကတော့ မြို့ပြအခြေအနေကျဆင်းနေကြောင်း ရာဇ၀တ်မှု ထူပြောပြီး လေကောင်း လေသန့်လည်း မရ တော့ကြောင်း ဘယ်ကိုမှ ပြောင်းမနေနိုင်သူများသာ ကျိတ်မှိတ်နေကြခြင်း ဖြစ်ကြောင်း များဖြင့် တွက်ပြသည်။

" ကျွန်တော့်အလုပ်ရှင် စာရေးဆရာ တော်တော်များများတော့ ကနက်တီကတ်ကို ပြောင်းကုန်ကြပြီ ခင်ဗျ"
စာရင်းကိုင်က သူတို့လင်မယားကို ဖျောင်းဖျသည်။
" ကျွန်တော့် ဆေးခန်းက ဒီမှာ၊ အပေါင်းအသင်းတွေကလည်း ဒီမှာဆိုတော့မပြောင်းချင်ပါဘူးဗျာ" ဟု အဲ လျော့က ပြန်ပြောသည်။ ဂျိန်းကလည်း အဲလျော့ကို ထောက်ခံသည်။
" ဂျိန်းလည်း မပြောင်းချင်ဘူး၊ ဂျိန်းက မြက်ခင်းတွေ သစ်ပင်တွေကို မုန်းတယ်၊ အဲဒါတွေ ကြည့်ရတာ ပျင်း တယ်၊ ပိုက်ဆံချွေတာဖို့အတွက် ဘာလို့ အပျင်းခံမှာလဲ၊ " ရှင်နဲ့ကျွန်မ"ကို ရေးဖြစ်တာမြို့မှာ နေပြီး မြို့က အတွေ့ အကြုံ တွေ ရလို့ မဟုတ်လား " စာရင်းကိုင်နှင့် အခွန်ရှေ့နေတို့ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့် လိုက်ကြသည်။ တော်တော်တုံးတဲ့ လင်မယားပဲ ဟူသည့် အဓိပ္ပာယ်။
အဲလျော့ က ဂျိန်းကို ထပ်ရှင်းပြသည်။

" တိုက်ခန်းကြီးက နေလို့ ကောင်းရုံမကဘူး၊ နယူးယောက်တိုက်တာ မြေယာဈေးက အမြဲတမ်း တက်နေတာမို့ ရင်းနှီးမြှုပ်နှံထားတဲ့ သဘောလည်းပါတယ် "
အဲလျော့ ခါတိုင်းလိုပင် အမြော်အမြင်ကြီးပါပေသည်ဟု ဂျိန်းက ကျိတ်ပြီး အမှတ်ပေးလိုက်ပြန်၏။ ဂျိန်းတွင် ကဏ္ဍနှစ်ခုရှိ၏။ တစ်ခုက အဲလျော့ ပြောသမျှ နားထောင်ခြင်းဖြစ်ပြီး ကျန်တစ်ခုက သူများတွေပြောတာကို နားထောင်ခြင်း ဖြစ်လေသည်။

တိုက်ခန်းဖိုး ငွေချေဖို့ စာအုပ်လက်မှတ်ထိုးရမည့် အချိန်ရောက်တော့ ဂျိန်းက
" ဂျိန်းတို့ ဒါလောက် မချမ်းသာဘူးလေ၊ နည်းတဲ့ ပိုက်ဆံတွေ မဟုတ်ပါလား၊ စာရင်းကိုင်ပြောတာ မှန်တယ်၊ ဈေး သိပ်များတယ်၊ မတန်ဘူးတဲ့ "
" စာရင်းကိုင်ဆိုတဲ့ ငနဲက ဇနပုဒ်မှာ နေတာ၊ ဘယ်လိုလုပ်ပြီး မင်းဟက်တန်ဈေးကို သူ သိနိုင်မလဲ "
" ဂျိန်းနေခဲ့တဲ့ အိမ်ကို အဖေနဲ့အမေ ၀ယ်တုန်းက ဒေါ်လာတစ်သောင်းပဲပေးရတယ်၊ တစ်အိမ်လုံးနော်၊ ခု ဟာက တိုက်ခန်းတစ်ခန်းကို ငါးသောင်းဆိုတော့ "
" မင်း သဘောမတူရင်လည်း တို့ နောက်ပြန်ဆုတ်လိုက်ကြတာပေါ့ "

" ဂျိန်းတို့ တတ်နိုင်ပါ့မလား၊ ၀ယ်သင့်တာ သေချာရဲ့လားဟင် "
" သိပ်တတ်နိုင်တာပေါ့ဂျိန်းရဲ့၊ မင်းက သုံးသန်းနီးပါး ရထားတာ၊ ကိုယ်ကလည်း လမ်းပေါ်က ငမွဲတစ် ကောင်မှ မဟုတ်တာပဲ "
" တကယ်လို့ ဂျိန်းက နောက်ထပ် ပိုက်ဆံမ၀င်တော့ဘူး၊ အိမ်လခလည်း မတတ်နိုင်တော့ဘူးဆိုရင်ကော "

" ဒါဆို စာချုပ်ကို ကိုယ်တစ်ယောက်တည်း လက်မှတ်ထိုးလိုက်ရမလား "
" ဒါဆို အိမ်လခ တာဝန်ကို အဲလျော့ ယူရတော့မှာပေါ့ "
" ဒါပေါ့၊ တိုက်ခန်းလည်း ကိုယ့်နာမည်နဲ့ ဖြစ်သွားလိမ့်မယ် "
" အဲဒါဆို အဲလျော့ တာဝန်ပိုမနေဘူးလား "
ဂျိန်းက လင်တော်အပေါ် တာဝန်ပုံချသလို ဖြစ်နေမလား ထင်ပြီး စိုးရိမ်ပြီး မေးလိုက်ခြင်းဖြစ်၏။

" ပြဿနာ မရှိပါဘူး၊ မင်းက အိမ်လခအတွက် စိုးရိမ်နေတာကိုး "
တိုက်ခန်းကြီးက လှလှပပ ပြင်ဆင်ထားသော်လည်း အဆောက်အအုံမှာ အိုနေပြီဖြစ်၍ ပြန်လည်မွမ်းမံရ၊ မီး ကြိုးတွေ ထပ်ဆွဲရ၊ လေအေးစက်တွေ ထပ်ဆင်ရနှင့် နောက်ထပ် ငါးသောင်းထွက်သွားပြန်၏။ အဲလျော့က ဗိသုကာ ငှာပြီး ကန်ထရိုက်ကိုပါ သူကိုယ်တိုင် ရှာသည်။
ခန့်မှန်းကုန်ကျစရိတ်စာရင်းကို ကြည့်ပြီး
" ဆေးသုတ်တာချည်း ဒေါ်လာ ခြောက်ထောင် ဟုတ်လား "

" ဧရိယာကနည်းမှ မနည်းတာ၊ ပြီးတော့ နံရံတွေက မကောင်းတော့ဘူး၊ အားလုံးခွာပြီး ပတ်တီးပြန်ရိုက်ရမှာ "ဟု အဲလျော့က ရှင်းပြသည်။
" ဆေးအဖွဲ့က အကောင်းဆုံးနာမည်ကြီးအဖွဲ့လေ "
" အင်း အင်း ကောင်းမှာပါ "
ဂျိန်းက ပြန်ပြောရင်း မနှစ်က အထိ နေ့လယ်စာကို ထမင်းထုပ် ၀ယ်စားပြီး တက္ကစီ မစီးနိုင်၍ ဘတ်စ်ကားသာ အားထားရာဖြစ်ခဲ့သည်ကို စဉ်းစားနေမိ၏။

ဗြုန်းကနဲ ပြောင်းလဲသွားသည့် မိမိဘဏ္ဍာရေး အခြေအနေနှင့် ဂျိန်းလုံးဝ အထာမကျနိုင်ဘဲ ဖြစ်နေ၏။ ပိုက်ဆံတွေ ကုန်သွားပြီး ဒေ၀ါလီခံရမည်ကို ကြောက်နေ၏။ ကြွေးတွေ ပတ်လည်ဝိုင်းပြီး မဆပ်နိုင်လို့ ထောင်ထဲ ၀င်ရမည့် အရေးကိုလည်း စဉ်းစား၏။ လန့်နေ၏။ ပြီးတော့ အခြားအခြားသော စီးပွားပျက်ကပ် ဆိုက်ပုံများလည်း စဉ်းစား၏။
အဲလျော့က သေသေချာချာ ချတွက်ပြသည်။ တိုက်ခန်းလခအတွက်လည်း မပူရ၊ အခန်းကိုလည်း ကြိုက် သလောက်ပြင်၊ ကြိုက်သည့်ပစ္စည်းတွေ ၀ယ်သည်။ ဘယ်လို သုံးသုံး ပိုက်ဆံတွေ အများကြီး ကျန်ဦးမှာ ဖြစ်ကြောင်း အကြိမ်ကြိမ်ရှင်းပြသည်။

ပြီးတော့ သူ အလုပ်ကလည်း ပို၍ပို၍ ၀င်ငွေကောင်းလာကြောင်း ပြောပြသည်။
" မင်းမှာလည်း ၀င်ငွေ အထိုက်အလျောက် ဆက်ရှိနေမှာပဲ၊ ဘာပူစရာရှိလဲ၊ ပူစရာ ရှိရင်လည်း တို့မှာ ငွေ ရေးကြေးရေး ကိစ္စမဖြစ်နိုင်ဘူး "

တိုက်ခန်းသစ်ကြီးကို ပြောင်းရွှေ့လာခဲ့ကြပြီးတော့လည်း ဂျိန်း၏ စိုးရိမ်စိတ်တွေ လျော့မသွား။ တိုက်ခန်းကြီးက ကြီးမှကြီး ကျယ်မှကျယ်။ ဟဒ်ဆင်မြစ်ကို စီးကြည့်နေရသည့် မြင်ကွင်းမှာ ရင်သပ်ရှုမောဖွယ် လှပသည့် မြင်ကွင်းဖြစ်ပါ၏။ ဧည့်ကြိုခန်းမဆောင်တစ်ခုလုံး ကျောက်ဖြူသားစစ်တွေ အပြည့်ခင်းထား၏။ မျက်နျာကျက်မြင့်မြင့်တွင် ဧရာမ ဖန်မီးဆိုင်းကြီးက အခန်းနှင့် ပနံရလှသည်။ ကော်ဇော တွေက အားလုံး အရှေ့တိုင်းဖြစ်တွေ။

ဓာတ်လှေကားဝမှ တံခါးမှူးနှင့် ဓာတ်လှေကားမောင်းသမားများက ၀တ်စုံပြည့်ဖြင့် ပယ်ရီလမ်းတိုက်ခန်းပေါ် ကို ကိုယ့်အားကိုယ်ကိုးတက်ခဲ့ရသည့် အချိန်တွေသည် ဟိုအဝေးတွင် ကျန်ခဲ့သလိုလိုပါလား။
အဲလျော့နှင့် လက်ထပ်ပြီးနောက် နေခဲ့ရသည့် ၇၄ လမ်းတိုက်ခန်းကလေးပေါ်မှသည် မိုးပျံခန်းမကြီးပေါ်ကို ခုန်တက်လိုက်ရသလို စိတ်ထဲ ထင်နေ၏။
" စိတ်ထဲမျာ မတန်မရာနေရာကို ရောက်နေသလိုပဲ "

ဟုဂျိန်းက စိတ်ထဲရှိသည့်အတိုင်း သစ်လွင်တောက်ပနေပြီး အထက်တန်းကျလှသည့် အခန်းကြီးကို ပြောင်း လာသည့် နေ့က အဲလျော့ကို ထုတ်ပြောသည်။ စိတ်ထဲတွင် ကိုယ်နှင့်မဆိုင်သည့် နေရာကို ခိုးကြောင်ခိုးဝှက် ရောက်နေ သလို ခံစားနေရဆဲ။
" ဘာလို့ အဲဒီလို တွေးရတာလဲ၊ မင်းရတဲ့ ပိုက်ဆံတွေနဲ့ ၀ယ်တဲ့အိမ်ပဲ၊ ကိုယ်ပိုင် အိမ်ကို ကိုယ့်ဘာသာ ပြောင်း လာတာပဲ "
" အဲလျော့ ရှင်းပြတော့မှ ဂျိန်းက အံ့သြမဆုံးသေးသည့် အမူအရာဖြင့်
" ဟုတ်လား၊ တကယ်နော် " ဟု ပြန်မေးသည်။

ပျော်တော့ ပျော်ပါသည်။ သို့သော် " ရှင်နဲ့ကျွန်မ" မှ ငွေတွေ ဒါလောက် ရလာသည် ဆိုသည်ကို ရံဖန်ရံခါ အိပ်မက် များလားဟု ဂျိန်းထင်နေဆဲ။ သည်ကိန်းဂဏန်းတွေကို မျက်စိထဲ မြင်လာတိုင်း ဂျိန်း သွေးပျက်ချင် သလိုလို ဖြစ်ရ၏။

အဲလျော့က မာသာရှနိုက်ဒါကို ကျေးဇူးတင်နေသည်။ အကြီးအကျယ် ပြောင်းလဲခဲ့သည့်ဘ၀နှင့် အဲလျော့ ခွင်ကျသွားလိမ့်မည်ဟု ဟောကိန်း ထုတ်ပေးသောကြောင့်ဖြစ်၏။
အဲလျော့သည် အားလုံး နှင့် အဆင်ပြေသူ ဖြစ်သည်။ အိမ်အတွင်းပိုင်းမှ အလှဆင် အင်ဂျင်နီယာများနှင့်ရော အိမ်ဖော်၊ တံခါးမှူးတို့နှင့်ပါ ပြေလည်သူဖြစ်သည်။ " ရှင်နဲ့ကျွန်မ" နံပါတ်တစ် ရောက်သွားချိန်တွင် ကမ်းခြေ အပန်းဖြေ အိမ်တစ်လုံးဝယ်ဖို့ အဲလျော့ လွယ်လွယ်ပင် ဆုံးဖြတ်နိုင်ခဲ့လေသည်။
" ၀ယ်ဖို့ ကောင်းကောင်း လုံလောက်တယ်လေ " ဟု မိန်းမကို စည်းရုံးသည်။
" ၀ယ်လောက်တယ်၊ ဟုတ်လား " ဟု ဂျိန်းက မသေမချာသလို ပြန်မေးသည်။
 
အခန်း (၇၀)
ဂျိန်း

ငွေဘုံပေါ်မှာ စံရခြင်းနှင့် မယုံကြည်လောက်သော ဘ၀အပြောင်းအလဲများသည် ဂျိန်း၏ အောင်မြင်မှု ရရှိ သည့် ရုပ်ပိုင်း ရလဒ်အပိုင်းအစ ဖြစ်ပြီး စိတ်ပိုင်းဆိုင်ရာ ရလဒ်များလည်း ထင်ကျန်ခဲ့သေးသည်။ ယင်းမှာ ဂျိန်း အရင်ကလို အဟုတ်တော့ခြင်းဖြစ်၏။ ဂျိန်း၏ စိတ်အနေသည် ပုံမှန် အနေအထားတွင် မရှိတော့ပေ။
ဥပမာ သည်အိမ်ကြီးကို သူ့အိမ်ပါဟု သဘောမထားနိုင်ခြင်းမျိုး။ " ရှင်နဲ့ကျွန်မ" သည် သည်လောက်အထိ ပေါက်ရမည့် ၀တ္ထုမျိုးမဟုတ်ဟု မြင်လာခြင်းမျိုး။ ပိုက်ဆံတွေကို လုံးဝ မကြည့်ချင်တော့သည့် အဖြစ်မျိုး။

" သိပ်ဆန်းတဲ့ကိစ္စမှ မဟုတ်တာ၊ အိုဝင်နဲ့ ဖြစ်ခဲ့တဲ့ ဇာတ်လမ်းကို ပြန်ရေးတယ်၊ လူတွေ ကြိုက်ကြတယ်၊ အဲဒါက ကြက်ကန်းဆန်အိုးတိုးတာမျိုး ဖြစ်နေရင်ကော"
ဂျိန်းက အဲလျော့ကို မေးသည်။
" ဘာဖြစ်လို့ မင်းအဲဒီ အတွေးတွေ ၀င်နေတာလဲ၊ မင်းမှာ အနုပညာ ဓာတ်ခံရှိလို့၊ ပါရမီရှိလို့ ရေးနိုင်တာလို့ မတွေးမိဘူးလား "
" အင်း အင်း အနုပညာပါရမီတော့ ဂျိန်းမှာရှိတယ်၊ ဒါပေမယ့် ကံစွတ်သွားတာလည်း ပါတယ်၊ မိုးကြိုးပစ်သလိုလေ၊ မိုးကြိုးက နှစ်ခါ မပစ်ဘူး "
ဂျိန်းက ခပ်ပေါ့ပေါ့ ပြောတတ်သော်လည်း အတွင်းစိတ်က ရေပွက်ပမာ အောင်မြင်မှုမျိုး ဖြစ်နေမည်ကို အကြောက်ကြီး ကြောက်နေသည်။

" အင်းလေ၊ ရှစ်ဆယ်ပြည့်နှစ် တောင်းဆိုသံကို ဂျိန်း ဘယ်လောက် တုံ့ပြန်နိုင်မလဲ ကြည့်သေးတာပေါ့ "
ဂျိန်း သည် သူ့အရည်အသွေးကို သူအမြဲ သံသယဖြစ်လျက် ရှိသည်။ ရံခါတွင် ပတ်ဝန်းကျင်တစ်ခုလုံးက သူ့ပါရမီ ကို အတည်ပြု ချီးမြှောက်ကြလျှင် မလုံမလဲနှင့် သူတို့ ပြောသည့်အတိုင်း ဖြစ်ပါစေဟု ကျိတ်ပြီး ဆု တောင်း တတ်သည်။

"ရှင်နဲ့ကျွန်မ" ကို စာနယ်ဇင်းစာအုပ်ကဏ္ဍတွေက ၀ိုင်းပို့နေကြတာပဲ၊ ဝေဖန်ရေး ဆရာအားလုံးလိုလိုကလည်း ကောင်းတယ်၊ ပင်ကိုရေးစစ်စစ်ဖြစ်တယ်၊ ထူးထူးခြားခြား ထိုးဖောက်ထားတဲ့ ၀တ္ထုမျိုးဖြစ်လို့ ဝေဖန်နေကြတာပဲ၊ ဂျိန်းက ထိပ်သီးနာမည်ကြီး စာရင်းဝင်ပဲ "
စိတ်ကောင်းဝင်သည့်အခါ အဲလျော့ကို သည်လို ပြောတတ်ပြီး သူ စိတ်တွေတိမ်းတိမ်းပွေပွေဖြစ်နေသည်ကို ကူညီဖြေရှင်းပေးဖို့လည်း တောင်းပန်တတ်၏။

" ဘာဖြစ်လို့၊ ဂျိန်း စိတ်ဓာတ်တွေ ကျနေတာလဲဟင်၊ ဘာဖြစ်လို့ သူများ ပျော်သလို မပျော်နိုင်ရတာလဲ၊ ဘာဖြစ်လို့ ဂျိန်း ကြောက်နေရတာလဲ "
" ကိုယ်မြင်သလောက်ကတော့ ဟိုတုန်းကထက် မင်းဘ၀က ပိုပြီး ရှုပ်ထွေးလာလို့ ဖြစ်ရမယ်" ဟု အဲလျော့ က မှတ်ချက်ချသည်။ ဈေးပေါပေါ ရပ်ကွက်မှ အသက်သာဆုံး တိုက်ခန်းကလေးတွေ နေခဲ့ရသည့်ဘ၀ကို ဂျိန်း ပြန်သတိရသည်။

ပြီးတော့ အားကိုးအားထားပြုလောက်သည့် ဆရာသမားထံတွင် ပုံမှန်ဝင်ငွေရသည့် အလုပ်ကလေးဖြင့် တင်းတိမ် နေသည့်ဘ၀။
 နောက်တစ်ခုက " ရှင်နဲ့ကျွန်မ" လောက် အောင်မြင်တဲ့ နောက်တစ်ပုဒ် မင်းထပ်မရေးနိုင်မှာကို ကြောက် နေတာလည်း ဖြစ်နိုင်တယ် "
အဲလျော့ ပြောသမျှ အာရုံစိုက် နားထောင်နေရင်း မမျှော်လင့်ဘဲ ဂျိန်း မျက်ရည်တွေ ကျလာသည်။ ဂျိန်း ကြောက်နေသည့် ကိစ္စကို အဲလျော့ အတည်ပြုလိုက်၏။
" ဟုတ်တယ်၊ ဂျိန်း ကြောက်တယ်၊ ဂျိန်း ဘာလုပ်ရမလဲဟင် "

" ပထမဆုံး အောင်မြင်မှုနဲ့ အသားကျအောင် မင်းလုပ်ယူရမယ်၊ တဖြည်းဖြည်းနဲ့ ငွေရေး ကြေးရေးတွေ မင်း ရိုးသွားလိမ့်မယ်၊ အဲဒိအခါ နောက်တစ်အုပ်ရေးဖို့ ဇာတ်လမ်းတစ်ပုဒ် ထပ်ရလာလိမ့်မယ်၊ အကောင်းဆုံးက အဲဒါတွေ အားလုံးအတွက် မင်းလောဖို့ မလိုဘူး၊ ဖြည်းဖြည်းချင်း သူ့ဘာသာသူ ဖြစ်လာလိမ့်မယ်၊ မင်း ဇိမ်နဲ့ စောင့်နေရုံပဲ "
" ဂျိန်း စောင့်နိုင်ပါတယ် "
ဂျိန်းသည် အရာရာကို ရှင်းပြမှ နားလည်သည့် ကလေးလေးလို ဖြစ်နေပြန်သည်။
အဲလျော့ နောက်ထပ် ဘာမှ မပြောနိုင်ခင် သူ့ကို တအားဖက်ကာ တ၀ကြီး မွှေးမွှေးပေးလိုက်သည်။

" မောင့်ကို အရမ်းချစ်ပါတယ်၊ မောင်က ဂျိန်း စိတ်သက်သာရာရအောင် အမြဲပြောတတ်တယ်၊ အမြဲ လုပ်ပေးတတ်တယ် "
အဲလျော့ ပြုံးနေသည်။ ခံစားမှုပေါင်းစုံ ရောထွေးနေသည့် အပြုံးမျိုး။ သူသည် လူတွေကို ဂရုစိုက်တတ်သူ ဖြစ်သည်။ သူ့အသက်မွေးဝမ်းကျောင်း ပညာရပ်ကိုက လူတွေကို ဂရုစိုက်ဖို့က အခြေခံမဟုတ်လား။ တစ်ခုပဲ စိုးရိမ်မိ ရသည်။ အိမ်ထောင်ရေးမှာပါ သည်အခြေခံပညာရပ်ကို အသုံးပြုနေရမှာလား။

ဆေးခန်းတွင် လူနာတွေကို ဂရုစိုက်ရသလို အိမ်ပြန်ရောက်လျှင် ဂျိန်းကို ဂရုစိုက်နေရကြောင်း တဖြည်းဖြည်း သိလာသည်။ ခဏနေမှပါလေ၊ မကြာခင် ဂျိန်း ပုံမှန်ရောက်သွားမှာပါဟု ကိုယ့်ကိုယ့်ကိုယ် နှစ်သိမ့်သည်။ သို့သော် အဲလျော့ ထင်သလို ဖြစ်မလာခဲ့ပေ။ ဂျိန်းသည် " တစ်အုပ်ရေး" ကောက်ရိုးမီး စာရေးဆရာမဘ၀ဖြင့် နိဂုံး ချုပ်မည်ကို လွန်လွန်ကဲကဲ ကြောက်ရွံ့နေဆဲ။ ဒုတိယစာအုပ်ကိုတော့ ရေးဖြစ် အောင် ရေးမည်။ သို့သော် ဘာရေးရမည် မသိသေး။
၁၉၇၅ ခုနှစ်တွင် အဲလျော့ကို ဖွင့်ပြောသည်။

" ဘာဇာတ်လမ်းမှ ခေါင်းထဲ ၀င်မလာဘူး၊ ရင်ထဲမှာ ဟာလာဟင်းလင်းကြီးပဲ"
" စိတ်အေးအေးထားလေ၊ အပင်ပန်းမခံနဲ့ "
" ရှင်နဲ့ကျွန်မ တုန်းက မောင်ရေးခိုင်းတာနော်၊ ခုလည်း ပြောလေ ဘာရေးရမလဲ "
" အဲဒီတုန်းက အကြာကြီး မင်းတွေဝေနေတယ်လေ၊ ကိုယ်က စိတ်ပညာရှုထောင့်က မင်းကို ရေးဖြစ်အောင် အကြံပေးခဲ့တာပဲရှိတာပါ။ ကိုယ်က စာရေးဆရာ မဟုတ်ဘူးလေ။ ဘယ်မှာ ဇာတ်လမ်းပေးနိုင်မှာလဲ "
သူလိုတာ မရတော့ ဂျိန်း ဒေါပွပြန်၏။

"ရှင်နဲ့ကျွန်မ"ကို ဂရုမစိုက်ပါဘူး၊ နောက်တစ်အုပ် ရေးဖြစ် မရေးဖြစ်လည်း ရှင် စိတ်မ၀င်စားပါဘူး "

ဆရာကြီး ဘားလက်ခရစ္စပန်၏ ရွှေမြို့တော်ဂျာနယ် ဆောင်းပါးနောက်ကို လိုက်ပြီး ဝေဖန်ရေးဆရာတို့ ဂျိန်းကို လက်ခုပ်တီးပေးကြသည်။ လက်ခုပ်တီးသံများ စဲသွားချိန်တွင် ထုံးစံအတိုင်း တုံ့ပြန်ချေပ ခံရချိန်သို့ ရောက်ခဲ့လေ၏။
ဂျိန်းတစ်ယောက် အကာအကွယ်မဲ့စွာ အကြောက်ကြီး ကြောက်နေချိန် " ရှင်နဲ့ ကျွန်မ"ကို အားလုံး ၀ိုင်းကြိုက်နေကြချိန်တွင် သည်ဝတ္ထုကို လုံးဝ ရစရာမရှိအောင် ဝေဖန်သွားသည့် အမျိုးသမီးတစ်ယောက် ဘွားက နဲ ပေါ်လာသည်။

" ပင်နီလု" ဟူသည့် အမေရိကန်စာရေးဆရာမ။ တနင်္ဂနွေနေ့ထုတ် တိုင်းမ်သတင်းစာ စာအုပ်ကဏ္ဍတွင် "ဘာမှ မလေးနက်သည့် အပေါစားဝတ္ထု"ဟု ခေါင်းစဉ်ပေး ရေးသားသည်။ သည်ဆောင်းပါးကို ထောက်ခံပြီး ချီကာဂိုထရီဗျွန်းတွင် ဝေဖန်ရေးဆရာတစ်ဦးအမည်ဖြင့် တစ်ပုဒ် ထပ်ပါလာသည်။ သူကတော့
" ဖတ်သင့်သည့် စာအုပ်မျိုး မဟုတ်၊ အောက်တန်းကျလွန်းသည်၊ အဆင့်ရှိ" စသည်ဖြင့် ပက်ပက်စက်စက် ဝေဖန်ထားသည်။
" ပင်နီလု ရေးတာတွေက သိပ် ထိတယ်၊ သူ့ အယူအဆတွေကို ဂရုစိုက်ရမယ်" ဟု ဂျိန်းက လင်ကီနှင့် တိုင် ပင်သည်။ ချက်ချင်း အယ်ဒီတာမဆီ ပြေးပြီး မျက်ရည်စက်လက်နှင့် ရင်ဖွင့်ခြင်းဖြစ်၏။
" ဒါက သူတစ်ယောက်တည်းနဲ့ အမြင်ပဲ၊ ပြီးတော့ သူက စာအုပ်ခြောက်အုပ်လောက် ထွက်ဖူးတာ၊ တစ်အုပ် မှ စာရင်း မ၀င်ဘူး၊ သူမနာလိုဖြစ်ပြီး ရေးတာလို့ မင်းမတွေးမိဘူးလား" ဟု လင်ကီက ရှင်းပြသည်။

လင်ကီနှင့် စကားပြောရတော့ ရင်ထဲ ပေါ့သလိုလို ဖြစ်သွားသည်။ သို့သော် တဒင်္ဂမျှသာ။

" အောက်တန်းကျတယ်တဲ့၊အပေါစားတဲ့၊ " ချီကာဂို" ထရီဗျွန်းဆိုတာ တကယ်သြဇာကြီးတဲ့ သတင်းစာကြီး၊ လူတိုင်းက "ရှင်နဲ့ကျွန်မ"ကို အလကားစာအုပ်လို့ ထင်ကြတော့မှာ "
လင်တော်မောင်ကို ဂျိန်း တိုင်တည်နေခြင်းဖြစ်သည်။
" မင်းကကော သူတို့ပြောတဲ့အတိုင်း ထင်လို့လား "
" အင်း တစ်ခါတလေတော့ ထင်တယ် " ဂျိန်းက ပြောရင်း ငိုချလိုက်သည်။

ဂျိန်း၏မာနသည် တံခွန်တိုင်ထိပ်သို့ ရောက်ချင်လည်း ရောက်နေတတ်သည်။ မိုးမခတိုက်မှ ထုတ်သည့် ၀တ္ထုတစ်ပုဒ်ကို "ရှင်နဲ့ကျွန်မ"လို စာအုပ်မျိုး ဟူသည့် ကြော်ငြာကို ဖတ်ပြီး
" လင်ကီက ပြောတယ်၊ ဂျိန်းရဲ့ ၀တ္ထုဟာ အမျိုးသမီးဟု တစ်ရပ်လုံးရဲ့ ကြွေးကြော်သံပဲတဲ့"ဟု ပြောရင်း စာအုပ်ကြော်ငြာကို အဲလျော့ ရှေ့သို့ ဖြန့်ချလိုက်သည်။
စာအုပ်တိုက်တွေက သူတို့စာအုပ်ကြော်ငြာများတွင် ဂျိန်း၏ စကားလုံးများ သုံးခွင့်ပြုဖို့ ဂယ်လီပရုဖ်တွေ ပို့ပြီး ခွင့်တောင်းကြသည်။
" တွေ့လား၊ ဂျိန်းဂရက်ခ်ျရဲ့ စကားလုံးနဲ့ ဆိုရင် ရောင်းစွဲမှာချည်းပဲ "

လဲလျော့က အောင်မြင်မှုတွင် ယစ်မူးချင်၏။ ရသည့်ငွေတွေနှင့် ပျော်ချင်၏။ ဂျိန်းက ခပ်လျှိုလျှို နေချင်သည်။ အဲလျော့က သူ့ဘ၀ အ၀န်းအ၀ိုင်းကို ချဲ့ထွင်ချင်သည်။ ဂျိန်းက သည်အတိုင်း ပိုနေမြဲ ကျားနေမြဲ နေချင်သည်။
အဲလျော့က ဧည့်ခံပွဲမှန်သမျှသို့ တက်ချင်သည်။ အိမ်မှာ ဧည့်ခံပွဲတွေ လုပ်ချင်သည်။ ဂျိန်းက အပြတ်ငြင်းသည်။
" ပတ်" ရိပ်သာ ဧည့်ခံပွဲကြီးတစ်ခုကို မသွားဖို့ တားရင်း ဂျိန်းက အဲလျော့ကို ဝေဖန်နေသည်။

" ရှင် ဒီလိုပွဲတွေကို ဒါလောက် ၀ါသနာပါလိမ့်မယ်လို့ မထင်ခဲ့ဘူး "
ဆရာ ဆင်မြူရယ်ဝေါ်လင်ဘတ် နှစ်စဉ် သွားသည့် ကာရီဘီယံကျွန်းကလေးကို နှစ်ပတ်လောက် အပန်းဖြေ ခရီးထွက်ဖို့ စည်းရုံးတာလည်း မရ။ ဂျိန်းက ပယ်ချသည်။
" အဲဒီလို နေရာတွေ သွားပြီး လူချမ်းသာတွေနဲ့ ဂျိန်းမှာ ပြောစရာ ဘာမှ မရှိတာ "
သူတို့ပိုင် ပိုက်ဆံတွေကို လင်မယားဘ၀အတွက် မသုံးဖြစ်သော်လည်း အလှူအတန်းတော့ လုပ်ဖြစ်သည်။
မင်ဟက်တန် စိတ္တဇဆေးရုံကို အဲလျော့က ငွေတွေ အများကြီးလှူသည်။

" ကုသိုလ်လည်းရတယ်၊ အခွန်လျှော့ပေါ့ခွင့်လည်း ရတယ်၊ ပြီးတော့ ဘုတ်အဖွဲ့ဝင် လူကြီးဖြစ်ဖို့လည်း ကိုယ့်အတွက် လမ်းပွင့်သွားတယ် "
" ဒါဆို ပျင်းစရာကောင်းတဲ့ အစည်းအဝေးတွေ တက်ရဦးမှာပေါ့ "
" ကိုယ်တော့ အစည်းအဝေးတွေကို ပျင်းစရာလို့ မထင်ပါဘူး "

ဂျိန်း စိတ်ပျက်လက်ပျက် ဖြစ်နေသည်။ နောက်ကိစ္စတစ်ခုမှာ သူ့စာတိုက်ပုံးဖြစ်၏။ လာသည့်စာတွေကို သုံး မျိုးသုံးစား ခွဲခြားလို့ရ၏။ အချို့က အမျိုးသမီးများဘက်မှ ရပ်တည်ပေးလို့ ကျေးဇူးတင်ကြောင်းဖြင့် စပြီး သူတို့ဘ၀ ဇာတ်ကြောင်းများကို ရင်ဖွင့်ကြသည်။ အများအားဖြင့် ယောက်ျားတို့ ဖောက်ပြားကြသဖြင့် အသည်းကွဲနေကြသူတွေ။
မည်သို့မည်ပုံ သူတို့ အသည်းကို ကုသရပါမည်လဲဟု ဂျိန်းကို မေးကြ၏။

" သူတို့ကို ဂျိန်း ကူညီချင်ပါတယ် "
တစ်ဦးချင်း လက်က စာမပြန်ဖြစ်သော်လည်း စိတ်ထဲကတော့ ပြန်စာတွေ စီဖြစ်သည်ချည်း။
" အင်း အချိန်ဖြုန်းလို့ မဖြစ်ဘူး၊ နောက်စာအုပ်ရေးဖို့ ပြင်ဆင်ရတော့မယ်" ဟု လဲလျော့ကို ပြောသည်။
အချို့စာတွေကတော့ ဆဲစာတွေ၊ "ရှင်နဲ့ကျွန်မ" ကိုရိုင်းပါသည်။ ကြမ်းပါသည် စွပ်စွဲပြီး သူတို့ရေးသည့်စာ များက မကြားဝံ့ မနာသာ အသုံးအနှုန်းတွေ ထုနှင့်ထေး။
" သူတို့ကပဲ ဂျိန်းကို အပြာစာရေးဆရာမလို့ စွပ်စွဲသေး "
ဟု ဒေါသစွက်ပြီး ပြောသော်လည်း စိတ်ထဲက ကြောက်နေ၏။

တတိယအမျိုးအစားက သိပ်တော့ မများ၊ သို့သော် ပို၍ စိတ်အနှောင့်အယှက်ဖြစ်ရ၏။ ယောက်ျားကလေး များ ရေးသည့်စာတွေ၊ စာရွက်ပုံစံကမျိုးစုံ၊ ဂျိန်းဆီသို့ သူတို့ ချစ်ခန်းကြိုက်ခန်းများ ရေးပြသည့် စာတွေ။ သည်စာတွေဖတ်ပြီး " ရှင်နဲ့ကျွန်မ" ကို တစ်မျိုးပြန်မြင်လာသည်။ ရောဂါပိုးတစ်မျိုး ထုတ်လွှတ်လိုက်ပြီး သည်ပိုးတွေ ငါ့ဆီ ပြန်ရောက်လာတာများလား။

မကြားဝံ့မနာသာ တယ်လီဖုန်းတွေလည်း လာ၏။ ဖုန်းနံပါတ်ကို ခဏခဏ ပြောင်း၏။ ဘယ်ဖုန်းစာအုပ်မှာမှ မပါအောင် လုပ်၏။ သို့သော် မရ၊ ဘယ်နည်း ဘယ်ပုံ သူတို့ ရမှန်းမသိ။ သည်တော့မှ သူ့ဖုန်းနှင့် အ၀င်စာ တွေကို စိစစ်ပေးဖို့ အဲလျော့ကို တောင်းပန်သည်။
" အကျိုးရှိမယ့် စာလောက်ပဲ ဖတ်မယ်လေ။ ကျန်တာတွေ လွှင့်ပစ်လိုက်ပါ"
အောက်ဆုံးထပ် ပလက်ဖောင်းတွင် လူတစ်ယောက် အပေါ်ကို မော့ကြည့် မော့ကြည့် လုပ်နေသည်ကို ရက်ဆက်မြင်ရတော့ ဂျိန်း ငိုချလိုက်သည်။

အောင်မြင်မှုကြောင့် အမြင့်သို့ ရောက်သွားသော ဂျိန်းသည် အောင်မြင်မှုကြောင့်ပင် တစ်စစီ ကြေမွပျက်စီး သလိုဖြစ်နေ၏။
လူစိမ်းသူစိမ်းများက မကြားတကြား မြူဆွယ်စကားများ ဆိုကြ၏။ တစ်နေ့ညနေ ၆ နာရီ သတင်းတွင် ရုပ်သံ အမေးအဖြေခန်းရိုက်ဖို့ အသွားတွင် အယ်ဒီတာ တစ်ယောက်က ဆီးပြောသည်။
" ခင်ဗျားစာအုပ် ဖတ်ပြီး ခင်ဗျားကို ကျုပ်က အရမ်း နိပ်မယ် ထင်နေတာ၊ လက်စသတ်တော့ဖက်တီးပဲ "
တစ်နေ့ အပေါ်ထပ်တက်ဖို့ ဓာတ်လှေကားထဲတွင် တစ်တိုက်တည်းနေ အမျိုးသမီးတစ်ယောက်နှင့်ဆုံသည်။

" မင်း စာအုပ်ကို ကြိုက်တဲ့အထဲမှာ တို့မပါဘူးနော်" ဟု ကပ်ပြောသွားသည်။
" မင်း ရေးသလောက် မင်း စွမ်းရဲ့လား" ဟု လူစိမ်းတစ်ယောက်က ကပ်ပြောသွားသေးသည်။ ရုပ်သံတွေ ခဏခဏ မြင်ဖူး၍ ဂျိန်းကို မှတ်မိနေခြင်းဖြစ်သည်။

စင်စစ်ဂျိန်းသည် စားပွဲပေါ် တက်ပြီး စကက်ကို ပင့်ကာ ကနေခြင်းဖြစ်၏။ သို့သော် သည်တစ်ကြိမ် ၀ိုင်းကြည့် နေသူတွေ မရယ်ကြတော့။
ဂျိန်းသည် ဝေဖန်မှုအောက်တွင် ပိပြား ကြေမွနေပြီ။ အများပိုင် ပစ္စည်းလို တစ်ခါမှ အပြစ်မခံဖူး၍လည်း ပို၍ ဆောက်တည်ရာ မရဖြစ်ရ၏။
ပြေးစရာ မြေမရှိတော့သလို ဖြစ်လာသည့်အခါ ဒေါသတွေ ပိုကြီးလာသည်။ အပြစ်အားလုံးကို အဲလျော့ အပေါ် ပုံချသည်။

" ရှင် လုပ်နေတာ၊ ဂျိန်း ဘ၀တစ်ခုလုံးကို ရှင် ကြိုးကိုင်နေတာ "
အချိန် သီးသန့်ယူပြီး နောက်စာအုပ်အတွက် စဉ်းစားခန်းဝင်ဖို့ အဲလျော့ အကြံပေးသည်ကို ငိုကြီးချက်မနှင့် ဂျိန်းက ပြန်ပက်သည်။
" မင်းဘ၀ကို ကြိုးကိုက်ဖို့ ကိုယ်စိတ်မ၀င်စားဘူး၊ ကိုယ်က မင်းကို ကူညီနေတာလေ "
" ကူညီနေတာ ဟုတ်လား၊ ဒီဟာလုပ်၊ ဟိုဟာလုပ် ဘယ်အချိန်မှာလုပ် အမျိုးမျိုးခိုင်းနေတာ ကူညီတာလား"

စာပြန်ရေးဖြစ်အောင် မဂ္ဂဇင်း တစ်စောင်စောင်တွင် ဆောင်းပါး ၀င်ရေးဖို့ အဲလျော့ တိုက်တွန်းတော့လည်း ဂျိန်းက လက်မခံ။
" ဆောင်းပါးကလေးတွေရေးပြီး ဘာလို့ အချိန်ကုန်ခံမလဲ "
" တစ်ခုခု ရေးဖြစ်နေရင် မင်းအတွက် အထောက်အကူ ရမလားလို့ပါ"
" အထောက်အကူ ဟုတ်လား၊ အထောက်အကူတွေ၊ အကူအညီတွေ အားလုံးကို ဂျိန်း စိတ်ကုန်နေပြီ "

အဲလျော့အကြောင်း ပို၍ ပို၍ သိလေ ဂျိန်း ဒေါသဖြစ်လေဖြစ်ကာ ဆူးတွေ တစ်ချောင်းပြီးတစ်ချောင်း ပေါက်လာသည်။ လွတ်လပ်မှုရှိသည်လည်း မထင်တော့၊ အဲလျော့ကို ချစ်သူလို မမြင်တော့၊ လင်ယောက်ျားလို့ မမြင်တော့၊ အားကိုး အားထားရလို့လည်း မထင်တော့။ ကျူးကျော်စော်ကားသူ၊ သူများ အရေးကိစ္စတွင် ၀င်ရောက် ချယ်လှယ်သူဟု မြင်လာ၏။ မိမိစိတ်သည် မိမိနှင့်အတူ မရှိတော့သလိုလည်း ခံစားနေရ၏။

အဲလျော့သည် ဂျိန်းကို စိတ်ဝင်စားခြင်း မဟုတ်ဘဲ ဂျိန်း၏ ငွေတွေကိုသာ စိတ်ဝင်စားခြင်းဖြစ်သည်ဟု စွတ်စွဲ၏။
" ရှင် စိတ်ဝင်စားတာက ဂျိန်းမဟုတ်ဘူး၊ ဟောဒီ တိုက်ခန်းကြီးရယ်၊ ကမ်းခြေက အပန်းဖြေ အိမ်ရယ်၊ အဲဒါ တွေ ဂျိနိး မပါဘဲ ရှင် တစ်ယောက်တည်း ဘယ်တော့မှ ထိန်းမထားနိုင်ဘူး "
" ကိုယ် ၀ယ်ထားပေးတဲ့ ငွေချေးစာချုပ်တွေ၊ စတော့တွေ၊ အရမ်း အခြေအနေကောင်းနေပြီလေ၊ အဲဒီ ၀င်ငွေတွေ မရှိရင် မင်းလည်း တစ်ယောက်တည်း မတတ်နိုင်ပါဘူး "
" ဟုတ်တယ် ရှင် တွက်တွက်နေတာ ငွေချည်းပဲ၊ ရှင် ကျွန်မကို ချစ်တာ မဟုတ်ဘူး၊ ပိုက်ဆံကိုချစ်တာ"
" ကိုယ မင်းကို ချစ်ပါတယ် ဂျိန်း၊ အဲ ပိုက်ဆံကိုလည်း ချစ်တယ်၊ ပိုက်ဆံကို ချစ်တာ အပြစ်လား၊ မင်း စိတ် မ၀င်စားလို့ ကိုယ်က တိုးပွားအောင်လုပ်တာ အပြစ်လား၊ ကိုယ် လုပ်မပေးရင် မင်းပိုက်ဆံတွေ တစ်နှစ်တောင် မခံဘူး၊ ခုလောက်ဆို ဘာဖြစ်မလဲ တွေးတောင် မတွေးရဲဘူး "

ဤသို့ အတွေးမတူ အယူမမျှ ဖြစ်လာကြသောအခါ ကြင်နာမှုလည်း ခေါင်းပါးလာကြတော့၏။

အဲလျော့က ငွေတွေရလျှင် ပျော်မည်ထင်ခဲ့၏။ အောင်မြင်သည့် မိန်းမမျိုးရလျှင် သုခရိပ်ငြိမ် စံအိမ်တစ်ဆောင် တည်ထောင်နိုင်မည် ထင်ခဲ့၏။ သို့သော် တကယ့် တကယ် ရလာတော့မှ ထင်သည့်အတိုင်း တစ်ခုမှ ဖြစ်မလာကြောင်း စိတ်ပျက်စရာအတိ တွေ့ရတော့၏။
လူတကာကို ကျေနပ်အောင် ဖြည့်ဆည်းနိုင်ပါလျက် အိမ်က မိန်းမ အလိုကျအောင် မည်သို့မှ မတတ်နိုင် ဖြစ်နေ၏။

တဖြည်းဖြည်းနှင့် ကိုယ့်ကိုယ်ကိုယ် ချောင်ပိတ် အမိခံနေသူလို့ အဲလျော့ ထင်လာ၏။ ဂျိန်းနှင့် ဆက်ဆံရေး တွင် သူသည် လင်ယောက်ျားတစ်ယောက် အဖြစ်လည်း မအောင်မြင်၊ စိတ်ကုဆရာဝန်အဖြစ်လည်း ခွင်မကျ ဖြစ်နေရ၏။
ကိုယ့်ကိုယ်ကိုယ် ပြန်လည် အဖတ်ဆယ်ဖို့ အိမ်ထောင်ကို ပြန်လည် တည့်မတ်ဖို့ ဆရာဝန်က မာသာထံသို့ ခြေဦးလှည့်ရပြန်၏။
" ကျွန်တော်လုပ်တာ မှန်သမျှ ဘာတစ်ခုမှ အရာမထင် ဖြစ်နေတယ်၊ ကျွန်တော် စိတ်ကုဆရာဝန်ရင့်မာကြီး တစ်ယောက် ပါဗျာ၊ ဒါပေမယ့် မိန်းမကြောင့် ရူးချင်သလိုလို ဖြစ်နေတယ်" ဟု ရင်ဖွင့်သည်။
" လူတိုင်း ၁၅ မိနစ်တော့ ကျော်ကြားနိုင်တာချည်းပဲ၊ ဂျိန်းရဲ့ ၁၅ မိနစ်ပြည့်တော့ ထင်တယ်" ဟု ဒေါက်တာ ရှနိုက်ဒါ က ကောက်ချက်ချသည်။

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

Sunday, June 26, 2011

တင်မောင်မြင့် ဘာသာပြန် သတင်းမုဆိုး အပိုင်း (၄၉)

အခန်း(၆၇)
အယ်လီ

၃၉မျဉ်းပြိုင်ထွက်ပြီးကတည်းက အိုဝင်၏ အိပ်မက်တို့ တဖြည်းဖြည်း လွင့်ပြယ်ခဲ့သည်။ ကလေး ဘ၀ထွက် လာတော့ ပို၍ စိတ်ဓာတ်ကျသွားသည်။ မိုးမခတိုက်မှ စာအုပ်ထုတ်လုပ်ပုံက ခပ်ချာချာ။ တစ်ခဏအတွင်း အဟောင်း ဈေးကွက် ထိုးဆင်းသွားသည်။

သတင်းစာ ဂျာနယ်လောကသို့လည်း အိုဝင် ပြန်လာ၍ မရတော့။ သူ့ကို ဟိုဘက်လောကမှ မေ့သွားကြပြီ။
"ခုခေတ် သတင်းလိုက်ရတာ အရင်နဲ့မတူတော့ဘူး၊ အရမ်းမြန်တယ်၊ မင်းလိုက်မီတော့မှာ မဟုတ်ဘူး"
"သတင်းထောက် အလုပ်ဟာ လူငယ်တွေရဲ့ အလုပ်ပါကွာ၊ မင်း လေးဆယ်ပြည့်တော့မယ်၊ ဒီဘက်ကို ပြန်လာ ဖို့ စိတ်မကူးနဲ့၊ အဲဒီဘက်မှာပဲ ဆက်ကြိုးစားပါ"
စသည်ဖြင့် စသည်ဖြင့် ရေး၊ ဂျက်ဆပ်နှင့် အပေါင်းအသင်းများက သူ့ကို ဖျောင်းဖျသည်။

ဟန့်ဂရင်နီ၏ အားပေးမှုကြောင့် နာမည်အမျိုးမျိုးဖြင့် တီဗွီဇာတ်ညွှန်းတွေ ရေးဖြစ်သေးသည်။ ဆူလွယ် နပ်လွယ် လျှို့ဝှက်သည်းဖို့ ၀တ္ထုတွေလည်း ရေး၏။ ဂလင်ဆင်ကလဲယားလို ဖြစ်မလာ။
"ဒါတွေ ရေးရတာ ကိုယ်စိတ်ကုန်လာပြီ" ဟု အယ်လီ့ကို ထုတ်ပြောသည်။
"ဒါဖြင့်လည်း တခြားဟာ ရေးပေါ့"
"ရေးတာပဲ၊ ဘာမှ ဖြစ်မလာတာ မင်းအမြင်ပဲ"
"ရှင်နဲ့ကျွန်မ" ကို ဖတ်ဖို့ အိုဝင်က ပထမ ငြင်းသည်။ ကြားရသလောက် အလကားအပေါစား ၀တ္ထုပါကွာဟု အယ်လီ က ပြောထား၏။ ရောင်းအစွံဆုံး စာအုပ်စာရင်း၏ အပေါ်ဆုံးသို့ ရောက်သွား မှ သူကောက်ဖတ်ခြင်း ဖြစ်သည်။

မိဘစကားကို တော်လှန်ခြားနားပြီး အယ်လီအိမ်မှ ဆင်းခဲ့သည်မှာ ဆယ်နှစ်ပြည့်ခဲ့ပြီ။ ဆန္ဒပြပွဲတွင် ကလေး ပျက်ကျ ခဲ့သည့်က ခြောက်နှစ်ပြည့်ခဲ့ပြီ။ သားကလေးဘရိန်နှင့် သမီးကေလး အင်ဂျလာ နှစ်ယောက် မွေးပြီးပြီ။ သားက လေးနှစ်၊ သမီးက နှစ်နှစ်။
၃၉မျဉ်းပြိုင်ထွက်ခဲ့သည်မှာ ဆယ်စုနှစ်တစ်ခု ပြည့်ခါနီးပြီ၊ ရွှေထီးဆောင်းခဲ့တဲ့သည့်ကာလများ အိုဝင်နှင့် ဟို အဝေးကြီး တွင် ကျန်ရစ်သလို ဖြစ်နေ၏။
"ရှင်နှင့်ကျွန်မ" ဖတ်ပြီးလျှင် သူပို၍ အနေဆိုးဦးမည် မုချ။

"ရှင်နှင့်ကျွန်မ" သည် အိုဝင်နှင့် ဂျိန်းတို့၏ ဇာတ်လမ်းဖြစ်ပြီး တောက်လျှောက် ဂျိန်း၏ ရှုထောင့်မှ ရေးသွားခြင်း ဖြစ်သည်။ သူတို့အချစ် သည်းခဲ့ပုံများ၊ ရန်ပွဲများ၊ လမ်းခွဲခဲ့ကြပုံများ။
ဂျိန်း ၏ အတွေးအမြင်များကို သူကိုယ်တိုင် ဖြစ်လေဟန် အိုဝင် ခိုးချပုံများကို အသေးစိတ် ရေးထား ၏။  အလုပ်အကိုင် တွေ နာမည်တွေ လွှဲရေးထားသဖြင့် တရားစွဲလို့လည်း မဖြစ်။
ရှင် နဲ့ ကျွန်မသည် ၀တ္ထုတစ်ပုဒ်မဟုတ်၊ အတ္ထုပ္ပတ္တိတစ်ခုကို အသာကလေး မှုန်းခြယ်ထားသည့် တကယ့် ဖြစ်ရပ်မှန် ဇာတ်လမ်းမျိုး ဖြစ်၏။ ပူပူလောင်လောင် အခန်းကလေးများဖြင့် အဆာသွတ် ထား၏။ ခြုံကြည့်လျှင် ယောက်ျား မုန်းတီးရေးပညာပေး စာအုပ်မျိုးဟု အိုဝင်က နာမည်ပေးလိုက် သည်။

ဂျိန်းက သူတို့နှစ်ယောက်၏ အတွင်းအကျဆုံးအတွင်းရေးများကို ဖွင့်ချထားသည်။ ခံစားမှု မရှိ သည့် အချစ်စက်ရုပ်တစ်ခုအဖြစ် သူ့ကို သရုပ်ဖော်၏။ အတ္တကြီးလွန်းသည့် ဟဲမင်းဝေ၏ ဇာတ်လိုက်များ ဂိုက်ဖမ်းနေသည့် ပုံဖော်၏။
သူ့မိန်းကလေး အတွဲအဖက်များထံမှ ရသည့် ဇာတ်လမ်းဇာတ်ကွက်များကို သူ့ကိုယ်ပိုင် ပစ္စည်း အဖြစ် သုံး၏။ နောက်ဆုံးဘာမှ မကျန်တော့ မီးဇာကုန် ဆီခန်းဖြစ်ကာ ဘ၀ဆုံးရ၏။ နောက်ဆုံး အချက်မှာ အနာဆုံး ထိုးနှက်ချက် ဖြစ်လေသည်။

သူ့ရည်းစားဟောင်းတစ်ယောက်က သူ့အား သူခိုးပါဟု စွပ်စွဲခြင်းကို တရားစွဲခွင့်ရှိသည့်တိုင် စွဲလို့ မဖြစ်၊ ၀န်ခံရာ ရောက်သွားမည်။ ပြီးတော့ သူ့ကို ပို၍ နာမည်ကြီးအောင် လုပ်ပေးသလို ဖြစ်သွား မည်။
သည်ထက် ပို၍ အခံရခက်သည့် ကိစ္စ ပေါ်လာသည်။ လင်ကီက ဂျိန်းအး အဖုံးပျော့ ထုတ်ဝေခွင့် သက်သက်ချည်း ဒေါ်လာ နှစ်သန်း ပေးလိုက်ခြင်း ဖြစ်၏။ ဂျိန်းက စံချိန်သစ်ချိုးခြင်းပင်။ ကမ္ဘာကျော်သွားသည့် "ဂျော့" ဒါဘယ်ဒေးစာအုပ်တိုက်က ၁.၅၈ သန်းသာ ပေးခဲ့သည် မဟုတ်လား။
"အလကား ၀တ္ထု၊ ဆွေးနွေးဖို့တောင် ပါးစပ် သနသေးတယ်"
ဒေါ်လာ နှစ်သန်းအကြောင်း သတင်းနှင့် အိမ်ပြန်လာသည့် အယ်လီ့ကို အိုဝင်က ပြောလိုက်ခြင်း ဖြစ်သည်။

"ဝေဖန်ရေးဆရာ အများစုက အဲဒီလို မထင်ကြဘူး၊ သန်းနဲ့ချီတဲ့ စာဖတ်ပရိသတ်ကလည်း အဲဒီလို မထင်ဘူး၊ အဲဒီလို မထင်တဲ့ အထဲမှာ အယ်လီလည်း ပါတယ်၊ တကယ်ကောင်းတဲ့ ၀တ္ထုပဲ"
"အဲဒီဝတ္ထုနဲ့ ပတ်သက်နေတဲ့အတွက် မင်းရှက်သင့်တယ် အယ်လီ"
အိုဝင် အနိုင်နိုင် စိတ်ထိန်းထားရပုံ ရ၏။ စီးကရက် ညှိနေသည့် သူ့လက်တွေ တုန်နေသည်။
"ရှက်ရမယ် ဟုတ်လား၊ မဟုတ်လိုက်တာ၊ အယ်လီက ဂုဏ်ယူနေတာ၊ ဒါလောက်ကောင်းတဲ့ စာအုပ်ကို ပံ့ပိုးခွင့် ရလို့လေ"
"မင်းယောက်ျားအကြောင်း အပုပ်ချထားတာကို မင်းက ဂုဏ်ယူတယ် ဟုတ်လား"
"စာရေးဆရာတွေရဲ့ စာအုပ်တိုင်းကို ရောင်းကောင်းအောင် လုပ်ပေးရမှာက အယ်လီ့ တာဝန်ပဲ၊ အဲဒီအထဲမှာ ဂျိန်းဂရက်ခ်ျ လည်း ပါတယ်၊ ရှင့်အတွက်လည်း အယ်လီ ကြိုးစားခဲ့တာပဲ၊ ဖြစ်မှ ဖြစ်မလာတာပဲ"
"သြော် အဲဒါ ကိုယ့်အပြစ်ပေါ့ ဟုတ်လား"

၃၉မျဉ်းပြိုင် ဒဏ်ရာ ဒဏ်ချက်များသည့် အိုဝင့် ရင်ထဲတွင် ယခုထိ အကင်းမသေကြသေးပေါ။
"ဂျိန်းက ဆွေးနွေးလို့ ရတယ်၊ ပူပေါင်းလို့ရတယ်၊ ပြီးတော့ အရမ်း အလုပ်လုပ်တယ်၊ ရှင်က ကိုယ့်ကိုကိုယ် အရမ်းအထင်ကြီးပြီး ကြောငြာကိစ္စပြောတိုင်း မလိုပါဘူး အမြဲ ပြောတယ်"
"အဲဒီတုန်းက မင်းတို့နှစ်ယောက်ကြားမှာ ကိုယ် ဗျာများနေတာကိုးကွ"
"အဲဒါက အဆန်းလား၊ ရှင်ခုလဲ နောက်တစ်ယောက်နဲ့ တွဲနေတာပဲ မဟုတ်လား၊ ဟိုပွဲတုန်းက တွေ့တဲ့ အတွင်းရေးမှူး ကောင်မလေးလေ"
"အကြောင်းပြချက် မခိုင်လုံဘဲ သူပျောက်ပျောက်နေ၏။ သူ ခြေလှမ်း မမှန်ပုံကို အယ်လီ သတိထားမိသည်မှာ ကြာပြီ"။
"ဟုတ်တယ်လေ၊ အဲဒါ ဘာဖြစ်လဲ၊ လွတ်လပ်တဲ့ အိမ်ထောင်ရေးဆိုတာ မင်း ကြားဖူးမှာပေါ့"
"သိပ် ကြားဖူးတာပေါ့၊ ဒါပေမယ့် ရှင်နဲ့ကျွန်မဟာ အဲဒီ အိမ်ထောင်ရေးမျိုး လက်ခံဖို့ ဆွေးနွေးဖူးလို့ လား"

အိုဝင်နှင့် အီဗန် တစ်ယောက်တည်းဖြစ်ကြောင်း ကြာလေပေါ်လွင်လာလေ ဖြစ်လာသည်။ တစ်ကိုယ်ကောင်း ဆန်ပုံ၊ နှလုံးသားမဲ့ပုံ၊ သစ္စာမရှိပုံ အားလုံးအတူတူချည်း ဖြစ်၏။
"နင် ပြောတာ ဟုတ်တယ်၊ အိုဝင်ဟာ အရူးတစ်မျိုးပဲ၊ ငါ့ကို ဒုက္ခပေးမယ့်လူတွေကိုမှ ငါက ရွေးပြီး ချစ်မိတယ်၊ ဘယ်လို ၀ဋ်ကြွေးပါလိမ့်" ဟူ၍ အစ်မ လုပ်သူမာဂရက်ကို ခုမှ အယ်လီ ၀န်ခံဖြစ်လေ သည်။
"နင် အမှန်ကို မမြင်နိုင်လို့ပါ။ အဲဒါ အချစ်မှ မဟုတ်တာ"
ညီမလုပ်သူကို မာဂရက်က ဘယ်လို ကူညီရမှန်း မသိ ဖြစ်နေ၏။၏
စိတ်ညစ်နေရသူက အယ်လီ တစ်ယောက်တည်းမဟုတ် အိုဝင် ကိုယ်တိုင်လည်း မပျော်ပိုက်တော့၊ ဘ၀သည် ပြောင်းပြန် တစ်ပတ်လည်သွားလေပြီ။ စာအုပ် ဝေဖန်ခန်းတွေ၊ ကြော်ငြာတွေ၊ ရောင်းအစွံဆုံး စာအုပ်စာရင်း တွေကို မကြည့်ချင်အောင် မုန်းတီးနေသူက အိုဝင် ဖြစ်နေသည်။ မနာလို ၀န်တိုမှုဖြင့် ရူးမလိုလိုဖြစ်နေသူက အိုဝင်၊ အိုဝင်သည် အပြင်မှ အတွင်းသို့ ကြည့်နေရသူ။
ဂျိန်းက အတွင်းမှ အပြင်ကို ကြည့်နေသူ။
မြင်ကွင်းနှစ်ခုသည် အလွန်မတန်မှ ကွာခြားလေသည်။
 
အခန်း(၆၈)
ဂျိန်း

"ဆုတောင်းပြည့်လျှင် ပို၍ သတိထားရမည်" ဟု ပညာရှိ စိန့်ထရီဇာ၏ အဆိုအမိန့်ရှိသည်။ "အရမ်း ဆု မတောင်း နဲ့၊ ရတတ်တယ်" ဟုလည်း လောကကို အရွဲ့တိုက်သူတို့ ပြောတတ်ကြ၏။
"ဂျိန်း က အရမ်းနာမည်ကျော်ချင်တာ" ဟူ၍ စကားလုံးကို ဂျိန်း မှတ်မိသည့် အရွယ်ကစ ပြောခဲ့ခြင်း ဖြစ်သည်။
"မင်းကို ကိုယ် အရမ်း နာမည်ကျော်စေချင်တာ၊ အောင်မြင်စေချင်တာ" ဟု ပြောသူက လင်တော်မောင် အဲလျော့။
သို့သော် သူတို့နှစ်ယောက်လုံး ဂျိန်း၏ ၀တ္ထု သည်မျှ ၀က်ဝက်ကွဲ စွံလိမ့်မည် အထင်ခဲ့ကြ။ ယခုတော့ "ရှင်နဲ့ကျွန်မ" သည် ဂျိန်း၏ အိပ်မက်များကို ကျော်တက်သွားလေပြီ။ အဲလျော့၏ ရည်မှန်းချက်များကို ဖြတ်သန်း သွားလေပြီ။ ဂျိန်းသည် အားလုံး၏ အာရုံ စုဝေးရာ နိုင်ငံကျော် စာရေးဆရာမ ဖြစ်သွားပြီ၊ သည်တော့လည်း အဲလျော့သည် ရေမြင့်တော့ ကြာတင့်ကာ သူမ မျှော်မှန်းခဲ့သည့် လောကထဲသို့ ခြေချရတော့မည်ပေါ့။

သူတို့နှစ်ယောက်၏ အကြားတွင် ပြဿနာလုံးဝ မရှိတော့ဟု တွက်လိုက်ကြ၏။ သို့သော် သည်လို အောင်မြင်မှု ဒီလှိုင်းလုံးကြီးကို ရင်ဆိုင်ဖို့ နှစ်ယောက်စလုံး အသင့် မဖြစ်ကြပေ။
"လင်ကီ က အဖုံးပျော့ ရိုက်နှိပ်ရေးအတွက် ဒေါ်လာ နှစ်သန်းရခဲ့သည်။ ပြီး ဂျိန်းက ဝေစုတစ်သန်း ရမည့် အကြောင်း အကြောင်းကြားလာသည်။ ဂျိန်းသည် နေ့ချင်း ညချင်း သူဌေးမကလေး ဖြစ်သွား လေပြီ။
"ဘာ ဒေါ်လာ တစ်သန်း၊ ဟုတ်လား"
လင်ကီက ၀မ်းသာစရာ သတင်းကို လှမ်းပေးတော့ ဂျိန်းက သူ့နားကိုသူ မယုံသလို ပြန်မေးသည်။
"ဂျိန်းအတွတ် ဟုတ်လား" ဟု ထပမေးသည်။

"ဟုတ်တယ်၊ ဂျိန်းအတွက်"
"သေချာရဲ့လား လင်ကီရယ်"
"သေချာပါတယ်"
"ဘုရား၊ ဘုရား"
ရင်ထဲတွင် ဘယ်လိုဖြစ်သွားမှန်း မသိလိုက်၊ အရမ်းကြောက်သွားသလိုကြီး ခံစားလိုက်ရ၏။ အဓိပ္ပာယ်တော့ သိပ်မရှိ၊ ဘာကြောက်စရာရှိလဲနော်။
"ဟုတ်တယ် ဂျိန်း ဘုရားတပေတော့၊ စံချိန်သစ်ပဲ၊ ကဲ သုံးပေတော့" ဟု လင်ကီက အားပေးသည်။
လင်ကီုဖန်းချလိုက်သည်နှင့် ဂျိန်းက အဲလျော့ကို ခေါ်သည်။ ခုထက်ထိ သူ့စိတ်ထဲတွင် ဇဝေဇ၀ါ ဖြစ်နေဆဲ။
"ဒေါ်လာတစ်သန်းတဲ့"
"မယုံနိုင်စရာ၊ ဂုဏ်ယူပါတယ် မိန်းမရယ်"

အလွန်တည်ငြိမ်သည့် အဲလျော့အသံတွေ တုန်ချင်ချင် ဖြစ်နေသည်။ သူက အလွန် ချမ်းသာချင်သူ မဟုတ်လား။
"ဂျိန်းက ဘာလုပ်ကြမလဲ ဟင်"
ခြေထောက်အောက်မှ ကော်ဇောကို တစ်ယောက်ယောက်က ဆွဲယူလိုက်သလို ဂျိန်း ခံစားလိုက်ရ ၏။
"သုံးပေါ့"
"အင်း လင်ကီကလည်း အဲဒီအတိုင်း ပြောတယ်၊ ဂျိန်းသားမွေးအင်္ကျီ ၀ယ်နိုင်ပြီလားဟင်" ဂျိန်း တောင့်တ နေသမျှ ဇိမ်ခံပစ္စည်းထဲတွင် မြွေပါရေသားမွေးအင်္ကျီ တစ်ထည် ပါသည်။
"သုံးထည်တောင် ၀ယ်နိုင်သေး"
"တစ်ထည် ဆို တော်ပါပြီကွယ်" ဟု ပြောပြီးမှ ထပ်ဖြည့်ပြောသည်။
"ပွဲဦးထွက် မဟုတ်လား"
သန်းကြွယ်သူဌေးမကလေးဆိုတော့ သူ့နေရာနှင့်သူ သူ လိုက်လျောညီထွေရှိရတော့မည်လေ။

ဒေါ်လာတစ်သန်းက အစမျှသာ ရှိသေး၏။ ထပ်၍ ထပ်၍ ရိုက်ရလေ၊ အခြားရပိုင်ခွင့်တွေက တိုးလာလေလေ၊ ကတ္တူဖုံး ရိုက်ဖြန့်တော့ ဒေါ်လာ နှစ်သိန်းခွဲ  ထပ်ရသေးသည်။ လင်ကီ့လက်ရာ များ ဖြစ်သည်။
ဟန့်က ရုပ်ရှင်ကုမ္ပဏီကြီးလေးခုကို ဈေးပြိုင်စနစ်ဖြင့် ရောင်းပေးမည် ပြောတော့ ဂျိန်းက ပြန်မေး သည်။
"နောက်ထပ် တစ်သန်းထပ်ရဦးမှာလားဟင်၊ ဂျိန်း ရမယ့်ဈေးက ဘယ်လောက်လဲ ဟန့်"
"သိပ် လောဘမကြီးနဲ့လေ၊ နိုင်ငံခြား ပြသခွင့်ပါ ပါမှ သန်းဝက်ပဲရမှာ"
"သန်းဝက် ဟုတ်လား၊ တစ်ဝက်တောင် လျှော့သွားတယ်နော်"
ခြောက်လအတွင်း ဂျိန်းရသည့် ၀င်ငွေမှာ သူ့အဖေတစ်သက်လုံး ရှာလာသည့် ၀င်ငွေထက် ပိုနေပြီ၊ ဂျိန်း၏ ဘဏ္ဍာရေးအခြေအနေက ကောင်းကင်သို့ ရောက်နေ၏။ ဂျိန်းသည် အမြင့်ကြောက်သူ တစ်ယောက်လို မူးရီ မူးဝေ ဖြစ်နေ၏။

ပိုက်ဆံတွေ လျှောက်သုံးသည်။ အ၀တ်အစားတွေ၊ အိမ်အသုံးအဆောင်တွေ လှိမ့်ဝယ်သည်။ မောင်လေး အတွက် ကားတစ်စီး ၀ယ်ပေးသည်။ အဖေနှင့်အမေ့ကို ဥရောပသို့ အပန်းဖြေခရီး ထွက်ခိုင်းသည်။ ရင်းနှီး သူတွေကိုရော၊ သာမန်အသိအကျွမ်းတွေကိုပါ အကောင်းဆုံး စားသောက် ဆိုင်ကြီးများတွင် ညစာ ဖိတ်ကျွေး သည်။ ပိုက်ဆံ ထုတ်မသုံးတော့၊ အမေရိကန် အိပ်စက်ပရက်စ် ကုမ္ပဏီအကြွေးဝယ် ကတ်ပြားဖြင့် စားသောက်ဆိုင်တွင် ငွေချေသည်။

ဒေါ်လာသောင်းနှစ်ထောင်ကျသည့် ငွေတောင်းလွှာကို ကြည့်ပြီး ဂျိန်း မေ့မြောမတတ် လန့်သွား သည်။
"မင်း ပိုက်ဆံ မင်းသုံးတော့ သုံးပေါ့။ ဒါပေမယ့် များလွန်းတယ် ထင်တယ်" ဟု အဲလျော့က သတိပေးသည်။
သည်တော့မှ ဂျိန်းက သူ့အသုံးစရိတ်ကို ထိန်းပေးဖို့ အဲလျော့ကို တောင်းပန်သည်။
"အင်း အဲလျော့သာ မရှိရင် ဂျိန်းဘာတွေ ဖြစ်ကုန်မလဲ မသိဘူးနော်"

ဂျိန်း ကြုံနေရသည့် ပြဿနာမှာ ငွေအကြောင်းချည်း စဉ်းစား ပြောဆိုနေရခြင်း ဖြစ်၏။ ဂျိန်း၏ ဘ၀ တစ်ခုလုံးကို ငွေက  လွှမ်းမိုးထားသလို ဖြစ်လာ၏။ အဲလျော့က ဖြစ်စေ၊ ဟန့်က ဖြစ်စေ၊ ငှားထား သည့် စာရင်းကိုင် က ဖြစ်စေ၊ ငွေရေးကြေးရေးအကြောင်း၊ အခွန်အခများအကြောင်း ပြောလျှင် နားမထောင် ချင်တော့၊ အရမ်းညည်းငွေ့သည်။
"၀င်ငွေကို ဇန်န၀ါရီလထဲကျမှ ပြမယ်၊ ငွေ ဆယ့်ခြောက်လ လှည်သုံးနေလို့ရတယ်၊ အခွန်က ဧပြီလကျမှ တင်ရမှာလေ"
၁၉၇၄ ခုနှစ် ဧပြီလထဲတွင် ဟန့်က ဂျိန်းကို ရှင်းပြသည်။ ဥတ္တရကြယ်မှ ၀င်လာစရာ ရှိသည့် နောက်ထပ် ငွေတွေကို နောက်နှစ်ကျမှ စာရင်း ပြောင်းပေးဖို့ သူ့ကို နားလည်အောင် ပြောနေခြင်း ဖြစ်သည်။
"ဂျိန်း ကို အင်္ဂလိပ်လို ရှင်းအောင်ပြောပါလား ဟန့်ရယ်"

"ဟာ သေတော့မှာပဲ၊ ကိုယ် အရှင်ဆုံး အင်္ဂလိပ်စကားနဲ့ ပြောနေတယ် ဂျိန်းရဲ့"
ဟန့်က စိတ်ပျက်လက်ပျက် ပြန်ပြောသည်။
"မင်းက ငါးဆယ်ရာခိုင်နှုန်း ဆောင်ရမယ့် အုပ်စုဝင် ဖြစ်နေတယ်။ ဒါပေမယ့် အခွန်လွတ် ငွေချေး စာချုပ်တွေကိုယ် ၀ယ်ထားတယ်၊ ဆယ့်နှစ်ရာခိုင်နှုန်း၊ သုံးဆရယ်၊ နှစ်ဆယ်ရာခိုင်နှုန်း မင်းဆီ ပြန်ဝင် လာမယ်"
အဲလျော့က နယူးယောက်စတိတ်  ငွေချေးစာချုပ် နှစ်ဆယ့်ငါသိန်းဖိုး ၀ယ်ပြီး ရင်းနှီးမြှုပ်နှံထားပေး သည့် ကိစ္စ နှင့် အခွန်ကိစ္စကို ရှင်းပြနေခြင်း ဖြစ်၏။

"ဟုတ်လား၊ သေချာတယ်နော်"
စင်စစ် ဂျိန်း ဘာမှ နားမလည်၊ သူ ဘာတွေ ပြောနေမှန်းလည်း မသိ။
"ဘာလို့ မသေချာရမှာလဲ၊ မင်း မေ့နေပြီလား၊ ကိုယ် စတော့ပွဲစားလုပ်ငန်းလုပ်ခဲ့ဖူးတယ်လေ"
"နယူးယောက် ပြည်နယ်ခွန်ကို ကြိုဆောင်ထားရင် ပြည်ထောင်စုကို ပေးရမယ့် အခွန် လွတ်ငြိမ်း ခွင့်ရတယ်"
ဟု စာရင်းကိုင်က ရှင်းပြပြီး တစ်သိန်းနှစ်သောင်းတန်  ချက်လက်မှတ်ကို လက်မှတ်ထိုးခိုင်းတော့ ဂျိန်းက
"ကျွန်မ ထောင်တော့ မကျပါဘူးနော်" ဟု ပြန်မေးသည်။ စာရင်းကိုင် ပြောသမျှ မရိုးသားဟု ထင်ပြီး မသင်္ကာ ဖြစ်နေ၏။

"ကျွန်တော့်အလုပ်က အလုပ်ရှင် ကို ထောင်ထဲ ပို့တဲ့ အလုပ်မျိုး မဟုတ်ပါဘူး ခင်ဗျာ" ဟု စာရင်းကိုင်က ပြန် ပြောသည်။
လက်မှတ်ထိုးပြီး ချက်ကို ဆွဲထုတ်ပေးတော့ ဂျိန်း လက်တွေ တုန်နေသည်။
"ဒါလောက်များများ တစ်ခါမှ လက်မှတ် မထိုးဖူးဘူး" ဟု အဲလျော့ကို ပြန်ပြောပြသည်။ ဖျားချင်သလိုလို ဖြစ်နေ၏။ ပယ်ရီလမ်းတိုက်ခန်းတွင် ၀ီလ်မာနှင့် ပေါင်းနေတုန်းက တိုက်ခန်းလခ ကို သွားသတိရသည်။ တစ်လ ကိုးဆယ့်ရှစ်ဒေါ်လာ။
ဂျိန်းသည် ရှုပ်ထွေးလှသည့် အမြတ်ခွန်ပုံစံတွေ၊ ရင်းနှီးမြှုပ်နှံစာချုပ်တွေကို တစ်လုံးတစ်ပါဒမှ နားမလည်။ လက်မှတ်တွင် ထိုးပေးနေရသည့် အခြား အခြားသော ငွေကြေးကိစ္စများကိုလည်း ဘာမှမသိ။
"ဒါလောက် ရှုပ်တဲ့ကိစ္စတွေကို ဘယ်သူမှလည်း သိမှာ မဟုတ်ပါဘူး" ဟု စိတ်ထဲ နောက်ကျိရီဝေ စွာ တွေးမိ တတ်၏။

"ဂျိန်း ရမှာ သေချာရဲကလားဟင်"
ဟန့်နှင့် လင်ကီတို့က နောက်ထပ် ရိုက်မည့် အကြိမ်များအတွက် သုံးနှစ် ငွေ ၀င်နေဦးမယ် ပြောတော့ ဂျိန်းက မယုံကြည်စွာ ပြန်မေးသည်။
"သေချာပါတယ် ဂျိန်းရဲ့၊ မင်းရမှ ကိုယ်က ဆယ်ရာခိုင်နှုန်းရမှာလေ" ဟု ဟန့်က ရှင်းပြရသည်။
"ပျှမ်းမျှ ၀င်ငွေ ဟုတ်လား၊ တစ်ခါမှ မကြားဖူးဘူး"
စာရင်းကိုင် ၏ တင်ပြချက်ကို ဂျိန်း ဇဝေဇ၀ါ ဖြစ်နေသည်။

"အဲဒီကိစ္စဟာ လူတိုင်း သိပါတယ်၊ အခွန်သက်သာအောင် လုပ်တဲ့ တရားဝင်နည်းလေ"
စာရင်းကိုင်က အလုပ်ရှင် အမျိုးသမီး ဂျိန်းကို စိတ်ပျက်စပြုနေပြီ။ ထို့ကြောင့် နောက်ပိုင်းတွင် အဲလျော့နှင့်သာ တိုင်ပင် တော့သည်။ နောက်နေ့တွင်
"အစ်မရဲ့ အမျိုးသား ရှိပါသလား ခင်ဗျာ"ဟု စာရင်းကိုင်က မေးတော့သည်။
"ဂျိန်း ပိုက်ဆံတွေကို မုန်းလာပြီ၊ ဟိုတုန်းက ဂျိန်းရဲ့ အခန်းခ ဝေစု လေးဆယ့်ကိုး ဒေါ်လာပဲ ထည့်ရတယ်၊ ဖုန်းဖိုး က ကိုးဒေါ်လာ အဲဒီတုန်းက ငွေရေးကြေးရေးဟာ ဘာမှ နားမလည်စရာ မရှိဘူး"
ပြည်တွင်း အခွန် ဦးစီးဌာနမှ စာရွက်တွေ တစ်ထပ်ကြီး ရောက်လာတော့၊ ဟိုလှန်၊ သည်လှန် လုပ်ရင်း ဂျိန်း ချွေးပြန် လာသည်။

"ဂျိန်းက ဆင်းရဲခဲ့တဲ့ အကြောင်း ပြန်တမ်းတနေတာလား"
အမှန်ကို မြင်လာအောင် ဂျိန်းကို ပြော၍လည်း သဘောမပေါက်။ ရယ်စရာပြောလျှင်လည်း ဂျိန်း မရယ်တော့၊ ဟာသဥာဏ်ရွှင်သည့် ဂျိန်းကိုယ်တိုင်လည်း ရယ်စရာ မလုပ်တတ်တော့။ ငွေသည် ဂျိန်း၏ ပျော်ရွှင်မှုကို ဖျက်ဆီးပစ်လိုက်ပြီ ထင်၏။
"ဟိုတုန်းက ဘ၀ဟာ သိပ်ပျော်စရာ ကောင်းတာပဲ၊ ဘာမှ ရှုပ်ရှုပ်ထွေးထွေး မရှိဘူးလေ၊ ခုတော့ အခွန်ကိစ္စ တွေ တန်ဖိုးလျော့တွေ၊ ဟာ ဘာတွေမှန်းကို မသိဘူး၊ စာရင်းကိုင်ငှားရ၊ အခွန် ရှေ့နေ ငှားရ၊ ရင်းနှီးမြှုပ်နှံမှု အကြံပေး ငှားရနဲ့ ရှုပ်ယှက်ကို ခတ်နေတာပဲ၊ ဟိုတုန်းကဆိုရင် တိုက်ခန်းခရယ် တစ်ခါတစ်ခါ ဆံပင်ညှပ်ဖို့ ရယ်လဲ ပူရတယ်၊ တခြား ဘာမှ မရှိဘူး၊ အဲဒီဘ၀ကိုပဲ ဂျိန်း အောက်မေ့ တယ်"
အဲလျော့ ပြောသည်ကို မကြားသလိုနှင့် မျက်ရည်တွေ ကျလာသည်။

အမြတ်နိုးဆုံး သိုးမွေးအင်္ကျီကိုတောင် ဂျိန်း မုန်းလာသည်။
"မင်း သားမွေးအင်္ကျီကို ၀တ်တာ မတွေ့ရပါလား၊ ဘာဖြစ်လို့လဲ"
အဲလျော့က မေးကြည့်သည်။ အဲလျော့က ဇနီးလုပ်သူကို အလှအပဆုံး ၀တ်စား ဆင်ယင်စေကာ ဧည့်ခံပွဲများ၊ စားသောက်ဆိုင်ကြီးများသို့ ခေါ်သွားချင်သည်။ သို့သော် ဂျိန်းက အပေါစား ခြုံထည် နှင့် လက်တိုဂါဝန် ဖားဖားကြီး ချွတ်သည်မရှိတော့။

"အဲဒီ သားမွေးအင်္ကျီကြီးက ခေတ်နောက်ကျနေပါပြီ။ အဲဒါကြီး ၀တ်လိုက်ရင် စိတ်ထဲမှာ အမေ့အင်္ကျီ ၀တ်ထားသလိုပဲ" ဟု လင်တော်မောင်ကို ပြန်ပြောသည်။
"မင်း စိတ်ကြိုက် ၀ယ်တာပဲလေ"
"အဲဒီအကြောင်း ပြန်မပြောပါ နဲ့တော့၊ အရမ်းလည်း ဈေးကြီးသေးတယ်"
"ပုံမကြိုက်ရင်လည်း ပြန်ချုပ်လိုက်ပါလား"
"ဟာ ထပ်ကုန်ဦးမှာပေါ့"
သည် အင်္ကျီကြီးကို ဘီဒိုထဲမှာ ချိတ်ထားတာ မြင်တိုင်း ဂျိန်း စိတ်ပျက်ရသည်။

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>