Showing posts with label ကြယ်နီ (ကိုတံငါ). Show all posts
Showing posts with label ကြယ်နီ (ကိုတံငါ). Show all posts

Tuesday, August 31, 2010

ကြယ်နီ အပိုင်း (၅၀)

ပုထုဇ္ဖနော ဥမ္မတ္တကော
(၁)

အထက်အညာဒေသရှိ မြို့ကလေးတစ်မြို့မှ ပွဲရုံတစ်ရုံအတွင်း ဧည့်ခန်းအဖြစ် သတ်မှတ် ဖွဲ့စည်း ထားသော စားပွဲရှည်တစ်လုံး နံဘေးမှ ကုလားထိုင်တစ်ခုထက်တွင် ထိုင်ကာ ကျွန်တော်သည် လက်ဖက်ရည်ကြမ်း ကို သောက်နေသည်။ ပွဲရုံရှေ့ရှိ မြေကွက်လပ်တွင်မူ ကွမ်းရွာဆေးပို အလုံးသုံး ဆယ်ခန့် သည် စီရရီဖြင့် ညီညာစွာ ရှိနေကြသည်။ ပွဲစားကြးသည် သူ့လက်အောက် လုပ်သားများဖြင့် ထိုဆေးပို များကို ပြုပြင်နေသည်။ ပွဲကတော်ကမူ အိပ်ခန်းတွင်းမှ ထွက်မလာသေး။

ကျွန်တော် ထိုင်နေသော စားပွဲနှင့် မနီးမဝေးတွင် ပွဲစားကြီး၏ စာရေးစားပွဲရှိသည်။ ပွဲစားကြီးသည် စာရင်းကိုင် မထားဘဲ ထိုစားပွဲတွင် သူကိုယ်တိုင် စာရင်းများကို ရေးမှတ်သည်။ ထိုစားပွဲ နံဘေးရှိ နံရံတွင် အကွက် အသား ကောင်းလှသော ဆေးရွက်ကြီးတစ်ရွက်ကို မှန်ပေါင်သွင်းကာ အမြတ်တနိုး ဆွဲချိတ် ထားသည်။ ထို ဆေးရွက်ကြီး၏ နံဘေးတွင် ရေဒီယိုတစ်လုံးကို တပ်ဆင်ထားသည်။
အချိန်မှာ နံနက်ခင်းဖြစ်၍ အရောင်းအ၀ယ် မဖွင့်သေးသည့်အတွက် ပွဲရုံတွင် ခြောက်ကပ် တိတ် ဆိတ် နေသည်။ ကျွန်တော်သည် ပျင်းပျင်းရှိလှသဖြင့် ဆေးပိုများကို စဉ်းစားနေမိသည်။ ကျွန်တော် ဤမြို့ကလေး သို့ ကုန်ရောင်း ရောက်ခဲ့သည်မှာ ၁၀ ရက်ခန့် ကြာရှိပြီဖြစ်၍၊ ပွဲစားကြီး၏ အကြောင်းကို အတော် အတန် ပင် စုံစမ်းသိရှိပြီးလေပြီ။

သူကား ' ဆေးဝိဇ္ဖာ' ဟု နာမည်ကျော်ကြားနေသော ပွဲစားကြီးတစ်ဦးပင် ဖြစ်ပါသည်။ ဆေးဝိဇ္ဖာဟု ဆိုလိုက် ၍ ပြဒါးဝိဇ္ဖာ၊ သံဝိဇ္ဖာ၊ အင်းဝိဇ္ဖာ အစရှိကုန်သော ၀ိဇ္ဖာအပေါင်းနှင့် ဆက်စပ်စဉ်းစားယူ လိုက် လျှင်တော့ တက်တက်စင်အောင်ပင် လွဲမှားသွားပေမည်။ သူ့အား ဆေးဝိဇ္ဖာဟု ဘွဲ့ထူးပေး ထားကြခြင်း မှာ သူသည် ကွမ်းရာဆေး၊ သစ်ထောင့်ဆေး စသော ဆေးများနှင့် ပတ်သက်၍ တစ် ဖက်ကမ်းခပ်အောင် ကျွမ်းကျင် တတ်မြောက်ထားသောကြောင့်ဟု ဆိုကြပါသည်။

ဤအတွက်နှင့် ပတ်သက်၍လည်း သူက မကြာခဏ ဂုဏ်ယူဝင့်ဝါ တတ်ပါသည်။ အကယ်၍ ကုန်သည် တစ်ဦးသည် သူက ၀ယ်ယူရန် တိုက်တွန်းနေသော ဆေးပိုကို 'မှားများ သွားမလား'ဟူသော သံသယဖြင့် ၀ယ်ယူရန် မ၀ံ့မရဲ ဖြစ်နေလျှင် သူက ' အို ... ကျုပ် ပြောတဲ့အတိုင်း ၀ယ်သာ ၀ယ်လိုက်စမ်းပါဗျ၊ ဒီလို ဆေးအစ မျိုးနဲ့ ဒီဈေးမျိုးဆိုရင် ဘယ်တော့မှ မမှား နိုင်ပါဘူးဗျ။ ကျုပ်ပြောရင် ယုံပါ၊ ကျုပ်က ဆေးနဲ့ ပတ်သက် လာရင် အရည်ကျိုသောက်လာတဲ့ အကောင်ပါဗျ' ဟု ပြောဆို တိုက်တွန်းတတ်ပါသည်။

သို့သော် ကုန်သည်များအဖို့ ဆိုလျှင်လည်း သူ၏ ဤသို့ အရည်ကျိုသောက်လာသည်အထိ ကျွမ်းကျင် နေမှုကြောင့်ပင် ပို၍ မ၀ယ်ယူရဲဘဲ ရှိနေတတ်ပါသည်။ အကြောင်းမူကား အရောင်းအ၀ယ် ဖြစ်မှသာလျှင် ၀ယ်သူ့ဘက်ကရော ရောင်းသူထံမှပါ နှစ်ဖက် ပွဲခကို ရရှိမည် ဖြစ်၍၊ အရောင်းအ၀ယ် ဖြစ်နိုင်ရန်အတွက် သူ တတ်ကျွမ်းနားလည်ထားသော ဆေးနှင့်ပတ်သက်သမျှ အထွေထွေ ဗဟုသုတကို အသုံးပြုကာ၊ မကောင်းကို အကောင်းလုပ် ပြောရာ၌လည်း ပါရဂူမြောက်လှပေသောကြောင့်တည်း။

အကယ်၍ ၀ယ်ယူမည့်သူက မ၀ယ်ယူလိုသောကြောင့် ဖြစ်စေ၊ တတ်ယောင်ကား လုပ်လို၍ဖြစ်စေ၊ သူ ၀ယ်ယူရန် တိုက်တွန်းသောဆေးကို အပြစ်အနာကလေးများ ဖော်ပြ ပြောဆိုမိပါက သူသည် ပြင်းထန်စွာ ချေပ ပြောဆိုတတ်ပါသည်။

' အောင်မာ ... ခင်ဗျားတို့က ခုမှ ဆေးအရောင်းအ၀ယ် လုပ်မယ် ကြံတာပါဗျ၊ ကျုပ်က ငယ်စဉ်ထဲက ဆေးကြားထဲမှာ ကြီးလာတဲ့ကောင်ပါ။ ဆေး ကောင်းမကောင်း ဆေးပိုကို ဖြဲခွဲပြီး ကြည့်မနေရဘဲ ဆေးပိုနံဘေးက လက်တစ်ဝါး သာသာလောက် လှပ်ပစ်ပြီး ဆေးခေါင်းကို ကြည့် လိုက်တာနဲ့ ဒီဆေးရဲ့ အကြီးအသေး၊ အညံ့ အကောင်း အမျိုးအစားနဲ့ ဘယ်နယ်က ထွက်တဲ့ဆေး ဆိုတာ တပ်အပ်ပြောပြနိုင်တဲ့ အကောင်ဗျ' ဟု တုံ့ပြန် ပြောဆိုတတ်ပါသည်။ မှန်သည်၊ သူကား ဆေးနှင့် ပတ်သက်လာလျှင် 'နိုးတူး' ဟု စွဲမှတ် ထားသူဖြစ်ရာ၊ သူ့ထက် တတ်သိသလိုလိုနှင့် ဆင်ခြေတက်လာသော အကြောင်းပြချက်များကို သူ လုံးဝ လက်မခံနိုင်ပါ။

ဤသို့ ဆေးဝိဇ္ဖာ ဟူသော ဘွဲ့ထူးကို ခံယူထားသော်လည်း သူ့ပွဲရုံမှာ ဆေးတစ်မျိုးတည်းကိုသာ လက်ခံရောင်းဝယ်ခြင်း ပြုသည်ဟူသော အဓိပ္ပာယ်ကိုတော့ မသက်ရောက်ပါ။ ထန်းလျက်၊ မန်ကျည်း၊ ဆီ စသော အညာကုန်များနှင့် ဆန်၊ ဆား၊ ငါးပိ၊ ငါးခြေိာက် စသော အောက်ကုန်များကို လည်း လက်ခံရေင်းဝယ် ပေးပါသည်။ သို့သော် ဆေးကိုသာလျှင် အဓိကထား၍ ရောင်းဝယ်ခြင်းပြု ကာ၊ အခြားကုန်များကို အရံသဘောဖြင့် သာမညမျှသာ ရောင်းဝယ်ခြင်းမပြုပါသည်။

သူကား ဤသို့ ပွဲစားအလုပ်မျှသာမက ကုန်သည်လည်း လုပ်လိုက်ပါသေးသည်။ သူကား တောနယ်မှ ကိုင်းသမားမိတ်ဆွေ ပေါများသူဖြစ်ရာ၊ ထိုကိုင်းသမားများထံမှ ရောင်းချပေးရန် ပွဲရုံသို့ တင်ပို့ အပ်နှံထားသော ဆေးပိုများကို ငွေမချေရဘဲ အကြွေးသဘောဖြင့် ဈေးဖြတ်သိမ်းယူ၍ ရန်ကုန်သို့ တင်ပို့ ရောင်းချတတ်ပါသည်။ ရောင်း၍ရသမျှ ငွေများကို အပြန်တွင် ကုန်ဝယ်လာခဲ့ပြီး သူ့ပွဲရုံ၌ တင်ကာ ရောင်းချပြန်ပါသည်။ ဤနည်းအားဖြင့် ဤငွေများကို အသုံးပြုကာ အတန်ကြာ အောင်ပင် ရင်းနှီးရောင်းဝယ်ပြီးမှ ကိုင်းသမားများသို့ ပြန်လည် ပေးဆပ်တတ်သည်။ ဤသို့ လူရည် လည်မှု ကြောင့်လည်း တစ်နှစ်တစ်နှစ် သူ့ဝင်ငွေမှာ မနည်းလှပါ။

ဤသို့ ကိုင်းသမားများထံမှ ဆေးပိုများကို ရန်ကုန်သို့ တင်ပို့ရောင်းချရာ၌ သူ တတ်ကျွမ်းသော ၀ိဇ္ဖာ ပညာကို အသုံးပြုနိုင်သည့်အတွက် သူ့အမြတ်ငွေမှာ ပို၍ ပို၍သာ ရလာပြန်ပါသည်။ ကိုင်းသမား လက်ထွက် ဆေးများမှာ ဆေးမျိုးကောင်းဆိုလျှင် ဆေးမျိုးကောင်းသန့်သန့်၊ ဆေးလက်ဆိုလျှင် ဆေးလတ် သန့်သန့်ဖြင့် သူ့အမျိုးအစားနှင့်သူ၊ သူ့အရွယ်အစားနှင့်သူ ရိုးသားသန့်စင်စွာဖြင့် တစ်ပိုစီ ခွဲခြား ထည့်သိုထားသည်။ ဈေးမှာလည်း ဆေးကိုလိုက်၍ သူ့ဈေးနှင့်သူ ခွဲခြားရောင်းချလိုက်သည်။ ဒါကို သူက ဆေးလတ်နှင့် ဆေးမျိုးညံ့များ ပျောက်ကွက်သွား၍၊ အားလုံး ဆေးကြီးနှင့် ဆေးမျိုးကောင်း ချည်းအဖြစ် ပြောင်းလဲလာအောင် သူ၏ ၀ိဇ္ဖာပညာဖြင့် ရောစပ် မွှေနှောက်ပစ်လိုက်နိုင်သောကြောင့် အမြတ် မှာ ပိုလာရခြင်းဖြစ်သည်။

ရောစပ်ပုံမှာ ပိုလွတ်တစ်လုံးထဲတွင် ဆေးမျိုးညံ့ တစ်ကိုင် ထည့်ပြီးလျှင် အပေါ်မှ ဆေးမျိုးကောင်း တစ်ကိုင်ဖြင့် သိုသိပ်ပိပြားစွာ ဖုံးအုပ်လိုက်သည်။ ဆေးလတ်တစ်ကိုင် ထည့်လျှင်လည်း အပေါ်မှ ဆေးကြီး တစ်ကိုင် ဖြင့် သိုသိပ်ပိပြားစွာ ဖုံးအုပ်လိုက်ပြန်ပါသည်။ ပိုပြည့်သွားသောအခါတွင် ဆေးမျိုး ညံ့နှင့် ဆေးလတ် မှာ ပျောက်ကွယ်သွား၍ အားလုံး ဆေးမျိုးကောင်းနှင့် ဆေးကြီးအဖြစ်သာ အမြင်လှ နေတော့သည်။ လွန်စွာ ကျွမ်းကျင်သော ကုန်သည်မဟုတ်လျှင် ရောစပ်ထားမှန်းမသိဘဲ မျက်စိမဋ္ဌှားကာ ဆေးမျိုးကောင်း နှင့် ဆေးကြီးဈေးပေး၍ ၀ယ်သွားရတတ်သည်။

ဤနည်းအားဖြင့် သူသည် ၀ယ်ရာ၌ ဆေးမျိုးညံ့နှင့် ဆေးလက်ကို ဈေးချိုချိုဖြင့် ၀ယ်ရသော်လည်း၊ ရောင်းရာတွင် မူကား အားလုံး ဆေးမျိုးကောင်းနှင့် ဆေးကြီးအဖြစ် ဈေးကောင်း ရောင်းလိုက် ရသည်ဖြစ်ရာ၊ သူ၏ အမြတ်ငွေမှာလည်း အဆမတန် ပိုလာတော့သည်။ ဤသည်ပင်လျှင် ဆေးဝိဇ္ဖာ အဖြစ် သူဂုဏ်ယူနေသော ပဉ္စလက်အတတ်နှင့် အောက်လမ်းပညာ ဖြစ်သည်။ သို့သော် ဘယ်သူတွေ ဘာပဲဖြစ်ဖြစ် ကိုယ် အမြတ်ရဖို့သာ အဓိက မဟုတ်လား။

ကျွန်တော်တို့ ပွဲစားကြီးမှာ ဤသို့သော ပွဲစားကြီးမျိုးဖြစ်ပါသည်။ သူသည် ဤသို့သော ဥာဏ်နီ ဥာဏ်နက်၊ ဥာဏ်ကလိမ်ချုံ၊ တစ်နပ်စားဥာဏ်၊ ပေါ်ကြော့ဥာဏ်မျိုးကို နေရာတကာ၌ လွှာ၍ အသုံး ပြုတတ် သည်ဖြစ်ရာ ကျွန်တော့်မှာ သူ့အား မလစ်သော မျက်စိဖြင့် အကဲခတ် လေ့လာနေရပါသည်။ ကျွန်တော်တို့လို တစ်ရပ်တစ်နယ်မှ ကုန်ရောင်း ရောက်သူများအဖို့ မြို့ခံပွဲ စားက မကောင်း၍ ပွဲစား သတ်လျှင် သေတတ်သည်ဖြစ်ရာ၊ ကျွန်တော့်မှာ သူ့ကို မျက်ခြည်ပြတ် မခံဘဲ စောင့်ကြပ် လေ့လာ နေရ ပါသည်။

(၂)

ပွဲကတော်သည် ခရီးဝေးသွားမည့်ဟန်ဖြင့် ဖြီးလိမ်းဝတ်စားကာ ထွက်လာပေပြီ။ သူ၏ အသက်မှာ သုံးဆယ်ကျော်၍ လေးဆယ်နားသိုပပင် ချဉ်းကပ်နေပေပြီ။ နဖူးရေနှင့် ပါးရေကလေးများပင် တွန့်စ ပြုနေပါပြီ။ သူ၏ မျက်လုံးအစုံမှာလည်း တောက်ပ ပူနွေးသော ရောင်ခြည်မျှင်များ ယှက်သန်း ကွန့်မြူးခြင်း မရှိဘဲ၊ လူသေ့ မျက်လုံးလို အေးတိအေးစက်နှင့် ထိုင်းမှိုင်းငြိမ်ဝပ်သည့်အသွင်ကို ဆောင်နေသည်။ ဆွဲငင်မြူညို့သော မျက်လုံးမျိုး မဟုတ်၊ တွန်းကန် မောင်းနှင်သော မျက်လုံး။ သည်မျက်လုံးက သူ၏ အလှသည် ကုန်ခန်းခဲ့ပြီဖြစ်၍ သူ့၌ တောက်ပသော မျှော်လင့်ချက်များလည်း ခြေက်ခန်း ကုန်ပြီ ဖြစ်ကြောင်း ဖော်ပြနေသည်။

တစ်ခါတစ်ရံတွင် ပွဲကတော်၏ မျက်လုံးအရောင်သည် ပြောင်းလဲသွားတတ်သည်ကို ကျွန်တော် သတိပြု မိသည်။ ဆွေးရိပ်သန်းနေသည့် မှိုင်းညို့ရီဝေနေသော မျက်လုံးအရောင်မျိုးသို့ ပြောင်းလဲ သွားတတ်ခြင်း ပင်ဖြစ်ပါသည်။ ထိုအချိန်တွင် သူ၏ မျက်နှာမှာလည်း ပူပုံပန်း ဟန်မူရာမျိုးသို့ ပြောင်းလဲသွားတတ်သည်။ တစ်နေရာရာကို ငေးစိုက်ကာ တွေးကွက်တစ်ခုတွင် နစ်မျောနေသလို ငြိမ်သက်နေတတ်သည်။

ထို့ကြောင့် ကျွန်တော်သည် ပွဲစားကြီးကို စိတ်ဝင်စားစွာ လေ့လာနေသလို ပွဲကတော်ကိုလည်း မသိ မသာ လေ့လာနေခဲ့ပါသည်။ သို့သော် ကျွန်တော် လေ့လာနေဆဲမှာပင် တစ်နေ့ ပွဲစားကြီး မရှိခိုက် ပွဲကတော်သည် ငိုကြီးချက်မနှင့် သူ၏ ရင်တွင်း၌ ခံစားနေရသော ဝေဒနာကို ကျွန်တေ့်အား ဖွင့်အန် ပါတော့သည်။ ဤတွင်မှ ကျွန်တော် သိလိုသော အဖြေများလည်း ဘွားခနဲ ပေါ်လာပါတော့ သည်။
ပွဲစားကြီး မှာ အပျော်အပါး အားကြီးသည်ဟုဆို၏။

အထူးသဖြင့် မိန်းမ လိုက်စားရန် ၀ါသနာထုံသည်ဟု ဆိုပါသည်။ ဈေးသူများ၊ အောက်အရပ်မှ ကုန်ရောင်း ရောက်လာတတ်သည့် မိန်းမများထဲတွင် သူ့အပျော်မယားများမှာ လက်ညိုးထိုး မလွဲဟုလည်း ဆိုသည်။ ပွဲကတော်၏ မိဘဘက်မှ ရရှိသော အမွေပစ္စည်းနှင့် ပွဲရုံမှ အမြတ်ငွေများမှာလည်း ဤမှာဘက်တွင်သာ သုံးဖြုန်းပစ်လိုက်သဖြင့် နှစ်ချုပ် စာရင်းရှင်းလိုက်သောအခါတွင် လက်ကျန်ငွေဟူ၍ မရှိတော့ဘဲ ကြွေးပတ်လည် ၀ိုင်းနေတော့ကြောင်း၊ ပြောမရ ဆိုမရ၍ လက်ပိုက်ပြီး ကြည့်နေရကြောင်း စုံတကာ့ကို စေ့သွား ပါတော့သည်။
ဈေးသူမျူားမှာ သူ့ပွဲရုံမှ ကုန်စည်များကို ' ခေါက်ပြန်ချေ ' သဘောမျိုးဖြင့် အကြွေးယူရောင်းကြရ သည်။ သူသည် ဤဈေးသူမျူားအား အကြွေးပေးရာ၌ များစွာ ရက်ရော၏။ အကယ်၍ သူ မျက်စိကျ သော မိန်းကလေး ဆိုလျှင် ပို၍ပင် ရက်ရော၏။ အနှမြောမရှိ၊ မတွန့်တို၊ မငြိုငြင်။

' ယူရောင်းပါ၊ ရောင်းပြီးမှ ပေးတာပေါ့၊ အို ... မချောင်လယ်သေးရင်လည်း နေဦးလေ။ သြ ... ဈေး ရောင်းလို့ကလည်း မကောင်း၊ ကုန်ကလည်း ရှုံးတာနဲ့ ငွေရင်းကလေးပါ ပြုတ်သွားပါသလား။ ကိစ္စ မရှိပါ၊ ပွဲစားကြီး က ငွေစိုက်ပြီး ရှင်းလိုက်ပါမည်။ ထပ်ယူပြီး ထပ်သာ ရောင်းပါ၊ ဒီကြားထဲ တခြား ဗာဟီရ အသုံး အတွက် ငွေလိုရင်လည်း ပြောတာပေါ့။ မယ်ညို ပဒုမ္မာနဲ့ နိုင်လွန်အင်္ကျီကလေးများ ကော မ၀တ်ချင်ဘူးလား။ ဘာ ... ၀တ်တော့ ၀တ်ချင်ပါရဲ့၊ ငွေအတွက်ကြောင့်မို့သာပါ၊ ဟုတ်လား။ အို ... ငွေ ဘာအရေး လဲ၊ ငွေဆိုတာ ပွဲစားကြီးက ဖြစ်တာပါ၊ ၀ယ်သာ ၀တ်၊ ၀ယ်သာ ၀တ် '
ကြာတော့ ပွဲစားကြီး၏ စေတနာ ကွန်ရက်အတွင်းဝယ် ကံဆိုးလှသော ဤဈေးသူခမျာ မလူးသာ မလွန့်သာအောင် အမိခံရမည်မှာ ဓမ္မတာပင် ဖြစ်ပါသည်။ ဤကား ဆင်းရဲသော ဈေးသူအချို့အား သူ၏ အပျော်မယားအဖြစ် သိမ်းသွင်းရာ၌ ပွဲစားကြီး ကျင့်သုံးသော နည်းပရိယာယ်ပင် ဖြစ်သည်ဟု ဆိုပါသည်။

သူ့ပွဲရုံသို့ တစ်ရပ်တစ်နယ်မှ ကုန်ရောင်းလာတတ်သော မိန်းမကုန်သည် တစ်ဦးဆိုလျှင်တော့ သူသည် အချိန်အတော်ကြာအောင် အကဲခတ် ကြည့်ရတတ်သည်ဟု ဆိုပါသည်။ အနေအထိုင်၊ အပြုအမူ၊ အပြောအဆိုများ တွင် ဖောက်ပြန်သော အရိပ်အယောင်ကလေးများ အစွန်းအစ ထွက် ပေါ်လာမည် မကြံလေ နှင့်။ ၃၇ မင်းကို ပန်းမကိုင်ဘဲကျပြီး ဖြစ်နေသော ပွဲစားကြီးက ထိုအချက်ကို အခွင့်ကောင်းယူ၍ ပါးနပ် လိမ္မာစွာ စခန်းသွားပြ လိုက်လိမ့်မည်။ ကုန်ရှုံးလွန်း၍ စိတ်ပျက် လက်ပျက်ဖြစ်ပြီး စိတ်လေနေသော အမူအရာ များကိုလည်း ဖော်မပြလိုက်ပါလေနှင့်။ ပွဲစားကြီး၏ ပရိယာယ် ကွန်ရက်အတွင်းဝယ် 'ဒက်'ခနဲ နေအောင် အမိခံရလိမ့်မည်။

သို့သော် တကယ့် ဣနြေ္ဒ ရှင် မိန်းမကုန်သည်အစစ် ဆိုလျှင်တော့ ပွဲစားကြီးသည် လူကြီးလူကောင်း ပီသ စွာဖြင့် ရိုးဖြောင့်စွာ ဆက်ဆံတတ်သည်ဟု ဆိုပါသည်။
ကျွန်တော်သည် ပွဲကတော်၏ စကားကို ကြားနာရပြီးနောက် ပွဲကတော် ပေါ်တွင် သက်ညှသနားမိ သော်လည်း ကျွန်တော်လည်း မည်သို့မျှ တတ်နိုင်သော ကိစ္စမျိုး မဟုတ်သဖြင့် ဆိတ်ဆိတ်ပင် နေ လိုက်ရ ပါသည်။ ပွဲကတော်မှာလည်း သူ့ရင်တွင်း၌ ခံစားနေရသော အကျိတ်အခဲများကို ကျွန်တော့် အား ဖွင့်အန်ချပြလိုက်ရပြီးဖြစ်၍ ရင်ထဲမှာ ရှင်းပြီး ပေါ့ပါးသွားဟန်ဖြင့် ကြည်ကြည်လင်လင် ရွှင်ရွှင် လန်းလန်း ပြန်ဖြစ် သွားပါတော့သည်။

စင်စစ် ပွဲကတော် ပြောပြသော အကြောင်းအချက်များသည် ယုံမှားသံသယ ရှိစရာမလိုအောင် မှန်ကန်သည့် အကြောင်းအချက်များသာ ဖြစ်သည်ဟု ကျွန်တော် ယုံကြည်ပါသည်။ ကျွန်တော်သည် ပွဲစားကြီး ၏ စားပွဲ အံဆွဲအတွင်းမှ စရင်းစာအုပ်များအောက်တွင် လျှို့ဝှက်စွာ ဖုံးဝှက်ထားသော 'လူကြီး ချိုချိုစို့နည်း'၊ 'ဃရာဝါသ နိဿရည်း'၊ 'ကာလီဒါသ၏ ကြာခြည်သဘာဝ' ဟူသော စာအုပ် သုံးအုပ်ကို အမှတ်မထင် တွေ့လိုက်ရပြီးကတည်းက ပွဲစားကြီး၏ ၀ါသနာကို ကျွန်တော်သည် ရိပ်စား မိပြီးဖြစ် နေပါသည်။

ပွဲစားကြီးသည် လူ့ဘ၀ကို လေးလေးနက်နက် အဓိပ္ပာယ် ပေးလိုသူမဟုတ်ပါ။ သူ၏ လူ့ဘ၀ အဘိဓမ္မာမှာ ပျော်ပျော်နေ သေခဲဖြစ်သည်။ ဘ၀တွင် နေရသည့်အခိုက် ပျော်ပျော်ကြီးနေမည်။ ပျော်စရာများ နောက်သို့သာ တကောက်ကောက် လိုက်မည်။ ပျော်စရာများ နောက်သို့ တကောက် ကောက်လိုက်ရင်း ကာမဂုဏ် တရားသည်သာ ပျော်စရာ ဖြစ်သည်။ လူ့ဘ၀ဆိုတာ ကာမဂုဏ်တရားကို နည်းအမျိုးမျိုးဖြင့် လိုက်စားခြင်း ဖြစ်သည်ဟူသော အချက်တွင် သွား၍ နိဂုံး ချုပ်သည်။

(၃)

ပွဲကတော်သည် ကျွန်တော့်အနီးရှိ ကုလားထိုင်တစ်လုံးတွင်  ၀င်ထိုင်ကာ ပွဲစားကြီးအား စောင့်ဆိုင်း နေသည်။ ကျွန်တော်က သူ့အား ' ဖြီးလို့လိမ်းလို့ ပါလားဗျ၊ ဘယ်သွားမလို့လဲ' ဟု မေးကြည့်ရာ၊ ချောက်မြို့ တွင် ကုန်ဖိုးငွေ ရစရာရှိနေ၍ ထိုကုန်ဖိုးငွေကို သွားရောက် တောင်းခံရမည်ဖြစ်ကြောင်း ပြန်လည် ဖြေကြားပါသည်။
ပွဲရုံ ရှေ့တွင် ဆေးပိုများနှင့် အလုပ်များနေဟန်ရှိသော ပွဲစားကြီးသည် ဖြီးလိမ်းဝတ်စားပြီး သူ့ကို စောင့်ဆိုင်း နေသော ပွဲကတော်ကို မြင်လိုက်သဖြင့် ပွဲရုံတွင်းသို့ဝင်လာကာ ကျွန်တော်တို့အနီးတွင် လာထိုင်၏။ နောက် ပွဲကတော်ကို စူးစမ်းသလို တစ်ချက်မျှ ကြည့်ရှုလိုက်ပြီးနောက် ' သြ ... မင်း သွားဖို့ အသင့်ဖြစ်နေပြီကိုး 'ဟု ရွတ်လိုက်၏။

' ဟုတ်လယ်လေ၊ သွားဖို့ အသင့်ပဲ ဖြစ်နေရမှာပေါ့။ ရှင်ကပဲ ဒီနေ့ မသွားရင် မဖြစ်ဘူး၊ ဒီငွေကို ဒီနေ့ ရဖို့ အရေးကြီး တယ်လို့ ဆိုထားတာကိုး'
' ဟုတ်တယ်၊ ဒီငွေကို ဒီနေ့ ရဖို့ အရေးကြီးတယ် '

ပွဲစားကြီးသည် ပွဲကတော်၏ စကားကို သံယောင်လိုက်ကာ ပဲ့တင်ထပ်လိုက်ပြီးနောက် ရုတ်တရက် ကျွန်တော့် ဘက်သို့ လှည့်၍ -
' ကဲ ... ခင်ဗျား စဉ်းစားကြည့်စားပါဦးဗျ၊ ကျုပ် အောက်အရပ်ကို ဆေးသွားရောင်းပြီး အပြန်မှာ ပါလာတဲ့ ဆန်နဲ့ ဆားအိတ်တွေဟာ ကျုပ်တို့ မြို့နဲ့ဆိုရင် နည်းနည်းများနေလို့ ချောက်မြို့က သူ့ပွဲရုံမှာ ခွဲပြီး ရောင်းဖို့ အပ်ထားခဲ့တာ ခြောက်လလောက် ရှိသွားပြီဗျ။ အဲဒီ ဆန်နဲ့ဆား ရောင်းလို့ ရတဲ့ ငွေကို ကျုပ်ကို ခုအထိ ရှင်းမပေးသေးဘဲ တစ်ဖက်လှည့်နဲ့ သူ့လုပ်ငန်းထဲမှာ ထည့်ပြီး ရင်းနှီး ရောင်းဝယ်နေတယ်ဗျ။ ပွဲစားအချင်းချင်း ဒီလိုလုပ်တာ ဘာကောင်းသလဲ၊ ကျုပ်တော့ သည်းမခံ နိုင်လောက်အောင် ဒေါသ ထွက်ပြီဗျို့ '

အမှန်ပင် သူသည် သည်းမခံနိုင်လောက်အောင် ဒေါသထွက်နေဟန်တူပါသည်။ အကြောင်းကို ဆိုသော် သူ့မျက်နှာသည် ချက်ချင်းပင် တင်းမာလာပြီးနောက် အံကိုလည်း တအား ကြိတ်ထားကာ၊ မျက်ထောင့်ကြီး မှာလည်း နီရဲနေသောကြောင့် ဖြစ်ပါသည်။ ဒါကို ပွဲကတော်က ဖျောင်းဖျသော လေသံ ဖြင့် -
' အို ... ဒီလိုလည်း ဒေါသ ရှေ့မထားနဲ့လေ၊ ကိုယ်ယုံကြည်လို့ သူ့ကို ရောင်းခိုင်းမိမှကိုး၊ ဒီတော့ သာယာ ညင်းပျောင်းနဲ့ ဖျောင်းဖျောင်းဖျဖျ ပြောတောင်းရတော့မှာပေါ့။ ကဲလေ ... ဟိုရောက်ရင် ကျုပ် ဘယ်လို ပြောတောင်း ရမယ်ဆိုတာသာ မှာလိုက်ပါ၊ ကျုပ် ရအောင်ကို တောင်းခဲ့မပေါ့ '

' ဆန်အိတ်နဲ့ ဆားအိတ်ဖိုးငွေဟာ ရက်ကြာလှပြီမို့ အခု အပြေရှင်းပေးပါလို့ပြော။ နေပါဦး ... ဘာ ညာဆိုရင် မနေနိုင်ဘူး၊ ကျွန်မတို့မှာ ငွေအသုံးလိုနေလို့ ဒီနေ့ ရမှဖြစ်မယ်၊ အဲဒီလို ပြောတောင်း၊ လေအေး ကလေးနဲ့ လုပ်မနေနဲ့၊ ခပ်မာမာသာ ပြော။ ဒီကောင်တွေက မတောင်းဘဲနဲ့ ပေးချင်တဲ့ ကောင်တွေ မဟုတ်ဘူး '
ပွဲစားကြီးသည် လက်သီးလက်မောင်းတန်းကာ ဒေါနှင့်မာန်နှင့်ပြောပြနေသည်။ အကယ်၍ သူ့ငွေ ရစရာ ရှိသော သူသာ ယခုမျက်မှောက်တွင် ရှိနေခဲ့ပါလျှင် သူသည် မှုန့်မှုန့်ညက်ညက်ဖြစ်အောင် ချေမှုန်း ပစ်လိုက်မည် မလွဲဟု ထင်မှတ်ရပါသည်။

ပွဲကတော် ထွက်ခွာသွားသည်နှင့်တစ်ပြိုင်နက် ပွဲစားကြီးသည် လုပ်စရာရှိသော အလုပ်များကို သူ့ လက်ထောက်သို့ လွှဲအပ်ကာ ရေချိုးနေတော့၏။ ပြီးနောက်တော့ တောက်ပ သစ်လွင်သော ၀တ်စားတန်ဆာ များဖြင့် ဆင်ယင် ပြုပြင်ထားသော ပွဲစားကြီးအဖြစ်သို့ ပြောင်းလဲ ရောက်ရှိသွားပါ ပြီ။

ပွဲစားကြီးသည် သူ့စားပွဲမှ ကုလားထိုင်တွင် ထိုင်နေရာမှ တစ်စုံတစ်ရာကို မျှော်လင့်နေသလို ပွဲရုံ ရှေ့သို့ မကြာခဏ လှမ်းကြည့်တတ်၏။ သို့ကြည့်ပုံမှာလည်း အမှတ်မထင် ကြည့်ပုံမျိုးမဟုတ်ဘဲ သူ မျှော်လင့်နေသော တစ်စုံတစ်ယောက်သည် ရောက်ရှိလာပြီလောဟု ဂရုတစိုက် စူးစမ်းကြည့်ရှုပုံမျိုး ဖြစ်၏။

ပွဲကတော် ထွက်ခွာသွားသည့် အချိန်မှစ၍ ဂနာမငြိမ် ဖြစ်နေသော ပွဲစားကြီး၏ အမူအရာမှာ တစ်မျိုးပင် ထူးခြားနေသောကြောင့်၊ ကျွန်တော်သည် ပွဲစားကြီးအား မသိမသာ အကဲခတ်နေမိသည်။ နောက်တစ်ကြိမ် ပွဲစားကြီသည် ပွဲရုံရှေ့သို့ မျှော်အကြည့်တွင် ကျွန်တော်လည်း သူ ကြည့်ရာသို့ လိုက်ကြည့်မိသည်။ အသက် ၂၀ ခန့် အသားဖြူဖြူ မိန်းမရွယ် တစ်ဦးသည် ပွဲရုံအတွင်းသို့ ၀င်လာ နေသည်ကို ကျွန်တော် မြင်တွေ့ရသည်။ သူ၏ ခြေလှမ်းများကား သွက်လက်ခြင်းမရှိဘဲ ပြစ်မှု ကျူးလွန်ထားသော တရားခံတစ်ဦးသည် တရားသူကြီးနှင့် ဂျူရီလူကြီးများ၏ ရှေ့မှောက်သို့ လျှောက်လာ နေရ သလို လေးလံ တွန့်ဆုတ်နေ၏။

' သြော် ... မလှခင် လာလာ၊ နင့်ကုန်တွေတော့ ရောင်းပြီးပါပြီ၊ မျှင်ငါးပိ နှစ်ပုံး သုံးပုံးလောက်ပဲ ကျန် တော့တယ် '
ပွဲစားကြီးသည် ၀မ်းသာအယ်လဲ ဖြစ်သွားသည့် အမူအရာကိုမူ ဟန်ဆောင်ဖုံးဖိ၍ မထားနိုင်ဘဲ၊ အရေးတကြီး မူရာဖြင့် ပွဲရုံဝသို့ ကိုယ်တိုင် ထွက်ကြို၏။ မိန်းမပျိုကား ဘေးဘီကို ကြည့်ရှုခြင်း မရှိဘဲ ရှက်သွေးရောင် လျှမ်းနေသော မျက်နှာကလေးကို အောက်သို့ ငုံ့ထားကာ မူမမှန်သော ခြေလှမ်း များဖြင့် ပွဲရုံထဲ သို့ ၀င်ရောက်လာသည်။

' နင့် ... မျှင်ငါးပိက နည်းနည်းကြမ်းနေလို့ တစ်ရာ့နှစ်ဆယ် ဈေးနဲ့ ရောင်းထုတ်ပစ်လိုက်တယ်လေ။ တစ်ရာ့ သုံးဆယ်ဈေးရအောင် ဆွဲရောင်းပါသေးရဲ့၊ ဒါပေမဲ့ အ၀ယ်က မလိုက်တော့ တစ်ရာ့နှစ် ဆယ့်ဈေး နဲ့ပဲ ရောင်းပစ်လိုက်ရတယ် '
ပွဲစားကြီးက ရွှန်းရန်းဝေအောင် ပြောဆိုနေသော်လည်း မိန်းမပျိုကား တစ်ခွန်း တစ်ပါဒမျှ ပြန်ကြား ခြင်းမရှိဘဲ ရှက်သွေးရောင် လျှမ်းနေသောမျက်နှာ၊ မလုံမလဲ ဖြစ်နေသော အမူအရာဖြင့် ခေါင်း ကလေး ကိုသာ အောက်သို့ ငုံ့ထားရှာသည်။

ပွဲစားကြီးကား လူပရိသတ်ရှေ့၌ မိန်းမပျိုအား ကုန်သည်တစ်ဦးအဖြစ် နာမ၀ိသေသန တပ်ဆင်ကာ သရုပ်ဖော် ပေးနေသော်လည်း သရုပ်မှန် မဟုတ်ဘဲ သရုပ်ပျက်သာ ဖြစ်ကြောင်း မိန်းမပျို၏ အမူအရာ အားဖြင့် ၀န်ခံနေသည်။ တကယ့် သရုပ်မှန် မိန်းမတစ်ဦးဆိုလျှင် အမူအရာအားဖြင့် ဖျပ်လတ် သွက်လက် ၍ စကားလည်း ကြွယ်ရမည်။ ပွဲစား တစ်ခွန်းကို သူက နှစ်ခွန်း၊ သုံးခွန်း ရအောင် အလုအယက် ပြောနိုင် ရမည်။ အသံမှာလည်း စာစာညံညံနှင့် နားမခံသာအောင်ရှိရမည်။

စကားပြောပုံ ဆိုပုံမှလည်း ခေါင်းညိတ်၊ လက်ကာ၊ ရင်ကလေးကို လှုပ်တဲ့ကာ မျက်စကလေးကို ချီ၊ျက်လုံးကလေးများကိုတော့ စွေချည်တစ်ခါ၊ စောင်းချည်တစ်လှည့်၊ နှုတ်ခမ်းကိုရွဲ့၍ မဲ့သည့်အခါ မဲ့၊ မေးကလေးကို ရှေ့ထိုး၊ အမျိုးမျိုးဖြင့် သုံးဆယ့်နှစ်ကောဌသလုံး လှုပ်ရှားခြင်း ရှိရမည်။ ယခုတော့ တကယ့် သရုပ်မှန်နှင့် ကိုက်ညီခြင်း မရှိဘဲ တေမိဇာတ် ခင်းနေခြင်းက ပွဲစားကြီး၏ သရုပ်ဖော်ချက် သည် သရုပ်ပျက် သာဖြစ်ကြောင်း ထင်ရှားနေသည်။

ကျွန်တော်ကား ပွဲကတော် ထွက်ခွာသွားပြီးနောက်မှ ဂနာမငြိမ် ဖြစ်နေသော ပွဲစားကြီးနှင့်၊ ပွဲကတော် မရှိခိုက်မှ ရောက်ရှိလာသည့် သရုပ်ပျက်နေသော မိန်းမပျိုတို့ကို ဆက်စပ်ကာ ဤသူနှစ် ဦးအပေါ်တွင် ထူးထူးခြားခြား စိတ်ဝင်စားမိပေပြီ။

(၄)

မွန်းတည့်နေသည် သဲ  ဆန်သော အညာမြေပေးသို့ ပူပြင်းသော ရောင်ခြည်ကို သွန်းလောင်းပေး နေရာ သဲပွင့်ကလေးများမှာ နေရောင်ဟပ်၍ ၀င်းဝင်းတောက်နေသည်။ တမာပင်နှင့် မန်ကျည်းပင် များ အပေါ်ဝယ် အိပ်ငိုက်နေကြသော ကျီးအချိ့၏ ' အား ... အား ... အား ' ဟူ၍ ပျင်းရိ လေးတွဲ့စွာ အော်မြည်နေသံသည် တိတ်ဆိခြောက်သွေ့သော ရှုခင်းကို အသက်သွင်းပေးနေသည်။
ဆေးပိုများကို ပြုပြင်လျက်ရှိသော ဆေးအလုပ်သမားများကား မောမောနှင့် ထန်းတောသို့ သွားသူက သွား၊ ထမင်းစား ပြန်သူက ပြန်ကုန်ကြသောကြောင့် ပွဲရုံရှေ့တွင် ခြောက်ကပ်တိတ်ဆိတ်နေ၏။ နေ့လယ်နေ့ခင်းဖြစ်၍လည်း အရောင်းအ၀ယ် မရှိသောကြောင့် ပွဲရုံ တွင်း၌ လူသူကင်းရှင်းကာ ဆိတ်ငြိမ်နေ၏။

ကျွန်တော်သည် ဧည့်ခန်းရှိ တန်းလျားထက်တွင် တုံးလုံးလျောင်းကာ ' ချားလ်စ် ဒစ်ကင်း' ၏ ' အိုလီဗာတွစ်စ်' ၀တ္ထုကို ဖတ်နေသည်။ ၀တ္ထုထဲတွင် ပါဝင်သော 'အိုလီဗာတွစ်စ်'၏ ကြေကွဲဝမ်းနည်းဖွယ် ကောင်းလျသော သနားစဖွယ် ဘ၀။ ခိုကိုးရာကင်းမဲ့သော မိဘမဲ့ ကလေးသူ ငယ်များအား ပြုစုစောင့်ရှောက်ရာ ဌာနဟု အဆိုရှိသော ဘုံအိမ်ကို ကြီးကြပ်အုပ်ချုပ်ရသည့် ဘုတ် အဖွဲ့ဝင် လူကြီးမင်း ဘုရားများ၏ အပြင်ပန်း လှသလောက် အတွင်းသဘော ပုပ်ဟောင်လှပုံကို ခြယ်ရေးရာတွင် များစွာ ထိလှ မိလှသည့်အတွက် ကျွန်တော်၏ စိတ်အာရုံတစ်ခုလုံး စာအုပ်ထဲတွင် သာ စုံးစုံးနစ်မြုပ်နေ၏။

' ဗျို့ ဆရာကြီးရဲ့ ... စာအုပ်ကို စိုက်ကြည့်နေလိုက်တာ မျက်လုံးကို ကျွတ်ကျတော့မယ့်အတိုင်း ပါပဲကလားဗျာ ... လက်ဖက်ရည်ဆိုင် သွားပြီး လက်ဖက်ရည် သောက်ချည်ရအောင် '
စာအုပ်ထဲတွင်သာ ၀င်စားလျက်ရှိသော ကျွန်တော်၏ စိတ်အာရုံတို့သည် အသံက ဆွဲဆောင်လိုက် သဖြင့်၊ ကျွန်တော်သည် စာအုပ်မှ မျက်လုံးကိုခွာကာ အသံရှင်ကို မော်ကြည့်မိ၏။ အခြားသူတော့ မဟုတ်၊ ပွဲစားကြီး၏ လူယုံတော်တစ်ဦးပင် ဖြစ်သည်။

ကျွန်တော် ဤမြို့ကလေးသို့ ကုန်ရောင်း ရောက်ရှိခဲ့သည်မှာ ၁၀ ရက်ခန့်ပင် ကြာရှိလေပြီ။ ဤရက် များအတွင်း သူသည် ကျွန်တော့်အား တစ်ခါဖူးမျှ လက်ဖက်ရည် သောက်ရန် ဖိတ်ကြားခြင်း မရှိခဲ့။ ယခုမှ လက်ဖက်ရည်တိုက်ရန် စေတနာ ပေါ်ပေါက်လာခြင်းမှာ အတော်ပင် ဆန်းနေသည်။
' နေပါဦးဗျ ... ကျွန်တော် ဒီမြို့ကလေးကို ကုန်ရောင်းရောက်နေတာ ၁၀ ရက်လောက် ရှိနေပြီ။ အဲဒီရက်အတွင်း ခင်ဗျား ကျွန်တော့်ကို တစ်ခါမှ လက်ဖက်ရည် မတိုက်ဖူးဘဲနဲ့ အခုမှ လက်ဖက်ရည် တိုက်ချင်တဲ့ စေတနာပေါ်ပေါက်လာတာက အတေ့်ကို ထူးဆန်းနေသဗျ '

သူသည် ကျွန်တော့်အား မျက်စိတစ်ဖက် မှိတ်ပြလိုက်ပြီးနောက် လေသံခပ်တိုးတိုးဖြင့် 'လက်ဖက် ရည်ဆိုင်ကိုသာ လိုက်ခဲ့ပါဗျာ၊ ဟိုရောက်တော့ ပြောပြပါ့မယ်' ဟု ဆိုသဖြင့် ကျွန်တော်ကလည်း ငြင်း ဆန်ခြင်းပြုမနေဘဲ ခပ်အေးအေးပင် ထ လိုက်ခဲ့သည်။ လက်ဖက်ရည်ဆိုင်သို့ ရောက်သော အခါ သူသည် ငါးကျပ်တန် တစ်ချပ်ကို စားပွဲပေါ်သို့ တင်လိုက်ရင်း ' အဟီး ... ပွဲစားကြီးရဲ့ ကောင်းမှု တော်ပေါ့ဗျ ... ' ဟု ရွတ်ဆိုလိုက်၏။

ထို့နောက် သူသည် လက်ဖက်ရည်နှစ်ပွဲနှင့် မုန့်များပါ ယူလာခဲ့ရန် ဆိုင်ရှင်အား မှာကြားလိုက်ပြီး နောက်၊ ကျွန်တော့အား မုန့်များပါ ယူလာခဲ့ရန် ဆိုင်ရှင်အား မှာကြားလိုက်ပြီးနောက်၊ ကျွန်တော့်အား အကျိုးအကြောင်းကို ရှင်းပြနေသည်။

နံနက်က ရောက်လာသော မိန်းမပျိုမှာ ပွဲစားကြီး သရုပ်ဖော်ပေးသလို မိန်းမကုန်သည်တစ်ဦး မဟုတ်ဘဲ ပွဲစားကြီး၏ အပျော်မယားသာလျှင် ဖြစ်ကြောင်း၊ ဤအပျော်မယားနှင့် ပျော်ပါးလို၍ ပွဲကတော်အား ကုန်ဖိုး တောင်းခံရန်ဟု ဆိုကာ ချောက်မြို့သို့ ဥာဏ်ဆင်ပြီး လွှတ်လိုက်ခြင်း ဖြစ် ကြောင်း၊ ယခု ပျော်ပါးသည့် အချိန်တွင်လည်း ကျွန်တော် ရှိနေပြန်၍ သူ့အား ငွေငါးကျပ် ထုတ်ပေး ကာ ကျွန်တော့်အား လက်ဖက်ရည်ဆိုင်သို့ ခေါ်ဆောင်သွားရန် စေခိုင်းသည့်အတွက် ယခုလို ခေါ်လာရခြင်းဖြစ်ကြောင်း ရှင်းပြပါသည်။

လက်ဖက်ရည်နှင့် မုန့်များ ရောက်လာပြီဖြစ်၍ စားသောက်ကြရင်းမှ သူက ဆက်ရန် ရှိနေသေး သော နောက်ဆက်တွဲကို ထပ်မံ၍ ပြောပြနေပြန်၏။ ယခုလို ပွဲကတော်အား ချောက်မြို့သို့ ဥာဏ် ဆင်လွှတ်ပြီး သူ့အပျော်မယားကလေးနှင့် ချိန်းတွေ့ကြခြင်းမှာ၊ ရိုးရိုးတန်းတန်း ပျော်ပါးရုံမျှ မဟုတ်ဘဲ နည်းသစ်တစ်မျိုးကို စမ်းသပ်ကြည့်ရန် အတွက်လည်း ဖြစ်သည်ဟုဆို၏။

ပွဲစားကြီး၏ ၀ါသနာကို အတွင်းသိ အပြင်သိ ဖြစ်နေသော ရန်ကုန်မှ ကုန်သည်တစ်ဦးက ကုန်ရောင်း လာရောက်ရင်း မဖွယ်မရာ စာအုပ်တစ်အုပ်ကို လက်ဆောင်ပေးသွားသည်ဟုဆို၏။ သူသည် ထိုစာအုပ်ကို လူမြင်ကွင်း၌ မဖတ်ဝံ့သော်လည်း ကွယ်ရာတွင် စေ့စေ့စပ်စပ် ဖတ်ရှုလေ့ လာပြီးနောက်၊ ထိုစာအုပ်ထဲမှ သဘောတရားများကို လက်တွေ့ကျင့်သုံးလိုသော ဆန္ဒမှာ ချုပ်တည်း မနိုင်အောင် ပြင်းထန်ကြွမောက်လာသည်ဟု ဆိုပါသည်။

ထို့ကြောင့် ပွဲကတော်ကို ချောက်မြို့သို့ ကြွေးတောင်းလွှတ်ကာ သူ့အပျော်မယားကလေးကို ချိန်းတွေ့ခြင်းပင်ဟု နိဂုံးချုပ်ပါလေတော့သည်။
ကျွန်တော်ကတော့ ပြုံးလို့သာ နေမိပါသည်။ ' ပုထုဇ္ဇနော ဥမ္မတ္တကော'-ပုထုဇဉ်မှန်သမျှ အရူးချည်း သာဟု စာဆိုရှိသော်လည်း၊ ဤလို ပွဲစားကြီးမျိုးနှင့် ထို့ထက် အဆင့်အတန်းမြင့်သော အထက်တန်းစားများသာ အားလပ်ချိန် များများရသဖြင့် ကြံကြံဖန်ဖန် အရူးထ နိုင်ကြပါသည်။ ဆင်းရဲသားများမှာမူ ၀မ်းရေးအတွက် နေ့မနား ညမနား အပြေးအလွှား ရှာဖွေကြိုးပမ်း နေကြရသဖြင့် ဤသို့ အရူးမထနိုင်အားကြပါ။ အရူး ထ တတ်သော အလေ့အလာများလည်း မရှိကြဖူးပါ။

ကျွန်တော်တို့ လက်ဖက်ရည်ဆိုင်တွင် စကားပြောလိုက်၊ လက်ဖက်ရည်သောက်လိုက်ဖြင့် တစ်နာရီ ခန့် အချိန်ကြာမြင့်သွားမှ ပွဲစားကြီး လက်ဖက်ရည်ဆိုင်သို့ ရောက်ရှိလာသည်။ သူ့မျက်နှာတွင် ချွေးသီး ချွေးပေါက်များ စိုရွှဲနေကာ အတော်ပင် နွမ်းနယ်မောပန်းလာပုံရပေသည်။

သူသည် လက်ဖက်ရည်ဆိုင်ရှင်အား ' အိုဗာတင်း' တစ်ခွက်မှာလိုက်ပြီးနောက် သူ့လက်ထဲတွင် အသင့်ပါလာသော ကြက်ဥ နှစ်လုံးကိုပါ ပေးအပ်လိုက်ကာ၊ ထိုကြက်ဥကိုပါ ထည့်၍ ဖျော်ခဲ့ရန် အမိန့်ပေးလိုက်သည်။ ကျွန်တော်ကတော့ သူ လုပ်နေပုံကိုသာ တည်ငြိမ်စွာ ကြည့်နေမိသည်။ ကျွန်တော်၏ အကြည့်တွင် စက်ဆုပ် မုန်းတီးခြင်းနှင့် ရှုတ်ချကဲ့ရဲ့ခြင်း အရိပ်အယောင်များ ပါရှိသွား ဟန်တူ၏။ သူသည် ကျွန်တော်၏ အကြည့်တွင် မနေတတ် မထိုင်တတ်နှင့် ရှိုးတိုးရှန့်တန့် ဖြစ်သွား ပုံရပါသည်။

ကျွန်တော်သည် သူတို့နှင့် စကားဆက်လက်ပြောဆိုရန် ဆန္ဒမရှိတော့သဖြင့် သူတို့ကို ခွဲခွာကာ ပွဲရုံသို့ ပြန်လာခဲ့၏။ ပွဲရုံတွင် သူ၏ အပျော်မယားကလေးမှာ မရှိတော့ပေ။ ကျွန်တော်၏ မျက်စိထဲ ၌ နေပူကျဲကျဲတွင် အဓိပ္ပာယ်မရှိသော ခရီးကို သွားနေရရှာသော ပွဲကတော်၏ သနားစရာ့ ရုပ်သွင် ကိုသာ ထင်မြင်နေသည်။

(၅)

ချစ်စဖွယ့် ဆည်းဆာသည် အညာမြေ၏ သရုပ်ဖော် ရှုခင်းကို သူ၏ နီရောင်လွင်သော စုတ်ချက်ဖြင့် လှပစွာ မှုန်းခြယ်၍ နေပေပြီ။ ဆည်းဆာ၏ အလှနှင့် မဟပ်မိသော အညာလေကတော့ တဟူးဟူး တ၀ီဝီဖြင့် သောင်းကျန်း တိုက်ခတ်နေပေရာ၊ သဲဆန်သော အညာမြေမှ သဲပွင့်ကလေးများသည် တည်ငြိမ်ရာ မရရှာဘဲ လှုပ်ရှားပျံဝဲ၍ နေကြသည်။ လမ်းသွားလမ်းလာ လူအပေါင်းသည် မျက်စိထဲ သဲဝင်မည် စိုး၍ မျက်နှာရှေ့တွင် လက်ဝါးကာပြီး လျှောက်နေကြရ၏။

ချောက်မြို့သို့ ကုန်ဖိုး သွားတောင်းသော ပွဲကတော်ကား ပြန်လာလေပြီ။ ပွဲရုံဝင်းထဲသို့ ၀င်လာသော ပွဲကတော်၏ မျက်နှာတွင်ကား ဒေါသရောင်သမ်းနေ၍၊ သူ၏ နှုတ်ခမ်းမှာလည်း စူတူတူကလေး ဖြစ်နေ၏။ ပူပြင်းလျသော ရာသီဥတုဝယ် ခရီးအတော်ပန်းလာခဲ့ဟန်ဖြင့် သူ၏ မျက်နှာမှာ နွမ်းလျနေ၏။ သို့သော် ဒေါသက ဆောင်ထား၍ နွမ်းလျခြင်းမှာ မသိမသာ ညိုးမှိန်နေ၏။
အလိုက်သိတတ်၍ ပါးနပ်လှသော ပွဲစားကြီးကလည်း ပွဲရုံဝသို့ ကိုယ်တိုင်ထွက်ကြိုကာ -

သြော် ... မင်း ပြန်လာမှကိုး၊ ဘယ့်နှယ် ... ခရီး အတော်ပန်းလာမှတ်တယ်၊ ကုန်ဖိုးငွေကော တောင်းလို့ ရခဲ့ရဲ့လား' ဟု စကား အဆက်မပြတ်အောင် လေပြေထိုးနေ၏။
' ရှင် ကျုပ်ကို မြန်မြန်သေအောင်လို့ ညှဉ်းစရာမရှိ ကြံဖန်ပြီး ညှဉ်းဆဲနေတာ မဟုတ်လား ဟင်၊ ပေးစရာရှိတဲ့ ကုန်ဖိုးငွေတွေကို လွန်ခဲ့တဲ့ တစ်လလောက်ထဲက ရှင့်ကို အပြေရှင်းပေးပြီးပြီ ဆိုပါ ကလား။ ဒါနဲ့များ ကျုပ်ကို သက်သက် ထပ်လွှတ်တာက ဘာသဘောလဲ ဟင်၊ ပြောစမ်းပါဦး '

ပွဲကတော်ကား ခရီးရောက်မဆိုက်ပင် ကောက်ကာ ငင်ကာနှင့် ရန်တွေ့နေလေပြီ။ သို့သော် ဤ အဖြစ်ကို ကြိုတင် မျှော်လင့်ထား၍ အသင့်ပြင်ဆင်ထားပြီး ဖြစ်နေသော ပွဲစားကြီးလည်း မှင်သေ သေနှင့်ပင် -

' နေစမ်းပါဦးဟာ ... ငါ စဉ်းစားပါရစေဦး 'ဟု ဆိုလိုက်ကာ စူးစိုက်စွာစဉ်းစားနေဟန်ဖြင့် မျက်နှာကို အပေါ်မော့၍ မျက်မှောင်ကိုကြုတ်ကာ မျက်လုံးကိုလည်း မှေးထားလိုက်ပါသည်။ အတန်ကြာမှ ဗြုန်းခနဲ သတိရလာသလို ဟန်မူရာမျိုးဖြင့် ပါးစပ်ကို ဟ ကာ မျက်ခုံးနှစ်ဖက်ကို အပေါ်သို့ မြှင့်ချီ လိုက်ပြီးနောက်၊ မျက်နှာကိုလည်း ကြည်ကြည်လင်လင် ဖြစ်သွားအောင် ပြောင်းလဲပစ်လိုက်ရင်း -
' အေး ... ဟုတ်သားပဲဟ၊ ကြည့်စမ်း ... ငါ မေ့တောင်နေတယ်။ အင်း ... အလုပ်ကလည်းများ၊ အသက်ကလေးကလည်း နည်းနည်းထောက်လာပြီ ဆိုမှဖြင့် တယ်ပြီး မေ့တတ် လျော့တတ်သကိုး'
သူ့အမူအရာမှာ မှင်သေသေနှင့် သဘာဝကျလွန်းလှ၍ ပွဲကတော်၏ ဒေါသကလေးမှာ ကြက်ပျောက် ငှက်ပျောက် ပျောက်ရရှာပါပြီ။ ဤတွင် ဒေါသကွယ်ပသွားသော ပွဲကတော်၏ မျက်နှာပြင်ကို ခရီးပန်း၍ နွမ်းလျသော အသွင်က လုံးဝပင် လွှမ်းမိုးလိုက်ပါသည်။

' ငါ့မလည်း လွှတ်ပြီးမှ နောင်တရမိတယ်၊ နေပူထဲ သွားရလို့ ခရီးပန်းပြီး ဖျားများနေမလားဟဲ့၊ ကား လမ်း ဓားပြတွေနဲ့များ သွားတိုးနေမလားဟဲ့နဲ့ တစ်နေ့လုံး ပူလိုက်ရတာ၊ အခုမှပဲ စိတ်အေးရတော့ တယ်။ ကဲ ... ကဲ ... အေးအေး ဆေးဆေး သွားထိုင်ပြီး အနားယူလိုက်ဦး၊ အနားယူလိုက်ဦး။ ဟေ့ ... ဖိုးတုတ်၊ ဈေးနားက ဖျော်ရည်ဆိုင်မှာ ' လိုင်းမကြူး' တစ်ခွက်လောက် အမြန်သွားဝယ်စမ်း ... မြန်မြန်ဟေ့နော် ... မြန်မြန် '

ဒေါသ ကွယ်ပ သွား၍ အထီးတည်း ကျန်ရစ်ခဲ့သော ပွဲကတော်၏ မျက်နှာပြင်မှ ခရီးပန်း၍ နွမ်းလျသော အသွင်ကိုလည်း ပွဲစားကြီးသည် ဤစကားလုံးများဖြင့် အောင်မြင်စွာ ဖယ်ရှားပစ်လိုက် နိုင်ခဲ့ပါပြီ။ ယခုအချိန်တွင် ပွဲကတော်သည် သူ၏ ချစ်လင်က ချောက်မြို့သို့ ထပ်လွှတ်ရုံမျှမက 'ဧ၀ရက်' တောင်ထိပ်ကို တက်ခိုင်းစေကာမူ အပြေးတက်ရန် အသင့် ရှိနေပါပြီ။ သနားစရာ့ ပွဲကတော်။
ကျွန်တော်သည် ပွဲကတော်ကို စူးစိုက်ကြည့်ရင်း ' ပွဲကတော် မရှိခိုက်တွင် ပွဲစားကြီးသည် သူ၏ အပျော်မယားကလေးတစ်ဦးနှင့် ကမြင်းထ နေပါသည်' ဟု ထုတ်ပြောလိုသော ဆန္ဒကို မနည်းပင် မျိုသိပ်ထားလိုက်ရပါသတည်း။
--------------------------------
ပြီးပါပြီ
.
>>>ဆက်ဖတ်ရန်>>> >>

Monday, August 30, 2010

ကြယ်နီ အပိုင်း (၄၉)

မွေးမေလေးတော် သူ စိတ်ဆိုးလို့

(၁)

သူငယ်ချင်းကောင်း ယောက်မတို့တော် ...။
ငါ့ကိုမွေးတဲ့ အမေဖျက်လို့ ချစ်တဲ့သူနဲ့ ကွဲခဲ့ရပြီ။ တစ်ခါတလေ သူ့ကို တွေ့ချင်လွန်းလို့ မျှော်မိ ပေမဲ့ အမေ က အလစ်မပေးလို့ မတွေ့ရပါဘူး ကောင်ရယ်။ အမေက အိမ်ဝင်းခြံကို ဆူးချုံတွေ အထပ်ထပ် ကာရံ ပိတ်ဆို့ပြီး ခြံဝင်းထဲမှ 'ရန်လုံ'ဆိုတဲ့ အင်းခွေးကြီးကို အမြဲလွှတ်ထားလေတော့ သူ့ခမျာလည်း ခါတိုင်းလို ငါရှိရာ ကို အလစ်မ၀င်လာနိုင်ဘူး ထင်ပါရဲ့အေ။

ငါ့မောင်ဖားတွေ ဆိုတာကလည်း ဓားလက်နက်ကိုယ်စီနဲ့ ခြံဝင်းထဲမှာ မပြတ် ကင်းလှည့်နေကြလို့ သူနဲ့ ငါ တွေ့ဖို့ဖြင့် အဝေးကြီး ဝေးကြရပြီ။ မျက်ခမ်းတွေဆိုတာ တဆတ်ဆတ်လှုပ်ပြီး အိပ်မက်ရာမက်တွေ ကလည်း မကောင်းဘူးအေ့။ ဒါကြောင့် ဒီတစ်ခါတော့ သူနဲ့ ငါ တကယ်ပဲ ကွဲကြရပြီ ထင်တယ်အေ။ ဟို 'ဗလကြိုင်' ဇာတ် လာကတုန်းက ပြသွားဖူးတဲ့ ကိန္နရာမကလေးလိုသာ ငါ့မှာ အတောင်ရှိရင်လား တစ်ခါ တည်း ငါ့ချစ်သူ ရှိရာကို အရောက် ပျံသန်းသွားပါရဲ့။

ငါ့ကျောပြင်ကို လှန်ပြီး ကြည့်ကြပါဦးအေ။ ဒဏ်ရာတွေ ဒဏ်ရာတွေဆိုတာ အရှိုးချင်းထပ်ပြီး ဖူးဖူး ရောင်လို့ပေါ့။ ပေါင်ကို လှန်ကြည့်လိုက်ဦးမလား၊ ပေါင်တွင်းကြောကို လိမ်ဆွဲထားလို့ ညိုလို့ မည်း လို့လေ။ အဲဒီ ဒဏ်ရာတွေဟာ ငါ့မွေးမေ စိတ်ဆိုးလို့ ရိုက်နှက်ထားတဲ့ ဒဏ်ချက်တွေပေါ့အေ။ ဖြစ် ကြောင်း ကုန်စင် ကိုတော့ ပြန်လို့တောင် မပြောချင်တော့ပါဘူး အေရယ်။
ဒါပေမဲ့ ပြောချလိုက်ရမှ အေးမှာပဲ အေရဲ့။ ဟောဒီ ရင်နှစ်ခြမ်းဟာ ဖြန်းဖြန်းကွဲသွားပစေ။ ရင်ထဲမှာ ရှိနေ တဲ့ အကျိတ်အခဲတွေကိုတော့ စာအံသလိုဖွင့်ညပီး အန်ချလိုက်ရမှ ရင်ထဲမှာ ရှင်းပြီး ပေါ့သွား မယ်လို့ ထင်တယ်။ ဒါကြောင့် ဖြစ်ကြောင်းကုန်စင်ကိုတော့ နတ်သံမနှော တောသံနှောပြီး ပြောပြ လိုက်ရဦးမှာပေါ့ ယောက်မ ရယ်။

(၂)

ပြောဆို အစကနေပြီး ပြောမှ ညည်းတို့ နားလည်ကြမှာပဲနော်။ ဒါကြောင့် သူနဲ့ ငါ စပြီး ချစ်ကြိုက် ပုံက စ ပြောရလိမ့်မယ်။ သူ ဆိုတာကတော့ ငါ့တစ်ယောက် မမေ့နိုင်တဲ့ ကြင်စဦး၊ ပန်းဦးပန် ငါ့ ရည်းစားကို ပြောတာနော်။

အဲဒီတုန်းက ငါ့အသက်ဟာ ၁၄ နှစ်လောက်ပဲ ရှိသေးတယ်အေ့။ မရိုသေ့စကား ပြောရမယ်ဆိုရင် ရာသီပန်း ပွင့်ပြီးလို့ အပျိုဘော်ဝင်စပဲ ရှိသေးတယ်ဆိုတာ ညည်းတို့လည်း သိမှာပေါ့။ ကလေးစိတ် မကုန်သေး လို့ ဆော့လို့ ကောင်းတုန်းပေါ့လေ။ ရွယ်တူ ယောက်ျားလေးတွေနဲ့လည်း ၀င်ပြီးဆော့ လိုက်တာပဲ၊ သစ်ပင်ဆိုလည်း တက်လိုက်တာပဲ။ အမြဲတမ်း ပြေးလွှားခုန်ပေါက်ပြီး နေချင်တယ်။ စကား ပြောလို့ ရှိရင်လည်း အမှားအမှန် မစဉ်းစားဘူး၊ စိတ်ထဲ ရှိသလောက် ကက်ကက်လန် ဆတ် ဆတ်ကြဲ ပြောပစ်လိုက်တာပဲ။

အဲဒါ အမေက မကြိုက်ဘူးအေ့။ မိန်းမဆိုတာ မိန်းမပီပီ ဣနြေ္ဒရရနဲ့ သိမ်သိမ်မွေ့မွေ့ နေရထိုင်ရ တယ်တဲ့။ ပြောလို့ ဆိုလို့ ရှိရင်လည်း ဒီလို ဘောက်ဆတ်ဆတ်မပြောဘဲ တစ်ဖက်သား နားဝင်ချို အောင်ယဉ်ယဉ်ကျေးကျေး ပြောရတယ်တဲ့။ အဲဒီလိုပြောပြီး ရှေးတုန်းက ခြေတစ်လှမ်းကို ကုဋေ တစ်သန်း တန်တဲ့ မင်းသမီးကလေးတစ်ပါးရဲ့ သိမ်မွေ့ နူးညံ့ပုံတွေကို လျှောက်ပြောလိုက်တာအေ ... နားကို ငြီးယူ လာတာပဲ။

အမေက ဒီမင်းသမီးကလေးကို အတုယူပြီး သိမ်သိမ်မွေ့မွေ့ နေထိုင်ဖို့ ဆိုလိုမှန်း ငါ သိပါတယ်အေ။ ဒါပေမဲ့ ညည်း စဉ်းစားကြည့်စမ်း။ ရှေးတုန်းက ရှေးတုန်းက၊ အခုက အခု မဟုတ်လား။ အခုလို ခေတ်ဆိုး ခေတ်ကျပ်ကြီး ထဲမှာ မိန်းကလေးပေမဲ့ ပိုးတီကောင်ကလေးလို သိမ်မွေ့ နူးညံ့နေလို့ ထမင်းငတ် သွားမှာပေါ့။ ပြီးတော့ မင်းသမီးကလေးက မင်းသမီးကလေး၊ ငါက ငါပဲဟာ၊ ဘာဆိုင်လို့တုံး။ သူလည်း သူဟာ သူ ကြိုက်သလိုနေ၊ ကြိုက်သလိုထိုင်။ ငါလည်း ငါ့ဟာငါ နေတတ်ထိုင်တတ်သလို နေထိုင်တာ ငါ့ အပြစ် လား။ အမေတို့လို ရှေးလူကြီးတွေကိုက အရိုးများ သော ချေးခါးသောနဲ့ အင်မတန် ဇီဇာများ ပါတယ်အေ။

နောက်ပြီး ရွယ်တူ ယောက်ျားကလေးတွေနဲ့ ငါ အရောတ၀င် နေတာကိုလည်း အမေက မကြိုက်ဘူး အေ့။ ' ဟဲ့ နင့်အသက်ဟာ မငယ်တော့ဘူး၊ ယောက်ျားလေးတွေနဲ့ ထွေးရောယှက်တင် နေလို့ မဖြစ်တော့ဘူး။ အနေ အထိုင် အပေါင်းအသင်းကိုလည်း ဆင်ခြင်ဦးမှပေါ့' လို့လည်း တတွတ် တွတ် သတိပေးနေတယ်။ သူ ပြောတော့မှပဲ ငါ့အသက်ဟာ မငယ်တော့ဘူး၊ ငါဟာအပျိုဘော် ၀င်လာပြီလို့ သတိထားမိတာပဲအေ။

ဒါပေမဲ့ ခဏပါပဲလေ။ နောက်ဆိုရင် အမေ ပြောတာမေ့သွားပြီး ငါ့နဂိုနေအတိုင်း ဆော့စရာရှိတော့၊ နောက်စရာ ရှိ နောက်။ ငါ့ ယောက်ျားသူငယ်ချင်းလေးတွေနဲ့ လည်း သတ်ပုတ်လုံးထွေးပြီး နေမြဲတိုင်း နေမိတာပဲ။ အဲဒီတော့ ရွာထဲက ငါ့ကို ' မရှပ်တေး'လို့ ဘွဲ့ ထူးပေးလာကြတယ်အေ့။ ဒီကောင်မလေးဟာ ၁၄ နှစ် သမီးအထိတောင် ခံမှာမဟုတ်ဘူး ဆိုတာက တစ်မျိုး၊ လင်ကောင် မပေါ်ဘဲနဲ့ မွေးမယ့် ဟာကလေးပါ ဆိုတဲ့ အပြောမျိုးလည်း ပါရဲ့။ တိုးတိုးတစ်မျိုး၊ ကျယ်ကျယ်တစ်မျိုးနဲ့ သားပုပ်လေလွင့် ပြောကြတာပေါ့အေ။ ဒါပေမဲ့ ကိုယ် ကောင်းရင် ခေါင်းဘယ်မှ မရွေ့ဘူးဆိုပြီး ငါတော့ မသိသလို၊ မကြား သလို လုပ်နေလိုက်တာပဲ။

ဒါပေမဲ့ သူတို့ယောက်ျားလေးတွေဟာ မကောင်းဘူးအေ့။ ငါက ခါတိုင်းလို မှတ်ပြီး ရိုးရိုးတန်းတန်း ဆက်ဆံပေမဲ့ သူတို့က ဆန်းလာကြတယ်။ ငါ့ကို ကြည့်ပုံကလည်း တစ်မျိုးကြီး ဖြစ်လာကြတယ်။ အိုကွယ် ... နောက်ဆုံး ငါ့ကို ရည်းစားစာ ပေးကြတယ်၊ လူပျိုစကား ပြောကြတယ်။
တကယ် ပါအေ၊ ငါ ဒါတွေကို နည်းနည်းလေးမှ စိတ်မ၀င်စားပါဘူး၊ စိတ်ကူးထဲလည်း မထည့်မိပါဘူး။ ဒါကြောင့်မို့ သူတို့ကို ခပ်ကြမ်းကြမ်းပဲ ပြောပစ်လိုက်ရတြယ်။ ' ဟဲ့ ဒီစာတွေကို ငါ့ကို မပေးကြနဲ့၊ နင်တို့ နှမတွေကို သွားပေးကြ။ ဟဲ့ ... ဒီစကားမျိုးကို ငါ့လာမပြောကြနဲ့၊ နင်တို့ နှမတွေကို နင်တို့ သွားပြောကြ 'လို့ပဲ ပတ်ကြမ်းတိုက်ပြီး ပြောပစ်လိုက်ရတယ်။ ဒီလို မပြောဘဲ လေနုအေးကလေးနဲ့ ပြောလို့လည်း ရမယ့် လူစား တွေမှ မဟုတ်ဘဲကိုး အေ့။

ဘယ်လိုပဲပြောပြော၊ မရပါဘူးအေ။ သူတို့တွေဟာ ငါ သွားတဲ့နောက်က တကောက်ကောက် လိုက်ပြီး မထိမခိုက် ပြောင်လိုက်၊ စ လိုကနဲ့ လုပ်တဲ့လူက လုပ်။ ငါ့ကို အလစ်မှ အတင်းအဓမ္မ ကြံစည်မယ်လို့ဆိုပြီး ချုံကြို၊ ချုံကြား၊ ဇရပ်ကြို ဇရပ်ကြားက ချောင်းတဲ့ လူကလည်း ချောင်းနဲ့မို့ ငါဖြင့် သွားစရာလာစရာရှိရင် ဟိုတုန်း ကလို ခပ်ပေါ့ပေါ့ မသွားရဲဘဲ သတိထားပြီး သွားလာနေရတယ်အေ။
နောက်ပြီး သူတို့ ယောက်ျားလေးတွေ ယုတ်မာတာ ရှိသေးတယ်အေ့။ ငါကဖြင့် သူတို့ကို တစ်ခါမှ ပြန်မကြိုက် ရဘဲနဲ့ ငါနဲ့ သူတို့နဲ့ ကြိုက်နေတယ်၊ ဘယ်နေရာမှာ ဘယ်လိုတွေ့ပြီး ဘယ်လို လုပ်လိုက် ရတယ်နဲ့ အသားယူပြီး ရွာထဲ လျှောက်ကြွားကြတယ်။ ဒီတော့ ရွာထဲမှာ ငါ့သတင်းဟာ အတော်ကြီး နေတာပေါ့။ သူတို့ ယောက်ျားလေးတွေ ယုတ်မာတာနဲ့ ကြားထဲက ငါ့မှာ အချောင် နာမည်ပျက်နေရတယ်။

ရှိသေးတယ်အေ့၊ သူတို့ ယောက်ျားလေးတွေဟာ ငါ့ကို ပိုးရင်း ပန်းရင်းနဲ့ အချင်းချင်း မနာလို မရှု ဆိတ်ဖြစ်ပြီး တစ်ယောက်နဲ့ တစ်ယောက် ချောင်းရိုက်ကြလို့ ထိပ်ပေါက် ခေါင်းကွဲဖြစ်တဲ့ လူလည်း မနည်း တော့ဘူးလေ။ အဲဒီလို ဖြစ်ရတာကို ရွာက ငါ့အပေါ်ပဲ အပြစ်ပုံချပြီး ပြောကြတာပဲ။ 'မိန်းမဖျက် ပြည်ပျက်' ဆိုတဲ့ စကားဟာ တယ်ပြီးမှန်ပါကလား။ ဒီ မိတ်နွားမကလေးတစ်ကောင် မကောင်းတာနဲ့ ရွာက ကာလသား လေးတွေ ဒုက္ခရောက်ကုန်တော့မှာပဲ။ ဒီ ကောင်မလေး လင်တစ်ယောက်ကို မြန်မြန် အတည် တကျ ယူမှ အေးမှာပါ' လို့ ပြောနေကြတယ်။ သူတို့ယောက်ျားတွေ စိတ်သဘောထား သေးသိမ်လို့ ဖြစ်ရတာ ကို ငါ့အပေါ် ပုံချတာ တရားသလားအေ့။

အဲဒါ တစ်ဆင့်စကား တစ်ဆင့်နားနဲ့ အမေ့နားကို ပေါက်ကြားသွားပါရောအေ။ ဒီတော့ အမေက ငါ့ကို ဆူဆဲ လုပ်ပါလေရော။ ငါ့မှာ ဘယ်သူနဲ့မှ ဘာမှ မဖြစ်ရဘဲနဲ့ အခြောက်တိုက် အပြောခံရတော့ စိတ်ထဲမှာ မခံချိ မခံသာ ဖြစ်မိတာပေါ့အေ။ ဒါကြောင့် အရွဲ့တိုက်ပြီး ရှေးကထက် ပိုသည်းပစ်လိုက် တယ်။ အဲဒီတော့ အမေက ငါ့ကို 'ငါးဆယ်မ'တဲ့။ ငါးဖယ်များဟာ ထုလေ မာလေမို့ ဆိုလေ ကဲလေ၊ မန်းလေ ပြဲလေ လုပ်နေတဲ့ ငါ့ကိုလည်း ငါးဖယ်မလို့ ဘွဲ့ထူးပေးလိုက်တာပေါ့အေ။ ဘယ်လိုပဲခေါ် ခေါ် ငါ ကောင်းရင် ပြီးတမ်းမို့ မမှုပေါင်။

(၃)

အဲဒီလို အချိန်မျိုးမှာပဲ သူနဲ့ ငါ လာပြီး ကြိုက်ကြရတာပဲအေ့။ ပထမတုန်းကတော့ သူနဲ့ ငါဟာ ရိုးရိုး တန်းတန်း ခင်ကြတာပါအေ။ နောက်မှ မကြိုက်ရင် မနေနိုင်အောင် ဖြစ်သွားတာနဲ့ ကြိုက်လိုက်ကြ ရတာပဲ။ ကြိုက်မိပြန်တော့လည်း ကြိုက်မရှက်ဆိုတဲ့ စကားလို မရှက်နိုင်၊ မကြောက်နိုင်အောင် ဖျပ် ဖျပ်လူး ကြိုက်မိတာပေါ့အေ။

ငါ့ယောက်ျားလေး သူငယ်ချင်းတွေထဲမှာ သူတစ်ယောက်တော့ အနေလည်းအေးတယ်၊ သဘော သကာယ လည်းကောင်းတယ်။ ငါ့အပေါ်မှာ တခြားလူတွေ ဆန်းသလောက် သူကတော့ မဆန်းဘူး။ နောက်ဆုံး အချိန်အထိ ရိုးရိုးပဲခင်တယ်။ ငါ ထင်ခွေသွားလည်း သူ ပါတာပဲ၊ ကောက် သင်းကောက် သွားရင်လည်း သူ ပါတာပဲ။ ငါ့ကို ရိုးရိုးတန်းတန်း ခင်ပြီး အိမ်မှုကိစ္စ ဗာဟီရတွေကို ၀ိုင်းဝန်း လုပ်ပေး နေတဲ့လူ၊ တို့ မိန်းမသားတွေ မနိုင်တဲ့ ၀န်ကို အမြဲ ကူညီ လုပ်ပေးနေတဲ့သူမို့ သူ တစ်ယောက်နဲ့ အခင် မပျက် နေတာကိုတော့ အမေလည်း ဘာမှ မပြောသာဘူးပေါ့ အေ။
အဲဒီလို နဲ့ အနေကြာလာတော့ ရွာထဲက သူနဲ့ ငါ့ကို တိတ်တိတ်ပုန်း ညားနေကြတဲ့ အဖြစ်မျိုးရောက် အောင်ဝိုင်း ပြီး သမုတ်ကြပြန်ပါရော။ သူတို့ဟာ သူတို့ သမုတ်ရုံတင်မကသေးဘဲ အမေ့ကိုပါ တို့တဲ့ လူက သွားတို့ လိုက်လို့ အမေက ငါ့ကို သူနဲ့ အဆက်ဖြတ်ပြီး ခပ်တန်းတန်း နေရမယ်လို့ ပညတ် လိုက်တယ်။

ငါက ရိုးရိုးတန်းတန်း ခင်ကြတာပါဆိုပြီး အကျိုးအကြောင်း ရှင်းပြပါသေးတယ်။ ဒါပေမဲ့ အမေက တစ်ယူသန်ကြီးမို့ မရပါဘူးအေ။ ဒါနဲ့ နောက်တစ်ကြိမ် သူနဲ့ လူချင်း ဆုံမိတဲ့အခါမှာ ငါလည်း ဒီအကျိုး အကြောင်းတွေကို ပြောပြပြီး၊ ငါ့ကို အဆက်ဖြတ်ပြီး ခင်တန်းတန်းနေဖို့ မပြောရက်ဘဲနဲ့ မပြောရင် မပြီးလို့ ဇွတ်နှစ်ပြီး ပြောချလိုက်ရတယ်။
အဲဒီတုန်းက သူ့ဖြစ်အင်ကို ညည်းတို့ မြင်စမ်းစေချင်တယ်အေ။ တစ်ခါတည်း သူ့မျက်နှာဟာ ညိုးသွားပြီး ဇက် ကို ကျိုးကျသွားတာပဲ။ အဲဒီလို သူ့အဖြစ်ကို မြင်လိုက်ရတော့ အင်မတန် စိတ်ကြမ်း ကိုယ်ကြမ်းနဲ့ စိတ်မြန် လက်မြန်ရှိတဲ့ ငါတောင်မှ မခံနိုင်ဘဲ မျက်ရည်မဆည်နိုင်အောင် ၀မ်းနည်းသွားရတာပေါ့အေ။

အတော်ကြာအောင် သူ ဘာမှ မပြောဘဲ ငိုင်နေတယ်။ သူ့မျက်လုံးမှာလည်း မျက်ရည်တွေ ၀ိုင်းလို့ ပေါ့အေ။ ပြီးတော့မှ 'လူတွေဟာ မကောင်းဘူးနော်၊ တို့ဟာ တို့ ရိုးရိုးတန်းတန်း ခင်ကြတာကို မဟုတ် မတရား လျှောက်ပြောကြတယ်၊ အေးလေ ... တို့ဟာ လူကြီးတွေကို လွန်ဆန်နိုင်တာ မဟုတ်လို့ အဆက်ဖြတ် ပြီး ခပ်တန်းတန်းပဲ နေကြရတော့မှာပေါ့။ ဒါပေမဲ့ ငါတော့ နင့်ကိုမှ မမြင်ရရင် မနေတတ် မထိုင်တတ် ကို ဖြစ်နေတော့မှာပဲဟယ် ' လို့ ၀မ်းနည်းသံကြီးနဲ့ ပြောပြီး တစ်ခါ တည်း လှည့်ထွက် သွားတော့ တာပဲ။

ငါလေ တစ်နေ့လုံး သူ့ရဲ့ ညိုးငယ်နေတဲ့ မျက်နှာကိုသာ မြင်ယောင်နေပြီး၊ သူ့ရဲ့ ၀မ်းနည်းသံကြီးနဲ့ ပြောလိုက် တဲ့ စကားတွေကိုလည်း ကြားယောင်နေတယ်၊ မနေတတ် မထိုင်တတ်နဲ့၊ ဘယ်နေရာမှာမှ ထိုင်လို့ ဖင်မကျဘူး။ ငါက ဒီလို ဂနာမငြိမ် ဖြစ်နေတာကို အမေက တစေ့တစောင်း လှမ်းကြည့်တဲ့ပြီး ' ဟင်းနော် ... ဗိုင်းတာမ၊ နင် တော်တော် ထ၊ ငါလည်း ပျိုရာက အိုလာတဲ့ သူပဲ၊ မသိဘူးမှတ်သလား' လို့ လှမ်းကြိတ် နေသေးတယ်။ အမေက ဘယ်လိုများ ထင်နေ ပြန်တယ် မသိပါဘူး အေ။

ဒီလိုနဲ့ သုံးရက်လောက်ကြာတော့ သူ့ဆီက စာတစ်စောင် ရောက်လာတယ်။ ငါ့ကို သူ မမြင်ရရင် မနေနိုင် ဘူးတဲ့။ ဒါကြောင့် ဒီည အမေအိပ်ချိန်ကို မှန်းပြီး တို့အိမ်ပေါ် သူ တိတ်တိတ်ကလေး တက်လာမယ်တဲ့။ အဲဒါ တွေ့ခွင့်ပြုပါ ... ဆိုတဲ့ အကြောင်းပါပဲ။

ငါကလည်း တွေ့ချင်နေတုန်းမို့ ထူးထူးထွေထွေ ဘာမှ စဉ်းစားမနေတော့ဘဲ လာခဲ့ ... အတွေ့ခံမယ်လို့ အလွယ် တကူ ပြန်ကြားလိုက်တယ်။ နောက်မှ သေသေချာချာ ပြန်ပြီး စဉ်းစား ကြည့်မိတယ်။ တို့ဟာ ရိုးရိုး တန်းတန်း ခင်တယ်ဆိုပြီး ဒီလို ညကြီးသန်းခေါင်မှာ ချိန်းတွေ့ရင် လူတွေက ဘယ်လို ထင်ကုန်မလဲလို့ ပေါ့လေ။ ဒါပေမဲ့ လူကြီးတွေက ရိုးရိုးတန်းတန်း တွေ့ခွင့်မပြု တော့ ဒီလိုမှ မတွေ့ရရင် ဘယ်လို လုပ်တွေ့မလဲ။ ဒါကြောင့် ဘာပဲဖြစ်ဖြစ် ဆိုပြီး ငါတော့ သူ့ကို အတွေ့ခံဖို့သာ စိတ်နှလုံး တုံးတုံးချ ထားလိုက်တယ်။ အဲဒီလို တွေ့ဆုံရမှာကို တွေးပြီး စိတ်ထဲမှာ ကြည်နူးသလိုလိုတောင် ဖြစ်နေမိတယ်။
တစ်ခါမှ အလှပြင်ဖို့ အချိန်လည်းမရ၊ စိတ်လည်း မကူးဘူးတဲ့ ငါဟာ အဲဒီညနေမှာတော့ ရေမိုးချိုး၊ သနပ်ခါးလိမ်းပြီး အစွမ်းကုန် အလှပြင်ထားလိုက်မိတယ်။ ဘာဖြစ်လို့ ဒီလို လုပ်နေမိတယ်ဆိုတာ ငါ့ဟာ ငါလည်း မသိပါဘူးအေ။

ညရောက်လို့ သက်ကြီးခေါင်းချ ကြက်လည်းတွန်ရော၊ အမေလည်း တရှူးရှူးနဲ့ အိပ်မောကျနေပါ ရော။ တစ်နေ့လုံး လက်မချရအောင် အလုပ်လုပ်ရသူမို့ ညရောက်တာနဲ့ တစ်ချက်တည်း မောမောနဲ့ စောစောအိပ်တော့တာပေါ့အေ။
အဲဒီအချိန်မှာပဲ မောင်မင်းကြီးသား ရောက်တော်မူလာတာပါပဲအေ။ ငါက အကြံနဲ့မို့ စောစောထဲက အိမ်နောက် တံခါးက တံခါးချက်ကို ဖြုတ်ထားလေတော့ သူလည်း အဲဒီတံခါးကို တွန်းဖွင့်ပြီး အသာကလေး ၀င်လာ တာပေါ့အေ။ သူ့ဒူးတွေဟာ တဆတ်ဆတ်တုန်နေသလို၊ ငါ့ရင်ထဲမှာလည်း တဒိတ်ဒိတ် ခုန်နေတယ်။ အမေ နိုးမှာကိုပဲ ကြောက်လို့လား၊ ကိုယ့်အချင်းချင်းပဲ ပြန်လန့်နေလို့လား၊ ဒါမှ မဟုတ် ကိုယ့်လိပ်ပြာပဲ ကိုယ် မလုံကြလို့လား ဆိုတာကိုတော့ ငါလည်း မပြောတတ်ပေါင် အေ။

တို့နှစ်ယောက်ဟာ ကွဲနေတဲ့ ရက်အတွင်းမှာ ဘယ်လို မနေတတ် မထိုင်တတ်ဖြစ်အောင် အောက်မေ့ ရပုံတွေကိုသာ အမေ မနိုးအောင် တိုးတိုးကလေး ပြောနေမိကြတယ်။ ဒါပေမဲ့ တို့ရဲ့ အသံဟာ မူမမှန် ဘူးအေ့။ ကတုန်ကယင်နဲ့ တစ်မျိုးကြီး ဖြစ်နေကြတယ်။
နောက်တော့ ဘယ်လိုက ဘယ်လို ဖြစ်သွားတယ် မသိပါဘူးအေ။ တို့ နှစ်ယောက်ဟာ တစ်ဦးနဲ့ တစ်ဦး အားမလို အားမရနဲ့ တအား ပွေ့ဖက်နမ်းရှုပ်မိကြပြီး၊ တစ်အိပ်ရာထဲ အတူယှဉ်တွဲ အိပ်ချလိုက်မိတဲ့အထိ ဖြစ်သွား တော့တာပါပဲ။ ဟိုသီချင်းလိုပေါ့အေ ' မချစ်ဘူး.. မကြိုက်ဘူး ... ကကလေး မင့်နဖူး ... ညှင်းဘယ်ကကူး ... ' ဆိုတာလို တို့လည်း ရိုးရိုးခင်တာပါ ရိုးရိုးခင်တာပါနဲ့ပဲ သမီးရည်းစားမက၊ လင်မယား လည်း မကျတဲ့ ဘ၀အထိ မရည်ရွယ်ဘဲ ရောက်သွားကြရတာပါပဲ အေ၊ တို့အဖြစ်က မဆန်းလားဟေ့။

(၄)
အဲဒီလိုနဲ့ တို့နှစ်ယောက်ရဲ့ အချစ်ဟာ သုံးနှစ်သုံးမိုး ကြာတဲ့အထိ ဘယ်သူမှ မရိပ်မိသေးဘူး။ အနေ အထိုင်ကလည်း ပိသကိုးအေ့။ လူမြင်ကွင်းမှာ၊ လူရှေ့သူရှေ့မှာဆိုရင် တို့နှစ်ယောက်ဟာ တစ်ခါမှ မသိဖူး၊ မရင်းနှီးဖူးတဲ့ သူစိမ်းတစ်ရံဆံတွေလို မျက်နှာတည်ကြီး လုပ်ထားကြတာကိုး။ ဟန်ကိုယ့်ဖို့ မာန်သူ့ဖို့ဆိုသလို တို့နှစ်ယောက် ဟန်ဆောင်ကောင်းတာနဲ့ပဲ တို့အပေါ် မသင်္ကာသလို ယုံထင် ကြောင်ထင် ဖြစ်နေတဲ့ အမေတောင်မှ မျက်စိလည် လမ်းမှားပြီး ငါ့အပေါ် ခြောက်ပစ်ကင်း ကလေး တစ်ဦး လို ယုံကြည်စိတ်ချနေရှာတယ်။

ကံဆိုးမိုးမှောင်ကျတဲ့ နေ့တစ်နေ့ကို ရောက်လာပြန်ပြီအေ။ တစ်နေ့ နေ့လယ်မှာပေါ့အေ၊ အမေ အပြင်ထွက် နေတုန်း ငါလည်း မီးဖိုချောင်ထဲဝင်ပြီး သိမ်းစရာရှိတာတွေ သိမ်းဆည်းလုပ်ကိုင်နေတုန်းပဲ၊ မောင်မင်းကြီး သား အတင့်ရဲရဲနဲ့ နေ့ခင်းကြောင်တောင်ကြီးမှာ ဗြုန်းဆို ရောက်လာပါရော အေ။ နေ့ခင်း ကြောင်တောင်ကြီး ဆိုတော့ လူမိသွားမှာ စိုးရိမ်တာနဲ့ ငါလည်း သူ့ကို အတင်းတွန်းထိုးပြီး နှင်လွှတ် ပါသေးရဲ့၊ ဒါပေမဲ့ သူက မသွားဘဲ ပေကတ်နေတယ်အေ့။ မတွေ့ရတာ ကြာလှပြီမို့ လူလစ်တုန်း ၀င်လာရ တာပါ ဆိုပြီး ဇွတ်ပြော၊ ဇွတ်ဆွဲ လုပ်နေတော့ ငါ့မလည်း မဆွတ်ခင်က ညွှတ်ချင်နေသူမို့ ကြာရှည် ငြင်းမနေ နိုင်တော့ဘဲ ချော်လဲ ရောထိုင် လိုက်ရတာပေါ့အေ။

အတော်ကလေးကြာတော့ အိမ်ရှေ့က ခြေသံကြားသလိုလို ရှိတာနဲ့ ငါလည်း ကွင်းလုံးပုံကျနေတဲ့ ထဘီ ကို အသာပွေ့ပြီး မီးဖိုချောင်တံခါးက အိမ်ရှေ့ကို ချောင်းအကြည့်၊ အမေကလည်း မီးဖိုချောင်ထဲကို လှမ်းဝင် လာတာနဲ့ ပက်ပင်းပါ သွားတိုး နေပါလေရော။ သူတော့ မီးဖိုချောင်ပေါ်က ခုန်ချပြီး ကဆုန်ပေါက် အောင် ပြေးတော့တာပေါ့။
အမေ လည်း ငါ့ကို တအားဆောင့်ဆွဲပြီး ထုလိုက် ရိုက်လိုက်၊ ပေါငတွင်းကြောကို ဆွဲလိုက် လုပ်ရုံတွင် မကသေးဘဲ ပါးစပ်ကလည်း 'ကမြင်းမ ... ဗိုင်းတာမ ... ဗွေဆိုးမ 'နဲ့ မျိုးစုံအောင် ကျိန်ဆဲ လိုက်သေးတယ်။ ဟို ရုပ်သေးမင်းသမီး ဆိုသွားတဲ့ အတိုင်း -

' မွေးမေလေးတော် သူ စိတ်ဆိုးလို့၊ ဗိုင်းတောင့်ကြီးကို ကိုင်ကာ မိုး၊ ရစ်ကျိုးရယ်နဲ့ ရိုက်လိုက်လေ၊ ကျောသိသိကြေ။     ။  အရင်အစက ငါ မပြောလား၊ သဘောမကျ ဟိုအကောင်နှင့်၊ မီးဖိုချောင်မှာ စုံညီတွေ့၊ ထဘီပွေ့၍ နင်ထွက်လာတာ၊ မြင်ရှက်စရာ အပုံကောင်းသပ၊ အကြောင်းမသိ မိဗွေဆိုးရဲ့၊ မိန်းမ ဂုဏ်သိန် အလွန်ညိုးသတဲ့၊ ဟဲ့ ကမြင်းမ မိဗိုင်းတာရဲ့၊ ဟုတ်တိုင်းကိုသာ နင် မပြောက၊ ငါ သဘောရှိ ငါးဖယ်တေတေ၊ မနောဝယ် ဇောတွယ်ငြိပါလို့၊ ကျောသိသိ ကြေတယ် လေလေ'

ဆိုသလိုပေါ့အေ။ ငါ့ကို မေးလို့မရတိုင်း စိတ်ရှိလက်ရှိ ထုလိုက် ရိုက်လိုက်နဲ့ ငါးဖယ်တေ တေလိုက်တာ ငါ့ကျောပြင်ကို သိသိကြေ သွားတာပဲအေ။ ဒါပေမဲ့ ငါကတော့ အမေ မေးလေသမျှ တစ်ခွန်းမှ ပြန်မပြော ဘဲ၊ အမေ ရိုက်သမျှကိုသာ မျက်ရည်စက်လက်နဲ့ ခေါင်းငုံ့ခံခဲ့တယ်။

နောက်တော့ အမေက ငါ့ကို အိမ်မှာမထားတော့ဘဲ တို့အဒေါ်ကြီးများအိမ်ကို ပို့လိုက်တယ်။ တို့အဒေါ်ကြီးများ အိမ်က ပျဉ်ထောင်၊ ပျဉ်ခင်း၊ သွပ်မိုး၊ နှစ်ထပ်အိမ်ဆိုတော့ တို့အိမ်နဲ့စာရင် ပိုပြီး လုံခြုံ နေလို့ သူ ဘယ်နည်းနဲ့မှ လာတွေ့နိုင်မှာ မဟုတ်ဘူးဆိုပြီး ပို့လိုက်တာပေါ့အေ။ ပြီးတော့ တို့ အဒေါ်ကြီးရဲ့ သား ငါ့မောင် ၀မ်းကွဲများလည်း ရှိနေသေးတော့ ငါ့ကို သူနဲ့ မတွေ့နိုင်အောင် ငါ့မောင်များက စောင့်ရှောက် ထားနိုင်မှာပဲလို့လည်း အမေက ယုံကြည်စိတ်ချတယ် ထင်ပါရဲ့ အေ။

ဘာရမလဲအေ၊ အဲဒီလို ချုပ်ချယ်ထားလေ၊ ပိုပြီး တွေ့ချင်လေ ဖြစ်တတ်တာက ဓမ္မတာကိုးအေ့။ ဒီတော့ ကြံရတာပေါ့။ အဒေါ်ကြီးတို့ အိမ်က သူရင်းငှားကို လာဘ်ထိုးပြီး သူ့ဆီ စာပေးခိုင်းရတာပေါ့။ စာထဲမှာ ငါ အိမ်ပေါ်ထပ်မှာ အိပ်တဲ့အကြောင်း၊ ငါ့အိပ်ရာနံဘေးမှာ ပြတင်းပေါက်တစ်ပေါက်ရှိတဲ့ အကြောင်း၊ အဲဒီပြတင်းပေါက်ကို ငါ အမြဲဖွင့်ထားတဲ့အကြောင်း၊ အိမ် နံဘေးက တွယ်တက်ပြီး အဲဒီပြတင်းပေါက် ကနေ ၀င်လာရင် ငါ့အိပ်ရာကို တည့်တည့်ကြီး ရောက်နိုင်ကြောင်း၊ စုံလို့ပေါ့အေ။ ညဦးဆိုရင် ငါ့မောင် တွေဟာ တုတ် ဓား ကိုယ်စီနဲ့ အိမ်အောက်က ချောင်းနေတတ်လို့ သတိနဲ့လာဖို့ပါ ထည့်ပြီး ရေးလိုက် သေးတယ်။

စာပေးပြီးလို့ နှစ်ရက်လောက်လည်း ကြာရော၊ ဘသားချောလည်း ပေါက်လာပါရော။ သူ ရောက် လာတာ ငါတောင် မသိဘူးအေ့။ အစောကြီး ရှိသေးလို့ အိမ်အောက်မှာ ညီအစ်မတစ်တွေ စကား ၀ိုင်းဖွဲ့တေုန်း သူက အိမ်ပေါ်ထပ် ငါ့ခြင်ထောင်ထဲ ရောက်နေတာကိုးအေ့။ စကားဝိုင်းသိမ်းလို့ အိပ်ရအောင် အိမ်ပေါ်ထပ် ကို တက်လာတော့မှပဲ ငါ့ခြင်ထောင်ထဲမှာ သူ့ကို လာတွေ့နေရတာပဲ။ ကံကောင်းလို့ လန့်ပြီး မအော် မိတယ်အေ။ သူဟာ တစ်ညလုံး ငါနဲ့ အိပ်ပြီး ကြက်ဦးတွန်လောက်မှ ပြန်ဆင်းသွားတယ်။

အဲဒီလိုနဲ့ သူနဲ့ငါဟာ အဆက်မပြတ်ဘဲ လစ်၇င် လစ်သလို အိမ်ပေါ်ထပ် ငါ့အိပ်ရာထဲမှာ တွေ့နိုင် ကြတာပေါ့အေ။ တစ်ခါတလေ သူ အတင့်ရဲလွန်းလို့ ငါ့မှာ အမြဲပဲစောင့်ပြီး သတိပေးနေရတယ်။ အဲဒိလို အတင့်ရဲလွန်းရင် တစ်နေ့နေ့မှာ ဒုက္ခတွေ့လိမ့်မယ်လို့ ငါ သတိပေးတာတောင်မှ သူက အရေးမကြီးသလို ပြုံးဖြီးဖြီး နဲ့လေ။

ငါ သတိပေးတဲ့အတိုင်း တစ်ညမှာ ဖြစ်လာတာပါပဲအေ။ သူဟာ အိမ်ပေါ်ထပ်ကို အစောကြီး ရောက်လာပြီး ခါတိုင်းလို ငါ့ခြင်ထောင်ထဲ ၀င်မနေဘဲ ပြတင်းပေါက် ပေါင်ပေါ်မှာ တင်ပါးလွှဲ ထိုင် နေတယ်တဲ့အေ။ အိမ်ပေါ်ထပ်ကို ညအိပ်ချိန်ကျမှသာ တို့ညီအစ်မတစ်တွေ တက်အိပ်ကြတာမို့ စောလို့ရှိရင် ဘယ်သူမှ မရှိဘူးအေ့။ ဒီတော့ အိမ်ပေါ်ထပ်မှာ သူတစ်ယောက်တည်း ထင်သလို လုပ်နေနိုင် တာပေါ့အေ။

အိမ်ပေါ်ထပ်ကို အကြိမ်ကြိမ် တက်ချည်ဆင်းချည် လုပ်နေဖူးတော့ သူလည်း ရိုးသွားပြီး ကြောက်ရမှန်း တောင် မသိတော့ဘူးတဲ့ အေ။ လုပ်ပုံက ... လုပ်ပုံက ...။
အဲဒီအခါမှာပဲ ငါ့ညီအစ်မတော်တစ်ဦးက စိတ်လိုလက်ရ ဘုရား ရှိခိုးရအောင်ဆိုပြီး အိမ်ပေါ်ထပ်ကို တက်သွားပါလေရော။ ဘုရားစင်က အိမ်ပေါ်ထပ်မှာ ရှိနေတာကိုးအေ့။ ငါကလည်း အိမ်ပေါ်ထပ်မှာ ရှိနေတာ ကိုးအေ့။ ငါကလည်း အိမ်ပေါ်ထပ်မှာ သူရောက်နေမှန်း မသိတော့ ငါ့ညီအစ်မတော်ကို မတားဆီး လိုက်မိဘူးပေါ့အေ။ လှေကားက နေပြီး အိမ်ပေါ်ထပ်ကို တက်လာတဲ့ ခြေသံကို သူလည်း အကြားသား တဲ့။ ဒါပေမဲ့ ငါ မှတ်လို့ ခြင်ထောင်ထဲ ၀င်မနေဘဲ ပြတင်းပေါက်ပေါင်ပေါ်မှာသာ အေးအေး ဆေးဆေး ထိုင်နေတယ်တဲ့။ ကောင်းရော မဟုတ်လားလို့။

ခဏလည်း ကြာရော၊ ' အမယ်လေး 'ဆိုတဲ့ ငါ့ညီအစ်မတော်ရဲ့ အော်သံကို ကြားလိုက်ရပြီး ' လူ လူ လူ 'ဆိုတဲ့ နောက်ဆက်တွဲ အော်သံဟာလည်း လုံးထွေးပြီး ထွက်လာတယ်။ ငါ့ရင်ထဲမှာတော့ 'ဒိတ်'ခနဲ ဖြစ်သွား တယ်လေ။ သွေးပြောသလို သူပဲဆိုတာ ချက်ချင်းပဲ သိလိုက်ပါရဲ့။
ငါ့အစ်မတော်ရဲ့ အော်သံကိုလည်း ကြားရော သူလည်း လူမှားပြီဆိုတာ သိသွားပြီး ကြောက်အား လန့်အား နဲ့ ပြတင်းပေါက်ပေါင်ပေါ်က နေပြီး မြေဘကီးပေါ်ကို ခုန်ချလိုက်တယ်တဲ့။ အိမ်ပေါ်ထပ် ပြတင်းပေါက် နဲ့ မြေကြီးဟာ အတော် မြင့်သားအေ့။ မသေကောင်း မပျောက်ကောင်း ကံကောင်း လို့ပေါ့အေ။ အကျကောင်းသွားလို့ သူ ဘာမှမဖြစ်ဘဲ မြေကြီးပေါ်ရောက်တာနဲ့ တစ်ချက် တည်း ထ ပြေးနိုင် ခဲ့တယ်။

အဲဒီအချိန် ငါ့မောင်ဖားများလည်း အိမ်ရှေ့မှာ အဆင်သင့် ရှိနေကြလို့ 'ဖုန်း'ခနဲ့ အသံကြားတဲ့ဆီကို တုတ်တွေ၊ ဓားတွေဆွဲပြီး အတင်းလိုက်ကြတာပေါ့အေ။ ရှေ့ဆင့်နောက်ဆင့်ကလေး ပြေးတဲ့လူက ပြေး၊ လိုက်တဲ့လူက လိုက်နဲ့ ခွေးဟောင်သံတွေ ရောပြီး ဆူညံသွားတာပဲ။

ငါ့မောင် ဖားများဟာ သူ့အပေါ်မှာ အတော်ကြီး အငြိုးထားနေကြလို့ မိလိုက်ရင်တော့ အရိုးအသား တောင် ရှာတွေ့ မှာ မဟုတ်ဘူးလို့ တွေးပြီး ငါ့ရင်ထဲ သိပ်စိုးရိမ်သွားတာပေါ့အေ။ ဒါကြောင့် စိန္တေယျ ကြီး ကယ်ဆယ် တော်မူပါ ဆိုတာက တစ်မျုး၊ နတ်သိကြားများ ကူညီဝိုင်းလို့ မှိုင်းမတော်မူပါရန် တစ်ဖုံနဲ့ မျိုးစုံအောင် ဆုတောင်းလိုက်ရတာ အမောပါပဲအေ။ ဒါတင် မကျေနပ်သေးလို့ သမ္ဗုဒ္ဓေဂါထာကို ဥုံခံပြီး ရွက်လိုက် ရသေးတယ် အေ့။

တော်ပါသေးရဲ့အေ၊ အတော်ကလေး ကြာတော့ ငါ့မောင်တွေ ပြန်ရောက်လာညပီး သူ့ကို မမိလိုက်လို့ တက်တခေါက်ခေါက်နဲ့ မကျေမချမ်း ဖြစ်နေကြတယ်လေ။ သူတို့ မကျေမချမ်း ဖြစ်နေ ကြသလောက် ငါ့ရင်ထဲမှာတော့ အလုံးကြီးကျပြီး ပေါ့သွားတော့တယ်။ ငါ့မောင့်တွေဟာ သူ့ကို မမိ လိုက်လို့ ငါ့ကို မဲပြီး ' ကမြင်းမလေး ... နင် ကြပ်ကြပ် သတိထားနေလိုက် ' လို့လည်း ကြိမ်းလိုက် သေးတယ်အေ့။ ငါ့အဖို့ နေရ ထိုင်ရတာ ပိုပြီး ဘေးကျပ်နံကျပ် ဖြစ်ဦးမှာပါပဲအေ။

(၅)

သူငယ်ချင်းကောင်း ယောက်မတို့တော် ... ငါ့ကိုလေ သူတို့တွေဟာ နည်းနည်းလေးမှ အလစ်မပေး ကြတော့ဘူး အေ့။ ပြီးတော့ ငါ့ကိုလည်း ဒီ အတိုင်းထားလို့ မဖြစ်တော့ဘူးဆိုပြီး ရွာထဲက သူတို့ သဘောကျ တဲ့ လူတစ်ယောက်နဲ့ ခု လေးငါးဆယ်ရက်အတွင်းမှာ ပေးစားရအောင် စီမံနေကြပြီလေ။  ငါ ဘယ်လို ကြံလို့ ဘယ်လို လုပ်ရပါ့မလဲ ယောက်မတို့ရယ်။

ချစ်တဲ့သူနဲ့ ကွဲနေရတဲ့ အထဲမှာ တစ်ခါ မချစ်တဲ့ သူနဲ့ ပေါင်းရဦးမယ်ဆိုတော့ သေဖို့သာ ကောင်း တော့တာပေါ့နော်။ ဒါပေမဲ့ ငါ အားမလျှော့သေးပါဘူး အေ။ သူတို့တွေက အလစ်မပေးလို့ သူ ငါ့ဆီကို မရောက် လာနိုင်ပေမဲ့ သူတို့ နည်းနည်းကလေး လစ်တာနဲ့ တစ်ချက်တည်း သူရှိရာကို ငါ ကိုယ်တိုင် ထွက်ပြေး သွားနိုင်အောင်လို့တော့ ငါ အမြဲ ချောင်းနေလျက်ပါပဲ အေ၊ ချောင်းနေလျက်ပါပဲ။
သူတို့ ကလည်း ငါ့အကြံကို ရိပ်မိ ထင်ပါရဲ့အေ။

ငါ့ကို မျက်ခြည်မပြတ် မခံဘဲ စောင့်ကြည့်နေ ကြတယ်လေ။ ညအိပ်တဲ့အခါ ဆိုရင်လည်း သူတို့ဟာ ငါ မပြေးနိုင်အောင် တစ်ယောက်တစ်လှည့်စီ အလှည့်ကျအိပ်ပြီး ငါ့ကို စောင့်ကြပ်နေကြတာပေါ့လေ။ ကြည့်သေး တာပေါ့အေ၊ သူတို့ ဘယ်နှည အထိ မအိပ်မနေ စောင့်နိုင်မလဲ ဆိုတာကို စောင့်ကြည့် ရသေးတာပေါ့။
ဘာလိုလိုနဲ့ ငါ့ကို သူတို့ သဘောတူတဲ့ ဟိုလူနဲ့ ပေးစားဖို့ ရက်ဟာလည်း နီးလာပြီအေ့။ ဒီတော့ မဖြစ်ချေဘူးဆိုပြီး ငါလည်း ပျော်ပျော်ရွှင်ရင် ရယ်ရယ်မောမော ဟန်လုပ်ပြီး နေထိုင်လိုက်တယ်။ သူတို့ ငါ့ကို စောင့်ထိန်းရာမှာတော့ နည်းနည်း ပေါ့သွားတယ် အေ့။

အဲဒီညမှာပေါ့အေ၊ ညဥ့် သန်းခေါင်လောက်အချိန်မှာ ငါ့ ညီအစ်မတော်တစ်ဦးဟာ ငါ့ကို စောင့်ရင်းနဲ့ ငိုက်နေတယ်။ ငိုက်နေရာကပဲ ငါ့ကို စိတ်မချသလိုတစ်ချက်တစ်ချက် ဖျတ်ခနဲ ဖျတ်ခနဲ လှမ်းလှမ်း ကြည့် တယ်။ သူ လှမ်းကြည့်တဲ့အချိန်တိုင်းမှာပဲ ငါလည်း အိပ်မေကျနေသလို ' အင် ' အာ' နဲ့လုပ်ပြီး တခေါခေါ ဟောက်နေလိုက်တယ်။ ဒီတော့မှ သူလည်း စိတ်ချသွားပြီး တစ်ခါတည်း အိပ်ပျော်သွား ပါလေရော။
ဟဲ ... ဟဲ ... ဒါဟာ ငါ့အဖို့ အခွင့်ကောင်းပေါ့အေ။ ငါလည်း အိပ်ချင်ယောင် ဆောင်နေရာက အသာထ တဲ့ပြီး သူတို့အားလုံး အိပ်ပျော် မပျော်ကို အကဲခတ် ကြည့်လိုက်တယ်။ မိုးကြိုးပစ်ရပါစေရဲ့ တုတ်တုတ်မှ မလှုပ်ဘဲ အိပ်မောကျကုန်ကြပြီလေ။ သူတို့အားလုံး အိပ်ပျက်တာ ဘယ်နှညရှိနေပြီလဲလို့။

အချိန်ကို နည်းနည်းကလေးမှ မဖြုန်းဝံ့ဘဲ ခြေဖျားထောက်ပြီး နောက်ဖေးပေါက်ကို အသာကလေး ထွက်ခဲ့တယ်။ ဇာတ်သမားအခေါ် ဆိုရင်တော့ ချွတ်နင်းပြီး လျှောက်ခဲ့တာပေါ့အေ။ ဒါပေမဲ့ ငါ့ခြေ ထောက်ကို ဖော့ပြီး နင်းချလိုက်တဲ့ ပျဉ်းပြားတိုင်းဟာ ' ဟောဒီမှာဗျို့ ... လူ ... လူ 'လို့ ထပြီး အော်နေသလိုလို မှတ်ထင်ရလောက်အောင်ပဲ၊ ငါ့စိတ်ဟာ ချောက်ချားနေတယ်။ ငါ့နှလုံးသားဟာ လည်း တဒုန်းဒုန်း နဲ့ ခပ်ပြင်းပြင်း ခပ်မြန်မြန် ခုန်နေကြတယ်။ ငါ့တစ်သက်မှာတော့ ဒါဟာ အကြီး ကျယ်ဆုံး စွန့်စားခန်း ပေါ့ အေ။

နောက်ဖေးတံခါးကို ဖွင့်ပြီး မြေကြီးပေါ် ဆင်းလိုက်တာနဲ့ တစ်ချက်တည်း ဘာမှ မမြင်ရတော့ဘူး။ လမထွက်လို့ မှောင်မည်း နေတာပေါ့အေ။ ခါတိုင်းလို ညမျိုးသာဆိုရင် ရွှေကို တင်းလိုက် ခြင်ပေးမယ်ဆိုတောင် ဒီလို မှောင်မည်းမည်းထဲမှာ ငါ လမ်းထွက်လျှောက်ရဲမှာ မဟုတ်ဘူး။ အခုတော့ ကိုယ်ရေးကြုံတော့ သက်လုံ ကောင်းရမှာမို့ ကြောက်မနေနိုင်ဘူးပေါ့ အေ။
ငါလည်း ငါ့ချစ်သူ ညတိုင်း အိပ်တတ်တဲ့ သူ့အဒေါ်ရဲ့ စပါးစည့်ကို မှန်းပြီး လျှောက်ခဲ့တယ်။ မှောင်ကြီးထဲမှာ ငါတစ်ယောက်တည်း လျှောက်နေရပေမယ့် ဘာကိုမှ ကြောက်ရမှန်းလည်းမသိ၊ သူ့ကို အမြနဆုံး တွေ့ဖို့ ဇောတစ်ခုတည်း ငါ့မှာ ရှိနေတယ် အေ့။

အဆင်သင့်ပဲ၊ သူ့အဒေါ်များရဲ့ စပါးစည့်ထဲက စပါးပုံပေါ်မှာ ဖျာခင်းပြီး အိပ်နေတဲ့ သူ့ကို တွေ့ရ တယ်။ သူ့ကို အတင်းလှုပ်နှိုးပြီး ငါ အိမ်က ထွက်ပြေးလာတဲ့အကြောင်း ပြောပြလိုက်ရတယ်။
အို ... သူ သိပ်ဝမ်းသာသွားတယ်အေ့ ... သိလား၊ သူ့စိတ်ထဲမှာ သူနဲ့ ငါဟာ ဒီတစ်ခါတော့ ကွဲကြပြီလို့ တွေးပြီး စိတ်လျှော့ထားလိုက်တယ်တဲ့။ ကဲ ... ကောင်းကြသေးရဲ့လားအေ။ ယောက်ျား ရင့်မကြီး တစ်ယောက်လုံး လုပ်နေပြီး ဒီအထိ ဖျင်းတာအေ့။ ငါသာ စွန့်ပြီး ထွက်မလာဘဲ သူ့ကိုသာ အားကိုးနေမိရင် ငါတော့ ရေတိမ်တိမ်မှာ လှေမငြိမ်လို့ နစ်သလို နစ်ရောပေါ့အေ။
ငါ သူ့ကို လောပေးလိုက်တာနဲ့ သူလည်း အိပ်ရာက လူးလဲထပြီး သူ့ သူငယ်ချင်းတစ်ယောက်ကို သွားခေါ်တယ်။ ပြီးတော့ သူ့အဒေါ်ရဲ့ လှည်းနဲ့ နွားကို တပ်ပြီး ရွာထဲက ခပ်မြန်မြန် မောင်းထွက်ခဲ့ ကြတယ်။ တို့ရွာနဲ့ မနီးမဝေးက ရွာကလေးတစ်ရွာမှာ သူ့ အဒေါ်များရဲ့ လယ်တဲနဲ့ ဥယျာဉ်ကလေး ရှိနေ တယ်လေ။ အဲဒီမှာ ခေတ္တခိုနေရအောင်လို့ အဲဒီကို မောင်းလာကြတာပေါ့ အေ။

တို့ရွာရဲ့ နယ်နိမိတ်ကလည်း လွတ်ကရော၊ ငါရဲ့ စိုးရိမ်ကြောက်လန့်စိတ်တွေဟာ ကြက်ပျောက် ငှက်ပျောက် ပျောက်သွားပြီး ပျော်သလိုလိုတောင် အဖြစ်လာတယ်။ ခုလို ညကြီးသန်းခေါင်မှာ လှည်းစီးပြီး ခရီးထွက်လာရတဲ့ အဖြစ်ကို တွေးမိတော့ ... ဟိုတုန်းက ဘယ်ရွာမှာ ပွဲရှိတယ်ဟေ့ ဆိုရင် အဖော်အပေါင်းတွေစုပြီး လှည်းတစ်စီးနဲ့ ပွဲကြည့်သွားခဲ့တဲ့ အဖြစ်ဟောင်းတွေကို ငါ သွားတွေးမိတယ်။ သူ့အဒေါ်ရဲ့ လယ်တဲဥယာဉ်ကလေးကို ရောက်တော့ ကြက်ဦးတောင် တွန်ပြီအေ့။

(၆)

ပထမဆုံး မိဘအရိပ်အောက်က ခွဲထွက်ပြီး ကိုယ့်လင်နဲ့ လွတ်လွတ်လပ်လပ် နေရတဲ့အခါဆိုတော့ ပျော်လို့မဆုံး တပြုံးပြုံးပေါ့အေ။ တို့နေရတဲ့ နေရာကလေးကို ကြည့်ဦးမလား။ လယ်တဲသာဆိုရ သပ်သပ် ရပ်ရပ် ဆေက်လုပ်ထားတဲ့ တစ်ထပ်အိမ် မြင့်မြင့်ကလေးပဲအေ့။ အဲဒီ လယ်တဲကို ပတ်ဝိုင်း ပြီး ပြုစု ပျိုးထောင် ထားတဲ့ ဥယျာဉ်ခြံမြေထဲမှာ ဆိုရင်လည်း သရက်၊ မရန်း၊ သြဇာ၊ ပိန္နဲ၊ ရှောက်၊ သံပုရာပင် တွေဆိုတာ မျိုးစုံလို့ပေါ့။ အပြိုင်အဍ္ဍရိုင်း သန်စွမ်းနေပြီး အပြွက်လိုက်၊ အပြွက်လိုက်၊ အခဲလိုက် သီး နေလိုက် တာတွေဟာ အားရစရာကြီးပါ အေ။

မနက် ဝေလီဝေလင်းဆိုရင် အဲဒီ သစ်ပင်တွေပေါ်က သပိတ်လွယ် ငှက်ကလေးရဲ့ တွတ်တီးတွတ် တာ ပလီပလာ စကားသံကလေးကို ကြားရတာကြည်နူးစရာပါပဲအေ။ နေ့ခင်း နေ့လယ် ဆိုရင်တော့ လက်ပံပင်ပေါ်မှာ ရန်ဖြစ်နေကြတဲ့ ဆက်ရက်အုပ်ရဲ့ ဆူဆူညံညံ အသံတွေကို ကြားရ တာကတော့ နားငြီး စရာကြီး ပေါ့အေ ။ အဲ ညနေစောင်းလာပြီဆိုမှဖြင့် စိတ်ရှည် လက်ရှည် ကူချွဲနေတဲ့ ချိုးကူသံကလေးကို ကြားရပြန်တော့ ရေချမ်းအိုး ပိုက်ထားရသလို စိတ်နှလုံးကို အေးချမ်းသွားတာပဲ။ စူးရှပေမဲ့ နားဝင်ချိုလှတဲ့ ဥသြ တွန်သံကလေးကတော့ တို့နှစ်ယောက်ကို အားမငယ်ရအောင် အားပေးယုယ နေသလိုလို။

လယ်တဲပေါ်ကနေပြီး လယ်တဲရှေ့ကို မျှော်ာကည့်လိုက်မယ်ဆိုရင် ဆုံးအံ့မထင်တဲ့ လယ်ကွင်းကြီးထဲမှာ ရိုးပြတ် ဖွေးဖွေးတွေကိုသာ တစ်မျှော်တစ်ခေါ်ကြီးတွေ့ရမယ်။ လယ်တဲရဲ့ နောက်ဘက်မှာတော့ အလျားလိုက် စင်းနေတဲ့ ချောင်းရေပြင် ရှိနေတယ်။ ရေမိုးကလည်း နီးလို့ ဘယ်လောက် အဆင်ပြေသလဲ အေ့။ မိုးခေါင်ရေရှား အရပ်မျိုးသာ ဆိုရင်တော့ ငါ စိတ်အပျက်ဆုံး ပါပဲ။
အဲဒီ လယ်တဲနဲ့ ဥယျာဉ်ခြံမြေဟာ သူ့အဒေါ် အပျိုကြီးတစ်ဦးပိုင်ပေါ့အေ။ အခုအချိန်ဟာ လယ်လုပ်ငန်း လုံးဝ ပြီးစီးတဲ့ နွေချိန်ခါမို့ သူ့အဒေါ်ဟာ ရွာထဲကို လယ်ထွက်စပါးတွေ တိုက်သွင်းပြီး ရွာထဲက အိမ်မှာ အငြိမ်းစား နေထိုင်တဲ့ အချိန်ပေါ့။

သူ့အဒေါ် အပျိုကြီးကလည်း သူ့တူကလေးကို အချစ်သားအေ့။ ချစ်ဆို အတိုအထွာ ခိုင်းစရာရှိရင် ဒီတူကလေး ကိုပဲ ခိုင်းနေရတာကိုး။ အဲဒီ လယ်တဲနဲ့ ဥယျာဉ်မှာ မင်းတို့ ပျော်သလောက်နေကြ။ စပါးဝမ်းစာ၊ ငါးပိဝမ်းစာလည်း အလုံအလောက် ရှိတယ်၊ ခြံထွက် အသီးအနှံတွေကို မင်းတို့ ရောင်းစားမယ်ဆိုရင်လည်း သုံးမကုန်ပါဘူးဆိုပြီး တို့ကို အပ်သွားတယ်လေ။

သူ့ဘက်က ဆွေဂုဏ် မျိုးဂုဏ်နဲ့ တို့ဘက်က ဆွေဂုဏ် မျိုးဂုဏ်ဟာ ကွာခြားခြင်း မရှိလှဘဲ ဂုဏ်ရည်တူ တွေ ဖြစ်ပါလျက်နဲ့ တို့ဘက်က ဘာဖြစ်လို့ သဘောမတူရတာလဲလို့ ညည်းတို့က မေးချင်ပေလိမ့်မယ်။ ဂုဏ်ရည်တူတွေဖြစ်လို့ လူကြီးချင်း ဂုဏ်တုဂုဏ်ပြိုင် လုပ်ရာက အစ မသင့် မမြတ်ဖြစ်ကြလို့ပေါ့အေ။ ပြီးတော့ သူ့အဒေါ်နဲ့ တို့အဒေါ်က စီးပွားရေး ပြိုင်ဖက်တွေမို့ တစောင်းစေးနဲ့ မျက်ချေးလို မတည့်ကြဘူးပေါ့အေ။ သူ့အဒေါ် အပျိုကြီးကတော့ ဒါလောက် မဟုတ်ရှာပါဘူးအေ။ တို့အဒေါ်များ ဘက်ကသာ ငါတကော ကောကြတာပါ။ တို့အဒေါ်က သဘောမတူဘူးဆိုရင် စီးပွားရေးမှာ အဒေကို မှီခိုနေရလို့ တို့အဒေါ်ရဲ့ သြဇာကိုသာ နာခံနေရတဲ့ အမေကလည်း သဘောမတူဘူး ဖြစ်လာရတာပေါ့ အေ။

ဘယ်သူတွေ သဘောမတူ တူ၊ တို့နှစ်ယောက် ဘောတူရင် ပြီးတမ်းမို့ တို့နှစ်ယောက်ကတော့ ပျော် တယ်လေ။ ၀မ်းစာစပါးကို မောင်းနဲ့ထောင်း၊ ဆန်ဖွပ်ပြီး ချက်စားတယ်။ငါးဟင်းစားလိုရင် ငါးမျှားတံ တစ်ချောင်း နဲ့ ကမ်းနားဆင်းပြီး ငါးမျှားတယ်။ တစ်ခါတလေ သူ့ဘက်က အပေါင်းအသင်းတွေ သတင်း လာမေးရင် ပျော်ပွဲစားချင်တယ်ဆိုရင် လယ်တဲမှာ မွေးထားတဲ့ ကြက် ဘဲ တွေကို သတ်ပြီး ချက်စား ကြတယ်။ ငါးပိချက်နဲ့ အဖက် တို့စရာ လိုချင်ရင် ဥယျာဉ်ခြံမြေထဲမှာ ရနိုင်တယ်။ မီးဆိုက်ဖို့ ထင်းလိုရင် ဥယျာဉ်ထဲက သစ်ကိုင်းခြောက်တွေကို လိုက်ချုင်တယ်။ ဟင်းချက်ဖို့ ဆီလိုရင် ဟိုဘက်ကမ်းက အင်းထဲ မှာ ငါးသွားခုတ်ပြီး ငါးဆီ ချက်ယူတယ်။ သုံးဖို့ငွေလိုရင် ဥယျာဉ်ခြံမြေထဲက အသီးအနှံတွေ ခူးရောင်းတယ်။ ကိုင်း ... ဘာများ ပူစရာရှိသလဲ၊ မပူပေါင်။

သူ့အဒေါ်ရဲ ဥယျာဉ်မှာ နေပေမဲ့ အငြိမ်းစား မနေပါဘူး။ လုပ်စရာ ရှိတာတွေကိုလည်း ကျုံးပြီး လုပ် ပေးတာပါပဲ။ ဥယျာဉ်ကို ပျိုးထောင်တယ်။ မြေတောင် မြှောက်စရာရှိတာ မြေတောင်မြှောက်ပေးတယ်။ ခြံထဲက ပေါင်းပင်မြက်ပင်တွေကိုလည်း ရှင်းပေးတယ်။ လယ်တဲ ဘေးက နွားခြံထဲမှာရှိတဲ့ နွားတွေကို ထိန်းကျောင်း ပေးတယ်။ မွေးထားတဲ့ ကြက် ဘဲတွေကိုလည်း တိုးပွားအောင် ဂရုတစိုက် မွေးမြူပေးတယ်။ မွေးထဲက အလုပ် လုပ်လာခဲ့ရသူတွေမို့ ဒီလို လုပ်ပေး ရတာ ပင်ပန်းတယ်လို့ မထင်မိပါဘူး။ စိတ်တိုင်းကျ လုပ်ရလို့ ပျော်တောင် ပျော်သေး။
ဒါပေမဲ့ ဒီလိုပျော်ရတဲ့ ရက်ဟာ မကြပါဘူးအေ။ မကြာမီမှာပဲ လွမ်းခန်းနဲ့လာတိုးရတာပဲ။ ဖြစ်ပုံများ တော့ ပြောပဲ မပြောချင်တော့ပါဘူး အေ။

တစ်နေ့မှာပေါ့၊ မနက်ဘက် တို့နှစ်ယောက် ဥယျာဉ်ထဲမှာ လုပ်စရာ ရှိတာတွေလုပ်ပြီး ကမ်းနားမှာ ရေဆင်းချိုးကြတယ်။ ပြီးတော့ လယ်တဲပေါ်တက်ပြီး ထမင်းလက်ဆုံစားပြီးလို့ လက်ဖက်ရည်ကြမ်း ၀ိုင်းမှာ နှစ်ယောက်သား စကားတပြောပြောနဲ့ ပျော်နေကြတုန်းမှာပေါ့။ ဗြုန်းဆို ငါ့အမေရယ်၊ အဒေါ်ရယ်၊ ငါ့မောင် တွေရယ် တဲပေါ်ကို တက်လာတယ်။ သူတို့နဲ့အတူ လူမိုက် ထွန်းစိန်လည်း ပါလာတယ်။ အဆင်မှာတော့ လူမိုက်ထွန်းစိန်ကို ငွေပေးပြီး ငှားလာကြတယ်ထင်ပါရဲ့။

တို့နှစ်ယောက် အံ့သြသင့်ပြီး ငိုင်နေတုန်းမှာပဲ လူမိုက် ထွန်းစိန်က ငါ့လက်ကို အတင်းဝင်ဆွဲပြီး လယ်တဲ အောက် ကို ဆွဲချတယ်။ အမေတို့၊ အဒေါ်တို့ကလည်း ၀ိုင်းကူပြီး ဆွဲချလို့ တဲအောက်ကို ငါလည်း တရွတ်တိုက်ပြီး ပါလာရတယ်။ လယ်တဲအောက်ကို ရောက်တော့ လူမိုက်ထွန်းစိန်က သူ့လက်ထဲက ဓားကို ၀င့်ပြီး 'မဆိုင်သူ မကပ်နဲ့၊ ခေါင်းပြတ်သွားမယ်'လို့ ကြိမ်းလိုက်တယ်။
ငါ့ချစ်သူကို လှမ်းကြည့်လိုက်တော့ သူဟာ မျက်လုံးကလေး အကြောင်သားနဲ့ ငိုင်နေတယ်။ အို ... သူ့ကို ကြည့်ရတာ ယောက်ျားမဟုတ်သလို အားမရစရာကြီးပါအေ။

 တကယ်ဆိုရင် ယောက်ျားပီပီ ဒေါနဲ့ မာန်နဲ့ ထတဲ့ပြီး ' ခင်ဗျားတို့ ကျုပ်မိန်းမကို မထိကြနဲ့၊ ခုလွှတ်၊ မလွှတ်ရင် အကြာင်းသိသွားမယ် ' ဘာညာဆိုပြီး လက်ရုံးလက်မောင်း တန်းလိုက်ပါလား။ ဒီနေရာမှာ သေရေး၊ ရှင်ရေးပဲဟာ၊ ဘယ်သူ့ကို ကြောက်နေရမှာတုံး။ အခုတော့ ဒီလိုမဟုတ်ပေါင် အေ၊ ကြောက်သလို လိုရွံ့သလိုလို ကုပ်ချောင်းချောင်း ငေးငိုင်ငိုင်နဲ့ ဘိန်းခုနစ်ရက်လောက် မစားရတဲ့ ဘိန်းစား ကလေးလိုပဲ။ သူ့နေရာမှာ သူသာမဟုတ်ဘဲ ငါသာ ဆိုရင်လား တစ်ခါတည်း အသက်ချင်း လဲပစ် လိုက်ပါရဲ့ .... အဟုတ်ပဲ။

ငါလည်း စိတ်ထွက်ထွက်နဲ့ အတင်းဆောင့်ရုန်းတာ မရတော့ လူမိုက်ထွန်းစိန်ရဲ့ လက်ကို တအား ကိုက်ဆွဲလိုက်တာပေါ့။ ဒီတော့ ငါ့မောင်တွေကပါ ၀င်လာပြီး အတင်း ၀င်ဆွဲကြတာနဲ့ တစ်ယောက်နဲ့ အများ အားချင်းမမျှလို့ သူတို့ နောက်ကို ပါလာခဲ့ရတယ်။ အိမ်ကိုရောက်တော့ ငါ့ကို ၀ိုင်းပြီး ထုကြ ရိုက်ကြတာ ဖွတ်ဖွတ်ကို ကြေသွားတာပဲအေ။ အမေဆိုတာ အသည်းဆုံးပေါ့၊ ငါ့တစ်ကိုယ်လုံး ရစရာ တောင် မရှိပါဘူးအေ။

(၇)

သူငယ်ချင်းကောင်း ယောက်မတို့တော် ။
ငါ့ကို မွေးတဲ့ အမေဖျက်လို့ ချစ်တဲ့ သူနဲ့ ကွဲခဲ့ရပြီ။ တစ်ခါတလေ သူ့ကို တွေ့ချင်လွန်းလို့ မျှော်မိ ပေမဲ့ အမေက အလစ်မပေးတော့ မတွေ့ရပါဘူး ကောင်မရယ်။ အမေက အိမ်ဝင်းခြံကို ဆူးတွေ အထပ်ထပ် ကာရံပိတ်ဆို့ပြီး ခြံဝင်းထဲမှာ 'ရန်လုံ'ဆိုတဲ့ အင်းခွေးကြီးကို အမြဲ လွှတ်ထားလေတော့ သူ့ခမျာလည်း ခါတိုင်းလို ငါရှိရာကို အလစ်ဝင်မလာရဲဘူး ထင်ပါရဲ့ အေ။ ငါ့မောင်ဖားတွေဆိုတာက လည်း ဓားလက်နက် ကိုယ်စီနဲ့ ခြံဝင်းထဲမှာ မပြတ် ကင်းလှည့်နေကြလို့ သူနဲ့ငါ တွေ့ဖို့ဖြင့် အဝေးကြီး ဝေးကြရပြီ။ မျက်ခမ်းတွေဆိုတာ တဆတ်ဆတ်လှုပ်ပြီး အိပ်မက်ရာမက်တွေကလည်း မကောင်းဘူးအေ့။ ဒါကြောင့် ဒီတစ်ခါ တော့ သူနဲ့ ငါ တကယ်ပဲ ကွဲကြရပြီ ထင်တယ်အေ။ ဟို 'ဗလကြိုင်' ဇာတ်လာကတုန်းက ပြသွားဖူး တဲ့ ကိန္နရာမကလေးလိုသာ ငါ့မှာ အတောင်ရှိရင်လား တစ်ခါတည်း ငါ့ချစ်သူ ရှိရာကို အရောက် ပျံသန်း သွားပါရဲ့။

ငါ့ကျောပြင်ကို လှန်ပြီး ကြည့်ကြပါဦးအေ။ ဒဏ်ရာတွေ ဒဏ်ရာတွေဆိုတာ အရှိုးချင်းထပ်ပြီး ဖူးဖူး ရောင်လို့ပေါ့။ ပေါင်ကို လှန်ကြည့်လိုက်ဦးမလား၊ ပေါင်တွင်းကြောကို လိမ်ဆွဲထားလို့ ညိုလို့ မည်းလို့လေ။ ငါတော့ နေ့ရှိသရွေ့ ဟို ရုပ်သေးမင်းသမီး ဆိုသွားဖူးတဲ့ သီချင်းကိုသာ ဆိုဆို ဆိုဆိုပြီး ငိုလို့ ငိုလို့သာ နေမိတယ်အေ့။ အဲဒီ သီချင်းကတော့ -
' မွေးမေလေးတော် သူ စိတ်ဆိုးလို့၊ ဗိုင်းတောင့်ကြီးကို ကိုင်ကာ မိုး၊ ရစ်ကျိုးရယ်နဲ့ ရိုက်လိုက်လေ၊ ကျောသိသိကြေ။     ။  အရင်အစက ငါ မပြောလား၊ သဘောမကျ ဟိုအကောင်နှင့်၊ မီးဖိုချောင်မှာ စုံညီတွေ့၊ ထဘီပွေ့၍ နင်ထွက်လာတာ၊ မြင်ရှက်စရာ အပုံကောင်းသပ၊ အကြောင်းမသိ မိဗွေဆိုးရဲ့၊ မိန်းမဂုဏ်သိန် အလွန်ညိုးသတဲ့၊ ဟဲ့ ကမြင်းမ မိဗိုင်းတာရဲ့၊ ဟုတ်တိုင်းကိုသာ နင် မပြောက၊ ငါ သဘောရှိ ငါးဖယ်တေတေ၊ မနောဝယ် ဇောတွယ်ငြိပါလို့၊ ကျောသိသိ ကြေတယ် လေလေ'
---------------------------------------
ပြီးပါပြီ
.
>>>ဆက်ဖတ်ရန်>>> >>

Sunday, August 29, 2010

ကြယ်နီ အပိုင်း (၄၈)

ခဲဖိုး

(၁)
ချစ်သော စာဖတ်သူ၊ တောင်ပိုင်းက ကာလသားခေါင်းက ခဲဖိုးကိစ္စ ဆွေးနွေးရန်အတွက် ညဥ့် ၆ နာရီ အချိန်ခန့်တွင် သူ့ရဲ့ အိမ်ကို ကြွပါလို့ ကျွန်တော့်ကို ဖိတ်ကြားထားတယ်လေ။ ဒီရွာက အင်းသားကြီး သမီးနဲ့ ဟိုရွာက အင်းသားကြီးသားတို့ လူငယ်ချင်းကလည်း ချစ်ကြိုက်၊ လူကြီးချင်း ကလည်း သဘောတူကြတာနဲ့ ဒီရွာက သမီးရှင် အင်းသားကြီးနေအိမ်မှာ တခမ်းတနား မင်္ဂလာဆောင်ကြမယ်တဲ့။ အဲဒီ မင်္ဂလာဆောင်မှာ ခဲဖိုးတောင်းရင်း အပေးအယူ မတည့်လို့ အဲဒီကိစ္စကို ဆွေးနွေးရန် အတွက် ကာလသားခေါင်းက ကာလသားလေးတွေကို လိုက်ပြီး ဖိတ်ကြား တာပေါ့ဗျာ။
အဲဒီ မင်္ဂလာဆောင်တော့မယ့် ဒီရွာက အင်းသားကြီး သမီးလေးဟာ အတော် ချောတဲ့ ဇယ်ကလေးပေါ့။

ဒါကြောင့်မို့ ဒီရွာက ကာလသားတွေရော ရွာနီးချုပ်စပ်က ကာလသားတွေပါ ၀ိုင်းပြီး ပိုးကြပန်းကြနဲ့။ အချို့များ ပိုးရင်း ပန်းရင်း ကာလသားအချင်းချင်း ရန်ပွဲကြီးတွေတောင် ဆင်ကြလို့ ထိပ်ပေါက်ခေါင်းကွဲ ဖြစ်ရ တဲ့ ကာလသားတွေလည်း မနည်းတော့ဘူးဗျ။ ဒါပေမဲ့ မိန်းကလေးလည်း မာနခဲလေးမို့ ဘယ်သူမှ မစွံပါဘူးဗျာ။ အဲဒီကြားထဲမှာ ဟိုရွာက အင်းသားကြီးသားက လူရည်ကလည်း လယ်၊ အပေါင်းအသင်း က လည်းကောင်း၊ ဓနဂုဏ်ကလေးကလည်း ရှိဆိုတော့ မိန်းကလေးရဲ့ အချစ်ပန်းကို ဆွတ်လှမ်း နိုင်သွားတယ်လေ။ နောက် လူကြီးတွေကို ဖွင့်ပြီး အသိပေးတော့ လူကြီးတွေကလည်း သဘောတူတာနဲ့ သမီးရှင် အင်သားကြီးနေအိမ်မှာ လူကြီးစုံရာနဲ့ တခမ်းတနားမင်္ဂလာဆောင်ရအောင် စီမံကြတာပေါ့ဗျာ။

အဲဒီ မင်္ဂလာသတင်းကိုလည်း ကြားရော ဒီရွာက ကာလသားထုကြီး တစ်ရပ်လုံးဟာ တစ်ခဲနက် အုံကြွ တော့တာပါပဲ။ ဒီရွာက ကာလသားတွေကိုတော့ ဖုတ်လေတဲ့ ငါးပိ ရှိတယ်လို့မှ မအေက်မေ့ဘဲ ရွာလွန်ပြီး ရွက်တိုက် တဲ့ မိန်းကလေးနဲ့ သမီးရှင် မိဘများကို လက်စားချေမယ်လို့ ကြံကြတာပေါ့။ ပြီးတော့ ဒီရွာက ကာလသားနဲ့ ဟိုရွာက ကာလသားတွေဟာ တစ်ခါမှ မျက်နှာကြော မတည့်ဘဲ မြဲတမ်း ချိတ်းရိုက်နေကျ ရန်ဘက်တွေမို့၊ ဟိုရွာက ကာလသားကိုမှ လှမ်း ကြိုက်တဲ့ မိန်းကလေးနဲ့ သမီးရှင် မိဘများအပေါ်မှာ မစားရတဲ့အမဲ သဲနဲ့ပက်မယ်လို့ သဘောထားပြီး ခဲဖိုး နင်းကန် တောင်းတော့တာပေါ့။ ခဲဖိုး ငွေ တစ်ထောင် ပေးရမယ် တဲ့လေ။

များလွန်းအားကြီးတော့ တစ်ဖက်ကလည်း ဘယ်ပေးနိုင်ပါ့မလဲလေ။ ကာလသားတွေ သောက်ဖို့ စားဖို့အတွက် ငွေတစ်ရာဆိုရင် တော်လောက်ပါပြီလို့ စကားပြန်လိုက်တယ်။ ဒီဘက်ကလည်း ငွေတစ်ထောင်က တစ်ပြားမှ မလျှော့နိုင်ဘူး၊ မပေးရင် အိမ်ပြိုအောင် ခဲနဲ့ ၀ိုင်းပေါက်မယ်လို့ တင်းမာတဲ့ တစ်ချက်လွှတ် ရာဇသံကို ထုတ်ပြန်လိုက်ကြတယ်။ ဒီတော့ သမီးရှင် မိဘများဘက်က လည်း အိုးရွဲ့ကို စလောင်းရွဲ့နဲ့ ဖုံးမယ်ဆိုပြီး တစ်ပြားမှ မပေးနိုင်ဘူးလို့ ခပ်တင်တင်းပဲ ပြန်ကြား လိုက်တယ်။ သူတို့ ကလည်း ဆွေမျိုးအင်အား တောင့်တင်းတဲံသူတွေဆိုတော့ ရွာက ကာလသားတွေကို ဂရုမစိုက်ဘူးပေါ့ဗျာ။ သူတို့ဆွေမျိုးထဲမှာလည်း လူသတ်ဖူး၊ ထောင်ကျဖူးတဲ့ မိုက်ခဲတွေ ရှိနေတာမို့ အဲဒီ မိုက်ခဲ တွေ အားကိုးနဲ့ ကာလသားတွေကို ခဲဖိုး တစ်ပြားမှ မပေးတော့။ အဲဒီနေ့မှာပဲ မင်္ဂလာဆောင် လိုက်ကြပြီလေ။ ညကျရင် ခဲပေါက်တဲ့ လူတွေကို လက်တုံ့ပြန်ရအောင် အဲဒီ မိုက်ခဲတွေကို ဓားလက်နက် ကိုယ်စီ နဲ့ သတို့သမီးရဲ့ အိမ် လေးဖက်လေးတန်မှာ ကင်းချစောင့်ခိုင်းထားမယ်ဆိုတဲ့ သတင်းလည်း ထွက်လာတယ်။

ဒါကြောင့် ကာလသားခေါင်းက ဒီကိစ္စကို ဘယ်လိုလုပ်ကြမယ်၊ လိုလားချက်ကို မရလို့ ရှေ့ကို ခြေတစ်လှမ်းတိုးမယ်၊ ဘယ်လို ခြေလှမ်းမျိုးလှမ်းကြမယ် ဆိုတာတွေ ဆွေးနွေးဆုံးဖြတ်ဖို့အတွက် ရပ်ရွာ ကာလသားတွေကို သူ့ရဲ့ အိမ်သို့ ကြွပါလို့ ဖိတ်ခေါ်တာပါပဲ။

အဲဒီလို ဖိတ်ခေါ်ခြင်းခံရတဲ့ အထဲမှာ ကျွန်တော်လည်း ပါနေတယ်လေ။ ကျွန်တော်က ခဲဖိုးတောင်းတဲ့ ကိစ္စမျိုးကို ၀ါသနာမပါပါဘူး။ မြန်မာ့ယဉ်ကျေးမှု လောကမှာ ခဲဖိုးတောင်းတဲ့ ကိစ္စဟာ အင်မတန် အရုပ်ဆိုး တဲ့ အမည်းကွက်ကြီးလို့ ကျွန်တော်က ယူဆတယ်။ ဒါကြောင့်မို့ သူတို့ရဲ့ အစည်းအဝေးကို ကျွန်တော် က စိတ်မ၀င်စားပါဘူး။ ဒါပေမဲ့ မတတ်နိုင်ဘူးဗျ။ ဒီလိုသာ ကျွန်တော်က ဘေးဖယ်နေမယ်ဆိုရင် ရပ်ရွာကာလသားထုကြီး တစ်ရပ်လုံးက ကျွန်တော့်ကို သစ္စာဖောက်လောက်ကောင်အဖြစ်နဲ့ ၀ိုင်းပယ် ကြရုံမျှမက ရန်ညိုးထားခြင်းကိုလည်း ခံရဦးမယ်။ ဒီတော့ ကျွန်တော့်ခမျာ စိတ်မပါသော်လည်း မနေသာ ဘူးပေါ့ဗျာ။

ကဲ ... ချစ်သော စာဖတ်သူရေ့၊ ကျွန်တော်တော့ မနေသာလို့ သွားရတော့မယ်။ ချစ်သော စာဖတ်သူကော ကျွန်တော်နဲ့အတူ လိုက်ခဲ့ပါလားဗျာ။ ဘာပြောတယ်၊ ဒီလို အဓိပ္ပာယ်မရှိတဲ့ အစည်းအဝေးမျိုး သွားလို့ ဘာအကျိုးရှိမှာလဲ၊ ဟုတ်လား။ အို ... ဒီလိုလည်း ဘယ်ဟုတ်မလဲဗျာ။ ကျွန်တော်တို့ဟာ ခဲဖိုး တောင်းတဲ့လူတစ်ဦးတစ်ယောက် အနေနဲ့ မဟုတ်ဘဲ၊ သူတို့ ပြောဆိုပြုမူ ပုံတွေကို လေ့လာတဲ့လူ အနေနဲ့ သွားကြတာပေါ့။ ခဲဖိုးတောင်းတဲ့ အစဉ်အလာရဲ့ အကောင်းအဆိုးကို ခံဖိုးတောင်းတဲ့နေရာမှာ ကိုယ်တိုင် သွားကြည့်မှ ကိုယ်တွေ့ သိရမယ် မဟုတ်လား။ ဗဟုသုတ တစ်မျိုးပေါ့ဗျာ။
ဒါပေမဲ့ စာဖတ်သူကို ကြိုတင်ပြီး သတိပေးထားပါရစေ။ အစည်းအဝေးဟာ ဆွေးနွေးဆုံးဖြတ်ဖို့ မဟုတ်ဘဲ ဆုံးဖြတ်တဲ့အတိုင်း တကယ်လုပ်ကြမှာမို့ သွေးထွက်သံယိုအထိ ဖြစ်ကြလိမ့်မယ်။ လူသတ်မှုအထိတောင် ဖြစ်နိုင်တယ်။ ဒါကြောင့်မို့ စာဖတ်သူဟာ သတိမလစ်ဖို့၊ ပါးနပ်ဖို့၊ လျင်မြန်ဖို့ လိုတယ်။ သူတို့ အရိပ်အခြည်ကို ကြည့်ပြီး မဟန်တာနဲ့ တစ်ချက်တည်း လစ်ပြေးကြဖို့ပဲ။ ဟုတ်တယ်လေ၊ အဓိပ္ပာယ်မရှိတဲ့ နေရာမှာတော့ အသေမခံနိုင်ဘူးပေါ့။ ဒါကြောင့်မို့ စာဖတ်သူဟာ ကျွန်တော်နဲ့အတူ လိုက်တော့မယ်ဆိုရင် စာဖတ်သူရေ့ ... သတိ ... သတိ ... သတိ ....။

(၂)
ဟောဒါ ကာလသားခေါင်းရဲ့ အိမ်ပေါ့။ သုံးပင်နှစ်ခန်း၊ ပျဉ်ထောင် ပျဉ်ခင်း၊ သွပ်မိုး အိမ်ကလေးပေါ့။ အဲဒီအိမ်မှာ ကျွန်တော်တို့ ကာလသားခေါင်း လင်ကိုယ်မယား နှစ်ယောက်ထဲ အေးအေးချမ်းချမ်း နေထိုင်ကြတယ်။ ကျွန်တော်တို့ ကာလသားခေါင်းဟာ အသက်သုံးဆယ်ကျော်လောက်ရှိတဲ့ လူလတ်ပိုင်း ထဲက ပါပဲ။ ခေါင်းမှာ သျှောင်တစောင်းနဲ့ ယောက်ျားပီသတဲ့ မဟာနဖူးကြီးကလည်း ထင်းနေတာ၊ အင်မတန် ခံ့တဲ့လူပေါ့ဗျာ။ ကြယ်သီးတပ် စွပ်ကျယ်အင်္ကျီကို အမြတ်တနိုး ၀တ်တတ်ပြီး ပိုးလုံချည်ကို အမြဲ ဒုံးခံတယ်လေ။ ပိုးလုံချည်အတွင်းက ဒူးဆစ်အထိ ရောက်တဲ့ ပိတ်ဖြူ အတွင်းခံ ဘောင်းဘီတိုကလေးကိုလည်း အမြဲ ခံဝတ်လေ့ရှိတယ်။ သူ့သျှောင်ကို တစောင်းထုံးပြီး ကြယ်သီးတပ် စွပ်ကျယ် အင်္ကျီကလေးနဲ့ ပိုးလုံချည်ကို အတွင်းခံ ဘောင်းဘီပေါ်ရုံ ကလေးလောက် ခါးတောင်းကျိုက်ပြီး ခြင်းရိုင်ခတ်တဲ့အခါဆိုရင် အင်မတန် ကည့်ကောင်းပေါ့ဗျာ။

သူဟာ စကားနည်းပြီး အနေအေးသလောက် မဟုတ်မခံစိတ်ရှိတယ်။ လုပ်စရာရှိလျှင် နောက်မတွန့ဘဲ ရှေ့ကနေ ရွပ်ရွပ်ချွံချွံ လုပ်တတ်တယ်။ ဒါကြောင့်မို့လည်း သူဟာ ရပ်ရွာကာလသားတွေအပေါ်မှာ ကာလသား ခေါင်းတစ်ဦးအဖြစ်နဲ့ သြဇာညောင်းနိုင်တာပေါ့။ ရပ်ရွာ သာရေးနာရေးကစပြီး မလိုတဲ့ လူကို သတ်ရေး ဖြတ်ရေးများသာမက၊ ဟိုရွာနဲ့ ဒီရွာ ချိန်းရိုက်တဲ့ ရိုက်ပွဲတွေအထိ ရပ်ရွာကာလသားတွေကို သူက ရှေ့ဆောင်မှု ပေးတယ်။ သူ ရှေ့ဆောင်တဲ့အခါဆိုရင် ရပ်ရွာကာလသားတွေဟာ သူ့ကို ပုဂ္ဂိုလ်စွဲ ခင်မင် အားကိုးမှု တစ်ခုတည်းနဲ့ သူရဲ့ လုပ်ငန်းစဉ် အမှားအမှန်ကို မဝေဖန် မစစ်ကြောတော့ဘဲ မိုက်တိ မိုက်ကန်း လိုက်လုပ်ကြတာပါပဲဗျာ။

အမယ် သူ့အိမ်ထဲ ကာလသားတွေ အတော်များများတေင် ရောက်နေကြပါပကောလို့။ ကဲ... ကျွန်တော် တို့လည်း အိမ်ထဲကို ၀င်ကြပါစို့။ ရပ်ရွာ ကာလသားတွေဟာ ခင်းထားတဲ့ သင်ဖျာပေါ်မှာ သူ့အစုနဲ့ တစုတဝေးကြီး ၀ိုင်းဖွဲ့ထိုင်နေကြတယ်။ သူတု့ရဲ့ ၀ိုင်းတွေရဲ့ အလယ်မှာ လက်ဖက်ရည်ကရား တစ်လုံးစီနဲ့ လက်ဖက်ရည်ကြမ်းပန်းကန် ကိုယ်စီရှိတယ်။ ဟောဟို ခေါင်းရင်း ဘက်က ပက်လက်ကုလားထိုင်ပေါ်မှာ ထိုင်နေတာကတော့ အဘိဓမ္မာဆရာကြီး ဦးဖောင်လေ။ သူ့ရှေ့မှာ လက်ဖက်ရည်ကရား တစ်လုံးနဲ့ လက်ဖက် ရည်ကြမ်း ပန်းကန်တစ်လုံးရှိနေတယ်။ ကျွန်တော်တို့ရဲ့ ကာလသားခေါင်းဟာ လူလတ်ပိုင်း ထဲက ဖြစ်ပေမဲ့ ရှေးဆန်တဲ့ အယယူတွေကိုသာ သက်ဝင်ယုံကြည်သူတစ်ဦးမို့ ဘာကိုပဲ လုပ်လုပ် အဘိဓမ္မာ ဆရာကြီး ဦးဖောင်ကို ပင့်ခေါ်ပြီး ဦးဖောင်ရဲ့ သြ၀ါဒကိုသာ ခံယူလေ့ ရှိတယ်။ ဦးဖောင်ရဲ့ သြ၀ါဒ ကို ခံယူပြီးမှ ကာလသားတွေအပေါ် သူက တစ်ဆင့် ခေါင်းဆောင်မှု ပြန်ပေးတယ်။

ဦးဖောင်ဆိုတာကလည်း သာမည ပုဂ္ဂိုလ်ကြီးတစ်ဦး မဟုတ်ပေဘူးဗျ။  အဘိဓမ္မာ ရေးရာမှာပဲ ဖြစ်ဖြစ်၊ ဗေဒင် ကိန်းခန်း ဘက်ကပဲ စမ်းစမ်း၊ သိုက်၊ တဘောင်၊ စနည်း၊ ဘဝေါ ဆိုတာတွေလည်း အရေကျို သောက်ထားတဲ့အပြင် အင်းအိုင် ခလှဲ့ လက်ဖွဲ့ မန္တရားအတတ်တွေပါ မကျန် တစ်ဖက်ကမ်း ခပ်အောင် တတ်မြောက် ထားလေတော့ ကြည်ညိုစရာ ပုဂ္ဂိုလ်ကြီးတစ်ဦးပေါ့ဗျာ။ လူကြီးပိုင်းကို သူရဲ့ အဘိဓမ္မာ တရားနဲ့ ဆွဲယူပြီး၊ မိန်းမပိုင်းကိုတော့ ဗေဒင်ကိန်းခန်း သိုက်တဘောင် စနည်းဘဝေါတွေနဲ့ သူ့ဘက် ကိုပါအောင် သိမ်းသွင်းနိုင်ရုံမျှမက၊ လူငယ်ပိုင်းဆိုရင် လည်း အင်းအိုင် ခလှဲ့ လက်ဖွဲ့ မန္တရားတွေပြပြီး သူ့သြဇာကို ခံယူစေတယ်။ ဟော ... အခု သူဟာ လက်ဖက်ရည်ကရားကို ဆွဲယူပြီး လက်ဖက်ရည်ကြမ်း ပန်းကန်ထဲကို ငှဲ့ထည့်နေတယ်လေ။ အလို လက်ဖက်ရည်ကြမ်း အရောင်က နီမနေဘဲ ဖြူလို့ပါလားဗျ။ လက်ဖက်ခြောက် မခတ်ရသေးလို့ ဖြူနေတာများလားလို့ စာဖတ်သူက တွေးချင်တွေးမယ်၊ ဘယ်ဟုတ် လိမ့်မတုံးဗျ။

လက်စသတ်တော့ သူတို့တွေဟာ လက်ဖက်ရည်ကရားထဲ အရက်ထည့်ပြီး လက်ဖက်ရည်ကြမ်း သောက် သလိုလို နဲ့ ဟန်မပျက် ကြိတ်နေကြတာကိုး။ လမ်းမက လူသွားလူလာတွေမြင်ရင် သူတို့ဟာ အရက်သောက် နေတာ မဟုတ်ဘဲ လက်ဖက်ရည်ကြမ်း ၀ိုင်းဖွဲ့နေတာလို့ ထင်အောင်လို့ပေါ့ဗျာ၊ အတော် လာတဲ့ လူတွေပဲ။ လူငယ်ကာလသားတွေ သောက်တာကတော့ ရှိပါစေတေ့၊ ခေါင်းရင်းဘက်က ဦးဖောင် လို ပညာရှိ က၀ိကြီးတစ်ဦးက ကိုယ့်ပညာ ကိုယ့်အသက်အရွယ်ကိုမှ အားမနာဘဲ သောက် နေတာ ကတော့ မတော်ပါဘူးလို့ စာဖတ်သူက ပြောချင်တယ် မဟုတ်လား။ သွားမပြောလေနဲ့ဗျို့၊ ဦးဖောင်က သူဟာ အရက်အမှတ်နဲ့ သေက်တာ မဟုတ်ဘဲ ဆေးမှတ် ၀ါးအမှတ်နဲ့သာ မှီဝဲနေတာပါ၊ အသက် အရွယ် ကလေး နည်းနည်းထောက်လာလို့ အရက်ကို ဆေးအမှတ်နဲ့ မမှီဝဲရ ရင်ခံနိုင်မှာ မဟုတ်ဘူးဆိုပြီး စာဖတ်သူ ရေပက်မ၀င်အောင် အကိုးအကားတွေနဲ့ ရှင်းပြလိုက်လိမ့် မယ်ဗျ။

ပြီးတော့ သူဟာ လူမိုက်လောက် သောက်တာမဟုတ်ဘဲ ပညာရှိသောက်သောက်တာပါဆိုပြီး ပညာရှိ က၀ိ တစ်ဦး ပီပီ စာဖတ်သူကို ပါဠိပါဌ်သားတွေကိုတောင် ရွတ်ပြလိုက်ဦးမယ်။ အဲဒီလို အခါမျုးမှာ သူ အမြဲ လက်ကိုင်ထားပြီး `၇ွတ်ပြတတ်တဲ့ ပါဠိကတော့ ' ဧကော ပညော ဒွိဝါစကော၊ တြိကေသရော၊ စတုဥမ္မတ္တကော' တဲ့လေ။ တကယ်လို့ စာဖတ်သူဟာ အဲဒီပါဠိရဲ့ အနက်အဓိပ္ပာယ် ကိုနားမလည်ခဲ့လို့ရှိရင် ' ဆရာရယ် ဆရာရဲ့ ပါဠိကို ကျွန်တော်တို့လို ဥာဏ်ပညာသေးသိမ်တဲ့ လူပါမွှားတွေအဖို့ နားမလည်နိုင်အောင် ဖြစ်နေပါတယ်။ ဒါကြောင့် ဆရာကိုယ်တိုင် အနက်အဓိပ္ပာယ်ကို ဖွင့်ပြမှ နားလည် ရမယ့် တပည့်များ ဖြစ်ပါတယ်' လို့ ရိုသေစွာ တောင်းပန်လိုက်ပါ။ အဲဒီလို အခါမှာဆိုရင် သူဟာ ပါးစပ်ကြီး ကိုဖြဲ၊ တဟဲဟဲရယ်ပြီး ဟန်တစ်လုံး ပန်တစ်လုံးနဲ့ ဟောဒီလို အနက်ဖွင့်ပြလိုက်လိမ့်မယ်။

' အေးကွ၊ 'ပါဠိတစ်ချက် အနက်ဆယ်ထွေ' ဆိုတဲ့ စကားအတိုင်း ပါဠိတစ်မျိုးကို အနက်ဆယ်မျိုး တောင် ထွက်နိုင်တာမို့ မင်းတို့လို လူ့ပါလွှားတွေ ဘယ်နားလည်နိုင်မှာလဲကွာ။ ငါက မင်းတို့ကို ရင်ဝယ်သားလို သနားတဲ့အတွက် အနက်အဓိပ္ပာယ်နဲ့ တကွ ရှင်းပြမယ်ကွ။ သေသေချာချာ မှတ် ထားကြနော်။ ဟော ... ဧကော - တစ်ခွက်သောက်မူ၊ ပညော - ငါ့လို ပညာရှိကြီးတစ်ဦး ဖြစ်နိုင်၏ တဲ့ကွ။ အင်း ... ဒွိ-နှစ်ခွက်သောက်မူ၊ ၀ါစကော - ငါ့လို စကားအရာမှာ အသားပါပါနဲ့ အပြောကေင်း အဟောကောင်း ဖြစ်နိုင်၏။ တဲ့ကွ။ အေး ... တြိ-သုံးခွက်ထိ သောက်ခဲ့ပါမူ၊ ကေသရော-ခြသေ့ကြီးကဲ့သို့ မျက်ထောင့်ကြီး နီလာပါရောတဲ့ ဗျာ။ အဲ ... စတု - လေးခွက်တိုင် ရောက်အောင် မိုက်မိုက်ကန်းကန်း သောက်ခဲ့ပါ လျှင်မူကား၊ ဥမ္မတ္တကော - အရူးကြီးစင်စစ် ဧကန် ဖြစ်ရလေတော့သတည်း...တဲ့။ ငါက ပညာရှိသောက် သောက်တာမို့ ဧကောပညောဆိုတဲ့ ပုဒ်အရ တစ်ခွက်ပဲ သောက်တယ်။ ဒါပေမဲ့ အခုလို အာဝဇ္ဇန်း ရွှင်ရွှင်နဲ့ ဟောရပြောရမယ့် အခါမျိုးမှာ ဆိုရင် တော့ ဒွိဝါစကောဆိုတဲ့ ပုဒ်အရ နှစ်ခွက်ထိ သောက်ချ လိုက်တာပဲကွ။ ကျန်တဲ့ အပုဒ်တွေက လူမိုက်တွေအဖို့ ဆိုလိုတာမို့ ငါ့အဖို့တော့ အဲဒီ နှစ်ခွက် ထက် မပိုပါဘူး '

သောက်သူကို အဲဒီလို အနက်အဓိပ္ပာယ်နဲ့ တကွ ရှင်းပြလိုက်လိမ့်မယ်ဗျ။ ဒါတင်မကသေးဘဲ ' သုရာပါနော ... သက္ကော ... ဘ၀ိဿတိ ... ' အရက်သောက်ရင် သိကြားမင်းတောင် ဖြစ်နိုင်တယ်ဆိုပြီး ပုတိုပတ်စကလေးတွေနဲ့ ဆက်ပြီး ရှင်းပြလိုက်ဦးမယ်ဗျ။ သူတို့ အဘိဓမ္မာ ဆရာ ကြီးတွေဟာ ကြမ်းပိုးကို လိပ်ဖြစ်အောင် ပြောနိုင်သူတွေမို့ သွားမစမ်းလေနဲ့ စာဖတ်သူရေ့။ ကိုယ် မကြိုက်မနှစ်သက်တာရှိရင် ကိုယ့်ဝမ်း ထဲမှာ မျိုသိပ်ပြီး ထားလိုက်ပေတော့။

(၃)

အစ်ကို ကာလသားများနဲ့တကွ အဘိဓမ္မာဆရာကြီး ဦးဖောင်ပါ  အတော်ကလေးထွေလာကြပြီမို့ ခုဆိုရင် အစည်း အဝေးကို စ ကြတော့မယ်လေ။ ဟော အခု ကာလသားခေါင်းဟာ မိန့်ခွန်းပေးရအောင် မတ်တတ် ရပ်လိုက်ပါပြီ။

' သတို့သမီးများ မိဘဘက်က ကျုပ်တို့ ကာလသားတွေရဲ့ လိုအင်ဆန္ဒကို ဂရုမစိုက်ဘဲ သူတို့ ဆွေ မျိုးလူမိုက်တွေ အားကိုးနဲ့ မင်္ဂလာကိစ္စကို ဒီနေ့ နေ့လယ်မှာ အပြီး စီစဉ်လိုက်ကြပြီ။ ဒါဟာ ကျုပ်တို့ ရပ်ရွာ ကာလသား တွေကို ဂရုမစိုက်ဘူးဆိုပြီး စော်ကားလိုက်တဲ့ သဘောပါပဲ။ ဒါကို ကျုပ်တို့က ဘယ်လို လက်စားချေရမယ်ဆိုတာ ဆွေးနွေးဆုံးဖြတ်ပြီး ပြုလုပ်ကြဖို့ပါပဲ။ အဲဒီလို မဆွေးနွေး မဆုံးဖြတ်ခင် ပထမ ကျုပ် တို့ ဒီလို ခဲဖိုးတောင်းတာ တရားသလား မတရားဘူးလားဆိုတာ ဆရာကြီး ဦးဖောင်က ရာဇ၀င် အကိုးအကား နဲ့ ရှင်းပြပါလိမ့်မယ်။ မရှင်းလင်းတာများ ရှိရငလ်ညး ထ ပြီး မေးနိုင်ကြပါတယ် '
ကာလသား ခေါင်း ပြန်ထိုင်လိုက်တဲ့အခါမှာ ဦးဖောင်က ပက်လက်ကုလားထိုင်ပေါ်က ထ မနေတော့ဘဲ မိန့်ခွန်းပေးဖို့အတွက် ပြင်ဆင်သော အနေဖြင့် 'အဟမ်း' ဆိုပြီး ချောင်းဟန့် ချွဲရှင်းနေ ပြီလေ။ ခဲဖိုး ရာဇ၀င်ကို အကိုးအကားစုံလင်စွာနဲ့ ရှင်းလင်းတော့မှာမို့ ဗဟုသုတတစ်မျိုး အဖြစ်နဲ့ မှတ်သားရအောင် နားစိုက် ထားပေတော့ စာဖတ်သူရေ့။

' ခဲဖိုးတောင်းတာ တရားသလား၊ မတရားဘူးလားဆိုတဲ့ အမေးကို ဖြေရမယ်ဆိုရင် တရားတယ်လို့ ငါ ကတော့ တစ်ထစ်ချ ဖြေရမှာပဲကွ။ ဘာကြောင့်လဲ ဆိုရင် ခဲဖိုး ကိစ္စဟာ အခုမှ အသစ်အဆန်းရယ်လို့ ပေါ်လာတဲ့ ကိစ္စမဟုတ်ဘဲ၊ လူပေါ်စဦး ခေတ်အခါကစပြီး အစဉ်အလာတစ်ရပ်အနေနဲ့ ရှိလာလို့ပဲ။ အဲ ပိုပြီး ရှင်းလင်းအောင် ပြောရမယ်ဆိုရင်တော့ ဒီသတ္တ လောကကြီးမှာ လူရယ်လို့ စပြီး ဖြစ်လာတဲ့ အစဉ်အဆက် က အစချီပြီး ပြောရလိမ့်မယ်ကွ။ ဒီတော့ ' မဆွရှေးခါ၊ လူတို့မှာတိ၊ ကမ္ဘာဦးက၊ ဗြဟ္မကျ၍၊ ဗြဟ္မာ့ပမာ၊ ကိုယ်ရောင်ဝါနှင့်၊ အစာမစား၊ ပီတိ အားဖြင့်၊ တည်ငြားကြည်နူး၊ ပျံ့မြူးလေ့လာ၊ ကာလကြာသော်၊ ရသာမေဒနီ၊ မြေဆီထပ်လျက်၊ ရာဂ သက်၍၊ မက်မက်မောမော၊ လောဘဇောဖြင့်၊ လျက်သောခါက၊ စ၍ကိုယ်ဝယ်၊ အရောင် ကွယ်ရှင့်' တဲ့ကွ။ ' အဓိပ္ပာယ်က္ဂိုရှင်းပြပါဦး ဆရာရယ်' လို့ ဆိုခဲ့ရင် တပည်တို့ နေလ နက္ခတ်တာ ရာတို့ မဖြစ်ပေါ်လာမီ အတန်ကြာက အထက် ဗြဟ္မဘုံမှာ ဗြဟ္မသတ္တ၀ါတို့သည် စုတေ စိတ်ကျ၍ ဤလူ့ပြည် ကျွန်းမြေပေါ်မှာ ဥပပတ် ပဋိသန္ဓေအားဖြင့် လူရယ်လို့ ဖြစ်ပေါ်လာကြတယ်တဲ့။

အဲဒီ ကမ္ဘာဦးသူလူသတ္တ၀ါတွေဟာ နေ နက္ခတ် အရောင်အလင်းတို့ မရှိပါဘဲလျက် မိမိတို့ရဲ့ ကိုယ်ရောင် အလင်းတို့ဖြင့်သာလျှင် အမှောင်ကို ပယ်ဖျောက်ပြီး သွားလာလှည့်လည် နေကြရုံမျှမက အစော အဟာရ ကိုလည်း မှီဝဲခြင်း မရှိကြဘဲ အဘဿရ ဗြဟ္မာကြီးတွေလို ပီတိအက္ခဖြင့်သာလျှင် အတန်ကြာ ကာလကို လွန်မြောက်စေနိုင်ကြတယ်တဲ့။ ကာလ အတန်ကြာတဲ့အခါ အဆင်းအနံ့ အရသာနှင့် ပြည့်စုံတဲ့ မြေဆီ မြေလွှာ အပေါ်မှာ လောဘဇောတပ်ပြီး မက်မက် မောမော လျက်တဲ့ အခါကစပြီး ရုန့်ရင်းသောရုပ်တို့ ဖြစ်ပေါ် လာသဖြင့် ကိုယ်ရောင် အလင်းတို့ဟာလည်း ကွယ်ပ သွားပါသတဲ့ '
စကား များများ ပြောလိုက်ရ၍ အာခြောက်သွားရောထင့်၊ ကရားထဲမှ အဖြူရည်ကို တစ်ခွက်ငှဲ့ပြီး သောက်နေပြန်ပြီလေ။

တစ်ဖက်သူကတော့ ခဲဖိုး ရာဇ၀င်ကို ပြောမယ်ဆိုပြီး ဘာတွေ လျှောက်ပြော နေတာလဲလို့ ထင်ချင် ထင်မယ်။ ဒီလိုပဲဗျ၊ သူတို့ အဘိဓမ္မာဆရာကြီးတွေဟာ တစ်ခုခုကို ပြောချင်ရင် အရှည်ကြီး ချီပြီးမှ လိုရင်းကို ရောက်လာတတ်တယ်။ ဒါကြောင့်မို့ သည်းခံပြီး နားထောင်လိုက်ပါနော်။ လိုရင်းကိုတော့ ရောက်ပါ လိမ့်မယ်။ အလို ဟိုထောင့်က လူငယ် တစ်ယောက်က မတ်တတ်ရပ်လိုက်ပါကလား။ မရှင်းမလင်းတာရှိရင် ထပြီးမေးနိုင်တယ်ဆို လို့ မေးရအောင် ထ တာများလား။ သူကတော့ ဒီရွာက သူကြီးသားလေ၊ မြို့က အတန်းကျောင်းမှာ ကျွန်တော်တို့ တောသူတောင်သား ဝေါဟာရ အားဖြင့်ဆိုရင် လောကဓာတ် ကျောင်းမှာ ၁၀ တန်း အောင်ခဲ့သူပေါ့။ ဟော ... နးထောင်၊ သူ စပြီး ပြောနေပြီ။

' ဆရာကြီးရဲ့ အာဘော်အရဆိုရင် လူတွေဟာ ဗြဟ္မကြီးတွေက စပြီး ဖြစ်လာတယ်လို့ ဆိုထားပါ တယ်။ ကျွန်တော်တို့ ကျောင်းမှာ သင်ခဲ့ရတဲ့ သူ့သမိုင်းမှာတော့ လူဟာ တိရစ္ဆာန်ဘ၀ကနေပြီး အဆင့်ဆင့်နည်းနဲ့ တိုးတက်ဖြစ်ပေါ်လာတယ်လို့ ဆိုထားပါတယ်။ ပထမ သမုဒ္ဒရာ ရေပြင်ပေါ်မှာ သက်ရှိကလာပ်စည်းကလေးများ ဖြစ်ပွားပေါ်ပေါက်လာပြီးနောက် ကုန်း၊ ရေ၊ လေ စတဲ့ နေရာများမှာ ခြေထောက်များ၊ အရေပြားများနဲ့ သွားလာ လှုပ်ရှားရင်း အမျိုးအမည်ပေါင်း အသင်္ချေ အနန္တ တိုးတက်ခဲ့တဲ့ တိရစ္ဆာန် သတ္တ၀ါပေါင်းများစွာအထိ တိုးတက်ဖြစ်ပေါ်ခဲ့တယ်လို့ ဆိုတယ်။ အဲဒီ တိရစ္ဆာန်တွေ အမျိုးမျိုး အနက် အမွေးပေါက် ခြေလေးချောင်း သတ္တ၀ါတွေကမှ တစ်ဖန် အဆင့်ဆင့်နည်းနဲ့ လူဝံများကမှ တစ်ဖန် ရှေးလူရိုင်းများ၊ နောက် ယခုခေတ် လူတွေအထိ အဆင့်ဆင့် ကူးပြောင်းတိုးတက်လာခဲ့ခြင်းဖြစ်တယ်လို့ ဆိုထားပါတယ်။ ဒီတော့ ဘယ်ဟာကို အမှန် ယူရမယ်လို့ မဆုံးဖြတ်တတ်အောင် ဖြစ်နေပါတယ် '

သြ... လက်စသတ်တော့ သူက ' လူသည် တိရစ္ဆာန်ဘ၀မှ အဆင့်ဆင့်နည်းနဲ့ တိုးတက်ဖြစ်ပေါ် လာခြင်းဖြစ်သည်' ဆိုတဲ့ သတ္တ၀ါဗေဒ သုတေသီကြီးဖြစ်တဲ့ ' ဒါဝင် 'ရဲ့ အယူအဆကို တင်ပြနေတာကိုး။ ဒါကို ဦးဖောင်က နားမှ လေသံ မကြားချင်တဲ့ ဟန်မျိုးနဲ့လက်ဝါးကာပြပြီး -
' ဟေ့ ... ရပ်လိုက်စမ်းကွာ၊ မင်းတို့ ကုလားဖြူ ကျောင်းတွေက မဟုတ်မဟတ် သင်ပေးလိုက်တဲ့ မိစ္ဆာ အယူတွေကို ပရိသတ် ဗိုလ်ပုံအလယ်မှာ လာပြောနေတာ နားခါးလွန်းလို့ ရပ်လိုက်စမ်းကွာ' လို့ ခါးခါးသီးသီး ပိတ်ပင်လိုက်တာနဲ့ သူ့ခမျာ မျက်နှာကလေး ငယ်ငယ်နဲ့ ထိုင်ချလိုက်ရပြီလေ။

ဒီလိုပဲဗျ၊ ဦးဖောင်တို့လို ရှေးဆန်တဲံ အဘိဓမ္မာဆရာကြီးများဟာ တစ်ခုခုကို လက်ခံထားမိရင် တစ်ခါတည်း လှေနံဓားထစ် တရားသေ စွဲမှတ်ထားတော့တာပဲ။ သူ လက်ခံထားတဲ့ အယူအဆနဲ့ ဆန့်ကျင် ကွဲလွဲတဲ့ အယူအဆဆိုရင် မိစ္ဆာ အယူလို့ တစ်ဖက်သတ် ကြေညာတော့တာပဲ။ အပေးအယူ သဘောမျိုး နဲ့ အပြန်အလှန် ဆွေးနွေးဖို့ မလိုလားတတ်ဘူး။ ကဲ ... ဒါလောက်တောင် ဖြစ်လှတာ ကျွန်တော် ကလည်း ဒီကမ္ဘာကြီးပေါ်မှာ အယူအဆ အမျိုးမျိုး၊ မူကွဲတွေ အမျိုးမျိုး ရှိနေ ပါတယ်ဆိုတာ ထင်ရှား သွားအောင် သူတို့ရဲ့ အယူအဆနဲ့ မတူတဲ့ မူကွဲတစ်ခုကို ထ ပြီး တင်ပြလိုက် ရသေးတာပေါ့ဗျာ။

' အယူအဆချင်းမတူတဲ့ အမျိုးမျိုးကို နှိုင်းယှဉ်ပြီး လေ့လာရတာ အင်မတန် စိတ်ဝင်စားဖို့ ကောင်း ပါတယ်။ ဒါကြောင့် ကျွန်တော်ကလည်း ခုနကပြောသွားကြတဲ့ အယူအဆနှစ်မျိုးနဲ့ မတူတဲ့ မူကွဲ တစ်ခုကို ဖြည့်စွက်ပြီး တင်ပြလိုပါတယ်။ ဒါပေမဲ့ အခုတင်ပြမယ့် အယူအဆဟာ ကျွန်တော် လက်ခံ ယုံကြည် ထားတဲ့ အယူအဆ မဟုတ်ဘူးဆိုတာ ကြိုတင်ပြီး ၀န်ခံထားပါတယ်။ အကယ်၍ ကျွန်တော် သာ ခရစ်ယာန် ဘာသာဝင်တစ်ဦးဖြစ်ခဲ့ရင် (တကယ်တော့ မဟုတ်ဘူးဗျနော်) 'လူကို ထာဝရဘုရားသခင် ဖန်ဆင်းတော် မူသည်' လို့ ပြောရပါမယ်။ အဘယ့်ကြောင့် ဆိုရပါမူကား ... '
စာဖတ်သူရေ့၊ ကျွန်တော့်စကား အဲဒီနားလည်းရောက်ရော ကျွန်တော်ဟာ စကားကို ရုတ်တရက် ရပ်ထားလိုက်ပြီး တကယ့် တရားဟောဆရာတစ်ဦးရဲ့ ဟန်မျိုးနဲ့ လက်ဖ၀ါးနှစ်ဖက်က ကိုယ်ရှေ့မှာ တစ်ခုပေါ်တစ်ခုထပ်ပြီး မျက်နှာကြက်ဆီသို့ ခေါင်းကို မော့ထားလိုက်တယ်လေ။ ပြီးတော့မှ ကျွန်တော်ဟာ တကယ့် တရားဟောဆရာတစ်ဦးရဲ့ လေသံမျိုါ်နဲ့ ထာဝရဘုရား၏ သမ္မာကျမ်းပါ ဓမ္မ ကျမ်းဟောင်း ကျမ်း ၃၉ ကျမ်းတွင် ပါဝင်သော ကမ္ဘာဦးကျမ်းမှ အချက်အလက်အချို့ကို ဟောဒီလို ကောက်နုတ်ကိုးကား ရွတ်ဆိုပြလိုက်တယ်။

' တစ်ဖန် ဘုရားသခင်က ငါတို့ ပုံသဏ္ဍာန်နှင့် တညီတသဏ္ဍာန်တည်း လူကို ဖန်ဆင်းကြစို့။ သူသည် ပင်လယ်ငါးတို့ကို လည်းကောင်း၊ မိုးကောင်းကင်ငှက်တို့ကို လည်းကောင်း၊ သားယဉ်တို့ ကိုလည်းကောင်း၊ မြေတစ်ပြင်လုံးနှင့်တကွ မြေပေါ်မှာ တွားတတ်သော တိရစ္ဆာန်အပေါင်းတို့ကို လည်းကောင်း အုပ်စိုးစေဟု အမိန့်တော်ရှိ၏။ ထိုသို့ ဘုရားသခင်သည် မိမိ ပုံသဏ္ဍာန်နှင့်အညီ လူကို ဖန်ဆင်း တော်မူ၏။ ဘုရားသခင်၏ ပုံသဏ္ဍာန်တော်နှင့်အညီ လူယောက်ျား၊ လူမိန်းမတို့ကို ဖန်ဆင်း ပြီးလျှင် အချင်းတို့ များပြားစွာ မွေးဖွးကြလော့၊ မြေကြီးကို ပြည့်စေ၍ နိုင်ကြလော့။ ပင်လယ်ငါး တို့ကိုလည်းကောင်း၊ မိုးကောင်းကင်ငှက်တို့ကိုလည်းကောင်း၊ အသက်ရှင်၍ မြေပေါ်မှာ လှုပ်ရှား တတ်သော တိရစ္ဆာန်အပေါင်းတို့ကိုလည်းကောင်း အုပ်စိုးကြလေ့ဟု မိန့်တော်မူ၍ သူတို့ကို ကောင်းချီးပေးတော်မူ၏' လို့ ကမ္ဘာဦးကျမ်းမှာ ပါဝင်တဲ့အတိုင်း ထာဝရ ဘုရားသခင်ဟာ အာဒံ အမည် ရှိတဲ့ လူယောက်ျားနဲ့ ဧ၀ အမည်ရှိတဲ့ လူမိန်းမကို ဖန်ဆင်းပြီး သူတို့ နှစ်ဦးကမှ တစ်ဖန် လူမျိုးဆက် ကို ပွားများစေတယ်လို့ ဆိုပါတယ် '

ကျွန်တော်လည်း ထိုင်ချလိုက်ရာ စာဖတ်သူရေ့၊ ဦးဖောင်ဟာ ကျွန်တော့်ကို မျက်ထောင့်နီကြီးနဲ့ လှမ်းကြည့်တဲ့ပြီး ရွံရှာစက်ဆုပ်တဲ့ ဟန်မူရာမျိုးနဲ့ 'ထွီ' ခနဲ တံထွေးတစ်ချက် ပစ်ထွေးလိုက်တယ်လေ။ အဲဒီ အချိန်မှာပဲ ဟိုနားက လူငယ် တစ်ယောက်က မတ်တတ်ထရပ် နေပြန်ပါပကော။ သူကကော ဘာများ ပြောဦး မလို့လဲ၊ သူ့မျက်နှာကလည်း သရော်လိုတဲ့ သဘောနဲ့ ပြုံးစိစိနဲ့လေ။
' လူဟ ဘယ်ကနေ စပြီး ဖြစ်ပေါ်လာတယ်၊ လူရဲ့ အစမူလ ဗီဇဟာ ဘယ်ကနေ ဖြစ်ဖျားခံလာတယ်ဆိုတာနဲ့ ပတ်သက်ပြီး အယူအဆ အမျိုးမျိုးကို ပြောသွားလိုက်ကြတာ အင်မတန် စိတ်ဝင်စားဖို့ ကောင်းပါတယ်။ ကျွန်တော်ကလည်း ကျွန်တော် လေ့လာသိရှိထားတဲ့ လူရဲ့အစ မူလဗီဇကို အမြင် တစ်မျိုးနဲ့ တင်ပြလိုပါတယ်။ ဒါပေမဲ့ ကျွန်တော့်မှာ ကိုးကားစရာ ကျမ်းကြီးကျမ်းခိုင်ရယ်လို့ မရပါဘူး။ အင်မတန် သေးနုပ် သိမ်ဖျင်းတယ်လို့ ရှေးပညာရှိများ ယူဆထားတဲ့ SEX လို့ခေါ်တဲ့ လိင်ပညာ ကိုပဲ ကိုးကား ပြောဆိုရမှာပါပဲ။ လူရဲ့ အစမူလ ဗီဇဟာ ဘယ်ကနေ မြစ်ဖျားခံလာတယ်ဆိုတာ ကျွန်တော် လွယ်လွယ် ကလေးနဲ့ ရှင်းပြပါမယ်။ အဖသုတ်ရည်က သန္ဓေထီးနဲ့ အမိသုတ်ရည်က သန္ဓေမတို့ ပူးပေါင်း စပ်ယှက် မိရာကအစ သားသန္ဓေရယ်လို့ ဖြစ်ပေါ်လာပြီး လူရယ်လို့ ဖြစ်လာကြောင်း ကျွန်တော်က လိင်ပညာအမြင်နဲ့ တစ်မျိုး တင်ပြရပါတယ် ခင်ဗျား '

သူဟာ စကားဆုံးလို့ ထိုင်ချလိုက်တဲ့အထိ သူ့ မျက်နှာကတော့ ပြောင်ချော်ချော် ပြုံးစိစိပါပဲ။ လက်စသတ်တော့ သူက နောက်ပြောင်ပြီး ပြောတာကိုး။ သူကတော့ ရွာက စာကြည့်တိုက်မှူးလေ။ ကဲ စာဖတ်သူရေ၊ လူရဲ့ အစမူလကို ပြောရင်း ပြောရင်းနဲ့ မူအမျိုးမျိုး ကွဲကုန်ပါရောလား။ ဒါပေမဲ့ မှန်သည်ဖြစ်စေ၊ မှားသည်ဖြစ်စေ ကျွန်တော်တို့ ကာလသားခေါင်းဆုံးဖြတ်ရာ မူသာ အတည်ဖြစ်မှာ ပါပဲ။ ကျွန်တော်တို့ ကာလသားခေါင်းဟာ ရှေးဆန်သူတစ်ဦးမို့ ဦးဖောင်ရဲ့ အယူကိုသာ အမှန်လို့ အတည်ပြုမှာပါပဲ ဗျား။

(၄)

ကာလသား ခေါင်းဟာ တည်ငြိမ်တဲ့ မျက်နှာထားနဲ့ ကြမ်းပြင်ကို သူ့ လက်ဖ၀ါးနဲ့ သုံးချက်လောက် ခပ်ပြင်းပြင်း ပုတ်လိုက်တယ်။ အဓိပ္ပာယ်ကတော့ အားလုံးငြိမ်ကြလို့ ဆိုလိုတဲ့ သဘောပါပဲ။ မီးရေနဲ့ သတ်လိုက်သလို အားလုံးပဲ တိတ်ဆိတ်သွားကြပြီလေ။ ဒီတော့မှ သူဟာ စကားပြောရအောင် မတ်တတ်ရပ်လိုက်တယ်။
' အချိန် သိပ်မရှိဘူး၊ ပြောစရာရှိတာ မြန်မြန်ပြော၊ ဆုံးဖြတ်စရာ ရှိတာ မြန်မြန်ဆုံးဖြတ်ပြီး လုပ်စရာရှိတာ မြန်မြန်လုပ်ကြရမှာမို့ မင်းတို့ လူငယ်ပိုင်းက တတ်ယောင်ကား လုပ်ပြီး စွာကျယ်ကျယ်နဲ့ ဆရာကြီး ဦးဖောင် ရဲ့ စကားကို ၀င်မစွက်ကြပါနဲ့။ ဆရာကြီးခင်ဗျား၊ ဒီလူငယ်တွေကို ဗွေမယူဘဲ ဆရာကြီးရဲ့ စကားကိုသာ ထပ်ဆက်ဖို့ တောင်းပန်ပါတယ်'

သူတို့ ဆရာတပည့် နှစ်ယောက်ကတော့ လိုက်ပါပေ့ဗျာ။ ကာလသားခေါင်းက တောင်းပန် လိုက်တယ်ဆိုရင်ပဲ အလိုမကျသလို သုန်မှုန်နေတဲ့ ဆရာကြီး ဦးဖောင်ရဲ့ မျက်နှာဟာ ကျေနပ်သွားသလို ပြုံးဖြီးဖြီး ပြန်ဖြစ်လာပြီး သူ့စကားကို ဆက်ဖို့ ဟန်ပြင်နေတယ်။ တကယ်ဆိုတော့လည်း သမိုင်းအဖြစ်နဲ့မှ ခဲဖိုးရာဇ၀င်ကို ဖော်ထုတ်နိုင်မှာကိုး။ ဟော ... အခု သူ ဆက်ပြီး ပြောနေပါပြီ။

' မြေဆီမြေလွှာအပေါ်မှာ တပ်မက်တဲ့ လောဘဇောနဲ့ လျက်တဲ့ အခါက စပြီး ကိုယ်ရောင်အလင်းတွေ ကွယ်ပသွားတဲ့အထိ ပြောခဲပြီးပြီနော်။ အဲဒီနောက် ဘာဖြစ်လာသလဲတဲ့။ 'ညဥ့်နှယ်မှောင်ကျ၊ ကြောက်လန့်ကြကြောင့်၊ ထိုမျှဤျမျှ၊ အလင်းတသော်၊ နေလပေါ်မြောက်၊ မြေဆီပျောက်၍ ထိုနောက် တစ်ခါ၊ တစ်စစတိ၊ လောဘထပ်တိုး၊ လွှမ်းမိုးပွားလာ၊ ထိုတဏှာကြောင့်၊ ထိုပဒါနွယ်၊ ကွယ်ခဲ့ပျောက်ပြန်၊ အဆနချည်းသီး၊ မီးနှိုက်မချက်၊ လိုလို ကျက်၍၊ နံ့သက်ကြိုင်မေး၊ သလေးဖြူဝင်း၊ ဆန်ထမင်းကို၊ စားလျင်းကုန်ကြ၊ ပွားရာဂနှင့် ဟာရမကျေ၊ စာရေရုန့်ရင်း၊ ကိုယ်တောင့်တင်းလျက်၊ ၀မ်းတွင်းနှိုက်ဝယ်၊ ကြင်ကြီးငယ်တို့၊ အကယ်တည်၍၊ တိုးဝှေ့ထိုးကျင့်၊ ဖြစ်သဖြင့်လျှင်၊ ထိုနှင့်လျှေ်စွာ၊ ထွက်ကြရာသား၊ ဓမ္မတာဟူဘိ၊ ရှေးဇာတိတိုင်း၊ ဣတ္ထိဘာဝ၊ ပုမ္ဘာဝတို့၊ ပေါ်ကြတုံငြား၊ ယောက်ျား မိန်းမ၊ ဖြစ်ထထိုစာ၊ တပ်မက်စွာလျှင်၊ ယှဉ်ကာ မောင်နှံ၊ ဒွယံ ဒွယံ၊ မေထုနဖြင့်၊ ရာဂတရား၊ ဆင့်ဆင့်ပွား၍၊ အများသူတော်၊ မြင်မလျော်ဟု၊ ဟစ်အော်သုန့်သုန့်၊ မြေမှုန့်ပြာစု၊ လွှင့်ပြုပစ်ကာ၊ ဝေးရာရုတ်ရုတ်၊ မောင်းနှင်ထုတ်၏' တဲ့ကွ '

မောသွားသလို တစ်ထောက် ရပ်နားလိုက်ပြန်ပြီလေ။ အဲဒီနောက် ထုံးစံအတိုင်း အမောပြေ အဖြူရည် ကလေးတစ်ခွက် ငှဲ့သောက်ရပြန်ပြီဗျ။ ဒါမှလည်း အာဝဇ္ဇန်းရွှင်ရွှင်နဲ့ သူ့စကားကို ထပ်ဆက် နိုင်မှာကိုး။ ချက်ချင်းပဲ သူ့စကားကို ပြန်ဆက်နေပါပြီ။

' လင်္ကာသွားကို နားမလည်လို့ စကားပြေနဲ့ ရှင်းပြပါဦး ဆရာရယ်လို့ ဆိုခဲ့ရင် ... တပည့်တို့၊ သူတို့၏ ကိုယ်မှ အလင်းရောင် ကွယ်ပသွားပြီး မှောင်အတိ ဖြစ်သွားသဖြင့် သူတို့ဟာ အလင်းရောင်ကို ပြင်းစွာ တောင့်တကြတော့ နေ၊ လ ရယ်လို့ ထွက်ပေါ်လာရပါသတဲ့။ သူတို့ရဲ့ လောဘကြောင့် မြေဆီများ ပျောက်ကွယ်သွားပြန်တဲ့အခါ မြေသင်းလွှာနဲ့ ပဒါလတာ မည်တဲ့ နွယ်ချိုနှစ်ပါးကို စားမျိုရင်း တစ်စတစ်စနဲ့ လောဘ ထပ်တိုးလာပြန်တဲ့အတွက် အဲဒီ တဏှာလောဘကြောင့် အဲဒီနွယ်ချိုဟာ ရှေးနည်းတူ ကွယ်ပျောက်ပြန်ပါသတဲ့။ အဲဒီ အခါကျမှ အခွံမဖုံး၊ ဖွဲလည်း မကပ်၊ အဆနချည်း သီးပြီး မီးမှာမချက်ရဘဲ အလိုလို ကျက်ရုံမျှမက အနံ့အသက် မွှေးကြိုင်တဲ့ သလေးဆန်ထမင်းကို စားသောက်ကြပြန်ပါရောတဲ့။

အဲဒီလို ရုန့်ရင်း ကြမ်းတမ်းတဲ့ သလေးဆန်ထမင်းကို စားသောက်တဲ့အခါမှာ အစာမကျေဘဲ ကျင်ကြီး ကျင်ငယ်တွေဖြစ်ပြီး ၀မ်းတွင်းမှာ ထွက်ပေါက်ကို တိုဝှေ့ကြတဲ့အတွက် ကျင်ကြီး ကျင်ငယ်ထွက်စရာ အမာဝပြွန်ပေါက်ပြွန်တံတို့ဟာလည်း ထွက်ပေါ်လာရသတဲ့။ မိန်းမ ဖြစ်ထိုက် သော သူအား မိန်းမ၊ ယောက်ျားဖြစ်ထိုက်သောသူအား ယောက်ျား အသွင်သဏ္ဍာန် အင်္ဂါကြီးငယ် ဘာဝရုပ်တို့ဟာလည်း ခြားနားဖြစ်ပေါ်လာတယ်တဲ့။ အဲဒီလို ယောက်ျား မိန်းမ ရယ်လို့ ခြားနားဖြစ်ပေါ်လာတဲ့ အခါမှာ ဆန့်ကျင်တဲ့ လိင်အချင်းချင်း တစ်ဦးရဲ့ အင်္ဂါကို တစ်ဦးက တပ်မက်စွာ ကြည့်ရှုဖန်များတဲ့အခါမှာ ကာမရဂစိတ် များအားကြီးစွာ ပေါ်လာတဲ့အတွက် မေထုန်အမှုကို ပြုကြပါရောတဲ့။

အဲဒီလို မေထုန်အမှုကိုပြုတဲ့ သူတွေကို မပြုတဲ့ ပညာရှိ သူတော်သူမြတ်များမြင်တော့ ' ဓီ... ၀သလာ၊ ဓီ...၀သလာ' ၀သလာ-သူယုတ်တို့၊ ဓီ-ထီရွံစရာ။ အဲသို့ကလို ကဲ့ရဲ့ ရေ`၇ွတ်ပြီး ခဲ တုတ် စသည်များဖြင့် ပစ်ခတ်ကာ ဝေးရာကို မောင်းနှင် ထုတ်လိုက်ကြတယ် တဲ့။ မင်္ဂလာဆောင်မှာ ခဲပေါက်တဲ့ အစဉ်အလာဟာ အဲဒီက စ လာတာပဲကွ။ အဲဒီလို ပစ်ခတ်ခြင်းဘေးမှ လွတ်ကင်းပြီး ချမ်းသာစွာ မေထုန်မှုကို ပြုရန်အတွက် ပုန်းကွယ်ရာ အိမ်တို့ကို ဆောက်လုပ်နေထိုင်ကြသတဲ့။ နေထုန်မှုကို မပြုတဲ့ သူတွေကတော့ အိမ်ဆောက်ဘဲ သစ်ပင်ရင်း လွင်တီးခေါင် စသည်တို့မှာသာ နေကြတယ်တဲ့။ အဲဒီအခါမှာ အိမ်ထောင်သားမွေးခြင်း အမှုကို ပြုတဲ့အာဂါရိယလူ၊ အိမ်ထောင်သားမွေးခြင်း အမှုကို မပြုတဲ့ အစဉ်အလာဟာ မျိုးရိုးအစဉ်အဆက်က ဆင်းသက်လာတဲ့ အစဉ်အလာတစ်ရပ်မို့ ခဲပေါက် မခံချင်ရင် ခဲဖိုးငွေ ပေးကြရတယ်ကွ။ အခု ခဲဖိုးငွေ မပေးဘဲ ဒီအစဉ်အလာကို ဆန့်ကျင်တဲ့ သတိုးသမီးများ အိမ်ကို ခဲနဲ့ ၀ိုင်းပေါက်ရက် အပြစ်ရှိတယ်လို့ မဆိုနိုင်ပါဘူး'

ဦးဖောင် ရဲ့ စကားကတော့ဖြင့် ဆုံးပါပြီ။ လိုရင်းကိုလည်း ခုမှ ရောက်လာပါပြီ။ မင်္ဂလာဆောင်မှာ ခဲဖိုးတောင်းတာ၊ ခဲပေါက်တာဟာ ရှေးတုန်းထဲက ဆင်းသက်လာတဲ့ အစဉ်အလာမို့ တရားပါသတဲ့။ ကဲ ... ဒါဖြင့် ရှေးတုန်းက အိမ်ထောင်သားမွေးခြင်းကို ပြုတဲ့ အာဂါရိယလူတွေကို အိမ်ထောင် သားမွေးခြင်းအမှုကို မပြုတဲ့ သူတော်စင် အာဂါရိယ လူတွေက ခဲနဲ့ ပေါက်တာတော့ ထားပါတော့။ ဒါပေမဲ့ အခု အိမ်ထောင်သားမွေးခြင်း အမှုကို ပြုတဲ့ အာဂါရိယ သူအချင်းချင်း ခဲနဲ့ပေါက်တာတော့ ဘယ်လိုပြောမလဲ။ ဦးဖောင်ကိုယ်တိုင်လည်း အိမ်ထောင်သားမွေးခြင်း အမှုကို ပြုခဲ့တဲ့ အာဂါရိယ လူတစ်ဦး ပဲ မဟုတ်လားဗျာ။ ဘိန်းစားချင်း အတူတူ တစ်မူး ပိုရှူရာ ကျမနေဘူးလား။

ကာလသားခေါင်းလည်း ရုတ်တရက် မတ်တတ်ထရပ်လိုက်ပြီးနောက် ' ဆရာကြီး ဦးဖောင်ရဲ့ သြ၀ါဒ အတိုင်း သတို့သမီးအိမ်ကို ခဲနဲ့ ၀ိုင်းပေါက်ကြမယ်၊ ကန့်ကွက်မယ့် လူများ ရှိနေသလား'လို့ မေးလိုက်တယ်။
' မရှိဘူး... မရှိဘူး ' ဟူသော အသံများ၊ ' သတို့သမီးအိမ်ကို ဘယ့်နှယ် ၀ိုင်းမယ် ... ဒီ့နှယ်ဝိုင်းမယ်... ဘာနဲ့ ပေါက်မယ်... အုတ်ခဲထက်ပိုင်းကျိုးနဲ့ ပေါက်မယ်... ညီစေနော် ...အေး။ အေး အပြင် အဲ မရကြဘူးလား လဟ ... ဟား ... ' ဆိုတဲ့ အသံများဟာလည်း ကာလသားထုကြီးထဲက တစ်ခဲနက် ထွက်ပေါ်လာတယ်။

စာဖတ်သူရေ၊ ဒီထဲမှာ သဘောမတူတဲ့ လူလေးငါးဆယ်ဦးလောက်တော့ ရှိပါရဲ့။ ဒါပေမဲ့ သူတို့ဟာ လူနည်းစုကလေးဖြစ်နေလို့ ဘယ့်နှယ်မှ မတတ်နိုင်ကြဘူးဗျ။ ဒီအဓိပ္ပာယ်မရှိတဲ့ လုပ်ငန်းစဉ်မှာ မပါဝင်လိုဘူး၊ ဒီအစည်းအဝေးကို သပိတ်မှောက်တယ်လို့ ရဲရဲတောက် ကြေညာပြီး ထွက်လာပြန် ရင်လည်း ကာလသား အများစုရဲ့ ရန်မူခြင်းကို ခံရမယ်ဗျ။ အင်း ... သူတို့ကလည်း အရက်ကလေး မူးမူးနဲ့ဆိုတော့ ထိန်းမနိုင် သိမ်းမရ ဖြစ်ကုန်ကြတော့မှာ ထင်ပါရဲ့ဗျာ။

(၅)

ကာလသားခေါင်းဟာ သူ့လူတွေကို ဓား၊ လှံ၊ မှိန်း စတဲ့ လက်နက်များကို တပ်ဆင်လိုက်တယ်။ ပြီးတော့မှ တန်းစီခိုင်းပြီး သူ့တပ်ကိုသူ စစ်ဆေးတယ်။ အဲဒီအခါမှာ သူ့မျက်နှာထား၊ သူ့ဟန်၊ သူ့အမူအရာကတော့ တကယ့်ဗိုလ်ချုပ်ကြီး တစ်ဦးရဲ့ ဟန်မူရာမျိုးပါပဲ။

' အခု ကျုပ်တို့ ခဲပေါက်သွားကြမယ်။ ဒါပေမဲ့ ခါတိုင်း မင်္ဂလာဆောင်တွေမှာ ခဲပေါက်သွားသလို ပေါ့ပေါ့ဆဆ သွားလို့တော့ မဖြစ်ဘူး။ သတို့သမီးရဲ့ အိမ် လေးဖက်လေးတန်မှာ သူတို့ဆွေမျိုး လူမိုက်တွေကို ဓားလက်နက် ကိုယ်စီနဲ့ ကင်းချစောင့် ခိုင်းထားတာမို့ ကျုပ်တို့ကလည်း လက်နက်ကိုယ်စီ ကိုင်စွဲပြီး သတိဝီဂိယနဲ့ သွားကြရလိမ့်မယ်။ ဒါပေမဲ့ ကျုပ်တို့ အဖို့ ကြောက်စရာ မလိုပါဘူး၊ သူတို့နဲ့ နှိုင်းယှဉ်လိုက်ရင် ကျုပ်တို့က ပိုပြီး လူအားကောင်းတယ်၊ ပြီးတော့ ကျုပ်တို့မှာ အင်မတန် အစွမ်းကောင်းတဲ့ ဆရာကြီး ဦးဖောင်ရဲ့ အဆောင်လက်ဖွဲ့တွေလည်း ရှိထားတယ်။ ဓားတို့ လှံတို့လောက်တော့ အပျော့လို့သာ မှတ်ထားလိုက်ကြကွ။ အဲ မင်းတို့ အဲဒီ အဆောင်လက်ဖွဲ့တွေကို တစ်ယောက်တစ်ခုစီ လာယူလှည့်ကြ'

ကာလသားတွေဟာ တစ်ယောက်ပြီးတစ်ယောက် ကာလသားခေါင်းထံမှ အဆောင်လက်ဖွဲ့ကို သွား ယူကြတယ်။ အဆောင်လက်ဖွဲ့ ဆိုတာကတော့ ချည်နီကြိုးတစ်ချောင်းပေါ်မှာ ငွေကို အပြား ခတ်ပြီး စီရရီ လက်ဖွဲ့ထိုးထားတဲ့ ဟာကလေးတွေပါပဲ။ အဲဒီ အဆောင် လက်ဖွဲ့ကြိုးများကို သူတို့ရဲ့ ဘယ်ဘက် လက်မောင်းမှာ ပတ်ချည်ပြီးတာနဲ့ တစ်ပြိုင်နက် သူတို့ရဲ့ မျက်နှာပေါ်မှာ ကိုယ့်ကိုယ်ကိုယ် ယုံကြည် စိတ်ချတဲ့ စိတ်ဓာတ်မှ ရောင်ပြန်ဟပ်လာတဲ့ အရိပ်အယောင်ကလေးများဟာ အထင်းသား ပေါ်ပေါက် လာတယ်။

တလောကလုံးကို ဂရုမစိုက်ဘူး ဆိုတဲ့ ဂိုက်ကိုလည်း ဖမ်းလာကြတယ်။
ကာလသားခေါင်းဟာ သူ့လူတွေကို အစုလေးစုခွဲပြီး တပ်စု လေးစုအဖြစ် ဖွဲ့စည်းလိုက်တယ်။ တပ်စု နှစ်စုကို ရေတပ်အဖြစ် သတ်မှတ်ပြီး တပ်စုနှစ်စုကိုတော့ ကြည်းတပ်အဖြစ် သတ်မှတ်ကြ တယ်။ ဘာပြုလို့လဲ ဆိုတော့ သတို့သမီးရဲ့ အိမ်တည်နေရာက အိမ်နောက်မှာ ချောင်းရေ၊ အိမ်ရှေ့မှာ တာလမ်းမနဲ့ ကွင်းပြင်ကြီး ရှိနေတာမို့ အိမ်တည်ရာကို အစွဲပြုပြီး ရေတပ်နဲ့ ကြည်းတပ်လို့ နှစ်တပ် ခွဲခြားလိုက်ရတာပဲ။ ဒါမှသာ သတို့သမီးရဲ့ အိမ်ကို လေးဖက်လေးတန်ကနေ ၀ိုင်းနိုင်မှာကိုး။ ရေတပ်အတွက် သတ်မှတ်ထားတဲ့ တပ်စုနှစ်စုအနက် တပ်စုတစ်စုလျှင် လှေသုံးစင်းစီ ပေးအပ် လိုက်တယ်။ လှေတစ်စင်းမှာ အုပ်ခဲများ အပြည့်တင်ဆောင်ပြီး လှော်သူနှစ် ယေက်နဲ့ ခဲပေါက်မယ့်သူ နှစ်ယောက် လိုက်ရပါမယ်။ ကျန်တဲ့ လှေနှစ်စင်းမှာတော့ လက်နက်ကိုင် တပ်သားများ လိုက်ပါပြီး အုတ်ခဲလှေနဲ့ ခဲပေါက်မယ့်လူများကို ရန်သူများ မနှောင့်ယှက်နိုင်အောင် ဘေးမှ ခြံရံပြီး အကာအကွယ် ပေးရမယ်လို့ သတ်မှတ်လိုက်တယ်။

ကျန်တဲ့ ရေတပ်မှ တပ်စုတစ်စုကိုလည်း လှေသုံးစင်းနဲ့ ထိုနည်းတူ ဖွဲ့စည်းထားတာပါပဲ။ ရေတပ်မှ တပ်စုနှစ်စုအနက် တပ်စုတစ်စုက သတို့သမီးရဲ့ အိမ်နောက်ရှိ ချောင်းရေ၏ မြောက်ဘက်တွင် တပ်စွဲထားရမယ်။ ကျန်တပ်စုတစ်စုက သတို့သမီးရဲ့ အိမ်နောက်ရှိ ချောင်းရေ၏ တောင်ဘက်တွင် တပ်စွဲထားပြီ၊ သတို့သမီးရဲ့ အိမ်နောက်ဘက်ကို ထောင့်နှစ်ထောင့်မှ ပတ်ဝိုင်းထားရမယ်လို့ အမိန့်ထုတ်ပြန်လိုက်တယ်။ ကြည်းတပ်မှ တပ်စုနှစ်စုကလည်း သတို့သမီးရဲ့ အိမ်ရှေ့ရှိ တာလမ်းမနဲ့ သစ်ပင်ကြီးများကို အကာအကွယ်ယူပြီး မြောက်ဘက်နှင့် တောင်ဘက်မှာ တပ်စု တစ်စုစီ တပ်စွဲထားခြင်းအားဖြင့် သတို့သမီးရဲ့ အိမ်ရှေ့ကို ထောင့်နှစ်ထောင့်မှ ပတ်ဝိုင်းထားရမယ် လို့လည်း အမိန့်ထုတ်လိုက်တယ်။ အဲဒီနည်းနဲ့ သတို့သမီးရဲ့ အိမ်ကို လေးဖက်လေးတန်က ပတ်ဝိုင်းမိမှ ခဲနဲ့ စပေါက်ရမယ်။ တပ်စုတစ်စုက အလျင်ရောက်နှင့်ပြီး အလျင်စလို ခဲနှင့် ပေါက်ခြင်း မပြုရ။ အိမ်လေးဖက်လေးတန်မှာ စုံညီစွာ တပ်စွဲ ပတ်ဝိုင်းမိမှ ပေါက်ရမယ်။ အိမ်ကို လေးဖက်လေး တန်က တပ်စွဲပတ်ဝိုင်းပြီး မပြီး သိရအောင် လက်ခေါက်မှုတ်ပြီး အချက်ပေးကြမယ်လို့လည်း သဘောတူ ညီထားကြတယ်။

စာဖတ်သူနဲ့ ကျွန်တော်တို့ နှစ်ယောက်တော့ ကြည်းတပ်ကနေပြီး လိုက်ကြမယ်နော်။ ရေတပ်က ဆိုရင် လှေနဲ့ သွားရမှာမို့ မဟန်လို့ လစ်ပြေးချင်တောင် ကျွန်တော်တို့ နှစ်ယောက်ထဲ သဘောနဲ့ မပြီးသေးဘူးဗျ။ ကျွန်တော်တို့နဲ့ တစ်လှေတည်းစီးတဲ့ သူတွေကပါ သဘေတူမှ ဖြစ်မှာ။ ကြည်းတပ် မှာဆိုတော့ ကိုယ်ပိုင်ခြေထောက်ကိုသာ အားကိုးရမှာမို့ မဟန်တာနဲ့ တစ်ချက်တည်း တိတ်တိတ် ကလေးလစ်ပြေးနိုင်တယ် ဟုတ်ဘူးလားဗျာ။

ဟော အခုကိုပဲ တပ်တွေဟာ စ တင်ပြီး ထွက်ခွာကြပါပြီ။ ရေတပ်မှ တပ်စုနှစ်စုဟာလည်း လှေ ၆ စင်းနဲ့ တပျော်တပါးကြီးထွက်ခွာသွားကြပါပြီ။ မရှေးမနှောင်းမှာပဲ ကျွန်တော်တို့ ကြည်းတပ်မှ တပ်စု ၂ စုလည်း ထွက်ခွာကြပါပြီ။ ကျွန်တော်ကတော့ သတို့သမီးရဲ့ အိမ်ထောင်ဘက်မှာ တပ်စွဲရမယ့် တပ်စုထဲမှာ ပါတယ်။ ကျွန်တော်တို့ရဲ့ တပ်စုကို ကျွန်တော်တို့ ကာလသားခေါင်းကိုယ်တိုင် အုပ်ချုပ် ကွပ်ကဲပြီး လိုက်ပါလာတာမို့ အားရှိစရာကြီးပေါ့ဗျာ။

ညဥ့်ကိုးနာရီ အချိန်လောက် ရှိနေပြီလေ။ လကွယ်ရက်မို့ လမထွက်တဲ့ အတွက် လရောင်တော့ မရှိဘူးဗျို့။ ကြယ်ေ၇ာင်ကလေးတွေကိုသာ အားကိုးပြီး မှောင်ထဲမှာ စမ်းတ၀ါးဝါးနဲ့ ချီတက်နေရတယ်။ အို စာဖတ်သူကလည်း တယ်ခက်ပါကလားဗျာ၊ အတင့်ရဲပြီး တပ်ရှေ့ကနေ မလိုက်စမ်းပါနဲ့လို့ဆို။ ဟောဒီမှာ ကျွန်တော်နဲ့အတူ တပ်နောက်ကသာ မယောင်မလည်နဲ့ လိုက်ခဲ့ စမ်းပါ။ ကျွန်တော် တို့ဟာ တိုင်းပြည်အတွက်၊ အမျိုးအတွက်၊ ဒါမှတဟုတ် မွန်မြတ်တဲ့ ရည်ရွယ်ချက်ကြီး တစ်ခုအတွက် အသေခံပြီး တိုက်ပွဲဝင်ရအောင် ထွက်လာကြတာ မဟုတ်ဘူးဆိုတာ သတိထားစမ်းပါ။
ကျွန်တော်တို့ဟာ တာလမ်းမနဲ့ သစ်ပင်များရဲ့ အရိပ်ကိုခိုပြီး သတို့သမီးရဲ့ အိမ်ဘက်ကို တရွေ့ရွေ့ ချီတက်နေကြတယ်။ ကျွန်တော်တို့ ကြည်းတပ်မှ တပ်စုတစ်စုကတော့ သတို့သမီးရဲ့ အိမ်မြောက် ဘက်ထောင့်မှာ တပ်စွဲထားရအောင် လမ်းခွဲတစ်ခုကနေပြီး ချီတက်သွားကြပြီလေ။

သတို့သမီးရဲ့ ဆွေမျိုးလူမိုက်တွေ ဘယ်နေရာကင်းချ စောင့်ဆိုင်းနေတယ်ဆိုတာ ကျွန်တော်တို့ ကာလသားခေါင်းက စောစောကပဲ စုံစမ်းထောက်လှမ်းထားလို့ သိနေပြီလေ။ ဒါကြောင့်မို့ ဒီလူတွေ မရိပ်မိအောင် ဘယ်နေရာကနေပြီး ချီတက်ရမယ်။ ဒီလူတွေ မသိနိုင်အောင် ဘယ်နေရာမှာ တပ်စွဲ ထားရမယ်ဆိုတာ အကွက်ကျ စီစဉ်နိုင်တာပေါ့။

ဟော ... အခု ကျွန်တော်တု့ တပ်စုဟာ တစ်ဖက်ရန်သူများ လုံးဝ မရိပ်မိအောင် ကျွန်တော်တို့ တပ်စွဲထားဖို့ သတ်မှတ်ထားတဲ့ သတို့သမီးရဲ့ အိမ်တောင်ဘက်ကို အရောက် ချီတက်နိုင်ပြီး၊ အခိုင်အမာ တပ်စွဲထားမိပြီလေ။ ကျွန်တော်တို့ တပ်စွဲထားတဲ့ နေရာကတော့ ကုက္ကိုပင်ကြီးတစ်ပင်ရဲ့ အောက်မှာပေါ့ဗျာ။ အဲဒီ ကုက္ကိုပင်ကြီးရဲ့ ရှေ့မှာ တာလမ်းမ၊ တာလမ်းမရဲ့ တစ်ဖက်မှာတော့ သတို့သမီးရဲ့ လေးပင်သုံးခန်း ပျဉ်ထောင်ပျဉ်ခင်း သွပ်မိုး အိပ်ကြီးပေါ့ဗျာ။ ကျွန်တော်တို့ဟာ ကျွန်တော်တို့ တပ်စွဲထားတဲ့ နေရာက နေပြီး သတို့သမီးရဲ့ အိမ်ကို ခဲနဲ့ လှမ်းပေါက်မယ်ဆိုရင် အလှမ်းမီနိုင်ပါတယ်။
ကျွန်တော်တို့ ရင်ဆိုင်ရမယ့် ရန်သူတော်တွေကတော့ ကျွန်တော်တို့နဲ့ မျက်နှာချင်းဆိုင်တာလမ်းမရဲ့ တစ်ဖက်က ကုက္ကိုပင်ကြီးအောက်မှာ ရှိနေတယ်လေ။ ဒီလိုနဲ့ ကျွန်တော်တို့ တပ်စုနဲ့ ကျွန်တော်တို့ ရန်သူတော်များဟာ တာလမ်းမကို ဗဟိုထားပြီး တစ်ဖက်တစ်ချက်မှာ တပ်စွဲထားကြတယ်။

ကျွန်တော်တို့ ကာလသားခေါင်းဟာ ကျွန်တော်တို့ တပ်စုကို အစိတ်စိတ်ခွဲပြီး တပ်စိတ်ကလေးများအဖြစ် ပြန်လည်ဖွဲ့စည်းလိုက်တယ်။ နောက် ကျွန်တော်တို့ တပ်စုကို လာရောက်တိုက်ခိုက်မယ်လို့ ထင်ရတဲ့ နေရာတွေမှာ အဲဒီ တပ်စိတ်ကလေးများကို ကင်းချစောင့်ခိုင်းထားလိုက်တယ်။

အစီအစဉ် အားလုံးလည်း ပြီးရော ကျွန်တော်တို့ ကာလသားခေါင်းက လက်ခေါက်မှုတ်ပြီး အချက်ပေးဖို့ အမိန့်ပေးလိုက်တယ်။ ကာလသားတစ်ဦးက 'ရွှီ'ခနဲ လက်ခေါက်မှုတ်ပြီး အချက်ပေးလိုက်တာနဲ့ တစ်ပြိုင်နက် ကျွန်တော်တို့ရဲ့ မြောက်ဘက်ထောင့်ကလည်း 'ရွှီ'ခနဲ လက်ခေါက်မှုတ်ပြီး ပြန်ကြားလိုက်တဲ့ အသံ ထွက်ပေါ်လာတယ်။ တစ်ချိန်တည်းမှာပဲ သတို့သမီးရဲ့ အိမ်နောက်ရှိ ချောင်းရေနဲ့ တောင်ဘက်ထောင့်ကရော မြောက်ဘက်ထောင့်ကပါ 'ရွှီ' ခနဲ၊ 'ရွှီ' ခနဲ အချက်ပြန်ပေးသံကို ကြားရတယ်။ ဒီလိုနဲ့ ကျွန်တော်တို့ တပ်စု လေးစုဟာ သတို့သမီးရဲ့ အိမ်လေး ထောင့်ကို လေးဖက်လေးတန်ကနေပြီး ပတ်ဝိုင်းတပ်စွဲထားမိပြီဆိုတာ သေချာသွားတယ်။

ချက်ချင်းပဲ ကျွန်တော်တို့ ကာလသားခေါင်းက သတို့သမီးရဲ့ အိမ်ကို ခဲနဲ့ပေါက်ဖို့ အမိန့်ပေးလိုက် တယ်။ သူတို့ တအားလွှဲပြီး ပစ်ပေါက်လိုက်တဲ့ အုတ်ခဲထက်ပိုင်းကျိုးကြီးတွေဟာ သွပ်မိုးတဲ့ သတို့ သမီးရဲ့ အိမ်ခေါင်မိုးပေါ်ကို ကျပြီး တဒုန်းဒုန်း တဒိုင်းဒိုင်းနဲ့ မြည်ဟည်းသွားတယ်။ ကျွန်တော်တို့ တင်မဟုတ်ဘဲ အိမ်လေးဖက်လေးတန်ကနေပြီး ၀ိုင်းပေါကကြတဲ့အတွက် တဒုန်းဒုန်း တဒိုင်းဒိုင်း အသံတွေဟာ အဆက်မပြတ်ဘဲ ဆူညံနေတာပေါ့ဗျာ။ သတို့သမီးရဲ့ အိမ်ထဲက လူသံသူသံနဲ့ ကလေးငိုသံများဟာ ဆူညံစွာ ထွက်ပေါ်လာတယ်။

တိုက်ပွဲကတော့ စပြီဗျို့ စာဖတ်သူရေ၊ သတိရှိရှိနဲ့ လစ်ပြေးဖို့ အသင့်သာ ပြင်ထားပေတော့။ မကြာမီမှာပဲ ပြင်းထန်တဲ့ လက်နက်ကိုင်တိုက်ပွဲဟာ ဆိုက်ရောက်လာတော့မယ်။
မြေငလျင် တော်လဲသလို အုတ်အုတ်ကျက်ကျက် ညံညံစီစီ ဖြစ်နေတဲ့ အတွင်းမှာပဲ တစ်ဖက်ကုက္ကိုပင်ကြီးမှာ ရှိနေတဲ့ ရန်သူတော်များဟာ လက်နက်ကိုယ်စီ ကိုင်ဆွဲပြီး ကျွန်တော်တို့ ရှိရာကို ပြေးဝင်လာတယ်။ အဲဒီအခါမှာ ကျွန်တော်တို့ ကာလသားခေါင်းဟာ သူ့ရဲ့ လက်စွဲတော် ငှက်ကြီးတောင်ဓားကြီးကို တအားဝင့်ပြီး ရန်သူများကို ပြေးကြိုတယ်။ ကင်းစောင့်နေတဲ့ ကာလသား များလည်း ကာလသားခေါင်းရဲ့ ပတ်ဝန်းကျင်မှာ စုရုံးပြီး အပြေးဝင်လာတဲ ရန်သူများကို ဆီးကြို ရင်ဆိုင်လိုက်ကြတယ်။ နှစ်ဖက်သားဟာ တာလမ်းမပေါ်မှာ ဆုံမိကြပြီး တစ်ဖက်နဲ့ တစ်ဖက် ထိုးကြ ရိုက်ကြ၊ ခုတ်ကြ ထစ်ကြနဲ့ ပွက်လော ရိုက်သွားတာပါပဲ။

' စွပ် 'ခနဲ အသံများ၊ 'အုန်း' ခနဲအသံများ၊ 'စွပ်'ခနဲအသံများ၊ 'ဗိုင်း'ခနဲ လူတစ်စုံတစ်ယောက် လဲကျ သွားတဲ့ အသံများဟာလည်း ကြောက်ခမန်းလိလိ ထွက်ပေါ်လာနေတယ်။ လရောင်မရှိတဲ့ အမှောင်ထဲမှာ သူတို့ဟာ လုံးထွေးပြီး ရှုပ်ယှက်ခတ်ဖြစ်နေတာမို့ သူ့လူကိုယ့်လူမှ ခွဲခြားနိုင်ကြရဲ့လား မသိပါဘူးဗျာ။ ကျွန်တေ့်စိတ်ထဲမှာဖြင့် 'ကမ္ဘာကြီး ပျက်စီးလုနီးပြီလော 'လို့ အတွေးပေါ်လာတယ်။ အဓိပ္ပာယ်မရှိတဲ့ ခဲဖိုးကိစ္စကလေးအတွက်နဲ့ တစ်ရွာလုံးနဲ့ချီပြီး လူသတ်ပွဲကြီး ဆင်နွှဲကြတာဟာ လူကြားလို့မှ မကောင်းအောင် ရိုင်းစိုင်းလွန်းရာ ရောက်နေပါတယ်။ မှားယွင်းတဲ့ ခေါင်းဆောင်မှုအောက်မှာ၊ အကျိုး မရှိတဲ့ လုပ်ငန်းစဉ် တွေနဲ့သာ အချိန်ဖြုန်းပြီး ဘ၀တုံးကြရတဲ့ တောရွာ လူငယ်ကာလသားများအတွက် ကျွန်တော့် မှာ ရင်ထုမနာ ဖြစ်နေမိတယ်။

ကဲ ... စာဖတ်သူရေ၊ ဒီ စိတ်မချမ်းသာစရာ ကောင်းတဲ့ လူသတ်ပွဲနဲ့ ဝေးရာကို ပြေးကြပါစို့။ ဒီ လူသတ်ပွဲမှာ ဘယ်နှလောင်းသေပြီး ဘယ်နှယောက်ဒဏ်ရာ ရတယ်ဆိုတဲ့ သတင်းကိုတော့ အဝေးကပဲ နားထောင်ကြပါစို့ဗျာ။

ဟော ... သတင်းကတော့ဖြင့် ထွက်လာပြီ။ ကျွန်တော်တို့ ကာလသားများဘက်က ပွဲချင်းပြီး နှစ်လောင်းေ သပြီး၊ ခြောက်ယောက် ဒဏ်ရာရတယ်တဲ့။ သတို့သမီးများ ဆွေမျိုးဘက်က သုံးလောင်းသေပြီး၊ ရှစ်ယောက် ဒဏ်ရာရတယ်တဲ့။ ကောင်းနိုင် ကြသေးရဲ့လားဗျာ။ ဓားတို့၊ လှံတို့ လောက်တော့ အပျော့ ထားတယ်ကွလို့ ဆိုတဲ့ ဦးဖောင်ရဲ့ အဆောင်လက်ဖွဲ့များကို အားကိုးပြီး အတင့်ရဲမိတဲ့ ကာလသား တွေထဲက နှစ်လောင်းသေပြီး၊ ခြောက်ယောက်တောင် ဒဏ်ရာရခဲ့ပါပြီ။

နက်ဖြန်ဆိုရင် မြို့က ပုလိပ်တွေ ဆင်းလာပြီး ဖမ်းဟယ်ဆီးဟယ်နဲ့ ရှုပ်ယှက်ခတ် ဖြစ်ဦးမှာပါပဲဗျာ။ ဒါပေမဲ့ ဒီလို ဖမ်းဆီးမယ့် အထဲမှာ အဘိဓမ္မာဆရာကြီး ဦးဖောင် မပါဘူးဆိုတာတော့ သေချာပါတယ်။ ဘာပြုလို့လဲဆိုတော့ ဒီ မလိမ်မိုး မလိမ္မာ လူငယ် ကာလသားကလေးများကို မှန် ကန်ကောင်းမွန်တဲ့ လမ်းစဉ်ကို ပြပြီး ဆွဲဆောင်ရမယ့်အစား၊ လူသတ်ပွဲထဲကိုသာ တွန်းပို့လိုက်သူဟာ ဦးဖောင်သာ ဖြစ်လို့ သူသာလျှင် တစ်တရားခံ ဖြစ်ထိုက်တယ် ဆိုတာကိုတာ့ သူတို့မှ မသိကြဘဲကိုးဗျ။

ကိုင်း ... စာဖတ်သူဟာ ကျွန်တော်နဲ့အတူ ခဲဖိုးတောင်းတဲ့နေရာမှာ ကိုယ်တိုင်ကိုယ်ကျ ပါဝင်ပြီး၊ မျက်မြင် ကိုယ်တွေ့ လေ့လာပြီးမို့ ခဲဖိုးတောင်းတဲ့ အစဉ်အလာရဲ့ အကောင်းအဆိုးကို ဆုံးဖြတ်နိုင် လောက်ပါပြီနော်။ ဒါဖြင့် ကျွန်တော်တို့ဟာ ဒါလောက် ရိုင်းစိုင်းတဲ့ ခဲဖိုးတောင်းတဲ့ အစဉ်အလာကို မြန်မာ့ ယဉ်ကျေးမှု လောကမှ အပြုတ်တိုက်ထုတ်ပစ်နိုင်အောင် ကြိုးစားကြပါစို့လားဗျာ...နော်။
------------------------
ပြီးပါပြီ
.
>>>ဆက်ဖတ်ရန်>>> >>

Saturday, August 28, 2010

ကြယ်နီ အပိုင်း (၄၇)

(၅)

' ဟေ့ကောင် ... မင်း သူတို့နဲ့အတူ ရွာထဲမှာ ဟင်းရံပန်းကန် လိုက်ဝေရမယ်၊ ကြားလား '
တောင်ကျော် သည် ဘုန်းကြီးကျောင်း ပရိဝုဏ်အတွင်းရှိ ရှုခင်းကို ကြည့်၍ အူမြူးနေရာမှ သူ့နောက်မှ သည် အသံကြောင့် ရုတ်တရက် နောက်သို့ လှည့်ကြည့်လိုက်သည်။
သူ့ အသက်အရွယ် လောက်ပင်ရှိသော 'ဆံရစ်ဝိုင်း' ကလေးနှင့် ချစ်စဖွယ် ကောင်ငယ်ကလေး တစ်ဦးကို သူ တွေ့မြင်ရသည်။ အသားဖြူဖြူ၊ အရပ်မှာ ပုပျပ်ပျပ်နှင့် နက်မှောင်သော မျက်ခုံး၊ ကြည်လင် ၀ိုင်းစက်သော မျက်လုံး၊ ပေါ်လွင်သော နှာတံများကြောင့် အတော်ပင် ချစ်စရာ ကောင်းနေသည်။ သူ့ ၀ိုင်းစက်စက် မျက်နှာကလေးနှင့် သူ့ခေါင်းမှာ 'ဆံရစ်ဝိုင်း' ကလေးမှာ အချိုးကျ အဆင်ပြေအောင် လိုက်ဖက် နေသဖြင့် ကြည့်ကောင်းလှသည်။ သို့သော် သူသည် ဘုန်းတော်ကြီး၏ အထူး အရေးပေးခြင်း ကို ခံယူရသော အချစ်တော်တစ်ဦးဖြစ်၍ တက်ကြွလျက် ရှိသော မာနက သူ၏ ချစ်စရာ ရုပ်သွင်ကို ဖျက်ဆီး နေသည်။

ယခု တောင်ကျော်ကို အမိန့်ပေးသလို ပြောလိုက်သော မောက်မာသည့် သူ့စကားများကပင် သူ၏ မာနကို ဖော်ပြနေ၏။ တောင်ကျော်သည် စိတ်ဆိုးလှစွာ မျက်မှောင်ကုတ်လိုက်၏။
' နေစမ်းပါဦးကွ၊ မင်းက ဘာကောင်မို့ ငါ့ကို လာပြီး အမိန့်ပေးနေရသလဲ '
' ဟေ့ ... ငါ ဘာကောင်ဆိုတာ မင်း မသိသေးဘူးလားကွ။ ဟဲ ... ဟဲ ... ငါ ဘာကောင်လဲဆိုတာ မင်း သိချင် ရင် သူတို့နှစ်ယောက်ကိုသာ မေးကြည့်ပေတော့ '
စကားအဆုံးတွင် သူသည် တဟဲဟဲဖြင့် ပမာမခန့် ရယ်မောလိုက်ပြီးနောက်၊ တောင်ကျော်အနီးမှ ဆောင့်ကြွားကြွား ထွက်ခွာသွား၏။ တောင်ကျော်သည် ချစ်စရာ ရုပ်ကလေးနှင့် မုန်းစရာ အသွင်များ ပေါင်းစပ် ထားသည့် ဤဘုန်းတော်ကြီး၏ အချစ်တော်ကလေးကို မုန်းတီးလှစွာ အံကြိတ်၍ ကြည့်ရင်း ကျန်ရစ် ခဲ့၏။
' သူ့ကို သွားမစမ်းပါနဲ့ကွ၊ သူက ဘုန်းတော်ကြီးရဲ့ အချစ်တော်ကလေးဆရာ၊ နေရာတကာ သူ့လက် သူ့ခြေ သူ့အမိန့်ချည့်ပဲ။ သူ ခိုင်းတာကို မလုပ်ရင် သူက ဘုန်းကြီး ကို ဟုတ်တာထက် ပိုပြီး သွားလျှောက် မှာမို့ အတီးခံရမှာ ဆရာ '

တောင်ကျော်၏ အနီးတွင် ရှိနေသော သူငယ်ကလေး နှစ်ယောက်အနက် အသားဖြူဖြူ ကိုယ်ဟန် နွဲ့နောင်း သော သူကလေးက တောင်ကျော်အား ရှင်းပြလိုက်ခြင်းဖြစ်၏။ ဤသူငယ် ကလေးကား ရွာထဲမှ ကုန်စုံဆိုင် ပိုင်ရှင်တစ်ဦး၏ သားဖြစ်၍ ဥာဏ်ကောင်းလှသောကြောင့် ဘုန်းတော်ကြီးက ကျောင်းအိပ် ကျောင်းစား ခေါ်ယူထားကာ ကိုရင်များနှင့်အတူ စာလိုက်စေ၏။
ယခု သူသည် အရွယ်နှင့် မလိုက်အောင်ပင် သဒ္ဒါနှင့် သင်္ဂြိုဟ်ကို နေ့ဝါ အဖြစ်လည်းကောင်း၊ မာတိကာကို ည၀ါ အဖြစ်လည်းကောင်း ကိုရင်များနှင့်အတူ စာလိုက်နေရ၏။ ရွာထဲမှာကတည်းက တောင်ကျော်နှင့် ကစားဖော် ကစားဖက်အဖြစ် ရင်းနှီးခဲ့သူဖြစ်၏။

' သြ ... ဒီလိုလား၊ ဒါကြောင့်မို့ သူက လူပါးဝတာကိုး။ ဒီအတိုင်းသာ လူပါးဝနေရင်တော့ ဒီကောင့်ကို တစ်နေ့  ငါ တီးမယ်ကွ '
တောင်ကျော်က တစ်ထစ်ချ ဆုံးဖြတ်ထားသော အသံမျိုးဖြင့် ပြောဆိုလိုက်၏။ ဒါကို ကုန်စုံဆိုင်ပိုင်ရှင်၏ သား အေးမောင်က -
' သူ့ကို မင်း သွားတီးရင် သူ့ကို တီးတာထက် နာအောင် ဘုန်းကြီးက မင်းကို ပြန်တီးမှာပေါ့။ ဘုန်းကြီးက သူ့ ကို သိပ်ချစ်ပြီး သိပ်အလိုလိုက်ထားတာကွ၊ ကျက်သရေခန်း သော့ကိုတောင် သူ့ကို အပ်ထားတယ် '
' အို ဘုန်းကြီး တီးမှာကြောက်လို့ ဒီအတိုင်း ခေါင်းငုံ့ခံနေရင် ဒီကောင်က ပိုပြီး လူပါးဝနေမှာကွ၊ ဘာဖြစ်ဖြစ် ကွာ၊ ဒီကောင်ကို ဒီကနေ့ပဲ ငါ တီးမယ် '
တောင်ကျော်က ရက်ကိုပင် ဆွဲမထားဘဲ ဒီနေ့ပင် တီးရန် ဆုံးဖြတ်ပြီး ပြောလိုက်၏။

ဤတွင် ကုန်စုံဆိုင်ပိုင်ရှင်၏ သား အေးမောင် အနီး၌ ထိုင်နေသော မျက်လုံးပြူးပြူး၊ ပါးရိုးကြီးကြီး၊ နှာခေါင်း ပွပွနှင့် သူငယ်က ကြားဝင်၍ ပြောလိုက်၏။
' လာစမ်းပါကွာ တောင်ကျော်ရယ်၊ မင်း တီးချင်တဲ့ အခါကျတော့လည်း တီးတာပေါ့၊ အခုတော့ ငါနဲ့အတူ ဟင်းရံ ပန်းကန် လိုက်ဝေစမ်းပါဦးကွ။ ဘယ်လောက်မှ မပင်ပန်းပါဘူး '
ပြောပြောဆိုဆိုနှင့်ပင် တောင်ကျော်၏ လက်ကို ဆွဲခေါ်သွားသဖြင့် တောင်ကျော်သည် ကန့်လန့် ကန့်လန့် နှင့် ပါသွားရ၏။ တောင်ကျော်ကား ဤသူငယ်နှစ်ဦးနှင့် အိမ်နီးချင်း ကစားဖော် ကစားဖက် များဖြစ်ကြ၍ အတော်ပင် ချစ်ခင်ကြ၏။ ဤသူငယ်နှစ်ဦးနှင့် သူ့ဖခင်မှတစ်ပါး အခြားသော သက်ရှိ သတ္တ၀ါများကိုမူ သူ၏ ငြိုးသူရန်ဘက်ပမာ အမြဲ စွဲမှတ်ထားသူဖြစ်၏။

မျက်လုံးပြူးပြူး၊ ပါးရိုးကြီးကြီး၊ နှာခေါင်းပွပွနှင့် သူငယ်ကလေး ညိုထွေးနှင့် တောင်ကျော်တို့သည် ဟင်းရံ ပန်းကန် များ ထည့်ထားသော ကြေးလင်ပန်းကြီးမှ သွပ်ဆိုင်းကြိုးတွင် ထမ်းပိုးဝါးကို လျှိုသွင်း၍ ရှေ့နောက် ထမ်းကာ ရွာတွင်းသို့ထွက်ခွာလာ၏။ အေးမောင်မှာမူ ကိုရင်များနှင့်အတူ စာကြီးပေကြီး များကို လိုက်နေရသူ ဖြစ်သဖြင့် ကျောင်းတာဝန် ဗာဟီရများမှ လွတ်ငြိမ်းခွင့် ရထားသူဖြစ်၏။
ဘုန်းကြီးကျောင်းတွင် ကျောင်းသားအဖော်များနှင့် လွတ်လပ်စွာ ဆော့ကစားရမည်ကို မျှော်မှန်းထားသော တောင်ကျော် သည် ကျောင်းတာဝန် ဗာဟီရများနှင့် လာတိုးနေရသောအခါ အတော်ပင် စိတ်ပျက် သွားမိ၏။ ဤသို့ စိတ်ပျက်မိလေလေ၊ ဘုန်းတော်ကြီး၏ အချစ်တော်ကလေး ဆိုသူအား ဒေါသထွက် လာလေ ဖြစ်နေမိရာ ' ဒီနေ့ပဲ ... တီးမယ် ' ဟူသော ဆုံးဖြတ်ချက်မှာ ပို၍ပင် ခိုင်မာသွား၏။

တစ်အိမ်တက် တစ်အိမ်ဆင်းဖြင့် ရွာစဉ်တစ်လျှောက် ဟင်းရံပန်းကန် လိုက်ဝေပြီးနောက် ရွာဆုံး သောအခါ တွင် ဟင်းရံပန်းကန် လက်ကျန်မရှိတော့ပေ။ အပြန်တွင် သူတို့သည် ထိုဟင်းရံပန်းကန် များကို တစ်အိမ် တက်ဆင်း သိမ်းဆည်းယူဆောင်သွားရမည်ဖြစ်သည်။ သို့သော် ယခုအချိန်မှာ ချက်ချိန် ပြုတ်ချိန် မို့ အိမ်ရှင်များသည် သူတို့၏ ဟင်းရံပန်းကန်များထဲသို့ ဟင်းရံများ လောင်းထည့် ထားနိုင်ကြ ဦးမည် မဟုတ်။ သူတို့ လွတ်လပ်စွာ ဆော့နိုင်ရန် အချိန် အနည်းငယ်ရရှိနေပြီ။ ' လာကွာ ... ဟေ့ ညိုထွေး၊ ထွေပစ်တမ်း ကစားရအောင် '
' လာလေ ... ရှုံးတဲ့သူ အစီးခံတမ်း'

' စိမ်လိုက် .. လူ စီးချင်လွန်းလို့ ငါ့ပေါင်သားတွေ ယားနေတာ ကြာလှပြီကွ၊ နောက်ပြီး ငါက နတ်မြင်းပျံ စီးရတယ် လို့ အိပ်မက် မက်ထားတဲ့ လူကွ '
' ဘယ်သူ ကုန်းပြီး ဘယ်သူ တက်စီးရမယ်ဆိုတာ ကြည့်ကြသေးတာပေါ့၊ နောက်ပြီး မင်း မငြင်းနဲ့နော်၊ မင်းက သိပ်ပြီး အငြင်းသန်တဲ့လူ '
မှန်သည်။ တောင်ကျော်ကား ကလေးချင်း ကစားရာ၌ အင်မတန် အငြင်းသန်သူဖြစ်သည်။ အင်မတန် ဆင်ခြေ များ၍ အင်မတန် ဥာဏ်များသူလည်းဖြစ်သည်။ ထို့ကြောင့် ကစားဖော် ကစားဖက်များက တောင်ကျော် အား လန့်ကြသည်။

နှစ်ဦးသား စဥ့်အိုးကွဲ တစ်ယောက် တစ်ခုစီ ရှာဖွေယူငင်လာပြီးနောက် မြေကြီးပေါ်တွင် စည်း(မျဉ်း ကြောင်း)ကို ရေးခြစ်ကြ၏။ ထို့နောက် ထိုစည်းကို မျက်နှာမူကာ စည်းနှင့် ခပ်လှမ်းလှမ်းအကွာတွင် သွားရပ် ကြ၏။ တောင်ကျော်က စ၍ သူ့လက်တွင်းမှ စဥ့်အိုးကွဲဖြင့် စည်းပေါ်သို့ ပစ်လိုက်ရာ စဥ့်အိုးကွဲမှာ စည်းနှင့် တစ်လက်မပင် မကွာသော နေရာ၌ သွားကျသဖြင့် 'နိပ်ဟ'ဟု အသံကုန် အော်ပြီး မြေကြီးပေါ်မှ ထ ခုန်လိုက်၏။ သို့သော် သူ့နောက်မှ ပစ်လိုက်သော ညိုထွေး၏ စဥ့်အိုးကွဲ မှာ စည်းပေါ်သို့ တည့်တည့် မတ်မတ် အုပ်ကျသွားသဖြင့် တောင်ကျော်၏ မျက်နှာမှာ ရှုံ့မဲ့သွားတော့သည်။
' အောင်မာ ... အစမို့ပါကွာ၊ နောက်တစ်ခါကျရင် သိကြရောပေါ့ '

သူသည် ရသေ့စိတ်ဖြေ စကားမျိုး ပြောလိုက်ကာ ခါးကို ကုန်းပေးလိုက်ရ၏။ ညိုထွေးသည် စဥ့်အိုးကွဲ (ထွေ) နှစ်ပြားကို လက်တွင် ကိုင်ကာ တောင်ကျော်၏ ကျောပေါ်သို့ တက်ခွလိုက်၏။ ညိုထွေးမှာ သန်မာ တောင့်တင်း သူဖြစ်၍ တောင်ကျော်ကား ပိန်သေးသေးနှင့် ခါးချည့်ကလေးဖြစ်ရာ ညိုထွေး၏ အလေးချိန် ကို မခံနိုင်ဘဲ ယိမ်းထိုးနေ၏။

ညိုထွေးသည် တောင်ကျော်၏ ကျောပေါ်မှနေ၍ တောင်ကျော်၏ ထွေကို ခပ်ဝေးဝေးနေရာသို့ ရောက်အောင် လှမ်းပစ်လိုက်ပြီးနောက် ' လိုက်မလား ... မလိုက်ဘူးလား ' ဟုမေးလိုက်၏။
တောင်ကျော် သည် ထွေ၏ အကွာအဝေးကို ခန့်မှန်းချင့်တွက်ပြီးနောက် ကျန်ရှိနေသောထွေကို ထိမှန်အောင် သို့မဟုတ် တစ်ထွာကွာနေရာ ရောက်အောင် သူ ပစ်နိုင် မပစ်နိုင် ချိန်ဆနေ၏။
နောက်ဆုံး တွင် ကျောပေါ်၌ လူတစ်ကိုယ် အလေးချိန် ရှိနေ၍ သူ မပစ်နိုင်ဟု ယူဆကာ ' အလိုက် ဘူးကွာ' ဟု ပြောလိုက်၏။

ဤတွင် ညိုထွေးသည် သူ့လက်တွင်းမှ ထွေဖြင့် ထိုထွေကို ပစ်လိုက်ရာ ထွေကို ထိမှန်ခြင်း မရှိသော် လည်း အနီးကပ်၍မူ ကျသွား၏။
' ဟေ့ ... မင်း သွားထွာကြည့်ဦး၊ မင်း တစ်ထွာ ရှိမှ ငါ အစီးခံမယ်၊ အခု တစ်ထွာ မရှိရဘူးကွာ'
' အို ... တစ်ထွာရှိတဲ့ ဟိုဘက် နှစ်ဘူတာ လွန်သွားသေးတယ် '
ပြောပြောဆိုဆိုပင် ညိုထွေးသည် တောင်ကျော်၏ ကျောပေါ်မှ ခုန်ဆင်းလိုက်ပြီးနောက် ထွေနှစ်ပြား ရှိရာသို့ အပြေးသွားသဖြင့် တောင်ကျော်လည်း နောက်မှ ပြေးလိုက်သွား၏။ ရောက် သောအခါ ညိုထွေး သည် ထွေတစ်ပြားတွင် သူ့လက်မကို ထိထားစေပြီးနောက်၊ ကျန် အခြား ထွေ တစ်ဖက်သို့ သူ့လက်ချောင်း များကို ဆန့်တန်းလိုက်ရာ သူ့ လက်ခလယ်နှင့် ထိရုံကလေးသာ ရှိ၏။
' အံမာ ...  ဘာရမလဲ၊ မင်းက လက်ခလယ်နဲ့ ထွာတာကိုး၊ လက်ညိုးနဲ့ ထွာမယ်ကွ'

' ဟေ့ ... ဘယ်အခါမဆို လက်ခလယ်နဲ့ ထွာတာကို အသိသားနဲ့၊ မင်း အစီးခံရမှာ စိုးလို့ ငြင်းချင် လာပြီ'
နှစ်ယောက်သား လက်ခလယ်နှင့် လက်ညိုး ငြင်းရင်းပင် ညိုထွေးမှာ လူရိုး စိတ်တို ဖြစ်သဖြင့် -
' တော်ပြီကွာ ... မင်း သိပ်အငြင်းသန်တဲ့ အကောင်၊ နောက်ကို မင်းနဲ့ ဘယ်တော့မှ မကစားဘူး' ဟု ဆိုကာ စိတ်ဆိုးမာန်ဆိုး ထွက်သွားသဖြင့်၊ တောင်ကျော်လည်း သူ အစီးခံရခြင်းမှ သက်သာ သွားပြီဟု ကျေနပ် ၀မ်းမြောက်ကာ -
' မကစားချင်ရင် နေပါလား'ဟု ပြန်ငေါ့လိုက်သေး၏။ သို့ဖြင့် သူတို့ ကစားပွဲမှာ မကြာရှည်ဘဲ ပျက်သွား ရတော့၏။

(၆)

ဘုန်းကြီးကျောင်းမှ စည်ကြီး ကိုးချက်တီးသည့်အခါတွင် တောင်ကျော်နှင့် ညိုထွေးတို့သည် ဟင်းရံ ပန်းကန် များကို လိုက်သိမ်းကြ၏။ အချို့ အိမ်များမှ ဟင်းရံပန်းကန်တွင် ဟင်းရံအပြည့် ထည့်လျက် ရရှိကြသော် လည်း အချို့ အိမ်များမှ ဟင်းရံပန်းကန်တွင်မူကား ' ဟင်း မချက်ရသေး 'ဟူ၍ လည်း ကောင်း၊ 'ဒီနေ့တော့ ကန်တော့ ဆွမ်းပါ' ဟူ၍လည်းကောင်း မည်သည့် ဟင်းရံမျှမပါဘဲ ဗလာဖြစ် နေ၏။
သူတို့သည် တစ်အိမ်တက်ဆင်းနှင့် ရွာစဉ်တစ်လျှောက် ဟင်းရံပန်းကန်လိုက်သိမ်းပြီးနောက် ဘုန်းကြီးကျောင်း သို့ ထမ်းပြန်လာ၏။
ကျောင်းသို့ရောက်၍ ဆွမ်းစားခန်းထဲတွင် ဟင်းရံပန်းကန်များ ထည့်ထားသည့် ကြေးလင်ပန်းကြီးကို ချမိသည် နှင့် တစ်ပြိုင်နက် ဘုန်းတော်ကြီး၏  အချစ်တော် ကလေး ရောက်လာ၏။
သူသည် ဟင်းရံပန်းကန်များကို တစ်ခုပြီးတစ်ခု စစ်ဆေးကြည့်ရှုနေရင်းမှ မည်သည့် ဟင်းရံမှ မပါဘဲ ဗလာ ဖြစ်နေသော ဟင်းရံပန်းကန်ကို တွေ့လိုက်ရသည့်အခါတွင် တောင်ကျော်အား ခပ်တည်တည် မော်ကြည့်ကာ -

' ဒီထဲက ဆွမ်းဟင်းတွေက ' ဟင်း မချက်ရသေးဘူး၊ မင်း ခိုးစားတယ် မဟုတ်လား ... ဟင် ' ဟု စွပ်စွဲ လိုက်၏။
' မင်း ပထွေးတွေက ' ဟင်း မချက်ရသေးဘူး၊ ဒီနေ့တော့ ကန်တော့ဆွမ်းပါ ' ဆိုပြီး မထည့်ဘဲနေလို့ ဒီတိုင်း ပြန်ယူလာရတာကွ၊ မင်းအမေ့လင် ငါ ခိုးစားရမှာလား '
တောင်ကျော်က ဒေါသထွက်ထွက်နှင့် ခပ်ကြမ်းကြမ်း ပြောလိုက်၏။ ရိုက်ချင်သော စိတ်ဖြင့် လက်ယား လာသည် ကိုလည်း မနည်းချုပ်တည်းထားရ၏။ တောင်ကျော်၏ ဒေါသကို ဘုန်းတော်ကြီး၏ အချစ်တော် ကလေး ထိတ်လန့်သွားပုံ ရ၏။

' ဟေ့ စကားပြောတာ ဒါလောက်တောင် မမိုက်ရိုင်းနဲ့၊ ငါ ဘုန်းတော်ကြီးကို သွားလျှောက်ရင် မင်း အတီးခံ ရမှာ ဆရာ '
တောင်ကျော် က ပမာမခန့် ပြုံးလိုက်၏။ သူ့၌ ပင်ကိုသတ္တိ မရှိဘဲ ဘုန်းကြီးအားကိုးနှင့် စွာနေခြင်း ဖြစ်ကြောင်း သိလိုက်ရ၍လည်း ပို၍ပင် အထင်သေးသွားမိ၏။ ' နေနှင့်ဦးပေါ့ကွာ' ဟူ၍လည်း ၀မ်းထဲ၌ ကြိတ်ကာ တတေးတေးထားလိုက်၏။

တစ်ကျောင်းလုံးတွင် ဘုန်းတော်ကြီး၏ အချစ်တော်ကလေး အသံသာလွှမ်းနေ၏။ သူသည် ဘုန်းတော်ကြီး နှင့် ဦးပဉ္စင်း၊ ကိုရင်များအား ဆွမ်းကပ်ရန် အတွက် ဆွမ်းတော်ပွဲကို စီစဉ် ခင်းကျင်း နေ၏။ သို့သော် သူကိုယ်တိုင် လုပ်ကိုင်နေခြင်း မဟုတ်ဘဲ အခြား ကျောင်းသားများကိုသာ အလုပ်ပေး စီမံနေခြင်း ဖြစ်သည်။ အထူးသဖြင့် တောင်ကျော်အား အငြိုးထားကာ ဖိခိုင်းနေ၏။
' ဟို စားပွဲခုံကို ဒီဘက် ရွှေ့လိုက် ' ဟို ဟင်းပန်ကန်ကို ဒီစားပွဲပေါ် တင်လိုက်' စသဖြင့် တစ်ခဏ ကလေး မျှ အနားမပေးဘဲ အဆက်မပြတ် အမိန့်ပေးစေခိုင်းနေ၏။

တောင်ကျော်မှာ ဘုန်းတော်ကြီး၏ မျက်မှောက်တွင်ဖြစ်၍ မည်သို့မျှ မတတ်နိုင်ဘဲ စေခိုင်းသမျှကို အောင့်သက်သက် နှင့် လုပ်ကိုင်နေရ၏။ သို့သော် သူ၏ စိတ်တွင်းမှမူ ' ဒီ အကောင်ကို ဒီနေ့ ရိုက်ဖြစ် အောင် ရိုက်မယ် 'ဟု ရေရွက်နေ၏။
အမှန်ကတော့ ဘုန်းကြီး၏ အချစ်တော်ကလေးသည် လူတော်ကလေးပင်ဖြစ်သည်။ သူသည် အရာကိစ္စ အားလုံး ကို သွက်သွက်လက်လက်နှင့် ချက်ချက် ချာချာ စီမံတတ်သူပင် ဖြစ်သည်။ ဘယ်ဟင်းရံမှာ ဘုန်းကြီးပွဲ နှင့် သင့်လျော်၍၊ ဘယ်ဟင်းရံမှာ ဦးပဉ္စင်းများနှင့် ထိုက်သင့်ကာ၊ ဘယ်ဟင်းရံကိုမူ ကိုရင်များ ၀ိုင်း သို့ ပို့ရမည် စသဖြင့် ခွဲခြား စီမံတတ်၏။

ဆွမ်းစားရန် အချက်ပေး ကြေးစည်ကို ရိုက်ခတ်လိုက်သည်နှင့် တစ်ပြိုင်နက် ဘုန်းတော်ကြီးနှင့် ဦးပဉ္စင်းများ၊ ကိုရင်များသည် ဆွမ်းစားခန်းထဲသို့ စုပြုံဝင်လိုက်ပြီးနောက် သက်ဆိုင်ရာဆွမ်းပွဲတွင် ၀င်ထိုင် ကာ ဆွမ်းဘုဉ်းပေးကြ၏။
ကျောင်းသားများမှာမူ မနီးမဝေးနေရာ၌ ပုဆစ်တုပ်၍ ထိုင်ကာ အေးမောင်တိုင်ပေးနေသော ' အရှင် မဟာသီလ၀ံသ' ၏ ဆုံးမစာ လင်္ကာကို လိုက်ရွတ်နေကြ၏။
' တိလောကဟု၊ မရနှိုင်းတူ၊ သက်မပြုသည်၊ သုံးဆူရတနာ၊ မာတာပီတ၊ ဆရာ စသား၊ အရှင်များကို၊ ပြစ်မှားမဆို၊ ရိုသေကြစေ။ သာမဏေက၊ သူငယ် စသား၊ တပည့်များတို့၊ မှတ်သား ကြပ်ကြပ်၊ မပြတ် သို့ပင်၊ ဆုံးမသင်သည်၊ ၀မ်းတွင် အမြဲသွတ် '

တောင်ကျော်သည် အေးမောင် တိုင်ပေးသမျှ လိုက်၍ ဆိုရင်း ဘုန်းကြီးကျောင်းကို စိတ်ပျက်နေ၏။ အလုပ် နှင့် လက် မပြတ်အောင် လုပ်ရ၍၊ ဘာအဓိပ္ပာယ်မှန်း မသိသော စာများကိုလည်း လိုက်ရွတ် နေရ၏။ သူသည် အေးမောင်တိုင်ပေးသမျှ အရှိန်မပျက် လိုက်ရွတ်နေရင်း သူ့ဘေးမှ ညိုထွေးနှင့် စုံမ ၀ှက်တမ်း ကစားနေ၏။
' သုံးဆောင်ရေနှင့်၊ သောက်ရေအိုးတွင်၊ ရေနည်းမြင်သော်၊ ခေါ်ငင်ညီညွတ် သွား၍ခပ်။ ရေခပ် သွားလည်း၊ ကစား၍သာ မနေနှင့်။ ကစား၍သာ၊ ရေမှာကြာသော်၊ သဲဒဏ် ရေဒဏ်၊ ပေးရန်မှန် သည်၊ ခံမည်သာ ကြံတော့၊ မင်းတို့ ကျော'

တောင်ကျော်သည် ညိုထွေးနှင့် စုံမ ၀ှက်နေရာမှ ယောင်ယမ်းကာ သူ့ကျောပြင်ကို စမ်းသပ်ကြည့် မိ၏။ အမယ်လေးဟဲ့ ... ဆုံးမစာကလည်း ကြောက်စရာကြီးပါကလား။
အရှင်မဟာသီလ၀ံသ၏ ဆုံးမစာ လင်္ကာပိုဒ်ရေ ၉၁လည်း ဆုံးရော ဘုန်းတော်ကြီးများလည်း ဆွမ်း ၀ကာ လက်ဖက်ရည် ကြမ်းဝိုင်းပင် ထိုင်နေကြပြီဖြစ်၏။
ဤတွင် ကျောင်းသားများအလှည့် ရောက်ပြီဖြစ်၍ ကျောင်းသားများသည် စုပြုံ၍ထကာ သူတို့အတွက် ထမင်းဝိုင်း ကို ပြင်ဆင်နေကြ၏။ ကျောင်းသားများလှသဖြင့် (က) ကြီးဝိုင်း၊ (ခ) ကွေး ၀ိုင်း၊ (ဂ) ငယ်ဝိုင်း သုံးဝိုင်းခွဲ ၍ ပြင်ရ၏။

တောင်ကျော်သည် (က) ကြီးဝိုင်းသို့ ၀င်ထိုင်လိုက်ရာ ဘုန်းတော်ကြီး၏ အချစ်တော်ကလေးနှင့် လာဆုံ နေ၏။ ဘုန်းကြီးပွဲမှ ကျလာသော ကြက်သားဟင်း ပန်းကန်သို့ အလျင်ဦးအောင် သူ လက်လှမ်း လိုက်ရာ၊ သူ့ထက် အကင်းပါး၍ လျင်မြန်လှသော ဘုန်းတော်ကြီး၏ အချစ်တော်ကလေးက ' ဒါ ငါဖို့ကွ' ဟု ဆိုကာ ကြက်သားဟင်း ပန်းကန်ကိုယူ၍ သူ့ထမင်းပွဲထဲသို့ အကုန်အစင် လောင်းထည့်လိုက်၏။
တောင်ကျော် သည် ဘာတစ်ခွန်းမျှ ပြောမနေတော့ဘဲ အနီးရှိ ကြေးစည်လက်ခတ်အဖြစ် ပြုလုပ် ထားသော တင်းပုတ်ကို လက်နှစ်ဖက်ဖြင့် စုံကိုင်လိုက်ကာ -
' ဟောဒါလဲ ... မင်းဖို့ ... ကွ 'ဟု ပြောပြောဆိုဆို ဘုန်းတော်ကြီး၏ အချစ်တော် ကလေးဦးခေါင်းသို့ ဆင့်ကာ ဆင့်ကာ ထုနှက်လိုက်၏။

သူတို့၏ ထမင်းဝိုင်းမှာ အုတ်အုတ်ကျက်ကျက် ဖြစ်သွား၍ ဘုန်းတော်ကြီးနှင့် ဦးပဉ္စင်းများ၏ လက်ဖက် ရည်ကြမ်းဝိုင်း မှာလည်း ဆူညံသွား၏။ ဘုန်းတော်ကြီး၏ မျက်မှောက်တွင်ပင် အတင့်ရဲကာ ပြစ်မှု ကျူးလွန်မိခြင်း ဖြစ်၍တစ်ကြောင်း၊ ခံရသူမှာ ဘုန်းတော်ကြီး၏ အချစ်တော်ကလေး ဖြစ်နေ၍ တစ်ကြောင်း ဘုန်းတော်ကြီးမှာ ဣနြေ္ဒမဆည်နိုင်အောင်ပင် ဒေါသ ထွက်သွားတော့၏။ သူသည် တောင်ကျော် အား မျက်ထောင့်နီကြီးနှင့် လှမ်းကြည့်လိုက်ကာ အံကြိတ်လိုက်ပြီးနောက် ' လာခဲ့' ဟု အမိန့် ထုတ်ဆင့် လိုက်၏။

တောင်ကျော် ဘုန်းတော်ကြီး၏ ရှေ့သို့ ရောက်သည်နှင့် တစ်ပြိုင်နက် ဘုန်းတော်ကြီးသည် ရှည်ရှည် ဝေးဝေး ပြောမနေတော့ဘဲ ' ထိုးလိုက်' ဟု အမိန့်ထုတ်ဆင့်လိုက်၏။
ဘုန်းတော်ကြီးသည် ဒေါသထွက်သည့်အခါ၌ စကားများများ ပြောနိုင်သူမဟုတ်၊ 'ထိုးလိုက်'ဟု တစ်ခွန်းတည်းသော စကားကိုသာ ဆိုတတ်၏။ အဓိပ္ပာယ်မှာ သူ ရိုက်တော့မည်ဖြစ်၍ အလျားမှောက် လိုက်ဟု အမိန့်ထုတ်ဆင့်လိုက်ခြင်းသာဖြစ်၏။

သို့သော် ကျောင်းသားသစ်ဖြစ်သော တောင်ကျော်မှာ ဤအဓိပ္ပာယ်ကို နားမလည်ဘဲ 'ထိုးလိုက်' ဟူသော အမိန့်အရ ဘာကို ထိုးရမည် မသိဘဲ အူကြောင်ကြောင် ဖြစ်နေ၏။
သို့သော် ဖြစ်နေပုံကို အကဲခတ်မိသော အနီးမှ ဦးပဉ္စင်းတစ်ပါးက ' အလျားမှောက်လိုက်လို့ ပြောတာကွ' ဟု ဘာသာပြန်ပေးလိုက်မှ တောင်ကျော်တွင် နားရှင်းသွားကာ ဘန်းတော်ကြီးရှေ့တွင် အလျားမှောက် ပေးလိုက် ရတော့သည်။

ဘုန်းတော်ကြီးသည် 'သေမင်းငင်' ဟု ဘွဲ့ထူးပေးထားသော နွားရိုက်သည့် ကြိမ်လုံးကြီးကို ဆွဲကိုင် လိုက်ပြီး နောက် 'ဟိနနတ္ထ၊ မဆဲကြနျင့်၊ ကြီးကငယ်သည်၊ နင် ဟယ်ကိုမျှ၊ မဆိုကြနှင့်၊ ရန်စ ချုပ်ချည်၊ ရှောင်လွှဲ ဖည်၍၊ သတ်မည်ကိုထား၊ လက်ဖျားနှင့်မျှ မတို့ကြနှင့်၊ ချစ်လှရိုသေ၊ အချင်းချင်းကို၊ သင့်တတ်စေ ဟု၊ မအေအရင်း၊ တစ်ဝမ်းတွင်းသို့၊ သားရင်းတူကွ၊ မှတ်ကုန်ကြ'လို့ ခုနပဲ ဆုံးမစာ လင်္ကာကို နင် ရွတ်ခဲ့သေးတယ်။ အခု ငါ့မျက်မှောက်မှာတောင် မရှောင်ဘဲ ထ သတ်တယ်ပေါ့ ဟုတ်လား။ သိကြ ရောပေါ့ကွာ၊ တောင်ကျော်ဆိုတာ မင်းလားကွ ... မင်းလားကွ'
ဘုန်းတော်ကြီးသည် တပည့်သားမြေးများအား ဆုံးမနေပုံမျိုး မဟုတ်ဘဲ၊ ငြိုးသူရန်ဘက် တစ်ဦးအား စိတ်ရှိ လက်ရှိ လက်စားချေနေသလို အကြင်နာကင်းမဲ့စွာဖြင့် ဆင့်ကာ ဆင့်ကာ ရိုက်နေ၏။
အသက် ၁၀ နှစ်ရွယ် ကလေးငယ်တစ်ဦးအဖို့ နွားရိုက်သော ကြိမ်လုံးမှာ အဆမတန် ဖြစ်နေသဖြင့် တောင်ကျော် မှာ ကျွဲအော် နွားအော် အော်ရင်း ထွန့်ထွန့်လူးနေ၏။

ရိုက်လွန်းအားကြီးသောအခါ သူသည် သတိလစ်ချင်သလိုလိုပင်ဖြစ်သွား၏။ သို့သော် သူသည် ချက်ချင်း အကြံကောင်း တစ်ခုကို သွားတွေ့မိကာ သတိလစ်ချင်ယောင် ဆောင်လိုက်၏။ မျက်ဖြူ ဆိုက်နေပုံမျိုးဖြင့် မျစ်စိ ကို အထက်သို့ လှန်ကာ အကြောဆွဲနေသလို ခြေထောက်နှင့် လက်ကိုလည်း ဆန့်ငင် ဆန့်ငင် လုပ်နေ၏။

' အရှင်ဘုရား ... တောင်ကျော် သတိလစ်ပြီး တက်နေပြီ ဘုရား '
တောင်ကျော် ဖြစ်နေပုံကို သတိပြုမိသော အနီးမှ ဦးပဉ္စင်းတစ်ပါးက ဘုန်းတော်ကြီးအား အရေး တကြီး လျှောက်ထားလိုက်၏။
ဘုန်းကြီးသည် ရုတ်တရက် အရိုက်ရပ်ပြီးနောက် တောင်ကျော်အား သေချာစွာ ကြည့်လိုက်ရာ၊ တောင်ကျော် မှာ ဤအရာ၌ အလေ့အကျင့် ရထားသဖြင့်၊ အဟုတ်ပင် သဘာဝကျလှသောကြောင့် ဘုန်းကြီး ၏ လက်မှ ကြိမ်လုံးပင် လွတ်ကျသွား၏။

ဦးပဉ္စင်းတစ်ပါး အပြေးသွား ခပ်ပြီး ယူလာသော ရေခွက်ထဲမှ ရေဖြင့်တောင်ုကျာ်၏ မျက်နှာကို တောက်ပေးသော်လည်း အကြောင်းမထူး။ မာလကာရွက်ကို အခူးခိုင်း၍ လက်နှစ်ဖက်ဖြင့် ပွတ်ချေကာ တောင်ကျော်၏ နှာဝ၌ တေ့ပြီး ရှူစေသော်လည်း သတိမလည်၊ အတက်မကျ။ တောင်ကျော် ဥာဏ်များပြီး တက်ချင်ဟန် ဆောင်နေသည်ကိုတော့ မည်သူမျှ မရိပ်မိကြ။
' အား ... ခုမှ သတိရတယ်၊ ဒီလို သတိလစ်ပြီး တက်နေတာကို နှာမှုတ် ပေးရင် အကောင်းဆုံးပဲ ဘုရား '
' အေး ... ဟုတ်တယ် '

သူတို့သည် ဦးပဉ္စင်းတစ်ပါး၏ နှာဘူးကို သွားယူကာ တောင်ကျော်အား နှာမှုတ်ပေးရန် ပြင်ဆင်ကြ၏။ တောင်ကျော်ကား ဤအချိန်သည် သတိပြန်လည်၍ အတက်ကျဖို့ အချိန်တော်ပြီဖြစ် ကြောင်း နားလည် လာ၏။ နှာမှုတ်ပေးလျှင် သူ အခံရ သက်သာလိမ့်မည် မဟုတ်။ မျက်ရည်တရွှဲရွှဲ၊ နှာရည်တစိုစို၊ နှာခေါင်း ထဲ ရင်ထဲမှာလည်း ယားကျိကျိနှင့် အင်မတန် အနေခက်၏။ ' ဟပ်ချိုါ် ... ဟပ်ချိုး ' နှင့် မနားတမ်း လည်း ' ချေ ' ရတတ်သေး၏။

သူသည် ' အင်း ... ' ဟူ၍ အင်းရှည်ကြီး ဆွဲလိုက်ကာ အထက်သို့ လှန်ထားသော မျက်နက်ကို တဖြည်းဖြည်း အောက်သို့ ပြန်ချလိုက်၏။ ဆန့်ငင် ဆန့်ငင် လုပ်နေသော ခြေလက်တို့ကိုလည်း ရပ်မှန်း မသိ တဖြည်းဖြည်း တန့်ရပ်လိုက်၏။
' ဟော ... သတိရလာပြီ '
ဦးပဉ္စင်းတစ်ပါးက အော်လိုက်၏။

တောင်ကျော်သည် ရုတ်တရက် ထ ထိုင်လိုက်ကာ သူ့အဖြစ်ကိုပင် မသိသော မျက်နှာပေးဖြင့် သူ့အား ၀ိုင်းနေသော ဘုန်းကြီးနှင့် ဦးပဉ္စင်းများကို ပြူးကြောင်ကြောင် လိုက်ကြည့်နေ၏။
ဘုန်းတော်ကြီးသည် ထိုင်နေရာမှ ထ လိုက်ပြီးနောက် -
' ခွေးမသား .... သူတစ်ပါးကို ရိုက်တော့ သတိမလစ်ရဘူး၊ သူ့ကို ရိုက်တော့ သတိလစ်ပြီး တက်နေ လိုက်သေးတယ် 'ဟု ပြောကာ ထွက်သွား၏။

ဘုန်းတော်ကြီး ကွယ်သွားသည်နှင့် တစ်ပြိုင်နက် သူသည် ရုတတရက် ထ ရပ်လိုက်ကာ ကျောင်း သားများရှိရာသို့ တစ်လှမ်းချင်း လျှောက်လာ၏။ သူ့မျက်နှာထား၊ သူ့ဟန်မှာ စစ်ပွဲကို အောင်နိုင် လိုက်သော စစ်သူကြီးတစ်ဦးဟန်မျိုးဖြစ်၏။ သူသည် တစ်လှမ်းချင်း လျှောက်လာရာမှ ကျောင်းသား များအား လူမိုက်ကြည့် လှမ်းကြည့်လိုက်၏။ ဘုန်းတော်ကြီး၏ အချစ်တော်နှင့်တကွ အားလုံးသော ကျောင်းသား များသည် သူ့အား ကျိုးနွံစွာ ကြည့်နေသည်ကို မြင်ရ၍ ကျေနပ်သွား၏။
တောင်ကျော် ကား ဗိုလ်စွဲလေပြီ ... ။
-----------------------------
ပြီးပါပြီ
.
>>>ဆက်ဖတ်ရန်>>> >>