ထို့ကြောင့် ဘ၀သည် ပြန်လည် စရပြန်သည်။ ဟိုက်ဒြာဘတ်တွင် နေထိုင်ပြီးနောက် အိန္ဒိယပြည် လွတ်လပ်ရေး ရသောအခါ ကျွန်မသည် အိန္ဒိယပြည် တောင်ပိုင်းနှင့် အုတ်ကမန်မြို့၌ အလုပ် လုပ် ခဲ့ပါသည်။ သူနာပြု လုပ်ငန်းကို စမ်းသပ်တည်ထောင်ရာ ကျွန်မ ပါဝင်ကူညီခဲ့ပါသည်။
အံ့သြဖွယ်ရာကောင်းသော လေယာဉ်အုပ်စု ခေါင်းဆောင် ကပ္ပတိန်လီယွန်နာတ်ချက်(စ်) ရှိုင်းယား နှင့် အလုပ် လုပ်ခဲ့ပါသေးသည်။
အံ့အားသင့်ဖွယ်ကောင်းသော ဒေါက်တာ အိုက်ဒါစကဒ္ဒါး၏ သူနာပြု ဆေးအဖွဲ့တွင် ကျွန်မသည် နှစ်အတန်ကြာ လုပ်ကိုင်ခဲ့ပါသည်။ သူမသည် အသက် ၉၀နီးပါး ရှိသည်။ သူမ၏ နောက်ဆုံး ဖျားနာခြင်းကို ကျွန်မ ပင် ပြုစုခဲ့ရပါသေးသည်။
ကာလကတ္တားမြို့၏ ညစ်ပတ်ပေရေနေသော ရပ်ကွက်၌ မာသာထရီဇာ (နိုဗယ်ဆုရှင်)နှင့်လည်း အတူ အလုပ် လုပ်ခဲ့ပါသေးသည်။ ထိုအချိန်ကာလမှာ ပျော်ရွှင်ဖွယ်ကောင်းသော အလုပ်နှင့် လက်မပြတ် လုပ်ခဲ့ ရပြီး ကျွန်မအနေနှင့် တန်ဖိုးရှိသည်ဟု ထင်မြင်ပါသည်။
၁၉၆၂ ခုနှစ်တွင် ကျွန်မသည် ဂျပန်ပြည်တွင် အလည်အပတ် ရောက်သွားခဲ့ပါသည်။ နှစ်ပေါင်းများ စွာက ကိုဒါမအား ကျွန်မ ပေးခဲ့သော ကတိကို ဖြည့်ဆည်းလိုက်ခြင်း ဖြစ်ပါသည်။ ကျွန်မသည် ကိုဒါမ၏ ဇာတိ ကျိုတိုမြို့သို့ သွားပါသည်။ ကျိုတိုသည် အေးချမ်းသာယာသော ရှေးဟောင်းမြို့ တော် ဖြစ်ပါသည်။ သူကဲ့ သို့ပင် ဂျပန်နှင့် ကနေဒါနိုင်ငံရှိ သာသနာပြုကျောင်းများ၌ ပညာသင်ကြား ခဲ့သူ သူ၏ ညီကို စုံစမ်း ရှာဖွေရာ ကနေဒါနိုင်ငံ ဗင်ကိုဘာမြို့သို့ ပြန်သွားပြီး ဖြစ်ကြောင်းကို ၀မ်းနည်းစွာ သိရှိရပါသည်။
ကျိုတိုမြို့သည် နန်းတော်များ၊ ဘုရားကျောင်းများ၊ နတ်စင်များ၊ ပန်းဥယျာဉ်များနှင့် မရေမတွက်နိုင် သော သစ်ပင်ငယ်များ တစ်ဖက်တစ်ချက်တွင် စီတန်းလျက် လမ်းမကြီးများမှလည်း အဝေးပြေး မော်တော်ကား လမ်းမကြီးများကဲ့သို့ ကျယ်ပြန့်လှပြီး အလွန်လှပသောမြို့ ဖြစ်ပါသည်။ မဟာမိတ် တို့က တစ်ကြိမ် တစ်ခါမှ ဗုံးကြဲခဲ့ခြင်း မရှိခဲ့ပါ။ ဂျပန်လူမျိုးတို့၏ အနုပညာနှင့် ယဉ်ကျေးမှုတွင် အမြင့်ဆုံးနေရာ ဖြစ်သည် ဟု ကျွန်မ ယူဆပါသည်။
ကိုဒါမက ကျွန်မသည် ကျိုတိုမြို့သို့ ရောက်ခဲ့သော် ဗုဒ္ဓရုပ်ပွားတော်တစ်ထောင် စေတီသို့ မရောက် ရောက်အောင် သွားပါဟု ပြောခဲ့ပါသည်။ ထိုနေရာသို့ သူ ရောက်နေပါမည်ဟု မဟုတ်ကြောင်း ကျွန်မက သိနေ ပါသည်။
သို့ပါသော်လည်း ကျွန်မသည် သစ်သားပြားကလေးပေါ်တွင် ထွင်းထုထားသည့် ဗုဒ္ဓရုပ်ပွားတော် ရာပေါင်း များစွာ စီတန်းလျက် ရှိသော လူသွားစင်ကြန်မှ ဖြတ်လျှောက်လာစဉ် အလွန် ထူးဆန်း သော အတွေ့အကြုံ ကို ခံစားခဲ့ရပါသည်။
ရုပ်ပွားတော်တွင် ချိတ်ဆွဲထားသော ဆည်းလည်းလေးမှ ခေါင်းလောင်းသံ ထွက်လာပြီး ထင်းရှူး တောမှ လေပြည် လေညင်းလေး ဖြတ်တိုက်လာဘိသကဲ့သို့ တိုးညင်းသော စကားပြောသံကို ကြား ရပါ၏။ ကျွန်မ၏ ရင်ထဲ တွင် အလွန်အမင်း အေးစိမ့်သွားကာ ကြက်သေသေပြီး ရပ်နေမိ၏။ ထိုအချိန်တည်းလိုပင် ကျွန်မ သည် သူ၏ စကားပြောသံကို ကြားရပါသည်။
"ဟယ်လင် ကျွန်တော်ပါ၊ ကိုဒါ ပါ၊ ကျေးဇူးတင်ပါတယ်၊ ဟယ်လင့်ကို ဘုရားသခင် စောင့်ရှောက်ပါ စေ"ဟူ၍ ဖြစ်ပါ သည်။
ကျွန်မ၏ ရင်ထဲ၌ နွေးထွေးသွားပါသည်။ ကိုဒါမ တစ်ယောက် အေးချမ်းသာယာသော ဘ၀သို့ ရောက်နေပြီ ကို သိရပါသည်။ တစ်ချိန်တည်းမှာပင် ကျွန်မသည်လည်း အေးချမ်းသာယာမှုကို တွေ့ရပါသည်။ ကျိုတိုမြို့ သည် ကျွန်မအတွက် အေးချမ်းသာယာပြီး ဆိတ်ငြိမ်သောမြို့ ဖြစ်ပါသည်။ ကျွန်မ၏ အတွေ့အကြုံကို ပြန်လည် ၍ ကျိုးကြောင်းဆင်ခြင်မှုပြုရန် မကြိုးစားတော့ပါ။ ကြုံတွေ့ဖြစ်ပျက်ခဲ့သည့်အတိုင်း လှောင်ချင် သလောက် ပြောင်လှောင်ကြပါစေ၊ ကျွန်မက ဂရုစိုက်မည် မဟုတ်ပါ။ အချို့သော အရာများသည် ဖြစ်ပျက်ခဲ့ သော်လည်း ကျွန်မတို့မှာ အဖြေ မရှိကြပါ။ အချို့သော မေးခွန်းပုစ္ဆာများကိုလည်း မည်သည့်အခါမျှ ဖြေဆို နိုင်ကြ မည် မဟုတ်ပါ။
ကျွန်မတို့ အပြင်သို့ ထွက်လာကြသောအခါ မေမေ့ဘက်လှည့်၍
" မေမေ အထဲမှာတုန်းက အသံတစ်သံ ကြားရသေးသလား" ဟု မေးရာ မိခင်က
" ဟုတ်တယ် ဟယ်လင်၊ မေမေလည်း ကြားတယ် " ဟု ကျွန်မဘက်လှည့်၍ ပြောပါသည်။
ကျွန်မမှာ ဂျပန်လူမျိုးတွေအပေါ် မုန်းတီးခြင်း မရှိကြောင်း မိတ်ဆွေများအား ပြောပြသောအခါ အချို့သော သူများ က အံ့အားသင့်ကြသည်။
ဂျပန်များကို များစွာ ကျေးဇူးတင်ရပါဦးမည်။ သူတို့အထဲ၌ လူကောင်းများ၊ ဂုဏ်ပြုထိုက်သူများ အထူးသဖြင့် " ကိုဒါမ" တို့လို လူများရှိကြပါသည်။ သူသည် ဖခင်နှင့် ကျွန်မအား သူ၏ မိသားစုသဖွယ် ဆက်ဆံခဲ့သည်။
ဂျပန်များကြောင့် မဟုတ်ပါက ကျွန်မ၏ ကလေးများနှင့် တွေ့ဆုံပျော်ရွှင်မှုကိုရမည် မဟုတ်ပါ။ တစ်သက် ပတ်လုံး ရင်းနှီးဆက်ဆံခဲ့သော မိတ်ဆွေများနှင့် တွေ့ဆုံရမည် မဟုတ်ပါ။
မြန်မာနိုင်ငံ၌ လူအများသည် ညှဉ်းပန်းနှိပ်စက်မှုများ အောက်မှ ခိုင်မြဲသော သတ္တိများ မွေးမြူ နိုင်ကြသည်ကို ကျွန်မ မြင်တွေ့ခဲ့ရသည်။ နှိမ့်ချခြင်း၊ ကူညီခြင်း၊ သစ္စတရား စောင့်ထိန်းခြင်း တို့သည် မည်မျှ တန်ဖိုး ရှိသည်ကိုလည်း ကျွန်မ လေ့လာခဲ့ရပါသည်။
ယခုအချိန်၌ ကျွန်မသည် ကျန်းမာရေး ချို့တဲ့၍ တွန်းလှည်းပေါ်၌ နေရပြီး လုံးဝ ကိုယ်လက် လှုပ်ရှားနိုင်သူမဟုတ်ပါ။ ကျွန်မသည် မိမိကိုယ်ကိုယ် ထိန်းထိန်းသိမ်းသိမ်းရှိရန် ယုံကြည်မှု ရှိသည်။ ဘုရား ရှိခိုးကျောင်းသို့ မသွားနိုင်တော့သော်လည်း ကျွန်မ ထိုင်နေရာမှ မြင်ရသော ဟောင်စလိုဟိ(သ်) မြင်ကွင်း သည် အခြား ဘုရားရှိခိုးကျောင်းတော်ကြီးများထက် သာယာလှပပါသည်။ ကျွန်မအား ဖန်တီးသူနှင့် ခွန်အား သတ္တိပေးသူသည် ထိုဒေသ၌ ရှိနေပါသည်။
ကျွန်မတွင် ကျေးငှက်ကလေးများရှိ၍ သူတို့သည် ကျွန်မအား ပျော်ရွှင်မှုကို ပေးကြသည်။ အတုံ့ အလှည့် အားဖြင့် အနည်းငယ်သာ ယူကြသည်။ ကျွန်မ၏ ဧည့်ခန်းနံရံတွင် "ကရိတ်မိုးအိမ်"မှ ပြန်လည် ရှာဖွေယူဆောင်ခဲ့သော ပန်းကန်ပြားနှစ်ချပ်ကို ချိတ်ဆွဲထားပါသည်။ ကျွန်မ၏ အိပ်ရာ ကုတင်ဘေး၌ ရိုစလင်း ပေးခဲ့သော ဗုံးအကြိမ်ကြိမ် ကြံရာတွင် ပြိုလဲခြင်း မရှိခဲ့သည့် ဗာဂျင်းမေရီ၏ ပလတ်စတာရုပ်တု ရှိနေပါ၏။
ထိုနှစ်များအတွင်း သိကျွမ်းခဲ့ရသော မိတ်ဆွေများ သို့မဟုတ် သားသမီးများထံမှ ပေးပို့သော စာများကို ယနေ့တိုင် ရရှိနေပါသေးသည်။ သူတို့ထဲမှ နှစ်ဦး သုံးဦးသည် ကျွန်မ၏ အမည် အပြည့်အစုံကို မသိကြပါ၍ မြန်မာပြည် ၏ ဟယ်လင်ဟု လိပ်စာတပ်ကြပါသည်။
မောင့်ဘက်တန်၏ ဇနီးကလည်း ကျွန်မကို ထိုနာမည်ပဲ ခေါ်လေ့ရှိပါသည်။ သူမ၏ ခင်ပွန်းသည်လည်း "မြန်မာပြည်၏ မောင့်ဘက်တန်" ဖြစ်၍ ထိုသို့ အမည်ပေးရန် သူမတွင် အခွင့် အရေးရှိပါသည်။

ကျွန်မ၏ အပျော်ရွှင်ဆုံး အချိန်များနှင့် ဆင်းရဲဒုက္ခ အရောက်ဆုံး အချိန်များသည် မြန်မာ ပြည်တွင်သာ ကြုံတွေ့ခဲ့ရသည်ဖြစ်ပါ၍ ကျွန်မကိုယ်ကိုယ် "မြန်မာပြည်၏ဟယ်လင်"ဟူ၍ပင် ခံစားမိပါသည်။
ကျွန်မမှာ တင်းတိမ်ရောင့်ရဲမှုရှိပါသည်။ ငွေကြေး ချမ်းသာမှုကို မလိုလားပါ။ ရွှေပန်းကန်နှင့် ဖြစ်ဖြစ် ငှက်ပျောဖက်နှင့်ဖြစ်ဖြစ် ထမင်းစားရပါစေ ကျွန်မ ဂရုစိုက်မည် မဟုတ်ပါ။ ကျွန်မသည် အစဉ်တစိုက်ခံယူ ကျင့်သုံးခဲ့သည့် မှန်ကန်သော စကားကို ဆို၍ မှန်ကန်သော အလုပ်ကို လုပ်ခြင်း၊ ရိုးသားဖြောင့်မတ်ခြင်း၊ ဘုရင်မ အပေါ်တွင် သစ္စာရှိခြင်း၊ တရားဓမ္မများကို စောင့်သိ ကြည်ညိုခြင်း စသည့် စည်းကမ်းချက်များ သတ်မှတ်၍ နေထိုင်လာခဲ့ပါသည်။
ကျွန်မသည် ဂုဏ်ပကာသနကို မက်၍ တစ်စုံတစ်ယောက်ထံတွင် အမှုထမ်းခဲ့ခြင်း မဟုတ်ပါ။
မြင့်မားသော တိုက်ခန်းများ အလယ်တွင် "ဂျော့" တံဆိပ်သည်လည်း မည်သို့မျှ အသုံးမ၀င်ပါ။
ကျွန်မ ထမ်းဆောင်ရမည့် တာဝန်များကို မည်သည့်အတွက် ထမ်းဆောင်ခဲ့ပါသနည်း။ တာဝန်အရ ထမ်းဆောင်ခဲ့ခြင်းသာ ဖြစ်ပါသည်။ ထိုကဲ့သို့ ထမ်းဆောင်ခဲ့သည့်အတွက် ငွေကြေး စည်းစိမ် ပုံပေး၍ မရသော အရာကို ကျွန်မ ရရှိခဲ့ပါသည်။
နိဂုံး
ဟယ်လင်သည် သူမ အလိုရှိသော စာအုပ်ကို အဆုံးသတ် မသွားနိုင်ခဲ့ပေ။ သူမ၏ နောက်ဆုံး အတွေ့ အကြုံများကို အသံသွင်းနေစဉ် အပြင်းအထန် ဖျားခဲ့၏ နာရီ အနည်းငယ် အကြာတွင် ကွယ်လွန်သွားခဲ့၏။ သူမ၏ အရိုးပြာများကို အိန္ဒိယပြည်သို့ သယ်ဆောင်ပြီး နှစ်ပေါင်း များစွာ စိတ်လက်ချမ်းသာစွာဖြင့် နေထိုင် ခဲ့သည့် ဆိုလ်ဟိမ်းမြို့အနီးတွင်ရှိသော "ကိုဒိတ်ကနယ်" တောင်ပေါ်၌ ဖြန့်ကျဲပေးရန် သူမက မေတ္တာ ရပ်ခံခဲ့သည်။ ဗာဂျင်းမေရီ ပလတ်စတာရုပ်တုကို ရိုစလင်းသို့ ပြန်လည် ပေးအပ်ရန်လည်း မှာကြား ခဲ့ပါသည်။

The end
မြန်မာပြည်၏ ဟယ်လင် ပြီးပါပြီ ဖတ်ရှုသည့် အတွက် ကျေးဇူးတင်ပါသည်။ ဟယ်လင် နဲ့ ပတ်သက်ပြီး စာဖတ်သူ ထင်မြင်ချက်လေး တွေ ဖတ်ရရင် ကျေနပ်မိမှာပါ။
လေးစားစွာဖြင့်
ရွှေစင်ဦး
မနက်ဖြန်က စပြီး ဟယ်ဘယ် ၏နေရာတွင် ဒဂုန်ခင်ခင်လေး ဘာသာပြန်သော မြေပဒေသာ ဝတ္ထု တင်ပေး ပါမယ်၊ နိုဘယ် ဆုရ အမေရိကန် စာရေးဆရာမ ပါးလ်ဘတ် Pearl S.Buck ၏ The Good Earth ဝတ္ထု ဖြစ်ပါ တယ် ။
ကျနော် ငယ်ငယ်က အကြိမ်ပေါင်း များစွာ ဖတ်ရှုခဲ့ ပြီး စွဲလန်း ခဲ့ရသော စာအုပ်ဖြစ်ပါသည်။ရွှေစင်ဦး
.