Showing posts with label ဒဂုန်ခင်ခင်လေး ဘာသာပြန် မြေပဒေသာ ဝတ္ထု. Show all posts
Showing posts with label ဒဂုန်ခင်ခင်လေး ဘာသာပြန် မြေပဒေသာ ဝတ္ထု. Show all posts
Sunday, May 2, 2010
ဒဂုန်ခင်ခင်လေး၏ မြေပဒေသာ အပိုင်း (၄၆) (ဇာတ်သိမ်း)
တနေ့သ၌ ၀မ်လန်းက ထိုဒုက္ခသယ် သ္မီးအတွက် မယ်သစ်ကိုခေါ်၍ တိုင်ပင်၏၊ ၄င်းမှာမိမိကွယ်လွန် သွားသည့် နောက် ထိုသ္မီးဒုက္ခသယ်အတွက် စိတ်မချနိုင်အောင်ရှိလေ၏၊ မိမိကဲ့သို့ဂရုစိုက်မည့်သူကို မတွေ့ သဖြင့် ၀မ်လန်းမှာအကြံတခုဖြင့် ဆေးဆိုင်တဆိုင်မှာ အဆိပ်ထုတ် တထုပ် ပင် ၀ယ်၍ ထားလေ၏၊ ၄င်း၏ အကြံမှာ မိမိကွယ်လွန်ရတော့မည်ကို သိသည်နှင့်တပြိုင်နက် ထိုသ္မီးကို အဆိပ်ကျွေး၍ သတ်ခဲ့ ရန် ဖြစ်လေ သည်။
''မယ်သစ်ငါသေသွားရင် ငါ့သ္မီးဟာ သောင်ပြင်လွှတ်တဲ့ခွေးလို ဖြစ်လိမ့်မယ်၊ ငါစိတ်မချဘူး ငါသေရင် ငါ့လို ဘယ်သူ ကမှ ဒင့်ကိုဂရုစိုက်တော့မှာမဟုတ်ဘူး အရူးမဆိုပီး ပစ်ထားကြတော့မှာဘဲ ဒင့်မှာအမေလဲမရှိ ငါ မရှိရင် ရွာရိုးရောက်ပီး စိတ်နောက်သွားမှာကို ငါစိုးတယ်၊ ဒီတော့ ဒီလိုဖြစ်မကျန် ရစ်အောင်ဟာဟောဒီ အထုပ် ကလေးကို မင်းကယူထား ဒီအထုပ်ဟာ သူခံစား နေတဲ့ဝဋ်ကို ချွတ်မဲ့အထုပ်ဘဲ ငါသေသွား တဲ့ နောက် မင်းကဒီဆေးထုပ်ကို ထမင်းထဲထည့်ပီး ကျွေးလိုက် ဒါမှ ဒင်းကလေးငါ့နောက်ကိုလိုက်နိုင်မယ်'' ဟု ပြောကာ ၀မ်လန်းသည် အဆိပ်ထုပ်ကို မယ်သစ်အား ပေးလေ၏၊ သို့သော်မယ်သစ်မှာ အဆိပ် ဖြစ်ကြောင်း သိရ သည်နှင့် တပြိုင်နက် ဆတ်ဆတ်ခါ ဖြစ်သွားလျက်။
''ပိုးလောင်းတောင် မသတ်ခဲ့တဲ့ကျမဟာ လူ့အသက်တချေင်းကို ဘယ့်နှယ်သတ်ရက်ပါမလဲ မသတ် ပါစေ နဲ့ သခင် ကျမသူ့ကို ထိန်းသိမ်းစောင့်ရှောက်ထားပါမယ်၊ ကျမ အပေါ် သခင်ကြီး ကြင်နာခဲ့ပုံတွေကို ကျမ ဘယ်ပုံ မေ့နိုင် ပါ့မလဲ ဘယ်သူမှကျမအပေါ် သခင်ကြီးလောက် မကြင်နာ ခဲ့ကြဘူး’’  ဟု ပြန်ပြောလေ၏။
သို့သော် ၀မ်လန်းမှာ ထိုစကားကို နားမ၀င်ပေ သူပြောသည့် အတိုင်းသာ အလုပ်ခိုင်း လေ၏။
“ယူသာ ထားလိုက်စမ်းပခလေးရယ် မင်းကလွဲလို့ ငါဘယ်သိုမှမယုံဘူး မင်းလဲတနေ့ကျ သေရမှာဘဲ၊ မင်းသေ သွားပြန်ရင် ငါ့သမီးကို ဘယ်သူစောင့်ရစ်မလဲ မင်းကလွဲရင် ဘယ်သူမှ မရှိဘူး၊ ငါ့ချွေးမတွေဟာလဲ သူတို့ သား သမီးကိစ္စနဲ့ သူတို့အချင်းချင်းလဲ မတည့် သားတွေကလဲ ယောက်ျားတွေဖြစ်တော့ ဒီကိစ္စမျိုးကို ပြန်ကြည့် နိုင်မှာ မဟုတ်ဘူး ငါပြောသလိုသာ လုပ်စမ်းပါ ခလေးရယ် ငါစိတ်ချသွားချင်လို့ပါ”။
နောက်ဆုံး၌ မယ်သစ်မှာ ငြင်းဆန်၍ မရတော့ဘဲ အဆိပ်ထုပ်ကို ယူထားလိုက်ရလေ ၏။ သို့ဖြင့် အချိန် နာရီ တဖြည်းဖြည်းရွေ့ညောင်းကြာမြင့်လာခဲ့လေရာ ၀မ်လန်းမှာ တနာရီ တနာရီ သေဘက် သို့ နီး၍ လာလေ ၏။
“မယ်သစ်ရေ မင့်အတွက် ပျင်းစရာကြီး ဖြစ်မနေဘူးလားကွယ်”
“ပျင်းတာ ဟာ စိတ်ချမ်းသာပီး ဘေးတောင်လုံပါသေးတယ် သခင်ကြီးရယ်”
“ငါဟာ အသက်ကြီးလှဘီနော်”
“အသက်ကြီးပေမဲ့ သစ်သစ်ကို အများကြီး ကြင်နာသားဘဲ သစ်သစ် ဒိပြင်တစ်ယောက်ထပ်ယူဘို့ စိတ် မကူး ဘူး”
ဝမ်လန်း သည် မယ်သစ် နှင့် သာ နေလေ၏၊ ရံဖန်ရံခါမှ အခြားအဆောင်များသို့ ကူးလေ၏၊ ကြာပဒုံ မှာလည်း ယခုအခါ အမယ်အို တယောက်ဖြစ်နေပြီဖြစ်ရာ ဥသြမယ်နှင့်သာ ခတ်ဧဧ နေထိုင်လျက် စားလိုက် သောက်လိုက် စကားပြောလိုက်ဖြင့်သာ အချိန်ကုန်လေ၏။
ဝမ်လန်း သည် သားများ၏ အဆောင်သို့လည်း တခါတရံရောက်၍ သွားလေ၏၊  ထိုအခါ သားများ က ပြာပြာ သလဲ လဘက်ရည် ယူသူကယူ ကုလားထိုင် ထိုးပေးသူကပေးနှင့် အလုပ်ရှုပ် သွားကြလေ၏၊ ၀မ်လန်း က “င့ါမှာ မြေးဘယ်နှစ်ယောက် များနေပလဲဟေ့”ဟုမေး၏၊ ထိုမေးခွန်းကို ပြန်ဖြေခိုက်သာ သတိ ရ၏၊
ခဏကြာသောအခါ အသက်ကြီးသူတို့၏ ထုံးစံမေ့၍ သွားပြန် လေသည်။
“ယောက်ျား ကလေး ၁၁ ယောက် မိန်းခလေးက ၈ယောက်ရှိပီ အဘေ”  ဟုဆိုလျှင် ၀မ်လန်းက ခိခိ..ခိခိနှင့် ရယ်ရင်း -
“ဒါဖြင့် တနှစ်ကို ၂ ယောက် ၂ ယောက် ထပ်ဖြေ့သွားကြကွာ ဒါမှ ငါလဲ အရည်အတွက်ကို မှတ်မိမယ်” ဟု ပြောလျက် အနီး ၌ ၀ိုင်းနေကြသော မြေးကလေးများကို ကြည့်နေပြန်၏၊ “ဒါက ငါ့အဘေ နဲ့ တူသကွ ဟောဒါ ကတော့ နန်းဝင်ယောက္ခမလိုင်ယူနဲ့ တူတယ်ဟေ့ ဒီကလေး ကတော့ ငါငယ်ငယ်တုံးက ရုပ်အတိုင်း ဘဲဟ” ဟု ပြော၏၊ ထို့နောက် မြေးများအား -
“မင်းတို့ ကျောင်းသွားကြရဲ့လားဟေ့” ဟု မေး၏။
ဟုတ်ကဲ့သွားပါတယ် ဘိုးဘိုး” ဟု မြေးများက ဖြေကြ၏။
နောက်ထပ် ၀မ်လန်းသည် မိမိ၏အဆောင်သို့ ပြန်လာခဲ့လေသည်။
နောက်ထပ် လည်း ထိုအဆောင်များသို့ မရောက်တော့ပေ တခါ  တခါ ၀မ်လန်းသည် ဥသြမယ်ကိုခေါ်၍  “ငါ့ ချွေးမ ၂-ယောက် သင့်မြတ်ကြရဲ့လားဟေ့”  ဟု မေးတတ်၏ ထိုအခါ၊ ဥသြမယ်က-
“ကြောင်၂-ကောင် လိုပါဘဲ သခင်ကြီး တယောက်နဲ့တယောက်အမြဲစောင့်နေကြတာ ပါဘဲ  သခင်ကလေး နန်းအင် လဲ ယခုသူ့မိန်းမကို အတိုင်အတောထူလွန်းလို့တယ် သဘောကျပုံ မရတော့ပါဘူး သူ့မိန်းမက တခါ လာလဲ သူ့အဘေနဲ့နေတုံးက ဘယ်လိုနေရ တယ် ဘယ်လို ထိုင်ရတယ် ဒါချည့် ထပ်ခါ တလဲလဲ ပြောနေတာ ဘဲတဲ့ သခင်ကလေးနန်းအင် နောက်မိန်းမ တယောက် ယူနေပီ လို့လဲကြားရတယ် အခု ဟော်တယ် တွေကို ချည့်သွားသွား နေတာ တွေ့ရပါတယ် သခင်ကြီး”။
“သြော် ဒါနဲ့ အိမ်ကထွက်သားတဲ့ ငါ့သားအငယ်ရဲ့ သတင်းများကော မကြားဘူးလားဟဲ့ ဥသြမယ်။”
“စာတော့မရပါဘူး သခင်ကြီး ဒါပေမဲ့ အောက်အရပ်က ပြန်လာတဲ့ လူတွေ ကတော့ သခင်ကြီးရဲ့ သားကလေး စစ်ဘက်မှာ အရာရှိရှိ တစ်ယောက်ဖြစ်နေတာ တွေ့ခဲ့ရတယ်လို့ ပြောပါတယ် သခင်ကြီး။”
“သြော်”
မိုးရာသီသို့ ရောက်လာခဲ့လေ၏၊ ၀မ်လန်းမှာ သူ့လယ်များကို ပြန်သတိရလာပြန်လေ သည်။ ထိုအခါ အစေခံ တယောက်ကို ခေါ်၍ လယ်ထဲက အိမ်သို့ စိတ်ပြေလက်ပျောက် ခေတ္တ ပြောင်းရွှေ့၍ နေလေ၏။ ထိုအိမ် ၌ အိုလင်နှင့်အတူအိပ်ခဲ့သော အခန်းထဲတွင်သာ နေလျက်၊ အိုလင် နှင့် မိမိအိပ်ခဲ့သော အိပ်ရာ ပေါ်၌သာ အိပ်လေသည်။ အိပ်ရာမှ နိုးသောအခါ လယ်ထဲ သို့ တုန်ချိ တုန်ချိ နှင့် လျှောက်၍ ကြည့် ၏၊ မက်မုံဖူး ကလေးများ မိုးမခဖူးကလေးများ ကို အပင်မှ ဆွတ်ခူးလျှက် တနေ့ပတ်လုံး လက်ထဲတွင် ဆုပ်ကိုင် ၍ ထား၏၊ 
ဝမ်းလန်းသည် တနေ့ လယ်ထဲတွင် လျှောက်ကြည့်ရင်း မိမိတို့၏ သင်းချိုင်း မြေကေးသို့ ရောက်သွား လေ၏၊ အုတ်ဂူ ကလေး များကို တခုစီ တခုစီ လျှောက်ာကည်ရင်း နောက်ကြောင်း များကို မြင်ယောင် သတိရ၍ လာလေ၏၊ ညသည သမီးကလေး ၏ အလောင်းကို ဖျာနှင့် ထုပ်၍ မိမိကိုယ်တိုင် လာ၍ မြုပ်ရသညါ့ အဖြစ် ကိုပင် ပြန်၍ သတိရလေ၏၊ ငါလဲ ဒီနေရာကို ရောက်ဘို့ တယ်မကြာတော့ဘူး ဟု တွေးကာ ထို နေရာ ပြန်ခဲ့လေ၏၊ 
ဝမ်းလန်းသည် မြို့က ပြန်ခဲ့ပြီး မိမိအတွက် ခေါင်းတလုံး ဝယ်ထားရန် အကြံပြုလျှက် သားကြီး နန်းအင် အား ခေါ်လိုက်လေ၏၊ 
ငါပြောစရာ တခု ရှိလို့ နန်းအင်၊ ဒါဖြင့် ပြောလေ ကျနော် ဒီမှာ ရောက်နေပီ၊
သို့သော် ဝမ်လန်းမှာ ပြောမည် ကြံသောအခါ ပြောရန် စကား ကို မေ့သွားလေ၏၊ သို့အတွက် မယ်သစ် အား ခေါ်၍ ငါဘာပြောမလို့ပါလိမ့် ခလေးရေ ဟု မေးလေ၏၊ ဒီမနေ့ ဘယ်ရောက်ခဲ့ ပါသလဲ သခင်ကြီး ငါလယ်ကို ရောက်ခဲ့ တယ်ကွ ။
လယ်ထဲက ဘယ်နေရာလဲ သခင်ကြီး ထိုအခါ ဝမ်းလန်းမှာ ပြန်သတိရလှက် စွတ်စိုနေသော မျက်လုံး များဖြင့် ရယ်မောရင်း အေးအေး သတိရပီဟေ့ ဒီမှာ ငါ့သား အဘေ့ အလောင်းကို မြုတ်ဘို့ အဘေ နေရာ ရွေးခဲ့ ပီကွဲ့ အဘေ အဘေ့နဲ့ ဦးလေး ရဲ့အောက် မင်းတို့ အမေရဲ့ အထက်က ချင်းနဲ့ ကပ်ပီးတော့ အဘေ့အလောင်းကို မြုပ်ကြတော့ကွယ် ဟုတ်လားဟေ့ ..ထိုအခါ နန်းအင် က ဒီစကား မပြောစမ်းပါနဲ့ အဘေ ဒါပေမဲ့ အဘေ ပြောသလို ကျနော်တို့လုပ်ပါ့မယ် ဟု ပြန်ပြော လေသည်။ ထိုနောက် နန်းအင်သည် ဘခင်ဖြစ်သူအတွက် အကောင်းစား ခေါင်းကြီး တလုံးကို ၀ယ်၍ လာလေ၏၊ ဝမ်းလန်း သည် ထိုခေါင်း ကြီး ကို သူ့ အခန်းထဲ သွင်း၍ နေ့စဉ် ကြည့် နေလေ၏။ 
ထို့နောက် ဝမ်းလန်း သည် မယ်သစ်ကို၎င်း စိတ်နောက်သူ သမီး ကို၎င်း အစေခံများကို ၄င်း ခေါ်ပြီး လယ်ထဲက အိမ်သို့ မကြခဏ လာကြည်၏ တခါ တခါ နေ့စဉ် လာနေကြမှ တရက်နှစ်ရက် မလာဘဲ နေသောအခါ ဝမ်လန်း သည် မယ်သစ်ကို ခေါ်ပြီး  ဘာတွေများ အလုပ်များလို့ မလာနိုင်ကြပါလိမ့် ဟု မေးသည် ထိုအခါ မယ်သစ်က
သခင်ကြီး သားတွေဟာ ကိုယ့်အလုပ်နဲ့ ကိုယ် မအားလပ်အောင် ရှိပါတယ် သခင်ကြီး သခင်ကြီး ရဲ့ သားကြီး က အခုမြို့ပေါ်မှာ ရပ်ရွာလူကြီး အဖြစ် အခန့်ခံရလို့ အလုပ်များနေပါတယ် သားအငယ်က အခု စပါးဒိုဖွင့်နေပါတယ် ဟု ပြန်ပြောလေ၏။
သို့သော် ဝမ်းလန်း မှာ ပြောတုန်းပြောခိုက်သာ သတိရလျှက် ပြောပြီးသော အခါ မေ့သွားပြန်၏၊ 
တနေ့တွင် ဝမ်လန်း ၏ သား၂ယောက်သည် မြို့မှ ဘခင်ကြီးကို အကြည့် အရှု့ ရောက်လာပြန်၏၊ သား၂ယောက် သည် ဘခင်ကြီး ကို ဝင်ရောက် ကြည့်ရှုမေးမြန်းပြီးနောက် လယ်များကို ကြည့်ရှု ရန် ထွက်ခွာ သွားကြ လေ၏၊
ဝမ်လန်းသည် သား ၂-ယောက် ထွက်သွားရာသို့ နောက်မှ တကောက်ကောက် လိုက်၍ သွားလေ၏။ နန်းအင် နှင့် နန်းဝင် ကား နောက်မှ သခင်ကြီး လိုက်လာ နေသည်ကို မသိကြပေ။ ၂ယောက်သား တနေရာ တွင် ရပ်လျက် လယ်များကို ကြည့်ပြီး စကားပြော နေကြ၏။
ဝမ်လန်းသည်သား ၂ယောက်အနီးသို့ ရောက်သွားသောအခါ သားအငယ်နန်းဝင်က ၄င်း၏အစ်ကိုအား ဤသို့ပြော၍ နေသည်ကို ကြားရလေ၏။
“ဟောဒီလယ် နဲ့ ဟောဒီလယ်တွေကို ဒို့ရောင်းပြစ်ပြီး ပိုက်ဆံကို မင်းနဲ့ငါဝေယူမယ် မင်းဝေစု ပိုက်ဆံ ကို ငါအတိုး ကြီးကြီး ပေးချေမယ် ပီး ငါ့စပါး တွေကို မီးရထားနဲ့ သင်္ဘောဆိပ် အရောက်ပို့ဘို့ စိတ်ကူး ထားတယ် နောက်ပီး …
ဝမ်လန်းကား “လယ်ရောင်းပစ်မယ်” ဆိုသော စကားကို ကြားလိုက်ကတည်းက ဒေါသ ကို မချုပ်နိုင်အောင် ဖြစ်သွားလျက် ကိုယ်လုံးမှာ သွက်သွက်ခါအောင် တုန်လှုပ်လာပြီး ဟေ့ ငပျင်းတွေ မိုက်လုံးကြီးတဲ့သားတွေ လယ်ကို ရောင်းပစ်မယ်  ဟုတ်လား။
ထို့နောက် စကားမဆက်နိုင်ဘဲ ရင်ထဲတွင် အလုံးဆို့လျက်ရှေ့သို့ ယိုင်ကျသွားလေ၏ နန်းအင်နှင့် နန်းဝင် သည် သခင်ကြီးကို ဆီး၍ ပွေ့ထားလိုက်ကြပြီး။
“မဟုတ်ပါဘူး အဘေ မရောင်းပါဘူးအဘေ ဘယ်တော့ မရောင်းပါဘူး” ဟု ပြောကြလေ၏ ထိုအခါ ၀မ်လန်း က
''လယ်ကိုရောင်းရင် အမျိုးပြုတ်တာနဲ့ အတူတူဘဲမင်းတို့ ဒို့တတွေတာ ဒီလယ်ကြောင့်အသက် ရှင်လာတာ ဒီလယ်ထဲမှာ ဘဲသေကြရမယ် လယ်ရှိရင် ထမင်းစားနိုင်တယ် လယ်ကိုဘယ်သူကမှ လုမယူနိုင်ဘူး'' ဟုပြောလေ၏ ထိုနောက်မျက်ရည်များလည်းပါးပြင်ပေါ်၌ ယိုစီးလိမ့်ဆင်း၍ လာလေ၏၊ သား ၂ ယောက်၏ လက်ထဲမှ ကုန်းထပြီး မြေကြီးကိုကုန်း၍ ဆုပ်လိုက်ကာ။
'' မင်းတို့ လယ်ကိုရောင်းပစ်ရင် တမျိုးလုံးပြုတ်တာနဲ့ အတူတူဘဲ'' ဟုပြောပြန်လေ၏။
ထိုအခါနန်းအင်နှင့် နန်းဝင်းသည် သခင်ကြီးကိုတဘက်တချက်မှထိမ်းကိုင်၍ထားကြလေ၏၊ ၀မ်လန်းကား လက်ထဲ၌ မြေကြီးများကို တင်းကြပ်စွာ ဆုပ်ကိုင်၍ထားလေ၏၊ သား ၂ ယောက်  ဘေးမှ နေ၍ အမျိုးမျိုး ချော့မော့ ဖြောင့်ဖြ နေကြလေ၏။
''စိတ်ချပါ အဘေ စိတ်ချပါ ကျွန်တော်တို့မရောင်းပါဘူး'' ဟုအခါခါပြောကြလေ၏။
သို့သော်ညီအစ်ကို ၂ ယောက်သည် ဤသို့ပြောကြရင်းက အလယ်မှဘခင်ကြီးကို ကျော်၍ တယောက် မျက်နှာ ကို တယောက်ကြည့်ကာ ပြုံး၍နေကြလေသတည်း။
အားလုံးအား ကျေးဇူးတင်လျှက်
ပြီးပါပြီ
.
>>>ဆက်ဖတ်ရန်>>> >>
Saturday, May 1, 2010
ဒဂုန်ခင်ခင်လေး၏ မြေပဒေသာ အပိုင်း (၄၅)
ဥသြမယ်မှာ စုံထောက်ဖြစ်လေ၏ နံနက်ဝေလီဝေလင်း အချိန်များတွင် ၀မ်လန်းအခန်းထဲမှ ထွက်၍ လာ သော မယ်သစ်ကို မြင်သူမှာဥသြမယ်ပင် ဖြစ်လေ၏ ဥသြမယ်ရိပ်မိသွားကြောင်း ၀မ်လန်း သိရသော အခါ ကြာပဒုံစိတ်မဆိုးအောင် ပြောပေးပါမည့်အကြောင်း တောင်းပန်ရလေ၏ ဥသြမယ်ကား မုတ်ဆိတ် ပျားစွဲသည့်ကိန်း ကြုံ၍နေလေ၏။
ဝမ်လန်းထံမှ ကြာပဒုံကို စိတ်မဆိုး အောင် သွားပြောပေးခအတွက် ဆုလာဘ်လက်ဆောင်များရရှိလေ၏ ကြာပဒုံက ဥသြမယ်မှတဆင့်  နိုင်ငံခြားမှလာသော နာရီတလုံး၊ လက်စွပ် ၂ကွင်းနှင့် မယ်သစ်အစား ကျွန်မ တယောက် ထပ်ဝယ် ပေးရန်နှင့် ၀မ်လန်းအားလည်း သူ့အဆောင်သို့ဘယ်တော့မှမကူးခဲ့ရန် အကြောင်းစကားပြန်ပြော လိုက်လေ၏ ၀မ်လန်းသည် ကြာပဒုံတောင်းဆိုသည့်အတိုင်း ၀ယ်ခြမ်း၍ ပေးရ လေ၏။
ဝမ်လန်းမှာ ရှက်လည်းရှက်မိလေ၏ သားများကို ပို၍ရှက်လေ၏ ထိုအခါ "ဒီအိမ်ဟာငါ့အိမ်၊ ငါ့အိမ်မှာ ငါလူကြီး၊ ငါ့ပိုက်ဆံနဲ့ ငါပေးဝယ်ထားတဲ့ မိန်းခလေးကို ငါယူတာဘာဖြစ်သလဲ"ဟု ကိုယ့်စိတ်ကိုကိုယ်ပြန်၍ ရဲဆေး တင်ရလေ၏။
သားများကား တယောက်ပြီးတယောက် ဘခင်၏အခန်းကိုလာ၍ စိစောင်းကြည့်ကြလေ၏ ပဋ္ဌမဆုံး ရောက်လာ သူမှာ နန်းဝင်ဖြစ်လေ၏ ပါးစပ်ကရမယ်ရှာ၍ လယ်အကြောင်း စပါးအကြောင်းပြောနေ သော် လည်း မျက်လုံးများမှာဘခင်ထံမရောက် အခန်းထဲ၌သာ ချာလပတ်လည်၍နေလေ၏ မယ်သစ် ကို ရှာနေမှန်း ရိပ်မိသော ၀မ်လန်းက ခတ်ပြောင်ပြောင်ပင် အထဲသို့လှမ်း၍
"ခလေးရေ-လဘက်ရည်ယူခဲ့ကွယ် ၂ခွက်ယူခဲ့ဟေ့ ကိုယ့်သားပါသောက်ဘို့"ဟု ခေါ်လိုက်လေ၏ ထိုအခါ မယ်သစ် သည် ခေါင်းကလေးကိုအောက်ချလျက် မျက်နှာကလေးနီကာ လဘက်ရည်ဘန်း ကိုကိုင်၍ ထွက်လာ လေ၏။
နန်းဝင်မှာ ဤသို့ဘခင်ဖြစ်သူက ပြောင်ပြောင်ပင်လုပ်လိုက်သောအခါ ဘာမျှမပြောနိုင်ဘဲ "သြော်-ကြားတဲ့ အတိုင်း ဟုတ်သကိုးး"ဟု အောက်မေ့ရင်း ပြန်ထွက်လာခဲ့ ရလေ၏
ဒုတိယ ရောက်လာပြန်သူမှာ သားကြီးနန်းအင်ဖြစ်လေ၏ ထိုအခါ၌ကား ၀မ်လန်းမှာ မယ်သစ်ကို ပဋ္ဌတကြိမ် က ကဲ့သို့ ရုတ်တရက်ခေါ်မထုတ်ရဲပေ၊ သားကြီး၏ ဂိုက်တင်းမာန်ပါလှသော မျက်နှာကိုသာ အကဲခတ် ၍ နေလေ၏။
နန်းအင်ကား ဘခင်ရှေ့တွင်ထိုင်လျက် ဘခင်နေကောင်း မကောင်းမေးနေလေ၏ ၀မ်လန်းက နေကောင်း ကြောင်း ပြန်ဖြေကာ သား၏မျက်နှာကို ပြန်ကြည့် လေ၏ ထိုအခါ ရွံ့ကြောက်နေခြင်းများ ပျောက်၍ သွားလေ၏ "ဒင်းဟာ လူလုံးလူထယ်ကြီး သလောက်မယားကြောက်ရတဲ့ အကောင်ဘဲ"ဟူသော အသိဥာဏ် ၀င်စားလျက် "ငါလဲဒင့်ကို ဘာကြောက်စရာရှိသလဲ"ဟု ရဲစိတ်ဝင်လာကာ အခန်းထဲသို့လှည့်၍ "ခလေးရေ -လာပါအုံးကွယ် ဟောဒီမှာ ငါ့သားတယောက် ရောက်လာပြန်ပီ လဘက်ရည်ယူခဲ့ပါအုံး" ဟု မယ်သစ် ကို လှမ်းခေါ်လိုက်လေ၏။
မယ်သစ် သည် မျက်လွှာကိုချလျက် လဘက်ရည်ဘန်းဖြင့် ထွက်လာလေ၏ ဤအကြိမ်၌ကား ပဌမ အကြိမ် ကလောက် မျက်နှာမနီတော့ပေ၊ လဘက်ရည်ဘန်းကိုချလျက် ပန်းကန်ထဲတွင် ငှဲ့ထဲ့ပေးပြီး ပြန်ထွက် သွားသော အခါ ၀မ်လန်းသည် လဘက်ရည်ပန်းကန်ကို ကောက်ကိုင်ပြီး နန်းအင်၏မျက်နှာ ကိုစိုက်၍ ကြည့်နေ လေ၏ သို့ကြည့်လိုက်သောအခါ အံ့သြခြင်း ချီးမွှမ်းခြင်း၊ မနာလိုခြင်းစသော အရိပ် အယောင် များ ထင်ရှားပေါ်လွင်နေသည်ကို မြင်ရလေ၏ လဘက်ရည်ကိုယ်စီသောက်ပြီးကြ သောအခါ နန်းအင်က "ဒါမျိုး ဖြစ်လိမ့်မယ်လို့ မထင်မိခဲ့ဘူး"ဟု ပြောလေ၏။
"ဘာလို့ မဖြစ်ရမှာလဲ ဒါငါ့အိမ်"ဟု ၀မ်လန်းကပြန်၍ပြောလိုက်လေ၏ ထိုအခါ နန်းအင်က ဟင်း-ခနဲ သက်ပြင်းကြီး ချလိုက်ပြီး အတန်ကြာမှ၊
"အဘေကချမ်းသာနေမှကိုး အဘေထင်သလိုလုပ်ပေါ့"ဟု ပြောရာက ဟင်း-ကနဲ သက်ပြင်းကြီးချ ပြန်လေ ၏။ ထို့နောက်ဘခင်ကို အားကျဟန်နှင့် သူ့အခန်းသူ ပြန်သွားလေ၏။ ထိုည၌ ၀မ်လန်းထံ သားအငယ်ဆုံး ရောက်လာပြန်လေ၏ ထိုအချိန်၌၀မ်လန်းမှာ ဖယောင်းတိုင်တွေ တင်ထွန်းထားသော စားပွဲတလုံးတွင် မယ်သစ်ကလေးနှင့်အတူ ထိုင်၍နေခိုက်ဖြစ်၏ မယ်သစ်သည် ၀မ်လန်း၏မျက်နှာကိုပြန်၍ကြည့်ပြီး ပီတိ ဖြစ်၍ နေလေ၏။
ထိုအခိုက် သားအငယ်ဆုံးမှောင်ထဲမှ ဘွားကနဲထွက်လာကာ ၂ယောက်သားရှေ့၌ လာ၍ရပ်နေလေ၏ ၎င်းမျက်လုံးများမှာ ဖရောင်းတိုင် မီးရောင်တွင် တလက်လက်တောက်ပြောင်၍ နေလေ၏ ကိုယ်မှာ အငြိမ်မနေဘဲ လှုပ်ရှားလွန့်လူး၍ နေလေ၏ ဤအချင်းအရာကိုမြင်ရသော ၀မ်လန်းမှာတခါက ရွာသားတွေ တောင်ပေါ်မှ ကြိုးနှင့်တုပ် ၍ ထမ်းလာခဲ့သော ကျားသစ်ကြီးတွန့်လိမ်နေသည်ကို အမှတ်ရမိလေ၏ သား၏ ၀င်းလက် နေသော မျက်လုံးများမှာ အဆိုပါကျားသစ်ကြီး၏ မျက်လုံးနှင့်တူသည်ဟု အောင့်မေ့မိလေ၏ ထူထဲ နက်မှောင် လှသော မျက်ခုန်းမွေးကြီးများကို ပင့်တင်လျက် ၎င်း၏မျက်လုံးများမှာ ၀မ်လန်း၏ မျက်နှာ ကို စိုက်၍ ကြည့်နေလေ၏။
 နောက်ဆုံး၌ စောင်၍ ထွက်လာသော အသံမျိုးဖြင့်- "ကျွန်တော်စစ်ထဲဝင်တော့မယ် စစ်သား သွားလုပ် တော့မယ်" ဟု ပြောဆိုလေ၏ သို့ပြောလျက်ရှိစဉ် မျက်လုံးများမှာ မယ်သစ်ကိုမကြည့် ဘခင်ကို သာကြည့်လေ၏ သားကြီးကိုလည်းမကြောက်၊ သားလတ်ကိုလည်းမရွံ့ခဲ့သော ၀မ်လန်းမှာ ထိုသားထွေး ကျကာမှ ထိတ်လန့်မိလေ၏ ထိုထိတ်လန့် ခြင်းမှာ ယခုမှပေါ်ပေါက်ခဲ့ခြင်းမဟုတ်ပေ၊ မွေးလာကာစကပင် မသိမသာ ရင်ထဲ၌ ကိန်းအောင်း လျက်ရှိလေ၏ ၀မ်လန်းမှာ စကားပြန်ပြောရန် ကြိုးစား၍ကြည့်၏ သို့သော် အသံမထွက်ဘဲ ဆွံအ၍ နေလေ၏။
"ကျွန်တော် သွားတော့မယ် အခုဘဲသွားတော့မယ်"ဟု ထပ်ပြောသံကိုကြားရလေ၏ ဤုသို့ ပြောရာက ရုတ်တရက် မယ်သစ် အား လှည့်ကြည့်လိုက်သည်ကို တွေ့ရလေ၏ မယ်သစ်ကလည်း ပြန်၍ကြည့်လေ၏ ထို့နောက် သူ့လက်ကလေးများဖြင့် မျက်နှာကိုအုပ်ထားလိုက်လေရာ ၀မ်လန်း၏ သားထွေးလည်း အခန်း ထဲ မှ ချာကနဲလှည့်၍ထွက်သွားပြီး မှောင်ထဲတွင် ပျောက်ကွယ် သွားလေ၏
အခန်းကြီး တခုလုံးမှာ ဆိတ်ငြိမ်၍ကျန်ရစ်ခဲ့လေ၏။
ဝမ်လန်းသည် မယ်သစ်အား ဖြည်းညင်းစွာလှည့် ၍ကြည့်လေ၏ ထိုနောက် ၀မ်းနည်းယူကြုံးမရသော အသံဖြင့်-
"ကိုယ်ဟာ မင်းနဲ့မတန်ဘူး ကိုယ့်အသက်ကြီးလှပီ ဟုတ်တယ် ကိုယ်သိပါတယ် ကိုယ်သိပ်အိုပီ"ဟု ပြောလိုက် ရာ မယ်သစ်သည် မျက်နှာတွင်အုပ်ထားသော သူ့လက်ကလေးများကို ခွာချလိုက်လေ၏ ထိုနောက် ရင်ထဲမှ လှိုက်လှိုက်လှဲလှဲ ထွက်ပေါ်လာသောအသံဖြင့်- "လူငယ်တွေဟာ အင်မတန် ရက်စက် တယ် သစ်သစ်တော့ လူအိုကြီးတွေမှဘဲ ချစ်တယ်"ဟု ပြန်ပြောရှာလေ၏
နောက်တစ်နေ့ နံနက်၌၀မ်လန်း၏ သားအငယ်ဆုံးမှာ အိမ်မှပျောက်ချင်းမလှပျောက်၍ သွားလေ၏ ဘယ်ဆီ ဘယ်ဌာန သို့ ထွက်ခွာသွားသည်ကိုလည်း မည်သူမျှမသိကြပေ။
သုံးဆယ့်လေး 
ဝမ်လန်းသည် မယ်သစ်ကိုချစ်၏၊ ထိုအချစ်မှာ ၅၂၈ လှေခါးထစ်တက်ခဲ့လျက် ထောင့်ငါးရာ အထက်ထပ်သို့ ရောက်၏၊ ထိုအထက်ထပ်မှာ မြင့်လှ၏ အသက်၇၀နီးနေသော ၀မ်လန်းမှာ ထိုအထက်ထပ်၌ ကြာရှည်နေ ၍ မဖြစ်ပေ၊ မူး၍လာ၏၊ မိုက်-ခနဲဖြစ်၍လာ၏ စိတ်သာ ရှိသော်လည်း ထိုမူးကနဲ မိုက်-ကနဲ ဖြစ်လာသော အားမရှိသည့် ဝေဒနာကြောင့် ကြာရှည်မနေနိုင်ဘဲ အောက်ထပ်ငါးရာ့နှစ်ဆယ့်ရှစ်သို့ ပြန်ဆင်းခဲ့ ရလေ သည်၊ ထိုအောက်ထပ်၌ ၀မ်လန်းသည် မယ်သစ်ကို သ္မီးအရင်းလိုသဘောထားကာ စိတ်ချမ်းသာ နေထိုင် လေ၏။
မယ်သစ်မှာ ၀မ်လန်းစိတ်ကြိုက်ကိုလိုက်၏၊ အောက်ထပ်၌ နေနေလှေခါးထစ်ပေါင်း ထောင့်ငါးရာ မြင့်သော အပေါ်ထပ် ၌ပင်နေနေ ကြည်ဖြူသည်သာဖြစ်၏၊ ကြည်ဖြူသဖြင့်လည်း မဖေါက်မပြန် နေလေ၏၊ ၀မ်လန်း နှင့် ပတ်သက်၍ ၀မ်လန်း၏သ္မီးစိတ်မနှံ့သူကိုပါ အရေးစိုက်၏၊ ကြင်ကြင်နာနာ ပြုစုယုရ၏။ 
ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>
Friday, April 30, 2010
ဒဂုန်ခင်ခင်လေး၏ မြေပဒေသာ အပိုင်း (၄၄)
သားသ္မီး အချင်းချင်း ကစားခုန်စားရာမှ ခလေးချင်းဖြစ်သော ရန်ပွဲမှာမကြာခဏ လူကြီးချင်းသို့ပါ ကူးစပ် လျက် ခိုက်ရန် ဖြစ်ကြရပြန်လေ၏ ခလေးအတွက်နှင့် မိန်းမ ၂ယောက်ဖြစ်ရသော ရန်ပွဲမှာ တခါလည်း မဟုတ် ၂ခါလည်းမဟုတ် အခါတရာမက အမြဲဖြစ်ပွား၍သာနေလေတော့ရာ ၀မ်းလန်းမှာ စိတ်ချမ်းသာမှူကို မတွေ့ စိတ်ညစ်မှူဖြင့်သာ အချိန်ကုန်ရလေတော့၏။
တခါတရံ မိန်းမ၂ယောက်မျက်နှာချင်း ဆိုင်မိလျှင် မျက်စောင်းတခဲခဲနှင့် နှုတ်ခမ်းတွေ စူပွလာလျက် နန်းအန် ၏ မိန်းမက အိမ်မှာ ဒီလိုမျက်နှာပြောင်တဲ့ အရှက်မရှိ အမျိုးညံ့မိန်းမ၁ယောက်ရှိနေတာ သိပ်ရင်လေး တာဘဲ ဒါကြောင့်ဟိုက ၀က်သားနီတုံးနှင့် တူတယ်လို့်ပြောသွားတာ ဒါနဲ့တောာင်မရှက်ဘူး ပြန်ရယ် လိုက်သေး စားလိုက်လျှင် နန်းဝင်၏မိန်းမက ပြန်၍ ဒါသက်သက်မနာလိုတာ သူ့ကိုရစရာမရှိတဲ့ ငါးဟင်း နဲ့နှိုင်းသွား ဒါနဲ့ လူကိုသက်သက် မနာလိုဝန်တိုနေတာဘဲဟု ပြန်ပြောရာမှ တယောက်မျက်နှာကို တယောက် ကုပ်တော့မလို ဖဲ့တော့မလို မျက်နှာမျိုးဖြင့် ကြည့်ကြလေ၏ သို့သော်နန်းအင်၏ မိန်းမမှာ တောသူ နှင့်ဖက်၍ရန်မဖြစ်လိုဟူသော သဘောမျိုးဖြင့် ရှောင်သွားတက်ခြင်းဖြင့် ဖက်သတ်ရသည့် အခြေ သို့ မရောက်ဘဲ မျက်စောင်းထိုး နှုတ်ခမ်းစူ ရန်ပွဲဖြင့်ပင် ပီးသွားတက်လေ၏ ။
သို့သော် ကလေးများအတူရော၍ ကစားမည်ပြုပြန်လျှင် နန်းအင်၏ မိန်းမ က သူ့ကလေးများအား အောက် မဆင်း နဲ့ ဒီအမျိုးညံ့ ကလေးတွေနဲ့ သွားမကစား နဲ့ ဟု တဖက်သား မခံချင်အောင် ရန်စပြန် လေ၏ ထိုအခါ နန်းဝင်၏မိန်းမကလည်း သူ့ခလေးများအား "ဒီမြွေပွေးကလေးတွေနဲ့ သွားမစား နဲ့ လို့ပြောနေ နင်တို့ကိုကိုက်လွှတ်လိုက်လိမ့်မယ် ဟိုက"ဟု ပြန်၍လက်တုန့်ချေ ပြန်လေ၏
ဤသို့ဖြင့် မိန်းမ ၂ယောက်မှာ တစောင်းမဲမဲအကဲတကြည့်ကြည့်နှင့် ဝှေ့တော့ရန် စောင်နေသော နွား ၂ ကောင်လို ဖြစ်၍နေလေ၏ မိန်းမအချင်းချင်း မတည့်သောအခါ ညီအစ်ကိုအချင်းချင်းလည်းမုန်း၍ လာကြ လေ၏။
နန်းအင်က ညီနန်းဝင်တောသူကိုဟူ၍ မိမိတို့ဂုဏ်နိမ့်ကျသည်ဟုထင်၏ ဘခင်ဖြစ်သူက ငွေရေး ကြေးရေး ကိစ္စ နန်းဝင် ကို လွှဲထားသည်ကိုလည်း သဘောမကျ မရှုစိမ့်နိုင်ပေ။
ဝမ်လန်း ပို၍ စိတ်ညစ်ရသည့် အကြောင်းတခုကား အစေခံမကလေး မယ်သစ်ကို ကြာပဒုံမျက်မုန်း ကျိုး နေသည့်ကိစ္စဖြစ်ပေ၏ မယ်သစ်မှာ ကြာပဒုံ စိတ်ပြေ ပါစေတော့ဟု မူလ က ထက် ပို၍ခယ၀ပ်တွား ကြိုးစား ပြုစုသော်လည်း ကြာပဒုံမှာ ဒေါသမပြေ မယ်သစ်ကို မုန်းမြဲမုန်းနေလေ၏။
၎င်းမှာ အိုလင် ၏ ၀ဋ်ပြန်၍လည်နေလေ၏ မယ်သစ်ကို ၀မ်လန်းနှင့် စိတ်မချ နိုင်အောင်ဖြစ်လျက် အမြဲ မနာလို ၀န်တို နေပြန်လေ၏ အခန်းထဲ၌ မယ်သစ်ရှိခိုက် ၀မ်လန်းဝင်လာလျှင် မယ်သစ်ကိုနှင်၍ပစ်၏ ထိုနောက် ၀မ်လန်းအား မယ်သစ်နှင့်အမျိုးမျိုး စွပ်စွဲပြောဆို၏ ။
ဤသို့ စွပ်စွဲခြင်း မှာ ၀မ်လန်း၏စိတ်ကို နှိုးဆ၍ပေးသလိုဖြစ်လေ၏ အစက၀မ်လန်းမှာ မယ်သစ် အပေါ်တွင် ရိုးသားဖြူစင် သော မေတ္တာဖြင့်သာ သနားမိ၏ ကြာပဒုံက ဆွပေးလိုက် သောအခါ တောင်တောင် အီအီ တွေးတော ၍ လာမိလေသည်။
မယ်သစ် မှာ အလွန်ချောသော မိန်းခလေး တယောက်ဖြစ်ကြောင်း ကိုလည်း သတိပြုမိလာလေ၏။
ကြာပဒုံ ကား အဘိုးကြီးအိုတွေ သေခါနီး ရိက္ခာယူတတ်သည့် အလေ့ကို နားလည်သိရှိသူဖြစ်လေရာ မယ်သစ် ကို ဟော်တယ်သို့ ရောင်းစား ပစ်လိုက်မည်ဟု ပြောလေ၏ သို့သော် ဥသြမယ်မှာ အသက် ကြီးလာခဲ့ပြီ ဖြစ်၍ ခိုင်း၍စီ၍ ဟန်မကျဖြစ်နေပြီး မယ်သစ်သာ မိမိ၏အလိုတော်ကို တချက်မလစ် အောင် အရိပ်ကြည့် ၍ ပြုစုနိုင်သူဖြစ်နေပြန်သောကြောင့် ကြာပဒုံမှာ အခက်ကြုံ၍ နေပြန်လေသည်၊ သို့ဖြစ်လေရာ ကြံရာမရ ခေါင်းရှုပ်လျက် ခေါင်းရှုပ်တိုင်း စိတ်တိုကာ မုန်ယိုသော ဆင်မအိုကြီးလို စိတ်ခက်ထန် ၍ နေလေ၏ ။
စိတ်ညစ်စရာ အကြောင်းတခု ထပ်၍ပေါ်လာပြန်ခြင်းကား ၀မ်လန်း၏ သားအငယ်ဆုံးမှာ တဏှာရှုး မောင်စစ်သား တို့ လူစုအိမ်၌အနေကြာသွားသည့်အခိုက် စာသင်ချင်စိတ်မှ စစ်သားဖြစ်လိုစိတ် ပြောင်း သွားခြင်း ဖြစ်လေ၏ ၎င်း၏ဆရာထံမှ စစ်ပွဲများအကြောင်းပါသော စာအုပ်များကို တောင်းယူ ဘတ်ရှု၍ နေလေ၏ ဆရာကစစ်ပွဲများအကြောင်းပြောလျှင် စိတ်ဝင်စူးစိုက်၍ နားထောင်နေလေ၏ တနေ့ သ၌ ၀မ်လန်းထံသို့ ရောက်လာပြီး "အဖေကျွန်တော်စစ်ထဲဝင်ပီး စစ်တိုက်သွားချင်တယ်"ဟု လာရောက် ပြောဆိုလေ၏ ဤအကြောင်း ကို ကြားရသောအခါ ၀မ်လန်းမှာ ကြီးစွာစိတ်ပျက်သွားလျက်
"ဘာအရူး ထပြန်တာလဲ ဒီသားရေးသ္မီးရေးကိစ္စတွေချည်း တနေ့တနေ့ စိတ်မချမ်းသာအောင် လာလာ နှောင့်ယှက် နေတယ်၊ ငါဘယ်တော့ ဒီဝတ်ကကျွတ်ရပါ့မလဲ"ဟု ပြန်၍အော်လေ၏။ နက် မှောင် ထူထဲသော မျက်ခုန်းမွှေးကြီး တွေ ကြုတ်သွားလျက် စိတ်အလိုမပြည့်ဖြစ်သွားသောသားကို တွေ့ရသောအခါ မျက်နှာ ကို ပြောင်းလိုက်ပြီး ချော့ရ ပြန်လေ၏။
"သားရာ ရှေးလူကြီးတွေ ပြောစကားရှိတယ် သံကောင်းဆိုတာ နေရာတကာမှာ အသုံးမချရဘူးတဲ့ ငါ့သား ဟာ လူလိမ်မာကလေးဖြစ်ပါတယ် ငါ့သား စစ်မြေပြင်ထွက်နေတဲ့အချိန်မှာ အဖေ ဘယ့်နှယ် လုပ် အိပ်ပျော် နိုင်ပါ့မလဲ သားရယ်"
သို့သော် သားတော်မောင်ကား သူ့စိတ်ကိုသူ ဆုံးဖြတ်ပြီးသားဖြန်နေလေ၏။
"ဘာပြောပြော ကျွန်တော်တော့ စစ်ထဲလိုက်မှာဘဲ"
စစ်ထဲ တော့ မလိုက်ပါနဲ့  သားရယ် သားဘယ်ကျောင်းသွားချင်သလဲပြော အဖေပို့မယ် အောက်အရပ်က ကျောင်းကြီး တွေကို သွားချင်သလား နိုင်ငံခြားကကျောင်းတွေကိုဘဲ သွားနေချင်သလား အဖေလွှတ်မယ် သားသဘော ကျတဲ့ ကျောင်းကိုသာပြော။ သားငယ်က ခတ်မဆတ်နေလေ၏။
"အဖေ့ကို ပြောပြစမ်းပါကွယ်၊ မင်းဘာပြုလို့ ဒါလောက်တောင် စစ်သားဖြစ်ချင်ရတာလဲ"
ထိုအခါ သူငယ်၏မျက်လုံးများသည် တောက်ပြောင်လာလျက်-
"ကျွန်တော် တို့မကြားဘူးတဲ့ စစ်ကြီးတခုဖြစ်လိမ့်မယ်အဖေ အဲဒီစစ်ကြီးမှာ ကျွန်တော်ဝင်တိုက်ချင် တယ် ဒါမှ လွတ်လပ်ရေး ရမယ်"
"လွတ်လပ်ရေး မင်းပြောတာ ငါနားမလည်ဘူးလားရာ ဒို့လယ်တွေ ဒို့မြေတွေဟာ အခုလွတ်လပ်ပြီး သား မဟုတ်လား ဒို့ပိုင်ပြီးသားမဟုတ်လား ဒါကြောင့်ဘဲ ငါပိုင်လို့ ငါအခု ငါသဘောကျတဲ့လူ ငါလယ်ငှား ချထားတယ် မဟုတ်လား နှစ်တိုင်းနှစ်တိုင်း ဒီလယ်တွေက ငါပိုက်ဆံရတယ်၊ စပါးရတယ်  ဂျုံရတယ် ဒါတွေ ကို မင်းတို့အခုစားနေရတယ်မဟုတ်လား၊ ဒီလယ်တွေကရတဲ့ပိုက်ဆံနဲ့ မင်းတို့အခု ၀တ်နေ ရတယ် မဟုတ်လား ဒါထက်ပိုပီး ဘယ်လိုလွတ်လပ်ရေးမျိုးများ လိုချင်သေးလို့လဲကွ"
"အို..... အဖေနားမလည်ပါဘူး အဖေဟာ အိုလှပီ ဒါတွေနားမလည်ပါဘူး"
ဝမ်လန်း သည် သားတော်မောင်ကိုကြည့်လျက် စဉ်းစားနေလေ၏။ ၄င်း၏စိတ်ထဲတွင် ထိုသားအား လယ်အလုပ် ကိုသာ လုပ်စေချင်၏။
"မင်းကို ငါမကြာခင် မိန်းမပေးစားမယ်"
"ဒီတော့ ကျွန်တော်ထွက်ပြေးမှာပေါ့ ကျွန်တော့်ကို အစ်ကိုကြီး နန်းအင်လို မိန်းမ မက်တဲ့ကောင်မျိုး မှတ်လို့ လား"
"အေးလေ အေးပါလေ မဟုတ်ပါဘူး မပေးစားပါဘူး မင်းမလိုချင်သေးရင် မပေးစားပါဘူး ငါပြောတာ က ကျွန်မ ကလေး တယောက်ယောက်"
"ကျွန်တော့်ကို ဒီပြင်လူတွေလို မမှတ်လိုက်ပါနဲ့ အဖေ၊ ဒါမျိုးတွေ ၀ါသနာမပါဘူး၊ ကျွန်တော့်မှာ အကြံ ရှိတယ်၊ ကျွန်တော် ကျော်ဇောခြင်းဆိုတဲ့ ဂုဏ်တခုဘဲလိုချင်တယ်၊ အဲဒီဂုဏ်မျိုးက ရှားတယ် မိန်းမတွေက ပေါတယ်"
ဤသို့ ပြောရာက တစုံတရာကို ရုတ်တရက် သတိရသကဲ့သို့-
"အိမ်မှာရှိတဲ့ ကျွန်မတွေလောက် အရုပ်ဆိုးတာ ဘယ်မှာမှ မတွေ့ဘူးဘူး၊ မယ်သစ် တယောက်ဘဲ တော်တော် ရှိတယ်"ဟု ပြောလိုက်လေ၏။
ဝမ်လန်း၏ စိတ်ထဲတွင် ထိုစကားကို ကြားလိုက်ရသောအခါ မခံချင်သလိုလို မနာလိုချင်သလိုလို ဖြစ် ၍ သွားလေ၏။ သက်ရွယ်ပင် အိုသထက် အိုသွားသည်ဟု ထင်လိုက်မိလေ၏။ သားကိုပြန်ကြည့် လိုက်သော အခါ ငယ်ရွယ်နုပျိုသော အဆင်းကို မြင်ရလေ၏၊ ထိုအခါ စိတ်ထဲတွင် သာ၍လေးသွား လေ၏။
"ဒီ ကျွန်မတွေကို ထည့်မပြောနဲ့ တော်တော့ ငါ့အိမ်မှာ ငါ့သားတွေ ကျွန်မနဲ့ ရှုပ်ရှုပ်ပွေပွေလုပ်တာ မကြိုက်ဘူး" ဟု ပြောလိုက်မိလေ၏။
ထိုအခါ သားဖြစ်သူက မျက်ခုန်းကိုပင့်ပြီး ပခုန်းကိုတွန့်လျက်-
"နို့ အဖေဘဲ ဒီစကားကို စပြောတာ ပါကလား"ဟု ပြန်ပြောပြီးလျှင် ချာကနဲ လှည့်ထွက်သွားလေရာ ၀မ်လန်းမှာ တယောက်တည်း ဒေါကြီးလျက် ကျန်ရစ်ခဲ့လေ၏။
"အို.... ငါဘယ်တော့်မှ ဒီဒုက္ခတွေနဲ့ လွတ်ပါ့မလဲ"ဟု ညည်းရာက သူ့မျက်စိထဲတွင် လှပသော မယ် သစ်၏ မျက်နှာ ကို မြင်၍နေလေ၏။
သုံးဆဲ့သုံး
တညတ၌ ၀မ်လန်းသည် ပန်းပင်တပင်အောက်၌ ထိုင်နေရင်းညဥ့်၏အရသာကိုခံ၍ နေလေ၏။ ထိုညမှာ ခါနွေဆန်းစညတညဖြစ်ရကား လေအေးသည် သင်းပြန့်သော ပန်းယနံ့များကိုဆောင် လျက် တသုံသုံ မြူးလျက် ရှိလေ၏ ၀မ်လန်းမှာ ထိုယနံ့များကို ရူရှိုက်ရသောအခါ ည၏တိတ်ဆိတ် ခြင်း၌ စိတ်ပျို ကိုယ်နု ၍လာလေ၏ အတော်ညဉ့်နက်လာသော်လည်း ထိုင်ရာမှမထဘဲ လောက သစ်၌ စိတ်ပျော်၍နေလေ၏။
ထိုခဏ၌ ၎င်း၏အနီးမှဖြတ်သွားသော သဏ္ဍာန်တခုကို အမှောင်ထဲ၌ မထင်မရှားမြင်ရလေ၏ ထိုသဏ္ဍာန် မှာ မယ်သစ်ဖြစ်လေ၏
"မယ်သစ်" ဟု လေသံဖြင့်လှမ်းခေါ်လိုက်ရာ မယ်သစ်သည် လှုပ်ရှားနေရာမှ ရပ်၍သွားလေ၏ ထို့နောက် အသံ ထွက်ပေါ်လာရာဆီသို့ ခေါင်းကလေးငဲ့လျက် ဆက်လက်နားစွင့်နေသည်ကို တွေ့ရလေ၏
"မယ်သစ် ဒီလာစမ်းခဏ" ၀မ်လန်းက ထပ်၍ခေါ်လိုက်သည်တွင် မယ်သစ်သည် သူဌေးကြီးဖြစ်ကြောင်း သိသွား လျက် ကြောက်ကြောက်ရွံ့ရွံ့နှင့် အနားသို့ကပ်လာပြီး ရပ်နေလေ၏ မှောင်လွန်းသဖြင့် ၀မ်လန်းမှာ မယ်သစ် ၏ သဏ္ဍာန်ကောင်းစွာမမြင်ရပေ၊ သို့သော် နီးကပ်စွာရပ်နေရကား မယ်သစ်၏အကျီစကို လှမ်းဆွဲ လိုက်ပြီး တုန်လှုပ်နေသောအသံဖြင့်-
"ခလေး" ဟု ခေါ်လိုက်လေ၏။
ဝမ်လန်း မှာ ရှေ့သို့စကားမဆက်နိုင်ဘဲ ရှိလေ၏ မိမိလိပ်ပြာကို မိမိရှက်၍ လာလေ၏ "ငါ့အဘိုးကြီးပါ ကလား ငါ့လိုသားတွေမြေးတွေနဲ့ လူတယောက်က ဒါမျိုးလုပ်ဘို့တော်ပါ့မလား၊ ဂုဏ်ပျက်စရာ အလုပ် တခု ကို ငါလုပ်မိပါကလား"ဟု စိတ်ထဲ၌ချီတုံချတုံဖြစ်ရင်း ၎င်း၏လက်များမှာ မယ်သစ်အကျီ စကို ကစား၍ နေလေ၏။ မယ်သစ်ကာ ကြောက်ကြောက်နှင့် ရပ်၍နေရာမှ ၀မ်လန်း၏ကိုယ်မှ ပူနွေးသောအငွေ့ကို ခံစား နေရ သောအခါ နေ၏ဒဏ်ကိုမခံနိုင်သဖြင့် ညိုးကျသွားသော ပန်းပွင့်လို မတ်တတ်မှဆောင့်ကြောင့်ထိုင် ၍ ကျသွား လေ၏။
"ခလေး"
ဝမ်လန်း၏အသံ နောက်ထပ်ထွက်ပေါ်လာပြန်လေ၏
"ခလေး-ငါအိုလှပီနော်-သိပ်အိုနေပီ"
ထိုအခါ မယ်သစ်သည် လှုပ်ရှား၍လာလေ၏။
"မယ်သစ် တော့ အဘိုးကြီးအိုမှ ကြိုက်တယ်၊ အဘိုးကြီးတွေဟာ သိပ်ကြင်နာတတ်တယ်"ဟု ပြန်ပြော လေ၏ ဤစကားကို ကြားရသောအခါ ၀မ်လန်းသည် မယ်သစ်အပေါ် အနည်းငယ်ငုံ့လိုက် ပြီး-
"မင်းလို ခလေးမကလေးမျိုးဟာ အရပ်မြင့်မြင့်နဲ့ အသက်ငယ်ငယ် လူပျိုကလေးတယောက်နဲ့မှ လိုက်တယ်" ဟု ပြောလိုက်ပြီးစိတ်ထဲကမူ အသံမထွက်ဘဲ "ငါ့သားအငယ်မျိုးကလေးလိုဟာမျိုး"ဟု ဖြည့်စွက်၍ ထည့်လိုက်လေ၏၊ ဖွင့်၍ကား မပြောရဲပေ၊ ပြောလိုက်လျှင် မယ်သစ်စိတ် တိမ်းညွှတ် သွားမည် ကို စိုးမိလေ၏ သို့သော် မယ်သစ်က...
"လူငယ် တွေဟာ အကြင်နာစိတ်မရှိဘူး အင်မတန်ကြမ်းတမ်းတယ်"ဟု ပြန်ပြောလေ၏။
ထိုအခါ မျိုသိပ်အောင့်အီး၍ ထားရသော ၀မ်လန်း၏ မေတ္တာရေအိုး မှာ လောက်စာလုံး ထိမှန်လိုက် သလို ဗြုန်းခနဲ ပေါက်ကွဲလျက် ခြေထောက်ရင်းတွင် ကြုံ့ကြုံ့ကလေး ထိုင်နေသော မယ်သစ်အပေါ် သို့ ဖိတ်စင် ၍ ကျလေ၏ မယ်သစ်၏လက်ကလေးကို ကောက်ဆွဲလိုက်ပြီး သူ့အခန်းထဲသို့ ခေါ်သွားလေ၏။
ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>
Thursday, April 29, 2010
ဒဂုန်ခင်ခင်လေး၏ မြေပဒေသာ အပိုင်း (၄၃)
ကြာပဒုံမှာ နာရီတလုံးနှင့် လက်စွပ်တကွင်း နောက်ထပ်လိုချင်နေသူဖြစ်လေရာ ၀မ်လန်းက ဤသို့ ပြောလိုက် သောအခါ နောက်ထပ်အတိုက်အခံ မလုပ်တော့ဘဲ ငြိမ်၍သွားလေ၏ ထိုအခါ ၀မ်လန်း က ဥသြမယ် ဘက်သို့လှည့်၍ "ဟိုအကောင့်ဆီကို မင်းကသွားပြောစမ်း မယ်သစ်မှာ ကုမရနိုင်တဲ့ ရောဂါကြီး တခု ရှိနေတယ်လို့ ဒီရောဂါမရွံ့ဘူး မကြောက်ဘူးဆိုရင်တော့ ယူနိုင်တယ်လို့ ဒါမှမဟုတ် သူ့ကို မယူချင် တော့ဘူး ဆိုရင်လဲ တခြားတယောက်ရှာပေးမယ်လို့ အဲဒါမင်းကသွား ပြောစမ်းကွယ်"ဟု ခိုင်းစေ လိုက်လေသည်။
ထို့နောက် ၀မ်လန်းသည် အနီးတွင်ရပ်နေကြသော ကျွန်မကလေးများကို တယောက်ပြီး တယောက် ကြည့်လျက် မောင်စစ်သားအတွက် သင့်တော်မည့် ကျွန်မကလေးကို ရှာဖွေ၍ နေလေ၏ ထိုအခါ ကျွန်မ ကလေး များသည် ရှက်ကြောက်ခြင်းကြီးလှသည်ဖြစ်၍ မနေတတ် မထိုင်တတ်ဖြစ်ကာ မျက်နှာ ကလေး များကို ငုံ့၍ ထားကြလေ၏ ၎င်းတို့အနက် အသက် ၂၀ခန့်ရှိ ပြီထင်ရသော အရပ် ထောင်ထောင် မောင်းမောင်း မိန်းခလေးတယောက်ကမူ ခစ်ခနဲရယ်လိုက်ရင်း။ "မှန်လှပါ ဒီကိစ္စကို ကျမ စမ်းကြည့် စမ်းချင် ပါတယ် သူဌေးကြီးရှင့် ဒီလူဟာဒါလောက်တောင် ကြောက်စရာ ကောင်းတယ်လို့ ကျမ မထင်ပါဘူး" ဟု ပြောဆိုလေ၏။
သို့ဖြင့် ၀မ်လန်းမှာ အလုံးကြီးကျသွားလျက် ထိုမိန်းခလေးအား မောင်စစ်သားထံ ဥသြမယ်နှင့် အတူ စေလွှတ် လိုက်ရလေ၏ ထိုအချိန်အထိ မယ်သစ်မှာ ၀မ်လန်း၏ ခြေထောက်များကို ဘက်မြဲဘက်၍ ထားလေ ၏။ ကြာပဒုံမှာ မယ်သစ် အပေါ်တွင်ကြီးစွာ ဒေါသထွက်၍နေလေရာ ထိုင်ရာမှထပြီး စကား တလုံးမျှ မပြောဘဲ အဆောင်ထဲသို့ ၀င်သွားလေ၏။
ဝမ်လန်းသည် မိမိ၏ ခြေထောက်များကို ဘက်ထားသည့်မယ်သစ်အား ညင်သာစွာ ဆွဲ၍ မလိုက်လေ၏ မယ်သစ် မှာ ၀မ်လန်းရှေ့၌ ခေါင်းကလေးကို ငုံ့၍ရပ်လေ၏ မျက်နှာကို သတိထား၍ ကြည့်မိသည့်အခါ ဖြူဖွေးသော အသားကလေးများမှာ များစွာနုနယ်လှသည့်အဖြစ်ကို တွေ့မြင် ရလေ၏ နှုတ်ခမ်းများမှာ နီရဲ နေလျက် သွေးရောင်လွှမ်း၍နေလေ၏ ၀မ်လန်းမှာ သနားလှသည်ဖြစ် ၍ ယုယကြင်နာသည့် အသံဖြင့်။
"ကိုင်း မင့်သခင်မကြီး ဒေါသဖြစ်နေတုန်း တရက်နှစ်ရက်လောက်တော့ ရှောင်နေလိုက် ခလေးရေ့ ဟိုအကောင် ကိုလဲ အမြင်မခံနဲ့ မြင်နေရင် ဂွကျနေအုံးမယ်"ဟု ပြောလိုက်ရာ မယ်သစ်သည် မျက်လွှာ ကလေး ကို ပင့်လက် ၀မ်လန်းအား အလွန် ချစ်ခင်နှစ်သက်လှသော ကြည့်ခြင်းဖြင့် ကြည့်ရာက ငြိမ်သက်စွာ ထွက်ခွါကွယ်ပျောက်၍ သွားလေ၏။
တဏှာရူး မောင်စစ်သားသည် ၀မ်လန်း၏အိမ်တွင် တလခွဲမျှနေလေ၏ ထိုတလခွဲအတွင်း ၀မ်လန်း ပေးစား ထားသော ကျွန်မကလေးနှင့် ပေါင်းသင်းနေထိုင်လျက် အထက်က အမိန့်ကျလာ သဖြင့် သူ့စစ်တပ် နှင့် အတူ ပြောင်းရွေ့ထွက်ခွာ၍ သွားလေ၏ ၎င်းတို့ပြောင်းရွှေ့ထွက်ခွာသွား သောအခါ ကျွန်မကလေးကို ထားခဲ့ လျက် ၀င်းဝ၎င်းတို့ စခန်းချသွားရာ အဆောင်များမှာ နွားတအုပ်ဝင်ရောက် ဖျက်ဆီး သွားဘိ သကဲ့သို့ ညစ်ပတ်ပေကျံယိုယွင်းပျက်စီး၍ ကျစ်ရစ်ခဲ့လေ၏။
တဏှာရူး မောင်စစ်သားသည် ထိုအိမ်ကြီးမှထွက်ခွာသွားတော့မည်ရှိသောအခါ သေနတ်ကိုထမ်း၍ အားလုံး ရှေ့တွင် ရပ်ရာက။
"ခင်ဗျား တို့ဆီ ကျုပ်ပြန်ရောက်မလာတော့ဘူးဆိုရင် ကျုပ်အဘေအတွက် မြေးကလေး တယောက် ထားပစ်ခဲ့ တယ်ဗျို့ တခြားလူတွေဆိုရင် ရောက်ရာအရပ် တလနှစ်လ ကလေး နေရတုန်း ဘယ်ကျုပ်လို ခလေး တယောက် ထားပစ်ခဲ့နိုင် မလဲ ကျုပ်ကတော့ စစ်သားမို့လို့ ဒီနေရာမျိုးမှာ တဘန်း သာသွားတယ် သူထွက်သွား ပေမဲ့ သူချပစ်ခဲ့တဲ့မျိုးစေ့ကို နောက်ကရေလောင်း ပျိုးထောင် ပေးမဲ့လူက အဆင်သင့် ဟား- ဟား- ဟား-ဟား"ဟု ရယ်ရင်း သူ့စစ်တပ်နှင့်အတူ ထွက်ခွာ၍သွား လေ၏။
သုံးဆယ်နှစ်
တဏှာရူးမောင်စစ်သား ထွက်ခွာသွားသောအခါ ပျက်စီးယိုယွင်း၍ ကျန်ရစ်ခဲ့သော အဆောင် အယောင် များကို လက်သမားများခေါ်၍ ပြင်ဆင်ရလေ၏ ပန်းပင်များက အသစ်စိုက်ပျိုးရလေ၏ ရေကန် ကလေးများကို အမှိုက်သရိုက်ဆယ်၍ အသစ်ပြုပြင်ရလေ၏ တနှစ်အတွင်းတွင် အိမ်ကြီးမှာ မူလကအတိုင်း ပြန်လည် စိုပြေတင့်တယ်လှပလျက် နတ်ဥယျာဉ်ကြီးတခုသဖွယ် ဖြစ်လာပြန်လေ၏
တဏှာရူး မောင်စစ်သားပေါင်းသင်း၍ ထားပစ်ခဲ့သော ကျွန်မခလေးအား ၀မ်လန်းသည် မောင်စစ်သား ၏ မိခင် အခန်းသို့ ပို့ထားလျက် ထိုမိန်းမကြီး၏ ဝေယျာဝစ္စကို ပြုလုပ်စေလေ၏။
ဝမ်လန်း စိတ်ဧချမ်းသာယာ သွားရသောကိစ္စတခုကား အဆိုပါကျွန်မကလေးသည် သားယောကျာ်း ကလေး မမွေးဘဲ မိန်းမလေးတယောက်သာ မွေးဖွားခြင်းဖြစ်လေ၏ ယောကျာ်းကလေးသာ မွေးခဲ့ ချေသော် ဆွေအခွင့်အရေး မျိုးအခွင့်အရေးများနှင့် စပ်လျဉ်း၍စကားပြောရမည့် ကိစ္စများပေါ်ပေါက် လာဘွယ် ရှိလျက် ယခုမူမိန်းခလေးသာ မွေးသဖြင့် ကျွန်မ က မွေးသော ကလေးသာဖြစ်သွားပြီးလျှင် ၀မ်လန်း အတွက် တာဝန်ကြီးတခုလည်း ပေါ့၍သွားလေတော့၏။
သို့သော် ၀မ်လန်းသည် တခါတည်းပစ်ပစ်ခါခါကား မလုပ်ရှာပေ ကျွန်မကလေးအား အကယ်၍ ၎င်း၏ ယောက္ခမ မိန်းမသူကြီး ကွယ်လွန်ခဲ့သည်ရှိသော် ထိုယောက္ခမကြီးနေခဲ့သည့် အခန်းနှင့် အိပ်ရာ ခုတင် များကို အပိုင်စား ပေးမည်ဖြစ်ကြောင်းနှင့် ဂတိပေးထား၏ ထိုမျှမက ငွေများပင်လည်း ပေးပေသေး၏ ကျွန်မ ကလေးလည်း ကျေကျေနပ်နပ် ပင် ရှိလျက်၊ ငွေများကို ပေးသောအခါ၌မူ လက်မခံဘဲ။
"ဒီငွေတွေကို ကျမနောက်အိမ်ထောင်ပြုတဲ့အခါ ခန်းဝင်ပစ္စည်းအဖြစ်တင်ဘို့ သခင်ကြီးဆီမှာဘဲ သိမ်းထား စေချင် ပါတယ် သခင်ကြီးနောက်ပီးတော့လဲ ကျမကို လယ်သမားတယောက်ယောက်နဲ့ ဘဲဖြစ်ဖြစ် ရှာဖွေပေးစား စေလိုပါတယ် သခင်ကြီး"ဟု ပြောဆိုလေ၏ ထိုအခါဝမ်လန်းက အလိုရှိ သည့်အတိုင်း ဆောင်ရွက် ပေးမည်ဟု ဂတိပြုလေ၏ ဤသို့ ဂတိပေးမိရင်း ဆင်းရဲသောကျွန်မ ကလေး၏ အဖြစ် ကိုကြည့်ကာ တခါကမိမိလည်း ဆင်းရဲသားကျွန်မကလေး အိုလင်ကိုလာ၍ တောင်းခဲ့ရသည့်အဖြစ်ကို ပြန်တွေးမိ လျက် အိုလင်ကိုပြန်ပြောင်း သတိရမိရင်း ရင်ထဲ၌ဆို့၍လာ လေ၏
"အေးအေး ဟိုဘိန်းစားမကြီး သေရင် မင်းကိုငါယောကျာ်းတယောက် ရှာပေးစားပါမယ် ဒီမိန်းမကြီး သေဘို့ လဲ သိပ်မဝေးလှတော့ပါဘူး"
ထို့နောက် နေ့ရက်တွေရွေ့လျား၍ လာခဲ့လေ၏၊ တနေ့သ၌ ကျွန်မကလေးသည် ၀မ်လန်းထံ ရောက် လာပြန်ပြီ။
"ကိုင်း-ကတိအတိုင်း ဆောင်ရွက်ပေးပါတော့ သခင်ကြီးကျမယောက္ခမတော့ ညကအနိစ္စရောက် သွားပါပြီ ကျမဘဲ ခေါင်းသွင်းထားခဲ့ပါပြီ"ဟု ပြောဆိုလေ၏
ဤတွင် ၀မ်လန်းမှာ ထိုကျွန်မကလေးနှင့် သင့်တော်မည့် ယောကျာ်းတယောက်ကို စဉ်းစား စိတ်ကူး ရှာဖွေ ရလေ၏ သို့စိတ်တွေးကြည့်သည့်အခါ တခါက "ချင်း"သေဆုံးရသည့် ကိစ္စတွင် လက်သယ် တရားခံ ဖြစ်ခဲ့ဘူးသော လယ်လုပ်သားတယောက်ကို ပြေး၍မြင်မိလေ၏။
"အဆုံးမတော့ တမင်သက်သက် သေပါစေတော့လို့ လုပ်တာမဟုတ်ပါဘူး ဒင်း-အလုပ်နားမလည် လို့ ချင်း က နားလယ်အောင် တက်လုပ်ပြရင်း သူ့ဘာသာ သူသေကံရောက်ရတာဘဲ"ဟု တွေးရင်း ထိုသူနှင့် ပေးစားရန် ကြံရွယ်လျက် လူတယောက်ကို လယ်ထဲသို့စေလွှတ်ပြီး သူငယ်ချင်းကို အခေါ် ခိုင်းလိုက် လေ၏။
ထိုသူငယ်ရောက်လာသောအခါ ၀မ်လန်းသည် မိမိမိန်းမတောင်းလာစဉ်က သူဌေးကတော်ကြီးထိုင် ၍ မိမိတို့ကို စကားပြောခဲ့ဘူးသော နေရာတွင်ပင် သွားထိုင်လျက် ထို ၂ ယောက်ကို မိမိရှေ့သို့ ခေါ်ယူလေ၏ ၂ ယောက် အတူလာ၍ ရပ်နေကြသောအခါ ၀မ်လန်းက။
"ကဲ-အဲဒါ မင်းမိန်းမဘဲဟေ့ ဒီသူငယ်မလေးဟာ ငါဦးလေးသားနဲ့တော့ ညားပီးပီ မင်းယူချင်ရင် ယူ နိုင်တယ်" ဟုပြောလိုက်ရာ လယ်သမားကလေးမှာလည်း မိမိအခြေအနေအလိုက် ထိုမိန်းမမျိုး ထက် သာလွန်သော မိန်းမတယောက်ကို မရနိုင်တော့သည့်အတိုင်း ကျေးဇူးတင်စွာနှင့်ပင် ပေါင်းသင်းပါမည်ဟု ပြောဆို လေ၏။
ထိုကိစ္စ ပြီးစီးသွားသောအခါ ၀မ်းလန်းသည် မိမိအဖြစ်ကို မိမိပြန်လည် တွေးတောနေလေ၏၊ လူ့ဘ၀၌ လိုအင်ဆန္ဒကို တောင်တသည့်အတိုင်း မယွင်းမသွေရရှိခံစားခဲ့ရသူမှာ မိမိပင်ဖြစ် သည်ဟု တွေးတောမိ၏၊ ယခုအခါ မိမိမှာဆင်းရဲသား လယ်သမားတယောက်ဘ၀က ထောက်တခုန်မင်ခဲ့သော ဆန္ဒအတိုင်း ယခုအခါ အစစအရာရာ ပြည့်စုံ၍နေချေပြီ ပိုက်ဆံလည်း ချမ်းသာခဲ့ပြီ မိမိနေလိုသော အိမ်ကြီး၌လည်း နေနိုင်ခဲ့ပြီ၊ သားတွေ သ္မီးတွေ မြေးတွေနှင့်လည်း သိုက်သိုက်ဝန်းဝန်းကြီး နေထိုင်ရပေပြီ၊ အသက်လည်း ၆၅-နှစ်သို့ နီးနေလေပြီ၊ မိမိတွင် လူအိုတို့ဘာဝ ဧဧချမ်ချမ်း စိတ်ဧလက်ဧ နေဘို့သာရှိတော့၏၊ သား အငယ်ဆုံး ကို နေရာချပြီး သည့်နောက်၌ကား မိမိမှာတာဝန်ကြီးကြီးမားမား တခုမျှရှိတော့မည်မဟုတ်ပေ။
သို့သော် ၀မ်လန်းမှာ မိမိတွေးထင် မှန်းဆသည့်အတိုင်း သုခချမ်းသာကို မရရှိနိုင်သေးပေ၊ တဏှာရူး မောင်စစ်သား တို့လူစု လာရောက်မွှေနှောက်သွားခြင်းမှာ "ငိုချင်ရက်လက်တို့" ဆိုဘိ သကဲ့သို့ နဂိုရ်ကမှ သင့်မြတ်ခြင်း မရှိခဲ့သော နန်းဝင်နန်းအင် ညီနောင် ၂ယောက်၏ ဇနီး ၂ ယောက်အကြားမှ မီးပွား ရန်စနက် ကို လေပင့်၍ ပေးသွားသလို ဖြစ်လေ၏ ။
ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>
Wednesday, April 28, 2010
ဒဂုန်ခင်ခင်လေး၏ မြေပဒေသာ အပိုင်း (၄၂)
သို့သော် ၀မ်လန်းဦးလေ၏ သားကော ငါ့ဆွေမျိုးဘဲ ဟူသော သဘောဖြင့် အခန်းထဲသို့ ရောက်အောင် ၀င်လေ၏။ လက်ထဲ၌ လှံစွပ်ကြီးကို ကိုင်လျက် ၀င်းကနဲဝင်းကနဲ နေအောင် ၀င့်ရင်း အခန်းထဲ ရှိရှိသမျှ မိန်းခလေး များကို တယောက်မကျန် လိုက်၍ ကြည့်လေ၏။ နန်းအင်မှာ တထိတ်ထိတ်နှင့် နောက်မှ လိုက်ရ ရှာ လေ၏။ လှံစွပ်ကြီးကြောင့် ဘာစကားမှ မပြောဝံ့ ဒေါသကို မျိုသိပ်ချုပ်တီး၍သာ ထားရလေ၏။ တဏှာရူး မောင်စစ်သားကား စပ်ဖြဲဖြဲမျက်နှာထားနှင့် လူစေ့ အောင် ရှောက်၍ ကြည့်ရာက မိန်းခလေး များမှာ ချစ်စရာကောင်းအောင် လှကြပါပေသည်"ဟု ချီးမွမ်းပြောဆို၍ နေလေ၏။
နန်းအင်၏ မိန်းမရှေ့သို့ ရောက်သောအခါ။
"တကဲ့ကို ချောတဲ့ မိန်းမဘဲဟေ့ မြို့သူကလဲဖြစ် ခြေထောက်ကလေးများကလဲ သေးလိုက်တာ ကြားဖူး ကလေးတွေ ကျနေတာဘဲ" ဟု ပြောလေ၏။ နန်းဝင်၏ မိန်းမရှေ့သို့ ရောက်သောအခါ၌ ကား။
"ဒါကတော့ တောကထွက်တဲ့ မုံလာဥနီထွားထွားကြီး ကျနေတာဘဲ၊ ၀က်သားနီတုံးကြီးနဲ့ လဲတယ် တူ" ဟု ပြောလေ၏။
နန်းအင်၏ မိန်းမမှာ ရှက်သဖြင့် ခေါင်းငုံ့နေနေသော်လည်း၊ မုံလာဥနှင့် အနှိုင်းခံရသော နန်းဝင်၏ မိန်းမ ကမူ ပျော်တတ်သူတယောက်ဖြစ်သည့်အတိုင်း ပြန်၍ရယ်မောရာက။
“ဟုတ်တယ် တချို့ကတော့ အဲဒီမုံလာဥနီမျိုးတို့ ဒါမှမဟုတ် ၀က်သားနီတို့မှဘဲ အရသာ တွေ့တယ်ရှင့်”ဟု ပြန်ပြော လိုက်လေ၏ ထိုအခါ တဏှာရှုးမောင်စစ်သားက-
“ကျုပ်လိုပေါ့” ဟုပြောကာ၊ လက်ကိုဘမ်းကိုင်တော့မည့်အသွင် လုပ်လေ၏။
ဤအခြင်းအရာ ကိုမြင်ရသော နန်းအင်မှာ အရှက်ကြီးရှက်၍ သွားလေ၏ အထူးသဖြင့် ဇနီးသယ်ကို ပို၍ှ ရှက်မိလေ၏ မိန်းမတန်မဲ့နှင့် စကားလက်တုံ့ပြန်နေသော ခယ်မနှင့် ရိုင်းစိုင်းလှသော အဘေ့ ဦးလေး၏ သားကို တပြန်စီကြည့်ပြီး မိမိဇနီး ကိုပြန်၍ကြည့်လေ၏ နန်းအင်၏ စိတ်ထဲတွင် မည်သို့ ဖြစ်နေသည် ကို ရိပ်မိသော မောင်စစ်သား က အရွံ့တိုက်လျက်။
“ကျုပ်သာ ဆိုရင် ဟောဟိုကဟာလို အရသာမရှိ ဧစက်နေတဲ့ ငါးဟင်းမျိုးကိုစားမဲ့အစား ၀က်သားနီဟင်း ကို စားမှဘဲ” ဟု ပြောလိုက်ပြန်ရာ နန်းအင်၏ မိန်းမသည် အိနြေ္ဒကြီးစွာဖြင့် ထလျက်ကပ်နေသော အခန်း ထဲသို့ဝင်သွားလေ၏ ထိုအခါ မောင်စစ်သားက အက်ကွဲသော အသံကြီးဖြင့် ရယ်လိုက်ရင်း။
“ဒီမြို့သူတွေဟာ အင်မတန်ကို ကိန်းကြီး ခန်းကြီး နိုင်တယ်မဟုတ်လားသခင်မကြီး”ဟု ကြာပဒုံအား လှမ်း၍ မေးလိုက်လေ၏ ထို့နောက်ကြာပဒုံ၏ မျက်နှာကို သေချာစွာကြည့်လျက်။
“သခင်မကြီး ကလဲ တယ်ဖြောင့် နေပါကလား ကိုဝမ်လန်း ဘယ်လောက် ချမ်းသာနေတယ်ဆိုတာ သခင်မကြီး ကြည့်လိုက်တာနဲ့ သိတာဘဲ ၀လိုက်တဲ့ အသားတွေကလဲ တောင်ကြီးတွေလို ကျနေတာဘဲ အစားကောင်း အသောက်ကောင်း စားပီး တကဲ့ သူဌေးကတော်ကြီး ဖြစ်နေတော့တာ ကိုး”ဟု မြှောက်ပြန် လေ၏
ကြာပဒုံမှာ သခင်မကြီး အခေါ်ခံရသဖြင့် အကျေနပ်ကြီး ကျေနပ်သွားကာ ဟား...ဟား...ဟား..ဟား နှင့် ရယ်လိုက် ရင်း။
“တယ်ဒီအကောင် ငါ့ကို နောက်ပြန်ပါပြီ”ဟုဆိုကာမျက်စောင်းကလေး ချီနေလေ၏
တဏှာရှုး မောင်စစ်သားသည် ထိုအခန်းထဲမှထွက်ခဲ့ပြီးနောက် သူ့အမေအခန်းသို့သွားလေ၏
အိပ်ရာထဲ တွင် ဘိန်းမှိန်း နေသော မိခင်အားမြင်သောအခါ၊
“သားတစ်ယောက်လုံး ရောက်လာတာ အိပ်နေနိုင်လွန်းတယ်” ဟု နှုတ်ဆက်လေ၏ သူ့မိခင်သည် သားဖြစ်ကြောင်း သိရသောအခါ ဘိန်းပြောင်းကိုထိုး၍တည်လေ၏ သို့သော် မောင်စစ်သားသည် ဘိန်းရှုရန် ငြင်းဆန်လျက် ခဏမျှ ထိုအခန်းထဲ၌ ထိုင်နေပြီးနောက် သူ့နေရာသို့ပြန်လေ၏။
ထိုနေ့မှ စ၍ ၀မ်လန်းတို့အိမ်သားများမှာ တထိတ်ထိတ်နှင့် အသက်ဘယ်ထားရမည်မသိ ဖြစ်နေလေ၏ စစ်သားများ တည်းခိုခန်းချနေသော အဆောင်များကား ပျက်စီးချင်သလို ပျက်စီး၍ နေလေ၏ သစ်ပင်များ ကို ချိုးဖဲ့၍ ပစ်ကြ၏ ကုလားထိုင်ကြီးများ ကို ဘွတ်ဘိနပ်ကြီးများဖြင့် တက်နင်းကြ၏ ရွှေငါးကလေးများ မွေးထား သော ရေကန်များကို ဖျက်ဆီး၍ပစ်လေ၏ ငါးကလေးများမှာ ရေကန်ထဲတွင် ပုပ်ပွကာ ပေါလော ပေါ်၍ နေကြလေ၏ သို့သော်ဝမ်လန်းမှာ ၎င်းတို့ထက်ဦးလေး၏ သားကိုပို၍မုန်းတီးမိလေသည်။
မောင်စစ်သား ကား၊ အိမ်တအိမ်လုံးတွင် အစိုးရနေလေ အခန်းမှန်သမျှ ပိုင်စိုင်း ပိုင်နင်း ၀င်ထွက်သွားလာ၍ နေလေ၏ ကျွန်မကလေးများကို အမြဲမျက်စောင်းထိုး၍ နေလေ၏ မိမိတို့၏ ဇနီးများကိုပါ စိတ်မချသဖြင့် ၀မ်လန်းနှင့် တကွ သားများအမြဲစောင့်ကြပ် ဂရုစိုက်၍နေကြရလေရာ အအိပ်ပျက်ဖြစ်လျက် မျက်တွင်း ဟောက်ပက် ကလေးများနှင့် ဖြစ်နေကြရလေ၏ ဤတွင်ဥသြမယ် က အကြံတခုရလေ၏
“ဒါလောက်တောင် စိုးရိမ်ထိတ်လန့်မနေရအောင် သူ့ကိုကျွန်မကလေးတယောက်ယောက် ပေးထား လိုက် ပါလား သူဒီမှရှိတုန်း” ဟု ပြောလေ၏။
“ဒီအကြံကောင်းတယ်”ဟု ၀မ်လန်းက ထောက်ခံလေ၏ ထို့နောက် ဥသြမယ်အား မောင်စစ်သား ထံ လွှတ်လျက် ကျွန်မကလေးများအနက် မည်သည်ကျွန်မကို ကြိုက်သည့် အကြောင်းမေးခိုင်း လိုက်လေ၏ ဥသြမယ် သည် မောင်စစ်သားထံသွားရောက်မေးမြန်းခဲ့ပြီးနောက် ၀မ်လန်းထံ ပြန်လာလျက် မောင်စစ်သား က ကြာပဒုံသခင်မကြီး ၏ အခန်းထဲ၌ အိပ်သည့် ကျွန်မကလေးကို အလိုရှိသည်ဟု ပြောလိုက် ပါကြောင်း နှင့် ပြန်ကြားလေ၏။
ဤ ကျွန်မကလေးကား အခြားမဟုတ် တခါက ရေကြီး၍ ငတ်မွတ်နေသဖြင့် ၀မ်လန်းထံ သ္မီးကလေးများကို လာရောင်း ကြသည့်အနက် ကြာပဒုံက အ၀ယ်ခိုင်းသဖြင့် ၀ယ်ယူထားလိုက် သော မယ်သစ် အမည်ရှိ ကျွန်မ ကလေးဖြစ်၏ မယ်သစ်မှာ အခြားသောကျွန်မကလေးများနှင့်မတူ ငယ်ရွယ်နုနယ် လှသည်ဖြစ်၍ အလုပ်ကြမ်း များမလုပ်ရ ကြာပဒုံ အတွက် ဆေးလိပ်ညှိပေးခြင်း၊ လဖက်ရည် ယူပေးရခြင်းစသည့် အလုပ်ကလေး များလောက်သာ လုပ်ရလေ၏ ။
ဥသြမယ် လည်း မောင်စစ်သားထံမှပြန်လာပြီး ၀မ်လန်းအား ထိုအကြောင်းကို ပြောပြနေသည့် အချိန်ဝယ် မယ်သစ်မှာ လဖက်ရည်ဘမ်းကိုကိုင်လျက်  ကြာပဒုံအနီး၌ ရပ်လျက်ရှိလေရာ မိမိကို မောင်စစ်သား အလို ရှိကြောင်း ကြားလိုက်ရသည်နှင့် တပြိုင်နက်လက်ထဲမှ လဘက်ရည်ဘမ်းမှာ လွတ်ကျသွားလေ၏ လဘက်ရည် ခရား မှာ အစိတ်စိတ်အမွှာမွှာ ဖြစ်သွားလျက် ကြမ်းပေါ်တွင် လဘက်ရည်တို့သည် အိုင်ထွန်း ၍ စီးဆင်းသွားကြကုန်၏ သို့သော်မယ်သစ်မှာ ကြောက်လန့်ခြင်း ဖြင့် သွေးမွှန်နေသူ ဖြစ်ရကား လဘက်ရည် ဘမ်းလွတ်ကျ ၍ လွတ်ကျမှန်း မသိ ကြာပဒုံ၏ ခြေထောက်ရင်းတွင် ဒူးထောက်လျက် ဦးခေါင်း ကို ကြမ်းငြဖ့် အခါခါထိကာ “သခင်မကြီးဘုရား ကျွန်မ ဒီအလုပ်မလုပ်ပါရစေနဲ့၊ ကျွန်မကို မခိုင်းပါနဲ့ သူ့ကို ကျွန်မကြောက် လွန်းလို့ပါ သခင်မကြီး ဘုရား”ဟု တောင်းပန်လေ၏ သို့သော် ကြာပဒုံ မှာ နားမ၀င် ဥသြမယ်ဘက် သို့လှည့်၍ “ဒီကျွန်မကို သူ့ဆီ ခေါ်ပို့လိုက်”ဟု ခိုင်းလိုက်လေ၏။
ထိုအခါ မယ်သစ်မှာ တကိုယ်လုံးဆတ်ဆတ်တုံလာလျက် လက်ကလေး ၂ဘက်ကိုယှက်ကာ မိမိ အား ချမ်းသာပေး ပါရန် အမျိုးမျိုးငိုယိုတောင်းပန်၍ နေလေ၏ အနီးရှိလူများကိုလည်း အားကိုး အသနားခံသည့် မျက်နှာ ကလေးဖြင့် လူစေ့အောင်လျှောက်၍ ကြည့်ရှာလေ၏။
ဝမ်လန်း၏ သားများကား ကြာပဒုံ၏ အမိန့်ကို ၀င်ရောက် ကန့်ကွက်ပြောဆိုခြင်းဌာ မ၀န့်ကြပေ ထိုနည်း တူစွာ ၎င်းတို့၏ ဇနီးသယ်ကလေး များမှာလည်း မပြောဝံ့ကြရကား အားလုံးငြိမ်၍ နေကြလေ၏ ၀မ်လန်း၏ သားအငယ်ဆုံး ကား နက်မှောင်တူထဲလှသော သူ့မျက်ခုံးကြီးများကို ကြုတ်လျက် လက်ပိုက်ကာ မယ်သစ်ကို စိုက်ကြည့် နေလေ၏ သို့ဖြစ်လေရာ မယ်သစ်၏ သနားစဖွယ် ငိုယိုတောင်းပန်နေသံမှာ အခန်းတခုလုံး တွင် ငြိမ်သက်ခြင်းကို ဖေါက်ထွင်းလျက် စူးယှကျယ်လောင်စွာ ထွက်ပေါ်နေလေ၏။
သနားတတ်သော ၀မ်လန်းမှာ အိနြေ္ဒမဆောင်နိုင်လောက်အောင် မျက်နှာပျက်၍ နေလေ၏ ကရုဏာ ပြင်းပြ နေသည့်အရိပ်အရောင်မှာ သူ့မျက်နှာတါင် မဖုံးကွယ်နိုင်အောင် ယှက်သန်း၍နေလေ၏ မယ်သစ် သည် ၀မ်လန်း၏မျက်နှာကိုမြင်သောအခါ ခြေထောက်ကိုပြေး၍ ဖက်လေ၏ မျက်နှာကို ခြေခုံပေါ်၌ နှစ်လေ၏ မယ်သစ်၏ မျက်ရည်များမှာ ၀မ်လန်း၏ခြေဖမိုး ပေါ်တွင် အိုင်ထွန်း၍နေလေ၏ ကိုယ်ကလေးမှာ တဆတ်ဆတ် တုံနေလျက်၊ ၀မ်လန်း၏စိတ်ကို အရေပျော်၍ သွားစေလေ၏ ၀မ်လန်းမှာအသက်ဝင်၍ လာလေ၏။
“ဟဲ့ဥသြမယ်သူ့အလိုမတူဘဲနဲ့ အတင်းတိုက်တွန်း လို့ မကောင်းဘူးထင်တယ်ကွယ်”
ထိုအခါ ကြာပဒုံ က ၀င်၍ “ဒီကခိုင်းတဲ့အတိုင်း လုပ်ရမယ် ဘာအရူးထတာလဲ မိန်းမမှန်ရင် ဒီကိစ္စမျိုး တနေ့ကျ ကြုံရမှာချည်းဘဲ”ဟု ပြောလေ၏ ၀မ်လန်းကပြန်၍ “နေပါအုံးကွယ် ဒိပြင်နည်းနဲ့ တတ်နိုင် အုံးမလား ကြည့်ကြစမ်းပါအုံး မင်းအတွက် ငါနောက်ထပ် ကျွန်မ တယောက် ထပ်ဝေ ပေးပါ့မယ် ဒီကိစ္စ ကိုတော့ တခြားနည်းနဲ့ ဖြစ်အောင်လုပ်နိုင်မလား ကြည့်ကြစမ်း ပါအုံးဟဲ့ မင်း လိုချင်တာ ငါဝယ် ပေး ပါ့မယ်”
ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>
Tuesday, April 27, 2010
ဒဂုန်ခင်ခင်လေး၏ မြေပဒေသာ အပိုင်း (၄၁)
ဝမ်လန်းမှာ နန်းဝင်ကို အခြားသားများထက် ပို၍ သဘောကျမိသည့် အချက်တခုကား နန်းဝင်၏ လက်ထပ် ပွဲ ကျင်းပသည့်အခါ နန်းဝင်ကိုယ်တိုင် ငွေအသုံးအစွဲကို သေချာစွာ ဂရုစိုက် သုံးစွဲနေ ခြင်းပင် ဖြစ်ပေ၏။ မကုန်သင့် သည့်နေရာ မကုန်ရအောင် မသုံးတန် သည့်နေရာ မသုံးရအောင် ငွေနည်းနိုင်သမျှ နည်းရန် ကိုယ်တိုင် စစ်စစ်ဖါဖါ စီမံလျက်ရှိသည်ကို တွေ့ရလေ၏။ မင်္ဂလာဆောင် သို့ လာရောက်ကြသည် ဧည့်ပရိသတ်များကိုပင် အတန်းအစားခွဲ၍ ကျွေးမွေးလေ၏။ မြို့ပရိသတ် ကို မြို့နှင့်လိုက်အောင် ကျွေးမွေး လျက် တောပရိသတ်ကို မြို့စာမကျွေး တောစာသာ ကျွေး၏။
ငွေဖြင့်၎င်း ပစ္စည်းဖြင့်၎င်း လက်ဖွဲ့ကြသည့် ပစ္စည်းများကိုလည်း သေချာစွာ ဂရုစိုက်လက်ခံလေ၏။ အိမ်ရှိ အစေခံများကို မင်္ဂလာဆောင် အထိမ်းအမှတ်အဖြစ်ဖြင့် ဆုလာဘ်များ စွန့်ကြဲဝေငှသည့် အခါ၌လည်း စွန့်ကြဲသည် ဆိုရုံမျှ တပြားတချပ် စွန့်ကြဲလေရကား ဥသြမယ်မှာ ငွေစကလေး ၂စသာ ရရှိသဖြင့် မကျေ မနပ် ဖြစ်နေလေ၏။
"သူဌေးသား တယောက်လုံး လုပ်နေပြီးတော့ ဒါလောက်တောင် ကပ်စေးနဲ့ဘို့ မလိုပါဘူးတော် ဒီလို ကပ်စေးနဲ တဲ့ အပြုအမူမျိုးကို တခြားလူတွေမြင်ရင် ဒီအိမ်ကြီးမျိုးနဲ့ တန်တဲ့လူတွေ မဟုတ်ဘူးလို့ ပြောကြ လိမ့်မယ်"ဟု ဥသြမယ် ပြောလိုက်သည်ကို သားအကြီး နန်းအင်က ကြားရလေ၏။ ထိုအခါ ရှက်၍ သွားလေ၏။ ဥသြမယ်အား အသာလက်တို့၍ ခေါ်ကာ မိမိ၏အိတ်မှ နှိုက်၍ ငွေထပ်ပေး လိုက်ရရင်း ညီအငယ် နန်းဝင်အား စိတ်ဆိုးမိလေ၏။ သို့ဖြင့် မင်္ဂလာစ၍ ဆောင်သည့်နေ့မှာပင် အချင်းချင်း စိတ်ဝမ်းကွဲ မှုများ ပေါ်၍လာလေ၏။
နန်းအင်ကား နန်းဝင်၏ ကပ်စေးနဲမှုကို ရှက်သည်တကြောင်း သတို့သမီးမှာ မြို့သူတယောက် မဟုတ်ဘဲ တောသူ ဖြစ်နေ၍ ရှက်လှသည်တကြောင်းကြောင့် ၎င်း၏မိတ်ဆွေများကို မင်္ဂလာဆောင် သို့ အားလုံး မဘိတ် ဘဲ အနည်းငယ်မျှလောက်သာ ဘိတ်ကြားလေ၏။
"ဒီအကောင်ဟာ အဖေ့ အခြေအနေနဲ့ ကျောက်စိမ်းခွက် ကလေးမျိုးကို ရနိုင်ရက်သားနဲ့ မြေအိုးမှ ရွေးယူ တယ်"ဟုလည်း ပြောဆိုသေး၏။ ညီနှင့် ခယ်မက လာ၍ ကန်တော့သောအခါ နန်းအင်သည် ခပ်တည် တည် ပင် ပြန်၍ ခေါင်းငြိမ့်ခြင်း ပြုလေ၏။ ၎င်း၏မယားကလည်း ခေါင်းငြိမ့်သည်ဆိုရုံမျှ ပြန်၍ ခေါင်းငြိမ့် လိုက်လေ၏။
သို့ဖြင့် တအိမ်လုံးတွင် စိတ်ဆန္ဒတမျိုးစီ ဖြစ်နေကြလျက် တယောက်သဘောနှင့် တယောက် မတိုက် ဆိုင်ဘဲနေခဲ့ကြရာ၌ အားလုံးထဲတွင် အပူအပင်မရှိ သောကဗျာပါ ကင်းဝေးချမ်သာသူကား တယောက်သာ ရှိလေ၏။ ၎င်းမှာ ၀မ်လန်း၏ မြေးကလေး ဖြစ်လေ၏။ ၀မ်လန်းမှာ နေ့စဉ်နှင့်အမျှ ထိုမြေးကလေးနှင့်သာ ကစား ခုန်စား၍ နေလေ၏။ ထိုမြေကလေး တယောက်ထံမှသာ သုခ ချမ်းသာကို ရရှိလေ၏။
နန်းအင်၏ ဇနီးသည် အဆိုပါ သားလေးကလေး၏ နောက် တနှစ်လျှင် တသားကျ မှန်မှန်ကြီး မွေး၍ နေလေ၏။ သားတယောက်ရတိုင်း ကျွန်မတယောက်ထပ်၍ ၀ယ်လေ၏။ သို့ဖြစ်လေရာ အိမ်ကြီးမှာ တနေ့ တခြား လူဦးရေ တိုးပွားများပြားလာလျက် ကျွန်ယောက်ျား ကျွန်မိန်းမ သားမြေး ချွေရံတို့ဖြင့် သိုက်သိုက် ၀န်းဝန်း မြိုင်မြိုင် ဆိုင်ဆိုင်ကြီး ဖြစ်၍လာလေ၏။ ထိုအတွင်း နန်းဝင်၏ ဇနီးသည် ပဋ္ဌမဆုံး သမီးဦးလေး တယောက် ဖွားမြင်ရရှိခဲ့လေသတည်း။
ဝမ်လန်းမှာ မြေးကလေးတယောက် တိုးလာတိုင်း  တိုးလာတိုင်း သဘောကျ ကျေနပ်၍ နေလေ၏။ တယောက် ယောက်က "ဟော နန်းအင် မိန်းခလေး မွေးပြန်တော့မယ်၊ ပါးစပ်ပေါက်တယောက် တော့ နောက်ထပ် တိုးလာအုံးတော့မှာဘဲ"ဟု ပြောလိုက်လျှင် ၀မ်လန်းသည် အားရပါးရ ရယ်မော လျက် "တိုးပေစေဗျာ တိုးပေးစေဗျာ ဆန်တွေ အများကြီး ရှိတယ်၊ လယ်တွေ အများကြီး ရှိတယ်" ဟူ၍ သာ ပြန်ပြော လေ့ရှိ၏။ ၅နှစ်အတွင်း ၀မ်လန်းတွင် မြေးယောက်ျားကလေး လေးယောက် မြေးမိန်းကလေး ၃ယောက် ရရှိခဲ့ လေ၏။
ထိုနှစ်ဆောင်းရာသီကား ခါတိုင်းဆောင်းရာသီများနှင့်မတူ အထူးသဖြင့် အဧဓာတ်ပြင်းထန်၍ နေလေ၏။ အနှစ် ၃၀ အတွင်း ဤလ လော်ကချမ်းအေးသော လမျိုးကို မကြုံဘူးခဲ့ချေ။ မြို့တံခါး အနီး ပတ်လယ်မှ ကျုံးများ မှာ ရေခဲလျက် လူများမှာ ထိုရေခဲများပေါ်တွင် ဖြတ်သန်း၍ပင် သွားနိုင် ပေ၏။ အရှေ့မြောက်မှ အေးစက် သောလေပြေမှာ အမြဲသဖြင့်  တိုက်ခိုက်ပက်ဖြန်းနေလျက် မည်သည့်ထူထဲသောစောင်မှ ချုံကွေး ၍ မနွေးနိုင်အောင် ရှိလေ၏။ ၀မ်လန်းတို့အိမ်ကြီးတွင် အခန်း တိုင်း မီးလင်းဖိုများ ဖို၍ ထားရလေ၏။
ထိုအချိန်တွင် ၀မ်လန်း၏ ဦးလေးနှင့် ၎င်း၏ မိန်းမမှာ ဘိန်းတန်ခိုးဖြင့် နတ်စည်းစိမ် အခံစားလွန်ကြ သည်ဖြစ်၍ အိပ်ရာထဲ၌ တုတ်ချောင်းကို လှဲထားသည့်အလား ပိန်ချုံးအားပြတ်၍ နေကြလေ၏။ ဦးလေး ဖြစ်သူမှာ လှုပ်လိုက်တိုင်း ပါးစပ်မှ သွေးကျ၍ နေလေ၏။ ကြာရှည်မခံတော့မည် မဟုတ် ကြောင်း သိရသော ၀မ်လန်း သည် လင်မယားနှစ်ယောက် အသေမှ ဖြောင့်ပါစေတော့ဟု ခေါင်း နှစ်လုံးဝယ်ယူပြီး သူတို့ နှစ်ယောက် မြင်နိုင်သည့် နေရာမှာ သွား၍ ထားလေ၏။
ထိုအခါ ဦးလေးဖြစ် သူက ကျေးဇူးတင် စကားပြေလေ၏။ ဦးလေး၏ မိန်းမကလည်း
"ငါသေရင် ငါ့သားကို မိန်းမကောင်းကောင်း ရှာပေးစားပါမယ့်ကို ဂတိပေးစမ်းပါ"ဟု ဂတိတောင်း လေ၏။ ၀မ်လန်းက ပြောသည့်အတိုင်း ဆောင်ရွက်ပါမည်ဟု ဂတိထားလိုက်လေ၏။
တနေ့တွင် ၀မ်လန်း၏ ဦးလေးသည် အိပ်ရာထဲ၌ သေလျက် ရှိသည်ကို အစေခံမိန်းမက တွေ့ရ လေရာ ၀မ်လန်း သည် ဆီးနှင်းတွေ ဖုံးလွှမ်း မှိုင်းညှို့နေသော နေ့တနေ့၌ ဦးလေး၏ အလောင်းကို သင်းဂြိုဟ် လိုက်လေ၏။ ဘခင်၏အလောင်းနှင့် ယှဉ်၍ မြှုပ်နှံပြီး ၀မ်လန်းနှင့် အိမ်သူအိမ်သားသည် ၀မ်းနည်းခြင်း အထိမ်း အမှတ်အဖြစ်ဖြင့် တနှစ်တိတိ အ၀တ်ဖြူများကိုသာ ၀တ်ဆင်၍ စိတ်ဆင်းရဲ အောင် လုပ်ခဲ့သူတဦး ကွယ်လွန် ဇာတ်သိမ်းသွားပြီးသဖြင့် ၀မ်လန်းမှာ တနည်းဝန်ပေါ့ စိတ်ချမ်း သာသွားမိ၏။ ထုံးစံရှိသဖြင့်သာ အ၀တ်ဖြူ ၀တ်လျက် ၀မ်းနည်းခြင်း အထိမ်းအမှတ်ကို ပြရခြင်း ဖြစ်၏။
ဦးလေး သေသွားသောအခါ ဦးလေး၏မိန်းကို မြို့ကအိမ်သို့ ပြောင်းရွှေ့ထားလေ၏။ ၎င်းအတွက် အခန်းတခန်း သပ်သပ်ပေးထားပြီး အစေခံတယောက်နှင့်အတူ ထားရှိလေ၏။ ၀မ်လန်းသည် အိပ်ရာထဲတွင် ဘိန်းပြောင်း ကို မချဘဲ အမြဲသဖြင့် မှိန်းနေသော မိန်းမကြီးကို မြင်ရသောအခါ သူဌေးကြီးဟွံ ၏ ဇနီး ဘိန်းစားမ သူဌေးကတော်ကြီးနှင့် တူလှလေချင်းဟု အောက်မေ့ထင်မြင်မိလေ သတည်း။
အခန်း (၃၁)
"အဖေ စပါးဈေး ဆန်ဈေးတွေ တက်ကုန်ပြီ အဖေရဲ့ အောက်ဘက်မှာ စစ်ဖြစ်နေပြီတဲ့"
တနေ့သ၌ နန်းဝင်သည် စပါးဒိုင်မှ ပြန်လာပြီး ဘခင်ကြီး ၀မ်လန်းအား စစ်ဖြစ်သည့်အကြောင်းကို ပြောပြလေ၏။
"ကျွန်တော်တို့တော့ စပါးတွေ လှောင်ထားမှာဘဲ စစ်နီးလာလေလေ စပါးဈေးတက်လေလေ ဖြစ်မှာ ဘဲ ဒီတော့မှ ထုတ်ရောင်းရအောင်"ဟု နန်းဝင်က ဆက်လက်အကြံပေးလေ၏။
ဝမ်လန်းကား ထိတ်လန့်ခြင်းမရှိ ထမင်းစားမြဲ စားနေကာ "အေး စစ်ဆိုတာ ကြားသာကြားဘူးတယ် ငါတခါမှ မမြင်ဘူးဘူး၊ ကြည့်ဘူးကြုံဘူးတယ်ရှိအောင် ကြည့်လိုက်ချင်တယ်ကွာ"ဟု ပြန်ပြောလေ၏။ ၀မ်လန်း ကား တခါက ထိုစစ်ကို ကြောက်ရွံ့ ထိတ်လန့်ခဲ့ဘး၏။ ယခုမူ အသက်ကလည်းကြီး ပစ္စည်း ကလည်း ပြည့်စုံနေပြီဖြစ်၍ ယခင်တခါက ကဲ့သို့ စစ်ကူလီလုပ်ရ အဆွဲခံရမည့်ဘေးမှ ဝေးခဲ့ပြီးဟု ကြောက်လန့်ခြင်း မရှိတော့ပေ။ သို့ဖြစ်လေ ရာ များစွာ ဂရုမစိုက်ဟန်ဖြင့် "ဒို့ စပါးတွေ ကိစ္စတော့ မင့်သဘော အတိုင်းဘဲ မင်းတော်သလိုသာ ကြည့်လုပ်"ဟု ပြန်ပြောလိုက် လေ၏။
ထိုရက်များအတွင်း၌ ၀မ်လန်းသည် မြေးများနှင့်သာ ပျော်၍ နေလေ၏။ တနေ့သ၌ လမ်းထဲသို့ စစ်သားတွေ ၀င်လာ သည်ကို တွေ့ရလေ၏။ ထိုအချိန်၌ ၀မ်လန်း၏ မြေးကလေးတယောက်သည် ၀င်းဝ၌ အစေခံ တယောက်နှင့် ရပ်လျက်ရှိရာ လမ်းထဲသို့ စီတင်း၍ လျှောက်လာကြသော စစ်သားများကို မြင်သည့်အခါ ၀မ်လန်း ထံ ပြန်ပြေး၍ လာပြီး-"ကြည့်စမ်း ကြည့်စမ်း ဘိုးဘိုး ဘာတွေလဲ မဆိုနိုင်ဘူး" ဟု ပြောလေ၏။
ဝမ်လန်းသည် မြေးကလေး၏ လက်ကိုဆွဲလျက် ၀င်းဝသို့ လိုက်ကြည့်သောအခါ တလမ်းလုံး တမြို့လုံး ပြည့်နေသော စစ်သားများကို မြင်ရလေ၏။ စစ်သားတိုင်းမှာ လှံစွပ်ကြီးတွေ တပ်ထားသော သေနတ်များကို ထမ်း လျက် ၎င်းတို့၏ မျက်နှာထားများမှာ ကြမ်းတမ်း ခက်ထရော်ခြင်း ရှိကြ၍ ရိုင်းစိုင်းသော အမူအရာ များမှာ လူငယ်ကလေးများသာ ဖြစ်သည်ကို  တွေ့ရလေ၏။ အချို့မှာ လူငယ်ကလေးများသာ ဖြစ်သည်ကို တွေ့ရလေ၏။ ၀မ်လန်းသည် မြေးကလေးကို အနီးသို့ ဆွဲယူလျက် "အထဲဝင်ကြစို့ ငါ့မြေး သူတို့ကို ကြည့်နေလို့ မဖြစ်ဘူး လာ လာ တံခါးတွေ ပိတ်ထားရအောင်" ဟု ပြောနေစဉ် စစ်သားများ အနက်မှ တဦး သော စစ်သားသည် မြေးအဘိုး ၂ယောက်ကို မြင်သွားလေ၏။
ထိုသူက "အောင်မယ် ဟိုမှာ လက်စသတ်တော့ ငါ့အဘေရဲ့ တူကြီး ပါကလားဟ"ဟု အော်၍ ပြောလိုက်လေ၏။ ၀မ်လန်းသည် ထိုစစ်သားကို လှည့်ကြည့်လိုက်သည့်အခါ ဦးလေး၏သား ဖြစ်နေသည်ကို တွေ့ရလေ၏။ ၎င်းမှာ စစ်ဝတ်စစ်စားများနှင့် ဖြစ်နေလျက် မျက်နှာမှာ ယခင်ကထက် ပို၍ အမြင်ကပ်စရာ ကောင်းနေ လေ၏။ ၀မ်လန်းလှည့်ကြည့်သည်ကိုမြင်လျှင် အဆိုပါ ဦးလေး၏သား တဏှာရူး မောင်စစ်သား သည် ၎င်း၏ အဖေါ်များအား "ဟေ့ ရဲဘော်တို့ ဒို့ဒီမှာ နားကြမယ်ဟေ့ အဲဒါကိုယ့်ဆွေမျိုးအိမ်ကွ"ဟု ပြောလိုက်သည်ကို တွေ့ရလေ၏။
ဝမ်လန်းမှာ ထိတ်လန့်ခြင်းဖြင့် ငေးငိုင်လျက်ရှိနေစဉ် တဏှာရူး မောင်စစ်သားခေါင်းဆောင်သော စစ်သားများ သည် အိမ်ထဲသို့ တပြုံကြီးဝင်၍ လာကြလေ၏။ ကန်ဘောင် ကျိုးပေါက်၍ ရေလုံးကြီး ရိုက်ဝင်လာ သည့်အလား စစ်သားများသည် ၀င်းဝမှ အလုံးလိုက် အခဲလိုက် ၀င်ရောက်လာကြပြီးနောက် အခန်း ရှိသမျှ ၀င်ရောက်ကြကာ လှဲသူလှ အိပ်သူအိပ် ရေကန်ကလေးများထဲမှ ရေကို လက်နှင့် ကုန်း သောက်သူ ကသောက် တံတွေးထွေးသူ ကထွေးနှင့် ဗြောင်းဆန်သွားလျက် အချို့မှာ နန်းအင် ၀ယ်ထားသော စားပွဲကြီးများပေါ်တွင် လှံစွပ်ကြီးများကို ပစ်ချကြလေ၏။ အိမ်ကြီးတခုလုံးမှာ ၎င်းတို့ ၀င်လာခြင်း ဖြင့် အုပ်အုပ် အုပ်အုပ်နှင့် ကာလပျက်သလို ဖြစ်သွားလေ၏။
ဝမ်လန်းမှာ ကြက်သေ သေ၍ ရပ်ကြည့် နေမိရာမှ  အသက် ၀င်လာကာ မြေးကလေးကို ဆွဲပြီး နန်းအင် ရှိရာသို့ ပြေးခဲ့မိ၏။ နန်းအင်မှာလည်း စစ်သားများနှင့် အဘေ့ဦးလေး၏ သားကို မြင်ရ သောအခါ "ဒါးတွေ ကိုယ်စီနဲ့ ပါလား အဘေ" ဟုသော ပြောနိုင်လျက် ငေးကြည့်နေပြီးနောက် မည်သို့မျှ မတတ်နိုင် တော့သည့်အတိုင်း ကောင်းမွန်စွာပင် နှုတ်ဆက်ရလေ၏။
"ဧည့်သည်နဲနဲတော့ ပါလာတယ်ဗျို့"
"အို  ကိစ္စမရှိပါဘူး ရှေ့ခရီးဆက်မသွားခင် စားရအောင် တို့ထမင်းတောင် ချက်ကျွေးလိုက်အုံးမယ်"
"ထမင်းတော့ ချက်ပါလေ ဒါပေမဲ့ သိပ်တော့ အလောသုံးဆယ် မလုပ်ကြပါနဲ့ ကျုပ်တို့ဘယ်မှ သွားကြအုံးမှာ မဟုတ်ပါဘူး တလ ဘဲကြာမလား တနှစ်ဘဲကြာမလား ၂နှစ်ဘဲ ကြာမလား မသိ သေးဘူး ဒီမြို့ထဲဘဲ အထက် က အမိန့်မကျမချင်းနေရမှာမို့ ကျုပ်တို့အိမ်မှာ ချက်ချင်း ထွက်သွားဘို့ စိတ်မကူးဘူး အေးအေး ပေါ့လဗျာ"
ဝမ်လန်းတို့သား အဘကား ရင်ထဲတွင် လေး၍ သွားလေ၏။ သို့သော် အရောင်ထွက်နေသော ဒါးများကို မြင်ရသော အခါ မျက်နှာအမူအရာကို အားခဲ၍ ပြုံးကြရလေ၏။
"အို ဒါဖြင့် နေရာကျတာပေါ့"ဟု ပြောဆိုရကာ နန်းအင်သည် ထမင်းချက်ပြုတ်ရန် စီမံဦးမည်ဆို လျက် ဘခင်၏ လက်ကို ဆွဲပြီး အတွင်းဆောင်သို့ ၂ယောက်သား သုတ်သုတ်သုတ်သုတ်နှင့် ပြန်ခဲ့ ကြလေ၏။ တံခါးကိုလုံအောင် ပိတ်လိုက်ပြီးနောက်၊ တယောက်မျက်နှာကို တယောက် စိုက်ကြည့် နေမိကြလေ၏။ ထိုအခိုက် နန်းဝင်သည် အလုပ်မှ အူးယားဖါးယား ပြန်ရောက်လာပြီး တံခါးကို အပြင်မှ ခေါက်ပြန်လေ၏။ တံခါး ကို ဖွင့်ပေးလိုက်သောအခါ အထဲသို့ မောကြီးပန်းကြီး ၀င်လာလျှက်။
"စစ်သားတွေ နေရာတိုင်းမှာ ရောက်နေကြပြီ အဘေ အိမ်တွေလဲ ဆင်းရဲသားအိမ်ကော ဘာကော မချန်ဘူး အကုန် တက်နေကြတာဘဲ ကျွန်တော် အခုပြန်လာတာဟာ သူတို့တတွေ တကယ်တော့ သူ့အိမ် စစ်သားတွေတက်နေပြီကြားလို့ အိမ်ပြန်ပြေးတာ အိမ်ရောက်တော့ တအိမ်လုံး စစ်သားတွေ ပြည့်နေပြီး ဖျားနေတဲ့ သူ့မိန်းမ အခန်းထဲလဲ ၀င်နေကြတာ တွေ့တယ်။ သူက မနေဘို့ ပြောတော့ ဒါးနဲ့ ပြန်ထိုး လိုက်တာ တခါထဲ ဟိုဘက်ဒီဘက်ကို ထုတ်ချင်းခတ် ပေါက်သွားတာဘဲ၊ သူတို့ ဘာလိုချင်လိုချင် ကျွန်တော်တို့ ပေးမှဘဲ စစ်သားမြန်မြန် တခြားဘက် ရောက်သွားပါ စေလို့ ဆုတောင်းကြရုံဘဲရှိတယ်"ဟု ပြောလေ၏။
ထိုနောက် ၃ယောက်သား ကြောက်ကြောက် လန့်လန့်နှင့် တယောက်မျက်နှာတယောက် ကြည့်နေ ကြလေ၏။ နန်းအင်မှာ သူ့မိန်းမအတွက် တွေး၍ ပူမိလေ၏။ စစ်သားများ၏ မျက်နှာကို တွေးမိတိုင်း ကြောထဲမှ ချမ်း၍ လာလေ၏။
"အိမ်ကမိန်းမတွေကို အတွင်းဘက် အကျဆုံး အခန်းထဲ ပြောင်းထားပြီး တံခါးတွေ အလုံပိတ်ထား မှ ဖြစ်မယ်၊ ကျွန်တော်တို့လဲ နေရောညရော စောင့်နေမှ မတော်လို့ အရေးအကြောင်းရှိရင်လဲ အလွယ်တကူ ပြေးနိုင်အောင် နောက်ဖေးဘက်က မလွယ်ပေါက်ကို အသင့်လုပ်ထားမှ ကောင်း မယ်"
ထိုအကြံကို အားလုံး သဘောတူလျက် မိန်းမများနှင့် ခလေးများကို နောက်ဖေးဘက် အတွင်းအကျ ဆုံးအဆောင်သို့ တစုတလုံးတည်း ပြောင်း၍ ပို့ထားလိုက်လေ၏။ ထိုနောက် သားအဘ ၃ယောက် စလုံး တံခါးဝမှ နေ့ရောညပါ စန်ဒရီ အလုပ်ကို လုပ်၍ နေလေ၏။
ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>
Monday, April 26, 2010
ဒဂုန်ခင်ခင်လေး၏ မြေပဒေသာ အပိုင်း (၄ဝ)
အခန်း ၃၀
ဝမ်လန်းကား... ယခုအခါ ဘာမျှလိုချင်တပ်မက်ခြင်း မရှိတော့ဘဲ၊ လူကြီးပီပီစိတ်ဧ လက်ဧ နားချမ်းသာ စိတ်ချမ်းသာနှင့်သာ နေလိုသော ဆန္ဒရှိနေလေ၏ သို့သော် နန်းအင်ကား ဤသို့မဟုတ်ပေ။ ၀မ်လန်း အားမကြာခဏ နားပူနားဆာလုပ်သူမှာ နန်းအင်ပင်ဖြစ်လေ၏ "အိမ်တွင် ဘာလိုနေပြန်ပြီ.. ညာလို နေပြန်ပြီ.. ဒီလိုနေလို့မဖြစ်ဘူး၊ ဘာထပ်လုပ်ပါအုံး"ဟု အမြဲ သဖြင့် ၀မ်လန်းစိတ်ရှုပ်အောင် လုပ်လေ့ရှိ၏ တနေ့တွင် လည်း နန်းအင်သည် ၀မ်လန်းအနီးသို့ ကပ်လာပြီး။
"သူဌေးဆိုတာသူဌေးနဲ့ တူအောင်နေမှပေါ့အဘေ... အခုကြည့်စမ်း ကျွန်တော်တို့နေရတာဟွံ... အိမ်မှာ နေရတယ် ဆိုတယ်၊ တအိမ်လုံးနေရတာမဟုတ်ဘူး၊ ၀င်းဝနား က အဆောင်တွေမှာဆိုရင် အခုထက်ထိ လူဗျောက် သောက်တွေ ဌားနေကြတုံးဘဲ။ အခု- ညီလေးနန်းဝင် မင်္ဂလာဆောင်ဘို့ ကလဲ သိပ်လိုတော့ တာမဟုတ်ဘူး။ နောက်ထပ် ၆ လလောက်ဘဲ လိုတော့တယ်။ အခုအိမ်မှာ ဧည့်သည် တွေ လာလို့မှ ထိုင်စရာကုလားထိုင်က မလုံလောက် ပုဂံခွက်ရောက်က မပြည့်စုံ-အို... ဘာမှပြည့်စုံတာမရှိဘူး၊ လက်ထပ် တဲ့ နေ့ကျ.... ဒီ....လူဗျောက်သောက်တွေ ဌားနေတဲ့ဝင်းဝက အဆောင်တွေကို ဧည့်သည်တွေ ဖြတ်ဝင် လာရမှာ ကလား။ ဘယ့်လောက်ရှက်စရာကောင်းသလဲ လို့။ ညီလေးကလဲ လက်ထပ် လို့ လူကလဲ ပိုလာတော့ မယ်ဆိုတော့၊ အဲဒီအဆောင်တွေကိုပါ ထပ်ဌားမှ ကောင်းလိမ့်မယ်အဘေ။"
"ဘာကွ-ဘာလုပ်ရအုံးမယ်။"
"၀င်းဝ က အဆောင်တွေ ထပ်ဌားပါလို့ ကျွန်တော်ပြောတယ်။ သူဌေးနာမည်ယူပီး သူဌေးနဲ့တူ အောင်လို့ ပြောတာ၊ ပိုက်ဆံတွေ ဒါလောက်ရှိပီး လယ်တွေ ဒါလောက်ရှိနေမှဟာ" "လယ်တွေက-ငါ့လယ်၊ မင်းလက်ဖျား နဲ့ ၀င်တို့ဘူးသလား။"
"သြော်-ဒါတော့အဘ (အသံကျယ်ကျယ်ဟစ်လျက်) အဘေ ဘဲ ကျွန်တော့ကို ကျောင်းထားပစ်တာ ကိုး၊ ဂုဏ်နဲ့ လိုက်အောင် သားကကောင်းဘို့ ပြောပြန်တော့ စိတ်ဆိုးတယ် ပြန်အော်တယ် ဘာမှမလုပ်ဘူး၊ ဒါ-ကျွန်တော် တို့ လင်မယားနှစ်ယောက်ကို လူရာမသွင်းဘဲ အိမ်မှာခိုင်းထားတဲ့ လူနှစ်ယောက်လို သဘောထား လို့ဘဲ။"
နန်းအင်မှာ ဒေါသူပုန်ထလျက်၊ ပြန်လှည့်ထွက်ခွါသွားလေ၏ ဤတွင်ဝမ်လန်းမှာ သားဖြစ်သူ စိတ်ညစ်ညစ် နှင့် တစုံတရာ လုပ်လိုက်မည်ကို စိုးရိမ်ကာ။
"မင်းသဘော အတိုင်းလုပ်၊ မင်းသဘော အတိုင်းလုပ်၊ ငါ့သာလာပြီး ဒုက္ခမပေးနဲ့"ဟု လှမ်းပြော လိုက်ရ လေ၏ ထိုအခါ နန်းအင်မှာ စိတ်ပြေသွားလျက်၊ သူ့သဘော အတိုင်း သူဌေးအိမ်နှင့် တူအောင် အိမ်ကို အမျိုးမျိုး ပြင်ဆင် မွမ်းမံ၍ နေလေ၏ ဆူချောင်းသို့ ခန်းညားလှပသော စာပွဲကြီးများနှင့် ကုလားထိုင်များမှာ ယူလေ၏။ အနီရောင် ပိုးအခန်းဆီးကြီး များကို၎င်း၊ အလှထား ပန်းအိုးကြီးများကိုသော်၎င်း၊ အလှထား ကျောက်ဆောင် ကျောက်တုံးများကို သော်၎င်း၊ အောက် အရပ်၌ မြင်ခဲ့ဘူးသမျှ၊ စိတ်တိုင်းကျ ၀ယ်ယူ ပြင်ဆင် ခင်းကျင်း၍နေလေ၏။
ဝမ်လန်း၏ နာမည်တွင်လည်း "သူဌေးကြီး" ဆိုသောစကားတစ်လုံး ရှေ့မှတိုး၍လာခဲ့လေသတည်း။
သို့သော် ဤသို့အိမ်ကြီးကို တခမ်းတနားပြင်ဆင်မွှန်းမံ နေခြင်းအတွက် ငွေဒလဟော သွန်ထွက် ကုန်ကျ နေခြင်းကို သဘောမကျနိုင်သူကား နန်းအင်၏ညီ နန်းဝင်ပင် ဖြစ်လေသည်။
"အဘေ- ငွေတွေဒါလောက်တောင် အကုန်ခဲနေတာ ဘယ်တော့မှ အဆုံးသတ်မှာလဲ၊ ကျွန်တော် တို့ နန်းတော်ကြီး လို ဖြစ်နေတဲ့အိမ်မျိုးမှာ နေဘို့လိုသေးသလား။ အခု ကျန်တဲ့ငွေတွေကို ၂၀ရာခိုင်နှုန်း အတိုးနဲ့သာ ချေးထားလိုက်ရင် ဘယ့်လောက်အကျိုးရှိလိုက်မလဲ၊ ဒီရေကန်တွေက တစ်မျိုး၊ ပန်းပင်တွေက တဖုံ၊ ဘာအသီး မှ မသီးဘဲနဲ့ အလှစိုက်ထားတာတွေကော ဘာအသုံးကျ လို့လဲ..."ဟု ၀မ်လန်းအား လာ၍ပြောဆိုလေ၏ ဤတွင်ဝမ်လန်းမှာ ထိုကိစ္စအတွက် ညီအစ်ကို  ၂ယောက် ရန်ဖြစ်တော့မည်ကို သိသော ကြောင့်၊
"ကွာ-မင့်မင်္ဂလာဆောင် မှာ ဂုဏ်ရှိအောင်လုပ်တာပါ"ဟု ပြောဆိုရလေ၏ သို့နှင့်လည်း နန်းဝင်မှာ မကြေနပ်ပေ။
မဲ့လျက် " မင်္ဂလာဆောင်ကလဲ အဘေရာ၊ သတို့သ္မီးထက်တောင် ဆယ်ဆ ပိုအဘိုးတန်နေပီ၊ ဒီပစ္စည်းတွေ ဟာ အဘေ သေသွားရင် ကျွန်တော်တို့ အချင်းချင်းခွဲယူရမဲ့ အမွေတွေဗျ...၊ အခုလိုအစ်ကိုက သူ့ဘာသာ သူ ဂုဏ်လိုချင်လို့ အလဟဿဖြုန်းပစ်နေရင် ဘယ်ကောင်းမလဲ၊"
"အေးပါကွာ-  အေးပါ၊ ငါနောက်ထပ် ငွေမကုန်အောင် မင်းအစ်ကိုကို ပြောပါ့မယ်၊ ဟုတ်တယ် တော်လောက်ပီ၊ မင်းပြောတာမှန်တယ်။"
ထိုအခါ နန်းဝင်သည် စာရွက်တခုပေါ်တွင် ရေးမှတ်ထားသော အိမ်ပြင်ဆင်မွမ်းမံရာတွင် ကုန်ကျသည့် စားရိတ်စားရင်း ကို ထုတ်ပြလေ၏ ၀မ်လန်းမှာ စာမတတ်သော်လည်း ရှည်လျားသော စာရင်းကြီးကို ကြည့်ကာ လန့်ဖြန့်သွားလေ၏။
ဝမ်လန်း သည် ထိုနေ့မှာပင် သားအကြီးနန်းအင်ကိုခေါ်၍ ပြောလေ၏
"မင်းအိမ်ကို ပြင်ဆင်နေတာ တော်လောက်ပီကွာ၊ အဆုံးမတော့ တို့တတွေဟာ တောသားတွေ ပါပဲကွ။"
"ဘယ်ဟုတ် မလဲ အဘေ (နန်းအင်က ခတ်ကြွားကြွားပြန်၍) အခုလူတွေက သူဌေးကြီးဝမ်တို့ မိသား တစု ဆိုပြီး ကျွန်တော်တို့ကိုခေါ်နေကြပီ၊ အဲဒါလိုခေါ်နေကြတဲ့အတိုင်း၊ အခေါ်နဲ့လိုက်အောင် နေမှထိုင်မှပေါ့၊ အဘေရ၊ ကျွန်တော့်ညီက ငွေကုန်တာကလေးသာ မျက်မွှေးတဆုံးကြည့်တာ ကျွန်တော်တို့ လင်မယား တော့ အဘေ့ဂုဏ်နဲ့လိုက်အေင် အဘေဂုဏ်မနိမ့်အောင် နေသွားမှာဘဲ"
ဝမ်လန်း မှာ မိမိအားလူများက ဤသို့ခေါ်ဝေါ်နေကြသည့် အကြောင်းကို ယခုမှသိရလေရာ၊ ရင်ထဲတွင် ကြိတ်၍ သဘောကျသွားလျက် "ဒါပေမဲ့ကွာ-ချမ်းသာတဲ့လူတွေဟာ အများအားဖြင့် လယ်ထဲမှာ ထွက်လာကြာတာ များတာဘဲ၊ ပီးလယ်ထဲမှာဘဲ အမြစ်တွယ်အခြေတည်နေကြတာဘဲ"ဟု ပြောလိုက်ရာ နန်းအင်က သွက်သွက် လက်လက်နှင့်ပြန်၍။
"ဟုတ်တယ်ဒါပေမဲ့ သူတို့ဟာ လယ်ထဲမှာတခါထဲမနေကြဘူး အကိုင်းအခက်တွေ ထွက်ပီးသီးကြ ပွင့်ကြတာဘဲ" ဟု ပြန်၍ပြောလိုက်လေ၏ ၀မ်လန်းမှာ ဤသို့ပြန်ပြောခြင်းကို မနှစ်သက်နိုင်ပေ။
"ဟေ့-ငါပြောခင်တာဟာ ဒါဘဲ၊ နောက်ထပ်ငွေကိုမဖြုန်းပါနဲ့တော့၊ အသီးသီးမဲ့အပင်မျိုးဟာ မြေကောင်းကောင်း မှာ မစိုက်ရင်ဘယ်မှာသီးနိုင်ပွင့်နိုင်မလဲ"ဟု စကားကိုပိတ်လိုက်လေ၏
သို့ဖြင့် ဤကိစ္စမှာ ဤနေရာတွင်ပင် ပြီးသွားခဲ့သော်လည်း၊ ၀မ်လန်းမှာ နားအေးသက်သာရာမရ သေးပေ၊ ထိုင်ရာ မထ နန်းအင်ကဆက်လက်၍။
"ကိုင်း-ဒါဖြင့် တော်ပါပီ" နောက်ငွေထပ်မသုံးတော့ပါဘူး၊ ဒါပေမဲ့ဒိပြင်ကိစ္စတခု ရှိသေးတယ် ၀မ်လန်းမှာ စိတ်ညစ် သွားလျက် အသံကိုဟစ်ထုတ်ပြီး။
"ငါ့ကို ချမ်းသာ ပေးကြပါအုံး စိတ်ညစ်လှပါပြီ၊ ဘယ်တော့စိတ်ချမ်းသာရပါ့မလဲ။"
"အခုပြောမှာက ကျွန်တော့်အတွက်မဟုတ်ဘူး၊ ကျွန်တော့်သားကလေးအတွက်လဲ မဟုတ်ဘူး၊ အဘေ့ သားအငယ်ဆုံး အတွက်ပြောမလို့၊ သူ့ကို အခုလိုထားလို့ မတော်ဘူးထင်တယ်၊ ကျောင်းထားမှ ကောင်း လိမ့်မယ်"
"မလိုတော့ဘူးဟေ့၊ နှစ်ယောက်တတ်ရင် တော်ပီ သူဟာငါသေရင် ငါ့ခြေရာကိုနင်းပီး လယ်ထဲ ဆင်းရမယ်"
"အဲဒါကြောင့် အဘေ့သား တငိုထဲငိုနေတာဘဲ"
ဝမ်လန်း မှာ သားအငယ်ဆုံးကလေး၏သဘောကို တခါမျှ မမေးမြန်းမစုံစမ်းခဲ့ရ သေးပေ၊ ၎င်း၏ သဘော အလိုကား၊ ထိုသားကလေးကို လယ်အလုပ်သာလုပ်စေချင်၏ သို့သော် နန်းအင်၏ ပြောစကားကို ကြားရသော အခါ ငြိမ်သက်၍သွားလေ၏ သားငယ်ကလေးကား သူ့အစ်ကိုများလို မဟုတ်ပေ။
သူ့အမေနှင့် တူလျက်များစွာ နှုတ်နည်းလှ၏ ၀မ်လန်းသည်အတန်ကြာ စဉ်းစားနေပြီး နောက်၊ နန်းအင်အား။
"သူပြောတာ မင်းကြားလို့လား"ဟု မေးလိုက်ရာ၊ နန်းအင်က။
"ဒါပေမဲ့ ငါ့သားထဲက တယောက်ယောက်တော့ လယ်အလုပ်ကိုလုပ်မှဖြစ်မယ်။"
"ဘာပြုလို့လဲ အဘေ-အဘေ့လိုလူတယောက်ဟာ သားတွေလိုကျွန်လိုထားဘို့ မလိုပါဘူး၊ အခြားလူ တွေမြင်ရင်" ဟာ-အဘေကတော့ မင်းသားလိုနေပီး သားတွေကိုတော့ ကျွန်လိုခိုင်းထား တယ်လို့ ပြောကြ မှာပေါ့၊ ဆရာတယောက်ခေါ်ပြီး အိမ်မှာအသင်ခိုင်းပါ အဘေ။ ပြီးတော့ အောက်အရပ်က ကျောင်းတ ကျောင်း ကို ပို့လိုက်တာပေါ့၊ အိမ်မှာဆိုရင် ကျွန်တော်နဲ့ နန်းဝင် ၂ယောက်စလုံး ရှိပါသေးတယ်၊ ညီလေး တော့ သူသဘောကျရာလုပ်ပါစေ။
"ငါ့ဆီလွှတ်လိုက်ကွာ-"
ခဏကြာသောအခါ ၀မ်လန်း၏သားအငယ်ဆုံးသည် ၀မ်လန်းရှေ့သို့ရောက်လာလေ၏ အရပ် ရှည်ရှည် သေးသေး သွယ်သွယ် အဘေနှင့်မတူ အမေနှင့်လည်း မတူသောသားတယောက်ဖြစ်လေ ၏ သို့သော် မိခင် ကဲ့သို့ နှုတ်ဆိတ်စကားနည်းသူတယောက်ဖြစ်လေ၏ ထူးခြားချက်တခုကား၊ ထူထဲနက်မှောင်သော မျက်ခုံး မွေးကြီး များ အရွယ်နှင့်မလိုက်အောင် တန်းနေခြင်းဖြစ်ပေ၏
"မင်းစာသင် ချင်တယ်လို့ မင့်အစ်ကိုက ပြောပါကလား"
"ဟုတ်ကဲ့"
"ဒီလို ဆိုတော့ မင်းလယ်ထဲကိုမဆင်းချင်တော့ဘူးဆိုတဲ့ အဓိပ္ပာယ်ပေါ့၊ ငါ့မှာသားတွေအများကြီး ရှိရက်သားနဲ့ သားတယောက်မှ လယ်အလုပ်ကို လုပ်ချင်တဲ့လူမရှိဘူး။"
ဝမ်လန်း မှာစိတ်နာကျဉ်းလှဟန်ဖြင့် ပြော၍နေလေ၏ သားအငယ်ကမူ ဘာတခွန်းမျှပြန်မပြောဘဲ နှုတ်ပိတ်၍ ရပ်နေလေ၏ ဤတွင်ဝမ်လန်းမှာ ဒေါသပိုထွက်လာပြီး အော်ငေါက်လျက်။
"မင်းဘာပြု လို့စကားမပြောသလဲ။ ငါမေးနေတယ်။ မင်းလယ်ထဲကို မဆင်းချင်တော့ဘူးဆိုတာ အမှန် ဘဲလား"
"ဟုတ်ကဲ့"
ဝမ်လန်း မှာ သားဖြစ်သူကို ကြည့်ရင်း ကြည့်ရင်း ဒီအကောင်တွေ မွေးထားရတာ ငါ့မှာ အပိုဘဲ အခုလို ငါအသက်ကြီး လာတဲ့ အချိန်မှာ ၀န်ထုပ်ဝန်ပိုးကြီးတွေ ထမ်းထားရသလိုဘဲ ဒင်းတို့ကို ငါဘယ့်နှယ် လုပ်ရပါမလဲ ဟု စိတ်ထဲတွင် နောက်ကျိ၍ သွားလေ၏။ ထိုနောက် စိတ်ဆိုးသထက် ဆိုးလာပြီးလျှင် "သွား ငါ့နား က ထွက်သွားအခု" ဟု အော်ငေါက်၍ နှင်လွှတ်လိုက်လေ၏။
သို့သော် စိတ်ဆိုးခိုက်သာဖြစ်လျက် ဒေါသပြေသည်နှင့် တပြိုင်နက် သားများ၏ အလိုကို လိုက်ရသူ တဦး ဖြစ်သည့် အတိုင်း ထိုနေ့ည၌ သားအကြီးအား ခေါ်၍ ဆရာတယောက် ငှားပြီး သားအငယ်ဆုံး ကို စာသင်ပေး စေရန် ခိုင်းလိုက်လေ၏။ ထိုနောက် နန်းဝင်ကို ခေါ်ပြန်လျက် "မင်းက လယ်အလုပ်တွေကို ကြည့်ပါ လယ်ငှားခတို့ ဘာတို့ လယ်ကရတဲ့ငွေတွေကို မင်းက စာရင်းလုပ်ပါ မင်းဟာငါ့ကိုယ်စားလှယ်ဘဲ" ဟု တာဝန် လွှဲလိုက်လေ၏။
နန်းဝင်ကား ဤတာဝန်ကို ၀မ်းမြောက်ဝမ်းသာ လက်ခံ၏။ ၎င်းမှာ ထူးခြားသော သူငယ်တယောက် ဖြစ်လေ၏။ ငွေကြေး အသုံးအစွဲနှင့် ပတ်သက်၍ များစွာ စေ့စပ်သေချာသူ ဖြစ်လေ၏။ ငွေရေး ကြေးရေး ကိစ္စ မိမိအား တာဝန်ချထားခြင်းခံရသောအခါ အသုံးအစွဲတွင် များစွာ စီစစ်သူက တယောက် ဖြစ်သည့် အတိုင်း လိုသည်ထက်ပို၍ သုံးစွဲသည်ကိုတွေ့လျှင် တားမြစ်ပြောဆိုနိုင်သည့် အခွင့်အရေးကို ရရှိလာပြီ ဖြစ်၍ များစွာ ၀မ်းမြောက်နေလေ၏။
ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>
Sunday, April 25, 2010
ဒဂုန်ခင်ခင်လေး၏ မြေပဒေသာ အပိုင်း (၄ဝ)
အခန်း ၂၉
ဝမ်လန်းသည် သူဌေးကြီး ဟွံ အိမ်ကို ငှားရမ်းပြီးနောက် သားနှင့် ချွေးမကို၎င်း၊ ကြာပဒုံ နှင့် ဥသြမယ် ကို၎င်း၊ အစေခံများကို၎င်း ထိုအိမ်ကြီးသို့ ပြောင်းရွှေ့ နေထိုင်စေလေ၏၊ ၎င်းကား စိတ်မကောင်းသော သမီး ကလေးနှင့်အတူ သားအငယ်ဆုံးကိုပါ ခေါ်ထားလျက် ရုတ်တရက် လိုက်ပါပြောင်းရွှေ့ခြင်းမပြုဘဲ မူလ အိမ်တွင် နေထိုင်လေ၏၊ သားများက တပါတည်းလိုက်ပါရန် ခေါ်သော်လည်း -
" ကိစ္စမရှိဘူး မင်းတို့သာပြောင်းနှင့်ကြ ငါ့ဘို့သာ အခန်းတခန်းပြင်ထား ငါ့မြေးကလေး မွေးကာနီးမှ ငါပြောင်း လိုက်ခဲ့မယ် ငါ့မှာ ဒုက္ခသယ် သမီးကလေးတယောက်ရှိသေးတယ်၊ ငါကိုယ်တိုင်သူ့ကို မစောင့် ရှောက် မကြည့်ရှုရင် သူ့ကိုဘယ်သူမှ စောင့်ရှောက်ကြည့်ရှုမဲ့သူမရှိဘူး" ဟု ပြောလျက် မလိုက်သေးဘဲ နေလေ ၏။
ဤ စကားမှာ ချွေးမကို စောင်း၍ ပြောလိုက်ခြင်းဖြစ်၏၊ နန်းအင်၏ မိန်းမမှာ အဆိုပါ စိတ်နောက် ဆွံ့ အ နေရှာ သော ၀မ်လန်း၏ သမီးကလေးကို မုန်းတီးရွံ့ရှာလှသဖြင့် အနားကပ်မခံဘဲ နေလေ့ရှိ၏၊ "'ဒါ မျိုးတော့ အသက်ရှင်နေဘို့ကို မကောင်းဘူး၊ သူ့ကြည့်ကြည့်နေရတာ ၀မ်းထဲကခလေးကို ထိခိုက်တယ်" ဟု နှုတ်မှ ဖွင့်ထုတ်၍ပင် ပြောလေရကား နန်းအင်မှာ မယား၏ သဘောကို သိသဖြင့် ဘခင်အား ဆက်လက် တိုက်တွန်းခြင်း မပြုပေ၊ ၀မ်လန်းက ဆက်လက်၍ -
" မင်းတို့သာ သွားကြပါ ငါတော့ နန်းဝင်အတွက် မိန်းမရှာတွေ့မှဘဲ လိုက်လာခဲ့တော့မယ် ဒီကိစ္စ အတွက် ချင်း ကို လွှဲထားလို့ ငါအခုတော့ ချင်းနဲ့ဘဲ နေရအုံးမယ် "  ဟု ပြောပြန်ရာ နန်းဝင်ကလည်း ဆက်လက်၍ မပြော တော့ဘဲ အားလုံး ဟွံ့ အိမ်ကြီးသို့ ပြောင်းသွားကြလေ၏။
၎င်းတို့ ပြောင်းသွားသောအခါ ၀မ်လန်း၏ ဦးလေး မိသားတစုသည် ကြာပဒုံ၏ အဆောင်ထဲသို့ ပြောင်းနေ ကြရ၏၊ ၀မ်လန်းကား ဤကိစ္စအတွက် ဘာမှမပြောပေ ဦးလေးဖြစ်သူ ကြာကြာ နေရတော့မည် မဟုတ် ကြောင်း သိသဖြင့် ဆိတ်ဆိတ်သာနေလေ၏၊ ၎င်းကိုယ်တိုင်နှင့် သမီးနှင့်သားမှာမူ အလယ်ခန်းတွင် နေကြ လျက် အပြင်ခန်းများတွင် ချင်းနှင့်တကွ အလုပ်သမားများကို ပြောင်းရွှေ့ နေထိုင်စေလေ၏၊ ၀မ်လန်း သည် မိမိ တို့ကို ချက်ပြုတ်ကျွေးမွေးရန် အစေခံမိန်းမကြီးတယောက် ငှားရမ်း၍ ထားလေ၏။
ထို အတွင်း ချင်းသည် နန်းဝင် အတွက် နန်းဝင်၏ စိတ်ကြိုက်မိန်းကလေးတယောက်ကို ရွာတရွာမှ ရှာ၍ တွေ့လေရာ ၀မ်လန်းသည် လက်ထပ်ရန် ကြောင်းလမ်းစေ့စပ်လိုက်ပြီး နေ့ကောင်းရက်သားများ ရွေးချယ် လိုက်လေ၏။
ယခုအခါ ချင်းမှာ သက်ရွယ်ကြီးရင့်ခဲ့ပြီတကြောင်း၊ ၀မ်လန်း မှာလည်း အရွယ်လွန်ခဲ့ပြီ တကြောင်း ကြောင့် လယ် များကို ကိုယ်တိုင်ကိုယ်ကျ အုပ်ချုပ်စီမံလုပ်ကိုင်ခြင်း မပြုနိုင်တော့ပေ၊ သို့ဖြစ်လေရာ အိမ်နှင့် ဝေးလန် သောလယ်များကို ၀မ်လန်းသည် လယ်ငှားချရလေ၏၊ ဤသို့ လယ်ငှားချပြီးသောအခါ ၀မ်လန်း မှာ တာဝန်တခု ပေါ့သွားသည့် အတိုင်း ၀မ်လန်းသည် တခါတရံ သားသမီးများနှင့်အတူ မြို့က အိမ်ကြီး သို့သွား ၍ အိပ်၏၊ သို့သော် နံနက်မိုးလင်း သည်နှင့်တပြိုင်နက် လယ်ထဲက အိမ်ကို ပြန်၍လာခဲ့လေ၏၊ လယ်ထဲ ရောက်၍ လတ်ဆတ်သော လေကို ရှူရှိုက်ရသောအခါ စိတ်ချမ်းသာ၍သွားလေ၏။
ထိုအတွင်း ကုသိုလ်ကံထောက်မလာသော အချက်တခုကား ၀မ်လန်း ဦးလေး၏ သားမှာ အိမ်တွင် နေရ သည် ကို ညည်းငွေ့သည်ဆိုကာ စစ်ထဲလိုက်ရန် အိမ်မှထွက်သွားခြင်းဖြစ်ပေ၏၊ သို့ဖြစ်လေရာ ၀မ်လန်းမှာ ၀န်ထုပ်ကြီး တခု ပေါ့သွားပြန်လျက် စိတ်ချမ်းသာရပြန်လေ၏၊ ပို၍စိတ်ချမ်းသာလာရပြန်သော အကြောင်း တခုကား မြေးကလေးရကာနီးလာခြင်းပင် ဖြစ်ပေ၏၊ ၀မ်လန်းသည် ထိုရက်များအတွင်း၌ မြို့က အိမ်ကြီး မှာပင် အချိန်ကုန်လေ၏၊ အားလုံးအတွက် ပိုးထည်ဖဲထည် အ၀တ်အစားများဝယ်ပေးပြီး အစေခံများ အတွက် လည်း အစုတ်အနုတ် မ၀တ်စေဘဲ အ၀တ်အစားသစ်များဝယ်ပေး၍ ၀တ်ဆင်စေလေ၏၊ တခါက ဆင်းရဲ သား လယ်သမားတယောက်ဘ၀နှင့် ၀င်းဝ ကိုပင် မ၀င့်ရဲဖြစ်နေခဲ့သော မိမိမှာ ယခုအခါ ထိုအိမ်ကြီး ပေါ်၌ သားတွေ သမီးတွေနှင့် မြိုင်မြိုင် ဆိုင်ဆိုင်ကြီး နေထိုင်လျက်ရှိသည့်အဖြစ် ကို တစိမ့်စိမ့် တွေးရင်း စိတ်ပျော် အားရ ပီတိလှိုင်း အကြွကြီး ကြွ၍ နေလေ၏။
သို့ဖြင့် သားတွေ မယားတွေနှင့် ပျော်ပျော်ကြီး နေလိုက် စားလိုက် အိပ်လိုက်နှင့် သူဌေးစည်းစိမ်ကို ပျော် ပျော်ကြီး ခံစားလျက်ရှိရာ၌ တနေ့တွင် ဥသြမယ်က သားစုံမယားစုံ ပျော်ပွဲထိုင်လျက် ရှိသည့်နေရာကို ရောက်လာပြီး -
ခုလို မြင်ရတော့ ကျမငယ်ငယ်တုံးက ဒီအိမ်ကြီးမှာ နေတုံးက အဖြစ်အပျက်တွေ ပြန်မြင်ယောင် မိတယ် ဟိုတုန်း ကလည်း အခုလိုဘဲ ပျော်ပျော်ပါးပါးကြီး နေကြထိုင်ကြတာဘဲ ဟိုတုံးကနဲ့ သိပ်တူတာဘဲ ကျမသာ အရွယ် ကျပြီး သူဌေးကြီးတွေနဲ့ မတန်တော့အောင် ရုပ်ဆင်းပျက်နေပြီ ဟု ၀မ်လန်းကို ခပ်ညုညု ကြည့်၍ ပြောလိုက် ပြီး ခစ်ကနဲ ရယ်လိုက်လေ၏၊ သို့သော် ၀မ်လန်းမှာ မကြားဟန်ဆောင်လျက် ဣနြေ္ဒကြီး လုပ်နေ လိုက်ရလေ၏၊ သို့နှင့်လည်း မိမိအား သူဌေးကြီး ဟွံနှင့် နှိုင်း၍ပြောဆိုခြင်း ခံရသည့်အတွက် ၀မ်းထဲ၌ ကြိတ်၍ ပီတိဖြစ်သွားလေ၏။
တနေ့သ၌ နန်းအင်၏ဇနီးသည် သားဖွားတော့ရန် ကမ္မဇလေ သားသန္ဓေ လှုပ်ရှားလာလေ၏၊ သို့သော် ခဲခဲ ယဉ်းယဉ်း ဖြစ်နေကြောင်း ကြားရသောအခါ ၀မ်လန်း မှာ ထိပ်သို့ သွေးတက် လျက် ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်နေလေ၏၊ မီးနေခန်းမှ အော်ဟစ်ညည်းညူသံကို ကြားရလေလေ စိုးရိမ် ပူပန် မိလေလေ ဖြစ်ကာ ဗျာများလျက် မြို့ထဲထွက်ခဲ့ပြီး အမွှေးတိုင်များဝယ်လျက် ဆိုင်ရာနတ်သမီးသို့ သွားရောက် ကန်တော့ ရင်း ချောချောမောမော ဖြစ်ပါစေရန် တတွတ်တွတ် ဆုတောင်း၍ နေလေ၏။
" မှန်လှပါ ချောချောမောမော ဖြစ်အောင် စောင့်မကြည့်ရှုတော်မူပါ အရှင်နတ်သမီး မြေးယောက်ျား ကလေး မွေးရင် ၀တ်လဲတော် အသစ်ဆက်ပါ့မယ် ဒါပေမဲ့ မိန်းခလေးမွေးလာရင်တော့ ကျုပ်ဘာမှ မဆက် ဘူးနော်၊ အရှင် နတ်သမီး ဟုလည်း ယောက်ျားကလေး မွေးဖွားစေရန် အမျိုးမျိုး ဆုတောင်းပြန်၏။
နောက်ဆုံး အိမ်သို့ ပြန်ရောက်သွားလေ၏၊ ကုလားထိုင်တလုံးတွင် ၀င်ထိုင်လိုက်ပြီး မောလှသဖြင့် လဘက်ရည် သောက်ရန် အစေခံမကလေးများကို လက်ခုတ်တီး၍ ခေါ်လိုက်လေ၏။ သို့သော် တယောက် မျှ ရောက်မလာပေ မျက်နှာမှ ချွေးများကိုသုတ်ရန်အတွက် ရေနွေးဆွတ်သော မျက်နှာသုတ်ပုဝါ တခု ယူခဲ့ရန် ခိုင်းလိုသဖြင့် လက်ခုတ်တီးခေါ်ပြန်၏ သို့သော် မည်သည့်အစေခံကလေးမှ ပေါ်မလာ ဟိုပြေး ဒီပြေး တခန်းဝင် တခန်းထွက်နှင့် ဗျာများ အလုပ်ရှုတ်နေကြသည်ကိုသာ တွေ့ရ၏။ သို့သော် မီးနေ သယ် ၏ အကြောင်းကို မည်သူအားမျှ ခေါ်၍မမေးရဲပေ၊ သူ့ကိုလည်း မည်သူကမျှ လာ၍ စကားမပြော အလုပ် ကြီးစွာ ရှုတ်နေကြသဖြင့် ၀မ်လန်းမှာ တယောက်တည်း ငုတ်တုတ်ဖြစ်၍ နေလေ၏။
မိမိ၏ သားဦး နန်းအင်ကို မွေးစဉ်တုံးကပင် ဤမျှလောက် ဗျာမများမိ ဤမျှလောက် သောကမဖြစ် မိပေ။
နောက်ဆုံး ၌ ကြာပဒုံသည် ဥသြမယ်ကိုတွဲလျက် ရယ်မော၍ ထွက်လာပြီး "ယောက်ျား ကလေးတော့ သားရော အမေရော ကျန်းကျန်းမာမာပါဘဲ ခလေးကို ကြာကြာမြင်ခဲ့ ရပါပြီ ချော ပါတယ်" ဟု ပြောလေ၏။
ဤတွင်မူ ၀မ်လန်းမှာ အလုံးကြီးကျလျက် ရယ်နိုင်လေ၏။ ထိုင်ရာမှထပြီး လက်ခုတ်တီးလျက် အားပါး တရ ရယ်ရင်း၊
    " ကွာ ငါ့မှာ ဘာလုပ်ရမှန်းမသိ ပြာနေတာဘဲကွ" ဟုပြောရာက တယောက်တည်း ကျန်ရစ်ခဲ့ သောအခါ ကုလား ထိုင်ပေါ် ပြန်ထိုင်ပြီး စဉ်းစား၍ နေပြန်လေ၏။
" ငါ့သားဦးကလေးမွေးတုံးကတောင် ငါဒါလောက်တောင် ထိပ်သွေးမရောက်ခဲ့ဘူး အခုတော့ "ဟု တကိုယ်တည်း ပြောရာက နန်းအင်ကို မွေးစဉ်က အဖြစ်အပျက်ကို ပြန်၍မြင်ယောင် လာလေ၏။ နေ့တနေ့ အိုလင်မှာ မိမိနှင့်အတူ လယ်ထဲတွင် အလုပ်လုပ်လျက်ရှိစဉ် ၀မ်းနာလာသဖြင့် အိမ်သို့ ပြန်သွားပုံ မဲမှောင် နေသော အခန်းထဲ၌ တယောက်တည်း သားဖွားပုံ သားဖွားတိုင်း ဖွားတိုင်း မည်သူ့ကိုမျှ အပူမရှာ တယောက် တည်းပင်ငြိမ်သက်စွာ ဖွားမြင်ခဲ့ပုံ သားဖွားပြီးသည်နှင့်တပြိုင်နက်လည်း မီးနေခန်းထဲမှ ထွက်ခဲ့ လျက် လယ်ထဲသို့ အလုပ်လုပ်ရန် ဆင်းလာပုံများကို ပြန်၍ တွေးမိလေ၏ ချွေးမ ယခုမီးဖွား ပုံကို ပြန်၍ ကြည့်လိုက် သောအခါ ခလေးလို တကျော်ကျော် အော်ဟစ်ညည်းညူလျက် အစေခံများ အိုလင်နှင့် ကွာလှ လေချင်း ဟု အောက်မေ့မိလေ၏။
ထိုနောက် တဖန် အိုလင်သည် ခလေးကို ၎င်း၏ ကြီးမားထွားကြိုင်းသော သားမြတ်စုံမှ ပေါကျွယ် သော နို့ရည်ကို တိုက်ကျွေးရာ၌ နို့ရည်မှာ မကုန်နိုင်မခမ်းနိုင်ဖြစ်ပြီး ခလေးတယောက်ကို ၀၀ကြီး တိုက်ကျွေး နိုင်ရုံမျှ မက ပိုလျံ၍ မြေကြီးပေါ်၌ပင် အိုင်ထွန်း၍ နေခဲ့သည့်အဖြစ်ကို ပြန်၍မြင်ယောင်သတိရမိ စဉ် သားဖြစ်သူ နန်းအင်သည် အနီးသို့ရောက်လာလေ၏။ ပြုံးပြုံး ပြုံးပြုံးနှင့် အနားကပ်လာပြီးနောက်။
" သားကလေးတော့ မွေးမီ အဘေနို့ထိန်းတယောက်တော့ ရှာမှဘဲ သူ့အမေနို့ကို တိုက်ဘို့တော့ ကျွန်တော် သဘော မတူဘူး နို့တိုက်ရင် အမေ့ရဲ့ အလှတွေပျက်တာဘဲ မြို့က ပိုက်ဆံတတ်နိုင်တဲ့ မိန်းမ တွေ မှန်သမျှ ဘယ်တော့မှ ကိုယ်တိုင် နို့မတိုက်ဘူး" ဟု ပြောလေ၏။
" အေးအေး ကိုယ်တိုင် နို့မတိုက်နိုင်လို့ နို့ထိန်းခေါ်တိုက်မှ ဖြစ်မယ်ဆိုရင်လဲ ခေါ်လေကွယ်ဟု ပြော လိုက်လေ ၏။
ဝမ်လန်းသည် ၀တ်လဲတော်သွား၍ ဆက်ရာမှ ပြန်ရောက်သောအခါ လယ်တောထဲမှ လူတယောက် အပြေး အလွှား ရောက်လာပြီး ချင်း မှာ ရုတ်တရက် သေတော့မည်ဖြစ်နေ၍ မသေမီ ၀မ်လန်းအား တွေ့လိုကြောင်း အပြော ခိုင်း လိုက်ပါကြောင်းနှင့် ပြောဆိုလေ၏ ၀မ်လန်းမှာ ထမင်းပွဲ အသင့် ရှိနေသည်ကိုပင် မစားနိုင်ပေ ချက်ခြင်း ထွက်၍ လိုက်လာခဲ့လေ၏ ကြာပဒုံ ကညနေစောင်းမှ သွားရန် တားမြစ်သော်လည်း နားမထောင် ဘဲ ထွက်ခဲ့လေရာ ကြာပဒုံမှာ နေပူထဲတွင် လျှောက်နေသော ၀မ်လန်းကိုကြည့်ပြီး အစေခံမ တယောက် အား ထီးတချောင်း ဖြင့် လိုက်၍ မိုးပေစေလေ၏။
ဝမ်လန်းသည် လယ်ထဲမှ အိမ်သို့ ရောက်သွားသောအခါ ချင်းရှိရာ အခန်းထဲသို့ တန်းဝင်သွားလေ၏။ အခန်း တခုလုံးကား လယ်လုပ်သားများဖြင့် ပြည့်ကြပ်၍နေလေ၏။
    " ဘယ်လို ဖြစ်တာလဲ "
    " သူက သူ့ဘာသာသူ စပါးလှေ့မတဲ့" ။
    " ကျွန်တော်တို့က မလှေ့ပါနဲ့ အသက်ကြီးပြီလို့ ပြောပေမယ့် "    
    "  နောက်ထပ်ငှားထားတဲ့ လူသစ်အလုပ်သမားတယောက် ရှိတယ် အဲဒီလူက စပါး မလှေ့တတ်တော့ ချင်းက ကိုယ်တိုင် လုပ်ပြတာ အသက်ကလဲကြီးတော့ အားပြတ်ပြီး။"
ထိုအခါ ၀မ်လန်းက ကြောက်ဖွယ် အသံကြီးဖြင့်၊ "ဒီလူသစ်ကို ငါ့ဆီခေါ်ခဲ့စမ်း "ဟု ဆိုလိုက်ရာ လုပ်သား များသည် အသားနီနီ ကိုယ်ရေကြမ်းကြမ်းနှင့် နွားမျက်လုံးများရှိသည့် ကြောက်ရွံ့တုန်လှုပ်နေသော လူတယောက်ကို ၀မ်လန်းရှေ့သို့ တွန်းတိုး၍ ပို့ကြလေ၏ ၀မ်လန်းသည် ဒေါသရှေ့ ဆောင်လျက်ရှိရကား မိမိရှေ့သို့ ရောက်လာသောသူ၏ ပါး ၂ဘက်ကို ဘယ်ပြန်ညာပြန် ရိုက်နှက် လျက်ရှိလေ၏။ လက်နှင့် အားမရ သဖြင့် အစေခံမိန်းမ၏ လက်မှ ထီးကိုလှမ်းဆွဲပြီး ထီးနှင့်ရိုက်ပြန်လေ၏၊ လုပ်သားများကား မည် သူမျှ ၀င်မဆွဲဝံ့ကြဘဲ ရပ်၍သာ ကြည့်နေကြရလေ၏။
ထိုအခိုက် ချင်းသည် အိပ်ယာထဲမှ လူးလွန့်၍ ညည်းညူ လိုက်ရာ ၀မ်လန်းလည်း ထီးကို ပစ်ချလျက်။
" ဒီငမိုက်ကို ငါရိုက်ရင် ဟိုမှာ သေလိမ့်မယ် " ဟုပြောကာချင်း၏ နံဘေးမှ ၀င်ထိုင်လိုက်လေ၏ ချင်းကား သစ်ရွက်ချောက် ကလေးတခုလို ပြားချပ်ပိန်လှီ၍ နေလေ၏ ၎င်းတို့မျက်နှာမှာ ချွေးတို့ဖြင့် စေးကပ် လျက် ရှိလေ၏၊ ၀မ်လန်းသည်ချင်း၏ နားနားသို့ကပ်လျက်။
 " ကျုပ် ခင်ဗျားအတွက် ခေါင်းတလုံး ၀ယ်လိုက်မယ် အေးအေး ဖြောင့်ဖြောင့်ဘဲသေပါ " ဟုပြော လိုက်ရ ချင်းမှာ ထိုစကားများကို မကြား အသက်ကိုသာ မောဟိုက်စွာ ရှူထုတ် နေလျက် မကြာမီပင် ၀မ်လန်း မျက်စိ အောက်၌အသက်ပျောက်သွားလေ၏။
ဝမ်လန်းသည် ချင်း၏ ဈာပနကို ကောင်းမွန်စွာ သင်းင်္ဂြိုလ်လျှက် အိုလင်နှင့် ဘခင်ဖြစ်သူကို မြှုပ်နှံခဲ့သော သင်းချိုင်းမြေ ၀င်းအ၀တွင် မြှုပ်နှံလေ၏၊ သားများကိုလည်း မိမိကွယ်လွန်ခဲ့လျှင် "ချင်း"၏ အလောင်းနှင့် အနီးဆုံးနေရာ၌ မြှုပ်နှံရန်မှာကြားလေ၏၊ ၎င်းမှာ ချင်းတယောက် ကွယ်လွန်သွားခြင်းအတွက် များစွာ ယူကြုံး မရ ဖြစ်နေလေ၏။
ဈာပနကိစ္စပြီးသွား၍ ၀မ်လန်းသည် လက်ရုံးတဆူ ပြုတ်သွားသဖြင့် လယ်အားလုံးကိုပင် လယ်ငှားချ လိုက်၏၊ လယ်ထဲကအိမ်၌ လုပ်သားများထဲမှ လင်မယား ၂-ယောက်နှင့် သားသမီးတစုကို နေစေလျက် ဘိန်းစားဦးလေး လင်မယား ၂-ယောက်ကို၊ ကြည့်ရှူ စောင့်ရှောက်ရန်မှာခဲ့လေ၏၊ ထို့နောက် လယ်ထဲက အိမ်တွင် ထားသော သားအငယ်ဆုံးနှင့် စိတ်နောက်သူ သမီးကလေးကိုပါ ခေါ်၍ မြို့ထဲက အိမ်သို့ တခါ တည်း ပြောင်းခဲ့လေ၏။
ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>
Saturday, April 24, 2010
ဒဂုန်ခင်ခင်လေး၏ မြေပဒေသာ အပိုင်း (၃၉)
အခန်း-၂၈
ယခုအခါ ၀မ်လန်း၏ ဦးလေး မှာ ၀မ်လန်း၏ သဘောကောင်းမှုဖြင့် လူ့ပြည်၌ နတ်စည်းစိမ်ကို ရ၍ နေလေ၏။ ၀မ်လန်းကားမိမိ၏သား ၂ယောက်ကိုပါ ထိုစည်းစိမ် ကူးစက်မသွားစေရန် အထူးစောင့်ကြပ် ရလေ၏။ ဦးလေးတို့ သားအဘ ၃ယောက်သာ ၀ယ်လာသော ဘိန်းကိုပေးလျက်၊ မိမိအားလည်း တမျိုး တမည် မထင် စေနိုင်အောင် ဦးလေးရှေ့၌ ရှူချင်ဟန်ဆောင်ရလေ၏။ ဘိန်းအတွက် ငွေကုန် သည် မှန်သော်လည်း၊ နတ်စည်းစိမ် ဖြင့် ငွေကုန်ကြသဖြင့် ငြိမ်းချမ်းခြင်း သုခကိုမူ ရရှိလေ၏။
ထိုအချိန်တွင် ရေများသည် ကျသွားပြီဖြစ်၏။ လယ်အလုပ်ကို စတင်ပြုလုပ်ဘို့ရန်သာ လိုတော့၏ တနေ့ သ၌ ၀မ်လန်းသည် လယ်ထဲသို့ လျှောက်၍ ကြည့်နေစဉ်၊ သားဖြစ်သူ နန်းအင်ထံမှ မိမိမြေးကလေး တယောက်ရတော့မည်သတင်းကို ကြားသိရသောအခါ ကြီးစွာ ရွှင်မြူး အားရသွားလေ၏။ ချွေးမအတွက် ကျန်းမာရေး ကို အားပေးစေသော အစားအစာများကို ချင်း အားမြို့တက်၍ ၀ယ်စေပြီး၊ ချွေးမအား "အဲဒါတွေ စားပီး ငါ့မြေးကြီး သန်သန်မာမာဖြစ်အောင် လုပ်ကွ"ဟု ပြောဆိုကျွေးမွေးလေ၏။
ယခုအခါ ရေဘေးမှ လွတ်ကင်းခဲ့ပြီဖြစ်၍ အောက်အရပ်သို့ သွားရောက်နေကြ သူများသည် တယောက်ပြီး တယောက် ပြန်ရောက်လာကြလေ၏။ ၄င်းတို့မှာ များသောအားဖြင့် ရေဘေးကြောင့် အိုးမဲ့အိမ်မဲ့ ဖြစ်နေ ကြလေရာ၊ အိမ်ပြန်ဆောက်ရန် အတွက်၎င်း ၊ ၀မ်လန်းထံမှ အတိုးအပွားဖြင့် ငွေးချေးယူကြရ၏။ ၀မ်လန်း က လယ်ကို အပေါင်ခံ၍ ငွေကို ချေားငှါး၏။ အချို့ကမူ ငွေမချေးဘဲ လယ်ကလေးများကို လာရောက် ရောင်းချကြပြန်ရာ ၀မ်လန်းတွင် တနေ့တခြား လယ်ဧကပိုမိုများပြားလာခဲ့လေ၏။
သို့သော်-အချို့ကမူ ရောင်းစရာလည်း လယ်မရှိပေါင်နှံစရာလည်း ဘာမျှမရှိကြသောအခါ သ္မီးကလေး များကို ၀မ်လန်းထံ လာရောက်ရောင်းချကြလေ၏။ ၀မ်လန်းသည် ဤသို့လာရောက်ရောင်းချသူများထံမှ မိန်းခလေး ၅ယောက် ၀ယ်ယူလိုက်လေ၏။ ထို၅ယောက်အနက် ၀မ်လန်းသည် တယောက်ကို ကြာပဒုံ အားပေးလိုက်၏။ ယခုအခါ ဥသြမယ်မှာ အသက်ကြီးခဲ့ပြီ ဖြစ်သည်တကြောင်း၊ ၀မ်လန်း၏ သ္မီးကလေး မှာလည်း ယောက္ခမလောင်း၏ အိမ်သို့ရောက်သွားပြီး တကြောင်းကြောင့် ကြာပဒုံမှာ လက်တို လက်တောင်း ခိုင်းစေရန် အဖေါ်တယောက်ထပ်၍ လိုနေခိုက်ဖြစ်၏။
ရက်ပေါင်းများစွာကြာခဲ့ပြီးနောက်၊ တနေ့တွင် လူတယောက်သည် ၇နှစ်အရွယ် သ္မီးကလေးတယောက်ကို ၀မ်လန်း ထံ လာရောက်ရောင်းချပြန်လေ၏။ ထိုခလေးမကလေးမှာ ငယ်ရွယ်နုနယ်လှသည်ဖြစ်၍ ပဌမ၌ ၀မ်လန်းမှာ ၀ယ်ယူရန် ငြင်းဆန်နေသေး၏။ သို့သော် ကြာပဒုံက-
"ဒီဟာ ကလေးတော့ ကြာကြာလိုချင်တယ်၊ ခလေးမကလေးက သိပ်လှတာဘဲ၊ ကြာကြာ့ဆီမှာ ရှိတဲ့ ကောင်မကလေး ကတော့ အင်မတန်ကြမ်းတဲ့ ကောင်မကလေး၊ ပီး-ဆိတ်သိုးစော် ကလဲ နံလိုက်ပါဘိ သနဲက၊ ကြာကြာမလိုချင်ဘူး"ဟု ပြောသဖြင့် ၀မ်လန်းသည် ထို၇နှစ်အရွယ် ခလေးမကလေးကို ၀ယ်ယူ လိုက်ပြန်၏။
ထိုနောက်ကား၊ ၀မ်လန်းမှာ လယ်အလုပ်ဖြင့်သာ အချိန်ကုန်၍ နေလေ၏။ လယ်ထဲသို့ဆင်းတိုင်း သားအငယ် ကို ခေါ်၍ ခေါ်၍ သွားလေ၏။ ထိုသားကို ၀မ်လန်းသည် လယ်ထဲ၌ ဘာအသုံးချအံ့ဟု စိတ်ကူး ကြံရွယ် ထားချက် ရှိသည့်အတိုင်း လယ်နှင့်ပတ်သက်၍ လက်တွေ့သင်ကြားပြသနေလေ၏။ သို့သော် သားဖြစ် သူမှာ ထိုအလုပ်ကို ကြိုက်နှစ်သက်ပုံမပေါ် အမြဲသဖြင့် မျက်နှာသာသည်မရှိဘဲ ၀မ်လန်း နောက်မှ သာ စိတ်မပါဟန်ဖြင့် လိုက်နေသည် တွေ့ရလေ၏။
ဝမ်လန်းကား- သားဖြစ်သူ ၏ စိတ်ကို မရိပ်မိပေ၊ ခေါ်မြဲ ခေါ်သွား၍ လယ်အလုပ်ကို နားလည်နိုင်သမျှ နားလည် စေရန် အမျိုးမျိုးသင်ပြနေရာမှ တနေ့တွင် ဤသို့စိတ်ကူးရမိလေ၏။ "ငါဟာ မငယ်တော့ဘူး အသက်ကြီးလာပီ ငါကိုယ်တိုင် လယ်ထဲ ဆင်းလုပ်နေလို့ မလျော်တော့ဘူး ငါ့မှာ ခိုင်းစရာ လုပ်သားတွေ ရှိနေပီ" ဟု တွေးမိစိတ်ကူးမိလျက် ထိုနေ့မှစ၍ လယ်အလုပ်ကို လုပ်သား များအားလွှဲလိုက်တော့ရန် ဆုံးဖြတ် လိုက်လေ၏။ ၀မ်လန်းမှာ အိမ်တွင်ပင် စိတ်ချမ်းသာ၊ ကိုယ်ချမ်းသာနှင့် ဧဧလူလူ နေတော့မည်ဟု ကြံရွယ်မိရာ၊ အိမ်သို့ရောက်သူည်အခါ မျှော်လင့်သည့်အတိုင်း စိတ်ချမ်းသာရာမရ၊ စိတ်ညစ် စိတ်ရှုပ် စရာ ကိစ္စတို့ကိုသာ တွေ့နေရလေ၏။
ထိုကိစ္စမှာ သားတော်မောင် ဦးလေး၏သားအပေါ်တွင် အချိန်ရှိသမျှ စိတ်မချနိုင်အောင် ဖြစ်နေလေ၏။ နေပုံထိုင်ပုံတို့မှအစ မျက်မုန်းကျိုးနေကာ။ အိမ်တွင် ခိုင်းစေထားသော ကျွန်မကလေးများအတွက်၎င်း၊ မိမိ၏ဇနီးအတွက်၎င်း။ စိတ်မဧနိုင်အောင် ဖြစ်နေလေ၏။ နန်းအင်မှာ ထိုသူငယ်ကို ကြာပဒုံနှင့်ပင် မသင်္ကာနိုင်အောင်ပင် ဖြစ်နေလျက် နေ့ရှိသမျှ ထိုသူငယ်အတွက် ရတက်ပွေ၍သာ နေလေရာ၊ ထိုနေ့ ၀မ်လန်း နှင့် သားအငယ် လယ်ထဲမှာ ပြန်လာသောအခါ ၀မ်လန်းအား ဆီး၍
"ကျွန်တော့်တော့ ဒီကောင်ကို သီးမခံနိုင်တော့ဘူး၊ ဟိုအခန်း သွားချောင်းကြည့်၊ ဒီအခန်း သွားချောင်း ကြည့်နဲ့၊ ဘယ်တော့မှ အငြိမ်နေတယ်မရှိဘူး။ အစေခံမ ကလေးတွေကိုလဲ ပြီတီတီနဲ့"ဟု တိုင်တန်းလေ၏။ သို့သော် ကြာပဒုံ အခန်းကို မကြာခဏသွား၍ ချောင်းကြည့်နေသည့် ကိစ္စကိုကား ထည့်မပြောရဲပေ။။ သား၏ တိုင်တန်းချက် ကို ၀မ်လန်းက-
"မင်းမလဲကွာ၊ ခလေးရူး ခလေးမိုက်ကလေးတယောက်ကျနေတာဘဲ၊ ဒါမျိုးတွေ တွေးတွေး နေရအောင် ဟာ၊ အဲဒါ မင်းမိန်းမကို စိတ်မချနိုင်အောင် ဖြစ်ဖြစ်နေတာ။ ဒါလောက်တောင် အရူးအမူးဖြစ်နေရင် မကောင်းဘူး" ဟု ပြန်ပြောလေ၏။
ကျွန်တော့ မိန်းမအတွက် ပြောနေတာမဟုတ်ဘူး။ အိမ်မှာ မတော်တရော် လုပ်နေတဲ့ အကြောင်းသာ ပြောတာ"ဟု နန်းအင်က စိတ်ထထနှင့် ပြန်ပြောလိုက်လျှင် ၀မ်လန်းမှာ စိတ်ရှုပ်ဒေါသဖြစ်သွားလျက်။
"ငါ့မှာ ဒီဒုက္ခမျိုးတွေ အခုထက်ထိ မဧနိုင်သေးဘူးလား။ ငါအသက်ကြီးပီ၊ ဧဧနေချင်လှပီ၊ ဒီမယား စိတ်မွှန် နေတဲ့ အသံမျိုးတွေ ငါမကြားချင်တော့ဘူး"ဟု ပြန်၍အော်လျက်။
"ငါအခု ဘာလုပ်ရမှာလဲ။"
"ကျွန်တော်အားလုံး ဒီအိမ်ကထွက်သွားပီး မြို့ကို ပြောင်းနေဘို့ကို ကျွန်တော်ပြောချင်တယ်။ ဘရယ် သူ့ မယားရယ် သူ့သားရယ်တော့ ဒီအိမ်မှာ ထားခဲ့ပေါ့ ကျွန်တော်တို့သာ မြို့ကို ပြောင်းပီး ဧဧ ဆေးဆေး နေကြ ရအောင်။"
ထိုအခါ ၀မ်လန်းက ပြင်းထန်စွာ ရယ်လိုက်လေ၏။ သား၏အကြံပေးချက်ကို လေးလေးပင်ပင်မရှိလှဘဲ အသံ ခပ်မာမာဖြင့်  " ဒါ ငါ့အိမ် … မင်းနေချင်နေ မနေချင်မနေနဲ့ ဒါတွေဟာ ငါ့အိမ်နဲ့ ငါ့လယ်တွေ ဒီလယ် တွေသာ မရှိရင် ဒို့အားလုံး ငတ်တာ ကြာပြီ၊ မင်းလည်း အခုလိုစည်းစိမ်နဲ့ လာရား-လာရား လုပ်နေနိုင်တော့ မှာ မဟုတ်ဘူး ဒီလယ်တွေရှိလို့ မင်းအခုလို နေနိုင်တယ်မှတ်" ဟု ပြောလေ၏၊ ထိုနောက် ခြေသံကို ခတ် ပြင်းပြင်း နင်း၍ တံထွေးကို ထွီကနဲထွေးချလိုက်ပြီး စိတ်ဆိုးဟန်ဖြင့် လျှောက်သွားလေရာ နန်းအင် က မလျော့ဘဲ နောက်တကောက်ကောက် လိုက်ပြန်လျက်။
" မြို့ကသူဌေးကြီး ဟွံအိမ်မှာ အခုရှေ့ပိုင်းက ဒိပြင်လူတွေရောက်နေပေမဲ့ နောက်ဘက်က အတွင်း ဆောင်တွေ အားနေတယ်။ အဲဒီ အတွင်းဘက်က အဆောင်တွေကို သွားငှားပြီး ပြောင်းနေရင် ဧဧချမ်းချမ်း နေရမှာဘဲ၊ အဲဒီကနေပြီးတော့လဲ အဘေနဲ့ အဘေ သားအငယ် လယ်ကို ခဏခဏ လာနိုင်သားဘဲ ကျွန်တော် လဲ ဒီအဘေ့ဦးလေးသားနဲ့ လွတ်လွတ်ကင်းကင်းဖြစ်ရော။"
" ကျွန်တော် လိမ်လိမ်မာမာနေခဲ့တာဘဲ ကျွန်တော် ကစားလဲ မကစားဘူး ဘိန်းလဲမရှူဘူး အဘေး ပေးစားတဲ့ မိန်းမ နဲ့ ရောင့်ရဲကျေနပ်နေတာဘဲ"
"သူဌေးကြီး ဟွံ" အိမ်ဟူသော စကားကို ကြားလိုက်ရသောအခါ ၀မ်လန်းမှာ စိတ်ပြောင်း၍ သွား လေ၏၊ မူလ အစကပင် " ငါတနေ့ကျ သူ့လိုချမ်းသာရမယ် သူနေတဲ့အိမ်မျိုးနဲ့ နေနိုင်ရမယ်" ဟု သစ္စာဒိဌာန် ပြုခဲ့ဘူးရကား နန်းအင်ကို သနားလာသဖြင့် မဟုတ်ဘဲ မိမိစိတ်ထဲကပင် အလိုလိုနှိုးဆွ စိတ်ရွလာလျက် ဟွံ့ အိမ်ကြီးသို့ပြောင်း၍ နေလိုက်ရန် စိတ်ကူးပေါ်၍ လာလေ၏။ သို့သော် နန်းအင်ကိုမူ ရုတ်တရက် ပြန်၍ ဖြေဆိုခြင်း မပြုဘဲ ခတ်မဆိတ်ပင်နေခဲ့ရာမှ ထိုရက်များအတွင်းတွင် ဦးလေး၏ သားကို အကဲခတ်ကြည့်မိ ပြန်ရာ နန်းအင်ပြောသည့်အတိုင်း အစေခံမိန်းခလေးများနှင့် ပြီတီတီလုပ်နေသည့် အချင်းအရာကို မြင်ရ သောကြောင့် "ငါ့ဒီတဏှာရူးခွေးကောင်နဲ့ ဒီအိမ်မှာ အတူတူနေလို့မဖြစ်တော့ပါဘူး" ဟု ဟွံ့အိမ်ကြီးကို ပြောင်းလိုသော ဆန္ဒမှာ ပြင်းထန်၍လာလေ၏။
ဦးလေးကို ကြည့်လိုက်ပြန်သည့်အခါ နတ်စည်းစိမ်ခံစားလွန်းသဖြင့် ပိန်းချုံးလျက်ရှိပြီးလျှင် ချောင်း ဆိုးသည့် အခါများတွင် သွေးများပင် ပါ၍လာနေပြီကို တွေ့ရလေ၏၊ ဦးလေး၏ မိန်းမမှာလည်း ဘိန်းစွဲ လျက် လောကကို မေ့နေသည့်အဖြစ်၌ ရောက်နေသည်ကို တွေ့ရပြန်လေ၏။
သို့ဖြစ်လေရာ ၀မ်လန်းသည် ဟွံ့ အိမ်ကြီးသို့ ပြောင်းရွှေနေဘို့ရန် တခါတည်း ဆုံးဖြတ်လိုက် လျက် တနေ့ ၌ လိုင်ယူ၏စပါးဒိုင်တွင် အလုပ်လုပ်နေသည့် သားအငယ်ထံသွားရောက်ပြီး အိမ်ပြောင်းမည့် အကြောင်းကို ပြောပြ လျှက် ၎င်း၏သဘောကို မေးမြန်းစုံစမ်းကြည့်လေ၏။
နန်းဝင် ကား ယခုအခါ ခလေးတယောက် မဟုတ်တော့မူ၍ လူပျိုလူရွယ်ကလေး ဖြစ်နေပြီဖြစ်ရာ ဘခင် လာရောက် တိုင်ပင်သည့်အခါ။
" ဟာ သိပ်ကောင်းပေါ့ ကျွန်တော့်အဘို့လဲ နေရာကျသွားတာဘဲ ဘာပြုလို့လဲဆိုတော့ ကျွန်တော် လဲ မိန်းမ ယူပြီး အဘေတို့နဲ့အတူ တလုံးထဲတစီးထဲ စည်းစည်းလုံးလုံး လာနေနိုင်တာပေါ့" ဟု ပြန်ပြောလေ၏။
ဝမ်လန်းသည် ထိုကိစ္စကို မစဉ်းစားနိုင်ခဲ့ပေ၊ ယခုမှ သားငယ်လက်ထပ်ရန် ကျန်သေးသည်ကို သတိရ လေ၏၊ သို့ဖြစ်လေရာ အလုပ်ကိစ္စများကြောင့် ဤကိစ္စကို မိမိမေ့လျော့နေခဲ့ကြောင်း ယခုမှသတိရ၍ မိမိဆောင်ရွက် ပေးရန် အသင့်ရှိကြောင်း ပြောလိုက်ရာ နန်းဝင်က " မိမိသည် မြို့သူကို အလိုမရှိကြောင်း မြို့သူကို ယူလျှင် မိမိအစ်ကိုယူမိသော မိန်းမကဲ့သို့ ငွေအသုံးများလိမ့်မည်ဖြစ်ကြောင်း မိမိယူလိုသော မိန်းမ မှာ တောသူဖြစ်လျက် ဆင်းရဲသော ဆွေမျိုး ညာတိများမရှိသည့် မိန်းမတယောက် ဖြစ်ရမည် ဖြစ်ကြောင်း ပစ္စည်းရှိရမည်ဖြစ်ကြောင်း ခန်းဝင်ပစ္စည်းကောင်းကောင်း တင်နိုင်မည့်သူလည်း ဖြစ်စေရမည် ဖြစ်ကြောင်း ထမင်းဟင်းချက်ပြုတတ်လျက် အသုံးအစွဲကျစ်လစ်ရမည် ဖြစ်ကြောင်းနှင့် စိတ်ကြိုက် ကြင်ဘက် အကြောင်းကို တသီကြီးပြောပြသွားလေရာ ၀မ်လန်းမှာ နားထောင်လျက် အံ့သြနေမိ လေ၏၊
သားအကြီးနှင့် မည်မျှကွာခြားလှပုံကို စဉ်းစားရင်း နန်းဝင် အပေါ် သဘောကျလျက် မိမိသည် ဤကိစ္စကို ချင်း နှင့် တိုင်ပင်၍ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြောဆိုကာ ၀မ်းသာအားရနှင့် ပြန်ခဲ့လေ၏။
ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>
Friday, April 23, 2010
ဒဂုန်ခင်ခင်လေး၏ မြေပဒေသာ အပိုင်း (၃၈)
အခန်း-၂၇
ဝမ်လန်းမှာ၊ အသုဘကိစ္စဖြင့်၎င်း၊ မင်္ဂလာဆောင်ကိစ္စဖြင့်၎င်း၊ ထိုရက်များအတွင်း၌ လယ်ကိုမေ့ လျော့၍ နေလေ၏၊ တနေ့သ၌ “ချင်း”က ၀မ်လန်းအား၊ ယခုနှစ် ရေကြီးလိမ့်ဦးမည် ထင်ရကြောင်း၊ မိုဃ်း ရာသီ မဟုတ်သေးဘဲနှင့် ပင်လယ်များမှာ ရေ၀င်၍နေပြီဖြစ်ကြောင်း လာ၍ပြောလေ၏။ ဤ တွင်မှ ၀မ်လန်း သည် လယ်ကို ပြန်သတိရလျက် လိုက်၍ကြည့်လေရာ၊ မြို့တံခါးအနီးမှ ဂျုံခင်းများ မှာ မြေမှ ရေစိမ့် ထွက်သဖြင့် သေတော့မည့် အခြေအနေရေ၀ပ် နေသည်ကို တွေ့ရလေ၏။
မြို့တံခါး အနီးမှ ကျုံးများမှာလည်း ရေတဖွေးဖွေးဘောင်းလန်နေလျက်၊ တူးမြောင်းများမှာ မြစ်ကြီးများ သဖွယ် ဖြစ်နေလျက် ရေစီးသန်နေသည်ကို တွေ့ရလေ၏။ ထိုနေ့မှစ၍ ရေမှာ တဖြည်းဖြည်းလျှံ၍  သာလာ ခဲ့ပြီးနောက်၊ မကြာမီ တနယ်လုံးရေဘေးကြီး ဆိုက်ရောက်ပြန်လေ၏။ ဆင်းရဲသားများမှာ ငတ်မွတ်လျက်၊ အောက်အရပ်သို့ ပြေးသူပြေး ဓားပြတိုက်သူတိုက်နှင့် ကပ်ဆိုက်၍ ဒုက္ခကြီးး ရောက်ကြပြန်လေ၏။
ဝမ်လန်းအိမ် နှင့် သင်းချိုင်း မြေကလေးကား၊ ယခင်နှစ်များကကဲ့သို့ပင် ရေမမြုပ်ဘဲ ကျန်ရစ်၏၊ ၀မ်လန်း သည်၊ ရေမကျမချင်း အစားအသောက်အတွက် ဒုက္ခမရောက်စေရန် အိမ်ထောင်ကို ကိုယ် တိုင်ကြည့်ကြပ် အုပ်ချုပ်လျက်၊ အစစအရာရာ ချွေတာ သုံးစွဲစေလေ၏၊ သို့သော် ကြာပဒုံကိုမူ၊ သူများလို အဆင်းရဲ ခံနိုင်ရည် မရှိ…ဟု ဆိုကာ အစားကောင်း အသောက်ကောင်း ကလေးများကို တိတ်တိတ် ခိုး၍ကျွေး၏။ မုတ်ဆိတ်နီ ဓားပြဂိုဏ်းဝင်ဦးလေး တယောက်လုံး အိမ်တွင်ရှိနေသဖြင့် မိမိ တို့ လူဆိုးဓားပြရန်မှ သက်သာရာ ရပေသည်ဆိုကာ ဦးလေးဖြစ်သူနှင့်တကွ ၎င်း၏မယား၊ ၎င်း၏ သားတို့ကိုလည်း ၀မ်လန်း သည်၊ မညည်းမညူ ကျွေးမွေး၍ထား၏။
သို့သော် တနေ့၌ ၀မ်လန်းသည်၊ သားအမိ သားအဘ ၃ယောက်စကားပြောနေသည့်နေရာသို့ အမှုမဲ့ အမှတ် မဲ့ ရောက်ရှိသွားလေရာ၊ သားအမိ၂ယောက်က မိမိကိုမမြင်ဘဲ မိမိ၏ဦးလေး ဓားပြ ကြီးကို တစုံ တရာ တိုက်တွန်းပြောဆိုနေသံများ ကြားရလေ၏။ သား။  ။ “ဟုတ်တယ်ဗျ၊ သူ့မှာ ငွေတွေလဲရှိတယ်၊ ကျွန်တော်တို့ သူ့ဆီက ပိုက်ဆံတောင်းကြရ အောင်၊”
မယား။   ။ “ဟုတ်တယ်၊ ဒီအခါမျိုး နောက်ကြုံဘို့ ခဲယဉ်းတယ်တော့၊ တော်တယောက်လုံး မုတ်ဆိတ်နီ ဂိုဏ်းကြီး ရဲ့ ဒုတိယဗိုလ်ဖြစ်နေလို့ သူအခုလို ဧဧဆေးဆေးနေနိုင်တာ၊ နို့မို့ရင်  အိမ် ပေါ်က ဓားပြတိုက် ခံရလို့ လက်လွတ် ဆင်းပြေးရတာ ကြာပီ၊ ဒါကို သူကောင်းကောင်းသိ တဲ့လူတ ယောက်ဘဲ၊”
ဝမ်လန်း ကား ထိုအသံများကို နားထောင်ရင်းတကိုယ်လုံး ဆတ်ဆတ်တုံ၍ နေလေ၏။ သို့သော် မည်သို့မျှ မတတ်နိုင် ရှာပေ။ စိတ်ကိုကြိုးစား၍ ချုပ်တီးကာ တွက်ခဲ့ရလေ၏။ နောက်တနေ့၌ ဦးလေးဖြစ်သူသည် ၀မ်လန်း ထံရောက်လာပြီး၊ “ကွာ-ငါ့တူဦးလေး ဆေးတံကလေးတခုနဲ့ ဆေးကလေး နဲနဲလောက် ၀ယ်ချင် လို့ နောက်ပီးတော့ မင်းအဒေါ်မလဲ တကိုယ်လုံး အစုတ်ထဲကျန်တော့ သူအကျီသစ်ကလေးများ ၀ယ်ချင် လို့ ဦးလေး ကို ငွေနဲနဲပါးပါးလောက် ပေးစမ်းပါကွယ်”ဟု တောင်းလေ၏။ ၀မ်လန်းသည်၊ ဘာမျှ ပြန်မ ပြောဘဲ ငွေ၂ိ ထုတ်ပေးလိုက်လေ၏။
နောက်၂ရက်ကြာပြန်သောအခါ ထိုနည်းတူလာ၍ တောင်းပြန်လေ၏။ ထိုအခါ၌မူ ၀မ်လန်းက “ကျုပ်တို့ မကြာခင် ငတ်အောင် လုပ်နေတာလား”ဟု ပြန်၍အော်လိုက်မိရာ ဦးလေးဖြစ်သူက ဂရု မစိုက်ဟန် နှင့် ရယ်မောရင်း။
“မင်းအခုကောင်းကောင်း အစောင့်အရှောက်ခံနေရတယ် မဟုတ်လား၊ ကြည့်စမ်း မင်းထက်ဆင်းရဲ တဲ့ လူတွေ…။ မကြာ မကြာ အိမ်ထုတ်မှာ ကြိုးဆွဲပီး မီးဖုတ်ခံနေရတာ…။”
ဤသို့ ပြောသည်ကို ကြားရသည်နှင့်တပြိုင်နက် ၀မ်လန်းမှာ ချွေးသီးချွေးပေါက်ကြီးများ ကျ၍လာ လေ၏။ နောက်ထပ် စကားပြောမနေတော့ဘဲ၊ အိတ်ထဲမှ ပိုက်ဆံကိုနှိုက်၍ ပေးလိုက်လေ၏။ ၀မ်လန်းမှာ ရေဘေး အထွက်၊ ရေမကျမီ အစားအသောက်ကို ချွေတာ သုံးစွဲလျက်ရှိရာ၊ အသား ဟင်းကို မစားတော့ ဘဲဖြစ်သမျှ နှင့်ပင် စားသောက်ကြ၏။
သို့သော်လည်း ဦးလေးနှင့် ၎င်းတို့သား အဘ၃ယောက် ကိုမူ အသားဟင်းဝယ်၍ချက်ပေးရ၏။ ၀မ်လန်းမှာ ဆေးလိပ် ဆေးတံ ဆို၍ တခါမျှ မသောက်ဘူးပေ။ ၀မ်လန်း၏ဦးလေးကား…..အိမ်တွင် အငွေ့ တထောင်း ထောင်း နှင့်ဖြစ်နေလေ၏။
ထို ၃ယောက်အတွက်၊ ၀မ်လန်းတဦးတည်းစိတ်ဆင်းရဲရသည် မဟုတ်ပေ၊ နန်းအင်မှာလည်း လက်ထပ်ပြီး ကတည်းက စိတ်မချမ်းသာဘွယ် ကိစ္စတခု ပေါ်ပေါက်နေပုံရလေ၏။ ဇနီးဖြစ်သူအား၊ ၀မ်လန်း ဦးလေး၏ သားနှင့် လွတ်ကင်းနိုင်သမျှ လွတ်ကင်းအောင် စောင့်ကြပ် ဂရုစိုက်နေသည့် အဖြစ်ကို ၀မ်လန်း သတိထား မိလေ၏။ နေ့အခါ ထိုသူငယ်အိမ်တွင်ရှိစဉ်၊ ဇနီးဖြစ်သူကို အခန်းထဲ၌ နေစေလေ၏၊ ညနေဘက် ထိုသူ အိမ်၌ မရှိသည့်အချိန်ကျမျှ အပြင်သို့ထွက်စေသည်ကို တွေ့ရ လေ၏။ မည်သည့်  အကြောင်းကြောင့် ဤသို့ ပြုလုပ်နေသည်ကိုမူ ၀မ်လန်းမသိရပေ၊ သို့သော် နန်း အင်မှာ ဘခင်ဖြစ်သူအပေါ်တွင်လည်း အထင်လွဲ နေပုံရလေ၏၊ တနေ့၌နန်းအင်သည်။
ဝမ်လန်း အား- “အဲဒီလိုသာ ဒီကျား၃ကောင်ကို ကြပ်ကြပ်ဂရုစိုက်နေပါ။ သားအရင်းနဲ့ ချွေးမကိုတော့ ဂရု မစိုက်ပါ နဲ့၊ အတော်အံ့သြစရာကောင်းတယ်၊ ကိုယ့်အိမ်နဲ့ ကိုယ်သွားနေတာကမှ ကောင်းသေးတယ်”ဟု ပြောဆို လာလေ၏။ ထိုအခါ ၀မ်လန်းက မိမိစိတ်ထဲတွင် မျိုသိပ်အောင့်အီး၊ ရွက်အုပ်သီးပူ နေရ သော အဖြစ် ကို အမြစ်မှလှန်လိုက်ရလေ၏။
“ငါလဲ ဒီ၃ယောက်ကို သိပ်မုန်းတယ်၊ ဘယ်လိုလုပ်ရမှန်းမသိလို့သာ ဒီအတိုင်းကြည့်နေရတာ။ မင့် ဘထွေး ဟာ ဓားပြဗိုလ်တယောက်ကွ။
အဲဒါကြောင့် ကြောက်လို့ကျွေးမွေးထားရတာ။”
“ဘာလုပ် ရမှန်းမသိလို့-ဟုတ်လား (ဒေါသပို၍ ထွက်လာလျက်) ညကျ ၃ယောက်စလုံး ရေထဲ ကန်ချ ပစ်လိုက်ရုံပေါ့-။ “ချင်း”က ဟိုကောင်မကြီးကို တွန်းချ ကျွန်တော်ကဟိုအကောင်ကို တွန်းချ မယ်၊ ဒီအကောင် ကို ကျွန်တော်သိပ်မုန်းတယ်။ ကျွန်တော့်မိန်းမကို ခဏခဏလာလာပီး ချောင်းကြည့် တဲ့ အကောင်၊ အဘေက အဘေ ဦးလေးကိုတွန်းချ-“
“အဲဒါတော့ ငါမလုပ်ချင်ဘူးကွာ၊ ငါ့အဘေညီတယောက်လုံးကို ရေထဲတွန်းချဝံ့တဲ့သတ္တိ ငါ့မှာရှိ တယ် ထားဦး၊ တကယ်လို့ တွန်းချလိုက်ရင် တခြားဓါးပြတွေကြားသွားတော့ မခက်ဘူးလား၊ သူ တယောက် ရှိရင် ဒို့ ဓားပြရန်ကဧတယ်ကွ၊ သူသေသွားရင်ဒို့လဲ တခြားလူတွေလို ဓားပြလက်ချက် နဲ့ သေရလိမ့်မယ်”
ထို့နောက် ၂ယောက်သား ကိုယ့်စိတ်ကူးနှင့် ကိုယ်ငြိမ်သက်၍သွားလေ၏။
နန်းအင်မှာဘခင်၏ ပြောသောစကားကို ဆင်ခြင်ကြည့်လိုက်သည့်အခါ မှန်ကန်ကြောင်း သိမြင်လာလေ၏။ သို့ဖြင့် သားအဘ၂ယောက်မှာ ရန်သူသဖွယ် ဖြစ်နေသော ထို၃ဦး၏ရန်ဘေးမှ အလွယ်တကူလွတ်မြောက် စေနိုင်သော နည်းလမ်းကို စဉ်းစားစိတ်ကူး၍နေကြလေရာ၊ နောက်ဆုံးနန်းအင်ကအကြံတရရ၍ ထို အကြံ ကို ဘခင်ဖြစ်သူအား ပြောပြတိုင်ပင်လေ၏။ ၎င်းအကြံမှာ သားအမိ သားအဘ ၃ယောက် စလုံးကို ဘိန်းဖြင့် မျှားရန်ဖြစ်လျက်၊ ဘိန်းပြောင်းနှင့်ဘိန်းများဝယ်ပေးလိုက်ပြီး အချိုနှင့်ကပ်၍ပေါင်း ထားလျှင် ရန်ဘေးမှ အမှန် ဝေးနိုင်ဘွယ်ရာရှိကြောင်းဖြစ်လေ၏။ သို့သော် ထိုအကြံကို ၀မ်လန်းမှာ ငွေအကုန်များမည်ဆို၍ သဘော မတူဘဲရှိလေ၏။
ထိုအတောအတွင်း စိတ်မချမ်းသာစရာ ကိစ္စတခုက ရုတ်တရက်ထပ်ဆင့်၍ ပေါ်ပေါက်လာပြန်လေ ၏။ ထိုကိစ္စမှာအခြားမဟုတ်၊ ၀မ်လန်းမျက်ရန်းအကျိုးဆုံးဖြစ်သော ၀မ်လန်း၏ဦးလေးသားက ၀မ် လန်း၏ သမီး အငယ်ဆုံး ကလေးကို စော်ကားခြင်းဖြစ်ပေ၏။ ထိုသမီးကလေးမှာ လိုင်ယူ၏သားနှင့် စေ့စပ်ကြောင်း လမ်းပြီးဖြစ်သော သမီးငယ်ဖြစ်လျက်၊ ယခုအခါ အပျိုပေါက်ကလေးဖြစ်နေပြီး ဖူးပွင့် စပန်းလို အလှသွေး ကြွချိန်ဖြစ်ပေ၏။ ထိုခလေးမကလေးသည် တည-တယောက်တည်းအဆောင် ထဲ၌ဖြတ်၍လျှောက်လာစဉ်၊ ၀မ်လန်း ဦးလေး၏သားက ရုတ်တရက်တကိုယ်လုံးကို သိမ်းကြုံးပွေ့ ဘက်ကာ မလျော်မကန်သည့် အပြုအမူ တခုကို လုပ်လေ၏။ ကလေးမကလေးလည်း ထိတ်လန့် ၍ ဟစ်အော်လေရာ၊ အော်သံကို ၀မ်လန်းကြား သဖြင့် ပြေးထွက်လာသည့်အခါ ထွေးလုံးရစ်ပတ် ဖြစ်နေသော ၂ယောက်ကိုတွေ့ရလေ၏။
ဝမ်လန်း သည် လူရမ်းကား၏ခေါင်းကို ရိုက်လိုက်သော်လည်း ထိုသူငယ်မှာ အစာပါးစပ်ထဲရောက် နေ၍ စားမန်ရစ် နေသော ချွေးတကောင်လို ခလေးမအား  မလွတ်ဘဲ ဘက်မြဲဘက်၍ထားလေ၏။ ဤတွင် ၀မ်လန်း မှာ သမီးကလေးကို အတင်းဆွဲဖြုတ်၍ယူရလေ၏။ ထိုအခါလူရမ်းကားက အားရ ပါးရ ရယ်မော လိုက်ရင်း…..
“ကစားတာ ပါဗျာ၊ သူကျွန်တော့်နှစ်မကလေးမဟုတ်လား၊ နှစ်မတယောက်ကို ဘယ်သူကမကောင်း ကြံမလဲ…..” ဟု ဖြေရှင်းပြောဆိုသည့်တိုင်။ ၎င်း၏အတွင်းသဘောကို ဆန်းကျယ်နေသော မျက်လုံး များက သက်သေခံ လျက်ရှိလေ၏။
ထိုည၌ ၀မ်လန်းသည်အဖြစ်အပျက်ကို နန်းအင်အားပြောပြလေ၏။ နန်းအင်မှာ ကြီးစွာ စိတ်ရှုတ် သွားလျက်။
“ဒီကောင်မကလေး ကို သူ့ယောက္ခမလောင်းအိမ်ပို့လိုက်မှဘဲ၊ သူ့ယောက္ခမလောင်းကလက်ထပ် ဘို့ ဘယ်လောက် ဘဲငယ်သေးတယ်ပြောပြော အခုလိုစားမာန်ရစ်နေတဲ့ ကျားတကောင်ရှိနေတဲ့ အိမ်မှာတော့ အပျိုရည် ပျက်အောင် ဆက်ထားလို့ မဖြစ်တော့ဘူး”ဟု အကြံပေးလေ၏။
ဤအကြံပေးချက်အတိုင်း ၀မ်လန်းသည်နောက်တနေ့တိုင်ယူအိမ်သို့သွားရောက်ပြီး။
“ကျုပ်သမီး အသက်၁၃နှစ်ရှိပီ မိတ်ဆွေ၊ လက်ထပ်ဘို့တော်ပီထင်တယ်”ဟုပြောလေရာ၊ လိုင်ယူက နှုတ်လေးလေးနှင့်-
“ကျုပ်မှာ ဒီနှစ် အိမ်ထောင်တစု ကျွေးထားနိုင်လောက်အောင် အလုပ်အကိုင်နေရာမကျဘူး မိတ် ဆွေ”ဟု ပြန်ပြော လေ၏။ ထိုအခါ ၀မ်လန်းမှာအဖြစ်အပျက်ကို အမှန်အတိုင်း ပြောမပြနိုင်ဘဲ-
“ခက်တာ က ကျုပ်မိန်းမကလဲသေသွားတော့ ကျုပ်သမီးကလေးအတွက် ကျုပ်ကလဲ အမြဲစောင့် ကြည့်မနေနိုင်ဘူး မိတ်ဆွေ၊ မိတ်ဆွေရဲ့ ချွေးမ တယောက် မကြာခင်ဘဲဖြစ်တော့မဲ့ဟာ-မထူးတော့ ပါဘူး-မိတ်ဆွေ အိမ်မှာဘဲ အပျိုဘ၀နဲ့ ထိမ်းသိမ်း စောင့်ရှောက်ထားပီး-မိတ်ဆွေသဘောကျတဲ့ အချိန်ကျမှဘဲ လက်ထပ် ပေးပါတော့”ဟု ပြောရလေ၏။ ထိုအကြံကို လိုင်ယူက သဘောတူလျက်၊ အိမ်၌ မိမိဇနီးသည်၏ အစောင့် အရှောက်ဖြင့် ခေါ်ယူထားပါမည်ဟု ပြောဆိုလိုက်လေ၏။
ဝမ်လန်းသည် လိုင်ယူ၏ အိမ်မှပြန်ခဲ့သောအခါ လမ်း၌ဘိန်းချိန် ခြောက်အောင်စ၀င်၍ ၀ယ်ယူခဲ့လေ ၏။
ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>
Thursday, April 22, 2010
ဒဂုန်ခင်ခင်လေး၏ မြေပဒေသာ အပိုင်း (၃၇)
ဤသို့တွေးရင်းသားဖြစ်သူ၏ မျက်နှာကိုလည်း အကဲခတ်၍နေလေ၏ လက်မထပ်မီက သတို့သား နှင့် သတို့သ္မီး ကို အချင်းချင်းမတွေ့နိုင်အောင် တကွဲစီထားခဲ့လေရာ၊ ယခုပွဲထုပ်မှ နှစ်ယောက် အတူယှဉ်၍ ထိုင်ကြရခြင်း ဖြစ်၏ သို့ဖြစ်လေရာ သတို့သ္မီး၏မျက်နှာကို သားဖြစ်သူလှည့်မကြည့် အကဲခတ်၍ နေလေ၏ သားဖြစ်သူက သတို့သ္မီးကိုတချက်စောင်း၍ ကြည့်လိုက်ပြီး၊ သဘောကျ သွားဟန်ကိုမြင်လိုက် ရသောအခါ၊ ၀မ်လန်းလည်းဝမ်းသာလျက်၊ “အဲဒါ ငါရှာပေးတဲ့မိန်းမကွ“ဟု ကြွားစရာမရှိ၊ ကိုယ့်ဟာကိုယ် ပြန်၍ ကြွားမိလေ၏ ။
သတို့သားနှင့်သတို့သ္မီးသည်၊ ၀မ်လန်းနှင့်ဝမ်လန်း၏ ဘခင်ကြီးတို့ ကန်တော့ကြပြီးနောက်၊ အိုလင်၏ အခန်း ထဲသို့ သွားကြလေ၏ အိုလင်ကား ထိုနေ့တွင် အကောင်းဆုံးအ၀တ်အစားများကို ၀တ်ဆင်၍ ထား၏ သားနှင့်ချွေးမ၀င်လာသည်ကို မြင်လျှင်၊ အိပ်ရာထဲမှထဲ၍ထိုင်လေ၏ နန်းအင်နှင့် သတို့သ္မီးသည် အိုလင် ကို ကန်တော့ကြသည့်အခါ၊ အိုလင်က ၎င်း၏အိပ်ရာကို လက်နှင့်ပုတ်ပြ လျက်။
“ဒီမှာထိုင်ကြ ဒီမှာ မင်္ဂလာအိပ်ရာဟာ မင်္ဂလာဝိုင်အရက်များ သောက်ကြ၊ ဒီအိပ်ရာဟာ မင်းတို့ရဲ့ အိပ်ရာဘဲ၊ ငါလဲဒီအိပ်ရာမှာ ကြာကြာမနေရတော့ပါဘူး၊ ငါမသွားရခင် မင်းတို့မင်္ဂလာထမင်း မင်္ဂလာဝိုင် အရက် သောက်ကြတာ ငါကြည့်သွားချင်တယ်“ဟု ပြောလေ၏ ။
ထိုအခါ နန်းအင်စုံတွဲသည်၊ တယောက်ကိုတယောက် ရှက်ဟန်ဖြင့် အတူယှဉ်၍ထိုင်ကြလေ၏ ထိုအခိုက် ၀မ်လန်း၏ အဒေါ်က ၀ိုင်အရက်နှစ်ခွက်ကို လာ၍ပေးလေ၏ သတို့သားနှင့်သတို့သ္မီး သည် ပဋ္ဌမ၌ ကိုယ့်ခွက်ကို ကိုယ်ယူ၍ သောက်ကြ၏ ထို့နောက် တခွက်မှအရက်နှင့်တခွက်မှ အရက်ချင်းရောနှောကာ သောက်ကြပြန်၏ အရက်သောက်ပြီးသောအခါ၊ မင်္ဂလာထမင်း ကို လက်ဆုံစားကြလေ၏ ။
ထို့နောက် အိုလင်ကိုကန်တော့၍ အပြင်သို့ ပြန်ထွက်ခဲ့ကြပြီးလျှင်၊ ပရိသတ်များအား ကန်တော့ကြ ပြီးနောက်၊ ဧည့်ခံကျွေးမွေးခြင်းကို စလေ၏ ။
သူဋ္ဌေးမင်္ဂလာဆောင်ဖြစ်သောကြောင့်၊ ရပ်ဝေးရပ်နီးမှ အားခဲ၍လာရောက်ကြသည့် ပရိသတ်မှာ တအိမ်လုံး ပြည့်ကြပ်၍ နေလေ၏ ထိုအထဲ၌ ၀မ်လန်း မသိသူများပင်ပါဝင်၏ အစားအသောက်အတွက် ဥသြမယ် ကိုယ်တိုင် ဟော်တယ်မှ စဖိုမှူးများနှင့် စီမံလျက်၊ ဟော်တယ်မှာပင် ချက်ပြုတ် စေပြီး အိမ်သို့ ယူခဲ့စေ၏ ကျွေးခါနီးမှ နွေး၍ကျွေးလေရာ၊ စားသောက်ကြသူများမှာ ပူပူနွေးနွေးစားသောက်ကြရလျက်၊ မစားဘူး သော မသောက်ဘူးသော အဘိုးတန်အစားအသောက်များ ဖြစ်သဖြင့်လည်းများစွာ ခံတွင်း တွေ့လျက် မြိန်ရှက်စွာ စားသောက်ကြလေ၏ တအိမ်လုံးမှာ ရယ်သံမောသံစကားပြောသံတို့ဖြင့်၎င်း၊ ဇွန်းသံ ပုဂံ တို့ဖြင့်၎င်း ပဲ့တင်ရိုက်လျက်ရှိပြီးလျှင်၊ သင်းပြန့်မွေးကြိုင်သော ဟင်းကျွေး ဟင်းရံ အနံ့ အသက် တို့ မှာ ခန်းလုံး အိမ်လုံးနှံ့မျှ ရနံ့တကြိုင်ကြိုင် သင်းပြန့်လျက်ရှိလေ၏ ။
ဤသို့ ပျော်ပျော် ပါးပါးကြီး အလှူအတန်းပြုလုပ်လျက်ရှိသည်ကို အိုလင်လည်း မြင်ကြားအားရ ၀မ်းသာ ၀မ်းမြောက် ရှိစေခြင်းဌါ၊ ၀မ်လန်းသည် အိုလင်၏ အခန်းတံခါးနှင့် အခန်းဆီးများကို ဖွင့်လှစ် ပင့်တင်၍ ပေးထား လေ၏ မကြာမကြာလည်း အိုလင့်ထံဝင်သွားလျက်၊ အခြေအနေကိုအကဲခတ်၏ ၀မ်လန်း ၀င်လာ တိုင်းလည်း၊ အိုလင်ကဆီး၍ စေ့စေ့ဌဌရှိမရှိ မေးမြန်းရာက၊ လိုလေသေးမရှိရ  အောင် ဂရုစိုက်၍ ကျွေးမွေး ကြောင်း ကြားရလျှင် အားရလျက်၊ အပြင်မှအသံများကို နားထောင်ရင်း ပီတိဖြစ်၍နေ၏ ။
သို့ဖြင့် မင်္ဂလာအခမ်းအနားသည် ပြီးစီးခြင်းသို့ ရောက်ခဲ့လေ၏ ထိုည၌တအိမ်လုံး တိတ်ဆိတ် လျက် ရှိသည့် အခါ၊ အိုလင်မှာ အမောဖေါက်၍နေလေ၏ သားနှင့်ချွေးမကို အိပ်ရာအနီးသို့ ခေါ်ယူလေ၏ ရောက်ကြ သောအခါ-
“ကိုင်း-ငါကျေနပ်ပြီ-ငါ့သား-မင်းအဘေကိုဂရုစိုက် အဘိုးကိုလဲဂရုစိုက်ပါ၊ ငါ့သ္မီးကလဲညီယောက်ျား ညီယောက္ခမ ညီးအဘိုး နဲ့ ညီးယောက်မလေး ကို ဂရုစိုက်ပါကွယ်၊ ဒိပြင်ဘယ်သူ့မှ ဂရုစိုက်ပြုစု စရာ မလိုဘူး“ ဟု မှာလေ၏ “ဒိပြင်ဘယ်သူမှ“ဆိုသောစကားမှာ ကြာပဒုံကိုဆိုလိုခြင်းပင်ဖြစ်၏ ထို့နောက် သတိလစ်၍ သွားလေ၏ အတန်ကြာမိန်းမောပြီးနောက်၊ ဂယောင်ဂတန်းပြောဆိုစပြုလေ ၏ မျက်လုံး မဖွင့်ဘဲ ခေါင်းကိုဟိုဘက်ဒီဘက်ရမ်းပြီး “ကျုပ်အ၇ုပ်ဆိုးပေမဲ့ ကျုပ်သားတွေ မွေးပေးခဲ့ပီ၊ ဟုတ်တယ်-ကျုပ်ကျွန်မကြီး ပါ ဒါပေမဲ့ကျုပ်မှာသား နဲ့“။
ငြိမ်သက် သွားပြန်လေ၏။
 ထို့နောက် ရုတ်တရက် “အို-သူု့ကိုငါပြုစုသလို ဒင်းပြုစုနိုင်ပါ့မလား ငါဂရုစိုက်သလို ဒင်းဂရုစိုက် နိုင်ပါ့မလား၊ လှတာက လှတာတခြားဘဲ၊ သားတော့ မွေးမပေးနိုင်ပါဘူး“ဟု ပြန်ပြောလေ၏ ထို့နောက် အနီး၌ လူရှိမှန်း မသိ ဘဲ၊ ဆက်လက်၍ ဂယောင်ဂတန်းပြောဆိုနေလေ၏။
ဝမ်လန်း သည် သားနှင့်ချွေးမကို အခန်းထဲမှအထွက်ခိုင်းလိုက်ပြီး အိုလင့်အနီးမှထိုင်၍ အိုလင့် မျက်နှာကို စိုက်ကြည့် နေလေ၏ ထိုခဏ၌ အိုလင်၏မျက်လုံးများသည် ပြူးကျယ်စွာပွင့်၍လာလေ၏ ထိုမျက်လုံးများ၌ ထူးခြားသော အရိပ်အရောင်များ ယှက်သန်း၍နေလေ၏ ၀မ်လန်း၏မျက်နှာကို အထူး အဆန်း တခုမြင်ရသည့်အလား မျက်လုံးမမှိတ်ဘဲ အံ့သြသလိုကြည့်နေလေ၏ ထို့နောက် ခေါင်းအုံးပေါ်မှ တဘက် သို့ လျှောကျ သွားလေ၏ ။
အသက်မရှိ တော့သည်ကို တွေ့ရသောအခါ ၀မ်လန်းသည် အိုလင့်အလောင်းနား၌ ဆက်လက် ထိုင်မနေနိုင် တော့ဘဲ အဒေါ်ဖြစ်သူကိုခေါ်၍အလောင်းကိုရေချိုးခိုင်း၏ ထိုအခါမှစ၍ အလောင်းရှိရာ  အခန်း ထဲသို့ မ၀င်တော့ပေ၊ သားနှင့် ချွေးမ အပြင် အဒေါ်ဖြစ်သူ သုံးယောက်ကိုသာ အလောင်းကို ခေါင်းသွင်းရန် ခိုင်းပြီးနောက်၊ ဈာပနအတွက် စီမံ၍နေလေ၏ သဂြိင်္ုလ်ရန် နေ့ကောင်းရက်သာကို ရွေးသည့် အခါ၊ နောက်သုံးလကြာမှ ရက်ကောင်းကြုံသဖြင့် အိုလင်၏အလောင်းအား သဂြိုင်္လ်မည့် နေ့အထိ ခေတ္တထားရန် မြို့သို့ထွက်သွားပြီး၊ ဘုန်းတော်ကြီးတပါးထဲ သုံးလအတွက် နေရာတခု ငှါးယူ လေ၏ ။
ဝမ်လန်းသည် သားနှင့်ချွေးမအား အိုလင်ကွယ်လွန်ခဲ့သော အခန်းကို ပေးလေ၏၊ သားနှင့်ချွေးမ ကလည်း ကျေကျေနပ်နပ်နှင့်ပင် ထိုအခန်းထဲသို့ ပြောင်း၍နေကြလေ၏ မကြာမီပင် တည၌ ၀မ်လန်း၏ဘခင်ကြီးမှာ အိုလင့် နောက်သို့ လိုက်သွားလေ၏ အိုလင့်အလောင်းကို ခေါင်းသွင်းနေ သည်ကို မြင်သွားခဲ့ရာမှ စိတ်ကို ထိခိုက် သွားပုံရလေ၏ ၀မ်လန်းသည် ဘခင်ကြီး၏ ရုပ်အလောင်းကို ကိုယ်တိုင်ပင် ရေချိုးပေးလျက်၊ မိမိအသင့် ၀ယ်ထားသော ခေါင်းတွင်ထည့်ကာ အိမ်အလယ်ခန်း၌ထားလေ၏ “ငါ့အဘေနဲ့ ငါ့မယား အလောင်း၊ တနေ့ထဲ သဂြိုင်္လ်မယ်ဟေ့”ဟု ပြောဆိုကာ၊ သင်္ဂြိုလ်မြုပ်နှံရန် နေရာအတွက် ၎င်းပိုင် ကုန်းမြင့် ကလေး တခုကို ရွေးချယ်လေ၏ “ချင်း”သည် ထိုနေရာ၌မြေ၀င်းထရံကာထားပြီး အလောင်းနှစ်ခုမြုပ်နှံရန် တွင်းများ တူးထားလေ၏။ ၀မ်လန်း၏အကြံပေးချက်အတိုင်း ၀မ်လန်းနှင့်တကွ ၀မ်လန်း၏ သားမြေး အစဉ်အဆက် တို့ပါ ကွယ်လွန်သည့်အခါ တနေရာတည်းမြုပ်နှံနိုင်ရန်၊ သင်းချိုင်းမြေကို ခတ်ကျယ်ကျယ်ပြုပြင်လျက်၊ ၀င်းခတ် ထားလေ၏၊ ၀မ်လန်းတို့အိမ်သားတစုကား စိတ်မကောင်းခြင်း အထိမ်းအမှတ်ဖြင့် တကိုယ် လုံး အ၀တ်ဖြူများကိုသာ ၀တ်ဆင်ထားကြလေ၏။
သို့ဖြင့် သင်းဂြိင်္ုလ်ရန်နေ့သို့ ဆိုက်ရောက်ခဲ့လေရာ၊ ၀မ်လန်းသည် မိမိတို့တအိမ်သားလုံးအတွက် ပခုန်းထမ်း ဝေါကုလားထိုင်သမားများကို မြို့မှမှာယူပြီး ဈာပနာ ကို ပခုန်းထမ်းဝေါကုလားထိုင်များ စီး၍ လိုက်ပို့ကြလေ၏ ကြာပဒုံလည်း ဝေါတခုဖြင့်စီး၍လိုက်၏ ၀မ်လန်းသည် အိုလင်၏ အလောင်း နောက်မှ လိုက်၏ ဘခင်ဖြစ်သူ၏ အလောင်းနောက်မှ ၎င်း၏ဦးလေးသည် လိုက်လာ၏ အလောင်း နောက်မှ ၎င်း၏ ဦးလေးသည် လိုက်လာ၏ ၀မ်လန်းသည် ဆွံ့အစိတ်မကောင်းဖြစ်နေရှာသော သ္မီးကလေးအတွက်ပင်၊ ဝေါသပ်သပ် မှာယူ၍ တင်ပြီး ထမ်းစေလေရာ ခလေးမကလေးကား လမ်းတလျှောက်လုံး စိတ်မကောင်း သူတို့ထုံးစံ ရယ်မော၍ လိုက်လေ၏။
အလောင်း ၂ ခုကိုမြေချသည့်အခါ အခြားသူတွေ ငိုယိုမြည်တမ်း ကြသလောက်၊ ၀မ်လန်းမှာ မျက်ရည် တစက်မှ မထွက်ဘဲရပ်၍ ကြည့်နေလေ၏ သို့သော် မြေဖို့ပြီးစီးသွားသည့်အခါ အပြန်တွင် ဝေါကို မစီးတော့ဘဲ ပြန်၍လွှတ်လိုက်ပြီး တကိုယ်တည်းလမ်းလျှောက်၍ ပြန်ခဲ့လေ၏ လမ်းတလျှောက်လုံးကား လေး နေသောရင်ထဲတွင် အသည်းကိုထင်ထင်ရှားရှား ခိုက်၍နေသည့် အနာတခုကို သိသာထင်ရှားစွာ ခံစား ရလေ၏ ထိုအနာမှာ တခါကမိမိအိုလင့်ထံမှ ပုလဲကလေး ၂ လုံးပြန်တောင်းမိသည့် ပြစ်ချက် ပင်ဖြစ်လေ၏ “ငါမေ့လို့ယူမိတာပဲ ငါမိုက်တာပဲ၊ ဒီပုလဲကလေး ၂ လုံး ကြာပဒုံနားမှာ ဆွဲထားတာကို ငါဘယ်နည်း နဲ့မှ ကြည့်လို့ ရမှာမဟုတ်တော့ဘူး….”ဟု နောင်တရလေ၏။
“အခု-ငါ့လယ်မြေထဲမှာ၊ ငါ့ဘ၀ရဲ့အကောင်းတ၀က်ကို မြုပ်လိုက်ရပီ..၊ ငါကိုယ်ကို ခါးကပိုင်းပီ တ၀က်ကို မြုပ်လိုက်ရသလိုပဲ၊ ရှေ့ရှောက်ပီးတော့တော့၊ ငါ့ဘ၀ဟာ ဘ၀သစ်တမျိုး ဖြစ်လာပီ…”ဟု တွေးရင်း အိမ်သို့ ဆက်လက်လျှောက်ခဲ့ရာ၌ မျက်ရည်တွေရုတ်တရက် ကျဆင်းလာလေ၏ ၀မ်လန်း သည် ကျလာသော မျက်ရည် များ ကို လက်ဖနောင့်ဖြင့် ခလေးလိုသုတ်လိုက်လေ၏ ။
ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>
Wednesday, April 21, 2010
ဒဂုန်ခင်ခင်လေး၏ မြေပဒေသာ အပိုင်း (၃၆)
နှစ်ဆယ့်ခြောက်
အိုလင်ကား ရုတ်ရက် ပျောက်ပျက်၍မသွားပေ၊ တဆောင်းတွင်းလုံး အိပ်ရာထဲတွင် ဝေဒနာခံစား၍ နေရှာလေ၏။ ထိုအခါ ၀မ်လန်းမှာ တသက်တွင် ပဌမဆုံးအကြိမ် အိ၌အိုလင်ရှိသည့်အတ်ွက မိမိတို့ မည်သိုက ဧဧသက်သာနေရပုံ အိုလင်ကြောင့် မည်သို့ အိမ်သာယာခဲ့ပုံ အိုလင့်ကြောင့် မည်သို့ သုခ ရရှိခဲ့ပုံကို သိမြင်လာလေ၏။
အိုလင်အိပ်ရာ ထဲတွင်လဲကာမှ မီးမွှေးတတ်သူပင် မရှိအောင်ဖြစ်သွားလေ၏။ ငါးကျော်ပြန်လျှင် တဘက်ဖြူ တဘက်ခြစ် ဖြစ်မနေအောင် ငါးအကောင် လိုက်မပျက် တဘက်မှ တဘက်သို့ယောင်းမဖြင့် လှန်တတ်သူ လည်း မရှိဖြစ်နေ၏ ဟင်းသီးဟင်းရွက်ကျော်ပြန်လျှင်လည်း ပဲဆီနှင့်ကျော်သင့်သော ဟင်းရွက် နှမ်းဆီနှင့်ကျော်သင့်သော ဟင်းရွက် မခွဲတတ် မကျော်တတ်အောင် ဖြစ်နေကြပြန်လေသည်။ ထမင်းစားပြီး ကြပြန်သည့် အခါ စားပွဲအောက် ပြန့်ကြဲနေသော ထမင်းလုံးဟင်းလုံးများကို လှဲမည့်သူပင်မရှိ တခါတခါ ၀မ်လန်း မှာ ဒေါသထွက်မိလျက် ခွေးတကောင်ကိုခေါ်ပြီး လျှာနှင့် ရက်အပြစ်ခိုင်းလေ၏။ တခါတလေ လည်း သ္မီးငယ်ကလေးကို ငေါက်ငန်းကြိမ်းမောင်း၍ အလှဲခိုင်းရလေ၏။
သားအငယ်ကလည်း အဘိုးအေ၏ ဝေယျာဝစ္စကို မိခင့်ကိုယ်စား ပြုလုပ်ပေးရှာ၏။ အဘိုးကြီးကား တနေ့တခြား အိုမင်းလာလျက် အိမ်တွင်ဘာဖြစ်၍ ဘ၀ပျက်နေမှန်းမသိ ခါတိုင်းကဲ့သို့ အိုလင်ကိုယ်တိုင် မိမိ၏ ဝေယျာဝစ္စကို လာမလုပ်ဘဲနေသည်ကို တွေ့လျှင် စိတ်ကောက်လျက် တကျော်ကျော်အော်၍ ခေါ်၏။ ထမင်းပုဂံကို လွှင့်၍ပစ်၏။ ဘလက်ရည်ပုဂံကို ပေါက်၍ပစ်၏။ ၀မ်လန်းက အကျိုးအကြောင်း ရှင်းပြသော်လည်း နားမလည် နောက်ဆုံး၌ အဘိုး ကြီး၏ လက်ကိုဆွဲ၍ အိုလင်လဲနေသော အခန်းထဲသို့ ခေါ်သွားကာ ပြမှ အဘိုးကြီးသည် ရိပ်မိနား လယ်သွားဟန်ဖြင့် မျက်ရည်တွေ ကျလာလေ၏။
ဥဏှောက်ပျက်နေရှာသော ၀မ်လန်း၏ သမီးအကြီးကလေးသာ ဘာမှန်းညာမှန်းမသိရှာတဲ့၊ သူ့တယောက် တည်း ပြုံးလိုက် ရယ်လိုက် က စားလိုက်နှင့်နေလေ၏။ ယခုအခါ သူ့အားမည်သူကမှ ဂရုမစိုက်နိုင်တော့၊ အိမ်ပေါက်ဝ သူ့ဘာသာ သူ ကစားနေသည်ကိုသာ လျစ်လျူရှုလျက်၊ အိမ်ကိစ္စဖြင့် ဗျာများနေကြ၏။ အစက မူ-သူ့အား အိုလင်ကိုယ်တိုင် ထမင်းကျွေးရ၏။ အိုလင်ကိုယ်တိုင်ရေချိုးပေးရ၏။ 
အိုလင်ကိုယ်တိုင် အ၀တ်လဲ ပေးရ၏။ အိုလင်ကိုယ်တိုင်ပင် အိပ်ချိန်ကျလျှင် အိပ်ရာသို့ ခေါ်သွင်း၍ သိပ်ပေးနိုင်ခဲ့၏။ ယခုကား ခလေးမှာ တကိုယ်တည်း ကြည့်မည့်ရှုမည့်သူမရှိဖြစ်၍ နေလေရာ၊ တညတွင် အိမ်ပေါက်ဝ၌ ကစား နေသောသူ့ကို မည်သူကမျှ အိမ်ထဲသွင်းရန် သတိမရဘဲ တံခါးပိတ်၍ အိပ်ကြလေ၏။ နောက်တနေ့ နံနက် တံခါးဖွင့်သောအခါ ချမ်းလွန်းသဖြင့် ခိုက်ခိုက်တုံကာ ငိုနေသော ခလေးအား တွေ့ကြ ရလေ သည်။ ထိုအခါ ၀မ်လန်းမှာ ဒေါသကြီးစွာ ထွက်ရင်း အငယ်နှစ်ယောက်ကို ကြိမ်းမောင်း ဆဲဆိုမိ လေ၏။ ထိုနေ့မှစ၍ ၀မ်လန်းသည် ဒုက္ခသယ် သမီးကလေးကို ကိုယ်တိုင်ပင် ဂရုစိုက်လေတော့ သည်။
အိုလင်ကား မသက်သာပေ။ တဆောင်းတွင်းလုံး ဝေဒနာကို ခံစား၍သာ နေလေ၏။ ၀မ်လန်းသည် လယ် အလုပ် ကို “ချင်း”အား လွှဲ၍ထားလေရာ၊ ချင်းကလည်း ရိုးသားဖြောင့်မတ်စွာဖြင့် လုပ်ကိုင်ရှာ ၏။ နံနက် အလုပ်မဆင်းမီ နှင့် ညအလုပ်သိမ်း၍ပြန်လာတိုင်းလည်း ကုတ်ကုတ်-ကုတ်ကုတ်နှင့် အိုလင့်အခန်းဝသို့ ရောက်လာ လျက်၊ “ဘယ့်နှယ်နေသေးသလဲ”ဟု တိုးတိုးမေးမြန်းရှာ၏။ ကြာသောအခါ ၀မ်လန်းမှာ အဖြေ ပေးရခြင်းကို စိတ်ရှုပ်လာလျက် ချင်းအား အလုပ်ကိုသာ ဂရုစိုက် ရန်ပြောမိလေ၏။
ဆောင်းတွင်းတတွင်းလုံး ၀မ်လန်းသည် အိုလင့်အိပ်ရာ ဘေး၌ အမြဲလိုလို ထိုင်၍နေလေ၏။ အိုလင် က ချမ်းသည် ဆိုလျှင် မီးလင်းဖို-ဖို၍ ပေး၏။ ထိုအခါ အိုလင်က “ကျောက်မီးသွေးက အဘိုးတန်လှ တယ်”ဟု ပြော၏။ မီးလင်းဖို-ဖိုပေးတိုင်း အိုလင်သည် ကျောက်မီးသွေးအတွက် ပိုက်ဆံကုန် ကြောင်းကိုသာ ပြော၍ နေလေရာ၊ ၀မ်လန်းမှာ ငြိမ်မနေနိုင်တော့ဘဲ၊ “ဒါမျိုးမပြောစမ်းပါနဲ့ကွ၊ မင့်ရောဂါသာ ပျောက်မယ်ဆိုရင် ငါ့မှာရှိတဲ့ လယ်တွေ ငါအားလုံးရောင်းပီးကုမယ်”ဟု ပြောလိုက်မိ လေ၏။ ထိုအခါ အိုလင်ကပြုံး၍ နေလေ၏။ ထိုနောက်လေသံကလေးဖြင့် “ဘယ်... မဟုတ်တာ တော် ကျုပ်ရောဂါပျောက်မယ်ဆိုတောင် ကျုပ်တော့ ရောင်းပစ်ဘို့ သဘောမတူဘူး၊ အခုကျန်းမာ လာတောင် နောက်တော့ သေရအုံးမှာမို့ မထူးပါဘူး” ဟု ပြန်ပြောရှာ၏။ “သေစကား”ကို ကြားရသောအခါ ၀မ်လန်းမှာ နားထောင်မနေနိုင်ဘဲ အပြင်သို့  ရုတ်တရက်ထ၍ သွားမိလေ၏။
သို့သော်-အိုလင်မှာ တနေ့တွင် မုချကွယ်လွန်တော့မည်ကို သိရှိနေပြီးဖြစ်ရကား၊ တရုတ်ထုံးစံ အတိုင်း လူသေခေါင်း များလုပ်သော ဆိုင်သို့သွား၍၊ အကောင်းဆုံးသစ်သားဖြင့် ပြုလုပ်သော ခေါင်းတလုံးကို ရွေးယူလေ၏ ခေါင်းလုပ်သူက သေလာစားတို့ထုံးစံ။
“ခင်ဗျားခေါင်းနှစ်ခုယူရင် ကျုပ်ဈေးရင်းထက် လျှော့ပေးမယ်လေ၊ ဘာလို့တခုထဲယူသလဲ၊ ခင်ဗျားလဲ တနေ့ သေရမှာ နှစ်ခုတခါထဲ ၀ယ်ပေးပါလား”ဟု ပြောလေ၏
“မဟုတ်တာဗျာ ကျုပ်အတွက်ကျတော့ ကျုပ်သားတွေကျတော့ ကျုပ်သားတွေက ၀ယ်လိမ့်မပေါ့” ဟု ၀မ်လန်း က ပြန်၍ဖြေရင်း၊ ဘခင်ကြီးကို သတိရပြီးလျှင်၊ “သြော်…ဟုတ်တယ်….ဟုတ်တယ်… ကျုပ်အဘေကြီး ရှိသေးတယ်၊ သူလဲမကြာခင် အနိစ္စရောက်တော့မှာဘဲ၊ ဟုတ်တယ်…ကျုပ်သူ့ အတွက်ပါ အားလုံး နှစ်လုံးဝယ်သွားမယ်”
ထိုအခါ ခေါင်းလုပ်သူက ခေါင်းများကို ကောင်းမွန်စွာ ဆေးနက်သုတ်၍ အိမ်သို့အပို့လွှတ်လိုက်မည် ဟု ဂတိ ပေးလေ၏ ၀မ်လန်းသည် အိမ်သို့ပြန်ရောက်၍၊ ခေါင်းမှာထားပြီဖြစ်ကြောင်း အိုလင်ကို ပြောသည့် အခါ၊ အိုလင်ကလည်း မိမိအတွက်ဂရုစိုက်ရှာသည့်အတွက် ၀မ်းသာကြောင်း ပြန်ပြော လေ၏။
သို့ဖြင့် ၀မ်လန်းသည် ခေါင်းကိစ္စပြီးစီးသွားသောအခါ၊ အိုလင့်အနီး၌သာ အမြဲလိုလို စောင့်နေလေ ၏ စကား ကိုမူ များများမပြောကြတော့ပေ။ အိုလင်မှာ တဖြည်းဖြည်း အားနည်းလာခဲ့ပြီဖြစ်၏ တခါတရံ အိုလင်မှာ သတိလစ်၍သွားလေ၏ အနီး၌ငြိမ်သက်စွာ ထိုင်စောင့်နေသော ၀မ်လန်းကိုပင် မမြင်တော့၊ ခလေး ဘ၀ က အကြောင်းများကို ပြန်၍ ဂယောင်ကတန်း ပြောဆိုနေလေ၏
“အို…ငါဒီ ဟင်းပုဂံတွေကို အခန်းဝအထိ ယူလာရမယ်၊ ဟုတ်ပါတယ် ငါသိပါတယ်၊ ငါအကျည်း တန် ရုပ်မလှမှန်း ငါသိပါတယ်၊ ဒါကြောင့် ငါ့သူဌေးကြီးရှေ့ မ၀င်နိုင်မှန်း ငါသိပါတယ်”။
ထို့နောက် မောဟိုက်နေသည့် အသံဖြင့်-
“အောင်မလေး မရိုက်ပါနဲ့၊ ကျမကိုမရိုက်ပါနဲ့ နောက်တစ်ခါ ပုဂံထဲကဟာ နှိုက်မစားတော့ ပါဘူး”ဟု ယောင်ပြန် လေ၏ ထို့နောက်တဖန် “အဘေ အမေ-အဘေရေ အမေကော”နှင့် မိဘကို ယောင်၍ ခေါ်ပြန်လေ၏ နောက်ဆုံး၌ “ဟုတ်ပါတယ် ကျုပ်မလှမှန်း ကျုပ်သိပါတယ် ဒါကြောင့် ကျုပ်ကို မချစ်နိုင်တာ” ဟု ဂယောင်ဂတန်း ပြောလေ၏ ။
ထိုအခါ ၀မ်လန်းမှာ ဆက်လက်နားထောင် မနေနိုင်တော့ဘဲ၊ အိုလင်၏ လက်ကို ကောက်ကိုင်လိုက် ပြီးလျှင်၊ ဖြည်းညင်းစွာ ပွပ်သပ်၍ နေမိလေ၏ ထိုလက်မှာ ကြမ်းတမ်း တောင့်တင်း နေလျက်၊ သေနေသော လက်ကို ကိုင်ရသလို ဖြစ်လေ၏ အမှန်တွေကိုချည့်ယောင်နေသော အိုလင်၏ ဂယောင်ဂတန်း စကား များကို ကြားရသောအခါ ရင်ထဲ၌ဆို့၍သွားလေ၏ သို့သော်-သနားဂရုဏာ ပြင်းစွာဖြင့် အိုလင်၏ လက်ကို ကောက်၍ ကိုင်လိုက်မိသည့် အခါနူးညံ့ပြော့ပြောင်းခြင်းကိုမတွေ့ရ၊ ကြာပဒုံလက်ကလေးကို ကိုင်ရပုံမျိုး နှင့် မတူ၊ အိုလင်၏သစ်သားလိုလက်ကို ကိုင်ရခြင်း၌၊ ကြာပဒုံက နှုတ်ခမ်းတချက်စူ၍ ညုလိုက်ရုံမျှဖြင့်၊ အရေပျော် အသည်းခိုက်သွားပုံမျိုး ယခုအသည်းကိုမခိုက် အသည်းနှလုံးကို သိမ်းကြုံးညှစ်ဆုတ်လိုက်သလို မချိတရိ ဖြစ်ရမည့် ဤနေရာတွင်ဤလက်ကြမ်း ကြီးကိုကိုင်မိခြင်းမှာ ပေါ်လာသောသနားဂရုဏာ စိတ်ကို ပင် ဖျက်ဆီးပစ်လိုက်သလို ဖြစ်လေ၏။
ထို့ကြောင့်ပင် အိုင်လင်အား ပို၍ကြင်နာမိလေ၏ အကောင်းဆုံးအစားအသောက်ကို ရွေး၍ကျွေး၏ အနူးညံ့ ဆုံးစွပ်ပြုတ်ကို ကြို၍တိုက်၏ ကြာပဒုံနှင့် ပျော်လိုပါးလိုစိတ်များ လည်း လွင့်စင်ပျောက် ပျက်၍ သွားလေ၏ တခါတခါ ဆွေးမြေ့နေသောစိတ်ပင် လန်းဆတ်သစ်လွင် လာပါစေတော့ဟု အလှဖြင့် ဆေးကျော့ခြင်း ဌာ ကြာပဒုံထံသွားမိသည့်အခါ၊ အိုလင့်မျက်နှာမှာ ရှေ့၌ဘွား-ကနဲပေါ် လာသဖြင့် ပွေ့ပိုက် ထားမိသော ကြာပဒုံကိုပင် လက်ထဲမှ လွှတ်ချလိုက်မိလေ၏ ။
တခါတခါ အိုလင်သည် သတိလစ်နေရာမှ သတိပြန်၍လည်လာလေ၏ တခါတွင်သတိပြန်လည်လာ ခိုက် ဥသြမယ် ကို ခေါ်ပေးရန်ပြောလေ၏ ၀မ်လန်းမှာအံ့အားကြီးသင့်လျက်၊ ခိုင်းသည့်အတိုင်း ခေါ်ပေးလိုက် သော အခါ၊ အိုလင်သည် အိပ်ရာထဲမှမထနိုင်ထနိုင် အားယူ၍ထပြီးလျှင်။
“နင်ဟာ သူဌေးကြီးအိမ်မှာ ရုပ်ချောလို့အဆောင်တွေထဲမှာ နေခဲ့ရတယ်၊ ငါ့မှာတော့ အရုပ်ဆိုးလို့ မီးဖိုချောင် ထဲမှာနေရတယ်၊ ဒါပေမဲ့-ငါ့မှာလင်နဲ့-ငါ့မှာသားတွေနဲ့၊ နင်ကတော့ အခုထက်ထိ ကျွန်မ-ကျွန်မဘဲ” ဟု ပြောလေ၏ ဥသြမယ်က ဒေါသထွက်လျက် ပြန်ပြောမည်လုပ်သောအခါ “ကွာ- သူဘာပြော လို့ ပြောမှန်းသူဟာသူလဲမသိပါဘူး”ဟု ရန်ဖြေရလေ၏
ဝမ်လန်း သည် အိုလင်၏အခန်းထဲသို့ ပြန်ဝင်သွားသောအခါ အိုလင်မှာ အိပ်ရာထဲပြန်မလှဲသေးဘဲ၊ လက်နှစ်ဘက် ဖြင့် ကိုယ်ကို အားယူ၍ ထောက်မြဲထောက်ကာ ထိုင်မြဲထိုင်နေသေးလျက်၊ ခေါင်းကို ပခုန်းပေါ် မှေး၍ တင်ထားသည်ကို တွေ့ရလေ၏။
ဝမ်လန်းပြန်ဝင် လာသည်ကိုမြင်လျက်၊ “ဒီမှာကျုပ်သေသွားရင်လေ ဒီကောင်မကော ဒင့်သခင်မကော ကျုပ်အခန်းထဲ ကို တယောက်မှ မ၀င်ပါစေနဲ့၊ ကျုပ်ပစ္စည်းတွေဆိုရင်လဲ ဘာတခုမှမကိုင်ပါစေနဲ့ ၀င်တာ ကိုင်တာနဲ့ တွေ့ရင်တော့ လား၊ ကျုပ်သေရာ က အစိမ်းဘ၀နဲ့ဒင်းတို့ကို ကျိန်ဆဲရ အောင်ပြန်လာ ခဲ့မယ်”ဟု ပြောကာပြန်၍ လဲကျသွားလေ၏ ထို့နောက် အိပ်ပျော်သွားလေ၏။
တနေ့သ၌ သေခါနီးဖယောင်းတိုင်မီးထ၍ တောက်သလို အိုလင်မှာ ထူးထူးခြားခြားသက်သာ၍ လာလေ၏ အိပ်ရာထဲမှ ထထိုင်ပြီး ဆံပင်ကို ကိုယ်တိုင်ထုံးလေ၏ ထို့နောက် လဘက်ရည်တောင်း၍ သောက်၏ ၀မ်လန်း ရောက်လာသောအခါ၊ “နှစ်လဲဆန်းတော့မယ်နော်၊ နှစ်ဆန်းပွဲတော်အတွက် မုန့်တွေဘာတွေလဲ မလုပ်ရဘူး၊ ကျုပ်တခု ကြံမိတယ်၊ ဟိုကောင်မတော့ ကျုပ်မီးဖိုထဲကို ၀င်တာမကြည့်ချင်ဘူး၊ ကျုပ်ချွေးမ လောင်းကလေး ကိုခေါ်ပေးပါ၊ တခါမှမမြင်ဘူးပေမဲ့၊ သူလာရင် ကျုပ်မုန့်လုပ်ဘို့ကိုပြမယ်”ဟု ပြောလေ၏။
ဝမ်လန်းမှာ ထူထူထောင်ထောင်ဖြစ်လာသော အိုလင်ကိုမြင်ရလျှင် အားရ၍သွားလေ၏ အိုလင် ပြောသည့် အတိုင်း ဥသြမယ်ကို လိုင်ယူထံလွှတ်၍ အကျိုးအကြောင်းပြောခိုင်းသည့်အခါ၊ လိုင်ယူ ကလည်း အိုလင်ကြကြာ နေရတော့မည် မဟုတ်တော့ကြောင်း သိရသဖြင့် တကြောင်း၊ သ္မီးဖြစ်သူမှာ လည်း ယခုအခါ အသက် ၁၆ နှစ်ပြည်ပြီဖြစ်သည် တကြောင်းကြောင့်၊ သ္မီးကိုကြည်ဖြူစွာပင် လွှတ်လိုက်လေ၏။
လိုင်ယူ၏ သ္မီးသည် လူထိုင်သောကုလားထိုင်ကိုစီးကာ၊ မိခင်ဖြစ်သူနှင့်အစေခံမကြီးကိုပါ ခေါ်လျက်၊ တိတ်တိတ် ဆိတ်ဆိတ်ရောက်လာလေ၏ သို့သော် မိခင်ဖြစ်သူကား ၀မ်လန်း၏အိမ်ထိအောင် လိုက်ပို့ပြီး နောက်၊ အစေခံကိုထားခဲ့လျက် ပြန်သွားလေ၏ ချွေးမလောင်းကလေးရောက်လာ သောအခါ ၀မ်လန်း၏ ခလေးများကို တခြားအခန်းသို့ပို့လျက်၊ ချွေးမလောင်းကိုထားလေ၏ ၀မ်လန်းကား ချွေးမလောင်း ကလေး ရှက်မည်စိုးသဖြင့် စကားမပြောဘဲနေသော်လည်း၊ ချွေးမ လောင်းကလေးက ရိုသေစွာဦးညွှတ်၍ အရိုအသေ ပြုသည်ကိုမှု၊ ၀မ်းမြောက်ဝမ်းသာစွာဖြင့် ပြန်၍ခေါင်းညိမ့်လိုက်၏ သွားပုံလာပုံလုပ်ပုံကိုင်ပုံကို မြင်ရခြင်း အားဖြင့် စေ့စပ်သေချာသော မိန်းကလေးတယောက်ဖြစ်ကြောင်း သတိထားမိလေ၏ ယောက္ခမ လောင်း အိုလင်၏အခန်းထဲသို့ ၀င်၍အိုလင်အား ကြည့်ရှုပြုစုနေသည်ကို တွေ့ရသောအခါ၊ ၀မ်လန်းမှာ သာ၍ အားရသွားလေ၏ အိုလင်ကား ယခုမှပင် မိန်းမဖော် တယောက်ရတော့၏ အိုလင်မှာလည်း ချွေးမလောင်းကလေးကို တစိမ့်စိမ့်ကြည့်ရင်း ကျေနပ်၍နေလေသည်။
သုံးရက်ကြာ ခဲ့သောအခါ အိုလင်သည် နောက်ထပ်အကြံတခုကို ရဟန်ဖြင့် ၀မ်လန်းအား အခွင့်တောင်း ပြန်လေ၏
“ကျုပ်မသေခင် တခုလုပ်ချင်သေးတယ်“
“ဘာလုပ် သေစကားပြောပြောနေရတာလဲ၊ မင်းက ငါဝမ်းသာမယ်များမှတ်လို့လား“ဟု ၀မ်လန်းက ပြန်ပြော လိုက်သည့်အခါ၊ အိုလင်က ပြုံး၍နေလေ၏ ထို့နောက်-
“ကျုပ်သေ ရမှာပဲ၊ ကျုပ်ဟာကျုပ်သိပါတယ်၊ ဒါပေမဲ့ ကျုပ်သားကြီးပြန်မလာခင် ကျုပ်မသေ သေးပါဘူး၊ သူလက်ထက်ပီးမှဘဲ၊ ကျုပ်ကိုသူကောင်းကောင်းပြုစုတယ်၊ အခုကျုပ်သားကို ကျုပ်တွေ့ချင်တယ်၊ ကျုပ်သွားရ ခါနီးပီ၊ ကျုပ်မျက်စိအောက်မှာ ကျုပ်ချွေးမလောင်းကို လက်ထပ် စေချင်တယ်၊ ဒါမှ အသေဖြောင့်မှာ“ဟု ပြောလေ၏ ထိုအခါ ၀မ်လန်းကပြန်၍-
“အေး…အေး..ကိုယ်ဒီကနေ့ဘဲ ငါတို့သားကိုရှာဘို့ လူတယောက်လွှတ်လိုက်ပါမယ်၊ ဒါပေမဲ့ မင်းဂတိ တခုတော့ ထားစမ်းပါ၊ သေစကား နောက်မပြောပါနဲ့တော့၊ ကျန်းမာအောင် လုပ်စမ်းပါ၊ မင်းမရှိရင် ဒီအိမ်ကြီး ဟာ တိရစ္ဆာန်တွေနေတဲ့ လှောင်အိမ်ကြီးလိုဖြစ်နေလိမ့်မယ်“ဟု ပြောလိုက် လျှင်၊ အိုလင်မှာ စိတ်ချမ်းသာ သွားပုံရလေ၏ ။ နောက်ထပ် ဘာစကားမှမပြောတော့သော်လည်း၊ မျက်လုံးလေးမှိတ်၍ ပြန်လှဲအိပ် လိုက်သည့်အခါ၊ ပြုံးယောင်ယောင် ကလေးဖြစ်၍ နေလေ၏ ။
ဝမ်လန်းသည် သားကိုရှာပြီး ပြန်ခေါ်ခဲ့ရန် လူတယောက်ကို အောက်အရပ်သို့လွှတ်လိုက်ပြီး၊ ၎င်းအား“ ငါ့သားကိုတွေ့ရင် သူ့အမေအသည်းအသန်ဖြစ်နေတဲ့ အကြောင်း၊ သူ့ကိုမတွေ့ရမနေ နိုင်ဖြစ် နေတဲ့အကြောင်း၊ မသေခင်လက်ထပ်သွားတာ  ကြည့်သွားချင်တဲ့အကြောင်း၊ အဘေနဲ့ အမေကို သနားလေးစား လို့ရှိရင် ချက်ချင်းပြန်လိုက်လာဘို့အကြောင်း ဒီကနေ့ကစ နောက်သုံး ရက်မြောက်ရင် လက်ထက်ပွဲ လုပ်မဲ့အကြောင်းပြောကွာ“ဟု မှာလိုက်လေ၏ ဥသြမယ်အားလည်း မင်္ဂလာဆောင်အတွက် အကောင်းဆုံး အကျွေးအမွေးများ ကျွေးရန်၊ မြို့ကတော်ဟော်တယ်မှ ထမင်းဟင်းချက်ပြုတ်သူများကို အခေါ်ခိုင်း လျက် ကျနစွာစီမံလေ၏ လက်ထဲလည်း ငွေစ အနည်းငယ်ထည့်လိုက်ပြီး၊ “ကိုင်း-ဥသြမယ် သူဌေးကြီး ဟွမ်အိမ်မှာ ဘယ်လိုလုပ်သလဲ၊ အဲဒီလို သာလုပ်ကြားလား၊ ခန်းနားပါစေ နောက်လဲ မင့်ကိုပိုက်ဆံ ပေးအုံးမယ်“ဟု ပြောလေ၏။
ဝမ်လန်းသည် အသိရှိသမျှ မြို့ရောရွာရောမကျန်လိုက်၍  ဘိတ်လေ၏ ။ ဦးလေးဖြစ်သူ အားလည်း “ခင်ဗျား ဘိတ်ချင်တဲ့လူကို ဘိတ်ဗျာ၊ ခင်ဗျားမိတ်ဆွေသင်္ဂဟထွေကော၊ ခင်ဗျားသားမိတ်ဆွေတွေ ကော“ ဟု ပြောလေ၏ ၎င်းမှာဦးလေးကိုယခုထက်ထိ ကြောက်၍နေလေ၏ မုတ်ဆိတ်နီမျက်နှာဖုံးနီ ကိုမျက်လုံးထဲ မှ မထွက်နိုင်အောင် ရှိလေ၏ ။
လက်ထပ်မည့်နေ့နှင့်ကပ်၍ နန်းအင်ကိုအိမ်သို့ပြန်ရောက်လာလေ၏ မိခင်ကိုမြင်သောအခါ၊ မျက်ရည် တွေထွေ ကျ၍လာလေ၏ သို့သော်ဝမ်းနည်းစိတ်မချမ်းသာဘွယ် စကားဆို ၍တလုံးမျှမပြောဘဲ၊ “အမေ့ကိုမြင်ရတာ သူတို့ပြောသလို မဟုတ်ပါဘူး မသေနိုင်ပါဘူး“ဟူ၍သာ အားပေးစကားပြောရှာ၏ ၀မ်လန်းမှာ သားကိုမြင်ရသောအခါ၊ ဒေါသတွေပျောက်၍သွားလေ၏ အရပ်အနည်းငယ် ပို၍ ထွက်လာ လျက်၊ မြို့ဆန်လာသောသားကို ကြည့်ပြီးကြိတ်၍ ဂုဏ်မြောက်နေ လေ၏ ။
နောက်တနေ့၌ လက်ထပ်ပွဲကျင်းပလေ၏ သတို့သ္မီးအား၊ ကြာပဒုံဥသြမယ်နှင့် ၀မ်လန်းအဒေါ်တို့ က ဖီးလိမ်း ပြင်ဆင်၍ ပေးကြ၏ ပွဲထုတ်သောအခါ သတို့သ္မီးကို အိမ်တော်ပါမိန်းမကြီးနှင့် ၀မ်လန်းအဒေါ်က တွဲ၍ ထုတ်လေ၏ သတို့သားနောက်မှ သတို့သား၏ညီနှစ်ယောက်က လိုက်ကြ လေ၏ ၀မ်လန်းကား သားများ ကို၎င်း၊ သတို့သ္မီးကို၎င်း၊ ကြည့်၍ဂုဏ်တက်နေလေ၏ ၀မ်လန်း၏ ဘခင်ကြီးမှာ ပဋ္ဌမ၌ မင်္ဂလာ အခမ်းအနား ကျင်းပနေသည်က အဖြစ်ကို မသိနားမလည်ရှာပေ၊ ၀မ်လန်းက ရှင်းပြမှ သဘောပေါက် မိသွားဟန်ဖြင့်၊ “လက်ထပ်တယ်လား၊ လက်ထပ်တယ်ဆိုတာ ခလေးများအောင် လုပ်တာပေါ့၊ ပဋ္ဌမသား တွေ သ္မီးတွေရ နောက်မြေးကလေးတွေရ အား-ဟား- ဟား“နှင့်တအားကုန်ညှစ်၍ ရယ်လေ၏ အဘိုးကြီး၏ အဖြစ်ကို ကြည့်ပြီး ပရိဿတ်မှာပွဲကျ၍ သွားလေ၏ ထိုအခါ ၀မ်လန်းမှာပျော်ရွင်နေသော ပရိဿတ်ကြီး ကိုကြည့်ပြီး၊ “သြော်-အိုလင်သာ ဒီလိုအခါမျိုးမှာ မာမာချာချာနဲ့အိပ်ရာထဲကသာ ထနိုင်မယ်ဆိုရင်၊ ဒီနေ့ဟာ သိပ်ပျော်စရာကောင်း တဲ့နေ့တနေ့ဖြစ်မှာဘဲ“ဟု တွေးမိလေ၏ ။
ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>