Showing posts with label မောင်သိန်းဆိုင်. Show all posts
Showing posts with label မောင်သိန်းဆိုင်. Show all posts

Monday, January 10, 2011

ပဆစ်အိမ် အပိုင်း (၃၂) ဇာတ်သိမ်း

ညပိုင်း ရူဘီနှင့် ဖုန်းဆက်ကြည့်တော့...
    'နေ့လည်က အဖြစ် ဟာ သိပ်ပျော်စရာကောင်းတာပဲနော်'
    ဆိုသေးသည်။
    'တော်စမ်းပါ ရူဘီရယ်၊ ညိုမာဖြင့် မျက်နှာကို ဘယ်လိုထားရမှန်းတောင် မသိဘူး၊ ခြေဖျား လက်ဖျား တွေ ကို အေးစက်နေတော့တာပဲ'

    'အရသာဟာ ဒါပဲပေါ့ ညိုမာ'
    'ဟင်'
    'မျက်နှာ ဘယ်လိုထားရမှန်း မသိတာ၊ ခြေဖျားလက်ဖျားတွေ အေးစက်နေတာဟာ အရသာပဲပေါ့'
    'တော်ပါတော့ ရူဘီရယ်၊ ဒီအရသာမျိုးတော့ မခံစားပါရစေနဲ့၊ ပြီးတော့ ကံကောင်းလို့ ကိုယ့်ကျိုး နည်း မကုန်ကြတာနော်၊ ဒီကစားနည်းမျိုးကို နောက်မကစားကြကြေးလို့ ကိုယ့်ကို ကတိပေး'
    'ကတိပေးပါတယ် ညိုမာ။ ကိုယ်ကလဲ စမ်းသပ်မှု တစ်ခုကို တစ်ခါသာ လုပ်လေ့ရှိသူပါ'

    အခြားသူတွေကတော့ ရူဘီကို 'မိပေါက်'ဟု ခေါ်သည်။
    ခပ်ဝေးဝေးရှောင်ကြရှားကြသည်။
    ညိုမာ တစ်ယောက် သာ စွဲစွဲမြဲမြဲ ပေါင်းခဲ့ခြင်း ဖြစ်သည်။
    စင်စစ် ရူဘီ ၏ စိတ်က အဆန်းကြယ်သား။

    သူမက စိတ်ပညာ စာအုပ်တွေ ဖတ်သည်။ 'ဆန်ဂမန်ဖရိုက်'၏ 'စိတ်ခွဲပညာ'စာအုပ်ကို ကြိုက်သည်ဟု ကြီးကြီး ကျယ်ကျယ် ပြောတတ်သည်။
    ငယ်စဉ်က ကြည့်ခဲ့ရသည့် 'အဲဖရက်ဟစ်ခ်ျကော့'၏ 'စိတ္တဇ' (Psycho) ရုပ်ရှင်ကားမှာ သူမ ကြည့်ခဲ့ဖူး ခဲ့ သမျှ ရုပ်ရှင်ကားများအနက် အကောင်းဆုံး ဆိုသည်။
    ညိုမာ ကတော့ သည်ရုပ်ရှင်ကို မကြည့်ဖူး၊ မမှီခဲ့။

    တစ်လောက 'ကာဘရး' (Cabaret) ရုပ်ရှင်ကား ကြည့်ကြသည်။ ရုပ်ရှင်ကားထဲမှ ဇာတ်လိုက် မင်းသား နှင့် မင်းသမီး တံတားအောက်ဝင်ပြီး တံတားပေါ်က မီးရထား ဖြတ်မောင်းသွားသောအခါ ငယ်သံပါအောင် အော်ကြ သည့် အခန်း ပါသည်။
    စိတ် ဖျော်ဖြေမှု တစ်ရပ်ပင်။ သို့မဟုတ် ရူးနှမ်းခြင်း တစ်မျိုးပင်။
    ရူဘီ သည် ညိုမာ့ကို ခေါ်ကာ သည်လို စမ်းကြည့်ဖို့ ကြိုးစားသေးသည်။
    ညိုမာ အတန်တန် ငြင်းခဲ့ရသည်။

    မိဘနှင့် ပတ်သက်၍လည်း ရူဘီ၏ စိတ်ထားကတစ်မျိုး၊ အလေးအနက် မထားတတ်။ မသိတတ်။
    သို့စင်လျက်...
    အခုတော့ ရူဘီကိုယ်တိုင်က ငိုလိုက်တဲ့။
    အားရအောင် ငိုလိုက်တဲ့။
    အပြောကောင်းလိုက်တာကွယ်။
    ညိုမာသည် လွတ်ဟာနေသော မေ့မေ့ အိပ်ရာကို ကြည့်လိုက်သည်။

    ပြန့်ပြူးသေသပ်ကာ အစဉ်လို 'အိုဒီကလုံး'နံ့ သင်းနေလေ့ရှိသည့် မာမီ့အိပ်ရာတွင် မာမီသည် ဘယ်အခါ မျှ ပြန်လည် အိပ်စက်ခွင့် ရတော့မည်မဟုတ်ချေ။
    မာမီ့ကို သည်အိပ်ရာထက်မှာ နွမ်းနယ် ဖျော့တော့စွာ လှဲလျောင်းနေသည်ကို ဘယ်အခါမျှ မြင်ရ တော့မည် မဟုတ်ချေ။
    ညိုမာ က အဘယ်မျှ စည်းကမ်းမဲ့သည်ဖြစ်စေ။ မာမီ သည် ညိုမာ့ အိပ်ရာကိုလည်း သူမ အိပ်ရာနှယ်ပင် နေ့စဉ် ခင်းကျင်းပေးနေကျ၊ အိပ်ရာခင်း ခေါင်းအုံးစွပ်တို့ကို လဲလှယ်ပေးနေကျ။ 'အိုဒီကလုံး' ဆွတ်ဖျန်း ပေးနေကျ။ သည်မျှမက ညိုမာတို့ အသင့်စားသောက်နိုင်အောင် အသင့်ဝတ် နိုင်အောင် စီစဉ်ပေးနေကျ။

    မနက်ဖြန် မှ စ၍ ညိုမာသည် ကိုယ့်အိပ်ရာကို ကိုယ့်ဖာသာ ခင်းကျင်းသန့်စင်ရတော့မည်။
    ဧည့်ခန်း အတွင်း ၀င်လာသူ စိတ်အေးချမ်းသွားအောင် ဖန်တီးဖို့ တာဝန်မှာ ညိုမာ့တာဝန် ဖြစ်လာ ပေတော့မည်။
    လူတစ်ယောက် ၏ တန်ဖိုးကို သူမရှိတော့ပြီဆိုမှ သိရတတ်လေ့ရှိသည်။

    အိမ်ရှေ့ခန်း သို့ ပြန်ထွက်လာသည်။
    ဒယ်ဒီ သည် ဒုတိယခွက်ကို စတင်သောက်နေပြီ။
    ဒယ်ဒီ သည် ညိုမာ့ပုခုံးကို လှမ်း၍ ဖက်လိုက်သည်။
    ဆံပင်များ ကို နမ်းလိုက်သည်။
    'သမီးလေး သိပ် စိတ်ထိခိုက်နေသလားဟင်'
    ညိုမာက အမေးကို မဖြေ။

    'ဒယ်ဒီ'
    ညိုမာခေါ်သည်။
    'ဟင်'
    'ညိုမာ့ကို မွေးတုန်းက မာမီက သူ့အသက်ထက် ညိုမာ့အသက်ကို ဦးစားပေးဖို့ ဆရာဝန်တွေကို ပြောခဲ့ တာ အမှန်ပဲလားဟင်'
    'အမှန်ပဲပေါ့ သမီး ရယ်၊ အမှန်ပဲပေါ့'
    'မာမီနဲ့ ပတ်သက်ပြီး ညိုမာ့ကိုယ် ညိုမာ မုန်းတယ် ဒယ်ဒီ၊ ညိုမာဟာ ဒယ်ဒီ့ကို အထင်ကြီးတယ်၊ လေးစား တယ်၊ ကိုးကွယ်တယ်၊ မာမီ့ကိုတော့ အထင်သေးခဲ့တယ်။ ထပ်ကာတလဲလဲ စော်ကားခဲ့တယ်။ ဘာကြောင့် လဲ ဆိုတော့ မာမီရဲ့ အကောင်းဆုံး အင်အားတွေ၊ အလိုအပ်ဆုံး စေတနာတွေကို မာမီရဲ့ အားနည်းချက် တွေလို့ အထင်ရှိခဲ့လို့ပဲ။ ပျော့ညံချက်လို့ ထင်ခဲ့လို့ပဲ။ ညိုမာရဲ့ အတွေးတွေဟာ တစ်လွဲဆံပင်ကောင်း ဆို သလို ဖြစ်ခဲ့ရတာချည်းပါပဲ'

    ဒယ်ဒီက ညိုမာ့ စကားများကို စိတ်ဝင်စားမိသလို စောင့်နားထောင်နေသည်။
    'သမီးရယ်၊ မာမီရယ်၊ ဒယ်ဒီရယ် အကြားမှာ အမှားအယွင်း တစ်ခုခုတော့ ရှိခဲ့လိမ့်မယ် ထင်တယ်၊ အဲဒါ ဘာလဲလို့ သမီးတော့မသိဘူး ဒယ်ဒီ'
    'ဒယ်ဒီတော့ သိပါတယ် သမီးရယ်၊ အဲဒါက သမီးတို့ ဒယ်ဒီတို့ဟာ မြိုင့်ရဲ့ သာယာမှုကို ဥပေက္ခာ ပြုထား ခဲ့ကြတာပဲ။ သာယာမှုအတွင်း မြိုင့်ကို လက်တွဲခေါ်ယူဖို့ မကြိုးစားဘဲ သူ့ကို အထီးကျန်ထားပြီး ကိုယ့် သာယာမှု ကိုယ်ရှာဖွေခဲ့မိကြတဲ့ အမှားပါပဲ၊ သမီးတို့ ဒယ်ဒီတို့ တစ်ကိုယ်ကောင်း ဆန်ခဲ့ကြတဲ့ အမှားပါပဲ'

    'အခုတော့ ညိုမာ့ အမှားတွေကို သိရပြီ။ ညိုမာ အထင်ကြီးလေးစားသင့်တာ မာမီဆိုတာ သိလာခဲ့ပြီ။ ညိုမာ တစ်ခု ဖြစ်ချင်တယ် ဒယ်ဒီ'
    'ဘာလဲ ညိုမာ'
    'ညိုမာ ရောဘတ်ကို လက်မထပ်တော့ဘူး၊ သြစတေးလျားကို လိုက်မသွားတော့ဘူး၊ ဒယ်ဒီနဲ့ပဲ အတူတူ နေမယ်။ ပြီး... ညိုမာလေ မာမီ့ လို မိန်းမကောင်း တစ်ယောက်ဖြစ်ချင်တယ်၊ အိမ်ရှင်မကောင်း တစ်ယောက် ဖြစ်ချင်တယ်'

    'ဖြစ်လာရမှာပေါ့ကွယ်'
    'အဲဒီလို ဖြစ်လာဖို့ ညိုမာ့ကို ဒယ်ဒီ အကူအညီပေးမလားဟင်'
    'ပေးရမှာပေါ့ သမီးရယ်၊ အသေအချာ ပေးရမှာပေါ့'
    ညိုမာသန့်သည် ယခုမှ တစ်ကယ်တမ်း ဘ၀ကို စတင်ခြင်း ဖြစ်လေသည်။
    ပဆစ် စကားနှင့် ပြောရလျှင်တော့ လွတ်နေသော 'ကျစ' ကလေး....
    'အထိုင်' အိမ်သို့ ၀င်ရောက်မိခြင်းပင် ဖြစ်လေတော့သည်။

ပြီးပါပြီ
.
>>>ဆက်ဖတ်ရန်>>> >>

Sunday, January 9, 2011

ပဆစ်အိမ် အပိုင်း (၃၁)

ညိုမာ သည် ကြမ်းပြင်မှာ လက်ထောက်က တအားကျုံးအော်ပစ်လိုက်သည်
    'ရိုက်ပါ၊ ရိုက်ပါ။ သူများပျော်သလို မပျော်နိုင်တိုင်း၊ သူများ ပျော်ရွှင်တာကို ၀န်တိုတိုင်း အငြိုးနဲ့ ရိုက်နေတာ သိပါတယ်။ ကျေနပ်အောင် ရိုက်လိုက်စမ်းပါ'
    မာမီသည် ညိုမာ့စကားကြောင့် အံ့အားသင့်သလို ဖြစ်သွားရာမှ မျက်ရည်တွေ ပိုးပိုးပေါက်ပေါက် ကျလာ သည်။ တစ်ဘက်သို့ ချာခနဲ လှည့်ထွက်သွာ်းသည်။
    အမှန်ပြောရလျှင်တော့ ဒယ်ဒီနှင့် မသက်ဇင်အကြောင်းကို ညိုမာသိထားသည်မှာ ကြာပြီ။

    သင်္ကြန် လည်ကြတော့ မဆုံမည့်သာ မဆုံသည်၊ ကားက ရှေ့ဆင့်နောက်ဆင့် ဆိုသလိုပင်။
    သူငယ်ချင်း တွေက မသက်ဇင်နှင့် ဒက်ဒီ့အကြောင်းကို ပြောပြကြသည် ငပလီမှာ ဆိုလျှင်တော့ ရောဘတ် ကိုယ်တိုင် သူတို့အတွဲကို တွေ့ခဲ့သေးသည်ဟု သိရသည်။
    သို့ပေမယ့် ..... ဒက်ဒီ့ကို အပြစ်မတင်လို။

    ဒက်ဒီ ကိုယ်တိုင်သည်လည်း ညိုမာ့နှယ်ပင် မာမီ့ကို စိတ်ကုန်နေလိမ့်မည်ဟု ထင်ပါသည်။
    ကားသည် 'ရတနာအထူးကုဆေးခန်း'သို့ ရောက်လာသည်။ မာမီ့နာမည်ပြောတော့ တတိယထပ် တွင်ရှိသည်ဆို၍ ညိုမာတို့ ဓာတ်လှေကားနှင့် တက်ခဲ့ရသည်။
    စင်္ကြံလမ်း မှ ခုံတန်းရှည်ပေါ်တွင် ဒက်ဒီတစ်ယောက်တည်း ထိုင်နေသည်ကို တွေ့ရသည်။

    ခြေနှစ်ချောင်းကြားမှာ လက်ကို ထားကာ လက်ထဲတွင် စီးကရက်တစ်လိပ် ရှိနေသည်။ ဒက်ဒီသည် ခေါင်းငိုက်စိုက် ချထားသည်။
    ညိုမာ့ခြေသံ ကြားရသော်လည်း လှည့်မကြည့်။ ဒက်ဒီ့မျက်နှာညှိုးနေသည်။ နွမ်းနယ်ဟန် ပေါက်နေသည်။
    ညိုမာ က ဒယ်ဒီ့အနီးတွင် ကပ်၍ ထိုင်ချလိုက်သည်။

    'စိုးရိမ်ရသလား ဒယ်ဒီ'
    ခေါင်းညိတ်ပြသည်။
    'ဘယ်လိုဖြစ်တာလည်း'
    'ဒယ်ဒီ အိမ်ပြန်ရောက်တော့ မင့်မာမီ ဟာ ခါတိုင်းလို တံခါးလာဖွင့်မပေးဘူး၊ အိမ်ဖော် တစ်ယောက်က လာဖွင့် ပေးတယ်။ သူက မင့်မာမီ တစ်ခုခုဖြစ်သလားမသိဘူးပြောလို့ သွားကြည့်တော့ အိပ်နေတာ တွေ့ရတယ်။ နှိုး လို့မရဘူး၊ ခြေတွေလက်တွေ အေးစက်ပြီး တစ်ကိုယ်လုံး ပြာသလို ဖြစ်နေတယ်။ ဒါနဲ့ ဖေဖေ လဲ ကားပေါ်ပွေ့တင်ပြီး အနီးဆုံးဆေးခန်းကို ပို့ခဲ့ရတာပဲ'

    'သတိမရဘူးလား'
    'စောစော ကတော့ တစ်ကြိမ် သတိပြန်လည်လာသေးတယ်လို့ ပြောတယ်'
    အခန်းတံခါး ပွင့်လာသည်။ ဆရာမတစ်ယောက် ထွက်လာသည်။ အခန်းနံပါတ်ကို သည်အခါမှ သတိထား ကြည့်မိသည်။
    ၁၃....။
    မာမီ့အတွက် ကံမကောင်းဟု ညိုမာထင်လိုက်သည်။

    ညိုမာ မတ်တတ်ရပ်လိုက်သည်။
    'ဒီမှာ ဆရာမ'
    'ဟုတ်ကဲ့'
    'အထဲကို ၀င်ကြည့်လို့ ရမလားဟင်'
    'ဟင့်အင်း'
    'ကျွန်မ ဒေါ်ခင်မေမြိုင် ရဲ့သမီးပါ၊ ၀င်ပါရစေရှင်'
    'နေပါဦး၊ ခဏစောင့်ပါဦး'
    ဆရာမ သည် စင်္ကြံလမ်းအတိုင်း လျှောက်သွားသည်။

    မကြာမီ ဆေးပစ္စည်းအထုပ်အပိုးတစ်ခုနှင့် ပြန်ဝင်သွားသည်။
    ဒယ်ဒီ သည် စီးကရက်တစ်လိပ်ပြီးတစ်လိပ် ဖွာနေသည်။
    ညိုမာကတော့ လက်ချောင်းကလေးများကို အကြိမ်ကြိမ်ချိုးနေသည်။
    'ဒယ်ဒီ တို့ ကိစ္စကို သူသိသွားပြီလား'
    'အင်း၊ ဒီည ပဲ ဖွင့်ပြောလိုက်တယ်'
    ဒါကြောင့်ပဲ ဖြစ်မှာပါဟု ညိုမာတွေးမိသည်။

    မာမီ့ အတွက် စိုးရိမ်ပူပန်စပြုလာသည်။
    ယခုတော့ သွေးကပဲ စကားပြောလာလေသလားမသိ၊ နှမြောတသမှုတွေ၊ ၀မ်းနည်းပူဆွေးမှုတွေကို ခံစား လာရသည်။
    မာမီ သက်သာပါစေ ဆုတောင်းမိသေးသည်။
    သည်လိုနှင့် နံနက်လေးနာရီ ရှိလာသည်။ အခန်းနံပါတ် ၁၃ ၏ တံခါးသည် ပွင့်လာသည်။ ဂျူတီကုတ် ၀တ်ထားသော အမျိုးသမီးဆရာဝန်မသည် အခန်းထဲမှ ထွက်လာသည်။
    ဒက်ဒီ ရော ညိုမာပါ ထိုင်ရာမှ ထရပ်လိုက်ကြသည်။

    နွမ်းနယ်နေဟန်တူသော ဆရာဝန်မက တိုးညှင်းစွာ ပြောလိုက်သည်။
    '၀င်ကြည့်ချင် ကြည့်နိုင်ပါပြီ ဦးတင်မောင်သန်း'
    'သူ့..... သူ့အခြေအနေ'
    'သူ ဆုံးရှာပါပြီ'
    'အို... မြိုင်ရယ်...'

    အစသော် ညိုမာ၏ စိတ်မှာ ခပ်ပေါ့ပေါ့ပင်ဖြစ်သည်။ မာမီဆေးရုံရောက်ရသည်က မဆန်း၊  ဆေးရုံသို့ လိုက်တွေ့ခဲ့ ရဖူးသည်က အခါခါပင်၊ မာမီ ဆုံးပြီဆိုမှပင် ရုတ်တရက် အိပ်မက်မှ လန့်နိုးလာရသူလို ရှိသည်။ ရင်ဝ သို့ အလုံးကြီးတစ်လုံး ဒိန်းခနဲ လာဆောင့်သည်။
    ညိုမာသည် 'အမလေး မာမီရဲ့' အော်ဟစ်ငိုပစ်လိုက်သည်။ 'ညိုမာ တို့ကို တကယ်ခွဲသွားပြီလား မာမီ ရယ်'
    ဆရာဝန်မနောက်မှ ကပ်၍ လိုက်ပါလာသော သူနာပြု ဆရာမကို ညိုမာမကျေနပ်၊ ရန်သူသဖွယ် ကြည့်လိုက်သည်။ ရန်တွေ့စကားဆိုသည်။

    'စောစောက ဘာလို့ ၀င်ကြည့်ခွင့် မပေးတာလဲဟင်၊ ခုဆို အသက်တောင် မမှီလိုက်ရတော့ပါလား ရှင်'
    သူနာပြု ဆရာမက အေးဆေးစွာပင် တုံ့ပြန်လာသည်။
    '၀မ်းနည်း ပါတယ်၊ လူနာ က သူ့ဆီကို သူ့ခင်ပွန်းရော သမီးပါ ၀င်တွေ့ခွင့် မပေးကြပါနဲ့ လို့ တားမြစ် ထားခဲ့လို့ပါ'
    ညိုမာ သည် ကြားလိုက်ရသော စကားအတွက် ကြက်သေ သေသွားသလို ရှိသည်။ မင်သက်သွားမိသလို ရှိသည်။ ရင်ထဲမှာ နင့်သွားကာ လည်ချောင်း တွင် တစ်ဆို့လာသည်။
    ဦးတင်မောင်သန့်သည် ခေါင်းငိုက်စိုက်ကျကာ မျက်ရည်တွေ ရစ်ဝဲနေရာမှ လှိုက်လဲတုန်ရီ စွာ ပြောလိုက် သည်။

    'ဒါ... တို့များကို သူ လက်စားချေသွားတာပဲ၊ အင်မတန် ထိရောက်ပြင်းထန်လှတဲ့ လက်စားချေမှုပါပဲ မြိုင် ရယ်...'
    ရှေ့ပိုင်းက ပြောခဲ့ပါသည်။
    ပဆစ်ဝိုင်း တွင် 'တစ်စိတ်'သည် အင်အားအရှိဆုံး၊ 'တစ်စိတ်'ပစ်နိုင်မှ 'ကြွေနိုး'သည် အကွက်အစိတ်အထိ ပေးခွင့်ရှိသည်။ သို့သော်... 'တစ်စိတ်'ချည်း သုံးခါ ဆက်တိုက်ကျပြန်တော့ တစ်မှတ်မရ။
    'ကန်း'လေသည်။ 'သေ'လေသည်။

    ဒေါ်ခင်မေမြိုင် ၏ ဘ၀အစများသည် အကောင်းချည်းဖြစ်သည်။ ပင်ကိုယ်ကတည်းက ချမ်းသာ လာခဲ့သည်။ လိုလားတောင့်တအပ်သော ချစ်သူကို ရခဲ့သည်။ အခက်အခဲတွေ အကြားမှ သမီးကို မွေးဖွား ပေးနိုင်ခဲ့ သည်။
    ပဆစ်စကားနှင့် ပြောရလျှင်တော့ 'တစ်စိတ်ချည်း'သုံးခါဆက်တိုက် ပစ်နိုင်ခဲ့သည့် ကြွေသမား။
    သို့သော်... ထို့ကြောင့်ပင် ဒေါ်ခင်မေမြိုင်၏ ကြွေသည် 'ကန်း'ခဲ့လေသည်။ 'သေ' ခဲ့လေသည်။
    ပဆစ်ဝိုင်း မှာ ကြွေပစ်သမား ကောင်းတိုင်းလည်း နိုင်လေ့ရှိသည်မဟုတ်။

    ဒေါ်ခင်မေမြိုင် သည် ကြွေပစ်သမားကောင်း ဖြစ်သော်လည်း ပဆစ်ဝိုင်းတွင် အင်အား အသေးဆုံး ဖြစ်သော 'ပါ' ဖြင့် 'အစား'ခံခဲ့ ရလေပြီတည်း။ 'သုံးစားပါကျ' ဖြစ်ခဲ့ရလေပြီတည်း။

×         ×        ×

    အိမ်သို့ ပြန်ရောက်သောအခါ အချိန်မှာ နံနက် လေးနာရီခွဲ ရှိနေပြီဖြစ်သည်။
    အိမ် မှာ ဦးတင်မောင်သန့်နှင့် ညိုမာသန့် နှစ်ယောက်တည်း။
    အိမ်သို့ ရောက်ပြီဆိုလျှင်ပင် ဦးတင်မောင်သန့်သည် 'ဘားကောင်တာ'သို့ တန်းတန်းမတ်မတ် သွားသည်။ အရက်ပုလင်း ကို ယူသည်။ ဖန်ခွက်ထဲသို့ လက်နှစ်လုံးခန့် လောင်းထည့်လိုက်သည်။
    'ဒယ်ဒီ ကို ခွင့်ညွှတ်ပါ ညိုမာ ဒယ်ဒီအဖို့ ဒါဟာ လိုအပ်နေတယ်'
    ဦးတင်မောင်သန့်က လှမ်း၍ ခွင့်တောင်းသည်။

    'ညိုမာ နားလည်နိုင်ပါတယ် ဒယ်ဒီ'
    ညိုမာသန့်သည် ဆိုဖာတစ်လုံးတွင် ၀င်ထိုင်လိုက်သည်။
    ဒယ်ဒီ့အဖို့ကတော့ သောကကို ဖြေသိမ့်စရာ သို့မဟုတ် မေ့ပျောက်ပစ်စေနိုင်သောအရာ ရှိနေခဲ့ပြီ။ ညိုမာ့ အဖို့ကျတော့ကော...။
    ညိုမာ ဘာလုပ်ရမည်မသိ။
    ရင်ထဲမှာ တစ်မျိုးကြီးပါပဲ။
    လွတ်နေသလို၊ ဟာနေသလို ရှိသည်။
    တစ်စုံတစ်ရာ လိုအပ်နေသလို ရှိသည်။

    ညိုမာ့ရှေ့မှာ စားပွဲပေါ်တွင် မာမီ နံနက်က ထိုးထားခဲ့သော ပန်းအိုးရှိသည်။ ပန်းများသည် လန်းလန်း ဆတ်ဆတ် ပင် ရှိနေသေးသည်။ ခရမ်းရောင် သစ်ခွပန်းကို တောက်တဲ့ လက်ဝါးခက်များဖြင့် ရောစပ် ထိုးထားခြင်းဖြစ်၍ အစိမ်းရင့်ထဲတွင် ပန်းနုရောင် ပန်းပွင့်သည် ထင်းနေသည်။
    ဘုရားစင် မှာတော့ ညောင်ရေအိုး။ ပန်းတွေ ဝေနေသည်။ သစ္စာပန်းများ ဖြစ်သည်။ ပွင့်တစ်လီ၊ ဖူးတစ်ချို့၊ ငုံတဖြာဖြင့်။
    သည်သို့ပင် မာမီ့ဘုရားစင်သည် အစဉ်လို ပန်းတွေနှင့်ဝေမြဲ။

    မာမီ အနှစ်ခြိုက်ဆုံး အရောင်ဖြစ်သည့် မီးခိုးရောင် ဇာခန်းဆီးစသည် နံနက်ခင်း လေညှင်းမှာ လွင့်တော့ မယောင် မလွင့်တော့မယောင်နှင့် ယိမ်းနွဲ့ ရုံသာ ကစားနေသည်။
    အပြင် မှာ ဘာတွေ ဖြစ်ခဲ့ဖြစ်ခဲ့၊ ဘယ်လောက် ပူပန်ခဲ့ ပူပန်ခဲ့၊ မာမီ့ ဧည့်ခန်းအတွင်း ၀င်မိလျှင် ပြေပျောက်မြဲ။ ဧမြမြဲ။ စိတ်ချမ်းမြေ့ရမြဲ။
    မာမီ ထိုင်နေကျ အခန်းထောင့် ဆိုဖာဘေးမှ ခုံပုကလေးပေါ်တွင် 'ဓမ္မပဒ'စာအုပ်သည် တစ်ဝက်တစ်ပြက် ပွင့်နေသည်။ မာမီ၏ အရိပ်သည် ထိုနေရာမှ ထင်ဟပ်နေသလို ရှိသည်။
    ညိုမာ အိမ်သို့ ပြန်ရောက်လေတိုင်း စိတ်ချလက်ချ ရှိသွားဟန်ဖြင့် မသိမသာ သက်ပြင်းရှိုက်ဟန်ကို မြင်ယောင် မိသည်။

    ညိုမာ အပြင်သို့ ထွက်တော့မည်ဆိုလျှင်လည်း စိုးရိမ်မကင်းသည့် မျက်ဝန်းညိုကြီးများဖြင့် စောင့်ကြည့် နေတတ်မြဲ။
    ညိုမာသည် မာမီ့ကို ဖျက်ခနဲ သတိရကာ 'အစ်'ခနဲ တစ်ချက် ရှိုက်လိုက်သည်။
    ဒယ်ဒီ သည် ညိုမာ့ဘေးသို့ ရောက်လာသည်။
    ပခုံး ကို နှစ်သိမ့်မှုပေးသလို ဆုပ်ကိုင်ဖျစ်ညှစ်လိုက်သည်။

    တယ်လီဖုန်း မြည်လာသည်။
    မာမီ့အခန်း ထဲမှာ ဖုန်းရောက်နေသည်။
    ညိုမာသည် မာမီ့အိပ်ခန်းထဲ သို့ ၀င်ခဲ့သည်။ မာမီ့အိပ်ရာတွင်ဝင်ထိုင်ကာ စကားပြောခွက်ကို ကောက်ယူ လိုက်သည်။
    'ဟယ်လို'
    'ဟယ်လို... ညိုမာလား...'
    'ဟုတ်ပါတယ်'
    'ရူဘီ ပါ ညိုမာ၊ အခုပဲ ရောဘတ် ပြန်ရောက်လာတယ်၊ ယူ့မာမီ သတင်းကို ကြားရတယ်။ ရူဘီ စိတ်မကောင်း ပါဘူးကွာ'
    ညိုမာ့ရင်ထဲမှာ ဆို့တတ်လာသည်။ ဘာမျှ ပြန်မပြောနိုင်။

    'မင်း ငိုနေသလား'
    'အင်း'
    'အေးပေါ့ ငိုရမှာပေါ့၊ ရောဘတ်က သူလည်း စိတ်မကောင်းတဲ့အကြောင်း ပြောပေးပါတဲ့။ ဒါပါပဲ သူငယ်ချင်း ရယ်၊ မင်းကို ကိုယ်ဆက်ပြီး အနှောင့်အယှက် မပေးချင်တော့ပါဘူး။ တစ်ခုပဲ ... ငိုလိုက်၊ အားရအောင် အော်ငိုလိုက် သိလား၊ ဒါမှ မင့်ရင်ထဲ ပေါ့သွားမှာ'
    တစ်ဘက် က စကားပြောခွက်ကို ချသွားသည်။

    ညိုမာသည် စကားပြောခွက်ကို လေးလံစွာ ပြန်ချသည်။
    ရူဘီ၊ ရူဘီ။
    သူတို့ အသိုင်းအ၀ိုင်းထဲ ဆွဲသွင်းခဲ့တဲ့ ရူဘီ။
    ညိုမာ့ ကို  စတင်ဖျက်ဆီးခဲ့သည် ရူဘီ။
    ကျောင်းပြေးတတ်အောင်၊ ရုပ်ရှင်ခိုးကြည့်တတ်အောင် သင်ခဲ့တဲ့ ရူဘီ။
    'မိန်းမ ဆိုတာ လင်ကိုဘုရားတစ်ဆူ ဂူတစ်လုံးလို ကိုးကွယ်ရတဲ့ခေတ်ကုန်ပြီ။ သူတို့အတွက် ထမင်းချက် ကျွေးဖို့၊ အ၀တ်လျှော်ပေးဖို့၊ အိပ်ရာခင်းပေးဖို့ သက်သက်ချည်း မိန်းမ ဆိုတာလူ့လောကမှာ လူလာ ဖြစ်တာ မဟုတ်ဘူး၊ မိန်းမဆိုတာ လူသားထဲက လူသား တစ်ယောက်ပဲ၊ ယောက်ျားတွေနဲ့ ရင်ဘောင်တန်း ရမယ်၊ ယောက်ျားတွေရနေတဲ့ အခွင့်အရေးတွေ၊ လွတ်လပ်ခွင့်တွေ မှန်သမျှ မိန်းမတွေလဲ ရရမယ်' ဆိုခဲ့တဲ့ ရူဘီ။

    သည် ရူဘီကို ခုနှစ်တန်းနှစ်ကတည်းက ညိုမာ သိခဲ့သည်။
    သိစကတော့ မျက်နှာကြောမတည့်လှ။
    သို့သော် ရူဘီသည် ညိုမာ့ ကို အတင်းကပ်သည်။ ရင်းနှီးအောင် ကြိုးစားသည်။ သည်လိုနှင့် အားနာ ပါးနာ ခင်ခဲ့ရသည်။
    ခင်မိတော့လည်း ရူဘီသည် မဆိုးလှဟု ထင်သည်။
    ရူဘီ နှင့် ခင်ရသည်မှာ ရင်ခုန်ချင်စရာတွေနှင့်လည်း ကြုံရသည်။ ဘေးအန္တရာယ်မှ သီသီကလေး လွတ်ကင်း ရသည်မျိုးလည်း ရှိသည်။
    ရူဘီ၏ စိတ်ထားကတစ်မျိုးပင်။

    အဆန်းတကြယ်ကလေးတွေ လုပ်တတ်သည်။ စွန့်စားခန်းကလေးတွေ၊ ရင်ခုန်ရတာ ကလေးတွေကို၊ ရင်ခုန် ရတာ ကလေးတွေကို လုပ်ချင်လေ့ရှိသည်။
    စနေနေ့ ဗိုလ်ချုပ်ဈေး ရောက်တော့ ရတနာဆိုင်သို့ ၀င်သည်။ လက်ဝတ် လက်စားတွေကို ထုတ်ပြ ခိုင်းသည်။
    သည်အကြားမှာ ရူဘီသည် စိန်လက်စွပ်တစ်ကွင်းကို ယူကြည့်သည်။ ပြန်မပေးဘဲ ညိုမာ့အား ကမ်းပေး သည်။
    'မင်း လက်ပွေ့အိတ်ထဲ ထည့်ထားလိုက်'
    ညိုမာ ငြင်းပယ်မည် ပြုသည်။

    'ရှူး ဆိုင်ရှင်တွေ့တော့မယ်၊ မြန်မြန်ထည့်'
    ညိုမာ ယောင်မှားပြီး လက်ပွေ့အိတ်ထဲ ထည့်သည်။
    ပြဿနာ က ဆိုင်မှ အထွက်တွင် စသည်။
    ညိုမာ တို့ ဆိုင်မှ ထွက်မည်ပြုသောအခါ ဆိုင်ရှင်က ရှေ့မှ တားဆီးလိုက်သည်။
    'ကလေး တို့ ခဏနေကြပါဦး'
    'ဘာဖြစ်လို့လဲ ရှင်'

    'ကလေး တို့ အသက်အရွယ်၊ ကလေးတို့ ရုပ်ရည်နဲ့ ဒါမျိုးမလုပ်သင့်ဘူး'
    'အို... ကျွန်မတို့ ဘာလုပ်လို့လည်း'
    ရူဘီ က နှုတ်တုံ့ပြန်နေပေမယ့် ညိုမာကတော့ တစ်ကိုယ်လုံး တုန်ယင်နေသည်။ ချွေးပြန်နေသည်။ ခြေဖျား လက်ဖျား တွေ အေးစက်နေသည်။
    'ကလေးတို့ လက်ပွေ့အိတ် ပြစမ်းပါ'
    ညိုမာက ကမ်းမပေးခင်မှာပင် ဆိုင်ရှင်က လက်ပွေ့အိတ်ကို ဆွဲယူပြီး ဖြစ်နေသည်။
    ဖွင့်ရှာတော့ လက်စွပ်ကို တွေ့သွားသည်။

    ရူဘီကတော့ မျက်နှာထား တင်းတင်းနှင့်ပင်။
    ညိုမာ ကတော့ အတောင်ပံပါလျှင် မိုးသို့ ပျံတတ်လိုက်ချင်သည်။ မြေကို ခွဲ၍ ၀င်ရောက်လိုက်ချင်သည်။
    'မင်း တို့ အပြစ်ကို ၀န်ခံမလား'
    နှစ်ယောက်စလုံး ဘာပြောရမည် မသိ။
    'ရဲစခန်းကို တိုင်လိုက်ရမလား'
    'ဟင့်အင်း... ကျွန်မတို့ သက်သက်အပျော်လုပ်တာပါ၊ ကျွန်မ တို့ မိကောင်းဖခင် သားသမီးတွေပါ'
    ညိုမာက အလျင်စလို ၀င်ပြောရသည်။

    'ဒါနဲ့များကွယ်'
    'မယုံရင် ဖုန်းဆက်ကြည့်ပါ။ ကျွန်မဖေဖေက ဦးတင်မောင်သန့်၊ မေမေက ဒေါ်ခင်မေမြိုင်'
    'ရွှေတောင်ကြားလမ်း က ဒေါ်ခင်မေမြိုင်လား'
    'ဟုတ်ပါတယ်'
    'ဒါဆို တို့များဖောက်သည်ပဲ၊ စုံစမ်းကြည့်မယ်လေ၊ ဖုန်းနံပါတ်ပေး'
    ညိုမာ တယ်လီဖုန်းနံပါတ် ပေးလိုက်သည်။
    မကြာမီ မာမီ ပေါက်ချလာသည်။

    တော်ပါသေးသည်။
    ဆိုင်ရှင် က သဘောကောင်းပေလို့ အကျယ်အကျယ် မငြိမ်းဖွယ်တွေ မဖြစ်ခဲ့။
    သို့သော် ညိုမာ သည် သည်အဖြစ်အတွက် ရူဘီတစ်ယောက်တည်းအပေါ် ပုံမချလို။ လုပ်ရဲလျှင် ခံရဲရမည် ဟူသော အသိဖြင့် အပြစ်တင်မှု ကို ဝေမျှ ခံယူလိုက်သည်။

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

Saturday, January 8, 2011

ပဆစ်အိမ် အပိုင်း (၃၀)

"အပိုင်း သုံး ညိုမာသန့် ဆယ်စုနှစ်များ"

"ဘိုင်စကုတ်ထဲကလို ချစ်ကြတာ တကယ်မိ
ခုတွေ့လေ ခုကြိုက်လေ၏။
ဒီခေတ်ကြီးထဲမှာ ဖွဲ့နွဲ့တာမရှိ
ချစ်မယ် သိပ်ချစ်မယ် ဟေ့
နင့်ကို ငါ ချစ်တယ်
ငါ့ကို နင် ချစ်မလား
သိပ် ... သိပ် ... သိပ် ... ချစ် ... "

ဘိုဘိုဟန်
(စတီရီယို တေးတစ်ပုဒ်)

အဘိုးအဘွားတို့ ပြောစကားကို ကြားဖူးလိုက်သည်။
သူတို့ခေတ်တုန်းက ယောက်ျားတစ်ယောက်နှင့် မိန်းမတစ်ယောက် ချစ်ခွင့်ရဖို့ သုံးနှစ်သုံးမိုး စောင့်ရသည်တဲ့။ ချစ်ကြပြီ ဆိုလျှင်လည်း ဆံဖြူသွားကြွေ၊ ပါးရေ နားရေ တွန့်သည့်တိုင်အောင် ပေါင်းကြ ရသတဲ့။

သူ့ခေတ် သူ့အခါနှင့်တော့ ဟုတ်ပေမပေါ့။ သူတို့ခေတ်က လှေခေတ်၊ လှည်းခေတ်၊ မူးခေတ်၊ ပဲခေတ်။
သည်တုန်းက ဂျက်လေယာသ် ဆိုတာလည်း မပျံသေး။ ဒုံးပျံဆိုတာလည်း မရှိသေး။ ရေဒီယို ကက်ဆက်၊ ရေခဲသေတ္တာ နှင့် တိုယိုတာ ကိုရိုလာ ဆိုတာလည်း မပေါ်သေး။
မြစ်တစ်မြစ်တွင် စီးဆင်းသွားသည့် ရေအလျဉ်မှာ မနေ့က ရေအလျဉ်မဟုတ်။ မနက်ဖန်တွင် စီးဆင်းမည့် ရေအလျဉ် လည်း မဟုတ်။ နေ၀န်းသည် မနေ့က အကြောင်းကို ပြန်တွေးပြီး အနောက် မှသည် အရှေ့သို့ ပြန်လှည့် ထွက်လာရိုး ထုံးစံမရှိ။

အတိတ်ကို မလွမ်းတတ်သော၊ အနာဂတ်ကို မစိုးရိမ်တတ်သော ညိုမာသန့်တို့လို တွေးမနေချင်။ နောက်ထပ် ဖြတ်ကျော်ရမည့် အနာဂတ်အတွက်လည်း ပူပန်မနေချင်။
ပစ္စုပ္ပန်သည် သာမွေ့လျော်ရာ ပစ္စုပ္ပန်သည်သာ အားထားရာ၊ ပစ္စုပ္ပန်သည်သာ ကိုးကွယ်ရာ ...။

တယ်လီဖုန်းလာသော အချိန်မှာ  ကိုးနာရီခွဲခန့် ရှိပြီ။ ညိုမာသန့်သည် သည်ည ရူဘီနှင့်အတူ အိပ်တော့မည် အကြောင်း အိမ်ကို ဖုန်းဆက်ကာနီး ဆဲဆဲတွင် ဖြစ်သည်။
စောစောပိုင်းတုန်းကတော့ အိမ်ပြန်ဖို့ပါပဲ။ ဒါပေမယ့် ရူဘီတို့နှင့် "လက်စီကွန်" ကစားကြသည်။ ညိုမာသည် စာလုံး ခုနှစ်လုံးကို တစ်ဆက်တည်း ဆက်နိုင်ခါ အနိုင်ရလိုက်သည်။
ပြီးလျှင်တော့ ဆိုဖာများတွင် ထိုင်ကာ စကား ကောင်းနေကြသည်။

သည်ည ရောဘတ်က ဟင်းချက်နည်း စာအုပ်ထဲက နည်းအတိုင်း ညလယ်စာ ချက်စားကြရန် အကြံပြု ထားသည်။ ဟင်းချက်နည်းကို ငြင်းခုန်နေကြဆဲဝယ် တယ်လီဖုန်းလာသည်။ ရူဘီက ညိုမာ့ အတွက် ဖြစ်ကြောင်း ပြောသည်။

"မင့် ဒယ်ဒီ့ဆီက ထင်တာပဲ"
ညိုမာ နားထောင်လိုက်သည်။
ဒယ်ဒီ့ အသံကို ကြားရသည်။
"ဟုတ်ကဲ့ ဒယ်ဒီ"
"ညိုမာ ... သမီးကို ဖေဖေ သတင်းတစ်ခု ပြောစရာ ရှိတယ်။ သတင်းကတော့ မကောင်းလှဘူး"

"အို ... ဟုတ်လား၊ ဘာများပါလိမ့် ဖေဖေ"
"သမီးရဲ့မာမီ အထူးကုဆေးခန်းကို ရောက်နေတယ်"
"မာမီ၊ မာမီ ဘာဖြစ်လို့လဲ"
"ဆေးမှားတယ် ထင်ရတာပဲ၊ ဆရာတွေက သူ့အသက်ကို လုနေကြတယ်"
"ဆေးမှား ရအောင် ဆိုတာက"

"ကလေးရယ် ... တယ်လီဖုန်းက တစ်ဆင့် မပြောချင်ဘူး၊ အမြန်ဆုံးလာခဲ့ရင် ကောင်းမယ်"
"ဒယ်ဒီ ဘယ်က ပြောနေတာလဲ ဟင်"
"ရတနာ အထူးကုဆေးခန်းကပဲ၊ သမီး သိတယ် မဟုတ်လား"
"သိပါတယ်၊ ညိုမာ အမြန်ဆုံး လာခဲ့ပါ့မယ် ဒယ်ဒီ"
"ဘာဖြစ်တာတဲ့လဲ ဟင်၊ ဘာတဲ့လဲ"

ရူဘီက သိချင်စိတ်စောသလို မေးသည်။
"ကိုယ့် မာမီပါကွာ၊ ဆေးခန်း ရောက်နေတယ်တဲ့"
"အို ... ဟုတ်လား"
"မာမီ ဆေးခန်း ရောက်တာ သိပ်မဆန်းပါဘူးကွာ။ မကြာခဏ ရောက်နေကျပါ။ သူက နာတာရှည် ရောဂါသည် မဟုတ်လား"
သည်အချိန်ထိတော့၊ ညိုမာသည် စိုးရိမ် ကြောင့်ကြခြင်း မရှိလှသေးချေ။

"ဆောရီးပဲ ရောဘတ် ရေ၊ ယူ့ ညလယ်စာကို နောက်များမှပဲ စားရပါစေတော့။ ဒီညတော့ ညိုမာ ပြန်မှ ဖြစ်မယ်"
"တို့ လိုက်ပို့မယ်လေ"
"ကျေးဇူးပါပဲ ရောဘတ်ရယ်"
လမ်းတွင် ညိုမာသည် မာမီ၏ သနားစရာကောင်းသော အဖြစ်များကို တွေးနေလေသည်။
ငယ်စဉ် က ညိုမာသည် မာမီ့နို့ကို မစိုခဲ့ရ။

မာမီ၏ ထိန်းကျောင်းမှုကို မခံစားခဲ့ရ။
နို့မှုန့်နှင့် ကြီးခဲ့ရသော ကလေးထိန်းလက်တွင် ပျော်ခဲ့ရသည်။ ညိုမာ့ကို မွေးပြီး မာမီက မကျန်းမာလှ၍ ဖြစ်သည်။
လူမှန်း သိတတ်စ အရွယ်တွင် အခြားကလေးများလို မောင် ညီမ ကလေးများကို အလိုရှိခဲ့သည်။ မာမီက မွေးဖွား မပေးနိုင်သည့် အကြောင်းကို သိရပြီး စိတ်ပျက်ခဲ့သည်။
နောက် ညိုမာ သည် ဒယ်ဒီ၏ အစီအစဉ်ဖြင့် မူကြိုကျောင်းမှာ နေခဲ့ရသည်။ ပြီးလျှင်တော့ မူလတန်း မှသည် တက္ကသိုလ် အထိ ကျောင်းအလုပ်တွေနှင့် ရှုပ်နေခဲ့သည်။
ထို့ကြောင့် ယေဘုယျ ပြောရလျှင်တော့ ညိုမာနှင့် မာမီသည် သိပ် ရင်းရင်းနှီးနှီး မရှိလှ။

မာမီက အိမ့်ပြင်ထွက်ခဲ့သဖြင့် ရုပ်ရှင်ကြည့်မည်၊ ပျော်ပွဲ ရွှင်ပွဲသွားမည်ဆိုလျှင် ဒယ်ဒီနှင့်သာ များသည်။
ဒယ်ဒီက ညိုမာ့ကို သမီးမိန်းကလေးတစ်ယောက်အနေအထက်ထက် သားယောက်ျားကလေး တစ်ယောက် ပေါင်းသည်။ ချုပ်ချယ်မှု မပြုလှ။
မာမီကတော့ ဘယ် ဟုတ်လိမ့်မလဲ။ ခြေနင်း ကြမ်းတာက အစ၊ ရယ်တာ မောတာ အစ လိုက်ပြီး အပြစ်မြင် နေသည်။

ကားရှိလျှင် ခြေရှုပ်သည်ဆိုကာ ညိုမာ့ မွေးနေ့လက်ဆောင်အဖြစ် ၀ယ်ပေးခဲ့သည့် ကိုရိုလာကားကို ရောင်းပစ်ခဲ့သည့်ကိစ္စနှင့် ပတ်သက်၍ မာမီ့အပေါ် မကျေနပ်။
ညိုမာ သည် မာမီ့ကို အထင်သေးသလောက် ဒယ်ဒီ့ကို အထင်ကြီးသည်။
ချစ်သည်၊ လေးစားသည်။
မြတ်နိုး ကိုးကွယ်သည်။

ညိုမာ ဆယ့်လေးငါးနှစ် အရွယ်ရောက်တော့ မာမီချုပ်ပေးသည့် အ၀တ်အစားတွေအပေါ် ဘ၀င်မကျ ဖြစ်ရသည်။
ညိုမာသည် သည်အချိန်တုန်းက ယောက်ျားကလေးတွေလို ၀တ်ချင်သည်။

မာမီက ဆံပင်ရှည်ကို မြတ်နိုးသူ၊ ညိုမာတို့အဖွဲ့တွေက စန္ဒာပုံလို အတိုတွေ ညှပ်ကြသည်။ လည်ကုပ်ဝဲပုံစံ ကို နှစ်ခြိုက်ကြသည်။ တိတ်တခိုး ဆံပင်ကို ဖြတ်တောက်လိုက်သည်။
ယောက်ျားကလေး တွေ ၀တ်သည့် ရှင်အင်္ကျီ ကြောင်ကြောင်ကျားကျားများ တီရှပ်များ ၀တ်သည်။ မာမီနှင့် တကျက်ကျက် ရန်ဖြစ်ရသည်။

နောက်ပိုင်း ညိုမာတို့က ဘရာတို့ ဘလောက်စ်တို့ ၀တ်ပြန်တော့လည်း လည်ပင်းအ၀ိုက်က ကျယ်လွန်းသည်။ ပိတ်သားက ပါးလွန်းသည်နှင့်။ ခေါင်းလောင်းလက်တို့၊ ဂျူးလိယက် အင်္ကျီတို့ကို မျက်စိနှင့်မတွေ့ ဆိုသည်။

ရန်ကုန်တက္ကသိုလ် ရွှေရတုတုန်းက ရှေးခေတ် ကောလိပ်ကျောင်းသူတွေ အင်္ကျီလက်ပွ ၀တ်ထား သည့် ဓာတ်ပုံ မြင်ပြီး ရယ်ခဲ့ကြသည်။ ယခုတော့ ညိုမာကိုယ်တိုင် အင်္ကျီလက်ပွတွေ ၀တ်သည်။
ဘာဖြစ်ရဦးမှာလဲ။ ဖက်ရှင်ဆိုသည်မှာ အသစ်တွေ ဟောင်းလာလျှင် အဟောင်းတွေ ပြန်သစ် လာလိမ့် မပေါ့။ တက္ကသိုလ်ဆိုလို့ ညိုမာ ပထမဆုံးအကြိမ် အရိုက်ခံရသည့် နေ့ကိုမမေ့။
သည်ကိစ္စမှာတော့ ညိုမာ့အဆိုးဖြစ်ချင်လည်း ဖြစ်မည်။

ညိုမာသည် မာမီတို့မိဘများ ချမ်းသာခဲ့ကြသည်ကို သိသည်။ မြို့ငယ်ကလေးတစ်မြို့မှာ ဆန်စက် တွေရှိသည်။ လယ်ယာချောင်းမြောင်းတွေ ရှိသည်ကို သိသည်။
ခေတ်နောက်ကျဟန်တူသော မာမီ့ မိဖများက မာမီခုနှစ်တန်း အောင်သောအခါ မိန်းကလေးဆိုတာ ပညာသိပ်တတ်နေစရာ မလိုပါဘူးဆိုပြီး ကျောင်း နှုတ်ခဲ့သည်ကို သိသည်။

ညိုမာ တက္ကသိုလ် ဒုတိယရောက်နှစ်ရောက်တော့ လူလည် ကျနေပြီ။ အပေါင်းအသင်း စုံနေပြီ။ ကျောင်းခေါ် ချိန်မပြည့်။ စာမေးပွဲ ဖြေခွင့်မရ။ မာမီက ကျောင်းပြန်တက်ခိုင်းပေမယ့် ညိုမာ ငြင်း သည်။  သည်တုန်းက ညိုမာ့မှာ ခံစားချက်တွေ ရှိနေသည်လေ။ ပထမဦးဆုံး ချစ်သူ၏ လှည့်စားခြင်း ခံရပြီးစ ဖြစ်သည်လေ။ သည်မှာ ကျောင်းပြန်တက်ဖို့ မတက်ဖို့ စကားလုပြောရင်း အခြေအနေ တင်းမာလာသည်။

"မာမီက ကိုယ့်ဘာသာတောင် ဆယ်တန်း မအောင်ပဲနဲ့ ညိုမာ့ကို ဘာအပြစ်မှ ပြောနေစရာ မလိုပါ ဘူး၊ ညိုမာက မာမီ့ထက်တော့ ပညာတစ်ဆလောက် ပိုတတ်ပါသေးတယ်နော်"
သည် မှာ မာမီသည် ညိုမာ့ပါးကို လှမ်းရိုက်လိုက်လေသည်။

"ကိုယ့်ခေတ် ကိုယ့်ဘ၀နဲ့ ကိုယ် ဆယ်တန်း မအောင်တာနဲ့ ညည်းဘာသာ ပညာဆက်မသင်တာ ဘာဆိုင်သလဲ ညိုမာ။ ညည်း ငါ့ကို နောက် ဒါမျိုး ဘယ်တော့မှ မစော်ကားနဲ့"
ပြောလျှင်တော့ ညိုမာနှင့် မာမီက ပြဒါးတစ်လမ်း သံတစ်လမ်းချည်းပင်။
ကြည့် ... မာမီ ဘယ်လောက် တုံးသလဲ ဆိုတာ။

ညိုမာက အနုပညာ ၀ါသနာပါသည်။ အတီးတစ်ခုခု တတ်ချင်သည်ဆိုတော့ မာမီက ၀မ်းသာ အားရ စောင်းကြီး တစ်လက် ၀ယ်လာပေးသည်။
"ဒါကြီးကို ဘာလုပ်ဖို့လဲ"

"သမီးပဲ အတီးတစ်ခုခု တတ်ချင်တယ်ဆို။ မာမီတို့ အသိထဲမှ စောင်းဆရာ တစ်ယောက် ရှိတယ်။ သူ့ကို အချိန်ပိုင်းနဲ့ ခေါ်သင်တာပေါ့"
"သြော် ... စိတ်နဲ့ ငါနဲ့ ညစ်ရပါလားနော်။ ညိုမာ တတ်ချင်တာက ခေတ်ပေါ် စတီရီယိုတေး၊ တီးချင်တာက ဂစ်တာ"
"စောင်းဟာ မြန်မာ့အနုပညာ စင်စစ်ပါကွယ်"

"ခေါက်ထားစမ်းပါ၊ ညိုမာတို့ခေတ်က လှေခေတ် လှည်းခေတ် မဟုတ်ပါဘူးနော်။ အဏုမြူခေတ်ပါ၊ လျှပ်စစ်ခေတ်ပါ။ ဓူဝံကြယ် မြေမှာ ခကြွေတဲ့ ခေတ် မဟုတ်ဘူး။ ပွမ်ပွမ်မြည်တဲ့ကားထဲ အတွဲလေး အသစ်နဲ့ဟေ ဆိုတဲ့ ခေတ်ပါ"
အမှန်ပင် ညိုမာသည် "ပလေးဘွိုင်"၊ "အေ့စက်"နှင့် "အီးမက်ရှင်း" တို့ကို ကြိုက်သည်။ စိုင်းထီးဆိုင် နှင့် ဘိုဘိုဟန် ဆိုဟန်က ကောင်းသည်။
သည်လိုနှင့် ညိုမာလည်း ဂစ်တာ မသင်ဖြစ်။

စောင်းကြီးမှာလည်း အိမ်ဧည့်ခန်းတွင် အလှအပ ပစ္စည်းတစ်ခုအဖြစ်သာ ဖုန်တက် နေလေတော့ သည်။
မာမီက မိန်းမပီပီ ဗိုင်းကောင်းကျောက်ဖိနေကာ အိမ်မှုကိစ္စတွေကို ၀င်ရောက်ကူညီ လုပ်ကိုင်စေ ချင်သည်။ ညိုမာ ကတော့ အိမ်အလုပ်ဆိုတာကို  ၀ါသနာ မပါရေးချ မပါ။
ငွေ ရှိသည်။
ချမ်းသာသည်။

ညိုမာတို့က ဘာဝင်လုပ်စရာ လိုသလဲ။
အစေခံတွေ၊ အိမ်ဖော်တွေ မွေးထားမှတော့ သူတို့လုပ်လိမ့်မပေါ့။
ညိုမာတို့ တစ်သက်လုံး မဆင်းရဲတော့ပါဘူး။ ဖေဖေက အပြောသား။ ညိုမာတို့ တစ်သက်မဟုတ် ဆယ်သက် ထိုင်စားနိုင်သတဲ့။ ဒါကြောင့် ပညာတွေ သိပ်တတ်ထားဖို့လည်း မလိုလှ ထင်သည်။ ဘွဲ့ရပြီ အလုပ်လက်မဲ့ ဖြစ်နေကြတာ တစ်ပုံကြီး။

သည်တော့ မာမီက "အေး ... မင်းတို့ စစ်ဘေးစစ်ဒဏ်ဆိုတာ မခံစားရဖူးတော့လဲ ပြောတော့မပေါ့" ဆိုခဲ့သည်။
ညိုမာတို့က စစ်ဘေး စစ်ဒဏ် မခံစားရဘူးပေမယ့် စစ်ကိုတော့ မုန်းကြတာပါပဲ။ "ပိစ်" ဆိုတာ ငြိမ်းချမ်းခြင်း အမှတ်အသား ပေါ့ မေမေရဲ့။ "မိတ်ခ်လဖ်၊ နော့တ်ဝါး" ဆိုတာ ညိုမာတို့ ကြွေးကြော် နေကျ။
ဒုတိယ အကြိမ် ပါးရိုက်ခံရတာ ဒီဇင်ဘာမှာပေါ့။။

ခရစ္စမတ်အိဗ် (Chirstmas Eve) မှာပေါ့။ ဒီဇင်ဘာ ၂၄ရက်နေ့ည။
ရူဘီတို့နှင့်အတူ ခရစ္စမတ်အိဗ်မှာ ညိုမာ ပျော်သည်။
 သည်မှာ ပက်ထရစ်ဆိုသော ကောင်လေးသည် တစ်ညလုံးလိုလို ညိုမာ့အပါးမှာ ကပ်နေသည်။

ညိုမာ့ထက်တော့ အသက်ငယ်မည်။ သို့သော် ကောင်လေးက လူချောလေး ဖြစ်သည်။
ညွှန်ကြားရေးမှူးချုပ် တစ်ဦး ၏ သားဟု သိရသည်။
ဂစ်တာအဖွဲ့ မှာ ဒရမ်တီးသည်။
ညသန်းကောင်ကျော် တော့ ပွဲသိမ်းသည်။

ပက်ထရစ် က ညိုမာ့ကို အိမ်သို့ ပြန်ပို့ပေးမည်ဆိုကာ သူ့ကားနှင့် တင်ခေါ်လာခဲ့သည်။
လမ်းမှာ မော်တော်ကား မကြာခဏ မှောက်မည် ဖြစ်သည်ကိုတော့ သိသည်။ တစ်ခြား ဘာတွေ ဖြစ်ခဲ့သည်ကိုတော့ မပြောတတ်တော့ပါဘူး။
အိမ်ပေါက်ဝ မှာ ကားထိုးရပ်မိတော့ ညနှစ်နာရီထိုးနေပြီ။

ပက်ထရစ်သည် ညိုမာ့ကို ကားပေါ်မှ တွဲချပေးသည်။ သို့သော် ရုတ်တရက် ကိုယ်ကို လွှတ်မပေးခဲ့။ နမ်းဖို့ ကြိုးစားသည်။
သည်မှာ အိမ်ရှေ့ မီးဖြတ်ခနဲ လင်းလာသည်။ အိမ်ပေါက်ဝမှာ မာမီ ပေါ်လာသည်။
"ဘုရား ... ဘုရား ... ဘယ်လိုဖြစ်လာတာလဲ ညိုမာရယ်"

"ညိုမာ ဘာဖြစ်သလဲ၊ ဘာမှ မဖြစ်ပါဘူး မာမီရဲ့၊ ညိုမာ ပျော်နေတာပါ။ သြော် ... မာမီနဲ့ မိတ်ဆက် ပေးရဦးမယ်။ ဒီက "ပက်ထရစ်"
ပက်ထရစ်က "တွေ့ရတာ ၀မ်းသာပါတယ် အန်တီ" နှုတ်ဆက်တော့ မာမီက ရွံရှာစွာဖြင့် ...
"ထွက်သွားစမ်းကွယ်၊ မင်း ငါ့ခြံထဲက ထွက်သွားစမ်း"

မာမီ့အသံကို မိုးခြိမ်းသံကို ကျယ်လောင်နေသည်။
ပက်ထရစ်သည် အံ့အားသင့်နေသည်။
"ခင်ဗျာ၊ ကျွန် ... ကျွန်တော်"
"ထွက်သွားစမ်းပါ၊ ကျေးဇူးပြုပြီး ငါ့ခြံထဲက ထွက်သွားစမ်းပါ"

"အို ... မာမီ၊ သူ့ကို ဒီလိုနှင့်ဖို့ မကောင်းပါဘူး။ သူက လူကြီး လူကောင်းရဲ့ သားသမီးပါ"
"ဘာပဲ ဖြစ်ဖြစ် ထွက်ဆို ခုထွက်"
မာမီသည် ညိုမာ့ကို အကြမ်းပတမ်းဆွဲယူကာ အိမ်ထဲသို့ သွင်းလိုက်သည်။ တံခါးကို ပိတ်ပစ်လိုက် သည်။
မကြာမီ ပက်ထရ၏ ကားထွက်သွားသံ ကြားရသည်။

"မာမီ ဆက်ဆံတာ သိပ်ရိုင်းတာပဲ"
ညိုမာက မကျေနိုင်မချမ်းနိုင် ဆိုသည်။
သည်နောက်မှာတော့ ညိုမာ အန်ချင်လာသည်။ မီးဖိုခန်းသို့ ၀င်သည်။

လက်ဆေးကြွေဇလုံမှာ အန်ချလိုက်သည်။ အကုန်ပါပဲ။ စားထား သောက်ထားသမျှ အကုန်ပါပဲ။
ညိုမာ့ အန်ဖတ်မှာ ချဉ်နေသည်။ အရက်နံ့ ဟောင်နေသည်။
ကျောဘက်တွင် မာမီလာရပ်သည်။
"ညိုမာ"
ညိုမာက မထူးဘဲ ပလုတ်ကျင်းရာမှ မော့ကြည့်လိုက်သည်။

"ဒါ မိန်းကလေးတစ်ယောက် အိမ်ပြန်တဲ့ အချိန်လား ဟင်"
"ဒီကနေ့ ခရစ္စမတ်အိဗ်လေ မေမေရဲ့၊ လူတွေ ပျော်ကြတဲ့နေ့ပဲ"
"ညည်း အရက်သောက်လာတယ် မဟုတ်လား"

"မဟုတ်ဘူး မာမီ၊ သမီးတို့က လိမ္မော်ရည်ပဲသောက်တာ။ ဒါပေမယ့် ဘယ်သူက နောက်ပြီး အလစ်မှာ  လိမ္မော်ရည်ထဲ ဂျင်အရက်တွေ လာရောသွားသလဲ မသိဘူး"
"အဲဒီလိုနေရာမျိုးကို သွားရင် ဒါမျိုးတွေ ဖြစ်မှာပဲ။ အို ... ညည်း မကောင်းတော့ပါလား ညိုမာ"
"ညိုမာ ဘာဖြစ်လို့ မကောင်းရတာလဲ။ ညိုမာ ဘာမှ မဖြစ်ဘူး။ မှဲ့တစ်ပေါက် မစွန်းပဲ အိမ်ပြန် ရောက်လာတာ မဟုတ်လား"
"ညည်း သောက်လာတာကကော"

"ပြောပါပြီကော ဘယ်သူက လိမ္မော်ရည်ထဲ ဂျင်ရောလိုက်သလဲ မသိဘူးလို့။ ကဲပါ မာမီရယ် ... ဒါလောက်ကလေးများ ပြဿနာလုပ် မနေစမ်းပါနဲ့"
"ဒါပေမယ့် ဒါ မြန်မာပြည်။ ကိုယ့်ယဉ်ကျေးမှု၊ ကိုယ့်ဘာသာတရား၊ ကိုယ့်နိုင်ငံရေးလမ်းစဉ်နဲ့ နေနေတဲ့ တိုင်းပြည်မှာ စုန်းပြူးတွေရဲ့ စကားကို နားယောင်ပြီး ဖြစ်ချင်တိုင်း ဖြစ်မနေချင်ဘူး"
"မာမီက တော်တော်ခက်တယ်"
"ဘာ"

"မာမီဟာ ခေတ်မမှီတော့ဘူး၊ မာမီ့အတွေးအခေါ်တွေဟာ နိုင်တီးဝမ်တီးက အတွေးအခေါ်တွေ ဖြစ်နေပြီ"
"ညိုမာ"
ညိုမာ ကိုယ်ကို မတ်လိုက်သည်။

"ညည်း စော်ကားပေါင်းများပြီ။ ငါဟာ ညည်းရဲ့အမေ။ ညည်းကို မွေးထုတ်ခဲ့တဲ့ အမေ။ အမေ တစ်ယောက်အနေနဲ့တောင် လေးစားမှု မရှိတော့ပါလားဟင်။ ညည်းကိုယ်ညည်း သိပ်ဟုတ်လှပြီလို့ ထင်နေတဲ့ မိန်းမပေါ့ ဟုတ်လား။ ဒါဆိုရင် ညည်းနဲ့ထိုက်တန်သလို ဆုံးမရတော့မှာပဲ"
သည်ကစပြီး မာမီ့ လက်ဖ၀ါးများသည် ညိုမာ့ပါးပြင်ပေါ်သို့ ကျလာသည်။

တစ်ချက်မက။ နှစ်ချက်မက။
အချက်ပေါင်းများစွာ။
ညိုမာသည် မူးရီနေသဖြင့် ရှောင်တိမ်းနိုင်စွမ်း မရှိ။
ကာကွယ်နိုင်စွမ်း မရှိ။
ရုန်းကန်နိုင်စွမ်း မရှိ။

ညိုမာ၏ မျက်နှာမှာ ရဲနေသည်။
မျက်ဝန်းတို့သည် မီးထွက်မတတ် ပြောင်လက်နေသည်။
မျက်ရည်များ စီးကျနေသည်။

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

Friday, January 7, 2011

ပဆစ်အိမ် အပိုင်း (၂၉)

အထီးကျန် ဆန်လာခဲ့သည်။
မြိုင့်တွင် အိပ်မပျော်နိုင်သော နေ့ရက်တို့ များပြားလာသည်။
တစ်လော ကတော့ မိသားစု ဆရာဝန်လို ဖြစ်နေသော ဒေါက်တာတင်အောင်မြင့် ထံ ရောက်ခဲ့ သည်။

"ကဲ ဆိုပါဦး၊ ဒီတစ်ခါ ဘာဖြစ်သလဲ"
"မြိုင် အိပ်မပျော်ဘူး"
"ဘယ်လောက် ကြာပြီလဲ"
"ကြာပါပြီ"
"တစ်ခြားကော"
"တစ်ခြားတော့ မပြောတတ်ပါဘူး"
"သွေးလေ အသွားအလာ မှန်ရဲ့လား"
"သိပ် သတိမထားမိဘူး"
"ဒါဖြင့် စမ်းသပ်ကြည့်ရအောင်"

ဆရာဝန်က မြိုင့် နှလုံးခုန်သံကို နားထောင်သည်။ သွေးပေါင်ချိန်ကြည့်သည်။ သူနာပြု ဆရာမ အား သွေးနမူနာ ယူခိုင်သည်။ ဆီးယူခိုင်းသည်။ ကျောက်တက် အနေအထား၊ အဆုတ်အနေ အထား၊ အသည်း အနေအထား တွေရော စုံစေ့အောင် စမ်းသည်။ နောက်ရက်သို့ ပြန်ချိန်းသည်။
သည်တစ်ခါ ရောက်သွားသောအခါ ဆရာဝန်က ကောက်ကာ ငင်ကာ မေးသည်။

"ဒေါ်ခင်မြိုင်ရဲ့ အသက် ဘယ်လောက်ရှိပြီလဲ ဟင်"
"သုံးဆယ်ရှစ်ပါ"
"ဟုတ်လား၊ ကျွန်တော် အံ့သြနေတယ်"
"ဘာကိုပါလိမ့် ဒေါက်တာ"
"ဒီထက်များ အသက်ပိုကြီးနေမလားလို့ ထင်ထားမိတာ"
"ဒေါက်တာ ဘာတွေ့ရလို့လဲ ဟင်"

"ဒေါ်ခင်မြိုင် ဖြစ်နေတာက သိပ္ပံနည်းတော့ သိပ်မကျဘူးထင်တာပဲ။ စိတ်ကြောင့်လို့ ပြောရမလား မသိဘူး။ ဘာခေါ်မလဲ။ အရွယ်မတိုင်ခင် သွေးဆုံး (Pre-menopausal) ဖြစ်ချင်တဲ့ လက္ခဏာကို တွေ့နေရလို့ပဲ။ ဒါပေမယ့် ဒါဟာ စိုးရိမ်စရာတော့ မဟုတ်ဘူးနော်"
"အဲဒီအတွက် မြိုင် မစိုးရိမ်ပါဘူး ဒေါက်တာ၊ မြိုင်အလိုရှိတာက အိပ်ပျော်ဖို့ပါပဲ"
"ဒါဆိုရင်လဲ အိပ်ဆေး အနည်းအပါးတော့ သုံးပါ"
ကျေးဇူးတင်ပါသည် ဒေါက်တာပေါ့။

အိပ်ဆေးအနည်းအပါး သုံးခွင့်င်္ရတော့ မြိုင် အိပ်ပျော်ရသည်ပေါ့။
အိပ်ပျော်နေချိန်ဆိုတာ ဘယ်လောက် စိတ်ချမ်းသာစရာ ကောင်းပါသလဲ။ ဘယ်လောက် လွတ်လပ်ပါသလဲ။
ဘ၀ကို မေ့သည်။
သောကကို မေ့သည်။
လောကကို မေ့သည်။

မြိုင့်အဖို့တော့ အရာရာကို မေ့ထားနိုင်ခြင်းသည် စိတ်ချမ်းမြေ့စရာပင်
မြိုင်သည် စီးကရက်ကို ပြာခံခွက်၌ ထိုးချေလိုက်သည်
ကိုးနာရီခွဲပြီ။
ကိုကို့ဆီကို ဖုန်းမဆက်။
သမီးဆီက ဖုန်းမဆက်။
အဲ ... တစ်ယောက်တည်းကသာ ဆက်သည်။
သူက သူစိမ်း။

"ကျွန်မနာမည် မသက်ဇင်ပါ x x x ကျွန်မမှာ ပြောစရာ စကားတစ်ချို့ ရှိပါတယ်။ x x x ဦးတင်မောင်သန့်နဲ့ ပတ်သက်လို့ပါပဲ x x x သူက အစ်မကြီးနဲ့ ကွာရှင်းပြတ်စဲ ချင်တယ်တဲ့ x x x ကျွန်မကို လက်ထပ် ချင်တယ်တဲ့...

စကားသံများက နားမှ ပဲ့တင်ထပ်ဆဲ ဖြစ်သည်။
မြိုင်သည် အိပ်ရာဆီသို့ လျှောက်ခဲ့သည်။ မှန်တင်ခုံကို ဖြတ်ကျော်ရတော့ မှန်ထဲမှာ မိမိရုပ်သွင်ကို ခေတ္တ ရပ်ကြည့်မိသည်။
မှန်ထဲတွင် မြင်နေရသော ကြည်ပြာရောင် ည၀တ် အင်္ကျီအောက်မှ မြိုင်၏ ရုပ်သွင်သည် ကြုံလှီ လှလေ သည်။

အသားရောင် သည် ၀ါနုသော်လည်း ဖျော့တော့လှလေသည်။
ပင်ကိုက နွဲ့နွဲ့နှောင်းနှောင်းနှင့် လမ်းလျှောက်လျှင် ဖွဖွ ငြင်ငြင်ကလေး လျှောက်တတ်သည်။
ဒါကိုပင် လူတွေက ပိုးသားခန်းဆီးစကလေး လွင့်လာသလို ကနွဲ့ကယ နိုင်သည်ဟု တခုတ်တရ ချီးမွမ်း တတ်ကြ သေးသည်။
မြိုင် ၏ မျက်နှာပြင်တွင် အသားအရည် လျော့ပါးနေသည်။

မျက်တွင်းကျနေသဖြင့် မျက်ခုံးရိုး အရိပ်သည် မျက်ခွံပေါ်မှာ ကျနေသည်။
မျက်ဝန်းသည် ဖျော့သော်လည်း တစ်ကိုယ်လုံးတွင် အရှင်သန်ဆုံးလို ဖြစ်နေသည်။
မှန်မှ ခွာသည်။
အိပ်ရာ သို့ လာသည်။

ခုတင်ခေါင်းရင်းတွင် စားပွဲခုံငယ်တစ်ခု ရှိသည်။ ဆေးပုလင်း အများအပြား တင်ထားသည်။ သူ့အချိန်နှင့်သူ သောက်ရမည့် ဆေးများ။ အပြားပါသည်။ အလုံးပါသည်။ အရည်ပါသည်။ ပုလင်း  အရွယ်ကလည်း အစုံစုံ၊ ဆေးလုံး ဆေးရည် တို့၏ အရောင်ကလည်း အစုံ။ ဖြူဖြူ၊ နီနီ၊ ၀ါဝါ၊ ပြာပြာ၊ စိမ်းစိမ်း၊ ရွှေရွှေ။
မြိုင်သည် အစိမ်းရောင် ဆေးပုလင်း ကို လှမ်းယူလိုက်သည်။ အိပ်ဆေး အများအပြားပါသော ပုလင်း ဖြစ်သည်။ လက်တစ်ဆုပ်စာ မျှ လက်ထဲသို့ လောင်းထည့်ကာ ရေနှင့်ကျိုက်ချလိုက်သည်။ ပြီးတော့ လှဲလျောင်း လိုက်သည်။

"ကျွန်မနာမည် မသက်ဇင်ပါ x x x ကျွန်မမှာ ပြောစရာ စကားတစ်ချို့ ရှိပါတယ် x x x ဦးတင်မောင်သန့်နဲ့ ပတ်သက်လို့ပါပဲ x x x သူက အစ်မကြီးနဲ့ ကွာရှင်းပြတ်စဲချင်တယ်တဲ့ x x x ကျွန်မကို လက်ထပ် ချင်တယ်တဲ့ x x x"
အစသော် သည်အသံသည် နားဝယ် ပဲ့တင်သံလို ရိုက်ခတ်မြည်ဟိန်းနေသည်။

နောက်တော့ တစ်စထက်တစ်စ ဝေးလံသွားသည်။ တိုးတိတ်သွားသည်။
မြိုင့်စိတ်မှာ ပေါ့ပါး လွတ်လပ်လာသည်။ စိတ်အတွေးတို့သည် လေဟာပြင်ကျယ်ကို ဖြတ်ကျော် သွားသည့် နှယ် စကြ၀ဠာထဲ မှာ လွင့်မျောနေသလို ရှိသည်။
မြိုင့်စိတ်မှာ ချမ်းမြေ့ရလွန်းလှပါကလား။

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

Wednesday, January 5, 2011

ပဆစ်အိမ် အပိုင်း (၂၇)

လရင့် လာသောအခါ ဆရာဝန်ထံ ပြသည်။ ဆရာဝန်က အားဆေးများပေးသည်။ နားနားနေနေ နေဖို့ အကြံပေး သည်။
သည်လိုနှင့် တစ်ညမှာတော့ မြိုင်သည် ကိုကို့ ရင်ခွင်တွင် မှေးမှီရင်း ....
' ကိုကို ယောကျာ်းကလေး လိုချင်လား၊ မိန်းကလေး လိုချင်လား' မေးသည်။

'ဒါက အကြောင်း မဟုတ်ပါဘူးကွာ၊ ကိုကို့ အဖို့ကတော့ ဘာပဲဖြစ်ဖြစ်ပေါ့။ ဒါပေ မယ့် .....ဒုတိယ ကလေး ဟာတော့ ပထမကလေး နဲ့ ဆန့်ကျင်ဘက်ဖြစ်ရမယ်။ ဥပမာ မြိုင် ပထမကလေးကို ယောက်ျားကလေး မွေးပေးရင် ဒုတိယ ကလေးဟာတော့ မိန်းကလေးဖြစ်ဖို့ ကောင်းတာပေါ့။ ဒါဆိုရင် မျှတတဲ့ မွေးဖွားမှု ဖြစ်ရမှာပေါ့။ မဟုတ်ဘူးလား'
'ပထမကလေးကို ယောက်ျားကလေး ဖြစ်ချင်ချင်ကြတာ မြိုင်တို့ လူမျိုးတွေရဲ့ အရိုးစွဲနေတဲ့ လိုအင်ဆန္ဒပဲ'
'ဘာပဲဖြစ်ဖြစ် ချစ်ရမှာတော့ အတူတူပါပဲ။ ယောက်ျားကလေးဆိုလဲ ချစ်ရမှာပဲ၊ မိန်းကလေးဆိုလဲ ချစ်ရမှာပဲ'
'မြိုင် က တစ်ခုစဉ်းစားနေတာ'
'ဘာများလဲ မြိုင်'

'တစ်ခါတည်းနဲ့ ယောက်ျားကလေးနဲ့ မိန်းကလေး အမြွာမွေးလိုက်ရ ကောင်းမလားလို့'
ကိုကို သည် 'ဗုဒ္ဓော' ဟု အထိတ်တလန့် ရေရွတ်လိုက်ပြီး အားပါးတရ ရယ်ချလိုက်လေသည်။
ထိုည သည် အေးမြသော ဆောင်းညတစ်ညဖြစ်ကြောင်း မြိုင်သတိရနေသည်။ မြိုင်တို့ စောစောစီးစီးပင် အိပ်ရာဝင်ကြသည်။
မြိုင်သည် အိပ်မက်ဆိုးတစ်ခုကို မြင်မက်ရာမှ လန့်နိုးလာသည်။

ထိုအခါ မိမိကျောအောက်မှာ စွတ်စိုနေကြောင်း တွေ့ရသည်။
ခုတင်ခေါင်းရင်း မှ မီးလုံးကို ဖွင့်လိုက်သည်။
မိမိ ကိုယ်အောက်မှာ သွေးတွေကို မြင်လိုက်ရသောအခါ မြိုင် လန့်ဖျပ်သွားသည်။ အ၀တ်တွေမှာကော အိပ်ရာ တွေမှုာပါ မြင်မကောင်းအောင် ရွှဲနေသည်။
'ကိုကို...ကိုကို...ထပါဦး ကိုကိုရယ်'

ကိုကိုနိုးလာပြီး မြိုင်အဖြစ်ကို မြင်ရတော့ တုန်လှုပ်သွားသည်။ ချက်ချင်းနီသော သွေးတွေကို မြင်နေ သည်။ ချက်ချင်းနီသော သွေးတွေကို တွေ့နေသည်။
သတိရ တချက် မရတချက် ရှိနေသည့်ကြားမှ မြိုင်သည် ဆရာဝန်ကို အားကိုးတကြီး ပြောမိသည်။
'မြိုင့်ကလေး ကို ကယ်တင်ပေးပါ၊ မြိုင်ရဲ့ ကလေးကိုကယ်တင်ပေးကြပါ'
မြိုင်သည် တစ်ည နှင့် တစ်နေ့လုံးလုံး သတိမေ့နေသည်။ သတိရတော့လည်း မျက်စိတွေေ၀၀ါး နေသည်။

မိမိအပါးမှ လူများကို အရိပ်တွေများ ရွှေ့လျားနေသလို ဝေေ၀၀ါးဝါးသာ တွေ့ရသည်။ မိမိသည် ကလေးကို မွေးဖွားခဲ့ပြီ ဟု ထင်သည်။
သို့စင်လျက် အဘယ်ကြောင့် နာကျင်ခြင်းဝေဒနာကို မခံစားရပါလိမ့်ဟု တွေးနေမိသည်။
ကောင်းစွာ သတိရလာသည်။
မြိုင်သိလိုက်ပါပြီ။

မိမိအခြေအနေ နှင့် မိမိ၏ မထမကလေး ကို 'ဆုံးရုံး' ခံလိုက်ရပြီဖြစ်ကြောင်း မြိုင်သိလိုက်သည်။
ဆေးရုံတွင် အတော်ကြာကြာပင် အနားယူနေလိုက်သည်။
ဆေးရုံ မှ ဆင်းတော့မည်ဆိုသောအခါ ဆေးရုံအုပ်ဆရာဝန်ကြီးနှင့် တွေ့ရသည်။
'ဒေါ်ခင်မေမြိုင် ကလေးထပ်မယူရင်ကောင်းမယ်'
'ရှင်...ဘာဖြစ်လို့ပါလိမ့်'
'ဒေါ်ခင်မေမြိုင်ရဲ့ သားအိမ်အခြေအနေ ကို မကြိုက်ဘူး'

'ဟင့်အင်း... မဖြစ်နိုင်ပါဘူး၊ မြိုင်တို့ ကလေးမယူဘဲ မနေနိုင်ဘူး။ ကလေးဆိုတာ လင်နဲ့မယားဆိုတဲ့ သူစိမ်း နှစ်ယောက်ကြား က ပေါင်းကူးတံတားပဲ၊ အိမ်ထောင်တစ်ခုရဲ့ သာယာမှုပဲ။ မြိုင်တို့ကလေးယူပါ ရစေ...။
'ဒါဖြင့်လဲ ကောင်းပါပြီ ဒေါ်ခင်မေမြိုင်၊ ယူစေဗျား၊ ယူစေဗျား' ပေါ့။
ဒုတိယ ကိုယ်ဝန်ရှိသောအခါ မြိုင်တို့ ပိုပြီး ဂရုစိုက်ကြသည်။ စောစောကတည်းက သားဖွားနှင့် မီးယပ်ဆိုင်ရာ ဆရာဝန်ထံ အပ်ထားသည်။ ဆရာဝန်ပေးသော အားဆေးစားသည်။ ဆရာဝန်ညွှန် ကြား သော အာဟာရဖြစ်မည့် အစားများကို စားသည်။ ညနေပိုင်းတွင် ကိုကို ကိုယ်တိုင် မြိုင်အား ဂရုဓမ္မပြုကာ လမ်းလျှောက် စေသည်။

မြိုင်တို့နှင့် ရင်းနှီးသော ဒေါ်ဇာယုဆိုသူ အရပ်လက်သည်မိန်းမကြီးက ပြောသည်။
'ကိုယ်ဝန်ရှိနေခိုက်မှာ ကလေးအတွက် ရည်စူးပြီး ဘာမှကြိုလုပ်မထားရဘူးကွဲ့၊ အင်္ကျိတို့ဘာတို့ ကြိုချုပ် မထားရဘူး၊ အနှီးပိတ်တောင် ကြိုဝယ်မထားရဘူး'
'ဘာဖြစ်လို့လဲ ဒေါ်ဒေါ်'
'ဘာဖြစ်လို့လဲတော့ ပြောတတ်ဘူး၊ မလုပ်ကောင်းဘူးလို့သာ သိထားရတာပဲ၊ မြန်မာ့ရှေးရိုး အယူအဆ တစ်ခု ဆိုပါတော့ကွယ်'
အယူသည်းလှ လို့ မဟုတ်ပေမယ့် မလုပ်ကောင်းဘူးဆိုသည်နှင့်ပင် မြိုင်ရှောင်ကြဉ်ခဲ့သည်။ ရှိရင်းစွဲတွေ သူများ ပေးပစ်လိုက်သည်။

သို့ပေမယ့် ထိုကလေးသည်လည်း အချိန်မကျပဲ မွေးကာအသက်ပါမလာခဲ့ပေ။
ကိုကိုက မြိုင်ကို မယူတော့ဖို့ ပြောသည်။
သို့်ပေမယ့် မြိုင်က...
'ဒီတစ်ကြိမ်တည်း ကြိုးစားကြည့်ရအောင်ပါ ကိုကို၊ နောက်ဆုံးအနေနဲ့ ဒီတစ်ကြိမ်တည်း ကြိုးစား ကြည့် ရအောင်ပါ'
ဒီတစ်ကြိမ်မှာတော့ မြိုင်သည် ဆရာဝန်ညွှန်ကြားချက်ရော အရပ်လက်သည် ဒေါ်ဇာယု၏ ညွှန်ကြား မှုကိုပါ ခံယူသည်။

'၀မ်းကြီးသယ်ဆိုပြီး ကိုယ့်ကိုယ်ကို ရွှေလိုဥနေလို့ မဖြစ်ဘူးကွဲ့၊ အနည်းအကျဉ်းဆိုသလို ကြမ်းကြမ်း တမ်းတမ်း တော့ လုပ်ပေးရသေးတယ်။ လက်လုပ်လက်စားသမားတွေဆို ဘယ့်နှယ့်လုပ်မလဲ၊ ဈေးတောင်း ခေါင်းရွက်ပြီး နေပူမရှောင် မိုးရွာမရှောင် သွားလာနေကြတာပဲ။ မွေးချိန်ကျမှ ဈေးတောင်းချပြီး မွေးကြတဲ့ သူတွေ တစ်ပုံကြီး။ သူတို့ ကလေးတွေကလဲ ဘာအားဆေးမှ မစားဘဲနဲ့ သန်သန်မာမာ ရှိနေကြတာပါပဲ'

သည်တစ်ခါမှာတော့ မြိုင်သည် 'အောင်မြင်'လိုက်သည်။ သမီးညိုမာသန့် ကို အောင်မြင်စွာ မွေးဖွား နိုင်ခဲ့သည်။ မြိုင်တို့ လက်ခမောင်းခတ်ကြရသည်။ ပျော်ကြရသည်။
ကိုကို ဆိုလျှင် ကလေးငိုသံကြားရပြီဆိုကတည်းက မိတ်ဆွေများထံ ၀စ္စကီပုလင်း ဖွင့်မည့်အကြောင်း တယ်လီဖုန်း ဆက်သည်။ ထိုညက ကိုကိုတို့လူသိုက် ၀စ္စကီ ချောင်းစီးသောက်ကြသည်။
'ညိုမာသန့်' ဟု သူ့အဖိုး က နေ့နံတွေတွက်ချက်ပြီး အမည်မပေးခင်က ဆိုလျှင် မြိုင်တို့ တစ်အိမ်လုံးက 'ဗီတိုရီးယား'ဟု ခေါ်ကြသေးသည်။
အောင်မြင်ခြင်း အထိမ်းအမှတ်နှင်ပေါ့။

စင်စစ်အောင်မြင်ခြင်းသည် ကိုကို့အတွက် ဖြစ်မည်၊ ညိုမာ့အတွက် ဖြစ်မည်။
မြိုင် အဖို့မှာမူ 'အောင်မြင်ခြင်း'နှင့် 'ဆုံးရှုံးခြင်း' မှာ ဒွန်တွဲနေသည်။
မြိုင် သည် သမီးကို မွေးဖွားပေးခဲ့ပြီးနောက် နောက်ထပ်ကလေးရယူမည့် အခွင့်အရေးကို စွန့်လွှတ် လိုက်ရ သည်။
ပြီး....အတော်ချည်း ကြာမြင့်သည်အထိ ကျန်းမာရေး အခြေအနေက ကောင်းမလာခဲ့။ ကိုယ် ကိုယ်တိုင်က အိပ်ရာထဲတွင် လှဲနေရသောအချိန် များပြားကာ ကလေးကို နာနီလက်မှာသာ အပ်ထားခဲ့ ရသည်။
ကိုကိုသည် မြိုင့်ကို ကလေးနှင့် ပက်သက်သော ဒုက္ခပေးလိုလှပုံမရ။

ထို့ကြောင့် အတန်အသင့်ကြီးပြင်းလာပြီဆိုလျှင်ပင် မူကြိုသို့ပို့လိုက်သည်။ ပြီးတော့...မူလတန်း၊ အလယ်တန်း၊ အထက်တန်းမှသည် တက္ကသိုလ်အထိ တစ်နေ့တွင် နာရီပေါင်းများစွာ မြိုင်နှင့် ခွဲထားသည်။
ကိုကို က သမီးကို ချစ်သည်။ အလိုလိုက်သည်။ လွတ်လပ်ခွင့်ပေးသည်။
မြိုင်သည် စိတ်အနေ နှင့် ရော ရုပ်ဝတ္ထုအရပါ သမီးအပေါ်ပိုင်ဆိုင်ခွင့် နည်းပါးလာသည်။

ကိုကို့်အပေါ်မှာလည်း သည်အတိုင်းပင် ဖြစ်သည်။ တစ်စထက်တစ်စ ချို့ယွင်းလာသော ကျန်းမာရေး အခြေအနေ အရ ကိုကို့ကို အိမ်ထောင်သုခ အပြည့်အ၀ မပေးနိုင်သည့် မိန်းမဖြစ်လာသည်။
ရှေ့ပိုင်း တုန်းကတော့ ကိုကို့် သက်ပြင်းရှိုက်သံတွေ၊ အိပ်ရာထဲမှာ ကြာမြင့်စွာ လူးလှိမ့်နေတာတွေကို မြိုင် တစ်ဘက် က သိမြင်လျက် မသိယောင်ဆောင်ခဲ့ရသည်။
တစ်လောကတော့ မြို့မှ ဆန်စက်အရောင်းအ၀ယ် အတွက်ရန်ကုန်အိမ်နှင့် ခွာခဲ့သည်။ အလုပ်ကိစ္စပြီး လျှင် ပြီးချင်း ပြန်ခဲ့သည်။

မြိုင့်အား သင်္ဘောဆိပ်သို့ လာကြိုဖို့ ဖုန်းဆက်ခေါ်တော့ ထူးမည့်သူမရှိ။
သို့ဖြင့် အငှားကားဖြင့်ပင် အိမ်သို့ပြန်လာသည်။
အချိန် မှာ နံနက်လေးနာရီခွဲတွင် ဖြစ်သည်။
တံခါးပေါက် မှ လှမ်းခေါ်သော်လည်း တံခါးဖွင့်ပေးမည့်သူမရှိ။ မိမိမှာ ပါရှိသည့် သော့နှင့်ပင် ဖွင့်ကာ ၀င်ခဲ့ရသည်။
ဧည့်ခန်းမှာ ပွစာကြဲနေသည်။ ဆိုဖာကုလားထိုင်များ လဲပြိုနေသည်။ စားပွဲများ ပန်းအိုးများ ငါးကလေး တွေ သေနေသည်။ စားပွဲများ ပန်းအိုးများ ရွှဲ့စောင်းနေသည်။ ရွှေငါးကန်သည် ကွဲနေပြီး ကြမ်းပြင်ပေါ် မှာ ငါးကလေးတွေ သေနေသည်။

ကြမ်းပြင်ခင်း ကော်ဇောပေါ်မှာ စီးကရက်တိုတွေပွနေပြီး တစ်နေရာတွင် မီးပေါက်ထားသည့် အကွက် ကြီးရှိသည်။
ဘုရား....ဘုရား ဘာများဖြစ်ပါလိမ့်။
မြိုင် အထိတ်တလန့် ရှိနေမိသည်။
အိပ်ခန်းသို့ ပြေးသွားသည်။
အခန်းကြမ်းပြင်ပေါ်တွင် ကိုကိုသည် ကိုယ် အထက်ပိုင်းဗလာကျင်းလျက် အိပ်ပျော်နေသည်။
အိပ်ရာ တွေ စောင်တွေ ခေါင်းအုံးတွေမှာလည်း မြင်မကောင်း။

ကိုကို..ကိုကို...
မြိုင်သည် စိုးရိမ်စိတ်ဖြင့် နိုးသော်လည်း အင်အယ်နှင့် လှုပ်လာရုံမျှ အပ နိုးမလာခဲ့။ အရက်နံ့ တထောင်း ထောင်းထ နေသည်။ အသက်ရှူသံမှာ အသံမျိုးစုံဖြစ်သည်။ ခြင်္သေ့ဟောက် သံလည်း ပါသည်။
သံစုံသွင်း ဆိုသည်မျိုး။
ရေနှင့်ပက်နှိုးလျှင် နိုးလိမ့်မည် အထင်နှင့် ရေခပ်ရန် မီးဖိုခန်းသို့ လာသည်။
အလို။
ထမင်းစားခန်း ကို ဖြတ်လျှောက်မိချိန်မှာ မြိုင် မျက်လုံးပြူးသွားသည်။
စားပွဲပေါ်တွင် စားကြွင်းစားကျန်တွေ ပွနေသည်။

ပန်းကန်တွေ ပိုးလိုးပက်လက်။
အရက်ပုလင်းတွေစီနေသည်။
ဖန်ခွက်ကွဲတွေမှာ မြင်မကောင်း။
ကြက်ဥခွံတွေရော၊ အကာရည်တွေရော။ စားပွဲနှင့်ကြမ်းပြင်မှာသာမက နံရံများတွင်ပင် တွေ့ရသည်။ ပစ်ပေါက်ထားပုံရသည်။
မြိုင်သည် ဆံပင်အကြားသို့ လက်ချောင်းများ ထိုးထည့်ပြီး ကုတ်ဖွလိုက်မိသည်။

မီးဖိုခန်းသို့ ၀င်သည်။
လက်ဆေး ကြွေဇလုံမှာ ညစ်ပတ်နေသည်။ ရေချိုးခန်းမှန်တွင် သွားတိုက်ဆေးများ ညှစ်ချထားသည်။
အခန်းနံရံတွင် နှုတ်ခမ်းနီတောင့်ဖြင့် ညစ်ညမ်းသောပုံများ ဆွဲထားသည်။
သည်မှာပင် မြိုင်သည် မိမိနှင့် ညိုမာသန့်တို့၏ ပစ္စည်းများမဟုတ်သည့် အမျိုးသမီး အသုံးအဆောင် အချို့ကို တွေ့ရသည်။ စုတ်ပြဲနေသည့် စကတ်နှင့် ညစ်နွမ်းနွမ်း ဘရာစီယာ တစ်ထည်ကို မြင်သည်။
မြိုင် သည် ဘာတစ်ခုမှ လုပ်ချင်စိတ်မရှိတော့။ ပြန်လှည့်လာကာ ဧည့်ခန်းဆိုဖာတစ်လုံးတွင် ခြေပစ် လက်ပစ် ထိုင်ချလိုက်သည်။ အိမ်မှ ထွက်ပြေးချင်စိတ် ပေါက်သွားသည်။
ညက ကိုကို တို့ ဘာဖြစ်ခဲ့ကြမည်ကို မြိုင်သိပါသည်။

အဘယ်မျှ သောင်းကျန်းခဲ့ကြမည်ကို ရိပ်စားမိသည်။
အိပ်ခန်းအတွင်း ပြန်ဝင်ကာ ကြမ်းပြင်ပေါ်တွင် ပစ္စလက်ခတ် အိပ်ပျော်နေသည့် ကိုကို့ကို ကရုဏာ သက်သလို မုန်းတီးသလိုနှင့် ကြာမြင့်စွာ စူးစိုက်ကြည့်နေမိသည်။
ခြောက်နာရီကျတော့ ကိုကို အနည်းငယ် လှုပ်လာသည်။
မြိုင်သည် ကော်ဖီတစ်ခွက်ဖျော်ကာ အိပ်ခန်းအတွင်း ၀င်လာပြီး တစိမ့်စိမ့်သောက်ရင်း ကိုကို့ကိုပင် ကြည့် နေခဲ့သည်။
ခုနစ်နာရီတွင် ကိုကို ဆတ်ခနဲ နိုးလာသည်။

မြိုင့်ကို ရုတ်တရက် မြင်သွားသည်။
'ဟင်....မြိုင်'
သူသည် လူးလဲထလိုက်သည်။
သူ့ကိုယ် အထက်ပိုင်း ဗလာဖြစ်နေသည်ကို သတိပြုမိပုံရသည်။
အိပ်ရာတွေပွကျဲနေသည်ကို မြင်သွားသည်။
'မြိုင် ဘယ်တုန်းက ရောက်သလဲ'
မြိုင်က အဖြေမပေးဘဲ ပြန်မေးလိုက်သည်။

'ကိုကိုတို့ ညက ဘာဖြစ်သလဲ'
'ဘာဖြစ်လို့လဲ'
အရက်သမား ထုံးစံအတိုင်း ညက ဘာဖြစ်ခဲ့သည်ကို သတိရပုံ အပေါ်။
သူသည် ယခုတိုင် မူးနေဆဲ ဖြစ်ဟန်တူသည်။ ကိုယ်ကို ခြေနှစ်ချောင်းပေါ်တွင် မနည်းရပ်တည်နေရပုံ ပေါ်သည်။ နားထင်နှစ်ဘက်ကို လက်ဖြင့် နှိပ်လိုက်သည်။
'ကိုကိုတို့ ညက 'ပေါက်'သွားတယ်'
'ပေါက်တာက အရေးမကြီးပါဘူး၊ အိမ်ဟာ အိမ်နဲ့တူသေးရဲ့လား၊ အားလုံး ကွဲရှ ပျက်စီးနေတယ်။ ကိုကိုတို့ ရန်ဖြစ်ကြသေးသလား'
'မပြောတတ်ဘူး၊ ဆယ့်နှစ်နာရီလောက်မှာ ပေါက်သွားပြီးကတည်းက ဘာမှ မမှတ်မိတော့ဘူး'

'သြော်...ကိုကိုရယ်'
ကိုကို သည် မီးဖိုခန်းဘက်သို့ ဒယိမ်းဒယိုင် လျှောက်သွားသည်။ ထမင်းစားခန်းကို မြင်ရတော့ မျက်နှာတစ်ချက် မဲ့လိုက်သည်။
မြိုင်သည် ကိုကို့နောက်မှ လိုက်ခဲ့သည်။

ရေချိုးခန်းထဲရောက်တော့ ကိုကိုကိုယ်တိုင် သူတစိမ်း မိန်းမ အ၀တ်အစားများကို မြင်သွားသည်။
'သူ ဘယ်သူလဲ'
'မသိဘူး၊ မူးမူးနဲ့ ခေါ်လာမိတာ'
'လမ်းပေါ်မှာ တွေ့တဲ့အပေါစား မိန်းမကို အိမ်ခေါ်လာတယ်လား၊ မြိုင့်အိပ်ရာမှာ သိပ်တယ်လား'
မြိုင်၏ အသံသည် ငိုသံပါလာသည်။

'ကိုကို ၀မ်းနည်းပါတယ်ကွာ၊ သူနဲ့တွေ့တော့ ကိုကို မူးနေပြီ၊ ဘယ်လိုပုံစံနဲ့ ခေါ်လာခဲ့မိမှန်း မသိပါဘူး'
ကိုကိုသည် မျက်နှာသစ်ရင်း နံရံပေါ်မှာ နှုတ်ခမ်းနီတောင့်ဖြင့် ရေးထားသောပုံကို မြင်ကာ မြိုင့်ကို အားနာ သလိုကြည့်သည်။
မြိုင်နှင့် မျက်နှာချင်းဆိုင်ထိုင်လိုက်သည်။
မြိုင့်ပခုံး ကို ဆုပ်ကိုင်လိုက်သည်။
'ကိုကိုတကယ်ဘဲ စိတ်မကောင်းပါဘူး မြိုင်၊ ဒါမျိုး နောက်မဖြစ်စေရပါဘူးကွယ်၊ ဘယ်တော့မှ မဖြစ် စေရပါဘူး'
အိမ်ဖော် တွေကော'
'အားလပ်ခွင့် ပေးထားတယ်'

'သမီးကော'
'ရူဘီတို့်အိမ်မှာ အိပ်မယ်လို့ ဖုန်းဆက်တယ်'
'သမီးလဲ သွားချင်ရာသွား၊ အိပ်ချင်တဲ့အိမ်မှာ အိပ်၊ ဖအေကလဲ လုပ်ချင်ရာလုပ် ဆိုတဲ့ သဘော ပေါ့လေ'
'မြိုင်၊ လူ ဆိုတာ တစ်သက်မှာ တစ်ခါတစ်လေတော့ မှားကြတာပဲ၊ ဒီလိုအမြဲဖြစ်သွားမှာမှ မဟုတ်တာ။ ပြီးတော့... ကိုကိုဟာအမှားကို အမှားမှန်းမသိတဲ့ သူငယ်နှပ်စားမဟုတ်ဘူး။ ကိုယ့်ခြေနှစ်ချောင်းပေါ်မှာ မတ်မတ်ရပ် နေတဲ့ အသက်လေးဆယ်ရှိပြီဆိုတဲ့ လူတစ်ယောက် အမှားကို အမှားလို့ မြင်နိုင်တဲ့ ပညာတတ် တစ်ယောက်'
'ကိုကို့အသံက မာလိုက်တာ'

'မာသွားမိရင်တော့ တောင်းပန်ပါတယ်။ သမီးကလဲ ရူဘီတို့အိမ်မှာ ဒီတစ်ညမှ အိပ်တာမဟုတ်ဘူး၊ ညပေါင်း များစွာ အိပ်ဖူးနေတာပါ။ ဒီလိုရှိတယ်လေ....ကိုကိုတို့ တစ်တွေဟာ ပညာမဲ့မဟုတ်ဘူး၊ အောက်တန်းစား မဟုတ်ဘူး။ တစ်ခါတစ်လေ ပျော်လို့ လွတ်သွားတာ ရှိပေမယ့် ကိုယ့်ကိုယ်ကို ဆင်ချင် နိုင်တယ်၊ ချင့်ချိန် နိုင်တယ်'
'သြော်... ပျော်လို့ဟုတ်လား၊ ကိုကိုက ဒီနည်းနဲ့ ပျော်စရှာနေတတ်ပြီလား။ ကောင်းပြီ၊ ပျော်ချင်လို့ ပျော်စရာ ရှာရင် တစ်ခြားမှာရှာပါ၊ ဒီအိမ်ပေါ်မှာတော့ မရှာပါနဲ့။ နောက်...ဘယ်မိန်းမရွှင်ကိုမှ အိမ်ကို ခေါ်မလာခဲ့ပါနဲ့'

ပြောရင်းမှာပင် မြိုင်သည် ရေချိုးခန်းတံခါးကို ၀ုန်းခနဲဆောင့်ပိတ် ပစ်လိုက်သည်။
ပစ္စည်း တွေ စစ်ကြည့်တော့ မြိုင့်အ၀တ်အထည် အချို့နှင့်ကက်ဆက်တစ်လုံး ပျောက်ဆုံးနေကြောင်း တွေ့ရသည်။
သည်ကစပြီး မြိုင်သိသည်။ မြိုင် နားလည်ခဲ့ပြီ။
ကိုကိုသည် မိမိမှအပ အခြားတွင် 'ပျော်စရာ' ရှာတော့မည်ကို မြိုင် တွေးတတ်လာခဲ့သည်။ ကိုကို့ အတွက် မြိုင်သည် သာယာပျော်ရွှင်မှုကို ပေးစွမ်းနိုင်သော မိန်းမတစ်ယောက် မဟုတ်နိုင်တော့ပြီကို သိခဲ့ရသည်။

ကိုကို့ကိုမူ ထားလိုက်ပါတော့။
ယခုလို အခါမျိုးမှာ သမီး ကို အပါးမှာ ရှိစေချင်သည်။ သမီးနှင့် ရင်အုပ်မကွာ နေချင်သည်။
ကိုကိုကတော့ အိမ်မကပ်ခြင်းနှင့် ပတ်သက်၍ ဆင်ခြေဆင်လက်တွေများသည်။
ငယ်သူငယ်ချင်းတွေ နဲ့ တွေ့လို့၊ ဧည့်မခံဖြစ်သည့် ဧည့်သည်တွေကို ဧည့်ခံနေရလို့ စသည်ဖြင့်
နောက်တစ်ကြောင်းကလည်း လုပ်ငန်းနှင့် ပက်သက်၍ အမြတ်ခွန်ဆောင်ရမည်။ စာရင်းဇယား မထားရှိခဲ့သည့်အတွက် ဒဏ်ကြေးတွေ ရှိနေသည်။

ထို့ကြောင့် စာရင်းဇယား ပြုစုပေးမည့်သူတွေနှင့် တိုင်ပင်ဆွေးနွေးရသည်ဟူသော အကြောင်းပြချက် ဖြင့် ကိုကို အိမ်ပြန်နောက်ကျပေါင်း များပြီ။
ယခုတလော သမီးသည် ရူဘီတို့ လူသိုက်နှင့် အဖွဲ့ကျနေသည်။ ရူဘီနှင့် ပေါင်းသည်ကို မြိုင် မကျေနပ်လှ။
သမီးကို ရူဘီက ဖျက်ဆီးနေသည်ဟူသော အထင်သည် ကြာမြင့်စွာကတည်းက ရှိနေသည်။
သမီးတို့ ကိုးတန်းနှစ် အရောက်မှာ ရူဘီကြောင့် ကသိကအောင့် ဖြစ်ခဲ့ရဖူးသည်။

စနေတစ်နေ့တွင် ဗိုလ်ချုပ်ဈေးမှ စိန်ရွှေရတနာဆိုင် တစ်ဆိုင်က အိမ်သို့ ဖုန်းဆက်ခဲ့သည်။
သမီးတို့ ခိုးမှုဖြစ်သည်ဟု ပြောခဲ့သည်။
'ခိုးမှု၊ ကျွန်မသမီးက ဘာကိုခိုးရမှာလဲ'
'စိန်လက်စွပ်တစ်ကွင်းပါပဲ'
'ဘုရား၊ဘုရား'
မြိုင်သည် ရင်တုန် ပန်းတုန်ဖြစ်ကာ ဗိုလ်ချုပ်ဈေးသို့ ကားဖြင့် ချက်ချင်း လိုက်ခဲ့ရသည်။

ဆိုင်ရှင်မှ၊ မြိုင်သည် အသိအကျွမ်းထဲကပင် ဖြစ်ပါသည်။ မြိုင် ၀ယ်နေကျ ဖောက်သည်ပင် ဖြစ်ပါသည်။ ထို့ကြောင့် မျက်မှန်းတန်းမိ နေသည်။
သို့သော် မြိုင်သည် ထိုဆိုင်သို့ ဒေါသဖြင့် လိုက်ခဲ့ခြင်းဖြစ်သည်။ စိတ်ဆိုးနေသည်။
တကယ်တော့လည်း ထိုဆိုင်တွင်တင်၍ ရောင်းချနေသော ပစ္စည်းမှာ မြိုင်ကိုယ်တိုင်တွင် ရှိနေသော ရတနာ ပစ္စည်း ၏ သုံးပုံတစ်ပုံပင် မပြည့်တတ်။
အကယ်၍ သမီးကသာ လိုအပ်မည်ဆိုလျှင် မြိုင်သည် လက်ဝတ်လက်စားနှင့် ပက်သက်၍ နှမြော တွန့်တိုခြင်း မဖြစ်ခဲ့မိ။

သမီးက ယောက်ျားရှပ်အင်္ကျီမျိုး ၀တ်ကာ ရွှေဆို၍ တစ်မှုန်မှ ၀တ်ဆင်လေ့မရှိ။ စိန်၊ပတ္တမြား၊ နီလာ စသော အဖိုးတန် ရတနာ များကို သူမ၏ ကော်ပတ်ရုပ်လောက်မျှ တန်ဖိုးထားသူ မဟုတ်။
ထို့ကြောင့် စိန်လက်စွပ်ကို ခိုးသည်ဆိုခြင်းမှာ ဘယ်နည်းနှင့်မျှ မဖြစ်နိုင်၊ လုပ်ကြံခြင်းသာဟု ထင်သည်။ မြိုင်၊ ဗိုလ်ချုပ်ဈေး သို့ ထလိုက်လာခဲ့သည်ဆိုခြင်းမှာ ဆိုင်ရှင်အား ရန်တွေ့ရန်သာ ဖြစ် လေသည်။
ဗိုလ်ချုပ်ဈေး သို့ ရောက်သောအခါ ဆိုင်ရှေ့ ခွေးခြေတွင် သမီးနှင့် ရူဘီတို့ ယို့ယို့ကလေး ထိုင်နေ ကြသည် ကို တွေ့ရသည်။

"ကျွန်တော်တော့ သိပ်စိတ်မကောင်းဖြစ်ရတာပဲ ဒေါ်ခင်မေမြိုင်ရယ်၊ အစကတော့ သူ့ကို ဒေါ်ခင်မေမြိုင်ရဲ့ သမီး ဆိုတာလည်း မသိခဲ့ပါဘူ"
"ရှင့် စိန်လက်စွပ်က ဘယ်လောက်တန်သလဲ"
"ငွေကြေး အကြောင်း မပြောပါနဲ့ ဒေါ်ခင်မေမြိုင်၊ သိပ်ဖြစ်လောက်တာလဲ မဟုတ်ပါဘူး။ တစ်သောင်း၊ သောင်းငါးထောင် ပတ်ဝန်းကျင်ပါ"
"ဒီလောက် တန်ဖိုးကလေးလောက်ကို ကျွန်မသမီးက ခိုးတယ်ဆိုတာတော့ အံ့သြစရာဘဲရှင်"
"ကျွန်တော် စိတ်မကောင်းပါဘူး၊ လက်စွပ်ကို သူ့လက်ပွေ့အိတ်ထဲက တွေ့ခဲ့ရတာတော့ အမှန်ပါပဲ"

မြိုင်သည် သမီးဘက်ကို လှည့်လိုက်သည်။
"သမီး ခိုးသလား၊ တကယ်ပဲ ခိုးသလား"
သမီးက ခေါင်းမမော့ဘဲ ...
"ခိုးတယ်"
ခပ်မာမာပင် ပြောသည်။
"ဟင်"
မြိုင်သည် အသားတစ်ဆတ်ဆတ် တုန်မိမတတ် ဖြစ်လာသည်။ ဒေါသဖြင့် ရင်မှာ ပေါက်ကွဲတော့ မလို ရှိလာသည်။
"ခိုးတယ် ဟုတ်လား။ ဒီပစ္စည်းလောက်ကို ခိုးတယ်လား"
မြိုင်၏ အသံ ကျယ်လောင်သွားသည်။ လူတွေ ၀ိုင်းကြည့်လာသည်။

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

Tuesday, January 4, 2011

ပဆစ်အိမ် အပိုင်း (၂၆)

တစ်နေ့မှာတော့ အိမ်တွင် ဖေဖေ မေမေတို့ မရှိ။ မိတ်ဆွေတစ်ယောက်၏ ဘုရားကိုးဆူ ပူဇော်ပွဲ သို့ သွား နေကြသည်။
အိမ်မှာ မြိုင်နှင့် ကိုကို နှစ်ယောက်တည်း။
ကိုကိုနှင့်ဆိုတော့ ဖေဖေ မေမေတို့က စိတ်ချသည်။ ကိုကိုသည် အိမ်သားတစ်ယောက်လို ဖြစ်နေ ခဲ့သည်။ မြိုင် နှင့် ကိုကို့ ကို မောင်နှမအရင်းအချာတွေလို သဘောထားဖို့ မှာကြားထားသည်။
သို့ပေမယ့် ... ကျားဘုရင်လက် မှာ သားသမင် ကို အပ်ခဲ့သည့်အဖြစ်ကိုတော့ တွေးမိဟန်မတူ။ မင်းဒဿ လက် မှာ မယ်သီတာ ကို အပ်ခဲ့သည့်အဖြစ်ကို သတိထားမိဟန် မရှိ။

ကိုကိုက လူလည်။
သိပ်ကိုလည်တဲ့ လူလည်။
အများရှေ့မှာတော့ မခုတ်တတ်သည့်ကြောင်ကလေးပေါ့။
ကိုကိုက မြိုင့် ကို လက္ခဏာ ကြည့်ပေးမည်ဆိုသည်။ မြိုင်က လက္ခဏာတွေ ဗေဒင်တွေကို အယုံ ကြည်သား။

"ကြည့်စမ်း ... ကိုကိုက ပညာတွေ ချိုထားတာပေါ့လေ၊ အစက လက္ခဏာဟောတတ်တယ်ဆိုတာ ဘာလို့ မပြောတာလဲ"
ကိုကို က တကယ့် ပရောဟိတ်ဟန်ဖြင့် မြိုင့် လက်ကလေးများကို ဆွဲယူသည်။ ကြာမြင့်စွာ ကိုင်တွယ် ပွတ်သပ် နေသည်။ အစဉ် လို အေးနေသည့် လက်ဖျားကလေး ပူနွေးလာသည်အထိ ဖြစ် သည်။
"ပထမဦးဆုံး ဟောရမှာကတော့ မြိုင့် လက်ဖ၀ါးကလေးတွေဟာ သိပ်နူးညံ့တယ် ဆိုတာပဲ၊ ကိုင်လို့ သိပ် ကောင်းတယ် ဆိုတာပဲ"
သည်တော့မှ မြိုင် သတိရပြီး မိမိလက်ကို ပြန်ရုပ်လိုက်သည်။

"ကိုကိုနော် ... သူ တော်တော် အကြံများတယ်"
ကိုကို က ရယ်နေသည်။
"တကယ်ပါ မြိုင်ရ၊ ကိုကို တကယ်ဟောတတ်တာပါ"
မြိုင့် လက် ကို ပြန်ဆွဲယူသည်။
"ဟောဒါက ဥာဏ လေခ လို့ ခေါ်တယ်။ ဥာဏ်လမ်းကြောင်းပေါ့၊ ဒါက အာယုလေခ လို့ ခေါ်တယ်။ အသက်လမ်းကြောင်း၊ ဒါက ပမာဒလေခ၊ ဒါတွေက ဂြိုလ်ခုံတွေ၊ ဟောဒီမှာ ကြည့်စမ်၊ ဒီလက္ခဏာ အရေးအကြောင်း အရ မြိုင့်မှာ ချစ်သူ ရှိနေပြီ"

"ဟုတ်လဲဟုတ်ဖဲနဲ့"
"ဟုတ် ကို ဟုတ်တယ်၊ မြိုင့်မှာ ချစ်သူ ရှိနေပြီ"
"ဒါဖြင့် ဘယ်သူလဲ"
"မြိုင့်ရှေ့မှာ ထိုင်နေတဲ့သူလေ"
"တော်ပါ၊ လိပ်ကြီး၊ ကိုယ့်ဘက်ကိုယ် ယက်တတ်တဲ့ ကမ္ဘာလိပ်ကြီး"
ကိုကို လက္ခဏာ မဟောတတ်သည်ကို မြိုင်သိပြီ။ လက်ကို ပြန်ဆွဲယူသည်။ ကိုကိုက လွှတ်မပေးခဲ့။ သူ့ဘက်သို့ ပိုမို ဆွဲယူလိုက်သည်။ မြိုင်သည် ကိုကို့ရင်ခွင်အတွင်း ရောက်ရှိသွားသည်။ မြိုင့်ကို နမ်းဖို့ ကြိုးစား သည်။

"ဟင့်အင်း ကိုကိုရယ်၊ လွှတ်ကွယ်"
"မြိုင့် ကို ကိုကို ချစ်နေပြီ၊ အခုမှ မဟုတ်ဘူး မြိုင်၊ ငယ်ငယ်ကတည်းက ချစ်ခဲ့ရတာ။ မြိုင်တို့ စစ်ပြေးလာရင်း ရွာမှာ တွေ့ကတည်းက ချစ်ခဲ့ရတာ။ ဒီတုန်းက မြိုင်ဟာ ဂါဝန်ဝတ်ကလေးနဲ့ပေါ့"
ကိုကို ၏ ပွေ့ဖက်မှုတွေ ကြမ်းတမ်းလာသည်။ အနမ်းတွေ ဆန်းကြယ် ထွေပြားသည်။

"ကိုကိုရယ် လွှတ်ကွယ်"
"ကိုကို့ကို ချစ်လား"
"မသိဘူး"
"မုန်းသလား"
"မသိဘူး"
"မြိုင် မသိပေမယ့် ကိုကို သိပါတယ်။ မြိုင် ကိုကို့ကို ချစ်နေတယ်၊ ချစ်သမှ သိပ်ကို ချစ်နေတယ်။ မြိုင့်ပါးစပ်က မပြောပေမယ့် နှလုံးခုန်သံက ချစ်တယ် ချစ်တယ်လို့ မြည်နေတယ်။ မျက်လုံးထဲမှာ ချစ်တယ်ဆိုတဲ့ စကားလုံး ကလေး တွေ ပေါ်နေတယ်"

မြိုင် မျက်နှာ အတည်ထားလိုက်သည်။
"ကိုကို"
"အင်း"
"မြိုင့် ကိုကို့ကို မချစ်ဘူး၊ လွှတ်နော် ကိုကို၊ မြိုင့်ကို လွှတ်နော်"
"မလွှတ်ခဲ့ရင်ရော်"
"အော်လိုက်မှာပေါ့"

"အော်လိုက်လေ၊ ဒါဆို သာကောင်းတယ်၊ နားဖောက်ပြီးသား ဖြစ်သွားတာပေါ့"
"ခက်ပါလား ကိုကိုရယ်၊ ဖေဖေ မေမေတို့ ပြန်လာလိမ့်မယ်၊ မြင်သွားရင် မြိုင် ဘာဖြစ်သွားမယ် ထင်သလဲ"
"မြိုင် နဲ့ ကိုကို့ ကို လက်ထပ်ပေးလိုက်မှာပေါ့"

"သူ့ဘက်ကတော့ သေချာနေလိုက်တာ၊ ဖေဖေ မေမေတို့က မြိုင့်ကို ကိုမင်းသောင် နဲ့ လက်ထပ် ပေးချင် ကြတာ"
"မြိုင် က ဒီအစီအမံကို နာခံမယ်လား၊ ဒီကျောက်ပေါက်မာ လက်တစ်နှိုက် နဲ့ ဖယောင်းရုပ် လို လူကြီး ကို ယူမယ်လား"
"ယူမှာပေါ့၊ သူက မြိုင့် ကို ချစ်တယ်၊ ရိုးသားတယ်၊ တည်ကြည်တယ်"
"မြိုင် ... သူ့ကို ဘယ်နည်းနဲ့မှ မယူရဘူး၊ မြိုင် ယူရမှာ၊ လက်ထပ်ရမှာ ဒီလောကမှာ တစ်ခြား ဘယ်သူမှ မရှိဘူး၊ ကိုကိုပဲ ရှိတယ်"
ကိုကို့ အဆင့်တွေက တက်လာသည်။

"ကိုကိုရယ် ... ကိုကိုရယ် ... " နှင့် မြိုင်ငြင်းသည်။ ရုန်းကန်သည်။
သို့ပေမယ့် ... အင်အား မပါလှသည်ကိုတော့ မြိုင် ကိုယ်တိုင် သိပါသည်။
"ကိုကိုရယ် ... မြိုင် ကြောက်တယ်"
"ဘာကိုလဲ"
"ဘာကိုလဲတော့ မသိဘူး၊ မြိုင် ကြောက်တာတော့ အမှန်ပဲ"
"ကိုကို့ ရင်ခွင့်ထဲမှာ မြိုင်ရှိနေသရွေ့ လောကမှာ ဘာကိုမှ မြိုင် ကြောက်စရာ မလိုဘူး။
"အို ... ကိုကိုရယ်"

"မြိုင့်ကို ကိုကို သေတပန်သက်တစ်ဆုံး ချစ်သွားမှာပါ၊ အသက်ထက်ဆုံး ပေါင်းသင်းသွားမှာပါ၊ ဒါကို စိတ်ချလက်ချက် ယုံထားလိုက်ပါတော့ကွယ်"
သြော် ... အပြောကောင်းလိုက်သည့် ကိုကို။
ကိုမင်းသောင်ကိုတော့ အားနာစရာ ကောင်းလှပါသည်။

သူ့ခမြာ မြိုင်နှင့် လက်ထပ်ဖို့ ကြိုတင်ငွေစုထားသည်။ အိမ်ထောင်ပစ္စည်းတွေ ကြိုတင် ၀ယ်ယူ ထားသည်။ အိပ်ရာ ခမ်းနား တွေ မှာထားပြီးပြီ။
သို့ပေမယ့် မြိုင်သည် မေမေ့ကို ကိုမင်းသောင်နှင့် လက်ထပ်တော့မည် မဟုတ်ကြောင်း ဖွင့်ပြော လိုက်သည်။ မေမေ က တစ်ဆင့် ဖေဖေ့ကို ပြောသည်။
ဖေဖေ က သဘောမတူချင်လှ။

"မောင်တင်မောင်သန့်ကို ကိုယ် မချစ်လို့ မဟုတ်ဘူး။ တူလို သားလို ချစ်ပါတယ်။ ဒါပေမယ့် သူက ကိုယ်တို့ အတွက် အားကိုးအားထား ရမယ့် လူတစ်ယောက်တော့ ဖြစ်လာမှာ မဟုတ်ဘူး။ သူ ဆန်စက်လုပ်ငန်းတွေ လုပ်ပြီး တို့များရဲ့ မြို့သိမ်မြို့ငယ်ကလေးမှာ အခြေချနိုင်မှာ မဟုတ်ဘူးကွဲ့။ တို့များကလည်း အသက်ရ လာပြီ။ လုပ်ငန်း နဲ့ ပတ်သက်ပြီး အားထားလောက်သူဆိုလို့ မျက်နှာလွှဲရ မယ့် သူဆိုလို့ မောင်မင်းသောင် ကိုပဲ မြင်ထားတာ"

ဖေဖေ့ ပြောစကားတွေကို ခန်းစည်းအကွယ်မှ ချောင်းနားထောင်ရင်း မြိုင် ရင်ထိတ်နေသည်။
မပေးစားနိုင်ဘူး ဆိုလျှင်တော့ ဒုက္ခပါပဲ။
ခိုးရာ လိုက်ရတာတွေ၊ အမွေဖြတ်ခံရတာတွေ ဖြစ်ကုန်တော့မှာပဲ။
မေမေ့ စကားကတော့ အားတက်စရာ ကောင်းပါသည်။

"ဒါတော့ရှင်၊ မောင်တင်မောင်သန့်ကလဲ လူညံ့မှ မဟုတ်တာ။ ဘွဲ့တွေဘာတွေလဲ ရပြီးသားပဲ မဟုတ်လား။ မြို့အုပ်ဝန်ထောက် ဖြစ်ဖို့လဲ မခဲယဉ်းဘူး။ ရန်ကုန်လို နေရာမျိုးမှာ သူ့ကြီးပွားရာ ကြီးပွားကြောင်း ရှာသွားရင် လဲ ပိုကောင်းတာပေါ့"
"ဒီလိုဆိုရင်လဲ မင့် သဘောပဲလေ"
သည်တော့မှ မြိုင် သက်ပြင်း ချနိုင်တော့သည်။

မြိုင်တို့ မင်္ဂလာပွဲသည် မြို့မှာတော့ ပြောစရာတွင်ရသော မင်္ဂလာပွဲ ဖြစ်သည်။ အခမ်းအနား အကြီး အကျယ်ဆုံး ဖြစ်သည်။
မြို့မျက်နှာဖုံး တွေမို့ ဘုရားဒကာ၊ ကျောင်းဒကာ၊ သိမ်ဒကာ၊ ဇရပ်ဒကာတွေမို့ မြို့ပေါ်က မျက်နှာကြီး မှန်သမျှ လာသည်။ လက်ဖွဲ့ သည်းခံပါဆိုသည့် အကြားက လက်ဖွဲ့ပစ္စည်းတွေ တောင်ပုံ ရာပုံ ရသည်။ မြိုင်တို့ ဘက် က ငွေဖလား လက်ဆောင် ပြန်ကမ်းသည်မှာ မြို့တွင် ပြောစရာ ဖြစ်၍ ကျန်ရစ်သည်။
သည်တုန်း က ကိုကို့မျက်နှာ ခုလို သုန်သုန်မှုန်မှုန် မဟုတ်ပါဘူး။

ပြုံးလို့ ပျော်လို ရွှင်လို့ မြူးလို့။
မယုံလျှင် လက်ထပ်စဉ်က ရိုက်ထားသည့် ဓာတ်ပုံတွေ ပြန်ကြည့်ပါလား။
ကိုကို့ မျက်နှာသည် ကမ္ဘာပေါ်တွင် ကံအကောင်းဆုံး ဆိုသည့် သူ၏ မျက်နှာအနေအထားမျိုး။
ဖေဖေ အတွက် မမှားပါ။

လက်ထပ်ပြီး များမကြာမီမှာပင် ကိုကိုက မြို့မှာ မပျော်ပိုက်သည့်အကြောင်း ပြောသည်။ ရန်ကုန်သို့ ပြေင်းရွှေ့ ချင်သည်။
မြိုင် ကိုယ်တိုင်ကလည်း မြို့ကို ငြီးငွေ့နေပြီ။
ထာဝစဉ် ဆူညံရှုပ်ထွေးနေသည့် ဆန်စက်လောက၊ မြင်နေကျ မိုးမခမြစ် ၀န်းကျင်ရှုခင်း၊ မီးခံ သေတ္တာလို လုံခြုံ လှသည့် တိုက်။
သည်လိုနှင့် ဖေဖေကိုယ်တိုင် ယခုနေသည့် တိုက်ကို လိုက်ဝယ်ပေးကာ မြိုင်တို့ကို ရန်ကုန်သို့ ပြောင်းရွှေ့ ပေးလိုက် သည်။

ဟိုတုန်းကတော့ ပုံစံရိုးရိုး တစ်ထပ်တိုက်ကလေးပေါ့။ ယခုတော့ ကိုကို့ အစီအမံဖြင့် ခမ်းနား ထည်ဝါသော၊ လှပ သော နှစ်ထပ်တိုက် ဖြစ်နေခဲ့ပြီ။
ကိုကို့ ကုသိုလ် ကောင်းပါသည်။
လိုင်စင် ခေတ်ကောင်းစဉ်က လိုင်စင်တွေ ၀ယ်သည်။ ကိုကို ၀ယ်သည့် လိုင်စင်က နိုင်ငံခြားက စာအုပ် ကုမ္ပဏီ များမှ စာအုပ် မှာယူခွင့် ဖြစ်သည်။ အောက်စဖို့နှင့် မက္ကမီလန်လို စာအုပ်တိုက်ကြီး များ မှ ကျောင်းသုံး စာအုပ် တွေလည်း ပါသည်။

ကျောင်းဖွင့်ချိန်တိုင်း မှာ ငွေသိန်းနှင့် ချီရမြဲ။ ကိုကို သည် ငယ်ငယ်ရွယ်ရွယ် နှင့် သူကြွယ် ဖြစ်လာ သည်။
ပြည်သူပိုင် အသိမ်းခံရတော့လည်း မှုစရာမရှိခဲ့။ ဖေဖေ မေမေ ဆုံးတော့ အမွေတွေ ရခဲ့သည်။ ကိုကို့ ကုသိုလ်ကံ က လူတစ်ကာ အားကျချင်စရာ ကောင်းလှသည့် ကုသိုလ်ကံမျိုး။
မြိုင် နှင့် က လွဲလျှင် ဆိုပါတော့။
မြိုင်နှင့်ကျကာ မှ ဘာလို့များ ကံက ဆိုးရတာပါလိမ့် ကိုကို ရယ်။
မြိုင် စိတ်မကောင်း လိုက်တာ။

ပထမ ကိုယ်ဝန်ရှိစဉ်က မြိုင်ရော ကိုကိုပါ ပျော်ခဲ့ကြသည်။ အစတွင် မြိုင်သည်  ကိုကို့ အလုပ်တိုက် သို့ နေ့စဉ် လိုက်သွားသည်။ ဘာမျှ မလုပ်တတ်ပေမယ့် ကိုကို့ဘေးမှာ ရပ်နေခြင်းသည်ပင် ကိုကို့ကို ကူညီရာ ရောက်သည်ဟု အထင် ရှိသည်။ တစ်နေ့တွင်တော့ မြိုင်သည် အလုပ်တိုက် လှေခါး အတက် ၌ မိုက်ခနဲ မူးသွားသည်။ ကိုကိုက ဆွဲထားပေလို့ပေါ့။
အပြန်လမ်းတွင် ကားပေါ်မှာ ကိုကိုက ပြောသည်။

"မနက်ဖြန်ကစပြီး မြိုင် အလုပ်တိုက်ကို မလိုက်ခဲ့ရဘူး"
"ဘာဖြစ်လို့လဲ ကိုကို၊ မြိုင်ပါလာတဲ့အတွက် ကိုကို့မှာ အနှောင့်အယှက် ဖြစ်ရလို့လား"
"ဟင့်အင်း"
"ဒါဖြင့် ဘာကြောင့်လဲ ကိုကို"
"မြိုင် အနားယူဖို့ လိုနေပြီ။ မြိုင့်မှာ သားသမီး ရှိနေပြီ"

"ဟင် ... ကိုကို ဘယ်လိုလုပ် သိသလဲ"
"ဒီလိုပဲ သိတာပေါ့၊ မြိုင် သိပ်သန့်နေတာ ကြာပြီပဲ ဥစ္စာ"
နောက်နေ့မှစ၍ မြိုင် အလုပ်တိုက်သို့ လိုက်ပါ မလာခဲ့လေတော့။ အိမ်တွင်ပင် အေးဆေးစွာ အနားယူ နေသည်။ ကိုကို ၏ ဆက်ဆံမှုများသည် သိမ်မွေ့လာကာ ယုယုယယ ရှိသည်။
မြိုင်သည် ကလေးဖို့ ခြေအိတ်ကလေးတွေ၊ ဦးထုပ်ကလေးတွေ သိုးမွှေးဖြင့် ကြို၍ ထိုးထားသည်။ အင်္ကျီနောက်ကွဲ ကလေး တွေ ကြိုချုပ်ထားသည်။ ဒါကလေးတွေ ကြည့်ရင်း ပီတိ ဖြစ်ခဲ့ရသည်။

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

Monday, January 3, 2011

ပဆစ်အိမ် အပိုင်း (၂၅)

ပုတီးစိပ်သည်။ မေတ္တာသုတ်ကို ဆယ့်ရှစ်ခေါက် ရွတ်နေကျ။ ဂုဏ်တော် တစ်ထောင် စိပ်နေကျ။
သည်လို နှင့် ရှစ်နာရီ ရောက်လာတော့ ဆရာဝန် ညွှန်းသည့်ဆေးများ သောက်သည်။ စာအုပ် တစ်အုပ် ယူကာ အိပ်ခန်း သို့ ရောက်ရမြဲ။
အစကတော့ စာ သိပ်မဖတ် ဖြစ်ခဲ့ပေ။
ကိုကို စာပေလုပ်ငန်း လုပ်တော့မည် ဆို မှ စာတွေ ပြန်ဖတ်ဖြစ်ခဲ့သည်။

သို့သော် "ပဒေသရာဇာ"က ထုတ်ဝေသော စာအုပ်များကိုမူ မြိုင် အရသာမခံတတ်။ မြိုင် အဖတ်များသည် ၀တ္ထု များ ဖြစ်သည်။ သွက်လက်လှသော အမျိုးအစားထက် နက်နက်ရှိုင်းရှိုင်း ရှိသော ၀တ္ထုများကို ကြိုက်သည်။
စာအုပ်ကို ငှားဖတ်၍ရကြောင်း ယခင်က မြိုင်မသိ။ အလျင်ကတော့ ၀ယ်ဖတ်တာ များသည်။ သူငယ်ချင်း တစ်ယောက် က အကြံပေး၍ အငှားဆိုင်မှ ငှားဖတ် ဖြစ်သည်။ ယခုတော့ အငှားဆိုင် နှင့် ဖောက်သည် ဖြစ်နေပြီ။ တစ်ပတ် လျှင် အနည်းဆုံးငါးအုပ်တော့ ဖတ်ဖြစ်သည်။
စောစော က ဖတ်နေသည့် ဖတ်လက်စ စာအုပ် ဘယ်ရောက်သွားပါလိမ့်။

သြော် … ခေါင်းအုံးပေါ်မှာ မှောက်တင်ထားရင်းကနေ ကြမ်းပြင်ပေါ်သို့ လျှောကျနေသည်ကိုး။
မြိုင်စာအုပ်ကို ကောက်ယူလိုက်သည်။ စာအုပ်က "မငိုရဘူး၊ မရယ်ရဘူး" တဲ့။ နှလုံးရောဂါ အကြောင်း တွေပါပဲ။
မြိုင် သည် ခင်ဆွေဦး၊ ယုဝတီ ခင်စိန်လှိုင်၊ မစန္ဒာ၊ မိုးမိုး (အင်းလျား) တို့၏ ၀တ္ထုများကို ဖတ်သည်။
ဂျာနယ်ကျော် မမလေး တို့ ခင်နှင်းယု တို့ စာတွေ မဖတ်ရတာ  ကြာပြီ။ သူတို့တတွေ စာများများ ရေးလျှင် ကောင်းမှာပဲ တွေးမိသည်။

မြိုင်သည် "မငိုရဘူး၊ မရယ်ရဘူး" ကို ကောက်ယူလိုက်သည်။ ဘယ်နေရာ ရောက်သွားပါလိမ့်။ မှတ်ထား သော စာမျက်နှာကို မေ့သွားပြီ။ ဇာတ်ကိုလည်း မေ့သွားပြီ။ စာပိုဒ်တွေကိုလည်း အမှတ် မရတော့။ စာအုပ် ကို ပြန်ချထားလိုက်သည်။
"သူက အစ်မကြီးနဲ့ ကွာရှင်းပြတ်စဲ ချင်တယ်တဲ့ x x x ကျွန်မနဲ့ လက်ထပ်ချင်တယ်တဲ့ x x"
စောစော က စကားသံသည် နားထဲတွင် ပဲ့တင်ရိုက်ခတ်လာသည်။
မြိုင်တစ်ချက် ရှိုက်လိုက်မိသည်။

ငါးသုံးလုံး စီးကရက်ဗူးကို ဆွဲယူသည်။
ဆရာဝန် က တားမြစ်ထားသော်လည်း မြိုင်သည် စီးကရက်ကို မသောက်ဘဲ မနေနိုင်ခဲ့ပေ။
စင်စစ် စီးကရက်စွဲ သည်မှာ ဘာမျှ မကြာလှသေး။ ကိုကို ထားခဲ့သည့် စီးကရက်ဘူးထဲမှ စီးကရက်ကို စမ်းသောက် ကြည့်ပြီး မှ စွဲသွားခြင်း ဖြစ်သည်။ ကိုကို အိမ်ပြန်နောက်ကျသော ရက်များ မှ စတင်ခဲ့သည်။ အထီးကျန် ဆံရခြင်း မှ ဆေးလိပ်ကို အဖော်ရှာမိခြင်း ဖြစ်သည်။

မြိုင်သည် ခုတင်မှ ထသည်။ ပြတင်းပေါက်ရှိရာမှ လာရပ်သည်။ ဆိတ်ငြိမ်ရပ်ကွက်ဖြစ်သော မြိုင်တို့ အရပ် မှာ ခုနှစ်နာရီဆိုလျှင် လူအသွားအလာ ကျဲသွားတတ်သည်။ ငြိမ်သက်တိတ်ဆိတ် နေတတ် သည်။
တစ်စုံတစ်ယောက်ထံ ဖုန်းဆက်ရ ကောင်းမလား စဉ်းစားမိသည်။ တစ်စုံတစ်ယောက်နှင့် စကား ပြောချင် နေသည်။ မြိုင့်တွင် ကိုကိုနှင့်ပတ်သက်သော မိတ်ဆွေအများအပြားပင် ရှိသည်။
အများ အားဖြင့်တော့ ကိုကို တို့လို လေးဆယ်အရွယ်နှင့် ငါးဆယ် ခြောက်ဆယ်အရွယ်တွေ ဖြစ်သည်။ သူတို့သည် မြိုင် တို့ ထမင်းစားခန်း၏ ရင်းနှီးသော မိတ်ဆွေများ ဖြစ်ကြသည်။
မြိုင့်ကို လှသည်ဟု အမြဲပြောကာ၊ မြိုင့်လက်င်္ရာတွေကို  ကောင်းသည်ဟုဆိုကာ ကိုကို့ကို မိန်းမရ ကံကောင်းသူ ဟု ချီးကျူးတတ်ကြ သူများ ဖြစ်သည်။

ရှေ့နေ ရှေ့ရပ်တွေ ပါသည်။ တရားသူကြီးတွေ ပါသည်။ သူဌေးတွေ၊ လုပ်ငန်းရှင်တွေ၊ ကျောင်းဆရာတွေ ပါသည်။ စာရေးဆရာ၊ ပန်းချီဆရာ၊ ရုပ်ရှင် ဒါရိုက်တာတွေ ပါသည်။
အရက်ဝိုင်းမှာ ကျယ်လောင်စွာ စကားပြောပြီး အော်ဟစ် ရယ်မော တတ်ကြသူများ ဖြစ်သည်။ အရက်ဝိုင်း မစမီ တွင် သူတို့ကို လူကြီးလူကောင်းတွေအဖြစ် မြိုင် မြင်မိသော်လည်း အရက်ဝိုင်း သိမ်းချိန်တွင်မူ အရူးအပေါ တွေ ဟုသာ ထင်မိလေသည်။

သူတို့ကို "မြိုင့်ယောကျာ်းက မြိုင့်ကို ကွာရှင်းပြတ်စဲချင်တယ်တဲ့၊ တခြားမိန်းမတစ်ယောက်နဲ့ လက်ထပ်ချင် တယ်တဲ့"
မြိုင် ပြောထွက်နိုင်ပါ့မလား။
သည်အထိ သတ္တိရှိနိုင်ပါ့မလား။
ဖုန်းဆက်ခဲ့သည့် မိန်းကလေးကို မြိုင် မသိပါ။ အသံကိုပင် မကျက်မိပါ။ ရုပ်သွင်က မည်သို့ရှိမည် မမှန်း တတ်ပါ။ သူ့ဘ၀၊ သူ့အကျင့်စာရိတ္တတွေ ကို မြိုင် မသိနိုင်ပါ။
သည်ကနေ့ ခေတ်ထဲက မိန်းကလေး တစ်ယောက် ဖြစ်မည် ဆိုသည်ကိုသာ သိသည်။

မြိုင့်ထက်တော့ ငယ်ပေမပေါ့။
မြိုင့်ထက်တော့ လှပေမပေါ့။
အို … မြိုင့်ထက် သာ လို့သာ ကိုကိုက လက်ထပ်ချင်တာ ဖြစ်မှာပေါ့။
တလောက မိတ်ဆွေတစ်ယောက်ကတော့ သတိ အပေးသား။
"ကိုတင်မောင်သန့်ကို ထိန်းဦးမြိုင်၊ အမျိုးသမီးတစ်ယောက်နဲ့ တွဲနေတယ်၊ သူတို့ သိပ်လေးလေး နက်နက် ဖြစ်နေကြတယ်၊ လွန်ကုန်ရင် ရှင်းရခက်မယ်"
ကိုကို မိန်းမတစ်ယောက် နှင့် တွဲသည်ဆိုသည်မှာ မဆန်း။

တစ်ယောက် မဟုတ် တစ်ယောက်နှင့် တွဲမည်ပင်။ ကိုကို က မြိုင့်နှင့်အိမ်ထောင်ရေးသုခ မရဘူးတဲ့ လေ။ ဒါကို မြိုင် သိနေခဲ့ရသည်မှာ ကြာပြီကော။ ကိုကို့ အသက်အရွယ်၊ ကိုကို့ ဂုဏ်၊ ကိုကို့ ကြွယ်ဝ မှုတွေကြောင့် အပြင် မှာ သာယာမှု ရှာလျှင်လည်း အလွယ်တကူ ရနိုင်မည်ကို မြိုင် သိပါသည်။
သည်ကနေ့ခေတ် မိန်းကလေးတွေကလည်း မြိုင်တို့လို ဟုတ်ချင်မှ ဟုတ်မည်။ အညှာလွယ်သည်။ အကာအကွယ် တွေကလည်း ပေါပါဘိနဲ့။

အင်္ဂလိပ်စာတတ် ပေတတ်တွေကျတော့ "ဟာရိုးရော်ဘင်"တို့ "ဂျက္ကလင်းဆူဆန်"တို့၏ စာအုပ် များကို ဖတ်နေကြသည်။ သည်စာအုပ် ဖတ်သည့်အဆင့်မှာ နှစ်ဆယ်နှင့် သုံးဆယ် ၀န်းကျင် ခေတ်ပညာတတ်တို့ ဖြစ်နေ ကြ သည်။
သူတစ်ပါးတွေကိုထား။ ကိုယ့်သမီးပါးစပ် က "ဒိုင်ယာဖရမ်"တွေ "ရစ်သမက်မက်သဒ်" အကြောင်း တွေ ပြောသံ ကြားရတော့၊ မြိုင် တုန်လှုပ်ချောက်ချားလာမိသည် အမှန်ပင်။
မြိုင် သည် ယခုတော့ သုံးဆယ့်ရှစ်နှစ် ရှိလာပြီ။ လောကအကြောင်းကို ထိုက်တန် သလောက်တော့ သိနေပြီ။ လောကအကြောင်းကို သိရလေလေ လောကထဲ တိုးဝင်ဖို့ ကြောက်လေလေ ဖြစ်သည်။
သည်လို နှင့် လောက၏ အပစ်ပယ်ခံ ဖြစ်လာသည်။ လောကကို ရှောင်လေ လောက က မြိုင့်ကို စိမ်း လေလေ ဖြစ်သည်။

မိမိအတ္တနှင့် မိမိဘ၀၊ မိမိလောကနှင့် မိမိကမ္ဘာ ကျဉ်းကျဉ်းကလေးထဲမှာပင် မိမိကိုယ်မိမိ ပျောက်ဆုံး နေသော မြိုင် ဖြစ်ခဲ့ရပါပြီ။
တစ်နေ့သော အခါ သည်အရာ ပေါ်ပေါ က်လာမည်ကို မြိုင်ကြိုတင် မျှော်လင့်ပြီးသား ဖြစ်သည်။
ထို "တစ်နေ့"သည် ယခုတော့ ရောက်လာရပြီပေါ့။
သူတို့ က မြိုင့် ကို အလိုမရှိတော့။

မြိုင်သည် သူတို့အတွက်၊ အားလုံးအတွက်၊ အို ... တစ်လောကလုံး အတွက် အပိုသက်သက် အသက်ရှင် နေသည့် မိန်းမတစ်ယောက် ဖြစ်နေပြီလား။ တစ်ကြိမ်တစ်ခါတုန်းကတော့ မြိုင်သည် အားလုံးအတွက် အသုံးကျသည့် မိန်းမတစ်ယောက် ဖြစ်ခဲ့ပါသေးသည်။
ကိုကို့ ဘ၀ကို မြှင့်တင်ခဲ့သည်။ အခက်အခဲ ကုဋေ ကုဋာကြားက ညိုမာ့ ကို မွေးဖွားပေးခဲ့သေးသည့် မြိုင် ဖြစ်ခဲ့ ပါသည်။
ကိုကို့အား လက်လွှတ်ဆုံးရှုံးရသည် ထား။ တွယ်တာစရာအဖြစ် သမီး ကျန်ခဲ့သေးလျှင်တော့ တော်ပါ သေးသည်။ ဖြေနိုင်စရာ ရှိပါသေးသည်။

ယခုတော့ လွန်ခဲ့သည့် မေ ကပင် သမီးသည် တက္ကသိုလ် ဒုတိယနှစ်ကို ကျရှုံးခဲ့သည်။ တက္ကသိုလ် ဆက်တက် ဖို့ ငြင်းဆန်ခဲ့သည်။
သူမ ၏ သူငယ်ချင်း ရူဘီ၏ အစ်ကို ရောဘတ်နှင့် လက်စွပ်ချင်း လဲခဲ့သည်။
ရူဘီ တို့ အသိုင်းအ၀ိုင်း က ကပြားများ ဖြစ်ကြသည်။
မြန်မာပြည် ၌ နေမပျော်သော သူများ ဖြစ်ကြသည်။ သြစတေးလျားသို့ တစ်သုတ်ပြီးတစ်သုတ် ပြောင်းရွှေ့ နေကြသည်။ ရူဘီတို့၊ ရောဘတ် တို့သည် နောက်ဆုံးအသုတ်အဖြစ် ပြောင်းရွှေ့ကြပေ လိမ့်မည်။ သည်အခါ ညိုမာ ချန်နေရစ် ခဲ့လိမ့် မည်မဟုတ်။

မြိုင်က သည်ကိစ္စကို ကန့်ကွက်ခဲ့ပေမယ့် ကိုကိုကမူ သူနှင့် မဆိုင်သလို လုပ်နေသည်။
"လူတွေဟာ ကိုယ့်ဘ၀လမ်းကို ကိုယ်လျှောက်ရမယ့် လူချည်းပဲ၊ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးကြမှာပဲ၊ ဒယ်ဒီ ကတော့ ညိုမာ ရဲ့ သတ္တိကို ချီးကျူးတယ်"
ပြောနိုင်စွမ်း ရှိခဲ့သေးသည်။
သည်တော့ ... သူတို့အားလုံး မြိုင့်ကို စွန့်ခွာသွားကြတော့မည် ဆိုသည်မှာ သေချာသလောက် ရှိနေပြီ။
မြိုင့် ကို တစ်ယောက် တည်း ထားခဲ့ကြတော့မယ်လား။

ဖေဖေ၊ မေမေနှင့် အစ်ကို အစ်မတွေက အလျင်စွန့်ခွာသွားနှင့် ကြသည်။ သည်တစ်ခါ ကိုကိုနှင့် ညိုမာ အလှည့်လား။
အစဉ် လို အရောင်နုတွေနှင့် မှေးမှိန်နေသည့် အိမ်၊ အိမ်စေနှင့် မာလီက လွဲ၍ ဆွေးမျိုးသားချင်း ကင်းသည် အိမ်၊ ပန်းပင် ပန်းအိုးတွေလို အ၀ိညာဏကသာ ကြီးစိုးနေသည့် အိမ်မှာ မြိုင် တစ်ကိုယ် တည်း စီးကရက် တစ်လိပ်၊ စာတစ်အုပ် နှင့် အဖော်လုပ် နေရတော့မှာလား။

ဆရာဝန် များ၏ မြိုင့် နောက်ပါးမှ ပြောစကားအရ မြိုင့် လူလောကမှာ ကြာကြာနေရတော့မည် မဟုတ်ပါ။ နေလှ လေးငါးနှစ် အလွန်ဆုံးပါပဲတဲ့။
မြိုင်၏ ယိုယွင်းနေသော ကျန်းမာရေးက သူတို့နှင့် ဝေးရာကို ဆွဲခေါ်သွားမှာပါ။
သြော် ... သည်အထိတောင် မစောင့်နိုင်ကြတော့ဘူးလားကွယ် ...။

ဖြစ်နိုင်မည်ဆိုလျှင် မြိုင်သည် စိတ်အတွေးတို့ မလေးနက်သေးသည့် ကလေးဘ၀သို့ ပြန်ရောက် ချင်သည်။
မြိုင်၏ စိတ်အစဉ်တွင် ကလေးဘ၀ ကို ထိုင်ငေးခဲ့ရသော မိုးမခချောင်းကလေးကို သတိရနေသည်။
မိုးဦးကျ လောက်မှာ သည်ချောင်းတွင် "ကွန်မက" ကောင်ကလေးများ ချောင်းလုံးပြည့် ကျဆင်း လာတတ်သည် ကို သတိရနေသည်။
"ကွန်မက" ကောင်ဆိုသည်မှာ ဂဏန်းကောင်ကလေးများ ဖြစ်သည်။ သင်္ဘောသီးစေ့ အရွယ်ခန့် ရှိသည်။ သိန်းသန်း ကုဋေ ချီကာ ကျဆင်းလာတတ်သည်။
သူတို့သာ ကြီးပြင်းလာကြလျှင်တော့ ကမ္ဘာပေါ်မှာ သူတို့ချည်းသာ ရှိမည် ထင်ရသည်။ သည်လောက်ပင် များပြား သည်။ သို့သော် သူတို့သည် ပင်လယ်သို့ ရောက်သွားကာ ငါးများ၏ အစာ ဖြစ်ကုန်သည်ဟု ဆိုသည်။

သူတစ်ပါး၏ အာဟာရ အတွက် ကိုယ်က မွေးဖွားပေးလာရသည်မှာ စင်စစ် နာကြည်းစရာတော့ ကောင်းလှ သည်။
သည်ကာလ မှာပင် ဗေဒါဒိုက်တွေလည်း အများအပြား ကျလာတတ်သည်။ ပြာလဲ့လဲ့ ဗေဒါပန်း သည် အဝေး မှ အကြည့် တွင် အလွန်လှပသည်။
ယခု အသက်အရွယ်မှာ ဆရာဇော်ဂျီ၏ "ဗေဒါလမ်း" ကဗျာကို ဖတ်ရပြီး ကြည်ကြည်ဌေးပါသော "ပန်းပန်လျက်ပါ" ရုပ်ရှင် ကို ကြည့်ရတော့ ဗေဒါကို ပိုပြီး နှစ်သက်မြတ်နိုးခြင်း ရှိရသည်။
ထိုချောင်းကလေး ၏ ဘေးတွင် မြိုင်တို့၏ ဆန်စက်များ ရှိသည်။ ဆန်စက်နှင့် မနီးမဝေးမှာပင် မြိုင် တို့၏ တိုက်အိမ် ရှိသည်။

အိမ်မှာ မီးခံသေတ္တာ လို လုံခြုံလှသည်ကို အမှတ်ရနေသည်။ အုတ်နံရံတို့ ထူထဲကာ သံဘာဂျာ တံခါးကို ပြတင်းပေါက်တိုင်း ၌ တပ်ဆင်ထားသည်။
မြိုင် သည် အထွေးဆုံးသမီးဖြစ်ကာ မိသားစုတွင် တစ်ဦးတည်းသော သမီးလည်း ဖြစ်သည်။ မြိုင့်တွင် အစ်ကို သုံးယောက် ရှိသည်။ အစ်ကိုတွေက မြိုင့်ကိုချစ်ကာ မြိုင်ကလည်း အစ်ကိုတွေကို ချစ်သည်။
ငယ်စဉ် ကပင် မြိုင်သည် ဆူညံရှုပ်ထွေးသော ဆန်စက် အစိတ်အပိုင်းများကို မုန်းသည်။ သမ္ဗာန် ဘောက်တူ နှင့် သင်္ဘောများနှင့် ဝေးရာမှာ နေတတ်သည်။
မြိုင့်ကို အများဆုံး တွေ့တတ်သည်မှ ညောင်ချဉ်ပင် အောက်တွင်သာ ဖြစ်သည်။

မြိုင် လူမှန်းသိတတ်စေ အရွယ်မှာ ဒုတိယကမ္ဘာစစ် ဖြစ်သည်။ ဗုံးတွေ တ၀ုန်းဝုန်း ကြဲချခံရပြီး ကောင်းကင်ယံ မှာ လေကြောင်းတိုက်ပွဲမှာ မကြာခဏဖြစ်တော့ မြိုင်တို့ စစ်ပြေးကြသည်။ တောင်ပိုင်းသို့ ဖြစ်သည်။
သည်မှာ ကိုကိုနှင့်စ၍ တွေ့ရခြင်း ဖြစ်သည်။
သည်တုန်းက ကိုကို့ အမည် တင်မောင်သန့် မဟုတ်သေး။ "ခွေးညို" သာ ဖြစ်သည်။ ယောင်ပေ စူးကလေး နှင့် ဖြစ်သည်။
ကိုကိုသည် မြိုင်တို့မှ ပါ လာသော "ချိစ်"ခေါ် ဒိန်ခဲကို မစားတတ်။ ချောကလက်ကို ခါးသည်ဆိုပြီး မကြိုက်တတ်။
ကိုကို နှင့် အတူ ဘုန်းတော်ကြီးကျောင်းမှာ လိုက်သွားပြီး "ယံမင်္ဂလံ" သင်ရတာတွေ၊ မန်ကျည်းပင် ရိပ်မှာ ခုံညင်းဒိုး ပစ်ကစား တာတွေကို ခပ်ရေးရေးတော့ မှတ်မိနေသေးသည်။

ကိုကိုတို့ရွာမှာ မြိုင့် အစ်ကိုငယ် ဆုံးသည်။ မြို့မှာ ကျန်ရစ်သည့် အစ်ကိုကြီးနှင့် အစ်ကိုလတ်တို့ စပိုင်ဆိုပြီး ဂျပန် အသတ်ခံ ရတာတွေတော့ ၀ါးတားတား ဖြစ်နေပြီ။
တစ်နေ့ မှာ မြိုင်တို့ကို ဓားပြတိုက်ဖို့ လာသော လူစုနှင့် ကိုကို့ဖေဖေ ခေါင်းဆောင်သော ရပ်ရွာ ကာကွယ်ရေး တွေ တိုက်ပွဲ ဖြစ်ကြသည်ကိုတော့ ဖေဖေ မေမေတို့က မကြာခဏ ပြောပြထား၍ မြိုင် သိနေသည်။ ကိုကို့ကို သည်စဉ်ကပင် ကျေးဇူး ရှိဖူးသော လူတစ်ယောက်အနေနှင့် မြိုင် သတိထား ခဲ့မိ သည်။
တစ်နေ့မှာတော့ မြိုင့်ဖေဖေ့ကို ပစ္စည်းများ ထုပ်ပိုးပြင်ဆင်နေကြသည်။ စစ်ကြီး ပြီးပြီ၊ မြို့သို့ ပြန်ကြ ရတော့မည်။

သည်မှာ ကိုကိုရော မြိုင်ပါ ခွဲရမှာကြောက်ပြီး ငိုခဲ့ကြသည်။ ကိုကို က မြိုင့်ကို သူ့ ကစားစရာ ရွှံ့ရုပ် ကလေး တွေ ပေးကာ မြိုင်က ကော်ပတ်ရုတ်ကလေးတွေ အမှတ်တရ ပေးခဲ့သည်။
သည်ကတည်းက ခွဲခွါခဲ့ကြပြီး ကိုကိုနှင့် မြိုင်တို့ ပြန်တွေ့ကြသောအခါ မြိုင်သည် ကိုကို့ကို မမှတ်မိတော့ပေ။
ပြည်တွင်း ၌ ရောင်စုံသောင်းကျန်သူများ ထကြွလာချိန်မှာ ကိုကိုတို့ မိသားစု မြိုင်တို့မြို့သို့ ရောက် လာသည်။
မြိုင်သည် အသက်ဆယ့်နှစ်နှစ်ရှိလာပြီး ကိုကိုက ဆယ့်ငါးနှစ် ရှိနေခဲ့ပြီ ဖြစ်သည်။

ဖေဖေ မေမေတို့က ကိုကို့ကို မိသားစုကို တစ်လှည့်တစ်ပြန် ကြည့်ရှု စောင်မသည်။
စာသင်ပျက်ခဲ့သော  ကိုကို့ကို အလွတ်ပညာသင်ကျောင်းမှာ ထားပေးသည်။ ပညာတော်သော ကိုကိုသည် ဆန်တန်း ကို နှစ်ချင်းပေါက် အောင်မြင်သည်။ ကောလိပ်သို့ သွားသည်။
မြိုင်ကတော့ ဖေဖေ မေမေတို့က သမီးမိန်းကလေးမို့ စိတ်မချသည်နှင့်၊ မေမေ့ကျန်းမာရေး အခြေ အနေ မကောင်းသည် နှင့် ရှစ်တန်းနှစ်မှာပင် ကျောင်းထွက်စေခဲ့သည်။
မြိုင့်မိဘများက "သမီးမိန်းကလေးဆိုတာ စာများများ တတ်ဖို့ မလိုပါဘူး" ဟူသော ရှေးရိုးဆန်သည့် အယူအဆ ရှိသည်။
မြိုင် သည် မေမေ့ကို ပြုစုရင်း အချိန်အား၌ ၀တ္ထုများကိုသာ ဖတ်နေခဲ့သည်။

အမှန်တော့ ဖေဖေ မေမေတို့က ကိုကိုနှင့် မြိုင့်ကို နေရာချထားပေးရန် မရည်ရွယ်ခဲ့။ မြိုင်နှင့် လက်ထပ် စေချင်သူ မှာ ဆန်စက်များကို အုပ်ချုပ်နေသူ ကိုမင်းသောင်နှင့်သာ ဖြစ်သည်။
ကိုမင်းသောင်သည် ဖေဖေ၏ လက်ရုံး။ ဖေဖေ၏ ယုံကြည်အားထားရာ။ ပြီး မြိုင်နှင့်လည်း ငယ်စဉ် ကတည်း က လက်ပွန်းတတီး ရှိခဲ့သူ။ သူက မြိုင့်ထက်တော့ အရွယ်ကြီးသည်။
ကိုမင်းသောင် ကို မြိုင် ချစ် မချစ် မသိခဲ့ပေ။ သိရန်အရွယ်ကလည်း ငယ်သေးသည်။
မြိုင် ဆယ့်ရှစ်နှစ်မှာ မေမေက မြိုင့်ကို ကိုမင်းသောင်နှင့် လက်ထပ်ပေးမည်ဟု ဆိုသည်။ သည်စဉ် ကတော့ ငြင်းပယ် ရကောင်းမှန်းလည်း မသိ။ လက်ခံရကောင်းမှန်းလည်း မသိ။ မေမေတို့ သင့်တော်၍ စီမံသည် ထင်ကာ ငြိမ်နေခဲ့သည်။

ချစ်သည်၊ လက်ထပ်သည် ဆိုးခြင်းကိုလည်း လေးလေးနက်နက် မတွေးတတ်ခဲ့။
လူတို့ လက်ထပ်ကြသည်မှာ အတူနေကြဖို့ ဖြစ်သည်ဆိုခြင်းလောက်ပဲ သိသည်။ အမွေဆက်ခံရန် သားသမီး တွေ မွေးကြသည်ဆိုတာလောက်ပဲ သိသည်။
ဖေဖေနှင့် မေမေလည်း သည်အတိုင်းပဲ မဟုတ်လား။
လက်ထပ်ပြီး အတူနေကြကာ မြိုင်တို့ကို မွေးဖွားခဲ့သည်ပဲ မဟုတ်လား။
သည်နှစ်မှာ ကိုကို မြိုင့်ဘ၀ဲ ၀င်လာသည်။ ဘွဲ့ရပြီးနောက် ရောက်ရှိလာခြင်း ဖြစ်သည်။

လက်ထပ်ရေးနှင့် ပတ်သက်သော မြိုင့်အတွေးတို့က ပြောင်းကပြန် ဖြစ်ရလေတော့သည်။
ကိုကိုသည် မြို့မှ ထွက်ခွာသွားသည်ထက် ချောမောလှပလာသည်။ ထွားကျိုင်းသန့်စင်လာသည်။ ဖေဖေ မေမေတို့ ကိုယ်တိုင်က ကိုကို့ကို ပညာတတ်တစ်ယောက်အနေနှင့် လေးလေးစားစား ဆက်ဆံကြသည်။

ယခင်ကတော့ လူချင်း ရင်းနှီးအောင်ဆိုကာ ညနေပိုင်းတွင် လယ်ကွင်းများဆီသို့ မြိုင်နှင့် ကိုမင်းသောင် တို့ လမ်းလျှောက် ထွက်ကြသည်။ ဇာတ်ပွဲများ၊ ရုပ်ရှင်များ ကြည့်ကြသည်။
ကိုမင်းသောင် နှင့် မြိုင်တို့ အလွန် ပျင်းရိခြောက်သွေ့ဖွယ်ကောင်းသော စကားများ ပြောကြသည်။ ကိုမင်းသောင် က မြိုင်နှင့် လက်ထပ်ပြီးလျှင် ဆန်စက်တွေ တိုးချဲ့ဖို့၊ လယ်သမားတွေထံ စပါးပေးနှင့် ငွေတိုးချေး ဖို့ အကြောင်းတွေကို ပြောပြတတ်လေ့ ရှိသည်။

ကိုကို ရောက်လာသောအခါ မြိုင်သည် ကိုမင်းသောင်နှင့် တွဲ၍ လမ်းလျှောက်ရသည်ထက် ကိုကို နှင့် တွဲ၍ လမ်းလျှောက် ရသည်ကို ပိုမို နှစ်ခြိုက်မိသည်။ ပြီး ... ကိုကို ပြောသော စကားများမှာ ကိုမင်းသောင်၏ စကား များလို ပျင်းရိ ခြောက်သွေ့ဖွယ် မကောင်း။
ယူနီဗာစီတီ အကြောင်း၊ အင်္ဂလိပ် ရုပ်ရှင်တွေအကြောင်း၊ စာအုပ်တွေအကြောင်း၊ ပန်းချီကားတွေ အကြောင်း။

သည်အချိန်က မြိုင်တို့ ကိုမြကြီး၊ စိန်စိန်အတွဲဆိုလျှင် အသည်းစွဲပေါ့။ ကိုမြကြီး၏ "မခင်နှင်းဆီ" သီချင်းမှာ အရောင်း ဓာတ်ပြားလောက မှာ ဘုရင်ပေါ့။ မခင်နှင်းဆီအဆက်ဖြစ်သော "မခင်နှင်းဆီရဲ့ နှင်းဆီ၊ "မခင်နှင်းဆီ ဇာတ်သိမ်း" သီချင်းတွေကို သိပ်ကြိုက်ခဲ့သည်။ သည်သီချင်းရေးသည့် "မြတ်လေး" ကို၊ ကိုကို တို့ တက္ကသိုလ် မှာ ဆုံဖူးသည်ဆိုတော့ ကိုကို့ကို အထင်ကြီးမိသည်။
ကိုကိုနှင့် စကားပြောရသည်က စိတ်ဝင်စားဖွယ် ကောင်းသည်။ ပျော်စရာ ကောင်းသည်။ မြိုင်မြိုင် ဆိုင်ဆိုင် ရှိသည်။
သို့ဖြင့် ... ကိုမင်းသောင်က လမ်းလျှောက်ဖို့ခေါ်လျှင် မြိုင်သည်ခေါင်းကိုက်သည်၊ ၀မ်းနာသည်နှင့် ရှောင်စ ပြုလာ သည်။
အချစ်ဆိုသည်ကိုလည်း ကိုကိုက သင်ပေးတာပဲ မဟုတ်လား။

နောက် ... အတူ လမ်းလျှောက်ရင်း လက်ကလေးတွေကို ကိုင်ကာ၊ ပခုံးကလေးတွေကို ဖက်ကာ မြိုင့် နှလုံးသား ကို ပူနွေးစေခဲ့တာ ကိုကိုပဲ မဟုတ်လား။
ညတစ်ည မြိုင်တို့ အိမ်ပြန် နောက်ကျကြသည်။ ရုပရှင်ညပွဲ ကြည့်ကြသည်။ မြိုင်တို့ ကြည့်ကြသည့် ရုပ်ရှင် မှာ အင်္ဂလိပ် ရုပ်ရှင်ကားတစ်ကား ဖြစ်သည်။
လ အလွန်အမင်း သာသည့် ဆောင်းညကလေး တစ်ညမှာ ဖြစ်သည်။ ညသည် အေးစိမ့်ပြီး ဆိပ်ဖလူး ပန်းရနံ့ လည်း သင်းမွှေးနေသည်။

ခြံဝိုင်း၏ သံတံခါးပေါက်ရှေ့မှာ ပထမဆုံးအကြိမ်ဖြစ် မြိုင့်ကို ကိုကို နမ်းခဲ့သည့်။ ရုပ်ရှင်ကားထဲ ကလို ဖြစ်သည်။
မြိုင့်အသည်းတံခါး ကို စတင်ဖွင့်ခဲ့တာ၊ မြိုင့် အချစ်ကာလနဂါး ကို နှိုးခဲ့တာ ကိုကို ကိုယ်တိုင်ပါပဲ ကိုကိုရယ် ...။

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

Sunday, January 2, 2011

ပဆစ်အိမ် အပိုင်း (၂၄)

"သူသည် ဟိုတယ်တစ်ခုခုတွင် ရောက်နေပုံရသည်။ နောက်ပိုင်းမှ စကားပြောသံတွေ ကြားနေရ သည်။ ရယ်မောသံ တွေ ပေါ်လာသည်။ ဇွန်းသံ၊ ပန်းကန်သံ၊ ဖန်ခွက်သံ တွေ ဝေေ၀စီစီ ဖြစ်နေသည်။
"ကိုယ် အတော် မူးနေတယ်"
"ဇင် လာကြိုပေး ရမလား"
"ဟင့်အင်း ကိုယ်မူးနေတာမြင်ရင် ဇင် မုန်းသွားမိလိမ့်မယ်။ သူငယ်ချင်းတွေကလဲ သိပ် ဂျီကျတတ် ကြတယ်  ဇင်ရဲ့။ ကိုယ်အခု ဖုန်းဆက်တာက ဇင့်ကို သတိရလို့။ ဒီမယ် ဇင် … ဇင့်ကို ကိုယ် ချစ်တယ်။ သိပ်ကို ချစ်ပါတယ် ကွယ်။ ဒါဘဲ ဇင်၊ မနက်ဖြန်မှ တွေ့ကြမယ်နော်"

ဒါပါပဲ။
ဒါနှင့်ပဲ စကားပြောခွက်ကို ချသွားသည်။
ဇင်သည် သက်ပြင်းတစ်ချက် ရှိုက်လိုက်မိသည်။

နောက်တစ်နေ့ တွေ့ကြတော့ ထုံးစံအတိုင်း စားသောက်ဆိုင်တွင် ဖြစ်သည်။ ညစာစားကြဖို့ လာခဲ့ ကြခြင်း ဖြစ်သည်။ သည်ကနေ့လည်း သူ အရက်အတော်များများ သောက်သည်။ အရှိန်ရနေသည်။ သူ သည်မျှ အရက်သောက် နေခြင်းမှာ အကြောင်းတစ်ခုခုကြောင့် ဖြစ်ပုံရသည်ကို ဇင် တွေးတတ် လာသည်။
သူ စိတ်ညစ် နေသည်။

မထွေးနိုင် မအန်နိုင် ဖြစ်နေသည်။
ဤသည်မှာ ဇင်နှင့် ပတ်သက်သည့်အဖြစ်မှတစ်ပါး အခြား မဖြစ်နိုင်။
ဇင် ကိုယ်တိုင်သည်လည်း မစောင့်ဆိုင်းနိုင်တော့။ လိပ်ခဲတည်းလည်း အခြေအနေကို သည်းမခံနိုင် တော့။
ဇင် စကားစ ရပါတော့သည်။

"ဒီမှာ ကိုယ်၊ ဇင်တို့ ကလေးကစားသလို လုပ်နေကြလို့ မဖြစ်တော့ဘူး"
"ဘာကိုလဲ ဇင်"
"ဘာကို ရမှာလဲ၊ ဇင်တို့ လက်ထပ်ဖို့ကိစ္စ အတွက်ပဲ။ ဇင် ပွင့်ပွင့်လင်းလင်း ပြောမယ်။ ဇင် အပျော်မယား အဖြစ် မခံနိုင်ဘူး။ အမြှောင် အဖြစ် မခံနိုင်ဘူး။ ဒုတိယနေရာက မနေနိုင်ဘူး။ အဲဒီလို ဖြစ်မယ့် အစား ကိုယ့်ကိုယ် ကိုယ်သာ သတ်သေလိုက်မယ်သိလား"

"ဖြည်းဖြည်းပြောပါ ဇင်၊ ဇင့်အနေနဲ့ အားလုံးသိအောင်တောင် ကြေငြာလိုက်ချင်တာ။ ကိုယ့်ဇနီးကို မနေ့က ဖွင့်ပြောတော့မယ်ဆို"
"မနေ့က ကိုယ် သိပ်မူးသွားခဲ့တယ်၊ မပြောဖြစ်ခဲ့ဘူး။ ဒါပေမယ့် ပြောမှာပါ"
ဇင်သည် အတော်ကြီး ဒေါသ ဖြစ်သွားသည်။ အသားသည်ပင် ဆတ်ဆတ်တုန်ချင်လာသည်။

"ခုထိ ပြောပါ့မယ် အဆင့် ပဲ ရှိသေးသလား။ ဒီမှာ ဇင့်ကို လက်ထပ်ချင်တယ်ဆိုတာက ကိုယ်ပါ။ ဇင့်ကို လက်ထပ် ပါရစေလို့ တောင်းဆိုတာက ကိုယ်ပါ။ ခုတော့ ဇင်ကလဲ လက်ထပ်ဖို့ အခွင့်ပေးခဲ့ပြီ၊ လက်ထပ် ပါတော့ လို့လဲ ပြောနေပြီ။ အခြေအနေက နောက်ဆုတ်လို့ မဖြစ်တော့ဘူး ဆိုတာလဲ ကိုယ်အသိ။ ဇင့်ကို လိမ်နေ တာလား၊ လှည့်စားနေတာလား၊ ဒါမှမဟုတ်ကို သတ္တိကြောင် နေတာလား။ အမှန်တော့ ဒီကိစ္စဟာ အခုလောက် ကြာနေဖို့ မကောင်းဘူး၊ မိနစ်ပိုင်းအတွင်းမှာ ပြီးရ မယ့် ကိစ္စပါ"
ဇင်သည် ယခုလို တောင်းဆိုနေရသည့် အဖြစ်ကိုပင် နာကြည်းလာမိသလို ရှိသည်။

"သိပ် အစိုးရိမ်ကြီး မနေစမ်းပါနဲ့ ဇင်။ ကိုယ်က လူကြီးလူကောင်း တစ်ယောက်ပါ။ ဘယ်တော့မှ ကတိ မဖျက်ဘူး ဆိုတာ ယုံ။
သူသည် ဇင့်မျက်နှာကို မကြည့်။ ၀စ္စကီ ဖန်ခွက်ထဲမှာ ပေါလောမျောနေသည့် ရေခဲတုံးကလေးများ ကို ငေးနေသည်။
သူ၏ အေးဆေးနေပုံကို မြင်ရတော့ ဇင် ပို၍ ဒေါသဖြစ်ရသည်။
"ကိုယ် မပြောရဲရင် ဇင့်အနေနဲ့ စာလှမ်းရေးလိုက်ရမလား"
"ဘာဖြစ်လို့ ဒီလောက်တောင် လောနေရတာလဲ ဇင်ရဲ့"

"ဘာဖြစ်လို့ လောနေရတာလဲ ဟုတ်လား။ ဇင့်ဘက်က ပြန်တွက်ကြည့်၊ ဇင့်မှာ အသိုင်းအ၀န်းနဲ့၊ အပေါင်းအသင်းနဲ့။ ဘေးက ပြောကြ ဆိုကြ ကဲ့ရဲ့ကြလွန်းလို့ ဇင့်မှာ နားတွေ အူနေပြီ၊ ဦးနှောက် တွေ ဆူနေပြီ။ အိမ်ထောင်ရေးဆိုတာ ကလေးကစားစရာ မဟုတ်ဘူး၊ ဘွာခတ်လို့ မရဘူး၊ ကိုယ့်မှာ သတ္တိမရှိဘူးဆိုရင် ဇင့်မှာတော့ ရှိရတော့မယ်။ မနက်ဖြန်ကျရင် စာရေးပြီး ပြောလိုက်တော့မယ်"
"ဇင်ကလဲကွယ်"
သူက စိတ်ပျက်သလို ညည်းညူလိုက်သည်။
ဝစ္စကီဖန်ခွက် ကို ကောက်ယူကာ ပါးစပ်မှာ တေ့လိုက်သည်။

တစ်ဘက်က သည်မျှ ပူပူလောင်လောင် ဖြစ်နေပါလျက် သူက အေးအေးဆေးဆေး ရှိနေသည်ကို တွေ့ရသော အခါ ဇင် စိတ်မထိန်းနိုင်တော့။
ဇင်သည် ဖန်ခွက်ကို ပုတ်ချပစ်လိုက်သည်။
ဖန်ခွက် သည် ကြမ်းပြင်ပေါ်သို့ ကျသွားသည်။
အစိတ်စိတ် အမြွာမြွာ ကွဲသွားသည်။
အစသော် သူသည် ကြောင်နေသည်။

ပြီးလျှင်တော့ ဇင့်ကို ဒေါသလွှမ်းသော မျက်လုံးများဖြင့် ကြည့်လိုက်သည်။ သူ့မျက်ဝန်းသည် တောက်ပြောင် နေပြီး မျက်နှာမှာ သွေးရောင်လွှမ်းတတ်နေသည်။ မျက်နှာရှိ အကြောစိုင်များ တင်းမာနေသည်။
ဇင်ကလည်း သည်အတိုင်းပင် ဖြစ်သည်။
သူ့ကို တင်းမာစွာ ပြန်ကြည့်နေလိုက်သည်။
အခြေအနေ သည် ရုတ်ချည်းမှာပင် ပေါက်ကွဲတော့မတတ် တင်းမာလာသည်။
ဇင်သည် စိတ်ထဲမှ သူ့ကို ကြောက်နေသော်လည်း ဟန်ကိုယ်ဖို့ဆိုသလို မျက်နှာပေါ်မှ တင်းမာမှု များကို လျှော့ချ မပစ်ခဲ့။
ဆူဆူညံညံနှင့် ဖန်ခွက်ကွဲသံကြောင့် စားပွဲထိုးက ကောင်ကလေး ပြေးဝင်လာသည်။

"ဘာမှ  ဖြစ်တာ မဟုတ်ပါဘူး၊ မတော်တဆ ဖန်ခွက် ကျကွဲသွားတာပါ"
သူက ကာကွယ်စကား ကို စ၍ ဆိုသည်။
စားပွဲထိုး ကောင်ကလေးက ဖန်ခွက်ကွဲများကို သိမ်းကျုံး ယူငင်သည်။ အခန်းအပြင်သို့ လှည့်ထွက် ပြီး အပေါက်ဝ သို့ အရောက်တွင် နောက်မှ ခေါ်သံကြောင့် ခြေလှမ်းတုံ့သွားသည်။
"တယ်လီဖုန်း သုံး လို့ ဖြစ်မလား"
"ဖြစ်ပါတယ် ခင်ဗျာ့"
"ဟုတ်ပြီ"
သူသည် အိတ်အတွင်းမှ စာရွက်အလွတ် တစ်ခုကို ထုတ်ယူသည်။

ဘောလ်ပွိုင့်ဖြင့် ဂဏန်းခြောက်လုံးကို ရေးချလိုက်သည်။
ဇင်က သူ့အပြုအမူကို စောင့်ကြည့်နေသည်။
သူ၏ မျက်နှာမှာ တင်းမာဆဲ ဖြစ်သော်လည်း သည်တစ်ခါ တင်းမာမှုမှာ သိန္နိဌာန်ကြောင့် ဖြစ်ကြောင်း ဇင် သဘောပေါက် မိသည်။
"ကောင်းပြီ ဇင် မြိုင့်ကို ဇင်ကိုယ်တိုင်ပဲ ပြောမယ် ဟုတ်လား။ ဒါကိုယ့်အိမ်ရဲ့ တယ်လီဖုန်းနံပါတ်ပဲ။ အခုချိန် ဆိုရင် မြိုင် တယ်လီဖုန်းဘေးမှာ ရှိနေမှာပဲ"
ဇင်သည် စာရွက်ဖြူပေါ်မှ ဂဏန်းခြောက်လုံးကို ကြည့်ကာ ငိုင်နေသည်။
စိတ်ထဲမှာ အပြင်းထန်ဆုံး လှုပ်ရှားနေသည် အမှန်ပင်။

"ဇင် ပြောတာ မှန်ပါတယ်၊ မြိုင့်ကို ဖွင့်ပြောဖို့သတ္တိ ကိုယ့်မှာ မရှိတာ အမှန်ပါပဲ။ မြိုင်နဲ့ ပတ်သက်ပြီး  ကိုယ်ပြောခဲ့တဲ့ စကားတွေ အနက် အမှန်တွေ ပါသလို မုသား တစ်ချို့လဲ ပါခဲ့ပါတယ်။ ကိုယ်တို့ အိမ်ထောင်ရေး ဘ၀ဟာ သေနေခဲ့ပြီ ဆိုတာတော့ အမှန်ပါ။ ညိုမာ့ကို မွေးဖွားပေးခဲ့ပြီးကတည်းက သူ့မှာ နှလုံးရောဂါ ရှိနေတယ် ဆိုတာ သိခဲ့ရတယ်။ သာယာမှု ပေးနိုင်စွမ်းမရှိတဲ့ အိမ်ထောင်သည် တစ်ယောက် အနေ နဲ့ သူဟာ ကိုယ်က ဘယ်နေ့ကွာရှင်းခွင့်တောင်းမလဲဆိုတာကို တထိတ်ထိတ်နဲ့ စောင့်နေခဲ့ရရှာတယ်။ မြိုင်ဟာ ကိုယ့်ဘ၀ ကို ပြုစုပျိုးထောင်ပေမယ့် ကိုယ့်အပေါ် မမောက်မာခဲ့ရှာ ပါဘူး။ ထဘီရေသီနား ခိုစားတဲ့ အဖြစ်မျိုး မဖြစ်ခဲ့ပါဘူး။

ဒါကို ဇင့်ရှေ့မှာ ကိုယ်ပြောပြမိတာ ကတော့ စည်းရုံးရေး သက်သက်အတွက် သာ ဆိုပါတော့၊ ကိုယ်ဟာ ငယ်ရွယ် ပါသေးတယ်၊ ကျန်းမာသန်စွမ်းပါသေးတယ်၊ အိမ်ထောင်သုခ ရချင်သေးတယ်။ ဇင့်ကို ကိုယ် တကယ်ချစ်ပါတယ်၊ လက်ထပ်ချင်တယ်။ ဘ၀တစ်ခုကို ပြန်ပြီး အစပျိုးချင်တယ်။ ဒါပေမယ့် မြိုင့်ကို ကိုယ် သနားတယ်။ မြိုင်ဟာ စောစောက ပြောသလို ကရုဏာသက်စရာ ကောင်းတဲ့ မိန်းမတစ်ယောက်ပါ။ ဒါပေမယ့် အခုတော့ ကိုယ့်ဘက်က ၀တ္တရားကျေခဲ့ပြီလို့ အောက်မေ့ပါတယ် ဇင်။ ဘာကြောင့်လဲဆိုတော့ ညိုမာ့ ကို မွေးဖွားပြီးတဲ့နောက် ဆယ်နှစ်လုံးလုံး ကိုယ်သည်းခံနေခဲ့တယ်။ စည်းစောင့်ခဲ့တယ်။ ဒါဆိုရင် မြိုင့်ဘက် ကလဲ ကျေနပ်သင့်လောက်ပြီလို့ ထင်တယ်။ ကိုယ့်ကို ကွာပေးပါလို့တော့ ကိုယ့်ပါးစပ်က မပြောရက် နိုင်တာ အမှန်ပါ"
စကားအဆုံးအတွင် နှစ်ယောက်လုံး ငြိမ်နေကြသည်။

တစ်ယောက်ကို တစ်ယောက် စူးစိုက်ကြည့်နေမိကြသည်။
ဇင်၏ စိတ်ထဲမှာ တွေဝေသွားသည်။
ထိုင်းမှိုင်းသွားသလို ခံစားရသည်။
ဒေါ်ခင်မြိုင် ကို ကရုဏာမသက်ဘဲ မနေနိုင်။ ဦးတင်မောင်သန့်ကိုလည်း စာနာမိသည်။
သို့ပေမယ့် … ဇင် ဘာလုပ်ရမလဲ။
ဇင်သည် သေရေးရှင်ရေးတမျှ အရေးကြီးသော အဆုံးအဖြတ်ကို ပြုရပေတော့မည်။
ဇင်သည် နှုတ်ခမ်းကို တင်းကြပ်စွာ ကိုက်လိုက်သည်။

ထိုင်ရာမှ ထရပ်လိုက်သည်။
စာရွက်ပိုင်းကလေးကို ကောက်ယူလိုက်သည်။
ဇင် တယ်လီဖုန်းရှိရာသို့ လာသောအခါ သူသည် နောက်မှ လိုက်လာခဲ့သည်။ စာရွက်ပိုင်းတွင် ပါသော နံပါတ်ခြောက်လုံး ကို သိသိသာသာ တုန်ယင်နေသောလက်ဖြင့် လှည့်လိုက်သည်။
ဦးတင်မောင်သန့် သည် လည်ပတ်နေသော ဒိုက်ကွက်ကို မျက်ရည်အ၀ဲသားနှင့် စိုက်ကြည့်နေ သည်။

ယခု တော့လည် ဇင်သည် မိမိကိုယ်မိမိ ပဆစ်ဝိုင်း တစ်ဝိုင်းမှာ ပါဝင်လာရပြီဟု ထင်သည်။ အဓိက ယှဉ်ပြိုင် ကစား ရမည့် လက်ရွေးစင်တစ်ယောက် ဖြစ်လာခဲ့ပြီ။
ပထမတစ်ကြိမ်တုန်းကတော့ ဇင်သည် ပေါ့လျော့ခဲ့သည်။ ပြိုင်ဘက်ကို အထင်သေးခဲ့သည်။ ထို့ကြောင့် လည်း ထို ပွဲ တွင် ဇင် မရှုမလှ အရေးနိမ့်ခဲ့သည်။
ယခုတော့ ပေါ့၍ မဖြစ်။
အထင်သေး၍ မဖြစ်။
ဇင့်မှာ အရှုံးခံနိုင်စွမ်း မရှိတော့ပြီ။

ပဆစ်ဝိုင်းမှာ ထိုင်မိမှတော့ ပဆစ်ကစားသူတို့၏ ထုံး ကို နှလုံးမူရတော့မည်။
ပဆစ်ကစားနည်းဆိုသည်က အခြား ကစားနည်းတွေထက် ရက်စက်သည်။ ကျားတစ်ကောင်ဆုံး လျင် တစ်မြုံ လုံး ဆုံးရှုံးရခြင်း ဖြစ်သည်။
"အထိုင်" အိမ်မှာ မြဲဖို့နှင့် "ကျစ" မထောင်မိအောင် ကြိုးစားရမည်။
သည်ကစားနည်း၏ အဓိကမှာ အကွက်များများ "ပြေး" ဖို့ထက် တစ်ဘက်က ကျားကို "သတ်" ဖို့က အရေးကြီး ဆုံး ဖြစ်သည်။
ကိုယ်က သတ်နိုင်ပါမှ။

မသတ်လျှင်တော့ ကိုယ်အသေ၊ ကိုယ်အရှုံး။
ပဆစ်ဝိုင်းမှာ …
သနား၍ မရ။
ညှာ၍မရ။
ကြင်နာ၍ မရ။
ကရုဏာထား၍ မရ။
ပဆစ်ဝိုင်း ရောက်မှ တော့ ပဆစ်ကစားသမား ၏ အသည်းနှလုံး အတိုင်း ကျင့်သုံးရတော့မည်။

သည်တော့ ဇင်သည် မိမိကိုယ်ထက် မည်သူ့ကိုမျှ ကရုဏာ မပွားနိုင်တော့ပါ။ ညှာတာမနေနိုင် တော့ပါ။ နောက်ဆုတ် ၍ မရနိုင်တော့ပါ။
လက်ထဲမှ တယ်လီဖုန်းခွက်သည် ရှိရင်းစွဲထက် လေးလံလာသည် ထင်မိသည်။  လျှောထွက်သွား တတ်သော အရာ အလား တင်းကြပ်စွာ ဆုပ်ကိုင်ထားမိသည်။
တစ်ဘက်မှ စကားပြောခွက်ကို ကောက်ယူလိုက်ဟန်နှင့် အသံပေါ်လာသည်။
"ဟယ်လို x x x"
"ဟယ်လို x x x"
"ဒေါ်ခင်မေမြိုင်ပါလား x x x"
"ကျွန်မ x x x ကျွန်မနာမည် မသက်ဇင်ပါ။ x x x အစ်မကြီးနဲ့ တိုက်ရိုက်တွေ့ရတာ ၀မ်းသာပါ တယ် x x x။ ကျွန်မမှာ ပြောစရာ စကားတစ်ချို့ ရှိပါတယ် x x x အစ်မကြီး ရဲ့ ခင်ပွန်း ဦးတင်မောင်သန့် နဲ့ ပတ်သက် လို့ပါပဲ x x x သူ အခု ကျွန်မနဲ့အတူ ရှိနေပါတယ် x x x သူကဘဲ တယ်လီဖုန်း အဆက်ခိုင်းတာပါ x x x မသက်ဇင် သည် အတန်ကြာ ဆိုင်းသွားသည်။ ညည်းညူ သလို၊ သက်ပြင်းရှိုက်သလို အသံအနေအထားနှင့် ပြောလိုက်သည်။ "သူ … သူက အစ်မကြီးကို ကွာရှင်းပြတ်စဲချင်ပါတယ်တဲ့ x x x ပြီးရင် ကျွန်မ … နဲ့ … လက်ထပ် ချင် ပါတယ်တဲ့ x x x"
 
"အပိုင်းနှစ် ဒေါ်ခင်မေမြိုင်၏ ဆယ်စုနှစ်များ"

    ဓူဝံကြယ် မြေမှာ ခကြွေ
    ကောင်းကင်မှာ နေလတွေ ကွယ်စေ
    မြမြင့်မို ပြိုအက်ကာကြွေ …
    သွေကွယ်မယ်စိတ်ဝယ်မသွေ
    ချစ်တဲ့သူ အမူတုန်းကလေးက
    တိမ်စင်လနယ် အလှကြွယ်ရှာပေ
    ကြာကြာနေ မရိုးတဲ့အပြင်
    ဆထမ်းပိုးတိုးတဲ့ အချစ်တွေ
    ကမ္ဘာမြေ သင်္ချေလဲတောင်
    မခွဲပေါင် တောင်းဆုကိုခြွေ
    သက်ဝေ … ချစ်မက်မပြေပါလေ …

ပြည်လှဖေ-မေရှင်
(ခေတ်ဟောင်းတေးပုဒ်)


တစ်စုံတစ်ယောက်သည် မြစ်ကမ်းနား၌ ထိုင်ကာ မြစ်အတွင်း စူးစိုက်ကြည့်နေခဲ့မည်ဆိုလျှင် မြစ်အတွင်း စီးဆင်းသွားသည့် အလျင်မပြတ်သော ရေစီးကြောင်းကို မြင်ရမည်။ အမှိုက်သရိုက်နှင့် ဗေဒါများ မျောပါ သွားသည်ကို တွေ့ရလိမ့်မည်။ သင်္ဘောမှအစ လှေသမ္ဗာန်များ စုန်ဆန် ကူးခတ် သွားသည်ကိုလည်း တွေ့ရ လိမ့်မည်။
သို့သော် … မြစ်ရေအလျဉ်သည် ဘယ်နေရာမှ အစပျိုးကာ ဘယ်နေရာတွင် မြစ်ကျဉ်းနှင့် ဆုံပြီး၊ ဘယ် နေရာ မှာ မြစ်ပြင်ကျယ်ကာ ဘယ်နေရာမှာ လှိုင်းတံပိုးထခဲ့သည်ကိုမူ သိချင်မှ သိရပေလိမ့် မည်။
အိမ်မှုကိစ္စ တွေ၊ လင်မှုသားမှုတွေနှင့် ရှုတ်ပွနေသော မြိုင်တို့လို အိမ်ထောင်သည် မိန်းမ တစ်ယောက် အဖို့ မှာမူ ခေတ် ကို ကြည့်မြင်ရာ၌ မြစ်ကမ်းပါးမှနေ၍ မြစ်အတွင်း ထိုင်ကြည့်နေခဲ့ရ သည့် သူလိုသာ ဖြစ်သည်။

ဆယ်စုနှစ်များသည် မိမိရှေ့မှ မျောပါစီးဆင်းသွားသည့် ရေအလျဉ်သာ ဖြစ်သည်။ မိမိအား ဖြတ်သန်း သွားကြ သည့် အမှတ်မထင်သော အရိပ်များသာ ဖြစ်သည်။

ကျွန်မ နာမည် မသက်ဇင်ပါ x x x ကျွန်မမှာ ပြောစရာ စကား တစ်ချို့ ရှိပါတယ် x x x ဦးတင်မောင်သန့်နဲ့ ပတ်သက်လို့ပါပဲ x x x သူအခု ကျွန်မနဲ့ အတူရှိနေပါတယ် x x x သူက အစ်မကြီးကို ကွာရှင်းပြတ်စဲချင်ပါတယ်တဲ့ x x x ပြီး … ကျွန်မနဲ့ လက်ထပ်ချင်ပါတယ်တဲ့ x x x
ယင်းစကားစုများ ကို ဒေါ်ခင်မေမြိုင်သည် အိပ်မက်ထဲမှာ ကြားလိုက်ရသည်ဟု ထင်သည်။
ချိုသာ နူးညံ့သော မိန်းမသံတစ်ခု ဖြစ်သော်လည်း နားမှာ ခါးသီးပူလောင်သွားသည် ထင်မိ၏။
တစ်ဘက် မှ စကားပြောခွက်ကို အလျင်ချသွားသည်။ တယ်လီဖုန်းလိုင်းမှာ အသံ တိတ်သွားသည်။

"ဟယ်လို" ခေါ်လိုက်မိသေးသည်။ သို့သော် တစ်ဖက်ကသာ စကားဆက်ပြောခဲ့မည်ဆိုလျှင် စကားသံ များ ကို မိမိ ကြားနိုင်စွမ်း ရှိလှမည် မဟုတ်ကြောင်း သိနေသည်။
မီးခိုးရောင် တယ်လီဖုန်းခွက်ကို ၎င်း၏ ပုခတ်ချိတ်အပေါ်သို့ ပြန်ချထားလိုက်သည်။
အဘယ်ကြောင့် မှန်းမသိ။ မြိုင် သည် အစဉ်လို မှေးမှိန်သော အရောင်များကို နှစ်ခြိုက်လေ့ ရှိသည်။ မီးခိုးရောင် ကတော့ အနှစ်ခြိုက်ဆုံး ပေါ့။ အပြာနုနုတွေ၊ ဖက်စိမ်းနုနု တွေ၊ ခရမ်းနုနု ကလေးတွေ ဆင်ယင် လေ့ ရှိသည်။ အိမ်မှာ ခန်းဆီးတွေ၊ ဆိုဖာအဖုံး တွေဆိုလျှင်လည်း သည်အရောင်ချည်း။
တစ်ချို့ ကတော့ မြိုင်၏ အိမ် အဆင်အယင်ကို အလွန်နှစ်ခြိုက်မိသည်ဟု ဆိုကြသည်။
"မြိုင့်အိမ်ထဲ ၀င်လိုက်ရင် အေးချမ်းသွားတော့တာပဲကွယ်" ချီးကျူးသည်။

တစ်ချို့အဖို့ကတော့ တကယ်စိတ်ပါလက်ပါရှိ၍ ဖြစ်ကောင်း ဖြစ်မည်။ တစ်ချို့ကတော့ မြှောက်ပင့် ပြောခြင်း သာ ဖြစ်မည်။
သို့သော် အားလုံးက တစ်ညီတစ်ညွတ်တည်း သတ်မှတ်ထားကြသည်မှာတော့ မြိုင်သည် အိမ်ရှင်မကောင်း တစ်ယောက် ဖြစ်သည်ဆိုခြင်းပင်။
မြိုင်သည် တစ်ပတ် တွင် ခန်းဆီးနှင့် ဆိုဖာဖုံးများကို သုံးကြိမ်လဲနေကျ။
အိမ်ကြမ်းပြင်များသည် ထာဝစဉ် ပြောင်လက်နေပြီး သဲတစ်ပွင့်၊ အမှိုက်တစ်စ မမြင်ရတတ်ပေ။ ဧည့်ခန်း၊ အိပ်ခန်း၊ မီးဖိုခန်း စသည်တို့တွင် ပစ္စည်းများကို နေရာချထားရာ၌ အစီအစဉ် စနစ်တကျ ရှိသည်။ သူ့နေရာ နှင့် သူ ကြည့်ကောင်းလှသည်။

အလှစိုက် ပန်းအိုးတွေမှာ အစဉ်လို ပန်းများ ဝေေ၀ဆာဆာ ရှိနေတတ်သည်။ ပန်းအလှပြင် ပညာ ကို တကူး တကန့် မသင်ယူခဲ့ပေမည့်လည်း လူတွေက ဂျပန် ပန်းအလှပြင်ဆရာမ၏ လက်ရာများ နှင့် နှိုင်းယှဉ် ပြောတတ် ကြသည်။
တစ်ခါတစ်ရံတွင် မြိုင်တို့ အသိမိတ်ဆွေများအား ထမင်း ဖိတ်ကျွေးကြသည်။ မြိုင်၏ လက်ရာ ကို ခံတွင်း တွေ့ သွားကြသည်သာ ဖြစ်သည်။ အထူးသဖြင့်တော့ ကိုကို့ သူငယ်ချင်းများ၏ အရက်ဝိုင်း တွင် မြိုင်စီစဉ် ပေးသော အမြည်း များ မှာ လက်ရာမြောက်လှသည်ဟု အဆို ရှိသည်။

"ခင်ဗျားဟာ တကယ့် အိမ်ရှင်မကောင်းတစ်ယောက်ကို ရထားတာပဲ ဦးတင်မောင်သန့်"
လူတို့ အားကျ ချီးမွမ်းကြသည်။
မှန်ပါသည်။ မြိုင်သည် အိမ်ရှင်မကောင်းတစ်ယောက်သာ ဖြစ်ပါသည်။ အိမ်နှင့် အချိန်ကုန်နေရ သော မိန်းမ တစ်ယောက် သာ ဖြစ်ပါသည်။ မြိုင်ဘ၀၊ မြိုင့်ပတ်ဝန်းကျင်သည် အိမ်ပဲ ရှိသည်။
မြိုင့် တွင် ခင်တွယ်စရာဟူ၍ အိမ်ပဲ ရှိတော့သည် မဟုတ်လား။
သူတို့ မြိုင့်ကို အိမ်အပြင်ပ သို့ ခေါ်ထုတ်မသွားကြသည်မှာ ကြာပြီ။
မြိုင်သည် တစ်ချက် ရှိုက်လိုက်လေသည်။ လိမ့်လျှောကျလာသည့် မျက်ရည်ကို လက်ကိုင်ပ၀ါနှင့် တို့ယူ လိုက်သည်။

အချိန်က ရှစ်နာရီခွဲသာ ရှိသေးသည်။ အိမ်ဖော်များကို အနားပေးထားခဲ့ပြီး မြိုင်ကိုယ်တိုင်ကတော့ အိပ်ရာထဲ သို့ ရောက်နေရပေပြီ။ တယ်လီဖုန်းကို ခုတင်ခေါင်းရင်း မီးအုပ်ဆောင်းတင်သည့် စားပွဲမှာ တင်ထားသည်။
ကိုကို့ ထံမှဖြစ်စေ၊ သမီး ထံမှဖြစ်စေ တယ်လီဖုန်းခေါ်ခဲ့လျှင် အလွယ်တကူ ပြန်ထူးနိုင်အောင် ဖြစ်သည်။ သို့မဟုတ်    ကိုကို အရက်မူးလွန်ပြီး ကားချင်းတိုက်မိ မှာ၊ ကားမှောက် မှာ၊ ကလပ် သို့မဟုတ် ဟိုတယ် သို့မဟုတ် စားသောက်ဆိုင် တွေမှာ ရန်ဖြစ်မှာ ကို သတင်းရနိုင်ရန် ဖြစ်သည်။
သို့မဟုတ် သမီးညိုမာ အန္တရာယ် တစ်စုံတစ်ရာ နှင့် ကြုံရမှာ၊ သူငယ်ချင်း အိမ်မှာပဲ အိပ်လိုက်တော့ မယ် ပြောလာ မှာကို စောင့်နားထောင်ဖို့ ဖြစ်သည်။

သည်အလေ့အကျင့် ကို မြိုင်နှစ်ပေါင်း အတော်ကြာကပင် ရခဲ့သည်။ သည်တာဝန် ကို မနှစ်ခြိုက်ပါ ဘဲလျက် အပ်နှင်း ခံထားရသည်။ မြိုင့်အဖို့ တစ်ခြားလုပ်စရာ များများစားစား ရှိလှသည်လည်း မဟုတ်ပါ။
အစ ကတော့ မြိုင့်တွင် ထမင်းဝိုင်း မှာ လူစုံမှ ညစာစားတတ်သော အလေ့အကျင့် ရှိခဲ့သည်။ ယခု တော့ ထမင်းဝိုင်း တွင် ကိုကိုနှင့်ရော သမီးနှင့်ပါ မျက်နှာချင်း မဆိုင်မိကြသည်ပင် ကြာပြီ။ ကိုကိုက အိမ်တွင် စားသောက်လေ့ မရှိလှပေ။ မိတ်ဆွေ တွေ အပေါင်းအသင်း တွေ နှင့် ဟိုတယ် မှာသာ စားလေ့ရှိသည်။

သမီးညိုမာကတော့ သူငယ်ချင်းအိမ်မှာ ကြုံသလို စားသည်။
သည်တော့ မြိုင်သည် ထမင်းကို စောစောစား ဖြစ်သည်။ ဆရာဝန် က အဆာမခံရန် တိုက်တွန်း ထားသည်။ မြိုင် ၏ ထမင်းဝိုင်း သည် ဟင်းအမယ် အဘယ်မျှ စုံစေကာမူ ငြိမ်သက်တိတ်ဆိတ်ကာ ခြောက်သွေ့နေမြဲ ဖြစ်သည်။
ထမင်းစားပြီး ပန်းခြံထဲ ခဏတစ်ဖြုတ် လမ်းလျှောက်ရင်း၊ ပန်းပင်ပန်းအိုးတို့ကို အညောင်းအညာ ပြေ ပြုပြင် ရင်း အမှောင်သန်း လာတော့သည်။
မြိုင်သည် ဘုရားဆောင်သို့ ရောက်လာသည်။ သောက်တော်ရေချမ်း ကပ်သည်။ ဘုရားရှိခိုးသည်။ အမျှအတန်း ဝေသည်။

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

Saturday, January 1, 2011

ပဆစ်အိမ် အပိုင်း (၂၃)

အပျင်းပြေသဘောနှင့် ဟောလီးဝုဒ် ကစားကြသည်။
ဇင် နိုင်သည်။
သူက ဖဲချပ်များကို စိတ်ပျက်စွာ ဖြန့်ကြဲပစ်သည်။ ဖဲချပ်အချို့ကို မီးရှို့သည်။ ဖယောင်းတိုင် ၀ိုင်းဝိုင်းလည် နေသည့် အကြားမှာ ဖဲချပ်တွေပေါ်မှာ ချစ်ကြတော့ ဇင်သည် မိမိအဖြစ်ကို ရယ်ချင် သလို ရှိလာသည်။
"လိုင်ဇာမင်နယ်လီ" ပါသော "Cabaret" ရုပ်ရှင်ကားကို သတိရမိသည်။
ထိုရုပ်ရှင်ကားကို မကြာမီကမှ ဇင် ကြည့်ဖြစ်ထားသည်။

"ဇင်တို့အဖြစ်က ကဘရေး ရုပ်ရှင်ထဲကလိုနော်"
"အစစ်ပဲဇင်၊ ပျော်စရာ ကောင်းလိုက်တာကွာ၊ ဒီညကို ကိုယ့်တစ်သက် မေ့မှာ မဟုတ်တော့ဘူး"
သည်နောက် ဇင်တို့ သောင်ယံတို့ ဆင်းလာကြသည်။ ပင်လယ်ကို မျက်နှာပြုကာ ထိုင်ကြသည်။
လရောင်အောက်တွင် လှိုင်းခေါင်းဖြူတို့ လိမ့်လူးတက်လာကြသည်။ လေတိုးနေသည်။ ဇင်၏ ဆံပင်သည် လေတွင် လွင့်မျောနေသည်။
နဂါးငွေ့တန်းသည် နို့နှစ်များလို ကောင်းကင်ပြာထဲမှာ ဖွေးနေသည်။

ရေတွက်၍ မဆုံးနိုင်သော ကြယ်ပွင့်များသည် ကတ္တီပါ အပြာထဲမှ စိန်ပွင့်တွေကြဲထားသလို တဖျပ်ဖျပ် တောက်ပ လင်းလက်နေသည်။
"ဒါထက် မေးရဦးမယ်၊ ကိုယ် ဒီကိုလာတာ ကိုယ့်ဇနီးသိသလား ဟင်"
"မသိပါဘူး၊ ကိုယ်က တလောက ဆုံးသွားတဲ့ အဒေါ်ရဲ့ အမွေကိစ္စအတွက် မန္တလေး သွားမယ်လို့ ပြောထား ခဲ့တယ်"
"ယောက်ျားတွေဟာ အတော်ဥာဏ်များသားနော်"
သည်ကစပြီး ဇင်တို့ အနာဂတ်အတွက် စီမံကိန်းများကို စကား စဖြစ်ခဲ့ကြသည်။

"ကိုယ့်အဒေါ်က အပျိုကြီး၊ သွေးအရင်းဆုံး ဆိုလို့ ကိုယ်ပဲ ရှိတယ်။ အစကတော့ ကိုယ်တို့ မျိုးရိုး ထုံးစံအတိုင်း ခပ်မွဲမွဲ ပါပဲ။ နောက်တော့မှ ပွဲရုံအလုပ်နဲ့ ကြီးပွားလာတယ်။ ကိုယ့်အတွက် အမွေတွေ ချန်ထားနိုင်ခဲ့တယ်"
"အမတေ ရှိရာ စု ဆိုသလိုပေါ့နော်၊ ချမ်းသာတဲ့ သူတွေအတွက် ပိုပြီး ချမ်းသာဖို့ ကြံဖန်ဖြစ်လာတာ ပဲ။ သူဌေး ကို ထီရွေးပေါက်သလိုပဲ"
"ဒါကြောင့်လဲ မြိုင်နဲ့ ကွာရှင်းပြတ်စဲလိုက်ဖို့ ကိုယ် သတ္တိရှိလာတာပေါ့ ဇင်"
"ဒီကိစ္စကလဲ ပြီးပြီးပြတ်ပြတ် ဖြစ်ဖို့တော့ ကောင်းနေပြီ ထင်ပါတယ်"
"ဒီက အပြန်မှာ ကိုယ် ဖွင့်ပြောဖို့ စိတ်ကူးပြီးသားပါ"
"သူက သဘောမတူခဲ့ရင်ကော"

"သူ သဘောတူမှာ သေချာပါတယ် ဇင်၊ ဒါကြောင့်လဲ ကိုယ် အာမခံရဲ နေခဲ့တာပေါ့"
သူ့စီမံကိန်း ထဲတွင် ဇင့်ကို အဆောင်မှာ ဆက်မနေစေချင်တာတွေ ပါသည်။ ၀ါဏိဇ္ဇမှ ထွက်စေချင် သည်။ ဇင့်သမီး နှင့် သားကို ရန်ကုန်က ကျောင်းကောင်းကောင်းမှာ ထားပေးချင်တာပါသည်။ သူတို့ နောင်ရေး အတွက် ဘဏ် မှာ ငွေများများစားစား အပ်ပေးထားမည့် ကတိကိုလည်း ရသည်။
သူက အနာဂတ်ရေးအတွက် အလေးအနက် ထားသည်ကို တွေ့ရတော့ ဇင် ၀မ်းသာပါသည်။ ဇင်က စပေးရခြင်း မဟုတ်ဘဲ သူ့အလိုလို ပြောလာခြင်းမှာ ကျေနပ်စရာ ကောင်းပါသည်။
တကယ်ပဲ ဇင် သည် ဘာကိုမျှ မတောင်းဆိုခဲ့။ သူပြောသမျှကိုသာ အင်းလိုက်ခဲ့သည်။

တကယ်တော့လညး ဇင် သူ့ကို လိုက်လျောခဲ့သည်မှာ တောင်းဆိုဖို့ မဟုတ်။ လောဘကြောင့် မဟုတ်။ ချစ်ခြင်း သက်သက်အတွက်ဟုလည်း မပြောချင်ပါ။
ဇင့်အသက်အရွယ် အတွေ့အကြုံ အချစ်ဆိုသည်မှာ သီးခြားဆန်သော စိတ်ကူးယဉ်မှုသာ ဖြစ် သည်။ စိတ်ကူးယဉ် ချင်းယဉ်လျှင် တည်ငြိမ်သော ဘ၀တစ်ခုကို တည်ဆောက်ရန်အတွက်သာ ဖြစ်သင့်သည် ထင်ပါ၏။

ဒီရေ အမြင့်ဆုံး တက်လာပြီ လေအလွန် ထန်လာသော ကာလမှာ ဇင်တို့ သဲသောင်ပြင်ပေါ်မှာ ထလိုက်ကြ သည်။
ဇင် နှုတ်ဆက် နေမိပါသည်။
ငွေကြယ်ပြည့်ကာ လ၀န်း ထွန်းလင်းနေသည့် ငပလီ၏ နက်ပြောင်ရောင် မိုးကောင်းကင် …
လိမ့်လူး ပြေးတက်လာတတ်သည့် လှိုင်း …
ဝါဖန့်သော ကမ်းခြေသောင်ပြင်နှင့် စိမ်းညိုသော အုန်းပင်တန်းများ …

ငပလီမှ ပြန်လာပြီ ဆိုသောအခါ ဇင့်မှာ အိပ်မက်မှ လန့်နိုးလာသူလို ဖြစ်သည်။
အပျော်ခရီး တစ်ခုမှ ပြန်လာပြီးနောက် ပျော်ခဲ့သမျှကို ပြန်လည် တွေးကာ နေရသည့်ပမာ ဖြစ်သည်။
မောင်ပို နှင့် ရွှေကျားပုံပြင်လိုပါပဲကလား။
ကြားဖူးမည်တော့ ထင်သည်။ သို့သော် ထပ်ပြောပါရစေဦး။

မောင်ပိုအမည်ရှိ ကလေးငယ်တစ်ယောက်သည် လှောင်ချိုင့်အတွင်းမှာ မိပြီး အစာငတ် ရေငတ် ဖြစ်နေသည့် ကျားကို သနားသောကြောင့် လှောင်အိမ်မှ လွှတ်ပေးလိုက်သည်။
ကျားက အစာဆာလွန်းနေသည်ဖြစ်၍ မောင်ပိုကို စားမည်ဟု ကြိမ်းဝါးသည်။ မောင်ပိုက ကျေးဇူး တရားကို ထောက်ထား၍ မစားရန် တောင်းပန်သည်။
ကျေးဇူးတရားကို ထောက်ထားသင့် မထောက်ထားသင့် ဆုံးဖြတ်ပေးမည့် တရားသူကြီးကို ရှာကြ သည်။

ပထမ ညောင်ပင်ကို မေးသည်။  ညောင်ပင်က လူတို့ ကျေးဇူးတရား မရှိပုံကို သူ့အရိပ်ခိုကာ သူ့ အခက် များကို ချိုးကြသည့် သာဓက ပြောသည်။ ကျားသည် မောင်ပိုကို စားသင့်သည်ဟု ဆုံးဖြတ် သည်။
တစ်ဖန် ကျွဲခေါင်ရိုးကို မေးသည်။ ကျွဲခေါင်းရိုးကြီးက လူတို့သည် သူမကို တစ်သက်တလုံး လယ်ယာ လုပ်ငန်း ၌ ခိုင်းခဲ့သည်။ အိုမင်းမစွမ်း ရှိလာသောအခါ ကျေးဇူးတရားကို မထောက်ထားဘဲ သတ်စား လိုက်ကြသည့်အကြောင်းကို ဥပမာပေးသည်။  ကျားသည် မောင်ပိုကို စားသင့်သည်ဟု ဆုံးဖြတ်သည်။

အဆုံးတွင် ယုန်ပညာရှိထံ ရောက်လေသည်။ ယုန်ပညာရှိက အခင်းဖြစ်သည့် အချိန်က ဘယ်သူ ဘယ်နေရာ မှာ ရှိသည်ကို ကျကျနန သိချင်သည်ဟု ဆိုသည်။
သို့ဖြင့် လှောင်အိမ်ရှိရာသို့ လာကြသည်။ ကျားက သူ လှောင်အိမ်ထဲမှာ သည်လိုရှိသည်ဟု သရုပ် သဏ္ဍာန် ပြသည်။ ယုန်ပညာရှိ က မောင်ပိုအား လှောင်ချိုင့်ကို ပိတ်လိုက်စေလေသည်။
ပုံပြင် က သည်သို့ အဆုံးသတ်သည်။

"ကျားသည် လှောင်အိမ်အတွင်း ရောက်ရှိသွား၍ မောင်ပိုင်သည် ရွာသို့ ပြန်ကာ၊ ယုန်ပညာရှိသည် တောသို့ ၀င်လေသတည်း" ဟူ၍ ဖြစ်သည်။
ယခုလည်း သည်သို့ပင် ဖြစ်သည်။
ရန်ကုန်သို့ ပြန်ရောက်သောအခါ ဇင်သည် အဆောင်သို့ ပြန်ကာ၊ ဦးတင်မောင်သန့်သည် အိမ်သို့ ပြန်လေ သတည်း။
ထိုအခါကျမှ ဇင့်မှာ တုန်လှုပ်ချောက်ချားရမှုတွေ ရှိလာတော့သည်။ စိုးရိမ်ပူပန်မှုတွေ ဖြစ်ပေါ်လာရ တော့ သည်။
ယခုတော့လည်း သူနှင့် ဇင့်အကြောင်းမှာ ကြေညာမောင်းမခတ်ရဘဲ ရပ်သိရွာသိ ဖြစ်ခဲ့ရပေပြီ။

မေမေလည်း သိခဲ့ပြီ။
အလုပ်ထဲ က လုပ်ဖော်ကိုင်ဘက်တွေကလည်း သိခဲ့ပြီ။
အဆောင်နေတို့ အဖို့ကတော့ ပြောစရာ မလိုတော့ပါဘူး။ မကြည့်ချင် မြင်နေလျက် ဆိုသလို ဖြစ် သည်။
သူ့ ထံမှ တယ်လီဖုန်းလာတာတွေ၊ သူ့ကား အဆောင်ရှေ့မှာ ရပ်လာတာတွေ၊ သူနှင့် တွဲထွက်သွား တာတွေ မမြင်ချင် အဆုံး။ မတွေ့ချင်အဆုံး။
မေမေက ကိစ္စ မရှိဘူး ထား။

အဆောင်မှာတော့ သတင်း ကျော်စောသည်နှင့် အမျှ အတင်းအဖျင်းတွေလည်း ပါလာသည်။
အချို့ကတော့ မဲ့ရွဲ့ကဲ့ရဲ့ကြသည်ပေါ့။ မနာလို ၀န်တိုသည်ပေါ့။
အတည် ယူမှာ မဟုတ်ပါဘူး၊ အငြီးပြေသာ သဘောထားမှာပါ၊ ယူသည့်တိုင် အဆွယ်အမြှောင်သာ ဖြစ်မှာပါ ဆိုသော စကားကို နော်ရာ က ကြားလာသည်။
ဇင့်ဘက်က မခံချိ။
နော်ရာ သည် ဇင့်ကို ခင်မင်ကာ ဇင့်အကျိုးကို လိုလားသူ ဖြစ်သည်။

"ရှင်းရှင်းလင်းလင်းဖြစ်ဖို့ ကောင်းပြီ ဇင်" သတိ ပေးခဲ့သေးသည်။
အဆောင်ပိုင်ရှင် ကပင် ဇင့်ကို ခေါ်၍ သတိပေးလာသည်။
"မသက်ဇင့် သတင်းတွေ ကြားရတာ ခုတလော မကောင်းပါလား။ အမှန်တော့ မသက်ဇင်ဟာ တို့များ အဆောင် မှာ သမဏိအရှည်ဆုံးနေလာတဲ့သူ၊ အကျင့်စာရိတ္တနဲ့ ပတ်သက်လို့ စံထားရတဲ့သူ။ ဒီတော့ ကြားရတဲ့ သတင်းစကာတွေ မဟုတ်ပါစေနဲ့လို့ ဆုတောင်းပါတယ်ကွယ်"
ဇင်ကိုယ်တိုင် လည်း သိပါသည်။

သည်ပြဿနာကို အမြန်ဆုံး ရှင်းလင်းနိုင်မှ ဖြစ်မည်ဆိုခြင်းကို သိသည်။
သူနှင့် တွေ့တော့လည်း ဇင့်မှာ နားပူနားဆာ လုပ်ရာကျနေသည်။
အဆောင် မှာ မနေပျော်သည့်အကြောင်းကို ပြောပြရသည်။
"ကိုယ်ကလဲ ဇင့်ကို အဆောင်မှာ မနေစေချင်တာ ကြာပါပြီ။ တိုက်ခန်း သန့်သန့်တစ်ခု ရှာပေးဖို့ အိမ်ပွဲစား တွေကို ပြောထားတယ်။ ဒါမှမဟုတ်လဲ ပါရမီလို သမိုင်းလို နေရာမှာ ခြံဝန်းကျယ်ကျယ်နဲ့ အိမ်တစ်လုံး ၀ယ်လိုက် တာပေါ့"

"အိမ်ခန်းတွေ၊ ခြံဝင်း တွေ အကြောင်း မဟုတ်ပါဘူး၊ အရေးကြီးတာက ကိုယ့်ဘက် ပြတ်ပြတ်စဲစဲ ဖြစ်ဖို့ပဲ၊ ဇင် တို့ လူသိရှင်ကြား လက်ထပ်ကြဖို့ပဲ။ ဒါဆိုရင် ဘယ်မှာ နေရ နေရ အကြောင် မဟုတ်ပါဘူး။ ဇင်တို့အကြောင်း ဒေါ်ခင်မေမြိုင် ကို ဖွင့်ပြောလိုက်ပြီလား"
"မပြောရသေးဘူး၊ ပြောမှာပါ။ ခဏကလေး စောင့်ပါဇင်။ ခဏကလေးပါ။ မကြာခင် အားလုံး ရှင်းသွားမှာပါ။ ဒီအခါ မှာ ကိုယ်တို့ ခမ်းခမ်းနားနား လက်ထပ် ကြတာပေါ့"
"ခန်းနားဖို့ ကလဲ တကယ်တော့ မလိုပါဘူး၊ ဇင်တို့ဟာ ပထမ မှ မဟုတ်ပဲ"
သည်စကားကို သူ သဘောကျဟန် မပြ။

"ပထမ မဟုတ်ဘူးလို့ မပြောစမ်းပါနဲ့"
"နို့ဟုတ်ကော ဟုတ်လို့လား"
"တော်စမ်းပါ ဇင်၊ ဘာပဲဖြစ်ဖြစ် အနည်းဆုံး ကရ၀ိတ်လောကနတ်ဆောင်မှာ လူတစ်ရာလောက် တော့ ဖိတ်ကျွေး ရမှာပဲ၊ အသိအမှတ်တစ်ခုခုတော့ လုပ်ရမှာပဲ။ ကိုယ့်အပေါင်းအသင်း ဇင့် အပေါင်း အသင်း တွေက ရှိသေးတယ် မဟုတ်လား"
"ထားပါတော့လေ၊ စင်စစ် ဒါတွေက ဇင့်အနေနဲ့ အငြင်းပွားစရာ အကြောင်း မဟုတ်ပါဘူး"
ဇင့်မှာ တာဝန်တွေ ပိုလာသည်။

မနက်ပိုင်း သတင်းစာတွေ ရောက်လာပြီး ဆိုလျှင် ကြော်ငြာကော်လံ ကို အလျင် ကြည့်ရသည်။ "ကွာရှင်းပြတ်စဲကြောင်း" ကြော်ငြာတွေမှာ နာမည်တွေ ရှာရသည်။
စင်စစ်မုန်းတီးဖွယ်ရာ ကောင်းသည်အမှန်။ ကွာရှင်းပြတ်စဲကြောင်း ကြော်ငြာတွေ မကြာခဏ တွေ့ရသည်။
သြော်  … လောက်မှာ အိမ်ထောင်ရေး အဆင်မပြေသူတွေ အများသား ပါကလား။
သို့ဖြင့် ဇွန်လ သည် ကုန်ဆုံးသွားသည်။

ဇူလိုင်လလယ်သို့ပင် ရောက်ခဲ့ပြီ။
ဇင်တို့အဖြစ်က ထူးမခြားနား။
မြို့သို့ပြန်တော့ မေမေသည် သည်သတင်းကိုပင် ဆီး၍ ပြောသည်။
"သမီးတို့ ကိစ္စက ဘယ်လိုလဲ၊ ပြီးသွားပြီလား"
"ပြီးသွားပြီလား" ဆိုသည်မှာ တစ်ယောက်နှင့်တစ်ယောက် ကွဲကွာသွားပြီလား၊ ပြတ်တောက်သွား ပြီလားဟု ဆိုလိုကြောင်း ဇင် ရိပ်စားမိပါသည်။
ဇင် အဖြေရ ခက်ခဲ့သည်။ မထူးတော့ပြီမို့  မေမေ့ကို ဇင် နောက်မဆုတ်နိုင်တော့ကြောင်း ဖွင့်ပြော လိုက်ရ တော့သည်။

"သမီး စိတ်ပိုင်းဖြတ်ပြီးဆိုရင်တော့ မေမေ ဘာမှ မပြောလိုတော့ပါဘူး။ သူ့ကိုတော့ မေမေတို့ဆီ ခေါ်လာ ခဲ့ပါဦး၊ ဘယ်တော့ ခေါ်လာမလဲ"
"အမြန်ဆုံး ခေါ်လာပါမယ် မေမေ"
သမီး ဥမ္မာ ကပင် သည်အကြောင်းတွေ သိနေသည်။
"မေမေ လက်ထပ်တော့မလို့ဆို"
"ဟင် … သမီးကို ဘယ်သူ ပြောသလဲ"
"မေမေနဲ့ ဖွားဖွားနဲ့ ပြောတဲ့စကားတွေ သမီးနားထောင်ရင်း ကြားခဲ့တာပါ"
"ဒါ လူကြီးတွေအလုပ်၊ သမီး ၀င်မပါနဲ့"
မအော်ငေါက်စဖူး အော်ငေါက်ခဲ့မိသေးသည်။

မထူးခြားသော အခြေအနေများကြောင့် အဆာင်နေတို့က သူတို့တွက်ကိန်း မှန်ပြီ ထင်ကြသည်။ ၀မ်းနည်းသူ ရှိသလို ၀န်တိုမစ္ဆရိယစိတ်ဖြင့် ၀မ်းသာကြသူတွေကလည်း ရှိနေသည်။
ဇင်ကိုယ်တိုင် သံသယ ၀င်စပြုရပြီ။
စိတ် အလှုပ်ရှားဆုံးကာလသို့ ရောက်ခဲ့ရပြီ။
အဖြစ် က သည်လိုနှင့် ပြီးသွားရမှာလား။ သည်လိုနှင့် နိဂုံးချုပ်ရတော့မှာလား။
ဇင် တစ်ခုခုတော့ လုပ်ရပေလိမ့်မည်။
ဇင်သည် အိမ်ထောင်ရေးမှာ တစ်ကြိမ်တစ်ခါ ရှုံးခဲ့ရဖူးပြီ။ အိမ်ထောင်ရေး ဘ၀ တစ်ခါ ပျက်ခဲ့ရဖူးပြီ။

သည်တစ်ကြိမ်မှာ အဆုံးရှုံး ခံရဦးမည် ဆိုလျှင်တော့ ဇင် လူလာဖြစ်ရသည့်ဘ၀မှာ ဘာအဓိပ္ပာယ် မျှ ရှိတော့ မည် မဟုတ်။
သို့ပေမယ့် ဇင်သည် သူ့ကို  အခါခါ တိုက်တွန်းပြီးဖြစ်နေ၍ ထပ်မံ မတိုက်တွန်းဖြစ်ရန် ကြိုးစားသည်။ နှုတ်ဖျား မှာ ယားနေသော်လည်း နှုတ်ထမ်းကို ကိုက်ကာ စကားသံ ထွက်မလာစေရန် အားထုတ် သည်။
စနေ တစ်နေ့ တွင် ဆုံကြတော့ သူက စပြီး တနင်္ဂနွေနေ့မှာ ဖွင့်ပြောလိုက်တော့မည် ဆိုသည်။ အကျိုး အကြောင်း ကို ထိုနေ့မှာပင် ဖုန်းဆက်ပြီး ဇင့်ထံ အကြောင်းကြားမည် ဆိုသည်။
ဇင် တယ်လီဖုန်းဘေးတွင် တစ်နေ့လုံး ထိုင်နေသည်။

သို့သော် … သူ့ထံမှ တယ်လီဖုန်း မလာ။
နာရီပေါင်းများစွာ ကြာသွားသည်။
ဇင် စိတ်ပျက်လက်ပျက် ဖြစ်ရသည်။
တယ်လီဖုန်း ဘေးမှာ ခွာခဲ့သည်။
ညရှစ်နာရီကျတော့ တယ်လီဖုန်းလာသည်။

ဇင့်အတွက် ဖြစ်သည်။
သူ့ထံမှပင် ဖြစ်သည်။
သူ့ထံမှပင် ဖြစ်သည်။
"ကိုယ်ပါ" ဇင် ဆိုသောအခါ သူ့အသံမှာ လေးလံနေသည်။ "သူငယ်ချင်းတွေ ရောက်လာတာနဲ့ ကိုယ် ဆိုင်မှာ လိုက်ပြီး ပြုစုနေရတယ်"

ဆက်ရန်
.

>>>ဆက်ဖတ်ရန်>>> >>

Thursday, December 30, 2010

ပဆစ်အိမ် အပိုင်း (၂၂)

စာရေးဆရာ တစ်ယောက်က ရေးဖူးသည်။ "ယောက်ျားတို့သည် တစ်ကိုယ်ကောင်းဆံကြသည်" တဲ့။ "မိန်းမ တို့ သည် မိုက်မဲကြသည်" တဲ့။
သိုးဆောင်းစကားနှင့်ဆိုလျှင် "Men are selfish and women are foolish" ပေါ့။
သည်စကား ကို ကြားရစက ဇင်တို့ နာမိခဲ့ကြသေးသည်။

ယောက်ျားတွေတော့ ဟုတ်ချင် ဟုတ်မှာပေါ့၊ မိန်းမတွေကတော့ ဟုတ်မယ် မထင်ပါဘူး စသည်ဖြင့် အငြင်းပွား မိခဲ့ကြသေးသည်။ ထို စာရေးသူကိုပင် မိန်းမတွေကို နှိမ်ရန်ကော အပြစ်ပြောခဲ့ကြသေး သည်။
ယခုတော့ သည်စကားကိုပင် အတည်ယူရမလို ဖြစ်နေသည်။
ဆုံးဖြတ်ချက် ချပြီးကာမှပင် ဇင်သည် မိမိကိုယ်မိမိ မိုက်မဲရာ ကျနေပြီလား ထင်သည်။
သို့ပေမယ့် မတတ်သာတော့ပါဘူး။ ဇင်က အလုပ်တစ်ခုကို လုပ်မည်ဆိုလျှင် မဆုတ်မနစ် လုပ်တတ်သည်။ မှားကာ မှ မှားလေရော့။ စိတ်ပိုင်းဖြတ်ပြီးပြီ ဆိုလျှင်တော့ "ဘွာ" မခတ်တမ်းပေါ့။
မိန်းမ တွေ အားလုံး မမိုက်မဲ့ဘူးထား။ အချို့သော မိန်းမများကဖြင့် မိုက်မဲကြသည် အမှန်ပင်။

ရှည်ရှည်ဝေးဝေး ကြည့်မနေပါနှင့်။
ရုပ်ရှင်ရုံတွေမှာ၊ ပန်းခြံတွေမှာ၊ တိရစ္ဆာန်ရုံမှာ၊ ကန်တော်ကြီးမှာ၊ အင်းလျားမှာ မြင်ရလေ့ရှိသည့် စုံတွဲတွေကိုပဲ ကြည့်။
ချိန်းဆို တွေ့ဆုံကြသည် ဆိုသည်မှာ ယောက်ျားကလေးတစ်ယောက်အဖို့ မထောင်းတာလှပါ။ ဘာပဲ ပြောပြော တစ်ခုမဟုတ်တစ်ခု အမြတ်ထုတ်နိုင်သည်။ သူတို့ဆီက ဘာမှပဲ့ပါသွားနိုင်သည် မဟုတ်။ အရှက် ဆိုသည် ကိုလည်း ဘေးချိတ်ထားနိုင်သည်။ လူတွေသူတွေ မြင်သွားတောကော ဘာကိုများ ဂရုစိုက်စရာ ရှိပါသလဲ။ ဂုဏ်ယူဝင့်ကြွားမည်ဆိုလျှင်ပင် ရနိုင်သေးရဲ့။

မိန်းကလေး ဆိုသည်မျိုးက အရှက်ကို ငဲ့ကွက်ရဦးမည်။ အသိအကျွမ်းတွေ၊ အစ်ကိုတွေ၊ မောင်တွေ နှင့်  ဆုံမိ လျှင် ပြဿနာက မသေး။ အရိုက်အနှက် ခံရဦးမည်။ အဆူပူ အကြိမ်းအမောင်း ခံရဦး မည်။
သို့စင်လျက် … ဒါတွေကို ငဲ့ကွက်ပြီး ရှောင်ကြဉ်သူက ခပ်ရှားရှား၊ မိုက်မဲစွာပင် ချိန်းဆိုမှုကို လက်ခံ ကြသည်။ တွေ့ကြသည်။ လောကကို မေ့ကြသည်။ မိုက်မဲမှုကိုပင် သတ္တိဟု အမွှမ်းတင်ချင်ကြသေး သည်။
မိဘတွေ၊ ဦးကြီး၊ ဦးလေးတွေ၊ အစ်ကိုတွေ၊ မောင်တွေကြားက သက်စွန့်ဆံဖျား ခိုးရာလိုက်ကြသူ တွေ ဒုနှင့်ဒေး။ မရှောင်သာသည့် အမှောင်လမ်းကြားက အမှားကြောင့် ကျရသော မျက်ရည်များကို စုထားလျှင် အင်လျားကန် ပင် လျှံလောက်ပါရဲ့။

ပဋိသန္ဓေနေရခြင်း၊ မွေးဖွားရခြင်း၊ အိမ်ထောင့်တာဝန် ထမ်းဆောင်ရခြင်း စသည်တို့ကို စိုးရွံ့ကာ မင်္ဂလာပွဲ မှာ မပျော်နိုင်သူ အရှားသားကလား။ အမယ်လေး အဘလေး တကာ နာနာကျင်ကျင် မွေးဖွားပြီး ဆယ့်လေးငါး ရက် မကြာခင် ဒါတွေကို မေ့ပျောက်ပစ်နိုင်ကြသည်မှာ မသတ္တ၀ါ။
သည် မိုက်မဲကြသူတွေ ထဲမှာ ဇင်သည်လည်း အပါအ၀င်သာ ဆိုလိုက်ပါတော့။

ယခုတော့လည်း …
ဇင်သည် ဦးတင်မောင်သန့်၏ တောင်းခံမှုကို လိုက်လျောလိုက်ပြီ။ လက်ထပ်ဖို့ လက်ခံလိုက်ပြီ။
သည်တစ်ပတ် မြို့သို့ပြန်တော့ ယင်းအကြောင်းကို မေမေ့အား ဖွင့်ပြောလိုက်သည်။
"မိုက်လိုက်တာ သမီးရယ် လောကမှာ ယောက်ျား ဒီလောက်ပဲ ရှားသလား"
မေမေ ၏ အပြစ်တင်စကားကို ပထမဆုံး ကြားရသည်။

"သူ့မိန်းမနှင့် ကလေးတွေကို ဘယ်လိုလုပ်မလဲ"
"သူ့ နောက်ကြောင်းတွေကို သူ့ဟာသူ ရှင်းပါလိမ့်မယ် မေမေ။ မောင် သမီးကို ပစ်သွားတုန်းကလဲ သမီး ရဲ့ ပြဿနာ ကို သမီးဘာသာ ဖြေရှင်းခဲ့ရတာပါပဲ"
"အမေ့သမီး ကျမှ ဒီလို ဖြစ်ရလေခြင်းကွယ်"

မေမေ မျက်ရည်ကျသည်။ မေမေ့မျက်ရည်ကို မြင်ရတော့ ဇင် စိတ်မကောင်းနိုင်ခဲ့။
"အေးလေ … သမီးရဲ့ အသက်လဲ သုံးဆယ် ရှိလာပြီးဆိုတော့ ငယ်တော့တာမှ မဟုတ်ပဲ။ ချင့်ချိန်ဦး ပေါ့"
ဇင်ကလည်း ချင့်ချိန်ပါသည်၊ ဇင် ချင့်ချိန်နေလို့သာ ဒီလောက် ကြာခဲ့တာပေါ့။

သို့ပေမယ့် တစ်ဘက်က အားကောင်းသော သံလိုက်ဓာတ်နှင့် ညှို့ငင်ထားသလို ဖြစ်သည်။ ဇင်သည် အားကောင်း သော သံလိုက်စက်ဝန်းအတွင်းမှာ ကျရောက်နေသော သံမှိုမယ်နကလေးလို ဖြစ်သည်။ ၀ဲသြဃ အလယ်မှာ အမှိုက်စကလေး ဖြစ်သည်။ ရုန်းကန်ထွက်ခြင်းငှာ မစွမ်းသာခဲ့။ အင်အားတွေ ကုန်ဆုံး ကာ နွမ်းလျနေသလို ရှိသည်။

ဇင် လိမ္မာခဲ့ဖူးတာလဲ အရှိသား။ မောင်နှင့်တုန်းက ဇင် ဘယ်လောက် လိမ္မာခဲ့ပါသလဲ။ မောင့်ကို တစ်သက်လုံး ချစ်သွားဖို့ လက်ထပ်ခဲ့တာပါ။ ကွာရှင်း ပြတ်စဲဖို့ ဆိုသည်ကို စိတ်ပင် မကူးခဲ့။ "ကွာရှင်း ပြတ်စဲခြင်း" (Divorce)ဆိုသော စကားလုံးသည်ပင် ကမ္ဘာကျော် ရုပ်ရှင်မင်းသမီး မင်းသားနှင့် သန်းကြွယ် သူဌေးကြီး တွေအတွက် သက်သက်ထားရှိသည့် စကာလုံးဟူ၍သာ ထင်ခဲ့ သည်။ မောင်နှင့် ကွဲကွာခဲ့ပြီးသည့် နောက်မှာလဲ နှစ်ပေါင်းများစွာ လိမ္မာခဲ့တာပဲ မဟုတ်လား။

အကောင်းဆုံး အခြေအနေနှင့် အသင့်လျော်ဆုံး နေပြခဲ့သည်ပဲ မဟုတ်လား။ ဇင့်အဖို့ ထင်မှတ် သော အရာများ ဖြစ်မလာဘဲ မထင်မှတ်သော အရာများသာ ဖြစ်လာသည်ကတော့ ကံကြမ္မာပဲ ထင်ပါရဲ့။
အမှန် ပြောရလျှင်တော့ သည်ရက်များအတွင်းတွင် ဇင်၏ စိတ်တို့ ထွေးနေသည် အမှန်။ တွေနေ သည် အမှန်။ မိမိစိတ်ကို မိမိမပိုင်၊ မိမိ ကိုယ်ကို မိမိ မဆိုင်။ သူတစ်ပါး စိတ်နှင့် ကိုယ့်ကိုယ်လို ဖြစ် နေသည်။
သြော် … အသက်ဝိညာဉ် ကင်းမဲ့သည့် ရုပ်သေးရုပ်လိုပဲ ကလား။ ကြိုးဆွဲတိုင်း ကရမည့် ပုံသဏ္ဍာန် လိုပါပဲ ကလား။
ဦးတင်မောင်သန့်နှင့် နေ့စဉ်လိုပဲ တွေ့ဆုံကြသည်။ စိတ်ပိုင်းဖြတ်ပြီး ဆိုတော့လည်း ဇင်သည် ဦးတင်မောင်သန့် ပေးသမျှ ယူသည်။ ကျွေးသမျှ စားသည်။
စိတ်သန့် နိုင်အောင် ကြိုးစားသည်။

ဇွန်လထိအောင်ပင် နွေသည် ပူကောင်းတုန်း ဖြစ်သည်။ နေရောင်ခြည်သည် အရာအားလုံး အပေါ်မှာ စူးရှသော မြားတံများနှင့် ပစ်လွှတ်ထားဘိသည်သို့ ဖြစ်သည်။ လောကကြီးတစ်ခုလုံးကို လောင်ကျွမ်း ပစ်လိုက် တော့မည်သို့ ဖြစ်သည်။
ထိုကာလတွင် ဦးတင်မောင်သန့်က အဆိုပြုလာသည်။
"သိပ် ပူပြင်းတဲ့ နွေပဲ၊ ရန်ကုန်အပူကို ရှောင်ရင်း ငပလီမှာ သွားနားရကောင်းမလား စိတ်ကူးတယ်"
"ဟိုမှာကော အေးမှာလား။ တစ်နိုင်ငံလုံး ပူနေတဲ့ ဥစ္စာ"

"ဘာပဲပြောပြော ရေနဲ့ နီးတော့ သက်သာမယ် ထင်တာပဲ။ လေလဲတိုက်မယ်၊ အုန်းပင်တွေ၊ ပင်လယ်ကဗွီး တွေ၊ ပုန်းညက်ညိုပင်ရိပ်တွေကို ဇင် စဉ်းစားကြည့်စမ်း။ ရန်ကုန်မှာက တိုက်တွေ၊ အင်္ဂတေ၊ ပလက်ဖေါင်း တွေ၊ ကားအိပ်ဇောကထွက်တဲ့ ညှော်နံ့တွေနဲ့"

"ဦးတင်မောင်သန့်လို လေအေးစက်နဲ့နေ၊ လေအေးစက်ပါတဲ့ကားစီးနေတဲ့လူက ညည်းနေရင် ကျန်တဲ့ လူတွေ ဘယ်လို နေရတော့မှာလဲ၊ ကမ္ဘာကြီးကိုက ဖန်လုံအိမ်အာနိသင်ကြောင့် အပူရှိန်တိုး နေတာရှင့်"
"ဇင် မဆိုဘူး၊ စာဖတ်သားပဲ။ နောက်တစ်ခု ရှိတယ် ဇင်၊ ကိုယ့်ဝန်ထမ်းတွေကို ငပလီပို့ပေးမယ်လို့ ကတိ ပေးထားတာ ရှိတယ်။ နွေဆိုတော့ စာအုပ်ကလဲ မရောင်းရဘူး။ ခုလို အလုပ်ပါးတုန်း ပို့ရရင် ကောင်းမလား လို့။ ပြီးတော့ ဇင့်ကိုလဲ ငပလီကို ရောက်စေချင်တယ်။ ကလေးတွေကို ထိန်းကျောင်း ပေးဖို့ပါ။ မိန်းကလေး ၀န်ထမ်း တွေလဲပါလို့ပါ"
"ဇင် က  ပဒေသရာဇာရဲ့ ၀န်ထမ်းမှ မဟုတ်တာ"

"ပဒေသရာဇာ ရဲ့ အကျိုးဆောင်လေ၊ ကဲပါ ဇင်ရယ် … ဒါကို အငြင်းပွား မနေစမ်းပါနဲ့။ ဇင် ငပလီကို ရောက်ဖူးလား"
"ဟင့်အင်း"
"ဒါဆိုဘာလို့ ငြင်းနေမှာလဲကွယ်"
"ဇင် စဉ်းစားနေတာပါ"

"စဉ်းစားမနေနဲ့တော့၊ မနက်ဖြန် ထွက်မှာ။ ကုန်းလမ်းက သွားမှာ၊ ကပ်စေးနည်းတာ မဟုတ်ဘူး နော်၊ ဒီလူအုပ်ကြီး လေယာဉ်လက်မှတ် ရဖို့မလွယ်လို့။ ရန်ကုန်ကနေ ပြည်၊ ပြည်ကတစ်ဘက် ကမ်းကူး။ ပန်းတောင်း၊ တောင်ကုန်ကနေ ပြည်၊ ပြည်ကတစ်ဘက် သွားမှာ။ ဇင်လဲ စာရင်းဇယား တွေကို မေ့ထား။ ဒီအချိန် မှာ ဒါတွေစဉ်းစားရင် ဦးနှောက်အရည်ပျော် ကျသွားလိမ့်မယ်"
အမှန် ပြောရလျှင်တော့ ကျော်ကြားသော ငပလီသို့ ဇင် မရောက်ဖူးခဲ့။ ရုပ်ရှင်တွေ၊ ဓာတ်ပုံတွေ ထဲမှာတော့ မြင်ဖူးသား။ ခုတလော စိတ်တွေကလည်း ထွေနေသည်လေ။ ခရီးသွားလိုက်လျှင် စိတ်ပြေလက်ပျောက် ဖြစ် လိမ့်မည် ထင်သည်။

သို့ဖြင့် နောက်တစ်နေ့ နံနက် စောစောနိုးပြီး လက်ဆွဲအိတ်ကို အသင့်ပြင်ထားမိသည်။ သူတို့ အလာကို ကြိုမိ သလို ရှိနေကြောင်း တွေ့ရသည်။

ငပလီသည် ကျော်ကြားသလို သာယာလှပသည်လည်း အမှန်။ ပင်လယ်ကမ်းက ရှည်လျားသည်။ ကျောက်ဆောင် များ ရှိ၍ ငမန်းကဲ့သို့သော အန္တရာယ်ပေးမည့် ရေသတ္တ၀ါများ မရှိဟု သိရသည်။
ရေ က စိမ်းမြသည်။ သဲက ဖြူသည်။ သန့်သည်။ ကမ်းစပ်တလျောက် ပင်လယ်ကဗွီးနှင့် ပန်းညက် ညိုပင်များ ရှိသည်။ အလာလမ်းတွင် အချို့နေရာ လမ်းကြမ်းသည်။ အချို့နေရာ မြင့်မားသည်။ ထို့ကြောင့် ကားပေါ်မှာ ခလောက် ဆန်ပြီး ပါလာခဲ့ရသမျှ ငပလီကို  မြင်ရသောအခါ လန်းဆန်း သွားကြသည်။

ဇင်အပါအ၀င် အားလုံးလို ပင်လယ်စပ်သို့ ဆင်းကာ ရေကို လက်ခုပ်ဖြင့် ခပ်ပြီး မျက်နှာသစ်ကြ သည်။ ကိုယ်ပေါ် လောင်းချ ကြသည်။ အချို့ယောက်ျားကလေးတွေကတော့ အတော်ဝေးဝေး အရောက် လျှောက်သွား ကြသည်။ ခေါင်းမြုပ်သည်အထိ ရေထဲမှာ နှစ်လိုက်ကြသည်။
ဇင်သည် စိတ်ကျေနပ်သလောက်ရှိမှ ရေထဲက တက်ခဲ့သည်။ ရေစပ်မှာ ဦးတင်မောင်သန့်က စောင့်နေ သည်။

ဦးတင်မောင်သန့်က မေးသည်။
"ဇင် မှတ်မိသေးသလား"
"ဘာကိုလဲ ဟင်"
"သင်္ကြန်တုန်း က အင်းလျားမှာ ဇင် ရေထဲက တက်လာတဲ့ အချိန်ကိုလေ။ အဲဒီ့ မတိုင်ခင်တုန်းက ဆိုရင် ကိုယ့်မှာ ဆုံးဖြတ်ချက် ချထားတာ ရှိတယ်။ ဇင့်ကို ရှောင်တော့မယ်၊ ဝေးဝေးနေတော့မယ်၊ လက်ထပ်ဖို့လဲ မကြိုးစား တော့ဘူးလို့ပေါ့။ ဒါပေမယ့် အဲဒီနေ့က ဇင့်ကို မြင်လိုက်ရတော့ ဇင်ဟာ သိပ်လှတယ်၊ ဘယ်လိုနည်း နဲ့မှ သံယောဇဉ် မဖြတ်နိုင်တော့ဘူးဆိုတာ သေချာသွားတယ်။ ဒီလိုနဲ့ ဆုံးဖြတ်ချက်တွေ ပြောင်းခဲ့ တာပဲ ဇင်"

"ဟုတ်လား၊ ဒီလိုဆိုရင် ဇင့်ကို နည်းနည်းလောက် ဆွဲထားစမ်းပါ"
"ဘာဖြစ်လို့လဲ ဇင်"
"ကိုယ်မြှောက် ပြောတာနဲ့ ဇင် ဘ၀င်မြင့်ပြီး ကောင်းကင်ပေါ် လွင့်တက်သွားမှာ စိုးလို့ပါ"
ရယ်ကြရသေးသည်။

ဇင်တို့ ငပလီမှနေကာ မြပြင်၊ ဂျိတ်တော၊ လုံးသာ စသည့် ရွာကလေးများဆီသို့ သွားကြသည်။ ရွာတိုင်း လိုလို မှာပင် ဦးတင်မောင်သန့်၏ မိတ်ဆွေများ ရှိသည်။ ရင်းနှီးကျွမ်းဝင်စွာ နှုတ်ဆက်ကြ သည်။ ဒေသခံ သွားရည်စာ များ ကျွေးသည်။ အုန်းရည်ကတော့ အလျှံအပယ် ပါပဲ။

ဦးတင်မောင်သန့်သည် ငပလီကို အိမ်ဦးနှင့် ကြမ်းပြင်သဖွယ် ကူးသန်းခဲ့သည်မှာ ထင်ရှားသည်။ အကြိမ်ကြိမ် အခါခါ ရောက်ဖူးပေလိမ့်မည်။ တည်းခိုရိပ်သာ၊ ဘန်ဂလို၊ ဟိုတယ်တို့မှ ၀န်ထမ်းတွေ က သူ့ကို လေးစားစွာ ဆက်ဆံကြသည်။ သူနှင့်ပတ်သက်သူများအပေါ် ဖော်ဖော်ရွေရွေ ရှိကြသည်။

ယောက်ျားတစ်ယောက်ရဲ့ အရည်အချင်းဆိုတာ ငွေရှာကောင်းတာ၊ သတ္တိရှိတာ၊  ရဲရင့်တာနှင့် ချည်း မလုံလောက် သည်ကို ဇင် တွေ့နေရသည်။ ယောက်ျားတစ်ယောက်သည် ရိုးသားရမည်၊ စွမ်းဆောင်နိုင်စွမ်း ရှိရမည်။ ခေါင်းဆောင်ကောင်း ပီသရမည်။ ဒါမှသာ ယောက်ျားကောင်း တစ်ယောက်ဟု ဇင်တို့ သတ်မှတ် ခဲ့ကြသည်။
သို့သော် ယောက်ျားဆိုတာ ရိုးသားရမည်။ ပြတ်သားရမည်။ တပြိုင်နက်မှာပင် ကရုဏာနှင့် သည်းခံ နိုင်စွမ်း လည်း ရှိရပေမည်။ ငွေသည် အရာရာအပေါ် လွှမ်းမိုးနိုင်သည့် မှန်သော်လည်း အချို့နေရာ များကို ငွေနှင့် ၀ယ်၍ မရနိုင်ပါ။ ဥပမာအားဖြင့် မေတ္တာ၊ ဂရုဏာ၊ မုဒိတာ။

ဦးတင်မောင်သန့်မှာ သည်အရည်အချင်းတွေ ရှိနေကြောင်း ဇင် တွေ့ရသည်။ သူသည် သူ့ဝန်ထမ်းများ အပေါ် သည်းခံစိတ်ရှည်ကာ ဂရုဏာလည်း ထားသည်။
သည်အချက်သည် ယခုလို လူတစ်အုပ်တစ်မကြီးနှင့် ခရီးသွားသောအခါ ပေါ်လွင်လာသည်။

သူသည် လူကြီးလူကောင်း ပီသသူ ဖြစ်သည်။ ၀န်ထမ်းတွေက ကလေးတွေဆိုသော်လည်း အသက်နှစ်ဆယ် ကျော်တွေ မို့ ဇင်တို့အပေါ် သိပ်ဝန်မပိခဲ့ပါ။
ဇင်သည် ဦးတင်မောင်သန့်နှင့်အတူ နံနက်နှင့် ညနေများတွင် ကမ်းခြေအတိုင်း လမ်းလျှောက် ထွက်သည်။ ညဘက် သဲသောင်ပေါ်မှာ ထွက်ထိုင်ကြသည်။

ဇင်သည် ကောင်းကင်ပြာထဲမှ ကြယ်ပွင့်များကို ရေတွက်နေမိလေသည်။ အမှန်တော့ ဇင်သည် အိပ်မက် မက်နေသူ ပမာ ဖြစ်သည်။ အိပ်မက်ကမ္ဘာထဲသို့ အလည်သွားရသလို ရှိသည်။
စင်စစ် သည်အဖြစ်တွေကို မောင်နှင့် လက်ထပ်စဉ်ကတည်းက ဇင် တောင့်တခဲ့သည်။ ၀တ္ထုတွေ ရုပ်ရှင်တွေ ထဲမှာ ဖတ်ဖူး မြင်ဖူးကာ သည်အရာတွေကို စိတ်အတွေးဖြင့် လွမ်းခဲ့သည်။
မောင် သည် ဇင့် တောင့်တမှုတွေကို မဖြည့်စွမ်းနိုင်ခဲ့။

မလိုက်လျောနိုင်ခဲ့။
မောင် မပေးနိုင်သော အရာ၊ မဖြည့်စွမ်းနိုင်သော အရာ၊ မလိုက်လျောနိုင်သောအရာများကို သူက ပေးစွမ်း ခဲ့ သည်။ ဖြည့်စွမ်းခဲ့သည်။ လိုက်လျောခဲ့သ်ည။
သူ နှင့် ပတ်သက်၍ ဇင်သည် အဆုံးစွန်းသော ကျေနပ်မှုကို ရခဲ့သည်။

မောင်နှင့် စာလျှင်တော့ သူက ထည်ဝါသည်။ ခမ်းနားသည် အမှန်။ သူက ငွေရှိသည်။ ပြည့်စုံသည်။ ကျွမ်းကျင် သည်။
ငွေသည် လောက၏ အချို့သော အစိတ်အပိုင်းများ အပေါ်မှာ လွှမ်းမိုးနိုင်စွမ်း ရှိသည်ဆိုခြင်းကို ဇင် သဘောပေါက် ခဲ့ရသည်။ ယုံကြည်ခဲ့ရသည်။
နောက်ဆုံးညမှာ ဇင်တို့ ညစာကို နောက်ကျ၍ စားသည်။

ဇင် တို့ ဖယောင်းတိုင်တွေ ထွန်းကာ နေကြသည်။ ညစာကို ကြမ်းပြင်ပေါ်မှာပင် စားကြသည်။ နှစ်ယောက်လုံး ၏ ပတ်ပတ်လည်မှာ ဖယောင်းတိုင်တွေ ထွန်းထားသည်။

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>