Showing posts with label ဆရာဦးသုခ နှင့် သူ့ခေတ်ပြိုင် စာဆိုတို့ အမြင်. Show all posts
Showing posts with label ဆရာဦးသုခ နှင့် သူ့ခေတ်ပြိုင် စာဆိုတို့ အမြင်. Show all posts

Sunday, September 11, 2011

ဆရာဦးသုခနှင့် သူ့ခေတ်ပြိုင် စာဆိုတို့အမြင် အပိုင်း (၇၂) (ဇာတ်သိမ်း)

နွေ-မိုး-ဆောင်း
ပြောင်းသော်လည်း

သုခ(သား)

နွေ -----------
ခြောက်သွေ့လွန်းသော နွေနေ့လည်ခင်းတစ်ခု။
တစ်နှစ်နီးပါးခွဲခွာနေခဲ့သော အိမ်ပေါ်သို့ ကျွန်တော် တစ်လှမ်းချင်းလှမ်းတက်ခဲ့ပါသည်။ အဖေအိုကြီးနှင့် အမေအိုကြီးသာ ကျန်ခဲ့သော ကျွန်တော့်အိမ်သည် ပူပြင်းသောနွေ၏ နေ့လည်ခင်းနှင့်အပြိုင်ခြောက်သွေ့ လွန်းလှပါသည်။ မည်သူမှမရှိသော ဧည့်ခန်းကိုကျော်လွန်၍ ဘုရားခန်းတွင် ကျွန်တော် ၀တ်ပြုအပြီးဖခင် အိုကြီးရှိရာအခန်းတွင်းသို့ ခြေသံမကြားရအောင် ကြမ်းပြင်ကို ခပ်ဖွဖွကလေးနင်းကာ ၀င်သွားမိပါသည်။

ပက်လက်ကုလားထိုင်ပေါ်တွင် ထိုင်နေသော ဖခင်ကြီးနားသို့ ရောက်သွားသောအခါ "သားပြန်လာပြီလား လမ်းခရီးမှာ အဆင်ပြေရဲ့လားကွယ် "ဟု ဖခင်ကြီး၏ ကရုဏာသံဖြင့် ဆီးကြိုမေးသံကလေးကို ကြားနေရ သည်။

ကျွန်တော် အထက်တန်းကျောင်းသားဘ၀မှာ ဖခင်ကြီး၏ စက္ခုအမြင်အာရုံပါလျော့ပါးလာပါသည်။ ထိုမှစ၍ နောင်အနှစ်နှစ်ဆယ်ကြာသောအခါ ဖေဖေသည် အမြင်အာရုံပါမက၊ အကြားအာရုံ ပါ လျော့ပါး လာပါတော့ သည်။ ယခင်ကထက် ကျယ်လောင်စွာ မပြောပါက ဖေဖေမကြားနိုင်တော့ပါ။ အရင်က မမြင်နိုင်သော်လည်း ကြားနေရသည့် နားအာရုံတစ်ခုတည်းကို အားပြု၍ ကြည့်ခဲ့သော တီဗီနားသို့ပင် လုံးဝ မကပ်တော့ပါ။ အမြင် အာရုံအကြားအာရုံနည်းပါးလာသော မိမိကိုယ်ကို အားမရသောကြောင့်လည်း ဖြစ်ပေလိမ့်မည် ထင်ပါသည်။ သို့သော် -- အနှီသို့သော် --- ဤသို့သော်ကား-အသံလုံးဝမကြားအောင် အိမ်ခန်း အတွင်း ဖြေညှင်းစွာ နင်း ကာဝင်လာသော ကျွန်တော့်အား အနားသို့ မရောက်ခင်က သိနေ ပေသည်။ ကျွန်တော် အိမ်အပြန် ကို မနက်ကတည်းက စောင့်နေသည်မှာ မလွဲမသွေပင် ဖြစ်ပေလိမ့်မည် ထင်ပါသည်။

မိုး-------------
လွန်ခဲ့သော အနှစ်နှစ်ဆယ်ခန့်က သည်းသည်းမည်းမည်း ရွာနေသော မိုးညတစ်ည။
အချိန်က သန်းခေါင်ကျော်ချေပြီ။ မီးမထွန်းဘဲ (မှောင်ထဲ) ၀င်လာခဲ့သော ကျွန်တော်က၊ အိမ်တံခါးကို ဖွဖွ ကလေး ပြန်ပိတ်လိုက်ပါသည်။ မှောင်ထဲမှာ စမ်းတ၀ါးဝါးနှင့် တံခါးချက်ကို ထိုးလိုက်ခိုက်၊ ကျွန်တော့် ပုခုံးပေါ် သို့ နူးညံ့သော လက်ချောင်းကလေးများက ညင်သာစွာ ကျရောက်လာပါသည်။ " သားရယ် ဒီအချိန်ကြီး အထိ ဘယ်သွားနေတာလဲကွယ်၊ မင်းအဖေသာ သိရင်တော့ မိုးမီးလောင်တော့မှာပေါ့ကွယ်" စိုးရိမ်ကြင် နာစွာ ငိုသံပါဖြင့် မေမေက ဆီးကြိုပါလေသည်။

မေမေသည် တစ်ဦးတည်းသောသား ကျွန်တော့်ကို မြိုထားမတတ်ချစ်ပါသည်။ ကျွန်တော် လိုချင်သော အရာ ကို ဖေဖေမသိအောင်တစ်မျိုး၊ သိအောင်တစ်မျိုး ၀ယ်ပေးလေ့ရှိပါသည်။ အခုလည်း အသက်(၁၈)နှစ် ပြည့်၍ ကားမောင်းလိုင်စင်ရကာစ မနက်မိုးလင်းအောင် မစောင့်နိုင်၊ ညတွင်းချင်းပင် သူငယ်ချင်းများ ကိုခေါ်၍ ရန်ကုန်မြို့လုံးပတ် လျှောက်၍လည်ပါတော့သည်။ ကျွန်တော် အိမ်အပြန်ကို စောင့်နေရှာ မည်ဖြစ်သော မေမေအား မေ့၍ သည်းသည်းမည်းမည်းရွာနေသော မိုးနှင့်အပြိုင် အပျော်ကြီး ပျော်ခဲ့ ပါသည်။ ကျွန်တော် အိမ်ပြန် မရောက်မချင်း (ရဲစခန်းနှင့်ဆေးရုံ) တစ်နေရာရာမှ ဖုံးဆက်လာမည့် အသံကို (ဖေဖေကြားမှာ စိုး ရိမ်စိတ်ရင်တထိတ်ထိတ်ဖြင့်) ညလုံးပေါက် ငုတ်တုတ်ထိုင်ကာ မေမေ့ခမျာ စောင့်နေခဲ့ ရှာပါသည်။ ၂၀၀၅ ခုနှစ် ဒီဇင်ဘာ (၇)ရက် အလွန်အေးသောဆောင်းရာသီ။

နိုင်ငံခြားတွင် ရောက်နေသော ကျွန်တော့်ထံ ဖေဖေဆုံးပြီလို့ ရန်ကုန် က ဖုန်းလာပါသည်။ ကျွန်တော် ခရီး လွန် နေကြောင့် မြန်မာပြည်သို့ ပြန်မလာနိုင်ခဲ့ပါ။ ရက်လည်ဆွမ်းကျွေးပြီးနောက်ပိုင်း တစ်လနီးပါးကြားမှ မိမိ နိုင်ငံရှိ အိမ်သို့ ပြန်ရောက်လာခဲ့ပါသည်။ ရက်လည်ကျော်လွန်ခဲ့ပြီဖြစ်သောကြောင့်လည်း ခြံတွင်း ရော အိမ်တွင်း မှာပါ ဖေဖေ တပည့်သားမြေးများလည်း မရှိကြတော့ပါ။ ထုံးစံအတိုင်း တိတ်ဆိတ်ငြိမ်သက် လှသော အိမ်အိုကြီးအတွင်းသို့ ကျွန်တော်ဝင်ခဲ့ပါသည်။ အိမ်အ၀င် ပြုလုပ်နေကြ ဖြစ်သော၊ ဘုရားဝတ်ပြု ခြင်း ကို ဦးစွာပြုလုပ်ပြီး၊ ထုံးစံအတိုင်းပင် ဖေဖေ အိပ်ခန်းအတွင်းသို့ ကျွန်တော် ၀င် သွားမိပါသည်။

ဖေဖေ ထိုင်နေကြပက်လက်ကုလားထိုင်ပေါ်မှာရော ဖေဖေလှဲနေကြ ဖေဖေ့ကုတင်ပေါ်မှာရော - ဖေဖေ့ ကို မတွေ့ရတော့ပါ။ မမြင်နိုင်သော်လည်း မကြားနိုင်သော်လည်း " သား ပြန်လာပြီလား - လမ်းခရီးမှာ အဆင်ပြေရဲ့ လားကွယ် " ဟုဆီး၍ မေးနေကြဖေဖေ့အသံလည်း မကြားရတော့ပါ၊ ဖေဖေမှမရှိတော့ပဲကိုး။ ဖခင်ကြီး မရှိတော့သော ကုတင်လွတ်ကြီးအား ဖခင်ကြီးကို ရည်မှန်း၍ ကျွန်တော် ဦးချကန်တော့လိုက်ရပါ သည်။ စီး၍ ကျလာသော ကျွန်တော့် မျက်လုံးအစုံမှ မျက်ရည်များကိုလည်း လက်ဖမိုးဖြင့် သုတ်လိုက်မိပါ သည်။ သည့်နောက်တော့ - မိခင်ကြီးအခန်းတွင်းသို့ ကျွန်တော် ၀င်သွားခဲ့ပါသည်။

မေမေသည်လည်း လွန်ခဲ့သော အနှစ်နှစ်ဆယ် ခန့်ကကဲ့သို့ ကျွန်တော် အိမ်အပြန်ကို အိမ်ပေါက်ဝမှ ထွက် မကြို နိုင်တော့ပါ။ လွန်ခဲ့သော သုံးနှစ်ကျော်ကလေဖြတ်ခဲ့သောကြောင့် ပက်လက်ကုလားထိုင်ပေါ်တွင်သာ ထိုင်လျှက်နှင့် အချိန်များကုန်ဆုံး နေရရှာပြန်လာမှန်းသိသော်လည်း ကြားနေရသော်လည်း ဆီး၍ ကားမကြို နိုင်ရှာတော့ပါ။ သည်တော့ ကျွန်တော်သည် ပက်လက်ကုလားထိုင်နားအရောက်သွားကာ မိခင်ကြီး ၏ ခြေဖ မိုးအစုံပေါ် ဦးချကန်တော့ရင်း အားရပါးရငိုချလိုက်ပါတော့သည်။ မေမေကတော့ " သားပြန်လာပြီလား - လမ်းခရီးမှာ အဆင်ပြေရဲ့လားကွယ်" ဟု မေးပါသည်။ ဖေဖေ မရှိတော့ပြီဖြစ်သောကြောင့် ဖေဖေကိုယ်စား မေမေကပင် မေးနေသလားဟုထင်လိုက်မိပါသည်။ " သားရေမိုးချိုး ပြီးရင် ထမင်းသွားစားချေသား" ဟု ပြော သဖြင့် မိခင်ကြီးအနားယူနိုင်စေရန် အသာကလေး အခန်းတွင်းမှ ပြန် ထွက်လာခဲ့ပါသည်။

မပြောင်းလဲသောအရာများ ---------------------
ရေမိုးချိုး၍ ထမင်းစားခန်းအတွင်းသို့ ရောက်သွားသောအခါ ကျွန်တော့်အတွက် ပြင်ဆင်ထားသော စားစရာ များက စားပွဲအပြည့် (ယခင်ကကျွန်တော့်အကြိုက် ကိုယ်တိုင်ချက်ပြုတ်ပေးသည့်မေမေ) ယခု တော့လည်း ကိုယ်တိုင် မချက်နိုင်တော့ ကျွန်တော် ငယ်ငယ်ထဲက ကြိုက်သော အစားများကိုတော့ ပါးစပ် ဖြင့်ပင် ချက် နေတုံးဖြစ်ပါသည်။ ယခုရောက်လာသော ကလေးမကလေးအား ကျွန်တော့် အကြိုက်များကို မနက် ကတည်းက ပက်လက်ကုလားထိုင်ပေါ်က ပြောနေပေလိမ့်မည်ဖြစ်ပါသည်။

ကျွန်တော်ကတော့ ထမင်း စားပွဲကိုကြည့်ရင်း မျက်လုံးအစုံမှ မျက်ရည်များစီးကျလာပြန်ပါသည်။ ကျွန်တော် ထိုင်နေသော စားပွဲ ရဲ့တဖက်ခြမ်းမှာ ထိုင်နေကျ ဖေဖေလည်းမရှိ။ ဖေဖေနဲ့ ကျွန်တော် ထမင်းစား လျှင် ဖေဖေ့အနားမှ ရပ်ကာ ယပ်တောင်ခပ်ပေးနေကျ မေမေလည်း မတ်တပ်ပင်မရပ်နိုင်ရှာ၍ မမြင် ရတော့။ ဒီအိမ်ကြီးသည်လည်း အို၍ လာချေပြီ။ ကျွန်တော့် စိတ်ထဲတွင် ဖေဖေမရှိတော့သော်လည်း ဖေဖေ့ ကိုယ်စား မေမေရှိနေသေး၍ ဖြေသာ ပါသေးသည်။

ဤအိမ်ကြီးအတွင်း ကျွန်တော့်ကို ချစ်သော မိဘမေတ္တာတရားများစွာ ကျန်ရှိနေပါသေးသည်။
ကျွန်တော့်အား ချစ်သော မိဘမေတ္တာများ ဆိတ်သုဉ်းကွယ်ပျောက်ခြင်းမရှိ၊ ရှိမြဲရှိလျက်သာ ရှိနေဆဲပါ၊ နောင် မေမေရှိတော့ရင်လည်း ဒီနေရာ ဒီဌာနမှာ မိဘမေတ္တာများ ထာဝရရှိနေမှာ မလွဲပါ။
နွေမိုးဆောင်း ရာသီတွေပြောင်းသော်လည်း မိဘမေတ္တာများကား မပြောင်းလဲဘဲ ရှိနေဦးမည်သာ ဖြစ်ပါသည်။ ထို့အတူ ဤအိမ်အိုကြီး တခုတည်းသာမက တခြားတစ်ခြားသော အိမ်အိုကြီးများတွင်လည်း ထိုကဲ့သို့ မပြောင်းလဲသော မိဘမေတ္တာ တရားများသည်ကား မလွဲမသွေ ရှိနေဦးမည်သာ ဖြစ်ပါတော့ သတည်း။

၂၀၀၅ ခု၊ ဒီဇင်ဘာ(၇)ရက်နေ့တွင် ဘ၀တစ်ပါးသို့
ကူးပြောင်းသွားသောဖခင်ကြီးအားအမှတ်တရ။
သုခ(သား)

 
ဆရာကြီးဦးသုခထံမှပေးပို့သော
အမေနေ့သ၀ဏ်လွှာ

မိဘဟူသည် သားသမီးများအတွက် ဦးထမ်းပဲ့ရွက် ၀တ္တရား မပျက် တူညီသော ရည်ရွယ်ချက်များနှင့် ဆောင်ရွက်ခဲ့ကြသူများ ချည်းသာ ဖြစ်ပါသည်။ သို့သော် အမေနှင့် အဖေမတူသော ကွဲပြား ခြားနားခြင်းကား မမွေးဖွားမီ ကိုးလလွယ်ပြီး အာဝေဏိက ဒုက္ခများခံစားရသည်မျာ အမေ၊ မွေးဖွား လာပြန်တော့ ပုတုသေးတွေး ကလေးငယ်ကို ရင်ဝယ်ပိုက်ထွေး နို့ချိုတိုက်ကျွေးရသည်မှာလည်း အမေ၊ အချိန်တန် အရွယ် ရောက် လူလားမြောက်လို့ ကျောင်းပို့ကျောင်းကြို သားသမီးအရေးကိစ္စမှန်သမျှကို လုပ်ကိုင် ပေးရ သည်မှာလည်း အမေများသာဖြစ်ပါသည်

တူယှဉ်မရ ဤမျှများပြားလှသည့် အမေ့စေတနာ၊ အမေ့မေတ္တာ၊ အမေ့ကျေးဇူးတော်အနန္တကို ဖော်ထုတ်ကာ သိတရနှင့် ကျင်းပကြသည့် အမေနေ့တွင် အမေ့သားသမီးများသာမက သားသမီးများရဲ့ အမေများ ရော အဖေများကပါ တလေးတစားနှင့် အမေများကို ဂုဏ်ပြုပူဇော်ကြသည့်အတွက် ၀မ်းမြောက် ၀မ်းသာ ဖြစ်ရပါ သည်။

လွန်ခဲ့သော နှစ်ပေါင်း ၃၀ ကျော်မှစ၍ ကျွန်တော့်ဆန္ဒ ပြင်းပြစွာဖြစ်စေချင်သော အမေနေ့ကား ကြီးကျယ် ခမ်းနား စည်စည်ကားကားဖြင့် မန္တလေးမြို့တွင် စတင်ကျင်းပနိုင်ခဲ့ပါသည်။ မန္တလေးနှင့် တပြိုင်တည်း အချို့ မြို့များတွင်လည်း အမေနေ့ကို ပြုလုပ်ခဲ့ကြောင်း ကြားသိရ၍ လွန်စွာပီတိသော မနဿ ဖြစ်ရပါသည်။ ရန်ကုန်မြို့တွင်လည်း အမေနေ့ကို ဂုဏ်ယူဝင့်ကြွား စည်ကား သိုက်မြိုက်စွာဖြင့် ကျင်းပပြီးသည့် နောက်ပိုင်း မြို့နယ် အတော်များများကပါ တက်တက်ကြွကြွ ပါဝင် လှုပ်ရှား လာကြသည့်အတွက် လွန်စွာမှ အားတက် ဂုဏ်ယူမိပါသည်။

တုနှိုင်း၍မရ ပေးဆပ်၍မကုန် ဂုဏ်ကျေးဇူးအထူးကြီးမားလှသော အမေများတွက် ယခုလို ကျင်းပ ပြုလုပ်သော အမေနေ့ကို ပွဲပြီးမီးသေ ကောက်ရိုးမီးလို မဖြစ်စေဘဲ အရှိန်အဟုန်တိုးမြှင့်ကာ နှစ်စဉ် မပျက် တိုးတက် ဆောင်ရွက်ကြ ရင်း အမေ့ရဲ့ ဂုဏ်ပုဒ်ကို ထိထိရောက်ရောက် ဖော်ထုတ်နိုင်ကြပါစေလို့ ဆု တောင်း မေတ္တာ ပို့သ လိုက်ပါသည်။

သုခိအတ္တနံ ပရိဟရန္တု
သုခ
.
>>>ဆက်ဖတ်ရန်>>> >>

Saturday, September 10, 2011

ဆရာဦးသုခနှင့် သူ့ခေတ်ပြိုင် စာဆိုတို့အမြင် အပိုင်း (၇၁)

ရွှေမှုန်ကြဲ
မောင်သင်းထုံ(ကျောက်မဲ)

လက်တွင်ပေနေသော နွားချေးတွေက အတော်နဲ့ ဆေးလို့မပြောင်၊ အလုပ်ကြမ်းလုပ်ရည်လက်မို့ အရေး အကြောင်းတွေကလည်း ချောင်းကော၊ မြောင်းကောတွေအလား ထင်ရရဲ့။ အဲဒီအကြိုအကြား နွားချေး တွေက ၀င်ခိုနေလေတော့ စိုက်ခင်းတွေကြားက ခဲမြောင်းက ရေနှင့်ဆေးတာနှင့်ပင် မပြောင်ချင်။ ဒီတော့  "ဦးလေကြည်" ဘာလုပ်ရတယ်မှတ်လဲ။ ရေခြံခရမ်းချဉ်ခင်းက ခရမ်းချဉ်သီးမှည့် ရွှဲရွှဲနီကို အရင်ဆွတ်၊ နွားချေး ပေနေတဲ့ လက်နှင့်ပွတ်ချေ။ ခရမ်းချဉ်သီးနှစ်နှင့်မှ ချေးတွေကိုချွတ်၊ ကောက်ရိုးကြေ တွေနှင့် လက်ကိုပွတ်၊ ဒါတောင်မှ လူကြည့်ကောင်းရုံရှိသေး၊ ကောင်းကောင်းစင်တာမဟုတ်။ အေးလေ ဒီနွားချေး တိုက်ရ တဲ့ အလုပ်ကလည်း တစ်နေ့တစ်ရက်မှ မဟုတ်တာ။ ကြာကြာလှပေါ့။

" ဦးလေးကြည် မနက်ဖြန် နွားချေး ငါးစီးလောက် ပို့ပေးစမ်းပါ။ မွန်ဆွန်မျိုးတွေ အခင်းခွဲစိုက်ချင်လို့ "
အောင်မာ လှည့်ကြည့်လိုက်တော့ ဘယ်သူများမှတ်တယ်၊ ဦးလေးအောင် သားအကြီးကောင်ကိုး ဟုတ်ပေ့ဗျာ၊ အိမ်ထောင်ခွဲခါစဆိုတော့ ကြိုးစားရမှာပေါ့။ ဒီကောင်ငယ်ငယ် လူပျိုတုန်းကများ ဆိုးပေပါ့။ ဟောကြည့် အခု အိမ်ထောင်ကျသွားတော့လည်း သူ့ဟာနှင့်သူ ဟုတ်လို့။ အလုပ်ကြိုးစားလိုက်တာ။ ဦးလေး ကြည် ရဲ့အိမ်က သားကြီးလည်း ဒီလိုပဲ။ အားကိုးရတန်ကောင်းပါရဲ့လေ။
" နွားချေးမှာတာက ဟုတ်ပါပြီမောင်ရယ်။ ကုလားနွားချေးလား၊ အရပ်ထဲက နွာချေးလား"

" ဦးလေးကြည်တို့ကတော့ လုပ်ချလိုက်ပြန်ပါပြီ။ ကျုပ်က အခုမှ စမှာဟာကိုး ကောင်းတဲ့ဟာပေါ့ဗျာ"
" ဒါဖြင့် ကုလားနွားချေး မနက်ဖြန်နော် "
စာဥတို့၊ နွားပြာကြီးတို့ကတော့ဗျာ တိရိစ္ဆာန်လို့မပြောရဘူး။ အိမ်အပြန်ဝန်ပေါ့မို့ ခြေသွက်လိုက်ကြတာ နှင်တံ တောင်တစ်ချက်မတို့ရဘူး။ ဟော အိမ်ရောက်ပြီ။ မြန်လိုက်ပုံများ တကတည်း ...
ဦးလေးကြည်အလုပ်က နွားချေးတိုက်စားရတဲ့အလုပ်။ အရပ်ထဲ၊ ဒါမှမဟုတ် ကုလားနွားမခြံတွေထဲက နွား ချေးတွေဝယ်၊ မှိုင်းငေါ့ရွာသစ်တို့၊ မုန်လာခြံတို့မှာရှိတဲ့ ခံခြံ၊ ရေခြံတွေထဲ အစီးလိုက် ပြန်ရောင်း၊ နွားချေးချ။ လှည်းခ၊ ဘာခတော့လား စားရတာပေါ့ဗျာ။ နွားချေးအပုံ ပြတ်ဝယ်လို့ မြတ်တဲ့အခါလည်းမြတ်၊ ရှုံးတဲ့အခါ လည်းရှုံးပေါ့၊ ဟုတ်ဖူးလား။ ဒီလိုပဲ လုပ်စားရတာပဲ။ လူသားပေတော့ ပေတာပေါ့။
လူငယ်ဆိုတော့ဗျာ ကျုပ်လုပ်တဲ့ ဒီနွားချေးလှည်းတိုက်စားရတဲ့အလုပ်ကြီးကို ဂုဏ်ငယ်တယ်ထင်တာပေါ့။ လုပ်မစား ချင်ဘူးရယ်။ အိမ်က သားကြီးကို ပြောပါတယ်။ ဟုတ်တယ် ကျုပ်ကလည်း မလုပ်ချင်ပါဘူး။ ဒါပေမယ့် ပိုးထွာကောင်များလိုပေါ့ဗျာ။ ရှေ့လှမ်းစရာမမြင်သေးလို့သာပ။ နို့ဖြင့်လားဝေးပါ့။

ကျုပ်လား၊ တောင်သူကြီးမျိုးရိုးထဲက ပါဗျာ။ ဘယ်ကလာ ကူလီလုပ်ဖူးရမှာလဲ။ အခုထိတောင် ရွာမှာ ထန်းတွေ၊ တောင်သူတွေ နွားမခြံတွေရှိသေးပ။ အငျားမလိုက်ရတဲ့ပြင် ကိုယ့်ယာအတွက်တောင် ကူလီဆေးဝါး ဆယ်ယောက် တစ်ကျိပ်ငှားနေကျပါ။
တောကလား၊ ပန်းစွာရါာက ကိုဘသက်ဗျ။ ရွာအလှူလာရင်း ငကြည် ငါနှင့် ရှမ်းပြည်နယ် ဘက် လိုက်မလား၊ ငွေရှာရလွယ်တယ်မောင်တဲ့။ ဟုတ်တယ်၊ အဲဒီတော့ ရွာမှာကို သားတွေ၊ သမီးတွေ မွေးပြီး နေပြီ ကျုပ်စဉ်းစားတာက ရွာမှာဆို မိုးမျှော်ရတာ စိတ်ပျက်တယ်။ နောက်မြွေပါး၊ ကင်းပါးကြောက်ရတာ။ နောက် ကလေးတွေရဲ့ ပညာရေး ...။
ဇာတ်စုံခင်း နေရရင် ကြာပါတယ်ဗျာ။ ဒီလိုနဲ့ ရှမ်းပြည်နယ်ရောက်။ ပထမလက်တွန်းလှည်းတွန်း၊ နောက်တော့ ဆိုက်ကားနင်း။ အဲဒီကမှ နွားလှည်းထောင်၊ ထင်းခုတ်စား၊ အဲဒီကနေမှတစ်ခါ နွားချေးလှည်း တိုက်စား ရတဲ့ဘ၀ရောက်။

ကုလားနွားချေး နှင့် ရပ်ကွက်ထဲက နွားချေးက ကွာတယ်။ အပုံကြီးဧရာမထဲက ကျုံးလာရတဲ့နွားချေးက မည်းနေတာ။ ခဲ၊ သဲ၊ အမှိုက်လည်း ပါတာမဟ်ုတ်ဘူး။ ပလပ်စတစ်၊ ပုလင်းကွဲဆိုတာ ဝေလာဝေးရယ်။ ဒီ တော့ ကုလားနွားမခြံက နွားချေးဆိုရင် ရှိသလောက်သာတိုက်ခဲ့။ ခြံတွေက ယူတာပဲ။ ငြင်းဘူးရယ်။
ရပ်ကွက် ထဲက နွားချေးကျတော့ဗျာ၊ နွားသုံးလေးကောင်က ပါတဲ့ချေးဥစ္စာ၊ နောက်ပြီး တချို့အိမ် တွေကျတော့ ကလေးတွေကလည်း မုန့်ဖိုးရချင်တာနှင့် လျှောက်လည်ကောက်စုထားကြတာ ကလား၊ ၀ါဝါ ခြောက်ခြောက်မို့ နွားချေးလှည်းတိုက်ရတာ "ပေါ့ " တာပဲရှိတယ်။ ကျောက်ခဲတွေ ပါတတ် တယ်။ ကျောက်ခဲ ပါရင် ခြံသမားတွေက လွှတ်ကြောက်တာကလား။ ခြံသမားတွေ ရဲ့ ပေါက်ပြားဆိုတာ မြိနေ၊ ထက်နေ ကြတဲ့ ဟာကိုး။ ပဲ့မှာပြုမှာ စိုးတာပေါ့။ ဟုတ်တယ်။

" အဖေရာ သားကြီးလာရင်တော့ အဖေလိုမျိုး နွားချေးလှည်းတိုက်ရတဲ့အလုပ်ကြီး လုပ်ချင်ပေါင် "
ဟုတ်ပြီ။ ဒါမှ ဖေ့သားကွ။ လှည်းသမားသား၊ လှည်းမောင်းရမတဲ့လား၊ စာရေးစာချီ ဖောင်တိန်ကိုင်သလိုမျိုး အရိပ်ထဲက အလုပ်ပဲ လုပ်ရမှာပေါ့။ ဟုတ်ပြီ၊ ဒီကောင်ကြီး ဒီစိတ်မျိုးရှိတာ ဟန်ကျတယ်။ ဒါမှ စာကြိုးစား မှာ။ ကြိုက်သဗျာ။

ကျုပ်မှတ်မိသေးတယ်။ ဒီကောင်ကြီး မီးဖွားတုန်းက သူ့ခေါင်းရှည်ရှည်ကြီးကို ကြည့်ပြီး ဦးလေးကြည် အဖေ က နိမိတ်ဖတ်တယ်။ ငကြည်ရေ ... ၀န်ခေါင်းကြီးကွ၊ ၀န်ခေါင်းကြီး ... ကြီးလာရင် ဒီကောင်အရာရှိ၊ အရာခံဖြစ်မှာတဲ့ ပြောဖူးတယ်။ ငါ့မြေးကြီး လခစားဖြစ်မှ ငါသေမယ်။ ငါ့မြေးကြီး လခစား ဖြစ်မှ ငါသေမယ် ဆိုတဲ့ အဖေကဖြင့် ဆုံးသွားတာ လေးငါးဆယ်နှစ် ရှိပါရောလား။
မုန်လာခြံထဲ နွားချေးချတဲ့အခါ များများပါမှ ခြံသမားတွေက သဘောကျကြတာ။ ကုလားခြံက စီးထိုးဝယ်တာဆိုတော့ လှည်းကျိုးလုနီးပါးပါပဲ။ လှည်းပေါ်မှာက နွားချေးငွေ့တွေက အပူရိုတော့ ဦးလေး ကြည်မျက်စိတွေ ဝေချင်လာပြီ။ ကပ်ကြမ်းပေါ်မှာ ကောက်ရိုးတစ်ထပ်ခင်းပြီး လှည်းကို မောင်းထွက် လာတော့ နွားနှစ်ကောင်လေ၊ ရုန်းနေလိုက်ကြတာဗျာကုန်းလို့။ အေးဗျ၊ အတော်လေးမှာရယ်၊ ဇောနှင့် လောဘ နှင့်မို့သာ တင်လာရတာရယ်။ အတော်ဝိတ်ပါမယ့်ပုံရယ်၊ ကြည့်ပါလား၊ ဟိုမှာ ကျန်ခဲ့တဲ့ လှည်းဘီးခြေရာ တွေဆိုတာ နစ်နစ်နည်းနည်းကြီးရယ်။

ဒီနေ့က ကျောင်းပိတ်ရက်ဆိုတော့ မဆိုးပါဘူး။ အိမ်က သားကြီးက အတင်အချလိုက်ကူတယ်။ ကျန်တာက မိန်းကလေးတွေပါဗျာ။ အားမကိုးရပါဘူး။ အဟဲ ဒါပေမယ့် ဒီကောင်ကြီးက ရှက်ရှာသဗျ။ ဦးလေးကြည်နှင့် အတူ ဘယ်တော့မှ လှည်းမစီးဘူး။ သူ့သူငယ်ချင်းတွေ မြင်မှာစိုးထင်ပါရဲ့ဗျာ။ သူ့အဖေက နွားချေးလှည်း တိုက်စား နေရတယ်ဆိုတာ သိစေချင်ဟန်မတူပါဘူး။ ကျောင်းမှာ မိဘအလုပ်အကိုင်မေးတော့ ခြံစိုက်ပျိုးရေး လို့ ထည့်သတဲ့ဗျ။ အဟဲ ဒီကောင်ကြီးမဆိုးဘူး။ နီးစပ်အောင် ရေးတတ်သားပဲ။ ပညာရှိ ဖြစ်မယ့်ကောင်။

မုန့်ညှင်း၊ မုန်လာ၊ ခရမ်းချဉ်သီး၊ ပဲသီး၊ ပြောင်းဖူး၊ ရာသီချိန်လိုက်လို့ပေါ့ဗျာ။ ဟင်းသီး ဟင်းရွက်လား ၀ယ် စားရတယ် ရှိပါဘူး။ အိမ်က ထမင်းပွဲမှာလား အသားမပါရင်သာ ရှိမယ်။ ခြံသမားတွေက ပေးကြပြုကြတာ ပေါ့။ တစ်ခုတော့ ရှိတယ်ဗျ။ အိမ်က သားကြီးက ရွံတတ်တယ်။ နွားချေးကျုံးတဲ့ ဦးလေးကြည်လက်က နွား ချေး မစင်တော့ ရွံတယ်ထင်ပါရဲ့ဗျာ။ ဟိုအကြောင်းပြ၊ ဒီအကြောင်းပြ၊ ဦးလေးကြည်နှင့် လက်ဆုံ စားဘူးရယ်။ အရင်စာရင်လည်းစား၊ နောက်ချန်စားရင်လည်းစား၊ သိတာပေါ့ဗျာ။ မွေးခဲ့တဲ့အဖေပဲ ဥစ္စာ။ အိမ်က သမီးတွေနှင့် ထမင်းစားရင်တောင်မှ သူတို့မသတီကြမှာစိုးလို့ ဇွန်းနှင့်စားတာပဲ။ အဟုတ်ရယ်။

သားကြီးပြောပါတယ်။ ဒီကောင်က တစ်မျိုး၊ သူ့ညီမတွေရဲ့ မစင်မြင်ရင်တောင် တံတွေးတစ်ပျစ်ပျစ်ရယ်၊ သူကြီးလာရင် အိမ်သာကို ကောင်းကောင်း လုံလုံဆောက်ပြီးမှ နေမယ်တဲ့။ ခွေးချေး၊ ကြောင်ချေး၊ ကြွက်ချေး၊ ချေးမှန်သမျှ ရွံမှရွံပဲ။

ဦးလေးကြည်လား သူလည်း ရွံတတ်တာပဲ၊ ဒါပေမယ့် သားကျွေးမှု၊ မယားကျွေးမှု မဟုတ်လား။ ဘယ်တတ် နိုင်ပါ့မလဲ။ ဦးလေးကြည် နွားလှည်းတိုက်၊ ဒီနွားချေးကျုံးအလုပ် လုပ်ဖြစ်ခဲ့တာလည်း ကြည့်ပါဦး။ အရင်နွား ချေးတိုက်တဲ့ လူကြီးနာမည်က ဦးကြီးစိုးတဲ့၊ တစ်နေ့ အိမ်လာပြီး ငကြည်ရယ်၊ ငါ့ကိုတစ်ခု ကူညီစမ်းပါကွာ။ ငါ ရဟန်းဝတ်ချင်လို့ပါ။ ငါ့ဖောက်သည်တွေ ပျက်မှာ စိုးတယ်။ အဲဒါ ငါရဟန်းမထွက်ခင်လေး နွားချေးတိုက် ပေးစမ်းပါ။ ဘယ့်နှယ်လဲတဲ့။ အဲဒီလိုနှင့် စခဲ့တာကလား။ ပြောပါ့မယ်။ ဒီအလုပ်ကို ခုထိ လုပ်ဖြစ်နေတာက အဲဒီ ဦးကြီးစိုးက ခုထိ ရဟန်းဘောင်က မထွက်သေးတာရယ်။ နောက်ပြီး ဒီအလုပ်က ထင်းခုတ်တဲ့အလုပ် ထက် တွက်ချေကိုက်နေတာကြောင့်ရယ်ပေါ့။ နို့ဖြင့်ရင်လား ...
သားကြီးရေ မင်းက ဘယ်လိုပဲ ရွံရွံ ဒီနွားချေးကျုံးတဲ့အလုပ်ကို အထင်သေးသေး၊ တခြားပြောင်းစရာအလုပ် ကမမြင်သေးတော့ ဗြုန်းဆိုပြောင်းရမှာ မလွယ်ဘူးကွယ်။ သားတို့၊ သမီးတို့ ပညာရေးက ရှိသေး မဟုတ်လား။ ဦးလေးကြည် ရင်ထဲက ပြောမိတာပေါ့။

ကုလားနွားမခြံ တွေမှာက အပုံပြတ်ရောင်းကြတာလည်းရှိ။ အစီထိုးမှ ရောင်းရတာလည်းရှိတယ်။ အပုံပြတ် ဆိုရင်လည်း နွားချေးပုံကြီးကို ကြည့်၊ အစီးရေ ဘယ်လောက်ထွက်မည်ဆိုတာ ဦးလေးကြည် စိတ်မှန်းနှင့် ခန့်မှန်း၊ နောက်မှ နွားမခြံရှင်ကုလားနှင့် ဈေးစကားပြော၊ လှည်းနှင့် တစ်စီးချင်းတိုက် ပြီးတော့ မုံလာခြံ တွေဆီ ပို့ပေါ့။ ကုန်းမို့မို့အောက်ခံ နွားချေးပုံကြီးကို ဈေးပိုပေးခဲ့မိလို့ ရှုံးတဲ့အခါလည်းရှိပါ့။
ဒီလိုပဲ ဒီအလုပ်ကို ဦးလေးကြည် လုပ်လာတော့ အလုပ်က အလိုလိုသင်လာတာပေါ့။ ပွဲနီးလာတဲ့ အခါများဆို နွားချေးပိုင်ရှင်တွေက တစ်ပြိုင်တည်းလိုလို ရောင်းချင်လာကြပြီလေ။ ရှန်ခိုက်ပွဲ၊ ဆန်ကပ်ပွဲ၊ လိုင်လိုပွဲ၊ သီတင်းကျွတ်ပွဲတွေ နီးလာရင် အဲဒီလိုပဲ။ ဦးလေးကြည်မှာလား နွားချေးပိုင်ရှင်တွေက တစ်ပြိုင်တည်း လိုလို ရောင်းချင်လာကြပြီလေ။ ရှန်ခိုက်ပွဲ၊ ဆန်ကပ်ပွဲ၊ လိုင်လိုပွဲ၊ သီတင်းကျွတ်ပွဲတွေ နီးလာ ရင် အဲဒီလိုပဲ။ ဦးလေးကြည်မှာလား နွားချေးတိုက်စားနေရတယ်ဆိုပါမှ ဘယ်ကလာ ဒီလောက် ပိုက်ဆံ တတ်နိုင်ပါ့မလဲ။ ဒီတော့ မုန်လာခြံပိုင်ရှင်တွေဆီကနေ ငွေကြိုတင် သိစေချင်ဟန် မတူပါဘူး။ ကျောင်း မှာ မိဘ အလုပ်အကိုင်မေးတော့ ခြံစိုက်ပျိုးရေးလို့ ထည့်သတဲ့ဗျာ။ အဟဲ ဒိကောင်ကြီး မဆိုးဘူး။ နီးစပ်အောင် ရေးတတ်သားပဲ။ ပညာရှိဖြစ်မယ့်ကောင်။

မုန့်ညှင်း၊ မုန်လာ၊ ခရမ်းချဉ်သီး၊ ပဲသီး၊ ပြောင်းဖူး၊ ရာသီချိန်လိုက်လို့ပေါ့ဗျာ။ ဟင်းသီး ဟင်းရွက်လား ၀ယ် စားရတယ်ရှိပါဘူး။ အိမ်က ထမင်းပွဲမှာလား အသားမပါရင်သာ ရှိမယ်၊ ခြံသမိားတွေက ပေးကြပြုကြတာ ပေါ့။ တစ်ခုတော့ ရှိတယ်ဗျ။ အိမ်က သားကြီးက ရွံတတ်တယ်။ နွားချေးကျုံးတဲ့ ဦးလေးကြည်လက်က နွား ချေးမစင်တော့ ရွံတယ်ထင်ပါရဲ့ဗျာ။ ဟိုအကြောင်းပြ၊ ဒီအကြောင်းပြ၊ ဦးလေးကြည်နှင့် လက်ဆုံစား ဘူးရယ်။ အရင်စားရင်လည်းစား၊ နောက်ချန်စားရင်လည်းစား၊ သိတာပေါ့ဗျာ။ မွေးခဲ့တဲ့အဖေပဲဥစ္စာ။ အိမ်က သမီးတွေနှင့် ထမင်းစားရင်တောင်မှ သူတို့မသတီကြမှာစိုးလို့ ဇွန်းနှင့်စားတာပဲ။ အဟုတ်ရယ်။

သားကြီးပြောပါတယ်။ ဒီကောင်က တစ်မျိုး၊ သူ့ညီမတွေရဲ့ မစင်မြင်ရင်တောင် တံတွေးတစ်ပျစ်ပျစ်ရယ်၊ သူကြီးလာရင် အိမ်သာကို ကောင်းကောင်း လုံလုံဆောက်ပြီးမှ နေမယ်တဲ့။ ခွေးချေး၊ ကြောင်ချေး၊ ကြွက်ချေး၊ ချေးမှန်သမျှ ရွံမှရွံပဲ။

ဦးလေားကည်လား သူလည်း ရွံတတ်တာပဲ၊ ဒါပေမယ့် သားကျွေးမှု၊ မယားကျွေးမှု မဟုတ်လား။ ဘယ် တတ်နိုင်ပါ့မလာ။ ဦးလေးကြည် နွားလှည်းတိုက်၊ ဒီနွားချေးကျုံးအလုပ် လုပ်ဖြစ်ခဲ့တာလည်း ကြည့်ပါဦး။ အရင်နွားချေးတိုက်တဲ့ လူကြီးနာမည်က ဦးကြီးစိုးတဲ့၊ တစ်နေ့ အိမ်လာပြီး ငကြည်ရယ်၊ ငါ့ကိုတစ်ခု ကူညီ စမ်းပါကွာ။ ငါ ရဟန်းဝတ်ချင်လို့ပါ။ ငါ့ဖောက်သည်တွေပျက်မှာ စိုးတယ်။ အဲဒါ ငါရဟန်းမထွက်ခင်လေး နွားချေးတိုက်ပေးစမ်းပါ။ ဘယ့်နှယ့်လဲတဲ့။ အဲဒီလိုနှင့် စခဲ့တာကလား။ ပြောပါ့မယ်။ ဒီအလုပ်ကို ခုထိ လုပ် ဖြစ်နေတာက အဲဒီ ဦးကြီးစိုးက ခုထိ ရဟန်းဘောင်က မထွက်သေးတာရယ်။ နောက်ပြီး ဒီအလုပ်က ထင်း ခုတ်တဲ့အလုပ်ထက် တွက်ချေကိုက်နေတာကြောင့်ရယ်ပေါ့။ နို့ဖြင့်ရင်လား ...
သားကြီးရေ မင်းက ဘယ်လိုပဲ ရွံရွံ ဒီနွားချေးကျုံးတဲ့အလုပ်ကို အထင်သေးသေး၊ တခြားပြောင်းစရာ အလုပ်က မမြင်သေးတော့ ဗြုန်းဆိုပြောင်းရမှာ မလွယ်ဘူးကွယ်။ သားတို့၊ သမီးတို့ ပညာရေးက ရှိသေး မဟုတ်လား။ ဦးလေးကြည် ရင်ထဲက ပြောမိတာပေါ့။

ကုလားနွားမခြံတွေမှာက အပုံပြတ် ရောင်းကြတာလည်းရှိ၊ အစီးထိုးမှ ရောင်းရတာလည်းရှိတယ်။ အပုံ ပြတ်ဆိုရင်လည်း နွားချေးပုံကြီးကို ကြည့်၊ အစီးရေ ဘယ်လောက်ထွက်မည်ဆိုတာ ဦးလေးကြည် စိတ်မှန်း နှင့် ခန့်မှန်း၊ နောက်မှ နွားမခြံရှင်ကုလားနှင့် ဈေးစကားပြော၊ လှည်းနှင့် တစ်စီးချင်းတိုက် ပြီးတော့ မုံလာခြံ တွေဆီပို့ပေါ့။ ကုန်းမို့မို့အောက်ခံ နွားချေးပုံကြီးကို ဈေးပိုပေးခဲ့မိလို့ ရှုံးတဲ့အခါလည်း ရှိပါ့။

ဒီလိုပဲ ဒီအလုပ်ကို ဦးလေးကြည် လုပ်လာတော့ အလုပ်က အလိုလိုသင်လာတာပေါ့။ ပွဲနီးလာ တဲ့ အခါများဆို နွားချေးပိုင်ရှင်တွေက တစ်ပြိုင်တည်းလိုလို ရောင်းချင်လာကြပြီလေ။ ရှန်ခိုက်ပွဲ၊ ဆန် ကပ်ပွဲ၊ လိုင်လိုပွဲ၊ သီတင်းကျွတ်ပွဲတွေ နီးလာရင် အဲဒီလိုပဲ။ ဦးလေးကြည်မှာလား နွားချေး တိုက်စားနေရ တယ်ဆိုပါမှ ဘယ်ကလာ ဒီလောက်ပိုက်ဆံတတ်နိုင်ပါ့မလဲ။ ဒီတော့ မုန်လာခြံပိုင်ရှင်တွေဆီကနေ ငွေကြိုတင်ထုတ်၊ တစ်ခြံနည်းနည်းစီပေးသွား။ အဲဒီလိုနဲ့ မိတ်မပျက်အောင် လုပ်ရတာပေါ့။ မှုတ်ဖူးလား။

ဦးလေးကြည်နှင့်အပြိုင် နွားချေးဝယ်တဲ့သူတွေလား ရှိပါ့။ ဘယ်သူတွေရှိဦးမှာလည်း တရုတ်ခြံပိုင်ရှင်တွေ ပေါ့။ ခြံကြီးရှင်တွေလေ။ သူတို့မှာက နွားလှည်းလည်းရှိရဲ့။ ထွေလာဂျီလည်းရှိ။ ကုလားနွားခြံတွေဆီက စီး တိုက် ဆိုရင်လည်း ရှမ်းတရုတ်တွေက စီးတိုက်ပါပဲ။ ဒါပေမယ့် သူတို့တစ်စီးတိုက်ဆိုတာက လှည်းရံတိုင် အပေါ် ရိုင်ပတ်တင်ရုံမကဘူး ခြေနှင့်နင်းပြုတင်တတ်ကြတာကလား။ ကိုက်အောင် တင်ကြမှာပဲလေ။

ဦးလေးကြည်တို့ကလား မိဘ၀တ္တရားကျေပါ့ဗျာ။ သားသမီးတွေအားလုံး တန်းတူရည်တူ ကျောင်းထားပေး ခဲ့တာပါ။ သမိးတွေဆိုတာက ရှစ်တန်း၊ ကိုးတန်းကကို မတက်တော့ဘူး။ စာမေးပွဲ တဖုတ်ဖုတ်ကျ။ နောက် တော့ ကျောင်းထွက်ကြရရောပဲ။ ဘာမှ မထူးပါဘူး။

ထူးတာက ဦးလေးကြည် သားကြီးမှ။ ဆယ်တန်းအောင်၊ အလုပ်ဝင်၊ အဝေးသင်ဘွဲ့ရ။ အခုတော့ သူ့ရုံးမှာ သူက ဦးစီးမှူးဆိုလား၊ တခြားမြို့ကို ပြောင်းသွားခဲ့တာမို့ ဦးလေားကည်တော့လား သိပေါင်။ ဒါပြီးရင် နောက်တဆင့် ရာထူးတက်မျာက ဦးစီးအရာရှိတဲ့။ ဦးလေးကြည်တို့ရှေးအခေါ် "လယ်ဝန်ကြီး" ဆိုပါလား။ နိပ်ဟ ... ဒါဖြင့် သေသွားတဲ့အဖေ နိမိတ်ဖတ်သလို သူ့မြေး ၀န်ကြီးဖြစ်တော့မှာပေါ့နော်။ ဦးလေးကြည် ပင်ပန်းရကျိုးနပ်ပါ့ဗျာ။ ဒီကောင်ကြီး အခုထိ ချေးဆိုရွံတုန်းလားမှ မသိတာ။ သားကြီးရေ အဖေ့မတော့ကွာ သားရွံတဲ့ နွားချေးတိုက်တဲ့အလုပ်ကဖြင့် ခုထိ လုပ်နေရတုန်းပါကွာလို့၊ ဒီတစ်ခါ ဦးလေးကြည် သူ့သားဆီ စာရေးတဲ့အခါ ထည့်ရေးလိုက်ရကောင်းမလားဟင်။

မှတ်မိသေးရဲ့ ဟုတ်တယ်။ သားကြီး ဆယ်တန်းဖြေမည့်နှစ်ကလားပဲ၊ တစ်ညနေ နေ၀င်ရီတရောအချိန် လောက်မှာပေါ့။ ရှမ်းခမောက်ကြီးတစ်လုံးကို ခပ်စိုက်စိုက် ဆောင်းလို့ လူကြီးတစ်ယောက် အိမ်ကို လှည်း ငှားရောက်လာတယ်။ လှည်းတိုက်ရမှာက မြို့လယ်ကောင်မှာတဲ့ လာရမည့်အချိန်ကလည်း ကြည့်ဦး။ ည တစ်နာရီခွဲ၊ နှစ်နာရီတဲ့။ ဖြစ်ရလေ။

လှည်းငှားတဲ့လူပြန်သွားလို့ အိပ်ယာသာ ၀င်ခဲ့ရတယ်။ ဘယ်ကလာ ဦးလေးကြည် အိပ်ပျော်နိုင်ပါ့မလဲ။ ရေနံ ဆီ မီးခွက်ကလေးနှင့်စာကျက်နေတဲ့ သားကြီးအသံကလည်း ကြားနေရရဲ့။ ကြည့်ပါဦး လှည်းတိုက်ရမည့် အချိန်ကလည်း ကြံကြံဖန်ဖန် သန်းခေါင်းသလဲမှတဲ့။ ဘာတွေ တိုက်ပေးရမှာတဲ့လဲ။ မတော်ဥပဒေနှင့်မှ လွတ်ပါ့မလား။ ဘိန်းဖြူ၊ ဘိန်းမည်းတွေ အသယ်ခိုင်းလို့ ရဲကဖမ်းမိထောင်ကျနေမှ သားကြီး ပညာတပိုင်း တစနှင့် ခက်ရချေရဲ့လေ။ သားကြီးအမေနှင့် တိုင်ပင်ဦးမှပါ။ ဘယ်လို့လဲ ရှင်မရေ မင်းသဘောက ...
နာရီသံချောင်းခေါက်သံကြားတော့ မထူးပါဘူးကွာ။ အိမ်မှာဝင်ငွေက နည်းရတဲ့အထဲ သွားကြည့်မျပါ။ ဟို ကျမှ ရောက်ရားပေါ့။ ချိန်းတားတဲ့နေရာရောက်တော့ လက်နှိပ်ဓာတ်မီးရောင်တ၀င်းဝင်းနှင့် ခပ်အုပ်အုပ်အချက် ပြနေတာ မြင်ရတယ်။ အဲဒီကမှတစ်ခါ နောက်ဖေးလမ်းကြားလေးထဲ တိတ်တိတ်ဝင်၊ အိမ်ဝင်းတစ်ခုထဲ တံခါးဖွင့်ပြီး နွားလှည်းကိုမောင်းသွား ရောက်ပြီဆိုမှ နွားနှစ်ကောင်ရဲ့ ဆွဲကြိုးအသံမမြည် အောင် အသာဆွဲရပ် လှည်းပေါ်ကဆင်းရင်ကထိတ်လို့ပေါ့။

ထိုနေ့ညအချိန်က ဦးလေးကြည်လုပ်ခဲ့ရသော အလုပ်မှာ အိမ်သာကျင်းဟောင်းထဲမှ မစင်များကို နွားလှည်း နှင့် တိုက်ကာ ရေချောင်းထဲ သွားပစ်ပေးရသော အလုပ်ပေါ့။ လှည်းလေးငါးခေါက်တိုက်အပြီး မိုး လင်းခါနီးတော့ လှည်းကို အသောမောင်းပြီး အိမ်ပြန်ရတာပေါ့။ လှည်းခလား၊ ကောင်းကောင်းရပါ့။ ဒါပေမယ့် ဦးလေးကြည်ရင်မှာ တထိတ်ထိတ်နှင့်ဗျို့။ တော်ပါသေးရဲ့ အိမ်ရောက်တော့ သားသမီးတွေက မနိုးကြသေးလို့။ လှည်းသံကြားတော့ သားကြီးအမေက မီးခွက်ကလေးမြှောက်ပြီး ကြိုနေရှာရဲ့လေ။ သူ လည်း ဦးလေးကြည် လှည်းမောင်းထွက်သွားကတည်းက ရင်တထိတ်ထိတ်နှင့်ပေါ့။ ဘယ်ကလာ အိပ်ပျော် နိုင်ပါ့မလာ။ စိုးရိမ်ပြီလား။

လုပ် လုပ်ဦးလေးကြည်က သူ့ဇနီးကို လောဆော်တယ်။ လှည်းကိုလည်း မနက်မိုးမလင်းခင် ရေစင်အောင် ဆေးကြတယ်။ ဘယ်သူမှ မရိပ်မိအောင်လို့လေ။ တော်နေကြာ အိမ်နီးနားချင်းတွေ သိကုန်မှဒုက္ခ။ ဦးလေးကြည် စဉ်းစားမိတယ်။ ခိုးစားတာ မဟုတ်ဘူး။ သမ္မာအာဇီဝပါလို့ ပြောပေမယ့် ဦးလေးကြည် စဉ်းစား မိတယ်။ ခိုးစားတာ မဟုတ်ဘူး။ သမ္မာအာဇီဝပါလို့ ပြောပေမယ့် ဦးလေးကြည် ဒီအလုပ် လုပ်တာ သိရင်လေ ဘယ်ကောင်းပါ့မလဲ။ ဦးလေးကြည်တို့။ သူဇနီးဆိုတာက အိုပြီ။ သေရုံပဲ ရှိတော့တာ။ ဘာ အရေးဘဲ။ သား သမီးတွေ မျက်နှာက ရှိသေးရဲ့။ သားကြီးတို့ ရှေ့လျှောက်အများကြီး လူလုပ်ကြ ရဦးမှာ မဟုတ်လား။

တော်တော့လူဆိုရင်လား အခု ဒီလုပ်ခဲ့တဲ့ အလုပ်ကြီးကိုလေ လုပ်ခိုင်းဖို့ နေနေသာ လူ လူချင်းမို့ စကားနဲ့ တောင် ပြောထွက်ကြပါ့မလားဘဲ။ ဘယ်လောက်ပဲ ဆင်းရဲနိမ့်ကျနေပါစေ၊ လူ့သိက္ခာက ရှိသေး မဟုတ်လား။ ဒါပေမယ့် ဦးလေးကြည် အလုပ်နှင့်ကျတော့ ဆက်စပ်မှုရှိလို့ အရဲစွန့်ပြီး လှည်းငှား ကြည့် တာလား မှ မသိတာ၊ ခိုင်းတာပေါ့။
ဒါပေမယ့် ဒီဟာကြီးကိုတော့ ဒီတစ်သက် ဒီအလုပ်လုပ်ခဲ့ဖူးတာ သားကြီးသိလို့ မဖြစ်ဘူး၊ လုံးဝကို မဖြစ်ဘူး ဟူး ...။ ဦးလေးကြည်ရင်ထဲမှာ သန္နိဋ္ဌာန် မြဲမြဲကြီး ချထားလိုက်မှ နို့မို့ ဖြင့်ရင်လား ဒီကောင်က ...။

ကျေးဇူးရှင်အဖေသို့ ...။
မောင်သင်းထုံ (ကျောက်မဲ)
.
>>>ဆက်ဖတ်ရန်>>> >>

Thursday, September 8, 2011

ဆရာဦးသုခနှင့် သူ့ခေတ်ပြိုင် စာဆိုတို့အမြင် အပိုင်း (၇ဝ)

ရွှေနောင်ရိုး (မန္တလေး)
ဘုန်းခေါင်မိခင် ကျေးဇူးရှင်

ဒီနှစ်အဖို့တော့ အထိမ်းအမှတ်များနဲ့ နှစ်လို့ဆိုရမှာပါ။ မန္တလေးအနှစ်(၁၅၀)ပြည့်ဖြစ်လို့ အမှတ်တရစာအုပ် ထွက်ခဲ့ပြီးသလို ရွှေကျင်သာသနာအနှစ် (၁၅၀)ပြည့်ပြီမို့ အမှတ်တရစာမူတွေ တောင်းနေပါပြီ။ အခုလည်း အမေနေ့ အမှတ်တရနှင့်အတူ ဆရာကြီးဦးသုခရဲ့ အနှစ်(၁၀၀)ပြည့်နှစ်လည်း ဖြစ်ပါတယ်။

အမေနေ့ဖြစ်မြောက်ရေးအတွက် ဘဘဦးသုခက ကာယ၀ီရိယ၊ ဥာဏ၀ီရိယ တတ်စွမ်းသမျှကြိုးစားလုပ် သွားခဲ့သူ ဖြစ်တယ်။ ပြာသိုလပြည့်နေ့မှာ မြန်မာပြည်တလွှား အမေနေ့ကျင်းပတဲ့ပွဲတွေ အနှံ့အပြားဖြစ်နေခဲ့ ပါတယ်။ စစ်ကိုင်းစာပေ ရောင်းရင်းများက နှစ်စဉ် အမေနေ့ အမှတ်တရ ကဗျာစာအုပ်ထုတ်လို့ ကျွန်တော် လည်း တစ်နှစ်တစ်ပုဒ်တော့ မှန်မှန်ရေးခဲ့တယ်။ ကျွန်တော်တို့ မန္တလေးက နှစ်စဉ်မပြတ် အမေနေ့ ကျင်းပ တာ (၁၀)နှစ်ကျော်ခဲ့ပြီ ဖြစ်ပါတယ်။ ဦးသုခရဲ့ ရာပြည့်မှာ အမေနေ့ အမှတ်တရနဲ့တွဲပြီး အမှတ်တရ စာအုပ် ထုတ်ဖို့ဟာ စိတ်ကူးကောင်းတစ်ခုမို့ စာမူတစ်ပုဒ်ရေးဖို့ ကြိုးစားမိတယ်။

ဘဘဦးသုခရဲ့ အမေနေ့ဖြစ်မြောက်ဖို့ ကြိုးစားပုံက ရိုးရှင်းလှပါတယ်။ " မိဘမေတ္တာကို လေးစားလာအောင် အင်မတန်အေးချမ်းတဲ့ ပြာသိုလပြည့်နေ့ညကို အမေနေ့ဆိုပြီး ကျွန်တော်က သတ်မှတ်ချင်တယ်။ အဲဒီနေ့ည မှာ အမေနေ့ဆိုပြီး အမေ့မေတ္တာကို ချီးကျူးဂုဏ်ပြုတဲ့ သီချင်းတွေဆိုချင်တယ်။ သားသမီး တွေက အမေတွေ ကို တတ်နိုင်သလောက် ပြုစုမယ်။ ပိုက်ဆံကုန်ဖို့ မဟုတ်ဘူး နင်းပေးမယ်၊ နှိပ်ပေးမယ်၊ ရေချိုးပေးမယ် တတ် နိုင်တဲ့သူတွေက စားဖွယ်ရာလေးတွေ ၀ယ်ကျွေးရင်း အမေနေ့ ကျင်းပ စေချင်တယ်" ဒါဟာ ဘဘဦးသုခရဲ့ ဆန္ဒပါ။
" ပဋိသန္ဓေ၊ ဆယ်လနေ၍၊ မြုတေမျက်နှာ၊ မြင်သောအခါက၊ နံ့သာပန်းပျိုး၊ မဉ္ဇူမျိုးသို့။ မြတ်နိုးလှမော၊ ချစ် သဘောဖြင့်၊ ကျော်စောထင်အောင်၊ သဘောဆောင်သည်၊ ဘုန်းခေါင်မိခင် ကျေးဇူးရှင်" ဆိုတဲ့ မိခင်များရဲ့ ကျေးဇူးဆပ်ပွဲကို ပြုချင်လှတဲ့ ဘဘဦးသုခဆန္ဒ ပြည့်ဝသွားတယ်လို့ ဆိုရပါမယ်။ မကွယ်လွန်မီကတည်းက အမေနေ့ ရှုခင်းတွေ၊ အခင်းအကျင်းတွေ၊ ချမ်းမြေ့ကြည်နူးဖွယ်၊ အမေနေ့မြင်ကွင်းတွေကို အဘ မြင်သွား ရတာမို့ ကျေနပ်နှစ်သိမ့်ဖြစ်လိမ့်မှာ မလွဲပါ။

တစ်ခါတစ်လေ ကျွန်တော်တို့ကို ခင်ဗျားတို့က အမေနေ့ အမေနေ့နဲ့ အဖေတော့ အရေးမထားကြသလို ဖြစ်နေတယ်။ အဖေနေ့မရှိဘူးလား မလုပ်ဖူးလားလို့ မေးတာ ကြုံရတယ်။ အမေနေ့ကျင်းပနေသူတွေဟာ အဖေကျေးဇူးကို မမေ့သလို သိတတ်သူတွေလည်း ဖြစ်ကြပါတယ်။ ကျွန်တော်ကိုယ်တိုင် အဖေ တစ်ယောက် ဖြစ်နေတဲ့အတွက် အဖေရဲ့ တန်ဖိုးကို ပိုသိတာပေါ့။ ဆရာဖုန်းမြင့်အောင်က အဖေနေ့ ကျင်းပမယ် ဆိုတော့ ၀မ်းသာအားရ ကြိုဆိုကြပါတယ်။ ဒါပေမယ့် တစ်ခါ တစ်လေတော့လည်း မေးလာတဲ့ အဖေ က မသေချာဘူးဗျာ အမေက သေချာပေါက် စိတ်ချရတယ်လို့ ပြောမိတယ်။ ၀စီကံအရ ပြစ်မှားသလို ဖြစ်နေပေမယ့် ပါးစပ်ဘရိတ်မအုတ်မိဘဲ လွှတ်ကနဲ ထွက်သွားမိတယ်။

အိမ်မှာ အားတဲ့တစ်ရက် စာအုပ်တွေ ဘေးပုံဖတ်ရင်း စစ်ကိုင်းသာသနာဝင် စာအုပ်ကို ပြန်ဖတ်မိတယ်။ ဒီ တစ်ခါ ဖတ်တော့ သတိထားမိတာလေးကို ဖောက်သည်ချချင်လို့ အမေနေ့ဆောင်းပါးစကိုင်ဖြစ်တယ်။ ကမန်တော် ရေးချင်တဲ့စကား ကျမ်းကို အထောက်အထားနဲ့ ပြောရရင် ကျမ်းကိုးအထောက်အထားနဲ့ ပြောရ ရင် အရှင်ကောသလ္လ ဓမ္မာစရိယ B.A (Hons) ရေးသားစီရင်တဲ့ စစ်ကိုင်း သာသနာဝင် ကျမ်းစာအုပ်မှာ ပါပါတယ်။

ပထမရွှေကျင် ဆရာတော်ဘုရားကြီး ဦးဇာဂရဟာ ၀ိနယကုက္ကုစ္စအလွန်ကြီးမားသူဖြစ်တယ်။ ရွှေကျင်ဂိုဏ်း ကို တည်ထောင်သူဖြစ်သလို ရွှေကျင်ဂိုဏ်း ဥပဒေပြုသူလည်းဖြစ်တယ်။ ရွှေကျင် သံဃာတော်တွေအတွက် ဓမ္မ၀ိနယ စာတမ်းကို ပြုစုသလို ရွှေကျင်တိုက် ကျောင်းသားများအတွက် ရွှေကျင်ကျောင်းသားကျင့်ဝတ်ကို သတ်မှတ်တယ်။ ရွှေကျင်ဂိုဏ်းသံဃာတော်တွေကို ကိုးကွယ်ဆည်းကပ်တဲ့ ဒကာ၊ ဒကာမတွေအတွက် " ၀ိဟိဝိနိယစာတမ်း"တွေနဲ့ အုပ်ချုပ်တော်မူပြီး သာသနာပြုတဲ့ ဆရာတော်တစ်ပါးဖြစ်တယ်။ ပြီးတော့ သူ ကိုယ်တိုင်လည်း ၀ိနည်းကို အတိအကျလိုက်နာသူ ဖြစ်တယ်။

ဒါကြောင့် တစ်နေ့မှာ ဆရာတော်က မိမိရဲ့ ခမည်းတော်ကြီး ဦးမောင်ကို ဒီလိုမိန့်ပါတယ်။ " ဒကာကြီး ဆွေ မျိုးမတော်သူ တစ်စိမ်းဖြစ်ခဲ့လျှင် ဖိတ်ကြားထားမှသာ တောင်းခံထိုက်ကြောင်း ဖြစ်ထိုက်တယ်။ ဖိတ်ကြား မထားဘဲ တောင်းခံပြီး ရလျှင် မအပ်သောပစ္စည်းဖြစ်လို့ အာပတ်သင့်တဲ့အပြင် မိစ္ဆာဇိဝလည်း ဖြစ်တယ်လို့ မိန့်တော်မူတယ်။ ရဟန်းဆိုတာ တစ်ပါးသူကို မှီခိုရသူဖြစ်လို့ သူ့အနေနဲ့ မိခင်ဒကာမကြီးမရှိလျှင် တောင်းခံ နိုင်ဖို့ ဒကာကြီးဖိတ်မထားသေးဘူးလို့ဆိုပြီး မိန့်ပါတယ်။

အဲဒီအခါ ဖခင်ဒကာကြီးလည်း သားတော်ကသူ့ကို အဖေအရင်း ဟုတ်ချင်မှဟုတ်မယ်။ မဟုတ်ခဲ့သော် တစ်စိမ်းက တောင်းခံရာရောက်မှာလို့ ပြောတာပဲ၊ တစ်စိမ်းဆီက တောင်းခံမိရင် အပြစ်ဖြစ်မှာမို့ ဖခင် စစ် မစစ် အရိပ်ပြမေးခွန်း မေးတယ်ဆိုတာ သိလိုက်တယ် အဲဒီတော့ ဖခင်ကြီးက " ဒီကိစ္စ ဒကာကြီး တာဝန်မဟုတ်ပါ သံသယကင်းလိုတယ်ဆိုရင် ဒါယိကာမကြီးကိုသာ မေးသင့်ပါတယ်။ ဒီလို ရှရှာဖွေဖွေ သံသယရှိပုံမျိုးကို အရင်ကကြားဖူးတယ်၊ အခုတော့ မေးတဲ့သူဟာ ကိုယ့်သားအရင်းဖြစ်နေ တယ်။ ဆိုပြီးပြန်လျှောက်ထားတာ သိရတယ်။ ကျွန်တော်တို့က ဒီစကားမျိုးကို ဟာသအရာမျိုး ပြောဖြစ်ကြ ပေမယ့် တကယ့်သာသနာဝင် ကျမ်းတစ်စောင်ဖတ်ရတော့ ဟိုက်ကနဲ ဖြစ်သွားတာပေါ့ဗျာ။ အမေရဲ့ တန်ဖိုး အနည်းအများ အဖေရဲ့ တန်ဖိုး အနည်းအများ အရေးပါမှု အနည်းအများ အငြင်းပွားစရာမရှိသလို တန်ဖိုး အရာမှာလည်း အဖေဟာ အမေ့ထက် မလျော့ပါးပါဘူး။ ဒါပေမယ့် အမေဟာ အဖေ့ထက် သေချာတယ် ဆို တဲ့ ကိစ္စကတော့ သံသယ မရှိနိုင်တဲ့ ကိစ္စမျိုးမို့ အမေနေ့ဟာ အဓွန့်ရှည်နေဦးမှာပါ။

 
မေတ္တာရောင်ပြန်ဟပ်လို၍ ထိုနှစ်နေ့သို့
အောင်အောင်(ယဉ်မွန်)
ဝန္ဒေမာတရံသီချင်း
ဆို- ကိုအံ့ကြီး
ရေး-ဦးဘသိန်း(မန္တလေး)

မေတ္တာ ... ကရုစာ အကြင်နာရှာကြပေ၊ မွေးမိခင်ရဲ့ ခင်တွယ် စေတနာတွေ၊ရွှေမြင်းမိုရ် ထက်ပင်၊ ကြီးမား လျပေ ကျေးဇူးတရားတွေ ၀န္ဒေမာတရံ၊ သားမောင် အမြဲပင် ကန်တော့လျက်ပါပဲလေ ...(ပျော်ပျော်ရွှင်ရွှင်၊ သားလေး ကို ထွေးပိုက်ကာလေ၊ မြတ်သောရင်ခွင်၊ နို့ချိုတိုက်ကျွေး အလွန်ယုယပေ) ချိန်ခါ မသွေ၊ မှတ် ခြင် ယင်တွေဘေးကလေ (တာဝန်တွေ ကိုယ်ရေးထက်ပင် ဆယ်ဆ တိုးလို့နေ့) ... ချစ်ခင်ကြရှာပေ၊ အမြဲတိုင် လေ၊ သားရုပ်ရည်ရှုလို့နေ၊ အမြဲပဲလေ၊ မဟာကရုဏာတည်ပေ ... ငယ်စဉ်တောင်ကျေး၊ ကလေး အရွယ်က၊ မွေးမွေးလို့ပင် ပညာတွေကိုသင်၊ ရွှေစင်ရုပ်ရည်ရှုလို့တော့ဖြင့် မငြီးပေ၊ အစစအရာရာမှာလေ၊ မဟာကရုဏာ ကြီးရှာပေ ခုနေရှုစေ၊ ခုနေ မောင်တို့ မယ်တို့ မိခင်တွေ မိခင်တွေ၊ သားသမီးတွေ အပေါ်မှာ လေ၊ ထိုထိုအနန္တ၊ သြော် -လိုအင်ဆန္ဒပြုရှာတဲ့ဂုဏ်ကျေးဇူးတွေ (အချိန်တန် အရွယ်ရောက်ရင် ချစ်တဲ့သူနဲ့ ပေါင်းရစေဖို့၊ အာဝါဟရယ် ၀ိဝါဟရယ် လူသိနတ်ကြား မင်္ဂလာယင်တာတွေ) အလှူ့ဒကာ အလှူ့အစ်မ ခေါ်တာတွေ၊ ကျောင်းဒကာ ကျောင်းအစ်မခေါ်တာတွေ အမှန်ပေ၊ မွေးမေမေရဲ့ ဂုဏ် ကျေးဇူးအသင်္ချေ (ကျေးဇူးတော်မြတ် ကြီးလှပါသလေ၊ မဟာကရုဏာထားသူ ချစ်မေမေ) စာဖွဲ့ကာ တေးသံစုံနဲ့လေ၊ ရိုသေ မွေးမိခင်ကို မြတ်နိုးပေ ...)

ဒီသီချင်းကို (၂၈.၁၀.၂၀၀၄) (သီတင်းကျွတ်လပြည့်ည)က ရန်ကုန် ကျိုက္ကလော့ ပရိယတ္တိစာသင်တိုက်၊ မိုးကုတ်ဝိပဿနာ ဓမ္မရိပ်သာမှာ ဆရာတော် ဘဒ္ဒန္တဒေါက်တာ ဒန္ဒာဝရာဘိဝံသ ဦးစီးကျင်းပတဲ့ အမေ့မေတ္တာ စာမူဆုပေးပွဲနဲ့ အမေ့ဂုဏ်ပြုတေး သီဆိုပွဲ အခမ်းအနားမှာ ကိုထွန်းဦး (ထွန်းဦးစာပေ)နဲ့ နှီးနွယ် ရင်းနှီးခဲ့လဲ သာသနဒါယကာ ဦးအောင်ချိန်+ဒေါ်ကြင်လှိုင် (ကျော်အောင်အော့ဖ်ဆက်) တို့ ဖိတ်ခေါ် မှုနဲ့ သွားရောက်သီဆိုပေးခဲ့ပါတယ်။ ဆို၊ က၊ ရေး၊ တီး၊ ပြိုင်ပွဲမှာ ဒိုင်အဖြစ် ရောက်ရှိနေတဲ့ မန္တလေးမြို့ မြို့မတူရိယာအဖွဲ့ စန္ဒယားငြိမ်းထက်၊ တယောကိုတင်ဝင်းနဲ့ ဗုံကို အောင်ကျော်တို့ကို အကူညီတောင်းခဲ့ရတယ်။ ဘာလို့လဲဆိုတော့ ၀န္ဒေမာတရံသီချင်းကို အဖွင့်အတွက် မြန်မာသံစဉ်က ဒီတစ်ပုဒ်တည်း ပဲပါလို့ပါ။ နောက်ပိုင်းမှာ စတီရီယိုအဆိုတော်ဘိုဖြူဦးဆောင်တဲ့ အဆိုတော်တွေက အမေ့ ဂုဏ်ပြု တေးတွေနဲ့ ဧည့်ခံကြတယ်။

တေးရေးဆရာကြီး ဦးဘသိန်း (မန္တလေး)က အမေ့ဂုဏ်ရည်ဖော်ကျူးတဲ့ "၀န္ဒေမာတရံ" သီချင်းနဲ့ မွေးသ ဖခင်ကျေးဇူးရှင်၏ အရိပ်သာလျှင်ဆိုတဲ့ " ဘ၀သခင်" သီချင်းကို ကိုအံ့ကြီးဆိုပြီး အသံသွင်းစေခဲ့သလို ကိုအံ့ကြီးရဲ့တူ မောင်တင်ဝင်းကို " အို ချစ်လှစွာသော ညီငယ် နှမငယ် ဖေဖေတစ်ခါပြောဖူးတယ်" အစချီ တဲ့ " ဖေဖေ ပြောသောပုံပြင် " သီချင်းကို အဖေ့မေတ္တာ ဖော်ကျူးတဲ့ အနေနဲ့ သီဆိုစေခဲ့တာ မြန်မာ့ အသံ မှာ ဓာတ်ပြားရခဲ့တယ်။

နောက်ပိုင်း မြန်မာ့အသံမှာ " မိဘ မေတ္တာ" ၊ "ပုဗ္ပာစရိယ မိနှင့်ဘ" စသဖြင့် မိဘမေတ္တာဖော်ကျူးတဲ့ ဓာတ် ပြားသီချင်းတွေရှိသလိုနောက်ပိုင်းမှာ ကြားဖူးကြမှာပါ။ " ကျေးဇူးရှင် ဖေဖေနဲ့ မေမေ" ဆိုတဲ့ သီချင်း၊ ဖေဖေ လည်း ချမ်းမြေ့ပါစေ၊ မေမေလည်း ချမ်းမြေ့ပါစေ" ဆိုတဲ့ သီချင်းတွေရှိပါတယ်။

ဆရာကြီး ဦးသုခ ဂျပန်နိုင်ငံကအပြန် စတင်ကျင်းပဖို့ စိတ်ကူးရခဲ့တဲ့ အမေနေ့ အခမ်းအနားကို တက်ရောက် နားဆင်ခွင့်ရလို့ လှိုက်လှဲဝမ်းမြောက်စွာနဲ့ ဆရာကြီးကို ဦးညွှတ်လျက်ပါ။
ဆရာကြီးဦးသုခ အမှူးထားပြီး မန္တလေးမှာ ဆရာဖုန်း (စာရေးဆရာ ဦးဖုန်းမြင့်အောင်)တို့ အဖွဲ့ စီစဉ်တဲ့ အမေနေ့ပွဲတွေကို နှစ်စဉ် တက်ရောက်ခဲ့သလို၊ စစ်ကိုင်းရွှေဟင်္သာကျောင်းတိုက်က ကိုးဘွဲ့ရဆရာတော် အရှင် အာစာရာလင်္ကာရကို အမှူးထားပြီး စစ်ကိုင်းစာပေ ပညာရှင်တွေ ကျင်းပတဲ့ အမေနေ့ ပွဲကိုလည်း တက်ရောက်ခဲ့ပါတယ်။
အခုတော့ အမေနေ့ပွဲတွေကို မတက်ရောက်ဖြစ်တာ ၄ နှစ်ရှိသွားပြီးလို့ ၀န်ခံပါရစေ။ ဘာလို့လဲဆိုတော့ ကျွန်တော် ဟာ မိဘနှစ်ပါးလုံးကို ချစ်တဲ့ သားတစ်ယောက်ဖြစ်တော့ အဖေ့ကို မျက်နှာပူပြီး အားနာမိလို့ပါ။ ဒါကျွန်တော့် ရင်ထဲက ခံစားချက်။

ကျွန်တော်ကိုယ်တွေ့ ကျေးဇူးရှင် မိဘနှစ်ပါးအကြောင်းကို ဒီနေ့ထိ သတိရနေလို့ စာဖတ်သူအားလုံးကို မျှဝေခံစား စေလိုတဲ့ စေတနာနဲ့ မှတ်မိသလောက် ပြောပြချင်တယ်။
ကျွန်တော် ၅ နှစ်သားအရွယ်ကစပြီး အဖေနဲ့ အမေဟာ နှစ်စဉ်သင်္ကြန် အကြိုနေ့တစ်ရက်ကို အိမ်မှာ မိသားစု စုံညီထမင်းစားပွဲကျင်းပတယ်။ အမေက ဈေးဝယ်၊ အဖေက စီမံချက်ပြုတ်ပါတယ်။ ဒီပွဲကို တခြား မြို့နယ် ဒေသတွေမှာ ရောက်နေတဲ့ သားသမီးတွေ၊ မြေးတွေပ် အကုန်ရောက်လာရတယ်။ ပွဲမှာဝတ်ဖို့ အ၀တ်အစား တွေလည်း ၀ယ်ပေးတယ်။

မိသားစုတွေ ပျော်ပျော်ရွှင်ရွှင် စားသောက်ပြီးရင် အဖေက ကိုယ် တွေ့သိမှတ်စရာလေးတွေ၊ ဟာသလေး တွေနဲ့ ဗဟုသုတရှိအောင် အကြောင်းအရာတစ်ခုနဲ့ တစ်ခု မတူရ အောင် ပြောပြတတ်တယ်၊ အမေကတော့ အဖေနဲ့ မတူဘူး။ အဖွားအနွယ်တော် ရေနံချောင်း မဘန်းကြီး အကြောင်း တစ်ခုတည်းပဲ နှစ်စဉ် ပုံပြင်ဆန်ဆန် အသေးစိတ်ပြောပြီး ကျန်တာ နောက်နှစ်မှ ဆက်ပြောမယ် ဆိုပြီး၊ ဆက်ရန်ပုံပြင်လေးကို ဖြတ်ဖြတ်ချန်ထားတတ်တယ်။

အဖေက သူငယ်စဉ်က ဓာတ်ပုံရိုက် ၀ါသနာပါတဲ့အကြောင်း ၁၉၂၄ ခုနှစ်က ၀ါသနာရှင် သူငယ်ချင်းတွေနဲ့ မန္တလေးမှာ ရုပ်ရှင်ရိုက်ကူးရေး ကုမ္ပဏီ ရှယ်ယာတည်ထောင်ပြီး မင်းသား၊ မင်းသမီးတွေနဲ့ ရှမ်းပြည်နယ်နဲ့ စစ်ကိုင်းဘက်ကို ခရီးထွက်ရိုက်ကူးပုံတွေ၊ ပြီးတော့ အိန္ဒိယနိုင်ငံသွားပြီး ရုပ်ရှင်ကင်မရာသွားဝယ်ကြတုန်းက အဲဒီနိုင်ငံသားတွေဟာ အင်္ဂလိပ်စကားပြော အသံထွက်တွေက မြန်မာ တွေလို အသံထွက်မလှတဲ့အကြောင်းတွေ ဟာသလေးနှောပြီး ပြောပြတယ်။

နောက်တစ်နှစ်မှာ အဖေက မောင်တင်မောင် (ဇာတ်မင်းသားရွှေမန်းတင်မောင်) ဇာတ်ထောင်ညပီး နာမည် ရလာတဲ့ အချိန်မှာ " အစ်ကိုကြီး ကျွန်တော်ငွေ စုဆောင်းမိပြီ သွားကြစို့" လို့ပြောတာနဲ့ ချင်းမိုင်မှာရှိတဲ့ မင်းတို့အဖိုးအိမ်မှာတို့ နှစ်ယောက်တည်းခိုပြီး၊ အဲဒီကတဆင့် ဇာတ်အတွက်လိုအပ်တဲ့ ပစ္စည်းနဲ့ အ၀တ် အထည်တွေဝယ်ဖို့ ဘန်ကောက်ကို ၂ ခေါက်လောက် လိုက်ပို့ပေးဖူးတယ်။ ယိုးဒယားရာမဇာတ်အတွက် အ၀တ်အစားတွေက အဲဒီမှာက ပိုပြီးအဆင်ပြေတယ်လေ။ သူတို့ဆီက လူကြီးတစ်ချို့ဆိုရင် ရှေးကအတိုင်း ၀တ်စားနေကြတုန်းကွ၊ ခေတ်တော့ သိပ်မမီသေးဘူးလို့ ပြောပြပါတယ်။

နောက်တစ်နှစ်မှာ အဖေက မင်းတို့ အမေအမွေရတဲ့ ယင်းတွေရွာ (ဒီပဲယင်းမြို့အနီး)က လယ်ကွက်တွေ အတွက်၊ ရေကန်ကြီးတစ်ခုသွားတည်တဲ့အခါ ဒီနယ်မှာ ဒီလောက်ကြီးတဲ့ ရေကန်မရှိသေးဘူးဆိုပြီး ပန်းရံ ဆရာကြီး ဦးရဲလှက သူနာမည် ကမ္မည်းထိုးခဲ့တယ်။ ခုချိန်ထိ အဖေတို့ ရေကန်ကြီးက ဦးရဲလှရေကန်ဆိုပြီး နာမည်တွင်နေတယ်။ အမရပူရက တောင်သမန်တံတားကြီးကို တာဝန်ယူဆော်ကခဲ့တဲ့ ဦးပိန်လိုပဲ၊ တောင် သမန်တံတားက ဦးပိန်တံတားလို့ ခုချိန်ထိ နာမည်ကြီးနေသလိုပေါ့ကွာ။

နောက်တစ်နှစ် တို့ယင်းတွေ ရွာကို အလည်သွားကြတုန်းက ချောင်းဦးနားက ရွာတစ်ရွာအိမ်ရှေ့မှာ ရေးထားတဲ့ ဆိုင်းဘုတ်မြင်လို့ အဖေအဲဒီအိမ်ဝင်းထဲဝင်ပြီး ဦးလေးမြရဲ့ ဘဲလုပ်ငန်းကို ကလေးတွေက ကြည့်ချင်လို့ပြပေးပါ ခင်ဗျာလို့ ပြောလိုက်တော့ အဲဒီဦးလေးကြီးက ငါ့နာမည် ဦးမြရွှေပါကွ။ ဘဲလုပ်ငန်းလည်း မလုပ်ဘူး။ ဘာဖြစ်လို့လဲဟ၊ ဆိုတော့ အဖေက သူ့ခေါ်ပြီး အိမ်ရှေ့ကဆိုင်းဘုတ်ကို ပြလိုက်တယ်။ စာကြောင်းတစ်ကြောင်းစီကို အသံထွက်ဖတ်ပြလိုက်တယ်လေ၊ ၄ ပေလောက်ရှိတဲ့ ပေတစ် ပြားမှာ အပေါ်ဆုံးက ဦးမြ၊ အောက်တစ်ကြောင်းက ရွှေပန်း၊ အောက်ဆုံးမှာ ဘဲလုပ်ငန်းလို့ ရေးထားတာလေ။ ပြီးတော့ ဒီနားမှာ ရွှေပန်းဆိုတဲ့ ရွာလဲရှိတယ်။ ဒီတော့ ဦးလေးကြီးက ဦးမြ၊ ရွှေပန်း၊ ဘဲ လုပ်ငန်းမဟုတ်ဘူးကွ၊ ဦးမြရွှေ၊ ပန်းဘဲလုပ်ငန်းလို့ ရေးထားတာ စာမဖတ်တတ်ဖူးလားလို့ ငေါက်ခဲ့တော့၊ အဖေကလည်း ဦးလေး မြန်မာစာရေးရင် ဘယ်တော့မှ ထောင်လိုက်မရေးပါနဲ့ အဓိပ္ပာယ်ကောက်လွဲမှား တတ်တယ်၊ ပြင်ရေးလိုက်အုံးလို့ ပြန်ငေါက်ခဲ့တာ၊ ယင်းတွေက အပြန် အဲဒီအိမ်ဘက် လှမ်းကြည့် လိုက်တော့ ဆိုင်းဘုတ်ကလေး မရှိတော့ဘူး။

တစ်နှစ်က အစ်မအကြီးဆုံး ပြောတာလေးလည်း မှတ်မိတယ်။ မမက - ဟောဒီမောင်လေးအငယ်ဆုံး အောင်ကို မွေးတဲ့နှစ်က တစ်နိုင်ငံလုံး ၀မ်းသာရွှင်မြူးပြီး ပျော်ပွဲရွှင်ပွဲတွေ ဆင်နွှဲကြတာပေါ့ကွာ။ ကျွန်တော် - အဲဒါ ကျွန်တော် မွေးတာ တစ်နိုင်ငံလုံးကသိလို့ ပျော်ကြတာလား၊ မမ- မဟုတ်ဘူးကွဲ၊ မြန်မာနိုင်ငံလွတ် လပ်ရေးရလို့၊ ဆက်ပြီးမမက နောက်နှစ်ကျတော့ မန္တလေးတစ်မြို့လုံး တိတ်ဆိတ်ငြိမ်သက်လို့ ကြောက်လန့် ပြီး အိမ်ထဲကအပြင်ကို ဘယ်သူမှ မထွက်ရဲကြဘူး။ ကျွန်တော် ဒါဆို ကျွန်တော့်ကို ကြောက်လို့ နေမှာပေါ့ နော်။ မမ - မဟုတ်ဘူး၊ ကရင်သောင်းကျန်းသူတွေ ၀င်လာလို့ဆိုတော့ မောင်နှမ တွေ အားလုံးက ၀ိုင်းရယ် ကြတယ်။

တစ်နှစ်မှာ အဖေက စစ်ပြေးတုန်းက မန္တလေးမြို့သူ မြို့သား အတော်များများက စစ်ကိုင်းဘက်ကို ပြေးကြ တာ၊ အဖေတို့က ရွာဟိုင်းရပ်က ကိုယ့်ကျောင်းထိုင်ဆာတော် ဦးတိလောကရဲ့ငွေတောင်း ကျောင်းတိုက်ကိုပဲ ပြေးတယ်။ တစ်နေ့မှာ မင်းတို့ အမေနဲ့ အဖေက ဘယ်နေ့များ ငါတို့အပေါ် ဗုံးကြဲမလဲ မသိနိုင်ဘူး၊ ကလေး(၄)ယောက်အတွက်လည်း စိတ်မအေးရဘူး၊ ဒီတော့ မသေခင် ဒါနလုပ်မယ်ဆိုပြီးပါလာတဲ့ အတွင်းပစ္စည်းလေး နည်းနည်းပါးပါးကို ဆရာတော်ဆီ အပ်နှံထား လိုက်တယ်၊ ပါသမျှငွေနဲ့ ရှင်ပြုနားသပွဲလုပ်ပြီး လှူပစ်လိုက်တယ်၊ စိန်ငှက်ရိုးဆိုင်းတောင်ပါသေးတယ်။

ဘုန်းကြီးကျောင်းသားနှစ်ယောက်ကို စစ်ကိုင်းဘက်စစ်ပြေးတဲ့ ဆွေမျိုးနဲ့ မိတ်ဆွေတွေကို ဖိတ်ဖို့ လွှတ်လိုက်တာ အလှူနေ့ရောက်တော့ ငှက်တွေနဲ့လာကြတာ စည်စည်ကားကားပဲ။ ဒီလိုလှူပြီးမှ စိတ်ချမ်း သာပြီး ကဲသေဖို့ အကြောင်းပါလာရင်လဲ သေလို့ရပြီလို့ စိတ်လျော့ထားလိုက်တယ်။ ဒါပေမယ့် ထူးခြားတာက အဲဒီရက်(၃)ရက်အတွင်းမှာ ဗုံးမကြဲတာကိုက တို့ကုသိုလ်ကံပေါ့ကွာ။ ပြီးတော့ စစ်ဖြစ်နေတဲ့ ကြားထဲ သူတို့မို့ အလှူလုပ်ရဲတယ်။ ရူးများရူးနေသလား မသိဘူးလို့ ဆွေမျိုးတချို့က အပြစ်တင် ဝေဖန် ကြတာလဲရှိသေး။

ထမင်းစားပွဲတစ်နှစ်မှာ အဖေက " အဖေချင်းမိုင် သွားသွားနေတုန်းက လမ်းမှာ ကူညီပေးလေ့ရှိတဲ့ မှီခိုရာ မဲ့ပြီး ရိုးသား ပွင့်လင်းတဲ့ ၁၅ နှစ်အရွယ် ကရင်မွန်စပ် ဘိတ်သားလေးတစ်ယောက်ကို မင်းမန္တလေး ရောက်ဖူးလားမေးတော့၊ သူက ကျွန်တော် ရန်ကုန်မြို့တောင် တစ်ခေါက်မှမရောက်ဖူးသေးဘူး၊ အခုဖထီး ပြောတဲ့ မန္တလေးဆိုတာ ပါတော်မူသွားတဲ့ သီပေါဘုရင်နေတဲ့ မြို့လား၊ အေးဟုတ်တယ်၊ မင်းကို အဲဒီမှာ တစ်ခါတည်းခေါ်ပြီး မွေးစားမယ် လိုက်မှာလားဆိုတော့ သူက ဘယ်သူ့မှ နှုတ်မဆက်ပဲ အ၀တ် တစ်ထည် ကိုယ်တစ်ခုနဲ့ မန္တလေးကို လိုက်လာခဲ့တယ်။ သူက စာဖတ် အင်မတန် ၀ါသနာပါတာကွ၊ အိမ်မှာ သတင်းစာ နဲ့ စာစောင် တွေကို တစ်လုံးချင်း ဖြည်းဖြည်းနဲ့ မှန်မှန်လေး အော်ဖတ်တဲ့ အကျင့်ရှိတယ်။

တစ်နေ့ တော့ သူ့ကို ဘိတ်သားလာဟေ့ ဦးလေးနဲ့ လိုက်ခဲ့ဆိုပြီး ဆံပင်ညှပ်ဆရာတွေက အိန္ဒိယကုလားတွေများ တယ်။ ဆံပင်ညှပ်ဆိုင်ဆိုရင် ဘာဘာကြီး ဆံပင်ညှပ်ဆိုင်၊ လက်ဖက်ရည်ဆိုင်ဆိုရင် ကာကာကြီး လက်ဖက် ရည်ဆိုင်လို့ နာမည်တါင်တာ။ ဆိုင်ရှေ့ရောက်တော့၊ သူကချိတ်ထားတဲ့ ဆိုင်းဘုတ် ကို မော့ကြည့်ပြီး အသံ ကျယ်ကြီးနဲ့ ဟဲ့ ယားက -ရိတ်ဆံသလို့ ကဗျာဆန်ဆန်အော်ဖတ်တဲ့ အသံ ကြောင့် တစ်ဆိုင်လုံးက ၀ိုင်းရယ် ကြတယ်။ ဆိုင်းဘုတ်မှာ အင်္ဂလိပ်လို Hair grade saloon မြန်မာလို ဟဲယားဂရိတ်ဆံသ လို့ ရေးထားတာ လေ။

နောက်တစ်ခုရှိသေးတယ်၊ တစ်နေ့မှာ အိမ်ကို မေမြို့ (ပြင်ဦးလွင်)က ဘိုနှစ်ယောက် အလည်လာ တော့ ကော်ဖီနဲ့ ဧည့်ခံနေတဲ့အချိန် ဘိတ်သားက နောက်ထဲဝင်သွားလိုက်၊ ဧည့်ခန်းထဲ ပြန်ဝင်လာလိုက်ဖြစ် နေတော့ အဖေကဟေ့ ဘိတ်သား မင်းဘာဖြစ်နေတာလဲလို့ လှမ်းမေးတဲ့အခါ သူက နားနားကပ်ပြီး ဖထီး ကျွန်တော် ၀မ်းသွားသွားနေလို့ ပြောတော့၊ အေး ဒါဖြင့် သွားအိပ်နေပြောတာကို မသွားသေးဘဲ၊ ကျွန်တော် ၀မ်းသွားတာ တစ်ခါသွားရင် ဖထီးတို့ ခုသောက်နေတဲ့ ကော်ဖီခွက်လောက်ရှိတယ်။ အရောင်ကလည်း အဲဒီ ကော်ဖီ အရောင်တိုင်းပဲလို့ မျက်စိထဲ ကွင်းကွင်း ကွက်ကွက် မြင်လာအောင် ဆက်ပြောတော့ သူ့ကို အသာ လေးတွန်းပြီး သွားစမ်းပါကွာ ဆိုတဲ့အသံကို ဧည့်သည်တွေက ကြားတာနဲ့ ဘာဖြစ်တာလဲဘရာသာ မေး တော့ အော်သူနေမကောင်းတဲ့ အကြောင်းပြောတာပါလို့ အလိုက်သင့် ဖြေလိုက်တယ်၊ ဘိတ်သားက ဘိတ် သံနဲ့ ပြောလို့တော်သေးတာပေါ့။ နောက်တော့ သူအသက် ၂၀ မှာ တိုက်ဖွိုက်နဲ့ ဆုံးသွားရှာတယ်၊ ဒီ အကြောင်းတွေက သူ့ကို သတိရစရာ အမှတ်တရလေးတွေပေါ့ကွာ။"

နောက် တစ်နှစ်အဖေက တစ်နေ့ လမ်းလယ်ဘုရားနားမှာနေတဲ့ အဖေတို့ မိတ်ဆွေအိမ်ကို အလည်သွားတော့ ကုလားကြီး (ဒုတိယသား ဦးမောင်မောင်)က ဖိုးလုံး (တတိယသား ဦးမောင်မောင်လေး) ကို မနိုင့်တနိုင်ချီပြီးနောက်ကလိုက်လာတယ်။ မိတ်ဆွေ အိမ်ရှေ့ရောက်တော့ ကလေးငိုသံကြားတာနဲ့ အိမ် ထဲ အမြန်ဝင်လိုက်တဲ့အခါ ကလေးကို သူ့အမေနဲ့ စုစု (မှုခင်းစာရေး ဆရာမကြီး ရဲအရာရှိ ဒေါ်စုစုဝင်း-ငြိမ်း) တို့က ၂ နှစ်သမီးလေး မူမူကို ရေချိုးပေးနေကြတာ။ အဲဒီ မူမူဆိုတာ ဖိုးလုံးနဲ့ တစ်နှစ်တည်းမွေးတာပေါ့။ သူ တို့က ကလေးကို ရေဇလုံထဲကနေ ဆွဲမပြီး မိုးလာလေလားဆိုပြီး ရေစစ်နေတဲ့အချိန်၊ ကုလားကြီးက သေချာကြည့်ပြီး ဘာပြောလိုက်တယ်မှတ်လဲ ဟာ-ခင်ဗျားတို့ ညီလေးက ကျွန်တော့် ညီလေးလို ချိုး(ဂျိုး)လဲ မပါဘူး။ ဖင်ချည်းပဲဗျ"လို့ လက်ညိုးထိုးအော်ပြောပြီး ရယ်လိုက်တော့ အားလုံးက အူတတ် မတတ်ရယ် လိုက်ကြတာပေါ့ကွာ။

ခုလို ပျော်ရွှင်စရာ မိသားစု ထမင်းစားပွဲမှာ အဖေတို့က သားသမိးတွေကို ပြောပြတဲ့ ဗဟုသုတ သိမှတ် ဖွယ် ရာနဲ့ ပျော်စရာလေးတွေကို ကျွန်တော် ဖောက်သယ်ချဖော်ပြရာမှာ နှစ်အလိုက် မဟုတ်ဘဲ မှတ်မိသမျှ အကျဉ်းချုပ်ထားတာ ဖြစ်ပါတယ်။
ကျွန်တော် ငယ်စဉ်ကတည်းက အဖေနဲ့ အမေကို ကန်တော့ပြီးမှ အိပ်တတ်တဲ့ အလေ့အထက ခုမိဘနှစ် ပါးမရှိတော့တဲ့တိုင်အောင် ရည်မှန်းပြီး ကန်တော့မြဲပါ။ ပရိတ်ကြီး (၁၁)သုတ်နဲ့ သံဗုဒ္ဓေဂါထာကို ငယ်စဉ်က တည်းက မိသင်ကြားပေးလို့ ရခဲ့တယ်။ ကရင်ဝင်တုန်းက ညတွေမှာ ကျွန်တော် ငိုပြီဆိုရင် အဖေက ချိုမိုင် မိုင်လုပ်ပြီး ချော့သိပ်တယ်လို့ သိရတယ်။ အရွယ်ရောက်လို့ ညညအဖေ့ကို နှိပ်နယ်ပေးတဲ့အခါ ကျွန်တော်က သီချင်းဆိုပြီး နင်းပေးရင် အဖေက မှောက်လျက်အိပ် လက်နှစ်ဖက်ဘေးကို ဆန့်ထုတ်ထားပြီး တော့ သီချင်းသွားကို ကုတင်ပုတ်ပြီး စီးချက်လိုက်ပေးတာလည်း သတိရတယ်။

ဈေးချို တိုက်တန်းကြီးက စတင်းဒတ်စတိုးမှာ အဖေက ၄၅ ကျပ်နဲ့ Box Camera တစ်လုံးဝယ်တော့ ဆိုင်က ကျွန်တော့်ကို ၀ိုင်လာဆိုတဲ့ ရွှေရောင် နာရီသော့ပေးတစ်လုံး လက်ဆောင်ပေးတာလည်း မှတ်မိ တယ်။ နှစ်စဉ်ကုတ် အင်္ကျီနဲ့ ဘောင်းဘီတစ်စုံ ၀ယ်ပေးတယ်။ မန္တလေးမှာရှိတဲ့ ရုပ်ရှင်ရုံတွေက ကားလဲတိုင်း မေတ္တာလက်မှတ်လာလာ ပေးကြတယ်။ ၀င်းလိုက်ရုံနဲ့ မြို့မရုံမှာ အင်္ဂလိပ်ကားကောင်းတင်မှ အဖေ ကျွန်တော့်ကို ခေါ်ပြီး သွားကြည့်လေ့ရှိတယ်။ ရုပ်ရှင်က အပြန် ၈၄လမ်း×၃၂လမ်းဒေါင့်က ဇော်မင်းကဖေးနဲ့ ပွဲထိုင်မှာ မုန့်ကျွေးတယ်။

သားအဖေနှစ်ယောက် မနက်တိုင်း ကျုံးဘေးကို လမ်းလျှောက်ထွက်တယ်။ အဲဒီ အချိန်က မန္တလေးမှာ လိုင်းရင်း ကလပ်နဲ့ ဆိုရှယ်ကလပ်ဆိုတာရှိတယ်။ အဲဒီမှာ ပုဆိုးကို ခါးပတ်ပတ်ထားတဲ့ လူကြီးတွေ၊ ဆေးတံ၊ ဆေးပြင်းလိပ်ခဲ့ပြီးခါးမှာ ခြောက်လုံးပြူးချိပ်လာတဲ့ လူကြီးတွေ၊ နိုင်ငံခြားဝတ်စုံဝတ်လာတဲ့ လူကြီးတွေအစုံတွေ့ရတယ်။ ကလပ်တွေ သွားတော့မယ်ဆိုရင် အဖေ ကျွန်တော့်ကိုမခေါ်ဘူး။ ဒါပေမယ့် အမေက အဖေနဲ့ ထည့်ထည့်လွှတ်တာများတယ်။ ဒါက ဖ.ဆ.ပ.လ ခေတ်ကပေါ့။ အဖေစီစဉ်တဲ့ မိသားစု ထမင်းစားပွဲကိုလည်း ၁၉၆၃ ခုနှစ်မှာ ရပ်ဆိုင်းလိုက်တယ်။ အိမ်မှာ သားသမီးတစ်ယောက်ယောက်နေထိုင် မကောင်းရင် ဆေးတိုက်မပို့ဘဲ ဆရာဝန်ကို အိမ်ခေါ်ပင့်ပြီး ဆေးကုတယ်။

အဲဒီ တုန်းက ဆရာဝန်ကြီးတွေက ဘောင်းထုတ်နဲ့ ပန်ချာပီကုလားဆရာဝန်တွေများတယ်။ နားကြပ်ကလေးထောက်ကြည့်ရုံနဲ့ ဘာရောဂါဆိုတာ အတိအကျပြောကုတဲ့ ဆရာဝန်ကြီးတွေ။ သားသမီး တွေ အပေါ် ဒီလို ကရုဏာထားပြီး သားအဖေနှစ်ယောက် တွဲလာခဲ့တာ ကျွန်တော့် အသက် ၂၆ နှစ်မှာ အဖေဆုံးတော့ ရင်ထဲမျာ နေမထိ ထိုင်မထနဲ့ တစ်ခုခုလိုနေသလို ဟာတာတာနဲ့ ၀မ်းနည်းကြေကွဲခဲ့ရပါ တယ်။ ခုဆိုရင် အဖေ့အသက် (၁၀၉)နှစ်ကျော်၊ အမေ့အသက် (၁၀၆)နှစ်ရှိသွားပြီ။

မေတ္တာကရုဏာရောင်ပြန် ဟပ်တဲ့ မိဘနှစ်ပါးရဲ့ ကျေးဇူးတွေကို ဒီနေ့ထိ မမေ့နိုင်အောင် အမေနေ့ပွဲဆိုတာ တော့ ရှိနေပြီမို့ ၀မ်းသာမိတယ်။ ဒါပေမယ့် ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာဆိုတဲ့ အနန္တငါးဖြာကို ဦးထိပ် ထားကျင်းပတဲ့ အနေနဲ့ ဘုရားပွဲ၊ တရားပွဲ၊ သံဃာတော် ဆွမ်းကပ်ပွဲ၊ ၀ါဆိုသင်္ကန်းကပ်ပွဲ၊ အခု အမေနေ့ပွဲ၊ အာစရိယပူဇော်ပွဲတွေ နှစ်စသ်ကျင်းပပူဇော်လျက် ရှိနေကြပါတယ်။ အနန္တဂိုဏ်းဝင် မိဘဆိုတဲ့နေရာမှာ အဖေနေ့ပွဲဆိုတာ မရှိသေးလို့ သားသမီးတွေက အဖေကို ဥပေက္ခာပြုရာ ရောက်နေသလိုပါပဲ။ ကျွန်တော်တို့ ကိုင်ဆောင်ရတဲ့ မှတ်ပုံတင်၊ နိုင်ငံသားကဒ်တွေမှာ အဖေ့နာမည် အသုံးချခံရတာလည်း စိတ် မကောင်းပါဘူး။

အဖေဆိုတာ အမေအားကိုး အားထားပြုရတဲ့ ယောက်ျားသားပါ။ ဆရာ ကြီးဒေါက်တာသန်းထွန်းရဲ့ ကျော်စွာ ၁၀၀၊ ပ-တွဲ၊ စာ-၄၇ မှာ၊ ရှင်ပေါလုက မိန်းမနဲ့ပတ်သက်ပြီး မိန်းမသည် အုပ်စိုးခြင်းကို အစဉ်ဝန်ခံ၍ တိတ်ဆိတ်စွာသင်စေ၊ မိန်းမသည် ဆုံးမသြ၀ါဒပေးခြင်း၊ ယောက်ျားကို အစိုးတရပြုစေခြင်း၊ အခွင့်ကို ငါမပေး။ သူသည် တိတ်ဆိတ်စွာ နေအပ်၏။ အကြောင်းမူကား၊ အာဒံကို ရှေးဦးစွာ ဖန်ဆင်းတော် မူ၍ နောက်မျ ဧ၀ကို ဖန်ဆင်းတော်မူ၏။ (တိ မော သေသြ၀ါဒ (Timothy) ပထမ စာစောင် ၂း၁၁-၁၃) လို့ တွေ့ရတဲ့အပြင်၊ အဲဒါထက်ပိုပြီး ပြင်းပြင်း ထန်ထန် ပြောတာလဲရှိသေးတယ်။ ယောက်ျားသည် ဘုရားသခင်၏ ပုံသဏ္ဍာန်ဘုန်းသရေတော်ဖြစ်သောကြောင့် မိမိခေါင်းကို မဖုံးရ။ မိန်းမမူကား ယောက်ျား၏ ဘုန်းအသရေဖြစ်၏။ ယောက်ျားသည် မိန်းမကြောင့်ဖြစ်သည်မဟုတ်။ မိန်းမသည် ယောက်ျားကြောင့်ဖြစ်၏။ ယောက်ျားကို မိန်းမဖို့ ဖန်ဆင်းသည်မဟုတ်၊ မိန်းမကို ယောက်ျားဖို့ ဖန်ဆင်း၏လို့ ဖော်ပြထားတယ်။

အဖေအတွက် စိတ်မကောင်းဖြစ်ပြီး အဖေနေ့ကို စောင့်မျှော်နေတဲ့အချိန် ကျွန်တော့်ဆီကို ဖိတ်စာတစ် စောင် ရောက်လာတော့မှ ၀မ်းသာသွားတယ်။ ဖိတ်စာ အတိုင်း၊ ၂၀၀၉ ခုနှစ်၊ မတ်လ ၂၇ ရက်နေ့က ပုသိမ် ကြီးမြို့နယ်၊ ဆည်တော်လေးမှာ ဆရာဖုန်း (စာရေးဆရာ ဦးဖုန်းမြင့်အောင်) ဦးဆုံးစတင် ကျင်းပတဲ့ပွဲကို ၀မ်းမြောက်ဂုဏ်ယူစွာနဲ့ တက်ရောက်ပြီး မှတ်တမ်းဓာတ်ပုံတွေ ရိုက်ကူးပေးခဲ့တယ်။ နောက်တစ်ခုက ပြင်စာ ရွာမှာ ဆရာဖုန်းတည်ထောင်တဲ့ သုခမေတ္တာ မိဘမဲ့ ကျောင်းအတွက် ကျွန်တော်တို့ မောင်နှမ (၆)ယောက် လှူဒါန်းတဲ့ ဗုဒ္ဓဆင်းတုတော်ကြီးကို အနေကဇာတင်တဲ့နေ့ဟာ ဆရာဖုန်းစတင်ကျင်းပတဲ့ အဖေနေ့ဖြစ်လို့ ကျွန်တော်တို့အတွက် အမှတ်တရဖြစ်စေခဲ့တယ်။
ဒါကြောင့် အဖေနေ့ကို ကျွန်တော်တို့ နိုင်ငံမှာ ယခုစတင်ခဲ့နိုင်ပြီမို့ ဆရာဖုန်းနဲ့တကွ စွမ်းဆောင်နိုင်သူတွေ အားလုံးကို ကျေးဇူးတင် ဂုဏ်ယူစွာနဲ့ ဦးညွှတ်ကြိုဆိုလျက်ပါ။

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

Wednesday, September 7, 2011

ဆရာဦးသုခနှင့် သူ့ခေတ်ပြိုင် စာဆိုတို့အမြင် အပိုင်း (၆၉)

ဘဘနဲ့အမေ
ဥာဏ်ဝင်း (ပိုဝမြောက်ရွာ)

ကျွန်တော်တို့ ငယ်ငယ်က ရွာမှာ အခါကြီးရက်ကြီးတွေဆိုရင် လူကြီးတွေကို လိုက်ပြီး ကန်တော့ရတဲ့ အလေ့ အထ ရှိပါတယ်။ ကိုယ်တတ်နိုင်တဲ့ မုန့်ကလေး ဘာလေးနဲ့ပေါ့။ အဲဒီလို ကန်တော့ကြတဲ့အခါ ကန်တော့ခံ ရတဲ့ လူကြီးတွေက ၀မ်းသာလို့၊ တချို့ဆိုရင် မျက်ရည်များတောင် လည်လာတယ်။ အဲဒီလို ကျွန်တော်တို့ ကန်တော့လို့ ပြီးတဲ့အခါ လူကြီးတွေက ဆုပေးလေ့ရှိကြပါတယ်။ ဒါကတော့ - အေး။ သာဓု - သာဓု - သာဓု။ ကျန်းမာပါစေ၊ ချမ်းသာပါစေ၊ အသက်ရာကျော်ရှည်ပါစေတဲ့။ ပြီးတော့ ဆက်သေးတယ်။

စိတ်သွားတိုင်း ကိုယ်ပါ လိုရာဆန္ဒတစ်လုံးတစ်ဝနဲ့ ပြည့်စုံနိုင်ကြပါစေတဲ့။ လူကြီးတွေပေးတဲ့ ဆုတွေထဲက " အသက်ရာကျော် ရှည်ပါစေ" ဆိုတဲ့ စကားဟာ အမြဲတမ်း ကြားနေရတယ်။ ဒီဆုကို လူတိုင်းလည်း ပေးကြ တယ်။ ဒါပေမယ့် " ရာကျော် "ဆိုတဲ့ စကားလုံးရဲ့ အဓိပ္ပာယ်ကို ကျွန်တော် ကောင်းကောင်း နားမလည် ခဲ့ဘူး။ မသိဘူး။ မသိလို့ မေးသလားဆိုတော့လည်း ဘယ်သူ့မှ မေးမကြည့်မိဘူး။ တဖြည်းဖြည်းနဲ့ အရွယ်ကလေး ရ လာပြန်တော့လည်း ကိုယ်ကန်တော့ရမယ့် လူကြီးတွေက ဆုံးပါးသွားကြသလို " ရာကျော်" ဆိုတဲ့ စကားလုံးကိုလည်း မေးကြည့်ဖို့ သတိမရခဲ့ပါဘူး။ ဒီလိုနဲ့ နေလာလိုက်တာ တစ်နေ့ဆရာ (ဦးဖုန်းမြင့်အောင် မန္တလေး အမေနေ့ ဥက္ကဋ္ဌ)နဲ့တွေ့တော့ ဆရာက ဒီနှစ် ဘဘဦးသုခ ရာပြည့်ပွဲ ကျင်းပမယ်ဆိုတော့မှ ရာပြည့် ဆိုပါလား။ ရာပြည့်တဲ့။ အနှစ်တစ်ရာပြည့် အထိမ်းအမှတ်ပြုလုပ် ကျင်းပတဲ့ ပွဲ၊ ရာပြည့်ပွဲ။

ဒီနှစ်၊ ၂၀၀၉ ဒီဇင်ဘာ ၃၀ ရက်။ (၁၄)ကြိမ်မြောက် မန္တလေးအမေနေ့ကို သကျသီဟ၀င်းအတွင်းရှိ ဝေဇယန္တာ ဓမ္မာရုံကြီးအတွင်းမှာ ဆက်လက် ကျင်းပကြမှာဖြစ်ပါတယ်။ နောက်ပြီး ဒီနှစ်မှာ ပိုပြီးထူးခြား တာက ခရစ်နှစ် ၂၀၀၉ ခု၊ တစ်နှစ်အတွင်းမှာ အမေနေ့ကို နှစ်ခါ ကျင်းပခွင့်ရသလို ဘဘဦးသုခ နှစ်တစ်ရာပြည့် " ရာပြည့်"ပွဲနဲ့လည်း တိုက်ဆိုင်နေတာ ဖြစ်ပါတယ်။ ဒါကြောင့် " ဘဘနဲ့အမေ"။ အမေနဲ့ ဘဘ၊ ဘယ်လိုမှ ခွဲလို့မရအောင် ကျွန်တော်တို့ရဲ့ ရင်ထဲမှာ အမြဲတမ်းသတိရနေမှာပါ။

ဘဘရဲ့ " ထိုတစ် နေ့"က ကျွန်တော်တို့ အမေကို ချစ်တတ်အောင် မျိုးစေ့ချပေးတယ်လို့ ဆိုရမလား။ ဘဘရဲ အမျိုးမှန်တဲ့ စေတာက ဒီကနေ့ ကျွန်တော်တို့အတွက် အဖိုးတန်တဲ့ ရတနာတွေ ဖြစ်နေပါပြီ။ မန္တလေးမှာ ဆိုရင် ၂၀၀၉ ခုနှစ်၊ ဒီဇင်ဘာ (၃၀)ရက်နေ့မှာ (၁၄)ကြိမ်မြောက် မန္တလေးအမေနေ့ကျင်းပဖို့ ကြိုးစားနေကြသလို၊ ကျွန်တော်တို့ မတ္တရာမြို့နယ် ပိုဝမြောက်ရွာမှာလည်း (၁၁)ကြိမ်မြောက် ပိုဝမြောက်ရွာ အမေနေ့ကို ဆက်လက် ကျင်းပဖို့ ကြိုးစားနေကြပါတယ်။ ဘဘရေ အမေနေ့အကြောင်းကို ပြောမယ်ဆိုရင် မပြောမပြီး ချန်ထားလို့ မဖြစ်တဲ့ အကြောင်းလေးကို ကျွန်တော် ပြောချင်ပါသေးတယ်။ ၁၉၉၆ ခုနှစ်၊ မန္တလေးကို ဘဘ ရောက်လာတော့၊ ဆရာ (ဖုန်းမြင့်အောင် မန္တလေးအမေနေ့ဥက္ကဋ္ဌ)နဲ့ (အမေကို ချစ်မြတ်နိုးကြတဲ့) အမေနေ့ အဖွဲ့က ဘဘဆီ ကို အပြေးအလွှားနဲ့ ရောက်လာကြတယ်နော်။ အဲဒီမှာ နှစ်ပေါင်း (၃၀)လုံးလုံး ဘဘဟောခဲ့၊ ပြောခဲ့၊ ရိုက်ကူးခဲ့၊ ဖြစ်စေချင်ခဲ့တဲ့ အမေနေ့ဟာ မန္တလေးက သန္ဓေတည်ပြီး ၁၉၉၇ ခုနှစ်မှာ တစ်နိုင်ငံလုံးအနေနဲ့အမေနေ့ကို စတင် ကျင်းပခဲ့ကြတာပဲ မဟုတ်လား။ မန္တလေး အမေနေ့ကျင်းပတော့ ကျွန်တော် မန္တလေးမှာ ရှိနေပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော့် အမေ ကို ဆေးရုံတင်ထားရလို့ ဖြစ်ပါတယ်။

မြို့ထဲကအပြန် အမေနေ့ ဟောပြောပွဲဆိုတဲ့ လမ်းဖြတ်ပိုစတာတစ်ခုကို ဖတ်မိရာကနေ ဆေးရုံပေါ်မှာ အမေ လူမမာ ကို ထားခဲ့ပြီး၊ အမေနေ့ ဟောပြောပွဲရှိရာ ၃၅ လမ်းနဲ့ ၈၅လမ်းထောင့် သာသနာ့ဗိမာန်ကို ကျွန်တော် ရောက်လာခဲ့ပါတယ်။ " အမေ .. အမေ " အောင်ပြီ။ အမေရေ။ အောင်ပြီ အမေရဲ့။ အောင်မြင် တဲ့၊ လွမ်း မောဖွယ်ရာ ကောင်းတဲ့၊ ကြက်သီးတဖြန်းဖြန်းထစေတဲ့၊ ဘဘရဲ့ အသံဟာ ကျွန်တော်တို့ရဲ့ ရင်ကို ထိမှန် စေခဲ့ပါတယ်။ ဘဘလို အသက်အရွယ်ကြီးတဲ့ အမျိုးကောင်းသားကြီးတစ်ဦးက " အမေ "လို့ လှိုက်လှိုက် လှဲလှဲနဲ့ ခေါ်နေသေးရင်၊ ကျွန်တော်တို့ အနေနဲ့ မခေါ်နိုင်စရာ ဘာအကြောင်းမှ မရှိပါဘူး။

အမေဆိုတာ ကျွန်တော်တို့ ရင်ထဲက " အမေ "လေ။ အခုတော့ အမေကို ဆေးရုံပေါ်မှာ တစ်ယောက်ထဲ ပစ်ထားခဲ့တယ်။ အမေ ဘယ်လောက်များ အားငယ်နေရှာမလဲလို့ တွေးတွေးပြီး စိတ်မကောင်း ဖြစ်မိပါတယ်။ ဒါတွေဟာ ကျွန်တော်ရဲ့ အပြစ်တွေပါအမေ။ ကျွန်တော့် အပြစ်တွေပါ။ ကျွန်တော့်ကို ခွင့်လွှတ် ပါ အမေ။ ခု အချိန်ကစပြီး အမေနားမှာနေမယ်။ ပြုစုမယ်။ လုပ်ကျွေးမယ်၊ အမေကို စိတ်ချမ်းသာ အောင်ထားမယ်။ ဒီလို အသိမျိုး၊ ဒီလိုအတွေးမျိုး ရဖို့ဆိုတာကလည်း ဒီ " အမေနေ့ ဟောပြောပွဲ"ကို သွားခဲ့ လို့သာ သိရတာပါ။ ဒီလို သိလို့လည်း အမေကို လုပ်ကျွေးချင်တဲ့စိတ်တွေ တဖွားဖွားနဲ့ ပေါ်ပေါက်လာ ခဲ့တာပါ။

ဘဘ ရေ အတိုချုပ်ပြီး ပြောရမယ်ဆိုရင် အမေဆေးရုံပေါ်က ဆင်းပြီး ရွာကို ပြန်ရောက်လို့ ရက်(၂၀) လောက် ကြာတဲ့အခါ အမေဆုံးပါးသွားခဲ့ပါတယ်။ အမေဆုံးတော့မယ်ဆိုတာ သိနေပေမယ့်လည်း၊ အသိ နောက်ကျခဲ့တဲ့ အတွက်၊ ကျေနပ်လောက်တဲ့အထိ မပြုစုလိုက်ရတာကိုပဲ မကျေမနပ်ဖြစ်ခဲ့ရတာပါဘဘ။ ဒါကြောင့် ကျွန်တော်တို့ (ပိုဝမြောက်ရွာ၊ ရွာသူရွာသား)အားလုံး ၂၀၀၀ ခုနှစ်က စပြီး " အမေနေ့ "ကို နှစ်စဉ် မပျက်ဆက်လက်ကျင်းပလာခဲ့တာ (၁၀)ကြိမ်တိတိ အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပါပြီ။

အခုလည်း (၁၁)ကြိမ် ကျင်းပနိုင်ဖို့အတွက် ကျွန်တော်တို့ ပိုဝမြောက်ရွာ၊ ရွာသူရွာသား အားလုံး ကြိုးစား နေကြ ပါတယ်ဘဘ။ မန္တလေးမြို့မှာဆိုရင်လည်း (၁၄)ကြိမ်မြောက် " အမေနေ့"ကို ကျင်းပ နိုင်ဖို့အတွက် အားကြိုးမာန်တက်နဲ့ ကြိုးစားနောကပါတယ်။ ဘဘလည်း (၉၆)နှစ်ထဲမှာ ကွယ်လွန်ခဲ့တာ ဖြစ်ပေမယ့်၊ ဘဘကို ချစ်ကြတဲ့ (ကျွန်တော် အပါအ၀င် အမေကို ချစ်ကြတဲ့) ဘဘရဲ့ သားသမီးတွေအား လုံးက ဘဘကို ဂုဏ်ပြုတဲ့အနေနဲ့ (နှစ်တစ်ရာပြည့် အထိမ်းအမှတ်) " ရာပြည့်ပွဲ "ကို စည်စည်ကားကား၊ သိုက်သိုက် မြိုက်မြိုက်နဲ့ ကျင်းပဖို့ ကြိုးစားနေလိုက်ကြတာ၊ အဘဘကို ပြောပြစရာ၊ ကျွန်တော်ဖြင့် စကား လုံးတောင် ရှာမရအောင် ဖြစ်နေပါပြီ။

ဒါကြောင့် ကျွန်တော်ုတို့အရင် အရင့်အရင် ရှေးလူကြီးတွေပြောခဲ့သလို " ဘဘ နဲ့အမေ " " အသက် ရာကျော် ရှည်ပါစေ"၊ " သက်တော် ရာကျော်ရှည်ပါစေ"။

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

Tuesday, September 6, 2011

ဆရာဦးသုခနှင့် သူ့ခေတ်ပြိုင် စာဆိုတို့အမြင် အပိုင်း (၆၈)

သံကောက်ဖြောင့်သူ
စုသဇင်သက်

" ကိုလေး ... ကျောင်းသွားမယ်လေ " အေး ... အေး ညီမလေး ကိုလေး ထမင်းထည့်လိုက်အုန်းမယ်"။ ကျွန်တော့် စိတ်တွေ လေးလံထိုင်းမှိုင်းနေသည်။ တစ်ကယ်ဆိုရင် ဒီနေ့ ကျောင်းသို့ သိပ်မသွားချင်ပါ။ သနပ်ခါးလေး လူးပြီး၍ ကျောင်းသွားရန် လွယ်အိတ်ကလေးဖြင့် ထိုင်နေသော ညီမလေးကို လှမ်းကြည့်၍ ထမင်းချိုင့် များ ခပ်မြန်မြန်ထည့်ပြီး ကျောင်းသို့ နှစ်ယောက်သားသွားကြသည်။
ပထ၀ီဆရာမ က ကျောက်သင်ပုန်းပေါ်တွင် မြန်မာပြည်မြေပုံဆွဲပြရင်း စိတ်ရှည်ရှည်ရှင်းပြရင်း သင်ကြား လျက် ရှိပါသည်။ လူက ကျောင်းစာသင်ခန်းထဲတွင် ရှိနေပါသော်လည်း စိတ်များပျံ့လွင့်လျှက် စာထဲတွင် စိတ်မ၀င်စားနိုင် ဖြစ်နေသည်။ မနေ့ညနေက ဒေါ်လေးပြောခဲ့သော စကားများကိုသာ အခါခါ ပြန် ကြားယောင် နေမိ၏။

" သားငယ် ... မင်းအဖေ မသက်သာဘူး။ အခြေအနေမကောင်းဘူး" တဲ့ ဒီအချိန်ဆိုလျှင် ဆေးရုံတွင် အမေတစ်ယောက် ကြိတ်ပြီး ရှိုက်ငိုနေလိမ့်မည်မှာ အဘယ်မျှ ပင်ပမ်းနေလိမ့် မည်နည်း။ စိုးရိမ်မှုများနှင့် သောက များကို ပိုက်ထွေးထားမည့် အမေ့မျက်နှာကိုသာ မြင်ယောင်နေမိသည်။ ကျွန်တော့် စိတ်များ တစ်နေ့ခင်းလုံး ယောက်ယက်ခတ်နေသည်။ ကျောင်းမုန့်စားဆင်းချိန်၌ ထမင်းကိုသာ စားနေသည်။ လုံးဝမြို့မကျချင်။ အရသာ အမဲ့ဆုံးဟု ထင်မိသည်။ ညနေကျောင်းမဆင်းခင် ဒေါ်လေးရောက်လာသည်။

အတန်းပိုင်ဆရာမဆီခွင့်တောင်းပြီး ကျွန်တော်တို့ မောင်နှမနှစ်ယောက်ကို ခေါ်သွားသည်။ ညီမလေးက ကျောင်းစောစော ဆင်းရသဖြင့် ပျော်နေသည်။ လမ်းရောက်တော့ ဒေါ်လေး မျက်နှာ မသာမယာနှင့် " သားငယ် ဖေဖေ က သားနဲ့ ညီမလေးကို တွေ့ချင်လို့ ဆေးရုံကို လိုက်သွားကြမယ်"တဲ့။ ကျွန်တော့်ရင်ထဲ ထိတ်ခနဲ ဖြစ်သွားကာ အဖေဘာမှ မဖြစ်ပါစေနဲ့ဟု အကြိမ်ကြိမ် ဆု တောင်းလာခဲ့သည်။ ကျွန်တော် တစ်စုံတစ်ရာ ကို သိရှိခံစားမိသလို ၀မ်းနည်းစိတ်ကလှိုက်တက်လာသည်။ ရောက်ချင်ဇော ဖြင့် အမြန် လျှောက် နေသော်လည်း မရောက်နိုင်သဖြင့် အကြာကြီးဟုထင်မိသည်။

အိမ်နားရောက်တော့ မဏ္ဍာပ်ထိုးသည့် လူတွေရုပ်စိရုပ်စိနှင့် ဆူညံနေသည်။ ကျွန်တော် အိမ်ပေါ် အပြေး တက်သွားတော့အမေ၏ ကြေကွဲစွာ ငိုကြွေးသံကို ကြားရပါတော့သည်။ " သားငယ် သားတို့ သမီးတို့ အဖေ မရှိတော့ဘူး" ကျွန်တော်တို့ မောင်နှမနှစ်ယောက်ကို ပွေ့ဖက်ပြီး အသည်းကြွေမတက် ငိုကြွေးသံသည် ကျွန်တော့် ရင်အရှိုက် ကို လက်သီးနှင့် ခပ်ပြင်းပြင်းထိုးချလိုက်သလို ခံစားရသည်။ ထိုဝေဒနာ အခံရခက်စွာ ဖြင့် ငိုချလိုက်ချင်သော်လည်း ငို၍မရခဲ့။

မျက်ရည်များသာ အတားအဆီးမဲ့တွေတွေကျနေသည်။ အမေ သည်သာ ကျွန်တော်တို့ မောင်နှမ သုံးယောက် ၏ အားကိုးရာ။ အဖေဆုံးတော့ အရွယ်မရောက်သေးသော ကျွန်တော်တို့ အသက်က ဆယ့်တစ်နှစ် ညီမလေးက ပထမတန်း၊ ကိုကြီးက ဆယ့်ခြောက်နှစ်ကျော်ကျော် မျှသာ။ ကိုကြီးသည် ပြည် တစ်ဖက်ကမ်း ဆင်တဲမြို့တွင် စက်မှု သင်တန်းကျောင်းကို တက်နေသည်မှာ တစ်နှစ်တောင် မပြည့် သေးပေ။ အဖေဆုံးတော့ ကိုကြီးကို ကြေးနန်းရိုက်ခေါ်သည်။ ကိုကြီးရောက်လာတော့ အမေသည် ကိုကြီးကို ဖက်ပြီး တစ်ဖန် ထပ်ငိုပြန်ပါသည်။ ကျွန်တော်လည်း အမေငိုတိုင်း လိုက်ငိုချင်နေမိ သည်။

အဖေ၏ ရုပ်ကလာပ်အား မောင်နှမသုံးယောက်နောက်ဆုံးအြိကမ် ကြည့်ရှုကြပြီး ကန်တော့လိုက်ကြ သည်။ အဖေ၏ ရုပ်အလောင်းကို မီးသင်္ဂြိုလ် စက်သို့ ယူဆောင်သွားတော့ အမေက " ယူမသွားကြပါနဲ့ရှင်။ ကြည့်လို့တောင် မ၀သေးပါဘူး။ စက်ထဲမထည့်ကြပါနဲ့အုံး " တားမြစ်ပေမယ့် လူကြီးများက " အချိန်ကျနေပြီ ညီမ" ဟုဆိုကာ မီးသင်္ဂြိုလ်စက်ထဲ ထည့်လိုက်စဉ် အမေ မူးမေ့လဲကျသွားခဲ့သည်။ အဖေ ရက်လည်ပြီးနောက် ကျွန်တော်တို့ အိမ်ကလေး အရင်လို မဟုတ်တော့ဘဲ တိတ်ဆိတ်မှုကသာ ကြီးစိုး မင်းမူလျှက် ပြန်လည်မရရှိနိုင်တော့သော ဆုံးရှုံးမှုကို မိသားစုကိုယ်စီ ပိုက်ထွေးကြသည်။

" အမေ သား ကျောင်းထွက်ပြီး အလုပ်လုပ်မယ်။ ဆင်တဲကို မပြန်တော့ဘူး"။ " ဘယ် ... မဟုတ်တာ။ သား ရယ် သား ကျောင်းမထွက်ရပါဘူး။ သားကဘာကို စိုးရိမ်တာလဲ။ သားကျောင်းစရိတ် မလောက်မှာ စိုးလို့ လား။ ဘာမှမပူနဲ့ သား အမေငွေမှန်မှန်ပို့ပေးမယ်။ သားသာ ကျောင်းမှာ တစ်နှစ်တစ်တန်းအောင်အောင် သာလုပ်။ နောက်နှစ်နှစ်ဆိုရင် ကျောင်းပြီးရော မဟုတ်လား။ ထွက်စရာ မလိုပါဘူးသားရယ်"။ အမေသည် အားမာန် အပြည့်နှင့် ကိုကြီးကို အားပေးအားဖြည့် ပေးခဲ့သည်။ အမေ့အားပေးစကားကြောင့် ကိုကြီး မဆိုထား နှင့် ကျွန်တော်ပင်အားတက်ခဲ့သည်။ ကိုကြီးကျောင်းခွင့်ရက်စေ့၍ ပြန်သွားတော့သည်။

ကိုကြီးပြန်သည်နှင့် အမေသည် ဈေးသို့သွားကာ ဒန်အိုးများ၊ ဒယ်အိုးများကို ၀ယ်လာခဲ့သည်။ ကျွန်တော် က " အမေဘာလုပ် မလို့လဲဟင်" ဆိုတော့ " အမေတို့ ထမင်း၊ ဟင်း ရောင်းမယ်လေ ... သားငယ်ရဲ့ " ကျွန်တော် အံ့သြသွားသည်။ အဖေဆုံးပြီး တစ်လပင်မပြည့်တက်သေးသည့် ကာလအတွင်း အမေသည် သားသမီး နောင်ရေးအတွက် စဉ်းစားကာ ပညာသင်စရိတ် လောက်ငှရေးအတွက် အချိန်မဆွဲ ချက်ချင်းပင် ဟင်းရောင်းဖို့ ပြင်ဆင်နေတော့သည်။ မနက်တိုင်း စောစောထကာ ထင်းခွဲပြီးနောက် ဈေးခြင်းတောင်းကြီး ဆွဲကာ ဈေးသွား၊ အမောတစ်ကော ပြန်လာရင်း ဟင်းအိုးများကို တစ်အိုးပြီးတစ်အိုး စုံဆီနဖာ အသွယ်သွယ် ကို မောမောပန်းပန်း ချက်ပြုတ်နေသည်။ အမေ့၏ အချက်အပြုတ်ကောင်းမွန်မှုကြောင့် ကျွန်တော် တို့ ဟင်း ဆိုင်ကလေး ရောင်းကောင်းပါသည်။ တစ်လတစ်လကိုကြီးကို ငွေမှန်မှန် ပို့နိုင်သည့် အပြင် ကျွန်တော်တို့ မိသားစုချွေတာစွာဖြင့် စားလောက်နိုင်ခဲ့ကြသည်။ အဖေရှိစဉ်တုန်းကလောက် မခြား ကျွန်တော် တို့ အမေ့ မေတ္တာဖြင့် ကျွေးမွေးမှုအောက်တွင် ငြိမ်းအေးခဲ့ပါသည်။

တစ်နှစ်ကျော်ကာလကို အခြေအနေအရ ပုံမှန်ဖြတ်သန်းရင်း တိုင်းပြည်မငြိမ်းချမ်းသည့်ကာလသို့ ရောက်ရ ပြန်သည်။ မတည်မြိငိမ် ဗရုတ်ဗရက် အခြေအနေတွင် အမေသည် ဆန်များကို စုဆောင်း၊ ပင်လယ် ဂျပန် ငါး များကို ၀ယ်ကာ အခြောက်လှမ်းနှင့် ရိက္ခာခြောက်များကို စုဆောင်းသိုလှောင်ခဲ့သည်။ သားသမီးများ ငတ်မွတ်မည် ကို အစိုးရိမ်ပိုခဲ့သည်။

(၈၈ အရေးအခင်းသည် အရွယ်မရောက်သေးသော ကျွန်တော်တို့အတွက် ကြောက်ရွံ့ဖွယ်အတိ) ပြည်ပျက် ပြည်ဆူနေ၍ တော်ရုံတန်ရုံ မိန်းမသားများ မသွားရဲသော ဈေးထိပ်တွင် အမေသည် ကျွန်တော်တို့အတွက် မကြောက်မရွံ့ဈေးထွက်ဟင်းချက်ရောင်းခဲ့သေးသည်။ ဤနည်းဖြင့် ပြည်ပျက်ကိုလည်း အမေ့ခွန်အားဖြင့် ကျော်လွှားလွန်မြောက်ခဲ့သည်။ ထိန်းသိမ်းမှု၊ ငြိမ်းချမ်းမှုများနှင့်အတူ ကျောင်းများလည်း ပြန်ဖွင့်ခဲ့ပါပြီ။

ကျောင်းပိတ်ထား၍ ပြန်လာခဲ့ရသော ကိုကြီး၏ ကျောင်းတော်ပြန်ခရီးတွင် " သားကြီးရယ် အမေတော့ သား ကြီးကို မခွဲစေချင်တော့ဘူး၊ ဒါပေမဲ့ တစ်နှစ်ပဲကျန်တော့တာ ကြိုးစားနော်သား" သားကြီးကို မခွဲမခွာချင် အဝေးကြီးကို မလွှတ်ချင်ပေမဲ့ ပညာရေးကို ဆုံးခန်းတိုင်အောင် သင်စေချင်သည်မှာ အမေ့ဆန္ဒ လို့ ကျွန်တော်ထင်သည် မြင်သည်။ ကိုကြီးကို ကားဂိတ်လိုက်ပို့ပြီး အပြန်တွင်တော့ အမေငိုသည်။ ဘာအတွက် ကြောင့်ငိုသည် ဆိုသည်မှာ ကျွန်တော် မတွေးတတ်။ စိုးရိမ်လို့ဖြစ်မှာပေါ့ဟု ထင်သည်။ နောက်များ မကြာမီ ရပ်ကွက်အတွင်း အိမ်များပြောင်းရွှေ့ရမည်ဟူသော သတင်းစကားများ ထွက်ပေါ်လာ ပြန်သည်။

အဖေဆုံး ပြီး၍ နှစ်များစွာ မကြာသေးသော ကာလများအတွင်း အပြောင်းအလဲများစွာနှင့် ရင်ဆိုင်ရသော ကြောင့်ထင် သည်။ ကွယ်လွန်စောခဲ့သော အဖေကိုလည်း " သားငယ်ရယ် မင်းတို့ အဖေကတော့ ငြိမ်းချမ်း လိုက်တာ တိုင်းပြည်အရေးအခင်းဖြစ်တာကိုလည်းမသိ၊ သူ့ခေါင်းချခဲ့တဲ့ ရပ်ကွက်ဟောင်းလေး ပြောင်းရတော့ မှာလည်း မသိနဲ့၊ တယ်လည်း ငြိမ်းအေးတဲ့အရပ်ကို ရောက်သွားတာပဲ" ဟု ဆို ညည်း တတ်သေးသည်။ နောက် နှစ် လလောက်ရောက်တော့ ပြောင်းရွှေ့မိန့်များကျလာသည်။ အစိုးရသစ်၏ စီမံချက် နှင့် ကျွန်တော်တို့ ရပ်ကွက် ဟောင်းလေး ပြောင်းရွှေ့ရတော့သည်။ ကျွန်တော်တို့ အိမ်ကို အိမ်နီးနားချင်း များနှင့် ဆွေမျိုးများ အကူအညီကိုယူကာ ဖျက်ခဲ့ရသည်။

အမေက ဓနိပျစ်အဟောင်းများမှ ၀ါးချောင်းလေးများကို တစ်ခုချင်း ဖျက်ချကာ ၀ါးချောင်းလေးများကို စုစည်း ထားသည်။ အိမ်ဖျက်ရာမှ ထွက်လာသော သံချောင်းကောက် များကို သစ်တုံးပေါ်တွင် တင်ကာ စိတ်ရှည် လက်ရှည်ဖြောင့်နေသည်။ " အမေကလည်း သံချောင်းကောက် တွေကို ဘာလို့ ဖြောင့် နေတာလည်း ကောင်းသေးလို့လား " " ကောင်းပါတယ် သားငယ်ရဲ့ တော်ရုံတန်ရုံ နေရာလေးတွေမှာ ပြန်သုံးလို့ ရတာပေါ့။ တစ်ချို့သံချောင်းတွေက ပြန်ဖြောင့်လိုက်ရင် အကောင်းကြီး ရှိသေး တာ။ ဒါတွေကို ပြန် မသုံးရင် နှမြောစရာကြီးသားရယ်။ ဖြုန်းတီးရာလည်း မရောက်ဘူးပေါ့" ကျွန်တော်လည်း အမေ့ စကားကြောင့် သံချောင်းကောက်များကို ဖြောင့်ချင်လာသည်။

အမေပြောစကားများသည် ကျွန်တော့် အတွက် အမြဲအားဖြစ်စေခဲ့သည်။ အုတ် အကျိုးများကအစ အမေက ဂုန်နီအိတ်များထဲသို့ ထည့်ကာစုထား သည်။ တကယ့် တကယ် အိမ်ပြောင်းတော့ သူများတွေလို ပစ္စည်းများ ပြန့်ကျဲ မနေဘဲ ကျစ်ကျစ်လစ်လစ် တင်ဆောင်နိုင်ခဲ့၏။ အိမ်ပြောင်းရတုန်းက ကိုကြီးသည် သင်တန်း ကျောင်း က ပြန်မလာနိုင်သဖြင့် ညီမလေး၊ အမေနှင့် ကျွန်တော် အပါအ၀င် သုံးယောက်နှင့် အမေ၏ မောင် ဦးဦးတစ်ယောက် ပါလာသည်။ ကျွန်တော့် ဦးလေးက ဒဂုံမြို့သစ်တွင် ယာယီတဲကလေး ဆောက် ပေးခဲ့ပြီး နှစ်ပတ်လောက် အကြာတွင် ပြန်သွားခဲ့၏။ ဒဂုံမြို့သစ်သည်ကား ဖုံထူ၊ နေပူပြီး ဘာပင်မျှမရှိသည့် လယ်ကွင်း ခေါင်ခေါင်ကြီးပင်။

ရောက်ခါစက ဘယ်လိုမျ နေမရ ပူပြင်းခြောက်သွေ့ပြီး ဒဂုံရေကလည်း ဂျိုးဖြူပိုက်ရေနှင့် အကွာကြီး ကွာကာ ပေါ့ရွှတ်နေ သည်။ " ရေကလည်း ဘယ်လိုမှ သောက်လို့မရဘူး"၊ " ဘယ်လောက်သောက်သောက် မ၀ဘူး "။ " ဘယ်ဝမလဲသားရဲ့၊ အမေတို့ အရင်က သောက်တဲ့ရေထက် ပေါ့နေတာကိုး နေအုံး အမေရေနွေးအိုး ကျိုပေး မယ်။ ဒါဆို သားတို့ ရေထပ်မငတ်တော့ဘူး "။ ချက်ချင်းထကာ နေပူကျဲကျဲတွင် မီးထိုင်မွှေးကာ ရေနွေးအိုး တည်ပေးလေသည်။ တစ်လနှစ်လလောက်ကြာတော့ ကျွန်တော်တို့ လမ်းထိပ်တွင် ယာယီဈေးကလေးဖြစ် လာသည်။ အမေသည် အရင်အတိုင်း သူမ ကျွမ်းကျင် တတ်ကျွမ်း သည့် ဟင်းချက်သည့် ပညာဖြင့် ဈေးနှင့် ဝေးသည့် အိမ်များ နောက်ပြောင်းလာ၍ အခြေမကျ သေးသည့် အိမ်များသို့ ဈေးဗန်းခေါင်းပေါ်ရွက်ကာ တစ် လမ်းဝင် တစ်လမ်းထွက်လျှောက်ပြီး အော်ရောင်းခဲ့သည်။

" တစ်ခါ မှ ဈေးဗန်းရွက်ပြီး လျှောက်အော်မရောင်း ဘူးလို့ ထင်တယ်သားရယ် အမေရှက်လိုက်တာ နောက်နေ့တွေ ကျတော့ ထူသွားမှာပါ။ ဟယ်ဘာဖြစ်လဲ ကောင်းရောင်း ကောင်းဝယ်ဈေးရောင်းစားတာပဲ ဘာရှက်စရာ လိုလဲ သားလဲ ရှက်နေလား အမေဈေးလိုက် ရောင်းလို့ " " ကျွန်တော် မရှက်ပါဘူး အမေ " နေ့စဉ် ရက်ဆက် ဈေးရောင်းထွက်ခဲ့ရသောကြောင့် အမေ၏ ညိုညက်ညက်အသားလေးများ အမည်း ရောင် အဖြစ်သို့ ကူးပြောင်းနေခဲ့ပါပြီ။ အမေသည် ဈေးရောင်းထွက် တိုင်း သားသမီးများကို ခေါ်မသွား တတ်။ သူမ သာလျှင် အပင်ပမ်းခံလေ့ရှိသည်။ အမေ၏ သွေး၊ ချွေး၊ အမောတို့သည် ကျွန်တော်တို့အတွက် အေးမြခြင်းဖြစ်ခဲ့သည်။ အိမ်နားတွင် ကားဂိတ်ရောက်လာသဖြင့် အမေဈေးထွက်ရောင်းခြင်းကို နားပြီး ထမင်းဆိုင် ပြန်ဖွင့်သည်။

ဆိုင်ကလေး ရောင်းရသလောက် အမေ များစွာပင်ပန်းရှာသည်။ တစ်နေကုန်ဈေးရောင်းရ ညရောက် တော့လည်း အိုးများ ကို တိုက်ချွတ်ရနှင့် အမေ ညကိုးနာရီကျော်သည်ထိ မအိပ်နိုင်ရှာ။ ထမင်းဆိုင် ဆိုသည့်အတိုင်း လူပေါင်းစုံ ၀င်ရောက်စားသောက် ကြသဖြင့် အမေအနေခက်ပေမည်။ အမေသည် ခင်ပွန်း ဆုံးခဲ့ပေမယ့် အသက်လေး ဆယ်မပြည့်တတ်သေး။ အလှအပများ ရှိသေးသည်။ ဈေးရောင်းလျှင် ချိုသာစွာ ဆက်ဆံ တတ်သော်လည်း ရိတိတိ လုပ်ချင်သော ယောက်ျားများကိုကား အမေသည် တည်တံ့မာကျောစွာ ဆက်ဆံ ခဲ့သည်။ အမေ့ကို နှစ်သက်သော အမျိုးသားကြီး တစ်ယောက်က အမေ့ကို လက်ထပ်ချင်သည့် အကြောင်းကို အဘွားကြီးတစ် ယောက်နှင့် ပြောခိုင်းကာ အမေ့ဆန္ဒကို တီးခေါက်ခိုင်း၏။  " ကျွန်မဘ၀မျာ အားထားစရာ ယောက်ျားမရှိ တော့ပေမယ့် အားကိုး ထပ်မရှာချင်တော့ဘူး။ ဒီ သားသမီးတွေနဲ့ ဘ၀ကို ဆက်လက် ရှင်သန်သွားမယ်" အပြတ်ပြောကာ ငြင်းခဲ့သည်။ သားသမီးများ ပထွေးဆိုသော နာမ်စား ကြောင့် လူအများ အလည် မျက်နှာငယ်မည်ကို လည်း သိပ်စိုးရိမ်ရှာခဲ့သော အမေပါ။ ကျွန်တော် ရှစ်တန်း စာမေးပွဲ ကျသည်။

အမေဆူလိုက်သည်မှာ မပြောပါနှင့်တော့ " သားငယ် မင်းအမေ့ကို ၀ိုင်းကူလုပ်ပေးလို့ စာမေးပွဲကျတယ်ပဲ ထားပါတော့။ ဒါပေမဲ့ အမေတစ်ခါပဲ ခွင့်လွှတ်တယ် နောက်တစ်ခါ ဒါမျိုး ဘယ်တော့မှ ခွင့်မလွှတ်ဘူး။ မင်း တို့ကို အမေ့ဘ၀ အစုတ်အပြတ်ခံ အပွန်းအပဲ့ခံပြီး အောက်ခံသစ်တုံးဘ၀နဲ့ သားတို့ကို အဖမဲ့သားဆိုပြီး သံ ကောက်ကွေး လေးတွေလို သဘောထားပြီး ဖြောင့်ပေးခဲ့တယ်။ နောက်တစ်ခါ ဒါမျိုးဆိုရင် ကျောင်းထွက် ရမယ်" နောက်တစ်လကြာတော့ အမေ ထမင်းဆိုင်ပိတ်သည်။ ကျွန်တော် နားမလည်ခဲ့။ အမေ အလုပ် ပြောင်းခဲ့သည်။ မင်္ဂလာဈေးမှ အော်ဒါထည်များကို ချုပ်သည့် အလုပ်ဖြစ်သည်။ ဒီအလုပ်က ကျွန်တော်တို့ ညီမလေး တို့ ၀ိုင်းကူမလုပ်ရသောကြောင့်၊ စာကို မထိခိုက်စေသဖြင့် စက်ချုပ်အလုပ်ကို ပြောင်းလိုက်ခြင်း ဖြစ်သည်။

အမေသည် ကျွန်တော်တို့အတွက် အလုပ်နှင့်လက် ပြတ်သည်မရှိဘဲ အလုပ်များကို ဆက်တိုက်လုပ်နိုင်စွမ်း ရှိသူလည်းဖြစ်သည်။ သားသမီးများနှင့် ပတ်သက်ပြီး ဘ၀တိုက်ပွဲ များစွာ အခါခါအလီလိ နွဲ့ခဲ့သည်။ အမေ သည် သားသမီးများ၏ ဥယျာဉ်မှူးကောင်း၊ အမေ့မေတ္တာလက်ဖြင့် ပေါင်းသင်းမြေဆွ၊ မေတ္တာရည် သွန်းလောင်း မှုကြောင့် ကျွန်တော့်ဘ၀များ အငုံဘ၀ဖြင့် မနွမ်းစေပဲအစွမ်းကုန် ပွင့်လန်းခဲ့သည်။ ယခု ဆိုလျှင် ကိုကြီး အလုပ်ဝင်နေပြီး ညီမလေးက ဆယ်တန်းအောင်ပြီ။ ကျွန်တော် ဘွဲ့ယူတဲ့နေ့က အမေပြုံးလို့ မျက်ရည် တွေကျသည်။ " သားငယ်သားတို့ သမီးတို့ ဘ၀တွေ မြင့်မားနေရင် အမေကျေနပ်ပါတယ် "

ကျွန်တော် ကြားယောင်မိသည်။ အမေ့သံချောင်းကောက် ဥပမာကြောင့် ကျွန်တော် ဘွဲ့ရသည်အထိ တစ်ခါ မှ စာမေးပွဲမကျတော့ပေ။ သြော် ... ကျွန်တော်တို့၏ အနန္တောမေတ္တာကျေးဇူးရှင်ပါတကား။

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

Monday, September 5, 2011

ဆရာဦးသုခနှင့် သူ့ခေတ်ပြိုင် စာဆိုတို့အမြင် အပိုင်း (၆၇)

အတိုး
ဝင်းကြည်မောင် (မွေး/ကု)

ကျုပ်တို့လက်ျာဘက် ပလက်ဖောင်းအတိုင်း စကားတပြောပြောနဲ့ လမ်းလျှောက်လာကြတယ်။ ကျုပ်တို့ ဆိုရာမှာ ကျုပ်ရယ်၊ အကြော်သည် ဒေါ်ဝတုတ်ရယ် သူ့ရဲ့ သုံးနှစ်သားအရွယ် သူ့သားလေးရယ်ပါ။
ကျုပ်ညနေစောင်း ရုံးကို ပိတ်ပြီး အိမ်အပြန်မှာ ဒေါ်ဝတုတ်ကလဲ အကြော်ရောင်းတာ ဒီနေ့မှ စောစောကုန် လို့ အိမ်အပြန် လမ်းချင်းဆုံနေတာမို့ အတူစကားပြောပြီး ပြန်လာကြတာပါ။
ဒေါ်ဝတုတ် ဆိုတာက ကျုပ်ရဲ့ ရုံးဘေးခြံနားကပ်ပြီး အကြော်ရောင်းနေတဲ့ အကြော်သည်ပါ။ သူ့ဆီက အကြော် ၀ယ်စားရင်း ကြာတော့ လူချင်းခင်နေတဲ့သူပါ။ တကယ်တော့ ဒေါ်ဝတုတ် ဟာ မုဆိုးမတစ်ဦးပါ။ ဒေါ်ဝတုတ် ဟာ တစ်ဦးတည်းသော သမီးဖြစ်ပြီး သူ့အမေ မသေခင်မှာ စိတ်ချရအောင် ယောက်ျား ပေးစား ခဲ့ တယ်။ အဲဒီအချိန်မှာ ဒေါ်ဝတုတ်ဟာ အပျိုကြီးဖြစ်နေပြီ။

သူ့ယောက်ျားက ကားဒရိုင်ဘာတစ်ယောက် ဒေါ်ဝတုတ် တို့ အမေက တောသူတစ်ယောက်၊ ဒေါ်ဝတုတ် လဲရွာမှာ လယ်ထဲကောက်စိုက်ရင်းနဲ့ တောမှာကြီးပြင်းခဲ့သူ သူ့အမေမသေခင် ပေးစားခဲ့တဲ့ ကားဒရိုင်ဘာ ကို အပျိုကြီး ဖြစ်မှ အိမ်ထောင်ပြုခဲ့သူပါ။

ဒါပေမဲ့လည်း ဒေါ်ဝတုတ် ယောက်ျားဟာ ကုန်ကားမောင်းရင်း ကားမှောက်လို့ သေခဲ့တယ်။ အဲဒီအချိန်မှာ ဒေါ်ဝတုတ် ဟာ ကိုယ်ဝန်နေ့စေ့လစေ့ကြီးနဲ့ သားလေးမွေးပြီးတော့ မြို့မှာပဲဆက်နေရင်း အကြော် ရောင်းပြီး ဘ၀ကို ရပ်တည်နေခဲ့ရတယ်။ အကြော်ရောင်းတဲ့အခါ သားလေးကိုပါ ခေါ်ခေါ်လာရရှာတယ်။
အဲဒါတွေကတော့ ဒေါ်ဝတုတ်နဲ့ တဖြေးဖြေး ရင်းနှီးရင်းက သိလာရတာတွေ၊ ဒေါ်ဝတုတ် ကို ကျုပ်ချီးကျူးမိ တာ က ဘယ်တော့မှ စိတ်ဓာတ်မကျတာပဲ၊ သူပြောနေကျစကား တစ်ခွန်းရှိတယ်။
" ဆရာရယ် ဘ၀ကပါ အောက်ဆုံးကျနေတာ စိတ်ဓာတ်ပါကျတော့ ဘယ်မှာ တက်ဖို့ ကျန်တော့မလဲ" တဲ့။

ဒေါ်ဝတုတ်ဟာ သူ့သားလေးကို သိပ်ချစ်တယ် ကျွန်မဘ၀ရဲ့ မျှော်လင့်ချက်ဟာ ကျွန်မသားလေးပါတဲ့။
ကျုပ် တို့ ခုလိုလမ်းလျှောက်လာကာမှာ ဒေါ်ဝတုတ်က အကြော်ဘမ်းခေါင်းပေါ်ရွက် လက်တစ်ဘက်က သားကို လက်တွဲလို့ သူ့သားလေးရဲ့လက်ထဲမှာ ရောင်စုံပလစ်စတစ်ဘောလုံးလေးတစ်လုံးကို ကိုင် ထား တယ်။

အဲဒီလို လမ်းလျှောက်လာရင်းမျာပဲ မထင်တဲ့ အဖြစ်အပျက်တွေဟာ ဆက်တိုက်ဖြစ်ခဲ့တယ်။ ဒေါ်ဝတုတ် သားလေးရဲ့ လက်ထဲက ရောင်စုံဘောလုံးလေးဟာ လွတ်ပြီး လမ်းမပေါ်ကို လိမ့်သွားတယ်။ ကလေးက ဘောလုံး ကို လိုချင်ဇောနဲ့ အမေ့လက်ကိုဖြုတ်ပြီး ဘောလုံးနောက် လမ်းပေါ်ကိုဖြတ်ပြီး ပြေးလိုက် သွားတယ်။ အဲဒီအချိန်မှာ ကျုပ်တို့နဲ့ မျက်နှာချင်းဆိုင်ကနေ တဖက်ယာဉ်ကြောအတိုင်း လူငယ် တစ်ယောက် ဟာ အရှိန်နဲ့ ဆိုင်ကယ် မောင်းလာနေတယ်။

ကလေးက ဘောလုံးအကောက် ကလေးနားမှာ ဆိုင်ကယ်ကလည်း ကျီကနဲ ထိုးအရပ် အဲဒါကိုမြင်တော့ ကလေး ဟာ ကြောက်ပြီး မအေဘက်ရှိရာလမ်းကို ဖြတ်ပြီး ဘောလုံးလေးကို ပိုက်ပြီး ပြန်ပြေးလာတယ်။
အဲဒီအချိန် မှာ ကျုပ်တို့နောက်ကျောက ကားတစ်စီး မောင်းလာနေတာ ရိပ်ကနဲမြင်လိုက်ရတယ်။ ဒေါ်ဝတုတ် ခေါင်းပေါ်က အကြော်ဗန်းကို ၀ုန်းဆိုပစ်ချပြီး ကားရှေ့ရောက်နေတဲ့သားကို ပြေးပြီး လှမ်းဆွဲ လိုက်တယ်။
" ဒိုင်း "ဆိုတဲ့ ကားတိုက်သံနှင့်အတူ ဒေါ်ဝတုတ်ဟာ ကလေးနဲ့ အတူလိမ့်သွားတယ်။

ဒေါ်ဝတုတ်ကြားထဲက ခံလိုက်လို့ ကလေးဟာ ဘာမှတော့ဖြစ်သွားပုံမရပေမဲ့ ဒေါ်ဝတုတ်ကတော့ လမ်း ပေါ်မှာ ခွေခွေလေး ခဏနေတော့ ဒေါ်ဝတုတ် ပါးစပ်ကနေ ပွက်ကနဲသွေးတွေ ထိုးအန်လိုက်တယ်။ အဲဒီ သွေး တွေ ဟာ ကလေးရဲ့ ကိုယ်ပေါ်မှာ ရဲခနဲပေသွားတယ်။
ပတ်ဝန်းကျင် ဟာ အဲဒီတစ်ခဏလေးမှာ ကြောက်စရာကောင်းလောက်အောင် ငြိမ်သက်နေတယ် ခဏနေမှ ပတ်ဝန်းကျင်မှာ အသံမျိုးစုံဆူညံလာတယ်။
ကျုပ် ကျုပ်အဲဒီအဖြစ်အပျက်တွေ အစအဆုံးကို မှင်သက်ကြည့်နေမိတယ်။ ဒေါ်ဝတုတ်ပါးစပ်က သွေးတွေ လည်းမြင်ရော ကျုပ်မျက်လုံးထဲ မိုက်ကနဲဖြစ်ပြီး ကျုပ်သတိလစ်သွားတယ် ဘာဆိုဘာမှ မသိတော့ဘူး။
အခန်း(၂)

ကြာတော့ကြာခဲ့ပါပြီ။ ငယ်စဉ်ကျောင်းသားဘ၀က အဖြစ်အပျက်တစ်ခုပါ။ ကျုပ်ငယ်ငယ်ကဆို သေနတ် တစ်လက် နဲ့ ငှက်ပစ်ရတာကို အရမ်းဝါသနာပါခဲ့တာ၊ ကျောင်းပိတ်တာနဲ့လေသေနတ်ကို ဆွဲပြီး မြို့ နား ပတ်ဝန်းကျင် က ရွာတွေရှိရာ ငှက်ပစ်ထွက်တော့တာပဲ။
အဲလိုငှက်ပစ်ထွက်တဲ့အခါ အမြဲရောက်နေကျနေရာကတော့ လက်ပံချောင်းရွာအစပ်လယ်ကွင်း တောတန်း လေးထဲက ညောင်ပင်ကြီးရှိရာကိုပဲ။
ညောင်ပင်ကြီး ဘေးဝန်းကျင်က လယ်ကွင်းတွေရှိတော့ စပါးမှည့်ချိန်ဆို ဂျိုးတွေလာစား နောက်ညောင်ပင် ကြီးပေါ်နားကြ ညောင်သီးသီးချိန်ဆို ညောင်သီးလာစားတဲ့ ငှက်တွေနဲ့ အဲဒီညောင်ပင်ဟာ ငှက်တွေပြတ်လှ တယ်မရှိဘူး။

ဒါပေမဲ့ ညောင်သီးသီးချိန် ကျုပ်ရွေးပြီးပစ်လေ့ရှိတာက ငူဆိုတဲ့ ငှက်တွေပဲ။ ငူငှက်ဆိုတဲ့အတိုင်း ညောင်ကိုင်း ပေါ် ငူငူကြီးနားနေလေ့ရှိတယ်။ နောက် ဂျိုးတွေလို အကင်းမပါးပဲ သုံးလေးချက်အပစ်ခံတယ်။
သူ့အရောင် က ၀ါဖန့်ဖန့်အပြာနုရောင်၊ အမွှေးတွေကလည်း လက်နြ့အသာလေးနုတ်ရတယ်။ သူ့အသား ဟာ အဆီ တွေ နဲ့ အကောင် က ကြီးတော့ ခိုအကြီးစားလောက်ရှိမယ်။ ဂျိုးသား ကောင်းတယ်ဆိုတာ သူ့အသား ဘယ်မီမလဲ။

ညောင်သီးလာစားရင်လည်း အုပ်လိုက်လာလေ့ရှိတယ်။ အကောင်ကြီးသလောက် အသဲပါးတယ်ဗျာ။ ထိတယ် ဆိုတာနဲ့ ကျတာပဲ။
အဲဒီနေ့က ကျောင်းပိတ်ရက်ဆိုတော့ ထုံးစံအတိုင်း ဆဲ့ဒီအပင်အောက်ကို ကျုပ်ရောက်နေပြီ။ မနက်စော သေး လို့ ငှက်တွေတောင် မလာကြသေးဘူး။ ညောင်ပင်အောက်မှာ ကျုပ်ထိုင်စောင့်နေတုန်း ထူးထူး ခြားခြား အုပ်လိုက်မလာဘဲ ငှက်တကောင်တည်း ညောင်ပင်ဆီကို ပျံဝဲလာတယ်ဗျ။
ကျုပ်လဲငူငျက်ရဲ့အထာကို သိနေလို့ထိုင်ပြီး စောင့်ကြည့်နေတယ်။ ပထမအဲဒီငှက်ဟာ အပင်ထိပ်ဖျားက ညောင်ကိုင်း ပေါ်နားတယ်။ မလှုပ်မယှက်ပဲ တော်တော်ကြာတော့မှ အောက်ဘက်ဆင်းလာပြီး ညောင်သီး တွေ ကို စားစပြုတယ်။

ကျုပ်လဲလေ သေနတ်ပစ်ကောင်းမဲ့အနေအထား အကွာအဝေးထိ စိတ်ရှည်ရှည်နဲ့ ထိုင်စောင့်နေတယ်။ ငှက် ကလဲ တဖြည်းဖြည်းရဲလာပြီး အောက်ဖက်မှာ ရှိတဲ့အသီးတွေ ရှိရာကို တဖြေးဖြေးဆင်းလာတယ်။
လိုအပ်တဲ့ အကွာအဝေးလဲ ရောက်ရော ကျုပ်သေချာချိန်ပြီး ပစ်လိုက်တယ်။ " ဖေါက်" ဆိုတဲ့ သေနတ် မှန်သံ ကြားလိုက်တယ်။ ကျုပ်လဲ ငှက်ကျလာမလားလို့ ထင်ပြီး ကြည့်နေတုန်း အဲဒီငှက်ဟာ ကျမလို ကျမ လို ဒယိမ်းဒယိုင် နဲ့ ညောင်ပင်နဲ့ မနီးမဝေး အပင်အုပ်အုပ်စီ တပင်စီပျံသွားတယ်။

ကျုပ်လဲ သေနတ် လက်ကကိုင်ပြီး ပြေးလိုက်သွားတယ်။ အဲဒီအပင်ဆီ ရောက်ပြီး မော့ကြည့်လိုက်တော့ အသိုက် လိုလို ခြုံတစ်ခုပေါ်မှာ အဲဒီငူငှက်ရဲ့ အတောင်ပံတစ်ဖက်ဘေးကို ကျနေတာ မြင်ရတယ်။
အဲဒါနဲ့ ကျုပ်လဲ သေနတ်ကို ကျောပိုးပြီး အပင်ကလဲ အကိုင်းအခက်ကောင်းတာမို့ တွယ်ပြီး အဲဒီအသိုက် ရှိရာကို တက်သွားတယ်။

အသိုက်ကို သေသေချာချာမြင်ရတဲ့ နေရာလဲရောက်ရောဗျာ ငူငှက်ဟာ သေနေပြီဗျ။ သူရဲ့အသိုက်ပေါ်မှာ အတောင် နှစ်ဖက်ဖြန့်ရက် နဲ့ သေနေပြီ။ သူ့ရဲ့ပါးစပ်ကတော့ စားလာတဲ့ညောင်သီး ဒါမှမဟုတ် ငုံလာဟန်ရှိ တဲ့ ညောင်သီးတွေကို သူ့ရဲ့ သားသမီးငူငှက်ပေါက် သုံးလေးကောင်က ၀ိုင်းပြီး ထိုးဆိတ်စားနေလေ ရဲ့ ငူငှက်မကြီးရဲ့ ရင်အုံကသွေးတွေက တစက်တစက်နဲ့ ငူငှက်လေးတွေရဲ့ အ၀ါရောင် အမွှေးနုနု လေးတွေ ပေါ်ကို ကျနေတာ ရဲကနဲ ရဲကနဲပဲ။ ငှက်ကလေးတွေကတော့ ဒါကို မသိပါဘူး။ သူ့အမေ ပါးစပ်က အစာဘဲ အလုအယက် ၀ိုင်းထိုးစားသောက်နေကြတယ်။

အဲဒီမြင်ကွင်း ကို မှင်သက်ကြည့်နေမိတဲ့ ကျုပ်ရဲ့ ရင်ထဲမှာ အလုံးကြီးတစ်ခုဆို့တက်လာတယ်ဗျ။ လူကလဲ ရင်ထဲ က ပူတက်လာတာနဲ့ ပါးပြင်ပေါ်မှာ မျက်ရည်တွေ စီးကျလာတယ်။
ကျုပ် အပင်ပေါ်ကနေ တွယ်မဆင်းတော့ဘဲ အောက်ကို ဒီအတိုင်းခုန်ချလိုက်တယ်။ နောက်အံကိုကြိတ်ပြီး ကျောပေါ်မှာ လွယ်ထားတဲ့ သေနတ်ကို ဖြုတ်လို့ ပြောင်းဖက်က ကိုင်ပြီးအပင်နဲ့ အားကုန်ရိုက်ချိုးပစ်လိုက် တယ်။
အခန်း (၃)

အဲဒီအချိန်ကစလို့ သူ့အသက်သတ်ခြင်းဆိုတဲ့အမှုကို ကျုပ်အတတ်နိုင်ဆုံး ရှောင်ခဲ့ပါတယ်။ ငှက်မကြီး ဟာ ကျုပ် ကို သင်ခန်းစာကောင်းကောင်း ပေးခဲ့နိုင်ပါတယ်။ ကျုပ်တိရစ္ဆာန်လေးတွေကို ကြင်နာ ရမှန်းသိလာ တယ်။
ဒါကြောင့်မို့ အသက်မွေးဝမ်းကြောင်း ပညာရပ်တောင်မှ တိရစ္ဆာန်ဆေးကုပညာရပ်ကို သင်ခဲ့တာပါ။ ကျုပ် ကု သပေးရတဲ့ တိရစ္ဆာန်လေးတွေမှာလည်း မိခင်မေတ္တာ ရှိကြတယ်ဆိုတာ အမြဲမြင်တွေ့လာရတယ်။

ဒါပေမဲ့အဲဒီ ငူငှက်မကြီးရဲ့ အဖြစ်ကိုတွေ့ပြီး နောက်မှာ ကျုပ်ဟာ ထူးထူးဆန်းဆန်း ရောဂါတစ်ခုရခဲ့တယ်။
အဲဒါ ကတော့ သူများ ခန္ဓာကိုယ်က သွေးတွေ ထွက်တာမြင်ရင် ကြောက်ရွံ့တဲ့ရောဂါပဲ နဲနဲထွက်တာ တွေ့ရင် သတိလစ်ချင်သလို များများထွက်တာ တွေ့ရင် သတိလစ်သွားတတ်တာပဲ။
ဒါပေမဲ့ ပိုအံ့သြစရာကောင်းတာကတော့ ကျုပ်ကိုယ်က သွေးထွက်တာကျတော့ ဘာမှမဖြစ်တာဘဲဗျ။

ငူငှက်မကြီး ရဲ့အဖြစ်ကို ပေးဆပ်ဖို့ ကျုပ်တတ်နိုင်တာ တစ်ခုအခွင့်သင့်တိုင်း လုပ်ခဲ့တယ်။
ငူငှက်မကြီးရဲ့ မိခင်မေတ္တာ သူ့ရဲ့ သွေးတစ်စက်တိုင်းအတွက် ကျုပ်မသေမချင်း ပေးဆပ်နေမှာပါ။
 
အခန်း (၄)

ကျုပ်ဟာခုချိန်ထိ လူပျိုကြီးပါ။ ရင်းနှီးသူတွေက မေးကြတယ်။ ဆရာဘာဖြစ်လို့ မိန်းမ မယူသေးတာလဲတဲ့။
ကျုပ် ရည်းစားဦး တစ်ယောက်ထဲကို အသဲပေါက်မတတ် ချစ်ခဲ့ဖူးတယ်။ သူ့နာမည် မတင်တင်အောင် ဆိုတာတောင် မခေါ်ရက်ဘဲ "ချစ်သက်"လို့ မြတ်မြတ်နိုးနိုး ခေါ်ခဲ့ဖူးတယ်။
သူ ကျုပ် ကို လက်တွဲဖြုတ်ကျောခိုင်းသွားတဲ့အခါကျတော့ ကျုပ်အလူး အလဲ ခံစားခဲ့ရတယ်။ အဲဒီဒဏ် ကြောင့် မိန်းမယူရမှာ သိပ်ကြောက်ခဲ့တယ်။

ဒါပေမဲ့
မိခင်မေတ္တာတွေ (ငူငှက်မကြီး၊ ဒေါ်ဝတုတ်)ကို မျက်ဝါးထင်ထင်တွေ့မြင်လာရတဲ့အခါကျတော့ သူ့ကို နား လည်နိုင်စွမ်း နဲ့ တသက်လုံး နာကျည်းခဲ့ရတဲ့ လမ်းခွဲခါနီး ပြောခဲ့တဲ့စကား တစ်ခွန်းကို နားလည်ခွင့်လွှတ် နိုင်ခဲ့တယ်။
မေမေ စိတ်ချမ်းသာအောင် မေမေ့ အလိုကျ သူ့ကိုလက်ထပ်ရမှာပါ ဆိုတဲ့ စကားကိုပါ။ အခုကျုပ်ရဲ့ နောက်ဆုံး အခြေအနေကို ပြောပြပါရစေ။ ကျုပ် အမြဲတမ်းသွေးလှူနေကျ အလှူရှင် ဖြစ်တဲ့အတွက် မြို့နယ် ဆရာဝန်ကြီးက ဂရုတစိုက် ကုသပေးလို့ သတိလစ်သွားပြီး ဆေးရုံရောက်ခဲ့တဲ့ကျုပ် ကျန်းမာစွာ ဆေးရုံ က ဆင်းနိုင်ပါပြီ။

ဒေါ်ဝတုတ်ကတော့ ဆေးရုံပေါ်မှာ သတိတချက်လည်ပြီး သူ့သားလေးလက်ကို ကိုင်ရက်နဲ့ ဆုံးသွားရရှာ တယ်။
မိခင်တွေ ရဲ့ မေတ္တာကို ပြန်ဆပ်သောအားဖြင့် ကျုပ်မိဘမဲ့ ဒေါ်ဝတုတ်သားလေးကို မွေးစားလိုက်တယ်။
သူ့နာမည် ကို "အတိုး"လို့ ကျုပ်မှည့်ထားတယ်။ အခုဆို ကျုပ်သား "အတိုး" မူကြိုကနေ ကျောင်းဆင်းချိန် ရောက်ပြီ။ သူ့ကိုလဲ မွေးစားပြီးရော ကျုပ်ရင်ထဲ ဖော်မပြနိုင်တဲ့ ကျေနပ်မှု (ဖခင်မေတ္တာထင်တာပဲ) တခု စိမ့် ၀င်လာတယ်။

သူ့ကိုချစ်ခြင်း မေတ္တာအပြည့်နဲ့ အတိုးချ ချစ်နေမှာပါ။ သူ့ရဲ့လစ်ဟာနေတဲ့ မိခင်နေရာမှာလဲ ဆေးရုံတက် တုန်း ကျုပ် ကို စေတနာအပြည့်နဲ့ အနီးကပ် ပြုစုခဲ့တဲ့ သူနာပြုဆရာမလေး "သိမ့်"နဲ့ ကွက်လပ်ဖြည့်ပေးဖို့ "သိမ့်"ကို ချစ်ခွင့်ပန်ခဲ့တာ " သိမ့် "ကလဲ လက်ခံသဘောတူပြီးသားပါ။
ကျုပ်ရဲ့ အချစ် သိမ့်ရဲ့မေတ္တာတွေနဲ့ ကျုပ်သားလေး "အတိုး"ရဲ့ ဘ၀ကို ပြုစုပျိုးထောင်ရင်း ကျုပ်တို့ရဲ့ မိသားစု ဘ၀လေးကို "အတိုး"နဲ့တကွ တည်ဆောက်ရမဲ့ ကာလဟာ ကျုပ်ဘ၀ရဲ့ အနှစ်သာရ မဟုတ်လား ဗျာ။

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

Sunday, September 4, 2011

ဆရာဦးသုခနှင့် သူ့ခေတ်ပြိုင် စာဆိုတို့အမြင် အပိုင်း (၆၆)

အမြစ်တွေ
ဆောင်းရိပ်ဝေ

မုံရွာ မှ တန့်ဆည်သို့ သွားသောခရီးသည်တင် မှန်လုံကားကြီးသည် တစ်ခါတစ်ရံကျင်းထဲ၊ ချိုင့်ထဲကျ၍ ဂျိမ်း ဂျိမ်းဂျိုင်းဂျိုင်းမြည်ကာ ဘယ်ညာယိမ်းသွားရုံမှ လွဲပြီး မှန်မှန်လေးပြေးဆွဲနေသည်။ ယင်းကားပေါ်မှ ပြဿနာပေါင်း သောင်းခြောက်ထောင်မက ဖြစ်တတ်သော လူ့ဘောင်လောက၌ နေထိုင်သော ပျိုပျိုအိုအို လူသား တို့သည် ပြဿနာဟု အမည်တပ်ရလောက်အောင် ရှုပ်ထွေးမည် မဟုတ်သော်လည်း အကြောင်း ကိစ္စတစ်ခုခုကြောင့် စီးနင်းလိုက်ပါလာကြတာကတော့ သေချာသည်။ ကားမှန်ပြတင်းကို ခပ်ဟဟဖွင့်၍ ဘေးဘီဝဲယာ ကို ကြည့်ရှု ငေးမောတွေးတောပြီး လိုက်ပါလာသူကား ယဉ်စစသဏ္ဍာန် ယဉ်ယဉ်လေးကြည့် ကောင်းသော မိန်းမပျို၊ သူ့နာမည်က ထွေးငယ်၊ ကားစီးရင်းကိစ္စကား မုံရွာပညာရေးတက္ကသိုလ်၌ နောက်ဆုံး နှစ်ဖြေပြီး ကျောင်းကြီးပိတ်၍ အမိရွာသို့ ပြန်လာခြင်းဖြစ်သည်။

ထွေးငယ် သည် ဘေးဘီဝဲယာကိုငေးရင်း စိတ်သည် တစ်ခါတစ်ရံ အတိတ်သို့လည်းကောင်း၊ တစ်ခါတစ်ရံ အနာဂတ် ဘ၀အရှေ့ရေးငေး၍ လည်းကောင်း၊ တစ်ခါတစ်ရံ ပစ္စက္ခအာရုံပေါ်သို့ လိပ်ပြာလိုဝဲနေပြန်ပေ သည်။ အကိုင်းတို့သည် ကွေ့ကောက် ထွေးယှက်ပြီး အခေါက်မှာဖြူ၍ ရွက်ဟောင်းတို့မှာ ကျဲကျဲညစ်ညစ်နဲ့ ကိုင်းဖျား မှာ နုစပြုနေသော ထနောင်းပင်တို့ကို ကားလမ်းအရိပ်ရ သစ်ပင်အဖြစ် ခပ်စိပ်စခပ်တွေ့ရသည်။ အခုလို ထနောင်းရွက်နုနုလေးတွေ မြင်ရတော့ ထနောင်းရွက်သုပ်စိမ့်စိမ့်လေးကို ကြိုက်သောအမေ့ကို ပို၍ လွမ်းဆွတ်မိသည်။

 ပထ၀ီ အနေအထားကို ကြည့်သောအားဖြင့် ဘုတလင်နဲ့အတော်နီးပြီဟု ခန့်မှန်းရသည်။ ဘုတလင် တစ်ဝိုက် ၌ ပထ၀ီအနေအထားသည် ဆင်ခြေလျှောလို ခင်တန်းလိုအနေအထားရှိပြီး မြေသား အရောင်က နီဖန့်ဖန့်ဖြစ်သည်။ ပဲစိမ်းငုံတို့ ပြောင်းတို့ စိုက်ဟန်တူပြီး ဇီးခြံတွေကိုလည်း မကြာခဏတွေ့ရ သည်။ ငှက်ခါး တစ်ကောင် ရုတ်တရက် ပျံသွားတာကို ဘာရယ်မဟုတ် ငေးနေစဉ် ရိုးစပ်က ဥသြသံသဲ့သဲ့ ကြားရသည်။ သြော် မိန်ရာသီ ... မိန်ရာသီ အညာရဲ့ မိန်ရာသီပါပဲ။ အတွေးကွန်ယက်နဲ့ ရှုပ်ယှက်ခပ် နေသော ထွေးငယ် မိန်ရဲ့အလှကို လှပအောင်မြင်ဖို့ မဖြစ်နိုင်၊ အာရုံတစ်ခုအပေါ် တင်ထားလို့ မရအောင် စိတ်ဟာ စုန်ချည်၊ ဆန်ချည်။

ကျောင်းပြီးရင် အိမ်ထောင်ပြုဖို့၊ အလုပ်ရရင် လက်ထပ်ဖို့ဆိုတဲ့ စီမံကိန်းတွေဟာ အမေနဲ့သမီးသာ ရှိတဲ့ ထွေးငယ် ဘ၀မှာ စိတ်အလှည့်မပေးနိုင်ပါ။ ရည်းစားတစ်ထောင် လင်ကောင်တစ်ယောက်လို့ ဆုပ်ကိုင် ထားတဲ့ ခေတ်မှာ တစ်သီး၊ တစ်ကဏ္ဍတစ်ဘာသာ။ ဘ၀ရဲ့ အမောဆိုတာတွေကို တိကျလှပစွာ ဖြေရှင်း ချင်သည်။ ဘ၀ရဲ့ အပျော်ဆိုတာတွေကိုလည်း သိစိတ်ကို လိမ်ညာပြီး မပျော်လို။ အထူးအားဖြင့် ကြီး ကျယ်တဲ့ ဘ၀အိမ်ထောင်ရေး အခန်းကဏ္ဍမှာ ရေသောက်မြစ်လို အရေးကြီးတဲ့ ချစ်မေတ္တာကို ခုတုံး လုပ်ပြီး ရည်းစားဆိုတဲ့ မီးရှူး မီးပန်းအောက်မှာ ထွေးငယ်မကလို ကျော့ကွင်းတွေနဲ့ ကြိုးမခုန်လိုပါ။

လမိုက်ညများပြီး လရောင်စစ်စစ်ရှားတဲ့ ဒီလောက ဒီခေတ်ကြီးမှာ ကိုယ့်ကို မိဝေးဖဝေးမိန်းကလေးရဲ့ ခံတပ်ဟာ အစစအရာရာထိန်းချုပ်ခြင်းနှင့် ဆင်ခြင်တုံတရားရှိရမယ်။
တက္ကသိုလ် ကျောင်းတော်မှာ ထွေးငယ်ဟာ မြန်မာစာ အဓိကကျောင်းသူ၊ ကိုယ့်မြေကိုယ့်ရေ ကိုယ့်ဘာသာ ကိုယ့်စာ ကို ထွေးငယ်ချစ်သည်။ ချစ်မိတော့ စိတ်ဝင်တစားလေ့လာမှတ်သားရသည်။ အမရပူချိတ်နဲ့ စာအုပ် တွေကို ဖတ်ရင်း တက္ကသိုလ် ကျောင်းသူဘ၀ကို ဖြတ်သန်းခဲ့သည်။ လေးစားလို့ ရင်းနှီးလို့ ချစ်မိတယ် ဆိုစ တမ်းဆိုရင် စာကြည့်တိုက်ကြီးသာ ထွေးငယ်နဲ့ ရည်းစားဖြစ်မှာပဲ၊ အဲသလို ကလေးကလား တွေးရင်း ထွေးငယ်ပြုံးမိသည်။

မိခင်ကိုငဲ့ပြီး ဘ၀ကို နားလည်သော ထွေးငယ်သည် အတတ်နိုင်ဆုံးငွေကို ချွေရသည်။ ငွေကိုရေလိုသုံးနိုင် သော သူတကာကို မြင်ပြီး၊ ကိုယ့်ဘ၀ကို ပြန်ငေး၍ ထွေးငယ်အားမငယ် ၀မ်းမနည်း ရင်မနာပါ။ မျက်နှာ လည်း မငယ်ချင်၊ မငယ်ချင်၍လည်း ကိယ့်အပြုအမူက ကိုယ့်ကို မျက်နှာငယ်စေရမယ့် အမူအရာမျိုး ကိုထွေးငယ် ရှောင်ပါသည်။ ရှိတာလေးနဲ့ပဲ ရနံ့ဆန်ဆန်နေချင်သည်။ ဘုရင်မတစ်ပါးလို စံပယ်ချင်တဲ့ ထွေး ငယ်ရယ်လေ၊ ဒီလိုအနေအထားမျိုးမှာ အပေါင်းအသင်းဆိုတာ လှိုင်နိုင်ပါ့မလား။ လက်ချိုးရေကြည့် သုံးလေး ယောက်၊ ဒီသုံးလေးယောက်က ဘာမှ မျှော်ကိုးစရာမရှိတဲ့ထွေးငယ်ကို ဘာမှမျှော်ကိုးပြီး ခင်ခဲ့ချစ် ခဲ့တာမဟုတ်၊ ခင်လို့ ချစ်လို့ကိုပဲ ခင်ကြ ချစ်ကြတဲ့ သူငယ်ချင်းတွေ။ ကျေနပ်ပါသည်။ ပျော်ရွှင်ကျေနပ်ပါ သည်။ ပျော်ပျော်ရွှင်ရွှင် ကျေကျေနပ်နပ်နဲ့ပဲ ဒီသူငယ်ချင်းတွေနဲ့ ပညာရေးပန်းတိုင်ကို လျှောက်လှမ်း နိုင် ခဲ့ပါ သည်။

ခက်တော့အခက်သား သွက်လို့၊ ထက်လို့၊ ဆန်းလို့၊ ယဉ်လို့၊ ရိုးလို့၊ အေးလို့ဆိုပြီး အကြောင်းပြချက် အမျိုး မျိုး နဲ့ ယောက်ျားဆိုတဲ့ဟာတွေကလည်း သူတို့ရင်ဘက်ကြီးတွေ ပုတ်ပုတ်ပြီး ချစ်ရေးဆိုတတ်ကြရဲ့၊ အဟက် ရယ်တော့ရယ်ရတယ် ဒီလို စကားတွေ ကြားနစ်ပြီးမြင်လို့မကောင်းတဲ့ သတင်းတွေ ထွေးငယ် မျက်စိ နဲ့ နားနဲ့မို့ မြင်မိ ကြားမိပါရဲ့။ မေတ္တာအစစ်ဆိုတာ ရွှေထက် တန်ဘိုးကြီးပြီး ရွှေထက်ရှားလွန်းလို့၊ ဘယ် အရာမဆို လူကြိုက်များရင် အတုပေါ်စမြဲပဲ ဒီတော့ ထွေးငယ် မယုံချင်ပါ။

တခါတလေတော့လည်း အိမ်ထောင်ပြုခြင်းဆိုတာကြီးကို ဥာဏ်မီသလောက် လေးလေးနက်နက် တွေးကြည့်ဖူးပါရဲ့။ အိမ်ထောင်ပြုတယ်ဆိုတာ အကွေ့အကောက်၊ အတက်အဆင်းများလှတဲ့ လူ့ဘ၀ကို တစ်ယောက်ကို တစ်ယောက် ချွေးသိပ်လျှောက်လှမ်းရင်းနဲ့ မိသားစုအခန်းကဏ္ဍကနေ လောကကို သာယာအောင် ပြုစုခြင်းဖြစ်တယ်လို့ ထွေးငယ်ထင်သည်။ ကိုယ့်မိသားစုလေးကို သပ်သပ်ရပ်ရပ် ပန်းပွင့်လို ရနံ့ လို သန့်သန့်ရှင်းရှင်း လှလှပပ ပွင့်လင်းမွှေးမြအောင် ရုန်းကန်တည်ဆောက်တာကလည်း လောက ဆိုတဲ့ လူ့အသိုင်းအ၀န်း ကို တိုက်ရိုက်မပေးဆပ်နိုင်တောင် သွယ်ဝိုက်နည်းနဲ့ ကျေးဇူးပြုနေတာပဲလို့ ထွေးငယ် တွေးမိသည်။ အိမ်ထောင်ပြုတဲ့ အဓိပ္ပာယ်ပါတဲ့ ကျွန်တော်နှင့် ကျွန်မတို့သည် သီချင်းကို ကြားဖူးပါ ရဲ့၊ စာသားတော့မသိပါ။

အဓိပ္ပာယ်က ကျွန်တော်နှင့် ကျွန်မတို့သည် တစ်ယောက်ကို တစ်ယောက် သစ္စာ ရှိရှိ၊ ရိုးမြေကျ ပေါင်းဖက်ဖို့ လောကကောင်းကျိုးအတွက် သယ်ပိုး ထမ်းရွက်နိုင်တဲ့ သားသမီး ရတနာတွေ မွေးဖွားပေးနိုင်သော ဇနီး မောင်နှံ ဖြစ်ဖို့ နေထိုင်ကြမည်ဖြစ်ကြောင်း ဤမင်္ဂလာပွဲ၌ တက်ရောက်လာသော လူကြီးမိဘများ ရှေ့မှောက် မှာ ကတိသစ္စာပြုပါသည်တဲ့။ ကျန်တာတွေ မမှတ်မိတော့ဘူး။ ရေဒိယိုကနေ ကြားဖူးတာ ကြာပြီ။ သီချင်းရဲ့ အဓိပ္ပာယ်က ရင်ထဲစွဲသွားလို့ ဒါလောက်မှတ်မိတာ။ ဒီလိုဆိုတော့လည်း အိမ်ထောင် ပြုခြင်း ရဲ့ အဓိပ္ပာယ်သဘောသွားကို ထွေးငယ် ချီးမွှမ်းမိသည်။ မချီးမွှမ်းဘဲ မနေနိုင်လို့ကို ထွေး ငယ် ချီးမွှမ်း မိပါသည်။

အဲဒီလို စဉ်းစားမိတော့ အိမ်ထောင်ဆိုတဲ့ ၀န်အတွက် ထွေးငယ်ရဲ့ ပခုံးသည် နုသေးသည်။ အသိသည် မှိန် သေးသည်ဟု ကိုယ့်ဘာသာမြင်မိသည်။
ကိုယ်တိုင် မိဘမဟုတ်ပေမယ့် မိဘတွေရဲ့ မိသားစုအပေါ် ၀န်ဆောင်မှုတွေဟာ ပြောမပြနိုင် လောက် အောင် မြင်တွေ့နေရသည် မဟုတ်ပါလား။ မိဘတွေအပေါ် ထွေးငယ် စိတ်မဆိုးချင်။ ကိုယ့်ကို ချစ်တဲ့ သူတွေ စိတ်ဆင်းရဲအောင် မပြုမူချင်ပါ။ ဘာလုပ်လုပ်တင့်တယ်တဲ့ ဒီအရွယ်မှာ ထွေးငယ် အမေ့ကို ပြုစုချင်ပါသည်။ အဖေမရှိတော့တဲ့ ထွေးငယ် ဒီတစ်ခါတော့ ပြန်လည် မပြုစုလိုက်ရပဲ အမေ့ကို လက်လွတ် မခံနိုင်ပါ။

မိသားစုအတွက် နွားနှင့် ဖက်ရုန်းရင်း အပူအအေးမမျှဖြစ်ပြီး အဖေဆုံးခဲ့သည်။ ဟုတ်ပါသည်။ အဖေဆုံးရခြင်း အကြောင်းကို ထွေးငယ်သိပါသည်။ အဖေလယ်ထွန်နေတုန်းပဲ ဖျစ်ဖျစ်မြည်အောင် ပူလောင်သောကောင်းကင်သည် မျက်လှည့်ပြသလို ရုတ်တရက် အုံ့ဆိုင်းရွာချလိုက်တဲ့ မိုးမိလို့ပဲပေါ့။ အဲဒီ တုန်းက ထွေးငယ် ဆယ့်သုံးနှစ်လောက်ရှိသေးသည်။ အမေသည် လူတွေရှေ့မှာ ဣနြေ္ဒပျက်အောင် မငိုခဲ့ပါ။

အမေဘယ်လောက်ထိ ခံစားနေရတယ်ဆိုတာ အမေနဲ့ အနီးဆုံးနေရတဲ့ထွေးငယ် အသိဆုံးပါ။ အမေ့ မျက်နှာ ကို တစ်ကမ္ဘာလိုငေးနေရတဲ့ ထွေးငယ် အသိဆုံး အသိဆုံးရယ်ပါ။ မောင်လေးက အိမ်မကပ်ဘဲ ဘယ်ချောင်ထိုးနေမှန်းမသိ။ မောင်လေးဟာ ရှစ်နှစ်အရွယ်ဆိုတော့ တော်တော်တော့ ခံစား တတ်နေပါပြီ။ ရင်ထဲမှာလောင်တဲ့ မီးလို့ သရုပ်သဏ္ဍာန်ပေါ်အောင် ပြောတတ်ချင်မှ ပြောတတ်မယ်။ ဒါပေ မယ့် ဒီ လောက စံပြကွက်မှာ မောင်လေးမျက်ရည်ကျတတ်ခဲ့ပါသည်။ ဟုတ်ပါသည်။ အဖေ့ရဲ့ အလောင်းကို မိသားစု နောက်ဆုံးကန်တော့ကြတော့ မောင်လေးရဲ့ ရှိုက်သံနဲ့ မောင်လေးရဲ့မျက်နှာ ခုထိမြင်ယောင်မိ သည်။ မြင်ယောင်မိတိုင်း ပူလောင်မိပါသည်။ ပူလောင်မှုကို ကျေနပ်ပါသည်။ ချိုမြတဲ့ ဒုက္ခကို ထွေးငယ် နား လည်ခဲ့ပါသည်။

အဖေရှိစဉ်က စုဆောင်းမိတဲ့အရှိန်နဲ့ ထွေးငယ်ဆယ်တန်းတက်ခဲ့သည်။ ဘယ်ဝိုင်းမှ မတက်တဲ့ ထွေးငယ် ဘ၀လှုံ့ဆော်ချက်၊ အသိလှုံဆော်ချက်တွေနဲ့ ကြိုးစားပါသည်။ မိသားစုမှာ ဆုံးရှုံးတဲ့ အင်အား ကုန်ကျတဲ့ ငွေ ကြေး ကို ဆယ်တန်းအောင်တယ်ဆိုတဲ့ ရလာဒ်နဲ့ အမေ့ကိုပျော်ရွှင်စေချင်ပါသည်။ ထွေးငယ် မြန်မာစာ ဂုဏ်ထူးနဲ့ ဆယ်တန်းအောင်ပါသည်။ အမေ့ခင်မှာ ပျော်လိုက်တဲ့ဖြစ်ခြင်း ငါ့သမီး ဘ၀အမော တွေနဲ့ နှလုံးမ ခုန်စေချင် ပညာတတ်ကြီးဖြစ်အောင် ထားမယ်။ အဲသလို အမေဟာ မေတ္တာစိတ်နဲ့ ကြုံးဝါးခဲ့ပါသည်။ ဒါပေ မယ့် အိမ်ရဲ့ အခြေအနေကို ထွေးငယ်သိပါသည်။ ဒါကြောင့်လည်း ပညာရေးကို စိတ်ဝင်စားပေမယ့် အမေ့ အနားမှာ တစ်သွေးတစ်အားအနေနဲ့ ထွေးငယ်နေပါရစေ မောင်လေးကိုသာ ကျောင်းပြီးအောင်ထားဖို့ ပြော ကြည့်သော်လည်း "မသေချာတာကို မပြောစမ်းနဲ့သမီး၊ မင်းမောင်ဆယ်တန်းအောင် မအောင်ဆိုတာ မင်းပြောနိုင်လို့လား အခုသမီးကကျောင်းပြီးဖို့ သေချာနေပြီ၊ သေချာတာကို ရွေးချယ်ရမှာပေါ့" ဆိုတဲ့ အချက်အလက် နဲ့ အမေ သည် လုံးဝ လက်မခံပါချေ။

အမေသည် မိသားစုအတွက် ရှေ့နောက် ထောက်ဆချင့်ချိန် ကိုင်တွယ်မှုမှာ ကျွမ်းကျင်သော်လည်း အရေး ဟယ်အကြောင်း ဟယ်ဆို ခြေမကိုင်မိ လက်မကိုင်မိ ပျာယာခတ်တတ်တာကိုတော့ မိန်းမသားပီပီ ဖျောက် လို့ မရပါ။ အထူးသဖြင့် သားသမီးတွေအတွက်ဆိုရင်ပေါ့။ မှတ်မှတ်ရရ တစ်ခါမှာ ထေးငယ် အပြင်းဖျားပါတော့သည်။ ဖျားတာက ရိုးရိုးအဖျားဖြစ်ဟန်တူသော်လည်း အဖျားကပြင်းတော့ တစ်ကိုယ်လုံး ပူကျက်ပြီး ထွေးငယ်ငြီးသံပါအောင်ထိ ခံစားရပါသည်။ ဆေးကုသော်လည်း တော်တော်နဲ့ နာလန်မထူနိုင် ချေ။ ဒီတော့ မိဘဆိုတာ မိဘမေတ္တာရဲ့ လှိုင်းခတ်မှုမှာ အမေ့ခင်မှာ ပျာယာခတ်ရပါသည်။

အမေသည် ထွေးငယ်အတွက် ဗေဒင်ဆိုလည်း ယုံလိုက်ပါသည်။ ယတြာဆိုလည်း ချေလိုက်ပါသည်။ နတ် ကတော် ကိုလည်း ဆည်းကပ်ရပါသည်။ နတ်ကတော်က ကြက်တစ်ကောင်အရှင်လတ်လတ်ကို ရင်ခွဲပြီး ရွာ ထိပ်က ဖလံပင်မှာ ခေါစာပစ်ရမည်ဟု ထွက်ဆိုပါသည်။ ရွာထိပ်ကဖလံပင်ဆိုတာ ထွေးငယ်တို့ရွာမှာ သရဲ သဘက် မကောင်းဆိုးဝါးတွေ ရှိတယ်လို့ ပြောကြတဲ့အပင်ပေါ့။ အမေသည် ကြက်တစ်ကောင်ကို အရှင် လတ်လတ် ရင်ခွဲရမယ်ဆိုတော့ မျက်ရည်စမ်းစမ်းနဲ့ ရင်ထဲမီးတောက်နေမှာကို မြင်ယောင်မိပါသည်။ မြင် ယောင်မိတယ် လို့ ပြောရတာက ထွေးငယ်က အိပ်ယာထဲလဲနေတဲ့ လူမမာမို့ အဲဒီကိစ္စ လုံးဝမြင်ရသူ မဟုတ်ပါ။ မောင်လေးက ပြန်ပြောမှ သိရလို့ပါ။

မောင်လေးသည် အမေ့နားမှာ ရှိဟန် တူသည်။ အမေသည် ပက်လက်လှန်ထားတဲ့ဓားပေါ် ကြက်ရင်ဘတ် ကို တည့်လိုက်သည်။ အမေ့လက်များ တုန်ယင်ကာ မျက်ရည်များကျလာသည်။ အမေသည် မလုပ်ရဲ မလုပ်ရက် ဖြစ်နေသည်။ ဒီတော့ အနားရှိတဲ့ မောင်လေးကို သားလုပ်ရဲလားဟု မေးသည်ဟုဆိုသည်။ မောင်လေး က ခေါင်းခါပြီး ငြင်းလိုက်ရသည်ပေါ့။ ဒီတော့ အမေ့ခင်မှာ မျက်လုံးမှိတ်ပြီး သမီးအတွက် ရက်စက် ရသည်။ ရဲရင့်ခဲ့ရသည်။ သမီးအတွက် ကျူးလွန်တဲ့ ဒုစရိုက်ကို အမေခံရအုံးမည်။

ဒါပေမယ့် အမေဆိုတော့ ဒီထိတွေးမှာမဟုတ်။ အများပြောသလို အမေဆိုတာ စုန်ရေပဲလေ။
အမေ သည် မျက်စိမှိတ်ကာ ဓားသွားနဲ့ကြက်ရင်ဘတ်ကို သုံးလေးချက်ခပ်မြန်မြန် ပွတ်ဆွဲလိုက်တော့ အရေ ပြားပြတ်ကာ သွေးထွက်လာသောကြက်ကို ကြိုးနဲ့ချည်ပြီး သရဲသဘက်စာ ကျွေးခဲ့သော်လည်း ထွေးငယ် ရဲ့ အဖျားဟာ ထူးမခြားနားပါပဲ။ အမေသည် မိသားစုအတွက် ကံမြှင့်တဲ့အနေနဲ့ ဆွမ်း၊ ဆီမီး၊ ပန်း ရေချမ်း တို့ကို အခါတိုင်းထက် ပိုဂရုပြုပြီး ဘုရားရှိခိုးလည်းပိုကြာလာသည်ကို ထွေးငယ် သတိထားမိသည်။ အမေဘုရားရှိ ခိုးတာကို အိပ်ရာကနေ ငေးကြည့်နေသော ထွေးငယ် အံ့သြသွားပါသည်။

အကြောင်းက ဒီလိုပါ။ အမေသည် ဘုရားရှိခိုးပြီးနောက် အရပ်မျက်နှာတစ်ဘက်ကိုပါ ပါးစပ်ကရွစိ ရွစိ လှုပ်ပြီး ၀တ်ချနေတာကို တွေ့ရသောကြောင့်ဖြစ်သည်။ ထွေးငယ်အဖျားပျောက်မှ အကြောင်းစုံသိရသည်။ အကြောင်း က ရွာသူကို ၀တ်ချပြီး ထွေးငယ်တို့ မိသားစုကို သနားဖို့ မနှောက်ယှက်ဖို့ အမေက ဦးချတောင်းပန်ခြင်း ဖြစ်နေတော့ သည်။ နတ်ကတော်က ဟောတာတဲ့။ ထွေးငယ်ကို အဲ့ဒီရွာသူက လုပ်တာ တဲ့။ စားဖွယ်သောက်ဖွယ်တွေ တောင်ဆန်ကောထဲထည့်ပြီး ခေါစာပစ်လိုက်ရသေးတယ်ဆိုပဲ။ တစ်ကယ်တော့ မိဘဆိုတာ မိသားစု ပြဿနာကို နည်းပေါင်းစုံဖြင့် ထိုးဖောက်နေတဲ့ သူရဲကောင်း တွေပဲလေ။

တစ်ခါမှာ ထွေးငယ် ရေထမ်းပြန်အလာ အမေ့ကို ခေါ်မရလို့ အိမ်ထဲခေါင်းပြူအကြည့် "အမလေး" တောက်တဲ့ တစ်ကောင် တံခါးဘောင်မှာ ကပ်နေပါလား။ ထွေးငယ်ရဲ့ "အမလေး"ဆိုတဲ့ အလန့်တကြား အော်သံကို အိမ်နောက်ဘက် ရေချိုးတဲ့နေရာက အမေကြားလိုက်ဟန်တူသည်။ "သမီးဘာဖြစ်တာလဲ"ဟု အမေက အသံပြုလိုက်သည်။ " အမေဒီမှာ တောက်တဲ့ကြီး" ဟုအော်ပြောလိုက် တော့ အမေသည် ထမီရင်လျား နဲ့ ရောက်လာတာ တောက်တဲ့ကိုမြင်တော့ အမေ့မျက်နှာသည် ဘာရယ်လို့ ပြောဖို့ ခက်တဲ့ အရောင်ပြောင်းသွားသည်။ အမေသည် အိမ်ထဲဝင်ပြီး လှေကားထောင့်မှာ ထောင်ထားတဲ့ လှံကိုယူကာ တစ်အား ထိုးပစ်လိုက်သည်။ ပထမအချက်မှာ ချော်သွားပြီး သုံးချက်လောက်ထိုးမှ ချက်ကောင်း မိပါသည်။ နောက်ပြီး အမေသည် ထမီရင်လျားနဲ့ပင် ပါးစပ်က တစ်တွတ်တွတ်ရွတ်ကာ တောက်တဲ့လာနိုင်တဲ့ အိမ်နှင့်နီးတဲ့ သစ်ပင်သစ်ကိုင်းတွေကို ခုတ်ထစ်နေပါတော့သည်။

ထွေးငယ် တက္ကသိုလ်တက်ရမယ့် နှစ်မှာပဲ မောင်လေး အပြင်းဖျားကာ ဆုံးပါးခဲ့ရပြန်သည်။ တစ်ချို့က အစာအိမ်နာ ဖြစ်တာ၊ တစ်ချို့က အူအတက်ပေါက်တာဟု ပြောကြသည်။ မောင်လေးသည် ဗိုက်ကို နှိပ်နှိပ်ပြီး "အမလေးအောင့်လိုက်တာ၊ အမလေးနာလိုက်တာ" အသက်ကိုထိသော နာကျင်သံဖြင့် အလန့် တထိတ် ထိုးထိုးအော်လိုက်တဲ့အခါ အမေသည် သားခံစားရတာထက် အဆမတန် ကိုယ်တိုင် ခံစား နေရသော အမူအရာဖြင့် နေစရာမရှိ ဆောက်တည်ရာမဲ့ပုံမှာ သိသာလွန်းလှသည်။ တောဆိုရင်ရှင်း၊ တောင် ဆိုရင် ခွင်းပစ်ဖို့ စိတ်ခွန်အားတွေရှိပေမယ့် အခုတော့ မမြင်ရတဲ့ ရောဂါရဲ့ ထိုးနှက်မှုအောက်က သားဖြစ်အင် ကို ကြည့်ပြီး၊ အမေသည် အရူးမီးဝိုင်းကာ အရူးတစ်ပိုင်းဖြစ်နေပါတော့သည်။

မိဘသည် သားသမီးအတွက် ရူး သင့်ရင်လည်း ရူးရတာပါပဲလား၊ အရူးထဲမှာ ယင်းအရူးသည် လောကမှာ အလှဆုံး အဓိပ္ပာယ် အရှိဆုံး ဖြစ် ပေလိမ့်မည်။ မောင်လေးဆုံးတော့ အမေသည် အသည်းအူလန်၊ ဗြောင်းဆန်အောင် ငိုပါတော့သည်။ အမေရဲ့ သောကသည် အမေ့ကို အရှင်လတ်လတ် အမဲဖျက် နေသည် ဟု ထွေးငယ်ထင်သည်။ အမေ့ကို သနားတဲ့စိတ်နဲ့ပိပြီးထွေးငယ်ခင်မှာ မောင်လေးရဲ့ နောက်ဆုံး ခရီးကိုတောင် ဟုတ်တိ ပတ်တိ ငိုချင်းမချ လိုက်ရ။ တစ်ကယ်တွေး ကြည့်တော့လည်း ဝေဒနာ ခံစား ရခိုက်မှာ မောင်လေးအတွက် ဆို့နစ်စရာကောင်း သော်လည်း ယခုလက်ရှိမှာ ခံစားနေရတဲ့ အမေ့ အဖြစ်ဟာ ပိုပြီး ကြေကွဲစရာ မကောင်းပါလား။ ပူပန်စရာဆို တော့လည်း အတွေးမှာပင် ဇောချွေးပြန် ရသည်။

မောင်လေးဆုံးတဲ့နေ့ကစပြီး ထွေးငယ်သည် အမေ့အပေါ် ပို၍ လိမ္မာအောင် ကြိုးစားခဲ့သည်။ အဲဒီနေ့ကပဲ မိဘမေတ္တာ ကို ပိုပြီး သတိထားမိစေခဲ့တာပဲ မဟုတ်လား။ အမေနဲ့သမီးသာရှိတဲ့ မိသားစုဆိုတဲ့ ထွေးငယ်ဘ၀ မှာ အမေသည် လယ်လုပ်ဖို့ မလွယ်၊ ရွာနဲ့ဝေးတဲ့ လယ် အချို့ကို ရောင်းပြီး ထွေးငယ်ကို ကျောင်းပြီးအောင် ထားနိုင်ခဲ့သည်။ အဖေရှိစဉ်က အနိုင်နိုင်သိမ်းကြုံးလုပ်မှ အလျင်မီရုံဖြစ်တဲ့ လယ်တွေ ဟာ အခုတော့ အမေနဲ့ သမီးစားလောက်ရုံသာ ကျန် တော့သည်။ စားလောက်ရုံရှိတော်ရောပေါ့။ ထွေးငယ် ရောင့်ရဲတတ်ပါသည်။ ရိုးရိုးအေးအေး ဖြူဖြူစင်စင် စိတ်ကလေးနဲ့ ထွေးငယ် ဖြူဖြူစင်စင် ဘ၀အေးအေး လေးကိုသာ ပိုင်ဆိုင်ချင်သူရယ်ပါ။ တစ်ခါက ရွာဦး ကျောင်း ဆရာတော်မိန့်ခဲ့တာ အမှတ်ရမိသည်။ ငါ့တပည့် တဲ့ ကလိယုဂ် ခေတ်ကြီးမှာ သံသရာဘေး၊ လောကဘေး၊ လွတ်အောင် နေတတ်မယ်ဆိုရင်ကို တော် လှပါပြီတဲ့။

ဆရာတော် အဆုံးအမဟာ ကျဉ်းသလိုနဲ့ ကျယ်ပြောလှပါသည်။ ပါးလှပ်သလိုနဲ့ လေးနက်လှပါသည်။ စိတ်ခိုင်ခိုင်နဲ့ ဒုက္ခကိုသည်းခံပြီး ဘ၀ကို တည်ဆောက်နိုင်မှ အနာဂတ်သံသရာမှာ အပယ်ဒုဂ္ဂတိဆိုတဲ့ ဘေးသင့်တဲ့ဘ၀ကို မရဘဲ မြင့်မြတ် တဲ့သုဂတိ ဘုံဘ၀ကို ရနိုင်မှာပဲ မဟုတ်လား၊ အဲဒီလိုနေနိုင်ခဲ့ရင် လောကဘေးဆိုတဲ့ အပြစ်ပုဒ်မတွေ အတပ် ခံရဦးပါ့မလား။ လောကဘေးဟာ သံသရာဘေးနဲ့ စာရင် ကျဉ်းပါသည်။ သံသရာဘေးလွတ်အောင် နေနိုင်ရင် လောကဘေးဟာ လွတ်ရမည်ဖြစ်သည်။ မြေကြီးလက်ခတ် မလွဲလို့တော့ ထွေးငယ် မပြောလိုပါ။ ကိုယ်ကောင်းရင် ခေါင်းမရွေ့ဆိုတဲ့ စကားပုံဟာ ဒီကာလမှာ မီးကျိုးမောင်းပျက်စက် သေနတ်ဖြစ်ခဲ့ပြီ မဟုတ်ပါလား။

သြော်လောက တာဝန်ဆိုတာ အသက်အရွယ်နဲ့အမျှ သူ့လိုလို ပခုံးပြောင်းရောက်လာတတ်စမြဲဆိုတာ ခုနေခါမှာ ထွေးငယ် ကောင်းကောင်းနားလည်လိုက်ပါပြီ။ ရွာရောက်ရင် အလယ်တန်းဖွင့်မို့ ဆရာ ဆရာမလိုနေတဲ့ ကိုယ့်ရွာကျောင်းကို လုပ်အားပေးအဖြစ် ၀င်သင်မည်။ ကျောင်းပိတ်ရက်ပြန်လာတိုင်း စုဆောင်းခဲ့တဲ့ စာအုပ်အဟောင်းတွေနဲ့ စာအုပ်အငှားဆိုင်ဖွင့်မည်။ ဆိုင်နာမည်ကို အိုအေစစ်လို့ပေးမည်။ ဟုတ်ပါသည်။ စာဆိုရင် ကျောင်းစာလောက်သာ ဖတ်ရတယ်ထင်နေတဲ့ ထွေးငယ်တို့တောမှာ ထွေးငယ်ရဲ့ စာအုပ်အငှားဆိုင်လေးဟာ အိုအေစစ်ပါပဲ။
အခုချိန်ကစပြီး လူ့ဘုံခန်းဝါထဲက လူသားတစ်ယောက်အနေနဲ့ လူ့ဘ၀ရှင်သန်ခြင်းကောက်ကြောင်းတွေကို အမေနဲ့ ခေါင်းချင်းဆိုင်ပြီး ကိုယ်တိုင် ဖြေရှင်းရတော့မှာပါလားဆိုတဲ့ အသိဟာ ထွေးငယ်ရဲ့ အတွေးမှာပေါ လောပေါ်နေတော့သည်။

ထွေးငယ်ကို ရွာဦးကျောင်းဆရာတော်မိန့်ဖူးခဲ့သည်။ " အာဂတော ဘာရော န ဘာယိတဗ္ဗော" တဲ့။ " ရောက်လာတဲ့တာဝန်ကို မတွန့်မဆုတ် ထမ်းရွက်ပါလို့" အဓိပ္ပါယ်ရှိတဲ့ အချက်ပေးမီး ပွိုင့်ပါ။ ငါးဆယ်ကျော်ပြီဖြစ်တဲ့ အမေ့ကို လူ့ဘ၀ပြဿနာတွေနဲ့ မညစ်နွမ်း စေချင်တော့ ဘ၀အပူတွေနဲ့ အသားအသွေးတွေ မခမ်းခြောက်စေချင်တော့။ အမေ့ရဲ့ ကိုယ်နဲ့စိတ်မှာ နိယာမရဲ့ လောကဓံ ထွန်သွား တွေ ထွန်ရေးငင်တာကို ထွေးငယ် မမြင်ချင်တော့ပါ။ အမေရဲ့ စိတ်ဟာ တရားရိပ်မှာ အေးနေရမည်။ ဓမ္မအလင်း ကို သောက်သုံးရလို့ မိုးသောက်ပန်းလို လန်းဆန်းနေရမည်။ အမေကိုယ်စား ကျရာတာဝန်ကို ထမ်းရွက်မည် ဟုဆုံးဖြတ်လိုက်တာနဲ့ တပြိုင်နက် ရင်သည် ပေါ့ပါးသွား၍ ကျေနပ်ခြင်းလေအသွေးမှာ ကြည်နူးခြင်း ရနံ့ ကို ရှုရှိုက်လိုက်ရသလို လန်းဆန်းနေတော့သည်။

တကယ်တော့ လူ့လောကဆိုတာ လူတောအုပ်ကြီးလို့ ပြောလည်းမမှားပါဘူး။ တောအုပ်ဟာ အရောင် အသွေး အမျိုးမျိုးအဖူးအပွင့် အသွယ်သွယ်၊ အနံ့ရသာအဆန်းဆန်း ဆေးဖက်ဝင်တာတွေရှိသလို အဆိပ် အတောက်တွေလည်းရှိတာပဲ မဟုတ်လား။ တောအုပ်ကြီး စိမ်းလန်းစိုပြေ၊ ဖူးပွင့်ဝေဆာဖို့ အမြစ်တွေဟာ မြေဆီမြေသြဇာကို ရရှိဖို့ ရှာဖွေရုန်းထွက်ရင်း မြေကြီးထဲ နစ်ဝင်ခဲ့ရတယ်။
အဲဒီလိုပဲ လူတောအုပ်ကြီး စိမ်းလန်းစိုပြေ ဖူးပွင့်ဝေဆာဖို့ မိဘတွေဟာ သားသမီးဆိုတဲ့ အဖူးအပွင့်မှာ အရောင်အသွေးလှပပြီး ဆေးဖက်ဝင်အရသာရှိစေချင်တဲ့ ဆန္ဒကလွဲပြီး သားသမီးတွေ ငှားငှားစွင့်စွင့်နိုင်ဖို့ လိုအပ်တဲ့ အာဟာရတွေ ရရှိအောင် ရှာဖွေရုန်းထွက်ရင်း လောကဓံဝင်္ကပါ ပြဿနာပေါင်း သောင်းခြောက် ထောင်မကတဲ့ ဘ၀ကျက်တီးကုန်းထဲမှာ ကျွံဝင်ခဲ့ရတယ်။ သူတို့ရဲ့ ရင်ဘက်တွေဟာ သားရဲတွင်းက ထွက်လာတဲ့လူထက် စိတ်ဒဏ်ရာတွေ ပေပွနေလိမ့်မယ်။ နာကျင်မှု အဆိပ်မြားတွေ စူးဝင်နေလိမ့်မယ်။

ဒါပေမယ့် အဲဒီဒဏ်ရာတွေဟာ အရောင်တစ်လှပ်လှပ်၊ ဒုက္ခစူးရိုင်းရဲ့ အဆိပ်သင့်ခြင်းမှာ ဂီတသံ ပဲထွက်တယ်။ မိဘတွေရဲ့ သားသမီးပေါ်မှာထားရှိတဲ့ မေတ္တာရဲ့ တွန်းကန်မှုအောက်က လုပ်ဆောင်ချက် တွေဟာ ဦးလည်မသုန်နိုင်လွန်းလှပါတယ်။

ပုဗ္ဗာစရိယ မိနှင့်ဖမို့ လူ့တောအုပ်ရဲ့ အမြစ်တွေဟာ မိဘနှင့် ဆရာဆိုရင် ရေသောက်မြစ်ဟာ မိဘပဲ၊ ကျန်တဲ့သင်ဆရာ၊ မြင်ဆရာ အားလုံးကတော့ အမြစ်အခက်အလက်တွေပေါ့။
ထွေးငယ်လည်း လောကတောအုပ်မှာ ဆေးဖက်ဝင်တဲ့ ရနံ့လို့ ပေါ့ပါးမွှေးမြစွာ နေထိုင်ချင်ပြီး ရေသောက် မြစ်မဟုတ်တောင်မှ အမြစ်အခက်အလက်လေးလိုပဲဖြစ်ဖြစ် အဓိပ္ပာယ်ရှိရှိ ဘ၀ကိုရှင်သန်ချင်ပါသည်။ အဲဒီလို စိတ်အတွေးမှာ တောဆိုတဲ့ ကဗျာဟာ စီးဝင်လာလေသည်။ ဖတ်ခဲ့ဖူးတာကြာပေမယ့် ကြိုက်လည်း ကြိုက် ကဗျာကလည်း တိုတိုဆိုတော့ အလွတ်ရနေပါသည်။ ကဗျာဟာတိုပေမယ့် အဓိပ္ပာယ်ဟာ တွေးသ လောက် ကျယ်ပြန့်လွန်း လို့ အခုလို တိုက်ဆိုင်လို့ပေါ်လာတိုင်း ခပ်ဖွဖွလေးရွတ်ကြည့်မိတတ်စမြဲ ...။

တော
သူ့ပုရစ်ဖူးတွေ သူပြန်မမြင်အောင်ဆာလောင်
အမြစ်တွေ ...

ဆောင်းရိပ်ဝေ
မှတ်ချက်။   "တော ကဗျာဟာ ပိတောက်ပွင့်သစ် မဂ္ဂဇင်းထဲက ကဗျာဆရာ ဒီသစ်ကဗျာဖြစ်သည်။
ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

Saturday, September 3, 2011

ဆရာဦးသုခနှင့် သူ့ခေတ်ပြိုင် စာဆိုတို့အမြင် အပိုင်း (၆၅)

ကျော်ညွန့် (ဘူမိ)
သားကိုချစ်တဲ့အမေ

အမေ ... အမေ ... အမေ ... အိုအမေ
" အမေနေ့" နီးလာတိုင်း ဘဘဦးသုခ အမေနေ့ အမှာ စကားမပြောခင် အမေကို တမ်းတခဲ့သည့် ဘဘရဲ့ အသံကို ကြားယောင်နေမိပါသည်။ အဖေရော အမေပါ သားသမီးများအပေါ်မှာ မေတ္တာကြီးမားကြသော် လည်း ကာလလရေကြည် သန္ဓေတည်သည်အချိန်မှစပြီး အမေတိုင်းဟာ (၉)လကျော် ကိုယ်ဝန်လွယ်ထား ကြရပြီး သားသမီးမွေးဖွားသည့်အချိန်မှာလည်း မိမိအသက်နှင့်ရင်းပြီး သားသမီးကို မွေးဖွားခဲ့သူက အမေပါ။ အဖေရဲ့ ကျေးဇူးကလည်း ကြီးမားသည်ပင်။ အမေရဲ့ ၀မ်းကြာတိုက်မှာ သန္ဓေတည်သည့် အချိန်မှ စပြီး အမေ့ရဲ့ ကျန်းမာရေးအတွက် ၀မ်းကြာတိုက်မှ သားလား၊ သမီးလား မသိရသေးခင်ကပင် သန္ဓေသား ကျန်းမာရေးအတွက် ဂရုစိုက်ပြုစုပေးသည်က အဖေပါ။ မြင့်မိုရ်တောင်မက ကျေးဇူးကြီးလှသော အဖေနဲ့ အမေ မိဘနှစ်ပါးအနက် အသက်နဲ့ရင်းပြီး မွေးဖွားရသူက အမေပါ။ ကလလရေကြည် သန္ဓေတည်စမှ မီး ဖွားပြီးချိန် အထိ သုဿန်ကို ခြေတစ်ဘက်လှမ်းထားရသူက အမေပါ။

တစ်ဦးတည်းသောသားဖြစ်လို့လား မသိ။ ကျွန်တော် ပဉ္စမတန်းရောက်သည့် အချိန်အထိ အဖေ အမေတို့ ကုတင်ပေါ်မှာဘဲ အဖေနှင့် အမေကြားမှာ အိပ်ခဲ့ရပါသည်။ ညအိပ်ယာဝင်သည်နှင့် အမေကပေါင်ပုတ်ပေး ရင်း ပုံပြောပြီး သိပ်လေ့ရှိပါသည်။ ကျွန်တော် ပဉ္စမတန်းအောင်ပြီးတော့မှ သီးခြားခွဲအိပ်စေပါသည်။ သီးခြား ခွဲသိပ်သည် ဆိုသော်လည်း ကျွန်တော် ကုတင်ကို အမေတို့ ကုတင်ခြေရင်းမှာ ကန့်လန့်ကပ်ထားပေးပြီး ကျွန်တော့် ကုတင်ပေါ်က လိမ့်မကျအောင်ဆိုပြီး ကုတင်တစ်ဘက်မှာ ကုလားထိုင်များနှင့် ကာထားပေးပါ သည်။ ညအိပ်ယာဝင်သည်နှင့် အမေက ကျွန်တော့် ကုတင်ပေါ် လိုက်လာပြီး ပေါင်ပုတ်ပေးရင်းကနေ သား ချော့သီချင်းဆိုတဲ့အခါဆို၊ ပုံပြောတဲ့အခါပြောနှင့် သိပ်လေ့ ရှိပါသည်။

ကျွန်တော် အိပ်ပျော်တော့မှ အဖေတို့ ကုတင်ဘက်ကို ကူးသွားလေ့ရှိတယ်။
အဖေနဲ့ အမေတို့ရဲ့ စီးပွားရေးက အိမ်မှာစက်ချုပ်သမားများကို အဖေက ကြီးကြပ်ပြီး ဘော်လီအင်္ကျီများ ချုပ် ပြီး အမေက ယခင်ဈေးချိုဟောင်း အိုင်ရုံကေဆိုင်မှာ လက်လီရော လက်ကားပါ ရောင်းပါသည်။ အမေဆိုင် မသွားခင် ကျွန်တော့်ကိုပါ ခေါ်ပြီး အမေနဲ့အတူ ရေချိုးရပါသည်။ အမေကိုယ်တိုင် ဆပ်ပြာတိုက် ချေးတွန်း ပေးပါသည်။ ရေချိုးပြီးတော့ အိမ်က စက်ချုပ် အလုပ်သမားတစ်ဦးဦးကို ကျောင်းလိုက်ပို့ စေပါသည်။ ကျောင်းနှင့် အိမ်နှင့်သုံးပြသာ ဝေးသော်လည်း အမေက တစ်ယောက်တည်း ကျောင်းသွား မှာကို စိတ်မချပါ။ ဆိုင်သွားခါနီးမှာလည်း တစ်ယောက်ယောက် ကျောင်းပြန်ကြိုရန်အတွက် မှာလေ့ ရှိပါသည်။

ညနေ အမေ ဆိုင်က ပြန်လာတိုင်းကျွန်တော့်အတွက် မုန့်တစ်မျိုးမျိုး ပါလာတတ်ပါသည်။ အနည်းဆုံးတော့ အကြော် (၃-၄)ခုလောက် ပါလာတတ်ပါသည်။ အိမ်ပြန်ရောက်သည်နှင့် " သားကို ဘယ်သူ ကျောင်း လာကြိုသလဲ"ဟု မေးလေ့ရှိပါသည်။ " သားဘာသာ ပြန်လာတာပါ" လို့ ပြောမိရင် စက်ချုပ်သမား အားလုံးကို ဆူတော့တာပါ ဘဲပြီးတော့ အဖေ့ကိုပါ " တော်က ၀မ်းနဲ့လွယ် မမွေးရတော့ ကလေးကို ဂရု မစိုက်ဘူး။ ကျောင်းလွှတ်ကာနီး တာနဲ့ တစ်ယောက်ယောက်ကို ကျောင်းကြိုခိုင်းပါတော့လား "နှင့် ရန်တွေ့ ပါတော့သည်။ ဒါကြောင့် အမေ မေးတိုင်း လာကြိုလျှင် ကြိုတဲ့သူအမည်ကို ပြောပြီး လာမကြိုကြလျှင်လည်း စိတ်ထဲရှိတဲ့ အမည်ကိုဘဲ လာ ကြိုကြောင်း အမေ့ကို လိမ်ခဲ့ရပါသည်။ အမှန် ဆိုတော့ ကျွန်တော် ကိုယ်တိုင်ကလည်း ကျောင်းလိုက်ပို့တာ၊ လာကြိုတာကို မကြိုက်၊ ကိုးတန်းဆယ်တန်း ထိ သူငယ်ချင်းတွေကြားထဲမှာ ကျောင်းလိုက်ပို့၊ လာကြိုတယ် ဆိုတာကို ရှက်တာပေါ့။

စနေ၊ တနင်္ဂနွေတွေမှာ အမေဈေးမသွားခင် ကျွန်တော့် ခေါင်းကို ကိုင်ကြည့်တတ်ပြီး ကျွန်တော့် ဆံပင် ရှည်နေလျှင် ကျွန်တော့်ကို လမ်းထိပ်က ဆံပင်ညှပ်ဆိုင်မှာ အမေကိုယ်တိုင် လိုက်လာပြီး ဆံပင်ညှပ်ပေးပါ သည်။ ဆိုင်ရှင်ဦးညွန့်မောင် ကိုယ်တိုင် ညှပ်ပေးမှကြိုက်သည်။ ဦးညွန့်မောင်က တစ်ယောက်ယောက်ကို ညှပ်နေရလို့ အခြားတစ်ယောက်ကို ညှပ်ခိုင်းတယ်ဆိုရင် အမေက မကြိုက်၊ ဦးညွန့်မောင်က တစ်ခေါင်း ခေါင်းညှပ် နေတယ်ဆိုရင်လည်း ဆိုင်သွားရတာ နောက်ကျခံပြီး ဦးညွန့်မောင်ကိုဘဲ ညှပ်စေပါသည်။ တစ်ခါ တော့ဦးညွန့်မောင်က " အမကြီးက အခုအချိန်ထိ သားကို စိတ်မချသေးဘဲကိုး၊ သားကဖြင့် လူပျို တောင် ဖြစ်နေပြီ၊ သူဘာသာ လာပါစေလား " ဟုပြောရာ အမေက " ဘာလူပျိုလဲ၊ ကျုပ်သားက နို့နံ့တောင် ပျောက်သေးဘူး သူတစ်ယောက်ထဲလွှတ်ရမှာ စိတ်မချပါဘူး "ဟု ပြန်ပြောခဲ့ပါသည်။

ကျွန်တော် ဆယ်တန်းအောင်လို့ တက္ကသိုလ်တက်တော့မှ အလုပ်သမားတွေကို ကျောင်းပို့ခိုင်းလို့ မရတော့ သဖြင့် အမေက လက်လျော့သွားပါသည်။ ဒါတောင် ဆံပင်ညှပ်တာကို အမေကိုယ်တိုင် လိုက်ညှပ် ပေးနေလို့ ကျွန် တော်လည်း မင်္ဂလာဈေးနားက ဆိုင်မှာ ကျောင်းအပြန် ၀င်ညှပ်လိုက်ပါတော့သည်။ ပထမတစ်ကြိမ် နှစ်ကြိမ် လောက်တော့ အမေက တွေ့ကရာဆိုင် တွေမှာ ညှပ်လို့ ဓားတွေဘာတွေ ခိုက်မိ နေမယ်ဆိုပြီး ဆူပါသေး သည်။ နောက်တော့လည်း လက်လျော့သွားပါတော့သည်။

ကျွန်တော် မန္တလေး တက္ကသိုလ်မှာ ဘွဲ့ကြို တတိယနှစ်ရောက်တဲ့နှစ်မှာ အမေရဲ့ ကျန်းမာရေးက တစ်နေ့ တခြားဆိုးလာပါသည်။ ကျွန်တော် ဒုတိယနှစ်ဝက် ရောက်တဲ့အချိန်မှာ အမေ့ကို ဆေးရုံတင်လိုက်ရပြီး ဆေးရုံ မှ ပြန်ဆင်းရသော်လည်း ကျန်းမာရေးက အားရစရာမကောင်းသဖြင့် အမေ့ရဲ့ အစ်မကြီးကြီးနဲ့ ညီမလေး တို့ အပျိုကြီးနှစ်ဦးက သူ့ကိုပြုစုမည်ဟု ခေါ်သဖြင့် ကြီးကြီးတို့အိမ်ကို ပြောင်းခဲ့ကြရပါသည်။

အမေ့ကျန်းမာရေး တစ်နေ့ထက် တစ်နေ့ ပို၍သာဆိုးလာသဖြင့် ကျွန်တော်လည်း ကျောင်းမတက်နိုင်တော့ ပါ။ အမေ့ကိုသာ အနီးကပ်ပြုစုနေရပါသည်။ ကျွန်တော် ကျောင်းမတက်နိုင်သဖြင့် သူငယ်ချင်းတွေက သင် သမျှ မှတ်စုများကို ကူးပြီး ကြီးကြီးတို့ လမ်းထဲက ကျွန်တော့် သူငယ်ချင်း ဇော်ဝင်းလှ (ယခု၊ သတ္တုတွင်း ဘူ မိဗေဒအရာရှိ-ငြိမ်း) မှ တဆင့် ပို့ပေးကြသဖြင့် ကျွန်တော် ကျောင်းစာနှင့်မပြတ်ပါ။ အမေက အိပ်ယာထဲက မထနိုင်သော်လည်း ကျွန်တော့်အတွက် စိတ်ကမဖြောင့်၊ ကျောင်းမတက်ရလို့ စာမေးပွဲကျမှာကို စိုးရိမ်ပြီး " အမေ နေကောင်းပါတယ် " ဟု ပြုံးပြီး ဟန်ဆောင်ပြကာ ကျွန်တော့်ကို ကျောင်းတက်ခိုင်းခဲ့ပါတယ်။

ဒါကြောင့် နံနက်ပိုင်းတိုင်း ကျွန်တော် အ၀တ်အစားလဲပြီး " အမေသားကျောင်းသွားတော့မယ် "ဟု နှုတ် ဆက်ရပါတယ်။ အမေ့အခန်းထဲမှ ထွက်ခဲ့ပြီး ဧည့်ခန်းရောက်တော့မှ အ၀တ်အစား ပြန်လဲပြီး စာထိုင်ကျက် ခဲ့ပါသည်။ ကြီးကြီးတို့ လေးလေးတို့က အမေအိပ်သွားပြီဆိုတော့မှ ကျွန်တော့်အမေ့နားကို ကပ်ရပါတော့ သည်။ ကျွန်တော့် ခေါင်းထဲအတွေးတစ်ခု ၀င်လာသဖြင့် အမေအိပ်ပျော်နေတုန်း အမေ့ခြေရင်းက တိုင်ကပ် နာရီကို လေးနာရီသို့ ရွှေ့ထားလိုက်ပါသည်။ ကျွန်တော် ရွှေ့ထားတဲ့နာရီက လေးနာရီခွဲတော့ အမေ နိုးလာ ပါသည်။ အမေ့ကုတင်ဘေးမှာ ကျွန်တော့်ကိုမြင်သွားတော့ " သားကျောင်းမသွားဘူးလား"ဟု မေးပါတော့ သည်။ " သားကျောင်းသွားပါတယ်မေမေ၊ အခုကျောင်းဆင်းလို့ ပြန်လာတာပါ၊ အခုညနေ လေးနာရီ တောင် ခွဲ နေပြီအမေရဲ့"ဟု ပြန်ဖြေလိုက်သော်လည်း အမေက " ဟုတ်ရဲ့လား သားရယ် အလင်းရောင်က ကောင်းကောင်း ရှိသေးတာဘဲ " ဟုပြောသဖြင့် ကြီးကြီးက မီးခလုတ်တွေ ထဖွင့်လိုက်ပြီး မီးထွန်းထားလို့ လင်း နေတာပါ ညီမလေးရယ်၊ ညီမလေး ခြေရင်းက မီးချောင်းကို ကြည့်ပါလား" ဟု ၀င်ပြောပေးပါသည်။

ဒီနေ့တော့ အမေရဲ့ နောက်ဆုံးနေ့ပါ၊ အမေက လုံးဝ သတိမရှိ၊ ကျွန်တော့် ရွှေ့ထားတဲ့အမေ့ရဲ့ခြေရင်းက နာရီက (၁၂)နာရီတောင်ပြနေပါပေါ့လား၊ တကယ့်အချိန်က ညနေ(၅း၀၀)နာရီမှာ ကြီးကြိးရဲ့ "ညီမလေး ညွန့်ညွန့်ရေ" ဆိုတဲ့ အသံနှင့် အဖေ့ရဲ့ " ကိုကိုတို့ သားအဖေကို ထားခဲ့ပြီးလားညွန့်ရယ်" ဆိုတဲ့ အသံတွေ ကြားရ သလို ကျွန်တော်၏ နောက်ကရပ်နေတဲ့ အမေရဲ့ တူမနှစ်ယောက်ရဲ့ တဟီးဟီးရှိုက်သံပါ ထွက်လာ သော်လည်း ကျွန်တော်က အမေ့ကိုသာ စိုက်ကြည့်နေသဖြင့် လေးလေးက ကျွန်တော့်ကိုဖက်ပြီး " သား မေမေ သားတို့ကို ထားခဲ့ပြီးသားရဲ့ "ဟု ပြောပြီး ငိုချလိုက်ပြန်ပါသည်။ ကျွန်တော်လည်း ကြောင်ငေးနေရာ မှ " အမေဖြစ်စေချင် တဲ့ ဘွဲ့ရပညာတတ်ဖြစ်အောင် သားကြိုးစားပါမယ်အမေရယ်၊ သားကတိပေးပါတယ်" ဟု ပြောပြီး မျက်ရည်တွေစီးကျလာပါတော့သည်။

အမေ့ကို သင်္ဂြိုလ်ပြီးအိမ်ကို ရောက်သည်နှင့် အဖေက "သားအမေကို သားကတိပေးခဲ့တဲ့အတိုင်း သား ပညာတတ် ဖြစ်အောင် ကြိုးစားရမယ်။ ကျောင်းပြန်တက်တော့ " ဟုပြောလာပါသဖြင့် အဖေကို သား ကြိုးစား ပါမယ်အဖေ၊ ဒါပေမယ့် ရက်လည် အမေ့ကို ကန်တော့ပြီးမှ သားကျောင်းပြန်တက်ပါရစေဟု ပြောခဲ့သော် လည်း ရက်မလည်သေးခင်ကပင် အမေ့ရဲ့ မြေပုံကို နေ့တိုင်းသွားကန်တော့ ဖြစ်ပါသည်။

ရက်လည်ပြီးတော့ ကျွန်တော် ကျောင်း ပြန်တက်ရသော်လည်း ညနေကျောင်းက အပြန်မှာ အိမ်ကို မပြန်သေး ဘဲ အမေရဲ့ မြေပုံသို့သွား၍ ကန်တော့ပြီးမှ အိမ်ပြန်ပါသည်။ တစ်ညနေ ကျောင်းကအပြန် အမေ့မြေပုံမှာ ကန်တော့နေ စဉ်မှာ ခပ်လှမ်းလှမ်းတစ်နေရာမှ အမေ့အသံနှင့် " သား အမေ့ကို လာကန်တော့ တာလား "ဟု မေးသံသဲ့သဲ့ ကိုကြားရပါသည်။ ကျွန်တော်လည်း အမေ့အသံကြားရာကို သွား လိုက်တော့ မည်သူမျှ မတွေ့ရပါ။ တစ် နေရာက " အမေကဒီမှာ သားရဲ့" ဟု အသံကြားရပြန်သည်။ ကျွန်တော် အခြားနေရာသို့ လိုက်သွားပြန်ရာ အခြားတစ်နေရာကနေ " ပြန်ပါတော့သားရယ်၊ သားအိပ်ယာ ၀င်ချိန်မှာ အမေ့ကို ကန်တော့နော်၊ အမေ သားဆီလာပြီး အကန်တော့ခံပါ့မယ်၊ ဒီကိုတော့ မလာပါနဲ့ သားရယ်၊ သားကြားတယ်နော်"ဟု အမေ့အသံကို သဲသဲကွဲကွဲ ကြားရပြန်သည်။

ထိုနေရာမှာပင် ကျွန်တော် ထိုင်ချလိုက်ပြီး " အမေ စိတ်မချရင် သားပြန်ပါ တော့မယ်၊ အမေ့ကို သားကန်တော့ ပါရစေအမေ" ဟုပြောပြီး ကျွန်တော် အမေ့အသံကြားရာဘက်ကို ကန် တော့လိုက်ရာ သာဓု ပါတော် သာဓုပါ၊ အမေ့သားလေး ပညာတတ်ကြီးဖြစ်ပါစေ" ဆိုတဲ့ အမေ့ဆုပေးသံကို သဲသဲကွဲကွဲ ကြားရပြန်ပါသည်။

ဒီနေ့ အိမ်ပြန်နောက်ကျလို့ အိမ်က လူကြီးတွေစိတ်ပူပြီး စောင့်နေကြတာကို တွေ့ရသဖြင့် သုဿာန်မှာ ကျွန်တော် အမေနဲ့ စကားပြောခဲ့ရကြောင်း ပြန်ပြောပြရာ အဖေက " သားအပေါ်မှာ သံယောဇဉ်ကြီးလှပါ လား ညွန့်ရယ်" ဟု ပြောသလို ကြီးကြီးကလည်း " သြော် ... ဒုက္ခ၊ ဒုက္ခ၊ ငါ့ညီမလေး သံယောဇဉ်မပြတ်ရှာ သေးပါလားနော်" ဟု ပြောပါသည်။ လေးလေးကတော့ ကျွန်တော့်ကိုဖက်ပြီး " သားအမေကိုပေးခဲ့သည့် ကတိ အတိုင်း သားစာမေးပွဲအောင်အောင် ကြိုးစားနော်၊ သားဘွဲ့ရပညာတတ်ဖြစ်လာရင် အမေ့ကျေးဇူး ဆပ်တာပဲပေါ့ သားရယ်" ဟု ပြောပါသည်။ အဖေရော၊ ကြီးကြီးရော၊ လေးလေးရောက ကျွန်တော့်ကို နှစ်သိမ့် နေကြသော်လည်း သူတို့ရဲ့ မျက်လုံးအိမ်ထဲမှာ မျက်ရည်တွေနဲ့ပါလား"။
ကျွန်တော် လည်း လူကြီးများ၏ ဆိုဆုံးမမှုကို နာယူပြီး အမေ့ကို ပေးခဲ့တဲ့ ကတိနဲ့ စာကိုဘဲ ကြိုးစားခဲ့သဖြင့် စာမေးပွဲကို ကောင်းမွန်စွာ အောင်မြင်ခဲ့ပါသည်။ ဘွဲ့ရပြီးတော့လည်း တက္ကသိုလ်မှာပင် သရုပ်ပြဆရာပြန် ဖြစ်ရာ ကနေ အငြိမ်းစားယူသည့်အချိန်မှာ ပါမောက္ခရာထူးနှင့် အငြိမ်းစားယူခဲ့ရပါသည်။

စကားညှပ်

အမေနေ့မဂ္ဂဇင်းအတွက် "သားကို ချစ်တဲ့အမေ" ခေါင်းစဉ်နှင့် စာမူရေးနေစဉ်မှာ ကျွန်တော် ဘူမိဗေဒ ပါမောက္ခမှ အငြိမ်းစားယူပြီးနေပါပြီ။ ကျွန်တော့် သားသမီး(၃)ယောက်အနက် အကြီးဆုံးသားက သူ့အိမ် ထောင် နှင့် သား တစ်ယောက်နဲ့ပေါ့။ ကျွန်တော်တို့နှင့် အတူတူနေပါသည်။ အလတ်ကလည်း သားပါ။ သူက တော့ လူပျိုပါ။ အငယ်ဆုံးသမီးကလည်း သူ့အိမ်ထောင်နှင့်သူ၊ ယောင်နောက်ဆံထုံးပါဆိုသည့် အတိုင်း သူ့ ခင်ပွန်းနှင့် လိုက်သွားရပါသည်။ ကလေးမီးဖွားစဉ်ကတော့ နှစ်လလောက် အိမ်မှာ လာနေ ပါသည်။ နောက် တော့လည်း ပြန်သွားရတာပေါ့။

နောက်တစ်လနီးပါးလောက်နေတော့ ညစဉ် ညတိုင်း သမီးတို့ မိသားစုသုံး ယောက် ညစဉ်လာပါသည်။ ကျွန်တော် " သားကို ချစ်တဲ့အမေ " နိဂုံးချုပ်ခါနီးမှာ ကျွန်တော့် အိမ်ရှင်မက ထီးတစ်လက်နှင့် အိမ်ရှေ့တ့ခါးထွက်တာကို တွေ့လိုက်ရသဖြင့် " အမေကြီးဘယ်လဲ" ဟုမေးလိုက်ရာ " သမီးတို့မလာတာ နှစ်ရက်ရှိသွားပြီ၊  နေများမကောင်းသလားလို့ သွားကြည့်မလို့"ဟု ပြန်ဖြေပါသည်။ ကျွန် တော်က " စိတ်ပူ တတ်ရန်ကော အမေကြီးရယ်၊ သူတို့မအားလို့နေမှာပေါ့" ဟု ပြောလိုက်ရာ အိမ်ရှင်မက " တော်ကတော့ အေးအေးနေ၊ ကျုပ်ကတော့ ကိုးလလွယ်ပြီး မေးခဲ့ရတဲ့အမေပါတော့" ဟု ပြောပြောဆိုဆို သံတံခါးကို ပြန်ပိတ်ပြီး ထွက်သွားပါတော့သည်။
"အင်းလေ ... ဟုတ်ပေတာပေါ့။ သူလဲ အမေပေဘဲကိုး"

ကျော်ညွန့်
(ဘူမိဗေဒ)
.
>>>ဆက်ဖတ်ရန်>>> >>

Friday, September 2, 2011

ဆရာဦးသုခနှင့် သူ့ခေတ်ပြိုင် စာဆိုတို့အမြင် အပိုင်း (၆၄)

ထိုင်ခုံလွတ်ကလေး တစ်လုံး
ခင်မြမြ

၂၀၀၂ ခုနှစ်၊ အမေနေ့ ပြာသိုလပြည့်နေ့ ဓမ္မဗိမာန်မှာ ကျင်းပသည့်အတွက် အိမ်က တူ၊ တူမတွေနဲ့ နေ့လည် ၁၂ နာရီ မထိုးခင်ကတည်းက သွားခဲ့ပါသည်။ ဘဘ ဦးသုခလဲရောက်မှာမို့ ဦးဖုန်းမြင့်က စောင့်ခိုင်း ပါတယ်။ ဘဘနဲ့လည်း မိတ်ဆက်ပေးပါတယ်။

သမီးတို့ သူရိန်နန်းဘော်ဒါဆောင်မှာ နှစ်စဉ်အမေနေ့ကို ပြာသိုလပြည့်နေ့ ညတိုင်းမှာ ကျင်းပပြုလုပ် ကြောင်း ပြောပြတော့ ဘဘက ၀မ်းသာလွန်းလို့ သမီးရယ်လို့ စပြီးပြောပါတယ်။ မွေးမိခင်ကို ဂုဏ်ပြုတဲ့ပွဲ၊ သမီး ဂုဏ်ပြုပြီး ပွဲလုပ်မဲ့ သမီးရဲ့ အမေလဲရှိနေသေးတာမို့ တွေ့ရအောင် သမီးပွဲကို ညဘဘလာ ဖြစ်အောင် လာခဲ့မယ်လို့ ပြောပါတယ်။
ကျွန်မလဲအိမ်မှာ အမေနေ့ပွဲကျင်းပအုံးမှာမို့ ပြင်ဆင်စရာလေးတွေ ပြင်ဆင်ရအောင် ဓမ္မဗိမာန်မှာ ပြုလုပ် ဟောပြော နေတာ တွေကို ပြီးအောင်မစောင့်နိုင်ဘဲ ပြန်ခဲ့ရပါတယ်။
အဆောင်မှ ကျောင်းသူကျောင်းသားတွေကို ဟောပြောပြီးရင် ကြာဇံတိုက်မယ်၊ မွေးမိခင်ရဲ့ ဂုဏ်ကျေးဇူး တွေ ကို သီကျူးဟောပြောမဲ့ အမကြီး (ဒေါ်လှကြူ)ကိုလည်း ဖိတ်သေးတယ်။ ပြာသိုလကြီး ည ၇ နာရီမှာ ကျင်းပတဲ့ ပွဲမို့ အမေလာပြီး ထိုင်နိုင်ပါ့မလားလို့လဲ တွေးပူရင်း ဗျာများရပါတယ်။

ယောင်းမ ၀င်နီကတေ့ အပြုံးမပျက် မမမြရေ၊ ကျက်ဟောပြောပြီးမှ ကလေးတွေ ကျွေးတာပေါ့တဲ့၊ ကျော် ကျော် ဘဘဦးသုခလဲလာမယ်တဲ့ သူ့အတွက် နေရာခုံလေးပါ ပိုပေးပါအုံးလို့ မောင်လေးကို ပြောရတယ်။
ညပွဲကတော့စပါပြီ၊ ကလေးများကို သူတို့ရဲ့ မွေးမိခင်ကို မှန်းပြီး ပန်းဆီမီးများနှင့် ပူဇော်စေပြီးနောက်မှာ အမကြီး ဒေါ်လှကြူက အာဝဇ္ဇန်းရွှင်ရွှင်နဲ့ တုနိုင်းမရတဲ့ မိမာတာရဲ့ တစ်ပုဒ်များကို ကျူးရင့်ပြီး ဟောပြောပါ တယ်။ အဲဒီအချိန်ထိ ဘဘက ကြွရောက်မလာသေးပါဘူး။

ဆရာကြီး ဦးတင်မောင်၊ အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်၊ ယောင်းမ၀င်နီ၊ ကျောင်းသား ကျောင်းသူများက ကျွန်မ ရှေ့တွင် ထိုင်နေသော ကျွန်မ၏မေမေ ဒေါ်အေးရှင်ကို ထိုင်ကန်တော့ကြပါတယ်။ ပြီးတော့ ကလေး တွေ ရေးတဲ့ သူတို့ အမေ အတွက် သူတို့ရဲ့ ကဗျာမပီ၊ စာမညီတဲ့စာတို၊ ကဗျာတိုလေးတွေ စုပေါင်းစက်တင် ရိုက်နှိပ် ပေး တဲ့ အဆောင်မှူး ဦးသန်းဆွေက ပေးပါတယ်။ အဲဒီအချိန်အထိ ဘဘတို့က ပေါ်မလာခဲ့ပါဘူး။

နောက်တနေ့မှ ဦးဖုန်းမြင့်ကို မေးကြည့်တော့ ဘဘကပို့ခိုင်းပေမဲ့ ဘဘသိပ်နေမကောင်းလို့ ချော့ထားရတဲ့ အကြောင်း၊ အေးကလဲ အေးတဲ့အတွက် လိုက်မပို့တော့တဲ့အကြောင်း ပြောပါတယ်။
ဓာတ်ပုံထဲမှာတော့ ဘဘထိုင်ဖို့ နေရာလေးချန်ထားတာကို မြင်ရတော့ ဘဘကတော့ သမီးတို့ဆီ ဘယ်တော့မှ မလာနိုင်တော့ပေမဲ့ ဘဘပြောတဲ့ သမီးအမေနေ့ကို နှစ်စဉ်ပြုလုပ်ဖြစ်အောင်လုပ်နော် ဆိုတဲ့ စကား ကို သမီးနာခံလျှက်ပါ။ သမီးတို့ ဆီကိုလာမယ်ပြောလို့ ဘဘအတွက် နေရာထိုင်ခင်းလေးတွေ ပြင် ထားတာလဲ အမှတ်တရ ရှိနေဆဲပါ။
၂၀၀၂ ခုနှစ် သူရိန်နည်းပညာ့ဗိမာန်က အမေနေ့ပွဲဆို လာမယ်တဲ့ ပြောတဲ့ဘဘကတော့ မန္တလေးကို နောက်ဆုံး လာသွားတာပါ။ နောင်နှစ်တွေလဲ မန္တလေးကိုလာနိုင်ခြင်းမရှိတော့ဘဲ ၂၀၀၅ ခုနှစ်၊ ဒီဇင်ဘာ ၇ ရက်နေ့ မှာ ကွယ်လွန်သွားတာမို့ သမီးတို့ မန္တလေးတဖွဲ့သားလုံး ၀မ်းနည်းမဆုံးဖြစ်ကြရပါတယ်။
မြင့်မိုရ်တောင်ဦး နှစ်ဆကျူးသည်
ငြိမ်း (ရွှေလီ)

ကျွန်မ၏ မိဘများမှာ ဦးချးစ်လှိုင်နှင့် ဒေါ်ချစ်ပိုဖြစ်ပါသည်။ အမေ ဒေါ်ချစ်ပိုကို ၁၂၈၄ ခုနှစ်၊ " ပြာသိုလပြည့် " တနင်္လာနေ့တွင် ဖွားမြင်ပါသည်။ အမေ့အသက် ၃၄ နှစ်တွင် ကျွန်မကို မွေးဖွားပါသည်။ အမေ့ အသက် (၅၁)နှစ် ကျွန်မအသက် (၁၇)နှစ်တွင် ကျွန်မ မကျန်းမမာဖြစ်ပါသည်။ ကသာဆေးရုံမှ မန္တလေးဆေးရုံ သို့ ပြောင်းရွှေ့ကုသရာ မန္တလေးဆေးရုံတွင် (၇)လကြာမြင့်ခဲ့ပါသည်။ အပေါ်မှ သစ်ကိုင်း ကျိုးကျ လာ ဖိမိ၍ အာရုံကြောထိခိုက်ကာ လမ်းမသွားနိုင်တော့ပါ။

ဆေးရုံတွင် အချိန်ကြာမြင့်စွာ ဝေဒနာသည်သမီးကို ပြုစုခဲ့ ရသည့် အမေ့သောက၊ ဒုက္ခများကို ခန့်မှန်း၍ ကြည့်နိုင် ပါသည်။ ဆေးရုံမှ ဆင်း၍ အိမ်ပြန်ရောက်သည့် နောက်ပိုင်းတွင်လည်း ကျွန်မ၏ ကိစ္စအ၀၀ကို ခြေသိမ်းခေါင်းပိုက် အမေပင် ပြုစုရှာပါသည်။ သို့သော် တစ်ကြိမ်တစ်ခါမှ မညည်းညူခဲ့ပါ။ " ငါ့သမီးကို အမေ က နှစ်ခါပြန်မွေးရတယ်" ဟု အပြုံးမပျက်ပြောလေ့ရှိ ပါသည်။

" ငါ့သမီးလေး လမ်းမသွားနိုင်ချင်နေပါစေ၊ သူ့ဘာသာ ထိုင်နိုင်၊ ထမင်းစားနိုင်၊ ရေးချိုးနိုင်ရင်ကို ကျေနပ်ပါပြီ" ဟုလည်း ပြောတတ်ပြန်ပါသည်။ ကျွန်မမှာ မိခင်ကြီး၏ ကျေးဇူးတော် အနန္တကို ရင်နှင့်အမျှခံ စား ရသော်လည်း ကျေးဇူးဆပ်နိုင်ခဲ့သည်ဟူ၍ မယ်မယ်ရရ မရှိပါ။
ရန်ကုန်မှ မွေးရပ်မြေကျိုက်လတ်သို့ပြန်၍ ရဟန်းဝတ်ကာ မိခင်ကြီးအား ဆွမ်းခံကျွေးခဲ့သော ဘဘ၏လုပ် ရပ်ကို များစွာ လေးစားကြည်ညိုသော်လည်း ကျွန်မကတော့ စာမူခရသည့်အခါတိုင်းအမေကြိုက်သည့် အစား အသောက်များ ၀ယ်ကျွေးနိုင်ခြင်းသာ ရှိခဲ့ပါသည်။

အမေ သည် စီးပွားရေး၊ လူမှုရေး၊ မိသားစု အရေးများကြားမှ ကျွန်မ၏ ၀န်ထုပ်ဝန်ပိုးကို မငြိုမငြင် ထမ်းရွက် ပါသည်။ ကျွန်မ ကြိုက်တတ်သည့် ဟင်းကို ချက်ကျွေး၍ များများမစားလျှင် ...
" ငါ့သမီးက များများမစားတော့ အမေက ချက်ကျွေးရတာ အမောတောင် မပြေဘူး"ဟု ပြောတတ်ပါသည်။ အပျို ဘ၀က သီလရှင် (၃)၀ါရခဲ့သည့် အမေသည် တရားစကားပြောတတ်ပါသည်။ တရားနှလုံးလည်း သွင်း နိုင်ပါသည်။ သားသမီးများကိုလည်း တရားသဘောနှင့် ဆုံးမလေ့ရှိပါသည်။
ကျွန်မတို့က
" ဒုက္ခ"ဟုညည်းလျှင် ...
" ဒုက္ခလို့ မညည်းကောင်းဘူး။ ဒုက္ခဆိုတာ လူတိုင်း တွေ့ရမှာပဲ။ တရားနဲ့ ဖြေရတယ် "ဟု ပြောလေ့ရှိ ပါသည်။

*
၁၉၈၈ ခုနှစ်တွင် အမေသွေးတိုးရောဂါဖြင့် လေဖြတ်သွားပါသည်။ ရန်ကုန်၊ မန္တလေးအနှံ့ ဆေးကု သော်လည်း မပျောက်ကင်းပါ။ လူတွဲနှင့် လမ်းလျှောက်ရပြီး စကားလည်း မပြောနိုင်တော့ပါ။ မန္တလေးမှ အစ်မ က ပြောင်းလာရန်ခေါ်သော်လည်း ကျွန်မတို့က ရွာမှာပင် ဆက်နေကြပါသည်။ နောင်နှစ်နှစ် အကြာ တွင် အခြားရောဂါတစ်ခုကြောင့် အမေ့ကို ဗိုက်ခွဲကုသရန် အကြောင်းပေါ်လာပြန်ပါ သည်။ ချက်ချင်းခွဲရန် မဟုတ်ဘဲ အရေးကြီးချိန်ရောက်မှသာခွဲရမည်ဟုဆိုရာ ကျွန်မတို့ မန္တလေးသို့ ပြောင်းရွှေ့ရန် သင့်မသင့် စဉ်းစားရ ပါတော့သည်။

အမေက ငိုပါသည်။ အမေက ခေါင်းယမ်းပါသည်။ အကိုက တားပါသည်။ ကျွန်မတို့နှင့် အတူနေသော တူ၊ တူမ များလည်း မျက်နှာမကောင်းကြပါ။ မိသားစုဆန္ဒနှင့် ဆန့်ကျင်ကာ မန္တလေးသို့ပြောင်းရန် ကျွန်မ ဆုံးဖြတ် ခဲ့ပါသည်။ ရောဂါအရေးကြီးချိန်တွင် တောအရပ်၌ ငုတ်တုတ်ထိုင်ကြည့်ရင်း အမေ့ကို အသေ မခံနိုင်ပါ။ ဒေသ အသစ်တွင် မိသားစု ဘ၀အသစ်ကို ခါးစည်းရင်ဆိုင်ပါတော့မည်။ ၁၉၉၆ ခုနှစ်တွင် လေးဧက ကျယ် ၀န်းသော ဥယျာဉ်ခြံကြီးနှင့် အိမ်ကြီး၊ လယ်ယာ၊ ကျွဲနွား၊ အလုပ်အကိုင် အားလုံးကို စွန့်၍ ကျွန်မ တို့ မန္တလေးသို့ အပြီးပြောင်းရွှေ့ခဲ့ကြပါတော့သည်။ ကျွန်မ၏ ရင်တွင်းမှ မျက်ရည်များကို မည်သူမျှ မမြင် ခဲ့ကြပါ။ နောက်နှစ်တွင် အမေဗိုက်ခွဲရပါသည်။ ထိုရောဂါပျောက်ကင်းပြီး နောက်ထပ် ၈ နှစ်တိတိ အသက်ရှင် နေထိုင်သွားရသောကြောင့် အမေ့ကျန်းမာရေးအတွက် မိသားစု ဘ၀နှင့် ရင်းခဲ့သော ကျွန်မ၏ ဆုံးဖြတ် ချက် မှန်ကန်ခဲ့ပါသည်။

*
မန္တလေးအိမ်တွင် အစ်မ မိသားစုကလည်း အမေ့ကို ဂရုစိုက်ပါသည်။ ကျွန်မက အမေ နှင့် တစ်ခန်းတည်း နေ ကာ တူမလေးများနှင့် အမေ့ကို ပြုစုပါသည်။ အမေ့ကျန်းမာရေး အစားအသောက်မှစ၍ လိုအပ်ရာရကြို ကြည့်၍ ဆောင်ရွက်ပေးပါသည်။ လေဖြတ်ထားသော်လည်း အမေက သနပ်ခါးပန်းမာန်နှင့် ကြည်လင် ရွှင်ပျ စွာနေပါသည်။ ကျွန်မကိုလည်း သူနေကောင်းစဉ်သကဲ့သို့ပင် ဂရုစိုက်ပါသည်။
အမေလေဖြတ်ပြီး ၆ နှစ်အကြာ ၁၉၉၄ ခုနှစ်တွင် " မြင့်မိုရ်ဆောင်ဦး နှစ်ဆကျူးသည်" ခေါင်းစဉ်ဖြင့် အကြောင်းရေ နှစ်ရာကျော်ပါသော ကဗျာရှည်ကြီးတစ်ပုဒ်ကို ကျွန်မ ရေးပါသည်။ ထိုနှစ်မတ်လထုတ် " ရုပ် ရှင်အမြုတေမဂ္ဂဇင်း"တွင် ပါရှိခဲ့ပါသည်။ ကဗျာအဖွင့်တွင် ...

" အမေ "... တဲ့
တစ်ခွန်းတည်းနဲ့ အင်မတန်အားရှိတဲ့စကား
နှုတ်ဖျားမှာ တဖွဖွ
ဒုက္ခဖြစ်တော့လည်း " အမေ "
သုခဖြစ်တော့လည်း " အမေ "
" အမေ " လို့ မတဘဲ နေလို့ရတဲ့သူမရှိ။
လူရယ်လို့ပေါက်ဖွား စကားစသင်
မိခင်ကို " အမေ၊ အမေ" ဆိုတဲ့ စကားလုံး
အရင်ဆုံးတတ်ခဲ့တယ်မဟုတ်လား။
ဟု ကျွန်မရေးခဲ့ပါသည်။

အသက် ၈၆ နှစ်အရွယ်တွင် အမေ ကွယ်လွန်ပါသည်။ ၂၀၀၂ ခုနှစ်၊ မေလတွင် အမေ ဒုတိယအကြိမ် လေဖြတ်ပြီး ဦးနှောက်သွေးကြောပြတ်ကာ သတိလစ်ပြီး မေ့မြောနေပါသည်။ ဆေးရုံတင်၊ ထို့နောက် ပြန် ဆင်းလာပြီး အိမ်တွင်ပင် ပြုစုရပါသည်။ ကျွန်မက အမေ့ကုတင်ဘေးတွင် ကုလားထိုင်နှင့်ထိုင်ကာ ဘုရား၊ တရားစာ ရွတ်ပေးပါသည်။ အမေစကားပြန်မပြောနိုင်သော်လည်း ပြန်ပြောလာနိုးနိုးဖြင့် အမေ့ကိုခေါ်ကာ စကားဖွယ်ဖွယ်ရာရာ ပြောပါသည်။ 

နေ့စဉ် ကျွန်မ ထိုင်နိုင်သလောက် နှစ်နာရီကြာအောင် အမေ့အနီးတွင် နေပါသည်။ ဇူလိုင်လ (၈)ရက်နေ့တွင် အမေကွယ်လွန်ခဲ့ရာ ထိုနေ့လယ်က ခါတိုင်းကဲ့သို့ပင် အမေ့နားတွင် နှစ်နာရီကြာအောင် နေခဲ့ပြီး အခန်းထဲသို့ ကျွန်မ ပြန်ဝင်ခဲ့ရာ ခဏအကြာ၌ အမေ အသက်ရှူရပ်သွားခြင်း ဖြစ်ပါသည်။ ကျွန်မ စိတ်ဆင်းရဲမည် စိုး၍ ကျွန်မ မရှိသည့်အချိန်မှ နောက်ဆုံးထွက်သက်နှင့် ခွဲခွာသွားရှာ သည်ဟု ခံစားမိရာ အတိုင်းအဆမရှိ ကြေကွဲရပါသည်။

အမေကွယ်လွန်ချိန်တွင် အမေကလည်း ခြေထောက်ကျိုး၍ ကုသနေရသည့်အပြင် အမေ့အတွက် စိတ်ရော ဂါခံစားနေရသောကြောင့် ကျွန်မမှာ အဖေ့ကိုငဲ့ညှာကာ အားရအောင် မငိုနိုင်ဘဲ ကြိတ်၍သာ မျက်ရည်ကျ နေရပါသည်။ ကျွန်မ မခံစားနိုင်တော့ပါ။ အမေဆုံးပြီး နှစ်လခန့် အကြာ တစ်ခုသော ညသန်းခေါင်ကျော် တွင် " အမေရေ ... အမေရေ ... "ဟု အော်ခေါ်ကာ ပေါက်ပေါက်ကွဲကွဲ ငိုပါသည်။ ရင်ပွင့်အောင် အော်ဟစ် ငိုပါသည်။ မိသားစုသာမက အိမ်နီးချင်းများပါ လန့်နိုးကုန်ပါသည်။ နောက်နေ့တွင် ကျွန်မ ဆေးခန်းရောက် သွားပါတော့သည်။

နောက်လများတွင် စိတ်ကိုဖြေလျှော့ရင်း ၀တ္ထုရှည်တစ်ပုဒ် ကျွန်မရေးပါသည်။ ၂၀၀၃ ခုနှစ် မတ်လ ကလျာမဂ္ဂဇင်းတွင် ပါဝင်သော " မြင်းမိုရ်တောင်ဦး နှစ်ဆကျူးသည်" ၀တ္ထုရှည်ဖြစ်ပါသည်။ မကျန်းမာသော ဘ၀တွင် မိဘကျေးဇူးကို ကျေပြွန်အောင် ဆပ်နိုင်ရန် မလွယ်ကူပါ။ သားသမီးတိုင်းအဖို့ မိမိတို့ ကျန်းမာနေစဉ်တွင် မိဘကျေးဇူးကို အတတ်နိုင်ဆုံးဆပ်ကြရန် နှိုးဆော်ပန်ကြားလိုပါသည်။
*
အမေကွယ်လွန်စက အမေအမြဲပန်ခဲ့သော နားကပ်နှင့် ကျွန်မပန်ထားသော နားကပ်ကို ချွတ်ရောင်း၍ရ သောငွေနှစ်သောင်းကျပ် ကို မန္တလေးမြို့သစ်ရပ်ကွက်တစ်ခုရှိ မူလတန်းလွန်ကျောင်းကလေးအတွက် လိုအပ်နေသော အမိုးသွပ်များ ၀ယ်ရန် လှူဒါန်းခဲ့ပါသည်။ ၂၀၀၅ ခုနှစ်တွင် အစ်မကွယ်လွန်ပြီး ကျွန်မတို့ မြို့သစ်သို့ ပြောင်းရွှေ့ခဲ့ကြရာ အိမ်ရှေ့တွင် အုတ်ရေအိုးစင်လေးတစ်ခု တည်ထားပါသည်။ အမေ -ဒေါ်ချစ် ပိုနှင့် အစ်မ ဒေါ်ခင်ပွားတို့၏ ဒါနဟု ရည်ရွယ်ကာ "ငြိမ်းချမ်းရေး ရေအိုးစင် ပို+ပွား" ကောင်းမှုဟု ကမ္ဗည်း ထိုးထားပါသည်။ နေ့စဉ်ရရှိသည့် ကုသိုလ်အဖို့ကို အမေနှင့်အစ်မအား အမျှဝေပါသည်။
ပြာသိုလပြည့်အမေနေ့တွင် ဆုပေးပွဲကျင်းပရာ ကျွန်မ မတက်ရောက်နိုင်တော့ပါ။

ဆရာ မောင်သင်းပန်က ကျွန်မကိုယ်စား ဆုယူပေးကာ ပြိုင်ပွဲစီစဉ်သူ ဆရာမိုးသျှမ်းနှင့် အိမ်သို့ လာရောက်ပို့ပေးကြပါသည်။ ဆုကြေးငွေ (၇၀၀၀၀ိ/-)ခုနစ် သောင်းကျပ်အပြင် လက်မ ၂၀ ခန့် အမြင့် ရှိသော သစ်သား ပန်းပုရုပ် ကလေးလည်း ပါလာပါသည်။ ရင်သွေးငယ်ကို အနှီးနှင့်ပတ်၍ ပခုံးပေါ်တွင် ထမ်း ထားသော မိခင်ပန်းပုရုပ် ကိုမြင်လိုက်ရရာ အမေက ကျွန်မကို ထမ်းချီထားသည့်နယ် ခံစားရပြီး ၀မ်းသာဝမ်းနည်း ခံစားရပါသည်။ ထိုပန်းပုရုပ်ကလေးကို မှန်ဘုရားဆောင်နှင့် ထည့်ကာ ကျွန်မ၏ ကုတင်ခေါင်းရင်းတွင်ထားပါသည်။ အမေ့ ကိုရည်မှန်းကာ အမြဲကန်တော့ပါသည်။ ကဗျာစာရွက်ကိုလည်း ပလပ်စတစ်လောင်းကာ ပန်းပုရုပ်အောက် တွင် ချိတ်ထားပါသည်။

အမေ့အကြောင်း စာရေးတိုင်း အမေ့ကျေးဇူးကို အထူးထုတ်ဖော်ဂုဏ်ပြုခြ့သော ဘဘကို အမြဲသတိရပါ သည်။ ကျွန်မ၏ စာကလေးများကို ဘဘဖတ်ရလျှင် နှစ်သက်မည်ဟုလည်း ထင်မိပါသည်။ ယခု ဆုရကဗျာ လေးကိုလည်း ဘဘသာဖတ်ရလျှင် နှစ်သက်လိမ့်မည်ဟု မျှော်လင့်မိပါသည်။

မြင့်မိုရ်တောင်ဦးအမိကျေးဇူးတဲ့
ဘုရားနှင့်နှိုင်းတစ်ဂိုဏ်းတည်းသာ
ငါ့သမီးကိုအမေက နှစ်ခါပြန်မွေးရသတဲ့
ကလေးနီတာရဲ "အူဝဲ"တုန်းကတစ်ခါ
ဆယ့်ခုနစ်နှစ်သမီး သစ်ကိုင်းကြီးဖိမိတော့တစ်ခါ
တစ်ဘ၀မှနှစ်ခါမွေး နှစ်ဆကျေးဇူးရှင်အမေပါ
ပန်းကလေးကို ပိုးကိုက်ချ အညွန့်ကျိုးရပေါ့
ငါ့သမီးဒုက္ခ လဲလို့များ ရရင်
ယူငင်မနှေး အမေခံပေးပါရဲ့ကွယ်တဲ့
သမီးစိတ်နဲ့အမေ့ခြေ၊ သမီးစိတ် နဲ့ အမေ့လက်
ဒုက္ခခရီးဆက်ကြလို့ နှစ်ပေါင်းနှစ်ဆယ်ကြာ
ခုနှစ်ဆယ်ကျော်အမေဟာ
ခန္ဓာတစ်ခြမ်းလေဖြတ်
စကားလည်းမပီတတ်တော့ဘူး။
တောင်ဝှေ့လဲတော့ ဖိုးသူတော်မထူနိုင်
ဒယီးဒယိုင်အမေ့သမီး
အရိုးချည်း ပိန်လှချည်းလား ရယ်လို့
ကြက်သားတုံးကြီးတွေထည့်ထည့်ကျွေး
အမေ့မေတ္တာအေးပေမယ့် သမီးငိုခဲ့ရတယ်။
ဘ၀နိဂုံးနောက်ဆုံးအချိန်တွေ
မေ့မြောနေတဲ့အမေ့နား သမီးထိုင်စောင့်
တစ်အောင့်လေးလစ်ဟာခိုက်
အပြီးအပိုင်ထွက်သွားလိုက်တာ
သမီး သိမှာစိုးလို့လား အမေရယ်။
သြော် နောက်ဘ၀မှာ အမေ့ကျေးဇူးအထူးဆပ်ပါရစေ
သမီးပြုသမျှကုသိုလ်များ
အမေကောင်းရာလားပါစေ။    ။

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>