Showing posts with label နုနုရည် (အင်းဝ). Show all posts
Showing posts with label နုနုရည် (အင်းဝ). Show all posts
Friday, November 19, 2010
မြစိမ်းပြာ ကမာရွတ် အပိုင်း (၄ဝ) (ဇာတ်သိမ်း)
ဖိုးဘတင် ကြည့်နေတာကြာပြီ အကျင့်၊ အကျင့်၊ ထမင်းကျွေးရမှာကြောက်တဲ့အကျင့်ဟာ သူတို့အကျင့်ပဲ။ အိမ်လာတဲ့ ဧည့်သည်တွေထဲမှာ ညအိပ်ဧည့်သည်နဲ့ ထမင်းကျွေးရမယ့်ဧည့်သည်ဆို ဘယ်လို ကြောက်ကြမှန်း မသိဘူး။ ဘယ်လို ၀န်လေးကြမှန်းမသိဘူး။ ဒါဟာ ရန်ကုန်ထုံးစံ၊ မြို့ကြီးပြကြီး ထုံးစံသာ ဆိုရင်တော့ ဒီထုံးစံ ဒီအလေ့အကျင့်တွေကြားမှာ ဖိုးဘတင် မပျော်ပိုက်လိုက်တာ။ သြော်..ဖိုးဘတင်တို့ အညာ မှာတော့လဲ အိမ်ဧည့်သည်လာရင် ဘယ်လို ထမင်းကျွေးချင်မှန်းမသိဘူး။ ဘယ်လို အိပ်စေချင်မှန်း မသိဘူး။ ကွာပေတယ်၊ ကွာပေတယ်။
    'အင်း မင်းတို့ သဘောပေါ့လေ၊ အတင်းလိုက်ရမယ် အဖေမခေါ်ပါဘူး၊ အလုပ်အကိုင်ဆိုတာကလဲ တကယ် တော့ ဒီလောက် ပူစရာမရှိပါဘူး၊ အဖေအလျင်ကလုပ်တဲ့ ပဲလှောင်၊ ဂျုံလှောင်လုပ်ရင်ကို တို့ တောစားစရိတ် က အသာလေး ရပါတယ်၊ ပြီးတော့ အဖေပြောချင်တာက တစ်ခုလဲရှိသေးတယ်၊ မင်းတို့ လင်မယား က အသက်ရလာပြီ၊ အသက်ရလာတဲ့အချိန်မှာ ကျန်းမာရေး အတွက် လေကောင်းလေသန့် ရတဲ့နေရာ၊ စိတ်လက်ကျယ်ဝန်း မယ့် နေရာမျိုးလေးမှာ နေနိုင်ရင် ပိုကောင်းတာပေါ့၊ အဖေ မင်းတို့ကို ခေါ်တာ အဲဒီအချက် အများကြီးပါတယ်၊ ဒီမှာနေရတာ အဖေနေကြည့်တော့ သိပြီကွာ'
    'ဖေကြီးတို့အညာမှာလဲ မြေဈေးတွေ တက်နေမှာပေါ့နော်၊ ဒီမှာတောင် ဒါလောက် တက်နေတာနော်၊ မြေ က အကျယ်ကြီးဆို ကောင်းမှာပဲ'
    'ဖေကြီးတော့မသိဘူး'
    'သမီးတို့ကတော့ နေခြင်းနေရင် ကိုအာကာတို့အိမ်မှာပဲ နေမယ်၊ သူတို့အိမ်မှာ ဒက်ခ်လဲရှိတယ်၊ ကားလဲ ရှိတယ်'
    'အေးလေ အဲဒါကို သမီးတို့ဖေကြီးက တစ်ခါတည်းဖြစ်နေလိုက်တာ'
    'ဖေကြီး ဟိုမှာဆို ဖေကြီးနေ့တိုင်း ဘီယာသောက်ရမှာနော် မနေချင်ဘူးလား'
    'သမီးတို့ ကလဲကွာ၊ ကဲသမီးတို့ မေကြီးကိုလဲ မေးကြည့်ပါဦး၊ သူ့ခမည်းခမက်တွေက ခေါ်မှာလားလို့ ဒီမိသားစုကြီး ကို၊ ကဲ'
    'အို..ခေါ်ပါတယ်ရှင့်၊ အဲလိုမပြောပါနဲ့'
    'ကြည့်သေးတာပေါ့ကွာ'
    'သြော်...ဖေကြီးရယ်၊ ဖေကြီးနဲ့တော့ ခက်သေးတယ် ဒီကိစ္စတွေ'
    ဖိုးဘတင်ရင်ထဲမှာ ၀မ်းနည်းနာကျင်လာတယ်။ အရေးတစ်ခုလုပ်ပြီး စကားလေးများ ပြန်ကြပါဦးလို့၊ ဖိုးဘတင် အော်လိုက်ချင်တယ်။ ဖိုးဘတင်ကို အနားမှာ ရှိလေရဲ့လို့ မအောက်မေ့ဘဲ သူတို့ပြောချင်ရာတွေ ပြောနေ လိုက်ကြတာ။ ဒီအဘိုးကြီး ဟာ ဘာမှ အသုံးမ၀င်တော့တဲ့ အဘိုးကြီး၊ ဘာမှ မစွမ်းဆောင်နိုင်တဲ့ အဘိုးကြီး၊ အဓိပ္ပာယ်မရှိတဲ့ စကားတွေကိုပဲ ပြောတတ်တဲ့ အဘိုးကြီး၊ အလကားအဘိုးကြီးပေါ့၊ တော်ပြီပေါ့၊ ချောင်ထိုး ထားလိုက်ကြပေါ့ ကြောင်ကြီးက အိုပြီပဲ။
    ဖိုးဘတင် စိပ်ပုတီးကို တင်းတင်းကျပ်ကျပ် ဆုပ်လိုက်တယ်၊ ချောင်းတစ်ချက်ဟန့်လိုက်တယ်။
    'မင်း တို့ ခမည်းခမက်အိမ်မှာ သွားနေရင် အဖေ့ကို အညာပြန်ပို့၊ အေး..အညာက လက်မခံရင်လဲ အဖေလူအိုရုံ ကို သွားမယ်'
    တုန်ယင်ပြီး ခပ်ဆတ်ဆတ်နိုင်တဲ့ ဖိုးဘတင်အသံကြောင့် မိသားစု စကားတွေ ရပ်သွားတယ်။ ငြိမ်သွား တယ်။ သားလုပ်တဲ့သူရဲ့ သက်ပြင်းချသံကို ကြားရတယ်။
    'အဖေ ကလဲ မဟုတ်တာတွေ လျှောက်ပြောမနေပါနဲ့၊ သေချာသေးတာလဲ မဟုတ်ဘူး၊ အဖေအညာ ပြန်စရာလဲ မလိုဘူး၊ လူအိုရုံသွားစရာလဲ မလိုဘူး'
    'ဟုတ်သားပဲ အဘိုးကလဲ၊ အသနားခံစာ တင်မှာပါတဲ့ ဆိုနေမှနော့...မေကြီးရာ'
    'မသိပါဘူး ပြောတာပဲ၊ ကိုယ့်အခန်းလေးက ကိုယ်ဘယ်မှမပြေးရင် ကောင်းတာပဲ၊ ဘယ်သူ ဆီမှ မပြောင်း ရင် ကောင်းတာပဲ'
    ချွေးမစိတ်ရှုပ်သံနဲ့ ခပ်ဆောင့်ဆောင့်ပြောရင်း အိပ်ခန်းထဲ ထသွားတယ်။ သမီးနှစ်ယောက် မအေ နောက် လိုက်သွားတယ်။
    သားလုပ်သူက စိတ်အိုက် လက်အိုက်ပုံနဲ့ ၀ရန်တာဘက် ထွက်သွားတယ်။
    ဖိုးဘတင် က စိပ်ပုတီးဆုပ်ထားတဲ့ လက်နှစ်ဖက်နဲ့ ဘုရားစင်ကို လက်အုက်ချီလိုက်တယ်။
    'ဆန်နီ ရပ်တဲ့ ၀ရန်တာပြိုမကျဘဲ တပည့်တော်အမြဲထိုင်နေတဲ့ ၀ရန်တာ ပြိုကျပါတော့ဘုရား၊ တပည့် တော် ၀ဋ်ကျွတ်ချင်ပြီ'
    ဖိုးအောင် ရဲ့မယ်အေးတစ်ယောက်ကလဲ ဦးရဲ့ လတ်လိုပဲ မေးခွန်းတစ်ခုကို ထပ်တလဲလဲ မေးတယ်။
    'ဖိုးအောင်... မယ်အေး မေးတိုင်း စိတ်ညစ်ရင်ပိုပြီး ပြုံးဖြဲဖြဲ ဖြစ်လာပြီး ပိုပြီး စကားများလာတတ်တဲ့ ဖိုးအောင် အကျင့် အတိုင်း မျက်နှာပျက်နေလျက် က ဖိုးအောင် ပြုံးဖြဲဖြဲ ပိုဖြစ်လာတယ်။
    'ဟင် ဖိုးအောင်၊ မယ်အေးတိုက ဘယ်ကို ပြေးကြမလဲဟင်'
    'အိုလံပစ် ကိုပေါ့ကွ'
    'ဖိုးအောင်ရယ်...မယ်အေး အရမ်းစိတ်ညစ်နေတယ် သိရဲ့လား'
    'အို... အတူတူပါပဲကွယ်၊ ဖိုးအောင်လဲ အရမ်းအရမ်းကို စိတ်ညစ်တာပါပဲ'
    'အန်တီမေရီ ဘာပြောသေးလဲဟင်'
    'ဟ...သူလဲ အရမ်းကို၊ အရမ်းကို စိတ်ညစ်တဲ့အကြောင်း ပြောတာပေါ့၊ သူ့အလွှာတစ်လွှာကို ဆန်နီ့ သနားပြီး မရောင်းခဲ့ဘဲ အသုံးအစွဲခြိုးခြံခဲ့ရတာတဲ့၊ မရောင်းလိုက်ရတော့ ခုတကယ်လို့ တိုက်ဖျက်ရရင်သူ တစ်ပြား မှ မရဘဲ ဆုံးမှာတဲ့၊ အောက်ထပ်ဆိုတော့ ငါးသိန်းလဲဟုတ်တဲ့၊ ဒါကြောင့် အသနားခံစာတင်မယ်တဲ့၊ ဒါပဲ'
    'သူက တော်ပါသေးတယ် ဖိုးအောင်ရယ် မြေပိုင်တာပဲ နေစရာမပျောက်ပါဘူး'
    'ဟ... နေစရာမပျောက်ပေမယ့် ငွေလေးငါးဆယ်သိန်းပျောက်တာလဲ နည်းလား၊ လုပ်မနေနဲ့ ဒီတိုက်ပေါ် က ဆင်းပြေးရမယ့်လူတွေထဲမှာ တို့က အတော်ဆုံးဗျနော်၊ ဆင်းပြေးရတာချင်းအတူတူ တခြားလူတွေက ငွေလေးငါးသိန်း ပါ ထားပစ်ခဲ့ရတာ၊ ဟဲဟဲ တို့က ထားပစ်ခဲ့ရ တစ်သောင်းနှစ်သောင်းပဲ မယ်အေးရ'
    'ဒါပေမယ့် ဖိုးအောင်ရယ်၊ သူများတွေက မယ်အေးတို့ထက် ပိုက်ဆံရှိတာပဲ၊ ထပ်ဝယ်ချင်လဲရတယ်၊ ငှားနေချင်လဲ ရတယ်၊ မယ်အေးတို့သာ'
    မယ်အေး မျက်တောင်လေး ပုတ်ကလတ်ပုတ်ကလတ်နဲ့လုပ်ရင်းခေါင်းငုံ့ ငြိမ်သက်နေကြရှာတဲ့ မောင်လေး နဲ့ ယောက်မလေးရင်ခွင်ထဲက တူမပေါက်စကလေးကိုမြင်တယ်။ ဘာမှနားမလည်ဘဲ ဆော့ကစား နေတဲ့ကလေး သုံးယောက်ကိုလဲ မြင်တယ်။ သမက် ကွမ်းဘူးအတွက် ကွမ်းပဲ တွင်တွင် ငုံ့ယာ နေရှာ တဲ့ မအေကိုလဲ မြင်တယ်။
    'ကလေးကလဲ ငယ်သေးတယ်၊ ဝေကလဲ သိပ်ကျန်းမာသေးတာမဟုတ်ဘူး၊ ကလေးတွေ ကျောင်းတက်ဖို့ နဲ့ ဘာနဲ့၊ ဒီနားတစ်ဝိုက်မှာ အိမ်လေးငှားနေနိုင်ရင် ကောင်းမှာနော်'
    'ဘာလို့ မငှားနိုင်ရမှာလဲကွ၊ မင်းနှယ်၊ ယောက္ခမကြီး ကွမ်းယာတစ်ယာလောက် ပေးပါဦး'
    ယောက္ခမကြီးဆီက ကွမ်းယာတစ်ယာထယူတဲ့ ဖိုးအောင်ကို မယ်အေးက၊ ကဲပြောပါဦး ဆိုတဲ့ အကြည့် နဲ့ ကြည့်တယ်။
    'တီဗွီရောင်းပြီးငှားမယ်လေကွာ၊ ကဲ'
    ကွမ်းဝါးသံ နဲ့ ဖိုးအောင်အဖြေကြောင့် မယ်အေး ရှုံ့မဲ့သွားတယ်။
    'ဟုတ်တယ်၊ ဖိုးအောင် တီဗွီက တစ်သိန်းလောက်တန်တာကိုး'
    'ဟ… ရတဲ့ပိုက်ဆံနဲ့ ရတဲ့အိမ်ငှားနေမှာပေါ့ကွ၊ ဘာဖြစ်လဲ'
    'အဲလိုဆို မယ်အေးတို့ တောမှာ သွားငှားနေမှပဲ ရမယ်၊ ရန်ကုန်မှာတော့ နေလို့မရဘူး'
    'အောင်မယ်ဗျာ ဒေါ်မယ်အေး၊ တောလဲ သွားသင့်သွားရမှာပဲ ခင်ဗျ၊ ဖိုးအောင်ကတော့ ကြိုက်တယ်ဗျာ၊ ခြံနဲ့ မြေနဲ့၊ သစ်ပင်တွေနဲ့၊ သစ်သားအိမ်လေးနဲ့၊ ဘာတိုက်ပြိုကျမှာမှလဲ မကြောက်ရဘူးခင်ဗျာ၊ ဇိမ်ပဲ၊ ဒီမှာ ဆိုရင် ကိုယ်နေတဲ့ နေ့ပြိုမလား၊ ညပြိုမလား တထိတ်ထိတ်နဲ့၊ ဟောခုလို ပြိုကျတော့ပြီးရော၊ ဒါတောင် ၀ရန်တာမို့၊ ဟိုဆောက်လက်စ တိုက်ပြိုသလို တစ်တိုက်လုံးများ ပြိုရင်တော့ ပြီးပါရောဗျာ၊ ဒါကြောင့် ငါမင်းကို ဒီလိုတိုက်မျိုးတွေ ၀ယ်မဝေးတာ မယ်အေးရ၊ သိလား'
    'သွားစမ်းပါ'
    'ဟဲဟဲ၊ ဟုတ်တယ်ကွ၊ ငါဝယ်ရင် ငါ့နေရာဟာ လွတ်လပ်စွာ၊ ပစ္စည်းလွတ်ချခွင့်၊ လွတ်လပ်စွာ စကား ကျယ်ကျယ် ပြောခွင့်၊ လွတ်လပ်စွာ ငရုတ်သီးထောင်းခွင့်၊ လွတ်လပ်စွာ လင်မယား ရန်ဖြစ်ခွင့်တွေ ရှိတဲ့နေရာမျိုး မှာ ဖြစ်ရမယ်ကွ'
    'တောမှာပဲရမယ်'   
    'ဟဲဟဲ၊ တောမှာပဲ နေပါ့မယ်လို့ဆို၊ ငါ့အဘိုးအဘွားတွေက မြစ်ဝကျွန်းပေါ်ဘက်က တောသားတွေကွ၊ တောမှာ ပွင့်တဲ့ပန်းဟာ တောမှာပဲ လန်းဆန်းတာ ကောင်းတယ်ကွ၊ တွံတေးသီးချင်းတောင် ရှိတယ် လေကွာ၊ တောမှာပွင့်တဲ့ပန်းရယ်၊ တောမှာပဲ လန်းဆန်းစေချင်တယ်တဲ့၊ ဟဲဟဲ'
    'ဖိုးအောင်ရယ် တော်ပါတော့၊ ဒီမှာ အသနားခံစာတင်ရင် ဘယ်လောက်ကြာမှာလဲ'
    'ဟာ၊ ဒါတော့ ငါလဲ ဘယ်ပြောတတ်မလဲ၊ ဘယ်သိမလဲ "
" ဟိုဟို့၊ တကယ်လို့ကျလာတာနဲ့ချိတ်ပိတ်ဆိုရင် မယ်အေးတို့က ချက်ချင်း ဆင်းရမှာလား "
" အဲဒါလဲ ကျွန်တော်မျိုး ဗိုက်ထဲကပုဏ္ဏားလေး မပါနင်းကီပါဘူး ခင်ဗျ"
မယ်အေး က ဘာပြောရမှန်း မသိဘဲ ငြိမ်သွားရှာတယ်။ အမေက မယ်အေးကို ကြည့်တယ်။
" ဖြစ်သမျှပေါ့သမီးရယ်၊ ဘယ်တတ်နိုင်မှာလဲ၊ အမေကတော့ စဉ်းစားထားတယ်၊ မသကာ အမေ့မောင် ၀မ်းကွဲ ရှိတဲ့ မှော်ဘီခြံဖြစ်ဖြစ် သွားမယ်လို့ "
" မဖြစ်ပါဘူး အမေရယ် "
" ဖြစ်တာပေါ့ကွ၊ ဘာလို့မဖြစ်ရမှာလဲ၊ ယောက္ခမကြီးကလဲ စောစောကတော့ မပြောဘူး၊ အမွေလေး ဘာလေး ခွဲရအောင် "
မယ်အေး မျက်စောင်းက တဟဲဟဲ ရယ်နေတဲ့ ကိုဝင်းအောင် ပြာဖြစ်သွားလောက်တယ်။
" ကျွန်တော်တို့ ကတော့လေ အစ်မ၊ တကယ်လို့ ဆင်းရရင် ဝေတို့အိမ် သွားနေမလို့ "
ယောက်ဖ လုပ်သူက အစ်မကို ၀င်ပြောတယ်။ ဟိုကလေးမကလဲ "ဟုတ်တယ် "တဲ့။ ကိုဝင်းအောင်က ကွမ်း ကို ဖိဝါးလိုက်တယ်။
" အိုကွာ၊ ဘာမှလဲ သေချာသေးတာမဟုတ်ပါဘူး၊ အလကား ကြိုစိတ်ညစ်မနေနဲ့၊ သွား၊ ဖြစ်လာတော့မှ ရင်ဆိုင်၊ လူ့သက်တမ်း နေရသခိုက်လေး ပျော်ပျော် နေပါရစေကွာ၊ တော်ကြာ ဆန်နီလို ဗြုန်းဒိုင်းဆိုပြီး သင်းမေ နောက် အပြေးအလွှားလိုက်သွားရရင် "
" ဖိုးအောင်ကလဲ ဘယ်လိုဖြစ်နေလဲ၊ ဖွ ... မပြောကောင်း မဆိုကောင်း"
" ကဲ - ပြောကောင်း ဆိုကောင်းအောင် သတ်သတ်လွတ် ပေါင်းခံရည်လေးမှီဝဲလိုက်ဦးမယ်၊ ဟဲဟဲ"
" ဟင်၊ နောက်ဆုံးကျ ဒါပဲ၊ ဒီတစ်ခါကျ ယူပြီး သွန်ကိုပစ်ထားဦးမယ် "
" မလုပ်နဲ့နော် မယ်အေး၊ အဲဒါတော့ ငါတကယ်စိတ်ဆိုးမှာ၊ ဆရာသော်တာဆွေ သူ့မိန်းမကို စိတ်ဆိုး နည်း မျိုးလေ၊ ပုလင်းလေးကလှလို့ အရက်တွေသွန်ပစ်ပြီး ငံပြာရည်ထည့်ထားလိုက်သတဲ့၊ အဲဒီ ဆရာ သော်တာဆွေ ရဲ့ စာဖတ်ပြီး သူ့မိန်းမကို ဆရာ သော်တာဆွေ ထက်တောင် ငါ စိတ်ဆိုးသေးတယ် သိလား၊ ဟဲဟဲ ငါ့ပုလင်းကတော့ မလှဘူးနော် မယ်အေး "
" သွားပါ "
ခဏနေတော့ မီးဖိုခန်းထဲကနေ ကိုဝင်းအောင် ပြန်ထွက်လာတယ်။
" သမီးတို့ရေ၊ လာကြဟေ့ တီဗွီဖွင့်မယ်၊ တို့ကတော့ ပျော်ပျော်ပဲဟေ့၊ နော်ကွာ၊ ငါ့သားကြီးရာ၊ အင်း .. ဆန်နီ ဆန်နီ၊ ဒီတိုက်မှာ မင်းမရှိတာနဲ့ တို့ကိုလဲ မနေစေချင်တော့ဘူးပေါ့လေ၊ ဒါ ဆန်နီလုပ်တာကွ "
" ကဲ တောင်းပန် ပါတယ် ဖိုးအောင်ရာ၊ မယ်အေး စိတ်ညစ်လို့ပါဆိုမှ၊ အမေ၊ စိပ်ပုတီး ခဏပေးစမ်းပါ "
မျက်စိစုံမှိတ်ပြီး ပုတီးစိပ်တဲ့ မယ်အေးကို ကြည့်ပြီး ကိုဝင်းအောင်ကတော့ တဟားဟားရယ်လို့သာ နေပေမယ့် သူ့ရင်ထဲမှာ လေးလံနေတယ်။
တစ်ခန်းလုံး မှာ တစ်ယောက်တည်းပဲ ရှိကြတော့တဲ့ အန်တီခင်လေးနဲ့ အန်တီမေရီတို့ နှစ်ယောက်မှာတော့ တစ်ယောက် က အိပ်ရာပေါ်မှာ ပုံလျက်သားလေး၊ တစ်ယောက်ကတော့ နှစ်ယောက်ထိုင် ဆက်တီပေါ်မှာ ခွေခွေ ကလေး။
ဖေကြီးကျော်နဲ့ သုံးဆယ့်ခုနစ်မင်းကိုမှန်းပြီး ယပ်တောင်လေးတစ်ချောင်းနဲ့ ယပ်သွင်းတယ်။
" ကိုယ်တော်ကြီး ကိုယ်တော်လေး၊ အမေပုပ္ပါး၊ ဖေကြီးကျော်၊ အနောက် အမေသခင်နဲ့ မငွေတောင်၊ အမေဂျမ်း၊ နံကရိုင်းမယ်တော်ဖုရား၊ သုံးဆယ့်ခုနစ်ပါး မင်းတို့၊ ဤတိုက်ကြီးကို စောင့်ရှောက်တော်မူပါ၊ ကြည့်ရှု တော်မူပါ၊ သမီးတော်တို့ဘက် ပါအောင်ဆွဲပေးတော်မူပါ၊ အေးယပ်များလဲဆက်သွင်းပါတယ်၊ အရှင် အေးသလို သမီးတော်တို့ စိတ်နှလုံးများလဲ အေးချမ်းရပါစေ၊ ငြိမ်းချမ်းရပါစေ"
ယပ်သွင်းဆုတောင်းနေတဲ့ အန်တီခင်လေးကို ကြောင်တွေကဘေးကနေ ငြိမ်ငြိမ်ကလေးထိုင်ကြည့်နေ တတ်ကြတယ်။ ကြောင်လေးတစ်ကောင်က အန်တီခင်လေး ရင်ဘတ်ပေါ် တက်ခွေရင်တော့ အန်တီခင် လေး စကားပြောပြီ။
" နင်တို့ပဲကောင်းတယ်၊ နင်တို့ပဲကောင်းတယ်၊ ဘာမှ မသိဘူး၊ နင်တို့ ဒီတိုက်ပေါ်ကနေ ဆင်းရတော့ မယ် ဆိုတာ နင်တို့သိသလားဟင်၊ နင်တို့အစ်မ မရှိတော့ဘူး ဆိုတာ နင်တို့ သိသလားဟင်၊ အေး .. မသိတာပဲ ကောင်းတယ်၊ တိုက်ပြိုကျတုန်းကတော့ နင်တို့သိပါတယ်၊ တစ်ခါတည်း မီးဖိုထဲမှာ တညောင် ညောင်နဲ့ အော်လိုက် ကြတာမှ ...
" ကြီးမေ ဒါကြောင့်မို့ ပြောတာပေါ၊ ကြီးမေအိပ်မက်က သိပ်စင်းတာနော်၊ ငလျင်တွေလှုပ်ပြီး တိုက်တွေ ပြိုတာ၊ ဒါကတော့ ငလျင်မလှုပ်ဘဲနဲ့ပြိုတာ၊ ဘုရား ... ဘုရား ငလျင်များ လှုပ်ရင်တော့ ဒီတိုက်ကြီးတစ် ခုလုံး မြေကြီး ပေါ် ပြားကပ်သွားမှာ၊ ကန်ထရိုက်မင်းတို့ရယ်၊ ကျုပ်အခန်း ၀ရန်တာကျမှ ဘာလို့စေတနာ နည်းသွား ရတာလဲ၊ ကံဆိုးလိုက်တာနော်၊ ကြီးမေအခန်း မှ ဖြစ်ရတယ် "
သူ့ကြောင်တွေ နဲ့ စကားပြောဝရင်တော့ တစ်ခါ ယပ်တောင်လေးပြန်ကိုင်ပြီး ကိုယ်တော်ကြီး ကိုယ်တော် လေးနဲ့ စကားပြောပြန်တယ်။
" နှမတော်ကြီးမှာ အထုပ်ကလေးတော့ ရှိတာပေါ့ဘုရား၊ ဒါပေမယ့် ဒီအထုပ်လေးက နှမတော်ကြီး အိုစာနာ ဘုရား၊ ဒီတိုက်ပေါ်က ဆင်းရလို့ ဒါလေးထုခွဲပြီး အခန်းဝယ်လို့လဲ မရဘူးဘုရား၊ အိမ်ငှားနေ ပြန် တော့လဲ တစ်ယောက်တည်း နေရမှာ၊ မောင်တွေ အစ်ကိုတွေအိမ်လဲ မကပ်ချင်ဘူးဘုရာ့၊ သူတို့က ဒီအ ထုပ်ကလေး ၀ိုင်း မျက်စောင်းထိုး နေကြတာ၊ ဒီအထုပ်ရတာနဲ့ နှမတော်ကို ကန်ချမှာဘုရား၊ ဒီအထုပ်ကြောင့် နှမတော်ကြီး ဒီအခန်းနေရတာ ကြောက်တာ တောင်မှ ဇွတ်မှိတ်နေတယ်ဘုရား။
" သူတို့ လာခေါ်ပေမယ့် မလိုက်ဘူး၊ ကိုယ် ပိုင်ပြီးသား ကိုယ့်အခန်းလေးကိုယ်ပဲ နေချင်ပါတယ်ဘုရား၊ ၀ရန်တာ ကိုလဲ ကုန်ချင်ကုန်ပါစေ၊ ခိုင်ခံ့အောင် နှမတော်ကြီး ပြင်မှာပါ၊ ကိုယ်တော်ကြီးတို့ကသာ ဒီတိုက် ကြီး ကို နှမတော်ကြီးတို့ဘက်ပါအောင် ဆွဲပေးပါဘုရာ့"
အန်တီခင်လေး ထမင်းလဲမစားနိုင်ဘူး၊ အိပ်လဲမပျော်ဘူး၊ ဆန်ပြုတ်ကလေးပဲကျိုထားပြီး ကြောင်တွေလဲ တိုက်၊ ကိုယ်လဲသောက်ပေါ့။
အန်တီမေရီ ကတော့ နှစ်ယောက်ထိုင် ဆက်တီပေါ်မှာ တခွေခွေနဲ့။ လက်ကလဲ စီးကရက် မပြတ်ညှပ်ပြီး လိပ် ချင်းဆက်သောက်တော့တယ်။
စီးကရက် မိးခိုးတွေကြားမှာပဲ သူ့အတွေးတွေကို လွင့်မျောစေတယ်။ ကန်ထရိုက်ဆီလဲ ရောက်တယ်။ စိတ်ချရ တဲ့ ကန်ထရိုက်ဆိုပြီး ဆက်သွယ်ပေးတဲ့ မြတ်မြတ်ဆီလဲ ရောက်တယ်။ အသနားခံစာတင်ဖို့ လူကြီးတွေဆီလဲ ရောက်တယ်။ သွားလေသူ ချစ်လင်နဲ့ ဆန်နီ့ဆီကိုလဲ ရောက်တယ်။ အဲလို အခါမျိုးမှာ တော့ ပါးစပ်ကနေ "ဆန်ဘွိုင်"လို့ အသံထွက်ခေါ်မိတတ်တယ်။ သြော် အလျင်တုန်းကတော့ သူ ကြား ကြား၊ မကြားကြား အဲလိုခေါ်လိုက်မိရင် အားရှိသွားသလိုပဲ။ သားဆိုတဲ့ အသိနဲ့ အားကိုးအားထား ပြုမိ တာပဲ။ အခုတော့ မခေါ်နိုင်တော့ပြီ။ သူ့ သိပ်စွဲလမ်းတဲ့ တိုက်အကြောင်းကို သူများသိရင် ဘယ်လောက် များ နှမြော လိုက်မလဲ။ ၀မ်းနည်းလိုက်မယ်ဆိုတာ။ သားရယ် ... မာမီမတွေးချင်ဘူး။
ဒီတိုက်ကြီးကို တကယ်လို့သာ ချိတ်ပိတ်ပြီး ဖြိုချပစ်မယ် ဆိုရင်တော့ ဒီမြေပေါ်မှာ အန်တီမေရီမနေတော့ပြီ။ တိုက် လဲ ထပ်မဆောက်တော့ပြီ။ ဒီမြေကြီးကို အပြတ်ရောင်းပြီး တရားရိပ်သာ တစ်ခုကို သွားတော့မယ်။ ဘယ်သမီး အိမ်မှ လဲ သမက်မျက်နှာကြည့်ပြီး လိုက်မနေနိုင်ပါဘူး။ လိုက်ခြင်း လိုက်ရင် မာတင်နဲ့ ဆန်နီ တို့ နောက်ကိုပဲ လိုက်မယ်။ ခုချိန်ဆို သူတို့သားအဖနှစ်ယောက် တွေ့နေကြ ရောပေါ့။
အန်တီမေရီ စီးကရက်တစ်လိပ်ကို လိပ်ချင်းဆက် မီးကူးပြန်တယ်။
စီးကရက်သောက်ရင်း လက်ဖက်ရည်က ဆာလာပြန်တယ်။
ဆန်နီ မရှိတော့ဘူး။ လက်ဖက်ရည်ဝယ်ပေးတဲ့ ဆန်နီဘွိုင်လေး မရှိတော့ဘူး။
အန်တီမေရီ နှစ်ယောက်ထိုင် ဆက်တီပေါ်က လူးလဲထတယ်။
လက်ဖက်ရည်ဆိုင်သွားသောက်ရင်း တိုက်ကိစ္စစနည်းနာရရင် မကောင်းဘူးလား။
ဘာပဲဖြစ်ဖြစ် ကိုယ့်တိုက်ကလေးကို ဘယ်သူ အခြေပျက်ချင်မှာလဲ။ အခန်းတွေက တစ်လတစ်ရာနဲ့ ဖုန်း ခေါ်ခ ကလဲရတယ်။ ပြီးတော့ မရောင်းရသေးတဲ့ အလွှာတစ်လွှာက ဆယ်သိန်းလောက်တောင် တန် နေပြီ တဲ့။
အဲလိုအတွေး ၀င်လာရင်တော့ အန်တီမေရီ အခန်းတံခါးကို သော့ပိတ်ပြီး မြစိမ်းပြာလမ်းလယ်က လက်ဖက်ရည် ဆိုင်လေးဆီကို စီးကရက်တဖွာဖွာနဲ့ သွက်သွက်လက်လက် ထွက်သွားတတ်တယ်။
စုပေါင်း အသနားခံစာနဲ့အတူ အန်တီမေရီ တစ်ယောက် အခေါက်ပေါင်းများစွာ သွားလာ လှုပ်`ရှားပြီးတဲ့ အခါ မှာတော့ တိုက်တွင်းနေထိုင်သူများကို ထောက်ထားစာနာသောအားဖြင့် " တိုက်ကိုချိတ်မပိတ်တော့" တဲ့။
ဒါပေမယ့် " ၀မ်နင် " တဲ့။
လက်ရှိအဆောက်အအုံကို ခိုင်ခံ့အောင် ပြုပြင်ပြင်ဆင်၍ နေရမည်တဲ့။
အကယ်၍ နောက်တစ်ခါ ထပ်မံပြိုကျခဲ့လျှင်တော့ တိုက်ကို ချိတ်ပိတ်ပြီး လူနေထိုင်ရန် မသင့်သော ကြောင့် တိုက် ကို ဖြိုချရလိမ့်မည်တဲ့။
နောက်တစ်နေ့ နံနက်ခင်းမှာတော့ ဦး တစ်ယောက် သူ့ ၀ရန်တာ ပန်းဥယျာဉ်လေးကို သူကိုယ်တိုင် ဖြိုဖျက် လို့ ပန်းအိုးတွေကို မ ပြီး အိမ်ထဲသွင်းနေတာကို မြင်ကြရတယ်။
လတ် က အိမ်ထဲမှာ အလေးချိန်ညီမျှအောင် စဉ်းစားကြံဆပြီး နေရာချတယ်။
လတ် နေရာချသမျှ ဦးခေါင်းညိတ်ပေတော့။ အနုပညာမျက်စိနဲ့ ဦး နေရာချလို့ မရတော့ပြီ။
လေးပင်တဲ့ ပစ္စည်းမှန်သမျှကိုတောင် သူငယ်ချင်းအိမ်ရွှေ့ပြောင်းဖို့ ဦး စဉ်းစားပြီးပြီ။
အန်တီခင်လေး ၀ရန်တာမှာတော့ လက်သမား၊ ပန်းရန်သမားတွေ အလုပ်ရှုပ်နေကြပြီ။ ကုန်ချင် သလောက် ကုန်၊ အခိုင်ခံ့ဆုံးဖြစ်အောင် လုပ်မှာပေမယ့် အန်တီ ခင်လေး အဲဒီဝရန်တာမှာ ဘယ်တော့မှ ထွက်မရပ်။ အသက်ရှူကျပ် လို့ သေချင်သေပေစေ။ ပစ္စည်းလေး တစ်ခုတလေ တောင်မှ အဲဒီဝရန်တာမှာ မထားပါဘူး လို့ ကျိန်တွယ်ပြီးပြီ။
ကိုဝင်းအောင် ကတော့ ယောက္ခမကြီးနဲ့ သားအငယ်ကောင် မြေးအဘွားနှစ်ယောက်ကို အိမ်မှာနေတုန်း ၀ရန်တာ ဘက်ထွက်ပြီး ထမင်းကျွေး၊ အ၀တ်လှန်းလုပ်တဲ့ အလုပ်ကို လုံးဝမလုပ်ရလို့ ပိတ်ပင်လိုက်တဲ့ပြင် သမီး နှစ်ယောက် အား အခန်းထဲနဲ့ ၀၇န်တာတွင် လုံးဝပြေးလွှားခြင်းမပြုရတဲ့။
ဖိုးဘတင် တစ်ယောက်လဲ သူ့ရဲ့ အပန်းဖြေရာ လွတ်လပ်ဝရန်တာ နယ်မြေကလေးကို ဆုံးရှုံးလိုက်ရပြီ။ ပက်လက် ကုလားထိုင် တစ်လုံး၊ လူအိုတစ်ယောက်နဲ့ လက်ဖက်ရည်ကရားလေး တစ်လုံးရဲ့ အလေးချိန်ကို တောင် မှ ချွေးမ က ၀ရန်တာမှာ မထားရတဲ့။
နောက်ဆိုရင် အညာ ကို မျှော်မှန်းလွမ်းရာ၊ ဖျော်ဖြေရေး အစီအစဉ်တွေကို စောင့်မျှော်ရာ ၀ရန်တာ လေး မှာ ပက်လက်ကုလားထိုင်လေးတစ်လုံး၊ လက်ဖက်ရည်ကြမ်း တစ်ကရားနဲ့ အဘိုးအိုတစ်ယောက်ကို မတွေ့နိုင် ကြတော့ဘူးပေါ့။
အန်တီမေရီရဲ့ အောက်ဆုံးလွှာမှာတော့ ဆိုင်းဘုတ်ကလေးတစ်ခု အလျင်အမြန် ချိတ်ဆွဲလိုက်တယ်။
" တိုက်ခန်းရောင်းရန် "တဲ့။
နံနက်လေးနာရီ မှာ မြစိမ်းပြာသုံးထပ်တိုက်ရဲ့ မီးလုံးဝါလေးတွေ တဖျပ်ဖျပ် လင်းလာခဲ့ကြတယ်။
တတိယထပ် ဘယ်ဘက်ခြမ်း အပေါ်လွှာက လတ်လတ်ရဲ့ လေလို လျင်မြန်ခြင်းနဲ့ လှုပ်ရှားသံကြား ရတယ်။
တတိယထပ် ဘယ်ဘက်ခြမ်း အောက်လွှာက ဖိုးဘတင်ရဲ့ ပုတီးတချောက်ချောက် အသံနဲ့ မြေးမတွေကို နှိုးသံ ကြားရတယ်။
ဒုတိယထပ် ဘယ်ဘက်ခြမ်း အပေါ်လွှာ၊ အောက်လွှာနဲ့ ဒုတိယထပ် ညာဘက်ခြမ်း အပေါ်လွှာ၊ အောက်လွှာ တို့ ကတော့ လူသစ်တွေရဲ့ ဆွေမျိုးပေါက်ဖော်သံ ၀ဲဝဲတွေကို ကြားရတယ်။
မြေညီထပ် ဘယ်ဘက်ခြမ်းအပေါ်လွှာနဲ့ အောက်လွှာက စားသောက်ဆိုင် စားပွဲထိုးတွေရဲ့ လှုပ်ရှားသံကိုလဲ ကြား ရတယ်။
မြေညီထပ် ညာဘက်ခြမ်း အပေါ်လွှာက အန်တီမေရီရဲ့ စီးကရက်မိးညှိလှုပ်ရှားသံကိုလဲ ကြားရတယ်။ အန်တီမေရီ ရောင်းလိုက်တဲ့ အောက်လွှာက ကုမ္ပဏီရုံးခန်းကတော့ မီးလင်းနေပေမယ့် လှုပ်ရှားသံ မကြားရဘူး။
ဝရန်တာလေး တွေအားလုံး တညီတညွတ်တည်း ရှင်းလင်းနေကြတဲ့ သုံးထပ်တိုက်ရဲ့ တစ်ခုသော အခန်း ကတော့ မီးမှောင်နေတယ်။
တတိယထပ် ညာဘက်ခြမ်း အပေါ်လွှာက အန်တီခင်လေးရဲ့ အခန်းပေါ့။
လမ်းမီးရောင် နဲ့ သေချာကြည့်မယ်ဆိုရင် ၀ရန်တာ တံခါးမျာ ဆိုင်းဘုတ်လေးတစ်ခု မြင်နိုင်တယ်။ "တိုက်ခန်းရောင်းရန်" တဲ့။
အန်တီခင်လေး တစ်ယောက် တူမ မွန် နဲ့ အဆင်ပြေပြီး မြေးထိန်းဖို့ ကြောင်တွေနဲ့ အတူ တူမအိမ်ကို လိုက် သွားခဲ့ပြီ။
အန်တီခင်လေး အောက်ထပ်၊ တတိယထပ် ညာဘက်ခြမ်း အောက်လွှာက တရှဲရှဲကြော်ချက်သံတွေနဲ့ အတူ ထွက် ပေါ်လာတဲ့ အသံကတော့ သောတရှင်များ သိတော်မူကြတဲ့ အဆိုတော် ကိုဝင်းအောင်ရဲ့ မူ ပိုင် သီချင်းသံလေ။
ထုံးစံအတိုင်း ခုနစ်နာရီမထိုးမချင်း ထပ်တလဲလဲ ထွက်ပေါ်နေတတ်တဲ့ သီချင်းသံပေါ့။
" မနက်မိုးလင်းရင် ... ခိုကလေးများတို့ရယ် ... "
" ခိုကလေးများတို့ရယ် ... မနက်ခင်းမိုးလင်းရင် ... " တဲ့။
ပြီးပါပြီ
.
>>>ဆက်ဖတ်ရန်>>> >>
Thursday, November 18, 2010
မြစိမ်းပြာ ကမာရွတ် အပိုင်း (၃၉)
အန်တီမေရီက ဖုန်းကိုလက်နဲ့အသာပိတ်ထားရင်း အန်တီခင်လေးကို လှမ်းကြည့်ပြီး မေးငေါ့ပြလိုက်တယ်။
    'အန်တီခင်လေး မွန်က စကားပြောချင်လို့တဲ့'
    အန်တီခင်လေးက ခေါင်းခါခါ လည်ခါခါနဲ့ လက်ကလေးကာတယ်။
    'မပြောဘူး၊ မပြောဘူး၊ ဘာလို့ပြောရမှာလဲ၊ ကျွန်မပြောဘူး အန်တီမေရီ'
    အန်တီခင်လေး အသံတွေက တုန်နေတယ်။
    'ဟဲလို...မွန်၊ မွန်ပြောချင်တာပြောခဲ့လေ၊ အန်တီခင်လေးက မပြောချင်ဘူးတဲ့၊ သူလဲ စိတ်ထိခိုက်နေတယ်၊ အင်း...အင်းဟုတ်ပြီမွန်၊ ဟုတ်ပြီ၊ အန်တီမေရီပြောလိုက်ပါ့မယ်၊ ဒါပဲနော်'
    အန်တီမေရီက ဖုန်းကို ပြန်တင်လိုက်ပြီး မျက်ရည်စလေးတွေကို တို့သုတ်ရင်း အန်တီခင်လေးနားမှာ သွားထိုင်တယ်။
    'မွန်က အန်တီခင်လေးကို စိတ်ပူလို့တဲ့၊ သူလာခေါ်ချင်တယ်တဲ့'
    အလို..သူခေါ်ရာကို ကျုပ်က လိုက်ရမယ်၊ အန်တီမေရီရယ်...၊ ကျွန်မအတွက် သူတကယ်စိတ်ပူတတ်ရင် ဒီလိုလုပ်မတဲ့လား လာကြည့်လေ၊ ကျွန်အကြောင်း သူသိရမှာပေါ့'
    'ဒီလိုလဲ ဘယ်ဟုတ်မလဲ အန်တီခင်လေးရယ်'   
    အန်တီခင်လေး စိတ်တွေ သိပ်လှုပ်ရှားနေပုံရတယ်။ ရင်ဘတ်ကလေးကို လက်နဲ့ဖိပြီး လက်ကိုင်ပ၀ါနဲ့လဲ နှာခေါင်းကို ခဏခဏ ညှစ်နေတယ်။
    'ဒေါ်မေရီရေ၊ ဒီကိုခဏလာပါဦးဗျာ၊ စကားပြောစရာလေး နည်းနည်းရှိလို့'
    ရပ်ကွက်လူကြီးတွေ ၀ိုင်းက အန်တီမေရီကို လှမ်းခေါ်တယ်။ အန်တီခင်လေးကို ကြည့်မရဖြစ်ပြီး ပြန်စို့တကဲကဲဖြစ်နေတဲ့ ဦးတကို လတ်က အသာလက်ကုတ်လိုက်တယ်။ အန်တီမေရီနဲ့ လူကြီးတွေဝိုင်းကို စိတ်ဝင်တစားနဲ့လှမ်းကြည့်တယ်။
    'ဒေါ်မေရီရေ၊ ကျွန်တော်တို့ ကြားတာနော်၊ ဟုတ်မဟုတ် သေချာမသိဘူး၊ ဒေါ်မေရီကို သေချာသွားပြီး အလျင်စုံစမ်းထားရင် ကောင်းမယ်ထင်လို့'
    'ဟုတ်ကဲ့'
    'ဒီတိုက်ပြိုကျတဲ့ကိစ္စနဲ့ပတ်သက်ပြီး လူနေရန်မသင့်ဘူးဆိုတဲ့ အချက်နဲ့ တိုက်ကို ချိတ်ပိတ်မယ်လို့ အသံကြားတယ်'
    ချိတ်ပိတ်မယ်ဟုတ်လား။ လတ်က အန်တီခင်လေးလိုပဲ ရင်ဘတ်ကို ဖိလိုက်မိတယ်။ တိုက်ကိုချိတ်ပိတ်တော့ လတ်တိုကက ဆင်းပြေးရမှာပေါ့၊ ဟုတ်လား။ မီးဖိုဝမှာ ပေါ်လာတယ်။ ဖိုးဘတင်အသံလဲ တိမ်သွားတယ်။ အန်တီခင်လေးမျက်နှာကတော့ သွေးမရှိတော့ဘူး။ အမြွာမနှစ်ယောက်ကလဲ မျက်လုံးကလေးတွေဝိုင်းလို့။
    'ကျွန်တော်တို့ ကြားတာပြောတာနော်၊ ဒေါ်မေရီတို့ ဘက်က ပြင်ဆင်ထားဖို့ သတိပေးသင့်တယ်ထင်လို့'
    'ဟုတ်ပါတယ်၊ ဟုတ်ပါတယ်၊ ချိတ်ပိတ်မယ်ဆိုတော့ ဒီတိုက်ကြီးကို...'
    'ဒီတိုက်ကြီးကို ဖြိုပစ်မှာပေါ့ဗျာ၊ တကယ်သာ ချိတ်ပိတ်မယ်ဆိုရင်ပြောတာပါ၊ လူနေဖို့ မသင့်ဘူးဆိုရင် ဖြိုပစ်တာပဲလေ၊ ပြီးတော့မှ ခိုင်ခိုင်ခံ့ခံ့ပြန်ဆောက်ပေါ့၊ ဒါပေါ့'
'ဘုရား...ဘုရား၊ ကျွန်မ ...ကျွန်မ ၀ရန်တာကို ပြန်ပြင်မှာပါ၊ ခိုင်ခိုင်ခံ့ခံ့ပြန်ပြင်မှာပါ'
    အန်တီခင်လေးရဲ့ ဘယ်သူ့ကို အသနားခံမှန်းမသိတဲ့ ညှောင်ညိညိအသံလေး ပေါ်လာတယ်။
    'မဟုတ်ဘူးလေ၊ ကျွန်တော်တို့က သတိပေးတာပါ၊ အားလုံးပဲ စုံစုံစမ်းစမ်းနဲ့ လုပ်ကြပေါ့ဗျာ'
    စီးကရက်မီးညှိနေတဲ့ အန်တီမေရီ့လက်တွေ တုန်နေတယ်။
    ဦးက၀ုန်းခနဲထရပ်လိုက်ပြီး အခန်းထဲကနေ ဒေါကြီးမောကြီးနဲ့ ထွက်သွားတယ်။
    လတ်က နောက်ကနေ အပြေးလိုက်တယ်။
    'နေပါဦးဦးရယ်၊ လတ်ကြောက်တယ်၊ ရန်ကုန်မြို့ရဲ့ အိုးမဲ့အိမ်မဲ့ဘ၀ကို လတ်ကြောက်တယ်။ အို...လတ်တို့ အားလုံးပဲ ကြောက်ကြပါတယ်။
    လတ်တို့ဘာလုပ်ကြမလဲ ဦးရယ်...ဟင်။'
    'ဟင်...လို့...ဦး၊ လတ်တို့ ဘာလုပ်ကြမလဲလို့'
    မရပ်မနားမေးနေတဲ့ လတ်ရဲ့မေးခွန်းကို ဦးက မိုးပြိုသလို ခေါက်တုံ့ခေါက်ပြန် လျှောက်နေတဲ့ ခြေသံတွေနဲ့ပဲ တုံ့ပြန်တယ်။
    'အန်တီမေရီကတော့ အားလုံးစုပေါင်းပြီး အသနားခံစာတင်မယ်တဲ့'
    'အင်း'
    'ပြီးတော့ ကိုယ့်အခန်းတွေကို ခိုင်အောင်ပြင်ကြရမယ်တဲ့၊ ဟုတ်တယ်ဦးရဲ့ ဟိုသတင်းစာပါတဲ့ တိုက်လို ပြိုကျရင်လဲဒုက္ခ၊ တိုက်ကို ချိတ်မပိတ်လို့ နေပြန်ရင်လဲ ထပ်ပြိုမှာကြောက်ရသေးတယ်၊ အဲဒီပြိုတဲ့တိုက်ဆို ဆောက်နေတုန်းမို့နော်၊ သနားပါတယ်၊ အလုပ်သမားလေးတွေ၊ သေကြတာ၊ အင်္ဂတေ အကျိုးအပဲ့တွေပိတာတဲ့'
    'ဖြစ်မှာပေါ့လေ'
    'အို...ဘာပဲဖြစ်ဖြစ် ပြိုကျလို့ သေခါမှသေရော၊ တိုက်ချိတ်ပိတ်ပြီး ဆင်းပြေးရမှာပဲ လတ်ကြောက်တယ်ဦးရယ်'
    'အို...လျှောက်တွေးမနေစမ်းပါနဲ့ဗျာ၊ စိတ်ပင်ပန်းတယ်'
    'မတွေးဘဲ မနေနိုင်ဘူးဦးရဲ့၊ လတ်ညဆို အိပ်မပျော်ဘူး၊ လတ်တို့မှာ ဒီအခန်းလေးကို ပိုလျှံပြီးစုဆောင်းမိလို့ ၀ယ်ရတာမဟုတ်ဘူး၊ ခုထိကိုယ်ပိုင်လို့လား၊ သူများကြွေးတွေ ဆပ်နေရတုန်း၊ ခုချိန်ဝယ်မယ်ဆို ခုပေါက်ဈေးနဲ့ လတ်တို့ အနားတောင်မကပ်နိုင်ဘူး၊ အလျင်ဈေးနဲ့ ၀ယ်တာတောင် ဈေးအချိုဆုံး အပေါ်ထပ်ပဲ တတ်နိုင်တာ၊ ပြိုကျရင် သေဖို့သေချာတဲ့ အပေါ်ဆုံးထပ်လေ၊ အို...ဘာဖြစ်ဖြစ် လတ်အခန်းလေး ကို မစွန့်လွှတ်နိုင်ဘူး'
    'သြော်...ဒေါ်ချတ်လစ်ရယ်၊ ဒီတိုက်ပေါ်က လူတွေအကုန်လုံး ခင်ဗျားလိုချည်းပေါ့ဗျာ'
    ဦးအသံက နူးညံ့နေတယ်။ လတ်ပခုံးလေးကို ညင်ညင်သာသာ လာဖက်တယ်။ လတ်က ဦးကို အားကိုးတကြီး သိမ်းကျုံးဖတ်လိုက်တယ်။
    'ဦး...တကယ်လို့ဖြစ်ရင် လတ်တို့ ဘယ်သွားကြမလဲဟင်'
    'အိမ်ငှားနေမှာပေါ့ ချတ်လစ်ရယ်၊ ဘာဖြစ်သလဲ'
    'ဦးသူငယ်ချင်းကထဲ မိန်းမယူတော့မယ်နော်၊ လတ်တို့ အိမ်ကလဲ နေလို့မဖြစ်ပါဘူး'
    'အိမ်ငှားနေတာ ဘာဖြစ်လဲ ဒေါ်ချတ်လစ်ရယ်၊ အိမ်ငှားနေပြီးတော့ ပိုက်ဆံပြန်စုပြီး ဒီထက်ကောင်းတဲ့၊ ကျယ်တဲ့ ပထမထပ်လို အခန်းမျိုးဝယ်မှာပေါ့၊ ကျုပ်က ဒီအခန်းကို စိတ်ကုန်နေတာကြာလှာပြီ၊ လူနှစ်ယောက် တောင်မရှောင်သာတဲ့အခန်း၊ အိမ်သာကတစ်လုံးတည်း၊ အမြင့်ကြီး တက်ရတာ ဒူးနာတယ်'
    'ဘယ်က ပိုက်ဆံနဲ့ဦးသွားဝယ်မှာလဲ၊ ဒီအခန်းဖိုးတောင် ကြွေးမကြေသေးတာ'
    'ဖြစ်လာမှာပေါ့ဗျာ'
    'ဟင့်အင်း ဦးကိုလတ်မထားချင်ဘူး'
    ဦးပခုံးမှာ ပါးအပ်ရင်း လတ်က မျက်ရည်ဝဲစပြုတယ်။ ဦးက လတ်ကျောလေးကို အသာအယာပုတ်ပြီး နှစ်သိမ့်တယ်။
    'မဖြစ်သေးတာကို တွေးပြီး ပူမနေစမ်းပါနဲ့ဗျာ၊ ကျုပ်မကြိုက်ဘူး'
    စိတ်တိုစပြုလာတဲ့ ဦးရင်ခွင်ထဲမှာပဲ လတ် ကတော့ မျက်စိစုံမှိတ်ပြီး ဦးမကြိုက်တဲ့ အလုပ်ကိုလုပ်တယ်။
    'တပည့်တော်မ တို့ ဒီအခန်းလေးကနေ ဘယ်ကိုမှ မပြေးရပါစေနဲ့ဘုရား'
    ဖိုးဘတင်တို့ရဲ့ အပေါ်ဆုံးထပ် အောက်လွှာမှာပေါ့ အမွှေးတိုင်နံ့နဲ့ အမျိုးအမည်မသိတဲ့ သစ်သားစ မီးရှို့ နံ့ တွေ တစ်ခန်းလုံး ပျံ့နှံ့နေတယ်။
    ချွေးမလုပ်သူရဲ့ တိုက်ချိတ်မပိတ်ရေး၊ အိမ်မပြောင်းရရေး ဓာတ်ရိုက်ဓာတ်ဆင် ဆရာတွေရဲ့ ယတြာ တွေကလဲ အိမ်းမပြောင်းရဘဲ အိမ်မီးလောင်မယ့် ကိန်းပါလား။ ညဦးကတည်းက ရှို့လိုက်တဲ့ သစ်သား ကို သစ်သားစ၊ ရှို့ရမယ့်နေရာကလဲ ဘုရားစင်ပေါ်မှာ။
    ချွေးမကတော့ ရှို့တယ်။ ဆရာတေပြောတဲ့အတိုင်း သစ်တိုသစ်စတွေကို ဓားနဲ့နှစ်ခြမ်းခွဲ ခွဲပြီး ရှို့လိုက်တာဆိုတာ။ ပြီးတော့ပါသေးတယ်။ အထုပ်ကလေးထဲ က ဆေးမှုန့်ကို မီးလောင် နေတဲ့ သစ်တို သစ်စ တွေပေါ် ဖြူးဖြူးချရသေးတယ်။ ရှဲခနဲ၊ ရှဲခနဲ မီးတောက်တောက်သွားတယ်။
    ဖိုးဘတင် မပြောချင်တော့ပါဘူးလေ။ သူလဲစိတ်ညစ်ညစ်နဲ့ သူယုံရာ သူလုပ်တာပေါ့လေ။ မပြောပါဘူး။ သားလုပ်တဲ့ ကောင် ကတော့ မျက်နှာပျက်ပျက်နဲ့ ခမည်းခမက် စွန့်ကြဲပစ္စည်း ရေခဲသေတ္တာလေးထဲက ဘီယာလေး သောက်ပြီး စိတ် ထဲ ညစ်တယ်။
    ချွေးမမှာ ဧည့်ခန်းထဲမှာ တယုတယ တခမ်းတနားထားပြီး၊ ဧည့်သည်တွေလာရင် ပြစား၊ ပြစား လုပ်ရတဲ့ ရေခဲသေတ္တာ ကို တောင် ဂရုမစိုက်နိုင်တာကြာပြီ။
    တိုက်ချိတ်ပိတ်မယ်ဆိုတဲ့ ကိစ္စကြီးက အားလုံးကို ဖိစီးနေကြတယ်။
    အင်း....အဲဒီအားလုံးထဲမှာ ဖိုးဘတင်ကတော့ မပါဘူးဆိုရင် အားလုံးက ဒေါသဖြစ်ကြမှာပဲ။
    ဟုတ်တယ်၊ ကိုယ့်အနေနဲ့ကတော့ သိပ်ဝမ်းမနည်းလှတော့ပါဘူး။ လောကဓံကို ဆင်ခြင်နိုင်ပါတယ်။ လောကဓံေ တွကို ကြုံခဲ့ဖူးပြီလေ။ စစ်အတွင်းတုန်းက အိမ်မီးလောင်တယ်၊ စစ်ပြေးရင်း မြေကြီးပေါ်အိပ်၊ ချုံတော ထဲ အိပ်ပြီး အ၀တ်တစ်ထည် ကိုယ်တစ်ခုနဲ့ ထမင်းလဲ နှစ်ရက်သု့းရက်ငတ်ခဲ့ဖူးပြီ။
    တစ်ခါသားလုပ်သူ ခပ်ငယ်ငယ်တုန်းက အိမ်တစ်ခါမီးလောင်တယ်။ မီးလောင်တယ်ဆိုတာ သူခိုးခိုးတာကမှ ပစ္စည်းကျန်ဦးမယ်။ မီးလောင်တာက ဘာမှမကျန်ဘူး။ ဘ၀ကို တစ်ကနေပြန်စရတာပဲ။ အစက ပြန်စရတဲ့အလုပ်ကို ဘယ်သူက လုပ်ချင်ပါ့မလဲ။ ဒီလိုပဲ လုပ်ခဲ့ရတာပဲ။
    တစ်ခုပဲရှိတယ်။ ဖိုးဘတင်မှာက အိမ်မရှိတော့ပေမယ့် မြေရှိတယ်လေ။ မြေကကျန်နေသေးတာကိုး။ ဒီမြေပေါ် မှာ တဲပြန်ထိုးဦးတော့၊ နေရာမပျောက်ဘူးပေါ့။ အင်း...ခုသားများပြေးရမယ့်ကိန်းက နေစရာ ပျောက်မယ့် ကိန်း။ အင်း..သူတို့ စိတ်ညစ်ကြတယ်ဆိုတာလဲ အဆိုးမဆိုပါဘူး။ သူတို့ပြောသလို ရန်ကုန်မြို့ မှာ အရေးကြီးဆုံး နေစရာဆိုတာလဲ ဟုတ်တာပဲ။ အဲဒီနေစရာ အပိုင်လေး တစ်ခုဖြစ်ဖို့ မလွယ်ဘူးဆိုတာလဲ ဟုတ်တာပဲ။ ကိုယ့်လက်တွေ့ပါ။ ဒီဘာမဟုတ်တဲ့ အခန်းလေး ရှည်မျောမျောလေးကို သုံးသိန်း ပေးဝယ်ရတာပဲကြည့်။
    ဖိုးဘတင်ကတော့ ဆုံးဖြတ်ပြီးပြီ။ အကယ်တန္တုဖြစ်ခဲ့ရင် တိုက်ပေါ်က ဆင်းရရင် ဖိုဘတင် အညာပြန်မယ်။ ဆုံးဖြတ်ပြီးပြီ ဖိုးဘတင် ခုထပြန် ခုတောင်ရတယ် ယမန်နေ့ကပဲ ဖိုးဘတင်ရဲ့ ကျန်တဲ့ လယ်နှစ်ကွက်ကို လုပ်စား နေတဲ့ အမယ်ကြိးရဲ့ တူနဲ့တူမဘုရားဖူးအဖွဲ့နဲ့ ပါလာကြရင်း ဖိုးဘတင်ဆီ ရောက်လာတယ်လေ။ ဒီအိမ်ပြဿနာ ဘာညာသူတို့မသိပါဘူး။ သူတို့က ရိုးရိုးခေါ်ရှာတာပါ။ သူတို့ဆီ တစ်လှည့် လာနေပါဦး လားတဲ့။ ဖိုးဘတင်ဒီမှာ မပျော်မှန်းလဲ သူတို့ သိတယ်။
    အင်း...အဲဒီကတည်းက ဖိုးဘတင် တစ်ခါတည်းစိတ်ကူးလိုက်သား။ သားနဲ့ချွေးမ လက်မခံနိုင်တာ၊ ခံနိုင်တာ က တစ်ပိုင်းလေး။ ဖိုးဘတင်စိတ်ကူးက။
    'မေကြီး...မေကြီး၊ ဟိုမှာ မျက်နှာကြက် ဇာကို မီးစွဲတော့မယ်
    ဖြူပြာ ရဲ့ အထိတ်တလန့်သံကြောင့် ဖိုးဘတင် လက်ထဲက စိတ်ပုတီး လွတ်တောင်ကျတယ်။
    'ဟဲ့...နေနေ၊ မငြိမ်းလိုက်နဲ့နော်၊ မစွဲပါဘူး၊ ဖယ်ဖယ်၊ ငါ့ဟာငါရွှေ့မယ်'
    ဘုရားစင်ပေါ်က ဆေးဖယောင်းတိုင်လား၊ အင်းဖယောင်းတိုင်လား မသိတဲ့ ဖယောင်းတိုင် အကြီးကြီး တစ်ချောင်း ကို ချွေးမလုပ်သူက သူကိုယ်တိုင် ဂရုတစိုက် ဖြုတ်ယူတယ်။
    ဘယ့်နှယ်၊ သူကသာ မစွဲပါဘူးဆိုတာ၊ ဟိုဘုရားစင်မျက်နှာ ကြက်ဇာစလေး မည်းနေပြီ။ ကလေးမြင် လို့ တော်သေးတယ်။ အင်း...ခက်ပါတယ်။
    'ဖေကြီးရေ၊တကယ့်တကယ်များဖြစ်ခဲ့ရင်တော့ အာကာတို့ အိမ်ပဲသွားရမှာပဲ'
    'ဘယ်လို'
    'သားတို့အိမ်ပေါ့၊ ဖေကြီးကလဲ'
    'သားတို့အိမ်ဆိုတာ...သူ့ယောက္ခမအိမ်ကို ပြောတာမဟုတ်လား'
    'အင်းပေါ့လေ၊ သူတို့အိမ်မှာ လူနည်းနည်းလေးပဲ၊ အာကာနဲ့မှ လေးယောက် ရှိတာ၊ အိမ်ကအကြီးကြီး'
    'အို... ဘယ်ဖြစ်ပါ့မလဲ၊ ဘာလို့နေရမှာလဲ၊ မျက်နှာငယ်အောင်ကွာ'
    'ဘာလို့ ငယ်ရမှာလဲ၊ ယောက္ခမအိမ်ဟာ သားအိမ်ပေါ့၊ သားအိမ်ဟာ မေကြီးတို့အိမ်ပဲ'
    'ဘာမှ မဆိုင်ဘူး၊ အဲဒါကိုတော့ ဖေကြီး လုံးဝသဘောမတူဘူး၊ မနေဘူး၊ အိမ်ငှားနေမယ်'
    'သြော်... ဟုတ်တယ်၊ ဖေကြီးသိတာ နည်းနည်းလေး၊ ခုခေတ်စပေါ်ဈေး နဲ့ အိမ်ငှားလိုက်ရင် သင်း အခု ရင်းနေ တဲ့ အရင်းအနှီးလေးပြုတ်သွားမှာပေါ့၊ ကဲ..အဲဒီတော့ ဘာနဲ့စားမလဲ'
    သားလုပ်သူငြိမ်သွားတယ်။ ဖိုးဘတင်က ၀င်ပြောဖို့ ချောင်းတစ်ချက် ဟန့်လိုက်ပေမယ့် ချွေးမ အသံ ထွက်လာပြန်တယ်။
    'အမေ တို့ အိမ်သွားနေရင်လဲ ဖြစ်တော့ဖြစ်ပါတယ်'
    'အဲဒါလဲ မဖြစ်ပါဘူးကွာ၊ မေကြီး မောင် က ရှိသေးတယ်လေ'
    'ဟုတ်တယ်... ဟုတ်တယ်၊ ဘွားဘွားကြီး နဲ့တော့ သမီး တို့ မနေချင်ဘူး'
    'ဘာ မနေချင် ရမှာလဲ၊ အဲဒါ နင်တို့ ဘွားအေပဲ'
    ချွေးမမျက်လုံးတွေက ဖိုးဘတင်ဘက် တစ်ချက်ဝေ့လာတယ်။ မအေ ငေါ့တော့လဲ အမြွာမနှစ်ယောက် နှုတ်ခမ်းလေး တွေစူပြီး ငြိမ်သွားကြရှာပါတယ်။
    ဖိုးဘတင် ချောင်းဟန့်လိုက်ပြန်တယ်။
    'အဖေ့စိတ်ကူး ကို မင်းတို့ ပြောချင်တယ်ကွာ၊ အားလုံး စဉ်းစားဖို့ပါ၊ မင်းတို့ လက်ခံချင်မှခံပေါ့၊ အဖေ ဇွတ် မတိုက်တွန်းပါဘူး'
    မြေးမနှစ်ယောက်က အဘိုးကလဲ လေရှည်ရန်ကောဆိုတဲ့ စိတ်မရှည်တဲ့ အမူအရာကို ပြကြတယ်။ သား လုပ်သူ ကတော့ လှမ်းကြည့်ပါတယ်၊ ချွေးမ က တော့ နားတော့စွင့်နေပုံ။ ဒါပေမယ့် ဘုရားစင်ပေါ်က စလောင်းဖုံး ထဲ ဆေးမှုန်သွား သွားဖြူးလျက်ပဲ။
    'ဒီလိုကွာ၊ မပြောကောင်း၊ မဆိုကောင်း မိုးပြိုမယ် မပြိုဘူး မဆိုနိုင်ဘူး၊ ပြိုခဲ့သည်ရှိသော် အဖေက တော့ အညာ ပြန်မယ်'
    သားလုပ်သူဆီ က 'ဟာ'ဆိုတဲ့ ကန့်ကွက်သံ ထွက်လာပေမယ့် ကျန်တဲ့ သားအမိသုံးယောက်ကတော့ ကန့်ကွက်ခြင်း ငြိမ်သက်နေတယ်။
    'ဟုတ်တယ်အဖေပြန်မယ်၊ အဖေမင်းအမေရှိတဲ့ နေရာမှာပဲ ခေါင်းချချင်တယ်၊ အဲ...မင်းတို့ကိုလဲ အညာ ကို လိုက်ခဲ့ဖို့ အဖေခ်ါချင်တယ်၊ ဟိုမှာ'
    ဖိုးဘတင် စကားမဆုံးသေးဘူး၊ သားအမိသုံးယောက်ရဲ့ တစ်ပြိုင်နက် ကန့်ကွက်သံတွေ ပေါ်လာတယ်။
    'ဘိုးဘိုးကလဲ မဖြစ်နိုင်တာတွေ၊ ဘိုဘိုးသားအလုပ်နဲ့ ကလေးတွေ ပညာရေးကလဲ ရှိသေးတာ၊ ပြီးတော့ သင်းတို့က အညာမှာ ဘာသွားလုပ်စားမှာလဲ'
    ပြုံးပြုံးလေးနဲ့ ချိုချိုကလေး ပြန်ပြောနေတဲ့ ချွေးမမျက်နှာမှာ ဖိုးဘတင်ကို စိတ်ပျက်ခြင်းနှင့် အထင်သေးခြင်း တွေ အတိုင်းသား ပေါ်နေတယ်။
    'ဟုတ်တယ် သမီး တို့ကတော့ အညာ ကို လုံးဝပဲ ပျင်းစရာကြီး၊ မနေချင်ပါဘူး'
    'အသာနေစမ်း ဖြူပြာ၊ လူကြီးတွေ စကားပြောနေတာကို၊ ပြီးတော့ ဘိုးဘိုးက ပြန်နေမယ်ဆိုသာဆိုတာ၊ ဘယ်အိမ် မှာ နေမှာလဲ၊ အိမ်မှမရှိတော့တာပဲ ကဲ...သင်းတို့ လိုက်ရင်လဲ ဘယ်အိမ်မှာသွားနေမလဲ'
    'အေး...အဲဒါပြောတာပေါ့ကွာ၊ ဟိုနေ့က အိမ်လာတဲ့ အဖေ့တူတွေ လင်မယား ရှိပါရောလား၊ သူတို့ အိမ် က အကျယ်ကြီး၊ အဖေနေရင်တော့ သူတို့အိမ်မှာနေမှာပဲ၊ သူတို့ကလဲ ခေါ်တယ်၊ မင်းတို့ကြားပါတယ်'
    'အဖေ ကလဲ ကျွန်တော်တို့က ဘယ်နေလို့ဖြစ်မလဲ'
    'နေပါဦး နေပါဦး၊ အဖေပြောတာနားထောင်ပါဦးကွာ၊ မင်းတို့သာလိုက်ခဲ့မယ်ဆိုရင်တော့ သူတို့ လုပ်စား နေတဲ့ အဖေ့မြနှစ်ကွက် ကို  အဖေရောင်းခိုင်းမှာပေါ့ သူတို့မှာ ထမင်းစားဖို့တော့ တခြား မြေလေး တစ်ကွက် ရှိပါတယ်'
    'အဖေရာမလွယ်ပါဘူး၊ အိမ်ရှိပြီထား၊ အဓိကက အလုပ်အကိုင်ပဲ'
    'ဟုတ်တယ်ဘိုးဘိုးရဲ့'
    ချွေးမ အသံက ခုနကထက်ပိုပြီး ချိမြလာတယ်။
    'မြေ နှစ်ကွက် ရောင်းပြီး ဟိုမှာ သွားနေမယ့်အတူတူ ဒီမှာပဲ ရရာလေးဖြစ်ဖြစ် ၀ယ်လိုက်မှာပေါ့ ဘိုးဘိုးရဲ့၊ ဒီတိုက် ၀ယ်တုန်း ကသာ အဲဒီမြေကွက်ရောင်းလိုက်ရင် ဒီတိုက်ထက် ပိုကောင်းတဲ့အခန်း ရတာပေါ့နော် ဖေကြီး'
    ဖိုးဘတင် စကားပြောရတာ မောလာတယ်။ ပင်ပန်းလာတယ်။ ကိုယ့်စကားကိုယ့်စေတနာက သူတို့ အတွက် အရာ မထင်လိုက်တာနော်။ အေးလေ ကြောင်အိုတော့လဲ ကြွက်မလေးစားတော့ဘူးပ။ ချွေးမ ချွေး၊ ပြောလိုက် မိတာနဲ့ ပွဲစားမျက်စိနဲ့ မြေနှစ်ကွက်ကို မြင်သွားပြီ။ သားကနေ တစ်ဆင့် အဖေ့ကို ရောင်းခိုင်းဖို့ သူကြံတော့မယ်။ ရပါတယ်၊ ဖိုးဘတင်ကလဲ ရပါတယ်၊ တိုကတူကလေးတွေကလဲ မရမရှိစေရပါဘူး။ ဒါပေမယ့် ဟိုနေ့က အဲဒီ တူကလေးလာတုန်းကတော့ ထမင်းလေး တစ်နပ်ကျွေးဖို့ကို ရှောင်လိုက် တိမ်းလိုက် တာ၊ ဖိုးဘတင်က ပြောနေတယ်၊ ဟေ့မင်းတို့ ထမင်းစားခဲ့ကြလား၊ မစားရသေး ဒီမှာစားကြနဲ့ လူကြီး ပြောနေတယ်၊ ဟိုကလေးတွေကလဲ တောသူတောင်သားဆိုတော့ ဆွေအိမ်မျိုးအိမ် ဆိုတော့ ထမင်းစားချင် ရှာပုံရတယ်။ အဲဒါကို သူ့ရေခဲသေတ္တာထဲက ရေခဲရေ တစ်ပုလင်းနဲ့ပဲ နှစ်သိမ့် လိုက်တယ်လေ။ ဖိုးဘတင် စိတ်မကောင်းလိုက်တာ။
ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>
Wednesday, November 17, 2010
မြစိမ်းပြာ ကမာရွတ် အပိုင်း (၃၈)
    ကိုဝင်းအောင် ကတော့ ငြိမ်သက် တိတ်ဆိတ်စွာနဲ့ ဆန်နီ့ကို ပုဆိုးအသစ်လေး ၀တ်ပေးတယ်။ စပို့ရှပ် အင်္ကျီ အစင်းလေးကို ၀တ်ပေးတယ်။
    'ခင်ဗျားတို့ မိတ်ကပ်ခေါ်ဦးမလား'
    အမှုထမ်းစကားကို ကိုဝင်းအောင်က ခေါင်းခါတယ်။ ခေါင်းဖြီး၊ မိတ်ကပ်လိမ်း၊ နှုတ်ခမ်းနီဆိုးအတွက် ခုနှစ်ဆယ့်ငါးကျပ်၊ တစ်ရာပေးရတဲ့ မိတ်ကပ်ပြင်သမား ကောင်လေးတွေက အနီးအနားမှာ ရစ်ဝဲနေကြတယ်။
    'ဆန်နီ့ကို လတ်ခေါင်းဖြီးပေးမယ်'
    'ဆံပင်ဖြီးလို့မရဘူး အစ်မ၊ ပတ်တီးနဲ့ သွေးတွေနဲ့'
    လတ်က နှုတ်ခမ်းကို ကိုက်လိုက်သည်။
    'ဒါဖြင့် လတ် သူ့ကို မိတ်ကပ်တို့ပေးမယ်'
    လတ်က ဆန်နီ့မျက်နှာကလေးကို ကရင်းပတ်ဖ်ကလေးနဲ့ ဖြည်းဖြည်းညင်ညင် သာသာလေး တို့ပေးတယ်။ ပြီးတော့ နှုတ်ခမ်းနီပန်းနုရောင်ကလေးကို ဖွင့်တယ်။ ဆန်နီ့နှုတ်ခမ်းသားတွေက ဖြူရော်လို့။
    'အဲဒီအရောင်ဆိုးလို့မရဘူးအစ်မ၊ တအားရဲရဲကြီးဆိုမှ နှုတ်ခမ်းမှာစွဲတာ၊ လူသေနှုတ်ခမ်းမှာ သွေးမရှိ တော့ ဘူးလေ'
    'ရှင်'
    လတ်က မျက်ရည်တွေ ကျလာပြန်တယ်။
    'ဘာမှမဆိုးနဲ့၊ မလိုဘူး'
    ဦးက ဒေါသတကြီး လတ်ကိုအော်တယ်။
    'အပေါ်ကလွှမ်းဖို့ အ၀တ်အစားရော'
    'ဒီမှာပါတယ်'
    'နေဦးဗျ၊ သူ့ပတ်တီးကို ဖုံးဖို့လိုတယ်၊ အဲ…ဦးထုပ်ကလေးကို ကြည့်ပြီး ဦးတစ်ယောက် မျက်နှာပျက် သွားတယ်။ ဦး ရဲ့ နယူးရီးယား လက်ဆောင် ဦးထုပ်ကလေးလေ။
    ဦးထုပ်ကလေး ကို ဦးကိုယ်တိုင် ဆောင်;ပေးတယ်။
    'ပန်းတွေပေးပါ'
    ဦးကိုင်လာတဲ့ ပလတ်စတစ်အိတ်ထဲက စံပယ်ပန်းတွေကို လတ်ထုတ်ပေးလိုက်တယ်။ ပြီးတော့ နှင်းဆီ၊ သစ်ခွ။
    သစ်ခွပန်းအဖြူလေးက ဆန်နီနောက်ဆုံး ရွှေ့ပေးခဲ့တဲ့ သစ်ခွပန်းအိုးလေးက ပွင့်တာ။
    ဆန်နီ့မျက်နှာလေးဘေးမှာ စံပယ်ပန်းနဲ့ နှင်းဆီအနီလေးတွေကို ၀န်းရံလိုက်တယ်။ ပြီးတော့ ဆန်နီ့ ရင်ဘတ် ပေါ်မှာရယ်၊ ယှက်ထားတဲ့လက်နှစ်ဖက်ပေါ်မှာရယ်။
    ဇာအုပ်ဆောင်းရှည်ရှည် နဲ့ ဆန်နီ့ကို အသာအယာ အုပ်လိုက်တယ်။
    ဆန်နီခေါင်းရင်းက ပန်းအိုးသုံးလုံးမှာ လတ်က နှင်းဆီတွေကို ထိုးစိုက်ပြီး အမွှေးတိုင်ကို ထွန်းညှိလုက်တယ်။
    ဆန်နီခေါင်းရင်းက ပန်းအိုးသုံးလုံးမှာ လတ်က နှင်းဆီတွေကို ထိုးစိုက်ပြီး အမွှေးတိုင်ကို ထွန်းညှိ လိုက်တယ်။
    'ရော့…ဆန်နီ…၊ မင်းကို ငါမပေးရသေးတဲ့ မင်းရဲ့ဓာတ်ပုံ'
    ဦးက ဆန်နီ့ဘေးနားမှာ ဓာတ်ပုံလေးကို ထောင်ထားလိုက်တယ်။ ဦးရဲ့ပန်းပန်တွေကြားမှာ ဆန်နီရယ် လေ အားရပါးရပြုံးလို့။
    'ဆန်နီရယ်'
    လတ်က ငိုပြန်တယ်။ ဆန်နီဟာ လတ်တို့ကျွေးတဲ့ ကော်ဖီနဲ့မုန့်လေးကို နောက်ဆုံးစားသွားရရှာတာ။
    အသုဘရှုခန်းမထဲကို လူတွေ ရောက်စပြုလာကြပြီ။ ယပ်တောင်တွေ တင်လာတဲ့ အာကာ့ ကားလေး ရောက်လာတယ်။ အာကာက ဆန်နီ့အတွက် ယပ်တောင် ကုသိုလ် လုပ်တယ်လေ။ ယပ်တောင် ထုပ် ကို ကိုဝင်းအောင် လက်ထဲ ထည့်ပြီး အာကာက ဆန်နီ့ကို သွားကြည့်တယ်။ ခဏကြာတော့ တအစ်အစ်နဲ့ ရှိုက်ရှိုက်ပြီး အာကာငိုပါလေရော။ ဆန်နီမင်းကိုဆို ငါအမြဲတမ်းနိုင်ခဲ့တာပဲ။ မင်းသိပ်သည်းခံ တာပဲ။ ငါခိုင်းသမျှ လဲ မင်းလုပ်ပေးတယ်နော်။
    ငိုနေတဲ့အာကာ့နားမှာ သုဘရာဇာတွေက ဆန်နီ့အတွက် 'ခေါင်း'ကို လာချတယ်။ အဖြူရောင်ခေါင်း။
    အာကာက ခေါင်းကို ငေးစိုက်ကြည့်ရင်း အဘွားပြန်တုန်းက အဘွားရဲ့ခေါင်းကြီးကို သူနဲ့နှစ်ယောက် ထမ်းချပေးတဲ့ ဆန်နီ့ကို မြင်ယောင်လာတယ်။ ဆန်နီဒီတစ်ခါတော့ ဒီခေါင်းထဲမှာ မင်းကိုထည့်ပြီး ငါထမ်းရမှာကွ။
    ခန်းမထဲမှာ လူတွေပြည့်လာတယ်။ မြစိမ်းပြာလမ်းသွယ်ထဲက အသုဘပို့ ဘတ်စ်ကားတွေ လူအပြည့် အသိပ် နဲ့ ရောက်လာကြတယ်။ လူချစ်လူခင်များတဲ့ ဆန်နီ့ရဲ့ အသုဘရှု ပရိသတ်တွေလေ။
    'အန်တီမေရီလာရှာပြီ'
    လက်ကို တစ်ချက်ရှိုက်ရင်း ပြောတယ်။ ကားလေးတစ်စီး ပေါ်ကနေ အန်တီမေရီ့ကို ဆန်နီ့အစ်မတွေက တွဲ လာကြ တယ်။
    'သား....၊ ဆန်နီ....သားရေ..'
    အန်တီမေရီ အော်လိုက်တဲ့အသံကို ဘယ်သူမှ မခံနိုင်ကြဘူး။
    အန်တီမေရီ က ဆန်နီ့ဘေးမှာ ရပ်ပြီး သားလုပ်သူကို မျက်ရည်တွေထဲကနေ ကြည့်တယ်.။
    'ဆန်နီ၊ ဆန်နီဘွိုင် မာမီ့သား ဒုက္ခိတကလေး၊ ဘယ်တုန်းကမှ မာမီခေါ်တာကို မထူးနိုင်ခဲ့ရှာဘူးနော်၊ မထူးနိုင်ရှာဘူး၊ သား၊ သားမက်မောတဲ့၊ သားမြတ်နိုးတဲ့ တိုက်ကြီးက ငါ့သားကို အသေသတ်လိုက်တာ သိရဲ့လား၊ သားချစ်တဲ့ သားအခန်းလေးကို သားခွဲသွားပြီပေါ့။
    'မာမီ့ကိုလေ မင်းအဲဒီနေ့က ဘာလို့ လမ်းထိပ်ထိလိုက်ပို့တာလဲဟင်၊ မိုးရွာထဲမှာ မအေကို ထီးဆောင်းပြီးလိုက်ပို့ပါတယ်နော်၊ လိုက်ပို့ပါတယ်၊ ဒါပေမယ့် ကျွန်မပြန်လာတော့ ကျွန်မသားလေး မရှိတော့ဘူး၊ မရှိတော့ဘူး'
    အန်တီမေရီဟာ အရူးမကြီးတစ်ယောက်လိုပဲ။ ဟုတ်တယ်လေ။ သားအတွက် သူရူးနေတာပဲ။ မယ်အေးက ကိုဝင်းအောင် နားမှာ မျက်ရည်ဖြိုင်ဖြိုင်ကျရင်း သားသုတကို တင်းတင်းဖက် ထားမိတယ်း။သားသုတ နဲ့ ဘွားအေ ကို မယ်အေးလဲ အမြဲတမ်း ထားခဲ့ရတယ်။ သူတို့ မြေးအဘွားကလဲ အမြဲတမ်းထားခဲ့ရတာ။ သူတို့ မြေးအဘွားကလဲ အမြဲတမ်း ၀၇န်တာမှာ ထွက်နေကြတာ။ တကယ်လိုသာ အပေါ် ၀ရန်တာလိုပဲ မယ်အေးတို့ ၀ရန်တာပြိုကျခဲ့ရင်...။ အို...သားရယ်၊ ကိုဆန်နီလေး ကို သားမြင်သလားဟင်။ ကြည့်ပါဦး သူသေရှာပြီ။
    အာကာရဲ့ ကားကလေးက နောက်တစ်ခေါက် ထိုးဆိုက်လာပြန်တယ်။ ကားရှေ့ခန်းကနေ တုန်တုန်ယင်ယင် နဲ့ ဆင်းလာတဲ့ ဖိုးဘတင်ကို မြေးအမြွှာနှစ်ယောက်က တွဲလိုက်ကြတယ်။ ဖိုးဘတင်ရဲ့ နောက် က သားနဲ့ ချွေးမ က လိုက်လာကြတယ်။
    'ဆန်နီ့ကို ငါကြည့်ချင်တယ်၊ ငါ့ကိုပြကြပါဦး၊ ငါ့ကို ပြကြပါဦး'
    ဖိုးဘတင်က မြေးမတစ်ယောက်လက်ကို ဆုပ်ပြီး တုန်တုန်ယင်ယင် ပြောလိုက်တာနဲ့ အမြွာမတစ်ယောက်က 'ဆန်နီရေ'လို့ အော်ပြီး ငိုချလိုက်တယ်။ သနားလိုက်တာ ဆန်နီရယ်။ စိတ်ကောင်း ရှိတဲ့ နင့်ကျမှ ဖြစ်ရတယ်လို့ဟယ်။ နင်သေပြီတဲ့။ နင်ငါတို့ဆီ တီဗွီလာမကြည့် နိုင်တော့ဘူး။ ငါတို့ကို မီးပူတိုက်မပေးနိုင်တော့ဘူး။ အမှိုက်ပစ်မပေးနိုင်တော့ဘူး။ ငါတို့နဲ့ နင်နဲ့ နောက်ဘယ်တော့ မှ မတွေ့ ရတော့ဘူးနော်။
    'ဆန်နီ၊ အဘိုးနဲ့မင်းနဲ့ လဲချင်တယ်ကွာ ဆန်နီ့ရာ၊ အဘိုးက အသက်ကြီးပါပြီကွာ၊ အသက်ကြီးပါပြီ'
    ဖိုးဘတင်က ဆန်နီဘေးမှာရပ်ရင်း တတွတ်တွတ် ရေရွက်တယ်။ လူလေး ဆန်နီ။ မင်းကို အဘိုးကြည့်ချင်လွန်းလို့ မင်းဆီကိုလာခဲ့တာ။ မင်းဆုံးတဲ့နေ့က အဘိုးကို မကြည့်ရဘူးတဲ့။ အဘိုး ကြည့်ချင် တာပေါ့။ ဒါပေမယ့် မင်းတို့ ရန်ကုန်ထုံးစံကခက်တယ်။ သေတာနဲ့ အလောင်းကို ကြံတော အအေးတိုက် ဆိုတာကြီးထဲ ပို့လိုက်ရတာကိုး။
    တို့အညာလို ကိုယ့်အိမ်မှာ ကိုယ်ပြင်ဆင်ထားပြီး တစ်ချိန်လုံး တ၀ကြီး မကြည့်ရပါလားကွာ။ နောက်ဆုံးကြည့်ခြင်းကွ။ နောက်ဆုံးကြည့်ခြင်း။ ဘာလို့ တခြားနေရာမှာ သွားထားရမှာလဲ။ မကြိုက်ဘူး ကွာ။ အဘိုးတော့ မကြိုက်ဘူး။ တိုက်ခန်းလေးတွေ ကျဉ်းကျပ်တယ်တာတော့ ကျဉ်းကျပ်တာပေါ့ကွာ။ ဒါပေမယ့် ဒါနောက်ဆုံးပဲလေ။ ဖြစ်အောင်ထားမယ်ကွာ။ အဘိုးစိတ်ဆိုရင်တော့ ဖြစ်အောင် ထားမယ်။ ခုတော့ ဘာတွေမှန်းကိုမသိဘူး။ သေကြောင်း ထောက်ခံစာတွေရော ဘာတွေရော ရှုပ်ယှက်ခတ်နေတာပဲ။ အဘိုးသေရင်တော့ အညာမှာပဲ ပြန်သေမယ်ကွာ။ အဘိုးရှေ့က အလျင် သွားနှင့်ပေဦးတော့။ သွားနှင့် ပေဦးတော့။
    ဖိုးဘတင်ကို မြေးမတွေက ကုလားထိုင်တစ်လုံးပေါ်မှာ ထိုင်ခိုင်းတယ်။ ဖိုးဘတင်က ဘေးကုလားထိုင်တွေမှာ ဟိုဒီကြည့်ရင်း အန်တီခင်လေးကို ရှာတယ်။ ခမျာလဲ ဒုက္ခ။ တူမအတွက် စိတ်ထိခိုက်လို့ မှ မဆုံးခင် စိတ်ထိခိုက်စရာ နောက်တစ်ခုက ထပ်ဖြစ်ရရှာတယ်။ သူ့အခန်းမှာဖြစ်တော့ သူ့မှာ အပြစ်မကင်းသလို ခံစားရရှာမှာပေါ့။ တစ်ခါတည်း အိပ်ရာထဲလဲတာပဲ။ အင်း...ဒီကို မလာနိုင် လောက်ပါဘူး။ မလာတာပဲ ကောင်းပါတယ်လေ။ ဆန်နီ့ကို မကြည့်တာပဲ ကောင်းပါတယ်။
    'ဆန်နီက သင်းတို့ အိမ်ဆို စားအိမ်သောက်အိမ်ပဲ၊ စားစရာရှိစား၊ လုပ်စရာရှိလုပ်၊ အိမ်က ကလေး တွေနဲ့လဲ မတိမ်းမယိမ်းတွေမဟုတ်လား၊ တီဗွီလာကြည့်လဲ သင်းတို့အိမ်ပဲ အမြဲတမ်း လာကြည့်တာ၊ သားကြီး မင်္ဂလာဆောင်တုန်းကလဲ ဆန်နီက သိပ်အားကိုးရတာ၊ ဟုတ်ကဲ့၊ ၊ ခုလဲ သားက သူ့သူငယ်ချင်း အတွက် ယပ်တောင် ကုသိုလ်လုပ်တယ်'
    မျက်ရည်လေး စမ်းစမ်းနဲ့ ဧည့်ခံကောင်းနေတဲ့ ချွေးမရဲ့ အသံစူးစူးကို ဖိုးဘတင်နောက်က ကြားနေ ရသည်။ ပြီးတော့ တိုးတိုးလေး စိန်ကျောက်ကြောင်း ပွဲစားလုပ်နေတဲ့အသံ။ ဒီကလေးမ တယ်ခက် တာပဲ။
    'သားရေ....သား'
    အန်တီမေရီရဲ့ နှလုံးကွဲသံနဲ့အတူ ဆန်နီ့ခေါင်းကို ပိတ်လိုက်ကြပြီ။
    မိးသဂြိုလ်စက်ဆီ သွားကြဖို့ ဆန်နီ့ခေါင်းကို ထမ်းမယ့်သူတွေ အများကြီး ရှေ့ထွက်လာကြသည်။
    ရှေ့ဆုံး ကနေ ပုဆိုးတိုတို ကို ပြင်ဝတ်ပြီး စိတ်ထိခိုက်နေတဲ့ ခပ်တည်တည် မျက်နှာကြီးနဲ့ ဆရာဦးသက်ဦး က ခေါင်းကို ထမ်းဖို့ အဆင်သင့်။ ဦးနဲ့အတူ ကိုဝင်းအောင် အာကာ၊ အာကာ့အဖေ၊ ပြီးတော့ မြစိမ်းပြာလမ်းသွယ် ထဲက လူငယ်တွေပြီးတော့ ထူးခြားတဲ့ ဆန်နီ့သူငယ်ချင်းသုံးယောက်၊ ဆန်နီ နဲ့ နံနက်တိုင်း လက်ဖက်ရည်ဆိုင် ထိုင်နေကျ သူငယ်ချင်းလေးတွေက သူတို့လဲ ဆန်နီ့ခေါင်း ထမ်းမယ်တဲ့။ မျက်ရည် တွေနဲ့ လက်ဟန်ခြေဟန်ပြပြီး ပြောရှာတယ်။ အန်တီမေရီမျာ ပိုပြီး ရင်ကွဲစရာဖြစ်ရတယ်။ ဆန်နီနဲ့ ဘ၀တူ ဆွံ့အနားမကြားသေးတွေလေ။
    ဆန်နီခေါင်း ကို အားလုံးဝိုင်းထမ်းပြီး မီးသဂြိုလ်စက်ဆီ လာခဲ့ကြတယ်။
    ဆန်နီ့အသုဘရှုပရိသတ်က နောက်ကနေ လိုက်ပို့ကြတယ်။
    မီးသဂြိုလ်စက်နား အရောက်မှာတော့ တခြားခန်းမက ချလာတဲ့ အသုဘတွေနဲ့ ရောနှောသွားခဲ့တယ်။ မီးသဂြိုလ်စက်ထဲကို ဆန်နီ့ကို ထည့်လိုက်ကြပြီ။
    မီးသဂြိုလ်စက်တံခါးကြီး ခြိမ်းခနဲပိတ်သံကို ထိခိုက်တုန်လှုပ်ဖွယ် ကြားရသည်။
    ခေါင်းတိုင်ဝက တလူလူထွက်လာတဲ့ မည်းညစ်ညစ် မီးခိုးလေးတွေနဲ့အတူ ဆန်နီတစ်ယောက် မြစိမ်းပြာ သုံးထပ်တိုက်ကနေ အပြီးအပိုင် ထွက်ခွာသွားပြီပေါ့နော်။
    ဆန်နီ့ရဲ့ ခုနှစ်ရက်မြောက် ရက်လည်ဆွမ်းသွတ်နံနက်မှာတော့ တိုက်ကလူတွေ အားလုံးဆုံကြတယ်။ မြစိမ်းပြာလမ်းသွယ် က လူတွေလဲ တော်တော်လာကြပါတယ်။ ရန်ကုန်ရက်လည် ထုံးစံ အတိုင်း မုန့်ဟင်းခါးကျွေးတယ်။ မုန့်ဟင်းခါးက အိုးသူကြီး ကိုဝင်းအောင် ရဲ့ လက်ရာပေါ့။
    ဖိတ်ဖိတ်တောက်နေတဲ့ ဆန်နီ့ရဲ့ လက်ရာ ကြမ်းပြင်ပေါ်မှာ ကိုဝင်းအောင်ရဲ့ လက်ရာမုန့်ဟင်းခါးကို စားကြရင်း ဒီလို ပွဲမျိုးဆို အလွန်ပျော်တတ်တဲ့ ဆန်နီ့ကို အားလုံးပဲ တမ်းတမိကြတယ်။
    ရက်လည်မှာ အန်တီခင်လေးလဲ လာတယ်။ အန်တီခင်လေး ၀ရန်တာဘက်ထွက်တဲ့ တံခါးကို အသေပိတ် ထားပြီး ကြောင်တွေအားလုံးနဲ့နေနေတယ်လေ။ ၀ရန်တာကို ပြန်မပြင်ရသေးဘူး။ ဦးကတော့လေ သူ့ဟာသူ ကုပ်ကုပ်လေး ထိုင်နေရှာတဲ့ အန်တီခင်လေး နဲ့ မျက်နှာချင်းဆိုင် ဖြစ်နေလို့တဲ့၊ တစ်ခါတည်း မျက်နှာကြီး ကို သိသိသာသာ ဘေးလှည့်ထားတယ်။ အန်တီခင်လေးများသိရင် အားနာစရာ။
    'ဖိုးဘတင်ကတော့ အိမ်ဦးခန်းမှာ ထိုင်ရင်း လမ်းထဲက လူကြီးတွေနဲ့ 'ငယ်ငယ်တုန်းကဆိုရင်' ဆရားဟောနေတာ၊ မုန့်ဟင်းခါးတောင် ကောင်းကောင်းမစားနိုင်ဘူး။
    ဖိုးဘတင်သားနဲ့ အမြွာညီအမလဲလာတယ်။ ဖိုးဘတင် ချွေးမကတော့ ခဏလာပြီး သွားစရာရှိတာကိုသွားပြီ။ မလာနိုင်တာကတော့ အာကာတစ်ယောက်ပဲ။
    မြစိမ်းပြာလမ်းသွယ်ထဲက လူကြီးဝိုင်းကို စီးကရက်တဖွာဖွာနဲ့ အန်တီမေရီ ဧည့်ခံစကားပြောနေတုန်း တယ်လီဖုန်း သံက မြည်လာခဲ့တယ်။
    အန်တီမေရီ သူ့ခန္ဓာကိုယ်၀၀ကြီး လှုပ်လှုပ်လှုပ်လှုပ်နဲ့ ထလာပြီး တယ်လီဖုန်းကိုင်တယ်။
    'ဟဲလို...ပြောပါရှင်၊ ရှင်...ဘယ်သူ၊ ဟင် မွန်...မွန်လား၊ ရှိတယ်၊ အန်တီခင်လေးရှိတယ်၊ ဟုတ်တယ် မွန် သားလေးဆုံးပြီး'
    အန်တီမေရီမျက်ရည်တွေကျလာတယ်။ အန်တီမေရီရဲ့ ဖုန်းပြောသံကို ကြားလိုက်ရတဲ့ အန်တီခင်လေးတစ်ယောက် ရင်ဘတ်ပေါ် လက်ကလေးဖိလို့။
    အားလုံးက အန်တီခင်လေးကို ကြည့်နေကြတယ်။ ဦးရဲ့ မျက်မှောင်ကြီးကတော့ ပိုကုတ်လာပြီး ခေါင်းကြီး က ပိုလှည့်သွားတယ်။
    'သူများအနာကို လာဆွနေတယ်ဗျာ၊ အဘွားကြီးမှာ မျက်ရည်ကျရပြန်ပြီ'
    'အို...ဦးကလဲ'
    ဦးရဲ့ အားမနာတတ်တဲ့ အသံကျယ်ကြီးကြောင့် လတ်ဦးကို ဆွဲဆိတ်ရတယ်။
    'ရပါတယ်၊ ရပါတယ်မွန်ရယ်၊ အန်တီခင်လေးကို ခေါ်ပေးမယ်လေ၊ ခဏလေးနော်'
ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>
Tuesday, November 16, 2010
မြစိမ်းပြာ ကမာရွတ် အပိုင်း (၃၇)
    ကြီးမေ က သက်ဆိုးရှည်မှာမဟုတ်ပါဘူး။ ညည်းစိတ်နဲ့ပဲ သေမှာပါပဲ။ ဒီနေ့လို ဥပုသ်နေ့မျိုးဆို ကြီးမေ အလွန်မုန်းပဲ။ ငါ့ဟာငါ ဈေးသွားနေတာကမှ စိတ်ပြေလက်ပျောက်ရှိသေးတယ်။ ဈေးကလဲ ကြာတော့ ညည်း အကြောင်းကို လာမပြောကြတော့ဘူး။ ငါဈေးကိုပဲ သွားနေချင်တယ်။ အိမ်မှာ မနေချင်ဘူး။
    မိုးစက်တွေက တဖြောက်ဖြောက်ကျလာပြန်တယ်။ အန်တီခင်လေး ၀ရန်တာတံခါးဖွင့်လိုက်တော့ ကြောင် တွေက နောက်ကနေ တတန်းတန်း အော်လိုက်လာကြတာ။
    ဟော…လမ်းထဲမှာ ဒေါမနဿ ဆရာကြီးတို့ လင်မယား ထမင်းစားပြန်လာကြတာနဲ့တူရဲ့။ ဟော်တော်..ကြည့်ကြပါဦး။ မိန်းမက ထီးမိုးပေးရသတဲ့။ လူ့ဂွစာကြီး၊ လူ့ဇိမ်ခံကြီး၊ ယောကျာ်း တွေဟာ ဒီလိုချည်းပါပဲ ကြည့်ပါလား။ သူ့ရင်ခွင်ထဲက ပန်းအိုးကိုတော့ တယုတယ ပွေ့လို့။ ဘေးက မယားတော့ ရေစိုချင်စိုပစေပေါ့။ ခြံဝင်းအ၀င် မှာ လူ့ဂွစာကြီး ဟတ်ချိုးနှစ်ခါချေတာ မြင်လိုက်တယ်။ ကြည့်…ကြည့် ချေတာကိုပဲ ဒေါသတကြီးဖြစ်သွားတဲ့ပုံ။ ဟို မယားလေးကတော့ လက်ကိုင်ပ၀ါလေးနဲ့ နှာခေါင်းကို လှမ်းသုတ်ပေးရှာတယ်။ ခြံဝမှာရပ်နေကြပြန်ပြီ။
တိုက်ပေါ်မတက်ကြသေးဘူး။ ဟော…ကြည့် ပန်းအိုးကို မိန်းမပေးပြန်ပြီ။ သြော်…ဒုက္ခ သူက ပုဆိုးခါးပုံစ မြဲအောင် ပြင်တာ။ ပါးစပ်ကလဲ ဒေါတွေမောတွေနဲ့ ဘာတွေပြောနေမှန်းမသိဘူး။
    အဲ…အဲ လာပါပြီ၊ လာပါပြီ၊ ကယ်တင်ရှင်လေးလာပါပြီ။
    ဘယ်သူရမလဲ၊ ဆန်နီလေးပေါ့။ သူ့အခန်းထဲက ပြေးထွက်လာပြီး ပန်းအိုးကို သယ်ပြီ။ အမယ်.. ဆန်နီကိုတော့ လူ့ခွစာကြီးက ပြုံးကာရယ်ကာနဲ့။ ဆန်နီ့နောက်ကနေ သူတို့ တိုက်ထဲ ၀င်သွားကြတယ်။
    အတော်လေးကြာတော့ အန်တီခင်လေး အမြဲလန့်နိုးရတဲ့ သံတံခါးဖွင့်သံကို ကြားရတယ်။ ခဏနေတော့ ဟိုဘက် ၀ရန်တာက ဆန်နီရဲ့ အားပါးပါးသံကို ကြားရတော့တယ်။ ပြီးတော့ ဟိုလူ့ခွစာကြီး နဲ့ သူ့မိန်းမလေးရဲ့အသံသေးသေးစူးစူးလေး။
    'ဆန်နီ ဆန်နီ…ဒီမှာ၊ ဒီအိုးကြီင်္းကို ဒီဘက်၊ ဒီဘက်ကို ရွှေ့၊ ရွှေ့ချင်တယ်နော်'
    'ဟင်…လုပ်ပြန်ပြီ ဦးကလဲ၊ အမျိုးမျိုးပဲ၊ ဦးပဲ ဟိုနေ့ကတော့ ရွှေ့ချင်တယ်ဆို၊ အဲဒီပန်းအိုးကို အဲဒီနေရာမှာ မကြည့်ချင်ဘူးဆို'
    'ကျုပ် ခုကြည့်ချင်သွားပြီ၊ အဲဒီနေရာပဲ ကြိုက်တယ်၊ ကျုပ်မကြိုက်တာက ဟိုဘက်အိုး၊ အဲဒီအိုးကို ရွှေ့ပြီးခု ယူလာ တဲ့ အိုးလေးကိုထားချင်တယ်၊ ဒါပဲ'
    'ကဲ…သဘောတော်မြတ်အတိုင်းပါ၊ တစ်ခါတည်း၊ ခုကြည့်ချင်လိုက်၊ ခုမကြည့်ချင်လိုက်၊ ခုဒီနေရာ ကြိုက်လိုက်၊ ခုဒီနေရာမကြိုက်လိုက်နဲ့၊ အမျိုးမျိုးပြောင်းနေရတာနဲ့ပဲ ပန်းပင်လေးတွေ ခိုက်မိကုန်ပြီ၊ ဟင်း… မိန်းမကို ပန်းအိုးတွေလို မပြောင်းချင်တာ တော်သေးတာပေါ့'
    'ကျုပ်မကြိုက်တော့ရင်တော့ ပြောင်းမှာပဲ ဒေါ်ချက်လစ်'
    'ဘာ…ပြောင်းကြည့်ပါလား၊ ပြောင်းကြည့်ပါလား၊ လတ်နဲ့တွေ့မှာပေါ့'
    'တကယ်ပြောတာ၊ မိန်းမလဲ ကျုပ်မကြိုက်ရင်တော့ ပြောင်းမှာပဲ၊ ဒါကြောင့်ခင်ဗျားကို မ၀စေနဲ့၊ လက်မောင်းကြီးတွေ တုတ်မလာစေနဲ့လို့ ကျုပ်အတန်တန် သတိပေးတာပေါ့၊ ကျုပ်စိတ်က ကျုပ်ဘယ်လောက် စွဲလမ်းစွဲလမ်းခဲ့၊ ဘယ်လောက်ပဲ ယုံကြည်ခဲ့ ယုံကြည်ခဲ့၊ မဟုတ်တော့ဘူးဆိုရင် ကျုပ် မကြိုက်တော့ဘူးဆိုရင် သွားပေတော့၊ လုံးဝလှည့်မကြည့်တော့ဘူးမှတ်'
    'ဦးနော်'
    'ဟုတ်တယ် ကျုပ်ငယ်ငယ်တုန်းက ကျုပ်အဖေတို့ ကျုပ်အဘိုးတို့ပြောတဲ့ ကမ္ဘာဟာပြားတယ်၊ ကမ္ဘာဟာ မလုံးဘူး၊ ကမ္ဘာလုံးမဟုတ်ဘူး၊ ကမ္ဘာပြားတယ်ဆိုတာကို ကျုပ်တစ်ချိန်လုံး ယုံကြည်နေခဲ့တာ၊ ကျုပ်အဖေက ကျုပ်နဲ့လမ်း လျှောက်တဲ့အခါဆို အမြဲပြောတယ်၊ ငါ့သား..ကမ္ဘာဆိုတာ အပြားကွ၊ အပြားမို့လို့ တို့လမ်းလျှောက်လို့ရတာပေါ့၊ အလုံးသာဆို ရှေ့နားရောက်ရင် ဘယ် လျှောက်လို့ရတော့မှာတုံး၊ အပေါ်ဆောင်းတက်သွားမှာပေါ့လို့..ဘာတို့ပေါ့ဗျာ၊ ကျုပ်အဘိုးကလဲ ပြောဆိုတော့ ကျုပ်ခပ်ငယ်ငယ်မှာ တကယ်ယုံတာ၊ နောက်တော့ ကျုပ်ကျောင်းတွေဘာတွေနေ၊ လေးတန်း ငါးတန်း ခြောက်တန်းထိ ကမ္ဘာပြားပဲ…
    'အဲ …ခုနှစ်တန်းကျတော့မှ လတ္တီတွဒ် လောင်ဂျီတွဒ်တွေ သင်ရတယ်၊ ပထ၀ီသင်ရတယ်၊ အဲဒီမှာ ပါတာကိုးဗျ ပင်လယ်သမုဒ္ဒရာထဲခုတ်မောင်းလာတဲ့ သင်္ဘောကြီးတစ်စင်းကို လှမ်းကြည့်မယ်ဆိုရင် ပထမဆုံး ရွက်တိုင်ထိပ်ဖျားကို မြင်ရတယ် ပြီးတော့မှ ရွက်တိုင်၊ ရွက်တိုင်ပြီးမှ သဘောင်္ဦးပိုင်း ကိုယ်ပိုင်း စသဖြင့်ပေါ့ဗျာ၊ အဲဒါကို ကြည့်ခြင်းအားဖြင့် ကမ္ဘာဟာ လုံးတယ်ဆိုတာ သိနိုင်တယ်၊ အကယ်၍ ကမ္ဘာသာပြားခဲ့ရင် ပင်လယ်ထဲက သဘောင်္ကြီးကို စပြီး မြင်ရကတည်းက သဘောင်္ကြီးတစ်စင်းလုါံ်ကို မြင်ရမှာပေါ့တဲ့၊ ပထ၀ီက အဲလိုဆိုတာကိုး၊ အဲဒီတော့မှ ဟာ…ဟုတ်ပါလားပေါ့ ကျုပ်က ခုနှစ်တန်းဆိုတော့ စဉ်းစား လဲ စဉ်းစားနိုင်နေပြီလေ၊ ဟာ…ဟုတ်ပါလား၊ ကမ္ဘာလုံးကွ၊ ကမ္ဘာမပြားဘူးဆိုပြီး ကျုပ် အဲဒီကတည်းက ကမ္ဘာပြားဆိုတာကို တစ်ခါတည်းစွန့်ပစ်လိုက်တာ၊ ကျုပ်အဖေ မကလို့ ကျုပ်ဘေး သေရာ က ထလာပြောလဲ ဆောရီး…သွားပေရော့ပဲ၊ ကျုပ်တိုကအညာက အဖေ့အမျိုးတွေထဲမှာ ခုထိ ကမ္ဘာပြား နေတဲ့သူတွေ ရှိသေးတယ်၊ သိပ်စိတ်ပျက်ဖို့ကောင်းတာ'
    အန်တီခင်လေးတစ်ယောက် ဒီဘက် ၀ရန်တာကနေ သူကြားနေရတဲ့ စကားအထူးအဆန်းတွေကို ပါးစပ်အဟောင်းသားနဲ့ နားထောင်နေမိတယ်၊ စိတ်ပျက်စရာကြီးတော် ဘယ်လို လူ့ခွစာကြီးပါလိမ့်၊ ကလေးမလေး ခမျာမတော့ အသက်ကြီးကြီးလဲ ယူထားရသေးတယ်၊ ဘာတွေမှန်းမသိတဲ့ စကားတွေကိုလဲ နားထောင်ရဦးမယ်။ အမယ်..သူကများ ဒါကလေးကို ပစ်ခဲ့ဦးမတဲ့။
    'ကဲ..ဦးကမ္ဘာပြားကြီးရေ၊ ဒီမှာကြည့်ပါဦး၊ ဆန်နီရွှေ့ပေးနေတာတွေကို သဘောကျရဲ့လား၊ တော်ပြီလား'
    'အိုကေ…အိုကေ၊ ကဲ…ဒေါ်ချက်လစ်၊ ဆန်နီ့ကို ကော်ဖီတိုက်မယ်၊ မုန့်ကျွေးမယ်၊ ဆန်နီမဆိုးဘူး၊ ကျုပ်ပန်းပင် လေးတွေ ပိုကြည့်ကောင်းသွားတာပဲ၊ အိုကေ ဆန်နီ ခဏလေး ခဏလေး၊ အဲဒီ ပန်းပင် တွေကြားမှာ မင်းကို ဓာတ်ပုံတစ်ပုံ ရိုက်ပေးမယ်'
    'ချက်လစ်ကိုရော ရိုက်ပေး'
    'ရမယ် ရမယ်၊ ကျုပ်ဖလင်တွေ ကျန်သေးတယ်'
    အန်တီခင်လေး ဒီဘက်ကနေ မျက်နှာမဲ့လိုက်မိပြန်တယ်။ ထင်မိထင်ရာကြီး။ ဘယ်လိုဟာကြီးလဲကို မသိဘူး ဆန်နီကတော့ အားပါးပါးတွေ ဆူညံကုန်ပြီ။ သူပျော်နေပြီ။
    'ဒီဘက်ကို နည်းနည်းလေး တိုးလိုက် ဆန်နီ၊ ရယ်ပါ၊ ဂွတ်…ဂွတ်၊ ဆန်နီ နေတတ်တယ်၊ အိုကေ'
    မိုးက သည်းလာပြန်တယ်။ မိကဲလေး တို့ ကတော့ ၀ရန်တာမှာ ပြေးလွှား သတ်ပုတ် ဆော့ကစားကြလို့။ ပျော်ကြ… ပျော်ကြ၊ နင်တို့ပဲ ကောင်းတယ်။ နေဦး… ငါရေနွေးတစ်ခွက် သွား သောက်ဦးမယ်။
    အန်တီခင်လေး အိမ်ထဲပြန်ဝင်ခဲ့ပြီး မီးဖိုထဲမှာ ရေနွေးတစ်ခွက် သောက်တယ်။ ရေနွေး တစ်ပန်းကန်တောင် မကုန်သေးဘူး၊ ၀ရန်တာက ချွမ်၊ ဂလွမ်၊ ဂွမ်ဆိုတဲ့ အသံတွေကို ကြားလိုက်ရတယ်။
    'ကဲ..ကုန်ပြီ…ကုန်ပြီ၊ မိကဲတို့ ဖိုးကဲတို့ရေ'
    အန်တီခင်လေးက အသံညှောင်ညိညိလေးနဲ့ အော်ရင်း ၀ရန်တာကို ထွက်ပြေးလာတတော့ ကြည့်ဦး…ကမြင်းလိုက်ကြတာကွယ်။ နံကရိုင်းမယ်တော် နတ်ကွန်းပေါ် တက်ဆော့ကြတာလေးတွေ မယ်တော်ရေကန်လဲမှောက်ပြီး အောက်မှာကွဲပြီး နင်တို့တော့ ငရဲကြီးမယ်၊ ငရဲကြီးမယ်သိလား။ တစ်ခါ တည်း။ ဒီမှာ ပန်းနွယ်လေးတွေ တက်အောင် လုပ်ထားတဲ့ သစ်သားတန်းလေးလဲ အကုန်ပြုတ်၊ လာခဲ့… လာခဲ့။
    အန်တီခင်လေး လက်ဝါးရွယ်တော့လဲ သနားစရာ အိမ်ထဲကို ဒရောသောပါး ၀င်ပြေးကုန်တြယ်၊ တညောင် ညောင် အော်သံတွေကလဲ ဆူညံသွားတာပဲ။
    မယ်တော် ရေကန်အင်တုံအကွဲတွေကို ကောက်ဖို့ အန်တီခင်လေး ပြန်လိုက်တုန်းမှာပဲ သံတံခါးလှုပ်သံ ကြားရတယ်။ ထိတ်ခနဲလန့်တတ်တဲ့ အကျင့်အတိုင်း အန်တီခင်လေး လန့်သွားပြီးမှ အိမ်ထဲ ပြန်ဝင်ခဲ့တယ်။ ဘယ်သူပါလိမ့် ဟိုကောင်မ ဆိုရင်တော့ တံခါးကို ဖွင့် လိုက်ကတည်းက သံတံခါးကြားကနေ မြင်လိုက်ရတာက အဲဆန်နီနဲ့ ဟိုလူ့ခွစာကြီးတို့ လင်မယားပါလား။ အန်တီခင်လေးကို မြင်တာနဲ့ ဆန်နီက အားပါးပါး အော်တော့တာပဲ။ သံတံခါးကို အန်တီခင်လေး တွန်းဖွင့်လိုက်တယ်။
    'အန်တီတစ်ခုခု ဖြစ်သလားလို့၊ ကွဲသံရှသံတွေ ကြားလိုက်လို့'
    ကလေးမလေးက သွက်သွက်လက်လက်နဲ့ ပြောတယ်။ အန်တီခင်လေး အားနာသွားတယ်။ လူ့ခွစာကြီး ကလဲ ရှုတည်တည်ကြည့်လို့။
    'ကျေးဇူးတင်ပါတယ်ကွယ်၊ အန်တီ့ကြောင်လေးတွေပေါ့၊ ၀ရန်တာက မယ်တော်နတ်ကွန်းပေါ် တက်ဆော့ကြတာ အကန်ုကွဲ အကုန်ပြုတ်ကျကုန်တာလေ'
    'သြော်…လတ်တို့က အန်တီတစ်ယောက်တည်းမို့ စိုမ်းရိမ်လို့ လတ်တို့ ဘာလုပ်ပေးရဦးမလဲ'
    'ရတယ် ရတယ် ကျေးဇူးပဲ၊ အဲညီမတို့ ဘာမှ မခိုင်းတော့ဘူးဆိုရင် ဆန်နီ့ကို ခဏလေး အန်တီ ခေါ်ထား ချင်တယ်၊  ဟိုပြုတ်တဲ့အတန်းလေးတွေ ပြန်လုပ်ခိုင်းချင်လို့'
    'ခေါ်လေအန်တီ၊ လတ်တို့က ပြီးပြီ၊ ဆန်နီ ကော်ဖီသောက်ပြီး ပြန်တော့မလို့ လုပ်နေတာ'
    'ကျေးဇူးပါပဲကွယ်'
    အန်တီခင်လေး က ဆန်နီကို လက်ဟန်ခြေဟန်နဲ့ ခေါ်တော့ ဘယ်တော့မှ ငြင်းလေ့မရှိတဲ့ ဆန်နီ့ ထုံစံအတိုင်း ခေါင်းတညိတ်ညိတ် နဲ့ မီးဖိုပျက်တာလားတဲ့။ သူကခဏခဏ မီးဖို ပြင်ပေးနေကျကိုး။
    ဟိုဘက် လတ်ဆိုတဲ့ ကလေးမလေးက ချစ်စဖွယ်ပြုံးပြပြီး သူ့အခန်းထဲ ပြန်ဝင်သွားတယ်။ ဟိုလူ့ခွစာကြီးကတော့ 'ကြောင်'ဆိုတာကြားကတည်းက ချာခနဲ ပြန်လှည့်ဝင်သွားတာ။ ဘာပဲဖြစ်ဖြစ် အန်တီခင်လေး ကျေးဇူးတင်ပါတယ်။ တစ်ယောက်တည်းဆိုပြီး ကြည့်ဖော် ရှုဖော်ရတဲ့ အတွက်ပေါ့။ ဒါပေမယ့်… သူတို့မရှိတဲ့အချိန် အန်တီခင်လေး ဒီဘက်မှာ တစ်ခုခုဖြစ်ရင်တော့လဲ တိုက်ခန်းနေလူတွေ ထုံးစံ အတိုင်း လူမသိသူမသိ သေရဦးမှာပါ။ ပုပ်စော်နံ မှ လာဖွင့်ကြည့်တာမျိုးပေါ့။ အန်တီခင်လေး ကြက်သီး ဖြန်းခနဲ ထသွားတယ်။ အို…သတ္တ၀ါတစ်ခု၊ ကံတစ်ခုပါလေ။
    'ဆန်နီရေ၊ လာ…လာ ဒီမှာ'
    ဆန်နီက ကြောင်ကလေး တစ်ကောင် ကို ပွေ့ချီကစားနေတယ်။ အန်တီခင်လေး လက်တို့ပြီး ၀ရန်တာဘက်ခေါ်ခဲ့တယ် ကြောင်ကလေး ပွေ့ချီလျက်နဲ့ လိုက်လာတယ်။
    'ဒီမှာ ဒီတန်းလေး တွေ ပြန်ရိုက်ပေးနော်၊ ပန်းနွယ်တောင် မတက်ရသေးဘူး၊ ပျက်စီးပြီ'
    ဆန်နီက နားလည်တတ်ကျွမ်းတဲ့ လက်သမား ဆရာကြီး ပုံစံမျိုးနဲ့ တန်းလေးတွေကို ကိုင်ကြည့်တယ်။ အမယ်..နတ်ကွန်းကိုလဲ ရှိခိုးလိုက်သေးတယ်။ ပြီးတော့မှ အန်တီခင်လေးကို ကူပေးပါတဲ့၊ သံပေးပါတဲ့၊ လက်ဟန်ခြေဟန်နဲ့ တောင်းတယ်။
    အန်တီခင်လေး ကောက်နေတဲ့ အင်တုံကွဲတွေကိုလဲ ဖယ်တဲ့ သူကောက်မယ်တဲ့ဆိုပြီးကောက်တယ်။
    ပြီးတော့ နောက်ဖေး မီးဖိုချောင်က အမှိုက်ခြင်းထဲသွားထည့်တယ်။
    တူအသေးလေးနဲ့တွေ့တဲ့ သံသုံးလေး ငါးချောင်းကို ဆန်နီလက်ထဲ ထည့်ပေးလိုက်တော့ လက်သမား ဆရာကြီးကို ဆန်နီက သံနည်းတယ်တဲ့လေ။
    အန်တီခင်လေး ခေါင်းညိတ်ပြပြီး သံရှာ ဖို့ အိမ်ထဲ ပြန်ဝင်လာတယ် သံကလဲ သိပ်ရှိတာမဟုတ်ဘူး။
    အင်း..ဧည့်ခန်းထဲက ဟိုကောင်မ ဓာတ်ပုံကို တစ်လက်စတည်း ဆန်နီ့ကို ဖြုတ်ခိုင်းရမယ်။ ဓာတ်ပုံဖြုတ်ရင် အဲဒီက သံ ထွက်လာမယ်။
    တူမ လုပ်သူ ဓာတ်ပုံအောက်မှ အန်တီခင်လေး သွားရပ်တယ်။
    ဆယ့်ခြောက်နှစ်သမီးက ပုံ မျက်နှာကလေး အပြစ်ကင်းပြီး ပြုံးပြုံးလေး။ ၀ရန်တာက ဆန်နီရဲ့ တူထုသံ တဒိုင်းဒိုင်းနဲ့အပြိုင် အန်တီခင်လေး ရင်တွေတုန်လာတယ်။ ရင်ညွန့်ထဲမှာ ပူလောင်လာပြီး တစစ်စစ် နာကျင်တဲ့ ခံစားမှုဟာ အန်တီခင်လေးအဖို့ ဘယ်တော့များမှ ပျောက်မှာပါလိမ့်။ ဟော…ဆန်နီက အား ပါးပါး အော်ပြန်ပြီ။
    ဘာလိုပြန်ပါလိမ့်။ သံ ကုန်ပြီ နဲ့တူရဲ့။
    အန်တီခင်လေး ဧည့်ခန်းထဲကနေ အိပ်ခန်းထဲကို ၀င်လိုက်တယ်။
    မိုးသက်လေ က ခပ်ပြင်းပြင်းတိုက်ခတ်လာတယ်။
    အဲဒီခဏမှာပဲ…အဲဒီခဏမှာပဲ…အန်တီခင်လေး ဘယ်တော့မှ မေ့နိုင်မှာမဟုတ်တဲ့ ၀ုန်းခနဲ အသံကြီးနဲ့အတူ တိုက်ဝရန်တာ ပြုတ်ကျသွားခဲ့တယ်။
    'ဆန်နီ'
    ဆန်နီနဲ့ ၀ရန်တာ အောက် ကိုပြုတ်ကျသွားပြီ။
    အိပ်ခန်းဝ မှာ အန်တီခင်လေး ပုံလျက်ကလေး လဲကျသွားတယ်ခဲ့တယ်။
------------------------------------------------------------
    မိုးက သဲသဲမဲမဲ ရွာနေတယ်။
    အင်္ဂတေခင်းပေါ် သံဘီးပွတ်သံကြိတ်သံဟာ စိတ်နှလုံးကို ပိုပြီး ထိခိုက်ချောက်ချားစေတယ်။
    နေရာအနှံ့ထွက်ပေါ်နေတဲ့ သံဘီးကြိတ်သံတွေနဲ့အတူ နှလုံးကြေကွဲငိုရှိုက်သံတွေကလဲ နေရာအနှံ့က ထွက်ပေါ်နေတယ်။
    အ၀တ်ဖြူပတ်ထား တဲ့ အအေးခန်း က ထုတ်လာခါစ ဆန်နီ့အလောင်းဟာ ကိုဝင်းအောင်ေ၇ှ့က သံဘီးတပ်တွန်းလှည်းပေါ်မှာရှိနေတယ်။
    ကိုဝင်းအောင်နောက်က လိုက်လာတဲ့သူ နှစ်ယောက်ကတော့ ဦးနဲ့လတ်လတ်။ လတ်လတ်က ဆန်နီ့အ၀တ်အစား အသုံးအဆောင်အဆောင် ပစ္စည်းတွေ ထည့်ထားတဲ့ အိတ်ကလေးကို တင်းတင်း ကျပ်ကျပ် ဆုပ်ကိုင်လို့
    ဒီနေ့ဟာ ဆရာ ဦးသက်ဦးရဲ့ ပထမဆုံးစနေ ကျူရှင်ဖျက်တဲ့နေ့ပေါ့။
    ဆန်နီ့ ရဲ့ သံဘီးတပ် တွန်းလှည်းက ငိုရှိုက်သံ တွေ ထွက်ပေါ်လာနေတဲ့ အလောင်းတင်သံဘီးကပဲ လှည်းတွေ အစီအရီ နဲ့ ကြံတောရဲ့ အခန်းငယ်လေးတွေကို ကျော်ဖြတ်လာခဲ့တယ်။ ဆန်နီ တစ်ယောက် ဒီအခန်းငယ်လေးတွေထဲ မှာ အသုဘမရောက်ခင်တစ်ထောက် ၀င်နားစရာ မလိုတော့ဘူးလေ။ အလောင်းပြင်မယ့် ခန်းမကို တန်းသွားရုံပဲ။ အသုဘချိန်က တစ်နာရီဆိုတော့ အခု ဆယ်နာရီ ထိုးနေပြီ ကိုး။ အလောင်းပြင်မယ့် ခန်းမထိပ်မှာ သံဘီးတပ် ခုတင် တွန်းလှည်းကို တွန်းလာတဲ့ အမှုထမ်းက ထရပ် လိုက်တယ်။
    ပြီးတော့ ပတ်ထားတဲ့ အ၀တ်ဖြူကို ဆွဲဖယ်လိုက်တယ်။
    'ဆန်နီ…ဆန်နီရေ…'
    လတ်လတ်ရဲ့ မချိတင်ကဲ ငိုရှိုက်သံက ထွက်ပေါ်လာခဲ့တယ်။ ခေါင်းကလေးထဲ မှာ ပတ်တီးလေး စည်းထားတဲ့ ဆန်နီဟာ ဆေးရုံခုတင်ပေါ်က လူနာလေးသာ ဖြစ်လိုက်ပါတော့ကွယ်။ ကိုဝင်းအောင် က အံကြိတ် ထားရင်း ဆန်နီ့မျက်နှာပေါ်က ရေခဲချွေးတွေကို ပိတ်ဖြူဝတ်နဲ့ အသာအယာတို့သုတ်ပေးတယ်။
    'တောက်…ကွာ၊ ဟိုဟာမကြီး ကြောင့် ဒီလိုဖြစ်ရတာ'
    ဒေါသငိုသံပါကြီး နဲ့ ဦးသက်ဦး က သံဘီးတပ် ခုတင်ကို လက်နဲ့ ဖြန်းခနဲ ရိုက်ချလိုက်တော့ ဆန်နီ့ ခန္ဓာကိုယ် လေး ဆတ်ခနဲ တုန်သွားတယ်။
    'ဦးရယ်… အဲလိုမပြောပါနဲ့'
ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>
Monday, November 15, 2010
မြစိမ်းပြာ ကမာရွတ် အပိုင်း (၃၆)
ဒီမှာတော့ လက်စွပ်လဲရသတဲ့။ ဘယ်သူတွေကများ စပြီး တီထွင်လိုက်ကြတယ် မသိပါဘူး။
    လက်စွပ်လဲဖို့အတွက်လဲ ချွေးမမှာ ပျာလို့။ ဟိုဘက်က စိန်လက်စွပ်ဆိုတာ စိန်မရှိတဲ့ စိန်ပွဲစား၊ ကျောက်ပွဲစား ချွေးမမှာ နီလာလက်စွပ်လေးတစ်ကွင်း ကြံရဖန်ရတာတော့ တာပေါ့။ ပြီးတော့ တီးဝိုင်း ကိစ္စ တဲ့။ မင်္ဂလာအခါတော် ပေးတဲ့ အဆိုတော်ငှားဖို့၊ ရတုပိုဒ်စုံအပ်ဖို့၊ ဘိသိက်ဆရာငှားဖို့၊ အခမ်းအနားမှူး ငှားဖို့၊ အကုန်ရက်ကြိုချိတ်ရတာတွေတဲ့ဗျား။ ဟိုဘက်က ပိုက်ဆံပဲထုတ်ပေးတာ။ ချွေးမနဲ့ သူ့သူငယ်ချင်း နှစ်ယောက် က လုပ်အားစိုက်ပြီး ပြေးလိုက် လွှားလိုက်ရတဲ့အမျိုး။ အဲ..အဲ.. သတို့သမီးကို မိတ်ကပ်ပြင်ဖို့၊ ဆံထုံး ထုံးဖို့ဆိုတာလဲ ဈေးကြီးပေးငှားရသေးဗျာ။
    အို..ဖိုးဘတင်တို့ခေတ်တုန်းက ဒါလောက် ဇာမချဲ့ခဲ့ပါဘူးဗျာ။
    မင်္ဂလာဆောင်မယ့်ရက် မတိုင်ခင် အ၀င်နေ့ပေါ့။ အ၀င်နေ့မှာ မဏ္ဍပ်ကနားဆင်၊ နောက်နေ့နံနက် မင်္ဂလာဆောင်လာမယ့်လူတွေကမ်းဖို့ သပြေနဲ့ ရွှေပန်း၊ ငွေပန်းရောပြီါ် အောင်ပန်းစည်းတဲ့အလုပ်ကို အပျိုတွေကလုပ်။ အဲ..ချက်တဲ့ ပြုတ်တဲ့လူတွေက ချက်ပြုတ်ကြပေါ့။ ထမင်းကျွေးလေ။ ထမင်းကျွေး ဆောင်ကြတာပဲ။ ဖိုးဘတင်တို့တုန်းကတော့ ထမင်းစားပြီးမှ လက်ဖက်ရည်ကြမ်းနဲ့ ကွမ်း၊ ဆေး၊ လက်ဖက် ပေါ့။ စားဖို့ သောက်ဖို့ကို ဟောဒီလိုလဲ ငုတ်တုတ်ကြီး အဆာခံပြီး ထိုင်စောင့်နေရာမလိုပါဘူးဗျာ။ နံနက် ခြောက်နာရီ လောက်စပြီး ဧည့်ပရိတ်သတ်လာတာနဲ့ ထမင်း တန်းကျွေး တာပဲ။ ကြိုက်သလောက် အ၀စား၊ ပြီးတော့မှ လက်ဖက်ရည်ကြမ်းဝိုင်း အေးအေးဆေးဆေးထိုင်ရုံပဲ။
    သတို့သား၊ သတို့သမီးလဲ တော်ရုံသင့်ရုံ ပြင်ဆင်ဝတ်စားပြီး မဏ္ဍပ်ထဲ သင့်တော်ရာ ထိုင်နေတာပါပဲ။ မင်္ဂလာစင်မြင့် တွေ ဘာတွေလဲ မရှိပါဘူး။ နေ့လယ် နာရီပြန် နှစ်ချက်လောက် ဧည့်သည်ကုန်မှ လူကြီးစုံရာ သို့ ကန်တော့ပြီး ဘိသိက်ဆရာက လက်ထပ်ပေးတာတို့၊ ဆုံးမစကားပြောတာတို့လုပ်တာ။
    ဒီမှာတော့ဗျာ၊ ဒီဟိုတယ်ခန်းထဲရောက်ကတည်းက သတို့သား၊ သတို့သမီးစောင့်ရတာ အလုပ်တစ်ခု။ သူတို့ထွက်လာပြန်တော့ သူတို့ကို ပန်းကုံးစွပ်၊ သူတို့အကြောင်း စာစပ်တာတွေကိုဆို၊ ဘိသိက်ဆရာက လေရှည်ရှည်နဲ့ပြော။ သူတို့လုပ်ချင်ရာလုပ်နေတဲ့ အချိန်မှာ ဧည့်ပရိတ်သက်က ကြောင်တောင်တောင်ကြီး ထိုင်နေရတာ။ စားပွဲပေါ်မှာ ဘာကွမ်း၊ ဆေး၊ လက်ဖက်မှမရှိဘူး။ ပြီးတော့ ဘယ်လောက်ရိုင်းသလဲဆိုတော့ ကျွေးမယ့် မွေးမယ့် မုန့်တွေကို စားပွဲပေါ်တင်ပြီး အ၀တ်တွေနဲ့အုပ်ထားတာ။ မစားရသေးဘူးတဲ့။
    သူတို့စားခိုင်းမှ စားရမှာတဲ့။ တော်တော်ရိုင်းတဲ့အစီအစဉ်ပါဗျာ။ ဖိုးဘတင် ဘယ်လိုမှ သဘောမကျဘူး။
    ချွေးမခိုင်းလို့ ၀တ်ထားရတဲ့ သားနဲ့ဆင်တူ ယောပိုးပုဆိုးဆိုတာကြီးကလဲ လေးပြီး ယားယံနေသလိုပဲ။ သူတို့အစီအစဉ်ကလဲ မပြီးနိုင်သေးဘူး။ ဖိုးဘတင်က ဆာတာတာနဲ့ ရင်ထဲ ကတုန်ကယင်ကြီးဖြစ်နေပြီ။ နံနက်က လက်ဖက်ရည်ကြမ်းလေး တစ်ခွက်နှစ်ခွက်ပဲ သောက်ခဲ့ရတာ။ မင်္ဂလာအချိန်က ကိုးနာရီဆိုတော့ ဖိုးဘတင် ကို ဘယ်သူမှလဲ ပဲပြုတ်ဝယ်မပေးနိုင်ကြဘူး။ သူတို့အစီအစဉ်တွေနဲ့ သူတို့ မောနေကြတာ ဆိုတော့ ကိုယ့်မယ် ငြိမ်နေရတာပေါ့။
    ဖိုးဘတင် ဧည့်ပရိတ်သတ်ဘက်ကို အသာလျှောက်ကြည့်တယ်။ ကိုယ့်တိုက်ကလူတွေ တွေ့လို တွေ့ငြား ပေါ့ော…အလျင်ဆုံး တွေ့တဲ့လူကတော့ ဟိုးအောက်ဆုံး ထပ်က မြေပိုင်ရှင် မေရီဆိုတဲ့ မိန်းမ၀၀ဗျား။ သူက ဖိုးဘတင် ကို မမြင်ဘူး။ မျက်နှာတမော့်မော့်နဲ့ မင်္ဂလာစင်မြင့်ဆီပဲ လှမ်းကြည့်နေတယ်။ ဖြူပြာတို့၊ ကြည်ပြာ တို့ အပြောကတော့ ဒီမိန်းမဟာ အင်မတန်စပ်စုသတဲ့။ အင်း..သူ့ဝါသနာနဲ့ သူပေါ့လေ။ အဲ…ဆန်နီ… ဆန်နီ။ သူ့သား ဆန်နီလေး မမြင်ပါလား။ ဒီကောင် ဘယ်နားမှာ ဘာတွေ လုပ်ပေး နေရှာပါလိမ့်။ မင်္ဂလာဆောင်မတိုင်ခင်ကတည်းက အိမ်မှာလာပြီး မင်္ဂလာဆောင်နဲ့ ဆိုင်တာရော၊ မဆိုင်တာ ရော လာလုပ်ပေးနေရှာတာ။ အလျင်ဘ၀ကံလေး မကောင်းရှာလို့သာ ဒီဘ၀မှာတော့ အလွန် စိတ်ကောင်း ရှိတဲ့ကလေး။
    အဲမာ…အံမာ၊ ဟိုစားပွဲမှာ ငါ့လူမောင်ဝင်းအောင်တို့ မိသားစုပါလား။ တနင်္ဂနွေဆိုတော့ မိန်းမတွေရော၊ ကလေး တွေရော ခေါ်လာတယ်နဲ့တူတယ်။ ငါ့လူကိုတော့ သဘောကျသဟေ့၊ စာသင်သွားသွားနေတဲ့ အ၀တ်အစား လေးနဲ့ပဲ။ သူဝတ်နေကျ တိုက်ပုံ မီးခိုးရောင်လေးပဲ။ ထူးထွေဝတ်စားမလာပါဘူး။ အဲဒီတော့ နေရ ထိုင်ရတာ ဘယ်လောက်ပေါ့ပါးလား၊ သူ့မိန်းမလေးကလဲ ရိုးရိုးလေးပဲ။ ဟိုမိန်းမ၀၀ ဆန်နီ့ အမေ လိုတောင် မိတ်ကပ်ရဲရဲကြီးတွေ ဘာတွေမလိမ်းဘူး။ အင်း…ငါ့လူ မောင်ဝင်းအောင်လဲ ကွမ်းချည်း ဖိဝါး နေပုံ ထောက် တော့ ဆာနေပြီထင်တယ်။ ဟုတ်တာပေါ့ ဆာမှာပေါ့။ ကလေးတွေခမျာလဲ ဆာကြမှာပေါ့။
    အဲ…နေဦး၊ နေဦး။ အပျိုကြီးရော…ဟိုအပျိုကြီး မမြင်ပါလား၊ ဟိုတလောက တူမယောက်ျား နောက်လိုက်ပြေးလိုက တူမစိတ်နဲ့ အိပ်ရာထဲ လဲသွားရှာသေးတာ။ နေတော့ ကောင်းပါပြီ။ ဈေးတွေဘာတွေ သွားတာ ပြန်တာ မြင်ပါတယ်၊ ဘာလို့ မလာပါလိမ့်၊ အင်း… တန်တော့ ဒီပွဲမျိုးတွေကို မြင်ရင် သူ့တူမကို သတိရမှာစိုးလို့ထင်တယ်။ ခမျာမလဲ ပစ်တိုင်းထောင်ရုပ်ကြိုးရှုပ်မိတော့ ဒုက္ခ ခံနေရ ရှာပြီ။
    ဟို..မလတ်နဲ့ ဆရာကြီးတို့ လင်မယားကတော့ မနေ့ညက လက်ဖွဲ့လာပေးပြီး တောင်းပန်သွားတယ်။ သူတို့က တနင်္ဂနွေဆို  ဘယ်သာရေးနာရေးမှ သွားလို့မရလို့ပါတဲ့။ တနင်္ဂနွေမှာ ကျူရှင်တွေ တနေကုန် အချိန်ပြည့်မို့ပါတဲ့။ ဟုတ်တာပေါ့လေ၊ ကိုယ့်ကိစ္စနဲ့ကိုယ် အချိန်ပြည့် ရုန်းကန်နေကြရတာကိုး၊
    'ယခုအချိန်ကစပြီး မင်္ဂလာမောင်နှံက ဧည့်ခံကျွေါ်မွေးတဲ့ မင်္ဂလာစားသောက်ဖွယ်ရာများကို ပျော်ရွှင်စာ သုံးဆောင် နိုင်ကြပါပြီခင်ဗျား'
    ဟော…စားလို့ရကြော်ငး ကြေညာပြီ။ ကြေညာသံတောင် မဆုံးသေးဘူး၊ ခုနက တုတ်တုတ်မျှမလှုပ် ငြိမ်သက်နေတဲ့ ခန်းမကြီးထဲမှာ ဇွန်းသံ၊ ပန်းကံသံတွေ ပွက်ပွက်ကို ညံသွားတာပါပဲလား။
    သားလုပ်သူက ပန်းကန်တွေပေါ် အုပ်ထားတဲ့ အ၀တ်ပါးလေးတွေ ဆွဲဖယ်လိုက်တယ်။ ကဲ… ကြည့်ရအောင်၊ မင်္ဂလာ စားသောက်ဖွယ်ရာဆိုတာ ဘယ်လိုဟာတွေပါလိမ့်။
    'အဖေ..ရော့..စား'
    သားလုပ်က ပေါင်မုန့် ထောင့်ချွန်လေး တစ်ခုယူပေးတယ်။ ဘာများလဲ၊ စားစမ်းမယ်။ သြော်…ကြားထဲမှာ အသား နဲ့ တူပါရဲ့။ ငန်ငြိ ငန်ငြိနဲ့ တယ်မကောင်းလှပါဘူး။ ပေါင်မုန့်က ပါးလိုက်တာဆိုတာ နှစ်ခု ထပ်ထား တယ် လို့တောင် မထင်ရဘူး။
    'အဖေ…ကော်ဖီသောက်မယ်မဟုတ်လား'
    'အေး…အေး'
    သားလုပ်တဲ့သူက ကော်ဖီကို ချက်ချင်းထည့်ပေးလိုက်မရဘူး၊ စားပွဲပေါ်က ခွက်တွေထဲက သကြားတွေ နွားနို့တွေ အဖိုးကြီးပေးပြီး၊ ငှားထားရပြီးတော့  ကော်ဖီကို ကိုယ့်ဟာကိုယ် ဖျော်သောက်ရတဲ့၊ ဟုတ်သေး ပါဘူး။
    သားလုပ်တဲ့သူ အဖျော်ညံ့လို့နဲ့တူပါရဲ့။ ကော်ဖီကလဲ ပေါ့ရွှတ်ရွှတ် ကျဲတဲတဲနဲ့၊ အိမ်က ချွေးမ ကော်ဖီ ထက်တောင် ဆိုးသေးတယ်။
    သားလုပ်သူက မုန့်တစ်ခုပေးပြန်တယ်။ ဘာလဲဆိုတော့ အသားအစာသွတ်မုန့်ပဲ။ ဒါကတော့ မုန့်ခြောက် ထဲ ထည့်သွတ်ထားတာ။ ဖိုးဘတင် မကြိုက်လှဘူး။ မုန့်က နုလိုက်တာ မုန့်စမုန့်နတွေ အကန်ုကြေပြီ ရင်ဘတ်ပေါ် ကျကုန်တယ်။
    'ဒါကိတ့်မုန့်လား၊ ငါကိတ် မုန့်စားမယ်ကွာ'
    ဖိုးဘတင် မနေနိုင်တော့ဘူး၊ ပန်ကန်တစ်ခုထဲမှာ ကိန်မုန့်အ၀ိုင်းတစ်ခုမြင်တာနဲ့ သားကို ပြောတော့ သားက ကိတ်မုန့်အ၀ိုင်းကို ဓားနဲ့လှီးပေးတယ်။ အင်း..ဒါတစ်ခုတော့ မဆိုးပါဘူး ခပ်ချိုချိုကလေး။ ဖိုးဘတင် စားလို့ ရတယ်။
    ကိတ်မုန့်လေးတစ်ကိုက်၊ ကော်ဖီလေး တစ်ကျိုက်နဲ့ စားလို့မှမဆုံးခင် စားပွဲထိုးတွေ ရောက်လာပြီ ခုနက နို့ခွက်တွေ သကြားခွက်တွေ၊ ကော်ဖီခွက်တွေ လာချသလိုမျိုး ဝေါ်ခနဲ၊ ဝေါခနဲနဲ့ လာချကုန်တယ်။
    ဗုဒ္ဓေါ…ဘယ်လိုလဲဟ၊ အပူနဲ့အအေး နှစ်ခုတွဲကျွေးတာ ဖိုးဘတင် ဒီတစ်ခါ ကြုံဖူးသေး စားတတ်ပေါင်ဗျာ။
    'အဖေ…ရေခဲမုန့်စားလိုက်ဦး ပျော်ကုန်လိမ့်မယ်'
    သားလုပ်သူကို စကားပြန်မလို့ရှိသေး မျက်စိထဲ မီးရောင် ၀င်းခနဲ လက်သွားတာကြောင့် ဖိုးဘတင် မျက်လုံးတွေ ပြားသွားတယ်။ ရင်ထဲလဲ ထိတ်ခနဲဖြစ်ပြီး မီးရောင်ကို လက်ကာလိုက်တော့ 'အဖေ လက်ချ လေ၊ ဗွီဒီယို ရိုက်နေတယ်'တဲ့။ သားလုပ်သူရဲ့ အရေးတကြီး အမိန့်တွေကြောင့် ဘာရယ်မသိဘဲ ဖိုးဘတင် လက်ချ လိုက်ရတယ်။
    မီးရောင်တွေက ဖိုးဘတင်တို့ စားပွဲကြီး တစ်ခုလုံး ထိန်ထိန်လင်းလို့။ မီးရောင် ပျောက်သွားမှ သားလုပ်သူ ကို ဖိုးဘတင် တိုးတိုးကပ်မေးရတယ်။ ဘာလဲလို့။
    ဗွီဒီယိုရိုက်တာပေါ့အဖေရာ။ အင်း…တီဗွီရိုက်တာပေါ့။ ဒီအခမ်းအနားကို တီဗွီမှာ ပြန်ကြည့်လို့၇အောင် ရိုက်တာလေ'
    'ဟေ…တယ်ဟုတ်ပါလားကွ၊ ဓာတ်ပုံရိုက်စရာ မလိုပါဘူးပေါ့၊ ဟုတ်လား'
    'ဓာတ်ပုံလဲရိုက်တာပါပဲ၊ ဟိုမှာလေ၊ ပြီးရင် ကျွန်တော်တို့ ရိုက်ရဦးမှာပေါ့'
    'ပိုက်ဆံကုန်အောင်ကွာ၊ တစ်ခုတော်ရောပေါ့'
    ကြံဖန်ပြီး ပိုက်ဆံအကုန်ကို ရှာနေကြတာပါပဲ၊ ဖိုးဘတင်တို့ မင်္ဂလာဆောင်တုန်းကများ ဓာတ်ပုံရိုက်တာကို ခေတ်မစားသေးဘူး။ ဓာတ်ပုံရိုက်ခံရမှာ ရှက်လို့ မရိုက်ကြဘူး။ ဓာတ်ပုံရိုက်တဲ့ အလုပ် ဟာ လော်လည်တဲ့ အလုပ်လိုလို၊ ရှက်စရာ အလုပ်လိုလိုပဲ။
    ဖိုးဘတင်တို့ဆို အိမ်ထောင်ကျပြီး သံးလေးနှစ်ရှိမှ ဓာတ်ပုံတိုက်ထောင်တဲ့ သူငယ်ချင်းက ဇွတ်ခေါ်လို့ သွားရိုက် ပါတယ်။ လင်မယားနှစ်ယောက် လူသိမှာစိုးလို့ ဓာတ်ပုံတိုက်ထဲ လူမမြင်အောင် ၀င်ရတယ်။ ရိုက်တော့ လဲ ရှက်လိုက်တာ။ ဓာတ်ပုံရလာတော့ တော်တော်နဲ့ သူများတွေ မပြ၀ံ့ဘူး။ အင်းဒီခေတ်နဲ့တော့ ကွာကုန်ပြီ၊ ကွာကုန်ပြီ။
    'ကဲ…ဖေကြီး၊ လာ-လာ၊ အပေါက်ဝသွားစို့ ဧည့်သည်တွေ ထွက်ကုန်ပြီ'
    ချွေးမနဲ့ ဟိုဘက်က ခမည်းခမက်တွေ ပျာယာပျာယာထကုန်တော့မှ ဖိုးဘတင် ပရိတ်သက်ကို ကြည့်မိတယ်။ ဟင်..ဟုတ်သားပါလား။ ပြန်ကုန်ပြီဗျ ဧည့်သည်တွေက နြပ်လာမှ ဒရောသောပါး ထပြန်ကြတာ။ အေးအေးဆေးဆေးလဲ မစားမသောက်ကြနဲ့။ ဘယ်လိုဟာတွေရယ် မသိပါဘူး။
    'အဖေ ဒီမှာထိုင်နေခဲ့နော်၊ ဧည့်သည်တွေ ကျွန်တော်တို့ သွားနှုတ်ရဦးမယ်'
    ဖိုးဘတင် ခေါင်းညိတ်ပြပြီး နေရစ်ခဲ့ရတယ်။ ဧည့်သည်တွေ ပြန်တာကို အပေါက်ဝက နှုတ်ဆက်ရမတဲ့။ အင်း..ကိုယ့်ဓလေ့နဲ့ ကိုယ်ပေါ့လေကွာ။
    ဟောဟိုမှာ ဆန်နီပါလား ဒီကောင်ဘာလုပ်တာလဲ။ ကြွပ်ကြွပ်အိတ်တစ်လုံးနဲ့ စားပွဲပေါ်က ကျန်တဲ့ မုန့်တွေ လိုက်ထည့်နေပါလား၊ ထည့်တာမှ အပြန်။ တစ်စားပွဲပြီး တစ်စားပွဲ ကူးပြီး အမြန်ထည့်နေတာ ဆန်နီတစ်ယောက်တည်းလဲ မဟုတ်ဘူး၊ ချွေးမဘက်က တူလေးတွေ၊ တူမလေးတွေရော ကြွပ်ကြွပ်အိတ် တစ်လုံးစီနဲ့၊ မုန့်တွေ လိုက်ထည့်နေကြတာပဲ။
    အဲ…သူတို့က အိတ်တွေထဲ ထည့်နေတဲ့ အချိန်မှာ စားပွဲထိုးတွေကလဲ နောက်က ကျားလိုက်သလို စားပွဲ ပေါ် က မုန့်ပန်းကန် အကျန်တွေကို သိမ်းကြသဗျား။
    သြော်…ဟုတ်ပြီ၊ ဟုတ်ပြီ။ ဖိုးဘတင်သီပြီ။ မင်္ဂလာဆောင် မတိုင်ခင် တစ်ရက်က ဆန်နီတို့၊ သူ့တူ တူမ တွေ တို့ကို ချွေးမ သင်တန်းပေးနေသံ တစ်စွန်းတစ်စ ကြားလိုက်ရတာ အပြီးသက်တော့ ဒါကိုး။
    မဟုတ်သေးပါဘူး။ ကိုယ့်ပိုက်ဆံနဲ့ကိုယ် ရုတ်ပျက်ဆင်းပျက်နိုင်လိုက်တာဗျာ။
    တစ်ခဏချင်းမှာ ဧည့်သည်တွေ ရှင်းသွားတယ်။ ဧည့်သည်တွေကုန်တာနဲ့ သတို့သား သတိုးသား သတို့သမီး ရော နှစ်ဖက်မိဘရော မင်္ဂလာစင်မြင့်ဆီ ပျာယီးပျာယာ ပြေးလာကြပြန်တယ်။
    'နေပါဦး၊ နေပါဦး၊ ခဏလေး အဲဒီစာလုံးတွေ မဖြုတ်ပါနဲ့ဦါ်'
    ချွေးမက အသံစူးစူးနဲ့ မင်္ဂလာစင်မြင့်ဆီ လှမ်းအော်တယ်။ ဟုတ်သားပဲ မင်္ဂလာစင်မြင့်နောက်က အာကာ တို့ နာမည်တွေကို ဟိုတယ်အမှုထမ်းက ဖြုတ်နေပြီ။
    'မြန်မြန် လုပ်ပေးပါနော်၊ ကျွန်တော်တို့ကလဲ နောက်မင်္ဂလာပွဲတစ်ပွဲအတွက် ပြင်ရမှာ ရှိသေးတယ်'
    သြော်…ဒီလိုလား၊ ဖြစ်မှစြဖ်ရလေကွာ။ ကသုတ်ကရက် ရှိလိုက်တာ။ ဒီခန်းမသုံးခွင့်ကို နှစ်နာရီ ပဲ ရှိတာကိုး။ သူ့စည်းကမ်းနဲ့သူဆိုတော့လဲ ဟုတ်တာပေါ့လေ။ ကြည့်ပါလား။ မင်္ဂလာစင်မြင့်နောက်က အာကာ တို့ နာမည်တွေ ဖြုပြီ။ တခြားစုံတွဲနာမည်တပ်ဖို့လုပ်တဲ့ အမှုထမ်းက လုပ်နေသလို၊ စားပွဲတွေကို ပြန်ပြင် တဲ့ အလုပ်ကို လုပ်တဲ့ အမှုထမ်းတွေကလဲ လုပ်ကုန်နေကြပြီလေ။ အင်း…သူတို့ကတော့ ရိုးနေပြီ ရှိမှာပေါ့။
    မြေးအာကာတို့ စုံတွဲနဲ့ သားမိသားစုနဲ့ ဖိုးဘတင်နဲ့ ဓာတ်ပုံ တစ်ပုံရိုက်ကြသေးတယ်။ ဖိုးဘတင်မှာ မဆီမဆိုင် ချွေးမအမေ မင်းကတော် ဘုရားအမကြီးကို သတိသွားရမိတယ်။ သူလဲ မြေးကလေးပဲ။ ဒီပွဲကို သူလာချင် မှာပေါ့။ ချွေးမနဲ့ မောင်နှမ ညီအမတွေက တညီတညွှတ်တည်း စည်းဝေးတိုင်ပင်ပြီး မလာ စေရတဲ့။ သားသမီးများ မသေခင်ကတည်းက မွေးကျေးဇူးကို ဆပ်ကြတယ်။ အင်း…ဖိုးဘတင်လဲ စိတ်ကော လူရော ကျန်းမာနေတဲ့ ကိုယ့်ကိုယ်ကို ကျေးဇူးတင်ရသေးတယ်။ ဖိုးဘတင်သာ မင်းကတော်ကြီးလိုဆိုလဲ သူတို့ အိမ်မှာ ချောင်ထိုးပစ်ခဲ့ကြမှာပါ။ မြေးကလေးပွဲကို ဖိုးဘတင် တက်ခွင့်ရမှာမဟုတ်ဘူး။
    'ကဲ…ကဲ လာလာ၊ သွားကြမယ်၊ သမီးတို့ ဘိုးဘိုးနဲ့ ဆန်နီတို့နဲ့ တစ်ကား အိမ်ပြန်နှင့်နော် ဖေကြီးနဲ့ မေကြီးက ကိုအာကာကို လိုက်ပို့လိုက်ဦးမယ်၊ ပြီးမှ ပြန်ခဲ့မယ် ဟုတ်လား'
    ချွေးမလုပ်သူရဲ့ လောလော လောလောနဲ့ စီစဉ်သံကို ဖိုးဘတင်ကြားရတယ်။ အာကာ့ကို လိုက်ပို့ မယ်တဲ့။ ဖိုးဘတင် ရင်ထဲမှာ လွန်ခဲ့တဲ့ နှစ်အစိတ်ကျော်က ရန်ကုန်ဘူတာကြီးမှာ ခံစားရတဲ့ ခံစားမှုမျိုး ပြန်ပေါ် လာတယ်။ အဲဒီတုန်းကတော့ မင်္ဂလာဆောင်ပြီးစ သားလုပ်သူကို ဘူတာရုံမှာ ထားပစ်ခဲ့ရတယ်။ အမယ်ကြီး က မျက်နှာ တဘက်အုပ်ငိုပေမယ့် ဖိုးဘတင်ကတော့ ခဏခဏ မြင်ခွင့်မရနိုင်တော့တဲ့ သားမျက်နှာ ကို တ၀ကြီးကြည့်ပြီး နှုတ်ဆက်ခဲ့တယ်။
    ခုလဲဖိုးဘတင် မြေးကလေးကို နှုတ်ဆက်ချင်သေးတယ်။
    စားပွဲကုလားထိုင်တွေ ကြားထဲကနေ ဖိုးဘတင် မြေးလုပ်သူဆီ သွားတယ်။
    နေပါဦး…မြေးရယ်။ အဘိုးဆီက ပဲပြုတ်ညာညာစားတတ်တဲ့ မြေးကလေး မျက်နှာကို အဘိုးဝအောင် ကြည့်ပြီး နှုတ်ဆက်ပါရစေဦး။
    ဇူလိုက်လရဲ့ မိုးရေစက်တွေအောက်မှာ မြစိမ်းပြာသုံးထပ်တိုက်က တဖြည်းဖြည်းနဲ့ အရုပ်ဆိုး အကျည်းတန် လာခဲ့သည်။
    ဆောင်း နဲ့ နွေတုန်းက ကြည့်ပျော်ရှုပျော်ရှိခဲ့တဲ့ ဖြစ်ကတက်ဆန်း ဆေးရောင်လေးတွေကို ဇူလိုင် မိုးက တိုက်စား ပစ် လိုက်တယ်။
    တိုက်အရောင်က တဖြည်းဖြည်းမည်းလာတယ်။ မိုးပက်ခံရတဲ့ ၀ရန်တာသစ်သားတိုင် ရောင်စုံ လေး တွေလဲ ဆေးရောင်စုံ ကွာကျကုန်ခဲ့တယ်။
    ဇူလိုင်မိုးနဲ့ အတူ သုံးထပ်တိုက်မှာ လူသားလေးတစ်ယောက် တိုးလာခဲ့ပြီ။
    ကိုဝင်းအောင် ယောက်ဖ ဖိုးကျော်ရဲ့ဝေေ၀က သမီးဦး ကလေးကိုမွေးဖွားခဲ့တယ်။
    ခုနစ်လနဲ့ဖွားတဲ့ ကလေးလှီလှီလေးရဲ့ အူဝဲသံက အန်တီခင်လေးရဲ့ ကြောင်ပေါက်စလေးတွေ အော်သံ နဲ့ တူလှတယ်။
    'ကြောင်မလေးရေ၊ နင့်ကို အပေါ်လွှာက အပျိုကြီးဆီ ပို့ပစ်မယ်နော်'
    ကိုဝင်းအောင်က သူ့တူမပေါက်စကလေး ငိုတိုင်း အော်လေ့ရှိတယ်။ သမီးတွေကတော့ ကစားစရာ အရုပ် ကလေး ရသလို အနားကမခွာတော့ဘူး။ ဟိုကောင် သုတ ဗန္ဓုကတော့ ကြောက်လို့တဲ့။ ကလေးလေးငိုရင် ကြောက်ပြီး သူပါလိုက်ငိုတတ်တယ်။
    ယောက္ခမကြီးကလဲ မြေးပေါက်စလေးကို ချစ်တယ်။ မယ်အေးကလဲ တူမပေါက်စလေးကိုချစ်တယ်။ အင်း… ကိုဝင်းအောင်လဲ ချစ်ပါတယ်။ ရင်ထဲမှာ လေးနေအောင် ချစ်ပါတယ်။ ရင်မလေးဘဲ နေနိုင် ရိုးလားနော်။ ယောက်ဖမိန်းမ ထမင်းမချက်နိုင်ခြင်း၊ ကလေးအား နို့ဘူး ကူရခြင်းကြောင့် ယောက်ဖ၀င်ငွေ ထိခိုက်မိခြင်း တို့ကြောင့် ယောက်ဖလင်မယားကို ကိုဝင်းအောင်တို့ထဲ စားအိုးပေါင်းလိုက်ရပြီလေ။
    ဤရှစ်ယောက် စားအိုးကြီးအား ချီမ, ရမည့် သူသည် မောင်ဝင်းအောင်ဖြစ်သတည်း။ ဟုတ်ကပြီ။ အသင်မောင်ဝင်းအောင် မည်သို့ ချီမ,မည်နည်း။ စာသင်ခြင်းမှ တစ်ပါး မောင်ဝင်းအောင်မှာ တခြား အလုပ် မရှိ။ စာသင်ခြင်းအလုပ်မှာလဲ ဆယ်တန်းအောင်စာရင်းတွေ မထွက်သေးသောကြောင့် ၀ိုင်းတစ်ဝိုင်းသာ ရသေးသည်။ ၀ိုင်းကား ဆယ့်ငါးယောက်ဝိုင်း။ တစ်လလျှင် မောင်ဝင်းအောင်တစ်ထောင့် ငါးရာမျှသော အသပြာ ကိုသာ ရချေသည်။ မောင်ဝင်းအောင် ရှစ်ယောက်ထမင်းအိုးကြီးကို ချီမ, ဖို့အရေး ရင်မလေးဘဲ ခံနိုင်ပါမည်လော။ ဆယ်တန်းအောင်စာရင်းထွက်တဲ့အခါ ၀ိဇ္ဇာတွဲများ ဂုဏ်ထူးတွေ အများကြီးနဲ့အောင်ပြီး သိပ္ပံတွဲ တွေ ကျပါစေလို့ နာသုံးနာအရင်းခံတဲ့ ကျောင်းဆရာစိတ်ဓာတ်အပြည့်အားနဲ့ ဆုတောင်းရုံ မှ တစ်ပါး အခြားမရှိပြီ။ အဲ…သူငယ်ချင်းများ၏ ဧပြီကြွေးမြီများကား နေဦးလော့။ စောင့်ကြဦးလော့။ မင်္ဂလာစုံတွဲ ပေါက်တဲ့ထိ စောင့်ကြဦးလော။
    တခြားအလုပ်လဲ ဘာမှမလုပ်တတ်တော့ ကိုဝင်းအောင်တစ်ယောက် စိတ်ထွေထွေနဲ့ သူငယ်ချင်းရဲ့ မင်္ဂလာဈေးထဲက အထည်ဆိုင်မှာ သွားထိုင်နေတတ်တယ်။ ကိုဝင်းအောင် အဟောအပြောနဲ့ ဈေးရောင်း တာကို ဈေးဝယ်သူတွေ သဘောကျတော့ ဈေးရောင်းစားရမလားတောင် ကိုဝင်းအောင် စိတ်ကူး မိတယ်။ စိတ်ကူးတာပါ၊ စိတ်ကူးတာ ပိုက်ဆံပေးရတာမှတ်လို့။ ဈေးသည်ဆိုတာ ပါးစပ်က လုပ်လို့မရ။ အရင်းအနှီး ရှိမှ လုပ်လို့ရတယ် ဆိုတာလဲသိသားပေါ့။
    ကိုဝင်းအောင်တို့အောက်လွှာက ကလေးပေါက်စလေးရဲ့ စီစီလောင်လောင် ငိုသံဟာ မိုးတိတ်နေတဲ့အချိန်ဆိုရင် အန်တီခင်လေးအပေါ်လွှာက အမြဲကြားရတယ်။ ကြားရတိုင်း အန်တီခင်လေး စိတ်တွေ က လွှင့်ပျံ့မြဲ။ ကြေကွဲဝမ်းနည်းလာမြဲ။
    ဟိုကာင်မ ငယ်ငယ်တုန်းက အသံဟာလဲ ဒီလိုပဲပေါ့။ အဲဒီတုန်းကတော့ သမီးလေးဆိုပြီး အပျိုတန်မဲ့နဲ့ ဒုက္ခခံ မွေးခဲ့ရတယ်။ ချစ်ခဲ့ရတယ်။
    အသက်သုံးဆယ့်ခုနစ်နှစ်အထိ အဒေါ်ကို အယုံသွင်း လိမ်ညာခဲ့တာပေါ့လေ။ ကြီးမေတစ်သက် မွန်ဘယ်တော့မှ အိမ်ထောင်မပြုဘူးတဲ့။ ကြီးမေနဲ့ပဲ သေတစ်ပန် သက်တစ်ဆုံး တူတူနေမယ်တဲ့။
    ခုတော့ကြီးမေထက် ပိုချစ်ရမယ့်သူကို ရှာတွေ့သွားခဲ့ပြီးပေါ့မွန်..ဟုတ်လား။
    ညည်းထားပစ်ခဲ့တဲ့ အခန်းထဲမှာ ကြီးမေရယ်၊ ကြောင်လေးတွေရယ်။
    ကြီးမေ ခြောက်အိပ်မက်တွေ မက်တော့လဲ ဘယ်သူမှ လာနိုးမယ့်လူမရှိပါဘူး။ ကြီးမေ အသက်ရှူမ၀ဖြစ်တော့လဲ ဘယ်သူမှ တံခါးထဖွင့်မယ့်လူမရှိပါဘူး။ အသက်ကို ရှိုက်ရှိုက်ရှူနေတဲ့ ကြီးမေကို ကြီးမေ သားသမီးလေးတွေက မျက်လုံး ပြူးကြောင်ကြောင်လေးတွေနဲ့ ကြည့်ကြရှာတယ်။ တိရစ္ဆာန် တွေဟာ လူတွေထက် ပိုသစ္စာရှိကြတယ်။
    ဟိုတလောကလည်း ညည်းအဖေလာတယ်။ ညည်းကို လိုက်ရှာပေးမယ်တဲ့။ မရှာနဲ့၊ တွေဲ့လဲ မခေါ်ခဲ့ပါနဲ့ လို့ ပြောလိုက်တယ်။ ကြီးမေနှစ်ယောက်လုံးကို မတွေ့ချင်ဘူး။ ညည်းကို ခွင့်မလွှတ်နိုင်ဘူး။ အင်း… ကြီးမေကိုယ်ကိုလဲ ခွင့်မလွှတ်နိုင်တာရှိတယ်။
    နတ်ပွဲကို သွား ခဲ့မိတဲ့အတွက်လေ။ ညည်းဒီကောင်လေးနဲ့ နတ်ပွဲမှာ တွေ့ခဲ့တာမဟတ်ုလား။ အဲဒီ အတွက် ကြီးမေ ကိုယ်ကို ခွင့်မလွှတ်နိုင်ဘူး။
    ကြီးမေသိတယ်။ ကြီးမေကိုယ်တော်ကြီး ကိုယ်တော်လေးနဲ့ ဖေကြီးကျော်တို့ ဒဏ်ခတ်တာ၊ အပြစ် ပေးတာ။ ကြီးမေတို့ တူဝရီးနှစ်ယောက်လုံးကို ကိုယ်တော်ကြီးကိုယ်တော်လေး နဲ့ ဖေကြီးကျော်က ကောက်တော် မူတုန်းက နတ် နဲ့လက်ထပ်ရမှာ၊ ဘာညာတွေကို ညည်းကြောက်ပြီး တောင်းပန် ထားခဲ့ မိတယ်။ အဲဒီအတွက် ညည်းဒီလိုဖြစ်ရတာပေါ့မွန်။
ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>
Sunday, November 14, 2010
မြစိမ်းပြာ ကမာရွတ် အပိုင်း (၃၅)
'အေးလေ မျက်စိကလဲ စွေသလိုကြီး၊ အန်တီခင့် သမီးမဟုတ်ဘူးလား'
    'ဘယ်ဟုတ်ရမှာလဲ၊ အန်တီခင့် သမီးက ငယ်ငယ်လေးရှိသေးတာ'
    "ကဲပါကွာ… ကဲပါကွာ၊ ငါ့မြေးနှစ်ယောက်က ရန်ကုန်မြို့မှာ အချောဆုံးပါ၊ နေရာလေးဘာလေး လုပ်ထား၊ ဟိုမှာ ရေခဲသတ္တာသယ်လာပြီ'
    'သိပါတယ် အဘိုးရဲ့၊ ဟိုအဧည့်ခန်းထောင့်မှာ မေကြီး ချမှာပါ၊ အစကတည်းက မေကြီးပြောထားတာ၊ အဲဒီ နေရာမှာ ထားမယ်တဲ့'
    'အေး…အေး၊ ပြီးရော'
    ရေခဲသေတ္တာကို အာကာနဲ့ကား မောင်းတဲ့လူတစ်ယောက် သယ်လာကြတယ်။ နိုင်လောက် ပါတယ်။ရေခဲသေတ္တလေးက ခပ်သေးသေးပါ။ ဒါပေမယ့် ထုံစံအတိုင်း ဆန်နီကတော့ မုန့်လုံးရေပေါ် အိုးနား ကနေ အပြေးလိုက်ပြီး 'မ'ပေးရင်း လိုက်လာတယ်။ ပွဲစား ဒေါ်သင်းသင်းကတော့ လိုက်မလာဘူး။ အောက်မှာ ဧည့်သည်တွေနဲ့ နေခဲ့တယ်။
    အခန်းထဲရောက်လို့  ရေခဲသြေတ္တာနေရာချပြီးတာနဲ့ အာကာက သူ့ညီမတွေကို လှမ်းပြောတယ်။
    'ဟေ့..နင်တို့ အင်္ကျီလဲပြီး လိုက်ခဲ့တဲ့မေကြီးက၊ ငါတို့ပြန်သွားမှာ၊ သွားမြန်မြန်လုပ်'
    'ဘယ်သွားမှာလည်းဟင်၊ ကိုအာကာ'
    'ရေပက်ခံထွက်ဖို့ပေါ့ဟ၊ ဘာလဲ မလိုက်ဘူးလား'
    အမြွှာမနှစ်ယောက် မြူးသွားကြတယ်။ 'လိုက်မယ်၊ လိုက်မယ်'လို့အော်ပြီး အခန်းထဲဝင်ပြေးကြတယ်။ အင်းမအေက ကားကြုံတုန်း သားသမီးတွေ လည်ဖို့ပတ်ဖို့ စီစဉ်လာတာနဲ့တူတယ်။ ချွေးမက ရေခဲသေတ္တာ တင် မကဘူး။ ကားကလဲ ကြိုက်လိုက်တာဆိုတာ။ ကားတစ်စီးနဲ့ လမ်းပေါ်သွားနေရရင် ဘယ်လောက် သွားရ သွားရ မပန်းဘူး။
    'ဆန်နီ၊ မင်းရောလိုက်ခဲ့၊ ရေပက်ခံထွက်မယ်၊ ရေပက်ခံ'
    ဆန်နီက အာကာကို ချမ်းတုန်နေတဲ့ဟန်ပြန်လုပ်ပြပြီး သူကြောက်သတဲ့။
    'မကြောက်နဲ့၊ မျက်နှာသုတ်ပ၀ါခြုံခဲ့၊ အင်း…အင်း၊ ဘောင်းဘီရှည်ဝတ်ခဲ့၊ ဒီလို ဒီလို'
    အာကာပြောသမျှကို ဆန်နီက ခေါင်းတညိတ်ညိတ် နားထောင်ပြီး အောက်ပြန်ဆင်းပြေးတယ်။
    'ဟာ…မုန့်လုံးရေပေါ်တွေပါလား အဘိုး… ဘယ်ကလာပေးတာလဲ၊ တီယာထွန်းရော ဘယ်သွားလဲ'
    'အောက်မှာလေကွာ၊ ဟိုဘက်ခန်းက ဆရာတို့ လုပ်နေတာကွ၊ မင်းအဖေကတော့ အပြင်သွားတာပဲ၊ အဘိုး လဲမသိဘူး'
    အာကာက ကောင်းတယ်၊ ကောင်းတယ်နဲ့ ပလုတ်ပလောင်းစားနေတယ်။ သူ့ညီမတွေကိုလဲ မြန်မြန် လုပ်ဖို့ လှမ်းအော်တယ်။
    'ကဲ…လာ၊ ပြီးပြီသွားမယ်'
    ဟော ညီမနှစ်ယောက်ဘောင်းဘီတွေ၊ အင်္ကျီပွကြီးတွေဝတ်လို့။ မျက်မှန်အမည်းတွေတပ်လို့။ မျက်နှာသုတ်ပ၀ါကြီးတွေကိုလဲ ခြုံထားကြသေးတယ်။ ဖိုးဘတင် မျက်စိထဲမှာတော့ မြေးမနှစ်ယောက်ကို ဘယ်လိုကြည့်ရမှန်းမသိဘူး။
    'ဟဲဟဲ၊ နောက်နှစ်ကျရင် နင်တို့ကို ငါ့ကားနဲ့ လိုက်ပို့မယ်သိလား၊ အဘိုးကိုလဲ ခေါ်မယ်'
    'ဟင်းကြည့်ရဦးမှာပေါ့၊ သူကဖြင့် ဘယ်ကကားရမှာမို့လို့လဲ'
    'အိုး…ငါဂျပန်သွားတော့ရမှာပေါ့၊ တစ်စီးတောင်မကဘူး၊ သိလား'
    အာကာ့ကိုကြည့်ရတာ မြူးကြွနေသလိုပဲ။ ဧကန္တတော့ ဒီကောင် ဂျပန်သွားရဖို့ သေချာပြီ ထင်တယ်။
    'ဟေ့ လူလေး ဂျပန်သွားဖို့ မင်းအလှည့်ကျတော့မှာလားကွဟေ'
    မြေးလုပ်သူမျက်နှာက တစ်မျိုးဖြစ်သွားတာကို ဖိုးဘတင် တွေ့လိုက်ရတယ်။
    'ဟုတ်တယ်အဘိုး၊ သားသွားရတော့မယ်၊ အဘိုးသားတို့ ပြန်လာမှ ရေခဲသေတ္တာကို လုပ်မယ်နော်အဘိုး ဘာမှသွားမလုပ်နဲ့သိလား'
    'အိုစိတ်ချ၊ ထိတောင်မထိပါဘူးမောင်'
    မောင်နှမသုံးယောက် ခုန်ပေါက်မြူးထူးပြီး ဆင်းသွားကြတယ်။
    သူတို့ကားပေါ်မှာ ဆန်နီလဲပါသွားတယ်။ ၀ရန်တာက ဘိုးအေကို ကားပေါ်ကနေ လှမ်းပြီး လက်ပြ နှုတ်ဆက်သွားကြတယ်။
    သူတို့ကား ထွက်သွားပြီး သိပ်မကြာလိုက်ပါဘူး။ သားလုပ်သူ ပြန်လာတာကို ဖိုးဘတင် လှမ်းမြင်ရတယ်။ နည်းနည်းလေးပဲ လွဲသွားတာ၊ လမ်းမှာများ မတွေ့ခဲ့ဘူးလားကွာ၊ တွေ့ရင် သားလုပ်တဲ့သူပါ လိုက်သွားရတာပေါ့။ သားအမိ သားအဖတွေ ပျော်ပျော်ပါးပါး လည်ရတာပေါ့။
    သားလုပ်သူကို ဖိုးဘတင် အဆင်သင့် တံခါးဖွင့်ထားပေးလိုက်ပြီး ၀ရန်တာ ပက်လက်ကုလားထိုင်ပေါ်ကနေ ဖိုးဘတင် စောင့်နေလိုက်တယ်။
    'အဖေ'
    လမ်းသွယ်ထဲမှာ ရေလိုက်ပက်နေကြတဲ့ မောင်ဝင်းအောင်တို့ သားအဖတစ်တွေကို ဖိုးဘတင် ကြည့်ကောင်းနဲ့ ကြည့်နေတုန်း အပေါက်က သားလုပ်သူအသံ ပေါ်လာတယ်။ အသံနဲ့အတူ နှာခေါင်းထဲဝင်လာတာက စူးရှရှအရက်နံ့။ အလို…ဘီယာထွန်း ဘယ်လိုဖြစ်လာတာ ပါလိမ့်။ ဒီကောင် အရက်ပြင်း မသောက်တတ်ပါဘူး။ ဒါကြောင့်၊ ဒါကြောင့် အဖေကို မခေါ်စဖူး ခေါ်လို့၊ နို့မို့ဆို အပြင်ကပြန်လာလို့ ဖိုးဘတင် ၀ရန်တာထိုင်နေတာတွေ့လဲ မခေါ်ပါဘူး၊ သူ့ဟာသူ အိမ်ထဲဝင်သွားတာပဲ။
    'အဖေ…ကျွန်တော်ခေါ်နေတာမကြားဘူးလား'
    'ဟေ…ကြားပါတယ်ကွာ ကြားပါတယ်၊ အိမ်ထဲဝင်လေကွာ'
    အင်း…ဒီကောင့်ကြည့်ရတာ မသောက်စဖူး သောက်ပြီး မူးနေပုံတောင် ရတယ်။ သင်္ကြန်ရက်ဆိုတော့ ဘယ် သူငယ်ချင်း ကများတိုက်လိုက်တယ်မသိဘူး။
    'မင်း…လမ်းမှာ မင်းမိန်းမနဲ့ မတွေ့ဘူးလား'
    သားလုပ်သူက ခေါင်းကို ယမ်းပြနေရင်းက ဖိုးဘတင် ခြေရင်းမှာ ၀င်ထိုင်ချလိုက်တယ်။
    'သူတို့က ကားနဲ့မဟုတ်လား၊ အဖေရဲ့'
    'အေး…ဟုတ်တယ်၊ ကားနှစ်စီး၊ ဧည့်သည်တွေလဲ ပါတယ်'
    'ဧည့်သည်တွေဟုတ်လား၊ အဲဒါဧည့်သည်တွေမဟုတ်ဘူး၊ ခမည်းခမက်'
    'မင်းမိန်းမတော့ ရေခဲသေတ္တာဝယ်လာပြီဟေ့၊ ဟိုမှာ၊ မင့်သမီးတွေတော့ ခုန်နေတာပဲ'
    'အဲဒါ ၀ယ်တာမဟုတ်ဘူးအဖေရ၊ သေဌေးအိမ်က စွန့်ပစ်လိုက်တာ၊ ကျွန်တော်တို့အိမ် အတွက်တော့ အကောင်းကြီး ပေါ့အဖေရာ'
    'ဟေ…ဟုတ်လား ၊ တယ်သဘောကောင်းတဲ့ သေဋ္ဌေးပါလားကွ၊ သူ့သူငယ်ချင်းကားရှိတဲ့ ကလေးမလား'
    'မဟုတ်ပါဘူးအဖေရာ၊ အဖေမသိပါဘူး၊ ကျွန်တော်လဲ မသိဘူး၊ အဖေ့ချွေးမပဲသိတယ်၊ အဲဒီလူတွေက ကျွန်တော် နဲ့ ခမည်းခမက်တော်ရမယ့်သူတွေ၊ ခမည်းခမက်၊ အဖေသိပြီလား'
    'ဟေ-ခမည်းခမက်'
    ဖိုးဘတင်ရင်ထဲ ရုတ်တရက်ပူသွားတယ်။ ဘုရား…ဘုရား ဖြူပြာလား၊ ကြည်ပြာလား၊ ချွေးမတွေ ဘာတွေ လျှောက် လုပ်ပါလိမ့်၊ မြေးကလေးတွေ ငယ်ကြပါသေးတယ်။
    'ဒီမှာကြည့်ပါဦး အဖေရာ၊ ကြည့်ပါဦး'
    သားလုပ်သူက ငိုသံပါနဲ့ ပိုက်ဆံအိတ် အညိုလေးထဲကနေ ဓာတ်ပုံတစ်ပုံကို ဖိုးဘတင်ဆီ ထိုးပြနေတယ်။ အလို…ဒီပုံလေးထဲကဟာ မြေးကောင် အာကာပါလား၊ သုံးနှစ်သားလောက်ပဲရှိဦးမယ်။ ပြုံးနေပုံတွေ ဘာတွေက မင်းငယ်ငယ်ကအတိုင်းပါပဲ ငါ့လူရာ။ မင်းငယ်ငယ်ကလဲ ဒီလိုပုံမျိုးလေး မှန်ပေါင်သွားပြီး တို့လင်မယား အိပ်ရာဘေး ချိတ်ထောင်ထားပါသေး မောင်ရာ။
    'ကျွန်တော့်သားလေး၊ ကျွန်တော့်သားလေး'
    သားလုပ်သူ အသံက တိမ်ဝင်သွားပြီး ရုတ်တရက် ဘာမပြော ညာမပြောနဲ့ ဖိုးဘတင်ပေါင်ပေါ် ခေါင်း တင်ပြီး ရှိုက်ကြီးတငင် ငိုချလိုက်ပါရော။ ဖိုးဘတင် ပျာယာခတ်သွားတယ်။
    'ငါ့သား ငါ့သား ဘာဖြစ်တာလဲကွာ၊ အဖေ့ကိုပြောပါဦး၊ အဖေ့ကို ပြောပါဦး'
    သားလုပ်သူက ခေါင်းမဖောဘဲ ရှိုက်ရှိုက်ပြီးတော့ ငိုနေတယ်။ ဖိုးဘတင်က သားလုပ်သူ ပခုံးကို အသာအယာဆုပ်ပြီး ခဏငြိမ်နေတယ်။ တော်တော်လေး ကြာတော့မှ သားလုပ်သူက ခေါင်းမော့လာတယ်။
    'အဖေ'
    'ဟေ'
    'အဖေကျွန်တော့ကို သိပ်ချစ်တယ်မဟုတ်လား'
    'အေး..အေး၊ ချစ်တာပေါ့ကွာ၊ ချစ်တာပေါ့'
    'အဖေ့လိုပဲ ကျွန်တော်လဲ ကျွန်တော့်သားကို သိပ်ချစ်တယ်၊ ကျွန်တော့်မှာ တစ်ယောက်တည်းရှိတာ'
    'အေးပါ အေးပါ'
    'ကျွန်တော့်သားကို ကျွန်တော်ကလေးလို့ပဲ ထင်တယ်၊ ကျွန်တော့်သားနဲ့ ကျွန်တော်မခွဲချင်ဘူး၊ ဒါပေမယ့် သူအမေက ကျွန်တော်တို့ သားအဖကို ခွဲပစ်တယ်၊ ကျွန်တော့်သားကို မိန်းမ ပေးစား တော့မလို့တဲ့အဖေရဲ့'
    'အာကာ့ကို…ဟုတ်လား၊ ဘယ်သူနဲ့လဲ၊ အာကာပူဆာသလား'
    'မဟုတ်ပါဘူးအဖေရာ၊ မဟုတ်ပါဘူး၊ ကျွန်တော့်သားလေးက ရည်းစားတောင် မရှိရှာပါဘူး၊ ကျွန်တော် မပြောချင်ဘူး အဖေရာ ရင်နာတယ်၊ ဒါပေမယ့် အဖေ့ကို ကျွန်တော်ပြောမယ် ကျွန်တော့်သားလေး ဂျပန်သွားဖို့ ငွေမရှိလို့ သူကိုယ်ခန္ဓာကို ရောင်းတာပေါ့အဖေရာ၊ ၀ယ်တဲ့သူက ဂျပန်သွားဖို့ တာဝန် ယူတယ်၊ ပါးရွဲ့၊ နားရွဲ့၊ မျက်စိစွေနဲ့ ဘယ်ယောက်ျားမှ မယူချင်တဲ့ အူတူတူပညာမဲ့ သမီးတစ်ယောက်ကိုလဲ ပေးတယ်။
    'ကျွန်တော့်သားလေး အာကာနဲ့ အဲလို ကောင်မလေးမျိုးနဲ့ တန်သလား၊ ကျွန်တော့်သားလေး ရုပ်ကလေးကို ကြည့်ပါဦး၊ သူဘယ်ကြိုက်မှာလဲ အဖေရာ၊ သူဘယ်ကြိုက်မှာလဲ၊ သူဂျပန်သွားချင်ရှာလို့၊ ပိုက်ဆံမရှိလို့၊ အဲဒီပိုက်ဆံကို ဖအေလုပ်တဲ့ ငတုံးက လူစွမ်းလူစမရှိတဲ့ကောင်က ရှာမပေးနိုင်လို့ အဖေရ သိလား'
    'ငါ့သားရာ'
    မျက်ရည်တွေတွေကျနေတဲ့သား လုပ်သူပခုံးကိုပဲ ဖိုးဘတင် တင်းတင်းကျပ်ကျပ် ဆုပ်ထားမိတယ်။ ဖြစ်မှဖြစ်ရလေကွာ။ ဖိုးဘတင်သားလုပ်သူလိုပဲ ခံစားရတယ်။ မြေးကလေးကိုသားကိုပွားအဖြစ် ဖိုးဘတင်လဲ သိပ်ချစ်ခဲ့တာကိုး။
    'အဖေကျွန်တော့်တုန်းကလေ အဖေတို့က ကျွန်တော်ကြိုက်တဲ့ မိန်းမနဲ့ ကျွန်တော့်စိတ်ကြိုက် ခမ်းခမ်း နားနား တောင်းရမ်းပေးခဲ့တာနော်၊ အဖေက ကျွန်တော့်အပေါ်မှာ တာဝန်ကျေခဲ့တယ်၊ ကျွန်တော်က ကျွန်တော့် သားအပေါ် တာဝန်မကျေနိုင်ဘူး အဖေရ၊ ကျွန်တော်တာဝန်မကျေဘူး။
    'မင်္ဂလာကိစ္စအတွက် ကုန်ကျစရိတ်အားလုံးကိုလဲ သူတို့က ခံပါမယ်တဲ့၊ မိဘ၀တ္တရားငါးပါးထဲမှာပါတဲ့ ထိမ်းမြားခြင်းလျှင်ဆိုတဲ့ ၀တ္တရားကို ကျွန်တော် မကျေတော့ဘူး၊ အဖေကျွန်တော့်သားလေးမှာ သူကြိုက်တဲ့ ချောချောလှလှကလေးမလေး ပိုက်ဆံတော့်မရှိဘူး အဖေရာ၊ ရှိချင်ရှိမှာနော် အဖေနော်'
    ရှိမယ်မထင်ပါဘူးကွာ၊ ငါ့မြေးက အသက်သာနှစ်ဆယ်ကျော်တာ ကလေးလိုပဲ'
    'ဟုတ်တယ်နော်အဖေ၊ ကျွန်တော်သိတယ်၊ အဖေလဲ အဖေမြေးလေးကို မပေးစားချင်ဘူးမဟုတ်လား၊ ဟုတ်တယ်မဟုတ်လားဟင် အဖေ'
    'အဲသလိုမဟုတ်ပါဘူးကွာ၊ အဖေမပြောတတ်ပါဘူး'
    'မပြောတတ်တာပဲကောင်းတယ်၊ အဖေရာ၊ မပြောတတ်တာပဲကောင်းတယ်၊ ပြောတတ်လို့လဲ မရ တော့ဘူး အဖေရ မေလထဲမှာ မင်္ဂလာကိစ္စလုပ်ဖို့ အကုန်စီစဉ်ပြီးပြီတဲ့၊ အဖေ့ချွေးမ ဆရာမကြီးကို အဖေမယုံမေးကြည့်'
    တော်ပါကွာ၊ တော်ပါကွာ၊ တော်ပါတော့။ နှစ်ဦးလဦးကြီးမှာ သားရယ်။ ဖူးစာပဲလို့သာ သား သဘောထားလိုက်ပါတော့။ ဖိုးဘတင် မျက်နှာသုတ်ပ၀ါတစ်ထည်နဲ့ သားလုပ်သူရဲ့ မျက်ရည်တွေကို တယု တယ သုတ်ပေးတယ်။
    'သူတို့ပြန်လာရင် ဘာမှမပြောနဲ့တော့ကွာ'
    'မပြောပါဘူး၊ အဖေနဲ့နှစ်ယောက်တည်းမို့ ကျွန်တော်ပြောတာ၊ အာကာ့မျက်နှာကို ကျွန်တော်မကြည့်တာကြာပြီ'
    'အေးပေါ့ကွာ၊ အဲ…နေပါဦး၊ ဘယ်တော့ကွ၊ ကလေးတွေ မင်္ဂလာကိစ္စက'
    'မေလ ရှေ့လပေါ့အဖေရာ'
    အင်း…ရှေ့လကျော်ရင်မြေးကလေးအာကာနဲ့ ဖိုးဘတင်ခွဲရတော့မှာပါလား။
    မြေးနဲ့ခွဲရမယ့်အရေးကို ဧပြီတစ်လလုံး ဖိုးဘတင် တငိုင်ငိုင် တတွေးတွေးဖြစ်နေတုန်း ရုတ်တရက် အလျင်ခွဲလိုက်ရသူက အပျိုကြီး ဒေါ်ခင်လေး ဖြစ်သွားခဲ့ရှာတယ်။
    မမျှော်လင့်ဘဲ မယဉ်မွန်တစ်ယောက် ချစ်သူနောက်ကို လိုက်ပြေးသွားခဲ့တယ်လေ။
    သမ္မတဟိုတယ် မင်္ဂလာခန်းမရဲ့ ထိပ်ဆုံးစားပွဲဝိုင်းကြီးရဲ့ ကုလားထိုင်တစ်လုံးမှာ ဖိုးဘတင်တစ်ယောက် တောင့်တောင့်ကြီး ထိုင်နေတယ်။ ဖိုးဘတင်နေရထိုင်ရတာ သက်သောင့်သက်သာမရှိလိုက်တာ။ စိတ်တွေ ကျဉ်းကျပ်နေတယ်။ သူ့ဘေးက သားလုပ်သူလဲ သူ့လိုပဲ ဖြစ်နေဟန်တူတယ်။ ဒီကောင်မျက်မှန်အောက်က မျက်လုံးတွေမှာ မက်ျရည်ဝဲနေသလား။ ချွေးမကတော့ ပြုံးရက်ပါပေဗျာ။ ချွေးမဘေးက ဟိုကလေးမလေးရဲ့ မိဘများကလဲ ပြုံးနိုင်ကြပါတယ်။ မပြုံးရက်နိုင်တာက သတို့သားအဖေပါပဲကွာ။
    မင်္ဂလာစင်မြင့်ပေါ်မှာ အပျိုရံလုပ်နေကြတဲ့ အမြွှာညီအစ်မတောင် (အလျင်ကတော့ သူ့အစ်ကို ဒီကလေးမ နဲ့ ယူရပါ့မလားဆိုပြီး ငိုလိုက်ယိုလိုက်ကြတာ) ပြု့းလို့။ သူတို့ညီအစ်မ လိုချင်လှတဲ့ ဘာ အင်္ကျီ ဆိုလား နှစ်ထောင်ကျော်တန်တွေကို ၀တ်ရလို့လားတော့ မဆိုနိုင်ဘူး။
    သတို့သား မြေးအာကာကတော့ သူ့နဂိုမူလမျက်နှာထားလေးအတိုင်း  ခပ်ပြုံးပြုံးလေးပါပဲ။ ထူးပြီး ပြုံးတာတော့ သူသွားချင်တဲ့ ဂျပန် သွားရတော့မယ်အ့အတွက် ၀ရန်တာကို ခြင်ထောင်နဲ့ အခန်းလုပ်ပြီး မလွတ် မလပ် အိပ်ရတဲ့ဘ၀ကနေ သီးသန့်အိပ်ခန်းနဲ့၊ ရေချိုးခန်းနဲ့ နေရတော့မယ့်အတွက်၊ မအေ့ဆီက မုန့်ဖိုး လက်ဖြန့်ခံပြီး မအေချွေတာကျွေးသမျှ ဟင်းနဲ့ စားရတဲ့ဘ၀ကနေ ဟင်းကောင်းကြိုက်တဲ့ အာကာ တစ်ယောက် နပ်တိုင်းဟင်းကောင်း စားပြီး ကြိုက်သလိုသုံးနိုင်တော့မယ့်အတွက်။ အတွက်ပေါင်းများစွာနဲ့ မြေးကလေး အာကာ ပြုံးချင်ပြုံးချင်နိုင်မှာပေါ့လေ။
    သူ့ဘေးက ကုသိုလ်ကံဆိုးရှာတဲ့ ပါးရွဲ့ရွဲ့၊ အရုပ်ဆိုးဆိုး ပညာမတတ်တဲ့ ကလေးမလေးကို သူချစ်ချင် ချစ်နိုင်မှာပေါ့။ ချစ်နိုင်ပါစေကွာ။ ငါ့မြေး စိတ်ချမ်းသာပါစေ။ အဘိုးတော့ ဒါပဲပြောတတ်တယ်။
    'ကျက်သရေထွန်းဖြာ မောင်အာကာနှင့် တင့်မျိုးစုံညီမိုးမိုးကြည်တို့ နှစ်ဖြာဆောင်းနှင်း'
    ဖိုးဘတင် နားမလည်တဲ့ ရတုပိုဒ်စုံဆိုတာဟာ နားထောင်လို့တော့ကောင်းသား။ ဟုတ်တာတွေရော၊ မဟုတ်တာတွေရော မြှောက်ပင့်ရေးထားတဲ့ ဒီရတုမျိုး ဖိုးဘတင်တို့ခေတ် မင်္ဂလာလက်ထပ်ပွဲတွေမှာ မရှိခဲ့ပါဘူး။ မင်္ဂလာ ဘိသိက်သွန်းပြီး လက်ထပ် ငွေဖလားကြီးထဲက မင်္ဂလာရေထဲမှာ လက်ထပ်ပေးတာပဲရှိတယ်။
    ပြီးတော့ ရပ်မိရပ်ဖတစ်ယောက် မင်္ဂလာစကားပြောတယ်။ လင့်ဝတ္တရား၊ မယားဝတ္တရားတွေကို ပြောပြပြီး သာယာတဲ့ အိမ်ထောင်တစ်ခုကို တည်ဆောက်ကြဖို့ ဆုံးမစကားပါပဲ။ ဒီလိုမျိုး မင်္ဂလာခန်းမတို့၊ ဟိုတယ်တို့လဲ မငှားရပါဘူး။ မိန်းကလေး အိမ်ရှေ့ မဏ္ဍပ်ထိုးလိုက်တာပါပဲ။ မဏ္ဍပ်လဲ ကိုယ့်ရပ်ရွာက ၀ိုင်းဆောက်ပေးကြတာပါပဲ။ ကောက်ညှင်းပေါင်းနဲ့ အကြော်အ၀ကျွေး၊ ပြီးတာပဲ။
    ဒီမှာတော့ဗျာ၊ ခန်းမ ဟိုတယ်ရဖို့ ငှားရတာကိုက ချွေးမပျာပျာနောက်လို့။ တစ်လလောက် ရက်ကြိုချိတ် ရတာတဲ့။ ပြီးတော့ မင်္ဂလာမဆောင်ခင် ကောင်မလေးအိမ်မှာ လုပ်တဲ့ စေ့စပ်လက်စွပ်လဲတယ်ဆိုတာ ရှိသေးဗျား။
    မင်္ဂလာမဆောင်ခင်စေ့စပ်တယ်။ ပြောဆိုတယ်ဆိုတာ ဖိုးဘတင်တို့တုန်းကလဲ ရှိပါတယ်။ လူကြီးလွှတ်မြန်းတယ်ခေါ်တာပေါ့။ မိန်းကလေး မိဘတွေဆီကို လူကြီးစုံရာနဲ့ ယောက်ျားလေး မိဘကသွားပြီး တောင်းရမ်းပြောဆိုတာပေါ့။ ဟိုဘက် မိဘက သဘောတူကြည်ဖြူတယ်ဆိုရင် ပြီးပြီ။ တစ်ခါတည်း မင်္ဂလာရက် သတ်ရင်သတ်၊ ဒါမှမဟုတ် နေ့ကောင်းရက်သာ ဗေဒင်ဆရာတွေ ဘာတွေနဲ့ ရွေးချင် ရွေးတယ်။ နော်ကမှ မင်္ဂလာရက်သတ်မယ်၊ ဒါပဲ။ နောက်မင်္ဂလာရက်ကျမှ စီစဉ်စရာတွေရှိတာ စီစဉ်ပြီး မင်္ဂလာဆောင်လိုက်ကြ၊ ဒါပဲ။ ဘာလက်စွပ်မှ မလဲရပါဘူးဗျာ။
ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>
Saturday, November 13, 2010
မြစိမ်းပြာ ကမာရွတ် အပိုင်း (၃၄)
"စိတ်ပျက်လွန်း လို့ဗျာ၊ ကြောင်တွေကို ပွေ့ဖက်၊ နမ်းရှုပ်နဲ့ အပျိုကြီးတွေ သိပ်လုပ်တာ၊ ကျုပ် မပြော လိုက် ချင်ဘူး၊ အဲဒါယောက်ျားကို မပွေ့ရ၊ မဖက်ရ၊ မနမ်းရလို့ ကြောင်ကို လုပ်နေတာ"
"မှန်လိုက်တာ ဆရာ၊ သူတို့မသိလို့ ဆရာရဲ့၊ ကြောင်ဆိုတာ ပွေ့ရဖက်ရ နမ်းရတာ မဟုတ်ဘူး၊ ချက်စား ရတာ ကြောင်ဆီပြန် မဆလာအုပ် သိပ်ကောင်းတာ ဆရာ၊ ဟဲ-ဟဲ ဒီတစ်ခါ ဆရာ့ အခန်းလာရင်း ဖမ်းထား လိုက်၊ ကျွန်တော် ချက်ကျွေးမယ်"
"ကျုပ် စားဖူးပါတယ်၊ သိပ်တော့ မကြိုက်လှဘူးဗျ"
"ဟာ…. ဆရာစားဖူးတာ၊ အိမ်ကြောင်မို့ နေမှာပါ၊ တောကြောင်ဆို သိပ်ကောင်းတာ၊ ဆရာ ကုန်ရင် ဒီမှာ ရမ် ရှိသေးတယ်နော်"
"ရှိတယ်…….. ကျုပ်ဆီမှာလဲ ရှိတယ် တော်ပြီလေ၊ ဒါလောက်ပဲ ၀ီစကီပဲ သောက်မယ်"
သင်္ကြန်လေ ကလေးက တဖြူးဖြူး တိုက်ခက်လာတယ်။ ရုတ်တရက် မိုးကအုံ့သွားပြီး သင်္ကြန်ရိပ် ဆင် လာတယ်။
"ကိုဝင်းအောင် ကျုပ်သီချင်းဆိုချင်တယ်ဗျာ"
ဆရာဦးသက်ဦရဲ့ မျက်မှန်အောက်က မျက်လုံးတွေက ရီဝေနေကြတယ်။
"ဟာ… သိပ်ဆိုတာပေါ့ ဆရာရယ်၊ ဆို…….ဆို ဆရာဆိုချင်သလောက်ဆို"
ဆရာဦးသက်ဦး က ၀ီစကီ ဖန်ခွက်ကို တစ်ကျိုက် ကျိုက်လိုက်တယ်။
"တောအစမှာလေ ဒေါနနဲ့ဇီဇ၀ါ
 ဇီဇ၀ါ သရဖီ မြတ်လေး ပျံမွှေးကန္ဓမာ"
ဦးရဲ့ အောင်မြင်လှတဲ့ အသံဝါကြီးကို ၀ရန်တာကကြားလိုက်ရတဲ့ လတ်တစ်ယောက် မျက်လုံးပြူး သွားတယ်။ ဟော- ဦးသီချင်းဆိုနေပြီ။ သူ့မူပိုင် မြိုင်ဟေမန်ကို ဆိုပြီးဆိုတော့ ဦးမူး နေပြီလား၊ လတ်လိုက် သွားမှပါ။
ကြည့်ပါဦး၊ ဟိုတစ်ယောက်ကလဲ တွဲမိသလား မမေးနဲ့ လက်ခုပ် လက်ဝါးတီးလို့၊ ပါးစပ်ဆိုင်းနဲ့ လိုက်ဆို နေတာ မကရုံ တစ်မည်ပဲ။
"အို……ဇလပ်တာ ထပ်တစ်ရာ
ထပ်တစ်ရာ ဇလပ်တာ
ကြိုင်လှိုင်မြိုင်လုံးရယ်
မြိုင်လုံးရယ်မွှေး မြိုင်လုံးရယ်မွှေးဗျာ"
အပေါ်လွှာက အပျိုကြီး နှစ်ကြီးနဲ့ အလည်ရောက်နေတဲ့ အန်တီမေရီတို့ ၀ရန်တာမှာ ထွက်လာကြ သလို မယ်အေး တို့လဲ ၀ရန်တာမှာ ထွက်လာကြတယ်၊ ဟိုဘက်ဝရန်တာမှာပဲ ဖိုးဘတင်နဲ့ အမြွာညီအစ်မက ပွဲကြည့်ပရိသတ်။
"ဟေ့….ဆန်နီ ကမယ်ကွာ၊ လာကွာ၊ ဆရာနောက်တစ်ကျော့ နောက်တစ်ကျော့"
"ရတယ်"
"သင်းတပျံ့ပျံ့ ဆင်းရနံ့ ရယ်တဲ့ကြိုင်စွာ လှိုင်စွာ
ဂေါ်ဖီ ပင်မင်း အင်ကြင်းရွှေဝါ
ဂေါ်ဖီ ဂေါ်ဖီ ပင်မင်း အင်ကြင်းရွှေဝါ
ယင်းမာ အို-ယင်းမာ
ကြိုင်လှိုင် မြိုင်လုံးရယ်
ကြိုင်လှိုင်မြိုင်လုံးရယ်
မြိုင်လုံးရယ်မွှေး
မြိုင်လုံးရယ်မွှေး ဗျာ"
ကိုဝင်းအောင်နဲက အတူအံ့သြစရာ ကောင်းအောင် ကျကျနန က, နေတဲ့ ဆန်နီကိုကြည့်ပြီး ဦးသက်ဦးက အားရပါးရ လက်ခုပ်တီးပေးနေတယ်။
"အို….ဘာတဲ့တုံး၊ ရွှေမန်းဆန်နီလေးရဲ့ ဟေ့…….ယင်းမာ ယင်းမာ……."
ကိုဝင်းအောင်ကလဲ သူကတာရပ်ပြီး ဆန်နီကို လက်ခုပ်တီးပေးပြန်တယ်။ ဆန်နီကနေပုံကို ကြည့်ပြီး ၀ရန်တာ ပွဲကြည့် ပရိသတ်က သဘောကျနေကြတယ်။ အန်တီမေရီ ကတော့ မျက်ရည် တောင်ဝဲလို့ သူ့သားလေးကို ကြည့်နေတယ်။
"လာလာလေ လှမ်းခဲ့ပါ့ ပန်းပါနဲ့ဒါရူ
မောင်သည်းအူငယ် သည်မြိုင် ကိုယ်ပန်းလှချည်ရဲ့
အိုခင်ရဲ့"
"မောင်မောင်ဖုရာ့"
ကျကျနနလက်အုပ်ချီပြီး ထူးလိုက်တဲ့ ကိုဝင်းအောင်ရဲ့ အချိတ်အဆက်မိတဲ့ အသံကြောင့် ၀ရန်တာ ပွဲကြည့်ပရိသတ် အမြွာညီအစ်မက လက်ခုပ်တီးသြဘာပေးတယ်။
"အပန်းတော် အပန်းတော် ဖြေစို့ကွယ်"
"ကောင်းလိုက်ပါပေ့ ဆရာရယ်၊ ဟိုးဟိုး ရွှေမန်းဆန်နိ သီချင်းဆုံးပြီ"
ကလို့ သိပ်ကောင်းနေတဲ့ ဆန်နီကို ကိုဝင်းအောင်ကဆွဲပြီး ထိုင်ခိုင်းတယ်။
"ဦးရေ ထမင်းမစားသေးဘူးလား"
လတ်က ဦးလက်ကို အသာတွဲခေါ်ဖို့ အနားရောက်လာတယ်။
"အို………နေပါဦး ခင်ဗျား၊ ထမင်း ထွက်မပြေးပါဘူး၊ ဆရာမရဲ့၊ လာပါကျွန်တော်တို့ကို  လုပ်အား ပေးစမ်း ပါဦး၊ ဟိုမှာ မယ်အေးလဲလာပြီ ဆရာထပ်ချဦး၊ အမြည်းပါလာပြီ"
ကိုဝင်းအောင်တို့ လင်မယား နှစ်စုံတွဲကို အပေါ်ဝရန်တာကနေ လှမ်းကြည့်ရင်း အန်တီမေရီက စကားစတယ်။
"အန်တီခင်လးတို့ အောက်လွှာ ၀ိုင်းဆရာက တော်တော်ပျော်တတ်တဲ့လူပဲ"
"အမယ်လေး၊ ဟိုလူကြီးကလဲ အပျော်သမားကြီးပါပဲ၊ သူ့ကြည့်တော့ မျက်နှာတည်ကြီးနဲ့၊ ဆိုလိုက်တဲ့ သီချင်း၊ အံ့ရော"
အန်တီခင်လေးကတော့ သူကြောက်လန့် အမြင်ကတ်တဲ့ ဆရာဦးသက်ဦကို သြဘာပေးတယ်။ အန်တီမေရီ က အသံတိုးတိုးနဲ့ အန်တီခင်လေးနား ကပ်လာတယ်။
"အဲဒီလူက ထောင်ကျဖူးသတဲ့ အန်တီခင်လေးရဲ့"
"ဟာ…….ဘယ်သူလဲ"
အန်တီခင်လေး လက်က အထိတ်တလန့်နဲ့ ရင်ဘတ်ပေါ် ရောက်သွားတယ်။
"ဟိုလူလေ၊ အန်တီခင်လေးတို့ အောက်လွှာက ၀ိုင်းဆရာပြောတာ"
"ဟင်………ဟုတ်လား၊ ဘာမှုနဲ့တဲ့လဲ"
"ကျုရှင် စာရွက်စာတမ်းမှုလို့ ပြောတာပဲ"
"ဟုတ်ရဲ့လား အန်တီမေရီရယ်၊ အနုကြမ်းမှုတွေဘာတွေတော့ မဟုတ်ပါဘူးနော်၊ ကျွန်မတို့က အထက်နဲ့အောက်ထပ်နေရတာ၊ အဲဒီလူကလဲ ခဏ ခဏ ဟိုဟာလာတောင်း၊ ဒီဟာတောင်းနဲ့"
"ကြီးမေကလဲ၊ သူ့ဟင်းတွေ ခဏ ခဏ လာပေးတာကျလဲ ပြောဦးမှပေါ့"
ခုတလော လူတစ်ဖက်သားကို အထင်အမြင်သေးနှိမ့်ချမှုနဲ့ ကြီးတော်လုပ်သူကို မကြည်ဖြစ်နေ တဲ့ မယဉ်မွန်က မနေနိုင်ဘဲ ၀င်ပြောမိတယ် ကြီးမေက မယဉ်မွန်ကို ဒေါသနဲ့ ကြည့်တယ်။
"ဟဲ့…… သူ့ဟင်းတွေ ငါမှမကြိုက်တာ၊ ပေးလဲအလကားပဲ"
"ဟုတ်တယ်၊ သူက ထူးထူးဆန်းဆန်း ဟင်းလေးတွေ ဘာလေးတွေတော့ ချက်တတ်တယ်၊ မေရီဆီလဲ လာလာပို့တယ်၊ ဆန်နီကတော့ သူ့ကိုသိပ်ခင်တာပဲ"
"အို………ကျွန်မကတော့ သူ့ဟင်းတွေကို တကယ်မကြိုက်တာ၊ စားလဲမစားရဲဘူး၊ တစ်ခါဟင်းလာ ပေးရင် ကျွန်မကြောင်လေးတေါကို ချက်စားချင်တယ် ပြောကတည်းက ကျွန်မသူ့ကို မယုံတော့ ဘူး၊ နေပါဦး၊ သူတို့က အခန်းပိုင် မဟုတ်ဘူးနော်"
"မဟုတ်ဘူးလေ အန်တီခင်လေးရဲ့၊ ကန်ထရိုက်ဆီက တစ်နှစ်စာချုပ်နဲ့ ငှားတာ၊ ဒီနှစ်ပြီးရင် သူတို့ ပြောင်း မှာပါ"
"ကောင်းပါ့လေ့ ကောင်းပါလေ့၊ ဘာမှုဖြစ်ဖြစ် ထောင်ထွက်ဆို ကျွန်မကတော့ ကြောက်တာပဲ၊ နေရ ထိုင်ရ တာ များလဲမကောင်းဘူး အန်တီမေရီရယ်၊ ဟိုဟာကြောက်ရ၊ ဒီဟာလန့်ရနဲ့၊ ကျွန်မ ကြောက် နေတာ တစ်ခု ရှိသေးတယ်၊ ပူလွန်းရင် ငလျင်လှုပ်တယ်ဆို၊ ငလျင် လှုပ်ရင်တော့ ကျွန်မတိုက တူဝရီး"
"မဟုတ်ပါဘူး အန်တီခင်လေးရယ်၊ ငလျင်မလှုပ်ပါဘူး၊ လှုပ်တော့လဲ နည်းနည်းပါးပါးနဲ့ ဒီတိုက်တွေ ဘာမှမဖြစ်ပါဘူး၊ မကြောက်ပါနဲ့၊ စိတ်တွေကိုလျှော့ အန်တီခင်လေးရေ၊ ပူစရာတွေ မတွေးနဲ့၊ စိုးရိမ် စရာ တွေ မတွေးနဲ့၊ ရှင်တို့ မေရီတို့က အသက်ကြီးပြီ"
"ဟုတ်တယ်………ဟုတ်တယ်"
"ဘာလဲ၊ စိုးရိမ်တာက တူမအတွက်လား၊ တူမ မစိုးရိမ်ရတော့ပါဘူး၊ အန်တီခင်လေးလိုပဲ နေတော့ မှာပါ ဘယ်နှယ့်လဲ……. မွန်ဟုတ်လား"
မယဉ်မွန်က ရယ်နေပေမယ့် အန်တီခင်လေး မျက်နှာက ဟန်မဆောင်နိုင်ဘူး။ ဟိုစပ်စု မကြီးက သေချာ ကြည့် နေတယ်။
"သူလိမ္မာရင် သူ့ဖို့ပေါ့ အန်တီမေရီရယ်၊ ကျွန်မ နေဖို့နဲ့ သေဖို့၊ သေဖို့ဘက် နီးနေပါပြီ"
ကြီးမေရဲ့ ၀မ်းပန်းတနည်းပြောတဲ့အသံကို ကြားရတော့လဲ မယဉ်မွန် ကြီးမေကို သနားမိသား။ ဒါပေမယ့် ကြီးမေရယ် မွန်မလိမ္မာချင်ဘူး မွန်မိုက်ချင်နေတယ်။ မွန်ကြီးမေ ပစ္စည်းတွေကိုလဲ မရချင် နေပါစေ။ ကြီးမေ သိရင်တော့ ကြီးမေငိုဦးမှာပဲ။ မွန့်ကို ကြီးမေနားလည်ရင် ကောင်းမယ်။ မေတ္တာ ကို နားလည် ရင်ကောင်းမယ်။ လက်ထပ်ခြင်းဆိုတာ ကိုယ့်အားကိုယ်မကိုးချင်တဲ့ မိန်းမပျင်းတွေရဲ့ အလုပ် ဆိုတဲ့ ခပ်ကြောင်ကြောင် အပျိုကြီး အတွေးအခေါ်မျိုးတွေနဲ့ မွန့်ကိုလာမဆုံးမနဲ့။ ချစ်ခြင်း မေတ္တာတို့၊ တစ်ယောက် နဲ့တစ်ယောက် အပြန်အလှန်နားလည်မှု၊ အပြန်အလှန် အားကိုး တွယ်တာမှုတို့တွေကို ကြီးမေ နားမလည် နိုင်ပါဘူး။
"ဟော…..အန်တီခင်လေးရေ၊ ဟိုမှာ ပွဲစားဒေါ်သင်းသင်းတို့ ကားနှစ်စင်းနဲ့ပါလား"
ဟုတ်သားပဲ။ တစ်စီးက အက်စ်အီးအညိုနုလေး။ တစ်စီးက ပတ်ဘလစ်ကာ အမိုးဖွင့် အပြာလေး။
"အမယ်………အန်တီမေရီ၊ ဟိုနောက်က ကားပေါ်ကဟာ ရေခဲသေတ္တာ မဟုတ်လား"
"ဟုတ်တယ် ဟုတ်တယ်၊ ၀ယ်လာတာ ထင်တယ်၊ ဒီနေ့ပွဲ ညွှန့်မြက်မြက်လေးတော့ ဘယ်သူ့ ပေါ်က လှီး လိုက်တယ် မသိဘူး၊ နေဦး အန်တီခင်လေးရဲ့၊ အသစ်တော့ မဟုတ်ဘူး၊ စကင်းဟင်း စကင်းဟင်း"
"အဟောင်း ကို ပြောတာလား"
"ဟူတ်တယ်လေ၊ တစ်ပတ်ရစ်ပေါ့ အန်တီခင်လေးရဲ့"
"အို…..စက်ပစ္စည်းဆိုတာ သုံးမှသုံးအသစ်ပဲ ကောင်းတယ်နော"
"ဒါပေါ့ အန်တီခင်လေးရဲ့၊ အင်း….ရေခဲ သေတ္တာလေး တစ်လုံးကတော့ နွေရာသီကျလိုတယ်၊ မေရီလဲ အခန်း တစ်လွှာ ရောင်းဖြစ်ရင် ၀ယ်ရဦးမယ်။ သွားတော့မယ် အန်တီခင်လေးရေ"
အန်တီမေရီ တစ်ယောက် အနီးကပ်စပ်စုလို့ရတဲ့သူ့အောက်ထပ်ကို ခန္ဓာကိုယ်နဲ့မလိုက်အောင် အလွန် လျင်မြန် သွက်လက်စွာ ပြေးဆင်းသွားတယ်။
ပြန်ဆင်းသွားရင်း ဖိုးဘတင်တို့ ၀ရန်တာ တံခါးပေါက်ရောက်တော့ အန်တီမေရီ အဆင်သင့် ဖွင့်စောင့် နေတဲ့ အမြွာ ညီအစ်ကိ လှမ်းပြီးနှုတ်ဆက် လိုက်သေးတယ်။
"သမီးတို့အမေ ရေခသြေတ္တာ ၀ယ်လာတယ် ထင်တယ်၊ ဟုတ်လား"
အမြွှာညီအစ်မက အလိုက်အထိုက် 'ဟုတ်ကဲ့ အန်တီ' လုပ်ပေမယ့် အန်တီမေရီ ဆင်းသွားတာနဲ့ နောက်ကျော်ကိုရှုံ့မဲ့ လျှာ်ထုပ်ပြကြတယ်။
"ဖြူပြာ………သမီးတို့ အဖေရောပါလား"
နောက်ဖေး က ထွက်လာတဲ့ ဖိုးဘတင်က သားကိုမျှော်နေတဲ့သူပီပီ မေးတယ်။
"မပါဘူးလေ အဘိုးကလဲ၊ ဖေကြီးက သူ့ဟာသူ သွားတာပဲ၊ သူ့ဟာသူ ပြန်လာမှာပေါ့၊ မေကြီးနဲ့ ကိုအာကာပဲပါတယ်၊ အဘိုး……….ဟိုမှာ မေကြီးရေခဲသေတ္တာ ၀ယ်လာပြီသိလား"
"ဟေ……ဟုတ်လား၊ ညည်းတို့ အမေဆန္ဒပြည့်တာပေါ့၊ ညည်းတို့အမေက လိုချင်နေတာကို"
"အဘိုးက မလိုချင်ဘူးလား၊ ရေခဲရေ မကြိုက်ဘူးလား"
"မကြိုက်ပေါင်ဗျာ၊ အဘိုးက လက်ဖက်ရည် တစ်ကရားရှိပြီးတာပဲ"
အမြွှာညီအစ်မ နှစ်ယောက်က လှောင်ပြောင်ပြီး ရယ်ကြတယ်။ ဖိုးဘတင်က သူတို့ အာရုံစိုက် နေတဲ့ အောက် ကိုလှမ်းကြည့်လိုက်တယ်။
"ဟဲ့…..လူတွေအများကြီးပါလား၊ ဧည့်သည်တွေ ထင်တယ်"
"မသိဘူးလေ၊ သမီးတို့ သိတာက အန်တီခင်ပဲ သိတယ်"
"ဟေ့…….ကြည်ပြာ၊ ဟိုရယ်ဒီမိတ် အစိမ်းနှနဲ့ ကောင်မလေးက ဘယ်သူလဲ မသိဘူး၊ အင်္ကျီ လှတယ်နော်"
"အေး ဟုတ်တယ်၊ ငါလိုချင်တာ အဲဒါမျိုး၊ ကောင်မလေးနဲ့ အင်္ကျီနဲ့ တခြားစီပဲ၊ ပါးရွဲ့နေတယ်နော် ကောင်မလေး က၊ တွေ့လား"
ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>
Friday, November 12, 2010
မြစိမ်းပြာ ကမာရွတ် အပိုင်း (၃၃)
ငါးပိရည်အဘွားကြီးက ပြောတဲ့အတိုင်းတော့လုပ်တယ်။ နောက်တစ်နေ့မှာ ခေါင်းကြီး အပါအ၀င် သူ့ပစ္စည်း အစုံအလင် ကို ဒေါ့ဂျစ်တစ်စီးနဲ့ တင်ပြီးသူ့သားဆီ တကယ်ပြန် သွားခဲ့ပါတယ်။
ဧပြီလ သင်္ကြန်အကြိုနေ့မှာတော့ တိုက်မှာလူစုံတက်စုံရှိနေကြတယ်။ ထုံးစံအတိုင်း သင်္ကြန်ရက်မှာတောင် မနား နိုင်တာက ဖိုးဘတင်ရဲ့ချွေးမ၊ အာကာတို့အမေ၊ အာကာနဲ့သားအမိနှစ်ယောက် ဒီရက်ပိုင်း တတွဲတွဲနဲ့ ဘာဗေဒင်၊ ဘာယတြာတွေနဲ့ ဂျပန်သွားဖို့လုပ်နေကြပြန်တယ်မသိဘူး။ သားလုပ်တဲ့ကောင်ကလဲ အပြင် ခဏဆိုပြီး ထွက်သွားတာ ပေါ်မလာဘူး၊ သင်္ကြန်အကြိုနေ့ကြီး ဘယ်မှာမှတော့ ဘောလုံးပွဲ မရှိလောက် ပါဘူး။ ကလေးတွေအကုန်လုံး ရေပက်နေကြမှာ ဒီရန်ကုန်က သင်္ကြန်အကြိုနံနက်ခင်းကစပြီး ပက်ကြ တာကိုး။
ဖိုးဘတင်က မင်းကတော်ဘုရားအစ်မကြီးရဲ့ ရွက်လှပင်တွေရှင်းလင်းသွားတဲ့ သူနေရာဝရန် တောလေး က နေပြီး မြစိမ်းပြာလမ်းသွယ်ထဲကိုငေးကြည့်ရင်း အညာတောသင်္ကြန်ကိုလွမ်း တယ်။
ခုချိန်ဆို ဖိုးဘတင်တို့ အဘိုးကြီး အဘွားကြီးအိမ်မှာ မုန့်မပြတ်ဘူး။ ရေလာကန်တော့ထားတဲ့ မုန့်တွေလေ။ ရေအိုးတွေ လဲ အိမ်အောက်မှာစီလို့။ ခုလိုသင်္ကြန်အကြိုနေ့ဆို လာကြပြီ။ တူတွေတူမတွေ၊ မြေးမြစ်တွေ၊ ညီ၊ ညီမတွေ၊ မုန့်ပန်းကန်လေးတွေနဲ့၊ အိုးဝကိုဖက်စိမ်းအုပ်ပြီး စည်းထားတဲ့ရေအိုးလေးတွေ၊ ရေထည့် ရွက်ကြ လို့။ နှစ်ဦးလဦးကန်တော့ကြတယ်။ ဖိုးဘတင် တို့မယ် ခဏခဏဆုပေးရတာ အာတောင်ခြောက်တယ်။ ကန်တော့ ပြီးရင် သူတို့ယူလာတဲ့ မုန့်ပန်းကန်တွေလှဲပြီး အမယ်ကြီးက သင်္ကြန်ရက်အတွက် စပါယ်ရှယ် ထိုးထား တဲ့ စိန်ဖေပြီး တို့၊ရွှေချီဆနွမ်းမကင်းတို့ကို ပြန်ထည့်ပေးတတ်တယ်။ အမယ်ကြီးမှာ သင်္ကြန် ရောက်တိုင်း သင်္ကြန်တိုင်းပြန်လာနိုင်တဲ့သားကို သတိရပြီးငိုရှာတယ်။  သားရေကန်တော့တာကို အလွန် ခံချင်တဲ့ အမယ်ကြီး။ သွားရှာပြီ......... ဖိုးဘတင်ရှေ့ကသွားရှာပြီ။
ဖိုးဘတင်မှာတော့ သားနဲ့အတူတကွ နေရရှာပါရဲ့ မနေ့ကထိတော့ ရေကန်တော့မယ်ဆိုတဲ့ စကား မကြားသေးပါ ဘူးဗျာ။ အင်း....ဖိုးဘတင်ကြည့်နေတယ်။ ဒီရန်ကုန်မှာ ရေကန်တော့ကြတာ မတွေ့ပါဘူး။
ဖိုးဘတင်မျက်စိထဲမှာ လမ်းသွယ်ထဲလျှောက်လာတဲ့ ပြုံးဖြဲဖြဲ လူတစ်ယောက်ကို လှမ်းမြင် တယ်။ ဈေးဝယ်အိတ် တစ်လုံး ဆွဲထားတဲ့မောင်ဝင်းအောင်ပါလား။ ဈေးဝယ်အိတ်အပြည့်အ သိပ်နဲ့။ဝယ်လာနိုင်ပုံထောက်ရင် ဒီသူငယ်ပိုက်ဆံပြေလည်သွားရှာပြီထင်ပါရဲ့။
ခဏနေတော့ လေချွန်သံ တရွှီးရွှီးနဲ့ ကိုဝင်းအောင် အခန်းတံခါးရှေ့ရောက်လာတယ်။ တံခါးကိုခေါက်ရင်း ပါးစပ် ကလဲ အာသွက်ခယံ ဖြစ်နေတယ်။
"အချစ်ကလေး မယ်အေးနဲ့ ရတနာလေးတို့ရေ မွေးသဖခင်ကို တံခါးဖွင့်ပေးပါဦး ချမ်းလှပြီဟ" "ဘာလို့ အော်နေတာ လဲ ဖိုးအောင်" မယ်အေးက တံခါးဖွင့်လိုက်ရင်း ခပ်ဆတ်ဆတ်မာန်မဲ တာကို သူ့ထုံးစံအတိုင်း ကိုဝင်းအောင် က တဟဲဟဲနဲ့ တုံ့ပြန်တယ်။ "ဖေကြီးပြန်လာပြီဟေ့၊ ဖေကြီးရေသွားပက်တော့မယ်၊ မေကြီးက ဖေကြီး ပြန်လာမှ အောက်ဆင်းတဲ့" "သွားစို့ဖေကြီး အောက်ဆင်းစို့" ကလေးတွေက ဖအေကိုဝိုင်းဆွဲကြရင်း ဆူညံ နေအောင် အော်ကြတယ်။ အေးပါဟ။ အေးပါဟ၊ နေကြပါဦး၊ ဟေးမယ်အေးဒီမှာ အိတ်ယူစမ်းပါဦးဟ" မယ်အေး က ဈေးဝယ်အိတ်ကို လှမ်းယူရင်းမျက်စောင်းထိုးတယ်။ ဟင်းယူကိုယူချင်ဘူး အခါကြီးရက်ကြီးမှာ ပါးစပ်က အနံ့ကလေးနဲ့ အာသွက်ခယံကိုဖြစ်လို့"
အိုးမိန်းမရာ အခါကြီးရက်ကြီး မသောက်ရဘူးလို့တို့ ဘုရားကမဟောပါဘူးကွာ၊ ဟဲဟဲ....ချမ်းလို့သွေးပူအောင် နွေးတာကိုတော့ ဘုရားကခွင့်လွတ်ပါတယ်၊ ချမ်းလို့ကွာ မယ်အေးရ ချမ်းလို့ မယ်းယောက်ျားကို ကောင်မလေးတွေဝိုင်းပြီးရေလောင်းကြတာကွာ။
လောင်းမယ်၊လောင်းမယ် ဒီပုံကြီးကို ဟင်းကလေးတွေကတောင် နို့ဆီခွက်နဲ့ ခုတ်မပက် ချင်ဘူး" အထင်မသေး ပါနဲ့ မိန်းမရာ မင်းယောက်ျားစန်းမကုန်သေးပါဘူး"ဟဲဟဲ ဘာတွေဝယ် လာတာလဲ မောင်ဝင်းအောင် ရဲ့ ဟော....ကြည့်ဒါတွေဝယ်လာပြန်ပြီ" 
မယ်အေးက သူ့အမေပေးလိုက်တဲ့ အထုပ်ကို ယူဖြေရင်းအော်တယ်။ အေးပေးစမ်း၊ ငါမေ့နေတာ၊ သမီးတို့ သားတို့ ဒီမှာဟေ့"
ကိုဝင်းအောင် လက်ထဲက ရောင်စုံ ပန်းပွင့်လေးတွေနဲ့ ပလတ်စတစ်ရေပက်ဖလားနှစ်လုံးနဲ့ ရေပွက်လေး တစ်ခု ကို မြင်တာ နဲ့ ကလေးတွေဝိုင်းအော်လုကြတယ်။
    "ဟေ့.... ဟေ့... သင်္ကြန်ခါတော် ရေကစားကြမယ် ပျော်ရွှင်စရာ"
    လိုက်တယ်၊ဖအေနဲ့ သားသမီးတွေကတော့၊အိမ်မှာရှိတဲ့ ဖလားလေးတွေနဲ့ပက်လဲ ပြီးတာပဲ၊ ပိုက်ဆံ အလကား ကုန်အောင်ဝယ်လာတယ်။’
    "တစ်နှစ် တစ်ခါ ၀ယ်ရတာပေါ့အေ၊၀ယ်ပါစေ၊ ကလေးဆိုတာ လိုချင်တာပေါ့"
    "ပြောလိုက်စမ်းပါ ယောက္မကြီးရာ၊ ဒါတွေကြောင့် ယောက္မကြီးကိသမက်လေးက အိမ်ဦးခန်းတင် ကိုးကွယ်ထားတာ၊ ဟဲဟဲ"
    "သွား ဟဲ မနေနဲ့ အမေက အမေ့ သမက်ဘက်က၊ဟင်း ပိုက်ဆံကဖြင့် သူ့သမက်က ပေါလွန်းလို့"
    "ဟ... ပေါတာပေါ့ဟ ဖိုးအောင်တို့က လက်ညှိုးမှာ ဆော်လမွန်လက်စွပ်နဲ့ ဘယ်တော့မှ ငွေမပြတ်ဘူး၊ ဟဲဟဲ မင်းဘယ်လောက်လိုချင်လဲ မိန်းမ ပြောစမ်း၊ တစ်ထောင်လား၊ တစ်သောင်းလား၊ တစ်သိန်းလား"
    "သွားစမ်းပါ၊ကဲ...ဘယ်သူငယ်ချင်းဆီက ဘယ်လောက်ချေးလို့ ရတာလဲ၊ဘယ် လောက်ကုန်ခဲ့လဲ၊ ဒီမှာ ၀ယ်ခြမ်း လာတာတွေ လဲ အများကြီးပဲ"
"အိုကွာ၊ ဒါတွေထားစမ်းပါ မယ်အေးရ၊ ဒုန့်ဝါရီ၊ ဖိုးအောင် သူငယ်ချင်းတွေက သဘောကောင်း ပါတယ်၊ ဟဲဟဲ သူတို့ကို ဖိုးအောင် ပြောပြီးသားပဲ၊ ငါရှိတဲ့အချိန် ပြန်ပေးမယ်လို့၊ မကြာပါဘူး၊ မရှိ လှ တစ်သက် ပေါ့လို့"
"အို….. နှစ်ဦးလဦး၊ နိမိတ်မရှိ နမာမရှိ မပြောစမ်းပါနဲ့ ကွယ်"
ယောက္ခမကြီးက မျက်နှာမကောင်းရှာဘူး။ မယ်အေးကတော့ ကိုဝင်းအောင်ကို မျက်စောင်းပဲ ဖိထိုး နေ တော့တယ်။
"အဲလိုချည်းပဲ၊ သူကတော့ ဘယ်တော့မှ ပြောမရဘူး၊ ကဲဒါတွေက ဘာတွေလဲ၊ ဘာလုပ်မှာလဲ"
"အဲဒါတွေ က တို့ညနေကျ ကြေးအိုးလုပ်စားမယ်လေ၊ ယောက္ခမကြီး၊ ဒီနေ့ဥပုဒ် မစောင့်နဲ့ဦး နော်၊ ဟိုကောင် တွေရော၊ ဖိုးကျော်တို့ရော"
"ယောက္ခ အိမ်သွားကြတယ်၊ နက်ဖြန်မှ ပြန်လာမှာ"
"ဆွေပြမျိုးပြ၊ ဗိုက်ပြလား၊ ဟဲဟဲ၊ ဟေ့ဟေ့၊ အဲဒီအထုပ်ပေး၊ ပေး…… ဒါ မနည်းတန်းစီလာခဲ့ရ တာ"
"ဘာတွေလဲ"
"ကောက်ညှင်းမုန့်နှစ် ကြိတ်လာတာကွ၊ မုန့်လုံးရေပေါ်လုပ်ဖို့၊ ဟာ… မုန့်ကြိတ်တဲ့ဆီမှာ လူတွေ ကို တန်းစီ လို့၊ မယ်အေး… တို့အိမ်မှာ ဆန်မှုန့်နည်းနည်း ရှိသေးတယ်နော်"
"ရှိပါတယ်၊ မုန့်လုံးရေပေါ်က ဘယ်အချိန်လုပ်စားမှာလဲ၊ ပြောပါဦး"
"အခု ပေါ့ကွ၊ ငါ့သမီးတွေနဲ့ ရေပက်ရင်း အောက်မှာ စတုဒိသာ ကျွေးမှာ ဟဲဟဲ……."
"စတုဒိသာ ဟုတ်လား၊ ဒီအထုပ်လေးနဲ့ ဘယ်လို လုပ်ကျွေးလို့ရမှလဲ ဖိုးအောင်ရယ်၊ ရူးနေလား"
"မရူးပါဘူးဟ မယ်အေးရ၊ ငါ့စတုဒိသာက ဒီတိုက်တင်ပါ၊ ကလေးတွေပျော်အောင် အောက်ဆင်း လုပ်မှာ၊ လာသမျှ မုန့်လုံးရေပေါ် စတုဒိသာတော့ မောင်ဝင်းအောင် ဘယ်တတ်နိုမတုံး ခင်ဗျ"
ကိုဝင်းအောင်က မုန့်နှစ်အိတ်ကို နောက်ဖေးမီးဖိုထဲ ယူသွားရင်း မုန့်လုံးရေပေါ်လုပ်ဖို့ ပြင်ဆင်တယ်။ ညနေကြေးအိုးလုပ်ဖို့ အသားတွေကို ဆားနနွင်းနယ်တယ်။
"မယ်အေး က ကူညီညာ သိမ်းဆည်းရင်း ညည်းတော့ ကိုဝင်းအောင်က ခေါင်းခါတယ်။"
"ဘယ်ဟုတ်မလဲ မယ်အေးရ၊ သင်္ကြန်ရက်ကလေး မိသားစု ပျော်ပျော်ပါးပါး၊ ပိုက်ဆံမရှိတာ ထိုင် စိတ်ညစ် နေလို့လဲ ဘာထူးလာမှာလဲ၊ ယောက္မကြီးရှေ့ သိပ်မညည်းပါနဲ့ကွာ၊ မင်းယောက်ျား သိက္ခာ ကျတယ်ဟ"
"ဘယ်မှာ လဲ ဖိုးအောင်သိက္ခာက ပြစမ်းပါဦး"
"ဟ ပြစရာမလိုဘူးကွ၊ မျက်နှာမြင်တာနဲ့ မသိဘူးလား"
"သိပါတယ်၊ ပြုံးဖြဲဖြဲ မျက်နှာကြီးက သိက္ခာရှိလိုက်ပုံတော့…..ဟင်း"
"သြော် ခက်တယ်၊ ခက်တယ် ဒီမိန်းမနဲ့တော့၊ ယောက်ျား တန်ဖိုးကိုမသိဘူး၊ လင်သေသွားမှ ရွှေအိုးကြီးတစ်လုံး ဆုံးရချည်ရဲ့ ဖြစ်မယ်၊ ကဲ…..ကဲ အိုးတွေ ဘာတွေ၊ အောက်ကူချပါဦး၊ မယ်အေးရ၊ သားတို့ သမီးတို့ ရေပက်သွားကြစိုက်ဟေ့"
မယ်အေးက ချစ်လင် ကိုလူပျော်ကိုကြည့်ပြီး သက်ပြင်းချတယ်။ မတ်လကုန်ခါနီး ကတည်းက ယူရတဲ့ကြွေး၊ ငါးထောင်လောက်တော့ ရှိနေပြီထင်တယ်။ အရေးပေါ်ထားတဲ့ ခြောက်ထောင်လဲ ပြောင်ပြီ။ မယ်အေးကသာ ပူရတာ၊ ကိုရွှေဖိုးအောင်တို့ကတော့ ကြွေးထူးမပူထဲကပဲ။
"မယ်အေး မင်းကိုခုမှ ငါသေချာကြည့်မိတယ်၊ မင်းတော်တော် လှနေတာပဲကွ၊ နောက်ကနေများ ကြည့် ရတာ မင်းခန္ဓာကိုယ်လေးက မျဉ်းဖြောင့်ကလေးများ ဆွဲထားသလား မှတ်ရတယ်၊ မင်းဘာလို့ ဒီလောက် ၀နေ ရတာလဲဟင်လို့"
"ဖိုးအောင်နော်"
ကြည့်လေ၊ တစ်ခါတည်း လှေကားက ဆင်းရင်းလဲ ပါးစပ်က အငြိမ်မနေဘူး။
"ကဲ ဒီမှာအားလုံးချ၊ နေဦး သမီးတို့၊ ဖေကြီး ရေခပ်ပေးမယ်၊ ဆန်နီရေ၊ အန်တီမေရီ ဟဲလို ဂွတ်မောနင်း တံခါး ဖွင့်ပါဦး"
ခြံဝင်းတံခါးနဲ့ တိုက်ကြားက မြေကွက်လပ်လေးပေါ်မှာ မယ်အေးက သယ်လာတဲ့ပစ္စည်းတွေကို  ချရတယ်။ သူ ကတော့ ဆန်နီတို့ကို ဒုက္ခပေးဖို့ သွားအော်နေပြီ။ ဆန်နီကတော့ အပြေးအလွှား တံခါးဖွင့်ပေးရင်း အားပါးပါ သံ ဆူနေအောင် ကိုဝင်းအောင်ကို နှုတ်ဆက်ရှာတယ်။
"မောနင်း မောနင်း လာလေဆရာ"
"ဟဲဟဲ ကျွန်တော် ဒီအောက်မှာ မုန့်လုံးရေပေါ်အပျော်လုပ်မလို့၊ မီးဖိုဦးမယ်နော် အန်တီ"
"ဟုတ်လား၊ ရတယ်လေ လုပ်ပါ၊ မီးသာ ဂရုစိုက်ပေါ့၊ ရာသီက ပူတယ် မဟုတ်လား"
"ဟုတ်ကဲ့ ဟုတ်ကဲ့၊ အဲ…….. အန်တီ၊ ကျွန်တော့်ကို ရေပုံးနဲ့ ရေလေးလဲ ပေးပါဦး၊ သားတို့ သမီးတို့ ရေကစား မဏ္ဍပ်အတွက်လေ၊ ဟေ့…..ဆန်နီရေ ရေ၊ ပြီးတော့ ဒီမျာ မုန့် မုန့်၊ မုန့်လုံး ရေပေါ်လုပ်မယ်၊ အေး ပြီးတော့ တို့ကမယ်၊ ဘယ့်နှယ်လဲ"
ဆန်နီက ကိုဝင်းအောင် လက်ဟန်ခြေဟန်နဲ့ ပြောသမျှကို သဘောအကျကြီး ကျပြီး လက်ခုပ်တောင် တီးတယ်။ အိမ်ထဲကို ကပျာကယာ ပြန်ပြေးဝင်ပြီး ပလတ်စတစ်ပုံနဲ့ ရေတွေခပ် လာတယ်။ ပြီးတော့ မြေကွက်လပ်မှာ မီးဖိုဘို့ အုတ်ခဲရှာပေးတော့လဲ ဆန်နီ၊ ထင်းသွားဝယ်တော့ လဲဆန်နီပဲ၊ မုန့်လုံးရေပေါ် လုံးချင် လွန်းလို့ လက်တပြင်ပြင်နဲ့။
"နေဦးဟ ဆန်နီရ၊ ရေနွေး ဆူပေစေဦး၊ သွား………သွား ဟိုမှာ ကောင်မလေးတွေ ရေလိုက်ပက် သွား၊ ဟေ့ကောင် လက်တော့ မဆွဲနဲ့နော်"
"လှည်းတန်းထပ် မှာတော့ ရေပက် မဏ္ဍပ်တွေ ရှိတယ်ထင်တယ်နော်၊ ညကျရင်တော့ လိပ်ခုံးနားက ရေသဘင် မဏ္ဍပ်က အကတွေ ဘာတွေ၊ ကလေးတွေ လိုက်ပြရအောင်"
ထန်းလျက် ထုပေးနေတဲ့ မယ်အေးတစ်ယောက်တောင် ဆန်နီနဲ့ ကိုဝင်းအောင်ဆီက ဓာတ်ကူးပြီး စိတ်လက် ကြည်လင်လာဟန် တူတယ်။
"နော်……… ဖိုးအောင်၊ အမေ့လဲခေါ်ခဲ့မယ်၊ လမ်းလျှောက်ရင်းပေါ့"
"အေး…..သွားမှာပေါ့ဟ မိန်းမရ၊ မယ်အေး……..အချစ်ကလေး၊ သွားအပေါ်ပြန်တက်ပြီး ဖိုးအောင် ဖန်ခါက် လေး သွားယူခဲ့နော်၊ လိမ္မာတယ်၊ လွယ်အိတ်ထဲမှာ ပုလင်းပြားလေ ရှိတယ်"
"ဟာ……… ဖိုးအောင်ကလဲ ဒီအောက်ကြီးမျာ၊ လူမြင် သူမြင် ဘယ်ကောင်းပါ့မလဲ"
"အို….. ဘယ့်နှယ် မကောင်းရမှာလဲ၊ သင်္ကြန်ရက်ဟ၊ မယ်အေးရ၊ ရေစိုးခံ နေပူခံလေးလုပ်ရတယ်၊ ဘယ်သူ မှ မပြောဘူး သွားယူခဲ့နော်"
နောက်ဆုံးတော့ မယ်အေးကပဲ အလိုလိုက်ရတာပဲ။ အပေါ်ရောက်လို့ အမေ့ကိုပြောပြတော့ အမေက သူ့သမက် ကို လုပ်ပါစေ၊ မူးတာမှမဟုတ်ဘဲ တဲ့။ တော်တော်လိုက်တဲ့ သမက်နဲ့ ယောက္ခမ။
"သင်္ကြန် နှစ်ဦး ထူးပို့ ထူးပို့ …….. ထူးသံမြူးသံသာ၊ ကဲ…. လုံးထား ကိုဆန်နီရေ၊ ထန်းလျက် တွေလဲ ပေါက် မကုန်စေနဲ့ကွယ့်"
မုန့်လုံးရေပေါ်အိုးဘေးမှာ သီချင်းဆိုလိုက်၊ ဖန်ခွက်လေး မော့လိုက်နဲ့ ဆန်နီနဲ့ မယ်အေးကို စီမံခန့်ခွဲ နေတဲ့ အိုးသူကြီး ကိုဝင်းအောင် ကို ဖိုးဘတင် ၀ရန်တာကနေ မြင်နေရသလို၊ အပေါ်လွှာ ၀ရန်တာက ဦးနဲ့ လတ် တို့လဲ လှမ်းမြင်နေရတယ်။
"ဒီလူ မဆိုးဘူးပဲ၊ လက်ထဲမလဲ ဖန်ခွက်ကလေးနဲ့၊ မိန်းမ ကလဲအနားမှာ၊ ဟော……ဆန်နီ ဆန်နီ၊ ကောင်မလေး တွေ ရေလိုက်ပက်ပြန်ပြီ"
အံ့သြစရာ၊ ဦးတစ်ယောက်ကတော့ ဟိုမျက်နှာပြောင် ဆရာကို သဘောကျနေပြန်ပြီ။ ခုနကတော့ ဧည့်ခန်း မှာထိုင် ချည်ထချည်နဲ့ လှောင်အိုက်နေတဲ့ တိုက်ခန်းကို အပြစ်ဖို့ပြီး ခရီးထွက်ခဲ့တုန်းက ဟိုတယ်ကို တမ်းတ နေတာ။ ၀ရန်တာ ပန်းဥယျဉ်ကို ခေါ်ထုတ်လာတော့မှု လတ် နားပူ သက်သာသွားတာ။ ဒါတောင် သူ့ပန်းပင်တွေ ခြောက်တာကို တကျွတ်ကျွတ်လုပ်နေသေးတယ်။ နွေရာသီပဲ၊ ဒီလောက်တော့ ရှိမှာပေါ့ ဦးရဲ့၊ ဒါတောင် လတ်တို့ခရီး၊ ထွက်တုန်း ဟိုဘက်ခန်းက အပျိုကြီးတွေ ရေလှမ်ဲးပီး ပတ်ထားပေးလို့။ ဒါသာ ဖြစ်တယ်။ သူ့မယ် အပျိုကြီး တူဝရီ မြင်ရင် မျက်နှာကြီးက ရှစ်ခေါင်ချိုးနဲ့။
အားလုံး အားလုံး တိုက်မှာနေ လူများ၊ မုန့်ခုံးရေပေါ် စတုဒိသာ လာရောက် စားသုံးကြပါခင်ဗျား
"မဆိုးဘူး ဒီလူ၊ မုန့်လုံးရေပေါ် ကုသိုလ်လုပ်နေတာ သူ့တတ်နိုင်သမျှလေးနဲ့၊ ဒီလို လူမျိုးကို အားပေး ရမယ်"
ဟော၊ ဘာလုပ်ပြန်ဦးမယ်မသိလူး။ ဟိုလူ အော်လိုက်တာနဲ့ ဦးတစ်ယောက် ထပ်ပြီး၊ သဘောကျ သွား ပြန်ပြီ။
"ဒေါ်ချတ်လစ်၊ ကျုပ်တို့ ခရီးထွက်တုန်းက လက်ကျန်လေး ဖန်ခွက်နှစ်ခွက်နဲ့ သွားထည့်စမ်းပါ"
"ဘာလက်ကျန် လဲ ဦးရဲ့"
"ကျုပ်တပည့် သင်္ဘောသား၊ ကန်တော့တဲ့ ၀ီစကီလက်ကျန် ကိုပြောတာပေါ့၊ ရေခဲလဲ ထည့်ခဲ့၊ ဆိုဒါလဲ ထည့်။"
အလို……….ဘုရားရေ။ ဦးတစ်ယောက် တယ်သဒ္ဓါတွေပေါက် နေလိုက်ပါလား။ ဒီကဖြင့် သူကြိုက်တက်လို့ သိမ်းထား တဲ့ ဥစ္စာ။
"ဦး…… ရမ်လက်ကျန်လဲ ရှိသေးတယ်လေ"
"သိပါတယ်၊ အဲဒါမလုပ်နဲ့၊ ကျုပ်ဒီလူကို ဂုဏ်ပြုချင်လို့ဗျ၊ အမြည်းဘာရှိလဲ၊ အမြည်းလဲ လုပ်စမ်းပါ"
"သူ့ကိုလတ် သွားခေါ်ရမှာလား"
"ဘယ်ခေါ် ရမှာလဲ၊ ကျုပ်အောက်ကို သွားမှာ"
"ဟင်၊ ဦးပါ အောက်မှာ သောက်မလို့လား"
"ဒါပေါ့၊ ဘာဖြစ်လဲ"
ဦး ဟာလေ ဘယ်လိုလဲ။ တကယ်ပဲ၊ လတ်တော့ မပြောချင်တော့ဘူး။
"လတ် နေခဲ့မယ်၊ လတ် ခေါင်းလျှော်ရဦးမှာ"
"နေဗျာ၊ နေဗျာ ပေး၊ ဖန်ခွက်နှစ်ခွက်၊ အမြည်းမယူတော့ဘူး။ တော်ပြီ မုန်လုံးရေပေါ်နဲ့ မြည်းရမယ် ဟားဟား"
ဆင်းသွားတဲ့ ဦးကို လတ် တအံ့တသြကြည့်ရင်း ကျန်ရစ်ခဲ့တယ်။
မျက်နှာထား တည်တည်၊ နှုတ်ခမ်းအစုံကို တင်းတင်းစေ့ထားတဲ့၊ ဦးသက်ဦး တစ်ယောက် ဖန်ခွက် နှစ်ခွက်ကို ကိုင်ပြီး အနားရောက်လာတော့ မယ်အေးက ရုတ်ရက် လန့်သွားတယ်။ အဲဒီလူကြီး ကို မယ်အေး ကြောက် တယ်။
"ဟာ…ဆရာ၊ ဘယ်လိုလဲ၊ ခရီးထွက်တာ ပျော်ခဲ့ရဲ့လား၊ ဟဲဟဲ၊ ဘယ်နှစ်ကြိမ်မြောက် ဟန်းနိးမွန်း လဲ"
ကိုဖိုးအောင်ကတော့ လုပ်ပြီ။ အားမနာ ပါးမနာ ပြောချင်ရာ ပြောပြီ။
"အင်း၊ ခရီးထွက်တာ ပျော်ပါတယ်၊ ကဲ-ရော့၊ ကျုပ်အပေါ်ကနေကြည့်ပြိး ခင်ဗျားလုပ်ပုံကို သဘော ကျလာတာနဲက ခင်ဗျားကို ဂုဏပြုတာ၊ ဘလက်လေဘယ် ၀ီစကီ"
"အို……ဆရာရယ်၊ အားနာစရာ ကောင်းလိုက်တာ ဟဲဟဲ၊ နည်းတယ် နည်းတယ်၊ အဲနည်းတယ် များတယ် သဘော မထားဘဲ ကျွန်တော် သောက်ပါ့မယ်လို့"
"ချဗျာ"
ကိုဖိုးအောင်ဘယ်လို နောက်ပြောင်ပြောင် ဟိုဆရာကြီး မျက်နှာက မပြောင်းဘူး၊ ခပ်တည်တည်ပဲ။
"ဟား- ဒီအနံ့ လေးနဲ့ဝေးနေရတာ ကြာလှပါပြီ ဆရာရယ်၊ လွန်ခဲ့တဲ့ ငါးနှစ်လောက်က သူဋ္ဌေး သူငယ်ချင်း တစ်ယောက် တိုက်ဖူးပါတယ်၊ သြော်- အရသာ၊ ဆန်နီ မင်း ဒီအရသာတွေကို မသိသေးဘူး ကလေး"
"အို…… ယောက်ျားပဲ၊ သောက်ပေါ့၊ ရော့- ဆန်နီ သောက်"
ဦးသက်ဦး ပေးတဲ့ဖန်ခွက်ကို ဆန်နီတစ်ယောက် မျက်ကလဲ ဆန်ပျာနဲ့ ခေါင်းခါတယ်။
"အံမာ…. ဒီကောင်ငြင်းတယ်၊ အေး….. မင်းမသောက်တတ်ရင်တော့ လူညံ့၊ လူယုတ် စာရင်းထဲ ပါသွား လိမ့်မယ်"
"အေး…… ဟုတ်တယ်၊ မှန်တယ်၊ မယ်အေး၊ ဆရာပြောတာ နားထောင်ထားနော်၊ အဲ…မယ်အေး၊ ဒီမှာ ကျက်ပြီးသား မုန့်လုံးရေပေါ်တွေ၊ ပန်းကန်နဲ့ထည့်ပြီး သွားပေးလေကွာ၊ ပူပူနွေးနွေး စားရအောင်၊ အန်နီမေရီ ကို အလျင်သွားပေးသွား"
"အန်တီမေရီ အပေါ်တက်သွားတယ်လေ"
"ဟုတ်လား၊ ဒီလိုဆို ဟိုအပျိုကြီး နှစ်ကြီးအခန်းနဲ့ ငါ့ယောက္ခမထီး လောင်းကြီး အခန်းသွားပေး၊ ပြီးတော့ မင်း ဆင်းလာရင် ဟိုဝက်သည်းလေးနဲ့ မုန့်ညင်းရွက်လေးကြော်ခဲ့၊ ဘလက် လေဘယ်နဲ့ မုန့်လုံးရေပေါ် ကြည့် မကောင်းဘူးကွ"
"ရပါတယ်ဗျာ"
မုန့်လုံးရေပေါ် ပန်းကန်နဲ့ ကုပ်ကုပ်လေး အပေါ်ပြန်တက်သွားတဲ့ မယ်အေး၊ နောက်ကနေ အာသွက် ခယံ ကိုဖိုးအောင် အသံကပါလာသေးတယ်။
"အပျိုကြီး နှစ်ကြီးကို ပြောလိုက်ဟေ့၊ ကြောင်တွေ အတွက်တော့ မပါဘူးလို့"
ကြောင်သံကြားတာနဲ့ ဆရာဦးသက်ဦး မျက်နှာက ရှုံ့မဲ့သွားတယ်။
ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>