Showing posts with label သာဓု ၏ အတာ. Show all posts
Showing posts with label သာဓု ၏ အတာ. Show all posts

Sunday, April 29, 2012

သာဓု ၏ အတာ, အပိုင်း (၄၆) (ဇာတ်သိမ်း)

"ဟေ့ကောင် မင်း ဘယ်သွားဦးမလို့လဲ"
ယခင် မော်လမြိုင်သွားစဉ်ကလည်း ဤလိုပင် ဦးချခဲ့ဖူးသောကြောင့် ကိုထွန်းအောင် က ကောက်ကာ ငင်ကာ မေးလိုက်သည်ကို "မသွားပါဘူး" သို့ဖြေရင်း အတာ ထရပ်ကာ လက်ထဲ တွင် ကိုင်ထားသော စက္ကူအိတ်ကလေးကို သူ့မေမေ အား လှမ်း ပေးလိုက်ရင်းက "အဲဒါ ကျွန်တော် အလုပ်လုပ်လို့ ရတဲ့ ပထမဆုံးလခ မေမေ၊ မေမေ သုံးချင်တာ သုံးပေါ့၊ ကျွန်တော် ကန်တော့ ပါတယ်"
သို့ အတာပြောနေစဉ် မှာပင် မသိန်းမေက စာအိတ်ကလေးကို ဖွင့်ကြည့်ဆွဲထုတ်လိုက်သည်နှင့် ဆယ် တန်နှစ်ရွက်နှင့် ငါးကျပ်တန်တစ်ရွက် ထွက်လာသည်ကို တွေ့ရ၏။
ကို ဆက်ဖတ်ရန်.....

မိဘနှစ်ပါးစလုံး ပင် အတန်ကြာသည်တိုင်အောင် တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ရင်း တွေနေ ကြ၏။ နောက် စက္ကန့်ပိုင်းလောက်အတွင်းမှာပင် ကိုထွန်းအောင် မျက်ရည်ဝေလာ၏။ မသိန်းမေ တွင်မူ ဝေရုံသာမက မျက်ရည်တို့သည် တသွင်သွင် စီးကျတော့၏။
"သား အတာ သားလေး"
မသိန်းမေကလည်း သို့လျှင် ရေရွတ်မိရာမှ ရှေ့ဆက်၍ပြောရန် သူကြိုးစား၏။ သို့သော် နှုတ်ခမ်းသာ တရွရွ လှုပ်နေသည်၊ စကားဆို၍ ဘာတစ်ခွန်းမျှ ထွက်မလာတော့ဘဲ နောက်ဆုံး၌ မျက်ရည်ကလေး တလည်လည်နှင့် ငေးနေသော အတာ ကိုသာလျှင် သိမ်းကျုံးပွေ့ဖက်ကာ ပါးပါးချင်း ပွတ်လျက် မျက် ရည်ချင်းနှောကာ အတောမသတ် ရှိုက်နေလေတော့၏။
ကိုထွန်းအောင် တွင်မူ မျက်ရည်ပင် လည်နေသော်လည်း ပါးစပ်ကမူ ပြုံးပြုံးကြီးကြည့်ရင်း ခေါင်း တညိတ်ညိတ် ဖြစ်နေ၏။ အတာ့ညီမလေး အမာမှာလည်း မျက်ရည်ကလေး အရွှဲသားနှင့် ဝမ်းနည်း ဝမ်းသာ ကလေး ငေးနေရှာ၏။

"သားလေး အတာ၊ မင့်အပေါ် မေမေ စိတ်ထားဆိုးခဲ့သမျှ ခုတော့ မေမေ ရင်ကွဲပြီ သားရယ်၊ မေမေ အသည်းကွဲပြီ"
သို့ပြောလိုက် အတာကလေးအား ဖက်၍ နမ်းလိုက်ဖြင့် မသိန်းမေတွင် သည်းအူပြတ်မျှ နောင်တ ကြီး ရ နေတော့၏။
"မှားခဲ့ပြီ၊ မေမေ မှားခဲ့တာဟာ နည်းနည်းလေးမဟုတ်ဘူး သားရယ်၊ နည်းနည်းလေး မဟုတ်ဘူး၊ သား လေး ဟာ ဟိုတုန်းက မလိမ္မာရင် ခုနေ သူခိုးဖြစ်နေမလား၊ ခါးပိုက်နှိုက်ပဲ ဖြစ်နေမလား မသိဘူး၊ အဲသ လောက် မေမေ ဆိုးခဲ့တယ်၊ ငါ့သားအပေါ်မှာ မေမေ"
အားပါးတရ ဖက်လိုက်ပြန်၏။ ရက်ရက်ရောရော နမ်းနေပြန်၏။ ထိုအခိုက်တွင် လမ်းမဆီမှ ရွှီခနဲ မှုတ် လိုက်သော လေချွန်သံနှင့်အတူ "အတာကြီး ဟေ၊ ဟေး အတာ"ဟူသော မောင်မောင်တို့ အသံ ပေါ်လာသောကြောင့် "ကဲ အတာ၊ သွား သွား၊ ဟိုမှာ မင့်သူငယ်ချင်းတွေ လာခေါ်နေပြီ သွားလေကွာ"

ကိုထွန်းအောင်လည်း အတာအား ဤလိုပြောလိုက်မှပင် မသိန်းမေအား မျက်စိမှိတ်ပြလိုက်၏။ အတာ ဆင်းသွား လျှင် ဆင်းသွားခြင်း ကိုထွန်းအောင်လည်း ခေါင်းတညိတ်ညိတ်နှင့် မသိန်းမေအား ကြည့်နေ ပြီးမှ
"ကဲ ဘယ့်နဲ့လဲ မသိန်းမေ၊ ကျုပ် အစကမပြောဘူးလား၊ ပြောတော့ ခင်ဗျား စိတ်ဆိုးတယ်၊ ခင်ဗျားဟာ စာလည်း မတတ်ဘူး၊ စာမတတ်တော့ ဗဟုသုတမရှိဘူး၊ ဒီတော့ ဘယ်လိုပြောလို့မှ ခင်ဗျား နားမဝင် ဘူး၊ ဟုတ်တယ် မဟုတ်လား" သူ့အမှား သူ ဝန်ခံသလို မသိန်းမေကလည်း ဘာတစ်ခွန်းမှ ပြန်မပြောဘဲ ကိုထွန်းအောင် ကိုသာ တွေ ကြည့်ရင်း နားစွင့်နေ၏။
"သူတို့ကြီးလာ လို့ အလုပ်အကိုင်ရရင် သူတို့သားမယား ရှာကျွေးမှာဆိုတဲ့ စကားနဲ့ပဲ အကြောင်းပြပြီး ခင်ဗျား ဒီကောင်လး ကို လျစ်လျုရှုထားခဲ့တယ်၊ ရက်စက်ခဲ့တယ်"

သို့လျှင် ပြင်းပြင်းထန်ထန်ကလေး ပြောလိုက်ပြီးမှ တစ်စုံတစ်ရာကို သတ်ရသလိုဖြင့် ကိုထွန်းအောင် မျက်နှာထားပြောင်းသွားကာ "အေးလေ အမှန်ကတော့ ခင်ဗျားအပြစ်ချည့်လဲ မဟုတ်ဘူး၊ တရားတော်နဲ့ ကြည့်မယ် ဆိုရင် သူ့ အကု သိုလ်ကလဲ တော်တော်ပဲ ကြီးမားပုံရတယ် မသိန်းမေ၊ ခု ကြည့်ပါလား၊ ဒီကောင် အမျိုးမျိုးဒုက္ခရောက် ရပြီးမှ သူ့ကို မသန်းသန်းတို့က ဘယ်လောက်ချစ်သလဲ၊ ဘယ်လောက် အရေးပေးသလဲ၊ နိုင်ငံခြား တောင်ပို့ပြီး ပညာသင်မယ်လို့ ပြောထားရက်နဲ့ ဒီကောင့် အကုသိုလ်က မကုန်သေးတော့ ကြံဖန်ပြီး ဒီကောင် ပျက်စီးရတယ်"
"မဆိုင်ပါဘူးရှင်၊ ဒီကောင် ဒီလိုဖြစ်ရတာဟာ ဟိုနိုင်ငံရေးသမားတွေ မြှောက်ပေးလို့ပါ"
ဤတစ်ချီတွင် မသိန်းမေက စောဒကတက်ပုံ အချက်ပိုင်သွားတော့၏။

"ကဲ ထားပါတော့လေ၊ အရေးကြီးတာက သားသမီးရယ်လို့ဖြစ်လာပြီဆိုရင် သူတို့ကို တတ်နိုင် သ လောက် ပညာပေး ဖို့က မိဘဝတ္တရား၊ သူတို့က အလုပ်အကိုင်ရလို့ ကျွေးတာ မကျွေးတာက သူတို့ ဝတ္တရား၊ အေး ဒါပေမဲ့ ကိုယ့်စိတ်ထဲမှာ စားရကောင်းစေ၊ ပေးရကောင်းစေဆိုတဲ့ သဘောမျိုး ဘယ် တော့မှ မထားနဲ့ မသိန်းမေ၊ ကျုပ်ကိုကြည့်၊ ကျုပ်မိဘ ကို တစ်နှစ်နေလို့ တစ်ဆယ် မထောက်ပံ့ နိုင်ခဲ့ဘူး၊ ထောက်နိုင်လောက်အောင် ပဲ ဝင်ငွေက မပြည့်စုံဘဲကိုး၊ ဒါဟာ လောကဓမ္မတာပဲ၊ မိဘဖြစ်သူ က သား သမီးလုပ်စာကို စားရကောင်းစေ ဆိုတဲ့စိတ်နဲ့ မျှော်လင့်ပြီး မစားရရင် ဘာဖြစ်မလဲ၊ စိတ် ဆင်းရဲမယ်၊ ငါ့ကို မကျွေးလေခြင်း၊ မပေးလေခြင်း ဆိုပြီး အဲသလို စိတ်ထားမျိုးထားနေသမျှ သားသမီးမှာ ထိခိုက် တတ်တယ်"

ဤတစ်ကြိမ်သာလျှင် ကိုထွန်းအောင်၏တရားကို မသိန်းမေ နာဖော်ရ၏။ သို့အလျောက်လည်း ကိုထွန်း အောင် က ဆက်လက်၍
"ခုနပြောသလို သဘောမထားဘဲ အေးလေး သူတို့ကကျွေးလဲ စားရတာပေါ့၊ မကျွေးလဲ မရေးမကြီး ပါဘူး ဆိုတဲ့ စိတ်မျိုးသာထား၊ အင်မတန် စိတ်ချမ်းသာတယ်၊ သူတို့မပေးလဲ ကိုယ်ဘာမှ စိတ်မထိခိုက် ဘူးပေါ့၊ ဒါပေမဲ့လဲ ကဲကြည့်၊ အတာ လို သိတတ်တဲ့ သားသမီးလို ဟာမျိုးကျတော့ ပြောနေစရာ၊ လိုသေး သလား၊ သူ့ဟာသူ သိပြီး သူ့ဟာသူ လာကန့်တော့သွားပြီး မဟုတ်လား။ ဤတွင် မသိန်းမေ၌ မျက်ရည် ကလေး တစမ်းစမ်းဖြစ်လာပြန်၏။

"ဒီကောင် သိပ်လိမ္မာတယ်နော် သိလား၊ ခင်ဗျား ဥပေက္ခာထားပုံနဲ့ဆို တော်ရုံကလေးသာဖြင့် တစ်ခါထဲ အဖတ်ဆယ်လို့တောင် ရမှာမဟုတ်တော့်ဘူး ခုကြည့်စမ်း၊ ခင်ဗျားသူ့အပေါ် ဘယ်လောက်ဆိုးခဲ့သလဲ၊ ဒါပေမဲ့ မိဘဆိုး ကို မွေးကျေးဇူးကို သူမမေ့ဘူး၊ သူရတာတစ်လအစိတ်၊ ခုကစ်ပြားမှ မလျော့ဘူး၊ လာကန်တော့သွားတယ်" မသိန်းမေလည်း ကိုင်ထားသော ငွေအစိတ်ကို ငုံ့တွေတွေကြည့်နေပြီးမှ
"ကျွန်မ မသုံးရက်တော့ပါဘူးရှင်၊ သားလေးကိုပဲ ပြန်ပေးလိုက်မယ်၊ သူပဲသုံးပါစေတော့"
"ဟား ဒီလိုဆိုရင် ခင်ဗျားမှားသွားလိမ့်မယ်၊ သုံးပါ၊ သူပေးတာကို ခင်ဗျားမသုံးရက်ရင် အလှူတစ် ခုခု လုပ်လိုက်၊ အေး သူ့ကိုပေးချင်သပဆို သတ်သတ် ခင်ဗျားပိုက်ဆံထဲက ပေးပေါ့" "ဟုတ်ပါတယ် ကိုထွန်းအောင်၊ ရှင်ပြောသလို ကောင်းတယ် ပြီးတော့"

မသိန်းမေသည် စကားကို ရှေ့မဆက်သေးဘဲ လက်သူကြွယ်တွင်ဝတ်ထားသော နှစ်ပါးသွား စိန်လက်စွပ် ကလေးကို ချွတ်လျက် "ကိုထွန်းအောင် ရော့၊ အတာ့ကိုသွားပေချည်ပါ၊ ၀တ်ထားလို့နော်၊ ခုပဲ သွားပေးပါရှင်၊ ကျွန်မသား လေး ချက်ချင်းလက်ငင်း ၀မ်းသာသွားစေချင်လို့ပါ"
မသိန်းမေ ၏ အသံတွင် မိဘမေတ္တာအပြည့်ပါသကဲ့သို့ ကိုထွန်းအောင် ၀မ်းမြောက် ရွှင်လန်းခြင်း ဖြစ်ရသည် မှာလည်း အနှစ်ချည်းသက်သက် ဆိုသလို တစ်မျက်နှာလုံး ချိုသွားလေတော့၏။
 ..............................................................................................................................
 အတာ အလုပ်ဝင်ခဲ့ပြီးသည့်နောက် ဆယ့်လေးငါးရက်လောက် အတွင်းမှာပင် ခင်စိုးလှဖေဖေ သည် အတာ့၏ စိတ်နေသဘောထားကို နည်းအမျိုးမျိုးဖြင့်စမ်းခဲ့၏။ ကျပ်ပြည့်ရိုးသားသော အတာ၏ ကိုယ့်ကျင့်တရား ကို စိတ်ချသလောက်အောင် သိခဲ့သည့်နေမှစ၍ ဦးလှအောင် အပြင် သွားစရာရှိက အတာ သာလျှင် ပိုက်ဆံသေတ္တာ ကိုင်ရ၏။

ယနေ့လည်း အခြားအလုပ်သမားများ လက်ဖက်ရည်သောက်သွားနေခိုက်နှင့် ဦးလှဆောင် ထမင်း ပြန်စားခိုက် ကြုံကြိုက်နေသောကြောင့် ဆိုင်တွင်အတာတစ်ယောက်တည်းသာ ရှိ၏။ ကုလားထိုင် တစ်လုံး တွင် တစ်စုံတစ်ရာသော အတွေးတွင် ငိုင်နေခိုက် ရုတ်တရက် ဖိနပ်သံ တစ်ခုပေါ် လာသော ကြောင့် အတာလည်း ဖျတ်ခနဲ မော်ကြည့်လိုက်၏။
မမျှော်လင့်ဘဲ ရောက်လာသူမှာ ခင်စိုးလှဖြစ်နေသည်ကို တွေ့ရသည်နှင့် အတာလည်း ပျာပျာသ လဲပင် မျက်နှာ ကို ပြန်ငုံ့ပစ်လိုက်၏။ "ဘာလဲ ကိုတာ၊ အစိုးကို မုန်းသွားပြီလား"
ဤတွင် အတာချက်ချင်း ပြန်မော့လာ၏။ မြင်လိုက်ရသော အစိုး၏မျက်နှာကလေးမှာ ကြည် ကြည်နှင့် သန့်သလောက် တည်တည်နှင့်ခန့်လှတော့၏။ အတာသဘောကျသည်မှာလည်း ဤလို ဣနြေ္ဒမျိုး ပင် ဖြစ်၏။

"ဘယ်သူက မုန်းတယ်ပြောလို့လဲ၊ ဒီမှာ အစိုး၊ အဲဒီစကားတွေမပြောကြရင် ကောင်းမယ်ထင် တယ်၊ ခု ကိုတာ က အစိုးတို့ဖေဖေရဲ့ အလုပ်သမားဖြစ်နေပြီ၊ သူ့အရိပ်ခိုရင် သူ့အခက်ကို" "နေပါဦး ကိုတာ၊ ဘာလဲ ချစ်တယ် မုန်းတယ်ဆိုတဲ့ စကားနှစ်ခုက ချစ်တယ်ဆိုရင် သမီးရည်းစား စကား၊ မုန်းတယ်ဆိုရင် သမီးရည်းစား ခွဲပြဲတဲ့သဘောရယ်လို့ ဒီနှစ်မျိုးပဲ အဓိပ္ပာယ်ထွက်သလား ဟင်"
အတာ ဘာမျှ မဖြေနိုင်။ တစ်ခါတည်း မှိုင်ကျသွားတော့၏။
"အစိုး ကတော့ ဘွင်းဘွင်းပဲ၊ လူတစ်ယောက်ကို ဘယ်လိုအဓိပ္ပာယ်နဲ့ပဲ ဖြစ်ဖြစ်ချစ်မိရင်လဲ မုန်းခဲ တယ်၊ မုန်းမိပြီဆိုလဲ ပြန်ချစ်ခဲတယ်၊ ကိုတာ့ကိုတော့ ဟိုစာထဲပါတဲ့အတိုင်းပဲ ဆိုပါတော့၊ အင်း ဒါပေမဲ့ အစိုးဟာ ကိုတာ့ လိုတော့ အချစ်နဲ့အမုန်းကို အဓိပ္ပာယ်တစ်မျိုးထဲထားပြီး"
"တော်တော့ အစိုး၊ ကိုတာ နားလည်ပြီ၊ ကိုယ်ကလဲ အစိုးကို အင်မတန်ရင်းနှီးတဲ့ မိတ်ဆွေအနေ နဲ့အခင်အမင် မပျက်ဘူး၊ ပြီးတော့ ဟိုနေ့က စာဆုတ်ပစ်တဲ့ အပြုအမှုအတွက်လဲ"
"အစိုး ခွင့်လွှတ်ပြီးသားပါ ကိုတာ"

အလုပ်ဝင်ခဲ့ပြီးသည့် နှစ်လမြောက်သောနေ့သည် တနင်္ဂနွေနေ့နှင့် ဆုံနေသောကြောင့် ဆိုင်ပိတ် ၏။သို့သော် ဒေါ်ဒေါ်အေး က တိုက်ပေါ်သို့ခေါ်၍ အတာ့အတွက် ထည့်ထားသော လခငွေအစိတ် ပါသည့်စာအိတ် ကို လှမ်းပေးရင်း "အဲဒါ မင့်ဦးလေး က မင့်အတွက် စပါယ်ရှယ်ပေးသွားတာကွဲ့၊ ဒီပြင်အလုပ်သမားတွေတော့ နက် ဖြန်မှ လခရကြလိမ့်မယ်" "ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ် လို့ ပြောပါ ဒေါ်ဒေါ်" "အောင်မလေးကွယ်၊ ကျေးဇူးတင်စရာလိုတဲ့ လူတွေမှ မဟုတ်တာ၊ သြ ဒါနဲ့ ဒီနှစ်သင်္ကြန် မှာ မင့်နှမက ကားနဲ့လျှောက်လည်ချင်သတဲ့၊ မင်းတာဝန်ခံပြီး လိုက်ပို့ပေးနိုင်ပါ့မလား အတာ" အတာလည်း အတန်ကြာ တွေနေပြီးမှ "ဒေါ်ဒေါ်အေး သိတဲ့အတိုင်းပါပဲလေ၊ အကျွေးအမွေး ကိစ္စက ကျွန်တော်ရှိမှ ပြီးမှာမဟုတ်လား၊ ဒါပေမဲ့ တစ်ရက်လောက်တော့ဖြင့်"
"အေးပါ တစ်ရက်တည်းပဲ ဒေါ်ဒေါ်အေး ပြောပါတယ်"

"ဟုတ်ကဲ့ ပို့ပေးပါ့မယ်"
ထိုတိုက်ပေါ်မှ ဆင်းလာခဲ့သော အတာလည်း သူ့အိမ်ပေါ်ရောက်သည်နှင့် သူ့မေမေအား ငွေအစိတ် စလုံးပေးအပ် ရင်း ကန်တော့လိုက်ပြီးမှ "ကျွန်တော်သုံးဖို့ ငါးကျပ်လောက် မေမေ" ဟု ပြောရာမှ မော်ကြည့်လိုက်သည်၌ မသိန်းမေတွင် မျက်ရည်များဝေနေ သည် ကို တွေ့ရပြန်၏။
"ယူပါ သားရယ်၊ မင်းပဲ အကုန်သုံးပါ၊ မေမေ့မှာ ပိုက်ဆံရှိပါတယ်၊ ခု မေမေမြင်းမလောင်းတော့ ဘဲစာတိုက် မှာ စုထားတာတောင် ငွေနှစ်ထောင်ကျော်နေပြီ၊ ငါ့သားပဲ ယူသွား၊ သုံး" သို့သော် အတာက မယူ၊ ငါးကျပ်တန် ကလေးတစ်ရွက် သာ ဆွဲ၍အခန်းထဲမှ လှည့်ဆင်းသွားတော့ ၏။

ထိုနေ့သည် တနင်္ဂနွေနေ့ အတာတို့ ပါတီဌာနချုပ်မှ ဖိတ်ထားသောနေ့ဖြစ်၏။ အကြောင်းရင်း ကား နာဖျားမကျန်း ရှိ၍ ခွင့်ယူထားသော ဌာနချုပ် အထွေထွေအတွင်းရေးမှုးနေရာ တွင် နောက်ထပ် ရွေးချယ် လိုက်သည့် အတွင်းရေးမှုးသစ်နှင့် မိတ်ဆက်ပေးရန်ဖြစ်သော ကြောင့် ထိုထိပ်သီးခေါင်း ဆောင်သစ်နှင့် အမြန်ဆုံး ရင်းနှီးမှုရရန်မှာ အတာ တွင် အလွန်အရေးကြီး၏။ သို့မှလည်း သူနှင့် အကျွမ်းဝင်သည်ဟူ၍ အခြားလူများ အပေါ်တွင် လျှာအရသာခံနိုင်မည်မဟုတ်ပါလော။

ဖိတ်ထားသည့်အချိန်နှင့် တစ်နာရီသာသာလောက် စော၍ရောက်လာသော အတာသည် ဌာနချုပ် ထဲသို့ လှမ်းဝင်လိုက်သည်နှင့် "ဟေး အတာ၊ ဟာမင်းကိုတွေ့ရတာ ငါဝမ်းသာလိုက်တာကွာ၊ ခုမင်း ဘယ်မှာလဲ ဟင်" သို့လျှင် ရွယ်တူ လူရွယ်တစ်ယောက်က ရုတ်တရက်ဆိုသလို တစ်ဆက် တည်း မေးလိုက်သော ကြောင့် "ငါလား အရင်လမ်းထဲမှာပေါ့ကွ၊ ဒါနဲ့ချစ်အောင်မင်းဘာလာလုပ်တာလဲ၊ ဒီကို" "ဌာနချုပ် အထွေထွေအတွင်းရေးမှုးအဖြစ် ငါ့ကို ရွေးကြလို့လေ" "ဟာ မင်းလား၊ အေး နာမည်တော့ ပါသား၊ ငါမတွေးမိဘူးကွာ၊ ကြည့်စမ်း ကြားရတာ ငါသိပ်ဝမ်း သာတာပဲ၊ ငါလဲပါတီဝင်ပေါ့"
"ဟော ငါလဲ မင်းလိုပဲဟေ့၊ တရားဟောတိုင်းပါတာ မင်းကိုး၊ လက်စသတ်တော့ဟင်၊ မင်းက ငယ်ရုပ်နဲ့ သိပ် မတူဘူး၊ အတော်ပြောင်းသွားတယ်၊ ဒါနဲ့ မင်းကောလိပ်မရောက်ဘူးနော်၊ ဘယ်အတန်းက ထွက်လိုက်သလဲ"

"ဟိုက်စကူး ကိုတန်း ကပေါ့"
"ငါတော့ ဗုဒ္ဓဘာသာကျောင်းကနေပြီး မြို့မကို ကူးတယ်၊ ခြောက်လနဲ့ချည်း မှန်မှန်တက်သွားတာ သုံးနှစ်ခွဲ နဲ့ ကောလိပ်ရောက်သွားတာပဲ၊ ခုငါ ဘီအေ အောင်ခဲ့ပြီလေ" အတာ ဆက်၍ မကြား လိုတော့ပေ၊ ဥာဏ်ချင်း ယှဉ်လိုက်လျှင် အမြဲတမ်း ထိပ်ဆုံးက နေခဲ့သော အတာသည် ယခု ကိုးတန်း သမား၊ မကြာခဏ သူကပင် စာပြပေးခဲ့ရသော ချစ်အောင်ကမူ ယခု ဘီအေ၊ အတာ့ စိတ်လေး ထွေသွားပြီးဖြစ်၏။ ရှက်လည်း ရှက်နေရှာ၏။

သို့နှင့် မိတ်ဆက်ပွဲပြီးသည်ဆိုလျှင် အတာလည်း သုတ်ခြေတင်တော့မည်ဟု ခြေလှမ်းပြင်လိုက် သည်နှင့် ဥက္ကဋ္ဌြိကီး က လှမ်းခေါ်ပြီး ချစ်အောင်နှင့်အတာကို ပိုမိုရင်းနှီးအောင် မိတ်ဆက်ပေးသလို ဖြင့်
"သူကတော့ ဌာနချုပ်မှာ အလုပ်လုပ်ဆုံးပဲ၊ တနင်္ဂနွေနေ့တိုင်း သူလာလိမ့်မယ်၊ အဲဒါအတွင်းရေး မှူးက ခိုင်းချင်တာ ခိုင်းပေါ့နော်၊ ပါတီအတွက်ဆို ပိုစတာကပ်ခိုင်းလဲ သူကပ်တာပဲ၊ ဒီလောက် ပါတီကို ချစ်တယ်၊ စိတ်ဓာတ်လဲ "ဘာလဲ ဥက္ကဋ္ဌကြီးက သူ့ကိုမသိဘူးထင်လို့လား၊ ကျောင်းနေဘက်လေ"ဟု ချစ်အောင်က ကြားဖြတ်ပြောလိုက်မှ "ဟာ မသိဘူးမှတ်လို့ မိတ်ဆက်ပေးနေတာ"ဟုပြောရင်း ဥက္ကဋ္ဌကြီးက အတာ အား ပခုံးပုတ်၍ ရယ်လိုက်ပြီးမှ "ကဲ ကိုချစ်အောင်၊ ရှေ့နေ့ဆီပေးဖို့စာကို တစ်ခါတည်းပေး လိုက်ပါလား၊ တနင်္ဂနွေနေ့ကျတော့ အတာ သွားပို့ပေးလိမ့်မယ်၊ သူသွားနေကျပဲ"ဟု ဆက်၍ပြောလိုက်သည်နှင့် ချစ်အောင်လည်း ရုံးသုံးစာအိတ်ရှည်တစ်ခုကို သွားယူလာပြီး အတာ့လက်သို့ လှမ်းပေးလိုက် သဖြင့် အတာလည်း ချက်ချင်းပင် ကိစ္စရှိ၍ ဟူသောအကြောင်းပြချက်ပင် သုတ်သုတ်ကလေး လှည့်ထွက်လာတော့၏။

ပါတီအတွက်ဆိုရင် ပိုစကာကပ်ခိုင်းလဲ သူကပ်တာပဲ၊ ဒီလောက်ပါတီကိုချစ်တယ်၊ အဲဒါသူ့ကိုခိုင်း ချင်တာခိုင်းပေါ့၊ ဟုတ်လား... ယခင်က ဥက္ကဋ္ဌကြီး ဤလိုချီးကျူးလိုက်တိုင်း အတာသည် မှိုရသော အမှုအရာဖြင့် မျက်နှာကလေး ရွှင် ဘ၀င်ပါ ကြွခဲ့ဖူးသလောက် ယခုတစ်ကြိမ်၌မူ သူ အတော်ကလေး ရှက်သွား၏။ ရင်ထဲတွင် လည်းအောင့်နေ ၏။

ကျောင်းသားဘ၀ကဆိုလျှင် ချစ်အောင်ကို အတာက စာပြပေးခဲ့ရ၏။ တစ်နည်းအားဖြင့် ကျောက် သင်ပုန်းသုတ် တံမြက်စည်းလှည်း စသည်တို့ကို အတာကခိုင်းလျှင် လုပ်ပေးရသော တပည့် လည်းဖြစ်၏။ ယခုမူ ချစ်အောင်ခိုင်းရာကို သူလုပ်ရတော့မည်။ သူမလုပ်လို၊ ချစ်အောင်နှင့်ဆိုလျှင် အနည်းဆုံးတန်းတူ အဆင့်အတန်းတွင်သာ နေချင်၏။
တငိုင်ငိုင် တငေးငေးနှင့် စိတ်ပျက်လက်ပျက်တွေးရင်း လျှောက်လာခဲ့သောအတာလည်း ဤလို ကပြောင်း ကပြန် ဖြစ်ရခြင်း၏အကြောင်းအရင်းကို အတွေးနက်နက်ဖြင့်ရှာ၏။
ပါတီကောင်းစားရေး အတွက် သူကိုယ်ဖိရင်ဖိကြိုးပမ်းဆောင်ရွက်ခဲ့သည်မှာ ကျောင်းသားဘ၀မှ စ၍ တွက်စစ်သော် လေးနှစ်ကျော် ငါးနှစ်နီးပါးရှိပြီဖြစ်၏။ ဋ္ဌာနချုပ်အမှုဆောင်များ အစည်းအဝေး တွင်ပင် သူဝင် ၍ နားထောင်ခွင့်မရ၊ အရေးကြီးသော တရားပွဲများတွင်လည်း သူ့ကို တရားဟော ခွင့်မပြု၊ သူဘာတွေ လုပ်ခဲ့ ရသနည်း၊ သာမန်တော်ရုံ လျော်ရုံ ကိစ္စတွင်သာ တရားဟောရ၏။

အများဆုံးလုပ်ရသည်တို့မှာ
အရပ်တကာလည်၍ ပိုစတာကပ် ရသည်။ ကြေညာချက်များကို သတင်းစာတိုက်သို့ လျှောက်ပို့ ရသည်။ ကြော်ငြာလိုက်ဝေ ရသည်။ ပါတီခွဲရှိရာ ရပ်ကွက်များသို့ ညွှန်ကြားလွှာများ လည်ပို့ရ သည်။ ခေါင်းဆောင်ကြီးများ က ကွမ်းယာ ဆေးလိပ် ၀ယ်ခိုင်းလျှင်လည်း အပြေးအလွှား သွားဝယ် ပေးရသည်။ သို့နှင့်ငါးနှစ် နီးပါး ကိုယ့်ထမင်းကိုယ်စား၍ ပါတီကိစ္စများတွင် စိတ်ရောကိုယ်ပါ ကူညီ လုပ်ကိုင်ပေးသော်လည်း ယခုထိသူသည် သာမန်ပါတီဝင်အဆင့်အတန်းတွင်ရှိနေသေး၏။

ထို ငါးနှစ်နီးပါးအတွင်း ချစ်အောင်ကို တစ်ကြိမ်မျှ ပါတီတွင် မတွေ့ခဲ့စဖူး၊ ပါတီအတွက်သော် လည်းကောင်း၊ လူထုကိစ္စတွင်သော်လည်းကောင်း စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့သည်ကိုလည်း တခါ မျှ မကြားမိ ဖူးပါလျက် အဘယ်သို့သော အကြောင်းကြောင့် ပါတီက ချစ်အောင်ကို ဧရာမ ရာထူး ဖြင့်ချီးမြှင့်ခဲ့ကြသနည်း၊ အတာအကြောင်းရှာ၏။
"ဘီအေ ဘီအေ ဟုတ်တယ်၊ သူတို့ချစ်အောင်ကို အထွေထွေအတွင်းရေးမှုးချုပ်ခန့်တာဟာ ဘီ အေ ကိုခန့်တာပဲ၊ ဟုတ်တယ်၊ ပါတီအတွက် ငါအနစ်နာခံပြီး ပိုစတာကပ်တာကအစ မရှက်မ ကြောက် ငါလုပ်ပေးခဲ့တယ်၊ သက်တမ်းအားဖြင့်ဆိုရင်လဲ ငါးနှစ်ပြည့်တော့မယ်၊ ဒါပေမဲ့ ငါ့မှာတော့ အရံအမှုဆောင် အဖြစ်တောင် အရွေးမခံရသေးဘူး၊ ပါတီကလဲ ငါ့ကို ဒီလိုအဆင့်အတန်းနဲ့တောင် ထိုက်တန်ပြီလို့ ယူဆကြ ဟန် မတူသေးဘူး၊ မနေ့တစ်နေ့ကမှ ပါတီဝင်တဲ့ ချစ်အောင်ကျတော့ ဟင်း"
စိတ်ထဲ တွင် အတော်ကလေး အခံရခက်နေသည့်အတိုင်း အတာသည် သို့လျှင် ညည်းညူ ရေရွတ်ရင်း တဟင်းဟင်းနှင့် လျှောက်လာခဲ့၏။

"ဒါ ငါ့အမှားပဲ၊ ငါ့အပြစ်၊ ငါမှ ပညာမတတ်ဘဲ၊ ဘီအေအောင်အောင် မသင်ခဲ့ဘဲ၊ သူတို့ကြွေး ကြော်တဲ့ ကျွန်ပညာ၊ ဒီပညာကိုလဲ ငါဆက်သင်ပြီး ဘီအေ အောင်ခဲ့ရင်"
အတာလည်း တဖြည်းဖြည်းနှင့် အမှန်တရားကို တွေ့လာပြီဖြစ်၏။ မျက်ရည်ကလေးလည်း ဝေ့နေ ၏။
တက္ကသိုလ်ကျောင်းထွက် ဘီအေကျတော့ ပါတီအတွက် ဘယ်လောက် အနစ်နာခံတယ် ဆိုတာ ရောလုပ်သက်ရော၊ ဘာမှမစဉ်းစားတော့ဘူး၊ နာမည်နောက်က ပါလာတဲ့ (သူတို့အခေါ် အပြီး) ဒီလို ဘီအေ ဆိုတဲ့ အမြီးကိုပဲ သူတို့တန်ဖိုးထားပြီး ထိပ်ဆုံးကနေရာကိုပေးတယ်၊ ခေါ်တာအောင် ကိုချစ်အောင် တဲ့၊ တောက် ထိုည က အတာ တော်တော်နှင့် အိပ်မပျော်ခဲ့။ ၀မ်းနည်းခြင်း၊ ယူကြုံးမရဖြစ်ရခြင်း၊ မကျေနပ်ခြင်း၊ နောင်တရခြင်း စသောစိတ်ဒုက္ခ ဝေဒနာကိုသာ မျက်ရည် အပြည့်ဖြင့်ခံစားရင်း မိုးလင်းခါနီးမှ အိပ်ပျော်ခဲ့၏။ နံနက်အိပ်ရာမှ နိုးသည်နှင့် ကိုးနာရီလောက် တွင် ရှေ့နေ့ထံပို့ရန် ပါတီကပေး လိုက်သည့်တာဝန်အရ စာအိတ်ကိုင်ကာ တငိုင်ငိုင် ပင် တွေးရင်းလျှောက်လာခဲ့ပြန်၏။

ကြည့်ရသည်မှာ ယခင့်ယခင်အခေါက်များကနှင့် မတူ၊ သူယခုစိတ်မပါ့တပါ ဖြစ်နေ၏။ ပို့နေကျ အတိုင်း ရှေ့နေ ထံ စာတက်ပေးရမည်ကိုပင် အတာရှက်သလိုလို အသွင်မျိုးဆောင်နေ၏။
ဘာလမ်း(ယခုမဟာဗန္ဓုလပန်းခြံလမ်း)နှင့် ကုန်သည်လမ်းထောင့်ရှိ ရှေ့နေများအလုပ်တိုက်သို့ တက်၍ စာပေးပြီး ဦးခေါင်းငိုက်စိုက်နှင့် ပြင်ဆင်းအလာ လှေကားကွေ့တစ်ခုကို ချိုးလိုက်သည်နှင့် တက်လာသူ တစ်ဦးကို ရုတ်တရက်ဝင်တိုးမိ၏။
"ဟာ ဆောရီးဗျာ၊ စိတ်မရှိပါနဲ့နော်၊ မတော်လို့"သို့တောင်းပန်ရင်း မော့ကြည့်လိုက်မိသည်နှင့် အတာ တွင် ပါးစပ်အဟောင်းသား ငေးသွားတော့၏။  "ဟေး သူငယ်ချင်းမင်းအတာ မဟုတ်လားကွ၊ ဟင်"
"ဟုတ်တယ် ရာမာ၊ ငါအတာပဲ" အတာသည် ရာမာအား ခပ်တွေတွေ စိုက်ကြည့်နေရင်းက သို့ပြောလိုက်ပြီးနောက် ချက်ချင်းပင် ခေါင်းကလေးငုံ့သွားပြန်၏။

"မင်း ခုဘာလုပ်နေလဲ အတာ၊ နေတော့ကော အရင်လမ်းထဲမှာပဲလား"
"အေး အလုပ်ကတော့ အင်း ဘာမှ မလုပ်သေးပါဘူးကွာ"
အတာလည်း အမှန်ကို ထုတ်ပြောရမည်ပင် ရှက်နေ၏။ ရှက်မည်ဆိုကလည်း ရှက်စရာပါပေ။
"တွေ့ရတာ သိပ်ဝမ်းသာတာပဲကွာ၊ မင့်ကျေးဇူးတွေ ငါ့မှာအများကြီး ရှိခဲ့တယ်နော်အတာ၊ ငါလေ ဘယ်တော့မှ မမေ့ဘူး၊ စကားစပ်မိရင်ပြောပြတာပဲ၊ ဘယ်သူ့ဖြစ်ဖြစ်၊ ကဲလာကွာ၊ တစ်ခါတလေ တွေ့ရတာ မင့်ကိုငါတစ်ခုခုကျွေးပါရစေ" သို့ပြောရင်း ရာမာက ဆွဲခေါ်၏။ အတာ မလိုက်။

မသိမသာမော်ကြည့်တဲ့ပြီးမှ "မစားပါရစေနဲ့တော့ ရာမာရာ၊ ငါကိစ္စရှိသေးလို့ပါ နောက်မှပဲ"
"အေးလေ၊ သွားစရာရှိလဲ သွားဦးပေါ့၊ ဒါပေမဲ့ အကြောင်းရှိရင်တော့ လာခဲ့ပါကွာ နော်၊ ဟို တတိယ ထပ်မှာကွ ငါ့ရုံးခန်း၊ ငါခု ရှေ့နေလိုက်နေတယ်လေ၊ သိပ်တော့မကြာသေးဘူး" "အေး"
"ဘာကိစ္စရှိရှိ လမ်းကြုံတဲ့အခါဖြစ်ဖြစ် ငါ့ဆီဝင်ပါကွာနော် အတာ၊ ဟုတ်လား" "မင်း ငါ့ကို ကျောင်းမှာတုန်းက စာသင်ပေးတဲ့ ကျေးဇူးတင်မဟုတ်ဘူး၊ မင်းရဲ့စာကြိုးစားပုံကိုငါ အတုခိုး နည်းယူပြီး မင်းဆုံးမတဲ့အတိုင်း လိုက်နာခဲ့လို့ ငါဒီအခြေအနေရောက်တာကို ဘယ်တော့ မှငါမမေ့ဘူး၊ တို့ရှေ့နေချင်းတောင် ခဏခဏ ပြောပြမိတယ် မင်းအကြောင်း မင်းကျေးဇူး"

"ကဲ ငါသွားမယ် ရာမာ"
အတာ လည်း စကားမဆုံးမီပင် ချာခနဲ လှည့်လိုက်၏။ သို့လှည့်၍ ခြေတစ်လှမ်းဆင်းမိသည်နှင့်ပင် မျက်ရည်တို့သည် အစုလိုက် အပြုံလိုက်ယိုဆင်း လာတော့၏။
ရာမာ ဂဏန်းသင်္ချာမှလွဲ၍ အခြားဘာသာများတွင် ညံ့လွန်းသဖြင့် အချိန်အားရတိုင်း အတာ ကစာ ပြပေးခဲ့သော ရာမာ၊ ဒေါ်ရင်ဂျီကုလားကလေး ရာမာ၊ သင်္ဘောကြီး ကူလီ ဂေါ်ရင်ဂျီကုလားတစ် ယောက်၏သား ရာမာ၊ မဆလာနှင့် သရက်သီး သနပ်ရောင်းသော ဂေါ်ရင်ဂျီ ကုလားမကြီး ၏ သားကလေး ရာမာ၊ တပင်ေ၇ွှထီးကိုပင် (တပင်ရွှေထွန်း) ဟု မပီ့တပီခေါ်သဖြင့် အတာ တို့ကပင် စနေကြ.. ယခုတော့ စတိုင်ထွားနေပြီဖြစ်၏။

လှေကားရင်းတွင် ချိတ်ဆွဲထားသော ၀တ်လုံရှေ့နေ့တို့၏ ဆိုင်းဘုတ်အသီးသီးကြားတွင် မစ္စတာရာမာ အမိန့်တော်ရှေ့နေ ဟူသော ရာမာ့ဆိုင်းဘုတ်ကလေးကို အတာသည် ယခုမှ ရှာ၍ ငေးကြည့်နေ မိ၏။ နောက်ကျလာသော မျက်ရည်များကြောင့် မြင်နေရသော ဆိုင်းဘုတ်ကလေး ဝေးသွားမှပင် အတာ ချာခနဲ လှည့်ထွက်လာခဲ့၏။ ရှက်လိုက်သည်မှာလည်း ပြောစရာမရှိ။
ဝတ်လုံအင်္ကျီ ကို အလွန်သဘောကျပြီး တောင့်တောင့်တတ ၀တ်ျချင်ခဲ့သော အတာ၊ သူကြီးလျှင် ၀တ်လုံ လုပ်မည်ဟု ရင်ကလေးကော့၍ ခပ်ကြော့ကြော့ကြုံးဝါးခဲ့သော အတာသည် ယခု သူလုပ်နေရ သော အလုပ်ကိုပင် ထုတ်မပြောဝံ့သော အခြေသို့ ရောက်နေရှာပြီဖြစ်၏။

"မင်း ခု ဘာလုပ်နေသလဲ"ဟူသော အမေးမျှကြောင့်သာ အတာသက်သာရာရခဲ့၏။
"မင်းခု ဘာလုပ်နေသလဲ၊ လခရောကောင်းရဲ့လားကွ"ဟူ၍သာ အမေးခံရပါက အတာရူးသွား မည်လား ပင် မပြောတတ်။
မျက်ရည် ကို သူထိန်း၏ မရ၊ တတွေတွေသာ ကျနေ၏။ သို့နှင့်ပင် မျက်ရည်ကိုသုတ်ရင်း သက်ပြင်း ချရင်းဖြင့် ပြန်လာခဲ့သော အတာ လည်း လမ်းထပ်သို့ ရောက်သည်နှင့် အိမ်ပေါ်သို့ ခပ်သုတ်သုတ်ပြေး တက်သွား၏။ သူ့ဘိုးဘိုး၏ ဆုံးမစာကော်ပီစာအုပ်ကလေးကိုထုတ်လျက် သွက်သွက်ကလေး လှန်ကြည့် လိုက်၏။

"ငါ့မြေး ကိုယ်နဲ့မတန်တာ ဘယ်တော့မှမလုပ်နဲ့၊ မင့်အခြေအနေဟာ တစ်ထည် တစ်ကျပ်တန် လုံချည် သာ ၀တ်နိုင်တဲ့ဘ၀ဆိုရင် သူများဆီက တစ်ဆယ်တန်ကို ငှားမ၀တ်နဲ့၊ မကြွားချင်နဲ့၊ မင့်ကို မသိတဲ့ လူတွေက အထင်ကြီးသွားလို့ မင့်မှာ ဘာမှတိုးမလာဘူး၊ မင့်အဖိုးတန်မ၀တ်နိုင် တာကို သိပြီးသားလူတွေ က အထင်သေးသွားရင် အဲဒါမင့်အဖို့ ဆုံးရှုံးခြင်းပဲ၊ ကိုယ်နဲ့တန်သလို နေ၊ ကိုယ်နဲ့ တန်သလောက် ၀တ်၊ စား၊ မကြွားချင်နဲ့၊ ကိုယ်နဲ့မဆိုင်တဲ့ကိစ္စ၊ ကိုယ်နဲ့မတန်သေး တဲ့ဘယ်လို ကိစ္စ မှာပဲဖြစ်ဖြစ် မထင်ပေါ်ချင်နဲ့၊ ဘ၀င်မမြင့်နဲ့" သူဖတ်နေသောစာများပေါ်တွင် မျက်ရည်သည် တပေါက်ပေါက် ကျနေ၏။ 

ချက်ချင်းပင် အတာလည်း စာအုပ် ကို တရိုတသေပိတ်၍ အိမ်ပေါ်မှ ရိပ်ခနဲ ဆင်းသွား၏။ သူ့ဒေါ်ဒေါ်သန်းတို့ ပိရိက္ခရာ ဆိုင်ထဲသို့ပင် ခပ်သုတ်သုတ်လှမ်းဝင်သွား၏။ မြင်ရတွေ့ရသမျှသော သူ့ဘွားဘွား၊ သူ့ဒေါ်ဒေါ်သန်းနှင့် တကွ အားလုံးသော ကျေးဇူးရှင်ဟူသမျှတို့ကို နောင်တနှင့် ယှဉ်သော ကန်တော့ခြင်းဖြင့် အသီးသီး ဦးချလိုက်ပြီးမှ သူ့အမှားကို ၀မ်းနည်းပက်လက် မျက်ရည် တယိုယို အတာ သည် ငိုရင်းနှင့် တောင်းပန် လိုက်၏။

"ကျွန်တော့်ကို ကျောင်းပြန်တာပေးပါ ဒေါ်ဒေါ်၊ ကျွန်တော် ကျောင်းပြန်နေတော့မယ်၊ စာတတ်အောင် သင်တော့ မယ်၊ ပညာရဲ့တန်ဖိုးကို ကျွန်တော် ကျွန်တော်" အတာသည် စကားကိုပင် ရှေ့မဆက်နိုင၊ မျက်ရည်အဖြိုင်ဖြိုင်နှင့်ရှိုက်နေ၏။
"အေးအေး၊ ဒေါ်ဒေါ်သန်း ၀မ်းသာလိုက်တာ အတာရယ်၊ မင်းခုလို အချိန်မီနောင်တ ရလာတာ ကို ဒေါ်ဒေါ်ဘယ်လို ၀မ်းသာမှန်းမသိဘူး၊ ကောင်းတယ် ကောင်းတယ်၊ ဆက်သင်ပေါ့ကွယ်၊ ဟိုတုန်း ကလဲ ပြောထားသား၊ မဟုတ်လား၊ ဘယ်အချိန်မဆို မင်းသင်ချင်သပဆိုရင် လာပြောလှည့်လို့၊ ကဲမင်း ဘယ်အထိ သင်မလဲ နိုင်ငံခြားပညာတော်သင် သွားဦးမလား သွား၊ ဒေါ်ဒေါ်ပို့ပေးမယ် ဟုတ်လား"
သို့လျှင် ရှာမရှားသော စေတနာဖြင့် အတာ့ကို ပြောနေသော ဒေါ်ဒေါ်သန်းမှာလည်း မျက်ရည်ဝဲ နေ၏။ ဘွားဘွားနှင့် တကွ တစ်အိမ်သားလုံးတွင်လည်း မျက်ရည်ရွဲနေ၏။ သို့သော် အတာ ကျောင်းထွက်စဉ်က ယိုခဲ့ ဖူးသော မျက်ရည်ပူမျိုးမဟုတ်၊ နှစ်နှစ်သိမ့်သိမ့်ဖြင့် စိမ့်ထွက်လာသော အလွန်အေးမြလှ သည့် မေတ္တာရေကြည်သာ လျှင် ဖြစ်၏။

"ကဲပါကွယ်၊ ငါ့မြေး အတော်စိတ်ထိခိုက်သွားပုံရတယ်၊ ငိုလိုက်ရတာလဲ မောလို့၊ လိမ္မောရည် ကလေး တစ်ခွက်လောက် ဖောက်တိုက်လိုက်ကြပါကွယ်"
သူ့ဘွားဘွား ကလည်း အင်္ကျီစဖြင့်မျက်ရည်တို့ရင်းသို့လျှင် ကြင်နာလိုက်လေသေး၏။
ကမ္ဘာလှည့်၍ပင် ရှာရှာ အတာသာလျှင် အို၍သေချိမ့်မည်။ ဤလိုကျေးဇူးရှင်မျိုးကိုကား တွေ့လိမ့် မည်မဟုတ်တော့ပေ။ အတာလည်းထိုနေ့မှာပင် သူ့အလုပ်ရှင်ဖြစ်သော ဦးလှဆောင်ထံသွား၍ အကြောင်း အကျိုး အမျိုးမျိုးရှင်းပြရင်း အလုပ်မှ ထွက်ခွင့်တောင်း၏။

"ဒီမှာ အတာရ၊ မင့်အသိဥာဏ် မင်းဦးနှောက်နဲ့ မင့်ပညာအရည်အချင်းကို သူများသိတာထက် ဦးလေး ပိုပြီး ရိပ်မိတယ်ကွ၊ ဦးလေးကိုယ်တိုင် ပညာထူးချွန်ခဲ့တဲ့သူမို့ မင့်ကိုဦးလေး အတော်ပဲ စိတ်ဝင်စား ခဲ့တယ်၊ နောက်မင်း ကျောက်ထွက်လိုကတယ်လဲ ကြားရော သူများတွေ စိတ် မကောင်း ဖြစ်တာထက်ဦးလေးမှာ ပိုပြီး ထိုခိုက်သွားတယ် သိလား၊ အေးခုလို မင်းပညာဆက်သင်မယ် ဆိုတော့ လဲ သူများတွေထက် ရှေ့ဆုံးက ၀မ်းသာမဲ့လူဟာဖြင့် ဦးလေးပဲလို့သာ မင်းမြဲမြဲမှတ်ထား လိုက်ပေတော့ အတာ၊ ဟုတ်လား"
သို့ အစစအရာရာ အဆင်ပြေခဲ့ပြီဖြစ်သော်လည်း အတာတွင် ၀န်ချတောင်းပန်ရန် ကိစ္စတစ်ခု သည် ကျန်နေသေး၏။ 

အစိုး

အစိုးမကျေနပ်ဘူးဆိုတဲ့ အချက်တွေ အပြုအမှုတွေ ကို ဒီနေ့ကစပြီး ပြုပြင်သွားတော့မယ်ဆိုတာ ခု ကိုတာ ကတိပေးပါပြီ၊ ပြီတော့ အစိုးအဓိကထားပြီးပြောနေတဲ့ ပညာကိုလဲ ဆက်သင်ပါတော့ မယ်။
အဲဒီတော့ ကိုတာ့အပေါ်မှာ ထိုထို မကျေနပ်မှုတွေကြောင့် ခပ်တန်းတန်း၊ ခပ်တည်တည်လုပ်နေ တဲ့အစိုး ရဲ့ ခုအမူအရာတွေ အစား ကိုတာ့ကိုမြင်လိုက်တိုင်း အရင်ကလို ကြည်လင်ရွှင်ပျနေတဲ့ အစိုး မျက်မှာ ကလေးကို....
အစရှိသဖြင့် ဤလိုတောင်းပန်စာတစ်စောင်ကိုမူ သူရေးရပေဦးမည်၊ ရေးလည်း အမှန်ရေးပေလိမ့် မည်သာ။

သာဓု

ပြီးပါပြီ
.
>>>ဆက်ဖတ်ရန်>>> >>

Saturday, April 28, 2012

သာဓု ၏ အတာ, အပိုင်း (၄၅)

အတာသည် ဤလိုမြှောက်ထိုးပင့်ကော် သတ္တဝါကလေးဖြစ်နေလေပြီ။ အဖြစ်အပျက်နှင့် အကြောင်း အ ရာ အခြေအနေ ကို သုံးသပ်ရန်မှာ သူ့အလုပ်မဟုတ်။ သပိတ်မှောက်လျှင် (ဝါ) ဆူဆူ ပူပူဖြစ်လျှင် သူ ခေါင်းဆောင်ခွင့်ရလာမည်။ တရားဟောခွင့်ရမည်။ သတင်းစာတွေထဲတွင် ပါလာ မည်။ နာမည်ကြီး လာ မည်။ ဤသည်တို့သာလျှင် သူ၏တောင့်တချက်များ ဖြစ်၏။ ကို ဆက်ဖတ်ရန်......

ယင်းသို့သော ဆန္ဒကြောင့်လည်း အတာသည် အောင်ဒင်ကိုသာမဟုတ်ဘဲ အခြားသော ဘော်ဒါ ခေါင်းဆာင် များနှင့် တွေ့ဆုံကာ အမျိုးမျိုးသောနည်းဖြင့် သပိတ်မှောက်ရန်သာ တိုက်တွန်း တော့ ၏။ သို့ဖြင့် နောက်တစ်နေ့ ကျောင်းတက်လုလုအချိန်တွင် အတာနှင့် တကွသော ဘော်ဒါကျောင်းသား လေးငါး ယောက်တို့သည် “သပိတ် သပိတ် မှောက်မှောက်”ဟူသော ကြွေးကြော်သံ များဖြင့် တစ်ကျောင်းလုံး အနှံ့ လျှောက်အော် လေတော့ ဘ၏။

“ဟေ့ ကျောင်းမတက်ကြနဲ့ အိမ်ပြန်ကြတော့၊ ဒီနေ့ သပိတ်မှောက်တယ်”
အတာတို့လူသိုက်လည်း အသံကုန်ဟစ်၍ လှည့်လည် ကြွေးကြော်ရုံသာမက ကျောင်းတက်ရန်လာ သော ကလေးများ ကိုလည်း ကျောင်းဝင်းဝမှ ဆီးကြိုကာ ဤလိုလည်း ပြောဆိုတားမြစ်ကြပြန်၏။ ထို ခေတ်က ကျောင်းသားလောကသည် သပိတ်မှောက်ဟူသော ကြွေးကြော်သံကြားလျှင် မှောက်လိုက် ကြ၏။ နောက်မှ ဘာကြောင့်မှောက်ရသည်ကို စုံစမ်းကြ၏။
တစ်နည်း အားဖြင့်လည်း သပိတ်မှောက်ရမည့်အကြောင်းအရင်း ခိုင်လုံသည်ဖြစ်စေ၊ မခိုင်လုံသည်ဖြစ် စေ သပိတ်မှောက်သူ တို့သည် လူနည်းစုပင်ဖြစ်စေ၊ လူများစုက ကျောင်းမတက်ဝံ့။ အငြိုးထားမည် ကို ကြောက်၏။ ရန်မူမည်လားဟု စိုးရိမ်ကာ အိမ်သို့ပင် ပြန်သွားတတ်ကြ၏။ ယင်းသည့် အကြောင်းအ ချက်သည် ပင် အတာတို့ သပိတ်ကိစ္စအတွက် အထောက်အပံ့တစ်ကွက်လို ဖြစ်သွားတော့၏။

သို့သော် ဆိုင်ရာလူကြီးများနှင့် တေ့တေ့ဆိုင်ဆိုင် ဆွေးနွေးကြသောအခါတွင်ကား အတာတို့သပိတ် သည် သပိတ်မှားဖြစ်နေတော့၏။ သပိတ်မှောက်ရလောက်အောင်လည်း ကြီးကျယ်သော ပြဿနာ မဟုတ်။ သို့နှင့် ဘော်ဒါတစ်ဝက်တစ်ပျက်သာပါသော အတာတို့သပိတ်မှာလည်း ထိုတစ်ရက်နှင့်ပင် ရုတ်သိမ်းလိုက်ကြရတော့၏။ အတာတွင်လည်း ထိုတစ်နေ့တည်းသာ တရားဟောခွင့် ကြွေးကြော်ခွင့် ရလိုက်သောကြောင့် သူ့တွင် ကြိုးပမ်းရကျိုးမနပ် ဖြစ်သွားရတော့၏။

နောက်ဆုံး၌ ဤသပိတ်သည် အတာ၏လှုံ့ဆော်မှုကြောင့်ဟူ၍ သိလာကြရသောအခါတွင်လည်း ဘဝ တူ ကျောင်းသားများ ကပါ အတာကို ငြိုငြင်လာကြတော့၏။ သို့သော် အတာက မဖြုံ။ သတင်းစာတွင် ပါလာသော ဓာတ်ပုံကိုကြည့်ကာ ပီတိပင်ဖြစ်နေသေးတော့၏။
ကျောင်းသားခေါင်းဆောင် ကိုအောင်ကျော်သည် ဗိုလ်အောင်ကျော်အဖြစ် ကျော်ကြားလာစေလိုသော ရည်ရွယ်ချက်ဖြင့် ကျောင်းသားအရေးတွင် ပါဝင်ခဲ့သည်မဟုတ်။ အလွန်သန့်ရှင်းသော နိုင်ငံချစ်စိတ် အမျိုးသား စိတ်ဖြင့် ဝင်ရောက်ကူညီရင်း နယ်ချဲ့သမားလက်ချက်ဖြင့် ကျဆုံးခဲ့ရသည်ဖြစ်ရာ သူ့စေတ နာ အလျောက် တိုင်းပြည်က မြှောက်စား ဂုဏ်ပြုခဲ့ခြင်းသာဖြစ်၏။
အတာ တွင်ကား ဗိုလ်အောင်ကျော်လို ကျော်ကြားချင်၍ ကျောင်းသားအပေါင်းတို့၏ အလေးပြုခံချင် ၍ ကျောင်းသားအပေါင်းတို့၏ အလေးပြုခံချင်၍သာ ကျောင်းသားများကို လှုံ့ဆော်နေခြင်းဖြစ်၏။ သူ နာ မည်ကြီး ချင်နေ ၏။ ကျောင်းသားအာဏာရှင် ကိုလှရွှေလို နိုင်ငံကျော်ချင် ထင်ပေါ်ချင်နေ၏။ သို့အ လျောက်လည်း သူ့ကျောင်းအရေးတွင်သာမဟုတ်ဘဲ အခြားသော ကျောင်းများက သပိတ် သံပေးလာ လျှင်လည်း သူ အပြေးကလေး ရောက် သွားတတ်၏။ မြှောက်ထိုးပင့်ကော် လုပ်တတ်၏။ ဆူဆူပူပူဖြစ် အောင်လည်း လှုံ့ဆော်၏။

ကျောင်းအားလည်း နေ့များတွင်လည်း အတာသည် နိုင်ငံရေးသမားများထံ ရောက်နေတတ်၏။ ၎င်းတို့ စေရာ သို့ သွားပြီးခိုင်းသည်ကို လုပ်ရင်း အချိန်ကုန်နေတတ်၏။ နိုင်ငံရေးဆရာတို့က နက်ဖြန် အရေး ကြီးသော ကိစ္စရှိသည်ဆိုလျှင် အတာ ကျောင်းမတက်တော့ပေ။ ဤလိုဖြင့် ခြောက်လပတ် စာမေးပွဲ တွင် သုံးဘာသာ တိတိ ကျွမ်းထိုးမှောက်ခုံ ကျခဲ့၏။ အတန်းတင်စာမေးပွဲကြီးတွင်လည်း လုံးလုံး လျား လျား ရှုံးနိမ့်ခဲ့၏။

“အေး ဒီနှစ်မအောင်လဲ နောက်နှစ်ပေါ့ကွယ်၊ ဒါပေမဲ့ ခုလို စာမေးပွဲရှုံးတာ အခြားကြောင့် မဟုတ်ဘူး၊ နိုင်ငံရေးသမားတွေနဲ့ပေါင်းပြီး ဟိုစပ်စပ် ဒီစပ်စပ် လျှောက်လုပ်နေလို့ပဲ၊ ဟုတ်တယ် မဟုတ်လား၊ ဟို လိုက်တရားဟော ဒီလိုက်တရားဟောနဲ့ ကျောင်းနေတုန်းမှာ ဒါတွေလျှောက် လုပ်နေတာ ဒေါ်ဒေါ်တို့ မကြိုက်ဘူးကွဲ့၊ ပညာသင်ချိန်မှာ ပညာကို တတ်အောင်သင်၊ ကြိုးစား၊ ပညာကို လုံလောက်အောင် တတ်ပြီဆိုတော့ မင်း လုပ်ချင်တာလုပ်၊ နိုင်ငံရေးမကလို့ ဘာပဲလုပ်လုပ် မင်းသဘော ပဲ၊ ခုနေအခါမှာ တော့ ပညာကို ဖိကြိုးစားစမ်းပါ အတာ၊ မင့်ဉာဏ်ကလေးက တို့နှမြောလွန်းလို့ပါ”
“ဟုတ်ကဲ့ ဟုတ်ကဲ့”နှင့် ခေါင်းညိတ်ခဲ့သော အတာသည် ကွယ်ရာသို့ရောက်သည်နှင့် “အလကား သူတို့ ဘာသိသလဲ၊ ခေတ်နောက်ကျနေတဲ့ ရှေးလူကြီးတွေ၊ နိုင်ငံရေးမလုပ်နဲ့ ဘာညာနဲ့ မျိုးချစ်စိတ်ဆိုတာ သူတို့နားမှ လည်ရဲ့လား မသိဘူး”
ဤသို့ ထိအောင်ပင် ကျေးဇူးရှင်များကို ရေရွတ်မြည်တမ်းကာ ကျေးဇူးကန်းလာပြီဖြစ်၏။

“အတာ မင်း တို့ဆီမှာ အဝင်အထွက်နည်းနည်းလျှော့လိုက်ရင် ကောင်းမယ်ထင်တယ်၊ ခဏခဏ မလာ နဲ့၊ မင့်နောက် ကို စုံထောက်ဘက်ကလိုက်နေတယ်”
နိုင်ငံရေးသမား များက သူ့အား ဤလိုသတိပေးလိုက်မှ အတာသည် ခါတိုင်းထက် ပို၍သွား၏။ များများ သွားလျှင် မြန်မြန်ဖမ်းလိမ့်မည်။ သို့မှ မြန်မြန်နာမည်ကြီးမည်ဟု အတာသည် သူ့အား ဖမ်းမည့်ရက်ကို သာ မျှော်လင့်နေခဲ့၏။

“ခုဆိုရင် ကိုယ် ပုန်းလျှိုးကွယ်လျှိုးသွားနေရတယ် ဆရာ၊ ကိုယ့်နောက်ကို စုံထောက်လိုက်နေလို့”
ကျောင်း မှ အတန်းသားများကိုလည်း ခပ်တိုးတိုးဤလိုပြောရင်း အတာ အရသာခံတတ်၏။
“ဟေ့ အတာ ဘာဖြစ်လာတာလဲကွ၊ ဘောင်းဘီနဲ့ မျက်မှန်နဲ့ ကိုယ်တောင် လူမှားနေတယ်”
“ရှူး တိုးတိုး၊ ငါ့နာမည် ကျယ်ကျယ်မခေါ်ပါနဲ့ကွ၊ စီအိုင်ဒီဘက်က ငါ့ကိုလိုက်နေလို့ ရုပ်ဖျက်ပြီး သွားနေ ရတယ်ကွ”
အရပ်ထဲ တွင်လည်း ဤလိုစကားမျိုးဖြင့် အတာ အသားယူနေတတ်သေး၏။ သူ့ကိုလည်း အလွန်လျှင် အရေးပါ အရာရောက်နေသူ တစ်ယောက်ဟု ထင်နေ၏။ ဘဝင်လည်းမြင့်နေ၏။
ဤသည်ကိုပင် သူ နားလည်နေသည့် မျိုးချစ်စိတ်နှင့် နိုင်ငံရေးဖြစ်လေသလော။

ကျောင်းတွင်သာမဟုတ်။ အရပ်ထဲတွင်လည်း လှုံ့ဆော်မှုကလေးများဖြင့် စခန်းသွားနေပြန်ပြီဖြစ်၏။ လစာငွေ ခွင့်ရက်စသည့်ကိစ္စများနှင့် ပတ်သက်၍ အရပ်ထဲရှိ ကုန်တိုက်အထည်ဆိုင် အလုပ်သမား များ နှင့်ဆိုင်ရာ အလုပ်တို့ဆွေးနွေးစေ့စပ်နေကြသည့် အရေးတွင်လည်း မကြီးမငယ်နှင့် အတာ ဝင်ရှုပ် လာ ပြန်၏။ “လိုလားချက်တွေ တစ်ခုမှ အလျှော့မပေးနဲ့ဗျ၊ မရရင် သပိတ်မှောက်ပေါ့”

သို့ သူဝင်၍ လှုံ့ဆော်သော်လည်း ထိုထိုအရေးများမှာ သူဆွယ်တိုင်း ရနိုင်မည့် ရွယ်တူကျောင်းသား မဟုတ်။ ချင့်ချင့်ချိန်ချိန်နှင့် စဉ်းစားဝေဖန်တတ်သူ များသောဖြစ်၍ “ဟေ့ကောင်လေး မင်း လာမရှုပ်စမ်းပါနဲ့ကွာ ဟု မောင်းထုတ်သည်ကိုပင်” “ကျွန်တော်က စေတနာနဲ့ပြောတာပါဗျ၊ တကယ်လို့ သပိတ်မှောက်ရင် စခန်းချဖို့ တန်ဆောင်းရော၊ ထမင်းထုတ်တာဝန်ရော ကျွန်တော် အားလုံးဆောင်ရွက်ပေးမယ်၊ ပါတီခေါင်းဆောင်တွေဆီက အကူ အညီရဖို့အတွက်လဲ ကျွန်တော် တတ်နိုင် ပါတယ်ဗျ၊ ကျွန်တော်နဲ့ သိပ်ရင်းနှီးတာ သိလား”ဟူသော စကားမျိုးဖြင့်ပင် အသားယူ လိုက်ချင်သေး၏။

နောက်တစ်နေ့ ထိုထိုစာရေးနှင့် အလုပ်သမားများလည်း သူတို့ချင်းဆွေးနွေးကာ လိုလားချက် ကျေနပ် လောက်အောင် မရကြသဖြင့် သပိတ်မှောက်သင့် မမှောက်သင့် ဆွေးနွေးရန် အရပ်ထဲ ရှိ လက်ဖက်ရည် ဆိုင်တစ်ဆိုင်တွင် စုရုံးတိုင်ပင်နေကြစဉ် အတာလည်း ဘာညာမပြောနှင့် တရားဝင် ၍ ဟောတော့၏။ သပိတ်မှောက်ရန် တိုကတွန်းတော့၏။ အကြမ်းဆုံးသော စကားများသုံး၍ အရပ်ထဲ ရှိ ကုန်တိုက် အထည်ဆိုင်ပိုင်ရှင်များကို ပုတ်ခတ်တော့၏။

သို့သော် ရုတ်တရက်ဖြစ်၍ စာရေးနှင့် အလုပ်သမားများ အံ့အားသင့်နေသည့်အချိန်လောက်သာ အတာ တရားဟောခွင့် ရခဲ့ပြီး နှစ်မိနစ်ခန့်ပင်မကြာမီ လက်ဖက်ရည်ဆိုင်ထဲမှ ဆွဲအထုတ်ခံလိုက်ရတော့ ၏။ နောက်ဆုံး ၌ စာရေးများကလည်း ကျေးဇူးမတင်။ လူကြီးများကပါ ချဉ်သွားသည့်ဆိုးကျိုးသာလျှင် သူ ခံစား လိုက်ရတော့၏။
“မင်း ဘာတွေလျှောက်လုပ်နေပြန်လဲ အတာ၊ ဟိုတလောကပဲ ဒေါ်ဒေါ်သန်း သတိပေးထားတယ်၊ မင်း တယ်ခက်တာကိုးကွဲ့”ဟူ၍လည်း သူ့ဒေါ်ဒေါ်သန်းက ခေါ်ဆူ၏။
“ဒီကောင်လေး ခုတလော ဘာဖြစ်နေတယ် မသိဘူး။ ဘယ်ကျောင်းသပိတ်မှောက်မှောက် သူပါ တာပဲ၊ နိုင်ငံရေးသမားတွေနဲ့လဲ တရားလျှောက်ဟောလိုဟောနဲ့”ဟူသော ဝေဖန်သံတွေလည်း အရပ်ထဲ တွင် ညံနေပြီဖြစ်၏။

အတာသည် သူ၏ကျေးဇူးရှင်များဖြစ်သော ဒေါ်ဒေါ်သန်းတို့၏ဆုံးမစကားကိုပင် တော်လှန်၍ သူလုပ် ချင်ရာ လျှောက်လုပ်နေသေးသည်ဖြစ်ရာ သူသည် မည်သူတို့၏စကားကိုမှုစရာလိုသေးတော့သနည်း။
“မင်း လုပ်ချင်ရာတွေ လျှောက်လုပ်နေနော်၊ အေး တစ်နေ့နေ့ ဖမ်းလား ဆီးလား ဖြစ်လာရင်တော့ မင့် ဟာ မင်းခံ၊ လိုက်ကြည့်မယ်များတော့ မထင်လေနဲ့”
အတာ့မေမေ၏သြဝါဒစကား ကား ထိုမျှသာဖြစ်၏။ ကိုထွန်းအောင်ကမူ နည်းအမျိုးမျိုးပြ၍ ဆုံးမ၏။ အရွယ်ထောက် ၍ လူပျိုပေါက်သာသာဖြစ်နေသည်တစ်ကြောင်း၊ စိတ်ဓာတ်ကလည်း တက်တက်ကြွကြွ နှင့် မည်သည့်ကိစ္စတွင်မဆို အတိုက်အခံလုပ်ရ မှ ကျေနပ် သလိုလိုရှိနေ သည်တစ်ကြောင်းတို့ကြောင့် မိဘကိုပင် အာခံချင် သလိုလို ဆောင့်ကြွားကြွားဖြစ်နေတော့၏။ ထုံးစံအတိုင်း ပင် သူလုပ်ချင်ရာကိုသာ လျှောက်လုပ်နေတော့၏။

ဤလိုဖြင့် အတာ ကိုးတန်းစာမေးပွဲကြီး စစ်လုနီးနီးတွင် သပိတ်ကိစ္စတစ်ခုပေါ်လာပြန်၏။ အတာ ဝမ်း သာလိုက်သည် ကား ပြောစရာမရှိ။ ကိုယ်ဖိရင်ဖိ ဝင်၍ ဆောင်ရွက်၏။ နေ့ရောညပါ တရားဟောခွင့် ရခဲ့ သောကြောင့် သူ အလွန်ပျော်နေ၏။ တက်ကြွနေ၏။ သတင်းစာတွင်ပါသော သူ့တရားသတင်းနှင့် သူ့ ဓာတ်ပုံကိုကြည့်ကာ အရသာခံရင်း အလွန်အမင်း ဘဝင်မြင့်နေ၏။ မကြာမီပင် တိုင်းပြည်ခေါင်းဆောင် ကြီး ဖြစ်လာတော့မလောက် တယဉ်ယဉ်နှင့် အထင်ရောက်နေ၏။
လှုပ်ရှားမှုတစ်ခုပေါ်လာတိုင်း နိုင်ငံရေးသမားများ ဝင်လာတတ်သည်ဖြစ်ရာ ယခု သပိတ် တွင်လည်း နိုင်ငံရေးသမားများက အတာမှတစ်ဆင့်ကြိုးကိုင်ညွှန်ကြားခဲ့၏။ အတာ တစ်ယောက် သာ ထိုထိုနိုင်ငံရေး သမားထိပ်သီးများနှင့် အနီးကပ်ဆုံး ရင်းနှီးခဲ့သောကြောင့် ထိုသပိတ်ကိစ္စတွင် အတာ သည်သာ ရှေ့ တန်းမှ ပထမခေါင်းဆောင်ဖြစ်လာတော့၏။

သို့နှင့် အကြီးအကျယ်ဘဝင်မြင့်သွားသော အတာလည်း သပိတ်ကိစ္စပြီးဆုံးသွားသည်နှင့် “ကျွန်ပညာ အလိုမရှိ” ဟူသော နိုင်ငံရေးသမားတို့တွင် ပေးသည့်ကြွေးကြော်သံကို အကြောင်းပြုကာ
“ငါ ကျောင်း ထွက်မယ်။ ဒီပညာကို ဆက်သင်နေမဲ့အစား လူထု ကောင်းစားရေးကိုပဲ ငါ လုပ်တော့မယ်” ဟူသော ဆုံးဖြတ်ချက်ဖြင့် သူ့သဘောအတိုင်းပင် ကျောင်းမှထွက်ခဲ့တော့၏။ သို့ ကျောင်းထွက်သည် မှာလည်း ထုံးစံ အတိုင်းမဟုတ်။ ကျောင်းအုပ်ကြီးအခန်းထဲသို့ ရင်ကော့၍ ဝင်သွားကာ
“ဆရာကြီး ကျွန်တော် ဒီနေ့ကစပြီး ကျောင်းထွက်တယ်၊ ကျွန်ပညာ အလိုမရှိတော့ဘူး၊ ဒါပဲ”
တစ်ခါက အလွန်ယဉ်ကျေးသိမ်မွေ့ခဲ့သော အတာ၊ မိမိထက် ရက်ပိုင်းလောက်ကြီးသူကိုပင် ဝါဝင်ဝါ ထွက်တိုင်း လက်ယှက်ရိုကျိုးရှိခိုးခဲ့သော အတာသည် တစ်ကြိမ်က သူ၏ပညာရည်ထူးချွန်မှုကြောင့် တယု တယနှင့် ဖက်လဲတကင်း ချီးကျုးခဲ့သော ကျောင်းအုပ်ဆရာကြီးကိုပင် ရိုင်းစိုင်းလှသော အမူအရာ ဖြင့် အတာ စော်ကားခဲ့ချေပြီ။

“ကျွန်တော် ကျောင်းထွက်လိုက်ပြီ ဒေါ်ဒေါ်”
“ဟင်”
ဒေါ်ဒေါ်သန်းတို့ ညီအစ်မတစ်ခုတွင် ထိုမျှသာ ရေရွတ်နိုင်တော့လျက် အတန်ကြာအောင် အံ့အား သင့် နေကြပြီးမှ
“ဟဲ့ ဘာပြုလို့တုံး အတာ”ဟု ဒေါ်ဒေါ်သန်းက ဝမ်းနည်းသံကြီးဖြင့် မေးလိုက်သည်ကို
“ကျွန်ပညာ မသင်ချင်လို့ ဒေါ်ဒေါ်”
အတာ့အမူအရာသည် ယခင်အခါများကလို ကျိုးကျိုးနွံနွံမဟုတ်တော့ဘဲ သူ့ကျေးဇူးရှင်များက မည်သို့ သော အကြံပေးပေး တစ်ရွေးသားမျှ လက်မခံ၊ ပြတ်ပြတ်သားသားပင် အန်တုတော့မည့် အသွင်မျိုး ဆောင်နေ၏။

“ဟဲ့ ဘာပြောတယ် အတာ”
“ဟုတ်တယ် ဒေါ်ဒေါ်၊ ဒီ ကျွန်ပညာကို ကျွန်တော် မသင်ချင်တော့ဘူး”
“နေစမ်းပါဦး၊ မင်း နိုင်ငံရေးသမားတွေနဲ့ ပေါင်းပြီး နိုင်ငံရေးစကားတွေနဲ့ ဒေါ်ဒေါ်သန်းကို လာပြောနေ သလား အတာ၊ ဒေါ်ဒေါ် နားမလည်ဘူးကွဲ့၊ ဘာလဲ၊ ကျွန်ပညာ ဟင်၊ ဒေါ်ဒေါ်တို့ကတော့ ကျောင်းနေ တယ်၊ စာသင်တယ်၊ ဒါပဲသိတယ် အတာ၊ မင်း ဘာအရူးထတာလဲ”

"မဟုတ်ပါဘူး၊ ကျွန်တော် ဒီပညာကို မသင်ချင်တော့လို့ပါ"
အတာကား ခပ်တင်းတင်းပင် ပြောနေသေး၏။
"မဟုတ်သေးဘူး အတာ၊ မင်း ဘာလို့ မိုက်ချင်ရတာလဲ၊ သူများတွေမှာ စာသင်ချင်လို့ သင်နိုင်သလား၊ ကျောင်းနေချင်လို့ နေရရဲ့လား၊ မင်း လိမ်မာမှပေါ့ကွဲ့၊ ဘာပူစရာရှိသလဲ မင့်မှာ ဟင်၊ အချိန် တန်ရင် အဝတ်အစားဆိုလဲ သူဋ္ဌေးသားတွေနဲ့ တန်းတူဝတ်ရတယ်၊ ကျောင်းစရိတ်ဆိုလဲ မင်းမျက်နှာ ရှိအောင် တစ်နှစ်တွက် တစ်ခါထဲ ပေးထားခဲ့တယ်၊ ဟင် ဒီလို အခွင့်အရေးမျိုးကို ဒိပြင် ဘယ်သူပေးမလဲ၊ ဘယ် ကျောင်းသားကော ရနိုင်မလဲ အတာ"
အတာ ဘာမျှမပြော မတုန်မလှုပ်ပင် မှုန်ကုတ်ကုတ် ငြိမ်နေ၏။

"ဟုတ်သား ပဲ၊ ငါ့မြေးရယ်၊ မင်း မိုက်ရှုးရဲမလုပ်ချင်စမ်းပါနဲ့၊ ကဲ ကဲ ပြီးတာပဲ ပြီးပစေပေါ့၊ နက်ဖြန် ကျောင်းပြန်တက်၊ဟုတ်လား"
ဘွားဘွား ကလည်း ဝမ်းနည်းသံဖြင့် ချော့ချော့မော့မော့ ဝင်ပြောလိုက်သေး၏။ သို့သော် အတာကမူ ဘာတစ်ခွန်း မျှ ကတိမပေးသေး။
"လိမ္မာစမ်းပါ အတာရယ်၊ မင့်ဉာဏ်ကလေးကို မမရင်တို့ နှမြောလွန်းလို့ပါ၊ အေး မင်း ခုလို တရားလိုက် ဟောချင်ရင် နိုင်ငံရေးဘာတွေလုပ်ချင်ရင် မလုပ်နဲ့လို မဆိုဘူး၊ ပညာကို သင်ဦး၊ အနည်းဆုံး ဘီအေ လောက်ဖြစ်ဖြစ် တတ်အောင် သင်ပြီးမှ မင်း လုပ်ချင်ရာလုပ်၊ မမတို့ မပြောဘူး၊ ကဲ ဟုတ်ပလား အတာ"

ခေါင်းညိတ်ခေါင်းခါ အတာ ဘာမျှလုပ်ဖော်မရသေး။ သူ၏သံမဏိဆုံးဖြတ်ချက်ကိုသာ မမှိတ်မသုန် ယုံ ယုံကြည်ကြည် လက်ခံ ဆုပ်ကိုင်ထားတော့မည့်အသွင်ဖြင့် ဘာတစ်ခုမှနားမဝင်သလို တွေနေ၏။
"ငါ့တူက မြော်မြင် ဆင်ခြင်တတ်တဲ့ အသိဉာဏ်ရှိပြီးသားပဲလေ၊ ဒီလောက် နားဝေးမယ် မဟုတ်ပါဘူး နော်၊ ကဲ ကဲ ဒေါ်ဒေါ်သန်းတို့က တကယ့်စေတနာနဲ့ ချစ်လို့ပြောတာကို မင်း နားထောင်ပါ အတာရယ် ဟုတ်လား၊ ကဲ ကဲ နက်ဖြန် ကျောင်းပြန်တက် ကျောင်းဝင်ကြေးတို့ ဘာတို့ ထပ်ပေးရမယ် ဆိုလဲ လာ ယူနော်၊ မင့်ဦးနှောက်မျိုးနဲ့ဆိုရင် ဘီအေအောင်ဖို့ဆိုတာ အလွယ်ကလေးပါကွယ်၊ ဒီမှာ အတာ၊ မင်း သာ သင်ချင်တယ်ဆိုရင်လေ ဘိလပ်ကိုသွားမလား၊ အမေရိကန်ကို သွားမလား၊ ဂျာမနီ သွားမလား၊ မင်း သွားချင်ရာကို ပို့ပေးမယ်၊ သင်ချင်တဲ့ပညာကိုသင် ဒေါ်ဒေါ်သန်းတို့ ထောက်ပံ့မယ်၊ အဲဒါ မင်းဆီ က တစ်ပြားသားစားချင်လို့ ပြောနေတာမဟုတ်ဘူး အတာ၊ ကုသိုလ်လဲရ ပညာပါရမီလဲဖြစ်၊ မင့်ကိုလဲ သနားလို့ ချစ်လို့ကွဲ့ သိလား။ မင့်ကို ဒေါ်ဒေါ်တို့ပေးတဲ့ ပညာဟာ မင့်ဖို့ပဲ၊ ဒါမှ မင့်မိဘနဲ့ မင့်ညီမလေး တို့ကို ချမ်းချမ်းသာသာ ရှာကျွေးနိုင်မှာ"

သို့လျှင် တတွတ်တွတ်တရားပြ၍ နားချနေသော ဒေါ်ဒေါ်သန်းအသံမှာ မသိမသာတုန်နေ၏။ မျက်နှာ ထား အသွင်အပြင်မှာလည်း မျက်ရည်မကျရုံတစ်မည်သာ ကျန်တော့၏။ ထိုမျှလောက် စေတနာထား ၍ ပြောနေသည်တိုင်အောင် အတာ ခေါင်းမညိတ်သေး။ သူ့ဆုံးဖြတ်ချက် လွတ်မသွားအောင် ချုပ်ထား သကဲ့သို့ လက်သီးနှစ်ဖက်ကိုလည်း အတာသည် ကျစ်ကျစ်ပါအောင် ဆုပ်ထား၏။
"ကဲ ကဲ သွားတော့ အတာ၊တစ်ကြိမ်တစ်ခါမှားတာတော့ မှားပစေပေါ့၊ ဒေါ်ဒေါ်တို့ ခွင့်လွှတ်ပါတယ်၊ အေး ငါ့တူက အလိမ္မာ အခြေခံကောင်းပြီးသားပဲကွယ်၊ ပြင်လိုက်ရင် ခဏပေါ့၊ သွား သွား"

မျက်ရည်မကျရုံတစ်မည် တဖွဖွတောင်းပန်လိုက်သော ကျေးဇူးရှင်များ၏စကားကို အတာ နားမဝင်၊ ထိုနေ့ ညရထားနှင့်ပင် မော်လမြိုင်သို့ ထွက်သွားတော့၏။ ထိုသတင်းကို ကြားလိုက်ရသည်နှင့် သူ့ ဒေါ် ဒေါ်သန်းတို့ ညီအစ်မတစ်စုနှင့်တကွ ဘွားဘွားပါမကျန် ဝမ်းနည်းပက်လက်နှင့် မျက်ရည်ဥပြီး ရင်ထုမ နာနှင့် မျက်ရည်ဖြာကြရတော့၏။

ဤလိုအချိန်၌ အတာမှာမူ မော်လမြိုင်ရှိ ကျောင်းသားခေါင်းဆောင်များနှင့် တွေ့ဆုံကာ သူ့ဓာတ်ပုံနှင့် သူ့ဟောပြောချက်များပါဝင်သည့် သတင်းစာများကို ပြရင်း တဖွဖွ အသားယူနေ၏။ နိုင်ငံရေး ထိပ်သီး များဖြစ်သော မည်သူမည်ဝါနှင့် သူ အဘယ်မျှရင်းနှီးကြောင်း၊ နောက်နောင် အရေးအခင်းပေါ်က စာရေးခေါ်လျှင် သူ အဘယ်မျှ စွမ်းစွမ်းတမံ လာရောက်ကူညီမည်ဖြစ်ကြောင်းတို့အပြင်
"ခုလဲ ကျွန်တာ် ကျောင်းထွက်လိုက်ပြီလေ၊ ဘာလုပ်မလဲ ဒီကျွန်ပညာကို ဆက်သင်နေလို့ အပိုပေါ့ဗျာ၊ ဟုတ်ဖူးလား။ ကျွန်တော့်အဒေါ်တွေကတောင် ငိုလားယိုလားနဲ့ ကျောင်းမထွက်ဖို့ တားကြသေးတယ်၊ ဘာရမလဲ၊ ခေတ်နောက်ကျပြီး ဆွေးမြည့်နေပြီဖြစ်တဲ့ သူတို့ရဲ့အယူအဆဟောင်းတွေဟာ ကျွန်တော် ရဲ့တိုးတက်နေတဲ့ အသိဉာဏ်ကို ဘယ်လွှမ်းမိုးနိုင်မှာလဲ၊ ခု ကျွန်တော် ပြန်ရင် နိုင်ငံရေး ထဲ ခြေစုံပစ်ဝင် တော့မယ်လေ"
သူ့ဒေါ်ဒေါ်သန်းတို့တွင် ရင်ကွဲပက်လက်နှင့် သူ၏ထက်မြက်လှသော ဉာဏ်ကလေးကို နှမြောတသနေ ခိုက် အတာကမူ သို့လျှင် ဝင့်ကြွားရင်း တမြမြနှင့် အရသာခံနေ၏။

တစ်ပတ်ခန့်ကြာ၍ အတာ ပြန်ရောက်လာပြီကိုသိလျှင် သိခြင်း သံယောဇဉ်ဖြစ်၍ ချစ်နေသေးသော အတာအား အမြန်ဆုံး အခေါ်လွှတ်တော့၏။
"မင်း ဘယ်လိုဖြစ်တာလဲ အတာ၊ ဘာလဲ မင်းကျောင်းကို နေချင်စိတ်မရှိတော့ဘူးလား"
"ဟုတ်ကဲ့"
မာဆတ်ဆတ်ကလေးပင် အတာ ဖြေလိုက်၏။
"အေးလေ ဒီလိုဆိုလဲ မင်းသဘောပေါ့၊ ဒါပေမဲ့ အချိန်တော့ရှိသေးတယ် အတာ၊ မင်း စဉ်းစားဦး၊ ခု အတောအတွင်းဖြစ်ဖြစ် နောင်နှစ်ခါဖြစ်ဖြစ်၊ ဘယ်တော့ ဖြစ်ဖြစ်ပေါ့ကွယ် နော်၊ ကျောင်းပြန်နေချင်တဲ့ စိတ်ပေါ်လာရင် ဒေါ်ဒေါ်တို့ကို ချက်ချင်းလာပြော၊ ဒေါ်ဒေါ်တို့ ပြန်ထားမယ် ဟုတ်လား"
ဤလို သဘောထားပြည့်ဝ၍ ဤမျှစိတ်ရှည်ပြီး ဤကဲ့သို့သော ကြက်သီးထဖွယ်ရာ စကားမျိုးဖြင့် လိုက် လိုက်လျောလျော စေတနာထားသည့် ကျေးဇူးမျိုးကို အတာ ဘယ်နေရာတွင် သွားရှာမည်နည်း၊ ရှာ၍ လည်း ရနိုင်မည်လား။

သို့သော် အတာ လုံးဝနားမဝင်၊ သတိတရားလည်း မရသေး။ နိုင်ငံရေးနယ်ပယ်ထဲသို့သာ တစ်ကိုယ်လုံး ပစ်၍ ဝင်လိုက်တော့၏။
အလွန်သွက်လက်သော အတာ၊ အလွန်အကင်းပါးသော အတာ၊ အလွန်ဉာဏ်ထက်သော အတာ၊ သူမတူအောင် ဖျတ်လတ်သော အတာသည် ပါတီတွင် အလွန်ခိုင်း၍ကောင်းသော သတ္တဝါ ကလေးဖြစ် နေတော့၏။ သို့သော် သူ့အဆင့်အတန်းကား အဘယ်နည်း။ သာမန်ပါတီ ဝင် တစ်ယောက်မျှသာ ဖြစ်၏။
နိုင်ငံရေးဆိုသည်မှာ အတာ ဘာသိသနည်း။ ရှင်းရှင်းဆိုသော် သူဘာမျှမသိ။ "ကျွန်ပညာ အလိုမရှိ"ဟူ သော စကားကိုပင် မည်သို့အဓိပ္ပာယ်ကောက်ရမှန်း မသိဘဲ မိုက်ရူးရဲနှင့် ကျောင်းမှ ထွက်ခဲ့သော အတာ သည် ယနေ့ထိ ငါဘာကောင်ဟု မသိ။ ယောင်ချာချာပင် ရှိနေသေး ၏။

ဤလိုဘဝနှင့် ပထမဆုံးကြုံတွေ့ရသော သူ့အခက်အခဲမှာ မုန့်ဖိုးပြဿနာပင်ဖြစ်၏။ သူ ထင်ရာ လျှောက်လုပ်နေ သဖြင့် ကိုထွန်းအောင်ကလည်း မုန့်ဖိုးမပေးတော့ပေ။ ပါတီကလည်း မုန့်ဖိုးအဖြစ် သီး သန့်မပေးနိုင်။ ခေါင်းဆောင်ကြီးများပင် အငတ်ခံရသည်ကို အတာ သိ၏။ သူတို့စားလျှင် စားခြင်း၊ သူတို့ ငတ်လျှင် ငတ်ရခြင်းတည်းဟူသော ဒဏ်ကို အတာ လက်တွေ့ခံနေရပြီဖြစ်၏။ သို့သော် သူမဖြုံ။ တုန်လည်း မတုန်လှုပ်၊ နိုင်ငံရေးဟူသည် အသက်ပင် စွန့်ရသေးသည် မဟုတ်ပါတုံလော။
ဤလိုနှင့် နှစ်နှစ်မျှသော အချိန်သည် ကုန်မှန်းမသိ ကုန်ခဲ့ပြီဖြစ်၏။ အတာတွင်လည်း နံနက်မိုးလင်း သည်နှင့် ပါတီသို့သွားကာ လုပ်စရာရှိသည်တို့ကို လုပ်ကိုင်ပေးလျက် ညနေဘက်တွင်မူ အရပ် ထဲသို့ ပြန်လာကာ ကလေးစိတ်မကုန်သေးသည့်အရွယ် သဘာဝအတိုင်း သူငယ်ချင်းများနှင့် ကစား၏။ စကားစမြည် ပြော၏။

သူ့သူငယ်ချင်းများက ယခင်နည်းတူပင် ချစ်မြဲ ချစ်၍ ခင်ခင်မင်မင် ဆက်ဆံကြသော်လည်း တစ်ခါက သူ့အား အလွန်မြတ်နိုးခဲ့သည့် တစ်ယောက်သောသူကမူ ယခု ခပ်တန်းတန်းအသွင်သို့ ပြောင်းသွား၏။
ထိုတစ်ယောက်သောသူကား ခင်စိုးလှပင် ဖြစ်၏။ ယခင် ဝရန်တာအသီးသီးတွင် ထွက်ရပ်၍ မျက်နှာ ချင်းဆိုင်မိတိုင်း ချစ်စဖွယ် ပြုံးပြတတ်သော ခင်စိုးလှသည် ယခုသော်မူကား ပြုံးပြရန်မဆိုထားဘိ၊ ကြာ ကြာပင် လှည့်၍ ကြည့်ဖော်မရတော့ပေ။ မတော်တဆ အကြည့်ချင်းဆုံသွားသောအခါများ၌လည်း ခပ် တည်တည် အမူအရာကလေးဖြင့် မလွှဲသာ၍ ပြုမူရသလို မေးကလေးတစ်ချက်မျှ ဆတ်ကာ ဖျတ်ခနဲ လှည့်ဝင်သွားတတ်သေး၏။
ယခင် ခင်စိုးလှ သူ့ကိုလိုက်စဉ်က ထိုအကြောင်း ဤအကြောင်းထောက်ထားကာ ရှောင်ဖယ်ဖယ် ပြေး ခဲ့သော အတာသည် ယခု ခင်စိုးလှက သိသိသာသာ ပြေးနေသောအခါ၌ အတာသည် ကပျာကသီနှင့် သူ အမီလိုက်ချင်နေပြီဖြစ်၏။

"အစိုး ဘယ်လိုဖြစ်သွားတာပါလိမ့်"ဟူ၍လည်း စိတ်ထဲတွင် မရိုးမရွဖြစ်လာ၏။ မခံချင်စိတ်လည်း တရိပ် ရိပ် ဝင်လာ၏။ သို့နှင့် ချက်ချင်းဆိုသလိုပင် စာတစ်စောင် ကောက်ရေးပြီး အေးချိုမှတစ်ဆင့် အပေးခိုင်း လိုက်တော့၏။
    အစိုး
    ခုတစ်လော အစိုး အမူအရာတွေ သိပ်ပြောင်းလဲနေတယ်၊ ဘယ်လိုဖြစ်တာလဲ၊ ကိုတာ သိခွင့် မရှိဘူး လား ဟင်၊ ကိုတာ့အပေါ်မှာ အစိုး ဘာတွေ သဘောမကျဘူးဆိုတာ အမြန်ဆုံး သိပါရစေ။
ခင်မင်သော
အတာ
ထိုစာ ကလေးရေးပို့ လိုက်ပြီးနော်က မိနစ် ခုနစ်ဆယ်လောက်အကြာမှာပင် ခင်စိုးလှထံမှ စာတစ်စောင် ပြန်ရောက်လာ၏။

    ကိုတာ
    ပေးစာကိုဖတ်ရလို့ ဝမ်းသာပါတယ်၊ တစ်ကြိမ်တုန်းက အခု ကိုတာ့စိတ်ထဲမှာ ခံစားနေရသလိုပဲ ကိုတာ ဟာ ဘာကြောင့် ငါ့အပေါ်မျက်နှာထားတင်းနေပါလိမ့်ဆိုပြီး ရင်ထဲမှ တစ်မျိုးပဲ ခံစားခဲ့ရဖူးလို့ အစိုး ကိုယ်ချင်းစာမိပါတယ်။
    လိုရင်းပြောရရင်မယ်ဆိုရင် ဟိုတုန်းက အစိုး နေတာထိုင်တာ ဝတ်တာ စားတာ ဣနြေ္ဒမရလို့ ကိုတာ သဘောမကျ ခဲ့သလို ခုလဲ ကိုတာရဲ့နေပုံထိုင်ပုံ အပြုအမူကို သဘောမကျဖြစ်နေပါတယ်။
    ဟိုတုန်းက ကိုတာဟာ ယဉ်ကျေးသိမ်မွေ့တယ်၊ လူကြီးသူမများကို ရိုသေလေးစားတတ်တယ်၊ ပြီးတော့ ပညာထူးချွန်တယ်၊ ဖေဖေတို့ကတောင် "ရှေ့ကို အများကြီး အလားအလာရှိတဲ့သူငယ်"လို့ ချီး ကျူးခဲ့ ရတာကို အစိုး နားနဲ့ဆတ်ဆတ် ကြားခဲ့ရတယ်၊ မေမေက ဆိုရင်တော့ပြီးရော၊ ကိုတာ့အကြောင်း ချီးကျူး ရမယ်ဆိုရင် ထမင်းမေ့ ဟင်းမေ့ပါပဲ၊ အဲဒီတုန်းကဆို အစိုးလဲ ကိုတာ့ကို အင်မတန် လေးစားမိ သပေါ့၊ အိုလေ ဘယ်လိုစိတ်မျိုးနဲ့ အစိုး လေးစားခဲ့တယ်ဆိုတာ ကိုတာလဲ သိမှာပေါ့။

    ခုတော့ ဘွင်းဘွင်းပဲ ဖွင့်ပြောရရင်  အစိုး ကိုတာ့ကို သာမန်မိတ်ဆွေတစ်ယောက် ခင်မင်ရုံ ခင်မင်တာက လွဲလို့ ဒိပြင် ဘယ်လိုစိတ်မျိုးနဲ့မှ အစိုးမလေးစားချင်တော့ဘူး၊ ကိုတာ့အကြောင်းတွေ ကြားရတာ လဲ စိတ်မကောင်းဘူး၊ ခု ကိုတာ ဘယ်အခြေမှာ  ရှိနေသလဲ ကိုတာ ပြန်စဉ်းစားကြည့်ပါ၊ တကယ် လို့ ခုနေ ကိုတာ မိန်းမယူမယ်ဆိုပါတော့၊ ကိုတာ ဘာလုပ်ကျွေးမလဲ ဟင်၊ ပညာ ဘယ် လောက်တတ်သလဲ၊ လခ ဘယ်လောက်ရနိုင်မလဲ၊ ဒါလောက်ပြောရင် ကိုတာ ရိပ်မိလောက်ရောပေါ့ နော်။

    အစိုး မကျေနပ်တာတွေကတော့ ဒါပါပဲ၊ ပညာ ဆက်ပြီးမသင်တာရယ်၊ ကိုတာ့အမူအရာ (စိတ် မဆိုးနဲ့နော်) ဆောင့်ကြွားကြွားဖြစ်နေတာရယ်၊ ပြီးတော့ ဒါလဲ ကိုတာ သိပါတယ်လေ၊ အရင်ကနဲ့ ခု ကိုတာ့ အနေအထိုင် အပြုအမူတွေ ဘယ်လိုကွာခြားနေတယ်ဆိုတာ၊
    ဒီတော့ အစိုး ကိုတာ့ကို ဘယ်မှာလေးစားနိုင်တော့မလဲ၊ ဘယ်လို အားကိုးရမလဲ၊ ကဲ ဟင်၊ ဒါပေမဲ့ ကိုတာ မကြိုက်တဲ့အချက်တွေကို အစိုးပြုပြင်ခဲ့သလို အခု အစိုးမကျေနပ်တာတွေလဲ ရေးလိုက် ပါပြီ၊ ကိုတာ က အချိန်မှီ ပြုပြင်နိုင်မယ် ဆိုရင်တော့
ခင်မင်စွာပါပဲ
အစိုး

ထိုစာကို ဖတ်၍ဆုံးသည်နှင့် အတာသည် ဖြုန်းခနဲ ထရပ်လိုက်၏။ ခင်စိုးလှတို့အိမ်ဘက်သို့လည်း မယောင်မလည် လှည့်ကြည့်လိုက်၏။ အဆင်သင့်သလို အတာ့ဘက်သို့ မျက်နှာမူ၍ ရပ်နေသော ခင်စိုး လှကလေး ကို မြင်လိုက်ရသည်နှင့် အတာလည်း လက်ထဲမှ စာရွက်ပြာကလေးကို ခင်စိုးလှ မြင် လောက်အောင် ထောင်တည့်ကာ အစိတ်စိတ်အမြွှာမြွှာ ဆွဲဆုတ်လုံးထွေးပြီး ခပ်ဆောင့်ဆောင့် ကလေး လွှင့်ပစ် လိုက်တော့၏။ နောက် ချာခနဲ အခန်းထဲသို့ လှည့်ဝင်လာရင်းက
"လူပါးဝ လို့ ဟင်း၊ အချစ်ကို နိုင်ငံရေးနဲ့ လဲမယ့်အကောင်များ မှတ်နေသလား မသိဘူး၊ ထွီ"
ဤသို့ပင် မာန်နှင့်ဒေါနှင့် ပြောဆိုရေရွတ်ရင်း လက်သီးနှစ်ဖက်ကိုပါ ခပ်တင်းတင်း ဆုပ်လိုက်လေသေး ၏။ ချက်ချင်း ဆိုသလို အိမ်ပေါ်မှ ဆင်းလာခဲ့ပြီး သူ့ဒေါ်ဒေါ်သန်းထံဝင်ကာ
"ဘာခိုင်းစရာရှိသေးလဲ ဒေါ်ဒေါ်"
သူ နိုင်ငံရေးလျှောက်လုပ်နေသည်မှာ တခြား၊ သို့သော် ဤလိုစိတ်ထားကလေးကား သူ့ကျေးဇူးရှင် များအပေါ်တွင်ရှိနေသေး၏။

"အေးကွယ်၊ ခိုင်းစရာမရှိပါဘူး၊ မင့်ကြည့်ရတာ တယ်ပိန်သကွယ်၊အိပ်ပျက် သိပ်မခံနဲ့ကွဲ့"
"မခံပါဘူး ဒေါ်ဒေါ်"
"အေး အေး သွားစရာရှိ သွား"
အတာလည်း ရည်ရွယ်ချက်မရှိဘဲနှင့် ခြေဦးတည့်ရာသို့ လျှောက်လာခဲ့၍ တိုက်သုံးလေးလုံး ကျော်လာ သည်နှင့် ငွေနှင်းတောင် သိုးမွှေးတိုက်အတွင်းမှ
"ဟေး အတာ လာစမ်းပါဦးကွ" ဟု ခင်စိုးလှတို့ဖေဖေက လှမ်းခေါ်လိုက်သဖြင့် အတာလည်း ချာခနဲ လှည့်ကြည့်ရင်း တိုက်ထဲသို့ လှမ်းဝင်သွားတော့၏။

"ဘာလဲကွ လတ်လျားလတ်လျားနဲ့ ဒီလိုပဲ အချိန်ကုန်နေတော့မှာလားကွ ဟင်"
မပြောစဖူး ထူးထူးခြားခြား မာန်လိုက်သောကြောင့် အတာတွင် ရုတ်တရက် ဘာပြောရမည် မသိဘဲ၊ ခေါင်းကလေး ငုံ့ကာ အငိုင်သားတွေသွားစဉ်
"မင်း တော်တော်မိုက်တဲ့ သူငယ်ပဲ၊ မသန်းတို့က မင့်အပေါ် ဘယ်လောက်ကောင်းသလဲ ဟင်၊ မင်း သူတို့ စကား နားမထောင်ဘူး၊ ကျောင်းကထွက်ပစ်တယ်"
ထိုစကား မှ ရှေ့ဆက်လျှင် သူ၏ယုံကြည်ချက်ကို ထိခိုက်လာတော့မည်ဟု အတာ တွက်ထား၏။ အကယ်၍ သူ၏နိုင်ငံရေးစိတ်ဓာတ်ကို ထိခိုက်လာလေကလည်း အဆင်သင့် ချေပရန် အကြံထုတ်ရင်း စကားလုံး ရှာနေမိ၏။

"အေးလေ ပြီးတာလဲ ပြီးပြီပဲ၊ ကဲ မင်း အလုပ်လုပ်မလား အတာ၊ ဦးလေး အလုပ်ပေးမယ်၊ ထွေထွေ ထူးထူးတော့ မလုပ်ရပါဘူး၊ ဝယ်သူလာရင် ဝိုင်းရောင်းရုံပဲ၊ အေး စာတိုက်လဲ တစ်နေ့တစ်ခေါက် သွား ပေးရမယ်၊ အဲဒါ တစ်လကို အစိတ်ပေးမယ် ဟုတ်လား"
အတာ မဖြေသေး။ တွေလျက်ပင် စဉ်းစားနေသေး၏။ သူ့တွင် လောလောဆယ် ဝင်ငွေဆို၍ တစ်ပြားမှ မရှိ။ ပါတီသို့ပင် အမြဲလိုလိုခြေကျင်လျှောက်၍ သွားနေခဲ့ရ၏။ တစ်လ အစိတ်ဆိုသောစကားကို ကြား လိုက်ရသည်နှင့် မျက်နှာထားကလေး ကြည်လစဉ်
"မင်း ငြင်းမယ်တော့ မကြံနဲ့နော်၊ ငယ်ထိပ်ကို ပိတ်ထိုးလိုက်မယ် သိလား၊ အမှန်တော့ လူလိုလို့ မင့်ကို ခေါ်တာ မဟုတ်ဘူးကွ၊ ခုလို ဟိုယောင်ယောင် ဒီယောင်ယောင်ဖြစ်နေတာ ဦးလေး မကြည့်ချင်လို့၊ သိ လား"
လုပ်ချင်နေပြီဖြစ်သော အတာကလည်း ဆတ်ခနဲ ခေါင်းညိတ်လိုက်၏။

"အေး၊ ဒါပေမဲ့ ပြောရဦးမယ်၊ မင်းက အရင် တို့အလုပ်သမားတွေကို သပိတ်မှောက်ဖို့ မြှောက်ပေးဖူးတဲ့ သတ္တဝါကလေး မို့ ဟဲ ဟဲ အလကား ဦးလေးက ရယ်စရာပြောတာပါကွာ၊ အေး တနင်္ဂနွေနေ့က အလုပ် ပိတ်ပေး မယ် ကြားလား အတာ၊ ကဲ သွားတော့ နက်ဖြန်ကစပြီး အလုပ်ဆင်းပေတော့"
ခင်စိုးလှတို့ဖေဖေကောင်းမှုကြောင့် အတာ ဣနြေ္ဒကလေးရနေပြီဖြစ်၏။ သို့တိုင်အောင်လည်း သူ့နိုင်ငံ ရေးကိုကား သူ မစွန့်သေး။ အားလပ်ခွင့်ရသော တနင်္ဂနွေနေ့တိုင်း ပါတီဌာနချုပ်သို့ သွားမြဲသွားနေ သေး၏။ တစ်ခါတစ်ရံ အရေးကြီးသောကိစ္စမျိုးရှိလာကလည်း ခင်စိုးလှတို့ဖေဖေထံ ခွင့်ပန် ၍ သွား တတ်၏။ ဦးလှဆောင်ကလည်း ကြည်ကြည်ဖြူဖြူပင် ခွင့်ပြုလေ့ရှိ၏။

အချိန်မှာ ညနေ ငါးနာရီခန့်ဖြစ်၏။ အတာ့မေမေက အမဲအူပြုတ်များ ဆယ်ပေးသည်ကို ကိုထွန်း အောင်နှင့် အမာကလေးတို့က ထိုအမဲအူများကို ဓားကိုယ်စီဖြင့် တဗျစ်ဗျစ် ခြစ်နေကြ၏။
ထိုအခိုက် တွင် အတာ ရောက်လာပြီး
"ဟောဒီမှာ ဧည့်သည်တစ်ယောက်က အဖေထွန်းနဲ့ မေမေ့ကို တွေ့ချင်လို့တဲ့"
အတာလည်း လှေကားဝတွင် ရပ်လျက် တံခါးတစ်ဖက်ကို ကိုင်ထားရင်းက သို့ပြောလိုက်သောကြောင့်
"ဘယ်သူများပါလိမ့်"

မသိန်းမေလည်း သို့ ရေရွတ်ရင်း လက်ထဲမှ အမဲအူတို့ကို ချ၍ လက်ဆေးလိုက်၏။ ထိုနည်းတူ ကိုထွန်း အောင်ပါ လက်ဆေးသုတ်သင်ပြီး နှစ်ယောက်ပြိုင်တူ ထွက်လာကြ၍ တံခါးပေါက်အနီးရောက်သည်နှင့်
"အလကားပြောတာပါ မေမေ၊ မေမေတို့ကို ကျွန်တော် ကန်တော့ချင်လို့ လိမ်ခေါ်တာပါ၊ မလာမှာ စိုးလို့"
အတာ လည်း ပြောပြောဆိုဆို ဆောင့်ကြောင့်ကလေးထိုင်ကာ အလွန်လျှင် ထူးခြားတုန်လှုပ်သော အမူအရာ ကလေးဖြင့် မိဘနှစ်ပါးအား သုံးလီသုံြးံကိမ်စီ ဦးနှိမ်ရိုကျိုးနှင့် ရှိခိုးနေသောကြောင့် ကိုထွန်း အောင်ရော မသိန်းမေပါ တစ်ယောက်ကို တစ်ယောက် ကြည့်ရင်း ယောင်ချာချာ ဖြစ်နေကြတော့၏။

"ဟေ့ကောင် မင်း ဘယ်သွားဦးမလို့လဲ"
ယခင် မော်လမြိုင်သွားစဉ်ကလည်း ဤလိုပင် ဦးချခဲ့ဖူးသောကြောင့် ကိုထွန်းအောင်က ကောက်ကာ ငင်ကာ မေးလိုက်သည်ကို "မသွားပါဘူး" သို့ဖြေရင်း အတာ ထရပ်ကာ လက်ထဲတွင်ကိုင်ထားသော စက္ကူအိတ်ကလေးကို သူ့မေမေ အား လှမ်း ပေးလိုက်ရင်းက "အဲဒါ ကျွန်တော် အလုပ်လုပ်လို့ရတဲ့ ပထမဆုံးလခ မေမေ၊ မေမေ သုံးချင်တာ သုံးပေါ့၊ ကျွန်တော် ကန်တော့ ပါတယ်"
သို့ အတာပြောနေစဉ် မှာပင် မသိန်းမေက စာအိတ်ကလေးကို ဖွင့်ကြည့်ဆွဲထုတ်လိုက်သည်နှင့် ဆယ် တန်နှစ်ရွက်နှင့် ငါးကျပ်တန်တစ်ရွက် ထွက်လာသည်ကို တွေ့ရ၏။

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

Friday, April 27, 2012

သာဓု ၏ အတာ, အပိုင်း (၄၄)

“အဲဒါ အတာရေးစပ်တဲ့ စာပဲ၊ ကြည့်စမ်း ဘယ်လောက်ကောင်းသလဲလို့ ဒီလိုစာမျိုး တွေ့ရလိမ့်မည်လို့ ဆရာဖြင့် လုံးလုံး မမျှော်လင့်မိဘူး” ဆရာ့အသံ သည် ထူးထူးခြားခြား ပြောင်းလဲနေ၏။ ကြည့်ရသည်မှာ အတော်ကလေး ဝမ်းမြောက်သွားပုံ ရလျက် “ခု ကြည့်စမ်း၊ ညိုရွှေနီဖြူ မောင်းသော ဟူ ခြောက်မူပြိုးပြိုးပြက်၊ ရောင်ခြည်ထွေရော မြတ်ဗုဒ္ဓေါ နမောရှိ ခိုးလျက်၊ ကဲ အဓိပ္ပာယ်ရော ကာရန်ရော တစ်ပိုဒ်နဲ့ တစ်ပိုဒ် တိုက်ရိုက်ဆက်သွယ်နေပုံရော ဘာမှပြော စရာမရှိဘူး၊ အင်မတန် ကောင်းတဲ့စာ” သို့လျှင် နှစ်ထောင်းအားရ ပြောဆိုနေပြီးမှ အတာအား ပခုံးကို ဖက်ကာ “ဆရာ လိုချင် တဲ့ စာမျိုးဖြစ်ရုံသာမက ဆရာမျှော်လင့်တာထက်ပိုပြီး အတော့် ကို ပြောင်မြောက်အောင် ရေးစပ်နိုင် တဲ့အတွက် ခေါက်ဆွဲတစ်ခွက်အပြင် နောက်ထပ်ငွေတစ်ကျပ်ပါ အတာ့ ကို ဆရာ ဆုချတယ်”   ဟု ပြောပြောချင်ချင် ငွေတစ်ကျပ်နှင့် မူးစေ့တစ်စေ့ ပေးလိုက်သည်နှင့် တစ်တန်း လုံး ပင် သြဘာလက် ခုပ်သံ တဖျောင်းဖျောင်း ဆူသွားသောကြောင့် “ရှူး လက်ခုပ် မတီးကြနဲ့ ဟေ့၊ ဒိပြင်အတန်းကို အားနာဖို့ကောင်းပါတယ်၊ ကျောင်းလွှတ်မှပဲ အားရပါးရ ချီးကျူးကြပေါ့ ကွယ် နော်၊ ကဲ မင်းတို့လဲ ဒီနှစ်ပိုဒ်ကို ကူးရေးထားကြ၊ တစ်နေ့ အသုံးကျလိမ့်မယ်” ဆရာ ကိုယ်တိုင်ကလည်း အတာ့စာကို လိုလိုချင်ချင် ကူးရေးသွားတော့၏။ ထိုမျှလောက် ပညာရည်ချွန် သော အတာပါပေ။ ကို ဆက်ဖတ်ရန်..............

.......................................................................................................................................................................................

“မမစိုးက ပြောနေတယ်၊ ဒီလမ်းထဲက လူပျိုတွေဆိုရင် သူ့ကို အားလုံး စာပေးဖူးကြတောချည့်ပဲတဲ့ ကိုတာ တစ်ယောက်သာ မပေးတာတဲ့၊ ကိုတာကကော ဘာပြုလို့ မပေးတာလဲ၊ ဟင်”
“ငါ သူ့ကို ဘာပြုလို့ စာပေးရမှာလဲ၊ သူ့ကိုမှ ငါမကြိုက်တာ”
ပထမ ပိုင်းသော အတာဝတ္ထုတွင် အတော်ကလေး စုံစုံလင်လင် ဖော်ပြခဲ့သည့်အတိုင်း ခုနစ်တန်း စာမေးပွဲပင် နီးကပ်လာပြီဖြစ်သော အချိန်၌ အတာသည် တစ်ဆယ့်ခြောက်နှစ်အရွယ် လူပျိုပေါက် က လေးတစ်ယောက်ဖြစ်နေလေပြီ။ ခင်စိုးလှမှာလည်း ထို့အတူပင်။
အေးချိုမှ တစ်ဆင့် ခင်စိုးလှပြောလိုက်သည့် စကားသည်မှန်၏။ မောင်မောင်၊ ဘဆွေ၊ နီတွတ်၊ စိုးမြင့် အစ ကျင်စွိနှင့် ဂနီတည်းဟူသော တရုတ်ကုလား လူပျိုပေါက်ကလေးများပါမကျန် ခင်စိုးလှ အား မေတ္တာစာ ပေးဖူးကြသည်ချည်း ဖြစ်၏။ ထိုအထဲတွင် အတာမပါ၊ အတာ ဘာကြောင့်မေတ္တာ စာပေး၍ ချစ်ရေးမဆိုခဲ့သနည်း။ အဖြေမှာ ပထမပိုင်းတွင် ဆိုခဲ့သည့်အတိုင်း ခင်စိုးလှ၏အနေအထိုင်နှင့် အဆင့် အတန်း ခွဲခြားတတ်သည့်စိတ်နေသဘောထားကို မနှစ်သက်သောကြောင့်ပင် ဖြစ်၏။

အပျိုချော ပေါလှသော ထိုအရပ်ထဲတွင် အတာ နှစ်သက်လောက်သည့် မိန်းမပျို မရှိသလောက်ရှား၏။ အတာ့စိတ်ထဲ၌ကြိတ်၍ မြတ်နိုးနေသူနှစ်ယောက်ရှိ၏။ သို့သော် အတာ ချစ်ရေးမဆိုခဲ့၊ စာပေးရန် ဝေး စွ၊ အမူအရာဖြင့် ပင် ချစ်ရိပ်ချစ်ရောင် မပြစဖူး။
အကြောင်း ရှာသော် အတာသည် ဤအပြုအမူမျိုးကို ပညာသင်ချိန်၌ ရှောင်ကြဉ်သင့်သည်ဟု သူ ယူဆ ၏။ အထူးသဖြင့် ဤလို အပျို လူပျိုကိစ္စမျိုး၌ ရိုးသားသည်ဟူသော ဂုဏ်ကို အတာ အလွန်မက်မော၏။ သို့အလျောက်လည်း သူ လုံးလုံးရှောင်၏။ သို့လျှင် အချစ်ကိစ္စ၌ သန့်သန့်ရှင်းရှင်းနှင့် ရိုးသားခဲ့သော ကြောင့်လည်း အတာသည် အရပ်ထဲ၌ အတော်ကလေး သတင်းမွှေးခဲ့၏။
“ဟဲ့ ဘယ်သွားကြမလို့လဲ”
အရပ်ထဲ တွင် အတာ ကိုယ်တိုင် တွဲဘက်အတွင်းရေးမှူးအဖြစ် ပါဝင်သော အရုဏ်ဆွမ်းတော်အသင်း ရှိ၏။ ထိုအသင်း သည် တနင်္ဂနွေနေ့ နံနက်တိုင်း ရွှေတိဂုံစေတီတော်တွင် အရုဏ်ဆွမ်းကပ်၏။ အခါကြီး ရက်ကြီးနေ့ များ၌မူ ရှင်လူရဟန်းတို့ကိုပါ အကျွေးအမွေး တစ်ခုခုဖြင့် ဧည့်ခံလေ့ရှိသည်ဖြစ်ရာ အရပ်ထဲ ရှိ အိမ်တိုင်းစေ့ လိုလို ပျိုအိုမကျန် ဝိုင်းဝန်းကူညီ ဧည့်ခံလုပ်ကိုင်ပေးတတ်ကြ၏။

အကျွေးအမွေးကိစ္စပြီးသည်နှင့် မိန်းမပျိုများရော လူငယ်တစ်သိုက်ပါ အနီးပတ်ဝန်းကျင်သို့ လျှောက် လည်တတ်ကြ၏။ ဤလို စုစုဝေးဝေးနှင့် သွားကြရဟန်ပြင်တိုင်း မိန်းမပျို၏မိဘများက
“ဟဲ့ ဘယ်သွားကြမလို့လဲ”ဟု သမီးဖြစ်သူများ ခွင့်မပန်မီ ကြိုကြိုတင်တင် မေးတတ်ကြ၏။
“လိပ်ကန် ကို မေမေ၊ ငါးတွေ အစာသွားကျွေးကြမလို့ပါ၊ ကိုတာကြီးလဲ ပါပါတယ်”
“အေး အေး သွားကြ”ဟူ၍လည်းကောင်း၊
“ဖေဖေ သမီး တို့ ဘုရားဈေး ခဏသွားမယ်နော်၊ စိတ်ပုတီးဝယ်ချင်လို့”
“သမီးတို့ချည်း သွားလို့ ဘယ်ဖြစ်မလဲ လူကြီးမပါဘဲနဲ့၊ သြော် ဒီလိုလုပ်၊ အတာကိုလိုက်ပို့ခိုင်း သူ လိုက် ပို့မယ်ဆိုရင် သွားကြ၊ ဟုတ်လား”ဟူ၍ လည်းကောင်း
သမီးပျိုရှင် မိခင် ဖခင်များကိုယ်တိုင်ကပင် အတာပါလျှင် အရာရာစိတ်ချ၏။ မိန်းမပျိုများကလည်း အတာ့ ကိုယုံကြည်ကြ၏။ သူ၏တည်ကြည်ရိုးသားမှုကို နှစ်သက်ကြ၏။ အတာနှင့်သာဆိုလျှင် အဘယ် လိုခရီးမျိုးကိုပင် သွားရသည်ဖြစ်စေ မကြောက်မရွံ့ သွားဝံ့၊ လိုက်ဝံ့ကြ၏။ အတာကလည်း သစ္စာစောင့် ၏။

တစ်ခါကလည်း အပျိုလူပျိုတစ်သိုက် တစ်ခုတစ်ဝေးကြီး တိရစ္ဆာန်ရုံသွားကြရာ၌ ဘဆွေတွင် ကင်မရာ တစ်လုံး ပါလာ၏။ တပျော်တပါး ဓာတ်ပုံရိုက်ကြတော့မည်ရှိစဉ် အတာလည်း မိန်းမပျိုတစ်ယောက်အား ခပ်လှမ်းလှမ်း သို့ မျက်ရိပ်ပြ၍ ခေါ်သွားကာ
“ဒီမှာ မြင့်မြင့်၊ နင်တို့ မိန်းကလေးတွေ အားလုံးကိုပြောပြ၊ ဓာတ်ပုံရိုက်ရင် တစ်ယောက်ထဲအရိုက်မခံနဲ့ ကြားလား၊ အနည်းဆုံး သုံးယောက်လောက် တွဲပြီးရိုက်ကြလို့ ပြော၊ မိန်းကလေးဟာ ဓာတ်ပုံဆိုင်မှာ မဟုတ်ဘဲ နဲ့ တစ်ယောက်တည်း ဓာတ်ပုံအရိုက်ခံတာ မကောင်းဘူး၊ အရှုပ်အရှင်းဖြစ်လာတတ်တယ်၊ အဲဒါ နင်တို့ချင်းကြိတ်ပြီး သတိပေးလိုက်၊ ဟုတ်လား”
“ဟုတ်ကဲ့ ကျွန်မတော့ အရိုက်မခံပါဘူး၊ ဘဆွေကို ကျွန်မ မုန်းတယ်”
“အေးလေ၊ ဒါတော့ နင့်ဟာနင် လိမ္မာသလို ကြည့်ပြီးရှောင်နေပေါ့”
မိန်းမပျို များလည်း အတာ ပြောသည့်အတိုင်းပင် အတွဲလိုက် အပြုံလိုက်သာ ဓာတ်ပုံအရိုက်ခံကြ၏။

ထို အထဲတွင် မြင့်မြင့်မပါ။ ဘဆွေလည်း မြင့်မြင့်ကို အလွန်ဓာတ်ပုံရိုက်ချင်၏။ နည်းအမျိုးမျိုးဖြင့် အခွင့် ကောင်း ရှာ၏။ မြင့်မြင့်ကလည်း အကင်းပါးစွာဖြင့် ရှောင်ရှားနေခဲ့သော်လည်း ဘဆွေက တဖြည်းဖြည်း အတင့်ရဲလာကာ ခပ်ပြောင်ပြောင်ပင် မရမက လိုက်၍ရိုက်နေသောကြောင့် မြင့်မြင့်တွင် သည်းမခံနိုင် တော့ဘဲ
“ကိုတာ ဘဆွေကိုပြောရင် ပြောထားနော်၊ ကျွန်မကိုချည်း ဓာတ်ပုံလိုက်လိုက်ရိုက်နေတယ်၊ အဲဒါ နောက်တော့သာ ကျွန်မကို အဆိုးမဆိုနဲ့နော်”ဟု ဒေါသတကြီးနဲ့ လာတိုင်သောအခါ၌မူ အတာတွင် မနေသာတော့သည့် အတိုင်း ဘဆွေအား တစ်ယောက်ချင်းခေါ်၍ အကျိုးအကြောင်းရှင်းပြရင်း
“သူက မကျေနပ်ဘူးတဲ့ကွာ၊ မလုပ်ပါနဲ့၊ တကယ်ဆိုတော့ ဒီလိုကိစ္စတွေမှာ ငါလဲ ဝင်မပြောချင်ပါဘူး၊ ဒါပေမဲ့ သူက လာတိုင်တော့လဲ”
“အေးပါ အတာ၊ ဒီလိုဆိုလဲ ငါ မရိုက်တော့ပါဘူး”
အတာ တွင် ဤလိုလည်း နှစ်ဖက်စလုံးက ကျေနပ်စေရန် သိမ်မွေ့သောနည်းဖြင့် ကိစ္စပြီးအောင် ဆောင် ရွက်ရသေး၏။

“အတာလား၊ ဒီကောင်လေးတော့ မပြောနဲ့၊ မိန်းကလေးတွေနဲ့ ပတ်သက်ရင် အရှုပ်အရှင်းတော့ အင်မ တန်ကို ကင်းတဲ့သူငယ်ပဲရှင့်”
“ကိုတာနဲ့သာဆိုရင်လား နုနုတော့ ဘယ်ကိုဖြစ်ဖြစ် သွားရဲတယ်”
ဤလို ဂုဏ်ပြုသံများကို နာခံရသည်မှာ အတာအဖို့၌ ဧရာမအရသာပင်ဖြစ်၏။ တစ်နည်းအားဖြင့် အလွန် မွန်မြတ်သော စောင့်စည်းခြင်းဟူ၍လည်း အတာ ယူဆ၏။ ထို့ကြောင့်လည်း ယခုထိ သူ့သစ္စာရှိ မှု သတင်းကလေး သည် အရပ်ထဲ၌ မွှေးဆဲပင် ရှိနေသေး၏။
သို့သော် ခင်စိုးလှ၏ပေးစာကို ရသည့်နေ့မှစ၍ အတာတွင် နေမထိ ထိုင်မထိဖြစ်နေ၏။ အချစ်ဟူသည် ကိုယ်က စိတ်ထိန်းနိုင်သလောက် တည်ငြိမ်နေမည်ဖြစ်သော်လည်း တစ်ဖက်က စလာလျှင် မရိုးမရွနှင့် လှုပ်ရှားထကြွလာတတ်၏။

ယခု သူ့အား စလာသူမှာလည်း သာမန်မိန်းကလေးမဟုတ်။ ရုပ်ရည်အားဖြင့်ကြည့်သော် အရပ်ထဲတွင် အလှဆုံး၊ ငွေကြေးဘက်တွင်လည်း ပြောစရာမရှိအောင် ချမ်းသာသူ မိဘနှစ်ပါး၏တစ်ဦးတည်းသော သမီး ကလေးဖြစ်သည့်ပြင် အကယ်တ တစ်ယောက်နှင့်တစ်ယောက် ရိုးရိုးခင်ရာမှ ယခုလို စလာသည် ဆိုလျှင် အတာ၌ ထိုမျှလှုပ်ရှားလိမ့်မည်မဟုတ်။ ယခုသော် သူ့ကိုကြည့်မရအောင် မုန်းနေပါသည်ဆို သော မိန်းကလေးက ထိုကဲ့သို့သော စကားအဆန်းဖြင့် အံ့ဖွယ်ဘနန်း ချစ်စကား ကမ်းလှမ်း လာခြင်း ကြောင့် အတာတွင်  ပို၍အစဉ်းစားရကြပ်သွား၏။ အမျိုးမျိုးအဖုံဖုံ နည်းလမ်း ကုန် သလောက် စဉ်းစား လိုက်ပြီးမှ
“သူဟာ ငါ့လိုအကောင်နဲ့ မတန်ပါဘူးလေ”
ထိုသို့သော ရေရွတ်သံနှင့် အတာ နောက်ဆုံးကြံစည်ခဲ့၏။ ဆုံးဖြတ်ခဲ့၏။ ထို့နောက် မောင်မောင်တို့ရှိရာ မဟာဗန္ဓုလ ပန်းခြံ သို့ လိုက်သွားကာ တပျော်တပါး ကစားပြီး၍ ပြန်လာသောအခါ၌မူ သူ့ခေါင်းထဲသို့ ခင်စိုးလှပြဿနာ သည် မသိမသာ ဝင်လာပြန်၏။ ချော၍လှပြီး လှသလောက်လည်း ကျက်သရေရှိရှိ ချစ်စရာကောင်းသော ခင်စိုးလှကို မြင်ယောင်လာ၏။ ရုတ်တရက်ဆိုသလို ဆံပင်ကလေး ဖွားလျားချ ကာ ချစ်စရာမျက်နှာပေးဖြင့် ပြုံးပြုံးကလေး ထွက်လာသော ခင်စိုးလှကို အတာသည် ယခု ထင်ထင်ရှား ရှား မြင်နေရပြီဖြစ်၏။

စောစောက မြင်ယောင်နေသည်ထက် ခင်စိုးလှသည် ပို၍ချောနေ၏။
ယခင်ကဆိုလျှင် ခင်စိုးလှ ဤလိုထွက်လာသည့်အခိုက် အတာ့ကိုမြင်လိုက်သည်ဆိုသည်နှင့် မျက်နှာ ကလေး ရှစ်ခေါက်ချိုးကာ ဆိုးဆိုးဆတ်ဆတ် ပြန်ဝင်သွားတတ်၏။ ဝင်မသွားသည့် တိုင်အောင်လည်း နှုတ်ခမ်းကလေး တစူစူနှင့် အတာ့ ဘက် ကျောပေး၍သော်လည်း နေတတ်၏။ ယနေ့ သော် ထူးထူးခြား ခြား အတာ့ကိုမြင်လိုက်သည်နှင့် သွားကလေး ပေါ်လာသည်အထိပင် ပြုံးပြလိုက်ချေသေး၏။
အတာ မတုန်လှုပ်ဘဲ ခံနိုင်ပါမည်လော။

ဤလိုအပြုံးကလေးဖြင့် အတာ၏စိတ်ဓာတ်ကို ဆွဲငင်လိုက်ရုံသာမကသေး။ အတာ မျက်စိနောက်သည် ဟု ဆိုခဲ့သော ဂါဝန်ကားကားနှင့် ဖားဖားကြီးသည် ခင်စိုးလှ ကိုယ်ပေါ်တွင် မရှိတော့ဘဲ မြန်မာပီပီ ပဒုမ္မာ အင်္ကျီ ဇင်းမယ်ထဘီကလေးဖြင့် ထူးထူးခြားခြား အသွင်ပြောင်းနေသည်ကိုမြင်လိုက်ရပြန်သော ကြောင့် အတာ တွင် ပို၍ချောက်ချားသွား၏။ တစ်ဖန်လည်း ခင်စိုးလှသည်  “ခု ကျွန်မ ကိုတာမကြိုက်တဲ့ ဂါဝန်ကြီး ကို မဝတ်တော့ဘူးလေ၊ ကဲ သဘောကျတော်မူပလား”ဟူသော မျက်နှာပေးကလေးဖြင့် ပြုံးကြည့်ပြန်၏။
အတာ သည် ဘာမို့ ခံနိုင်လေမည်နည်း။ သူ့စိတ်သည် ယိုင်သွားပြီဖြစ်၏။ ဘယ်သောအခါကမှ မိန်းမပျို တစ်ယောက်ကို မျက်တောင်တစ်ခတ်ထက် ပို၍ကြာအောင် ကြည့်လေ့မရှိခဲ့သော အတာသည် ယခု ခင်စိုးလှ ဆီတွင်သာ အာရုံစိုက်နေမိပြန်၏။ သူ့စိတ်တွင် ကြည်နူးသလိုလိုလည်း ရှိနေ၏။

ခင်စိုးလှလည်း ဝရန်တာသို့ထွက်လာသည့်အချိန်မှ ယခုထိသော ရှစ်မိနစ်ခန့်အတွင်း တစ်ကြိမ်လောက် သော်မျှ မျက်နှာလွှဲမသွားသေး။ သူ၏တောက်ပကြည်လင်သော မျက်လုံးဝိုင်းဝိုင်းကလေးများသည် အတာ့ဆီတွင် တွေနေ၏။ စိုက်နေ၏။ သူသည် ဂါဝန်ဝတ်ကျောင်းထွက်ပီပီ အပြောအဆိုလည်း ရဲတင်း ၏။ အပြုအမူလည်း ရဲတင်း၏။ မောင်မောင်၊ ဘဆွေ၊ နီတွတ်စသော ရွယ်တူယောက်ျားကလေးများနှင့် ဆက်ဆံရာတွင်လည်း ခြေတို့လက်တို့ဖြင့် ရဲတင်းလွန်းလှသောကြောင့် အတာကိုယ်တိုင်ပင် အကြိမ် ကြိမ် ကြက်သီးထခဲ့မိဖူး၏။
ယခုသော် အတာ၌ ကြက်သီးထရုံသာမဟုတ်တော့ဘဲ ရိုးတွင်းခြင်ဆီပါ စိမ့်နေပြီဖြစ်၏။

ခင်စိုးလှက လည်း ခပ်ရဲရဲပင် ပြုံးနေရာမှ ရယ်ပြလိုက် ခေါင်းကလေးငုံ့၍ ကနွဲ့ကလျကြည့်လိုက် ဝရန်တာ မှ နောက် သို့ ဆုတ်သွားကာ ဘေးလူမမြင်နိုင်သည့် အတွင်းတံခါးပေါက်နားရောက်သည်နှင့်
“အစိုး မလှဘူးလား ဟင်၊ ကိုတာ မြတ်နိုးတဲ့ မြန်မာပီပီ အဝတ်အစားကလေးနဲ့လေ”
ဤလိုအဓိပ္ပာယ်ရသော အမူအရာကလေးဖြင့် ပဒုမ္မာအင်္ကျီကလေးကိုလည်းကောင်း၊ ဇင်းမယ်ထဘီ ကလေးကိုလည်းကောင်း ကိုယ်ဟန်လေးနွဲ့ကာလှည့်ကာ ကိုင်၍ကိုင်၍ ပြနေပြန်၏။ အတာ မခံနိုင်။ ခေါင်းတညိတ်ညိတ်ဖြင့် အငိုင်သား ပြုံးနေမိ၏။ ငေးနေမိ၏။
တစ်ဖန် ခေါင်းလျော်ပြီးစဖြစ်၍ ဆံပင်ကလေး ဖားလျားချကာ ဇက်ပိုးရင်းမှ သိုင်းစု၍ နဖူးနုနု အထက် ပိုင်းကျကျ ထိ လှလှကလေး ထိန်းချည်ထားသော ဖဲပြားနီနီကလေးကို ဖြူဖွေးသော လက်ညှိုးညက် ညက်ဖြင့် ခင်စိုးလှက သွက်သွက်ကလေးထောက်ပြနေပြန်၏။

“ဒါကိုကော သဘောကျရဲ့လား”ဟူသော မျက်နှာပေးဖြင့် မေးကလေးဆတ်၍ ထင်မြင် ချက် တောင်း နေပြန်၏။ ဤတွင်လည်း အတာက ပြုံးပြလိုက်၏။ သို့သော် ခင်စိုးလှက မဲ့ပြသည် အထင်ဖြင့်
“ကိုတာ မကျေနပ်လဲ ဖြုတ်ပစ်လိုက်မယ်လေ”
ဤလိုအဓိပ္ပာယ်ဆောင်သော မျက်နှာထားကလေးဖြင့် ခင်စိုးလှလည်း သူ့ခေါင်းမှ ဖဲပြားကလေး၏ အပွင့်ဖော် ထားသည့်အစကို ဆတ်ခနဲဆွဲဖြုတ်လိုက်သောကြောင့် အတာတွင် “အို”ဟူ၍ပင် ရေရွတ်မိ ကာ မျက်နှာလည်း သိသိသာသာပျက်သွား၏။ ခင်စိုးလှက ဘာဆိုလိုသည်ကိုလည်း ရိပ်မိလိုက်သဖြင့်
“ဟုတ်ဖူးလေ အဲဒီ ဖဲပြားကလေးနဲ့က လှတယ်”ဟူသော အရိပ်လက္ခဏာဖြင့် အတာက ခေါင်းကလေး ခါပြ လိုက်၏။ ဤတွင် ခင်စိုးလှကလည်း “နေဦး”ဟု လက်ဝါးကလေး ဆန့်ထောင်ပြရင်း အတွင်းခန်း သို့ ပြေးဝင်သွား၏။

ပြန်ထွက်လာသောအခါတွင်မူကား လှလှကလေး စည်းထားသော ဖဲပြားမှာ စောစောကအနီကလေး မဟုတ်တော့ ဘဲ သူ့အသားကလေးနှင့် ဟပ်နေသည့် ရေညှိရောင် ဖန့်ဖန့်ကလေး ဖြစ်နေသည်ကို တွေ့ ရ၏။
“ဒီလိုက ပိုမလှဘူးလား ဟင်” ဟူသောအသွင်ဖြင့် ခင်စိုးလှက မေးကလေး ဆတ်ပြနေပြန်၏။ အတာ ကလည်း သဘောကျသွားသလိုပြုံးကာ မသိမသာခေါင်းကလေး ညိတ်လိုက်မိစဉ် ရွှီခနဲ လေချွန်၍ ခေါ် လိုက်သော မောင်မောင့်အသံကြောင့် အတာတွင်  မဆင်းချင် ဆင်းချင်နှင့် ဆင်းသွားရတော့၏။

အတာတွင် ဘေးဒုက္ခအပေါင်းတို့မှ ကောင်းကောင်းကြီး လွတ်ကျွတ်ခဲ့ပြီဟု ဆိုရန်ရှိရုံသာမက ကုသိုလ် ကံကလေးလည်း ထလာပြီဟု အတိအကျပင် ဗေဒင်မဟောရဘဲ သိသာနေပြီဖြစ်၏။
ကျောင်း စရိတ် အပြည့်အစုံသာမက အဝတ်အစားကိုပါ သူဋ္ဌေးသားများဖြစ်သော မောင်မောင်တို့နှင့် ယှဉ်နိုင်အောင် သူ့ဒေါ်ဒေါ်သန်းတို့က လိုလေသေးမရှိ ဆင်ခဲ့၏။ အိမ်တွင်လည်း ယခင်ကလို ထမင်း ကိစ္စတွင် ဝိုင်းမကူရတော့ဘဲ သူ့ညီမလေး အမာသည် အတာလုပ်ရမည့်အလုပ်ဟူသမျှ ဒိုင်ခံ၍ ကူလုပ် ပေး၏။ တစ်ခါတစ်ရံဆိုသလိုသာ တိုတိုထွာထွာဖြစ်သော ငရုတ်သီးစိမ်း နံနံပင်စသည်တို့ကို အတာ သွားဝယ်ပေးရ၏။

သို့သော် မကြာမီပင် ဆိုင်ထွက်ဆိုင်သိမ်းပစ္စည်းသယ်ရန် ဂေါ်ရင်ဂျီကုလားကလေးတစ်ယောက်ကို မသိန်းမေ ငှားလိုက်သဖြင့် အတာ ဝမ်းသာသွား၏။ သို့သော် ထိုကုလားကလေးမှာ မြန်မာစကား မတတ်သောကြောင့် အတိုအထွာတစ်ခုခုလိုတိုင်း အတာပင် ဈေးသို့ပြေးနေရပြန်၏။
သို့သော် ကံကလည်း ကောင်းလာပြီ။ ဉာဏ်ကလေးလည်း အခက်နှင့် အညွန့်နှင့်ဆိုသလို ဖြတ်ထိုး ဉာဏ်သွက် သူဖြစ်သည့်အတိုင်း တစ်နေ့တွင် ထိုကုလားကလေးကိုပါ ဈေးသို့ခေါ်သွားပြီး နံနက်တိုင်း လိုလို သူ သွားဝယ်ရတတ်သော ဟင်းသီးဟင်းရွက်များကိုပြကာ သူတို့ဘာသာ အခေါ်အဝေါ် ကိုမေး၍ ရေးမှတ်ထားလိုက်၏။

ဤနည်းကိုသုံးက သူ့မေမေက မန်ကျည်းသီးဝယ်ခိုင်းလျှင် ရေးမှတ်ထားသော စာကိုကြည့်လျက် ဒန်ပ ပန်ဒူးဟုပြော၍ ကုလားကလေးကိုပင် အဝယ်ခိုင်း၏။ နံနံပင်ဆိုလျှင် ကိုတီးဖီးရားကူး၊ ရုံးပတီသီးဆို လျှင် ဗန်ဒကိုင်းယား၊ ကြက်သွန်မြိတ်ကို ဝန်လုပန်သု၊ ခရမ်းချဉ်သီးကို ပွန်လွန်းကိုင်းယား စသဖြင့် စာ ရွက်ကိုကြည့် ၍ ဘာသာပြန်ကာ ကုလားကလေးကိုပင် ခိုင်းနိုင်ခဲ့သောကြောင့် သူ့တွင် အစစ သက်သာ နေတော့၏။ ဤသည်လည်းတစ်နည်းကံကောင်းခြင်း (ဝါ) သူ ဉာဏ်ထွင်၍လုပ်တတ်သော အလုပ် ၏ ကောင်းခြင်းပင်ဖြစ်၏။

သို့လျှင် အဖက်ဖက်က ကုသိုလ်ကလေးထူးပြီး တစ်ဦးတည်းသော သူဌေးသမီးကလေး ခင်စိုးလှကပါ ချစ်မေတ္တာစကားမျိုး စလာရသည်အထိ သိသိသာသာ ဇာတာကလေး အရောင်ထွက်ခဲ့ရာမှ
တစ်နေ့သော်
ထိုနေ့သည် ကိုအောင်ကျော် အပါအဝင် ကျောင်းသူကျောင်းသားများအတွင်းဝန်ရုံးကို ဝိုင်းကြသော နေ့ ဖြစ်၏။ နယ်ချဲ့သမားလက်ချက်ဖြင့် ကိုအောင်ကျော် သေဆုံးသွားရ၏။ အများအပြား ဒဏ်ရာ အပြင်း အထန်ဖြင့် နယ်ချဲ့သမားတို့၏ဖိနှိပ်မှုကို ခံလိုက်ရ၏။ ဤသူကို အကြောင်းပြု၍ တစ်နိုင်ငံလုံးရှိ ကျောင်း သားများ အုံကြွလာ၏။ နယ်ချဲ့သမားတို့၏ အပြုအမူကို ရှုတ်ချသောအားဖြင့် ကျောင်းဟူသမျှ သပိတ် မှောက်ကြ၏။

အတာတို့ ကျောင်းလည်းပါ၏။ မည်သည့်ကိစ္စ အရေးအခင်းမျိုးတွင်မဆို သူများထက် ထူးအောင် ဆောင်ရွက်ရမှ အခွင့်အရေးရလျှင် ကိုယ်တိုင်ဝင်၍ ခေါင်းဆောင်ရမှ ကျေနပ်သော အတာ သည် သူတို့ ကျောင်းသပိတ်ကိစ္စတွင်လည်း တစ်ယောက်သော ခေါင်းဆောင်အဖြစ် ရွပ်ရွပ်ချွံချွံ ဆောင်ရွက်ခဲ့၏။ သပိတ်တားရာတွင်လည်း မားမားမတ်မတ် ရှေ့ဆုံးမှရပ်ခဲ့၏။
ဤလို စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့သည့် ဂုဏ်သတင်းကြောင့်လည်း ထိုကျောင်းသား အရေးတော်ပုံ နောက်ပိုင်းမှ အခါတော်ပေး ဦးပုညလုပ်နေကြသော ထိပ်သီးနိုင်ငံရေးခေါင်းဆောင် များသည် အတာ့ အား အထူးအရေးပေးကြ၏။ အတာ၏ဇွဲသတ္တိကို ချီးကျူးကြ၏။ မြှောက်စားကြ၏။

အဖြစ်အပျက် ဥဿုံကို အကုန်ခြုံကြည့်သော် နယ်ချဲ့သမားတို့၏ရက်စက်မှု ဖိနှိပ်မှုကို ကန့်ကွက် ရှုတ်ချ သောအားဖြင့် သပိတ်မှောက်သည်မှာ မှန်၏။ ကျောင်းသားများ အသိဉာဏ်နုသေး ၍ နိုင်ငံရေးသမားတို့ က နောက်ပိုင်းမှ အကြံပေးဉာဏ်ပေးလုပ်သည်မှာလည်း လွတ်လပ်ရေး ကြိုးပမ်းနေကြရ သည့် အခိုက် အခါ ဖြစ်၍ အခြေအနေအရ မှန်၏။
ထိုအရေးတော်ပုံ လည်း ပြီးဆုံးသွားလေပြီ။ တစ်နိုင်ငံလုံးရှိ ကျောင်းသားကျောင်းသူ အပေါင်းတို့သည် လည်း အခါအားလျော်စွာ ထကြွပြင်းထန်ခဲ့သော နိုင်ငံရေးစိတ်ဓာတ်မှသည် ပညာရေးစိတ်ဓာတ်သို့ ကူး ပြောင်းတည်ငြိမ်လာကြပြီဖြစ်၏။

အတာကား မငြိမ်သေး။ အကြိမ်ကြိမ် အခါခါ သူ့ဓာတ်ပုံပါလာဖူးသည့် သူသိမ်းဆည်းစုဆောင်းထား သော သတင်းစာများကိုသာ မကြာခဏလှန်ကြည့်ရင်း သွေးကြွနေ၏။ သဘောကျနေ၏။ သို့သော် သူ့ဓာတ်ပုံထက် အကြိမ်ပေါင်းများစွာ နေ့စဉ်လည်းပါတတ်သော ဗိုလ်အောင်ကျော်၏ပုံကို မြင်လိုက်ရ တိုင်း သူ့စိတ်တွင် တစ်မျိုးတစ်မည် ဖြစ်သွားတတ်၏။
“တောက် ငါသာ ဗိုလ်အောင်ကျော်ဆိုရင်”
ဤလိုလည်း အားမလိုအားမရဖြင့် စိတ်ထဲမှ ရေရွတ်နေတတ်ချေသေး၏။ နောက်တစ်ကြိမ်သာ ဤလို အရေးတော်ပုံ မျိုး ပေါ်လာက သူသည် ဗိုလ်အောင်ကျော်ကဲ့သို့ နိုင်ငံကျော်သွားအောင် အသက်စွန့် လိုက်မည် ဟူ၍လည်း သူရဲကောင်းဆန်သော စိတ်ကလေးဖြင့် ကြိတ်၍ ကြုံးဝါးနေမိသေး၏။ သပိတ် ကိစ္စအတွင်း က ရင်းနှီးခဲ့ဖူးသော ထိုထိုနိုင်ငံခေါင်းဆောင်တို့ထံသို့လည်း အတာသည် မကြာခဏ သွား လေ့ ရှိ၏။ အဆိုပါ နိုင်ငံရေးသမားများကလည်း အတာ ရောက်လာပြီဆိုလျှင် သတင်းစာတိုက် များသို့ ဆုံးဖြတ်ချက် ပို့ခိုင်းတတ်၏။ ကြော်ငြာလည်း ဝေခိုင်းတတ်၏။ ပိုစတာကပ်ရန်လည်း တာဝန်ပေးတတ် ၏။

အတာလည်း မငြင်း။ တိုင်းပြည်လွတ်လပ်ရေးအတွက်ဆိုက အသက်ပင် စွန့်ရသေးသည်ဖြစ်ရာ ဤလို ပိုစတာကပ် ကြော်ငြာဝေရသောအလုပ်သည် မျိုးချစ်စိတ် တကယ်ရှိသော လူတစ်ယောက်အဖို့၌ ဘာမျှ ရှက်စရာမလိုဟု အတာ ယူဆခဲ့၏။ သူ့အား ဤလိုခိုင်းကြသည်ကိုပင် အရပ်ထဲမှ သူငယ်ချင်းများအား ဝမ်းသာအားရ ဂုဏ်ယူပြောဆိုတတ်သေး၏။ သို့ ပြောတိုင်းလည်း သူနှင့်ရင်းနှီးသော ထိပ်သီးနိုင်ငံရေး ခေါင်းဆောင်များ၏အမည်ကို ထုတ်ဖော်ပြောဆိုက “ငါ သူတို့နဲ့ သိတယ်ကွ”ဟူ၍ တမြမြ အရသာခံ တတ်လေသေး၏။
သို့ဖြင့် ကျောင်းတွင်လည်း နိုင်ငံရေးစိတ် အိမ်တွင်လည်း နိုင်ငံရေးစိတ်ဖြင့် စဉ်းစားတွေးတော ကာ ငေး မောစရာအလုပ်တစ်ခုသည် သူ့တွင် ပိုနေရသည့်အထဲ၌ ခင်စိုးလှပြဿနာကလည်း တစ်မှောင့် ဆိုသလို ဖြစ်နေပြန်ရာ အတာသည် စာကိုပင် မေ့မေ့လျော့လျော့ ရှိလာတော့၏။

ခင်စိုးလှနှင့်ပတ်သက်၍ တွေးမိတိုင်း အတာသည် သူ့ဦးလေးက ရေးကူးပေးလိုက်သော သူ့ဘိုးဘိုး၏ ဆုံးမစာများပါသည့် ကော်ပီစာအုပ်ကလေးကို ထုတ်၍ ထုတ်၍ ဖတ်မိတတ်သည်။
“ခင်စိုးလှဟာ ငါလိုအကောင်နဲ့လဲ မတန်ပါဘူးလေ”ဟူသော စကားကို အတာသည် မကြာခဏ ပြောခဲ့ ဖူး၏။
ဤသည်မှာ အခြားကြောင့်မဟုတ်။ သူ့ဘိုးဘိုး သတိပေးဆုံးမခဲ့သော စကားများတွင် အိမ်ထောင်ဘက် ရွေးချယ်ရာ၌ “မမီသည့်ပန်းကို တုံးခု၍ မလှမ်းနှင့်” ဟူသော ရှေးလူကြီးပီပီ ရှေးကျကျစကားနှင့်အတူ “ကိုယ့်ထက် ချမ်းသာတဲ့မိန်းမ၊ ကိုယ့်ထက် ပညာတတ်တဲ့ မိန်းမ ကို ငါ့မြေးဘယ်တော့မှမလှမ်းလေနဲ့” ဟူ၍ အသေးစိတ် သတိပေးခဲ့၏။

“ဟုတ်တယ်။ ငါ့ညီမလေးကို ဦးလေးချစ်တို့ခိုင်းထားတဲ့ကောင်လေးက ရည်းစားစာပေးတာတောင် ငါ ဘယ်လောက် စိတ်ဆိုးသွားလဲ၊ ဒီအတိုင်းပဲ ခင်စိုးလှတို့ မိဘတွေကလဲ ငါလိုကောင်နဲ့ သူ့သမီးကို ဘယ် လိုနည်းနဲ့ မှ သဘောတူမှာ မဟုတ်ဘူး၊ ဒီတော့ သူရော ငါပါ စိတ်ဆင်းရဲရရုံပဲရှိမယ်”
ဤလိုလည်း သူ့ဘိုးဘိုးပြောသွားသည့် အသေးစိတ် စကားအတိုင်းပင် အတာ သဘောပေါက်လာ၏။ သို့အလျောက် လည်း ခင်စိုးလှနှင့် ပတ်သက်၍ အတာသည် တတ်နိုင်သလောက် စိတ်ကို ချုပ်တည်းခဲ့ ၏။ ခင်စိုးလှကလေး ဝရန်တာထွက်နေလျှင် မျက်နှာချင်းမဆိုင်မိအောင် အတာ ရှောင်နေလိုက်၏။ မလွှဲ သာ မရှောင်သာ ဒေါ်ဒေါ်အေးခေါ်၍ အိမ်ပေါ်တက်ရသောအခါများ၌လည်း ခင်စိုးလှ ဘာမျှ မပြောသာ အောင် လူမြင်ကွင်းဖြစ်သော ဝရန်တာသို့ထွက်ကာ ခပ်တည်တည်ရပ်နေတတ်၏။

သို့နှင့် မကြာမီပင် ခါသင်္ကြန်ပွဲဆင်နွှဲရန် အချိန်ဆိုက်လာပြန်သောကြောင့် အတာတို့ လူငယ်တစ်စုမှာ သူ့တာဝန်နှင့်သူ အလုပ်ဖြင့် ရှုပ်နေကြရပြန်တော့၏။ နှစ်စဉ်နှစ်တိုင်း သင်္ကြန်အခါဆိုလျှင် ဣနြေ္ဒရှင် ကလေးလုပ် ၍ တိုက်ပေါ်တွင်သာ ကုပ်နေလေ့ရှိသော ခင်စိုးလှသည် ယခုသော်ကား မိုးလင်းသည်နှင့် မဏ္ဍာပ်တွင်း သို့ ရောက်လာတော့၏။
“ကိုတာ အစိုး ဘာလုပ်ပေးရမလဲ ဟင်”
အပြောအဆိုရော အဆက်အဆံပါ ရဲတင်းသူကလေးဖြစ်သည့်အတိုင်း အတာနှင့် ထိလုနီးပါးကပ်ကာ တစာစာ မေးလေ့ရှိ၏။

“မြင့်မြင့် တို့ အေးအေးတို့တောင် ဘယ်သူမှမရောက်ကြသေးဘူး၊ အစိုးလဲ အိမ်ခဏပြန်နေပါဦးလား ဟင်၊ စောပါသေးတယ်”
“ဘာလဲ၊ ကိုတာ က အစိုးလာတာ မကြိုက်လို့လား ပြောစမ်း၊ အစိုးက ဘွင်းဘွင်းသမား သိလား၊ လာ တာမကြိုက်ဘူး ဆိုရင် ခုပြော၊ တစ်ခါထဲ ထွက်သွားမယ်၊ နောက်လဲ မလာဘူး”
မျက်ရည် ကလေး တဝေ့ဝေ့ဖြင့် သို့လျှင်  မထေ့တထေ့ကလေး ပြောလိုက်သောကြောင့်
“အစိုး ဒိလို မပြောနဲ့လေ၊ ကိုတာက ဘယ်လိုစေတနာနဲ့ ပြောတယ်ဆိုတာ နားလည်မှပေါ့၊ အရင် အစိုး ဂါဝန်တကားကား နဲ့ ခုန်ပေါက်သွားလာပြီး ဣနြေ္ဒမရဖြစ်နေတာကို ကိုတာ သဘောမကျဘူးဆိုတာ အစိုး သိတော့ ခု ဆင်ခြင်လိုက်တယ် မဟုတ်လား”
“အင်းလေ၊ ဒါကြောင့် ခု မြန်မာပီပီပဲ အစိုး ဝတ်တယ်၊ ဣနြေ္ဒရရ သွားတယ် လာတယ်”

“ကဲ ဘယ်လောက်ကျက်သရေရှိသလဲ၊ အရပ်ထဲကတောင် ပြောနေကြပြီ၊ ခင်စိုးလှ ဣနြေ္ဒရှိမဲ့ ရှိသွား တော့လဲ ဗိုင်းကောင်းကျောက်ဖိပါလားတဲ့၊ အစိုးလဲ ကြားမှာပေါ့”
“ကြားသားပဲ” “အဲ ဒါပေမဲ့ အစိုးမှာ တစ်ခုလိုနေသေးတယ် ပြုပြင်စရာ၊ အဲဒါ တခြားမဟုတ်ဘူး၊ အစိုးဟာ အပြော အဆို ရဲတင်းလွန်းအားကြီးတယ်၊ ရွယ်တူယောက်ျားကလေးတွေနဲ့ ဆက်ဆံရာ မှာလဲ ခြေတို့လက်တို့နဲ့ အဲဒါလဲ ကိုတာ မကြိုက်ဘူး၊ မိန်းကလေးတစ်ယောက်အဖို့ ဣနြေ္ဒသိက္ခာဟာ အရေး အကြီးဆုံး ပဲ၊ အဲဒါ အစိုး နားလည်စမ်းပါကွယ်၊ ကိုတာ အစိုးကိုခင်လို့ ပြောနေတာပါ၊ မိန်းကလေး မပြော နဲ့ ကိုတာ ကို ကြည့်၊ ယောက်ျားလေးချင်း မပြောနဲ့ အရပ်ထဲက မိန်းကလေးတွေကပါ”
“အစိုး နားလည်ပါပြီ ကိုတာ၊ မြင့်မြင့်တို့ နုနုတို့ကဆို ကိုတာ ဣနြေ္ဒကြီးတာကို အမြဲချီးကျူးကြတာပဲ၊ အစိုး လဲ ကြားသပေါ့”

“ဒီလိုဆိုရင် မိန်းကလေးအဖို့ ဣနြေ္ဒသိက္ခာဟာ ပိုလို့ အရေးမကြီးဘူးလား၊ ဒါကြောင့် ကိုတာ က ပြောတာ၊ နောက် တစ်နာရီလောက်ဆို မြင့်မြင့်တို့ မခင်မြတို့ရောက်လာကြမှာလဲ၊ အဲဒီတော့မှ အစိုး လဲ ဆင်းလာပေါ့နော်။ ခုတော့ စောလွန်းအားကြီးသေးယ်၊ ဒိပြင်မိန်းကလေးအဖော်တွေရှိရင်တော့ ကိုတာ မပြောပါဘူး၊ ဒါနဲ့ ခု အစိုးဆင်းလာတာကော ဒေါ်ဒေါ်အေး သိရဲ့လား”
“သိသား ပဲ၊ မဏ္ဍာပ်ထဲသွားမယ်လို့ပြောတော့ မေမေက အတာရှိရဲ့လား ကြည့်ဦး၊ အတာရှိမှသွား တဲ့”
“အဲဒါ ကိုတာ သိက္ခာရှိလို့ ဒေါ်ဒေါ်အေးက ကိုတာ့ဆိုရင် စိတ်ချတယ်ဆိုတဲ့ သဘောမဟုတ်လား၊ အစိုး ဟင်၊ ကဲ ဒီတစ်ခါ လဲ ကိုတာ့စကား နားထောင်လိုက်ဦး နော်၊ ရှစ်နာရီလောက်မှ ဆင်းလာပေါ့ ဟုတ် လား”

“အင်းလေ၊ ဒါဖြင့် အစိုး သွားမယ်နော်”
ဤလို သိမ်မွေ့လှသော အတာ့ကိုယ်ကျင့်တရားကလေးများကြောင့် ခင်စိုးလှတွင် ပို၍ ကြည်ညိုသွား ၏။ လေးစားမိ၏။

ယခုနှစ်တွင်လည်း အတာ စာမေးပွဲအောင်၏။ သို့သော် ယခင်တစ်ကြိမ်များနည်းတူ ပထမမချိတ်တော့ ဘဲ အမှတ် ၇ အထိ စံချိန်ကျသွားပြီဖြစ်သောကြောင့် သူမျက်နှာမမော်နိုင်။ ခေါင်းကလေး အငုံ့သားနှင့် သူ့ ဒေါ်ဒေါ်သန်း တို့အား အစီရင်ခံရာ၌
“စာမေးပွဲအောင်တယ် ဆိုပြီးတာပါပဲကွယ်၊ အမြဲတမ်းတာ့ ပထမချည်း ဘယ်ရနိုင်ပါ့မလဲ၊ ဝမ်းမနည်းပါနဲ့ ကွယ်”
ဤတွင်မှ အတာ စိတ်သက်သာရာရသွားတော့၏။ သို့တိုင်အောင် သူ့အမှားကို သူ မမြင်သေး။ နိုင်ငံ ရေးသမားများနှင့်ပေါင်းကာ စွာတာတာ သတ္တဝါကလေးအဖြစ် စခန်းသွားနေဆဲပင် ရှိနေသေး ၏။
အမျိုးသားအောင်ပွဲနေ့ လှည့်လည်ရာတွင် အတာ ရှေ့ဆုံးမှပါလာသည်ကို တွေ့ရမည်ဖြစ်၏။

ရိုးရိုးမ ဟုတ်။ လည်ပင်းမှ အကြောများထအောင် အသံကုန်ဟစ်၍ သံချပ်တိုင်လာတတ်၏။ ရပ်ကွက်အနှံ့ လည်၍ တရားဟောရာတွင်လည်း အတာပါသည်ကို တွေ့ရမည်ဖြစ်၏။ သို့ တရားဟောရာ တွင်လည်း နိုင်ငံရေးထိပ်သီးများပင် မသုံးဝံ့ မပြောဝံ့သော စကားလုံး များဖြင့် ပြင်းပြင်း ထန်ထန် ဟောလေ့ရှိ၏။ လက်ခုပ်သံတဖြောင်းဖြောင်းနှင့် သြဘာပေးလိုက်တိုင်း အတာ တွင် ကျောစိမ့်အောင် အရသာရှိသွား၏။

ထို့ထက်ပို၍ သူအလိုအရှိဆုံးအရာမှ အစိုးရက သူ့ကိုဖမ်းရန် နောက်ရုံးတင်တရားစွဲရန် နောက် ထောင် ချပစ်ရန်ဖြစ်၏။ ဤလို ဖမ်းဆီးတရားစွဲ ထောင်အချခံရလျှင် နာမည်ကြီးလာမည်။ ဗိုလ်အောင်ကျော်၊ ကျောင်းသားအာဏာရှင် ကိုလှရွှေတို့ကဲ့သို့လည်း နိုင်ငံကျော်သွားမည်။ ဤသည်တို့မှာ အတာ အလို လားဆုံးသော အချက်များဖြစ်၏။ သို့သော် သူ အဖမ်းမခံရ။ သို့အဖမ်းမခံရလေ စိတ်ထဲ၌ အားမလို အား မရ ဖြစ်လေသာရှိနေခဲ့ပြီး နောက်ဆုံးမူ သတင်းစာအချို့တွင် ပါလာကာ
“အလွန်တရားအဟောကြမ်းသည့် ကျောင်းသားတစ်ဦး”ဟူသည့် သတင်းကိုဖတ်ရင်း သူ့စိတ်သူဖြေ၍ ထိုမျှနှင့် ပင် ကျေနပ်လိုက်ရတော့၏။
သို့ တရားဟောရသည့် အခွင့်အရေးနှင့်စီတန်းလှည့်လည်ရာတွင် ထိပ်ဆုံးမှကြွေးကြော်ရသည့် အခွင့် ကောင်းမျိုးကို တစ်နှစ်တစ်ကြိမ်ကျင်းပရသော အမျိုးသားအောင်ပွဲနေ့ကျမျှ ကြုံရဆုံရသည်ဖြစ်၍ အတာ တင်းမတိမ်၊ တရားဟောခွင့် ဆူပူကြွေးကြော်ခွင့်ရမည့် လှုပ်ရှားမှု အုံကြွမှုများကိုသာ အတာ တောင့်တနေမိ၏။

“ဟေ့ အောင်ဒင်၊ မင်းတို့ ဘော်ဒါတွေ ထမင်းဟင်းကိစ္စနဲ့ပတ်သက်ပြီး မကျေမနပ် ဖြစ်နေကြတယ်ဆို ဟုတ်လားကွ”
“အေး ထမင်းကိစ္စ တင် မဟုတ်ဘူး၊ ညဘက်မှာ ရုပ်ရှင်သွားမကြည့်ရဘူးဆိုတဲ့ အမိန့်ကိုလဲ ဘယ်သူမှ မကျေနပ်ကြဘူး” “ဒီလိုဆို မင်းတို့ သပိတ်မှောက်ပါလား” “ခုတော့ ဒါကို မစဉ်းစားသေးဘူး၊ တို့ဘော်ဒါ ခေါင်းဆောင်တွေကတော့ ဆရာကြီးနဲ့တွေ့ပြီး ဆွေးနွေး ခွင့်တောင်းဖို့ စီစဉ်နေကြတယ်ကွ”
“အေး ဒီလိုပျော့ပျော့ ပျော့ပျော့လုပ်နေလို့ ဘယ်တော့မှ ရမှာမဟုတ်ဘူး။ ထစ်ခနဲရှိရင် သပိတ်မှောက်၊ မကျေနပ်မှု တစ်ခုပေါ်လာရင် သပိတ်မှောက်၊ ဒီလိုမှ ချက်ချင်း အောင်မြင်မှာကွ”
အတာသည် ဤလိုမြှောက်ထိုးပင့်ကော် သတ္တဝါကလေးဖြစ်နေလေပြီ။ အဖြစ်အပျက်နှင့် အကြောင်းအ ရာ အခြေအနေကို သုံးသပ်ရန်မှာ သူ့အလုပ်မဟုတ်။ သပိတ်မှောက်လျှင် (ဝါ) ဆူဆူပူပူဖြစ်လျှင် သူ ခေါင်းဆောင်ခွင့်ရလာမည်။ တရားဟောခွင့်ရမည်။ သတင်းစာတွေထဲတွင် ပါလာမည်။ နာမည်ကြီးလာ မည်။ ဤသည်တို့သာလျှင် သူ၏တောင့်တချက်များ ဖြစ်၏။

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

Thursday, April 26, 2012

သာဓု ၏ အတာ, အပိုင်း (၄၃)

အထူးသဖြင့် ယခင့်ယခင်က နှစ်သစ်ကူးသင်္ကြန်ဆိုလျှင် အခြားသော ပစ္စည်းမဲ့ ရပ်ကွက်များသော် မှ အကျွေးအမွေးဖြင့် ဖြေဖျော်ဧည့်ခံနိုင်ကြပါလျက် လူချမ်းသာ ကုန်သည်ပေါလှသည့် ဤ ရပ်ကွက် မှာမူ ခြောက်ကပ်ကပ်နှင့်ပင် တစ်နှစ်ပြီးတစ်နှစ် ကူးသွားခဲ့၏။ ယခု အတာရောက်လာသည်တွင်မူကား အလှူအတန်းနှင့် အကျွေးအမွေးဝါသနာထုံသော အတာသည် သူရောက်ခဲ့ သည့် နောက်နှစ်မှစ၍ သူတို့လူငယ်အဖွဲ့သားချင်း ငွေစုကာ ဝါးလေးတိုင်ဖြင့်ဖြစ် သလို မဏ္ဍာပ်ထူလျက် လာသမျှသော ရေ ပက်ခံကားများကို လမ်းထိပ်မှ ဆီး၍တားပြီး သစ်ခွရည်ဖြင့် ဧည့်ခံတော့၏။  ကို ဆက်ဖတ်ရန်...

ဤတွင် အရပ်ထဲရှိလူကြီးများပါ လှုပ်လှုပ်ရွရွဖြစ်လာပြီး ငွေအားဖြင့်ဖိကာ အတာတို့အား အနှမြောမရှိ ကူညီ လာကြတော့၏။ သို့သော် ကုန်သည်ပွဲစားများဖြစ်သည့် အတိုင်း မြားမြောင်လှသော ကိစ္စအထွေ ထွေကြောင့် ငွေသာလျှင် ဖောဖောသီသီ ထည့်ဝင်နိုင်ကြ၏။ သို့နှင့် လူအင်အားတောင့်သော အတာ ကို သာလျှင် ထောင်နှင့်ချီ၍ ငွေပုံအပ်ပြီး အခန့်စား မဏ္ဍာပ်ထိုးကာ အဖိုးတန် အကျွေးအမွေးဖြင့် ဧည့်ခံစေခဲ့ ၏။ ဤနည်းဖြင့် အတာ့စွမ်းဆောင်မှုကြောင့် ရပ်ကွက်လည်း စည်းကားလာခဲ့၏။ သတင်းဂုဏ် လည်း တစ်ဟုန်ထိုး ကျော်ကြားသွားတော့၏။
ဤလိုသင်္ကြန်ရက် ဆိုလျှင် တစ်လမ်းလုံးရှိ မိန်းမပျိုဟူသမျှ အလှူမဏ္ဍာပ်သို့ရောက်လာကြ၏။ အတာ တို့ လူငယ်တစ်သိုက်နှင့် အတူ ကူညီဝိုင်းဝန်းကြ၏။ ချက်သူကချက် ဧည့်ခံသူကဧည့်ခံဖြင့် စီစီညံညံပျော် ကြသော အသံ သည် အတက်နေ့ညအထိ တစ်မဏ္ဍာပ်လုံး လျှံနေလေရှိခဲ့၏။

ဝတ်ကောင်းစားလှနှင့် ဣနြေ္ဒရရလည်ရပတ်ရသော ပွဲတော်မျိုးထက်တော်ရုံသင့်ရုံဝတ်ပြီး ရေတစွတ် စွတ်နှင့် စုစုဝေးဝေးပျော်ရသည့် သင်္ကြန်ပွဲကို မိန်းကလေးများ ပို၍ နှစ်သက်ကြဟန် တူ၏။ ပြောင်ကြ လှောင်ကြ ရယ်ကြမောကြနှင့် တသောသောရွှင်ကြ၏။ လွတ်လွတ် လပ်လပ်ရှိသောကြောင့်လည်း သူတို့ပို၍ ပျော်ကြဟန်တူ၏။ ဤသည်မှာ အတာ၏ စွမ်းဆောင်မှုကြောင့် ဟူ၍လည်း အသိအမှတ်ပြု ထားသည့်အတိုင်း အတာကို သူတို့တစ်တွေ ကျေးဇူးတင်ကြ၏။ ခင်ခင် မင်မင်ရှိကြ၏။ သို့သော် ထိုထို မိန်းကလေးများထဲ၌ ခင်စိုးလှမပါ။ မဏ္ဍာပ်သို့လည်း မလာ။
ဤကျောင်း ဤအတန်းတွင်လည်း အတာသည်ပင် မော်နီတာ၊ သူသည်ပင် ဆရာမ၏အချစ်တော် ကလေးဖြစ်လာပြန်၏။ သူ့အတန်းပိုင် ဆရာမသာမဟုတ်၊ အခြားသော ဆရာ ဆရာမများပါ အတာနှင့် တစ်ခါ ဆက်ဆံမိလျှင် မချစ်ဘဲ မနေနိုင်။

အစစ ပြည့်စုံပြီးဖြစ်နေသည်သာမက ဆရာ ဆရာမတို့၏ချင်ခင်ယုယခြင်း၊ အရပ်ထဲမှ လူကြီးများ၏ အရေးပေးခြင်း ကို အရွယ်နှင့်မတန်အောင် ခံစားနေရသော အတာမှာ ကိုထွန်းအောင်ပြောဖူး သည့် လောကတိဿမထေရ်ကဲ့သို့ဝဋ်သည် မကျွတ်နိုင်အောင် ရှိနေသေး၍လော မသိ။
ယနေ့ နံနက် ၁၁ နာရီလောက်တွင် မသိန်းမေ ကျောင်းသို့ရောက်လာကာ “အရေးကြီးသော ကိစ္စတစ်ခု ရှိ၍” ဟူသည့် အကြောင်းပြချက်ဖြင့် အတာအား ခွင့်တိုင်ခေါ်ထွက်သွား၏။ ဆိုခဲ့ဖူးသည့်အတိုင်း သူ့မေမေ ကို မြင်လိုက်ကတည်းက ရင်လေးသွားမိသော အတာသည် ယခုလည်း တထိတ်ထိတ်နှင့် လိုက်ပါခဲ့ရ၏။

“ဘယ်သွားမလို့လဲ မေမေ”
“လိုက်မှာသာ လိုက်ခဲ့”
အတာ က မရဲတရဲမေးသည်ကို မသိန်းမေက ပြူးတူးပြဲတဲနှင့် ထိုမျှသာ ဖြေလိုက်၏။ မကြာမီလန်ခြား လည်း ပုလိပ်ရုံးသစ်ကြီးတွင် ရပ်သွားကာ မသိန်းမေက စာကလေးတစ်စောင်လှမ်းပေးလိုက်၏။ ချက် ချင်း ဆိုသလို ထိုဝင်သွားသော မင်းစေကလေးပြန်ထွက်လာပြီး “မင်းကြီးက ဝင်ခဲ့ပါတဲ့”ဟု တရိုတသေပြော လိုက်သည်နှင့် မသိန်းမေကလည်း အတာ့လက်ကိုဆွဲကာ ခြေလှမ်းကြဲဖြင့် ခပ် သုတ်သုတ် ဝင်သွားတော့၏။
ထိုရုံးခန်းအတွင်းရှိ ခံ့ညားလှသော ကျွန်းစားပွဲကြီးတွင် မျက်နှာဖြူအရာရှိကြီးနှစ်ဦး ထိုင်နေသည် ကို တွေ့ရပြီး တစ်ယောက်သော သူက မသိန်းမေအား ထိုင်ခွင့်ပြုကာ “သူပဲလား မသိန်းမ”
ထိုအရာရှိသည် မြန်မာ စကားဖြင့် ပီပီသသကြီးပင် မေးလိုက်သောကြောင့် မသိန်းမေက ခပ်ယို့ယို့ ခေါင်းညိတ် လိုက်၏။
“ဒါ ခင်ဗျားသားပဲနော် သူ”
အရာရှိလည်း သူ့မျက်နှာကို သူ့လက်နှင့်ဝိုင်းပြလိုက်ပြီးမှ
“ခင်ဗျားသား မျက်နှာအများကြီးကောင်းတာပဲ၊ ကျုပ် သဘောကျပြီ”
အတာ၏ အင်္ဂရုပ်ကို ဆိုလိုဟန်တူ၏။ “ကျုပ် သဘောကျပြီ”ဟု အတာကို သေသေချာချာကြည့်၍ ပြော လိုက်သော စကားအတွက် အတာ ပျော်သလိုလိုရှိသွား၏။ သို့သော် ဘာဟူ၍ မသိရသေးသည်နှင့် စိတ် ထဲတွင် လည်း ထိတ်နေမိ၏။

ဤတွင် အဆိုပါ မျက်နှာဖြူအရာရှိနှစ်ဦးလည်း အတာ့ကိုကြည့်ကာ ကြည့်ကာဖြင့် အချင်းချင်း တီးတိုး ပြောဆိုနေကြရာ၌ “ကြည့်ရတာတော့ အတော်ဖျတ်လတ်မဲ့ ငတိလေးပဲ” “မင်းစေအလုပ်” “တင်းနစ် ဘောလုံး” စသော စကားလုံးများ ပါလာသည်ကို အတာ နားလည်လိုက်သော်လည်း အဓိပ္ပာယ် အပြည့် အစုံမခေါက်မိ။ သို့နှင့်ဆက်လက်၍ ဂရုတစိုက် နားထောင်နေမိသည်တွင် “တစ်လ ဆယ့်ငါးကျပ်” ဟူ သော စကားကိုကြားလိုက်ရသည်နှင့် အတာ ဘာကိုသဘောပေါက်သွားသည်မသိ။ မျက်ရည် များ တတွေတွေ စီးကျလာတော့၏။

“ကောင်းပြီ မသိန်းမေ နက်ဖြန်ကစပြီး အလုပ်ဆင်းဖို့”
အရာရှိလည်း စကားကို ရှေ့မဆက်နိုင်။ မျက်ရည်တပေါက်ပေါက်ကျနေသော အတာ့အမူအရာကို မြင် လိုက်ရသည်နှင့်
“ဟေး ကလေး၊ မင်း ဘာဖြစ်သလဲ ဟင်၊ ဘာဖြစ်လို့ ငိုတယ်”ဟု အတာ့အား လှမ်းမေးလိုက်မှ မသိန်း မေလည်း အတာ့အဖြစ်ကို လှည့်ကြည့်မိသွားတော့၏။
“ကျွန်တော့်ကို ဘာလုပ်ဖို့ ခေါ်လာတာလဲ ဟင်၊ တစ်လဆယ့်ငါးကျပ်ဆိုတာက ဘာလဲ၊ တင်းနစ်ဘော လုံး ကောက်တဲ့ အလုပ် လုပ်ဖို့လား ဟင်”
သို့လျှင် အတာ က ငိုသံပါကြီးနှင့် မြန်မာလိုပင်မေးလိုက်သည်၌ အရာရှိနှစ်ဦးစလုံး မျက်လုံးပြူးသွားကာ
“မင်း အင်္ဂလိပ်စကား တတ်သလား”ဟု ထိုအရာရှိက အင်္ဂလိပ်လိုပြန်ပေးသဖြင့် အတာကလည်း အနည်းအကျဉ်းတတ်ကြောင်း၊ ယခု သူ ဟိုက်စကူးကျောင်း ငါးတန်းတွင် ပညာသင်နေကြောင်းများကို ပါ ဝါကျပြတ်တောင်း ကလေးများဖြင့် ဖြည်းဖြည်းချင်း ဖြေလိုက်၏။

“အို”
ထိုမျက်နှာဖြူ နှစ်ယောက်စလုံးပင် အို ခနဲ ရေရွတ်မိကြတော့ကာ
“ကဲ မသိန်းမေ၊ ဒီလိုဆိုရင်တော့ မဖြစ်ဘူးထင်တယ်၊ ခု သူ ကျောင်းမှာ စာသင်နေတယ်ပြောတာ၊ ဟုတ်သလား” “ဟုတ်ပါတယ် သခင်”ဟု မသိန်းမေက မျက်စိပျက် မျက်နှာပျက်နှင့် သုတ်သုတ်ဖြေ လိုက်သည်ကို “ဒီလိုဆိုရင် သူ့ကိုခိုင်းလို့ ဘယ်ဖြစ်မလဲ၊ သူ ပညာသင်တာကို ကျုပ်တို့ဖျက်သလိုဖြစ်နေမှာပေါ့၊ ပြန်ခေါ် သွားပါနော်၊ စာပဲသင်ပါစေ၊ သူ ငယ်ငယ်လေးပဲရှိသေးတယ်၊ စာအများကြီး တတ်တာပဲ၊ နောက်ကို အများကြီးတော်ဖို့ရှိတယ်၊ သူစာပဲ သင်ပါစေ” ဟု ပြောပြော ဆိုဆို ငွေတစ်ဆယ်တန်တစ်ရွက် မသိန်းမေ အား လှမ်းပေးလိုက်၏။

ထိုအခန်းထဲမှထွက်လာကြသည်နှင့် အတာလည်း မသိန်းမေက အထဲဝင်ဖို့ မင်းစေလက် ၌ အပ်ထားခဲ့ သော ကျောင်းလွတ်အိတ်ကို အတာကပင် တောင်းယူ လွတ်ချိတ်လိုက်ပြီး ရင် တထိတ်ထိတ်နှင့် လိုက်ပါလာခဲ့ရရှာ၏။
အတာတွင် တထိတ်ထိတ်ဖြစ်ခဲ့သည့်အတိုင်းလည်း လန်ခြားပေါ်ထိုင်မိကြသည်နှင့် “နင် ဘာလို့ သွားပြီး လျှာရှည် ရတာလဲ ဟင်”ဟူသော မေးခွန်းနှင့်အတူ မသိန်းမေလည်း အတာအား  ပွဲဦးထွက်ဆိုသလို ဇွတ်ခနဲခေါက် ၏။ ဤသည်ပင် အတာ ထိတ်ခဲ့ရသော အကြောင်းရင်းဖြစ်လျက် ယခု အကောင်အထည်ပေါ် လာပြီဖြစ်၏။

“ဒီလို မင်းစေအလုပ်တောင် လုပ်ချင်တိုင်း လုပ်လို့ရတယ် ထင်သလား၊ ငါ အကပ်ကောင်းလို့ ချက်ချင်း ရတာ နားလည်လား၊ မင်းစေအလုပ်က တစ်လဆယ့်ငါးကျပ်ရမယ်၊ ညနေဘက်မှာ သူတို့ တင်းနစ်က စားရင် ဘောလုံးကောက်ပြီး ရတဲ့အလုပ်က တစ်လတစ်ဆယ်ရမယ်၊ အားလုံး တစ်လအစိတ်နည်းတဲ့ ပိုက်ဆံလား ဟင်”
ဇက်ပိုးကို ဖတ်ခနဲ အုပ်လိုက်ပြန်၏။
“နင် ကျောင်းနေလို့ တစ်လခြောက်ပြား ဝင်သလား၊ ပိုက်ဆံတောင် ကုန်သေးတယ်”
မသိန်းမေ အသိဉာဏ်ခေါင်းပါးရာ၌ ရှာမှရှား စံတင်လောက်နေချေပြီ။

“ခုခေတ် မှာ ဘီအေတွေတောင် အလုပ်မရှိလို့ တောင်လိုပုံနေတယ် နင် ဘာသိသလဲ၊ ခုန ဘိုဟာ ပုလိပ်မင်းကြီး၊ သူ့ဆီမှာ မင်းစေလုပ်ရင်းနဲ့ တဖြည်းဖြည်း သူ သဘောကျသွားရင် ပုလိပ်ကျောင်းပို့ပေး မှာ၊ ရာဇဝတ်အုပ်လောက်တော့ ခဏလေး ဖြစ်သွားနိုင်တယ်၊ သိလား” ပေါင်တွင်းကြောကို ဆတ်ခနဲ ဆွဲလိမ်လိုက်ပြန်၏။
“မိဘ က ကောင်းမယ်ထင်လို့လုပ်ပေးတာကို ကဖျက်ယဖျက်လုပ်ဦး၊ ကဲ” ကျောကုန်း ကို အုန်းခနဲ ထုလိုက်ပြန်၏။ တစ်လမ်းလုံးပင် ဤလို အရိုက်အနှက်ခံခဲ့ရသောကြောင့် အတာ တွင် အိမ်ရောက်သော် သူ့တစ်ကိုယ်လုံး နေရာအနှံ့အောင့်နေရှာ၏။ ဤအဖြစ်ကိုသာ သူ့ဒေါ်ဒေါ် သန်းတို့ သိပါက အဘယ် မျှလောက် မချိတင်ကဲ ရှိကြလေမည်နည်း။
ဤသည်ပင် အတာ၏နောက်ဆုံးခံရမည့် စိတ်ဒုက္ခဖြစ်၍လောမသိ။ ထိုနေ့ထိုအချိန်မှစ၍ အတာတွင် ဘာမျှ စိတ်ညစ်စရာ မတွေ့ခဲ့ရ။ သူအမှန်ပင် ဝဋ်ဟူသမျှမှ ကျွတ်လွတ်ခဲ့ရပြီဟုဆိုရမလောက်အောင်ပင် အခြေ အနေပြောင်းလဲ လာပြီဖြစ်၏။

ကိုထွန်းအောင်မှာ အလုပ်တွင် စိတ်ဝင်စား၍ စေတနာကောင်းကောင်းနှင့် ကျိုးကျိုးနွံနွံ အမှုထမ်း ခဲ့ သောကြောင့် သာမန် စာရေးကလေးဘဝမှ ဌာနခွဲစာရေးကြီးအဖြစ် တစ်ဟုန်ထိုး တိုးမြှင့်ခန့်ထားခြင်း ခံ ခဲ့ရ ၏။ မသိန်းမေတွင်လည်း အိပ်မက်အရ ထိုးလိုက်သော မြင်းတွဲပွဲမှ ငွေနှစ်ထောင်ကျော် အလျော်ရ လိုက် ၏။ အိမ်လခနှင့် တကွသော အခြားကြွေးမြီများ ကို ရှင်းသွားသည်အထိ အတော်များများ ပေးဆပ် လိုက်သည့် တိုင်အောင် သူ့လက်ထဲတွင် ငွေတစ်ထောင်နီးပါးခန့် လက်ကျန်ရှိနေသေး၏။

“ကဲ မသိန်းမေ၊ ခုလောက်ဆိုရင် ခင်ဗျား တရားရဖို့ကောင်းပြီထင်တယ်၊ လွန်ခဲ့တဲ့ နှစ်နှစ်လုံးလုံး ဒီမြင်း ပွဲက ခင်ဗျား ကို ဘယ်လောက်နှိပ်စက်သလဲ ဟင်”
“ကဲ တော်တော့ ကိုထွန်း၊ ကျွန်မအဖြစ်ကို ကျွန်မ သိတယ်၊ ဒီမြင်းပွဲ ဘယ်လိုဂြိုလ်မွှေခဲ့လို့ ကျွန်မ ဘယ် အထိ စိတ်ဆင်းရဲ ခဲ့ရတယ်ဆိုတာ ကျွန်မ သိတာပေါ့၊ ကဲ လာ ဘုရားသွားမယ်၊ ဒီနေ့ကစပြီး အလောင်း အစားဆိုရင် ဘာမှမလုပ်တော့ဘူးဆိုတာ ဘုရားမှာ သစ္စာဆိုလိုက်တော့မယ်၊ ကဲ လာ”
သူ့သစ္စာစကားအတိုင်းပင် မသိန်းမေလည်း မြင်းနှင့် ၃၆ ကောင်ဆိုလျှင်ယောင်၍ စကားထဲ ထည့်မပြော တော့ဘဲ ထမင်းဆိုင်ကို မြိုင်မြိုင်ခန့်ခန့်ကြီး ပြန်ဖွင့်လိုက်၏။ ယခင်ကလို ရွှေဆိုင်၊ ထီးဆိုင် စသည်တို့ ဘေးတွင် ကပ်ရောင်းရသည့်အဖြစ်မျိုးမဟုတ်တော့ဘဲ အတော်ကလေး အခြေအနေဝင့်ကာ ဆိုင်နှင့် အခန်းနှင့် ဖြစ်နေလေပြီ။

အတာ ကံကောင်းသည်မှာ ဆက်တိုက်ဟု ဆိုရလောက်အောင် ယခု သူ့ညီမလေးကပါ ပြန်ရောက်နေ ပြီဖြစ် ၍ ငရုတ်သီတောင်း၊ ကြက်သွန်နွှာအလုပ်မှ အတာ လုံးလုံးသက်သာခွင့်ရနေ၏။ သို့သော် နေ့ချင်း ညချင်း တိုးတက်နေသော မသိန်းမေ၏ဝင်ငွေနှင့်ပတ်သက်၍ အတာ ခံစားခွင့်မရရှာသေး။

“မသိန်းမေ အတာ့ ကို လက်စွပ်ကလေးတစ်ကွင်းလောက် လုပ်ပေးလိုက်ပါလား၊ ဝတ်ပါစေ၊ သူလဲ ဝတ် ချင်ရှာ မှာပေါ့ဗျာ”ဟု ကိုထွန်းအောင်က မသိန်းမေ ညွတ်နေအောင်ဝတ်ထားသည့် လက်ကောက်များကို ကြည့်ရင်း ပြောလိုက်သည့်အခါ “ဘာလို့ လုပ်ပေးရမှာလဲ၊ သူ့အတွက်ဆိုရင် ဘာမှလာမပြောနဲ့၊ ဒီကောင် ကို ကျွန်မ စေတနာမရှိဘူး” “သြော် ဗျ” “ဘာ သြော်ဗျာလဲ၊ အချိန်တန်တော့ ဒင်းတို့သားမယား ဒင်းတို့ လုပ်ကျွေး မှာ သိလား”
“ဒီလို ဘယ်ဟုတ်မလဲ မသိန်းမေ၊ မိဘဆိုတာ” “တော် ကိုထွန်းအောင်၊ မိကျောင်းမင်း ကို ရေခင်း လာမပြနဲ့” ကိုထွန်းအောင် ရှေ့မဆက်နိုင်။ တဟောဟောနှင့် အသက်ရှူမောရင်း ငိုင် သွားရတော့ ၏။

အရပ်ထဲတွင် ပွဲအငြိမ့်ငှားသည်အစ ငံပြာရည်ကောင်းကောင်းရှာဝယ်တတ်သည်အထိ အတာ လူရည် လည်ခဲ့ သလောက် ကျောင်းတွင်လည်း ထို့အတူ ဆရာ ဆရာမတို့၏ဆေးတောင်ဝှေးပမာ လိုတင်းရ သတ္တဝါလေး ဖြစ်နေ၏။
ဤလိုနှင့် ၆ လပတ်စာမေးပွဲလည်း ပြီးဆုံးခဲ့ပြန်ပြီဖြစ်၏။ အတာအတွက်တွင်မူ ဘာမှရင်လေးစရာမလို။ သူသည်ပင် ပထမချိတ်ခဲ့ပြန်၏။
“ဒေါ်ဒေါ်သန်း ကျွန်တော် စာမေးပွဲအောင်တယ်၊ ဒီတစ်ခါ လဲ ပထမပဲ ဒေါ်ဒေါ်”ဟု အားရဝမ်းသာ ပြော လိုက်စဉ် “ဟေ့ အတာ မင်းစာမေးပွဲအောင်မယ်ဆိုတာတော့ ငါသိပါတယ်၊ နို့ Position ကောကွ၊ First ပဲလား” ဟု ဒေါ်ဒေါ်သန်း အစ်ကိုက လှမ်းမေးလိုက်ပြန်သဖြင့်
“ဟုတ်ကဲ ဦးလေး” ဤလိုဖြင့် အတာရော သူ့ဒေါ်ဒေါ်သန်းတို့တစ်အိမ်လုံးပါ နှစ်ထောင်းအားရဖြင့် ဝမ်းအမြောက်ကြီး မြောက်သွားကြရပြန်တော့၏။

ဤတစ်ကြိမ်တွင်မူ ယခင် ကျောင်းမှာကဲ့သို့ ဆုပေးရုံသာမဟုတ်ဘဲ စာအုပ်များ အပြင် ခြောက်လပတ် နှင့်ပင် အတာနှင့်တကွ ဒုတိယ၊ တတိယရသူနှစ်ယောက်ကိုပါ ခြောက်တန်းသို့ တင်ပေး လိုက်တော့ ၏။
ခြောက်လ တိတိ စာနောက်ကျခဲ့စေကာမူလည်း အတာ၏ကြိုးစားမှုကြောင့် စာမေးပွဲကြီးပြီးသော် စတုတ္ထနေရာ မှ ချောချောမောမော အောင်မြင်ခဲ့၏။ ဤသည်ပင် ပထမ မရကောင်းလားဟု သူ့ကိုယ်သူ အပြစ် တင်ရင်း ယူကျုံးမရဖြစ်နေခဲ့လေသေး၏။

ခုနစ်တန်းတွင်ရောက်လျှင် အတန်းကြီးလာသည်နှင့်အမျှ ဘာသာရပ်လည်း တိုး၏။ အတာကမူ သိပ္ပံ ပညာကို စိတ်မဝင်စားဟုဆိုကာ အပိုမြန်မာစာ (ဝါ) အထူးမြန်မာစာကို ယူခဲ့၏။ သူငယ်စဉ်က အရွယ် နှင့်မလိုက်အောင် သီချင်းစပ်၍ပင် လုံချည်ရောင်းခဲ့ဖူးသည့်အတိုင်း ယခု သူယူသော အပိုမြန်မာစာ တွင် သူ ဝါသနာပါသော ကဗျာ လင်္ကာတို့လည်း ပါသည်ဖြစ်သောကြောင့် ထိုဘာသာတွင် အတာ သည်ပင် ဇော်၊ အတာသည်ပင် အတော်ဆုံးဖြစ်နေပြန်တော့၏။
တစ်နေ့သော် ထိုအပိုမြန်မာစာသင်သော ဆရာသည် ကဗျာစပ်နည်း လင်္ကာစပ်နည်းနှင့်ပတ်သက်၍ အတော်ကလေး စိတ်ရှည်လက်ရှည် ရှင်းလင်းသင်ပြနေပြီးမှ “ညိုနေဖြူ မောင်းသော ဟူ ခြောက်မူပြိုးပြိုးပြက်” ဆရာလည်း သို့လျှင် ထင်ထင်ရှားရှား အပိုဒ်ခြား၍ ရေးသားလိုက်၏။

“ကဲ ဒီနေ့တော့ ဆရာ မင်းတို့ကို ဉာဏ်စမ်းမယ်၊ ခု ဒါဟာ မြတ်စွာဘုရားရဲ့ရောင်ခြည်တော်ခြောက်ပါး ကို ဖွဲ့ထား တာနော်၊ မင်းတို့သိမှာပေါ့၊ အေး ခု မင်းတို့ဉာဏ်နဲ့ မင်းတို့ နောက်တစ်ပိုဒ်ထပ်ပြီး ရေးစပ်ရ မယ်၊ မင်းတို့ရေးစပ်မဲ့ အကြောင်းအရာဟာ ဆရာရေးပြတဲ့ မြတ်စွာဘုရားရဲ့ရောင်ခြည်တော် ခြောက်ပါး ကို အခြေခံထားပြီးတော့ ဖွဲ့ရမယ်၊ တစ်ပိုဒ်နဲ့တစ်ပိုဒ်ဟာ ကာရန်ချိတ်ပြီး အဓိပ္ပာယ်လဲ ဆက်စပ်မှုရှိရ မယ်၊ တစ်ပိုဒ်လုံးကို ခြုံပြီး အဓိပ္ပာယ်ဖော်တဲ့အခါမှာလဲ ဒီရောင်ခြည်တော်ခြောက်ပါးကို တိုက်ရိုက်ဖြစ် စေ၊ အနီးစပ်ဆုံးဖြစ်စေ ဆက်သွယ်နေတဲ့ စာမျိုးဖြစ်ရမယ်၊ သဘောပေါက်ကြရဲ့လားကွဲ့၊ ဆရာပြော တာ”
“ပေါက်ပါတယ် ဆရာ”
“ကဲ ဒါဖြင့် ရေးကြစမ်းကွယ်၊ ကြာချင် ကြာပစေ၊ အေးအေးဆေးဆေးသာရေးကြ၊ အဲ အကောင်းဆုံး ရေးစပ်နိုင်တဲ့တပည့်ကို ဆရာ ခေါက်ဆွဲတစ်ခွက် ကျွေးမယ်”
ဆရာ ထိုင်သည်ဆိုလျှင်ပင် တစ်တန်းသားလုံး တကုန်းကုန်းရေးစပ်စပြုကြတော့၏။

ဆရာ့အမူအရာ နူး ညံ့သိမ်မွေ့သဘောက် ကြည်ညိုဖွယ်ရာလည်းကောင်းလှတော့၏။ တရုတ်ကပြား ဗုဒ္ဓဘာသာဖြစ်သည့် အတိုင်း ဘာသာတရားကို အလွန်ကိုင်းရှိုင်း၏။ စာသင်ရာ၌ပင် ဘာသာရေးနှင့်ပတ်သက်သည့် အကြောင်းအရာကိုသာ ရွေး၍ဖွဲ့ဆိုသင်ပြတတ်သည်ဖြစ်ရာ ဆရာ၏ ဘုရားတရား ကြည်ညိုမှုစိတ်ဓာတ် အနုအရင့်သည် ဤသည်ကိုထောက်၍ ချင့်နိုင်ပြီဖြစ်၏။
လေးငါးခြောက် မိနစ်ခန့်ကြာသော် အတန်းသားများသည် တစ်ယောက်ပြီးတစ်ယောက် ဆရာ့ထံမှောက် သို့ လာပြကြ၏။ ဆရာလည်း ခေါင်းတညိတ်ညိတ်ဖြင့် အမှန်ခြစ်ပေးသူကို ပေး၍ ခေါင်းတခါခါဖြင့် ပြင် သင့်သူကို ပြင်ပေးရင်း အတော်ကလေး အလုပ်ရှုပ်နေ၏။ သို့သော် ဆရာ့အမူအရာ၌ နှစ်နှစ်ခြိုက်ခြိုက် သဘောကျ သည့် လက္ခဏာဟူ၍ မတွေ့ရသေး။

လေးဆယ် မျှသော အတန်းသားများ ကုန်သလောက်နီးနီးပြသပြီးကြသော်လည်း အတာကမူ တကုတ် ကုတ်နှင့် အလုပ်ရှုပ်နေဆဲဖြစ်၏။ ဖျက်လိုက်ပြင်လိုက်ဖြင့် အချိန်ကုန်နေပြီး နောက် ၂မိနစ်ကြာလောက် မှပင် အတာ ထသွားတော့၏။ ဆရာလည်း အတာ တင်ပြလိုက်သော စာအုပ်ကိုကြည့်၍ ဂရုတစိုက် ဖတ်ရှူ့ပြီး သည်နှင့် အတာ့လက်မောင်းနှစ်ခုကို အားရဝမ်းသာ ကိုင်ညှစ်လှုပ်နေပြီးမှ ကျောက်သင်ပုန်း ကြီးဆီ သို့ ထသွားကာ
“ကဲ ဒိပြင် ပြချင်တဲ့လူ ရှိသေးသလားဟေ့”ဟု အတန်းဘက်သို့ လှည့်မေးလိုက်၏။ နှစ်ယောက်မျှသာ လာပြ ၏။ နောက်ထပ်မည်သူမျှမလှုပ်ကြတော့သည်နှင့် “အားလုံး ဒီမှာ ကြည့်ကြစမ်းဟေ့”
သို့လျှင် တစ်တန်းလုံးကိုလှမ်း၍ သတိပေးလိုက်ပြီးမှ လက်ထဲတွင်ကိုငထားသော အတာ့စာအုပ်ကို ကြည့်ကာ ကျောက်သင်ပုန်းပေါ် သို့ အတာ ရေးလာသည့်စာကို တစ်ဆင့် ကူးယူ ရေးချ လိုက်သည်၌ ကျောက်သင်ပုန်းကြီးပေါ်တွင် “ညိုရွှေနီဖြူ မောင်းသော ဟူ ခြောက်မူပြိုးပြိုးပြက်” “ရောင်ခြည်ထွေရော မြတ်ဗုဒ္ဓေါ နမောရှိခိုးလျက်” သို့လျှင် အဆင်ပြေလှသော စာပိုဒ်တစ်ခု တိုးလာ၏။

“အဲဒါ အတာရေးစပ်တဲ့ စာပဲ၊ ကြည့်စမ်း ဘယ်လောက်ကောင်းသလဲလို့ ဒီလိုစာမျိုး တွေ့ရလိမ့်မည်လို့ ဆရာဖြင့် လုံးလုံး မမျှော်လင့်မိဘူး”
ဆရာ့အသံ သည် ထူးထူးခြားခြား ပြောင်းလဲနေ၏။ ကြည့်ရသည်မှာ အတော်ကလေး ဝမ်းမြောက်သွားပုံ ရလျက်
“ခု ကြည့်စမ်း၊ ညိုရွှေနီဖြူ မောင်းသောဟူ ခြောက်မူပြိုးပြိုးပြက်၊ ရောင်ခြည်ထွေရော မြတ်ဗုဒ္ဓေါ နမောရှိ ခိုးလျက်၊ ကဲ အဓိပ္ပာယ်ရော ကာရန်ရော တစ်ပိုဒ်နဲ့ တစ်ပိုဒ် တိုက်ရိုက်ဆက်သွယ်နေပုံရော ဘာမှပြော စရာမရှိဘူး၊ အင်မတန် ကောင်းတဲ့စာ” သို့လျှင် နှစ်ထောင်းအားရ ပြောဆိုနေပြီးမှ အတာအား ပခုံးကို ဖက်ကာ “ဆရာလိုချင် တဲ့ စာမျိုးဖြစ်ရုံသာမက ဆရာမျှော်လင့်တာထက်ပိုပြီး အတော့် ကို ပြောင်မြောက်အောင် ရေးစပ်နိုင်တဲ့အတွက် ခေါက်ဆွဲတစ်ခွက်အပြင် နောက်ထပ်ငွေတစ်ကျပ်ပါ အတာ့ ကို ဆရာ ဆုချတယ်”   ဟု ပြောပြောချင်ချင် ငွေတစ်ကျပ်နှင့် မူးစေ့တစ်စေ့ ပေးလိုက်သည်နှင့် တစ်တန်းလုံး ပင် သြဘာလက် ခုပ်သံ တဖျောင်းဖျောင်း ဆူသွားသောကြောင့်
“ရှူး လက်ခုပ်မတီးကြနဲ့ဟေ့၊ ဒိပြင်အတန်းကို အားနာဖို့ကောင်းပါတယ်၊ ကျောင်းလွှတ်မှပဲ အားရပါးရ ချီးကျူးကြပေါ့ ကွယ် နော်၊ ကဲ မင်းတို့လဲ ဒီနှစ်ပိုဒ်ကို ကူးရေးထားကြ၊ တစ်နေ့ အသုံးကျလိမ့်မယ်”
ဆရာကိုယ်တိုင်ကလည်း အတာ့စာကို လိုလိုချင်ချင် ကူးရေးသွားတော့၏။ ထိုမျှလောက် ပညာရည်ချွန် သာ အတာပါပေ။

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

Wednesday, April 25, 2012

သာဓု ၏ အတာ, အပိုင်း (၄၂)

အတာ ဆိုလိုသည်မှာ ဤအတိုင်းပင် ဖြစ်၏။ သူပြောလိုက်သည့် အင်္ဂလိပ်စကားမှာ တိတိကျကျ ပင် မမှန်သော်လည်း ထိုမျက်နှာဖြူ သဘောပေါက်ပုံရ၏။ မျက်နှာကြီးလည်း နီလာကာ ချက်ချင်းပင် ထို စာရေးကို ခေါ်၍ ကြိမ်းတော့၏။ နောက် အတာကိုလည်း ပြုံးကာ ရယ်ကာနှင့် သူ မကြာခဏ လာဝယ် သည်ကို သိရ၍ ကျေးဇူးတင်ကြောင်းပြောကာ ပခုံးကလေးကိုင၍ ထိုမျက်နှာဖြူကိုယ်တိုင်ခေါ်သွားပြီး အတာဝယ်လိုသည့် ချိတ်ကို ထုတ်ယူရောင်းချ လိုက်ပြီးမှ ဘောင်းဘီအိတ်ကိုနှိုက်၍ ပိုက်ဆံတစ်မတ်ပင် မုန့်ဖိုးပေး လိုက်သေး၏။ ဤမျှ စွာကျယ်နိုင်သော အတာပါပေ။ ကို ဆက်ဖတ်ရန်.....

ဤလို မရှက်မကြောက်နှင့် တတ်သလောက် မှတ်သလောက် ပြောဝံ့၍လည်း အတာသည် အင်္ဂလိပ် စ ကား ကို အခြားသော အတန်းသားများထက် ပို၍ပြောတတ်၏။ အချို့သော အရပ်ထဲမှ အတန်းကြီး သမား များပင် ဝမ်းထဲမှာ တတ်နေသော်လည်း ပါးစပ်မရဲ၊ ပြောလေ့ပြောထလည်း မရှိသောကြောင့် အတာလောက် မသွက်သလို ဖြစ်နေကြကာ ယွန်းထည်ဆိုင်များသို့ နိုင်ငံခြားသား ဝယ်သူလာတိုင်း အတာ သာလျှင် မျက်နှာပွင့်နေခဲ့၏။

"ဟေ့ အတာ၊ မင်း ဘိလပ်သားကြီးတွေနဲ့ အင်္ဂလိပ်စကားပြောတော့ မှားသွားမှာ မရှက်ဘူးလား" ဟု ဘဆွေ တို့က မေးသောအခါတွင်
"ဘာလို့ ရှက်ရမှာလဲကွ၊ မင်းတို့ကုလားစကားကို မတတ်တတတ် ပြောတော့ကော ရှက်သလား၊ ဒီလို ပေါ့ကွ၊ အင်္ဂလိပ်စကား အပြောမှားသွားရင် ဘိလပ်သားတွေက ကဲ့ရဲ့မလား၊ သရော်မလားဆိုပြီး မင်း တို့က ကြောက်နေတာကိုးကွ၊ ဒီအင်္ဂလိပ်တွေ မြန်မာစကား ကပေါက်ကချာ ပြော တာကို မြန်မာတွေက ခွင့်လွှတ်သလို သူတို့ကလဲ ဒီလိုပဲပေါ့ကွ၊ မတတ် တတတ် ပြောပြော ဇောက်ထိုးမိုးမျှော်ပဲပြောပြော သူ တို့သဘောပေါက် ရင် ကျေးဇူးတောင် တင်ကြသေးသတဲ့ကွ၊ တို့တီချာက ပြောတယ်၊ ဒါပေမဲ့ မှန်အောင် ပြောနိုင်ဖို့တော့ ဂရုစိုက်တဲ့"

ဝါတွင်းရက်ဖြစ်သည့်အတိုင်း အတာတို့ကျောင်းသည် တနင်္ဂနွေနှင့် ဥပုသ်နေ့ပိတ်၏။ အတာလည်း သူ့ အချစ်တော် ကျော်ကျော် တို့မမက ဘော်လီအင်္ကျီမှာချုပ်ခိုင်းထားသဖြင့် သိမ်ကြီးဈေးတွင် ဝင်ယူ ရမည် ဖြစ်သောကြောင့် ခပ်စောစောပင် အိမ်မှထွက်လာခဲ့၏။
အတာသည် ဦးနှောက်၊ ခြေလက်နှင့် မျက်စိသာမက နားကိုလည်း အအားထားလေ့မရှိ။ မည်သူတွေ မည်သည့် စကားပြောသည်ဖြစ်စေ၊ သူ့အဖို့အကျိုးရှိမည်ဆိုလျှင် ဂရုတစိုက်နားစွင့်နေတတ်၏။ ငါးပိ ဘယ်ဆိုင် တွင် ကောင်းသည်ဟု ပြောသံကြားလျှင်လည်း မှတ်ထားလိုက်၏။ မည်သည့် ပဒုမ္မာအသား ကောင်းသည် ကြားလျှင်လည်း သူ့ခေါင်းထဲ စွဲထားလိုက်သည်သာဖြစ်၏။ မည်သည့် ဆိုင်တွင် ဘော်လီ အချုပ်ကောင်း၍ မည်သည့်တရုတ်သည် ပဒုမ္မာပုံကျကျ ချုပ်နိုင်ကြောင်းကိုလည်း အတာကိုမေး လျှင် သိလိမ့်မည်ဖြစ်ရာ ယခု သူ့ကျောင်းမှ မြန်မာဆရာမ အားလုံးလိုလိုပင် ပဒုမ္မာနှင့် ဘော်လီချုပ်သည်က အစ အတာ့ကို အပ်ခိုင်းနေကြပြီဖြစ်၏။

သိမ်ကြီးဈေးပေါ်မှ ဘော်လီများရွေး၍ လေးလေးမှန်မှန် ထွက်လာခဲ့သော အတာလည်း ကျောင်းနှင့် ပေတစ်ရာခန့်အကွာ စဥ့်အိုးတန်းထိပ်သို့ ရောက်သည်နှင့်
"အတာ" သို့ ခေါ်လိုက်သော အသံကြောင့် ဆတ်ခနဲ လှည့်အကြည့်လိုက်တွင် ထီးတစ်လက်ဆောင်း၍ မန်ကျည်း ပင်အောက်တွင် ရပ်နေသော မသိန်းမေအား တွေ့လိုက်ရသဖြင့် အတာ့ရင်ထဲတွင် ဒုခနဲ ထိတ်သွားရှာ တော့၏။
သားအမိ တို့မည်သည် မိခင်ကိုမြင်လိုက်ရလျှင် ပျော်သွားမည် ရွှင်သွားမည်။ သို့မဟုတ် အပြေးကလေး လှမ်းဖက် တက်သည်သာဖြစ်သော်လည်း အတာတွင်မူ သူ့မေမေကို မြင်လိုက်ရတိုင်း အသည်းထဲ စိမ့် သွား၏။ ကျော လည်း ချမ်းသွားတတ်၏။ ရင်လည်း တုန်သွားတတ်၏။

"ဘာများ ဒုက္ခပေးဦးမလို့ပါလိမ့်"
တစ်ခါတစ်ရံ ဤလိုလည်း စိတ်ထဲမှ အတာကြိတ်၍ ရေရွတ်မိတတ်၏။ စင်စစ် မသိန်းမေသည်လည်း မကောင်း။ ယခု ကျောင်းသို့အထိလိုက်လာပြီး အဘယ်ပုံ နှောင့်ယှက်ဦးမည် မသိ။
"သန်းသန်း တို့က ဒီနေ့ ကျောင်းလခ ပေးလိုက်တယ်မဟုတ်လား"
အနီးသို့ ကပ်လာရင်း သူ့မေမေက ဤလိုမေးလိုက်သည်နှင့် အတာ့ ရင်ထဲတွင် ဒုခနဲ မဟုတ်တော့ဘဲ ဒိန်းခနဲ ခုန်သွားတော့၏။

မှန်သည် ယနေ့သည် လဆန်း ၁ ရက်နေ့ဖြစ်သည့်အတိုင်း သူ့ဒေါ်ဒေါ်သန်းက ကျောင်းလခပေးလိုက် ၏။ သို့တစ်ရက်နေ့တိုင်း ကျောင်းလခပေးသည်ကို မသိန်းမေ သိ၏။ သိ၍လည်း ယနေ့လိုက်လာကာ အတာ အား သို့မေးလိုက်ခြင်းဖြစ်သောကြောင့်
"ဟုတ်ကဲ့ မေမေ၊ ပေးလိုက်တယ်"
"ဘယ်မလဲ၊ အဲဒီကျောင်းလခ ငါ့ ခဏပေးစမ်း၊ သန်ဘက်ခါတော့ ငါ ပြန်ပေးမယ်"
"အင်"
အတာတွင် ထိုမျှသာ ရေရွတ်နိုင်တော့၏။ ကြိုတင်ခန့်မှန်းခဲ့သည့်အတိုင်းပင် မသိန်းမေ ဒုက္ခပေးပြန် လေပြီ။

"ငါ ပြန်ပေးပါ့မယ်လို့ ဆိုနေ ဘာဖြစ်သွားရတာလဲ၊ မျက်နှာက"
ဤလိုငေါက်ရင်း မျက်လုံးတစ်ချက်သာ ပြူးပြလိုက်ရသည်။ အတာ့ကျောင်းလခငွေလေးကျပ်လည်း မသိန်းမေ လက် သို့ ပူပူနွေးနွေး ပါသွားလေတော့၏။
ဤစနေ တွင်သာ အတာ ကံဆိုးသည်မဟုတ်။ လွန်ခဲ့သော တစ်ပတ်ကျော် စနေနေ့ကလည်း သူ့မေမေ သည် အတာ့ အား အသိမပေးဘဲ ဒေါ်ဒေါ်သန်းတို့နောက်တစ်ကြိမ် ဝယ်ပေးသော ပိုးလုံချည်ကိုပါ ယူ ပေါင် ၍ မြင်းလောင်းခဲ့ပြီး ဖြစ်၏။
ဆိုခဲ့ဖူးသည့်အတိုင်း ကစားသမားတို့မည်သည် တစ်ဆယ်ရှုံးလျှင် နှစ်ဆယ်ဖိုး ထပ်ကစားချင်ကြ၏။ ကစားရန် အတွက်သာ ငွေရမည်ဆိုကာ ဘာကိုမျှမမြင်၊ ဆိုးသည် ကောင်းသည် မစဉ်းစား၊ မှားသည် မှန်သည် လည်း မတွေး။ တစ်ခါတစ်ရံ ရာဇဝတ်ဘေးသော်မှ ကြောက်ရမှန်းမသိ။ မိုက်တိမိုက်ကန်းနှင့် တဇွတ်ထိုး ငွေရလမ်း ရှာတတ်ကြ၏။

အတာ့မေမေသည် ယခင် ဤမျှလောက်မဆိုး။ ယခုသော် ကစားဝါရင့်လာသည်နှင့်အညီ ကိုယ်ကျင့် တရား သည်ပင် ချို့ယွင်းစပြုလာပြီဖြစ်၏။ အရောင်းအဝယ်နှင့်ပတ်သက်လျှင် မတန်တဆ အမြတ်ယူ လိုက ယူမည်၊ အကြွေးယူပြီးဆပ်လိုမှ ဆပ်မည်။ သို့သော် သူတစ်ထူးက ယုံကြည်၍ ပစ္စည်းတစ်ခုခု ဝယ်ခိုင်းသော ငွေမျိုးကိုမူ သူအလွဲသုံးစားမလုပ်တတ်၊ ယခုသော် အားကစားကျူးလာပြီဖြစ်သည့် အတိုင်း ထိုစိတ်ဓာတ် လည်း ပျက်ပြားပြုလာရုံသာမက သူတစ်ထူးက ထောက်ပံ့သော အတာ့ကျောင်း လခငွေ ကိုပါ မရေမရာနှင့် တော် မတော် မချင့်ဘဲ အနိုင်ကျင့် ဆွဲယူသွားပြန်လေပြီ။

ကိုထွန်းအောင် ပြောခဲ့ဖူးသည့် ရလေလိုလေ အိုတစ္ဆေဟူသောစကားကဲ့သို့ပင် မသိန်းမေလည်း တစ် ကြိမ်သာမဟုတ်တော့ဘဲ
"ကဲ နင့်ကျောင်းလခ ငါ့ကို ခဏပေးဦး၊ နောက်လကျတော့ သုံးလခ အတွက် တစ်ခါတည်း ပေါင်းပေး မယ်"
ယခင်နှစ်လအတွက ကျန်နေသေးသောကြောင့် မျက်နှာပူလှပြီဖြစ်သည့် အတာလည်း ဤတစ်ကြိမ် တွင်မူ သည်းမခံနိုင်တော့သည့်အတိုင်း အရင်ပိုက်ဆံလဲ မေမေ မပေးသေးဘူး၊ ခုလဲ တောင်းပြန်ပြီ"ဟု မဝံ့မရဲနှင့်ပင် အရဲစွန့်ပြောလိုက်သည် နှင့် "ဟင် ငါ့ကို ဒီလိုပြောသလား၊ ကြီးလာတဲ့အခါ နင်တို့လုပ်စာ စားရဖို့ တော့ ဝေးပါသေးရဲ့ဟင်း၊ ဒါကြောင့် နင့်ကို ငါ ဘာမှဝယ်မပေးတာ၊ ကျောင်းထားမပေးတာ သိလား၊ ကြီးလာရင် ကိုယ့်သားမယား ကိုယ်ရှာကျွေးမဲ့အကောင် ခုကတည်းက ငွေကလေး သုံးလေး ကျပ်တောင် မိဘကို မသဒ္ဒါချင်ဘူး၊ ဒါ တောင် ချေးတာမို့၊ အလကားတောင်းတာဆိုရင်"
"ရော့ပါ မေမေ၊ ယူ ယူ ရော့"

အတာက သွက်သွက်ကလေးပင် ထုတ်ပေးလိုက်၏။ “မိဘကို မသဒ္ဓါချင်ဘူး”ဟူသော စကားမျိုးဖြင့် အတာ အပြောမခံ လို။ သူ့မေမေကို အတာ ချစ်၏။ ပေးချင်ကမ်းချင်၏။ သို့ကြောင့်ပင် သကြားလုံးဆိုင် ဖွင့်ခဲ့စဉ်က တတ်နိုင်သလောက်ပေးခဲ့သည်မဟုတ်ပါလော။ ယခုမူ သူတစ်ထူး က ထောက်ပံ့သော ကျောင်းလခလည်း ဖြစ်သည်။ ပေး၍ မလျော်သော ပိုက်ဆံဟုလည်း အတာ ခွဲခြားနားလည်သော ကြောင့် သို့ပြောမိခြင်းဖြစ်၏။ သို့နှင့် မသိန်းမေက ဤသည်ကိုမသိ၊ အရေးကြီး သည်မှာ သူ ပိုက်ဆံရဖို့ သာလျှင် ဖြစ်၏။
ဤအတိုင်း သာ သွားနေက သူ့ကျောင်းနေရေးကိုပါ ထိခိုက်လာစရာရှိသဖြင့် အတာတွင် တစ်မျိုးတစ် မည်ကြံ ၍ ဉာဏ်ကလေးပါ ထုတ်လာရတော့၏။

“ဒေါ်ဒေါ် ကျောင်းလခကို ကျွန်တော့်လက်ထဲ မပေးပါနဲ့တော့်နော်၊ ဟိုလတုန်းကလေ ကျွန်တော် တို့ ကျောင်းသားသုံးယောက်တောင် ဓားပြပြီး လုသွားတယ်၊ ဒေါ်ဒေါ်ရဲ့၊ ကျွန်တော်တောင် ကံကောင်း လို့” သူ့မေမေအတွက်ပါ ကာကွယ်ရင်း သို့ပြောလိုက်သောကြောင့် နောက်ဆုံးတွင် အတာ အကြံပေးချက် အရ စာတိုက်မှပို့ပေးရန် သဘောတူလိုက်ကြ၏။ သို့သော် တစ်လတစ်ကြိမ် သဘော မဟုတ်တော့ ဘဲ နွေရာသီ ကျောင်းပိတ်ရက်အထိသာ ပေးစရာလခများကို တစ်ကြိမ်တည်း တွက်၍ ပေးပို့လိုက်တော့၏။ သို့သော် သူ့မေမေကောင်းမှုကြောင့် အတာ့တွင် သုံးလအတွက် အကြွေးကျန်နေသေး သည့်အတိုင်း တီချာလတ် တို့တွင်လည်း တစ်ကြိမ်တည်း ကြိုတင် ပို့လိုက်သော ငွေများအတွက် အံ့အားသင့်မိသ လောက် ကျန်သုံးလခအတွက်မူ မစဉ်းစား တတ်အောင် ဖြစ်နေကြတော့၏။

ရစရှိလျှင် လိုချင်ချင်တည့်ဖြစ်နေသော မသိန်းမေလည်း အလွန်စက်ဆုတ်ဖွယ်ရာသော ကိစ္စကို “တစ် တက်စား လည်း ကြက်သွန်”ဟူ၍ပင် သဘောထားနေပြီလော မသိ။ နောက်လတွင်လည်း တောင်းပြန် ၏။ သို့သော် မရ။ ဒေါ်ဒေါ်သန်းတို့က ဤသို့ ဤနှယ် စီမံလိုက်ပြီဖြစ်ကြောင်း အတာက ပြောပြသည်ကို
“ဟင်း ဒါ နင့်ဉာဏ်ပဲမဟုတ်လား”ဟူသော အမေးနှင့်အတူ အတာ့ခေါင်းကလေးကို ပူ သွားအောင် ခေါက်လိုက်ချေသေး၏။
ဤမျှနှင့် မပြီးသေး။ တစ်နေ့မဟုတ်လျှင် တစ်နေ့နေ့၌ ပေါ်ရစမြဲ ဓမ္မတာအတိုင်း အပေါင်ဆိုင်တွင် ဆုံး သွားပြန်ပြီဖြစ်သော အတာ့လုံချည်ကိစ္စကို ဒေါ်ဒေါ်သန်းတို့ ဆွမ်းကျွေးသည့်နေ့ကပင် သိသွားကြပြန် ပြီဖြစ်၏။

“ခက်တာပဲ အတာ ရယ်၊ မင့်အမေကြောင့် ဒေါ်ဒေါ်တို့တောင် စိတ်ပျက်လာပြီ”
ထိုစကားကြောင့် အတာတွင် ဘုရား ဘုရား ဟု၍ပင် တမိသွားရှာ၏။ “ကျောင်းများ ထုတ်ပစ်လိုက်လေ မလား” ဟူ၍လည်း ရင်ထဲတွင် တုန်လှုပ်သွားမိ၏။
“အေး မင့်ကိုတော့ နောက်ထပ် တစ်ထည်မဟုတ်ဘူး အတာ၊ ဆယ်ထည်တောင် ဝယ်ပေးချင်တယ်၊ ဒါပေမဲ့ မင့်အမေက ဒီလိုပဲ လုပ်လုပ်နေတော့ မခက်ဘူးလား” ဟု ညည်းညည်းညူညူ ပြောလိုက်ပြီးမှ
“ကဲ ကဲ မင့်အမေလုပ်ပုံ မကြိုက်တာနဲ့ မင်းကို ဝယ်မပေးရင် မင်း မဝတ်ရရုံပဲရှိမယ်၊ ဒီလိုတော့ လဲ ဒေါ် ဒေါ်တို့က မလုပ်ရက်ဘူးကွယ်၊ မင်းကို ဒေါ်ဒေါ် သနားတယ်” ယခုမှ အတာ စိတ်ချ လက်ချ အေးသွားတော့၏။

“ကဲ ခု မင်းကို ပိုးလုံချည်သုံးထည် ဝယ်ပေးမယ်၊ ဒါပေမဲ့ အိမ်ကို ယူမသွားရဘူး၊ ဒီမှာပဲ ထားရမယ်၊ ဘယ်တော့ဖြစ်ဖြစ် အချိန်မရွေး မင်း ဝတ်ချင်တဲ့အခါ လာယူဝတ်၊ မင့်အတွက် သေတ္တာကလေး  သတ် သတ် ဝယ်ပေးထားမယ်၊ အေး ဝတ်ပြီးရင် ချက်ချင်း ဒီမှာလာသိမ်း၊ ဟုတ်လား”
ဤသည်မှာ အခြားသော ကလေးတစ်ယောက်အဖို့၌ မလွတ်လပ်သလိုရှိနေ၍ ကျေနပ်ချင်မှာ ကျေနပ် မည်ဖြစ်သော် လည်း အတာတွင်ကား ထိုအကြံကို ပုဆိန်ပေါက်ရှိခိုးရင်း ဝမ်းမြောက်ခြင်းကြီးစွာဖြင့် လက်ခံ လိုက်တော့၏။ တစ်နည်းဆိုသော် “ရှုပ်ပါတယ်ကွယ်၊ တို့လဲ မင့်သေတ္တာကို ကြည့်မနေအားပါဘူး၊ လာယူ ဝတ်လိုက် ပြန်ထားလိုက်နဲ့ မင်း လဲ အားနာချင် နာနေမှာ၊ ကဲ မင့်အိမ်သာ မင်း ယူသွားပါတော့” ဟု သူ့ဒေါ်ဒေါ်သန်းက ပြောမည်ကိုပင် အတာ ကြောက်မိသေး၏။ ယခုစီမံကိန်းမှာ ဘဏ်တွင် အပ် ထားသလောက်ပင် အတာ့အဖို့၌ အန္တရာယ် ကင်းသည် မဟုတ်ပါလော။ သူ သဘောကျပေမည်သာ။

အတာ့ဒေါ်ဒေါ်သန်းတို့က မတတ်သာသည့်အဆုံး၌ သို့လျှင် အလုပ်ရှုပ်ခံ၍ စီမံလိုက်သည်ကိုလည်း မသိန်းမေ မကျနပ်။ သို့ မကျေနပ်သည်မှာလည်း ဒေါ်ဒေါ်သန်းတို့အပေါ်မဟုတ်ဘဲ အတာ့ဉာဏ်ပင်ဟု ယူဆ ကာ သူလုပ်ခဲ့ပုံ နည်းလမ်းကျ မကျကို မစဉ်းစား၊ ဒေါသတွေသာလျှင် အကြောင်းမဲ့ပွားပြီး
“နင်တော့လား ငါ သေတောင် မကျေဘူးမှတ်”
သို့လျှင်ပြောရင်း ဗိုးဗိုဗတ်ဗတ်နှင့် ဇိုးဇိုးဇတ်ဇတ် ရိုက်လိုက်ချေသေး၏။ ကလေးနှင့်ဖက်၍ ဖြစ်သည်မှာ အကြောင်းခိုင်လုံ လျှင် ခွင့်လွှတ်နိုင်စရာရှိသေး၏။ ယခုသော်ကား သူ့အပြုအမူ စိတ်ထားနှင့် ဖြစ်ပျက်ပုံ အကြောင်း တရား သဘောသည် သူပြောပုံနှင့် အဘယ်သို့ ဆက်စပ်၍မရ။ ထို့ထက် ခွကျသောအဖြစ် မျိုး ကို ကမ္ဘာမြေခြစ်၍ ရှာသည့်တိုင်အောင် သားအမိအနေဖြင့် တွေ့လိမ့်မည်မဟုတ်။

ထိုနေ့မှအစပြုကာ အတာတွင် အတော်ကလေး အပူအပင်စဲသွားပြီဖြစ်၏။ စာမေးပွဲတွင်လည်း သူသည် ပင် ဗိုလ်စွဲ၍ ထိပ်ထိပ်ကြဲအောင်ခဲ့ပြန်ပြီဖြစ်၏။
“ကျွန်တော် ပထမပဲ ရတယ် ဒေါ်ဒေါ်သန်း”
“ဒီမှာ မမရင် စာမေးပွဲ ကျွန်တော် အောင်တယ်၊ အားလုံးထဲမှာလဲ ပထမရ တယ်၊ ဒေါ်ဒေါ်တင် တို့ ဒေါ် ဒေါ်ခင်တို့ကိုလဲ ပြောလိုက်ပါနော်၊ ဒေါ်ဒေါ်မအေးကျင်ကိုတော့ ကျွန်တော် အခုပဲ ပြောခဲ့ပြီးပြီ”
အတာ ပျော်လိုက်သည်မှာ တခုန်ဆွဆွဖြစ်နေ၏။

ဘေးလူများပင် သူ့ကိုကြည့်ရင်း ရောယောင်ဝမ်းသာ နေကြလျက် ဒေါ်ဒေါ်သန်းတို့တွင်လည်း တပြုံးပြုံးနှင့်။ ထိုအပြုံးမှာ သိန်းထိဆယ်ကြိမ်ဆက်ပေါင်သည် တိုင်အောင် ယခု အပြုံးလောက် ပြည့်ပြည့်ဝဝနှင့် ကြည်ကြည်နူးနူးအသွင်မျိုး ပေါ်လွင်လိမ့်မည်မထင်။
“ဟဲ့ မောင်မြ စာမေးပွဲအောင်တယ် ဘာတယ်ဆိုတုန်းကတောင် ငါ ဒီလောက် ဝမ်းမသာမိဘူး၊ ဒီကောင် လေးကျမှ ငါ ဘယ်လိုဖြစ်ပါလိမ့်၊ ရင်ထဲမှာ တလှပ်လှပ် တလှပ်လှပ် နဲ့” ဟူ၍လည်း ဒေါ်ဒေါ်သန်းမေမေ (ဝါ) အတာကို ချစ်သော ဘွားဘွားက သူ့သားဖြစ်သူ ကိုမြနှင့် ပင်နှိုင်းယှဉ် ၍ ဤသို့လျှင် အသည်းထဲမှ စိမ့်ထွက်သောအသံမျိုးဖြင့် ပြောလိုက်သေး၏။

ဤလို အားရစရာကောင်းသလောက် အတာတွင်လည်း ကုသိုလ်ကံကလေး ထောက်လာပြီဖြစ်၏။ အတာ ဤကဲ့သို့ ပညာထူးချွန်လေ ထောက်ပံ့ရသည်အတွက် အားတက်ဝမ်းမြောက်လေ့ ရှိခဲ့သော ကြောင့် ဒေါ်ဒေါ်သန်း တို့လည်း အတာ့အတွက် ကျောင်းစရိတ် အပြည့်အစုံသာမက အဝတ် အစား ပြဿနာ ပါဝင်၍ ဖြေရှင်းလိုက်တော့၏။
ယခင် လို ခြောက်မူးတန်ရှပ်နှင့် သုံးမတ်ပဲတင်းတန် ချည်ကြမ်းလုံချည်မျိုးမဝတ်ရတော့ဘဲ အက်စ်အိုရှပ် ခရုပလေကပ်နှင့် အတော်ကလေး အခြေအနေ မတ်နေတော့၏။ ကိုထွန်းအောင်တွင်လည်း အကူစာ ရေး ဘဝမှ အသိအမှတ်ပြု လခစားစာရေးဖြစ်လာပြန်သောကြောင့် အတာ့မုန့်ဖိုးသည် ခြောက်ပြားမှ တစ်မူး အထိပင် တိုးတက်သွားပြီဖြစ်၏။

အတာစ၍ နေခဲ့ကျောင်းမှာ မိန်းကလေးကျောင်းဖြစ်သည့်အလျောက် ယောက်ျားကလေးများကို ငါး တန်းအထိသာ နေခွင့်ပြု၏။ အကယ်၍ အတာနေလိုက ငါးတန်းအောင်သည်အထိ တစ်နှစ် တိတိ နေ နိုင်သေးသော်လည်း
“မမသန်း။ အတာ့ ကို အစိုးရဟိုက်စကူးကျောင်း ပြောင်းလိုက်ရင် ကောင်းမယ်၊ ဒီကောင်လေး ထူးချွန် ပုံနဲ့ ဆိုရင် ပညာတော်သလောက် အဲဒီကျောင်းက အတန်းတင်ပေးတယ်”
သို့လျှင် အရပ်ထဲ ရှိ ကောလိပ်ကျောင်းသားကြီးများက အကြံဉာဏ်ပေးကြသောကြောင့် အတာလည်း ထိုနှစ်မှာပင် အစိုးရဟိုက်စကူးသို့ ရောက်သွားတော့၏။ အေ ဘီ စီ စသဖြင့် ပဉ္စမတန်းချည့် သုံးတန်း ရှိသည့် အနက် ဆရာမကိုင်တော့ အတန်းတွင်ပင် အတာနေရ၏။ ထိုကျောင်းသို့ ကျောင်းသားသစ် တစ်ယောက်အဖြစ် ရောက်လာရသကဲ့သို့ သူ့အတန်းပိုင် ဆရာမသည်လည်း ထိုနှစ်တွင်မှ အလုပ်ဝင် သော ဆရာမအသစ်ဖြစ်၏။

အချို့သော အမျိုးသမီးများက ဆံထုံးကြီးကြီးထုံးခြင်းကို ခေတ်ဆန်သည်ဟု ယူဆသော အချိန်ကာလ ဖြစ်သည့်အလျောက် ထိုဆရာမလည်း ဆံထုံးကြီးကြီး ထုံးရုံသာမက အင်္ဂလိပ်ဒေါက် ဖိနပ်ကိုပါ စီးလေ့ ရှိသောကြောင့် အခြားသော ဆရာမများနှင့် ယှဉ်လိုက်ပါက အတာတို့ဆရာမသည် ထူးခြားနေ ၏။ သို့သော်  အတာ သဘောမကျ။ အခြားသော အတန်းသားများလည်း မနှစ်သက်။ သို့နှင့် အခြားသော အတန်းသားများရော အတာတို့အတန်းသား အချို့ကပါ ဆရာမအား မကြားတကြား သရော်စပြုလာ တော့ ၏။ အချို့က ဆရာမကြားသည်အထိပင် ပြောင်၍၊ အချို့ ကမူ ကျောက်သင်ပုန်းကြီးတွင်ပင် ရုပ် ပြောင်နှင့်တစ်မျိုး၊ စာချိုးနှင့်တစ်ဖုံ စုံနေအောင် လှောင်လာကြ၏။

“လေဒီရှူးနဲ့ မဘီအေ”
ဤသည်မှာ ဆရာမကို မြင်လိုက်သည်နှင့် မကြားတကြား ဆိုလေ့ရှိသော ရုပ်ရှင်သီချင်းဖြစ်၏။ ထိုကဲ့ သို့ ပြောင်းသည့်အထဲတွင် အတာ မပါ။ သူ့စိတ်ထဲက ဆရာမ အပြင်အဆင်ကို သဘောမကျရုံ သာ ရှိလျက် ပျက်ချော်ပြောင်လှောင်သည့်အထိ အတာတွင် မိုက်ရိုင်းတတ်သူမဟုတ်။
အခြားသော သူ့အတန်းသားများက ဤလိုပြောင်လှောင်ပျက်ချော်နှင့် မပျော်သောအမှုကို ပြုလာသော အခါတွင် မူ ထိုအတန်းသားများကို အတာ ဒေါသဖြစ်လာ၏။ သူ့စိတ်တွင်လည်း ဆရာမအား ဖြစ်နိုင် လျှင် ဤလို လေဒီရှူး မစီးရန်နှင့် ဆံထုံးကားကားကြီး မထုံးရန် အကြံပေးလို၏။ အခြားသော ဆရာမ များ နည်းတူ ရိုးရိုးအသွင်ဖြင့် အတာ မြင်လို၏။ အထူးသဖြင့် ရိုးရိုးအဆင်အပြင်ကို သူက မြင်ချင်သည် ထက် ထိုထိုကျောင်းသားများ၏အနှောက်အပြောင်ခံရမှုမှ ဆရာမ သက်သာရာရမည်ကို အတာ ပို၍ လိုလား၏။

တစ်နေ့သော်
ဆရာမဖြစ်သူ အတန်းထဲဝင်လာပြီး စာအုပ် ဖောင်တိန် စသည်တို့ကို ချလိုက်သည်နှင့် စားပွဲပေါ်တွင် မြေဖြူနှင့် ရေးဆော့ထားသော ဆရာမ၏ကာတွန်းရုပ်ပြောင်ကို ကိုးရိုးကားရားမြင် လိုက် ရသောကြောင့် ဆရာမတွင် သိသိသာသာ မျက်နှာပျက်သွား၏။ သို့သော် ဒေါသဖြစ်ပြီး၊ စိတ်ဆိုးခြင်း တည်းဟူသော အမူအရာမျိုးမပြဘဲ ဝမ်းနည်းပြီး စိတ်မကောင်းဖြစ်သွားသည့် အသွင်သာဆောင်နေ ၏။
“ဟေ့ ဒီစားပွဲမှာ ဘယ်သူရေးထားသလဲကွဲ့”
တည်ခန့်သော မျက်နှာထားတွင် ပြုံးယောင်ကလေးသန်း၍ သို့လျှင် ခပ်အေးအေး မေးလိုက်၏။ အဖြေ ဆို၍ ဘာတစ်ခွန်းမျှပေါ်မလာ။ “ကျွန်တော်တို့ မသိဘူးဆရာမ”ဟူ၍ပင် မည်သူတစ်ယောက် မျှ ပြော ဖော်မရ။ ဆရာမကလည်း အားလုံးကို တစ်ယောက်စီအကဲခတ်နေ၏။

ထိုအချိန်၌ အတာသည် အသားများ တဆတ်ဆတ်တုန်နေ၏။ အံကလေးလည်းကြိတ်ထား၏။ နောက် ဆုံး စိတ်မတင်းနိုင်၍လား မသိ။ ထိုင်နေရာမှ ဆတ်ခနဲ ထရပ်တဲ့ကာ
“ကျွန်တော် သိတယ် မမ၊ အဲဒါ စိန်တင်ရေးထားတာ”ဟု ပြတ်ပြတ်သားသားပင် ထ၍ ပြော လိုက်သော ကြောင့် တစ်တန်းလုံး လှုပ်လှုပ်ရှားရှားဖြစ်သွားတော့၏။ ဆရာမလည်း စိန်တင်ဆိုသူအား အတန်ကြာ တွေကြည့်နေပြီးမှ
“ကဲ မောင်စိန်တင် မတ်တတ်ရပ်စမ်း”
စိန်တင် လည်း ဆိုးဆိုးဆတ်ဆတ် ထရပ်ရင်း အလွန်ဒေါသဖြစ်နေသော အမူအရာဖြင့် အတာ့အား စွေ ကြည့်လိုက်၊ ဆရာမဆီ မျက်နှာမူလိုက်ဖြင့် ဣနြေ္ဒမရဖြစ်နေ၏။
“ကိုယ့်ဆရာမ ကို ဒီလိုရေးတာ ကောင်းသလား မောင်စိန်တင်၊ မတော်တရော်တွေ”
ဆရာမ က ခပ်မှန်မှန်အမူအရာဖြင့် မေးလိုက်၏။ သို့သော် စိန်တင်က ဘာမျှ မဖြေ။ ခေါင်းကလေးငုံ့၍ တွေသွား၏။ “မတော်တရော်တွေ”ဟု ဆိုသော်လည်း စစ်စစ် ရိုင်းရိုင်းပျပျမပါ။ ဆရာမ ဆင်ယင်ထား သည့် အတိုင်း လေဒီရှူးနှင့် ဆံထုံးကြီးကိုသာ အဓိကထား၍ ကာတွန်း အဖြစ် ရေးထားပြီး အောက်နား တွင်မူ (လေဒီရှူးနှင့် မဘီအေ)ဟူသော စာတစ်ကြောင်းပါ၏။

“မင်း ဘာဖြစ်လို့ ဒီလိုရေးရသလဲ”
သို့ ထပ်မေးလိုက်သည့်တိုင်အောင် စိန်တင်မလှုပ်သေး။ အခြားသော အတန်းသားများမှာမူ ဆရာမ အား အားနာနေ သည့်အသွင်ဆောင်နေကြ၏။ ချက်ချင်းဆိုသလို ဆရာမ၏မျက်နှာလည်း အသွင် ပြောင်းလာ၏။ အပြစ်တစ်ခုကို အတော်ကလေး ဆိုးဆိုးဝါးဝါး ကျူးလွန်ခဲ့သူတစ်ယောက်အား ဤသို့ သော မေးခွန်း များ ထုတ်နေခြင်းအားဖြင့် အကျိုးထင်မည် မဟုတ်။ ခေါ်ရိုက် သည့်တိုင်အောင်လည်း မိမိ အား နောက်ပြောင်မှုသည် ရပ်တန့်သွားမည်ဆိုက တာဝန်မကြီး၊ သို့မဟုတ် ရိုက်ရကောင်းလား ဟု မုန်း စိတ်တွင် အနှောင့်အယှက် ဖြစ်နေပေမည်။ ဤသည်ကို တွေးမိသည်နှင့် ဆရာမ လည်း သိသိသာသာ ပြုံးနေ၏။

ထိုအချိန်မှာပင် စိန်တင်လည်း အလွန်လျှင် မကျေမနပ်ဖြစ်နေသော မျက်နှာထားဖြင့် အတာအား လှမ်း ကြည့်လိုက်ပြန်၏။ အတာကလည်း သတ္တိမနည်းလှသောအသွင်ဖြင့် မှင်သေသေ ပြန်ကြည့်လိုက်သည် တွင် “မင်းသိမယ်”ဟူသော အမူအရာဖြင့် စိန်တင်က ခေါင်းကလေး ဆတ်ပြလိုက်သည်ကို မမှု့သောလက္ခဏာဖြင့် မဲ့ပြုံးကလေး ပြုံးပြလိုက်၏။ ဤသည်ကိုပါ ဆရာမက အကဲခတ်မိလိုက်သဖြင့် “ဆရာမလဲ သိပါတယ်၊ မင်းတို့အားလုံးလိုလိုပဲ ဆရာမ ခုလိုဝတ်တာ စားတာကို သဘောမကျကြဘူး၊ မဟုတ်လား”ဟု ဆရာမက ပြုံးပြုံးရယ်ရယ်မေးလိုက်သောကြောင့် အားလုံးပင် အံ့အားသင့်ကြတော့၏။
“မကြားတကြားနဲ့ ဆရာမကိုစောင်းပြီး သီချင်းဆိုကြတာလဲ ဆရာမ သိတာပဲ၊ မင်းတို့တင်မဟုတ်ဘူး၊ ဒိပြင် အတန်းသားတွေလဲ ပါသပေါ့၊ အေး ဒီလိုဆိုရင် နက်ဖြန်ကစပြီး ဆရာမ လေဒီရှူးမစီးတော့ဘူး ဟုတ်လား၊ ဆံထုံးလဲ ကြီးကြီးမထုံးတော့ဘူး၊ ဟို တခြားအတန်းက ဆရာမတွေလို ရိုးရိုးပဲ ဝတ်စား တော့မယ်နော်”

ဆရာမက လိုက်လိုက်လျောလျောနှင့် ပြုံးပြုံးရွှင်ရွှင်ပြောနေသကဲ့သို့ပင် တစ်တန်းသားလုံးလည်း ကြင် ကြင်လင်လင် ဆရာမ အပေါ်တွင် ချစ်ခင်လေးစားလာသည့် အရိပ်အရောင်လည်း သန်းနေ၏။ ဆရာမ  ကိုယ်၌ကပင် သူ၏ခေတ်ဆန်မှုသည် ဆရာမတစ်ယောက်အနေဖြင့် ဣနြေ္ဒမရသည်ကို ရိပ်စားနား လည်သွားဟန် တူ၏။ သို့တိုင်အောင် သူ့အတန်းသားများအာ ဤလိုစကားဖြင့် လိုက်လျောသလို ပြော ပြီးမှ အဝတ်အစား ဆင်ပြင်ရန်မလို။ မိမိဘာသာ ပြင်လိုလျှငလည်း ပြီးနိုင်၏။ သို့သော် ပါးနပ်သော ဆရာမ ပီပီ ဤလိုဖော်ရွေစွာ ပြောဆိုလိုက်ခြင်းအားဖြင့် သူ့တွင် အရှုံးမရှိ။ အတန်းသားများက ကြည် ကြည် လင်လင်နှင့် ဆရာမအပေါ် ချစ်ခင်လာသည့် အမြတ်ပင် မိနစ်ပိုင်းအတွင်း လက်ငင်းပေါ် လာပြီ ဖြစ်၏။

“အေး နက်ဖြန်ကစပြီး ဆရာမ ရိုးရိုးပဲ ဝတ်တော့မယ်ပေါ့ကွယ် နော်၊ ကဲ စိန်တင် ထိုင်တော့၊ မင့်ကိုလဲ ဆရာမ စိတ်မဆိုးပါဘူး၊ ဒါပေမဲ့ နောက်နောင်ကို ဘယ်တော့မှ ဒီလိုမလုပ်နဲ့၊ ဆရာမက သည်းခံနိုင်ပေ မဲ့ မင်းတို့ မှာ အပြစ်ဖြစ်မယ်၊ ကိုယ့်ဆရာသမားကို ဒီလို မလုပ်ကောင်းဘူး၊ ကြားလား”
ရိုရိုသေသေနှင့် ကျေကျေနပ်နပ်ပင် စိန်တင်က ခေါင်းညိတ်လိုက်၏။
“အေး ဆရာမ ကလဲ ကိုယ့်တပည့်တွေကို မမုန်းတတ်ဘူး၊ မင်းတို့ကလဲ မုန်းစိတ်မထားကြနဲ့၊ မကျေနပ် တာ ရှိရင် ပွင့်ပွင့်လင်းလင်း ပြောပေါ့ကွယ်၊ သြ ပြီးတော့ အတာ့ကိုလဲ အငြိုးမထားနဲ့နော်၊ အတန်းသား ချင်း မသင့်မြတ်တာလဲ ဆရာမက မကြိုက်ဘူးကွဲ့၊ ဟုတ်လား စိန်တင်”
“ဟုတ်ကဲ့ ကျွန်တော် အငြိုးမထားပါဘူး ဆရာမ” “ကဲ ဒါဖြင့် နှစ်ယောကစလုံးလာ၊ အတာရော မင်းရော”
ပြောပြောဆိုဆို အနီးသို့ခေါ်ယူကာ တစ်ယောက်နှင့်တစ်ယောက် လက်ဆွဲနှုတ်ဆက်ကာ ဖက်လဲ တကင်းပြုစေ လိုက်ပြီးမှ အသီးသီး ပြန်ထိုင်ခိုင်းလိုက်၏။

အတာတွင် ပညာရေးနှင့်ပတ်သက်၍သော်လည်းကောင်း၊ အဝတ်အစားပြဿနာသည်လည်းကောင်း သူ့တွင် ဘာမျှမရှိ။ ဘာမျှလည်း ပူစရာမလိုတော့သည့်တိုင်အောင် တစ်ခါတစ်ရံတွင် စိတ်မချမ်းမသာ ဖြစ်ရသေး၏။ ထိုသည်ကား သူတို့နေသော အိမ်ခန်းလခဖြစ်၏။ အတာ ကြားရ သလောက်ဆိုလျှင် အိမ် လခသည် ခြောက်လမျှ ကြွေးတင်နေပြီဖြစ်သောကြောင့် အိမ်ရှင်ကပင် တရားစွဲ ထားသည်ဟု သိရသ ဖြင့် အတာ စိတ်မကောင်းနိုင်။ အမှုရှုံး၍ အိမ်ပေါ်မှဆင်းပေးရသည်ရှိသော် အဘယ်ရပ် သို့ ရောက်ရ မည်မသိ။ အတာ မပြောင်းလို။ ဤလမ်းထဲတွင်သာ သူပျော်၏။ နေထိုင်ကြသူ ရပ်ကွက် လူရည်သန့်သ လောက် သူ့သူငယ်ချင်းများမှာလည်း လူကုံထံသားသမီးများဖြစ်သည့်အတိုင်း အစစ အရာရာ သိမ်မွေ့ သူများဖြစ်၍ သူတို့နှင့်လည်း အတာ မခွဲလို။ သို့သော် သူလည်း ဘာမျှ မတတ်နိုင် ဖြစ်သမျှအကြောင်း ဟူ၍သာ သဘောထားပြီး ထိုအတွေးကို ဖျောက်လိုက်ရတော့၏။

ထိုရပ်ကွက် ကို အတာ ခင်သကဲ့သို့ အတာ့ကိုလည်း ထိုရပ်ကွက်လူထုက ချစ်ကြ၏။ အတာ ရောက် လာပြီး မှလည်း ရပ်ကွက်ရှိ လူငယ်များမှာ တောင်ပိုင်းနှင့် မြောက်ပိုင်းဟူ၍ မသင့်မမြတ်မရှိကြတော့ဘဲ စည်းစည်း လုံးလုံးနှင့် ချစ်ချစ်ခင်ခင် ပေါင်းမိနေကြ၏။ ရပ်ကွက်သညလည်း အတာရောက်မှ ပို၍စည် ကားလာ၏။
အထူးသဖြင့် ယခင့်ယခင်က နှစ်သစ်ကူးသင်္ကြန်ဆိုလျှင် အခြားသော ပစ္စည်းမဲ့ရပ်ကွက်များသော်မှ အကျွေးအမွေးဖြင့် ဖြေဖျော်ဧည့်ခံနိုင်ကြပါလျက် လူချမ်းသာ ကုန်သည်ပေါလှသည့် ဤရပ်ကွက် မှာမူ ခြောက်ကပ်ကပ်နှင့်ပင် တစ်နှစ်ပြီးတစ်နှစ် ကူးသွားခဲ့၏။ ယခု အတာရောက်လာသည်တွင်မူကား အလှူအတန်းနှင့် အကျွေးအမွေးဝါသနာထုံသော အတာသည် သူရောက်ခဲ့သည့် နောက်နှစ်မှစ၍ သူတို့လူငယ်အဖွဲ့သားချင်း ငွေစုကာ ဝါးလေးတိုင်ဖြင့်ဖြစ်သလို မဏ္ဍာပ်ထူလျက် လာသမျှသော ရေ ပက်ခံကားများကို လမ်းထိပ်မှ ဆီး၍တားပြီး သစ်ခွရည်ဖြင့် ဧည့်ခံတော့၏။

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

Tuesday, April 24, 2012

သာဓု ၏ အတာ, အပိုင်း (၄၁)

ယခင်က ဆိုလျှင် မင်္ဂလာဆောင်၊ ရှင်ပြု စသော မည်သည့်လှူမှုတန်းမှုကို လုပ်ကြသည်ဖြစ်စေ ထုံးစံအ တိုင်း မိမိတို့ ဆိုင်ရာ ဆွေမျိုးတစ်ခု အကူအညီဖြင့် ကိစ္စပြီးကြရလျက် အချို့သော အလှူရှင်များတွင် လည်း ဝိုင်းဝန်းလုပ်ကိုင်ပေးမည့် ဆွေမျိုးမိတ်သင်္ဂဟ ရှားပါးသည်နှင့်အညီ ကသီလင်တ မနိုင်မနင်းနှင့် ပင် လှူဖွယ်ကိစ္စကို စိတ်မောလူမော အဆုံးသတ်လိုက်ကြရ၏။ ကို ဆက်ဖတ်ရန်...........

ယခုသော် အရပ်ထဲရှိ မည်သူက အလှူလုပ်လိုသည်ဖြစ်စေ၊ အကူအညီကို ရှားရှားပါးပါး လိုက်စုနေ စရာမလို။ အတာကိုအကြောင်းကြားလိုက်လျှင် ဆယ့်ငါးယောက်မျှသော လူငယ်များသည် အချိန်မရွေး အချိန်မီ ရောက်လာမည်ဖြစ်၏။ များစွာသော အလှူအိမ်တို့ တွင် ပြုမူကျွေးမွေး တတ်ကြသည့် အတိုင်း နောက်ဖေးမှ မုန့်ဟင်းခါးပန်းကန်ကို အိမ်ရှေ့ထိ၊ အိမ်ရှေ့မှ စားပြီးသားများကို နောက်ဖေးထိ တစ်ဦး တစ်ယောက်တည်း က ယူသွားတတ်သည့်နည်းကို အတာ မသုံး။ နောက်ဖေးမှ အိမ်ရှေ့ အိမ်ရှေ့ မှ နောက်ဖေးသို့လည်းကောင်း၊ အခြားတစ်တန်းမှာ နောက်ဖေးမှ မုန့်ပန်းကန်များကို ဧည့်ခန်းသို့ လည်း ကောင်း လက်ဆင့်ကမ်းပေးပို့ခြင်းအားဖြင့် လူလည်း သက်သာ၊ ရှုပ်ရှုပ်ထွေးထွေးလည်း မရှိ။ အကွက် လည်း စေ့သည့်အပြင် မလစ်မဟင်းနှင့် အလုပ်ပါတွင်ကျယ်၏။

အတာ ကမူ သူတစ်ထူးမလုပ်ချင်သော ပန်းကန်ထိုင်ဆေး၊ ထွေးခံသွန်စသည်ကိုသာ မရွံမရှာ လုပ်လေ့ ရှိ၏။ အနစ်နာခံစရာ ရှိလျှင် သူ့သူငယ်ချင်းများကို နောက်တွင်ထား၍ သူသည်ပင် ရှေ့မှခံ၏။ သို့ကြောင့် လည်း သူ့သူငယ်ချင်းများက အတာ့ကို ချစ်ကြ၏။ ခင်မင်လေးစား ကြ၏။ မြန်မာအိမ် တစ်အိမ်မှ ပြုလုပ် သော အလှူပင်ဖြစ်စေ အတာ့နောက်တွင် ကုလားနှင့် တရုတ်ကလေးများလည်း အမြဲ ပါ၏။ တစ်ခါတစ် ရံ ဝက်သားဟင်းပါသည့် အလှူမျိုးဖြစ်က ထမင်းကျွေးဧည့်ခံချိန်တွင် ကုလားကလေးများ ကို "မင်း ဒီမှာထိုင်နေကြ ဦးနော်၊ တစ်လှည့်စီလုပ်ရမယ်၊ သူတို့အရင်လုပ်ပစေ၊ မင်းတို့ အလှည့်ကျမှ ငါ လာခေါ်မယ်" စသည်ဖြင့် ပရိယာယ်သုံးကာ အိမ်ပြင်တွင် ထိုင်ခိုင်းထားပြီး ဝက်သား ပါသည့်ကိစ္စပြီး၍ အချိုပွဲ ပို့ရန် အချိန်ရောက်မှ ကုလားကလေးများကို ခေါ်၏။ ဤလို သိတတ်မှု ကလေးများကြောင့် လည်း အတာ့ ဆိုလျှင် ကုလားကလေးများကပါ အသည်းစွဲဖြစ်နေကြ၏။

အလှူနှင့်ပတ်သက်၍သော်လည်းကောင်း၊ သာရေးနာရေးကိစ္စများအတွက်သော်လည်းကောင်း အတာ တို့အား အကူအညီခေါ်လျှင် လူမျိုးဘာသာမရွေး အတာတို့လိုက်လုပ်ပေးကြ၏။ ဤလို အစုလိုက် အသင်း လိုက် ကူညီနိုင်ရန်လည်း အတာသည် လူငယ်များအဖွဲ့ဟူ၍ အဖွဲ့ကလေးတစ်ခု ဖွဲ့စည်း တည် ထောင်ကာ မူလက အဖွဲ့ရန်ပုံငွေအဖြစ် တနင်္ဂနွေနေ့တိုင်း တစ်ယောက်တစ်ပြားစီ ထည့်ဝင် စုဆောင်း ခဲ့ကြသော်လည်း သူတို့၏ကူညီတတ်သော စေတနာကို အလုပ်ဖြင့် ပြလာသောအခါ၌ သူတို့ အဖွဲ့၏ အကူအညီ ကိုတောင်းသော အလှူအိမ်တိုင်းက ငါးကျပ်မှ တစ်ဆယ်ထိ ရန်ပုံငွေအဖြစ် ထည့်ဝင် လာကြ သောကြောင့် သူတို့ကိုယ်၌က တစ်ပြားစီထည့်ဝင်ရန်ပင် မလိုတော့သော အခြေသို့ ရောက်လာတော့၏။

ဤမှာဘက်တွင်သာ အတာ အသုံးကျသည်မဟုတ်။

"အတာရေ လာပါဦးကွယ်၊ ဒေါ်ဒေါ်အေးကို ဘင်္ဂလားဆီးသီး အစိတ်သားလောက် ဝယ်ပေးစမ်းပါဦး နော်"
ခင်စိုးလှ တို့မေမေကလည်း အတာအား အိမ်ပေါ်သို့ခေါ်ကာ ဝယ်စရာတစ်ခုခုရှိပါက သူ့အားပင် ခိုင်း လေ့ ရှိ၏။ အတာကလည်း မငြင်း၊ သွက်သွက်လက်လက်ပင် အပြေးကလေး သွားဝယ်လာတတ်၏။
"သြော် ငါ့တူ ရယ်၊ ခပ်ပျော့ပျော့ကလေးဟာ ဝယ်ခဲ့ရောပေါ့၊ မင့်ခုဟာက မာလိုက်တာ ကိုက်လို့တောင် မရဘူး" ဟု ဒေါ်ဒေါ်အေးက အပြစ်ကလေး တင်လိုက်သည်မှာ "ကျွန်တော်ပြောမယ် ဒေါ်ဒေါ်အေး၊ သစ်သီး ဆိုင်တွေမှာ ရောင်းတဲ့ ဘင်္ဂလားဆီးသီးခြောက်က သူတို့ က နှစ်မျိုးနှစ်စားပြထားပေမဲ့ အဲဒါ အတူတူ ပဲ ဒေါ်ဒေါ်အေးရဲ့၊ ခြောက်ပြီးမာနေတဲ့ အစားက ရေမဆွတ် ရသေးတာ၊ ခပ်ပျော့ပျော့ က ရေဆွတ်ထားတာ" "ဟေ ဟုတ်လား"
"ဟုတ်တယ် ခင်ဗျ၊ ကျွန်တော် သေသေချာချာ သိတာပေါ့၊ ခဏခဏ မြင်နေရတာပဲ၊ အဲဒါ ဝယ်တဲ့ လူ တွေက ခြောက်နေတဲ့အစားကို မာတယ်ဆိုပြီး မဝယ်ကြဘူး၊ ပျော့ပျော့ကိုပဲ ယူကြတယ်၊ အဲဒါ ဝယ်တဲ့ လူ နာ တာပေါ့"

"ဘာဖြစ်လို့လဲ အတာ"
"အခြောက်ကို ရေဆွတ်ထားတာမို့ အလေးချိန်ပိုစီးတယ် မဟုတ်လား၊ ပြီးတော့ ဒီအပျော့စားကို လူကြိုက်များတယ် ဆိုပြီး တစ်ပိဿာမှာ တစ်မတ်ငါးမူး ဈေးတင်ထားလိုက်သေးတယ်၊ ဝယ်သူ မနာဘူး လား ကဲ၊ ဒါကြောင့် ကျွန်တော် အခြောက်ကို ဝယ်လာတာ၊ ဒေါ်ဒေါ်အေး မယုံရင် ဒီဆီးသီး ကို ပြန်ပြီး ရေကလေးနည်းနည်း ပက်ထားကြည့်၊ နောက် တစ်နာရီလောက်ကြာရင် ပျော့လာလိမ့်မယ်၊ ဆိုင် က ကုလားတွေလဲ ဒီတိုင်းလုပ်တာပဲ"
ဝယ်သူ တွင် ဈေးပိုပေးရသည်ရော၊ အလေးချိန်ပိုစီးသည့်အတွက် နာနှစ်နာ နာသည့်အဖြစ်ကို ယခု အတာပြော မှပင် ဒေါ်ဒေါ်အေး သဘောပေါက်တော့၏။
ဤလို အဝယ်အခြမ်း ကိစ္စမျိုးတွင်သာ အတာ ပါးနပ်သည်မဟုတ်သေး။

"ဒီမှာ အတာ၊ လမ်းလေးဆယ်ထဲကလေ အိမ်နံပါတ် ၁၀၉ မှာနေ တဲ့ ရေဘုံဘိုင်ပြင်တဲ့ ကုလားကို ခေါ် ပေးစမ်းပါကွယ် နော်"ဟု တစ်ဦးတစ်ယောက်က ခေါ်ခိုင်းလျှင်လည်း
"ဘာဖြစ်လို့လဲ ကြီးကြီး" "ဘုံဘိုင်ခေါင်း ပျက်နေလို့ကွဲ့၊ ခု အဝတ်စုပ်တွေနဲ့ ပတ်ထားရတယ်၊ ရေတွေ ဒလဟော ထွက်နေလို့" "ကျွန်တော် ဝင်ကြည့်မယ်နော်"ဟု ဝင်ခွင့်တောင်းကာ ဘုံဘိုင်ခေါင်းကို သွားကြည့် ၏။
"ကျွန်တော် ခု ပြန်လာမယ် ကြီးကြီး"
အတာ လည်း ပြောပြောဆိုဆို ထွက်သွားကာ ပြန်လာသောအခါ၌ မော်တော်ကားကျွတ်စ သို့မဟုတ် သားရေစတစ်ခုခုနှင့် အတူ ဂဏန်းလက်မတစ်ခု ပါလာသည်ကိုတွေ့ရပြီး သုံးလေးမိနစ် အတွင်း မှာပင် ရေဒရဟောယိုနေသည့် ဘုံဘိုင်ခေါင်းသည် အကောင်းပကတိ ဖြစ်သွားလိမ့်မည်သာ။

"ဟဲ့ မင်း ဒီပညာတွေ လဲ တတ်သလား အတာ၊ မင့် ဘယ်သူသင်ပေးသလဲ"
"ကျွန်တော်တို့ အိမ်က ဘုံဘိုင်ခေါင်းပျက်တုန်းက ကုလားလာပြင်တာကို ကြည့်နေတာပေါ့၊ အလွယ် လေးပါ ကြီးကြီးရဲ့"
သို့လျှင် အမှတ်မဲ့ မနေတတ်သော အတာသည် ပညာကိုမြင်ရုံနှင့်လည်း အရယူလိုက်တတ်သေး၏။
တစ်နေ့သော် ခင်စိုးလှတို့ အပေါ်ထပ်သို့ အတာသည် ဖျတ်ဖျတ်လတ်လတ် ပြေးတက်သွားပြီး တဒက်ဒက်နှင့် တံခါး ကို ခေါက်လိုက်၏။ ချက်ချင်းပင် တံခါးပွင့်လာကာဖွင့်ထားသော တံခါးနှစ်ရွက်ကို ကိုင်မော့ ၍ ခပ်ကျော့ ကျော့ရပ်နေသော ခင်စိုးလှလည်း ရုတ်တရက် အတာ့ကို မြင်လိုက်ရသည်နှင့်
"ဘာလဲ နင် ဘာလာလုပ်တာလဲ၊ မေမေ မရှိဘူး"ဟု ခင်စိုးလှက မျက်နှာထားတင်းတင်းနှင့် တစ်လုံး ချင်း မေးလိုက်သောကြောင့် "ဒေါ်ဒေါ်အေး မရှိဘူးဆိုတာ ငါ သိသားပဲ"

"ဟင် ဒါဖြင့် ဘာလို့တက်လာရသလဲ၊ မိန်းမပျိုလေးတစ်ယောက်ထဲရှိတာ"
"ဘာ မိန်းမပျိုလေး ဟုတ်လား၊ နင့်အသက် ဘယ်လောက်များရှိနေပြီမို့လဲ၊ ကဲ ဒါက ငါနဲ့မဆိုင်ပါဘူး လေ၊ နင် လမ်းဖယ်ပေးပါ၊ ငါ အထဲဝင်မလို့"ဟု ပြောပြောဆိုဆို အတာက ခြေလှမ်းပြင်လိုက်သော ကြောင့် ခင်စိုးလှတွင် ရွံ့ခနဲဖြစ်သွားရာမှ "ဘာဖြစ်လို့ ဝင်ရမှာလဲ၊ မေမေ မရှိဘူး၊ အိမ်မှာ ငါ တစ်ယောက်တည်း သိရဲ့လား" "ဘာ၊ နင်တစ်ယောက်ထဲကော နင့်ကို ဘယ်သူက ဘာလုပ်မှာတဲ့လဲ၊ ဒီမှာ ဓာတ်မီး ဖျုစ် ပျက်နေတာ ပြင်ပေးပါဆိုပြီး ဒေါ်ဒေါ်အေးက လွှတ်လိုက်လို့ ငါလာတာ"
ဤတွင်မှ ခင်စိုးလှတွင် အဓိပ္ပာယ်ရှင်းသွားတော့၏။ သို့သော် ရုတ်တရက် မဖယ်သေး၊ တစ်စုံ တစ်ရာ တွေးနေပြီးမှ "ဒါဖြင့် နင့်ဟာနင် လုပ်၊ ငါ အောက်ကို သွားနေမယ်"

ခင်စိုးလှကလည်း သို့ပြောရင်း တံခါးအပြင်ဆီသို့ ခြေလှမ်းတော့မည်ပြုလိုက်သည်နှင့်
"ဒီလိုဆို ငါ မပြင်ဘူး၊ ငါလဲ ပြန်မယ်" ဟု အတာလည်း ပြောပြောဆိုဆို ခြေလှမ်းပြင်ရုံသာမဟုတ်ဘဲ ဆင်းစ ပင် ပြုလိုက်သောကြောင့် "ဒါက ဘယ်လဲ၊ ဓာတ်မီးမပြင်တော့ဘူးလား"ဟု ခင်စိုးလှက အထိတ်တလန့်ကလေး မေးလိုက်၏။

အတာကို အဘယ်ကြောင့်ဟူ၍ မသိ၊ မုန်းပင် မုန်းနေသော်လည်း ဓာတ်မီးမပြင်ဘဲ ထွက်သွားမည်ကိုမူ ခင်စိုးလှ စိုးရိမ်ရ၏။ အချိန်မှာလည်း ရေဒီယိုလာရန် ဆယ့်လေးငါးမိနစ်မျှသာ လိုတော့သည်။ အမြန်ဆုံး မီးရမှု ကို လိုလားသဖြင့် သူ့မေမေအား ပူဆာခဲ့ရာတွင် ဓာတ်မီးကုမ္ပဏီမှ လူကို မခေါ်ဘဲ အတာကို လွှတ်လိုက်ရပါ လို့လားဟူ၍လည်း ခင်စိုးလှ ဒေါပွနေမိ၏။ သို့သော် ရေဒီယို နားမထောင်ရမည်ကို လည်း သူ အလွန် ပူနေ၏။ သို့နှင့်ပင် ထူထူအမ်းအမ်းကလေး မေးလိုက်ရာ၌
"အေး၊ နင် ငါ့အနားမှာမရှိရင် ငါလဲ ဓာတ်မီးမပြင်နိုင်ဘူး၊ သွားမယ်"ဟု အတာကလည်းမလျော့။ သမင် လည်ပြန် မော့ကြည့်ရင်း ပြောလိုက်သောကြောင့်
"ဟုတ်တယ်၊ နင့်အနားမှာ ငါကနေရမယ် အင်း"
"နင် အဆန်းမတွေးနဲ့ သိလား၊ ငါက ရိုးရိုးပြောနေတာ၊ တကယ်လို့ နင်ဆင်းသွားရင် ငါတစ်ယောက်ထဲ အပေါ်မှာ ကျန်နေမယ်၊ အဲဒါ မတော်လို့ ပစ္စည်းတစ်ခုခုပျောက်သွားရင် ဘယ်သူ့ခေါင်းကျမလဲ နင်စဉ်း စားကြည့်စမ်း၊ လာလဲ လုပ်ပေးရသေးရဲ့၊ သူခိုးလို့လဲ အထင်ခံရမယ်ဆိုရင်တော့ မဖြစ်ဘူး၊ အဲဒါက တစ်အချက်"

"အင်း ဟင့်"
ခင်စိုးလှကမူ ထိုမျှသာ မသိမသာမဲ့ရင်း ရေရွတ်လိုက်၏။
"နှစ်အချက် ကတော့ နင်အောက်ကိုဆင်းပြိး ရှောင်နေမယ်ဆိုရင် အရပ်က ငါ့ကိုဘယ်လိုထင်မလဲ၊ ဒီ ကောင်လေး မရိုးသားလို့သာ"
"ကဲ တော်တော့၊ လာ ငါ မဆင်းတော့ဘူး၊ ဟိုနားက ထိုင်ကြည့်နေမယ် နင့်ဟာနင် ပြင်"
ယခုမှပင် ခင်စိုးလှလည်း တံခါးဝှ လမ်းဖယ်ပေးကာ မကြည်မသာနှင့်ပင် အတာအား ဝင်ခွင့်ပြု လိုက် တော့၏။
အတာလည်း အိမ်ရှေ့ဘုရားစင်ဘေးရှိ ပင်မသော့ခလုတ်ကို ဖြုတ်ကာ အသင့်ပါလာသော ဓာတ်ကြိုး မျှင်ကလေးများကို ဖြတ်၍ ပြတ်သွားသည့်နေရာတွင် အစားထိုးပြုပြင်လျက် ခလုတ်ကို ချက်ခနဲဖွင့် လိုက် သည်နှင့် ဓာတ်မီးများလင်းလာ၏။ ခင်စိုးလှ မျက်နှာကလေးလည်း ဝင်းခနဲ ကြည်သွား၏။ သို့ သော် အတာ က လှည့်ကြည့်လိုက်သည်နှင့် မျက်နှာပိုးကလေးသတ်တဲ့ကာ "ပြီးရင် သွားတော့"ဟု ခပ်စူစူကလေး ပြောလိုက်သည်ကို "နင်က ဆွဲထားလဲ ငါ မနေဘူး၊ ဒါကြောင့် ပြီးရင် သွားတော့ လို့ ပြောတာပေါ့"

"အေး နင်က ရှိခိုးပြီး ဆွဲထားလဲ မနေဘူး၊ ရှိခိုးပြီးခေါ်လဲ ငါ မလာဘူး၊ သိလား၊ ဒေါ်ဒေါ်အေးက ကဲ အတာ ရယ်၊ ဟော မင့်နှမက ရေဒီယိုနားမထောင်ရရင် သေရတော့မလိုဖြစ်နေလို့ ဓာတ်မီးပြင်နေ တာ လေး လုပ်ပေးလိုက်စမ်းပါဦးဆိုလို့ ငါလာတာ နားလည်လား"
"အောင်မယ် မင့်နှမကတဲ့ ဟင်း ဒီလိုဟာမျိုး သေတောင် အစ်ကိုမတော်ဘူး"
"ငါကလဲ နင့်ကို ဗလတ်တတ်တတ် ရှပ်တတ်တတ် မိန်းကလေးမျိုးကို နှမတော်ဖို့ ယောင်လို့တောင် အိပ်မက် မမက်ဘူး၊ အဲဒါ မှတ်ထားလိုက်" ခင်စိုးလှ ဘာမျှထပ်မချေနိုင်။ အငိုင် သားတွေကြည့်ရင်း နှုတ်ခမ်း တစူစူနှင့် တဟင်းဟင်း ဒေါပွနေ၏။ အတာကလည်း မျက်နှာထား တင်းတင်းနှင့် ပင် လှည့်ထွက်လာခဲ့၍ တံခါးပိတ်ရင် လှမ်းထွက်လာပြီး အတာ အပြင်သို့ရောက်သည်နှင့် တံခါးကို ဂျုန်းခနဲ ဆောင့်ပိတ်လိုက်၏။ အတာကလည်း အညံ့အခံ။ ပိတ်လိုက်သော တံခါးရွက်ကို ဝုန်းခနဲ တစ်ချက် ထုလိုက်ပြီးမှ သူ့ဟာသူ သဘောကျသွားသလို ပြုံးပြုံး ရယ်ရယ် ဆင်းလာခဲ့၏။

ခင်စိုးလှနှင့် အတာ မြင်လိုက်သည်နှင့် တစ်ယောက်ကိုတစ်ယောက် ကတောက်ကဆ အမူအရာ ကလေးတွေ ပြလာတတ်၏။ နီးနီးကပ်ကပ်မျက်နှာချင်းဆိုင်မိလျှင် အထက်ပါနည်းတူ သူဘု ငါဘောက် နှင့် တစ်ယောက်ကိုတစ်ယောက် အဘယ်သောအခါမျှ အလျှော့ပေးလေ့ မရှိခဲ့သည့် အတိုင်းပင် ယနေ့ အထိသော သူတို့နှစ်ယောက်၏အခြေမှာ ဆိုခဲ့သည့်အနေတွင်သာရှိနေသေး၏။
အရပ်ထဲ တွင်လည်း အရပ်နှင့် ဆိုင်ရာကိစ္စကလေးများ၌ အဖက်ဖက်က အတာ ကျွမ်းကျင် သကဲ့ သို့ ကျောင်းရောက်လျှင် လည်း ပညာရေးဘက်၌ သူမတူအောင် ဦးနှောက် ကလေး ပြောင်လက်နေချေ သေး ၏။

"အောက်ပါစကားလုံးများကို ဝါကျတစ်ခုစီဖွဲ့ပါ"ဟူ၍ တီချာလတ်က အင်္ဂလိပ်ဘာသာဖြင့် ကျောက်သင် ပုန်းကြီး တွင်
ဥပမာ၊ Taller, Spring, Clever, Fly, Behaved အစရှိသဖြင့် ရေးသား၍ ဝါကျဖွဲ့ခိုင်းလျှင်
(1) He is taller than his brother.
(2) Let us bathe in the spring.
(3) Khin Khin is clever than Ye Ye.
(4) Bees fly in and out.
(5) Mg Mg behaved in a childish way.
များသောအားဖြင့် အထက်ပါအတိုင်း အလွယ်ဆုံးသော နည်းကိုသုံး၍ ရေးဖွဲ့တတ်ကြသော်လည်း အတာကမူ
(1) I wish I were taller.
(2) The tiger was shot before getting chance to spring.
(3) Rama is remarkably clever in arithmetic.
(4) Fly is troublesome insect.
(5) San Win behaved as though he was very angry.

ဤသို့သာလျှင် ခက်ခက်ခဲခဲ စကားလုံးရှာ၍ ဝါကျဖွဲ့လေ့ရှိ၏။ မှားသော်မှ မှားစေ၊ သူ့တွင် စွန့်စား တတ် သော ဝါသနာကလေးအပြင် မည်သည့်အရာတွင်မဆို သူတစ်ဦးထက် ထူးထူးခြားခြား အစွမ်းပြ လိုက်ရ မှ ကျေနပ်တတ်သော စိတ်ကလေးကလည်း ရှိသည့်အတိုင်း အမြဲလိုလို သူ စွန့်စား၏။ ရဲရဲ တင်းတင်း ရေး၏။

ဤသည်ကိုပင် သူ့တီချာလတ်က အလွန်သဘောကျ၏။ မှားလျှင်ပြင်ပေး၏။ မရှက်မကြောက် ရေးရန်  လည်း အားပေး၏။ သို့သော် စာမေးပွဲများ၌မူ လွယ်လွယ်နှင့် အမှန်ကိုရအောင် ရေးရန် ဖြေရန် အတန် တန် သတိပေး ရသေး၏။
အခြားသော အတန်းသားများက တီချာလတ် သင်ထားသည့်အတိုင်း (သို့မဟုတ်) စာအုပ်ထဲတွင် ပါ သည့် အတိုင်း အလွတ်ကျက်မှတ်၍ ရေးဖြေတတ်ကြ၏။

ဥပမာ
As we entered the station, the train came on.
ဤလို သင်ထားလျှင် (သို့မဟုတ်) စာအုပ်ထဲတွင် ထိုအတိုင်းပါလျှင် အခြားသော အတန်းသားများက ၎င်း အတိုင်းပင် ရေးကြဖြေကြမည်ဖြစ်သော်လည်း အတာကမူ
As we entered the station, the train came in.
သို့လျှင် သူများထက် ထူးအောင်ထွင်၍ ဖြေတတ်၏။ ဆရာမက စကားတစ်လုံး ဝါကျတစ်ပိုဒ်ကို သင်ပြ ရင်း မည်သည့်စကားလုံးကို မည်သို့သုံးက အဓိပ္ပာယ်မည်သို့ရမည်။ အဓိပ္ပာယ်တူ ဝါကျတစ်ခုတည်းကို ပင် အမျိုးမျိုး အဖုံဖုံ မည်သို့လှည့်ရေးနိုင်သည် စသဖြင့် ရှင်းပြလျှင် အတာ ချက်ချင်း မှတ်ထားလိုက်၏။ ရေး၍မမှတ်၊ စိတ်ထဲမှသာ စွဲ၍ ကျက်ထားတတ်၏။

သို့ကြောင့် လည်း Spring စကားလုံးနှင့် ပတ်သက်၍ အခြားသော ကလေးများအား စမ်းချောင်း၊ စမ်းရေ အိုင် ဟူ၍သာ လွယ်ရာမှတ်ထားလိုက်သော်လည်း ထိုစာသင်ချိန်က တီချာလတ် ထည့်ပြောသွားသည့် "ခုန်လွှားသည်၊ ခုန်၍အုပ်သည်" ဟူသော အဓိပ္ပာယ်ခြားနားချက်ကိုပါ ကျက်မှတ်ထား လိုက်ပြီး မေးခွန်း ပေါ်လာသည်နှင့် မှားသွားမည်ကိုမရွံ့။ သူများထက် ထူးခြားသောင် ဝံ့ဝံ့ စားစား ပင် ရေးချလိုက်တော့၏။

ကျောင်းတွင်သာ အရေးအဖတ် ရဲရင့်သည်မဟုတ်။ ပြင်ပ၌လည်း အဘယ်နေရာသို့ သွားသည်ဖြစ်စေ၊ အင်္ဂလိပ်စကားကို သုံးခွင့်ကြုံလာပြီဆိုလျှင် မရှက်မကြောက်ပင် ပြောလေ့ရှိ၏။
သူ့ဒေါ်ဒေါ်သန်းတို့ ညီအစ်မတစ်စုသည် တစ်စုံတစ်ရာ ဝယ်စရာရှိလျှင် စေ့စပ်သေချာ၍ တစ်ခါတည်း နှင့် ကိစ္စပြီး တတ်သော အတာကိုသာ ခိုင်းလေ့ရှိသည့်အတိုင်း တစ်နေ့သော် ဒေါ်ဒေါ်တင်က ဘိလပ် ချိတ်ကလေး များ ဝယ်ပေါ်ရန် အတာအား ရိုးတိုက်သို့ လွှတ်လိုက်၏။

ချွေးဖြင့် ရွှဲပေနေသော စွပ်ကျယ်နှင့် လုံချည်ကလည်း အရောင်အဆင်းမပေ၊ ဘော်လုံးကစားနေရာမှ ပင် ထွက်လာခဲ့ရသောကြောင့် ရိုးတိုက်ပေါ်ရောက်သည်နှင့် အရောင်းစာရေးများသည် အလစ်သမား ကလေး တစ်ယောက်ကဲ့သို့ သဘောထားကာ အတာအားသာလျှင် ဂရုစိုက်အကဲခတ်နေကြတော့၏။

အတာကလည်း ဝယ်စရာရှိသည့်နေရာကို တိုက်ရိုက်မသွားသေးဘဲ ကြည့်ကောင်းကောင်းရှိသည်နှင့် ကလေးစက်ဘီးများ ထားရာဌာနတွင်လည်းကောင်း၊ ဆွယ်တာအင်္ကျီများ ချိတ်ထားသည့်နေရာတွင် လည်းကောင်း လက်ပတ်နာရီမျိုးစုံတည်ချင်းထားသည့် ဗီဒိုအနီးတွင်လည်းကောင်း တရစ်ဝဲဝဲလျှောက် ကြည့်နေ၏။ ကြာသော် စာရေးတစ်ယောက်သည် အတာ့အပေါ်တွင် ပို၍မသင်္ကာဖြစ်လာကာ အတာ့ လည်ကုပ် ကို ဆတ်ခနဲ ဆုပ်ကိုင်ရင်း "ဟေ့ကောင်လေး ဘာလာရှုပ်နေတာလဲ သွား"
ထိုစာရေး လည်း ပြောပြောတွန်းတွန်းပင် အတာအား တိုက်ပြင်အရောက် ခမ်ရမ်းရမ်းကလေး တွန်း ထုတ် လိုက်၏။ အကိုင်ကြမ်းကြမ်းဖြင့် လည်ပင်းကိုညှစ်၍ ဖျစ်ထားသောကြောင့် အတာတွင်လည်း လာ ရသည့် အကြောင်းရင်းကို မဖြေနိုင်ဘဲ လည်တအစ်အစ်နှင့် တိုက်ပြင်သို့ ရောက်လာတော့၏။

အတာတွင် အတော်ကလေးရှက်သွား၏။ လည်ပင်းအညှစ်ခံလိုရသည်မှာလည်း အတော်ကလေးနာ သွားသောကြောင့် ထိုစာရေးအပေါ်တွင် သည်းမခံနိုင်လောက်အောင် ဒေါသဖြစ်သွားသည်သာမက သူ့ အား ဂျပိုးသူခိုးတစ်ယောက်ကဲ့သို့ ပြုမူလိုက်သည်ကိုလည်း မကျေနပ်နိုင်သည်နှင့် ချက်ချင်းဆိုသလိုပင်  တိုက်ထဲ သို့ အပြေးကလေးဝင်သွားကာ
"Who is manager? Where is manager? I want to see him. Please let me known where manager is."
"မန်နေဂျာ ဘယ်သူလဲ၊ မန်နေဂျာ ဘယ်မှာလဲ၊ ကျွန်တော် သူ့ကိုတွေ့ချင်တယ်၊ မန်နေဂျာဘယ်မှာလဲ ဆိုတာ ကျေးဇူးပြုပြီးသိပါရစေ"
အတာ လည်း တိုက်ထဲသို့ ရောက်သည်နှင့် ဘိုကပြား ကုလားစာရေးတစ်ယောက်အား သို့လျှင် တကြော်ကြော်နှင့် အင်္ဂလိပ်လို အော်မေးလေတော့၏။

အတာကို မြန်မာစာရေးက တွန်းထုတ်သွားစဉ် တပြုံးပြုံးနှင့် ကြည့်နေခဲ့သော ထိုဘိုကပြားကုလား စာရေး လည်း အတာက သို့လျှင် အင်္ဂလိပ်စကားဖြင့် တတ်သလောက် မှတ်သလောက် အော်၍မေး လိုက်သည်နှင့် ထိုကပြားနှင့်တကွ စာရေးအားလုံးပင် ရုတ်တရက် အံ့အားသင့်သွားကြတော့၏။ တိုက် ထဲ သို့ ရောက်နေကြသော ဝယ်သူလူမျိုးစုံတို့လည်း အတာ့ဆီသို့ အာရုံစိုက်သွားကြ၏။
အတာ ကလည်း အအော်နှင့် အမေးကို မရပ်။ မျက်ရည်စက်လက်နှင့်ပင် အရပ်လေးမျက်နှာကို လှည့်၍ မန်နေဂျာ ကို ရှာသလို ကြည့်ရင်း တကြော်ကြော်ဟစ်နေသေး၏။
မကြာမီပင် အခန်းတစ်ခုထဲ အသက်ငါးဆယ်ခန့်အရွယ် မျက်နှာဖြူတစ်ယောက်ထွက်လာပြီး
"ဘာဖြစ်တာလဲ"ဟု အင်္ဂလိပ်ဘာသာဖြင့် ထိုကုလားစာရေးကို မေး၏။

"ခင်ဗျား မန်နေဂျာလား"
အတာလည်း ကုလားဖြေသည်ကို မစောင့်ဘဲ သူကပင် ထိုမျက်နှာဖြူအား အင်္ဂလိပ်လိုလှမ်းမေးလိုက် ၏။ ဤတွင်မှ မျက်နှာဖြူလည်း အတာ့ဘက်သို့ လှည့်လာကာ
"မဟုတ်ဘူး၊ မန်နေဂျာ အပြင်သွားတယ် မင်း ဘာပြောချင်သလဲ၊ ငါ့ကို ပြောနိုင်တယ်"ဟု မှင်သေသေ နှင့် ပင် ထိုမျက်နှာဖြူက ခွင့်ပြုလိုက်၏။
ဤတွင် အတာလည်း သူတတ်သလောက်သော အင်္ဂလိပ်စကားများကို သုံးကာ ဝါကျတို ကလေး များ ဖြင့် ပြတ်တောင်းပြတ်တောင်း တိုင်ကြားလေတော့၏။

သူ နောက်ဆုံးပြောလိုက်သည်မှာကား
"ကျွန်တော် ခိုးဖို့လာတာ မဟုတ်ဘူး၊ ဒီမှာ ပိုက်ဆံပါတယ်၊ ကြည့်၊ ချိတ်ဝယ်မလို့လာတာ၊ ကျွန်တော် အမြဲလာဝယ်နေကျပဲ၊ ကျွန်တော် လာလာဝယ်နေတဲ့ သိုးမွေး၊ ချိတ်၊ ခေါင်းလိမ်းဆီ၊ နှစ်ချောင်းထိုးအပ်၊ မျက်နှာသုတ်ပဝါ၊ အဲဒီဈေးနှုန်းတွေ ကျွန်တော် အကုန်သိတယ်၊ မယုံရင် ကျွန်တော့်ကို မေးပါ၊ အားလုံး ပြောပြမယ်၊ ခု ကျွန်တော် ဘောလုံးကစားနေတုန်း ခိုင်းလို့ ဒီလိုပဲလာတာ၊ ဒါ ကျွန်တော့်ကို လည်ပင်း ညှစ်ပြီး တွန်းထုတ်တယ်"

အတာ ဆိုလိုသည်မှာ ဤအတိုင်းပင် ဖြစ်၏။ သူပြောလိုက်သည့် အင်္ဂလိပ်စကားမှာ တိတိကျကျပင် မမှန်သော်လည်း ထိုမျက်နှာဖြူ သဘောပေါက်ပုံရ၏။ မျက်နှာကြီးလည်း နီလာကာ ချက်ချင်းပင် ထို စာရေးကို ခေါ်၍ ကြိမ်းတော့၏။ နောက် အတာကိုလည်း ပြုံးကာရယ်ကာနှင့် သူ မကြာခဏ လာဝယ် သည်ကို သိရ၍ ကျေးဇူးတင်ကြောင်းပြောကာ ပခုံးကလေးကိုင၍ ထိုမျက်နှာဖြူကိုယ်တိုင်ခေါ်သွားပြီး အတာဝယ်လိုသည့် ချိတ်ကို ထုတ်ယူရောင်းချလိုက်ပြီးမှ ဘောင်းဘီအိတ်ကိုနှိုက်၍ ပိုက်ဆံတစ်မတ်ပင် မုန့်ဖိုးပေးလိုက်သေး၏။ ဤမျှ စွာကျယ်နိုင်သော အတာပါပေ။

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>