Showing posts with label ကြူးနှစ် ၏ ဇာတ်ကောင်တွေဆီက ထွက်ပြေးတဲ့ဇာတ်လမ်း. Show all posts
Showing posts with label ကြူးနှစ် ၏ ဇာတ်ကောင်တွေဆီက ထွက်ပြေးတဲ့ဇာတ်လမ်း. Show all posts

Thursday, August 23, 2012

ကြူးနှစ် ၏ ဇာတ်ကောင်တွေဆီက ထွက်ပြေးတဲ့ဇာတ်လမ်း, အပိုင်း (၁၉) ဇာတ်သိမ်း

စန်းချို လန့်နိုးပြီး ခြင်ထောင်ထဲက ခုန်ထွက်လာသည်အထိ မိထူးနှင့် သားနှစ်ယောက် အိပ်ခန်းထဲသို့ အူယားဖားယား ပြေးဝင်လာကြသည်အထိ…၊ သန်းဆိုင်သည် ဆီးအိုးကို ကန်မိသောနေရာ ၌ နေလှန်းခံ ရသော အပြစ်သား တစ်ဦးကဲ့သို့ ချွေးဒီးဒီးကျလျက် ရပ်နေဆဲဖြစ်သည်။ ကို ဆက်ဖတ်ရန်..

×××        ×××        ×××
×××        ×××        ×××

နောက်နေ့မှာ… ကွမ်းယာထိုင်ရောင်းနေသော သန်းဆိုင်က နဖူးအုပ်အောင် မာဖလာကြီး ခေါင်းပေါင်း ပေါင်း ထားခြင်းကို စကားမရှိ ရှာတတ်သော ဆိုက်ကားသမား ဝမ်းနိုင်တူးသည် သာမန်မေးရိုးမေးစဉ် လေသံဖြင့်…
"ဆရာသမား… နေမကောင်းပြန်ဘူးထင်တယ်၊ ခေါင်းပေါင်းကြီးနဲ့" ဟု စကားစလာစဉ် သန်းဆိုင်သည် (မင်းအမေလင် ခေါင်းပေါင်းပေါင်းတိုင်း နေမကောင်းဖြစ်ရမှာလား) ဟု ပါးစပ်က ငေါက်ငမ်းတော့မလို လုပ်ပြီး ကာမှ…၊ စိတ်ထိန်းလိုက်ပြီး… "အိပ်ရေးပျက်ပြီး ခေါင်းနည်းနည်းအုံနေလို့ကွ" ဟု မပွင့်တပွင့် ဖြေသည်။

"သြ… ဟုတ်တာပေါ့ ဆရာသမားရာ…၊ မနေ့ညက ဆရာကတော်ပြန်ရောက်လာပြီဆိုတော့ အိပ်ရေး ပျက်မှာပေါ့၊ လင်မယားတွေ ကိန္နရီကိန္နရာမောင်နှံတစ်ညတာ ကွဲကွာပြီး ပြန်လည်တွေ့ဆုံကြရသလို နှစ်ပေါင်း (၇၀၀) ခံစားမှုဝေဒနာတွေကို…" "တော်ကွာ ဝမ်းနိုင်တူး၊ စန်းချို ကြားရင် သက်သက်မဲ့ အဆဲခံနေရဦးမယ်၊ ဘုရားဖူးပြန်လာကာစ သူက ဣနြေ္ဒသမ္ပတ္တိကြီး နဲ့ နေတာ ကလေးကလားစကားတွေပြောတာ သူကြိုက်မှာ မဟုတ်ဘူး" "ဆရာသမားကလည်းဗျာ အစ်မကြီးစန်းချို က ဘုရားဖူးပြီး တရားသံဝေဂတွေရလာတော့ ခန္တီစ သည်း သည်းခံတတ်လာမှာပါ" ဟု ဝမ်းနိုင်တူးက စကားခေါ်နေပြန်သော်လည်း သန်းဆိုင်စိတ်တင်းပြီး ပါးစပ် စိတ်ထား လိုက်၏။

သန်းဆိုင် စိတ်ကြည်လင်ခြင်းမရှိမှန်း သူ၏အိမ်သားတွေပဲ သိကြသည်။ သန်းဆိုင် ကယောင်ချောက် ချားနိုင်ခြင်း ကို စိတ်တိုကာ၊ ခြင်ထောင်ထဲမှ ခုန်ထွက်လာသော စန်းချို က ထိရုံကလေး ပခုံးကို တွန်းခဲ့ သော် လည်း၊ ခြေစုံပူး၍ အသေကောင်ပမာ ကြောင်တောင်ကြီးရပ်နေသော သန်းဆိုင်မှာ ဟန်ချက်ပျက် ကြီး ဗီရိုစွန်းကို နဖူးဖြင့် ဝင်ဆောင့်မိ ခဲ့၏။ အားလုံးကို သူ ဖြေရှင်းပြနိုင်သည်မှာ… (ခေါင်းကိုက်ချင်သလို လိုဖြစ်တာနဲ့ ပရုတ်ဆီဘူး ဝင်ရှာ ရင်း အပေါ့အိုးကြီးကို ခလုတ်တိုက်မိတုန်း၊ စန်းချို က ထယောင်တော့ ငါလည်း နားကြား လွဲပြီး သူခိုးအော်မိတာ) ဟူ၍သာဖြစ်လေသည်။ သို့သော် စန်းချိုက ကျေနပ်ယုံကြည် ဟန်မပြ။
"ငါ အိပ်မက်မက်ပြီး အဘိုး- အဘိုးလို့ ယောင်တာကိုလည်း နင့်ရွှေနား က သူခိုးသူခိုးလို့ ကြားရသတဲ့၊ နင့်ကို လမ်း ထဲက ကောင်လေးတွေလို ရွှေနားကပ်တစ်ဖက်ဆင်ပေး ထားရမလို ဖြစ်နေပြီ" ဟု စူစွာစွာ အပြစ်တင် လိုက်သေး ၏။ မိထူးနှင့် သားနှစ်ယောက် ပြန်ထွက်သွားကြတော့လည်း သန်းဆိုင်၏ဗိုက် ခေါက် ကို လိမ်ဆွဲပြီး လေသံဖြင့်… "နင့်ဉာဏ်ကို ငါ မသိရင်ခက်မယ်၊ နင် ခုတင်ပေါ်မှာ ပြန်အိပ်ဖို့ လာတာမဟုတ်လား" ဟု ရာဇဝတ်သား ကို စစ်သလို စစ်ပြန်သေးသည်။

ဤသို့ဖြင့်… မနက်ခင်းဆိုင်အဖွင့်မှာ နဖူးမှ ဘုသီးကို စမ်းမိပြီး သန်းဆိုင်တစ်ယောက် ကပျာကသီ ခေါင်းပေါင်း ပေါင်းလိုက်ရခြင်းဖြစ်၏။ ခေါင်းပေါင်းကိုကြည့်ပြီး စန်းချို မျက်စောင်းထိုး မေးငေါ့ခြင်းကို လည်း အဆစ်အဖြစ် ရရှိလိုက်သေး၏။ သူ၏ရွှေငွေရှာဖွေစစ်ဆေးမည့် အကြံအစည် ပျက်စီးသွားရ သည့်ပြင်…၊ နဖူးအနာ ရခဲ့သောကြောင့်၊ သန်းဆိုင် စိတ်နှလုံး မလန်းဆန်းနိုင်တော့ပါ။ ဤအခြေအနေ တွင် စန်းချိုနှင့် ငွေစာရင်း ရှင်းတမ်းလည်း မလုပ်ရဲတော့ပါ။ မေ့ပစ်လိုက်၊ မေ့ပစ်လိုက်၊ ဒီလိုအသေးအဖွဲ့ ပြဿနာတွေ အတိတ် မှာ ထားရစ်ခဲ့…၊ အနာဂါတ်၊ ဖြစ်လာမည့်အနာဂတ်အတွက်ပဲ ခေါင်းအေးအေးနဲ့ စဉ်းဟားဟု စိတ်ကို ဆုံးမ ထားကြည့်သည်။ မရပါ။

မျိုသိပ်စိတ်များသည်။ သူ့နှလုံးအတွင်းမှာ ဖြည်း ဖြည်းချင်း ဖောင်းကြွလာကြသလို ဖြစ်နေသည်။ သူ့မျက်နှာ သည် လိုအပ်သည်ထက် အလွန်အကျွံ ပိုမို စားသောက်မိ၍ စားပိုးနင့်သူတစ်ယောက်၏မျက်နှာကြီးတစ်ခုလို အရောင်အသွေး အမျိုးမျိုးပြောင်းကာ၊ မျက်လုံးတွေ ပြူးလာလိုက်၊ ကုန်းမြေပေါ်ပစ်တင်ခြင်းခံရသည့် ငါးတစ်ကောင် ၏ပါးစပ်ကဲ့သို့ သူ့နှုတ်ခမ်း တွေ ဟစေ့၊ ဟစေ့ဖြစ်လိုက်နှင့် ထိုင်လျက်ဈေးရောင်းရင်း ဣနြေ္ဒပျက်နေ သည်။ တစ်ခါမျှ မခံစားဖူးခဲ့ရ သော…၊ သိမ်ငယ်စိတ်ဖြင့် ကွမ်းယာထိုင်ရောင်းနေရခြင်းကို အပြစ်ပေး ခံစားရသလို ထင်နေမိ၏။ မာဖလာခေါငိးပေါင်းမှာ သတိထားကြည့်မိကာမှ၊ လေးလံသော သံခမောက်ကြီးဆောင်း ထားရသလို တစ် ခေါင်းလုံး အုံခဲနာကျင်နေပြန်သည်။

တချို့ပြောကြတာရှိတယ်၊ ခွေးတောင် ချောင်ပိတ်ရိုက်ရင် ငြိမ်မခံဘဲ ပြန်ကိုက်တတ်တယ်တဲ့၊ စန်းချိုက ငါ့ကို ချောင်းပိတ် ရိုက်သလို လုပ်နေတာကြာပြီ၊ အိမ်ထောင်ဦးစီး၊ အိမ်ဦးနတ်၊ ချစ်ခင်ရိုသေထိုက်တဲ့ လင်ယောက်ျား ဆိုတဲ့ ဂုဏ်အင်္ဂါတွေ ငါ့မှာ ပျောက်ဆုံးနေပြီ၊ ငါ ပြန်ကိုက်မယ်…၊ ရိုးရိုးမဟုတ်ဘူး၊ စန်းချို ရဲ့လည်မျို ကို ခုန်ပြီး တက်ခဲပစ်လိုက်မယ်… ဟူ၍တွေးရင် စိတ်နောက်ကိုပါ ဆိုင်ကြမ်းပြင်ကို လက်သီး ဆုပ်မှ လက်ဖနောင့်ဖြင့် ထုလိုက်သည်။ တစ်ချက်ထုပြီးလျှင် အငြိမ်မနေနိုင်ဘဲ ကြမ်းပြင်ကို စည်းချက် လိုက်သလို တဒုတ်ဒုတ် ထုနေမိပြန်တော့၏။ ဝယ်သူလာလျှင် အထုရပ်ပြီး ဈေးရောင်းကာ ဝယ်သူမရှိ လျှင် ကြမ်း ကို ပြန်ထုနေသည်။

မိထူးက လူစားဝင်ဖို့ရောက်လာသောအခါ မိထူး ကို တိုးတိုးကျိတ်ကျိတ်မှာပြီး၊ သန်းဆိုင်အိမ်ပေါ်တက် စိပ်ပုတီး ယူကာ ဘုရားကြီး၏ သူ၏မွေးနံ့ထောင့်သို့ သွားထိုင်၍ ပုတီးစိပ်ရန် ခြေလှမ်းပြင်သည်။
"ကောင်းတယ်ဗျာ… မိန်းမက ဘုရားဖူးထွက်ပြီး ကုသိုလ်ယူ၊ ယောက်ျာကလည်း စိပ်ပုတီးနဲ့ ရိပ်ကြီးခို တရားဘာဝနာ ပွားကောင်းဗျာ၊ သိပ်ကောင်း" ဆိုသော ဝမ်းနိုင်တူး၏ရင်းနှီးသော ထေ့တေ့တေစကားကို ပင် မတုံ့ပြန်တော့ ဘဲ၊ ကျိုက်ဒေးယျုံစေတီတောင်ကြီးဘက်သို့ ရင်ကော့မျက်နှာမော့၍ သွက်သွက် လျှောက် သည်။ အေးမြငြိမ်းချမ်းသော ဘုရားအရှင်၏အရိပ်မှာ စိတ်ကိုလည်း အေးမြငြိမ်းချမ်းစေရ မည်…၊ ပြီးတော့ ထိုစိတ်ဖြင့် အနာဂတ် အစီအစဉ်တွေ ကို ပီပြင်အောင် ဇယားဆွဲရမည်။

×××        ×××        ×××
×××        ×××        ×××

"ကဲ… ငါ ဘုရားဖူးသွားနေတုန်း ညည်းခဲအိုတော်ကြီး ဘယ်သူနဲ့တွေ့ပြီး ဘယ်လိုစိတ်ကူးတွေ ပေါက် သွားသလဲ၊ ငါ့ကို ပြောစမ်းပါဦး"
ညီအစ်မနှစ်ယောက်…၊ သန်းဆိုင် ဘုရားသွားနေစဉ် လုံခြုံစိတ်ချရေသော မီးဖိုဆောင်ထဲမှာ မျက်နှာ ချင်းဆိုင်မိကြသည်။ စန်းချိုက "ဗီးဂက်" စီးကရက်ဖွာနေစဉ်၊ မိထူးက ပင်ကိုဟန်အတိုင်း ပြူးကြောင် ကြောင်နှင့် တစ်နေရာတည်းကို ကြည့်နေ၏။
"ဘယ်သူနဲ့မှ မတွေ့ပါဘူး၊ အရင်လိုနေတာပဲ" ဟု မိထူး သတိထားပြီး ဖြည်းဖြည်းချင်းပြောသည်။ ဝီစကီ ပုလင်းဇာတ်လမ်းကိုတော့ ပိပိရိရိ မြေမြုပ်ထားပြီး တူတော်မောင်နှစ်ယောက်နှင့်လည်း နားလည် မှု ယူထားခဲ့ကြ ပြီးပြီ။ "တစ်သက်လုံး စိပ်ပုတီးမကိုင်တဲ့လူက… ငါ ဘုရားဖူးသွားတာနဲ့ ပုတီးတွေဘာတွေစိပ်လို့ ထူးတော့ ထူး တယ်ဟဲ့၊ ငါ့စိတ်ထဲ သိပ်မသင်္ကာဘူး၊ သူ… ဗေဒင်တွေ ဘာတွေလျှောက်မေးသလား မသိပါဘူးအေ…"
"မပြောတတ်ဘူး" မိထူးက ခပ်တိုးတိုးပြောရင်း သူ့လက်သည်းတွေ သူ ပြန်ကြည့်နေ၏။

"ငါ ထင်တယ်အေ့… နင့်ခဲအိုဟာ ဟိုဘယ်က ခွေးသူတောင်းစားလာချတဲ့ ပစ်စာမှန်းမသိတာတွေကို ဥပါဒါန်စွဲနေတယ်၊ ပထမစာကို သူက ယုံနေတုန်းလို့ ငါထင်တယ်၊ ဒါကြောင့်မို့ ငါလည်း မယုံသင်္ကာနိုင် လွန်းတဲ့ ကောင်ကိုတော့ ပညာပေးလိုက်ဦးမယ်ဆိုပြီး သူမသိအောင် ရွှေတွေငွေတွေယူပြီး အသာခိုး ထွက်သွားတာ…၊ နောက်ပြီး ငါဟာ သူထင်သလို အစားထဲကမဟုတ်ဘူး၊ ဂုဏ်ရှိတဲ့လူတွေနဲ့ပေါင်းပြီး ဘုရားဖူးထွက်၊ ကောင်းမှုကုသိုလ်လုပ်တယ်ဆိုတာ ပြလိုက်တာ၊ ညည်းကော နားလည်ရဲ့လား"
"အင်း" "ညည်းခဲအိုက သဝန်ကြောင်စိတ်နဲ့ ငါ့ကို ခုထက်ထိ မယုံချင်သေးဘူး၊ ဒီတော့ သူ ဗေဒင်မေးမယ်၊ ယတြာကျေအောင် ဗေဒင်ဆရာ ခိုင်းတဲ့အတိုင်း ပုတီးစိပ်မယ်၊ တခြားဘာတွေ ယတြာချေဦးမလဲတော့ ငါ မသိဘူး။

သူ စိတ်ရူးပေါက်ရာ လျှောကလုပ်နေမှာပဲ…၊ သူ့ကြည့်ရတာ တကယ်ပဲ ရူးကြောင်ကြောင် ဖြစ်နေသလိုပဲ မိထူးရဲ့၊ ကြည့်ပါလား… ညက၊ ပရုပ်ဆီဘူး က အိမ်ရှေ့ခန်းမှာ အမြဲထားနေကျမှန်းသိရဲ့ သားနဲ့ အိပ်ခန်းထဲဝင်ရှာသတဲ့၊ ပြီးတော့ ငါ့ဘာသာယောင်တာကို သူကပါ ယောင်ပြီး သူခိုးထဟစ် တယ်၊ သူ့ကို သည်းခြေငြိမ်အောင် ဆီးယိုကလေးဘာကလေး ကျွေးမှထင်တယ်"
"အင်း…" "အသာကြည့်နေ…၊ သူ့ကို ငါ ချော့မော့ပြီး ဆီးယိုစားခိုင်းမယ်၊ ငါ မော်လမြိုင်က ဆီးယိုဝယ်လာတယ် လို့ ပြောမယ်" မိထူးသည် စာပေမတတ်သော်ငြား၊ ဘုရားကြီးအနီးတွင် အနှစ် (၂၀) နေထိုင်လျက် လူမျိုးစုံနှင့် ထိတွေ့ ဆက်ဆံ၊ မှတ်သားသင့်သည်ကို မှတ်သားထားခဲ့သူဖြစ်ရာ စန်းချိုက အလွယ်တကူနှင့် မော်လမြိုင်က ဆီးယိုဟု ပြောလိုက်လျှင် မျက်မှောင်ကြုတ်သည်။

"အစ်မကြီးစန်းချိုရယ်၊ ကျွန်မ ကြားဖူးတာတော့ မော်လမြိုင်က ဒူးရင်းယိုပဲရှိပါတယ်၊ မော်လမြိုင်က ဆီးယိုလို့ မကြားဖူးပေါင်…" "ဒါဖြင့်လည်း… အညာကလာရောင်းတဲ့ ဆီးယိုကို ငါ ပဲခူးက" "ဝယ်လာတယ်ပေါ့ဟာ…."
"အင်း" "ဆီယိုနဲ့မှ အခြေအနေကောင်းရင်တော့…၊ သင်းကို (၇) ရက်တန်သည် (၉) ရက်တန်သည်… ရဟန်း ဘောင် တက်ခိုင်းရမယ်၊ ပုတီးစိတ်နေခဲ့သူက….. ငါကိုယ်တိုင် ရဟန်းအစ်မလုပ်မယ်ဆိုရင် မငြင်းတန် ကောင်းဘူး" "အင်း"

×××          ×××           ×××
 ×××          ×××              ×××

ဆိုင်ရှေ့ကလမ်းမသည် ပွင့်လင်းရာသီ၌ ယာဉ်အမျိုးမျိုး လူအစားစားတို့ဖြင့် အသက်ဝင်မည်စည် ကားနေတတ်ခဲ့ သည့်နည်းတူ… ယခုကဲ့သို့ …မိုးဦးကာလ မိုးသက်လေပြင်းကျလိုက်၊ နေသာလိုက်ရှိ တတ်သော နရီမမှန်သေးသော စကောစက ဥတုချိန်မှာလည်း….၊ ယာဉ်တွေ လူတွေ အစီအစဉ်မပျက်  လှုပ်ရွရှင်သန် ဆဲသာဖြစ်လေသည်။

သူတို့မိသားစု၏ ဘဝလှုပ်ရှားမှု နာရီတွင်မူ… မသိမသာအပြောင်းအလဲရှိလာ၏။ ရဟန်းဘောင်မှာ (၁၄) ရက်ကြာ ဝင်ရောက်နေထိုင်ခဲ့ပြီး၊ လူဘောင်သို့ ပြန်ဝင်လာသော သန်းဆိုင်သည် ဆိုင်တွင် ယခင် ကထက်ပို၍ အချိန်ပေး ထိုင်ရင်း၊ ယခင်ကလို ရယ်စရာ မောစရာတွေသတင်းတွေ အတင်းတွေ မပြော တော့ဘဲ လာသမျှ လူတိုင်းကို တရားဓမ္မ စကားတွေချည်း အာပေါင်အာရင်းသန်သန် ပြောနေသည်။ စန်းချိုနှင့်လည်း မပြောမဖြစ် မှသာ စကားပြောပြီး အတူမအိပ်ပဲ အိမ်ရှေ့ခန်း ဘုရားစင်ရှေ့မှာ ထွက် အိပ်သည်။ သန်းဆိုင်၏ အပြောင်းအလဲ ပုံစံကို မြင်ပြင်ကပ်ဟန်ဖြင့်… "လင်မယားချင်း နှစ်ကိုယ်ကြားတိုင်ပင်ဖို့ အချိန်မရအောင် နင်ကအိပ်ရာခွဲအိပ်ပြီဆိုတဲ့နောက်၊ ဘာဖြစ် လို့ ဘုန်းကြီးဝတ်လာသေးလဲ၊ ဆက်ဝတ်နေပါရောလား….၊ နင် ဘုန်းကြီးဝတ်နေတုန်းကလို မိထူးကို ဆွမ်းချိုင့်မှန်မှန်ပို့ခိုင်းမှာပေါ့"
ထိုအခါ သန်းဆိုင်က မျက်နှာထားကြီးဖြင့် ကြည့်လိုက်သည်။

"နင်ဘာနားလည်လို့လဲ…၊ ငါအဗြဟ္မစရိယ သိက္ခာပုဒ်ကိုတဲ့လမ်းစဉ်တော်ကြီးပဲ" ဟု သန်းဆိုင်ပြော လိုက်သည့်အခါ၊ စန်းချိုက စိန်ခေါ်သောအကြည့်ဖြင့် ပြန်ကြည့်သည်။
"ဟေ့ အကြီးကျယ်ပါနဲ့ သန်းဆိုင်…. ငါလည်း ဘုန်းကြီးကျောင်းကနေ စာတတ်လာတာပါ။ အဗြဟ္မ စရိယာတစ်ခုတည်းတော့ မကျင့်နဲ့၊ ဝိကာလဘောဇနာကိုပါ ထိန်းလိုက်၊ နင် ညစာမစားရင် ဆန်ကုန် သက်သာ သွားတာပေါ့။ ဆန်ဈေးကလည်း တက်နေတော့ ချွေတာရေးလုပ်ရာလည်း ကျတာပေါ့ဟာ….၊ ဘယ့်နှယ်လဲ…"
သန်းဆိုင်စကား မပြန်တော့။ ဒေါသကို ထိန်းပြီး စန်းချိုရှေ့မှ ထွက်သွားစဉ် စန်းချိုက ရိထေ့ထေ့ ဖျစ် ညှစ် ရယ်ပြန်တော့သည်။ ငါက စကားနည်းနည်းရန်စဲ လုပ်နေတာတောင် ဒီမိန်းမက ဆီလိုအပေါက်ရှာ ပြီး ကြံဖန်ရစ်တယ်။ ဒုက္ခ….ဒုက္ခ…ဟု သန်းဆိုင် ကျိတ်၍ ညည်းထွားသည်ကို စန်းချို မသိနိုင်။

သန်းဆိုင်က ဆိုင်သိမ်းချိန်မှာ အရင်ကလို ရုပ်မြင်သံကြားလည်း ထိုင်မကြည့်တော့ပေ။ ဘုရားမှာ ပုတီး သွားစိပ်မည်ဟုဆိုပြီး ထွက်သွားကာ၊ တီဗွီအစီအစဉ်ကုန်ဆုံးချိန်မ ပြန်လာတတ်သည်။ သားတွေက ညဥ့်နက် သန်းခေါင်အထိ ဗီဒီယိုကြည့်ကြဦးမည်ဆိုလျှင် သူ့ခြင်ထောင်ကို စောင်တစ်ထည်ဖြင့် ကာပေး ရပြီး၊ အသံ ကိုလည်း အတိုးဆုံး ဖွင့်၍ကြည့်ရန် မေတ္တာရပ်ခံထားသည်။
ရဟန်းဝတ်ပြီးကာမှ၊ ကွမ်းယာဆိုင်မှာ သန်းဆိုင် ဘုရားစကား၊ တရားစကားချည်း ပြောနေတတ်ခြင်းကို ဆိုက်ကား သမား ကျော်ကြီးက ဝေဖန်ချင်သော်လည်း တည်ကြည်လေးနက်သည့် သန်းဆိုင်၏ မျက်နှာ ထားကို ကြည့်၍လည်းကောင်း၊ သန်းဆိုင်၏ လည်ပင်းမှ ပြောင်လက်နေသော စိပ်ပုတီးကြီးကို အားနာ ၍လည်းကောင်း၊ မဖွင့်ဟဖြစ်။ သို့သော်… ကျော်ကြီးက ဆွေမျိုးမကင်းသော စန်းချိုကိုတော့ ရဲဝံ့စွာ အသိပေး၏။

"အစ်မစန်းချို လူကြီတော့ ဘုန်းကြိးပြန်ဝတ်ဦးမလားမသိဘူး၊ ဈေးရောင်းရင်း တရားချည်းဟောနေ တယ်…. ဟိုနေ့ကလည်း နွားသတ်ရုံက ကောင်တစ်ကောင် ကွမ်းလာဝယ်တယ်။ ကိုသန်းဆိုင်က နွား လည်လှီးတဲ့ကောင်မှန်း မသိဘူး၊ ဟိုကောင်ကို (ပါဏာတိပါတာကံဟာ ဘယ်လောက်အပြစ်ကြီးသလဲ ဆိုရင် ….၊ ဘုရားရှိခိုး သီလခံယူတုံအခါတိုင်း…ပါဏာတိပါတပုဒ်ကို အစဦးဆုံး  ပုရွတ်ဆိတ်သတ်တာ ထက် ငှက်သတ် တာက ပိုပြီး အပြစ်ကြီးတယ်။ ကြက်ငှက်သတ် တာကထက် ကျွဲနွားတွေသတ်တာက တော့.. မေးမနေနဲ့၊ ငရဲ ကို ဇောက်ထိုးဆင်းမှာပဲ၊ လို့ တရားသွားဟောတယ် ဟိုကောင်က မဝယ်ဘဲ ပြန်ထွက်သွားတယ်။ အဲဒီငနဲ အရက်နည်းနည်း လည်းသောက်ထား ပုံရတယ်။  ခပ်လှမ်းလှမ်းရောက်မှ (တရားဟောချင်ရင်လည်း  ဓမ္မရုံကို သွားဗျို့) လို့ လှမ်းအော်သွားလေရဲ့… အဲလို ဖြစ်နေတာဗျ…"
ကျော်ကြီးပြောချိန် က စန်းချိုသည် သန်းဆိုင်၏ အနေအထိုင် အပြောအဆို အစားအသောက် (မွေးနေ့ တိုင်း သတ်သတ်လွတ်စားခြင်း) ပြောင်းလဲပုံတွေကို ဘဝင်မကျဖြစ်ပြီး စိတ်ထဲ ခိုးလိုးခုလုဖြစ်နေချိန်နှင့် တိုက်ဆိုင်နေ၏။

 "အဝေးက လှမ်းအော်သွားတာ တော်သေးတာပေါ့၊ ဟိုကောင်မှာ နွားသတ်တဲ့ဓါးပါလာပြီး သန်းဆိုင် လည်ပင်း လှီးမသွားတာပဲ ကံကောင်းလှပြီမှတ်" ဟု ငေါ့ပြော ပြောလိုက်သည်။
ကျော်ကြီး ကလည်း ဝမ်းနိုင်တူးနှင့် သမီးယောက်ဖတော်သည်ဟု မပြောရ စကားတံရှည်လိုက် သေးသည်။
"သူ့ကို နွားသတ်တဲ့ ငမူးက ရိသွားတာကို၊ ကိုသန်းဆိုင်က ကြားပြီး စိတ်မဆိုးဘူးဗျ၊ ပြုံးနေတယ်… သြော်… ငါကို သင့်တော်တဲ့နေရာကိုသွားဖို့ စိတ်ကောင်းစေတနာကောင်းနဲ့ လမ်းညွှန်သွားရှာတာကိုး၊ ကြီးပွားချမ်းသာမယ့် သူတော်ကောင်းကလေးပဲလို့တောင် ပြောလိုက်သေးရဲ့ဗျာ၊ အံ့ရောဗျာ…အံ့ရော"
သန်းဆိုင် နေ့စဉ်လိုလို၊ ဘုရားသို့သွားရောက်နေရင်းမှ ဘုရားရှိ ဂေါပကရုံးခန်းတွင် အမြဲလိုလို ရှိတတ်သော ဆေးဆရာကြီး ဦးပွားနှင့် ဆက်ဆံရေး အဖုအထစ်ဖြစ်ဖူးသော်လည်း (ဘယ်လိုဘယ်ပုံ မှန်း မသိကြပါ) ယခုအခါ…တရင်းတနှီး၊ တပူးတတွဲတွဲ ပြောဆိုဆံဆက်နေကြသည်ကို တွေ့လာကြ ရပြန်သည်။ ဘုရားရင်ပြင်တော်ပေါ် တွင် ပိန်ရှည်ရှည်ဦးပွားနှင့် ပုကွဗိုက်ရွှဲသန်းဆိုင်တို့ ယှဉ်တွဲ၍ စင်္ကြင်္ီလျှောက်နေ တတ်ကြသည် ကို နေစဉ်တွေ့မြင်ကြရတော့၏။

ဦးပွားနှင့် ချစ်ကြည်ရေးပေါင်းကူးတံတား ပြန်လည်ဆက်သွယ်ပြီးကတည်းက သန်းဆိုင်၏ ဝတ်ပြုကိုး ကွယ်ပုံတွေ က ထူးခြားဆန်းကြယ်လာကြ၏။ ဘုရားစင်ရှေ့မှာ အမွှေးတိုင်တွေ အမြဲဝေ့ဝဲနေကြ၏။ သူအိပ်စက် သည့် ခေါင်းရင်းဘက်ရှိ စားပွဲပုကလေးပေါ်သို့ ထွက်ရပ်ပေါက် ပုဂ္ဂိုလ်ထူးကြီးတချို့၏ ဓါတ်ပုံ၊ ရုပ်ပုံကားချပ်တွေ အစီအရီ နေရာယူလာကြ၏။ သန်းဆိုင်၏လည်ပင်းနှင့် လက်ကောက် ဝတ်နှစ်ဖက်တို့တွင်လည်း…
"ဘုရား ၏ အဆောင်အယောင် အစီအရင်တွေ" ဟုဆိုသော ရောင်စုံချည်ကြိုးကွင်းတွေက "တမီလ်" လူမျိုးကုလားမ ၏ လက်ကောက်တွေ ဆွဲကြိုးတွေပမာ ရှုပ်ထွေးပြည့်ကျပ်လာကြတော့၏။
သန်းဆိုင်၏ အပြုအမူတွေ.. ၊ စန်းချို၏ စိတ်အသိကိုကိုက်ဖဲ့ထိုးဆွသည့်နှယ် ဖြစ်လာပါသည်။

"မိထူး၊ ညည်းခဲအိုတော့ ပေါတောတောနေရာက ပေါက်တောက်တောက်ဖြစ်သွားပြီတူတယ်၊ ဆရာပွား နဲ့ ပေါင်းပြီး ဘာတွေ လျှောက်လုပ်နေသလဲမသိဘူး..၊ သန်းဆိုင်ကို အောက်လမ်းပညာတွေများ သင် ပေးနေသလား မသိဘူး၊ အိမ်မှာ အမှားအယွင်းမရှိရအောင် အကာအကွယ် လုပ်ထားခိုင်းမှ…" ဟု စန်းချိုက မိထူး ကို ဖွင့်ဟသောအခါ မိထူးကပြုံး၏။  "မဖြစ်နိုင်ပါဘူး၊ အစ်မကြီးစန်းချို၊ ဘုရားဂေါပကလူကြီးပါ ဆိုမှ အောက်လမ်း လုပ်ပါမလား"

"အို… ဘာပြောပြော…၊ လောကကြီးမှာ လူတွေက ယုံရတာမဟုတ်ဘူး၊ သစ်ကောက်ဝါးကောက်သာ မြင်ရတာ၊ လူလိမ်လူကောက်ကို မမြင်နိုင်ဘူးလို့ ရှေးလူကြီးစကားရှိတယ်၊ စိတ်ချရအောင် ငါ့ဘက်က လည်း အကာအကွယ် အစီအမံတွေ လုပ်ထားမယ်"
ထိုနေ့မှစ၍ စန်းချိုမှာလည်း ယခင်ကတည်းက သူ မကြာခဏ သွားရောက်တတ်သော ဗေဒင်ဆရာ၊ ဆရာမ များဆီသာမက၊ မဟိဒ္ဓိ၊ သိဒ္ဓိဂိုဏ်းဆရာကြီးများထံသို့ နေ့ရှိသရွေ့ လှည့်လည်သွားလာနေတော့ ၏။ ကော်ဖီမှုန့်ရောင် ပုဆိုးအင်္ကျီနှင့် လူစိမ်းအဘိုးကြီးတစ်ယောက် အိမ်သို့ရောက်လာစဉ်…၊ အိမ်မှာ သန်းဆိုင်ရှိမနေ၍ စန်းချို ပြောမပြတတ်အောင် စိတ်ချမ်းသာမှုရသွားသည်။ သန်းဆိုင်က သူ့အိမ်သို့ သူ စိမ်းတစ်ဦး လာရောက်ပြီး စန်းချိုကို လက္ခဏာဖတ်၊ ဗေဒင်ဟောကြာင်း သတင်းစကားကြားသိရသော် လည်း မသိချင်ယောင်ဆောင်နေလိုက်၏။ ဒီကိစ္စ ငါက ရန်လုပ်ရင်… စန်းချိုကလည်း ငါနဲ့ဆရာပွားတို့ အလုပ်တွေကို တိုက်ခိုက်လာတော့မှာ… ဟု သန်းဆိုင်က သတိရှိစွာ ဆင်ခြင်နှလုံးသွင်းလိုက်၏။

ကျန်အိမ်သားသုံးယောက်ကား… သန်းဆိုင်နှင့် စန်းချိုတို့၏ မျက်နှာတွေကိုသာ အချိန်ရှိသရွေ့ အကဲ ခတ် စောင့်ကြည့် လျက်ရှိကြသည်။ အခွင့်ရသည်နှင့်… တူဝရီးသုံးယောက် ချောင်တစ်ချောင်တွင် စု၍၊ ယှဉ်ပြိုင် ထိုးသတ်ရန်လေ့ကျင့်ခန်းယူနေကြသည့် လက်ဝှေ့သမားနှစ်ယောက်နှင့်တူနေသော ဇနီးမောင် နှံ အကြောင်း ကိုသာ တိုးတိုးကျိတ်ကျိတ် ဝေဖန်သုံးသပ်ရင်း "ရေခဲတုံးကြီး" အရည်ပျော်ကျစေမည့် နည်းလမ်းတွေကို ရှာဖွေ စဉ်းစားနေကြလေ သည်။

×××        ×××        ×××
×××        ×××        ×××

ယနေ့နံနက် (၅) နာရီတစ်ဝိုက်၊ နိုးနေကျအတိုင်း နိုးလာစဉ်၊ သူ့အကျင့်အတိုင်း မျက်စိမဖွင့်သေးဘဲ၊ အပြင်လောကမှ အသံဗလံများကို ရည်ရွယ်ချက်မဲ့ နားစွင့်နေခိုက်…၊ မိုးကျော်အောင် ပထမဆုံး သတိ ထားမိသည် မှာ…၊ မိမိတို့နေအိမ်အတွင်း၌ ထူးခြားစွာ တိတ်ဆိတ်နေခြင်းဖြစ်သည်။ ခါတိုင်းဆိုလျှင်… ဤအချိန်မျိုး တွင် မီးဖိုဆောင်ဘက်ဆီသို့ မိထူး၏အိုးသံပန်းကန်သံ (တစ်ခါတစ်ရံ ငရုတ်သီးထောင်းသံ၊ တစ်ခါတစ်ရံ ဆီကြော်သံရှဲရှဲ) တို့ကို ကြားရမည်။ အိမ်ရှေ့ခန်းမှ ဖခင်ဖြစ်သူ၏ချောင်းဟန့်သံဖြစ်စေ…၊ အိမ်ရှေ့တံခါးမကြီးဖွင့်သံဖြစ်စေ၊ အိမ်ရှေ့ဈေးဆိုင်မှ ကျောဘက်တံခါးကို သော့ဖွင့်စဉ်၊ သော့တွဲမှ သော့တံမျိုးစုံ၏ချွင်ချွင်မြည်သံကိုဖြစ်စေ မိုးကျော်အောင် ကြားရစမြဲပဲ။ ယခု… ကြားနေကျအသံတွေ မကြားရ၊ ဘာသံမျှမကြားရ၊ ဤအခြင်းအရာသည် သဘာဝ ကို ဖီဆန်ပြီး ထူးခြားနေသည်ဟူသော အသိဖြင့် မိုးကျော်အောင် အိပ်ရာမှထပြီး အခန်းပြင်သို့ ထွက်လိုက်သည်။

ခါတိုင်း… လျှပ်စစ်မီးဖြစ်စေ၊ ဖယောင်းတိုင်မီးဖြစ်စေ လင်းလက်နေလေ့ရှိသော မီးဖိုဆောင်သည် ယခု မှောင်အတိကျ တိတ်ဆိတ်နေ၏။ အမြဲထာဝရ အိပ်ရာထအချိန်မှန်သော မိထူး အိပ်ရာထနောက် ကျနေ ခြင်းကလည်း သဘာဝကို ဖီလာပြုခြင်းဟု မိုးကျော်အောင် တွေးမိ၏။ ခါတိုင်း… ဖွင့်ထားပြီးဖြစ်သော အိမ်ရှေ့တံခါး သည် ပိတ်ထားဆဲဖြစ်ကြောင်း တွေ့လိုက်ရပြန်သည်။ မိုးကျော်အောင်က အိမ်ဦးခန်းရှိ ဖခင်၏ခြင်ထောင် ကို လှမ်းကြည့်သည်။ ခြင်ထောင်အနေအထားမှာ အိပ်စက်နေသူ ပက်လက်လှန် ခြေ ဆန့်ထားသကဲ့ သို့ ခြေရင်းပိုင်းသည် စူထွက်နေသည်။ သည်အချိန်ထိ… ဖခင်အိပ်စက်လေ့မရှိခြင်းသည် လည်း… သဘာဝနှင့် မညီညွတ်ဟု သူ စနောင့်စနင်း တွေးမိပြန်သည်။ ခင်ဖြစ်သူ နေထိုင် မကောင်းများ ဖြစ်နေလား ဟုလည်း စိုးရိမ်ဗျာပါဝင်မိသေးသည်။

 ခြင်ထောင်နားကပ်ပြီး (အဖေ… အဖေ) ဟု အသံပြု ကြည့်ရာတွင် အထဲမှ တုံ့ပြန်မှုမရှိသောအခါ… စိုးရိမ်စိတ် မှာ မြင့်တက်ပူလောင်လာသကဲ့သို့ ခြင်ထောင် ကို လှန်မိလျက်သား ဖြစ်သွား၏။
ခြင်ထောင်ထဲ တွင် ဘယ်သူမျှမရှိပါ။ ခေါင်းအုံးများနှင့် ခွအုံးရှည်ကိုဆက်၍ လူတစ်ဦးသဏ္ဌာန်စောင်ဖြင့် ဖုံးလွှမ်း ပုံဖော်ထားသည့် သန်းဆိုင်၏မျက်လှည့်ပြကွက်သာရှိနေပါသည်။ မိုးကျော်အောင်၏ဦးနှောက် ထဲသို့ (၂) နှစ်လီ (၄) ဆိုသော မူလတန်းအမြှောက်အလီပုံသေနည်းက ဖျတ်ခနဲဝင်လာကာ…၊ မိဘနှစ် ပါး၏အိပ်ခန်းကို မျက်လုံးစွေကြည့်လိုက်၏။ သူ ယုံကြည်စိတ်ချစိတ် မရှိချင်ပါ။ မိခင်ရှိရာသို့ ဝင်အိပ် မည့်ဖခင်သည် "အိပ်ပျော်သူအတု" ဖန်တီး ထားဖို့ လိုအပ်မည်မဟုတ်ပါ။ (၂) နှစ်လီ (၅) ဖြစ်သွားပြီ လော…။
မိုးကျော်အောင် သည် မိဘများ၏အိပ်ရာခန်းနံရံကို ခပ်ဖွဖွနှင့် ခပ်သွက်သွက် လက်ဖနောင့်ဖြင့် ဆက် တိုက်ထု ရင်း မိခင်ကို နှိုးသည်။

"အမေ… အမေ… အမေ… အမေ… ထပါဦး အမေ"
စန်းချိုအိပ်ခမ်းထဲမှ ထွက်မလာမီ၊ အငယ်ကောင် ပြည့်ဖြိုးအောင်သည် အိပ်ချင်မူးတူး ယိုင်တိယိုင်ထိုး ဖြင့် ဦးစွာရောက်လာ၏။ "အစ်-ကို-ကြီး ဘာဖြစ်လို့လဲ" "အ-အဖေ မရှိတော့ဘူးကွ" ဟု မိုးကျော်အောင် တုန်တုန်ယင်ယင် တစ်ဆို့ဆို့ပြောလျှင် ပြည့်ဖြိုးအောင် က သန်းဆိုင်၏ခြင်ထောင်ကို ပြေးဖွင့်ကြည့်၏။ ချက်ချင်း လိုပင် ပြည့်ဖြိုးအောင် မျက်လုံးတွေ ကျယ် သွားကြသည်။
"ဒါက ဘာသဘောလဲ အစ်ကိုကြီး… ဟင်" ဟု မေးရင်း ပြည့်ဖြိုးအောင်က မိဘတွေ၏အိပ်ခန်းကို မျက်စိစွေ ၍ မေးငေါ့ပြလိုက်စဉ် ခန်းဆီးစ လှုပ်ယမ်းသွားပြီး စန်းချိုက သူမ၏ညဝတ်အင်္ကျီဂါဝန်ရှည်ကြီး တဖားဖားဖြင့် သမ်းဝေရင်း ထွက်လာ၏။ အိုးတိုးအတဖြစ်နေကြသော သားနှစ်ယောက်၏မျက်နှာကို ပြုံး၍ကြည့်သည်။ စန်းချို၏ အမူအရာကလည်း သဘာဝနှင့် အံမဝင်ဟုတွေးကာ မိုးကျော်အောင် စိတ် ရှုပ်သွား၏။

"အဖေ မရှိတော့ဘူး အမေ…"
စန်းချိုက တနွဲ့နွဲ့လှုပ်၍ အိမ်ရှေ့ခန်းကုလားထိုင်ဆီသို့ လျှောက်သွားသည်။ ဘာမှမပြော။ ကုလားထိုင် မှာ ထိုင်ချလိုက်ပြီးနောက် လက်ထဲမှာပါလာသော လန်ဒန်စီးကရက်ဘူးနှင့် မီးခြစ်ကို ဧည့်ခံစားပွဲပု ကလေးပေါ် အသာချသည်။

"မင်းတို့အဖေတင်မရှိတာမဟုတ်ဘူး၊ မင်းတို့ဒေါ်လေး မိထူးလည်း မရှိတော့ဘူး သားတို့ရဲ့၊ မနက် (၄) နာရီလောက် အမေ အပေါ့ထသွားရင် ကိုယ်စောင့်နတ်က သတိပေးတာလား၊ အမေ့ရဲ့ဆရာသခင် ဘိုးဘိုးတွေ က နှိုးဆော်တာလားမသိဘူး၊ စိတ်ထဲမှာ မင်းတို့အဖေ သူ အိပ်ရာမှာ မရှိဘူးလို့ထင်လိုက်ပြီး သွားကြည့်တော့… ခေါင်းအုံးတွေ နဲ့ လုပ်ထားတဲ့ လူအတုကြီးပဲ တွေ့ရတယ်၊ အဲဒါကြီး တွေ့ကတည်း က အမေ့စိတ်ထဲ မှာ သွေးရိုးသားရိုးမဟုတ်တော့ဘူးဆိုတာ ဒက်ခနဲ သိလိုက်ပြီ…၊ ကဲ… အခုထိ မိထူး သူ့အခန်းထဲ က ဘာလို့ထွက်မလာသေးသလဲ၊ ဆက်စပ်ကြည့်ရင်… အဖြေပေါ်နေပြီမဟုတ်လား"
သားနှစ်ယောက်သည် ကြိုးတုပ်ခံထားကြရသည့်နှယ်… မလှုပ်မယှက် ငြိမ်သက်နေကြရင်း…၊ မိခင်၏ ခံစားမှုမဲ့ မျက်နှာ ကို အံ့အားတသင့် ငေးကြည့်နေကြ၏။ စန်းချိုက စီးကရက်တစ်လိပ် မီးညှိကာ ခပ်ပြင်း ပြင်း ရှိုက်သွင်းပြီး မျှင်း၍ မှုတ်ထုတ်လိုက်သည်။

"လက်ဝတ်လက်စားတွေထဲက တစ်ဝက်လောက် ယူသွားတယ်၊ ပိုက်ဆံတွေတော့ တစ်ကျပ်တစ်ပြား တောင် ချန် မထားခဲ့ဘူး၊ မမှုပါဘူး သားတို့ရယ်…၊ ငါတို့သားအမိတွေ ပြန်ရှာရင် ရွှေတွေငွေတွေ ပြန်ဝင် လာမှာပါ၊ ပြီးတော့… အမေ ဝမ်းမနည်းဘူး၊ ဝမ်းလည်းမသာဘူး၊ စိတ်လည်း မဆိုးဘူး၊ မိထူးမဟုတ်ဘဲ အခြားသူစိမ်းဆိုရင်တော့ အမေ ဒေါသ ထွက်ချင်ထွက်မယ်…၊ ကိုယ့်ညီမအရင်း မိထူးဖြစ်နေတော့ အမေ စိတ်လျှော့လိုက်ပါတယ်… သားတို့ရယ်" စီးကရက်ကို ပြာခံခွက်ထဲသို့ အသာချပြီး၊ စန်းချို ထရပ်ကာ နံရံပေါ်မှ (၁၀) နှစ်ကျော်က ဇနီးမောင်နှံ ဝတ်ကောင်းစားလှတွေဖြင့် ရိုက်ထားခဲ့သော ရှစ်လက်မ၊ ဆယ်လက်မအရွယ် ဓာတ်ပုံကို မော့ကြည့် လျက် ရှေ့သွားတွေပေါ်အောင် ပြုံးနေလိုက်သည့် အမူအရာမှာ… သူမသည် အမြဲထာဝစဉ် ဆက်လက် ပြုံးနေတော့မည် ဟု နိမိတ်ပြနေသလိုလိုပင်…။

ကြူးနှစ်
(မေ၊ ဇွန်၊ ဇူလိုင်၊ ၂၀၀၃၊ မိုးဦးရာသီ)
.
>>>ဆက်ဖတ်ရန်>>> >>

Wednesday, August 22, 2012

ကြူးနှစ် ၏ ဇာတ်ကောင်တွေဆီက ထွက်ပြေးတဲ့ဇာတ်လမ်း, အပိုင်း (၁၈)

"ဒီမယ်… ဦးဘာဘူ၊ တစ္ဆေကုလားပုကို ဒီလောက်စေတနာပိုနေလည်း ခင်ဗျားအိမ်မှာခေါ်ပြီး ကိုးကွယ် ထားတော့ဗျို့" ဟု အော်လိုက်ရာ ဦးဘာဘူက ခြေလှမ်းတုံ့လျက် သမင်လည်ပြန် လှည့်ကြည့်၏။ "ငါ့အိမ်မှာနေရာ မဆံ့တော့လို့ကွ…၊ တချို့ ပုဂ္ဂိုလ်တွေဆို ငါ့ကားပေါ်မျာ နေရာပေးထားရတာ မင်း မတွေ့ဖူးလား…၊ တော်တော် လက်ပေါက်ကပ်တဲ့ကောင်ပဲ…၊ မိစန်းချို ပြန်လာမှ ငါ တိုင်ပြောဦးမယ် မှတ်" ဦးဘာဘူ ထံမှ စန်းချိုနာမည်ကြားလိုက်ရသည်နှင့် သန်းဆိုင် အားပျော့ပျော့ ဓာတ်လိုက် ခံရသလို တစ် ကိုယ်လုံး စူးခနဲ ကျဉ်တက်သွားလေသည်။
ထိုမှတစ်ဆင့်… သန်းဆိုင်၏စိတ်နှလုံးထဲသို့ အမျက်ဒေါသမီးကြောင်းလည်း ဒလဟော လှိမ့်ဝင် ထိုး ဖောက် လာသည်။ သူသည် စန်းချို၏ဓာတ်ပုံကြိးကို ထ၍ ဖြုတ်ကာ ကြမ်းပေါ်တွင် မှန်ကွဲ မတတ် ဆောင့်ပြီး မှောက်ချ ထား လိုက်၏။
ကို ဆက်ဖတ်ရန်.............
.....................................................................................................................................................

အိမ်မှ တိတ်တဆိတ်ထွက်သွားပြီး (၁၁) ရက်အကြာ၊ ည (၈) နာရီခန့်တွင် စန်းချိုသည် ဆိုက်ကားတစ် စီးဖြင့် ရုတ်တရက် ပြန်လည်ရောက်ရှိလာချိန်၌ ခုံတန်းလျားအုပ်စုကလည်း လူစုံတက်စုံရှိနေကြပြီး ဆိုင် ပေါ်တွင်လည်း မိထူးတို့ သုံးယောက်စလုံး ထိုင်နေကြသဖြင့် စန်းချိုကို အံ့သြဝမ်းမြောက်စွာ ဆီးကြိုနှုတ် ဆက်သံတွေက အနီးဝန်းကျင် မှာ အသံဗလံမျိုးစုံကို ဖုံးလွှမ်းပစ်လိုက်သည်။
စန်းချို ဘုရားဖူးခရီးထွက်မှန်းမသိသော တစ်ယောက်က-
"ဝက်လူးက လူမမာကို သွားပြုစုတဲ့လူကလည်း ကျိုက်ထီးရိုးတောင်ဝှေးကြီးနဲ့ပါလား" ဟု အူကြောင် ကြောင်ရေရွတ်စဉ်၊ ယမကာ အရှိန်ကလေး ယူထားသည့် ရန်ပိန်က တက်ကြွမြူးထူးစွာဖြင့် "ဟေး ငါတို့ မမကြီး နန္ဒလှိုင်ပြန်လာပြီကွ" ဟု အော်ပြီး ဆိုက်ကားအနီးကပ်သွားရာ စန်းချိုက ကျိုက်ထီးရိုး တောင်ဝှေးဖြင့် ရိုက် မလို မြှောက်ရွယ်လိုက်သည်။

"ဟေ့- အကုသိုလ်ကောင် အရက်သမား၊ ငါ ဘုရားဖူးပြီး စိတ်သန့်သန့်ရှင်းရှင်းနဲ့ ပြန်လာတာနော်၊ အရက်နံ့ထောင်းထောင်း ထပြီး ငါ့နားမလာနဲ့"
"အို- မသိလို့ ငါ့အစ်မကြီးနန္ဒာလှိုင်ရယ်… မောင်လေးကို ခွင့်လွှတ်ပါ" ဟု ဖြဲစပ်စပ်ပြောရင်း ရန်ပိန် နောက်ဆုတ် သွားသည့်အခါ စန်းချို၏အထုပ်အပိုးတွေ၊ ဆွဲခြင်းတွေကို ဝိုင်းဝန်းသယ်ပေးရန် မိုးကျော် အောင်တို့ ညီအစ်ကို ဆိုက်ကားအနီးသို့ ရောက်လာကြသည်။ စန်းချိုက ခရီးပန်းလာဟန်မပြ၊ သွက် လက်ဖျတ်လတ်စွာဖြင့် ဆိုက်ကားပေါ် မှဆင်းရင်း၊ သန်းဆိုင်ကို တွေ့မြင်လိုဟန် မျက်လုံးတွေကစား၊ ခေါင်းကို ဘယ်ညာရွေ့စောင်း သည်။

"ဟိုဆရာကြီးကော… သားတို့" ဟု စန်းချိုမေးလျှင် ပြည့်ဖြိုးအောင်က "အဖေ အိမ်ပေါ်မှာ ပုတီးစိပ်နေ တယ်အမေ၊ သက်စေ့အဓိဋ္ဌာန်ဝင်မယ်လို့ ပြောတယ်၊ ပုတီးစိပ်တာ လေးငါးရက်ရှိသွားပြီ" ဟု ဖြေလိုက် သော်၊ စန်းချို၏ မျက်ခုံးထူကြီးတွေ နဖူးဆံစပ်အထိ မြင့်တက်သွားကြသည်။ နှစ် (၂၁)ကျော် အိမ် ထောင်သက် တစ်လျှောက် သန်းဆိုင် ပုတီး စိပ်သည်ကို တစ်ခါမျှ မကြုံဖူးခဲ့ပါတကား…။
"သြော်- သြော် သာဓုပါတော်၊ သာဓုပါ၊ အပါယ်တံခါးပိတ်ပြီး နိဗ္ဗာန်တံခါးဖွင့်တော့မှာလား၊ သမထအား ယူပြီး အဟောအပြော ဘိုးတော် လုပ်တော့မှာလား"
စန်းချိုသည် ဘုရားကြီးနားမှာ နှစ်များစွာနေထိုင်လာသည့်ပြင် လောလောဆယ် မွန်ပြည်နယ်၊ ကရင် ပြည်နယ်၊ တနင်္သာရီတိုင်း မှ တန်ခိုးကြီးစေတီဘုရားများစွာကို ဖူးမြော်လာခဲ့ရသဖြင့် ရတနာသုံးပါးကို ကိုင်းညွှတ်သည့် အာရုံတွေ မပြေသေး ဘဲ သူမ၏ပါးစပ်မှ ထွက်ခဲသော ဝေါဟာရအချို့ကိုလွှတ်ထုတ် လိုက်မိ၏။

တစ်ချိန်တည်း၌ သူမ ဘုရားဖူးခရီးသို့ တိတ်တိတ်ခိုးပြီး လိုက်သွားစဉ်၊ သန်းဆိုင် အံ့သြစ ဖွယ် ပြောင်းလဲ သွားပုံကို သံသယဝင်သည်။ ငါ့ကို ဆီးပြီး ရန်စကားပြောမယ်ထင်ထားတာ၊ ဘသားချော က အဓိဋ္ဌာန် ပုတီးစိပ်နေသတဲ့၊ ဆန်းတော့ အဆန်းသားဟု မှတ်ချက်ချသည်။

"မစန်းချို ဘာစားစရာတွေပါလာသလဲဗျို့၊ ဒူးရင်းသီးနံ့က မွှေးပါ့ကွာ၊ ငါတို့ဆရာမကြီးက ဘုရားဖူးထွက် မှ ဆုတောင်းပြည့်ပြီး ပိုဝ၊ ပိုလှလာသလိုပဲဟေ့၊ အစ်မ စန်းချို ဘယ်ဘုရားတွေ ဖူးခဲ့သလဲ" စသော စသော ခုံတန်းလျား အုပ်စု၏ဆူညံပွက်ထနေသည့် မေးခွန်းတွေကို မဖြေအား။ စန်းချိုက အိမ်လှေကား ကနေ ခြေဖွ နင်းပြီး အိမ်ပေါ်သို့ အလျင်စလို တက်လိုက်၏။ ဖိနပ်ချွတ်ကနေ ခေါင်းပြူကြည့်လိုက်တော့ (ဟုတ်သားပဲ) ဟု ရင်ထဲမှာ မြည်တမ်းမိသွားသည်။ ဟုတ်ပါသည်။ သန်းဆိုင်သည် ဘုရားစင်ရှေ့ တွင် စောင်တစ်ထည် ကို ခေါက်ချိုးခင်းထိုင်ကာ လည်ပင်းမှာ မာဖလာကြီးပတ်လျက်၊ တင်ပျဉ်ခွေထိုင် ပုတီး စိပ်နေပါသည်။ ပုတီးဆင်းသံ တိုးတိုး ကိုပင် စန်းချိုကြားရသည်။
စန်းချို သည် ခေါင်းတညိတ်ညိတ်နှင့် လျှာကလေးတစ်လစ်ထုတ်လိုက်ပြီး ခြေဖော့နင်းကာ အိမ်ထဲသို့ လှမ်းဝင်သွားလေ သည်။

×××        ×××        ×××
×××        ×××        ×××

စန်းချိုနောက်သို့ အလုံးအရင်းနှင့် လိုက်ပါလာကြသော အိမ်နီးချင်းမိန်းမအချို့၊ ဆိုင်နီးချင်းဈေးသည် အချို့နှင့် ရင်းနှီးသော ဆိုက်ကားသမားအချို့သည် ဘုရားစင်ရှေ့မှာ ငြိမ်သက်တောင့်မတ်စွာ ထိုင် လျက်ပုတီးစိပ်နေသော သန်းဆိုင် ကို တွေ့လျှင် ရုတ်တရက် ရှိုးတိုးရှန့်တန့် ခြေလှမ်းတွေ တုံ့သွားကြသည်။ ကျယ်လောင်သော စကားသံတွေ ရပ်ဆိုင်း သွားကြသည်။ အများစုမှာ မသွားအပ် မလာအပ်သောနေရာတစ်ခုသို့ လမ်းမှား ဝင်လာမိသူကဲ့သို့ အလန့်တကြား နောက်ဆုတ်၍ အိမ်အောက် ပြန်ဆင်းသွားကြသည်။ အရင်းနှီးဆုံးအိမ်နီးချင်း မိန်းမကြီးတချို့သာ စန်းချိုရှိနေသော မီးဖိုဆောင်ထဲသို့ ရို့ရို့ကလေးတွေ ဝင်သွားကြ၏။ အချင်းချင်း မျက်နှာရိပ် မျက်နှာကဲဖြင့် မဆူညံဖို့ သတိပေးနေကြရင်း အထူးအဆန်း ဖြစ်ရပ်ကိုတွေ့မြင်ကြသကဲ့သို့ သန်းဆိုင် ကို စောင်းကန်းစောင်းကန်း လှမ်းကြည့်ကြ သည်။

စန်းချို၏အဆူအပူအဆဲအဆိုနှင့် ရင်းနှီးအသားကျနေသော ရန်ပိန်ကမူ သန်းဆိုင်၏ကျောဘက် နှစ်လံ လောက် ကွာသည့် ကြမ်းပြင်ပေါ်မှာ ကုပ်ချောင်းချောင်းထိုင်၍ အရက်ရှိန်ဖြင့် ရီဝေနေသောမျက်လုံးများ ဖြင့် ရောင်စုံ "ဒစ္စကို" မီးတွေ ပူဇော်ထားသည့် ဘုရားစင်ကို ကြည်ညိုသဒ္ဓါပွားဟန် မော့ကြည့်နေသည်။
သန်းဆိုင်ကား ပုတီးစိပ်သောလက်ချောင်းများမှလွဲ၍ ကျန်ကိုယ်အင်္ဂါအစိတ်အပိုင်းတွေ တုတ်တုတ်မျှ မလှုပ်။

"အံမာလေးတော်… ကွမ်းယာသည်မ ပြန်လာတာကိုပဲ ဘုရင်မကြွလာသလိုပဲ ရုတ်ရုတ်သဲသဲ ကြိုကြဆို ကြနဲ့ အဖြစ်သည်း လိုက်ကြတဲ့ဟာတွေ၊ ဟိုဟာမကလည်း ဘုရားဖူးဆိုပြီး ဘုရားဖူးတစ်ဝက်၊ ပျော်ပွဲစား တစ်ဝက် ထွက်တာပါ" ဟု စန်းချိုကို တစ်ဖက်သတ် မျက်မုန်းကျိုးနေသော အမဲအူ တုတ်ထိုးဆိုင်မှ မိန်း မကြီး က မေးတငေါ့ငေါ့ဖြင့် ရေရွတ်လိုက်၏။
တုတ်ထိုးသည်၏ဘေး မှ ဝါဒတူဘက်တော်သားဖြစ်သည့် အိုးကလေးဘိန်းမုန့်သည် မိန်းမက လည်း ဆေးပေါ့လိပ်တဖွာဖွာနှင့်- "ဘုရားဖူးသွား တာကိုပဲ သူ့အိမ်က ပထမပိုင်း စန်းချိုအမေ နေမကောင်းလို့ သွားပြုစုသလေး ဘာလေး နဲ့ ပလီစိချောက်ချက် ကြေညာနေသေးတယ်၊ ဘုရားဖူးသွားတာပဲ ဘုရားဖူးသွား တယ်ပေါ့၊ ဘာလို့ ဝက် လူးက အဘွားကြီးကို မဆီမဆိုင် နေမကောင်းခိုင်းရသလဲ၊ ဘယ်လိုဟာတွေပါလိမ့်" ဟု မြည်တမ်းပြန် သည်။

"သင်းတို့ပြောသမျှ တင့်တယ်ရမယ်ဆိုပြီး အလကား (ပဲများ) နေကြာတာပါအေ၊ ဘဝမေ့နေကြတာ၊ ဟို အပျိုကြီးမ မိထူး ဆို ဒီလာတုန်းက ရှင်မီးအင်္ကျီစုတ်ကလေးဝတ်ပြီး ရောက်တာ၊ သန်းဆိုင်တို့ စန်းချို တို့ ခုထက်ထိ ဖင် မှာ ရွှံ့မစင်သေးဘူးဆိုတာ ငါ အသိဆုံး၊ စန်းချိုဆိုတဲ့ဟာမကလည်း ငါးစိမ်းသည်ဘဝ က လာတာ ဆိုတော့ ရွှေတွေဝတ်လည်း ရွှေတခြား လူတခြားပဲ"
တုတ်ထိုးအဒေါ်ကြီးသည် ဈေးအရောင်းထိုင်းပြီး စိတ်ညစ်ညစ်နှင့် သူမ၏ အခက်အခဲ ပြဿနာ များကို ဖြေဆည်ရာ ရှာသလို၊ နောက်ထပ်နာရီဝက်ခန့်အထိ စန်းချိုတို့မိသားစုကို မှိုချိုးမျှစ်ချိုး ဝေဖန် လျက်ရှိ လေသည်။ သို့ရာတွင် မိန်းမကြီး၏ဝေဖန်ရေးတွင် ဒေါသစိတ်တွေ လွန်ကဲလွန်းသဖြင့်၊ ဝေဖန်သည်နှင့် မတူတော့ ဘဲ ကျိန်စာတိုက်သကဲ့သို့ ဖြစ်နေကြောင်းကို တုတ်ထိုးအဒေါ်ကြီးမသိနိုင်။

×××        ×××        ×××
×××        ×××        ×××

ဧည့်သည်တွေလည်း ရှင်းလင်းသွားကြပြီ၊ ဈေးဆိုင်လည်း ပိတ်လိုက်ပြီ၊ ခြံဝင်းတံခါးလည်း သော့ခတ် လိုက်ပြီဖြစ်သော် လည်း သန်းဆိုင် ပုတီးစိနပ်လို့ မပြီးသေးပါ။
စန်းချို က မိထူးကို လက်တို့၍ မီးဖိုဆောင်ထဲခေါ်ပြီး လေသံဟဟဖြင့် ကျိတ်မေးသည်။
"ညည်းတို့ဆရာကြီးက ပုတီးစိပ်တာ ကြာလှချေလား၊ ဘယ်နှပတ်တောင် စိပ်နေတာလဲ၊ ဘာပုတီးစိပ် နည်းလဲ"
စန်းချို၏မေးခွန်းတွေ ကို မိထူးအတိအကျတော့ မဖြေတတ်။

"ခါတိုင်းနေ့တွေက ဒီနေ့လောက် မကြာဘူး အစ်မကြီးရဲ့"
"ငါပြန်လာပြီး လူတွေ ရုတ်ရုတ် ရုတ်ရုတ်နဲ့မို့ ပုတီးစိပ်ပျက်ပြီး အသစ်ပြန်ပြန်စိပ်နေရလို့လား မသိပေါင်"
"မပြောတတ်ဘူး"
စန်းချို က တစ်ခုခုကို သဘောကျသကဲ့သို့ တစ်ယောက်တည်း ပြုံးလိုက်၏။
စန်းချိုနှင့် မိထူးတို့ မီးဖိုချောင်ထဲမှာ တိတ်ဆိတ်ညင်သာစွာ ပြန်ထွက်လာကြချိန်တွင် သန်းဆိုင်သည် ထိုင်ရာမှ လက်တစ်ဖက်ထောက်ပြီး အားယူထရပ်သည်။ ထအရပ်မှာ ကြာမြင့်စွာထိုင်ခဲ့၍ သွေးလေ အလျှောက် မမှန်သော ခြေထောက်နှစ်ဖက်မှာ ဒူးကောက်ကွေးမှ ရိုက်ချိုးခြင်းခံရသကဲ့သို့ စူးစူးမျက် မျက်ကြီး ကျဉ်တက်ကာ သန်းဆိုင် ညည်းညူ ရင်း ခွေလဲသွားတော့သည်။

"အား… ကျွတ်ကျွတ်၊ ဘုရား… ဘုရား… ဘုရား" မိထူးက ရှေ့ဆုံးမှလှစ်ခနဲ ပြေးကပ်ပြီး သန်းဆိုင်၏ လည်တိုင် ကို ပွေ့ယူထူမတ်လိုက်သည်။ စန်းချိုက လိုက်လာပြီး သန်းဆိုင်၏ခြေထောက်တွေကို ဖမ်း ဆုပ်သည်။
"သန်းဆိုင်… ဘာဖြစ်သွားတာလဲ ဟင်"
သန်းဆိုင် က မျက်စိတွေ တင်းကျပ်စွာမှိတ်၍ မျက်နှာကြီးရှုံ့ကာ တကျွတ်ကျွတ် စုတ်သပ်လျက် ညည်း တွားသံသဲ့သဲ့ဖြင့် ဘုရားတနေ၏။
"နင် အကြာကြီး တင်ပျဉ်ခွေထိုင်နေလို့ သွေးမလျှောက်တာဖြစ်မှာ" စန်းချိုက သန်းဆိုင် ၏ကွေးခေါက် နေကြသော ခြေသလုံးကြီးနှစ်ဖက်ကို ဖြည်းဖြည်းချင်း ဆွဲဆန့်သည့်အခါ သန်းဆိုင်က အလွန်အမင်း နာကျင်သော ဟန်ဖြင့် "အား… ဖြည်းဖြည်းလုပ်ပါ၊ ငါ… ငါ… ငါ လေဖြတ်သွားပြီ စန်းချို"
"ဟာ- ငါ ဘုရားဖူးပြီးပြန်လာစ ဆဲလိုက်ရရင် မကောင်းဘူး၊ ဘယ်က နိမိတ်မရှိ နမာမရှိ လေဖြတ်ရမှာ လဲဟဲ့၊ သွေးမလျှောက် လို့ အကြောတွေ ခဏဆိုင်းသွားတာ၊ ဟေ့ကောင်မ မိထူး၊ သူ့ကို ပက်လက်ချ ထားလိုက် ဒီကိုလာ၊ ခြေချင်းဝတ် အကြောကို တအားကုန်နှိပ်စမ်း၊ ခြေမတွေ၊ ခြေချောင်းတွေကိုလည်း လှန်ချိုး၊ ခြေဖဝါး အလယ်ကောင်ကို လက်မနဲ့ဖိပေး" ဟု စန်းချိုက အရေးပေါ်ကုသခန်းထဲမှ ထဘီပြာ သူနာပြုဆရာမကြီး တစ်ဦး၏လေသံဖြင့် ညွှန်ကြားလျက်ရှိသည်။

"လေ- လေဖြတ်ချင်လည်း ဖြတ်လိုက်စမ်းပါဟာ၊ အ အနားရ ရတာပေါ့" ဟူ၍ သန်းဆိုင်က ငိုကြွေး တော့မည့် ဆဲဆဲ အသံကြီးဖြင့် ညည်းသော် စန်းချိုက လက်ဝါးတစ်ဖက်ဖြင့် သန်းဆိုင်၏ပေါင်ကို ဖြန်းခနဲ မြည်အောင် ရိုက်ချလိုက်သည်။
"ဟဲ့- သန်းဆိုင်၊ နင် ပုတီးစိပ်ပြီး သမာဓိမရဘဲ၊ အလေဏတောတွေ လျှောက်ပြောနေပါလားဟင်"
"ငါ ငါ အဲဒါ သမာဓိစကားပြောတာ စန်းချို"
"အိုး ××× ရူးစကား"
သားနှစ်ယောက် လည်း ဝိုင်းဝန်းလာကြပြီဖြစ်ရာ၊ ယခုအခါ မိန်းမနှစ်ယောက်နှင့် ယောက်ျားနှစ်ယောက် တိုးသည်။ သန်းဆိုင်၏ ကိုယ်အင်္ဂါ အစိတ်အပိုင်းအချို့ကို ချန်လှပ်၍ ကျန်တစ်ကိုယ်လုံးကို ဆုပ်နှယ်ဖျစ် ညှစ်ဖိကြိတ် လှုပ်ခါနေကြတော့သည်။

စန်းချို၏ဟန်နှင့် သဏ္ဌာန်တို့သည်လည်း ဘုရားဖူးခရီးသည်အသွင်အလွှာတွေ တစ်စချင်း ကွာကျသွား ပြီး နဂိုမူလ ခက်မာကြမ်းတမ်းသည့် ရုပ်လွှာထုထည်ကြီးက အစားထိုးဝင်ရောက်လာခဲ့ပြီ ဖြစ်သေး၏။
စန်းချိုသည် တောင်တက်သမားတစ်ယောက်၏ခြေသလုံးကဲ့သို့ မာတင်းနေသော သန်းဆိုင်၏ခြေသ လုံးကို သူမ၏ ပန်းပဲဆရာလက်ချောင်းကြီးများဖြင့် အရေပြားတွေ၊ ကြွက်သားတွေ ပြတ်ထွက်ကုန်မ တတ်၊ ဆုပ်ညှစ် လျက်ရှိရာ၊ သန်းဆိုင် သည် ဝမ်းဗိုက်ကလီစာတွေ ဖောက်ပြန်သွားသည့် နွားကြီးတစ် ကောင် တုံးလုံးလဲပြီး အော်ညည်းနေ သလို တအီးအီး မြည်တမ်းနေသည်။
"သွေးကြောင် လိုက်တာဟယ်၊ ဒီလောက်နှိပ်တာလေးနဲ့ ညည်းနေရလား သန်းဆိုင်"
"နင့်လက်ကြီးက နှိပ်တာနဲ့မှမတူဘဲ၊ ပလာယာနဲ့ ညှပ်နေသလား အောက်မေ့ရတယ်"
"ဒီလောက်တောင်ရှိလှတာ နေတော့ဟယ်" ဟု ငေါက်ငမ်းငမ်းပြောပြီး စန်းချိုသည် သန်းဆိုင်၏ခြေသ လုံးကို လွှတ်လိုက်ကာ ကုလားထိုင်မှာ သွားထိုင်နေသည်။

စန်းချို၏ အတွင်းအပြင် စိတ်သန္တာန်တွေ ပြောင်းလဲသွားသကဲ့သို့ သန်းဆိုင်ကလည်း လူမမာအသွင်ဖြင့် ခယ်မနှင့် သားနှစ်ယောက်၏ လက်ချောင်းတွေအောက်မှာ ရှုံ့မဲ့မဲ့မျက်နှာထားဖြင့် ငြိမ်သက်နေသော်ငြား နာရီပေါင်း များစွာ ပြင်ဆင်ထားသည့်ထိုးစစ်ကို စတင်ဖို့ စိတ်ထဲမှာပြန်လည်စစ်ကြော ချိန်ဆလျက်ရှိ၏။ သို့ရာတွင် စန်းချို က လက်ဦးမှုရယူသွားသည်။
"ဒါနဲ့ နေစမ်းပါဦး၊ ပုတီးသမားကြီးရဲ့" ဟု စန်းချိုက ကုလားထိုင်ပေါ်မှာ ဟန်ပါပါ ခြေသလုံးတွေ လိမ် ချိတ်၍ ပြင်ထိုင်ရင်း မထီတရီမျက်နှာဖြင့် တိုက်ပွဲစသည်။
"ငါ ဘုရားဖူးထွက်နေတုန်း နင် တရုတ်ကြီးဦးကျူးကို ဘာတွေသွားမေးတာတုံး"
သန်းဆိုင် အငိုင်မိသွားသဖြင့် မျက်လုံးတွေ ဖျတ်ခနဲပွင့်ကာ ပြူးကျယ်သွားကြ၏။

"ဘာ ဘာမေးလို့လဲ"
"နင် မေးတာ နင်မသိဘူးလား၊ နင် လူမှန်းကို မသိတတ်ဘူး သန်းဆိုင်၊ ငါ စာရေးထားခဲ့ပြီပဲ၊ အေးအေး နေပေါ့၊ ခုတော့ ယုန်ထင်ကြောင်ထင် နဲ့ တရုတ်ကြီး စိတ်ရှုပ်အောင် ပေါက်ကရတွေ သွားမေးတယ်၊ ငါ လည်း ကားပေါ် က ဆင်းရော၊ တရုတ်ကြီးက ငါ့ကိုတန်းတိုင်တော့တာပဲ (နင့်ယောက်ျား ဦးနှောက် မကောင်းဘူးလား) လို့လည်း ဆိုသေးရဲ့"
သန်းဆိုင်က ဦးခေါင်းကို စန်းချိုဘက်သို့စောင်းပြီး လက်ညှိုးထိုးကာ
"နင်ဟာ ငါ့မယား၊ နင် ဘယ်ခရီးပဲသွားသွား နင်နဲ့ပတ်သက်တာကို ငါ စုံစမ်းမေးမြန်းခွင့်ရှိတယ်၊ နား လည်လား"
"ကားပေါ်မှာ ကုလားဒိန်တစ်ယောက်ပါလားလို့ မေးတာ စုံစမ်းတာလား သေခြင်းဆိုးကြီးရဲ့၊ အဲဒါ ဘာ မေးခွန်း လဲ၊ ဘာအဓိပ္ပာယ်လဲ၊ နင် အဲသလို ပါးစပ်စည်းကမ်းမဲ့ပြီး ထင်ရာလျှောက်မေးလို့ တရုတ်ကြီးက နင့်ကို အရူးအပေါ ထင်သွားတာ"
စန်းချို အားမလိုအားမရဟန်ဖြင့်၊ ဖြုန်းခနဲထရပ်ကာ သန်းဆိုင်အပြုစုခံနေရာအနီး လျှောက်လာပြီး တင် ပါးဆုံပေါ် မှာ လက်တွေထောက်လိုက်၏။

သန်းဆိုင်က သူ့ပခုံးတွေ၊ လက်မောင်းတွေကို နှိပ်ပေးနေသော မိထူး၊ ခြေထောက်အစုံကို နှိပ်ပေးနေ ကြသော သားနှစ်ယောက် တို့ကို သူ့ဘက်မှ အရန်စစ်ကူများဟု သဘောထားသည်။ ထို့ကြောင့် သူက စန်းချို၏ထိုစကား ကို ထိရောက်သောခံစစ်ဖြင့် တွန်းလှန်လိုက်၏။
"သေကာနီး တရုတ်ကြီးက ဘာထင်ထင် ငါ ဂရုမစိုက်ဘူး၊ ငါ သူကျွေးတဲ့ထမင်း စားနေတာမဟုတ်ဘူး၊ ငါ့ထမင်း ငါစားနေတာ၊ သူ့ကားနဲ့ ငါ့မယားလိုက်သွားလို့ လမ်းမှာတစ်ခုခုဖြစ်ရင် ကားပိုင်ရှင်သူ့မှာ တာဝန်ရှိတယ်"
"အဲဒါနဲ့ ကားသမားထဲမှာ ကုလားဒိန်ပါလားလို့ နင် သွားမေးတာ ဘာဆိုင်လို့လဲ သေနာရဲ့၊ နင့်စကား က ဘယ်ရောက်သွားပြီလဲ၊ ငါ့ကိုပြောစမ်း"
စန်းချို မခံချိမခံသာဖြစ်လာပြီး၊ သန်းဆိုင်အနီးမှာ အသားတဆတ်ဆတ်တုန်လျက် ဝင်ထိုင်သဖြင့် အနှိပ်သမားတွေ ပင် လန့်ဖျပ်ပြီး အနှိပ်ရပ်သွားသည်။

"ငါ မေးချင်လို့မေးတာ၊ ငါ့မှာ မေးပိုင်ခွင့်ရှိတယ်၊ ဒီလိုမေးတာ အပြစ်ရှိလား၊ တရုတ်ကြီးကို ငါ စော်ကား ရာကျလား…"
"တရုတ်ကြီးကို စော်ကားရာမကျပေမဲ့… ငါ့ကို စော်ကားရာကျသဟဲ့ မသာရဲ့"
စန်းချိုက သန်းဆိုင်၏မျက်နှာကို ထိုးကြိတ်တော့မလို လက်သီးကြီးရွယ်လိုက်စဉ်၊ ငြိမ်းချမ်းရေးတပ်ဖွဲ့ သည် ရုတ်တရက်ကြားဝင် ဖြန်ဖြေဟန့်တားရတော့၏။ သားကြီး မိုးကျော်အောင်ဖြစ်သည်။
"ကဲပါဗျာ… အမေ တို့ အဖေတို့ကလည်း ပြီးပြီးသားကိစ္စကို အလကားပြဿနာလုပ်နေတယ်၊ ကလေး မဟုတ် သူငယ် မဟုတ်နဲ့ တော်တော်စိတ်ပျက်ဖို့ကောင်းတာပဲ၊ ခုတစ်လော စိတ်ချမ်းသာမယ် ကြံလိုက် အမေကတစ်မျိုး အဖေက တစ်မျိုး ပြဿနာကို မီးခွက်ထွန်းရှာလိုက်နဲ့၊ ကျွန်တော်တို့ စိတ်ရှုပ်လာပြီ၊ စိတ်ရှုပ်တော့ မခံဘူးဗျာ၊ မိန်းမယူပြီး ယောက္ခမ အိမ်မှာ ကျွန်သွားခံနေလိုက်တော့မယ်"
"ဟုတ်တယ်၊ အဖေတို့ လင်မယား ဂဂျီဂဂျောင်များနေရင်… သားလည်း စစ်တပ်ထဲသွားဝင်လိုက်တော့ မယ်" ဟု သားငယ် ပြည့်ဖြိုးအောင်ကလည်း လူပျိုပေါက်အသံအောကြီးဖြင့် ဝင်ပြောသည်။

တိုက်ပွဲမှာ နှစ်ဖက်စစ်သည်အားလုံး တစ်ယောက်မကျန် ပြိုင်တူလေဖြတ်ခြင်းခံရလိုက်ရသည့်နှယ် ငြိမ် သက်ရပ် တန့်သွားတော့၏။ စန်းချိုက အိပ်ခန်းထဲသို့ ဗျစ်တီးဗျစ်တောက် ရေရွတ်ရင်း ဝင်သွားသည်။ သန်းဆိုင်လည်း လူကောင်း ပကတိအတိုင်း ထထိုင်သည်။ ဘာမျှမခံစားခဲ့ရသော လူကောင်းပကတိ အသံဖြင့် လည်း ပြောလိုက်သည်။
"ယောက္ခမအိမ်မှာလည်း ကျွန်သွားမခံနဲ့၊ စစ်ထဲလည်း မဝင်နဲ့၊ မိထူးရေ အစ်ကိုကြီးကို ဒီဘုရားစင်ရှေ့ မှာပဲ အိပ်ရာ ခင်းပေးတော့…"

×××        ×××        ×××
×××        ×××        ×××

သူ ဖြစ်လေ့ရှိသည့်အတိုင်းပင် အိပ်ရာပြောင်းအိပ်လိုက်သဖြင့် သန်းဆိုင် အိပ်မပျော်နိုင်တော့ဘဲ တလူး လူးလိမ့်လိမ့်ဖြင့် မျက်လုံးကြောင်နေ၏။ အိပ်မပျော်သောကြောင့် အတွေးစိတ်ကူးမျိုးစုံက နယ်ပယ်မျိုးစုံ သို့ ဖြန့်ကျက်လွင့်မျောလျက်ရှိကြကာ… ဘာကိုမျှ ဦးတည်ချက်ထားပြီး မည်မည်ရရ ဝေခွဲနိုင်ခြင်းမရှိ။ စန်းချို ပြန်မလာမီကမူ…၊ စန်းချို လည်ရောက်ရှိလာပါက သူ့ဘက်က ဟာကွက်၊ ပျော့ကွက်မရှိသော ထိုးနှက်ချက်တွေဖြင့် ဖိဖိစီးစီး ထိုးလှဲအနိုင်ယူမည်ဟု ကြံစည်ထားခဲ့သည်။ ယခုတော့ ကြံစည်အားခဲ ထားသမျှတွေ စန်းချိုနှင့် မျက်နှာချင်းဆိုင်မိပြီဆိုကတည်းက ကြက်ပျောက်၊ ငှက်ပျောက် လွင့်စဉ်ကုန် ကြပြီ။

သင်း ယူသွားတာ အတိအကျ မမှတ်မိပေမဲ့ ငွေသားငါးသောင်းခွဲလောက်ရှိတယ်။ အခု ဘယ်လောက် ပြန်ပါလာသေးသလဲ မသိဘူး။ ငွေဘယ်လောက်ကျန်သေးသလဲဆိုတာ ငါ စစ်ရမယ်၊ ငါ့မှာ စစ်ခွင့် ရှိ တယ်။ တစ်သက်လုံး ငွေနဲ့ပတ်သက်ရင် သူ့ကို အာဏာကုန်လွှဲထားခဲ့တယ်ဆိုတောတ့ အခု ငါက ငွေ စစ်ရင် သင်းက စူးစူးဝါးဝါး လုပ်ချင်လုပ်လာမယ်၊ အဲလိုလုပ်လာရင် ငါ ငြိမ်ခံလို့မဖြစ်ဘူး။ ဒီအိမ်မှာ ငါ ဟာ အိမ်ထောင်ဦးစီးဖြစ်တဲ့အကြောင်း နဂါးမှန်းသိအောင် အစွယ်ထောင်ပြရလိမ့်မယ်၊ လက်ဝတ်လက် စားတွေလည်း လမ်းမှာ အပျောက်အရှ ရှိမရှိ စစ်ရမယ်။ ဘုရားဖူးသွားတာပဲ၊ ဘာလို့ ရွှေတွေ အကုန် ဝတ်သွားရတာလဲ။ သိပ်လှချင်တဲ့ဟာမ၊ လှချင်တာကို အပြစ်မပြောပါဘူး။ အကျည်းတန်မှန်ကြိုက်ပဲ၊ ကြွားချင်တာ၊ သင်းက ဘုရားရှေ့ မှာတောင် ကြွားပြချင်တဲ့သတ္တဝါ… ဟူသော အတွေးစကားအဆုံးမှာ သန်းဆိုင် သည် ခြင်ထောင်ထဲမှ ဖြည်းညင်းစွာည အသံဗလံမမြည်စေရဘဲ ထွက်လိုက်သည်။

တိုင်ကပ်နာရီကို မော့ကြည့်လိုက်သည်။ နံနက် (၈)နာရီထိုးတော့မည်။ စန်းချို အိပ်မောကျချိန်ဖြစ် သည်။ ပို၍ သေချာအောင်… သက်သေပြနေသည်ကား…၊ တစ်အိမ်လုံးကို စိုးမိုးအုပ်စီးထားသော စန်း ချို၏တဂူးဂူးဟောက်သံကြီး က စည်းချက်မှန်စွာ ထွက်ပေါ်ဂယက်ထနေခြင်းဖြစ်လေသည်။
သန်းဆိုင် သည် အိပ်ခန်းအဝမှာရပ်၍… အခန်းထဲသို့ ဝင်တော့မည့် သူခိုးတစ်ယောက်ပမာ… ခန်းဆီးစ ကို ဟသည်ဆိုရုံကလေးဖယ်၍ အခန်းထဲသို့ ဦးခေါင်းသွင်းကာ စူးစမ်းသည်။ စန်းချို၏ဟောက်သံကြီး က ယခုမှ ကြောက်မက်စဖွယ် ပိုမိုကျယ်လောင်လာသလိုထင်ရ၏။ အိပ်ခန်းမီးရောင်က ခြင်ထောင်ထဲမှ စန်းချို၏ကိုးရိုးကားရားသဏ္ဌာန်ကို မထင်မရှား ညွှန်ပြနေသည်။ လမ်းခရီးမှာ အိပ်ပျက်ဖန်များခဲ့၍ စန်းချို တစ်ယောက် ကျားဝင်ဆွဲတာတောင် မသိအောင် အိပ်မောကျနေမှာ သေချာသည်ဟု သန်းဆိုင် ကျေနပ်စွာ တွေးမိသည်။

သူသည် ပကတိ တိတ်ဆိတ်နေသော မိထူး၏အိပ်ခန်း၊ သားနှစ်ယေယာက်တို့၏အိပ်ခန်းများကို မျက်စိ ကစား၍ကြည့်လိုက်ပြီးသည်နှင့် ခန်းဆီးကို ဖယ်ကာ၊ အိပ်ခန်းထဲသို့ ခြေဖော့နင်း၍ ကုပ်ချောင်းချောင်း ကလေး လှမ်းဝင်လိုက်၏။
မိုးသာ… ပြိုချင်ပြိုကျသွားမယ်၊ စန်းချိုနိုးလာမှာတော့ ပူစရာမရှိဘူးဟု ကျေနပ်စွာတွေးရင်း ပါးလွှာ သော ခြင်ထောင်ဇာ အတွင်းမှ ပိုးလိုးပက်လက်အိပ်ပျော်နေသော စန်းချိုကို လည်တိုင်ကိုင်းပြီး ကြည့် လိုက်၏။ အို ဘုရား… ဘုရား၊ ဟိုတစ်ခါ ခင်မောင်ငြိမ်းယူလာတဲ့ အင်္ဂလိပ်စာအုပ်ထဲမှာပါတဲ့ လူရိုင်း ကပ္ပလီမကြီး လိုပါပဲလား… ဟု သူ့ဇနီးကို ယခုမှတွေ့ရသော အနိဋ္ဌာရုံမြင်ကွင်းလို ခံစားကြည့်လိုက်လေ သည်။

ပြီးလျှင်… သန်းဆိုင်က ဘယ်တော့မှ သော့ခတ်ထားလေ့မရှိသော ဗီရိုကြီးမှ တံခါးနှစ်ချပ်ကို အထူးဂရု စိုက်၍ အသံတိတ် ဖွင့်လိုက်၏။ ဗီရို အလယ်ဆင့်နေရာတွင် အံဆွဲနှစ်ခုပါရှိပြီး ထိုအံဆွဲတွေ ကိုလည်း သော့ခတ်ထားခဲ့သည်။ အဘယ့်ကြောင့်ဆိုလျှင် စန်းချိုက ထိုအံဆွဲနှစ်ခုကို နေ့စဉ် မကြခဏဖွင့်ချည် ပိတ်ချည်နှင့် အသုံးပြုလေ့ရှိသောကြောင့် ဖြစ်သည်။ အသုံးပြုစရာအကြောင်းကလည်း ရှိသည်။ ဘယ် ဘက်အံ ဆွဲတွင်း စန်းချို၏ရွှေထည်လက်ဝတ်ရတနာများကိုသိမ်းဆည်းကာ ညာဘက်အံဆွဲ မှာ ငွေစက္ကူ တွေထားသည်။ ဤဗီရိုနှင့် အံဆွဲများကို သူတို့လင်မယားကလွဲလို့ ဘယ်သူမှ ခွင့်ပြုချက်မဲ့ မဖွင့်ရ၊ ခွင့်ပြု ချက်လည်း မပေး၊ ဗီရိုနားမပြောနှင့် အိပ်ခန်းထဲသို့ပင် အကြောင်းမဲ့မဝင်ရ… ဟူသော စန်းချို၏သံမဏိ စည်းကမ်း ထုတ်ပြန်ထားသည်။

ပထမဦးစွာ ရွှေအံဆွဲကို အသက်ပင်မရှုဘဲ ဖွဖွညင်ညင်ကလေး ဆွဲထုတ်ကြည့်သည်။ အံဆွဲအတွင်း အနီရောင် ကတ္တီပါစကလေးကလွဲ၍ ဘာတစ်ခုမှမရှိ၊ ရုတ်တရက် သန်းဆိုင် ချွေးစို့လာ၏။ ငွေအံဆွဲကို ဖွင့်ပြန်သည်။ ကျပ်တန်အနွမ်းကလေး သုံးလေးရွက်ကလွဲ၍၊ ဘာငွေကြေးမျှ မမြင်ရ၊ သိမ်းနေကျနေရာ မှာ မသိမ်းဘဲ ဘယ်မှာ သွားသိမ်းပါလိ့မ်… ဟူ၍တွေးကာ၊ သူ့မျက်လုံးတွေက ဗီရိုဘေးရှိ အဝတ်အစား အသစ်များ၊ မချုပ်ရေးသေးသော အထည်စများ သိမ်းဆည်းရာ သံသေတ္တာကြီးကို စူးစမ်းသည်။ သည် သေတ္တာ ကလည်း သော့ခတ်လေ့ မရှိ၊ ရွှေငွေလည်း သိမ်းဆည်းလေ့မရှိ။

ပို၍သေချာခိုင်မာအောင်၊ သန်းဆိုင်က သေတ္တာအဖုံးကို ပန်းကလေးတစ်ပွင့်ကဲ့သို့ တယုတယဖော့ဖော့ ဖွဖွကလေး ဖွင့်လိုက်သည်။ အဝတ်အစားကတစ်ပုံ၊ အထည်ပိတ်စတွေက တစ်ပုံ၊ သပ်သပ်ရပ်ရပ် ရှိနေ ကြ၏။ ပရုပ်နံ့လုံး အများအပြားထည့်ထား၍ ပရုပ်နံ့ထောင်းထောင်းထမွှန်ရှခြင်းကို ထိတွေ့ရသည်သာ အဖတ်တင် သည်။ သူတွေ့လိုသော အရာတွေ သေတ္တာထဲမှာလည်း မရှိ၊ (ဘယ်နေရာမှ ရှိမလဲ…၊ ဘယ်နေရာများရှိမလဲ…) သေတ္တာအဖုံးကိုဖွင့်တုန်းကလို အသာအယာပြန်ပိတ်ပြီး အခန်းထဲမှာ မျက် လုံးကစားသည်။ ချွေးတွေက စို့ရုံမဟုတ်တော့၊ ပြိုက်ပြိုက်ယိုစီးနေကြပြီ။

သန်းဆိုင် မျက်လုံးတွေ ကျယ်သွားသည်။ စန်းချို ခရီးထွက်စဉ်က ယူသွားသော ခရီးဆောင်အိတ်ကြီး ကို ခုတင်ဘေး မှာ ဇစ်ပွင့်လျက်တွေ့လိုက်သောကြောင့် ဖြစ်လာသည်။ နဖူးမှ ချွေးတွေကို လက်ခုံဖြင့် သုတ်ပြီး အိတ်ကို ဖြဲကာ ထဘီတွေ အင်္ကျီတွေ၊ အတွင်းခံစကတ်တွေကြားမှာ ကသောကမျော ထိုးနှိုက် စမ်းသပ်တော့သည်။ စန်းချို၏အလှပြင်ဆေးဝါးတွေ၊ ကိရိယာတွေကိုသာ စမ်းမိ၏။ မလျှော်မဖွပ်ဘဲ ထိုး သိပ်ထားသော အဝတ်အဟောင်းနံ့နှင့် အမွှေးနံ့သာနံ့တို့ ရောနှောပေါင်းစည်းပြီး ထွက်ပေါ် လာသော အောက်သိုးသိုးအနံ့ကို ရှုမိကာ သန်းဆိုင် အော်ဂလီပင် ဆန်ချင်လာမိ၏။
ငါ သူခိုးမှ မဟုတ်တာ၊ ဖြစ်ချင်ရာဖြစ်စေတော့ဟု ဆုံးဖြတ်ပြီး ခြင်ထောင်နားကပ်ကို စန်းချိုကိုကြည့် သည်။ သူ့မျက်လုံးတွေ ပြူးကျယ်သွားကြပြန်သည်။ ရင်တဒုတ်ဒုတ် ခုန်သံကို… စန်းချိုကြားမှာစိုး၍ ယောင်ယမ်းပြီး ရင်ဘတ်ကို ဘက်လက်ဝါးဖြင့် ဖိသည်။ (သြော်… ဒီလိုကိုး) ရွှေကော ငွေပါထည့်ထား သော စန်းချို၏ အဖိုးတန်သားရေအစစ် ပိုက်ဆံအိတ်ဖောင်းဖောင်းကြီးက စန်းချို၏ခေါင်းအုံးအောက်က နေ တစ်ဝက်ခန့် ပြူထွက်နေသည်။ သူတွေ့ချင်သော အရာဝတ္ထုများ ပိုက်ဆံအိတ်ထဲမှာ ရှိနေမည်ကို သံသယ ပွားစရာ မလိုတော့။

ရွှေတွေ ငွေတွေ မတွေ့တွေ့အောင် ရှာပြီး စစ်ဆေးဝေဖန်ကြည့်မည်ဟု ဆုံးဖြတ်ချက်ချထားသည့် တိုင်…၊ ပါးစပ်ကြီးဖြဲပြီး တဂူးဂူးဟောင်နေသည့် စန်းချို၏ဦးခေါင်းအောက်မှ ပိုက်ဆံအိတ်ကို သန်းဆိုင် မတို့ မထိရဲတော့…၊ ကျားပါးစပ်ထဲသို့ ခေါင်းလျှိုသွင်းလျှင်မှ…၊ ကျားက ကိုက်ချင်မှ ကိုက်ဦးမည်၊ ပိုက်ဆံအိတ်ကို သွားဆွဲစဉ် စန်းချို နိုးသွားပါမူ အာဠာဝကဘီလူး၏သံလျက်ကို ဆွဲမိသူထက် မခန့်မှန်း နိုင်အောင် အခြေအနေ ဆိုးသွားမည်။
သို့ရာတွင် သန်းဆိုင်သည် ဇွဲတင်းလိုက်၊ ဇွဲလျှော့လိုက်နှင့် ချွေးပေါက်ပေါက်ကျရင်း ချီတုံ၊ ချတုံ ဖြစ်နေ သေး၏။ ထိုသို့ရှိစဉ်… ကြမ္မာငင်လာတော့သည်။
ကိုယ်လက်ညောင်းညာ ကိုက်ခဲလျှင် အိပ်ပျော်ရင်းမှ သူမ၏ပင်ကိုအသံအောကြီးနှင့် ယောင်ယမ်းရေ ရွတ်တတ်သော စန်းချိုအသံ မြည်လာခြင်းဖြစ်၏။

"အဘိုး… အဘိုး…"
စန်းချိုက ဘုရားဖူးခရီးစဉ်တစ်နေရာမှာ၊ တွေ့ဆုံပူဇော်ခဲ့ရသော သီလ၊ သမာဓိ၊ ပညာတို့၏ဂုဏ် သတင်းကြီးများ ပျံ့နှံ့သည့် ရသေ့သူတော်စင်ကြီးတစ်ပါးကို အိပ်မက်မက်ပြီး ယောင်ယမ်းတမ်းတလိုက် သည်ကိုး…၊ စိတ်အသိကပြောင်းကပြန် ဖြစ်လျက်ရှိသည့် သန်းဆိုင်၏နားအာရုံတွင် (သူခိုး… သူခိုး) ဟူ ၍ ကြားလိုက်လေ သည်။
ကြားလိုက်သည်နှင့်…၊ သူ့အာရုံအလုံးစုံ ဗြောင်းဆန်ရှုပ်ထွေးသွားပြီး သူ့ပါးစပ်မှလည်း (သူခိုး… သူခိုး) ဟု မြည်တမ်းကာ၊ အခန်းထဲမှ အမြန်ဆုံးထွက်ပြေးဖို့ ခြေလှမ်းတွေရွေ့သည်။ အရှိန် ယူပြီး ရှေ့တိုးလိုက် သော ခြေတစ်ဖက်က စန်းချို၏ကြွေရည်သုတ်သံထည် "ညအိုး" ကို ကန်ထုတ် လိုက်သလို ဖြစ်သွား သည်။ ဂန်ဖလားအဖုံး ရိုက်ခတ်သံ၊ ဂန်ဖလားခွက်က လွင့်ပြီး သံသေတ္တာကို ကျယ်လောင်စွာ ဝင်တိုး လျက် ဘေးတစောင်းလိမ့်သွားရာမှ နံရံကို ဝင်တိုက်ပြန်သော အသံတို့ကို…၊ သန်းဆိုင် ကတော့ ငလျင် လှုပ်ပြီးသူ့အိမ်ကြီး ပြိုကျသံဟုသာ ထင်လိုက်မိတော့၏။

စန်းချို လန့်နိုးပြီး ခြင်ထောင်ထဲက ခုန်ထွက်လာသည်အထိ မိထူးနှင့် သားနှစ်ယောက် အိပ်ခန်းထဲသို့ အူယား ဖားယား ပြေးဝင်လာကြသည်အထိ…၊ သန်းဆိုင်သည် ဆီးအိုးကို ကန်မိသောနေရာ၌ နေလှန်းခံ ရသော အပြစ်သား တစ်ဦး ကဲ့သို့ ချွေးဒီးဒီးကျလျက် ရပ်နေဆဲဖြစ်သည်။
×××        ×××        ×××

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

Tuesday, August 21, 2012

ကြူးနှစ် ၏ ဇာတ်ကောင်တွေဆီက ထွက်ပြေးတဲ့ဇာတ်လမ်း, အပိုင်း (၁၇)

သြော်၊ အမေ...အမေ၊ အဖေ့ကို အနိုင်ယူလို့အားမရသေးဘဲ သက်သက်မဲ့ အရူးလုပ်သွားတာ ပါလား...၊ အဖေတော့ ရူးမရူးမသိဘူး၊ လောလောဆယ်တော့
မူးပြီးမှောက်နေပြီဟု တွေးရင်း မိုးကျော်အောင်သည် ကတော့မခို ခုန်တော့မလို အမူအရာဖြင့် အိမ်ဘက်သို့ လှမ်းအော် သည်။
ကို ဆက်ဖတ်ရန်.................
        ×××             ×××             ×××
        ×××             ×××             ×××
"ဒေါ်လေးနဲ့ ညီလေး ဒီကိုအမြန်လာကြဦး...ဟေ့" သန်းဆိုင်သည် တစ်ညလုံးတောက်လျှောက်၊ အိပ်မက်ပင်မမက်အားအောင်
အိပ်မောကျခဲ့ပြီး နောက်မိုးလင်းခါနီးတွင် ရင်တလှပ်လှပ်တုန်၊ လည်ချောင်းတွေ ပူလောင်ခြောက်သွေ့၊ ချွေးစေးတွေ ယိုစိမ့် လျက် ကယောင်ချောက်ချား လန့်နိုးလာသည်။ သူ့ကိုယ်ပေါ် တွင် သားတွေလွှမ်းခြုံပေးထား သောစောင်လည်း မကပ်တော့။ ပုဆိုးကလည်း သူ့ခြေရင်းမှာ ပစ်စလက်ခတ် ပုံလျက်သား ရောက် နေသည်။ အဆိုးဆုံး အခြေအနေကတော့ သူ၏နားရွက်အစုံတစ်ဝိုက်ရှိ ဦးခေါင်းနှစ်ခြမ်း သည် တူကလေးတွေဖြင့် တဆတ်ဆတတ်ထုနှက်ခြင်းခံရသလို ကိုက်ခဲဖူးအုံနေခြင်း ဖြစ် လာသည်။

(ဘုရား...ဘုရား...ရား...ရား အတော်ပြင်းတဲ့ နိုင်ငံခြား အရက်ပါလား၊ ဘယ်လိုကဘယ်လို သတိ လစ်သွားမှန်းကို မသိတော့ဘူး၊ အတော်ကြီးအားယူပြီးမှ
ထထိုင်သည်။) ခြင်ထောင်ထဲမှ ထွက်လာသောအခါ စန်းချိုမှန်တင်ခုံပေါ် တွင် သောက်ရေ ထည့်ထားသော ရေသန့် ဘူးနှစ်ဘူးနှင့် လဲကျနေသော ရေသန့်ဘူးခွံ တစ်ဘူး ကို တွေ့ရသည်။ သူညက ကယောင်ကတန်း အော်၍ ရေတောင်းခဲ့သဖြင့် သားကြီးက ရေလာတိုက်ခဲ့သည်ကို သူလုံးဝ မမှတ်မိတော့ပေ။ ရေဘယ်နှကြိမ်တောင်းခဲ့မှန်းလည်း သတိမရတော့ပေ။

ယခု.... ရေဗူးတွေမြင်သည့်အခါ၊ ရေငတ် ဝေဒနာ ပိုမိုနိုးထလာပြီး ရေတစ်ဘူးဆွဲယူ၍ ဘူးထဲ မှာ ရေတစ်စက်မျှ မကျန်အောင် အငမ်းမရ တကွပ်ကွပ်နှင့်
သောက်ချ လိုက်သည်။ ရေသောက်ပြီးနောက် ဆီးသွားရန် အိပ်ခန်းထဲမှ ထွက်၍ မီးဖိုခန်းထဲ သို့ ဖြတ်လျှောက်ခဲ့ရာ ကြက်သွန်နွှာနေသော မိထူးက မျက်လုံးစွေကြည့်သည်။
သန်းဆိုင် အခြေအနေကို စူးစမ်းခြင်း ဖြစ်သည်။ သန်းဆိုင်က မိထူးရှိနေသည်ဟုပင် သတိ မထားမိသောဟန်ဖြင့် အိမ်သာဆီသို့ ဒယိမ်း ဒယိုင် လှမ်းဆင်းသွားသည်။

အိမ်သာမှ ပြန်ဆင်းလာသောအခါ၌လည်း မိထူးကိုမကြည့်ဘဲ ခေါင်းငိုက်စိုက်ကြီးဖြင့် လျှောက်သွား သည်။ အိပ်ခန်း ထဲ ပြန်မ၀င်ဘဲ ဘုရားစင်ရှေ့ ဖယောင်းပုဆိုးပေါ်မှာ မှောက်လျက်လှဲအိပ်လိုက် သည်။ သူ့တစ်သက် မှာ တစ်ကြိမ်တစ်ခါမျှ မခံစားဖူးသော အခံရခက်လှသည့် ဝေဒနာတစ်ရပ်ကို ခံစားနေရမှန်း သိလိုက်ခြင်းနှင့် အတူ၊ စိတ်ပျက်အားငယ်မှုက သူတို့ ဖိစီးညှန်းပန်းလာတော့၏။ စင်စစ်... လိုအပ်သည် ထက် အရက်ပိုသောက်မိသူတို့ အိပ်ရာထမှာ တွေ့ကြုံရင်ဆိုင်ရသော "အရက်နာကျခြင်း" ဝေဒနာပြစ်ဒဏ် (၀ါ)သေရည် ၏ ဘေးထွက်ဆိုးကျိုးပါတကား...။

"အစ်ကိုကြီး...ညက ထမင်းမစားဘူး၊ အခုစားမလား" မိထူးက ထိုမေးခွန်းကို သုံးကြိမ်မေးတော့မှ သန်းဆိုင် မှောက်လျက် ကနေ ပက်လက်လှန်ပြီး ဖြည်းညင်းစွာ ခေါင်းခါသည်။ "မ....စား....ချင်....ဘူး" မိထူးက ပျော့တိပျော့်ဖတ် ပက်လက်လှဲနေသော သန်းဆိုင်အား ဒဏ်ရာအနာတရနှင့် အပူအညီမဲ့ လဲကျနေ သည့် ဒုက္ခသည်ကြီး ကို ကြည့်သည့်အလား....ကြည့်နေ၏။ "သံပရာရည်သောက်မလား...." "ကွမ်းစားတဲ့ ပါးစပ်ကြီးနဲ့ သံပုရာရည်နဲ့ မကိုက်ပါဘူးဟာ"ဟု ညည်းပြောပြာကာ သန်းဆိုင်လက၀ဲ နံတောင်းဘက် သို့ စောင်းအိပ်လိုက်သည်။

"အစ်ကိုကြီးသန်းဆိုင် အမူးကောပြေပြီလား" သန်းဆိုင်က ထိုမေးခွန်းကိုကြားသော်လည်း မဖြေ။ သူ့ဘာသာ လည်း အမူးပြေမှန်း မပြေမှန်း မသိပါ။
"အမူးပြေရင် အစ်ကိုကြီးသန်းဆိုင် အရမ်းဝမ်းသာသွားမယ့် သတင်းကိုပြောမလို့" သန်းဆိုင် က ခေါင်းကို လှည့်၍ မိထူး ကို မျက်လုံးပြူးကြည့်ကာ....
"ဘာဝမ်းသာစရာ တုံးဟ၊ ထီဖွင့်နေပြီမဟုတ်လား၊ ထီရောင်းတဲ့ကောင်လာပြောသလား ငါမင်္ဂလာ စုံတွဲ သုံးထောင်ဖိုး ထိုးထားတယ်၊ ထီပေါက်ပြီလားဟ"ဟု ထင်ရာမြင်ရာ ပြောနေရာမှ ထထိုင် သည်။

မိထူးသည် နှုတ်ခမ်းရှေ့ သို့ ငေါထွက်နေကြသော် လည်း ဖွေးစင်ညီညာလှသော  ရှေ့သွားပေါ် အောင်ပြုံး လိုက်၏။ "ထီပေါက်တာ မဟုတ်ဘူး၊ တခြားဟာ...၊ သိချင်ရင်ဆိုင်လဲ မိုးကျော်အောင်ရှိတယ်၊ သူ့ကို သွား မေးကြည့်...." မိထူး က ချာခနဲ လှည့်ထွက်သွားရာ သန်းဆိုင်လက်တစ်ဖက်ကို မြှောက်လိုက်ရင်း ပါးစပ် အဟသား ဖြစ်နေ၏။ လက်ကလည်း လေထဲမှာ တွဲလောင်းတွဲထားသလို ဆန့်တန်း ငြိမ်သက်နေသည်။
        ×××             ×××             ×××
        ×××             ×××             ×××
အချိန်စောသေး၍ ဆိုင်မှာ လူဝင်လူထွက်ကျဲသည်။ လမ်းပေါ်မှာလည်း လူသွားလူလာ တစ်ဦးစ နှစ်ဦးစသာ သွားလာနေကြ သည်။ ဆိုင်နီးချင်းတချို့က ဆိုင်တံခါးတောင် မဖွင့်ကြသေး။ လူသူရှင်း လင်းနေခြင်းကြောင့် သန်းဆိုင်အသံကို မထိန်းတော့။ "မဟုတ်သေးဘူးကွာ...မဟုတ်သေးဘူး"ဟု စိတ်ဆိုးမာန်ဆိုးပြောကာ
စန်းချို၏စာ ကို သားကြီး၏ ရင်ခွင်ထဲသို့ အပြီးစလွယ်ပစ်ချသည်။ သားကြီးက စာရွက်ကလေးကို ဂရုတစိုက်ကောက်ယူပြီး စာအိတ် ထဲသေချာပြန်ထည့်၏။ သူ့ဖခင် ၀မ်းသာကြည်နူးဟန်ပြ မလာသည်ကို မိုးကျော်အောင် နားဝေတိမ်တောင် ဖြစ်နေရပြီ။

"မင်းတို့ အမေလုပ်ပုံမဟုတ်သေးဘူး၊ ဘုရားဖူးသွားတာကို လင်နောက်လိုက်ပြေးသလို ဘာလို့ ခိုးကြောင်ခိုးဝှက် လုပ်ရမှာလဲ၊ ဘာလို့ရွှေတွေအကုန်ယူသွားရသလဲ၊ ဘာလို့ ပိုက်ဆံတွေ လေး ငါးခြောက်သောင်း ထည့် သွားရသလဲ... ဒါဟာ မရိုးမသား ကလိန်ကကျစ် လုပ်တာကွ... ငါ့ကို လည်း.... ဂရုမစိုက်တဲ့အပေါက်မျိုး ချိုးတာ"
မိုးကျော်အောင်က သက်ပြင်းခိုးရှူကာ မျက်နှာလွှဲ၍ ထိုင်နေလိုက်၏။ သူ့ဖခင် အရက်မူးမပြေသေး ဟု ထင်သည်။ အကြောင်းမှာ သန်းဆိုင်ပါးစပ်က အနံ့ဆိုးအကြွင်းအကျန်တွေ ထွက်လာနေ ဆဲဖြစ် သောကြောင့် ပင်။

"ငါ့ကိုများ တိတ္ထိတဲ့ကွာ...၊ ကြည့်စမ်း ဒီမယ်သားကြီး အဖေဟာ ရွာဦးဘုန်းတော်ကြီးကျောင်းမှာ သုံးနှစ် သုံးမိုး နေလာခဲ့တဲ့ကောင်ကွ၊ မင်းတို့ဘိုးအေကြီး ဦးကံငွေက စာတတ်ရဟန်းလူထွက် ကွ၊ ဟောဒီဘုရားကြီး ဆိုရင်လည်း အဖေကိုယ်တိုင် လှူလာတာ ရေအလှူ၊ ငွေအလှူ၊ ဆီးမီးအလှူ၊ ပန်းအလှူ နည်းနည်းနောနော လားကွာ ဟင်၊ ငါက ဆိုင်တစ်ဖက်နဲ့မအားလို့ အားရင် ဘုရားဂေါပ ကအဖွဲ့ဝင်တောင် ၀င်လုပ်ရသေးရဲ့၊ ဒါကိုများကွာ... စန်းချိုမို့ တိတ္ထိလို့ စွပ်စွဲရက်ပါပေ့..." မိုးကျော်အောင်သည် စိတ်ကသိ ကအောက်ဖြစ်ရသည့်ကြား မှ ခြောက်ကပ်ကပ်ရယ်လိုက်၏။

"ဒါကတော့ အဖေရာ... အမေ အဖေ့အဖေသူ့ယောက္ခကြီးရဲ့ စကာလုံးကို သတိရလို့နေမှာပါ၊ အဖေပြောဖူး တာပဲလေ၊ အဘိုးက အမေနဲ့သဘောမတူတာနဲ့ပဲ အဖေ့ကို (ဘုရားနားမှာနေတဲ့ တိတ္ထိ)လို့ ရွာမှာ လျှောက်ပြောဆိုအဖေရဲ့" သန်းဆိုင်က ကလေးဆိုးကြီးကို နှုတ်ခမ်းစူသည်။ "ငါ့အဖေကလည်း အလကား လူကြီးပါကွာ၊ ဘုန်းကြီးဝတ်နဲ့တုန်းကကော သီလသမာဓိရှိခဲ့ပုံပဲ၊ လူဝတ်လဲပြီး မိန်းမယူတော့မှ သီလကြောင်ကြီးဖြစ် သွားတာ၊ ငါတို့ဒီဘုရားကြီးနားမှာ စနေက တည်းက ငါ့ဆီတစ်ခေါက်တစ်ကျင်းတောင် မလာဘူး၊ ငါ့ကိုလည်း သူ့ဆီအလာမခံဘူး၊ ဒါပေမဲ့ ငါပို့ပေးတဲ့ ကိတ်မုန့်တွေ၊ ပန်းသီး၊ သပျစ်သီးတွေကျတော့  ငွေကြေးအများဆုံးအကုန်အကျခံပြီး မသာချခဲ့ရတာ....(တောက်)သူက လူသေ သွားပေမဲ့ သူ့စကားလုံး "တိတ္ထိ"ကိုတော့ သူ့ချွေးမပါ၊ ထပ်ထဲထည့်ထားခဲ့သေးသကို"
မိုးကျော်အောင် က လှိုက်လှိုက်လှဲလှဲရယ်မောသောအခါ သန်းဆိုင်သည် သားဖြစ်သူကို မကျေမ ချမ်းစောင်းကြည့် ၏။ "ဒီမယ်သားကြီး...ဒါတွေအသာထားဦး။ အရေးကြီးတာတစ်ခုငါစဉ်းစားမိတယ်ကွ" မိုးကျော်အောင် အရယ်ရပ်သွား၏။ သူ့ဖခင်၏ မှုန်တေလေးနက်စွာ လိမ်ရှုံ့ထားသည့် မျက်နှာကြီး ကိုကြည့် ၏။ မနေ့က ၀ီစကီအရှိန်ဖြင့် မျက်လုံးအိမ်က နီတွတ်တွတ်နှင့် မိုးကျော်အောင် မမြင်ဖူး သော မျက်နှာကြီးဖြစ်နေသည်။

"စာလာပေးတဲ့ကောင်လေးပြောသွားပုံဆို....၊ သူတို့ ဘုရားဖူးကားမှာ ယောက်ျားသုံးယောက်ပါ သွားတယ် တဲ့၊ ဒါက...သားကြီးပြောလို့ အခုမှ
အဖေ သိရတာနော်၊ အဲဒီသုံးယောက်ထဲမှာ ကုလား ဒိန်တစ်ကောင် ပါသွား မသွား အဖေသိချင်တယ်" "ဟာ...အဖေ ကလည်းဗျာ၊ တရုတ်မတွေရဲ့ ဘုရားဖူးကားမှာ ကုလားဒိန်ပါမတဲ့လား"ဟု မိုးကျော် အောင်စိတ်ရှုပ်ဟန်ဖြင့် ပြောလျှင် သန်းဆိုင်က လက်ညှိုးကြီးထောင်ကာ "မင်းတို့အမေရဲ့ ကုလားဒိန်ဟာ  ကားဒရိုင်ဘာမဟုတ်ဘူးလို့ပြောနိုင်သလားဟင်"ဟု သူ့ထင်မြင် ချက်ကိုဖွင့်ထုတ်၏။

"ကုန်စုံဆိုင်က တရုတ်ကြီး ဦးကျူးဆီမှာ တိုယိုတာဟိုင်းလပ်ခရီးသည်တင်ကား (၃)စီးတောင် ရှိတာ အဖေ မသိဘူးလား၊ တရုတ်မတွေက သူတို့ကားနဲ့
သူတို့သွားကြမှာပေါ့၊ အဲဒီကားသုံးစီး စလုံး ရန်ကုန်နဲ့လိုင်းပြေးနေကြတော့ ကျွန်တော်လည်း စီးဖူးတယ်။ ကျွန်တော် တို့ ကားဝပ်ရှော့ မှာလည်း သုံးစီးစလုံး လာပြင်ဖူးတယ်။ ဒရိုင်ဘာတွေထဲမှာ ကုလားဒိန်မပါဘူး။ တရုတ်ကပြားတစ် ယောက် ကရင်တစ်ယောက်နဲ့ ရခိုင်တစ်ယောက်ဆိုတာ ကျွန်တော်ကောင်းကောင်း သိ တာပေါ့။ အမေ့စာဖတ်ရပြီးမှ တောင်တောင်အီအီ လျှောက်မတွေးစမ်းပါနဲ့ အဖေရာ.. အမေဘုရားဖူးသွား တယ်လို့ စိတ်နှလုံး ဒုန်းဒုန်းချယုံလိုက်စမ်းပါ" မိုးကျော်အောင်၏ တောင်းပန်နှစ်သိမ့်စကားကို သန်းဆိုင် နားဝင်ဟန် မရှိ။

"သေချာအောင်တော့်...ဘုရားဖူးကားမှာ ကုလားဒိန်တစ်ယောက်ပါ မပါ တရုတ်ကြီးကို သွားမေးဦး မယ်၊ ယောက်ျားသုံးယောက် ပါတယ်ဆိုတော့... ကားစပယ်ယာထဲမှာ
ကုလားဒိန် တစ်ယောက် ပါကောင်း ပါနိုင်တယ်ကွ...၊ ကုလားဒိန်ပါလို့သာ မင်းတို့အမေ ငါကို အသိမပေးတာ၊ အသိပေးလို့ ငါလိုက်ကြည့်ရင် သူ့ကုလားဒိန်ကိုတွေ့သွားမှာပေါ့၊ မဟုတ်ဘူးလား" "အဖေပြောသလို မဟုတ်ရဘူးဗျာ၊ ကျွန်တော် လောင်းကြေးစားကြေး ပြောတယ်" "ဟေ့ကောင်..... သားအဖ ချင်း အလောင်းအစားတော့ လာမလုပ်နဲ့"
သန်းဆိုင် သည် ဆိုင်ထဲမှဆင်းကာ အိမ်ပေါ်သို့ရေးကြီးသုတ်ပျာ ပြန်တက်သွားစဉ်၊ မိုးကျော်အောင် တစ်ယောက် တည်း ရှုံ့မဲ့ခေါင်းယမ်းနေမိလေတော့၏။
×××         ×××           ×××
×××         ×××           ×××

တရုတ်ကုန်စုံဆိုင်မှ သန်းဆိုင်ပြန်ရောက်ချိန်တွင် ဆိုင်ထဲမှာ သားငယ်ပြည့်ဖြိုးအောင်က ကျောင်းမသွားမီ အလှည့်ကျ ဈေးရောင်းပေးနေပြီး၊ ခုံတန်းလျားအုပ်စုအဖွဲ့ဝင် ရန်ပိန် တစ်ယောက်သား၊ အစာမျှော် ကာ ခွေးတစ်ကောင်၏ အမူအရာမျိုးဖြင့် သန်းဆိုင်ကို ဆီးကြိုး လျက်ရှိသည်။
ရန်ပိန်က မနေ့ကကဲ့သို့ အပိုဝင်ငွေရဖို့ မျှော်လင့်နေသည်။ "အစ်ကိုသန်းဆိုင်..နေကောင်းသွားပြီလားဗျ" ဟုရန်ပိုင် က အဓိပ္ပာယ်ပါသော အပြုံးဖြင့် လှမ်းမေးသည်။ "မနေ့ကထက် ပိုဆိုးတယ်ကွာ..." ဟု သန်းဆိုင် က ခေါင်းခါရှုံ့မဲ့ရင်း ပြောကာ အိမ်ပေါ်သို့ ပျာယီး ပျာယာတက်သွား၏။ ရန်ပိုင်က သူ့အတွေးနှင့် သူပြုံးသည်။

သန်းဆိုင် နေမကောင်း သေးသရွေ့၊ သူ သည် "ဝီစကီအဝယ်တော်" သို့မဟုတ် သန်းဆိုင်၏ တစ်ကိုယ်တော် ဝမ်းနည်းခြင်း အထိမ်းအမှတ် အခမ်းအနားမှ
တစ်ဦးတည်းသောဖြစ်မြောက်ရေး ကော်မတီဝင် ရာထူး ရရှိနေမည်ဟု ရန်ပိန်စိတ်ကူး ယဉ်နေလေသည်။ သန်းဆိုင် ၏ စိတ်အခြေအနေပြောင်းလဲသွားသည် သာမက အရက်နာကျ၍ အရက် ပုလင်းကိုပင် မကြည့်ဝံ့တော့မှန်း သူ သနားစရာ ရန်ပိုင် မသိရှာ။

သန်းဆိုင်အိမ်ပေါ်ရောက် သည်နှင့်သူဘာပြော မည်ကို မျှော်လင့်တကြီး စောင့်ဆိုင်းနေဟန်ရှိသည့် မိထူး ကို တွေ့ရသည်။ မိထူးမှာမနေ့က စန်းချိုထံမှ
စာရောက်လာပြီး အကျိုးအကြောင်း သိရကတည်းက... မျက်နှာထားပိုမိုကြည်လင်လာ၏။ " အစ်ကိုကြီး ထင်တဲ့ အတိုင်းပဲလား " ဟု မိထူးက မေးတော့ သန်းဆိုင်ခေါင်းယမ်းပြပြီး.. " မဟုတ်ဘူးဟ.... ကားပေါ်မှ ဘယ်ကုလား မှ ပါမသွားဘူး" ဟုညောင်နာနာဖြေသည်။ "အစ်ကိုကြီးသန်းဆိုင်က စိတ်အပူအလွန်နေတာပါ။ မိုးကျော်အောင် က ကျွန်မကို အလုပ်မသွားခင် ပြောသွားသေးတယ်။ အဖေ့ကို ဂရုစိုက်ပါ ဒေါ်လေးရယ်..တဲ့ အဖေတော့ အမေ့စိတ် နဲ့ ရူးကြောင် ကြောင် ဖြစ်နေပြီတဲ့။
"သူ ဘုရားဖူးလိုက်သွားတယ်ဆိုတိုင်း ငါမယုံနိုင်သေးဘူး၊ လမ်းခုလတ်မှာ သူ့အကောင်နဲ့ ချိန်ထားပြီး ကားပေါ် က ဆင်းနေခဲ့လည်း ဖြစ်တာပဲ။

" မဖြစ်နိုင်တာပဲ" စိတ်ပျက်လက်ပျက်ညည်းလိုက်သော မိထူးကို...၊ သန်းဆိုင်မဲ့ပြုံးပြုံးကြည့်သည်။ " လောကကြီး မှာ မဖြစ်နိုင်တာမရှိဘူး မိထူး၊ မဖြစ်သေးတာပဲ ရှိတယ်။
ဖြစ်လာရင် ဘယ်သူမှ မတတ်နိုင်ဘူး၊ ဒီစကားကို မှတ်ထား" မိထူးက သန်းဆိုင်ကို ရဲရဲတင်းတင်း စိုက်ကြည့်ပြီး တစ်ခါ မျှ မရွယ်ဖူးသော လက်ညှိုးဖြင့် ရွယ်သည်။
" ဒီမယ်နော်...၊ စိတ်ညစ်တယ်။ အသည်းကွဲတယ်ဆိုပြီး မနေ့ကလိုတော့ အရက်တွေ မသောက်နဲ့။ အစ်ကိုကြီး ကို တွဲရထိန်းရတာ ဘယ်လောက် စိတ်ညစ်စရာကောင်းတယ်မှတ်လဲ၊ ငယ်ငယ်တုန်းက အဖေမူးရင် မောင်နှမတစ်တွေ ဝိုင်းတွဲရတာကိုသတိရပြီး ကျုပ်ငိုချင်လိုက်တာ၊ ကျုပ်တို့အဖေလည်း
အရက်ကြောင့် သက်တမ်းစေ့မနေရဘဲ သေသွားရတာ၊ ကျုပ်က အမေ့ထက် အဖေ့ကို ပိုချစ်တာကြောင့်... " စန်းချိုမရှိချိန်မှာ...မိထူး ဘာကြောင့် စကားတွေများများပြောပြလာပါလိမ့်ဟု သန်းဆိုင်ဖျတ်ခနဲ တွေးမိ၏။

သြော်... သူဟာ ငါ့လက်ထဲမှာ လူလားမြောက်ခဲ့တဲ့ ရုပ်ဆိုးကျည်းတန်မကလေးပဲ၊ ရည်းစားသနံတောင် မရှိရှာဘူး သန်းနိုင် သည် မိထူးကိုသာ စိုက်ကြည့်နေမိ၏။
" စိတ်ချပါဟာ အစ်ကိုကြီးအရက်မသောက်တော့ပါဘူး " သို့စဉ်ခိုက်မှာ....မိထူးက သန်းဆိုင်လုံးဝ...လုံးဝ မမျှော်လင့်သော မေးခွန်းတစ်ခုကို မင်မောင် ကောင်းသည့် ရှေ့နေမတစ်ယောက်က.... စိတ်လှုပ်ရှား စိုးရွံ့နေသော တရားခံတစ်ဦးကို တရားခွင်မှာ မေးခွန်းထုတ်သံဖြင့် မေးလာပေ၏။

" တကယ်လို့.... အစ်မကြီးစန်းချို ဘုရားဖူးသွားတာမဟုတ်ဘဲ ...သူ့အဆက်နောက် လိုက် ပြေးတယ် ဆိုရင်ကော... အစ်ကိုကြီးသန်းဆိုင် ဘာဆက်လုပ်မလဲ။
သန်းဆိုင် ၏ မျက်စိတွေ၊ ပါးစပ်တွေ သာမက၊ လက်တွေခြေတွေပါ ဂနာမငြိမ် လှုပ်လှုပ်ရွရွ ဖြစ်သွားကြကာ၊ မိထူး ကို အသနားခံသလို မော့ကြည့်သည်။
"မ-မ-မပြောတတ်ဘူးမိထူး...ငါရူးချင်လည်း ရူးသွားမယ်။ ဒါမှမဟုတ်စိတ်ညစ်ညစ်နဲ့ အရက်ဖိ သောက်ရင်း အရက်သမားကြီး ဖြစ်သွားမယ်၊
အေးလေ.... ဒီလိုမှ မဟုတ်ရင်လည်း.... ငါဘုန်းကြီးဝတ်ချင်ဝတ်သွားမှာပေါ့ဟ...၊ ဘာမှမသေချာပါဘူး..... " မိထူး က ရိတိတိကလေး ပြုံးနေသည်။ ပြုံးရာကသဲ့သဲ့ရယ်၏။
"ကျုပ် မယုံချင်ပါဘူး အစ်ကိုကြီးသန်းဆိုင် ရာ...ဟပ်ဟပ်၊ ကျုပ်တို့ရွာတစ်ကြောက ယောက်ျား တွေကျတော့ တစ်မျိုး...." "ဘယ်လို တစ်မျိုးလဲဟ"

"မိန်းမက တစ်ခြားယောက်ျားနောက်လိုက်သွားခဲ့ရင်၊ ကျန်ခဲ့တဲ့ လင်ကလည်း အမြန်ဆုံး နောက် အိမ်ထောင် ပြုလိုက်တော့တာပဲ၊ အစ်ကိုကြီးသန်းဆိုင်
ပြောသလို ရူးလည်းမရူးပေါင်...၊ အရက်သမားလည်းမဖြစ်ပေါင်....၊ ကဖိုးသီးဆိုတဲ့ လူဆိုရင် သူ့မယား လည်း ဖောက်ပြန်သွားရော. ... ဘာမှမကြာဘူး၊
သူက ရွာထဲက သူ့ထက် အသက် ၂၀လောက်ကြီးတဲ့ မုဆိုးမအဘွားကြီးကို ယူလိုက်ရောတော့ ဟပ်-ဟပ်-ဟပ်" "အဘွားကြီးက ပိုက်ဆံရှိလို့ နေမှာပေါ့ဟ"
"မရှိပေါင်...၊ သားသမီးတွေ ပေးစာကမ်းစာထိုင်စား နေရတာ" "ဒီလိုဆို...အဲဒီမိန်းမကြီးက ငါတို့မြန်မာ ရုပ်ရှင်မင်းသမီြးိကီးတွေ ကို အမေခန်းက သရုပ်ဆောင် ရတဲ့ အဘွားကြီးဖြစ်ပေ မဲ့ ချောတုန်းလှတုန်းမို့ နေမှာပေါ့" "အို...မချောပေါင်၊ မလှပေါင်၊ ငါးကျီးခြောက်လို မည်းပြီးပိန်ရတဲ့အထဲ၊ မျက်စိ တစ်ဖောက်က စွေနေသေး...."
သည်တစ်ခါတော့... နာရီပေါင်းများစွာ မရယ်မမောနိုင်ခဲ့သော သန်းဆိုင်သည် လွတ်လွတ်လပ်လပ် ကြီး၊ ခုနစ်အိမ်ကြား ရှစ်အိမ်ကြား လွှတ်ရယ်လိုက်တော့သည်။
"အဲဒီ...ဖိုးသီး ဆိုတဲ့လူ...မယားတရူး...ရူးသွားတာ...၊ တော်တော်တုံးတဲ့ ငတုံးပဲကွာ...ဟားဟား မယားရွေးတော် လိုက်တာ....ဟားဟား"
ရယ်ချင်စိတ် ကုန်သွားသောအခါ ငါလည်း ဖိုးသီးလိုမယားတရူး...ရူးချင်နေသလား မသိဘူး...ဟု သန်းဆိုင်ယောင်နန တွေးမိလေ၏။

ဤဝေဒနာဆိုး သည် ယခုမှ ခံစားဖူးသော ဝေဒနာသစ်မဟုတ်မှန်း သန်းဆိုင်သတိရလာ၏။ စန်းချို  နှင့် အိမ်ထောင်စ ကျသည့် မင်္ဂလာဦးည လွန်မြောက်ပြီး နောက်တစ်နေ့မှာလည်း သူအလူးအလဲ... အမေအဘ တယူလောက်အောင် ခံစားခဲ့ရဖူး၏။ မင်္ဂလာဦးညမှာ၊ သုံးအိမ်စုကာလသားတွေ ဂုဏ်ပြုသည့် ချက် အရက်များ သောက်မိရာက တန်ဆေးလွန်ဘေးဖြစ်ကာ....၊ နောက်တစ်နေ့ မှာ "အရက်နာ ကျခြင်း"ဆိုသည့် သေရည်ကြိုက် လူမိုက်များ၏ လက်စွဲတော်၊ ဖွားဖက်တော်ရဲဘော် ရဲဘက်ကြီးနှင့် နပန်း လုံးခဲ့စဉ် မရှုမလှ ရှုံးနိမ့်ခဲရပုံကို ယခုသန်းဆိုင် တစိမ့်စိမ့်တွေတော အမှတ်ရ နေသည်။ ရင်ကလည်း တုန်၊ ခြေတွေ လက်တွေလည်းတုန်၊ စကားပြာရင် လည်း အသံကတုန်ပြီး တစ်ဆို့ဆို့နဲ့ အတော် ခံရခက်တာပဲ၊

အရက်ရဲ့မျက်မှောက်အပြစ်ဒဏ်ပါကလား....ဟူ၍ သန်းဆိုင် သည် ဈေးရောင်းရင်း သံသယပွားနေ ၏။ ဝေဒနာကို နောက်ကြောင်းပြန်ရာက စန်းချိုနှင့် မင်္ဂလာဦး
ညမှာတူနှစ်ကိုယ်မလျောင်းမွေးခဲ့ရသည့်  ကမောက်ကမဖြစ်ရပ်ကလေးကို သတိရရင်း စိတ်အာရုံ မှာ စန်းချို၏ အသွင်သဏ္ဌာန် အမျိုးမျိုးတို့သည် စင်မြင့်ပေါ်မှာ
မော်ဒယ် အလှမယ်တွေ စုပေါင်း သရုပ်ပြနေကြသည့်သဖွယ် ရောထွေးလှုပ်ရွထင်တပ်လာကြ၏။ သန်းဆိုင် ကို ရာခိုင်နှုန်းအများဆုံး ဖမ်းစားညှို့ငင်နေ သည်မှာ စန်းချိုအပျိုဘ၀ရုပ်သွင်လည်း မဟုတ်၊ အိမ်ထောင် ဦး ခေါင်းရွက်ဈေး သည် ဘ၀ရုပ်သွင် လည်းမဟုတ်။

ကျိုက်ဒေးယျုံ ဘုရားကြီးအနီးမှာ၊ ခနော်ခနဲလေးတိုင်စင် ကွမ်းယာ ဆိုင်ကလေး ဖွင့်၍ ကွမ်းယာ ထိုင်ရောင်းနေခဲ့သော ဆိုက်ကားသမား မယားဘ၀ရုပ်သွင်လည်း
မဟုတ်။ လမ်းထဲက ကြေးရတတ်သားသမီး အပျိုမကလေးတွေ၏ဖက်ရှင်မျိုး ဝတ်ဆင်ထားသော မိတ်ကပ် အပြောင်းသား နှုတ်ခမ်းနီ အရဲသား၊ ရွှေထည်တဝင်းဝင်းနှင့်
ဆံပင် တိုနံ့နံ့ ရင်မောက်မောက်၊ တင်ကောက်ကောက်နှင့် လေးဆယ်ကျော်အလှရှင်အတု ကျည်းတန်မ စန်းချို ၏တောက်ပ ပြုံးပြက် သော ရုပ်သွင်သာဖြစ်တော့သတည်း။

ငါ စတွေ့ခဲ့တဲ့ စန်းချိုပုံနဲ့ လက်ရှိပုံ ဘယ်လိုမှ ဆက်စပ်လို့မရပါကလား၊ သင်းဟာ ပုံပြင်ထဲကလို ဖားပြုပ်ကြီး ဘဝကနေ ရွှေမင်းသားကလေးဘဝ ပြောင်းသွားတာမျိုးပဲ၊ ပုံပြင်ထဲမှာတော့ ရွှေမင်းသား ကလေးဟာ ဖားပြုပ်ရုပ်ဆိုးကြီး ဘဝကို ပြန်ရောက်သွားလေရဲ့… စန်းချိုကော… သင်း ဘုရားဖူး အယောင်ပြပြီး မဟုတ်မဟတ် လော်လီဖောက်ပြားသွားရင်… စုတ်ပြတ်နေတဲ့ ငါးစိမ်းသည်မ ဘဝ ပြန် ရောက်သွား မှာ သေချာ တယ်။ သိပ်သိပ်သေချာတယ်… ဟူသော အတွေးများနှင့်အတူ သန်းဆိုင် သည် ဆိုင်နံရံရှိ စန်းချို၏ ဓာတ်ပုံကြီးကို စောင်းကန်းစောင်းကန်း ကြည့်ကြည့်နေ၏။

"နာရီပြန်တစ်ချက် ထိုးပြီ အစ်ကိုကြီးသန်းဆိုင်…၊ ထမင်းမစားသေးဘူးလား ဝက်သားနဲ့ ဝက်ကလီစာ ချက်ထားတာနော်" ဟူသော မိထူး၏အသံကို ကြားလိုက်ရသည်။
အရက်နာ ကျခြင်းက တစ်ဖက်…၊ စန်းချိုအတွက် မယုံကြည် စိတ်မချနိုင်သေးခြင်းတို့က တစ်ဖက်ဖြင့် စိတ်ယောက်ယက် ခတ်နေရာမှ မိထူးရပ်နေသော ဆိုင်နောက်ဘက်သို့ မျက်နှာအိုကြီးဖြင့် လှည့်ကြည့် သည်။ မိထူး က လေးကွေးသော လှုပ်ရှားမှု ညှိုးနွမ်းသော မျက်နှာတို့ကို စူးစမ်းနေဟန်ရှိ၏။

"မဆာသေးပါဘူး…" ဟု အက်ကွဲကွဲလည်ချောင်းကို အားယူညှစ်ထုတ်၍ ညည်းသံပါပါ ပြောလိုက် သည်။ စိတ်မသာယာ သည့် အချိန်မှာ စိတ်ရှုပ်စရာအသေးအမွှားက ဝင်လာပြန်၏။ ခုံတန်းလျားမှာ ဦးဘာဘူက တင်ပျဉ်ချိတ် ၍ အခန့်သားထိုင်နေသည်။ မိထူးအသံပြုသည်ကို ကြားသည်နှင့် ဦးဘာဘူသည် ထိုင်ရာမှ သုတ်ခနဲထပြီး… "ဝက်သားဝက်ကလီစာ စားတာလည်း စားပေါ့ကွာ၊ တစ္ဆေကုလားပု ကို ကျွေးမွေးပသဖို့ လည်း မမေ့နဲ့  ဟေ့ သန်းဆိုင်" ဟု ပြောရင်းထွက်သွားသည်။
သန်းဆိုင်၏ဝက်ခြံအမာရွတ်ဟောင်းကျင်းချိုင့်တွေ ဗျစ် ထူနေသည့် မျက်နှာကြီး ဖျတ်ခနဲ တင်းမာသွား၏။ စန်းချိုမရှိတုန်း… ဦးဘာဘူကို ထိုးနှက်ဖို့ သတိရ လိုက်ပြီ။

"ဒီမယ်… ဦးဘာဘူ၊ တစ္ဆေကုလားပုကို ဒီလောက်စေတနာပိုနေလည်း ခင်ဗျားအိမ်မှာခေါ်ပြီး ကိုးကွယ် ထားတော့ဗျို့" ဟု အော်လိုက်ရာ ဦးဘာဘူက ခြေလှမ်းတုံ့လျက် သမင်လည်ပြန် လှည့်ကြည့်၏။ "ငါ့အိမ်မှာနေရာ မဆံ့တော့လို့ကွ…၊ တချို့ ပုဂ္ဂိုလ်တွေဆို ငါ့ကားပေါ်မျာ နေရာပေးထားရတာ မင်း မတွေ့ဖူးလား…၊ တော်တော် လက်ပေါက်ကပ်တဲ့ကောင်ပဲ…၊ မိစန်းချို ပြန်လာမှ ငါ တိုင်ပြောဦးမယ် မှတ်" ဦးဘာဘူ ထံမှ စန်းချိုနာမည်ကြားလိုက်ရသည်နှင့် သန်းဆိုင် အားပျော့ပျော့ ဓာတ်လိုက်ခံရသလို တစ် ကိုယ်လုံး စူးခနဲ ကျဉ်တက်သွားလေသည်။

ထိုမှတစ်ဆင့်… သန်းဆိုင်၏စိတ်နှလုံးထဲသို့ အမျက်ဒေါသမီးကြောင်းလည်း ဒလဟော လှိမ့်ဝင် ထိုး ဖောက် လာသည်။ သူသည် စန်းချို၏ဓာတ်ပုံကြိးကို ထ၍ ဖြုတ်ကာ ကြမ်းပေါ်တွင် မှန်ကွဲမတတ် ဆောင့်ပြီး မှောက်ချ ထား လိုက်၏။

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

Sunday, August 19, 2012

ကြူးနှစ် ၏ ဇာတ်ကောင်တွေဆီက ထွက်ပြေးတဲ့ဇာတ်လမ်း, အပိုင်း(၁၆)

အမေရှာပုံတော် ခရီးဆန့်ခဲ့ကြသော သားနှစ်ယောက်သည် နံနက်ခင်အရုဏ်ရောင်နီ လာလုလုအချိန်ျ မှပင်... ကိုယ်စီ ခေါင်းငိုက်စိုက်ဖြင့် ပြန်ရောက်လာခဲ့ကြ၏။ သူတို့သည် မြို့တစ်ခွင်လုံးပြဲပြဲစင်အောင် မိုင်ပေါင်းများစွာ လှည့်လည် စူးစမ်းနေခဲ့ကြ၏။ ပါစပ်မှလည်း မိခင်၏ ပုံသဏ္ဍာန်နှင့် ခရီးဆောင် သား ရေအိတ် အမျိုးအစား၊ အရောင်အသွေးကို ဖော်ပြ၍ လမ်းသွားလမ်းလာတို့ထံ၌ မေးမြန်းခဲ့ကြ၏။မီး ရထားဘူတာရုံရှိ ညဘက်တာဝန်ကျ ၀န်ထမ်းအချို့ထံမှာလည်း ချဉ်းကျပ်စုံစမ်းခဲ့ကြ၏။

ညလုံးပေါက် မိုးအလင်းဖွင့်သော လက်ဖက်ရည်ဆိုင်မှာလည်း လက်ဖက်ရည်မသောက်ချင်ဘဲ ၀င်သောက်ကြ ရင်း စားပွဲထိုးထံ တီးခေါက်ကြည့်ခဲ့ကြ၏။ ညဈေးတစ်ဝိုက်မှာ ကျက်စားနေတတ်သော လေလွင့်စိတ္တဇ ဝေ ဒနာရှင်ကြီးကိုပင် လူကောင်းထင်ပြီး မေးမြန်းအကူအညီတောင်းခဲ့ရာ... အရူးကြီးတောင်ဝှေး ကို မြောက်ရွယ်ပြီး... "မိန်းမ ၊မိန်းမ...မိန်းမဆို ဘယ်မိန်းမှမှ မသိဘူးကွ၊ ငါ့ကို မွေးထုတ်လိုက်တဲ့သူတောင် မိန်းမမဟုတ်ဘူး၊ ငါ့အဖေက သူ့ဗိုက်ခွဲပြီးမွေးတာ၊ လာမရှုပ်နဲ့၊ သွားကြစမ်း-သွားကြစမ်း" ဟုငေါက်ထုတ်သဖြင့် အမြန် ရှောင်တိမ်းခဲ့ကြ ရ၏။

သားနှစ်ယောက်တို့စိတ်နှလုံးညှိုးချုံစွာ အိမ်ပြန်ရောက်ချိန်၌ သန်းဆိုင်သည် ဘုရားစင်ရှေ့ ဖယောင်း ပုဆိုး ကောဇောပေါ်တွင် ခေါင်းအုံးမပါ၊ ဖျာမခင်းဘဲ လာက်မောင်းနှစ်ဖက်ပေါ် မျက်နှာအပ်လျက် အား လျားမှောက်ကြီး လူသေကောင်လို လဲကျနေသည်။ အသက်ပြင်းစွာ ရှူနေသဖြင့် သူ့ကျောကုန်းကြီးကို ဖားခုံညင်းတစ်ကောင် အန္တရယ်တွေ့သကဲ့သို့ ဖောင်းချည်၊ ပိန်ချည်ဖြစ်နေမှန်း... ဂရုစိုက်ကြည့်မှ တွေ့နိုင်လိမ့်မည်။ မတွေ့ခဲ့ဘူး မဟုတ်လား ဟုမိထူးက ဆီးမေးသည်ကို သားငယ်ပြည်ဖြိုးအောင်က မျက်နှာကလေး ရှုံးမဲ့ကာ ခေါင်းတယမ်းယမ်းခါသည်။ သားကြီး မိုးကျော်အောင်ကမူ အေးစက်ခက်ထန်နေသည့် မျက်နှာ ထားဖြင့်ကုလားထိုင်မှာ ခြေပစ်လက်ပစ် ထိုင်ချသည်။ ပြီးလျှင် မျက်နှာမော့၍ ကျယ်လောင်စွာ သက်ပြင်းမှုတ်လိုက်လေသည်။ "မသမာတဲ့နည်းနဲို့းကြောင်ခိုးဝှက် ထထွက်သွားချင်တဲ့ သူဆိုတော့ ကြိုတင်ပြီး ပိရိအောင် ကြံစည် ထားမှာပေါ့ကွာ၊ အိမ်က ထွက်ပြီဆိုတာ နဲက သင်က ခြေရာဖျောက်ပြီးသားပဲ၊ ခြေရာလည်းပျောက်… ရေလည်း နောက်ဆိုတဲ့ စကားလိုပါပဲကွာ...အဟင်း"

သန်းဆိုင်က မျက်နှာမှောက်လျက်ကနေ ချွေးအောင်းနေသော မီးနေသည် မိန်းမသံမျိုးဖြင့် ညည်းပြော ပြောသည်။ ကျန်သုံးယောက်ကတော့ ငူငိုင်ငိုင်နှုတ်ဆိတ်နေကြ၏။ တစ်ယောက်မျက်နှာတစ်ယောက် မကြည့်ဝံ့ကြသလို၊ တစ်နေရာဆီသို့သာ ကြည့်နေကြရှာတော့၏။ "သားကြီးနဲ့ သားလေး.... ရေ၊ မင်းတို့ အမေ သူတော်ကောင်းမကြီး လူ့ပြည့်မှာ မရှိတော့ဘူးလို့ ပဲမှတ်လိုက်ကြပါတော့ကွာ.... (ဟီးဟီး)။ ဆိုင်လုပ်ငန်းကိုတော့ ပုံမှန်အတိုင်း ဆက်လုပ်ကြပါ။ ဘယ်သူမေမေး...၀က်လူးက မင်းတို့အဘွားနေမကောင်းလို့ မင်းတို့အမေ ပြုစုနေတယ်လို့ သာဖာထေးပြီး ဟန်မပျက်သော နေသွားကြကွာ၊ အဖေ အဖေတော့ (ဟီးဟီး) လူပုံအလယ်မှာ
မျက်မှာ မပြ၀ံ့တော့ဘူး၊ မေးရင်...အဖေလည်း ဖျားနေတယ်လို့သားဖုံးဖုံးဖိဖိပြောကြပေတော့ဟေ့၊ အင်း..ဒုက္ခ.....ဒုက္ခ" သန်းဆိုင်က မှောက်လျက် ငိုနေစဉ် မထူးကလည်း သူ့ပခုံးပေါ်မှာ ဘယ်အချိန်က ပြန်ရောက်နေ မှန်းမသိသော (စောစောက သန်းဆိုင်မျက်ရည်သုတ်သည့်) မျက်နှာသုတ်ပ၀ါဖြင့် မျက်နှာ ကို အုပ် လိုက်ပြီး၊ မိုးကျော်အောင်က မော့ထားသော မျက်နှာကို ငုံ့ပစ်လိုက်ကား ပြည်ဖြိုးအောင်က အိမ်အောက်သို့
ဆင်းသွားလေသည်။

        ×××             ×××             ×××
        ×××             ×××             ×××
တစ်မနက်ခင်းလုံး မိုးမျက်ရည်စွေခဲ့ပြီးသော်......၊ မွန်းလွှဲနာရီ ပြန် (၂) ချက်တီးတွင် သန်းဆိုင် သည်ဇနီးသူတစ်ပါးနောက်သို့ ကောက်ကောက်ပါအောင် ရွှေငွေတွေ အကုန်ယူ၍ လိုက်ပြေးသည့် အရေးအခင်း အတွက် .....၀မ်းနည်းခြင်းအထိမ်းအမှတ် အခမ်းအနား ကျင်းပလေ၏။ အခမ်းအနား ကျင်းပမည့်နေရာမှာ သူ့အိမ်မှ မီးဖိုးဆောင်အတွင်းရှိ ထမင်းစားစာပွဲမှာဖြစ်သည်။ အခမ်းအနားသို့ ဖိတ်ကြားခံရသူမရှိဘဲ အခမ်းအနားကျင်းပသည့်  ပုဂ္ဂိုလ်တစ်ဦးတည်းသာ တက်ရောက် ဆင်နွှဲသည်။

 စားပွဲပေါ်တွင် "ဂရင်းရွိုင်ရယ်ဝီစကီ"လေးထောင့်ပုလင်းကြီး တစ်လုံးကို ခံ့ညားစွာ နေရာချထားသည်။ ပုလင်းဘေးတွင်၊ စတီးမတ် ခွက်ဖြင့် ထည့်ထားသော သောက်ရေ တစ်ခွက်၊ ဧည့်သည်လာလျှင် အသုံးပြုသည့် လက်ကိုင်ပါသည့် ကိုင်းဖန်ခွက်ကြီးတစ်ခွက်၊ ကြွေ ပန်းကန်ငယ်တစ်ချပ်ဖြင့်ဖြင့် ထည့်ထားသော နီနီရဲရဲအကောင်တုတ်တုတ် ပုစွန်ခြောက်ကြီးများကို တွေ့ရပြီး အခမ်းအနား
ဦးစီးကျင်းပသူသည် ပုဆိုးအဟောင်းကြီးဝတ်လျက် အင်္ကျီမ၀တ် ဗလာ ကိုယ်လုံးကြီးဖြင့် စားပွဲဘေးမှာ၊ ဖင်ထိုင်ခုံပုကလေးတစ်စုံဖြင့် ဒူးနှစ်လုံးတောင်၍ ထိုင်လျက်ရှိ၏။ (ယုတ္တိရှိရှိ အယုံသွင်းနိုင်ရန် သန်းဆိုသည် ဆိုက်ကားသမားကလေး ရန်ပိန်(၀ါ) ရန်ပိုင်အား လက်တို့ခေါ်၍....၊ ငါရေချိုးမှား အအေးပတ်ပြီးဖျားချင် သလိုလိုဖြစ်နေတယ်။

ဒီလိုဖြစ်ရင် ငါက သွေးဆေးနဲ့ အရက်ရော သောက်ရင် ပျောက်တယ်။ နတ်စင်မှာ ကိုကြီးကျော်အတွက် စန်းချို ဆက်ထားတဲ့ အကောင်းစား အရက်မျိုးတစ်ပုလင်းလောက် ၀ယ်ပေးစမ်းကွာ၊ ဘယ်သူ့မှတော့ လျှောက်မပြောနဲ့နော်.......၊ မင်းကို ဆိုက်ကားခအပြင် မင်းညနေ ဘီအီးသောက်ဖို့ တစ်ပုလင်းဖိုး သတ်သတ်ပေးမယ်၊ ဟုတ်ပြီလား....ဟု
ညှိနှိုင်းလိုက်သောအခါ ရန်ပိန်ကလည်း သန်းဆိုင်ကို ကြည့်၍....ဟုတ်တယ်။ ခင်ဗျားဖျားနေပြီ၊ ခင်ဗျားမျက်လုံးကြီးတွေ နီပြီး နှာသံတွေပါနေတယ် ဟုပြော၏။ သန်းဆိုင် ငိုယိုထားခြင်းကြောင့် မျက်စိနီ နှာသံပါနေမှန်း
ရန်ပိန် မသိ။ မည်သို့ဆိုစေ...၊ ရန်ပိန်သည် သန်းဆိုင်၏ အခမ်းအနားဖြစ်မြောက်ရေးကော်မတီမှ တစ်ဦးတည်း သော အဖွဲ့ဝင် ရာထူးရရှိသွားတော့သည်။)

အိမ်ထဲတွင် သန်းဆိုင်မှလွှဲ၍ ဘယ်သူမျှမရှိ။ ဆိုင်မှာမိထူးထိုင်နေပြီး လူငယ်နှစ်ယောက်မှာ စိတ် နောက်ကျိညှိုးနွမ်းနေကြသော်လည်း ပတ်ဝန်းကျင်က သူတို့အတွင်းရေးကို မရိပ်မိအောင် ကျောင်း သွားသည့်သူသွား၊ အလုပ်ဆင်းသူက ဆင်းနေသည်။ စန်းချို၏ အရိပ်အယောင်ကို မတွေ့၍ မေးမြန်းလာသူများကို စကားအပြောခြိုးခြံချွေတာတတ်သူ မိထူးခမျာ...၊ စိတ်ရှည်လက်ရှည် အစီရင် ခံနေရလေသည်။ ကျွန်မတို့အမေ....အသည်းအသန်ဖြစ်လို့ ညက ကျွန်မအစ်ကိုလာခေါ် တာနဲ့ အစ်မကြီးစန်းချိုရွာကို လိုက်သွားရတယ်၊ ဟူသော ၀ါကျကို ယနေ့မိထူး ဘယ်နှကြိမ် ဘယ်နှခါ ပြောမိမှန်းပင် မမှတ်မိနိုင်တော့။

သန်းဆိုင်၏ ၀မ်းနည်းခြင်းအထိမ်းအမှတ်စတင်ကျင်းပသည်မှာ နာရီဝက်ခန့်တော့ကြာခဲ့ပြီ။ ၀ီစကီ ပုလင်းထဲမှ  ယင်းရောင်ယစ်ရွှေရည် လက်လေးလုံးခန့်လည်း လျော့နေပြီ။ သန်းဆိုင်၏ နားရွက်တွေ၊ နှာခေါင်း၊ တွေပါးတွေလည်း နီစပ်စပ်ဖြစ်စ ပြုလာပြီ။ သန်းဆိုသည် အိမ်ရှေ့ခန်းသို့ထလာပြီး နံရံမှ စန်းချို၏ ရောင်စုံဓာတ်ပုံကြီးကို ဖြုတ်ယူလိုက်၏။ ဓာတ်ပုံမျာ (၅×၈)လက်မအရွယ်ဖြစ်သည်။ ကျိုက်ဒေးယျုံစေတီတော်၏ ရင်ပြင်တော်နေရာမှာ စေတီတော် အထက်ပိုင်းကို နောက်ခံပြု၍ စန်းချို၏ ဒူးလောက်ကနေ ဦးခေါင်းအထိပေါ်အောင် ဓာတ်ပုံဆရာက လက်စွမ်းပြထားခြင်းဖြစ်သည်။

စန်းချိုကလည်း စိတ်တိုင်းကျ မိတ်ကပ်တွေမှုန်း နှုတ်ခမ်းနီတွေဆိုး အကွက်အဆင် အပေါ်လွင်ဆုံး ထက်အောက်ဆင်တူဝတ်စုံကို ကိုယ်လုံးနှင့် အံ ကိုက်ဝတ်ဆင်၊ ဓာတ်ပုံဆရာကလည်း စန်းချို၏ ခေါမောက်သောသွားတွေမပေါ်လွင်စေရအောင် အတတ်နိုင်ဆုံး ဆေးရောင်ပြုပြင်ပေးထားသဖြင့်.... ဤဓာတ်ပုံကို ကြည့်မိသောသူတစိမ်း တစ်ယောက်သည် (စန်းချိုကိုသာအပြင်မှာ မတွေ့ဖူးပါက)
ဓာတ်ပုံရှင်အမျိုးသမီးသည် ကျက်သ ရေရှိလှသော လူကုံထံကြေးရတတ်တစ်ဦးပါကလား...ဟု ထင်ကြေးပေးရန် ၀န်လေးမည်မဟုတ်။ စန်းချိုးကလည်း ထိုဓာတ်ပုံကို မိမိသာသာ နှစ်သက်သဘောကျလွန်း၍
နောက်ဓာတ်ပုံတစ်ပုံပွား၊ မှန်ပေါင်သွင်းပြီး ကွမ်းယာဆိုင်ထဲမှာ ချိတ်ဆွဲထားလိုက်သေးသည်။ ဓာတ်ပုံချိတ်ကာစက၊ ခင်မောင်ငြိမ်းက အများရှေ့တွင် ဓာတ်ပုံကိုကြည့်ပြီး .....(အစ်မ..စန်းချိုက ဖိုတိုဂျင်းနစ်
သိပ်ဖြစ် တာပဲဗျာ)ဟု မှတ်ချက်ချသည်။ ထိုစဉ်က.... ဦးဘာဘူလည်း ဆိုင်ရှေ့မှာရှိသည်။ ဦးဘာဘူက မလိုတမာမျက်နှာထားဖြင့်......(ဟေ့ကောင်ဗမာလိုပြောစမ်းကွာ...မင်းပြေတဲ့ ဖိုးသိုးဂျီးနစ်ဆိုတာ ကြီး တို့နားမလည်ဘူး)ဟု ထုံးစံအတိုင်း မြည်တွန်တောက်တီးလိုက်၏။

ခင်မောင်ငြိမ်းက (ဖိုတို ဂျင်းနစ်ဆိုတဲ့ အင်္ဂလိပ်စကားက မြန်မာလိုဓာတ်ပုံစားတယ်လို့ အဓိပ္ပာယ်ရတယ်)ဟု ရှင်းပြစဉ်၊ ရန်ပိန်က ဆိုင်ထဲမှာ ထိုင်နေသော စန်းချိုအား.... (မစန်းချိုက ဓာတ်ပုံ စားသတဲ့ဟ၊ ဘယ်နှပုံ
တောင်စားလိုက်သလဲ၊ မ၀သေရင်ပြော၊ ကျွန်တော့်ဆိုက်ကားလိုင်စင်ကတ်ပြားထဲက ဓာတ်ပုံကိုပါ စားလိုက်ဦး)ဟု နောက်ပြောင်ပြီး၊ စန်းချိုထံမှ အယုတ္တ အနတ္တဝေါဟာရတွေ ထွက်ပေါ်မလာမီ ထွက်ပြေးသည်။ ထိုအခါ... ခင်မောင်ငြိမ်းက ဆက်၍ (ဓာတ်ပုံ စားတယ်ဆိုတာက ဓာတ်ပုံထဲမှာ အကြည့်ခံတယ်လို့ပြောတာ၊ တချို့က ကင်မရာရှေ့ မျက်နှာမထားတတ်ဘူး၊ ပြုံးလိုက်မဲ့သလို ဖြစ်နေတယ်၊
ကင်မရာမှန်ဘီလူးကို တည့်တည့်ကြီး စိုက်ကြည့်ပြန်တော့... ပြူးပြဲပြသလို ဖြစ်နေ ပြန်ရော၊ မစန်းချိုကျတော့ ဓာတ်ပုံထဲမှာ အပြင်ကအတိုင်
အသက်ကိုဝင်လို့၊ ခုချက်ချင်း ဓာတ်ပုံ ထဲကလျှေက်ထွက်လာတော့မယ့်အတိုင်းပါပဲဗျာ)ဟု ဟိမ၀န္တာ ချီးမွန်းခန်းဆက်ဖွင့်ရာ...၊ ရန်ပိန်တို့
စိတ်ခုသွားသော စန်းချိုသည် ဒေါသမြားဦးကို ခင်မောင်ငြိမ်းထံလှည့်လိုက်တော့သည်။

 (ဟေ့.. တော်တော့် ခင်မောင်ငြိမ်း၊ ငါ့ဆီမှာ ကွမ်းယာ
အကြွေးစားလို့ကောင်းအောင် ပလီမနေနဲ့၊ အရင် အကြွေးဟောင်းတွေလည်းဆပ်ဦး၊နင်မို့လို့ မရှက်တယ်...၊ သူဌေးသားဘွဲ့ရပညာတတ်လုပ် နေပြီး ကွမ်းယာအကြွေး
၂၆ကျပ်ကျတော့ မဆပ်နိုင်ဘူး)ဟု စန်းချိုက စူပွပွထလုပ်လိုက်သည်နှင့် ဓာတ်ပုံချီးကျူးဝေဖန်ခန်းလည်း ရပ်စဲသွားသည်။
ယခု...ထိုဓာတ်ပုံနှင့် ဆင်တူပုံသည် အခမ်းအနားစားပွဲပေါ်သို့ ရောက်လာသည်။သန်းဆိုင်က မှန်ပေါင်သွင်းဓာတ်ပုံကို အရက်ပုလင်း၊ ဘေးမှာ အမှီတစ်ခုယူ၍
(၄၅)ဒီဂရီခန့်စောင်း၍ ထောင် ထားလိုက်သည်။

 ဓာတ်ပုံရိုက်စဉ်က...စန်းချိုသည ကင်မရာကို တည့်တည့်ကြည့်နေခဲ့သဖြင့်.... ယခုလည်း အရက်မော့နေသည့်
သန်းဆိုင်ကို မပွင့်တပွင့် အပြုံးကလေးနှင့် စိုက်ကြည့်နေသလို ထင်ရ၏။ သန်းဆိုင်က ၀ီစကီအရည်အနည်းငယ်ကို ရေသောက်သကဲ့သို့ သောက်ချပြီးလျှင်
သောက်ရေ သကဲ့သို့ သောက်ချပြီးလျှင် သောက်ရေနှစ်ငုံစာလောက်ကို ကမန်းကတန်းသောက်မျိုလိုက်၏။ ပြီးနောက် ပုစွန်ခြောက် သုံးလေးကောင်ကို
ပါးစပ်ထဲသို့ ပစ်သွင်း၍ တမြုံ့မြုံ့ဝါးရင်း သူ့မျက်လုံး များနှင့် တစ်ပေခန့်အကွာမှ စန်းချိုဓာတ်ပုံကြီးကို ရီမှိုင်းမှိုင်းမျက်လုံးများဖြင့်
တစိမ့်စိမ့်ကြည့်သည်။ တစ်မိနစ်ခန့်ကြာတော့...မျက်လုံးအိမ်တွေမှာ မျက်ရည်တွေ အိုင်ဖွဲ့လကြလျက် မျက်လု့းတွေ တောက်လက်လာကြသည်။
ခံစားမှုပြင်းပြပူလောင်စွာ တောက်လက်လာကြသော မျက်လုံးကြီးအစုံ သည်... ဓာတ်ပုံကို မီးတောက်မီးလျှံများ ထတောက်စေတော့မည်ပမာ၊
စူးစူးရဲရဲရှိနေကြတော့၏။

သန်းဆိုင်က ဓာတ်ပုံထဲရှိ မျက်လုံးအစုံကို မမှိတ်မသုန် တည့်တည့်စိုက်ကြည့်လိုက်သည်။ ပြီးလျှင် စန်းချို၏ ပြည့်ဖောင်းသောရင်အုံ
အလယ်သို့ သူ၏ညာလက်ညှိုးဖြင့် ထောက်လိုက်ပြန်သည်။ "နင်ဟာ...မိန်းမဆိုး မိန်းမယုတ်၊ နှိုင်းစရာမရှိအောင် ရိုင်းစိုင်းတဲ့
မိန်းမရိုင်း မိန်းမပျက်...." စန်းချိုကိုယ်တိုင် သူ့ရှေ့မှာ ရှိနေသကဲ့သို့ ခံစားပြီး ရေရွတ်လိုက်ခြင်းဖြစ်ရကား၊ မီးဖိုဆောင်ထဲ တွင်သူ့အသံက လှိုင်းထသွား၏။


လက်ညှိုးကို ပြန်ရုပ်ပြီးနောက် သန်းဆိုင်သည် သူ့မျက်နှာကို ကိုမဲ့မဲ့ကြီးဖြစ်အောင် တွန့်ရွဲ့ကာ... "တကယ်တော့...နင်ဟာ အသည်းစားဘုရင်မကြီးပါ စန်းချိုရာ"ဟု ညည်းလိုက်ပြန်၏။
အရက်မသောက်မိကမူ နင့်နင့်နဲနဲခံစားနေရသော အပူသောကဝေဒနာအားလုံးကို မေ့ပျောက်သွား စေဖို့ ရည်စူးချက် သန်းဆိုင်မှာ ရှိခဲ့သည်။ အရက်သုံးလေးခွက
သွေးကြောထဲ စီးဝင်သွားပြီးဆို သည်နှင့် သန်းဆိုင်မူလရည်ရွယ်ချက်ကို မေ့သွားသည်။ စိတ်တက်ကြွလာခြင်းနှင့်အတူ ၀မ်းနည်း ကြေကွဲဖွယ်များက
ဆပွားများပြားလာကြ၏။ ထို့အတူ မုန်းတီးနာကြည်းစရာတွေကလည်း အားကောင်းလာကြပြန်၏။ သူသည် ၀မ်းနည်းခြင်းအတွက် အရက်တစ်မော့သောက်ပြီးသော်
မုန်းတီးခြင်းတွက် တစ်မော့မျိုချပြန်လေသည်။ မတွေးဖူးခဲ့သော စကားလုံးများသည် သူ၏အသိ လမ်းကြောင်းထဲသို့ အလွယ်တကူ စီးဆင်းဝင်ရောက်
လာကြသည်။

ငါတို့လက်တွဲပြီး နှစ်ပေါင်း (၂၀)ကျော် တည်ဆောက်ခဲ့တဲ့ ကမ္ဘာကလေး ပျက်သွားပါပြီ စန်းချို၊ ငါကအုတ်တိုက်ကြီးလို့ ထင်မှတ်ထားခဲ့တဲ့
ငါတို့ရဲ့ မေတ္တာအိမ်ကလေးဟာ ချောင်းစပ်မှာ ရွှံ့နဲ့ ဆောက်ထားတဲ့ ကစားစရာ ရွှံ့အိမ်ကလေးလိုပဲ ချောင်းရေလည်းတက်လာကရော တစ်ပိုင်းတစ်စ
စီပြိုကျပျက်စီးသွားပါပြီ၊ ငါ့အသည်းလည်း လောင်းမီကျသလို ကျွမ်းသွားပြီ စန်းချို၊ ဒီတော့ငါအရက် တွေသောက်လို့လည်း ငါ့အသည်းကျွမ်းမှာ
မဟုတ်တော့ဘူး၊ အသည်းကျွမ်းမှာ မပူရတော့တဲ့ နောက် ငါသောက်မယ်၊ သေအောင်သောက်မယ်ဟူသော အတွေးအဆုံးမှာ လက်တစ်ဖက်က အရက်ဖန်ခွက်ကြီးကို
လှမ်းကိုင်လျက်သား ဖြစ်နေသည်။ သူငိုချလိုက်သောအခါ နဂိုက ရွဲ့လိမ်ထားသည့် မျက်နှာကြီးမှာ အရေးပြားတွေ၊ ကြွက်သားတွေ ပြတ်သတ်ထွက်က်ုတော့မလို ပုံပျက်ပန်းပျက် တွန့်ရှုံ့လာလျက်၊
သူ့ငိုသံကလည်း ဒဏ်ရာရ တိရစ္ဆာန်တစ်ကောင် ညည်းတွားသံနှင့် တူလာတော့သည်။

"စန်းချို... စန်းချို...၊ နှလုံးသားကင်းမဲ့တဲ့ မိန်းမ....၊
ရက်စက်မှုအပေါင်း သရဖူဆောင်းလိုက်ပြီပေါ့ လေ...ဟီးဟီး...."

        ×××             ×××             ×××
        ×××             ×××             ×××

မွန်းလွဲ(၃)နာရီကျော်ကျော်မှာ သားငယ်ပြည့်ဖြိုးအောင် ကျောင်းကပြန်လာသည်နှင့် မိထူးက အိမ် ပေါ်သို့ပင်မတက်ခိုင်ဘဲ ကွမ်းယာဆိုင်မှာ တန်းထိုင်ပြီး ဈေးရောင်းဖို့တာဝန် ပေးလိုက်၏။ သန်းဆိုင်
အရက်သောက်နေမှန်း မိထူးက ကြိုသိပြီး၊ သူကိုယ်တိုင်လည်း အိမ်ပေါ်မတက်။ ပြည့်ဖြိုးအောင်ကိုလည်း ဖအေအရက်သောက်နေသည်ကို မတွေ့စေလို။
သူတို့ညီအစ်ကို၏ တစ်သက်တွင် ယနေ့ထိ သူတို့ဖခင် အရက်သောက်ခြင်းကို တစ်ခါမျှ ကြုံဖူးခဲ့သည်မှာ မဟုတ်ဘဲ။

မိထူးလည်း ထိုနည်းလည်းကောင်းပါပဲ။
သို့တစေ...မိထူးက အရက်ကိုလည်းကောင်း၊ အရက်သောက်ခြင်းကိုလည်းကောင်း အရက်သမား တို့၏ စိတ်ညစ်ညူးစရာ စရိုက်ကြမ်းများကိုလည်းကောင်း၊
အနည်းငယ်မျှပင် အမှုထားဂရုစိုက်သူ မဟုတ်။ အဘယ်ကြောင့်ဆိုသော်...မိထူးသည် သူမလူမဖြစ်ခင်ကတည်းက အရက်စွဲခဲ့ပြီး အရက် မူးလာလျှင်
"နာဠာဂီရိ"ဆင်ကြီးပင် အရှုံးပေးဆလံသရအောင် မူးရူးရမ်းကားလေ့ရှိသော ဖခင်ဦးဖိုးလူ၏ ကျွေးမွေးပြုစုမှုအောက်တွင် (၁၀)နှစ်သမီးအထိ
ကြီးပြင်းရှင်သန်းလာခဲ့ရေသော အဖိုးမဖြစ်နိုင်သည့် အတွေ့အကြုံရရှိထားသောကြောင့်ပေတည်း။

မိထူးက အိမ်ပေါ်သို့ ခပ်သုတ်သုတ်တက်ခဲ့ပြီး အိမ်ရှေ့တံခါးကို မူလအတိုင်း ပြန်စေ့ထားလိုက်၏။ သန်းဆိုင်က သူ၏အခမ်းအနားကျင်းပနေစဉ်....
အိမ်ရှေ့တံခါးမကြီးစေ့ထားရန် မိထူးအား ကြိုတင်မှာ ကြားထားသည်။ ထို့ကြောင့် ယခုထိ သန်းဆိုင်အိမ်ထဲမှာ အရက်သောက်နေမှန်း မိထူး
နှင့်ဆိုက်ကားသမား ရန်ပိန်တို့သာ သိကြ၏။ ရန်ပိန်မှာ အရက်ဖြူတစ်ပုလင်းဖိုး "လာဘ်"ရထား သဖြင့် ပါးစပ်ငြိမ်နေ၏။ အိမ်ဘက်သို့ပင် မျက်စိမကစားမိအောင်၊
မိမိ၏သမာဓိကို ထိန်းချုပ်ထား၏။ သည်လိုသာ မစန်းချိုမရှိတုန်း ကိုသန်းဆိုင် အရက်သောက်နေမယ်ဆိုရင် ငါလည်း ညနေစာမူရတော့ဘူး၊ ဆိုက်ကားခလည်းရ၊
အရက်ဖိုးလည်းရနဲ့ အိုကေမှာ စိုပြည်ပြီဟု ရန်ပိန်က ကျေနပ်စွာ တွေးနေသည်။\

မိထူးအိမ်ပေါ်တက်လာခဲ့ခြင်းမှာ၊ ညနေစာချက်ပြုတ်ကြော်လှောဖို့ဖြစ်၏။ သန်းဆိုင်ကို လာကြည့် ခြင်းမဟုတ်။ သို့ရာတွင်.... "မကြည့်ချင်
မြင်ချင်လျက်သား"ဖြစ်နေသည်။ သန်းဆိုင်မှာ စားပွဲခုံ ဘေး၊ မီးဖိုခန်းသမံတလင်းပေါ်မှာ ခွေခွေကလေး လဲကျနေ၏။ လုံချည်ကလည်း
ခါးပုံစပြေနေ၏။ ပါးစောင်းတစ်ဖက်စွန်းမှ သွားရည်များယိုစီးကာ သမံတလင်းပေါ်တွင် အိုင်ထွန်းလျက် ယင်းတ လောင်းလောင်းဖြစ်နေသည်။ သူ၏
လက်တစ်ဖက်ကမူ... စန်းချို၏ ဓာတ်ပုံကိုကိုင်ထားပြီး ဓာတ်ပုံ ကသွားရည်တွေ၊ တံတွေးတွေစွန်းပေစိုစွတ်လျက် ရှိသည်။ သန်းဆိုင်သတိလစ်ခြင်းတော့ မရှိပါ။
အိပ်ပျော်နေခြင်းလည်း မရှိပါ။ သူ့ပါးစပ်က ဗလုံး ဗထွေးစကားသံတွေ ထုံ့ပိုင်းထုံ့ပိုင်း မြည်န၏။ မျက်စိတွေကိုလည်း ဖွင့်မထားခဲ့ပါ။
မိထူးက အရက်စက်တွေ၊ ရေစက်တွေ ရွှဲစိုနေသော စားပွဲခုံကို ကြည့်သည်။

ဝီစကီပုလင်းထဲတွင် အရက်တစ်ဝက်ခန့်သာ ကျန်တော့သည်။ သာမန်အရက်ချိုး (ကြွက်တွင်း) တစ်ဦးပင်လျှင်၊ အယ်လကိုဟော ဒီဂရီပြင်းလှသည့်၊
ဤ၀ီစကီမျိုးကို ဤမျှသောက်မျိုလိုက်လျှင် ချာချာလည် အောင်မူသွားနိုင်၏။ မင်္ဂလာဦးညကတည်းက နောက်ဆုံးအရက်သောက်ခဲ့ပြီး အနှစ် (၂၀)ကျော်
အရက်တစ်စက်မျှ လျှာပေါ်မတင်ခဲ့သဖြင့်  အူရိုင်းဖြစ်နေသော သန်းဆိုင်ကို "ဂရင်းရွိုင်ရယ်ဝီစကီ" ကနောက်ထပ် စိန်မခေါ်ရဲအောင် အလဲအကွဲ
ထိုးလှဲလိုက်ပေပြီ။ သမံတလင်းပေါ် ကိုယ်တုံးလုံြးိကီး လှဲအိပ်နေတာကိုး၊ အအေးပတ်ပြီး လေတွေဘာတွေဖြတ်သွား မှဖြင့်တစ်ပူပေါ်နှစ်ပူဆင့်ဦးမယ်ဟု တွေးရင်း မိထူးက
ပြဿနာကို ဖြေရှင်းဖို့ အမြန်ဆုံးအဖြေရှာ သည်။ သန်းဆိုင်ကား သူ့အနီးမှာ ယင်ဖိုပင်မနားဖူးသေးသည့် သူ့ခယ်မ အပျိုကြီးရပ်နေသည်ကို လုံးဝမသိ၊
ပါးစပ်ကတော့ မပီမသ စကားတွေ ရေရွတ်နေ၏။

"မီးစတစ်ဖက်၊ ရေမှုတ်တစ်ဖက်လုပ်တဲ့ကောင်....၊ ပစ်စာရေးတဲ့လက်ကို ဓားနဲ့ခုတ်ဖြစ်မယ်...၊ ငါ့မိန်းမကို ခိုးတဲ့ကောင်ကိုတော့ ငါအစိမ်းလိုက်
ကိုက်စားမယ်ကွ...." မထူးသည် အတိတ်က ယဉ်းပါးခဲ့သော်လည်း ယခုအခါ စိမ်းနေပြီဖြစ်သော အနံ့ဆိုးတွေ
ဝေ့ပျံ့ လွင့်ပါးနေရာ၊ သန်းဆိုင်အနီးတွင်ထိုင်ပြီး၊ ပထမဆုံး ဓာတ်ပုံကို ဆွဲယူကာ စားပွဲပေါ် မှောက်တင် ထားလိုက်၏။ (ဓာတ်ပုံကြီးကွဲပြီး မှန်မရှတာ
ဘုရားမလို့) ဓာတ်ပုံက သန်းဆိုင်၏ သွားရည်တွေ ပေစွန်းနေသော လက်ကို ထဘီတင်ပါးမှာ သုတ်၏။ "အစ်ကိုကြီးသန်းဆိုင်... အစ်ကိုကြီးသန်းဆိုင်..."ဟု တိုးတိုးခေါ်ကြည့်သည်။
သန်းဆိုင်ကြားပုံ မရသဖြင့် ချွေးတွေဖြင့် ချောကျိနေသော ပခုံးတစ်ဖက်ကို လှုပ်ပြန်သည်။ "အစ်ကိုကြီးသန်းဆိုင်..." သုံးလေးခွန်းခေါ်လိုက်မှ၊ သန်းဆိုင်၏ ထုံထိုင်းနေသော
နားအာရုံပွင့်သွားပုံရ၏။ မျက်ခွံတွေကို အားယူ၍ ဖွင့်သည်။

မျက်ဝတ်တွေပိတ်နေသဖြင့် ဘာကိုမှ မြင်ပုံတော့ မရပေ။ "ဘူရဲ...ဘူ...ငါ့ကိုခေါ်တာလဲ၊ ဘူရဲကွ...ငါ့ကိုကိုင်တာ" လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်ရာ၊ မိထူး၏ဒူးခေါင်းကို စမ်းမိပြီး
"ဒါ...ဘူရဲ..၊ ဘူရဲ...စန်းချိုလား...၊ မသာမ...." မိထူးက သန်းဆိုင်လက်ကို ညင်သာစွာဆွဲဖယ်သည်။ သန်းဆိုင်ထက် အပြန်တစ်ရာမက
မူးယစ် ကြောင်စီခဲ့သည့် ဖခင်ဦးဖိုးလူပေးသော သင်ခန်းစာများက ... မိထူးကို ဘယ်လိုမှ စိတ်မလှုပ်ရှား စေနိုင်။
"ကျွန်မ မိထူးပါ အစ်ကိုကြီးသန်းဆိုင်၊ ဒီမှာ မအိမ်နဲ့လေ၊ အအေးပတ်လေဖြတ်နေဦးမယ်၊ ထ ထ ပုဆိုးပြင်ဝတ်...အိပ်ရာပေါ်သွားအိပ်"
ဈေးဆိုင်ဘက်ကလည်း မကြားရအောင်၊ သန်းဆိုင်လည်း ပီပီသသကြားရအောင်၊ မိထူးအနံအစော် ခံပြီး သန်းဆိုင်မျက်နှာအနီးသို့ ငုံ့ပြီးပြောသည်။
သန်းဆိုင်မျက်လုံးကြီးတွေ ကျယ်လာသည်။ စောစောကထက် အမြင်ကြည်လင်လာပုံ ရ၏။

စကာေးတာ့ မပီသေး။ "အို...နမရေး မိထူးလား...နမရေး..."ဟု ဆိုကာ လက်တစ်ဖက် ယမ်းနေပြန်သည်။
မိထူးသည် ပင့်သက်တစ်ချက်ရှိုက်ရင်း ရဲတင်းသောလက်များဖြင့် ပြေလျော့နေသော ပုဆိုးခါးပုံစကို ကြိုးချည်သလို ခိုင်အောင်ပြုပြင်စည်းနှောင်ပေးလိုက်၏။
"အစ်ကိုကြီးသန်းဆိုင် ထ၊ ပြီး အိပ်ရာထဲသွားအိပ်"ဟု ထပ်ပြောစဉ် သန်းဆိုင်က မျက်စိတွေမှိတ် လျက် ပက်လက်လှန်အိပ်ချလိုက်ပြန်တော့၏။
"မိထူး မိထူး... နမရေး မိထူး... စန်း...စန်းချို ငါ့ကိုအသည်းခွဲသွားပြီ၊ ငါ့အသည်းတွေ အစိတ်စိတ် အမြွှာမြွှာ ကွဲသွားပြီ၊ ငါမနေရတော့ဘူး၊
ငါသေရတော့မယ် အဟီး ဟီး...." မျက်ရည်တွေကော သွားရည်တွေပါ ယိုစီးကျလာလျက် ရှိသော
မျက်နှာကြီးကိုကြည့်ကာ...၊ မိထူး သက်ပြင်းရှိုက်ထုတ်သည်။ .... အဖေမူးတဲ့ဝဋ် ကျွတ်ပြီလားအောက်မေ့တာ၊ ဒီမှာ နောက်တစ်
ယောက်နဲ့ကြုံရပြန်ပြီဟု မချိတရိ တွေးမိသည်။ သို့ရာတွင် ဤအခြေအနေအတိုင်း အချိန်ကုန်ခံ၍ မဖြစ်မှန်း မိထူးနားလည်သည်။ ဘယ်သူမှလည်း မတွေ့စေချင်၊
ထမင်းဟင်းလည်း မြန်မြန်ချက် ချင်သည်။

မိထူး ထဘီတိုတိုပြင်ဝတ်၏။ ကားစင်အတင်ခံထားရသလို လက်မောင်းနှစ်ဖက် ကားထားသည့် သန်းဆိုင်၏ ချိုင်းနှစ်ဖက်ကြားမှာ သူမ၏တုတ်တိုသန်မာသည့်
လက်ချောင်းတွေ လျှိုသွင်းဆုပ်ကိုင် လိုက်သည်။ "ရက်စက်တယ်.... ရက်စက်တယ်...စန်းချို ရက်စက်တယ်.... ငါ့ကို တစ်ခါတည်း
ဘာလို့အသေ သတ်မသွားခဲ့တာလဲ စန်းချိုရယ်... ဟူး...." သန်းဆိုင်ကတော့ ပါးစပ်ကနေ တံတွေတဖွားဖွားထွက်အောင် မြည်တမ်းရင်း
မိထူးလက်ထဲမှာ အရုပ်ကြိုးပြတ်ဖြစ်နေ၏။ အရက်မူးသမားဟူသည် လူသေအလောင်းကဲ့သို့ သာမန်ကိုယ်အလေး ချိန်ထက်ပိုမိုလေးလံသယောင်ရှိရာ၊
ခွန်အားတောင့်တင်းသည့် မိထူးပင် သန်းဆိုင်ကိုမတ်တတ်ရပ် နိုင်သည်အထိ ထူမတ်မပေးနိုင်။ ထို့ကြောင့် သန်းဆိုင်၏ ဦးခေါင်းက မိမိ၏ ရင်အုံကို
ဖိလျက်သား နှင့်ပင် သန်းဆိုင်ကို နောက်ပြန်တရွတ်ဆွဲလာခဲ့ရလေသည်။

မိးဖိုဆောင်ကနေ အိပ်ခန်းထဲအထိ ပျော့အိအိခန္ဓာကိုယ်ကြီးကို ဆွဲယူလာရသည့် ခရီးမှာ အကွာ အဝေး ပေ(၂၀)ထက်မပို။ သို့သော်မိထူးမှာ ငါးပိဿာချိန်
(၂၀)လောက်ကို မိုင်(၂၀)လောက် ခေါင်းဖြင့်ရွယ်၍ သယ်ရသည်ထက် ပိုပင်ပန်းနေသည်။ အိပ်ခန်းထဲရောက်တော့ သန်းဆိုင်ကို ခုတင်ပေါ်ရောက်အောင်
ကတ်သီးကတ်သတ် ကြိုးပမ်းရပြန်လေ၏။ ပထမဆုံး မိထူးက ခုတင်ပေါ် ကိုယ်တစ်ပိုင်းထိုင်ပြီး ပေါင်နှစ်လုံးကြားမှာ သန်းဆိုင်ကို ညှပ်ထားကာ
လက်မောင်းရင်းနှစ်ဖက်က နေမယူသည်။ ပြီးလျှင် မိထူးက နောက်သို့ တဖြည်းဖြည်းချင်း ဖင်ရွှေ့ဆုတ်လျက် သန်းဆိုင်ကို အားစိုက်ဆွဲသည်။
သန်းဆိုင်က စိတ်အသိကို လွှတ်ချင်ရာလွှတ်ထားလိုက်ဟန် ရှိ၏။ မိထူးက သူ့ကို အိပ်ရာပေါ်တင်နေခြင်းဟုလည်း အသိအမှတ်ရှိပုံမရ။ ပြောမိပြောရာတွေ
တရစပ်မြည်တမ်း လျက်ရှိသည်။

"ကမ္ဘာအဆက်ဆက် သံသရာအဆက်ဆက်မှာ နင်နဲ့ ပြန်မဆုံပါရစေနဲ့လို့ ငါဆုတောင်းပါတယ် စန်းချိုရယ်၊ ဒီဘ၀မှာ ငါ့အသည်းကို ခွဲရရုံနဲ့
ကျေနပ်ပါတော့....." သန်းဆိုင်၏ ခန္ဓကိုယ်အပေါ်ပိုင်း ခုတင်ပေါ်ရောက်ချိန်မှာ၊ မိထူးကလည်း သတိလစ်ပြီး အားလျှော့ လိုက်မိရာ၊ လေးပင်သော ခန္ဓာကြီးသည် မိထူးကို
နောက်ပြန်ဖိလှဲချလိုက်သလို ဖြစ်သွားတော့ သည်။ "အို ကိုယ့်ကိုယ်ကိုလည်း ထိန်းပါဦးတော့"ဟု ခပ်အုပ်အုပ်အော်ရင်း၊ မိထူးက
သန်းဆိုင်၏ လေးတွဲ့ ပျော့အိလျက် နံဟောင်ချွဲကျိနေသော ခန္ဓာကြီးကို အားစိုက်တွန်းဖယ်ချသည်။ သန်းဆိုင်သည် ခုတင်ပေါ်မှာ ကန့်လန့်ဖြတ်
မှောက်လျက်ကြီးကျသွား၏။

"ရက်စက်ပါပေ့ စန်းချိုရယ် ရက်စက်ပါပေ့"ဟု ညည်းတွားပြီးနောက် ရှိုက်ရှိုက်ငင်ငင် ငိုကြွေးပြန် လေသောသန်းဆိုင်ကို စောင်တစ်ထည်
ဖြစ်ကတတ်ဆန်းလွှမ်းပေးပြီး မိထူးက ကပျာကသီ ပြန်ထွက် ခဲ့၏။ ခုမှပဲ ရင်ဖိုရမှန်း၊ မောဟိုက်ရမှန်း ချွေးတစိုစိုပြန်ရင်း ခံစားနားလည်လာမိတော့
သည်။
        ×××             ×××             ×××
        ×××             ×××             ×××
ည(၈)နာရီကျော်ကျော်ခန့် ဆိုင်မှာ လူပါးချိန်တွင် အသက် (၁၄/၁၅)ရွယ် မျက်နှာစိမ်းလူငယ် တစ်ဦး စက်ဘီးတစ်စင်းဖြင့် ဆိုင်ရှေ့သို့ရောက်လာသည်။
ထိုအချိန်က ဆိုင်မှာ မိုးကျော်အောင် အလှည့်ကျထိုင်နေလျက်ရှိ၏။ လူငယ်မှာ အသားညိုညို၊ နွမ်းပါးသော အ၀တ်အစားနှင့် ဖြစ်သည်။ မျက်နှာထားမှာ
စိတ်အနှောင့်အယှက် တစ်ခုခုခံစားနေရဟန် ညှိုးမှိုင်နေ၏။ "ဦးသန်းဆိုင် ရှိလား..." ဟု အသံခြောက်ကပ်ကပ်နှင့် မေးသည်။ "ရှိတယ်ကွ၊ ဘာကိစ္စရှိလို့လဲ"မိုးကျော်အောင်ကိုယ်တိုင်လည်း စိတ်သောကဖိစီးနေသဖြင့် ပြန်မေးသံ က ခြောက်ကပ်ကပ်နှင့်ပင်။ လူငယ်သည် သူ၏ရှပ်အင်္ကျီလက်ကို အိပ်ကပ်ထဲမှ၊ ပိတ်ထားသော စာအိတ်တစ်အိတ်ကို ထုတ် လိုက်၏။ မိုးကျော်အောင်က စာအိတ်ကိုကြည့်ပြီး....လာပြန်ပြီ
စာတစ်စောင်၊ ဒီတစ်ခါတော့ ခိုင်ကြောင် ခိုးဝှက်မပစ်ဘဲ ပေါ်တင်လာပေးနေပြီဟု တွေးမိသည်။

"ကျွန်တော်က ဦးကျူးကုန်စုံဆိုင်က အလုပ်သမားပါ အစ်ကို၊ ဒီဆိုင်က
ဒေါ်စန်းချိုမုန့်တွေ၊ ဆေးလိပ်တွေ ၀ယ်နေကျတရုတ်ဆိုင်လေ" မိခင်နာမည်ပါလာ၍ မိုးကျော်အောင် ရင်တဒုတ်ဒုတ်ခုန်လာမိ၏။ လူငယ်က စာအိတ်ကို
ကိုင်မြှောက် ထားရင်း... "ဒီနေ့မနက် သုံးနာရီကတည်းက ဒီစာကို ဒေါ်စန်းချိုက ကျွန်တော့်ကို ပေးထားခဲ့တာ၊ မိုးလင်းရင် ဦးသန်းဆိုင်ကို သွားပေးဖြစ်အောင်
ပေးပါလို့လည်း မှာခဲ့တယ်၊ ကျွန်တော့်ကိုတောင် စာပို့ခ လက်ဖက်ရည်ဖိုး (၁၀၀)ပေးသွားသေးရဲ့" "ဒေါ်စန်းချိုက ငါတို့အမေကွ၊ မင်းကို စာဘယ်မှာပေးတာလဲဟင်"ဟု
မိုးကျော်အောင် အသက်မရှူ အားဘဲမေးသည်။ "ဦးကျူးဆိုင်မှာပေးခဲ့တာ....၊ မနက်မိုးလင်းလို့ စာကိုသွားပေးမယ်လည်း
လုပ်ရော စားကျွန်တော် အထားမှားပြီး ရှာမရဘူးဖြစ်နေတယ်။

စာအိတ်ကို အသေပိတ်ထားတော့ အထဲမှာ ဘာတွေရေး ထားမှန်းလည်း မသိဘူး၊ ဒေါ်စန်းချိုကလည်း
အရေးကြီးတဲ့စာလို့ မမှာခဲ့ဘူး အဘဦးကျူးက ကျွန်တော့်ကို လှိမ့်ဆဲတာနဲ့ ကျွန်တော် တစ်နေကုန်အလုပ်လုပ်ရင်း စာကိုရှာတာ စောစောကမှ
သတင်းစာအဟောင်းတစ်စောင်ကြားမှာ ပြန်တွေ့တာနဲ့ ကျွန်တော် ကမန်းကတန်း လာပေးတာ၊ ဒေါ်စန်းချိုးပေးခဲ့တဲ့ လက်ဖက်ရည်ဖိုးလည်း
ကျွန်တော်မသုံးပါဘူးဗျာ"ဟု ပြောရင်း လူငယ်က စာအိတ်နှင့်အတူ ငွေရာတန်တစ်ရွက်လှမ်းပေးသည်။ "လက်ဖက်ရည်ဖိုး ယူလိုက်ပါင့ါညီ"ဟု ပြောလျက် ပိုက်ဆံကို ပြန်ပေးပြီး
စာအိကို မိုးကျော်အောင် ကဖင်ပြန်ခေါင်းပြန် ကြည့်၏။

"ဖိတ်စာ"ထည့်သောအိတ်မျိုးလည်း မဟုတ်၊ စာအိတ်ပေါ်မှာလည်း ဘာမျှရေးမထား။ "နေဦး ငါ့ညီ၊ ဒီစာပေးပြီးတော့ ငါတို့အမေ ဘယ်သွားလဲ"ဟု ခြေလှမ်းပြင်နေသော
လူငယ်ကို အလျင်စလိုအသံဖြင့် မေးလိုက်ပြန်၏။ "သူတို့ ဘုရားဖူးကားနဲ့ ထွက်သွားကြတာပဲဗျ...." "သူတို့ဆိုတာ ဘယ်သူတွေလဲ..." "ဦးကျူးရဲ့ မိန်းမနဲ့ သမီးတွေ၊ ခယ်မတွေ တူမတွေပေါ့၊ ဒေါ်စန်းချိုကလည်း
သူတို့နဲ့အတူ ဘုရား ဖူးပါသွားတာ" "ဘယ်ဘုရားသွားဖူးမှာလဲ..." "မော်လမြိုင်၊ မြိတ်၊ ထာားဝယ်ဘက်က ဘုရားတွေ အနှံ့ဖူးမယ်လို့ပြောတာလဲ၊ အပြန်ကျရင် သာမညတောင်နဲ့ ကျိုက်ထီးရိုးလည်း ၀င်ဖူးကြဦးမတဲ့၊ ကားသမား
သုံးယောက်ကလွဲလို့ သူတို့ ဘုရားဖူး အမျိုးသမီးချည်း (၁၅)ယောက်ပါသွားတယ် ပျော်စရာကြီးဗျာ" "အေး ကျေးဇူးပဲကွာ" စာလာပေးသူ စက်ဘီးပေါ်မရောက်မီမှာပင်၊ မိုးကျော်အောင်က အိတ်ကို
ဖောက်လိုက်ပြီးဖြစ်သည်။ စိတ်လှုပ်ရှားသည့်ကြားမှ စိတ်သက်သာမှုရသည့်အချက်မှာ လောလောဆယ်၌ ဆိုင်ကို ဆူဆူညံညံ အသက်ဝင်စေတတ်ကြသည်။ ခုံတန်းလျားအုပ်စု
ရှိမနေခြင်းပင် ဖြစ်လေသည်။ သူတို့ထဲမှ တစ်ယောက်ယောက် ရှိနေလျှင် (၀က်လူးရွာက နေမကောင်းသော မိခင်ထံသို့ စန်းချိုသွားနေ သည်)ဟူသော မိမိတို့၏ "လိမ်စဉ်"ကြီး ပေါ်ကာဖြေရှင်းနေရဦးမည်။
ငွေရပြေစာ၊ အလွတ်တစ်ခုပေါ်မှာ၊ စာမတတ်တတတ်စန်းချို၏ မညီမညာစာကြောင်းအနယ်ငယ်ကို တွေ့ရလေသည်။

သန်းဆိုင်

စိတ်မပူနဲ့၊ ငါဘုရားဖူးလိုက်သွားတယ်၊ ၁၀-ရက်လောက်ကြာမယ်၊ နင့်ကို
တိုင်ပင်ရင်... ပိုက်ဆံ ကုန်သလေး ဘာလေးနဲ့ ဂဂျီဂကြောင်လုပ်မှာစိုးလို့၊
စားစရိတ်ပဲကုန်မှာ၊ ဘုရားဖူးထွက်ကြရ အောင်လို့ ပြောတိုင်း နင်က ဘုရားပဲ
အိမ်နားတင်ဖူးလို့ရတယ်၊ ဒါမှမဟုတ် အိမ်ကဘုရားစင်မှာ လည်း
ဖူးလို့ရတာပဲလို့ နင်ပြောဖူးတဲ့စကားကို မမေ့ပါနဲ့...တိတ္ထိကောင်ရဲ့...။
ငါကုသိုလ်ယူနေတုန်း...အိမ်မှာ အဆင်ပြေပြေနေကြပါ။ ငါခိုးထွက်တာသိရင်
နင်လိုက်ဖျက်မှာစိုး လို့ ခြံသော့ကိုအပြင်ကခတ်ပြီး သော့တံ ငါယူသွားတယ်။

        တော်သေးပြီး
        စန်းချို
စာဖတ်ပြီးနောက် မိုးကျော်အောင်သည် လေပူများအဖြစ် အယောင်ဆောင်၍ သူခန္ဓာကိုယ်ထဲမှာ ခိုအောင်းနေကြသော စိတ်သောကများကို သက်ပြင်းချသည့်
ပုံဟန်ဖြင့် မှုတ်ထုတ်လိုက်စရာ သူ့တစ်ကိုယ်လုံးမှာ ငှက်တောင်ကလေးတစ်ချောင်းပမာ ပေါ့ပါးသွားဟန် ရှိသည်။ ဆိုင်ကြမ်းခင်း
ပေါ်မှာပင်... စိတ်စွမ်းအင်တန်ခိုးဖြင့် မြောက်ကြွသွားသည်ဟုပင် ခံစားလိုက်ရသေးသည်။ သြော်၊ အမေ...အမေ၊ အဖေ့ကို အနိုင်ယူလို့အားမရသေးဘဲ သက်သက်မဲ့
အရူးလုပ်သွားတာ ပါလား...၊ အဖေတော့ ရူးမရူးမသိဘူး၊ လောလောဆယ်တော့ မူးပြီးမှောက်နေပြီဟု တွေးရင်း မိုးကျော်အောင်သည် ကတော့မခို ခုန်တော့မလို
အမူအရာဖြင့် အိမ်ဘက်သို့ လှမ်းအော်သည်။
        ×××             ×××             ×××
        ×××             ×××             ×××
ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

Thursday, August 16, 2012

ကြူးနှစ် ၏ ဇာတ်ကောင်တွေဆီက ထွက်ပြေးတဲ့ဇာတ်လမ်း, အပိုင်း (၁၅)

လောကကြီးမှာ အဲသလို သီလကြောင်မိန်းမတွေ ရှိနေတာ မဆန်းဘူး၊ ဒါပေမဲ့ ကိုယ့်မိန်းမက အဲဒီ စာရင်းထဲဝင် သွားရင်တော့ ဆန်းသွားမယ်၊ ငါလည်း နွားပြာကြီးအောက်သွားမရှတဲ့ ပုံစံနဲ့ လူတကာ အထင်သေးခံရမယ်၊ ဒီတော့ စန်းချို ကို အရင်လို စိတ်ချလက်ချ လွှတ်ထားလို့ မဖြစ်တော့ဘူး၊ သူ့ခြေလှမ်းကို စောင့်ကြည့်ရမယ်၊ ပစ်စာ (၂)စောင် ဟာ နိမိတ်ပြတဲ့ သတိပေးစာတွေ၊ ငါ့ကို အိပ်မော ကျရာ ကနေ နှိုးလိုက်တာပဲ။ ကို ဆက်ဖတ်ရန်
.............................................................................................................................
"နင့် ဘယ်လက်မြှောက်စမ်း သန်းဆိုင်"
နေ့လယ် (၂)နာရီ နေပူပူထဲမှ ဖြတ်ပြန်လာသဖြင့် စန်းချို ချွေးပြိုက်ပြိုက်ကျနေသည်။ ချွေးနဲ့ မိတ်ကပ်၊ ရေမွှေး၊ ဘော်ဒီ စပရေးနံ့တွေ ရောစပ်ပေါင်းယှက်လိုက်သောအခါ ...၊ သန်းဆိုင်နှာခေါင်း ထဲတွင် အမည် မဖော်တတ်သော အော့နှလုံးနာဖွယ် အနံ့အသက် ဖြစ်လာသည်။ စန်းချိုပြန်လာ ကတည်းက အကွေးအကောက် အတွန့်အညွန့်တွေ မရှိတော့သော စန်းချို၏ ဆံပင်ပုံစံအသစ်ကို မြင်ပြီး (တီဗွီမှာလာတဲ့ ဆတ်ကော့ လတ်ကော့ဟာမရဲ့ ဆံပင်ပုံစံမျိုးပါလား) ဟု တွေးမိကာ သန်းဆိုင်က စန်းချိုကို မကြည့်မိအောင် ကြိုးစားနေခဲ့သည်။
ခုတော့ ... မကြည့်လို့မရ။ သေခါနီးလူမမာ၏ တောက်လက်တတ်သော မျက်လုံးမျိုးဖြင့် မော့ကြည့် သည်။

"ဘာလုပ်မလို့တုံးဟ"
"ပေးစမ်းပါဟာ၊ နင့်လက်"
စန်းချိုက ဇိုးဇိုးဇက်ဇက်နှင့် သန်းဆိုင်၏ အကြောသေသလို ဖြစ်နေသော ဘယ်လက်ကို ဆွဲယူလိုက် ၏။ ဘယ်ဘက်လက်သူကြွယ် ကို ဆွဲထုတ်၍၊ မူလက ၀ှက်ကိုင်ထားခဲ့သော ရွှေလက်စွပ်ကို သန်းဆိုင်၏ ဘယ်လက်လက်သူကြွယ်မှာ စွပ်ပေးလိုက်၏။ လေးထောင့်ပုံ ကျောက်နီကလေးကို ရွှေဖြင့် ကွပ်ထားသည့် လက်စွပ် ဖြစ်သည်။ ငါးမူးသားခန့်တော့ ရှိမည်။ သန်းဆိုင်၏ လက်သူကြွယ် နှင့် မဆိုစလောက်ကလေးတော့။
ချောင်နေ ၏။ သန်းဆိုင်က သူ့လက်ပေါ်မှာ ပိုးမွှားတစ်ကောင်ကောင် တွယ်ကပ်လာသကဲ့သို့၊ နှာခေါင်း ရှုံ့ရင်း လက်စွပ် ကို ငုံ့ကြည့်နေသည်။

"ငါတို့အိမ်ထောင်ကျကာစတုန်းက ဝယ်စုထားတဲ့ အတိုအစကလေး ၅ ပဲသားကို ဖြည့်ပြီး လုပ်လိုက် တာ၊ ဒီအိမ်မှာ အားလုံးလက်စွပ်တွေနဲ့ချည်း၊ နင့်မှာ လက်စွပ်မရှိသေးဘူး၊ ပြီးတော့… နတ်စင်ကုန်း က ဗေဒင်ဆရာမ ကလည်း သောကြာသားကို ကျောက်နီလက်စွပ် ဆင်ရမယ်လို့ ယတြာပေးထားလို့"
ကျေနပ်ကြည်နူး ဝင်းပနေသော စန်းချိုမျက်နှာကို သန်းဆိုင်က ရန်လိုသောမျက်နှာထားဖြင့် မော့ကြည့် လိုက်သည်။
"လမ်းဘေး ကွမ်းယာထိုင်ရောင်းရတဲ့ကောင်က ရွှေလက်စွပ်ဝတ်ထားရမလား… ဟ၊ ကြွားတယ်ထင်ပြီး သက်သက်မဲ့ လူများက ကွယ်ရာမှာ ဆဲလိမ့်မယ်၊ ဒီခေတ်မှာ ရွှေရည်စိမ်အတုတွေ ဝတ်တဲ့ကောင်တွေ အများကြီး၊ ကိုယ်က အစစ်ဝတ်လည်း (ကွမ်းယာသည် သန်းဆိုင် ရွှေလက်စွပ်အတုကြီးနဲ့ဟေ့) ဆိုပြီး အကဲ့ရဲ့ ခံရဦးမယ်၊ နင့်လက်စွပ် ပြန်ချွတ်… ငါ မဝတ်ဘူး" စန်းချို မျက်လုံးတွေ ကျယ်လာပြီး၊ နှုတ်ခမ်းထော်ထော်တွေ တွန့် လိုက်သည်။

"သန်းဆိုင်ရယ်… ငါ စိတ်ညစ်လိုက်တာ၊ နင့်ကို ဝတ်စေချင်လို့ ငါက စိတ်ချရတဲ့ ပန်းထိမ်ဆိုင်မှာ တကူး တကန့် အပ်ပေးရတာဟဲ့၊ နင် တောင်ပြောမြောက်ပြောနဲ့ ခွမလုပ်နဲ့၊ ရွှေရည်စိမ်ထည်ဝတ်တော့ကော ဘယ်သူ့ ××× ဂရုစိုက် ရမှာလဲဟဲ့၊ ရွှေရည်စိမ်တောင် မဝတ်နိုင်တဲ့ ဖွတ်တွေတစ်ပုံကြီး…"
"ဗေဒင်ဆရာမ… ဟောလို့ နင် ငါ့ကို လက်စွပ်ဆင်တာ မဟုတ်လား"
စန်းချို က ရာဇဝတ်သားကို ရဲက ဟိတ်ဟန်ပါပါ မေးခွန်းထုတ်သည့်လေပေါက်၊ မျက်နှာထားတို့ဖြင့် မေး ရာ၊ စန်းချို ဒေါသအစွယ်ပြူထွက် လာ၏။
"နင်ဟာ စေတနာကို ဝေဒနာဖြစ်အောင်လုပ်တဲ့ အလကားကောင်ပဲ သန်းဆိုင်၊ မဝတ်ချင်လည်းနေ၊ ဂျီး ဂျွတ်တော့များ မနေနဲ့၊ ငါ ဝတ်ပြမယ်…"
စန်းချို သည် လေထဲမှာမြှောက်ထားဆဲရှိသော သန်းဆိုင်၏ဘယ်ဘက်မှလက်စွပ်ကို ဝယ်ပေးတုန်းကလို မဟုတ်ဘဲ ဆောင့်ဆောင့်အောင့်အောင့် ဆွဲချွတ်၏။

"ဖြည်းဖြည်းလုပ်ပါ ကမြင်းမရဲ့၊ လက်ပါ ပြတ်ပါသွားဦးမယ်"
"ပြတ်ပြတ်…"
စန်းချိုသည် လက်စွပ်ကို ချွတ်ယူပြီး၊ သန်းဆိုင်အနီးမှ ဒေါနှင့်မောနှင့် ထွက်သွားသည် ကိုသန်းဆိုင် က… ပေစောင်းစောင်းလိုက်ကြည့်သည်။
ငါ့ကို သူငယ်နှပ်စားများ အောက်မေ့နေသလားမသိဘူး၊ သင်းအပေါ်မှာ ငါ သံသယရှိနေတုန်းလို့ထင်ပြီး သံသယပြေအောင် ငါ့ ကို လက်စွပ်နဲ့ချော့တာ၊ သွေးတိုးစမ်းကြည့်တာ၊ ဘယ်ရမလဲ စန်းချိုရာ ငါ့ကို ငတုံးလို့ ထင်ရင် မှားသွားမှာပေါ့၊ ကျိုက်ဒေးယျုံဘုရားကြီးရှေ့မှာ ကွမ်းယာရောင်းလာတာ နှစ် (၂၀) ရှိ ပြီ၊ လူဆိုး လူကောင်း၊ ဘုန်းကြီးရဟန်း၊ ဖွားသီလ၊ ဆိုက်ကားသမား၊ အရက်သမား၊ ရသေ့၊ အရူး… လူမျိုး (၁၀၁) ပါးနဲ့ ဆက်ဆံ လာခဲ့တာဆိုတော့ ငါ့ဟာ အုတ်ဖိုစုက ဘုန်းကြီးလူထွက် ဦးကံငွေရဲ့သား၊ လယ်သမားအနုံ့အအ သန်းဆိုင် မဟုတ်တော့ဘူး…၊ ပညာဗဟုသုတတွေ ပြည့်လျှံနေတဲ့ ခြံပိုင်အိမ်ပိုင်၊ ဆိုင်ပိုင်၊ ဆိုက်ကားငါးစီးအုံနာ… မြို့သားကြီး သန်းဆိုင် ဖြစ်နေပြီ…၊ ငါ့ကို ကြောမယ်မကြံနဲ့…၊ လူများ လည်တာ… သန်းဆိုင် ရပ်နေသလောက်ပဲ ရှိသေးတယ်… ဟု စိတ်ထဲက ကြုံးဝါးရာမှ တစ်ဖန်၊ လက် နောက်ပစ်ပြီး လမ်းထလျှောက်ရင်း…

ငါ့အဖေ ဦးဇင်းဘဝတုန်းက ဟောဖူးတဲ့ တရားဇာတ်လမ်း တစ်ပုဒ်ရှိတယ်၊ မိန်းမများကို ခေါင်းဖြူစွယ် ကျိုး အရွယ် တိုင်အောင် မျက်စိစုံမှိတ်ပြီး မယုံဖို့၊ အဓိကကတော့ ကာမတဏှာ အမိုက်အမှောင်သဘော ကို ရှင်းပြ တာပဲ၊ ဒိသာပါမောက္ခဆရာကြီးက သူ့တပည့်လူငယ်ကလေးကို မိန်းမသားများဟာ ဇရာ ထောင်းပေမဲ့ တဏှာက မကောင်းဘူး၊ ယောက်ျားချောချောခန့်ခန့်တွေ့ရင် ငယ်မူငယ်သွေးဝင်ပြီး စိတ် ဖောက်ပြန်တတ်တဲ့ သဘာဝရှိတယ်ဆိုတာ…၊ တပည့်ရဲ့မိခင် အဘွားအိုကြီးနဲ့ သက်သေသာဓကထုတ် ပြတဲ့ဇာတ်ပေါ့…၊ ဒီလို… ပညာပေးဇာတ်တွေ ကို ယောက်ျားတိုင်းလေ့လာမှတ်သားကြရမယ်။ ကိုယ့် ဇနီး၊ ကိုယ့်သမီး၊ ကိုယ့်နှမ၊ ကိုယ့် တူမ၊ ကိုယ့်ဒေါ်ကြီးဒေါ်လေးတွေဟာ ယောက်ျားချောချောနဲ့ပရောပရီ နေပြီဆိုရင် သတိသာထားပေရော့၊ ရုပ်ရှင်မင်းသားချောချောတွေ ဘာကြောင့် အောင်မြင်ပြီး ပိုက်ဆံ တွေ လှိမ့်ရကြသလဲ၊ မေးစရာမလိုဘူး၊ ကြီးငယ်မဟူ မိန်းမတွေက ငမ်းငမ်းတက်စွဲလမ်းပြီး ဝက်ဝက်ကွဲ အောင် အားပေးနေကြလို့ပေါ့၊ ငါ့အဖေ တစ်ခါတစ်ခါပြောတဲ့ (ဣတ္ထိဝင်္ကံ၊ နဒီဝင်္ကံ) ဆိုတာကို မြစ်တွေ ကွေ့ကောက်သလို… မိန်းမတွေ လည်း ကွေ့ကောက်လော်လည်ကြတာပဲ၊ နင့်ကို.. ငါ မယုံနိုင်ဘူး စန်း ချို၊ ဗေဒင်တွေ၊ နတ်တွေနဲ့လည်း ငါ မသိမမြင် ထုံထိုင်းအနနေအောင် နင်ပြုစားခိုင်းလို့ မရဘူးမှတ်ပါ…၊ နင့်ကို ငါ သံသယ မျက်လုံးနဲ့ အမြဲကြည့်နေ မယ်…၊ နင် ငါ့ဘေးမှာ အိပ်ပျော်နေတာတောင် နင် ဘာ အိပ်မက်တွေ မက်နေသလဲဆိုတာသိအောင် ငါ ကြိုးစားမယ်… ဟူသော မတွေးဖူးသည့် အတွေးစများ နှင့် တစ်မေ့စေတ်မော ဖြန့်ကြက်ရက်ဖွဲ့နေလေသည်။


ထိုစဉ်… အိမ်ရှေ့ဈေးဆိုင်ဆီမှာ စန်းချို ဦးဆောင်သော၊ ဝမ်းနိုင်တူးအပါအဝင် ဆိုက်ကားသမားတစ်ခု ၏ ရယ်သံ တအုံးအုံး ပေါက်ပွဲထွက်လာရာ၊ သန်းဆိုင် အတွေးစပြတ်ပြီး၊ လမ်းလျှောက်နေရာမှ သံပတ် ကုန်သွားသော အရုပ်ကြီး လို၊ မတ်တတ်ငြိမ်သက်သွားတော့၏။ သူ အိမ်ပေါ်က အိမ်အောက်မဆင်း သည့်အကြောင်းပြောပြီး၊ ရယ်မောပြောင်လှောင်ကြခြင်းသာ ဖြစ်ရမည်ဟူသောအတွေးကြောင့်၊ သူ့ နှလုံးသည် သူ့ရင်ပုံရိုး ကွဲအက်မတတ် ယမ်းခါခုန်လှုပ်လာသည်။ (ငမည်းတူးမကြီး၊ မိန်းမချင်း စကား ဝိုင်းဆို မရယ်ဘူး၊ ယောက်ျားတွေနဲ့ဆိုရင် သွားခေါကြီး တဖွေးဖွေး နဲ့ ရယ်ပြပါလိမ့်မယ်) ကုလားထိုင် ပေါ်သို့ အရုပ်ကြိုးပြတ် ထိုင်ချလိုက်ရင်း…၊ သန်းဆိုင် တရှူးရှူးမြည်အောင် အသက်ပြင်းစွာ ရှူနေ၏။

    ×××        ×××        ×××
    ×××        ×××        ×××

လက်စွပ်ကိစ္စကလေးကိုအရင်းခံ၍ တစ်နေ့လုံး လင်မယားနှစ်ယောက် မျက်နှာချင်းမဆိုင်၊ စကား မပြော ဖြစ်ကြသော်လည်း ည (၁၁) နာရီမှာ အိပ်ရာထဲ အတူတကွ ရောက်ရှိကြချိန်တွင်မူ… စကားပြောဖြစ်စ ရာ အခြေအနေက ပေါ်လာသည်။ စန်းချိုသည် နဖူးပေါ်လက်တင်၍ ပက်လက်ငြိမ်သက်နေသော သန်း ဆိုင်ဘက်သို့ လှည့်ကာ၊ တံတောင်ဆစ်နှစ်ဖက်ဖြင့် အားပြုထောက်လျက်၊ ဝမ်းလျားမှောက် လိုက်သည်။ မွှေးပျံ့နေကျ ရနံ့ကို… သန်းဆိုင်က မေ့ပျောက်ပစ်ပယ်၍ မရသည့်နောက်ဝယ်…၊ ခိုးကြောင်ခိုးဝှက် မျှင်း ၍ ရှု လိုက်လေသည်။
သန်းဆိုင် က မျက်ခွံတွေကို မှေးထားသည့်တိုင်…၊ မျက်တောင်မွေးတွေကြားထဲကနေ စန်းချို၏ အလင်း ကျောခိုင်းထားသော မျက်နှာသဏ္ဌာန်ကို ဝိုးဝိုးဝါးဝါး တွေ့မြင်ခွင့်ရနေ၏။ ကောင်မ၊ ငါ့ကို ဘယ်လို အပျော့ဆွဲ ဆွဲဦး မလဲ မသိဘူး၊ ညနေကလည်း ငါ သိပ်ကြိုက်တဲ့ ဝက်ခြေထောက်စွပ်ပြုတ်တွေ သွား ဝယ်လာသေး တယ်။ (ကြည့်) အခုလည်း ငါ့အသားကို မထိတထိလုပ်နေတယ်… ဟု သရိုးသရီ ယားကျိ ကျိဖြစ်လာ သလို ခံစားရင်းတွေးသည်။

စန်းချိုက မှောင်ခြည်ပျပျထဲမှာပင် တောက်ပစူးလက်နေသော မျက်ဝန်းကြီးများဖြင့် သန်းဆိုင်မျက်နှာ ကို အနီးကပ် စိုက်ကြည့်နေ၏။ သန်းဆိုငမှာ စိတ်ညှို့ခံလိုက်ရသည့်အလား…၊ မျက်လုံးတွေ ဖျတ်ခနဲ ဖွင့်ကြည့်၏။ စန်းချို၏ ထူးခြားသောမျက်ဝန်းတွေကို တွေ့လျှင်…၊ ရင်မဆိုင်ဝံ့သည့်စိတ်ဖြင့် သူ့မျက်လုံး တွေ ပြန်မှိတ်သည်။
"ဒီမယ် သန်းဆိုင်…၊ နင် နေကောင်းနေပြီပဲဟယ်၊ ကွမ်းယာလေး ဘာလေးရောင်းပါဦး၊ နင့်ဖောက်သည် တွေက ကိုသန်းဆိုင် ယာတဲ့ ကွမ်းပဲစားချင်တယ်ဆိုပြီး ဂျီတိုက်နေကြလို့ဟဲ့…၊ ငါ့နဲ့ မိထူးလည်း ဆိုင်က တစ်ဖက်၊ အိမ်မှာ ချက်ရပြုတ်ရ၊ လျှော်ရဖွပ်ရ တာက တစ်ဖက်နဲ့ ဖတ်သီလိုက်နေပြီ"
စန်းချိုဆီ မှ ကြားရခဲစွသော ညင်သာတိုးညင်းသံတွေ ကြားရသည်။ သန်းဆိုင်၏စိတ်ဘဝင်ကတော့ ညွှတ်နူး မသွားချေ။

"ငါ နေကောင်းမှန်း ငါ သိတယ်။ ငါ ဆိုင်မှာ မထိုင်ချင်လို့ကို အိမ်အောက်မဆင်းတာ"
မျက်လုံးတွေ ပြန်ဖွင့်ပြီး မာဆတ်ဆတ် ပြော၏။
"နင် ဘာလို့ ဆိုင်မှာ မထိုင်ချင်ရသလဲဆိုတာ… ငါ ကောင်းကောင်းသိတယ် သန်းဆိုင်"
"နင့်အမေလင်… ဘာသိတာလဲ" ဟု သယောက်သဟသံနှင့် ပြောကာ၊ နဖူးပေါ်မှ လက်မောင်းကို ဖယ် လိုက်သည်။ စန်းချို က ပေါ်လာသော အမာရွတ်အသစ်စက်စက်ကို လက်ညှိုးဖြင့် ဖွဖွထောက်၏။
"ဒီအမာရွတ် ကို လူတွေမြင်မှာ နင် ရှက်လို့မဟုတ်လား ဟင်"
သန်းဆိုင် တုဏှိဘာဝေလုပ်နေလိုက်၏။ မျက်လုံးကို ခြင်ထောင်အမိုးဆီသို့ ငေးစိုက်ထားသည်။
"အမာရွတ်ကို လူ မမြင်စေချင်ရင်… ခေါင်းပေါင်းပေါင်းပြီး ရောင်းပေါ့ဟယ်၊ မဟုတ်ဘူးလား…" ဟု စန်းချိုက သန်းဆိုင့် ပခုံးတစ်ဖက်ကို ဖွဖွလှုပ်ရင်း ပြောသည်။

"နင့်အမေ့လင်၊ ဒီလောက် ပူတဲ့အိုက်တဲ့ရာသီကြီးမှာ ခေါင်းပေါင်းကြီးပေါင်းထားရအောင် ငါက ××× ရူးမှ မဟုတ်တာ"
စန်းချိုက ဝမ်းလျားမှောက်ရာမှထ၍ တင်ပြဉ်ခွေထိုင်ချလိုက်ရာ၊ ကြီးမားသော ဒူးခေါင်းကြီး တစ်ဖက်နှင့် ပေါင်လုံး ကြီး တစ်ဖက်က သန်းဆိုင်၏ရင်ဘတ်တစ်ခြမ်းကို ပိလာကြ၏။ သန်းဆိုင်က ဘာမျှမခံစားရ သလို ငြိမ်နေ သည်။
"မနက်ဖြန်… နင်ဆိုင်မှာထိုင်မှဖြစ်မယ် သန်းဆိုင်၊ မိထူး ထဘီလာနေလို့ဟဲ့၊ ရှင်းပြီလား…၊ ကွမ်းရွက်က နတ်ကြီးတယ်၊ ကွမ်းရွက်ခင်း ထဲဆိုရင် မသန့်တဲ့မိန်းမတွေတောင် ဝင်ခွင့်မရှိတာမဟုတ်ဘူး"
အံမယ်… ကောင်မ က ဒီဗဟုသုတတွေတောင် သိလို့၊ မခေပါလား… ဟု သန်းဆိုင်စဉ်းစားရင်း စန်းချို၏ ကြီးမား တုပ်အိသော ပေါင်လုံးကြီးကို တွန်းဖယ်လိုက်၏။

"ဟူး နင်တို့မိန်းမတွေကို ဇယားရှုပ်လွန်းပါတယ်ဟာ၊ ထဘီလာရတာနဲ့၊ သွေးပေါ်ရတာနဲ့၊ ဓမ္မတာဆင်း ရတာနဲ့ လုပ်စားကိုင်စား ဖို့ကို အချိန်မရှိဘူး"
"ဟဲ့ နင် ဘာသိလို့လဲ။ ကွမ်းရွက်အဖျားနဲ့၊ အညှာဘက်မှာ နတ်ဘီလူးနှစ်ပါး စောင့်ရှောက်တယ်ဆိုတာ နင် ကြားဖူး လို့လား၊ ကွမ်းရွက်က အသန့်ကြိုက်တယ်တဲ့"
"နေ့တိုင်း ဈေးထဲမှာ ကွမ်းရွက်ရောင်းနေတဲ့ မိန်းမတွေ ဘယ်လိုလုပ်မလဲ၊ နင် ပြောသလိုဆို ရာသီလာ တိုင်း ကွမ်းမရောင်းရတာ နဲ့ ငတ်သေကုန်မယ် ဟင်း၊ နင်ကော ရာသီလာနေတုန်း ကွမ်းယာရောင်းနေ တာပဲ မဟုတ်လား စန်းချို" "ငါက နတ်ဘီဘူးတွေကို ကန်တော့ပြီးမှ ရောင်းတာ အဲဒီအချိန်မှာ ပိုတောင်ရောင်းကောင်းသေး"

"ဟဲ ဒါဆို၊ နင့် နတ်ဘီလူးတွေက တန်ခိုးမရှိတဲ့ ပေါတောတောနဲ့ ဘီလူးတွေပဲဖြစ်မှာပါဟာ၊ အသန့် ကြိုက်တယ် လည်း ပြောသေး၊ ကန်တော့လိုက်တော့လည်း ရောင်းကောင်းအောင်တောင် ကူညီသေး၊ ဟပ် ဟပ် ဟပ် နင်တို့ ညီအစ်မ တစ်ယောက်တစ်လှည့်စီ ဓမ္မတာဆင်းပေးနေကြစမ်းဟာ၊ ဒါမှ နင်ဖြစ် ချင်တဲ့ တိုက်တွေ ကားတွေ မြန်မြန်ဝင် လာမှာ ဟပ် ဟပ်"
"မသာကောင် နင် မယုံရင် နတ်ကို မစော်ကားနဲ့၊ နတ်နဲ့ နဂါး မလှည့်စားနဲ့တဲ့၊ နင် လုပ်လိုက်လို့ ဒီတစ် ခါ နဖူးကွဲရုံ တင်မကဘူး၊ ဦးနှောက်ပါ အဖတ်လိုက် ထွက်သွားမယ်… ဘာမှတ်လို့လဲ…"
"ငါ နဖူးကွဲ တာ နင့်ကြောင့်ပါ စန်းချိုရာ"
အရည်မရ အဖတ်မရ စကားနိုင်လုကြရာကနေ၊ အချိန်တန်တော့လည်း လင်မယားနှစ်ယောက် ကျော ချင်းကပ်ပြီး အိပ်ပျော် သွားကြသည်။ အိပ်ပျော်ကာနီးမှာ သန်းဆိုင်က… အမာရွတ်မပေါ်အောင် ငါ့ဆံပင် ကို ရာဇာနေဝင်း ပုံစံ ရှေ့ကိုအုပ်ပြီး ဖြီးချထားရမယ်ဟု မနက်ဖြန် ဆိုင်ထွက်ဖို့ ဆုံးဖြတ်ရင်း ကြိုတင်စိတ် ကူးနေခဲ့သေးသည်။

    ×××        ×××        ×××
    ×××        ×××        ×××

ဆိုင်မှာ ပြန်ထိုင်ထိုင်ချင်း…၊ တစ်ခါမှပဲ မထိုင်ဖူးသလို ကြောင်တက်တက်ယောင်မှား ခံစားရင်း၊ သန်း ဆိုင် မျက်နှာထား က ပြုံးမလိုလို၊ မဲ့မလိုလို ဖြစ်နေသည်။ အမာရွတ်ကို ဆံပင်တိုနံ့နံ့ဖြင့် ဖုံးထားသည့် ပြင် ဆံပင်ကိုပါ သူ့ သားတော်မောင်တွေ သုံးစွဲကြသည့် FEEL ဆိုသော ခေါင်းလိမ်းဆီမွှေးလူးထားသ ဖြင့်၊ ဆီမွှေးရနံ့ရှုရင်း သူ့ဘာသာသူ ကျိတ်၍ ရှက်ကိုးရှက်ကန်းဖြစ်နေရပြန်၏။ သူ့တစ်သက်မှာ အုန်းဆီ ကလွဲလို့ မည်သည့်ခေါင်းလိမ်းဆီမွေး မှ မလူးစဖူးခဲ့။ မေးစေ့က အမာရွတ်ကိုတော့ သေးငယ်သဖြင့် မုတ်ဆိတ်မွေးငုတ်တို ကလေးတွေကြားမှာ ပျောက်ကွယ်နေသည်။ သို့သော် သေချာစူးစမ်းကြည့်မည့် မျက်စိရှင်သူတွေ ကတော့ တွေ့မြင်နိုင်လိမ့်မည်။

ဆိုင်ဖွင့်ပြီး နေထွက်ပြူစအချိန်၊ ဝယ်သူမကျသေးခင်၊ တစ်စုံတစ်ယောက်က ဆိုက်၏ကဲလားတံခါး အောက်သို့ ခပ်သုတ်သုတ်ဝင်လာသည်။ စောစောစီးစီး ဘုရားမှာ ပုတီးစိပ်ပြီး ၍ ပြန်ဆင်း လာသော ဆေးဆရာကြီးဦးပွားဖြစ်သည်။သူက ဝါးတောင်ဝှေးကို မထောက်ဘဲ မြေပြင်နှင့်ပြိုင်လျက် ကန့်လန့် ကိုင် ထားသဖြင့်၊ တောင်ဝှေးထောက်သံမထွက်၊ သန်းဆိုင်ကလည်း ခေါင်းငုံ့ပြီး ငွေစာရင်းစာအုပ်ကို ကြည့် နေသောကြောင့် ဦးပွားရောက်လာသည်ကို မသိလိုက်။ ဦးပွားကလည်း ခါတိုင်းနေ့တွေလို သန်းဆိုင် သားကြီး မိုးကျော်အောင် ထိုင်နေမည်ဟု ထင်ကာ ဆေးပြင်းလိပ်ဝယ်ဖို့ ဝင်လာသည်။
"ဆေးပြင်း ဟာ…"
မျက်နှာမော့လိုက်သော သန်းဆိုင်ကို တွေ့သည်နှင့် ဦးပွားသည် လောက်တဖွားဖွားတက်နေသော အလောင်းကောင်ပုပ် တစ်ခုကို တွေ့မြင်ရသကဲ့သို့ နှာခေါင်းရှုံ့ကာ ချာခနဲလှည့်ထွက်သွားတော့၏။ ပြိုင် တူလိုပင် သန်းဆိုင်ကလည်း ဦးပွားကိုတွေ့သည်နှင့် ပါးပျဉ်းထောင်နေသည့် မြွေဟောက်ကြီးတစ် ကောင်ကို ရုတ်တရက်တွေ့ လိုက်သလို… အလန့်တကြား မြည်တမ်းသည်။

"အိုး… ဘကြီးပွား"
ဦးပွားသည် သန်းဆိုင်ရှေ့မှ တစ္ဆေတစ်ကောင်လို ရိပ်ခနဲ ပျောက်သွား၏။ (အဘိုးကြီး ငါ ဓားကြိမ်းကြိမ်း တာကို တော်တော်စိတ်နာသွားပုံရတယ်၊ စန်းချို သိရင်တော့ ငါ့ကို အပြစ်တင်ဦးမှာပဲ၊ အို ကိုယ် မယုံ ကြည်တဲ့ လူကို ဘာလို့ ကိုးကွယ်နေရမှာလဲ၊ သွားစမ်းပါ) သန်းဆိုင် ချက်ချင်းမာန်ဝင်ပြီး အံကြိတ်ထား လိုက်သည်။ (ရေတစ်ခွက် ကို ငွေ ငါးရာနဲ့ ရောင်းစားနေတဲ့လူကြီး)
ဤသို့ လူမှုဆက်ဆံရေးတွင် သန်းဆိုင်ကို အဖုအထစ်တွေ့ကြုံရအောင် စတင်ဖန်တီးလိုက်သူမှာ၊ သူ့ ဖခင် ရဟန်း လူထွက်ကြီး ဦးကံငွေဖြစ်၏။ လူရှေ့ သူရှေ့မှာ ဘုရားကြောင်း၊ တရားကြောင်း အသံ ကောင်းဟစ်ပြီး၊ ကွယ်ရာတွင် အရက်ခိုးသောက်နေသည့် ဖခင်ကြီးကို ကြည့်ကာ သန်းဆိုင်က "ဆရာ" ဆိုသူတိုင်းကို ဇွတ်မှိတ်မယုံကြည်တတ်တော့။ စန်းချိုအပေါ် မယုံကြည်နိုင်သော အစွဲကလည်း…၊ သန်း ဆိုင် စိတ်နှလုံးထဲမှာ အမြူတေခဲကြီးလို ဖြစ်သွားခဲ့ပေပြီ။

သန်းဆိုင် ကွမ်းယာဆိုင်မှာ ပြန်ထိုင်ပြီဆိုသည်နှင့် သူ၏ရဲဘော်ရဲဘက်ဟောင်းလည်းဖြစ်၊ သူ၏ဆိုက် ကားတွေနှင့် ထမင်းစားနေကြရသော နင်းသားများလည်းဖြစ်၊ ရင်းနှီးသော အသိအကျွမ်းတွေလည်းဖြစ် ကြသော လူကြီးလူငယ် အရွယ်စုံတို့သည် ဆိုင်ရှေ့က ခုံတန်းလျားနှစ်ခုမှာ စုရုံး စုရုံး ဖြစ်လာကြပြန် သည်။ နောက်သံပြောင်သံ၊ ရယ်သံမောသံတွေသာမက၊ အခံရသက်သာသော ဆဲသံဆိုသံကလေးတွေ လည်း ကွမ်းယာ ဆိုင်ရှေ့မှာ စီစီညံစပြုလာ၏။

"ကိုကြီးသန်းဆိုင် နေမကောင်းဖြစ်ပြီးမှ ဝလာသလိုပဲ၊ မျက်နှာကြီးကို ပြဲလို့" ဟု ရန်ပိန် (ခေါ်) ရန်ပိုင်က "ထောင်" ပေး လိုက်လျှင် ကျော်ကြီးက…
"မစန်းချို က သူ့ကို နေ့တိုင်းဝက်သားချည်း ချက်ကျွေးနေတာကွ၊ ကြာရင် မျက်နှာက မပြဲဘဲ၊ ဝက်လို ချွန်းသွားမှ မျက်နှာ ချွန်းကြီး ဖြစ်နေဦးမှာ မြင်ယောင်သေး" ဟု ရယ်ကြဲကြဲမျက်နှာထားဖြင့် "ရိုက်"ချ လိုက်သည်။ ထိုအခါ သန်းဆိုင်က-
"ဟေ့ကောင် မင်းမျက်ခွက်ကို မင်း ပြန်ကြည့်စမ်း၊ မင်း မျက်ခွက်မှ ချွန်းနေတာ၊ ချွန်းတာက ဝက်လို တောင် မဟုတ်ဘူး၊ ကြွတ်စုတ်ချွန်း ချွန်းနေတာ" ဟု လက်ညှိုးကြီးထိုးပြီး ထအော်သောအခါ ရယ်မော သံတွေ ဆူပွက် သွားပြန်လေသည်။

ဝတ္ထုစာအုပ်ကလေးတစ်အုပ်ကို လက်ထဲမှာ ကိုင်ထားသော ခင်မောင်ငြိမ်းကမူ၊ သန်းဆိုင်၏မျက်နှာကို ကွက်ကြည့် ကွက်ကြည့်လုပ်ရင်း…
"မမစန်းချိုတို့ကတော့ဗျာ၊ (ရိုက်ဆွင်း) ကော (အပ်ပါးကတ်) ပါ တော်တော်ကျွမ်းပုံရတယ်၊ (လင်းနော့ လူးဝစ်) ကိုတောင် စိန်ခေါ်ဖို့ ကောင်းသား" ဟု သူ့ဘာသာတစ်ယောက်တည်း ပြောသလို ပြောလေ့ရှိ သည်။ ပထမတော့ အင်္ဂလိပ် လက်ဝှေ့အားကစား အခေါ်အဝေါ်တွေ၊ ဟဲဗီးဝိတ်ချံပီယံနာမည်တွေမှန်း၊ သန်းဆိုင်မသိ၊ နောက်မှ… နားလည်သူတစ်ယောက်က သန်းဆိုင်ကို ရှင်းပြသောအခါ၊ စန်းချိုက မိမိကို ညာဝိုက်လက်သီးနှင့် ပင့်လက်သီး သုံး၍ ထိုးသတ်ခဲ့၍ နဖူးနှင့် မေးစေ့မှာ အမာရွတ်ရခဲ့ခြင်းကို ဆိုလို ကြောင်း သန်းဆိုင်သိသွားပြီး ခင်မောင်ငြိမ်းကို စက်သေနတ် ပစ်သလို ကျိန်ဆဲလေတော့သည်။

ဘတ်စကားပိုင်ရှင် ဒရိုင်ဘာကြီး ဦးဘာဘူလာလျှင်တော့ သူ ကြားရသမျှ၊ ဖတ်ရသမျှ၊ တီဗွီမှာ မြင်ရသ မျှ သတင်းစုံ ကို ဘယ်သူကမှ မမေးမမြန်းမတောင်းဆိုဘဲ ကရားရေလွှတ် အစီရင်ခံတင်ပြတတ် ပြီး နောက်ဆုံးတွင်…
"သန်းဆိုင် ငါ ပြောသလို မင်းခြံထဲက တစ္ဆေကုလားပုကို ခေါစာမှန်မှန်ပစ်နော်၊ ဒါမှ… မင်းလည်း နေ့ တိုင်း ဝက်သားဟင်း ဖြောင့်ဖြောင့်တန်းတန်းစားနိုင်မှာ" ဟူသော သတိပေးစကားနှင့်သာ အဆုံးသတ် လေ့ရှိသည်။ သန်းဆိုင် က ပထမတော့… (ကျုပ်ခြံထဲမှာ ကုလားပုလည်း မရှိဘူး၊ ကုလားရှည်လည်း မရှိ ဘူး၊ ကျုပ်က ကျုပ်တို့ အုပ်ဖိုစုရွာက စာပေကျမ်းဂန်တတ် ဆရာတော်ဦးသြသဓ ဆီမှာ ပရိတ်ကြီးကုန်တဲ့ အထိ သုံးနှစ်လုံးလုံး ဘုရားစာတွေ သင် လာခဲ့တာ၊ ရတနာသုံးပါးကလွဲပြီး ဘာမှမယုံဘူး၊ ခေါစာလည်း မပစ်ဘူး၊ ယတြာလည်း မချေဘူး) ဟု ဘုစကားပြောမည်ကြံပြီးမှ၊ ဦးပွားကဲ့သို့ မိတ်ပျက်မည်စိုး၍၊ အင်း မလှုပ် အဲမလှုပ် ငြိမ်နေလိုက်၏။ ဦးဘာဘူ ကတော့ ဆိုင်မှ ပြန်ထွက်ကာနီးတိုင်း…
"သန်းဆိုင်ရေ…၊ တစ္ဆေကုလားပုအတွက် မမေ့နဲ့နော…" ဟု မမေ့မလျော့ သတိပေးသွားလေ့ရှိ၏။ သို့ ဖြင့် ကျော်ကြီး တို့ ဆိုက်ကားသမားတွေအတွက် (သန်းဆိုင်ရေ… တစ္ဆေကုလားပုအတွက် မမေ့နဲ့နော) ဟူသော ဦးဘာဘူ ၏မှာတမ်းစကားမှာ ပြက်လုံးတစ်ခု ဖြစ်လာခဲ့ရပြန်ပါလေသည်။

ကွမ်းယာဆိုင် တွင် သန်းဆိုင် ထိုင်ရောင်းချိန်သည် အခြားလူတွေ ထိုင်ရောင်းချိန်နှင့်မတူပါ။ စန်းချို ထိုင် ရောင်းလျှင် အဆဲခံဝံ့သူတချို့သာ စရဲနောက်ရဲသဖြင့် ရယ်ရခဲသည်။ မိထူးထိုင်လျှင်တော့… ဆိုင်ပေါ် မှာ စကားသံ တိတ်နေတော့၏။ မိုးကျော်အောင်တို့ ညီအစ်ကိုထိုင်သည့်အခါတွင်လည်း ရယ်သံမောသံ သိပ်မမြည်။ သန်းဆိုင် ထိုင်ချိန်တွင်ကား ဆိုင်ရှေ့ခုံတန်းလျားမှာ အုပ်စုနှင့် အတူ ရောက်ရာပေါက်ရာ၊ ပေါက်တီးပေါက်ရှာတွေ လျှောက်ပြော ရင်း၊ နောက်ကြ၊ ပြောင်ကြနှင့် ဝါးလုံးကွဲ ရယ်သံတွေ ပွက်ပွက်ညံ နေတတ်ပါသည်။ တစ်ခါတစ်ရံ ဗိုက်ရွှဲကြီးတလှုပ်လှုပ်ဖြင့် အော်ရယ်တတ်သော သန်းဆိုင်ရယ်သံက အကျယ်ဆုံးဖြစ်နေတော့၏။

သို့သော် သန်းဆိုင်သည် "ပစ်စာ" မရမီက သန်းဆိုင်မဟုတ်တော့မှန်း ဘယ်သူမျှမရိပ်မိ။ အများနှင့်အ တူ ရောယောင်ရယ်မောနေသော်လည်း အများပျော်သလို သန်းဆိုင်ရင်ထဲမှာ ပျော်ရွှင်မြူးထူးခြင်းမရှိ ကောင်း ဘယ်သူ မျှ အကဲမခတ်မိနိုင်ကြ။ သန်းဆိုင်ကိုယ်တိုင်လည်း ယခင်ကလို သူအပြည့်အဝ မပျော် ရွှင်နိုင်တော့မှန်း နားလည် ခံစားနေရသည်။
တကယ်တွေ့လို့ မြင်လို့၊ မဖြစ်သင့်တာ မဖြစ်ရအောင် စေတနာကောင်းနဲ့ သတိပေးတာပဲဖြစ်ဖြစ်၊ အပျော်အပြက် နောက်ချင်ပြောင်ချင်လို့ပဲဖြစ်ဖြစ် ပစ်စာလာချတဲ့ကောင် ဘယ်သူဆိုတာတော့ ပေါ် အောင် လုပ်ရလိမ့်မယ်၊ ငါ့ဆိုင်ရှေ့မှာ လူပေါင်းစုံရောကောသောကာ လာထိုင်ကြတယ်၊ အားလုံးလိုလို ငါတို့မိသားစုနဲ့ ခင်နေကြ တယ်၊ ငါတို့လင်မယားအကြောင်းကိုလည်း သူတို့ ထိုက်သင့်သလောက် သိ ထားကြတယ်။ ဒီတော့ ပစ်စာချတဲ့ကောင် က ငါ့ဆိုင်ရှေ့မှာ လာလာထိုင်တတ်တဲ့ကောင်တွေထဲက တစ်ယောက်ယောက် ပဲ ဖြစ်ရမယ် ဟူ၍ သန်းဆိုင် စုံထောက်အတွေး တွေးကြည့်၏။

တစ်ခု စဉ်းစားဖို့ရှိတာက၊ အီဗရာဟင့်ဆိုင်မှာ စန်းချိုတို့ကို နေ့စဉ်ရက်ဆက်တွေ့တယ်ဆိုတော့၊ သူတို့ ကော စန်းချို က သတိမထားမိဘဲ နေမတဲ့လား၊ အသိအကျွမ်းထဲက ဖြစ်နေရင် စန်းချိုက သူ့အပြစ်ကို ဖုံးကွယ်ရအောင် ဖက်လှဲတကင်း နှုတ်ဆက်မယ်၊ လက်ဖက်ရည်ခေါ်တိုက်မယ်၊ ကုလားဒိန်ဟာ ကုန် သည်ပွဲစား တစ်ယောက်ဖြစ်ပြီး၊ သူနဲ့စီးပွားရေးကိစ္စ ဆွေးနွေးနေတဲ့အကြောင်း ကြံဖန်လီဆယ်ပြီး လုပ် ဇာတ်ခမ်းမယ်၊ ယုတ္တိရှိရှိ ဖြီးမယ်ပေါ့လေ၊ နောက်ရက်တွေကျတော့ အီဗရာဟင့်ဆိုင်မှာ မထိုင်ကြတော့ ဘဲ တခြားဆိုင် မှာ ပြောင်းထိုင်မယ်၊ အသိအကျွမ်းတွေ မတွေ့အောင် ချောင်ကျကျနေရာမှာ ပုန်းပြီး ထိုင်မပေါ့၊ အဲဒါကြောင့် ပစ်စာရေးတဲ့ကောင်ဟာ ငါတို့အသိအကျွမ်းထဲက မဖြစ်နိုင်ဘူး။ ဒါပေမဲ့ သူက တော့ ငါတို့ကို တစ်ဖက်သတ် သိနေတယ်လို့ ယူဆနိုင်တယ်…၊ သူဟာ ကုလားဒိန်ကို လူလိမ်လူ ကောက်တစ်ယောက်လို့ ထင်ပြီး ငါ့ကို စေတနာ နဲ့ အသိပေးတာဖြစ်ချင်ဖြစ်မယ်ဟု တွေးခေါ်ရှင် ဆန်ဆန် တွေးနေတတ်သည့် သန်းဆိုင်မှာ ဒုတိယပစ်စာ ကို သုံးသပ်စီစစ်ရင်း…

ပထမကို ပစ်တဲ့ကောင်ကပဲ ဒုတိယစာကို ရေးပြီးပစ်ပြန်တာမဟုတ်ဘူး၊ ပထမစာမှာ မိုးလးကဲလားတင် ပြီး ဒုတိယစာမှာ "လျှော"ချသွားတာ မဟုတ်လား၊ အတည်ကြီးပြောပြီးမှာ (နောက်တာပါဗျာ)လို့ ဗလောင်းဗလဲ ပြောတဲ့ခွေးသား...၊ တစ်ခုတော့ရှိတယ်၊ သူပထမစာကြောင့် ငါတို့လင်မယား ခုလောက် ကြီး ရုပ်ပျက် ဆင်းပျက်ဖြစ်သွားလိမ့်မယ်လို့ သူကြိုတွေးမိပုံမရဘူး၊ ငါက စုန်းပူးသလိုလို၊ နတ်ပူးသလို လို လုပ်ပြလိုက်တော့ မှ သူရေးတာ  လက်လွန်သွားပြီလို့ နောင်တရပြီး ဖြေစာရေးတာ၊ အဲဒီတော့ ဒီခွေးသားကို မယုံရလည်း အခက်၊  ယုံရလည်းအခက်ပဲ...ဟု တွေးမိပြန်ရင်း၊ ဒေါသနှင့် ဒေါမနဿ ပေါင်းယှက်ကာ၊ သူ့ခန္ဓာထဲ က သွေးစီးဆင်းသံတွေ မြည်ဟည်းဆူညံလာကြတော့သည်။

ဆိုင်မှာထိုင်ရင်း  အရောင်းပါးသည့်အခါ ခုံတန်းလျားမှာ စကားပြောဖော်တွေ မရှိသည့်အခါ၊ သူစဉ်းစား မိသည်မှာ...
နောက်မယ်ပြောင်မယ်ဆိုလည်း၊ ပါးစပ်နဲ့ နောက်နိုင်တဲ့ကောင်တွေ အရှိသားပဲ၊ ကျော်ကြီးတို့၊ ရန်ပိန် တို့ ဆိုင် ဘယ်လိုပဲ ဆဲဆဲ၊ နောက်နေကြတာပဲ၊ တစ်ခါက ရန်ပိန်ဆိုရင် စန်းချိုကို ငါမရှိခင် အတည် ပေါက် ကြီးလာနောက်တာ (မစန်းချို၊ ကိုသန်းဆိုင်ကို ညဘက် ကာရာအိုကေရုံကို မလွှတ်နဲ့၊ ရုံဘေးမှ "ပွင့်စွယ်တော်" ဆိုတဲ့ လက်ဖက်ရည်ဆိုင် ရှိတယ်မဟုတ်လား၊ အဲဒီဆိုင်ရှင်မိန်းမက နှစ်ခုလပ်တဲ့ဗျ၊ ည ဘက်ဆို ကိုသန်းဆိုင်က ကာရာအိုကေ ၀င်မဆိုဘဲ အဲဒီဆိုင်မှာ လက်ဖက်ရည်ဝင်သောက်ရင်း ဆိုင်ရှင် အမျိုးသမီးနဲ့ နှစ်ယောက်တည်း စကားလက်ဆုံ ကျနေကြတာဗျ၊ ခင်ဗျားလူကြီးကို လွှတ်မထားနဲ့နော်၊ ဟိုမိန်းမက အသက်ကသာ ၅၀နားကပ်နေပေမဲ့ မော်ဒယ်ဂဲလို ပြထားတာ၊ ကိုသန်းဆိုင်ကြီး ပါသွားမှ ဖြင့်)လို့ကို စန်းချိုကို တည်တည်ကြီးလာကပ်ပြောတာ၊ စန်းချိုက နောက်မှန်းသိတော့၊ (ပါသွားပစေ ဟယ်၊ သူပါသွားတော့လည်း ငါကဆံပင် အစေ့ လင်အစေ့ ယူပစ်လိုက်မယ်)လို့ ရွဲ့ပြောပစ်ခဲ့တာ၊ ရန်ပိန် နောက်တာကို စန်းချိုက ငါ့ကိုပြန် မပြောပါဘူး၊ ရန်ပိုင် ကိုယ်တိုင် ငါ့ကို ရယ်ရယ်မောမောနဲ့ လာပြောလို့ ငါသိရတာ...၊

 (ဟေ့ကောင် အရက်သမား အဲသလိုတော့ မနောက်နဲ့ကွာ၊ အဟုတ်မှတ်ပြီး စန်းချိုနဲ့ငါ နပန်းလုံးနေ ရဦးမယ်)လို့ ရန်ပိန် ကိုဟန့်လိုက်ရသေး၊ ၀မ်းနိုင်းတူးဆိုတဲ့ မအေပေးကလည်း တစ်ခါ ငါ့ကိုလာချွန်သေးတယ်၊ (ကိုသန်းဆိုင် ရာ....၊ မစန်းချိုတို့က ဈေးထဲမှာ သိပ်မျက်နှာပွင့်တာပဲဗျာ၊ သူ့ကိုတွေ့တာနဲ့ လက်ယပ်ခေါ်နေကြတော့ တာ ပဲ၊ ခေါ်တဲ့ဈေးသည်တွေကလည်း ရုပ်ဖြောင့်ဖြောင့် ယောက်ျားတွေချည်းပဲ၊ မစန်းချို ကလည်း ယောက်ျားတွေ ရောင်းတဲ့ဆိုင်တွေချည်း ရွေးဝယ်တာကိုးဗျ) တဲ့၊ (ဟေ့ကောင် အဲဒါ မင်းအပူ ဘယ်နှပြားဖိုးပါလို့လဲ၊ သူ့ဟာသူ ယောက်ျားရောင်းတဲ့ဆိုင်မှာ ၀ယ် ၀ယ်၊ ဂန်ဒူးရောင်းတဲ့ဆိုင်မှာပဲ ၀ယ်ဝယ်၊ မင်း ... လုပ်မဟုတ်ဘူး) လို့ ငါကဆဲတော့မှ (အလကားပါဗျာ၊ ကိုသန်းဆိုင်ကို ခင်လို့စိတ်စမ်းကြည့်တာပါ ဟဲ ဟဲ) ဆို ပြီးမျက်နှာသွေးသပ်ပြောတယ်၊ (ငါ့ကိုစိတ်မ စမ်းနဲ့ မင်းကြီးဒေါ်အပျိုကြီးကိုပဲ စိတ်သွားစမ်း၊ အူကြောင် ကြောင်မလုပ်နဲ့၊ စန်းချို ဈေးသွားဈေးပြန်ဖို့ မင်းဆိုက်ကားကို အော်ဒါမချဘဲ၊ တခြား ဆိုက်ကားကို ပြောင်း ငှားလိုက်မယ်)လိုက် ခြောက်လိုက်လှန့် လိုက်မှ ခွေးမျိုးလက်အုပ်ချီတယ်၊ (အဲသလိုတော့ မလုပ် လိုက်ပါနဲ့...ကျေးဇူးရှင်ကြီးရယ်)တဲ့၊ နောက် ပိုင်း...ဒီကောင်ပြောလို့လားမသိဘူး၊ ငါ့ကို ဘယ်သူမျ စန်းချိုနဲ့ ပတ်သက်ပြီး မချွတ်ရဲကြတော့ဘူး၊ ဟင်းဒီပစ်စာချတဲ့ ခွေးသူတောင်းစားနဲ့ကျမှပဲ ငါ့မှာ ဦးနှောက် စားနေရပြီဟုတွေးရင်း သန်းဆိုင် သက်မ တချချ ဖြစ်မိရလေသည်။

သူ၏ အပြင်းပြ၊ အပူလောင်ဆုံး ဆန္ဒမှာ ပစ်စာတွေကို အပြီးအပြတ် လုံးဝမေ့ဖျောက် လိုခြင်း ဖြစ်၏။ မေ့ ဖျောက်နိုင်စွမ်းမရှိ၍ သူအတွင်း ကျိတ်မအီမသာ ခံစားနေရသည်။ သူက ရှေးမူမပျက်၊ သူ့စရိုက် သူ့ ဟန် အတိုင်းအားလုံးနှင့် ဆက်ဆံပြောဆို နေထိုင်လျက်ရှိသော်လည်း သူ့ရင်တွင်းတစ်နေရာမှာ ခိုကပ် နေသော သင်္ကာရနံ့မရှင်းလင်းခြင်းနှင့် ပစ်စာတရာခံကို မဖော်ထုတ်နိုင်ခြင်းတို့ကြောင့် သူစိတ်ချမ်း မြေ့မှုမရှိ။ အပြင်း အထန်မဟုတ်သော်လည်း စိတ်အနှောင့်အယှက်ဖြစ်စေသည့် သွားကိုက်နာကို လူ မသိ သူမသိ ကျိတ်ခံ စားနေရသည်နှင့် တူသည်။

သူ့မှာသာ အနာအကင်းမသေသလို လျှို့ဝှက်အုံ့ပုန်း ခံစားနေရသော်လည်း စန်းချိုကတော့၊ မူလပုံစံ အချိုး အတိုင်း အအိပ်မပျက်၊ အစားမပျက်၊ အလှပြင်မပျက်၊ ပူပန်ကြောင့်ကျင်းမဲ့ဟန် ပေါ်လွင်နေပါ သည်။ သန်းဆိုင် အံ့သြရသည့် စိတ်ကူးဆန်းတစ်ခုကိုပင် စန်းချိုက အကောင်အထည်ဖော်လိုက်သေး သည်။ စင်စစ်၊ အားလုံး အံ့သြဖွယ် စိတ်ကူးဆန်းပင်ဖြစ်၏။ စန်းချိုသည် ဘယ်သူ့ကိုမှ ကြိုတင်အသိမ ပေးဘဲ၊ ငွေထောင်ချီ၍ အကုန်အကျခံသော ရောင်စုံဖိုက်ဘာဖြင့် စားလုံးဖော်ထားသော ခေတ်မီဆိုင်း ဘုတ်တစ်ခုကို မှာယူ၍၊ ကွမ်းယာဆိုင်၏ အရှေ့ဘက်၊ ကဲလား၊ တံခါးအစွန်းမှာ ချိတ်ဆွဲထားလိုက်ခြင်း ဖြစ်သည်။ အဖြူရောင် ဖိုက်ဘာပြား အောက်ခံ တွင်၊ ပန်းရောင်၊ ဖက်ဖူးရောင် စားလုံးများ ဖောင်းကြွ တောက်ပနေကြပြီး၊ စားလုံးတွေ က ကြေညာဖိတ်ခေါ်ထားကြသည်မှာကား...
(မူလလက်ဟောင်း ဦးသန်းဆိုင်၊ ဒေါ်စန်းချို ကွမ်းယာနှင့် မုန့်မျိုးစုံဆိုင်) ဟူသတည်း။

"ဟေ့ သန်းဆိုင်၊ ငါမသိလို့ မေးကြည့်ပါရစေကွာ၊ မင်းတို့ ဆိုင်းဘုတ်မှာက မူလ လက်ဟောင်းဆို တော့... လက်သစ်တွေပေါ်နေလို့လား"ဟု ဦးဘာဘူက အမှန်တကယ် မသိနားမလည်ဟန်ဖြင့် မေးရင်း၊ ကျီစယ် စကားပြောခြင်း ဖြစ်သော်လည်း၊ ဆိုင်းဘုတ်နှင့် ပတ်သက်၍ စိတ်မကြည့် မသာသော သန်းဆိုင် အနာဆွ ခံရ သလို ဟန်မလုပ်နိုင်။ စန်းချိုက သူ့ကိုလည်း မတိုင်ပင်ဘဲ၊ ဆိုင်းဘုတ်အတွက် ငွေသုံးထောင်၊ ဆိုင်းဘုတ်၊ ချိတ်သောနေ့ က၊ ကန်တော့ပွဲပေးပြီး အနီးအနားက လူကြီးကလေးတွေကို ကြက်သားကြာဇံ ချက် တိုက်ကျွေး လှူဒါန်း၍ ကုန်ကျသော ငွေခြောက်ထောင်...၊ စုစုပေါင်း ငွေတစ် သောင်းနီးပါးထွက်သွားခြင်းကို သန်းဆိုင်က အလဟဿဖြုန်းတီးခြင်း၊ ပကာသနလုပ်ခြင်းဟု သတ်မှတ် ပြီး ဤကိစ္စမှာ သူ့ကို စန်းချိုက တိုင်ပင်ဆွေးနွေးနေရာ မပေး၍ သူတနုံ့နုံ့ ခံစားနေရသည်။

"အိမ်က အရူးမ သက်သက်မဲ့ အရူးထပြီး ဆိုင်းဘုတ်တင်တာပါဗျာ၊ ကျုပ်ဆိုင်က ဆိုင်းဘုတ်မလိုပါဘူး၊ ကွမ်းယာဆိုင် ဖွင့်လာတာ နှစ် (၂၀)ကျော်ပြီ၊ ဘုရားကြီးရှေ့မှာ ကျုပ်ဆိုင်ရှိတယ်ဆို.. ဟို ပဲခူးတို့ သန်လျင် တို့က လူတွေတောင် သိတယ်၊ အလကားမိန်းမပစ်စလက်ခတ်ငွေဖြုန်းတာ၊ ဘာမဟုတ်တဲ့ ပလတ်စတစ် ပြားကို သုံးထောင်တောင်ပေးရ သတဲ့၊ ဘူတာရုံနားက ဘော်ကြီးတို့ ကွမ်းယာဆိုင်ဆိုရင် သွပ်ပြားစုတ်မှာ ထုံးနဲ့ ဖြတ်ကတတ်ဆန်း ရေးပြီး ဆိုင်းဘုတ်ချိတ်ထားတာပဲ ကျုပ်တို့ထက်တောင် ပိုရောင်းကောင်းသေး၊ အိမ် က ကောင်မ က သူ့ကိုယ်သူ...သုဌေးမယားငယ် လို သဘောထားပြီး ဖြုန်းတီးတာဗျ..."
"ဘာပြောပြော... ဆိုင်းဘုတ်ချိတ်ပွဲတုန်းက ကျွေးတဲ့ကြာဇံချက်ကတော့ ရှယ်ပဲဟေ့၊ ငါသုံးပန်းကန် တောင် တီး ပစ်လိုက်တယ်"

ဦးဘာဘူ က ကြာဇံချက်အကြောင်း အစဖော်ပေးတော့ သန်းဆိုင်မေးကြောကြီးတွေ ထောင်ထလာ၏။ သားကိုသခင်၊  လင်ကိုဘုရားဆိုတဲ့ စကားကို နားမလည်တဲ့ မိန်းမ...၊ ထိုနေ့က ကြာဇံချက်မလောက် ၍ သန်းဆိုင် တစ်ဇွန်းမျှ မမြည်းလိုက်ရပါ။ ကြက်ရိုးတွေကိုလည်း ရန်ပိုင်တို့ ဆိုက်ကားဆရာ အရက် သမားအုပ် စုအမြည်း လုပ်ဖို့ အကုန်သယ်သွားသဖြင့်....၊ ဆိုင်ရှင်ကြီးသန်းဆိုင်ခမျာ ကြက်ခြေထောက် ကလေးပင် ကိုက်ခွင့် မရလိုက်ရှာ။
"ကြာဆံချက်အကြောင်း....မပြောချင်ပါနဲ့ဗျာ၊ စိတ်နာလွန်းလို့"
ခုတစ်လော ချိုးနှိမ်ထိန်းချုပ်ထားခဲ့သော ဒေါသမြွှေဆိုးကလေးတွေက ပခြုပ်နှင့်တူစွာသော သူ့ရင် ခေါင်း နှင့် နံရိုးအိမ်ထဲမှာ လူးလွန်းလာကြသည်။ "ဘာဖြစ်လို့ ကြာဆံချက်ကို စိတ်နာရတာတုံးကွ"
"စိတ်နာပါတယ် ဆိုမှ ခင်ဗျားကလည်း မေးနေပြန်ပါပြီဗျာ။ စိတ်နာတဲ့ကိစ္စ ဘယ်သူက ပြောချင်မှာလဲဗျ" ဟု သန်းဆိုင် ၏ ဒေါသသည် စန်းချိုကို ဦးတည်နေခဲ့ရာမှ ပစ်ချက်ကျော်ပြီး ဦးဘာဘူကို ရှပ်မှန်သွား သည်။

"ဒီနေ့...မင်းနဲ့စကားပြောလို့မကောင်းဘူး"ဟု ဆိုကာ ဦးဘာဘူ ထသွားသည်။
သြ...ငါ ဘုမှုတ်တာကို နှာကောက်သွားတယ်ပေါ့၊ နှာကောက်ရုံ မကလို့ နှာပဲပြုတ်ကျပြုတ်ကျ.. ဟူ၍ ဒေါသတွေး တွေး၍ မဆုံးမီ ဦးဘာဘူက ပြန်လှည်လာပြီး ဆိုင်ရှေ့မှာ ရပ်၍
"ဘာပဲဖြစ်ဖြစ်ပေါ့ကွာ...၊ မင်း တစ္ဆေကုလားပုကိုတော့ မမေ့ပါနဲ့၊ သူက အစိမ်းသေ သေတာတာ ဆို တော့ ကောင်းကျိုးထက် ဆိုးကျိုးပေးဖို့ များတယ်"ဟု အော်ပြာပြီးမှ ပြန်ထွက်သွားသည်။ သန်းဆိုင်မှာ မျက်လုံးပြူး ကြီးတွေနှင့် ကြောင်အအ ဖြစ်နေ၏။

မမျှော်လင့်ဘဲ သူ၏အင်္ကျီမဲ့ ကျော်ပြင်အောက်ပိုင်း အောင့်သွားသည်။ သူက ဆက်ခနဲ လှည့်ကြည့်ရာ၊ ချိန်ရွယ်ထား ဆဲ... လက်စွပ်တ၀င်းဝင်းနှင့် စန်းချို၏ လက်သီးဆုပ်မည်းမည်းကြီးကို တွေ့ရသည်။ မျက်နှာ ဖောင်းပွပွကြီးမှာ မျက်လုံးကော နှုတ်ခမ်းပါ ပြုံးနေကြ၏။
"လူ မသိပေမဲ့...ငါ့ကိုယ်စောင့်နတ် သိတယ်၊ နင် ငါ့အတင်းပြောတော့မယ်ဆိုတာ ကြိုတင်သတိပေးလို့ ငါလာချောင်းနေ တာ၊ ဦးဘာဘူကို နင်အတင်းချနေတာနဲ့ တန်းတိုးတော့တာပဲ ဟင်း- ဟင်း၊ ဆိုင်းဘုတ် လည်း ချိန်ပြီးပြီ၊ ဆိုင်ရာပိုင်ရာ ကိုလည်း တင်မြှောက်ပသပြီး၊ လူတွေကိုလည်း လှူဒါန်းကျွေးမွေးပြီးပြီ၊ နင်က ဘာ ခုမှ ချေးခြောက်ရေနှူးနေတာ လဲ သန်းဆိုင်၊ ကြာဆံချက်ကို စိတ်နာရတယ်ဆိုတာလည်း နင်မစားလိုက်ရလို့ မဟုတ်လား၊ နင်လက်နှေး လို့ငတ်တာ၊ ငတ်ပလေ့စေ၊ နင် ဒီလောက်ငတ်ကြီးကျရင် နင်တစ်ယောက်တည်း မျိုရ ဆို့ရအောင် ငါချက်ကျွေးဦးမယ်၊ စားမလား ပြောစမ်း"

သန်းဆိုင်က ဆိုင်ရှေ့ဘက် ပြန်လှည့်ပြီး မကြားမသိချင်ယောင် မထုံတက်သေး လုပ်နေလိုက်၏။ ရှိရင်းစွဲ ဒေါသကို ထပ်မံမတိုးချဲ့လိုတော့။ အမြစ်စွဲနေသည့် အဆိုးမြင်သံသယနှင့်၊ လတ်တလော ဒေါသပေါင်း တပ်လိုက်မိ ပါက ရက်ပေါင်းများစွာ ငြိမ်းချမ်းသာယာလာခဲ့သော လင်မယား ဆက်ဆံရေး အခင်းအကျင်း ကလေး ပျက်စီးသွားဦးမည်။ အရှုံးပေးရင် နှလုံးအေးတဲ့ဆေး....လို့ တရားစကားမှာလာတာပဲ၊ သူကလျှော့ ပေ မဲ့၊ စန်းချိုက တင်းပြန်သည်။
"ပြောလေသန်းဆိုင် နင် ကြာဆံချက် အ၀စားချင်လို့လား"
"နင် ချက်ကျွေးရင် ငါက သေဆေးတောင် စားမှာပါ စန်းချိုရာ"
သန်းဆိုင် က အသံခြောက်အက်အက်နှင့် အေးစက်စက်ပြောလိုက်သော စကားက ခုံတန်းလျားအုပ်စုအ တွက် ပြက်လုံးဟောင်းဖြစ်သွားကာ တသေသော ရယ်ကြသည်။ စန်းချိုက သန်းဆိုင်၏ ပခုံးတစ်ဘက်ကို ကိုင် လှုပ်သည်။ သန်းဆိုင်က ရုန်းပယ်ခြင်းမပြုဘဲ ငြိမ်ခံနေ၏။

"နင် အတည်ပြောတာလား၊ ငါဒီနေ့ပဲ ကြာဆံချက် ချက်ကျွေးမယ်"
ဆိုင်ကားနင်းသား ရန်ပိုင် က ထိုင်ရာမှ ထလာပြီး.....
"စားမယ်လို့ ပြောလိုက်ဗျာ ကိုသန်းဆိုင်၊ ခင်ဗျား စားလို့မကုန်ရင် ကျွန်တော်တို့ ၀ိုင်းစားပေးမယ်"ဟု သန်းဆိုင် ကို မျက်စိတစ်ဖက်မှိတ်ပြရင်း ပြောသည်။
"ငါ ပြောပြီးပါပလောလားကွာ၊ သူက အဆိပ်ဟင်း ကျွေးရင်တောင် ငါစားပါ့မယ်လို့"
ရယ်သံတွေ ပိုမိုမြည်ညံဆူပွက်လာသည်။ စန်းချိုက သန်းဆိုင်ကို တစ်ချက်ကိုင်လှုပ်ပြန်ပြီးနောက် ဘာကိုမှ အလေး မထားတော့သလို အိမ်ပေါ်ပြန်တက်သွားသည်။

"တစ်ယောက်ကလည်း ယောက်ျားကို ကြာဇံချက်အ၀ကျွေးချင်တယ်၊ တစ်ယောက်ကလည်း မိန်းမက သာ ချက်ကျွေး လို့ကတော့... အဆိပ်ပါရင်တောင် စားဝံ့တယ်တဲ့၊ အဲဒါပေါ့ကွ၊ လေးဆယ်ကျော်အချစ် ဆိုတာ.. အားကျလိုက်တာကွာ"
"စိုင်းထီးဆိုင်သီချင်းလို ကမ္ဘာတည်မယ့် မေတ္တာပေါ့ကွာ..."
"လိုမိယို နဲ့ ဂျူးမြစ်ချက် အချစ်မျိုးကွ"
ခုံတန်းလျားအုပ်စုက ထုံစံအတိုင်း တစ်ယောက်တစ်ပေါက် ဆူပွက်နေစဉ် သန်းဆိုင်မှာ ရယ်ချင်လျက် နှင့် မရယ်နိုင်ပါဘဲ မျက်နှာသေကြီးဖြင့် ကွမ်းယာရောင်းနေသည်။ သို့ရာတွင် ရန်ပိုင်၏ စကားကိုတော့ သူစိတ် ဘ၀င်မကျမိပါ။ သူနှင့် (ရိုမီယိုနှင့် ဂျူးလိယက်)ဇာတ်လမ်းမှာ အလှမ်းဝေးကွာလွန်းပါသည်။
"ဟေ့ကောင်ရန်ပိန်၊ ဘာ...လိုမီလိုတွေ ဂျူးမြစ်ဟင်းတွေ လာအော်နေတာလဲ၊ ဘာစကားတွေလဲ၊ လမ်းပေါ် က စကားတွေ လမ်းပေါ်မှာထားခဲ့၊ ငါ့ဆိုင်ရှေ့မှာ မင်္ဂလာမရှိတဲ့ စကားတွေ လာမပြောနဲ့ လာဘ်တိတ်တယ်" ဟု သန်းဆိုင် က ငေါက်ကာမှပင် ရန်ပိုင်က အတွန့်တက်သည်။

"ကိုသန်းဆိုင်ကလည်းဗျာ၊ မင်္ဂလာမရှိတဲ့စကားမဟုတ်ဘူး၊ မင်္ဂလာရှိတဲ့စကားဗျ၊ လိုမီလို အဲလေ... ရိုမီယိုနဲ့ ဂျူးမြစ်ချက်ဆိုတာ အသက်ပေးပြီး ချစ်ကြတဲ့ချစ်သူတွေဗျ၊ ခင်ဗျားနဲ့ မစန်းချိုတို့အချစ်ကို လိုမီယိုတို့အချစ် နဲ့ နှိုင်းယှဉ်ပြလိုက်တာ သဘောပေါက်ပြီလား၊ ဒါဟာ..... ချစ်ရေးချစ်ရာ မင်္ဂလာ စကားပဲ၊ ကိုသန်းဆိုင်နဲ့ မစန်းချို နှစ်တစ်ရာတိုင် ပေါင်းရစေသားလို့ နိမိတ်ဖတ်လိုက်တဲ့ ထုတိသြဘာ မင်္ဂလာ စကားပါပဲဗျို့"
ထိုစဉ်...၀တ္ထုစာအုပ်ကလေ၊ ချိုင်းကြားညှပ်၍ ရောက်လာသော ခင်မောင်ငြိမ်းက...
"ရန်ပိန်...မင်း ဘာမှမသိဘဲ ရွှီးမနေနဲ့၊ မင်းစကားက မင်္ဂလာ စကားမဟုတ်ဘူး၊ ရိုမီယက်နဲ့ ဂျူးလိ ယက်ဟာ နှစ်ဖက်မိဘသဘောမတူကြလို့၊ နှစ်ယောက်စလုံး သင်္ချိုင်းဂူထဲမှာ ကိုယ့်ကိုယ်ကို သတ်သေ ကြတာ..၊ ဘယ်လိုလုပ်ပြီး မင်္ဂလာစကားဖြစ်မှာလဲ...." ဟု ၀င်ပြောလိုက်သောအခါ သန်းဆိုင်ပါးစပ် ဟ သွား၏။ ခင်မောင်ငြိမ်းလို ဘွဲ့ရပညာတတ်၏ စကားကိုတော့ အတည်မှတ်ယူရပေမည်။ မူလတန်း အောင်ရုံသာရှိသောရန်ပိုင်လည်း ခင်မောင်ငြိမ်းကို အာခံငြင်းဆန်ခြင်း မပြုရဲဘဲပြုံးဖြဲဖြဲကလေး လုပ်ရုံသာလုပ်နေသည်။

"မဟုတ်က...ဟုတ်က တော်တော်ရွှီးချင်တဲ့ ခွေးမျိုး"
သန်းဆိုင်က သူ့နားမှာ အသင့်ရှိနေသော စီးကရက်ဘူးခွံတစ်ခုကို ကောက်ယူကာ၊ ခင်မောင်ငြိမ်း ဘန်စကားလုံး (ရွှီး)ကို ယူသုံးလျက်၊ ရန်ပိုင်ကို (ရွှစ်-ဒေါက်)ဟူသော အသံမြည်သွားစေရအောင် လှမ်း ပေါက်လိုက်၏။
ရန်ပိုင် က နဖူးကိုပွတ်၍ ထွက်ပြေးရင်း အော်သွားသည်။
"ဟေ့ကောင် ခင်မောင်ငြိမ်း မင်းတော်တော်ချွန်တဲ့ကောင်၊ ငါ့ကိုရနိုင်လို့ခေါ်ကြသလို မင်းကိုလည်း ခင်မောင်ချွန် လို့ ဒီနေ့ကစပြီးခေါ်မယ်၊ လိုမီယိုတို့ ဘယ်လိုပဲသေသေ...၊ သူတို့ချစ်ပြီးမှ သေကြတာ ကွ... သေတာတောင် အလောင်းချင်း ထပ်သေတာ...နားလည်လား...."

သူ့ဘေးမှာ ပက်လက်အိပ်ပျော်နေသော စန်းချိုထံမှ ဟော်သံမကြားရသဖြင့် သူကထိုင်ပြီး စန်းချို မျက်နှာကို အနီးကပ်ကြည့်၏။ နဂို ဟနေသော နှုတ်ခမ်းထူကြီးတွေက ပို၍ဟပွင့်နေကြပြီ၊ နှုတ်ခမ်းတွေ က ဖြူဖတ်ဖြူ လျော်ဖြစ်နေကြသည်။ စန်းချိုအသက်မရှုတော့၊ စန်းချိုသေနေပြီ။ စန်းချိုသေသွားပြီး။ နီအောင်မယ်လေး ဘုရားကြီးကယ်တော်မူပါ ဘုရား....ရား...ရား။
ပါးစပ် က ယောင်ယမ်းမြည်တမ်းရင်းနှင့် အိပ်မက်ဆိုးမှ လန့်နိုးလာပြီး၊ စန်းချို ရှိမည့် သူ၏ဘယ်ဘက် သို့ ဖြုန်းခနဲ လှည့်စောင်းကြည့်၏။ စန်းချိုရှိမနေ။ အခန်းထဲကို လှည့်ပတ် မျက်စိကစားကြည့်ပြန်သည်။ အပေါ့အပါး သွားလိုလျှင်..၊ အိပ်ခန်းထဲမျာ "ညအိုး"ရှိသည်။ စန်းချို အိမ်ပြင်က အိမ်သာမှာ အစာ ဟောင်း သွားစွန့်ခြင်း ပဲ ဖြစ်ရမည်။ နှလုံးသွေးရပ်မတတ် ခံစားလိုက်ရသော အိမ်မက်ကြောင့် သူရင်တုန် ပန်းတုန် ချွေးဖြိုင်ဖြိုင် ယိုစီးနေသည်။ အသက်ရှူမ၀သလို ဖြစ်လာပြီး ခြင်းထောင်ပြင်သို့ ကမန်းကတန်း ထွက်သည်။

အိပ်ခန်း ထဲကပါ အပြင်သို့ ဒယိမ်းဒယိုင် လှမ်းထွက်သည်။ မီးဖိုဆောင်တံခါးမကြီးက ပိတ်လျက်သားရှိနေသည်။ သို့သော် အတွင်း မှ မင်းထုပ်ကိုထားခြင်းမဟုတ်၊ အပြင်မှစေ့ထားခြင်းဖြစ် ၏။ ဒီမိန်းမကလည်း အိမ်သာထဲ ကနေ အိမ်ထဲ လူဝင်လူထွက်ဖြစ်နိုင်အောင်၊ မီးဖိုခန်းတံခါးဖွင့်ထားတာ မဟုတ်ဘူး၊ လဘော်သရေနိုင်တဲ့ မိန်းမ၊ သန်းဆိုင် သည် သွပ်ပြားကို သစ်သားဘောင်ဖွဲ့ထားသည့် တံခါးအား အလျင်စလို တွန်းဖွင့် လိုက်သ ဖြင့်ဂျိုးဂျိုးဂျောင်းဂျောင်း မြည်သွားသည်။

အင်္ဂတေအုတ်တိုက်အိမ်သာကလေးက၊ သူရပ်နေရာမှ (၁၅)ပေခန့်သာ ဝေးသည်။ လူရှိလျှင် ထွန်း ထား တတ်သည့် လျှပ်စစ်မီးပွင့်ကမလင်း။ အိမ်သာတံခါးကတော့ ပိတ်လျက်သားရှိ၏။ မီးလုံးကျွမ်းတာ လုံးဝ မ ဖြစ်နိုင်ဘူး ညနေကမှ ၀ယ်တပ်ထားတာ
"စန်းချို...၊ စန်းချို နင်အိမ်သာထဲမှာလား"
အသံအုပ်အုပ်ဖြင့် ခေါ်ကြည့်ရာ အိမ်သာဆီမှ ဘာတုံ့ပြန်သံမှ ပေါ်မလာ။
သန်းဆိုင်မှာ တစ်ကိုယ်လုံး အကြောအခြင်တွေ ပြိုင်တူတောင့်တင်းသွားသလို ဖြစ်နေရာမှ၊ ပါးစပ်မှ အသံ ဖြင့် ခေါ်ရင်း အိမ်သာ ဆီသို့ သုတ်သုတ်ပျာပျာ လှမ်းသွား၏။

"စန်းချို.... စန်းချို....ဟင်"
သန်းဆိုင်၏ သွေးတွေ ဗြုန်းစားဗြင်းစားကြီး အေးခဲသွားသလား ထင်လိုက်ရ၏။ အိမ်သာတံခါးကို အပြင် ဘက် ကနေ၊ တံခါးချိန်ကလေးဖြင့် မိမိရရ ချိန်ထားပါသည်။ အတွင်းမှာ လူရှိလျင် ချိတ်ချိတ်ထား ဖို့ မလိုပါ။ သန်းဆိုင် က မကျေနပ်သေးဘဲ အိမ်သာတံခါးကို တုန်တုန်ရီရီ လက်ချောင်းတွေဖြင့် ဖွင့်ကြည့်သည်။ အနံ့ ဆိုးပျပျ ရှူမိပြီး တံခါးကို ပြန်ဆောင့်ပိတ်လိုက်၏။ သူ့နှလုံးသည် သူ့ရင်ပုံရိုးကို တဒိုင်းဒိုင်း တိုးဆောင့်နေ တော့သည်။
စန်းချို ဘယ်မှာလဲ... ဘယ်မှာလဲ၊ ဘယ်ထွက်သွားလဲ.... အချိန်မတော်ကြီး ဘယ်များလျှောက်သွားနေ လဲ ဘုရား.... ဘုရား ဟူသော အသံက သူ့ခန္ဓာထဲမှာ မြည်ဟည်းနေ၏။ သူ၏ ဦးခေါင်းသည် လေထိုး လိုက်သော ဘောလုံးအခွံကဲ့သို့ ဖြည်းဖြည်းချင်း ဖောင်းကားလာသည်ဟု သူထင်နေမိပြန်လေတော့ သည်။

သူသည် မီးဖိုတံခါးပေါက်က နေအိမ်ထဲသို့ ပြန်ပြေးဝင်၏။ အိမ်ရှေ့ခန်းသို့ ပြေးလာသည်။ အိမ်ရှေ့ တံခါးမကြီး မှာ၊ မင်းတုပ် အပြည့်အစုံချ၍ ပိတ်ထားသည်။ ပြတင်းပေါက်တွေလည်း ပိတ်နေကျ အကုန် ပိတ်လျက်သား ရှိကြ၏။ နောက်ဖေးကပတ်ပြီး ဈေးဆိုင်ထဲများ ရောက်နေသလားမသိဘူး။ မနက် (၃) နာရီလောက်ကြီး ဆိုင်ထဲ ဘာလို့သွားရမှာလဲ... ဟူ၍ တိုင်ကပ်နာရီကို မော့ကြည့်ရင်း အတွင်းစကား ပြောလျက် အိမ်ရှေ့တံခါးမကြီးမှ ခေါက်တံခါးရွက် တစ်စုံကို ဖွင့်လိုက်သည်။ တံခါးပွင့်သွားလျှင် မီးထိန် အောင်ထွန်းထားသော ဈေးဆိုင်ကိုတွေ့ရသည်။ ဈေးဆိုင်သို့ ဝင်ပေါက်သစ်သားတံခါးသည် အာမခံ သော့ခလောက် ပိတ်လျက်သား ရှိနေသည်ကို ကြည့်ပြီး၊ သန်းဆိုင် အသက်ရှုကျပ်သွားသည်။ စန်းချို... စန်းချို ဘယ်ရောက်နေသလဲဟု ရင်ထဲမှဟစ်အော်ရင်း သူသည် ခြံထဲရှိ ပန်းပင်တွေ၊ သစ်ပင်တွေကြား မှာ ကုပ်ချောင်းချောင်းနှင့် လျှောက်သွားနေပြန်၏။ စန်းချို၏ အရိပ်အယောင် တစ်စွန်းတစ်စမျှ မရှိပါ။

သန်းဆိုင် သည် မောကြီးပန်းကြီးဖြင့် ခြံတံခါးဝသို့ ရောက်လာသည်။ ခြံတံခါး သော့ပွင့်နေခြင်း မရှိ။ သို့ သော်.. သော့ကို အတွင်းမှမခတ်ဘဲ အပြင်ဘက်မှ ပြန်ခတ်ထားသည်။ သန်းဆိုင်သည် လူတစ်ရပ် လောက် မြင့်သော (၂) တစ်လက်မသစ်သားချောင်းတွေ ခပ်စိပ်စိပ်ရိုက်ထားသည့် ခြံတံခါးကို မှီလျက် ဒူးနှစ်ဖက်ပျော့ခွေပြီး လဲကျမသွား အောင် အားတင်းထားသည်။    
သူထွက်သွားပြီ... သူထွက်သွားပြီ... စန်းခ်ျို ထွက်သွားပြီဟု စိတ်ထဲမှ မြည်တမ်းညည်းရှိုက်ကာ...၊ မာန်သွင်း၍ အိမ်ပေါ်ပြေးတက်ပြန်၏။ ဧည့်ခန်းသို့အတက်က၊ သစ်သားခန်းပန်းကို ခလုတ်တိုက်ကာ၊ လေးဖက်ထောက်ကြီး လဲကျသွားသည်။ ခလုတ်တိုက်လဲကျသည်ကို စိတ်မှတ်မထားအားချေ။ အစိုးမရ နိုင်သော၊ အမည် မဖော်နိုင်သော လှုပ်ခတ်ဆူလောင်နေကြသည့် ဝေဒနာတွေဖြင့် သန်းဆိုင်သည် သူ၏ ခန္ဓာကိုယ်ကြီးကို အားယူ ထရပ်လိုက်၏။

''ဟေး...သားကြီးနဲ့ သားငယ် ထကြစမ်း၊ ထကြစမ်း''
သားနှစ်ယေက် ၏ အိပ်ခန်းနံရံကို ခပ်ပြင်းပြင်းထုပုတ်ပြီးနောက် ခယ်မမိထူး၏ အခန်းတံခါးကို လက်ဖ နောင့်ဖြင့် တရစပ် ပုတ်ခတ်နေပြန်သည်။
''မိထူး...မိထူး၊ အရေးကြီးလို့ ထစမ်း မြန်မြန်ထ... ''
အရင်ဆုံး သားတွေက အိပ်မှုန်စုံမွှားထလာကြသည်။ ပုဆိုးတိုတိုဝတ်လျက်၊ ဗလာကိုယ်လုံးကြီး မှာ ချွေး တွေရွှဲကာ...၊ မျက်နှာက ငိုတော့မယောင်ဖြစ်နေသော ဖခင်ကို လူငယ်နှစ်ယောက် ကြောင်အမ်းအမ်း ကြည့်ကြသည်။
''အဖေ...ဘာဖြစ်လို့လဲဟင်'' ဟု သားကြီးက အသံအစ်အစ်ဖြင့် မေးသည်။

''မင်း... မင်းတို့အမေ မင်းတို့အမေ စန်းချို မရှိတော့ဘူးကွ၊ ထွက်... ထွက်သွားပြီ၊ ငါတစ်ခြံလုံး လှည့် ပတ်ရှာကြည့်ပြီးပြီ...။ မတွေ့ဘူး ခြံတံခါးကိုလည်း အပြင်ကသော့ပြန်ခတ်သွားတယ်။ သော့လည်း ဘယ်နား ထားခဲ့ မှန်း မသိဘူး၊ ဒုက္ခပါပဲကွာ''
သန်းဆိုင်သည်  ထိုင်နေကျကုလားထိုင်ပေါ်သို့ ကြိုးပြတ်လဲကျသွား၏။ သားကြီးက၊ သူ့ဖခင်လေဖြတ် သွားပြီ ဟု ထင်မှတ်သည့်အလား၊ သန်းဆိုင်ကို ပြေးဖက်သည်။ သန်းဆိုင်က သူမျက်ရည်ကျသည်ကို သားကြီး မမြင်စေလိုသဖြင့် မျက်နှာကို ရင်ဘတ်နှင့် ဖိကပ်ထားရင်း၊ ရင်ခေါင်းသံအက်အက်နှင့် ညည်း တွားနေ၏။

''ဒုက္ခပါပဲ၊ ဒုက္ခပါပဲ...၊ ဒီမိန်းမ ဘာတွေစိတ်ရူးပေါက်သွားပြီလဲ မသိဘူး၊ ညကြီးမင်းကြီးလမ်းမှာ ပြဿ နာ တက်တော့မှာပဲ...၊ သြ... ဒုက္ခ၊ ဒုက္ခ...''
''ကျွန်တော် နဲ့ အဖေနဲ့ ထွက်ရှာမယ်ဗျာ၊ ကောင်စီရုံးကိုလည်း ဝင်အကြောင်းကြားမယ်''ဟု သားကြီးက လည်း မချိတင်ကဲ သံဖြင့် ပြောသည်။
သားငယ်နှင့် မိထူးတို့ကော... မျက်စိပေကလပ်နှင့် ငြိမ်သက်စွာရပ်နေကြလျက်။ သန်းဆိုင်ကိုသာ စိုးရိမ်တကြီး ကြည့်နေကြ၏။
''မင်း... အမေ က ခြံတံခါးကိုလည်း အပြင်က သော့ခတ်သွားတယ်ကွ၊ သော့လည်းဘယ်ထားခဲ့မှန်းမ သိဘူး၊ ဒီအချိန်... ဘတ်စကား မထွက်သေးတော့ သူ ဘတ်စကားဂိတ်နဲ့ ညလုံးပေါက်ဖွင့်တဲ့ ဈေး နားက လက်ဖက်ရည် ဆိုင်မှာပဲရှိမှာ... ''
သားကြီး ၏ အဆိုပြုချက်ကို သူလက်ခံပါသည်။ သို့သော်...ယခုအခါ သန်းဆိုင်မှာ ''ဝါဇီကရဏ'' ခွန် အားဓာတ်ကုန်ခန်း သွားသူကဲ့သို့၊ လက်တွေ ခြေတွေပင် မလှုပ်ချင်အောင် နွမ်းချည့်နေလေသည်။ လမ်း မလျှောက်နိုင်ဟု သူဘာသာ သူသိနေ၏။ သူ့ခန္ဓာမှ အဆီပြင်များ ကလည်း သူ့ကို မောဟိုက် အောင် မောင်းနှင့်နေကြ၏။

''အဖေ၊ အဖေ တစ်ရေးနိုးလို့... သူ့ဘက်လှည့်ကြည့်လိုက်တော့မှ သူမရှိမှန်းသိတာ၊ အဖေတို့... ရန် လည်း မဖြစ်ကြ ပါဘူးကွာ၊ တီဗွီအတူတူကြည့်ပြီး အေးအေးဆေးဆေး အိပ်ရာဝင်ကြတာ... သားကြီးတို့ လည်း အမြင်ဘဲ...၊ ဟူး- ဒုက္ခပါလားနော်''
''အစ်ကိုကြီး ဒုက္ခကို ဘေးချိတ်ထားဦး အစ်မကြီး စန်းချို ဘာပစ္စည်းတွေ ယူသွားသလဲ ဆိုတာလည်း... ပြန်ကြည့်ဦးလေ''
အဆွံ့အအ လိုနေတတ်သော မိထူးက ဤနေရာမှာတော့ ဆီလျော်သည့်အကြံဥာဏ်ကို ပေးလာသည်။ သဘာဝ ကျတယ်၊ လက်တွေ့ဆန်တယ်၊ လုပ်သင့်တယ်ဟု သန်းဆိုင်တွေးလိုက်သော်လည်း ပါးစပ်မှ မပြောဖြစ်။ သူ့စိတ် ထဲကတော့၊ စန်းချို လင်နောက်လိုက်ပြီဆိုကတည်းက ရွှေတွေ ငွေတွေ အကုန် မသွားမှာ သေချာသည်ဟု ယုံကြည်ပြီး သားဖြစ်နေသည်။
နင်- နင်တို့ပဲ အခန်းထဲဝင်ပြီး သေတ္တာတွေ၊ ဗီရိုတွေ ဖွင့်ကြည့်ကြပါတော့ဟာဟု၊ အစာနင်သံကြီးဖြင့် ပြောကာ၊ သန်းဆိုင် သည် မျက်နှာကို လက်ဝါးနှစ်ဖက်ဖြင့် အုပ်ထားလိုက်၏။ သားကြီးက အဖေအား နှစ်သိမ့်နေသည့် လက်များကို ဖယ်ပြီး ထရပ်သည်။ ထို့နောက်သူတို့ တူဝရီးသုံးယောက်... အိပ်ခန်း ထဲသို့ ဝင်သွားကြသည်။

သန်းဆိုင်သည် မရှိုက်မိအောင် စိတ်ကို ပင်ပန်းကြီးစွာ ချုပ်ထိန်းနေသော်လည်း မျက်နှာကိုကာအုပ် ထားသည့် လက်ချောင်းတွေကြား ထဲကနေ..မျက်ရည်စီးကြောင်းတွေ တစိမ့်စိမ့် ယိုထွက်လာကြသည်။
လှည့်စားနိုင်ပါပေ့ စန်းချိုရယ်...၊ လှည့်စားနိုင်ပါပေ့...၊ နင် ပညာသားပါပါနဲ့ ငါ့ကို ချာလပတ်လည် အောင် လုပ်ပစ်တာကိုး...၊ ပစ်စာချတဲ့ကောင်ကို နင်သိတယ်။ သိလို့လည်း တစ်နည်းနည်းနဲ့ စည်းရုံး ပြီး ဒုတိယပစ်စာရေးခိုင်းပြိးတော့ နင့်အပေါ် သံသယကင်းအောင် ကြံစည်တယ်။ နင့်ကို ငါ ယုံကြည် လောက်ပြီဆိုတော့မှ အပိုင်ခုန်ထွက်သွားတော့တာပါလား...။ နင်...လူမဆန်ဘူး စန်းချို၊ နင်ဟာ တိရစ္ဆာန် တစ်ပိုင်း မိန်းမရိုင်းဖြစ်သွားပြီ။ ငါ့အသည်းကို ဟက်တက်ကွဲအောင် ခွဲတယ်။ သားတွေမျက်နှာ ငယ် ရအောင် အရှက်ခွဲ တယ်၊ အခြေကျ ခိုင်မာနေတဲ့ အိမ်ထောင်ရေးကို ဖြိုခွဲတယ်၊ နင်ဟာ ကမ်းကုန် အောင် ရက်စက် တဲ့ မိန်းမအဖျက်သမားကြီးပဲ... ဟူသော ဗျာပါဒ အတွေးများနှင့်အတူ သန်းဆိုင် တသိမ့်သိမ့် ရှိုက်နေတော့ သည်။

အိပ်ခန်းတွင်တော့... တူဝရီးသုံးယောက် စကားအုပ်အုပ်ပြောရင်း ပစ္စည်းတွေ မွှေနှောက်နေကြသံ၊ ဂျိုးဂျိုးဂျောက်ဂျောက်တွေ ထွက်ပေါ်လျက်ရှိ၏။ သေတ္တာကို ကြမ်းပြင်ပေါ်မှာ အလျင်စလို တရွတ်တိုက် ဆွဲသံ ကလည်း တဂျီးဂျီးမြည်သည်။ ဗီရိုဖွင့်သံ၊ ပိတ်သံ၊ ဗီရိုအ့ဆွဲဆောင့်ပိတ်သံတွေလည်း ဂျိန်းဂျိန်း ဒေါင်းဒေါင်း ညံနေကြလေ သည်။(၁၅) မိနစ်ခန့်ကြာတော့ သုံးယောက်သား ချွေးတလုံးလုံး မျက်နှာတွေ ခက်ထန် တင်းမာ လျက် ပြန်ထွက် လာကြ၏။

''လက်ဝတ်လက်စားတွေ ဘာတစ်ခုမှ မတွေ့တော့ဘူး၊ ပိုက်ဆံဆိုလို့လည်း ဈေးဆိုင်သေတ္တာကလေး ထဲ က ငွေနှစ်ထောင်ကျော် ပဲ ကျန်တော့တယ်၊ အဝတ်အစားတော့ များများပါမသွားဘူး၊ နောက်ဆုံးချုပ် တဲ့ အသစ် ၄/၅ စုံလောက်ပဲ ယူသွားပုံရတယ်၊ ခေါက်ထီးအသစ်ယူသွားတယ်။ မိတ်ကပ်တွေ နှုတ် ခမ်းနီတွေ လည်း လျော့နေတယ်၊ မစီးသေးဘဲ သိမ်းထားတဲ့ ဒေါက်ဖိနပ်အသစ် မရှိတော့ဘူး၊ လက်ကိုင်ပဝါတွေ လည်း အများကြီး ယူသွားပုံပဲ''
မိထူးက ဒေါသသံဖြင့် အစီရင်ခံနေသည်ကို သူငိုထားမှန်းသိမှာဆိုးသော သန်းဆိုင်က မျက်နှာကြီး ငုံ့လျက် နားထောင်ရင်း... တစ်အိမ်လုံးသာမယူသွားပါတော့ စန်းချိုရယ်... ဟု မြည်တမ်းခံစားမိရာမှ ကျယ်လောင် စွာ ရှိုက်ငင် လိုက် တော့၏။

''ငိုမနေပါနဲ့ အဖေရာ....၊ တစ်ချိန်ကျရင် အမေကောင်းကောင်းကြီးနောင်တရမှာပါ'' ဟု သားကြီးက မျက်ရည် ဝဲလျက် ပြောသောအခါ သားငယ်ကလည်း... ''အမေ့ကိုလိုက်ရှာကြမယ်ဗျာ၊ တော်ကြာ... လမ်းမှာ ရွှေတွေ ပိုက်ဆံတွေ လည်း အလုခံနေရဦးမယ်'' ဟု စိတ်မရှည်သောအသံကလေးဖြင့် ဝင်ပြော ပြန်သည်။
''ရဲစခန်းကို တိုင်ပါလားအစ်ကိုကြီး'' ဟု မိထူးက ပြောနေစဉ် သန်းဆိုင် စိတ်ဒုက္ခကြားကနေ ကျွဲမြီးတို လာ၏။ ''ကိုယ့်မိန်းမ လင်ငယ်နောက်လိုက်တာ ရဲသွားတိုင်မယ့်အစား ငါ့မျက်နှာကိုပဲ ဓားနဲ့ပြန်လှီးမယ်''

''ပြောနေကြာတယ် အဖေ၊ ကားဂိတ် တို့ ဈေးတို့ဘက်လိုက်ကြည့်ရအောင်'' ဟုဆိုပြီး သားကြီးက သူ့ဒူးတစ်ဖက် ကို လက်လှုပ်သောအခါ သန်းဆိုင် ခေါင်းခါသည်။
''အဖေ ခေါင်းတွေတအား ကိုက်နေတယ်၊ အဖေမလိုက်နိုင်ဘူး၊ သားတို့ညီအစ်ကိုနှစ်ယောက်ပဲ သွား ရှာကြကွာ...၊ တွေ့ရင် အဖေတက်ပြီး သတိလစ်သွားလို့ ဆရာဝန်တင်ဆန်းဦးကို ခေါ်ထားရတယ်လို့ ပြော၊ မင်းတို့သွားရင်... ဘေးဆီးရန်ကာ... အိမ်က ဝါးရင်းတုတ်တစ်ချောင်းစီ ကိုင်သွား၊ သားကြီး... ရုံးတွေဘာတွေ တိုင်မနေပါနဲ့ ကွာ၊ ကိုယ့်အထုပ်ကိုယ် ဖြေပြရာကျမယ်...၊ ကိုယ့်ပြဿနာကိုယ်ရှင်းတာ ကောင်းတယ်....၊ ဟင်း...ဒုက္ခ မှ အတုံးလိုက် အတစ်လိုက်ပါလားနော်''

သားကြီးနှင့် သားငယ်တို့ အဝတ်အစားအမြန်လဲ၊ လက်နှိပ်ဓာတ်မီးနှင့် ဝါးရင်းတုတ်တွေ ယူပြီး အိမ် ပေါ်မှ ဆင်းသွားကြသည်။ ခြံတံခါးဖျက်သံကြားရပြီးနောက်၊ အသံဗလံတွေ တိတ်ဆိတ်သွားတော့၏။ တိတ်ဆိတ်ငြိမ်သက်သွားခြင်းကြောင့် အားငယ်စိုးရွံ့စိတ်ဖြင့် ချောက်ချားတုန်လှုပ်လာကာ သန်းဆိုင် မှိတ်ထားသည့် မျက်လုံးတွေဖွင့်၍ မျက်နှာကို မော့လိုက်သည်။
မျက်နှာသုတ်ပဝါကို ကိုင်လျက် မျက်ရည်တွေ ရစ်ဝဲကာ၊ သူ့ရှေ့မျာ ရပ်ရင်း သူ့ကို စိုက်ကြည့်နေသော မိထူးကို တွေ့မြင်လိုက်ရလျှင် ရုတ်တရက်တော့ မိထူးကို အခုမှပဲ တွေ့ဖူးသလို ထင်ယောင်ခံစားမိ၏။ စစ်စစ်... မိထူးကိုစသိ ကတည်းက ယနေ့ထက်ထိ မိထူး မျက်ရည်ဝဲခြင်း ငိုယိုခြင်းတို့ကို သန်းဆိုင် မတွေ့ဖူးခဲ့ပါ။ ငယ်စဉ်က မိထူးအမှားအယွင်း တစ်ခုခုလုပ်မိ၍ စန်းချို လက်ဝါးကြမ်းကြီးဖြင့် နားထင် နားရင်းတွေ ''အုပ်''လျှင်လည်း မိထူးက ကြိတ်မှိတ်ခံတတ်သည်။ မညည်းတွား၊ အသံမထွက် မျက်ရည် မကျတတ်။ ယခု...မိထူး မျက်ရည်ဝဲကာ... ငိုလုလုဖြစ်နေပုံက... သန်းဆိုင်၏ရင်အုံကို ခပ်ဖွဖွထုနှက် လိုက် သလို ဖြစ် သွားလေသည်။

"အစ်ကိုကြီး... မျက်ရည်တွေသုတ်ပစ်လိုက်စမ်းပါ၊ ငိုမနေပါနဲ့တော့..." ဟုပြောရင်း မိထူးက မျက်နှာ သုတ်ပ၀ါ လှမ်းပေးစဉ် သန်းဆိုင်က သက်မကြီးဟည်းခနဲချရင်း မျက်နှာသုတ်ပ၀ါကို လှမ်းကိုင်သည်။ သူ့လက်တစ်ဖက် က မိထူး၏ လက်တစ်ဖက်ကို ဆုပ်ကိုင်လျက်သားဖြစ်သွားပြီး လွှတ်လိုက်ရမည့် အစား...၊ ယောင်ယောင် ကန်းကန်း နှင့် ပို၍ တင်းစွာဆုပ်ထားလိုက်မိတော့သည်။ မိထူးကလည်း ရုန်း ဖယ်လိုက် ဖို့ မေ့နေ သယောင်ယောင်...။
"လူကြားလို့မှ ကောင်းကြသေးရဲ့လား မိထူးရာ… ဟင်...၊ ငါ့မျက်နှာကြီး ဘယ်မှာသွားထားရပါ့မလဲ... နင်တို့ လည်း မျက်နှာမပူကြဘဲနေမလား...၊ နင့်တူတွေဆို လူပျိုကလေးတွေ... အရမ်းရှက် ကြမှာပဲ... တော်တော် မိုက်ကန်းတဲ့မိန်းမ… ဟင်း-ဟင်း"

စိတ်မာန် တင်းသော်လည်း သန်းဆိုင်သည် ရင်ထဲမှာ ဆို့ပိတ်တင်းကျပ်လာပြီး အသံအက်ကြီးနှင့်သာ ငိုမိပြန် လေသည်။ သူ့လက်ကတော့နွေးနေသော မိထူးလက်ကို မလွှတ်။ မိထူးက မရုန်း။ မီးရောင်ဖြင့် မျက်ရည်တွေ ရွှဲစို တောက်လက်နေသော ပုံပန်းရွဲ့စောင်းနေသည့် မျက်နှာကြီးကိုသာ ပြူးကြောင် ကြောင် ငုံ့ကြည့်နေ ၏။
"ဒီပြသာနာကြီးနဲ့... ငါမျက်နှာပြောင်တိုက်ပြီး ဆိုင်မှာဘယ်လိုလုပ်ပြီး ကွမ်းယာထိုင်ရောင်းလို့ရမှာလဲ မိထူး ရယ်"
သန်းဆိုင် က မငိုမိအောင် အသက်ကိုတစ်ဝကြီးပြင်းပြင်းရှူသွင်းပြီး မျှင်း၍ မျှင်း၍ ပြန်ရှိုက်ထုတ်လိုက် သည်။ ထိုအချိန် မှာ မိထူးက သူမ၏ လက်ကိုဖြည်းညင်းစွာ ဆွဲထုတ်၏။

"ရွာမှာ အမေနေမကောင်းလို့ အစ်မကြီး ညတွင်းချင်း ရွာကိုလိုက်သွားရတယ်လို့ ပတ်ဝန်းကျင်ကို အသံလွှင့် ထားလိုက်မယ် အစ်ကိုကြီးသန်းဆိုင်"
ထုံပေပေ အူတူတူနှင့် ခယ်မအပျိုကြီး၏ လုံးဝန်းသော ဦးခေါင်းထဲ၌ ဤသို့သော ဖြတ်ထိုးဥာဏ်က လေးတွေ ရှိနေပါလား... ဟုတွေးပြီး သန်းဆိုင်က မိထူးကို စူးစူးရဲရဲမော့ကြည့်လိုက်သည်။ မိထူးက နောက်ဆုတ်ပြီး ရပ်၏။
"ဟိုစာ ထဲမှာပါတဲ့... ကုလားဒိန်နောက်လိုက်သွားတာပဲ ဖြစ်ရမယ်၊ ကုလားက လူပျိုမှန်း လူအိုမှန်း မသိ၊ အစ်မကြီးစန်းချို... ရူးများရူးသွားသလားမသိပေါင်တော်၊ အဖေသာ မသေသေးလို့ ဒီလိုသတင်းကြား ရင် အစ်မကြီး ကို ဓားနဲ့လာခုတ်သတ်မှာ၊ ဒီကိစ္စ ရွာက မသိအောင် ဖုံးဖိထားရဦးမယ် အစ်ကိုကြီး သန်းဆိုင်...၊ အစ်ကိုသာထူး က အဖေ့ထက် ဆယ်ပြန်ဆိုးမှာ...၊ သူကထောင်ကလွတ်တာ ဘာမှ မကြာသေး ဘူး၊ သူကြားရင် ဓားဆွဲပြီး အစ်မကြီး စန်းချို ကို မြေလှန်ရှာတော့မှာ..."

မိထူးတစ်ယောက်၊ ဤရွေ့ဤမျှ စကားတံရှည်ရှည်လေးအေးအေးနှင့်ပြေပြသည်ကို တစ်ခါမှ မကြားဖူး ခဲ့၍ သန်းဆိုင်တအံ့တသြနှင့် ငေးပြီးနားထောင်လျက်ရှိ၏။ မိထူးပေးသော မျက်နှာသုတ်ပ၀ါကြီးနှင့် လည်း မျက်ရည် ခြောက်သွေ့ပြီးဖြစ်သည့် သူ့မျက်နှာကို ထပ်တလဲလဲ ပွတ်နေသည်မှာ မျက်နှာအရေ ခွံတွေ ခွာရန်ကြိုးစားသည့်နှင့်ပင် တူနေလေ၏။
"သူ့ကိုသတ်ရင် သတ်တဲ့သူပဲ အပြစ်ဒဏ်ထိမှာ မိထူး၊ သူကျူးလွန်တဲ့ပြစ်မှုကတော့ ပပျောက်သွားမှာ မဟုတ် ဘူး"

"အင်း..."
"သင်းအဖြစ်က... ယောက်ျားနောက်လိုက်ပြေးတဲ့အဖြစ်တင်မကဘူး ရှိသမျှ ရွှေတွေခိုးသွားတယ်၊ ငွေ တွေ ယူသွားတယ်၊ လင်မယားအတူရှာတဲ့ ပစ္စည်းမို့ သူယူမယ်ဆိုရင် တစ်ဝက်ပဲယူသင့်တယ် မဟုတ် လား မိထူး"
"အင်း"
သန်းဆိုင် သည် မိထူးနှင့် တစ်ယောက်ချင်း ဤသို့စကားကြော ရှည်ရှည်ပြောဖူးခဲ့သည်မဟုတ်ပေ။ ယခု အချိန်တွင်ကား... သူသည် မိထူး၏ဆွဲဆောင်မှုကင်းမဲ့သော မျက်နှာကို စိုက်ကြည့်ရင်း၊ စကား ပြော လိုစိတ်တွေ ပြင်းထန်လှုပ်ခတ်နေသည်။ စကားပြောနေရခြင်း၌လည်း သာယာကြည်နူး သလိုလိုနှင့် သောကတွေ ကို မေ့လောနေတော့သည်။
သန်းဆိုင်က သူ့ညှိုးကို မိထူး၏ ရင်ညွှန်းဆီသို့ ချိန်ရွယ်လိုက်၏။
ဒီမယ်... မိထူး စဉ်းစားကြည့်စမ်း ပျိုပျိုရွယ်ရွယ်ဆိုရင်တော့ ထားပါတော့၊ စန်းချိုရဲ့အသက်အရွယ်ကို ဘယ်ယောက်ျားက မက်မောမှာတဲ့လဲ၊ ဘယ်ခွေးသူတောင်းစားက သစ္စာရှိရှိကြင်နာမြတ်နိုးမှာတဲ့လဲ... အဲ... သင်းတို့မက်မှာက စန်းချိုဝတ်ထားတဲ့ ရွှေတွေ၊ ဖောင်းကားနေတဲ့ စန်ချိုချိုင်းကြားက ပိုက်ဆ အိတ်ကြီး၊ ဒါတွေကိုပဲ မက်မှာ၊ အဲဒီရွှေတွေကို  ချူစားပြီးတာနဲ့ စန်းချိုကို စုတ်ပြီးသား ကြံဖတ်လို လွှင့် ပစ်လိုက်တော့မှာပေါ့ မိထူးရာ၊ မဟုတ်ဘူးလား...

"အင်း"
မိထူးသည် ကုလားထိုင်အလွတ်တွေရှိသော်လည်း ကုလားထိုင်ပေါ်မှာ မထိုင်တတ်သကဲ့သို့ နံရံကိုမှီပြီး ကြမ်းပေါ် မှာ ငုတ်တုတ်ထိုင်ကာ ဒူးတစ်ဖက်ပေါ် လက်တစ်ဖက်ထောက်၍ လက်ဝါးတစ်ဖက်ဖြင့် ထွက် ကျမတ် ငုံ့စိုက်ငေးကြည့်နေ၏။ မိထူးကိုကြည့်ရင်းသန်းဆိုင်မှာ စန်ချို၏ ရုပ်သွင်ကို တရစပ်မြင်ယောင် နေမိသည်။ ညီအစ်မ အရင်းပီပီ စန်းချိုနှင့်မိထူးတို့က ရုပ်သွင်သဏ္ဍာန် အတော်ဆင်သည်။ အရွယ် အစားအကြီးအသေးသာ ကွာ သည်။ ယခု အသက် (၃၀) အရွယ်မိထူးသည် စန်းချိုအသက် (၂၀) တုန်း က ကိုယ်လုံး အဆက်အပေါက် မျိုးပင်ဖြစ်သည်။
သန်းဆိုင် က မျက်ရည်မကျဘဲ...၊မျက်ရည်သတ်သကဲ့သို့ ပ၀ါဖြင့် မျက်လုံးတွေကို ခပ်ဖွဖွတို့နေလိုက် ပြန်သည်။

"အဟင်း... ဟင်း- မိုက်လိုက်တဲ့မိန်းမ မိုက်လိုက်တဲ့ မိန်းမ၊ ငါဒီလိုခြံခုန်ထွက်သွားရင် နောက်ပိုင်းက လူတွေ ဘယ်လိုဖြစ်ကျန်ရစ်ခဲ့ကြမယ်ဆိုတာကို မစဉ်းစားဘူး... ဒီပြသနာကြီးနဲက ဆိုင်မှာ ဘယ်လို ဈေးထိုင်ရောင်းရမှာ လည်း မိထူးရယ်...၊ ငါသိပ်ရှက်တယ်၊ ရှက်လွန်းလို့ သေ သေတောင် သေ-သေ လိုက်ချင်မိပါတာ..."
သန်းဆိုင် စကားလုံးတွေ ထစ်ငေါ့၊ အသံအက်၊ မျက်နှာကြီးက ငိုလုဆဲဆဲ မဲ့ရှုံ့လာသောအခါ၊ မိထူး လည်း ငိုနေရာ မှ ထရပ်သည်။ သန်းဆိုင်အနီးသို့ တိုးကပ်လာသည်။
အစ်ကိုကြီး သန်းဆိုင် မရောင်းချင် လည်း... နေမကောင်းလို့ဆိုပြီး အိမ်ပေါ်မှာပဲနေပါတော်...၊ ကျွန်မတို့ တူဝရီးတွေ တစ်လှည့်စီ ရောင်းမှာပေါ့၊ အစ်မကြီးစန်းချိုသူ့ဘာသာ ထွက်သွားတာ အရေး မကြီးဘူး၊ ဈေးရောင်းတော့ အပျက်ခံလို့မဖြစ်ဘူး...၊ ဆိုင်ကရနေတဲ့ ၀င်ငွေမျိုးတော်ရုံတန်ရုံ ရှာလို့ရနိုင်တာမှ မဟုတ် ဘဲ။

သန်းဆိုင်က မိထူးကို အလန့်တကြားမျက်လုံးတွေဖြင့်မော့ကြည့်ပြီး တစ်နေရာရာသို့ထသွားတော့မည် ဟန်မျိုး ထရပ် သည်။ ပြီးမှ မျက်နှာသုတ်ပ၀ါကို မိထူးပခုံးတစ်ဖက်ပေါ်လှမ်းတင်လိုက်ပြီး သွေ့ခြောက် ခြောက် ဆို့နစ်နှစ် အသံကြီးဖြင့်...
"မိထူး တို့ကောင်းမယ်ထင်သလိုသာ ကြည့်လုပ်ကြပါတော့ဟာ...၊ အစ်ကိုကြီးတော့ ခေါင်းမီးတောက် ပြီး ဘာကိုမှ စဉ်းစားလို့မရတော့ဘူး၊ ခေါင်းတင်မကဘူး၊ တစ်ကိုယ်လုံး မီးတောက်နေတာ... အံမယ် လေး နေရင်းထိုင်ရင်းရင်တောင်ပူလာသလိုပါလား မိထူးရယ်" ဟုပြောကာ ကုလားထိုင်ပေါ်သို့ လူမမာ ကြီး တစ်ဦးပမာ ယိုင်နဲ့နဲ့ ပြန်ထိုင်ချ၏။ စိတ်ထဲမှ ခံစားရသည်ကို နှုတ်ဖြင့် လိုသည်ထက်ပိုပြီး ဖွင့်ဟ လိုက်သော အခါ ဝေဒနာ တိုးပွားသွားသည့်နှယ်...သန်းဆိုင်မျက်ရည်ပေါက်ပေါက်ကျလာလေသည်။

မိထူး မျက်နှာသုတ်ပ၀ါလှမ်းပေးပြန်သည်။ သည်တစ်ခါလည်း သန်းဆိုင်က မိထူးလက်တစ်ဖက်ကို ဆုပ် ထားလိုက်ပြန်သည်။ လက်နှစ်ဖက်စလုံး တုန်ယင်နေကြမှန်း ကို နှစ်ယောက်စလုံး သတိပြုမိဟန်မရှိ။
"မိ..မိထူး၊ အစ်-အစ်ကိုကြီး သောက်-သောက်ရည် တစ်-တစ်ခွက်လောက်"
    ×××        ×××        ×××
ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>