Showing posts with label Tags. Show all posts
Showing posts with label Tags. Show all posts

Wednesday, September 7, 2011

ဘလောဂ့် (Blog) ဆိုတာ ဘာလဲ.... ဘလောဂ့်ဂါ (Blogger) ဆိုတာ ရော...

ဘလောဂ့် (Blog) ဆိုတာ ဘာလဲ.... 
ဘလောဂ့်ဂါ (Blogger) ဆိုတာ ရော...

http://www.shwezin.com လေး နဲ့ ဘလော့ဂါရွှေစင်ဦး
ဆိုတာ ဘယ်လိုများမွေးဖွားလာခဲ့ပါသလဲ


Global Village ဆိုတဲ့ ကမ္ဘာ့ရွာကြီး ထဲ မှာရှိတဲ့ ရွာငယ်လေး တခု ထဲက အိမ်လေး တအိမ် ပါဘဲ လို့. ဘလောဂ့် ကို အဓိပ္ပါယ်ဖွင့်ပါတယ်... အဲဒီ ရွာလေး ကတော့ (Blog ) ဘလောဂ့် ရွာလေး ပါဘဲ.. အဲဒီ ရွာထဲမှာ အရောင်စုံ အသွေးစုံ အိမ်လေး တွေ အများကြီး ရှိပါတယ်... အဲဒီ ... အိမ်ပိုင်ရှင် ဘလောဂ့် ပိုင်ရှင် လေး တွေ ကိုတော့ (Blogger) ဘလောဂ့်ဂါ များလို့ ခေါ်ကြ ပါတယ်....

ရွှေစင်ဦး လည်း အိမ်လေး ပိုင်ချင်ပါတယ်...   တချို့ သဘောကောင်းတဲ့ သူကြီးမင်းများ  အလကား ပေး တဲ့ မြေနေရာ လေး ကို ငှားလိုက်ပါတယ် .... http://www.shwezinu.blogspot.com ဆိုတဲ့ လိပ်စာ လေး နဲ့ အိမ်လေးပါ....  ဒါပေမဲ့ အဲဒီ အလကား ပေးတဲ့ အိမ်နေရာ လေး က သွားရခက်တယ်.. တခါတလေ အတားအစီး တွေ ရှိတယ် စစ်ဆေး မေးမြန်းသူ တွေ ရှိတယ်... global village ထဲမှာ လည်လည် ဝယ်ဝယ် ရှိတဲ့ သူမျိုးမှ အိမ်လေး ကို ချောချောမောမော ရောက်နိုင်မယ်.... 

တခါတလေ များ ဆိုရင် အိမ်ပိုင်ရှင် ရွှေစင်ဦး လေး ကိုယ်တိုင် အိမ် လေး ကို မရောက်နိုင်လို့ မျက်စေ့ သူငယ် နဲ့ ရွာကြီးထဲ မှာ တလည်လည် ဖြစ်နေခဲ့ဘူးတယ်.. ရွှေစင်ဦး အိမ် ကိုလာတဲ့ ဧည့်သည် တွေ ကလည်း မရှိတဲ့ လိပ်စာကြီးများ ပေးလား.. ဒါမှမဟုတ် ရွှေစင်ဦး တော့ အိမ်လေး ထဲမှာ ဘာတွေများ မဟုတ် တာတွေ လုပ် နေလို့ ဒီလောက် အတားအစီး တွေ ရှိနေတာလည်း ဆိုပြီး အထင်မှားကြတယ်...

အဲဒီတော့ အိမ်လေး ကို အားလုံး လွယ်လွယ်ကူကူ လာနိုင်အောင် ဆိုပြီး ....  မြေပိုင်ရှင် သူကြီးမင်း (မြန်မာအီးထရိတ် Myanmar e-trade) ကို နှစ်နှစ်စာ မြေနေရာ ငှားရမ်းခ ပေးပြီး  စိတ်ကြိုက် အိမ်လေး တလုံး ကို  တည်ဆောက် လိုက်ပါတယ်.... 

အိမ်လေး ကို လှစေချင် ပါတယ်.. ဧည့်သည် တွေ လာချင်စဖွယ် ဖြစ်စေချင်ပါတယ်... အိမ်လေး တလုံး မှာ ရှိသင့် ရှိထိုက်တဲ့ အဆင်တန်ဆာ များ ကို ထည့်သွင်း ချင်ပါတယ်... ရွာလေး ထဲမှာ မေတ္တာရှေ့ထား အလကား တည်ဆောက်ပေးနေတဲ့ အင်ဂျင်နီယာ ဘလော့ဂ်ဂါ များကို အားမနာ တမ်း အကူအညီ တောင်းရပါတယ် ... စိတ်ချမ်းသာအောင် စိတ်ကြိုက် တည်ဆောက်ပေးကြပါတယ်...

ကျနော့် မြတ်နိုး ရတဲ့ အိမ်လေး ရဲ့ လိပ်စာလေး ကတော့ http://www.shwezinu.com ဆိုတာလေးပါ... ဒီလိပ်စာ လေး အတိုင်းလာရင်တော့  မည်သူမဆို မျက်စေ့ မလည် ဘဲ ကျနော့် ရဲ့ အိမ်လေး ကို ရောက်လာ ပါလိမ့်မယ်... အဲဒီအိမ်လေးမှာ အိမ်ပိုင်ရှင် ရွှေစင်ဦး နဲ့ တွေ့နိုင် ပါတယ် .... သူ့ ကို တချို့ က ဘလောဂ့်ဂါ ရွှေစင်ဦး လို့ ခေါ်ကြပါတယ်...

ဘလောဂ့်ရွာ လေး ထဲမှာ ရှိတဲ့အိမ်ပိုင်ရှင် ဘလော့ဂ်ဂါ တွေ ဟာ ကိုယ့်အိမ် ကို ဧည့်သည်တွေ လာချင် အောင် အမျိုးမျိုး သွေးဆောင် ဖျားယောင်း ကြပါတယ်... စားချင်စရာ ကောင်းတဲ့ အစားအစာ တွေ .... ဖတ်ချင်စရာ ကောင်းတဲ့ စာတွေ .. ကဗျာ တွေ .. ကမ္ဘာအရပ်ရပ် မှာ ရှိတဲ့ ဖြစ်ရပ်မှန် သတင်း တွေ.. ထူးဆန်း ထွေလာ တွေ ... အမွန်အမြတ်ဆုံး တရားဓမ္မ တွေ...  နဲ့ သူထက်ငါ တတ်နိုင်သမျှ အစွမ်းကုန် တင်ဆက် နိုင်ဘို့ ကျိုးစား  ကြပါတယ်.... 

နေ့မအိပ်..ညမအိပ် .. ကမ္ဘာ့ရွာကြီးထဲမှာ တူးဆွ ရှာဖွေတယ် .. နှလုံးသား ထဲ ကဖြစ်ညှစ် ထုတ်တယ်...  ရလာ တဲ့ ကောင်းနိုးရာရာ လေး တွေ ကို ဧည့်သည် တွေ စိတ်ကျေနပ်စေ ဘို့ အတွက် နေ့စဉ် ကျိုးစား ဧည့်ခံ ကြပါ တယ်...  ဒါတွေ အပြင် မိမိတို့ လက်လှန်း မှီသမျှ ပတ်ဝန်းကျင် မှာ ထူးထူးခြားခြား ဖြစ်ပျက် နေတာတွေ ကိုလည်း အမှန်တရား အတိုင်း တင်ပြကြ ပါသေးတယ်.... 

အင်း... တချို့ ပြည်တွင်း ဘလောဂ်ဂါများကြပြန်တော့လည်း ... ရေးပြီးမှ.. ပြောပြီးမှ... ငါပြောလိုက်တာ လွန်များ သွားသလား ဆိုပြီး ... ညသန်းခေါင်များ ကားရပ်ရင် ...  ငါ့  ကို အလည် လာခေါ် တာလား ...  ဆိုပြီး .. အထုပ် ဘဲ ပြင်ရတော့ မလိုလို  နဲ့  မှန်လွန်းရင် ရွာပြင်ထုတ်ခံရ သတဲ့ ဆိုတဲ့ စကားပုံ လေး ကို ပြောင်းပြန် လှန်ပြီး ... ရွာထဲ တယောက်ထဲ ပိတ် ထားလိုက် မှာလည်း ..  ကြောက်ကြပါတယ်...

တချို့ များကြတော့လည်း ကိုယ့် ချစ်ချစ်ကြီး.. ချစ်ချစ်လေး အကြောင်း တွေ.. ကို သမီးရီးစား ဖြစ် လာရတဲ့ ဘဝ ကနေ မင်္ဂလာဘယ်လို ဆောင်တယ် ဆိုတဲ့ အထိ  ရှက်ကြော ဖြတ်ပြီး .. သားရေ ကျချင် စဖွယ် ပြောပြ လိုက်ကြ ပါသေးတယ်.... စာဖတ်သူ အပျိုကြီး.... အပျိုလေး ... လူပျိုကြီး... လူပျိုကလေး များ ကလည်း လက်ခုပ်.. လက်ဝါး တီးပြီး အားပေးကြ တယ်.... အံဘွယ် ဘလောဂ့်ဂါ များပါဘဲ.....

အဲလို.. အဲလို ကိုယ်သန်ရာ သန်ရာ နဲ့ ဧည့်သည် တွေကို ညှို့ယူဖမ်းစားကြပါတယ်... တချို့ ဧည့်သည် တွေ ကတော့ ဘလောဂ့် ရွာထဲ က မဟုတ်ပါဘူး... သူတို့ စားချင်တာ ဖတ်ချင်တာ လေး တွေ ကို တအိမ်တက်ဆင်း လိုက်စား လိုက်ဖတ်နေသူတွေ ပါဘဲ...အားရပါးရ စားလိုက်.... ကျေကျေနပ်နပ် ဖတ်လိုက်..  နဲ့ ... တချို့များ ဆို အိမ် ကိုတောင် မ သွားကြပါ သေးတယ်... အဲလို လေး မသွားကြ တာကို လည်း  အိမ်ပိုင်ရှင်များ က ဂုဏ်ယူကြပါတယ်.....

ဘလောဂ့် ရွာသူရွာသား များဟာ အခြင်းခြင်း ချစ်ချစ်ခင်ခင် နဲ့ နွေးနွေးထွေးထွေး ဆက်ဆံ ကြပါတယ်.. တယောက်အိမ် တယောက် သွားလည်ပြီး တပြုံးပြုံး နဲ့ ပျော်ရွှင်နေကြပါတယ်.... တချို့ မျက်စေ့လည် လာတဲ့ ဧည့်သည်များ ရှိရင်လည်း အင်မတန် ဝမ်းသာပါတယ်....

ကိုယ့် အိမ်လေး က ဘယ်လို ... ဘယ်လို ... ဆိုတာကို ... ပို့စ် လေး တွေထဲ မှာ ကော့မန် လေးတွေ  အဖြစ် များ ရေးသွားကြရင် ဖြင့် ပီတိဖြစ်လို့ ကို မဆုံးပါဘူး .. တချို့ ရန်လိုတတ် တဲ့ ဧည့်သည် များ ကတော့ ... ဧည့်ခန်း ထဲမှာ တင် ဆဲဆိုသွားကြလို့... ဘလောဂ့်ဂါ အပျိုကြီး အပျိုလေး တို့ ဟာ ဧည့်ခန်းလေး နဲ့ တူတဲ့ c-box လေးတွေ ကို  ဖြုတ်ထားကြ ပါတယ်.... ဒါပေမဲ့ ဧည့်ခန်း မရှိတဲ့ အိမ်များ ကို သွားလည် ရတာ ခြောက်ကပ်ကပ် နိုင်လှပါတယ်.....

တချို့ ဘလော့ဂ်ဂါ များ ကတော့ ကိုယ် လက်ခံ တဲ့ အယူအဆ တွေ.. နိုင်ငံရေး သဘောတရား တွေကို တင်ပြ ဆွေးနွေး ကြပါတယ်... ဆွဲဆောင် သိမ်းသွင်းကြပါတယ်..... အယူအဆခြင်း မတူရင်  ငြိမ်းချမ်းစွာ သဘောထား မကွဲလွဲ ဘဲနဲ့ ... ဆဲကြ ဆိုကြ တဲ့အခါ  မှာတော့  ဘလောဂ် ရွာ တရွာလုံး  ဆူညံဆူညံ နဲ့ ပွက်လော ရိုက်နေကြပါတယ် ..... အဲဒီ အချိန်မှာ တချို့ ရွာသူရွာသား များဟာ ကိုယ့် လာမဆဲ အောင် တံခါးပိတ် တိတ်တိတ်လေး ချောင်းကြည့်နေကြပါတယ်...

ရွှေစင်ဦး ဆိုတဲ့ ဘလောဂ့် ဂါ တယောက် ကတော့ တချိန်လုံး သူကြီး ရဲ့ အိမ်သာနက် အဲ အင်တာနက် ထဲ ခေါင်းထိုး ပြီး ဘလောဂ် အိမ်လေး သာယာချမ်းမြေ့ရေး ကို လုံးပမ်း နေတဲ့ အတွက် ..  တခါတလေ ထမင်းစား ဖို့ မေ့ နေသလို... အိပ်ဖို့ လည်း မေ့နေပါတယ်... အဲဒီအတွက် ကျန်းမာရေး ထိခိုက် ရပါတယ်.... ဒါအပြင် ကိုယ့် ကို ပိုက်ဆံလာပေး တဲ့ customer များ ကိုတောင် နှုတ်ဆက်ဖို့ မေ့မေ့ သွားလို့... စီးပွားရေး ထိခိုက်မှာ စိုးတဲ့ အတွက် သတိရတိုင်း မျက်နှာချိုသွေး တောင်းပန် နေရပါတယ်..... 

တခါတလေ မှာတော့ ချစ်ချစ်ကြီး ရဲ့ မျက်မှောင်ကုတ် ကြည့်ခြင်း .. စကားပြောချင် သလိုလို မပြောချင် သလိုလို နဲ့ စိတ်ကောက်ပြတာ ခံရခြင်း များကို အရှက်မရှိ တဲ့ မျက်နှာနဲ့ အချစ်ရေး နွေးထွေးမှု့ ရှိအောင် ပြန်လည် ချော့မော့ရခြင်း ... ချစ်ညီမ ရဲ့ ထိုင် ထိုင်နိုင်လွန်းတယ် ဆိုတဲ့ မကြား တကြား ရေရွတ် တာ ကို ရူးသလိုလို နဲ့ မသိသလို နေရခြင်း .. တပည့်များကတော့ တခါတခါ ပြုံးလိုက် တခါတခါ မဲ့ လိုက် ဖြစ်နေ တဲ့ သူတို့ ဆရာမ ကိုကြည့်ပြီး စိတ်မှ မှန်သေးရဲ့လား ဆိုပြီး ကွယ်ရာမှာ အတင်းပြော နေတာကို မကြားချင် ယောင်ဆောင် နေရခြင်း စတာ တွေကို . အချိန် နဲ့ အမျှ ခံနေရပါတယ်....

အားလုံး.. အားလုံး သော ဘလောဂ့်ဂါများလည်း ရွှေစင်ဦး အတိုင်းဘဲ ဖြစ်မယ်ထင်ပါတယ်...

အဲဒီလောက်တောင် စီးပွားရေး..လူမှု့ရေး..ကျန်းမာရေး အထိခိုက်ခံ ပြီး ရေးနေတာ ဆိုတော့ တော်တော်ကြီး ကို အကျိုးအမြတ် များ ရှိနေလို့လား လို့ တောင် ထင်စရာ ဖြစ်ပါတယ်... ဒါပေမဲ့ . ဘလောဂ့်ဂါ ဆိုတာ နတ်သမီး နတ်သား တွေ လို အငွေ့သက်သက် ကိုသာ စားနေသူပါ...

နောက်ထပ် ကျနော် တခုလောက် လည်း ပြောချင်ပါတယ်... မည်သည့် တိုင်းပြည် မှာမဆို ဥပဒေ အထက် မှာ မည်သူမျှ မရှိစေရ တဲ့... ဒါပေမဲ့ တခါတလေ အခြေအနေ တမျိုးမျိုးကြောင့် .. ဥပဒေ အထက်မှာ အာဏာ လည်း ရှိသွားနိုင်သလို.. ငွေ လည်း ရှိသွားနိုင်ပါတယ်...

ဒါပေမဲ့ ဘလောဂ့်ဂါ ရဲ့ အထက်မှာ တော့ ဘာဆိုဘာမှ မရှိပါဘူး...

ဘလောဂ့်ဂါ ဆိုတာ... မည်သူတဦးတယောက် ရဲ့ လွှမ်းမိုးခြင်း ကို မှ မခံယူဘဲ .. နှလုံးသားထဲက ဆန္ဒ အစစ်အမှန် နဲ့ အမှန် တရားလေး တွေ ကိုသာ ဖော်ထုတ် ရေးသား နေတဲ့.. Free Land က Free Person များ ပါဘဲဗျာ.. လို့ ပြောကြားရင်း နတ်ဆိုးလေး နဲ့ မင်းဧရာ တို့ ရဲ့ တဂ့် ပိုစ့်လေး ကို အဆုံး သတ်လိုက်ပါပြီ.. အားလုံး ကျေးကျေးပါ...။

(ဆက်လက်ပြီး ဘလောဂ့် လောက ကနေ ဝေးဝေး မှာ ရှောင်ပြေးနေတဲ့ စာရေးကောင်းလှတဲ့ ချစ်ညီမ အင်ကြင်းသန့် ရဲ့ အယူအဆ လေးကိုလည်း ဖတ်ချင်ပါတယ်ဗျာ.....)

လေးစားစွာဖြင့်
စာရေးသူ - ရွှေစင်ဦး
.
>>>ဆက်ဖတ်ရန်>>> >>

Thursday, August 25, 2011

ဘလော့ဂ်ဒေး အမှတ်တရ

ဘလောဂ့်ဒေး အထိမ်းအမှတ် အတွက် ကိုအောင် (ပျူနိုင်ငံ) က တဂ် ပိုစ့် လေး ရေးခိုင်းပါတယ် .. ရေး ခွင့် ရတဲ့ အတွက်  ကျေးဇူးတင်ပါတယ် .....။

ဘလောဂ်လေး ဟာ ကျနော့် ဘဝ ရဲ့ အစိတ်အပိုင်းတခု ပါ... ဘလောဂ် လေး ရှိတဲ့ အတွက် ကျနော် ရေးချင်ရာ ကို ရေးလို့ရတယ်... ဖတ်စေချင် တဲ့ စာတွေ ကို တင်ပြခွင့်ရတယ်... ကမ္ဘာအနှံ့ မိတ်ဆွေ အသစ် တွေ ရပါတယ်... ကျနော် ပိုင်ဆိုင်ဖူးတဲ့ အရာတွေ ထဲ မှာ ဒီ ဘလောဂ့် လေးကို ပိုင်ဆိုင်ခွင့် ရတဲ့ ကြည်နူး မှု့ ဟာ အကြီးမား ဆုံးပါဘဲ....။

ကျနော့် ရဲ့ ဘလောဂ် လေး စတင်ပေါ်ပေါက် လာပုံ ကိုပြောပြရရင်.......

အင်တာနက် စသုံး လို့ သိပ်မကြာခင်မှာဘဲ ...   ဘလော့ဂ် တွေ ကို သတိထားမိပါတယ်.. စာရေးကောင်း တဲ့ ကိုမင်းဒင် တို့ ကိုနဗန တို့ ရဲ့ ဘလောဂ့် တွေ ကို အရင်ဆုံး ဖတ်မိ ပါတယ်... နောက်တော့ ... မမေဓါဝီ.. ဆရာမ မမေငြိမ်း.. မကိ... မအယ်.. မမိုးချိုသင်း... မကေ... ကိုလူထွေး ... ကိုသင်ကာ... မခင်ဦးမေ.... ကိုမျိုး (အညာမြေ) ...  ကိုမောင်မောင် (ကဗူး)... သက်ပိုင်သူ... ရွှေပြည်သူ... မယ်ကိုး...  ကိုမောင်မျိုး.. ရှေးမြန်မာ... စသည် စသည်  ဘလော့ဂ် တွေ မှာ စာဖတ်ရင်း နဲ့ တခြား ဘလော့ဂ် တွေ လည်း အများကြီး ရှိကြောင်း သိလာပါတယ် ...၊ ကိုယ်လည်း အဲလို ဘလောဂ့်လေး တခု လုပ်ချင် လာပါတယ်... ။

ဘလောဂ့် လေး လုပ်တာ တော့ ဟုတ်ပါတယ်... ဒါပေမဲ့  ကိုယ်ရေးချင် တာတွေ လျှောက်ရေး နေလို့ စာဖတ်သူ တွေ အတွက် ဘာမှ အကျိုးမရှိနိုင်ဘူး လို့ ယူဆပြီး ဒီဘလောဂ့် လေးမှာ အကျိုးရှိတာ တခုခု ကို လုပ်ချင် လာပါတယ်...။

ကျနော့် ဘဝမှာ ဘာတခု မှ တစိုက်မတ်မတ် လုပ်ခဲ့တဲ့ အလုပ်မျိုး မရှိသလို ဘယ်အရာ မှ လည်း ထူးချွန်မှု့ မရှိခဲ့ ပါဘူး....ကျနော် အခုအချိန်ထိ နေ့စဉ် မပျက် လုပ်ခဲ့ တာ တခုဘဲ ရှိပါတယ်.... စာဖတ် တာပါဘဲ.... ဘယ် လောက်ဘဲ စိတ်ညစ်စရာရှိရှိ... ပျော်စရာရှိရှိ... နေမကောင်း တာ ဘဲ ဖြစ်ဖြစ် ..  ပင်ပန်း နေတာဘဲ ဖြစ်ဖြစ် .. စာမဖတ် ရရင် အိပ်မပျော်ပါဘူး... ။

ဖတ်တဲ့ စာ တွေမှာ. စာမျိုးစုံ ပါပါတယ်... ဒါပေမဲ့... စာဘယ်လောက် ဘဲ ဖတ်ဖတ် ... စာဖတ်ချင် တဲ့ စိတ်အာသာ ကို မပြည့်ဝ တဲ့ စာမျိုးတွေ နဲ့ တွေ့ တာ များလာရင် ကျနော် စာငတ် လာ ပါတယ်..... ကျနော့် အတွက် တော့ စာငတ် တာဟာ ထမင်းငတ် တာ နဲ့ မထူး ပါဘူး....  ဒါကြောင့်.. စာအုပ် အဟောင်း တွေ ပြန် ဖတ်ရတယ်... စာကောင်းလေး တွေ ရှာဖွေ ဖတ်ရ ပါတယ်...။

ကျနော် တို့ ရဲ့ နေ့စဉ် ထမင်းဝိုင်း မှာ မသင့်တော် တဲ့ဟင်းတွေ.. အဟာရ မပြည့် ဝတာတွေ ကို ကြာကြာ စားလာ ခဲ့ရင်... အဲဒီလူဟာ ရောဂါ တွေ ရလာ နိုင်သလို... physically အရ လိုအပ်ချက်တွေ ရှိလာပါလိမ့် မယ်... အဲလိုဘဲ ... အဟာရ မပြည့်ဝ တဲ့ စာတွေ ဖတ်တာကြာလာရင် မဖတ်ရရင်.. mentally အရ မပြည့်စုံ မှု့တွေ ရှိလာမယ် လို့ ထင်တဲ့ အတွက် ကျနော့် ဘလော့လေး မှာ အဟာရ ပြည့်ဝ တဲ့ စာလေး တွေ ကို တင်ထားချင် တဲ့ ဆန္ဒလေး တခု လည်း ရှိလာပါတယ် .. ။

အင်တာနက် မှာ မြန်မာ e-book တွေ လိုက် ရှာကြည့် ပါတယ်... စာအုပ်ကောင်း လေးတွေ တွေ့ သလို မတွေ့တာတွေ လည်း အများကြီးပါဘဲ... ။

အဲဒီအတွက်... ကျနော့် ကြိုက်တဲ့ ကျနော့် မှာ ရှိတဲ့ စာအုပ်ကောင်း လေးတွေ ကို စာချစ်သူ များ ကို ဖတ်စေချင် တဲ့ မျှဝေ ချင်တဲ့ ဆန္ဒ လည်း ဖြစ်လာပါတယ်..... ဒါကြောင့် ကျနော် တတ်နိုင်သမျှ စာကောင်း လေး တွေ လည်း တင်မယ် လို့ ဆုံးဖြတ်လိုက် ပါတယ်... ။

နောက်တခု လည်း သတိရသွားပါတယ်... ကျနော် တို့ ငယ်ငယ် က သမဝါယမ ဆိုင် ဆိုတာရှိပါတယ်.... အဲဒီ သမဝါယမ ဆိုင်မှာ ဈေးဝယ် ရင် ကိုယ် လိုချင်တာ ကို ဝယ်လို့ မရပါဘူး.... အရောင်းသွက်တဲ့ ဆပ်ပြာခဲ ဝယ်ချင်ရင် အရောင်းထိုင်း တဲ့ အပ်ချီလုံး နဲ့ တွဲယူရပါတယ် .. အခုလည်း ရွှေစင်ဦး ရဲ့ အပ်ချီလုံး စာလေး တွေ နဲ့ စာရေးဆရာကြီး တွေ ရဲ့ ဆပ်ပြာခဲ စာကြီး များကို တွဲဖက်ပြီး တင်ထားရရင် စာဖတ်သူလည်း အဆင်ပြေ.... ရွှေစင်ဦးလည်း အဆင်ပြေဆိုပြီး... http://www.shwezinu.blogspot.com ဆိုတဲ့ နှလုံး သား ထဲက ဘလော့ဂ် အိမ်လေး ကို စတင် မွေးဖွား လိုက်တာ ဖြစ်ပါတယ်... အဲဒီကမှ တဆင့် ပြည်တွင်း မှာနေတဲ့ စာဖတ်သူမိတ်ဆွေ များပါ အဆင်ပြေစေဖို့ http://www.shwezinu.com လေးကို ပြောင်းဖြစ် သွားပါတယ်... ။

စဦးကာလ များတုန်းကတော့... ကျနော့် ဘလော့ဂ်လေး မှာ စာဖတ်သူ ဟာ ကိုယ်က လွဲရင် အားပေး ဖော်....  ချစ်ညီမ စစ တယောက် ဘဲ ရှိပါတယ်...။

စာဖတ်သူ မရှိပေမဲ့ ကိုယ့်တာဝန်ကိုယ် ကျေပြွန်အောင် လုပ်ရမယ် ဆိုပြီး နေ့တိုင်း နီးပါး စာရေး ပါတယ် ပိုစ့် တွေ တင်ပါတယ်.. ဖတ်သူ မရှိပါဘူး ... နဲနဲလေး ကြာ မှ နိုင်ငံခြားရောက်နေတဲ့ သူငယ်ချင်း နဲနဲပါးပါး ကို ဘလော့ဂ် လင်ခ့် လေး ပေးပြီး ဖတ်ခိုင်း ရပါတယ်... တခြား ဘလောဂ့် တွေမှာ လင့်ခ် ချန် နည်းလေး လည်း ...  သိသွားတဲ့ အတွက် စာဖတ်သူ များ တိုး လာ ပါတယ် .... အခုတော့ နှစ်နှစ် သား အရွယ်ရောက် နေပြီ ဖြစ်တဲ့  ယိုင်ထိုး ယိုင်ထိုး နဲ့ မတ်တတ်သွားစ ပြုနေ တဲ့ ရွှေစင်ဦး ဘလောဂ့် လေး ဘေး မှာ ဝိုင်းဝန်း လက်ခုပ်တီး ပေးကြတဲ့ စာဖတ်သူ များ အသင့်အတင့် ရှိနေပါပြီ....။

ဘလော့လေး မှာ စာဖတ်သူ တွေ များလာရင် ကျနော် ဝမ်းသာပါတယ်... စာဖတ်သူ တွေ များတာဟာ ကောင်းတဲ့ အလားအလာ တွေ လို့ဘဲ ယူဆပါတယ်... ဒါကြောင့် ... ကျနော် ဘလောဂ့် လေးမှာ စာ လာ ဖတ်ကြတဲ့ စာဖတ်သူ များကို အထူး ကျေးဇူးတင်ပါတယ်... ။

နောက်ပြီး ကျနော် ဘလောဂ့် လေး စရေး ကထဲက ကျနော့် တင်သမျှ စာတွေ မှာ ကော့မန် လေး တွေ ရေးပေးပြီး ကျနော် ရဲ့ စိတ်ဓါတ်အင်အား ကို ဖြည့်ပေးခဲ့ကြတဲ့  wather.ray... ဂျီးတော်.. ဝက်မ (ဂျက်စမင်း) ... ttinaye... SDL.. အနော်... စသည့် စသည့်... တို့ နဲ့ အတူ ကောမန့် မရေးပေမဲ့ မေးလ် မှ တဆင့် ဂျီတော့ခ် မှ တဆင့် အားပေးခဲ့ ကြတဲ့... စာဖတ်သူ အားလုံး ကို လည်း အထူးဘဲ ကျေးဇူးတင် ပါတယ်...။

ဘလော့ဂ်ဂါ  ရေးဖော်-ရေးဖက် (သောက်ဖော် - သောက်ဖက်.........အဲ..အဲ..) မိတ်ဆွေများ ဖြစ်တဲ့ အပြင် အားဆေးလေး တွေ ကို စိတ်ပါလက်ပါ... တိုက်ကျွေး သွားကြတဲ့...  မိုးမင်းကြီး(စူး) ... အင်ကြင်းသန့်.. လသာည... မမေဓါဝီ.. မကိ... ချစ်ကြည်အေး... ကောင်းမွန်ဝင်း...  ချော (အစိမ်းရောင်လွင်ပြင်)... မသက်ဝေ... မသီတာ.. ကိုဧရာ.... အဖြူရောင် နတ်သမီး...  ယွန်း.. ညီမပူးတေ... ကူးကူး... ကျော်နှင်းဆီလွင်.... ဖြိုးဖြိုး...  မဗေဒါ.(88).. မမြသွေးနီ....  မြတ်မွန်.... စိတ်၏ဖြေရာ... မရီတာ.. မိုးငွေ့.. မလုလု.. မငယ်နိုင်း.. We She Me... တီတီဆွိ... စုချစ်သူ... ညီမသဒ္ဓါလှိုင်း... ကိုပီတာ... ကိုမိုး (ဘလောဂ်ဂါမောင်မိုး) .. ကိုအောင် (ပျူနိုင်ငံ).. ကိုမြစ်ကျိုးအင်း... ကိုဇော်သိက္ခ.င်္. နတ်ဆိုးလေး.. ကိုကိုးအိမ်.... ကိုဆိုဆီ... ကိုကိုမောင် (ပန်းရနံ့).. ကိုဇော်... ကိုဂျစ်တူး... အဖြူလေး.. ကိုမောင်(ကဗူး).... ကိုအေအေတီအို.... ကိုညီလင်းသစ်.. မောင်လေး... ကိုယောနသန်...  မိုးယံ.... ကိုဘကြိုင် (ချဉ်ပေါင်ခြံ) .... ကိုချိုကျ ... ကိုဏီလင်းညို... ကိုအုပ်ကြီး...  ကိုသက်တန့်.. စသည်.. စသည် .. တို့နဲ့  နှုတ်မဆက် ဘဲ ထွက်ခွာ သွားခဲ့တဲ့ အကိုကြီး (ကိုကြီးကျောက်) တို့ရဲ့ ကျေးဇူးတရား တွေ ကိုလည်း အမှတ်ရ နေမှာပါ...။

အခု နောက်ပိုင်း မှာ ဆက်လက်ပြီး ချစ်ခင်တွယ်တာခဲ့ရတဲ့ မောင်ငယ် ညီမငယ် ဘလောဂ့် ဂါ များ ကို  တော့ နံမည် မဖော်ပြတော့ပါဘူး... ရွှေစင်ဦး ဘလောဂ့် မှာ ချိတ်ဆက်ထားပေးပါတယ်.... ကျေးဇူးတင်ပါတယ် မောင်ငယ် ညီမငယ် တို့ရေ...။

အင်တာနက် မှာ တင်ထားတဲ့ ကိုယ်ပိုင် ဘလောဂ့် လေးတွေ ကြောင့်  ကမ္ဘာ မှာ မြန်မာ မှာ အများကြီး ပြောင်းလဲ မှု့တွေ ဖြစ်ပေါ်ခဲ့ သလို... လူတဦးခြင်း ဘဝ တွေ.ကို လည်း အများကြီး ပြောင်းလဲ သွားစေ ပါတယ်.... ဒါတွေ ဟာ အားလုံး သိပြီးသား ဖြစ်မှာ မို့ ကျနော် မပြောတော့ပါဘူး...။

ကျနော့် အတွက် တော့ ဘလောဂ့် ဆိုတာ ကိုယ် ဆန္ဒ ရှိရာ ကို အယ်ဒီတာ မလို ဘဲ ကိုယ့် ရဲ့ စာဖတ်သူ တွေ နဲ့ ကမ္ဘာကြီး စီ ကို စက္ကန့်ပိုင်း အတွင်း မှာ ရောက်အောင် တင်ပြနိုင်တဲ့ တကယ်ကို ထူးဆန်း တဲ့ စာ တအုပ် ... သတင်း တပုဒ် ... ပါဘဲ... ဘလောဂ့် တွေ ရှိတဲ့ အတွက် အင်တာနက် ကမ္ဘာ မှာ ကျနော် တို့ မသိသေး တာတွေ.. သိချင်နေတာတွေ ကို အားလုံး သိခွင့် ရခဲ့ပါတယ်... ဘလောဂ့် ကြောင့် သုတ.. ရသ..အားလုံး ကို လေ့လာ ခွင့် ရရှိခဲ့ပါတယ်...။

ဘလောဂ့် ဆိုတာ ကျနော့် အတွက်တော့ တန်ဘိုး မဖြတ်နိုင်တဲ့ အင်တာနက် က ပေးတဲ့ ဆု ပါဘဲ.... ဘလောဂ့် လေး တည်ထောင်ခွင့် ရတဲ့ အတွက် ဘလောဂ်ဂါ ဆိုတဲ့ နံမည်တခု ကို ပိုင်ဆိုင်ခွင့် ရခဲ့ ပါတယ်...  အဲဒီ အတွက် ကျနော် အထင်ကြီး လေးစားတဲ့ သတင်း ဌာနကြီး နှစ်ခု နဲ့ အင်တာဗျူး လုပ်ခွင့် ရခဲ့ ပါတယ်.. ဒါဟာ လည်း ကျနော် လို သာမန် လူစား အတွက် မမျှော်မှန်း နိုင်တဲ့ ဆုလာဘ် တခုပါ...။

ဘလောဂ့် စတင်တီထွင် ခဲ့ ကြတဲ့ နည်းပညာရှင်တွေ နဲ့ လူသားတွေ အကျိုးအတွက် ဘလော့ဂ် သုံးခွင့် အလကား ပေးထားခဲ့တဲ့ web site များကိုလည်း ကျေးဇူးတင်မဆုံး ပါဘူးလို့ ပြောကြားရင်း ဘလော့ဂ် ဒေး အမှတ်တရ စာစုလေး ကို ရေးလိုက်ပါတယ်....။

ဘလောဂ့်ဂါ အမ အန်တီတင့်... ညီမကောင်းမွန်ဝင်း... ကိုမောင်(မောင်မောင် (ကဗူး))... တို့နဲ့ ရေးဖော် ရေးဖက်... မောင်ငယ် ညီမငယ် အားလုံး ကို လည်း ဘလောဂ့်ဂါးဒေး အတွက် အမှတ်တရ လေးများ ရေးပေးကြ ပါအုန်း လို့ ... ဆက်လက်ပြီး တဂ် လုပ်ပါတယ်...။

ဖြစ်ချင်တာ နဲ့ ဖြစ်နေတာ ကို တဂ် လုပ်ထားတဲ့ ကဗျာဆရာ မောင်ငယ် ကိုအုပ်ကြီး နဲ့ ... ကြိုက် တတ်တာ မကြိုက်တတ်တာ လေး တွေကို တဂ်လုပ်ထားတဲ့ ညီမငယ် အဖြူရောင်နတ်သမီး တို့ အတွက် ဒီပိုစ့် လေး နဲ့ ဘဲ အကြွေးဆပ်ပြီး ပြီ လို့ ယူဆပြီး.. သီးသန့် တပုဒ်စီ မရေးဖြစ်ခဲ့တဲ့ ရွှေစင်ဦး လေး ကို ခွင့်လွှတ်ကြပါလို့ တောင်းပန် ရင်း ပိုစ့် လေးကို နိဂုံးချုပ် ပရစေတော့ဗျာ....။

စာရေးသူ - ရွှေစင်ဦး
.
>>>ဆက်ဖတ်ရန်>>> >>

Wednesday, May 11, 2011

လတ်တလော စိတ်ဆန္ဒ များ (Tag)

 ကိုကိုးအိမ် နဲ့ ကိုဇော် တို့ ရဲ့ တဂ်ပိုစ့် လေး ကို ရေးပါမယ်ဗျာ

၁. အစားချင်ဆုံးအစားအစာ - 

ကြိုက်တာတွေ အကုန်လုံး စားချင်ပါတယ်.. ဒါပေမဲ့ ငါးပိရည် မွှေးမွှေးလေး နဲ့ အတို့ စုံစုံ လေးကို တော့ နေ့ တိုင်း စားချင်တယ်

၂. နေ့တိုင်းစားဖြစ်တဲ့ အစာ -

မကောင်းတကောင်းထမင်း နဲ့ မထူးဆန်းသောဟင်းများ

၃. အလိုချင်ဆုံး ရေမွှေး -

၎. သုံးဖြစ်နေတဲ့ ရေမွှေး -

၃ နဲ့ ၄ အတွက် ပေါင်းဖြေပါမယ်၊ ရေးမွှေး မသုံးပါ

၅. အလိုချင်ဆုံး မွေးနေ့လက်ဆောင် -

သိပ်ဖတ်ချင် ရချင်နေတဲ့ စာအုပ်လေးတွေ
(တန်ဘိုးကြီး တဲ့ နာရီတွေ လက်ဖ်တော့ တွေ ကင်မရာတွေ ရရင်လည်း လိုချင်တာပါဘဲ .)
ပေးမဲ့သူက စာအုပ်လောက် ဘဲပေးတော့ ဒီလောက်ဘဲ ပြောရတာပါ .(ချစ်ညီမ)
မွေးနေ့ လက်ဆောင် ကို လည်ပင်းညှစ်တောင်းရင်တော့ ပေးပါမယ် ဆိုတဲ့ ဂတိလေး တော့ ပေးပါတယ် (ချစ်ချစ်ကြီး)

၆. အလိုချင်ဆုံး ဖုန်း -


၇. သုံးဖြစ်နေတဲ့ ဖုန်း -

၆ နဲ့ ၇ နဲ့ကို ပေါင်းဖြေပါမယ်.. ကျားလား ဖုန်း မဟုတ်တဲ့ ဖုန်းမျိုး ကြားလား ကြားလား  မအော်ရရင် တော်လှပြီ ဆိုတဲ့ ဖုန်း

သုံးနေတဲ့ ဖုန်းကတော့ ကျားလား အော်နေရတဲ့ ဖုန်း

၈. အရူးသွပ်ဆုံး အရာ - 

စာပေ

၉. အနီးစပ်ဆုံး ဂီတ -

ကိုယ်ပိုင်သံစဉ်များ

၁ဝ. အလိုချင်ဆုံး စာအုပ် - 

တော်တော်များတယ်

၁၁. အခုဖတ်ဖြစ်နေတဲ့ စာအုပ် -

လစဉ်ထုတ် မဂ္ဂဇင်း တွေပါဘဲ

၁၂. အကြားချင်ဆုံး စကား -

မြန်မာပြည်သူ အားလုံး ဆန္ဒ နဲ့ အတူတူပါဘဲ

၁၃. အဖြစ်ချင်ဆုံး ဆန္ဒ - 

မြန်မာပြည်သူ အားလုံး ဆန္ဒ နဲ့ အတူတူပါဘဲ

၁၄. အလိုချင်ဆုံးဆု -

 ထာဝရငြိမ်းအေးရာ

၁၅. အသွားချင်ဆုံးနေရာ -

 နိဗ္ဗန်မရောက်ခင် စပ်ကြား ဒီဘဝမှာတော့ ကမ္ဘာအနှံ မြန်မာအနှံ သွားချင်တယ်

၁၆. သွားဖြစ်နေတဲ့ နေရာတွေ -

မန္တလေး မြို့ ထဲ က ပျံကျဈေးလေး တခု  ဟင်းသီးဟင်းရွက် တွေ လတ်ဆတ်တယ် အသားငါး တွေ ဈေးချို တယ်(ကြော်ငြာ မဟုတ်ပါ)
အလုပ်နဲ့ သက်ဆိုင် တဲ့ နေရာလေး တွေ ကိုတော့ နေ့တိုင်းသွားနေရတယ်

၁၇. အကြည့်ချင်ဆုံး ရုပ်ရှင် -

ထူးထူးခြားခြားမရှိပါ

၁၈. အပြောချင်ဆုံး စကား -

ကိုယ်ပြောချင်ရာကို လွတ်လွတ်လပ်လပ် ပြောနိုင်တဲ့ အချိန်ကြမှ ပြောပြပါမယ်

၁၉. အယုံကြည်ဆုံး လူသား -

မိမိကိုယ်ကို

၂ဝ. မယုံကြည်ဆုံး အရာ -

ကံကြမ္မာ

၂၁. အမုန်းဆုံး အရာ -

မြန်မာပြည်သူ အားလုံး မုန်းတဲ့ အရာကို ကျနော် လည်း မုန်းပါတယ်

၂၂. အသောက်ဖြစ်ဆုံး အအေး -


ရေအေးအေး (အအေး မသောက်ပါ)

၂၃. လတ်တလော အထိတွေ့ဆုံး အရာ -

အင်တာနက် စာမျက်နှာများ ပါဘဲ

၂၄. မကောင်းတဲ့ ကျန်းမာရေး -

အားလုံး ကောင်းပါတယ် အလတ်ကြီး ရှိပါသေးတယ် တဲ့ (ချစ်ချစ်ကြီး က ပြောတာပါ)

၂၅. အကောင်းဆုံး အဖော် - 

အဲဒါ ရွှေစင်ဦး ကိုမေးရမှာ မဟုတ်ဘူးထင်တယ်...
အရင်တုန်းကတော့ စာအုပ်တွေ- အခုတော့ ပိစိ လေး အဲ PC လေး ရောပါလာပြီ

၂၆. လက်ရှိအကြိုက်ဆုံး သီချင်း -

Right here waiting for u by  Richard Marx

၂၇. အကြောက်ဆုံး အလုပ် -

ကိုယ် မမှန်ဘူး လို့ ထင်တာကို လုပ်မိမှာ

၂၈. တန်ဖိုး အထားဆုံး အရာ -

 စာဖတ်ခြင်း

၂၉. အကြောက်ဆုံးတိရစ္ဆာန် - 

တိရစ္ဆာန်တွေ က ပြန်ကြောက်သွားတဲ့ ကိုယ့်ကို ကိုယ် ပါဘဲ

၃ဝ. တွေ့ဖြစ်နေတဲ့ ဘလောဂ်ဂါတွေ -

 နတ်ဆိုးလေး - ကိုကိုးအိမ်- ကိုဇော်သိင်္ခ (မိုးကောင်းကင်) - လသာည

၃၁. အပြင်သွားတိုင်းပါတဲ့ ပစ္စည်း -

ရှိစုမဲ့စု မြန်မာ ကျပ်ငွေလေးတွေပါဘဲ

၃၂. သွားဖြစ်နေတဲ့ နေရာတွေ -

ပြောပြီးသားထင်တယ်


၃၃. စိတ်အညစ်ဆုံး အချိန် -

ချစ်ခင်သူတွေ က  ခွဲသွားတဲ့ အချိန်

၃၄. အနေချင်ဆုံး နေရာ -

အပင်တွေကြားထဲက သစ်သားအိမ် လေး မှာ ချစ်ရတဲ့ သူတွေနဲ့ အတူတူ

၃၅. ကြားလိုက်မိတဲ့ ဟာသလေး တခု -

နေ့စဉ် သတင်း တွေ (မြန်မာ ကမ္ဘာ) မဖတ်ဖြစ်လို့ မသိလို့ ဟာသ တွေနဲ့ ဝေးနေတယ်

၃၆. ပေးချင်တဲ့ သတင်းတခု -

ကိုယ် မှန်တယ် လို့ ထင်တာကို လုပ်ရမှာ မကြောက်ပါနဲ့

၃၇. အပျော်ဆုံးဖြစ်မဲ့ အချိန် -

မြန်မာပြည်သူ အားလုံး ပျော်ရတဲ့ အချိန် ဟာ ကျနော် အတွက် လည်း အပျော်ဆုံး အချိန်ဖြစ်မှာပါ

ရေးခွင့် ရတဲ့ အတွက် ကိုကိုးအိမ် နဲ့ ကိုဇော် ကိုကျေးဇူးတင်ပါတယ်။
ကိုအုပ်ကြီး ရဲ့ တက်စာလေး အကြွေးကျန်နေပါသေးတယ် ခဏလေး စောင့်ပါနော် ။

လေးစားစွာဖြင့်
စာရေးသူ - ရွှေစင်ဦး
.
>>>ဆက်ဖတ်ရန်>>> >>

Friday, December 24, 2010

ဆောင်းဘွဲ့ ... အဲ ....... မုန့်ပေါင်း

ဆောင်း...ဆောင်း ...ဆောင်းဘွဲ့ တဲ့ ဘာတွေများ ရေးရပါ့.. တေးထပ် တွေ တေးညှပ် တွေ မရေး တတ်တော့ လည်း ကိုယ်ရေးတတ် တဲ့ ဟိုညှပ် ဒီညှပ် လေးတွေ ဘဲ ရေးပါ့မယ်.. မမေဓါဝီ ရေ.. သည်းခံတော် မူပါ...ဒီပိုစ့် လေး ကတော့ မမေဓါဝီ ရဲ့ Tag စာလေးပါ... ။ ကိုအုပ်ကြီး ရဲ့ Tag စာလေး လည်း ဆက်ရေး ပေးပါမယ်..။

မိုးအကုန် ဆောင်းအကူးလေး ဟာဖြင့် ကျနော်တို့ မန္တလေး မှာ နေလို့ထိုင်လို့ အကောင်းဆုံး ဖြစ်ပါတယ်... နောက်ပြီး ဆောင်းတွင်း မှာ ကျနော် တို့ တမြို့လုံး ရပ်ကွက် အလိုက် လမ်းလေး တွေ အလိုက် ဘုရားပွဲ တွေ ကျင်းပကြပါတယ်... တဆောင်းတွင်းလုံး မန္တလေး မှာ ဆိုင်းသံ ဗုံသံ မကြားရတဲ့ ည ဟာ ခပ်ရှားရှားပါ... ။

ကျနော် တို့ အတွက် တော့ ဆောင်းတွင်း တတွင်း လုံးဟာ ပိုက်ဆံမကုန် ဘဲ ကိုယ်စားချင်တာတွေ ကို အများဆုံး စားရတဲ့ အချိန်ပါ... သူငယ်ချင်း တွေ ရဲ့ ဘုရားပွဲ ဖိတ်တဲ့ အိမ် တွေကို သွားစားပါတယ်... အဲဒီအိမ် အတွက် ဘာလက်ဆောင် မှ ယူသွားစရာ မလိုတဲ့ အတွက် ပိုက်ဆံ မကုန်တာ ဖြစ်ပါတယ်... နောက် ပြီး အိမ်မှာ လုပ်စားလေ့ မရှိတဲ့ ရောင်းလည်း ရောင်းလေ့ မရှိတဲ့ မုံဆန်း လို့ စားစရာမျိုးကို တောင်မှ ဘုရားပွဲ မှာ အကောင်းဆုံး လုပ်ထားတာ စားရသလို သူငယ်ချင်း များရဲ့ ကောင်းမှု့ နဲ့ ပါဆယ်ပါ သယ်ခွင့် ရတဲ့ အတွက် တကယ့်ကို ကောင်းပါတယ်...။

နောက်ပြီး မုံဟင်းခါး မုံတီ ကြာဇံ အုန်းနို့ခေါက်ဆွဲ လိုမျိုး တွေ အပြင် ပဲမြစ် ထိုးမုန့် ဆနွင်းမကင်း ဆီးဖြူသီး ဆားစိမ် ငါးပိကြော် ဆိုတာ မျိုးဟာလည်း အီလန်နေအောင် စားရပါတယ် ကျနော် ရေးဘူးတဲ့ မန္တလေး ဘုရားပွဲ ပို့စ် ထဲက လို သူငယ်ချင်း တွေ စည်းဝါးကိုက် ထားတဲ့ အတိုင်း တကယ် တော်ပြီ ဆိုမှ အဟုတ် ဝ မှ တော်ကြတာ ဆိုတော့ စားလို့ကောင်းသလို ဗိုက်လည်းဝပါတယ်...။

အခုအချိန်မှာတော့ ဆိုင်းသံ ဗုံသံ တွေလည်း မကြားရသလောက် နဲ့ ဘုရား ပွဲ စားရတာကလည်း တနှစ် မှ နဲနဲ လောက် ဆိုတော့.....  လွမ်းစရာလေးတွေ  မပြောတော့ပါဘူး ..... ကဲ... အလကား စားရတဲ့ အကောင်းစား အစားအစာ တွေ အကြောင်း ရပ်ပြီး ... ငယ်ငယ်တုန်းက ဆောင်းလေး ကို ပြန်လွမ်းလိုက် ရအောင်....။

ကျနော် တို့ ငယ်ငယ် က ဆောင်းတွင်း ဆိုရင် စောင်ခြုံ ထဲမှာ နေမြင့် တဲ့ အထိကွေး မနေပါဘူး... မနက် အစောကြီး ထ ပါတယ်... အိမ်ရှေ့ မှာ အဆင်သင့် သုံးလက်စ မီးပုံ က ထင်းတုံး အကြီးကြီး ကို မီးပြန်မွှေး ပါတယ်..  အိမ်ရှေ့ မှာ တံပျက်စီး လှဲပါတယ် အိမ်ပတ်ဝန်းကျင် သန့်ရှင်း ဘို့ ... ဘုန်းကြီး တွေ ဆွမ်းခံကြွ တဲ့ အချိန် မှာ အမှိုက်သရိုက် ကင်းစေ ဘို့အပြင် ကိုယ်လက် လှုတ်ရှားမှု့ တခု အဖြစ်သဘောထားပြီး အိမ်တိုင်း နီးပါး အမှိုက်လှဲ ကြတာ တရှဲရှဲ နဲ့ပါ... အမှောင်ထဲမှာ တရှဲရှဲ နဲ့ ဆိုရင် တလွဲ မတွေးပါနဲ့ ရွှေစင်ဦး လေး အမှိုက်လှဲ နေပါတယ်..။

ခဏနေရင်တော့ မေမေ အဆင်သင့် ဝယ်ထားတဲ့ ထန်းမြစ် ပြောင်းဖူး ပဲမြစ်ပြုတ်များ နဲ့ ထမင်းကြော် ကောက်ညှင်းပေါင်း တို့ ကို အဆင်သင့်သလို စားရပါတယ်... နောက်ပြီး အဲဒီ မီးဖိုနားမှာ ပဲ ရေနွေးသောက် မုံစားရင်း မီးလှုံ နေကြတာ အကြာကြီးပါ... မီးမလှုံလို့ မရပါဘူး.. နှင်းတွေ နဲ့ အေးခဲနေတာပါ... နေထွက်ချိန် ကြမှ မီးဖို မီးငြိမ်း ပြီး နေစာ ပြန်လှုံ ကြပါတယ်...ဘယ်သူမှ အိမ်ထဲမှာ မနေကြပါဘူး.. ဆောင်းမနက် တွေ ဆိုရင် အိမ် ထဲမှာ အရမ်းအေးပါတယ် .. မနေနိုင်ပါဘူး.... အိမ်တိုင်း နီးပါးက နေစာလှုံရင်း အိမ် မှု့ကိစ္စတွေ နေပူစာမှာဘဲ လုပ်ကြ ပါတယ်...။

ကျနော် ကတော့ စာအုပ်တအုပ် နဲ့ နေပူစာ မှာ ဘက်မျိုးစုံ ပြောင်းဖတ်ပါတယ်... ကျောင်းစာ ကျက်သူ တွေ ကလည်း ကျက်မှတ်ကြပါတယ်.....။

တချို့ ဆောင်းတွင်း မနက် မှာတော့ အိမ်မှာ လည်း စားစရာ အဆင်သင့် မရှိရင် အသယ် လာတဲ့ ကောက်ညှင်းပေါင်း ပဲပြုတ် များ ကို စားရတာ ရိုးသွားရင် တလမ်းကျော် မှာ ရှိတဲ့ မုန့်ပြစ်သလက် ကို သွား ဝယ်ရပါတယ်... အဲဒီ မုန့်ပြစ်သလက် က ကျနော် တို့ ရပ်ကွက်မှာ တော့ နံမည် ကျော်ပါ တယ် ..၊။

တော်တော် လည်း ကောင်းပါတယ် အဒေါ်ကြီး နံမည် က အမေကြွယ်လို့ ခေါ်ပါတယ်...  အမေကြွယ် မုန့်ပြစ်သလက် ပေါ့ အမြဲတမ်း တန်းစီဝယ်ရပါတယ်.. ပဲနိုင်းခြင်း အုန်းသီးနိုင်းခြင်း နဲ့ နံနံပင်တွေ အများကြီး ဖြူးထားတဲ့ မုန့်ပြစ်သလက် က ကျနော် တို့ မောင်နှမ တွေ ရဲ့ စပါယ်ရှယ် ဘရိတ်ဖတ်စ် ပါ တခါ တလေ မှ စားရတာပါ.. မုံစောင့် ရတာ ကြာတဲ့ အပြင် မေမေ က အိမ် မှာ ထမင်းကြော် လိုမျိုး ကို ပိုကျွေးတဲ့ အတွက် လည်း ဖြစ်ပါတယ်...။

ကျနော့် အကျင့် က လူတယောက် လုပ်ခဲ ပြောခဲ တာတွေ ကို ဘယ်တော့ မှ မေ့လေ့ မရှိပါဘူး.. ကျနော့် မေမေ ဟာဖြင့် ရုပ်ရည် ချောမော သလောက် စိတ်သဘောထား ကောင်းမွန်ပါတယ်.. ကိုယ့် အမေ မလို့ ကိုယ် ပြောခြင်းမဟုတ်ပါ.. တကယ့် ကို ကလေး တယောက် ရဲ့ ဖြူစင်ခြင်း မျိုးဘဲ ရှိပါတယ်...။

ကျနော့် မေမေ ဟာ ကျနော် တို့ မောင်နှမ တသိုက်ကို ဘယ်တော့ မှ အော်ငေါက်ခြင်း မရှိသလို ကြမ်းကြမ်း တမ်းတမ်း ပြောဆိုတာ မျိုးလည်း မရှိပါဘူး .. ရိုက်ဘို့ ဆိုတာတော့ ပို အဝေးကြီးပါ... ဒါပေမဲ့  ရွှေစင်ဦး ကတော့ ဒီလောက် ကောင်း တဲ့ မေမေ ရဲ့ ရိုက်ခြင်း ကို တခါ တိတိ ခံခဲ့ရပါတယ် (အပြင် အမှောင့် ပရောဂ တွေ့ကြောင့်ပါ) (နောက် မှ ရေးပြပါမယ့် )... အဲလိုဘဲ မေမေ ပါးစပ် က ညစ်ညမ်း တဲ့ စကား ထွက်တာ လည်း ကြားရ ခဲ ပါတယ်... ကြား တိုင်းလည်း မမေ့ပါဘူး...။

ကဲ မုန့်ပြစ်သလက် သွားဝယ်တဲ့ နံနက်ခင်းလေး တခုပေါ့ .... အားကျိုးမာန်တက် ရွှေစင်ဦး ဝယ်လာတဲ့ မုန့်များကို မောင်နှမ တွေ ဝေစားကြတဲ့ အချိန်မှာ ကျနော့် မောင်အလတ် တယောက် (သူ ဟာ ဘယ်အရာမဆို လောဘ နဲနဲ ကြီးပါတယ်..) မုန့် တယောက် တခု အတူတူ ခြင်း စားကြတဲ့ အချိန်မှာ သူက အရင်ဆုံး မုန့် အကြီး အသေး ကို ရွေးနေတာ မပြီး တော့ ပါဘူး... မေမေ က သူရွေးတဲ့ အချိန်ကို စောင့် နေကြတဲ့ ကျန် မောင့်နှမ များကို ကြည့် ပြီး စိတ်မရှည်တော့ ဘူးထင်တယ်... ဟဲ့ .... ရွေးမနေ နဲ့ တော်တော့ အမေကြွယ် က သူ့ဟာ နဲ့ တိုင်း လုပ်ထားတာ အားလုံး အတူတူ ကြီး ဘဲ... လို့ ပြောပါတယ်... ။

မေမေ  နှိုင်းလိုက် တာ ကို ကြားတော့ မောင်နှမ အားလုံး ဝိုင်းအော် ကြပါတယ် မေမေ ဘာနဲ့ တိုင်း လုပ်တာလည်း ပြောပါ  သူ့ဟာ ...  ကို ပြောပါ လို့ ပြောပါတယ် .... အဲဒီကြ မှ မေမေက စကားလျှော့ ချသွားပါတယ်.. မုံရည်ကော်တဲ့ ဇွန်း နဲ့ တိုင်းတာ လို့ ပြောပါတယ်...  ကျနော်တို့ က မဟုတ်ပါဘူး မေမေ ညစ်ပတ်တယ် ဆိုပြီး ဝိုင်းစကြပါတယ်.... အဲ.. တကယ်တန်း ..... အဲဒါ နဲ့ တိုင်းတာ မဖြစ်နိုင်ပါဘူး မုံ့ က တော်တော် ကြီးပါတယ် ... ဒါက မုံ့ အရွယ်အစား အတွက် ပြောပြတာပါ... အဲ....  မုန့်ပေါင်းဆို တော်သေး....။

မုန့်ပေါင်း ဆိုလို့ ပြောပြရအုန်း.. ဒီလို ဆောင်းတွင်း မှာ ဘဲ မုန့်ပေါင်း စားရပါတယ် ကျနော် အကြိုက်ဆုံး အစားအစာ ထဲမှာ မုန့်ပေါင်း ပါ ပါတယ်.... မုန့်ပေါင်း နဲ့ ပါတ်သက် တဲ့ ပိုစ့် လေးတခု ဒီနေရာ ရေးဘူး ပါတယ်.. အဲလို ရေးဘူးတဲ့ အတွက် လည်း ကိုဂျစ်တူး ကလည်း  မုန့်ပေါင်း စားချင်တယ်တဲ့ .. လုပ်နည်း ရေးပြပါတဲ့ .. ကိုအောင် (ပျူနိုင်ငံ) ရဲ့ မဟေသီ .. ကလည်း စားချင်ပါတယ်တဲ့ .. နောက် ချစ်သော အကိုကြီးကျောက် ကလည်း စားချင်ပါတယ် ဆိုတော့ ဆောင်းဘွဲ့ လေး  ကို  မုန့်ပေါင်း ဘွဲ့လေး အဖြစ် သတ်မှတ်ပြီး မုန့်ပေါင်း လုပ်နည်းလေးကိုဘဲ ရေးပြပါမယ်...။

ကျနော်  မုန့်ပေါင်း လုပ်နည်း ရေးချင်လို့ အိမ်ပြန်သွားပါတယ်... ကျနော့် ရဲ့  မုန့်ပေါင်း ပို့စ် ထဲ မှာ ပါတဲ့ အမကြီး နဲ့ သွားရောက်တွေ့ဆုံ အင်တာဗျူးပါတယ်... အခု သူ့အိမ် က ကျနော် တို့ လမ်း နဲ့  မနီးမဝေး  ကို ပြောင်း သွား ပါပြီ... ။

ကိုကိုမောင် (ပန်းရနံ့) ထင်သလို ချမ်းသာသွားပါသေးတယ်.. ကျနော် တို့ အိမ်နဲ့ မျက်နှာခြင်းဆိုင် အမွေဆိုင် အိမ်ကြီး ကို ခွဲဝေယူကြပြီး ... ကောင်းကောင်းသုံး အဲ ဖြုန်း ကြပါတယ်.. အခု ၅နှစ် လောက် ရောက်တော့ နောက်ဆုံး ဒုံရင်း ဒုံရင်း ဘဲ ဆိုတဲ့ မုန့်ပြစ်သလက် ၊ မုန့်ပေါင်း ဘဲ ပြန်ရောင်း နေရပါတယ်... ကျနော် တို့ အိမ်ကို လည်း နေ့တိုင်း ဈေးသွားရင်း ဝင်လာတဲ့ အတွက် အထူးတလည် ရှာနေ စရာ မလိုပါ... အိမ် အောက် လှေကားရင်း မှာ ဘဲ ထိပ်တိုက် တွေ့ ပါတယ်...။

ကဲ ဦးသောဇေယျံ ရေ ရွှေစင်ဦး ရဲ့ တတိယ မြောက်အင်တာဗျူးလို့ ဘဲ သဘောထားပြီး ဖတ်နိုင် ပါတယ်နော်.....

ရွှေ ... အဲ အမ ရေ တွေ့ရတာ ဝမ်းသာလိုက်တာ ... အမ နေကောင်းတယ်နော်.. အခု ဘာလုပ်နေလည်း.

အမ ... ညီမ ရေ မတွေ့တာကြာပြီနော်... အခု အမ မုန့်ပြစ်သလက် မုန့်ပေါင်း ပြန်ရောင်းနေတယ်...

ရွှေ .... ဟင် အမ အမွေ ရထားတွေ ရော ဘယ်ရောက်သွားပြီလည်း အိမ်ပြန်ဝယ်ဖြစ်တယ်ဆို...

အမ .... အိမ်လည်း ဝယ်ဖြစ်ပါတယ်... ဆောက်ရင်း တန်းလန်း ခါးပြတ်သွားလို့ (ငွေပြတ်တာပါ) ဟိုပေါင် ဒီပေါင် နဲ့ အတိုး တွေ တက်လို့ အခု တော့ ထိုးရောင်းလိုက်ရပြီလေ...  ဟိုအကောင် (သူ့ယောက်ကျား) ကလည်း ၂လုံး၃လုံး၁လုံး အရမ်းထိုး ဆိုတော့ ကုန်တာတောင် နဲသေးတယ်မှတ်ရမယ် ညီမရယ်... အခု တော့  (ဂျောင် လေး ) ထဲမှာ ငှားနေတယ်...

ရွှေ .... အင်း ဒုက္ခ .. ဒုက္ခ ..(မြန်မာမိသားစု  အများစု ဟာ အဲဒီလို ရပ်ကွက် တွေ ထဲက အိမ် တွေ ရောင်း ရောင်းပြီး ပြောင်းသွားကြတယ်.. လေးငါး နှစ်လောက် ဟိုလုပ်ဒီလုပ် လုပ်တယ် ဟိုသုံး ဒီသုံး သုံးကြတယ်... နှစ် အနည်း ငယ်ကြာတော့ ဒုံရင်း ဒုံရင်း ပါဘဲဗျာ....ရပ်ကွက် ထဲ မှာ မျက်နှာဟောင်း တွေ ပျောက် ပြီး မျက်နှာသစ် တွေ ဒီနည်း နဲ့ ရောက်ကြတာ မနဲပါဘူး...) အမ မုန့် ကရော ရောင်းကောင်းလား...

အမ ..... အခုတလော တော့ သိပ်မရောင်း ရဘူး ... ကုမ္ပဏီ တွေ လာဝယ်ရင်တော့ ရောင်းရပါတယ်... (ဝန်ထမ်းများ အတွက်) (အင်း သူလည်း လေ ကုမ္ပဏီ နဲ့ သက်ဆိုင်သူပေကိုး...)

ရွှေ... အမ နဲ့ တွေ့တုန်းလေး ကျနော့် ကို မုန့်ပေါင်းလုပ်နည်း လေး ပြောခဲ့ပါအုန်း...

 မုန့်ပေါင်း လုပ်နည်း လေး ကို အောက်မှာ ရေးပြပါ့မယ်ဗျာ...


ဆန်မှုံ ၃လုံး ကောင်ညှင်းမှုံ ၁လုံး (၃ချိုး ၁ချိုး) ကို ရောပြီး ရေကျက်အေး လေး နဲ့ ရောသိပ်ရပါတယ် ရေ နဲ့ ဆန်ကောက်ညှင်း အရော မှုံ ကို နဲနဲခြင်း ထဲ့ ပြီး ခပ်ခြောက်ခြောက်လေး သိပ်ရပါတယ်... အဲဒီလို မုန့်သိပ် ပြီးမှ ... ရေစို အဝတ်လေး ရေညှစ်ပြီး ခဏလောက် လွှမ်းထားရပါတယ်...မုန့် ကို နှပ်ထားတယ်လို့ ခေါ်ပါ တယ်.. ။

ပြီးမှ မီးတွေ ဘာတွေ မွှေးပြီး မှ နှပ်ထားတဲ့ မုန့်ကို ယောက်သွားလေး နဲ့ ဖွဖွလေး ချစ်သူ ပါးပေါ် က သနပ်ခါး မှုံမှုံ လေး တွေကို နှာခေါင်းလေး နဲ့ ခြစ်ယူသလို သဘောထားပြီး ခြစ်ယူရပါတယ်....  မုန့်ပေါင်း တပေါင်းစာ ရအောင်ပါ.. ပြီးမှ စလောင်း ဖုန်းထဲ ကို မုန့်မှုံလေး တွေ ခပ်ဖွဖွ ထဲ့ရပါတယ်.. အပေါ်ကနေ ပဲလေး တွေ ဖြူးရပါတယ်.. အချို စားရင်တော့ ထန်းလျှက် ထဲ့ ရပါတယ်... အခုခေတ် မှာတော့ သပြစ်သီး ခြောက်တို့ ဘာတို့ နဲ့ တခြား အစေ့အဆန် တွေ့ ထဲ့စားနေကြပါတယ်....။

ပြီးမှ ရေဆူနေတဲ့ မုန့်ပေါင်းအိုးထဲကို အဝတ်စလေး ခံပြီး မှောက် ထဲ့ ရပါတယ်.. အပေါ်ကနေ အဖုံးလေး ပိတ်ပြီး အဝတ်စလေး ပြန်ပတ်ထားရပါတယ် ခဏလေး ၃မိနစ် လောက်ဆို နပ် သွားပါပြီး ဆီ လေး ဆမ်း နှမ်းထောင်း လေး နဲ့ အဝသာ လွှေးပါတော့....

ပြောတာသိပ်နားမလည်ရင် ပုံသာကြည့်ပါတော့ အပြော နဲ့ အလုပ် မညီ တဲ့ အရာများ ရှိရင်တော့ ဘလော့ဂါ အခွင့်အရေး အတွက် ဘလော့ဂါ ရှင်းလင်းပွဲ လုပ်ပေးပါမယ်... မေးချင်သလို မေးနိုင်ပါတယ်... အမှန် အတိုင်း မချွင်းမချန် ဖြေကြားပါမယ်.. ဘုရားစူး မိုးကြိုးပွတ်ပါ.... မိမိ တို့ ရဲ့ လုံခြုံရေး အတွက် လည်း စိတ်မပူပါနဲ့ တကမ္ဘာလုံး သိအောင်.. အင်တာနက် ကနေ တိုက်ရိုက် ဖော်ပြ ပေးပါမယ်...




အရိပ်ပြရင် အကောင် ထင်တဲ့ ရွှေမြန်မာ တွေ အတွက် လွယ်ကူစွာ ဘဲ လုပ်စားနိုင်မယ်လို့ ယူဆပါတယ်.. လုပ်ပြီးရင်လည်း ရွှေစင်ဦးလေးကို ကျွေးကြအုန်းနော်

လေးစားစွာဖြင့်
စာရေးသူ - ရွှေစင်ဦး
.

>>>ဆက်ဖတ်ရန်>>> >>

Tuesday, December 7, 2010

ပုံရိပ်ဟောင်းများ




မကေ က ပုံရိပ်ဟောင်းများ ကို တဂ် လာလို့ ပိုစ့် လေး ရေးပါတယ်.. ကျနော့် အတွက် ပုံရိပ် တွေက မဟောင်းသေး ပါဘူး... မနေ့တနေ့ က လိုဘဲ ထင်နေပါတယ်...

ကျနော် ငယ်ငယ် က ထဲက မန္တလေး တက္ကသိုလ် ထဲမှာ ဘဲ ကြီးပြင်းခဲ့ တယ် ....ပညာရှာခဲ့တယ် .... အချစ် နဲ့ တွေ့ခဲ့တယ်... 

ကျနော် တက္ကသိုလ် တက်တုန်းက သူငယ်ချင်း တွေ နဲ့ ပျော်ခဲ့ကြတာ သိပ်မရှိပါဘူး .. ရီးစားထားရ.. စီးပွားရှာရ... အိမ်က မောင်နှမ တွေ ထိန်းရ...... ကျောင်းတက်ရ.. စာမေးပွဲ တွေ ခဏခဏကျ ....  ဆိုတော့ သူငယ်ချင်း တွေ နဲ့ ပျော်ရတဲ့ အချိန် သိပ်နည်းပါတယ်...... ချစ်ချစ်ကြီး အတွက် ပေးရတဲ့ အချိန် ဟာ အများဆုံးဖြစ်တဲ့ အတွက် ချစ်ချစ်ကြီး နဲ့ ပုံရိပ်ဟောင်း များဘဲ တင်ပေးလိုက်ပါတယ်....

မန္တလေး တက္ကသိုလ် ကြီး ဟာ ကျနော့် အတွက် အကောင်းဆုံး ငယ်ပေါင်း ပါ..  ဒီ တက္ကသိုလ် ကြီး က ဘယ်လို ဘဲ စိမ်းစိမ်း....  မယိမ်းယိုင် သော မေတ္တာနဲ့ ချစ်မြဲချစ်လျှက်ပါ...

လေးစားစွာဖြင့်
စာရေးသူ - ရွှေစင်ဦး
.
>>>ဆက်ဖတ်ရန်>>> >>

Saturday, July 10, 2010

တနေရာတော့ တူပါလိမ့်မယ်

အသွင်တူမှ အိမ်သူဖြစ်တယ် တဲ့... တခါတလေ တော့လည်း အသွင်မတူ ပေမဲ့ အိမ်သူဖြစ်သွားတာ တွေ အများကြီး....

ကျနော့် ဖေဖေ နဲ့ မေမေ ဟာ လုံးဝ လုံးဝ အသွင်မတူ ကြပါဘူး ... ဒါပေမဲ့ တူတာ တခုရှိလို့ အခုထိ ပေါင်းဖြစ်ပြီး ကျနော်တို့ သားသမီး ၆ယောက် မွေးလာကြပါတယ်... တလွဲ မထင်ကြပါနဲ့ ကျနော် ပြောတဲ့ တူတာ တခုဆိုတာ အချစ်.. အချစ် တူကြလို့ သူတို့ ပေါင်းဖြစ်နေကြပါတယ်....

ဖေဖေ နဲ့ မေမေ ဟာ အသွင် မတူ ၊ တခုဘဲ တူတာကြောင့် ကျနော် တို့ သားသမီး များ ဟာ အလွန် စိတ်ညစ် ခဲ့ ရပါတယ်... အဲဒါကြောင့် ကျနော် ဟာ ယောက်ကျားတွေ ကို ကိုယ့် အဖေ နဲ့ နှိုင်းယှဉ် ပြီး မနှစ်သက် တဲ့ စိတ်တောင် ဝင်မိပါတယ်... ယောက်ကျားဆိုတာ မိန်းမတွေကို အနိုင်ကျင့်တယ်... ကိုယ်ချင်း မစာဘူး... သူတို့ဘဲ အနိုင်ယူကြတယ် ဆိုပြီး တော်တော် မုန်းမိတယ်... ဒါပေမဲ့ ကြီးလာတဲ့ အခါကြတော့ ဖေဖေ ကို ဘဲ အပြစ် ပြောလို့ မရတဲ့ အကြောင်းတွေ အများကြီး ရှိလာတယ်... ။

တချို့ ကိစ္စတွေ တော်တော်များများ မှာ ဖေဖေ ပြောတာ မှန်ပါတယ်...၊ ဒါပေမဲ့ မေမေ့ ရဲ့ နားလည် နိုင်စွမ်း က နဲ နေလို့ သူတို့ အဆင်မပြေကြတာဘဲ..... နောက်တခု က တယောက် လက်မခံတာကို လက်ခံဘို့ အတင်း ကျိုးစား ကြ တဲ့ အခါ ဖြစ်ပေါ်လာတဲ့ ဖေဖေ ရဲ့ အနိုင်ကျင့် တဲ့ စိတ်ကို မုန်းမိပြန်တယ်.. ။

မေမေ ကိုတော့ ဘယ်လိုမှ အပြစ်တင်လို့ မရခဲ့ဘူး မေမေ လုပ်တာတွေဟာ သာမန် လုပ်ရိုးလုပ်စဉ် တွေဘဲ ဖေဖေ သာ နဲနဲ လောက် ခွင့် လွှတ်နားလည် လိုက်ရင် ကျနော် တို့ မိသားစု ကြီး ဟာ သာယာမှာဘဲ ... ဒါပေမဲ့ ဖေဖေ ဟာ သူစကားနားမထောင်တာကို အသေးအဖွဲ လေးက အစ ခွင့်မလွှတ်ခဲ့ဘူး.. အဲဒီတော့ ကျနော်တို့ ဟာ ဘယ်တော့ မှ မိဘ နဲ့ ပတ်သက် ပြီးပျော်ရွှင်မှု့ မရခဲ့ဘူး....။

ဒါကြောင့် ကျနော် ဟာ တသက်လုံး ယောက်ကျား မယူဘူး ... ယောက်ကျား တွေရဲ့ အနိုင်ကျင့် ခြင်း ကို ဘယ်တော့မှ မခံဘူး.... ယူရမယ် ဆိုရင်တောင် ကျနော့် ဖေဖေ နဲ့ မတူတဲ့ ယောက်ကျား ကိုဘဲ ရွေးယူမယ် လို့ ဆုံးဖြတ်ထားခဲ့တယ်...။

အဲဒီလို တချိန်လုံးယူဆ ထားတဲ့ အတွက် ချစ်ချစ်ကြီး ကို တွေ့တဲ့ အချိန်မှာ ကျနော့် စိတ်မှာ ဘယ်လို မှ ခံစား လို့မရခဲ့ဘူး... ယောက်ကျား တွေ ဟာ ကျနော့် နဲ့ ဘယ်လိုမှ မသက်ဆိုင်ဘူးလို့  ထင်ခဲ့တာကိုး... အဲဒီ အတွက် မြင်မြင်ချင်း ချစ်မိတယ်... မျက်လုံးခြင်း ဆုံတာနဲ့ ရင်ခုန် တယ် ဆိုတဲ့ စကား ဟာ တကယ် ကို ကျနော့် အတွက် လုံးဝလုံးဝ မှားပါတယ်... ချစ်ချစ်ကြီးဟာ မြင်မြင်ခြင်း ကျနော့် ကို တချိန်လုံး ကြည့်နေခဲ့ ပါတယ် ... ကျနော်က ပြန်ကြည့် ခဲ့ပေမဲ့ ဘယ်လိုမှ မခံစားခဲ့ ရပါဘူး...။

နောက်ဆက်တွဲ အနေနဲ့  ကျနော့် အချစ်ကို ရဘို့ ကျိုးစားပါတယ်... ကျနော် တုံပြန် လက်ခံ လိုက်ပါတယ်.. အချစ်ကြောင့် တော့ မဟုတ်ဘူး ... မိသားစု အဆင်မပြေမှု့တွေ မွန်းကျပ်မှု့တွေ ကြောင့် ထွက်ပေါက် တခု အဖြစ် ယူဆပြီး လက်ခံခဲ့တာပါ...။

လက်ခံ ခဲ့ တာလို့ ပြောပေမဲ့ ချစ်ခဲ့ တာတော့ မဟုတ်ဘူး... သူ ဘယ်လို ယောက်ကျားလည်း ဆိုတာ စောင့်ကြည့် တာလောက်ဘဲ ရှိသေးတာပါ... သူ့ အတွေးအခေါ်တွေ စိတ်သဘောထားတွေ အယူအဆ တွေ ဒါတွေကို ကျနော် ကြည့်တာပါ... ကျနော် လက်ခံနိုင်ရဲ့လားပေါ့... သူ ကလည်း နောက်မှ ပြောပြတယ်... ကျနော့် ကို လည်း သူ ကြည့် သေးတယ် ... ကျနော့် အတွေးအခေါ် တွေ ကို တခါတခါ ကြောက်လို့ ထွက်ပြေး ဘို့တောင် ကြံခဲ့သေး တယ်တဲ့... ။

အဲဒီလို တယောက်နဲ့ တယောက်  ယုံကြည်မှု့ တည်ဆောက်တဲ့ အချိန်ဟာ တော်တော်ကြာခဲ့ပါတယ်... အင်း မင်း သေ မှ ယုံကြည်မယ် လို့ ရည်ရွယ်ချက်ထား ပြီးတော့ ယုံကြည်မှု့ တည်ဆောက် ခဲ့ တဲ့ အချိန် တွေ လောက် တော့  မကြာ ခဲ့ပါဘူး...  ။

မတူတာတော့ ဘယ်နေရာမှ မတူခဲ့ပါဘူး.. ဒါပေမဲ့  ချစ်ချစ်ကြီး မှာ လူသားတယောက် ထားရမဲ့ အခြေခံ သဘောထား တွေ ရှိတယ်.. အမှန်တရား ကို ချစ်မြတ်နိုးတယ် ... အဲဒီ အတွက် ကျနော် တို့ ပေါင်းလို့ ဖြစ်နေကြ ပါတယ်...။

မတူတာတွေ ကို  ပြောရရင်

အစားအသောက် စားတာ က စ ပြီး  ထမင်း ကို ကျနော်က မာမှ ကြိုက်တယ် ... မစီး တဲ့ ဆန် မနော် လိုမျိုး မှ ကျနော် စားတယ်... သူက ထမင်း ပျော့လေ ကြိုက်လေ... နောက်ပြီး ပေါ်ဆန်းမွှေးလို ဆန်မျိုးကြိုက်တယ်... ။

ဟင်းချက်ရင် သူက မစားတာတွေများတယ်...  အသားအားလုံးမစားဘူး .. အရိုးများတဲ့ငါး ညှီတဲ့ငါး မစားဘူး... ကျနော် က အသား ပါမှ စားတယ် ငါး တိုင်း မစားဘူး...၊ နောက်ပြီး ချစ်ချစ်ကြီး က နေ့ တိုင်း  ဘဲဥ ကြက်ဥ ၊ ပဲ  ၊ ဟင်းသီးဟင်းရွက် နဲ့   စားတယ်... ဂျီးမများဘူး... ကျနော်က အသား ငါးတောင် ကျနော် ကြိုက်တဲ့ ပုံစံ နဲ့ ချက် မှ စားတာ ချက်နည်း မကြိုက်ရင် မစားဘူး.... သူက ရှိတာနဲ့ ခဏခဏ စားတယ် .. ကျနော် က တနေ့ ၂ကြိမ် ၊ ကျနော် ကြိုက်တဲ့ ဟင်းနဲ့ ဘဲ စားတယ်....။

မီးဖို ထဲမှာ ကျနော် အပင်ပန်းခံပြီး ချက်ပြုတ်နေရင် အတူ ချက်ဖို့ နေနေသာသာ အစားတလုပ် အတွက် ဒီလောက် ဒုက္ခခံ နေတာကို သနားတယ်တဲ့.... အင်း ကျနော့် သဘောပြောရရင် တက်ညီလက်ညီ နဲ့ ချက်ကြ စားကြ မျိုးကို လိုချင်တာပါ.. ဖြစ်နိုင်ရင် သူ က တောင် ချက်ကြွေးစေချင်သေးတယ်... အခုတော့ တခြားစီမှ တခြားစီပါ.... အတူ ချက်ဘို့ ဝေးလို့ အတူ စားကြ ရင် တောင် မတူ တာတွေ ရွေးစားကြပါတယ်...။

အဲဒီ အတွက် ကောင်းတဲ့ တချက်ကတော့ ထမင်း ဆိုင်က ဟင်းဝယ်စားရင် ကျနော် က ဟင်းကောင်း နဲ့ စားတယ်.. သူက ဟင်းရံ  နဲ့ စားတယ် အဆင်ကို ပြေလို့...။

နောက်ပြီး ဖတ်ကြတဲ့ စာအုပ် အမျိုးအစား သူ က ဘာသာပြန်တွေ ဖတ်တယ်... ၊ တရားစာအုပ် တွေ ဖတ်တယ်... ကျနော် က စာအုပ် အားလုံး ဖတ်တယ်...၊  မဂ္ဂဇင်း ဖတ်ရင် ချစ်ချစ်ကြီး က ကဗျာတွေ နဲ့ ဆောင်းပါး တွေ ရွေးဖတ်တယ်.. ဝတ္ထုတွေ ကျော်သွားတယ် ... ကျနော် က ဝတ္ထု တွေဘဲ  အရင် ရွေးဖတ် တယ်... သိပ် လှတဲ့ ကဗျာမျိုး ကျနော် ခံစားတတ်တဲ့ ကဗျာမျိုးတွေ မှ ရွေးဖတ်တယ်... ။

ရုပ်ရှင်တွေ တီဗွီ တွေ ကြည့်ရင် သူကြည့် တဲ့ ကားမျိုးတွေ ကျနော် ဘယ်တော့ မှ မကြည့်ဘူး.. ကျနော် တခါ တလေ မှ ကြည့် တဲ့ ကားမျိုးကို လည်း သူ ဘယ်တော့ မှ မကြည့်ဘူး... ။

နောက်ပြီး ဘုရား တရား နဲ့ ပတ်သက်ရင် ချစ်ချစ်ကြီးက ရိပ်သာ ကြုံ သလို ဝင်တယ်.. အိမ် မှာ အချိန် ရ ရင် ရသလို  တရားမှတ်တယ်... ကျနော် ကတော့ ရိပ်သာ တခါမှ မဝင်ဘူး... အချိန်ရှိသမျှ  စာအုပ်ဖတ်တယ်... ဘလော့ဂင်း တယ်....။

နောက်တခါ တူတာတွေ ပြောရရင် 

လွတ်လပ်ခြင်း .... ကျနော် ကြိုက်တာကို သူ့ က ခွင့် ပေးခဲ့ သလို သူ ကြိုက် တာတွေကို လည်း ကျနော့် က ခွင့် ပေးခဲ့ပါတယ်...  ကျနော် တို့ နှစ်ယောက် စလုံး လွတ်လပ်ခြင်း ကို ချစ်မြတ်နိုး တဲ့ နေရာမှာ တူညီ ကြ ပါတယ်...။


နောက် တခု  .... တူညီတာ တချက် ကတော့ တခါတလေ ချစ်ချစ်ကြီး  နဲ့ ကျနော် နဲ့ ပျင်းစရာ ကောင်းလွန်း လှ တဲ့ လောကကြီး က ထွက်ပြေးချင်ရင် .... မောင် ရေ ဆိုရင် ... ချစ် ရေ  ဆိုပြီး ချစ်ချစ်ကြီး တခွက် ရွှေစင်ဦး  နှစ်ခွက်.......။

နောက်ဆုံး.... အချစ် ..... အရေးအကြီးဆုံး အချစ် ... အချစ် တူညီ ကြပါတယ်...

အဲဒီ အတွက် ....... ဘာတွေ မတူ မတူ  အချစ်တူ လို့သာ အားလုံး အဆင်ပြေ နေကြတယ်လို့ ထင်မြင် မိပါ ကြောင်း ပြောကြားရင်း ကိုဧရာ နဲ့ မသီတာ တို့ ရဲ့ အသွင်မတူ အိမ်သူ မဖြစ် ဆိုတဲ့ တက်ဂ် ပိုစ့် လေး ကို အဆုံးသတ် လိုက် ပရစေတော့ဗျာ... ကျေးဇူးပါ...။

ဒီတခါ တော့ ကျနော် ဆက်လက်ပြီး တက်ဂ် ချင်ပါတယ်...

ရဲဘော်ကြီး... ဘလော့ဂါ မောင်မိုး ...  အဖြူလေး ... ကိုမျိုး  (မွေးရပ်မြေ အညာ) ကိုပါဗျာ...အချိန်ရရင် ရေးပေး စေချင် ပါတယ်...

ကျန် မောင်နှမ များကတော့ ဒီပိုစ် လေး ကို ဆက်ပြီး တက်ဂ် စေချင်ရန် အမြန်ကျိုးစား ကြပါ....   အချိန် ရပါသေးတယ် ....


လေးစားစွာဖြင့်
စာရေးသူ - ရွှေစင်ဦး
.
>>>ဆက်ဖတ်ရန်>>> >>

Wednesday, June 2, 2010

ကမ္ဘာ့ဖလား ( တက်ဂ်)


ကမ္ဘာ့ဖလား ဘောလုံးပွဲ ကို ကိုအောင် (ပျူနိုင်ငံ)က တက်ဂ်ပါတယ် တဲ့..၊  လေးနှစ် တကြိမ် ... ပရိတ်သတ် အချစ်တော် ဘောလုံး သမား များ မိမိ တိုင်းပြည် အတွက် ကန် ကြတဲ့ ပွဲတွေ မှာ ဘယ် နိုင်ငံ များ နိုင်မလည်း ဆိုတာ ကို အသဲ တထိတ်ထိတ် ရင်တဖိုဖို နဲ့ ကြည့်ရတဲ့ အတွက် အားလုံးက နှစ်သက် ကြပါတယ်... စိတ်ဝင်စား ကြပါတယ်....။

ကမ္ဘာ့ ဖလား မှာ ကျနော် တို့ ရွှေမြန်မာနိုင်ငံ (မအယ်... (ရွှေစစ် ရွှေစစ်) ပြောတာ နော်) ကြီး မပါဝင် ပေမဲ့... ကျနော် တို့ အားလုံး လည်း သဲသဲလှုတ် ခဲ့ ကြပါတယ် ... ၊ နိုင်ငံ တကာ က ဘောလုံး သမား များကို ကိုယ့် စိတ်ကြိုက် ရွေးလို့ ကိုယ် အားပေးတဲ့ အသင်း  မှ မနိုင်ရင် ကိုယ့် ရီးစားပစ် သွားတာ ထက် တောင် ဝမ်းနဲ ကြေကွဲ မိပါသေးတယ် ..... တကမ္ဘာ လုံး ဒီအတိုင်း ကြီးပါဘဲ..။

လူတိုင်းဟာ... ကိုယ် အားပေးတဲ့ အသင်း ကို ဘဲ  ကိုယ် နိုင်စေ ချင်တာ  သဘာဝ တရားပါ ...၊  အားလုံး ဟာ ကမ္ဘာ့ အဆင့် ဆိုတော့ လည်း သူ မသာ ကိုယ် မသာ တွေပါဘဲ ...၊ ဘာဘဲဖြစ်ဖြစ် ပိုကောင်းတဲ့ အသင်း နိုင်ရ မှာပေါ့.. နိုင်ပေ စေ့ပေါ့......။

အင်း ဒါပေမဲ့ လည်း ဘယ် လောက်  ဘဲ အပြတ်အသတ် နိုင်ခဲ့ နိုင်ခဲ့  ကောင်းခဲ့ ကောင်းခဲ့...၊ နောက်ဆုံး ရလဒ် က ဆန့်ကျင့် သွားတာတွေ လည်း ရှိတော့ ပြောရခက် ကြီးပါ..... ။

ကျနော် ကတော့ ကမ္ဘာဖလား ဆို ရင် ကိုယ် ကန် ခဲ့တာလေး ပြန်ပြန် သတိရတယ်...ကဲ... ဘယ်လိုများ ကန် ခဲ့ လည်း ဆိုတာ လေး စမြုံပြန် လိုက်ရအောင်....။

ရွှေစင်ဦး မှာ လည်း အချစ်တော် ဘောလုံးသမား လေးတွေ ရှိခဲ့ ဘူး ပါတယ် ဗျာ.. တဘက်သတ် အချစ် ပေါ့... အဲဒီတော့ တဘက်သတ် အားပေးရတာပေါ့.. ကိုယ့် ချစ်သူ ပါတဲ့ အသင်း (နိုင်ငံ) နိုင်စေပေါ့... အဲဒီအခါ ကြည့်ရတာ ပိုပြီးတော့ မတော် မတရား စိတ်တွေ များများ လာ ပါတယ်ဗျာ...၊ ကိုယ် အားပေး တဲ့ အသင်း နိုင်စေချင်တဲ့ တဘက်သတ် စိတ်ဓါတ်က ကိုယ့် ကို တချိန်လုံး ဒုက္ခ ပေးလာပါတယ် ... ။

နောက်တခါ ပိုဆိုးလာတာက အရသာ ပိုရှိအောင် လို့ ဆိုပြီး ကိုယ်ချစ်တဲ့ အသင်းဘက် က လောင်းကြေး လေး ထဲ့ လိုက်တာဘဲ.... ပိုပြီး စိတ်လှုတ်ရှား လာသလို ကိုယ်ပါ ဝင်ကန်ရသလို နှလုံးတုန် ရင်ခုန် ဖြစ်လာ ရ တာပါဘဲ... ။

ကျနော် နောက်ဆုံး ကြည့်ခဲ့ တဲ့ ကမ္ဘာ့ဖလား ပွဲ မှာ တော့ စိတ်ကြိုက် အားပေး ရအောင်  ဆိုပြီး ၂ယောက် တလုံး ( တခြား အလုံး မထင်ပါနဲ့ ... TV ပါ)...၊  ကြည့်ချင်တာ နဲ့ ကိုယ့် ဆိုင်  မှာ ကိုယ်  နှစ်ယောက်ထဲ သွားကြည့် တယ်ဗျ... ၊ ၂ယောက် တကမ္ဘာ လွတ်၂ လပ်၂ ငြင်းခုံ သတ်ဖြတ် ရ အောင်ပါ..၊ နောက်ဆုံး ဖိုင်နယ် မတိုင်ခင် မှာ တော့ ဒီလိုဘဲ ငြင်းလိုက် ခုံလိုက် နဲ့ ပြီး သွားတယ် .. ဖိုင်နယ် မှာ တော့ အားပေးတဲ့ အသင်း က တူနေတော့ စိတ်တူ ကိုယ်တူ အသင်းတူ ဖြစ်သွားပြီး... အရှုံးလည်း တူသွားပါတယ်..။

ရှုံးရုံ နဲ့ မပြီးသေးဘူး ကိုယ် မသိအောင် သူ လောင်း သူ မသိအောင် ကိုယ်လောင်း တာတွေ ကလည်း နဲနဲ များ သွားတော့ ကိုယ့် ဒုက္ခ နဲ့ ကိုယ် စိတ်တွေညစ်... ရက်ပေါင်း များစွာ အိပ်ရေးပျက် တဲ့ ဒဏ်ကြောင့် မျက်တွင်း ဟောက်ပက် နဲ့ ရှုံးထား တဲ့ ပိုက်ပိုက် တွေ ကို မြင်ယောင် တသ ရင်း ကိုယ့် အရိပ် ကိုယ် ရန်သူ ထင်နေ တဲ့ ရွှေစင်ဦး နဲ့ ရှုံး မဲ မဲ ပြီး .... ဘောလုံး သမား တွေ  ကို ပြောင်းဖူး ရိုး နဲ့ ထုမရ ... ဒိုင် ကို ကလော်တုတ်  မရ တဲ့ ချစ်ချစ်ကြီး ဟာ  တယောက် နဲ့ တယောက် ရန်စကြရင်း  အဟဲ.. နှစ်ယောက် သား ကန် လိုက်ကြ တာ အားရ ပါးရ ...၊  ဖီဖာ ဒိုင် ကလည်း မရှိတော့ တော်တော် နဲ့ ကို အနိုင်အရှုံး မခန့်မှန်း နိုင်အောင် ဖြစ်ခဲ့ ကြတယ်... ။

အဲဒီနောက် ရွှေစင်ဦး လည်း ကမ္ဘာ့ ဖလား ပွဲ ကို  မကြည့်တော့ ပါဘူး ... ကန် ရတာ ပျင်းသွား တဲ့ အတွက် ပါ .... တပွဲ လွတ်သွား တယ်ပေါ့... ၊ အင်း ဒီနှစ် တော့ မသိ သေးဘူး ရင်ခုံ စရာလေး များ (အမှတ် က မရှိ သေးဘူး) တွဲ ပါရင်တော့ ကြည့်ချင်သား ကဲ လောင်းလိုက် ကြရ အောင်...ယောင်လို့ ပါဗျာ.. ခန့်မှန်း ကြည့်လိုက် ကြရ အောင်.... ။ 

သြ ... နောက်ဆုံး သတင်းထူး ပြောရရင် ခန့်မှန်းတာ အားလုံး မှန်သူ ကို ကိုအောင် (ပျူနိုင်ငံ) က ရွှေဘောလုံး ဘလော့ဂ် ဆု ကြီး ကို ချီးမြှင့် ပါမယ်တဲ့ ခင်ဗျား (အလုံး နဲ့ မခြင်း)....။

နောက်ဆုံး လေးသင်း အဖြစ် ကျနော် ကတော့

အင်္ဂလန် နဲ့ ဟောလန် .....
အာဂျင်တီးနား နဲ့ စပိန် ......

တွေ့ကြမယ်လို့ ခန့်မှန်းပါတယ်... နောက် ဆုံး ဖိုင်နယ် ပွဲမှာတော့ ဟောလန် နဲ့ အာဂျင်တီးနား တွေ့ ကြမယ် လို့ ယူဆပြီး  အာဂျင်တီးနား ကို ဘဲ ဒီနှစ် အနိုင် ပေးလိုက်ပါတယ်.....

ပထမ    -  အာဂျင်တီးနား
ဒုတိယ  -  ဟောလန်
တတိယ -  စပိန်
စတုတ္ထ  -  အင်္ဂလန်

ဒါပေမဲ့ ဘောလုံး ဆိုတာ အလုံးကြီး ဆိုတော့ လည်း သူလိမ့်ချင်ရာ လိမ့်မှာပါ ခင်ဗျား.....
ကဲ .... ကိုအောင် ရေ ကျေနပ်မယ် ထင်ပါတယ်

ကျေးဇူးတင်စွာဖြင့်
စာရေးသူ - ရွှေစင်ဦး
.
>>>ဆက်ဖတ်ရန်>>> >>

Thursday, March 18, 2010

ရွှေစင်ဦး သိတဲ့ အသိတရား (တက်ဂ်)

အင်း အသိတရား နဲ့ ပတ်သက်လို့ ကိုမိုး က တက်ဂ် ထားပြန်တယ်..၊ အသိတရား က တော့ဗျာ.. အရေးကြီး သလား မမေးနဲ့ အသိတရား မရှိလို့လောကကြီးမှာ ဒုက္ခ တွေရောက်နေကြတာလို့ ထင်ပါတယ်.. ဘယ် အရာမဆို အသိတရား ရှိရှိ နဲ့ စဉ်းစား ပြီး ကိုယ် ဘာဆိုတာ သေချာ သဘောပေါက်.. ကိုယ်နဲ့ တန်ရာ တန်ရာ မှာ နေကြရင်.. လောကကြီး မှာ အားလုံး အဆင်ပြေ စိတ်ချမ်းသာနေကြမှာဘဲ...။

အခုတော့ဗျာ.. တချို့ လူတစုဟာ.. ကိုယ်ဟာ ဘာဆိုတာ သဘောမပေါက်.. တန်ရာတန်ရာ မှာ မနေ..  အနူ လက်နဲ့ ရွှေခွက်  နှိုက် (ကန်တော့ ကန်တော့ ဗျာ) ..၊ အဲဒီလို သတိတရား မဲ့ စွာ ပြုမူလုပ်ကိုင် နေကြတဲ့ အတွက် ဒုက္ခတွေများ နေကြပါတယ်..။

ဒါပေမဲ့ အသိတရား ဆိုတာ ရှိဘို့ အတွက် စဉ်းစား ဆင်ချင် နိုင်တဲ့ ဥာဏ်ရှိရမယ်ဗျာ့..၊ စဉ်းစား ဆင်ချင်နိုင်တဲ့ ဥာဏ် ရှိဘို့ အတွက် ပညာဆိုတာရှိရမယ်..၊ ပညာ ရှိဘို့ ရာအတွက် အရင်ဆုံး ကျောင်းပညာ တွေသင်ကြပေါ့..၊ ကျောင်းပညာ ကို တချို့ ကလည်း သင်ညာ လို့ ခေါ်ကြတယ်.. ဒီကမှ တဆင့် ကိုယ့် ဦးနှောက် ရှိသလောက် အပြင် ပညာ တွေ.. စာပေဗဟုသုတတွေ လေ့လာလိုက်စားရင်းနဲ့ ပညာတွေ တတ်သွားတာပေါ့ ဗျာ..၊ တချို့ ကလည်း ကိုယ်တွေ့ ပညာ.. တချို့ ကလည်း စာတွေ့ပေါ့ .. အခု တော့ လည်း အင်တာနက်တွေ့ ပေါ့.. အဲဒီ လို ပညာရှိမှ စဉ်းစား ဆင်ချင်နိုင်တဲ့ ဥာဏ်ပညာ ရှိပြီး အသိတရား ရှိရှိ နဲ့ အရာရာ ကို အမှန်အမှား ဆုံးဖြတ် နိုင်မှာပါ လို့ထင်ပါတယ်..။

ကျနော် အရင် က ရေးထား တဲ့  ခွေးတကောင် ယူကြမလား ဆိုတဲ့ ပိုစ် တခုထဲမှာ ကျနော့် အိမ်က ခွေးအိုကြီး အကြောင်းကို  ရေးပြပြီး ပါပြီ.. သူ့ရဲ့ မျိုးရိုးမကောင်း တဲ့ အကြောင်းကိုလည်း ရေးပြပြီးပါပြီ.. အခု အဲဒီ ခွေးအို ကြီးက သူနဲ့ ပြိုင်ဘက် မရှိ တဲ့ ကျနော် စီမှာ တကောင် ထဲ ဗိုလ် လုပ်နေတာလေ..၊ သူ နဲ့ ပြိုင်ကိုက် မဲ့ လူ ဘယ်သူ မှ မှ မရှိတာ..၊ အားလုံးက ခွေး နဲ့ ပြိုင် မဖြစ် ချင်လို့ အသာရှောင်နေကြတာ ခွေးအို ကြီးက အဟုတ် မှတ်ပြီး ဗိုလ် ကြ နေတာပေါ့..၊ အဲဒီ ခွေးအိုကြီး ရဲ့ အသိတရား မရှိတဲ့ အဖြစ် တွေကို ပြောပြချင်တယ်..။

ကျနော့် တို့စီမှာ ခွေး မျိုး ပြုတ်သွား ပါပြီ..၊ ဒီခွေး ကြီး တကောင် ကျန်နေတာပါ..၊ အခု တကောင်ထဲ ဗိုလ် လုပ်နေတဲ့ ခွေးအိုကြီးဟာ မကြာခင် ငရဲပြည်သွား ပြီး ဘဝပေါင်း များစွာ ငရဲခံ နေရမယ်လို့ ကျနော် ထင်ပါတယ်..၊ ဘာဖြစ်လို့ လည်း ဆိုတော့ ခွေး ဆိုတာ ပညာ မသင်နိုင်ပေမဲ့ ဘဝ ကပေးတဲ့ ပညာတွေ ကို သူတို့ ဘာသာ သူတို့ တတ်ပြီး အမှန်အမှား ဆုံးဖြတ်နိုင်တဲ့ ဥာဏ်ရှိပါတယ်..၊ ခွေးဆိုလည်း ခွေး အလျှောက် ဘယ် သူကို ဟောင်သင့် သလည်း ကိုက်သင့် သလည်း မျက်နှာချို သွေးသင့်သလည်း ဆိုတာ နားလည် ကြပါတယ်..။

အခုတော့ဖြင့် ခွေး သာ ဖြစ်တယ်.. ခွေးလောက်မှ အသိတရား မရှိ ...အဟိ.. ခွေးထက်နိမ့် တာ ဘာရှိသေး လည်း မသိ.. ထားလိုက်ပါတော့လေ.. လောလောဆယ်ဆယ်တော့ .. အဲဒီ ခွေးနာ လောက်ကိုက် ဂျိုးကျိုး နားရွက်ပဲ ခွေးအိုကြီးဟာ.. မဲမဲမြင်တိုင်း ဟောင်နေတယ် ဗျ..၊ ကျနော် က တကယ်ဆို ဆိုင်ဖွင့်ထားတာ ဆိုင်လာသမျှ လူတိုင်းဟာ .. ကျနော့် တို့ ရဲ့ ကျေးဇူးရှင် တွေဘဲ .. ကျနော် တို့ လူတွေဆိုရင် သူတို့ ကို ကျနော်တို့ တတ်နိုင်သမျှ ကူညီ၊ ကာကွယ် စောင့်ရှောက် ရမယ်..၊ ခွေး ဆိုရင် လည်း အမြီး တနံ့နံ့ နဲ့ ကြိုဆို နှုတ်ဆက် ရမယ်ဗျ..။

အခုတော့ ဗျာ.. ဒီခွေးအိုကြီး ဖြစ်ပျက်နေပုံက ဒီကျေးဇူးရှင်တွေကို မကြိုဆို တဲ့ အပြင် ရန်သူထင်ပြီး မဲမဲမြင် ဟောင်နေတာဘဲဗျို့... တခါတလေများဆိုရင် တချို့ကျေးဇူးရှင်များက ဟောင်ဘွာ ဟောင်ဘွာ များ လုပ်လိုက် တယ်ဆိုရင် သွေးထွက်အောင် ကို ကိုက်ပြစ် လိုက်တော့ တာဘဲဗျာ.... ကိုယ့် ကျေးဇူးရှင်ဘဲ သူတို့ဘာသာ ဘယ်လောက် အသံကျယ်ကျယ် ငါ့ အလုပ်မဟုတ်ဘူး ဆိုပြီး.. အသာမနေ ဘူး လုပ်ချပြစ်လိုက် တော့တာဘဲ..၊ ကျေးဇူးကန်းတာ..ကျေးဇူးကန်းတာ..။

ဘယ်ကလောက် ကျေးဇူးကန်း နေသလည်း ဆိုရင်.. စဉ်းစားသာကြည့်တော့..ကိုယ့်ကို ထမင်းကျွေး အလုပ်ပေး.. (ဆိုင်စောင့်..အိမ်စောင့် အလုပ်) ထားလို့ ကိုယ် ထမင်းမငတ်ဘဲ ဒီလို ခွေး ပီပီ နေနိုင်တာကို မနေဘဲ ထမင်းရှင်များကို စော်ကားလိုက်တဲ့.. လူ့ကိစ္စ ထဲ ပါဝင်လိုက်တဲ့....အသိတရား မရှိပုံတချက်...။

နောက်တချက်က ကျနော်က မနက်မနက် ဆိုရင် ဘုန်းကြီးတန်းကြီး ကို ဆွမ်းလောင်းတယ်ဗျ... ကိုယ် ကိုယ် တိုင် ထမချက်နိုင်တော့ ထမင်းချက်ခ ပေးပြီး ချက်ခိုင်း မနက်တိုင်း ကြွလာသမျှ ဆွမ်းလောင်းပေါ့.. ဆွမ်းဟင်း ကတော့ အဆင်ပြေတဲ့ နေ့ မှ လောင်းလှုနိုင်ပါတယ်.. စာသင်သား ဘုန်းကြီးများပါ.. အပါး ၃၀ လောက်တော့ ရှိမယ်.. တခါ တခါ ၂တန်း ကြွရင်. ၄၀ ကျော်လောက်ရှိတယ်.. မနက် စောစောစီးစီး ဘယ်လောက် များ ကျက်သရေ မင်္ဂလာ ရှိသလည်း ဆိုတာ စဉ်းစားကြည့်ပေါ့.. ။

ဒီ ရဟန်း သံဃာ တော်များ ဟာ ကျနော်တို့ ဗုဒ္ဓ သာသနာ တော်ကြီး အရှည် တည်တန့် ဘို့ တရား တော်တွေ ပြန့်ပွား ဘို့ လုပ်ကိုင် နေကြတဲ့ ကျနော်တို့ တိုင်းပြည် အတွက် .. ဗုဒ္ဓ သာသနာတော် ကြီး အတွက် ဘယ်လောက်များ အရေးထားသင့် တဲ့ ရဟန်း များပါလည်း.. ကျနော့် မှာတော့ ဒီလို လှုဒါန်းခွင့် ရတဲ့ အတွက် ပိတိ တွေဖြာလို.. ဒင်း (ဒီ ခွေးအို လောက်ကိုက်) မှာ တော့ ဝါဝါ မြင်တိုင်း ရန်သူထင်ပြီး.. ဒီကိုယ်တော် တွေကို ဟောင်နေတာဗျ.. သြ ရှက်လိုက်တာဗျာ... ဒီခွေးအိုကြီး ရဲ့ သံသရာ ကို စဉ်းစားမိတိုင်း ရင်လေးမိပါရဲ့...၊ ဒင်းရဲ့ အသိတရား မရှိပုံကို လည်း သြချလိုက်မိပါရဲ့...။

ကျနော် ကတော့ဗျာ.. တကယ် ကို သီးမခံချင်တော့ပါဘူး.. အဆိပ်ကျွေး ပြီး တော့ ကို သတ်ချင်တာပါဘဲ.. ဒါပေမဲ့ မရဘူးဗျ... သူ့ ကံရှိသလောက်.. နေပါလိမ့် မယ်တဲ့.. အဟဲ အခု ငရဲပြည် သွားဘို့ အကုသိုလ် လိုနေသေးလို့ လုပ်နေတာ.. လုပ်ပါစေတဲ့ဗျာ.. ဘယ်သူကပြောတာလည်း..ဟုတ်လား.. ကျနော် တို့ မှာ ရှိတဲ့ အသိတရား ကပြောလို့ သီးခံ နေရတာပေါ့ဗျာ...အင်း ရွှေစင်ဦး တို့ ဒီခွေးကြီး ကို သတ်လို့များ ငရဲ ပြည်က မတက်ရဘူး ဆိုလည်း ခံနိုင်ပါတယ်... ဒါပေမဲ့.. အသိတရား. .အသိတရား. ရှိနေတယ်...မဖြစ် ချေသေးဘူး...ခံလိုက်အုန်းဟဲ့ ဝဋ် ရှိသ၍......။

လောလောဆယ်တော့ ကျနော့် အသိတရား ထဲမှာ ဒီအကြောင်းတွေ ဘဲ ရှိနေတဲ့ အတွက် ကျနော် အားသန် နေတဲ့ အခု အသိတရား လေးကိုဘဲ ရေးပေးလိုက်ပါတယ်... ကိုမိုး နဲ့ စာဖတ်သူများ ကျေနပ်မယ် ထင်ပါတယ်...။

လေးစားစွာဖြင့်
စာရေးသူ-ရွှေစင်ဦး
.
>>>ဆက်ဖတ်ရန်>>> >>

Wednesday, March 17, 2010

ရင်ထဲက အတွေးတချို့ (တက်ဂ်)

ညီမ ချော (အစိမ်းရောင်လွင်ပြင်) က တက်ဂ် ထားပြန်တယ်.. ရင်ထဲက အတွေးတချို့ တဲ့.. အဟဲ.. ရင်ထဲမှာ အတွေးတွေက များလွန်းလို့ ဘယ်အတွေး တောင်ရေးရမှန်းမသိဘူး...။ 

အတွေး တွေက အများကြီးပေမဲ့ တကယ့် နှလုံး သားထဲမှာ တော့ တကယ်ဘဲ အတွေးတချို့ ရှိပါတယ်...၊ ညီမ ချော ပြောသလို ဘဲ ကျနော်က လည်း တသက်လုံး စာအုပ်တွေ ထဲက လူတွေနဲ့ ပေါင်းသင်းလာတာ ဆိုတော့ စာအုပ် ထဲက မိတ်ဆွေတွေ အများကြီး နဲ့ ရင်ထဲမှာ သူတို့အကြောင်း  အတွေးတချို့ ရှိတယ်..။

စာအုပ်ထဲက မိတ်ဆွေ တွေရဲ့ အမူအကျင့် ကောင်းတွေ..၊ သူတို့ ဘဝတွေ ကို ရုန်းကန်ရင်ဆိုင်ဖြေရှင်း လာခဲ့ ပုံ တွေကို အားကျလေးစားရင်း.. ဘဝတိုက်ပွဲ နွဲတဲ့ အခါမှာ စိတ်ဓါတ်ကျစရာ အရှုံးတွေ ကို ရင်ဆိုင် လာရတဲ့ အခါမှာ ငါ့ မိတ်ဆွေတွေ ဘယ်လိုများ တိုက်ပွဲ တွေကို အနိုင်တိုက်ခိုက် ခဲ့ သလည်း ဆိုတဲ့ ရင်ထဲက အတွေးတချို့ နဲ့  ဘဝတိုက်ပွဲ တချို့ကို နိုင်အောင်တိုက်နိုင်ခဲ့ပါတယ်..။

ဘဝဆိုတာ တကယ်ဘဲ ပန်းခင်းလမ်း မဟုတ်ပါဘူး.. လူတိုင်းလူတိုင်းမှာ ရုန်းကန် ခက်ခဲ ရတဲ့  ဘဝ အပိုင်း အစတွေ အများကြီး ရှိခဲ့ကြပါတယ်..၊ ဒီလို အချိန်တွေမှာ...လူတွေရဲ့ ကိုယ်ချင်း မစာနာမှု့တွေ..၊ ရိုင်းစိုင်း ကြမ်းတမ်းတဲ့ သဘောထားတွေ..၊ သေးသိမ် ညံဖျင်း တဲ့ စိတ်ဓါတ်တွေ..၊ အဆင်းမှာ တွန်းချ တတ်တဲ့ လူ တချို့ ကြောင့်  ဘဝ တိုက်ပွဲ မှာ ရုန်းကန် တိုက်ခိုက်ရင်း ကျနော့် ရဲ့ စိတ်ဓါတ်တွေ ယိမ်းယိုင် ခဲ့ ဘူးပါတယ်.. ဒီအချိန်မှာ ကျနော့် ရဲ့ စာအုပ်တွေထဲက မိတ်ဆွေများရဲ့ မြင့်မြတ်တဲ့ စိတ်ဓါတ်တွေ က ဘဝခွန်အားတွေကို ပေးခဲ့ပါတယ်.. ကျနော့် ရင်ထဲမှာ အမြဲတမ်း ရှိနေတဲ့ ဇာတ်ကောင်တွေရဲ့ အတွေးတချို့ကြောင့် လဲနေရာက ပြန် ထ လာနိုင်ပါတယ်..။

ကျနော် သိပ်ကြိုက်တဲ့ အမေရိကန် ပြည်တွင်းစစ် အကြောင်း ကို ပီပြင်စွာ ချယ်မှုန်းထားတဲ့ မာဂရက် မစ်ချယ် ရဲ့ Gone with the Wind  ဆရာမြသန်းတင့် ရဲ့ လေရူးသုန်သုန် ထဲက စကားလက် အိုဟာရာ က ဘယ်အခြေအနေ မှာ ဘဲ ရောက်ရောက် ဘဝကို ရှင်သန်နိုင် အောင် ကျိုးစားရမယ် ဆိုတဲ့  အတွေး တွေ ကို ပေးတယ်....၊ နောက်ပြီး အက်ရှလေ က စိတ်ကူး ထဲမှာ နစ်မြောမနေဘဲ လက်တွေ့ ဖြစ်နေတဲ့ ဘဝနဲ့ ကိုက်ညီ စွာ နေထိုင်တတ် အောင်  အတွေး တချို့ကို ပေးတယ်..၊ ရက်ဘတ်တလာ က အားလုံး ကို နားလည် နိုင်တဲ့ အသိဥာဏ် မျိုး ရှိအောင် ကျိုးစားချင် တဲ့ အတွေးစ တွေကိုပေးတယ်..၊ ဒါက စာအုပ်တအုပ် ထဲက ဇာတ်ကောင် တချို့ အတွက် ရင်ထဲက အတွေးတချို့ပေါ့..။

နောက်ပြီး..ကျနော် က မနက် မနက် အိပ်ယာထရင် ရေအေး တခွက် သောက်တယ်..၊ မျက်နှာသစ် ပြီးရင် တော့ ရေနွေးကြမ်း တခွက် အမြဲသောက်တယ်..၊ အဲဒီလို ရေနွေးကြမ်း သောက်လို့ လဘက်ခြောက် ခပ်ရင်  ရင်ထဲမှာ ရှိတဲ့ . .အခုတခါ ကျနော် တင်ပေးမဲ့ ဝတ္ထု Pearl S.Buck ရဲ့ The Good Earth ဒဂုန် ခင်ခင်လေး ရဲ့ မြေပဒေသာထဲက ဝမ်လန်း  အဖေကြီး ရဲ့ လဖက်ခြောက် ခပ်တာ ကို အမြဲတမ်း သတိရတယ်.. ဒါကြောင့် လက်ဖက်ခြောက် များများခပ်သောက် နိုင်တဲ့ ကျနော့် ဘဝအခြေအနေအတွက် ကံတရားကို ကျေးဇူး တင်မိတယ် (လောဘ ကြီးလိုက် တာနော်)...ဒါလည်း အတွေး တစ ပေါ့လေ..။

တခါတလေ တော့လည်း လောက မှာ တိရစ္ဆာန် ထက် ဆိုးဝါးတဲ့ အသိဥာဏ် နဲ့ လူတွေ အများကြီး ရဲ့ ဘဝ တွေကို ဖျက်စီးနေကြတဲ့ လူ မဟုတ်တဲ့ လူ တွေ ကို တွေ့မိတဲ့ အခါ သူ တို့ကို ရွံမုန်းတဲ့ စိတ်ဓါတ် တွေ နဲ့  သူတို့သာ လူဆိုရင် ကိုယ်တောင် လူ  မဖြစ်ချင် တော့တဲ့ အခါ မှာ... လူဖြစ်ပြီး လူ နဲ့ မတူအောင် မြင့်မြတ်တဲ့ သဘောထားတွေ ပိုင်ဆိုင်ခဲ့ ကြတဲ့ မာသာထရီဇာ..သုခမြို့တော် ထဲက ဘုန်းတော်ကြီး ကိုဗာစကီး.. မြန်မာပြည်၏ ဟယ်လင် နဲ့... အခြား အခြားသော မြင့်မြတ်တဲ့ .. မရေမတွက်နိုင်သော အာဇာနည် ပုဂ္ဂိုလ်  တို့ကို သတိရပြီး လူ ဖြစ်ရတဲ့ အတွက် ဂုဏ်ယူမိတယ်..ဒါလည်း.. ရင်ထဲက အတွေး တချို့ ပေါ့လေ..။

ဒါတွေက စာအုပ် ထဲက ဇာတ်ကောင်တွေ နဲ့ ပတ်သက်ပြီး ထုတ်ဖော်လို့ရတဲ့ .... ရင်ထဲက အတွေး တချို့ ပေါ့နော်..၊ တခြား လည်း ရှိပါသေးတယ်..၊ ဒါပေမဲ့  ထုတ်ဖော်လို့ မရတဲ့ အတွေးတချို့ပေါ့...၊ အခု လောလော ဆယ်ဆယ်တော့ အခုရေးလိုက် တာ နဲ့ ဘဲ ကျေနပ်ကြပါဗျာ..၊ အဆင်ပြေတဲ့ တချိန် မှာတော့ ..ကျန်ရှိနေသေးတဲ့ ရင်ထဲက အတွေး တချို့ကို  ဖော်ထုတ် ပေး ပါမယ်..။

အားလုံး အားလုံး ရင်ထဲက အတွေး တချို့ ကို ထုဆစ် ပုံဖော်နိုင်ကြပါစေ...။ ညီမ ချော လည်း ကျေနပ် နိုင်ပါစေ..၊ ဆက်လက်ပြီး တော့ ကျနော် ခင်တဲ့ မိတ်ဆွေ များ ကို (ရင်မခုန် ကြပါနဲ့ ) မတက်ဂ် တော့ပါဘူး..။

လေးစားစွာဖြင့်

စာရေးသူ-ရွှေစင်ဦး
.
>>>ဆက်ဖတ်ရန်>>> >>

Saturday, February 6, 2010

ကိုယ့်အကြိုက် (ထမီလေး တထည်)

သူငယ်ချင်း ချစ်ကြည်အေး က တက်ဂ်ထားတယ် ဆိုလို့ ဘာခေါင်းစဉ်လည်း ဆိုတာ အပြေးအလွှား သွားကြည့် မိတယ် ခင်ဗျား.. အမယ်လေး..လေး အောက်ပိုင်း တက်ဂ် ကြီးပါလား..(အထင်တော် မလွဲ လိုက်ပါနဲ့ ထမိန်တော် ပါတဲ့ခင်ဗျား)...ကျနော်လည်း တနေ့တနေ့ ထီးသုံး နန်းသုံး တွေ ဖတ်ရလွန်းလို့  အကျင့် ပါသလိုတောင် ဖြစ်နေပြီ..။

ကဲ..ချစ်ညီမ ရေ ထမိန် တက်ဂ် တဲ့ဟေ့ ဆိုပြီး.. တဝုန်းဝုန်း နဲ့ အပေါ်ပြေးတက် ဘီရို တံခါးဖွင့် ပြီး ထမီ တွေ ဆွဲထုတ်တယ်ခင်ဗျား..၊ ချစ်ညီမက..နောက်က ပြေးလိုက်လာပြီး ခင်ဗျား ဒါဘာလုပ်တာလဲ တဲ့..ကျနော် လည်း ခပ်တည်တည် နဲ့ ဘာလုပ်ရမှာလည်း သူငယ်ချင်းက တက်ဂ်ထားလို့ ထမိန် တွေ ဓါတ်ပုံရိုက် မလို့လို ပြောလိုက် တယ်ခင်ဗျား..။

ချစ်ညီမက တဟားဟား နဲ့ အော်ရီတယ်...၊ အမယ် ခင်ဗျားက ဒီထမိန် တွေ ဓါတ်ပုံ ရိုက်ပြီး ဘလော့ဂ် ပေါ်တင်အုန်းမယ် ဟုတ်လား..၊ အမယ်လေး  ခင်ဗျားမလို့ မရှက်တယ်တဲ့.. အဲဒါနဲ့ ကျနော် လည်း စိတ်ဆိုးသွားပြီး..ဟေ့ မင်းစကားကို ဆင်ဆင်ချင်ချင် ပြောရင် ကောင်းမယ်..၊ ဒို့ ဘလောဂ် ညီအမတွေစီ မင်းသွားကြည့်လိုက်အုန်း အားလုံး ဒီလို တင် နေကြတာဘဲ.. ထမီ လေးတွေ မှ လှမှလှ...၊ ဘာရှက် ရမှာလည်း.. လို့ ပြောလိုက်တယ်..။

အင်း...ခင်ဗျား..မဲ မနိုင်တာလည်း မပြောနဲ့ တော်တော် တုံးတာ..အဲဒါတွေက ရှယ်တွေ ဗျ..၊ ခင်ဗျား မှာ ဘာများ အကောင်းရှိလို့လည်းတဲ့..၊ ဘာ မကောင်းရမှာလည်း ငါလည်း အခုဝတ်နေတာဘဲ ဆိုတော့ ခင်ဗျား ဟာတွေက တခုမှ တန်းမဝင်ဘူး.. အကုန်လုံး အပြဲ နဲ့ အဖာ နဲ့ အစွန်း နဲ့ ပြီးတော့ အပေါစား တွေ တဲ့..အေးအေး နေပါ ကိုယ့်အမရယ်..ရှက်စရာတွေ မလုပ်စမ်းပါနဲ့တဲ့...။

ကဲ..သူငယ်ချင်း ရေ ကြားတဲ့ အတိုင်းဘဲ...၊ ကိုယ့်မှာ အခုတလော မဲဆွယ်ပွဲ အတွက် မအားလပ် ရအောင် အလုပ်များ နေတော့ ချစ်ညီမ နဲ့ ချစ်ချစ်ကြီးကို မျက်နှာချို သွေးနေရတယ်.. တနေ့တနေ့ ကွန်ပျူတာ ရှေ့က မခွာဘဲ ဘလော့ဂ်ရှု့..ဘလော့ဂ်ထိုင် လုပ်ပြီး ဘလော့ဂ်တရားနာ နေတာနဲ့..ဆိုင်လည်း ပစ်ထား တာဆိုတော့..ချစ်ညီမက ထိမ်းသိမ်း စောင့်ရှောက်နေရတဲ့ အတွက် သူ့စကား ကို နာခံမှ ဖြစ်မယ် ကွယ်..။

ဒါပေမဲ့ သူငယ်ချင်းရေ..ကိုယ် အကြိုက်ဆုံး ထမိန် လေးတထည် တော့ ရှိတယ်..ပြောပြမယ်နော်..
ဆရာမ နုနုရည် (အင်းဝ) ရဲ့   ပထမဆုံး ဝတ္ထုတို လေး ဖြစ်တဲ့ ထမိန်လေး တထည် ( ပေဖူးလွှာ မဂ္ဂဇင်း ) ကိုတော့ အသဲထဲမှာ စွဲနေအောင် ကြိုက်မိပါရဲ့.......

သူငယ်ချင်း  ချစ်ကြည်အေး ကျေနပ်မယ် ထင်ပါတယ်

စာရေးသူ- ရွှေစင်ဦး
.
>>>ဆက်ဖတ်ရန်>>> >>

Wednesday, November 18, 2009

ကမ္ဘာကြီး ပျက်ခဲ့လျှင် တဲ့

 (post အသစ်တင်နိုင်အောင်၊ ဘလော့ ဖွင့်ရန် အဆင်ပြေအောင် အကူအညီပေးခဲ့သော မိုးကောင်းကင် ဘလော့၊ http://www.zawk.mmgenius.com ဘလော့ဂါ ကိုဇော်သိင်္ခ နှင့် IT ပညာရှင်များအားလေးစားလျှက်)

၂၀၀၉ ခုနှစ်ထဲ မှာ အရိုးဆုံးခေါင်းစဉ် တခုဖြစ်သွားပြီ ထင်တယ်၊ ဒါပေမဲ့ သူငယ်ချင်း မ နမ်းမဝ က tag သွားတဲ့  အတွက် ကျနော်ရေးပါမယ်ဗျာ။

တကယ် ကမ္ဘာပျက်ရင်တော့ ကျနော်တို့ အားလုံး သေသွားတော့ မှာပေါ့.....

လောကကြီးမှာ သိပ်မိုက်ခဲ့တဲ့ သူတွေတောင် သေခါနီးမှာ အမြင်မှန် ရပြီး နောင်တ တရားတွေရ၊ အမှားတွေ ကိုတောင်းပန် ကြ၊ ဘုရားတရား ကို သတိရကြတယ်၊ ရုပ်ရှင်ထဲ ဝတ္ထု ထဲမှာတော့ အဲဒီ အတိုင်းဘဲ၊ အပြင်မှာတော့ လူမိုက်ကြီးတွေ သေခါနှီး မမြင်ဘူးတော့ မသိဘူးဗျာ။ လူကောင်းတွေ ဆိုရင်တော့ ပြောစရာ လိုမယ်မထင်ပါဘူး။

နောက်ဘဝ ရှိတယ်လို့ ယုံကြည်ကြတဲ့ ဘာသာဝင်တွေကတော့ ဘ၀ကူးကောင်းအောင်၊ နောက် ဘ၀တခုမှာ ကောင်းကောင်းမွန်မွန် ဖြစ်အောင် ပြင်ဆင်ကြ မှာပေါ့၊ နိဗ္မာန် ရောက်ကြောင်း ကျင့်နေကြတဲ့ ပုဂ္ဂိုလ်ထူး တွေကလည်း ဒီဘဝမှာ (ကမ္ဘာမပျက်ခင်မှာ) တခါထဲ ပြီးပြတ် အောင် ကျင့် ရမှာပေါ့နော်။ (ကမ္ဘာကြီး မရှိရင် နိဗ္ဗာန် ဆိုတာရောဘယ်မှာ လည်း၊ နောက်ဘဝဆိုတာ မရှိခဲ့ရင်....ဒီဘဝ နဲ့တင် အားလုံးပြီးသွားရင် ?)

အခု ကမ္ဘာပျက်ခဲ့ရင် ဆိုတဲ့ ပို့စ် တွေဖတ်ကြည့်တော့လည်း ဒီအတိုင်းဘဲ၊ ချစ်တဲ့သူနဲ့ အတူနေ၊ ဘုရား၊ တရားတွေလုပ်ပေါ့၊ တတ်နိုင်သမျှ သေဘို့ပြင်ဆင်ထားကြမှာပေါ့နော်။

ကျနော် ပုံပြင်တပုဒ်ပြောပြမယ်ဗျာ၊ ပုံပြင်ထဲက သေခါနီး လူမမာ ကတော့ ........

လူတယောက် သေခါနီးမှာ ဘုန်းကြီးက တရားလာဟောတယ်ဗျာ၊ ကောင်းရာမွန်ရာရောက် အောင်၊ တသက်လုံး မကောင်းတာ လုပ်ခဲ့တာတွေအတွက် နောင်တ တရားရအောင်၊ ဘုရား တရား သိသွား အောင် တရားဟောတာပေါ့။

အဲဒီ တရားဟောသံ တွေကြားပြီး သေခါနီး လူမမာ ကမျက်ရေကျတယ်တဲ့။ အဲဒီမှာ ဘုန်းကြီးက ဒကာကြီး မငိုပါနဲ့၊ ဒီလို ကိုယ့်အမှား ကို သိတဲ့ အတွက် ဘုရားသခင် ကခွင့်လွှတ် မှာပါ၊ အပြစ်တွေ ကို ဖွင့်ဟ၀န်ခံပြီး စိတ်ချမ်းသာစွာနေပါ၊ ဘုန်းကြီး ဆုတောင်း ပေးမယ်လို့ ပြောတယ်ဗျာ။


 အဲဒီမှာ လူမမာကပြောတယ်၊ ဘုန်းကြီး တရားဟော တဲ့ အချိန်မှာ ဘုန်းကြီးပြောခဲ့တဲ့ အပြစ်တွေကို ပြန်သတိရ သွားပြီး၊ အဲဒီ အပြစ်တွေကို သူဝအောင် မလုပ်ရဘဲ သေသွားရတာ ကို နှမြောလွန်းလို့ နောင်တ တရားရလွန်းလို့ပါတဲ့ ဗျာ ဟား...ဟား။ ထားလိုက် ပါတော့ဗျာ၊


(အဲဒီလို ကိုယ့်စိတ်ကူးနဲ့ ကိုယ် ကမ္ဘာကြီးပျက်ခဲ့ ရင် (မသေခင်) လို့ စဉ်းစားပြီး ကိုယ်လုပ်ချင် တာတွေ လျှောက်လုပ် နေကြရင် တကယ် ကမ္ဘာကြီးမပျက်ခင် ကမ္ဘာကြီးပျက်သွား ပါလိမ့်မယ် ခင်ဗျာ)

ကမ္ဘာကြီး ပျက်ခဲ့ရင် ဆိုတဲ့ အကြာင်းပြောရမယ်ဆိုရင်....

မြတ်စွာဘုရားကတော့ ကမ္ဘာကြီး စတဲ့ အချိန်ကိုသာမန်လူတွေ မစဉ်းစားစေချင်ဘူး၊ သိစေချင် တဲ့ အထဲမှာလည်း မပါဘူး၊ အဲဒီတော့ မြတ်စွာဘုရားသာ သက်တော်ရှိနေသေးရင် ကမ္ဘာကြီးပျက်ခဲ့ ရင်ဆိုတာ ကိုလည်း သာမန်လူတွေ သိစေချင်တဲ့ အထဲမှာ ပါမှာမဟုတ်တဲ့ အတွက် ကျနော် သိလည်း မသိချင် ပါဘူး၊ စဉ်းစားတဲ့ အထဲမှာလည်း ပါလည်း မပါ ပါဘူး၊


ကမ္ဘာကြီး ပျက်ခဲ့ရင် နဲ့ ပတ်သက်လို့ ဒီလောက် ဘဲပြောစရာရှိပါတယ်ဗျာ....။

မ နမ်းမဝ (အဖြူရောင် နတ်သမီးလေး) ကျေနပ်မယ်ထင်ပါတယ်..

shwezinu

အောက်မှာ  nyeinmahaw ဘလော့ ကကူးယူလာတဲ့ ကမ္ဘာတည်ပုံ/ပျက်ပုံ ကိုဖော်ပြ ပေးပါမယ် ... 

  ဗုဒ္ဓဘာသာအရ ကမ္ဘာတည်ပုံ

ဗုဒ္ဓဘာသာစာပေများအရ ကမ္ဘာတည်ပုံကို သိရှိသည်မှာ အဇဋာတစ်ခွင် ကောင်းကင်ပြင်မှ စကြ၀ဠာအနန္တ သတ္တ၀ါအနန္တ ရှိပါသည်။ ထိုအတွင်းမှာ ( ၃၁ ) ဘုံ အဖြစ် ပိုင်းခြား သတ်မှတ်ထားပါတယ်။ ဤလူ့ဘုံ ကမ္ဘာအပါအ၀င် စကြ၀ဠာအနန္တတို့၏ ဖြစ်ပျက်စဉ် များသည်လည်း ( အနာဒိအနန္တ ) ဆုံးစ မထင်သေား ဖြစ်ပျက်စဉ်ကြီးသာ ဖြစ်သည်။ ဖြစ်လိုက် ၊ တည်လိုက် ၊ ပျက်လိုက် ၊ ဖြစ် ၊ တည် ၊ ပျက် ၊ ဖြစ်စဉ်ကြီးတွင် ကျွန်မတို့ ကမ္ဘာစ ဖြစ်ပေါ်လာပုံမှာ ပထမ ကမ္ဘာပြုမိုး နှစ်ပေါင်းရွာပြီး ကောင်းကင်လေထုကို မထိုဖောက်နိုင်သဖြင့် လေထုအပေါ်တွင် ရေထု  အဖြစ်တင်လျှက် နှစ်ပေါင်းများစွာတည်ပြီး အထက်ပိုင်း ရေစုတို့သည်။ တစ်စ တစ်စ မြေသား အဖြစ်သို့ပြောင်းလဲသွားပြီး ယူဇနာ နှစ်သိန်းလေးသောင်းအထူ မြေကြီးဖြစ်လာကာ အောက်ထပ်တွင်ကျောက်သား ဖြစ်ပေါ်လာပြီး အထက်ထက်ဝယ်ကာ မြေသား ပကတိ ဖြစ်သည်။ မြေထုကိုခံ ထားသေားအောက်ပိုင်း ရေထုက ယူဇနာ လေးသိန်းရှစ်သောင်း ရှိပါသည်။ ရေထုကို ခံထားသေား ပတ်ဝန်းကျင်လေထုက ယူဇနာ ကိုးသိန်းခြောက်သောင်း ရှိပါသည်။ ထိုလေထု၏ အထက်၌အဇဋာကာသ (အထက်ကောင်းကင်) အောက်၌ အောက်အဇဋာကာသ (အောက်ကောင်းကင်) တည်ရှိသည်ဟုသိရပါသည်။

 ဗုဒ္ဓဘာသာအရ ကမ္ဘာပျက်ပုံ နဲ့ ပျက်ချိန်

တည်ရှိလာသေား ကမ္ဘာအပါအ၀င် စကြ၀ဠာသည် အချိန်ကြာလာသော အခါ ဖြစ် ၊ တည် ၊ ပျက် ၊ နိယာမ တရားအရ တနေ့တွင် ပျက်စီး ဦးမည် သာဖြစ်သည်။ ဤ ကမ္ဘာကြီး သည် မည်သည့် အချိန်တွင်ပျက်စီး မည်နည်း  ဟု မြတ်စွားဘုရားအား ရဟန်းတပါက မေးခဲ့ဖူးတာကို ဘုရားရှင် က နှစ်အပိုင်းအခြား ပြရန်မလွယ်ဟု မိန့်ကြားပြီး ဥပမာနှင့် ဟောပြတော်မူခဲ့သည်။ အမြင့် တယူဇနာ  အကျယ် တယူဇနာ ရှိသေား ကျောက်တောင်ကြီးကို အလွန်နူးညံ့သေား ကတ္တီပါစဖြင့် အနှစ်တစ်ရာတွင်  တကြိမ်ပွတ်ပေးသည့်အတွက် ထိုကျောက်တောင်ကုန်  သွားသော်လည်း ဤကမ္ဘာကြီး  မပျက် စီးသေးကြောင်း ၊ အမြင့် တယူဇနာ  ၊ အကျယ် တယူဇနာ ၊ အရှည် တယူဇနာ ၊ ရှိ့သည့် မြို့ရိုး ကြီး  နှင့် အပြည့် မုန့်ညုင်းစေ့ ထည့်ထားပြီး အနှစ်တစ်ရာ ကြာလျှင် တစ်လုံးကျ  ယူ၍ ပစ်ထုတ်သေားကြောင့် မုန့်ညုင်းစေ့ ကုန်သော်လည်း   ကမ္ဘာကြီးမပျက်စီး သေးကြောင်း ဟောတော်မူသွားသည်။
>>>ဆက်ဖတ်ရန်>>> >>