Showing posts with label ဒဂုန်ခင်ခင်လေး ၏ ကမ္ဘာ့ခရီးသည်. Show all posts
Showing posts with label ဒဂုန်ခင်ခင်လေး ၏ ကမ္ဘာ့ခရီးသည်. Show all posts

Monday, July 12, 2010

ဒဂုန်ခင်ခင်လေး ၏ ကမ္ဘာ့ခရီးသွားမှတ်တမ်း အပိုင်း (၂၈) ဇာတ်သိမ်း

ဗမာနိုင်ငံစသော အရှေ့နိုင်ငံက လူများစုတွေကလည်း အနောက်နိုင်ငံသား မျက်နှာဖြူများကိုတွေ့ လျှင် အများ အားဖြင့် အင်္ဂလိပ်၊ အမေရိကန်၊ ဂျာမဏီ၊ ပြင်သစ်၊ စပိန်၊ အီတလီ စသဖြင့် မခွဲတတ် မျက်နှာဖြူ အနောက်တိုင်းသား များဟုသာ အမှတ်သညာ ထားတတ်ကြသကဲ့သို့ ဖြစ်ပါလိမ့်မည်။

အချို့ ဖော်ရွေ၍ ဗမာကို မမြင်ဘူးသော အမေရိကန် လူမျိုးများနှင့် တနေရာရာတွင် ရင်ဆိုင် တွေ့ ရသောအခါ အိန္ဒိယကပါလားဟု အမေးခံရသောအခါလည်း ရှိသည်။ တရုပ်ပြည်ကပါလားဟု အမေးခံရသောအခါလည်း ရှိတတ်ပါသည်။ ကုလားနှင့် တရုပ်မှာ အ၀တ်အဆင်နှင့် ရုပ်အသွင် မည်မျှ ကွဲပြားစေကာမူ သူတို့ဆီမှာခွဲခြား နားမလည်သေးသူတွေ အတော်များများ ရှိပါသေးသည်။ သို့ရာတွင် သူတို့ အနောက်တိုင်းသားချင်းတော့လည်း ရုပ်ကိုမြင်ရုံနှင့်ဘဲ ဒီကောင်ဟာ ပြင်သစ်ဘဲ ဒီငတိကတော့ စပိန် ဟိုငနဲ က ဂျာမနီ ဤအမျိုးသားက အမေရိကန်ဟု တိကျမှန်ကန်အောင် နားလည်တတ်ကြပါသည်။

ဤသဘောကတော့ ဆန်းကျယ်သည်ဟု အံ့သြစရာမဟုတ်ပါ။ စာရေးသူတို့အရှေ့နိုင်ငံနီးချင်းသား တွေမှာလည်း သည်ဟာတရုပ်၊ သူဟာဂျပန်၊ သူက ယိုးဒယား၊ သူကား ကုလား၊ သူကား ဗမာဟု ခွဲ နိုင်ကြသည်။ အထဲကမှတဆင့် ကုလား လူမျိုးများကို ဟိန္ဒူ၊ မူဆလင်၊ ပန်ချာပီ၊ ဂေါ်ရင်ဂျီ၊ မဒရာစီ ဟု ရုပ်ကိုမြင်ရုံနှင့် ခွဲ၍ နားလည်သလို ဗြုံးကနဲဆိုပါက ရုပ်ချင်းခွဲ၍မရအောင်တူသော တရုပ်နှင့် ဂျပန်ကိုပင် မျက်ခုံးမွှေး အထူအပါးကို အကဲဖမ်းကာ သူဟာ တရုပ်၊ သူဟာဂျပန်ဟု လျှင်မြန်စွာ နားလည် တတ်ကြပါသည်။

ဗမာပြည်မှာပင် ဗမာ ဆယ်မျိုးကွဲလျက်ရှိသေးသည်၊ (ယော၊ ရခိုင်) (ချင်း၊ ကချင်) (ပလောင်၊ တောင်သူ) (ရှမ်း၊ ကရင်) (မွန်၊ မြန်မာ) ဟု ဆယ်မျိုးကို မှတ်ုလွယ်စေခြင်းငှာ၊ နီးကပ်ရာအမျိုးခြင်း နှစ်ခုစီတွဲ၍ ငါးတွဲ ဆယ်မျိုး မှတ်သားထားကြပါသည်။
ယောလူမျိုးနှင့် ရခိုင်လူမျိုး ရုပ်ရည်ခြင်း ခွဲမရသလို ပလောင်နှင့် တောင်သူ၊ ချင်းကချင်၊ ရှမ်းနှင့်ကရင်၊ မွန်နှင့် မြန်မာတို့ ရှုပနိကာယ်၌ ခွဲမရ စကားပြောမှသာ အသံကွဲလွဲ၍ သိကြရပါတော့ သည်။

တဖန် ယိုးဒယား၊ အင်ဒိုနီးရှား၊ မလေးစသည်များမှာလည်း မျက်နှာပုံသဏ္ဍာန်မှာ ဗမာနှင့် များစွာ တူကြပါသည်။ သို့သော် ကိုယ့်တိုင်းပြည် နီးသားချင်းဖြစ် သူဟာဘာလူမျိုးလဲဟု ခွဲခြားသိစွမ်း နိုင်ကြ ပါသည်။ အရှေ့ဘက်က အချင်းချင်းသိသလို အနောက်ပိုင်းကလည်း အချင်းချင်း နားလည် မျိုးခြင်းသာ ဖြစ်ပါသည်။

ဝါရှင်တန်မြို့တွင် အများဆုံးနေထိုင်ကြသော လူမျိုးမှာ နီဂရိုးလူမျိုးတွေဖြစ်ပါသည်။ တမြို့လုံး ဘယ်နေရာ သွားသွား နီဂရိုးအမျိုးသား အမျိုးသမီးတွေကို ခြောက်ဆယ်ရာခိုင်နှုန်းလောက် တွေ့ရ ပါသည်။ လမ်းပေါ်မှာ ကားပေါ် မှာ ကုန်တိုက်ဈေးဆိုင်ထဲမှာ စားစရာ ဆိုင်တွေမှာ အလုပ်တိုက်တွေ မှာ ရုပ်ရှင်ရုံတွေမှာ မဲကနဲ မဲကနဲ သူတို့ချည်းပါဘဲ။

ဒီဝါရှင်တန် နယ်ထဲမှာ သူတို့တတွေ ဘာ့ကြောင့်များ စုရုံးလို့ နေပါလိမ့်။ သူတို့အဘို့ ရေကြည်ရာ မျက်နုရာဖြစ်လိုသာနေကြ လေသလားဟု စဉ်းစားစရာပင်။ မိန်းမအသုံးအဆောင်ရောင်းတဲ့ဆိုင် တွေမှာ ဆိုရင်လည်း ၀ယ်သူရော ရောင်းသူပါ မမဲတူတွေကြီးများနေပါသည်။

ပေါင်ဒါနှင့် နှုတ်ခမ်းဆိုးဆေးများမှာပင် ဘယ်ဆိုင်ဝင် ကြည့်ကြည့် မမဲတူတို့ အသားရောင်နှင့် သင့်တော်သော အရောင်များသာတွေ့ရပါသည်။ အသားဝါ အသားဖြူများ သုံးစွဲလေ့ရှိသော အရောင်ကို အတော်ကြိုးစားရှာဝယ်နိုင်မှ ရရှိကြပါသည်။

ဗမာပြည်မှ ဂျပန်တွေပြေး၍ စစ်ပြီးစအခါ၌ ရန်ကုန်နှင့် ဗမာပြည်တ၀ိုက်မှာ နီဂရိုးနှင့် စီးကရက် ချော့ကလက်ဂျစ်ကားများ အတော်ခေတ်စားလိုက်ရာ စီးကရက် ချော့ကလက်ကြေင့် နီဂရိုးနှင့် အရောဝင် အမြူး လွန်ပြီး၊ လေဒဂျစ်ပျက်မတွေ့တာ များခဲ့သလောက် လူထုက နီဂရိုးဆိုတဲ့ အကောင်တွေဟာ အရိုင်း တွေရယ်လို့ ယူဆခဲ့ကြသည်။

အများအားဖြင့်လည်း ရှေးသရောအခါ ဗရာဏဦပြည် တည်စကတော့ အာဖရီကမှ နီဂရိုးတောတွင်း သားတွေကို ငွေဝယ်ကျွန်အဖြစ် ၀ယ်ယူခိုင်းစေခံကြရတဲ့အတွက် ကျွန်တွေရယ်လို့ နာမည်နိမ့်ကျ ခဲ့ရဘူးတယ်။ ဒါကြောင့် ဘယ်နိုင်ငံကဖြစ်ဖြစ် လူမျိုးချင်း အဘက်မတန်သလိုလို ထင်ခဲ့ကြပါသည်။

ဒါပေမဲ့ ယခုတော့ နီဂရိုးတွေဟာ အားလုံးမရိုင်းကြတဲ့အပြင် လူဖြူတွေနှင့် နေရာတကာ ရင်ဘောင် တန်းနေပြီး အချို့နေရာများမှာ လူဖြူတွေထက် တပန်းသာလျက်ရှိကြပါသည်။
ကမ္ဘာကျော်အဆိုတော်များ၊ အတီးအမှုတ် ဆရာများ ပညာကျော်များ၊ ပါမောက္ခများ၊ ကမ္ဘာ့ချန်ပီယံ လက်ဝှေ့သမားကြီးများစသော အထင်ကရကြီးတွေကို အပထား၍ မြို့နေလူတန်းစားတည်းမှာပင် လူတို့၏ မျိုးရိုးအ၀တ်အစားဖြစ်ခဲ့တဲ့ လံကွတ်တီကို စွန့်ပစ်ခါ ခလေးလူကြီးမကျန် ဥရောပ ၀တ်စုံကို ဆင်ကြသည်။

နီဂ`၇ိုးမ-ကြီး-ငယ်-ရွယ်-လပ် ဟူသမရွေ့မှာ စကပ်ခေါ် ဂါဝန်နှင့် ဘလောက်ခေါ် အင်္ကျီနှင့် နိုင်လွန် ခြေအိတ်စွပ်နှင့် ဒေါက်မြင့်ရှူးဘိနပ်နှင့် ဘော့ဟဲယး ဆံပင်လိပ် လှိုင်းအလှပြင်နှင့် မိတ်ကပ် နှင့် နှုတ်ခမ်းပန်းရောင်နှင့် လက်သဲ ပုဇွန်ဆီ ရောင်နှင့် လက်ပွေ့အိတ်နှင့် တကဲ့အင်္ဂလန်အမေရိကန် မကြီး တွေနှင့် မူရာဟန်ပန် လေသံမခြား အသားမဲနှင့် အသားဖြူသာ ကွာပါတော့သည်။

အချို့နီဂရိုးမများမှာ အရှေ့နိုင်ငံက လာသူတွေကို ခါးထောက်၍ ခြေဆုံးခေါင်းဖျား ကြည့်တတ်ကြ သည်။ သို့ကြည့်ရာတွင် ဘယ်ကတောသားတွေပါလိမ့်ဆိုသော အကြည့်မျိုး ဆန်နေပါသည်။ သူတို့ ဘ၀ကို သူတို့မေပနေကြပုံရပါသည်။ တခါတခါ ပက်ကက်ကားကြီးပေါ်မှာ အသားဖြူ ဒရိုင်ဘာက မောင်းလို့ နောက်ကစုံတွဲအသားမဲမဲ မှောင်သော နီဂရိုးလင်မယားကစီးလို့။
သို့သော် လင်တော်မောင်၏ ကြွေရောင် ကော်လာဖြူနှင့် မျက်လုံးဖြူ ၂-ပေါက် သွားဖြူဖြူအတန်း တခုသာမြင်ရပြီး တဘက်က ဇနီးအလှနီဂရိုးမကြီးမှာလည်း မျက်ဖြူနှစ်ပေါက်နှင့် ပန်းရောင်သွေး နှုတ်ခမ်း တို့ကိုသာ တန်းမှန်း ရည်ရော်၍ ကားပေါ်တွင်လူနှစ်ဦး ထိုင်လျက်ပါလာ သည်ဟု အသိအမှတ် ပြုလိုက် ရပါတော့သည်။

အချို့ နီဂရိုးများကား ရှေးမဆွကပင် လူဖြူတွေနှင့် စပ်ပေါက်ပြီး ကပြား၊ ကကသစ်၊ ကသပေါင်း၊ ကကူရံတွေဖြစ်  လာကာ အသားအရေဖြူကြေပါပြီ ဆံပင်လိမ်ပုံကလေးနှင့် နှုတ်ခမ်းပုံ ကလေးသာ သူတို့ ဇာတိသွေး လက္ခဏာကို အရိပ်ပြနေတော့သည်။

ဤသည်သို့သော နီဂရိုးအစစ်နှင့်ကပြား ကကတစ်များသည်လည်း ၎င်းတို့တတ်မြောက်သော ပညာအခြေခံအဆင့်အတန်းနှင့် လုလ္လ-၀ီရိယ-ကံ-ဥာဏ်အားဖြင့် ကြွယ်ဝချမ်းသာသော သူဌေးကြီး များ၊ ထိပ်တန်း အရာရှိကြီးများ၊ အလပ်တန်းစားများ၊ လုပ်စားကိုင်စားများ၊ မရှိဆင်းရဲသူများ စသဖြင့် အမျိုးမျိုး ရှိကြပါသေးသည်။

ဘ၀ကုသိုလ်အတိုင်း ကျရာဘ၀တွင် လုပ်ကိုင်အသက်မွေးကြရရာ၊ တခါတရံ နီဂရိုး စုံတွဲစီးသော ကားကို အမေရိကန်ဒရိုင်ဘာက မောင်းလာလျက် တခါတရံ အမေရိကန် ဇနီးမောင်နှံ စီးသောကား ကိုနီဂ`၇ိုး ဒရိုင်ဘာက မောင်းလာလျက်၎င်း၊ လူဖြူလူမဲပေါင်းစုံစီးသော ဘတ်စ်ကားကြီးများကိုလည်း နီဂရိုးဒရိုင်ဘာတွေနှင့် အမေရိရန် ဒရိုင်ဘာများက မောင်းနှင်လျက် ရှိသဖြင့် လမ်းပေါ်မှာ ကူးသန်း သွားလာ လျက်ရှိသော သူတို့၏ ဘ၀ဖြစ်စဉ်ကို အကြမ်းပြင်း အားဖြင့် ကြည့်ရှုသုံးသပ်နိုင်ရာ စင်စစ်မှာတော့ နီဂရိုးသော အမေရိကန်သော မခွဲခြားသာ။ ကာမာဝစရ ကုသိုလ် အကျိုးပေးပုံနှင့် ကံ-ဥာဏ်-၀ိရိယ သုံးပါးမျှတ၍ အထောက်အမကိုရရှိသော အလှည့်ကြုံ သူနှင့် အလှည့် မကြုံရသေး သူများဟူ၍သူ အကဲဖြတ်ရန်ရှိပါတော့သည်။

ငတ်ပြတ်မွဲတေနေသည်ကို ဘယ်သူ့ကိုမျှ ရေရွက်ကြိမ်ဆဲမနလိုနေ၍ မလွန်မြောက်နိုင်။ ကံ-ဥာဏ်-၀ိရိယ သုံးပါးမျှမှကြီးပွားရသည်။
တခါက အလွန်တရာမွဲတေ ငတ်ပြတို့နေသူ တဦးသည် အခိုက်အလှည့် သင့်လာသောအခါ နာ မည်ကျေ် ဇာတ်လိုက်ကြီးများ၊ ကမ္ဘာကျော်သူဌေးကြီးများဖြစ်လာ၍ တခါက အလွန်ချမ်းသာ ကြွယ်ဝ သော သူဌေးကြီးများလည်း အဆင်မသင့်လျှင် သူဌေးဘ၀မှ ဆင်းရဲငတ်ပြတ်သော ဘ၀ဖြင့် သာ အစသိမ်း သွားရှာကြရသည်ကို မျက်မြင် ကိုယ်တွေ့ ကြုံဘူးကြားဘူးသူတွေများစွာ ရှိကြပါလိမ့်မည်။

ဟိုရှေးရှေးတုန်းက အမေရိကန်ပြည်ကို စတင်တွေ့ရှိပြီးတဲ့အချိန်ရဲ့ နောက်ပိုင်းမှာ နိုင်ငံရင်းသား များဖြစ်ကြတဲ့ ရက်အင်ဒီယန်း လူမျိုးတွေ၏ ရေမြေ ပေါ်တွင် အမေရိကန် လူမျိုးတွေ၏ အကြံဥာဏ် နှင့် အာဖရိကတိုက်မှ ခေါ်ယူလာခဲ့ကြတဲ့  နီဂရိုးလူမျိုးတွေ၏ လုပ်အားတို့ကို စုပေါင်း၍ တိုင်းပြည် နိုင်ငံမှော်ကွန်း မှတ်တိုင်များတွင် ရုပ်လုံး၊ ရုပ်ထု၊ ပန်းချီ စသည်များဖြင့် အမွမ်းတင် ပြင်ဆင်လေ့ ရှိသောပြရုပ်ကား နီဂရိုးနှင့် ရက်အင်ဒီယန်း လူမျိုးနှစ်ဦး၏ ပုံသဏ္ဍာန်ကို အလယ်မှ အမေရိကန် အရုပ်က တဘက်တချက်လက်တွဲလျက် ခေါ်ယူနေဟန်၊ သုံးဦးသုံးယောက်ပေါင်း၍ လောင်းကျော နေသော ကမ္ဘာဓနရှင်နိုင်ငံကြီးတခု ဖြစ်နေပါပြီဟု ကြွေးကြော်နေသလို သဘောအဓိပ္ပါယ် သက်ရောက်စေသည်။

ရှေးသရောအခါက ငှက်တောင်စိုက် ရက်အင်ဒီးယန်း လူမျိုးတွေသည်၎င်း၊ ဗလကောင်းကေင်း ဆံပင် လိပ်ခွေးနှုတ်ခမ်းထူထူ၊ ကျောသားမဲမဲကြီးတွေနှင့် နံငယ်ပိုင်း စည်းထားသော နီဂရိုးခေါ် ကပ္ပလီ လူမျိုးတွေသည်၎င်း၊ ပုံဟောင်းပျောက်၍ အမေရိကန်ပုံသစ်ရောက်နေကြပါသည်။

ကုလသမဂ္ဂအစည်းအဝေးသို့ တခါတခါ တက်ရောက်ရန် လာကြသောအခါ လွတ်လပ်သော ပြည် ထောင်စုသားများအဖြစ်နှင့် ရိုးရာ အ၀တ်အစားများ တမင်တကာ ၀တ်ပြကြမှသာ ငှက်တောင်စိုက် ကုလားနီခေါ်တဲ့ ရက်အင်ဒီးယန်းလူမျိုးဟာ ဒါပါဘဲဟု သိစေကြပါသည်။ သို့လိုမပြဘဲ ဥရောပ ၀တ်စုံနှင့် တွေ့က အမေရိကန်တွေနှင့် ရွေးမရ။ သူတို့လည်း အမေရိကန်လူမျိုးတွေသာဖြစ်နေပါသည်။

ဗမာပြည်တွင် ရှေးယခင်က အင်မတန် အင်္ဂလိပ်ဆန်ပြီး ဥရောပ၀တ်စုံကို မချွတ်တန်း ဆင်မြန်းခဲ့ကြ သော ခေတ်ပညာတတ်အချို့ ဒမ်း၊ ကရင် လူမျိုးများသည် ယခုလွတ်လပ်ရေး ရသောဗမာနိုင်ငံ၏ ပြည်ထောင်စုသားအဖြစ် ရိုးရာကခရင် အ၀တ်အစား၊ ရှမ်းအ၀တ်အစားများကို လွတ်လပ်ရေးပွဲတော် နေ့ကြီးများ ၌ ၀တ်စားဆင်ရင် လာကြသည်ကို သွား၍ သတိရမိပါသည်။

ဝါရှင်တန်မြို့၏ ရှော့ပင် ဆင်တာခေး စည်ကားသော အရပ်မှာ  ကုန်တိုက်ကြီးငယ်ပေါင်းစုံနှင့် ပြည့်လျှမ်း၍သာ နေပါသည် အပါတမင့်စတိုးခေါ်ကုန်တိုက်ကြီးများမှာလည်း မြို့ထဲနှင့် မြို့ပြင် ဆင်ခြေဖုံး ရပ်ကွက်များအထိ လိုလေသေးမရှိအောင် နေရာအနှံ့ ဖြန့်ကျင်းလျက်ရှိကြပါသည်။

တရုပ်လူမျိုးတို့ သီးသန့်နေထိုင်သော ရပ်ကွက်တလျှောက်သို့ သွားသောအခါမူကား ဗမာပြည် တရုပ်တန်းရပ်ကွက်က တရုပ်ကုန်ဆိုင်မျိုးစုံ ၀က်သားဆိုင်၊ ဘဲကင်၊ ၀က်ကင်၊ ၀က်အူချောင်း၊ ပဲငပိ၊ ပဲငံပြာရည်၊ မှိုချောက်၊ ပန်းချောက်၊ မျှစ်ရေစိမ်က မကျန်၊ အမေရိကန် ပျောက်၍ တရုပ်ပြည် ရောက် နေသလိုထင်ရပါတော့သည်။

တရုပ်စားစရ ဆိုင်တွေကလည်း ဥရောပစတိုင်နှင့် မြိုင်လှပါသည်။ က ပွဲကြီးများပါ ကျင်းပနိုင်သော တရုပ်ဟော်တယ်ကြီးများလည်း ရှိပါသည်။ ဆိုင်ကြီးဆိုင်ငယ် ဟော်တယ်ကြီး ဟော်တယ်ငယ်တို့မှ နွေအခါ` ၌ အအေးဓါတ်ပေးထားသည်ဟူသောကြော်ငြာကလေးများ ပါကြသည်။ အမေရိကန်မှာ အမြဲတမ်း အေးမနေ ပူအိုက်သော အခါမျိုးလည်းရှိပါသေးသည်။
ဗမာပြည် မှာ တရုပ်စားစရာ ဆိုင်ထဲဝင်စားသူများသည် ခေါက်ဆွဲ၊ ဖက်ထုပ်၊ မြူစွမ် ၁၂-မျိုးကြော်၊ ၀က်သား ပေါက်စီ၊ ဘဲပေါင်းစသဖြင့် လိုရာပြောလိုက်လျှင် တရုပ်လည်းနားလည်သည်။ ဗမာလည်း နားလည်သည်။ အင်္ဂလိပ်ကပြတွေလည်း နားလည်သည်။

အမေရိကန်မှာတော့ တရုပ်ဆိုင်ထဲဝင်ပြီး ဟေ့-ပေါက်ဖော် ခေါက်ဆွဲကြော်တခွက်ဟု မမှာလိုက်ပါနှင့် အဲဒီက တရုပ်တွေက နားမလည်ကြပါ။ ၀မ်းဘဲကင် တခြမ်းဆိုလည်း မသိ။ ဖက်ထုပ်တပုဂံဆို၍လည်းကြောင်ပြီးကြည့်နေမည်။ ၀က်သားပေါက်စီလို့မှာလည်း လာပို့မည်မဟုတ်ပါ။ သူ့ဆိုင်ထဲ မှာ ဒီစားစရာမျိုးတွေရှိတော့ အားလုံးဘဲ ရှိကြပါသည်။
ခေါက်ဆွဲတို့ ဖက်ထုပ်တို့ဆိုတာ တရုပ်စကားဘဲ တရုပ်တွေ နားမလည်စရာ မရှိပါဘူးလို့ မထင်ပါလေနှင့် တရုပ်တွေနေတဲ့ ဟောင်ကောင်မြို့က ဟောင်ကောင်ဟော်တယ်မှာလည်း ခေါက်ဆွဲတို့ ဖက်ထုပ်တို့ဆိုတာ ဒါမျိုးတွေပြောလျှင် ယောင်ပေပေလုပ်နေကြသည်။ ခေါက်ဆိုတို့ ဖက်ထုပ်တို့ကား ဗမာပြည်ကျမှ ထွင်ထားတဲ့ တရုပ်စကားလေလားဟု တွေးမှားစရာရှိတော့သည်။

အမေရိကန် တရုပ်ဆိုင်ကြီးတွေက မီနုခေါ် စားစရာ စာရင်းလာချလျှင် ခေါက်ဆွဲကြော်၊ ၁၂-မျိုး ဟင်း၊ ဘဲကင်ဝက်သားပေါက်စီဆိုတဲ့ ဝေါဟာရမျိုး မပါပါ။ အင်္ဂလိပ် စာနဲ့ ရေးထားပေမယ့် အခေါ် အဝေါ် အသုံးအစွဲကတမျိုးဖြစ်နေလို့ ဘယ်စာတမ်းက ခေါက်ဆွဲ၊ ဘယ်စာတမ်းက ၁၂-မျိုးဟင်းဟု တခါနှစ်ခါလောက် လေ့လာထားမှ နားလည်နိုင်ကြပါမည်။

ဝါရှင်တန်မြို့မှာ ကြည့်ရှုမှတ်သားဖွယ် နေရာတွေနှံ့စပ်အောင်သွားရောက် ကြည့်ရှုခဲ့ရင်း တနင်္ဂနွေ နှစ်ပတ်ခန့်ရှိ လာသောအခါ သွားစရာနေရာ ကုန်နေပြီဖြစ်သဖြင့် ငြီးငွေ့စပြုလာပါသည်။
နေ့လည်စာစားပွဲ၊ ညစာစားပွဲ၊ လဘက်ရည်ပွဲ စသဖြင့် ဘိတ်ခေါ်ဧည့်ခံကြသော အမေရိကန် မိတ်ဆွေ များ၏ ပွဲများသို့ မကြာခဏလိုက်ပါရသည်မှာလည်း များလာပြီးဖြစ်၍ စိတ်ဝင်စားခြင်းမရှိ ငြီးငွေ့လာသည်။

လွတ်လပ်စွာ သွားလာ လည်ပတ်ရန်နေရာများလည်း ထပ်တလဲလဲရောက်ရလွန်းသဖြင့် ရိုး၍လာသည်။ ရှော့ပင်းဆင်တာခေါ်သော ကုန်တိုက်များရှိရာ လမ်းသို့ထွက်၍ တယောက်ထဲ နေကုန်နေခမ်းဆိုင်တွေ လျှောက်မွှေရသည်ပင်။ ခေါက်ရေ များလာသောအခါ ငြီးငွေ့လာလျက် ဘယ်မှ မထွက်ဘဲ ဟိုတယ်အခန်းထဲမှာလည်း ကုတ်မနေချင်။ သို့ကြောင့် မကြာခဏနယူးယောက် မြို့သို့ ပြန်ဘို့ရာ ပြင်ဆင် ရပါသည်။

ဤအကြိမ် ... ၀ါရှင်တန်မှ နယူးယောက်သို့ အပြန်မှာ လေကြောင်းကမသွား၊ အမေရိကန်၏ မီးရထားကို လက်တွေ့ စီးပွားလိုသေးသောကြောင့် မီးရထားနှင့် ပြန်ခဲ့ပါသည်။ ၀ါရှင်တန်နင့် နယူးယောက်သို့ ကူးသော မီးရထား လမ်းမှာ သာယာသောတောတောင်ရေမြေ တို့ကို ဖြတ်ကျော်ဖေါက်လုပ်ထားခြင်းကြောင့် သဘာဝ ရှုခင်းသာများကို တွေ့မြင်ရသည်သာမက တာလ်တီမိုး၊ ဖဲလ်ဒီဖီးယားစသော မြို့ကြီးများမှအစ၊ နယူးဂျာစီနယ် နယူးဝပ်မြို့အထိ ကုန်အမျိုးမျိုး ထုတ်လုပ်ရာ စက်ရုံကြီးများအစီအရီနှင့် ရှိကြသည်။ တာလ်တီမိုးနှင့် ဖဲလ်ဒီဖီယားမြို့ကြီးများမှာ တော့ ကုန်စည်သယ်ပို့ရာ ကြီးကျယ်သော ပင်လယ်ကူး သင်္ဘောဆိပ်ကြီးများဖြစ်ပါသည်။

မီးရထားများ၏ သန့်ပျံ့စင်ကြယ်၍ အဆင့်အတန်းမြင့်ပုံနှင့် ထိုင်ခုံများ အားလုံးတွင် ကတ္တီပါဖုံးသော ဆိုဖာကျယ်ကြီးတွေကတော့ ဘီအိုအေစီ၊ ပီအေအေ စတဲ့ လေယာဉ်ကြီးတွေပေါ်က ထိုင်ခုံတွေနှင့် မခြား အခန့်စားတွေသာဖြစ်၍ မီးရထားပေါ်မှာ ပါရှိသော ထမင်းစားပွဲခန်းတွဲမှာလည်း ဟော်တယ် စားပွဲခန်းကြီးများနှင့်မခြား အပြုအစုစားပွဲထိုးတွေ အမြောက်အများနှင့် သားနားပါသည်။

မီးရထားလမ်းဝဲ၊ ယာတလျှောက်၌ နာမည်ကျော် အမေရိကန် မော်တော်ကားများ ထုတ်လုပ်သည့် စက်ရုံကြီးများ ၌ ကားကြီးတွေကို အမြောက်အများလုပ်ကိုင်တင်ပို့လျက်ရှိသောကြောင့် ၀န်ချည် စက်မောင်းကြီး များနှင့် တဂျိန်းဂျိန်းသယ်ယူတင်ပို့လျက်ရှိသည်ကို တွေ့မြင်ရပါသည်။ အခြား အသုံး အဆောင် လုပ်ကိုင်ရာ စက်ကြီးများမှာလည်း ဤနည်းနှင်နှင်နှင့်သာ ရှိပါသည်။

နယူးယောက်မြို့သို့ မရောက်မှီ နယူးဂျာစီဘက်က ဖြတ်ကျော်လာပြီးနောက် မြေအောက်၊ ရေအောက်တို့မှ ဥမှင်လိုဏ်ဖြင့် ဖောက်ထွင်းထားသော မီးရထားလမ်းတလျှောက်က ရေ-မြေလျှို၍ မီးရထားကြီး ခုတ်မောင်း ခဲ့ရာ ကြည့်စရာအာရုံ အပြောင်းအလွဲနှင့် မငြီးငွေ့မှီပင် နယူးယောက်မြို့လယ် ဗဟို မီးရထား ဘူတာရုံကြီး သို့ ဘွားကနဲရောက်လာခဲ့ပါတော့သည်။
---------------------------
ပြီးပါပြီ
.
>>>ဆက်ဖတ်ရန်>>> >>

Sunday, July 11, 2010

ဒဂုန်ခင်ခင်လေး ၏ ကမ္ဘာ့ခရီးသွားမှတ်တမ်း အပိုင်း (၂၇)

သံအမတ်ကြီး မစ္စတာဘယ်လင်တန်နှင့် ဇနီးမှာ ဗမာပြည်သားအင်္ဂလိပ်ကပြားများဖြစ်ကြရာ ဗမာ စင်စစ်တွေကပင် အင်မတန် အနောက်ဆန်ချင်နေကြသော ခေတ်၌ သံအမတ်ကြီးကတော်သည် ဗမာချင်း တွေ့ရာမှာ ဗိုလ်မဆန်လိုဘဲ ဗမာလိုသာ လက်ငါးချောင်းနှင့် ထမင်းကို မြိန်ရေရှက်ရေ နယ်ဖတ်စား နေပါသည်။

ဒီဟင်းတွေကို ချက်ဘို့ မစ္စစ်ဘယ်လင်တန်မှာ ဗမာပြည်က ထမင်းချက် ပါလာတယ် ထင်ပါရဲ့ဟု မေးမိသော အခါ၊ မပါခဲ့ပါ။ ကျမချက်တတ်တဲ့ လက်ရာအတိုင်း အီတလီအမျိုးသမီး ထမင်းချက်ကို သင်ပြထားပါတယ်။ ဟောဒီ ကြက်သွန် ငါးပေါင်းကြော် လည်း သူ့လက်ရာပါဘဲဟု ပြောပါသည်။ ရေစီးသန်ရာ မြောမပါဘဲ နိုင်ငံခြားမှာ ဗမာမူဗမာဓလေ့ က ကြန့်ကြာခံနိုင်သရွေ့ ခံနေကြသည်မှာ ၀မ်းမြောက်စရာပင် ဖြစ်ပါသည်။

အမေရိကန်လူမျိုး မိတ်ဆွေသစ် မိတ်ဆွေဟောင်းတို့၏ နေ့လည်စာ ညစာ ဖိတ်ခေါ် ကျွေးမွေးကြ သည်များကို ကား အထူး ရေးသားဖွယ်ရာ မလိုပါ။ သူ့ဓလေ့အတိုင်း ချက်ပြုတ်ထားသည့် သူတို့ နိုင်ငံ အတွက် အစားအစာများသာ ဖြစ်လျက်နေရာထိုင်ခင်း အမျိုးမျိုးခြားနားခြင်းသာရှိပါသည်။

အမေရိကန်ရောက် ဗမာပြည်သားများအနက် အထူးစိတ်ဝင်စားရန် ကောင်းသူတို့ကား ဦးခင်နှင့် သူ့ဇနီး အီဘွန်းခင် တို့ ဖြစ်သည်။ ဦးခင်တို့သည် ဗမာပြည်မှ ၀ါရှင်တန်မြို့သို့ လာရောက် နေထိုင် ကြသည်မှာ နှစ် အတော် ကြာလေပြီ။ ယခု အီဘွန်းခင်နှင့် သူ၏ မောင်ငယ်မောင်စံလွင်တို့မှာ ဗမာ သံရုံးတွင် အလုပ်လုပ် လျက်ရှိသည်။ ဦးခင်မှ ယခုအခါ သံရုံးတွင် မလုပ်တော့ဘဲ အပြင်တွင် ကိုယ်ပိုင် ကူးသန်း ရောင်းဝယ်ရေး အလုပ်ကို လုပ်ကိုင်နေခြင်းဖြင့် ကြီးပွားလျက်ရှိရာ ဗမာထဲမှ နိုင်ငံခြားတွင် ကုန်သည်လုပ်နေနိုင်အောင် ကြံရည် ဖန်ရည်ရှိပြီး မိတ်သင်္ဂဟများ၍ တွင်ကျယ်နေ သည်ကို အထူး ဂုဏ်ယူဖွယ်ပင်ဖြစ်ပါသည်။

ဦးခင်တို့မှာ ဗမာပြည်သားဖြစ်လျက် ကိုယ့်ဒူးကိုယ်ချွန် စွမ်းရည်အားဖြင့် ၀ါရှင်တန်မြို့ကြီးမှာ အိမ် ပိုင်ယာပိုင် ဥယျာဉ်ပန်းခြံ မြေပိုင် မော်တော်ကားပိုင်နှင့် တင့်တင့်တယ်တယ် နေထိုင်နိုင်ကြခြင်းကို ကြည့်ပြီး အခြားသော ဗမာအမျိုးသားတို့က အားကျစရာ ချီးကျူးစရာတရပ်တည်းဖြစ်နေပါသည်။

ဗမာပြည်က လာလာသမျှ ဧည့်သည်များ မိတ်ဆွေများမှာ ၀ါရှင်တန်မြောက်ပိုင်း မာရီလင်းနယ်ကင် စင်တန်ရပ် ချယ်ဗီးချေ့စ်ဦးခင်နှင့် အီဘွန်းခင်တို့နေအိမ်သို့ မရောက်ဘူး ထမင်းမစားဘူးသူဟူ၍ မရှိ သလောက် ပင်ဖြစ်ပါသည်။ သူတို့အိမ်သားတစုမှာလည်း ဧည့်မျှော်ခြင်းထမင်းချက်ကျွေးခြင်း၊ အိမ် အောက်ထပ် ရှိ ဧည့်ခန်းတွင် ကိုယ်ပိုင် ' ဘား 'နှင့် စားစရာကျွေးရင်း တယ်လီဗေးရှင်း ရုပ်မြင် သံကြားစက် ဖြင့် ဖြေဖျော်ခြင်းမှာ လာသမျှ ဧည့်သည် မိတ်သစ်မိတ်ဟောင်းတို့အဘို့ သူတို့၏ နေ့စဉ် ၀တ္တရားတခုလို ဖြစ်နေ ပါ သတည်း။
*

ဦးခင်နှင့် အီဗွန်းခင်တို့အိမ်သို့ စာရေးသူတို့ မကြာခဏ ဦးခင်ကားနှင့် လာကြိုတိုင်းပါ၍ပါ၍ သွားရ သည်။ သွားတိုင်း သွားတိုင်း ညစာ ထမင်းစား မပြီးမချင်း ပြန်မပို့တော့ပေ။
သူတို့အိမ် ကလေးသည် နှစ်ဧကသာသာ ခြံကြီးအတွင်းမှာ နေချင်စဖွယ် သာသာယာယာ ချယ်လှယ် မွမ်းမံ ထားပါသည်။ မြေထဲတွင် တထပ်၊ ပထမအပေါ်ထပ်တွင် ဧည့်ခန်းနင့် ထမင်းစားခန်း၊ ဒုတိယအပေါ်ထပ်တွင် အိမ်ခန်းနှင့် ရေချိုးခန်းများ၊ တတိယခေါင်မိုးထပ်တွင်လည်း အိပ်ခန်းများပါရှိ၍ ပေါင်းလေးထပ်ရှိရာ မြေအောက်ထပ်မှာ ကောက်တေးဧည့်ခန်း၊ ကိုယ်ပိုင် ' ဘား' တခုထားပြီး စားပွဲဆိုဖာများဝိုင်းလျက် တဖက်မှာ တယ်လီဗေးရှင်း ဆက်ထား၍ စကားပြောရင်း စက္ခုသောတအာရုံခံကြရသည်။

တယ်လီဗေးရှင်းမှာ ညနေပိုင်းတွင် ခလေးများအတွက် ကောင်းဘွိုင် ဇာတ်ထုတ်တခု အမြဲပါတတ် သဖြင့် အိမ်ထောင် တိုင်းရှိ ခလေးမြေးငယ်တွေ တရုံးရုံးနှင့် အာရုံစူးစိုက်ကြမြဲဖြစ်ပါသည်။
လူကြီး ကြိုက် ဇာတ်ကားများလည်းပြပါသည်။ သို့ရာတွင် ရုပ်ရှင် ကုမ္ပဏီများ၏ တားမြစ်ချက်အရ ဇာတ်ကား အသစ် တွေ မပြရဘဲ ဇာတ်ကားအို၊ ဇာတ်ကားဟောင်းများသာပြရ၍ ကြော်ငြာ ဇာတ်ထုပ်များ၊ အဆို၊ အက၊ ကပွဲ၊ တယ်လီဗေးရှင်းအဘို့ အထူးရိုက်သော ဇာတ်ကားများသာ ပြရပါသည်။ ဘောလုံးပွဲ၊ လက်ဝှေ့ပွဲတို့လို ပွဲကြီး ပွဲကောင်းများကိုမူကား လူမတိုးရဘဲ ဇိမ်နဲ့ အိမ်က နေပြီး ကြည့်ရပါသည်။ သို့သော် နေ့ချင်းမဟုတ် နောက်တနေ့ မှ ပြပါသည်။

အီဘွန်းခင်မောင် မောစံလွင်မှာ တယ်လီဗေးရှင်းစက်ကို ပြင်တတ် ဆင်တတ်သော စက်ဆရာ တယောက် ပင် ဖြစ်နေပါပြီ။ သူ့မိတ်ဆွေ အမေရိကန်တွေကို ပြုပြင်ပေးနေရသည်ပင် မနားရတော့ပါ။
အဆိုပါ ရုပ်ကိုလည်းမြင်၊ အသံကိုလည်း ကြားရသော တယ်လီဗေးရှင်း စက်မျိုးမှာ လွတ်လပ်ရေး ရပြီး ပြည်တွင်း လေကြောင်း ခရီးနှင့်သွားလာ နေထိုင်ကြသည်အထိ အထက်တန်းကျနေသော ဗမာပြည်တွင် မပေါ်သေး။ အင်္ဂလန်က လန်ဒန်မြို့မှာပင် အိမ်တိုင်းမထားနိုင်စေကာမူ အမေရိကန် မှာဖြင့် ဘယ်နေရာ သွားသွား တယ်လီဗေးရှင်းတွေနဲ့သာ ရင်ဆိုင်နေပါသည်။

ရန်ကုန်မြို့မှာ နေရာတကာ ရေဒီယို စက်ကလေးတွေနှင့် ထိုးနေရသလိုပါဘဲ သူတို့ဆီက ရေဒီယို တန်ဘိုး နှင့် တယ်လီဗေးရှင်းစက် တန်ဘိုးမှာလဲ များစွာ မကွာလှပါ။ ရောင်းတဲ့ လူတွေကလည်း လစဉ်ပေး အကြွေး နဲ့ တောင်မှ ရောင်းချနေကြရာ အလွယ်တကူ ၀ယ်ယူသုံးနိုင်လာမှ တာဝန်မလေးလှပါ။ သည်နည်းမျိုး အတိုင်းနှင့် ဗမာပြည်ကိုရော ရေက်လာလာမည်ဆိုပါက ယခုရေဒီယိုရှိသော အိမ်တွေ၊ လဘက်ရည်ဆိုင်၊ ဟော်တယ်ဆိုင် တွေမှာ ရုံးရုံး တအုံးအုံးနှင့် ဖွင့်လို ချည်နေကြမှာဘဲ။ နို့ပေမဲ့ တယ်လီဗေးရှင်း လွှတ်တဲ့ အားပေးစက် ၀ယ်၍ မသုံးနိုင်ပါ။

တယ်လီဗေးရှင်းစက်ကိုဝယ်ယူသုံးနိုင်ကြစေရန် အစိုးရကဖြစ်စေ၊ တယ်လီဗေးရှင်းရောင်းမည့် ကုမ္ပဏီ က ဖြစ်စေ၊ လုပ်မပေးသ၍ သုံးရမည်မဟုတ်ပါ။ အမေရိကန်ပြည်နှင့် ပစ္စပိတ်သမုဒ္ဒရာကြီး၏ ဗဟိုမှာရှိနေတဲ့ ဟာဝေယန်ကျွန်းရှိ ဟိုနိုလူလူမြို့မှာပင် တယ်လီဗေးရှင်းအား ပေးလာသဖြင့် ဟာဝေယန်ကျွန်းသူ ကျွန်းသား တွေနှင့် ဟာဝေယန်သူ အပျိုဖြူတို့သည်၎င်း ဟာဝေယန်သား ခလေးသူငယများသည်၎င်း ညနေပိုင်းမှာ တယ်လီဗေးရှင်း စက်နားတွင် အိမ်သားတွေ ၀ိုင်းဖွဲ့ပြီး နား စည်းစိမ်၊ မျက်စေ့စည်းစိမ်ခံ၍ နေနိုင်ကြပါသည်။

မြန်မာပြညမှာ တယ်လီဗေးရှင်းကို အသုံးပြုနိုင်ရန် အလုပ်က လွယ်သလောက် စရိတ်ကုန်ကျ ခံနိုင် ဘို့ရာက လွယ်မည် မထင်ပါ။ တယ်လီဗေးရှင်းစက်ရောင်းချင်တဲ့ သူဌေးကုန်သည်ကြီးတွေက မိမိ စက်ရောင်းချဘို့ကို မျှော်ကိုးပြီး တယ်လီဗေးရှင်းဓါတ်အားလွှတ်ပေးရန် ကုန်ကျစရိတ် ခံကြမည်ဆို ပါမှ ဗမာတွေ အချောင်ပွ ရမည်။ သို့မဟုတ်လျှင်လည်း ယခုစီမံနေကြတဲ့ အစိုးရ ပြည်တော်သာစီမံ ကိန်းထဲမှာ ထည့်၍ဖြစ်စေ။ မကြာမှီ ပြုပြင်ဆောက်လုပ်မည် ဗမာ့အသံလွှင့်ဌာနမှ အင်အားကောင်း သော(၀ါ) ကမ္ဘာကကြားနိုင်သော အသံလွှင့်စက်ကြီးများ တပ်ဆင်တော့မည်ဟု ဆိုထားရာ ရောင် တော်ပျံနှင့် ရောလွှတ်သလို အင်အား ကောင်းသော အသံလွှင့်စက်ကြီးကို တပ်ဆင်ရင်း လူထုအတွက် တယ်လီဗေးရှင်း လွှင့်စက်ကြီးတခုပါ ပူးတွဲပြီး တခါထဲ တပ်ဆင်ပေးလိုက်ရင် သိပ် ကောင်းမှာဘဲဟု လေထဲတိုက်အိမ် ဆောက်လိုက် မိပါသေးသည်။

အရင်တုန်းကဖြင့် တယ်လီဗေးရှင်းစက်ရှိလျှင် ရုပ်ရှင်ရုံမှာပြနေတဲ့ ဇာတ်ကားတွေကို ထိုင်ရာမထ အိမ်က နေ၍ကြည့်နိုင်သည်ဟု သိထားကြသည်။ ကိုယ်ကြိုက်တဲ့ ရုပ်ရှင်ရုံတခုနှင့် ဆက်သွယ်ယူလိုက် ရုံဘဲ သည်လို ဆက်သွယ်တဲ့ အခကိုတော့ အတွက်ကျ ပေးရသည်ဟုဆို သည်။

သို့သော် အမေရိကန်မှာပင် ရုပ်ရှင်ရုံတွေကို လူအလာနည်းသွားမည် တယ်လီဗေးရှင်းစက်ရှိသော အိမ်တအိမ်မှာ အိမ်သားရော၊ အိမ်နီးချင်းပါ စုလိုက်လျှင် လူငါးဆယ်တရာအထိ ၀ိုင်းအုံ ကြည့်ကြ သဖြင့် ရုပ်ရှင်ရုံ တွေ ပိတ်ပစ်ရတော့မည့် ဘေးဆိုးကြီးကို တားဆီးပစ်လိုက်ရသဖြင့် ခုတော့ ဇာတ် ကားဆိုလျှင် ခလေးကြိုက် ကောင်းဘွိုင် ဇာတ်ထုပ်များနှင့် လူကြီးကြိုက် ခုနစ်ဆွေး ရှစ်ဆွေးကား ဟောင်းတွေသာ ပြနေ ကြရပါသည်။

အကယ်၍ ဗမာပြည်မှာ တယ်လီဗေးရှင်း စက်တွေသုံးနိုင်ကြသောအခါ၌လည်း ရုပ်ရှင်ရုံတွေနှင့် တယ်လီဗေးရှင်း ကုမ္ပဏီနဲ့ ဟိုကအတိုင်း အရေးဆိုကြမှာနဲ့ ဟိုအတိုင်း စခန်းသွားရမှာဘဲ၊ နိုပေမဲ့ ရေဒီယိုအငြိမ့်တွေ၊ အပျော်တမ်း တူရိယာအဖွဲ့တွေနှင့် အဆိုတော် ပွင့်သစ်စ မ-ဖို ကလေးများ အတွက် တော့ တကယ့်ကို လက်လွတ်နိုင်လောက်အောင် သဘောခွေ့ကြပေလိမ့်မည်ဟု ကြိုကြို တင်တင် စဉ်းစား ပေး ထားမိပါသည်။

ဝါရှင်တန်မြို့၏ အနီးအနား သွားလာလည်ပတ်၍ ကြည့်ရှုစရာများအနက် စာရေးသူအဘို့ စိတ်ဝင် စားဖွယ်ရာ ဖြစ်သောနေရာမှာ (ဂရိတ်ဖော်လ်) ခေါ် စမ်းချောင်းရေတံခွန်နေရာတခုဖြစ်ပါသည်။
ဝါရှင်တန် မှ မော်တော်ကားနှင့် မိုင်လေးဆယ်လောက်သွားရပါသည်။ ၀ါရှင်တန် မြို့သူမြို့သားတို့ အပျော် ထွက်သောနေရာများအနက် ဤ (ဂရိတ်ဖော်လ်) မှာ တခုမပါအ၀င်ဖြစ်၍ ကားတွေ တသီးတန်းကြီး သွားလာရာ ဌာနတရပ်လည်းဖြစ်ရကား ညအိပ်တည်းခိုရန် တောတွင်း ဟော်တယ်တွေနှင့် စားစရာ ဆိုင်ငယ် ကလေးများ အထူးစည်ကားပါသည်။

စမ်းချောင်းဟု ဆိုရသော်လည်း ကောက်ကောကကွေ့ကွေ့ စီးဆင်းနေသော မြစ်ငယ်တခု ဖြစ်ပါ သည်။ ကျောက်တုံး ကျောက်ဆောင်တွေ မြစ်ပြင်လုံးပြည့် အလွန်များ၍ ရေယာဉ် ခပ်ကြမ်းကြမ်း စီးဆင်းနေသဖြင့် တဘက်ဖြတ်၍ ကူးသန်းမရသော်လည်း ရှုမျှော်ခင်းအဖြစ် တံတားကလေးတွေ အမြောက် အများ ဟိုဝင်ဒီထွက် နှင့် ပြုပြင်စီမံထားသောကြောင့် တောအုပ် ကလေးများနှင့် ခြားကာ ခြားကာ သာယာသော ရှုခင်းများ ကို တတောဝင် တတောထွက် မျက်စေ့အာရုံ မပြတ်စေရဘဲ သဘာဝကို ပသာဒဖြစ်အောင် တန်ဆာ ဆင်လျက်သား တွေ့မြင်နေပါသည်။

*

အမေရိကန်နိုင်ငံ၏ မြို့တော်ဖြစ်သောကြောင့် ၀ါရှင်တန်မြို့မှာ ခန့်ခန့်ညားညားနှင့် အဘက်ဘက်မှ သားသား နားနားရှိနေသလို ထိုထိုသော ကမ္ဘာအရပ်ရပ်က လူမျိုးပေါင်းစုံတွေကိုလည်း ဤမြို့တွင် စုစည်း ထားသလို စုံနေအောင် တွေ့မြင်ရပါသည်။

နိုင်ငံတကာမှ သံရုံးဌာနများတွင် လာရောက် နေထိုင်လုပ်ကိုင်လျက်ရှိသော လူအမျိုးမျိုးတို့ကလည်း နည်းကြသည်မဟုတ်ပါ။ အတိုင်းတိုင်း အပြည်ပြည်မှ တက္ကသိုလ် မိုးခိုလာ ကြသော ကျောင်းသား ပညာ တော်သင် လူမျိုးစုံတို့ကလည်း အများကြီးပေ။ ကမ္ဘာအရပ်ရပ်နှင့်ချီ၍ အခါမပျက် စည်းဝေးလျက်သာ။

ဘာအစည်းဝေး၊ ညာအစည်းဝေးဆိုဒါကို တက်ရောက်လာကြသော ဧည့်သည်တော်များသည်၎င်း၊ ကမ္ဘာ အရပ်ရပ်မှ လွတ်လပ်သော ပြည်ထောင်စုသားတို့၏ နိုင်ငံတွေက သူတို့ဘာနှင့်သူတို့ သား တူ ညီ ပါတီဝင် စတဲ့ လက်သင့်ရာ စားတော်ခေါ်လေ့ခေါ်ထရှိသော ကမ္ဘာ့ဓမ္မတာ ထုံးတမ်းစဉ်လာ အတိုင်း စေလွှတ် လိုက်တဲ့ ဘာကော်မရှင် ညာကော်မရှင်ဆိုပြီး၊ လူထုအခွန်တော် စရိပ်နှင့် ရောက် လာကြတဲ့ လူမျိုးစုံ အုပ်စုကလေးများကလည်း ဟိုမှာ နည်းနည်း၊ ဒီမှာ နည်းနည်းဆိုသလို သိုးထိမ်းနှင့် သိုးအုပ်စုကလေးများ အလား လူထူးလူဆန်းများအဖြစ်နှင့် ၀ိုင်းအုံကြည့်ရှုရင်း မြို့ထဲမှာ လှည့်လည်နေကြရာ သူတို့က ၀ါရှင်တန် ကို တအံ့တသြလိုက်ကြည့်နေသလို သူတို့ကို ၀ါရှင်တန်က လည်း ဘယ်နိုင်ငံ သားတွေလည်းဟု ပြန်၍ အကဲခတ် ပြန်ကြည့်နေပုံရပါသည်။

အနောက်တိုင်းက လူများစုတွေအဘို့ အရှေ့နိုင်ငံသားများဟုသာ ယေဘုယျအားဖြင့် သိမှတ်ကြ မည် ဖြစ်သော်လည်း အသေးစိတ် အားဖြင့်တော့ ဗမာ ၊ တရုပ်၊ ကုလား၊ ဂျပန်၊ မလေး၊ အင်ဒိုနီးရှား၊ စသဖြင့် မခွဲနိုင် ကြပါ။

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

Saturday, July 10, 2010

ဒဂုန်ခင်ခင်လေး ၏ ကမ္ဘာ့ခရီးသွားမှတ်တမ်း အပိုင်း (၂၆)

အခန်း (၂၆)

နောက် အိမ်ထောင်ပြုပြီး သူ၏ဇနီးနှင့် ၁၅-နှစ်ခန့် ဤနေရာတွင် အေးချမ်းစွာ နေလိုက်ရပါသည်။ သည့်နောက် နိုင်ငံအကျိုးကို ဆောင်ရွက်နေရပြန်သဖြင့် သူ၏ အိမ်ကလေးကို ပြုပြင်မွမ်းမံ၍ ဥယျာဉ် ပန်းခြံမြေ အား လှပအောင် ပြုစုခြင်းကို ၆-နှစ်မျှ ရပ်ဆိုင်းစွန့်ပစ်ထားခဲ့ရပါသည်။

နောက်တခါမှာလည်း ဂျော့ဝါရှင်တန်သည် အမေရိကန်ပြည်ထောင်စုကြီး၏ ပဌမဦးဆုံး သမတကြီး ဖြစ် လာသဖြင့် ၈-နှစ်လုံး ထိုအိမ်ကို ခွဲနေရပြန်ရာ နောက်ဆုံး ၁၇၉၉ ခုနှစ်တွင် နိုင်ငံရေးကို စွန့်လွတ်ပြီး လွတ်လပ် အေးချမ်းစွာ သူ၏ မောင့်ဗာနန်နေအိမ်သို့ လာရောက် အနားယူနေထိုင်ရာမှ အနိစ္စ ရောက်ရှာ လေသည်။

ရာဇ၀င်ပြောင်လှသော တိုင်းပြည်ကြီး၏ ခေါင်းဆောင်မျိုးချစ်ပုဂ္ဂိုလ်ကြီးအဖြစ်နှင့် ပြည်ထောင်စုကြီး တခုလုံး ၏ လေးစားကြည်ညိုခြင်းခံရသော ပုဂ္ဂိုလ်ကြီး၏ နေအိမ်နှင့် မောင့်ဗာနန် မြေနေရာအ၀ှမ်း ကား မောင့်ဗာနန် ၏ ဇနီး၏ လက်တွင် ၃-နှစ်ခန့်သာ ဆက်လက်တည်ရှိခဲ့သည်။ ၃-နှစ် မျှ တည်ရှိ ခဲ့ခြင်းမှာလည်း ဂျာ့ဝါရှင်တန် ၏ ဇနီး မားသားကားတစ်မှာ သုံးနှစ်အကြာတွင် အနိစ္စရောက်ရှာသော ကြောင့်ဖြစ်ပါသည်။ ဂျော့ဝါရှင်တန်၏ သင်းချိုင်းဂူနှင့် ဇနီးဂူမှာ သူ၏အိမ်နှင့် မနီးမဝေးသူ့မြေနေရာ ပေါ်တွင် အခိုင်အမာ တည်ရှိ နေခဲ့ပါသည်။

သို့ရာတွင် မမြဲသော သဘောကြောင့်တကြောင်း၊ ပြည်တွင်းကိစ္စများကြောင့်တကြောင်း၊ သားမြေး စဉ်ဆက် မစည်ပင်ပြတ်လပ်သဖြင့်တကြောင်း၊ ဂျော့ဝါရှင်တန်၏ နေအိမ်နှင့် ပစ္စည်းအသုံးအဆောင် များသည် အနီးအပါး ရပ်ရွာရှိ သူတပါးများလက်သို့ ပျံ့နှံ့၍ ကစင့်ကရဲ ဖြစ်ကုန်ပါသည်။ နှစ်ပေါင်း ၅၀-ကျော်သောအခါ နှမြောစရာ ကောင်းသော မောင့်ဗာနန် နေအိမ်ဝင်းခြံများကို ခေါင်းဆောင်ကြီး ဂျော့ဝါရှင်တန်ကို လေးစားသော အားဖြင့် မူလလက်ရာခြေရာ မပျက်ထားရန် အထိမ်းအမှတ်ပြုရန် သတိတရား ရရှိ လာကြသည်။ ခေါင်းဆောင်ကြီး၏ ကျေးဇူးတရားကို နိုင်ငံသူ နိုင်ငံသားတို့က မသိတတ်၍ ပစ်ပယ် တိမ်မြုပ် ထားခြင်း ကား မဟုတ်တန်ရာ အူမတောင့်မှ သီလစောင့်နိုင်သည်ဆိုသော စကားအတိုင်း လွတ်လပ်ရေး ရပြီး သည့်နောက်လည်း ပြည်တွင်းစစ် များကြောင့်တကြောင်း၊ အေးချမ်းစည်ပင်မှု အခြေခံပြုပြင်၍ ပြင်ဆင် ဖန်တီး တည်ဆောက် မှုများကို ကြိုးစားလုံးပမ်းနေကြရသော အခိုက်အတန့်ကြောင့် သီလမစောင့်နိုင်သေး၍ ပစ်ထားရခြင်းသာဖြစ် ပါလိမ့်မည်။

အနှစ်(၅၀) လွန်မြောက်ခဲ့သောအခါမှာတော့ ပြည်ထောင်စုကြီးအသားကျ၍ တိုးတက်နေပြီ။ (မစ်အန္နပမ္မလားကဲနင်ဟန်)ဆိုသူ အမျိုးသမီးကြီးက ခေါင်းဆောင်၍ အမျိုးသမီးအသင်းတခုဖွဲ့စည်း ပြီး အလှူငွေ များစုလျက် လက်ပေါင်းမြောက်များစွာသို့ ပြန့်ထွက် လွင့်စင်နေသော ဂျော့ဝါရှင်တန်၏ အိမ်ထောင်မှု ပစ္စည်းများကို လိုက်လံ ၀ယ်ယူစုဆောင်းကာ ၀င်းကြီး ခြံကြီးတခုလုံးနှင့် အိမ်ကြီးတလုံးကို ရှေ့ခေတ်က အတိုင်း အထားသိုမှန်ကန်စွာနှင့် ခြေရာ လက်ရာမပျက် ဂျော့ဝါရှင်တန်ကို အထိမ်းအမှတ် ပြုလျက် ပြတိုက်ကြီးတခုပမာ ထားရှိခြင်းဖြစ်သည်ဟု သိရပါသည်။

စာရေးသူတို့အား ၀ါရှင်တန်နေ မိတ်ဆွေဦးခင်က မောင့်ဗာနန်သို့ သူ၏ကားနှင့် လိုက်ပို့ပါသည်။ တနာရီ မိုင် ၇၀... နှုန်းလောက်နှင့် မောင်းသွားသည်ပင် ၀ါရှင်တန်မှ မောင့်ဗာနန်အထိ နာရီဝက် ကျော်ကျော် သွားရသည်ဟု ထင်ပါသည်။ ကိုလံဘီယာဘက်လင်ကွန်း ကျောက်ရုပ်အနီးရှိ အာလင်္ဂ လန်တံတားမှနေ၍ ပိုတိုမက်မြစ်တဘက်ကမ်း ဗာဂျီနီးယားဘက်နှင့် စပ်နေသော ကိုလံဘီယာကျွန်း ရှည်ပန်းခြံဘက်သို့ ရောက်သွား သောအခါ၊ ထိုလမ်းခွတွင် (မောင့်ဗာနန်မီမိုရီးရယ်ဟိုက်ဝေး) လမ်းကျယ်လမ်းရှည်ကြီးနှင့် ဆုံသော နေရာသို့ ရောက်ပါသည်။

မောင့်ဗာနန်အထိမ်းအမှတ် လမ်းရှည်ကြီးကား... ကျယ်ဝန်း၍ သွားလမ်း... ပြန်လမ်း... နှစ်ဖက်ခွဲ ထားလျက် ပိုတိုမက်မြစ်ကမ်းပါးတလျှောက်မှ သာယာစိမ်းမြသော တောအုပ်တောင်တန်းများကို ဖြတ်ကာ ဖြတ်ကာ ဖေါက်လုပ် ထားခြင်းဖြစ်၍ ကြည်လင်သောမြစ်ရေ၊ စိမ်းလဲ့သော တောင်တန်း၊ နိမ့်ဝှမ်းသော ချောက်ကမ်းပါး နှင့် မြင့်မားသော ကုန်းခင်တန်းတို့သည် တခုနှင့်တခု ကြည့်ရှုမငြီးနိုင် အောင် ဆက်၍ ဆက်၍ ရေးဆွဲပြ သွားသော ပန်းချီကားကဲ့သို့သာ တွေ့မြင်ရပါသည်။

လမ်းစခန်းမှာ အနားယူစရာနေရာပေါင်း အမြောက်အများရှိပြီးလျှင် (ဟန်းတီးဖီးလ်)ခေါ် အမဲလိုက် ရာ တောကြိုးဝိုင်းများ၊ ပိုတိုမက်မြစ်တလျှောက် အပျော်တန်းရွက်လှေလှော်သူတို့၏ စခန်းများ၊ ရေ ချိုးဆိပ်များ၊ အပျော်မြင်းစီးလေ့ကျင့်ရာ၊ (ပတ်ခ)ခေါ် တောလမ်းဥယျာဉ်ခြံကြီးများနှင့် အပျော်တမ်း ငါးမျှား စခန်း များလည်း အများအပြားတွေ့ရသလောက် သူ့နေရာနှင့်သူ ၀ါသနာပါရာ ဌာနများသို့ ကိုယ်ပိုင် မော်တော်ယာဉ် တို့နှင့် မိသားစု အပျော်ထွက်လာကြသည်ကိုလည်း တွေ့ရပါသည်။

မောင့်ဗာနန်အထိမ်းအမှတ် လမ်းရှည်ကြီး တလျှောက်မှာလည်း မောင့်ဗာနန်သို့သွားသူများ၊ တော စခန်း၊ တောလမ်းနှင့် မြစ်ကမ်းနားတ၀ိုက်မှာ ကိုယ့်အစုနှင့်ကိုယ် ပါလာသော လဘက်ရည် မုန့်များ၊ နေ့လည်စာ များ၊ ပျော်ပျော်ပါးပါး စားသောက်နေကြသူတို့ကို တွေ့ရသော်လည်း ဘယ်နေရာ ကြည့် ကြည့်၊ သူတို့ စခန်းချ သွားရာနေရာများမှာ စားကြွင်းစားကျန်တွေ ယင်တလောင်းလောင်းအုံနေအောင် အမှိုက်ဗလပွေပစ်ခတ် မထားခဲ့ကြဘဲ မုန့်ကျွင်းမုန့်ကျန်နှင့် စက္ကူစုပ်၊ သစ်သီးခွံ၊ သံစည်ဗူးလွတ်မှအစ... ကျကျနန သိမ်းဆည်းပြီး စက္ကူအိတ်ကြီးတခုနှင့်လုံး ထုတ်ကာ လမ်းဘေးအမှိုက်ပုံကြီးတွေထဲသို့ စည်းကမ်းတကျ ထည့်သွား ကြပါသည်။ ဤသို့ လူထုက စည်းကမ်းရှိ၍သာ မြို့တွင်း မြို့ပြင်နှင့် တောလမ်းခရီးပါ ဘယ်နေရာ ကြည့်ကြည့် အမှိုက် သရိုက်မရှိဘဲ အမြဲသန့်ရှင်းစင်ကြယ်နေခြင်းဖြစ်ပါသည်။

*
ပိုတိုမက်မြစ်ကမ်းမလျှောက် သာယာသော တောစခန်းတောတန်းကလေးများကို တရိပ်ရိပ်ဖြတ်ခါ ဖြတ်ခါ လာခဲ့ခြင်း အားဖြင့် မောင့်ဗာနန်ရှိ ဂျော့ဝါရှင်တန်၏ နေအိမ်သို့ ရောက်လာပါပြီ။ နေ့စဉ်နှင့်အမျှ လာရောက်ကြည့်ရှုကြသော ပရိသတ်တွေကလည်း မနည်းလှပါ။ ၀င်းခြံကြီး၏ ထိပ်အ၀င်အ၀ဘက်တွင် ရပ်ထား လိုက်သည့် ကားတွေမှာလည်း တစို့ထိုးထားသော ပုဇွန်ကင်ကဲ့သို့ စီကာစဉ်ကာ ဘယ်ညာ ခေါင်းချင်း ယှဉ်လျက် ရှိပါသည်။

စာရေးသူတို့ စီးသာသောကားမှာ နေရာပြည့်နေသဖြင့် အတော်ဝေးဝေးမှာ သွားထားရပါသည်။ ကားပေါ်မှ ဆင်း၍ ခြံဝင်းအ၀င်ဝသို့ လျှောက်လာရသည်ပင် အတော် ခြေကုန်သွားပါပြီ။
ခြံအ၀င်ဝတွင် အိမ်ငယ်တခုရှိပါသည်။ ၎င်းအိမ်ငယ်မှ စားစရများလည်းရောင်းသည်။ အိမ်တွင်း ၀င်ကြည့်ရန် ၀င်ကြေး လက်ခံရာဌာန ဂိတ်ဝလည်းဖြစ်ပါသည်။ ကြည့်ရှုသူတွေများသောကြောင့် စီတန်း၍ပင် ပါဝင် ကြရ ပါသည်။ ပညာရေးဌာနမှ တခါတရံ လာတတ်သည့် ဗဟုသုတလေ့လာသူ များ၊ ကျောင်းသူ ကျောင်းသား များ စသော အစုံအုပ်နှင့် လာကြသူများအဘို့ ဆိုင်ရာက အကြောင်း ကြားလျှင် ၀င်ကြေးမယူကြပါ။

ဝင်သွားပြီးနောက် ကျယ်ဝန်း၍ စိမ်းလန်းသော မြက်ခင်းပြင်ကြီးကို ဗဟိုပြုလျက် တဘက်တချက်၌ ကျောက်လမ်းဝဲယာဖေါက်လုပ်ထားသည်။ လမ်းပေါ်တွင် အုပ်ဆိုင်းညို့မှိုင်းသော မဂ္ဂနိုးလီးယာပင် ကြီး တွေက ထီးပမာ မိုး၍ထားပါသည်။ ၀င်ပေါက်မှ အိမ်မကြီးအရောက် အတော်ကလေးသွားရပါ သေးသည်။ အိမ်မကြီး မှာ သမတဟောင်း တိုင်းပြည်ခေါင်းဆောင်ကြီးတဦးပိုင် ဖြစ်စေကာမူ ထယ်ထယ် ၀ါဝါခန့်ခန့် ညားညား နှင့် အသားယူ ဂုဏ်ပြုလုပ်ပြီး ကြီးကြီးကျယ်ကျယ် ဆောက်လုပ် ထားသည်မဟုတ်ပါ။ သာမည မိသားစု တို့ နေထိုင်လောက်သော အိမ်ရိုးရိုးပင်ဖြစ်ပါသည်။

နေ့စဉ်အမြဲတမ်းဆိုသလို ကြည့်လာသော ဧည့်ပရိသတ်တို့က ဥဒဟို ဖြစ်နေသောကြောင့် ၀င်လမ်း ထွက်လမ်း ခြားပေးထားပါသည်။ အိမ်အောက်ထပ် အခန်းများမှာ ဧည့်ခန်း၊ ထမင်းစားခန်း၊ အလုပ် ခန်း၊ အနားယူခန်း၊ မီးလှုံခန်းစသဖြင့် အခန်းပေါင်း တော်တော်များများရှိရာမှာ၊ စာရေးစားပွဲနှင့် ကုလားထိုင် ထမင်းစားခန်း တွင် ဇွန်း ခက်ရင်း ပုဂံပြား သစ်သီးများကအစ သဘာဝကျအောင် ပြင်ထားပြီး မီးလှုံရာ အခန်းမှ မီးလင်းဖိုမှလည်း မီးကျီးရဲရဲ ပုံသဏ္ဍာန် ဟန်အနေမပျက်လောင်လက်စ ထင်းတုံးများသာ စိတ်ဝင် စားစရာ သရုပ်ဖော်ထားပါသည်။

ဒီနည်းတွေကတော့ အင်္ဂလိပ်ကို စံနမူနာထား၍ လုပ်ရဟန်တူပါသည်။ လန်ဒန်မြို့ ရောက်စဉ်အခါက ဟင်မတန်ကုတ် ခေါ် အင်္ဂလိပ်ဘုရင်များ၏ နန်းတော်ဟောင်းကြီးမှ ရှေးလက်ရာ မပျက် ပြသထားရာတွင် အစားကြူးသော လူဝီဘုရင်၏ စားတော်ကဲကြီး ချက်ပြုတ်ရာ စားဖိုချောင် ၌ ခြေရာ လက်ရာ မပျက် မီးဖိုကြီးနှင့် သားကင် တစို့ကြီးများ နံရံတွင် ချိတ်ဆွဲထားသော တောကြက် တောငှက် အသေခြောက် ကလေးကအစ ရှေးက လက်စလက်န ကလေးများကို ပြသထားသည့် အတိုင်း အမေရိကန်တို့ကလည်း ဂျော့ဝါရှင်တန် ၏ နေအိမ်ကို နောင်လာ နောက်သားတို့ စိတ်ဝင်စားချင်သဖွယ် ပြသထားပါသည်။

အိမ်အပေါ်ထပ်ကိုလည်း တက်ရောက်ကြည့်ရှုရန် လှေခါးမှ အသွားတလမ်း အပြန်တလမ်းပြုပြင် ပေးထား ပါသည်။ ထိုအိမ်ပေါ်ထပ်မှာတော့ အိပ်ခန်းများ၊ စာကြည့်အပမ်းဖြေဆောင် ရှုမျှော်ခင်း လေညှင်းခံဆောင် ရေချိုးဆောင်များဖြစ်ကြ၍ ဤအခန်းကား ဂျော့ဝါရှင်တန် အိပ်ခန်း၊ ဤအခန်း ကား ဂျော့ဝါရှင်တန် စာဖတ်ခန်း၊ ဤအခန်းကား ဂျော့ဝါရှင်တန်၏ ဇနီးအိပ်ခန်း၊ ဖီးလိမ်းခန်းစသဖြင့် ကမ္ဗည်းအမျိုးမျိုးထိုးကာ ပြသ ထားပါသည်။

သို့နှင့် အိမ်အောက်ရော၊ အိမ်ပေါ်ကိုပါ နှံ့စပ်သေချာအောင် ကြည့်ရှုကြပြီးနောက်၊ ကျန်ရှိသေးသော ကြည့်ရှုစရာတွေကို ကြည့်ရှုဘို့ရန် ခြံကျယ်ကြီးအတွင်းသို့ ခရီး ဆက်ခဲ့ကြရပါ သည်။ အိမ်မကြီး၏ လကျာ်ဘက် တွင် တခုလက်ဝဲဘက်တွင်တခု အဆောက်အဦးငယ်များ နှစ်ဌာန ခွဲထားပါသည်။ အလယ် ကတော့ ကျယ်ဝန်းသော မြက်ခင်းပြင်ကြီးတခု ခြားထားလျက်ရှိပါသည်။

အိမ်မကြီး၏ လက်ျာဘက်မှ ပဌမဦးဆုံး တွေ့ရသော အလုပ်ရုံးခန်းအဖြစ် အသုံးပြုထားသော အဆောက်အဦး တခု၊ ဂျော့ဝါရှင်တန်၏ ဥယျာဉ်မှူးနေအိမ်၊ သူ၏ ပစ္စည်းထားသိုသော အိမ်ငယ်တခု၊ ဂျော့ဝါရှင်တန် နေလေ့ရှိသော (စပရင်းဟောက်စ်) ခေါ် အိမ်တဆောင်၊ ဂျော့ဝါရှင် တန် စိုက်ပျိုး စုဆောင်းသော ပန်းမျိုးစုံပန်းဥယျာဉ် ဂျော့ဝါရှင်တန်၏ မြူစီယံပြတိုက်အဖြစ် အသုံးပြု သော အိမ်တဆောင်၊ ရေခဲများ ထားသော အိမ်ကတခု၊ (ဂရီးဟောက်စ်အင်ကွာတားစ်) ခေါ် အိမ် တန်းလျား ကွာတားတခု ရှိရာ ၎င်း အိမ်မှာတော့ မူလရှိရင်းက မီးလောင်သွားသဖြင့် အသစ်ထပ်မံ ဆောက်လုပ်ထားရသည်ဟု သိရှိ ရပါသည်။

အိမ်မကြီး၏ လက်ဝဲဘက်မှာလည်း အဆောက်အဦးငယ်ကလေးတွေ တသီတတန်းကြီး ရှိပါသေး သည်။ ပဌမဦးဆုံး တွေ့ရသော အိမ်ငယ်မှာ မီးဖိုဆောင်ဖြစ်ပါသည်။ ထို့နောက် တွေ့ရသော အိမ်ငယ်တခုကတော့ အိမ်သုံး ပစ္စည်းထားရာ စတိုခန်းနှင့် ဘဏ္ဍာစိုးနေထိုင်ရာ ဖြစ်ပါသည်။

ထို့နောက် တွေ့ရသော အိမ်ငယ်တခုကတော့ ဆေးလိပ်သောက်သော အခန်းဟူ၍ သီးခြားထား သော အိမ်ငယ်ဖြစ်ပါသည်။ ထို့နောက် တခုက ခ၀ါရုံသို့မဟုတ် အ၀တ်လျှော်ရန် သီးသန့်ထားသော အိမ်ဖြစ်၍ ၎င်းအိမ်ငယ် နောက်ပိုင်းမှာ အ၀တ်များလှမ်းထားစရာ နေရာကွက်လပ်တခု၊ ၀န်းထရံ သီး သန့်ကာလျက် ရှိပါသည်။

ထို့နောက် တခုသော အဆောက်အဦးငယ်ကတော့ ရထားထားသောရုံဖြစ်ပါသည်။ ၎င်း၏ နောက် ပိုင်းမှာ အတော်ကျယ်ဝန်းသော စဖိုဥယျာဉ်ကြီးတခုလည်း ရှိပါသေးသည်။ စဖိုဥယျာဉ်ဆိုသည်မှာ ကော်ဖီဖုတ် ကော်ဖီပွင့်၊ မုံလာဥ၊ ခရမ်းချဉ်သီး၊ ဆလပ်ရွက်စသော ဟင်းသီး ဟင်းရွက်များ သက်သက် စိုက်ပျိုးထားသော ဥယျာဉ်ဖြစ်ပါသည်။ ခြုံကြည့်လိုက်လျှင် အိမ်မကြီးလက်ျာဘက်မှာ ပန်းဥယျာဉ်ဖြစ်၍ လက်ဝဲဘက်က ဟင်းသီး ဟင်းရွက် အမျိုးမျိုးစိုက်ပျိုးထားရာ စဖိုဥယျာဉ်ဖြစ်ပါ သည်။

စဖိုဥယျာဉ်၏ လက်ဝဲဘက်မှာ ပက်ဒေါက်ခေါ် မြင်းများအတွက် ခြေဆန့်ကွင်းလျားရှည် တခုနှင့် ထိပ်တင် ဂျော့ဝါရှင်တန်၏ မြင်းများထားသော မြင်းစောင်းရှည်ကြီးတခုတွေ့ရပါသည်။ ထိုမှတဖန် လက်ဝဲဘက် အတိုင်း လူသွားကျောက်စရစ်လမ်းကလေးမှ ဆက်လက်လိုက်သွားသော အခါ ဂျော့ဝါရှင်တန်၏ သင်းချိုင်းဂူ တည်ရှိရာ တောအုပ်ကလေးသို့ ရောက်ပါသည်။
သင်္ချိုင်းအုတ်ဂူနေရာတ၀ိုက်မှာလည်း သာယာကြည်နူးဖွယ် သဘာဝတောတန်းကလေးကို လူသွား လမ်းကလေး များနှင့် အဆင်ပြေအောင်ပြုပြင်ထားပါသည်။ လျှိုကလေးများ၊ စမ်းကလေးများ၊ ကျောက်တုံး ဖြင့်ပြီးသော ဂုံးတံတားကလေးများနှင့် တန်ဆာဆင်လျက်ရှိပါသည်။

ဂျိုး၊ ခါ၊ ရစ် စသော တောကြက် တောငှက်များနှင့် ရှဥ့်၊ ကျားကလေးများမှာလည်း လူသွားလမ်း ဘေးတွင် ပြေးလွှားမြူးတူး လျက်တွေ့ရပါသေးသည်။ အရှေ့ဘက်မှ ကျယ်ပြန့်သော သစ်တောအုပ် ကလေးမှာလည်း ပိုတိုမက် မြစ်ကမ်းခြေအထိ စိမ်းလဲ့သော မြေညီမြက်ခင်းပေါ်တွင် တမျှော် တခေါ်ကြီးပင် ချင်းထိယှက်ခါ သဘာဝ တောတောင်ရေမြေတို့၏ ရှုခင်းသာအဖြစ် စိတ်အာရုံကို ဖြေဖျော်နှစ်သိမ့်စေလျက်ရှိပါသည်။

ယင်းသို့လျှင် လာ၍ ကြည့်ချင်စဖွယ် လက်ယပ်ခေါ်နေသလိုလည်းဖြစ်အောင် ခေါင်းဆောင်ကြီး ဂျော့ဝါရှင်တန် အား လေးစားသော အထိမ်းအမှတ်ကြီးတခု တည်ရှိနေအောင် နောင်လာ နောက် သားတို့ အဘို့ ရာဇ၀င် ဗဟုသုတအဖြစ် စွဲမြဲရစ်အောင် ဖန်တီးပြုပြင် အမွှမ်းတင်ထားခြင်းတို့ကြောင့် ၁၂ ရာသီ အချိန်အခါမရွေး နေ့စဉ်နှင့်အမျှ လာရောက် ကြည့်ရှုကြသူတွေထံမှ ရရှိသော ၀င်ကြေး အခငွေ များမှာ ဤအဆောက်အဦး အထိမ်းအမှတ်ကြီးအဘို့ တာရှည် တည်တံ့နေနိုင်စေမည့် အထောက်အပံ့ တရပ်ပင် ဖြစ်နေပါတော့သည်။
*

ဝါရှင်တန်တွင် စာရေးသူတို့ တည်းခိုသော နေရှင်နယ်ဟိုတယ်၌ ဗမာပြည်မှ ရောက်ရှိနေသော အငြိမ်းစား ပညာမင်းကြီး ဦးချိုနှင့် အမေရိကန်အကျဉ်းထောင်များကို လေ့လာရန် ရောက်ရှိနေသော စက်ရှင် မင်းကြီးဦးညို တို့မှာ ဗမာပြည်က မိတ်ဆွေတွေဖြစ်၍တကြောင်း၊ ဗမာပြည်က နောက်ထပ် ရောက်လာသော သူများ ထံမှ ဗမာပြည်က သတင်းများနားထောင်လို၍တကြောင်း၊ စာရေးသူတို့ အခန်းသို့ မကြာခဏ အလယ်ရောက် လာကြရုံမက ၀ါရှင်တန်မြို့မှ ရှိရင်းစွဲ မြန်မာမိတ်ဆွေတို့ထံမှ ထမင်းစားဖိတ်တိုင်းလည်း စက်ရှင် မင်းကြီး ဦးညိုတို့နှင့် တအိမ်တည်းစား၍ တခရီးတည်းကားဖြင့် အတူသွားကြသည်ကများပါသည်။

ဝါရှင်တန်မြို့မှ ဗမာ့သံရုံးမှ အတွင်းဝန် ဦးစိန်ဘွားနှင့် ဇနီးတို့အိမ်က ညစာထမင်းစားဖိတ်ရာတွင် သူတို့ကား နှင့် လာကြိုရာမှာ ဦးညိုပါတပါတည်းဖြစ်၍ အတွင်းဝန် ဦးတင်မောင်ဒေါ်ထားရီနှင့် ဦးခင်မောင်... ဒေါ်ခင်မြ တို့က ထမင်းစားဖိတ်ရာမှာလည်း ဤနည်းအတိုင်း ဖြစ်ပါတော့သည်။

နိုင်ငံရပ်ခြားရှိ ဒို့ဗမာ သံရုံးများမှ အလုပ်ဝတ္တရား ဆောင်ရွက်ရင်း နေထိုင်ကြရသူများသည် ကိုယ့် လူစုကလေးနှင့်ကိုယ် သိုက်သိုက်ဝန်းဝန်းရှိနေကြပြီး ဗမာပြည်က ရောက်လာကြသော ဧည့်သည် မှန်သမျှ အားလည်း မျက်နှာစိမ်းမျက်နှာကျက်မရွေး ဖော်ဖော်ရွေရွေ ခင်ခင်မင်မင်နှင့် အူလှိုက်သဲလှိုက် ဂရုစိုက်ကြသည် မှာ နိုင်ငံခြားရောက် ဗမာများအတွက် ဂုဏ်ယူစရာတရပ်ပင် ဖြစ်ပါသည်။
    ဦးစိန်ဘွားနေအိမ် မှာ ၀င်းနှင့်ခြံနှင့် သပ်ရပ်လှပစွာ ရှိသကဲ့သို့ပင် ဦးတင်မောင်တို့ နေအိမ်မှာ လည်း သာသာ ယာယာ ပြန့်ပြန့်ပြူးပြူးရှိပါသည်။

အမေရိကန်မှာသာ ဆိုရသည် ထမင်းစားပွဲမှာဖြင့် ငါးပိချက်၊ တို့စရာ၊ ချဉ်ပေါင်းဟင်း၊ ငါးဆီပြန်... စသော ဗမာကြိုက် အစာတွေသာလျှင် ဝေဆာလျက်ရှိရာ၊ ချဉ်ပေါင်ရွက်ကိုမူ သူတို့အိမ်ဂေဟာရှိ ခြံမြေအတွင်း၌ ဗမာပြည် က မျိုးစေ့ကိုမှာ၍ တကူးတက စီမံစိုက်ပျိုး၍ပင် စားကြကြောင်းသိရပါ သည်။
ဗမာပြည်မှာ ချဉ်ပေါင်ဟင်းကို လူရာမသွင်း သိမ်ဖျင်းစုတ်ပဲ့သည်ဟု မဲ့မဲ့ရွဲ့ရွဲ့ ပြုခဲ့သော လူတန်းစား များသည် နိုင်ငံခြားရောက်နေသော အချိန်အခါမျိုး၌ (ရွှေချဉ်ပေါင် လက်ချား၊ ကြက်သားနှင့်မလဲ ပေါင်၊ တကယ့်ကို မလဲပေါင်) ဖြစ်နေကြပါသည်။

ချဉ်ပေါင်အရသာ နိုင်ငံခြားရောက်ခါမှ သိကြဟန်တူပါသည်။ တအိမ်က ချဉ်ပေါင်ဟင်းချက်သည် ဆိုလျှင် အခြားအိမ်က ဗမာမိတ်ဆွေသင်္ဂဟများလာရောက်စုပေါင်းစားသောက်ကြသည်။ သရက်သီး ဆားစိမ် အစား (အပ္ပယ်)ခေါ် ပန်းသီးအချဉ်မျိုး အနုအစိမ်းကလေးများ ကောက်၍ ဆားရည်စိမ်ကြပါ သည်။

အစိမ်းလိုက် ငရုတ်သီး ပုဇွန်ခြောက်မှုန့်နှင့် ထောင်းစားလျှင်လည်း သရက်သီးစိမ်း၊ မရမ်းသီးစိမ်း ထောင်းနှင့် အရသာ ခပ်ဆင်ဆင်မို့ ' ချဉ်ရဲပြေ' စားကြရသည်ဟု သိရပါသည်။
ဗမာပြည်၏ သံရုံးမှာလည်း နိုင်ငံခြားသံရုံး ရပ်ကွက်အစွန်တွင် တည်ရှိပါသည်။ သံရုံးရပ်ကွက်ဆို သည်မှာ နိုင်ငံခြား သံရုံးတွေ တစုတရုံး တည်ရှိနေခြင်းကြောင့် တင်စား၍ ရေးခြင်းဖြစ်ပါသည်။ ဂျူးပွန်စာကယ် ခေါ်သော အ၀ိုင်းကြီးတခုကို ဗဟိုပြုလျက် (နယူးဟမ္ပံ ရှိုင်းယားအဲဗင်းနယူးခေါ် လမ်းရှည်ကြီးသုံးခုက ကန့်လန့်ဖြတ် လျှက်ရှိရာတွင် ဂျူးပွန်စာကယ်၏ အနောက်မြောက်ဘက်သို့ ထိုးတက်သွားသော မာစတာ ချူးဆက် အဲဗင်းနယူးလမ်းကြီးအတိုင်း လိုက်သွားပါမူ ကမ္ဘာပေါ်ရှိ တိုင်းပြည်ကြီး တိုင်းပြည်ငယ် နိုင်ငံပေါင်းစုံ ၏ သံရုံးများကို ဆိုင်းဘုတ်ကလေးတွေ ကိုယ်စီနှင့် ဘတ်လို့မှတ်လို့ မကုန်နိုင်အောင်ပင်များပြားနေသည်ကို တွေ့မြင် ရပါမည်။

ဗမာပြည်၏ သံရုံးကား ဧရာမနိုင်ငံကြီးများက သံရုံးတွေ မမှီနိုင်သေးသော်လည်း သူ့ဝန်နှင့်သူ့အား သူ့မြှားနှင့် သူ့လေးဆိုသလို သင့်တင့်ရုံမျှရှိစေကာမူ ဗမာပြည်၏ သံအမတ်ကြီး၏ နေအိမ်ကတော့ အထူး ကောင်းမွန်ပြီး ခမ်းနားပါသည်။ ထိုအိမ်ကြီးကိုလည်း ဗမာပြည်အစိုးရပိုင်ဝယ်ယူပြီးဖြစ်ကြောင်း သိရပါသည်။ ဗမာပြည် သံအမတ်ကြီး၏ နေအိမ်သည် သံအမတ်ကြီးများနေထိုင်ရန် ထိုက်တန် သင့်လျော် အောင် ခမ်းနားသပ်ရပ်သဖြင့် အထူး ကျေနပ်ဖွယ် ကောင်းပါသည်။

သံအမတ်ကြီး မစ္စတာ ဘယ်လင်တန်နှင့် သံအမတ်ကြီးကတော်တို့မှာ စာရေးသူတို့အား ဗမာပြည်မှ ရောက် လာသော အစိုးရ ဧည့်သည်များ မဟုတ်စေကာမူ မြို့ခံအိမ်ရှင် ၀တ္တရားအတိုင်း (ဧည့်ဝတ်ဆောင် ၀တ်မချွတ်စေရာ) ဆိုသော စကားလို ခင်မင်ဖော်ရွေစွာ ဖိတ်ကြား၍ အထူးစပါယ် ရှယ်ထမင်းစားပွဲ တည်ခင်း ကျွေးမွေးကြပါသည်။

သံအမတ်ကြီးအိမ်မှ ထိုထမင်းပွဲမှာလည်း နေရာတကာ လွယ်ကူစွာဝယ်ယူနိုင်၍ ပေါချင်တိုင်း ပေါ များ နေသော ဘိစတိတ်၊ ကတ်တလိတ်၊ ဆိုက်ဒစ် စတဲ့ လူမျိုးခြားအစားအစာများကို ပစ်ပယ်က ဗမာ အစာ များကို ခဲရာခဲဆစ်ပြုပြင်ချက်ပြုတ် ကျွေးမွေးခြင်းဖြစ်ရကား သားနားသော ထမင်းစား ခန်း၏ လက်ပြောင် တောက်ပသော စားပွဲရှည်ကြီးပေါ်တွင် ဖြူစင်သန့်ရှင်းသော အုန်းထမင်း ကြက်သားဟင်း ငါးပိကြော် သနပ်စုံ တို့နှင့် အခြားဟင်းမယ်စုံများပါ ဖွယ်ဖွယ်ရာရာ ဖြစ်နေသည်သာမက ကျွတ်၍ယွ၍ နေသော ကြက်သွန်ပေါင်းကြော် ပူပူနွေးနွေး မှာလည်း အကြော်ဆိုင်မှာ ထိုင်စားရသည်နှင့်မခြား ဗမာကြိုက် အစားအစာ တို့၏ အရသာနှင့် သြဇာဓာတ်ကို သိမ်းကြုံးဆွဲငင် စေပါသည်။

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

Friday, July 9, 2010

ဒဂုန်ခင်ခင်လေး ၏ ကမ္ဘာ့ခရီးသွားမှတ်တမ်း အပိုင်း (၂၅)

ဝါရှင်တန်တွင်

(နယူးရောက်မြို့မှ ရေးစရာတွေမှာ အတော်များလှပါသေးသည်။ ပြတိုက်ကြီးအမျိုးမျိုး၊ စာကြည့် တိုက်ကြီး များမှ အစ၊ ပညာဗဟုသုတသိုမှီးဆည်းပူးစရာတွေ၊ အခြားရောက်သင့်ရောက်ထိုက်တဲ့ နေရာတွေကို ၀ါရှင်တန် ကအပြန်မှ စာရင်းချပါတော့မည်။)

သို့ကြောင့် (မေင်နင်းဆိုက်အရပ်)ရှိ အမေရိကန်ရောက် ဗမာအသင်းသားများနေထိုင်ရာ ဦးသန်းမြင့်၊ ကိုသိန်းဆွေ...တို့၏ ညစာပါတီကို သွားရောက်၍ သူတို့ကျွေးမွေးသော ကြက်သားနှင့် အုန်းနို့ ချက်သော ခေါက်ဆွဲဗိုလ်သိန်းဆွေလက်ဖြစ်ကြက်သားခါးပတ်ကျော်များကို တပျော်တပါးကြီး ၀ိုင်းဖွဲ့ စားသောက် ခဲ့ရပါသည်။
နိုင်ငံရပ်ခြားတွင် ဤသို့လျှင် ပျော်ပျော်ပါးပါးကိုယ့်အမျိုးသားတသိုက်တို့ စုစုရုံးရုံးတွေ့ခဲ့ရသည့် အတွက် အားတက် စရာ၊ ၀မ်းမြောက်စရာ၊ အချက်ကြီးတရပ်ပင် ဖြစ်ပါတော့သည်။
စာရေးသူသည် နောက်တနေ့မနက်တွင် နယူးယောက်မြို့မှ ၀ါရှင်တန်မြို့သို့ ပြည်တွင်းလေကြောင်း ကုမ္ပဏီ တခု၏ လေယာဉ်ပျံကြီးနှင့်ကူးခဲ့ရပါသည်။ နယူးယောက်နှင့် ၀ါရှင်တန်မြို့မှာ ရန်ကုန်နှင့် မန္တလေးမျှသာ ကွာဝေးသောကြောင့် လေယာဉ်ပျံပေါ်တွင် နှစ်နာရီကျော်ထိုင်ရုံနှင့် ရောက်ခဲ့ပါလေသည်။

ဝါရှင်တန်လေဆိပ်အဆောက်အဦးအတွင်းသို့ ပစ္စည်းရော လူပါရောက်ကြလျက်ခရီးသည်များ အဘို့ ထားသော ဧည့်ခန်းသို့ ၀င်မိလျှင်ပင် အဆင်သင့်ကြိုဆိုနေသော အမေရိကန် ပြန်ကြားရေး ဌာနမှ ကြီးကြီး မာစတာ အရာရှိနှစ်ဦးကို တွေ့ရပါသည်။ ဤအသုတ်ခရီးသည်များတွင် အရှေ့နိုင်ငံ သားဆို၍ ဤစာရေးသူ တို့သာပါလာကြသောကြောင့် ကြိုဆိုသူတို့အဘို့ မေးမြန်းစုံစမ်းရသော အခက်အခဲမရှိကြတော့ဘဲ၊ မြင်မြင်ချင်း လက်ဆွဲနှုတ်ဆက်ကြခြင်းဖြင့် သူတို့အဘို့ အဆင်ပြေပြီးသား ဖြစ်သွားပါတော့သည်။
ကြိုဆိုသူတို့က အကျိုးအကြောင်း အလ္လာပ...သလ္လာပ... တွေကို ပြောရိုးပြောစဉ်အတိုင်း မေးမြန်း ပြောဆို ပြီးနောက် လေဆိပ်မှ ၀ါရှင်တန်မြို့ထဲရှိ တည်းခိုရန် အသင့်ပြင်ဆင်ထားသောနေရှင်နယ် ဟိုတယ် သို့ သူတို့ကားနှင့်ပင်လိုက်ပို့ပါသည်။

ဝါရှင်တန်မြို့၏ မြို့နေမြို့ခင်းမှာသာယာလှပအောင် တမင်ပြုပြင်ထားပါသည်။ အမေရိကန်ပြည် ထောင်စုကြီး ၏ မြို့တော်ဖြစ်သောကြောင့်လည်း ခန့်ညားလှပအောင် တမျိုးတဖုံ စီမံထားခြင်းဖြစ်ရာ၊ နယူးယောက် မြို့ကြီးကဲ့သို့ မိုးထိုးအဆောက်အဦးကြီးတွေနှင့် ပြွတ်သိပ်တိုး၍ မနေစေရပါ။ အိမ်နေ တိုက်တာ အဆောက်အဦးများကိုလည်း ၁၂ ထပ်ထက်များအောင် ဆောက် လုပ်ခွင့်မပေးဘဲ ကျယ်ဝန်း သပ်ရပ်စွာ နှင့် နေရာတကာရှုခင်းသာဖြစ်အောင် ဥယျာဉ်ပန်းမာလ်များ၊ လမ်းကြီးလမ်းငယ် အသွယ်သွယ် တို့ နှင့် တင့်တယ်အောင် ခြယ်သထားပါသည်။

မြို့တော်ကြီးဖြစ်သော ၀ါရှင်တန်မြို့ နယ်နိမိတ်အတွင်း မီးခိုးခေါင်းတိုင်ပါသော စက်ရုံအလပ်ရုံများ ကိုလည်း တည်ဆောက် ခွင့်မပြုပါ။ ထို့ကြောင့်လည်း မီးခိုးမှုန့်၊ ကြပ်ခိုးမှိုင်းများမရှိဘဲ တမြို့လုံး သန့်ရှင်းကြည်လင် လျက်ရှိသည်ကို တွေ့မြင်ရပါသည်။ ကြည်လင်နက်ရှိုင်းသော (ပိုတိုမက်) မြစ်ကြီးနှင့် (အန်ဂေါ့စတီးယား) မြစ်နှစ်သွယ် က ၀ါရှင်တန်မြို့ ပတ်ဝန်းကျင်တခုမှာ သွယ်ဖြာစိုက် လည် စီးဆင်းနေခြင်း ပထ၀ီ သဘာဝ အားဖြင့် စိမ်းလန်းစိုပြေသော တောနှင့် တောင်စွယ်ကလေး တွေသည် ဟိုတကွက်...သည်တစု၊ သူ့နေရာ နှင့် သူ ရှုခင်းသာနေရာသန့်ကလေးတွေကို ထွက်ရေ မဆုံးအောင် ဖန်တီးထားသလိုရှိတော့သည်။

သို့ရာတွင် ရှိရှိသမျှနေရာတွေကို (ဟိုက်ဝေး)ခေါ်သော ဖြောင့်ဖြူးကျယ်ပြန့်၍ ချောပြောင်နေသော ခရီးဝေးကာ လမ်းရှည်ကြီးတွေနှင့် ဖေါက်လုပ်ဆက်သွယ်ထားသောကြောင့် သွားရောက်လည်ပတ် ဘို့ရာ အထူး လွယ်ကူ ပါသည်။ မြစ်ကမ်းဝဲယာနှင့်တကွ ကျွန်းဆွယ်ကျွန်းငယ်တွေမှာ သာယာသော ဥယျာဉ် ပန်းမာလ် တွေနှင့် အလှပြင်လျက်သာတွေ့ရပါသည်။ ၀ါရှင်တန် (ဒီစီ)ဆိုသော ၀ါရှင်တန်မြို့ အ၀ှမ်းကလည်း ကျယ်ပါ ဘိတောင်း။
ဒီစတိတ်တိုက်နယ် ရပ်ကွက်တွေကလည်း သူ့အမည်နှင့်သူ တသန့်စီကန့်လျက်ပင် ကိုလံဘီယာ၊ မာရီလင်၊ ဗာဂျီနီယား... စသဖြင့် အမျိုးမျိုးခွဲလျက် မှတ်သားထားကြပါသည်။
ဝါရှင်တန်တနယ်ကပင် စာရေးသူတို့ ဗမာပြည်တ၀က်စာလောက်တော့ ရှိမည်ထင်ပါသည်။

စာရေးသူတို့ တည်းခိုသော နေရှင်နယ်လ် ဟော်တယ်မှာ ၀ါရှင်တန်မြို့လယ်ကြ၍ အရေးကြီးသော နေရာတိုင်းနှင့်နီးသည်ဟု အသားယူထားသော ဟော်တယ်ဖြစ်သည့်အတိုင်း အမေရိကန်တနိုင်ငံလုံး၏ အချုပ်အခြာ ပုဂ္ဂိုလ်ကြီးဖြစ်သူသမတကြီးများနေထိုင်သော ၀ှိုက်ဟောက်စ်ခေါ် အိမ်ဖြူတော်နှင့်လည်း ၂-လမ်း လောက်သာခြားပါသည်။

စရှော့ပ်ပင်စင်ကားခေါ်သောစည်ကားရာ ကုန်တိုက်ကြီးများ၊ ရုပ်ရှင်ရုံများ ရုံးများနှင့် အခြားအရေး ကြီးရာ ဌာန များနှင့်လည်း ဗဟိုရ်ကျနေပါသည်။ ၀ါရှင်တန်မြို့လယ်က လမ်းကြီးများအနက် ထောင်နှင့်မြောက် သွားသော လမ်းတွေကို ဂဏန်းအမှန်နှင့်ပြ၍ အရှေ့နှင့်အနောက်သွားသောလမ်းတွေကိုတော့ အေ-ဘီ-စီ စသော အမှတ်အသားနှင့် ပြသထားပါ သည်။ စာအက္ခရာအမှတ်အသားနှင့် လမ်းများမှာလည်း မြို့က ကျယ် လမ်းတွေကများ သဖြင့် ရပ်ကွက်တပိုင်းတပိုင်းခွဲထားရပါသေးသည်။ ဤနေရာမှာတော့ မြန်မာစာက အင်္ဂလိပ်စာ ထက် စာလုံးရေများသဖြင့်သာပါသည်။
သူတို့ (အေ-ဘီ-စီ-ဒီ)က ၂၆-လုံးသာရှိပြီး ဒါပြီးရင် ဘာမှဆက်လုပ်လို့မရပါ၊ ဗမာစာကတော့ (က)ကစ၍ (အ)အထိ ဗျည်း ၃၃-လုံး ရှိရုံမကသေးဘူး၊ က..ကာ..ကိ...ကီ..ကု..ကူ..ကေ..ကဲ..ကစ၍ ဗျည်း ၃၃-လုံးကိုအမျိုးပေါင်း ၃၉၆ မျိုးအထိ အကျယ်ချဲ့၍ သုံးနိုင်ပါသေးသည်။ (ကကြီးကသတ်ကတ် တို့ဘာတို့မပါသေးပါ)။ 

သို့ရာတွင် ဗမာပြည်မှာ သုံးစရာအက္ခရာ အမှတ်အသားပေါသလောက် မြို့ပေါ်၌ ဖောက်လုပ်ထား သောလမ်းများကနည်းနေပါသေးသည်။ လမ်းပန်းဆက်သွယ်ရေးဌာနနှင့် မြို့ရွာမြူနီစီပါယ်များက လည်း ငွေမရှိ သဖြင့် တကြောင်းအခြားသောအကြောင်းကြောင့် တကြောင်း နယ်ကလမ်းပန်းတွေ မှာ မှိုင်းဗုံးမြှုပ် တံတားဖျက် နှင့် နိုင်ငံရေးဘမ်းပြ၍ လမ်းတွေများလျှင် လမ်းပြင်ရ အမှိုက်လှဲရ မီးထွန်း ရသော အလုပ် ပိုများ တို့ကြောင့် လမ်းမများစေဘဲ နည်းနည်း ကြိုက်ကြဟန် မတူပါ။                                                                                                                                                                                          
စာရေးသူတို့ တည်းခိုရာ နေရာနှင့်မဝေးလှသောနေရာများအနက် အမေရိကန်ပြည်ထောင်စု၏ ကျက်သရေဆောင် လွတ်လပ်ရေး ကျောက်တိုင်ကြီး၏ ကြီးကျယ်ခန့်ညားလှပခြင်းကိုတော့ အထူးဘဲ နှစ်လို အားရ အားကျ လှပါတော့သည်။ အစိုးရအိမ်တော် သို့မဟုတ် အိမ်ဖြူတော်၏ တောင်ဘက် စူးစူးတွင် ထို လွတ်လပ်ရေး အထိမ်းအမှတ် ကျောက်တိုင်ကြီးတည်ရှိပါသည်။

အိမ်ဖြူတော်ဝင်းအတွင်းမှာ သာယာသော မျက်နှာစာပန်းခြံကြီးတခုဖြစ်ပါသည်။ ထိုကမှတလမ်းခြား ၍ တောင်ဘက်တည့်တည့်မှာဘဲ စိမ်းလဲ့လဲ့မျက်ခင်းပြင်နှင့် ကျယ်ဝန်းလှသည့် ကစားကွင်းကြီးတခု၊ ဤကစားကွင်း ကျယ်ကျယ်ကြီးကို အ၀ိုင်းလိုက် ကလနားသတ်ထားသလို လက်ပြောင်ချောမွတ်သော ကားလမ်းကျယ်ကြီးကရစ်ဝိုင်းလျက်ရှိပါသည်။ တဖက်တချက်မှန်ပြ စိမ်းလန်းသော သစ်အဲရိုင်းပင်တွေပင် ချင်းယှက်အုံဆိုင်းကာ အေးမြသောအ`ရိပ်အာဝါသတို့ ပေးနေပြီးလျှင် စခန်းတထောက်လျှင် နှစ်ယောက် ထိုင် နောက်မှီခိုင်ခုံ တန်းလျားကလေးများထား၍ အတွင်းရစ်မှ စင်္ကြံ လူသွားလမ်း ကလေး တခုလည်း ရှိနေပါသေးသည်။ ဤလမ်းအ၀ိုင်းကြီးကို အခြား လမ်းနှင့် သွား ဆက်နိုင် သော လမ်းတက်များကိုလည်း လေးမျက်နှာ ဆက်ထားပါသေးသည်။ အလယ်ကကွင်းကြီးကို အီးလစ်(စ်)ဟု ခေါ်၍ ၀ိုင်းထားသော လမ်းကြီးကိုတော့ အီးလစ်ရုတ်ဟုကဗ္ဗည်းတပ်ထားပါသည်။

ထိုဌာနမှဖြတ်၍ တောင်ဘက်သို့ ထွက်လာလျှင် အခြားလမ်းကျယ်ကြီးများထက် ပို၍ကျယ်သော (ကွန်စတီကျူးရှင်း၊ အဲဗင်းနယူး) ခေါ်သော လမ်းကျယ်ကြီး တခုကိုဖြတ်ကျော်ရပါသည်။ ထိုကွန် စတီကျူးရှင်း အဲဗင်းနယူးလမ်းမှာ ၀ါရှင်တန်မြို့၏ ကျက်သရေဆောင် မင်းလမ်းမကြီးဖြစ်သော ကြောင့် စာထဲ ထည့် မရေး၍မဖြစ်နိုင်ပါ။ ရှည်လျား၍ကျယ်ဝန်းသော လမ်းကြီးတခုလုံးကို ၀ဲယာ နှစ်ဘက်လုံးတွင် အမေရိကန် ပြည်ထောင်စု အလံကြီးတွေကို၎င်း။ ပြည်ထောင်စု နဖူးစည်းတွေကို ၎င်း။ ပြည်ထောင်စုအလံ အရွယ်လတ် အရွယ်ငယ် အစားစာတွေနှင့် လမ်းလုံးပြည့်အောင် နေ့ညမပြတ် အမြဲချယ်လှယ်မွမ်းမံ အလှပြင် ထားပါသည်။

    ရှေ့ဘက်ယူအက်(ဖ်)ကပ္ပတိန်အဆောက်အဦးအနီးရှိ ပဌမလမ်းမှ သည်အနောက်ဖက် ပိုတို မက်မြစ်ကမ်း နဖူးအထိရှိ၍ ထိုရှည်လျားလှသော ကွန်စတီကျူးရှင်း အဲဗင်းနယူးမင်းလမ်းမကြီး တလျှောက် လုံး ၀ဲရောယာပါ နေရာစိတ်ပြည့်သိပ်ကျပ်ခဲနေအောင် စိုက်ထူထားသော အလံကြီးငယ် များ၊ နဖူးစီးစ များမှာ အမျိုးကောင်းဖြစ်၍ အမြဲတန်းသစ်လွင် တောက်ပြောင်နေစေခြင်းအားဖြင့် မည်မျှ စရိတ် ကုန်ကျ ကြီးလေးမည်ကို ခန့်မှန်းပါက အင်မတန် ပိုက်ဆံချမ်းသာနိုင်ငံကြီးမို့သာ အရမ်းမဲဖြုန်းပစ်နိုင်ပေတာပဲု ဆိုချင် ပါတော့သည်။

ကွန်စတီကျူးရှင်း မင်းလမ်းမကြီးကိုဖြတ်၍ တောင်ဘက်သို့ ကူးလိုက်လျှင် သစ်ပင်အုပ် လူသွား ပလက်ဖောင်း နခမ်းသပ်၍ ကျယ်ဝန်းပြန့်ပြူးသော မျက်ခင်းစိမ်းစိမ်းနှင့် ကုန်းမို့မို့ကလေးပေါ်တွင် ပေါ်လွင်၍ ထင်ရှားသားနားလှသော လွတ်လပ်ရေး အထိမ်းအမှတ် ကျောက်တိုင်ကြီးကို တွေ့မြင် ရပါသည်၊ ကျောက်တိုင်ဆိုသည့်အတိုင်း လူတယောက်စာလောက်ရှိမည်ဖြစ်သော ကျောက်တုံးကြီး များကိုဆင့်ကာ ဆင့်ကာ တည်ဆောက်ထားပါသည်။ သူတို့နိုင်ငံ၏ လွတ်လပ်ရေးအထိမ်းအမှတ် ကျောက်တိုင်ကြီးကို အင်တိုက် အားတိုက် တည်ဆောက်နေဆဲမှာပင် ကျောက်တိုင်ကြီးသုံးချိုးတချိုး လောက်သို့ ရောက်သော အခါ ပြည်တွင်းစစ်ပွဲနှင့် ဗရုတ်သုက္ခတို့ကြောင့် ခေတ္တရပ်ဆိုင်းထားရပြန် ပါသည်။

နောင် ... အေးချမ်းသာယာသော အချိန်အခါကျမှ ရပ်ထားရသောနေရာမှ ရှေ့ဆက်၍ပြီးမြောက် သည်အထိ ဆက်တိုက် တည်ဆောက်သွားမည်ဟု သိရှိရပါသည်။ သို့ောကာင့် ကျောက်တိုင်ကြီး အောက်ခြေ သုံးချိုးတချိုးလောက်မှာ ကျောက်သားအရောင်တမျိုး ဖြစ်နေလျှက် အပေါ်ဘက်ပိုင်းဆီက အရောင် တမျိုးဖြစ်ခါ အရောင်အနုအရင့် အရစ်တခုခြားနားထားသလို တွေ့ မြင်ရပါသည်။
လွတ်လပ်ရေး ကျောက်တိုင်များ၏ ရာဇ၀င်တွင် အကြီးနှင့် အမြင့်ကိုလေ့လာပါက ၀ါရှင်တန်ကျောက် တိုင်ကြီး ကိုသာ လွန်နိုင်မည့်ကျောက်တိုင်မရှိဟုထင်ပါသည်။
ကျောက်တိုင် မည်မျှကြီး၍ မည်မျှမြင့်နေသည်ကို ဂဏန်းနှင့်ရေးပြသည်ထက် ကျောက်တိုင်၏ အောက်ခြေ တွင် စီတန်းရပ်ထားသော မော်တော်ကားကလေးတွေနှင့် နှိုင်းယှဉ်ကြည့်သည်က ပို၍ လေးနက် မည် ထင်ပါသည်။

ကျောက်တိုင်၏ အကျယ်အ၀န်းမှာလည်း ဘယ်နှစ်ပေရှိသည်ဟုရေးပြသည်ထက် ကျောက်တိုင်ကြီး၏ အတွင်းဘက် မှ လျှပ်စစ်ဓာတ်လှေခါး၊ ရိုးရိုးလူတက်လှေခါးများ ထားရှိနိုင်ခြင်းကို အခြေပြု စဉ်းစား ကြည့်နိုင် ပါလိမ့်မည်။
လျှပ်စစ်လှေခါးဖြင့် ဤကျောက်တိုင်ထိပ်ဖျား သုံးမျှောင့်ချွန်းနေရာအထိ လူတွေ တက်ကြည့်နိုင်ရန် ၀ရံတာ နှင့် အပေါက်ကြီးများ ထားရှိပါသည်။ တက်ကြည့်လိုသူသည် လျှပ်စစ်လှေခါးတက်ခ လူတယောက် ၁၀ ဆင့်၊ ဗမာငွေ ငါးမူးနီးပါးခန့်ပေးရပါသည်။

စာရေးသူသည် ကွန်စတီကြူးရှင်းလမ်း၏ တောင်ဘက်ရှိ ပလက်ခေါင်းဘေးရှိ ခုံရှည်မှထိုင်၍ ၀ါရှင်တန် လွတ်လပ်ရေး အထိမ်းအမှတ် ကျောက်တိုင်ကြီးကို ကြည့်ရင်း လွတ်လပ်သော အမေရိကန် ပြည်ထောင်စုကြီး၏ အတိတ်ဘ၀မှ အဖြစ်အပျက်အခက်အခဲတွေကို ကြားဘူးနားဝ ရှိသလောက် သုံးသပ် ဆင်ခြင် မိပါသည်။

လွတ်လပ်ရေးကို သွေး-ချွေးဇွဲတို့နှင့် အရင်းပြု၍ ယူရသလောက် လွတ်လပ်ရေးလက်ဝယ်ရရှိပြန် တော့ လည်း တည်တံ့ခိုင်မြဲရေးကို ပြည်ထောင်စုသားတွေ ကျောချင်းကပ်ရင်ချင်းအပ်လျက် အဖက် ဖက်က ကြိုးစား ရသေးကြောင်း ပြည်တွင်းစစ်၊ ပြည်တွင်းသူပုန်စသော အနှောက်အယှက် အဖျက် အဆီး များကလည်း တိုင်းပြည်ကြီးငယ်မဟူ လွတ်လပ်စ နိုင်ငံတိုင်းမှာ ကျရောက်ဖျက်ဆီးလေ့ရှိ သောရောဂါဆိုး တမျိုးကဲ့သို့ စက်ဆုပ်ဘွယ်ရာကောင်းကြောင်း။ အမေရိကန် ပြည်ထောင်စုသားတွေမှာ အချင်းချင်း ညီညွတ်မျှတခြင်းဖြင့် နောက်ဆုံး၌ အောင်မြင်ငြိမ်းချမ်းခြင်း ဘက်သို့ရောက်ခါ နိုင်ငံကြီးပွားချမ်းသာရေးကို ကြိုးပမ်းခဲ့ခြင်းဖြစ် ယခုတော့ ကမ္ဘာ့ဓနရှင်နိုင်ငံကြီး အဖြစ်သို့ပင် ရောက်လာရတော့သည်။

*
သူတို့ရဲ့ လွတ်လပ်ရေးကျောက်တိုင်ကြီးကို ကြည့်ပြီး အားရမှု အားကျမှုမျိုးသည် ဤကျောက်တိုင်ကြီး အနီးအပါး သို့ ရောက်လာသော နိုင်ငံခြားသားတိုင်း အနည်းနှင့် အများဆိုသလို ဖြစ်ပေါ်ကြမည်မလွဲ ဟုလည်း ယုံကြည်လိုက်မိပါသည်။ ကျောက်တိုင်ကြီးကိုကလည်း စိတ်ဓါတ် တက်ကြွမှုကို နှိုးဆွ လှုပ်ရှားပေး နေသကဲ့သို့ ရှိနေပါသည်။
ဤအမေရိကန် လွတ်လပ်ရေး ကျောက်တိုင်ကြီး၏ အနောက်ဖက်တည့်တည့်သို့လှည့်၍ မျှော်လိုက်လျှင် အေဗရာဟင်လင်ကွန်းဆိုသော အမေရိန်ကန်မျိုးချစ်ခေါင်းဆောင်ကြီး၏ အထိမ်း အမှတ်ပုံတူ ကျောက်ရုပ်ကြီး ထားသော ခမ်းနားလှသည့် အဆောက်အဦးကြီးတခုကို တွေ့ရပါသည်။

လင်ကွန်းအထိမ်းအမှတ် အဆောက်အဦးကြီးသည်ကား မြင့်မားသော ကုန်းမို့မို့ကလေးပေါ်တွင် တည်ရှိ၍ ကျောက်လှေခါးကျယ်ကြီးနှင့် ပရိသတ်များများ တက်နိုင်ဆင်းနိုင်ရန် တည်ဆောက် ထားပါသည်။ အဆောက် အဦးကြီး၏ ပတ်ဝန်းကျင်ကျယ်ပြန့်လှသော ကုန်းမို့မို့ကလေးမှာ ပြုပြင် ဖန်တီးထားသော မြက်ခင်းပြင် ကြောင့် ကမ္ဗလာ စိမ်းဖြင့် လွှမ်းခြုံထားသလို အခါခပ်သိမ်း စိမ်းလန်း စိုပြေလျက်သာရှိပါသည်။

လင်ကွန်းအထိမ်းအမှတ် ဗိမာန်ကြီးတည်ရှိရာ ကုန်းတ၀ိုက်ကို အလယ်ဗဟိုထားလျက် စက်ဝိုင်းသဏ္ဍာန် ရစ်ဝိုင်းထားသော လမ်းမကျယ်ကြီးရှိ၍ ထိုအ၀ိုင်းကြီးမှ အရပ် ၆ မျက်နှာသို့ ခွဲထွက်သော လမ်းကျယ်များက ဦးစိုက်လျက်ရှိပါသည်။ လင်ကွန်းကျောက်ရုပ်၏ ကျောဘက်ကျ သောအနောက်ဖက်တည့်တည့်၌ ပန်းခြံနှစ်တပ် လမ်းများရှိပြီးလျှင် ပိုတိုမက် မြစ်ရေစပ်သို့ ဆင်းသွားသော ကျောက်စောင် တန်းလှေခါး ကျယ်ကြီးတခုကိုလည်း သာယာစွာ ပြုပြင်ထားပါသည်။

ဤနေရာမှ မျှော်မှန်းလိုက်လျှင် ကြည်လင်သော မြစ်ရေယာဉ်၏ ဟိုတဖက်ကမ်းမှအဆုပ်ဆုပ်အခိုင် ခိုင် ပင်လုံးကျွတ်ပွင့်ဝေ ပြာလျက်ရှိသော ချယ်ရီပင်များနှင့် တန်ဆာဆင်ထားအပ်သော ကိုလံဘီ ယာကျွန်း လျားရှည်ကလေးတွင် ပတ်ခ်ဝေးခါ် ကောက်ကောက်ကွေးကွေးနှင့် ကားကလေးတွေ ပြေးနေသော လမ်းရှည်ကြီးများကို မြင်နေရပါသည်။
သို့လျှင် တဖက်ကမ်းက လှမ်းမြင်နေရငြားလည်း ရုတ်ချည်း ရောက်လိုက ဟိုဘက်သို့ကူးသွားနိုင် ပါသည်။ ပိုတိုမက် မြစ်ကြီးခြားနားနေသော လင်ကွန်းဗိမာန်နောက်ရှိ တဖက်ကမ်းစပ်မှ ကိုလံဘီ ယာကျွန်းတည်ရှိရာ တဖက်ကမ်းစပ်ကို (အာလင်္ဂလန်)အထိမ်းအမှတ် တံတားနှင့် မြစ်ကို ဖြတ်၍ ဆောက်လုပ် ဆက်သွယ် ထားပါသည်။

ဤသည်တို့မှာ အေဗရာဟင်လင်ကွန်း အထိမ်းအမှတ်၏ ပတ်ဝန်းကျင်တ၀ိုက်နှင့် အနောက်ဖက်ရှိ မျက်စိ ပဒသ လှပသော ရှုမျှော်ခင်းများဖြစ်ပါသည်။ လင်ကွန်း၏ ပုံတူ ကျောက်ရုပ်ကြီးရှိရာ အဆောက်အဦး၏ အတွင်းခန်းသို့ ၀င်မိလျှင် ယခင်တွေ့မြင်ထားရသော ရှုခင်းသာများကို မေ့ ပျောက်၍ ကျောက်ရုပ်၏ အနုပညာရပ် ကို ရင်သပ်အံ့သြငေးမောနေကြရန်သာ ရှိပေတော့သည်။ ဤလိုတူအောင် ထုနိုင်သော ကျောက်ရုပ်တု ပညာမှသာ လက်ရာမြောက်သည်ဟုဆိုလောက်စရာ အရုပ်ကိုစိုက်ကြည့်နေလျှင် ရုတ်တရက် လှုပ်ရှားလာတော့မည့်အလား အသက်ဝငလျက် ရှိပါသည်။

ဒီကျောက်ရုပ်ရှင် အမေရိကန်လူထု၏ နှလုံးသည်းပွတ်ကဲ့သို့ ချစ်ခင်လေးစားခြင်းခံရသူ ငွေဝယ်ကျွန်စနစ်တိုက်ဖျက်၍ ပြည်ထောင်စုကို အကောင်အထည်အစဖော်ခဲ့သော မျိုးချစ်ခေါင်း ဆောင်ကြီး အေဗရာဟင်လင်ကွန်း၏ အကြောင်းအထုပ္ပတ္တိမှာ တကမ္ဘာလုံးကျော်ကြား ထင်ရှားခဲ့ပြီး ဖြစ်၍ အထူး ထုပ်ဖော်ရန် မလိုတော့စေကာမူ သူ၏ ဆောင်ရွက်ချက်သူ၏အသက်သွေးကို စတေးခဲ့ရချက်တို့ကြောင့် သူတို့ပြုစုပျိုးထောင်လာခဲ့သော အမေရိကန် ပြည်ထောင်စုကြီး၏ လွတ်လပ်မှုနှင့် ယခုလို စည်ပင်ပြန့်ပွားကာ ကမ္ဘာပေါ်မှာ လက်မထောင်နေနိုင်သော အခြေအနေကို သူသေသော်လည်း သူ၏ ကိုယ်စား ပုံတု ကျောက်ရုပ်ကြီးအား အလေးပြု၍ အမြဲပြသ ထားဘိအလား သူ့မျက်နှာမူရာ အရှေ့ မျက်နှာ၌ လွတ်လပ်ရေး ကျောက်တိုင်ကြီးက မားမားကြီး တွေ့မြင်ရနိုင်သည်။

လွတ်လပ်ရေး ကျောက်တိုင်၏ နောက်ပိုင်းဆီမှာတော့ သမတ အိမ်ဖြူတော် ပြည်သူ့လွှတ်တော်ကြီး စသော လွတ်လပ်သော ပြည်ထောင်စုကြီး၏ ကျက်သရေဆောင် အဆောက် အဦးကြီးများက သပ်သပ်စီ ငွားငွား စွင့်စွင့် နှင့် တည်ရှိပါသည်။

စာရေးသူသည် ခေါင်းဆောင်ကြီး အေဗရာဟင်လင်ကွန်းကျောက်ရုပ်ကြီး၏ ရှေ့မှနေ၍ ၀ါရှင်တန် လွတ်လပ်ရေး ကျောက်တိုင်ကြီးကို လှမ်းမျှော်ကြည့်မိ၏။ ကြည်မြသော ရေကန်သာတွင် အရိပ်ထင်လျက် ရှိသော လွတ်လပ်ရေး ကျောက်တိုင်ကြီးသည် သူတို့နိုင်ငံ၏ လွတ်လပ်မှုကို ၀ါကြွား ကြွေးကြော်နေသလိုသာ မြင်နေသည်။ တခါလင်ကွန်းပုံတူ ကျောက်ရုပ်ကြီးကို မော့ကြည့်မိ သည်။ ခေါင်းဆောင်ကြီးသည် ငါ၏ အသက်သွေး ကို စွန့်လွှတ်၍ ပြုပြင် တည်ဆောက်သွားရကျိုးနပ်လှသည်ဟု လွတ်လပ်ရေး ကျောက်တိုင်ကြီး ကို ကြည့်ပြီး ကျေနပ်ပြုံးကြီး ပြုံးနေသလိုသာ မြင်နေမိပါသည်။

တနည်းဆိုပြန်တော့လည်း သူတို့နိုင်ငံတွေက လွတ်လပ်ရေးရပြီးတာ အနှစ်တရာလောက်ပင်ရှိခဲ့ပြီး။ ဒို့ဆီမှာ ခုမှ ၄-၅နှစ်ရှိသေးတာ တနေ့ခုလို စည်းလုံးညီညွတ်ရွှေပြည်သာမဖြစ်ပါဘူးလို့ မဆိုနိုင်ပါ။
အမေရိကန် ပြည်ထောင်စုသားတွေ ဆိုတာဟာကော ဘာတွေလည်း။ ကမ္ဘာအရပ်ရပ်ဖြစ်တဲ့ အင်္ဂလိပ်၊ ပြင်သစ်၊ စပိန်၊ ဒတ်ခ်ျ စသော အနယ်နယ်က ဘာသာရေး ဖိနှိပ်မှု၊ စီးပွားရေးကြပ်တည်းမှု၊ နေရာမရမူစတဲ့ အကြောင်း အမျိုးမျိုးတွေနဲ့ ပြေးလွင့်ရောက်လာကြတဲ့ လူတွေ ရယ်ရှိပြီး တိုင်းရင်းသားတွေနဲ့ ရက်အင်ဒီးယန်း ဆိုတဲ့ လူတွေရယ်၊ အာဖရိက ငွေဝယ်ကျွန် အဖြစ်နှင့် သင်္ဘောကြီးငယ်နှင့် ကူသယ် ခေါက်သယ် သယ်လာတဲ့ နီဂရိုးတွေရယ်၊ စုပေါင်းပြီး ကျောချင်းကပ်မိမှ ကြီးပွားလာကြတဲ့ လူတွေသာ ဖြစ်နေလို့ သည်လိုမ တရာသားတွေပင် တနေ့မှာ အမြင်မှန်ရပြီး စည်းလုံးညီညွှတ်စွာနဲ့ ပြင်ပရန်ကို တွန်းလှန်ပြီး လွတ်လပ်ရေးကြီးကို လက်ဆုတ်လက်ကိုင်ယူထားနိုင်ပါသေးသည်။

အဲသည်တော့ ဒို့ဆီက ကြယ် ၅ လုံးနဲ့ ပြည်မကြယ်ကြီးတခုဟာ အမေရိကန်က ၄၈ နယ်လောက် ပြည်ထောင်စုဦးရေ မများဘဲနှင့် ဘောက်မဲ့ကြောင့် အချိန်ကာလ တိုတိုနဲ့ သူတို့လို သာယာအေးချမ်းတဲ့ လောကနိဗ္ဗာန် စခန်းကို မတက်လှမ်းနိုင်ရှိရသလဲဟု ရက်တိုတိုနဲ့ မဂ်ဖိုလ်ရ၊ ရပါလို၏ မြတ်ရင်စောဟု ဆုတောင်းရင်း အားခဲ့ပြီး မျှော်လင့်စောင့်စားနေကြဘို့ဘဲ ရှိပါတော့သည်။
ဝါရှင်တန်မြို့ တ၀ိုက်မှာတော့ လွတ်လပ်ရေးအထိမ်းအမှတ်နှင့် လွတ်လပ်ရေးရာဇ၀င်အတွက် ခေါင်းဆောင်ရှေ့ရွက်ပြုပေးခဲ့သော မျိုးချစ်ပုဂ္ဂိုလ်ကြီးများ၏ အမှတ်အသားကျောက်ရုပ်နှင့် ဗိမာန်ကြီးများကို တခမ်းတနား တည်ဆောက်ထားကြသဖြင့် တခုပြီးတခု ကြည့်ရှုလို့ မကုန်နိုင်အောင်ပင် ရှိပါတော့သည်။

ခေါင်းဆောင် မျိုးချစ်ပုဂ္ဂိုလ်ကြီး အေဘရာဟင်လင်ကွန်း အထိမ်းအမှတ်ဗိမာန်ကြီး၏ တောင်ယွန်းယွန်း အရပ်တွင် တီဒယ်ရေအိုင်ကြီးအနီး၌လည်း ခေါင်းဆောင် ဂျက်ဖာဆင့်ဆိုသော ပုဂ္ဂိုလ်ကြီး၏ အထိမ်းအမှတ် ရုပ်လုံး နှင့် ဗိမာန်ကြီး တခုရှိပါသေးသည်။ သူ့အနေအထားကလည်း လင်ကွန်းဗိမာန်ကဲ့သို့ပင် သားနား၍ ပန်းခြံကျယ်ကြီး နှင့် တဘက်မှာ ရေအိုင်ကြီး၊ အခြားတဘက်တွင် ပိုတိုမက်မြစ်ကိုဖြတ်ကူးထားသော ဟိုက်ဝေးဘရိတ် (ချ)ခေါ် တံတားကြီးမှ ဗာဂျီးနီးယားဘက်သို့ ဒိုးယိုပေါက်ဆက်သွယ် ကူးသန်း ထားပြန် ပါသည်။

၎င်းပြင် အမေရိကန် လွတ်လပ်ရေးစစ်ပွဲကြီးကို ကိုယ်တိုင် ပါဝင်ဆင်နွှဲ၍ အားခဲကြိုးပမ်းပေးခဲ့သူ ခေါင်းဆောင် ဂျော့ဝါရှင်တန်၏ အထိမ်းအမှတ်အဖြစ် သူ့အသက် ထင်ရှားရှိစဉ်က နေထိုင်သွားသော အိမ်နှင့် ၀င်းခြံကျယ်ကြီးတခုကိုလည်း နောင်လာနောက်သားတစုတို့ ကြည့်ရှုအားပေးပြုစရာ အခြေမပျက် ထားရှိပါ သေးသည်။

ထိုနေရာမှာ ၀ါရှင်တန်နှင့် မိုင်သုံးလေးဆယ်ဝေးသော မောင့်ဗာနန်တွင် ဖြစ်ပါသည်။ မောင့်ဗာနန်မှာ ၀ါရှင်တန်နှင့် ပိုတိုမက် မြစ်တဘက်ကမ်းဖြစ်သော ဗာဂျီနီးယားနယ်ထဲတွင် တည်ရှိ ပါသည်။ ပိုတိုမက်မြစ်ကမ်းပါး တလျှောက်၌ မြို့ကလေးတမြို့စာခန့် အကျယ်အ၀န်းရှိသော ထို မြေဧက ပေါင်းများစွာ ကို ရှေးသရောအခါတုန်းကဂျော့ဝါရှင်တန်၏ ဘိုးဘွားမိဘများပိုင်ဆိုင်လာခဲ့သော မြေနယ်ပင်ဖြစ်ရာ ဂျော့ဝါရှင်တန် ၏ အစ်ကိုဖြစ်သော လောရင့်က အမွေခံပြီး သူမြတ်နိုးသော စစ်ဗိုလ်ကြီး မောင့်ဗာနန်၏ အမည်ကို ယူ၍ ဤမြေနေရာတ၀ိုက်ကို မောင့်ဗာနန်ဟုသိရပါသည်။ ထို့နောက် ဤမောင့်ဗာနန်အမည်ရှိ မြေဧက ပေါင်းမြောက်များစွာကို ညီဖြစ်သူ ဂျော့ဝါရှင်တန်မှာ အမေရိကန်လွတ်လပ်ရေးစစ်ပွဲတို့၌ ကိုယ်ရော စိတ်ပါ ဦးဆွေ့ဆံမြေ့ ထမ်းရွက်နေရခြင်းကြောင့် သူ့အမွေဆက်ခံရာမြေပေါ်မှာ ပျော်ရွှင်အေးချမ်းစွာ လာရောက် နေထိုင်ခြင်းမပြုနိုင်ဘဲ၊ ၄-၅ နှစ်ခန့် ပစ်ထားခဲ့ရပါသည်။

ဆက်ရန်

.
>>>ဆက်ဖတ်ရန်>>> >>

Thursday, July 8, 2010

ဒဂုန်ခင်ခင်လေး ၏ ကမ္ဘာ့ခရီးသွားမှတ်တမ်း အပိုင်း (၂၄)

စာရေးသူများ ထိုင်ခုံပေါ် ထိုင်မိသောအချိန်မှာ အိုင်ဗင်ဟို ဇာတ်ကား ဇာတ်သိမ်းပိုင်း နီးပြီဖြစ်၍ ၁၅-မိနစ်ခန့် ကြာသောအခ၎င်း လုံးဝ ပြီးဆုံးသွားပြီး ထို့ကြောင့် ပထမပိုင်း စတိတ်ရှိုးခေါ် ဇာတ်ခုံမှ အတီး အဆို အကများကို စတင်ပြသတော့မည်ဖြစ်ရာ ဇာတ်ခုံနှင့်နီးနီး နေရာလွတ်များသို့ တဖြုတ်ဖြုတ်ရွှေ့ ထိုင်ကြသည် ကိုတွေ့ရပါသည်။

အချို့ကား ဆေးလိပ် ထွက်သောက်ကြပြန်သည်။ ပြဇာတ်ခုံကြီးကား ကျယ်ဝန်းဖြန့်ဖြူးလှပါသည် ပေခြောက်ဆယ် ကျော် အမြင့်မှ တွဲလျားချထားသော နီညိုရောင် ကတ္တီပါ ကားဖုံးကြီးသည် ပေတရာနီးပါး ကျယ်သော ဇာတ်ခုံကြီးကို ဖားဖားယားယားကြီး ဖုံးအုပ်ထားပါသည်။ ဧည့်ခံတီးနေ သော တူရိယာမှာ ရုံဘေးဘက်ရှိ ရွှေရောင် ပန်းနွယ်များ ချယ်လှယ်ထားသော အခန်းမြင့်တခုမှ အသံမျိုးစုံပါဝင်သော သံစုံသူရိယာ တမျိုးအား လူတဦးတည်းနှင့် တီးနေသည်ကို တွေ့မြင်ရပါသည်။

ပြီးလျှင် စတိတ်ရှိုး စပါတော့မည်။ မစမှီ ပဏာမတီးဝိုင်းတခုပေါ်လာပါသည်။ ပေါ်လာပုံကတော့ ဇာတ်ခုံရှေ့ အောက် တည့် တည့် ပရိသတ်နှင့် တပြေးတည်းနေရာလွတ်တခု၏ မြေအောက်မှ လူပေါင်း လေးဆယ် ကျော် ခန့် ပါဝင်သော တီးဝိုင်းကြီး တခုလုံးသည် မြေမှခွဲထွက် လာသလို တီးရင်း မှုတ်ရင်း တဖြေးဖြေး မြင့်တက် ပေါ်လာပါသည်။ ၎င်း တီးဝိုင်းမှာ (ထူးမခြားနား မီးရေစုံ သားကဲ့သို့ ဘုရားဂုဏ်တော်ဘွဲ့ဆိုဟန်) ဘာသာရေး ဂုဏ်ပြုတီးလုံးနှင့် တမန်တော်ပုံသဏ္ဍာန် ၀တ်ဆင်သူ၏ သီချင်းများကို အသားပေးလျက် တီးမှုတ်ခြင်း ပြုကြသည်။

ထိုဝိုင်းသည် တီးမှုတ်ခြင်း ဆုံးကာနီး၌ တစတစ နိမ့်ဆင်းသွားပြီး မြေလျှိုးကွယ်ပျောက်သွားသော အခါ သီချင်း နှင့် တီးလုံးလည်း ပြီးဆုံးသွားတော့သည်။
ပရိသတ် မျက်စိအာရုံမပြတ်မှီပင် ဇာတ်ခုံပေါ်မှ ကတ္တီပါ ပြည်ဖုံးကားကြီးက တဖြည်းဖြည်း မ တင်လိုက်သော အခါ ၀ိုင်းတော်သား ခြောက်ဆယ်ကျော်ခန့် ပါဝင်သော တီးဝိုင်းကြီးတခု တကဲ့အော်ချင်စတာ ခေတ်မှီ တီးလုံးဆန်း သံဆန်းတို့နှင့် တခမ်းတနား ဝေေ၀ဆာဆာ အတန်ကြာ တီးမှုတ်ခြင်းအမှုပြုပါသည်။ ထို့နောက် တီးဝိုင်းကြီး တခုလုံးသည် တီးရင်း မှုတ်ရင်းပင် စားပွဲအံထိုးကို ဆွဲထုတ်လိုက်သလို ဇာတ်ခုံ အပြင်ဘက်သို့ တဖြေးဖြေး ရှည်ထွက်လာပါသည်။ ပြည်ဖုံးကားကြီးလည်း တဖြေးဖြေးပြန်ကျသွားသည်။

ယခင်ထူးမခြားနား မီးရေစုံသားဆရာတို့၏ ၀ိုင်းနေရာသို့ရောက်သောအခါ ရှည်ထွက်လာရာမှ ရပ်တန့် သွားပြီး တဖြေးဖြေး ဇာတ်ခုံ၏ အနိမ့်ပိုင်း ပရိသတ်နှင့် တပြင်တည်း နေရာသို့အထိ နိမ့်ဆင်း သွားလေ တော့သည်။

ထိုအော်ချင်စတာ ဆရာတို့ ဇာတ်ခုံ အောက်နေရာတွင် တီးရင်းမှုတ်ရင်း နေသားတကျ ရှိသွားသော တခဏ၌ ပြည်ဖုံးကားကြီးပြန်၍ မတင်လိုက်သောအခါ နောက်ခံကားအလှအယွနှင့် မှန်သားတမျှ ချောပြောင် သော မာဘလ်ကျောက်အန်ထိုး ကြမ်းကြီးပေါ်၌ လေးဆယ်ခန့်မျှ ရှိသော လုံးတူ အရပ်တူ အရွယ်ညီ မိန်းမလှတို့၏ ဘဲလက်ယိမ်းအကတမျိုးထွက်၍ အသုံးတော်ခံကြပါသည်။
ဘဲ လက်ယိမ်းဆိုသည်ကား ခြေဖြားထောက် သရုပ်ဖော်ဟန် အကဖြစ်ပါသည်။ ဇာတ်ခုံ အပြင်အဆင် အပြောင်း အလဲ များ အံ့သြဖွယ်ရှိသလောက် မီးရောင်စုံ အလင်းအမှောင် အကွက်ကျ ထိုးပေးမှုကလည်း အံ့တပါး ပင်ဖြစ်ပါသည်။ ကပြသူတို့ကလည်း ညီညီညာညာ လှလှပပနှင့် အမျိုးမျိုး သရုပ်ဖော်ကြပါသည်။ လူများစု နှင့် ယိမ်းကဲ့သို့ တခဏ်း ၄-၅ယောက်နှင့်တမျိုး၊ ဂျွမ်းဘား၊ မျက်လှည့် မျက်လုံး၊ အတော်စုံအောင် ပြသွား သည်။

ပရိသတ်အား မျက်စိအာရုံအမျိုးမျိုး ပြောင်းပေးရင်းနှင့် အခဏ်းအားလုံးပြီးဆုံးသောအခါ ဇာတ်ခုံ၏ အောက်ထပ်မှ တီးမှုတ်နေကြသော တူရိယာ ၀ိုင်းကြီး ကလည်းပွဲသိမ်းတီးလုံးတပိုဒ်ကို တီးမှုတ် ရင်းနှင့်ပင် ထူးမခြားနားတီးဝိုင်းဆရာတို့ လမ်းစဉ်အတိုင်း မြေအောက်သို့ ငုတ်လျှိုးပျောက်ကွယ်သွားပါသည်။
ပြည်ဖုံးကားကြီးသည် ပြန်ချပြီးသား ဖြစ်သွားပါသည်။ နောက်တကြိမ် ပြန်မလိုက်သောအခါမူ ရုပ်ရှင် ပြရန် ပိတ်ကားဘောင်ကြီး ပေါ်လာပြီး ရပ်ရွယ်ကားကို ပြသွားပါတော့သည် ဇာတ်ခုံပြကွက် အစီအစဉ်များမှာ မူသေမဟုတ် ရုပ်ရှင်ကားလဲတိုင်း လဲတိုင်း ကပြခန်းကို တပါတည်း အသစ် အသစ်ထွင်၍ ပြောင်းလဲ ပြသလေ့ရှိပါသည်။

*
ရေဒီယိုစီတီဟောလ်မှ ပြန်ထွက်လာသော အချိန်မှာ ည ၇-နာရီကျော်ခန့်ရှိပါပြီ သည်အချိန်ဆိုလျှင် ဗမာပြည်က မနက် ၇-နာရီနှင့် ညီမျှနေသောကြောင့် ရန်ကုန်မြို့က မုံ့ဟင်းခါးဆိုင်များတွင် ဇွန်းနှင့် တဇပ်ဇပ် ခေါက်မွေ စားသောက်နေကြသလို၊ ဟိုရွှေမြို့တော် မန္တလေးမှာ ဆိုရင်လည်း ပဲပြုတ်ဆီတ ရွှဲရွှဲ ဆမ်းတဲ့ လဘက် ရည်ကြမ်းဝိုင်းများ၊ နံပြားပူပူမှာ မလိုင်ထူထူသုတ်တဲ့ ဘရိတ်ဖတ်စ်နံနက်စာ စားတော်ဝိုင်းများ၊ အိမ်တိုင်းစေ့ ကျင်းပလျှက် ရှိနေပေလိမ့်မည်ဟု ရည်မှန်းလိုက်မိပါသေးသည်။

ရုံအပြင်ဘက် ဓာတ်မီးရောင်ရှိန် ထိန်ထိန်ကြီး ငြီးသော လမ်းမကို ရောက်လာသောအခါ ရောက်ဖဲ လား အဆောက် အဦးကြီးတွေနှင့်သာ မျက်နှာချင်းဆိုင်မိပြန်ပါသည်။ အရှေ့ဘက် ၅-ရိပ်သာလမ်းမှ အနောက်ဘက် ၆-ရိပ်သာလမ်း အထိ မြောကဘက် ၅၁-လမ်းမှ တောင်ဘက် ၄၈-လမ်းအထိ ကျယ်ဝန်း သော နယ်နိမိတ် အတွင်းတွင်ရှိသမျှ မိုးထိုးအဆောက်အဦးများမှာ သူဌေးကြီး ရောက်ဖဲ လားအဆောက် အဦး များဖြစ်ပါသည်။

အောက်ဆုံးထပ် လမ်းဘေးမျက်နှာပြု အခန်းကြီးတွေ မှန်သမျှမှာ ကုမ္ပဏီအမျိုးမျိုးမှ ' ရှိုးပြ'သော မှန်ခန်းကြီးတွေသာဖြစ်ပါတော့သည်။ ကုမ္ပဏီအမျိုးမျိုးဆိုရာ၌မင်းအမေရိကန်လေကြောင်း ကုမ္ပဏီ နှင့်တကွ အလားတူ ကမ္ဘာ့လေကြောင်းကုမ္ပဏီကြီးများ တကမ္ဘာလုံးသို့ သွားလာနေသော ပင်လယ် ကူးသင်္ဘော ကုမ္ပဏီကြီးများ။ အမေရိကန်တနိုင်ငံလုံးကို သွားလာနိုင်သော မီးရထား ကုမ္ပဏီကြီးများ စသည် တို့၏ အလှပြလေယာဉ်ပျံ၊ ပင်လယ်ကူးသင်္ဘော၊ မီးရထားရုပ်လုံးဖော် သဘာဝကျကျ ကြော်ငြာခန်း ကြီးများနှင့် အ၀တ်အထည် လူအသုံးအဆောင် အကောင်းဆုံး အဆန်းဆုံးလုရာရနိုင်သော ကုမ္ပဏီ အမျိုးမျိုး များ၏ ကုန်ပစ္စည်းကြော်ငြာ အလှပြမှန်ကာ အခန်းကြီးများသာဖြစ်နေပါသည်။ ထို့ကြောင့်လည်း ကူးသန်း သွားလာရင်း တငေး တမောမော ကြည့်ရငလိုတွေနှင့်လမ်းပေါ်တွင် မြေပြင်ညွတ်မျှ သဲသဲ ရုတ်ရုတ် သွားလာ ကူးသန်းနေကြသောလူထု၊ ယာဉ်ထုသည် ပရွက်ဆိတ်အုံကြီးစုနေသကဲ့သို့ မွမွကျဲ လျက်ရှိနေ ပါသည်။

ရေးလက်စနှင့်ဆက်ရေးရလျှင် ထိုရေဒီယိုစီတီဟောလ်ကြီးသည်လည်း ရောက်ဖဲလာ၏ အဆောက် အဦး များ အုပ်စုတွင် တခုအပါအ၀င်ဖြစ်သဖြင့် ရုပ်ရှင်ရုံကြီးတခု ထီးထီးသပ်သပ်မဟုတ်သေးဘဲ အပေါ်မှာ အထပ်ပေါင်း အမြောက်အများမြင့်တက်သွားပြီးလျှင် ဘေးတဘက်က တဆက်တည်းမှာ လည်းနေရာ အခန်းအဆောင် တွေ သောင်းခြောက်ထောင် ဆိုသလိုရှိကြပါသေးသည်။ ထိုအခန်း အဆောင်တွ အထပ် တွေမှာ မြောက်များစွာသော အလုပ်ဌာန ' ရုံးခန်း 'တွေအဖြစ်၎င်း၊ လူနေ အိမ်ခန်းများအဖြစ်၎င်း၊ ငှားရမ်း အသုံးပြု ကြရပါသည်။

ရေဒီယိုစီတီဟောလ်ရှိသော အဆောက်အဦးကြီးသည် ၆-၇ိပ်သာလမ်းဘက်ရှိသလို အလားတူပင် တနေရာ၌ (အင်-ဘီ-စီ)ခေါ် (တယ်လီဗေးရှင်းစင်တာ) ရုပ်ပြသံလွှင့်ရာ အဆောက်အဦးကြီးကို လည်း ကြီးကြီး ကျယ်ကျယ် ဖန်တီးထားပါသေးသည်။ ၅-ရိပ်သာလမ်းဘက်မှာလည်း ဤနည်း၎င်း၊ အင်တာ နေရှင်နယ် ဆိုသော အဆောက်အဦးကြီးတခုကို တည်ဆောက်ထားလျက်၎င်း၏ တောင် ဘက်တွင်ရှိသော အလားတူ အဆောက်အဦးကြီးတခုကတော့ တကမ္ဘာလုံးကို သတင်းပို့နေတဲ့ အေပီသတင်းဌာန၏ အလုပ်ရုံ၊ တိုင်းအင်းလိုက်(ဖ်)သတင်းစာတိုက် အဆောက်အဦးကြီးတခုကို လည်း တနေရမှ အီး-အက်စ်-အက်စ်အိုခေါ် အဆောက် အဦးကြီးတခုလည်းရှိပါသည်။

ပို၍ရှင်းအောင် ရေးရလျှင် အလယ်မှပေပေါင်း ၈၅၀မြင့်၍ အထပ်ပေါင်း ၇၀-သာ ရှိသော ပင်မဟိုမီးဗိမာန်ထိုးအဆောက်အဦးကြီးကို အထပ်လေးငါးဆယ်စီရှိသော မိုးထိုး အဆောက်အဦးကြီး ၅-ခုက ခြံရံ ထားသည်၊ ထိုမိုးထိုး အဆောက်အဦကြီး ၆-ခု၏ ပတ်ဝန်းကျင်၌ အထပ်ပေါင်း ဆယ့်လေးငါးထပ် မျှသာမြင့်သော တိုက်ကြီး ၉-ထိုက်က တခုချင်းခြားထားပါသည်။ အားလုံးပေါင်း အဆောက်ဦးကြီး ၁၅-ခုကို ပေါင်းစု လိုက်လျှင် သူဌေးကြီး ရောက်ဖဲလားစင်တာ၏ အဆောက်အဦးများ၊ သို့မဟုတ်၊ ရောက်ဖဲလား စင်တာ...ဟု ခေါ်ကြခြင်းဖြစ်ပါသည်။

ထိုအဆောက်အဦးများမှ အခန်းတွေကို တော်ရုံတန်ရုံ ကုမ္ပဏီငယ်များက အရှည်အကြာ ငှားရမ်း အသုံးပြု ရန် တတ်နိုင်မည်မဟုတ်ပါ။ ရေရှည်ကြိတ်နိုင်အောင် ငွေဝင်ကောင်းကောင်းနှင့် အရင်းအနှီး တောင့်သော အသက် နှင့် မီးအာမခံကုမ္ပဏီများ ကော်မရှင်အေဂျင်း အင်ပို-အိစ်ပို ကုမ္ပဏီနှင့် ကံထရိုက်တာကြီးများ၊ လက်ကားကုန်တိုက်ကြီးများ၊ ဘဏ်ကံထရိုက်တာကြီးများ၊ လက်ကားကုန်တိုက်ကြီးများ၊ ဘဏ်တိုက်ကြီး များမှ ကပ်နိုင်ပေမည်။ နေအိမ်နှင့် ပြုလုပ်ရန်မှာလည်း ထိုနည်း၎င်း တလလျှင် ဒေါ်လာသောင်း ကျော် ၀င်သူ များသာဖြစ်ပါလိမ့်မည်။ များစွာသော နိုင်ငံခြားသံရုံးအဖွဲ့၏ အလုပ်ရုံများမှာလည်း ထိုရောက်ဖဲလား ပလာဇာ ၏ အထပ်များ တွင် လာရောက်ငှားရမ်းဖွင့်လှစ်ထားပါသည်။ မှတ်သားမိသလောက်ရေးရလျှင် (၁) အင်ဂျာတီးနာ သံအဖွဲ့ရုံး။ (၂) ဘိုလိဗီးယား။ (၃) ဘရပ်ဇယ်။ (၄) ဒိုမိနိကန့် ရီပတ်ပလစ်။ (၅) အီကွာဒါ။ (၆) အစ်တိုးနီးယား။ (၇) ဂရိစ်။ (၈) ဂေါ်တီမာလာ။ (၉) အိုင်ရမ်း။ (၁၀)နယ်သာလင်း။ (၁၁) ပဏာမား။ (၁၂) တူရကီ စသော နိုင်ငံခြားရေးရုံးများဖြစ်ပါသည်။

စာရေးသူတို့ ယမန်နေ့က ခရီးရောက်မဆိုက် ညစာ လာစားသောနေရာသည် ရောက်ဖဲယား ဗဟို အမြင့်ဆုံး အဆောက် အဦးကြီးနှင့်တည့်တည့် (လိုးဝါးပလာဇာ) ခေါ် အနိမ့်ပိုင်းသာယာသော ဥယာဉ်ပန်းမာလ် ရေပန်းဖေါင် ထိန်တို့နှင့် ချယ်လှယ်ထားသော နေရာကောင်းတခုတွင်မှီ၍ ဖွင့်လှစ် ထားသော ဟိုတယ်ကြီး ဖြစ်ပါသည်။
ထိုနေရာကလေးမှာ နှင်းခဲမကျသောနွေရာသီ၌ စားပွဲခုံအချို့ ထုတ်ခင်းပြီး တပိုင်းလျှင် ရောင်စုံစပ် ထီးကြီး တခုကျမိုးလျှက် (အိုးပင်းအဲယား) ခေါ် လေညှင်းခံစပယ်ရှယ်ထုတ်၍ ခင်းကျင်းကျွေးပါ သည်။ အအေး လွန်သော ရာသီရောက်ပါက၊ စားပွဲကုလားထိုင်များကို သုံးမျက်နှာ ပတ်လည်ရှိ မြေအောက်က အတွင်း တိုက်ခန်း များသို့ သွင်းကာ မှန်အကာကြီးများချလျက် အနွေးဓာတ်ပေးကာ တည်ခင်းကျွေးပါသည်။

ယခုနေရာကွက်လပ်ကလေးမှာတော့ ရေပန်းဖေါင်ထိန်နှင့် သစ်ပင်များ ကွယ်ပျောက်ပြီး အပျော်တမ်း စကိတ်စီးရန် ရေခဲပြင်ကြီးတခုအဖြစ် ဖန်တီးပေးထားလိုက်ပါတော့သည်။
ကလေးလူကြီး မည်သူမဆို ကိုယ့်ဘိနပ်ကိုယ်ယူပြီး လာရောက်လေ့ကျင့်နိုငသည်။ လေ့ကျင့်ခတနေ့လုံး အဘို့ တဒေါ်လာခွဲခန့်မျှပေးရသည်။ လေ့ကျင့်ရန် လူကိုယ်တိုင်တွဲ၍ သင်တန်း ပေးသောဆရာ ၄-၅ယောက် ရှိသည်။ အတီးအမှုနှင့်တွဲ၍ လေ့ကျင့်ရသဖြင့် ပျင်းရိငြီးငွေ့ဘွယ် မရှိပါ။

ယောက်ျားမိန်းမ၊ ကလေးလူကြီ၊ ကပ္ပလီရော၊ လူဖြူရော လာရောက် လေ့ကျင့်သူတွေ များလှ၍ လက်မှတ်ရောင်းသူ လက်မလည်နိုင်ပါ။ လဲရင်းကွဲရင်း တလူးလူး တလဲလဲနဲ့ဘဲ ၃-၄ခါလောက် ကျင့်လိုက်လျှင် အသားကျသွားဒါတွေ့ရပါသည်။ ဒီလိုနှင့်ဘဲ တနေ့မှာ နာမည်ကျော် စကိတ်စီးသမားတွေဖြစ်ကြရဟန်တူပါသည်။
ဤလူစုတည်းမှာ ကပ္ပလီခေါ်တဲ့ နီဂရိုးတွေဟာ ဇွဲအကောင်းဆုံးပါဘဲ။ နောက်အချိန်များတွင် စာရေးသူ နေ့လယ်စာ လာစားရင်း မှန်ကားနှင့်အနီးဆုံး၊ အစွန်ဆုံးကျသော ထိပ်စားပွဲတခုကို နေရာယူလျက် သူတို့ကိုဘဲ အပြင်းပြေကြည့်စရာ တခုအဖြစ်နှင့် ကြည့်နေရတော့သည်။

*
ရောက်ဖဲလားစင်တာမှ အဆိုပါ အနိမ့်ပိုင်းရှိ ကွက်လပ်ကလေးသည် နွေရာသီမှာ ပန်းမာလာနှင့် ရေပန်း ရေပွား များပါ သာယာတင့်တယ်အောင် ပြုပြင်ထားခြင်း၊ ဆောင်းတွင်းအခါတွင် ရေခဲပြင်၊ စကိတ်စီး သလင်း အဖြစ် ပြောင်းလဲပြုပြင်ပေးလျက် သစ်ရွက်နုချိန် ပရစ်ဖူးချိန်မျိုးမှာလည်း၊ ချယ်ရီ ပန်းများ ရေတံခွန် စမ်းအိုင် ကလေးများနှင့် သာယာတင့်မောဘွယ် ဖန်တီးပြီးသူတို့၏ အခါကြီး ရက်ကြီးဖြစ်သော အီစတာပွဲတော်၊ ခရစ်စမတ် ပွဲတော်အခါတို့မှာ တခမ်းတနားရာသီကြိုက်နက္ခတ် ကြိုက်၊ အလိုက်အလိုက် ချယ်လှယ် မွမ်းမံကာ များစွာသော နယူးယောက်လူထုတို့က တအံ့တသြ လာရောက်ကြည့်ကြရလေအောင် ကြံဆောင် ကြိုးစားစီမံထားပါသည်။

လိုးဝါးပလာဇာမှတပါး ဥယျာဉ်ပန်းမာလ်နှင့် ရေကန်ရေဖေါင်တတိန်တို့ဖြင့် စိတ်ပျော်ကြည်နူးဘွယ် ရာချယ်လှယ် ဖန်တီးထားသော နေရာတွေကို အခြားသော မိုးထိုး တိုက်ခေါင်မိုးများမှာ သူ့နေရာနှင့်သူ အသီးသီး ထားရှိပါသေးသည်။
ဒါတွေကို အကုန်အစင်လိုက်ကြည့်မည်ဆိုလျှင် ရောက်ဖဲလား စင်တာအဘို့ တနေ့သပ်သပ် အချိန်ဖြုန်း ရပါလိမ့်မည်။ ဤအတွက်ပင် ရောက်ဖဲလားစင်တာ၏ လမ်းပြဟူ၍ ထားပေးပါသေးသည်။ ရောက်ဖဲလား အဆောက် အဦးများကို ကြည့်လိုသော ဧည့်သည်တစုတစုအတွက်၊ လမ်းညွှန်ပြသူ ဂိုက်တဦးရရှိပါသည်။ မနက် ၉ နာရီခွဲက ည ၉-နာရီအထိ ရှိပါသည်။ ကြည့်လိုသူတဦးလျှင် အခငွေ တဒေါ်လာနှင့်တင် ၄၀-ဗမာငွေ (၇)ကျပ်ခန့် ပေးရသော လက်မှတ်တခုကို ၀ယ်ရပါသည်။

လမ်းညွှန်သူနှင့် လိုက်ပို့ခံသူ တအုပ်စုသည် အဆောက်အဦးကြီး ၁၅-ခုလုံးခေါင်မိုးပန်းဥယျာဉ်များ အထိ စိစိစပ်စပ်လိုက်လံ ပြသပါလိမ့်မည်။ သို့တည်းမဟုတ် အထပ် ၇၀-ရှိသော ဗဟိုမိုးထိုး၊ အဆောက်အဦးကြီး၏ ခေါင်မိုးတခုတည်းသာတက်ရောက်ကြည့်ရှုလိုပါက လျှပ်စစ် လှေခါး တက်ခလက်မှတ်ကို တယောက် ၇၅-ဆင့် ဗမာငွေ ၃-ကျပ်ကျော် ခန့်ပေးဝယ်ပြီး လမ်းပြမပါဘဲ တက်ရောက်သွားနိုင်ပါသည်။

သို့ရာတွင် ဗဟိုမိုးထိုးဗိမာန်ကြီးအောက်ထပ်မှာ များစွာသော လျှပ်စစ်လှေခါးခန်းတွေ တန်းစီနေ သည်ကို တွေ့ရပါလိမ့်မည်။ လှေခါး အထစ်မမှားဘို့ နံရံကပ် ဆိုင်းဘုတ်မှ အမည်များကိုတက်လျှင် အထပ် ၇၀-မှ လိုရာအထပ်ကို မျက်စိတမှိတ်နှင့် ဆင်းနိုင်တက်နိုင်ပါမည်။ မမှားမယွင်းရန် လှေကားမောင်းသမားတို့ အကူအညီ ပေးခြင်းကိုလည်း အလွယ်တကူ ရရှိနိုင်ပါသည်။
အမိုးတက်သောလျှပ်စစ်လှေခါးမှာ ပို၍ လွယ်ကူထင်ရှားပါသေးသည်။ နိုင်ငံခြားဧည့်သည်များထက် သူတို့ အမေရိကန်နိုင်ငံရင်း ဧည့်သည်များကပင် ပိုများလိမ့်မည် ထင်ရပါသည်။ ဟုတ်ပါသည်။ ရန်ကုန်မြို့ ရွှေတိဂုံ ဘုရား၊ ကန်တော်ကြီး တိရိစ္စာန်ရုံ၊ သိမ်ကြီးဈေးစသည်ကို ခဏခဏ ဘုရားဖူး ဆင်းလာသောနယ်လူထုမှာ လာဘူး သူတွေ များသလောက် ယနေ့အထိ မရောက်ဘူးသေးသူများ လည်းဒုနှင့်ဒေး ရှိနေသေးလျက် ပင်ဖြစ်ရာ လူဦးရေ ၁၇-သန်းသာရှိသော ဗမာပြည်နှင့်စာလျှင် လူဦးရေသန်းပေါင်း ၁၅၀-ကျော်သော အမေရိကန် မှာလည်း နယူးယောက်ကို မရောက်ဘူးသေးတဲ့ လူတွေ ဘယ်နည်းလိမ့်မလဲဟု တွေးမိပါသည်။

ထိုဗဟိုမိုးထိုး ဗိမာန်ကြီး၏ ခေါင်မိုးတက်သော လျှပ်စစ်လှေခါးသည် စခန်းတခုမှတပါး ဘယ် အထပ်ကိုမျှ ရပ်နားခြင်း မရှိ။ အမိုးကို ထုတ်ထုတ်ထိတက်သွားပါသည်။ အမိုးပေါ်မှာလည်း (ရက်စတောရင့်) စားစရာ ဆိုင်ကလေး အသင့်ရှိပါသေးသည်။ ထိုနေရာမှာ နယူးယောက်မြို့၏ အလယ်ဗဟိုကျသဖြင့် ရှုမျှော်ခင်း များပို၍ လှပစုံညီနေသလို ထင်ရပါသည်။ အင်ပါရာ စတိတ် အဆောက်အဦးလောက် မမြင့်သောကြောင့် လည်း ရှုမျှော်ခင်းတွေကို ပြတ်ပြတ်သားသားပို၍ မြင်ရ ပါသည်။ ရှုမျှော်ခင်း အဆင်ပြေ နေသောကြောင့်လည်း စာရေးသူ နယူးယောက်မှ မပြန်မခြင်း ၃-၄ရက်တခါဆိုသလို ဤခေါင်မိုးကို တက်ထိုင် နေလေ့ရှိပါသည်။

လျှပ်စစ်လှေခါးများရှိရာ အောက်ဆုံးထပ် ဗဟိုခန်းမကြီးကို ချယ်လှယ်မွမ်းမံထားလိုက်များကလည်း အံ့ဖွယ်သရဲ ခမ်းနားကြီးကျယ်လှသော ရုပ်လုံးရုပ်ထု ကြီးတွေ၊ နံရံပန်းချီကား၊ မျက်နှာကျက် ပန်းချီ ကားကြီး တွေနှင့်ပင် တွေ့မြင်ရပါသည်။ ရောက်ဖဲလား၏ အဆောက်အဦးကြီးသည် အမေရိကန်တို့ အဘို့ ရာဇ၀င် စာတင်ရမည့် ဂုဏ်မြောက်သော သုခုမအနုပညာလက်ရာမွန် အဘိုးတန်တွေကို အဆောက်အဦးတိုင်းတွင် ငွေကုန် ကြေးကျခံ၍ မွမ်းမံပြင်ဆင်၊ အထဋ်အမြတ် တင်ထားသည်များမှာ အားရစရာကြီးတခု ဖြစ်ပါ တော့သည်။

ဒါကြောင့်သာ နှစ်ဆယ်ခုနှစ်တွင် ကမ္ဘာ့အံ့ချီးဖွယ်ရာများအနက်မှ သတ္တမမြောက် စာရင်းဝင်ခဲ့သော ဤရောက်ဖဲလားအဆောက်အဦးကြီးဖြစ်ပါသည်။ သူ့ထက်အလျင်ကျသော အင်ပါရာစတိတ် အဆောက် အဦး ကြီးကား အမြင့်ဆုံးဖြစ်ပါသည်။ ပေပေါင်း ၁၂၅၁-မြင့်လေရာ၊ အမေရိကန်ပြည်မှာ ဖြင့် အမြင့် တွင် ဗိုလ်တကာ့ဘုရင်ဖြစ်ပါသည်။
စင်စစ်တော့ စကိုင်းစကရစ်ပါးခေါ်တဲ့ သံအုတ်ကျောက်တို့နှင့်သာပြီးသော မိုးထိုး အဆောက်အဦး များဖြစ်ကြ တဲ့ ပေ ၁၂၅၀ မြင့်ပြီး၊ အထပ်ပေါင်း ၁၀၂ ထပ်ရှိတဲ့ အင်ပါရာစတိတ်မိုးထိုး၊ ကျေက်ပြ သာဒ်ကြီးရယ်၊ ပေ ၁၀၄၅-ပေ အမြင့်နဲ့ အထပ်ပေါင်း ၇၇-ထပ်ရှိတဲ့ ခရိုက်ခလာ မိုးထိုး ကျောက်ပြသာဒ်ကြီးရယ်၊ ယခုရေးပြနေတဲ့ ပေ ၈၅၀ အမြင့်နဲ့ အထပ်ပေါင်း ၇၀ ရှိတဲ့ ရောက် ဖဲလား မိုးထိုး ပြသာဒ်ကြီး တွေဟာ တခုတခုမှာ မြို့ကလေးတမြို့စာ ရပ်ကွက်ကြီး တကွက်စာလောက်ရှိပြီး၊ လူထုအတွက် နေအိမ် အခန်းများအဖြစ်နဲ့ အလုပ်ဌာန အခန်းကြီးတွေ၊ ကုန်တိုက်ကြီးတွေအဘို့အငှားချစားရန် ဆောက်လုပ် ထားသော နေချင့်စဖွယ် ခမ်းနားလှပတဲ့ အဆောက်အဦး ပြသာဒ်ကြီးများသာ ဖြစ်ပါသည်။

ထိုအဆောက်အဦးများလောက် ပေမမြင့်၊ အထပ်ရေမများတဲ့ အခြားအဆောက်အဦးကြီးမျိုးတွေလည်း အများအပြားဘဲ၊ နယူးယောက်မြို့ အလယ်ပိုင်းနှင့် အောက်ပိုင်းရပ်ကွက်များမှာ ကျန်ရှိပါသေးသည်။ နယူးယောက် မြို့အောက်ပိုင်း ဘရော့ဝေးလမ်းပေါ်တွင်ရှိသော ' ၀ူးလ်ဝေါ့' အဆောက်အဦးကြီးမှာ ပေ ၇၉၂ ပေ အမြင့်ရှိ၍ အထပ်ပေါင်း ၆၀ ရှိပါသည်။ ထို '၀ူးလ်ဝေါ့ ' ကုမ္ပဏီမှာ မရှိမဖြစ်သော အိမ်သုံးပစ္စည်းများ ကြူ လဟာ ကုန်များကို တနိုင်ငံလုံးအား အကြီးအကျယ်ဆိုင်ခွဲများစွာနှင့် ရောင်းချသော ဆိုင်ကြီးဖြစ်၍ အမျိုးသမီးကြီး တဦးပိုင်ဆိုင်ပါသည်။

'စီတီးဘင်ဖာမားထရပ်စ်' အဆောက်အဦးမှာ ၇၄၁-ပေမြင့်၍ ၅၇-ထပ်ရှိပါသည်။ ပဉ္စမရိပ်သာ ' အမှတ်၅၀၀' ဆိုတဲ့ အဆောက်အဦးက ပေ ၇၀၀ မြင့်၍ ၅၉-ထပ်ရှိပြီးလျှင် 'မီထရိုပိုလီတန်လိုက်ဖ်' အဆောက်အဦးက ပေ ၇၀၀ မြင့်ပြီး အထပ် ၅၀ ရှိပါသည်။ ၄၂လမ်းမှာရှိသော 'လင်ကွန်း' အမည်ရှိ အဆောက်အဦးကပေ ၆၇၀ မြင့်၍ ၅၃ထပ်ရှိပါသည်။ ၎င်းလမ်းထဲတွင်ဘဲ 'ချနင်း' ခေါ် အဆောက် အဦးက ပေ ၆၀၀ အမြင့်နှင့် ၅၃ထပ် ရှိပြီးလျှင် နယူးယောက်အောက်ပိုင်းမှာရှိတဲ့ 'အင်ဗင်ထရပ်စ်' ကုမ္ပဏီ အဆောက်အဦးကတော့ ပေ ၆၅၀ မြင့်၍ ၅၁ ထပ်ရှိပါသည်။

'တင်းအိစ်' 'ဆင်းဂါး'၊ 'ဝေါလ်ဒါ အက်တိုရီးယား'၊ 'နယူးယောက်လိုက်ဖ'၊ 'ရစ်တာဝါး'၊ 'ရှယ်ရီနှယ်သာ လင်း'၊ 'မြူနီစီပါယ်ချိန်ဘား'၊ ဂျင်နရယ်အီလိုက်ထရစ်'၊ 'နယူးယောက်စင်ထရယ်'၊ 'အီကွစ်တာဘလ်လိုက်ဖ' 'ဘင့်ကား ထရတ်စ်' စသော ကျန်ရှိသည့် မိုးထိုးအဆောက်အဦးတွေမှာ လည်းအမြင့်ပေ ၆၀၀ ကျော်မှ ၅၀၀ ကျော်စီရှိ၍ အထပ်ပေါင်းမှာလည်း ၄၀ ကျော်တွေသာဖြစ်ကြပါ သည်။ အထပ် ၃၀ ကျော်နှင့် အမြင့်ပေ ၄၀၀ အောက်တွေကို စာရင်းချ၍ မပြနိုင်အောင် ပေါများလှ ပါသည်။

ထိုအဆောက်အဦးတွေသည် သံ၊ အုတ်၊ ကျောက်တို့နှင့် မတည်ပြီး၊ မှန်ကို အများဆုံး ကာရံအသုံး ပြု၍ အလူမီလီယံ စသည်တို့နှင့် တောက်ပြောင်စွာ အလှအပ ချယ်ကြပါသည်။ အရှည် ၁၂ မိုင်ခွဲသာရှိသော မဟတ္တန် ကျွန်းကလေးသည် အရှိန်ပြင်းစွာ စီးဆင်းနေသော ဟတ်ဆင်မြစ်ကြီးနှင့် တဘက်က အရှည်မြစ် တို့၏ ရေအယာဉ်က အတ္တလန်တိတ် သမုဒ္ဒရာ မှ ပင်လယ်ကွေ့ကြီးအတွင်း သို့ စီးဆင်းပေါင်းစုရာ ဌာန၏၊ မြစ်ဝကျွန်းပေါ် လိုကျွန်းငယ်ကလေးမျှဖြစ်၍ အခြေခံ မခိုင်ပါက ဗေဒါပင် ဒိုက်သရောကဲ့သို့ ပေါလောမျော သွားဘွယ်ထင်စရာရှိသော်လည်း အောက်ခြေမှ ကမ္ဘာ့ သက်ရင့် ကျောက်သား ကျောက်ဆောင်ကြီး များက သဘာဝအတိုင်း ခုခံပေးထားသောကြောင့် ကျောက်ထီးပမာ ကြံ့ခိုင်စွာ တည်ရှိ ရုံမက မြေငလျင်ဘေးမှလည်း ဘယ်အခါမျှ စိုးရိမ်ရခြင်းမရှိဟု အတိုင်းအထွာနှင့် အတတ်သ်ကြလေသဖြင့် ဤသို့ ချွန်ချွန်မားမား မိုးထိုး ကျောက်ပြသာဒ်ကြီးများကို မှိုတွေလို ပေါက်အောင် အပြိုင်အဆိုင် ဆောက်ထား ၀ံ့ကြခြင်းဖြစ်ပါသည်။

သို့နှင့် ခရစ်သက္ကရာဇ် ၁၆၂၆ ခုနှစ်က (ရက်အင်ဒီးယန်း)တိုင်းရင်းသားတို့လက်မှ ဒပ်ခ်ျလူမျိုးတို့က ၂၄ ဒေါ်လာ၊ (ဗမာငွေ ၁၁၅ခန့်)ပေး၍ ၀ယ်ယူခဲ့သော အလျား ၁၂ မိုင်ခွဲ။ အနံ ၂ မိုင်ခွဲရှိ ထိုမဟတ္တန်ကျွန်းကလေးသည် အမေရကန်တို့၏ ပြည်တွင်း နောင်ဂျိန်ပြည်ပ စားကျက်လုနောင်ဂျိန်နှင့် တော်လှန်ရေးနောင်ဂျိန်စသော ပွဲကြီးပွဲကောင်း တွေကို သွေးချွေးတို့နှင့် လဲလှယ်အရင်းတည်လာခဲ့ရင်းဖြင့် ယနေ့ထိ နှစ်ပေါင်း ၃၀၀ ကျော်အတွင်း၌ ကမ္ဘာ့ အံ့ချီးဘွယ်ရာ အဆောက်အဦးကြီးတွေ မြောက်မြားစွာနှင့် တန်ဆာ ဆင်ထားအပ်သော နတ်နန်းစတိန်သာတမျှ အခြေအနေပြောင်းလာခဲ့ရသော မဟတ္တန်ကျွန်း ငယ်ကလေး ၏ ဖြစ်စဉ်ကိုစိတ်ဝင်စားချင်စရာဖြစ်ခဲ့ ရပါသည်။
*
နယူးယောက်မြို့မှ နာမည်ကျော်ရိပ်သာလမ်းနှင့် ၃၄ လမ်းဒေါင့်ကို ဗဟိုပြု၍ တည်ဆောက်ထား သောအင်ပါယာ စတိတ်အဆောက်အဦးကြီးမှာ အမြင့်ပေပေါင်း ၁၂၅၀ရှိပါသည်။ အထပ်ပေါင်း ၁၀၂ ထပ်မျှရှိ၍ လေးမျက်နှာပတ်လည်အကျယ်အ၀န်းမှာ ၃၄-လမ်းနှင့် ၃၃-လမ်း တဘလောက် စသော မြေနေရာ အတွင်းဖြစ်၍ ပေ(၈၃၈၆၀)အကျယ်အ၀န်းရှိပါသည်။
အဆောက် အဦးကြီး အောက်ဆုံးထပ် လမ်းမ မျက်နှာစာအခန်းများမှာ ကုန်ဆိုင်ကြီးများ၏ ရောင်း ကုန်ပစ္စည်း အလှပြ မှန်ခန်းကြီးတွေဖြစ်ကြပါသည်။ အပေါ်ပိုင်း အထပ်များမှာ အလုပ်ဌာန အမျိုးမျုး တို့၏ ရုံးခန်းများ အဖြစ် အသုံးပြုကြသည်ကများ၍ အချိုကအခန်းများမှာလည်း အိမ်ထောင်စုများ အဘို့ နေအိမ် အခန်းများ ဖြစ်ကြပါသည်။

အောက်ထပ်ဗဟို အခန်းကြယ်ကြီးများကို ကြွေရောင်ကဲ့သို့ ချောပြောင်နေသော ကျောက်ညိုပြား ကြီးများကို မြင့်မားသော အုတ်နံရံတို့တွင် တပ်ဆင်မွမ်းမံထားသဖြင့် အုံ့မှိုင်းသော အရောင်များ လွှမးလျက် ရှိသော်လည်း ထိန်ငြီးဝင်းပြောင်သော နီယွန်လိုက် မီးရောင်တို့ကြောင့် ပိုမို ခန့်ညားနေ သည်ဟု ထင်ရ ပါသည်။

အခန်းကြီး၏ အလယ်ပိုင်းမှာတော့ များစွာသော လျှပ်စစ်လှေခါးအခန်းများသည် တညီတညာ ၀ဲယာ ရှေ့နောက် တန်းစီလျက်သာ ရှိနေပါသည်။ လျှပ်စစ်လှေခါးပေါက် တခုတခု၏ နံဘေးမှာ ... နံရံကပ် အမည် စာရင်းတွေ ကပ်လျက်ရှိ၍ ဤလှေခါးမှတက်လျှင် ဘယ်အထပ်အထိ ရောက်သည်။ ဘယ်အခန်းက ဘယ်သူ့ အလုပ်ခန်း ရှိသည်ဟု အမှတ်အသား ဂဏန်းနှင့်တကွ ပြသထားပါသည်။ ကိုယ်လိုရာ အထပ်နံပါတ် ကို လှေခါးမောင်းသူအား ပြောလိုက်လျှင် ရပ်ပေးပါသည်။ မပြောလျှင် လည်းလျှပ်စစ်လှေခါး တက်နေဆဲ ၌ ဘယ်နံပါတ် အထပ်ကိုရောက်နေပြီဟု မီးရောင်နီဂဏန်းကလေးများနှင့် အမြဲပြပေးလျက်ရှိ၍ လှေခါးတံခါး ဖွင့်လိုက်လျှင် ရောလိုက် သွားရုံဘဲဖြစ်ပါသည်။

သို့သော် အထပ်ပေါင်းက ၁၀၂ ထပ်ရှိ၍ လူများသွားလိုရာ မကြန့်မကြာ ရောက်နိုင်ရန် လျှပ်စစ် လှေခါး များအား အထပ် ၂၀ လောက်ကို စခန်းတထောက်တထောက်ပြုပေးရပါသည်။ ထို့ကြောင့် လှေခါးပေါက်တွင် မိမိရောက် လိုသော အထပ်နှင့်အကျုံးဝင်ရာ နံပါတ်ပါမပါကို သတိပြု၍ ကြည့်ရှုလိုက်ရပါသည်။

အင်ပါယာစတိတ်ခေါင်မိုးနှင့် ၁၀၂-ထပ်ကို တက်လိုသူများအဘို့မူကား မရပ်မနားတိုက်ရိုက် တက် သွားသော လျှပ်စစ်လှေခါးသပ်သပ်ထားပေးပါသည်။ အခြားလှေခါးများကို လူထုအတွက် အခမဲ့ အသုံးပြု ကြသော်လည်း ခေါင်မိုးရှုမျှော်ခင်းတက်လှေခါးမှာ အခပေး၍ တက်ရပါသည်။ ထိုလက်မှတ်ကို ရောက်ဖဲလား အဆောက်အဦးကို တက်သလိုပင် အောက်ထပ်လက်မှတ်ရောင်းချ ရာဌာနတခု စာတမ်း ကပ်လျက် ထားပါသည်။ ထိုဌာနမှတယောက်တွက် လက်မှတ်စောင်လျှင် တေါး်လာနှင့်ဆင့် ၂၀ ဗမာငွေ (၆)ကျပ် နီးပါးပေးဝယ်ရသည်။

ခလေးများကို တ၀က်ခရပါသည်။ ထိုအမြင့်တက်စပါယ်ရှယ် လျှပ်စစ်လှေခါးခန်းကြီးများကို အလုပ် လှေခါးများ နှင့် မမှားရအောင် ကတ္တိပါကွပ်ကြိုးတပ် သံတိုင်များနှင့် သပ်မှတ်ပေးထားပါသည်။ လှေခါးမောင်း ဆရာတို့ကလည်း လက်းမှတ်ပါသူကိုကြည့်၍ တင်ခေါ်သွားကြပါသည်။ လျှပ်စစ်လှေခါးအိမ် မောင်းတက်သွားလိုက် သည်မှာ မြန်လွန်းသောကြောင့် နားများပင် အူတက်လာတတ်ပါသည်။ မရပ်မနား အထူး စပါရှယ် တက်သွားသော ထိုလှေခါးအိမ်သည်ပင်လည်း ထိပ်ရောက်အောင် တိုက်ရိုက်မပို့နိုင်သေးပါ။ ၈၆ ထပ်မြောက်တွင် ရပ်ပြီး ပေးရပါသည်။ ဒုတိယမြောက် လျှပ်စစ်လှေခါးကသာ ၁၀၂ ထပ်မြောက် ဖြစ်သော အထပ်သို့ ထိအောင် ပို့ပေးနိုင်ပါသည်။

မြေပြင်မှ ပေပေါင်း ၁၀၅၀ မြင့်သော ၁၀၂ ထပ်မြောက် အထပ်တွင် အရပ်လေးမျက်နှာသို့ ရှုမျှော် ခင်းကြည့် စရာ၊ လ သာပြင်ဆောင်ကဲ့သို့ ၄-ဘက် သံဝရံတာကြီးများ ခြံရံထားပြီး အလယ်မှာတော့ စားပွဲရုံနှင့် ' ဘား ' တခု ရှိပါသည်။ မှန်ပြူတင်းတွေ ကာရံခင်းကျင်းပြင်ဆင်ထားပါသည်။ စားပွဲထိုး မည့် အမေရိကန် မယ် ကလေးများကလည်း ခရီးဦးကြိုလျက်ရှိနေပါသည်။ စားစရာပြင်ဆင်သော ကောင်တာပေါ်တွင် ရောင်းချ၍ ရသောပိုက်ဆံသည် အကြွေအမ်းစာရင်းတွက်ပြီးသား ထွက်လာ သော စက်ငယ် တခုလည်း ရှိပါသည်။

အမေရိကန်မှာ ဆိုင်ကြီးငယ်တို့၌ ဈေးရောင်းသူများသည် ငွေကို 'လက်'နှင့်မသိမ်း၊ 'စက်'နှင့်သိမ်း သည်။ ရောင်းရငွေစာရင်းနှင့် ပြန်အမ်းငွေကိုပါ 'စိတ်'နှင့်မတွက် 'စက်'နှင့်တွက်၍ ကျသင့်သော ပြန်အမ်းငွေကို ခလုပ်နှိပ်ရုံဖြင့်ချောက်ခနဲထွက်လာစေပါသည်။

စာရေးသူ အင်ပါယာစတိတ်၏ ၁၀၂-ထပ်သို့ ရောက်သွားသောအချိန်က မြူတိမ် ကင်းစင်နေသဖြင့် အရပ် လေးမျက်နှာ တို့ကို ကောင်းစွာမြင်ရပါသည်။ မဟတ္တန်ကျွန်းတခုလုံးသာမက မြစ်တဘက်ကမ်းဆီမှ နယူးဂျာစီ၊ ဘရုပ်ကလင်ရပ်ချမွမ်း၊ ကွင်းစဘရောင့် ၀င်ချက်စတာစသော အရပ်တွေကိုပင် ပြတ်ပြတ် ထင်ထင် လှမ်း၍မြင်နေရပါသေးသည်။ ၀ရံတာမှာ လေတဟူးဟူး တိုက်ခတ်လျှက်ရှိ၍ ခိုက်ခိုက်တုန်အေးမြ နေပါသည်။ နေရောင်ခြည်လင်းလျက် ရှိစေကာမူ အပူရှိန်မှာ ပြော့ညံ့လွန်းပြီး ဗမာပြည်က နေရောင်ခြည်လို အပူဓာတ်တံခိုးအရှိန်အ၀ါက မပြင်းထန်ပါ။
ယင်းသည် ၁၀၂-ထပ်မှာ ရှေ့ဆက်တက်စရာ ပြီးဆုံးသွားပြီဟုမဆိုနိုင်သေးပါ။ တတိယမြောက် တက်ဘို့ရာ လျှပ်စစ်လှေခါး တစခန်းကျန်နေပါသေးသည်။ စားပွဲရုံ၏ တဘက်ရှိ အခန်းငယ်တခု သည် တတိယမြောက် လျှပ်စစ်လှေခါး အခန်းပင်ဖြစ်ပါသည်။

ထိုလှေခါးကနေ၍ လိုက်သွားသောအခါ အင်ပါယာစတိတ် အဆောက်အဦးကြီး၏ ထီးခေါ်ရမလား၊ ဒုပိကာခေါ်လေမလား၊ ထိပ်ဖျားက၀ိုင်းဝိုင်းနေအထိ ရောက်သွားပါသည်။ ဤနေရာမှာတော့ မြေပြင်မှ ပေပေါင်း ၁၂၅၀-တိတိ အမြင့်ရှိပါပြီ။ ၁၀၂-ထပ်မြောက် အခန်းမှာ မြေပြင်မှ ပေ ၁၀၅၀- သာမြင့်ပါသေးသည်။ ဤထက်ထိပ်ချွန်ကျသော (ဘဲနှစ်ရှင်းပွိုင့်ခေါ်တဲ့) နေရာကတော့ မြေ ပြင်မှ ၁၃၁၁-ပေ ပင် မြင့်သွားလိုက်ပါသေးသည်။

ထိုနေရာတွေမှာ ကြာရှည်စွာမနေလိုကြပါ။ ခပ်ကြာကြာ စတည်းချလို့ ကောင်းတဲ့နေရာကတော့ ခုနက ရေးခဲ့တဲ့ ၁၀၂ ထပ်ရှိ စားပွဲရုံကလေးထဲမှာ ဖြစ်ပါသည်။ ဤမျှလောက် ထီးထီးကြီးမြင့်နေသော ကြောင့် ပေလား၊ ဒုပိကာထိပ်ဖျား မိုးကြိုးသွားအခ ခံရသော အကြိမ်ပေါင်းသည် ၁၅-ကြိမ် ထက် မနည်းဘူး ဟုသိရပါသည်။ မိုးကြိုးအပစ်ခံရ၍လည်း အဆောက်အဦးကြီးမှာ ဘာမှမဖြစ်ခဲ့ တလောဆီက မြူဆိုင်း နေဆဲ လေယာဉ်ပျံ တစီးက မတော်တဆ ၀င်တိုက်မိရာမှာပင် တိုက်မိသော အထပ် နေရာ လောက်သာ ပြိုဖဲ့ပျက်စီး သွားသည်။ အဆောက်အဦးကြီးကတော့ မဖြုန်ဟူ၍ အဆိုရှိပါ သည်။
အရပ်ရပ် က လာရောက်ကြည့်ရှုကြတဲ့ လူမျုးဧည့်သည်မျုးကလည်းစုံပါဘိတောင်း အင်္ဂလိပ်လိုဝတ် ပီး အင်္ဂလိပ် စကား မပြောတတ်တဲ့ တောင်အမေရိကန်က လာကြတဲ့ ဧည့်သည်တွေ၊ စပိန်ကလာကြ တဲ့လူတွေ၊ ပြင်သစ်ကလာကြတဲ့ လူတွေဟာ ဓာတ်ပုံကလေးတွေကိုယ်စီနဲ့ပါဘဲ။ သူတို့တတွေထဲ မှာ တချို့လည်း ကင်မရာအမျိုးကောင်းတခုသာ လွယ်လာပြီး ရိုက်ရိုက်နေကြတယ်။ ဖလင်မထည့် တတ်လို့ လက်ပြ ခြေပြနဲ့ အကူအညီတောင်းလို့ မရိုက်ရသေးတဲ့ ဖလင် လိပ်ကိုကူးပြီး ထည့်ပေးရ၊ ရိုက်ပြီးသားတွေ ထုတ်ပေး ခဲ့ရနဲ့ နားရတယ်မရှိပါဘူး။

တခါတခါလည်း စာရေးသူတို့အား လူမျိုး တမျိုးဟုသာ သိသည်။ ဘာလူမျိုးမှန်းမသိ၊ အိန္ဒိယလား မေးလိုမေး၊ ချိုင်းနီးစ် လားမေးလိုမေး၊ ယိုးဒယား အင်ဒိုနီးရှားလားမေးလိုမေးကြ၊ ဗမာပြည်ကပါ ဆိုပြန်တော့လည်း သိတဲ့ လူက အနည်းသား အဲဒီဗမာပြည်ဆိုဒါ ဘယ်မှာလည်းတဲ့ ဆိုသဖြင့် မြေပုံ အကြမ်းနှင့်ပင်ရေးဆွဲရပြန်ပါသည်။ ဒါပေမဲ့ ခရီးသွားရင်း ကြိုကြိုက်သိကျွမ်းခဲ့ရတဲ့ လူမျိုးတမျိုးအနေနဲ့ သူတို့နဲ့ အပြန်အလှန် ဓာတ်ပုံတွဲ အရိုက်ခံ ရသည်မှာလည်း အမောပါဘဲ သည်လို အတွေ့အကြုံမျိုးကတော့ အင်ပါယာစတိတ် အဆောက်အဦးကြီးကို ၃-၄ ခေါက်မျှ ရောက် ခဲ့ရာတွင် ရောက်တိုင်းရောက်တိုင်း ဤလိုချည်းဘဲမလွှဲမရှောင်သာအောင် တွေ့ခဲ့ ရပါ တော့သည်။

----------------------------
>>>ဆက်ဖတ်ရန်>>> >>

Wednesday, July 7, 2010

ဒဂုန်ခင်ခင်လေး ၏ ကမ္ဘာ့ခရီးသွားမှတ်တမ်း အပိုင်း (၂၃)

သို့တပြီးကား အိပ်ရာမှထ၍ ရေချိုးအ ၀တ်လဲပြီး၊ မနက်စာ စားရန် အောက်ဆုံး၏ ဒုတိယ အထပ်ဖြစ် သော စားပွဲခန်းကြီးရှိရာ၊ မက်ဇနီသို့ စက်လှေခါးနှင့် ဆင်းခဲ့သည်။ မြေပြင်နှင့် တညီတည်း ပထမ အထပ်မှာတော့ အဆင်းအတက် အ၀င်အထွက် ရှက်ရှက်ခပ် ရောက်လာသော တည်းခိုသူများနှင့် လျှပ်စစ်လှေခါးပေါက်တွေ စီတန်း နေသမျှမှာလည်း ဖွင့်ချီ ပိတ်ချီ ဆင်းချီ တက်ချီ နှင့် လူတွေခဏခဏ အံချလိုက်၊ ငုံသယ် သွားလိုက် နှင့် မနားရ။

အလယ်ဧည့်ခန်းမတွင် အပြင်မှလာတွေ့သော ဧည့်သည်တွေ တည်းခိုသူ။ လက်ခံရာ အလုပ်ခန်းနှင့် ကောင်တာ ပစ္စည်းထားခန်း၊ အပ်ချုပ်ဌာန၊ ပင်းမင်းဌာန၊ ဆံပင်ညှပ်ဌာန၊ မိန်းမဆံပင် နှင့် အလှပြုပြင်ရာ ဌာန၊ တိုလီမိုလီပစ္စည်းနှင့် စာအုပ်စာတမ်း၊ သတင်းစာဂျာနယ်၊ ၀တ္ထုမဂ္ဂဇင်းရောင်းသောဆိုင်တခုအပြင် လဘက်ရည် ကာဖီနှင့် ဆင်းဒစစ်မုန့်စုံ ကြူလရာကုန် ဆေးဝါးဘယဆေးစုံရောင်းချသော ဆိုင်ခန်းကြီး တခုနှင့် သေသောက်ခန်းမကြီးတခု စသည်များ ရှိလေရာ၊ ဤလိုဟိုဘယ်နှင့်တပါတည်း ပူးတွဲ နေသောဌာနများသည် နိုင်ငံခြားဟိုတယ်ကြီးတိုင်းရှိ ရမြဲသောဓမ္မတာဖြစ်၍ အထူးအဆန်းမဟုတ်ပါ။

သို့ရာတွင် ဟင်နရီဟတ်ဆင်ဟိုတယ်အောက်ထပ်မှာတော့ ရေကူးကန်ကြီးတခုကိုပင် ပြုပြင်ဖန်တီး ထားပါသေးသည်။ (ရီဆပ္ပရှင်း) ပွဲသဘင်ကျင်းပရာ ဧည့်ခန်းကြီးကလည်း ရှိသေးရ တခါတခါ မင်္ဂလာဆောင် နှင့် ကြုံလိုက်လျှင်၊ ရွှေဘိုဂုံဘုရား တပေါင်းပွဲထက်ပင် တိုးခွေ့မသွားရတော့သည်။ မြေအောက် နှစ်ထပ် ရှိသေးရာ ထိုအခန်းတွေမှာတော့ ဟိုတယ်၏ ပစ္စည်းပရိဘောဂများသိုလှောင်ရာ အခန်းများ ဖြစ်ပါသည်။

ထိုကမှ အပေါ်ထပ်ပြန်တက်၍ အပြင်ထွက်ရန် စောင့်ဆိုင်းနေစဉ် ဦးခင်တို့ရောက်လာသဖြင့် ထိုမနက်ခင်း အဘို့မှာ မဟတ္တန့်ကျွန်း ရပ်ကွက်များကို ထက်အောက် စုံဆန်ကာ အကြမ်းပြင်းအားဖြင့် မြို့လုံး ပတ်လည် ကား လျှောက်မောင်းရင်း ပဏာမ ရှုခင်းသဘောနှင့် ကြည့်လိုက် ရပါတော့သည်။

*
မဟတ္တကျွန်း၏ပုံသဏ္ဍာန်မှာ အကြမ်းအားဖြင့် နွားလျှာနှင့်သဏ္ဍာန်တူသည်။ နွားလျှာကဲ့သို့ အောက်ဖျား အနည်းငယ် ချွန်းလျက်အပေါ်သို့ ပြားတက်သွားသောကြောင့် အနံကျဉ်း၍ အလျှားရှည် နေပါသည်။
အရှေ့ နှင့် အနောက် ကျွန်း၏အနံဖြစ်၍တောင်နှင့်မြောက်က ကျွန်း၏ အလျားဖြစ်ရာ၊ ကျွန်းဦးသည် အရှေ့မြစ် နှင့် အနောက်ဘက်မှ ဟတ်ဆင်မြစ်ကို စုပေါင်းဆုံစည်းရာ.... ပင်လယ်ကွေ့ အ၀၌ မေးတင်လျက် ရှိသကဲ့သို့တွေ့ရှိရပါသည်။ မဟတ္တန်ကျွန်းရပ်ကွက်၏ အကျယ် အ၀န်းမှာ အလျား ၁၂.. မိုင်ခွဲ အနံ ၁၅...မိုင်ခွဲရှိ၍ လမ်းများနှင့် ပန်းခြံများမှတပါး နေရာကွက်လပ်မရှိ၊ မြင့်မားသော တိုက်တာ အဆောက်အဦး တို့ဖြင့်သာ ပြည့်လျှမ်းပြွတ်သိပ်ညင်လျက်ရှိပါသည်။

အလယ်ပိုင်းနှင့် အောက်ပိုင်းရပ်ကွက်တို့မှာ အလုပ်တိုက်ကြီးများ၊ ကုန်တိုက်ကြီးများနှင့် တနိုင်ငံလုံး၏ ဗဟိုကုန်စည် ကူးသန်းရေး အချက်အချာ ဌာနကြီးတရပ်ကဲ့သို့ ရှိသဖြင့် လူဦးရေနှင့် အလုပ်တိုက်တို့ ပိုမိုများပြားလွန်း၍မြေပြင်မဆန့်မြေအောက်မဆန့် မြေအောက်မှ အကာကာသအထိ နယ်ချဲ့ကာ များစွာ သော မိုးထိုးအဆောက်အဦးကြီးများနှင့် နေရာယူထားသည် ကိုတွေ့ရှိရပါသည်။
အောက်ပိုင်း မှတပါး ဖြောင့်ဖြူးစွာ အကွက်ရိုက်ချထားသော ရပ်ကွက်များ၊ လမ်းများမှာ ပဆစ်အိမ် ကျားကွက်ကဲ့သို့  ညီညာသပ်ယပ်လျက်ရှိပါသည်။ တောင်နှင့်မြောက်မှာ လမ်းရှည်ကြီးများဖြစ်၍ လမ်း အမှတ် ၁.. မှ လမ်းအမှတ် ၁၂..အထိထားသည်။ ကန့်လန့်ဖြတ်လမ်းများမှာ လမ်းအမှတ်ပေါင်း နှစ်ရာကျော် ပါသည်။

ဤကြားထဲတွင် ဂဏန်းမထိုးဘဲ အမည်တပ်ထားသော လမ်းများကလည်း ကြိုးကြားရှိနေပါသေးသည်။ အမြဲ နေသော လူဦးရေမှာ နှစ်သန်းမျှ ရှိသော်လည်း နေ့အလုပ်ချိန်များတွင် အခြားရပ်ကွက်များမှ လာရောက် အလုပ်ဆင်း ကြသော လူဦးရေမှာလည်း သိန်းပေါင်းများစွာ ရှိပါလိမ့်မည်။
အလုပ်ဆင်း လာသော လူများ၏ ရပ်ကွက်ဆိုသည်မှာ ... နယူးယောက်မြို့ အပါအ၀င်ကွင်းစ်၊ ဘရောင်စ်၊ ဘရုတ်စ် ကလင်... စသော အရပ်များဖြစ်၍ ထိုရပ်ကွက်တို့မှ လူဦးရေနှင့် အကျယ်အ၀န်း မှာလည်း မနည်း လှပါ။

' ကွင်းစ် ' အရပ်တွင်နေ လူဦးရေက တသန်းငါးသိန်းကျော် တရုတ်ကလင်မှ လူဦးရေသုံးသိန်းနီးပါး။ ဘရောင့်စ် အရပ်က တသန်းငါးသိန်းခန့်။ ရစ်ချမွန်းအရပ်က နှစ်သိန်းခန့်ဖြစ်ရာထိုလူဦးရေထဲမှ မဟတ္တန့် ရပ်ကွက် အလုပ်တိုက်များသို့ မြေအောက်မီးရထား၊ မြေပေါ်မီးရထား၊ ကူးတို့သင်္ဘော စသည်များဖြင့်၎င်း၊ ကိုယ်ပိုင်ကား၊ ဘတ်စ်ကားတို့ဖြင့်၎င်း၊ နေ့စဉ် အလုပ်လုပ်ရန် ရောက်လာကြပါ သည်။
သို့ကြောင့် လည်း ရေပတ်လည်ဝိုင်းနေသော မဟတ္တန့်ကျွန်း၏ ပင့်ကူခြေထောက်တွေ ကားနေသည် နှင့်မခြား၊ များပြားလှစွာသောရေပေါ်ပေါင်းကူးတံတားကြီးများတွင်၎င်း၊ ကြွက်တွင်းဝယ်ပေါက်ကဲ့သို့ မြစ်အောက် ပင်လယ် အောက် မှ ဒိုးယိုပေါက်ဖေါက်ထွင်းဆက်သွယ်ထားသော လမ်းကြီးတွေ ရှိသမျှ ပေါ်၌ မော်တော်ကား တွေ ရေအလျှင်စီးသလိုနေ့ည မစဲတသဲသဲစီးဆင်းနေကြခြင်းဖြစ်နေသည်ဟု သဘောပေါက် ရပါ တော့သည်။

ဤမျှလောက်များပြားလှသော လူစုလူသိုက်ကြီးအတွက် ဘယ်အရာမျိုးမဆို လိုလေသေးမရှိ။ နေရာတကာ ၌ အလွယ်တကူပြည့်စုံနိုင်ရန် ဖန်တီးလိုက်သည်ကိုလည်း ကြည့်လိုက်ပါဦးတော့။
လမ်းတိုင်း လမ်းတိုင်းမှာ (တဘလောက်)လမ်းတဖြတ်အတွင်းရှိသမျှ မိုးထိုးတိုက်တာ အဆောက် အဦး တို့၌ အောက်ထပ် ဟူသမျှသည် အမျိုးမျိုးသော ဆိုင်တွေအဖြစ်နှင့်သာ ရှိနေပါသည်။
ဥပမာ... ၅၃...လမ်းနှင့် ၅၄...လမ်းကြားဖြစ်သော လမ်းအတွင်းရှိ အောက်ထပ်ဟူသမျှ ၌ စတိုးဆိုင်၊ အိမ်ဈေး ဆိုင် မျိုး သုံးဆိုင် လောက်ရှိသည်။ ဟင်းသီးဟင်းရွက်၊သားငါး အစိုအခြောက်၊ အကျက်၊ စည်သွတ်ပစ္စည်းစုံ၊ မုန့်မျိုးစုံ၊ နွားနို့၊ ထောပတ်၊ ကြက်ဥ၊ သကြား၊ သစ်သီးစုံမှအစ အိမ်သုံးမီးဖို၊ သုံးစားစရာစုံရနိုင်သော ဆိုင်မျိုးများ ဖြစ်ပါသည်။

ပင်းမင်းဆိုင်...၁။ ကိတ်မုန့်စုံဆိုင်...၁။ မျက်မှန်ဆိုင်...၁၊ ဓါတ်ပုံဆိုင်...၁၊ ဆံပင်ညှပ်ဆိုင်အနည်းဆုံး...၁။ မိန်းမ အလှပြင်ဆိုင်...၁။ ပန်းစိုးဆိုင်...၁။ အင်္ကျီချုပ်ဆိုင်...၁။ ဘိနပ်ချုပ်ဆိုင်...၁။ဆေးဆိုင်...၁။ မိန်းမ ဘော်လီ ဘရာစီယာ နှင့် နိုင်လွန်ခြေအိတ်ဆိုင်...၁။ယောက်ကျားနှင့်ဘိနပ်ဆိုင်...၁၊ စာအုပ်...၂။ သေတင်းကုတ်...၂။ ထမင်းဆိုင်... ၂။ဆေးစုံကြူလယာကုန်။ စားဘွယ်သောက်ဘွယ်စုံရောင်းသောဆိုင်...၂..ဆိုင် စသည်တို့ကား လမ်းရှိ လေသမျှ တိုင်း မရှိမဖြစ် သောဆိုင်များဖြစ်ကြပါသည်။

ဤအထဲတွင် နေရာကောင်းကောင်းမှန်သမျှ၏ လမ်းဒေါင့်တိုင်းမှာ ၀ှီလင်၏ ဘယဆေး စုံဆိုင်ကြီး တွေကသာနေရာယူထားကြပါသည်။ ဘယ်လမ်းဒေါင့်မှာဘဲကြည့်ကြည့် ၀ှီလင်၏ ဆိုင်းဘုတ်များကိုသာ သွားပဲ့ ကလေးတွေ နှင့် ပြုံးပြနေကြသလိုတွေ့မြင်ရပါတော့သည်။

' မိုဘီအ၀ိုင်း ' ဆိုင်းဘုတ်နှင့် ' ကိုကာကိုလာ 'ဆိုင်းဘုတ်ကို နေရာတကာ မျက်စေ့ရှုပ်အောင် တွေ့ ရသည်ကား... ဆိုင်းဘုတ်မျှသာဖြစ်၍ တတ်နိုင်မည်ဆိုက အံ့သြစရာမဟုတ်ပါ။ ၀ှီလင်ကတော့ နေရာ ကောင်းကောင်း ဒေါင့်ခန်း တွေဟူသမျှကို ၀ယ်ယူငှားရမ်းရမည့် တာဝန်ကား... နယုးယောက် လိုမြို့ကြီး မှာ ငွေရင်း သေးလှမည် မဟုတ်ကြောင်း သိရှိနိုင်ပါသည်။

ယင်းသို့ အကြမ်းအားဖြင့် လှည့်လည်ကြည့်ရှုရင်း... နယူးယောက်မြို့ရှိ မြောက်များလှစွာသော လူထုထက် စားသုံး ရောင်းချသော စားသောက်ဘွယ်ကုန်ဆိုင်နှင့် လိုအပ်သော ဆိုင်များက တဆထက် ကဲ စိုးမိုး သိမ်းဖြန်း ဖုံးလွှမ်းအုပ်ဆိုင်းလျက်ရှိနေသည်ကို တွေ့မြင်ရသဖြင့်လည်း အစာရေစာ ပြည့်ဝသော နိုင်ငံတခု ဟု ကမ္ဘက အသိအမှတ်ပြုရသည်ကို သတိရမိပါသည်။
နေ့လည်စာ စားချိန်ရောက်သောအခါတွင် နယူးယောက်လူထုနည်းအတိုင်း စားစရာဆိုင်ဟူသမျှသဲသဲ ရုတ်ရုတ် ရောက်လာသော နေ့လယ်စာစားလူအပေါင်းနှင့် သောင်းဖြောင်း ရောညာကာ၊ ကြုံရာတခုသော ဟော်တယ်ဆိုင် မှာ နေ့လယ်စာ ၀င်စားလိုက်ကြပါ သည်။

ထိုကမှသည် ရေဒီယိုစီတီး မြူးဇစ်ဟောလ်သို့ အိုင်ဗင်ဟိုဇာတ်ကားကို ကြည့်ရှုရန်သွားကြရာ ပထမ စပြသော အပတ်ဖြစ်သောကြောင့် တကြောင်း၊ လူကြိုက်များသော နာမည်ကျော် ဇာတ်ကားဖြစ်သော ကြောင့် တကြောင်း၊ လူတွေ ပရွက်ဆိတ် တန်းစီ 'ကြူ'နေကြသည်ကိုတွေ့ရပါသည်။

ဤအထဲမှာ ကားရပ်ထားခဲ့စရာ နေရာ 'ပါကင်' ရှာရသည်ကအမော၊ ရုပ်ရှင်ရုံကြီးနှင့် နီးနီးနားနား နေရာ မှန်သမျှ၊ ကားအပ်စရာ ပါကင်မရှိ၊ အားလုံး ပြည့်ကြပ်နေလေပြီ။ နယူးယောက်မြို့လယ်ခေါင် မှာ ကားအပ်ခ တနာရီ လျှင် တဒေါ်လာ၊ ဗမာငွေ ၅ိ ပေးရသည်။ ဒါတောင်မှ အပ်လိုသောကားတွေ များပြားပြည့်လျှံနေ၍ တခါ အပ်လျှင် တနာရီသာ လက်ခံသည်။ ရုပ်ရှင်က တနာရီနှင့် မပြီးပေ။ ပိုက်ဆံပေးတိုင်း အချိန်ပို လက်မခံပါ။

သို့ကြောင့် အတော်ဝေးဝေး ၃-၄လမ်းခြားသော နေရာတခုရှိ ပါကင်ကို သွားတွေ့ရာ ကံအားလျော်စွာ အပ်ထားသော ကားတစင်းထုတ်သွားစဉ် ရောက်သွး၍ တစီးစာ ချက်ခြင်းနေရာရပါ သည်။ ဤ ပါကင်ကတော့ ပထမတနာရီမှာ တဒေါ်လာ၊ နောက်တနာရီမှာ ဆင့် ၅၀-ဒေါ်လာဝက်ဖြစ်ပါသည်။ ဘယ်လောက်ဘဲ ဖြစ်ဖြစ် ကားထားရပြီးရောဟု သဘောပိုက်ခါ ကား အပ်ခဲ့ပြီး ရုပ်ရှင်ရုံကို ပလက်ခေါင်းမှ ခြေလျင်လျှောက် ကြရပါသည်။

ဗမာပြည်မှာလို ရုပ်ရှင်ရုံရှေ့ မျက်နှာချင်းဆိုင်မှာ ကားထိုးရပ်ထားခဲ့ရသော ဖရီးပါကင်များမရှိပါ။ လမ်းပေါ်မှာ ရပ်စရာနေရာလည်းမရှိ၊ ရပ်ခွင့်လည်းမပြု၊ ကိုယ်ပိုင်ကားရှိပေမင့် ပါကင်၊ အဆင့်သင့် တွေ့မှဖြင့် ခွေးနေရာမရ ဆိုသော စကားလို ကားနေရာလည်း မရနိုင်တော့သော ဒုက္ခကိုကားများလှသော နယူးယောက် မြို့က ကားပိုင်ရှင်များ ဝေပုံကျခံစားနေကြရပါသည်။

နာမည်ကျော် ရေဒီယိုစီတီးရုံတော်ကြီးသို့ကား ရောက်ပါပြီ။ ကြီးလည်းကြီး ကျယ်လည်းကျယ်ပုံရပါ ၏။ အထဲ မရောက်ခင် အပြင်ကနေမြင်ရသည်တွင်ဘဲ ရင်ထဲမှာ ဟယ်ကနဲ ဖြစ်သွားလောက်အောင် ခန့်ညားလှပါ၏။ လက်မှတ်ဝယ် ရန် ရုံဘေးပလက်ခေါင်းမှာ နှစ်ပါးသွားတန်းစီ နေကြသော 'ကြူလူထု' ကြီးကပင် လင်းမြွေကြီး လမ်းဘေးမှာ စင်းနေသည့်နှယ်၊ ကံကောင်းသဖြင့် စာရေးသူတို့ မှာ လင်းမြွေကြီး၏ ဇက်ပိုးပိုင်း လောက်မှာ ရောက်နေပါသည်။

ဒါတခုတော့ သူတို့ဆီမှာ မျက်နှာကြီးငယ်မလိုက်၊ သူဌေးသော ခွေးသောမရွေး၊ ညီတူညီမျှ စည်းကမ်းတကျ 'ကြူ' ကြပါသည်။ လက်မှတ်ဝယ် ကြူကိစ္စပြီးစီး၍ ရုံထဲသို့ကားရောက်ခဲ့လေပြီ။ ရုံထဲ ဆိုလို့ ထိုင်ခုံရှိရာကို ရောက်လာပြီ ဟု မထင်မှတ်ပါလေနှင့်ဦး။ ၀ယ်ခဲ့သော လက်မှတ်ပေးပြီး ၀င်လာ ရသော အပေါက်၏ အတွင်းဘက် အခန်းကျယ်ကြီးတခုသာဖြစ်ပါသေးသည်။

ရုပ်ရှင်ကြည့်ရန်နေရာ မဟုတ်သေးပါ၊ အဲဒီ အခန်းကြီးထဲမှာ ခေတ္တရပ်နား၍ အတွင်းရှိ ကုလားထိုင် နေရာကို တန်းစီပြီး စောင့်ကြရသည်။ စောင့်ရသည်မှာ အမှန်မရှိ။ ကြာတဲ့အခါလည်း ကြာတတ် သည်။ မြန်တဲ့ အခါလည်း မြန်တတ်သည်။ မြန်မြန်လက်မှတ်ဝယ်လိုလျှင် မြန်မြန်ကုလားထိုင်ရလို လျှင် အများကြည့် သော အချိန်ထက် စော၍ ဂွကျကျ အချိန်မျိုးရွေးသွားလျှင်တော့ ဟန်ကျ တတ်ပါ သည်။
စာရေးသူတို့ လူသိုက်ကတော့ အမေရိကန်မှာ လူရေလည်နေပြီဖြစ်သော ဦးခင်၏ အခါပေးချက်အရ ဂွကျကျခပ်စောစော အချိန်ဖြစ်သဖြင့် စောင့်ရတာကြာပါပေါ့ မဖြစ်လှပါ။ ဒါပေမဲ့ ဇာတ်ကားကြည့် ရတာ ပေါ့ဆဆ အနိုင်သား၊ ဇာတ်ထုတ်တ၀က်လောက်ကနေ ကြည့်ရတာကိုး။ သူတို့ ဆီက ဇာတ်ကားများကို ရင်ဆိုင်ခြင်း မရှိ။ နေ့ပွဲ၊ ညပွဲ၊ ညနေပွဲမခွဲ။ မနား။ ဇာတ်ကားကို အစက နေအဆုံး ပြန်ပြန်ပြီး သွက်သွက် လက်လက် ဆက်တိုက်ကြီး ပြလေ့ရှိသည်။ အပြင် ပြန်မထွက်ချင် တနေ့ လုံးသာ ထိုင်ကြည့်၊ ပိုက်ဆံ ထပ် မပေးရ တော့ပါ။

အဆိုပါ ၀င်လျှင် ၀င်ချင်းတွေ့ရသော အခန်းကျယ်ကြီးတခုလုံးက အိစက်ညက်ညောသော မွေးနု ကောဇော ကြီးများ ခန်းလုံးပြည့်ခင်းလျက် ၀ဲယာနှစ်ဘက် ဂဏန်းလက်မကွေးသဏ္ဍာန် အပေါ်ထပ် တက်သွားသော လှေခါးကြီး နှစ်စင်းမှာလည်း ဘိနပ်ခွာသံ တချက်မျှ မကြားနိုင်ရန် ရာဘာနှင့် မေးနုကော်ဇောကို နှစ်ထပ် ကွမ်းရော၍ ခံခင်းထားပါသည်။ အလွန်မြင့်လှသော အမိုးနှင့် နံရံမြင့်များ မှာတော့ သုခုမမြောက် ပန်းချီလက်ရာများ၊ ခရစ်ယာန်ဗုဒ္ဓ၀င်ရုပ်ပုံများ၊ တအံ့တသြ ရေးချယ်လျက် တလက်လက် ၀င်းပြောင်သော ရွှေဆေးရောင် များကလည်း မွမ်းမံထားပါသေး၏။

မီးပုံးကြီး မီးလုံးကြီးတွေ ဆွဲဆငိလျှက် ပေရှစ်ဆယ်မကသာအမြင့်မှ ရှည်လျားစွာ ကျဆင်းလာတဲ့ ကတ္တီပါ ခန်းဆီး လှကြီး များကို မှန်နံရံကြီးများနှင့်ယှဉ်၍ တပ်ဆင်ထားသေးသည်။ ဂဏန်းလက်မကို အပေါ် တက်သော လှေခါးကြီးအောက်မှနေ ဆင်းသွားလျှင် အောက်ထပ် အနိမ့်ပိုင်းကိုရောက်ရှိရန် ၎င်းနှင့် အလားတူ ခင်းကျင်း ထားသော လှေခါးကြီးနှစ်သွယ်ရှိသေးသည်။

၎င်းကနေ၍ ဆင်းသွားပါက အပေါ်ထပ်ကဲ့သို့ ကော်ဇောပြည့်ခင်းထားသော အခန်းကျယ်ကြီး တခုကို တွေ့နိုင်သည်။ ထိုဌာနကား မိန်းမများဘို့ တဘက်၊ အနားယူရန် ဆေးလိပ်သောက်ရန်၊ အလှပြင်ရန်၊ ရေအိမ် ၀င်ရန်၊ ဆိုဒါလင်မနစ်၊ ရေခဲမုန့်၊ချောကလက်၊ပေါက်ပေါက်လှော်၊ အာလူး ကြော်၊ မြေပဲကြော်၊ သစ်အယ်သီး ကြော် စသည်တို့ကိုစားရန် 'လူရောင်း' ' စက်ရောင်း' ဆိုင်ရာထိုင်ခုံ ဆိုဖာများနှင့် အပျင်းပြေ ပြနေသော ရုပ်မြင်သံကြား တယ်လီဗေးရှင်းစက်ကြီးတခုကလည်း အညီးပြေ အသုံးတော် ခံလျက် နေလိုက် ပါသေး သည်။

*
' လူရောင်းစက်ရောင်း ' ဆိုသော စကားကို အနည်းငယ်ရှင်းပြရန် လိုလိမ့်မည်ဟုထင်ပါသည်။ နယူးယောက်မြို့ မှအစ အမေရိကန်ပြည်ရှိ အနယ်နယ် အမြို့မြို့တို့မှာ လူထုနှင့် အမြဲတွေ့ဆုံဆက် သွယ်ရာ အရပ်များ ဖြစ်သော ဆိုင်ကြီး ဆိုင်ငယ်များ၊ သင်္ဘောဆိပ်၊ ဘူတာရုံ၊ ရုပ်ရှင်ရုံ၊ဘောလုံးပွဲ၊ မြင်းပွဲ၊ ပြတိုက်၊ ပန်းခြံ၊ တိရစ္စာန်ရုံ ၊ရေချိုးဆိပ် စသော နေရာမှန်သမျှ၌ လူကိုယ်တိုင် ရောင်းသေ စားသောက် ဖွယ်ရာ ဆိုင်များ အပြင် စက်ယန္တယားဖြင့် ရောင်းသောဆိုင်တွေအများအပြားရှိပါသည်။

၎င်းစက်ယန္တရားဆိုင်ဆိုသည်မှာ စီးကရက်ဆိုင်၊ ချွင်းလန်းချော့ကလက်၊ သကြားလုံးဆိုင်၊ ပဲလှော် အမျုးမျိုးဆိုင်၊ ကိုကာကိုလာ၊ လိမ္မော်ရည်၊ သဗျစ်ရည်စသောဆိုင်၊ စာတိုက်ခေါင်းရောင်းသောဆိုင်၊ ဘိနပ်ဆိုင် စသည်တို့ ဖြစ်ပါသည်။

စာရေးသူတို့ ဗမာပြည်တွင် စစ်မဖြစ်မှီအခါက ဈေးသစ်ကြီးနှင့် အင်္ဂလိပ်ရုပ်ရှင်ရုံ ဘူတာရုံကြီးများ ရှေ့၌ ထားရှိသော ကိုယ်အလေးချိန် စက်၏ သဘောကဲ့သို့ စက်ပေါ်လူရပ်အပေါက်ထဲ ပဲစေ့တစေ့ ထည့်လိုက်လျှင် ချောက်ခနဲကျသွားပြီး အထဲမှ ပြုပြင်ထားသော စက်ယန္တရား ချိန်သီးနှင့် ပဲစေ့ ထိ ခိုက်ခါ၊ လူကိုယ်၏ အလေးချိန်ဘယ်နှစ်စတုံရှိသည်ဆိုသော အမှတ်အသားပါရှိသည့် ကပ်ပြားကလေးတခု အပေါက်ထဲ မှ လျှောကျလာခြင်းနှင့် အလားတူဖြစ်ပါသည်။

ဥပမာ-စီးကရက်ရောင်းသောစက်ဆိုလျှင် လူတရပ်စာမျှ ရှိနံရံကပ်သံဘီရိုကလေးတွင် လပ်ကီးစထရိုက် ကယ်မဲလ် စသောအမေရိကန်ဖြစ် အလိပ် ၅၀-၀င်စီးကရက်ဘူး အမျုးပေါင်း ၆-မျိုး၊ ၇-မျိုးကို တန်းစီ၍ပြသထားသည်။ ၎င်းအောက်တွင် အပေါက်ငယ်တခုစီရှိသည်။

ပိုက်ဆံထည့်ရန် အပေါက်မှာ 'ကွာတား' စေ့ ၂၅-ဆင့်တန် အမေရိကန်မတ်စေ့ တစေ့ဆန့်သော အပေါက်ဖြစ်သည်။ လက်ကီစထရိုက် စီးကရက်ဝယ်လိုလျှင် လက်ကီစထရိုက် အမည်ရှိ စီးကရက် ဘူး အောက်မှ အပေါက်ထဲကို ကွာတားစေ့တစေ့ ထည့်လိုက်ပါက အောက်ထပ်ရှိ ခွက်သဖွယ် ထုတ်ထားသော သံပြားကော့ ထဲသို့ လိုရာစီးကရက်တဘူးလျှောကနဲ ကျလာပြီး စီးကရက်ဘူးနှင့် မရှေးမနှောင်းမှာပင် စက္ကူကပ်ဖြင့်သာစီမံထားသော မီးချစ်ပြားကလေးတခုက အဆစ်ထည့်သလို လျှောကနဲ ကျလာ ပါ သေးသည်။

သူတို့ဆီမှာ ဆေးလိပ်ဝယ်လျှင် မီးချစ်က အမြဲအဆစ်ရပါသည်။ မီးချစ်ဘိုးပိုက်ဆံမကုန်တော့ပါ။ စာတိုက်ခေါင်း ရောင်းသော စက်ကလေးကတော့ ရေဒီယိုအငယ်စားကလေးလောက်သာရှိပါသည်။ သူ ကလည်း ၅-ဆင့်တန်၊ ၁၀-ဆင့်တန် ၂၅-ဆင့်တန် စသည်ဖြင့် လိုရာအပေါက်ကို ပိုက်ဆံတန်ဘိုး ထည့်ပြီး ခလုပ်ဆွဲ နှိပ်လိုက်ပါက ဖရောင်းစက္ကူနှင့် ပတ်ထားသော တံဆိပ်ခေါင်းကလေးများ အလွယ်တကူ ထွက်လာ ပါတော့ သည်။

ပဲလှော် ရောင်းစက်ကလည်း ၅-ဆင့်ပေါက်မှ ထည့်လိုက်လျှင် ချက်ချင်းပြည့်အောင် ပဲလှော်စေ့ကလေးတွေ ကျလာ ပါသည်။ ပိုလိုချင်၍လည်း မရပါ၊ သူ့ဟာနှင့်သူ အံကျချိန်ပြီးသားဖြစ် ပါသည်။ တော်ဖီချွန်းဂန်း စသည်ကလည်း အမည်ပြထားသော လိုရာအပေါက်ကို ပိုက်ဆံထည့်လိုက် လျှင် ကျလာပါသည်။ ကရင်ဆိုဒါ ကိုကာကိုလာ စသော ဆိုင်ကလည်း အပေါက်ထဲသို့ တန်ဘိုးပိုက်ဆံထည့်လိုလျှင် ရေခဲစိမ်ပြီးသား ပုလင်း တလုံး ထွက်လာသည်။

အပြင်မှဘူးဖွင့်ရန် ခလုပ်ပေါက်ထဲထည့်လိုက်က လွယ်ကူစွာပင် ပွင့်ထွက်ကာ ပုလင်းကို ပါးစပ်မှ တပ်၍ မော့သောက်ရုံ  ပါဘဲ။
အဲဒီလို ပုလင်းလိုက်မမော့လိုဘဲ စက္ကူခွက်နဲ့ သောက်လိုလျှင်လည်း လိမ္မော်ရည်၊ သဗျစ်ရည်၊ လိုင်းမကြူး စသဖြင့်နဲ့ အမည်လေးငါးမျိုး တပ်ထားသော အပေါက်အောက်မှ ကြိုက်ရာတန်ဘိုးပိုက် ဆံထည့်လိုက်လျှင် ပထမ စက္ကူရေခွက်ကလေးတခုထွက်လာပြီး ဆိုင်ရာအရည်တခုခုက သူ့နေရာက နေပြီး ခွက်ထဲသို့ ကျလာသည်။

ခွက်ပြည့်လျှင် ရပ်သွားသည်။ ဘယ်တော့ မှလျှံ ကျလာလိမ့်မည်မဟုတ်ပါ။ ယင်းသည့်နည်းများအတိုင်း စက်ယန္တရား ဈေးရောင်းဆိုင် အမျိုးမျုးတို့ အား သူ့ဆိုင်ရာက အလှည့်ကျ ပိုက်ဆံလိုက် သိမ်း၍ ရောင်းကုန်ပစ္စည်းနှင့် ရောင်းရသော ပိုက်ဆံများ ကို လူသွားလူလာဆိတ်ကွယ်ရာမှာပင် လူဆိုးလူညစ်တို့ ရွှေ့ယူခိုးဝှက်သွားရန် မလွယ်ကူလှပါ။ သူတို့ဆီက ပုလိပ်များမှာ တာဝန်သိအကွက်စိလှသည်။ လူတွေ ကလည်း ဤလို စုတ်စုတ်ပဲ့ပဲ့ မျိုး လုပ်ရမှာကို ကလေးသူငယ်ကအစ ရှက်ကြောက်တတ်ကြသည်။ စည်းစောင့်ကြသည်၊ ခိုးမှုတိုက်မှု သတ်ဖြတ်မှုတွေ မရှိမဟုတ်ပါ။ သူ့ဟာနှင့်သူရှိကြသည်ချည်းပင်။

ငါတို့ ဗုဒ္ဓဘာသာ ကိုးကွယ်သည်ဆိုသော ဗမာပြည်မှာတေ့ ကုသိုလ်ရေးကြောင့် လှူဆောက်ထား သော ရေအိုးစင် က သတ္ထုခွက်ကလေးများကို သံကြိုးနှင့်သာချည်ထားဒါတောင်မှ ဘုံးတတ်ကြပါ ကလားဟု စိတ်ထဲ က ရှက်သွားမိပါသေးသည်။

သို့နှင့် ရေဒီယိုစီးတီးဟောလ်၏ ဧည့်ခန်းဝမှတဆင့် ထိုင်ခုံများရှိရာ ရုံမကြီးအတွင်းသို့ ရောက်ရှိပါပြီ။ အတန်းမခွဲ၊ ရှေ့နောက်ဦးရာထိုင်နိုင်သည်။ ခြေသံမကြားအောင် ခင်းထားသောရာဘာခံ မွှေးနု ကော်ဇော နှင့် အေးသောအခါ အနွေးဓာတ်ပေး၍ ပူသောအခါ အဲယားကွန်းတတ်ရှင်းခေါ် အအေး ဓာတ်ပေးပါသည့် ပွဲကြည့် ပရိသတ် လူပေါင်းခြောက်ထောင်ကျော်အတွက် ကုလားထိုင်မှာ ကတ္တီပါ အုပ်ဆိုဖာအခင်းအမှီနှင့် ရုံကြီး တခုလုံး၏ အပြင်ဆင် အခမ်းအနားတို့မှာ ကမ္ဘာကျော်သည်ဆိုသော အင်္ဂါရပ်နှင့် ညီညွတ်စွာ ရွှေရောင်ချယ် နှင့် ပေါင်းကူး လိုဏ်ဂူကြီးသဖွယ် ဟိန်းနေအောင် မွမ်းမံ ပြင် ဆင်ထားသည် ကို တွေ့ရ ပါသည်။

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

Tuesday, July 6, 2010

ဒဂုန်ခင်ခင်လေး ၏ ကမ္ဘာ့ခရီးသွားမှတ်တမ်း အပိုင်း (၂၂)

ဟုတ်ချင်လည်း ဟုတ်မည်လားမသိ။ အမေရိကန်ပြည်ရယ်လို့ တည်ရှိလူသိလာခဲ့သည်မှာ မြန်မာ ရာဇ၀င်၏ နောက်ဆွယ် နောက်မြီးပိုင်းလောက်ဆီက စ လိမ့်မည်ထင်ပါသည်။ အဲဒီအချိန်တုန်းကဖြင့် သူတို့ ခမျာများမှာ တိုင်းပြည် တည်စမို့ နေသားတကျမရှိခဲ့။ သူတို့ပြည်တွင်း မှာတွင်ဘဲ တိုက်ဟယ် ခိုက်ဟယ်... နောင်ချိန် ...နောင်ချိန်...တခွပ်ခွပ်သတ်လျက်ဗိုလ်လုပွဲသဘင် ဆင်နွဲနေကြတုန်း၊ ခြောက်လုံးပြူး နှစ်လက် ခါးထိုးပြီး ကောင်းဘွိုင် နဲ့ နွားသူခိုးတွေ၊ ဆိုးချင်တိုင်း ဆိုး၍ ကြမ်းချင်တိုင်းကြမ်းနေတဲ့လူတွေ၊ ရိုင်းလွန်းတဲ့ အင်ဒီးယန်း တွေ၊ တနိုင်ငံကလွင့်လာတဲ့ လူပရမ်းပတာတွေသာ နိုင်ငံအလုံး အုပ်ဖုံးပျံ့နှံ့ လျက်ရှိပါ သေးသည်။

ထို့နောက်လည်း အင်္ဂလိပ်လက်အောက်က လွတ်မြောက်မှုစစ်ပွဲ အီဘရာဟင်လင်းကွန်းတို့ရဲ့ ကျွန် လွတ်စစ်ပွဲ စသည်များကြောင့်လည်း၊ မြို့ပြနိုင်ငံသာယာမှုကို ပြုသင့်သလောက် ပြုပြင်ရန် အချိန်မရ ရှာကြ သေး ဖြစ်နေပါသည်။ နောက်ဆုံး ၄၈-နယ်ညီညွတ်စွာ ပြည်ထောင်စုအဖြစ် လွတ်လပ်ရေး ရပြီးမှသာ တနေ့ပြီး တနေ့ ပြည်တော်သာ စီမံကိန်းနှင့် အကောင်အထည်ဖော်ခဲ့ကြခြင်းဖြင့်၊ ယနေ့ ကမ္ဘာက မော်ကြည့် နေရသော ဓနရှင် နိုင်ငံကြီး၏ မှိုလိုပေါက်နေသောဘုံဗိမာန်ကြီးတွေဖြစ်ပါသည်။

သို့ကြောင့် ဤအဆောက်ဦးချွန်တွေရဲ့ သက်တမ်းဟာ သိပ်မကြာသေးပါ။ အနှစ် ၄-ဆယ်သာရှိပါ ဦးမည်။
နောက်တမျိုး သော အထောက်အထားလည်း ရှိပါသေးသည်။ ဗမာပြည်ကြီး အင်္ဂလိပ် လက်အောက် ရောက်စအချိန်က ကျွန်းသစ်၊ ရေနံ၊ ဆန်စပါး စသော ဗမာ့ဥစ္စာသိုက်ကြီးများအနက် ဘီအိုစီ ကုမ္ပဏီ သည် ချောက်၊ ရေနံချောင်းစသောရေနံမြေမှရေနံများတူးဖော်ရန် အလို့ငှာ ဗမာရေနံတွင်းစာများပိုင် ရေနံတွင်း များ ကို နှစ်ချုပ်နှင့် ငှားခြင်းဖြင့်၎င်း၊ရေနံကြောသွားရာ ရေနံမြေများကို ဂရံခံခြင်း၊ ၀ယ်ယူခြင်းဖြင့် အလုပ်စတင်လုပ်ကြသော အချိန်မှာ ရေနံထုတ်လုပ်သည့် စက်ယန္တယားများပြုလုပ် တည်ဆောက်ရာ၌ လိုအပ်သော အလုပ်များကို အမေရိကန် လူမျိုး အင်ဂျင်နီယာကြီးတွေကို အများ အပြားနှစ်ချုပ်နှင့် ငှားရမ်း ခေါ်ယူ လုပ်ကိုင် စေသဖြင့် လွန်ခဲ့တဲ့ အနှစ် ၅၀-ခန့်ကပင် ဗမာပြည်၌ ရေနံ တူးဖော်ခြင်းဆိုင်ရာမှ အမေရိကန် လူမျိုးအင်ဂျင်နီယာကြီးတွေ တော်တော်များများ လာရောက်နေထိုင်ဘူးကြသည်မဟုတ်ပါလား။

အဲဒီအခါတုန်းက အမေရိကန်အင်ဂျင်နီယာကြီးတွေရဲ့ ရုပ်လက္ခဏာတွေဟလည်း ယနေ့ အမေရိ ကန်များဖြစ်သော (ဂရေဂရီးပက်တို့တိုင်ရိုပါဝါ) တို့လိုပြေပြေပြစ်ပြစ်နဲ့ ချစ်စရာ ဇာတ်လိုက်မင်းသား ရုပ်မျိုးတွေ မဟုတ်သေးပါ။ ကြံ့ခိုင်ကြမ်းတမ်းပြီး မိုးရွာနေပူမရှောင် အဆင်းရဲအပင်ပမ်းခံ၍ လုပ်ကိုင် နိုင်သော မြင်းစီးကောင်းဘွိုင်ရုပ်မျိုးကြီးတွေဖြစ်၍ အင်္ဂလိပ်ကဲ့သို့ ပန်ကာအောက်တွင် ဇိမ်ယူထိုင် လုပ်နေသူမဟုတ်၊ အလုပ်ကို အလုပ်နှင့်တူအောင် နေပူကြဲကြဲ မိုးသဲသဲ ဇွဲနဲ့ လုပ်နေကြသဖြင့် ဗမာတွေက အမေရိကန်ကြီးတွေကို ' လူကြမ်းထော' ကြီးတွေ ခပ်ရိုင်းရိုင်းကြီးတွေ ဟုသာ အမြင်ရှိခဲ့ကြသည်။
ဒါကြောင့်ပေါ့ လူမျိုးခြား အသစ်အသစ် ရောက်လာတိုင်း ဖမ်း၍လင်လုပ်လေ့ရှိကြသော ဗမာမများ ကပင် အင်္ဂလိပ် နှင့် အမေရိကန်ကို ယှဉ်ပေးလိုက်လျှင် အင်္ဂလိပ်ကို အရင်လင်တော်ပစ်လိုက်ကြသည်။

အမေရိကန်ကြီးတွေက ကြီးကြီးကြမ်းကြမ်းကြီးတွေမို့တဲ့ ဒီတော့ နောက်ဆုံး ဘာဖြစ်သလဲဆိုရင် အမေရိကန် အင်ဂျင်နီယာ ကြီးတွေမှာ ကြိုက်မည့်သူ နည်းနေခိုက် မရ ရဒါ နှိုက်မယ်ဘယ်လိုဟာ ဖြစ်ဖြစ် ပါလာရင်ပြီးရောဆိုတဲ့ ရည်ရွယ်ချက်နဲ့  မဲချင်မဲ နက်ချင်နက် မျက်ချေးထူချင်လဲထူ ဗိုက်ခေါက်စူချင်လဲစူ အမူအရာ မလုပ်၊ မခုပ်တုန်းဝနေမယ့် အကျည်းတန် နံနံ စော်စော် ဟာကြီးတွေကိုပင် ငွေစရွှင်ရွှင်ပေး၍ရေမွှေးဖျန်းပြီး ခေတ္တ ဇနီးအဖြစ် ခြေတော်တင်လိုက် ကြသည်။ မြေပဲကောက်နေတဲ့ မအေးလှတို့ နေပူထဲမှာ ကျောက်ခဲ ထုနေတဲ့ မသာအိတို့ တတွေဟာ ဟိုတခေတ်က အမေရိကန် အင်ဂျင်နီယာနှင့် ရေနံ ဗိုလ်ကတော် တွေဖြစ်ခဲ့ကြဘူး သတတ်။

ဤသည်ကို အကြောင်းပြု၍ပင် ကွယ်လွန်သူနာမည်ကျော် လူပျက်ဦးသင်္ခါက အငြိမ့်မင်းသမီး သြဘာသေင်း နှင့် ဒေလီညွန့်ကြီးတို့ အပျိုပေါက်ဆံတောက်ကလေးတခါခါ ခေတ်ဆီတွန်းက တနည်း ဆန်းဒါက (ပဉ္စလက်) တပင် တက်တာက ထန်းသမား၊ ပခမ်းသွားဒါက ကိုကျော်စော၊ (ဗိုလ်ကတော်ပေါဒါက ရေနံချောင်း)ဆိုသော ပျက်လုံး လင်္ကာ တပုဒ်ကို စပ်ဆို၍ပြက်လုံးထုတ်ခဲ့ဘူး သည်။
(ဗိုလ်ကတော်ပေါက ရေနံချောင်း)ဆိုသည့် အတိုင်းပင် ချောက်၊ ရေနံချောင်း တ၀ိုက်မှာ ဗိုလ်ကတော်တွေ သောက်သောက်လဲ ပေါများခဲ့ဘူးသည်။

အမေရိကန် ဗိုလ်ကတော် ' မရုပ်ဆိုးကြီး 'တွေသာလို့ပင်ပေါများခဲ့ပါသည်။ အမေရိကန် အင်ဂျင်နီယာ တဦး လျှင် ခု ၅ နှစ် နှစ် ၁၀ နှစ်စသဖြင့် နေရရာ နေတုန်းမှာ အငှားဇနီးအဖြစ်ထားသည်။ သူတို့ နှစ်စေ့၍ ပြန်သွားလျှင် နေအိမ် လက်ဝတ်လက်စား ဘဏ်ငွေစသဖြင့် တသက်အေးအေးထိုင်စားနိုင်ရန် ပေးသွား သည်။ သားသမီး ထွန်းကားလျှင်လည်း ခေါ်သွားသည်။ အချို့လက်ထပ်မယားမရှိသော လူပျိုအင်ဂျင်နီယာ များကတော့ သံယောဇဉ်တွယ်လက်စ ရှိသဖြင့်၊ အရုပ်ဆိုးချင်လည်းဆိုး တခါတည်း လက်ထပ်၍ပင် ယူလိုက် သူလည်း ရှိသေးသည်။ ဗိုလ်ကတော်ပေါလှသော ရေနံချောင်းမှာဘဲ လင်ပြန်သွားသဖြင့် ပစ္စည်းဥစ္စာ အထုပ်အထည် နှင့် ကျန်ရစ်သော ဗိုလ်ကတော်ကျတွေကိုလိုက်၍ သိုက်တူးစားနေသော လူစားမျိုးတွေပင် တခေတ် ဆီက ရှိဘူးခဲ့ကြပါသေးသည်။

အဲ ဤ၍ဤမျှသို့ကလောက် များများ ရောက်လာဘူးသော အမေရိကန် အင်ဂျင်နီယာတွေဟာ ဗမာ ပြည်က ယဉ်ကျေးမှု အနုပညာရပ်များဖြစ်သော ဘုရား၊ တန်ဆောင်းကျောင်း၊ ပြဿာဒ်တို့မှာရှိတဲ့ ပန်းချီပန်းပု ရုပ်ထု၊ ရုပ်လုံး စသည်များကို လေ့လာစုဆောင်းသွားသူတွေ မရှိဘူးလို့ ဆိုနိုင်မည်လော။ နိုင်ငံခြား သား များ၏ ထုံးစံမှာ မိမိတို့ရောက်ရှိရာ တိုင်းပြည် နိုင်ငံအရပ်ဒသတို့က အနုပညာပစ္စည်းများကို စုဆောင်း ၀ယ်ယူသွားတတ်သော အလေ့အထရှိကြမြဲဖြစ်ပါသည်။ ဒါကြောင့် အဲဒီလို အင်ဂျင်နီယာ မျိုးထဲက ဗမာပန်းချီဆရာကြီးများ၏ လက်စွမ်းပြ ဘုရား၊ တန်ဆောင်းတို့မှ နတ်ဗိမာန်များ၊ နတ်ဘုံများ၊ ပြဿာဒ်ချွန် များကို တိမ်ကြိုတိမ်ကြားထဲမှ ရေးရေး မြင်နေရဟန်ပုံသဏ္ဍာန်များအား နည်းယူ မူတည်ပြီးမှ အဆန်း ထွင်ချင်တဲ့ သူတို့ အမေရိကန်လူမျိုး များ၏ ၀ါသနာအရ တစုံတဦးသော သူက အဆောက်အဦး ချွန်ချွန်ကြီး တွေ အစထွင်လိုက်ခြင်းပင် ဖြစ်ကောင်းစရာရှိနေပါသည်။

အကယ်၍ ဗမာပန်းချီကားက မှီငြမ်းပြု၍ မယူဘဲ သူတို့ပင်ကိုယ် စိတ်ကူးပါဟု ခိုင်ခိုင်လုံလုံဆိုလျှင် တောင်မှ လောက ဓါတ်ပညာနှင့် စက်မှုလက်မှုပညာတွေ ထိပ်တန်းရောက်ပို့နိုင်သော သူတို့ဦးနှောက်မျိုးနှင့် အလားတူ ဗမာပြည်သင်းတွေကလည်းလွန်လေပြီးသော နှစ်ပေါင်း သုံးလေးရာ စောစွာကပင် ကျမ်းဂန်အရ စိတ်ကူးယဉ် ပုံ ရေးဆွဲပြသော ပန်းချီကားများအရပင် ဘုန်းကြီးပျံတို့မှ ပြဿဒ် ချွန်ချွန်တွေ လောင်တိုက်ကြီး တွေ တိုင်းရင်းဖြစ် ၀ါးပေါ်တွင် မိုင်းကိုင် စက္ကူ ကပ်၍ လက်တွေ့လုပ်ပြနိုင်ခဲ့သေးသည်ကို ထောက်ထား၍ မူအားဖြင့် စိတ်ကူးချင်း၊ ဦးနှောက်ချင်း တူနေပြန်သည်ဟု ဆင်ခြေတမျိုးနှင့်ဘ၀င်မြင့်စရာရှိပါသေးကလား။

ဆိုလိုသည်ကား ဒို့မှာ ငွေနှင့်စက်ကရိယာပစ္စည်းမပြည့်စုံလို့သာ လက်ကမပါနိုင်ပေမဲ့ စိတ်ကူး ဥာဏ်ချင်း တော့ ရှေ့ကနေပီး အနှစ်တရာ၊ နှစ်ရာစောစောကြီးကတောင်မှ ပြေးပြနိုင်သေးရဲ့ဟု ကြံဖန်ပြီး သွေးကြီး ခဲ့မိသေးသည် ဟူလို။

*
(ဘိက္ကမင်တာဝါ့)၏ခေါင်ပေါ်ရှိ ကောက်တေးခန်းဆောင်၏လေသာလက်ရမ်းမှညနေနေရီဖြိုးဖျ အချိန်ကစ၍ ကြည့်ရင်း... ကြည့်ရင်းပင် တိမ်ထု ကဗ္ဗလာ ဂွမ်းပုံလွှာကြီး ဖုံးလွှမ်းလိုက်ခြင်း ခံရသောကြောင့် မိုးထိုး အဆောက် အဦး များသည် တိမ်လွှာပြင်တွင် နစ်ဝင်ပျေက်ကွယ်သွားပြီး အချို့သော ချွန်ချွန်မားမား အမြင့်ဆုံး ပြဿဒ် ထိပ်ဖျားလို ဟာကြီးတွေသာ တိမ်လွှာဝမှ တစတစပြူထွက်ကာ ထိုးထိုး ထောင်ထောင် ကျန်နေရစ် သည်ကို တွေ့ရလေတော့သည်။

တခဏကြာသောအခါ ဖြူဖွေးသော တိမ်လွှာများကို ညဥ့်မှောင်ကမ္ဗလာနက်ကြီးကတဆင့် လွှမ်းခြုံ လိုက်ပြန် ပါသည်။ ထိုသောအခါ၌ အဖြူနှင့်အမဲနဘမ်းပွဲကဲ့သို့ သူနိုင်ငံ နိုင်လုံးထွေးနေဆဲ တခဲနက် သော ၀င်းဝင်း လက်လက် လျှပ်စစ်ဓါတ်မီး အရောင်များက ကြားဝင်ပြီး နေရာယူလိုက်ပြန်ပါသည်။

နောက်ခံအမဲနှင့် တိမ်လွှာဖြူကျဲကျဲတို့ ရစ်ဆိုင်းနေသော အဆောက်အဦးတို့၏ များစွာသော ပြူတင်း ပေါက်ကလေးတွေမှာ ၀င်းလက်သော အရောင်တွေ တောက်ပြောင်လာသဖြင့် မီးရောင်စုံ ပဒေသာပင်ကြီး တွေ ကို စီကာစီကာ ကွက်လပ်မရှိပြည့်အောင် ချထားသကဲ့သို့တွေ့ရပြန်ပါသည်။

ဤအခါ၌ကား... ဒို့ဗမာရေဒီယိုမှ နေ့တိုင်းကြားရမြဲဖြစ်သော (ဘုံ...ဆောင်မြင့် စိန်ကြောင်နီလာ ဖာလ်ရှိန်လေညီးလို့...လို့...လင်း...)ဆိုသော ရေကင်းသံရှည်တေးသွားကို ပြေး၍အမှတ်ရမိပြန်ပါသည်။
သိကြားမင်းကြီး ကလည်း နကင်းကြီးနဲ့ ဘယက်တန်ဆာဓွါဒယာဆင်ထားသော နတ်သမီးတွေ တဖက် ငါးရာ ရံ၍ ခံစားနေသော ပုံသဏ္ဍာန်၊ နတ်ပြည်နတ်ရွာက နတ်ကာလသား၊ နတ်မယ်လျ၊ ဒေ၀စ္ဆရာ သူဇာမျိုးနွယ်တွေကို ဒါနကထာဟောခန်း၏ ကျမ်းဂန်ပါဠိလာရှိသည်နှင့်အညီ ရုတ်ခနဲဆို တော့ နတ်တန်ဆာ တွေ သွားလာကူးသန်းနေသည်ကိုများ မြင်ရခြိမ့်မလား...ဟု အထင်မှားစရာ၊
သို့ရာတွင် ဘောင်းဘီရှည်၊ ဘွတ်ဖိနပ် နက္ကတိုင်နှင့် 'လူထီး'ဖြူကြီးတွေကိုကား၊ ကိုယ့်ထက်အဆမတန် သေးငယ်သော ခုံမြင့်ဒေါက်ဖိနပ်ကလေးတွေစီးပြီး တရုပ်ခြေသေးမနီးနီး ဒုက္ခကြီးစွာခံ၍ အလှပြင်ထားသော ဆံလေးတိုကော့ကော့ ကောက်ကောက်နှင့် နှုတ်ခမ်းနီ၊ ဂါဂရာဝတ်၊ 'လူမ' ဖြူဖြူ တွေကို၎င်း၊ မြင်နေရသောကြောင့်သာ ဤရွာကား...
နတ်ရွာ မဟုတ် လက်တွေ့လုံ့လ၀ိရိယအကြံဥာဏ်ရှေးဆောင်ဖန်တီးထားသော လူ့ရွာ အမေရိကန် လူမျိုး တို့၏ နယူးယောက်ခေါ်သော ရွာကြီးသာဖြစ်သတည်းဟု ဒုတိယအကြိမ်မြောက် သတိထား လိုက်ရပါသည်။

အောက်ခြေ လမ်းမကြီးပေါ်မှာတော့ လမ်းဘေးတဖက်တချက်မှ စိန်ကြိုးသွယ်တွေကို အစင်းလိုက် ချထားသလို... ဖြူ ၀င်းဝင်းမီးပွင့်များ နှစ်သွယ်ရှက်၍ တဆက်တည်း ပျော်မဆုံးအောင် တွေ့မြင်ရပါ သည်။
ထို ဖြူဝင်းဝင်း စိန်ကြိုး သွယ်မီးတန်းကြီးများမှာ တခါတခါလည်း နီနီရဲရဲပတ္တမြားဆွဲကြိုးသွယ်တွေ အလား၊ နီဝင်းဝင်း အရောင် ကို ပြောင်းသွားတတ်၍ ယင်းတမျှော်တခေါ်ကြီးလုံးလုံးပင် အချက်ညီညီနီ လိုက်ဖြူလိုက် နှင့် ဖြတ်ကနဲဖြတ်ကနဲအရောင်ပြောင်းလျက် ရှိတော့သည်။

ထိုသို့ မိနစ်ပိုင်းနှင့်ချိန်ဆ၍ အချက်ကျကျ နီလိုက်ဖြူလိုက်ဖြစ်နေသော မီးလုံးတန်းကြီးတွေမှာ ကုန်ပစ္စည်း ရောင်းစရာ၊ ကြော်ငြာနေသော မီးများမဟုတ်ပါသွားလမ်းလမ်းလာမော်တော်ယာဉ်များ ကိုမီးရောင်နှင့် အချက်ပြ ညွှန်ကြားနေခြင်းသာဖြစ်ပါသည်။ လမ်းတကာ လမ်းတကာတို့တွင် ရေအယဉ်ကဲ့သို့ သွင်သွင် စီးဆင်း နေသော မော်တော်ယာဉ်များကို ရန်ကုန်မြို့က လူသားရဲယာဉ် အရာရှိတို့ကဲ့သို့ လက်ရုံး နှစ်ဖက် အားကိုး ၍ ညွှန်ကြားချက် မပေးရတော့ပါ။ များလှစွာသော လမ်းဒေါင့်တိုင်း လမ်းဒေါင့်တိုင်းသာ ရဲ ယာဉ်အရာရှိ တို့က လက်ပြနေရမည်ဆိုလျှင် အမေရိကန် တနိုင်ငံလုံးအတွက် ရဲယာဉ်အမှုထမ်းပေါင်း လုံလောက်အောင် ခန့်ထားရန် မည်မျှစရိတ်ကြီးလေး မည်ကို တွက်ချက်၍ မီးဖြူနီနှင့် အချက် ပြညွှန်ကြား ခြင်းဖြင့် သက်သာလွယ်ကူအောင် တည်ထွင် စီမံထားခြင်းပင်ဖြစ်ပါသည်။

စံနစ်တကျ စီမံသူတို့က စီမံသွားသလောက် နောက်မှ လိုက်၍ စည်းကမ်းကိုရိုသေစွာ ကျင့်သုံးကြ သော လူထု ၏ စိတ်နေအထက်တန်း ကျမှုကြောင့်လည်း ဤမျှခရီးရောက်သည်ဟု ဆိုရပေမည်။ အသက်မရှိသော မီးလုံး ကလေးများက စံနစ်တကျနီလိုက်လျှင် ပြေးနေသောကားတွေ လူတွေက စံနစ်တကျ ရပ်လိုက်သည်။ မီးလုံး ကလေးများ ဖြူလိုက်လျှင် စံနစ်တကျ ဆက်မောင်းသွားကြသည်။
လန်ဒန်မြို့မှာ ဆိုလျှင် မီးရောင်သုံးမျိုးထား၍ပင် ပေးသေးသည်။ အဖြူနှင့်အနီ အကူးတွင် ကြားမှာ အ၀ါရောင် မီးလုံးတလုံးထားပါသေးသည်။ အ၀ါရောင် လင်းပေးခြင်း၏ အဓိပ္ပါယ်ကား သွားရန်နှင့် ရပ်ရန် ပြင်ဆင် ဘို့ နှိုးဆော်ခြင်းအထိမ်းအမှတ်ဖြစ်ပါသည်။ နယူးယောက်မှာတော့ အနီနှင့်အဖြူ နှစ် မျိုးဘဲ သုံးတော့သည်။ ကြားက အ၀ါရောင်ကို အောင်သွယ်မခိုင်းတော့ပေ။

ယာဉ်မောင်း သမားနှင့် လူထုကလည်း အသက်မရှိသောမီးရောင်၏ ညွှန်ကြားချက်ကို မည်မျှရိုသေစွာ လိုက်နာ သနည်းဆိုလျှင် လမ်းအကူးမှာ ဘယ်ကားမှမတွေ့ဘဲ မိမိကားတစင်းဘဲ ရှိ နေသော အချိန်မျိုး မှာပင် မီးနီလိုက်လျှင် ဆက်မမောင်းဘဲရပ်ပေးသည်။ မီးဖြူလာသော အခါမှ အေးအေးဆေးဆေး ဆက်မောင်း သွားပါသည်။
အရက်မူးသမားတဦးတလေက တခါတရံ ခိုး၍မောင်းလိုက်မိလျှင်လည်း ဘယ်ဆီက ဘယ်နည်းနှင့် မြင်လိုက် သည်မသိ မော်တော်ဆိုင်ကယ် တဒိုင်းဒိုင်းနှင့် အပြေးစိုင်းလိုက်လာသော ရဲယာဉ်အရာရှိ အား ကားမောင်း လိုင်စင် စာအုပ်ကိုထိုးပေးပြီး အနည်းဆုံး ဆယ့်ငါးဒေါ်လာဒဏ်ချခံရပါသည်။

အဲဒီလိုနယူးယောက်၏ ရှုမျှော်ခင်းကို ကြည့်ရှုစဉ်းစားနေဆဲ၌ အချိန်ကြာညောင်းလာပြီးဖြစ်၍ တည်းခိုရာ ဟင်နရီဟတ်ဆင် ဟော်တယ်သို့ ပြန်ခဲ့ပြီး ခရီးပင်ပန်းမှုကို အနားယူနေပါသည်။ သို့သော် အနားယူခွင့် မရနိုင်သေးပါ၊ များမကြာမီ တံခါးခေါက်သံတခုပေါ်လာ၍ တံခါးထဖွင့်ပေးလိုက်သောအခါ ညနေက ဦးခင်မှ တဆင့် တယ်လီဖုန်းနှင့် အကြောင်းကြားထား သောကြောင့် ဗိုလ်ကြီးသိန်းဆွေတို့ လူတသိုက် ရောက်လာ ကြသည် ကို တွေ့ရပါသည်။

ဗမာတွေပီပီ တွေ့တွေ့ချင်း ဟေးလား ၀ါးလားနှင့် အားပါးတရ နှုတ်ဆက်ပြောဆိုလိုက်ကြသည်မှာ တခန်းလုံး ပွက်လောရိုက်သွားတော့သည်။ ဤလူစုထဲမှာ သူများထက်ထူးသော ဗိုလ်ကြီးသိမ်းဆွေ၏ အသံကား အမြင့်မှ လိမ့်ကျလာသော ကြေးလင်ဗန်းသံနှင့် နင်လားငါလား ဖြစ်နေပါတော့သည်။

ပေါက်ပေါက်လှော်သံကဲ့သို့ တဖျောက်ဖျောက် ပြောနေသော သူ၏စကားတွေထဲမှ ကောက်နှုတ်ချက် ယူပြ ရလျှင် သူ့မှာသုံးစွဲစရာ ဒေါ်လာ လုံလောက် မရသဖြင့် အဆင်သင့် ရောက်လာသော ကိတ္တိမ အမေဆီက တောင်းယူ လိုက်ရဦးမည်တဲ့ ကဲ ...ဘယ့်နဲ့ လုပ်ရမလဲသူ့ ပုသိမ်ထီး ထုတ် အကောက် ဆောင်းဘို့ နေနေ သာသာ ထပ်တောင် မုန့်ဘိုးပေးရဦးမှာပါကလား။

စာရေးသူ သတိမထားမိလို့ပါ။ ဟုတ်တော့လည်း အဟုတ်သာဘဲ လွန်ခဲ့တဲ့ ၂-နှစ် ၃-နှစ်ကစပြီး ခင်ဗျားတို့ သားသမီး တယောက် မှ မရှိဘဲဥစ္စာ ကျွန်တော့ကိုဘဲ မွေးစားကြပါဗျာဟူ၍တွေ့သမျှ အချိန်တိုင်းသူ့ကို ကိတ္တိမသား အဖြစ် မွေးစားရန် နားပူနေသူဖြစ်ပါသည်။  စာရေးသူက သားဒီလောက် အရွယ်ငယ်ငယ် ကလေး ကို မွေးစားလို့ ဖြစ်မှဖြစ်ပါမလားဟု စဉ်းစားနေဆဲရှိပါသည်။
ထို့နေစက် ဗိုလ်ကြီးသိမ်းဆွေမှအစ ဦးသန်းမြင့်နှင့်တကွ မောနင်ဆိုက် ပါတီမှရှိကြသော အမေရိကန် ပြည်ရှိ ဗမာများ အသင်းသားများ ကသာ နက်ဖန်ညစာ အတွက် ဖိတ်ကြားကြသဖြင့် လက်ခံလိုက်ရပါသည် ဗိုလ်ကြီးသိမ်းဆွေ ကား လူပင်ငယ်သော်လည်း လူငယ်ဟုတ်ကြီးထဲကပင် ဗိုလ်ချုပ်အောင်ဆန်း၏ အပါးတော် မြဲ ရန်ကုန်ခရိုင် ဖဆပလ အဖွဲ့ကြီး၏ ဥက္ကဌလည်းဖြစ်ဘူးသူ ဧရာပုဂ္ဂိုလ်ကြီးဖြစ်စေကာမူ မာန်မာန မရှိ ပျော်ပျော်ရွှင်ရွှင်နေတတ်သူဖြစ်ပါသည်။

သူ့ခေါင်းဆေင်၏ ဖိတ်ခေါ်ကျွေးမွေးသော ထမင်းစားပွဲကား သူ့လူသိုက်နှင့်သူ မည်မျှဆူပူ ပွက်လော ရိုက်လိုက် ဦးမည်ဆိုသည်ကို ကြိုကြိုတင်တင် စဉ်းစားထားလိုက်မိပါသတည်း။

*
ဧည့်သည်များ ပြန်သွားသောအခါ၌ ည ၁၀-နာရီပင် ရှိနေပါပြီ။ ထို့ကြောင့် အိပ်ရာတွင် အညောင်းပြေ လှဲလိုက် သည်တွင် ခေါင်းရင်းစာကြည့် မီးအိမ်အောက် တယ်လီဖုန်းအနားမှ စာအုပ် တခုတင်ထားသည်ကို တွေ့ရသော ကြောင့် ဆွဲယူကြည့်မိရာ ဟင်နရီဟတ်ဆင် ဟိုတယ်မှ တပါတ် တကြိမ်ကျ ထုတ်ဝေသော ပျော်ပွဲ ရွှင်ပွဲနှင့် သွားလိုရာသွားဘို့ လမ်းညွှန်စာအုပ်တခုဖြစ်နေသည်ကို တွေ့ရပါသည်။

သို့သော် မဖတ်နိုင်တော့ပေ။ နောက်တနေ့ မနက်စောစော အိပ်ရာမှနိုးရာ ရုတ်တရက်မထသေးဘဲ၊ အနီးရှိ ထိုစာအုပ်ကို ဆွဲဖွင့်ကြည့်လိုက်မိပါသည်။ တမြို့လုံးကို ကျိုကျိုကြားကြားမကျန် သွားလိုရာ သွားနိုင်ရန် လမ်းများ အကွက်ချ၍ ညွှန်ကြားထားသည်။ ဘတ်စ်ကား လမ်းညွှန်၊ မြေအောက်မီးရထားလမ်းညွှန်၊ တည်းခိုရာ ဟော်တယ်ပေါင်းစုံ လမ်းညွှန်၊ စားလိုရာစားသောက်ဆိုင် လမ်းညွှန်၊ ကြည့်လိုရာ ရုပ်ရှင်-ပြဇာတ်- တီးဝိုင်းလမ်းညွှန်၊ လည်ပတ် ကြည့်ရှုလိုရာ ပြတိုက်-စာကြည့် တိုက်များနှင့်တကွ အခြားသော ရောက်သင့် ရောက်ထိုက်သည့်နေရာ ဌာနများကို ရုပ်ပုံ ဘလောက်များနှင့် ညွှန်ကြားပြသထားပါသည်။

ထိုစာအုပ်ကို လှန်လိုက်သော စာမျက်နှာတွင် ရှေးဦးစွာ တွေ့မြင်ရသောအရာမှာ ယခုအပတ်မှစ၍ ရုံတင်သော ရုပ်ရှင်ဇာတ်ကားများ အမည်နှင့်ပြသော ဇာတ်ရုံများ၊ ပြဇာတ်အမည်နှင့် ရုံအမည်စာရင်း၊ စတိတ်ရှိုး ခေါ် ရုပ်ရှင်ပြဇာတ်ပါ ပူးတွဲပြသောရုံများဖြစ်နေပါသည်။

စာရေးသူ ရောက်တော့ နေ့ရက်က ပြသနေသော ရုံများမှာ ၄၇-လမ်းရှိ ဘာရီမိုးသီရေတာရုံတွင် (ဖိုးပိုစတာ) ၄၅-လမ်းအနောက် ဘရော့ဝေးရှိ မြူးဇစ်ဘောက်စ်သီရေတာရုံတွင် ' သမွန်းအစ်ဘလူး' ဆိုသော ပြဇာတ်များ ပြသလျက်ရှိပါသည်။ ရုံတင်ခမှာ ဗမာငွေ ၂၀-နီးပါးက ခြောက်ကျပ်လောက် အထိ၊ တန်းခွဲ ထားပါသည်။ စတင်ပြသသော အချိန်မှာ ၈-နာရီ မိနစ် ၄၀-မှစပါသည်။
ကြီးကျယ် ခမ်းနားတဲ့ မီထရိုပိုလီတန် အော်ပရာဟောက်စ်ကာနေဂျီ ဟောလ်တို့ဆိုတဲ့ အော်ပရာကပွဲ ရုံကြီးများ အပြင် နာမည်ကျော် အတီးဝိုင်းများကိုသာ အသားပေး၍ သပ်သပ်တီးပြ သော ရုံများကလည်း ရှိပါ သေးသည်။ (မြူးဇစ်ကယ်)ရယ်လို့ အမည်တတ်သည်။ သူတို့ ရုံဝင်ကြေးက ပိုလို့ပင် ကြီးပါသေးသည်။ ဗမာငွေ ၃၀ိ ကျော် က ၆၀ိ ကျော်အထိ တန်းခွဲလျက်ထားပါ သည်။

ဤတီးဝိုင်းရုံများကတော့ ၄၄-လမ်းရှိ 'စိန်ဂျိန်းသီရေတာ' ၅၆-လမ်းသီရေတာ။ ၄၅-လမ်း ' ရိုင်ရယ်သီရေတာ' ၄၄-လမ်း၊ 'မဂျစ်စတိတ်သီရေတာ။ လမ်း ၅၀-ဘရော့ဝေး ' ၀င်တာဂါဒင် '။ ၄၅-လမ်း ' အင်ပီးရီးရယ် ' သီရေတာ တို့ဖြစ်ကြရာ၊ ထိုနေရာ တ၀ိုက်တွင် ဤလိုတီးဝိုင်းရုံမျိုးတွေ စုပြုံ နေကြသလောက်၊ ကြည့်ရှု အားပေးသူ တွေကလည်း တိုးမပေါက်အောင် ဒုနှင့်ဒေးများကြလို့သာ တည်တံ့ ခိုင်မြဲ နေခြင်းဖြစ်ပေလိမ့်မည်ဟုတွေးမိပါသည်။

ဗမာပြည်မှာများ ရွာစားကြီး စိန်ဗေဒါတို့၊ ဆရာစိန်ကြီးတို့လိုနာမည်ကျော် ဆိုင်းဝိုင်းကြီးများနှင့် စန္ဒယား၊ မယ်ဒလင်၊ ဘင်ဂျို၊ တရော၊ ဂေါဂေါဂွီဂွီတွေ ပါဝင်သော ကာလပေါ်တီးဝိုင်းဆရာ နာမည်ကျော်များကိုပါ ဘယ်သောအခါကမှ ကဇာတ် ဇာတ်တွေနှင့် မရောမစပ်ဘဲ သီးသန့်ရုံဝင်ခ ပေးပြီး ကြည့်ရှုအားပေးလေ့ မရှိခဲ့ကြသည်မှာ ၀မ်းနည်းစရာကြီးပါ။ ဗမာပြည်က ဂီတဆရာတွေအဘို့ တဘမ်းရှုံးလျက်ရှိနေပါသည်။

ရုပ်ရှင်နှင့် ပြဇာတ်-ကဇာတ်များ ပေါင်းဖွဲ့ပြသသော ရှိများလည်းရှိပါသည်။ ထိုရုံတွေမှာ (၇) ရိပ်သာ လမ်းနှင့် လမ်း ၅၀-ဒေါင့်တွင်ရှိသော ဒီသီရေတာရုံတွင် 'ဒရမ်းဘုတ်'ခေါ်သောဇာတ်ကား၊ ဘရော့ ဝေး ပါရာမောင့် သီရေတာတွင် ' ဂျမ်းပင်းချက် ခေါ်ဇာတ်ကားနှင့်။ ၆-လမ်းရိပ်သာနှင့် လမ်း ၅၀ဒေါင့်တွင်ရှိသောရေဒီယို စီတီမြူးစစ်ဟောလ်ခေါ် သူတို့ဆီက အကျော်အမော်ဖြစ်သော ရုံကြီးများ မှာတော့၊ နာမည်ကျော် ရောဘတ်တေလာနှင့်၊ အယ်လစ်ဇဘက်တေလာတို့ပါဝင်သော အိုင်ဗင်ဟို ဇာတ်ကားကြီးများ ပထမ အပတ်ပြသ လျက်ရှိနေပါသည်။ ရုံဝင်ကြေးမှာ ဗမာငွေ ၁၀ိ-ခန့် တန်းခွဲမရှိ။ သို့သော်ေ န့ပွဲများတွင် ဈေးလျှော့ ပြတတ်သဖြင့် ၇..ကျပ် လောက်ကျပါသည်။

အဲသည်ရေဒီယိုစီတိက အိုင်ဗင်ဟို ဇာတ်ကားကိုတော့ သဘက်ခါ ၀ါရှင်တန်မသွားခင်၊ ဒီနေ့ နေ့ပွဲ မှာဘဲ ကြည့်သွားဦးမည်ဟု စိတ်ကူးထားလိုက်ပါသည်။
ရုပ်ရှင်ကားသာ သပ်သပ်ပြသသော ရုံပေါင်းကလည်း မနည်းလှပါ။ ၄၆-လမ်း ၀ိတိုရိယ သီရေတာရုံ တွင် ' အပဲယား တရီဒက် 'ခေါ်ဇာတ်ကား။ ၅၁-လမ်း ကပီတယ် သီရေတာတွင်ကဲရီ။ ၄၆ လမ်းဂလုပ် ရုံတွင် ' ဒုန့်ဘရားသား တူးနီက် '။ ၅၇-လမ်း နော်မာဒီရုံတွင် အင်ကိုးရား။ ၄၅လမ်း ဂိုးစတိတ် သီရေတာတွင် ဂလိုးရီအယ်လီ။ ၄၇လမ်း မေပဲယားရုံတွင် ဟိုက်ဒနန်း။ ၎င်းမှာ ဂယ်ရီကူးပါးပါဝင်၍ ၅၂ နှစ် အကယ်ဒမီ ဆုရသောဇာတ်ကားဖြစ်သည်။

၅၂လမ်း ထရမ်းလောက်ဇ်၊ 'ဟိုက်ထရမ်ဆန် '၊ ၅၉လမ်း ဘာရီဂျုံး၌ 'အိုင်လန်းရီဘို့'၊ ၅၇လမ်း ဆပ်တွန်သီရေတာ၌ 'သမင်အင်ဝှိုက်ဆု'၊ ၅၅လမ်း ပလေးဟောက်တွင် 'မစ္စဂျူလီ၊ ၅၈လမ်း၊ ဖိုင်းအတ်သီရေတာတွင် 'အောက်စအော့သအိုင်လန်း'၊ ၄၅လမ်းရှိ ကရိဘာရီးရင်း သီရေတာတွင် ဝေါလ်ဒစ္စနီ ၏ '၀ါတာဘား' ကားတွန်းနဲ့ စတိုးရီးအော့ရိုဘင်ဟု ဇာတ်ကား၊ ၄၅လမ်း ဘရော့ဝေရှိ အက်စတား သီရေတာ`၌ 'စတိုးရီးအော့ ၀ိုင်းလ်ရိုးဂျား ' ၅၈လမ်း ပဲရစ်သီရေတာ ' စတ ရိုင့်ဝမ်'၊ ၄၉လမ်း၊ ၀ါလ်သီရေတာ မှာ 'စတရောလား'၊ ၅၇လမ်း ကာနေဂျီ ရေတာတွင် 'သရီးဆင်းနား'၊မေဒီဆင် အဇင်းနူးရှိထရန်းလောစ်မှာ '၀ှိုက်ကော်ရီဒါ' စသော များလှစွာလေထည့်မှ ရုပ်ရှင်ကားတွေကို ပြသနေသော အသံထွက် ရုပ်ရှင်ရုံများ ဖြစ်ကြ ပါသည်။

ဤသည်တို့ကား 'ကွင်း' 'ဘရောင့်စ' 'ဘရုပ်ကလင်' စသော ရပ်ကွက်များလည်းမပါ။ နယူးယောက် မဟတ္တန် ကျွန်း၏ အထက်ပိုင်းနှင့် အောက်ပိုင်း ရပ်ကွက်များလည်း မပါသေးဘဲ အလယ်ပိုင်း ရပ်ကွက်ကြီးတခုထဲမှာ ရှိနေသော ပြဇာတ်ရုံ၊ ရုပ်ရှင်ရုံများသာ ဖြစ်ပါသေးသည်။ စာရေးသူသည် နယူးယောက်တွင် သုံးလခန့် နေမိသော အခါမူကား ထိုမျှလောက်များပြားတဲ့ ရုပ်ရှင်ရုံတွေမှာ ဤမျှ လောက်များပြားတဲ့ ရုပ်ရှင် ဇာတ်ကား တွေကို သောက်သောက်လည်းအောင် ပြနေကြလောက် ဇာတ်ကားတိုင်း၊ ဇာတ်ကားတိုင်း ကားကောင်းတွေချည်း မဟုတ်ဘဲ ဗမာပြည်မှာလိုပါဘဲ၊ ကားကောင်းရော၊ ကားညံ့ပါသော ကေရေကောတွေ့နေရသည်နှင့်မခြား ဇာတ်ကား အစုပ်အချာ ဆားမပါသော ဟင်းလို ပေါ့ပျက်ပျက် တွေလည်း အများကြီးဘဲတွေ့ရပါသည်။ တခုတော့ရှိပါသည်။

သူတို့ဆီက 'ချာ'သော ဇာတ်ကားသည် ဈေးပေါပေါရသေ နာမည်မရှိသေးသူ ဇာတ်ကားသည် ဈေးပေါပေါရသော နာမည်မရှိသေး ဇာတ်လိုက်များနှင့် အဆီအငေါ် မတဲ့သော ဇာတ်လမ်းတို့ ကြောင့် ညံ့ဖျင်းစုပ်ချာနေသည်ပြင် မှုံခြင်း၊ တုံခြင်းနှင့် အောက်တော့ဖိုးကပ်မဖြစ် ကြည့်မရအောက် ဖြူလွန်းမဲလွန်းခြင်းမရှိ၊ အသံထွက်သေးချည်တလှဲ့၊ တုန်ချည်တခါမရှိ ဓါတ်ပုံ၏ကြည်လင်ခြင်း အသံထွက် မှန်ကန်ခြင်းစသော ရုပ်ရှင်ဇာတ်ကား၏ အင်္ဂါအစိပ်အပိုင်းများကို လူတန်းစေ့အောင် မွေးဖွား ပေးလိုက် ပါသည်။

နောက်ပြီး ရှိပါသေးသည်။ ယခုရယ် တပါတ် အတွင်းတွင်ရှိသော မြူးဇစ်စတာဒီရမ် ကွန်ဆတ်တို့ကို လည်း ဘယ်လမ်းသယ်ရုံမှာ ၀င်ကြေး ဘယ်လောက်နှင့် သွားကြည့်နိုင်သည်ဟူ၍၎င်း။ ယခုတပါတ် အတွင်း အစီအစဉ် ပြုလုပ်ထားသော ကစားခုန်စားခြင်း ဆိုင်ရာမှ နေရာဌာနအချိန် နာရီနှင့် ၀င်ကြေး အခငွေပါ သတင်းပေး ညွှန်ကြားချက်များကို၎င်း၊မြင်းပွဲ၊ ရွက်လှေလွင့်ပွဲ၊ အပျော်ငါးမျှားပွဲ၊ ရေပန်းစီပွဲ၊ တယ်လီဗေရှင်း ရုပ်ဖော်အသံလွှင့်ဌာနကြီးများနှင့် ၎င်းတို့၏ အစီအစဉ်များနှင့် အခြား ကျန်ရှိနေသေးသော ဥယျာဉ်ပြပွဲ၊ ပန်းပွဲ စသဖြင့် ပြပွဲပြိုင်ပွဲမျိုးစုံတို့ကိုလည်း တခုမကျန် ထိုစာအုပ်တွင်ဖော်ပြထားပါသေးသည်။

ထိုအချိန်အခါမှာ နှင်းခဲများကင်းစင်ချိန် သူတို့ဌာနီ၏ နွေရာသီဖြစ်နေ၍လည်း လွင်ပြင် ပျော်ပွဲရွှင်ပွဲ တွေ အထူးဘဲ များပြားနေခိုက်ဖြစ်ပါသည်။ ပင်လယ်ကမ်းစ ရေချုးဆိပ်ပျော်ပွဲများမှာလည်း ထူးကဲ စွာစည်ကား လျက်၊ ပျော်ပွဲရွှင်ပွဲ သဘင်စုံ အမျိုးမျိုးနှင့် ချိမ့်ချိမ့်မွှမ်းနေသော အခိုက်များနေခိုက်ဖြစ်ပါ သည်။ ပင်လယ် ကမ်းစ ရေချိုးဆိပ်ပျော်ပွဲများမှာလည်း ထူးကဲစွာ စည်ကားလျက် ပျော်ပွဲရွှင်ပွဲသဘင် စုံအမျိုးမျိုးနှင့် ခြိမ့်ခြိမ့်မွှမ်း နေသော အခိုက်အတန့်ဖြစ်နေပါသည်။ ဘရုတ်ကလင်အရပ်ရှိ အတ္တလန် တိတ် သမုဒ္ဒရာရေပြင်ကို မျက်နှာပြုထားသော နယူးယောက်လူထုနှင့် အနီးဆုံးဖြစ်၍ အထူးသဖြင့် စည်ကား ကြီးကျယ် လျက် ပျော်ရွှင်ဘွယ် အကောင်းဆုံးသော ဌာနဖြစ်သည်ဟု အဆိုရှိပါသည်။

ထို့ကြောင့် ဤမျှများပြားလှစွာသော ပျော်ပွဲရွှင်ပွဲစသည့် ဌာနတွေကို ဘယ်လိုများ စေ့ကုန်အောင် သွားကြည့်  ရပါမလဲဟု တွေးမရလောက်အောင်ပင် ရှိသွားပါတော့သည်။

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>