Showing posts with label တင်မောင်မြင့် ဘာသာပြန် မာတင်လူသာကင်း နှင့် ကျွန်မဘဝ. Show all posts
Showing posts with label တင်မောင်မြင့် ဘာသာပြန် မာတင်လူသာကင်း နှင့် ကျွန်မဘဝ. Show all posts

Wednesday, June 20, 2012

တင်မောင်မြင့် ဘာသာပြန် မာတင်လူသာကင်း နှင့် ကျွန်မဘဝ, အပိုင်း (၁၁) ဇာတ်သိမ်း

" ဒီကလပ်မြို့နယ် မှာ နေတဲ့ မင်းတို့ကောင်တွေ ဇန်န၀ါရီလ ၁၅ ရက်မှာ နောက်ဆုံး ဆောင်ရမှာနော် ကျပ်ကျပ် သတိပေး လိုက်ပါရဲ့ "
သူတို့ အိမ်ဝယ် ဖို့ အလုပ်ရဖို့လည်း သူက တတ်နိုင်သမျှ အကူအညီပေးသည်။ သူတို့တွင် ပြဿနာ တစ်မျိုးမျိုးဖြစ်လျှင် ဘယ်ဌာနနှင့် ဆိုင်သည်။ ဘယ်သူနှင့် ဆိုင်သည်ကို မေးစမ်းပြီး အက်ဒီကင်း ချက်ချင်း သွားရောက် ဖြေရှင်းပေးသည်သာ။ သားက နိုင်ငံနှင့် အ၀န်း လျှောက်သွားပြီး ဧရာမ အရေးကိစ္စကြီး များ ကို ဆောင်ရွက်နေစဉ် ဒက်ဒီကင်းက တစ်ယောက်ချင်း တစ်ကိုယ်ချင်း၏ ကိစ္စကလေးများ ကို ဖြေရှင်းပေးသည်။ ထို့ကြောင့် သူ့ကို လူချစ်လူခင် ပေါနေခြင်းမှာ ဆန်းသည်ဟု မဆိုသာပေ။
ကို ဆက်ဖတ်ရန်...

ဒက်ဒီကင်းကို ဘယ်သူမှတား၍မရ။ ကျွန်မ မှတ်မိနေတာ တစ်ခုရှိသည်။ အသားရောင် ခွဲခြားရေး တွင် ထိပ်ဆုံးက နေသည့် ဂျော်ဂျီယာပြည်နယ် အုပ်ချုပ်ရေးမှုအဖြစ် လက်စတာဒေါစ် အရွေးခံရ တော့ ၀မ်းတစ်ထွာ စစ်ဆင်ရေး မှ ဒက်ဒီကင်းနှင့်အတူ ဘာသာရေး ခေါင်းဆောင်များက ပြည်နယ် အုပ်ချုပ်ရေးမှူးသစ်ကို နီဂရိုး လူမျိုးများ အချိုးညီညီ အလုပ်ရရှိရေး ကိစ္စကို ဆွေးနွေးသည်။ ပွင့် လင်းသလို အလွန် သံတမန် ပရိယာယ်ကြွယ် သလို ရံခါတွင် တဲ့တိုးပြောတတ်သည့် ဒက်ဒီကင်းကို ဦးဆောင်ဆွေးနွေးဖို့ အားလုံးက သဘောတူကြသည်။
ပထမပိုင်း တွင် အခြား ခေါင်းဆောင်များနှင့် ဆွေးနွေးသည်။ အချိန်တန်တော့မှ ဒက်ဒီကင်းက ဗုံးခွဲသလို တစ်စခန်းထတော့သည်။

" ဒီမယ် မစ္စတာ မက်ဒေါ့စ်၊ ခင်ဗျား သိထားဖို့က ခင်ဗျားဆီ ကျုပ်တို့ လက်ဝါးဖြန့်တောင်းဖို့ လာတာ မဟုတ်ဘူးဆိုတာပဲ။ ကျွန်တော်တို့ လူတွေ ရသင့်တဲ့ အလုပ်ကို အချိုးညီညီ ရဖို့ပဲ။ ခင်ဗျားက ဒါကို ဆောင်ရွက်မပေးနိုင်ဘူးဆိုရင် ကျွန်တော်တို့က မဖြစ်ဖြစ်တဲ့နည်းနဲ့ ရအောင် လုပ်ရ လိမ့်မယ်။ နောက်တစ်ချက်က ခင်ဗျားဟာ အသားရောင် ခွဲခြားရေးကို ယုံကြည်တဲ့ လူတစ်ယောက်လို့ သတင်းစာတွေ ထဲမှာ ကျွန်တော်တို့ ဖတ်ရတယ်။ ခင်ဗျားဟာ ခင်ဗျားတက်နေတဲ့ ဘုရားကျောင်းမှာ သာသနာရေး ၀န်ထမ်းတစ်ယောက်ပါ။ 

ခရစ်ယာန်ကောင်း တစ်ယောက်အနေနဲ့ ဒီလို လူမျိုးရေးခွဲခြားမှုကို ခင်ဗျား ဘယ်လို လုပ်ပြီး လက်ခံနိုင်တာလဲ။ ဘယ်လို ဓမ္မကျမ်းစာတွေကို ခင်ဗျားဘယ်လို လုပ်ပြီး လက်ခံနိုင်တာလဲ။ ဘယ်လို ဓမ္မကျမ်းစာတွေကို ခင်ဗျား ဖတ်ခဲ့ တာလဲ။ ဘယ်လို တရားတွေကို နာခဲ့တာလဲ။ ခင်ဗျားကို ခင်ဗျား ဖတ်ခဲ့တာလဲ။ ဘယ်လို တရားတွေကို နာခဲ့တာလဲ။ ခင်ဗျားကို ကျွန်တော် ဖိတ်ပါတယ်။ ကျွန်တော်တို့ရဲ့ အက်ဘာနီဇာကို လာပြီး ကျွန်တော် ဟောတဲ့ တရားတွေကို နာကြားလှည့်ပါ။ ကျွန်တော် ထင်ပါတယ်၊ ခင်ဗျားဟာ ကျွန်တော်တို့ကို ကူညီနိုင်တဲ့လူပါ"
အားလုံး အံ့သြသွားစေမည့် စကားကို ပြည်နယ်အုပ်ချုပ်ရေးမှူးမက်ဒေါ့စ်ဆိုလာသည်။
" ခင်ဗျားလည်း ကျွန်တော့်ကို ကူညီနိုင်ပါတယ်၊ ဒက်ဒီကင်း "
အားလုံး ထပြန်မည် လုပ်တော့ ပြည်နယ်အုပ်ချုပ်ရေးမှူးက ဒက်ဒီကင်းဆီ လျှောက်လာပြီး …

(၈)

သည်လို "၀မ်းတစ်ထွာ" စည်းရုံးရေး ခရီးများထွက်နေစဉ် မိုးကုပ်စက်ဝိုင်းဆီတွင် အန္တရာယ်မိုးသားတိမ်လိပ်များ တက်လာနေလေပြီ။
မင်းဖစ်နှင့် တင်နက်စီမှ ကျန်းမာရေးလုပ်သားများ သမဂ္ဂက ထဆူသည်။ အများစုမှာ နီဂရိုးများဖြစ် သည်။ ရဲက အကြမ်းဖက် နှိမ်နင်းသည်။ ဤတွင် နီဂရိုးများသာ မကတော့ဘဲ လူဖြူများပါ ဒေါသ ထွက်လာကြသည်။ ဂျင်မိလော်ဆန် ခေါင်းဆောင်သည့် SCLC ပါ ပါလာတော့သည်။ လူဖြူ သမဂ္ဂများနှင့်ပါ ပူးပေါင်း လိုက်ကြသည်။ အခြေအနေ ကို ထိန်းပေးဖို့ ဂျင်မ်က မာတင့်ကို ဖုန်းဆက် သည်။
မာတင် ချက်ချင်းလိုက်သွားသည်။ မတ်လ ၂၈ ရက်နေ့တွင် သူ ကျွန်မဆီ ဖုန်းပြန်ဆက်သည်။

" မောင် ၀ယ်ပို့လိုက်တဲ့ပန်းတွေ ရရဲ့လား " ရောက် မလာသေးကြောင်း ပြောတော့ သူ ၀ယ်ပြီး ပို့ခိုင်း လိုက်ကြောင်းပြော သည်။ ကျွန်မ ရင်ထဲ တွင် နွေးခနဲ ဖြစ်သွားသည်။ သူ့ဆီမှ မေတ္တာအကြည်ဓာတ် ကို သေသေချာချာ ခံစားလိုက် ရခြင်းဖြစ်ပါသည်။
နှင်းဆီရောင် ကာနေရှင်း ပန်းစည်း ရောက်လာတော့ … ဟင် …. ပန်းအတုတွေပါလား။ ကျွန်မ အံ့သြသွားသည်။ သူ ဘယ်တုန်းကမှ ကျွန်မကို စက္ကူပန်းတွေ မပေးဖူးပါ။ ဘယ်လို ဖြစ်တာပါလိမ့်။
သူ ပြန်ရောက်လာ လို့ ကျေးဇူးတင်ကြောင်းပြောရင်း …
" ပန်းတွေက သိပ်လှတာပဲ။ ဒါပေမဲ့ မောင် ပို့လိုက်တာ ပန်းအတုတွေနော် " လို့ပြောတော့ …
" ဟုတ်တယ် ကိုရီ၊ မောင်က မင်းတစ်သက်လုံး သိမ်းထားဖို့ တမင်ဝယ်ပို့ပေးတာ" တဲ့။

သည်ပန်းစည်း မှာ သူ့ဆီမှ ကျွန်မ နောက်ဆုံး ရရှိသည့် ပန်းစည်းဖြစ်ပါသည်။ သူတို့ ကြာကြာခံမည် ကို သိသဖြင့်သာ တမင် စီစဉ်လိုက်ခြင်းဖြစ်ပါ လိမ့်မည်။

သည်တစ်ခါ အစည်းအဝေး တက်ဖို့ သွားမည့် မင်းဖစ် ခရီးစဉ်မှာ လေယာဉ်နောက်ကျသဖြင့် မာတင့်ကားဖြင့် သွားရ သည်။ သူ နောက်ကျသွားသဖြင့် မင်းဖစ်တွင် ထိန်းမနိုင် သိမ်းမရတွေ ဖြစ် ကုန်သည်။ ဆိုးသွမ်း လူငယ်တွေ ၀င်လာပြီး " လူမည်းအာဏာ" ဆိုင်းဘုတ်တွေ ကိုင်ကာ ဝှေ့ယမ်း သောင်းကျန်းတော့သည်။ မာတင် ရောက်သွားချိန် တွင် အခြေအနေ ဆိုးနေပြီ။ သူတို့ကို ဘယ်သူမှ မထိန်းနိုင်တော့။ အိမ်တွေကို ပုလင်းတွေ ခဲတွေနှင့် ပစ်။ ဆိုင်တွေထဲ ၀င်ပြီး မှန်တွေခွဲသည်အထိ ဖြစ်လာသည်။ အဓိကရုဏ်း ကို နှိမ်နင်းရာတွင် လူငယ်တစ်ယောက်သေသည်။

မာတင် စိတ်ဓာတ် အကျကြီး ကျသွားသည်။ သူ့လက်ထက်တွင် တစ်ခါမျှ သည်လို ရိုင်းစိုင်းသည့် ပွဲမျိုးမဖြစ်ခဲ့ဖူး။ သူနှင့် တိုက်ရိုက် မသက်ဆိုင်သော်လည်း သူ့တာဝန်ဟု မာတင့် စိတ်ထဲ စွဲနေသည်။
ထို ညတွင်း ချင်း မာတင်က သတင်းစာ ရှင်းလင်းပွဲ လုပ်ကြောင်း ရောဖ်နှင့် ဘားနဒ်လီးတို့က နောင်မှ ကျွန်မ ကို ပြောပြပါသည်။ သူ အလွန်အမင်း စိတ်ထိခိုက်နေသဖြင့် ကောင်းကောင်း စကား မပြောနိုင်တော့ဘူး တဲ့။ နောက်နေ့ မနက်တွင် သတင်းစာ ရှင်းလင်းပွဲထပ်လုပ်သည်။

သည် တစ်ခါတော့ မာတင်က ရင်ထဲရှိသမျှ အိတ်သွန်ဖာမှောက်ရင်ဖွင့်တော့သည်။ စာနယ်ဇင်း သမားတွေကို သူက အသေးစိတ် ရှင်းပြသည်။ ဘာတွေ မှားယွင်းခဲ့ကြောင်း၊ ဘယ်လို မှားယွင်းခဲ့ ကြောင်း၊ ဘာကြောင့် မှားယွင်း ခဲ့ကြောင်း၊ ဘာကြောင့် စသည် စသည်တို့အပြင် မင်းဖစ်လူမည်း တွေမည်၍ မည်မျှ ဆင်းရဲကြောင်း။ ယင်းသည် ပေါက်ကွဲမှု ၏ အခြေခံဖြစ်ကြောင်း ပြောရင်း သူ၏ အကြမ်းမဖက်ဝါဒအကြောင်း ဆက်ပြောသည်။
သတင်းထောက် တစ်ယောက်က မေးသည်။ " ဒေါက်တာကင်း ခင်ဗျား၊ မနေ့ညက စပြီး ခင်ဗျား ဘယ်သူနဲ့ စကားပြောခဲ့ပါသေးသလဲ " မာတင် ဖြေသည်။

" ဘုရားသခင်နဲ့ကလွဲပြီး ဘယ်သူနဲ့မှ စကားမပြောဖြစ်ခဲ့ပါဘူး "
နောက်တစ်နေ့ တွင် သူ အိမ်ပြန်ရောက်လာသည်။ ခါတိုင်းလိုပင် " ကိုရီရေ … ကိုရီ ဘယ်မှာလဲဟေ့ " ဟု အော်ပြီး ၀င်လာသည်။ အိပ်ခန်းထဲ ကျွန်မပြေးထွက်လာပြီး သူ့ရင်ခွင်ထဲ ပြေးဝင်ကာ အနမ်းဖြင့် နှုတ်ဆက် လိုက်သည်။ ညစာ စားရင် အဖြစ်အပျက်ကို စိတ်ပျက်လက်ပျက် ပြောပြသည်။ ကျွန်မက သူ့တွင် တာဝန်မရှိကြောင်း ပြောပြီး နှစ်သိမ့်ရသည်။ သူ စိတ်သက်သာရာ ရသွားပုံရပါသည်။
နောက်နေ့ တွင် ခေါင်းဆောင်တွေကို အစည်းအဝေးခေါ်လိုက်သည်။ မင်းဖစ်မှ ဂျင်မ် ဝေါ်ဆန်လည်း တက် သည်။ မင်းဖစ်တိုက်ပွဲဆက်မလား၊ ရပ်မလား ဆွေးနွေးကြသည်။ သူက မင်းဖစ်ကိစ္စနှင့်အတူ ဆင်းရဲသား တပ်ကြီး ၀ါရှင်တန် သို့ ချီဖို့ကိုလည်း စိတ်အားထက်သန်နေသည်။ သတင်းစာတွေက အမျိုးမျိုးဝေဖန်ကြသည်။

အကြမ်းဖက်မှုတွေ ၀င်လာနိုင်ကြောင်း ကြိုတင် ဟောကိန်း ထုတ်ကြသည်။
သို့သော် မာတင်ကမူ အမေရိကန်တွင် အကြမ်းမဖက်ရေးမူဖြင့် လှုပ်ရှားဖို့ သည်တစ်ကြိမ်အား နောက်ဆုံး အခွင့်အရေးဟု ယုံကြည်နေသည်။ မင်းဖစ် အရေးအခင်းကို ကြည့်ပြီး လူတွေ ကြောက် စိတ်ဝင်နေကြမှန်း မာတင်သိသည်။ ထို့ကြောင့် ၀ါရှင်တန်သို့ ချီတက်ပွဲမှာ များစွာ အခက်အခဲတွေ ရှိလိမ့်မည်။ အစည်းအဝေးတွင် သူ့ခေါင်းဆောင်တွေကို မင်းဖစ်တွင် ငြိမ်းငြိမ်းချမ်းချမ်း ပြန်စဖို့ နားဝင်လာအောင် မာတင် စည်းရုံးသည်။ SCLC ကိုလည်း သည်ကိစ္စ အလေးအနက် စဉ်းစားဖို့ သူ တိုက်တွန်းသည်။
" သူ့ ဝေဖန်ရေးတွေဟာ ထက်မြက်ပါတယ်၊ မီးလို အားရှိပါတယ်။ ဒါပေမဲ့ ငြိမ်းခါနီး မီးနဲ့ တူနေတယ်" ဟု တစ်ယောက်က ဝေဖန်သည်။

အစည်းအဝေးမှာ တစ်ဖက်နှင့် တစ်ဖက် အပြင်းအထန် ဖြစ်လာသည်။ မာတင်က ရုတ်တရက် ထပြီး အပြင်ထွက်သွားသည်။ သူမပါဘဲ သူတို့ချည်း စဉ်းစားဖို့ အခွင့်အရေး ပေးခဲ့ခြင်းဖြစ်၏။ သူတို့တစ်တွေ ပို၍ ပွင့်လင်းလာလိမ့်မည်ဟု မာတင်က ယုံကြည်သည်။
အစည်းအဝေး နားချိန်တွင် ကျွန်မ ဖုန်းဆက်သည်။ သူ ညစာ ဘယ်အချိန် ပြန်စားမှာလဲ မေးသည်။ ရော့ဖ်က ဖုန်းကိုင်သည်။ " မာတင်အပြင် ထွက်သွားတယ် ကိုရီ၊ အငြင်းအခုံတွေကို သူ တော်တော် စိတ်ပျက်နေပုံရတယ်။ ဒါပေမဲ့ သူ ထွက်သွားနေတုန်းမှာ တို့ အစည်းအဝေးခန်းထဲကို ဘုရားသခင် ကြွမြန်းလာသလိုပဲ။ ခု တို့အားလုံး သဘောတူညီမှုတွေ ရနေပြီ ၀ါရှင်တန်ကို တို့သွား မယ်။ မင်းဖစ်က ပတ်သွားမယ် "

မတင် အိမ်ပြန်ရောက်လြာတော့ အစီအစဉ်ကို ပြောပြသည်။ ဧပြီလ ၈ ရက် တနင်္လာနေ့တွင် မင်းဖစ် လှုပ်ရှားမှု ပြန်စမည်။ သူက ဧပြီလ ၃ ရက် ဗုဒ္ဓဟူးနေ့ကတည်းက ကြိုသွားနှင့်မည်။
တနင်္ဂနွေနေ့တွင် ၀ါရှင်တန် ဘုရားကျောင်းတွင် တရားပေးဖို့ ပါမောက္ခချုပ် ဖရန်စစ် ဆေယာက ဖိတ်သဖြင့် သူ တရားဟော သည်။ ဘုရားကျောင်း မဆံ့အောင် လူတွေ ပြည့်နေသည်။ သူက " အသားရောင် ခွဲခြားမှု၊ လူမည်းများအား နှိပ်စက်ကလူ ပြုမှုတွေကို အမြစ်ပါမကျန် မြေလှန်ပစ်ရမယ်" ဟု အစချီံပြီး ရဲရဲတောက် စကားလုံး များဖြင့် သူ့တရားကိုစသည်။

" ကျွန်စနစ် ဖျက်သိမ်းလိုက်တယ်ဆိုတာ ဘာနဲ့ တူသလဲဆိုရင် တစ်သက်တစ်ကျွန်း ထောင်ချ ထားတဲ့ လူတစ်ယောက်ကို ဘတ်စ်ကားခ မပေးဘဲ လွှတ်ပေးလိုက်တာနဲ့ တူနေတယ် "
တနင်္ဂနွေနေ့ည မာတင် အိမ်ပြန်ရောက်လာတော့ သမ္မတ ဂျွန်ဆင်၏ နာမည်ကျော် မိန့်ခွန်းကို ကျွန်မတို့ ၀ိုင်း နားထောင်ကြသည်။ သူက နောက်လေးနှစ်သက်တမ်းအတွက် အရွေးခံမည့်အကြောင်း ငြိမ်းချမ်းရေး ဆွေးနွေးဖို့ ဖိတ်ခေါ်ကြောင်းများ အဓိကထား ပြောသွား သည်။ တနင်္လာနှင့် အင်္ဂါနေ့တွင် သူ အလုပ်တွေ ရှုပ်နေသည့်ကြားမှ ကလေးတွေနှင့် အတူ နေသေးသည်။
ဗုဒ္ဓဟူးနေ့တွင် မာတင့်ကို ခေါ်ဖို့ ရော့ဖ် အစောကြီးရောက်လာသည်။ ကျွန်မက ယောက်ျားကို နှုတ်ဆက်အနမ်း ပေးပြီး ဆုတောင်းပေးလိုက်သည်။ ကလေးတွေ မရှိကြသေး။ ကျွန်မတို့ လင်မယား ထောင်ပေါင်းများစွာ နှုတ်ဆက်ခဲ့ဖူးသည့် အတိုင်း "ဂွဒ်ဘိုင်" ဟု နှုတ်ဆက်ကြသည်။

ဟောလီးဒေး အင်း ဟိုတယ်တွင် တည်းခိုသည့်အတွက် ၀ိုင်းဝေဖန်ကြသဖြင့် သူတို့ အဖွဲ့ နေရာ ပြောင်း တည်းကြရသည်။ ဟောလီးဒေး အင်းက ဇိမ်ခံ ဟိုတယ် မို့လို့တဲ့။ သူတို့က ဆူပွက်နေ သည့် နေရာနှင့်ဝေးဝေး မြို့ပြင်ကို ရွေးတည်းခြင်းဖြစ်သည်။ လုံခြုံမှုကို ဦးစားပေးခဲ့ခြင်းဖြစ်သည်။ သို့သော် သည်လို ဝေဖန်တာကို မကြိုက်သဖြင့် မာတင်က မာလ်ဘာရီလမ်းမှ နီဂရိုးဟိုတယ်ကလေး တစ်ခု သို့ ပြောင်းလာခဲ့ကြသည်။ ထိုညက အခြေအနေတွေ အားလုံး ကောင်းနေကြောင်း သူ ကျွန်မဆီ ဖုန်းဆက်အကြောင်းကြားသည်။

ထိုညက ပြောသည့် မာတင့် မိန့်ခွန်းကို သန်းနှင့်ချီသည့် လူတွေ အကြိမ်ကြိမ်ပြန်ဖွင့်ပြီး နား ထောင်ကြသည်။ မာတင်က သည်အစည်းအဝေးကို မသွားဖို့ ပင်စိတ်ကူးလိုက်သေးသည်။ သည်မြို့ခံ လူငယ်တွေနှင့် ရင်မဆိုင် ချင်သောကြောင့်ဖြစ်၏။ ရော့ဖ်က လူများများ လာမည်မထင်။ မာတင် အနားယူဖို့ လိုသဖြင့် ရော့ဖ်က ၀င်ပြီး မိန့်ခွန်းပြောပေးဖို့ သဘောတူလိုက်သည်။ သို့သော် ကလေးဆွန် ဘုရားကျောင်းတွင် လူနှစ်ထောင်လောက် စုဝေးနေသည်ကို တွေ့သဖြင့် ရော့ဖ်က မာတင့်ကို လှမ်းခေါ်လိုက်သည်။ မာတင် ချက်ချင်းရောက်လာသည်။

စင်မြင့်ပေါ်သို့ မာတင် လှမ်းတက်လိုက်သည်နှင့် လူအုပ်ကြီးက တစ်ခဲနက် ကောင်းချီးသြဘာပေးကြသည်။ မာတင်က နှုတ်ဆက် စကားစပြောပြီး သူတို့အားလုံးအတွက် တောင်းဆိုချက်များ ပြောပြသည်။ သူနှင့် SCLCက အပြတ် ထောက်ခံ ရပ်တည်မည်။ ပြောနေရင်း တစ်ခုခုကို ရုတ်ခြည်း ကြိုမြင်လိုက်သည့်အလား၊ သူ့ကို တိုက်ခိုက်မည် ဆိုသည့် ခြိမ်းခြောက်မှုများ၊ ကောလာဟလများ မင်းဖစ်တွင် ပျံ့လွင့်နေကြောင်းဖြင့် စပြီး …
" ဘာတွေ ဖြစ်လာမယ်ဆိုတာ ကျွန်တော် မသိပါဘူး။ ကျွန်တော်တို့ရဲ့ ရှေ့မှာ အခက်အခဲပေါင်း များစွာနဲ့ နေ့ရက်တွေ မှာ အများကြီး ရှိနေပါတယ်။ ဒါပေမဲ့ အဲဒါတွေက ခုတော့ ကျွန်တော့်အတွက် အကြောင်းမဟုတ်တော့ပါဘူး။ ဘာပြုလို့လဲဆိုတော့ ကျွန်တော် တောင်ထိပ်ကို ရောက်နေပါပြီ။ ဒါပေမဲ့ ကျွန်တော် မမှုပါဘူး။

လူတိုင်းလိုပဲ ကျွန်တော်လည်း အသက်ရှည်ရှည် ခင်ခင်မင်မင် နေချင် ပါတယ်။ ဒါပေမဲ့ အသက်ရှည်ခြင်းဟာ ကျွန်တော်နဲ့ မဆိုင်သလို ဖြစ်သွားပါပြီ။ ဒါကြောင့် ကျွန်တော် မမှုတော့ဘူးလို့ ပြောတာပါ။ ကျွန်တော်ဟာ ဘုရားသခင်ရဲ့ အလိုတော်အတိုင်းပဲ လုပ်ချင်ပါတယ်။ တောင်ပေါ်တက်ဖို့ တွန်းအားပေးတာဟာလည်း ဘုရားသခင်ရဲ့ အလိုတော် ဖြစ် ပါတယ်။ တောင်ထိပ်ကနေပြီး "မြတ်သောမြေ" ကို ကျွန်တော် လှမ်းမြင်နေရပါပြီ။ အဲဒီကို ခင်ဗျား တို့နဲ့အတူ ကျွန်တော်ရောက်ချင်မှ ရောက်ပါလိမ့်မယ်။ ဒါပေမဲ့ ဒီနေရာကနေပြီး ခင်ဗျားတို့ကို ကျွန်တော် ဒီည ပြောလိုက်မယ်။ လူသား တစ်ယောက်အနေနဲ့ ကျွန်တော်တို့ အားလုံး အဲဒီနေရာကို အရောက်သွားကိုသွားရမယ်။ ဒါကြောင့် ကျွန်တော် ဒီည အရမ်းပျော်နေတယ်။ ဘယ်လို လူမျိုးကိုမှ ကျွန်တော် မကြောက်ဘူး။ ကျွန်တော့် မျက်စိထဲမှာ ကိုယ်တော် အရှင်ရဲ့ ဦးခေါင်းတော်မှ ရောင်ခြည် စက်ဝိုင်းကို မြင်နေရပြီ …။

သူ့အသံ တိမ်ဝင်သွားသည်။ ပရိသတ်၏ တုံ့ပြန်မှုမှ စိတ်လှုပ်ရှားစရာကောင်းလှသည်။ သူကိုယ်တိုင် ထိုတဒင်္ဂကို မွန်မြတ်သန့်စင်ခြင်း၏ အထွတ်အထိပ်ဟု ခံစားလိုက်ရသည်။ ထို့ကြောင့် စိတ်လှုပ်ရှားလွန်းပြီး သူ ရှေ့ဆက် မပြောနိုင်ခြင်း ဖြစ်မည်ဟု ကျွန်မ တွေးကြည့်မိသည်။ ဆုံးအောင်ပြောလျှင် "ကိုယ်တော်အရှင်၏ အမှန်တရားသည် ရှေ့သို့ ဆက်လက် ချီတက်နေသည်" ဟူသည့် အပိုဒ်ပါရမည်။

နောက်တစ်နေ့မှာ ၁၉၆၈ ခုနှစ် ဧပြီလ ၄ ရက်နေ့ဖြစ်သည်။ စိုးရိမ်စိတ်တို့ ပိန်းကြာဖက်တွင် ရေမတင်သကဲ့သို့ သူ့တွင် ကင်းစင်ကာမာတင် တစ်ယောက် ပျော်သလိုလိုပင် ဖြစ်နေသေးသည်ဟု ဆိုကြသည်။ အေဒီက နောင်တွင် ကျွန်မကို ပြန်ပြောပြသည်။ ညီအစ်ကို နှစ်ယောက်ကလေးတွေလို စကြ နောက်ကြနှင့် နောက်ဆုံးတွင် နပန်းလုံးကြသေးသည်တဲ့။
မာတင်က အမေ့ဆီ ဖုန်းဆက်ဖို့ ဆုံးဖြတ်လိုက်သည်။ အေဒီအတွက် ထူးဆန်းနေသည်။ ခရီးထွက် နေဆဲတွင် ဘယ်တော့မှ သူတို့ အမေ့ဆီ ဖုန်းဆက်လေ့မရှိ။ ပြီးတော့ သူသည်နေ့ အရမ်းရွှင်နေ သည်။ ပြီးတော့ သူ့ကိုယ်သူ အေဒီပါဆိုပြီး မအေကြီးကို နောက်သေးသည်။ ပြီးတော့ အေဒီကိုလည်း မာတင်ပါဆိုပြီး ပြောခိုင်းသည်။ တစ်ယောက်အသံနှင့် တစ်ယောက်တူအောင် လုပ်ပြီးတော့ပေါ့လေ။

နောက်ဆုံးတွင် အပြင်ထွက် ထမင်းစားဖို့ အ၀တ်လဲကြသည်။ မာတင်က အ၀တ်လဲပြီးတော့ ရှေ့ ၀ရန်တာသေးသေးကလေးတွင် ထွက်ရပ်ပြီး မျက်နှာချင်းဆိုင်မှ အိမ်အိုကြီးကို လှမ်းကြည့်နေ သည်။ ထိုည အစည်းအဝေး တွင် သီဆို ဖျော်ဖြေရမည့်သူက ဘင်ဘရန့်ခ်ျ။ သူက မာတင် ရပ်နေသည့် ၀ရန်တာအောက် တည့်တည့် တွင် ရပ်နေသည်။ မာတင်က အပေါ်မှ သူ့ကို လှမ်းခေါ် ပြီးပြောသည်။
" ငါ့အတွက် မင်း ဟို … သီချင်း ဆိုနော်၊ " အိုအရှင် တပည့်တော်၏ လက်ကို တွဲခေါ်ပါလော့" လေ၊ ဟေ့ … ကောင်းကောင်း ဆိုပေးနော် "
ဘင်က အောက်မှ ရယ်ပြီး "ဆိုပါ့မယ်" ဟု ကတိပြုသည်။

ထိုညတွင် ကားမောင်းရမည့် ဆော်လမွန် ဂျုန်းက မာတင့်ကို လှမ်းပြောသည်။
" ဒေါက်တာကင်း အေးတယ် ခင်ဗျ၊ အပေါ် ကုတ်အင်္ကျီဝတ်လာရင် ကောင်းမယ် ထင်တယ် "
" အေး … အေး … ကောင်းပြီ၊ ၀တ်ခဲ့မယ် "
သွားခါနီးတွင် မာတင့် အခန်းထဲသို့ ရော့ဖ် အပြေးအလွား ၀င်လာသည်။ မုတ်ဆိတ်ရိတ်ဖို့ လိုးရှင်း လာဆွတ်တာတဲ့။ ထိုအချိန်တွင် သေနတ်သံ တစ်ချက် ထွက်လာသည်။ သူတို့အားလုံး ဗြောက်အိုး ဖောက်သံဟု ထင်လိုက်ကြောင်း ကျွန်မအား ပြန်ပြောကြသည်။

ထိုညနေခင်းတွင် ယိုလင်ဒါနှင့် ကျွန်မ ဈေးဝယ်ထွက်နေကြသည်။ အီစတာ ပွဲတော်အတွက် ကလေးများဖို့ အ၀တ်အစား မ၀ယ်ရန် ကျွန်မ ဆုံးဖြတ်လိုက်သည်။ သည်ပွဲတော်သည် အလွန် မွန်မြတ်သည့် ဘာသာရေး ပွဲတော်ဖြစ်သည်။ နွေဦးရာသီ ပျော်ပွဲရွှင်ပွဲမျိုးမဟုတ်။ အိမ်ပြန်ရောက်တော့ တယ်လီဖုန်းမြည်နေသည်။ ဂျက်စီဂျက်ဆင် ဆက်ခြင်းဖြစ်၏။ " ကော်ရက်တာ ဒေါက်တာကင်း သေနတ်ပစ် ခံရတယ်။ မီရာလေယာဉ်နဲ့ မင်းဖစ်ကို လိုက်ခဲ့ပါ။ စိန့် ဂျိုးဇက် ဆေးရုံမှာ တင်ထားတယ် " ကျွန်မ ရင်ထဲ နင့်ခနဲ ဖြစ်သွားသည်။ စိုးရိမ်ရသည့် အခြေအနေမှန်း ကျွန်မ အလိုလို သိနေသည်။ အံ့သြလွန်း၍တော့ မဟုတ်။ စင်စစ် ကျွန်မ မသိစိတ်က သည်လို သတင်းမျိုး ကို စောင့်နေသည်မှာ ကြာပြီဖြစ်ပါလိမ့်မည်။

ကျွန်မ အသေးစိတ် မေးတော့ သူက "ပခုံးထိသွားတာပါဟုဆိုသည်။ သူဖော့ပြောမှန်း ကျွန်မ သိနေသည်။ ကျွန်မ နောက်ထပ် မမေးရဲတော့ပါ။
" အစောဆုံး လေယာဉ်နဲ့ လိုက်ခဲ့မယ် ဂျက်စီ "
မာတင့် အတွင်းရေးမှူး ဒိုရာ မက်ဒေါနယ်ကို ကျွန်မ လှမ်းခေါ်ပြီး အမြန်လာခဲ့ဖို့ ပြောလိုက်သည်။
အင်ဒီးယန်းက ကျွန်မ ကို မင်းဖစ်မှ လှမ်းဆက်ပြီး အခြေအနေမကောင်းကြောင်း ပြောသည်။ " ဒါပေမဲ့ အသက် အန္တရာယ်တော့ မရှိပါဘူး " ဟု သူက နှစ်သိမ့်စကားဆိုသည်။
ကျွန်မ တီဗွီဖွင့်ကြည့်လိုက်သည်။ ကျွန်မ သိထားသလောက်ပင် သူတို့ သတင်းကြေညာနေသည်။ ထိုအချိန်တွင် ယိုကီ ပြေးဝင် လာကြသည်။ ကျွန်မ တီဗွီကို ပိတ်ဖို့ လုပ်သော်လည်း သူ နားစွန်နားဖျား ကြားသွားပြီ။

ယိုကီက " မပြောနဲ့၊ သမီးကို ဘာမှ မပြောနဲ့" ဟု အော်ငိုပြီး အခန်းထဲမှ ပြေးထွက်သွားသည်။ သို့သော် ချက်ချင်း သူ ပြန်ရောက် လာသည်။ ကျွန်မ မင်းဖစ် သို့ လိုက်သွားရမည့်အကြောင်း ပြော လိုက်သည်။
" သမီး အဖေ သေနတ်ပစ်ခံရလို့တဲ့ "
သူ ကျွန်မကို အ၀တ်သေတ္တာ ၀ိုင်းထည့်ပေးသည်။ ကျွန်မတို့နှင့် အလွန်ခင်သည့် မြို့တော်ဝန် အလန် ဖုန်းဆက်မေး သည်။ ဘာအကူအညီလိုသလဲမေးသည်။ ကျွန်မက ၈း၂၅ လေယာဉ်ဖြင့် သွားမည့် အကြောင်း ပြောတော့ လေယာဉ်ကွင်းကို သူ လာခဲ့မည့်အကြောင်း ပြောသည်။ မိတ်ဆွေ အပေါင်းအသင်းတွေ မိသားစုတွေ ရောက်လာကြသည်။ ကျွန်မသွားခါနီးတွင် ဒက်စတာက မေးသည်။
" အဖေ နဲ့ အမေ ဘယ်တော့ ပြန်လာမှာလဲဟင် "
" မေမေ မင်းဖစ်ကနေ ဖုန်းဆက်လိုက်မယ်လေ၊ အဲဒီတော့ ပြန်မယ့်ရက် ပြောနိုင်မှာပေါ့ "
ကလေ အားလုံး ကို နမ်းပြီး နှုတ်ဆက်၍ ကျွန်မ ထွက်လာခဲ့သည်။

မာတင့် ညီမ ခရစ္စတင်း၊ သူ့ယောက်ျား အိုင်းဇက် ဖားရစ်၊ မြို့တော်ဝန်နှင့် သူ့ဇနီး၊ ပြီးတော့ ဓမ္မ ဆရာကြီး ဖရက်ဘာနက် ဇနီးမောင်နှံတို့ လေယာဉ်ကွင်းသို့ လာရောက် နှုတ်ဆက်ကြသည်။ လေယာဉ်ကွင်းတွင် လူတွေ အားလုံး သုတ်ခြေတင်နေကြသည်။ မြို့တော်ဝန် အလန်က တဗျစ် တောက်တောက်ပြောနေသည်။ "မိုက်ရိုင်း လိုက်လေကွာ၊ လူတွေ ခေါင်းထဲမှာ ဘယ်တော့များမှ အသိစိတ် ၀င်လာကြမယ် မသိဘူး "
အသံချဲ့စက် မှ ကျွန်မ နာမည်အော်ခေါ်သံ ကြားလိုက်တော့ ကျွန်မကျော်ထဲ စိမ့်သွားသည်။ ဒိုရာ မက်ဒေါနယ် ကျွန်မ ဆီ အပြေးလျှောက်လာနေသည်။ သူ့ မျက်နှာကို မြင်လိုက်ကတည်းက ကျွန်မ သိလိုက်ပြီ။ မာတင် သေသွားပါပြီ။

မြို့တော်ဝန် က သတင်းအတိအကျရအောင် သူလုပ်မည်ဆိုသည်။ ဒိုရာက ဘာတစ်ခွန်းမှ မပြော။ ကျွန်မ တို့ နှစ်ယောက် ပြေးဖက်လိုက်ကြသည်။
မြို့တော်ဝန် အလန်ပြန်ရောက်လာသည်။ သူ့မျက်နှာ ဖြူဖပ်ဖြူရော်ဖြစ်နေသည်။ သူက လေသံကို ထိန်းပြီး …
" မစ္စက်ကင်း၊ ကျွန်တော့် ကို သက်ဆိုင်ရာက ပြောခိုင်းပါတယ်။ ဒေါက်တာကင်း ကွယ်လွန်သွားပါပြီတဲ့ "
သူတို့ မပြောခင် ကျွန်မ သိနေသလို ပဲ။ သတင်းစကားကို စောင့်နေရုံသာပါ။ မာတင် ဆုံးပြီဆိုတဲ့ သတင်းလေ။
မြို့တော်ဝန် က ကျွန်မ လက်ကို ကိုင်ပြီးမေးသည်။

" မစ္စက်ကင်း မင်းဖစ်ကို သွားချင်သေးလား၊ ဒါမှမဟုတ် အိမ်ပြန်ချင်သလား "
" ကျွန်မ ကလေးတွေဆီ ပြန်မှထင်တယ်။ မင်းဖစ် ကို သွားဖို့ နောက်မှပဲ ဆုံးဖြတ်ပါတော့မယ် "
မြို့တော်ဝန် အလန်၊ ခရစ္စတင်း၊ အိုင်းဇက် တို့နှင့်အတူ ကားတစ်စီးတည်းစီးပြီး အိမ်ပြန်လာခဲ့ကြ သည်။ လမ်းတွင် ဘယ်သူမှ စကားမပြောကြပါ။ ဘာတွေ ဖြစ်ကုန်တာပါလိမ့်။ အဓိပ္ပာယ်ကို ကျွန်မ ရှာဖွေ စဉ်းစားလာခဲ့ သည်။ သည်ရက်သတ္တပတ် ကား အီစတာအကြို ရက်သတ္တပတ်ပါကလား။ ထူးတော့ ထူးဆန်းသည်။ သို့သော် ကျွန်မ စိတ်တွေ တည်ငြိမ်နေသည်။ ရှင်ပြန်ထမြောက်ခြင်း ပွဲတော်၊ မကောင်းဆိုးဝါးကို တရားက အောင်နိုင်ခြင်း အထိမ်းအမှတ်နေ့ မတိုင်မီ တစ်ရက်။ ကောင်းချီးမင်္ဂလာနှင့် ပြည့်စုံသည့်နေ့မြတ်၊ သေခြင်းကို အောင်နိုင်ခြင်း အထိမ်းအမှတ်ပွဲ မတိုင်မီနေ့။ ယေရှုသခင် အသေမခံမီနေ့။

မာတင် က အီစတာ ပွဲတော်၏ အနှစ်သာရ၊ အီစတာ ပွဲတော်ချိန်တွင် လူသား အချင်းချင်း ပိုမိုချစ်ခင် နားလည်တတ်ကြပုံများကို မကြာမကြာ ပြောလေ့ရှိသည်။ ဘယ်လောက်ပဲ အခြေအနေ တွေဆိုးနေဆိုးနေ အီစတာ ပွဲတော် ဆီက ဗုံသံကြားလိုက်တာနဲ့ ပြေလည်မှု ရသွားတတ်ကြသည်ဟု လည်း သူက ယုံကြည် သည်။ မျှော်လင့်ချက်တွေ ရှိလာတတ်ကြသည်ဟု ယုံကြည်သည်။ ဘ၀၏ အမှန်တရား၊ ဘ၀၏ အလင်းတန်းများ ထွန်းတောက် လာတတ်သည်ဟု ယုံကြည်သည်။ သည်ကမ္ဘာကြီးထဲတွင် ကောင်းမြတ်ခြင်း မင်္ဂလာအပေါင်း ကိန်းအောင်းနေသည် ဟု သူက ယုံကြည်သည်။
ကျွန်မ ယောက်ျား က သူ့ ယုံကြည်မှုအတွက် သူ့ဘ၀ကို ပေးဆပ်ဖို့ အဆင်သင့် ရှိနေသူဖြစ်သည်။ အများ အတွက် အလုပ်အကျွေး ပြုရမည်ဟု ယုံကြည်နေသူဖြစ်သည်။ ရင်ကွဲနာ ကျနေသည့် ကြားမှ သူ့အကြောင်းကို ကျွန်မ စဉ်းစားနေမိခြင်းဖြစ်ပါသည်။

ပြီးတော့မှ ကလေးတွေ ကို ဘယ်လို ပြောရမှာပါလိမ့်ဟု ကျွန်မစဉ်းစားရတော့သည်။ သူတို့ အနားတွင် ကျွန်မ မရှိဘဲ၊ သူ့အဖေ သတင်းကို သူတို့ ကြားသွားမှဖြင့် …၊ ကျွန်မ အရမ်း စိုးရိမ်သွား သည်။
ကျွန်မ အိမ်ပြန်ရောက်သွားတော့ ဘန်နီကလေး အိပ်နေပြီ။ ဒက်စတာနှင့် မာတီက အခန်းထဲမှာ။ ယိုလင်ဒါက ဆီးပြော သည်။
" မေမေ သမီး မငိုဘူးနော်၊ မငိုရဘူး မဟုတ်လား။ ဘာပြုလို့လဲ ဆိုတော့ ဖေဖေ မသေလို့ပေါ့၊ သူ့ခန္ဓာကိုယ် သေချင်သေ သွားမယ်၊ ဒါပေမဲ့ ဖေဖေ ၀ိညာဉ်ဘယ်တော့မှ မသေဘူး မေမေ။ သူ့ကို ကောင်းကင်ဘုံ မှာ သမီးတွေ့မှာ "
မငိုဘူး၊ မငိုဘူး တဖွဖွ ပြောနေလျက်က သူ့ပါးပြင်ပေါ်သို့ မျက်ရည်တွေ တသွင်သွင်စီးကျနေသည်။

" မေမေဟာ သိပ်သတ္တိကောင်းတဲ့ အမျိုးသမီးပဲ။ မေမေ့ နေရာမှာ သမီးသာဆိုရင် သမီး ဘာလုပ်ရမှန်း သိမှာ မဟုတ်ဘူး။ ဖေဖေ့ကို သတ်တဲ့လူတွေကို သမီး မုန်းရမှာလား ဟင် "
ကျွန်မ ဖြေရတော့မည်။ သူ့ကို သိုင်းဖက်လိုက်ပြီး … " ဟင့်အင်း … မမုန်းရဘူး။ သမီး ဖေဖေက မုန်းတာကို ကြိုက်မှာ မဟုတ်ဘူး။ သမီးလည်း သိပ်သတ္တိရှိပါတယ်ကွယ်။ သမီးအတွက် မေမေ ဂုဏ်ယူ ပါတယ်။ ဖေဖေ လည်း ဂုဏ်ယူမှာပါ "
သားကလေးတွေက ကျွန်မကို စောင့်နေကြသည်။ မာတီကလေးက ဘာမှ နားမလည် သလို ကြောင်စီစီ ကလေးဖြစ်နေသည်။ သူတစ်ခုကို ပြောချင်နေပြီး ဘာပြောရမှန်းမသိ ဖြစ်နေပုံရသည်။ ခုနစ်နှစ်သာရှိသေးသည့် ဒက်စတာ ကလေး က မေးသည် "မေမေ၊ ဖေဖေ ဘယ်တော့ပြန်လာမှာလဲ" တဲ့။
ကျွန်မရင်ထဲ တွင် မချိအောင် နာကျင်သွားပါသည်။

" ဒက်စတာ သားလေး ဖေဖေ သေနတ်ပစ်ခံရတယ်၊ အခြေအနေမကောင်းဘူးတဲ့၊ သွားသွား အိပ်တော့နော်၊ မနက်ဖြန် မှ မေမေ ပြောပြမယ်နော် "
" ဟုတ်ကဲ့ မေမေ "
ဘာမှ ဆက်မမေးဘဲ အေးအေးဆေးဆေး အိပ်ဖို့ပြင်သည်။
နှလုံးသွေးပျက်ချင်စရာ ကောင်းသည့်ည၏ ပထမပိုင်းဖြစ်ပါသည်။ အားပေးမည့်သူတွေ ၀ိုင်းဝိုင်း လည်နေသော် လည်း ထိုနာရီပိုင်းများတွင် သူတို့ဘာမျှ မတတ်နိုင်ကြပါ။ သမ္မတဂျွန်ဆင်က ဖုန်းဆက်ပြောသည်။
" ကျွန်တော် အကြီးအကျယ် စိတ်မကောင်း ဖြစ်နေပါတယ် မစ္စက်ကင်း၊ ကျွန်တော့် အမျိုးသမီးလည်း အတူတူ ပါပဲ၊ မိသားစုနဲ့ အတူတူ ကျွန်တော်တို့ သောကဖြစ်နေကြပါတယ်။ ကျွန်တော် တီဗွီမှာ ကြေညာချက်ထုတ်ပါ့မယ် "
သူက မိန့်ခွန်းထဲ တွင် အရေးပေါ် လွှတ်တော် ခေါ်ယူမည့်အကြောင်း၊ အမျိုးသားရေးကိစ္စ တစ်ရပ် အဖြစ်နှင့် အဖျက်သဘော မပါသည့် အပြုသဘော သက်သက်စီမံချက် တစ်ခု ရေးဆွဲမည့် အကြောင်းများ ထည့်သွင်းပြောကြား သွားသည်။

အထက်လွှတ်တော်အမတ် ရောဘတ် ကနေဒီ ကလည်း ကျွန်မအမျိုးသားအနိစ္စ ရောက်သွားသည့် အတွက် ၀မ်းနည်းကြောင်း၊ စိတ်လည်း အလွန်ပျက်နေကြောင်း ဖုန်းဆက်လာသည်။
" အစစအရာရာ တတ်နိုင်သည့်ဘက်မှ အကူအညီပေးပါမယ် " ဟုလည်း ဆိုလာသည်။
မင်းဖစ် ကို လိုက်သွားပြီး မာတင့် အလောင်း သယ်ရမည့်အကြောင်းပြောတော့ …
" ကျွန်တော် လေယာဉ် စီစဉ်ပေးပါ့မယ်၊ အဲဒီ လေယာဉ်နဲ့ သွားပါ " ဟု ပြောလာသည်။
ဟယ်ရီ ဘယ်လဖောင်တီ ကလည်း ဆက်သည်။
" ကော်ရက်တာ၊ ကိုယ် ချက်ချင်း လာခဲ့မယ်၊ ကလေးတွေနဲ့အတူ နေပေးမယ်၊ ကိုယ်တတ်နိုင်သမျှ မင်းနဲ့မျှဝေ ခံစားမယ် " သူ့ကြောင့် ကျွန်မ အပုံကြီးသက်သာရာ ရပါသည်။ ဟယ်ရီသည် လူ့စရိုက်ကို တကယ် နားလည်ပြီး အလွန်ပြည့်ဝသည့် ပုဂ္ဂိုလ်ဖြစ်ပါသည်။

ဒက်ဒီကင်းကတော့ ဆောက်တည်ရာမရဖြစ်ကာ တဗျစ်တောက်တောက်ပြောနေသည်။
" ဘယ်လို ဖြစ်ကုန်တာလဲကွာ၊ ငါက အရင်သွားရမှာ "
ဒက်ဒီကင်းကို ကြည့်ပြီး ကျွန်မ သောက နှစ်ဆပွားသွားပါလေတော့သည်။ သို့သော် ဒက်ဒီကင်းက သူ့ကိုယ်သူ ထိန်းပါသည်။ မေမေ ကင်းကတော့ ကျောက်ဆောင် တစ်ခုလို တည်ငြိမ်သည့် အမျိုးသမီးကြီးဖြစ်သည်။
သောကြာနေ့ မနက်တွင် ရောဘတ်ကနေဒီ စီစဉ်ပေးသည့် လေယာဉ်ဖြင့် မင်းဖစ်သို့ ကျွန်မ ထွက် လာခဲ့သည်။ အလောင်းကို အတ္တလန္တာသို့ သယ်ဖို့ စီစဉ်သည်။ မင်းဖစ် လေယာဉ်ကွင်းတွင် ကလေးတွေ လာစောင့်နေသည်။ သူတို့ အားလုံး လေယာဉ်ပေါ် တက်ပြီး မကြာခင် ဘန်နီက မေး သည်။

" မေမေ ဖေဖေ ဘယ်မှာလဲဟင် "
သူ့ကို ဖက်ပြီး ကျွန်မနှင့် အတူ ထိုင်ခိုင်းလိုက်သည်။
" ဒီမယ် သမီး၊ ဖေဖေ သေတ္တာကြီးထဲမှာ အိပ်ပျော်လိုက်လာတယ်၊ သမီးနဲ့ တွေ့ရင် သူစကားပြော နိုင်မှာ မဟုတ်တော့ဘူး "
အိမ်ရောက်တော့ ကျွန်မတို့ ခေါင်းကို ဖွင့်ကြည့်ကြသည်။ ဘန်နီက သူ့အဖေ အလောင်းကို တွေပြီး ရပ်ကြည့်နေ သည်။ အတွင်းပိုင်း အဖြူရောင် ပိုးသားကပ်ထားသည့် ခေါင်းထဲတွင် မာတင် အိပ်ပျော်နေသည်။ သူ့မျက်နှာမှာ ညက်ညောကာ နုပျိုနေ သည်။ သောက ဟူသရွေ့ မြူငွေ့မျှ မရှိ သလိုပင်။ ဘယ်ဒဏ်ရာဒဏ်ချက်မျှ မတွေ့ရ။ ကျွန်မက ဘန်နီ ကို ရှင်းပြသည်။
" ဖေဖေကလေ ဘုရားသခင်နဲ့သွားနေတော့မှာတဲ့ သူ ပြန်လာလို့ မရတော့ဘူး သမီးလေး "
သူ ဘာမှ နားလည်ဟန် မတူပါ။ သို့သော် ညနေပိုင်းလောက်တွင် သေခြင်းတရားအကြောင်း သူ ရေးရေး သဘောပေါက်လာပုံ ရသည်။ အတ္တလန္တာသို့ နိုင်ငံကျော် ပုဂ္ဂိုလ်တွေ အသုဘ လာပို့ကြ သည်။

ရောဘတ်ကနေဒီနှင့် သူ့ဇနီး အီသယ်လ်၊ ဂျက်ကလင် ကနေဒီ၊ ရစ်ချဒ် နစ်ဆင်၊ ပြည်နယ် အုပ်ချုပ်ရေးမှူး ရော့ကဖဲလားက အားလုံးအတွက် လေယာဉ်စီစဉ်ပေးသည်။ ရစ်ချဒ်နစ်ဆင်က အသုဘ ကိစ္စပြီးတော့ ကျွန်မဆီ သီးသန့်လာတွေ့သေးသည်။ မစ္စက်မက်ကာသီက ဧည့်ခံကြိုဆို ရေးနှင့် စာဝင်စာထွက်တွေ ကို အကူအညီပေးသည်။ အချို့ကလည်း အတ္တလန္တာအိမ်ကို တမင်လာပြီး အားပေး စကားပြောကြသည်။ " ကျွန်တော်တို့ မစ္စက်ကင်းကို အနှောင့်အယှက် မပေးချင်ပါဘူး။ သူ့အကြောင်းကို ကျွန်တော်တို့ စဉ်းစားနေတယ်ဆိုတာ သိစေချင်လို့ပါ " ဟုဆိုကြ သည်။
အမှတ်ထင်ထင် အရှိဆုံးကတော့ ဘီလ် ခရော့စ်ဘီနှင့် ရောဘတ်ကတ်ဘ်တို့ နှစ်ယောက် ရောက် လာကြခြင်းဖြစ် ပါသည်။ နာမည်ကျော် တီဗွီစပိုင်မင်းသားနှစ်ယောက်။ သားတွေနှင့် တစ်ညနေလုံး သူတို့ ကစားကြသည်။ သူတို့နည်း သူတို့ဟန်ဖြင့် ကျွန်မတို့ စိတ်သက်သာရာရအောင် လုပ်ပေးခြင်း ပင်။

သမ္မတ ဂျွန်ဆင်က ဧပြီလ ၇ ရက်နေ့ကို အမျိုးသား ကြေကွဲဖွယ်နေ့အဖြစ် သတ်မှတ်ကြေညာပေး သည်။ တစ်ကမ္ဘာလုံး မှ လူတွေ ၀မ်းနည်းကြေကွဲမှုနှင့် အတူ ညီအစ်ကိုတော်တွေဖြစ်ကာ မေတ္တာ တရားတွေ ပွားများ ယှက်သန်းသည့် ကာလဖြစ်ပါသည်။ သူ့အပေါ် လူတွေ ဘယ်လောက် ကရုဏာ ရှိသည်။ သူ့စွန့်လွှတ်မှုတွေ ဘယ်မျှ အရာရောက်သည် ကို သူမြင်မသွားရရှာပါကလား။
စိတ်လိုက်မာန်ပါ သမားများ၏ စိတ်မကောင်းစရာအဖြစ်များရှိပါသည်။ မာတင် လုပ်ကြံခံရသည့် သတင်းကြောင့် မြို့ကြီးခြောက်ဆယ့်သုံးမြို့တွင် ပေါက်ကွဲမှုတွေဖြစ်ကြသည်။ ၀ါရှင်တန်က ပွဲအကြမ်းဆုံးဖြစ်သည်။ ကြားလို့တော့ သိပ်မကောင်း။ အကြမ်းမဖက်ရေးသမားအတွက် အကြမ်းဖက် မှုတွေ ပေါ်လာခြင်းမှာသဘာဝမကျပါ။

အသုဘမှာ အတော် အထိန်းရ အသိမ်းရ ခက်သည့် အသုဘမျိုးဖြစ်သွားသည်။ သို့သော် ရပ်ဝေး ရပ်နီးမှ ရောက်လာကြသည့် သူ့လို ငြိမ်းချမ်းရေး သမားများက ထိန်းပေးကြသည်။ အလောင်းကို စပယ်လ်မန် ကောလိပ်တွင် တနင်္လာနေ့အထိ ထားပြီး အက်ဘင်နီဇာတွင် အင်္ဂါနေ့ မနက်အထိ ထားပြီးမှ သင်္ဂြိုလ် ဖို့ ကျွန်မတို့ ဆုံးဖြတ်လိုက်ကြပါသည်။
ဟယ်ရီ ဘယ်လဖောင်တီက ကျွန်မကို ကြေညာချက် တစ်မျိုးမျိုးထုတ်ဖို့ အကြံပေးသည်နှင့် ကျွန်မ သတင်းစာ ရှင်းလင်းပွဲ လုပ် ဖို့ စီစဉ်လိုက်သည်။
မာတင် အနေဖြင့် SCLC ကိုရော့ဖ် အဘာနာသီ၏ ဦးဆောင်မှုဖြင့် နိုင်ငံသား အခွင့်အရေးတွေကို ဆက်လက် တောင်းဆိုစေချင်မှာဖြစ်ကြောင်း၊ အင်ဒရူးယန်းနှင့်အခြား ခေါင်းဆောင်တွေလည်း သူ လုပ်လက်စတွေ ဆက်လုပ်စေချင်မှာဖြစ်ကြောင်းများကျွန်မ ရှင်းပြလိုက်ပါသည်။

" ကျွန်မ ယောက်ျားက ကလေးတွေကို မကြာ မကြာ ပြောတတ်ပါတယ်။ " လူတစ်ယောက်ဟာ အသက်စွန့်ပြီး လုပ်ဖို့ အလုပ်မရှိဘူး ဆိုရင် သူ့ဘ၀ဟာ အဓိပ္ပာယ်မရှိဘူး" ဆိုတာမျိုး၊ " အသက် ဘယ်လောက် ရှည်ရှည် နေရမယ်ဆိုတာက အရေးမကြီးဘူး၊ နေရသခိုက်မှာ ဘယ်လောက် ကောင်းကောင်း လုပ်သွားနိုင်တယ် ဆိုတာက ပိုအရေးကြီးတယ်" ဆိုတာမျိုးပြောလေ့ရှိပါတယ်။
" ကျွန်မ ယောက်ျားဟာ နာကြည်း ခါးသီးမှုမရှိဘဲ၊ အမုန်းတရားမပွားဘဲ၊ သေခြင်းတရားကို ရင်ဆိုင် သွားခဲ့တာပါ။ ပြဿနာကို အကြမ်းနည်းနဲ့ ဖြေရှင်းတာလောက် သူ မနှစ်သက်တာ ဘာမှ မရှိပါဘူး။ သူဟာ ပိုကောင်းတဲ့နည်းလမ်း၊ ပိုပြီး ထိရောက်မယ့် နည်းလမ်း၊ အပျက်သဘောထက် အပြုသဘောဆောင်တဲ့ လမ်းကို ရှာဖွေရင်း သူ့အသက်ကို ပေးသွားတာပါ။ အဲဒီ လမ်းစဉ်နောက် ကိုပဲ ကျွန်မတို့ ဆက်လိုက်သွားကြရမှာပါ "
မာတင့် ဆန္ဒအတိုင်း မင်းဖစ် လူထု လမ်းလျှောက်ပွဲကို တနင်္လာနေ့တွင် ပြန်စဖို့ စီစဉ်ကြသည်။

ဟယ်ရီက အကြံပေးသည်။
" အဲဒီပွဲကို မင်းသွားဖို့ ကောင်းတယ် ကော်ရက်တာ၊ ခု မင်းပန်းနေတာ ကိုယ် သိပါတယ်၊ ဒါပေမဲ့ ဟိုကလူတွေ မင်းလာရင် ပိုအားရှိကြမှာ "
ကျွန်မ ချက်ချင်း ဆုံးဖြတ်ချက်ချလိုက်သည်။
" ဟုတ်တယ် ဟယ်ရီ၊ မာတင်ကလည်း သွားစေချင်မှာပဲ၊ ကလေးတွေကိုတောင် ခေါ်ချင်ခေါ် သွားမယ် "
တနင်္လာနေ့ ရောက်တော့ အကြီးသုံးယောက်ကို ခေါ်ပြီး ကျွန်မနှင့် ဟယ်ရီ၊ မင်ဖစ်သို့ လေယာဉ်ဖြင့် ထွက်ခဲ့ကြသည်။
မာတင် ကွယ်လွန်ခြင်းအတွက် လူတွေ သွေးပျက်ကာ ချောက်ချားနေချိန်၊ တားဆီးမိန့်များ ရုပ်သွား သည်လား။ သို့မဟုတ် မေ့လျော့နေကြသည်လား။ ကျွန်မတို့ လေယာဉ်ကွင်းမှ မြို့ထဲရောက်တော့ လူတွေ စီတန်း လမ်းလျှောက်နေကြပြီ၊ ရှေ့ဆုံးမှ နေရာဝင်ယူပြီး တစ်မိုင်ဝေးသည့် မြို့တော်ခန်းမသို့ ကျွန်မ တို့ လျှောက်ကြသည်။ ၀မ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် ငြိမ်သက်စွာ လျှောက်ကြသည်။ မြို့တော်ခန်းမ ရောက်တော့ ကလေးတွေက ကျွန်မနှင့် အတူ ပလက်ဖောင်း ပေါ်တွင် ထိုင်ကြသည်။ သူတို့အဖေ ၏ ဂုဏ်သတင်းများကို နားထောင်ပြီး သူတို့ ကျေနပ်နေကြ သည်။

ဧပြီလ ၉ ရက်နေ့တွင် အက်ဘင်နီဇာ ဘုရားကျောင်းတွင် အသုဘ အခမ်းအနားကျင်းပသည်။ သူ ငယ်ငယ်က နှစ်ခြင်းမင်္ဂလာပြုခဲ့သည့် ကျောင်းသူကို ခရစ်ယာန်ကောင်း တစ်ယောက်ဖြစ်အောင် သူတော်စင် တစ်ယောက်ဖြစ်အောင် ပုံသွင်းပေးခဲ့သည့်ကျောင်း။ မာတင် အကြိုက်ဆုံး ဓမ္မတေးများကို သီဆိုကြဖို့ ကျွန်မ တို့ ရွေးလိုက်ကြသည်။

"Why I survey the Wondrous Cross"
" In Christ, There is no East nor West."
ပြီးတော့ သူ့အစွဲဆုံး Softy & Tenderly"
ပြီးတော့ သူ့ဘ၀နှင့် ဟတ်မိသည့်
Where He leads me I will follow

နောက်ဆုံးတွင် သူ့အသံသွင်းထားသည့် ဓမ္မတေးများ။ သူ့ကိုယ်ပိုင် အသံကို သူ့ အသုဘတွင် ကြားရသည့်အခါ လူတိုင်း မျက်ရည် မဆည်နိုင်ကြတော့ပေ။
" ကျွန်တော် နေ့တစ်နေ့အကြောင်း ပြောချင်ပါတယ်။ အဲဒီနေ့ဟာ "မာတင်" လူသာကင်းဟာ အသက်ကို ပဓာန မထားဘဲ အများအတွက် အလုပ်အကျွေးပြုနေတဲ့လူ … မာတင်လူသာကင်းဟာ လူတိုင်းကို ချစ်ဖို့ ကြိုးစားနေတဲ့လူ" လို့ ပြောမယ့် သူတစ်ယောက်ယောက် ပေါ်လာမယ့်နေ့ပါပဲ"
နေရောင်အောက် သို့ ကျွန်မတို့ ထွက်လာသည့်အခါတွင် ထောင်သောင်းမကသော အသုဘရှုလာသူ လူအုပ်ကြီး ကို တွေ့ရသည်။ မာတင်၏ ခေါင်းတလားကို လယ်တောတစ်ခုမှ မြည်းတစ်ကောင်ဆွဲလှည်းအိုကလေးပေါ် တင်ပြီး၊ အက်ဘင်နိဇာမှ မိုးဟောက်စ်သို့ ယူလာခဲ့ကြ သည်။ လူတစ်သောင်းခွဲ လိုက်ပို့ကြသည်။ မာတင် ၏ နောက်ဆုံး ခရီးရှည်ကြီးဖြစ်လေသည်။
တက္ကသိုလ် ပရိဝုဏ်ထဲမှ မြက်ခင်းစိမ်းစိမ်းတွင် မြည်းလှည်းပေါ်မှ ခေါင်းကို ချလိုက်ကြသည်။ ရော့ဖ်က အသုဘ အခမ်းအနား ကို အလှဆုံးအကောင်းဆုံးဖြစ်အောင် စီစဉ်ထားသည်။ မဟာလိယာ ဂျက်ဆင်က Precious Lord Take My Hand ကိုသီဆိုသည်။

အသင်းတော် ဥက္ကဋ္ဌမေးစ်က မာတင်အတွက် "အမွှမ်း"ရွတ်သည်။
" ဘုရားသခင်သည် မာတင်လူသာကင်းအား ခေါ်တော်မူ၍ "သားတော်မာတင်၊ စစ်နဲ့ ငြိမ်းချမ်းရေး၊ လူမှုရေးတရားမျှတမှု အသားရောင် ခွဲခြားဆက်ဆံရေး၊ ဆင်းရဲသူ ဆင်းရဲသားအား မေတ္တာထားရေး၊ ရက်စက်ကြမ်းကြုတ်သော စစ်ပွဲများဆန့်ကျင်ရေးနှင့် အကြမ်းမဖက်ရေး တရားများကို အမေရိကန် နိုင်ငံသို့ သင် ဟောကြားရမည်" ဟု မိန့်မြွတ်တော်မူသည်။
ခေါင်းတလား ကို မြေမချမီ၊ ရော့ဖ်ကလည်း ချီးမွမ်းနှုတ်ဆက်စကားပြောသေးသည်။ သိပ်မရှည် သော်လည်း ထိထိ ခိုက်ခိုက် ခံစားကြရသည်။
အိမ်ရောက် လို့ ကလေးများအားလုံး အိပ်သွားချိန်တွင် မာတီက ကျွန်မနှင့် စကားပြောဦးမည်ဆို သည်။ အိပ်ရာပေါ် တွင် သားအမိနှစ်ယောက်ထိုင်မိသည်နှင့် သူ့အဖေအကြောင်းတွေ မေးလေတော့သည်။
" မေမေ ကျွန်တော့်မှာ အဖေ မရှိတော့ဘူးဟုတ်လား၊ သိပ်ဒေါသဖြစ်ဖို့ကောင်းတာပဲ "

" သြ … သားရယ်၊ သား ဘယ်လို ခံစားနေရတယ်ဆိုတာ မေမေ သိပါတယ်ကွယ်၊ ဒါပေမဲ့ သား ဖေဖေ ဘယ်တော့ မှ မသေဘူး သိလား၊ မေမေတို့ စဉ်းစားရမှာက သူ မရှိတော့တဲ့ နောက်မျာတောင်မှ လူတွေ ဘယ်လောက် သူ့ကို ချစ်ကြတယ်၊ လေးစားကြတယ်ဆိုတာပဲ။ သူဟာ သူများတကာတွေအတွက် အသက်ရှင်ခဲ့ တယ်။ အများတကာအတွက် အသက်ပေးခဲ့တယ်။ အဲဒါ ကြောင့် လူတွေက သူဖောက်ခဲ့တဲ့ လမ်းပေါ်မှာ ဆက်လျှောက်ကြလိမ့်မယ်။ သူ့အိပ်မက်တွေကို အကောင်အထည်ဖော်ကြလိမ့်မယ် "
ပြီးတော့ ကျွန်မ ကြားထားသည့် မင်္ဂလာသတင်းကို သားကလေးအားပြောပြရသည်။
" မာလွန်ဘရန်ဒိုက သူ့ ၀င်ငွေဆယ်ပုံတစ်ပုံ ကို ဖေဖေတို့ အဖွဲ့သားတွေကို လှူမယ်တဲ့ သားရဲ့၊ တခြား လူတွေကို လည်း သူ့လို လုပ်ဖို့ တိုက်တွန်းမယ်တဲ့ "
သည်တော့မှ မာတီ အားတက်သရော ပြန်ပြောသည်။

" ဒါကောင်းတာပေါ့ မေမေ၊ သားတို့ ကျောင်းအုပ်ဆရာမကြီး မစ္စက်ဒေါက်ကလပ်စ်လည်း ခုသဘောပေါက် သွားပုံရတယ်။ အရင်တုန်းက သိပ်များများ မသိဘူး၊ ခုတော့ နားလည်သွားပြီတဲ့ မေမေ "
မာတီကလေး သည် ပြောနေရင်း သူ့ဆုံးရှုံးမှုကြီးကို ခဏမေ့သွားပုံရသည်။ သူ့အဖေကြောင်းများ။ သူ့အဖေသည် လူ့ဘ၀ တစ်ခုလုံး ကောင်းကျိုးအတွက် ရောက်ရာဘ၀မျ ဆုံးခန်းတိုင်အောင် ဆက်လုပ်နေမှာဖြစ်ကြောင်းများကို ကျွန်မ ပြောပြနေမိသည်။ အတန်ကြာမှ သူ အိပ်ပျော်သွားသည်။
မာတီ့ အဖေသည်လည်း မြေအောက်တွင် လဲလျောင်းကာ အိပ်စက်နားနေပါလေပြီ။
ဝါရှင်တန်တွင် သူပြောခဲ့သည့် မိန့်ခွန်းထဲမှ သူ့စကားလုံးများကို ကား အုတ်ဂူပေါ်တွင် အထင်းသား။

" နောက်ဆုံးမှာ လွတ်လပ်ခဲ့ပြီ။ လွတ်လပ်ခဲ့ပြီ။
    အို … အဖဘုရားသခင်
    နောက်ဆုံးတွင်
    ကျွန်တော်မျိုးလွတ်လပ်ခဲ့ပါလေပြီ"

တင်မောင်မြင့်
၂-၂-၂၀၁၀
.
>>>ဆက်ဖတ်ရန်>>> >>

Tuesday, June 19, 2012

တင်မောင်မြင့် ဘာသာပြန် မာတင်လူသာကင်း နှင့် ကျွန်မဘဝ, အပိုင်း (၁ဝ)

ထိုနေ့ည လေဆိပ်တွင် လူတွေ ကြိတ်ကြိတ်တိုးနေကြသည်။ လေယာဉ်စောင့်ရင်း အချို့က ဆိုဖာခုံ တွေပေါ်မှာ၊ အချို့က လှေကားထစ်တွေပေါ်မှာ၊ အချို့က ကြမ်းပြင်ပေါ်မှာ။ လူဖြူတွေ လူမည်းတွေ အားလုံး ရယ်ရယ်မောမော ပြောပြောဆိုဆိုနှင့် တင်းမာမှုများ လုံးဝ မရှိတော့ဘဲ သူငယ်ချင်းများ ပမာ၊ ညီရင်း အစ်ကိုများ ပမာ ရင်းနှီးစွာ ပြုံးပျော်နေကြလေသည်။ ကမ္ဘာ ကျဉ်းကျဉ်းလေး ထဲမှ မိသားစုများပမာ ရင်းနှီးစွာ ရယ်မောနေကြလေ သည်။ ကို ဆက်ဖတ်ရန်........

၁၉၆၅ ခုနှစ် သြဂုတ်လ ၆ ရက်နေ့တွင် လူမည်းများ မဲပေးခွင့်ဥပဒေပြဋ္ဌာန်းလိုက်သည်။ ၁၉၆၄ ခုနှစ်က နိုင်ငံသား အခွင့်အရေး ဥပဒေပြဋ္ဌာန်းသည့်အတိုင်းပင်။ အဓိကမှာ လူမည်းများအား အကာအကွယ်ပေးသည့် ဥပဒေ များဖြစ်သည်။
သို့သော် မြောက်ပိုင်း အမေရိကန် နီဂရိုးများအတွက် ဥပဒေသစ်သည် မဖြစ်စလောက်သာ အားကိုးရသည့် ဥပဒေဖြစ်နေ သည်။ သန်းပေါင်းများစွာသော လူမည်းများသည် စင်စစ် လူမှုရေး၊ စီးပွားရေးကဏ္ဍများတွင် ခွဲခြားဆက်ဆံ ခံနေရဆဲပင်။ ဤတွင် မာတင်လူသာကင်းက အမေရိကန် ပြည်ထောင်စု တစ်ဝန်းလုံးတွင် အကြမ်းမဖက်ရေး လက်နက်ကိုင်စွဲ လျက် ဆက်လက် တိုက်ပွဲဝင်ဖို့ SCLC အား အကြံပြု သည်။ ခေါင်းဆောင် အချို့ က သဘောမတူဘဲ ကန့်ကွက်ကြသည်။

သို့သော် အများစုက မာတင် ကို ထောက်ခံကြသည်။ လူမည်းတို့၏ မကျေနပ်သံများ အမြို့မြို့ အနယ်နယ်တွင် ဆူလာ သည်။ မာတင်က အားလုံးကို လိုက်ထိန်းပေးသည်။ ဆူပူချင်သူများအား "ကျွန်တော်တို့ဘက်က ဒီလို ဆူပူနေရင်၊ သူတို့က "လူမည်းတွေဟာ သူတို့ တောင်းဆိုနေတဲ့ နိုင်ငံသားအခွင့်အရေးနဲ့ မတန်ပါဘူး" လို့ ပြောလာလိမ့်မယ်" ဟု သူ့လူတွေကို သတိပေးပြီးထိန်း သည်။ အကြမ်းဖက်ချင်သူများအား ဘာသာရေးနှင့် တရားပြ သည်။ အကျိုးနှင့်အပြစ်ကို တွက်ပြ သည်။ ပြုလုပ်မှုနှင့် အကျိုးသက်ရောက်မှုကို နှိုင်းယှဉ်ပြသည်။ မာတင် သည် စည်းရုံးရာတွင် အဟုတ်တော်သူဖြစ်သည်။ တစ်ဖက်သား နားဝင်အောင် ပြောတတ်သည်။ တစ်ခါတုန်း က လူတစ် ယောက် ကျွန်မကို ပြောဖူးသည်။
" မာတင်လူသာကင်း ဟာ သိပ်ပြည့်ဝတဲ့ လူတစ်ယောက်ဖြစ်တဲ့အတွက် ကမ္ဘာကြီး သိပ် ကံကောင်း သွားတာ၊ သူသာ သူတော်ကောင်းတစ်ယောက် မဟုတ်ရင် ကျွန်တော် တို့ ခေတ်ကြီး ပျက်စီးသွားနိုင် တယ် " သွေးဆူနေသူ အချို့ကတော့ သူ့ကို "ဦးလေးတွမ်" ဟုခေါ်ကြသည်။

မာတင်က သူတို့ အုပ်စုနှင့် လူမည်းအမျိုးသားရေး ၀ိဒီတို့ကို အုပ်စုနှစ်စုခွဲထားလိုက်သည်။ အကြမ်း ဖက်ဝါဒကို ကိုင်စွဲချင်သူများအား ရွေးချယ်ပြီး ၀ိုင်းပယ်ထားလိုက်သည်။ အချို့က တွေဝေနေကြ သည်။ အများစုမှာ ဘာလုပ်ရ မှန်း မသိဘဲ ရိုးသားစွာဖြင့် စိတ်ရှုပ်နေကြသည်။ သည်လူတွေနှင့် မာတင်က စိတ်ရှည်လက်ရှည် စကားတွေ ပြောသည်။ အချိန်ကြာမြင့်စွာ ဆွေးနွေးသည်။ အကြမ်းမဖက်သည့် နည်းဖြင့် တိုက်ပွဲ၏ ပုံသဏ္ဍာန်ကို သူတို့ သဘောပေါက်လာသည်အထိ ရှင်းပြ သည်။ ဤသို့ဖြင့် သူတို့သည် ရဲရင့်စွာ တိုက်ပွဲဝင်မည်။ အကျိုးသက်ရောက်မှု ကို ခံယူမည်။ သို့သော် အကြမ်းကား မဖက်ဟူသည့် မူနောက်သို့ပါလာကြသည်။

မတ်လထဲတွင် မစ္စစ္စပီသို့ မာတင် ခရီးထွက်ခဲ့ရသည်။ ဂျိမ်းစ်ပီယာ၊ ဒစ်သ်သေနတ်ပစ်ခံရပြီးဆေးရုံ တင်ထား ရသည်။ မခံမရပ်နိုင်ဖြစ်နေသော ခေါင်းဆောင် ကာမိုက်ကယ်ကို ထိန်းဖို့ဖြစ်သည်။ ကာမိုက်ကယ်က "လူမည်းအာဏာ" တည်ဆောက်ရမည်ဟု အသံကုန် ဟစ်ကာ ကြွေးကြော်နေ လေပြီ။ အပြင်းအထန်ငြင်းခုံ ဆွေးနွေးကြပြီးနောက် " လူမည်းအာဏာ"ဆိုသည့် စကားလုံးကို မာတင်က ဆန့်ကျင်၍ "လူမည်း တို့၏ တန်းတူအခွင့်အရေး" ဟူသည့် စကားလုံးကို သုံးသည်။ သို့သော် ဒေါသဖြစ်နေသည့် လူငယ် များက "လူမည်းအာဏာ"ကိုသာ တောင်းဆိုနေကြသည်။ နောက်ဆုံးတွင် လူငယ်များကို ဇွတ်အတင်း သူ့ဘက် ပါလာအောင် မာတင် စည်းရုံးနိုင်ခဲ့သည်။

နောက်ပိုင်းတွင် မာတင် ခရီးတွေ ပိုထွက်လာရသည်။ ရံခါတွင် ကလေးတွေပါ ခေါ်သွားတတ် သည်။ မာတီက အဖေနှင့် ခရီးထွက်ရတာကို ဂုဏ်ယူမဆုံးဖြစ်နေသည်။ အဖေနှင့်အတူ ကားစီး သွားစဉ်၊ ရဲတွေ လမ်းရှင်းပေး တာမြင်လျှင် သူ သဘောကျသည်။ သူသည် လူထူး လူဆန်းကလေး တစ်ယောက်လိုဖြစ်နေသည်။ လူမည်းကလေး တိုင်း ရဲကို ရန်သူလို သဘောထားနေကြသည့် အချိန်တွင် သူက ရဲတွေကို ခင်သည်။ တစ်နေ့၊ သူ့အဖေ ကို ကြိုဖို့ လေဆိပ်သို့ သူနှင့်ကျွန်မ ရောက် သွားသည်။ ရဲတစ်ယောက်ဆီသွားပြီး စကားတွေပြော၊ မေးခွန်းတွေမေး လုပ်နေတော့သည်။ တစ်ခါ တွင်လည်း ရဲတစ်ယောက်၏ ခါးမှ ပစ္စတိုကို သွားကိုင်ကြည့်သဖြင့် ကျွန်မငေါက် ရသေးသည်။ တော်ပါသေးရဲ့။ ထိုရဲ့ သူ့ကို သဘောကျနေလို့။ မာတီ မကြောက်တတ်ခြင်း အတွက်တော့ ကျွန်မတို့ သဘောကျနေပါသည်။

ချီကာဂိုတွင် ပြဿနာတွေ ရှုပ်နေသည်။ နီဂရိုးရပ်ကွက်ဆိုပြီး သီးခြားခွဲထားသည့်အတွက် တင်းမာမှုတွေ များ လာနေသည်။ ၁၉၆၆ ခုနှစ်၊ ဇန်န၀ါရီလတွင် ဇာတ်လမ်းစသည်။ သည်ရပ်ကွက် တွင် အခန်းတစ်ခန်းငှားပြီး အသွေးတူ အရောင်တူ များနှင့်အတူ နေကြည့်ဖို့ မာတင်ဆုံးဖြတ်လိုက် သည်။ ကျွန်မဘ၀တွင် သည်လို အခန်းမျိုး တစ်သက်နှင့် တစ်ကိုယ် မတွေ့ဖူးခဲ့ပါ။ အဆောက်အအုံ က ဆေးရောင် လုံးဝ မရှိတော့။ သုံးထပ်တိုက် လှေကားမှာ ခနိုးခနဲနှင့် နင်းရမှာကြောက်စရာ ကောင်းလှသည်။ ကြောင်လိမ်လှေကားသာသာ ထိုလှေကား ၏ အပေါ်ဆုံးတစ်နေရာတွင် မီးလုံး မှိန်မှိန်ကလေး တစ်လုံးသာရှိသည်။ တစ်အိမ်လုံးကို လွှမ်းမိုး ထားသည်က သေးနံ့။ မူးမူးရူးရူးနှင့် ပြန်လကြပြီဆိုလျှင် ဘယ်သူမှ အိမ်သာသို့ အရောက် မသွားနိုင်ဘဲ လှေကားနံဘေး တွင်သာ အန္တရာယ်ကို လွယ်မထားဘဲ လွယ်လွယ်ကူကူစွန့်ကြသည်။

ကျွန်မတို့ ငှားသည့် အခန်းကိုသွားတော့ အလင်းရောင် သိပ်မရှိ။ ကိုယ့်အခန်းကိုယ် စမ်းတ၀ါးဝါး မနည်း ရှာသွားရသည်။ တိုက်ပိုင်ရှင်က တိုက်ခန်းငှားသူမှာ မာတင်လူသာကင်းဖြစ်ကြောင်း ကြားတော့၊ ကျွန်မတို့ အခန်း ကိုတော့ ဆေးတွေဘာတွေ သုတ်ထားပေးသည်။ သည်အကြောင်း လူတွေ ကြားတွေ ၀ိုင်းရယ်ကြ သည်တဲ့။

အိမ်ကြီးမှာ မီးရထားလမ်း နံဘေးတွင် ရှိသည်။ အခန်းထဲတွင် ရှေးရှေးတုန်းက ဓာတ်ငွေ့ မီးဖိုနှင့် ရေခဲသေတ္တာပေါ်ခါ စက ရေခဲသေတ္တာတစ်လုံးရှိသည်။ မီးဖိုကတော့သုံးလို့ရပါသည်။ ရေခဲသေတ္တာက လုံးဝ မအေးပါ။ မီးဖိုခန်း ကိုသွားလျှင် အိပ်ခန်းကို ဖြတ်သွားရသည်။ အခန်းထဲတွင် အနွေးဓာတ်ပေး ထားပါသည်။ သို့သော် သတိထားကြည့် မှ ငွေ့ငွေ့ကလေး လာနေသော အနွေး ဓာတ်မျိုးဖြစ်ပါသည်။ သည်လို အထူး ဂရုတစိုက်ပြင်ဆင်ပေးထားသော်လည်း သက်ညှာသောအားဖြင့် ကျွန်မတို့ကို တစ်လ ဒေါ်လာကိုးဆယ် သာယူပါသည်။ ဘာ ပရိဘောဂ မှ မပါပါ။
" လွတ်လပ်သော တနင်္ဂနွေ"*နေ့မှာ ၁၉၆၆ ခုနှစ်တွင် ဇူလိုင်လ ၁၁ ရက်နေ့တွင် ကျရောက်သည်။ ထိုနေ့တွင် ကလေးတွေ ကို ကျွန်မတို့အော်ဟစ် ထောက်ခံကြသည်။ မာတင် စကားပြောပြီးတော့ မဟာလီယာဂျက်ဆင်က တီးဝိုင်းနှင့်သီချင်း ဆိုသည်။

* Freedom Sunday

တောင်းဆိုချက်များကို တရားဝင် ပေးရန် မြို့တော်ခန်းမကို သွားကြတော့ လူအုပ်ကြီးထဲတွင် ကျွန်မ ကလေးအကြီး သုံးယောက်ပါလာသည်။ ကျွန်မက တစ်ခုခုဖြစ်မှာ စိုးရိမ်နေသည်။ ဘားနဒ်လီးက ဘန်နီကလေး ကို ပခုံးပေါ် ထမ်းပြီး လျှောက်သည်။ မြို့တော်ခန်းမရောက်တော့ မာတင်က သူ၏ တောင်းဆိုချက်များကို ပိတ် ထားသော တံခါးမကြီးတွင် ကပ်လိုက်သည်။
မြို့တော်ဝန် ဒါလေနှင့် တာဝန်ရှိသူများက လူအုပ်ကြီးကို စည်းကမ်းတကျ ယဉ်ယဉ်ကျေးကျေး ထိန်းပေးသည်။ မျက်နှာချင်းဆိုင် ဆွေးနွေးဖို့တော့ မြို့တော်ဝန်က ငြင်းဆိုသည်။ ဤတွင် မကျေနပ်သံတွေ ပွက်လောညံ သွားသည်။ နောက်ဆုံးကျမှ ဘုရားကျောင်းတစ်ခုတွင် တနင်္လာနေ့ ဆုံဖို့သဘောတူညီမှုရသည်။

ထိုနေ့တွင် အစည်းအဝေး လုပ်မည့် ဘုရားကျောင်းသို့ ကျွန်မတို့ကားနှင့် မောင်းသွားကြရာ လူတစ်စုက လမ်းဘေးဝဲယာ မှ ပြေးလိုက်လာကြသည်။ လူငယ်တွေ အများစုဖြစ်သည်။ အချင်းချင်း ရန်ဖြစ်ရာမှ ရုတ်ရုတ်သဲသဲဖြစ်ကုန်သည်ကို ရဲက ထိန်းသည့်အခါ ဆူဆူညံညံတွေဖြစ်လာတော့သည်။ အမှိုက်စ ပြာသာဒ် မီးလောင်မည် စိုး၍ ကျွန်မနှင့် မာတင် ကားပေါ်မှ ဆင်းပြီး ထိန်းလိုက်ရသည်။
အခြေအနေ မှာ ယာယီအားဖြင့်အေးဆေးသွားသော်လည်း ပြန်ဖြစ်လာမည်စိုး၍ မဟာလီယာ ဂျက်ဆင့် အိမ်တွင် ကျွန်မနှင့် မာတင် အိပ်လိုက်ကြသည်။ ကံကောင်းထောက်မစွာဖြင့် ကလေးတွေကို ရင်းနှီးသည့် မိတ်ဆွေ တစ်ယောက် အိမ်မှာ ပို့ထားချိန်ဖြစ်သည်။

ဖွဲ့ပြီးခါစ YMCA တွင် နောက်တစ်နေ့ ကျွန်မ စကားပြောရသည်။ ညကလည်း ကောင်းကောင်း မအိပ်ရသဖြင့် ကျွန်မ စိတ်ဓာတ်တွေ ကျနေသည်။ ကျွန်မ ပြောရမည့်အကြောင်းအရာက စည်းလုံး ညီညွတ်ရေး၊ သို့သော် မနေ့က အဖြစ်အပျက်ကြောင့် ကျွန်မတို့ လူတွေအားလုံး စိတ်မသက်မသာဖြစ်နေကြသည်။
သို့သော် မြို့တော်ဝန် ဒါလေဆီသို့ မာတင့် တောင်းဆိုချက်များကို ထောက်ခံကြောင်း သံကြိုးစာကို အမျိုးသမီး တစ်ရာ လက်မှတ်ထိုးပြီး ပို့လိုက်နိုင်သည်။ YMCA၏ လူဖြူဒါရိုက်တာက အဖွဲ့ကို အမြဲ တမ်းအဖွဲ့အစည်း တစ်ခုဖြစ်အောင် လုပ်ဖို့၊ အင်အား တောင့်တင်းအောင် လုပ်ဖို့ အကြံပြုသည်။ ထိုနေ့တွင်ပင် အသင်းဝင် တစ်ထောင်ကျော် ဖြစ်လာခဲ့သည်။

နောက်တစ်နေ့တွင် ကလေးတွေကို ကျွန်မတို့ အခန်းသို့ ပြန်ခေါ်လာခဲ့သည်။ ထိုနေ့တွင် အခြား YMCA တစ်ခု အတွက် ကျွန်မ စကားပြောနေသည်။ ကလေးထိန်းမရှိ၍ ကလေးတွေကို ကျွန်မခေါ် သွားရမည်။ အ၀တ်အစား လဲနေစဉ် လမ်းပေါ်မှ မှန်ကွဲသံတွေ ကြားလိုက်ရသည်။ ကလေးတွေက ပြတင်းပေါက်ဆီပြေးပြီး လမ်းပေါ်သို့ ငုံ့ကြည့်ကြသည်။ လူမည်းချာတိတ်တစ်သိုက် စတိုးဆိုင် တစ်ဆိုင်၏ မှန်ကို ရိုက်ခွဲပြီး "လူမည်းအာဏာ" ကွ ဟု အော်ဟစ် ထွက်ပြေးသွားကြသည်။ ဆူညံ လှုပ်ရှားမှုတွေ ကျွန်မတို့ ရပ်ကွက်ဆီအထိ ကူးစက် လာခဲ့လေသည်။
YMCA က လူတွေ ကျွန်မတို့ကို လာခေါ်ကြသည်။ ကျွန်မ စကားပြောနေတုန်း မာတင့်ဆီမှ ဖုန်းဝင် လာသည်။ ကျွန်မ တို့ နေသည့် ရပ်ကွက်တွင် အခြေအနေ မကောင်းကြောင်း သူ အိမ်ပြန်ရောက်နေပြီဖြစ်ကြောင်း များပြောသည်။ ကျွန်မက စကားပြောပြီးပြီးချင်း ကလေးတွေနှင့် အတူ အိမ်ပြန်လာခဲ့မည့် အကြောင်း ပြော လိုက်သည်။

နောက်ပိုင်း နှလုံးတုန် ရင်ခုန်စရာတွေ ဆက်တိုက် ဖြစ်လာသည်။ ကျွန်မတို့ ဘက်မှ တစ်ဖက်စွန်း သမားတွေ၊ လူငယ်တွေ ဆူနေကြပြီ။ ငါးလမ်းဘက်ကို ဆက်မောင်းသွားစဉ် သေနတ်သံတွေ ကြားရသည်။ အခန်း ကို ရောက်တော့ ကျွန်မကို စောင့်နေသည့် အင်္ဂလိပ်သတင်းထောက်တစ် ယောက်နှင့် အေပီသတင်းထောက် တစ်ယောက် ကို တွေ့ရသည်။
ကလေးတွေက သေနတ်သံ ဘယ်ဘက်ကလာသည်ကို သိချင်သဖြင့် ပြတင်းပေါက်ဆီ ပြေးသွား ကြသည်။

" ဟဲ့ … ပြတင်းပေါက်နားမသွားနဲ့၊ နင်တို့ ခေါင်းပြတ်သွားချင်လို့လား" ကျွန်မ လှမ်းအော်ပြောလိုက် မိသည်။ အစိုးရိမ်ကြီးပြီး ခေါင်းပြတ် သွားချင်လို့လားဟု ကျွန်မနှုတ်မှ ထွက်သွားခြင်းဖြစ်ပါသည်။
သတင်းထောက်တွေ ကျွန်မနှင့် ထိုင်ပြီး ခဏ စကားပြောကြသည်။ သူတို့နှစ်ယောက် စိတ်လှုပ်ရှားနေကြသည်။ လူဖြူ များဖြစ်၍ သည်ရပ်ကွက်တွင် မဖြစ်သင့်တာတွေ ဖြစ်သွားနိုင်သည် မဟုတ်လား။ သူတို့ ခဏနေပြီး ပြန်သွားကြသည်။ နောက်တစ်နေ့ သတင်းစာတွင် စာလုံးမည်းကြီး များနှင့် သတင်းပါလာတော့ သည်။

" သူ့ကလေးများ၏ အသက်အန္တရာယ်ကို မစ္စက်ကင်း စိုးရိမ်နေ "
လမ်းပေါ် တွင် တစ်ညလုံး ဆက်ဆူနေကြသည်။ အငယ်လေးတွေ အိပ်ကုန်ကြပြီဖြစ်၍ ကျွန်မနှင့် ယိုလင်ဒါ ခပ်လှမ်းလှမ်း မှ စတိုးဆိုင်ကို လှမ်းကြည့်လိုက်သည်။ နီဂရိုး လူရမ်းကားကလေးများ ဆိုင်ထဲကို ၀င်လုနေကြ သည်။ နောက်ဆုံးတွင် ယိုကီကလေး ကို သိပ်ရင်း နှလုံးသွေးပျက်ချင်စရာ ပစ်သံခတ်သံတွေကို နားစွင့်နေမိ သည်။
မာတင် က ခဏ ခဏ ဖုန်းဆက်သည်။ နောက်ဆုံးတစ်ကြိမ်တွင် သူ ရပ်ကွက် ထဲ ပြန်ရောက်နေ ပြီ ဖြစ်ကြောင်းပြော သည်။

" မောင် ဒီရပ်ကွက်ထဲက စားသောက်ဆိုင် တစ်ခုထဲ ရောက်နေပြီး သောင်းကျန်းနေတဲ့ ချာတိတ် တချို့နဲ့ စကားပြောနေ တယ်"
အခြေအနေ ကို ငြိမ်အောင် ထိန်းဖို့ သူ့တွင် တာဝန်ရှိသည်ဟု မာတင်က ထင်နေသည်။ မနက် လေးနာရီထိုးမှ ကျွန်မ အိပ်ပျော် သွားသည်။ သူ ဘယ်ချိန် အိမ်ပြန်ရောက်လာမှန်းမသိတော့။

အခြေအနေတွေ ထိန်းနိုင်သွားချိန်တွင် ကလေးတွေကို ခေါ်ပြီး ကျွန်မတို့ အတ္တလန္တာသို့ ပြန်ခေါ်လာ ခဲ့ကြသည်။ မာတင် က ချီကာဂိုသို့ တစ်ပတ်သုံးလေးရက် ပြန်သွားရသည်။ သီးသန့် နီဂရိုး ရပ်ကွက် လုပ်ထားသည့် စနစ်ကို ပယ်ဖျက်ရန်နှင့် လွတ်လွတ်လပ်လပ် ကြိုက်သည့် နေရာတွင် ၀ယ်ယူနေနိုင်ခွင့်ရရန် သူ ကြိုးပမ်းနေသည်။ လူဖြူတွေ က အပြတ် ကန့်ကွက်ကြ သည်။ သည်လောက် မုန်းတီးမှု့ ပြင်းထန် သည့် မျက်လုံးများကို သူတစ်ခါမှ မမြင်ဖူးကြောင်း မာတင် က ကျွန်မအား ပြောပြသည်။
ပန်းခြံတစ်ခု ထဲတွင် သူ့ကို အုတ်ခဲနှင့် လှမ်းပစ်ရာ သူလဲကျသွားသည်။ သွေးထွက်သံယို တိုက်ခိုက် မှုတွေ မဖြစ်အောင် မာတင်နှင့် ချီကာဂိုလူမည်း ခေါင်းဆောင်များ အကြိမ်ကြိမ် ဆွေးနွေးကြပြီး မြို့တော်ဝန်နှင့် သွားတွေ့ကြသည်။ ပြည်နယ် ဂိုဏ်းချုပ်ဆရာတော်၊ အိမ်ရာမြေကော်မတီဝင်များ၊ စက်မှု လုပ်ငန်းရှင် ခေါင်းဆောင်များကိုပါ ဖိတ်ခေါ်လိုက်သည်။ သြဂုတ်လ ၂၆ ရက်နေ့တွင် လွတ်လပ်စွာ နေထိုင်ခွင့် ရှိကြောင်း ကြေညာချက် ထွက်လာသည်။ သို့သော် သည်အမိန့်ကို သေသေ ချာချာ အကောင် အထည် မဖော်နိုင်ခဲ့ကြပေ။ မည်သို့ရှိစေ ချီကာဂိုတွင် သွေးချောင်းစီး ရန်ပွဲများကို တားဆီးနိုင်ခဲ့သည်။

SCLC က နောက်တစ်ဆင့်တက်ပြီး "၀မ်းတစ်ထွာ" စစ်ဆင်ရေးစသည်။ လူဖြူ စတိုးဆိုင်ကြီးများက လူမည်းများ ဆီမှ မတန်တဆ အမြတ်ယူပြီး လူမည်းများအရေးကျတော့ ဘေးချိတ်ထားသည်။ လူမည်းများအလုပ်အကိုင် ရရှိရေးမှာ မတရား ကန့်သတ်မှုများရှိနေသည်။ တောင်ပိုင်းပြည်နယ် အများအပြားတွင် သည်စစ်ဆင်ရေး စနေသည်မှာကြာပြီ။ ဦးတည်ချက်မှာ စက်မှု လုပ်ငန်းခွင်များ တွင် လူဖြူ လူမည်း အလုပ်သမားဦးရေ အချို့ ကို ဖော်ထုတ်ရန်ဖြစ်သည်။ သူတို့က ကော်မတီများ ဖွဲ့ပြီး လုပ်ငန်းခွင် မန်နေဂျာများ သို့မဟုတ် ပိုင်ရှင်များနှင့် တွေ့ပြီး နီဂရိုး အလုပ်သမားဦးရေ အချိုးကို မေးသည်။ သည်တောင်းဆိုမှုကို မလိုက်လျောလျှင် လူမည်း အလုပ်သမားများ အလုပ် မဆင်းဘဲ နေကြလိမ့်မည်။.
သည်တိုက်ပွဲ တွင် ဒက်ဒီကင်းကို အများကြီး အားကိုးကြရသည်။ လွယ်လွယ်ကူကူ ပြောမရလျှင် စတိုးဆိုင်ကြီး များ၊ အလုပ်ရုံများတွင် " ကဲ … ကောင်းပြီ၊ ဒါဖြင့် နီဂရိုး အလုပ်သမား ဘယ်နှယောက် ရှိတယ်ဆိုတာ ကျုပ်တို့ ၀င်ကြည့်မယ်" ဟု အတင်းတောင်း ဆိုသည်။

နောက်ပြဿနာတစ်ခုမှာ လူမည်းများအနေဖြင့် စီးပွားရေး လုပ်ငန်းတွင် လွတ်လွတ်လပ်လပ် လုပ်ခွင့် မရှိခြင်းဖြစ် သည်။ လုပ်ငန်းမပြနိုင်သဖြင့် ဘဏ်တွင် ငွေချေးဖို့မဖြစ်နိုင်။
ချီကာဂို တွင် သည်ဝမ်းတစ်ထွာ လုပ်ရှားမှုကို ဘုန်းတော်ကြီး ဂျက်စီ ဂျက်ဆင်က ဦးဆောင်သည်။ သူ့ကျေးဇူးကြောင့် လူမည်းတွေ စီးပွားရေးလောကထဲသို့ လှိမ့်ဝင်လာကြသည်။ ထိုသူတို့၏ ဘ၀ သည် နေ့ချင်းညချင်း ပြောင်းလဲသွားတော့သည်။ သူတို့ အစည်းအဝေးပွဲသို့ ကျွန်မ တစ်ခေါက်ရောက် သွားသည်။ သူတို့တစ်တွေ အရမ်း စည်းလုံးနေကြပြီး၊ တစ်သွေးတည်း တစ်သားတည်းလို ဖြစ်နေကြသည်ဟု ကျွန်မ ခံစား ရသည်။ ရှေးဦးခရစ်ယာန်များကို ကျွန်မ ပြေးသတိရလိုက်၏၏

မာတင်၏ စိတ်ဝင်စားမှုသည် ကမ္ဘာငြိမ်းချမ်းရေးဆီသို့ သိသိသာသာကြီး ရောက်သွားလေပြီ။ ဗီယက်နမ် ကျူးကျော်စစ် ကိုသာ အမေရိကန် သွားမတိုက်လျှင် ပြည်တွင်းမှ ဆင်းရဲမွဲတေမှုကို ကောင်းကောင်းကြီး ကုစား နိုင်သည် ဟု မာတင်က ယုံကြည်သွားလေသည်။ နည်းနည်း နောနော ငွေတွေလား။
ငြိမ်းချမ်းရေး ကိစ္စတွင် သွားပါလျှင် ဆင်လက်စ တိုက်ပွဲတွေပျက်စီးသွားလိမ့်မည်ဟု လူမည်း အများစုက ကြိုတင် ဟောကိန်း ထုတ်နေကြသည်။ မာတင်ကတော့ သူတို့လို မယုံကြည်။ နိုင်ငံသား များတန်းတူ အခွင့်အရေးတိုက်ပွဲ တွင် သဘောကွဲ မှုတွေ ပေါ်ကောင်းပေါ်လာလိမ့်မည်။ သို့သော် တိုက်ပွဲပုံသဏ္ဍာန်တော့ ပျက်စီး မသွားနိုင် ဟု မာတင်က ယုံကြည်သည်။

ခေါင်းဆောင် တစ်ယောက်သည် ယုံကြည်မှုနောက်ကို စိုက်လိုက်မတ်တတ်လိုက်ရမည်း။ ဘေးပြောတိုင်း မတွေဝေစေရ ဟု မာတင်က ယုံကြည်ထားသည်။ သည်ကိစ္စနှင့် ပတ်သက်၍ အပြင်းအထက် ငြင်းခုံကြပြီးနောက် ၁၉၆၇ ခုနှစ်တွင် လော့စ်အိန်းဂျဲလိစ် လူထု အစည်းအဝေးပွဲကြီးတွင် "မဟာလူ့အဖွဲ့အစည်းကြီးဟာ ကျွန်တော် တို့ကို ပေးထားတဲ့ ကတိတွေကို ဗီယက်နမ် စစ်မြေပြင်မှာ ပစ်ချပစ်လိုက်ပြီ … ကျွန်တော်တို့ တစ်တွေဟာ ကျွန်တော် တို့ရဲ့ ပြင်းထန်တဲ့ နိုင်ငံသားအ ခွင့်အရေး တောင်းဆိုမှုတွေကို ငြိမ်းချမ်းရေး လှုပ်ရှားမှု နဲ့ ပေါင်းစပ် ပေးရမယ် "ဟူသည့် ရဲရဲတောက် မိန့်ခွန်းကို ပြောခဲ့သည်။ နယူးယောက်မှ ရေးဗားဆိုက် ဘုရားကျောင်း တွင် ထပ်ဖြည့်ပြောသေးသည်။

" ပြည်တွင်းက လူမှုရေး မညီမျှမှုတွေကို မျက်ကွယ်ပြုထားပြီး မရေမတွက်နိုင်တဲ့ ပြည်သူ့ဘဏ္ဍာတွေနဲ့ ကျူးကျော်စစ် ကို သွားတိုက်တဲ့ နိုင်ငံဟာ ဘယ်တော့မှ ဇာတ်သိမ်းကောင်းမှာ မဟုတ်ဘူး"
ပထမတော့ ဒက်ဒီကင်းက မာတင့် ခြေလှမ်းကို မထောက်ခံ။ နောက်မှ " မာတင် လုပ်တာမှားတယ်လို့ ကျုပ် ထင်ခဲ့တယ်။ ဒါပေမဲ့ သူ မှန်တယ်။ သူက ကျုပ်တို့ထက် ရှေ့ပြေးလွန်း နေလို့ ကျုပ်တို့ လိုက်မမီတာ။ တကယ်က သူဟာ တစ်ကမ္ဘာလုံး နဲ့ ဆိုင်နေပြီ။ သူ့ကို ဒီက္ဘာကြီးက ပိုင်နေပြီ "
ရေးဇားဆိုက် ဘုရားကျောင်း မိန့်ခွန်းသည် သတင်းစာ အသီးသီးမှ တစ်ဆင့် တစ်နိုင်ငံလုံး ပွက် လောရိုက်သွားသည်။ ဗီယက်နမ်စစ် ဆန့်ကျင်ရေးဆန္ဒပြပွဲတွေ အမေရိကန် အစိုးရအဖွဲ့အတွင်း ပဏ္ဍိပက္ခတွေ၏ စနက်တံဖြစ်သွားခဲ့လေသည်။ နိုင်ငံသား အခွင့်အရေးတိုက်ပွဲအတွင်းတွင်လည်း မာတင် မျှော်လင့်မထားသည့် တင်းမာမှုမျိုးတွေနှင့် သဘောကွဲကုန်သည်။ NAACP* မှ ရွိုင်းဝီလ် ဆင်က မာတင့်ကို အပြင်းအထန် ဝေဖန်သည်။ ၀ှစ်တ်နေယန်းနှင့် ဂျက်ကီရိုဘင်ဆင် တို့ကလည်း ၀ိုင်းဝေဖန်ကြသည်။ နောက်ဆုံး ရော့ဖ်ဘန့်ခ်ျကပင် မာတင်ကို မထောက်ခံကြောင်း ထုတ်ပြော သည်။ ငြိမ်းချမ်းရေးနှင့် နိုင်ငံသား အခွင့်အရေး တိုက်ပွဲ နှစ်ခုသွားရောလျှင် ပြဿနာတွေ ရှုပ်ထွေး ကုန်လိမ့်မည်ဟု အများစု စိုးရိမ်နေကြသည်။

သို့သော် မာတင်က ဗီယက်နမ်စစ်နှင့် ပတ်သက်၍ ပုပ်ရဟန်းမင်းပေါလ်အား အမေရိကန် လာစဉ် က ပြောသည့်အတိုင်း ပြန်ပြောသည်။
သူ့ကို ၀ိုင်းဝေဖန်သူ များမှာ အများအားဖြင့် လူင်များဖြစ်သည်။ ကျွန်မ ယောက်ျားက သူတို့ကို ပိုင် ပိုင်နိုင်နိုင် ချက်ကျ လက်ကျ ချေပနိုင်ခဲ့သည်။
" ဒီကိစ္စဟာ လောကနီတိနဲ့ ဆိုင်တယ်၊ ကျွန်တော့် မိန်းမကို ငြိမ်းချမ်းရေးနဲ့ ဗီယက်နမ်စစ် ဆန့် ကျင်ရေး လှုပ်ရှားမှုမှာ ပါဖို့ ကျွန်တော် တိုက်တွန်းလာတာကြာပြီ။ ခုတော့ ကျွန်တော် ကိုယ်တိုင် လက်ပိုက် ကြည့်မနေနိုင် တဲ့ အခြေအနေကို ရောက်လာပြီ "
၁၉၆၇ ခုနှစ် တွင် ကြောက်စရာ ကောင်းလောက်အောင် ဆူဆူညံညံတွေဖြစ်လာသည်။ မာတင် ဒါလောက် စိတ်ပင်ပန်းနေ သည်ကို ကျွန်မတစ်ခါမျှ မမြင်ဖူးခဲ့ပါ။ သူ့စိတ်ထဲတွင် လူတွေက သူ့ကို ကြားဝင် ဖျန်ဖြေပေး ဖို့ တောင်းပန်သည့် မျက်လုံးများဖြင့် ၀ိုင်းကြည့်နေသလို သူခံစားနေရသည်တဲ့။
သူ့တွင် ဖြေရှင်းစရာ မရှိပါ။ နီဂရိုးအများစု က မာတင် လူသာကင်း၏ အကြမ်းမဖက်ရေးလမ်းစဉ် ကျဆုံးသွားပြီ ဟု ၀ိုင်းပြောလာကြပြီ။

ဤတွင် အလွန်လှသည့် ဖြေရှင်းနည်း တစ်ခုသွားတွေ့သည်။ မစ္စစ္စပီ လူမည်း လူမွဲများအတွက် ပရဟိတ လုပ်ငန်း လုပ်နေသည့် မာရီယံရိုက် ဒီဒယ်မန်းထံမှ ရသည့် ဖြေရှင်းနည်းဖြစ်သည်။ သူက ၀ါရှင်တန်တွင် အကြာကြီး ရောက်နေ ၍ ဆင်းရဲသားများ ကယ်ဆယ်ရေး စီမံချက်များအကြောင်းသိ သည်။ ဆင်းရဲသားများ ကိုယ်တိုင် ကမူ ဘာမျှ မသိကြ။ မစ္စစ္စပီနှင့် အယ်လဘားမားတွင် သည်လို အစီအစဉ်များနှင့် တစ်ပြိုင်တည်း အကြမ်းမဖက် ဘဲ နိုင်ငံသား အခွင့်အရေး တိုက်ပွဲများ ဆင်နွှဲလျှင် ရာသီဥတုအကိုက်ဖြစ်ကြောင်း အမျိုးသမီးက မာတင် အား အကြံပေးသည်။ အစိုးရ အဖွဲ့အစည်းများနှင့် သူညှိပေးနိုင်ကြောင်း လည်း ပြော သည်။ ပြည်ထောင်စု အစိုးရ အနေဖြင့် ကြို ဆိုမည်ဖြစ်ကြောင်း သမ္မတကိုယ်တိုင် သဘောကျမည့် အကြောင်း များဖြင့် ရှင်းပြ သည်။

မာရီယံနှင့် မာတင်နှင့် ဆွေးနွေးပြီး နောက်ပိုင်းတွင် ကျွန်မယောက်ျားစိတ်ဓာတ်တွေ ပြန်လည် တက်ကြွ လာလေတော့ သည်။ သူသိပ်သဘောကျသွားသည်။ " သိပ်ကောင်းတဲ့ အစီအစဉ်ပဲ" ဟု ကျွန်မ ကို ပြန်ပြောသည်။ သူ ချက်ချင်း တိုက်ပွဲပုံစံဆွဲသည်။ ဆင်းရဲသားများ စုပြီး ၀ါရှင်တန်သို့ သွားကြမည်။ သက်ဆိုင်ရာ အစိုးရ ဌာန အသီးသီးတွင် မိမိတို့၏ အခက်အခဲများကို တင်ပြကြမည်။ လူမည်းများချည်းမဟုတ်၊ လူဖြူများ ပါ ပါဝင်လာလိမ့်မည်။

သည် အစီအစဉ်ကို SCLCက ထောက်ခံသည့် ခေါင်းဆောင်တွေချက်ချင်းလှုပ်ရှားကြသည်။ "ပြည် သူမှပြည်သူသို့" ဆို သည့် ကြွေးကြော်သံဖြင့် စည်းရုံးကြသည်။ မစ္စစ္စပီမှသည် ၀ါရှင်တန်သို့ ခရီး ရှည် ချီတက်ပွဲကြီးဖြစ်အောင် လုပ်မည်။ ဗီယက်နမ်စစ် ဆန့်ကျင်ရေးနှင့် လူမည်းတို့ အခွင့် အရေး ပေါင်းစပ် မိလေတော့သည်။
မာတင် သည် တစ်ဖက်တွင် အက်ဘင်နီဇာ ဘုရားကျောင်း တာဝန်ကလည်း တစ်ဖက် ရှိနေသေး သည်။ ဘာသာရေး အလုပ်ကိုလည်း သူအချိန်ပိုပေးချင်နေသည်။ မိသားစုမှ လွဲလျှင် သူ အချစ်ဆုံး သုံးခုရှိသည်။ အက်ဘာနီဇာ ဘုရားကျောင်း SCLC နှင့် မိုးဟောက်စ်တက္ကသိုလ်တို့ ဖြစ်သည်။

အက်ဘာနီဇာ တွင် အက်ဒီကင်းသည် ဧရာမ လူရိုသေ ရှင်ရိုသေ ပုဂ္ဂိုလ်ကြီးအဖြစ် ရပ်တည်နေဆဲဖြစ်သည်။ တရားဟော စင်မြင့်ခုံမှနေ၍ ဘုရားကျောင်းလာ ပရိသတ်အား မဲပေးခွင့် ရအောင် မှတ်ပုံတင်ကြဖို့နှင့် ဘယ်သူဘယ်ဝါအား မဲပေးရမည်ကိုပါ ညွှန်ပြပေးသည်။ ဘယ်အချိန်တွင် အခွန်ဆောင်ဖို့ အခွန်မရှောင်ဖို့လည်း သူ့ လူတွေ သတိပေးသည်။
" ဒီကလပ်မြို့နယ် မှာ နေတဲ့ မင်းတို့ကောင်တွေ ဇန်န၀ါရီလ ၁၅ ရက်မှာ နောက်ဆုံး ဆောင်ရမှာနော် ကျပ်ကျပ် သတိပေး လိုက်ပါရဲ့ "
သူတို့ အိမ်ဝယ် ဖို့ အလုပ်ရဖို့လည်း သူက တတ်နိုင်သမျှ အကူအညီပေးသည်။ သူတို့တွင် ပြဿနာ တစ်မျိုးမျိုးဖြစ်လျှင် ဘယ်ဌာနနှင့် ဆိုင်သည်။ ဘယ်သူနှင့် ဆိုင်သည်ကို မေးစမ်းပြီး အက်ဒီကင်း ချက်ချင်း သွားရောက် ဖြေရှင်းပေးသည်သာ။ သားက နိုင်ငံနှင့် အ၀န်း လျှောက်သွားပြီး ဧရာမ အရေးကိစ္စကြီး များကို ဆောင်ရွက်နေစဉ် ဒက်ဒီကင်းက တစ်ယောက်ချင်း တစ်ကိုယ်ချင်း၏ ကိစ္စကလေးများ ကို ဖြေရှင်းပေးသည်။ ထို့ကြောင့် သူ့ကို လူချစ်လူခင် ပေါနေခြင်းမှာ ဆန်းသည်ဟု မဆိုသာပေ။

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

Monday, June 18, 2012

တင်မောင်မြင့် ဘာသာပြန် မာတင်လူသာကင်း နှင့် ကျွန်မဘဝ, အပိုင်း (၉)

မာတင် နိဂုံးချုပ်တော့ လူတွေ ကြက်သေသေကာ အော်ဟစ် သြဘာပေးဖို့ မေ့လျက် ငိုင်တွေနေ ကြသည်။ သူတို့ တစ်သက်တာ တွင် သည်မျှ စိတ်လှုပ်ရှားစရာ ကောင်းသည့် မိန့်ခွန်းမျိုးကို တစ်ခါဖူးမျှ ကြားဖူးဟန် မတူ။ သည်လို ရင်တသိမ့်သိမ့်ဖြစ်စေမည့် တရားမျိုးကို ဘယ်မှာမှ နာခဲ့ဖူး ဟန်မတူ။ ကို ဆက်ဖတ်ရန်........

အတန်ကြာမှ ဧရာမ လူထုကြီးက အော်ဟစ် ကောင်းချီးပေးကြသည်။ အချိန်အကြာကြီး လက်ခုပ် သြဘာပေးကြ သည်။ ထုနှင့် ထည်နှင့်ထွက်ပေါ်နေသည့် ကောင်းချီး ပေးသံသည် ဘ၀ဂ်သို့တိုင် တုန်ဟည်း ဆူညံ သွားလေတော့သည်။ ထို တဒင်္ဂတွင် ဘုရားသခင်၏ နယ်မြေသည် ကမ္ဘာမြေကြီး ပေါ်သို့ ဘွားခနဲ ပေါ်လာဘိ သို့ရှိ၏။
လူတစ်စု က မာတင့်ဆီ အတင်းတိုးလာနေသဖြင့် တာဝန်ရှိလူကြီးပိုင်းက သူ့ကို ၀ိုင်းရံထားပေးကြ ရသည်။ လမ်းလျှောက် ချီတက်ပွဲမစမီ မစ္စက် ၀ီလ်ကင်ပြောတာကို ကျွန်မ သွားသတိရသည်။ နေက ပူပြီး ပင်ပန်းနေ သဖြင့် သူက " ယောက်ျားလက်ကိုသာဆွဲမိရင် ကိုယ်တော့ လွှတ်မပေး တော့ဘူး၊ အတင်းဆွဲထားမှာပဲ" ဟု ဆိုသည်။ ကျွန်မလည်း မာတင့်လက်ကို ဆုပ်မိလျှင် သူပြော သလိုပင် လုပ်မိလိမ့်မည် ထင်ပါသည်။

နောက်ဆုံးကျမှ သူ့လက်မောင်း ကို ကျွန်မ ကိုင်ခွင့်ရပါသည်။ စောင့်နေသည့် ကားများဆီသို့ ကျွန်မ တို့ လျှောက် သွားကြသည်။ သမ္မတ ကနေဒီနှင့် ဆက်လက် ဆွေးနွေးဖို့ ကျွန်မတို့ ခေါင်းဆောင်တွေ အိမ်ဖြူတော် သို့ သွားကြမည်ဖြစ်ပါသည်။ မစ္စက်ဝီလ်ကင်နှင့် ကျွန်မတို့ နှစ်ယောက် အသာ လျှိုထွက်ခဲ့ပြီးဟိုတယ်သို့ တက္ကစီ ငှားပြန်ခဲ့ကြသည်။
မာတင် က အိမ်ဖြူတော်ကိစ္စပြီးလျှင် ရုပ်မြင်သံကြား ရိုက်ဖို့ သွားရသေးသည်။ သူ ဟိုတယ် ပြန်ရောက်တော့ ၁၀ နာရီ ထိုးပြီ။ သို့သော် ကျွန်မတို့ နာရီပေါင်းများစွာ စကားဆက်ပြောကြသေး သည်။ သည်နေ့ အကြောင်း ပြန်ပြောကြရင်း ကျွန်မ ဘယ်လောက် ပျော်မိကြောင်း၊ ဘယ်လောက် ဂုဏ်ယူ မိကြောင်းတွေ ပြောပြနေ မိသည်။

တစ်နိုင်ငံလုံး မှ လူဖြူလူမည်းတွေ ရောက်လာပြီး လက်တွဲခဲ့ကြခြင်း မဟုတ်လား။ သည်နေ့ကွဲမှာ တိုင်းပြည် အတွက်ရော လူမျိုးအတွက်ပါ မည်မျှ အရေးကြီးကြောင်း မာတင်ကောင်းကောင်းသိပါသည်။ လုံးဝ အကြမ်း မဖက်သော နည်းဖြင့် လူမည်းတို့၏ တောင်းဆိုမှုကို လူဖြူတွေက ကရုဏာ သက်လာ၊ ထောက်ခံလာခြင်းဖြစ်လေသည်။ မာတင် ပေးချင်သည့် သတင်းသူတို့ဆီသို့ ပထမဦးဆုံးရောက် သွားခြင်း လည်းဖြစ်၏။ ၀ါရှင်တန်မှ ကျွန်မတို့ ပြန်လာကြပြီး နောက်ပိုင်းတွင် အားလုံး ပို၍တက်ကြွနေကြသည်။ အမှန်တရား တစ်မျိုးဆီသို့ ရောက်နေသည့် အလား။ ၀ါရှင်တန် လူထု ချီတက်ပွဲသည် လုံးဝ အောင်မြင်ခဲ့သည် မှာ မှန်သော်လည်း မညီမျှမှုများ၊ ခွဲခြား ဆက်ဆံမှုများမှာ ရှိနေဆဲပင်။ အောင်မြင်မှုနှင့် ကပ်လျက် ရှေ့ဆင့်နောက်ဆင့် ဖြစ်ပေါ်လာသည့် စိတ်မချမ်းမြေ့ဖွယ်ရာများ။
ရက်သတ္တ သုံးပတ်အတွင်း ဘာမင်ဂန် ၁၆ လမ်းမှ နှစ်ခြင်းဘုရားကျောင်း ဗုံးခွဲခံလိုက်ရသည်။ တနင်္ဂနွေ သင်တန်း များ လေ့ကျင့်နေချိန်ဖြစ်၍ အပြစ်မဲ့သည့် ချစ်စရာ မိန်းကလေးလေးယောက် အသက်ဆုံးခဲ့ရသည်။

သည်သတင်းကြောင့် ကျွန်မနှင့် မာတင် ဆောက်တည်ရာမရတုန်လှုပ်ချောက်ချားသွားခဲ့သည်။ အင်း … လူဖြူ ကြီးစိုး သည့် အမေရိကန်တွင် ကျွန်မတို့ တောင်းဆိုသည့် လူမည်း လူဖြူ တန်းတူ အခွင့်အရေးရဖို့အချိန် အများကြီး ယူရဦးမှာပါလား။
မိန်းကလေးတို့၏ မိသားစုများကို နှစ်သိမ့်ရန်နှင့် သူကလေးတို့၏ စွန့်လွှတ်မှုကို ချီးကျူးဂုဏ်ပြုရန် ဘာမင်ဂန်သို့ မာတင် လိုက်သွားသည်။ ကိုယ့်အသက် ကိုယ် အသေခံဖို့ အသင့်ဖြစ်နေသည့် ခေါင်းဆောင်များအနေဖြင့် သည်အလုပ်မျိုး ကို လုပ်ဖို့ လက်မနှေးကြပါ။ သူတို့က အန္တရာယ် ကြိုးတန်းပေါ် လျှောက်နေကြသူများ မဟုတ်လား။ သည်တိုက်ပွဲနှင့် တိုက်ရိုက် မပတ်သက်သူများက ထိထိခိုက်ခိုက် မဖြစ်ကြပါ။ မိသားစုတစ်စုကမူ စုပေါင်း အသုဘကို မပို့ဖြစ် လိုက်သည့်အတွက် ယူကျုံးမရဖြစ်နေသည်။
အသုဘရှင် များကို မာတင် ဖြေသိမ့် စကားပြောရာတွင် မိန်းကလေးများအား "လွတ်လပ်ရေး သာသနာပြု စစ်ပွဲနှင့် လူသား ၏ ဂုဏ်သိက္ခာအတွက် အသက်ပေးသွားကြသည့် အာဇာနည်မယ် ကလေးများ" ဟု ဂုဏ်ပြုမြွက်ကြားသွားသည်။

ပြီးတော့ သူ့ယုံကြည်မှုကိုလည်း ခါတိုင်းကဲ့သို့ပင် တင်စား ပြောသွားသေးသည်။
" ဘုရားသခင်ဟာ အဆိုးထဲက အကောင်းကို ရွေးချယ်တတ်တယ်၊ သမိုင်းကလည်း အတိုင်းအဆမရှိ ဆိုးယုတ်မှုများ ဟာ ဒဏ်ခတ်ခံရကြောင်းကို အကြိမ်ကြိမ် သက်သေပြခဲ့ပြီးဖြစ်ပါ တယ်"

ကြေကွဲမဆုံး ယူကျုံးမရဖြစ်ရတဲ့ အခြားကိစ္စတစ်ခုကတော့ ကျွန်မတို့ချည်း မဟုတ်ပါဘူး၊ တစ်ကမ္ဘာလုံးနှင့်အတူ ကျွန်မတို့ ရင်ကွဲနာ ကျခဲ့ရတာပါ။ ၁၉၆၃ ခုနှစ်၊ နိုဝင်ဘာလ ၂၂ ရက်နေ့တွင် မာတင် အလုပ်ရှုပ်နေသည်။ အပေါ်ထပ် တွင် တီဗွီကို ကျောခိုင်းလျက် သူ့အလုပ် စားပွဲတွင် ထိုင်နေချိန်ဖြစ်၏။ ကျွန်မကို အော်ခေါ်သည်။
" ကိုရီ ကိုရီ၊ သမ္မတ ကနေဒီ သေနတ်ပစ် ခံရလို့တဲ့"
ကျွန်မ ပြေးတက်သွားပြီး သမ္မတ သက်မသေဖို့ လင်မယားနှစ်ယောက် အတူ ဆုတောင်းကြသည်။ တစ်မျိုးသားလုံး အတွက် ဆုံးရှုံးမှုကြီးတစ်ရပ်ဖြစ်လာမှာကို ကျွန်မတို့ အရမ်းစိုးရိမ်နေကြသည်။ ပြီးတော့ ကျွန်မတို့ အတွက် သူက သိပ်အရေးကြီးသည့် နံပါတ်စတ်မိတ်ဆွေမဟုတ်လား။ သူနှင့်မှ ကျွန်မတို့ တိုက်ပွဲတွေ အဆင်ပြေ မည်လေ။ ထိုစဉ်မှာပင် ကြေညာချက် ထွက်လာသည်။ သမ္မတ ကွယ်လွန်သွားရှာပြီတဲ့။ မာတင်ငြိမ်ကျ သွားသည်။ " ဒီအဖြစ်ဆိုးမျိုးနဲ့ မောင်လည်း ရင်ဆိုင်ရနိုင်တယ် မိန်းမရယ်" တဲ့။
ကျွန်မ ဘာပြန်ပြောရမှန်းမသိပါ။

" အိုကွယ်၊ မောင်ကလည်း မဖြစ်နိုင်တာ "
ပြောပြီး သူ့အနား တိုးသွားကာ သူ့လက်ကို တင်းတင်း ဆုပ်ထားလိုက်သည်။
ကျွန်မဘ၀ တွင် တစ်ခါမျှ သည်လောက်စိတ်မထိခိုက်ခဲ့ဖူးပါ။ မာတင် ဓားထိုးခံရစဉ်ကပင် သည်မျှ ကြေကြေကွဲကွဲ မဖြစ်ခဲ့ပါ။ ကျွန်မတို့မိသားစုအတွက် ဂျွန်ကနေဒီ သည် သမ္မတ တစ်ယောက် အဖြစ် သာမဟုတ် ဘဲ မိတ်ဆွေရင်းချာ တစ်ယောက်လို ဖြစ်နေပါသည်။
ကလေးတွေ ကျောင်းဆင်းချိန်တွင် ယိုကီက အပေါ်ထပ် ပြေးတက်လာပြီး အော်ငို ပြောပါလေ တော့သည်။
" မေမေ၊ သမ္မတ ကနေဒီကို သူတို့ ပစ်သတ်လိုက်ကြပြီတဲ့၊ သူက ဘယ်သူ့ကိုမှ ဒုက္ခပေးတဲ့လူ လည်း မဟုတ်ဘဲ နဲ့၊ မေမေ သမီး တို့ တောင်းတဲ့ဟာတွေ ရပါတော့မလားဟင် "

ကျွန်မက သူ့ကို ပွေ့ယူပြီး -
" သမီး ဘယ်လောက် စိတ်ထိခိုက်နေတယ်ဆိုတာ မေမေ သိပါတယ်၊ တကယ့် အဖြစ်ဆိုးကြီးပဲ၊ ဒါပေမဲ့ စိတ်မလျှော့ပါနဲ့ သမီးရယ်၊ ဘုရားသခင် ရှိပါသေးတယ်၊ ကိုယ်တော်အရှင်က မေမေတို့ကို စောင့်ရှောက်မှာပါ၊ ဒါကြောင့် သိပ်အစိုးရိမ် ကြငီးမနေပါနဲ့ သမီးရယ် "
သည်အတိုင်း ယုံပြီး ကျွန်မကိုယ် ကျွန်မလည်း သည်အတိုင်းပင် ပြောနေမိပါသည်။ သမ္မတ ကနေဒီသည် လူသားတိုင်း ကို ညီရင်း အစ်ကိုတွေလို ချစ်ကြဖို့ ဆန္ဒရှိသူဟု ကျွန်မ ယုံကြည်နေ သည်။ သည်ကြားထဲမှ ဘုရားသခင် က သူ့ကို မကယ်တင်နိုင်ခဲ့ခြင်းအတွက် ကျွန်မ များစွာ စိတ်မချမ်းမသာဖြစ်ရပါသည်။ သို့သော် သူသည် အသက်စွန့်ပြီး အားလုံးအတွက် ပေးဆပ်သွားသူ အဖြစ် ကျွန်မ မြင်လာသည်။ ကျွန်မ အထင်မမှားပါ။ နီဂရိုး လူမျိုးတို့အတွက် သူ တင်သွားသည့် ဥပဒေကြမ်းကို တစ်နေ့တွင် လွှတ်တော်က အတည်ပြု လိုက်သောကြောင့်ဖြစ် ပါ၏။

ကလေးတွေနှင့် အတူ ကျန်ခဲ့သည့် ဂျက်ကလင်း ကနေဒီ သည် အလွန် သတ္တိကောင်းသည့် အမျိုး သမီးဖြစ် သည်။ အသုဘ အခမ်းအနား ကို တီဗွီတွင် ကြည့်ရင်း ကျွန်မ ကိုယ်တိုင် သူ့နေရာ ရောက် သွားသလို ခံစားနေရ မိသည်။ အလွန် ရဲရင့်ပြတ်သားပြီး အလွန် ကရုဏာတရား ကြီးမားသော ထိုလူငယ် အတွက် ကျွန်မတို့ လင်မယား ဖြေမပြေနိုင်အောင် ယူကျုံးမရဖြစ်နေကြရပါသည်။
အသုဘ ကိစ္စ၀ိစ္စများ ပြီးသည်အထိ ပြည်သူတွေ သမ္မတအတွက် ပူဆွေးသောက ရောက်နေကြဆဲ ဖြစ်သည်။ တစ်နေ့ တွင် မာတီကလေး က သူ့အဖေ ကို မေးသည်။
" ဖေဖေ၊ သမ္မတ ကနေဒီက ဖေဖေ့အချစ်ဆုံး သူငယ်ချင်းလားဟင် "တဲ့။
တစ်နည်း အားဖြင့် ဟုတ်ပါသည်။

၁၉၆၄ ခုနှစ်သည် အမေရိကန် ပြည်သူတို့၏ နိုင်ငံသား အခွင့်အရေးဥပဒေကြမ်းကိစ္စနှင့် ပတ်သက်၍ လှုပ်လှုပ် ရှားရှား အဖြစ်ဆုံးနှစ်ဖြစ်ပါသည်။ အဆိုပါ ဥပဒေကြမ်းသည် အထက်လွှတ် တော်တွင် ဟူးဘတ်ဟမ်ဖရေရှေ့ တွင် ရောက်နေပြီး အိမ်ဖြူတော်တွင် လင်ဒန်ဂျွန်ဆင့် ရှေ့သို့ ရောက်နေပြီ။ သမ္မတ ဂျွန်ဆင်က လက်မှတ်ထိုးဖို့ မာတင် ကို အိမ်ဖြူတော်သို့ ဖိတ်သည်။ သူတို့နှစ် ယောက် နောင်တွင် အကြိမ်များစွာ ဆုံဖြစ်ကြသော်လည်း ထိုတစ်ကြိမ် မှာ ပထမဆုံးးအကြိမ်ဖြစ် သည်။
ထိုအချိန် မှ စ၍ မာတင်က သမ္မတသစ်ကို စိတ်ချ ယုံကြည်သွားသည်။ သူသည် အသားရောင် ခွဲခြားမှုနှင့် ပတ်သက် ၍ ကျွန်မတို့ဘက်မှာရှိကြောင်း ကျွန်မတို့ လင်မယားစိတ်ချသွားသည်။
ထိုနှစ်နွေ တွင် ဂျာမနီသို့ မာတင်သွားရသည်။ အနောက် ဘာလင်ဘုရားကျောင်းများတွင်ကော အရှေ့ဘာလင် ကျောင်းများတွင်ပါ တရားဓမ္မချီးမြှင့်ရသည်။ ထိုနောက် ဆဋ္ဌမမြောက် ပုပ်ရဟန်း မင်းပေါလ်နှင့်တွေ့ ဖို့ ရောမ သို့ ခရီးဆက်ရသည်။

မာတင်သည် ဘယ်သံဖြင့် သီချင်းဆိုတတ်သူဖြစ်သည်။ ကျွန်မတို့အိမ်တွင်လည်း မိသားစုတွေ သီချင်း စု ဆိုလေ့ရှိသည်။ အထူးသဖြင့် ခရစ်စမတ် အခါသမယတွင် ဖြစ်သည်။ ကျွန်မပြောခဲ့ဖူးသလို မာတင်သည် သူငယ်ချင်းများနှင့် စုကာ လွတ်လပ်ရေး သီချင်းများကို ငါးယောက်တွဲဆိုဖို့ အလွန် ၀ါသနာပါသူဖြစ်သည်။
သို့သော် ပရိသတ်ရှေ့တွင် တစ်ယောက်တည်း ဆိုဖို့ကျတော့ သူရှက်နေသည်။ ဧရာမ ပရိသတ် ရှေ့တွင် သီချင်းဆို ဖို့ ဖြစ်လာတော့ ပရိသတ်နှင့်အတူ ဆိုဖို့ သူက တောင်းဆိုသည်။ သီချင်း နာမည်က "အရှင်၏ မျက်လုံးများ က စာကလေး တစ်ကောင်ကို စိုက်ကြည့်နေတယ်"။ ပရိသတ်က အစအဆုံးမရသဖြင့် ဘာမျှ မတတ်နိုင်တော့ ဘဲ သူ တစ်ယောက်တည်း ဆက်ဆိုရတော့သည်။ သူ့ အသံသည် ဇာတ်ရုံထဲတွင် ဟိန်းထွက်နေ သည်။

"ကျွန်တော် သီချင်းဆိုပါတယ်။
ပျော်လွန်းလို့ဆိုတာ ဖြစ်ပါတယ်။
ကိုယ်တော်က စာကလေးတစ်ကောင်ကို စိုက်ကြည့်နေတယ်။
ကျွန်တော့် ကိုလည်း စောင့်ကြည့်နေမယ်ဆိုတာ
ကျွန်တော့် စိတ်ထဲက သိနေတယ်။
… …. ….။"
သီချင်းဆုံးတော့ ပရိသတ်က သြဘာပေးကြသည်။
အိမ်ပြန်ရောက်တော့ မာတင်က သူ့ကိုယ်သူ ဂုဏ်ယူသည့်လေသံဖြင့် ကျွန်မကို ပြောသည်။

" မင်းက မောင် သီချင်းမဆိုတတ်ဘူး ထင်နေတယ်၊ ဒါပေမဲ့ လူတွေက ပြောတယ်၊ မောင် သီချင်းဆိုတတ်တယ် တဲ့ဗျား "
စင်စစ် သူ သီချင်းမဆိုတတ်ဘူး လို့ ကျွန်မ တစ်ခါမျှ မပြောဖူးပါ။ မည်သို့ဖြစ်စေ အရေးကြီးသည်မှာ ဂီတကို သူ ချစ်ဖို့ဖြစ် ပါသည်။
ထိုနှစ်မှစ၍ ရံပုံငွေ ရှာဖို့ တေးသရုပ်ဖော် ကဇာတ်တွေ ကျွန်မတို့ တင်ဆက်ကြသည်။ SCLC နှင့် သူ့ လက်အောက်ခံ အဖွဲ့အစည်းများ အတွက် ကျွန်မ ဒေါ်လာ ငါးသောင်း ကို ရံပုံငွေ ရှာပေးနိုင်ခဲ့သည်။
အက်ဘင်နီဇာ ဓမ္မတေးအဖွဲ့နှင့် တွဲ၍ ကျွန်မ ပုံမှန် သီချင်းဆိုပါသည်။ ခရစ်စမတ်နှင့် အီစတာ ပွဲတော်တွင် မာတင် က သူ အကြိုက်ဆုံးတေးဖြစ်သည့် "ယေရှုငယ်ငယ်လူကလေး" သီချင်းကို အမြဲ တောင်းဆိုသည်။

သီချင်းစာသားထဲမှ စကားလုံးတို့၏ အဓိပ္ပာယ်သစ်ကို ကျွန်မပို၍ နားလည်လာသည်။ စကားလုံး များသည် မာတင့် ငယ်ဘ၀ကို လှစ်ဟပြနေဘိသို့ရှိသည်။
ချစ်စရာ ယေရှုငယ်ကလေးကို
နွားစားခွက်ထဲမှာ သူတို့ မွေးပေးခဲ့ကြတယ်။
အို … ချစ်စရာ သူတော်စင်ကလေး
သင့်ကို ကျွန်ုပ်တို့ ဘယ်သူဘယ်ဝါမှန်း မသိခဲ့ဘူးကွယ်။
ကျွန်ုပ်တို့၏ မျက်စိတွေ ကန်းနေခဲ့ကြတယ်။
ဒါကြောင့် မမြင်နိုင်တာပေါ့၊
ဒါကြောင့် အရှင်ကလေး ဘယ်သူဘယ်ဝါမှန်း မသိခဲ့တာပေါ့။

ကမ္ဘာလောကသည် သင့်အား မသိကျိုးကျွန်ပြုခဲ့တယ်၊
အို … ဘုရားသခင်၊ လောကသည် ကျွန်ုပ်အားလည်း
မသိကျိုးကျွန် ရွံရှာစက်ဆုပ်စရာပမာ
ဆက်ဆံလာခဲ့ကြတယ်။
ဤကမ္ဘာမြေပြင်မှာ သည်အတိုင်းဖြစ်နေတာပါ၊
ကျွန်ုပ်တို့သည် အရှင်အား ဘယ်သူဘယ်ဝါမှန်း …

ကျွန်မတို့၏ ကလေးအားလုံးသည်လည်း ဂိတနားရှိကြပါသည်။ ယိုလင်ဒါက စန္ဒရား တီးတတ် သည်။ ကလဲရီနက် မှုတ်တတ်သည်။ ချူ လှုပ်တတ်သည်။ မာတီက ထရမ်းဘုန်း မှုတ်တတ်ပြီး ဒက်စတာက ထရမ်ပက်လေ့ကျင့်နေ သည်။ သူက ပလွေပါ မှုတ်ချင်နေသေးသည်။ ယောက်ျားလေးများသည် အများအားဖြင့် အပြင်းအထန် မလေ့ကျင့်ချင်ကြ။ သို့သော် အဖောက် ညီကြောင်း တွေ့ရသည်။
ကျွန်မ တို့က ကလေးအားလုံး ပုံမှန်အနေအထားတွင် ရှိကြောင်း တွေ့ရသည်။ သိပ် အထိန်းရအသိမ်းရ ခက်သည့် ပုံစံမျိုး ကလေးတွေ မဟုတ်ရှာကြပါ။ ကျွန်မ အစောပိုင်းမှာ ပြောခဲ့ သလိုပဲ အန္တရာယ်များစွာကို သူတို့ ကျော်ဖြတ်ခဲ့ကြပြီးပါပြီ။ အကြီးကလေးတွေကို ပထမတန်းမှစပြီး သာသနာပြုကျောင်းတွင် အပ်ဖို့ ကျွန်မတို့ ကြိုးစား ပါသည်။ ယိုလင်ဒါ ၀င်ခွင့်မရ ခဲ့ပါ။ မာတီလည်း အလားတူ အငြင်းခံရပါသည်။ အကြောင်းမှာ အသားမဖြူသောကြောင့်။

၁၉၆၅ ခုနှစ်ရောက်မှ အတ္တလန္တာကျောင်းများတွင် အဖြူအမည်းခွဲခြားမှုကို ဖျက်သိမ်းလိုက်သည်။ ယောနီတာ အက်ဘာနာသီနှင့် တိုင်ပင်ပြီး အကောင်းဆုံးမူလတန်းကျောင်းဖြစ်သည့် စပရင်းလမ်း ကျောင်း ကို ရွေးလိုက်ပါသည်။
ကျောင်းမဖွင့်မီ တစ်ရက်အလိုတွင် အက်ဘာနာသီ၏ ကလေးသုံးယောက်နှင့်အတူ ယိုလင်ဒါနှင့် မာတီတို့ ၀င်ခွင့် ရကြောင်း သိရသည်။ နောက်တစ်နေ့မနက်တွင် ကလေးတွေ ကျောင်းသွားကြ သည်။ သူတို့ စိတ်လှုပ်ရှားနေသော် လည်း ကြောက်ရွံ့အားငယ်မှုတော့မရှိကြပါ။ သူတို့သည် မာတင် လူသားကင်း၏ ကလေးများ၊ အက်ဘာနာသီ၏ ကလေးများမဟုတ်လား။ ကျောင်းအုပ်ဆရာမကြီး ကိုယ်တိုင်ကလည်း ဂရုတစိုက် လက်ခံသည်။ သည်ကလေးတွေကို စော် ကားမော်ကား လုပ်လျှင် သည်းခံမည်မဟုတ်ကြောင်းလည်း ကျွန်မ တို့ကို ပွင့်ပွင့်လင်းလင်း ပြောပါ သည်။ ပြီးတော့ ကလေး ငါးယောက်ကို တစ်တန်းစီတွင် ခွဲထားပေးသည်။ သူငယ်ချင်း များများရ အောင်ဟု ဆရာမကြီးက ဆိုပါသည်။ ကျွန်မတို့နှင့်ကလေးတွေကတော့ သည်ကိစ္စ သိပ်ဘ၀င် မကျလှပါ။ စိုးရိမ်စိတ်တွေ ၀င်နေသည်။ သို့သော် စမ်းကြည့်ပေးစေပေါ့။ ပထမနေ့တွင် ဘာပြဿနာမှ မရှိဘဲ ချောချောမွေ့မွေ့ပြီးဆုံးသွားသည်။

သည်အချိန်ပိုင်းလောက်တွင် SCLCက လူမည်းတိုင်း မဲဆန္ဒ ပေးပိုင်ခွင့်တိုက်ပွဲကို စလိုက်ခြင်းဖြစ် သည်။ ကျွန်မ တို့ ဂျော်ဂျီယာ ပြည်နယ်တွင် ၁၉၆၃ ခုနျစ်က ကောက်ထားသည့် မဲစာရင်းထက် လူဦးရေ သုံးသောင်း ပိုရလာပြီး၊ ၁၉၆၄ ခုနှစ်ထက် လေးသောင်းပိုရလာသည်။ သို့သော် အယ်လဘားမားတွင် တိုးတက်လာမှုက နည်းလွန်းသည်။ အထူးသဖြင့် တောပိုင်းတွင် ပိုနည်းသည်။
မာတင် သဘောပေါက်ထားသည့် လူမည်း အမျိုးသားရေးဝါဒမှာ ကိုယ့်လူမျိုး ကိုယ် လေးစားရေးပါ သည်။ ယင်းကို ဖော်ထုတ်ချင်သည်။ မက်ကွန်းက ခရစ်ယာန် မဟုတ်သူများကို ဖယ်ထုတ်ချင် သည်။ မာတင်က ညီအစ်ကိုတော်များ အဖြစ် မေတ္တာတရားကို အခြေခံထား၍ အားလုံး လက်တွဲ တိုက်ပွဲဝင်ချင်သည်။

သည်နည်းဖြင့်သာ အနစ်နာခံမှုများ သွေးမြေကျခဲ့မှုများအတွက် တုံ့ပြန်မှု အကျိုးရနိုင်မည်ဟု ယုံကြည် သည်။ နှစ်ဦးနှစ်ဝ ပြေလည်မှု ရကြလိမ့်မည်ဟု ယုံကြည်သည်။ အမေရိကန်သည် ခရစ်ယာန် တိုင်းပြည် ဖြစ်နေခြင်းကြောင့် လူမည်းများအတွက် ပို၍ အခွင့်သာ သည်ဟုယုံကြည်သည်။
မာတင် က နီဂရိုးများသည် အခြား လူမျိုးစုများတွင်ရှိသည့် အရည်အချင်းနှင့် အရေအတွက်သာမက ခွန်အားပါ တန်းတူ ရှိသည့် လူမျိုးဟုလည်း ယုံကြည်သည်။ နိုင်ငံသား အခွင့်အရေးနှင့် လွတ်လပ်ရေးကို ခုချက်ချင်း ရရမည် ယုံကြည်သည်။ သည်လို ယုံကြည်ရာတွင် အကြမ်းမဖက်ရေး တိုက်ပွဲဖြင့် ရရမည်။ ခါးသီးမုန်းတီးမှုတွေ ပါလာ လျှင် ကျွန်တို့၏ ၀ိညာဉ်တွေ ပျက်စီးသွားလိမ့်မည်ဟု သူက ပြောတတ်သည်။

သည်သဘောတရားများကို တစ်နေ့တွင် သူ့လူများအား အပြင်းအထန် တိုက်တွန်းနေသည်ကို ကျွန်မ မှတ်မိနေသည်။ ဟောပြောပွဲ တစ်စုတွင်ဖြစ်၏။ ကျွန်မတို့ သားအမိတွေပါ ပါသွားကြ သည်။ သူက လူအုပ်ကြီး ထဲမှနေ ၍ သား ကို လှမ်းကြည့်ပြီးမေးသည်။
" မာတီ၊ မင်းဘာလိုချင်လဲ " မာတီက ပြန်အော်ပြောသည်။
" လွတ် … လပ် … ရေး … " " မာတီ မင်းဘယ်တော့ လိုချင်တာလဲ "
မာတီ အသံကုန်ဟစ်ပြီး ပြန်ပြောသည်။ " ခုချက်ချင်းလိုချင်တယ် "

သည်လို စိတ်ဓာတ်မျိုး၊ သည်လို ခိုင်မာမှုမျိုးဖြင့် မာတင်သည် သူ့လူတွေ အထိမနာရအောင်၊ သူတို့၏ ၀ိညာဉ်တွေ မပျက်စီး ကြရအောင် တောင်ကြီးကို ဖြိုဖို့ကြံသည်။
သူနှင့် ကျွန်မ သိလို့ သိပ်မကြာခင်မှာပင် ဟာလင်မ်လူထု အစည်းအဝေးပွဲတွင် မက်ကွန်းလုပ်ကြံရ သည်။ ထိုအခါ သူ့အပေါ် ကျွန်မနှင့် မာတင် ပြန်လည် သုံးသပ်ရတော့သည်။ မက်ကွန်းသည် မက္ကာမှ ပြန်လာပြီး ကတည်းက အယ်လီဂျာ မိုဟာမက်နှင့် လမ်းခွဲလိုက်သည်။ သူသည် ပြည်တွင်း လူမျိုးရေး မုန်းတီးမှုမှသည် အပြည်ပြည် ဆိုင်ရာ တိုက်ပွဲများ ဆင်ရမည်ဟူသည့် အယူဝါဒကို ဆွဲ ကိုင်လာသည်။ သူ့ကို မာတင်က လူတော် တစ်ယောက် အဖြစ် အသိအမှတ် ပြုထားခဲ့သည်။ လမ်းလွဲ လိုက်သွားသည့် အတွက် သူ နှမြောမဆုံးဖြစ်နေသည်။

မတ်လ ၅ ရက်နေ့တွင် ၀ါရှင်တန်သို့ မာတင် လေယာဉ်ဖြင့် သွားရသည်။ မာတင်က အယ်လ ဘားမား အခြေအနေကို သမ္မတအား ရှင်းပြပြီး နီဂရိုးလူမျိုးများ မဲပေးပိုင်ခွင့်ဥပဒေကို အမြန် ထုတ်ပြန်ပေးဖို့ တိုက်တွန်းသည်။
ဝါရှင်တန် မှ သူ ပြန်လာပြီး မတ်လ ၇ ရက်နေ့တွင် ဆယ်လ်မာမှ ငါးဆယ့်လေးမိုင်ဝေးသည့် မောင်ဂိုမာရီသို့ လူထု လမ်းလျှောက်ပွဲ လုပ်မည်ဟု မာတင်က ကြေညာလိုက်သည်။ ပြည်နယ် အုပ်ချုပ်ရေးမှူး ၀ါလေ့စ်က တားမြစ်မိန့် ထုတ်လိုက်သည်။ SCLC က သည်ပွဲကို မာတင် မပါဖို့ ဆုံးဖြတ်လိုက်သည်။ ခေါင်းဆောင်များ အဖမ်း မခံနိုင် ၍ အားလုံး သဘောတူစီစဉ်လိုက်ခြင်းဖြစ် သည်။ မာတင်ကလည်း သဘောတူ လိုက် ရပြီး ပြဿနာဖြစ်လိမ့်မည် ဟု မထင်ခဲ့ပေ။

လူဖြူ လူမည်း ငါးရာကျော် လူတန်းကြီးသည် အမှတ် ၈၀ လမ်းမကြီးအတိုင်း စီတန်း လမ်းလျှောက် သွားကြသည်။ ရဲ က မျက်ရည်ယို ဗုံးတွေသုံးပြီး လူစုခွဲသည်။
" လူမည်း နီဂရိုးတွေရော လူဖြူ နီဂရိုး ခွေးသားတွေပါချ" ဟု အော်ပြီး မြင်းတပ်နှင့် အကြမ်းဖက် တော့သည်။
မာတင် ယူကျုံးမရ ဖြစ်ရလေပြီ။
" သည်လို ဖြစ်မယ်မှန်း သိရင် ငါရှေ့က ပါတာပေါ့ကွာ" ဟု တဖွဖွပြောနေတော့သည်။
မာတင်ပါ လျှင် သူ့ကို သတ်လိမ့်မည်ဟူသည့် ကောလာဟလတွေထွက်နေသည်။ နောက်ထပ် ခရီးဆက်ဖို့ သူနှင့် ရော့ဖ် အဘာနာသီပါမည်ဟု မာတင်က ကြေညာလိုက်သည်။

တနင်္လာနေ့တွင် သူတို့ ဆယ်လ်မာသို့ လိုက်သွားကြသည်။ ရှေ့နေချုပ် နီကိုလပ်စ် ကက်ဇန်ဘက်က လိုက်မသွား ဖို့ အကြိမ်ကြိမ် တားသည့်ကြားမှ မာတင် ထွက်သွားခြင်းဖြစ်သည်။
မာတင် အလွန်အမင်း စိတ်မချမ်းမသာ ဖြစ်နေရှာသည်။ သူသည် ပြည်ထောင်စု ဥပဒေကို ဖောက်ဖျက်ဖို့ အမြဲတမ်း ဆန့်ကျင်ခဲ့သူဖြစ်သည်။ သည်တစ်ခါ လူစုထဲတွင် သာသနာရေးပိုင်းက လူတွေပါ ပါလာသည်။ အယ်လ်ဘာနီ အဖြစ်အပျက်ကို မာတင် သတိရနေသည်။

အင်္ဂါနေ့ လမ်းလျှောက်ပွဲတွင် လူထောင့်ငါးရာကျော် ပါလာသည်။ သည်တစ်ခါ လူဖြူက တစ်ဝက် ကျော်သည်။ သူတို့ အထဲတွင် ကက်သလစ် ဘုန်းတော်ကြီးတွေ၊ သီလရှင်တွေပါ ပါသည်။ ပစ်တပ်စ် တံတားတွင် သက်ဆိုင်ရာ တို့က တားသည်။ သူတို့အားလုံး ဒူးထောက်ချလိုက်ပြီး ဘုရား ရှိခိုးကြသည်။ မာတင်က သူ့လူတွေ ထိခိုက် အနာတရ မဖြစ်စေချင်၍ ပြန်လှည့်ဖို့ ဆုံးဖြတ်လိုက် သည်။
သို့သော် လူမည်း မုန်းတီးရေး တစ်ဖက်စွန်းသမာ်း တို့က အခဲမကျေနိုင်ဖြစ်နေဆဲ။

ထိုညတွင် လူဖြူ ဘုန်းတော်ဘကီး ဂျိမ်းစ် ရိဘ်သည် လူမည်းပိုင် ဆယ်လ်မာ စားသောက်ဆိုင်တွင် အခြား ဘုန်းတော်ကြီး နှစ်ပါးနှင့်အတူ ညစာ စားနေကြသည်။ စားပြီးလို့ သူတို့ ထွက်အလာတွင် ကေသုံးလုံး အဖွဲ့ဝင် လေးယောက်တို့က "လူမည်းဘက်တော်သား ငဖြူတွေကို ဆော်ဟေ့" ဟု ကြွေးကြော်ပြီး ၀ိုင်းရိုက် ကြသည်။ ဘုန်းတော်ကြီး ရိဘ်ခေါင်းကွဲပြီး၊ နောက် နှစ်ရက် အကြာတွင် ခရစ်တော်၌ အိပ်ပျော်သွားရှာသည်။
ရဲချုပ် ဘေကာက သူသတ်သမား သုံးယောက်ကို ဖမ်းမိသည်။ တစ်ယောက် လွတ်သွားသည်။ သည် သတင်းကြောင့် တစ်နိုင်ငံလုံး ဆူပွက်သွားလေတော့သည်။
သမ္မတဂျွန်ဆင် က လွှတ်တော်တွင် ပြောသည့် မိန့်ခွန်းကို တစ်နိုင်ငံလုံးသို့ အသံလွှ့င့်ပေးသည်။

" ဆယ်လ်မာ အရေးအခင်းမှာ အမေရိကန် ပြည်ဖွား နီဂရိုး လူမျိုးများက သူတို့ရဲ့ နိုင်ငံသား အခွင့် အရေး၊ သူတို့ ရဲ့ ဘ၀လုံခြုံရေး၊ သူတို့ရဲ့ မဲပေးပိုင်ခွင့်ကို တောင်းဆိုတာသာဖြစ်တယ်။ သူတို့ရဲ့ အရေးဟာ ကျုပ်တို့ရဲ့ အရေးဖြစ်တယ်။ ခုလို တရားမျှတမှုကင်းမဲ့တာမျိုး တစ်ဖက်စွန်း လူမျိုးရေး ခွဲခြားမုန်းတီးတာမျိုးကို ကျုပ်တို့ ချက်ချင်း ရပ်ပစ်ရမယ် … မင်းမဲ့ စရိုက်ကို ၀ိုင်းတိုက်ကြရမယ်"
နာမည်ကျော် သမ္မတ ဂျွန်ဆင်၏ မိန့်ခွန်းကို နားထောင်ရင်း မာတင် ပြောနေကျ အတွေးအမြင်တွေ သမ္မတ ဆီ ရောက်သွားပြီဟု ကျွန်မ ခံစားလိုက်ရသည်။
ဆယ်လ်မာ လမ်းလျှောက်ပွဲများ ဆက်လက် ဆင်နွှဲကြသည်။ လူသတ်သမားနှစ်ဦး ထပ်ဖမ်းမိ သည်။ အကြမ်းဖက် သမား ၃၈၀၀ ဖမ်းလိုက်သည်။ သို့သော် နီဂရိုးများ မဲပေးပိုင်ခွင့်အတွက် လူငါး ဆယ်သာ ထပ်တိုးရသည်။

သည့်နောက်ပိုင်းတွင် အခြေအနေတွေ ပြောင်းလာခဲ့သည်။ ဆယ်လ်မာမှ မောင်ဂိုမာရီအထိ လူထု လမ်းလျှောက်ပွဲ ကို ပြည်ထောင်စု အစိုးရက ခွင့်ပြုလိုက်သည်။ မာတင်က လူများများ ပါအောင် ပြန်စည်းရုံးသည်။ သို့သော် ပြည်နယ် အုပ်ချုပ်ရေးမှူး ဝေါလေ့စ်က  တင်းခံနေသဖြင့် ပြည်နယ် လုံခြုံရေး ဥပဒေကို သမ္မတက လွှမ်းမိုးလိုက်ပြီး ကျွန်မတို့ကို အကာအကွယ်ပေးဖို့ ပြည်ထောင်စု စစ်တပ်ကြီး ပို့ပေးသည်။ အင်အား လေးထောင်ပါသည်။ အမေရိကန် စစ်သားများက ကျွန်မတို့ကို အကာ အကွယ်ပေးကြလိမ့်မည်။

မတ်လ ၂၁ ရက်နေ့၊ တနင်္ဂနွေနေ့တွင် မာတင်က လူငါးထောင်ကို ဦးဆောင်ပြီး ဆယ်လ်မာမှ ထွက်ခွာ လာခဲ့သည်။ ပစ်တပ်စ် တံတားကို ဖြတ်ပြီး ရှစ်မိုင်ခရီးကို ဆက်လျှောက်လာခဲ့ကြသည်။ ပြည်ထောင်စု အစိုးရနှင့် သဘောတူညီမှု ရထားသည့်အတိုင်း ထိုနေရာမှ လူသုံးရာလှည့်ပြန်သွား ကြရသည်။ ကျန်လူများ မောင်ဂိုမာရီသို့ ဆက်လက်ချီတက်ကြသည်။
ဗုဒ္ဓဟူးနေ့ တွင် မောင်ဂိုမာရီ မြို့ပြင်တွင် လူအုပ်ကြီး စခန်းချလိုက်သည်။ နိုင်ငံကျော် ရုပ်ရှင်မင်း သားတွေ၊ အဆိုတော်တွေ ရောက်လာကြသည်။ ဟယ်ရီ ဘယ်လ်ဖောင်တီ၊ လိယိုနဒ် အန်းစတိန်း၊ ဆမ်မီဒေးဗစ်နှင့် နောက်ထပ် နာမည်ကျော် တစ်ဒါဇင်လောက်ပါသည်။ သူတို့က ကျွန်မတို့ အတွက် ဖျော်ဖြေရေးအစီအစဉ်တွေ လုပ်ပေးသည်။

နောက်တစ်နေ့ကား ကျွန်မတို့အတွက် အားရစရာ အကောင်းဆုံးနေ့ဖြစ်လာလေသည်။ ရထားဖြင့် တစ်နည်း၊ ဘတ်စ်ကားဖြင့် တစ်ဖုံ၊ လေယာဉ်ဖြင့် တစ်မျိုး ကျွန်မတို့ကို အားဖြည့်ဖို့ လူတွေ ထပ် ရောက်လာကြသည်။ အားလုံး လူအင်အား ငါးသောင်းဖြစ်သွားသည်။ စိန့်ဂျူဒ်ဆေးရုံရှေ့တွင် ကျွန်မတို့ လူစုလိုက်ကြသည်။ ပြီးမှ မောင်ဂိုမာရီ မြို့လယ်သို့ လက်တွဲညီညီ ဆက်လျှောက်ကြသည်။ လမ်းဘေးဝဲယာမှ မြို့သူမြို့သားများက ၀မ်းသာအားရ ကြိုဆိုကြသည်။ သောင်းသောင်းဖြဖြ အားပေးကြသည်။ မာတင်ကို မှတ်မိနေကြ၍ "ဒေါက်တာကင်း ကျန်းမာပါစေ" ဟူသည့် အသံကြီး ဟိန်းထွက်လာသည်။

ဒက်စတာ ဘုရားကျောင်းရှေ့က ဖြတ်တော့ ကျွန်မတို့ လင်မယားနှစ်ယောက်စလုံး ရင်တွေ ခုန် နေကြသည်။ ဤသို့ဖြင့် ရှေးဟောင်း ပြည်နယ်ကက်ပီတောလ် အဆောက်အအုံကြီးရှေ့မှ ပန်းခြံ သို့ ရောက်လဲာ့ကြ သည်။ ရှေးဟောင်း ကျောက်တိုင်ကြီး များနှင့် လိပ်ခုံးကြီးမှာ ကျက်သရေရှိလှသည်။
မိန့်ခွန်းတွေ စပြောကြပြီ။ လွန်ခဲ့သည့် ဆယ်နှစ်က ကျွန်မတို့ တိုက်ပွဲစချိန်ကို သွားသတိရသည်။ ကျွန်မ တို့ လျှောက်ခဲ့ရသည့် လမ်းမှာ ကြမ်းတမ်းသလောက် ရှည်ကြာလွန်းလှပါကလား။ ဘတ်စ် ကားအရေးအခင်းက စခဲ့ တာလေ။ သည်တုန်းက ကျွန်မတို့ လက်တစ်ဆုပ်စာကလေးဖြင့် ဂုဏ်သိက္ခာအတွက် တိုက်ပွဲ ဆင်ခဲ့ကြခြင်းဖြစ်သည်။

ကျွန်မတို့ အောင်မြင်ခဲ့သည်။ လူဖြူ လူမည်း မခွဲခြားဘဲ ဘတ်စ်ကားစီးခွင့်ရခဲ့သည်။ ထို့နောက် ကျောင်းများတွင် လူဖြူကလေးများနှင့်အတူ ကျွန်မတို့ ကလေးတွေ ကျောင်းတက်ခွင့်ရခဲ့သည်။ အရေးကြီးဆုံးမှာ ကျွန်မ တို့ တောင်းဆိုသံများ သည် အမျိုးသားရေး လက္ခဏာကို ဆောင်လာခဲ့ခြင်း ဖြစ်သည်။
မာတင် သည် အသားပါပါ စကားလုံးများဖြင့် ဟောကြားနေလေပြီ။

" ကျွန်တော် တို့ ရှေ့ဆက်သွားနေပါပြီ။ ဘယ်လို အသားအရောင် လှိုင်းလုံးများနဲ့မှ ကျွန်တော်တို့ကို တားလို့ မရတော့ ပါဘူး။ ကျွန်တော် တို့ တစ်တွေ ခုအချိန်အထိ ခံနေရဆဲဖြစ်ပါတယ်။ ဘယ်လောက် ကြာကြာ ခံနေရဦး မှာလဲ။ မကြာတော့ပါဘူး ဒီနေရာကနေ ကျွန်တော် ပြောလိုက်ပါ့ မယ်။ ဘာပြုလို့လဲဆိုတော့ အမှန်တရား ကို ဘယ်တော့ မှ ကြာကြာ ဖုံးကွယ်ထား လို့ မရတဲ့အတွက် ကြောင့်ပါပဲ။ ကျွန်တော်တို့ရဲ့ ဘုရားသခင်ဟာ ကျွန်တော် တို့နဲ့ အတူရှိနေတဲ့အတွက်ကြောင့်ပါပဲ"

ထိုနေ့ည လေဆိပ်တွင် လူတွေ ကြိတ်ကြိတ်တိုးနေကြသည်။ လေယာဉ်စောင့်ရင်း အချို့က ဆိုဖာခုံ တွေပေါ်မှာ၊ အချို့က လှေကားထစ်တွေပေါ်မှာ၊ အချို့က ကြမ်းပြင်ပေါ်မှာ။ လူဖြူတွေ လူမည်းတွေ အားလုံး ရယ်ရယ်မောမော ပြောပြောဆိုဆိုနှင့် တင်းမာမှုများ လုံးဝ မရှိတော့ဘဲ သူငယ်ချင်းများပမာ၊ ညီရင်း အစ်ကိုများ ပမာ ရင်းနှီးစွာ ပြုံးပျော်နေကြလေသည်။ ကမ္ဘာကျဉ်းကျဉ်းလေးထဲမှ မိသားစုများပမာ ရင်းနှီးစွာ ရယ်မောနေကြလေ သည်။

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

Sunday, June 17, 2012

တင်မောင်မြင့် ဘာသာပြန် မာတင်လူသာကင်း နှင့် ကျွန်မဘဝ, အပိုင်း (၈)

" မဟုတ်ဘူး သမီး၊ မဟုတ်ဘူး အဲဒီလို မဟုတ်ဘူး " စလုံးရေစ မှ ကျွန်မ ပြန်ကောက်ရတော့သည်။
သူကလေး သဘောပေါက် ဖို့ ကျွန်မတို့ တိုက်ပွဲအကြောင်းက စရသည်။ ဘာကြောင့် လူမည်း မိဘ တွေက တစ်မြေ တည်းနေ တစ်ရေတည်းသောက် လူဖြူတွေနှင့် တန်းတူ အခွင့်အရေး ရဖို့ တိုက်နေရကြောင်း၊ သူတို့ (လူမည်း) ကလေးတွေ အတွက် တိုက်ပွဲဝင်နေခြင်းဖြစ်ကြောင်း၊ သည် တိုက်ပွဲ တွင် လူဖြူတွေပါ မိမိတို့ဘက် ပါလာပြီဖြစ်ကြောင်းများ ကို ပြောပြရသည်။
ကို ဆက်ဖတ်ရန်....

ကျွန်မတို့ ကလေးများအတွက် နေဖို့တစ်ဘ၀သာရှိသည်။ ပညာတတ်ဖြစ်ဖို့ ပညာရေးစနစ် တစ်မျိုး တည်းသာ ရှိသည်။ ဂုဏ်သိက္ခာရှိစွာ၊ တန်းတူ အခွင့်အရေးရဖို့ အရေးကြီးနေခြင်းဖြစ်သည်။ ယခု ချက်ချင်းရဖို့လိုသည်။ နောင် ဆယ်နျစ်ကြာမှ ရဖို့မဟုတ်။ နောက် ဆယ်နှစ်ကြာလျှင် ကျွန်မတို့ ကလေးတွေ လျှမ်းလျှမ်းတောက် ပညာတတ်ကလေးတွေဖြစ်နေရမည်။

မာတင်က သားသမီးများနှင့် ပတ်သက်လာလျှင် စံပြအဖေဖြစ်သည်။ ကလေးတွေကလည်း အဖေမှ အဖေ။ အဖေ အိမ်မှာ ရှိနေလျှင် သူတို့အတွက် အခြားဘာမှ မလိုသည့်အလား။ အခန်းထဲကို ကျွန်မ ၀င်သွားလျှင် သူ့ပေါင်ပေါ် တွင် စုပြုံထိုင်နေကြသည်ကို တွေ့ရစမြဲ။ သူတို့ သားအဖတွေ တစ်အိမ် လုံး ဗြောင်းဆန်အောင် ဆော့ကြလို့ အခန်းထဲတွင် မုန်တိုင်းတိုက်သွားသလို ဂှုပ်ပွနေရင် ကျွန်မ စိတ်တို တတ် ပါသည်။ သည်လို ကျွန်မစိတ်တိုလျှင် စိတ်တိုသူ ကျွန်မကို ကျွန်မ ယောက်ျားက အံ့သြကုန်နိုင်ဖွယ်ဟု ထင်ကာ မျက်လုံးအပြူးသားနှင့် ကြည့်နေတတ်သည်။ နောက်ဆုံး ကျွန်မ လက်လျှော့နေလေတော့ အဖြစ်ဖြင့် နိဂုံးချုပ် ရသည်ချည်း။

ယိုကီကလေး ငယ်ငယ်က ကစားနည်း တစ်မျိုးမာတင် သင်ခဲ့ဖူးသည်။ အဖေက သမီး ကို ရေခဲသေတ္တာပေါ် တင်ပြီး ထိုင်စေသည်။ ပြီးတော့ ခုန်ချခိုင်းသည်။ ပြီးတော့ သူက အောက်မှ ဆီးဖမ်းသည်။ ယိုကီက သည်ကစားနည်း ကို လွှတ်သဘောကျသည်။ ကျွန်မက လွတ်ကျသွားမည် စိုးပြီး ရင်တမမနှင့်။ သို့သော် တစ်ခါ မှ လွတ်မကျပါ။ အဖေ့ ရင်ခွင်ထဲကို စွေ့ခနဲဝင်သွားပြီး သားအဖနှစ်ယောက် တဟားဟား။ သည်လိုနှင့် ယိုကီသည် "တောင်ပေါ်က ခုန်ချမယ်" ဟု မကြာခဏ ပြောတတ်သည်။ ရေခဲသေတ္တာသည် သူ့ အတွက် တောင်ဖြစ်နေသည်။ အိမ်တွင် တိတ်ဆိတ်နေသည့် ညချမ်းများလည်းရှိပါ၏။ မာတင်က ကလေးတွေ ကို အသံထွက်ပြီး ပုံပြင် ဖတ်ပြ နေသည့်အခါမျိုး။ ကလေးတွေက အဖေ ဘာလုပ်လုပ်ပျော်နေ ကြ သည်။ အဖေနှင့်အတူ နေရချိန်သည် သူတို့အတွက် အပျော်ဆုံးအချိန်များဖြစ်သည်။

၁၉၆၁ ခုနှစ်၊ မေလထဲတွင် ဓမ္မဆရာ ဖရက်ရှပ် တယ်ဝပ်သ်က SCLC အနေဖြင့် အယ်လဘားမား ခရစ်ယာန် လူ့အခွင့်အရေး တိုက်ပွဲဝင်များနှင့် ပူးပေါင်းဖို့ အကြံပြုသည်။ သည်အဖွဲ့က ဘာမင်ဂန် တွင် အဖြူ အမည်း ခွဲခြားခြင်းအတွက် အမေရိကန် လူဖြူများကို အုံနှင့် ကျင်းနှင့် တိုက်ပွဲဝင်နေသည့် အဖွဲ့ဖြစ် သည်။ သို့သော် ၁၉၆၃ ခုနှစ် မတိုင်မီ သူ တို့ လှုပ်ရှားမှုတွေက နှေးကွေးနေသည်။

အယ်လဘားများနှင့် သူတို့ဆက်သွယ်ကြသည်။ အလွန် ရဲရင့်သော ခြေလှမ်းဖြစ်၏။ ဘာမင်ဂန် သည် ဧရာမ စက်မှုမြို့ကြီးဖြစ်သည်။ မြို့တော်ဝန် အာသာဟိန်း၊ ပြည်သူ့လုံခြုံရေးကော်မီတီ မင်းကြီး ယူဂျင်းကွန်းနား အပါအ၀င် မြို့ခံလူဖြူ အများစုသည် အသားရောင် မခွဲခြားရေးကို အပြတ် ဆန့်ကျင်သူများဖြစ်သည်။ လူမည်းဦးရေ ရှစ်သောင်းရှိသည့် မြို့သည် မဲပေးပိုင်ခွင့်ရှိသူတစ်သောင်းသာရှိသည်။ ငါးနှစ်အတွင်း နီဂရိုး ဘုရားရှိခိုးကျောင်း များ၊ လူနေအိမ် များကို ဆယ့်ခုနစ်ကြိမ် ဗုံးခွဲခံရသည်။ လူဖြူ တစ်ဖက်စွန်းသမားတွေ၊ လူမည်း မုန်းတီးရေးဝါဒီတွေက လူမည်းများကို ရိုက်နှက်သည်။ သတ်ဖြတ်သည်။ သို့သော် ဘယ်သောအခါမှ တရားခံ မပေါ်။ ဘာမင်ဂန် က ပွဲအကြမ်းဆုံးနေရာ။ ထို့ကြောင့် ဘာမင်ဂန်တွင် လူမည်းတို့ အခွင့်အရေး တိုက်ပွဲ အောင်လျှင် တစ်ပြည်လုံး အတိုင်းအတာနှင့် အောင်ပွဲဖြစ်ရမည်၊ ပွဲပြီးရမည်ဟု မာတင်က ယုံကြည် သည်။

ဖရက်ရှပ် တယ်ဝပ်သ် သည် အလွန် သတ္တိကောင်းသူဖြစ်သည်။ အဖြူအမည်း တိုက်ပွဲမပြီးခင် သူ့ ကလေးတွေ ကို ကျောင်းပို့ရဲသူဖြစ်သည်။ သူ့ကို ၀ိုင်းရိုက်ကြသည်။ သူ့အိမ်နှင့် သူ့ဘုရားကျောင်းကို ဗုံးခွဲဖျက်ဆီး ခံရသည်။ သူ့မိန်းမ သေကောင်ပေါင်းလဲ အရိုက်ခံရသည်။ ပြီးတော့ ထောင်ကျသွား သည်။ တရားဥပဒေ စိုးမိုးရေး တိုက်ပွဲ တွင် သူတို့မိသားစု မရှုမလှခံကြရသည်။
၁၉၆၃ ခုနှစ် တွင် ၀က်ဝေါ်ကာနှင့် ရော့ဖ်တို့ကိုခေါ်ပြီး ဘာမင်ဂန်သို့ မာတင်ထွက်သွားသည်။ ဟိုတယ် တစ်ခု တွင် တည်းပြီး ရုံးခန်းဖွင့်ကာ ဖရက် ဦးဆောင်သော မြို့ခံလူများနှင့်အတူ တိုက်ပွဲပုံစံတွေချသည်။

ဘာမင်ဂန် ကုန်တိုက်ကြီးများ၊ စားသောက်ဆိုင်ကြီးများတွင် အဖြူအမည်း မခွဲခြားရေးကို ဦးတည် ပြီး တိုက်ပွဲစမည်။ မတ်လ ၁၃ ရက်နေ့ မတိုင်မီ ဘာမှ မလှုပ်ရှားဘဲ ငြိမ်ငြိမ်ကလေးနေမည်။ နွားရိုင်း ကွန်းနားဟု နာမည်ကြီးသည့် လုံခြုံရေး ကော်မတီမင်းကြီး ကွန်းနားက မတ်လ ၅ ရက်နေ့တွင် အခြားနှစ်ယောက်နှင့် ယှဉ်ပြိုင် အရွေးခံရမည်။ မာတင်တို့အဖွဲ့ ဆူလျှင် သူ့အတွက် အခွင့်သာသွားနိုင်သည်။ ထို့ကြောင့် ရက်ဆွဲ ထားလိုက်ဖြစ်သည်။
သည်ကြားထဲ တွင် SCLCတို့က တိတ်တဆိတ် အစည်းအဝေးတွေ အကြိမ်ကြိမ်ခေါ်ပြီး အကြမ်းမဖက်ရေးကို ဦးထိပ်ထား ဖို့ စည်းရုံးသည်။
" ခင်ဗျားတို့ အားလုံး နေဖို့ထက် သေဖို့ပြင်ဆင်ထားရမယ်" ဟု မျက်နှာ တစ်ခုလုံး အမာရွတ်တွေ ပြည့်နေ သည့် ဖရက် က သူ့လူတွေကို ရဲဆေးတင်ပေးသည်။

ကျွန်မ တို့ ရင်ဆိုင်ရမည့် တရားရုံး စရိတ်အတွက် တစ်တိုင်းပြည်လုံးမှ ရန်ပုံတွေတွေ လှိမ့်ဝင်လာ သည်။ ထောင်ထဲဝင် ဖို့ အသင့် အနေ အထားရှိသူများကို အောက်ပါကတိဝန်ခံလွှာတွင် လက်မှတ်ရေး ထိုးစေ သည်။
ကျွန်ုပ် သည် စိတ်ရောကိုယ်ပါ ရင်းလျက် အကြမ်းမဖက်ရေး လှုပ်ရှားမှုတွင် ပါဝင်ပါမည်ဟု ကတိပြု ပါသည်။
ထို့ကြောင့် အောက်ပါ ပညတ်ချက်များကို တစ်သဝေမတိမ်းလိုက်နာပါမည်။

၁။ ယေရှုသခင်၏ဘ၀နှင့် ဒေသနာကို နေ့စဉ် အာရုံပြုပါမည်။
၂။ဘာမင်ဂန် လှုပ်ရှားမှုကို အကြမ်းမဖက်ရေး တိုက်ပွဲအဖြစ် အမြဲ သတိရနေပါမည်။    တရားမျှတမှုနှင့် ပြန်လည် သင့်မြတ်ရေး ကို ဦးတည်ပါမည်။     အနိုင်ရအောင်မြင်ရေးမဟုတ်ပါ။
၃။ ဘုရားသခင် ကို အာရုံပြုပြီး လမ်းလျှောက်ပါမည်။ ဘုရားသခင်၏ မေတ္တာတော်ကို အစဉ် သတိရနေ ပါမည်။
၎။ လူမည်း အားလုံး လွတ်လပ်ရမည်ဟု အာရုံပြု၍ နေ့စဉ် ဘုရားဝတ်ပြုပါမည်။
၅။ လွတ်လပ်ရေး အတွက် ပုဂ္ဂလိက ဆန္ဒများကို စတေးပါမည်။
၆။ ရန်သူ လား မိတ်ဆွေလား ယဉ်ကျေးစွာ လေ့လာပါမည်။
၇။ တစ်ပါးသူ အတွက် ပြီးတော့ ကမ္ဘာလောကကြီးအတွက် ပုံမှန်အလုပ်အကျွေးပြုဖို့ နည်းလမ်း ရှာကြံပါမည်။
၈။ ကိုယ်၊ နှုတ်၊ နှလုံး သုံးပါးစလုံး အကြမ်းမဖက်မိအောင် စောင့်ထိန်းပါမည်။
၉။ ၀ိညာဉ်ရော၊ ခန္ဓာကိုယ်ပါ ကျန်းမာ သန့်ရှင်းအောင်ကြိုးစားပါမည်။
၁၀။ ကိုယ့်အစုအဖွဲ့ ခေါင်းဆောင်၏ ညွှန်ကြားသမျှ လိုက်နာပါမည်။

မာတင်သည် သမ္မတ ကနေဒီနှင့် တွေ့ခွင့်ရခဲ့သည်။ ညီဖြစ်သူ တရားသူကြီးချုပ် ရောဘတ် ကနေဒီက လူမည်း တို့ ၏ အသားရောင် ခွဲခြားရေးဆန့်ကျင်မှုနှင့် လူဖြူလူမည်း တန်းတူ အခွင့်အရေး ရရှိရန် ဆန္ဒပြပွဲများ ကို အစိုးရ ကိုယ်တိုင် ပါဝင်ဖို့ တိုက်တွန်းသည်။ သူတိ့ ညီအစ်ကိုက လူမည်းများအား စာနာသည်။ ကူညီချင်သည်။ သို့သော် သမ္မတက သူ့ညီ တရားသူကြီးချုပ် ပြောသည့်အတိုင်း မလုပ်နိုင်။ ကွန်ဂရက်နှစ်ခြမ်း ကွဲသွားနိုင်သည်ဟုဆိုသည်။ မာတင် စိတ်ပျက်သွားသည်။ ဘာမင်ဂန် တိုက်ပွဲကို အရှိန်မြှင့် ဖို့ တာစူ ရတော့သည်။ အစိုးရက မကူ နိုင်မှတော့ ကိုယ့်အားကိုယ်ကိုး ရတော့မည်။ မာတင်က သည်အစီအစဉ် ကို သမ္မတ အား ဖွင့်ပြော လိုက်သည်။

ဘာမင်ဂန် ရွေးကောက်ပွဲတွင် သဘောထား ပျော့ပျောင်းသည့် အဲလ်ဘတ် ဘောက်ဝဲလ် ရှေ့ က ပြေးနေသည်။ သို့သော် အပြတ်အသတ်ကြီး မဟုတ်။ နောက်ဆုံးတွင် ဘောက်ဝဲလ် အနိုင်ရသွား သည်။ သို့သော် ကွန်းနား က မကျေနပ် ၍ ရွေးကောက်ပွဲ ကော်မရှင်ကို မဲပြန်စစ်ခိုင်းသည်။ တရားရုံးက အဆုံးအဖြတ်ပေး ရမည်။ ၁၉၆၄ ခုနှစ်အထိ သည်ကိစ္စပြတ်နိုင်ဖွယ်မရှိ။ ကွန်းနားက သူ့ ကုလားထိုင်တွင် ဆက် ထိုင်နေလိမ့်မည်။ နွားရိုင်းကြီး ထွက်ခတ်ခတ်တော့မည်။ သို့သော် မာတင် တို့ ဘက်က နောက်ထပ် မစောင့်နိုင်တော့။

ထိုအချိန်မှာ ကျွန်မ၏ စတ္ထုမြောက် ကလေး မွေးခါနီးနေချိန်ဖြစ်ပါသည်။ ကလေးမွေးချိန်တွင် သူ ကျွန်မ အနား တွင် ရှိနိုင်ပါမည်လား။ ဘာမင်ဂန်ကို သွားနေရမှာလား။ ကျွန်မ စိုးရိမ်စ ပြုလာသည်။ သို့သော် တန်နီဟု အနွတ္တသညာခေါ်စရာ တွင်သော ကျွန်မတို့၏ သားကလေးဘားနစ် အယ်လ်ဘာတိုင်းကို မတ်လ ၂၈ ရက်နေ့ တွင် မီးရှူးသန့်စင်ဖွားမြင်ခဲ့ပါသည်။ နောက်တစ်နေ့တွင် ဘာမင်ဂန်သို့ မာတင် ထွက် သွားလေတော့ သည်။
သူ ရောက် သွားတော့ SCLC၏ သေနင်္ဂဗျူဟာကို လူမည်း အချင်းချင်းကန့်ကွက်သူတွေရှိနေတာကို သူတွေ့ ရသည်။ ဘာမင်ဂန် ခေါင်းဆောင်သစ်တွေက လက်ရှိ အခြေအနေကို မတိုက်ချင်သေး။ ဘောဝဲလ် တက်လာသည် အထိ စောင့်ချင်ကြသည်။ တချို့ကလည်း ဘာမင်ဂန် လှုပ်ရှားမှုကို နံဘေး လူတွေ ၀င်လာတာကို မကြိုက်ကြ။ နောက်ဆုံးတွင် အားလုံးကို မာတင် ညှိပေးနိုင်ခဲ့သည်။

ဧပြီလ ၃ ရက်နေ့ တွင် စားသောက်ဆိုင်ကြီးများ ရှေ့တွင် ထိုင်သပိတ် စသည်။ လေးရက်အတွင်း လူ ခုနစ်ဆယ့်ငါးယောက် အဖမ်းခံရသည်။ လူမည်းတို့ အင်အားများသည်ထက် များလာသည်။ ရဲကလည်း တွင်တွင် ဖမ်းသည်။ သို့သော် ကြမ်းကြမ်းတမ်းတမ်းမဟုတ်။ တစ်ဖက်က အကြမ်း မဖက်သဖြင့် သူတို့ ကလည်း ယဉ်ကျေးကြသည်။

သည်လို အခြေအနေ တွင် မာတင်က ကျွန်မတို့၏ အလွန်ပျော့ပျောင်းသည့် တောင်းဆိုချက်တွေကို ညှိနှိုင်းပေး ဖို့ မြို့ခံ အာဏာပိုင်များနှင့် ကုန်သည်ကြီးများကို စည်းရုံးသည်။ စတိုးဆိုင်မျာ်းတွင် ပစ္စည်း ၀ယ်ယူရာ တွင် လူမျိုးရေး မခွဲခြားဖို့၊ လူမည်း အလုပ်သမာ်းများကို လုပ်ခ လစာတိုးပေးရန်၊ တရားဝင် အခွင့်အရေး တောင်းဆိုသူများအား အရေးမယူရန်၊ လူဖြူလူမည်း နှစ်ဖက်စလုံး ပါဝင် သည့် ညှိနှိုင်းရေး အဖွဲ့တစ်ဖွဲ့ ဖွဲ့ရန်များ ကို တင်ပြသည်။ ကုန်သည်ကြီးတွေ၊ စက်ရုံ အလုပ်ရုံပိုင်ရှင်တွေက ညှိနှိုင်းချင်သည်။

သို့သော် မြို့နယ် အဖွဲ့အစည်းတွေက ခေါင်းယမ်းသည်။ ဗုဒ္ဓဟူးနေ့တွင် သူတို့က ပြည်နယ်တရားရုံးမှ တားမြစ် မိန့် ယူလိုက်ကြသည်။ မာတင်က လူမည်းများ ဘက်မှ မည်သည့် ဥပဒေမှ ချိုးဖောက်ခြင်း မရှိသဖြင့် တရားရုံး အနေဖြင့် တားမြစ်မိန့် ထုတ်ပေးခြင်းမှာ ဥပဒေနှင့် မညီကြောင်း။ ထို့ကြောင့် သူတို့၏ မဖြစ် စလောက် တောင်းဆိုမှုကို လိုက်လျောဖို့ ထပ်မံမေတ္တာရပ်ခံသည်။

မာတင် က ဘာသာရေး နေ့မြတ်ဖြစ်သည့် သောကြာနေ့ကို ရွေးပြီး မနက်ပိုင်းတွင် လူမည်းခေါင်း ဆောင် များအား အစည်းအဝေး ခေါ်လိုက်သည်။ ခေါင်းဆောင်အချို့က အလျော့ပေးချင်ကြသည်။ သို့သော် မာတင် က အယ်လ်ဘာနီ လှုပ်ရှားမှုကို နမူနာယူပြီး လူဖြူများကို ဆက်တိုက်ချင်သည်။ သူ ဘုရားရှိခိုး ချင်ပါသေးသည်။ ခဏ စဉ်းစားချင်ပါသေးသည်ဟု ခွင့်တောင်းပြီး သူ့အခန်းထဲဝင်၍ ဘုရားရှိခိုးသည်။ အခြား ခေါင်းဆောင်များစောင့်နေကြသည်။
မာတင် ပြန်ထွက် လာတော့ ဓမ္မဆရာ ၀တ်စုံနှင့် မဟုတ်တော့ အလုပ်သမားဝတ်စုံဝတ်လာသည်။ တည်ငြိမ်စွာဖြင့် အားလုံး ကြားအောင်ပြောလိုက်သည်။

" ကျွန်တော် ရှေ့တိုး ဖို့ ဆုံးဖြတ်လိုက်ပြီ၊ ထောင်ထဲဝင်ဖို့လည်း ကျွန်တော် အသင့်ဖြစ်ပြီ၊ ဒါမှ အစိုးရ ပိုင်းက ကျွန်တော် တို့ဘက် ပါလာမှာ "
ပြီးတော့ ရော့ဖ်ဘက်လှည့်ပြီး " ရော့ဖ်၊ ခင်ဗျား တနင်္ဂနွေနေ့မှာ တရားပေးစရာရှိမှန်း ကျွန်တော်သိပါတယ်၊ ဒါပေမဲ့ ကျွန်တော် နဲ့ လိုက်စေချင်တယ်ဗျာ "
မာတင် က သူ့အဖေကို တစ်ချက် ပွေ့ဖက်နှုတ်ဆက်ပြီး ဇိုင်ယွန်တောင်ကုန်း ဘုရားကျောင်းသို့ သူတို့လူသိုက်မောင်းထွက် သွားကြတော့သည်။
ထိုနေ့ အကြောင်း နောက်မှ ကျွန်မကို မာတင်ပြန်ပြောပြသည်။ ထိုနေ့က မာတင် ဟောသည့် တရားမိန့်ခွန်းမှာ အတိုဆုံးနှင့် ထိခိုက်စရာအကောင်းဆုံးဖြစ်ပါသည်။
သူက တရားဟော စင်မြင့်ပေါ်တက်သွားပြီး ဘာမင်ဂန် အခြေအနေကို ပြောင်းလဲဖို့ စွန့်လွှတ်ခြင်း များစွာ၊ ပေးဆပ်ခြင်းများစွာ လိုအပ်ကြောင်း၊ သူ ထောင်ထဲဝင်ဖို့ ဆုံးဖြတ်ပြီးပြီဖြစ်ကြောင်း ပြောပြီး စင်မြင့်ပေါ် မှ ဆင်းကာ အပြင်သို့ ထွက်သွားတော့သည်။ တစ်ယောက်က တိုးတိုး ပြောလိုက်သည်။

" ကြည့်စမ်း၊ သူလျှောက်သွားပုံဟာ ယေရှုလျှောက်သွားတဲ့ အတိုင်းပဲ "
နောက်တော့ လူတွေ တစ်ပြုံကြီးသူ့နောက် လိုက်သွားလေတော့သည်။
သည်အကြောင်းတွေကို မာတင်က ဤသို့ ပြန်ပြောပြသည်။
" ရှိရှိသမျှ ရဲတွေအားလုံး ရောက်လာသလိုပဲ၊ မောင်တို့ကလည်း ခွင့်ပြုထားတဲ့ လမ်းတစ်လျှောက်ပဲ လမ်းလျှောက် တယ်၊ ဓမ္မသီချင်းတွေ သံပြိုင်ဆိုလို့ပေါ့၊ ပရိသတ်က သောင်း သောင်းဖြဖြ သြဘာပေးကြတယ်၊ မောင်တို့က ဘယ်လောက်ပဲ စည်းကမ်း သေ၀ပ် သေ၀ပ်၊ နွားရိုင်း ကွန်းနားက တွင်တွင် ဖမ်း တယ် "
မာတင့် ကို တိုက်ပိတ် ထားလိုက်သည်။ ဘယ်သူနဲ့မှ တွေ့ခွင့်မပေးပါ။ သူ့ရှေ့နေများပင် တွေ့ခွင့် မရကြ။

" အဲဒီ အချိန်ပိုင်းဟာ မောင့်ဘ၀မှာ မရေမရာ အနုင်ဆုံးကာလပဲ" ဟု သူကဆိုသည်။
အတ္တလန္တာ မှနေ ၍ ကျွန်မ သူ့ဖုန်းကို မျှော်သည်။ ထောင်ထဲမှသူကျွန်မဆီ ဖုန်းဆက်နေကျ မဟုတ်လား။ သူ လုံးဝ မဆက်လာ။ စနေနေ့ တစ်နေ့လုံး ကျွန်မမျှော်သည်။ သူ မခေါ်။ အီစတာ တနင်္ဂနွေနေ့ မနက်ရောက်တော့ ကျွန်မ ဣနြေ္ဒမဆောင်နိုင်တော့။ ဘာမင်ဂန်မှ ၀ှတ်ဝေါလ်ကာဆီကို ကျွန်မ လှမ်း ဆက်သည်။
" ကိုယ်လည်း သူနဲ့ အဆက်အသွယ်ရဖို့ ကြိုးစားနေဆဲပဲ ကော်ရီတာ၊ ကိုယ့်သဘောကတော့ မင်း သမ္မတကို ဖုန်းဆက် ဖို့ ကောင်းတယ်ထင်တယ် "
သူက အကြံပေးသည်။

" ၀ှတ်ရယ် မာတင်နဲ့ အဆက်အသွယ်ရအောင် ကြိုးစားကြည့်ပါဦး "
ကျွန်မ အရွယ်ရောက်လာမှ သည်အီစတာ တနင်္ဂနွေသည် ပထမဆုံးဘုရားကျောင်းမသွားဖြစ်သည့် တနင်္ဂနွေဖြစ်ပါသည်။ ရင်တမမဖြင့် ၀ှတ်ပြန်အခေါ်ကို ကျွန်မ စောင့်နေရပါသည်။ နောက်ဆုံးမှ သူ ဆက်လာသည်။
" ဘယ်လိုမှ လုပ်လို့မရဘူး ကော်ရီတာ၊ သမ္မတကို မင်းအကြောင်းကြားမှဖြစ်မယ် "
ကျွန်မ အိမ်ဖြူတော်ကို ခေါ်သည်။ သမ္မတ အနားယူစခန်း ထွက်နေကြောင်း အိမ်ဖြူတော်က အကြောင်းပြန်သည်။ ဒုတိယသမ္မတ ဂျွန်ဆင်ကို ဆက်သည်။ သူလည်း မြို့ပြင် ရောက်နေသည်။

နောက်ဆုံး အိမ်ဖြူတော် အတွင်းရေးမှူး အမျိုးသမီးက ကျွန်မကို သနားလာဟန်တူပါသည်။ ပီယာ ဆလင်ဂျာနှင့် ဆက်သွယ်ဖို့ အကြံပေးသည်။ သူက သမ္မတနှင့် အဆက်အသွယ်ရအောင် လုပ်နိုင် ကောင်း လုပ်နိုင် မည့် အကြောင်းကို ပြောပြသည်။
ကျွန်မ ငိုင်နေတုန်း မှာ ဟယ်ရီ ဘယ်လဖောင်တီ ဆီမှ ဖုန်းဝင်လာသည်။ သမ္မတဆီ အကူအညီ တောာင်းဖို့ ကျွန်မ ဆုံးဖြတ်ထားကြောင်း ပြောပြလိုက်သည်။ သူ လန့်သွားပုံရသည်။ သို့သော် မာတင်ကို ထောင်က လွတ်အောင် လုပ်ဖို့ ကျွန်မ သန္နိဋ္ဌာန် ချထားကြောင်း သူ သဘောပေါက်ပုံ ရပါသည်။ ကျွန်မတို့ ပြဿနာ အားလုံး ကို ပြောပြလိုက်သည်။ ဟယ်ရီသည် မိတ်ဆွေကောင်း ပီသစွာ တာဝန်ယူသည်။ ကျွန်မအတွက် သူ့စရိတ်နှင့် အတွင်းရေးမှူး တစ်ယောက်၊ သူနာပြု ဆရာမ တစ်ယောက် ငှားပေးသည်။ ပြီးတော့ ဘာမင်ဂန် ကို သွားလျှင် သူပါ လိုက်မည်ဟု ဆိုသည်။

တယ်လီဖုန်း ချလိုက်သည်။ အခြား ဖုန်းတစ်လုံး တန်းဝင်လာသည်။ ကြားဖူးသည့်အသံ။
" မစ္စက်ကင်း ပါလားခင်ဗျား၊ ကျွန်တော် တရားသူကြီးချုပ် ရောဘတ်ကနေဒီပါ၊ သမ္မတနဲ့ အဆက် အသွယ်ရဖို့ သိပ်မလွယ်ဘူး ဖြစ်နေတယ် မစ္စက်ကင်း၊ ကျွန်တော်တို့ အဖေအတော် နာမကျန်း ဖြစ်နေပါတယ်၊ သူအဲဒီ ရောက်နေပါတယ်၊ ကျွန်တော်တို့ ဘာလုပ်ပေးနိုင်တယ်ဆိုတာ လေ့လာဖို့ ကျွန်တော့် ကို အကြောင်းကြားလာပါတယ် ခင်ဗျ " ကျွန်မ နှုတ်မှ စကားလုံးတွေ စက်သေနတ်ပစ်သလို တရစပ် ထွက် သွားသည်။

မာတင့် ကို လွတ်အောင် လုပ်ပေးဖို့ ကျွန်မ မတောင်းဆိုပါ။ သူ့အတွက် စိတ်ပူကြောင်းသာ ကျွန်မ အလေး အနက် ထားပြောပါသည်။ ထိုအခါ တရားသူကြီးချုပ်က " ကျွန်တော်တို့နဲ့ ပြည်နယ် အရာရှိ အချို့ ကြားမှာ ပြဿနာတွေရှိပါတယ်၊ မစ္စက်ကင်း၊ ဘာမင်ဂန် ရွေးကောက်ပွဲပြီးမှပဲ ကျွန်တော်တို့ တစ်ခုခု လုပ်ပေးနိုင်လိမ့်မယ် ထင်ပါတယ်၊ ဒါပေမဲ့ ကျွန်တော် ဘာလုပ်ပေးနိုင်မလဲ ကြည့်လိုက်ပါဦးမယ်၊ ပြီးတော့ ကျွန်တော် အကြောင်းပြန်ပါ့မယ် "
နောက်တစ်နေ့ တွင် ကျွန်မ တယ်လီဖုန်းနားက မခွာ။ ဘယ်သူ့ဖုန်းမှ ၀င်မလာ။ တနင်္ဂနွေညနေ ငါးနာရီတွင် မှ ဖုန်းမြည်လာသည်။ ကောက်ကိုင်လိုက်တော့ ကြားရသည့် အသံက နှစ်နှစ်သားကလေး ဒက်စတာ မပီကလာပီကလာနှင့် ထူးနေသံ။ အော်ပရေတာ အမျိုးသမီးက "တစ်ဆိတ်ရှင်၊ ကလေးဆီက ဖုန်းကို ယူ ထားပေးပါ "
ကျွန်မက တစ်ယောက်ကို ဒက်စတာဆီ ပြေးဖို့ လှမ်းပြောလိုက်သည်။ သည်တော့မှ သူ့အသံကို ကြား ရသည်။

" ဟဲလို မစ္စက်ကင်း၊ မနေ့က ကျွန်တော် ဖုန်းမဆက်နိုင်တာ တောင်းပန်ပါတယ် ခင်ဗျာ၊ အဖေ့ အနားက ခွာလို့ မရလို့ပါ၊ ကျွန်တော့်ညီတော်မောင် ဖုန်းဆက်မယ်ထင်ပါတယ် "
လက်စသတ်တော့ နိုင်ငံတော်သမ္မတ ကိုယ်တိုင် ကျွန်မ ကို စကားပြောနေတာပါလား။ ကျွန်မက သမ္မတ၏ အဖေ နာမကျန်းဖြစ်နေတာ ကြားရလို့ စိတ်မကောင်းကြောင်း ပြောလိုက်ရပါသည်။ သူကလည်း ကျွန်မ ကျန်းမာရေး ကို ဂရုတစိုက် မေးပါသည်။ ကျွန်မ သွေးနုသားနုအချိန်ဖြစ်ကြောင်း သူ သိနေပါသည်။

" မစ္စက်ကင်း ကို ကျွန်တော် သတင်းကောင်းပါးဖို့ရှိပါတယ်၊ ညကပဲ ကျွန်တော်တို့ အက်ဖ်ဘီအိုင်တွေ ဘာမင်ဂန် ကို လွှတ်လိုက်ပါပြီ၊ မစ္စတာကင်းကိုလည်း ကျွန်တော်တို့ အဆက် အသွယ်ရပါပြီ၊ သူ ကောင်းကောင်းမွန်မွန် ကျန်းကျန်းမာမာပါပဲခင်ဗျာ "
ပြီးတော့ ဘာမင်ဂန် အခြေအနေကို အကျဉ်းချုံး၍ ရှင်းပြသည်။ ပြီးတော့ သူက ဆက်၍ …
"ကျွန်တော်တို့ တတ်နိုင်သမျှ လှုပ်ရှားနေပါတယ်၊ မကြာခင် သူ မစ္စက်ကင်းဆီကို ဖုန်းဆက်ပါလိမ့် မယ်၊ နောင် ဘာကိစ္စဖြစ်ဖြစ် ကျွန်တော့်ဆီ လွတ်လွတ်လပ်လပ် ဆက်သွယ်နိုင်ပါတယ်နော်၊ ကျွန်တော့် ကိုဖြစ်ဖြစ်၊ ကျွန်တော့်ညီ ကို ဖြစ်ဖြစ်၊ မစ္စတာ ဆလင်ဂျာဆီဖြစ်ဖြစ် အချိန်မရွေးဖုန်းဆက် နိုင်ပါတယ်"
ကျွန်မ ဘယ်လို ကျေးဇူးတင်ရမှန်း မသိအောင် ဖြစ်သွားပါတော့သည်။

ဆယ့်ငါးမိနစ် အတွင်း မာတင့်ဆီမှ ဖုန်းဝင်လာသည်။ နိုင်ငံတော်သမ္မတနှင့် ကျွန်မ စကားပြောရ ကြောင်း ပြောပြတော့ သူ့အသံ ကို နားထောင်ရင်း သူ ပြုံးနေမှန်း ကျွန်မ သိနေပါသည်။
" သြော် … ဒါ ကြောင့်ကိုး၊ သူတို့တစ်တွေ ရုတ်တရက်ကြီး ယဉ်ကျေးသွားလိုက်ကြတာ၊ စောစောက ဟာတွေ သူတို့ မဟုတ် သလိုပဲ "
နောက်မှ ကျွန်မတို့ သိကြရသည်။ ချက်ချင်း သူ့ကို တိုက်ထဲမှ ထုတ်ပေးကြသည်။ လေ့ကျင့်ခန်း လုပ်ခွင့်ပေး သည်။ ရေချိုးခွင့်ပေးသည်။ မွေ့ရာနှင့်ခေါင်းအုံးပေးသည်။ စောစောပိုင်းက သံမံ တလင်း ပေါ် တွင်အိပ်ရသည်တဲ့လေ။

ကျွန်မနှင့် သမ္မတ စကားပြောရသည့်အကြောင်း ၀ှက်ဝေါ်ကာကို ပြောပြဖို့ မာတင်က ကျွန်မကို တိုက်တွန်း သည်။ သည်အကြောင်း သတင်းစာတွေထဲ ပါလာအောင် ၀ှတ်ကကြေညာချက် ထုတ်ပေးလိမ့်မည်တဲ့။
သမ္မတကနေဒီ က လူမည်းတို့အရေးတွင် တရားမျှတမှုရှိစေချင်ကြောင်း၊ ရတက်မအေး ဖြစ်နေကြောင်း သတင်းစာ အစောင်စောင်တွင် ပါလာတော့ ကျွန်မတို့လူတွေ တအားတက်လာပြီး အသားရောင် ခွဲခြားရေး တစ်ဖက်စွန်း သမားတွေ၊ လူမည်း မုန်းတီးရေးသမားတွေ ဆက်ပြီး လက်မသရမ်းရဲကြတော့ပေ။ ကျွန်မတို့ အရေး ကို သမ္မတ ကနေဒီ အမှန်တကယ် ဂရုစိုက်သည်ဟု ကျွန်မ ယုံကြည်လိုက်ပါသည်။ အလွန် နွေးထွေး သည့် ပုဂ္ဂိုလ်ဖြစ်ကြောင်းကိုလည်း လက်တွေ့သိခဲ့ ရပါ၏။

ထောင်ထဲတွင် မာတင် ရှစ်ရက် နေခဲ့ရသည်။ ထိုရှစ်ရက်အတွင်း နာမည်ကျော် "ဘာမင်ဂန် နရသိန် မှ ပေးစာ" ကိုရေးဖြစ်ခဲ့ခြင်းဖြစ်သည်။ ဘာမင်ဂန် လူဖြူ ဘာသာရေးခေါင်းဆောင်များက ကျွန်မတို့ လှုပ်ရှားမှု ကို "အချိန်မတန်သေ ဘဲ မဆင်မခြင်လုပ်ခြင်း"ဟု ဝေဖန်ပြီး မာတင့်ကို "အပြင်လူ" ဟု အမည် တပ် လိုက်သည်။ ဘာမင်ဂန် မြို့သား မဟုတ်ဘဲ ၀င်စွက်သည်ဟူသည့် အဓိပ္ပာယ်။ "အပြင်လူ" ဟူသည့် အသုံးအနှုန်း ကို မာတင်က သတင်းစာတွင် ပြန်လည်ချေပ သည်။ "တမန်တော်တွေဟာ အပြင်လူတွေ ပဲ၊ ယေရှုခရစ်တော် ရဲ့ တရားတော်တွေကို သူတို့ သယ်ဆောင်ပြီးဖြန့်ဖြူးကြတယ် "
ပြီးတော့ မာတင် က သူ့ဆောင်းပါးကို အောက်ပါအတိုင်း နိဂုံးချုပ်သည်။
" စားသောက်ဆိုင်တွေ ရှေ့မှာ ဒီနေ့ ထိုင်နေကြတဲ့၊ အမွေဖြတ်ခံကလေးတွေနဲ့တူတဲ့ ဘုရားသခင်ရဲ့ သားတော်တွေ ဟာ တစ်နေ့မှာ အမေရိကန် လူဖြူတွေနဲ့ တန်းတူ အခွင့်အရေး ရစေရမယ်၊ ခရစ်ယာန်ကောင်းတွေ ပီပီ ခရစ်ယာန် အချင်းချင်း သာတူညီမျှဖြစ်စေရမယ် "
မာတင် က သူ့ကို ပုတ်ခတ်သူများအား အမုန်းမပွားခဲ့ကြောင်း သူ့ဆောင်းပါးတွင် ပေါ်လွင်နေသည်။

မာတင်နှင့် ရော့ဖ် လွတ်လာသည့် နေ့မှာ ဧပြီလ ၂၀ ရက်နေ့ ဖြစ်သည်။ ကွန်းနားက သူတို့ကို လွှတ်ပေး လိုက်ရ သဖြင့် အငြိုးနှင့်ထပ်ဆိုးသည်။
မေလ ၄ ရက်နေ့တွင် သမ္မတက နိုင်ငံတော် ဒုတိယရှေ့နေချုပ်ဗျူခ်မာင်္ရယ်ကို ဘာမင်ဂန်သို့ လွတ် ပြီး နှစ်ဖက် ညှိခိုင်းသည်။ မာရှယ် က လူဖြူကုန်သည်ကြီးများ၊ စက်ရုံအလုပ်ရုံ ပိုင်ရှင်များနှင့် လူမည်း ခေါင်းဆောင်များ အား ခေါ်ပြီး ဆွေးနွေးသည်။ ပထမပိုင်းတွင် လူဖြူများက တင်းခံနေသည်။ ဒုတိယရှေ့နေချုပ် စိတ်ပျက်စပြုလာသည်။ ထမင်းစားချိန် အစည်းအဝေး ခဏနားသည့် အခါတွင် ဧရာမ လူမည်းအုပ်ကြီး ချီတက်လာသည်။ သာယာနာပျော်ဖွယ် ဓမ္မသီချင်းတွေ သံပြိုင်ဆိုပြီး ငြိမ်းငြိမ်းချမ်းချမ်း လမ်းလျှောက် လာကြခြင်းဖြစ်၏။ ထိုနေ့က မေလ ၇ ရက်။

သည်အကြောင်း ကို မာတင်က နောင် ကျွန်မကို ပြန်ပြောပြသည်။
" သူတို့ရဲ့ မျက်နှာတွေဟာ မဲပြောင်နေတော့ အနက်ရောင်မြစ်ကြီးတစ်စင်း စီးဆင်း လာသလား အောက်မေ့ရတယ်၊ သူတို့မျက်နှာတွေမှာ ဒေါသမပါ၊ ဒါပေမဲ့ သူတို့ သီချင်းသံ ဟိန်းထွက် လာနေပုံ က ကြက်သီးမွေးညှင်း ထလောက်အောင် အားပါတယ် "
သည်မြင်ကွင်း ကို မြင်ပြီး လူဖြူတွေ ဖြုံသွားသည်ဟုဆိုပါသည်။ မေလ ၁၀ ရက်နေ့တွင် လူမည်း တို့၏တောင်းဆိုချက် များကို လူဖြူတို့အားလုံး လိုက်လျောကြရသည်။ သည် သဘောတူညီချက်ကို ထိုနေ့တွင် ပင် ထုတ်ပြန်ပေးသည်။ ဤသို့ဖြင့် စားသောက်ဆိုင်များ၊ ကုန်တိုက်များတွင် အသားရောင်ခွဲခြားမှု မပြုရတော့ပေ။ လူမည်းတို့၏ လုပ်ခ လစာတွေ ပြင်ပေးရ တော့သည်။ လူမည်း အခွင့်အရေး တောင်းဆိုမှုကြောင့် ဖမ်းဆီးထားသူ အားလုံး လွတ်လာသည်။ နောင်တွင် ကုန်သည်ကြီးများ အသင်းနှင့် လူမည်း ခေါင်းဆောင်တို့ ပုံမှန် အစည်းအဝေး ထိုင်ပြီး ပြဿနာများကို ညှိနှိုင်းကြမည်။
မာတင်၊ ရော့ဖ်နှင့် ဖရက်တို့က ကြေညာချက် တစ်စောင် ထုတ်သည်။

" ဘာမင်ဂန် အာဏာပိုင်များနှင့် နီဂရိုးခေါင်းဆောင်တို့၏ ညှိနှိုင်းမှု အောင်မြင်ခြင်းသည် လွတ်လပ်သော လူသားများ အချင်းချင်း စုပေါင်း ညီညာခြင်း၊ ပြဿနာအဖြေရှာခြင်း၏ အဓိပ္ပာယ်ပင်ဖြစ်သည်။ ဘာမင်ဂန် သည် နှစ်ဆယ်ရာစုနှစ် အမေရိကန်နိုင်ငံ၏ လူမျိုးရေး ခွဲခြားမှုကို အဆုံးသတ်စေသည့် သင်္ကေတ ပင်ဖြစ်လေသည်"
သို့သော် နောက်တစ်နေ့တွင် မောင်ဂိုမာရီ ဘတ်စ်ကား အရေးအခင်းထက် ဆိုးသည့် အကြမ်းဖက်မှုကြီးတွေ ဆက်တိုက် ဖြစ်လာတော့သည်။ အေဒီ၏ အိမ်ရှေ့ပိုင်း တစ်ခုလုံးဗုံးခွဲဖျက် ဆီးခံလိုက်ရသည်။ နောက် ဗုံးခွဲခံရသည့်နေရာ မှာ မာတင် တည်းခိုပြီး ရုံးခန်းဖွင့်ထားသည့် ဂက်စတွန်ဟိုတယ်ဖြစ်သည်။ သည်ကိစ္စမှာ လူမည်းများ ၏ ဒေါသကို ဆွပေးသလို ဖြစ်သွားတော့ သည်။ အေဒီက အိမ်ပျက်ကြီးပေါ် တက်ပြီး အကြမ်းမဖက်ဖို့ သူ့လူတွေကိုထိန်းသည်။

အယ်လဘားမားပြည်နယ် ရဲတပ်ဖွဲ့တွေ ရောက်လာပြီး လူမည်းရပ်ကွက်တွေကို ၀ိုင်းထားလိုက် သည်။ အိမ်ပြန်ရောက်ခါစ ရှိသေးသည့် မာတင် တစ်ယောက် ဘာမင်ဂန် သို့ ပြန်ပြေးရပြန် သည်။ ဒေါသ အမျက်ချောင်းချောင်း ထွက်နေ သည့် သူ့လူတွေကို မာတင် ထိန်းနိုင်ခဲ့သည်။ သူတို့ တစ်တွေက စုဆောင်း ထားသည့် ဓားမြှောင်တွေ၊ သေနတ်တွေကို ခေါင်းဆောင်များထံအပ်သည်။ ဤသို့ဖြင့် ဘာမင်ဂန် အရေးအခင်း တဖြည်းဖြည်း ချင်း အေးဆေးသွားသည်။
မာတင် က ဘာမင်ဂန် အောင်မြင်မှုသည် တောင်ပိုင်းတစ်ပိုင်းလုံးသို့ ကူးစက်သွားစေရမည်ဟု နိမိတ် ဖတ် သည်။

သူ ပြောသည့်အတိုင်း တစ်မြို့ပြီးတစ်မြို့ ဖြစ်လာတော့သည်။ မြို့တိုင်းလိုလို တွင် သန်းနှင့်ချီသော လူမည်း တို့သည် လူဖြူများနှင့် ပူးတွဲကာ လူမျိုးရေး မခွဲခြားဖို့အတွက် ထောက်ခံဆန္ဒပြကြသည်။
စားသောက်ဆိုင် များ၊ စတိုးဆိုင်များ၊ ကျောင်းများတွင် နီဂရိုးများ အမှိမ်မခံရတော့ပေ။ ၁၉၆၃ ခုနှစ် တွင် လူဖြူ လူမည်း မခွဲခြားရေး ဥပဒေကြမ်းကို သမ္မတ ကနေဒီက တင်သည်။ နောက်ဆုံး ၁၉၆၄ ခုနှစ်တွင် ကွန်ဂရက် က အတည်ပြုသည်။
သည်ဥပဒေကြမ်း တင်သည့်အခါ အိမ်ဖြူတော်တွင် သမ္မတနှင့် မာတင်လူသားကင်း ဆုံရာ ကနေဒီက ခပ်မဲ့မဲ့ပြုံးပြီးပြောသည်။
" ခင်ဗျား ကွန်နား ကိုလည်း ကျေးဇူးတင်နော်၊ အေဘရာဟင် လင်ကွန်း ကို ကျေးဇူးတင်သလို၊ သူ့ ကိုလည်း တင် သင့်တယ်ဗျ"

(၇)

ဘာမင်ဂန်၏ လှုပ်ရှားမှုအရှိန် သေမသွားအောင် လုပ်ဖို့ အရေးကြီးကြောင်း ကမန်မတို့ အားလုံး သဘော ပေါက်ထားကြသည်။ သမ္မတ ကနေဒီကို ထောက်ခံသည့်အနေဖြင့် ၀ါရှင်တန်သို့ ငြိမ်းချမ်းစွာ လမ်းလျှောက်ကြ ရန် ခေါင်းဆောင်တွေ စည်းဝေးပြီး ဆုံးဖြတ်ကြသည်။ ၁၉၆၃ ခုနှစ် သြဂုတ်လ ၂၈ ရက်နေ့ တွင် လင်ကွန်းအောက်မေ့ဖွယ် ကြေးရုပ်သို့ စီတန်းလမ်းလျှောက်ကြမည်။ စနစ်တကျ ဖြစ်အောင် စီစဉ်ကြရသည်။ လူဖြူ လူမည်း လူတန်းစားပေါင်းစုံ အားတက် သရော ထောက်ခံကြသည်။ ပြည်ထောင်စု အစိုးရနှင့် ပြည်နယ် အစိုးရအဖွဲ့အစည်းများ ၏ ထောက်ခံမှု ကို ပါ အပြည့်အ၀ ရရှိခဲ့လေသည်။

ဧရာမ လူထု လမ်းလျှောက်ပွဲကြီးအတွက် အသေးစိတ် အစီအစဉ်တွေ ဆွဲနေစဉ် မာတင်က တတိယစာအုပ် ကို စရေးသည်။ ဘာမင်ဂန်တိုက်ပွဲကို အခြေခံပြီး "ဘာကြောင့် ကျွန်တော်တို့ မစောင့်နိုင်ရတာလဲ " (Why we can't Wait)ဟု အမည်ပေးလိုက်သည်။ သူ၏ ဒုတိယစာအုပ်မှာ သူ့မိန့်ခွန်းပေါင်းချုပ်ဖြစ်သည်။ နာမည်က "မေတ္တာတရား၏ ခွန်အား" (Strength of Love)ဖြစ်သည်။
သြဂုတ်လထဲတွင် SCLC ခေါင်းဆောင်များနှင့်အတူ ၀ါရှင်တန်သို့ ကျွန်မတို့ ထွက်လာခဲ့ကြသည်။ ဟိုတယ် ရောက်တော့ သူ ပြောရ မည့် မိန့်ခွန်း အတွက် မာတင် ပြင်ဆင်သည်။ သူ့အတွက် ရှစ်မိနစ် အချိန် ရသည်။ သူတစ်ညလုံး ထိုင်ရေးနေသည်။ တစ်ရေးမျှ မမှေး။ မနက် သုံးနာရီတွင် အိပ်ပျော် သွားသည့် အတွက် ကျွန်မ ကိုယ့်ကိုယ်ကိုယ် ခွင့်မလွှတ်နိုင်အောင်ဖြစ်နေသည်။

ကျွန်စနစ် ဖျက်သိမ်းခြင်း နှစ်တစ်ရာ ပြည့်သည့် ၁၉၆၃ ခုနှစ်ကို မာတင်က အလေးအနက် ထား ပြော မည်။ ရေဒီယိုနှင့် ရုပ်မြင်သံကြားမှ တိုက်ရိုက်လွှင့်မည်။ သူ ရေးပြီးသွားသည့် မိန့်ခွန်းမှာ အလွန်ကောင်း ပါ သည်။ သို့သော် တကယ် ပြောဖြစ်သည့်အခါ ပိုကောင်းနေလေသည်။
မနက် မိုးလင်းတော့ ဟိုတယ်က မထွက်မီ တီဗွီသတင်း ကြည့်ပြီး ကျွန်မတို့ စိတ်ပျက်သွားသည်။ ကျွန်မတို့က လူ တစ်သိန်းလောက် လာကြမည် ထင်ထားသည်။ လမ်းလျှောက်မည့် လူစု မှာ နှစ် သောင်းငါးထောင်ပဲ ရှိသည် တဲ့။ သို့သော် စုရပ်ကို ရောက်တော့ ကျွန်မတို့ အားတက်သွားသည်။ လူ နှစ်သောင်းငါးထောင် တွင် လေးပုံ သုံးပုံ မှာ လူဖြူများဖြစ်နေသောကြောင့်ဖြစ်ပါ၏။

အလွန် ကြည့်လို့ကောင်းသည့် မြင်ကွင်းဖြစ်ပါသည်။
သည် လူထု လမ်းလျှောက်ပွဲအကြောင်း ကို အများအပြား ရေးခဲ့ပြောခဲ့ကြပြီးပါပြီ။ လူတန်းကြီး ကို ခေါင်းဆောင် များ က ဦးဆောင်စရာ မလိုတော့ဘဲ လူထုကြီးက သူတို့ဘာသာ သူတို့ စည်းကမ်းသေ၀ပ် စွာ ချီတက်နေကြ သည်။ လင်ကွန်း အောက်မေ့ဖွယ် ကြေးရုပ် အရောက် လမ်းလျှောက်ကြပြီး လမ်းပေါ်မှ ပလက်ဖောင်း လူသွားလမ်းပေါ် တက်လိုက်ကြသည်။

ပလက်ဖောင်းပေါ် ရောက်မှ လူတန်းကြီးကိုကျွန်မ သေသေချာချာ ကြည့်မိသည်။ အလို … နည်းတဲ့ လူတန်းကြီး လား။ သည်တော့မှ လူမည်းတို့၏ အခွင့်အရေး တောင်းဆိုမှုကို တစ်ပြည် လုံး ထောက်ခံနေကြကြောင်း ကျွန်တို့ သိကြရသည်။ သမ္မတ ကနေဒီက တီဗွီတွင် တစ်ချိန်လုံးထိုင် ကြည့်နေသည် ဆို၏။
ကျွန်မ တို့ ခေါင်းဆောင်များက တစ်ယောက်ပြီး တစ်ယောက် အားနှင့်မာန်နှင့် မိန့်ခွန်းတွေ ပြောကြ သည်။ လူလူချင်း အနှိမ်ခံနေရသည့် လူမည်း တို့၏ ဘ၀အထွေထွေကို ကွင်းကွင်း ကွက်ကွက်မြင် လာအောင် ဟောပြောပြီး တရားမျှတမှု၊ လူဖြူတို့နှင့် တစ်ပြေးညီအခွင့် အရေး ရရှိမှုတို့ကို တောင်းဆိုသည်။

ဖရက်ရှပ်တ်ဝသ်က
" ကျွန်တော် တို့ ဒီကို ရောက်လာတာဟာ ကျွန်တော်တို့ တိုင်းပြည်ကို ချစ်လို့ ရောက်လာတာပါ၊ ကျွန်တော် တို့ တိုင်းပြည် ဟာ ကျွန်တော်တို့အတွက်ဖြစ်ပြီးကျွန်တော်တို့ဟာ ကျွန်တော်တို့ တိုင်းပြည် အတွက်ဖြစ် ပါတယ်" ဟုမိန့်ကြားသည်။ မာတင်က နောက်ဆုံးပြော၇မည့်သူ၊ လူထုကြီးကို ထိန်းရမည့်သူဖြစ်သည်။ သူ့ အတွက် ဘယ်လောက် ခက်မှန်းကျွန်မကောင်းကောင်း သိနိုင်ပါသည်။ နေက ပူပြင်းလွန်း၍ မွန်းလွဲ သုံးနာရီလောက် တွင် လူတွေကို အထိန်းရ ခက်လာ သည်။ သို့သော် မဟာလီယာဂျက်ဆင်၏ အသံကို ကြား ရတော့ အားလုံး ငြိမ်ကျသွားသည်။ အလွန်သာယာနာပျော်ဖွယ် ကောင်းလှသည့် အမျိုးသမီး၏အသံ။

" ကျွန်မတို့ တစ်တွေ ခွဲခြားဆက်ဆံခံခဲ့ရတယ်၊ လူရာမသွင်းဘဲ၊ စည်းခြားခံခဲ့ရတယ် "
ရန်ဒေါ့ဖ် က မာတင့်ကို စံပြ အမျိုးသားခေါင်းဆောင်ဟုခေါ်ပြီး မိန့်ခွန်းပြောဖို့ မေတ္တာရပ်ခံသည်။ လက်ခုပ်သံတွေ ဘ၀ဂ်တိုင်အောင်ညံသွားသည်။
" မာတင်၊ လူ သာ၊ ကင်း "
" မာတင် ၊ လူ သာ၊ ကင်း "
ဟု အထပ်ထပ် အခါခါ အော်ဟစ် တောင်းဆိုကြသည်။ သူ အရမ်းစိတ်လှုပ်ရှားနေမှန်း ကျွန်မ ကောင်းကောင်းသိသည်။ ပထမပိုင်းတွင် သူ့အသံ ခြောက်ကပ်ကပ် ဖြစ်နေသော်လည်း ခဏအကြာ တွင် ထုံးစံအတိုင်း အောင်မြင်စည်ဝေလာကာ ပြောရင်း ပြောရင်း သူ စိတ်ပါလာလေတော့သည်။ သူ၏ အထူးခြား ဆုံး အသံသြဇာ ပါလာသည်။

ပထမတော့ သူ ပြင်ဆင် သွားသည့်အတိုင်း စသည်၊ သို့သော် ပြောရင်း ဈာန်ဝင်လာသည့် အခါ ပြင်ဆင် ထားသည့်အတိုင်း မဟုတ်တော့ဘဲ လူမည်းတို့ အခွင့်အရေးနှင့်ပတ်သက်ပြီး တစ်မိနစ်မျှ မစောင့်နိုင်တော့ ဘဲ လူမည်း တို့ အခွင့်အရေးနှင့်ပတ်သက်ပြီး တစ်မိနစ်မျှ မစောင့်နိုင်တော့သလို "အခု ""ချက်ချင်း" "ခုချက်ချင်း" ဟူသည့် စကားလုံးများကို ထပ်ကာ ထပ်ကာရွတ်၍ ကရားရေလွှတ်ပြောချ သွားတော့ သည်။ ညက ရေးသွားသည့် စကားလုံးတွေကို မေ့သွားကာ သူ့နှလုံးသားမှ ပန်းထွက်လာသည့် ခံစားမှုတွေ တရဟော ခုန်ပျံစီးဆင်း လာလေတော့သည်။ ဌာန်ကျကျ၊ ကရိုဏ်းကျကျ၊ စည်းဝါးမှန်မှန်၊ ကာရန်တွေ အလိုလို ပါလာသည့် အလား။

ပြောနေရင်း တက်ကြွလာပြီး တက်ကြွလာသည်နှင့်အမျှ သူ့စကားလုံးတွေ ပြောင်မြောက်လာသည်။ သူ့ လေသံ က အားပါလာသည်။ သိန်းချီသော ထိုလူအုပ်ကြီးမှသည် တစ်ကမ္ဘာလုံးသို့တိုင် ပျံ့လွင့် သွားလေတော့ သည်။
" မိတ်ဆွေများခင်ဗျား၊ ဒီနေ့ ဒီနေရာက ကျွန်တော် ပြောလိုက်ပါ့မယ်၊ ဒီနေ့ရော မနက်ဖြန်မှာပါ ကျွန်တော်တို့ ဖြတ်ကျော်ရမယ့်၊ ရင်ဆိုင်ရမယ့် ပြဿနာတွေပါ။ ဘာပဲဖြစ်ဖြစ် ကျွန်တော့မှာ အိပ် မက်တစ်ခု ရှိနေပါတယ်၊ အဲဒီ အိပ်မက်ဟာ အမေရိက တစ်နိုင်ငံလုံးမှာ အမြစ်တွယ်နေတဲ့ အိပ်မက် ဖြစ် ပါတယ်။ အဲဒီ အိပ်မက်က ဘာလဲဆိုတော့ တစ်နေ့မှာ ကျွန်တော့် လူမျိုးဟာ ခရစ်ယာန် စစ်စစ် တွေ ဖြစ်လာရမယ်၊ အဲဒီအခါမှာ လူသားဆိုတာ မွေးကတည်း က လူတိုင်းတန်းတူအခွင့်အရေး ရှိခဲ့တယ်ဆိုတဲ့ အမှန်တရား ကို နားလည် လာကြလိမ့်မယ်….။

" အဲဒီ အိပ်မက်ထဲမှာ နီစွေးတဲ့ ဂျော်ဂျီယာ တောင်ကုန်းတွေပေါ်က ငွေဝယ်ကျွန်တွေရဲ့ သားတွေ၊ ကျွန်ပိုင်ရှင်တွေ ရဲ့ သားတွေဟာ စားပွဲတစ်လုံးတည်းမှာ ထိုင်ပြီး ညီရင်းအစ်ကိုတွေလို….။
" အဲဒီ အိပ်မက်တွေ ထဲမှာ ကျွန်တော့် ကလေးလေးယောက်အတွက် တရားစီရင်ရေးမှာ သူတို့ အသားရောင် မကြည့် ဘဲ သူတို့ရဲ့ ပြုမူ လှုပ်ရှားမှုနဲ့ စာရိတ္တပေါ်မှာ ကြည့်ပြီး စီရင်တဲ့ တရားစီရင် ရေးမျိုးဖြစ်စေရမယ်ဆိုတဲ့ အချက် လည်း ပါပါတယ်။
" အဲဒီ အိပ်မက်ထဲမှာ လျှိုမြောင်တွေ အားလုံးဖို့ပြီး သားဖြစ်နေပြီး တောင်တန်းကြီးတွေ လည်း မြေညီမြေပြန့် ဖြစ်နေ တယ်၊ ခယောင်းတောတွေဟာ စိုက်ပျိုးမြေတွေ ဖြစ်နေတယ်၊ လမ်းကွေ့ လမ်းကောက်တွေ ဖြောင့်တန်းနေတယ်။ ဒါဟာ အမေရိကန် တောင်ပိုင်းကို ပြန်ရောက်သွားတဲ့ ကျွန်တော့်ရဲ့ ဘာသာရေး ယုံကြည်မှုဖြစ်ပါတယ်။

" အဲဒီ ယုံကြည်မှုမျိုးနဲ့ ကျွန်တော်တို့ တစ်တွေ တောင်တွေကို ဖြိုနိုင်ပါလိမ့်မယ်၊ လျှိုတွေကို ဖို့နိုင် ပါလိမ့်မယ်။
" အဲဒီ ယုံကြည်မှုနဲ့ ကျွန်တော်တို့ လက်တွဲပြီး အတူတူ အလုပ်လုပ်နိုင်ပါလိမ့်မယ်။
" အဲဒီ ယုံကြည်မှုမျိုးနဲ့ ကျွန်တော်တို့တစ်တွေ အတူတူ လက်တွဲပြီး ဘုရားဝတ်ပြုနိုင်ကြပါလိမ့်မယ်။
" အဲဒီ ယုံကြည်မှုမျိုး နဲ့ ကျွန်တော်တို့တစ်တွေ တစ်နေ့မှာ လွတ်လပ်ရမယ်ဆိုတဲ့ စွဲမြဲမှုမျိုးနဲ့ အတူတကွ လက်တွဲ တိုက်ပွဲဝင်နိုင်ကြပါ လိမ့်မယ်။

" အဲဒီ နေ့ဟာ လွတ်လပ်ရေး ခေါင်းလောင်းသံ ညံမစဲပါစေနဲပလို့ အဓိပ္ပာယ်ဆောင်တဲ့ သီချင်းကို ဘုရားသခင် ရဲ့ ရင်သွေးတွေ အတူတူ ဆိုနိုင်မယ့်နေ့ဖြစ်မှာပါ။ အဲဒီအခါမှာ နယူးဟမ်ရှိုင်းယားတောင်ထိပ် မှာ ခေါင်းလောင်းသံတွေ စည်ဝေနေပါလိမ့်မယ်။ နယူးယောက် တောင်တန်းများမှာလည်း အလားတူ ငြိမ့်ညောင်း သာယာနေပါလိမ့်မယ်။ ဒီမှာတင်လား ဆိုတော့ မဟုတ်သေးပါဘူး။ ဂျော်ဂျီယာ၊ မစ္စစ္စပီနဲ့ ရှိရှိသမျှ တောင်တန်းတွေပေါ် မှာ လွတ်လပ်ရေး ခေါင်း လောင်းသံတွေ လေထဲမှာ လွင့်ဝဲ ပျံနေပါလိမ့်မယ်။ မြို့ကြီးမြို့နယ် များ နဲ့ ဘုရားကျောင်းမရှိတဲ့ ရွာကလေးများပါ မကျန်ူလူဖြူ လူမည်းအားလုံး လက်တွဲပြီး ဂျူးတွေ၊ ကက်သလစ်တွေ၊ ပရိုတက်စတင့်တွေပါ အတူတွဲပြီး ကျွန်တော့်မှာ နီဂရိုးတို့ရဲ့ အသက်ဝိညာဉ်ဖြစ် တဲ့ "နောက်ဆုံး မှာ ငါတို့ လွတ်လပ်ခဲ့ပြီ၊ ငါတို့လွတ်လပ်ခဲ့ပြီ၊ အို … တန်ခိုးတော် ရှင်သခင်၊ တပည့်တော် တို့ နောက်ဆုံး တွင် လွတ်လပ်ခဲ့ပါပြီဘုရား"ဆိုတဲ့ ရှေးဟောင်းသီချင်းကို သံပြိုင် သီဆိုနိုင်ကြ မှာဖြစ်ပါ တယ် ခင်ဗျား "
မာတင် နိဂုံးချုပ်တော့ လူတွေ ကြက်သေသေကာ အော်ဟစ် သြဘာပေးဖို့ မေ့လျက် ငိုင်တွေနေ ကြသည်။ သူတို့ တစ်သက်တာ တွင် သည်မျှ စိတ်လှုပ်ရှားစရာ ကောင်းသည့် မိန့်ခွန်းမျိုးကို တစ်ခါဖူးမျှ ကြားဖူးဟန် မတူ။ သည်လို ရင်တသိမ့်သိမ့်ဖြစ်စေမည့် တရားမျိုးကို ဘယ်မှာမှ နာခဲ့ဖူး ဟန်မတူ။

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

Saturday, June 16, 2012

တင်မောင်မြင့် ဘာသာပြန် မာတင်လူသာကင်း နှင့် ကျွန်မဘဝ, အပိုင်း (၇)

သို့သော် အမေရိကန် လူမည်းများက သူ့ကို ဘုရားတစ်ဆူ ဂူတစ်လုံးကိုးကွယ်နေကြသည်ကိုတော့ သူ တားဆီး ၍ မရတော့ပါ။ ဒါကလည်း သူတို့တွင် ဘယ်တုန်းကမှ အမျိုးသားရေး ခေါင်းဆောင် မရှိဖူး ၍ ဖြစ်နိုင်ပါ သည်။ သူတို့ စိတ်ထဲတွင် မာတင့်အား တစ်ကမ္ဘာလုံးရှိ လူမည်းအားလုံး ၏ ခေါင်းဆောင် ဟု စွဲနေကြပြီ။ ကို ဆက်ဖတ်ရန်...

(၆)

အတ္တလန္တရှိ SCLC အဖွဲကချုပ်နှင့်မောင်ဂိုမာရီကို အိမ်ဦးနှင့်ကြမ်းပြင်ကူးသန်းနေခဲ့ သည်မှာ သုံးနှစ်နီးပါး ရှိခဲ့ပြီ။ ၁၉၅၉ ခုနှစ် ကုန်ခါနီးတော့မာတင်တစ်ခုဆုံးဖြတ်ရ တော့သည်။ ဒက်စတာသင်းအုပ်ဆရာဘ၀ကို သူ စွန့်လွှတ် ရတော့ မည်။ အတ္တလန္တာကို ပြောင်းမနေ၍ မဖြစ်တော့ပေ။
ဒက်စတာဘုရားကျောင်း ပရိသတ်မှာ မာတင်ကိုလေးစား ကြည်ညိုကြသည်။ သံယောဇဉ်ကြီးကြသည်။ သင်းအုပ်ဆရာတစ်ဦး အတ္တလန္တာအတွက် ထပ်ရှာပြီး သူ့ကို ဒက်စတာတွင်သာဆက်နေစေ၍ SCLC လုပ်ငန်းတွေကို ဆက်လုပ်စေချင်ကြသည်။ တစ်သက်လုံး ဘယ်မှမပြောင်းစေချင်ကြ။
ကျွန်မတို့ဘက် ကလည်း မောင်ဂိုမာရီမှ ခွာဖို့အလွန် ခက်နေပါသည်။ အားလုံးနှင့် ရင်းနှီးခင်မင်နေကြပြီ မဟုတ်လား။

မာတင်မျက်ရည်မဆည်နိုင်ဘဲ ငိုကြွေးလေတော့သည်။
ဒက်စတာနှင့်ကျွန်မ တို့ သံယောဇဉ်မှာ အဘွားအိုတစ်ယောက်ကြောင့် ပို၍ နက်ရှိုင်းသွားခဲ့ရသည်။ မာသာနော်မန် ဆိုသည့် အဘွားဖြစ်၏။ "မာတင့်ကို သားအရင်းလို ကျုပ်ချစ်တယ်" ဖော် ထုတ်ပြောဖူးသည်။
တစ်ခါတုန်း က ရန်ပုံငွေရှာဖို့ ကျွန်မပြဇာတ်တစ်ပုဒ် ကပြ ဖူးသည်။ အဘွားက အားလပ်ချိန်တွင် ပရိတ်သတ်ထဲ မှ ထပြီး လက်ခုပ်တီးကာ "ဒါမှ ငါ့သမီးကွ" ဟုသြဘာပေး သည်။
ကျွန်မ တို့ကို နှုတ်ဆက်ပွဲလုပ်သည့် ညတွင် အဘွားနော်မန် က ဆေးလိပ်ပြာခွက် ကလေးတစ်ခု လက်ဆောင်ပေး သည်။ မုန့်ပုံး တစ်ပုံး ၏ အဖုံးကို သူကိုယ်တိုင် လုပ်ထား သည့် ဆေးလိပ်ပြာခွက်၊ နှုတ်ခမ်း ပတ်ပတ်လည် တွင် ဘိလပ်ရေ ပုလင်းအဖုံးကလေးများ စီလျက်။
"သမီးဧည့်ခန်း နဲ့တော့မတန်ဘူးပေါ့ကွယ်" ဟုပြောပြီးပေးရှာသည်။ ကျွန်မရင်ထဲ နင့်သွားသည်။

"အကောင်းဆုံးနေရာမှာ ရွေးပြီး သမီးထားမှာပါ အဘွား၊ အတ္တလန္တကိုရောက် ရင် အဘွား လာလည်ပြီး ကြည့်နော်" ဟု ကျွန်မပြန်ပြောခဲ့မိပါသည်။
အတ္တလန္တာ ကို အဘွားနော်မန်လာမလည်နိုင်ခင် ကွယ်လွန်သွားရှာသည်။ ကျွန်မတို့ လင်မယား ယူကျူံး မရ ဖြစ်ကြရပါသည်။
ကျွန်မကတိ အတိုင်းအလွန် အဓိပ္ပာယ်ရှိသည့်အဘွား၏ လက်ဆောင် ဆေးလိပ်ပြာ ခွက်ကလေးသည် ကျွန်မဧည့်ခန်း တွင် ယနေ့တိုင် နေရာယူထားဆဲ့ဖြစ်ပါသည်။
ဒက်စတာ မှ ကျွန်မတို့ခွဲခွာခန်းသည် အလွန်ဝမ်းနည်းစရာကောင်းပါသည်။ သို့သော်လှလှပပရှိပါ၏။ သို့သော် အတ္တလန္တတွင် အိမ်ငှားပြီး လို့ နေရာမှ မချရသေးမီ မာတင့် ဂုဏ်သိက္ခာကို ထိပါးစေမည့် တိုက်ခိုက်မှု တစ်ခုပေါ်လာ သည်။ သည်းမခံနိုင် လောက်အောင် ပြင်းထန်သည့်သိက္ခာချခြင်းမျိုးဖြစ်၏။

၁၉၅၆ ခုမှ ၁၉၅၈ ခုနှစ်အတွင်းအယ်လဘားမားပြည်နယ် အခွန်ဥပဒေကို တိမ်း ရှောင်ပြီ စာရင်း လိမ်ပြခဲ့သည် ဟု မောင်ဂိုမာရီ က မာတင်အား တရားစွဲလိုက်သည့် ကိစ္စဖြစ် ၏။
မာတင် သည် အမ်အိုင်အေ နှင့် SCLC မှ အခါအားလျော်စွာကုန်ကျစရိတ်ပြန်ပေး သည့် ခေါင်းစဉ် မျိုးဖြင့် အထောက်အပံ့ ရရှိခဲ့ သည်။ သည်ငွေကို အခွန်ကြေညာစာရင်း တင်သည့်အခါ ထည့်ပြဖို့မလိုသဖြင့် မာတင်က ထည့် မပြခဲ့။
အသားလွတ် သိက္ခာချခြင်း၊ ဆီင်္လိုအပေါက်ရှာခြင်းဖြစ်ကြောင်း အားလုံးသိကြ၏။ သို့သော် အကြောင်းမသိ သူများ က အခွန်ရှောင်သည် ထင်ကြသဖြင့် မာတင်သိက္ခာကျရ သည်။ သူကကျွန်မကို နာကြည်းစွားပြောသည်။

"ရန်သူတွေက ကိုယ့်ကို ၀ိုင်းချနေတာ များတော့ ကိုယ်အရေထူနေပါပြီ၊ ဒါပေမဲ့ ဒီတစ်ခါကတော့ ကိုယ့်ရိုးသားမှု ဂုဏ် ကို ထိပါးတာပဲ" ကျွန်မတို့တွင် တရားဆိုင်ရန် ပိုက်ဆံမရှိပါ။ အဖွဲ့ရန်ပုံငွေကို မာတင်ကဘယ် တော့မှ ယူသုံးမည် မဟုတ်။ "လူတွေက ထင်ကြတော့မှာပဲ၊ အဖွဲ့ရန်ပုံငွေတွေကို ကိုယ်ယူသုံးနေတယ်လို့"
သို့သော် သိပ်မကြာလိုက်ပါ။ အဖြစ်မှန်ကို လူတွေသိသွားပြီး ဒေါသူပုန်ထကုန်ကြ တော့သည်။ ငွေစုပြီး တရားရင်ဆိုင်ဖို့၊ မောင်ဂိုမာရီမှ အတော်ဆုံးရှေ့နေတွေ ငှားဖို့ စီစဉ်ကြသည်။
မေလ ၂၈ ရက်နေ့၊ စနေနေ့တွင် ဂျူရီဖွဲ့သည်။ တရားရုံးလောကတွင် အထူး ဆန်းဆုံး အဖြစ်တစ်ခုနှင့်ကြုံကြရသည်။ တရားလိုဘက်မှ အဓိကသက်သေထွက်ဆို ချက်ကြောင့် ဖြစ်၏။ သူကမာတင်၏ ရိုးသားမှုကိုအကြွင်းမဲ့ယုံကြည်ပါသည်တဲ့။
ကျွန်မတို့အားလုံးမယုံကြည်နိုင်အောင် ဖြစ်နေကြ၏။

"အပြစ်မရှိပါ" ဟုတရားရုံးအမိန့်ထွက်လာမှ ကျွန်မတို့ဟင်းချနိုင်ကြသည်။
ဂျူရီ လူကြီး လူဖြူ ဆယ့်နှစ်ဦးပါသည့်အဖွဲ့မှ ကွင်းလုံးကျွတ် လွှတ်ပေးလိုက်ခြင်း ဖြစ်သည်။ တရားဥပဒေ ၏ အောင်မြင်မှုတစ်ရပ်ဖြစ်ပါ၏။ လူ့ဘ၀တွင် အကောင်းဘက်မှ ရှိသည့် သစ္စာတရားများ မဆိတ်သုဉ်းသေး ပါကလား။ မာတင်ပြောနေကျ စကား သည် သွေးထွက်အောင် မှန်နေပါလေပြီး။
"မုသာဝါဒ ကို ထာဝရဖုံးကွယ်ထားလို့မရဘူး။ အမှန်တရားဟာ ကမ္ဘာကြီးကို ခွဲစရာ ရှိရင် ခွဲပြီး အပေါ်တက် လာမှာပဲ" ၁၉၆၀ ပြည့်နှစ်သည် စားသောက်ဆိုင်များတွင် လူဖြူ လူမည်းခွဲခြားထား ခြင်းကို ကျောင်းသား လူငယ်များ က စတင်ဆန့်ကျင်လာသော နှစ်ဖြစ်သည်။ တိုက်ပွဲက ကာရိုလိုင်းနား မြောက်ပိုင်း။ ဂရင်ဘရာ တက္ကသိုလ် မှစခဲ့ခြင်းဖြစ်သည်။

လူမည်းမောင်သစ်လွင် တစ်ယောက်က ကျောင်းရှေ့ဘတ်စ်ကားဂိတ်၊ စားသောက် ဆိုင်ဝင်တော့ သူမှာသည့် ဟင်လျာပွဲ တစ်ပွဲ မှ ရောက်မလာ။ သူ့လို လူမည်းကျောင်းသား တစ်ယောက်ရောက် လာပြီးအကျိုးအကြောင်း သိသွားတော့ မာတင်လူသားကင်း ၏ မောင်ဂို မာရီ ဘတ်စ်ကား အရေးအခင်းစာအုပ်ကို ထုတ်ပြ သည်။ နောက်ထပ် လူမည်းကျောင်းသား နှစ်ယောက် ထပ် ၀င်လာသည်။ လူဖြူ စားသောက်ဆိုင် ပိုင်ရှင် က သူတို့ ကို လုံးဝငြင်း ဆိုသည်။

သူတို့လေးယောက် ပေါင်းပြီး ၀ူးလ်ဝပ်စားသောက်ဆိုင်ကြီးသို့ ချီတက်ခဲ့ကြသည်။ ဟင်းပွဲတွေ အများကြီး မှာပြီး ထိုင်စောင့်နေကြ သည်။ စားသောက်ဆိုင်ပိုင်ရှင် လူဖြူ က လုံးဝမချပေး။ သူတို့ကလည်း ထမသွား အခြား လူမည်း လူငယ်များ က သူတို့နှင့် လာပေါင်း ပြီး ဟင်းတွေမှာသည်။ ထိုင်စောင့်သည်။
မီဒီယာ က သည်သတင်း ကို စာနယ်ဇင်းများတွင် ထည့်သည်။ စားသောက်ဆိုင်တွင် လူဖြူ လူမည်း ကိစ္စ ပျံသွားသည်။ တောင်ပိုင်းမြို့ကြီးများစွာသို့ ကူးစက်သွားသည်။ လူဖြူ လူငယ်တွေပါ လူမည်းများ ဘက်မှ ပါ လာသည်။ သို့သော် အာဏာပိုင်တွေက မလျှော့။ လူမည်းတွေကို ဖမ်းဟယ် ဆီးဟယ်လုပ်လာသည်။ သည်အခါ မီးလျှံ က ပိုပျံ့သွားသည်။
ဤတွင် SCLC က အကျယ်အကျယ် မငြိမ်းဖွယ် မဖြစ်အောင် ၀င်ထိန်းသည့် အနေဖြင့် ၀င်ညှိ သည်။ နှစ်ဖက်ညှိပြီးသုံးရက်ကြ ညှိနှိုင်းအစည်းအဝေးခေါ်သည်။ အကြမ်း မဖက်ရေးဝါဒဖြင့် နှစ်ဖက်ဆွေးနွေး သဘောတူကြသည်။

မာတင်လူသားကင်း ခေါင်းဆောင်သည့် ငြိမ်းချမ်းစွာ အတူတကွ ယှဉ်တွဲ သွားလာ ရေးလမ်းပွင့်သွားပြီ။
"ငါတို့အောင်မြင်ရမည်" ဟူသည့် လူမည်း တေးသံသည် ဘ၀ဂ်ညံနေပြီ။ သည်တေးသွားမှာ ၁၉၄၀ ပြည့် လွန် များတွင် ခေတ်စားခဲ့သည့်တင်နက်စီမှ လူမည်းတို့၏ တေးသံကို အခြေခံထားသည့် တေးသွားဖြစ်သည်။ အသွေးထဲ အသားထဲ သို့ စိမ့်ဝင်သွားသည့် တေးသံစဉ်မျိုးဖြစ်ပါသည်။ သည်တေးသံသည် ကျွန်မတို့၏ အမျိုးသား သီးချင်းဖြစ်လာခဲ့လေသည်။
အတ္တလန္တာ တွင် ဘတ်စ်ကားကို လူဖြူလူမည်း အတူတကွ စီးနိုင်ခဲ့ပါပြီ။ သို့သော် စားသောက်ဆိုင် များတွင်တော့ ခွဲခြားထားတုန်း ပင်။ အချိုရည်တစ်ပုလင်း၊ ရေခဲမုန့် တစ်ခွက် ၀ယ်ဖို့ပင် မလွယ်။ အိမ်နီးနားချင်း မျက်နှာသိ ဆိုင် များမှာ ပင် ရှေ့ကမ၀င်ရ။ ဘေးပေါက်မှ မှောင်ခိုဝင်ရသည်။

အသားရောင် ခွဲခြားမှု သည် တစ်သက်လုံး တည်မြဲနေတော့မည့်နှယ်။တစ်ခါတွင် အတ္တလန္တသို့ လေယာဉ်ဖြင့် မာတင် သွားခဲ့သည်။ လေယာဉ်ပေါ် တွင် အမေရိကန် လူဖြူ တစ်ယောက်နှင့် မိတ်ဆွေဖြစ်သွားသည်။ စကားကောင်း သွားကြသည်။ အတ္တလန္တ လေယာဉ်ကွင်း ရောက်တော့ ထိုပုဂ္ဂိုလ်က မာတင့်ကို ထမင်းကျွေး ပါရစေဟု ဖိတ်သည်။ စားသောက်ဆိုင် ထဲ ရောက်တော့ ဧည့်ကြိုအမျိုးသမီးကလေးက မာတင့်ဆီလာပြီးပြော သည်။ "ဟိုဘက်ကိုကြွပါရှင်၊ ဟိုဘက်မှာ သီးသန့်စားပွဲရှိပါတယ်" ခန်းဆီးကာထားသည့် နောက်ပိုင်းကို ညွှန်ပြပြီး ပြောခြင်းဖြစ်ပါသည်။ အမျိုးသမီး က ဆက်ရှင်းပြသေးသည်။

"အားလုံအတူတူပါပဲ၊ အစားအသောက်ရော၊ စားပွဲကုလားထိုင်တွေရော၊ ဒီရှေ့ ပိုင်းအတိုင်းပါပဲ"
မာတင် က လေအေးကလေးနှင့်ပြန်ပြောသည်။ သို့သော် သူ့အသံက ခိုင်မာသည်။ "မတူပါဘူးဗျာ၊ မတူပါဘူး၊ အဲဒီလို ခွဲခြားထားတဲ့ စနစ်ကြောင့် ဒီက နောင်တော်နဲ့ ကျွန်တော်မိတ်ဆွေဖြစ်ဖို့ ပျက်သွားပါပြီး"
ပြောပြီး မာတင်ထွက်လာခဲ့သည်။ အတ္တလန္တာတွင် လူမည်းတို့က စားသောက်ဆိုင်များတွင် အသားရောင် ခွဲခြားထားမှုကို ဆက်လက် တိုက်ပွဲဆင်နေကြသည်။ 

ရစ်ခ်ျကုန်တိုက်ကြီးအောက်မှ စားသောက်ဆိုင်ရှေ့ပိုင်းတွင် သူတို့ဝင်ထိုင်ကြမည်။ သည်ပွဲကို ပါဖို့မာတင်အား ဖိတ်တော့ ကျွန်မအမျိုးသားက ချက်ချင်းလက်ခံလိုက်သည်။ မာတင်အပါအ၀င် အားလုံး ခုနှစ်ဆယ့်ငါးယောက် အဖမ်းခံ ရသည်။ အာမခံ မလျှောက်ဖို့ အားလုံးညှိထားကြ၏။

"ဒီအသားရောင် ခွဲခြားမှု တိုက်ပွဲဆယ်နှစ်ကြာချင်ကြာပစေ၊ ထောင်ထဲမှာပဲနေ မယ်" ဟုမာတင်က ထုတ်ပြော သည်။ သူတို့တစ်သိုက်လုံး ထောင်ကျသည့် သတင်းပျံ့သွားတော့ နီဂရိုး လူမျိုးအားလုံး မခံမရပ်နိုင်ဖြစ်လာ ကြသည်။ ကော်မတီ တစ်ရပ်ဖွဲ့ပြီး အာဏာပိုင်တွေနှင့်ညှိကြသည်။ ဆယ်ရက်ကြာသည်အထိ အဖြေ မထွက်။ ကျွန်မ က မာတင့်ဆီ နေ့စဉ် ရောက်သည်။ ဥပဒေအရ ထောင်ဝင်စာမှာ တစ်ပတ်တစ်ခါသာ ရ၏ ဒက်ဒီကင်း ကမြို့နယ်ရဲမှူးနှင့် ခင် သဖြင့် ကျွန်မ အထူးအခွင့်အရေးရနေခြင်းဖြစ်၏။ လူဖြူ ရဲမှူးက လူစိတ်ရှိသူဖြစ် ပါသည်။
ယခုအချိန် တွင် ယိုကီ က ငါးနှစ်၊ မာတီကလေးက သုံးနှစ်ရှိပြီး။ သူတို့အဖေ ထောင်ကျသည့် သတင်းကို သူတို့ ပထမ ဆုံး ကြားဖူးခြင်းဖြစ်သည်။ ယိုကီက မူကြိုကျောင်းမှ ငိုပြန်လာသည်။ မောင်နှမနှစ်ယောက်စလုံးက ကျွန်မ ကိုမေး သည်။

"ဖေဖေကဘာလို့ထောင်ထဲမှာသွားနေတာလဲ မေမေ"
"ဖေဖေကကြင်နာတတ်လို့၊ သတ္တိရှိလို့ပေါ့၊ လူတွေကို ကူညီဖို့ ခဏသွားနေတာ၊ မကြာခင်ပြန်ရောက်လာမှာ၊ သားနဲ့ သမီးစိတ်မပူနဲ့နော်"
မာတီကလေး က လေယာဉ်ပျံတွေကို သဘောကျသည်။ သူကြီး လာရင် လေယာဉ် မောင်းမည် ဟု ပြောတတ်သည်။ ဒါမှသူ့အဖေဘယ်သွားသါား၊ လေယာဉ်မောင်းပြီးသူလိုက် ပို့မည်ဟု ဆိုသည်။
"ဖေဖေ ကထောင်ထဲကို လေယာဉ်ပျံနဲ့သွားတာလားဟင် မေမေ"
သူစိတ်ကျေနပ်အောင် "ဟုတ်တယ်" ဟုကျွန်မပြန်ပြောလိုက်ပါသည်။

နောက်တစ်ပတ်အကြာတွင်မှ သတင်းကြားကြရသည်။ ညှိနှိုင်းလို့ရပြီတဲ့၊ အားလုံး ပြေလည်သွားပြီတဲ့။ နာမည်ကျော် "ပက်စ်ချယ်လ်" စားသောက်ဆိုင်ကြီးသို့ ကြွရောက် ပါရန် ကျွန်မကို ဖိတ်သည်။ နီဂရိုးလူမျိုး လုပ်ငန်းရှင် တစ်ယောက်ပိုင်သည့်  ဆိုင်ဖြစ်သည်။
သူနှင့်တွေ့ရတော့မှာ မို့အ၀တ်အစားလဲနေရင်း ကျွန်မပျော်နေသည်။
ပက်စ်ချယ်လ်ကို ရောက်သွားတော့ ပတ်ဝန်းကျင်ကို ကျွန်မကြည့်လိုက်သည်။ အခြားလွတ်လာသူတွေ ကို တွေ့ရပြီး မာတင့်ကို မတွေ့ရပေ။ တစ်ယောက်က ကျွန်မကို ကပ်ပြောသည်။
"ဒေါက်တာကင်း ကို သူတို့ဆက်ဆွဲထားတယ်"

နောက်မှ ကျွန်မအကြောင်းစုံ သိရသည်။ အယ်လဘားမား ယာဉ်မောင်း လိုင်စင်ကို ဂျော်ဂျီယာ ယာဉ်မောင်း လိုင်စင်နှင့်မလဲသည့် အတွက်အဖမ်းခံရတာတဲ့။ ဖြစ်ပုံမှာတစ်ည တွင် နာမည်ကျော် စာရေးဆရာမလီလီယံစမစ် ၏ အိမ် သို့ ကျွန်မတို့ ရောက်သွားကြသည်။ အေမိုရီဆေးရုံတွင် ကင်ဆာရောဂါဖြင့် တက်ရောက် ကုသနေသည့် လီလီယံကို ကျွန်မတို့က သူ့အိမ်ပြန်ပို့ပေးသည်။ လမ်းတွင် ရဲက ကားကို တားသည်။လူမည်း တစ်ယောက်၏ ကားထဲတွင် လူဖြူအမျိုးသမီး ပါလာ၍ တားခြင်းဖြစ်၏။ သူတို့ အတွက် ပြဿနာ ရှာသူ ဖြစ်နေသော ဒေါက်တာကင်းဖြစ်နေသည့်အခါ စစ်တော့ ဆေးတော့ သည်။ ပေရှည်တော့သည်။ ကားလိုင်စင်မလဲမိသည့် ကိစ္စနှင့်ဖမ်း၍ ဒဏ်ငွေ ၂၅ ဒေါ်လာ ဆောင်စေပြီးအာမခံပေး လိုက် သည်။ အာမခံကာလအတွင်း ကောင်းမွန်စွာ နေစေရမည် တဲ့။ သည် ကာလ အတွင်းမာတင် က အတ္တလန္တထိုင်သပိတ်တွင်ပါဝင်ခဲ့သည်။  ဤသို့ဖြင့် ကောင်းမွန်စွာနေစေ ကာလ မစေ့သေး သဖြင့် ဥပဒေချိုးဖောက်ရာ ရောက်သည်တဲ့။ ထိုနေ့ ကစနေနေ့။ အင်္ဂါနေ့မှ ရုံး ထုတ်မည် ဖြစ်၍ မာတင်ထောင်ထဲတွင် နေရသည်။

ရုံးထုတ်သည့်နေ့ တွင် မြို့နယ်ရဲမှူး ဒီကဲ့ဘ်ကိုယ်တိုင် မာတင့်ကို လက်ထိတ်ခတ်ပြီး ဆွဲခေါ် လာသည်။ နောက်တစ်နေ့ သတင်းစာများ တွင် သည်ပုံကြီးပါ လာသည်။ တစ်နိုင်ငံလုံးမှ သတင်းစာတိုင်းတွင် ပါလာခြင်းဖြစ်၏။
တရားရုံး သို့ ကျွန်မတို့အားလုံးထွက်လာခဲ့ကြသည်။ ဒက်ဒီကင်း အပြင် မာတင့် ညီမနှင့် ညီအားလုံး ပါသည်။ နှစ်ဖက် ရှေ့နေများ၏ လျှောက်လဲချက်များကို နားထောင်ပြီး တရားသူကြီးမစ်ချယ်က "အပြစ်ရှိသည်ဟု ကျွန်ုပ်တွေ့ ရှိသဖြင့် ရိတ်ဗီးလ်ပြည်နယ် အကျဉ်းထောင်တွင် အလုပ်ကြမ်းနှင့်ထောင်ဒဏ် ၆လ ကျခံစေလိုက်သည်" ဟု စီရင်ချက် ချလိုက်သည်။

ယာဉ်မောင်းဥပဒေ ကို ချိုးဖောက်မှုအတွက် ချမှတ်သည့် ပြစ်ဒဏ်မှာ တရားလွန် လွန်းနေသည်။ ထိုစဉ်က ကျွန်မ မှာ ကိုယ်ဝန်ငါးလနှင့် ဖြစ်ပါသည်။ စိတ်ဓာတ်အကျကြီးကျ သွားသည်။ ကျွန်မတို့လှုပ်ရှားမှုများစခဲ့သည် ၁၉၅၅ ခုနှစ်မှစ ၍ ပထမဆုံးအကြိမ်အဖြစ် လူရှေ့သူရှေ့တွင် ကျွန်မငိုချလိုက်ပါသည်။ သူကိုယ်တိုင် စိတ်ဓာတ် ကျနေသော ဒက်ဒီ ကင်း က ငိုရမလားဆိုပြီး ကျွန်မကိုဆူပါသည်။
သူထောင်ထဲရောက်နေ သည်မှာ ရှစ်ရက်ရှိပြီ။ ကျွန်မ နေ့စဉ် ထောင်ဝင်စာ သွားတွေ့သည်။ စိုးရိမ်စိတ်ဖြင့် ကျွန်မ ပင်ပန်းလှပြီ။ ခုလို လပေါင်းများစွာ ထောင်ချ လိုက်ပြီးဆိုတော့သူမပါဘဲ သည်ကလေးကို ကျွန်မ တစ်ယောက်တည်းမွေးရတော့မည်ပေါ့။

ကျွန်မနှင့်ဒက်ဒီကင်းကို ထောင်ဝင်စာ တွေ့ခွင့်ပေးပါသည်။ မငိုဖို့ ကျွန်မကြိုးစား ပါသည်။ သို့သော် မျည်ရည်တွေ ကို တားဆီး၍ မရပါ။ ပါးပြင်ပေါ်သို့ တသွင်သွင်းစီးကျ လာနေသည်။
ကျွန်မကို မာတင်မြင်တော့ ဆီးပြောသည်။
"အို…ကိုရီကလည်းကွယ်၊ မင်းအဲဒီလို အားငယ်တာ တစ်ခါမှ မတွေ့ဖူးပါဘူး၊ မင်းသတ္တိမွေးရ မယ်လေ။ မောင့်အတွက် သတ္တိရှိရမယ်လေ"
ကျွန်မ သိပါသည်။ သည်လိုအချိန်မျိုးတွင် သူ့အားမာန်တွေ၊ ခွန်အားတွေသုံးလို့ မကုန်အောင် များလာတတ် သည်။ သည်ခွန်အားတွေက ကျွန်မဆီသို့ကူးစက်မြဲပါ။
ဒက်ဒီကင်းက ၀င်ပြောသည်။

"ဒီမယ် ကော်ရက်တာ၊ ဒက်ဒီကင်း မငိုဘူးလေ၊ ဒက်ဒီကင်းက တိုက်ပွဲဝင်မှာ၊ ဒက်ဒီကင်းငိုမှ မင်းငိုရမယ်၊ ဟုတ်ပြီ လား" သို့သော် သူဘယ်လောက်စိတ်ထိခိုက်နေမှန်းကျွန်မသိပါသည်။ ကျွန်မကြိုးစားပြီး အငိုတိတ် လိုက်ပါ သည်။ ချက်ချင်း ကျွန်မ ထိန်းနိုင်သွားသည်။
မာတင်ကပြောသည်။ "ဒီတစ်ခါ ကိုယ်ထောင်အကျခံမယ်ဆိုတဲ့ အချက်ကို တို့တစ်တွေ အားလုံး လက်ခံထားကြ ရမှာပေါ့၊ အဲဒီအတွက် ပြင်ဆင်ထားကြရမှာပေါ့"
မာတင် အားပြည်နယ်ထောင်ကို ချက်ချင်းမပို့ဖို့ကျွန်မတို့ရှေ့နေများက တရားသူ ကြီးကို မေတ္တာရပ်ခံသည်။ အယူခံဝင် မည့် အကြောင်းပြောတော့ တရားသူကြီးက လက်ခံသည်။ သို့သော် နောက်တစ်နေ့ မနက် တွင် အေဒီ က ကျွန်မဆီဖုန်းဆက်သည်။

"ကော်ရက်တာ၊ မာတင့်ကို ညက သူတို့ပြည်နယ်ထောင်ကို ပို့လိုက်ကြပြီ"
သည်အကြောင်း မာတင် က နောင် ကျွန်မကိုပြန်ပြောပြသည်။ နံနက် လေးနာရီ လောက်မှ အခြား အကျဉ်းသားတွေ နဲ့အတူ ရောအိပ်နေချိန်မှာ အခန်းထဲကို သူတို့ လူတွေ အများကြီးဝင်လာသည်တဲ့။ သူ့မျက်နှာ ကို လက်နှိပ်စက်မီးနဲ့ ၀ိုင်းထိုးပြီး "ဟေ့ ကင်း ကင်း ထ ထ"ဟု ခေါ်ဆွဲထူကြသည်။
သည်လိုအချိန်မျိုး တွင် ထောင်တွင်းသို့သည်လို ဧည့်သည်တွေရောက်လာသည့် အခါ ဖြစ်ခဲ့ဖူးသည့် သမိုင်းကြောင်း ကို မာတင်သိထားသည်။ ဘယ်နည်းနှင့်မျှ အကောင်း အဖြစ်နိုင်။ သူတို့က သူ့ကို လက်ထိတ် ခတ်လိုက်ကြသည်။ ပြီးတော့ ခြေထောက်ကိုပါ သံခြေချင်းခတ်လိုက်သည်။ မိုင်သုံးရာဝေးသည့် ရိတ်ဒ်ဗီးလ် ထောင် သို့ သူ့ကို ခေါ်သွား ကြလေပြီ။ ဟိုရောက်လျှင် ဘာတွေဖြစ်မည်၊ ဘယ်လို ကံကြမ္မာက စောင့်နေမည် ကို မာတင် မသိ။

အခန်းကျဉ်းကလေးထဲ့သို့ သူ့ကို ပစ်ထည့်လိုက်ကြသည်။ ရာဇ၀တ်သားတွေ ပြည့်ကျပ်နေသည့် အခန်း ကလေး။ သို့သော် အခြားအခြားသော အခန်းမျာျးွှ အကျဉ်းသား များဆီက စာတိုကလေးတွေ သူ့ ဆီရောက် လာသည်။ သူ့ကို ဘယ်ရွေ့ဘယ်မျှ လေးစား ကြောင်း၊ ကြည်ညိုကြောင်း ရေးလာသည့် စာရွက်ပိုင်း စာရွက်စ ကလေးများ။ အလွန်ကြမ်းတမ်း ရိုင်းပျသော ထောင်ဝါဒမှ လွဲ၍ အကျဉ်းသားအ ချင်းချင်း သူ့ကို ကူညီ ရိုင်းပင်း သဖြင့် မာတင်ခံသာနေသည်။
အေဒီထံ မှ သတင်းရောက်လာတော့ ကျွန်မအကြီအကျယ်စိတ်ဓာတ်ကျသွားသည်။ သူဘယ်လောက် စိတ်ထိခိုက်နေမည်ကို ကျွန်မမှန်းကြည့်နေသည်။ သူဘယ်လိုပင်ခံနိုင် ရည်ရှိသည် ဆိုစေဦး။ သူ့လူတွေကို သူ အလွန်ချစ်သည်။ တစ်ယောက်တည်း နေပြီး ဘယ်လောက် အထီးကျန်ဖြစ်နေရှာပြီလဲ။ ကျွန်မ ဒက်ဒီကင်း ကို ပြောလိုက်သည်။

"မဖြစ်ဘူး တစ်ယောက်ယောက် ဒီနေ့ လိုက်သွားမှဖြစ်မယ်"
ဒက်ဒီကင်း က သူ့သားကို အမြန်ဆုံးထောင်ထဲမှ လွတ်ဖို့ပဲ စဉ်းစားနေသည်။ လူရိုသေ ရှင်ရိုသေ ရှေ့နေတစ်ယောက်ဆီ သွားတွေ့ဖို့ ကျွန်မကိုပါ ခေါ်သည်။ သူ့နာမည်က မောရစ် အေဘရမ်။ ကျွန်မ တို့ သွား ဖို့ဟန်ပြင်နေတုန်းဖုန်းမြည်လာသည်။
ကျွန်မကောက် ကိုင်တော့ "မစ္စက်ကင်းပါလား၊ ခဏလေးနော်၊ အထက်လွှတ်တော်အမတ်မင်း ကနေဒီက စကားပြောပါရစေ တဲ့ရှင်"
သမ္မတလောင်း ဂျွန်အက်ဖ် ကနေဒီ မဲဆွယ်ဟောပြောပွဲများ၏ နောက်ဆုံးရက်များ ဖြစ်၏။ တီဗွီမှကြားနေကျ သူ့အသံကို ကျွန်မ မှတ်မိနေသည်။

"မင်္ဂလာပါ မစ္စက်ကင်း၊ ကျွန်တော် ဆီနိတ်တာ ကနေဒီပါ၊ ဒေါက်တာကင်း ကိစ္စနဲ့ပတ်သတ်ပြီး ကျွန်တော် အများကြီး စိတ်မကောင်းပါဘူးခင်ဗျား၊ မစ္စက်ကင်းမှာ ကိုယ်ဝန်ကြီး နေ့စေ့လစေ့နဲ့ဆိုတာလည်းကျွန်တော် ကြား ပါတယ်၊ ကျွန်တော် လုပ်ပေး နိုင်တာ ရှိရင်အကူအညီပေးပါရစေ၊ အားမနာတမ်းပြောနိုင်ပါတယ် ခင်ဗျား"
"ကျေးဇူးတင် ပါတယ် ဆီနိတ်တာ၊ ခုလို ဂရုတစိုက်မေးဖော်ရတဲ့အတွက် အများကြီးလေးစားပါတယ်ရှင့်၊ ကူညီနိုင်တာ ကို ကူညီမယ်ဆိုတဲ့ အတွက် ဂုဏ်ယူ ပါတယ်ရှင့်"
သမ္မတ ဖြစ်တာ့မယ်ဆဲဆဲ လူတစ်ယောက်နဲ့ ကျွန်မ အမှတ်ထင်ထင် ပြောဖြစ်ခဲ့တဲ့ စကားလုံးများပါ။ ထိုတဒင်္ဂ တွင် ရုတ်တရက်ကျွန်မမည်သို့ တုံ့ပြန်ရမှန်းမသိ ဖြစ်သွား ပါသည်။ မာတင်ပြောဖူးသည်ကို မှတ်မိသဖြင့် ကျွန်မ တုံ့ဆိုင်းတုံ့ဆိုင်း ဖြစ်သွားပါသည်။ သူကဘယ်ပါတီ သမ္မတလောင်းများနှင့်မျှ မပတ်သက်စေချင်။

နောက်မှ ဂျေအက်ဖ်ကေအကြောင်း ကျွန်မသိရသည်။ သူ့အဖွဲ့သားတွေက မာတင် ကိစ္စကြေငြာချက် တစ်ရပ်ထုတ် ဖို့တိုက်တွန်းကြသည်တဲ့။ ဒါကိုဂျော်ဂျီယာ ပါတီဝင် တွေက တောင်ပိုင်းမဲ လျော့သွားမှာ စိုး၍ လက် မခံကြ။ သို့သော် အလွန်ထက်မြက်သည့် ခေါင်းဆောင် တစ်ယောက်က သမ္မတလောင်းကို "အဲဒီကိစ္စ အသာထားလိုက်ပါ၊ မာတင်လူသားကင်းကို လွတ်အောင် ကျွန်တော် လုပ်ပေးမယ်" ဟုပြောဆို၏။ သည်ကြားထဲမှာ  ဂျေအက်ဖ်ကေက ကျွန်မဆီဖုန်းဆက်ဖြစ်အောင် ဆက်ခြင်းဖြစ်သည်။
သည့်နောက်ပိုင်း တွင်တော့ အဖြစ်အပျက်တွေကမြန်ဆက် သွက်လက်ာလသည်။ ဂျေအက်ဖ်ကေ ကျွန်မကို ဘာတွေပြောသည် ကို သတင်းထောက်တွေက သိချင်ကြသည်။ ကျွန်မက သမ္မတလောင်း၏ လူတွေနှင့် မတွေ့ရ ဘဲ ဘာမျှမပြောရဲ။ သို့သော် မကြာမတင်အတွင်းမာတင်လွတ်ဖို့အားတတ်စရာ သတင်းတွေ ကျွန်မ တို့ ကြား ရသည်။

နောက်မှ ကျွန်မတို့သိရသည်။ ရောဘတ်ကနေဒီက တရားသူကြီးမစ်ချယ်လ်နှင့် တွေ့ပြီး ဘာကြောင့် အာမခံ မပေးကြတာ လဲ မေးသည် ဆို၏။ သည်သတင်းကို မီဒီယာတွေ ရသွားတော့ ဖွကြသည်။ ဤသို့ဖြင့် မာတင် ချက်ချင်း အာမခံနှင့်လွတ်လာ သည်။ ကျွန်မတို့အားလုံးလေယာဉ်ကွင်း သွားကြိုကြသည်။ သူ့အဖေထောင်ထဲ မှ လေယာဉ်ပျံကြီးနှင့်ပြန်လာသည်ကို မာတီကလေးတွေ့သွားလေသည်။
ထိုညတွင် ပင် ကျွန်မတို့ လူထု အစည်းအဝေးခေါ်လိုက်သည်။ မာတင်က သူ၏ ထောင် အတွေ့အကြုံတွေပြောပြသည်။ နိုင်ငံရေး ကို တစ်ခွန်းမျှမပြော။

 သို့သော် ဒက်ဒီကင်း တစ်ယောက် စိတ်ပြောင်းသွားလေပြီ။ သူက နစ်ဆင်အား မဲပေးဖို့ပြင်ဆင်ထား သူ။ သူက လူထုကြီး ကို သူ့အသံသြကြီးနှင့် အော်ပြောသည်။
"ကျုပ်မှာ မဲတွေ သေတ္တာတစ်လုံးအပြည့်ရှိမယ်ဆိုရင် ဆီနိတ်တာ ကနေဒီရဲ့ ခြေရင်းမှာ သွားပုံပေးလိုက်မယ်"
ရက်အနည်းငယ် အတွင်း ဂျွန်အက်ဖ် ကနေဒီ သမ္မတ အရွေးခံရသည်။ နစ်ဆင်ထက် မဲတစ်သောင်းသာ ပိုရသည်။ သည်ကိစ္စနှင့် ပတ်သက်၍ သမိုင်းပညာရှင် များက မာတင်လူသားကင်း ကိစ္စကို ၀င်လိုက်၍ ကနေဒီ မဲနိုင်တာ ဟုကောက်ချက်ချ ကြသည်။ သူတို့ မှန်သည်ဟု ကျွန်မယုံကြည်ပါသည်။


၁၉၆၁ ခုနှစ်မတ်လထဲတွင် ဘတ်စ်ကားစီးခွင့်၊ အသားရောင် မခွဲစတမ်း၊ လူဖြူ လူမည်း တန်းတူ စီးခွင့် ထိုင်သပိတ် များ ဆင်နွဲ သည်။ လုံးဝနီးပါး အောင်မြင်သည်။ ထိုအခါ တောင်ပိုင်းတစ်ပိုင်းလုံး အသားရောင် ခွဲခြားမှု တိုက်ပွဲတွေ ဆင်လာသည်။ ပူးတွဲညှိနှိုင်းရေး ကော်မတီဖွဲ့သည့်အခါ မာတင် ဥက္ကဋ္ဌ ဖြစ်လာသည်။ ၁၉၆၁ ခုနှစ်မေလ ၄ ရက်နေ့တွင် လူဖြူနှင့် လူမည်း နှစ်ယောက် တစ်တွဲစီ လက်ချင်းချိန်ကာ ဂရေးဟောင်းနှင့် ထရေးဝေးစ် ဘတ်စ်ကားကုမ္မဏီကြီး နှစ်ခုမှ ကားများနှင့် လူအပြည့်စီးကာ သရုပ်ပြကြသည်။ တောင်ပိုင်းတစ်ခွင် တစ်မြို့ ၀င် တစ်မြို့ထွက်နှင့် နယူးအော်လီယန်းရောက်သည့်တိုင် စီးနင်းလိုက်ပါလာခဲ့ကြသည်။

ဤတွင် တောင်ပိုင်းသား လူမည်း မုန်းတီးရေး တစ်ဖက်စွန်းသမားများသည် ဒေါသ အမျက် ချောင်းချောင်း ထွက်လေတော့ သည်။ လူစုပြီး တတ်စ်ကားတွေကို တိုက်ခိုက်ကြသည်။ ခရီး သည်တွေကို ရိုက်နှက်ပြီး အတင်းဆွဲချကာ အချုပ်ခန်းတေါထဲထည့်သည်။ အင်နီစတွန်နှင့် အယ်လဘားမားကို ဖြတ်တော့ ကားမှန်တွေ ကို ခဲနှင့် ထုကြသည်။ ကားထဲသို့ မီးလောင်ဗုံး တစ်လုံးပစ်ထည့်သည်။ လူမဆန်သည့် လူဖြူတို့၏ အကြမ်းဖက်မှု အတွက် ကျွန်မတို့ လူတွေ တုံ့ပြန်တိုက်ခိုက်မည်ကို မာတင်တစ်ယောက် အလွန်အမင်း စိုးရိမ်နေလေသည်။
အခြားအဖွဲ့ တစ်ဖွဲ့မှအလားတူ ကားတစ်စိး မေလ ၂၀ ရက်နေ့တွင် မောင်ဂိုမာရီသို့ ရောက်ဖို့ ရှိသည်။ မာတင်က ကားဂိတ်တွင် သွားကြိုသည်။ ပွဲကြမ်းဖို့ စောင့်နေသူတွေက သုံးရာလောက် ရှိသည်။ ကားပေါ်က ပထမဆုံးဆင်းလာသူက တက္ကသိုလ် ကျောင်းသား အမေရိကန်လူငယ်။ အော်သံတွေ ဆူဆူညံညံ ထွက် လာသည်။

" နီဂရိုးချစ်တဲ့ အဲဒီ ခွေးသားကို ၀ိုင်းဆော်ကြဟေ့ "
လူတွေက လူငယ်ကို ၀ိုင်းရိုက်ကြသည်။ ထိုသူငယ်လမ်းပေါ်တွင် လဲကျပြီး သတိလစ်သွား သည်။ ကျွန်မတို့ စည်းကမ်း အတိုင်း သူက ဘာမှပြန်မလုပ်၊ လုံးဝမခုခံ။ သူ့ကိုယ်သူ ကာကွယ်ဖို့ပင် မကြိုးစား။ ဆေးရုံကားရောက်မလာမချင်း သူ လမ်းပေါ်တွင်လဲနေသည်။ တစ်နာရီလုံးလုံး သတိလစ်နေသည်။
နောက်ထပ် ဆင်းလာသူများထဲတွင် ဂျွန်ဆီဂယ်သလာပါသည်။ သူက တရားရေးဌာန ၀န်ထမ်း။ ခုတော့ နက်ရှ်ဗီးလ် တင်နက်ဆီယမ်တွင် အယ်ဒီတာဖြစ်နေပြီ။ သူ့ကိုလည်း ရက်ရက်စက်စက် ၀ိုင်းရိုက်ကြ၏။ အမ်အိုင်အေ အဖွဲ့သားတွေ က အတင်း ၀င်ကယ်သဖြင့် သူ အသက်မသေခြင်းဖြစ်သည်။
မောင်ဂိုမာရီ တွင် တစ်နေ့လုံးပွဲကြမ်းနေသည်။ ညပိုင်းရောက်မှ ပြည်ထောင်စု အစိုးရက ရဲ ၆၀၀ ပို့ပေးသည်။ အဓိကရုဏ်း နှိမ်နင်းဖို့နှင့် စည်းမဲ့ကမ်းမဲ့ သွေးဆာနေသူတွေကို ထိန်းဖို့ ရောက်လာသည့် ရဲတွေ ကို ပြည်နယ်အုပ်ချုပ်ရေးမှူးက ဖမ်းမည်ဟု ခြိမ်းခြောက်နေသည်။

ထိုစဉ် ရော့ဖ် အဘာနာသီ၏ ဘုရားကျောင်းတွင် မာတင်က လူထုအစည်းအဝေး ခေါ်မည် ဟူသည့် သတင်း ရေဒီယိုမှ ကြေညာသည်။ တောပိုင်းမှ တက်လာသည့် လူမျိုးရေး ခွဲခြားမှု တစ်ဖက်စွန်း သမားများ မောင်ဂိုမာရီသို့ ရောက်လာပြီး အစည်းအဝေး လုပ်နေသည့် ဘုရား ကျောင်းကို ၀ိုင်းလိုက်ကြသည်။ ကားအစီးပေါင်း များစွာ ၀ုန်းဒိုင်းကြဲပြီး ရောက်လာကြခြင်း ဖြစ်သည်။ အစည်းအဝေး တက်လာကြသည့် လူဖြူ လူမည်း ၁၂၀၀ ခန့် တို့ ဘုရားကျောင်း ထဲစုပြုံဝင်နေကြရသည်။

ခဲတွေ တဖြောင်းဖြောင်းကျလာသည်။ ဗိန္ဒုမှန်ကာ ပြတင်းပေါက်တွေ တခွမ်းခွမ်းကွဲကာ မှန်ကွဲစတွေ ပလူပျံနေ သဖြင့် လူတွေ ဒဏ်ရာရကြသည်။ သို့သော် သူတို့ ဘုရားဝတ်ပြုကြ သည်။ ဓမ္မသီချင်းတွေဆိကြသည်။ ပြီးတော့ လွတ်လပ်ရေး သီချင်းကို တည်ငြိမ်အေးဆေး စွာ သီဆိုကြသည်။ အပြင်က လူတွေက ဘုရားကျောင်းကို မိးရှို့မည် ဟု အော်ဟစ်ကြိမ်း မောင်းနေကြသည်။ သည်တော့မှ မာတင်က တရားသူကြီးချုပ်ဆီ ဖုန်းဆက်သည်။ တရား သူကြီးချုပ် က ရောဘတ်ကနေဒီ။ ရဲအင်အား ထပ်တိုးပေးဖို့ မာတင်က တောင်းဆိုသည်။
အကြမ်းဖက်သမားတွေက ဘုရားကျောင်းကို နာရီပေါင်းများစွာ ၀ိုင်းထားသည်။ မာတင်က ထွက်ပြီး သူတို့နှင့် ဆွေးနွေးဖို့ ဆုံးဖြတ်လိုက်သည်။ သူ့လူတွေကို ဘုရားကျောင်းထဲမှ ထွက်ခွင့်ပေးဖို့ပြောမည်။ ရော့ဖ်နှင့် သူ ဘုရားကျောင်းရှေ့တံခါးမှ ထွက်မည်လုပ်တော့ မျက်ရည်ယိုဗုံးတစ်လုံးတရှဲရှဲ မြည်ပြီး ပျံလာသည်။ မာတင့်ခေါင်းနှင့် လွတ်ရုံကလေး ပွတ်သွားသည်။ ဗုံးအောက်သို့ ကျသည့်အခါ မာတင့် လက်ထောက် တစ်ယောက် က မကွဲခင် ချက်ချင်း ကောက်ပြီး ပြန်ပစ်ထုတ်လိုက်သည်။ တစ်ယောက်က မာတင့် ကို ကျောင်းထဲသို့ အတင်း ပြန်ဆွဲသွင်းသွားသည်။

နောက်ဆုံးတွင်မှ အင်အားဖြည့်ဖို့ ရောက်လာသည့် ရဲများဖြင့် လူရမ်းကားလူဖြူများကို လူစု ခွဲနိုင်သည်။ မိုးစင်စင်လင်း မှ ကြောက်မက်ဖွယ်အန္တရာယ်ည ကုန်ဆုံးလေတော့သည်။ သည်တော့မှ ကျောင်းထဲတွင် ပိတ်မိနေ သူတွေ အိမ်ပြန်ကြရသည်။
လူဖြူ လူမည်း တွဲ၍ လွတ်လပ်စွာ ဘတ်စ်ကားစီးသူတွေက သူတို့အလုပ် သူတို့ တစ်နွေလုံး ဆက်လုပ်ကြသည်။ တဖြည်းဖြည်းနှင့် အနှောင့်အယှက် နည်းလာပြီး သူတို့ အောင်မြင်မှု ရနေကြသည်။ သည်အုပ်စုထဲမှ သတ္တိခဲ လူငယ်များ ကို မာတင်က သူနှင့်အတူတူ အလုပ် လုပ်ဖို့ ဖိတ်ခေါ်လိုက်သည်။
သူတို့ အဖွဲ့ အတွက် ပြည်ထောင်စု ခရစ်ယာန် ဘုရားကျေင်းမှ ရန်ပုံငွေ ဒေါ်လာ လေးသောင်းငါးထောင် ထည့်ဝင် လှူဒါန်းသည်။ လူသစ် ကလေးများထဲမှ နီဂရိုးလူငယ် ဓမ္မဆရာ အင်ဒရူးယန်းသည် မာတင်၏ အား အကိုးရဆုံး လက်ထောက် တစ်ယောက်ဖြစ် လာခဲ့သည်။

မာတင်၏ နောက် ခြေလှမ်းမှာ အယ်ဘာနီနှင့် ဂျော်ဂျီယာတွင် လှုပ်ရှားဖို့ဖြစ်သည်။ သည်နှစ် နေရာက လူမျိုးရေး အခွဲခြား ဆုံး နေရာများဖြစ်သည်။ သည်နှစ်မြို့တွင် အသား အရောင် ခွဲခြားမှုကို ခေါင်းဆောင်တိုက်နေသည့် လူမည်းခေါင်းဆောင် မှာ လူရိုသေ ရှင်ရို သေခွဲစိတ် ဆရာဝန်ကြီးဒေါက်တာဝီလျံအင်ဒါဆင်ဖြစ်သည်။ ပြဿနာ စခဲ့သည် မှာ ၁၉၆၁ ခုနှစ်၊ နိုဝင်ဘာလထဲတွင် ဖြစ်သည်။ လူမည်း ငါးဦးက ဘတ်စ်ကားမှတ်တိုင် စားသောက်ဆိုင် တွင်ဝင်ပြီး ထမင်းဟင်းမှာသည်။ ယင်း အတွက် ငါးယောက်စလုံး အဖမ်းခံရသည်။ သူတို့ ငါးယောက် လွတ်မြောက်ရေးအတွက် လိုက်လံဆောင်ရွက်သူ လူမည်းများကိုလည်း ထောင်ထဲ ဆွဲထည့်လိုက် ကြသည်။ ဒေါက်တာ အင်ဒါဆင် က မာတင်ဆီ ဖုန်းဆက်ပြီး အကူအညီတောင်းသည်။

မာတင်နှင့် ရော့ဖ် ခေါင်းဆောင်ပြီး လူမည်း အချို့နှင့် လိုက်သွားကြသည်။ အားလုံးကို ဖမ်းထည့် လိုက်ပြန်သည်။ သို့သော် ညှိနှိုင်းဖို့တော့ နှစ်ဖက် သဘောတူကြသည်။ မြို့အာဏာပိုင်တွေက ဘတ်စ်ကားတွေ၊ မီးရထားတွေ ပေါ်တွင် လူဖြူ လူမည်း အတူစီးဖို့ သဘောတူသည်။ လူမည်းတို့က၇ လူစုလူဝေးနှင့် မဆူဖို့ သဘောတူ ရသည်။ အဖမ်းခံရသူအားလုံး လွတ်လာကြ သည်။ ဒီဇင်ဘာလထဲတွင် ကားလိုင်းများက လူဖြူ လူမည်း အတူ စီးခွင့်ပြုကြောင်း ကြေညာသည်။
သည်တိုက်ကွက် ကို မာတင်က သဘောကျသည်။ ငြိမ်းချမ်းစွာဖြင့် လိုတာ ရလိုက်ခြင်းမဟုတ်လား။ သို့သော် မြို့ခံ လူမည်း များက စားသောက်ဆိုင်မျာ်းတွင် လူမည်းများ အသားရောင် ခွဲခြားခံနေရဆဲကိစ္စကို ဆက်လက် တိုက်ပွဲဝင်ချင်သည်။ ထို့ကြောင့် သည်လို ခွဲခြား သည့် ဆိုင်များကို မ၀င်ဖို့ မာတင်က အကြံပေးလိုက်သည်။

သည်လှုပ်ရှားမှုအတွက် ဇူလိုင်လထဲတွင် မာတင်နှင့် ရော့ဖ်ကို တရားရုံးက အပြစ်ပေးလိုက်သည်။ ဒဏ်ငွေ ၁၇၈ ဒေါ်လာ။ အလုပ်ကြမ်းနှင့် ထောင်ဒဏ်လေးဆယ့်ငါးရက်၊ ကြိုက်ရာရွေးစေ။ သူတို့ နှစ်ယောက်စလုံးက သူတို့ မူ အရ ဒဏ်ငွေ ဆောင်ဖို့ ငြင်းလိုက်ကြသည်။ သို့သော် သူတို့ကို အသိ မပေးဘဲ တစ်စုံတစ်ယောက်က ဒဏ်ငွေ ဆောင်လိုက်သဖြင့် သူတို့ထောင်ထဲ မ၀င်ရတော့ပေ။
မြို့နယ် အာဏာပိုင် များကလည်း သူတို့ကို သဲသဲမဲမဲ ငြိုးသည်။ သူတို့ကလည်း ဇွဲကောင်းကောင်း နှင့် လူမည်းတို့ အခွင့်အရေး ကို ဆက်အရေးဆိုသည်။

သူတို့ဘက်က ကံကောင်းသည့် တစ်ချက်မှာ နောက် ရောက်လာသည့် ရဲမှူးကြီး လော်ရီပရီချေးက သဘောကောင်းသူဖြစ်နေခြင်းပင်။ သူတို့ကို ချီတက် ဆန္ဒပြခွင့်ပြုသည်။ သို့သော် သူက ရပ်ဆိုလျှင် ထိုနေရာ တွင် ရပ် ရမည်။ ရပ်ရမည့် နေရာတွင် ရပ်ဟု သူက အမိန့်ပေးလိုက်လျှင် ကျွန်မတို့ လူတွေက ရှေ့ဆက် မသွားတော့ ဘဲ ရပ်လိုက်ကြသည်။ မြေကြီးပေါ်တွင် ဒူးထောက်ကာ ဘုရားရှိခိုးကြသည်။ ထိုအခါ ရဲမှူးကြီး ပရီချေး က ဦးခေါင်းကို ညွတ်ပြီး ဘုရား အာရုံပြုသည်။
သို့သော် တရားရေးဌာနက အရေးယူသည်။ မာတင်၊ ရော့ဖ်နှင့် ဒေါက်တာ အင်ဒါဆင်တို့ကို ဖမ်းဆီး လိုက်သည်။ အမှုကို သြဂုတ်လ ၁၀ ရက်နေ့တွင် စစ်ဆေးမည်တဲ့။

ကျွန်မနှင့် ကလေး သုံးယောက် အတ္တလန္တာတွင် ရောက်နေသည်။ ၁၉၆၁ ခုနှစ်၊ ဇန်န၀ါရီလတွင် မွေးသည့် သားအလတ်ကို ဒက်စတာဟု အမည်ပေးထားသည်။ ကျွန်မတို့ အလွန်ချစ်သော ဘုရားကျောင်း နာမည်ကို မကြာခဏ ထောင်ဝင်စာတွေ့သည်။ ရဲမှူးကြီးက ကျွန်မကို အစားအသောက်တွေ၊ စာအုပ်တွေ ပို့ခွင့်ပြုသည်။ ရေဒီယိုကလေး တစ်လုံးလည်း ပို့ခွင့်ပြုသည်။ တစ်ခေါက်တွင်တော့ ယိုကီနှင့် မာတီ့ကိုပါ ကျွန်မ ခေါ်သွားသည်။ သူတို့အဖေကို ထောင်ကျအဖြစ် ဖြင့် သူတို့ ပထမဆုံး တွေ့ဖူးခြင်းဖြစ်သည်။ မာတင့်ကို ကလေးတွေနှင့် စကားပြောခွင့်ပြုသည်။ ၀ရန်တာတွင် သူတို့ လွတ်လွတ်လပ်လပ် ကစားကြသည်။
မာတင်နှင့် ရော့ဖ် အဘာနာသီကို တရားရုံးက ရွှေ့ဆိုင်းပြစ်ဒဏ်ပေးပြီးမှ လွှတ်ပေးလိုက်သည်။ လွတ်လာပြီ ဆိုသည်နှင့် သူတို့ နှစ်ယောက်ကလုပ်လက်စ အလုပ်တွေ ဆက်လုပ်ကြသည်။ ပြည်နယ် အာဏာပိုင်တွေ က ပြည်ထောင်စု အစိုးရထံမှ တားမြစ်ပိုင်ခွင့်အာဏာရထားသည်။

မာတင်က ရောဘတ် ကနေဒီနှင့် တရားရေးဌာနမှ ဘတ်ခ်မာရှယ်ကို ဖုန်းဆက်သည်။ သူတို့နှစ် ယောက်က အယ်လ်ဘာနီ လှုပ်ရှားမှု ကို ရပ်ပစ်လိုက်ဖို့ အကြံပြုသည်။ မာတင် အကြီးအကျယ် စိတ်ပျက်သွားသည်။ သို့သော် အယ်လ်ဘာနီ အောင်မြင်မှုသည် မောင်ဂိုမာရီလောက် မကြီးမား သော်လည်း ဂျော်ဂျီယာ အနောက်တောင်ပိုင်း လူမည်းတို့ အတွက် စံနမူနာ ဖြစ်သွားလေသည်။

သည်ကာလပိုင်း အတွင်း ကျွန်မနှင့် မာတင်သည် ကလေးများ ကျောင်းထားရေးကိစ္စ၊ သူတို့ အနာဂတ် ကိစ္စများကို ပြန်လှည့်ကြည့်နေကြရသည်။ ကျွန်မတို့ နှစ်ယောက်သည် သားသမီးကလေးများကို အကြောက်တရားကင်းဝေးအောင် လုပ်သည်။ တစ်ပြိုင်တည်းတွင် အမုန်း တရားလည်း သူတို့ ရင်ထဲတွင် ခိုတွဲ၍ မနေစေချင်။ သည်အတွက် ကျွန်မတို့ လင်မယား ရတက်မအေးဖြစ်နေကြသည်။
ယိုကီ သည် သူ့ပြဿနာကို သူ့ဘာသာရှင်းတတ်သည့် ကလေးဖြစ်သည်။ ထူးခြားသည့် အရည် အချင်း တစ်ခုဖြစ်ပါ၏။ တစ်နေ့တွင် ယိုကီ ကျောင်းမှ ပြန်လာသည်။ သူ့ မျက်နှာမှာ ကျေနပ် ရောင့် ရဲမှုဖြင့် ကြည်လင်နေ သည်။ သူက မအေကို ပြန်ပြောသည်။ တစ်နေ့ တစ်နေ့ ကြားနေရတာတွေက စိတ်ကုန်စရာ ကောင်းလြာံပီ "တဲ့။ ဆရာမ က အတန်းထဲမှ ထွက်လာပြီး အခြားကလေးတွေကို ပြော သည်တဲ့။ " ကလေးတို့ အားလုံး ညီအစ်ကို မောင်နှမတွေလို တန်းတူ ရည်တူ ဆက်ဆံရ မယ်နော်"တဲ့။

အတန်းထဲတွင် အားလုံးလူဖြူကလေးတွေချည်းပဲလေ။
ကျွန်မက ရယ်ပြီး " အဲဒါ ကောင်းတာပေါ့သမီးရဲ့" ဟု နှစ်သိမ့်ရသည်။ ခုနစ်နစ် သမီးကလေး၏ ဉာဏ်ကို ကျွန်မနှင့် မာတင် အားရနေကြသည်။
မာတီခမျာတော့ နာမည်စီးနေ၍ ဒုက္ခရောက်ရရှာသည်။ (အဖေနာမည်ကို ယူထားခြင်းကြောင့်ဖြစ်၏) သည် နာမည်ကြောင့် သူ့မှာ အဖြူကလေးများ၏ ရန်လို မုန်းတီးခြင်း ခံရ ရှာသည်။ သူ တတိယတန်းအရောက်တွင် အတန်းထဲမှ လူဖြူကလေးတစ်ယောက်က ပြောသည် တဲ့။ "မင်းအဖေက နာမည်ကြီး ငမည်းကောင်ပဲ " မာတီက အဖေနှင့် အမေကို ပြန်မေး သည်။ " လူမည်းလို့ပြောရင် ရတာပဲ၊ ဘာလို့ ငမည်းကောင် လို့ ပြောတာလဲ " အဓိပ္ပာယ် အတူတူပေမယ့် နှိမ်ခေါ်တာမျိုးဖြစ်ကြောင်း၊ မလိုမုန်းထားမှု ပါကြောင်းစသည် စသည် တို့ကိုသိ၍ မဖြစ်။ ကျွန်မ က ရှင်းပြရသည်။

" အတူတူပါပဲ သားရယ်၊ သူတို့ စားလုံးမပေါင်းတတ်လို့ပါ၊ သားက ဂျော်ဂျီယာ ပြည်နယ်သား လူကြီး လူကောင်း ပဲဟာ " ဒက်စတာကလေး လေးနှစ် ရောက်သည့်အခါ အလားတူ ပြဿနာနှင့် ကြုံရပြန်သည်။ ငိုအားထက် ရယ်အားသန် ရသည့်အဖြစ်။ " မေမေ။ လူတချို့က ဘာလို့ ငမည်းကောင်ုလို့ ခေါ်တာလဲဟင် "
" လူမည်း လို့ မခေါ်တတ်လို့ပေါ့ သားရယ် " ကျွန်မ သည့်ထက် ပိုမပြောတတ်ပါ။ ကျွန်မ ထင်ပါသည်။

သူတို့ အဖေနှင့် အမေက အသားရောင် ခွဲခြားမှုအတွက် တိုက်ပွဲဝင်နေကြသူများဖြစ်၍ ကျွန်မတို့၏ သားသမီးကလေးတွေ ကို လူဖြူကလေးများက ရန်ရှာနေကြခြင်းဖြစ်မည်။ အတ္တလန္တာတွင် " ဖန်းတောင်း" ဟူသည့် ပန်းခြံကြီး ဖွင့်တော့မည်ဟု အကြီး အကျယ် ကြေညာတော့ ပြဿနာ နောက်ထပ် တစ်မျိုး တိုးလာပြန်သည်။
ကလေးတွေ က တီဗွီသီချင်းများကို အမြဲ စောင့်ကြည့်ကြသည်။ ဖန်းတောင်း သီချင်းပေါ်လာတော့ လိုက်တောင် ဆိုကြ သည်။ သူတို့က ပန်းခြံကို လိုက်ပို့ဖို့ ပူဆာကြသည်။ ကျွန်မတို့က အကြောင်း အမျိုးမျိုးပြပြီး ငြင်း ရတော့သည်။ လူမည်းကလေး များ မ၀င်ရသည့် ပန်းခြံဖြစ်ကြောင်း အသိပေး၍ မဖြစ်ပါ။ တစ်နေ့တွင်တော့ ယိုကီ က ဂျီတိုက်လာသည်။ " မေမေက တမင် မပို့ချင်လို့ မဟုတ်လား" တဲ့။ သူ့မျက်လုံးတွေကို ကြည့်ပြီး ကျွန်မ စိတ်မကောင်းဖြစ် သွားသည်။

" ဒီမယ် သမီး ယိုလင်ဒါ ဖန်းတောင်း ပန်းခြံ ကို တည်ဆောက်တဲ့ လူတွေက ခရစ်ယာန် စစ်စစ်တွေ မဟုတ်ဘူး၊ သူတို့က သူတို့ ပန်းခြံကို လူမည်းတွေလာတာ မကြိုက်ဘူးသမီး" ယိုကီ ငို ပါလေတော့သည်။ သည်တော့ ကျွန်မက ရှင်းပြရသည်။ ဖန်းတောင်းကို သမီးတို့ သွားလို့ ရအောင်၊ ဘယ်နေရာမဆို သူတို့နဲ့ တန်းတူ သွားလို့ လာလို့ ရအောင် လုပ်နေတာလေ " သူ သဘောပေါက်သွားသည်။ အဖေ အိမ်မကပ်အားသည်ကိုလည်း သူ နားလည် လာသည်။

လပေါင်းများစွာ ကြာမှ ဖန်းတောင်းကို လူမည်းတွေပါ ၀င်ခွင့်ရကြောင်းကြားရသည်။ ကျွန်မနှင့် မာတင်က ယိုကီနှင့် မာတီ့ကို ဖန်းတောင်းသို့ပို့ပေးသည်။ ကလေးတွေနှင့်အတူ မာတင် ပျော်နေပုံမှာ ဟိုတစ်ခါက ရီဗီးယား ကမ်းခြေသို့ ရောက်ခဲ့သည့် အတိုင်းပင်။ လူဖြူ အမျိုးသမီးတစ်ယောက်က ကျွန်မကို လာနှုတ်ဆက်သည်။
" မစ္စက်ကင်းပါလားရှင်" ကျွန်မက ဟုတ်ကြောင်း ပြန်ပြောတော့ " ရှင် ဒီကို ရောက်လာတဲ့အတွက် ကျွန်မ သိပ်ဝမ်းသာတာပဲ"တဲ့။ အဖေ အောင်ပွဲခံနေတာကို မျက်ဝါးထင်ထင် တွေ့သွားတော့ ကလေးတွေ အရမ်းပျော်နေကြ သည်။

လူမည်းကလေးများ၏ မိဘတွေမှာ အလန် နားလည်ရခက်ခဲသည့် ပြဿနာများနှင့် ရင်ဆိုင်ကြရ သည်။ လူဖြူတို့ ၏ အလှအပအပေါ် မြင်ပုံမှာ ထူးထူးခြားခြား အဖျက်သဘောဆောင်နေသည်။ တီဗွီတွင် လာနေသည့် ရုပ်ရှင် ဇာတ်လမ်းများမှာ အသားဖြူခြင်းနှင့် ဆံပင်ဖြောင့်ခြင်းကို အလှအပ အဖြစ် ဖော်ပြကြသည်။ " အမည်းရောင် သည် အလှတပါးဖြစ်သည်" ဟူသည့် အဆိုကို လူမည်း ကလေးများ နားလည်ဖို့ လိုသည်။ ဒါကို သူတို့ ကလေးတွေ လက်နက်အဖြစ် အသုံးပြုနိုင်ရမည်။
သူတို့ ၏ အသားရောင်သည် ကျန်းမာသန်စွမ်းသည့် အသားရောင်ဖြစ်ကြောင်း၊ ညိုမောင်းသော အသားရောင် ရှိဖို့ မည်မျှ အရေးကြီးကြောင်း၊ သူတို့ကို ကျွန်မ သိစေချင်ပါသည်။ တစ်နေ့ ကျွန်မ ပြောပြဖို့ အကွက် ဆိုက်ခဲ့ပါသည်။

ယိုကီက မေးသည်။
" အမေ လူဖြူတွေက ချောပြီး ဘာလို့ နီဂရိုးတွေက အရုပ်ဆိုးတာလဲ "
ရုတ်တရက် ကျွန်မ စိတ်ညစ်သွားပြီး ပါးစပ် အဟောင်းသား ဖြစ်နေသည်။
" အဲဒီလို မဟုတ်ဘူး ယိုလင်ဒါ၊ လူမျိုးတိုင်း လူမျိုးတိုင်းမှာ ချောတဲ့လူတွေရှိတာချည်းပဲ "
အက်ဘနီ (အမည်းရောင်)မဂ္ဂဇင်း တစ်စောင်ကို ရှာပြီး သူနှင့်အတူ လှန်လိုက်သည်။

" ကြည့်စမ်း ဒီမိန်းကလေးဘယ်လောက် လှသလဲ၊ ဟောဒီမှာကြည့် သူက ချောလိုက်တာနော် "
ယိုကီ က ခေါင်းတညိတ်ညိတ်နှင့် အင်း လိုက်နေသည်။ မဂ္ဂဇင်းတစ်အုပ်လုံး ကုန်သွားတော့ ယိုကီ မှတ်ချက် ချသည်။ " လူမည်းတွေက ချောပြီး၊ လူဖြူတွေက အရုပ်ဆိုးတာပါနော် မေမေ" ကျွန်မ ပျာပျာသလဲ တားလိုက်ရသည်။

" မဟုတ်ဘူး သမီး၊ မဟုတ်ဘူး အဲဒီလို မဟုတ်ဘူး " စလုံးရေစ မှ ကျွန်မ ပြန်ကောက်ရတော့သည်။
သူကလေး သဘောပေါက် ဖို့ ကျွန်မတို့ တိုက်ပွဲအကြောင်းက စရသည်။ ဘာကြောင့် လူမည်းမိဘ တွေက တစ်မြေ တည်းနေ တစ်ရေတည်းသောက် လူဖြူတွေနှင့် တန်းတူ အခွင့်အရေး ရဖို့ တိုက်နေရကြောင်း၊ သူတို့ (လူမည်း) ကလေးတွေ အတွက် တိုက်ပွဲဝင်နေခြင်းဖြစ်ကြောင်း၊ သည်တိုက်ပွဲတွင် လူဖြူတွေပါ မိမိတို့ဘက် ပါလာပြီဖြစ်ကြောင်းများ ကို ပြောပြရသည်။

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>