Showing posts with label သော်တာဆွေ. Show all posts
Showing posts with label သော်တာဆွေ. Show all posts

Sunday, January 29, 2012

သော်တာဆွေ ၏ ငွေကို လေလိုသုံးသူ အပိုင်း (၃) (ဇာတ်သိမ်း)

ထိုနေ့ နံနက်က စထရင်းဟိုတယ်တွင် သူရှိကြောင်းသိရ၍ ကျွန်တော် ကိုးနာရီလောက် သူ့အခန်း ရောက် သွားသော အခါ သူ့လက်စွဲတော် အပြင် အခြား လူနှစ်ဦးရောက်နေချေပြီ။
"ကဲ.. ဒီနေ့ မနက်စာ ဘယ်ဟိုတယ်မှာ စားကြမလဲ" ဟု မေးမြဲ။
ယခုကား သူကပင်စတင်၍….
"ကဲ… ဒီမနက်တော့ မီးရထားဟိုတယ်မှာပဲ စားကြမယ်ဗျာ၊ အဲဒီမှာ မစားရတာလဲ တော်တော် ကြာပြီ၊ ဘယ့်နှယ်လဲ ကိုဆွေ"
ဟိုတယ်ဟင်း ခံတွင်း မတွေ့လေလျှင် ဗရစ်ဗတောက် ပြောတတ်သော ကျွန်တော့်အား မေး၏။

"ကောင်းပါတယ်ဗျာ.. မီးရထားဟိုတယ်က အဘေလုံးဟင်းချိုကို ကျွန်တော် တော်တော် ကြိုက်တယ်"
ကိုမြမောင် သည် အစားအသောက် အကျွေးအမွေး၌ ရက်ရောသူဖြစ်သည်။ ဘယ်အခါမဆို သူနှင့် ပါသွားသူတို့အား ကိုယ်ကြိုက်တဲ့ဟာ ကိုယ်မှာစားကြ၊ ကြိုက်ရာအရက်ကို သောက်။
ထိုနေ့ နံနက်စာကို ကျွန်တော်တို့ခြောက်ယောက် မီးရထားဟိုတယ်မျာ ဆယ့်တစ်နာရီလောက် ကစ၍ စားကြသည်။ ခေါ်ထားသော ကောင်မလေးများလည်း ဟိုတယ်အပေါ်ထပ်အခန်းထဲမှာ သူလိုရာ မှာ စားစေသည်။

ဆယ့်နှစ်နာရီခွဲလောက် ကျွန်တော်တို့ စားသောက်ပြီးကြသောအခါ ကိုမြမောင်က "ကဲကိုဆွေ.. ခင်ဗျား အိမ် ပြန်ပို့ရမလား၊ ကျွန်တော့်အခန်းမှာပဲ နေဦးမလား"
"အိမ် မှာ အိုက်တယ်ဗျာ၊ ခင်ဗျား အခန်း ထဲမှာပဲ အောင်းနေဦးမယ် ညစာစားပြီးမှ ပြန်မယ်"
ကျွန်တော် ဟိုတယ်စာ နှင့် ဝေးခဲ့တာ တစ်ပတ်ရှိခဲ့ပြီမဟုတ်ပါလား။ ထို့ကြောင့် ညစာကို မီးရထား ဟိုတယ် ထက် ကောင်းသောဟိုတယ်မှာ စားချင်သေးသည်။
သူ့ လက်စွဲတော် အား ကျွန်တော့်ကို စထရင်းဟိုတယ်သို့ သူ့ကားနှင့် လိုက်ပို့စေ၏။ ကျွန်တော် သည် သူဌေးမင်း စည်းစိမ်ဖြင့် ကိုမြမောင် အခန်းအောင်းရင်း ကိုမြမောင် အကြောင်းကို စဉ်းစား သည်။
ကျွန်တော်တို့အရပ် မှာ ပြောလေ့ပြောထ ရှိကြသည်။

"ဟဲ့.. ငွေကို ထွင်းထဲက နှိုက်ရတယ်များ အောက်မေ့နေသလား"
"ငွေကို ရေလိုသုံးတဲ့လူပဲဟေ့"
ဤစကားနှစ်ရပ်သည် ကိုမြမောင်နှင့် လားလားမျှ မအပ်စပ်ပါချေ။ ချမ်းသာသည်ဖြစ်၍ ငွေကို တွင်းထဲက နှိုက် ယူသည် မဟုတ်ပါလား။
ကိုမြမောင် သည် မိုးကုတ်သား။ သူ့မိဘများက ပတ္တမြားတွင်းဖြင့် ချမ်းသာသည်ဖြစ်၍ ငွေကို တွင်းထဲက နှိုက် ယူသည် မဟုတ်ပါလား။
ကိုမြမောင် အား ငွေကိုရေလိုသုံးတဲ့လူပဲဆိုလျှင် "ဒရယ်၊ ယုန်၊ ကြောင်၊ တွေ့တိုင်းအောင်သည်။ တောတောင် သနင်း ခြင်္သေ့မင်း"ဆိုဘိသကဲ့ သို့ ဟိနတ္တဒေသ သင့်ချေမည်။ ကျွန်နုပ်တို့သည် ရေကို သုံးရန် ယူငင်ရသေးသည်။ သိုလှောင် ရသေးသည်။ ခွက်ဖြင့် ခပ်ရသေးသည် မဟုတ် ပါလား။

ကိုမြမောင် က ငွေကို ရှာဖွေစရာလည်း မလို၊ သိုလှောင်စရာလည်းမလို။ ယူငင်စရာလည်း မလို ရောက်လေ ရာရာမှာ သူလက်မှတ် ထိုးလိုက်ရုံဖြင့် ပြီး၏။ သို့မဟုတ် တယ်လီဖုန်းပြောလိုက်ရုံ နှင့် သူလိုချင်သော ငွေ ရှေ့သို့ ရောက်လာရ၏။
စင်စစ် သူငွေသုံးပုံမှာ ကျွန်တော်တို့ လေကို သုံးသကဲ့သို့ ဖြစ်နေပါသည်။. ထို့ကြောင့် ကျွန်တော်တို့က သူ့အား ငွေကို လေလို သုံးတဲ့လူဟု တင်စားခြင်းဖြစ်ပါ၏။
သူသည် မော်တော်ကား ကို အလဲလဲထား၍ အမျိုးမျိုးစီးရန်ဝါသနာ ပါ၏။ မော်တော်ကားကို ကလေး ကစား စရာ ဝယ်သလိုဝယ်၏။ မကြိုက်မနှစ်သက်တော့လျှင်လည်း ကလေးကစားစရာ လွှင့်ပစ်သလို လွှင့်ပစ် တတ်၏။

တစ်ကြိမ်သောအခါ သူ့တွင် ရန်ကုန်မှာစီးသော (ဃ-၃၅၀၀)ပစ်ကတ်ကားကြီး ရှိနေ၏။ အမြင် မှာ အင်မတန် ကြီးကျယ်ပါပေသည်။ ခန့်ထည်ပါပေသည်။ ကိုယ်ထည် အထိန်းရှိ၍ ချိုင့်ပက် တက်နင်းလို့မှ ဆောင့်ခြင်း၊ ခုန်ခြင်း မရှိပါပေ။ ကျွန်တော်ကား သူနှင့် သည်ကားကြီး စီးရတာ အလွန်နှစ်သတ်၏။
သို့သော် သူသည် ထိုကားကြီးကို ငြီးမွေ့ လာသည်ဟု ပြောသည်။ ဒါကြီး စီးရတာ တုံးတယ် ဟု ဆိုသည်။ ဒါနှင့် သူသည် တခြားကားတစ်စီး ဝယ်မည်ဟု ရှာဖွေစေပြီးနောက် ထို့နေ့၌ ထိုကားကြီးကို သူ့မိတ်ဆွေ တစ်ယောက်အား အလကား ပေးပစ်လိုက်တော့၏။။
ဤကားကြီး သူတည်းသော စထရင်းဟိုတယ်နံဘေးမှ ထွက်သွားပြီး မကြာမီ သူနောက်ထပ် ဝယ်မည့် မာစီဒီဘင့် ကားကြီး တစ်စီး ပွဲစားနှစ်ဦးဖြင့် ရောက်လာ၍ သူနှင့်ကျွန်တော်သည် မြို့ လုံးပတ်လည် လျှေက်စီး ကြည့်လိုက်ကြ၏။

ကျွန်တော့်အား "ကိုဆွေ ဘယ့်နှယ်လဲ" ဟု မေး၏။
ကျွန်တော် ဘယ့်နှယ်ပြောတတ်ပါ့မလဲ စာရှုသူရယ်။ သူ့အရာ သူသာသိပေမည် မဟုတ်ပါ လား။
သူ နှစ်သက်၍ ဟိုတယ်ပြန်ပြီး ဈေးဆိုကြသောအခါ ရောင်းသူများက တစ်သိန်း စဆို၏။
ကိုမြမောင် က ကိုးသောင်းပေး၏။
ရောင်းသူများက ကိုးသောင်းငါးထောင်။
ကိုမြမောင် က…
"ကျုပ် တစ်ခွန်းပဲ ပြောတတ်တယ်"
ရောင်းသူများကလည်း ခေါင်းမာစွာပင် ကိုးသောင်းငါးထောင် မျှမရလျှင် ဘယ်နည်းနှင့်မျှ မရောင်းနိုင်ပါဟု ဆိုပြီး ပြန်သွားကြ၏။

ကိုမြမောင်လည်း ငွေငါးထောင်ကို အရေးလုပ်၍မဟုတ်ပေ။ သူ့စကားတစ်ခွန်းပဲဟု တောင့်ခံ လိုက်ခြင်း ဖြစ်သည်။
သို့သော် ထိုနေ့၌ သူနှင့်ကျွန်တော်သည် ကားမရှိတော့သဖြင့် အခြင်းအပြင်သို့ မထွက်ကြတော့ ဘဲ ညနေ ရောက်သောအခါ၌ စထရင်းဟိုတယ်မှာပဲ သောက်ကြ၏။
အရက် သောက်ရာတွင် ကျွန်တော်သည် စထရင်းဟိုတယ်မှာ မကြိုက်ဆုံးဖြစ်လေ၏။ ပုလင်း လိုက် တောင်း မရ၊ တစ်ခါပေး ဟတ်ပက်၊ ဟတ်ပက်ကို ဘီလ်တွေက တစ်ခါပေးတိုင်း တစ်ခါ ရေး၍ လင်ပန်း ပေါ်မှာ ပါလာ၏။

နောက်ပြီး အစား ကလည်း (ထိုစဉ်က) ဥရောပစာသာဖြစ်၍ ကျွန်တော်တို့ မနှစ်သက်။ ကိုမြမောင်က ကျွန်တော့် မျက်နှာ အကဲခတ်၍ တစ်နေ့တလေ သည်းခံစားသောက်ပါဗျာဟု ပြော၏။ သို့ဖြင့် ကျွန်တော် ရောသူရော မူး ၍ ကျွန်တော်အိမ်ပြန်ချိန်ရောက်သောအခါ ကိုမြမောင် က…ဒီ ညတော့ ကျွန်တော် ကားမရှိလို့ လိုက်မပို့ နိုင်ဘူး ဟော်တယ် က တက်စီ နဲ့သာပြန်ပေတော့ ဟုပြောသည်။
"ဟာ… တက္ကစီကားက နံပါတ်နီနီကြီးနဲ့ မစီးချင်ဘူးဗျာ"
ကျွန်တော်က မူး၍ ထုံးစံအတိုင်း ဂျီတိုက်လာ၏။

"နို့ ဘာနဲ့ပြန်မတုံး"
"ဘတ်စ်ကားနဲ့ပဲ ပြန်တော့မယ်"
မျက်ထောင့်နီကာ….
"ဟာ… ခင်ဗျားသက်သက် ကျွန်တော့်ခွလုပ်ပြီဗျာ"
"ဟုတ်ပါဘူး၊ ကျွန်တော်က အကောင်းပြောတာပါ၊ စရိတ်ကုန် သက်သာအောင်လို့"
"တော်… တော်၊ ခင်ဗျား အိမ်ကောင်းကောင်းမွန်မွန် ပြန်မရောက်ရင် ခင်ဗျားမိန်းမက ကျွန်တော့် ဂျီကျဦးမှာ"
"မကျပါဘူး… ခင်ဗျားကားမရှိလို့ပြော…"
"ဘာ… ကျွန်တော့်ကား မရှိလို့"
ကျွန်တော့် စကားမဆုံးမီ ဖြတ်ပြောပြီး တယ်လီဖုန်းဆီသို့ ထသွားသည်။ နောက်ထပ် ကျွန်တော် တို့ တစ်ခွက်စီ လောက် အကုန်မှာ နေ့ခင်း က ကားလာရောင်းသူများ ရောက်လာကြသည်။

မဆိုင်းခဏပင် ကိုမြမောင်က….
"ခင်ဗျား တို့ ကား ထားခဲ့တော့၊ ငွေတော့ ခုတစ်ပြားမှ ပေးစရာမရှိဘူး၊ ဟိုဆိုင်ပိတ်သွားပြီ၊ နက်ဖြန်မှ လာ ယူကြ"
စထရင်းဟိုတယ် ၌ရှိသော မိုးကုတ်ပတ္တမြားဆိုင်မှာ ကိုမြမောင်၏ငွေတိုက်ဖြစ်သည်။ သူ ဘယ်လောက် လိုချင် လိုချင် အဲသည်ဆိုင်က အချိန်မီရအောင် ဆောင်ကြဉ်းပေးရသည်။ ဟိုလူနှစ်ယောက်ကလည်း ဘာမျှ မပြောချေ။ ကိုယ်စိတ်ပေါ့ပါးစွာနှင့် ကားသော့လေးချပြီး ထွက်သွားကြလေ၏။
ငွေကို ဘယ်လောက် ဂရုမစိုက်သောလူပါနည်း။

ကျွန်တော်နှင့် သိကျွမ်းစအချိန်တွင် ရန်ကုန်မြို့ မဟာဗန္ဓုလလမ်း၌ မြမောင်ကုမ္ပဏီဟု ခန်းလုံး ပြည့် ဆိုင်းဘုတ်ကြီးကြီး နှင့် ရှိသည်။
သူဤကုမ္ပဏီနှင့် ပတ်သက်၍ ငွေလေးသိန်းကျော် သူအဖြောင်ခံရ၍ ဝတ်လုံငှားပြီး တရားစွဲ သည်။
အမှု့ ရုံးချိန်း နေ့မှာ သူ့ဝတ်လုံအား မှာလိုက်သည်။
..ကျွန်တော် ရုံးမှာ အချိန်ကုန်ခံပြီး ထိုင်မနေချင်ဘူး၊ အမှု့စစ်ခါနီး ဆယ်မိနစ်လောက်မှာ ဖုန်းဆက်လိုက်ပါ..ဟု ဖုန်းနံပါတ်ပေးလိုက်၏၊
ကျွန်တော်တို့ သည် ထိုနေ့မှာ သူ့ဝတ်လုံဆီက ဖုန်းသံစောင့်ရင်း ဗိုလ်အောင်ကျော်လမ်း ရှိ မိုးကုတ်ကလပ် မှာ ဝီစကီနှင့် ဇိမ်ခံနေကြသည်။

သူ့ဝတ်လုံ ထံမှဖုန်းလာလေသော် ကိုမြောငမသည် သွားနားထောင်ပြီး မျက်နှာရှုံကာ ပြန်လာလျှက်..
ဒုက္ခ ဘဲ အပေါ်ဖုံးအင်ကျီ ၀တ်ခဲ့ရဥိးမတဲ့ဗျ..
အေးပေါ့ဗျာ..ငွေလေးသိန်း အမှုရှင် တရားလိုကြီးဆိုတော့ လူကြီးလူကောင်းလို ဝတ်ရဦးမှာပေါ့ဗျ..
ကိုမြမောင်သည် ဘယ်တော့မှ ထည်ထည်ဝါဝါ ဝတ်ဆင်လေမရှိပေ။ ဟာဝေယံ ရှပ်လက်တိုလေး နှင့် ချည်ချောလုံချည် သာ ဝတ်လေ့ ရှိသည်။ သိုဖြင့် သူ ဝတ်စားဆင်ယင်ပြီး ရှုံ့ရှုံ့မဲ့မဲ့ နှင့် ထွက်လာလျှက် ..ကဲ ကိုဆွေ ခင်ဗျား တို့ပါ လိုက်ခဲ့ကြဗျာ..ပြန်လာမှ ဆက်သောက်ကြတာပေါ့ သိပ်ကြာမယ် မထင်ပါဘူး.
ကျွန်တော် တို့ သောက်ဖော်တစ်သိုက် လိုက်သွားကြသည်။

ရုံးမှာ တစ်နာရီလောက် အစစ်ခံရသည်။ တရားသူကြီးရှေ့မှာ မတ်တတ်ရပ်လျှက် တရားခံဝတ်လုံ၏ မေးမြန်း ခြင်း ကိုခံရသည်။
ဤအဖြစ်ကို သူ လုံးဝမနှစ်သက်
ထို့ကြောင့် ဤစစ်ချက်ပြီးသောအခါ သူ့ဝတ်လုံအား အမှုကိုပြန်၍ ရုပ်သိမ်းစေလိုက်တော့၏။
သက်သက် ကိုယ်ငွေနဲ့ကိုယ် ဒုက္ခခံရတယ်ဗျာ။ ဒီငွေလဲ ပြန်မလိုချင်တော့ပါဘူး။ ဟုတ်ကဲ့ သူ့အဖို့ သည် ငွေလေးသိန်း ပြန်ရတော့ကော ဘာထူးဦးမည်နည်း၊
ဝမ်းတွင်းပါသူဌေး

ကိုမြမောင်ကို ဝမ်းတွင်းပါသူဌေးဟု ခေါ်ရမည်ဖြစ်၏၊ သူ့ မိဘများသည် မိုးကုတ်မြို့တွင် ကံအကောင်းဆုံး ကျောက် အအောင်ဆုံးဖြစ်၏၊၊ ဒုတိယ ကမ္ဘာစစ်ကြီး မဖြစ်မီက သူ့အဖေသည် ပြင်သစ်ပြည် ပဲရစ်မြို့တွင် ပတ္တမြား ဆိုင်သွားဖွင့်ထား၍ မြန်မာပြည်က ကျောက်မျက်ရတနာများကို ကမ္ဘာ့ ဈေးထိပ်တန်းမှာ ရောင်း ခဲ့သူဖြစ်၏၊ ၁၉၄၅-၄၆ ခုနှစ်တွင် ကိုမြမောင်သည် ပဲရစ် မြို့မှာ သွားနေ၍ ပဲရစ်နှင့် လန်ဒန်ကို အိမ်ဦးကြမ်းပြင် ကူးကာ အမေရိကန် အင်္ဂလန် မီလျှံနာများကဲ့သို့ သုံးဖြုန်း ခဲ့သူဖြစ်၏။

နောက် သူ့ဖခင်ကွယ်လွန် ၍ ပဲရစ်မှာ ပတ္တမြား ဆိုင် မရှိတော့သော်လည်း ကိုမြမောင်အဖို့ မြန်မာပြည်မှာ သူ့ တစ်သက် ဘယ်လောက် သုံးသုံးဖြုံးဖြုံး မကုန်နိုင်၊ သူ့မိခင်က တစ်ဦးတည်းသောသားကြီး အား သုံးစမ်း ပါစေ ဖြုန်းစမ်း ပါစေ မသုံးမှာ မဖြုန်းမှာကိုသာ ပူသည်၊ မြမောင် တစ်သောင်းဖိုး သုံးဖြုန်းလျှင် တစ်သိန်း ဖိုး ကျောက်ရသည်ဟု ပြောစမှတ်ပြုသည်ဟူ၏။
ကဲ..သည်လူမျိုး..ကမ္ဘာတွင် မရှားပါလော…
သို့သော်…
ငွေချမ်းသာရုံနှင့် ဘဝပြည့်စုံပါသလော

တစ်နေ့တစ်၌  ကိုမြမောင် သည် အရက်မူးလွန်၍ ကျွန်တော့် အိမ်တွင် လဲပြီး တစ်ရေးနိုးမှာ ထပ် သောက်ရင်း ဘာများတွေး၍ ဝမ်းနည်းလေသည် မသိ..မျက်ရည်များထွက်လျှက် ကျွန်တော့် အား ပြောဖူး သည်။

ကိုဆွေ ကျွန်တော်မှာ ငွေသိပ်ချမ်းသာတော့ သဘောရှိ သုံးဖြုန်းပြီး စိတ်ထင်သလို နေရစားရတာ ပျော်တယ် ကိုယ့် ဘဝကိုယ် ကျေနပ်နေတယ် များထင်သလား.. မထင်နဲ့ ကိုဆွေ၊ ကျွန်တော် ခင်ဗျား ဘဝနဲ့ ကျွန်တော်ဘဝ လဲရရင် လဲလိုက်ချင်တယ် သိရဲ့လား"
သူ့အသည်းနှလုံး က ပြောသောစကားဖြစ်သည်။
ဤသည်ကို ကျွန်တေယ် အလေးအနက် စဉ်းစားသည်။

ရန်ကုန်မြို့ကြီးသည် လောကနိဗ္ဗာန် ဖြစ်သည်ဆိုသော ခေတ်ကပင် ငွေရှိလိုတရသော ခေတ်ကပင် ကျွန်တော် သူနှင့် ရင်းနှီးလှစွာ ပေါင်းသင်းခဲ့ပါသည်။
ကိုမြမောင် သည် သူ၏ဇာတိ မိုးကုတ်မြို့နယ် နှင့် ယခု သူ့မိခင်နေသော မန္တလေးမြို့မှာထက် မြန်မာပြည် တွင် အကြီးဆုံးသော သုံးလို့ဖြုန်းလို့အကောင်းဆုံးသော ရန်ကုန်မြို့မှာ အနေများ ပါသည်။ စထရင်း ဟိုတယ် မှာ တည်းပါသည်။ ဟိုတယ်အောက်မှာ သူ့ကားကြီးတစ်စီး ထားပါ သည်။ သူလိုသမျှ ခိုင်းရန် လက်စွဲတော် တစ်ယောက်နှစ်ယောက် ထားပါသည်။ သူတို့သည် နံနက်မိုးသောက်လင်းလျှင် သူ့ဆီ ရောက်ရသည်။

ကိုမြမောင် သည် နံနက်(၈)နာရီလောက်မှာ အိပ်ရာထတတ်ပါသည်။ ဟိုတယ်က ပေးသော ဘရိတ်ဖတ်စ် ခေါ် ကောဖီတစ်ယောက်စာ၊ ပေါင်မုန့်ထောပတ်သုတ်နှစ်ချပ်၊ ဝက်မလွတ်ငှက် ပျောသီးတစ်လုံးတို့ကို စားလို က စားပါသည်။ ရေချိုးအဝတ်အစားလဲပါသည်။ ရောက်လာမည့် မိတ်ဆွေများကို မျှော်ပါသည်။
ဘာလုပ် ရအောင်နည်း။

ဟိုတယ်ကြီးတစ်ခု မှာ နံနက်စာ စားရအောင်ပါ။ ဟိုတယ်မှာ စားတော့ လူများ မှ ဟင်းများများ နှင့် စားလို့ မြိုင်သည်။ မြိန်သည် မဟုတ်ပါလား။
(၁၁)နာရီ လောက်ထိအောင် စောင့်သည်။ ရောက်သင့်သလောက် ရောက်မလာပါက ဖုန်းရှိသောအိမ်ကို ဖုန်းဆက်၍ ခေါ်သည်။ ဖုန်းမရှိသော သူကို သူ့လက်စွဲတော်နှင့် ကားလွှတ် ၍ခေါ်သည်။
အဲ..သူ့စိတ်ကြိုက် လူပြည့်စုံပါက သူကိုယ်တိုင် ကားမောင်း၍ ထွက်ခဲ့ပြီး ခု မနက်စာ ရွေးချယ် သော ဟိုတယ် သို့ လာခဲ့ကြသည်။
ကိုမြမောင် ၏ ထမင်းစားဝိုင်း မှာ အရက်ပါသည်။

ထိပ်တန်း ဝီစကီ ကို မှ သောက်သည်။
သူပြောဖူးသော စကားကို မှတ်မိပါသည်။
"ဝီစကီ ထဲမှာ ကျွန်တော် ဂျွန်ဟိတ် နဲ့ ဂျော်ကာဝါးကား ရက်လေဘယ် ကို မကြိုက်ဆုံးပဲဗျ" တဲ့။
ကဲ… သူ ဘယ်လိုဝီစကီမှသောက်သည်ကို ဝီစကီနားလည်သူများခန့်မှန်းကြပေရော့။ အများအားဖြင့် ဂျော်နီဝါကား၊ ဘလက်လေဘယ် သို့မဟုတ် ဗက်စ္စတီနိုင်းကို သောက်တတ် ပါသည်။ ဝှိုက်လေဘယ်က သူ အညံ့ဆုံးထား၍ သောက်သော အရက်ဖြစ်ပါသည်။ ကျွန်တော်တို့ကလည်း သူနှင့်ဆိုလျှင် နားတောင်း ရောင် နှင့် ပါးပြောင်ကြသည်ပေါ့။

ကိုယ်ကြိုက်သော အရက် ကိုယ်သောက်နိုင်သည်ဆိုသော်လည်း သူသောက်သော ဝီစကီထက်ကောင်းတာ မြန်မာပြည် မှာ ရှိပါဦးတော့မည်လော။ စားစရာကိုလည်း ကိုယ်ကြိုက်ရာ ကိုယ်မှာနိုင်သည်။ ဤသို့ မမှာ လိုပါက "ဟေ့… တို့လူ ခြောက်ယောက်စာ ဟင်းဆယ်မျိုးကွာ " စသည်ဖြင့် အော်ဒါလုပ်လိုက်သည်။
ယင်းသို့ နံနက်စာကို (၁၁)နာရီလောက်စသောက်ကြစားကြပြီး နာရီပြန်တစ်ချက်လောက်ပြီး သည်၌ လူစု ခွဲကြသည်။
ကိုမြမောင် က ပို့သင့်တဲ့လူကို ပို့စေပြီး "ကျွန်တော်တော့ ဟိုတယ်ပြန်မှိန်းဦးမယ်ဗျာ" ဟု စထရင်းသို့ ပြန်၏။
သူ ယင်းသို့ မှိန်းပြီး နေ့လယ် သုံးနာရီလောက် အိပ်ရာကထ၏။

ရေချိုး၏။ အဝတ်လဲ၏။
ကဲ… လူတစ်ယောက် (ကျွန်တော်တို့ မြန်မာလူမျိုးထုံးစံ) တစ်နေ့ ထမင်းနှစ်ခါ စားရမည်မှာ တစ်ခါ ကျန် နေသေး၏။ ငါးနာရီခြောက်နာရီလောက်မှာ ကားနှင့်လျှောက် လေညင်းခံပြီး နာမည်ကြီး စားသောက်ဆိုင် တစ်ခုသို့ ရောက်ကြပြန်၏။ ကောင်းတာတွေ သောက်ကြပြန်၏။. စားကြပြန်၏။
ညဆယ်တစ်နာရီ လောက် လူစုခွဲပြီး ကိုမြမောင် စထရင်းဟိုတယ်သို့ ပြန်အိပ်ပြန်၏။
နံနက်ရှစ်နာရီ လောက် အိပ်ရာက နိုးပြန်၏။ ရေချိုး အဝတ်လဲပြန်၏။ မိတ်ဆွေ တွေ ဆုံမိကြပြန်၏။
ဘဲလ်အဲယား သို့မဟုတ် မာစီဒီးဘင့်ကားကြီးနှင့် စိတ်ကြိုက်ဟိုတယ်ရွေးပြီး သွားစားကြ သောက်ကြ ပြန်၏။
နာရီပြန် တစ်ချက်လောက် လူစုခွဲကြပြန်၏။

စထရင်းဟိုတယ်၌နေ့လယ်သုံးနာရီလောက် ကိုမြမောင် မှိန်းရာက ထပြန်၏။ ရေမိုးချိုး၏။ အဝတ်လဲ၏။ သောက်ဖော် မိတ်ဆွေများကို မျှော်ပြန်၏။ စုမိကြပြန်၏။. သွာပြီး စားကြသောက် ကြပြန်၏။
သန်းခေါင် လောက် ကိုမြမောင် ဟိုတယ်ပြန်ရောက်ပြီး အိပ်ပြန်၏ နောက်တစ်နေ့၌ တစ်မိုး သောက် ပြန်၏။
ကိုမြမောင် သည် သူ၏ နစ္စဓူဝအတိုင်း တစ်နေ့တာ ပဋိစ္စသမုပ္ပါဒ် လည်ရပြန်၏။
အို….. စာဖတ်သူ
သင့်စိတ်ကူး ဖြင့် သီတင်းတစ်ပတ်လောက် သို့မဟုတ် တစ်လလောက် သို့မဟုတ် စိတ်ကြိုက် သလောက် ကိုမြမောင် နေရာမှာ ဝင်ကြည့်စမ်းပါ။
ဘဝ၏ အဓိပ္ပါယ် ဘာရှိတော့သနည်း။

(၁) လောကကြီးတွင် ကောင်းကောင်းစား၊ ကောင်းကောင်းအိပ်နေရုံနှင့် မပြီးသေးတကား။
(၂)သို့သော် ကျွန်တော်သို့သည် နေ့စဉ်ကောင်းကောင်းစား၊ ကောင်းကောင်းအိပ်၊ ကောင်းကောင်း နေကြ ရန် ကြိုးစား နေကြသည် မဟုတ်ပါလား။
ဤအကြောင်း နှစ်ရပ်ပေါင်းစပ်ပြီး စဉ်းစားလိုက်သောအခါ၌ ဘ၀၌အဓိပ္ပာယ်ပေါ်လာလိမ့်မည်။
စင်စစ်ဘ၀၏ လန်းဆန်းစိုပြည်ရန်၊ ဘ၀ကိုမငြီးငွေ့ရန်မှာ အလုပ်လုပ်ရန်ပင် ဖြစ်ချေသည်။ ကိုယ်လုပ်သော အလုပ်၌ ရည်ရွယ်ချက်ပန်းတိုင် ရောက်သည်လည်းရှိမည်၊ မရောက်သည် လည်းရှိမည်၊ မကျေနပ် မှုလည်းရှိမည်၊ ၀မ်းသာမှုလည်းရှိမည်၊ ၀မ်းနည်းမှု လည်းရှိမည်။
ယင်းသည်ပင် ဘ၀၏ အဓိပ္ပာယ်နှင့် အနှစ်သာရဖြစ်တော့၏။

သို့သော် ကိုမြမောင်၌ ဘာအလုပ်မျှ လုပ်စရာမရှိ ဘာမျှကြိုးစားစရာမရှိ။ သည်သည် ဘ၀၏ အလုပ် လက်မဲ့ ဖြစ်နေသည်။ သူ့အခြေကလောကီဥစ္စာကို လိုတရနေသည်။ ယင်းသည်ပင် ဘ၀၏မပြည့်စုံမှု ဖြစ်သည် ကို အလေးအနက် စဉ်းစားတတ်သူတို့ နားလည်ပေမည်။
စင်စစ်ကား ဘ၀တုသည် ဆင်းရဲချမ်းသာမရွေး တက်ကျနိမ့်မြင့် မခြား ဘယ်တော့မှ ပြည့်စုံသည် မရှိချေ။ ယင်းမပြည့်စုံ သည်ကို ပြည့်စုံလိမ့်နိုး ကြိုးစားနေရခြင်းပြင် ဘ၀မည်ပါ၏။
ကိုမြမောင် ၌ကား ယင်းသို့ကြိုးစားစရာ အကြောင်းမရှိ။
ဘ၀၏  အလုပ်လက်မဲ့ ဟု ကျွန်တော်ဆိုပါ၏။

ကိုမြမောင် သည် ပစ္စည်းဥစ္စာချမ်းသာရုံမက ရုပ်ရည်ချောမောသူလည်း ဖြစ်၏။ အသားဖြူဖြူ ကိုယ်လုံး ကိုယ်ပေါက် သွယ်သွယ်သပ်သပ်၊ အရပ်မြင့်မြင့် နှင့် မျက်လုံးမျက်ဖန် နှာတံနှုတ်ခမ်း လှပသူ ဖြစ်၏။
တစ်နေ့သ ၌ ရှုမ၀တိုက် ကျွန်တော့်ဆီသို့လာနေသော ကိုမြမောင်ကို ဦးကျော်က မြင်ဖူးလိုက် သဖြင့် ဒါရိုက်တာ ဦးကျော် က "ခင်ဗျားလူ ရုပ်ရှင်မင်းသားလုပ်ခိုင်းစမ်းပါ"ဟု ပြောဖူး၏။ ကျွန်တော်က "ဝေလမင်းသား ကို ဟောလီဝုဒ်က ခေါ်မရသလို ရှိမှာပေါ့ဗျ"ဟု ပြန်ပြောလိုက်၏။

ဤစကား မလွန်ပါချေ၊ ကိုမြမောင်သည် ကျော်စောကိတ္တိလည်း မလိုချင်၊ ရှက်လည်း အလွန် ရှက်တတ်။ ငွေ ဆိုတာလည်း သူ့ဘာသူ သုံးလို့ဖြုန်းလို့မကုန်နိုင်။
ဤသို့ ဥစ္စာပေါ ရုပ်ချောဖြစ်ရသည့်အတွက် ကိုမြမောင် မှာ သူ့ဘ၀တွင် ဆုံးရှုံးမှုတစ်ရပ် ကြုံရပြန်သည်။ အကြောင်းမှာ သူသည်အချစ်ခရီးတွင် မိန်းမတစ်ယောက်ကို ကျွန်တော်တို့ကဲ့သို့ အကြိတ်အနယ် ပိုးမနေရ။ ပိုးနေစရာ မလို။ သူ့ရုပ်နှင့် သူ့ဥစ္စာပစ္စည်းကြောင့် လွယ်လွယ်ကလေးရ၏။ သူ့အား သမက် မတော်ချင်သူ အလွန်ရှားပေလိမ့်မည်။ ထို့ကြောင့် သူသည်သူချစ်ကိုယ်ချစ် သို့မဟုတ် အချစ်စစ် အချစ်မှန်ကို ရခဲ့မည် မဟုတ်ချေ။

ကျွန်တော် နှင့် စတင်သိကျွမ်းစ သူ့အသက် သုံးဆယ်လောက်၌ အိမ်ထောင်ဆက် သုံးဆက် ကွဲခဲ့ပြီး ဖြစ်သည်။ ထိုအချိန်မှာ သူသည် အိမ်ထောင်ကို စိတ်မကူးချင်လောက်အောင် ဖြစ်နေ ဟန်တူပေသည်။
သို့သော် နောက်ပိုင်း၌ သူ့အပေါင်းအသင်း အိမ်ထောင်ရှင်တွေအားကျလာ၍ လည်းကောင်း၊ မိတ်ဆွေ ပညာရှင် များက ဘ၀ဟူသည် အတွယ်အတာရှိရမည်၊ သံယောဇဉ်ရှိရမည်၊ တာဝန် ရှိရမည်ဟု ၀ိုင်းဝန်း နားချကြပြန်သောကြောင့် ယခုသူ့နောက်ဆုံး ဇနီးကို လက်ထပ်လိုက်လေ သည်။
သို့သော် သတ္တ၀ါတို့ မည်သည်မှာ ကံကြမ္မာ၏ သားကောင် များဖြစ်လေရာ ပဋိသန္ဓေတည် ကတည်းက ကံကောင်း လာခဲ့သော ကိုမြမောင်မှာ မည်သူမျှ မရှောင်သာသော လောက၏ တရားအတိုင်း သူ့အသက် (၃၇)နှစ် တွင် ကြမ္မာဆိုးဝင်ရလေပြီ။

ရေ၌ကျွမ်းကျင်သူသည် ရေ၌သေရ၏။ ဝေဟင် ၌ ကျွမ်းကျင်သူသည် (ယူရီဂါဂါရင်ကဲ့သို့) ဝေဟင်၌ သေရ၏။ ဆိုဘိသကဲ့သို့ ငွေ၌ကြွယ်ဝသူသည် ငွေဖြင့် ဒုက္ခရောက်ရရှာ၏။
(၁၉၆၃) ခုနှစ် ရာတန်တွေ ပေးအပ်ရမည်၊ တရားမ၀င်တော့ဟု ကြေညာသည်၌ ကိုမြမောင် သည် မန္တလေးမှ ယူခဲ့သောရာတန်ငွေ နှစ်သိန်းဖြင့် အစိုးရပြန်မှု ကျူးလွန်မိကာ မင်္ဂလာဒုံ လေဆိပ်မှာ ဖမ်း၍ ထိန်းသိမ်းခြင်း ခံလိုက်ရသည်။ သုံးနှစ်ငါးလကြာမှ ထွက်လာခဲ့သည်။

သို့သော်လည်း လွတ်ပြီး သုံးလကျော်ကျော်လေးလသာ နေရတော့သည်။ (၁၉၆၈)ခု၊ ဇန်န၀ါရီလ (၁၈)ရက်နေ့ မှာ ဦးနှောက်အာရုံကြောပြတ်၍ အနိစ္စရောက်ရှာသည်။
သူထောင်ထဲ နေရ စားရပုံတွေ ပြောပြတော့ ကျွန်တော်တို့မှာ တရားကျလှသည်။ ထောင်ထဲ ၌ လူတစ်ယောက် ကို သူက ရိုက်မှုဖြစ်သဖြင့် တိုက်ပိတ်ခံရစဉ်က အကျဉ်းသားတို့ ထုံးစံ သံပန်းကန်ပြား နှင့် ထမင်း ကို ငါးပိစိမ်းစားလေး တစ်တို့ ပန်းကန်နှုတ်ခမ်း သုတ်ပေးလိုက်သည် နှင့် စားရပုံများ ကြားရတော့ ထမင်းတစ်နပ် ကို နွားတစ်ရှဉ်းဖိုးမက စားခဲ့သော သူ့ဘ၀မှာ များစွာ သံဝေဂ ရဖွယ်ကောင်းလှပါ၏။

သြော်…ကံ…ကံ
သူ့ အသုဘ က ယပ်တောင် မှာ ပါတဲ့အတိုင်းပါပဲလား
ကိုယ့်လဲ သူမပိုင်
သူ့ကိုလဲ ကိုယ်မပိုင်
ဘယ်သူ့ကိုမှ ကိုယ်မပိုင်
ဖြစ်ချိန်တန်လျှင် ကံအတိုင်းဖြစ်
ပစ္စည်းကိုလဲ လူကပစ်
လူကိုလဲ ပစ္စည်းကပစ်
မမြဲတဲ့ အနိစ္စအစစ်
ကြောက်စရာကောင်းတဲ့ ဒုက္ခအစစ်
အစိုးမရတဲ့ အနတ္တအစစ်။

ဤတရားတော်ကို ရေးသားတော်မူသော ဆရာတော်ဘုရားအား ရှိခိုးဦးညွှတ်လျက် ကိုမြမောင်ကို လွမ်းဆွတ် သတိရစွာနှင့်…….။

သော်တာဆွေ
.
>>>ဆက်ဖတ်ရန်>>> >>

Saturday, January 28, 2012

သော်တာဆွေ ၏ ငွေကိုလေလို သုံးသူ အပိုင်း (၂)

"ဘယ်နှယ့်တော် အချိန်တန်လို့ ပြန်မရောက်တော့ မောင်တို့အမူးသမားတွေ ဂါတ်တဲပဲ ရောက်ပေလား၊ ဆေးရုံ ပဲရောက်နေပလား သေပဲသေကုန်ကြပလားလို့၊ ဒိက တစ်ညလုံး အိပ်မပျော်ဘူးရှင့် ဂါတ်ကပဲ လာ ခေါ်မလား၊ ဆေးရုံကပဲ အကြောင်းကြားမလား၊ စိတ်ထဲ တထင့်ထင့်နဲ့”

”ပြောမယ်ဆိုလည်း ပြောစရာ၊ ကျွန်တော်တို့မှာ အကြောင်းကြောင်းအရာရာတွေက ရှိခဲ့ဖူးပေ သည်။ တစ်ခါတစ်ရံ ဒဏ်ရာတွေနှင့် ပြန်ရောက်လာတတ်သည်။ တစ်ခါတစ်ရံ ကိုယ်မှာ တရား ခံဖြစ်နေ တတ်သည်။ (၁၉၅၉) ခုနှစ်တုန်းကလား၊ မိုးကုတ်မြမောင်နှင့် စာရေးဆရာသော်တာဆွေ ဟိုတယ်တွင် ရန်ဖြစ်မှု၊ တရားခံများ အဖြစ်နှင့် သတင်းစာတွေထဲပင် ပါခဲ့ပေသည်။

ထို့ကြောင့် ကျွန်တော်တို့အပေါင်းအသင်း တစ်သိုက်က ကျွန်တော်တို့နှစ်ယောက်အား ”မူးလာ လျှင် တရားလိုရှာရော ”ဟု ပြောစမှတ်ပြုကြသည်။ ထိုနေ့နံနက်က ကျွန်တော့်မိန်းမသည် ကျွန်တော်တို့ နှစ်ယောက် အား တော်တော်ကြိမ်းပစ်ပါသည်။ ယင်းအချိန်မှာ ကျွန်တော်တို့နှစ် ယောက်သည် အမူးဒီဂရီ ကျနေသည် ဖြစ်ရာ လူတွေမှာလည်း စိတ်ဓာတ်ကျဆင်းနေပေသည်။ အရက်သမားတို့၏ စွမ်းပကား အနိမ့်ဆုံး အခါဖြစ်၍ ကိုယ့်အလွန် ကိုယ့်အမှားကို ခေါင်းငုံ့ခံကြ သည်။ အဲသည်တုန်းကများ  ဝမ်းပက် တူးပက် လောက်များ ထပ်နှက်လိုက်ရ အမူးဒီရဂီပြန်တတ် ၍ အမူးတစ်ပတ်ရစ်ဖြင့် ငါ့သူငယ်ချင်း ရှေ့ သည်လို ပြောရပါမည်လား ဟု မိန်းမကို နားသယ်ပါး လယ် ကျင်းပစ်လိုက်ပေမည်။

သို့သော် ကျွန်တော်တို့မှာ သနားစဖွယ် အားဆေးကမဲ့ နေသည်ဖြစ်၍ နှစ်ယောက်သား အလျှော့ပေးရကာ ကိုမြမောင်က…
"နောက် ခင်ဗျားယောက်ျားကို အချိန်မီ အိမ်တိုင်ရာရောက် ပြန်ပို့ပါ့မယ်" ဟု ကတိစကားထား ခဲ့ရ၏။
ထို့ကြောင့် သူသည် သူနှင့်သောက်လျှင် ဘယ်သောအခါမဆို အိမ်တိုင်ရာရောက် လိုက်ပို့လေ့ ရှိ၍ ယခုည ကျွန်တော်က လမ်းထိပ်က ဆင်းသွားပါမည်ဆိုတာကို လက်မခံဘဲ ကျွန်တော့် အိမ်အရောက် လိုက်ပို့ပြီး…
"ဟောဒီမှာ ဒေါ်မေ၊ ခင်ဗျားယောက်ျားကို ကောင်းကောင်းမွန်မွန် လာပို့ထားခဲ့ပြီးဗျို့" ဟု အော် ပြီး ကားထွက် သွား တော့၏။

နောက်တစ်နေ့ညနေ ကျွန်တော် ပေါင်းတည်ဘူတာသို့ ရောက်သောအခါ ကျွန်တော့်ယောက်ဖ လာကြို နေပေသည်။
"ငါ့စက်ထဲ စပါးချရင်း လာတာကွ၊ အပြန်မှာ လယ်ထဲချဖို့ဖွဲတင်ထားတယ်၊ မင်း ငါ့ဖွဲလှည်းနဲ့ လိုက်မလား၊ မြင်းလှည်း နဲ့သွားမလား"

ကျွန်တော်တို့ရွာမှာ မြို့မှ သုံးမိုင်သွားရသေးသည်။
"ဟာ…. လမ်းကြမ်းကြမ်း၊ မြင်းရထား သိပ်ဆောင့်တယ်ဗျာ၊ နေကအေးပြီပဲ၊ ကိုစံတင် ဖွဲလှည်း နဲ့ပဲ လိုက်ခဲ့ တော့ မယ်"
သို့ဖြင့် ကျွန်တော်သည် မစီးရတာ ကြာပြီဖြစ်သော ဂေါ်ကာဘဲလ်အဲယားဖြင့် ရွာသို့ ယွန်းခဲ့ သည်။
အိမ် ရောက်သော သက်ကြီးရောဂါနာတာရှည်ဖြစ်သော အဖေအား ခေတ္တမေးစမ်းပြောဆိုပြီး ကျွန်တော် သောက်ချိန် နီးပြီဖြစ်ရကား ရွာရှိသောက်ဖော်များအိမ်သို့ လစ်ခဲ့တော့သည်။

ရွာတွင် ကျွန်တော်၏အရက်အဝယ်တော် ကိုမောင်ခိုသည် ကျွန်တော်ရောက်သည်ကြား၍ အသင့်စောင့် နေသည်။ သူ့အား ငွေဆယ်တန် တစ်ရွက် ဖျက်ခနဲ ဆွဲထုတ်ပေးလိုက်သည်။
"တစ်ဆယ်ဖိုး ငါးလုံးကြီး တစ်ခါတည်း ယူခဲ့ရမှာလား"
"ယူခဲ့ပေါ့ဗျာ၊ အရက်များတာ မှားတာမှတ်လို့"

ကျုပ်တို့ရွာတွင် အရက်တစ်ဆယ်ဖိုးကြီး တစ်ခါတည်းဝယ်တဲ့လူ နှယ်နှယ်ရရမှတ်လို့။
ထို့နောက် ကျွန်တော်၏သောက်အိမ် ဦးထွန်းစိန်အိမ်သို့ သွားသည်။ ဦးထွန်းစိန်သည် သောက် သောက် စားစား ကာလသားကြီး ဖြစ်သည်။ (ယခုကား ကွယ်လွန်ခဲ့ပြီ၊ သူ့အကြောင်း"လူတစ် ယောက်အကြောင်း" ဝတ္ထုရေးခဲ့ပြီ)။ သူသည် အရက်နှင့်မြည်းရန်ကတ်သီးကတ်သတ် စားစရာ လေးများကို ကြံဖန်လုပ်တတ်သူ ဖြစ်သည်။
သူသည် ကျွန်တော့်အသံကြားသော် သူ၏မှုန်မွှားသော မျက်စိဖြင့် နဖူးပေါ် လက်ဝါးအုပ်ကြည့် ၍…

"ဟေ့..ဘိုကျင်… မင်းရောက်လာပလား၊ ငါ့လခွီး… ဒီနေ့မြည်းစရာတော့ ထူးထူးထွေထွေ မရှိ ဘူးဟေ့၊ ဘိုခို ချောင်း ထဲက ကောက်လာတဲ့ ခရုဖင်ချွန်လေးတွေ ပြုတ်ပြီး ခွေးတောက်ရွက် အုပ်ထားလိုက်တယ်၊ အရက်သောက် အနှစ်စုတ်ပေါ့ကွာ"
"ဟာ … ဒီထက် ထူးထွေနိုင်ဦးမလား ဦးထွန်းစိန်ရ"
"ကြက်ကလေး ကြော်လိုက်ရကောင်းဦးမလား"

"ဟာ… မလုပ်နဲ့တော့ ကျွန်တော် အဆီအဆိမ့်တွေ မစားချင်တော့ဘူး၊ အချဉ်ဘာရှိလဲ"
"မရမ်းသီး ရှိတယ်ဟေ့၊ ဟုတ်ပြီ အဲဒါ ငါးပိစိမ်းစားလေးနဲ့ လေးစိတ်ကွဲထောင်းလိုက်မယ်"
မကြာမီ ကိုမောင်ခို ရောက်လာသည်ဖြစ်၍ အမြည်းက ခရုဖင်ရှည်၊ ခွေးတောက်ရွက်ပြုတ်၊ မရမ်သီး လေးစိတ်ကွဲ ထောင်းကလေးနှင့် ကျွန်တော်တို့ ချက်ဝိုင်းကလေးကို စဉ်းစားကြည့် ပါဘိ။

ရန်ကုန်မြို့တွင် ခရုခေါက်ဆွဲခေါ်သော ခေါက်ဆွဲကျော်ပေါ်မှာ ပြည်ကြီးမှလာသော သံဘူးဖြင့် မီးခိုးနံ့ သင်းထားသည့် အရည်ကလေးစပ်စပ်နှင့် ခရုကလေးတစ်ဇွန်းလောက် ဆမ်းပေးလိုက် သည်။ ကျွန်တော် တို့က ဤခရုမျိုးမဟုတ်။ လက်ရေတစ်ပြင်တည်းဆိုဘိသို့ သောက်ရေတစ်ခွက်တည်း ဖြစ်သည်။ မြန်မာ့ရှေးရိုးစဉ်လာ။
ကျွန်တော်သည် ဤသို့တောသားများနှင့် ဤသို့တောဂေဟာတွင် တောသောက်သောက်ရင်း ညက ရန်ကုန်မြို့ ဟိုတယ်ကြီးများတွင် မြို့သားများနှင့် မြို့သောက်သောက်ခဲ့ပုံကို ပြောပြ သည်။
"ဟေ့ မင်းတို့ သောက်တဲ့အရက်က တစ်ပုလင်း ဘယ်လောက်လဲကွ"

"ခြောက်ဆယ့်ငါးကျပ်"
ကိုမောင်ခို မျက်လုံးပြူးလျက်…
"ဝက်ပေါက်ကလေး တစ်ကောင်ဖိုးပါလား"
"ခင်ဗျားဝက်ပေါက်က ပေါ်လိုက်ရင် အချိန်ဘယ်လောက်ထွက်လဲ"
"တစ်ဆယ် ဆယ့်ငါးကြားပေါ့ကွာ"
"ဟင် ညက ကျွန်တော်တို့ စားခဲ့တဲ့ ဝက်ကလေးကောင်လုံးကြော်ဟာ တစ်ရာ့နှစ်ဆယ်ကျပ် ပေးခဲ့ ရတယ် ခင်ဗျ"
"ဘယ်လောက်ကြီးလဲ"
"အရှင်ဖမ်းချိန်ရင် သုံးလေးပိဿာ ရှိတော့မပေါ့ဗျာ၊ နို့စို့ ဝက်ကလေးပဲ"

"ဟာ…. မင်းတို့က အစားတယ်ရက်စက်ကြပါလာူး..ဟ"
"ဒါက ခင်ဗျားကို ဟင်းတစ်မည်တည်း ပြောသေးတာ၊ ဒိပြင် အပုံကြီးရှိသေး"
"အေး… ထားပါတော့ကွာ၊ ကဲ.. မင်းတို့ အဲဒီတစ်ည တစ်နပ်စာစားကြသောက်ကြတာ ဘယ် လောက် ကုန်မလဲ"
ကျွန်တော်လည်း  အတိအကျမသိ၍ ခန့်မှန်းခြေကို ပြောလိုက်ရာ ကိုမောင်ခိုသည် အလန့်တကြား အော်လျက်…
"အောင်မလေးလေး ပထမတန်းစား နွားတစ်ရှဉ်းဖိုးလောက် ကြီးပါလားဟ၊ဒီမယ် ငါ့မှာကွာ၊ နွား တစ်ဖက်တည်း ဖြစ်နေတာ သုံးနှစ်ရှိပြီ၊ တစ်ရှဉ်းပြည့်အောင် ဖြည့်မယ်နဲ့ဟာ မင်းလူ ခေါ်ခဲ့စမ်း ကွာ ငါ့နွားတစ်ကောင် ဖိုးလောက် တောင်းချင်လို့"

"သူ….ဒီရွာ.. ကျွန်တော်နဲ့ ရောက်ဖူးသားပဲဗျ"
"အေး … ဒါဖြင့် တို့နဲ့ ဘာလို့ မတွေ့လိုက်ရတုံး"
"အဲဒီတုန်းက ပေါင်းတည်စွယ်တော်ရက်ကြီး၊ ခင်ဗျားနဲ့ ကျွန်တော်နဲ့တောင် မတွေ့လိုက်ရဘူး၊ မဟုတ်လား ညကြီးမင်းကြီး ပြန်သွားရတာ၊ အဖြစ်က.. .ဒီလို" ဟု ဆိုပြီး ကိုမြမောင်အကြောင်း နောက်ကြောင်း ပြန်ရှင်းပြ လိုက်ရသေးသည်။

(၁၉၆၂)ခုနှစ်၊ တော်သလင်းလဆန်း (၁၃) ရက်၊ နှစ်စဉ်ပေါင်းတည်စွယ်တော် လှည့်ပွဲရက်၊ နံနက် ၉း၀၀ နာရီခန့်။ ကိုမြမောင်နှင့် အပေါင်းပါတွေကားနှစ်စီင်္းနှင့် ကျွန်တော့်အိမ်ရှေ့ ရောက် လာကြပြီး သူတို့အားလုံး ပစ်ကတ်တစ်ပတ်ရစ် တွေဖြင့်…
"ကိုဆွေ လာလာ၊ ဘာအလုပ်ရှိရှိထားခဲ့၊ အဝတ်တောင် လဲမနေနဲ့ ကြာတယ်၊ ကျုပ်တို့ကို ပေါင်းတည် စွယ်တော်လှည့်ပွဲ လိုက်ပို့"
သို့ဖြင့် ကျွန်တော်ကားပေါ်တက်ခဲ့၍ နေ့လယ်သုံးနာရီလောက် ပေါင်းတည်မြို့ထဲ ရောက်ခဲ့ ကြသည်။

စွယ်တော်လှည့်ပွဲကို ကြည့်ရှုပြီးနောက် လူနှစ်စုခွဲကြသည်။ တစ်စုက မြို့ပေါ်တွင် ဘုရားလူကြီး ဦးကိုကိုကြီး သား ကိုဝင်းလှိုင်ဆီမှာ တည်းကြမည်။ ကိုမြမောင်နှင့်ကိုတင်မောင် ညီအစ်ကိုက ကျွန်တော့်ရွာ ကျွန်တော့် ဂေဟာ သို့ ရောက်ဖူးအောင် လိုက်ကြမည်။ သို့ဖြင့် ညနေ ၆ နာရီ လောက်မှာ ကျွန်တော်တို့ရွာ ရောက်ကြ သည်။ ထိုအချိန်တွင် ကျွန်တော်တို့ရွာ လှည်းလမ်းမပေါက်သေး၍ ကိုမြမောင်၏ မာစီးဒီးကားကြီး တာလမ်း ဘေးရှိ ကျွန်တော့်ဆွေမျိုးအိမ်တွင် ထားခဲ့ပြီး ရွာထဲ ဖိနပ်ချွတ်၍ ဝင်ခဲ့ကြရသည်။

ကျွန်တော်တို့သည် မြို့ပေါ်မှ ဘာမျှစားစရာများ ဝယ်မလာခဲ့ကြပေ။ အိမ်ရှိကြက်ကို ကာလသား ချက်စားကြမည်ဟု ရည်ရွယ်ချက်ရှိခဲ့ရာ အဆင်သင့်ပင် ကျွန်တော့်အိမ်မှာ တော်သလင်း တွင်းအောင်း ကြွက်သားကြီး တွေ ဆီပြန်ချက်ထားသည်နှင့် ကြုံလေသည်။ သို့ဖြင့် အစားအတွက် ကျွန်တော်တို့ အဖို့ တောဟင်း တောချက်ခံတွင်းအပြောင်းအလဲ အဆင်ပြေ သွားလေသည်။

သို့သော် ညအိပ်သောအခါ ကိုမြအောင်အတွက် အခက်တွေ့လေပြီ။ သူသည်ရန်ကုန်မှာ စထရင်း ဟိုတယ် တွင် လေအေးစက်နှင့် အခန်းမှာ နေသည်။ မန္တလေးရှိ သူ့တိုက်မှာလည်း သူ့အခန်းတွင် လေအေးစက်နှင့် ဖြစ်၏။ သူနေသော အခန်းတွေမှာ ခြင်ယင်မျှ မဝင်နိုင်သည် ဖြစ်၍ အိပ်ရာတွင် ခြင်ထောင်မရှိပေ။
ယခု ကျွန်တော်တို့အိမ်ကား သွပ်မိုးပျဉ်ထောင်။ တောရွာဓလေ့ ညအချိန်မှာ တံခါးတွေ အလုံ ပိတ်ရသည်။ အခါရာသီ ကလည်း တော်သလင်းနေ ပုဇွန်သေ။ ခြင်တွေကလည်း တဝီးဝီး၊ ခြင်ထောင်ကလည်း ရွာရက် ဇာဖျင်ကြမ်းကြီး။ ကိုမြမောင်အဖို့ လှလှကြီး ဒုက္ခတွေ့လေပြီ။ သူသည် အားနာပြီး အတော်ကြာ အောင့်အည်း နေသေး၏။ နောက်ဆုံး၌ မတတ်သာပြီ။

"ကိုဆွေ.. ခုည ပြန်စို့ဗျာ" ဟု စတင်ပြောတော့၏။
ကျွန်တော်ကလည်း ပြန်ချင်နေပေသည်။
သို့သော် ကျွန်တော်တို့သည် ၉ နာရီလောက်ကြီး ရွာမှ ထွက်ခဲ့ကြ၍ ညတွင်းချင်း ရန်ကုန်သို့ ပြန်ခဲ့ကြတော့၏။
"ငါ့လခွီး…. ဒါဖြင့် မင့်လူက တယ်ပြီးနေရာရွေးတဲ့လူပါလားဟ"
ကျွန်တော့် စကားအဆုံး ၌ ဦးထွန်းစိန်က မှတ်ချက်ချ၍ ကျွန်တော်က"နေရာတင်မဟုတ်ဘူး၊ အစားအသောက်လဲ သိပ်ရွေးတယ်၊ ဝီစကီလဲ ထိပ်တန်းမှ သောက်လို့ဖြစ်တယ်"
"ဝီစကီ ဆိုတာ ဘာလဲဟ ရန်ကုန် တို့လာတုန်းက ဟိုတယ်မှာ မင်းတို့ကို တိုက်တဲ့ဟာမျိုးလား"
"မဟုန်ဘူး၊ အဲဒါက ရမ်၊ ဝီစကီက ရမ်ထက် လေးငါးဆ အဖိုးတန်တယ်"

"ဟာ.. ဒါဖြင့် သိပ်ကောင်းလို့ပေါ့"
"ဒါပေမယ့်… ဦးထွန်းစိန်တို့တော့ ကြိုက်မှာမဟုတ်ဘူး၊ ရမ်တောင်မကြိုက်တာပဲ"
ကိုမြမောင်အကြောင်းရေးရင်း သူတို့အကြောင်းလည်း ပြောရဦးမည်။ တစ်ကြိမ်သောအခါ၌ ဦးထွန်းစိန်နှင့် ကိုမောင်ခို သည် အသွားအပြန်စရိတ်ခံပါမည်ဟု ကျွန်တော့်၏ပင့်ဖိတ်ချက်ဖြင့် ရန်ကုန်သို့ ရောက် လာကြသည်။ ပထမ သူတို့အာသီသ ထားကြသော ဘုရားတွေအစုံ လိုက် ပို့ပြီးနောက် ညနေစောင်းမှာ (ထိုစဉ်က ကျွန်တော်စားကျက်) တာဝှာဟိုတယ်သို့ ခေါ်ခဲ့သည်။

မြည်းစရာတွေ တော်တော်များများမှာပြီး ရမ်ပုလင်းတစ်လုံးထောင်၍ ထိုစဉ်က ဟိုတယ်ထုံးစံ အတိုင်း ဘွိုင်တစ်ယောက် ကို အနားထားပြီး ပြုစုစေသည်။ ဘွိုင်က လိုသမျှ ယူပေးရသည်။ အရက်ငှဲ့ပေးရသည်။ ရေခဲ ဆော်ဒါ ထည့်ပေးရသည်။
စီးကရက် ထုတ်လိုက်လျှင် မီးခြစ်ပြီး ညိပေးရသည်။ ဒါတွေကို ပြချင်လို့ပဲ ကျွန်တော်သူတို့အား ဟိုတယ်ခေါ်လာခဲ့ခြင်း ဖြစ်သည်။ သူတို့သည် ဘွိုင်ထည့်ပေးသည့်အတိုင်း အရက်သုံးခွက်စီ လောက် သောက်ပြီးနောက် ဦးထွန်းစိန်က စတင်၍ "ငါ့လခွီး… မင့်ဟာကြီးသောက်ရတာက ဖျော်ရည်သောက်ရသလို ပါပဲလားဟ"
ကိုမောင်ခိုက…. "အေးကွာ… ဟုတ်တယ်၊ ဟာဒီ အဖြူရေနဲ့ ရေခဲမပါဘဲ အနီချည်း မသောက်ရ ဘူးလား"

ကျွန်တော်ရယ်မိ၍…
"ဟာ… သောက်ရပါတယ်၊ ဟေ့.. ဘွိုင် ရမ်ချည်းနိဝမ်းပက်စ်စီလောက် ထည့်ပေးလိုက်စမ်းပါ ကွာ"
သူတို့သည် သည်အတိုင်း မော့ချလိုက်ကြပြီးမှ မျက်နှာမရှုံ့ဘဲ…"အင်း.. ဒီလိုဆို တော်တော်ရှိ သေး၊ ဒါပေမယ့် တို့ဆီက ချက်အရက်လောက် မကြိုက်ပေါင်ကွာ၊ ဒီဆိုင်မှာက ချက်အရက် မရောင်းဘူးလား"
"ချက်အရက်နဲ့ တူတာတော့ရှိတယ်၊ သောက်ကြည့်ကြပေါ့" ဟုဆိုပြီး ဘွိုင်အား ဂျင်ဝမ်းပက်စီ ယူခိုင်း လိုက်သည်။
သူတို့သည် ဂျင်ကို သောက်ပြီးနောက် မှတ်ချက်ချကြပြန်သည်။

"အဝင်တော့ တော်သားဟေ့၊ ရင်ထဲ ပူဆင်းသွားတယ်၊ ဒါပေမယ့် ရေမွှေးစော်ကြီး နံတယ်ကွာ၊ အရက်နဲ မတူဘူး၊ အဲဒါ ခု.. တို့သောက်တဲ့တစ်ခွက် ဘယ်လောက်ပေးရမလဲ"
"နှစ်ကျပ်ခွဲ.. ဒရိုင်းဂေါ်ဒွင်ဂျင်"
ဦးထွန်းစိန်သည် ရင်ဘတ်ထု၍…
"ဟာ.. ငါ့လခွီးတဲ့၊ တစ်ပုလင်းလောက် ဝယ်သွားမလာအောက်မေ့တယ်"
ကိုမောင်ခိုက..
"ရွာက ညီပု ထန်းလျက်အရက် မီးတောက်နှစ်ကျပ်ခွဲ သောက်တော့မှာပေါ့ဗျ"
ဦးထွန်းစိန်က…
"အေးလေကွယ်.. ဒါက ညီပုအရက်လောက်တော့လာသား၊ ဈေးချင်းတူမလားလို့ မေးကြည့် တာ"
"ဟင်.. သူတို့ဆီက ဘာမှမဟုတ်လဲ ဟိုတယ်မှာဆိုတော့ ဟိုတယ်ဈေးတွေ ကြီးနေတာပေါ့ဗျာ"

ဟု ကိုမောင်ခိုက နောက်ဆုံးမှတ်ချက်ချလိုက်၏။
မှန်ပါသည်။ ချက်အရက်သောက်နေသူများသည် ချက်အရက်ကလွှဲလျှင် သူတို့ပါးစပ် ဘာမှ မတိုးတော့ပြီ။
ကျွန်တော်သည် စိတ်ကျေနပ်လောက်အောင် တစ်ပတ်မျှ ရွာတွင်နေပြီး ရန်ကုန်သို့ပြန်ခဲ့၏။ နေအိမ်သို့ ညနေ ၄ နာရီလောက်ရောက်၍ နောက်တစ်နေ့နံနက် လှည်းတန်းဈေးက ဈေးဝယ် အပြန် ကမာရွက် ဂါတ်အနီးရှိ တယ်လီဖုန်းမှ စထရင်းဟိုတယ်သို့ ကိုမြမောင် ရှိ မရှိ ဖုန်းဆက် မေးကြည့်၏။

ကိုမြမောင်သည် မန္တလေးနှင့် ရန်ကုန်ကို သွားချင်တဲ့အချိန်သွား၊ ပြန်ချင်တဲ့အချိန်ပြန်၊ ကူးဂလန်ခတ်နေသူ ဖြစ်၏။ မန္တလေး ဒါးတန်းရေခဲစက်နှင့် ဘိလပ်ရည်စက်မှာ သူတို့ဟာဖြစ် ၏။ ရန်ကုန်ခြောက်မိုင်ခွဲတွင် သူတိုက်တစ်လုံးရှိ၏။ နိုင်ငံခြားသားတွေငှားလျှင် တစ်လ ၁၅၀၀ ကျပ်ရ၏။ သို့သော် သူငှားလို မှငှား၏။ အိမ်က အားနေသော်လည်း ဒရဝမ် နှင့်မာလီ သာ ထား၍ သူက ထိုအိမ်၌ နေလေ့မရှိ။ စထရင်း ဟိုတယ် မှာသာ တစ်နေ့ ၆၀ ကျော်(အစားမပါ) ပေး၍ နေ၏။ ကျွန်တော်နှင့် စတင်သိသောအချန်မှာ မိန်းမရှိ၊ လူပျိုကြီး လိုနေ၏။

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

Friday, January 27, 2012

သော်တာဆွေ ၏ ငွေကိုလေလို သုံးသူ အပိုင်း (၁)

ငွေကိုလေလိုသုံးသူ

ကိုယ် လဲ သူမပိုင်
သူ့ကို လဲ ကိုယ်မပိုင်
ဘယ်သူ့ကိုမှ ဘယ်သူ မပိုင်
ကိုယ့် ကိုယ် ကိုယ်မှ ကိုယ်မပိုင်
ဖြစ်ချိန်တန်လျှင် ကံအတိုင်းဖြစ်
ပစ္စည်းကိုလဲ လူကပစ်
လူကိုလဲ ပစ္စည်းကပစ်
မမြဲတဲ့ အနိစ္စအစစ်
ကြောက်စရာကောင်းတဲ့ ဒုက္ခအစစ်
အစိုးမရတဲ့ အနတ္တ အစစ်။

(မစ္ဇျိမ ပဏ္ဏာသ ရဌပါလသုတ် မြန်မာပြန်)
ဤကား အသုဘတွင်ကမ်းသော ယပ်တောင် တစ်မျက်နှာမှ ဖြစ်၍ အခြားတစ်မျက်နှာကား

ကွယ်လွန်သူ အသက်(၄၁)နှစ်ရှိ
ဦးမြမောင် (မိုးကုတ်မြို့) ကောင်းမှု။

(၁၉၆၈)ခုနှစ်၊ ဇန်နဝါရီလ(၁၈)ရက်နေ့တွင် ကွယ်လွန်၍ (၂၄)ရက်နေ့တွင် ကြံတော့သုသာန်၌ သင်္ဂြိုဟ် ဂူသွင်း ထားသည်။
    ကျွန်တော်နှင့်သောက်ဖော်သောက်ဖက်၊ ဆိုးဖော်ဆိုးဖက်ဖြစ်သည်။ သူ့အကြောင်းက ရေးချင်စရာ ကောင်းလှသည်။ ကျွန်တော် ရေးချင်နေတာ ကြာပြီ။ သို့သော် သူက ရှက်တတ်သူဖြစ်သည်။ သူ့ကို လူ သိမှာ အင်မတန်စိုးသည်။ ကျော်စောကိတ္တိမ ကို မမက်မောသည့်ပြင် စက်ဆုပ်သူဖြစ်သည်။
သာဓက တစ်ခုပြပါမည်။

    ကျွန်တော်(၇)မိုင်ရွာတန်းရှည် ရွာကလေးတွင် နေစဉ် တစ်နေ့သ၌မြို့ထဲမှ ကျွန်တော့်ကို သူ့ကားနှင့် လိုက်ပို့ရာ ရွာထိတ်တွင် အမိုးသာရှိ၍ အကာဗလာနတ္ထိနေသော အဆောက်အအုံ လေးတစ်ခု ကိုမြင်သော်…..
    “ကိုဆွေ ဒါဘာလဲဗျ။ အထဲ ထိုင်ခုံလေးတွေကြည့်ရတော့ စာသင်ကျောင်းထင်တာပဲ"
    "မှန်ပါသဗျာ… ကျွန်တော်တို့ မဟာရွာတန်းရှည်က မဟာမူလတန်းကျောင်းအစစ်ပါပဲ"
    ကျွန်တော် သူနှင့်တွေ့ပြီဆိုလျှင် ကျွန်တော့်ဗိုက်ထဲမှာ ကမ္ဘာတွင် အကောင်းစား ဝီစကီများ အောင်းနေပြီ ဖြစ်၍ အာဝဇ္ဇန်းရွှင်နေပြီ။

    "နို့.. အကာလဲ မရှိပါလား"
    "အကာ မရှိဆို ကမ္ဘာက အသိပါပဲဗျာ၊ ဟောဒီ ရွာတန်းရှည်သားဖွတ်ကြားတွေ ငွေစုတုန်းပါဗျ"
    "ဒါဖြင့် ခင်ဗျားအိမ် ရောက်တဲ့အခါ မှာ အဲဒီကျောင်းကို ကမကထလုပ်ကြတဲ့ လူကြီးတွေ ခေါ်ပေးစမ်း ပါ"
    သို့ဖြင့် အိမ်ရောက်သောအခါ၌ ကျွန်တော့်သားများအား မည်သူမည်ဝါ တွေ ခေါ်ချေစမ်း ဟု လွှတ် လိုက်၏။

    မကြာမီ အရပ်လူကြီးများလျှောက်လာကြသည်။ မြင်းကွင်းကား လူကြီးများအဖို့ မတင့် တယ်လှပေ။ ကမောက်ကမ လည်း နိုင်ပေသည်။ တစ်လ အစိတ်ပေးရသော ကျွန်တော့် အိမ် သုံးပင်နှစ်ခန်း ခနော်နီ ခနော်နဲ့ အိမ်ကလေး ရှေ့တွင် အိမ်ထက်ရှည်သော ချက်ပလက် ဘဲလ်အဲယားကားကြီး ရပ်လျက်။ ကျွန်တော် နှင့် ကိုမြမောင် က အလွန်ကျဉ်းသော အိမ်ဦးခန်း လေး မှာ ပုလင်းထောင်နေကြသည်။
    ကျွန်တော် တို့နှစ်ယောက်သည် ပထမ၌ဟိုတယ်မှာ စားသောက်နေကြရာမှ စိတ်ကူး တစ်မျိုးရကာ ဝီစကီ၊ ဆိုဒါ၊ ရေခဲနှင့် စားသောက်စရာများကို ပန်းကန်ခွက်ယောက်နှင့် တကွ ကားပေါ်တင်စေပြီး ကျွန်တော့်အိမ် သို့လာခဲ့ခြင်းဖြစ်ပါသည်။ အဖြစ်က စကားစပ်မိ သဖြင့် ကျွန်တော့်အိမ်တွင် ငါးရှဥ့် ဟင်းချက်သည် ပြော၍ သူ ထိုဟင်းစားချင်သည်ဆိုပြီး မှာပြီးသား တွေလည်း ကျွန်တော့်အိမ်သားတွေ စား ပစေတော့ ဟု ယူဆောင်ခဲ့ခြင်းဖြစ်သည်။

    ဆိုဒါပုလင်းခွံများနှင့် ပန်းကန်ခွက်ယောက်တို့လည်း ဘယ်တော့မှ ဟိုတယ်ပြန်ရောက် သည် မရှိ။ နောက်မှ သူတို့ထုံစံအတိုင်း ကျသမျှရှင်း၏။ ကျွန်တော့်ဇနီးချက်သော ငါးရှဥ့်သား ဖားသားတို့ကို ခံတွင်း တွေ့ သူဖြစ်သည်။
    ရောက်လာကြသော အရပ်လူကြီးသုံးယောက်သည် ဟိုတယ်မှ စားသောက်စရာတွေ ဗရပွနှင့် ပုလင်းထောင် နေကြသော ကျွန်တော်တို့နှစ်ယောက်ကိုကြည့်၍ သူတို့အား ဘာကိစ္စ ခေါ်သလဲဟု မစဉ်းစား တတ်အောင် ဖြစ်နေပုံပေါ်နေသည်။ သူ့တိုအား အတူတကွ စား သောက်ရအောင် ခေါ်ရန် ကလည်း သူတို့သည် အရက်သောက်တတ်ကြသူများ မဟုတ် ကြောင်း ကျွန်တော်က သိပြီး ဖြစ်နေ ပါသည်။

    ထို့ကြောင့် ကျွန်တော်ကစ၍
    "ခင်ဗျား တို့ကို အရက်သောက်ရအောင် ခေါ်တာမဟုတ်ပါဘူးဗျာ။ စောဒီ ကျွန်တော့်မိတ်ဆွက စုံထောက် ဗျ၊ ဒီရွာထိပ်က ခင်ဗျားတိုက စာသင်ကျောင်းလေးအတွက် မေးချင်လို့တဲ့ဗျ"
    ထိုအခါ ကိုမြမောင် က
    "ခင်ဗျား တို့ဒီကျောင်းလေးကာဖို့ အလှူငွေ ကောက်နေတယ်လို့ ကြားတယ်။ ဘယ်လောက်ရပြီလဲ"
    တစ်ယောက်သော လူကြီး က တုံ့နှေးနှေးဖြင့်..
    "ဖြစ်ဖြစ် မြောက်မြောက် မရသေးပါဘူးဗျာ၊ တချို့က ပါးစပ်ထည့် စာရင်း ပဲ ရှိကြပါသေးတယ်"

    ကိုမြမောင်က…
    "ကဲ.. ဒါဖြင့် စုစုပေါင်း ဘယ်လောက်ရရင် ဖြစ်မလဲ"
    လူကြီးများ သည် ဘာအဓိပ္ပါယ်လဲဟု နားမလည်သေးဘဲ တစ်ဦးမျက်နှာ တစ်ဦး ကြည့်နေကြပြီး
    နောက်ဆုံး မှ တစ်ယောက် က အရဲစွန်သော ပုံသဏ္ဍာန်ဖြင့်..
    "ခုနစ်ရာကျပ် ဆိုရပါတယ်ဗျာ. "
    ထိုအခါ ကိုမြမောင်သည် သူ့အိတ်ထဲမှ ငွေစက္ကူအုပ်ကိုထုတ်၍ ရာတန်ခုနစ်ရွက် ကို ဆတ်ခနဲ ဆွဲထုတ် ပေးလေ တော့ရာ လူကြီးများမှ ရုတ်တရက် အံ့အားသင့်နေကြ၍ ကျွန်တော် က
    "ယူလေဗျာ.. ခင်ဗျားတို့ ငွေ(၇၀၀)ကျပ် လိုချင်တယ်ဆိုလို့ ပေးတဲ့ဟာပဲ"

    သည်တော့ တစ်ယောက်က လက်ခပ်တုန်တုန်ဖြင့် ယူပြီး နှုတ်သွက်သူ လူလည် တစ်ယောက်က ပြူးပြူး ပျာပျာဖြင့်
    "သူဌေး နာမည် အမိန့်ရှိပါခင်ဗျာ၊ သူဌေးမင်းကောင်းမှု အနုမောဒနာခေါ်ကြဖို့ ကျွန်တော်တို့ အသင်း ကနေပြီး သတင်းစာထဲ ထည့်ပေးပါ့မယ် ခင်ဗျာ"
    ယင်း၌ ကိုမြမောင်က လက်ခါ၍
    "ကဲ သွားကြ သွားကြ ခင်ဗျားတို့လိုချင်တာ ကျွန်တော် ပေးပြီးပြီ၊ ဒီကိစ္စကို သတင်းစာ ထဲ ထည့်စရာ လဲ မလိုဘူး၊ ကျွန်တော်နာမည်လဲ မသိချင်ကြပါနဲ့ သော်တာဆွေ သူငယ်ချင်း အရက်သမား တေစ်ယောက် လို့ပဲ ယူဆကြပါ။ ကဲ ကြွကြလေဗျာ၊ ဒီပွဲမှာက လူကြီးမင်းတို့နဲ့ မလျော်ပါဘူး၊ ကျွန်တော် တို့က အရက်သောက်နေကြတာဗျ"
    လူကြိးသုံးယောက် မှာ အံ့သြစွာနှင့် ပြန်သွားကြကုန်သည်။

    နောက်တစ်နေ့၌ ကျွန်တော့်ဆီလာ၍ အကျိုးအကြောင်း ကို မေးပြီး ရွှန်းပသော မျက်နှာတို့ဖြင့်…
    "ဟာ ဒီလိုဆို ဦးသော်တာ က စောစောက ကြိုပြောထားရောပေါ့ ဗျာ"ဟု အားမလိုအားမရ ပြော သဖြင့် ကျွန်တော့်မှာ လူတို့၏ သဘောကို တွေး၍ အားရပါးရ ရယ်မောလိုက်ရပါ၏။
    ကျွန်တော် က ဤအကြောင်း ကိုမြမောင်အားပြန်ပြောပြတော့ သူ တကယ်ပဲ မနှစ်သက်ချေ။ မျက်နှာ ရှုံ့လျက်…
    "ခင်ဗျားကြီး တော်စမ်းပါဗျာ၊ ဒါလေး တစ်ဆိတ် ကို တအိတ်ကြီးလုပ်မနေစမ်းပါနဲ့"ဟု  ကျွန်တော့်ကို ငေါက် ပါသည်။ သူ့အကြောင်းရေး ဖို့သွားပြောကြည့်တော့ ခါးခါးသိးသီး ငြ်းပါသည်။
    "ကျွန်တော် အကောင်းရေးမှာပါဗျ"

    "အကောင်းရေးရေး မကောင်းရေးရေး ရေးရင်တော့ ခင်ဗျားနဲ့ ကျွန်တော် တစ်သက် အပြတ်ပဲ"
    ဟုတ်တယ်။ သူ တကယ်စိတ်ဆိုးမယ် ဆိုတာလည်း ကျွန်တော် ယုံပါသည်။ ဟော ယခု တော့ သူ စိတ်မဆိုး နိုင်ရှာတော့ပါ။
    ကျွန်တော် ရေးရပါတော့မည်။ ရေးသော် သူ့အတ္ထုပ္ပတ္တိကားမဟုတ်ပါချေ၊ သူအတ္ထုပ္ပတ္တိ ရေးနိုင် လောက်အောင်လည်း သူ့အကြောင်း ကျွန်တာ် အကုန် မသိပါချေ၊ သည်လို အတ္ထုပ္ပတ္တိမျိုးလည်း ကျွန်တော် မရေးလိုပါ။

    သူနှင့်ပေါင်းသင်းမိ၍ သူ့အကြောင်းကို သိသမျှထဲမှ သူလိုငွေကို သုံးဖြုန်းမကုန်နိုင်လောက်အောင် ကျိကျိတက် ချမ်းသာသူ တစ်ယောက် ၏ ဖြစ်ထွေကို ကျွန်တာ် ဆင်ခြင်သုံးသပ်မိသမျှ ဖော်ပြမည် ဖြစ်ပါသည်။
    ရန်ကုန် ပြည်လမ်း၊ မရမ်းကုန်းတရုတ်ဟိုတယ်ကြီးတစ်ခု၌ ထိုနေ့အဖို့ ကျွန်တော်တို့ ၏ အလျှံပယ် ညစာ စားပွဲကြီးကား ပြီးဆုံးပါပြီ။ အားလုံးပင် နောက်ထပ် မစားနိုင်သည် မသောက်နိုင်သည်အထိ ရောက်ကြ ချေပြီ။ မကုန်သေးသော ဟင်းမျိုးစုံတွေ ရှိနေသေးသော် လည်း လူတွေမှာ မတွယ်နိုင်တော့ပြီ။ အချို့ သွားကြားထိုးကြပြီ။ အချို့ ခေါင်းငိုင်စိုက်ကျနေပြီ။ အချို့ နှစ်ယောက်တစ်တွဲ လေပန်းနေကြပြီ။

    ဤကား  ကိုမြမောင်၏ ထမင်းပွဲထုံးစံပင်။
    ထိုနေ့က လူရှစ်ယောက် ည(၈)နာရီကျော်မတည်းက စတင်စားသောက်လိုက်ကြ၍ (၁၁)နာရီ ကျော်ကျော်၌ ပြီးဆုံးသည်ဖြစ်ရာ ဝီစကီဘယ်နှစ်လုံး ဆော်ဒါဘယ်နှပုလင်း၊ ဟင်းဘယ်နှစ်မျိုး၊ အဖိုး ဘယ်လောက် ဆိုသည်ကို ဟိုင်တယ် တရုတ်များသာသိကြပေသည်။ ကိုမြမောင်သည် စာရင်းအင်းကို သေချာစွာ ကြည့်လေ့ မရှိပေ။ လူလည်းမူနေပြီ။ လက်မှတ်သာ ထိုးပစ်တတ်၏။ သူသည် စားသောက်ရန် အတွက် ကို ဘယ်တော့မှ အိတ်ထဲငွေဆောင်လေ့ မရှိ ပေ။ ရန်ကုန်တစ်မြို့လုံးရှိ သူသွားနေကျ ဟိုတယ် တို့မှာ လက်မှတ်သာ ထိုးလေ့ရှိသည်။ နောက်မှ သူ့ငွေကို ရှင်း၊ သို့မဟုတ် လာတောင်းလျှင်ပေး။

    ထိုညက တရုတ်က ဘီလ်လာပေး၍ သူ လက်မှတ်ထိုးသောအခါ ကျွန်တော်က…
    "ကိုမြမောင် ခင်ဗျား ငွေပါမလာဘူးလားဗျ"
    သူသည် မူးလျှင်ပြောတတ်သော ဆောင့်ဆောင့်အောင့်အောင့် အသံမျိုးဖြင့်…
    "ငွေ.. ဘာလုပ်ဖို့လဲဗျ။ ခင်ဗျား ခုဝအောင် စားသောက်ပြီးပြီပဲ မဟုတ်လား"
    "ကျွန်တော် အသုံးလိုလို့ဗျ"
    "ညကြီးမင်းကြီး ဘာသုံးဖို့လဲ"
    "ခုည သုံးဖို့ မဟုတ်ပါဘူး။ နက်ဖြန်မနက် ကို ကျွန်တော်ပေါင်းတည်ပြန်မလို့ဗျာ။ အဖေ မမာပြန်ဘူး။ စာ လာတယ်။ အဲဒါ ခု အိမ်မှာလဲ ငွေမရှိဘူး"
    "ကျွန်တော်အိတ်ထဲ ပါမလာဘူး၊ ဟိုတယ်လိုက်ယူလေ"
    သူသည် စထရင်းဟိုတယ်၌နေသည်။

    "ဘယ်လောက်လိုချင်လို့တုန်း"
    စင်စစ် ဆိုလျှင် ကျွန်တော်သည် သူ့ဆီမှ တစ်ထောင်ထက် လျောမတောင်းသင့်ချေ။ ခုတော့ ညကြီး မင်းကြီး ရုတ်တရက်ကြီးလည်းဖြစ်နေ၍
    "သုံးရာကျပ်လောက် တော်ပါပြီဗျာ"
    "အယ်.. ဒါဖြင့် ဟိုတယ်လိုက်မနေနဲ့တော့၊ ခင်ဗျား ပြန်ပို့နေရဦးမယ်" ဆိုပြီး ဆိုင်က တရုတ်အား ခေါ်၍ငွေသုံးရာ ကျပ်တောင်းပြီး အခုနစားသောက်စာရင်း ဘီလ်ထဲမှ ယူငွေ သုံးရာ ကျပ်ဟု လက်မှတ်ထိုး လိုက်၏။ ထိုမှပြန်လာသော အခါ ကျွန်တော့်အိမ်မှာ ပြည်လမ်း၊ ခြောက်မိုင်တွင် အတွင်းနည်းနည်းကလေး ဝင်ရသည် ဖြစ်သောကြောင့် ရောက်ခါနီး၌ ထိုည ကျွန်တော်သည် နက်ဖြန်ခရီးသွားစရာရှိသည်မို့ သိပ်ပြီး မူးအောင် သောက်မထားသဖြင့်..
    "ကိုမြမောင် ခင်ဗျား ကျွန်တော့်အိမ်ထိအောင် လိုက်မပို့နဲ့တော့် အထဲ ခင်းဗျားကားကြီးကွေ့ရလှည့်ရ ခက် သနဲ့။ ကျွန်တော် လမ်းထိပ်ကပဲ ဆင်းသွားမယ်"
သူက လက်မခံချေ၊

    "အောင်မယ် မလုပ်ပါနဲ့ဗျာ၊ အရင်ကလို ခင်းဗျားမိန်မ ကျွန်တော့် ပြောဆိုးထားပါဦး မယ်"
     တစ်ကြိမ်က သူ့အားကျွန်တော့်ဇနီးက ပြောစရာဖြစ်ခဲ့ဖူးသည်။
    တစ်ည ရန်ကုန်မြို့လယ်ကောင် ဟိုတယ်ကြီးတစ်ခုမှ အထွက်တွင် ကျွန်တော်တို့ တော်တော်မူး နေကြသည်။ အထူးသဖြင့် ကိုမြမောင် ပိုမူးနေသည်။ ထို့ကြောင့် ကိုမြမောင်အား ကားမမောင်းရန် ပြောကြ သည်။ ဤစကားသည် ကိုမြမောင်အဖို့ မခံနိုင်ဆုံး ကိစ္စတစ်ရပ်ဖြစ်ချေသည်။ သူ့အား မူးနေသည်။ မမောင်းပါနှင့် ဆိုခြင်းသည် သူ့ကို စော်ကားတာပဲဟု မူးစိတ်နှင့် ယူဆသည်။ ထို့ကြောင့် ဆိုလေ ကဲလေ၊ မန်းလေပြဲလေဖြစ်ကာ ကားပေါ်မြန်မြန်တက်၍
    "မလိုက်ဝံ့တဲ့ လူ နေကြ၊ လိုက်ဝံ့တဲ့သူ တက်"
    မည်သူမျှ မတက်ကြ။

    ကျွန်တော်တစ်ယောက်ပဲ သူ့ဘေးတွင် ဝင်၍ ယှဉ်ထိုင်လိုက်သည်။
    ကျွန်တော် လည်း ကားထွက်စတွင်သာ သတိရှိသည်။ လေအေးနှင့် တွေ့သောအခါ မေ့သွား လေသည်။ နောက်ပြန်သိသောအခါမှာ ရဲသားနှင့် အရပ်သားအချို့ ကျွန်တ်ာတို့ကို ဝိုင်းထားကြသည်။ ကးက ဓာတ်တိုင် ဦးခိုက်၍ ရက်နေသည်။ ကိုမြမောင်နှင့် ကျွန်တော်က ကားပေါ်မှာ အိပ်ပျော် နေကြသည်။

    ရဲသားက ကျွန်တ်ာတို့အားနှိုး၍ နာမည်များကို မေးသည်။ မိုးကုတ် မြမောင်နှင့် စာရေးဆရာ သော်တာဆွေမှန်း သိသောအခါ စီးနေသော ကာကြီးကြည့်၍ မည်သို့ဆက်ဆံရ မည်လဲ သိပေသည်။ အဖြစ်အပျက် ပြောပြသည်မျာ မျက်နှာချင်းဆိုင်လာသော ဂျစ်ကားတစ်စီး ကို ရှောင်လိုက်ရာ အရှောင် လွန် ၍ ပလက်ဖောင်းပေါ်ရောက်သွားပြီး ရပ်ထားသော ဆိုက်ကားတစ်စီကို တိုက်သည်။ ထို့နောက် ဓာတ်တိုင်ဦးခိုက်ပြီး ကားစက်ရပ်သွားသည်။ ကျွန်တော်တို့ နှစ်ယောက်သား ခေါင်းချင်းဆိုင်၍ အိပ်ပျော် နေကြသည်။ ဒါကို ဆိုက်ကားပိုင်ရှင်က လာတိုင်၍ သူလိုက်ခဲ့ရသည်။

    ထိုအခါ ကိုမြမောင်က…
    "ဆိုက်ကား ပျက်စီးသွားသလားဗျ"
    ဆိုက်ကားဆရာက
    "ဟာ ပျက်စီးပြီလားဗျ"
    "ခင်ဗျား ဆိုက်ကား ဘယ်လောက်တန်သလဲ"
    အနည်းငယ် စဉ်းစားနေပြီး "ခြောက်ရာထက် မအောက်ဘူးဗျ"
    "ကောင်းပြီ မနက်ဖြန် စထရင်းဟိုတယ် လာခဲ့ မိုးကုတ်မြမောင်လို့မေး၊ ခင်ဗျား ငွေခြောက်ရာလာယူ"

    သူ့ဆိုက်ကား ဘယ်လိုလဲ၊ ဘယ်လောက်ထိ ပျက်စီးသွားသလဲကို ကျွန်တော်ဘာမျှ မသိချေ။ ဆိုက်ကားရှင် ၏ စိတ်ထဲမှာကာ သူလိုသာ တစ်ညတစ်ခါ သည်ကားမျိုး အတိုက်ခံနေရလျှင် ဘယ် လောက် ကောင်းမည် လဲ တွက်ဆပေမည်။
    ထိုည၌ ကျွန်တော်တို့သည် ထိုရဲ၏အစောင့်အရှောက်နှင့်ပင် ထိုနေရာတွင် ကားပေါ်မှာ ပြန်လည် အိပ်ပျော်သွားကြသည်။ နံနက် မိုးစင်စင်လင်း မှ ကားကို မောင်းနိုင်၍ ကျွန်တော့်အိမ် ပြန်ရောက်ကြသည်။
    ထိုအခါ ကျွန်တော့်မိန်းမက ဆူပါလေတော့သည်။

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

Thursday, January 26, 2012

သော်တာဆွေ ၏ သူနဲ့သာဆိုရင် အပိုင်း (၃) (ဇာတ်သိမ်း)

ထို လူများသည် တားမရ။ ဒေါသုတကြီးနှင့် ကျွန်တော်တို့ဆီ ရောက်လာပြီဖြစ်သော ကိုပွေးထူ အား ဓားနှင့်ခုတ်၊ တုတ်နှင့်ရိုက်ကြလေသည်။
    တယ်ဇယ်ရဲလက်ရဲ ရှိသည့်လူတွေ။ သို့သော် လျှပ်တစ်ပြက် အတွင်းမှာ ဓားက ဖိုးတင့်ဆွေ လက်ထဲ၊ တုတ်က ကျွန်တော့်လက်ထဲ ရောက်နေလေပြီ။ ကျွန်တော်တို့က သူတို့လက်ကောက်ဝတ် ဖမ်းညှစ်၊ လက်မောင်းဆွဲလိမ်ပြီး တုတ်နှင့်ဓားကို ယူလိုက်ကြခြင်းဖြစ်၏။
ဒါလောက်က ဆရာကြီးဗိုလ်လောရှည်သင်ပေးခဲ့သော သိုင်းပညာ၏ ကကြီးခကွေးပဲ။
သိုင်းတစ်ကွက် ပြလိုက်မည်။

    စာရှုသူမှတ်ထားပါ။ လူတစ်ယောက် ဓားနှင့်ခုတ်၊ သို့မဟုတ် တုတ်နှင့်ရိုက်တော့မည်ဆိုလျှင် ရန်သူ၏ ခေါင်းကို ငယ်ထိပ်တည့်တည့် ချိန်မှာပဲ မဟုတ်လား။ သည်လို အန္တရာယ်မျိုး မိတ်ဆွေ ကြုံပြီ ဆိုပါစို့။ ထိုလူနှင့် မျက်နှာချင်းဆိုင် မတ်မတ်ရပ်လိုက်ပါ။ ခြေနှစ်ဖက်ကို တစ်ပေလောက်ခွာ၍ ခပ်ကားကားလေး နေပါ။ ထိုလူ ဘယ်အားလား၊ ညာအားလား ကြည့်။
    အို.. များသောအားဖြင့် ညာအားတွေချည်းပါပဲလေ။ မိတ်ဆွေသည် ရန်သူလာရာ အရှေ့ဘက် သို့ မျက်နှာမူ ၍ ရပ်နေမည်ဆိုပါအံ့။

ထိုလူ့ဓားချက် ခုတ်ချလိုက်သည်နှင့် တစ်ပြိုင်တည်းမှာပဲ မိတ်ဆွေမျက်နှာက တောင်ဘက်မူလျက် ဖြစ်သွား ရန် ညာခြေသို့ နောက်သို့ တစ်လှမ်းဆုတ်လိုက်ပါ။ ထိုအခါ သူ့ဓားချက်ကျလာတာနဲ့ မိတ်ဆွေမျက်နှာ ခြောက်လက်မလောက် ကွာနေပြီ။ သည်တစ်ချိန်တည်းမှာ မိတ်ဆွေညာလက်က ကိုယ့်ရှေ့ စိုက်ကျလာသော သူ့လက်ကောက်ဝတ်ကို ဖမ်းဆုပ်ပြီး ဖြစ်နေရမည်။ ဘယ်လက်ဝါးစောင်းကမူုသူ့လက်ဆစ်ရိုး ကို ရိုက်ချိုးလိုချိုး၊ သို့မဟုတ် သင်းမှောက်သွားစေလိုလျှင် အားလွန်လာသော သူ့ဇတ်ပိုးကို ခုတ်ချ လိုက်ပေါ့။ သည်လိုမှ သူ့အသားမနာစေချင်ဘူးဆိုလည်း ခုန ကျွန်တော်တို့ လုပ်သလိုပဲ ညာလက် က သူ့လက်ကောက်ဝတ် လိမ်ညှစ်ပြီး ဘယ်လက်က သူ့ကလထဲက ပစ္စည်းယူလိုက်တာပေါ့။

ဖော်ပြပါ ရန်ပွဲတွင် သည်နည်းနှင့် သူတို့ လက်နက် ကျွန်တော်တို့ လက်ထဲ ရောက်လာသော အခါ ဓားနှင့် ခုတ်သူ က ကျွန်တော့်မျက်နှာမြင်တော့ "ဟာ.. ကိုသော်တာပါလား..."

"ဟုတ်တယ် ကိုစံရ ထိုင်ပြီး တစ်ခွက်တစ်ဖလားစီ မော့လိုက်ကြပါဦး"
ဖိုးတင်ဆွေ က အရက်ငှဲ့ပေးလိုက်သည်။
    ကိုစံရမှာ ထောက်ကြံ့နှင့် မှော်ဘီအကြားရှိ ဆပ်သွားတောရွာမှ ကျွန်တော့်လိုပဲ ကြက်သမား၊ ကြက်ဒိုင် လုပ်သူဖြစ်ပါသည်။ ကျွန်တော့်ဝိုင်းလည်းသူလာဖူး၍ သူ့ဝိုင်းလည်းကျွန်တော် ရောက်ဖူးသဖြင့် လူချင်း ရင်းနှီးလှသော ကစားဖော်ကစားဖက် ဖြစ်ပါသည်။ ကြက်သမားတို့မည်သည် လူရိုးလူညံ့ များ မဟုတ် ကြချေ။ မဟုတ်မခံ ဆတ်ဆတ်ကြဲ များသာ ဖြစ်ကြ၏။
ရာနှင့်ချီ၍ လာကြသောည သည်လိုလူမျိုးများကို ကြက်ဒိုင်လုပ်၍ အုပ်ချုပ်ရသည်များ တော်ရုံတန်ရုံ လူစား မဟုတ်။ ကိုစံရသည် ထောင်လည်းကျဖူး၏။ ခုတ်ရဲထစ်ရဲသူလည်းဖြစ်၏။

    ထိုကြောင့် ကိုပွေးထူ သည် ဖိုးတင်ဆွေ ကျောနားကပ်၍ ဖိန့်ဖိန့်တုန်နေ၏။ ကိုစံရ တို့နှစ်ယောက် ကျွန်တော် တို့ စားပွဲတွင် ၀င်ထိုင်၍ အရက်ခွက်ကိုယ်စီကိုင် ကြသောအခါ ကျွန်တော်တို့က သုတို့ လက်နက်များ ပြန်ပေးလိုက်ပြီး ကျွန်တော်က....
" ကိုစံရ နဲ့ ဒီလူနဲ့ ဘာဖြစ်ကြတာလဲ၊ အဲဒီကိစ္စ ပြောနိုင်မယ်ဆိုရင်"
"ဟာ.. ဘာမပြောနိုင်စရာရှိလဲ ကိုသော်တာရယ်၊ ခင်ဗျားလဲ ကြက်ဒိုင်လုပ်နေတာပဲ၊ ကျွန်တော်လဲ ကြက်ဒိုင်လုပ်နေတာပဲ၊ ကျွန်တော့်ဝိုင်းမှာ ဒီကောင် တစ်ရာနဲ့တစ်ဆယ် အထက်ကြေးက ငါးဆိုင်းစာပြီး သူလောင်းတဲ့ ကြက်လဲ ရှုံးသွားရာ ပေးစရာ တစ်ပြားမှမရှိဘူး၊ ဒီတော့ ကျွန်တော်က သူ့ကို ငွေငါးရာစိုက် ရှင်း လိုက်ရတယ်၊ အဲဒါနက်ဖြန် လာပေးပါ့မယ် ပြောသွားတာ၊ အခု တစ်လလောက် ရှိသွားပြီ၊ ကျွန်တော် လူလွှတ် တောင်းတာလဲ သုံးခါရှိပြီ၊ အတွေ့မခံဘူး ရှောင်နေတယ်၊ အခု မှော်ဘီဈေးထဲ တွေ့လိုက်ပြီး သူ လစ်ထွက် တာမြင်တော့ ကျွန်တော် ဒေါသမချုပ်တည်းနိုင် တော့ဘူးဗျာ"
ဤနေရာ၌ စာဖတ်သူ နားလည်အောင်း ရှင်းရလျှင် ကြက်ဝိုင်းတို့ မည်သည် တစ်ဖက်ကြက်က သာ လာပြီဆိုလျှင် သာတဲ့ဘက်မှ မစိတ်ကဲ၊ တစ်လေးခွဲ၊ နှစ်လေးတစ်ရာနဲ့ လေးဆယ်၊ သုံးဆယ်၊ နှစ်ဆယ်၊ တစ်ဆယ် စသည်ဖြင့် ကြေးကျောပေး ကစားကြကုန်သည်။ ကိုစံရပြောသော ပွဲတွင် ကိုပွေးထူက တစ်ရာ နှင့် တစ်ဆယ်ကို ငါးဆိုင်း၅၀၀ိနှင့် ၅၀ိ ကစားလိုက်လေသည်။

သည်လောက်ထိ ငွေကြေးကွာတယ်ဆိုတော့ တစ်ဖက်ကကြက်မျှော်လင့်ချက် မရှိသ လောက် ပင်။ သို့သော် ကြက်ပွဲတို့မည်သည်မှာ ကိုယ့်အိတ်ထဲ ငွေရောက်မှသာ စိတ်ချရသည်။ "ကြွေတစ်လှည့် ကြက်တစ်ခုန်၊ ကြက်ကန်းခွပ်လို့ ပွဲကျွတ်အောင် နိုင်သေးသပ" ဆိုတာတွေ ရှိတယ် မဟုတ်လား။ တစ်ခါ တစ်ရံ အောင်ကြေးက တက်နိုင်တတ်သည်။ သေချာသည့် အလုပ်မဟုတ်၍ ကိုယ့်အိတ်ထဲ ပိုက်ဆံ မရှိဘဲနှင့် တစ်ဖက်ကြက် ပုံလဲနေတာတောင် မလောင်းအပ်ပေ။

ဒါကို ကိုပွေးထူက ကျူးလွန်မိ လျက် ၀ိုင်းပြီးမှ ပိုက်ဆံမရှိတော့ဘူး ဆိုတော့ လောင်းကစားစာရင်းကိုင်သူ ဒိုင်၏ တာဝန်ကျလေ၍ နက်ဖြန်ခါ လာပေးပါ့မယ်ဆိုသော အာမခံနှင့် ကိုစံရက စိုက်ရှင်းလိုက်ရသည်။ ယခု တစ်လကြာမျှ မရသဖြင့် ခုတ်ရဲထစ်ရဲရှိသော ကိုစံရသည်...
"ကျွန်တော်နှင့် တွေ့ပေလို့ပေါ့ ကိုစံရရယ်၊ နို့မဟုတ်ရင် ခုအချိန်မှာ ကိုပွေးထူက ဆေးရုံ ရောက်သွားပြီ၊ ဒီပြဿနာ ဒီလိုရှင်းလို့ ဘယ်ဖြစ်မလဲ ကိုစံရရယ်၊ မြွေမသေတုတ်မကျိုးဆိုတာမျိုး လုပ်မှပေါ့"
သည်တော့ မှ ကိုစံရ သည် အရက်ခွက်ကို စားပွဲပေါ် ဆောင့်ချလိုက်ပြီး ကိုပွေးထူအား...

"ဟေ့... မင်းမသေချင်ရင် ငါ့ငွေဘယ်တော့ပေးမလဲ"
ကိုပွေးထူမှာ တုန်ယင်သောအသံဖြင့်...
"တစ်ပတ် အတွင်း ရပါစေမယ်"
"မင်း.. ဘယ်က ရပေါက်ရှိလို့လဲ"
"ကျွန်တော့် မိန်းမကြီး တောင်ပြုန်းပွဲ သွားနေတုန်း ဟောဒီ မှော်ဘီက ကိုအိလုံ ကို သုံးထောင်နဲ့ ကျွန်တော့်ခြံ တစ်ဝက်ခွဲ ရောင်းဖို့ ပြောထားပါတယ်၊ အခု ၀ါခေါင်လဆန်း သုံးရက် ရှိပြီပဲ၊ နက်ဖြန် သန်ဘက်ဆို သူတို့နတ်ကတော် တွေ သွားကြတော့မှာပါ"

ဤတွင် ကျွန်တော်တို့ စားပွဲ အနီးတွင် လာနေသော "ငါ့ဆိုင်ထဲ လူမစတ်နဲ့" ဟု အော်ခဲ့သော ဆိုင်ရှင် တရုတ်ကြီးက..
..အေး မင်္ဂလာဒုံမှာ ခြံဝယ်မယ် ဆိုတာ အိလုံ ငါ့ကိုပြောလယ် ဟူ၍ ထောက်ခံ ပြောလေသည်...

"အေး.. မင်းစကားအတိုင်း တည်ရင်တည်ပေါ့ကွာ၊ ဒီခုနစ်ရက် အတွင်း မရဘူးဆိုရင်ဖြင့် ဟောဒီမှာ ကြည့်ထားဓား၊ မင်းအသက် ဖက်နဲ့ ထုပ်ထားပေရော့" ဆိုပြီး ထိုင်းရာမှထ၍"သွားမယ် ကိုသော်တာ" ဟု ကျွန်တော့်ကို နှုတ်ဆက်ထွက်ခွာသွားကြလေ၏။

" ခီဗျားတို့နှစ်ယောက် သိပ်တော်တယ်ဗျ၊ နို့မဟုတ်ရင် ၀ဆိုင်ထဲမှာ လူစက်မှုဖြစ်ပြီး ၀ဒုက္ခရောက်ပြီ၊ ဒီ စံရ ဆိုတဲ့ကောင်က လူမိုက်ကွ၊ လူစတ်ရဲတဲ့ကောင်"
ကျွန်တော်တို့ စားသောက်ပြီး ကာပေါ်ရောက်ကြသောအခါ (၁၁) နာရီကျော်နေပြီ။ မှော်ဘီကြက်ခြံသို့ သုံးမိုင် မျှ သွားရသေးသည်။ ရောက်သောအခါ ဖိုးတင်ဆွေသည် ကြက်များမွေးမြူ ပုံကို လျှောက်ကြည့် နေသေးသည်။ သူနှင့်ကပ်၍ အချိန်မဖြုန်း ဖို့ တတို့တို့လုပ်နေရတာက ကျွန်တော်။

ထို့ငနောက ကြက်ခြံမှူးနှင့် ကြက်အရောင်းအ၀ယ် စကားပြောကြ၏။ အကောင်ငယ် အမွေးစုံ၊ အထီးက ငါးကျပ်၊ အမက တစ်ဆယ်ကျပ်။ ကိုယ်လိုချင်သော ကြက်အရေးအတွက်ကို ပြော၍ ငွေပေးဖမ်းယူပြီး ကားပေါ်တင်လိုက်ရုံသာ ရှိတော့သည်မဟုတ်တုံလော။
ဖိုးတင်ဆွေကား မဟုတ်သေး။ သူ့ထုံးစံအတိုင်း သူ၏ နာမည်နေရပ်ကို ပြောသည်။ ကြက်ခြံမှူး၏ ဇာတိဌာန ကို မေးသည်။ (ဟာ... ဒါဖြင့် အဲဒီက ဘယ်သူဘယ်ဝါ သိမှာပဲ)  ကစပြီး နှစ်ယောက်သား သူတို့ ကြက်အရောင်းအ၀ယ်ကိစ္စဖြတ်ကားဟိုအကြောင်း သည်အကြောင်းတွေ အီစလံဝေအောင် ပြောနေကြချေ တော့ဗျာ။ နှစ်ယောက်စလုံး လေကြောသန်တဲ့လူတွေ၊ တွေ့မှ တွေ့တတ်ပလေ။

ကျွန်တော် ကား နားထောင်မနေတော့ဘဲ နာရီကိုပြ၍ ဟိုလူမမြင်အောင် သူ့ဘေးလက်သီးနှင့် တစ်ချက် ဆောင့်ပြီး ကြက်ခြံ မှူးအလုပ်ခန်းထဲက ထွက်ခဲ့ကာ ကားပေါ်တက်ထိုင် နေလိုက်တော့ သည်။
ဒရိုင်ဘာ နှင့် ကံကောင်းလို့ မသေသော သံချောင်းတို့အဖေ ကိုပွေးထူကား ကားပေါ် ငုတ်တုတ်ပဲ။ ကြက်ခြံ တွေ လျှောက်ကြည့်နေသော ကျွန်တော့်သားငယ်နှစ်ကောင်က ကျွန်တော့် မြင်တော့ ကားဆီပြန်လာကြသည်။

ဖိုးတင်ဆွေကား တော်တော် နှင့် ထွက်ပေါ်မလာသေး။ အမယ်လေးလာမယ့်လာတော့ဗျား... အူယား ဖားယား ပြေးထွက်လာတဲ့ပြီး...
"ဟေ့... ဖိုးကြင်ဆွေ... ဖိုးကြင်ဆွေ"
"ဘာတုံး... နင်စကားများလို့ ဟိုက ရိုက်လွှတ်လိုက်ပြီလား"
"မဟုတ်ပါဘူး၊ ကိုယ့်လူ ပိုက်ဆံဘယ်လောက်ပါခဲ့သလဲ"

"ရော့.. နှစ်ဆယ်ပဲရှိတယ်၊ ဘယ်လောက် လိုနေလို့လဲ"
ကျွန်တော့်အမေး မဖြေ။ ကျွန်တော့်ဆီက ငွေတွေယူပြိး ဒရိုင်ဘာကို မေးပြန်၍ ထိုလူက တစ်ဆယ် ပေးပြန်သည်။ နောက် ကိုပွေးထူဆီ မေးပြန်ပြီးမှ သူ့ဟာသူသတိရ၍...
"ဟာ .. ခင်ဗျားတော့ ရှိမှာ မဟုတ်ပါဘူး"
ဤနေရာ၌ သူ့ဟာသူ ထောက်ကြံ့သွား၍ ကိုမျောက်ကြီးထံမှ ငွေချေးမည်ကို သည်ငွေတစ်ရာ ဖိုးတင်ဆွေ က ပေးပါမည်ဟု မှော်ဘီခေါ်ခဲ့သဖြင့် မှော်ဘီဈေးထဲမှ အပြေးကောင်း၍ အလောင်းမဖြစ်ခဲ့သော ကိုပွေးထူ သည် ယခုဖိုးတင်ဆွေက ကျွန်တော်တို့ဆီမှပင် ငွေတစ်ဆယ် နှစ်ဆယ်တောင်းနေသည်ကို မြင်ရတော့ လွန်စွာ စိတ်ပျက်အားငယ်သွားတော့၏။

ကျွန်တော်လည်း ဖိုးတင်ဆွေအဖြစ်ကို နားမလည်နိုင်ဘဲ...
"မင်းဟာ ဘာဖြစ်တာတုံး"
ဖိုးတင်ဆွေ မျက်နှာပြုံးကျဲကျဲ ဖြစ်သွားကာ...
"ဟီးဟီး... ကိုယ် ဖိုးကြင်ဆွေအိမ်မှာ ပိုက်ဆံအိတ်မေ့ကျန်ခဲ့လို့ကွ"
ယင်းမှ ကျွန်တော့်အိမ် အကျီင်္ချိတ်တွင် ချိတ်ထားသော သူ၏ သားရေအိတ်ပြားကြီးကို ကျွန်တော့်မျက်စိထဲ မြင်ယောင်လာပါတော့သည်။
"အင်... ဒါဖြင့် မြန်မြန်လုပ်၊ ကဲ.. ကလေးတွေ လိုက်သွားကြစမ်း၊ ကြက် မြန်မြန် ဆွဲတင်ခဲ့"

သူ့ရှပ်ကကျီင်္ အိတ်ထဲ ကျန်သေးသော ရှိစုမဲ့စု အနုတ်တစ်ဆယ် လောက်နှင့် ငွေလေးဆယ် လောက်စုပေါင်း၍...
''နမူနာ မွေးကြည့်ရအောင် ရသမျှပဲ ဝယ်သွားမယ်လို့''
''အေး.... ဒါဖြင့် မြန်မြန်လုပ်၊ ကဲ... ကလေးတွေ လိုက်သွားကြစမ်း၊ ကြက် မြန်မြန်ဆွဲတင်ခဲ့''
သူ ကြက်မွေးမြူရေးဌာနမှူးအခန်းထဲ ဝင်သွားတော့ ကျွန်တော်က ဒရိုင်ဘာအား...
''အပြန်ကျ ကားကို ခင်ဗျားမောင်းနော်၊ သူ့ မမောင်းခိုင်းနဲ့ လမ်းမှာ သူ့အသိမိတ်ဆွေတွေနဲ့ တွေ့ရင် ခရီးက ဖင့်နေဦးမယ်၊ အဲ... ကိုပွေးထူလဲ ထောက်ကြံ့ရောက်ရင် ခင်ဗျားဟာခင်ဗျား ကိုမျောက် ကြီးဆီသာ သွားပေရော့၊ သူ့ဆီက မျှော်လင့်မနေနဲ့တော့''

ကိုပွေးထူ မှာ ကြောက်ရွံ့တုန်လှုပ်နေတုန်းပဲဖြစ်၍ တုန်တုန်ယင်ယင် အသံနှင့်..
''ဟုတ်ကဲ့ပါ ခင်ဗျ''
ဒရိုင်ဘာလည်း ကျွန်တော်ပြောသည်ကို သဘောပေါက်ကာ ကားမောင်းသည့်နေရာ သွား ထိုင်၍ လက်ကိုင်ဘီး ကိုင်ထားလိုက်တော့၏။
ယင်းသို့ဖြင့် ကြက်အကောင်တစ်ရာလောက် ဝယ်ရန်လာခဲ့သော ဖိုးတင်ဆွေသည် ဝှိုက်လိပ် ဟွန်းခေါ် ကြက်အဖြူမျိုး အထီးနှစ်ကောင်၊ အမလေးသုံးကောင်၊ ပေါင်းငါးကောင်နှင့် ပြန်လာခဲ့ရတော့ ၏။
သူ့အမေ့က ဤမျှနှင့်ကိစ္စပြီးပြီး ထင်ကြပါသလား၊ နိုး... ထောက်ကြံ့ရောက်သောအခါ ကျွန်တော် မှာထားသည့် အတိုင်း ဒရိုင်ဘာက ကားကိုရပ်လိုက်တော့ ကိုပွေးထူ ခပ်သုတ်သုတ်ဆင်းရာ ဖိုးတင်ဆွေ က..
''ဟာ...ကိုပွေးထူ နေခဲ့တော့မလို့လား၊ လိုက်ခဲ့ပါ။ ဟိုမှာ ကျွန်တော့်ငွေရှိပါတယ်''

ကိုပွေးထူသည် တစ်ခါသေခါနီးခဲ့ပြီပို့ ပျဉ်းဈေးမေးခဲ့ပြီးဖြစ်နေရာ-
''နေပါစေ ခင်ဗျ၊ နေပါစေခင်ဗျ''
ဒရိုင်ဘာကလည်း ဖိုးတင်ဆွေကို ဆင်းချိန်မရအောင် ကားကိုအမြန်မောင်းခဲ့တော့၏။ ရွှေညောင်ပင် ရောက်သော အခါ နတ်ကွန်းရှေ့ရပ်၏။ အကြောင်းမှာ အလာတုန်းက ဖိုးတင်ဆွေမောင်း သဖြင့် မပြောသာ ၍ ကားသမား တို့ထုံးစံ ရွှေညောင်ပင်ကို ဦးမခိုက်ခဲ့ရ။ ယခု အပြန်ကျမှ ဝင်ရသည်။ ဒရိုင်ဘာ ထိုကိစ္စ ပြုနေစဉ် ကျွန်တော်တို့သည် အပေါ့သွားရန် ကျောဘက်က တောထဲဝင်ခဲ့ကြ၏။ ကား လမ်းဘေး၌ ပြောင်းဖူးဆိုင် များရှိနေ၍ ..
''ဟေ့... ဖိုးကြင်ဆွေ.. ကိုယ်တို့ ပြောင်းဖူးဝယ်သွားရအောင်''

ကိုယ် အလာကတည်းက အပြန်မှာ ဝယ်သွားမယ်လို့ စိတ်ကူးထားတာပဲကွ၊ ဒါပေမယ့် အခု ဘယ်မှာလဲ ပိုက်ဆံ၊ ဘယ်သူ့ရှိတော့လို့တုံး၊ မောင်ရင်လုပ်ပုံနဲ့''
ယင်း၌ သူ့မျက်နှာ ပျော့အိအိ ပြုံးဖြဲဖြဲကြီးနှင့်...
''ဖိုးကြင်ဆွေ ကိုယ့်မဆူနဲ့နော်၊ ပိုက်ဆံမေ့ခဲ့တာ မဟုတ်ဘူးကွ၊ ညအိပ်ရာဝင်ကတည်းက အတွင်းခံ ဘောင်းဘီအိတ်ထဲ ထည့်ထားတာ၊ ခုနအပေါ့သွားတော့မှ စမ်းမိတယ်'' ဆိုပြီး သူ့ဘောင်းဘီ အိတ်ထဲမှ ရာတန် ဆယ့်လေးငါးရွက် ဆွဲထုတ်လိုက်၏။ ကျွန်တော်က ညည်းညည်းညူညူပင်...
''အင်း... ဖြစ်ရမယ်ကွာ ဖိုးတင်ဆွေ၊ ဒါပေမယ့် ကြက်ခြံတော့ မပြန်ပါနဲ့တော့နော်၊ နှစ်နာရီထိုး တော့မယ်၊ ဘုရားစူး ကိုယ့်မှာ အချိန်မရှိတော့ဘူး''

''မပြန်တော့ပါဘူးကွာ ဒီကြက်မျိုးတွေ ကိုယ်တို့ဆီက အနေအထားနဲ့ မသင့်လျော်လို့ ဝယ် မသွားဖြစ်အောင် သမ္မာဒေဝ နတ်ကောင်းနတ်မြတ်များက ဖန်တီးပေးတာ ဖြစ်ရမယ်ကွ''
အင်း ... သူမေ့တာပဲ သမ္မာဒေဝနတ်ကောင်းနတ်မြတ်များကြောင့်တဲ့ဗျ၊ ကြားဖူးကြလား၊ ကြုံဖူး ကြလား မိတ်ဆွေ တို့...
သို့သော် သူဘယ်လိုပဲဖြစ်ဖြစ်၊ ကျွန်တော်တို့အဖို့ ချောက်ကျရမည့်ကိစ္စကတော့ ရှိပါသေး သည်။ သည်ကနေ့ အိမ်လာတဲ့ ဧည့်သည်ပါစားရအောင်၊ အိမ်နီးပါးနီးများလည်း ဝေရအောင် အဲသည် အချိန်က ပြောင်းဖူးတစ်ရာ မှ သုံးကျပ်ဈေးရယ်။

ပြောင်း(၂၀၀) ကားပေါ်တင်နေပြီးခါမှ။ တစ်ဖူးမကျန်...
''ဟဲ့ .. ကလေး တွေ အကုန်ပြန်ချကြတဲ့''
အကြောင်း မှာ သူ့ပိုက်ဆံသည် အားလုံးရာတန်ချည်းဖြစ်နေ၍ ပြောင်းဖူသည်က သူ့ရှိသမျှ အကုန် ဝယ်တောင် ပြန်မအမ်းနိုင်ပါဘူးတဲ့၊ ယင်း၌ ဖိုးတင်ဆွေသည် ကားလက်ကိုင်ဘီးရှေ့ စွေ့ခနဲ ဝင်ထိုင် လိုက်ကာ...
''အားလုံး ကားပေါ်ပြန်တက်ကြ'' ဟု ပြောပြီး...
ကားကို နောက်ပြန်လှည့်၏။ ကျွန်တော်က ''ဘယ်ပြန် ဘာလုပ်ဦးမလို့လဲ''မေးတော့..
''ထောက်ကြံ့ပြန်မယ်၊ ခေါက်ဆွဲဆိုင်မှာ ဘဲကင် တစ်ကောင်ဝယ်ပြီး ရာတန်ဖျက်မယ်၊ နို့ပြီး ကို မျောက်ကြီး အိမ် ဘယ်မှာလဲမေး၊ လိုက်သွားပြီးကိုပွေးထူကို ငွေတစ်ရာပေးမယ်၊ ကိုယ့်ကတိကို မဖျက် နိုင်ဘူးကွ၊ သူ့အဖို့ လဲ ဒီငွေတစ်ရာက သိပ်အရေးကြီးနေတယ်''

မှန်ပါ၏။ ကိုပွေးထူက သည်ငွေတစ်ရာ သူ့မိန်းမ ဒေါ်သဲဝါကို ပြန်ပေးနိုင်ပါမှ၊ ဒေါ်သဲဝါက မန္တလေးတောင်ပြုန်းပွဲတော် သွားနိုင်မည်။ ဒေါ်သဲဝါမရှိခိုက် သူ့ခြံတစ်ဝက်ရောင်းကာ ကိုစံရငွေ ၅၀၀ ကို ဆပ် နိုင်မည်။ နို့မဟုတ်လျှင် ဒေါ်သဲဝါကလည်း ကိုပွေးထူကို နင့်အသက်ဖက်နဲ့ထုပ်ထားတဲ့။ ကိုစံရ ကလည်း သည်တစ်ပတ်အတွင်း သူ့ငွေမရလျှင် ဓားနဲ့ခုတ်သတ်မယ်။ နင့်အသက် ဖက်နဲ့ ထုပ်ထားတဲ့။
ကိုပွေးထူ၏ ယင်းဖက်ထုပ်နှစ်ထုပ်ကို ဖိုးတင်ဆွေ၏ ငွေတစ်ရာကမှ ကယ်နိုင်မည်မို့ ကျွန်တော် ဘာမျှ မပြောတော့ပါ။ နို့ပြီး ကိုမျောက်ကြီးဆိုသည့် နာမည်ကလည်း ထောက်ကြံ့မှာ နှစ်ယောက်ရှိမည် မဟုတ်၍ မေးရ လွယ်ပါလိမ့်မည်။ ထို့ပြင် ကိုမျောက်ကြီးသည် ကာလသားတစ်ယောက် ဖြစ်လိမ့်မည်မို့ အရက်ပါ ရောင်းသော ခေါက်ဆွဲဆိုင် တရုတ်များပင် သိကြပါလိမ့်မည်။
ကျွန်တော့် အတွေးမှန်ပါ၏။ ဖိုးတင်ဆွေက ဘဲကင်တစ်ကောင် ငါးကျပ်နှင့် ဝယ်၍ တရုတ်က ရာတန် အမ်းနေစဉ်၊ ကျွန်တော်က စားပွဲတစ်ခုမှာ ဝက်ခေါက်ကင်နှင့် ချက်အရက်သောက်နေသော အသက် ငါးဆယ် လောက်လူကြီးအား...

''ဦး... ဒီ ထောက်ကြံ့က ကိုမျောက်ကြီးဆိုတဲ့ လူများသိပါသလားခင်ဗျာ''
သူသည် ဖိုးတင်ဆွေ နှင့် ကျွန်တော့်အား လူကဲခတ်ကြည့်၍
(ထိုစဉ်က ကျွန်တော့်တို့အသက်က လေးဆယ်လောက်
''သိပါသဗျား၊ မင်းတို့နဲ့ မျောက်ကြီးနဲ့ အပေါင်းအသင်းလား''
''ကိုမျောက်ကြီး ကို တစ်ခါမှ မမြင်ဖူးပါဘူး၊ မကြားသေးခင်ကမှ သူ့အိမ်ကို သွားမယ်ဆိုတဲ့ မင်္ဂလာဒုံက ကိုပွေးထူ နဲ့ တွေ့ချင်လို့ပါ၊ ကိုမျောက်ကြီးအိမ် ဘယ်မှာလဲ၊ ညွှန်စမ်းပါခင်ဗျာ''
သူသည် ကျွန်တော့်အား စေ့စေ့ကြည့်လျက်...

''မင်းတို့ပုံပန်းက မြို့သား လူရည်သန့်ကလေးတွေပဲ၊ မျောက်ကြီးတို့ပွေးထူတို့ စရိုက်နဲ့တော့ တူမယ် မဟုတ်ပေဘူး''
သူ့စကားအဓိပ္ပာယ် ကျွန်တော်တို့ နားမလည်၍..
''ဘာလို့ ဒီလိုပြောတာလဲခင်ဗျား''
''မျောက်ကြီး တို့က လူကောင်းတွေမှ မဟုတ်တာဘဲ၊ မွန်းတည့်လောက်တုန်းကပဲ မျောက်ကြီးကို ဓားပြမှုနဲ့ ရဲက ဆွဲသွားတယ်၊ အဲ.. နာရီပြန်တစ်ချက်လောက်မှာ ရောက်လာတဲ့ ပွေးထူလဲ အချုပ်ထဲရောက်သွားပြီ၊ အခု မျောက်ကြီးအိမ် မှာ ရဲက စောင့်တုန်းပဲ၊ မင်းတို့က ဓားပြရုပ် မဟုတ်ပေမယ့် သေနတ်ငှားခ လာ တောင်းတယ် ထင်မယ်ဆိုထင်စရာပဲ''
ဟို... အကျိုးနည်း။
ဟုတ်ပါ၏။ အကယ်တန္တု ကိုမျောက်ကြီး၏ဖြစ်အင်ကို မသိ။

ကိုမျောက်ကြီးအိမ်ကို သိသောလူကို မေးမိ၍ ကိုမျောက်ကြီးအိမ် ကျွန်တော်တို့ ရောက်သွားပြီး ရဲနှင့် တွေ့ပြီ ဆိုပါက ထိုဆရာကြီးပြောသည့် အတိုင်းမဖြစ်နိုင်ဟု မဆိုနိုင်ပေ။
တကတည်း ကံကြီးပေလို့။
ထို့ကြောင့် ဤလူကြီးအား..
''ကျေးဇူးတင်ပါတယ်ခင်ဗျာ'' ဟု နှုတ်ဆက်ပြီး ဖိုးတင်ဆွေအား ''လာဟေ့သူငယ်ချင်း၊ မင်းပွေး ထူ ကိစ္စဖြတ်လိုက်တော့''
သို့သော် ဖိုးတင်ဆွေသည် အင်မတန် သံယောဇဉ်ကြီးတတ်သူ ဖြစ်ရကား.. ကားပေါ်ရောက် သော်..
''ဖိုးကြင်ဆွေ ရ၊ ကိုပွေးထူလိုလူက ဓားပြတိုက်ပါ့မလား''

''ဒါ.. ရဲတာဝန် ကိုရင့်အလုပ် မဟုတ်ဘူး''
''ကိုယ်နဲ့ အလုပ်လုပ်တုန်းက အင်မတန် ရိုးတဲ့အေးတဲ့လူကွ''
''အင်း... ကိုယ် ကန်ထရိုက်လုပ်တုန်းကဆိုတော့ ရှစ်နှစ် ကိုးနှစ်လောက်ရှိသွားပြီ''
''အဲဒီအချိန်အတွင်း မှာ ကာလဒေသနဲ့ ပတ်ဝန်းကျင်အခြေအနေအရ ပြောင်းလဲသွားနိုင်တာ ပေါ့ကွ၊ သူ ကြက်ရှုံး ဖဲရှုံးနဲ့ ကြွေးတွေလဲ ထူနေတယ်မဟုတ်လား''
''အင်း.. အင်း''ဟု ဝမ်းခေါင်းသံကြီးနှင့် ဖိုးတင်ဆွေသည် လေးလေးကြီးခေါင်းညိတ်ပြီး..
''ဒီကိစ္စ သူ့ရွာက သူ့မိန်းမကတော့ တို့ဝင်ပြောဦးမှ ကောင်းမယ်ကွ''
''အောင်မယ်လေး.... အောင်မယ်လေး... မလုပ်ပါနဲ့ မလုပ်ပါနဲ့''
ဒရိုင်ဘာ ကလည်း ''အချိန်မရှိတော့ဘူး၊ ညနေ လေးနာရီမှာ သူ့ဆရာကတော်အား ဆေးရုံ လူနာကြည့် ပို့ရဦးမယ်'' ဟု တောင်းပန်ရှာသည်။

ကျွန်တော်ကလည်း...
''ကိုယ့်လူ ဝင်ပြောတော့ကော ဘာထူးဦးမှာလဲကွ၊ အဲဒီမိန်းမကြီးက သူ့လင် အမြင်ကတ်နေ တာ''
သည်တော့မှ ဖိုးတင်ဆွေ ငြိမ်သွား၏။
အကယ်တန္တု ကိုပွေးထူဓားပြမှုထဲ ပါသည်မှန်ခဲ့သော် ဖိုးတင်ဆွေ၏ ငွေတစ်ရာ ပေးစရာမလို ဘဲနှင့် သူ့ အန္တရယ် အသက် ဖက်ထုပ်နှစ်ထုပ် မှ ကင်းလွတ်သွားလေပြီ၊ ထောင်ထဲမှာ အေးချမ်းစွာ နေပေ ရော့။ ကျွန်တော်ကြက်သမား မိတ်ဆွေ ကိုစံရလည်း ဓားခုတ်မှု မဖြစ်တော့ပြီ။
အသို့ဟူမူ ရွှေညောင်ပင်ရောက်၍ ကျွန်တော်တို့ ပြောင်းဖူဝယ်ရန်ကားပေါ်မှ ဆင်းကြသော အခါ ဒေါ်သဲဝါ ကို တွေ့ရသည်၌ ဖိုးတင်ဆွေ၏ မျက်နှာဝမ်းသာသွားလျက်..
''ဟေ့ ဖိုးကြင်ဆွေ၊ အဲဟိုဟာ ကိုပွေးထူ မိန်းမကြီး မဟုတ်လား''

''ဟုတ်ပါ့ဗျာ''
''အဆင်သင့်ပဲ၊ သူ့လင်အကြောင်းတော့ ကိုယ်သွားပြောလိုက်ဦးမှပဲ'' ဆိုပြီး နတ်ကွန်းထဲ ဝင်သွား၏။ ကျွန်တော်တို့ ကတော့ အပြင်ကပဲ သူတို့အရိပ်အခြည် ကြည့်နေလိုက်ပါတော့သည်။
ဒေါ်သဲဝါရှေ့ ရောက်တော့ ဖိုးတင်ဆွေသည် စိတ်မချမ်းသာသော မျက်နှာလေးဖြင့် ဒေါ်သဲဝါ အား..
''စိတ်မကောင်းစရာ ပြောရမှာပဲ ခင်ဗျ'' ဟု စကားစလိုက်ရုံ ရှိသေးသည်။ ဒေါ်သဲဝါက တင်းမာ သော အသံနှင့်..
''ကျုပ်... သိပြီးပါပြီ၊ ကျုပ်က သင်းအရင် မျောက်ကြီးနဲ့တွေ့တာပါ။ မျောက်ကြီးက ညက ကျုပ် တို့ရွာက မသာအိမ် ကို သူလာတောင် မလာဘူးတဲ့။ကျုပ် တောင်ပြုန်းသွားဖို့ ငွေကို သင်းယူဖဲရှုံးပစ် လိုက်လို့ ၊ သင်း အခု မျောက်ကြီးနဲ့အတူ အချုပ်ထဲ ရောက်နေပြီ မဟုတ်လား''

ကဲ... ကျွန်တော် တွေးထင်းခဲ့သည့်အတိုင်းပေါ့။ ဖိုးတင်ဆွေသည် ခေတ္တတွေဝေနေပြီးမှ တစ် စုံတစ်ခုကို ဆုံးဖြတ်ချက် ချလျက်..
''ကိုယ့်လင်သားအပေါ် ဒီလို စိမ်းစိမ်းကားကား မပြောသင့်ပါဘူးဗျာ''
''သြော်.. သင်းလုပ်သွားပုံလဲ ကြည့်ဦးလေ၊ ကျုပ်တောင်ပြုန်းဘယ်လိုလုပ် သွားရတော့မလဲ၊ လူကို ဝလချေး လည်နေပြီ''
ဖိုးတင်ဆွေက ပြုံး၍
''အဲဒါ... သူ သိတတ်ပါတယ်ဗျာ'' ဟု ဆို၍ ဖိုးတင်ဆွေသည် အိတ်ထဲမှ ငွေတွေထုတ်ပြီး ''ဟော ဒီမှာ သူ ညက ဖဲရှုံးပစ်လိုက်တဲ့ ခင်ဗျားငွေတစ်ရာကို ခင်ဗျားတောင်ပြုး ပျော်ပျော်ပါးပါး သွားဖို့ ငွေတစ်ရာ့ ငါးဆယ်ကျပ် တဲ့၊ နို့ပြီး သူအချုပ်ထဲ ဝင်နေတုန်း အစားအစာပို့ဖို့က ငါးဆယ်ကျပ်နဲ့ ငွေနှစ်ရာ၊ ခင်ဗျား ဆီကို ဝင်ပေးခိုင်းလိုက်တယ်ဗျ'' ဟုပြောပြီး ရာတန်နှစ်ရွက် ထုတ်ပေးလိုက်၏။ ဒေါ်သဲဝါမျက် နှာမှာ လွန်စွာ အံ့သြဝမ်းသာလျက်...
''ဟီး..ဟီ ဒီလိုဆိုတော့ ကျုပ်လင်ကလေး က လိမ္မာသားပဲ''

လင်မယား နှစ်ယောက် သင့်မြတ်သွားပြီမို့ ဖိုးတင်ဆွေ ကျေနပ်သွားကာ.. ''ကဲ.. အခု ကျွန်တော်တို့ ပြန်မလို့၊ ခင်ဗျား မင်္ဂလာဒုံပြန်လိုက်မလား''
ဒေါ်သဲဝါ သည် ခေတ္တစဉ်းစားလိုက်ပြီး..
''အခု ငွေရပြီဆိုတော့ မလိုက်သေးဘူး၊ သန်ဘက်ခါ တောင်ပြုန်းသွားဖို့ လိုတဲ့ပစ္စည်းလေးတွေ ထောက်ကြံ့ဈေး ထဲ သွားဝယ်လိုက်ဦးမယ်''
ဖိုးတင်ဆွေ က ''အား.. ဒီလိုဆို ခင်ဗျားမရှိတော့ ကိုပွေးထူအတွက် ဘယ်သူဆောင်ရွက်ပါ့မလဲ''

''ဒီအတွက် မပူပါနဲ့ရှင်၊ အခု ကျုပ် အချုပ်ထဲလိုက်သွားပြီး စီစဉ်လိုက်ပါ့မယ်၊ ထောက်ကြံ့ရဲစခန်းမှာ ကျုပ်တူ ရဲသား တစ်ယောက်ရှိပါတယ်''
ဖိုးတင်ဆွေ မျက်နှာရွှင်လန်းသွားကာ ထွက်ခဲ့၍ ကျွန်တော်တို့ ပြောင်းဖူးများသာမက ကောက် ညှင်းထုပ် များပါ ဝယ်ပြီး ခရီးဆက်ခဲ့ကြလေ၏။
ထိုမှ နောက်ပိုင်း၌ကား ဘာအကြောင်းမျှ မပေါ်တော့၊ ဖြူးဖြူးဖြောင့်ဖြောင့်ပဲ ခရီးဆက်ခဲ့ကြ လေ၏။ ဖိုးတင်ဆွေ နမူနာမွေးကြည့်ဖို့ မှော်ဘီကြက်ခြံမှ ဝယ်ခဲ့သော ဝှိုက်လိပ်ဟွန်းငါးကောင်ကား သူ ပန်းတောင်းအပြန် မေ့ကျန်ခဲ့သဖြင့် ကျွန်တော့်အိမ်မှာပဲ သူတို့ အသက်ထက်ဆုံး နေသွားကြပါပြီခင်ဗျား။

ပြီးပါပြီ
.   
>>>ဆက်ဖတ်ရန်>>> >>

Wednesday, January 25, 2012

သော်တာဆွေ ၏ သူနဲ့သာဆိုရင် အပိုင်း (၂)


ခုနှစ်သက္ကရာဇ်တော့ မသိတော့ပါ။ မိုးဦးကျ ပြောင်းဖူးတွေ ပေါ်ချိန်ဆိုတာတော့ မှတ်မိပါသည်။ ထိုစဉ် ကျွန်တော် နေတာက (၇)မိုင် ရွာတန်းရှည်က အိမ်ကလေးမှာပဲ။ အဲ…အဟိစာစောင်လည်း ကျွန်တော် ထုတ်ဝေစ ပြုနေတဲ့အချိန်။ ဟုတ်ပြီ…သတိရပြီ။ အင်္ဂလိပ်လဆန်းရက်များ အဟိစာအုပ် တွေမြို့ထဲဖြန့်ခဲ့ပြီး နက်ဖန် အိမ်လာမယ့် တပည့်များနဲ့ မိတ်ဆွေသင်္ဂဟ  မဂ္ဂဇင်းဆယ့်ငါးအုပ် လွယ်အိတ်ထဲထည့်ပြီး ညနေ နေ၀င်ရီ တရော အိမ်ပြန်ရောက်လာတော့ ဘာသားချော ဖိုးတင်ဆွေ ကျွန်တော့် အိမ်ရှေ့ခန်းမှာ ဘီယာသောက်နေတာ တွေ့ရပါသဗျား။ ကျွန်တော့်မြင်မြင်ချင်း….
"ဖိုးကြင်ဆွေ လည်လှချေလားကွ၊ ကိုယ်နေ့ခင်းကြီးကတည်းက ထိုင်စောင့်နေတာ၊ နောက်ဆုံး မလာနိုင်တဲ့ အဆုံး ညနေလေးနာရီလောက်မှာ မော်တော်ကားပြန်လွှတ်လိုက်ရတော့တာပဲ၊ သက် သက်တစ်ရက် ပုပ်သွားတာပေါ့ကွာ"

ကျွန်တော်သည် လွယ်အိတ်နှင့်ထီးကို ဇနီးသည်သို့ပေးကာ ချွေးရွှဲနေသော ရှပ်အင်္ကျီကို ချွတ်ရင်း..
"ရောက်မှဖြင့် အေးအေးဆေးဆေး နေမယ်မဟုတ်လားကွာ၊ ဘာတုံးတစ်ရက်ပုပ်သွားတယ် ဆိုတာ က၊ ဘာများ အရေးကြီးလာပြန်တာလဲ"
"မှော်ဘီ က တပ်မတော်ခြံမှာ ကြက်သွားဝယ်မလို့ကွ"
"နို့…ကိုရင့် မှာ ကြက်ဥတွေ တစ်နေ့သုံးလေးရာလောက်တောင် ရောင်းစားနေရတယ်ဆို"
သူသည် ရန်ကုန်မြို့မှ စီးပွားရေးလုပ်ငန်း ပျက်သည်၌ သူ့မွေးရပ်မြေပန်းတောင်းသို့ ပြန်ကာ နှစ်ဧကခွဲ ရှိသော ရေကန်ကြီးမှာ ငါးမွေးခြင်း၊ ထိုကန်အပေါ်၌ ကြက်ခြံဆောင်၍ ဥစားကြက်များ မွေးခြင်းဖြင့် စီးပွား ဖြစ်နေကြောင်း သိထားပါသည်။

"အေး….ဒါပေမယ့် လောကမှာ သေခြင်းတရားဆိုတာ ရှိတယ်မဟုတ်လားကွယ်၊ ဒီနှစ် ကိုယ့်ကြက် တွေ ကြက်နာ ၀င်လို့ မျိုးပြုတ်ကုန်တယ်၊ ဒါကြောင့် ကြက်အကောင်တစ်ရာလောက် မတည်မယ်လို့ မော်တော်ကား ပါ တစ်ခါတည်းခေါ်လာခဲ့တယ်၊ ဒီနေ့ စနေနေမို့ ကိုယ့်လူ နေ့ဝတ်အားမယ် အောက်မေ့ တာကိုး၊ လေးနာရီထိုးလို့ ပြန်မလာတော့မှ မှော်ဘီသွားဖို့ အချိန်မရှိတော့တာနဲ့ ကားပြန်လွှတ် လိုက်ရတယ်၊ ကဲ…နက်ဖြန် တနင်္ဂနွေတော့ ကိုယ့်လူအားပြီ မဟုတ်လား"

ရော်…သူ့သူငယ်ချင်း စာရေးဆရာဖြစ်နေတာ မေ့ထားတာ ပြန်တမ်းဝင် အရာရှိကြီးများ အောက်မေ့ နေပြန်လား မသိ။ စင်စစ် နက်ဖြန်တနင်္ဂနွေမှာ ကျွန်တာ် ပို၍မအားပြီ။
အဟိတွင်ရေးကြသော စာရေးဆရာလေးများ ကျွန်တော့်အိမ်တွင်စုကြမည်။ ယစ်ရွှေရည်နှင့် စာပေ မွေ့ကုန်သော ကျွန်တော့်သောက်ဖော်များ သူတို့ရုံးအားရက်တွင် လာ၍ပျော်ပွဲစားကြမည်။
ဤ အကြောင်း ပြောပြသောအခါ ဘီယာအရှိန်နှင့် သူ့မျက်နှာ ရယ်ဝေ့ဝေ့လေးဖြင့်..
"အေး….ဖိုးကြင်ဆွေ၊ နောက်မှ တွေ့တဲ့လူတွေသာ အရေးပေးပြီး ကိုယ့်လိုငယ်သူငယ်ချင်းကို မခင်တော့ဘူးပေါ့" ဟု စကားနားထိုးလေ၏။
ယင်း၌ တစ်ခွက်မျှ မမော့ရသေးသော ကျွန်တော်က…

"ဟ…ဘာဆိုင်လဲကွ ကိုယ့်အလုပ်မအားတဲ့ဟာကို၊ ကိုယ့်လူကြက်ဝယ်သွားတာက ကိုယ့်ဟာကို ပိုက်ဆံပေး ၀ယ်လာပြီးတယ် မဟုတ်လား"
သည်တာ့ သူ့မျက်နှာညှိုးငယ်သွားကာ….
"ဒါတော့ ဒါပေါ့ကွာ၊ သို့ပေမယ့် ကိုယ်ရန်ကုန်ခဏတစ်ဖြုတ်ရောက်တုန်းလေး ဘယ်သွားသွား ဘာ လုပ်လုပ် ကိုယ့်သူငယ်ချင်း နဲ့ အတူတူဖြစ်ချင်တာပေါ့"
သည်တော့လည်း ကျွန်တော်စိတ်ထဲ ထိခိုက်သွားကာ…
"အေးလေ ဖြစ်ပါတယ်၊ ဒါပေမယ့် ဆယ့်နှစ်နာရီ အထိုးခင် ကိုယ့်အိမ်ပြန်ရောက်ဖို့ လိုတယ်နော်"

"ရောက်ပါတယ်ဟ ကားမနက် ခုနှစ်နာရီမှာထားတာ၊ မှော်ဘီအသွားအပြန် ငါးနာရီလောက် ကြာမ လားကွ၊ ရော့…ရော့ ဘီယာသောက်လိုက်ဦး၊ ကိုယ်တို့ အတူတူသောက်မယ်ဆိုပြီး သုံးလုံးယူလာ တာ၊ ကိုယ့်လူမလာနိုင်တာနဲ့ နှစ်လုံးတော့ချောပြီ" ဟုပြောရင်း….
လက်ကျန် ပုလင်းထဲကဟာ ငှဲ့ထည့်ပြီး နောက်တစ်လုံးကို ဖောက်မည်လုပ်နေတော့ ကျွန်တော်က လက်တား၍ …
"ဟေ့…ဖိုးတင်တွေ၊ ကိုယ့်ဖို့တော့ အဲဒီပုလင်း ဖွင့်မနေနဲ့တော့၊ ထမင်းစားခါနီးကြီး ကိုယ် ဘီယာ မသောက် ချင်ဘူး၊ ကိုယ်မှာရမ်ပါတယ်၊ ဟေ့…မေခုနစာအုပ်ထည့်တဲ့ လွယ်အိတ်ယူခဲ့စမ်း"
မေ က ယူလာပြိး ပုလင်းရော စာအုပ်တွေရော ထုတ်လိုက်တော့ ဖိုးတင်ဆွေက အဟိစာအုပ်အား လုံး ခြုံ ကြည့်လိုက်ပြီး မျက်လုံးပြူးလျက်…

"ဟ…ဖိုးကြင်ဆွေရဲ့ စာအုပ်တစ်မျိုးတည်းကို ဘာလုပ်ဖို့ ဒါလောက်အများကြီး ၀ယ်လာရတာလဲ"
ကျွန်တော် စိတ်ပေါက်ပေါက်ရှိလာ၍…
"မီးရှို့ပစ်ဖို့ဟေ့၊ မီးရှို့ပစ်ဖို့"
မေ က မနေသာ၍ ကြားက ၀င်ရှင်းပြတော့မှ သူသဘောပေါက်သွားကာ "သြော်…စာလဲရေး၊ စာအုပ်လဲ ထုတ် ဆိုတော့ ကောင်းတာပေါ့ကွာ၊ ဟေ့…ဖိုးကြင်ဆွေ ရုပ်ရှင်မင်းသားလဲ လုပ်ပါကွ"
"င့ါ…ဘယ်ဒါရိုက်တာ၊ ဘယ်ကုမ္ပဏီ က ရုပ်ရှင်မင်းသားလုပ်ခိုင်းမလဲကွ"
"အခု ရှုမ၀ဦးကျော် ရုပ်ရှင်ရိုက်နေတယ် မဟုတ်လား၊ သူ့ကို မင်းမပိုင်ဘူးလား"
"ဟ…ဦးကျော် လုပ်ပေးချင်တိုင်းသာ ဖြစ်ရမယ်ဆိုရင် သူ့သားသူ့သမီးတွအားလုံး ရုပ်ရှင်မင်းသားနဲ့ မင်းသမီး ချည်း ဖြစ်နေပြီပေါ့ကွ"
"အေး …ဒါလဲ ဟုတ်တာပဲ"

ထိုစဉ်က ကာတွန်းတွေက ယခုလိုခေတ်မစား၊ လူသိမများသေး၊ ကာတွန်းသုံးချင်လည်း မထွက်ဖူး သေး ချေ။ မဂ္ဂဇင်းကြီးများတွင် ဟာသ၀တ္ထုလောက်သာ ကာတွန်းခေါင်းစီးး ပါလာတတ်သည်။ ယခု အဟိ တစ်အုပ်လုံး ကာတွန်းခေါင်းစီးပုံတွေချည်းဖြစ်၍ ဖိုးတင့်ဆွေ အံ့သြနေခြင်း ဖြစ်သည်။
ထိုနောက် သူသည် ခွက်ထိုးခွက်လန် ရယ်ပြန်ပြီး.....
''သေ ပါတော့ကွ၊ ဒီကဗျာကလဲ ဘယ်လိုဟာလဲဟ၊ ကြံကြံဖန်'' ဟုဆို၍ သူကျယ်လောင်စွာ ဖတ်ပြ၏။
သူမတို့ လေနဲ့
သူတို့ လျှင် တကယ်ကြည်တဲ့၊ မယ်ပြီးတီတီကလေး။

လက်မသရမ်းလာနဲ့
ဟင့်...ဖက်နမ်းနာခံချင်သေးတယ်၊ ၀မ်းကစ်စ်ပေး။
''ဟား........ဟား...ဟား ဘယ်လိုကဗျာလဲ ဟာ၊ ရယ်စရာကြီး''
ကဲ...ဟာသစာစောင်ထဲ က ကဗျာ ရယ်စရာကြီးဆိုပြန်တော့လည်း ကျွန်တော်ဘာမျှ မပြောချင် တော့ပါ။ သူ့ဟာ သူပဲ ရှိပါစေတော့။
ကျွန်တော် သူ့အနီး မှ ခွာလိုက်ပြီး...
''ကဲ...ဖိုးတင်ဆွေ၊ ကိုယ် ရေချိုးလိုက်ဦးမယ်ကွာ၊ ကိုယ့်လူကော ချိုးဦးမလား''
''ဟေ့ အေးကွာ၊ ကိုယ်အရှိန်လေးရနေတာ ပြယ်သွားဦးမယ်''

ကျွန်တော် အိမ်ရှေ့ရေချိုးခုံမှာ ရေချိုးနေစဉ် ကျွန်တော့သားအငယ်နှစ်ကောင်က အိမ်အောက် ဘဲခြံထဲ သွင်း ဖို့ ဘဲတစ်အုပ် ကို မောင်းလာတာ ဖိုးတင်ဆွေမြင်တော့....
''ဟာ...ဖိုးကြင်ဆွေ မှာ ဘဲ ရှိတာ ကိုယ်စောစောက မသိဘူးကွာ၊ ဟေ့..ဖိုကြင်ဆွေ၊ ဘဲသားနဲ့ ဘီယာ ချက်စားဖူးလား''
ကျွန်တော် ရေချိုးနေရာမှ...
''ကြံကြံဖန်ဖန်ကွာ''

''ဟာ...သိပ်ကောင်းတယ်၊ ဒီမှာ ဘီယာတစ်ပုလင်းရှိနေသေးတာနဲ့ အဆင်သင့်ပဲ၊ ဘဲတစ်ကောင် ဘီယာ တစ်ပုလင်းကွ၊ အဲဒီအရည်လဲခန်း၊ ဘဲသားဆီပြန် သိပ်စားကောင်းတယ်၊ ကိုယ်ချက်မယ်''
ကျွန်တော် လည်း တစ်ခါမျှ မစားဖူး။ ထူးထူးဆန်းဆန်းလေး စားကြည့်ချင်တာနဲ့ ကလေးတွေအား ဘဲထီး တစ်ကောင် ဖမ်းခိုင်းလိုက်ရသည်။ အမွေးနုတ်စေပြီး မေ့အား'' ဒါကြီး သူလုပ်ချင်တာ လုပ်ရမှ အေးမှာ၊ မင်းက ဘာမှ ၀င်မစွက်နဲ့၊ လွှတ်ပေးလိုက်စမ်း'' ဆိုပြီး ဖိုးတင်ဆွေအား မီးဖိုချောင်ထဲ သွင်းပေးလိုက်တယ်။ ကလေး တွေက ငရုတ်သီး ကြက်သွန်ထောင်းပေး။ ဖိုးတင်ဆွေက သူ့ဟာသူ ခုတ်ထစ်ချက်တယ်။
အပြင်ထွက် တစ်ခွက်မော့လိုက်၊ စကားတွေများလိုက်၊ မီးဖိုချောင်ထဲပြန်ဝင်သွားလိုက်နဲ့ တစ်နာရီ လောက်ကြတော့ သူ့ဘီယာသားအိုး ရေခန်းပြီမို့ တစ်ပန်းကန်ခပ်ပြီး သူအိမ်ရှေ့ယူလာတယ်၊ ကျွန်တော် အရက်ခွက်မော့ချလိုက်ပြီး တစ်တုံးယူကြိတ်လိုက်တယ်။ အမယ်လေးဗျာ...ငန်လိုက် တာတူးလို့။ သူလည်း တစ်တုံး ယူဝါးရင်း မျက်နှာကြီးရှုံ့မဲ့ကာ....
''ထွီ..ကိုယ်မေ့ပြီး ဆားကိုနှစ်ခါထည့်မိတယ် ထင်ပါရဲ့ကွာ'' တဲ့။ သူဟာသူ ငန်လွန်းအားကြီး သဖြင့် '' နှစ်ခါ မကဘူး၊ သုံးခေါက်လောက် ထင်တယ်ဟေ့''

နောက်တစ်နေ့ နံနက်တွင် သူက ကားကို(၇)နာရီ မှာထားသည်ဆိုသော်လည်း (၈)နာရီလောက်မှ ရောက်လာ ၍ ဒရိုင်ဘာက သူ့ဆရာကတော် ဈေးဝယ်ပို့နေရလို့ပါဟု ပြောပါသည်။ ကားက ဖိုးတင်ဆွေ၏ မိတ်ဆွေ တရုတ်တစ်ကောင် ၏ကား။ ဘောက်စ်ဝက်ဂွန် အကြီးကြီးမို့ ဖိုးတင်ဆွေက ကျွန်တော့် သားငယ်နှစ်ယောက် ပါ လိုက်ဖို့ခေါ်သည်။
ထိုကြောင့် ကျွန်တော်က
''ကဲ...လိုက်မှဖြင့် တက်ကြကွာ၊ မြန်မြန်သွား၊ မြန်မြန်ပြန်ရအောင်''
သည်တော့မှ ဖိုးတင်ဆွေက သူ့အသံ အေးစက်စက်ဖြင့်....
''ဖိုးကြင်ဆွေ ကလဲကွာ၊ ဘာကြောင့်ဒီလောက် လောနေရတာလဲ၊ အခု(၈)နာရီကွာ၊ မှော်ဘီကို အသွားအပြန် လေးနာရီ ကြာမလားကွ၊ ထမင်းစားမီ ပြန်ရောက်စေရမယ်၊ ဒေါ်မေ ငါးဟင်းချက် ထားလိုက်'' ဟု ကျွန်တော့်ဇနီးအား မှာခဲ့သေးသည်။

ကိုယ်ပိုင်ကားနှင့်သွားတာပဲ၊ ရန်ကုန်နှင့်မှော်ဘီ အသွားအပြန် လေးနာရီ မကြာပါဘူးဆိုတာ အချိန် အားဖြင့် မှန်ပါ၏။ သို့သော် သူသည် ဘယ်သွားသွား၊ ဘယ်တော့ကမှ ဖြူးဖြူးဖြောင့်ဖြောင့် တန်းတန်း မတ်မတ် မရှိ။ ကျွန်တော့်ကိုယ်တွေ့အားဖြင့် သိခဲ့ပေါင်းများလှလေပြီ။ ထိုကြောင့် ကျွန်တော်သည် ဘယ်အခါမဆို သူနှင့် သွားရမှာ (ကိုယ့်တွင်  အချိန်ကန့်သတ်ထားတာရှိလျှင်) လွန်စွာ စိုးရွံ့မိ၏။
ဒရိုင်ဘာအား ကလေးတွေနှင့် နောက်မှာထိုင်စေ၍ သူကိုယ်တိုင်မောင်းသည်။ ကျွန်တော်က သူနှင့်အတူ ရှေ့မှာ ထိုင်ရသည်။ ကျွန်တော့်စိတ်ထဲမှာ လမ်းတွင် သူ့အသိအကျွမ်းများ မတွေ့ပါစေ နှင့်ဟု.. တဖွဖွဆုတောင်းရသည်။ အဘယ့်ကြောင့်ဆိုသော် သူသည် မိတ်ဆွေတစ်ယောက်နှင့် တွေ့လျှင် အင်မတန် စကားကြောရှည်၏။ ထွေလီကာလီ ကိစ္စတွေပေါ်လာတတ်၏။

သို့သော် သည်လောက်ဝေး တဲ့ ခရီးလမ်း ရန်ကုန်တွင် အလုပ်မျိုးစုံ (ကုန်သည်၊ ကန်ထရိုက်တာ၊ အသက်အာမခံ ကိုယ်စားလှယ်) လုပ်ခဲ့သော သူလိုအပေါင်းအသင်း အင်မတန်များသူသည် အဘယ်မှာ မတွေ့ဘဲ နေပါနအံ့နည်း။ မင်္ဂလာဒုံဘတ်စ်ကားဆိပ် ရောက်သည်၌ လမ်းဘေးကား ထိုးရပ်လိုက်ပြိး သူ့ကို မမြင် သူ့ဖာသာသူ မတ်တတ်ရပ်နေသူ တစ်ယောက်အား....
''ကြည့်စမ်း...ကြည့်စမ်း မတွေ့ရတာကြာပြီး၊  အခုမှကြံကြံဖန်ဖန်ဗျာ''
ထိုသူ သည် သူ့အသံကြားမှ လှည့်ကြည့်ကာ...
''ဟာ..ကိုတင်ဆွေပါလား''
''အခု ခင်ဗျား ဘယ်မှာနေလဲ၊ ဒီနေရာမှာ ဘာကိစ္စရပ်နေတာလဲ''
''ထောက်ကြံ့ သွားမလို့ ဘတ်စ်ကားစောင့်တာ''

''ဟေ...ဒါဖြင့် အဆင်သင့်ပဲ၊ လာ...တက်'' ဟုဆိုကာ ကားတံခါးဖွင့်ပေးလိုက်တော့ ကျွန်တော်လည်း ထိုလူ အား နေရာရွှေ့ပေးလိုက်၍ သုံးယောက်တန်းထိုင်မိကြပေပြီ။ ဖိုးတင်ဆွေ ကားကို ဂီယာပြန်သွင်းရင်း ကျွန်တော့် အား '' ဖိုးကြင်ဆွေ ..ဒါကိုယ်ကန်ထရိုက်လုပ်တုန်းက အုတ်တို့၊ သဲတို့ ကျောက်စရစ်တို့ ဆပ္ပလိုင်း လုပ်တဲ့လူ ကိုပွေးထူတဲ့၊ လူပျိုကြီးကွ'' ဟုဆိုပြီး တစ်ဖန်ထိုလူအား... ''ဒါက ကျွန်တော့် သူငယ်ချင်း နိုင်ငံကျော် စာရေးဆရာကြီး သော်တာဆွေ ဆို တာသူပဲ၊ ခင်ဗျားသူ့စာတွေ ဖတ်ဖူးမှာပေါ့''

ကျွန်တော့်အား ဂုဏ်တင်ကာ ပြောလိုက်သော်လည်း ထိုလူ့ပုံသဏ္ဍန်မှာ စာဆို၍ စာပုတီး စာဘုန်း ကြီး စာဘူးတောင်း များသာ သိမည့် ရုပ်မျိုး။ တစ်ဘက်ခေါင်းပေါင်း အ၀တ်အနွမ်းနွမ်း နှင့် အလုပ် ကြမ်း သမားဖြစ်ပေမည်။ ဖိုးတင်ဆွေက မိတ်ဆက်သဖြင့် သူနှင့်ကျွန်တော် ထုံစံအတိုင်း သွားဖြဲပြ ကြပြီးနောက် ထိုလူ့ နှုတ်က အငြိမ်မနေသေးပေ။
''ကိုတင်ဆွေ ကျုပ်လူပျိုကြီး မဟုတ်တော့ဘူးဗျ၊ မိန်းမရနေပြီ'' ဟုပြောလိုက်တော့ ဖိုးတင်ဆွေမှာ လူ တစ်ယောက် မိန်းမ ရတာပဲ တအံ့တသြ ဖြစ်တဲ့မျက်နှာနှင့်..
''အို...ဟုတ်လား၊ ဘယ်လောက်ကြာပြီလဲ''
''ငါးနှစ် ခြောက်နှစ်လောက်ရှိပြီ''

''အံ့ရောဗျာ၊ ခင်ဗျား ကျွန်တော့်ဆီတောင် ဖိတ်စာမပေး၊ အကြောင်းမကြားဘူး''
''အဲဒီတုန်းက ကိုတင်ဆွေ ဘယ်မှာနေမှန်းမှ မသိတာဘဲ''
''အင်း...ဟုတ်တယ်...ဟုတ်တယ်၊ ကျွန်တော် ပန်းတောင်းရောက်နေပြီ၊ အခုခင်ဗျား ကလေး ဘယ်နှစ်ယောက်ရပြီလဲ''
''တစ်ယောက် မှ မရသေးဘူးဗျ''
''အား...တယ်ညံ့တာပဲ၊ ဒါပေမယ့် မိန်းမ ကလေးမမွေးတာ ကောင်းတယ်၊ အရွယ်တင်တာပေါ့၊ နာမည် ဘယ်နှယ့် ခေါ်လဲဗျာ''
''မသဲဝါ''
''ဘယ်အရပ်သူလဲ''
''ဒီအရပ် တောင်ပိုင်းကပါပဲဗျာ''

''အင်း...ကောင်းတယ်၊ မြင်အုန်းခွံ၊ ကျွန်ကုလား၊ မယားတောသူ၊ သဘောဖြူမှာပေါ့၊ ရုပ်ကော တော်တော်ချော ရဲ့လှရဲ့လား''
''ရွက်ကြမ်းရေကျိုလောက်ပါပဲဗျာ''
''အို...ရုပ်ထက် သဘောမနောကောင်းဖို့က အရေးကြီးပါတယ်ဗျာ၊ အခုဘယ်မှာလဲ''
''အိမ်မှာ''
စကားတယ်များတဲ့လူ ကြည့်ပါ။ သက်သက်အကြောင်းမဟုတ်တာ အကြောင်းလုပ်ပြီး ပြောဆိုနေ ကြသည်။ သို့သော် ကားမောင်းရင်းမို့ ခရီးမဖင့်သဖြင့် တော်သေး၏ဟု ကျွန်တော် တွက်ဆ၏။ သို့ရာတွင် ကျွန်တော့် စိတ်ထင်စောသွားချေပြီ။ အသို့ဟူမူ ထိုလူက သူ့မိန်းမ ''အိမ်မှာ'' ဟု ပြောလိုက်ကရော ဖိုးတင်ဆွေက...
''ကျွန်တော်လိုက်မကြည့်ရဘူးလားဗျာ''

အင်း...စကားပေါက်တော့ ရှည်လေပြီ။
သည်တော့ ဟိုခမျာမှာလည်း။
''ကြည့်ရပါတယ်ဗျာ''
''ကြည့်ဆို အခုလိုက်ကြည့်မှာနော်၊ ခင်ဗျားအိမ်က ဘယ်မှာလဲ''
လမ်းမကြီး လယ်ယာဘက်လမ်းပေါက်တစ်ခုကိုပြ၍...
''အဲ ဟိုဘက် အတွင်းဘက်မှာ၊ အထဲ တော်တော်လေးဝင်ရဦးမယ်ဗျ''

''ဘယ်လောက် ၀င်ရ၀င်ရ၊ ကြုံတုန်းကြုံခိုက်ပဲ'' ဆိုပြီး တစ်ခါတည်း ကားချိုးဆင်း၍ နွားလှည်း လမ်းပေါက် ထဲ ၀င်ပါရော။ နီးနီးနားနား မဟုတ်ပါ။ တပ်မတော်ကင်းရွာကလေးကို ဖြတ်ကျော်ကာ ကျွန်တော့်စိတ်ထင် နှစ်မိုင်ခန့်၊ မိုးတွင်းလှည်းလမ်း ပျက်တွင် ရေအိုင်များ၊ ရွှံ့ဗွက်များကို တမ်းကာ ရှောင်ကာခဲယဉ်းစွာ မောင်း သွားရပါသည်။
ဒရိုင်ဘာ လည်း လမ်းမကောင်းသဖြင့် သူ့ကားအတွက် စိတ်ချမ်းသာမည်မဟုတ်။ ကိုပွေးထူလည်း သူ သွားလိုတာက ထောက်ကြံ့၊ ယခုပြန်လာရတာက အိမ်။ ကျွန်တော့်စိတ်တွင်ကား အထူးဖော်ပြ စရာ မလိုတော့ပြီ။
လက်ကနာရီကို တကြည့်ကြည့်နှင့်သာ ငတိကို အံခဲနေရပါသည်။

ထိုရွာကလေးနာမည်က ရေကြည်အိုင်ပါတဲ့။
ကိုပွေးထူ အိမ်ခြံဝင်းထဲဝင်ပြီး ကားရပ်လိုက်သောအခါ ဖိုးတင်ဆွေသည် ထိုသူ့မိန်းမ ကြည့်ရ အောင်လာသည်ဆိုတာကို လုံးဝမေ့ပြီး ပိန္နဲ မာလကာ၊ သံပရာ၊ ရှောက်၊ ကြက်မောက်၊ တညင်း၊ နှင်းသီးပင်၊ နာနတ်ပင် စသည်တို့ဖြင့် စိမ်းညို့မှောင်နေသော ဥယျဉ်ကြီးထဲ စိတ်ရောက်သွားကာ..
''ဟင်....ခင်ဗျားခြံကြီးက အကျယ်ကြီးပါလား၊ လာလျှောက်ကြည့်ရအောင်ဗျာ''
ကျွန်တော်တို့ အားလုံးလည်း အညောင်းပြေဆင်းမိကြသည်။ ကိုပွေးထူလည်း သူ့မိန်းမ တောသူမ ကို ပြသည်ထက် သဟာကမှ ကောင်းပေလိမ့်မည်ဟု ယူဆဟန်တူသည်။ အိမ်ပေါ်မတက်တော့ဘဲ တံချူတစ်ခု ယူ လာကာ ခြံထဲလျှောက်ပြရင်း ကျွန်တော်တို့အား မာလကာသီးများ ခူးပေးပါသည်။

ယင်းအခိုက် ပုံဆိုးရုပ်ကြမ်း မိန်းမကြီးတစ်ဦး ရောက်လာကာ...
''ဟဲ့...ပွေးထူ၊ နင်ဒီခြံကို တစ်ဝက်ခွဲရောင်းမယ် ကြံနေတာ ငါမသိဘူးများ အောက်မေ့လို့လား'' ဆိုပြီး လက်နှစ်ဖက် ခါးထောက်လျက် ကျွန်တော့်မျက်နှာ စေ့စေ့ကြည်ကာ...
ယင်းအခိုက် ပုံဆိုးရုပ်ကြမ်း မိန်းမကြီးတစ်ဦး ရောက်လာကာ...
"ဟဲ့... ပွေးထူ၊ နင် ဒီခြံကို တစ်ဝက်ခွဲရောင်းမယ်ကြံနေတာ ငါမသိဘူးများ အောက်မေ့လို့လား" ဆိုပြီး လက်နှစ်ဖက်ခါးထောက်လျက် ကျွန်တော့်မျက်နှာ စေ့စေ့ကြည့်ကာ...
"ဒီမှာ ထောင်ကဲ၊ ကျွန်မတို့ မြန်မာအိမ်ထောင်ရေးမှာ လင်မယားနှစ်ယောက်စလုံး သဘောမတူဘဲ ဘာပစ္စည်း မှ အရောင်းအ၀ယ်လုပ်လို့မရပါဘူး၊ ကျွန်မဘယ်နည်းမှမရောင်းနိုင်ပါဘူး၊ နို့ပြီးကျွန်မက နတ်ကတော် ဆိုတာကိုလဲ သိထားပါ။ ထောင်ကဲတို့ တရုတ်အမဲမွေးမြူမှာကလဲ ကျွန်မတို့ လုပ်ငန်း နဲ့ မဖြစ်ပါဘူး"

ကဲ ကျွန်တော်သည် သော်တာဆွေ စင်စစ်က ထောင်ကဲဖြစ်ရလေပြီ။ မဖြစ်ခံနိုင်ရိုးလား။ ကျွန်တော့် ရုပ်ကလဲ တရုတ်နဲ့တူ။ ဖိုးတင်ဆွေ ငှားလာတဲ့ တရုတ်ကားရှေ့မှန်မှာလဲ မြန်မာလို ရတနာတြိနမာမိမျိုး ထင်ပါ ရဲ့၊ တရုတ်စာနီနီကြီး ရေးထားတယ်။ နို့ပြီး ကျွန်တော်ခုမနက် ၀တ်လာ တာကလည်းခါတိုင်း လမ်းလျှောက်နေကျ ရှမ်းဘောင်းဘီနှင့် ဟာဝေယံရုပ်။
ကိုင်း... ကိုယ့်ထိုက်နဲ့ကိုယ်ခံပေရော့၊ စကားကြောရှည်နေမည်စိုး၍ ကျွန်တော်ဘာမျှ ပြန်မပြော တော့ပါ။ ကိုပွေးထူ ကသာ....
"ခင်ဗျားကြီး ဘာတွေလျှောက်ပြောနေတာလဲဗျ"

"ဒီလူတွေက ခင်ဗျားကြီးခြံကို အလကားပေးတောင် ယူမှာမဟုတ်ဘူး၊ ရန်ကုန်က လမ်းကြုံလို့ ၀င်လာတဲ့ ကျွန်တော့် မိတ်ဆွေတွေဗျ"
သည်တော့မှ သည်မိန်းမကြီး ကျွန်တော့်အား အားနာသလိုကြည့်ကာ "သိပါဘူးဟယ်" ဟုအသံ ပျော့ ကလေးနှင့် ပြောပြီးမှ သူ့ လင်တော်မောင် ကို တော့တင်းမာစွာပဲ....
"နင်... ခုတစ်လော ဖဲရှုံး နေတယ်၊ ညက ငါ့ခေါင်းအုံးအောက်က ငွေတစ်ရာ ယူရှုံးလိုက်ပြန်ပြီ မဟုတ် လား"
ကိုပွေးထူ က မလုံမလဲမျက်နှာလေးနှင့်...

"အဲဒါ .. ကျုပ်ရှုံးပစ်တာမဟုတ်ဘူးဗျ၊ ကိုမျောက်ကြီး ကို ခဏချေးလိုက်ရတာပါ၊ အခုမနက် ပြန်ပေးမယ် ဆို လို့ အခုထောက်ကြံ့က သူ့အိမ်ကို သွားမလို့ဗျ"
"အေး...င့ါပိုက်ဆံ ဒီနေ့ ပြန်ရရင်ရ၊ မရရင်တော့ နင့်အသက်ဖက်နဲ့ထုပ်ထားပေရော့၊ င့ါတောင်ပြုန်း သွားဖို့ စုထားတဲ့ ငွေ၊ နငိအစိမ်းသေ သေသွားမယ်မှတ်ထား"
အရေးတော်ပုံ မဟန်တော့၍ ကျွန်တော်တို့ ခပ်သုတ်သုတ်ပြန်ပြီး ကားပေါ်တက်ကြတော့သည်။ ကိုပွေးထူ မှာ ကလေးတစ်ယောက် မျှ မရသေးဘူးဆိုတာ ဘာမျှအံ့သြစရာ မရှိ။ သူ့မိန်းမက သူ့ထက်များစွာ ကြီးသည်။ ကလေးမွေးတဲ့ ဘူတာ ဟိုဘက်လွန်နေပြီ။

ကျွန်တော်တို့ ကား ပြန်ထွက်ခဲ့သောအခါ ဖိုးတင်ဆွေက သူ့မိတ်ဆွေ ကိုပွေးထူအတွက် စိတ်မကောင်း ဖြစ်လျက်...
"ခင်ဗျား...ဖဲရှုံးနေတယ်ဆိုတာ ဟုတ်သလား"
"ဟုတ်တယ်ဗျ၊ တော်တော်ကို ခုတစ်လော ကံဆိုးနေတယ်"
"ခင်ဗျားမိန်းမ ငွေတစ်ရာ ကို ဟိုလူ့ချေးလိုက်တာဆိုတာကော ဟုတ်သလား"
"မဟုတ်ဘူးဗျ၊ ညက ကိုမျောက်ကြီး အသုဘအိမ်ကို လာတောင်မလာဘူး"

"နို့..ခင်ဗျား အခုထောက်ကြံ့က ကိုမျောက်ကြီးအိမ်သွားမယ်ဆိုတာက ဘာကိစ္စ"
"အဲဒီ ငွေတရာ သွားချေးမလို့"
"ရပါ့မလား"
"ကံသေကံမ တော့ မပြောနိုင်ဘူးဗျာ၊ သူ့ရှိရင်ရလိမ့်မယ် ထင်တာပဲ။ ဒီငွေတစ်ရာ အရေးကြီးနေ တယ်ဗျာ၊ မရရင် ဒီမိန်းမကြီး က ကျွန်တော့်ကို"
ဖိုးတင်ဆွေသည် သူ့လူများစွာ စိတ်မချမ်းသာဖြစ်နေသည်ကို မကြည့်ရက်။ ကိုပွေးထူကျော လက်နှင့် ပုတ်လိုက်ပြီး...
"ကဲ...ငွေတစ်ရာအတွက် ဘာမှ ပူပင်သောကရောက်မနေနဲ့တော့၊ ကျွန်တော်ပေးမယ်၊ ကိုမျောက်ကြီး ဆီလဲ သွားမနေနဲ့တော့၊ ကျွန်တော့်တို့နဲ့ မှော်ဘီလိုက်ခဲ့၊ ပြီးတော့ အတူတူပြန်ကြ တာပေါ့၊ ပျော်ပျော် ပါးပါး ပေါ့ဗျာ၊ ဟုတ်လား"

"ကိုတင်ဆွေ ကျေးဇူးတွေ ကျွန်တော့်အပေါ် များလှပါပြီဗျာ" ဆိုပြီး ကိုပွေးထူမျက်နှာမှာ စိတ်ချမ်း သာပုံ ပေါ်သွားပါ၏။ ထိုနောက် သူတို့နှစ်ယောက် ရှေးဟောင်းနှောင်းဖြစ်တွေ ပြောကြသည်။ သို့နှင့် မှော်ဘီ ရောက်တော့ (၁၀)နာရီ ကျော်နေချေပြီ။ ဖိုးတင်ဆွေသည် ကားကိုဈေးရှေ့က တရုတ်ခေါက်ဆွဲဆိုင်ရှေ့ ထိုး ရပ်လိုက်ကာ"ထမင်းစားမယ်၊ ပြီးမှကြက်ခြံသွား ကြက်ဝယ်ပြီး တန်းပြန်မယ်" ဟုစီမံကိန်းချလိုက်၏။

သင့်လျော်ပါ၏။ ကျွန်တော်တို့အားလုံး ခေါက်ဆွဲဆိုင်ထဲဝင်၊ စားပွဲတစ်လုံးမှာ ထိုင်ပြီး ရမ်တစ်ပုလင်းနှင့် ဆယ့်နှစ်မျိုး ဟင်းချို၊ အသားကင်၊ အခေါက်ကင်၊ အသည်းကင်၊ ဘဲကင်တို့ကို မှာလိုက် သည်။
ဒရိုင်ဘာ က မသောက်တတ်ချေ။  အမြည်းသာစား၏။ ကိုပွေးထူကတော့ အမြည်းကို လုံးဝမစားဘဲ အရက် သာ နှစ်ခွက်လောက်သောက်ပြီးတော့ အလွန်အားနာသည့်မျက်နှာနှင့်....
"ကိုတင်ဆွေ...ကျွန်တော် ဒီဆိုင် မှာ ထမင်းစားလို့ မဖြစ်ဘူးဗျ"
ဖိုးတင်ဆွေ သဘောမပေါက်သေးဘဲ...
"ဘာလို့လဲ"
"ဟာ..ဒီမှာ တရုတ်အမဲဟင်းတွေ"
"ဘဲကင်ရှိသားပဲဗျ"

"ဟာ...ဒီဘဲကင် မှာလဲ ခုတ်တဲ့ဓားက တရုတ်အမဲဆီနဲ့မှ မကင်းတာ၊ ကျုပ်မိန်းမက တရုတ်ဆိုင်က ဟာ ဆိုရင် ဘာမှမစားရဘူးတဲ့"
"ဒုက္ခပဲ၊ ကဲ...ဒါဖြင့် တခြားဆိုင်တစ်ဆိုင်မှာ သွားစားချေဗျာ"
ဆိုပြီး ဖိုးတင်ဆွေက ငွေနှစ်ကျပ်ပေးလိုက်၏။

ကျွန်တော်တို့ချည်း ဆက်လက်စားသောက်နေကြ၏။ ကိုပွေးထူသည် သူထွက်သွားပြီး ဆယ်မိနစ်မျှ အကြာတွင် ခေါက်ဆွဲဆိုင်ထဲ ကျွန်တော်တို့ရှိရာသို့ ကြောက်အားလန့်အားနှင့် ကမူးရှုးထိုးပြေးလာ၊ သူ့နောက် မှ လူနှစ်ယောက် က တစ်ယောက်က ဓားနှင့် တစ်ယောက်က တုတ်နှင့် တရကြမ်းလိုက်လာ။ ဆိုင်ရှင်တရုတ်ကြီးက...
"ဟေး ငါ့ဆိုင်ထဲ လူမစတ်နဲ့၊ ငါ့ဆိုင်ထဲ လူမစတ်နဲ့"
ထိုလူများသည် တားမရ။

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

Tuesday, January 24, 2012

သော်တာဆွေ ၏ သူနဲ့သာဆိုရင် အပိုင်း (၁)

သူနဲ့သာဆိုရင်

ကျွန်တော်တို့ လင်မယား ဈေးသည်ဖြစ်မှ မေသည်နံနက်လေးနာရီ တွင် ထ၍မုန့်ဟင်းခါးနှင့် အုန်းနို့ ခေါက်ဆွဲ ဟင်းနှစ်အိုး ကို ချက်ရသည်။ (၇)နာရီတွင် တက္ကစီကားနှင့် မဟာဗန္ဓုလပန်းခြံ လမ်း အောက်ဆုံး ဘလောက် နောက်ဆုံးအဆောက်အအုံကြီးဖြစ်သော ကညန ခေါ် ကုန်းလမ်းပို့ ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန ရုံး သက်သာစားသေက်ဆိုင်သို့ သွားရသည်။ ဈေးရောင်း သွက်သည့်နေ့၊ မသွက်သည့်နေ့ လိုက်၍ (၁၂)နာရီ၊ နေ့လယ် နာရီပြန်တစ်ချက် နှစ်ချက်လောက် မှအိမ်ပြန်ရောက်တတ်သည်။ ထိုအခါ မေ့တွင် ကျွန်တာ့်အား ပြောစရာစကာများ ပါလာတတ်သည်။

သူ့ဆိုင်လာ၍ စားနေကျဖောက်သည်များအကြောင်း၊ သော်တာဆွေဆိုင်ဆို၍ အဝေးတလံမှ တမင် လာရောက်စားသောက်ကြသော ကျွန်တော့်စာဖတ်ပရိသတ်  မည်သူမည်ဝါဟူ၍ မိတ်ဆက် သွားကြောင်း၊ တစ်ခါတစ်ရံ မိန်းကလေးများသည် မု့န်ဟင်းခါလာစားရင် နက်ဖြန်ခါလာယူမည်ဟု ကျွန်တော်ရေးရန် အော်တို စာအုပ် ပေးလိုက်ကြောင်း၊ နယ်မှရန်ကုန်ရောက်သခိုက် "သွားစမ်း၊ ဘားလမ်း၊ စားစမ်း အကောင်းဆုံး မုန့်ဟင်းခါး နှင့် အုန်းနို့ခေါက်ဆွဲ" ဆိုသည့် ကြောငြာတွေ့၍ လာရောက်သော ဘယ်မြို့မှ ဘယ်သူ ဟု ပြောသွားကြောင်း၊ မုန့်ဟင်းများလည်း မေ့လက်ရာဟု ပြောပလောက်အောင် ကောင်း ပါပေသည်ဟု ချီးမွမ်းသွားကြောင်း၊ မေသည်ကျွန်တော်ထက် (၁၅)နှစ်ငယ်သည်ဖြစ်၍ အချို့က အသက်(၆၀) ကျော်နေပြီဖြစ်တဲ့ သော်တာဆွေ့ဇနီးဆိုလျှင် အဘွားကြီးဖြစ်နေမှာပဲဟု အောက်မေ့ခဲ့ရာ ယခု တော့ ငယ်ငယ်ကလေးရှိပါသေးလားဟု ပြောသွား ကြောင်း၊ ထိုရုံးတွင် မော်တော်ကား ယာယီ လိုင်စင် နံပါတ်ရေးရသော၊ ဓာတ်ပုံရိုက်ရသော မောင်သိန်းထွန်း၊ မောင်စိန်ထွန်း၊ မောင်ကျော်ညွန့်၊ အရှည်ကြီး၊ မောင်ဌေးအောင်၊ မောင်မြင့်ဆွေ ဆိုသူတို့၏ နာမည်များကိုကား ကျွန်တော်အလွတ်ပင် ရနေ ချေပြီ။

သူတို့သည် တစ်ချိန်လုံး မေတို့ဆိုင်ထဲမှာနေကြ၍ မေနှင့်တူကလေး သားကလေးများကဲ့သို့ ရင်းနှီး ခင်မင် နေကြသည်။ "မာမီကြီး အန်တီကြီး"ဟု ခေါ်ကြသည်။ ထိုသူငယ်လေးတို့၏ အကြောင်းများ ကို လည်း နေ့စဉ်လိုပဲ ကျွန်တော့်အား ပြောတတ်သည်။ စင်စစ်မေသည် သူ့ဖောက် သည်မိတ်ဆွေတွေနှင့် သူ ဈေးရောင်း ရတာ ကို ပျော်နေခြင်း ဖြစ်ပါသည်။
ကဲ၊ ယခုဝတ္ထုဇာတ်ကြောင်း ရေးရမည် ထိုနေ့က မေယူခဲ့သော စကားက...
မောင်ရေ....ဟိုတစ်လောက မုန့်ဟင်းခါး လာစားဖို့ စရန်ငါးကျပ်ပေးသွားတဲ့လူ ဒီနေ့မှ ရောက် လာတော့တယ်၊ ဘယ်သူလဲသိလား
ထို ကညနသက်သာဆိုင်ကား ကျွန်တော်တို့ချည်း မုန့်ဟင်းခါး အုန်းနို့ခေါက်ဆွဲ ရောင်းသည်မ ဟုတ်၊ လက်ဖက်ရည် ဆိုင်လည်း တွဲဖွင့်ထားလေရာ ကျွန်တော်တို့က တစ်နေ့လုံး မရောင်းနိုင်။ မွန်းလွဲပိုင်း လောက် ပြန်လာခဲ့၍ လက်ဖက်ရည်ဆိုင်က ညနေရုံးဆင်းအထိ။

လွန်ခဲ့သော ဆယ့်လေးငါးရက်လောက်က မမဆိုင်သိမ်းသွားပြီးမှာ လူတစ်ယောက်ရောက်လာ၍ "ဒါ မေ... သော်တာဆွေ မုန့်ဟင်းခါးဆိုင် ဒီမှာထွက်တာ မဟုတ်ဘူးလား" မေးသတဲ့။ "ဟုတ်ပါတယ်၊ အခု ကုန်လို့ဆိုင်သိမ်းသွားပါတယ်၊ မနက်ပိုင်းမှာပဲ ရောင်းပါတယ်"လို့ လက်ဖက် ရည်ဆိုင်ထိုင် မိန်းကလေး ကပြောတော့ "ဒါဖြင့် နောက်မှငါလာစားမယ်၊ အခုစရန်ပေးခဲ့မယ် ပြောလိုက်"ဆိုပြီး ငွေငါးကျပ် ပေးသွားသတဲ့။
ဒါနဲ့မေက နောက်တစ်နေ့မှာ အဲသည်လူ လာလိမ့်မယ်လို့ မျှော်တာပေါ့။ သို့သော် အဲသည်နေ့ လည်း မလာ။ နောက်နေ့တွေလည်းမလာ။ ဆယ့်လေးငါးရက်ကြာတော့ မေ့သလောက်ရှိခဲ့ပြီးပေါ့။
ဟော.....အခု သည်နေ့မှ လာတယ်ဆိုတော့ ကျွန်တော်က.....
"ဘယ်သူလဲကွ"
"တခြားလူ ဟုတ်ပါရိုးလား၊ မောင့်သူငယ်ချင်း ကိုတင်ဆွေကြီးရယ်ပေါ့"
သူနှင့်ကျွန်တော် မတွေ့ရသည်မှာ နှစ်များစွာ ကြာခဲ့ပြီ။

"သူတစ်ယောက်တည်းပဲလား"
"သူတစ်ယောက်တည်းမို့ တော်တော့သပေါ့၊ များလိုက်တဲ့စကားလွန်ပါရော မောင်ရယ်"
"ဘာတွေများ ပြေသလဲကွ"
"ဟာ...စုံလို့ပဲ၊ မေလဲမုန့်ရောင်းရတာ တစ်ဖက်နဲ့ ဘယ့်နှယ်သူ ပြောတာတွေ အားလုံးနား ထောင် နိုင်မှာလဲ၊ မေမှတ်မိသမျှတော့ မောင်က ကျာင်းသားတုန်းက လက်သီးထိုး သိပ်ကောင်းတာ၊ သူ့ကို နောက်ကောက်ကျအောင် ထိုးနိုင်သတဲ့၊ လက်လှဲလဲသိပ်သန်သတဲ့၊ နို့ပြီး မောင့်မှာရည်းစား နှစ်ယောက် ရှိသတဲ့၊ အဲဒီရည်းစားတွေဆီက စာလာရင် သူ့နဲ့အတူ ဟိုတယ်သွားပြီးဘီယာ သောက်ကြသတဲ့၊ အဲဒီရည်စား တွေက နယ်ကတဲ့၊ ရန်ကုန်သူရည်စားထားရင် စရိတ်ကြီးတယ်ဆိုပြီး ရန်ကုန်မှာတော့ ရည်းစား မထားဘူးတဲ့၊ နို့ပြီး မောင်ဟာ ဗေဒင်ဝါသနာမပါဘဲနဲ့ သူ့ကြောင့်ဗေဒင် ခဏခဏမေးရသတဲ့၊ မောင့်ရည်းစားတစ် ယောက်ကို သူတွေ့ဖူးသတဲ့၊ အဲဒီကောင်မလေးက သူ့ကိုခံသီးတွေ၊ စပျစ်သီးလုပ်ပြီး လက်ဆောင် ပေးဖူးသတဲ့၊ နို့ပြီးသူက ရန်ကုန်မှာရည်းစားတစ်ယောက်တည်းထားတာကို မောင်က ရည်းစား ဆိုတာ တစ်ယောက်ထက် ပိုးထားမှ ကောင်းတယ်လို့ပြောသတဲ့၊ ဟာ...သူပြောတာတွေ စုံလို့ပါပဲ၊ မေ့မှာက ပိုက်ဆံသိမ်း ရတာနဲ့ မုန့်ပြင်ပေးရတာနဲ့၊ သူပြောတာတွေကြားလိုက်၊ မကြားလိုက် ပါပဲ၊ အဲ..ရေရေလည်လည် နားထောင်သွားရတာကတော့ သူနဲ့တစ်စားပွဲတည်းထိုင်တဲ့ ဘဏ်က သူငယ်လေး နှစ်ယောက်ပဲ၊ မောင့်သူငယ်ချင်းကတော့ ထူးရော၊ အစားလဲ စားပေါ့၊  စကားလဲများပေါ့။

    "သူ ဘယ်လောက်စားနိုင်သလဲ"
    "မုန့်ဟင်းခါးတစ်ခွက်၊ အုန်းနို့ခေါက်ဆွဲတစ်ပွဲ၊ နို့ပြီးကော်ဖီနဲ့မုန့်တွေလဲ စားသေးတယ်၊ မေ လဲ ကော်ဖီ အတင်းတိုက်တယ်၊ မသောက်ပါရစေနဲ့ဆိုတာ မရဘူး၊ မုန့်လဲအတင်းကျွေးတယ်၊ ကဲ... မှားပြီးနေမှတော့ ကော်ဖီပဲသောက်မယ်၊ မုန့်တော့မဆာလို့ မစားပါရစေနဲ့ဆိုမရဘူး၊ ဘဲသားမုန့်ကို ကဲ... မစားဘဲ နေလို့မရအောင် ဆိုပြီး သူ့လက်ညှိုးနဲ့ ထိုးဖောက်ပစ်တယ်"
    ဤကား ဖိုးတင်ဆွေ၏ ငယ်ကျင့်ပင်။ မိတ်ဆွေသူငယ်ချင်းများနှင့် လက်ဖက်ရည်ဆိုင်မှာ ဆုံပြီ ဆိုလျှင် သည်လိုပဲ စားပွဲမှာ လာချတဲ့မုန့်တွေကို မစားဘဲ နေ၍မဖြစ်အောင် အားလုံး သည်လိုပဲ စားပွဲမှာ လာချ မုန့်တွေကို မစားပဲနေ၍မဖြစ်အောင် အားလုံး လက်ညှိုးနှင့်ထိုးဖောက်ပစ် တတ်သည်။ သဒ္ဓါတရား အလွန် ကောင်းသည်။ မနှမြော မတွန့်တို၊ အကျွေးအမွေး အပေးအကမ်း ရက်ရောသူဖြစ်၏။

    "သူ...အခု ဘယ်မှာနေသတဲ့လဲ၊ မေ မေးလိုက်သေးသလား။"
    "မေးစရာမလိုပါဘူး၊ သူ့ဟာသူပြောပါတယ်၊ ကန်တော်ကလေးမှာနေသတဲ့၊ သင်္ချာကျူ ရှင်ပေးသတဲ့၊ ကက်ဆက် ရေဒီယို ပြင်သတဲ့၊ မေတိုကအိမ်မှာပြင်စရာရှိရင် သူပြင်ပေးပါမယ်တဲ့၊ ဒါနဲ့ပြောလိုက်ရတယ်၊ အရင်တစ်လုံး နဲ့ပဲ တော်ပါပြီ ကိုတင်ဆွေရယ်လို့။"
ဖိုတင်ဆွေ နှင့် ကျွန်တော်သည် (၁၉၃၈-၃၉)ခုနှစ် ကြည့်မြင်တိုင် ဆရာဖြစ်သင်ကျောင်း မှာဆုံခဲ့ကြသည်။ သူက ပန်းတောင်းသား။ ကျွန်တော်က ပေါင်းတည်သား။ ကျောင်းဘော်ဒါမှာ အတူနေကြ၍ သူနှင့် ကျွန်တော် ဘယ်လောက်ချစ်ခင်ကြသနည်းဟုမူ ကျွန်တော့်နာမည်အရင်းက မောင်ကျင်မောင်ပါ။ သူ့နာမည် က မောင်တင်ဆွေ ရယ်ဟာကို ကျွန်တော်တို့ညီအစ်ကိုအရင်းလို နာမည်ဆင်အောင် ထိုစဉ်က တင်ငွေ၊ တင်ဖေ၊ တင်ဆွေဟူသော ရုပ်ရှင်မင်းသားတွေကလည်း ခေတ် စားနေ၍ ကျွန်တော့်နာမည်ကို မောင်ကြင်ဆွေ လုပ်ပစ်လိုက်ပါသည်။

ကျွန်တော်တို့နှစ်ယောက်သည် စိတ်ကြိုင်ချင်းလည်း တူညီကြသည်။ စာပေဆိုလျှင် စုံထောက်နှင့် စွန့်စားခန်း ၀တ္ထုများ၊ ရှပ်ရှင်ဆိုလျှင်အထိုးအသတ်များသော ဇာတ်ကားများ။ ထိုခေတ်က လက်သီးထိုး ကောင်းသော မင်းသားများ၊ ဂျိမ်းစ်ကက်ကနီ၊ ကလပ်ဂေဘယ်လ်၊ အယ်ရိုးဖလင်း၊ တိုင်ရုန်းပါဝါ စသည်ဖြင့် ၎င်းတို့ပါဝင်သော ဇာတ်ကားတွေကြည့်ကြည့်ပြီး ထိုမင်းသားတွေ ထိုးတာသတ်တာ အားကျ လှသဖြင့် ကျွန်တော်နှင့်သူ လက်သီးထိုးကျင့်ကြသည်။ လက်သီးတွေမာအောင် တန်းဘား ကွင်းဘား က စားကြသည်။ မေးရိုးတွေ အထိုးခံနိုင်ရန် လည်ပင်း မာဆယ်လ်တွေ တင်းမာအောင် ကျင့်ကြသည်။ တစ်ယောက် တစ်လဲ ထိုးကြခံကြသည်။

ထို့အပြင် ယင်းခေတ် က ရန်ကုန်တွင် နာမည်ကြီးသော သိုင်းဆရာကြီး ဘိုလောရှည် (ကုလား)ထံမှာ သိုင်းပညာ သင်ကြသည်။ ဤပညာဖြင့် သူတစ်ပါးကို နှိပ်စက်ကလူ မပြုပါး အားကြီး သူကအားနည်းသူကို အနိုင်ကျင့် နေတာတွေ့လျှင် ၀င်ရောက်ကူညီပါမည်ဟု ကတိပြုရတာပဲ။

ယင်းကတိကြောင့်ပေါ။ (၁၉၄၇)ခုနှစ်၊ ကျွန်တော် ကုန်သည်ဘ၀က ကသာ-မြစ်ကြီးနား၊ ရထားပေါ်မှာ မိန်းမထိန်း က ကောင်မလေးတစ်ယောက် အနိုင်ကျင့်နေတာတွေ့လို့ ကျွန်တော် ၀င် ကယ်တာ တကတဲ သူနဲ့ ကျွန်တော်ညားပြီး "ဆန်ဆုံစားကံကုန်သွား"ထိုသို့ ၀တ္ထုရခဲ့ပါရောလား ခင်ဗျာ၊ (အဲသည်ဝတ္ထု ဂျပန် လို ဘာသာပြန်၍ ကျွန်တော်တီဗီတစ်လုံး ရတယ်လေ)
ကျွန်တော်တို့နှစ်ယောက်က ကျောင်းမှာပေါ်ပြူလာဖြစ်ကြသည်။ အချောဆုံးလူများ လည်းဖြစ်ကြသည်။ ဖိုးတင်ဆွေ က အဲသည်ကျောင်းမှာ ကောင်မလေးတစ်ယောက်နှင့် ရည်းစား ဖြစ်သည်။ ဟာ၊ ဒါမလေး ဖိုးတင်ဆွေ က ပေးရကမ်းရ မနည်းပါလား။ တော်ကြာ လက်ကိုင်ပ၀ါ၊ တော်ကြာရေမွှေး၊ တော်ကြာ ပေါင်ဒါ၊ ရုပ်ရှင်ပြရတာကလည်း ရှိသေး၊ ဒါကြောင့် ကျွန်တော်က ရန်ကုန် သူ ရည်းစားထားရတာ စရိတ်ကြီး သည်ဟု ပြောခဲ့ခြင်းဖြစ်သည်။

ကျွန်တော်မှာတော့ နယ်ကရည်းစားနှစ်ယောက်ရှိသည်။ သူတို့မိဘများက ချမ်းသာကြ သဖြင့် သူတို့ ဆီက စာလာပြီဆိုလျှင် ဆယ်တန်(သို့မဟုတ်) အနည်းဆုံး ငါးကျပ်တန်တစ်ရွက် တော့ပါလာတတ်သည်။ ဤအခါ ကျွန်တော်နှင့် ဖိုးတင်ဆွေ မြို့ထဲတွင် မြာတွေ ရှိသော ဟိုတယ်ကို သွား၊ ဘီယာသောက် ခေါက်ဆွဲ စားကြသည်။
ထိုအင်္ဂလိပ်ခေတ်က ပုံမှန်ဈေး ခေါက်ဆွဲကြော်တစ်ခွက်က နှစ်ပဲ၊ စပါယ်ရှယ်ဆိုလျှင် သုံးပဲ၊ အဲ..ဟိုတယ်မှာ ငါးမူးတန် ခေါက်ဆွဲဆိုရင် ခုခေတ်ဟိုတယ်တွေက အစိတ်တန်လောက်ပဲ။ ဘဲဥ ပန်းကန်ကြီးနှင့် ကျွန်တော်တို့ နှစ်ယောက်တည်း မကုန်။ ဧည့်ခံကောင်မလေးတွေပါ ၀င်စား၊ ထိုခေတ် ဟိုတယ်မယ်လေး တွေက ချောမောလှပကြသည်။ သီးသန့်အခန်းကလေးတွေနှင့် ဖြစ်ရာ ကိုယ်ကြိုက်သော မိန်းကလေး ဖောက်သည် ထား၍ သမီးရည်းစားလုပ်တမ်းကစားကြသည်။ သူတို့အား တစ်မတ်ငါးမူး ဘောက်ဆူးပေး ရသည်။

အဲသည်တုန်းက ကျွန်တော်တို့က ဘီယာလောက်ပဲ သောက်နိုင်သေးသည်။ ဂျာမနီကလာ တဲ့ ဘီယာ အကောင်းစား Tenese တင်နင်စီ ခေါ် တံဆိပ်၊ ဟိုတယ်ဈေး တစ်ပုလင်းမှ တစ်ကျပ်တစ် ပဲရယ်၊ အဲသည် ဘီယာတစ်ယောက် တစ်ပုလင်းသောက်ပဲ၊ ကျွန်တော်တို့ထွေပြီး ကောင်မလေး တွေနဲ့ပွေပြီး ငွေ ငါးကျပ်တန်  တစ်ရွက်တောင် မကုန်ပါဘူးဗျာ။
ည(၁၁)နာရီ ဟိုတယ်ပိတ်တော့ ကြည့်မြင်တိုင်ကို ကျွန်တော်တို့ ဘာနဲ့ပြန်ကြသလဲ။ ဘီလေထိုးထားတဲ့ လန်ချား တဲ့ဗျ။ ဘီယာလေးထွေထွေနဲ့ အင်မတန် ဇိမ်ရှိတာ။၊ ကျွန်တော်တို့ နှစ်ယောက် ဘော်ဒါရှေ့ အရောက် မှ တစ်မတ်ပေးရတယ်။ ကဲ....ယုံပြီးလား။ ကုလားက သူ့နဖူး တဖျပ်ဖျပ် ဆလံရိုက် သွားလိုက်သေး။

ကျွန်တော်ဗေဒင်ဝါသနာ မပါဘဲနဲက ခဏခဏမေးရတဲ့အကြောင်း ပြောရဦးမယ်၊ ဖိုးတင်ဆွေ ရည်စားရဲ့ အဖေကြီး က နာမည်ရ ဗေဒင်ဆရာကြီးဗျ၊ သူတို့အိမ်ရှေ့မှာ ဆိုင်းဘုတ် ကြီးနဲ့။
အဲ....ဒါပေမယ့် အဘိုးကြီးက မျက်စိမမြင်ဘူး။ သည်တော့ ဖိုးတင်ဆွေကို ချိန်းတယ်၊ အဲသည်မှာ ကျွန်တော် က အဖော်လိုက်ရပြီး တစ်ယောက်တည်းလာတဲ့ပုံနဲ့ အိမ်ရှေ့ကတက်၊ အဘိုးကြီးလက်ထဲ ငွေတစ်ကျပ် လောက် လာဘ်တင်ပြီး ဗေဒင်မေးရပါရောခင်ဗျာ။ ဖိုးတင်ဆွေ ကတော့နောက်ဖေး ပေါက်က ၀င်ပြီး သူ့ရည်းစားနဲ့တွေ့သပေါ့။ နို့မဟုတ်ရင် အဘိုးကြီးက သူ့သမီးကို အနားကအခွာမခံဘူး။ အဲသည် လိုပဲ ကျွန်တော့်မှာ တစ်လ နှစ်ခါသုံးခါလောက် မွေးနေ့သက္ကရာဇ် အမျိုးမျိုးပြောပြီး ဗေဒင်မေးခဲ့ရပါသဗျာ။

ကျွန်တော့်ရည်းစားတစ်ယောက်နဲ့ ဖိုတင်ဆွေ တွေလိုက်ရတာကတော့ ကျွန်တော့် ရည်းစားက သူ့အဒေါ်များ နဲ့ ရန်ကုန်အလည်လိုက်လာခဲ့တယ်၊ အလုံဌာနာလမ်းမှာ တည်းကြ တယ်၊ သူ့အဒေါ်  များ ကလည်း ကျွန်တော့်ကို သဘောကျပြီးမို့ "မင်းရည်းစားပဲ၊ မင်းရန်ကုန်မှာ စုံအောင်ပြလိုက်ပါ ကွယ်"
သည်တော့ ဖိုးတင်ဆွေက ကျွန်တော့်တို့ ကိုယ်ရံတော်ပေါ့။ အဲသည်တုန်းက ကန်တော် ကြီးဟာ ခုထက်လည်း ရေများတယ်၊ လှေငှားတွေလည်း ရှိတယ်၊ တစ်နာရီမှ တစ်မတ်ပေးရတယ်၊ ဖိုးတင်ဆွေက မြစ်ကမ်းနား မှာရှိတဲ့ ပန်းတောင်းသားမို့ လှေပဲ့ကိုင်တတ်တယ်၊ ဒါကြောင့်......

    ကန်တော်ကြီးမှာ လှေစီး
    ဘုရားကြီးမှာတဲ့သစ္စာဆို
    တိရစ္ဆာန်ရုံမှာတော့
    ဣဋ္ဌာရုံတွေနှော.....။
    ကြည်ကြည်မွေ့ခဲ့တဲ့
    သည်နေ့တွေ ပြန်လို့တွေ့ရရင်
ဆွေးမြည့်သာမော.....ဆိုတဲ့ ကဗျာရခဲ့တာပေါ့ဗျာ။

ကျွန်တော်တို့ သမီးရည်းစားနှစ်ယောက်က ရန်ကုန်မှာ သုံးလေးရက်လောက် အဲသည်လို လည်ခဲ့ ကြတယ်။ အပြန်ကျတော့လည်း သူ့အဒေါ်များက ၀ါးနက်ချောင်းမှာ သုံးလေးရက်လောက် ကြာဦးမယ် ဆိုတာ နဲ့ ကျွန်တော်လည်း ၀ါးနက်ချောင်းလိုက်သွားသေးတယ်။

အဲသည်ဝါးနက်ချောင်းအိမ်နောက်ဖေးမှာ ခံပင်ရှိတယ်၊ သီးနေလိုက်တာ ပြွတ်လို့၊ ခံသီး ဟာစပျစ်သီးနဲ့ တော်တော်လေး ဆင်တယ်၊ အဲသည်တော့ ရန်ကုန်မှာတုန်းက ဖိုးတင်ဆွေက ကျွန်တော့်ရည်းစားကို စပျစ်သီးဝယ်ကျွေးခဲ့တာ သတိရပြီးတော့ သူကလေးက ခံသီးသုံးလေးလုံး အခိုင်တွေကို အပ်ချည် နဲ့တစ်ထောင်လောက်ရှည်တဲ့ စပျစ်သီးခိုင်ကြီးနဲ့ တူအောင်တွဲပြီး... ကိုကို့သူငယ်ချင်း ကိုတင်ဆွေကို ကျွန်မ က စပျစ်သီးလက်ဆောင် ပါးလိုက်ပါတယ်"ဆိုပြီး ကျွန်တာ့် ကိုပေးလိုက်သဗျ။

သြော်...အဲသည်တုန်းကပျော်လိုက်တာလေ.........
    စရစ်မြေ စိမ့်စမ်းနဲ့
    ချမ်းမြေ့မြေ့ရိပ်သာ
    လွမ်းဝေ့ဝေ့ဖြာသည်
    အတိတ်ခါခေတ်ဟောင်း.....။
    ပြန်ပြောင်းလို့
    တွေးလိုက်ပါလျှင်
    ဆွေးသိုက်ဝင်ပါတဲ့
    မြို့ဝါးနက်ချာင်း။
အဲသည် တုန်းကကျွန်တော့်ရည်းစားလေးက (၁၅)နှစ်။ ကျွန်တော်က (၁၉)နှစ် ဆိုတော့ အခုမေက (၄)နှစ်သမီး ရှိဦးမှာပေါ့။ ကိုတင်ဆွေ မေ့ကိုပြောခဲ့တာတွေဟာ အဲဒါတွေ နေမှာပေါ့။
    နှစ်ပေါင်းလေးဆယ်ကျော်ကအကြောင်းတွေ။

ဆရာဖြစ်သင်ဆိုသည်မှာ  တစ်နှစ်မျှသာ ဖြစ်ပေရာ စာမေးပွဲပြီး သောအခါ၌ အားလုံးသော ကျောင်းသား တွေ ကိုယ့်နေရပ်အသီးသီး ပြန်ကုန်ကြသတည်း။ ကျောင်းဆရာတွေ ဖြစ်ကုန်ကြ သတည်း။
ဖိုးတင်ဆွေ နှင့် ကျွန်တော်တို့ကား အလုပ်ခွင် မ၀င်ကြသေးပေ။

ကျွန်တော်တို့မှာ မြန်မာလို(၁၀) တန်းအောင်ပြီးကြသော်လည်း အင်္ဂလိပ်စာတစ်လုံးမျှ မတတ် သဖြင့် ကိုယ် ကိုယ့် ကိုယ် မကျေနပ်ကြ။ အင်္ဂလိပ်စာမတတ်လျှင် လူရာမ၀င်မှန်း ရန်ကုန်ရောက်မှ သိကြပြီး ကျွန်တော်တို့ နှစ်ယောက် တိုင်ပင်ကာ မိဘများထံ ခွင့်ပန်၍ ရန်ကုန်မှာ အင်္ဂလိပ်စာအလွတ် ပညာသင် ကျောင်း တက်ကြလေ၏။
မြန်မာစာ ဆယ်တန်းအောင်ပြီးသူတွေမှာ အင်္ဂလိပ်တစ်ဘာသာပဲ ဖြေရမည်။ ထိုစာမေးပွဲ အောင်လျှင်ကောလိပ် ဆက်တက်မည်။ ကျွန်တော်တို့ မိဘများလည်း တောမှာလယ်ပိုင်ရှင် များဖြစ်ကြ၍ တက္ကသိုလ် ပညာ ကို ပေးနိုင်ပါသည်။

သို့သော် (၁၉၄၁) ခုနှစ်၊ ဒုတိယကမ္ဘာစစ်ကြီးဖြစ်၍ ရန်ကုန်မြို့ကြီးပျက်စီးပြီး သူငယ်ချင်းနှစ် ယောက် ကိုယ့် မိဘရပ်ထံ အသီးသီး ပြန်ရကာ လူချင်း ကွဲကွာသွားကြသတည်း။ ဂျပန်ခေတ် တစ်ခေတ်လုံး မတွေ့ကြတော့။

(၁၉၄၈) ခုနှစ် မြန်မာပြည်လွတ်လပ်ရေး ရပြီးသောအခါ၌ ကျွန်တော်က စာရေးဆရာ အဖြစ်နှင့် လည်းကောင်း  ဖိုးတင်ဆွေက ကုန်သည်အဖြစ်နှင့်လည်းကောင်း သူငယ်ချင်းနှစ်ယောက်  ရန်ကုန်မှာ ပြန်လည် ဆုံတွေ့ကြရပြန်သည်။ အသီးသီး အိမ်ထောင်တွေနှင့်ဖြစ်ကြပြီး သူက ဘိုကလေး ဈေးလမ်းမှာနေသည်။ သူ့ကုန်တိုက်ကြီးက ဘုရားလမ်း၊ သိမ်ကြီးဈေးအနီးမှာ မြန်မာ့ ရောင်းဝယ်ရေး ကုမ္ပဏီ မည်သော ဆိုင်းဘုတ်ကြီးနှင့် တော်တော်ကြီးကျယ်ခမ်းနား ပါပေသည်။ သူ့အစ်ကို ကိုထွန်းရွှေ ကလည်း ပန်းတောင်းမြို့နယ်၊ ဖဆပလအမတ်ဖြစ်နေတော့ သွင်းကုန် ထုတ်ကုန် လိုင်စင်တွေ ဘာတွေနဲ့ ဖိုးတင်ဆွေကောင်းစားနေသပေါ့။ အဲသည်အချိန်က ခေတ်အစား ဆုံးအကောင်းဆုံးဖြစ်တဲ့ စတူဒီဘေကာ ကား နှင့် ကိုယ့်လူ ကြီးပွားနေလိုက်တာလေ။ သူ့ဆီများ ကျွန်တော်သွားရင် ၀ီစကီနှင့် ကြက်ကင် တစ်ကောင် တော့ သူခိုင်းတဲ့ကုလားလေး ကို ပြေးဆွဲခိုင်း တော့တာပဲ။

တစ်ခါ သူ ကျွန်တော့်ကို စိတ်ဆိုးပြီး ၀မ်းနည်းစကားပြောလိုက်တာလေ။ အဲသည်တုန်းက ကျွန်တော် ကလည်း စာရေးဆရာဖြစ်စ ဘိုင်ကျကျမို့ ‘သူငယ်ချင်းရယ် ငွေတစ်ရာလောက်ချေးပါ’ ပြောမိတာနဲ့၊ ဟင် ဖိုးကြင်ဆွေ… ကိုယ့်ကို ဟိုတုန်းကလို မချစ်တော့လို့ (ချေးပါ) ဆိုတဲ့စကား ပြောတာလား ကွယ်၊ တို့ ငယ်ငယ်တုန်းက တစ်ယောက်အိတ်ထဲက ပိုက်ဆံ တစ်ယောက်မပြောဘဲနဲ့ နှိုက်သုံးနေကြတာပဲ။ ကဲ.. အခု တစ်ရာ မဟုတ်ဘူး၊ ဟောဒီမှာ လိုချင်သလောက် ယူသွားစမ်း“ သူ့ငွေထားတဲ့ စားပွဲကြီး ဆွဲဖွင့် ပေးတယ်။
သို့သော် သင်္ခါရတရားသည် လောကကို ကလူကျီစယ်ပြု၏။ သုံးလေးနှစ် ကြားသော်အခါ ဖိုးတင်ဆွေ၏။ ကုန်တိုက်ကြီး ပြုတ်စကီးပြသွား၏။

သူ၏ပါတနာက နွှာသွားလို့ ဆိုလားပဲ။ သူ့ စတူဒီဘေကာ ကားသည် ဂျစ်ကားဖြစ်သွား၏။ နောက် ဂျစ်ကား က မော်တော်ဆိုင်ကယ်ဖြစ်သွားပြန်၏။ အဲသည်အချိန်မှာ သူက ကန်ထရိုက်တာလုပ် သတဲ့။ အသက်အာမခံ ကိုယ်စားလှယ်လုပ်သတဲ့။ အဲ,နောက်တော့ ရန်ကုန်မြို့ပေါ်မှာ အခြေမစိုက် နိုင်တော့ဘူး။ သူ့ဇာတိ ဌာန ပန်းတောင်းမြေပြန်ပြီး ဘီအိုစီဓာတ်ဆီ ကိုယ်စားလှယ် လုပ်သတဲ့။ ကန်တူးငါးမွေးသတဲ့။ ဥစားကြက် တွေ မွေးသတဲ့။ သူ့မှာ ငွေကြေးတော့ဆင်းရဲ မသွားပါဘူး။ မကြာခဏ ရန်ကုန်ကို အသက် အာမခံ ပရီမီယံ ကြေးငွေတွေသွင်းရန်လည်းကောင်း၊ ဘီအိုစီက ဓာတ်ဆီဖိုးငွေ ပေးသွင်းရန်လည်းကောင်း ရောက် ရောက်လာ၏။ ရောက်လေတိုင်း ကျွန်တော့်အိမ် ကိုလာ၏။

သို့သော် ကျွန်တော့်သူငယ်ချင်းမှာ အသက်ကြီးလေ ထူးခြားလာလေ ဖြစ်လာတာက စကားအလွန် များခြင်း နှင့် သတိမေ့တတ်လာခြင်းပဲ။ တစ်ခါတစ်ရံ သူရန်ကုန်ကို ငွေသွင်းရအောင် လာရင်းနဲ့ ငွေထုပ် မေ့ကျန်ခဲ့လို့ ပန်းတောင်းတစ်ခေါက် ပြန်ရခြင်းတွေလည်း ရှိရဲ့။
သူ မေ့တတ်ပုံကို ကျွန်တော်သတိရတာက (၁၉၅၀) ခုနှစ်လောက်ကပဲ။ အဲသည်တုန်းက သူတို့အိမ် ထောင်စု နေတာ ရန်ကုန်ဘိုကလေးဈေးလမ်းမှာ။ တစ်နေ့သူ့အိမ်မှာ ကျွန်တော် သူနဲ့အတူ ထမင် စားတယ်၊ ငါးဟင်းနဲ့။ သူဟာ ငါးကိုအင်မတန်ကြိုက်တဲ့သူ။

ထမင်းစားပြီးတော့ သူ့မိန်းမကို ဘာပြောသလဲဆိုရင်….
"ဟေ…နက်ဖြန်ခါလဲ ငါးဟင်းချက်ပါဦးကွ"..တဲ့။
သည်တော့ သူ့မိန်းမက….
"တော်…ထမင်းစားပြီးတိုင်း ထမင်းစားပြီးတိုင်း ဒီစကားပြောတာ အကြိမ်ပေါင်း မရေတွက်နိုင် တော့ဘူး"
သည်တော့ သူက "ဟေ…ဟုတ်ရဲ့လားကွ" တဲ့။
တစ်ခါက လည်း ၁၉၇၀ခုနှစ်လောက်က ထင်ပါရဲ့ သူ ကျွန်တော့် အိမ် ရေးကြီးသုတ်ပျာ ရောက်လာပြီး တွေ့တွေ့ခိင်း မေးလိုက်တာက..... ဟေ့ ဖိုးကြင်ဆွေ ကိုယ့် သား မောင်တုတ်ကြီး နာမည် ဘယ်သူလဲကွ တဲ့ ....
ကဲ….မိတ်ဆွေ စဉ်းစားကြည့်ပါ။
သည်မေးခွန်းကို ကျွန်တော်ဘယ်လို ဖြေရမလဲ။

"ဟေ…ကိုရင့်သား မောင်တုတ်ကြီးဟာ မောင်တုတ်ကြီးပဲပေါ့"
သည်တော့ သူကညည်း ညည်း ညူညူ….
"မဟုတ်ဘူးကွ၊ အဲဒါက တို့အိမ်မှာ ခေါ်တဲ့နာမည်၊ သူ့ကျောင်းမှာ ခေါ်တာက နာမည်တစ်မျိုး"
"ကိုရင့်သားက ဘယ်ကျောင်းမှာ နေလို့လဲ"
"ဟောဒီ ရန်ကုန်က ဆေးကျောင်းအမှတ်တစ်မှာ၊ အဲဒါကိုယ်သူ့ကို ၀င်တွေ့မလို့ကွ၊ အဲ… သူ့ ကျောင်းနာမည် မေ့နေတော့ ဘယ်သူ့ကို ဘယ်လိုမေးရမလဲ မသိတော့ဘူး၊ အဲဒါ ကိုရင်များ သူ့နာမည် သိမလားလို့"
"နေစမ်းပါဦး၊ ကိုရင့်သားနာမည် ကျုပ်သိရအောင် ကျုပ်ကရန်ကုန်မှာနေတယ်၊ ကိုရင်တို့ အိမ်ထောင်စုက ပန်းတောင်းမှာ နေတယ်၊ ကိုရင့်သားကို ကျုပ်အိမ်ခေါ်ခဲ့ဖူးသလား၊ ကျုပ်တွေ့ဖူး သလား"
သည်တော့မှ သူက….

"အေး…ဟုတ်တယ် ဖိုးကြင်ဆွေမှ သူ့ကို မတွေ့ဖူးတာဘဲ"
"ကဲ…ဒီတော့ ဖိုးတင်ဆွေ၊ ကိုရင့်သားကို မြင်တော့ မှတ်မိမယ်မဟုတ်လား"
"ဟာ..ဒါတော့ ကိုယ့်သားအရင်းကြီးပဲကွာ"
"ကဲ..ဒီတော့ ကျောင်းအဆင်းမှာ ကျောင်းပေါက်ဝက စောင့်ကြည့်နေ၊ မြင်တာနဲ့ ဘာနာမည်မှ ခေါ်မနေနဲ့တော့၊ လက်သာ အတင်းလိုက်ဆွဲပေတော့၊ ကဲ…သွားသွား…လေးနာရီထိုးတော့မယ်"
သူထိုင်ရာမှ ထပြီး အိမ်ပေါ်ထပ် မော့်ကြည့်ရင်း"မေကော…မေ၊ ဒေါ်မေ ဘာဟင်းချက်လဲ၊ ငါးဟင်း ချက်စမ်းပါ" အော်ပြောနေပြန်၏။
အိမ်ပေါ်မှာ ဘာသံမျှ မကြား၍ ကျွန်တော်က…

"မေ မရှိဘူးထင်တယ်"၊ အိမ်ပေါ်တက်ပြီး လေပန်း၍ သူ့သားသူမေ့သွားမှာစိုးသဖြင့် " ကဲ..သွား၊ ကျောင်းဆင်းခါနီးနေပြီ"
အမှန်တော့ မေအိမ်ပေါ်မှာရှိ၏။ သူ့အားလန့်နေ၍ အသံမပြုဘဲ နေခြင်းဖြစ်၏။
တစ်ခါက သူလုပ်သွားပုံလည်း ကြည့်ဦးလေ။
မေနဲ့ ကျွန်တော်ညားစက (၆၀၀)ကျပ်နဲ့ ၀ယ်ထားတဲ့ ဖိလစ်ရေဒီယိုကလေးပါ။ ဆယ်နှစ်ကျော် ကြာတော့ ဒါလေးက ပျက်လိုက်ပြင်လိုက်ဖြစ်နေတယ်။
တစ်ခါ သူကျွန်တော့်အိမ်ရောက်လာတော့ သည်ရေဒီယိုလေးက ပျက်နေတယ်။

အဲသည်အချိန်မှာ အသက်အာမခံလုပ်ငန်းရော၊ ဘီအိုစီကုမ္ပဏီရော ပြည်သူပိုင်သိမ်းပြီး ဖိုးတင်ဆွေ မှာ ဥစားကြက်နဲ့ ငါးမွေးမြူရေး ပဲ ကျန်တော့သူ ပန်းတောင်းမှာ ရေဒီယိုပြင်ဆရာ လုပ်နေသတဲ့။
ဒါနဲ့ ကျွန်တော်တို့ ရေဒီယိုလေးပြင်ပေးမယ်ဆိုပြီး ယူသွားပါရောဗျာ။
တော်တော်နဲ့ မလာဘူး။
တစ်နှစ်လောက်ကြာမှ သူပေါက်လာတယ်။
ရေဒီယိုပါမလာဘူး။

ကျွန်တော်တို့က မေးတော့မှ သူ့နဖူး သူလက်ဝါးနဲ့ ဖြန်းခနဲရိုက်လိုက်ပြီး… "ဟိုက် ..ဟုတ်ပြီ.. ဟုတ်ပြီ"… တဲ့။
"ဘာဟုတ်တာလဲ ကိုယ့်လူရဲ့"
ကျွန်တော်က မေးတော့….
"ဖိလစ် ရေဒီယိုမဟုတ်လား၊ အငယ်စား လေ"
"ဟုတ်ပါသဗျာ"
"ဟာ….အဲဒါလေး ကိုယ်ပြင်ပြီးတော့  ဥစ္စာရှင်လာရွေးဖို့ မျှော်နေတာလေ၊ ဘယ်ကမှ မလာဘူး၊ အနီး ပတ်ဝန်းကျင် မေးလို့လဲ ဥစ္စာရှင် မပေါ်ဘူး၊ ဒါနဲ့ ခြောက်လကြာတော့ ဒါပိုင်ရှင်မဲ့ ပံ့သကူဆိုပြီး ဘုန်းကြီးကျောင်း လှူပစ်လိုက်တယ်ကွာ၊ ထူးပါဘူး… သာဓုသာခေါ်ပေတော့တဲ့"

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

Saturday, January 21, 2012

သော်တာဆွေ ၏ တောဘဲကလေး တွေ ချစ်စရာ (စ-ဆုံး)

တောဘဲကလေးတွေချစ်စရာ

    ပြာမှောင်မှောင် ခိုမင်းအသွေးရယ်နဲ့
    ရွာမယောင် မိုးဆင်လို့ပေးပြန်တော့
    ပျိုးပင်ကလေးတွေ စိမ်းလဲ့ကြည်။
    ဓနိတောမှာလေ ငါးပိ ပေါသနဲ့
    မိချောထဘီ ရေတွေစိုလို့
    စိန်ရွှေကို ပျိုမမက်ပါဘူး
   
    ဓနိတောမှာလေ ငါးပိ ပေါသနဲ့
    မိချောထဘီ ရေတွေစိုလို့
    စိန်ရွှေကို ပျိုမမက်ပါဘူး
   
   ဣနြေ္ဒနဂိုအရှက်ကို ဖုံးဝှက်လို့ငို။
    အာလူးကြော် အညှီတစ်ပွဲရယ်နဲ့
    ငါမူးပြီးနော် အတည်ဆဲမိလိမ့်....
    ဟေ့.... ဒီငနဲက သောက်လေကွာ
    နောက်တစ်ခါဖြင့် ၀ီစကီတစ်လုံး။

ထွေးလုံးသည် တကြော်ကြော် အော်၍နေလေရာ၊ သူ့အမေဒေါ်သန်းရွှေက "ဟဲ့သား ...ဘာတွေ ပေါက်ကရ လျှောက်ဆိုနေတာလဲ"
ထွေးလုံး မှာ သူ့ဘဲကလေး(၁၀)ကောင်နှင့် သိပ်ပျော်နေသည်။
မိုးရာသီ သူတို့ခြံထဲ မြေစိုစိုမှာ တီကျစ်စာပုံတွေ တူးဆွ၍ သူ့ဘဲကလေးများအား တီကောင်တွေ ကျွေးနေ လေသည်။
ဝမ်းဘဲ တို့မည်သည် တီကောင်ကို အကြိုက်ဆုံးဖြစ်၏

တစ်ချက်တူးလိုက်၊ တီကောင်တွေ ပေါ်လာလိုက်၊ ဝမ်းဘဲကလေးတွေ တွီစလီ၊ တွီစလီ မြည်လျက် လုစားလိုက်။ သူတို့နှုတ်သီးလေးတွေ တူရွင်းနှင့်မထိအောင် မနည်းသတိထားရသည်။ ထွေးလုံး သည် ပျော်လွန် လွန်း၍ သူ့နှုတ်ထဲ ရရာတွေ လျှောက်ဆိုနေသည်။ မအေလည်း သူ့သားလှမ်း ကြည့်၍ စိတ်ထဲကျေနပ် အားရလျက်....
"ဒီ မဟုတ်တရုတ်သီချင်းတွေ မင်းဘယ်က ရလာတာလဲကွ"
"သြော် အမေကလဲ အရက်ဆရာ ဦးဦးသော်တာ သူမူးရင် အရပ်ထဲ အော်အော်ဆိုသွားတာ ကြားရ ဖန် များလို့ တချို့တစ်ဝက် ကျွန်တော်ရနေတာအမေရဲ့"
ဒေါ်သန်းရွှေသည် နောက်ဖေးကြမ်းပြင်မှာ ပန်းကန်ဆေးရင်း....
"အရက်သမား သီချင်းတွေဟယ်"

စင်စစ် သီချင်းမဟုတ်ပေ။ ရှေးခေတ် ဒဂုန်မဂ္ဂဇင်းကြီးထဲတွင် ဆရာ ဒဂုန်နတ်ရှင်က 'ပါနောက်'အ မည်နှင့် ရေး ခဲ့သော ဟာသလေးချိုးတွေထဲမှ ဟိုတစ်ပိုဒ် သည်တစ်ပိုဒ်ဖြစ်သည်။
ထိုအချိန်က ဆယ့်လေးငါးနှစ်မျှ ရှိခဲ့သော မောင်သော်တာလေးက အလွတ်ကျက်မှတ်ခဲ့ရာ ယခု အသက် (၆၀)ကျော် ပင်စင်ရ ကျောင်းဆရာကြီး ဦးသော်တာက အရက်မူးရင်း ဆိုလေ့ရှိသဖြင့် အ ရက်သမား သီချင်း ဟု မအေက ပြောသည်ကို ထွေးလုံးက တယ်ပြီး မကျေနပ်လှ။
"ဆိုလို့တော့ ကောင်းတာပဲ အမေရယ် "
"ကဲ  ကဲ ဒါဖြင့် ဆိုတော်မူပါရှင် ပါးစပ်ကဆိုရင်း လက်က တူးနေတော့ ဘဲကလေးတွေ ခေါင်းလဲ ထိမိခိုက်မိနေဦးမယ်၊ သြော်... ဒါနဲ့သားရေ... မင်းဘဲလေးတွေ တီကောင်တွေ ကျွေးပြီးရင် ညိုမနဲ့ ကြန်စုံတို့ သားအမိကို သွားပြီး မောင်းတိုင်ရွှေ့ခိုင်းလိုက်ဦး "
"ဟုတ်ကဲ့ အမေ "
"နောက်ပြီး အင်းထဲက ကန်စွန်းရွက်ညွန့်ကလေးများလဲ ခူးခဲ့ပါကွယ် "
"ဟုတ်ကဲ့ အမေ၊ ကျွန်တော့် ငါ့လူးတွင်းတွေက ငါးရချင်လဲ ရဦးမှာ "

ထွေးလုံးသည် (၁၁)နှစ်အရွယ် (၅)တန်း ကျောင်းသားကလေး ဖြစ်၏။ သူတို့ရွာကျောင်းမှ မူလ တန်း အောင်ပြီးနောက် နှစ်မိုင်မျှဝေးသော မြို့ပေါ်ရှိ အထက်တန်းကျောင်းသို့ ပြောင်းခဲ့ရသည်။ ထွေးလုံး၏ အမေ ဒေါ်သန်းရွှေနှင့်အဖေ ဦးထွန်းစိန်က ကျရာအလုပ်ကို လုပ်၏။
ဒေါ်သန်းရွှေက ရွာမှထွက်သော ဟင်းသီးဟင်းရွက်များကို နေ့စဉ်မြို့ပေါ်သို့ သွားရောင်းလေ့ရှိ၏။ သို့ဖြင့် သူတို့ ချွေချွေတာတာ စုစုဆောင်းဆောင်း လုပ်ခဲ့ရာ နွားမတစ်ကောင်ဝယ်၍ မွေးနိုင်ခဲ့၏။ ညိုမဟု နာမည်ပင် ပေးသည်။

ညိုမ ဇီးနှင့် အရင့်အမာရှိသော တစ်နေ့၌ ထွေးလုံး ညနေကျောင်းက ပြန်အလာတွင်  "သားရေ.... ညိုမ ကိုသွားရှာချေဦး၊ သူ့မှာ မွေးခါနီးနေပြီ ကောင်မက မြက်နုက ကြိုက်ပါဘိသနဲ့ မတော်တဆ အင်းစပ်ထဲက နွံထဲ မွေးနေမှဖြင့် နွားကလေးနစ်နေမှာ စိုးတယ်"
ထွေးလုံးသည် သူတို့ရွာအနီးက ရွှေကြာအင်းဆီသို့ ဒိုင်းစိုင်းခဲ့လေ၏။ အင်းစပ်က တောင်ကမူစာ ရောက်သောအခါ မြက်နုကလေးတွေ တစ်ဝကြီးစားပြီး ကိုယ်ဝန်အရင့်အမာနှင့် မြက်ခင်းပေါ် တစောင်းလှဲကာ ခေါင်းထောင်၍ ပါးစပ်တလှုပ်လှုပ်နှင့် စားမြုံ့ပြန်နေသော ညိုမကို လှမ်းမြင်ရ သည်နှင့် လက်ထဲ ရှိ တုတ်ကလေးကို ဝှေ့ယမ်းလျက် တအားပြေးဆင်းသွားလေ၏။
တောင်ကမူစာခြေရင်းရောက်သော် သူ့ခေါင်းပေါ်မှာ တဖျပ်ဖျပ် တောင်ပံခတ်သံ ကြားရသော ကြောင့် အသာ မော့ကြည့်လိုက်တော့ လားလား တောဘဲငန်းဖြူကြီးတစ်ကောင် တောင်ပံမှာ ခရမ်း ရောင်မှန်ကူကွက် နှင့် လှလိုက်တဲ့ဖြစ်ခြင်း၊ ထွေးလုံးသည် ထိုဝမ်းဘဲကို တအံ့တသြ ငေးမောကြည့် ရှုနေစဉ် ဝမ်းဘဲ က အင်းလက်တက်ဖြစ်သော ချောင်းရိုးတစ်လျှေက် ပျံသွားပြီး အင်းစပ်ရှိ ကိုင်း တော်ပေါ် အရောက်တွင် သုံးလေးပတ် လှည့်၍ဝဲသည်။

ထို့နောက် ကိုင်းပင်များအကြားသို့ ထိုးဆင်းသွား၏။
တိရစ္ဆာန်ကို ချစ်ခင်နှစ်သက်တတ်သော ထွေးလုံးသည် ယင်းဝမ်းဘဲကို အနီးကပ်မြင်လိုစိတ် ပေါ် လာသောကြောင့် ချောင်းရိုးအတိုင်း အင်းစပ်ကိုင်းတောရှိရာသို့ ခြေဖွဖွကလေးနင်းကာ သွားလေ၏ မိုးဦး ကျသည်မှာ သိပ်ကြာသေးသည် မဟုတ်သောကြောင့် ချောင်းကလေးသည် ရေက သူ့ခြေသ လုံးဝက်မျှသာ ရှိသေးသည်။ ကိုင်းတောအနီးရောက်လျှင် သူသည် ချောင်းထဲဆင်းကာ ခါးကို ကုန်း ၍ ကုန်း၍ ဖြည်းဖြည်းချင်း လှမ်းကာ ကိုင်းတောချုံပုတ်များအတွင်းသို့ မျက်စိကစားရင်း အခုန ဝမ်းဘဲကြီးကို ရှာသည်။ ချောင်းကွေ့တစ်နေရာ၌ သူသည် ရုတ်တရက် နွံဗွက်အိုင်လေးတစ်ခုကို နင်းမိ၍ စွပ်ခနဲ ဒူးဆစ် ထိ ဝင်သွားသည်၌ လဆာကလေးတစ်လစ်ထုတ်မိကာ ခေါင်းနားပန်းကြီး သွားလေသည်။

မတော်တဆ သည်အသံကို ဝမ်းဘဲများ ကြားသွား၍ ထပျံပြေလေမလားပေါ့
သို့သော် တော်ပါသေး၏။ ဝမ်းဘဲ ထပျံသည် မမြင်ရ။ ထို့နောက် သူ့ခြေထောက်ကို နွံထဲမှ ဆွဲထုတ် ကာ တစ်လှမ်းချင်း ချွတ်နင်းလျှောက်ရင်း ကိုင်းပင်များ ချုံပုတ်များကို အသာဖြဲကာ ဖြဲကာ ချောင်း ကြည့်ခဲ့ရာ လေးငါးကိုက်မျှ သွားမိလျှင် ဆင်ငိုမြက်ကြီးများ ဝန်းရံလျက်ရှိသော မြက်ခြောက်သစ် ရွက်ခြောက်များ ပေါ်၌ ကျကျနန ဝပ်နေသော ဝမ်းဘဲမကို တွေ့ရလေ၏။ ဝမ်းဘဲမသည် ဖြူဖွေးနေ သော သူ့အမွေးအတောင် များကို နှုတ်သီးဖြင့် ထိုးဆွကာ သူ့ကိုယ်သူ သနေသည်။ ဦးခေါင်းကို ရှေ့ တိုး နောက်ငင် လုပ်ကာ ဟန်ရေးပြနေသည်။ ထွေးလုံးမှာ ပီတိဖြာနေ၏။
နောက်တစ်ခဏ အကြာ၌ ဝမ်းဘဲမသည် ဝပ်နေရာမှ ဖြုန်းခနဲထကာ တစ်ဟုန်ထိုး ပျံတက်သွား လေ သည်။

သူသည် လှုပ်ရှားသမှု မပြုဝံ့သေး။ ဝမ်းဘဲမသည် အပေါ်မှနေ၍ သူ့ဝပ်ကျင်းရှိရာကို သုံးလေးပတ်မျှ ပါးစပ် က ဂတ်ဂတ်ဂီးအော်မြည်လျက် ဝဲပျံပြီနောက် သူ့လာလမ်းအတိုင်း ပျံသွားလေ၏။ အောက်က ချောင်းကြည့် နေသော ထွေးလုံးမှာ ဝမ်းဘဲမ သူ့မျက်စိတစ်ဆုံး ရောက်သွားတော့မှ အသက်ရှူ ဖြောင့်လျက် တဒိတ် ဒိတ်ခုန်နေသောရင်ဖြင့် ဝမ်းဘဲမ အသိုက်ရှိရာသို့ ခပ်သွက်သွက် သွားလေ၏။
ဟာ... ဆင်ငိုမြက်ဖုတ်အလယ်မှာ ကိုင်းရွက်ခြောက်တွေ၊ ဘဲမွေးတွေအပုံကြီး ၎င်းကို ဖြဲကြည့်လိုက် တော့ ထွေးလုံး ဝမ်းသာလိုက်တဲ့ ဖြစ်ခြင်း။ ဝမ်းဘဲဥပြာပြာကြီးတွေ ငါးလုံး၊ အပေါ်ဆုံးတစ်လုံး လက်နဲ့ အသာ ကိုင်ကြည့်လိုက်တော့ ပူပူနွေးနွေးရှိသေး။ ခုနကလေးမှ ဥခဲ့တာကိုး။

ထိုစဉ် ထွေးလုံး စိတ်ထဲဝယ် အကြံတစ်ခု ဒိုင်းခနဲ ရောက်လာသဖြင့် ဥတွေကို မူလအတိုင်း ဖြစ် အောင် ဘဲမွေး တို့ဖြင့် ပြန်ဖုံးလိုက်ပြီး သူ့စိတ်ကူးနှင့် သူ အလွန်ပီတိဖြစ်လျက် သူ့လာလမ်းအတိုင်း ပြန်ခဲ့ကာ ညိုမ ကို အိမ်သို့ ပြန်မောင်းခဲ့လေ၏။
ထွေးလုံးတွင် အချစ်ဆုံးသူငယ်ချင်း သူ့ထက် နှစ်နှစ်ကြီးသော ခုနှစ်တန်းကျောင်းသားကြီး ဂွေးနီ မည် သော လူငယ်ရှိ၏။ ထွေးလုံးက သူတွေ့ထားသော ဝမ်းဘဲမအသိုက်နှင့် သူ့ဆန္ဒပြောသော အခါ  "အေး မင်းဘဲဥလေးတွေ လိုချင်တယ်ဆိုရင် မင်းဒီဘဲသိုက်တွေ့ထားတာကို ဘဲမကြီးမသိစေနဲ့ ဝမ်းဘဲ ထုံးစံ ဆယ့်လေးငါးလုံး ဥပြီးရင် ဝပ်လိမ့်မယ်။ သီတင်းလေးပတ် (၂၈)ရက်ကြာတော့ အကောင်လေး တွေပေါက်မယ်၊ ဒီတော့ တို့ သူ့အမေကြီးပါ သွားဖမ်းယူမယ် "
"ဘဲမကြီး က အဖမ်းခံပါ့မလား၊ ထွက်မပြေးဘူးလား "
"သူ့ကလေးတွေ ချစ်တဲ့ဇောနဲ့ ထွက်မပြေးတဲ့အပြင်မင်းကိုတောင် သူ့နှုတ်သီးနဲ့ ဆွဲလိမ့်ဦးမယ်ကွာ "

သို့သော် ကြေကွဲဖွဝ်ရာကား ဘဲမကြီး ဥတစ်ဆယ့်နှစ်လုံးမြောက်ဥပြီးသော နောက်တစ်နေ့၌ မြို့မှ ရွှေကြာအင်း သို့ ပျော်ပွဲစားထွက်လာကြသော လူတွေလက်ချက်နှင့် သေနတ်မှတ်၍ သေဆုံးသွား၏ နေ့စဉ် ဘဲမကြီး သည် ထိုနေ့၌  ဘဲမကြီးမလာတော့သည်နှင့် မနေ့က တနင်္ဂနွေမှာ မြို့ကြီးသားတွေ သေနတ်နှင့် ပျော်ပွဲစား လာကြသည်ကို ဆက်နွယ်ကြည့်ခြင်းအားဖြင့် ဘဲမကြီး ကံကြမ္မာ သိလေပြီ။
ထွေးလုံး သည် ထိုအကြောင်းကို ဂွေးနီနှင့် ဆွေးနွေးသောအခါ သူတို့အိမ်မှာ ကြက်ဘဲများ မွေးမြူ သည်ဖြစ်၍ ထိုတိရစ္ဆာန်တို့အကြောင်း သိနေသော ဂွေးနီက ...ဟေ့ ... ထွေးလုံး မင်းဒီဘဲဥတွေ စားပစ် ချင်သလား၊ ဒါမှမဟုတ် ဘဲကလေးတွေ မွေးချင်သလား "

"ဟာ ငါ ဘဲကလေးတွေ သိပ်မွေးချင်တယ်ကွာ"
"ဒါဖြင့် ဒီလိုလုပ် ငါတို့အိမ် မှာ နေမကောင်းတဲ့ ငါ့ညီမလေးကို နေ့တိုင်း ကြက်ဥတစ်လုံး ကျွေးနေရလို့ ဥတွေ ကုန်ပြီ ဝပ်ချင်နေတဲ့ ကြက်မရှိနေတယ်၊ အဲဒီတော့ မင်းဘဲဥတွေကို ငါတို့ ကြက်မဥကျင်းထဲ ယူထည့်၊ ပေါက်တော့ရင် ဘဲကလေးတွေ မင်းအိမ်ယူသွား"
ယင်းသို့ဖြင့် ထွေလုံးတို့အိမ်က ညိုမက သူ့သားကလေး ကြန်စုံမွေးဖွားပြီး သုံးပတ်မျှအကြာတွင် ထွေးလုံး ၏ တောဘဲဆယ့်နှစ်လုံးသည် ဘဲကလေးဆယ်ကောင် ပေါက်သဖြင့် သူ့အိမ်သို့ ယူဆောင် ခဲ့လေ၏။
ဤနည်းဖြင့် အမိမဲ့ဘဲကလေးများအား မွေးစားအဖေလုပ်ခဲ့သော ထွေးလုံးမှာ သူ့ဘဲကလေးဆယ် ကောင်နှင့် ပျော်လှသည်။ နောက်ပြီး သူတို့အိမ်မှာ မိခင်နွားမကြီး ညိုမနှင့် သားကြန်စံကလည်း ရှိ နေသည်။ ယခု ကြန်စုံက နှစ်လသားရှိပြီ။ ဘဲကလေးတွေက တစ်လကျော်ကျော်လောက် ရှိပြီ။ အထီးအမ တော့ ခွဲမရသေး။

ထွေးလုံးသည် ထိုဘဲလေးများအား တီကောင် ဝလောက်အောင် ကျွေးခဲ့ပြီးနောက် ဓားမတိုလေး တစ်ချောင်း ခါးထိုးပြီး အိမ်မှ ထွက်လာခဲ့သည်။ ညနေ နေထန်းတစ်ဖျားခန့်ရှိ၍ မိုးသားမိုးတိမ်ကင်း စင်လျက် ရာသီဥတုသာယာနေသည်။ ရွာထိပ်က ညောင်ပိန္နဲပင်ကြီအောက် ရောက်သောအခါ သူတို့ ရွာသား ကျောင်းနေဖက်များ ဖြစ်ကြသော ဂွေးနီ၊ အောင်ထွန်း၊ အုန်းကျော် စေသော ကလေးများ ကစား နေကြသည် ။ ထိုနေ့သည် ကျောင်းပိတ်ရက်ဖြစ်သဖြင့် နေ့ခင်းကြီးကတည်းက လာရောက် ကစား နေသည်။
မီးခြစ်ဆံတမ်း ဂေါ်လီရိုက်ကြသည်။
သားရေကွင်း ပစ်ကြသည်။ မျောက်ပန်းလှန်ကြသည်။
ပိုက်ဆံတမ်း။
ကြည့်စမ်း သည်ခေတ်ကလေးတွေ သည်လောင်းကစားမှု မကင်းသောနည်းတွေ ကစားနေကြ သည်။ ထွေးလုံး မူ သူ့အိမ်မှုာ သူချစ်သော တိရိစ္ဆာန်ကလေးတွေ ရှိနေသည်မို့ အခြားကလေးအ ဖော်များနှင့် ကစားစရာ မလိုတော့။

ဒါကလေးတွေ ကျွေးမွေးပြုစုရသည်နှင့်ပဲ ပျော်နေသဖြင့် သူ့အချစ်ဆုံး သူငယ်ချင်းဂွေးနီက ကစား ရန် ဆီးခေါ်သည်မှ "ဟေ့အေးကွာ... ငါအင်းထဲ သွားပြီ နွားသားအမိ မောင်းတိုင်ရွှေ့ပေးရဦးမယ်"
မောင်းတိုင်ဆိုသည်မှာ ဆုံလည်တိုင်ပေါ်တွင်ဝါးဆစ်ခေါင်းတစ်လုနှင့် မောင်တံစွပ်ထား၍ ထိုမောင်း တံအဖျား မှာ နွားကြိုးကို ချည်၍ထားသည်။ မောင်းတံအရင်းဘက်မှာ အလေးဆွဲထား၍ မောင်းတံ အဖျား သည် အစဉ်သဖြင့် အပေါ်ထောင်နေသဖြင့် နွား၏ ခြေထောက်ကို ကြိုးမညိုနိုင်။ နွားသည် သူ့ချည်သော ကြိုးနှင့် မောင်းတံအရှည်နှစ်ခုပေါင်း အချင်းဝက်ရှိသော စက်ဝိုင်းအတွင်းမှာ လှည့် ကာပတ်ကာ အစာ စားနေရသည်။ ယခုလို မိုးတွင်းအချိန်မှာ လယ်များတွင် ကောက်ပင်များ ရှိနေပြီ ဖြစ်သောကြောင့် နွားများ ကို လွှတ်ထား၍ မဖြစ်တော့။ သည်လိုစားကျက်တွင် နွားများကို မောင်းတံ နှင့် လှန်၍ ထားရသည်။

ထွေလုံးသည် ရောက်သွားသောအခါ ညိုမသားအမိသည် သူတို့ လှည့်ပတ်နိုင်သော စက်ဝိုင်းအ တွင်းမှာ ခွာရာချင်းထပ်နေပြီဖြစ်သောကြောင့် အဆင်သင့်ပဲ ထွေးလုံးက မောင်းတိုင်ကို နေရာ ပြောင်းပေးလိုက်သည်။ ပထမမောင်းတံကို ချွတ်၊ ထိုနောက် မောင်းတိုင်ကို နှဲ့နှဲ့နုတ်၊ ပြီလျှင် အခြား တစ်နေရာ သို့ မောင်းတံကို ယူသွားပြီးလန်းဆန်းစိုပြည်သော မြက်များရှိရာနေရာမှ မောင်းတံ အဖျားချွန်ချွန် ကို မြေပျော့ပျော့တွင် ဆောင့်စိုက်၊ ထိုနောက် နွားမချည်ထားသော မောင်းတံကို နွားမနှင့် ဆွဲ ယူလာပြီး မောင်းတိုင်မှာ ပြန်စွပ်ပေးလိုက်သည်။ သူအဖေ ဦးထွန်းစိန် လုပ်ပေးထား သော မောင်းတိုင်။

ယင်းကိစ္စပြီးသောအခါ  ထွေးလုံးသည် မောင်းတိုင်နှင့် တယ်ပြီးမဝေးလှသော ရွှေကြာအင်းထဲဆင်း ၍ ကန်စွန်းညွှန့်ခူးသည်။ သို့ခူးရင်း အင်းကမ်းစပ်မှ သူလုပ်ထားသော ငါးလူးတွင်းကလေးတွေကို လျှောက်ကြည့်ရာ ငါးရံ့ခေါင်းတိုကလေးနှစ်ကောင်နှင့် လယ်ငါးခူကြီးတစ်ကောင် ရလိုက်သဖြင့် ထွေးလုံး ဝမ်းသာ လှ၏။
နေကို မော့ကြည့်လိုက်သော် အချိန်ရှိသေးသဖြင့် ထွေးလုံးသည် အင်းကမ်းစပ်မှ ငါးလူးတွင်းက လေးတွေ ထပ်ပြီး လုပ်သည်။ သူ့ဓားမတိုလေးနှင့် ရေစပ်မှာ တောင်ုပ်လောက်နက်အောင် အချင်း တစ်မိုက်မျှရှိသော တွင်း ဝိုင်းဝိုင်း ကို တူးသည်။

ပြီလျှင် ရေစပ်က တွင်းနှုတ်ခမ်းတစ်ခြမ်းမှာ ရွှံ့ကိုချောပြောင်နေအောင် ပွတ်သပ်ထားလိုက် သည်။ ငါးခူ၊ ငါးရံ့ကလေးတို့သည် သည်လိုချောပြောင်နေသော ရွှံ့သားကိုတွေ့လျှင် တက်ပြီးလူးတတ် သည်။
ဤအခါ တစ်ဖက်သို့ လွန်ပြီး တွင်ူးထဲကျ၊ ဤတွင်းထဲမှာ ရေမရှိ။
ထွေးလုံးသည် သူ၏ ငါးလူးတွင်းကလေးများသို့ အင်းကမ်းပါးမှ လျှေက်သွားသူတို့ မမြင်ရ မသိရ အောင် တွင်းဝအပေါ်ဘက်မှာ ကိုင်းရိုးဆက် ကိုင်းဇောက်ကလေးတွေနှင့် အုပ်ထားသည်။
အချိန်မရွေး ငါးကလေးတွေက ကျနေတတ်တာပဲ။ မိုးရွာသည်။ ငါးမြူးသည် ဆိုသောအခါများတွင် တစ်တွင်း တည်း နှစ်ကောင် သုံးကောင်ပင် ရတတ်သည်။ သည်နေ့တော့ နေသာသဖြင့် ငါးမမြူး၊ ထို့ကြောင့် သူ့ငါးလူးတွင်း ဆယ့်လေးငါးတွင်းမှ ငါးသုံးကောင်တည်းသာ ရခဲ့သည်။

ညနေစောင်း နေဝင်ရီသရောအချိန်ခန့်တွင် နွားသားအမိကို မ၍ ကန်စွန်းရွက်စည်းကြိုးနှင့် ငါးသုံး ကောင် ကို သီတံနှင့် ဆွဲပြီး ရွာတွင်းသို့ဝင်လာသော ဆယ်နှစ်ကျော်ကျော်မျှ  ရှိသေးသော သူငယ် ကလေးသည် မည်မျှကျက်သရေရှိပါသနည်း။

ဘဲကလေးတွေနာမည်
"အမေရေ..... ကျွန်တော် သူတို့လေးတွေကို နာမည်ပေးထားပြီး သူက မီးခိုး၊သူက မဲလုံး၊ သူက မှိုင်းပြာ၊ သူက ညိုမောင်၊ သူက ဖြူရော်၊ သူက ဝါနု၊ သူက ရင်ကျား၊ သူက ကျောကွက်၊ သူက ဘေးဖြူ သူက ရောင်စုံတဲ့ အမေ"
ဘဲကလေးများသည် သူနှင့်လက်ပွန်းတတီး နေနေကျ၍ အလွန်ယဉ်ကျေးနေသည်။ ထွေးလုံး ပတ်ချာလည်မှာ ပါးစပ်ကလေးတွေ တွီစတွီ တွီစတွီ မြည်လျက် လှုပ်လှုပ်ရွရွနေသည်ကို ထွေးလုံး က သူ့အမေအား တစ်ကောင်စီ တစ်ကောင်စီ ဦးခေါင်းကလေးတွေ လက်ညိုးနှင့် ထောက်ပြ၍ နာမည်ကလးတွေ မှည့်ခေါ်နေလေရာ သူ့အမေက....
"သားရဲ့.... နင့်ဘဲကလေးတွေက ငါ့မျက်စိထဲမှာတော့ ညိုညိုပြာပြာ၊ ဖြူဖြူဝါဝါကလေးတွေချည်း ပါပဲကွယ်။ တစ်ကောင်းနဲ့တစ်ကောင် ခွဲမသိပါဘူး"
"ကျွန်တော်ကတော့ သိတယ်၊ ဟောဒါ ညိုမောင်း၊ ဟောဒါ ရင်ကျား၊ ဟောဒါ ရောင်စုံ၊ ဟောဒါ ဘေးကွက်"

"မင်း ဘယ်လိုမှတ်သလဲ"
"မြင်နေကျတော့ အလိုလိုသိနေတာပေါ့ အမေရယ်၊ ကဲ....မကြီး မငယ်တို့ အမြွာပူးညီအစ်မလေ နံဘေးကလူတွေက ခွဲမသိကြဘူး။ ဟော သူ့အမေကတော့ သိနေတာပေါ့ အဲဒီလိုပေါ့ နောက်ပြီး  သူများကျွဲတွေကို စုကျောင်းတဲ့ ကိုပေတူးကြီလေ၊ ကဲ ကျွဲတွေ အကောင်နှစ်ဆယ် အစိတ်ကို ဘယ် သင်း ဘယ်သူ့အိမ်က ကျွဲဆိုတာကို သူ ခွဲခြားသိနေတာကော၊ အဲဒါမှ အံ့သြဖို့ကောင်းတာ၊ အကြီး မငယ်တို့က ညီအစ်မနှစ်ယောက်တည်းရယ်၊ ကျွန်တော်ဘဲကလေးတွေ ဆိုတာကလဲ အမွေးအရောင်လေးတွေ နည်းနည်းစီ ကွဲကြသေးတယ်၊ ကဲ...ကျွဲတွေကျတော့ အားလုံးအရောင်တူ၊ ချိုတူ တွေလေ၊ မဟုတ်ဘူးလားအမေ"
"ဟုတ်ကဲ့ပါ သားရယ်"

"ကဲ ဘုန်းကြီးတွေ ကြည့်ဦး၊ အလှူမှာ ဘုန်ကြီးဆယ့်လေးငါးပါးကြွလာတယ်၊ သင်္ကန်းဝါဝါချည်းပဲ ဒါပေမယ့် အမေတို့ ကိုယ့်ကျောင်းက ဘုန်းကြီတော့ ကိုယ်မှတ်မိတယ်၊ ခွဲခြားပြီး သိတယ် မဟုတ် လား"
"ဟယ် ..... ငထွေလုံး၊ နင့်ဟာ တော်တော့ ဘယ်နှယ်တော် ဘဲကနေမကြီး မငယ်ရောက်၊ မကြီး မငယ်ကနေ ကျွဲရောက် ကျွဲကနေ ဘုန်းကြီးရောက် မစပ်မရာတွေ"
"သြော်... သဘောပြောတာပါ အမေရဲ့ ဒါနဲ့အမေ ဘုန်းကြီးနဲ့ ကျွဲနဲ့မတည့်ဘူးနော် ကျွဲတွေဟာ ဘုန်းကြီးတွေမြင်ရင် လိုက်ခတ်တာပဲ၊ ဘုန်းကြီးတွေ လယ်ကွင်းထဲများ ကြွရရင် ကျွဲအုပ်ကို ဝေးဝေး ကရှောင်ရတယ်၊ ကျွဲတွေက ဘုန်းကြီးတွေကို ဘာလို့ လိုက်ခတ်တာလဲအမေ"
"ဟဲ့.... ကျွဲတွေက ဘုန်းကြီးတွေရယ်လို့ ခတ်တာမဟုတ်ဘူး၊ သူတို့ မျက်စိထဲမှာ နီနီဝါဝါ အရောင် တွေကို လိုက်ခတ်တာ"

"ဟုတ်တယ် အမေ ဟုတ်မယ် တစ်ခါက ကျောင်းက ကိုရင်ကြီးရှင်တိဿနဲ့ ကျွန်တော် ဥသျှစ်ကုန်း ရွာက မသာသွားတော့ အပြန်မှာ ချုံကွယ်တစ်ခုကနေ ရုတ်တရက် ကျွဲုတစ်ကောင် ထွက်ပြေးလာ ပြီး ကိုရင်ကြီးကို လိုက်ခတ်တာ၊ ကိုရင်ကြီးက ပြေးရင် စိတ်ကူရပြီး သူဧကသီကြီ ချွတ်၊ ချုံတစ်ခု ပေါ်မှာ တင်ပစ်ခဲ့တော့ အဲဒီကျွဲကြီးဟာလေ ကိုရင်ကြီးကို ဆက်မလိုက်တော့ဘူး၊ အဲဒီချုံပေါ်က သင်္ကန်းကြီးကိုချည်း ဆောင့်ဆောင့်ခတ်နေတော့တာပဲ၊ ဟီး  ဟီး ရယ်ဖို့ကောင်းလိုက်တာ"
"ရယ်မနေနဲ့ ငါ့သား၊ မင်းလဲ တစ်နေ့ ကိုရင်ဖြစ်နေရဦးမှာ"
"ဘယ်တော့လဲ အမေ"

"ကြန်စုံ ကြီးတော့လေ၊ ကြန်စုံကို ရောင်းပြီး မင်းကို ရှင်ပြုဖို့ တို့စိတ်ကူးထားတာပဲ"
"ဟင်.... ကြန်စုံကို မရောင်းနဲ့အမေ၊ ကြန်စုံကို မရောင်းရဘူး၊ ကြန်စုံမရှိတော့ ကျွန်တော်ငိုနေမှာ ဘယ့်နှယ်လုပ် ရှင်ပြုဖြစ်တော့မလဲ"
"ဟယ်... နောက် လေးငါးနှစ် လိုပါသေးတယ်ကွာ၊ ကြီးတော့ စိတ်ပြောင်းလာဦးမှာပေါ့"
"မပြောင်းဘူး အမေ၊ ဘယ်တော့မှ မပြောင်းဘူး"

ရန်သူ

ထွေးလုံးက သူ့ဘဲကလေးတွေ နာမည်ပေးသောအချိန်မှာ ဘဲကလေးတွေက ငယ်လှသေးသည်။ ကျောမကုန်းသေး၊ မွေးကြမ်း မထိုးသေး၊ ဥမှထွက်ခဲ့သော မွေးနုမွေးညင်းကလေးတွေသာ ရှိသေး သည်။ အဲသည်အရွယ်မှာ အင်မတန်ပျောက်တတ်ရှတတ်သည်။
နေ့အချိန်မှာ ကျီးရန် စွန်ရန်တွေ ရှိသည်။ ထို့ကြောင့် ထွေးလုံးသည် နေ့အချိန်မှာ သူမကြည့်နိုင် လျှင် ဘဲကလေးတွေကို အပြင်သို့ မလွှတ်တော့ဘူး။ ညအချိန်မှာ သူ့ဘဲကလေးတွေ အိပ်သောနေ ရာသို့ မြေကြွက်ကြီးများမဝင်နိုင်ရန် ရေနီဆီပုံးအပျက်များမှ သံပြားတွေကို လုံခြုံစွာ ဝိုင်းထားသည်။

သို့တိုင် သူ့ဘဲကလေးတွေ နာမည်ပေးပြီး လေးငါးရက်လောက်အကြာမှာ ဘဲကလေးတစ်ကောင် စတင်၍ ပျောက်လေသည်။
ထွေးလုံးသည် ညနေကျောင်းမအပြန် သူတို့နွားမ ညိုမတို့သားအမိကို မောင်းလှန်ထားသော ကွင်းပြင်ထဲမှ ပြန်မရုပ်သိမ်းမီ ဘဲကလေးတို့အား တီကောင်တူး၍ ကျွေးနေကျ၊ နေ့စဉ် အချိန်မှန် မှန် အပြင်ထွက် အစာစားနေကျဖြစ်သော ဘဲကလေးတို့သည် ထွေးလုံးလာသည်ကိုမြင်လျှင် ဝပ်နေရာမှ ထကြပြီး ပါးစပ်ကလေးတွေဖြဲ၍ တွီစတွီမြည်လျက် ဘဲခြံတံခါးဖွင့်ပေးလိုသည်နှင့် တစ်ပြိုင်နက် ရှေ့မှ ပေါက်ပြား သို့ မဟုန် တူရွင်းကို ထမ်းသွားသော ထွေးလုံးနောက်သို့ ခြေထောက်နားမှကပ်၍ လိုက်ကြသည်။

"ထိုနေ့ညနေ၌ ထွေးလုံးသည် တစ်ဖက်မှာ ချုံပုန်များရှိသော ခြံစည်းရိုးအနီးမှာ ဘဲကလေးတွေ တီကောင်တူးကျွေးနေစဉ် သူ့အမေက အိမ်နောက်ဖေးရေကပြင်မှနေ၍
"သားရေ မင်းဘဲကလေးတွေ ခဏထားပြီး အမေ့ကို ရေတစ်ခေါက်လောက် တင်ပေးစမ်းပါကွယ်" ဟု ဆိုသဖြင့် "ဟုတ်ကဲ့ အမေ" ဟု ပြန်ပြောပြီး လက်ထဲက ပေါက်ပြားကို ချခဲ့၍ အိမ်ဆီသို့ ပြန် လာခဲ့သည်။ ပေါက်ပြားကို ချမထားခဲ့၍ကား မဖြစ်။ ထိုပေါက်ပြားနှင့်ထွေလုံး သွားမည်ဆိုပါလျှင် ဘဲကလေးတွေက နောက်မှ စုပြုံလိုက်မည်သာ။
သူတို့သဘောမှာ လူ့ထက် ပေါက်ပြားက သူတို့အား တီကောင်ကျွေးသည်ဟု ယူဆဟန်တူသည်။ ပေါက်ပြားနားမှာ ဝိုင်းအုံ၍ ကျန်ရစ်ခဲ့သည်။

အကယ်တန္တိ အခြားတစ်စုံတစ်ယောက်က ဤပေါက် ပြားကို လာ၍ ယူသွားအံ့။ ထိုလူနောက်သို့ သူတို့ စုပြုံလိုက်ကြပေလိမ့်မည်။ စင်စစ် သူတို့စိတ်ထဲ တွင် သူတို့အား တီကောင်ကျွေးသည်မှာ လူကမဟုတ်၊ ပေါက်ပြားသာ ပဓာနဟု အောက်မေ့ကြ ကုန်သည်။
ဥပမာ...ကြည့်ပါ။ ထွေးလုံးအဖေရယ်၊ ထွေးလုံးရယ်၊ အမေရယ်၊ သုံးယောက်အတူလာပြီး ဘဲခြဲကို ဖွင့်ပေး၊ ပေါက်ပြား ကိုင်သူ၏နောက်ကိုသာ သူတို့လိုက်ကြသည်။ ဤပေါက်ပြားက သူတို့အား တီကောင် ကျွေး သည်ဟု ဘယ့်ကလောက် အစွဲအလမ်းကြီးနေသလဲဟူမူ သူတို့နေ့စဉ် မြင်နေကျ ထွေးလုံး တို့ မိသားစုမဟုတ်ဘဲ အခြားတစ်ယောက် ပေါက်ပြားထမ်းသွားသည်ကို မြင်လျှင်လည်း ထိုလူနောက်မှ စုပြုံ လိုက်သွား တတ်သည်။

ထို့ကြောင့် ထွေးလုံးတို့၏အိမ်ခြံတံခါးဝမှာ ဘဲမထွက်နိုင်အောင် တစ်တောင်သာသာမြင့်သော ဝါးထရံ ကလေး ယက်၍ ကာထားရသည်။ အဘယ့်ကြောင့်ဆိုသော် သူတို့သည် လမ်းမကလူတစ် ယောက် ပေါက်ပြား ထမ်းသွာသည်ကို မြင်လျှင် နောက်မှ စုပြုံလိုက်သွားတတ်သောကြောင့် ဖြစ်၏။
အတော်ခက်တဲ့အကောင်မျိုး။

ပြန်ဆက်စို့....... ထိုနေ့ညနေက ထွေးလုံးသည် သူ့အမေအား ရေခပ်ပေးပြီနောက် (ဆယ်မိနစ် လောက်ပဲကြာတယ်) ပြန်လာပြီး ဘဲကလေးတို့အား တီကောင်ဆက်၍ တူးကျွေးနေသည်။ သို့စဉ် ထွေးလုံး သည် သူ့ဘဲအုပ်ကို ကြည့်ရသည်မှာ တစ်စုံတစ်ခု ချွတ်ယွင်းနေသည်ဟု အောက်မေ့လာ ၍ တစ်နှစ်သုံးလေး ရေတွက်ကြည့်တော့ ဟိုက်.... ကိုးကောင်တည်း။ သူထပ်ရေပြန်သည်။ ဟုတ် တယ် ကိုးကောင်တည်းပဲ။ ဟိုက် တစ်ကောင် ဘယ်ရောက်သွာပါလိမ့်။ အနီးပတ်ဝန်းကျင်ကို ကြည့် တယ်၊ မမြင်၊ ဘဲတို့၏သဘာဝမှာ တစ်ကောင်နှင့်တစ်ကောင်လည်း ခွဲမနေတတ်။ ဧကန္တ ဘဲကလေး တစ်ကောင်တော့ ပျေက်ပါပြီ။ ငါ ရေခပ်နေတုန်း ကျီးကန်းများ သုတ်သွားလေသလား၊ ဟင့်အင်း ကျီးကန်းလည်း သည်အနီးပတ်ဝန်းကျင်မှာ မမြင်ပါဘူး
ထွေးလုံးအိမ်မှာရှိနေလျှင် ကျီးကန်း သူတို့ခြံထဲတောင် မလာဝံ့ပါဘူး။ အဘယ့်ကြောင့်ဆိုသော် ထွေးလုံးလက်ထဲမှ သို့မဟုတ် ခါးမှ ခွလေးက အမြဲရှိနေ၏။

ကဲ.... ဒါဖြင့် စွန်များလား၊ ဟင့်အင်း စွန်တို့မည်သည် သည်လိုမိုးရာသီတွင် လူတို့ရပ်ရွာတွင် မနေ တတ်။ ဝါတွင်းကာလမှာ ဟိမဝန္တာတောသို့ သွား၍ ဝါဆိုနေကြသည်ဟု လူကြီးသူမများ ပြောကြ၏။
ထွေးလုံးသည် သည်ရာသီမှာ စွန်တစ်ကောင်တစ်မြီးမျှလည်း မမြင့်တော့ သူ့ဘဲကလေးတစ်ကောင် ပျောက်နေသည်ကို မစဉ်းစားတတ်အောင် ဖြစ်နေတော့၏။
သူ့ဘဲအုပ်ကို သူထပ်၍ထပ်၍ ရေသည်။ ဘယ်နှခါရေရေ ကိုးကောင်ဟာ ကိုးကောင်ပဲ။ နောက်ဆုံး ၌ ထွေးလုံးသည် သူ့ပုဆိုးစထဲသို့ တစ်ကောင် နှစ်ကောင် ကိုးကောင်ဟု ရေတွက်ထည့်ခဲ့ပြီး ထိုင် ရာမှထ၍ ငိုယိုကာ အိမ်သို့ ပြန်ခဲ့လေ၏။

"အမေရေ... ဘဲကလေးတစ်ကောင် ပျောက်သွားပြီဗျ"
ဝမ်းခေါင်းသံနှင့် လှမ်းအောင်ပြောလိုက်တော့ သူ့အမေက မီးဖိုချောင်ထဲမှ...
"ဟဲ့... ဘယ့်နှယ်လုပ် ပျောက်တာတုံး"
"သိဘူး... အမေ ရေခပ်ခိုင်းလို့ ရေခပ်ပြီးပြန်လာတော့ တစ်ကောင်လျော့နေတာပဲ"
"မင်း မျက်စိမှားသလားကွယ်"
"မှားပါဘူး၊ အခုပဲ တစ်ကောင်စီဖမ်းပြီး ကျွန်တော့်ပုဆိုးထဲထည့်ခဲ့ပြီ အမေ လာကြည့်ပါဦး"
သူ့အမေလည်း အိမ်အောက်ဘဲခြံသို့ ဆင်းလာတော့ ထွေးလုံးသည် ဘဲခြံဝမှာ ဆောင့်ကြောင့်ထိုင် ၍ သူ့ပုဆိုးခါးပုံစထဲမှ တစ်ကောင်စီထုတ်ကာ "ဟောဒါက ဝါနု၊ ဟောဒါက ညိုမောင်၊ ဟောဒါက မီး ခိုး၊  ဟောဒါက ရင်ကျား၊ ဟောဒါက ဖြူရော်၊ ဟောဒါက မှိုင်းပြာ၊ ဟောဒါက မဲလုံး၊ ဟောဒါက ကျောကွက်၊ ဟောဒါက ရောင်စုံ၊ ကဲ... ကုန်ပြီ၊ ဘေးဖြူရယ် ပျောက်သွားတာပေါ့"
"ကျီးကန်းများ ထိုးသလားကွယ်"

"ကျွန်တော်တို့ခြံထဲ ကျွန်တော်ရှိရင် ဘယ်ကျီးကန်းမှ မလာရဲဘူး"
"စွန်တို့ ချိုးသိန်းတို့လဲ ဒီအချိန်မှာ မရှိပါဘူး။ ကြွက်တွေများ ဆွဲသွားသလား၊ အဲဒီအနားမှ ကြွက် တွင်းများ ဆွဲသွားသလား၊ အဲဒီအနားမှာ ကြွက်တွင်းရှိသလား"
"ဘာတွင်းမှ မရှိပါဘူး။ ကျွန်တော် ပေါက်ပြားနဲ့လျှောက်ပေါက်ထားတာ မြေတွေမွလို့"
"ဒါဖြင့် မြွေများလား"
"မြွေဆို ကျွန်တော်တွေ့ရမှာပဲ၊ မြွေဆိုတာ သူ့သားကောင်ကို ဘယ်တော့မှ ချီယူမသွားဘူး၊ ရတဲ့နေ ရာမှာ မျိုတာပဲ၊ ကဲ... ဒီတော့ ကျွန်တော် ရေခပ်နေတဲ့အချိန်ဟာ ခဏလေးပဲ၊ အဲဒီအတွင်းမှာ ဘဲက အငယ်လေးမို့ သူမျိုပြီးသွားလဲ မဝသေးဘူး၊ နောက် တစ်ကောင်ပြီးတစ်ကောင် သူ ဗိုက် မပြည့် မချင်း မျိုနေဦးမှာပဲ"
"အင်း... ငါ့သားပြောတာမှန်ပါတယ်၊ ဒါဖြင့် ဘယ်လိုက ဘယ်လိုများ ပျောက်ပါလိမ့်ကွယ်၊ ကဲ... တိတ်ပါ သားရယ်၊ ကိုယ့်မှာ ကိုးကောင်ကြီးများတောင် ကျန်သေးတာပဲ"
"ဘေးဖြူလေးကို သနားတာ အမေရဲ့၊ ဘာကောင်များ စားသွားတာပါလိမ့်"

"ကဲ... တိတ်တိတ်၊ ဘဲခြံကိုပိတ်ခဲ့၊ ညိုမတို့သားအမိဆီ သွားချေဦး"
ဘဲခြံတို့မည်သည် ကြက်ခြံလိုမဟုတ်၊ အပေါ်က အုပ်စရာမလို၊ ဒူးဆစ်လောက်မြင့်သော အကာရှိ လျှင်ပင် ဘဲများမထွက်နိုင်တော့ပြီ။ ထွေးလုံးသည် သူ့ဘေးဖြူလေးအတွက် ရင်ထဲက ဆွေးတသသ နှင့် ရွာမှ ကွင်းထဲသို့ ထွက်ရလေရာ သူ့အမေဘေး၌ ခုန်ပေါက်မြူးထူးနေသော ကြန်စုံလေးကိုမြင် လိုက်ရတော့မှ သူ့ဘဲကိစ္စကို ခေတ္တမေ့ပျောက်သလို ရှိသွား၏။ သို့သော် ထွေးလုံးခမျာ သူ့ဘဲက လေးများအတွက် ပူရသည်မှာ ဘေးဖြူတစ်ယောက်တည်းနှင့် မပြီးသေးချေ။ နောက်တစ်နေ့ နံနက် တွင် ဘဲခြံထဲ၌ပင် နောက်ထပ်နှစ်ကောင် ပျောက်နေပြန်လေ၏။
"အောင်မယ်လေး အမေရဲ့(ငိုသံပါကြီးနှင့်) လာကြည့်ပါဦးဗျ၊ ရောင်စုံနဲ့ မှိုင်းပြာနှစ်ကောင် မရှိတော့ ပြန်ဘူးဗျ"

ထွေးလုံးအဖေ ကိုထွန်းစိန်မှာ ပန်းရန်ဆရာဖြစ်၍ ထိုအချိန်၌ အခြားရွာတွင် ပန်းရန်သွားလုပ်နေသ ဖြင့် သူတို့ အိမ်မှာ သည်သားအမိနှစ်ယောက်တည်း။ မအေကြီးပဲ ဘဲခြံရှိရာ ဆင်းလာပြီး...
"ဟင်... ဘယ်လိုများ ပျောက်ရပြန်ပါလိမ့်ကွယ်၊ လူဝင်ခိုးတာဆိုလဲ"
"တစ်ကောင်မှ မချန်ဘူး၊ အားလုံးယူသွားမှာပေါ့ အမေရယ်"
"ဒါဖြင့် ခွေးဝင်ကိုက်သွားတာများလား"
"ဒီအနီးအနားမှာက ကြက်၊ ဘဲ ကိုက်တတ်တဲ့ ခွေး မရှိပါဘူး၊ ရှိလဲ ကျွန်တော်တို့ခွေးမျောက်ညိုက ကျွန်တော်တို့ခြံထဲ တခြားခွေး အဝင်မှမခံတာ၊ ဟင်း... ဘေးဖြူရယ်၊ ရောင်စုံရယ်၊ မှိုင်းပြာရယ်၊ နင်တို့ ကုသိုလ်ကံလေးတွေက ဆိုးလိုက်တာဟယ်"
"သြော်...သားရယ်၊ သတ္တဝါတစ်ခု ကံတစ်ခု၊ သေနေ့စေ့တော့ တစ်နည်းနည်းသေရမှာပဲ၊ တရားနဲ့ ဖြေ ပါကွယ်"
"အဖေ ရှိရင်တော့ ကောင်းမှာပဲ"

"မင်းအဖေ ရှိတော့ကော ဘာတတ်နိုင်မှာလဲ"
"တရားခံ ရှာနိုင်မှာပေါ့ဗျာ"
"ကဲ... သားမျက်ရည်တွေ သုတ်ကွယ်၊ ကျောင်းသွားဖို့ ပြင်တော့"
"ကျွန်တော် မသွားနိုင်ဘူး၊ ဒီဘဲကလေးတွေကို စိတ်မချဘူး"
"ကျောင်းမသွား လို့ ဘယ်ဖြစ်မလဲသားရယ်။ သွားသာသွားပါ။ အမေကြည့်ထားလိုက်ပါ့မယ်"
"အမေ ဈေးရောင်းသွားရင်ကော"
"တောင်းနဲ့အုပ်ပြီး အပေါ်က ခဲဖိခဲ့ပါမယ့်၊ ငါ့သား စိတ်ချလက်ချသာ သွား..."
"ခု သူတို့ကို အမေ အစာကျွေးလိုက်ပါဦး"
"ညက ထမင်းကြမ်းကျန်ကို ရေဖျော်ပြီး ကျွေးလိုက်ပါ့မယ်"

ထွေးလုံးသည် ယခုမနက် သူ့အမေ ချက်ထားသော ထမင်းပူပူနွေးနွေးကို မနေ့က သူ့ငါးလူးတွင်းမှ ရခဲ့သော ငါးဟင်း နှင့် စားပြီး အိမ်မှထွက်ခဲ့လေ၏။ သူ ကျောင်းသွားရသည်မှာ ဖြောင့်ဖြောင့်တန်း တန်းမဟုတ်သေးချေ။ လွတ်အိတ်ကို ပုခုံးစလွယ်သိုင်းပြီး ညိုမတို့သားအမိကို ကွင်းစားကျက်ထဲသို့ ပို့ခဲ့ ရသေး၏။ ရောက်သော် နွားမြီကီးကို မောင်းတံတွင် ချည်ပြီးမှ ကျောင်းသွားရန် တာလမ်းမကြီး သို့တက်ခဲ့ရ၏။ တာလမ်းပေါ်တွင် သူ့အား အသင့်စောင့်နေသော သူငယ်ချင်းဂွေးနီနှင့်တွေ့လျှင် သူ့ဘဲကလေး သုံးကောင် ပျောက်ရပုံကို အသေးစိတ်ပြောပြသည်။ သူတို့အိမ်မှာ ကြက်၊ ဘဲ မွေးနေ ကျဖြစ်သာ ဂွေးနီသည် အတော်ကြာ စဉ်းစားပြီးနောက်
"ငါ့စိတ်ထဲမှာ ဒီရန်သူတော့ ပေါ်လာပြီဟေ့"
"ဘယ်သူလဲ... ဘာကောင်လဲ"

"မပြောသေးဘူးကွာ၊ မျက်ဝါးထင်ထင်မိမှ မင်း သိရစေ့မယ်၊ ညနေ ကျောင်းဆင်းတော့ ငါ မင်းတို့ အိမ် လိုက်ခဲ့မယ်"
သူ့စကားအတိုင်း ဂွေးနီသည် ထွေးလုံးတို့အိမ် လိုက်လာပြီး ဘဲခြံကို ကြည့်လျက် ခေါင်းတစ်ချက် နှစ်ချက်ညိတ်၏။
"မင် ဘာခေါင်းညိတ်တာလဲ"
"ငါ့တွေးတောချက် မှန်နိုင်လို့ပါကွာ၊ ကဲ... မင်းဘဲကလေးတွေကော ဟိုတောင်းအောက်မှာလား"
"အေး... အမေက သူမရှိရင် အုပ်ပစ်ခဲ့တာကွ"
"ကဲ... ဖွင့်လိုက်ပါတော့"
ထွေးလုံးက ဖွင့်လိုက်၏။
"ဟိုက်... တစ်ကောင်ပျောက်သွားပြန်ပြီ၊ ခုနစ်ကောင်ရှိရမှာ ခြောက်ကောင်တည်း"
ထွေးလုံးသည် မျက်ရည်တွေဝဲလျက်

"အမေရေ...တစ်ကောင်ပျောက်ပြန်ပြီဗျ။ ကျောကွက်ရယ် မရှိတော့ပြန်ဘူး"
မီးဖိုချောင်မှ သူ့အမေက ထလာပြီး...
"ဟဲ့... ငါအပြင်ထွက်မယ်လုပ်တော့ အဲဒီတောင်းနဲ့ အုပ်ပစ်ခဲ့တာပဲ၊ ပြန်တောင် ဖွင့်မပေးရသေးဘူး၊ ငါ မေံနေလို့၊ ဒီကောင်းထဲမှာ ဘာကောင်ကဲ ဝင်နိုင်မှာမို့လဲ။ အောက်က မြေကြီးမှာများ ကြွက် ဖောက်ရာ ရှိသလား"
ထွေးလုံး...
"မရှိဘူး"
ဂွေးနီ...
"အရီသန်းရွှေ ဘဲကလေးတွေ တောင်းအုပ်တော့ ဘယ်အချိန်လဲ"
"နာရီပြန် တစ်ချက်လောက်ပါဟယ်"

"သူတို့ကို အုပ်တော့ ဘယ်နှကောင်ရှိသလဲ၊ အရီးသန်းရွှေ ရေကြည့်မိသေးလား"
"ဒီ  ရွစိရွစိကလေးတွေ ငါ မရေနိုင်ပါဘူးဟယ်၊ သူတို့ စုဝပ်နေတာ အပေါ်က တောင်းအုပ်လိုက်တာ ပဲ"
ဂွေးနီသည် ချောင်းတစ်ချက်ဆတ်လိုက်ပြီးနောက်
"ကဲ ထွေးလုံး၊ ဘဲကလေးတွေ အပေါက်ဖွင့်ထုတ်လိုက်၊ မနေ့က တစ်ကောင်ပျောက်တဲ့နေရာခေါ် သွားပြီး မနေ့ကလို တီတူးကျွေးနေ၊ အဲ... မင်း မနေ့က ရေခပ်တဲ့အချိန်ကျတော့ ငါ့ဆီပြန်လာခဲ့"
ထွေးလုံးသည် ပေါက်ပြားထမ်း၍ ဘဲကလေးတွေ သူ့နောက်မှ တွီစတိ တွီစိ မြည်လျက် ဝမ်းသာ အားရ လိုက်သွားကြသည်။ မနေ့ကနေရာရောက်တော့ ဂွေးနီမှာသည့်အတိုင်းပင် တီတူးကျွေးနေ သည်။ ဂွေးနီကတော့ သူတို့အိမ်ရေကပြင်မှာထိုင်၍ ကြည့်နေသည်။ ထွေးလုံးသည် သူ မနေ့က ရေ ခပ်ချိန်ရောက်ပြီလို့ထင်သောအခါ ပေါက်ပြားချခဲ့၍ ဂွေးနီရှိရာသို့ ပြန်လာခဲ့သည်။
ဂွေးနီ... "လာ... ဒီကနေအသာကြည့်နေ၊ ငါထင်တာမှန်ရင်တာ့ ဘဲကလေးတစ်ကောင်တော့ စတေးရဦးမှာပဲကွ"

ဘဲကလေးများသည် ထွေးလုံးချထားခဲ့သော ပေါက်ပြားပတ်လည်မှာ တူးဆွထားသော မြေပွပွတွင် နှုတ်သီးနှင့်လျှောက်ထိုး၍ တီကောင်ရှာနေကြသည်။ တယ်ပြီး မကြာလိုက်ပါ။ ခြံစည်းရိုးဟိုဘက်ချုံ ပုတ်ထဲရှိ ကျောဝါဝါ ဗိုက်ဖြူဖြူ ကြောင်ကြီးတစ်ကောင် ရုတ်တရက် ခုန်ထွက်လာတဲ့ပြီး ဘဲကလေး တစ်ကောင်ကို ချီသုတ်သွားလေ၏။
ထွေးလုံးက ရေကပြင်မှခုန်ချကာ ထိုကြောင်အား သူ အမိဖမ်းနိုင်မည်ဟု ဆဲဆိုရေရွတ်လျက် တအား ပြေးလိုက်သည်။ သို့သော် ထိုကြောင်၏အရိပ်အယောင်မျှ မမြင်ရတော့ပြီ။ ဂွေးနီက အေး ဆေးလျက် ခြံစည်းရိုးဟိုဘက် ကူးမည်ပြုနေသော ထွေးလုံးအား "ဟေ့... မင်းလိုက်နေလို့ အပိုပေါ့ ကွ၊ ဒီအချိန်မှာ ဟိုကြောင် က သူ ပုန်းဆိုနေကျနေရာမှာ မင်းဘဲကလေးစားရလို့ တစ်ဝက်လောက် ကုန်နေရော့မယ်"
ထွေးလုံးကိုယ်မှ အသားများ တဆတ်ဆတ်တုန်လျက်...

"ကျွန်တော် အဲဒီကြောင်ကို သတ်ချင်လိုက်တာ"
"ဒီကြောင် သတ်ချင်တဲ့လူဟာ မင်းတစ်ယောက်တည်း မဟုတ်ဘူး။ တို့အပိုင်းမှာ ကြက်ဘဲမွေးတဲ့သူ အားလုံးကပဲ"
"ဘယ်သူ့အိမ်က ကြောင်လဲကွ မင်းသိလား"
"သိတာပေါ့။ ဦးဘသိန်း ဒေါ်ထွေးနွယ်တို့အိမ်က သူတို့အချစ်တော်ကြီးပဲ၊ မင်းအိမ် ဘဲကလေးရှိမှန်း သူ မနေ့ကမှ စသိလို့ သိသိချင်းတစ်ကောင်၊ ဟော ညက နှစ်ကောင်၊ နေ့လယ်က မင်းအမေ တောင်းနဲ့မအုပ်ခင် တစ်ကောင်၊ အခု တစ်ကောင်"
ထွေးလုံး သ် မျက်ရည်ရွှဲရွှဲနှင့် သူ့ဘဲကလေးတွေ စိုက်ကြည့်နေရာမှ
"အခု ပါသွားတာ ညိုမောင်းရယ်ကွ၊ တောက်... မနေ့က ဒီအချိန်ကနေပြီး အခုဒီအချိန် (၂၄)နာရီ အတွင်းမှာ ငါးကောင်ဆွဲတော့ မလွန်လွန်းဘူးလားကွ"
"အေး... မနေ့ညက သူလာတဲ့အချိန်မှာပဲ ခုည သူလာလိမ့်ဦးမယ်"

"ငါ မအိပ်ဘဲ စောင့်ချောင်းနေပြီး လှံနဲ့ထိုးသတ်မယ်"
"ရမလားကွ၊ ကြောင်က ညမျက်စိမြင်တဲ့အမျိုး၊ မင်းက သူ့ဘယ့်နှယ်လုပ်မြင်မလဲ၊ မီးခွက်ကြီးကိုင် စောင့်နေရင် ကြောင်က ဟီးဟီးလို့တောင် ရယ်သွားလိမ့်ဦးမယ်"
"တောက်... အဖေရှိရင် ကောင်းမှာကွာ"
"မင်းအဖေရှိရင်လဲ... ဒီလိုနေရာမျိုးမှာ ကြောင်ကို ဘာမှမတတ်နိုင်ဘူး"
"ဒါဖြင့် တို့ ဒီကြောင်ကို ဘယ့်နှယ်လုပ်ရမလဲကွာ၊ ဒီလိုပဲ ကြည့်နေရတော့မှာလားကွ"
"ရပါတယ်၊ ကဲ... ဒီညနေ မင်း လုပ်စရာရှိတာလုပ်၊ ငါအိမ်ပြန်မယ်၊ ညစာ ထမင်းစားပြီးတော့ ငါလာ ခဲ့မယ်၊ ဘဲကလေးတွေကို လူမကြည့်နိုင်တဲ့အချိန်မှာ တောင်းနဲ့အုပ်ထားနော်၊ မင်းတို့ဘဲခြံက ကြောင်မလုံဘဲကိုးကွ"
ပြောပြီး ဂွေးနီ ပြန်သွားသည်။

ညရီတမှောင်ရှိသောအချိန်၌ ဂွေးနီသည် သူ့စကားအတိုင်း ပြန်လာ၍ ထွေးလုံးက "ကဲ... တို့ဘာ လုပ်ကြမလဲ"၊ ဂွေးနီက "တို့ ဘာမှမလုပ်နိုင်ဘူး၊ လုပ်နိုင်တဲ့လူဆီကို သွားကြရလိမ့်မယ်"
"ဘယ်သူ့ဆီလဲ"
"ရွာတောင်ပိုင်းက စစ်ပြန်လက်သမားဆရာကြီး ဦးတေနောင်"
ထွေးလုံးသည်  သူ့အမေအားပြောပြီး သူငယ်ချင်းနှစ်ယောက် ရွာရိုးလျှောက်ခဲ့ကြရာ ဦးတေနောင် ၏အိမ်သို့ရောက်သောအခါ ကျောင်းဆရာကြီး ဦးသော်တာကိုပါ နှစ်ယောက်သား လက်ဖက်ရည် ကြမ်း သောက်နေသည်ကို တွေ့ရလေသည်။
ဦးတေနောင်က...
"ဟေ့... သူငယ်လေးတွေ ဘာကိတ်"
လူကြီးတွေအနား သူတို့ကိုယ်ကလေးတွေ ယို့ယို့နှင့် ထိုင်လိုက်ကြပြီး ဂွေးနီက...
"ကျွန်တော်တို့အပိုင်းမှာ ကြောင်သောင်းကျန်းထနေပြန်ပြီ အဘရဲ့"
"ဘယ်သူ့အိမ်က ကြောင်လဲကွ"

"ဦးဘသိန်း ဒေါ်ထွေးနွယ်တို့အိမ်က ကြောင်ပါခင်ဗျာ့"
"တော်တော်ဆိုးနေပြီလား"
"ကမ်းကုန်နေပါပြီ ခင်ဗျား၊ ဟောဒီ ထွေးလုံးတို့အိမ်က ဘဲကလေးတွေတောင် (၂၄)နာရီအတွင်းမှာ ငါးကောင်စားပစ်ပါပြီ ခင်ဗျာ့"
ဤတွင် ကျောင်းဆရာကြီး ဦးသော်တာက မျက်မှောင်ကုတ်စဉ်းစားလျက်... "ဦးတေနောင်ရဲ့ ဒီ ကြောင် တို့ ခွေးတို့ဆိုတာဟာ ဆုံးမပေးရင်ရပါတယ်။ ဥပမာ... ခွေးတစ်ကောင် ကြက်ကိုက်လာမယ် ဆိုရင် အဲဒီကြက်ပြပြီး ခပ်စပ်စပ်ကလေး ရိုက်ထားလိုက် မှတ်သွားရော၊ နောက်မကိုက်တော့ဘူး၊ ကြောင်လဲ ဒီလိုပဲ"
ဤတွင် ဂွေးနီက...
"ဆရာကြီး ပြောတာ ဟုတ်ပါတယ်။ ဒါပေမယ့် အဲဒီအိမ်က ကြောင်ရှင်အမျိုးသမီးတွေက သူတို့ ကြောင် ကြက်ဘဲကိုက်တာကိုပဲ ဝမ်းသာနေကြတယ်လေ၊ ဘာကြောင့်ဆို သူတို့ခြံထဲကို ကြက်ဘဲ လာတာကို မကြိုက်ဘူးတဲ့ ခင်ဗျာ့"

ဆရာကြီး... "ဘာလို့လဲ။ သူတို့ခြံထဲ ကြက်ဘဲဖျက်ဆီးနိုင်တဲ့ အပင်များစိုက်ထားလို့လား"
"ဘာမှ ဖြစ်ဖြစ်မြောက်မြောက် စိုက်တာလဲ မဟုတ်ပါဘူး၊ ကြက်တွေက အမှိုက်တွေ လာလာယက် တာ မကြိုက်ဘူးတဲ့လေ"
"တယ်.. မသိသား ဆိုးရွားတာတွေပဲ၊ ဒီလို သစ်ရွက်တွေ အမှိုက်တွေဆိုတာက ကြက်ဘဲရှိမှ သူတို့ က ယက်ပြုထိုးဆွနေကြတော့ ခြတွေ၊ ပုရွက်ဆိတ်တွေ အနေနိုင်ဘူး။ မြွေကင်း မခိုအောင်းနိုင်ဘူး ဆိုတာ နားမလည်ကြဘဲကိုး..."
ဦးတေနောင်... "ဒီ ဦးဘသိန်းတို့ ဒေါ်ထွေးနွယ်တို့ဆိုတာ ခြံကြီးကျယ်ကျယ်၊ အိမ်ကြီးရခိုင်နဲ့နေပြီး အောက်သက်ကျေတာမဟုတ်ဘူးဗျ၊ သူတို့အိမ်မှာ ကြက်ဘဲတိရစ္ဆာန်မမွေးဘူး၊ တခြားကလာတာ လဲ မကြိုက်ဘူးဆိုတာကိုပဲ သူတို့ကိုယ်သူတို့ အထက်တန်းကျလှပြီ၊ လူကြီးလူကောင်းတွေဖြစ်နေပြီ လို့ ယူဆနေကြတာဗျ"
ဦးသော်က "ကဲ... ဒါဖြင့် သူတို့အိမ်က ကြောင်က တခြားအိမ်ကကြက်ကလေး ဘဲကလေးတွေ လိုက်ကိုက် နေတယ်ဆိုတာ မသိကြဘူးလား"

ဂွေးနီ... "သိပါတယ် ခင်ဗျာ၊ သူတို့အိမ်နားက ကိုကံညွှန်တို့၊ ကိုအောင်ချစ်တို့ ကြက်ကလေးတွေ တစ်အုပ်ပြီးတစ်အုပ် ကုန်ပေါင်းများလှလို့ သွားပြောတော့ "သူတိုခြံထဲ လာရင်ကိုက်မှာပဲ၊ ကိုက်ပ စေ၊ မလာအောင် ကိုယ့်ကြက် ကိုယ်ထိန်းကြ"တဲ့။ ကိုကံညွှန်တို့က "ခင်ဗျားတို့ခြံထဲတင် မဟုတ်ဘူး ကျုပ်တို့ခြံထဲလာပြီးတော့ နေ့ရောညရော ကိုက်တာပဲ"ဆိုတော့ သူတို့ကြောင်ဟာ သူတို့အိမ်နဲ့ သူတို့ခြံဝင်းထဲက ဘယ်မှသွားတာမဟုတ်ဘူးတဲ့လေ"
ဦးတေနောင်... "အဲဒါ မသိသားဆိုးရွာတာပဲဗျ၊ ကြောင်ဆိုတဲ့အကောင်မျိုးဟာ ကြက်ကလေး ဘဲက လေး စားဖူးပြီး ခံတွင်းတွေ့သွားပြီဆိုရင် မစားရ မနေနိုင်တော့ဘူး။ ရွာရိုးကိုးပေါက် လျှောက်ကိုက် တော့တာပဲ၊ အဲဒါကို မိန်းမဉာဏ်တွေနဲ့ ဘယ်စဉ်းစားတတ်မလဲလေ"
ဦးသော်တာ.. "ဒါဖြင့် သူတို့အိမ်က ဦးဆောင်ယောက်ျား ဖိုးဘသိန်းကို ပြောပါလား"

ဂွေးနီ... "အဲဒီလူကြီးကလဲ မယားက ငါးခြောက်ဆိုရင် ဆီဆမ်းပြီးသား လူစားကြီဗျ၊ ကျွန်တော်တို့ က ပြောတော့... "ငါ့ကြောင် မင်းတို့ဆီလာကိုက်တယ်ဆို ဖမ်းသတ်လိုက်ပေါ့ကွ"တဲ့။ ခက်တာက ကြောင်ဆိုတာ အပြင်ဘက်မှာ သူစိမ်းသူဖမ်းလို့ ဘယ်တော့မှ ရတာမျိုးမဟုတ်ဘဲ။ သူတို့အိမ်ထဲ အတင်းဝင်ဖမ်းမှပဲ ရမယ်"
ဦးသော်တာ... "ဒါဖြင့် ရပ်ကွက်လူကြီး သွားတိုင်ကွာ၊ ကြက်ဘဲဆိုတာ ပြည်သူ့ဟင်းလျာ၊ ဒီကြောင် ဟာ ရွာရိုးကိုးပေါက် ပြည်သူ့ပစ္စည်းကို ဖျက်ဆီးနေတာပဲ၊ ရပ်ရွာလူကြီးက အရေးယူသင့်တယ်"
ဦးတေနောင်... "ဦးသော်တာ ပြောတာမှန်တယ်၊ ရပ်ရွာလူကြီးတာဝန်ပဲ၊ ဒါနဲ့ ကျုပ်တို့မြန်မာပြည်မှာ ဒီလိုရပ်ရွာလူကြီးတွေ မဖွဲ့ခင်ကတည်းက ကချင်ပြည်နယ်မှာရှိတဲ့ ဓလေ့ထုံးစံလေး သဘောကျသ ဗျာ"
ဦးသော်တာ... "ဘယ်လိုတုံး စစ်ပြန်ကြီးရဲ့"

ဦးတေနောင်... "ဒီလို အိမ်ကြောင်ဆိုးလဲ ရွာထဲမှာ မရှိရဘူးဗျ။ ဒါပေမယ့် ညညမှာ တောကြောင် တွေက လာတတ်ကြတယ်။ အဲဒီတောကြောင်တွေကို ရအောင်ဖမ်းနိုင်တဲ့သူကို ရွာထဲမှာ ကြက်ဘဲ မွေးတဲ့အိမ်တိုင်းက ကြက်သားခွဲလေးတစ်ကောင်စီ ပေးရတယ်။ ကြက်ကလေးမရှိရင် ကြက်ဥပေး ပေါ့လေ၊ သူတို့ ကျေးရွာအန္တရာယ် ကာကွယ်တဲ့ဆုကြေးပေါ့"
ဦးသော်တာ... "တယ်နိပ်ပါလားဗျ၊ ကောင်းတဲ့ဓလေ့ပဲ"
ဦးတေနော်... "ဒီတောကြောင်သာ မဟုတ်သေးဘူး ကြက်ဘဲအကောင်ကြီးတွေတောင် သုတ်တတ် ကုတ်တတ်တဲ့ စွန်တို့၊ ချိုးသိမ်းတို့၊ လင်းယုန်တို့ကို ထောင်လို့သော်လည်းကောင်း၊ ပစ်ခစ်လို့သော် လည်းကောင်း ရရင် အဲဒီလူကိုလဲ အားလုံး ကြက်ကလေးတစ်ကောင်စီ ပေးရတာပဲ"
ဦးသော်တာ... "ဟန်သဗျ၊ အဲဒီစနစ်ကတော့... "

ထွေးလုံး... "ဒါနဲ့ မသိလို့ မေးပါရစေ ဘကြီး၊ ဒီလို မိုးရာသီဝါတွင်းကာလမှာ စွန်တွေ၊ သိမ်းတွေ၊ လင်းယုန်တွေ ကျွန်တော်တို့ဆီ မလာကြတာဟာ သူတို့ဟာ ဟိမဝန္တာတောထဲသွားပြီး ဝါဆိုနေကြ လို့ဆို"
ဦးသော်တာက ဟက်ဟက်ပက်ပက် ရယ်လိုက်ပြီ...
"တို့မြန်မာများ ကြံဖန်ပြီးတော့ ဝါတွင်းကာလနဲ့ပတ်သက်ပြီး ပြောတတ်ကြာတာကွ"
ဂွေးနီ... "နို့ မဟုတ်ဘူးလား"
ဦးသော်တာ... "ဘယ်ဟုတ်ရမှာလဲကွ၊ စွန်တို့၊ သိမ်းငှက်တို့၊ လင်းယုန်တို့ဆိုတဲ့ သားစိမ်းငါးစိမ်း ငှက်တွေကို မိုးတွင်းမှာဆိုရင် သူတို့အတွက်အစာ ကြွတ်တို့၊ မြွေတို့၊ ဖားတို့၊ ငါးတို့ပေါတဲ့ အင်းအိုင် ဒေသတွေ သွားနေကြတာကွ၊ မိုးကုန်လို့ အဲဒီမှာ ဖားငါးရှာလာတော့မှ လူတို့ရပ်ရွာဆီ စားကျက် ပြောင်းလာပြီး မင်းတို့မွေးတဲ့ ကြက်ဘဲတွေကို သုတ်ကြတော့တာကွ"

ထွေးလုံး... "အင်း... ဟုတ်မှာပဲ၊ ဒီသားစိမ်းစားတဲ့ ငှက်တွေက ဝါဆိုတယ်လို့ပဲဗျာ၊ ကြံကြံဖန်ဖန် ဘုန်းကြီးတွေပဲ ဝါဆိုတာကြီးကို၊ ဒီစွန်တို့၊ သိမ်းတို့၊ လင်းယုန်တို့ဆိုရင် ကျွန်တော် မကြောက်ပါဘူး ဗျာ၊ ခွလေးတစ်ချောင်းနဲ့ ကျွန်တော့်ဘဲတွေကို ကျောင်းနိုင်တာပဲ၊ အခု ညဘက်ပါလာပြီး အလစ် သုတ်နေတဲ့ကြောင်တော့ ဘယ်လိုလုပ်ရမယ် မသိဘူး"
ဦးသော်တာ... "ငါ ခုနပြောသလို ရပ်ရွာသူကြီး သွားတိုင်ကွာ"
ဦးတေနောင်... "ဒီအထိ မလိုပါဘူးဗျာ၊ ဒီကြောင် ကျုပ် သုတ်သင်နိုင်ပါတယ်၊ ဦးသော်တာ ခင်ဗျား ကြောင်သားစားလား"
ဦးသော်တာ... "ကျုပ်က လူစားတာမှန်သမျှ အကုန်စားတယ်"

ဦးတေနောင်... "အဲ... ဟုတ်ပြီ၊ ဟေ့ ဂွေးနီ၊ အဲဒီကြောင် ဘယ်လောက်ကြီးသလဲကွ"
ဂွေးနီ... "နှစ်ပိဿာ သုံးပိဿာပဲ ဘကြီးရေ"
ဦးတေနောင်... "ဒီအကောင်ကြီးဆိုရင် အုန်းနို့နဲ့နှပ်လိုက်ရ ပထမတန်းပေါ့ကွာ၊ အုန်းသီးလိုနေပြီ"
ဦးသော်တာ... "အုန်းသီးခြောက်တွေ ကျုပ်အပင်မှာ ရှိပါရဲ့၊ တက်မယ့်လူ လိုနေတယ်"
ဂွေးနီ... "ကျွန်တော် တက်နိုင်တယ် ဘကြီး"

ဦးတေနောင်... "အေး... ဟုတ်ပြီ၊ ကဲ... မင်းတို့ ငါ့ထောင်ချောက်ယူရအောင် လာတာမဟုတ်လား၊ ဟော့ဟို လှေကားခုံးအောက်မှာ ယူသွားကြပေရော့"
စစ်ပြန်လက်သမားကြီး ဦးတေနောင်၏ကြောက်ထောင်ချောက်မှာ တစ်ပေပတ်လည် သေတ္တာရှည်၊ အလျားနှစ်ပေခွဲလောက်ရှိသည်။ ကြောင်ဝင်ပေါက်ကို ဖင်ပိုင်းဟုဆိုကြပါစို့။ ခေါင်းပိုင်း၏လက်တစ် ဝါးလောက်နေရာမှာ ကြောင်စာထားရန် သံဆန်ခါကာထားသော အကန့်ကလေးရှိသည်။ သေတ္တာ ၏လေးပုံတစ်ပုံနေရာမှ အပေါ်က မောင်းတိုင်ထူ၍ ကြောင်ဝင်ပြီး ပိတ်သွားရန် မောင်းတံဆင်ထား သည်။
သေတ္တာအတွင်းမှာ ပျဉ်ပြားတစ်ခု၊ ကြောက်တတ်နင်းလိုက်က မောင်းတံပြုတ်သွားရန် ကြိုးနှင့်စီမံ ထားသည်။ ဂွေးနီသည် ဤထောင်ချောက်အလုပ်ကို ကျွမ်းကျင်နေပြီဖြစ်၍ ထွေးလုံးတို့ခြံထဲမှာ မောင်းတင်လိုက်သည်။ အပေါ်ဘက်မှ ဖွင့်၍ပိတ်၍ရသော ကြောင်စာအကန့်လေးထဲသို့ ဘဲကလေး တစ်ကောင်ကိုထည့်ပြီး ပိတ်ထားလိုက်သည်။ ကျန်ဘဲကလေးအားလုံးကို ကြောင်မမြင်ရအောင် တောင်းနှင့်မှောက်ထားလိုက်သည်။

ထိုကြောင် လာချိန်တန်လျှင်တော့ လာမည်။ ထောင်ချောက်ထဲက ဘဲကလေးကို သံဆန်ခါပေါက်မှ သူမြင်တော့ အပြေးဝင်၍ခုတ်မည်။ ဤမှာ ထောင်ချောက်မောင်းက ကျသွားကာ မောင်းတံနှင့်ဆွဲ ထားသော ပျဉ်ပြားက ဒေါက်ခနဲ့ကျ၍ ပိတ်သွားလေပြီ။
အားလုံးပြင်ပြီးသွားသောအခါ ထွေးလုံးကမေးသည်။
"ဟေ့... ဂွေးနီ၊ အထဲက ဘဲကလေးကို ကြောင်လက်သည်းနဲ့မကုတ်နိုင်ဘူးလားကွ"
"ဘယ်ကုတ်နိုင်မှာလဲ၊ သံဆန်ခါက သံကြိုးမျှင်မျှင်သေးသေးလေးတွေနဲ့ အပေါက်ကျဉ်းကျဉ်းက လေးတွေပဲ၊ ကြောင်လက် မဝင်နိုင်ဘူး၊ မင်းဘဲကလေးအတွက် ဘာမှမစိုးရိမ်နဲ့၊ ကြောင်မိပြီးတဲ့အခါ မှာ မင်း ဘဲကလေးပြန်ထုတ်ပြီး သူ့အဖော်တွေနဲ့ အိပ်ပါစေတော့၊ ကဲ... ငါပြန်မယ်၊ မနက်စောစော မှ လာခဲ့တော့မယ်"
"ဒီကြောင် လာမှလား၊ မိမှာလား"

"စိတ်ချစမ်းပါကွာ၊ ဘကြီးတေနောင်နဲ့ ငါနဲ့ စားနေကျပါ"
"ငါတော့ အဲဒီကြောင် မမိမချင်း ထိုင်စောင့်နေမှာပဲ"
ထွေးလုံးသည် သူ့စကားအတိုင်း မအိပ်ဘဲ ခြံဆီနားစွင့်လျက် စာကျက်နေ၏။ တယ်ပြီး မကြာလိုက် (၉)နာရီလောက်တွင် ဒေါက်ခနဲ ထောင်ချောက်ကျသံကြား၍ ထွေးလုံး ကပျာကသီ မီးခွက်နှင့်ဆင်း ကြည့်လိုက်တော့၊ ဟုတ်တာပေါ့၊ ဟုတ်တာပေါ့၊ စားနေကျ ကြောင်ဖားကြီး အထဲက မာန်ဖီပြီး သံ ဆန်ခါကို လက်သည်းနှင့်ကုတ်ခြစ်နေလိုက်သေး။ ထွေးလုံး စိတ်ထဲဝမ်းသာလိုက်တဲ့ဖြစ်ခြင်း။ "ဟင်း... ငါ့ဘဲကလေး ငါးကောင် အပင်းဆို့သွားတဲ့ အယုတ်တမာကောင်ကြီး၊ နင် ဝဋ်လည်ပြီမှတ်"
နံနက် ဝေလီဝေလင်းတွင် ဂွေးနီရောက်လာသော် ကြောင်ထောင်ချောက်နားမှာ ပီတိဖြစ်နေသော ထွေးလုံးကို တွေ့ရသည်။

သူတို့နှစ်ယောက်သည်  ကြောင်ထောက်ချောက်ကို သယ်ဆောင်ကာ ဦးတေနောင်အိမ်သို့ ရွာ အပြင်လမ်းမှ သွားကြလေ၏။ ရေနွေးကြမ်းတစ်အိုးနှင့် ထိုင်နေသော ဦးတေနောင်ကို အသင့်တွေ့ ရသည်။
"ကြောင်ဖြစ်လျက် ကြွတ်မခုတ်၊ ကြက်ဘဲ ခုတ်သည့် ထိုကြောင်ယုတ်ကို သုတ်သင်ရန်မှာ လူတာဝန်တည့်"
ထိုနေ့သည် ထွေးလို့တို့ကျောင်းပိတ်ရက်ဖြစ်လေရာ ရပ်ရွာ၏ရန်သူအသားကို ဦးသော်တာ၏အုန်းနို့ နှင့်နှပ်ပြီး သူတို့လူသိုက် အောင်သေအောင်သား စားကြသတည်း။
တယ်ကောင်း...
ယခုအချိန်၌ ထွေးလုံးသည် အန္တရာယ်ကင်းရှင်းသွားပြီဖြစ်သော မီးခိုး၊ မဲလုံး၊ ဖြူရော်၊ ဝါနု၊ ရင်ကျား မည်သော ဘဲကလေးငါးကောင်နှင့် ပျော်ရွှင်စွာရှိလေသတည်း။
အပိုင်း(၂)

မီခိုး၊ မဲလုံး၊ ဖြူရော်၊ ဝါနု၊ ရင်ကျား မည်သော ထွေးလုံး၏ဘဲကလေး ငါးကောင်သည် တစ်နေ့တခြား ကြီးပြင်းလာခဲ့ရာ နှစ်လကျော်သောအခါ သိသိသာသာကြီး ဖွံ့ဖြိုးလာလျက် တစ်ကောင်လျှင် ကိုယ် အလေးချိန် နှစ်ဆယ်သားမျှရှိလာလေပြီ။ ပုံသဏ္ဍာန်လည်းပြောင်း၊ အသံလည်းပြောင်းလာသည်။ ငယ်ငယ်ကလို တွီစလီ တွီစလီ မဟုတ်တော့ဘဲ အထီးက လေချွန်သလို၊ အမက ဂတ်... ဂတ်... ဂတ် အော်၏။
အလို... မီးခိုးနှင့် မဲလုံးက အထီး။
ဖြူရော်၊ ဝါနု၊ ရင်ကျားတို့က အမကလေးတွေပါလား။

သူတို့၏ကိုယ်ပုံသဏ္ဍာန်များလည်း မွေးကင်းခါစကလို ကျောကော့ကော့လေးများမဟုတ်တော့ဘဲ ခါးကလေးတွေ ကုန်းပြီး၊ မွေးနု၊ မွေးညှင်းကလေးတွေထဲမှာ ရင်ဘတ်နှင့် တောင်ပံတို့၌ မွေးကြမ်း (ကြီးမွေး)တွေပေါက်လာချေပြီ။ ကိုယ်အင်္ဂါတို့လည်း သန်စွမ်းလာ၏။ မိုးရွာတုန်း မိုးရေထဲမှာ ငါးကောင်စုပြိုင်တူပြေးလိုက်ကြကာ ခြေဖဝါးသံလေးတွေ တဖျပ်ဖျပ်နှင့်။ နောက်ပြီး ရေအိုင်တွေ့ လျှင် ရေကူးလိုက်ကြသည်။
အောင်မယ်လေး ရေကူးပြီး အိုင်ထဲပြန်တက်လာတော့ သူတို့အမွှေးအလှေး ခါတယ်ပေါ့။ အတောင် ခတ်လိုက်ကြတာလေ။ တောင်ပံမွေးရှည်က မရှိတော့ အတောင်ရိုးလေးတွေ တမြှောက်မြှောက်နဲ့ လူကလေးတွေ လက်လှုပ်ရှားနေသည်နှင့်တူသေး။ ဟီဟိ... ထွေးလုံး ရယ်မိသည်။
သူ သိပ်ပျော်နေသည်။

သြော်... မူလ ဆယ်ကောင်အနက် ငါးကောင်ဆုံးပြီး သည်ငါးကောင်ကလေး ယခုချိန်ထိ သက်ဆိုး ရှည်နေရသည်ကား စစ်ပြန်ကြီး ဦးတေနောင်၏ကျေးဇူးပေတကား။
သူနှင့် ဂွေးနီ၊ ဦးဘသိန်း ဒေါ်ထွေးနွယ်တို့အိမ်က ကြောင်ဆိုးကြီးကို ထောင်ချောက်နှင့်ဖမ်းပြီး သွား ပို့တဲ့နေ့က ဦးတေနောင်ပြောသော စကားများကို သတိရလာသည်။ ဦးတေနောင် အိမ်ရှေ့ကပြင် တွင် လက်ဖက်ရည်ကြမ်းသောက်နေရာမှာ...
"ဟန်ခဲ့ကြရဲ့လား ဟေ့"
ဂွေးနီ... "ဘယ်လွတ်မလဲ ဆရာ"

"အေး အဲဒီနား ခဏချထားကြဦးကွ၊ ကဲ.. ဂွေးနီ မီးကျီခဲများများရအောင် မီးလှိုင်လှိုင်ထည့်ကွာ"
ဂွေးနီသည် ဦတေနောင်ထိုင်သော ကပြင်ရှေ့မြေကြီးပေါ်တွင် ဖိုခုံလောက်သုံးလုံးနှင့်ရှိသော မီးဖိုမှာ ထင်းများစွာ ထည့်လေသည်။
ထွေးလုံး... (ထောင်ချောက်ကြည့်၍) "အဘ ကြောင်ကြီး ဘယ့်နှယ်ထုတ်မလဲ"
ဦးတေနောင်... "ဟောဟိုတောင်းပေါ်မှာ တင်ထားတဲ့ အိတ်ကြီးယူလိုက်ကွာ"
ဆန်တစ်တင်းကျော်လောက်ဝင်သည့် ပလတ်စတစ်အိတ်ဖြူဖြူကြီး ထွေးလုံးက ယူပေးသောအခါ ဦးတေနောင် က...
"အဲဒါနဲ့ ထောင်ချောက်ဝစွပ်ပြီး ပိတ်ထားတဲ့ ပျဉ်ပြားဖွင့်ပေးလိုက်တော့ ဒီကောင် အိတ်ထဲရောက် လာတော့ တာပေါ့ကွာ"
ထွေးလုံး... "သိပြီ၊ သိပြီ၊ ကျွန်တော် ဒီကောင်ကြီးကိုသတ်မယ်"

ဦးတေနောင်... "မင်း ဘယ့်နှယ်လုပ် သတ်မလဲ"
ထွေးလုံး... "အိတ်အပေါက်ဝက စုကိုင်ပြီး မြေကြီးကိုင်ရိုက်မယ်၊ ဓားနှောင့်နဲ့ ခေါင်းထုမယ်"
ဦးတေနောင်... "ဒီလိုဆို ဘယ်တော်တော်နဲ့ သေမလဲ၊ တိရစ္ဆာန် ညှင်းဆဲသလို နေမှာပေါ့ကွ၊ သနားစရာ"
ထွေးလုံး... "ကျွန်တော့်ဘဲကလေး ငါးကောင်ကို သတ်ထားတာ ဒီကောင်ကြီး မသနားနိုင်ဘူး"
ဦးတေနောင်... "ဟာ... ဒီလို ဘယ်ဟုတ်ဦးမလဲကွာ၊ သူက မင်းဘဲကလေးတွေ သေစေဆိုတဲ့သ ဘောမဟုတ်ပါဘူး။ သူ့အစာအဖြစ်နဲ့သာ ကိုက်စားတာပါ။ သူ့မှာအပြစ်မရှိပါဘူး။ အပြစ်ရှိတာက သူ့ သခင် တွေပဲ၊ ကိုယ့်ကြောင် မဟုတ်တဲ့အလုပ် လုပ်လာတယ်ဆိုရင် ကုပ်ကိုင်ပြီးတော့ အဲဒီ ပထမဦး ဆုံး ကိုက်လာတဲ့ ကြက်ကလေးပြပြပြီး ခပ်ဆတ်ဆတ်ကလေး ရိုက်လိုက်၊ တစ်ခါက နှစ်ခါ မရိုက်ရပါ ဘူး။ ခွေးဖြစ်ဖြစ် ကြောင်ဖြစ်ဖြစ် မှတ်တတ်ပါတယ်။ ခုတော့ ဒီလိုမဟုတ်ဘူး။

ကိုယ့်အိမ်က ကြောင် သူများကြက်ဘဲကိုက်တာပဲ ဝမ်းသာနေတယ်ဆိုတော့ သူတို့ကြောင် သူတို့ ဖျက်ဆီးပစ်တာပဲ။ ကြောင်များဟာ ကြက်ဘဲ စားမိရင် ဘယ်တော့မှ ကြွတ်မခုတ်ဘူး၊ ကြွက်ထက် အရသာ တွေ့တဲ့ ဖမ်းရလွယ်ကူတဲ့ ကြက်ကလေး ဘဲကလေးတွေပဲ ရွာရိုးကိုးပေါက် လျှောက်စားနေပြီပဲ မှတ်ပေရော့၊ အဲသည်တော့ ဒီကြောင်က ပြည်သူ့အာဟာရ၊ ပြည်သူ့ပစ္စည်းဖျက်ဆီးတဲ့ ရပ်ရွာရဲ့ ရန်သူဖြစ်နေပြီး လူကို အကျိုးပျက်စီးစေတဲ့အတွက် လူ့ပြည်မှာမထားသင့်တော့ဘူး။ သို့သော် သူ့ကို သနားသော အားဖြင့် သတ်တဲ့အခါမှာ နှိပ်စက်ရာမရောက်ပါစေနဲ့၊ ဝေဒနာမခံစားရပါစေနဲ့၊ သူကိုယ်သူ နာလိုက် မှန်းတောင် မသိ၊ အမြန်ဆုံးသေအောင် ဟောဒီလို... "ဟု ပြောပြောဆိုဆို ဦးတေနောင်သည် အခုန ပလတ်စတစ်အိတ်ကို ကြောင်ထောက်ချောက်အပေါင်ဝတွင် စွပ်၊ ပျဉ်ပြားဖွင့်ပေးလိုက်၊ ကြောင်က ထွေးခနဲ အိတ်ထဲအရောက်၊ ကြောင်ကောင်လုံးပေါ်အောင် အိတ်ကိုစုကိုင်လိုက်ပြီး ကြောင်ခေါင်း ပုံသဏ္ဍာန် ကို ပလတ်စတစ်အိတ်ပါးမှာ မြင်ရသည်၌ နှာရောင်တည့်တည့်ကို တူနဲ့ ဆတ်ခနဲ တစ်ချက် တည်း ထုလိုက်လေသည်။ ကြောင်သည် တုတ်တုတ်မျှမလှုပ်တော့၊ ခဏကြာ၍ ပိတ်ထဲမှ သွန်ထုတ် လိုက်သောအခါ စန့်နေလေပြီ။

"မှတ်ထားကွ၊ ကြောင်တို့ ခွေးတို့သတ်တဲ့အခါ တခြားနေရာတွေ ရိုက်နှက်မနေနဲ့၊ ဟောဒီ နှာရောင် တည့်တည့်သာ အဲဒီလို ခပ်ဆတ်ဆတ်ကလေးထုလိုက်၊ တစ်ချက်တည်းနဲ့ ကိစ္စပြီးတာပဲ"ဆိုပြီး ကြောင်သေ ပျော့ခွေခွေကြီးကို ဦးတေနောင်သည် ဂွေးနီဆီကို ပစ်ပေးလိုက်တော့ ဂွေးနီက ကြောင် သေကို မီးမြိုက် လေ၏။ ထွေးလုံး ဦးတေနောင်၏မျက်နှာကို အံ့သြကြည်ညိုစွာနှင့် ကြည့်ကာ...
"အဘ... အဘဟာ ဒီပြင်လူကြီးတွေနဲ့ မတူဘူး"
"ဘယ်လိုမတူတာလဲကွ"
"တခြားလူကြီးတွေဆိုရင်လေ အိမ်မှာ ကြက်တို့၊ ဘဲတို့ ချက်စားကြမယ်ဆိုရင် ဒါဟာ လူကြီးတွေနဲ့ မလျော်ဘူး ဆိုတဲ့သဘော၊ သားတွေကို သတ်ခိုင်းကြတယ်၊ ဥပမာ ဂွေးနီတို့အဖေကိုကြည့်၊ ဂွေးနီကို ဆော် ခိုင်းတာပဲ"
ဂွေးနီ...
"အေးကွ... သူက လူကြီး၊ ငရဲကြီးမယ့်ကိစ္စ မလုပ်ချင်တော့ဘူးတဲ့လေ"

ဦးတေနောင်... "သြော်... မင်းအဖေက ငါလူကြီး ငရဲမသွားတော့ဘူး၊ သားကလေးတော့ သွားပါစေ တဲ့ လား၊ တယ်တော်တဲ့ အဖေပဲ၊ ငါသာဆိုရင်ကွာ မလွှဲမရှောင်သာတဲ့အလုပ်၊ ငရဲသွားနေမယ်ဆိုရင် ငါ့သားသမီး တွေတော့ မသွားစေရဘူးဟေ့... ငါပဲသွားမယ်"
ထွေးလုံး...
"အဘ... အခု ဒီကြောင်ကြီးသတ်လိုက်တာ အပြစ်ရှိတယ် မထင်ဘူးလား"
ဦးတေနောင်...
"မထင်ပေါင်ကွာ၊ အပြစ်ရှိတယ်ထင်ရင် ငါ ဒီအလုပ်မလုပ်ပါဘူး"
"ဟင်... သူများအသက် သတ်တာအပြစ်မရှိဘူး"

"သတ်သင့်လို့ သတ်တာကို မရှိဘူးလို့ ငါယူဆတယ်ကွ၊ ကဲကြည့်... ဒီကြောင်ဟာ ကြက်ကလေး ဘဲကလေး တွေ အသက်ပေါင်းများစွာကို သတ်ခဲ့ပြီ၊ သူရှိနေရင် နောက်လဲ ဆက်သတ်ဦးမယ်၊ ကြက်ဘဲရှင် လူပေါင်း များစွာ စိတ်မချမ်းမသာဖြစ်နေရဦးမယ်၊ ဒါကို ငါက တားမြစ်ပိတ်ပင်ရာရောက် တဲ့အတွက် ကုသိုလ်တောင်ရတယ်လို့ ငါထင်တယ်ကွ၊ နောက်ပြီး ရပ်ရွာပြည်သူလူထုအကျိုးစီးပွား ကို ကာကွယ်ပေးရာရောက်တယ်လို့လဲ ငါယုံကြည်တယ်ကွ၊ ငါဟာ ဘီအိုင်အေကတည်းက စစ်ထဲ ဝင်ပြီး တော်လှန်ရေး မှာရော စစ်တိုက်လာတဲ့အကောင်ပါကွာ၊ ဒီကြောင် သတ်တာများ ထည့်ပြောမ နေနဲ့၊ အများအကျိုး အတွက်ပါကွ၊

 ဟေ့... ဒီမှာမို့လို့ ငါပြောခဲ့ပြီကောကွာ၊ ကချင်ပြည်နယ် ကျေးရွာ တွေမှာဆိုရင် ဒီလိုအန္တရာယ်ကောင် ရှင်းပေးတဲ့လူကို ကြက်သားခွဲကလေး တစ်အိမ်တစ်ကောင်စီ၊ ကြက်ငယ်ငယ်မရှိတဲ့လူက ကြက်ဥဘဲဥတွေ ပေးတာကွ၊ အခုတော့ ဒီကြောင်သားပဲ ကောင်း ကောင်းကြီးကြိတ်ရတော့မယ်"ဆိုပြီး ဦးတေနောင်သည် ထိုင်နေရာ မှထ၍ ထရံတွင် ထိုးထားသော ဓားဦးချွန်မြမြကိုယူက ဂွေးနီမီးမြိုက်နေသဖြင့် မည်းမည်းကြီး ဖြစ်နေသော ကြောင်သေကိုယူကာ ဓားသွားနှင့် တချွင်ချွင်မြည်အောင် ခတ်လေသော် ကြောင်အရေပြား သည် ဝက်ကလေးကင် အရောင်လို ဖြစ်လာလေ၏။ ကြောင်ကိုယ်ထည်မှာလည်း တောင့်တင်း မာကျောလို့ နေ၏။ ဟင်းကိုင် ဖို့သာ ရှိတော့၏။

ထိုအချိန်၌ နေရောင်ဖြာပြီဖြစ်၍ ဦးတေနောင်၏ကလေးမြေးငယ်များ အိပ်ရာမှထလာကြသော် သူတိ့အဘိုးလက်ထဲက ပစ္စည်းကိုမြင်လတ်သော် ဝမ်းသာအားရ "ကြားသော်... ကြားသော်"ဟု အော်ကြရာ ဦးတေနောင်က "အေး... ဟုတ်တယ်၊ သုံးပိဿာလောက်ရှိမယ်၊ ငရုတ်၊ ကြက်သွန်နီ၊ ချင်း၊ စပါးလင် ဘယ်လောက်စီ ထောင်းရမယ်ဆိုတာ သိတယ်မဟုတ်လား"
မြေးများက သံပြိုင်... "သိတယ်... သိတယ်၊ စားနေကျ ကြောင်ဖားတွေ ကြောင်သားကြီးစားမယ်"
ထို့နောက် ဦးတေနောင်က ဂွေးနီနှင့် ထွေးလုံးတို့အား "ကဲ မင်းတို့က ဦးသော်တာ အပင်က အုန်းသီး ရအောင် လုပ်ချေကြလေကွာ။ ငါက ဟင်းကိုင်ထားလိုက်မယ်၊ ဒီကောင်ကြီး သုံးနာရီလောက် နှပ်ရမယ်ကွ"

ထိုမှ တစ်နာရီမျှအကြာ ဦးသော်တာနှင့် ဂွေးနီက အုန်းသီးခြောက် တစ်ယောက်တစ်လုံးစီကိုင်၍ လည်းကောင်း၊ ထွေးလုံးက ငါးခူနှစ်ကောင်၊ ငါးသင်းအုံ့ သုံးကောင်ပါသော ငါးသီတံနှင့် ကန်စွန်း ရွက်စည်းကြီးကို ပိုက်၍လည်းကောင်း သုံးယောက်သားရောက်လာကြ၏။ ထွေးလုံးသည် ဂွေးနီ အုန်းပင် တက်နေစဉ်မှာ ညိုမနှင့် ကြင်စုံသားအမိကို ကွင်းထဲသွားလှန်းရင်း အင်းထဲမှ ကန်စွန်းရွက် နှင့် သူ့ ငါးလူးတွင်း မှ ငါးများရလာခြင်းဖြစ်သည်။
ယင်းတို့ကိုကြည့်၍
"ဟာ... သိပ်ကောင်းတာပေါ့ကွာ၊ ကန်စွန်းရွက် ငါးချဉ်ရည်ဟင်းနဲ့ ကြောင်သား အုန်းနို့နှပ်နဲ့ ကြောင် သား အုန်းနို့နှပ်နဲ့"
ထိုအချိန်တွင် ကြောင်သားဟင်းအိုးလည်း မီးဖိုပေါ်မှာ ကျွက်ကျွက်ဆူနေလေပြီ။

"ကဲ... ဒီတစ်ရေခန်းပြီးရင် နောက်တစ်ရေမှာ အုန်းနို့ထည့်လိုက်ရအောင် အုန်းသီးခြစ်ဖို့ လုပ်ကြ လေကွာ" ဟု ဦးတေနောင်က ပြောသည်။ ဂွေးနီနှင့် ထွေးလုံးသည် အုန်းသီးခြောက်အခွံနွှာ၊ အုန်းမှုတ်ခွက် အရည်တွေ သောက်ပြီး အုန်းသီးခြစ်ကြလေ၏။ ဤစဉ် ဦးတေနောင်၏မြေးငယ်များ က အင်္ဂလိပ်စာ ဖတ်နေကြလေရာ ဦးသော်တာက...
"ဒီခေတ်ကလေးတွေ ဟန်ကျတယ်ဗျာ၊ ကိုယ့်ရွာက မူလတန်းကျောင်းမှာပဲ အင်္ဂလိပ်စာ သင်ကြရ တယ်၊ ကျုပ်တို့ခေတ်တုန်းကဆိုရင် ကျေးရွာနဲ့ အင်္ဂလိပ်စာဟာ ဘုန်းကြီးနဲ့ ဘီးဗျ"
ဦးတေနောင်... "ဟုတ်လား ပြောပြပါဦးဗျ။ ခင်ဗျားတို့ခေတ်က ပညာရေး... "

ဦးသော်တာ... "ကျုပ်တို့မွေးခဲ့ရတာက အင်္ဂလိပ်ကျွန်ခေတ်လားဗျာ။ နယ်ချဲ့အစိုးရဟာ သူ့ကျေး ကျွန်များကို လူတန်းစားခွဲပြီး အုပ်ချုပ်ရမှာဖြစ်လေတော့ ကျောင်းတွေ ပညာရေးကစပြီး ခွဲခြားလိုက် တာပဲဗျ။ အဲဒီခေတ်က ကျောင်းသုံးမျိုးရှိတယ်ဗျ၊ "ဗာနေကလောစကူးလ်"တဲ့၊ "အင်္ဂလိုဗာနေကလာ စကူးလ်"တဲ့၊ "မင်ရှစ်စကူးလ်"တဲ့၊ ဗာနေကလောစကူးလ် ဆိုတာက ဗမာစာသက်သက်ပဲသင်တယ်၊ မြူနီစပါယ်ကျောင်း အထက်တန်းကျောင်းလို သုံးမျိုးသုံးစားခွဲပြီး ကျေးရွာတွေမှာရော၊ မြို့တွေမှာ ရော အများဆုံးရှိတယ်။ အင်္ဂလိုဗာနေကလာစကူးလ်ဆိုတာက အထက်တန်းကျောင်း၊ ငါးတန်းကစ ပြီး အင်္ဂလိပ်စာသင်တယ်၊ မြို့ပေါ်မှာပဲရှိတယ်၊

 အစိုးရဟိုက်စကူးလ်လို့ခေါ်တယ်၊ "မင်ရှင်စကူးလ်" ဆိုတာက ခရစ်ယာန်သာသနာပြုကျောင်းတွေ၊ သူတို့က အင်္ဂလိပ်စာ အဓိကထားသင်တယ်၊ မြို့ တိုင်းမှာ မရှိဘူး၊ ရန်ကုန် မန္တလေးမြို့ကြီးများနဲ့ ပြင်ဦးလွင်၊ ကလော၊ တောင်ကြီးလို မျက်နှာဖြူတို့ စံမြန်းရာ တောင်စခန်းမြို့များမှာပဲရှိတယ်၊ အဲဒီ ကျောင်းသုံးမျိုးမှာ အစိုးရဟိုက်စကူးလ်က ကျောင်း လခပေးရတယ်၊ မစ်ရှင်စကူးလ်က ပိုပြီးပေးရတယ်၊ တော်ရုံတန်ရုံ မနေနိုင်ဘူး၊ အထက်တန်းစား ကျောင်းဆိုပါတော့၊ မြန်မာစာသက်သက် သင်ရတဲ့ မြူနီစပယ်ကျောင်းကတော့ ကျောင်းလခမရှိ ဘူး၊ ဆင်းရဲသားကျောင်း၊ ဒါပေမယ့် အဲဒီခေတ်က ဆင်းရဲသားတွေဟာ အလကားသင်ရတဲ့ကျောင်း တောင်မှ ဖြစ်မြောက်အောင် မနေနိုင်ကြပါဘူးဗျာ။ စာလေး မတတ်တခေါက် ဖတ်တတ်ရုံ၊ နှစ်တန်း ရောက်ထွက်၊ သုံးတန်းရောက်ထွက်နဲ့၊ ဟေ့... ဂွေးနီနဲ့ ထွေးလုံးတို့ ခုခေတ်မှာမူလတန်းကျောင်းဖြစ် နေတဲ့ အခုတို့ရွာက ဘုန်းတော်ကြီးကျောင်းဟာ အဲဒီတုန်းက ခုနစ်တန်း အလယ်တန်းကျောင်းခေါ် တယ်ကွ"
"ဟုတ်လား ဘကြီး"

"အေး ဟုတ်တယ်၊ အဲဒီတုန်းက ငါတို့ကျောင်းနေရပုံ ပြောရဦးမယ်၊ သူငယ်တန်းတုန်းက ဆယ့် လေးငါးယောက် ရှခဲ့တယ်ကွ၊ ဒုတိယတန်း၊ တတိယတန်းရောက်တော့ ခုနှစ်ယောက် ရှစ်ယောက် ရှိတော့သကွ"
"ဘာလို့လဲ ဘကြီး"
"သူတို့မိဘတွေက ဆင်းရဲတော့ ကျောင်းဆက်မထားနိုင်ဘူး၊ အိမ်မှာ ကျီးမောင်း၊ ကြက်နှင့် ကလေးထိန်းပေါ့ကွာ၊ တောက်တိုမည်ရခိုင်းဖို့ ကျောင်းနုတ်ကြရတယ်၊ အဲ... စတုတ္ထတန်းဆိုတာက တော့ တို့ရွာသားအများစုရဲ့ နောက်ဆုံးအတန်းဆိုပါတော့ကွာ၊ အဲဒီခေတ်တုန်းက စတုတ္ထတန်း၊ သတ္တမတန်း၊ နဝမတန်း၊ ဒသမတန်းတို့က အစိုးရစာမေးပွဲကိုးကွ၊ အဲဒီမှာ ရှုံးကြပါပြီဗျာ၊ ဒီလေး တန်းမှာ တို့ရွာက ငါနဲ့ထွန်းရွှေဆိုတဲ့ ငါ့သူငယ်ချင်း နှစ်ယောက်ပဲအောင်တယ်"
ထွေးလုံး... "ဘကြီးတို့နှစ်ယောက်က ဉာဏ်ကောင်းလို့ပေါ့နော်"

"ဉာဏ်ကောင်းလို့ မဟုတ်ပါဘူးကွာ၊ ကျောင်းမှန်မှန်တက်နိုင်လို့၊ တို့မိဘတွေက ချောင်ချောင်လည် လည်လေးရှိကြလို့၊ ကျန်နေတဲ့ ကလေးတွေ မိဘများက ဆင်းရဲကြတော့ ကောက်စိုက်ချိန်၊ ကောက်ရိတ်ချိန် တွေမှာ အိမ်မှာကူဖော်လောင်ဖက် သုံးကြတော့ ကျောင်းပျက်ကြရတယ်၊ ဒါနဲ့ ငါနဲ့ ထွန်းရွှေ နှစ်ယောက်တည်းပဲ ခုနစ်တန်းအထိ သင်နိုင်ကြတယ်"
ဂွေးနီ... "ဟင်.. ခုနစ်တန်း တစ်တန်းလုံးမှ ဘကြီတို့နှစ်ယောက်တည်းရယ်"
ဦးသော်တာ...
"ဒီလိုလဲ မဟုတ်သေးဘူးကွ၊ မူလတန်းကျောင်းရှိတဲ့ သဖန်းကုန်းနဲ့ ကန်ဦးရွာက ငါးတန်းကတည်း က လာနေကြတဲ့ ကျောင်းသားလေးယောက်ရှိသေးတော့ တို့ခုနစ်တန်းမှာ ကျောင်းသားခြောက် ယောက်ကွ"
ထွေးလုံး... "ခုနစ်တန်းကြီး တစ်တန်းလုံးမှာ ကျောင်းသားက ခြောက်ယောက်တည်း"
ဦးသော်တာ... "အေးကွ... အဲဒီခေတ်က ဒီလိုပဲ"
ဂွေးနီ... "အခု ကျွန်တော်တို့ ခုနစ်တန်းဖြင့် လူ တစ်ရာကျော်လို့ အေဘီခွဲထားရတယ်"

ဦးသော်တာ... "အေ... အင်္ဂလိပ်ကျွန်ခေတ်နဲ့ လွတ်လပ်တဲ့မြန်မာပြည်မှာ လူတွေ စီးပွားရေးအခြေ ဘယ်လိုနေသလဲဆိုတာ ပြတာပေါ့ကွာ၊ ဒါနဲ့ အဲဒီခေတ်က ငါတို့ခေတ်က ပညာရေးဆက်ပြောရဦး မယ်၊ ကျောင်းက အဲဒီသတ္တမတန်းခြောက်ယောက်ဖြေတာ ငါနဲ့ထွန်းရွှေ နှစ်ယောက်ပဲအောင်တယ် ကွ"
ထွေးလုံး... "ဟင် တခြားရွာက လာနေတဲ့လူတွေ တစ်ယောက်မှ မအောင်ဘူး"

ဦးသော်တာ... "ဘယ်အောင်မလဲကွ၊ ဒီကောင်တွေက စာလဲသိပ်သင်ချင်ကြတာ မဟုတ်ဘူး၊ မိဘ ကထားလို့သာ နေကြရတာ၊ သူတို့က ကျောင်းမှန်မှန်တက်ကြတာ မဟုတ်ဘူး။ လမ်းမှာ အိုင်တွေ့ ငါးပက်နေကြတယ်၊ ယုန်တွေ့ ယုန်လျှောက်လိုက်နေကြတာကိုးကွ၊ အဲဒီခေတ်က ပညာကို တန်ဖိုး ထားကြမှန်းလဲ မသိဘူး၊ မိဘတွေကလဲ မထားနိုင်ကြဘူးလေ၊ ကြည့်စမ်း... ငါတို့ရွာက ငါနဲ့ထွန်းရွှေ နှစ်ယောက် ခုနစ်တန်းအောင်ကြတော့ ရှစ်တန်းက မြို့ကျောင်းသွားကြရမယ်ဆိုတော့ ထွန်းရွှေမိဘ က ဆက်မထားနိုင်တော့ဘူး။ ငါ တစ်ယောက်တည်း ငါ့မိဘများက ချောင်ချောင်လည်လည်လေးရှိ လို့ မြို့ကျောင်းဆက်နိုင်ခဲ့တယ်၊ အဲဒီနေရာမှာ ငါ လူပျိုကြီးဖားဖားဖြစ်တောင်မှ အင်္ဂလိပ်စာ မသင်ခဲ့ ရသေးပုံကို ပြောပြချင်ပါတယ်။ မြို့မှာ အင်္ဂလိပ်စာနဲ့တွဲသင်တဲ့ ဂါးဗားမင့်ဟိုက်စကူးလ်ရယ်၊ မြန်မာ စာ သက်သက်သင်တဲ့ မြူနီစပါယ်အထက်တန်းကျောင်းရှိတာမှာ ငါဟာအင်္ဂလိပ်ကျောင်းပြောင်း မယ်ဆိုရင် ငါးတန်းပြန်ဆင်းရမယ်၊ မြူနီစပယ်ကျောင်းသွားမှ ရှစ်တန်းဆက်ရမယ်ဆိုတော့ သုံးတန်း သုံးနှစ်ကြီး အနာမခံနိုင်ဘူးဟေ့၊ မြန်မာကျောင်းပဲ ဆက်နေခဲ့တော့ ငါ အင်္ဂလိပ်စာနဲ့ ဝေးခဲ့ တော့တာပေါ့ကွာ"

"ဘကြီး အခုတော့ အင်္ဂလိပ်လို တတ်သားပဲ"
"အဲဒါ တက်ခဲ့ရပုံလေး ပြောရဦးမယ်၊ (၁၉၃၈)ခုနှစ်မှာ မြန်မာလို (၁၀)တန်းအောင်တော့ ကြည်မြင် တိုင် ဆရာဖြစ်သင်ကျောင်းသွားရတယ်ကွ၊ ဆရာဖြစ်က သီအိုရီရော၊ ပရက်တီကယ်လ်ရော သင်ရ တယ်ကွ၊ ပရက်တီကယ်လ်က ကျောင်းတွေကို ကိုယ်တိုင်သွားပြီးတော့ အတန်းတစ်တန်းမှာ သင် ခန်းစာတစ်ခုခု သင်ပေးရတယ်ကွ၊ တစ်နေ့ လမ်းမတော် အထက်တန်းကျောင်းမှာ ကိုးတန်းဆယ် ဆန်းကို သင်္ချာသင်ရအောင်သွားတာ၊ ငါ တော်တော် ရှိုးကျကျဝတ်သွားတယ်၊ အဲဒီအချိန်မှာ ငါ့အ သက်က (၁၉)နှစ်၊ ကိုးတန်း၊ ဆယ်တန်းကျောင်းသူလေးတွေကလဲ အပျိုတွေဆိုတော့... "
ဂွေးနီ... "ဟဲ... ဟဲ... ဘကြီးကရှိတ်မယ်ပေါ့"

ဦးသော်တာ... "အဲဒီခေတ်က အခု မင်းတို့သုံးနေကြတဲ့ "ရှိတ်"ဆိုတာ မပြောနဲ့၊ စစ်ပြီးစခေတ်မှာ သုံးလာတဲ့ "ဂေါ်"ဆိုတာတောင် မပေါ်သေးဘူး၊ "ပိုးတယ်"ဆိုတာပဲ ရှိသေးတယ်၊ နောက်ပြီး ပြောရ ဦးမယ်၊ အဲဒီတုန်းက ကျောင်းဆရာတွေဟာ ခေါင်းပေါင်းနဲ့ကျောင်းတက်ရတယ်ကွ၊ တို့ဆရာ လောင်းတွေလဲ ခေါင်းပေါင်းပေါင်းရတယ်၊ ဆရာမလောင်းတွေက ဘီးဆံထုံးထုံးပြီး ပဝါချရတယ်၊ အဲဒီနေ့က ငါ့စတိုင် ကောင်းကောင်းမှတ်မိသေးတယ်"
"ရှူးဖိနပ်က လိမ္မော်ရောင်ကွ၊ ပုဆိုးက ဗန်ကောက်လုံချည် ရွှေဖလားရောင်၊ ပိုးအပေါ်အင်္ကျီက အဝါနု၊ ခေါင်းပေါင်းက ပန်းနုရောင်"
"ဟာ... ဘကြီးတစ်ကိုယ်လုံး ဝါဝါဝင်းရွှေပါလား"
"နောက်ပြီး ဆေးတံကလဲ ခဲလိုက်သေးကွာ"
"ဟာ... အပြတ်သားနားနေတာပေါ့"

"အဲဒီတုန်းက စမတ်ကို ဂွမ်နေတယ်လို့ခေါ်တယ်ကွ၊ အဲဒီစတိုင်နဲ့ ငါကျောင်းထဲဝင်သွားတယ်ဆိုပဲ "ဟေ့... တို့ကျောင်း ဒီနေ့ ဆရာလှလှလေးလာတယ်"လို့ ပြောသံတွေ ကြားရတယ်ကွ"
"ဘကြီးကလဲ အဲဒီတုန်းက တော်တော်ချောပါလိမ့်မယ်၊ အခုတောင်မှပဲ ဒီရွာမှာ အသက်(၆၀)ကျော် အဘိုးကြီးချင်း အချောပြိုင်ရင် ဘကြီးက အပိန်ဆုံးနေမှာ"
"ဟာ... ဂွေးနီကလဲ... လူကြီးအားတိတ်အောင် အလုပ်စမ်းပါနဲ့ကွာ၊ ငယ်မူလေးများ ပြန်စမ်းပါရစေ၊ အဲဒီဗန့က မင်းတို့ပြောသလို ကောင်မလေးတွေရှိတ်ရင်း စာပြပြီး အောင်မြင်စွာပြန်အလာ မျက်နှာ ဖြူတစ်ယောက် ငါ့ရှေ့ရောက်တော့ တုံခနဲရပ်လိုက်ပြီး အင်္ဂလိပ်လိုတစ်ခုခု မေးတယ်ကွ၊ ငါက ဘာမှ နားမလည်ဘူး၊ ဒါကြောင့် ငါက ခေါင်းပေါင်းတကားကားနဲ့ ဦးခေါင်းကိုယမ်းရင်း ပါးစပ်က ဆေးတံချွတ်ပြီး "အိုင်နိုး... အိုင်နိုး" လို့ပြောလိုက်တယ်"
ဂွေးနီက...
"ဟင် ဘကြီးက အိုင်နိုး... အိုင်နိုးဆိုပြီး ခေါင်းယမ်းပြတယ်"

"အေးပေါ့ကွာ... အဲဒီတုန်းက ငါက အင်္ဂလိပ်စာမှာ No နဲ့ Know နှစ်မျိုးရှိတာမှ မသိသေးဘဲကိုးကွ၊ ငါက No ပဲသိပြီး ငါ... အိုင်နိုး အိုင်နိုးဆိုလိုတာက ခင်ဗျားပြောတာ ကျွန်တော် နားမလည်ဘူး၊ မသိ ပါဘူးပြောတာ၊ အဲဒီမှာ ကိုရွှေမျက်နှာဖြူ ငါ့မျက်နှာကြည့်ပုံက မရေမရာ မချေမငံ၊ မဲ့သလိုလိုနဲ့ ပြုံး သယောင်ယောင်ကွ၊ ဒီတော့ ငါ့စိတ်ထဲ ငါ ဘာပြောမိလို့လဲ၊ ငါ ဘာများအမှားပြုမိလို့လဲ၊ တအုံနွေး နွေးနဲ့ တစ်နေ့တော့ အင်္ဂလိပ်စာတတ်တဲ့ ငါ့မိတ်ဆွေတစ်ယောက် အကျိုးအကြောင်းပြောပြတော့ သူက ခွက်ထိုးခွက်လန်ရယ်မောပြီး "ကိုရင့်ဟာ... အိုင်နိုး... အိုင်နိုး... I Know... I Know ဆိုတာ က ကျွန်တော် သိတယ်၊ ကျွန်တော် သိတယ် ပြောရင်း ခေါင်းခါပြနေတော့ မောင်ရင့်ကို စိတ်မနှံ့ဘူး ထင်သွားမှာပေါ့ ကိုယ့်လူရဲ့"လို့ပြောပြီး စုပ်တသတ်သတ်နဲ့ "မောင့်ရင့်ရုပ်နဲ့ စတိုင်က မြို့အုပ်လား၊ ရှေ့နေလား ထင်နေရတော့ ဒီတော့ ကိုယ့်ပုံပန်းနဲ့ ကိုက်ညီအောင် အင်္ဂလိပ်စာတော့ သင်ဦးသူငယ် ချင်းရယ်"တဲ့။ အဲဒီခေတ်မှာ "အေဘီစီဒီ မတတ်ဘဲနဲ့ အရပ်ထဲကို လည်"ဆိုတဲ့ သီချင်းကလဲပေါ်နေ တော့ ငါ သိပ်ရှက်သွားတာပဲကွာ၊ ဒါကြောင့် ငါဆရာဖြစ်အောင်သော်လဲ အင်္ဂလိပ်စာမတတ်ဘဲနဲ့ တော့ အရပ်မပြန်တော့ပါဘူးလို့ ဆုံးဖြတ်ပြီး အိမ်ကိုစာရေးလိုက်တယ်။ မိဘများကလဲ တော်ပါပေ တယ်၊ ကျောင်းနေခွင့်ပေးလို့ ရန်ကုန်အင်္ဂလိပ်စာ အလွတ်ပညာသင်ကျောင်းတစ်ခုမှာ နေခဲ့ရတယ်"

ဒါပေမယ့် ဘကြီးပညာပါရမီက သိပ်ပြီးမရင့်သန်ခဲ့ဘူးကွာ၊ (၁၉၃၉)ခုနှစ် (၁၉၄၀-၄၁)ခုနှစ်၊ ဒီဇင် ဘာလ (၂၃)ရက်နေ့ မြန်မာပြည် ပထမဦးဆုံးအကြိမ် ဂျပန်ဗုံးလာချတော့ ရန်ကုန်မြို့ကြီးပျက်က ရော၊ ဘကြီးဟာ အင်္ဂလိပ်စာ နှစ်နှစ်ခွဲပဲသင်လိုက်ရတယ်၊ တက္ကသိုလ်မရောက်ခဲ့ဘူး၊ ဒါကြောင့် မြန် မာကျောင်းဆရာအဖြစ်နဲ့ပဲ ပင်စင်ယူခဲ့ရတယ်၊ ကဲ... အခုခေတ်ပညာရေးနဲ့ ဘယ်လောက်ကွာသ လဲ၊ မင်းတို့ဆိုရင် အခုကိုယ့်ရွာက မူလတန်းကျောင်းမှာပဲ အင်္ဂလိပ်စာကို စသင်ရတယ်၊ ကိုယ့်မြို့မှာ ဆယ်တန်းအောင်ပြီးရင် ရန်ကုန်တက္ကသိုလ်မသွားနိုင်တဲ့ လူတွေအဖို့ ဒေသကောလိပ်တွေရှိတယ်၊ စာပေးစာယူရနိုင်တာ၊ ဘယ်လောက်ကောင်းသလဲကွာ၊ မင်းတို့ ပညာသာကြိုးစားကြပေတော့၊ တောသားမြို့သားရယ်လို့ အင်္ဂလိပ်စာတတ်တဲ့ လူ၊ မတတ်တဲ့လူရယ်လို့ ခွဲခြားမရှိတော့ဘူး၊ အားလုံး ပညာရေးတစ်ပြေးညီ ဖြစ်နေပြီ၊ သိပ်ကောင်းတဲ့စီမံကိန်း"

ကျောင်းဆရာကြီး ဦးသော်တာ မြန်မာပြည်ပညာရေးအကြောင်း လေပန်းနေစဉ် ဂွေးနီက အုန်းနို့ ညှစ်နေခြင်းဖြင့်လည်းကောင်း၊ ထွေးလုံးက ကြောင်သားအိုး ထင်းမပြတ်ထိုးနေခြင်းဖြင့်လည်း ကောင်း၊ အုန်းနို့ လည်း ညှစ်ပြီးပြီ၊ ဟင်းအိုးပထမရေလည်း ခန်းပြီ၊ သည်တော့ ဦးတေနောင်က ထိုင် ရာမှထ၊ ဟင်း ကို အပေါ့အငန်မြည်းပြီး အုန်းနို့ရည်တွေ ထည့်လိုက်လေ၏။
ဂွေးနီ ထိုင်ရာမှထ၍ အညောင်းဆန့်သောအခါ ဦးသော်တာက...
"ဟေ့... မောင်ဂွေးနီ ထန်းရည်ကို အင်္ဂလိပ်လို ဘယ်လိုခေါ်သလဲကွ"
"တော်ဒီ"
"ဒါဖြင့် ဝစ်လ်ယူဘရင်းဆမ်းတော်ဒီ ဖော်မီ"
"ရက်ဆား ဖရောင်မ်ဝှဲယား"

"မောင်ခိုကြီးဆီသွားကွ၊ ငါ မနေ့ကတည်းက မှာထားတယ်၊ ထန်းဖိုးရည်သန့်သန့် တစ်ပင်တည်းက ချတာ ချည်း ငါးလုံးပေးလိုက်ပါလို့ ရော့... ပိုက်ဆံ"
ဆယ့်ငါးမိနစ်ခန့်အကြာ ဂွေးနီပြန်လာသောအခါ သူ့ကျောမျာပိုးလာသည့်နှစ်တောင်လောက်ရှည် သော ဝါးကျည်တောက်ကြီးထိပ်ဝမှာ အမြှုပ်တွေ ဝေနေသဖြင့် ဦးသော်တာက...
"ဟဲ့... ဒါ ငါးပုလင်း ကမယ်မဟုတ်ဘူး"
ဂွေးနီ... "ခုနစ်ပုလင်းဝင် ကျည်တောက်တဲ့၊ ဟောဒီမှာ ဘကြီးပိုက်ဆံ ငါးကျပ်လဲ ပြန်ပေးလိုက် တယ်၊ ကိုမောင်ခိုကြီး က ကျွန်တော်တို့က ဟင်းရတယ် ကြားလဲ သူလဲ လာစားမယ်၊ ဒီထန်းရည်ကို သူက ဆပ္ပလိုင်း လုပ်ရစေတဲ့"
ဦးတေနောင် သဘောကျသွားလျက်...

"အေး... ကောင်းတာပေါ့ကွ၊ ဒီသုံးပိဿာလောက်ရှိတဲ့ အကောင်ကြီးတို့ချည်း ဘယ်ကုန်နိုင်မှာလဲ၊ သူ ဘယ်အချိန် လာမလဲတဲ့"
ဂွေးနီ... "ဆယ်နာရီလောက်မှ သူ့ထန်းပင်တွ ကိုင်ပြီးမယ်တဲ့"
ဦးတေနောင်... "အေး... ဟင်းကျက်မှာနဲ့ အလောတော်ပေါ့ကွာ၊ ကဲ ဟင်းအားလုံးမကျက်မီ ရှေ့ တော်ပြေး ကလေး မြည်းလိုက်ရအောင်၊ ထွေးလုံးရေ... နောက်ထည့်တဲ့ အုန်းနို့ဆူပြီလား"
"ဆူတော့မယ် အဘ"
"တစ်ချက်မွှေ လိုက်စမ်းကွာ၊ ဆူရင်ပြော ဟော့ဟို ပန်းကန်ထဲမယ် ဆားနယ်ထားတဲ့ ကြောင်အူနဲ့ အသည်း ရှိတယ်"
ဦးသော်တာ... "ဒါတွေ ခင်ဗျားက တစ်ခါထည်းထည့်မချက်ဘူးလား"

ဦးတေနောင် "မချက်ရဘူးဗျ၊ အူတို့အသည်းတို့ သဘောမှာ တစ်ခဏနဲ့ကျက်ပြီး စားကောင်းတဲ့ အချိန်ကလေး ရှိတယ်၊ ကြာကြာချက်ရင် အကျက်လွန်ပြီး မာသွားရေ၊ စားမကောင်းတော့ဘူး"
ထွေးလုံး... "အဘရေ ဟင်းဆိုးဆူပြီ"
ဦးတေနောင်... "ဆူရင် အဲဟိုပန်းကန်ထဲက ကြောင်အူနဲ့ အသည်းထည့်လိုက်ကွာ၊ ထည့်ပြီး တစ်၊ နှစ်၊ သုံး မှန်မှန်ရေ၊ နှစ်ရာ့ငါးဆယ်ရောက်တော့ ဆယ်လိုက်၊ အဲဒါ နှစ်မိနစ် ကြက်ဥဟပ်ဘွိုင်ပြုတ် တဲ့ အချိန်ပဲ"
ဦးသော်တာ... "ဟင် ဦးတေနောင်က တယ်ပြီး တိကျလိုက်ပါလား"
ဦးတေနောင်... "ကျုပ်က တပ်မတော်ထွက်ကိုးဗျ"
ထွေးလုံးလည်း နှုတ်မှ ပွစိပွစိနှင့် ရေတွက်နေပြီး (၂၅၀)ပြည့်သောအခါ ကြောင်အူနှင့်အသည်းကို ပြန်ဆယ် ၍ ပန်းကန်ထဲထည့်လိုက်၏။
ဦးတေနောင်က...
"အေး... ဒီကို ယူခဲ့ကွာ"

သူ့ရှေ့ရောက်လေသော် သုံးလေးပိုင်းဖြတ်၍ ထက်ခြမ်းခွဲထားသော ကြောင်အူအခွေများကို ခါး လယ်က ခက်ရင်း နှင့်ထိုး၍ ကတ်ကြေးနှင့် လက်နှစ်သစ်ခန့်ဖြတ်ရင်း...
"ကဲ... ဦးသော်တာ... မြည်းကြည့်စမ်း"
ဦးသော်တာက တစ်ခု ယူဝါးရင်း...
"ဟာ... ထုတ်ထုတ် ထုတ်ထုတ်နဲ့ တယ်စားကောင်းတာပဲဗျာ"

ဦးတေနောင်...
"အဲဒါ ဒီအနေမို့ ဒီထက်ကျော်သွားရင် မာပျဉ်းသွားရောဗျ၊ အမဲအူ၊ ကြက်အူ၊ ဝက်အူ၊ ဘဲအူရော ဒီလိုပဲ၊ သူ့အနေတော် စားကောင်းတဲ့ ဝါးရတဲ့ အချိန်ရှိတယ်"
ဦးသော်တာ... "ဟုတ်တယ်ဗျို့... ကျွန်တော်တို့ ကျောင်းသားတုန်းက ရန်ကုန်မှာ အမဲအူ၊ ခေါက်ဆွဲ ကြော်တွေရှိတယ်ဗျ၊ ဟတ်က တရုတ်တွေကြော်တာ အမဲပုဆိုးကြမ်းတွေ၊ အူတွေ၊ ထပ်တစ်ရာတွေ ရေဆေးပြီး အစိမ်းလိုက် တွဲလဲဆွဲထားတယ်၊ စားမယ့်လူက မှာမှ ဓားနဲ့ ပါးပါးလှီးပြီး ခေါက်ဆွဲကြော် နဲ့ ကြော်တာ၊ ဒီ့ပြင် ဝက်သား၊ ဘဲသားတို့နဲ့ ကြော်သလောက်ပဲ ကြာတယ်၊ စားလို့သိပ်ကောင်းတာ ပဲဗျာ၊ အဲ... အိမ်တော့ ထုတ်ယူမသွားပါနဲ့၊ အေးလဲသွားရော မာပြီး ဝါးလို့မရတော့ဘူး၊ ဆိုင်မှာသာ ပူပူနွေးနွေး စားလို့ရတာ"

ဦးတေနောင်... "ဟုတ်တယ်... အူတို့ သဘောဟာ ဒီလိုပဲ၊ အသည်းလဲ ဒီလိုပဲ၊ အဲ... ကြောင်သည်း လေး မြည်းကြည့်ပါဦး"ဆိုပြီး ကတ်ကြေးနှင့် တစ်ဖဲ့ညှပ်ပေးလိုက်သည်။
ဦးသော်တာ ယူစားပြီး...
"ဟာ... တယ်ဆိမ့်တာပဲဗျာ"
ဦးတေနောင်... "ဒီထက်ကြာရင် မာသွားမယ်ဗျာ"
ဦးသော်တာ... "ဟုတ်ပ၊ ကျုပ်တစ်ခါ ကံညွှန်တို့ ချက်တာ သွားစားတယ်၊ မာတဲ့အပြင် ခါးသက် သက်တောင်နေတယ်၊ အူကလဲ မာပျဉ်းပျဉ်းကြီးနေတယ်၊ ခုဟာတော့ အလောတော် စားကောင်းရုံ လေး ပဲ၊ ကျုပ်တော့ ထန်းရည်နဲ့ ချတော့မယ်"

ဦးတေနော်...
"ချလဗျာ... ကျုပ်လဲ သောက်ချင်ပြီ"... ဆိုပြီး ဝါးဆစ်ခွက်နှစ်လုံးသွားယူပေးသည်။ ဦးသော်တာက ကျည်တောက် အဖျားပိုင်းကို ပေါင်ပေါ်တင်ငှဲ့ရင်း "ဟို... သူငယ်နှစ်ယောက်တော့ မသောက်ဘူး နော်"
ဂွေးနီနှင့် ထွေးလုံး...
"ဟုတ်ကဲ့... ကျွန်တော်တို့ မသောက်တတ်သေးပါဘူး"
"အေး... ကျောင်းသား မသောက်တာ ကောင်းပါတယ်ကွာ၊ ကြီးလဲ မသောက်ပါနဲ့ကွာ"
ဦးတေနော်... "ဒါတော့ ပြောရမလားဗျ၊ ထန်းရည်အရက်ဆိုတာ သူ သောက်ချင်လဲလူသောက်တာ ပဲ တား မရဘူး၊ မသောက်ျင်တဲ့လူကျတော့လဲ အတင်းတိုက်လို့မရဘူး၊ အေး... သောက်ရင် သောက်တတ်ဖို့ လိုတယ်ဗျ၊ သောက်တတ်ရင်ဆေး၊ မသောက်တတ်ရင် ဘေးဖြစ်တတ်...

ဦးသာရွှန်းပြောသလို "ကျုပ်သမက်က အရက်လဲ မသောက်တတ်ဘူးဗျ၊ ဖဲလဲ မရိုက်တတ်ဘူးဗျ၊ ကြက်လဲ မတိုက်တတ်ဘူးဗျ"တဲ့၊ ဒီတော့ ကြားရတဲ့လူတွေက "ဒါဖြင့် ခင်ဗျားသမက် တယ်လိမ္မာ တာပဲ၊ တော်တာ ပေါ့" ဆိုတော့ "မတော်ဘူးဗျ"တဲ့၊ "ကျုပ်သမက်က အရက်မသောက်တတ်ဘဲနဲ့ သောက်၊ ဖဲမရိုက်တတ်ဘဲ နဲ့ရိုက်၊ ကြက်မတိုက်တတ်ဘဲနဲ့ တိုက်တော့ အားလုံးဒုက္ခရောက်ကုန်တာ ပေါ့ဗျာ"တဲ့၊ အဟား... ဟား... ဟား"

ဤသို့လျှင်... ထန်းရည်ကို ပထမဦးဆုံးစား၍ရသော ကြောင်အူ၊ ကြောင်သည်း၊ ကြောင်ဦးနှောက် တို့နှင့် မြည်းရင်း စကားတပြောပြောနှင့် နေခဲ့ကြလေရာ ဆယ်နာရီကျော်ခန့်ရှိလတ်သော် ကြောင် သားဟင်း ဆီပြန်ပြီ။ ထန်းရည်ဒါယကာ ဦးမောင်ခိုကြီးလည်း ရောက်လာပြီး သူတို့သောက်ပွဲကြီး လှိုင်ဘောလယ်ကြလေ၏။ ဦးတေနောင်သည် ပထမဦးဆုံး ကြောင်သားတစ်တုံးကို ကော်ခပ်ယူ လိုက်ပြီး
"အောင်မယ် ဦးတေနောင်ရဲ့၊ ခင်ဗျားကြောင်သားက ဝက်သားလို အခေါက်နဲ့ အဆီတစ်ထပ်၊ အသားတစ်ထပ် ပါလားဗျ၊ ကံညွှန်တို့အိမ်မှာ ကျုပ်စားရတုန်းက အခေါက်နဲ့အဆီ မပါပါလားဗျာ"
ကိုမောင်ခို... "ဟာ.. ဒီကောင်တွေက ကြောင်သားမှ ချက်တတ်ကြတာမဟုတ်ဘဲ၊ ကြောင်ကို ကြွက်လို အရေခွံ ဆုတ်ပစ်တော့ ကြွက်သားလိုနေတော့တာပေါ့ဗျာ။ အခု အဘနောင်ချက်တာက အရေမဆုတ်ဘဲ အမွှေးမီးမြိုက်ချက်တာကိုးဗျ၊ မီးမြှိုက်နံ့ကလေးကော သင်းမနေဘူးလား

ဦးသော်တာ... "အေး... ကမ္ဘာ့လူထုအကြိုက်၊ စမုတ်ကင်းစမဲလ်ခေါ်တယ်ကွ၊ အုန်းနို့နံ့လေးနဲ့ ရော သင်းနေတယ်"
ဦးတေနော်... "ဟေ့... မောင်ခို၊ မင်း ထန်းရည်လဲ သိပ်ကောင်းတာပဲ၊ အရိုးစွဲပြီထင်တယ်၊ ဒါ လက် ငုတ်ရည်တွေပဲ"
ကိုမောင်ခို... "ဟုတ်တယ်... အဲဒီထန်းဖိုပင်က သုံးစစွဲတယ်၊ နှစ်စလွတ်သွားတယ်"
ဦးသော်တာ... "ဘာလဲ... စွဲတယ်၊ လွတ်သွားတယ်ဆိုတာက"
ကိုမောင်ခို... "ဒီလို ဆရာကြီးရဲ့... ထန်းသီးခိုင်မှာ သီးကုံးတွေပြွတ်နေတဲ့ သီးညှာတံနဲ့ အရင်းက အရိုးတံရှိတယ် မဟုတ်လား။ ထန်းဖိုမှာလဲ ဒီလိုပဲ၊ ထန်းလက်ဝါးကြီးတွေ ကားထွက်နေတဲ့ အညှာ တံနဲ့ အရင်းက အရိုးတံရှိတယ်၊ ထန်းရည် အရိုးမစွဲဘူးဆိုတဲ့ ထန်းစက ထန်းမမှာဆိုရင် သီးညှာတံ ကုန်တာနဲ့ ထန်းရည်ပြေးရော၊ ထန်းဖိုမှာလဲ ထန်းလက်ဝါးထွက်တဲ့ အညှာတံကုန်တာနဲ့ ထန်းရည်မ ထွက်တာ့ဘူး"

ဦးသော်တာ... "သြော်... သိပြီ သိပြီ၊ လက်ရင်းလက်ငုတ်ထိအောင် အရည်ထွက်မှ အရိုးစွဲတယ်  ခေါ်တာ ပေါ့"
ဦးတေနောင်...
"ဟုတ်တယ်... ဒါကြောင့် လက်ငုတ်ရည်ခေါ်တာပေါ့"
ဦးသော်တာ...
"နေပါဦး... ထန်းပင်တိုင်း ထန်းစတိုင်း အရိုးမစွဲဘူးလား"
ကိုမောင်ခို... "မစွဲဘူး ဆရာကြီးရဲ့၊ ထန်းကိုင်တဲ့လက်နဲ့ ထန်းပင်အမျိုးအစားပေါ်မှာ တည်သေး တယ်"
ဦးသော်တာ... "ထန်းပင်မှာ အမျိုးမျိုး အစားစား ရှိသေးသလား"

ကိုမောင်ခို...
"ရှိတာပေါ့ ဆရာကြီးရဲ့၊ ထန်းသီးတွေကို သတိထားကြည့်မယ်ဆိုရင် တစ်ပင်နဲ့တစ်ပင် မတူဘူး၊ အရောင်အမျိုးမျိုးကွဲတာကိုတွေ့ရလိမ့်မယ်၊ ထန်းနက်၊ ထန်းညို၊ ထန်းပြာ၊ ထန်းဝါ၊ ထန်းဖြူ၊ ထန်း ကြောင် ခြောက်မျိုးတောင်ရှိတယ်၊ နောက်ပြီး အကြီးအသေး လုံးရှည် လုံးဝိုင်းလဲ ကွဲသေးတယ်"
ဦးသော်တာ...
"ထန်းသီးကြီးတဲ့ အပင်က ပိုပြီးထန်းရည်ထွက်မလား"
ကိုမောင်ခို... "ဒီလိုလဲ မဟုတ်သေးဘူး ဆရာကြီး၊ အသီးသေးပေမယ့် အလုံးရှည်ပြီး ထန်းစေံအိမ် နက်နဲ့ ထန်းပင်မှ ထန်းရည်အထွက်ကောင်းတယ်၊ အများအားဖြင့် ထန်းဖြူ၊ ထန်းဝါ၊ ထန်းကြောင် တွေဟာ အသီးကြီးတွေ ကြီးပြီး အလုံးဝိုင်းဝိုင်းနဲ့ ထန်းစေ့အိမ်တိမ်တယ်၊ ဘယ်တော့မှ ထန်းရည် များများမထွက်ဘူး၊ အရိုးလဲမစွဲဘူး၊ ဒါကြောင့် ကျွန်တော်တော့ ထန်းနက်၊ ထန်းညို၊ ထန်းပြာမှာ မှာ အခိုင်များများထွက်ပြီး အသီးရှည်ရှည်နဲ့ ထန်းစေ့အိမ်နက်တဲ့ အပင်ကိုမှ ရွေးပြီးတက်တယ်၊ ထန်းဖိုး မှာလဲ ထန်းစများများထွက်ပြီး ထန်းလက်ဝါးရှည်တဲ့ အပင်ကိုရွေးတယ်။
ဦးတေနောင်.. "ဟေ့….မောင်ခို၊ မင်းဒီနှစ် အရိုးဘယ်နှပင်စွဲလဲ"

ကိုမောင်ခို …" လေးငါးပင်တော့ သေချာနေပြီ အဘ"
ဦးတေနောင်…..
"ဒါဖြင့် နတ်တော်ပြာသိုအထိ မင်းထန်းရည် မပြတ်တော့ဘူးပေါ့"
ကိုမောင်ခို……
"နှစ်ပတ်လည်ဆက်မယ်၊ ပြာသိုမှာ သီးနုအတီ စ, ကိုင်မှာပဲ"
ဦးသော်တာ…."ထန်းသီးမှာ အကီးသီး၊ အတီးသီးနဲ့ ပြောကြပါတယ်၊ ဘယ်လို အသီးခေါ်တာလဲ"
ဦးသော်တာ…." သီးနု ကိုင်တယ်ဆိုတာကကော"
ကိုမောင်ခို .. " ထန်းသီးကလေးတွေ လက်သီးဆုပ်လောက်မှာ ထန်းရည်ထွက်အောင် လုပ်တာကို သီးနုကိုင်တယ်ခေါ်တယ်၊ ထန်းသီးကြီးတွေရင့်မှ ကိုင်တာကို သီးရင့်ကိုင်တယ်ခေါ်တယ်"
ဦးသော်တာ…"တစ်စရည်၊ လက်ငုတ်ရည် ဆိုတာကကော"

ကိုမောင်ခို…."ထန်းစ တစ်စတည်းကကျတဲ့ အရည်ကို တစ်စရည်ခေါ်တာပဲ၊ ဒီပြင် အစကကျ တာနဲ့မပေါင်းဘဲ သူ့ချည်းသာ သောက်တာ ပိုကောင်းတယ်၊ လက်ငုတ်ရည်ဆိုတာကတော့ ခုနပြော ခဲ့တဲ့အရိုးစွဲနဲ့ ထန်းစတို့ကို လက်ငုတ်ခေါ်တယ်၊ အဲဒီက ကျတာကို လက်ငုတ်ရည်၊ အခုကျွန်တော် တို့သောက်နေကြတာ လက်ငုတ်ရည်ပေါ့၊ ထန်းရည်ကောင်းတို့မည်သည်မှာ သောက်လိုက်ရင် အာခေါင်မှာ ရှသွားတယ်၊ လေတက်ပြီးရင်ချောင်ရမယ်၊ အခုကျွန်တော့်ထန်းရည် အဲဒီလိုနေရဲ့ လားဆရာကြီး"
ဦးသော်တာ…
"နေပါတယ်၊ ကောင်းပါတယ် ထန်းရည်ဆရာခိုကြီးရယ်"

ယင်းသို့ လူကြီးတွေ ထန်းရည်သောက်ရင်း ထန်းဋီကာဖွင့်နေစဉ်ဝယ် ထွေးလုံးနှင့် ဂွေးနီတို့သည် ဦးတေနောင်၏ သားများနှင့် ထမင်းတစ်ဝိုင်းစားကြ၏။ ကန်စွန်းရွက်, မန်ကျည်းသီးစိမ်းနှင့်၊ ငါးချဉ် ရေဟင်း၊ ထိုဟင်းထဲက ငါးဖတ်တို့ကို ငါးပိစိမ်းစား၊ ပီနံသီးနှင့်ထောင်း၊ သခွားသီးစိမ်း၊ ပဲစောင်းလျား သီးရေနွေဖျောတို့က ကြောင်သားအုန်းနို့ဆီပြန်ဟင်းကို အအီဖြေလျက် စားလို့ကောင်းလိုက်တဲ့ ဖြစ်ခြင်း။

    ကြောင်သားနဲ့ အုန်းနို့ဆီပြန်
    ပြည်တန်တဲ့ဟင်း…။
    ပင်ကျရည် ခါးချိုပြင်းရယ်နဲ့
    ကောင်းလိုက်တဲ့ ဖြစ်ခြင်း…..။

"ဟဲ့သား…..ဒီသီချင်း ဘယ်ကရပြန်တာလဲ"
ထွေးလုံးက သူ့တို့ခြံထဲတွင် ဘဲကလေးတွေ တီကောင်တူးကျွေးရင်း ဆိုနေသည်ကို အနီးတွင် သစ်ပင်တွေ ပေါင်းသင်နေသော သူ့အမေက မေးသဖြင့်……
"ဟိုလေ..ကျွန်တော်တို့ ဟိုကြောင်ကြီး အောင်သေအောင်သား စားတဲ့နေ့က ဆရာကြီးဦးသော်တာ လက်တန်း စပ်တဲ့ကဗျာ ကျွန်တော် မှတ်ထားလိုက်တာ အမေရဲ့၊ အဲဒီဆရာကြီးဆီ ကျွန်တော် ကဗျာစပ် တောင်သင်မလို့၊ ဆရာကြီးက သင်ပေးမယ်တဲ့"
"ဦးသော်တာဆီက ကဗျာစပ်ပဲသင်ပါနော်၊ အသောက်တော့ သင်မလာပါနဲ့"

"အမေကလဲဗျာ…ဆရာကြီးက လူငယ်တွေကို မဟုတ်တာ လုပ်ပေးမလားဗျ၊ ကျွန်တော်တို့ကို ဘယ်တော့မှ မသောက်နဲ့တောင် ပြောပါတယ်"
ထွေးလုံးက ကဗျာဝါသနာ ပါဟန်ရှိသည်။ ကဗျာဝါသနာပါသူသည် စာပေသမား ဖြစ်လာတတ်၏။ ထွေးလုံးသည် တိရစ္ဆာန်ကလေးကိုလည်း ချစ်တတ်၏။ တိရစ္ဆာန်ချစ်တတ်သူသည် မေတ္တာကရုဏ တရားရှိသူဖြစ်၏။ မေတ္တာကရုဏတရားရှိသူသည် လူ့လောက၌ မိုက်မဲသောအမှုကို မပြုတတ်ချေ။ လမ်းတွေ့ခွေးမြင် ခဲနှင့်ပေါက်ခြင်း၊ ကြက်ကလေး ငှက်ကလေးတွေ ပစ်ချင်ခတ်ချင်သော ကလေးတို့အား မိဘတို့က တားမြစ်ဆုံးမပေးဖို့သင့်၏။

ထွေးလုံး၏ ဘဲကလေးငါးကောင်တို့သည် ဦးဘသိန်း, ဒေါ်ထွေးနွယ်တို့၏ ကြောင်ကြီးကို သုတ်သင်ပြီးမှ အန္တရာယ်ကင်းရှင်းစွာ ခြံထဲမှာ လွတ်လွတ်လပ်လပ်နေရလျက် တစ်နေ့တခြား ကြီးပြင်းလာခဲ့ရာ ခြောက်လကျော်ခုနစ်လထဲ ရောက်သည်၌ အမွေးအတောင် ပြည့်စုံသော အကောင်ကြီးများ ဖြစ်ခဲ့လေ၏။
မီးခိုးက မှိုင်းပြာပြာ၊ မံလုံးက ဘဲနက်။ သူတို့ ဘဲထီးတို့မှာ ရှိအပ်သော အစိမ်းရောင် မှန်ကူကွက် တွေနှင့် အလွန်လှပ၏။
ဖြူရော်က အပျိုဖြစ်လာသောအခါ ဆွတ်ဆွတ်ဖြူသော ဘဲဖြူမ။ ၀ါနုကြီးလာသောအခါ အ၀ါရောင် မဟုတ်တော့၊ သနပ်ခါးရောင်။ ရင်ကျားကအမွေးရောင်စုသည့် ဘဲကျားမ ဖြစ်လာလေ၏။ ဘဲထီးတို့ မည်သည်ခေါင်းစိမ်းရ၏။ အမြီးတွင် အဆီဘူးရင်းမှာကပ်၍ အမွေးကလေးတစ်ချောင်းတည်း ကော့ထောင် ကွေးနေ၏။ ဤကားအရွယ်ရောက်ပြီဖြစ်သော ဘဲထီး၏ အဂါင်္။ ထို့ပြင် ဘဲထီးတို့ မည်သည်မှာ အသံကို ကျယ်လောင်စွာ မမြည်တတ်ချေ။ ရွှီးရွှီးရှဲရှဲမျှသာ။ ဘဲမတို့ကား တဂတ်ဂတ် နှင့်ဆူညံအောင် အော် တတ်ကြ၏။

ယခုထွေးလုံးအိမ်မှာ ဘဲထီးနှစ်ကောင်၊ ဘဲမသုံးကောင်။ ဘဲတို့မည်သည် ကြက်နှင့်မတူ၊ တစ်ကောင်နှင့်တစ်ကောင် ထိုးခြင်းဆိတ်ခြင်း မရှိ။ အလွန်သင့်မြတ်ကြ၏။
စားအတူ သွားအတူ အိပ်အတူ။ သူတို့သည် တစ်ကောင်ကောင်ကို ခေါင်းဆောင်ထားတတ်၏။ ထိုခေါင်းဆောင် ရှေ့ကသွားလျှင် အားလုံးနောက်ကလိုက်၏။ ခေါင်းဆောင်ရပ်လျှင် ရပ်၏။ ခေါင်းဆောင် အိပ်လျှင် အားလုံးစုပြုံအိပ်ကြ၏။

ထွေးလုံးတို့အိမ်က ဘဲအုပ်မှာ မဲလုံးမည်သော ဘဲနက်ကြီးက ခေါင်းဆောင်။ သူသည် အကောင် အထွားဆုံးနှင့် ဘဲချောဘဲလှကြီးဖြစ်၏။
ထွေးလုံးသည် သူ့ဘဲများကို ကြည့်မ၀ ရှုမငြီး။ သူ့ဘဲတို့သည် နာမည်ကို သူခေါ်လျှင် လာတတ်၏။ ငယ်စဉ်ကစပြီး တီးတူးကျွေးလေ့ရှိ၍ ထွေးလုံးသာ ရှေ့ကပေါက်ပြား သို့မဟုတ် တူရွင်းကိုထမ်း သွားလျှင် ဘယ်လောက်ဝေးဝေး လိုက်၏။ ထို့ကြောင့် ထွေးလုံးက ပြောစမှတ်ပြု၏။ နွားက ကြိုးနှင့် ဆွဲမှ မောင်းမှရတာ၊ ကျွန်တော့်ဘဲတွေကတော့ တူရွင်း ပေါက်ပြားနဲ့ဆို ဘယ်ခေါ်ခေါ်ရတယ်။
သူ့ဘဲတွေ သူ အလွန်ချစ်လှ၏။

    "ထွေးလုံး မင်းဘဲတွေ ရောင်းမလား" မေး….
    "တစ်ကောင်ကို တစ်ရာ ပေးတောင် မရောင်းဘူးဗျ"

သို့နှင့် တစ်နေ့သောညနေ ထွေးလုံးကျောင်းမှ ပြန်အလာ ခါတိုင်းသူ လာတာမြင်လျှင် တံခါးဝသို့ ပြောလာကြိုလေ့ရှိသော ဘဲတွေ တစ်ကောင်မှမမြင်။ ဒါနဲ့ အိမ်ပေါ်တက် လွယ်အိတ်ကိုချိတ်ပြီး ဘဲခြံထဲများ သွားအိပ်နေသလားဟု သွားကြည့်တော့လည်း တစ်ကောင်မျှ မတွေ့။
ထို့ကြောင့် " အမေရေ..ကျွန်တော့် ဘဲတွေကောဗျ" လို့အော်တော့ မီးဖိုချောင်ထဲမှ သူ့အမေက..
"ဟဲ့….ရှိမှာပေါ့ဟဲ"
"ခါတိုင်းလို ကျွန်တော့်လဲ လာမကြိုဘူး၊ ဘဲခြံထဲမှာလဲ မရှိဘူး"
"ဟဲ…ခြံဝင်းထဲ ဟိုဟိုဒီဒီ ချုံကြီးချုံကြားထဲ ၀င်ချင်ဝင်နေမှာပေါ့"

သို့သော် ထွေးလုံးသည် ဘဲမထွက်နိုင်အောင် ကာထားသော သူတို့ခြံထဲ ခြေချင်းထပ်အောင် ရှာသော်လည်း တစ်ကောင်တစ်မြီးမျှ မတွေ့တော့ပြီ။ အပြင်ထွက်သွားရအောင် အပေါက်လည်း တစ်ခုမျှမတွေ့။
"အောင်မယ်လေး ကျွန်တော့ဘဲတွေပျောက်ကုန်ပြီဗျ၊ ဒီတစ်အုပ်လုံး ဘယ်သူခိုးသွားသလဲ"
ဆယ့်တစ်နှစ်သားရှိပြီဖြစ်သော ထွေးလုံးသည် အော်ကြီးဟစ်ကျယ်ငိုလေ၏။

"အိမ်မှာ အမေရှိရက်သားနဲ့ မသိဘူးလားဗျ၊ ဘဲမဆိုတာ သူ့ဖမ်းရင် အင်မတန်အော်တာ"
မိခင်ဒေါ်သန်းရွှေသည် မီးဖိုချောင်ထဲမှ ရေကပြင်သို့ထွက်လာကာ သူ့သားဖြစ်ပုံကို ကြည့်၍ စဉ်းစားနေရာမှ တစ်စုံတစ်ခု သတိရလျက်….
    "လူကလေး ဒီနားလာစမ်း"
    သူ့သားကို အနီးသို့ခေါ်လိုက်ပြီ…
    "နေ့ခင်း ငါအိပ်ရာထဲမှာ တုံးလုံးလှဲနေတုန်းက အိမ်ခေါင်မိုးပေါ်က တောဘဲငန်းတွေ အော်သံ ငါကြားလိုက်မိတယ် ထင်တယ်"
"အဲဒါ ဘာဖြစ်လဲဗျ"

"ဘာဖြစ်ရမလဲဟ၊ နင့်ဘဲတွေက ရိုးရိုးအိမ်ဘဲမှ မဟုတ်ဘဲ၊ တောဘဲငန်းမဥက ပေါက်တဲ့ တောဘဲငန်းတွေ မဟုတ်လား"
ထွေးလုံးရုတ်တရက် စဉ်းစားမိကာ…
"အင်းဟုတ်တယ်၊ အဲဒီတော့ ဘာဖြစ်နိုင်သလဲ အမေ"
"ဒီရာသီ တန်ဆောင်မုန်း နတ်တော်လဆိုတာက တောဘဲငန်းတွေ မြူးချိန်၊ သူတို့ကလေးတွေ အပျံ သင်တဲ့အချိန်၊ အဲဒီဘဲတွေ သူတို့အုပ် တို့ရွာဖြတ်လာရင်းနဲ့ မင်းဘဲလေးတွေ မြင်တော့ သူတို့အမျိုး မှန်းသိပြီး အပေါ်ကခေါ်လိမ့်မယ်၊ ဟုတ်မယ်ဟေ့"

ဒေါ်သန်းရွှေသည် ရေရေလည်လည် သဘောပေါက်လာဟန်နှင့်-
"ငါ့စိတ်ထဲ သင်းတို့နှယ် ငါ့အိမ်ခေါင်မိုးပေါ် ဘာလို့ ၀ဲလှည့်အော်နေကြပါလိမ့်လို့ အောက်မေ့မိသေး၊ ဟုတ်ပြီ…ဟုတ်ပြီ..ဒီတော့ မင်းဘဲကလေးတွေကလဲ သူတို့အမျိုးမှန်းသိပြီး သူတို့လို့ပဲ အပေါ်ကို ပျံကြည့်လိမ့်မယ်၊ သူတို့အတောင်အလတ်စုံနေပြီပဲ၊ သူတို့ပျံနိုင်မှန်းလဲ သိရော လိုက်သွားတာဖြစ် မှာပေါ့ကွ"
"အောင်မယ်လေးဗျာ၊ ဒါဖြင့် ကျွန်တော့်ဘဲကလေးတွေ ဆုံးပြီလား သူတို့ ပြန်မလာကြတော့ဘူး လား"
ထွေးလုံး ဖင်ထိုင်လျက်သားကျသွားပြီး လက်နှစ်ဖက် နောက်ပစ်ပြီး မြေကြီးထောင်၍ ငိုကြွေးလေ ၏။ မိခင်သည် သားအား ကရုဏာသက်စွာ ရေကပြင်မှဆင်းလာပြီး မျက်ရည်တွေသုတ်ပေးရင်း…
"တိတ်စမ်းပါဦး သားရယ်၊ ဒီမှာ သူတို့ကြီးပြင်းခဲ့တဲ့နေရာ၊ သူတို့အိမ်ရှိတဲ့ဌာနကို ပြန်မလာဘူး လို့လဲ မပြောနိုင်ပါဘူး၊ နောက်ပြီးတော့ အဲဒီဘဲအုပ်ဟာ ဒီအချိန်သူတို့အိပ်တန်း မပြန်ကြသေးပါဘူး၊ တို့ရွှေကြာအင်းထဲမှာ ရှိချင်ရှိနေဦးမယ်"

ဤစကားကြားသည်နှင့် တစ်ပြိုင်နက်တည်း ထွေးလုံးသည် ငေါက်ခနဲထပြီး သူ့ဘဲခေါ် အာဏာတည် ပေါက်ပြားကိုထမ်းကာရွှေကြာအင်းရှိရာသို့ တစ်ဟုန်းတည်း သုတ်ခြေတင်လေ သတည်း။
"ဟဲ့….နင့်ဘဲတွေ တေ့တွေ့မတေ့တွေ့ အပြန် နွားသားအမိတော့ မ,ခဲ့နော်"
သူ့အမေက လှမ်းမှာလိုက်သေး၏။ ဒေါ်သန်းရွှေကတော့ ဘဲတွေကို သံယောဇဉ်ရှိပုံ မပေါ်လှပေ။ သူ့နွားသားအမိကိုသာ တွယ်တာ၏။

ထွေးလုံးကား သည်အချိန်မှာ နွားတွေကို တယ်ပြီးဂရုမပြုနိုင်။ ညိုမတို့ထားရာ စားကျက်ထဲရောက် ၍ကြန်စုံ တပဲပဲအော်လျက် သူ့ကိုခေါ်သည်မှာ လှည့်မကြည့်နိုင်ဘဲ ရွှေကြာအင်းဆီသို့သာ အမြန် ပြေးသည်။ ကမ်းပါးရောက်သော် ဟုတ်တာပေါ့ဗျာ…ကမ်းမှ ခဲတစ်ပစ်လောက်အကွာတွင် ဘဲတစ်အုပ်၊ ကျွဲအုပ်ထဲတွင် ကိုယ့်ကျွဲ ကိုယ်မှတ်မိသကဲ့သို့ ထွေးလုံးသည် ဘဲအုပ်ထဲတွင် သူ့ဘဲသူ မှတ်မိလေသည်။
"ဟေ့..မီးခိုး၊မဲလုံး၊ဖြူရော်၊ ၀ါနု၊ရင်ကျား" ဟုဝမ်းခေါင်းသံကြီးနှင့် တအားခေါ်လေသော် ဘဲအုပ်သည် လန့်၍ အထက်သို့ ပျံတက်လေ၏။ ထိုအခါ ထွေးလုံးက ပေါက်ပြားနှင့် မြေကြီးကို ကုန်း၍ပေါက်ပြ၏။ ယင်း၌ဘဲငါးကောင်သည် ဘဲအုပ်မှ ခွဲထွက်လာကာ သူ့ဆီသို့ ဆင်းလာ၏။ မြေပြင်ပေါ် ရောက်သည်နှင့် ထွေးလုံးသည် သူ့ဘဲများကို ပွေ့ဖက်ယုယကာ…

"အောင်မယ်လေး ငါနင်တို့ ပျောက်သွားပြီ မှတ်လို့ရင်ထဲပူလိုကရတာ၊ သြော်…နင်တို့က ရေထဲက ငါးစားတဲ့ အမျိုးကိုး၊ ငါကျွေးပါ့မယ်ဟယ်" ဆိုပြီးနောက် သူ့နောက်က လိုက်လာသည့် သူ့ဘဲများနှင့် အတူငါးလူးတွင်တွေလျှောက်နှိုက်ရာ ငါးရံ့ခေါင်းတို၊ ငါးပနော်၊ ငါးသင်းအုံတစ်ကောင်စီရသဖြင့် ဤသုံးကောင်ကို ပေါက်ပြားနှင့်တစ်ပြီး ဝေခြမ်းကျွေးမွေးလေ၏။
ပြီးသော်…"ကဲ…ကုန်ပြီ၊ ဒီနေ့တော့ တော်ကြဦးစို့၊ အိမ်ပြန်မယ်" ဆိုပြီး သူကရှေ့မှပေါက်ပြားထမ်း၍ ၀မ်းဘဲများက နောက်မှ လိုက်လာကြသည်။

နွားသားအမိရှိရာသို့ ရောက်သည်၌ ညိုမကြီးကို မောင်းတံမှ ဖြုတ်၍ အိမ်ပြန်ကြရာတွင် ကြင်စုံက ၀မ်းသာအားရ အမြီးထောင်လျက် တပဲပဲအော်ကာ ရှေ့မှပြေး၊ မအေကြီးကလည်း တစ်နေ့လုံး ချည်ထားတာ ကြိုးညောင်းသဖြင့် သားနောက်က အတင်းပြေးလိုက်၊ ထွေးလုံးကလည်း သူ့ဘဲတွေ ပြန်တွေ့သောကြောင့် အလွန်ရွှင်မြူးပြီး အားလုံးပြေးကြလေရာ ဘဲတို့မည်သည်မှာ ကုန်းကြောင်း လိုက်ခြင်းအားဖြင့် မမီနိုင်သည့်အတွက် အထက်ပျံ၍လိုက်ကြသည်တွင် နွားအော်သံ၊ ၀မ်းဘဲ တောင်ပံခတ်သံတို့နှင့် ရွာအ၀င်ဝယ် တစ်ရွာလုံးမှ အထူးအဆန်းပဲဆိုကာ လူတိုင်းတအံ့တသြ လှမ်း၍ကြည့်နေကြလေရာ အိမ်မှ ဆီးကြိုနေသော သူတို့အမေလည်း မည်မျှဝမ်းသာလိမ့်မည်နည်း။

စာရှုသူလည်း ၀မ်းသာပါစေ။

ကဲ…ဤ၀တ္ထုတွင် လူသား, နွားနှင့် ၀မ်းဘဲတည်းဟူသော သတ္ထ၀ါသုံးမျိုး၏ မေတ္တာကို ဖော်ကျူးသည် ဖြစ်သောကြောင့် သိကြားနတ်များက ကောင်းချီးပေးသောအားဖြင့် ကောင်းကင်မှ နတ်သြဇာသီးသုံးလုံး ကျလာသည် ဆိုပါစို့။
    စာဖတ်သူက တစ်လုံးစားပါ။
    စာရေးသူအား တစ်လုံးပေးပါ။
    ကျန်တဲ့တစ်လုံးတော့ ကျန်တဲ့လူတွေ စားပါစေဗျာ။

ပြီးပါပြီ
.
>>>ဆက်ဖတ်ရန်>>> >>