Showing posts with label မြတ်ငြိမ်း. Show all posts
Showing posts with label မြတ်ငြိမ်း. Show all posts
Sunday, December 5, 2010
ကောင်းခြင်းမင်္ဂလာနှင့်ပြည့်စုံသော အပိုင်း (၇)
စိတ်ဆင်းရဲစရာ အကောင်းဆုံးမှာ အဆိုပါကုတ်ကင်းသည် အာနိသင် ပြင်းထန်လှသည်။ တခြား မူးယစ်ဆေး တွေ ထက်ပိုပြီး စွဲလွယ်သည် သည်ဆေးက ကျွန်မတို့ မြို့တွင်းနေ လူထုကို ကောင်းကောင်းကြီး ဒုက္ခပေး နေသည်။ သည်ကုတ်ကင်းက မိန်းမသားတွေကို သိမ်းသွင်းသွားသည်။ မိန်းမတွေဆိုသည်မှာ မိသားစုများကို စုစု စည်းစည်းဖြစ်နေအောင် ဆွဲကပ်ပေးနေသည့် တစ်ခုတည်းသော 'ကော်'မဟုတ်ပါလား။ ကျွန်မ တို့ကျောင်း မှ ကလေးတွေမှာ စားစရာမရှိ၊ ၀တ်စရာမရှိ၊ တည်တည်တံ့တံ့နေစရာ အိမ်ပင်မရှိဘဲ စာသင် နေကြရသည်။ သည်လိုအပ်ချက်တွေကို သူတို့မိဘတွေက မူးယစ်ဆေးနှင့် လဲလှယ်ပစ်နေကြသည်လေ။ ယခု ဆို အချို့သည် ကုတ်ကင်းဖြန့်ချီသူများပင် ဖြစ်နေပြီ။
    ကျောင်းစင်္ကြံလမ်းများပေါ်တွင် ကျောင်းမှကလေးတွေ ပြောဆိုနေသံများကို ကျွန်မကြားကြားနေရသည်။ သူတို့ ပြောဆိုနေကြသည်မှာ ကုတ်ကင်းအရောင်းအ၀ယ်လုပ်ငန်းတွင် တစ်စိတ်တစ်ပိုင်းပါဝင် ပတ်သက် နေသည့် ကလေးတွေ သို့မဟုတ် ကောင်မလေးတွေအကြောင်း။ တချို့က အရောင်းအ၀ယ်လုပ်နေချိန်တွင် ဘေးဘီ စောင့်ကြည့် သည့် အစောင့်လုပ်ပေးကြသည်။ တချို့က ကုတ်ကင်း သယ်ပေးကြသည်။ တချို့က ငွေပို့၊ ငွေယူလုပ်ပေးသည်။ တချို့ကတော့ သူတို့ကိုယ်တိုင် ကုတ်ကင်းကို ဖြန့်ချီရောင်းဝယ် နေကြသည်။
    ထိုသို့လုပ်နေသည့် ကလေးတွေထဲမှ နှစ်ယောက်ကို ကျွန်မသိသည်။ တစ်ယောက်က အသက်၁၃နှစ်ရှိ ဒင်နီ ဆိုသူကလေး သူက ဘလိန်းကျောင်းမှ ကျောင်းပြီးသွားပြီ။ နောက်တစ်ယောက်ကတော့ ကျွန်မတို့ ကျောင်း မှ တတိယတန်း ကျောင်းသားကလေး သောမတ်ဆိုသူဖြစ်၏။
    "မစ္စကတ်ရိုက်၊ ဒင်နီမူးယစ်ဆေးရောင်းတာကို သောမတ် က ကူညီနေတယ်"
    ကလေးတစ်ဦးက ကျွန်မကိုတိုင်သည်။
    "သောမတ်က လှေကားထစ်မှာ ကုတ်ကင်းပုလင်းတွေနဲ့ ငွေတွေကိုင်ပြီး ထိုင်နေတယ်။ ဒင်နီက လမ်းထောင့်မှာ မတ်တတ်ရပ်နေတယ်။ မော်တော်ကားတစ်စီး ထိုးရပ်လာရင် ဒင်နီက ဒရိုင်ဘကို ငါးဒေါ်လာဖိုး၊ ဆယ်ဒေါ်လာဖိုးရောင်းလိုက်တယ် မော်တော်ကားပြန်ထွက်သွားတာနဲ့ ဒင်နီက သောမတ် ဆီ ကို ရလာတဲ့ ငွေကို ပေးထားပြီး နောက်ထပ်ကုတ်ကင်းပုလင်းတွေ ယူပြီး လမ်းထိပ်ကို ပြန်သွားတယ် အဲဒီလို လုပ်တော့ ဒင်နီတစ်ယောက် ဖမ်းမိသွားရင် ပစ္စည်းနဲ့ငွေတွေ အကုန်မမိတော့ဘူးပေါ့"
    ကျွန်မက ကျောင်းသားများ စုဝေးဖို့ဆင့်ခေါ်လိုက်၏။ စုဝေးပွဲတွင် ကျွန်မက မူးယစ်ဆေးအကြောင်း၊ စွန့်စားရခြင်းနှင့် ဘေးအန္တရာယ်အကြောင်း၊ စွန့်စားရခြင်းနှင့် ဘေးအန္တရာယ်အကြောင်းတွေကို ပြောပြမည် ဟု ကလေးတွေကို ကြေညာလိုက်၏။ ထိုကနောက် ကျောင်းသားထုထဲမှ ကလေးနှစ်ဦးကို ရွေးထုတ် သည်။ သူတို့နှစ်ဦးကို စင်မြင့် လှေကားထစ်များတွင် ထိုင်စေသည်။ နှစ်ဦးထဲမှ တစ်ဦးမှာ သောမတ် ဖြစ်၏။
    "ကဲ…ကလေးတို့ ဟောဒီမှာ ကောင်းနှစ်ယောက်ရှိတယ်နော်။ ဒီကောင်လေး မူးယစ်ဆေးရောင်းကို သောမတ် ကူညီပေး တဲ့ ပုံစံမျိုး ဟန်လုပ်ကြည့်ကြရအောင်၊ သူ့တာဝန်က အိမ်ရဲ့ ရှေ့လှေကားမှာ ထိုင်ပြီး ကုတ်ကင်း ပုလင်း တွေနဲ့ ပိုက်ဆံတွေကို ကိုင်ထားရမယ်"
    ကျွန်မက ရှင်းပြသည်။
    "ခု တို့များ ဆက်ပြီး ဟန်လုပ်လိုက်ကြရအောင်၊ လမ်းရဲ့ ရှေ့နားမှာ လူနှစ်ယောက် ရပ်နေတယ်။ သူတို့ က ဆေးသမားတွေ။ သူတို့မှာ ပိုက်ဆံမရှဘူး။ ဒါပေမဲ့ သူတို့က သောမတ်နဲ့ သူငယ်ချင်းကို စောင့်ကြည့် နေတယ်။ ပြီးတော့ တစ်ယောက်က တစ်ယောက်ကို ပြောတယ်။ ဟေ့ကောင်၊ ဟိုမှာကြည့်စမ်း။ ချာတိတ် တွေမှာ ကုတ်ကင်းတွေ အိတ်နဲ့အပြည့်ပဲ ပြီါ်တော့ ပိုက်ဆံတွေလည်းရှိတယ်။ လူကတော့ လက်မလောက် တောင် မရှိသေးဘူးကွ"
    ပါးစပ်ကပြောရင်း ကျွန်မက ဆေးသမားနှစ်ယောက်ထဲ မှ တစ်ယောက်အဖြစ် သရုပ်ဆောင်လိုက်၏။ ဆိုင်းမဆင့်ဘုံမဆင့်ဆိုသလို ကျွန်မက လှေကားထစ်ပေါ်သို့ ခုန်တက်လိုက်သည်။ သောမတ်ကို ချုပ်ကိုင် သည်။ သူ့အား ကျွန်မ၏ ချိုင်းအောက်တွင် ညှပ်ကိုင်ပြီး ခန်းမထဲမှ ပြေးထွက်သွားသည်။
    ထို့နောက် ခန်းမထဲသို့ ပြန်ဝင်လာသည်။ သောမတ်အား တင်းတင်းကျပ်ကျပ် ချုပ်ကိုင်ထားဆဲ။ ပြီးတော့ ပါးစပ်က ပြောသည်။ 'လုရတာ လွယ်လိုက်တာကွာ။ ငါတို့ရင်းရမှာက ဒီငချွတ်လေးရဲ့ အသက်လောက် ပဲ ရှိတယ်ကွ။ ငါတို့ ဒီချွတ်ကို လွှတ်ပေးလို့ မဖြစ်ဘူး။ လွှတ်ပေးလိုက်ရင် ငါတို့ အကြောင်းကို ဖော်ကောင် လုပ်လိမ့်မယ်။ ဒီတော့ ငါတို့ လုပ်ရမှာက ဒီငချွတ်ကို သတ်ပစ်ဖို့ပဲရှိတယ်။
    ပြောပြီးသည်နှင့် ကျွန်မက သောမတ်အား လည်ပင်းညှစ်တော့၏။ ဟန်လုပ်ပြီး ညှစ်ခြင်းမဟုတ်။ တကယ် ညှစ်ခြင်းပင်။ 'မစ္စစ်ကတ်ရိုက်၊ ကျွန်တော်လည်ပင်း အစ်နေပြီခင်ဗျ"ဟု သူက အော်ဟစ်သည်။ ကျွန်မ၏ ပါးပြင်ပေါ် သို့ မျက်ရည်တွေ ပိုးပိုးပေါက်ပေါက်လိမ့်ဆင်းလာသည်။
    ကျွန်မလက်ကို ဖြေလျှော့ပေးလိုက်သည်။ ပြီးတော့ ကလေးတွေဘက်သို့ လှည့်လိုက်သည်။ ကျွန်မ ပါးပြင်ပေါ် မှ မျက်ရည်စတွေနှင့် ကျွန်မမျက်လုံးတွေထဲမှ နာကြည်းရိပ်တွေက သူတို့ သိသင့်သိထိုက် သည်များ ကို ပြောပြပြီး ဖြစ်နေပါသည်။
    ထိုကျောင်းသားမျာ စုဝေးပွဲကို သောကြာနေ့တွင် ပြုလုပ်၏။ ကျောင်းပြန်ဖွင့်သည့် တနလာင်္နေ့တွင် သောမတ် ၏ အဖေနှင့်အမေ ကျွန်မရုံးခန်းသို့ ရောက်လာသည်။ သူတို့က ကျွန်မကို ပွေ့ဖက် နှုတ်ဆက် သည်။ ပြီးတော့ သောမတ်အား တခြားပြည်နယ်တစ်ခုရှိ သူ့အဒေါ်နှင့်အတူ နေထိုင်ဖို့ စေလွှတ် တော့မည် ဟု ပြောသည်။ သူတိုကက သောမတ်အား အရောင်းအ၀ယ်ထွန်းကားသည့် နယ်မြေနှင့်ဝေးရာသို့ ပို့လိုက် ခြင်း ပင်ဖြစ်၏။
လမ်းလျှောက် ဒိုင်းနမိုက်
    အခြေအနေတွေက ဆိုးသည်ထက် ဆိုးသည်။ ၁၉၈၆ ခုနှစ်လောက် ရောက်သောအခါ ပြုပြင် ထိန်းမတ် လို့ မရလောက်သည့် အကျင့်စရိုက်ရှိသော ကလေးများကို ကျွန်မတို့ ကျောင်းတွင် တွေ့မြင်လာရသည်။ သူတို့သည် ပေါက်ကွဲတတ်သည်။ အကြမ်းဖက်တတ်သည်။ ဘာလုပ်လျှင် ဘာဖြစ်မည်ဆိုသည်ကို တွေးတော မြော်မြင်တတ်ခြင်း အလျှင်းမရှိ။ သည်လိုအကျင့်စရိုက်မျိုးကို ကျွန်မမမြင်ဘူး။ မတွေ့ဖူးခဲ့။ ထိုစဉ် ကတော့ သူတို့ အကြောင်းကို ကျွန်မမသိခဲ့။ သို့သော် မကြာမီအတွင်း သံသယအတွေးတစ်ခု ၀င်လာသည်။ ထိုသို့ ဖြစ်နေသော ကလေးတော်တော်များများသည် ကိုယ်ဝန်ရှိစဉ်အတွင်း ကုတ်ကင်းသုံး သော မိခင်များမှ မွေးဖွားလာသူများဖြစ်နေသည်။
    ထိုသို့သော ရောဂါလက္ခဏာမျိုးကို စတင်တွေ့ရှိရသည်မှာ ပထမတန်း ကျောင်းသားကလေး ရစ်ချတ် ဆိုသူထံမှာဖြစ်၏။ သူသည် သူငယ်တန်းမှာကတည်းက အတော်ကြီး ထိန်းမနိုင်သိမ်းမရဖြစ်ခဲ့၏။ သို့သော် အထိန်း အသိမ်း ကောင်းသည့် ဆရာတစ်ဦးထံတင် အပ်ထားလိုက်လျှင် သူ့အမူအကျင့်တွေ ပျောက်သွား နိုင်သည် ဟု ကျွန်မကမှတ်ယူခဲ့သည်။ သို့ဖြင့် ပထမတန်းသို့ တက်သောအခါ ရစ်ချတ်အား မေရီအီးဖရီးမင်း ထံတွင် အပ်နှံလိုက်၏။
    သို့သော် ကျောင်းစဖွင့်ပြီး ဆောင်းဦးသို့ မရောက်တတ်သေး၊ ကျွနမရုံးခန်းသို့ မေရီ ရောက်ချ လာတော့ ၏။
    "အဲဒီကောင်လေးဟာ ကျွန်မအတန်းကို စာသင်လို့မရလောက်အောင် ဒုက္ခပေးနေတယ်။ သူက ကတ်တီး ကတ်ဖဲ့ ကလေး ဆရာမကြီးရဲ့။ နောက်ပြီး တခြားကလေးတွေကို ထိုးတယ်ကြိတ်တယ် တခြား ကလေးတွေ ကို နာကျင်အောင် လုပ်တယ်"
    ရစ်ချတ်အား စာသင်ခဲ့သည့်ဆရာ ဆရာမအားလုံးခေါ်ပြီး သူ့အမူအကျင့်နှင့်ပတ်သက်၍ ဆွေးနွေးညှိနှိုင်း ကြည့်သည်။ သူစိတ်ကြမ်းကိုယ်ကြမ်းဖြစ်ပြီး ပေါက်ကွဲတတ်သည်မှာ ကစားကွင်းထဲ၊ ထမင်းစားခန်းထဲ သို့မဟုတ် ခန်းမထဲတွင် ဖြစ်ကြောင်း သိရသည်။ ထို့ကြောင့် ထိုနေရာများသို့ ရစ်ချက်မသွားရအောင် ပိတ်ပင် လိုက်သည်။ ပြီးတော့ သူ့အား အချိန်ပြည့် အနီးကပ် ကြီးကြပ်နေဖို့ ဆုံးဖြတ်လိုက်သည်။ ကျွန်မက ရစ်ချတ် အိမ်သို့ တယ်လီဖုန်းဆက်သည်။ မွေးစားမိခင်နှင့် နေထိုင်ရသည်။ သူ့မိခင်ရင်းမှာ ကုတ်ကင်း စွဲ နေသဖြင့် သူ့ကိုကြည့်ရှုစောင့်ရှောက်ခြင်း မပြုနိုင်။ ဤကား ကျွန်မရလိုက်သော ပထမသဲလွန်စဖြစ်၏။
    နောက်တော့ တက္ကသိုလ်တုန်းက ကျောင်းနေဖက် ဖြစ်ခဲ့သည့် သူငယ်ချင်းတစ်ဦးထံ တယ်လီဖုန်း လှမ်းဆက် ကြည့်သည်။ သူက ဆန်ဖရန်စစ္စကိုမြို့အနီးအနားတွင် ကျောင်းဆရာမလုပ်နေသည်။ သူတို့ ဘက် တွင် ကုတ်ကင်းသုံးစွဲခဲ့ကြသည်မှာ ကြာပြီ။ ကျွန်မတို့ ဘက်မှာထက် အများကြီး စောကြောင်း ကျွန်မ သိသည်။ ကျွန်မက ကျွန်မကြုံတွေ့နေရသည့် ကလေးအကြောင်း သူငယ်ချင်းအား ပြောပြသည်။
    "သူဟာ အသိဥာဏ်မရှိတဲ့ ဖုတ်ကောင်ကြီး တစ်ကောင်လိုပဲ။ တစ်ခုခု လုပ်တော့မယ်လို့ ဆုံးဖြတ် လိုက်တာ နဲ့ ဘာကိုမှ ဂရုမစိုက်တော့ဘဲ ဇွတ်လုပ်တော့တာပဲ။ သူရန်လုပ်ပြီဆိုရင်ဆက်ပြီါ် ရန်လုပ်ရော။ သူအော် နေပြီ ဟစ်နေပြီဆိုရင် တောက်လျှောက်ေ အ်ာနေဟစ်နေရော။ သူ့နိးနားဝန်းကျင်မှာ ဘာတွေပဲ ရှိနေနေ သူမမြင်မကြားမသိတော့ဘူး။ သူ့ကို ဖျောင်းဖျနားချလို့လည်းမရဘူး ငါ့စကားကို နားမထောင် တဲ့ ကလေးမျိုး ငါ့စေတနာ ကို မတုံ့ပြန်တဲ့ ကလေးမျိုးကို ငါမတွေ့ဖူးပါဘူးဟယ်။ ဒီတစ်ယောက်ကတော့ ငါ့ကို အဖက် လုပ်ဖော်တောင် မရဘူးဟဲ့"
    "မယ်ဒယ်လင်း…နင့်ဆီကို ငါ စာအုပ်စာတမ်းတချို့ ပို့ပေးလိုက်ပါ့မယ်"
    သူငယ်ချင်းက ပြန်ပြောသည်။ ပြီးတော့ ကျွန်မထံသို့ စာအုပ်စာတမ်းတွေ ပို့ပေးလိုက်သည်။ မူးယစ်ဆေး စွဲနေသည့် မိခင်များမှ မွေးဖွားလာသည့် ကလေးများအား လေ့လာဆန်းစစ်ပြီး တွေ့ရှိချက် များကို တင်ပြထားသည့် စာအုပ်စာတမ်းများ၊ အဆိုပါ စာတမ်းကို ဖတ်ရသည်မှာ စာရေးသူသည် ရစ်ချတ် ကိုကြည့်ပြီး ရေးသားထားသည့် အလား စာတမ်းထဲတွင် ဖော်ပြထားသည့် အကျင့်စရိုက်များမှာ ရစ်ချတ် ၏ အကျင့်စရိုက် များနှင့် ကွက်တိတူညီနေသည်။
    "ငါတို့ကျောင်းမှာ လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကတည်းက အဲဒါမျိုးတွေ ဖြစ်နေခဲ့တာ"
    ကျွန်မ တယ်လီဖုန်း ပြန်ဆက်သောအခါ သူငယ်ချင်းကပြောပြသည်။
    "အဲဒီလို မွေးဖွားလာတဲ့ ကလေးတွေထဲက တချို့ကလေးတွေရဲ့ ဦးနှောက်တွေကို သူတို့ စစ်ဆေးကြည့် ကြတယ်။ အဲဒီ ကလေးတွေ ရဲ့ ဦးနှောက်တွေဟာ ပြည့်ပြည့်၀၀ မဖွံ့ဖြိုးဘဲ ဦးနှောက်ထဲမှာ အပေါက်တွေ ရှိနေနိုင်တယ် လို့ ပြောတယ်။ အဲဒီကလေးတွေဟာ တစ်ခါတလေမှာ သတိမေ့သလို ဖြစ်နေတတ်တယ်။ တစ်ခါ တစ်လေ ကျတော့လည်း စိတ်လှုတ်ရှား လွန်းတတ်တယ်ဟဲ့"
    ထိုအကြောင်းအရာနှင့် ပတ်သက်၍ ကျွန်မလက်လှမ်းသမျှ စာအုပ်စာတမ်းများကို ရှာဖွေဖတ်ကြည့်သည်။ သို့သော် ဆရာဝန်များကိုယ်တိုင်ပင်လျှင် ရှာဖွေဖတ်ကြည့်သည်။ သို့သော် ဆရာဝန်များ ကိုယ်တိုင်ပင်လျှင် သည်ရောဂါ ကို ဘယ်လိုကုစားမည်မှန်း သေချာတပ်အပ်မပြောနိုင်ကြ။ သည်တော့သည်ကလေးတွေကို ကျွန်မတို့ သိ သမျှ၊ တတ်သမျှ၊ ရှိသမျှနှင့်ပင် အကောင်းဆုံးဖြစ်အောင် ပြုပြင်ထိန်းမတ်ပေးနေကြရသည်။
    ၁၉၈၉ခုနှစ်သို့ ရောက်သောအခါ ရစ်ချတ်၏ အခြေအနေနှင့်တူညီသော ကလေးပေါင်း တစ်ဒါဇင်လောက် ကျွန်မတို့ကျောင်းမှာ ရှိနေလေပြီ။ စိုးရိမ်ထိတ်လန့်စရာ အကောင်းဆုံး အသွင် လက္ခဏာ မှာ ထိုကလေးများ ရုတ်တရက်ပေါက်ကွဲတတ်မှုဖြစ်၏။ ထို့ကြာင့် သူတို့ စိတ်ဖောက် လာနိုင်ခြေ ရှိသည့် ပတ်ဝန်းကျင် အနေအထားများကို စောင့်ကြပ်ထိန်းသိမ်းပေးထားရသည်။ သူတို့ စိတ်ဖောက်မှုတွေ လျော့ပါး လာစေရန်ဖြစ်ပါသည်။
    ဆူဆူညံညံနှင့် လှုပ်လှုပ်ရွရွ  အနေအထားများ ရှိနေလျှင် ရစ်ချတ်သည် စိတ်ဖောက်တတ်၏။ သည်တော့ ထိုသို့ သော အနေအထားတွေထဲသို့ သူရောက်မသွားအောင် ကျွန်မတို့က ဂရုစိုက်ကြရသည်။ သူ့အတန်း ခေတ္တနားချိန်၊ နေ့လယ်စာ စားချိန်သို့မဟုတ် နံနက်ခင်း စုဝေးပွဲသို့ တက်ရောက်ချိန် များဆိုလျှင် သူ့ကို ကျွန်မအနားသို့ ခေါ်ထားရသည်။ သို့အတွက် ပေါက်ကွဲမှုများကို တားဆီးနိုင်သည်။ သူ့ ဆရာမ လည်း အနားရသည်။
    ရစ်ချတ် ကံကောင်းပါသည်။ ဘာကြောင့်ဆို သူ့အား ဂရုတစိုက် ပြုစုစောင့်ေ၇ှာက်သော မွေးစားမိခင် ရှိသည်။ မွေးစားမိခင် က သူ့အား အိမ်မှာလည်း ထိန်းမတ်ပေးဖော်ရသည်။ မူးယစ်ဆေးဒဏ် ကို ခံနေရ သည့် တခြားကလေးတွေဆိုလျှင် ကျောင်းဆင်းချိန်တွင် အိမ်သို့ သာ ပြန်ကြရသည်။ အိမ်မှာသူတို့ကို ဆီးကြို မည့်သူ မရှိ။ သူတို့မှာ နွေးနွေးထွေးထွေးနှင့် စည်းစည်းလုံးလုံးရှိသည့် မိသားစုဟူ၍ မရှိ။ ထိုသို့သော ကလေးများကျတော့ ဆရာ၊ ဆရာမများမှာ တစ်နေ့ကူးလာတိုင်း သူတို့ကလေးတွေကို သွန်သင် ဆုံးမမှု တွေ အသစ်တစ်ဖန် ထပ်မံ လုပ်ဆောင်နေကြရသည်။
    ကျွန်မက သူတို့ကလေးတွေကို ကိစ္စကို မြို့နယ်ပညာရေးဌာနမှ ပုဂ္ဂိုလ်များနှင့် ပြောဆိုဆွေးနွေးသည်။ သည်ပြဿနာနှင့် ပတ်သက်၍ တစ်နည်းတစ်ဖုံတော့ အရေးယူ ဆောင်ရွက်သင့်ပြီဖြစ်ကြောင်း တင်ပြသည်။ သို့သော် ဘာမျှ အကြောင်းပြန်မလာ ဘာစီမံချက်မျှမလာ။ ဘာတုံ့ပြန်မှုမျှ မလာ။ ကျွန်မတို့မှာလည်း သည်အတိုင်း ဆက်ပြီး စခန်းသွားနေရသည်။ သည်အတောအတွင်း တွင် ကျွန်မတို့၏ ပညာရေးစနစ်ထဲသို့ ကုတ်ကင်း ဒဏ်ခံ ကလေးတွေ တဖွဲဖွဲဝင်လာနေကြသည်။ သူတို့သည် ကျွန်မတို့ ကျောင်းတွေထဲတွင် လမ်းလျှောက် ဒိုင်းနမိုက်တွေလို လျှောက်သွားနေကြသည်။ သူတို့၏ ရောဂါကို ရှာဖွေဖော်ထုတ်ပြီ စနစ်တကျ ကုသမပေးလျှင် သည်ဒိုင်းနမိုက်တွေသည် တ၀ုန်းဝုန်းပေါက်ကွဲနေမည်သာ ဖြစ်ပေသည်။
ကျွန်မ ဂုဏ်ယူဝင့်ကြွားရမှာပါ
    ကုတ်ကင်း၏နှောင့်ယှက်ဖျက်ဆီးမှုကို ရင်ဆိုင်နေရသည့် ကြားမှာပင် ကျွန်မတို့၏ တပည့်များသည် အောင်ပွဲတွေ ဆက်ကာဆက်ကာ ရနေကြသည်။ ကျွန်မတို့၏ အောင်ချက်တွေ ပို၍ပို၍ကောင်းလာသည်။ ဘလိန်းမှ ကျောင်းဆင်းပြီး အပေါ်ကျောင်းများသို့ တက်သွားသည့် ကျောင်းသားများက ထူးထူးချွန်ချွန် စွမ်းရည်ပြ နေကြသည်။ အပြောအဟော စွမ်းရည်ပြိုင်ပွဲကဲ့သို့သော မြို့နယ်အလိုက် ပြိုင်ပွဲများတွင် အောင်ပန်း ဆွတ်နိုင်သူများကို ကျွန်မတို့ ဆက်ပြီး မွေးထုတ်ပေးနိုင်ခဲ့သည်။ အထူးသဖြင့် ကလေးတွေ ကျောင်းတက်ချင် စိတ်ရှိအောင် ကျွန်မတို့ ထိန်းထားနိုင်သည်။ သူတို့ကျောင်းမှာ ရှိနေစဉ်အတွင်း တကယ် တတ်မြောက် အောင် သင်ကြားပေးနိုင်သည်။
    ၁၉၈၈ ခုနှစ်ထဲတွင် 'မယ်ရီးလ်လင့်ခ်ျ ဖောင်ဒေးရှင်'ဆိုသည့် အဖွဲ့အစည်းတစ်ရပ်ပေါ်လာသည်။ ထိုအဖွဲ့အစည်းက အမေရိကပြည်ထောင်စု တစ်နံတစ်လျားရှိ မူလတန်းကျောင်းတွေထဲမှ ကျောင်း ၁၀ကျောင်း ကို ရွေးမည်။ ထို၁၀ကျောင်းရှိ ပထမတန်း ကျောင်းသူကျောင်းသားတွေထဲ တစ်ကျောင်းလျှင် ပထမတန်း ကျောင်းသူကျောင်းသားတွေထဲမှ တစ်ကျောင်းလျှင် ၂၅ဦးကို ရွေးမည်။ သူတို့ကလေးတွေ မူလတန်း မှ တစ်ဆင့် သက္ကရာဇ် ၂၀၀၀တွင် အလယ်တန်းကျောင်းအဆင့် အောင်မြင်ပြီး တက္ကသိုလ် တက်ခွင့် ရသူတိုင်းကို 'တက္ကသိုလ်ပညာသင်စရိတ်' ထောက်ပံ့မည်ဟု ဆုံးဖြတ်ထားသည်။
    ဖောင်ဒေးရှင်း၏ အလိုအရ ကျောင်း၁၀ကျောင်းကို ရွေးချယ်ရာ၌ 'စီမံခန့်ခွဲရေးအပိုင်းတွင် ကောင်းမွန်ပြီး ဦးဆောင်နိုင်သော စနစ်ကျနပြီး သန့်ရှင်းသပ်ရပ်သည့် ပတ်ဝန်းကျင်ရှိသော စာသင်သားနှင့် ဆရာ၊ ဆရာမများ ကျောင်းတက်ရက်နှုန်းမြင့်မားသော ဆရာ၊ ဆရာမများနှင့်အတူ ကျောင်းသားမိဘများ ပူးပေါင်း ဆောင်ရွက်မှုကောင်းသော' ကျောင်းများကိုသာ အဓိကဦးစားပေးမည်ဆိုသည်။
    ဖီလဒဲလ်ဖီးယား တစ်မြို့နယ်လုံးတွင် အထက်ပါစံများနှင့် ကိုက်ညီသော ကျောင်းအဖြစ် ဘလိန်း တစ်ကျောင်းတည်း ကိုသာေ၇ွးချယ်ခြင်းခံရသည်။ ထိုနေ့ကား ကျွန်မတို့အဖို့ ဂုဏ်ဝင့်ကြွားရသော နေ့ပင်တည်း။
    ကံကောင်းထောက်မစွာပင် တက္ကသိုလ်ပညာသင်စရိတ် ထောက်ပံ့ခရဖို့ အရွေးခံရသည့် စာသင်သား ၂၅ဦးထဲတွင် ရစ်ချတ်ပါဝင်နေ၏။ သူ့ခမျာသူ့မိခင် သုံးစွဲခဲ့သည့် ကုတ်ကင်းဒဏ်ကို ခံနေရဆဲ၊ ရုန်းကန် ကျော်လွှားနေရဆဲပင်။ သူကလေးသည် တက္ကသိုလ်သို့ ဆက်တက်ဖို့ကို အသာထားဦး၊ အလယ်တန်း ကျောင်းကိုမှ ကျော်လွှားနိုင်ပါမည်လားမသိ။ ဘယ်သူမျှ သေချာတပ်အပ်မပြောနိုင်ပါသည်။
    သို့ဖြင့် ဆယ်စုနှစ်တစ်နှစ် ကုန်ဆုံးသွားသည်။ ကျွန်မလျှောက်လှမ်းနေသည့်လမ်းမှာ အချိုးအကွေ့ တွေပေါ်လာသည်။ ပထမဦးဆုံး အချိုးအကွေ့အဖြစ် ဘလိန်းကျောင်းနှင့် ခုနှစ်ပြလောက်ဝေးသည့် ကျောင်းတစ်ကျောင်း သို့ ပြောင်းေ၇ွ့သည်။ ထို့နောက် ၁၉၉၁ခုနှစ် ဗဟိုစီမံခန့်ခွဲရေးဌာနသို့ ပြောင်း ရသည်။ ဖီလဒဲလ်ဖီးယားမြို့နယ် တစ်ခွင်လုံးရှိ ကျောင်းများတွင် ကျော်ငးသားမိဘများ၏ ပါဝင်ဆောင်ရွက်မှု တိုးတက် လာအောင် ဆောင်ရွက်ရမည်ဆို၏ ဖီလဒဲလ်ဖီးယား တစ်မြို့နယ်လုံးတွင် ကျောင်းပေါင်း ၂၅၇ ကျောင်း နှင့် စာသင်သားဦးရေ ၂၀၀,၀၀၀ နီးပါးရှိသည်။
    ကျွန်မထမ်းဆောင်ရမည့် တာဝန်မှာ မလွယ်ပါ။ သည်တာဝန်က ကျွန်မကို စိန်ခေါ်သည်။ သည်တာဝန်ကို ထမ်းဆောင် အကောင်အထည်ဖော်ရာ ၌ အခက်အခဲဆုံး အစိတ်အပိုင်းမှာ ကျောင်းစီမံခန့်ခွဲရေးအပိုင်းတွင် ကျောင်းသား မိဘများ ပါဝင်ပတ်သက်လာမည်ကို စိုးရွ့နေသည့် ကျောင်းအုပ်ကြီးများနှင့် ပတ်သက် လာမည်ကို စိုးရွ့နေသည့် ကျောင်းအုပ်ကြီးများနှင့် ကျောင်းဝန်ထမ်းများကို ဖျောင်းဖျနားချခြင်းဖြစ်၏။ သူတို့၏ စိုးရိမ်သောကများ လျော့ပါးသွားအောင် စည်းရုံးရသည်။ ကျောင်းသားမိဘများ တက်တက်ကြွကြွ ပါဝင်ဆောင်ရွက်လာမှ ပညာရေးစနစ်ကြီး အောင်မြင်နိုင်မည်ဖြစ်ကြောင်း ကျောင်းအုပ်ကြီးတွေ၊ ဆရာ၊ ဆရာမ တွေ၊ ကျောင်းသားတွေ ယုံကြည်သက်ဝင်လာအောင် ဆွဲဆောင် သိမ်းသွင်းရသည်။ ကျောင်းအတော် များများ မှ အာဏာပိုင်များက ကျောင်းကိစ္စများတွင် ကျောင်းသား မိဘတွေ ၀င်ရှုပ်မှာ၊ ဝေဖန်မှာ ကို မလိုလားကြ။ ဆုံးဖြတ်ချက်များ ချမှတ်ရာတွင် သူတို့က ကျောင်းသားမိဘများ မပါဝင် စေချင်ကြ။
    တစ်ချိန်တည်းတွင် ကျောင်းသားမိဘများဘက်က စိုးရိမ်သည့် အချက်လည်း ရှိသည်။ သူတို့၏ သားသမီး များကို ပညာသင်ကြားပေးရာ၌ ပညာရေးဝန်ထမ်းများက စိတ်ဝင်စားမှု အပြည့်မရှိမှာကို စိုးရိမ်ကြသည်။ ပညာရေး ၀န်ထမ်းများက ဆုံးဖြတ်ချက်ချရာတွင် ဟိုဘက်နည်းနည်းပိုပြီး ဒီဘက်နည်းနည်း လျော့နေမှာ၊ သူတို့ ၏ ကလေးများသည် ဟိုဘက်မရောက်ဘဲ ဒီဘက်ရောက်နေမှာတို့ကို စိုးရိမ်ကြသည်။
    ဘလိန်းကျောင်းသို့ မကျေမလည်ဖြစ်ပြိး ရောက်လာသည့် မိဘတိုင်းအား ကျွန်မက ပြောပြလေ့ရှိသည်။
    "ရှင်တို့နဲ့ တစ်ဖက်တည်းမှာပဲ ရှိပါတယ်။ ကျွန်မတို့အားလုံးရဲ့ ရည်မှန်းချက် ပန်းတိုင်ကလည်း အတူတူ ပါပဲ။ ရှင်တို့ရဲ့ ကလေးပတ်ပတ်နပ်နပ် စာတတ်မြောက်ဖို့ရယ် သူပျော်ပျော်ရွှင်ရွှင် စာသင် နိုင်အောင် ကောင်းမွန် တဲ့ ပတ်ဝန်းကျင်တစ်ခု ဖန်တီးပေးဖိုကရယ်ပဲ မဟုတ်လား။ ရှင်တို့ ဘ၀င်မကျ ဖြစ်ရတဲ့ ကိစ္စမှန်သမျှဟာ ကျွန်မအတွက်လည်း အရေးကြီးတာပါပဲ"
    စီမံခန့်ခွဲရေးအပိုင်းမှ ပုဂ္ဂိုလ်များ၊ ကျောင်းသားမိဘများ၊ ဆရာ၊ ဆရာမများနှင့် စာသင်သားများ ကိုယ်တိုင် က သူတို့သည် တစ်လှေတည်းစီး တစ်ခရီးတည်းသွားနေသူများ ဖြစ်သည်ဟု သိမြင့်ကြပါမှ ပညာရေး အရည်အသွေးမြင့်လာပါသည်။ သို့မှ နောက်ဆုံးတွင် အမြင့်ဆုံး စွမ်းများကို ထုတ်ပြနိုင် ကြမည် ဖြစ်ပါသည်။
    စထရော်ဘယ်ရီမင်းရှင်း၏ အနီးအနားတစ်ဝိုက်သွားဖို့ ကြုံတိုင်း ဘလိန်းကျောင်းရှေ့မှ ကားဖြတ်မောင်း သွားရ သည့် နံနက်ခင်းများ ရှိပါသည်။
    ထိုကျောင်းတွင် ကျွန်မရှိစဉ်က ချာတိတ်တွေသည် ယခုတော့ ဆယ်ကျော်သက်ရွယ် ကလေးတွေ ဖြစ်နေကြပြီ။ သူတို့ကလေးတွေက ကျွန်မ၏ ကားနားသို့ ပြေးလာကြသည်။ ကျွန်မနေကောင်းလားဟု နှုတ်ဆက် ကြသည်။
(စာအဆုံးသတ် တရွက် ပျောက်ဆုံးနေလို့ ဒီမှာဘဲရပ်လိုက်ပါတယ် တောင်းပန်ပါတယ် )
ပြီးပါပြီ
.
>>>ဆက်ဖတ်ရန်>>> >>
Friday, December 3, 2010
ကောင်းခြင်းမင်္ဂလာနှင့်ပြည့်စုံသော အပိုင်း (၆)
    တခြား ဆရာ၊ ဆရာမတွေက သူ့စကားကို သဘောတူညီညွတ်စွာ ခေါင်းညိတ်သြည်။ သည်ဆရာမ က တော်သည်။ အသင်အပြကောင်းသည်။ သို့သော် ကျွန်မ ကို ချစ်ခင်ကြည်ညိုသူတစ်ဦးတော့မဟုတ်။  ကျွန်မ က သူ့အပေါ် တင်းကျပ်လွန်းစွာ အုပ်ချုပ်သည်ဟု သူက ယူဆထားသည်။ ယခုသူက ကျွန်မကြားလိုသည့် စကားမျိုး ကို ပြောနေပြီ။ ကျွန်မအတွက် အားဖြည့်ပေးမည့် စကားမျိုးကို ပြောနေပြီ။ ကျွန်မ လိုအပ်သည် မှာလည်း ဒါပဲဖြစ်သည်။ သူ့စကားကြားရတော့ ကျွန်မမှာ ၀မ်းမြောက်ခြင်း မက ၀မ်းမြောက်သွားသည်။
    "ဒါဆိုလည်း ပြီးတာပဲလေ။ ဒီအစီအစဉ်ကို ရှင်တို့မကြိုက်ဘူးဆိုရင် ကျွန်မတို့ လက်မခံရုံပေါ့။ ဒါပေမဲ့ ရှင်တို့ကို ကျွန်မတစ်ခုတော့ ပြောထားမယ်။ ဒီအစီအစဉ်ကို ကျွန်မတို့ လက်မခံဘဲ ပယ်ချလိုက်ရင် ဒီအစီအစဉ် ထက် ကောင်းတဲ့ သင်ကြားနည်းစနစ် တစ်ခုရှိနေတယ်ဆိုတာ သက်သေပြရလိမ့်မယ်"
    ကယ်လီဖိုးနီးယား စာစစ်နည်းကို ကျင့်သုံးခဲ့စဉ်က ကျွန်မသည် တစ်ကောင်းတည်းပွဲအဖြစ် နွှဲခဲ့ရသည်။ ယခု 'ပိုင်နိုင်ကျွမ်းကျင်စွာ တတ်မြောက်ရေး' အစီအစဉ်ကျတော့ ကျွန်မကျောင်းမှ ဆရာ၊ ဆရာမများကပါ လက်မခံ ချင်ကြ။ သည်တော့ သည်ကိစ္စတွင် တစ်သွေးတည်း တစ်သံတည်း ဖြစ်သွားသည်။
    ဆာရာသည် သူ့တပည့်တွေကို ထမင်းစားခန်းသို့ ခေါ်သွားသည်။ ပြီးတော့ တပည့်တွေ နေ့လယ်စာ စားဖို့ တန်းစီနေတုန်း စာလုံးပေါင်းတွေ ပြန်လည် ရွတ်ဆိုလေ့ကျင့်နေသည်။ ဆာရာသည်လို လေ့ကျင့် ပေးခဲ့သည် မှာ နှစ်ပေါင်းအတော်ကြာခဲ့ပြီ။ ခုတော့ တခြားဆရာ၊ ဆရာမတွေလည်း သူ့လမ်းစဉ် လိုက်နေကြသည် ကို ကျွန်မတွေ့ရ၏။ တပည့်တွေ နေ့လယ်စာ စားရန် တန်းစီနေခိုက်၊ နံနက်ခင်း စုဝေးပွဲ သို့ သွားရန် စုဝေးနေခိုက်၊ ကုန်ကုန်ပြောရလျှင် အားလပ်သည့် မိနစ်တိုင်း မိနစ်တိုင်းတွင် သူတို့ တပည့်များကို လေ့ကျင့်ပေးသည်။ သင်ကြားပေးသည်။
ဂဏန်းသင်္ချာ ဖြစ်ဖြစ်၊ ပထ၀ီဘာသာဖြစ်ဖြစ်၊ ကျက်မှတ်ထားရမည့် အချက်အလက်တွေဖြစ်ဖြစ်…။
    ကျွန်မတို့၏ သင်ကြားမှု နည်းစနစ်ကို ကလေးတွေ စိတ်ဝင်စားလာသည်။ စိတ်ပါ လက်ပါ ဖြစ်လာ ကြသည်။ သူတို့ကလေးတွေက စာတော်ချင်ကြသည်။ ထူးချွတ်ချင်ကြသည်။ ကျွန်မတို့က သူတို့၏ လိုအပ်ချက် များကို ဖြည့်ဆည်းပေးကြသည်။
    ကျွန်မတို့ကျောင်းတွင် တစ်ကျောင်းလုံး အတိုင်းအတာဖြင့် အပတ်စဉ် အပတ်တိုင်း ဂဏန်းသင်္ချာ စွမ်းရည်ပြိုင်ပွဲတွေ ကျင်းပသည်။ ငွေသားအနည်းငယ်ဖြင့် ဆုတွေ သတ်မှတ်ပေးသည်။ အကောင်းဆုံး၊ အတော်ဆုံး ကျောင်းသား၏ လက်ရာကို သင်ပုန်းပေါ်တွင် ကပ်ပေးသည်။ သည်တော့ စာသင်သား အားလုံး က သူတို့၏ စာသင်ဖော် စာသင်ဖက်တွေ ဘာလုပ်ထားသည်။
ဘယ်လို ဖြေထားသည်ကို ကြည့်ချင်ကြသည်။ လေ့လာချင်ကြသည်။ စာမေးပွဲ အဖြေလျွှာတွေ၊ စာစီစာကုံး တွေ၊ အိမ်စာတွေ၊ ပုံဆွဲလက်ရာတွေ အကောင်းဆုံး၊ အပြောင်မြောက်ဆုံး ကြိုးစားအားထုတ်မှုကို သူတို့ ဂုဏ်ယူဝင့်ကြွား တတ်လာအောင် လုပ်ပေးသည်။ သူတို့ကိုယ် သူတို့သာမဟုတ် တစ်ဦး၏ စွမ်းရည်ကို တခြား သူတွေ ကပါ ဂုဏ်ယူဝံ့ကြွားတတ်အောင်၊ အားကျလာတတ်အောင် လေ့ကျင့်ပေးသည်။
    ကျွန်မတို့ကျောင်းထဲတွင် ဘယ်တော့မျှ မပြောရဟု ပညတ်ထားသည့် စကားတစ်ခွန်းရှိသည်။ ၄င်းစကား များ 'မတတ်ဘူး'ဟူသည့် စကားဖြစ်၏။ 'ကျွန်မ အခက်အခဲတွေ့နေတယ်' သို့မဟုတ် 'ကျွန်တော့် ကို ရှင်းပြပေးပါဦး'ဆိုသည့် စကားမျိုးကို ပြောနိုင်သည်ဟု စာသင်သားများကို ကျွန်မမှာကြားထား၏။ သို့သော်'ကျွန်မ မတတ်ဘူး'၊ ကျွန်တော် မလုပ်နိုင်ဘူး'ဟု လက်လျှော့စကားမျိုးကို လေသံမျှ မဟရဟု တားမြစ် ထားသည်။
    မကြာခင် အတွင်းမှာပင် အဆိုပါ အပြုသဘောောဆင်စိတ်ဓာတ်သည် စာသင်သားများဆီသို့ အလိုလို ကူးစက်ပျံ့နှံ့သွားသည်။ ထိုကျောင်းသို့ ကျွန်မရောက်လာပြီး နှစ်နှစ်ကြာသောအခါ ဘလိန်းကျောင်း မှ မည်သည့် ကလေးမျှ ကျောင်းဆင်းချိန်တွင် လွယ်အိတ်မပါဘဲ၊ သို့မဟုတ် အိမ်စာတွေ သယ်မသွားဘဲ အိမ်ပြန် သည်ကို မတွေ့ရတော့။
    ထိုသို့ ပြုလုပ်ချင်လာအောင် သူတို့မှာ စေတနာတစ်ရပ်ရှိနေပါသည်။ ကျောင်းသူ၊ ကျောင်းသား ကလေးများ မဟုတ်ဘဲ ဆရာ၊ ဆရာမများမှာ ၄င်းစေတနာရှိနေပါသည်။ ၄င်းစေတနာကား ကျွန်မ ၀မ်းသာ ကျေနပ်ရေး ပင်ဖြစ်၏ ကျွန်မ၀မ်းသာကျေနပ်သည်ကိုကြည့်ပြီး သူတို့ ကြည်နူးကြပါသည်။ ပီတိ ဖြာကြ ပါသည်။
    "မင်းတို့အတွက် ဆရာမကြီး အရမ်းအရမ်းကို ဂုဏ်ယူတာပဲဟေ့" ဟူသောစကားကို ပြောစေချင်သည်။ ထိုသို့ပြောပြီး သူတို့ကလေးတွေကို ရင်ဝယ်ပွေ့ဖက် ထွေးပိုက်ထားခြင်းခံရသည့် ကြည်နူးမှုကို သူတို့ ခံယူချင်ကြသည်။ ကျွန်မတို့အားလုံးအတွက် သူတို့ ဂုဏ်ယူဝမ်းမြောက်ကြောင်း ပြောရမည်ဟု ကျွန်မက သူတို့ကို ပြောခိုင်းစေချင်ကြသည်။ ထိုသို့ တစ်စည်းတစ်လုံးတည်း စိတ်ဓာတ်၊ တစ်သားတည်း စိတ်ဓာတ် သည် ကျွန်မတို့ အားလုံးအတွက် ဘယ်လောက် အဓိပ္ပာယ်ရှိသည်။ ဘယ်လောက် ထိရောက် သည် ဆိုသည် ကို တိုင်းတာလို့ မရနိုင်ပါချေ။
အလိုလားအတပ်မက်ဆုံးဆုများ
    အကြောင်းကြောင်းသော အကြောင်းများကြောင့် ၁၉၈၂-၈၃ စာသင်နှစ်သည် ဘလိန်းကျောင်းအတွက် တောင်ကျရေ ဝေဖြိုးသောနှစ်ဖြစ်ခဲ့၏။ ကျွန်မတို့၏ ကလေးတွေ စွမ်းဆောင်ရည် တဖြည်းဖြည်း မြင့်မား လာပြီ ဖြစ်ကြောင်း ကျွန်မတို့ တွေ့မြင်နေရပြီ။ အောင်ချက်တွေကောင်းလာသည်။ ၄င်းအောင်ချက်များမှာ ယုံကြည် စိတ်ချ လောက်သည့် အောင်ချက်တွေ ခုမှဖြစ်လာသည်။
    ထိုနည်းတူစွာ ကျွန်မတို့၏ ကလေးတွေသည် ယခင်နှင့်မတူ မကြုံဖူးအောင် ကျောင်းတက်မှန် လာကြသည်။ ကျောင်းတက်ရက်များသည် ပျမ်းမျှ ၉၀ရာခိုင်နှုန်းရှိသည်။ ဆရာ၊ ဆရာမများ၏ ကျောင်းတက် နှုန်း မှာ သည့်ထက်ပိုသေးသည်။
    ထိုနှစ် နွေဦးစာမေးပွဲများအပြီး ကယ်လီဖိုးနီးယား စာစစ်ဌာနမှ အောင်မှတ်များပြန်ရောက် လာချိန်တွင် ကျွန်မတို့ မြို့တွင်းရှိ ကျောင်းများအားလုံးအတွက် 'ပညာရေးဆိုင်ရာ စွမ်းဆောင်မှု ထူးချွတ်ဆု'ပေွးဲ့ ပြုလုပ်ကြသည်။ ထိုသို့ ပြိုင်ပွဲမျိုးကို ကျွန်မဘယ်တုန်းကမျှ မကြိုက်ခဲ့။ အားမပေးခဲ့။ ဘာကြောင့်ဆို စာမေးပွဲ အောင်ချက် များကို ကျွန်မသိပ်အယုံအကြည်မရှိလှ။ ၄င်းအောင်ချက်များကို ဖြောင့်မတ်မှန်ကန်စွာ ရခဲ့ကြသည့် တိုင် ကျွန်မမှာ သံသယစိတ်ကြီး တွဲခိုနေသည်။ သံသယစိတ်ကြီး တွဲခိုနေသည်မှာလည်း ကျောင်း အတော် များများက ကလိမ်ကကျစ် နည်းများဖြင့် အောင်ချက်အောင် လုပ်နေကြသောကြောင့်ပင်။
    သို့သော် အခမ်းအနားကြီး ပြင်ဆင်ထားပုံက လှပနေသည်။ ခံ့ညားနေသည်။ ဖယောင်းတိုင်တွေ၊ ပန်းတွေ ဖြင့် ဝေဆာနေသည်။ သည်အခမ်းအနားကြီးသည် ကျွန်မအတွက် ဘယ်လောက် အဓိပ္ပာယ် ရှိကြောင်း သိမြင် သဘောပေါက်လာသည်။
    အခမ်းအနား ကျင်းပချိန် တစ်လျှောက်လုံး ရင်တွေ တဒိန်းဒိန်းခုန်နေသည်။ ကျွန်မတို့ ကျောင်းအုပ်ကြီး တွေ အလိုးလားအတပ်မက်ဆု့း ဆုတွေထဲမှာ သည်ဆုကို ဘယ်သူများရလေမည်လဲ။ ပညာရေးဆိုင်ရာ စွမ်းဆောင်မှု အမြင့်မားဆုံး ကျောင်းကို ရွေးချယ်သည့်ဆု။ နောက်ဆုံးတော့ ရင်တဒိန်းဒိန်းဖြင့် စောင့်နေ ရသည့် သမယကို ရောက်လာသည်။ ဆုရကျောင်း၏ အမည်ကို ကြေညာသည့်အချိန်။ ဘလိန်းဟူသော နာမည် ကို ကြားလိုက်ရသောအခါ ကျွန်မ၏ နှလုံးသားသည် ဂုဏ်ယူဝင့်ကြွားမှုများဖြင့် ဖြိုးမောက် သွားပါသည်။ ငါတို့အောင်မြင်ပြီး ငါတို့ လုပ်ပြလိုက်နိုင်ပြီ။
    ၁၉၈၃ ခုနှစ်တွင် အဆိုပါဆုကို ရလိုက်ခြင်းသည် ကျွန်မတို့အတွက် လိုအပ်နေသည့် တွန်းအားကို ရလိုက်ခြင်း ပင် ဖြစ်၏။ ကျွန်မတိုကအား ကြိမ်တို့ပေးလိုက်ခြင်းပင်ဖြစ်၏။
ဘလိန်း ကျောင်းတွက် ကျွန်မတို့ စတင်ကျင့်သုံးခဲ့သည့် စနစ်သည် မှန်ကန်ကောင်းမွန်ကြောင်း အဆိုပါ ဆုက အတည်ပြု ထောက်ခံပေးလိုက်ပြီ။ သည်တော့ သည်စနစ်ကို လွတ်လပ်စွာ ဆက်လက် ကျင့်သုံးဖို့ အခွင့်အရေး ရသွားပြီ။
    အဆိုပါလမ်းစဉ်အတိုင်း ကျွန်မတို့ ဆက်လျှောက်ခဲ့၏။ သို့ဖြစ်သည့်အတွက် ကျွန်မတို့ကျောင်းတွင် အစဉ်အလာ တစ်ရပ် ဖြစ်ထွန်းပေါ်ပေါက်လာဖို့ အချိန်များများ မယူလိုက်ရပါ။ ၄င်းအစဉ်အလာမှာ အောင်မြင်မှု အစဉ်အလာ၊ အောင်မြင်မှုကို မျှော်မှန်းခြင်းနှင့် ဂုဏ်ယူဝင့်ကြွားခြင်းပင်ဖြစ်၏။ ထိုသို့ ဖြစ်လာရေး အတွက် အခက်ဆုံးအပိုင်းမှာ စတင်ဖြစ်ဖို့ပင်။ စတင်ဖြစ်ပြီဆိုသည်နှင့် သူ့ဘာသာသူ တွန်းအား ပေးပြီး ဆက်လိမ့်သွားတော့၏။ အခြားကျောင်းများသို့ အတန်းတက် ပြောင်းရွှေ့သွားရသည့် စာသင်သားများက ဘလိန်း၏ ဂုဏ်သတင်းကို မွှေးပျံ့အောင် ဖြန့်ပေးကြသည်။ သူတို့က ထိုကျောင်းတွေတွင် စာတော်သည်။ သူတို့၏ အမူအကျင့်နှင့် ခံယူချက် သဘောထားများက သူများနှင့်မတူ တစ်မူထူးခြားနေသည်။
    သူတို့အကြောင်းတွေ ကို အပေါ်ကျောင်းများမှ ကျောင်းအုပ်ဆရာမကြီးများထံမှ စတင် သတင်းကြား ရသည်။ ဘယ်ကျောင်းမှ ပြောင်းသလဲဟု မမေးဘဲ ကျွန်မ၏ တပည့်များကို တစ်မိအတွင်း ရွေးထုတ် လို့ ရသည် ဟု သူတို့ကပြောသည်။ ကျောင်းအုပ်ဆရာကြီးတစ်ဦးက ဆိုလျှင်-
    "သူတို့လမ်းလျှောက်ပုံက ထူးခြားတယ်။ သူတို့ပြောဆိုဆက်ဆံပုံက ထူးခြားတယ်။ နောက်ပြီး ပိုသေချာတာက သူတို့ ကြိုးစားအားထုတ်ပုံက ထူးခြားတယ်"ဟုပြော၏။
    ဟုတ်သည်။ သူတို့တမူထူးခြားနေကြပါသည်။ ဘလိန်းကျောင်းမှ ကျွန်မတို့ကလေးတွေသည် သူတို့၏ အိမ်စာများ ကို ပြီးအောင် လုပ်လာခဲ့ဖို့ ဆရာ၊ ဆရာမတွေက မျှော်လင့်ထားကြောင်း သိနေကြသည်။ မိုးရွာရွာ၊ လေထန်ထန်၊ နှင်းကျကျ သူတို့အနေဖြင့် နေ့စဉ်နေ့တိုင်း ကျောင်းတက်ကြဖို့ ဆရာ၊ ဆရာမ တွေက မျှော်လင့်ထားကြောင်း သိနေကြသည်။ သူတို့သည် သူတို့၏ ဆရာ၊ ဆရာမများကို ကြည်ညို လေးစား ကြောင်း ပြသရမည်။ သူတို့အချင်းချင်း တစ်ဦးကိုတစ်ဦး ချစ်ခင်လေးစားကြောင်း ပြသရမည်။ နောက်ဆုံး မိမိကိုယ် မိမိ ယုံကြည် လေးစားကြောင်း ပြသရမည်ဆိုသည်ကို သိနေကြသည်။ အဆိုပါ သဘောထား ခံယူချက်များသည် သူတို့ရင်မှာ စွဲနေပြီ။ သူတို့ ကိုယ်၏ အစိတ်အပိုင်းတစ်ခုဖြစ်နေပြီ။
    ကျွန်မတို့ တန်ဖိုးထားလေးစားသည့် တန်ဖိုးများ ခေါင်းထဲစွဲနေအောင် အားဖြည့်ပေးသည့်အနေဖြင့် ဘလိန်း ကျောင်းသား များ၏ ကတိသစ္စတစ်ခုကို ကျွန်မက ရေးသားပေးခဲ့၏။ အဆိုပါ ကတိသစ္စာစကားကို နံရပ်ကပ် ပိုစတာ စာရွက်ကြီးပေါ်တွင် ရိုက်နှိပ်ပြီး တစ်ကျောင်းလုံး၏ နံရံများတွင် ကပ်ထားစေသည်။ နေ့စဉ် နံနက်တိုင်း ကျောင်းအဆောက်အအုံတွင်းသို့ မ၀င်မီ စာသင်သားတွေ တန်းစီပြီး ဘလိန်း၏ ကတိသစ္စာ စကားကို သံပြိုင် ရွတ်ဆိုစသည် ကျောင်းသူကျောင်းသားပေါင်း ၆၀၀ ၏ အသံများသည် နိမ့်လိုက် မြင့်လိုက်ဖြင့် တစ်ညီတည်း တစ်သံတည်း ပတ်ဝန်းကျင်ရှိ လမ်းများပေါ်အထိ ပဲ့တင် ရိုက်ဟည်း နေစေပါသည်။
ကျွန်ုပ်သည် မိမိကိုယ်မိမိ
ဂုဏ်ယူဝင့်ကြွားနိုင်စေရန်လည်းကောင်း၊
အခြားသူများက မိမိအတွက်
ဂုဏ်ယူဝင့်ကြွားနိုင်စေရန်လည်း
ကြံဆောင်လုပ်ကိုင်ပါမည်။
ကျွန်ုပ်သည် ပညာဆည်းပူးရန်
ကျောင်းသို့လာခြင်းဖြစ်သည်။ ထို့ကြောင့်
ကျွန်ုပ်ပညာကို သင်ယူဆည်းပူးပါမည်။
ကျွန်ုပ်သည် ပညာကို သင်ယူဆည်းပူးပါမည်။
ကျွန်ုပ်သည် ကောင်းခြင်းမင်္ဂလာနှင့် ပြည့်စုံသော
နေ့တစ်နေ့ကို ဖြစ်ပေါ်စေပါမည်။
    ကျွန်မက အခါအခွင့်သင့်တိုင်း အဆိုပါ ကတိသစ္စာစကား၏ အဓိပ္ပာယ်ကို ကလေးများအား ရှင်းပြ သတိပေး လေ့ရှိသည်။
    "ဆရာမကြီး ဟာ မင်းတို့နဲ့ အမြဲတမ်း အတူရှိနေနိုင်မှာ မဟုတ်ဘူး။ အဲဒီလိုပဲ မင်းတို့ရဲ့ မေမေ ဟာလည်း မင်းတို့နဲ့အတူ မဟုတ်ဘူး။ အဲဒီလိုပဲ မင်းတို့ရဲ့မေမေဟာလည်း မင်းတို့နဲ့အတူ အမြဲတမ်း ရှိနေနိုင်မှာ မဟုတ်ဘူး။ မင်းတို့ဟာ မင်းတို့ရဲ့ ဘ၀တွေ ကို အကျိုးသက်ရောက်စေမယ့် ဆုံးဖြတ်ချက် တွေကို နေ့စဉ်နဲ့အမျှ ဆုံးဖြတ်နေရလိမ့်မယ်။ အဲဒီလို ဆုံးဖြတ်ရာမှာလည်း မင်းတို့ ကိုယ့်ဘာသာကိုယ် တစ်ယောက်တည်း ဆုံးဖြတ်ရလိမ့်မယ်။ မင်းတို့ တစ်ခုခုကို ရွေးချယ်ဖို့ ဆုံးဖြတ်ရတော့မယ်ဆိုတဲ့အခါမှာ ဒီစကားလုံး တွေကို ပြန်ပြီး သတိရကြပါ။ ဒီစကားလုံးတွေက မင်းတို့ကို ကောင်းမွန်မှန်ကန်တဲ့ ဆုံးဖြတ်ချက် တစ်ခု ချနိုင်အောင် ကူညီအားပေးလိမ့်မယ်"
    မြို့နယ်အတွင်းရှိ ကျောင်းများစုပေါင်းပြီး အဟောအပြော စွမ်းရည်ပြိုင်ပွဲတစ်ခုကို နှစ်စဉ်ကျင်းပလေ့ရှိ၏။ အတော့်ကို အကြိတ်အနယ်ရှိသည့် ပြိုင်ပွဲလည်းဖြစ်၏။ ကျောင်းများက သူတို့ရွေးထားသည့် ပြိုင်ပွဲဝင်များ၏ ဟောပြောချက် များကို တိပ်ခွေဖြင့် သွင်းပြီး ပို့ပေးရသည်။ အကဲဖြတ် ဒိုင်လူကြီးများက နောက်ဆုံး ဆန်ခါတင် ၁၀ဦးကို ရွေးထုတ်သည်။ ထို၁၀ဦးကိုသာ နောက်ဆုံးအဆင့် ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ရန် ဖိတ်ခေါ် သည်။
    ကျွန်မဘလိန်းသို့ စရောက်သည့်နေ့ကစပြီး ကျောင်းမှ ကလေးတွေကို သည်ပြိုင်ပွဲ ၀င်နိုင်ဖို့ လေ့ကျင့် ပျိုးထောင် ပေးခဲ့သည်။ သီးသန့် လေ့ကျင့်ပေးခြင်းမဟုတ်။ ကလေးအားလုံးကို လေ့ကျင့် ပေးခဲ့ခြင်းဖြစ်သည်။ ကျွန်မတို့ကျောင်းမှ ကလေးများသည် တစ်နှစ်လျှင် တစ်ဦးကျ နောက်ဆုံး ဆန်ခါတင် ၁၀ဦး စာရင်းဝင်သည်မှာ ငါးနှစ်ဆက်တိုက်ဖြစ်၏ ၁၉၈၄ ခုနှစ်တွင် ဖယ်လီစီယာလူးဝစ်ဆိုသည့် သူငယ်မ ကလေး သည် နောက်ဆုံးဆန်ခါတင်စာရင်းဝင်သွားသည်။
    ကျွန်မက ကလေးအားလုံးကို စုဝေးပွဲသို့ ဆင့်ခေါ်လိုက်၏။
    "ကလေးတို့ ဒီပြိုင်ပွဲမှာ တို့ကျောင်းကို ကိုယ်စားပြုဖို့ ဖယ်လီစီယာကို စေလွှတ်မယ်။ တကယ်လို့ ဖယ်လီစီယာ အနိုင်ရခဲ့ရင် 'ဒီပွဲမှာ ဖယ်လီစီယာနိုင်တယ်ဟေ့'လို့ ဘယ်သူမှ မပြောရဘူးနော်။ မင်းတို့ ပြောရ မှာက ဘလိန်းကျောင်းက အနိုင်ရတယ်လို့ ပြောရမယ်ဟုတ်ပြီလား။ အဲဒီစကားရဲ့ အဓိပ္ပာယ်က တို့များ… မင်းတို့ရော၊ ဆရာမကြီးရောပါဝင်တဲ့ တို့အားလုံး အနိုင်ရတယ်လို့ဆိုလိုတာဖြစ်တယ်"
    ထို့နောက် ဖယ်လီစီယာကို ခေါ်ပြီး သူ့အတန်းဖော်များရှေ့တွင် လေ့ကျင့်စကားပြောစေ၏။ သူဟောပြော ပြီးသွားသောအခါ ကလေးတွေက သြဘာလက်ခုပ်များကို ခြိမ့်ခြိမ့်သဲသဲ တီးခတ်  အားပေး ကြသည်။ တကယ့်ပြိုင်ပွဲတွင် ကြွရောက်နားထောင့်သည့် ပရိသတ်၏ ချီးကျူးအားပေးမှုမှာလည်း ထိုအတိုင်း တစ်ထပ်တည်း ဖြစ်သွားသည်။
    ဖယ်လီစီယာက သူ့မျိုးရိုး နှင့် သူ့ကျောင်းအပေါ်ထားရှိသည့် ဂုဏ်ယူဝင့်ကြွားမှုအကြောင်း ဟောပြော သည်။ သူက အောင်မြင်ထင်ရှားသော အမေရိကန်နိုင်ငံသားခံ အာဖရိကန် လူမျိုးများအကြောင်း၊ ကိုယ့်ကိုယ် ကိုယ် ယုံကြည်လေးစားစိတ် အကြောင်း၊ အောင်မြင်ထင်ရှားသော လူတစ်ဦး ဘ၀ကို ခံယူရခြင်း အကြောင်း တို့ကို ဟောပြောတင်ပြသည်။ သူက ပြိုင်ပွဲခန်းမကြီးတစ်ခုလုံး အုန်းအုန်းကျွတ်ကျွတ် ဖြစ်သွား အောင် စွမ်းဆောင်လိက်နိုင်၏ ထို့အတူ အကဲဖြတ်ဒိုင်လူကြီးအားလုံး၏ မဲများကိုလည်း အရယူလိုက်နိုင်၏။
    ထိုနေ့ညနေက ကျွန်မကျောင်းသို့ရောက်အောင် အမြန်ဆုံးပြန်သည်။ စိတ်သွားတိုင်း ကိုယ်မပါနိုင်။ ဆန္ဒရှိ သလောက် မြန်မြန်ပြန်မရောက်။ သို့ဖြင့် ကျောင်းသို့ရောက်ရောက်ခြင်း စာသင်ခန်းတိုင်းတွင် တပ်ဆင်ထားသည့် အသံချဲ့စက်မှ တစ်ဆင့်ကြုံးအော်လိုက်၏။
    "ကလေးတို့၊ ကလေးတို့ အနိုင်ရပြီဟေ့။ တို့အနိုင်ရပြီကွ"
    တစ်ခဏချင်း အတွင်းမှာပင် တစ်ကျောင်းလုံး ကျွက်ကျွက်ညံသွားတော့၏။ အော်ဟစ်ကြ၏။ ကြွေးကြော်ကြ၏။ ပျော်ရွှင်စွာ၊ ၀မ်းမြောက်စွာ၊ ဂုဏ်ယူဝင့်ကြွားစွာ၊ ဖယ်လီစီယာနှင့် တွေ့ဆုံဖို့ ခန်းမကြီးထဲသို့ ပြေးလာ ကြသည်။ ကလေးတွေကော၊ ဆရာတွေကော၊ ဆရာမတွေကော၊ လူတိုင်းလူတိုင်းက ဖယ်လီစီယာ ကို ပွေ့ကြသည်။ ဖက်ကြသည်။ ချီးမြှောက်ကြသည်။
    တကယ်တော့ ဖယ်လီစီယာသည် နွမ်းပါးသူကလေး ကိုယ့်ကိုယ်ကို နှိမ့်ချတတ်သူကလေး။ မာန်မာန ကင်းစင် သူကလေး။ သို့သော် သည်နေ့အဖို့တော့ သူ့ကိုဝိုင်းပြီး ပွေ့ဖက်ချီမကြသည့် အတွက် အနေရ အထိုင်ရ ခက်နေစရာ မလိုတော့ပါ စိတ်ကသိကအောက် ဖြစ်နေစရာမလိုတော့ပါ။ သည်အောင်ပွဲမှ ကျွန်မတို့ အားလုံး ၏ အောင်ပွဲမဟုတ်ပါလား။ ကျွန်မတို့ ဘလိန်းမိသားစု၏ အောင်ပွဲမဟုတ်ပါလား။
မူးယစ်ဆေး
သို့သော်…
    ပြိုင်ပွဲများတွင် ကျွန်မတို့ အောင်ပွဲဆင်နေသည့်တိုင် ကျောင်းအလိုက် အောင်ချက်တွေ ကောင်းလာသည့် တိုင် ကျောင်းတက်ရက် ရာခိုင်နှုန်းတွေ တစ်နှစ်ပြီးတစ်နှစ် တိုးတက်လာသည့်တိုင်…
    ကျွန်မတို့၏ အောင်မြင်မှုများကို ချေဖျက်ပစ်ဖို့ ခြိမ်းခြောက်နေသည့် အရိပ်မည်းကြီးတစ်ခုသည် ကျောင်းတံခါး များ၏ အပြင်ဘက်တွင် ဖြန့်ကြက်အုပ်မိုးနေပါပြီ။
    ကျောင်းသို့ ရောက်လာသည့် ကျောင်းသားမိဘတွေလည်း တစ်နေ့ထက်တစ်နေ့ ပိုများလာသည်။ သူတို့သည် ကျွန်မတို့ကို လာကူကြခြင်းမဟုတ်။ ငွေအသပြာလာတောင်းကြခြင်းဖြစ်၏။ အချို့မှာ ကျောင်းသား မိဘများပင်မဟုတ်။ ကျွန်မမသိသည့် လူတွေ ကျွန်မရုံးခန်းထဲသို့ ၀င်လာကြသည်။ ပြီးတော့ ဘတ်စကားခ မရှိ၍ တစ်ဒေါ်လာ တောင်းသူကတောင်း။ သူတို့သည် တစ်ပုလင်းလျှင် ငါးဒေါ်လာတန်သည့် ကုတ်ကင်း ကို ၀ယ်ဖို့ ငွေရှာနေကြခြင်းဖြစ်သည်။ နောက်တော့ သူတို့ပြောသည့် ယုံတမ်းပုံပြင်များကို ကျွန်မ နားထောင်သည်။ ပြီးတော့ ပြတ်ပြတ်ပြောလွှတ်သည်။
    "တစ်ပြားမှ မပေးဘူး"
    ထိုသို့ ပြောအလွှတ်ခံရသည့်သူတွေထဲတွင် ကျောင်းသို့ ပုံမှန်ဝင်ထွက်နေသည့် မိဘများလည်း ပါဝင် သည်။ သူတို့သည် ကျွန်မတို့၏ စီမံကိန်းများတွင် ကနဦးပိုင်းကတည်းက ပါဝင်ကူညီခဲ့သူများဖ်ြစသည်။ သူတို့ကို ကျွန်မထိုသို့ ပြောလွှတ်ရသည်ကို ရင်နာလှပါသည်။ သူတို့အထဲမှ တချို့သည် 'ကျလင် ကိုင်သူများ 'ဖြစ်ကုန်သည်ကို တွေ့ရ၏။ ကျလင်ကိုင်သူဆိုသည်မှာ ကုတ်ကင်းစွဲသူများကို သူတို့ခေါ်သည့် နာမည် ဖြစ်၏။
    နီးနားဝန်းကျင်တွင် မတွေ့မမြင်ရတာ တစ်ခုတော့ရှိသည်။ ထိုတစ်ခုမှာ ကုတ်ကင်းကို ကလေးတွေ သုံးမနေခြင်းဖြစ်၏။ ဘာကြောင့် သူတို့ကလေးတွေ ကုတ်ကင်းမသုံးကြသလဲ။ အဖြေကရှင်းသည်။ လွယ်သည်။  ကြောက်စရာလန့်စရာကောင်းသော အဆိုပါ ကုတ်ကင်းဆိုတာကြီးက သူတို့၏ အစ်ကို အစ်မ များအား ချုပ်ကိုင်နေသည်ကို သူတို့ မြင်တွေ့နေရသည်။ သည်ကုတ်ကင်းဆိုတာကြီးက သူတို့၏ အဖေအမေ များအား လွှမ်းမိုးပြီး ဆေးသုံးစွဲသူများ ဘ၀သို့ တွန်းပို့နေသည်ကို သူတို့မြင်တွေ့နေရသည်။
    "အဲဒီမူးယစ်ဆေးဟာ သိပ်ပြီး ဆိုးရွားတယ်"
    မနက်ပိုင်း ကျောင်းသားများ စုဝေးချိန်များတွင် ကျွန်မက ထပ်တလဲလဲ ပြောပြသည်။
    "ကုတ်ကင်းက လူတစ်ယောက် စွဲလမ်းသွားအောင် လုပ်တယ်။ အဲဒီလို စွဲလမ်းတဲ့ လူတစ်ယောက်ဟာ ကုတ်ကင်းကို နောက်ထပ်ရဖို့အတွက် ဘာကိုမဆို လုပ်ကြတော့တယ်။ မင်းတို့ရဲ့ မိသားစုထဲက တချို့ဟာ အဲဒီမူးယစ်ဆေးကို သုံးစွဲနေတယ် ဆိုတာ ဆရာမကြီးသိတယ်။ ဒါကို စတင်သုံးစွဲစဉ်က ဒီဆေးဟာ လူကို ပျက်စီး စေတယ်ဆိုတာ သူတို့မသိကြဘူးလေ။ ဒါကြောင့် ဒီမူးယစ်ဆေးကို မင်းတို့ရှောင်ရမယ်။ ဝေးဝေးက ရှောင်ကြ ရမယ်။
    "ဒီအတောအတွင်းမှာ မင်းတို့ချစ်တဲ့ လူတွေရဲ့ ဆေးသမားအကျင့်စရိုက်တွေဟာ မင်းတို့နဲ့မဆိုင်ဘူး။ တခြားလူတွေ ရဲ့ အမူအကျင့်တွေကို မင်းတို့ဘာမှ ထိန်းချုပ်လို့မရဘူး။ ဒီကိစ္စတွေဟာ ဘယ်လောက် ဒုက္ခ ပေးတယ် ဆိုတာ ဆရာမကြီးသိတယ်။ ဒါပေမယ့်သူတို့ အဲဒီလို ဖြစ်နေတဲ့အတွက် မင်းတို့ သိမ်ငယ်စိတ်၊ အောက်ကျ နောက်ကျ နိုင်တဲ့ စိတ်ဓာတ်မျိုး အဝင်မခံကြနဲ့ ဆရာမကြီးပြောတာ မင်းတို့ ကြားကြရဲ့လား သူတို့ အဲဒီလိုဖြစ်နေတာဟာ မင်းတို့နဲ့ ဘာမှမပတ်သက်ဘူး မင်းတို့နဲ့ ဘာမှ မဆိုင်ဘူး..."
ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>
Thursday, December 2, 2010
ကောင်းခြင်းမင်္ဂလာနှင့်ပြည့်စုံသော အပိုင်း (၅)
ယခု သီတင်းပတ် သုံးပတ်မျှ ကျောင်းတက်ပြီးချိန်တွင် သည်ကလေးသည် စာရေးစားပွဲမှာ ခါးမတ်မတ်ဖြင့် ထိုင်နေပြီ။ သူ့နာမည်ကို သူရေးနေပြီ။ သူသည် သူ့အတန်းသို့ သွားပြီး စာသင်ရတာကို စိတ်ဝင်စား နေသည် ဟု သူ့မိခင်က ပြောသည်။ ဘာကြောင့်ဆို အိမ်သို့ ပြန်ရောက်ပြီး ညစဉ်ညတိုင်းပင် ကျောင်းမှာ ဘာတွေ သင်ခဲ့ရကြောင်း၊ သူဘာတွေ တက်နေပြီဖြစ်ကြောင်း သူ့မိခင်အား ပြောဆိုပြ၊ ပြန်ရေးပြ နေသောကြောင့် ဖြစ်၏။
မြို့နယ်ပညာရေးမှူးရုံး မှ လာသည့် အမျိုးသမီး က စာအုပ်ကြီးသမားတစ်ဦး ဖြစ်၏။ သူ့အမြင်အရတော့ သည် အနေအထား မနှစ်မြို့ဖွယ် အနေအထားတစ်ရပ် ဖြစ်နေသည်။ လယ်ရီသည် အတန်းထဲသို့ ရောက်နေစရာ အကြောင်းမရှိ။ သည်ကလေးနှင့် သည်အခန်း ဘာမျှမဆိုင်။ သူ့ကို စမ်းသပ်စစ်ဆေးပြီး လေ့ကျင့် ပေးနိုင်သော ဥာဏ်လေးသူအဖြစ်သာ သတ်မှတ်ရမည်။
"ကလေး ကို ကြည့်ပါဦး။ ဆာရာလေ့ကျင့်ပေးထားလို့ ကလေးဟာ မတ်မတ်ထိုင်ပြီး မတ်မတ် လမ်းလျှောက် နေပြီ။ သူဟာ ခဲတံကိုကိုင်ပြီး စာရေးနေပြီ။ လွန်ခဲ့တဲ့ သုံးပတ်ကျောင်းဖွင့်စကဆို ခုပြောခဲ့တာတွေ တစ်ခုမှ သူမလုပ်နိုင်ခဲ့ဘူး။ ဒီကလေးဟာ လေ့ကျင့်ပေးနိုင်တဲ့ ဥာဏ်လေးသူတစ်ယောက်မဟုတ်ပါဘူး"
    ကျွန်မက ပညာရေးမှူးအား ရှင်းပြသည်။
    "ဒီမယ် မစ္စစ်ကတ်ရိုက်၊ စည်းမျဉ်းစည်းကမ်းတွေက ဘယ်လိုဆိုတာကို ကျွန်မသိတယ်။ ဒီကလေးတွေကို ရှင် စိတ်ရူးပေါက် တိုင်း ဟိုအတန်းပို့ ဒီအတန်းပို့လုပ်လို့ မရဘူးရှင့်"
    ပညာရေးမှူးက ပြောသည်။
    "ကောင်းပြီလေ၊ ဒါဆို လယ်ရီကို ပြန်လည်အကဲဖြတ်ရမယ့် ကျောင်းသားစာရင်းထဲမှာ တစ်ဆိတ်လောက် ထည့်ပေးနိုင်မလားရှင်"
    "အဲဒါကို ကျွန်မ လုပ်ပေးနိုင်တယ်။ ဒါပေမဲ့ တခြားကလေးတွေလို သူ့အလှည့်ကျအောင် စောင့်ရ လိမ့်မယ်"
ပညာရေးမှူး မမ က ပြောပြီးသည်နှင့် လယ်ရီ့လက်ကို ဆွဲပြီး အခန်းနံပါတ် ၂၀၇သို့ ခေါ်သွားတော့၏။ အခန်း၂၀၇မှာ ဥာဏ်လေးသူများအတွက် သတ်မှတ်ထားသည့် သီးသန့်ပညာသင်ပေးရေးအခန်း။
ထိုအမျိုးသမီး ပြန်သွားသည်နှင့် ကျွန်မက ကျောင်းအပေါ်ထပ်သို့ ပြန်တက်သွားသည်။ လယ်ရီကို ထိုအတန်းထဲ မှ ခေါ်ထုတ်သည်။ ပြီးတော့ ဆရာအတန်းထဲသိုက ပြန်ခေါ်ခဲ့သည်။
ဆာရာက လယ်ရီ့လက်ကို ဖမ်းဆွဲသည်။ ပြီးတော့ ရင်ခွင်မှာ ပွေ့ဖက်ထားသည်။ ထို့နောက် ဆာရာက ကျွန်မ ကို ပွေ့ဖက်သည်။ လယ်ရီ့မိခင်ကို ပွေ့ဖက်သည်။ ကျွန်မတို့အားလုံး၏ ပါးပြင်များပေါ်မှာတော့ မျက်ရည် ပေါက်ကြီးတွေ။
လယ်ရီကို ဆာရာ့အတန်းမှာပင် ဇန်န၀ါရီလအထိ ဆက်ထားသည်။ ထိုလတွင် သူ့ကို ပြန်လည် အကဲဖြတ်ပြီး ပညာသင်ပေးနိုင်သည့် ဥာဏ်လေးသူအဖြစ် တိုးမြှင့်သတ်မှတ်လိုက်ကြသည်။ သူသည် နောက်ထပ် ငါးနှစ်လုံးလုံး ဘလိန်းမှာပင် ဆက်ပြီး ပညာသင်သည်။ နောက်ပြီး ဘလိန်းကျောင်းတွင် လူချစ် လူခင် အများဆုံး ကျောင်းသားတစ်ဦးဖြစ်လာသည်။
'ဘရိတ်ဒန့်စ်' ကခုန်နည်း ခေတ်စားလာချိန်တွင် လယ်ရီက ဇာတ်ခုံပေါ် တက်ပြီး လက်ခုပ်သြဘာသံတွေ မိုးခြိမ်းသံ လို မြည်ဟိန်းသွားအောင် ကပြ အသုံးတော်ခံခဲ့သည်။ ပန်းကလေး တစ်ပွင့် ဖူးပွင့်လာအောင် ပြုစု ယုယ သလို ဆာရာ မြေတောင်မြှောက်ပေးခဲ့သည့် ကလေးငယ်၏ ကိုယ်ခန္ဓာလေးသည် စင်မြင့်ပေါ်တွင် လေဆင်နှာမောင်း တိုက်သည့်နှယ် မွှတ်နေအောင် ချလပတ်လည်နေခဲ့လေသည်။
ကျွန်မကတော့ ကျွန်မတို့ကလေးတွေကို ဟိုဟာလုပ်ခွင့်မရှိဘူး။ သည်ဟာလုပ်ခွင့်မရှိဘူးဟု တပြောတည်း ပြောနေသူ တွေ အကြောင်းသာ တွေးနေမိပါသည်။
လက်နက်မချနဲ့ မယ်ဒယ်လင်း
ကျွန်မတို့ကျောင်း စာသင်ခန်းတွေထဲတွင် ဥာဏ်ရည်ကွာခြားမှုကို ရှင်းလင်းပြတ်သားစွာ တိုင်းထွာနိုင်သည့် နည်းစနစ် ကို သုံးစွဲကြမည်ဟု ကျွန်မက ဆရာ၊ ဆရာမများကို ပြောကြားထား၏။ ထို့နောက် ထိုနှစ် မကုန်ဆုံး မီမှာပင် သူတို့မျက်ကလူးဆန်ပျာ ဖြစ်သွားစေမည့် အစီအစဉ်တစ်ခုကို ချပြလိုက်၏။ ကျွန်မ တို့ကျောင်းတွင် လက်ရှိကျင့်သုံးနေသည့် စာမေးပွဲစနစ်ကို ပြင်ဆင်ပစ်မည်ဟု ချပြလိုက်ခြင်း။
ကျွန်မ ချပြသည့်နည်းမှာ ကယ်လီဖိုးနီးယားပြည်တယ်တွင် ကျင့်သုံးနေသည့် စာမေးပွဲစစ်နည်း။ ထိုနည်းမှာ စာသင်သား များ၏ စာဖတ်နိုင်စွမ်းနှင့် သင်္ချာအရည်အသွေးကို တိုင်းထွာနိုင်သည့် အထုံစစ်ဆေးနည်းဖြစ်၏။ ဖီလဒဲလ်ဖီးယား ရှိ ပြည်သူပိုင်ကျောင်းများတွင် တရားဝင်ကျင့်သုံးနေသည့် စာမေးပွဲစစ်နည်း ဖြစ်ပါသည်။ သည်နည်း ကို သုံးစွဲခြင်းဖြင့် ကလေးတွေ အောင်ချက်ကောင်းနေသည်မှာ နှစ်အတန်ကြာနေပြီ။ တစ်နှစ်ပြီး တစ်နှစ် အောင်ချက် ကောင်းလာသည့်အတွက် ကယ်လီဖိုးနီးယား ပြည်နယ်မှ စီမံခန့်ခွဲရေးမှူးများသည် လက်ခမောင်း ခတ်ပြီးရင်းခတ်နေကြသည်။
ကယ်လီဖိုးနီးယား စာစစ်နည်းအရဆိုလျှင် ဘလိန်းကျောင်းမှ ပထမတန်း ကျောင်းသားတစ်ဝက်ကျော်၏ ရမှတ်များမှာ အတော်ကောင်းနေသည်။တစ်နိုင်ငံလုံး အတိုင်းအတာမှာပင် ကောင်းနေသော ရမှတ် များသည် မြို့နယ်အလိုက်ယှဉ်လိုက်သောအခါ ပို၍ကောင်းနေသည်။ မြို့နယ်အတွင်းရှိ အကောင်းဆုံး ကျောင်းများ ထက် အောင်ချက်ပိုကောင်းနေသည်ကို တွေ့ရ၏။
သည်အချက်ကို ကျွန်မက မယုံ။ မဖြစ်နိုင်ဟုထင်သည်။ သည်တော့ ကျွန်မ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်သည်။ ဖိုင်တွဲတွေတစ်တွဲပြီး တစ်တွဲ ပြန်လှန်ကြည့်သည်။ ပထမတန်းတွင် ပျှမ်းမျှရမှတ် ၉၀ရှိသော ကျောင်းသား တစ်ဦးသည် ဒုတိယတန်းသို့ရောက်သောအခါ ပျမ်းမျှ ရမှတ် ၅၀သာ ရှိ၏။ တစ်ဖန် တိတယတန်း တွင် ပျမ်းမျှ ရမှတ် ၈၀ဖြစ်နေပြန်သည်။
ဘယ်လိုဖြစ်ပြီး သည်လို အတက်အကျဖြစ်နေရသလဲ။ ကျွန်မသံသယဖြစ်တာ မှန်ကန်သည်ဟု ဆရာနှစ်ဦး က ထောက်ခံသည်။ စာမေးပွဲများ စစ်ဆေးချိန်တွင် ထိုကလေးတွေကို ဆရာ၊ ဆရာမများက အနီးကပ် သီးသန့် သင်ပြပေးသည်ဟု ထိုဆရာနှစ်ဦးက ပြောပြသည်။ ထိုသို့ ပြုလုပ်ခြင်းမှာလည်း ကိုယ့်ကျောင်း မျက်နှာပန်း လှစေရန် ပြုလုပ်ခြင်းဖြစ်လေသည်။ တချို့ဆရာတွေက တချို့ဆရာတွေထက် ပိုပြီး အသင်အပြ ကောင်းသည် မဟုတ်ပါလား။
တခြားကျောင်းများတွင် ထိုသို့သော နည်းများကို ဆက်လက်၍ကျင့်သုံးနေကြောင်း ကျွန်မတွေ့ရသည်။ ဥပမာဆိုလျှင် ဆရာ၊ ဆရာမတွေက စာမေးပွဲဖြေသည့် ကျောင်းသားများအား အချိန်ပိုပေးကြသည်။ မိနစ်၂၀ မေးခွန်းလွှာကို တစ်နာရီ ဖြေခွင့်ပြုကြသည်။ တချို့ဆရာ ဆရာမတွေဆိုလျှင် စာမေးပွဲ ဖြေနေသည် ကို စောင့်ကြပ်ရင်း အဖြေမှားနေသည်များကို ထောက်ပြပြီး ပြန်ပြင်စေကြကြောင်း သိရသည်။
သည်တော့ စာမေးပွဲတွေမှာ ဘာမျှ အဓိပ္ပာယ်မရှိတော့။ မိမိတို့ကျောင်း ဂုဏ်တက်ရေး၊ ကျောင်းအတွက် လိုအပ်ချက် များ ပြည့်ဝရေးကို ဦးစားပေးပြီး သူတို့သည် စာသင်သားများကို နစ်မွန်းအောင် လုပ်နေကြ သည်။ သည်လိုလုပ်ခြင်းသည် လိမ်လည်လှည့်ဖြားခြင်းသာဖြစ်သည်။ အယောင်ဆောင်ခြင်းသာဖြစ်သည်။ ထို့ကြောင့် ထိုလုပ်ရပ်များကို ရပ့်တန်းက ရပ်ကြရမည်ဟု ကျွန်မက ဆရာဆရာမများအား ထောက်ပြသည်။
ထိုကိစ္စတွင် ကျောင်းသားမိဘများကိုပါ ဆွဲထည့်ဖို့ ကျွန်မဆုံးဖြတ်လိုက်သည်။ အစည်းအဝေး တက်လာ သည့် ကျောင်းသားမိဘ ဦးရေမှာ များပြားနေဆဲပင်။ ကျောင်းသားမိဘများက ကျွန်မ၏ တင်ပြချက်ကို ထောက်ခံ ကြသည်။
၁၉၈၀ပြည့်နှစ်၊ ဖေဖော်ဝါရီလတွင် ဘလိန်းကျောင်း၌ ကယ်လီဖိုးနီးယား စာမေးပွဲစနစ်ကို စတင် ကျင့်သုံး သည်။ မသမာမှုများ မဖြစ်ပေါ်စေရန် စာမေးပွဲစစ်နေသည့် အခန်းတိုင်းတွင် ကျောင်းသားမိဘ ကိုယ်စားလှယ် များပါ စောင့်ကြပ်စေသည်။
ကျွန်မက ကျွန်မတို့ ကျောင်းမှဆရာ၊ ဆရာမများအား ဘာမျှ စိုးရိမ်စိတ် မပွားဖို့ လပေါင်းများစွာ ကြိုတင်ပြီး ကြိုတင်ပြီး ရှင်းပြထားသည်။ ကျွန်မတို့ ကျင့်သုံးသည့်နည်းမှာ စာမေးပွဲစစ်ခြင်း၏ အနှစ်သာရကို ပေါ်လွင်အောင် လုပ်နေခြင်းဖြစ်သည်။သင်ကြားလိုက်သော သင်ခန်းစာများကိုကလေးတွေ အမှန်တကယ် နားလည် မလည်၊ အမှန်တကယ် တတ်မတတ် စစ်ဆေးခြင်းဖြစ်သည်။ ကျောင်းနာမည်ရစေရန်၊ စာမေးပွဲ အောင်ချက်များ ကို ဘယ်သူမျှ သံသယရှိမည်မဟုတ်တော့။ ဘယ်သူကမျှ မေးခွန်းထုတ်မည်မဟုတ်တော့။
အဖြေလွှာများ ပြန်ရောက်လာသောအခါ ကြိုတင်ထွက်ဆထားသည့်အတိုင်းပင် ဘလိန်းကျောင်း၏ ယခုနှစ် အောင်ချက်သည် ပြီးခဲ့သည့်နှစ် အောင်ချက်ထက် သိသိသာသာ ထိုးကျသွားသည်။ ထိုအခါ မြို့နယ် ပညာရေးမှူးရုံး မှ ပုဂ္ဂိုလ်တစ်ဦး ရောက်လာသည်။ သူ့လက်ထဲတွင် စာရင်းတွေကိုကိုင်လျက်။
    "မယ်ဒယ်လင်း တခြားကျောင်းအုပ်တွေကလည်း ခင်ဗျားလုပ်သလို လိုက်လုပ်ကြတော့မှာပဲ။ အဲဒီလို လုပ်လာကြရင် ကျွန်တော်တို့ရဲ့ ရန်ပုံငွေကို ထိခိုက်နိုင်တယ်ဗျ"
    "ရန်ပုံငွေကိစ္စကို ကျွန်မမသိဘူး။ ဒါပေမဲ့ ဒီစာမေးပွဲစစ်နည်းဟာ စာသင်သားရဲ့ အောင်မြင်မှု အစစ်အမှန် ကို တိုင်းတာနိုင်တယ်ဆိုတာတော့ ကျွန်မသိတယ်။ စာမေးပွဲဆိုတာ အကဲဖြတ်ခြင်းဆိုင်ရာ ကိရိယာတစ်ခုပဲ။ နိုင်ငံရေး ဆိုင်ရာ ကိရိယာ မဟုတ်သလို လိမ်လည်လှည့်ဖြားဖို့ အကြံအဖန်လုပ်ထားတဲ့ ကြော်ငြာ ဆိုင်းဘုတ် လည်း မဟုတ်ဘူးရှင့်"
    ထိုနေ့ မွန်းလွဲပိုင်းတွင် စာစစ်ဌာန ညွှန်ကြားရေးမှူးက ကျွနမထံ တယ်လီဖုန်းဆက်သည်။
    "မစ္စကတ်ရိုက်ရေ…ခင်ဗျာ့ကျောင်းရဲ့ စာမေးပွဲအောင်မှတ်တွေ အကြောင်းတွေတော့ ဒီမှာ အတော်ကြီး ပြောဆို ငြင်းခုံနေပြီဗျ"
    သိထားတယ်လေ အပြစ်တွေ ပြောတော့မယ်မဟုတ်လားဟု ကျွန်မတွေးသည်။
    "ခင်ဗျားကို ကျွန်တော်ပြောချင်တာက ခင်ဗျားရဲ့ လုပ်ဆောင်ချက်မျိုး ဒီမြို့မှာရှိတဲ့ တခြားကျောင်းတွေပါ လုပ်သင့် တာကြပြီဗျ"
    ကျွန်မနားကြားများ မှားသွားသလား။ ကိုယ့်နားကိုယ်ပင်မယုံနိုင်။
    "သချာင်္နဲ့စာဖတ်စွမ်းရည် အစစ်အမှန်တွေ ပေါ်တာဒီတစ်ခါပဲ ရှိသေးတယ်ဗျ"
    ညွှန်ကြားရေးမှူးက ပြောသည်။ ပြီးတော့ ကျွန်မကို သတိပေးသည်။
    "လက်နက် တော့ မချလိုက်လေနဲ့ မယ်ဒယ်လင်းရေ့"
    သူကကျွန်မကို အားပေးအားမြှောက် ပြုလုပ်သည့်တိုင် တခြားလူတွေက ကျွန်မကို အသေ သတ်ဖို့လိုက်လာကြတော့မည်ဖြစ်ကြောင်း ကျွန်မသိနေသည်။
ရှေ့ပြေးလေယာဉ်မှူးများ
    အင်း…ထင်ထားသည့်အတိုင်း သူတို့ ကျွန်မကိုဝိုင်းပြီး ဝေဖန်ကြပါသည်။ အပြစ်တင်ကြပါသည်။ အမြင်ကောင်းခြင်း နှင့် ပြည်သူ့ဆက်ဆံရေး လုပ်ဆောင်ချက်များသည် ကျော်းများအတွက် အရေးကြီးသလို နိုင်ငံရေးသမား များအတွက်လည်း အရေးကြီးနေသည့် ခေတ်ကြီးတွင် ကျွန်မ၏လုပ်ဆောင်ချက်များမှာ သစ္စာ ဖောက်သည့်သဘော သက်ရောက်နေပါသည်။ ထိုအကြောင်းကို ကျွန်မသိစေရန်အတွက် အုပ်ချုပ်ရေးပိုင်း ၏ အာဘော်များကို ကျွန်မနားထဲရောက်အောင် ပို့ပေးကြ၏။ သူတို့အာဘော်များကို ဂရုတစိုက် ရွေးချယ်သုံးနှုန်းထားသည့် စကားလုံးများဖြင့် ဖွဲ့စည်းထားကြ၏။
သို့သော် ကျွန်မက ကျွန်မ၏ ယုံကြည်ချက်ကို နှစ်နှစ်ကာကာ ယုံကြည်သက်ဝင်စွာ ဆက်လက် စွဲကိုင် ထားသည်။ ကျွန်မတို့ဆင်းရဲသားရပ်ကွက်ကျောင်းများမှ စာသင်သားများသည်လည်း မြို့စွန်မြို့ဖျားရှိ ကြေးရတတ် ကျောင်းများမှ စာသင်သားများလိုပင် သင်ကြားမှုကို နာယူနိုင်စွမ်းရှိပါသ်ည။ တခြား စာသင်သား များလိုပင် ထူးချွတ်တတ်မြောက်နိုင်ကြပါသည်။ သူတို့ သည်လို ထူးချွန်အောင်မြင်ရေးအတွက် သူတို့ ကိုယ်စား ဘယ်သူကမျှ လိမ်ညာပေးနေစရာမလို။ ဘယ်သူကမျှ လှည့်ဖြားပေးနေစရာမလို သူတို့ ကလေး တွေ နည်းမှန်လမ်းမှန် အစွမ်းပြခွင့်ရဖို့ပဲလိုသည်။
ကယ်လီဖိုးနီးယား စာစစ်နည်းကို ကျင့်သုံးပြီးနောက် တစ်နှစ်အကြာတွင် ကျွန်မက တမြည့်မြည့် လောင်မြိုက် နေသည့်မီးကို ယပ်ခတ်ပေးလိုက်မိပြန်၏။ မြို့နယ်ပညာရေးဌာနက မွေးထုတ်လိုက်သည့် 'ပိုင်နိုင် ကျွမ်းကျင်စွာ တတ်မြောက်ရေး' စမ်းသပ်စီမံကိန်းကို ကျွန်မက လက်မခံဘဲ ပယ်ချလိုက်ခြင်းဖြစ်၏။
သည်စီမံကိန်းမှာ တစ်မျိုးပြီးတစ်မျိုး မဆုံးနိုင်အောင် တန်းစီထွက်ပေါ်လာသည့် စမ်းသပ် စီမံကိန်း တွေထဲမှ တစ်ခုဖြစ်၏။ မြို့နယ်ပညာရေးဌာနမှ စီမံခန့်ခွဲရေးမှူးများက မြို့နယ်အတွင်းရှိ ကျောင်းများအတွက် သူတို့ တစ်စုံတစ်ရာ လုပ်ဆောင်နေပါသည်ဟု ပြသရန် ဖန်တီးလိုက်သည့် အစီအစဉ်တစ်ခုပင်။
ထိုသို့သော စမ်းသပ်အစီအစဉ်များသည် ၁၉၆၀ပြည့်နှစ် တစ်ဝိုက်ကတည်းက စတင်ပေါ်ပေါက်ခဲ့သည်။ ပညာသင်ကြားရေးစနစ်ကို ပိုမိုကောင်းမွန်အောင် ပြုပြင်ဖို့ အလျင်အမြန် လိုအပ်နေပြီဟု ကျောင်းများက အသံမြည် နေသည့် ကာလဖြစ်သည်။ ထိုအခါ ပေါ်ပေါက်လာသော အခွင့်အလမ်းကို အသုံးချပြီး ကျောင်းသုံး စာအုပ်ထုတ်ဝေသူများကလည်း အမြတ်ထုတ် ငွေရှာခဲ့ကြသည်။ ထိုကာလအတောအတွင်းတွင် စမ်းသပ် အသုံးချကျောင်းသုံးစာအုပ်တွေ တစ်မျိုးပြီးတစ်မျိုး တန်းစီ ထွက်ပေါ်လာသည်ကို ကျွန်မတို့ ကြုံခဲ့ရ၏။
စမ်းသပ်ပြီးသား၊ ခိုင်မာပြီးသား သင်ကြားနည်းစနစ်များကို စွန့်ပယ်ပြီး အဆိုပါ စမ်းသပ်သင်ကြားနည်း စနစ် များကို ကျင့်သုါံ်ရမည်ဆိုသောအခါ အသင်အပြကောင်းပြီး အောင်မြင်နေသော ဆရာဆရာမအချို့မှာ စိတ်ဓာတ် ကျကြတော့၏။ နည်းစနစ်အသစ်များကို မလွှဲသာ မရှောင်သာ စွဲကိုင်ကျင့်သုံးကြရတော့၏။ သူတို့သည် သင်သာသင်နေရသည်။ စိတ်ပါဝင်စားမှု နည်းနေသည်။ စိတ်ရောကိုယ်ပါ မရှိကြတော့။ ထိုအခါ မလွှဲသာ မရှောင်သာ ပေါ်ထါက်လာသည့် အကျိုးဆက်မှာ ကျောင်းသားတွေ အောင်ချက် ထိုးကျ သွားခြင်းပင် ဖြစ်တော့၏။
တကယ်တော့ 'ပိုင်နိုင်ကျွမ်းကျင်စွာ တတ်မြောက်ရေး' အစီအစဉ်မှာ ဘာမျှပြောစရာမရှိ။ သို့သော် ဘလိန်း တွင် လက်ရှိ သင်ကြားနေသည့် စနစ်က အလုပ်ဖြစ်နေသည်။ ကောင်းနေသည်။ ဆရာ၊ ဆရာမများ အစည်းအဝေး တွင် စနစ်သစ်အကြောင်း တင်ပြရင်း ကျွန်မတို့ လက်ရှိကျင့်သုံးနေသည့် စနစ်သည်လည်း ကောင်းနေကြောင်းလောက်တော့ ပြောပြမည်ဟု ကျွန်မရည်ရွယ်သည်။
အစည်းအဝေး တွင် ကျွန်မဘာတစ်ခွန်းမျှ မပြောနိုင်မီ သူငယ်တန်းပြ ဆရာမတစ်ဦးက မတ်တတ် ရပ်လိုက်သည်။
"သူတို့ ရဲ့ စီမံကိန်းတွေ အတွက် ကျွန်မတို့ကို ဓာတ်ခွဲခန်းထဲက အစမ်းသပ်ခံ သားကောင်ကလေးတွေလို အသုံးချ ခံနေရတာ ကျွန်မတို့စိတ်ပျက်လာပြီ။ နှစ်စဉ်နှစ်တိုင်း ဟိုပဲ့ကိုင် စီမံကိန်း၊ ဒီပဲ့ကိုင် စီမံကိန်း နဲ့ပဲ့ကိုင် စီမံကိန်းတွေပဲ တသောသော ၀င်လာနေတယ်။ ကျွန်မတို့မှာလည်း အလကားနေရင်း ပဲ့ကိုင် နေရတယ်။ သူတို့ ကျွန်မတို့ကို လေယာဉ် ပဲ့ကိုင် (ပိုင်းလော့)တွေ ခံစားခွင့်ရှိတဲ့ အခွင့်အရေးတွေတောင် ပေးသင့် နေပြီ။ သူတို့ဘာဖြစ်လို့ ကျွန်မတို့ဘာသာ ကျွန်မတို့ စိတ်အေးချမ်းသာ စာသင်ခွင့် မပေးကြ တာလဲ"
ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>
Wednesday, December 1, 2010
ကောင်းခြင်းမင်္ဂလာနှင့်ပြည့်စုံသော အပိုင်း (၄)
ကလေးတော်တော်များများမှာ သူတို့ကို အ၀တ်အစားသစ်များ ၀ယ်ပေးနိုင်မည့်သူရယ်လို့ သူတို့အိမ်မှာ မရှိ။ ယုတ်စွအဆုံး သူတို့ဝတ်ပြီးသား အ၀တ်များကိုပင် လျှော်ဖွပ်ပေးမည့်သူရယ်လို့ မရှိ။ ကျွန်မ တို့ကျောင်းမှ တချို့ကလေးတွေဆို သူတို့ကျောင်းသို့ ၀တ်လာသည့် အဝတ်များဖြင့်ပင် အိပ်ရာဝင် ကြရသည်။ တချို့ကလေးတွေ၏ အိမ်တွင် ရေဘုံဘိုင်မရှိ။ လူမှုဖူလုံရေး ထောက်ပံ့ကြေးကို မှီခို စားသောက် နေရသည့် မိခင်တစ်ဦးအနေဖြင့် အကြွေစေ့ထည့်ပြီး အ၀တ်လျှော်ခိုင်းလို့ရသည့် အ၀တ်လျှော်စက်မျိုး ကိုလည်း အသုံးပြုနိုင်စွမ်းမရှိ။
သည်တော့ ကျွန်မ ကလေးတွေကို ကျွန်မအိမ်သို့ခေါ်သွားသည်။ သူတို့ကို ရေချိုးသည့် ဇလားရှည် ထဲ ထည့်ပေး သည်။ ပြီးတော့ ဆပ်ပြာရည်ပါ ထည့်ပေးသည်။ ထိုအထဲတွင် ခဏတဖြုတ် ဆော့နေကြ ဖို့ပြောသည်။ ထို့နောက် သူတို့၏ အ၀တ်အစားများကို အ၀တ်လျှော်စက်ထဲ ထည့်ထားလိုက်တော့၏။
ကျွန်မမျက်နှာလိုက်သည်စသော ဘာဘာညာညာ အပြောအဆို လွတ်အောင် ပြုစုသုတ်သင်ရန်မလိုသည့် ကလေးများ ကိုလည်း အိမ်သို့ ခေါ်သွားသည်။ ကလေးတွေက သူ့ထက်ငါ အလုအယက် ကျွန်မနှင့် လိုက်ချင် ကြသည်လေ။ ထိုသို့ သူတို့ကလေးတွေကို ကျွန်မအိမ်ခေါ်သွားခွင့်ပြုပါရန် သူတို့ မိဘများထံ ခွင့်တောင်းရာ ၌ များသောအားဖြင့် အခက်အခဲ မရှိလှပါချေ။
သို့ရာတွင် ကျွန်မထိုနည်းဖြင့် ကူညီနိုင်သည့် ကလေးအရေအတွက်မှာ နည်းလွန်းလှမည်။ တကယ်တမ်း အကူအညီ လိုအပ်နေသည့် ကလေးအရေအတွက်နှင့် နှိုင်းယှဉ်လျှင် ဘာမျှ မပြောပလောက်ပါ။ သည် အချိုးအဆ လောက်ဖြင့်တော့ တကယ်ပြောင်းလဲမှု ပြုနိုင်မည်မဟုတ်သေး။ သည်တော့ ကျွန်မတို့ လိုအပ် နေသည့် အ၀တ်လျှော်စက် တစ်လုံးနှင့် အ၀တ်အခြောက်ခံစက် တစ်လုံးဖြစ်၏ ၄င်းစက်နှစ်လုံးကို ကျောင်းမှာ ထားရမည်။ သို့ဖြင့် ၄င်းစက်နှစ်လုံးကို ၀ယ်နိုင်ဖို့ ကျွန်မစတင်ကြိုးပမ်းတော့၏။
ကျောင်းသား မိဘ များက ၀ိုင်းကူကြသည်။ သူတို့က ကံစမ်းမဲဖောက်ပြီး ရန်ပုံငွေရှာကြသည်။ ထိုစီမံကိန်းမှ ဒေါ်လာ ၆၀၀ ရသည်။ ကျွန်မတို့၏ အ၀တ်လျှော်ရေး အစီအစဉ်သည် စတင်ရုပ်လုံးပေါ်လာပြီ။
တစ်ဖက်က ရန်ပုံငွေ ရှာနေခိုက်တွင် တစ်ဖက်က အ၀တ်အစားများ စတင်ကောက်ခံ စုဆောင်းသည်။ ယခု ဆိုလျှင် ကလေးတွေ ကျောင်းသို့ ရောက်လာကြမည်။ အ၀တ်အစားများ လျှော်ဖွပ်ရန် လိုအပ်သည့် ကလေး တွေသည် ကျောင်းသို့ ရောက်သည်နှင့် အ၀တ်အစားများ လဲထားလို့ရပြီ။ ကျွန်မတို့က ရွှေ့နိုင် ပြောင်းနိုင် သော သင်ပုန်းများကို အသုံးပြုပြီး သီးသန့်နေရာတစ်ခု ဖန်တီးပေးထားသည်။ အကယ်၍ ကလေးတွေ ညစ်ပတ်ပေရေ နေလျှင် သူနာပြုဆရာမ၏ ရုံးခန်းအတွင်းရှိ ကြွေခွက်တွင် သူတို့ တိုက်ချွတ် ဆေးကြော သန့်ရှင်းနိုင်သည်။
သန့်ရှင်းပြီး အ၀တ်အစားလဲပြီးပြီဆိုလျှင် သူတို့၏ ညစ်ပတ်ပေရေနေသော အ၀တ်ဟောင်းများကို အိတ် တစ်အိတ် ထဲမှာထည့် ထိုအိတ်ကို စားပွဲတစ်လုံးပေါ်မှာ တင်ပြီးလျှင် စာသင်ခန်းသို့သွား။ ညနေပိုင်း ထိုနေရာ သို့ သူတို့ပြန်လာသောအခါ သူတို့အ၀တ်အစားများမှာ သန့်ရှင်းလတ်ဆတ်နေပြီ။ သပ်သပ် ရပ်ရပ် ခေါက်ထားပြီး။
တချို့နေ့များတွင် အ၀တ်လျှော်စက်နှင့် အခြောက်လှမ်းစက်နှစ်လုံးမှာ တစ်နေ့လုံးမနားရ။ သည်တော့ လူတိုင်း နီးပါး ၀ိုင်းကူကြသည်။ ဘယ်သူ့ကိုမျှ မကူမနေရဟု ညွှန်ကြားခြင်း၊ အမိန့်ထုတ်ထားခြင်းမရှိ။ သို့ပေမဲ့ လူတွေ လုံလုံလောက်လောက် ရှိနေပါသည်။ ကျောင်းခန်းအကူတစ်ယောက်၊ ဆရာတစ်ယောက်၊ ဆရာမ တစ်ယောက်၊ မိဘတစ်ဦး၊ ကျွန်မ…လုပ်ဖို့လိုအပ်သည့် အလုပ်ကို ကြုံရာလူက ကြုံသလို လုပ်သွားသည်။
ကျွန်မတို့ အခြားအခြားသော ၀န်ဆောင်မှုများကိုလည်း ဆောင်ရွက်ပေးကြသည်။ နွေကျောင်း ပိတ်ရက် အတွင်း ကျောင်းသန့်ရှင်းရေိးကု ၀ိုင်းကူလုပ်ပေးခဲ့သည့် နီးနားဝန်းကျင်မှ ဆယ်ကျော်သက်ရွယ် လူငယ် ကလေး တစ်ဦးက ကျောင်းသို့ ပုံမှန်လာသည်။ ကလေးငယ်များကို ဆံပင်ညှပ်ပေးသည်။ တချို့ အသက်ကြီးကြီး ကောင်မလေးတွေကလည်း အသေးစားကောင်မလေးတွေ၏ ဆံပင်ကို ကျစ်ဆံမြီး ထိုးပေးပြီး လုပ်အားပေးကြည်။
ကျွန်မတို့ လုပ်နေသည်ကိုကြည့်ပြီး မေးခွန်းထုတ်သည့် ဝေဖန်ရေးသမားများလည်း ရှိသည်။ ကျွန်မ တို့ကျောင်းသည် လူမှုဝန်ထမ်းဋ္ဌာန မဟတ်ုဟု သူတို့ကပြောသည်။ ကျောင်းတစ်ကျောင်းသည် ကလေး အားလုံး အတွက် လိုအပ်သရွေ့ အားလုံး ဖြည့်ဆည်းပေးနေသည့် နေရာဌာနမဟုတ်၊ ထိုသို့ ဖြည့်ဆည်း ပေးနေဖို့လည်း မလိုဟု ထောက်ပြကြသည်။
ကျွန်မ၏ အဖြေက ရိုးရိုးရှင်းရှင်းကလေးပင်။ ကျွန်မတို့သည် ကလေးတွေကို ဘယ်လို ကူညီချင်ပါသည်။ ဘယ်ရွေ့ဘယ်မျှ ကူညီချင်ပါသည်ဟု အာပေါင်အာရင်း သန်သန်ဖြင့် ပြောနေကြသည်။ သို့သော် ကျွန်မ တို့သည် ဗျူရိုကရေစီ ယန္တရားကြီးထဲတွင် နစ်မြုပ်ခွင့် ပေးနေကြသည်။ သို့ဖြင့် အကူအညီသည် အကူအညီ တကယ် လိုအပ်နေသူများထံသို့ တကယ်တမ်း ရောက်မလာတော့။ ကလေးတစ်ယောက် ဆာလောင် မွတ်သိပ်နေလျှင် သူ့ကို တစ်ယောက်ယောက်က ကျွေးမွေးရမည်။ ကလေးတစ်ယောက် ညစ်ပတ် ပေရေ နေလျှင် သူ့ကို တစ်ယောက်ယောက်က သန့်စင်ပေးရမည်။ ကလေးတစ်ယောက်မှီာ သန့်ပြန့်သော အ၀တ်အစား များမရှိလျှင် သူ့ကို တစ်ယောက်ယောက်က သန့်ပြန့်သော အ၀တ်အစားများ ပေးရမည်။
လိုအပ်သူကို လိုအပ်သလို ကူညီပါ။ ဤအတိုင်းလုပ်ပါ။ကျွန်မ တို့ လုပ်ဆောင်ရမည်မှာ ထိုမျှလောက် ရှင်းပါသည်။ လွယ်ပါသည်။ သည်လုပ်ဆောင်ချက်ကို အကူအညီခံရသည့် ကလေး၏ ကမ္ဘာကြီးကို အကြီး အကျယ် ပြောင်းလဲခြားနား သွားစေပါလိမ့်မည်။
ဆရာတစ်ဦး၏စွမ်းအား
ကျွန်မတို့က ကိုယ့်ကျောင်းမှ ကျောင်းသားကျောင်းသူများ၏ ကိုယ်ပေါ်တွင် သန့်ပြန့်သော အ၀တ်အစား များ ၀တ်ဆင်ပေးနေပြီ။ ကျန်းမာရေးနှင့် ညီညွတ်ပြီး ဗိုက်ဝသော အစားအေသာက်များကို သူတို့ ကိုယ်တွင်း သို့ ထည့်ပေးနေပြီ။ ဆောက်တည်ရာမရ ဖြစ်နေသော သူတို့စိတ်တွေကို ငြိမ်သက်အေးချမ်းအောင် ဆောင်ရွက် ပေးနေပြီ။ သူတို့ကလေးတွေ၏ ကနဦး လိုအပ်ချက်များကို ဖြည့်ဆည်းပေးခြင်းသည် သူတို့အား ပညာသင်ကြားပေးရေးအတွက် မရှိမဖြစ်လိုအပ်သည့် ပထမခြေလှမ်းပင်ဖြစ်၏။
ကျွန်မ သည် ကျောင်းသို့ ရောက်လာချိန်တွင် အမှုထမ်းများခေါင်းထဲ၌ စွဲနေသည့် သဘောထားတစ်ရပ်မှာ ကျွန်မတို့သည် အနိုင်မရနိုင်သည့် တိုက်ပွဲတစ်ပွဲကို နွှဲနေရသည်ဟူ၏။ ကျွန်မတို့ ကျောင်းတွင် အရည် အသွေး အလွန်မြင့်မားသည့် ဆရာ၊ ဆရာမတချို့ရှိသည်။ သူတို့ အားလုံးနီးပါးပင် သူတို့ကိုယ် သူတို့ သိပ်မထင်ဝံ့ကြ။ ထိုနည်းတူစွာပင် သူတို့၏ တပည့်များကိုလည်း သိပ် မထင်ဝံ့ကြ။
ဆရာတွေ၊ ဆရာမတွေ စာသင်ခန်းထဲတွင် စာသင်နေသည်ကို မကြာမကြာ သွားကြည့်သည်။ လေ့လာ အကဲခတ် သည်။ များသောအားဖြင့် ကြိုတင်အသိမပေးဘဲ သွားကြည့်သည်။ ပြုပြင်ဖို့ လိုအပ်နေသည်ကို တွေ့လျှင် ထိုဆ၇ာနှင့် တွေ့ဆုံ ဆွေးနွေး ညှိနှိုင်းဖို့ ချိန်းလိုက်၏ ထို့နောက် နောက်ဆက်တွဲ အကဲခတ် လေ့လာမှုများ ပြုလုပ်၏။ အကယ်၍ တိုးတက်မှု မရှိလျှင် ထိုဆရာကို ကူညီဖို့ ကျွန်မမှာ အစီအစဉ် ရေးဆွဲပြီးသားရှိသည်။ 
အထောက်အကူပြုနိုင်သည့် အထူး ကျွမ်းကျင်သူများ၏ အကြံဥာဏ်များကို တောင်းခံလို့ ရသည်။ သင်ခန်းစာ၏ ရည်ရွယ်ချက်၊ ဦးတည်ချက်ကို တိကျ ပေါ်လွင်စွာ သင်ကြား နိုင်ရေး အတွက် ကျွန်မက သရုပ်ပြ သင်ကြားပိုကချမှုများ လုပ်ပြသည်။ အားပေးမှု ကူညီမှုများ ပေးပြီးသည့်တိုင် သင်ကြား ပို့ချမှု စွမ်းရည် မြင့်မားမလာသော ဆရာ၊ ဆရာမဟူ၍ မပြောပလောက်သော အရေအတွက်သာ ရှိကြောင်း တွေ့ရသည်။
ပညာရေးဝန်ထမ်းတချို့နှင့် ပတ်သက်၍မူ ကျွန်မမှာ ကြိုးစားပမ်းစား အားထုတ်ပြုပြင်ပေးရသည်။ သို့သော် ဘလိန်း တွင် အမှန်တကယ် ထူးချွန်ပြောင်မြော်ကသည့် ဆရာ၊ ဆရာမတွေ ပေါ်ထွက်လာသည်ကို တွေ့ရ၏။ သည်အတွက် ကျွန်မမှာ ၀မ်းသာ ကြည်နူးမဆုံးဖြစ်ရပါသည်။
ထိုသို့ ထူးချွန်ပြောင်မြောက်သော ဆရာတွေထဲမှ တစ်ယောက်မှာ ရေမွန်ဘရွတ်ဖြစ်၏ သူသည် လူမှု ဆက်ဆံရေး ဘာသာရပ်ကို သင်ကြားသည့် ဆရာတွေထဲတွင် အတော်ဆုံး စာရင်းဝင်ဖြစ်၏။ သူက အသင်အပြ ကောင်းရုံမကဘဲ ကလေးတွေကို စေတနာလည်း ထားသည်။ စနေ၊ တနင်္ဂနွေ ကျောင်းပိတ်ရက် များတွင် ကလေးတွေကို သူ့ယာတောကို အလည်အပတ်ခေါ်သွားလေ့ရှိသည်။ သူက ကလေးတွေကို နေ့စဉ် နှင့် အမျှ မြင်တွေ့ ကျင်လည်နေရသည့် မြို့ကြီးပြကြီး၏ လမ်းဘေးပလက်ဖောင်းပေါ်မှ ဘ၀ကို ကျော်လွန်ပြီး ကျေးလက်၏ အငွေ့အသက်ကို ခံစားသိမြင်စေချင်သည်။
အ၀တ်အစားကို သန့်ရှင်းသပ်ရပ်စွာ ၀တ်ဆင်ပြီး အလွန်တိကျသေချာသော မေရီအီးဖရီးမင်းဆိုသည့် ဆရာမ ပိန်ပိန်ကလေးရှိသေးသည်။ သူသည်လည်း ကျောင်းဆရာအလုပ်ထဲတွင် ဘ၀ကို မြှုပ်နှံ ထားသူ ဖြစ်၏ ဘယ်တော့မျှ အသံကျယ်ကျယ်လောင်ဖြင့် စာသင်ခြင်းမရှိ။ သင်ခန်းစာတစ်ခုကို သူကဦးဆောင်ပြီး ဖြတ်သန်း ခေါ်ဆောင်သွားပြီဆိုလျှင် သူ့တပည့်များသည်
အိပ်မွေ့ချခံထားရသူများပမာ သူ့နောက်မှ စီးမျောလိုက်ပါသွားရလေ့ရှိ၏။ သူ့အတန်းတွင် တစ်နှစ်ပြည့်အောင် တက်ခဲ့ရသည့် ကျောင်းသားတွေထဲတွင် စာမဖတ်နိုင်သူဟူ၍ တစ်ဦးတစ်လေမျှပင်မရှိ။
ဆာရာဘရွတ် ကတော့ စွမ်းရည်ထက်မြက်သည့် လူဖြူဆရာတွေထဲတွင် တစ်ဦးအပါအ၀င်ဖြစ်သည်။ သူသည် ဘလိန်းတွင် တစ်နှစ်ပြီးတစ်နှစ် ဆက်တိုက် သင်ကြားခဲ့၏။ မြို့တွင်းကျောင်း အတော်များများမှာ ကျောင်းပျက် သည့် ကျောင်းသားဦးရေ နာမည်ပျက်နေသည်။ ဆာရာက ဘလိန်းကျောင်းကို သည်လို နာမည်ပျက်မျိုး နှင့် မကြုံရအောင် ကူညီခဲ့သည်။
ကိုယ်လုံးကိုယ်ပေါက် သေးသေးသွယ်သွယ်ကလေးနှင့် အပြောအဆို နူးညံ့ပျော့ပျောင်းသော ဆာရာတွင် မိနစ်တိုင်း မိနစ်တိုင်း အစီအစဉ်တွေ ရှိနေသည်။ သူ့တပည့်တွေ နေ့လယ်စာစားဖို့ တန်းစီနေချိန်တွင် သူက သူတို့အား စာလုံးပေါင်းတွေ ပြန်ပြီး ရွတ်ဆိုနေစေ၏။ ချာတိတ်တွေ စုပေါင်းပြီး ဓာတ်ပုံအရိုက်ခံ နေချိန် တွင် ဆာရာက သူတို့နံဘေးတွင် ရပ်ပြီး ဂဏန်းသချာင်္ အပေါင်းအနုတ်သင်ကြားသည့် ကပ်ပြားများ ထောင်ပြ နေသည်ကို တွေ့ရ၏။
ဆာရာဘရွတ်က ကလေးတိုင်းကလေးတိုင်းသည် အတော်ဆုံး စာသင်သားဖြစ်နိုင်သည်ဟု ယုံကြည်သည်။ ခြောက်နှစ်သား အရွယ်ရှိ လယ်ရီ၏ ကိစ္စမှာပင် ဆာရာက ထိုအတိုင်း ယုံကြည်ထားခဲ့သည်။ တစ်ခါ တစ်ရံ တွင် ဗဟိုအုပ်ချုပ်ရေးစနစ်၏ ကြောင်စီစီ စည်းမျဉ်းစည်းကမ်းများက ကျောင်းဆရာများ၏ သင်ကြား ပို့ချမှု ကို အနှောင့်အယှက် အဟန့်အတားဖြစ်စေသည်။ လယ်ရီနှင့် ပတ်သက်သည့် ကျွန်မတို့၏ အတွေ့အကြုံ ကို မကြာခဏ သတိရနေပါသည်။ ထိုသို့သော စည်းမျဉ်းစည်းကမ်းများက ကျွန်မလက်အောက်ရှိ ကျောင်းဆရာ များ၏ သင်ကြားရေးကို အနှောင့်အယှက် မပေးနိုင်အောင် ကျောင်းအုပ်ဆရာမကြီး တစ်ယောက် အနေဖြင့်  အစွမ်းကုန် ကာကွယ်ရမည်ဖြစ်ကြောင်း သတိရနေစေပါသည်။
ဆောင်းဦးရာသီ ကျောင်းဖွင့်ပြီး သီတင်းပတ် သုံးပတ်မျှ ကြာသောအခါ ကျွန်မတို့ ကျောင်းသို့ မြို့နယ် ပညာရေးမှူး တစ်ဦးရောက်လာသည်။ သူက သီးသန့်ပညာသင်ရေး ကျောင်းသားများ ကိစ္စကို လာရောက် စစ်ဆေးခြင်းဖြစ်၏ သူကိုင်လာသည့် စာရင်းစာရွက်ထဲတွင် လယ်ရီ၏ နာမည်ပါဝင်နေသည်။ သို့သော် သီးသန့် ပညာသင်ပေးရေးအတန်းတွင် လယ်ရီမရှိ။ လယ်ရီသည် ထိုနှစ်ကျောင်းဖွင့်ကတည်းက သူ့အတန်း သို့ လာရောက်ခြင်းမရှိဟု အတန်းပိုင်ဆရာမက ပြောသည်။
ကျွန်မသည် လယ်ရီ့အိမ်သို့ တယ်လီဖုန်းဆက်သည်။ လယ်ရီ့မိခင်သည် မိနစ်ပိုင်းအတွင်း ကျောင်းသို့ ရောက်လာသည်။ အတော်ကြီးစိတ်ကသိကအောက် ဖြစ်နေပုံလည်း ရသည်။ သူ့သား နေ့စဉ်နေ့တိုင်း ကျောင်းတက် နေသည်ကို သူသိသည်။ အကြောင်းမှာ သူ့သားကို သူကိုယ်တိုင် ကျောင်းဝအထိ လိုက်ပို့ နေကျဖြစ်သောကြောင့်ပင်။ သည်တော့ သူ့သား ဘယ်ရောက်နေသည် ဆိုသည်ကို သိလိုသည်။ သူ့သား ကို ချက်ချင်း ရှာပေးဖို့ တောင်းဆိုသည်။
    ထိုအချိန်တွင် လူထု ဆက်သွယ်ရေးမှူး လစ်မက်ကိန်းရောက်လာသည်။
    "သြော်…ဆရာမကြီးတို့ လယ်ရီအကြောင်း ပြောနေကြတာလား။ သူက အခန်းနံပါတ် ၂၀၂ မှာလေ"
    ပြောပြောဆိုဆို သူက ကျွန်မတို့အား ဆာရာဘရွတ်၏ အခန်းသို့ ဦးဆောင်ခေါ်သွားသည်။
ထိုနှစ်အတွင်းက ဆာရာဘရွတ်၏ အတန်းသို့ ကျွန်မအကြိမ်ကြိမ်ရောက်ခဲ့၏။ ထိုသို့ရောက်တိုင်း အဆိုပါ ကလေး တစ်ယောက် အပေါ်သို့ ခါးကိုင်းပြီး ဂရုတစိုက် တွန်းအားပေးပြီး သင်ကြားနေသည်ကို တွေ့ရ တတ်၏။ တခြားအချိန်များတွင် ထိုကလေးကို လက်တွဲပြီး စင်္ကြံလမ်းအတိုင်း လျှောက်လာတတ်သည်။ ပါးစပ်ကလည်း ခါးကိုဆန့်ပြီး မားမားမတ်မတ် လမ်းလျှောက်ဖို့ တဖွဖွ တိုက်တွန်းနေသည်ကို တွေ့ရသည်။
သည်ကလေး၏ နာမည်ကို ကျွန်မမသိ။ သည်ကလေးမှာ မွေးကင်းစအရွယ်ကတည်းက နှလုံးကို ခွဲစိတ် ကုသခဲ့ရကြောင်း၊ နောက်ပိုင်းတွင်လည်း ခွဲစိတ်ကုသမှု အကြိမ်ကြိမ်ခံခဲ့ရကြောင်း၊ သည်ကလေးသည် ကြွေရုပ် ကလေးတစ်ရုပ် လို ကျိုးပဲ့ပျက်စီးသွားနိုင်သည်ဟု သူ့မိခင်က သဘောထားကြောင်းတို့ကို ကျွန်မ မသိ။ လယ်ရီကို လေ့ကျင့်ပေးနိုင်သော ဥာဏ်လေးသူတစ်ဦးအဖြစ် သတ်မှတ်ထားကြောင်း၊ သူ့ကို သီးသန့် ပညာသင်ပေးရေး အတန်းတွင် တက်ရောက်စေရမည်ဖြစ်ကြောင်းတို့ကိုလည်း ကျွန်မမသိ။
သီးသန့်ပညာပေးရေး ကျောင်းသားများကို မြို့နယ် ပညာရေးမှူးရုံးက သတ်မှတ်ပြီး ခွဲတမ်းချပေးသည်။ သို့သော် လယ်ရီနှင့်ပတ်သက်သည့် မှတ်တမ်းများ ကျွန်မထံသို့ ရောက်မလာ။ သည်တော့ ကျောင်းစဖွင့် ကတည်း က လယ်ရီအား ဆာရာ့အခန်းသို့ ပို့ထားခဲ့သည်။
သည်အကြောင်းတွေကို ဆာရာလည်းမသိ။ လယ်ရီသည် တစ်မူထူးခြားနေသည် ဆိုတာကိုတော့ သိသည်။ လမ်းလျှောက်လျှင် သူ့လက်နှစ်ဖက်သည် ကိုယ်ခန္ဓာတွင် ဂဟေဆော်ထားသလို ကပ်နေသည်။ ပြီးတော့ ရှူနာ ရှိုက်ကုန်း အဘိုးအို တစ်ယောက်လို ကွေးတိကွေးကောက်ဖြစ်နေသည်။ ဆာရာ က လယ်ရီသည် ဥာဏ်ရည် လေးကွေး သည့် ပထမတန်း ကျောင်းသား တစ်ယောက်အဖြစ် မှတ်ယူခဲ့သည်။
သူမားမားမတ်မတ် မတ်တတ်ရပ်လာအောင် ဘယ်သူကမျှ အားမထုတ်ခဲ့။ သူ့ကို စာရေးစားပွဲမှာ ထိုင်စေပြီး သူ့လက်ချောင်း တွေကို ဆွဲဖြန့်ပေးပြီး သူ့လက်ထဲသို့ ခဲတံတစ်ချောင်းထည့်ကာ ဘယ်လိုစာရေးရမည်ဟု သင်ကြား ပေးသူ ဘယ်သူမျှ မရှိခဲ့။ သည်ကိစ္စတွေကို သည်ကလေး လုပ်ဆောင်နိုင်စွမ်းရှိသည်ဟု ဘယ်သူမျှ အတွေး မပေါက်ခဲ့။ သို့သော် ဒါတွေကို သည်ကလေး မလုပ်နိုင်ဟု ဆာရာက မတွေးချင်။ မထင်ရက်။
ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>
Tuesday, November 30, 2010
ကောင်းခြင်းမင်္ဂလာနှင့်ပြည့်စုံသော အပိုင်း (၃)
ကြာသပတေးနေ့သို့ရောက်တော့ ကျွန်မစိတ်တွေ လှုပ်ရှားနေသည်။ ထိုနေ့ စောစောပိုင်းတွင် ကျွန်မက ကျောင်းမှ လက်ထောက် စီမံခန့်ခွဲရေးမှူးကို ခေါ်သည်။ အစည်းအဝေးခန်းမထဲတွင် အရန် ထိုင်ခုံများအဖြစ် ခေါက်ကုလားထိုင်တွေထပ်ချထားဖို့မှာကြားလိုက်သည်။ ညနေ 4နာရီထိုးသည့်တိုင် နောက်ထပ် ဘာမျှ ပြင်ဆင်ထားသည်ကို မတွေ့ရ။
    "ဘယ်မှာလဲ ခေါက်ကုလားထိုင်တွေ" ဟုကျွန်မကမေးသည်။
    မစ္စစ်ကတ်ရိုက်၊ ကျွန်တော် ဆရာမကြီးရဲ့ စိတ်ကူးယဉ် အတွေးတွေကို မဖျက်ဆီးချင်ပါဘူး။ ဒါပေမဲ့ နောက်ထပ် ထိုင်ခုံ အပိုတွေ မလိုပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီမိဘတွေ လာကြမှာမဟုတ်လို့ပါ" ကျွန်မ ရှူးရှူးရှားရှားဖြစ်သွားသည်။
    "ဘာပဲဖြစ်ဖြစ်ပေါ့ရှင်၊ ဒီနေ့ အစီအစဉ်ကိုကော နောက်ထပ် လုပ်မယ့်အစီအစဉ်တွေကိုပါ အောင်မြင်မယ်လို့ ရှင်ယုံကြည်စိတ်ချတဲ့ သဘောနဲ့ ပြုမူဆောင်ရွက်စေချင်တယ်။ ကျွန်မလုပ်နေတဲ့ အစီအစဉ်တွေကို ရှင်မကြိုက်ဘူး ဆိုရင်လည်း ဒီကျောင်းကနေ ရှင်ပြောင်းသွားနိုင်တဲ့ နေ့အထိ ကြိုက်ဟန် ဆောင်လိုက်ပါ။ ဒီတော့ ကျွန်မခိုင်းတဲ့အတိုင်း ခေါက်ကုလားထိုင် တွေထပ်ချထားပေးပါနော်"
ကုလားထိုင်တွေထပ်ခင်းလိုက်သည်။ ညနေ6နာရီရောက်တော့ လူတွေတဖွဲဖွဲစရောက်လာသည်။
မကြာမီအတွင်း ကျောင်းသားမိဘတွေ တံခါးပေါက်များကို ဖြတ်ကျော်ပြီး တသောသောဝင်လာကြသည်။ ၀င်ကြေးမဲ့စင်တင်တေးဂီတဖျော်ဖြေပွဲတစ်ခုသို့ အုန်းအုန်းကျွက်ကျွက် လာရောက်ကြသည့် နှယ်။ ကျွန်မက တံခါးဝမှ ရပ်ပြီး ၀င်လာသူတိုင်းကို လက်ဆွဲနှုတ်ဆက်သည်။  ည 7နာရီထိုးသောအခါ အစည်းအဝေး ခန်းမ ကြီးထဲတွင် ပြည့်ကျပ်သွားသည့်အတွက် လူတွေစင်္ကြံလမ်းများပေါ်အထိ လျှံကျသွားသည်။ ကျွန်မ ခန်းမ၏ ရှေ့ဘက်သို့ သွားသည်။ အားပါးတရာ ပြုံးပြီး သူတို့ဘက်သို့ မျက်နှာမူလိုက်၏။
    "ခုလိုဒီနေရာမှာရှင်တို့နဲ့အတူဆုံရတဲ့အတွက် ကျွန်မအရမ်းဝမ်းသာကြည်နူးမိပါတယ်" ဟုစကားစ လိုက်၏။
    "ရှင်တို့ ခုလိုလာကြလိမ့်မယ်ဆိုတာ ကျွန်မသိနေပါတယ် ဒါမှ ကျွန်မတို့တစ်တွေ စည်းစည်းလုံး လုံး ရှိတယ် ဆိုတာ ကျွန်မတို့ ကလေးတွေကို ပြသနိုင်မယ် မဟုတ်လား"
    ထို့နောက် သူတို့အား ဆရာ၊ ဆရာမများနှင့် မိတ်ဆက်ပေးသည်။ ပြီးမှ ကျွန်မ၏ မိန့်ခွန်းကို စပြောသည်။
    "ကျွန်မဒီကိုရောက်နေတာဟာ ကလေးတွေရဲ့ အကျိုးကို ဒီကျောင်းက သယ်ပိုးပေးနိုင်အောင် ဆောင်ရွက်ဖို့ဖြစ်ပါတယ်။ ဒီကျောင်းကို နေ့စဉ်နေ့တိုင်း လာပြီး ကျောင်းတက်၇တာကို သူတို့ကလေးတွေ ပျော်ရွှင်ကြည်နူးကြရမယ်။ ပြီးတော့သူတို့ကလေးတွေ ပညာသင်ကြားတတ်မြောက်ရမယ်"
    ပရိတ်သတ်ကြီးကို ကျွန်မ၏ ငယ်ဘ၀အကြောင်းပြောပြသည်။ မောင်နှမ ၁၃ ယောက်ရှိသည့် အနက် ကျွန်မက ၁၃ယောက်မြောက်ဖြစ်ကြောင်း၊ ကျွန်မတို့တစ်တွေကြမ်းပြင်ပေါ်မှာ အိပ်ကြရသည့် အကြောင်း၊ ထို့နောက် အစိုးရ ထောက်ပံ့သည့် အခမဲ့တိုက်ခန်းသို့ ပြောင်းရွှေ့နေထိုင်ခဲ့ရသည့် အကြောင်း၊ တစ်ချီတွင် ကျွန်မတို့မှာ စီးစရာဖိနပ်ပင်မရှိကြောင်း၊ သည်တော့ မေမေကလွှင့်ပစ်ထားသည့် မိန်းမစီး ဒေါက်မြင့် ဖိနပ်တွေ ကို အိတ်ကြီး တစ်အိတ်ဖြင့် ကောက်ယူလာကြောင်း။ ဖေဖေက ၎င်းဖိနပ်များကို အိမ်နောက်ဘက် သို့ယူသွားကြောင်း၊ ဖိနပ်များကို သစ်ပင်ခြေရင်းတွင် ပုံပြီး ခွာမြင့်များကို ဓားဖြင့် ခုတ်ပစ် လိုက်ကြောင်း၊ ထို့နောက် ဖေဖေက ကျွန်မတို့ ကလေးတစ်သိုက်အား တစ်ရန်စီ ဝေငှပေးကြောင်း၊ ယောက်ျားလေး တွေကော မိန်းကလေးတွေပါ ၎င်းဖိနပ်များကိုသာ ရကြောင်း၊ နောက်တစ်နေ့တွင် ကျွန်မတို့ မောင်နှမ တစ်တွေ ကျောင်းသွားသောအခါ ၎င်းဖိနပ်များကိုသာ စီးသွားကြရကြောင်း။
    သည်ဇာတ်လမ်းကို ကြားရတော့ ပရိသတ်တွေ အားလုံး ရယ်မောကြသည်။ အားရပါးရနှင့် ကျယ်လောင် စွာ ရယ်လွန်းသဖြင့် တစ်မိနစ်လောက် စကားဆက်မပြောဘဲ စောင့်နေရသည်။
    "ရှင်တို့ရဲ့ ရင်သွေး ရတနာကလေးတွေ ပညာတွေ အများကြီး တတ်အောင် ကျွန်မတို့ သင်ကြား ပေးနိုင် သလောက် အစွမ်းကုန် သင်ပေးမယ်လို့ ကျွန်မ ကတိပေးတယ်။ သူတို့အားလုံး တန်းတူရည်တူ အခွင့်အရေး ကို ခံစားကြရမယ်။ တစ်ခုပြောပြထားချင်တာက ကလေးတစ်ယောက်ဟာ တခြားကလေး တစ်ယောက်ကို ဒါမှမဟုတ် အမှုထမ်းတစ်ယောက်ကို သိသိသာသာ အန္တရာယ်ပြုတယ်လို့ မသေချာမခင်ျး ကျောင်းထုတ် ပစ်တဲ့ အရေးယူမှုမျိုးကို မလုပ်ဘူး။ ဒါပေမဲ့ ကျွန်မ မထိန်းကျောင်းနိုင်တဲ့ ၁၁နှစ်သား၊ ဒါမှမဟုတ် ၁၂နှစ်သား အရွယ်ကလေးမျိုး ကို ကျွန်မ မကြုံဖူးသေးပါဘူး"
    ပရိသတ်ကြီးက လက်ခုပ်တီး သြဘာပေးသည်။ ကျွန်မရောက်မလာမီက ဘလိန်းတွင် ကျောင်းထုတ်ပြီး အရေးယူမှုတွေ အများကြီး ဖြစ်ခဲ့၏။ စည်းမျဉ်းစည်းကမ်းများက တင်းကျပ်သည်။ တင်းကျပ်သည် ဆိုသည် ထက် တင်းကျပ်လွန်းသည် ဆိုရမည်။ ကလေးတွေမှာ စိတ်တင်းကျပ်နေသည်။ တွန့်ရွံ့နေကြသည်။ မိမိတို့၏ လုပ်ရပ် တစ်ခု မှားသွားမှာ ကြောက်နေကြသည်။ သူတို့၏ စိတ်အခြေအနေ သည်လို ဖြစ်နေလျှင် ကျောင်း သင်ခန်းစာ များကို စိတ်ပါလက်ပါ သင်ယူ ဆည်းပူးဖို့ ခက်ခဲပါသည်။ နောက်ပြီး ကျောင်းထုတ် ပစ်သည့် နည်းဖြင့် အရေးယူခြင်းသည် မထိရောက်ပါ။ အကျိုး မရှိပါ။ ကျောင်းထုတ် ပစ်လိုက်သည့်အတွက် ထိုကလေး သည် ကျောင်းတက်ခွင့် မရတော့။ ပညာသင်ယူခွင့် မရတော့။ ထိုကလေးသည် လမ်းပေါ်သို့သာ ရောက်သွားတော့၏။
"ဒါပေမဲ့ ရှင်တို့ရဲ့ ကလေးတွေက ကျွန်မတို့ကို ဂါရ၀တရား ရှေ့ထားပြီး ဆက်ဆံကြရမယ်။ ကျွန်မတို့ရဲ့ ဆရာ၊ ဆရာမတွေဟာ သူတို့နဲ့ ပတ်သက်လာရင် ကျေနပ်ပီတိ ဖြစ်နေစေရမယ်။ ဒီည ဒီကို ကြွရောက် လာ တဲ့ ရှင်တို့ ကျောင်းသားမိဘတွေ ကြည့်ကြပါ။ ဒီ ဆရာ၊ ဆရာမတွေ ဘယ်လောက် ရည်မွန်ပြီး သထောထား ပြည့်ဝပုံရသလဲဆိုတာ ရှင်တို့ မျက်ဝါးထင်ထင် မြင်တွေ့ပါလိမ့်မယ်။ ဒီတော့ သူတို့ကို လက်ခုပ်တီး သြဘာ ပေးလိုက်ကြပါလားရှင်"
သည်တစ်ချီတော့ ဆရာ၊ ဆရာမတွေလည်း အားရပါးရ ရယ်မောနေကြပြီး ကျောင်းသားမိဘများနှင့်အတူ သူတို့ပါ တစ်ညီတည်း လိုက်ပြီး လက်ခုပ်တီးကြသည်။
"ကျွန်မက အောင်မြင်သူတစ်ဦး ဖြစ်ချင်တာရှင့်။ ရှင်တို့ရဲ့ ကလေးတွေက သင်ယူ ဆည်းပူးကြမယ်ဆိုရင် ကျွန်မကို ကူညီရာ ရောက်လိမ့်မယ်။ တကယ်လို့ ရှင်တို့ရဲ့ ကလေးတွေက သင်ယူ ဆည်းပူးမှု မပြုကြဘူး ဆိုရင်တော့ … ရပ်မိရပ်ဖများရှင် … ကျွန်မ အလုပ်ပြုတ်ပါလိမ့်မယ်။ ဒါပေမဲ့ ဒီအလုပ်ကို ကျွန်မ ဆက်လုပ် နေရဖို့ လည်း လိုအပ်တယ်လေ။ ကျွန်မ ကလေးတွေကို ချစ်ပါတယ်။ ဒါပေမဲ့ ကျွန်မ လခလည်း ရနေမှ ဖြစ်မယ်ရှင့်။ အပြင်ဘက်မှာ ရပ်ထားတဲ့ ဟိုကဲဒိလက် ကားကြီးကို ကျွန်မ ပိုင်တယ်။ ဒါပေမဲ့ ရှင်တို့ မကူညီ ဘဲ အဲဒီ ကားကြီးကို စရိတ်စကတွေကို ကျွန်မ မခံနိုင်ဘူးရှင့်။ ဒီတော့ အဲဒီကားကြီးကို ကျွန်မ ဆက်ထိန်း ထားနိုင်အောင် ရှင်တို့ ကျွန်မကို ကူညီကြမှာလား"
အစည်းအဝေးခန်းမကြီး တစ်ခုလုံး ပွင့်ထွက်မတတ် လက်ခုပ်သြဘာသံများ မြည်ဟိန်းသွားသည်။
"ကျွန်မ ဒီကားကြီးကို ဆက်စီးနေနိုင်ရမယ်လို့ ရှင်တို့ ပြောနေတာလား"
အားပေးသံ နှင့် လက်ခုပ်သံတွေ ပို၍ ကျယ်လောင်စွာ ထွက်ပေါ်လာသည်။
သူတို့ တကယ်ပင် အသည်းလှိုက်အူလှိုက် ကတိပေး သွားကြခြင်းပါ။ ထိုနှစ် ဇွန်လတွင် ပြုလုပ်မည့် ကျောင်းဆင်းပွဲ အခမ်းအနားတွင် ကျွန်မက သူတို့အား စစ်ကူတောင်းသည်။ ကျွန်မတို့ ကလေးတွေအတွက် သန့်ရှင်း သော ကျောင်းအဆောက်အအုံ လိုအပ်ပါသည်။ ထို့ကြောင့် ကျွန်မအား ၀ိုင်းဝန်း ကူညီကြပါဟု မေတ္တာ ရပ်ခံလိုက်သည်။
"ကျွန်မ ဂျင်းဘောင်းဘီ ၀တ်ပြီး ရေပုံးတစ်ပုံးနဲ့ လာမယ်။ ရှင်တို့လည်း ဂျင်းဘောင်းဘီ ၀တ်ပြီး ရေပုံးတစ်ပုံး စီ ဆွဲလာခဲ့ဖို့ လိုအပ်ပါတယ်"
ဇူလိုင် ၁ရက်နေ့တွင် ကျောင်းသို့ ကျွန်မ ကားမောင်းပြီး ရောက်လာသောအခါ ကျောင်းသားမိဘ ၁၈ဦး စောင့်ကြို နေသည်ကို တွေ့ရသည်။ နောက် တစ်လလုံးလုံး ကျွန်မတို့ ရေဆေးကြသည်။
တိုက်ချွတ်ကြသည်။ လှည်းကျင်းကြသည်။ ကျွန်မတို့ စာသင်ခန်းတိုင်းသို့ ၀င်သည်။ ဗီရိုတိုင်း၊ လက်ဆေး ကြွေခွက်တိုင်း၊ အိမ်သာတိုင်းကို ဆေးကြောကြသည်။ တိုက်ချွတ်ကြသည်။ နှစ်ပေါင်းများစွာအတွင်း တို့ခြင်း ထိခြင်း မပြုခဲ့သည့်ထောင့်ကလေးတွေ၊ အစွန်းကလေးတွေကိုပင် တိုက်ချွတ်သန့်စင်ပစ်ကြသည်။
နောက်တစ်ပတ်လောက်ကြာသောအခါ ရုပ်မြင်သံကြား ရိုက်ကူးရေးအဖွဲ့တစ်ဖွဲ့ ရောက်လာသည်။ ထိုည သတင်း အစီအစဉ်တွင် ကျွန်မတို့၏ အားထုတ်မှုများကို ရုပ်မြင်သံကြားမှ ပေအနည်းငယ်မျှ ထုတ်လွှင့်ပြသသည်။ နောက်နေ့ နံနက်ကျတော့ လုပ်အားပေးခဲ့သည့် မိဘများက သတင်းဖြန့်တော့၏။
"သူတို့ သေနတ်ပစ်ခံရတဲ့  လူတစ်ယောက်အကြောင်း သတင်း မလုပ်တော့ဘူးလေ။ ဘယ်သူ့အိမ်မှ မီးလောင်ပြာကျ သွားတဲ့ အကြောင်းလည်း မဟုတ်ဘူး။ ဒီတစ်ခါ ရုပ်မြင်သံကြား အစီအစဉ်မှာ ပြတာ ကောင်းသတင်း၊ မင်္ဂလာသတင်းပဲ" မိဘတစ်ဦးက မှတ်ချက်ချသည်။
ဘလိန်းသို့ ကျွန်မရောက်လာသည်မှာ ၁၉၈၀ ပြည့်နှစ် စက်တင်ဘာလ ကျောင်းဖွင့်ချိန်တွင် တစ်နှစ် တင်းတင်း ပြည့်သည်။ ကျောင်းပြန်ဖွင့်၍ ကလေးတွေ ကျောင်းသို့ လာကြသောအခါ သူတို့သည် တစ်မူ ထူးနေပြီဖြစ်သော ကျောင်းအဆောက်အအုံထဲသို့ ၀င်လာကြရသည်။ ယခု အဆောက်အအုံက သန့်ရှင်း သည်။ သပ်ရပ်နေသည်။ လက်လက်တောက်နေသည်။ တောက်ပသစ်လွင်သော ဆေးများ သုတ်ထားသည်။ ကျောင်းကြီး ကို ကြည့်ရသည်မှာ ကျောင်းအသစ် တစ်ကျောင်း ဖွင့်လှစ်လိုက်သည့်နှယ် ရှိ၏။ တကယ့် တော့လည်း သည်ကျောင်းကြီးသည် ဘက်စုံထောင့်စုံမှ ကျောင်းသစ်ကြီး တစ်ကျောင်း ဖြစ်သွားပါပြီ။
လိုအပ်သူကို လိုအပ်သလို ကူညီ
ဘလိန်းကျောင်းသို့ ရောက်လာပြီးနောက် ကျွန်မ အဓိက စိုးရိမ်သည့် အချက်တစ်ချက် ရှိ၏။ သည်ကျောင်းမှာ ရှိနေသည့် ကလေးတွေ၏ ငုပ်နေသော အရည်အသွေးများ အပြည့်အ၀ ပေါ်လာမည်ဟု ကျွန်မတို့ ဘယ်လိုလုပ်ပြီး သေချာပေါက် ပြောနိုင်ပါမည်နည်း။
ကျွန်မ သူတို့နေအိမ်များကို သွားလည်သည်။ သူတို့ ကလေးတွေ နေ့စဉ်နှင့်အမျှ ရင်ဆိုင်နေရသည့် ထိတ်လန့်စရာများ၊ ကြောက်ရွံ့စရာများ၊ စက်ဆုပ်စရာများကို မြင်ရတွေ့ရသည်။ သည်တော့ သူတို့ ကလေးတွေ ကျောင်းသို့လာပြီး ပညာသင်ယူမှု မပြုမီ သူတို့မှာ ဘာတွေလိုအပ်နေသလဲ ဆိုသည့် လိုအပ် ချက်များကို သိခွင့်ရလာသည်။
သူတို့ကလေးတွေ နေ့စဉ် နံနက်တိုင်း ကျောင်းသို့ လာကြသည်။ ကျောင်းပရ၀ဏ်ထဲသို့ ခြေမချမီ သူတို့ကလေးတွေ ဘယ်လို ဘ၀မျိုးတွေဖြင့် ရင်ဆိုင်ခဲ့ရသည်ကို ကျွန်မတို့ မသိ။ သို့သော် ကျောင်းတွင်း သို့ ရောက်ပြီး နောက်ပိုင်းမှာတော့ သူတို့ကလေးတွေ ဘာဖြစ်နေသည် ဆိုသည်ကို ကျွန်မတို့ မြင်ရသိရသည်။ သည်တော့ ကျွန်မတို့ ဘာလုပ်ပေးနိုင်မည်လဲ။ အနိမ့်ဆုံး လုပ်ဆောင်ပေးနိုင်သည်မှာ သူတို့၏ ကျောင်း သည် သူတို့ ပြုံးနိုင် ရယ်နိုင်သည့် နေရာ။ သူတို့ ပျော်ရွှင် မြူးထူးနိုင်သည့်နေရာ၊ သူတို့အတွက် အန္တရာယ် ကင်းသည့်နေရာ ဖြစ်ကြောင်း သည်ကလေးတွေ သိမြင်လာအောင် ပြုလုပ်ပေးဖို့ပဲ ဖြစ်၏။ အထက်ပါ အချက်များကို ကျွန်မက ဆရာ၊ ဆရာများကို ပြောပြ၏။ ရှင်းပြ၏။
ကျွန်မဆိုလျှင် နံနက်ခင်းတစ်ခုကို ကျွန်မ တစ်သက်လုံး မေ့လို့ရတော့မည် မဟုတ်။ ထိုနံနက်က ကျွန်မ ကျောင်းသို့ ရောက်လာသောအခါ ကျောင်းဝင်းတံခါးရှေ့တွင် ရပ်စောင့်နေသည့် ကိုးနှစ်သားကလေး တိုင်ရွန်ကို တွေ့ရ၏။ တိုင်ရွန်က စိတ်သိပ်မနှံ့သည့် မိခင်နှင့်အတူ နေသည်။ သားသမီး သုံးယောက်အနက် တိုင်ရွန်က အငယ်ဆုံး။ သူတို့ မိသားစုအတွက် အစားအစာနှင့် ငွေကြေးမှာ လူမှုဖူလုံရေးမှ ထောက်ပံ့ကြေး ငွေ နောက်ထပ် မရမီအတွင်း ကုန်ခန်းနေတတ်သည်မှာ မကြာခဏ ဖြစ်၏။ တိုင်ရွန် နေထိုင်သည့် အိမ်ခန်း မှာလည်း နီးနားဝန်းကျင်ရှိ တခြားကလေးတွေ နေထိုင်ရသည့် အိမ်ခန်းများ အတိုင်းပင်။ အိမ်ခန်းတွေက မလုံမခြုံ။ တသီကြီး ဆက်တွဲ ဆောက်ထားသည့် အိမ်များက ယိုယွင်း ပျက်စီးနေပြီ။ သည်အိမ်တွေထဲတွင် ကလေးတွေ ပြည့်လို့ကျပ်လို့။
ထိုနေ့နံနက်က တိုင်ရွန်၏ မျက်လုံးညိုညိုကလေးတွေမှာ မျက်ရည်စများဖြင့် ရွှဲစိုနေသည်။ သူက သူ့လက်ကလေးတစ်ဖက်ကို အသာအယာ ဖေးမထားသည်။ သူ့လက်မောင်းကလေးပေါ်မှာတော့ အပူ လောင်ထားသည့် ဒဏ်ရာတွေ။ သူ့ကို ကျောင်းတွင်းသို့ ကမန်းကတန်း ခေါ်ခဲ့သည်။ ဖြစ်ကြောင်းကုန်စင် ပြောပြဖို့ မေးရသည်။ ထိုအခိုက်တွင် လစ်မက်ကိန်းက တိုင်ရွန့်မိခင်ကို သွားရှာသည်။ တိုင်ရွန်ကို ဆေးရုံသို့ ခေါ်သွားလျှင် သူ့မိခင်ပါမှ ဖြစ်မည်။
တိုင်ရွန်က အဖြစ်အပျက်ကို ရှင်းပြသည်။ မနေ့ညက သူ့အမေကို ကူညီ လုပ်ကိုင်ပေးရင်း ဒယ်အိုး ထဲမှ ဆီပူ တွေကို ဖန်ခရားတစ်လုံးထဲသို့ လောင်းထည့်ကြသည်။ တိုင်ရွန်က ဖန်ခရား လဲမသွားအောင် ကိုင်ပြီး ထိန်းထား ပေးသည်။ ထိုအခိုက် ဖန်ခရား ကွဲသွားသည်။ အထဲမှ ဆီပူတွေ သူ့လက်ပေါ်သို့ စီးကျ ကုန်သည်။
ဆေးရုံသို့ အကူအညီတောင်းရန် သူတို့ နေထိုင်သည့် အဆောက်အအုံတွင် တယ်လီဖုန်း မရှိ။ ဆေးရုံသို့ ပြေးရန် မော်တော်ကား မရှိ။ သို့သော် ကျောင်းရှိသည်။ ကျောင်းကတော့ အကူအညီ ပေးလိမ့် မည်။ သို့ဖြင့် အရိုးထိလောက်အောင် ဆီပူလောင်ထားသည့် ဒဏ်ရာတွေနှင့် တိုင်ရွန် တစ်ညလုံး ကြိတ်မှိတ် နေခဲ့သည်။ နံနက်မိုးလင်း သို့ ကျောင်းသို့သွားလျှင် ဆရာ၊ ဆရာမများနှင့် ကျောင်းအုပ်ဆရာမကြီးကတော့ ကူညီလိမ့်မည် ဆိုတာ သူသိနေသည်။
ဘလိန်းကျောင်းသည် တိုင်ရွန်လို ကလေးတွေအတွက် အန္တရာယ်ကင်းပြီး ငြိမ်းချမ်းစွာ ခိုလှုံနိုင် သော နေရာဌာန တစ်ခုဖြစ်ကြောင်း သူတို့ကလေးတွေ သိအောင်လုပ်ဖို့ ကျွန်မက ဆရာ၊ ဆရာမများအား အမြဲ မှာကြား ထား၏။ နောက်တစ်ချက်မှာ သူတို့ကလေး၏ ကိုယ့်ကိုယ်ကိုယ် ယုံကြည်လေးစားစိတ်ကို မြှင့်တင် ပေးဖို့ ဖြစ်၏။ ဆရာ၊ ဆရာမများ အနေဖြင့် ကလေးတွေကို သွန်သင်ဆုံးမနိုင်သည်။ ကျောင်း၏ စည်းမျဉ်း စည်းကမ်း များ လိုက်နာဖို့ ကြပ်မတ်နိုင်သည်။ သို့သော် သူတို့ကလေးတွေ စိတ်ဓာတ် သိမ်ငယ် သွားအောင် ဘယ်တော့ မှ မလုပ်ပါနှင့်။ သူတို့ကို နှိမ်ချပြီး မဆက်ဆံပါနှင့်၊ သို့မဟုတ် အလွန်အကျံ မဝေဖန် ပါနှင့်ဟု ဆရာ၊ ဆရာမ များကို မှာကြားထားသည်။
ကိုယ့်ကိုယ်ကိုယ် ယုံကြည်လေးစားစိတ် ပြုစုပျိုးထောင်ပေးရေးမှာ အရေးကြီးလှပါသည်။ ကျွန်မက ကျောင်းတစ်ကျောင်းလုံးကို နေ့စဉ်နေ့တိုင်း လှည့်ပတ်သွားလာသည်။ ကလေးတွေ၏ ပခုံးကို ကိုင်သည်။ ခေါင်းကို အသာအယာ ပုတ်သည်။ လက်မောင်းကလေးတွေကို ဖျစ်ညှစ်သည်။ သူတို့ ကလေးတွေကို ရင်ခွင်ထဲ မှာ ထွေးပွေ့သည်။ တချို့ကလေးတွေဆိုလျှင် သူတို့ နေ့စဉ်နှင့်အမျှ ကြုံတွေ့ဖူးသည့် ထိတွေ့မှု ဆိုသည် မှာ အတွန်းခံရခြင်း၊ အတိုက်ခံရခြင်း၊ အထိုးခံရခြင်းတို့သာ ဖြစ်၏။
ကျွန်မကတော့ သူတို့အားလုံးသိအောင် ပြောပြထားသည်။ ကျောင်းဝိုင်ငးအတွင်းတွင် ဘယ်သူ့ ဘယ်သူမျှ ထိုးခြင်း၊ ရိုက်ခြင်း လုံးဝ မပြုလုပ်ရ။ လိုအပ်၍ ရိုက်နှက် ဆုံးမရမည် ဆိုလျှင် ရိုက်နှက်ဆုံးမခွင့် သည် ကျွန်မ တစ်ဦး တည်းမှာသာ ရှိသည်ဟု ညွှန်ကြထားသည်။ ထိုသို့သော ဆုံးမမှုမျိုးကိုလည်း ကျွန်မက ပြုကျင့်ခဲ့ ပါသည်။
ကျွန်မ သိမြင်သဘောပေါက်ထားသည့် နောက်ထပ်အချက်တစ်ချက် ရှိသေးသည်။ ကလေးတွေ သည် အခြေခံမူလတန်းမှာပင် ရှိနေသေးသည့်တိုင် သူတို့၏ အပြင်ပန်း အသွင်အပြင်များသည် သူတို့၏ ခံစားချက် များကို များစွာ အကျိုးသက်ရောက်စေနိုင်သည် ဟူသည့် အချက်ဖြစ်၏။ သည်တော့ သူတို့ကလေးတွေကို ကူညီ နိုင်သည့် လုပ်ငန်းမှန်လျှင် ကူညီရမည် ဖြစ်ကြောင်း ကျွန်မ၏ အမှုထမ်းများအား မှာကြားထားသည်။ နံနက် ၈နာရီမှ ညနေ ၄နာရီအတွင် သူတို့ကလေးတွေ သန့်ရှင်း သပ်ရပ်နေစေရမည်။ သူတို့ကလေးတွေ ခေါင်းမော့ ရင်ကော့ပြီး ကြွားကြွားဝင့်ဝင့် ဖြစ်နေစေရမည်။
ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>
Monday, November 29, 2010
ကောင်းခြင်းမင်္ဂလာနှင့်ပြည့်စုံသော အပိုင်း (၂)
    ဂျိမ်းဂျီဘလိန်း မူလတန်းကျောင်းရှေ့တွင် ကျွန်မကားကို ရပ်လိုက်၏ ကျောင်းက သိပ် သားသား နားနားကြီး မဟုတ် အပြင်မှကြည့်ရတာတော့ ခိုင်ခံ့သလိုရှိသည်။ အထပ်က သုံးထပ်၊ မီးခိုးရောင် ဆေးသုတ် ထားသည့် အုတ်နံရံများပေါ်တွင် ကျောင်းသားတွေ လက်ဆော့ ရေးခြစ်ထားသည့် စာတွေ၊ ရုပ်ပုံတွေ အပြည့်။ ကစားကွင်း၏ ဟိုဘက်စည်းရိုးမှသည် သည်ဘက် စည်းရိုးထိအောင် အမှိုက်သရိုက်တွေ ဖွေးဖွေးလှုပ် နေသည်။ ကျောင်းရှေ့ဆင်ဝင်အောက်သို့ လှမ်းဝင်လိုက်သည်နှင့် နံရံတစ်ခုပေါ်တွင် မှုတ်ဆေး ဖြင့် ရေးထားသည့် စာတန်းတစ်တန်းက ကျွန်မကို ဆီးကြိုလိုက်၏။ စာတန်းမှာ ညစ်ညမ်းသော စာတန်း။ မောင်နှင့်နှမ၊ သားနှင့်အမိ ဖတ်ဖို့မကောင်းသော စာတန်း။ စာတစ်လုံးလျှင် တစ်ပေလောက် မြင့်သည်။
    ဘာပဲဖြစ်ဖြစ် ကျွန်မစိတ်မပျက်။ ဒါတွေကို စိန်ခေါ်ဖို့ပဲ သည်နေရာသို့ ကျွန်မရောက်လာခြင်း မဟုတ် ပါလား။ ကျွန်မက ကျောင်းတစ်ကျောင်းကို အသွင်ပြောင်းလာအောင် ကျောင်းတွင်း ပြုပြင်ရေးများ လုပ်ချင်သည်။ ကလေးတွေ စိတ်ဓာတ် သန့်စင်မြင့်မားလာအောင် ကြိုးစားအားထုတ်ရမည်။ သူတို့ ပြုပြင် ပြောင်းလဲ လာလိမ့်မည်ဟု ကျွန်မတို့က မျှော်လင့်ထားဖို့ကိုလည်း မျှော်လင့်ထားဖို့လိုသည်။။ ထိုအခါ ကလေးတွေ ဘက်က သင်ယူဆည်းပူး လာကြလိမ့်မည်။ ထိုနည်းတူစွာပင် သည်လို လုပ်ဆောင်ကြိုးပမ်းမှု ထဲတွင် ကျောင်းသားမိဘတွေ ပါဝင်ပတ်သက်လာဖို့ကိုလည်း မျှော်လင့်ထားရမည်။ သည်အချက်တွေ မှန်ကန် ကြောင်း ကျွန်မလက်တွေ့ပြချင်သည်။
    မိန်းမတစ်ယောက် ကျွန်မဆီသို့ လျှောက်လာသည်။ သူက သူ့ကိုယ်သူ မိတ်ဆက်သည်။ သူ့နာမည်က လစ်မက်ကိန်း။ သူ့ရာထူးက လူထုဆက်ဆံရေးမှူး။ သူ့လုပ်ငန်း တာဝန်တွေထဲမှ တစ်ခုမှာ ရပ်ကွက် စည်းဝေးများ ရှိလျှင် ကျောင်းကိုယ်စားလှယ်အဖြစ် အစည်းအဝေးတက်ရသည်။ ကျောင်း၏လုပ်ရှားမှုများ၊ ဆောင်ရွက်ချက် များကို ရပ်မိရပ်ဖများအား အသိပေးတင်ပြရသည်။ ဆွေးနွေးရသည်။ လစ်က ကျွန်မအား ဘလိန်း မူလတန်းကျောင်းကို လိုက်ပြသည်။
    ကျွန်မအားပေးအပ်လိုက်သည့် စာရင်းဇယားအရတော့ သည်ကျောင်း အကြောင်း အနည်းအကျဉ်း သိထားသည်။ သည်ကျောင်းတွင် သူငယ်တန်းမှ ခြောက်တန်းအထိ စာသင်နေသည့် ကျောင်းသူ ကျောင်းသား ဦးရေ ၅၀၀ ခန့်ရှိသည်။ ဆရာ၊ ဆရာမပေါင်း ၃၂ဦးရှိသည်။ ထိုအထဲတွင် တက္ကသိုလ် မှ ကျောင်းပြီး ခါစ ဆရာအသစ်ကလေးတွေလည်း ပါသည်။ သို့သော် ဘလိန်းကျောင်းနှင့် ပတ်သက် ၍ ကိန်းဂဏန်း များသာ မဟုတ်ဘဲ သည့်ထက် ပိုပြီး လေ့လာစရာတွေ ရှိနေသေးကြောင်း ကျွန်မ သိနေသည်။
    ခံယူချက်ဆိုတာရှိပါသည် ၄င်းခံယူချက်ဆိုသည်မှာ မည်သည့် စာသင်ကျောင်းကိုမဆို အဓိပ္ပာယ်ဖွင့်ဆို ဖော်ပြနေ သည့် စိတ်ဓာတ်ရေးရာပင်ဖြစ်၏။ ကျောင်းစင်္ကြံ လမ်းများတွင် ဖြတ်သွားဖြတ်လာ ပြုနေသည့် ကလေး တွေ နှင့် ဆရာဆရာမများ၏ မျက်နှာများပေါ်၌ အဆိုပါ စိတ်ဓာတ်ရေးရာကို မြင်တွေ့နိုင်၏ ကျောင်း အဆောက်အအုံကြီး ၏ အခြေအနေကိုကြည့်လျှင် လည်း အဆိုပါ စိတ်ဓာတ်ရေးရာကို မြင့်တွေ့ နိုင်၏။
    ဘလိန်းကျောင်းနှင့် ပတ်သက်၍ ကျွန်မ၏ ကနဦး ထင်မြင်ချက်ကတော့ သိပ်ပြီး အားရစရာ မကောင်းလှ။ ကျောင်းကြီး တစ်ကျောင်းလုံး ညစ်ပတ်ပေရေနေသည်။ ပိုးဟပ်တွေကို နေရာတိုင်းမှာ တွေ့နေရသည်။ သူငယ်တန်း စာသင်ခန်း တစ်ခန်းရှိ ဗီရိုတစ်လုံးကို ကျွန်မဖွင့်ကြည့်သည်။ ဗီရိုအတွင်းပိုင်းမှာ ရွှံ့များ ပေကျံ နေပြီး ပိုးဟပ်များ မွေးမြူထားသည့်နှယ်ရှိ၏။
    "ပိုးဟပ်တွေက စာအုပ်အနှောင့်မှာ ကပ်ထားတဲ့ ကော်တွေကို လာလာစားကြတာရှင့်"
    ဆရာမတစ်ဦးက ရှင်းပြသည်။
    "အဲဒီဗီရိုထဲ မှာ ဘာမှမကျန်အောင် ရှင်းထုတ်ပစ်လိုက်ပါ။ ဆရာမ လိုအပ်မည့်ပစ္စည်းတွေကို ချန်ထား။ ကျန်တာ တွေ အကုန်လွှင့်ပစ်လိုက်ပါ"
    ကျွန်မက ဆရာမအား ပြောလိုက်၏။
    သို့သော် ပိုးဟပ်များကိုတွေ့ရဖို့ ကျွန်မအနေဖြင့် စာသင်ခန်းများ သို့ လှည့်လည် စစ်ဆေး ကြည့်နေဖို့မလိုပါ။ ကျွန်မ၏ စာရေးစားပွဲ၊ ကျောင်းအုပ်ဆရာမကြီး၏ စာရေးစားပွဲထဲမှာပင် ပိုးဟပ်တွေ ရှိနေသည်။ ကျွန်မ၏ တယ်လီဖုန်းထဲမှာလည်း သည်ကောင်တွေရှိနေသည်။ ကျွန်မက တစကားပြောခွက်ကို မပြီး အောက်ခံအုံပေါ် သို့ ခပ်ပြင်းပြင်း ဆောင့်ချလိုက်သည်။ အောက်ခံအုံထဲမှ ပိုးဟပ်နှစ်ကောင် လိမ်ဖယ် လိမ်ဖယ်ဖြင့် ထွက်လာပါသည်။
    နေရာတကာတိုင်းတွင် မြင်တွေ့နေရသည်မှာ ကြွက်ချေးတွေ။ အဆောက်အအုံ၏ နံရံများပေါ်တွင် ဖုန်တွေ ထုတက်နေသည်။ ပြတင်းပေါက်မှန်များကို တစ်ကြိမ်တစ်ခါမျှပင် ဆေးကြောသန့်ရှင်းထားပုံမရ။ တစ်ခုခု တော့ လုပ်ရတော့မည်။ လုပ်ဆို ချက်ချင်းလက်ငင်း လုပ်ပစ်ရလိမ့်မည်။
    ကျောင်းအဆောက်အအုံကြီး တစ်ခုလုံးကို ပြုပြင်ထိန်းသိမ်းရန်အတွက် ကျောင်းထိန်းသိမ်းရေးမှူးနှင့် သူ့လက်ထောက်တစ်ယောက် က တာဝန်ယူထားသည်။ သူတို့နှစ်ဦး၏ ပထမဦးစားပေး လုပ်ငန်းမှာ လျှပ်စစ်မီးလုံး များ လိုက်လံ လဲလှယ်တပ်ဆင်ခြင်းသာ ဖြစ်ဟန်ရှိ၏။ သူတို့နှစ်ယောက်က နံနက်စာ စားသောက်ပြီးသည်နှင့် မီးလုံးများ၊ မီးချောင်းများ ကိုင်ပြီး စင်္ကြံလမ်းများအတိုင်း လျှောက်ကြည့်သည်။ မီးလုံး သို့မဟုတ် မီးချောင်းအသစ်လဲလှယ် တပ်ဆင်ရန် လိုအပ်သည်ကို တွေ့လျှင် တပ်ဆင်ပေးသည်။
    ထိုအချိန်တွင် ကျောင်းအဆောက်အအုံတစ်ခုလုံးမှာ ပျက်စီးယိုယွင်းနေပြီ။ ကျောင်း အဆောက်အအုံကြီး တစ်ခုလုံး မှာ ပျက်စီးယိုယွင်းနေပြီ။ ယောကျာ်းလေး အိမ်သာထဲတွင် ရေဆွဲအိမ်သာတစ်ဝက်လောက်မှာ ပိတ်ဆို့ နေ၏ သို့တိုင် ကလေးတွေသည် ထိုအိမ်သာများကို ဆက်ပြီး အသုံးပြုနေကြရသည်။ ဟောင်စော်နံ အနံ့ အသက် များသည် အပြင်ဘက် စင်္ကြံလမ်းများသို့တိုင်း လွင့်ပျံနေ၏။
    "ဒီအိမ်သာကို ကျွန်တော်ဆေးကြောသန့်စင်ပါတယ်။ မစ္စစ်ကတ်ရိုက်။ အနံ့အသက် တွေက ကြမ်းပြင် ထဲကကို ထွက်နေတယ်ခင်ဗျ။ ဒီကြမ်းခင်း ကွန်ကရစ်တွေထဲမှာ ၁၀နှစ်စာလောက် ရှိတဲ့ သေးတွေက စိမ့်ဝင် နေတာကလား။ ဒီတော့ ဘယ်လိုမှ ဆေးလို့ကြောလို့မရဘူးခင်ဗျ"
    ကျောင်းထိန်းသိမ်းရေးမှူးက ရှင်းပြသည်။
    ကျွန်မက သူ့အား ရေနွေးတစ်ပုံးနှင့် ဂက်မှင်ဘီးတချို့ ယူလာပေးဖို့ တောင်းဆိုလိုက်၏။ ပြီးတော့ ကျွန်မ ၏ ရှူးဖိနပ်နှင့် ခြေစွပ်တွေကို လက်ဆေးကြွေခွက်တစ်ခုပေါ် တင်ထားလိုက်သည်။ ကျွန်မဂါဝန် ၏ ရှေ့ပိုင်း အသာမပြီး ကြမ်းဆေးကြမ်းတိုက်အလုပ်ကို ပယ်ပယ်နယ်နယ် လုပ်ပစ်လိုက်၏။ တစ်နာရီ လောက် ကြာသော အခါ ခေါင်းမော့လိုက်သည်။ အနံ့ခံကြည့်သည်။
    "ကဲ...ရှင်ဘာအနံ့များ ရသေးသလဲ"
    "မရတော့ပါဘူး"
    "မှန်တယ်။ ဒီအနံ့က ကွန်ကရစ်အခင်းထဲက ထွက်လာတဲ့ အနံ့နော်၊ ဟုတ်ရဲ့လား။ ကဲ..အိမ်သာတွေ တိုက်ချွတ် ဆေးကြောတဲ့ အလုပ် က ကျွန်မအလုပ်မဟုတ်ဘူး။ ဒီတော့ နောက်တစ်ကြိမ်ထပ်ပြီး တိုက်ချွတ် ဆေးကြော ပေးဖို့ ကျွန်မမရည်ရွယ်ဘူး။ ဒီတော့ ရှင်.... ကျွန်မ ကိုယ်စား ဒီအလုပ်ကို ရှင်လုပ်ပေး နိုင်ပါ့ မလား"
    "ဟုတ်ကဲ့လုပ်ပါ့မယ်"
    သတင်းက တစ်ဆင့်စကား တစ်ဆင့်နားဆိုသလို ပျံ့နှံ့သွားသည်။ ကျောင်းအုပ်ဆရာမကြီးက ယောက်ျားလေး အိမ်သာထဲဝင်ပြီး ကြမ်းတွေတိုက်၊ အိမ်သာတွေ ဆေးသည်ဆိုသည့် သတင်း။ ကျောင်းတွင် လူမှု ဆက်ဆံရေး ဘာသာရပ်ကို သင်ကြားသည့် သမ္ဘာရင့် ကျောင်းဆရာတစ်ဦးရှိသည်။ သူ့နာမည် ရေမွန်ဘရွတ်။ သူသည် နောင်တစ်ချိန်တွင် ကျွန်မ၏ အမာခံ ဘက်တော်သား ဖြစ်လာသူတစ်ဦးဖြစ်၏။ ကျောင်းအုပ် ဆရာမကြီးက ယောက်ျားလေးအိမ်သာထဲဝင်ပြီး ကြမ်းဆေးကြမ်းတိုက် အလုပ်ကို လုပ်သည် ဆိုသော သတင်း ကို ကြားတော့ ရေမွန်ဘရွက်ကဟားတိုက်ရည်မောခဲ့သည်ဆို၏။ အားပါးတရ ရယ်လွန်း သဖြင့် သူသည် ဟန်ချက်ပျက်ပြီး လဲကျမတက် ဖြစ်ခဲ့သည်ဆို၏။
    "အဲဒီအိမ်သာတွေကို သူတိုက်ချွတ်ဆေးကြောတယ်ဆိုတာ ကျုပ်ဖြင့် မယုံနိုင်လောက်အောင်ပါဘဲဗျာ"ဟု ပြောခဲ့သည် ဆို၏။
    သူ့လိုပင်ကျောင်းသားမိဘများကလည်း မယုံကြပါ။ သည်အကြောင်းကို သူတို့ပြောကြဆိုကြသည်။ တစ်ဦး ကို တစ်ဦး သတင်းပါးကြသည်။ မကြာမီအတွင်း နီးနားဝန်းကျင် တစ်ခုလုံးတွင် သတင်းစကားတွေ အသံမြည် လာသည်။
    "ခုဆို အဲဒီအိမ်သာတွေမှာ အနံ့အသက်ဆိုးတွေ မထွက်တော့ဘူးတဲ့"
    "အဲဒီအမျိုးသမီးကြီး တိုက်ချွတ်ဆေးကြောပစ်တာ ဆိုပဲ။ ကျုပ်ဆိုလိုတာက အဲဒီအိမ်သာတွေကို ဆရာမကြီး ကိုယ်တိုင် တိုက်ချွတ်ဆေးကြောပစ်တာတဲ့နော်။ သူအဲဒီလိုလုပ်နေတာကို ကျုပ်သားကိုယ်တိုင် မြင်ခဲ့တာဗျို့"
    သည်ကျောင်းကြီးကို ပြုပြင် ပြောင်းလဲပစ်မည်ဟု သန္နိဋ္ဌာန် ချထားကြောင်း သူတို့အား အချက်ပြ လိုသည် ဆိုလျှင် မည်သို့ အချက်ပြရမည်ဆိုသည့် နည်းကို ကျွန်မတွေ့ရှိလိုက်ပါပြီ။
    မကြာမီ အတွင်း ကျောင်းသားမိဘတွေ ကျွန်မရုံးခန်းရှေ့တွင် ပြူတစ်ပြူတစ် လုပ်လာကြသည်။ သူတို့သည် ကျွန်မကို လာကြည့်ကြခြင်းဖြစ်၏။ သည်ဆရာမကြီးသည် အိမ်သာတွေကိုပင် တိုက်ချွတ် ဆေးကြော သည်ဆိုလျှင် သူတို့လို မိဘတွေနှင့် မဆက်ဆံချင်လောက်အောင် အတန်းအစား ခွဲခြားတတ်သူ မဟုတ် ဟု သူတို့တွက်ဆကြသည်။
    ကျွန်မတို့ မကြာမကြာစကားပြောဖြစ်ကြသည်။ ကလေးတွေအကြောင်း။ ကျောင်းအကြောင်း။ သူတို့နှင့် စကားပြောကြည့်မှ စထရော်ဘယ်ရီမင်းရှင်းဆိုသည့် တိုက်အိမ်စုကြီးမှာ မျှော်လင့်ချက်ကင်းလောက်အောင် ပျက်စီးယိုယွင်းနေပြီဟု လူအများက ယုံကြည်နေကြောင်း အချိန်တိုတိုအတွင်း သိခွင့်ရလိုက်၏။ သည်တော့ သည် ပတ်ဝန်းကျင်ကြီး တစ်ခုလုံး သည့်ထက် ကောင်းမွန်တိုးတက်လာအောင် လုပ်နိုင်ကြောင်း သူတို့အားလုံး ကို ပြသရတော့မည်။
သည်တော့ သူတို့တစ်တွေ သိသာမြင်သာအောင် ကျွန်မ လက်လှမ်းမီသည့်ပြုပြင်ပြောင်းလဲမှုတွေ လုပ်ပြ ရတော့မည်။
    ကျောင်းပရ၀ဏ်အတွင်းရှိ အမှိုက်သရိုက်များကို လှည်းကျင်း သန့်ရှင်းပစ်ခြင်းသည် သူတို့အတွက် မျက်မြင် ပြုပြင်ပြောင်းလဲမှုဖြစ်နိုင်သည်။ တစ်နံနက်တွင် ကျောင်းတစ်ကျောင်းလုံးကို ဆင့်ခေါ်လိုက်သည်။ ပြီးတော့ ကျွန်မအားလုံး စုပေါင်းပြီး အမှိုက်ကောက် ကြသည်။ အမှိုက်တွေကို အမှိုက်ပုံးတွေထဲ ထည့်ကြသည်။ မုန့်ပဲသရေစာများ ထုပ်သည့် စက္ကူပတ်တွေ၊ ပလတ်စတစ်အိတ်တွေ၊ အချိုရည်ဘူးခွံတွေ ပုလင်းကွဲတွေ။ ကျွန်မတို့၏ အမှိုက်ကောက်ပွဲ ပြီးဆုံးသွားသောအခါ ကျောင်းဝိုင်းထဲတွင် ဘာအမှိုက်သရိုက် မျှ မကျန်တော့။ မင်္ဂလာဆောင်တွေတွင် ရောင်စုံစက္ကူစကလေးတွေ ကြဲဖြန့်ထားသလို စက္ကူစ သေးသေး လေး တွေသာ ဟိုတစ်စ သည်တစ်စ ကျန်နေတော့၏။
    ထို့နောက် ကျွန်မက ကြေညာချက် ထုတ်လိုက်သည်။
    "သားတို့ သမီးတို့ ကျောင်းအဆောက်အအုံထဲကို လက်မှတ်တစ်စောင်မပါဘဲ ဘယ်သူမှ ပြန်ဝင် လာခွင့် မရှိဘူး"
    "ဆရာမကြီးဘာတွေ ပြောနေတာလဲဟင်"
    သူတို့အချင်းချင်း တီးတိုးတီးတိုးမေးကြသည်။
    "လက်မှတ်တစ်စောင်တဲ့ဟုတ်လား"
    "လူတိုင်း လူတိုင်း လက်မှတ်တစ်စောင်စီ ရှိရမယ်"
    ကျွန်မ က ထပ်ပြောသည်။
    "ဒီမနက် မင်းတို့ ကိုင်လာရမယ့် လက်မှတ်တစ်စောင်ဆိုတာက အမှိုက်တစ်စပဲ"
    ထိုကြေညာချက်ကြောင့် ကလေး၅၀၀သည် တစ်ယောက်လျှင် အမှိုက်တစ်စပဲ"
    ထိုကြေညာချက်ကြောင့် ကလေး၅၀၀သည် တစ်ယောက်လျှင် အမှိုက်တစ်စစီရအောင် အလုအယက် ကောက်ကြ တော့၏။ မိနစ်ပိုင်းအတွင်း ကစားကွင်းသည် ထောက်ပြစရာမရှိအောင် ရှင်းသန့် ပြောင်လက် သွားသည်။ သည်ကျင့်စဉ်သည် တနင်္လာနေ့ နံနက်တိုင်း လိုက်နာ လုပ်ဆောင်ရမည့် ကျင့်စဉ် ဖြစ်သွားသည်။
    ကျွန်မဘယ်သူ့ကိုမျှ သြဇာအာဏာသုံးပြီး အမှိုက်မကောက်ခိုင်း။ သို့သော် အမှိုက်ကောက်ရာတွင် ပါဝင် ကူညီခြင်း မရှိသည့် ကျောင်းသားကျောင်းသူ တစ်ယောက်ယောက် ကို တွေ့လျှင် သူ့ထံသို့သွားသည်။
    ဘလိန်း ဟာ မင်းရဲ့ကျောင်းမဟုတ်လား။ ဘလိန်းမိသားစုထဲမှာ မင်းကော မိသားစုဝင်တစ်ယောက် ဖြစ်ချင် ရဲ့လား။ မိသားစုဝင်ဖြစ်ပြီဆိုရင် ကိုယ့်ကျောင်းကို သန့်ရှင်းအောင် လုပ်တဲ့နေရာမှာ ၀ိုင်းကူ ရတယ့်ကွယ့်"
    ကလေးတွေကို စည်းရုံးသိမ်းသွင်းရသည်မှာ ခက်ခက်ခဲခဲ မရှိပါ။ သူတို့ကို ဆွဲဆောင်ရတာ လွယ်ပါသည်။ သို့ပေမဲ့ သူတို့မိဘတွေကျတော့ သည်လိုမဟုတ်။ အကယ်၍ ဘလိန်းနှင့် ပက်သက်သော ကျွန်မ၏ စီမံကိန်းများ အကောင်အထည်ပေါ်ချင်သည်ဆိုလျှင် မိဘတွေပါဝင်လှုပ်ရှားဖို့ လိုအပ်သည်။
    သည်တော့ မိဘများနှင့် ပထမဦးဆုံးအကြိမ် တွေ့ဆုံအစည်းအဝေးလုပ်ဖို့ ကျွန်မဆုံးဖြတ်လိုက်သည်။ ဆရာ၊ ဆရာမများအား ကျွန်မ ဆုံးဖြတ်ချက်အကြောင်း ပြောပြတော့ သူတို့အများစုက ကျွန်မကို ပြက်ရယ် ပြုကြသည်။
    "သူတို့လာမှာမဟုတ်ဘူးမယ်ဒယ်လင်း။ ဘယ်တုန်းကမှ မလာကြဘူး။ ဘယ်တော့မှလည်း လာမှာမဟုတ်ဘူး"
    ကျွန်မ၏ ပထမခြေလှမ်းမှာ ကလေးတွေကို စည်းရုံးခြင်းဖြစ်၏။ အစည်းအဝေးနှင့် ပတ်သက်ပြီး သူတို့ စိတ်ဝင်စားလာအောင် တက်တက်ကြွကြွဖြစ်လာအောင် လုပ်ပေးသည်။ ကျောင်းသားအားလုံးကို စုဝေးဖို့ ခေါ်လိုက် သည်။
    "သားတို့သမီးတို့ရဲ့ မေမေက မစ္စကတ်ရိုက်အကြောင်းကို သိဖို့လိုတယ်။ အဲဒါဟာ အရေးကြီး တယ်နော်။ ဒီနေ့ကစပြီး အစည်းအဝေးလုပ်မယ့်ရက် မတိုင်မီအထိ နေ့စဉ်နေ့တိုင်း အိမ်ကိုပြန် ရောက်တာ နဲ့ အစည်းအဝေး ကျင်းပဖို့နီးလာပြီဆိုတဲ့ အကြောင်း မင်းတို့မေမေကို ပြောပါ။ နောက်ပြီး ဆရာမကြီး အကြောင်းကိုလည်း တစ်ခုမဟုတ် တစ်ခုပြောပြကြပါ။ တစ်နေ့တာအတွင်း ဆရာမကြီးဘာလုပ်တယ်၊ ဘာပြော တယ် စဉ်းစားလို့မရရင်ဆရာမကြီး ဒီနေ့ ဘာအ၀တ်အစားဝတ်လာတယ်ဆိုတာ မင်းတို့မေမေကို ပြောပြပါ။ 'ဒီနေ့တော့ မစ္စစ်ကတ်ရိုက်ဝတ်လာတာ ဂါဝန်အစိမ်းရောင် မေမေရေ့' ဆိုတာပဲ ဖြစ်ဖြစ် ပြောပြကြနော်'
    နောက်နေ့နံနက်ကျတော့ ကျွန်မရုံးခန်းထဲမှာ ထိုင်နေသည်။ ရုံးခန်းတံခါးကို အကျယ်ကြီးဖွင့်ထားသည်။ စင်္ကြံလမ်းပေါ်မှ ဖြတ်လျှောက်သွားသည့် ကလေးတွေက ရုံးခန်းရှေ့မှာရပ်သည်။ ကျွန်မ၀တ်ထားသည့် ဂါဝန် အရောင် ကို ချောင်းကြည့်ကြသည်။
    "ဆရာမကြီး ဒီနေ့ဘာဝတ်လာလဲဟေ့၊ ဘာအရောင်လဲဟင်"
    "အပြာရောင်ဟဲ့။ ဒီနေ့ အပြာရောင်ဝတ်လာတာ"
    အစည်းအဝေးပြုလုပ်မည့် သီတင်းပတ်သို့ ရောက်သောအခါ ကျွန်မက မော်တော်ကားကို တစ်လမ်းဝင်တစ်လမ်းထွက် ဖြည်းဖြည်းချင်း မောင်းသွားသည်။ အိမ်အပြင်ဘက် လူသွားလမ်းပေါ်တွင် ထွက်ဆော့နေသည့် ကလေးတွေကိုတွေ့လျှင် 'သွားမင်းတို့မေမေကို ခေါ်ခဲ့။ ဒါမှမဟုတ် ဖေဖေကို ခေါ်ခဲ့'ဟု ကျွန်မကပြောသည်။
    ကလေး တွေက အံ့အားတသင့်ဖြစ်နေသည့် သူတို့မိဘများကို အိမ်ထဲမှ ခေါ်ထုတ်လာသောအခါ 'ကြာသပတေးနေ့ ညမှာ ကျွန်မတို့အစည်းအဝေး လုပ်ပါမယ်။ အဲဒီအစည်းအဝေးကို ရှင်တို့ လာကြ ရမယ်နော်'ဟု ကျွန်မကပြောသည်။
    ဘတ်စကားမှတ်တိုင်ကို ကားစောင့်နေသည့် လူကြီးတွေကို တွေ့သည်။ ကားကို သူတို့ရှေ့တွင် ထိုးရပ် ကာ အစည်းအဝေးအကြောင်း ပြောသည်။ အစည်းအဝေးသို့ သူတို့လည်း လာမည်ဖြစ်ကြောင်း ကတိပြု စေသည်။
ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>
Saturday, November 27, 2010
ကောင်းခြင်းမင်္ဂလာနှင့်ပြည့်စုံသော အပိုင်း (၁)
ဖြစ်ရပ်မှန်
ကောင်းခြင်းမင်္ဂလာနှင့်ပြည့်စုံသော
ဘာသာပြန် - မြတ်ငြိမ်း
    မယ်ဒယ်လင်းကတ်ရိုက် က 'နာသုံးနာပြည့်သူ
    အထူးသဖြင့် ဘ၀အခြေမလှသူကလေးတွေ၏
    ပညာရေးကို မြှင့်တင်ပေးလိုသူ၊
    သူကျောင်းအုပ်အဖြစ် ရောက်သွားသည့်
    ဆင်းရဲသား ရပ်ကွက် မူလတန်းကျောင်းမှ ကလေးများသည်
    ပညာသင်ယူရေးထက် နောက်တစ်ရက် အသက်ရှင်နေထိုင်ရေး
    အဓိကဖြစ်နေ၏။
    မိဘတွေက ကျောင်းဘက်သို့ ခြေဦးပင်မလှည့်၊
    ဆရာ ဆရာမများ က စိတ်ဓာတ်အကြီးအကျယ် ကျနေသူတွေ။
    အခြားဝန်ထမ်းများ က သံပတ်ပေး စက်ရုပ်ပမာ
    ထိုထိုသော အနေအထားများက မယ်ဒလင်း၏
    စိတ်ဓာတ်နှင့် စွမ်းရည်ကို စိန်ခေါ်နေသည်။
ရဲအဖွဲ့က တယ်လီဖုန်းဆက်ချိန်တွင် ကျွန်မသည် ကျောင်းရုံးခန်းထဲတွင် အလုပ်လုပ်နေခိုက်ဖြစ်၏။ ကျွန်မ အလုပ် လုပ်နေသည့် ကျောင်းမှာ ပင်စီလ်ဗေးနီးယားပြည်နယ်၊ ဖီလဒဲလ်ဖီးယား မြောက်ပိုင်း ရှိ ဘလိန်း မူလတန်းကျောင်း ဖြစ်သည်။ ကျွန်မ၏ တပည့်နှစ်ယောက်၏ မိခင်ဖြစ်သူ ကက်စင်ဒရာမှာ စောစောကလေး ကပင် ဓားထိုးခံလိုက်ရသည်တဲ့။ သူ့သားဖြစ်သူ ကိုးနှစ်သားကလေး ဒိုရီယံ က ကျွန်မကို ခေါ်ပေးဖို့ ပြောနေသည် ဆို၏။
အိုမဟုတ်ပါစေနဲ့ကွယ်။ ကက်စင်ဒရာမဟုတ်ပါစေနဲ့ ဟု ကျွန်မဆုတောင်းမိ၏။ ကက်စင်ဒရာကား ငယ်ရွယ် နုပျိုသော မိခင်တစ်ဦး။ စိတ်ပျက်စရာတွေ ပြည့်လျှမ်းနေသည့် ပတ်ဝန်းကျင် တစ်ခုတွင် ကိုယ့် ဘ၀ကိုယ် ပြုပြင်ဖို့ ကြိုးစားအားထုတ်နေသူတစ်ဦး။
မြို့တွင်းရှိ ကျောင်းတစ်ကျောင်းကို စံပြကျောင်းဖြစ်လာအောင် ပြုပြင် ပြောင်းလဲပစ်ဖို့ ကျွန်မမှာ ရည်မှန်းချက် ရှိခဲ့သည်။ သို့သော် ၁၉၇၉ ခုနှစ်၊ မတ်လတွင် ဘလိန်းသို့ ကျောင်းအုပ် ဆရာမအဖြစ်ဖြင့် ရောက်လာ ကတည်းက ကျွန်မရင်ဆိုင်ရမည့် အခက်အခဲများသည် လွယ်ကူလိမ့်မည် မဟုတ်ကြောင်း သိမြင် သဘောပေါက်ခဲ့၏။
ဘလိန်း မူလတန်းကျောင်း၏ ၀န်းကျင် စထရေး ဘယ်ရီမင်းရှင်း အမည်ရှိ တိုက်အိမ်တွဲကြီးရှိသည်။ လေးထောင့် ပုံစံ တိုက်အိမ်ကြီး ၁၆အိမ်လောက် တွဲစပ်တည်ဆောက်ထားသည့် စထရော် ဘယ်ရီမင်းရှင်းကြီး တစ်ခုလုံးမှာ ဟောင်းနွမ်းပျက်စီးနေပြီ။ ထိုတိုက်တွဲကြီးတွင် နေထိုင်သည့် အိမ်ထောင်စု အများစု သည် လူမှုဖူလုံရေး ထောက်ပံ့ကြေးပေါ်တွင် မှီခိုအားထားနေကြသူများဖြစ်၏။ ကျွန်မတို့ ကျောင်းတွင် လာရောက်စာသင်နေသည့် စာသင်သားတွေထဲမှ လက်တစ်ဆုပ်စာ မျှသော ကျောင်းသူ ကျောင်းသား တွေသာ ကျောင်းမှ အိမ်သို့ ပြန်ရောက်လာလျှင် သူတို့၏ မိရင်းဖရင်းနှင့် ဆုံတွေ့ကြရသည်။
ကျွန်မ တို့ကျောင်းမှ ကလေးအတော်များများမှ ထာဝစဉ် တိုက်ပွဲနွဲနေသည့် ကမ္ဘာတစ်ခုထဲတွင် နေထိုင် ကျင်လည် နေကြရ၏။ တိုက်ပွဲများသည် သူတို့ နေထိုင်သည့် အိမ်ထဲမှာ ဖြစ်ချင်ဖြစ်မည်။ သို့မဟုတ် ပါကလည်း သူတို့အိမ်နှင့် ကပ်လျက်ရှိသည့် အိမ်ထဲမှာ ဖြစ်ချင်ဖြစ်နေမည်။
တစ်ခါတစ်ရံ တွင် ကျောင်းစင်္ကြံလမ်းပေါ်၌ အပြုံးအရယ်မဲ့စွာ ဖြတ်လျှောက်လာသည့် ကလေး တစ်ယောက် ယောက် ကို ကျွန်မ ရပ်တန့်စေသည်။ ပြီးတော့မေးကြည့်သည်။
   "ဘယ်လိုဖြစ်တာလဲကွယ်"
ထိုအခါ အကြမ်းဖက်မှု ဇာတ်လမ်းတစ်ပုဒ်ကို ကြားရတတ်၏။ ထိုအခါ ကျွန်မက ထိုကလေးကို စိတ် သက်သာရာ သက်သာကြောင်းပြောရ၏။ အားပေးရ၏။ တကယ်တော့ သည်လို ဝေဒနာမျိုးကို ဘယ်ကလေး မျှ မခံစားထိုက်ပါချေ။
"ဒီမှာတော့ သားဘာမှမဖြစ်စေရဘူး။ သားရဲ့ကျောင်းဟာ လုံခြုံတဲ့နေရာ၊ စိတ်ချရတဲ့နေရာကွယ့်။ ဒီကျောင်းမှာ သားကို လူတိုင်းက ကောင်းကောင်းမွန်မွန် ဖော်ဖော်ရွေရွေ ဆက်ဆံကြလိမ့်မယ်။ သား ပြုံးနိုင် ရယ်နိုင် လာအောင် ဆရာမကြီးတို့က ၀ိုင်းဝန်းကူညီ စောင့်ရှောက်ကြမှာပါကွယ်"
ကျွန်မက သည်လိုစကားမျိုးဖြင့် အားပေးခဲ့သည်။ နှစ်သိမ့် ဖျောင်းဖျခဲ့သည်။ သို့ပေမဲ့ ခုတော့ အဆိုးရွားဆုံး ဖြစ်ရပ်တစ်ခုက ဖြစ်ပေါ်လာခဲ့လေပြီ။ ကျွန်မကျောင်းသားတွေ၏ မိဘတွေထဲမှာ မိခင်တစ်ယောက်မှာ သတ်ဖြတ်ခြင်းခံလိုက်ရပြီ။ ဒိုရီယံတွင် ညီမကလေးနှစ်ယောက်ရှိသည်။ သူတို့၏မိခင် ကက်စင်ဒရာ အသတ်ခံရချိန်တွင် သူတို့ သုံးယောင်စလုံး အခင်းဖြစ်ပွားသည့် နေရာမှာ ရှိနေကြသည်။
ကက်စင်ဒရာ့ ဇာတ်လမ်းမှာ ကြေကွဲစရာ ဇာတ်လမ်းတစ်ပုဒ်ပါ။ သူသည် ကာလကြာမြင့်စွာကတည်းက ကုတ်ကင်းစွဲနေသူတစ်ဦးဖြစ်၏။ သို့သော် သူက ပြန်လည် ပြုပြင်ရေးစခန်း သွားပြီး ဆေးဖြတ်ဖို့ ဆုံးဖြတ် ခဲ့ သည်။
တစ်လလောက် ကြာသောအခါ ကက်စင်ဒရာသည် သမီးအကြီးကလေးကို ကြိုရင်း ကျွန်မရုံးခန်းထဲသို့ ၀င်လာသည်။ ထိုအခါ ကက်စင်ဒရာ၏ ပြုပြင်ပြောင်းလဲမှုရလဒ်များကို ကျွန်မမြင်တွေ့လိုက်ရ၏။
    "ဟာ…ကက်စင်ဒရာ၊မင်းမှဟုတ်ရဲ့လားကွယ်။ မင်းကိုယ်မင်း ဘာတွေလုပ်ပြီး ဘယ်လို ပြုပြင် လိုက်တာ လဲဟင်၊ မင်းကိုကြည့်ရတာ တစ်သွေးတစ်မွေး ဖြစ်နေပါကလား"
"အိုး…ကျေးဇူးတင်ပါတယ် မစ္စစ်ကတ်ရိုက်။ ကျွန်မပြန်လည်ပြုပြင်ရေးစခန်းက ပြန်လာပြီလေ။ ကျွန်မ ဆေးပြတ် သွားပြီ ဆရာမကြီးရဲ့။ ကျွန်မဒီအတိုင်းပဲ ဆက်ပြီးနေတော့မှာပါ"
    ကက်စင်ဒရာက သူ့သမီးကို ခေါ်သွားသည်။ ကုန်စုံဆိုင်သို့ သွားပြီး ဈေးဝယ်သည်။ ပြီးတော့ တစ်နေရာ မှာ ၀င်ပြီး ဒိုရီယံအတွက် ရှူးဖိနပ်အသစ်တစ်ရန်ဝယ်သည်။ အိမ်သို့ အပြန်တွင် သူ့အဘွားအိမ်ဝင်ပြီး တစ်နှစ်သမီး အငယ်လေး ကို ခေါ်သည်။ သူ့အဘွားက သမီးအငယ်ကလေးကို ထိန်းပေးထားသည်လေ။
အိမ်သို့ရောက်သောအခါ ကက်စင်ဒရာ ညစာချက်နေသည်။ ထိုအခိုက် သူ့ယောကျာ်းပြန်လာသည်။ သူတို့နှစ်ယောက် ငွေကြေးကိစ္စနှင့်ပတ်သက်ပြီး စကားများကြသည်။ ငြင်းကြခုံကြသည်။ အငြင်းအခုံတွင် အရှိန်တက်လာပြီး တစ်ဦးကို တစ်ဦး တွန်းကြ၊ ထိုးကြ၊ ဆဲဆိုသည်အထိ ဖြစ်လာသည်။ အထိတ်တလန့်ဖြစ်နေသော ကလေးငယ်သုံးယောက်က ဆိုဖာတစ်လုံးပေါ်မှာ။ သုံးယောက်သား စုပြီး ဆိုဖာပေါ်မှာ ၀ပ်နေကြသည်။ ထို့နောက်တော့ သူတို့အဖေက ဓားတစ်ချောင်းကို ဆက်ပြီး ခေါ်ဖို့ အပေါ်ထပ်သို့ ပြေးတက်သွားသည်။
ဒိုရီယံနှင့် သူ့ညီမလေးနှစ်ယောက်မှာ အသည်းတုန်အူတုန် ဖြစ်နေသည်။ ထိတ်လန့်ကြောက်ရွံ့လွန်းသဖြင့် ဆိုဖာပေါ် တွင် လှုပ်ပင်မလှုပ်ဝံ့ကြ။ ဆေးဘက်ဆိုင်ရာ ၀န်ထမ်းတွေ တံခါးဝမှာ အပြေးအလွှား ၀င်ရောက် လာကြသော အခါ ကြမ်းပြင်ပေါ်မှာ လဲနေသည့် ကက်စင်ဒရာကို တွေ့ကြရသည်။ ကလေးသုံးယောက် ကတော့ ဆိုဖာပေါ်မှာပင် ထိုင်နေကြဆဲ။ ထိတ်လန့်တုန်လှုပ်နေသည်။ ကြက်သေသေနေသည်။။ အသံ ဆိုလို့ စိုးစိ မျှ မထွက်ဝံ့ကြ။
    နာရီအနည်းငယ်ကြာသောအခါ ရဲအဖွဲ့က ဒိုရီယံ၏ ဖခင်ကို ဖမ်းဆီးလိုက်၏။ ပြီးတော့ ကက်စင်ဒရာ တစ်ယောက် ဆေးရုံ မှာပင် သေဆုံးသွားပြီဖြစ်ကြောင်း သတင်းပေးသည်။
    "ဦးတို့ ဘယ်သူ့ကို ခေါ်ပေးရမလဲ"
    ရဲသားတစ်ယောက်က ကလေးတွေကိုမေးသည်။
    "သားတို့ ပြဿနာတစ်ခုခုပေါ်တဲ့အခါ လာပြီး ကူညီတတ်တဲ့သူ တစ်ယောက်ယောက်များ ရှိသလား"
    "ကျွန်တော့်ကျောင်းအုပ်ဆရာမကြီး ကို ခေါ်ပေးပါ"
    ဒိုရီယံ က ညီမငယ်နှစ်ယောက်ကို တင်းတင်းဖက်ထားရင်းပြောသည်။
    "သူလာပြီး ကျွန်တော်တို့ကို ခေါ်ပါလိမ့်မယ်"
ကျွန်မသူတို့ဆီသို့ သွားခဲ့ပါသည်။ ကျွန်မအတိုင်ပင်ခံ ရှေ့နေတစ်ယောက်ဆီသို့ အပြေးအလွှား သွားသည်။ သူတို့ကို ကျောင်းသို့ ခေါ်သွားသည်။ နောက်တော့ ကျွန်မအိမ်သို့ ခေါ်ခဲ့သည်။
ထိုည အဖို့တော့ အဖိုးထိုက်ရတနာလေးတွေကိုကြည့်ပြီး ကျွန်မငိုင်နေမိသည်။ သူတို့ကလေးတွေကို ဘာပြော လို့ ဘာဆိုရမည်မသိ။ သူတို့သုံးယောက်ကို ကျွန်မအိပ်ရာပေါ် ခေါ်တင်ထားသည်။ ပြီးတော့ သူတို့ကို ထွေးပွေ့ထားရုံပဲ တတ်နိုင်သည်။ သူတို့ကလေးတွေက ရှိုက်ကြီးတငင် ငိုကြွေးနေကြသည်။ ပါးစပ်ကလည်း မြည်တမ်းနေကြသည်။
    "မေ့မေ့ကို ခေါ်ပေးပါ မစ္စစ်ကတ်ရိုက်၊ မေမေ့ကို ခေါ်ပေးပါ"
ကျွန်မ သူတို့ကျောကလေးတွေကို အသာအယာ ပုတ်ပေးသည်။ သူတို့လက်မောင်းကလေးတွေကို ပွတ်သပ် ပေးသည်။ နောက်ဆုံး တော့ သူတို့ကလေးတွေ ငိုကြွေးမြည်တမ်းရင်းမောပြီး အိပ်ပျော် သွားကြသည်။ သည်တော့မှ ကျွန်မငိုမိသည်။ ဘုရားသခင်ထံတွင် ဆုပန်မိသည်။ သည်ခိုကိုးရာမဲ့ သနားစရာ ကလေးငယ်တွေသည် တပည့်တော်မကို မျှော်လင့်အားကိုးနေကြပါသည်ဘုရား။ သူတို့ ကလေး တွေသည် တပည့်တော်မကို လိုအပ်နေကြပါသည်ဘုရား။ ထို့ကြောင့် သူတို့ကလေးတွေကို ကူညီ စောင့်ရှောက် နိုင်စွမ်းရှိအောင် တပည့်တော်မအား ခွန်းအားများ ပေးသနားတော်မူပါဘုရား။
ကတ်စင်ဒရာသည် သူ့ကလေးတွေ၏ နောင်ရေးကောင်းအောင် စီစဉ်ခဲ့၏။ စိတ်ကူးယဉ်ခဲ့၏။ သူတို့ ကလေး တွေ အနေဖြင့် သူတို့မေမေ စိတ်ကူးယဉ်မျှော်မှန်းခဲ့သည့် အနာဂတ် ဘ၀မျိုးကို ခံစား ထိုက် ပါသည်။ ထို့ကြောင့် သူတို့ကလေးတွေအတွက် အတတ်နိုင်ဆုံး ကူညီမည်ဟု ကျွန်မတစ်ကိုယ်တည်း အဓိဋ္ဌာန် ပြုလိုက်ပါသည်။
နောက်ဆုံး၌ သမီးကြီးကလေးက ဆွေမျိုးတစ်ဦးထံတွင် သွားနေသည်။ ဒိုရီယံ နှင့် သူ့ညီမ အငယ်ကလေး ကတော့ ကတ်စင်ဒရာ့ အဘွားနှင့် ဆက်ပြီးနေသည်။ ဒိုရီယံက ကျွန်မတို့ကျောင်းဆက်တက်သည်။
တကယ် တော့ ဘလိန်းသို့ ကျွန်မရောက်လာခြင်းကိုက ဒိုရီယံ၊ သူ့ညီမလေးနှစ်ယောက်နှင့် သူတို့ကို ကလေး တွေကို ကူညီဖေးမဖို့ မဟုတ်ပါလား။
ဘလိန်းသို့ ကျွန်မရောက်လာသည်မှာ မတ်လ အစောပိုင်း ဖြစ်သည့်တိုင် ဆောင်းရာသီ၏ အအေးဓာတ်က ကျန်နေဆဲ။ သို့သော် နံနက်ခင်း၏ နေမင်းကြီးက နွေဦးကာလကို ညွှန်းနေ၏။ ပြိုကျ ပျက်စီးနေပြီဖြစ်သော အိမ်တန်းရှည်ကြီး ၏ ခေါင်ပေါ်မှာ ခြေချင်းဝတ် မြုပ်လောက်သည့် အမှိုက်သရိုက် တွေ ပွနေသော ကွက်လပ် များ ၏ ခေါင်းပေါ်မှာ မိုးကောင်းကင်ကြီးသည် ပြာလဲ့တောက်ပနေ၏။
သို့သော် အက်ကြောင်းကြီးများ ထင်ပြီး ပျက်စီးယိုယွင်းနေသည့် လမ်းဘေး ပလက်ဖောင်းများပေါ်မှာတော့ မှောင်နေဆဲ။ အိမ်ရှေ့ဆင်ဝင်များနှင့် အိမ်ရှေ့လှေကားများမှာ မှောင်ရိပ်များအောက်တွင် နစ်မြုပ်နေဆဲ။ အဆောက် အအုံ အများစု သည် ဗုံးကြဲခံထားရ သည်သို့ရှိ၏။ အချို့အိမ်များမှာ အထဲတွင် အခန်းများ ဖွဲ့စည်းထားခြင်း မရှိ။ ဟာလာဟင်းလင်း အခန်းကြီးများသာရှိသည်။ သည်အခန်းတွေ၏ ကြမ်းပြင်မှသည် မျက်နှာကြက်အထိ ပိုးဟပ်တွေ ကြွက်တွေ ပြည့်နေသည်။ သည်အခန်းတွေထဲတွင် ကလေးတွေ ဘယ်လို နေထိုင်ကြမည် ကို စဉ်းစားလို့ပင် မရ။ သို့တိုင် သည်ဟာလာဟင်းလင်း ခန်းမတွေထဲတွင် လူတွေ ပြည့်နေသည်။ သည်မိသားစုတွေတွင် ကလေးတွေ တစ်ပြုံတစ်မကြီး ရှိနေကြသည်။
အိမ်ရှေ့လှေကားထစ်များတွင် ရှိနေသည့် လူတွေက သူတို့ လမ်းထဲသို့ ကဲဒီလက် ကားကြီးကို ဖြည်းဖြည်းချင်း မောင်းဝင်လာပြီး မဲဆွယ်ထွက်သည့် နိုင်ငံရေးသမားတစ်ယောက်လို လက်ဝှေ့ယမ်း ပြနေသော မိန်းမတစ်ယောက်ကို မြင်တော့ အံ့သြနေကြသည်။
    "မင်္ဂလာရှိတဲ့ နံနက်ခင်းပါ။ မင်္ဂလာရှိတဲ့နံနက်ခင်းပါ"
    ကျွန်မက သူတို့ကို လှမ်းပြီး နှုတ်ခွန်းဆက်သည်။
ကျွန်မအား စိတ်မနှံ့သော မိန်းမတစ်ယောက်ဟု ထင်ကြမှာ သေချာသည်။ သည်လမ်းထဲသို့ ကဲဒီလက် ကားကြီး တွေ ၀င်လေ့ဝင်ထမရှိ တစ်စုံတစ်ယောက်သည် လမ်းမှားကွေ့မိပြီး ၀င်္ကပါလို ရှုပ်ယှက်ခတ် နေသည့် အဆောက်အအုံတွေကြားထဲတွင် လမ်းပျောက်ကာ ထိတ်လန့်တကြား ဖြစ်နေမှသာ သည် လမ်းတွေ ပေါ်တွင် ကဲဒီလက်ကားကြီးတွေကို တွေ့ရတတ်၏။
သို့သော် ကျွန်မက ဆင်းရဲသား ရပ်ကွက်များနှင့် စိမ်းသူမဟုတ်။ ဆင်းရဲသား ရပ်ကွက် တစ်ခုတွင် ကျွန်မ၏ သက်တမ်းတစ်ဝက် လောက် နေထိုင်ခဲ့ရသူဖြစ်သည်။ ခုတော့ လာမည့် နှစ်ကာလ များအတွင်း သည် ရပ်ကွက် ကို ကိုယ့်အိမ်ကိုယ့်ရာလို ဖြစ်လာအောင် ပြုပြင်ပြောင်းလဲပစ်မည်ဟု သံန္နိဋ္ဌာန်ချထားသည်။ သည်လို အားထုတ်လုပ်ဆောင်ခွင့်ရခြင်းသည် ပင်လျှင် ကျွန်မ၏ အိပ်မက်တစ်ခု အကောင် အထည် ပေါ်လာခြင်း မဟုတ်ပါလား။
ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>