Showing posts with label မောင်ထွန်းသူ ဘာသာပြန် အကျဉ်းစံ. Show all posts
Showing posts with label မောင်ထွန်းသူ ဘာသာပြန် အကျဉ်းစံ. Show all posts

Sunday, June 13, 2010

မောင်ထွန်းသူ ဘာသာပြန် အကျဉ်းစံ အပိုင်း (၂၂) ဇာတ်သိမ်း

အခန်း (၂၂) ဇာတ်သိမ်း

ဤအဖြစ်နှင့် ကြုံခဲ့ရပြီးသည့်နောက် ခုနှစ်လအကြာ ဆောင်းရာသီ၏ အေးမြသော တညနေခင်း တွင် ဖြစ်သည်။ စတော့ဟုမ်းမြို့မှ ထွက်လာခဲ့ပြီး နော်လစ်ဂျာဖို့ဒ်မြို့ကို ဖြတ်သန်းလာခဲ့သော မီး သင်္ဘောကြီး တစီးသည် သာယာစူးရှသော ဥသြသံနှစ်ချက်ကို ဆက်တိုက်ပေးလိုက်ပြီး ဆွီဒင်နိုင်ငံ ၏ ဆိပ်ကမ်း မြို့တမြို့ ဖြစ်သော ဟေးလ်ဗာရှိုးဆိပ်ကမ်းဆီသို့ ချဉ်းကပ်လျက် ရှိလေ၏။

ဥသြသံနှင့် မရှေးမနှောင်းမှာပင် ခရီးသည်အစုကို တင်ဆောင်ထားသော လှေတစီးသည် သင်္ဘောဆီမှ ထွက် ခွာလာသည်။ ထိုလှေပေါ်တွင် အမေရိကန်နိုင်ငံဆိုင်ရာ ကောင်စစ်ဝန်အသစ်ပါလာသည်။ ကောင် စစ်ဝန် သည် သူလာမည့်အကြောင်း ကြိုတင်၍အကြောင်းကြားထားခြင်း မရှိခဲ့သဖြင့် သူ့ရုံးမှ လာ ရောက်ကြိုဆိုမည့်သူ တဦးတယောက်မှ မရှိခဲ့ပေ။ သို့သော်လည်း သူ့ကိုယ်သူ ဆိပ်ကမ်းအရာရှိ ဖြစ်ပါသည် ဟု ပြောဆိုမိတ်ဆက်ခဲ့သော မစ္စတာ အန်ဒါဆင်သည် အရပ်ပုပု၊ မုတ်ဆိတ်မွေးရှည် ရှည်နှင့် အပြာရောင် ကုတ်အင်္ကျီ ၀တ်ထားသည်။ သူသည် နှစ်လိုဖွယ်ကောင်းသော အပြုံးဖြင့် ကောင်စစ်ဝန်အား ဆီးကြို သည်။ မစ္စတာ ဘရန်းဒီးအမည်ရှိ ကောင်စစ်ဝန်နှင့် သူ့သားတို့ ရောက် လာကြမည်ဖြစ်၍ ကြိုဆို နှုတ်ဆက်ပြီး လိုအပ်သော အကူအညီ ပေးလိုက်ပါဟု သူ၏သင်္ဘော ကုမ္ပဏီမှ ကြိုတင် အကြောင်း ကြားထားသဖြင့် ယခုကဲ့သို့ လာရောက်တွေ့ဆုံခြင်း ဖြစ်ပါသည်ဟု မစ္စတာအန်ဒါဆင်က ပြောပြလေသည်။

    မြို့သည် ဖြူဖွေးသော ဆီးနှင်းခဲများ အောက်တွင် နစ်မြုပ်လျက်ရှိ၏။ မိုးကောင်းကင်သည် ရေတွက်၍ မရနိုင်လောက်အောင် များပြားလှသည့် ကြယ်ပေါင်းစုံ၏ အလင်းရောင်ဖြင့် ၀င်းသက် တောက်ပ နေပေသည်။ ဆိပ်ကမ်းအကောက်ခွန်ရုံးဘက်ဆီသို့ အဆက်မပြတ် တိုက်ခတ်လာနေ သော မြောက်လေ သည် စူးစူးရှရှ အေးမြလှပေသည်။ ခင်ခင်မင်မင်နှင့် ဖော်ဖော်ရွေရွေပြောဆို ဆက်ဆံတတ်ပုံရသော အန်ဒါဆင် က ညစာကိုသူ့အိမ်၌ စားရန် ဖိတ်မန္တကပြုသည်။ သို့သော် လည်း ကောင်စစ်ဝန်က ညစာကို သင်္ဘော ပေါ်မှာပင် စားသောက်ခဲ့ပြီးခဲ့ပြီဖြစ်၍ တကြောင်း၊ မကြာ သေးမီကမှ ကျန်းမာလာသော သူ့သား ခရီးပန်း နေပြီဖြစ်၍ စောစောစီးစီး နားလိုခြင်းကြောင့် တကြောင်း သူတို့နေထိုင်ရမည့် အိမ်ကိုသာ လိုက်ပို့ ပေးရန် မေတ္တာရပ်ခံသည်။

    မစ္စတာအန်ဒါဆင်က ချက်ချင်းပင် သူတို့သားအဖအား လိုက်ပို့ပေးသည်။ သူတို့အိမ်မှာ သင်္ဘောကျင်းနှင့် များစွာမဝေးလှပေ။ နေချင့်စဖွယ် ကောင်းအောင် သပ်ရပ်လှပသည့် အဆောက် အအုံ ကလေး ဖြစ်သည်။ မတ်စောက်သော ခေါင်မိုးနှင့် ခေါင်မိုးတွင်ဖောက်၍ တပ်ဆင်ထားသော ပြတင်းပေါက် မှာ သူတို့မျက်စိတွင် အထူးအဆန်း ဖြစ်နေသည်။ သို့သော်လည်း အဆောက်အအုံ မှာ အလွန် ခိုင်မာ တောင့်တင်း သည့်ပုံ ပေါက်နေသည်။

အိမ်၏အနောက်ဘက် အမြင့်ပေါ်တွင် ရုံး အမှုထမ်း နေအိမ်များရှိသည်။ ကောင်စစ်ဝန်ရုံးကတော့ အောက်ဘက် အနိမ့်ထဲတွင်ဖြစ်သည်။ ကောင်စစ်ဝန်ရုံးနှင့် ကောင်စစ်ဝန်၏ နေအိမ်သည် တဆက်တည်း လိုပင် ဖြစ်သည်။ သူ့အိမ်တံခါးမှ ထွက်လျှင် ခြေလှမ်းအနည်းငယ်မျှနှင့် ရုံးသို့ ရောက်နိုင်ပေသည်။ ကောင်စစ်ဝန် တို့အတွက် ဤ တည လိုအပ်သမျှ ကူညီလုပ်ကိုင်ပေးနိုင်ရန် သူ့မိန်းမကို ပြန်ခေါ်ဦးမှ ဖြစ်မည် ဟု အန်ဒါဆင်က ဆို သည်။ နွားနို့ပူပူ တယောက်တခွက် သောက်နိုင်ဖို့။ ပြီးတော့ သူ့မိန်းမတွင် အပိုဆောင်ထားသည့် ပင်လယ်ဝမ်းဘဲမွေးနှင့် ရက်လုပ်ထားသော စောင်နှစ်ထည်ယူဖို့လိုသည်ဟု အန်ဒါဆင်က ပြော သည်။ သို့သော်လည်း ကောင်စစ်ဝန်က ငြင်းသည်။

    သူသည် ခရီးပန်းလာသည့် ကြားမှာပင် သူနေရမည့်အိမ်ကို စေ့စေ့စပ်စပ် ကြည့်ရှုလေ့လာ သည်။ အိမ်ကတော့ သန့်ရှင်းသည်။ နေလို့ထိုင်လို့ဖြစ်အောင် ကျယ်ကျယ်ဝန်းဝန်း ရှိသည်ဟု ဆုံး ဖြတ်ထားသည်။ အိပ်ရာများမှာလည်း အသင့်ခင်းကျင်းပြင်ဆင်ထားပြီးဖြစ်သည်။ သူတို့ သားအဖ မှာ အခုလို မကြာခဏ ပြောင်းရွေ့ခဲ့ရဖူးသူများဖြစ်၍ အတွေ့အကြုံ များလှပါပြီဟု ကောင်စစ်ဝန်က ဆိပ်ကမ်းအရာရှိအား ပြောသည်။ မနက်ဖြန်မနက်ကျလျှင် ဆွီဒင်လူမျိုးများ စားသောက်လေ့ရှိ သည့် နံနက်စာ ကိုတော့ သူက ကျွေးပါရစေဟု အန်ဒါဆင်က ထပ်ပြောပြန်သည်။ ကောင်စစ်ဝန်က လက်ခံကာ ကျေးဇူးတင် စကားဆိုသည်။ ထို့နောက် မနက်စောစော သူကိုယ်တိုင် လာခေါ်ပါမည် ဟုပြောကာ ပြန်သွား လေ၏။

    ကောင်စစ်ဝန်သည် ပြောင်လက်တောက်ပနေသော လှေကားလက်ရန်းကိုကိုင်၍ အိမ် အပေါ်ထပ်သို့ တက်ခဲ့သည်။ ထိုအခါကျမှပင် သူ၏ ပင်ပန်းနွမ်းနယ်မှုကို သတိထားမိ၏။ သူ့အ ခြေအနေမှာ ယခင် ကနှင့် မတူ။ ကုန်လွန်ခဲ့ပြီးသော လ အနည်းငယ်မျှ အတွင်းတွင် သိသိသာသာ ကြီး ပြောင်းလဲလာခဲ့သည်ဟု သူထင်သည်။ အနည်းငယ် လှုပ်ရှားသွားလာရုံမျှဖြင့် မောလွယ်ပန်း လွယ်သည်။ ရုပ်ရည်ကလည်း အလွန် အိုစာ ကျလာသည်ဟု သူ့ကိုယ်သူ ထင်မိ၏။ သူ့ပခုံးများ သည်ပင်လျှင် ယခင်ကလို သန်သန်မာမာ တောင့်တောင့် ရောင့်ရောင့်မရှိ။ အောက်သို့ လျှောကျ နေသည်ဟုထင်၏။ သူ့ဆံပင်မှာလည်း ဖြူရောင် သမ်းကာ မွဲခြောက်ခြောက်ဖြစ်စ ပြုနေပေပြီ။ ယနေ့ညဆိုလျှင် သူ့အဖြစ်မှာ ပို၍ သိသာနေသည်။ ကိုယ်ကာယ ပင်ပန်းနွမ်းနယ်မှုကြောင့် သူ့ မျက်လုံးများသည် ကြည်လင်တောက်ပခြင်း ကင်းမဲ့လျက်ရှိ၏။ သူ့မျက်လုံး များထဲ၌ အမြဲတစေ တွေ့မြင်ရတတ်သော မာန်မာန အရိပ်အငွေ့များသည်ပင်လျှင် ကွယ်ပျောက် လျက်ရှိ၏။ သောက ဖိစီးခြင်းကို ခံခဲ့ရသည့် ဒဏ်ရာဒဏ်ချက်များကတော့ သူ့မျက်နှာတွင် အထင် အရှားပေါ်လွင်လျက် ရှိပေသည်။

    မည်သို့ပင်ဖြစ်စေ နေရာသစ်သို့ ပြောင်းရွေ့လာခဲ့ရခြင်းသည် သူ့အတွက် သက်သာရာ ရခြင်းတမျိုးပင် ဖြစ်ပေသည်။ တချိန်သောအခါက သူမုန်းတီး ရွံရှာခဲ့ဖူးသည့် ဘေလီသည် သူ့နေ ရာတွင် အေလ်ဗင် ဘာတန်အား ရာထူးတိုးမြင့်ခန့်ထားပြီး သူ့အား ဆန်ဂျော်ဂျီမှ အမြန်ဆုံး ပြောင်း ရွေ့ ပေးသင့်ကြောင်း ထောက်ခံခဲ့သည်မှာ သံသယဖြစ်စရာ မလိုပေ။ အမှန်တော့လည်း ဆန်ဂျော် ဂျီ မြို့သူမြို့သား များသည် ဂျိုစီ ကိစ္စနှင့်ပတ်သက်၍ သူ့အပေါ် မကျေမနပ် ဖြစ်ခဲ့ကြသည်။ သူ့အား မနှစ်မြို့ခြင်း ကိုလည်း အထင် အရှား ပင် ဖော်ပြခဲ့ကြသည်။
    သူ့သားငယ် နီကိုလတ်စ်မှာလည်း ကြုံခဲ့ရသည့်အဖြစ်ကြောင့် ကိုယ်ရောစိတ်ပါ ထိခိုက်ခဲ့ ရ၏။ အမြဲတစေ ဂရုတစိုက် ပြုစုစောင့်ရှောက်မှုကြောင့် သူ့အနေဖြင့် ထူထူထောင်ထောင် ဖြစ်လာ ခဲ့သော်လည်း စိတ်ကတော့ နာလန်မထူခဲ့ပေ။ ပျော်ရွှင်သာယာခြင်း ကင်းမဲ့ကာ တမှိုင်မှိုင် တတွေ တွေဖြင့် အချိန် ကုန်နေသည်က များ၏။ အလွန် စိတ်ထိခိုက်ဖွယ်ကောင်းလှသော ဖြစ်ရပ်သည် သူ့ ခေါင်းထဲမှ ထွက်ဟန်မတူ။

ဤပတ်ဝန်းကျင်တွင် နေသမျှကာလပတ်လုံး အတိတ်က ဖြစ်ရပ်များကို နေ့စဉ်နေ့တိုင်း သတိရ နေမည်သာ ဖြစ်သည်။ ထို့ကြောင့်လည်း ဆန်ဂျော်ဂျီမှ ပြောင်းရွေ့လာခဲ့ရ ခြင်းအတွက် သူ ၀မ်းသာခဲ့ရ၏။ ကမ္ဘာ့မြောက်ဖျားမှ ဆီးနှင်းခဲများ ကျဆင်းရာ ဤဒေသသည် သူ့ အတွက်ရော နီကိုလတ်စ်အတွက်ပါ များစွာ အဆင်ပြေလာလိမ့်မည်ဟု မျှော်လင့်ရသည်။ နောက် ဆုံးတနေ့ သူ့အတွက် အဆင်မပြေဦးတော့။ အနည်းဆုံး သူ့သား နီကိုလတ်စ်အတွက် အပြောင်း အလဲဖြစ်ကာ အဆင်ပြေသွားနိုင်မည်ဆိုလျှင်ပင် သူ ကျေနပ်နိုင် မည်ဖြစ်၏။ သူ့အတွက်ကတော့ အဆင်မပြေ၍လည်း ဘာမှ ထိခိုက်နစ်နာစရာအကြောင်း မရှိတော့ ဟု အခိုင်အမာ ယုံကြည်ထားပြီး ဖြစ်လေသည်။

    သူသည် ဖြစ်ပေါ်လာခဲ့သမျှ ဒုက္ခ သုက္ခများကို တည်တည်ငြိမ်ငြိမ်နှင့်ပင် ရင်ဆိုင်ခဲ့၏။ ကံ ကြမ္မာ၏ ပြင်းထန်သော ရိုက်ပုတ်ချက်များကိုလည်း ရဲရဲဝံ့ဝံ့ပင် ခုခံတွန်းလှန်ခဲ့၏။ သူ၏ အောင်မြင် ကျော်ကြားလိုစိတ်နှင့် ကြီးမြင့်လိုစိတ်များကိုလည်း ယခင်ကလို ရှေ့တန်းမတင်တော့။ သူ့သား အတွက် ဦးစားပေးရမည်ဖြစ်၍ စွန့်လွှတ်လိုက်ပြီဖြစ်သည်။

အနှစ်သာရ ကင်းမဲ့သောဘ၀တွင် စိတ် ပြေစရာများကိုသာ ရှာကြံယူခဲ့ခြင်းဖြင့် သူ့ဘ၀ကို အေးငြိမ်း သာယာအောင် ပြုပြင်ဖန်တီးခဲ့သည်။ အနှစ်နှစ်အလလက ထားခဲ့သော သူ့မာန်မာနမှာလည်း လုံးဝ ပျက်သုဉ်းမသွားသည့်တိုင်အောင် တပိုင်းစီ တစစီတော့ ဖြစ်သွားခဲ့ရလေပြီ။ ဤအပျက်အစီးများကြားမှပင် ပို၍ ကောင်းမွန်ပြီး ပို၍ မွန် မြတ်သည့် ပန်းတပွင့်သည် ပွင့်လန်းလာခဲ့ရလေပြီ။ အခု အချိန်မှစ၍ သူသည် ရသမျှ ဖြစ်သမျှနှင့် ရောင့်ရဲသွားဖို့ရန်သာ ရှိတော့၏။ သူ၏ ဘ၀နေ၀င်ချိန်ကာလတွင် လမ်းကို သာသာ ဖြည်းဖြည်း နှင့် မှန်မှန်သာလျှောက်သွားဖို့ လိုသည်ဟု ယူဆထားသည်။

    နှစ်ပေါင်းများစွာ သူကြိုးစားအားထုတ်၍ ပြုစုထားခဲ့သော မေဘရန်းချီးစာမူနှင့် ပတ်သက်၍ လည်း စိတ်ထိခိုက်ခြင်း မဖြစ်တော့ပေ။ ယုတ်မာမိုက်မဲသော အစေခံတဦး၏ ဖျက်ဆီးမှုကြောင့် ပျက်စီးဆုံးရှုံး သွားခဲ့ရသော ထိုစာမူအကြောင်းကို စဉ်းစားမိသောအခါ နှမြောခြင်း ဖြစ်မိသော် လည်း အကြီးအကျယ် ၀မ်းနည်း ကြေကွဲခြင်းကား မရှိတော့ပေ။ မည်သို့ပင်ဖြစ်စေ ဖြစ်သမျှ အကြောင်း အကောင်းချည်းပဲဟူသော ခံယူချက် သည် သူ့စိတ်ကို ချမ်းသာစေခဲ့သည်မှာအမှန်။

    အပေါ်ထပ်တွင် နီကိုလတ်စ်သည် အိပ်ရာထဲရောက်နေပြီဖြစ်သည်။ သူ့မျက်လုံးများကိုပင် မှေးမှိတ်ထားပြီ ဖြစ်သည်။ ခြုံထားသည့်စောင်မှာ သူ့မေးစေ့ကို ထိလျက်ရှိ၏။ နီကိုလတ်စ်မှာ လည်း သိသိ သာသာ ပင် ပြောင်းလဲလျက်ရှိလေပြီ။ သူ့အရပ်သည် ရှည်ထွက်လာခဲ့ပြီဖြစ်သည်။ ဆန့်တန်းထားသော ခြေနှစ်ချောင်း သည် ပိန်ပါးပါး…။ ကလေးတယောက်၏ အသွင်အပြင်များ သည် မရှိသလောက်ဖြစ်နေပြီ။ သူ့မျက်နှာ သည် ကြံ့ခိုင်သောစိတ်ဓာတ်ကို ဖော်ပြလျက်ရှိ၏။ ဤ စိတ်ဓာတ်မှာ သူ့အဖေ၌မရှိသော စိတ်ဓာတ် ဟု ဆိုရမည်ဖြစ်သည်။ ကောင်စစ်ဝန်သည် သူ့သား၏ မျက်နှာကို စိမ့်စိမ့်ကြည့်ယင်း "ငါ့သားလေး ကြီးလာပါပကောလား"ဟူသော အတွေးဝင်လာသည်။ သူသည် မသိမသာကလေး သက်ပြင်း ချလိုက်မိ၏။

    မင်း အိပ်မပျော်သေးဘူးလား နီကိုလတ်စ်
    "မပျော်သေးဘူး" ဖေဖေ ဟု ဖြေလိုက်သော်လည်း မျက်လုံးများကိုတော့ မဖွင့်ပေ။
    "ဖေဖေတို့ သားအဖ နေရာသစ်တခုကို ရောက်ကြပြန်ပြီ၊ မြို့ကလေးကတော့ နေလို့ ကောင်းမယ့်ပုံပဲ၊ သား သဘောကျလိမ့်မယ်လို့ ဖေဖေထင်တယ်"
    "အနည်းဆုံး…ဥယျာဉ်တော့ မရှိဘူး မဟုတ်လား"
    "အင်း…"
    ကောင်စစ်ဝန်က စိတ်မကောင်းဖြစ်သွားသည့်နှယ် လေးလေးတွဲ့တွဲ့ အင်းလိုက်သည်။
    "ဟုတ်တယ်…၊ ဥယျာဉ်တော့မရှိဘူး"

    အချိန်အတော်ကြာမျှ ငြိမ်ဆိတ်လျက်ရှိသည်။ သူချစ်သော သားသည် သူ့ဆီသို့ပြန်မှ ရောက်ပါလေစ…၊ အခု အချိန်ထိ သူနှင့်အလှမ်းကွာဝေးသော နေရာမှပင် ရှိနေလေသလား…။ သူ့ ဘ၀တသက်တာတွင် ဘယ်တော့မှ မေ့ပျောက်၍ မရနိုင်သည့် ကြောက်စရာ့မြင်ကွင်းများသည် သူ့ စိတ်အာရုံတွင် ပြန်လည် ထင်ဟပ် လာသည်။ ထိုညက သားအဖချင်း ပြန်လည်ဆုံတွေ့ခဲ့ကြပြီးသည့် နောက် နီကိုလတ်စ်သည် သူ့အား လုံးဝအတွေ့မခံ။ အနားသို့လည်း လုံးဝအလာမခံ။ သူ့မျက်နှာ ကိုပင်မကြည့်။ သီတင်းပတ် ပေါင်းများစွာပင် သူ့သား၏ အမြင်ကို မခံဝံ့သည့်အဖြစ်…။ သူ့ကို မမြင် လိုက်နှင့်၊ မြင်လိုက်သည်နှင့် တပြိုင်နက် သူ့နှလုံးသားကို ထိခိုက်ကြေကွဲဖွယ်သော စကားတခွန်း ကို ပြောတတ်သည်။

    'ခင်ဗျားကို ကျွန်တော် သိပ်မုန်းတယ်'
    ကံမကောင်း အကြောင်းမလှသော ဂျိုစီအဖြစ်ကို သိလိုက်သည့် အချိန်မှစ၍ နီကိုလတ်စ် သည် သူနှင့် ကင်းကွာ သွားခဲ့ရ၏။ ထိုအချိန်မှစ၍ နီကိုလတ်စ်သည် စကားလည်းမပြော။ သူ့အနား ကိုလည်းမလာ။ သူ သွားပြန် လျှင်လည်း အကပ်မခံ။ နောက်ဆုံးတွင် နီကိုလတ်စ်သည် သူ့အား စကားပြန်ပြောစပြုသည်။ ပထမဆုံး စကားစပြောသည်မှာ သူ့အမေအကြောင်းဖြစ်၏။

သူ့အမေ၏ ဓာတ်ပုံကို သူ့အိပ်ရာဘေး၌ထားပေးပါဟု ပြောသည်။ ပြီးတော့ သူ့အမေ၏လိပ်စာကိ တောင်း သည်။ သူ့အမေနှင့်သူ ဘယ်တော့ တွေ့ရမလဲဟု မေးသည်။ သားအဖချင်း ဆုံမိတိုင်း သူ့အမေ အကြောင်းကိုသာ မေးလေ့ရှိသဖြင့် ဘရန်းဒီးမှာ စိတ်ထိခိုက်ကြေကွဲခြင်း ဖြစ်ခဲ့ရလေသည်။
    အခုလည်း နီကိုလတ်စ်သည် အိပ်သေးသည်မဟုတ်။ တစုံတခုကို စဉ်းစားတွေးတောနေ ဟန်ရှိသည်။ သူ ထင်သည့်တိုင်းမလွဲ။ နီကိုလတ်စ်သည် အိပ်ရာထဲမှ လူးလဲထကာ ခေါင်းအုံးပေါ် တံထောင်နှင့်ထောက်၍ ထိုင်လိုက်သည်။

    'ဖေဖေ…၊ ဒီမြို့ကျတော့ သားသား ဘယ်မှာ သွားပြီး စာသင်ရမှာလဲ'ဟု မေးသည်။
    'ဘာပြုလို့လဲ သားရဲ့၊ အလျင်တုန်းကလိုပဲ ဖေဖေကိုယ်တိုင် အိမ်မှာ သင်ပေးမှာပေါ့'
    'ကျွန်တော် အဲသလို မသင်ချင်တော့ဘူး ဖေဖေ။ ကျွန်တော် ကျောင်းနေချင်တယ်'
    ဘရန်းဒီး၏ရင်တွင် ထိတ်ကနဲဖြစ်သွားသည်။
    'မဟုတ်သေးဘူးလေ၊ သား…ရဲ့၊ ဒီလို…'

    'ကျောင်းတက်ချင်တယ်…ဖေဖေ၊ တခြားကောင်လေးတွေနဲ့ အတူတူရောပြီး စာသင်နိုင် ကစားနိုင်မယ့် နေရာ မှာပဲ ကျွန်တော်နေချင်တယ်၊ ကျွန်တော် တခြား ကောင်လေးတွေနဲ့လဲ သူငယ်ချင်း ဖြစ်ချင်တယ်'
    အတန်ကြာမျှ ငြိမ်ဆိတ်နေသည်။

    'ကောင်းပြီလေ…၊ သားသား သဘောကျသလို ဖြစ်ရမှာပေါ့၊ ဖေဖေတို့ စဉ်းစားကြတာပေါ့'
    နီကိုလတ်စ်က သူ့အဖေ၏မျက်နှာကို စူးစူးစိုက်စိုက်ကြည့်၍ အကဲခတ်သည်။
    'နောက်တခုရှိသေးတယ်…ဖေဖေ၊ ကျွန်တော်…ကျွန်တော် မေမေ့ဆီက စာတစောင်ရ တယ်'
    'ဘာ…'
    ဘရန်းဒီးက အလန့်တကြား ရေရွတ်လိုက်သည်။ နီကိုလတ်စ်ကတော့ မျက်တောင်များကို ပုတ်ခတ်… ပုတ်ခတ် လုပ်ကာ သူ့အဖေကို ကြည့်နေသည်။
    'ဖေဖေ့ကို ကျွန်တော် အသိပေးခဲ့တယ်လေ၊ ကျွန်တော် မေမေ့ဆီ စာရေးခဲ့တယ်၊ ဖေဖေ မှတ်မိတယ် မဟုတ်လား။ ကျွန်တော်…မေမေနဲ့ တွေ့ချင်တယ်…ဖေဖေ၊ ဖြစ်နိုင်ယင် အမြန်ဆုံးကို တွေ့ချင်တယ်'

    ဘရန်းဒီးမှာ အငိုက်မိသလို ဖြစ်လျက်ရှိ၏။ ရုတ်တရက် ဘယ်လိုအဖြေပေးရမှန်းမသိ။ နီကိုလတ်စ် ကလည်း သူ့ထံမှ စကားပြန်အပေးကို မစောင့်။
    'ဘာပဲဖြစ်ဖြစ်…သူဟာ ကျွန်တော့အမေပါ၊ အမေနဲ့အတူတူ နေနိုင်တဲ့ အခွင့်အရေးဟာ သားသားရဲ့ အခွင့်အရေးပါ၊ ဒီသင်္ဘောဆိပ်ကနေပြီး အမေရိကန်ကိုသွားတဲ့ သင်္ဘောတွေဟာ အများကြီးရှိနေတာပဲ၊ ကနေ့ သားသားတို့ ဒီကိုအလာ လမ်းမှာတောင် တစင်းတွေ့ခဲ့သေးတယ် လေ၊ အခုဆိုယင် သားသားလဲ ကြီးလာ ပါပြီ၊ သားသားတယောက်တည်း ခရီးသွားမယ်ဆိုလဲ ဖြစ် နေပြီပဲ'

    ကောင်စစ်ဝန်၏ရင်ထဲတွင် ယခင်ကပေါ်လေ့ပေါ်ထရှိသော ဒေါသသည် အစိုင်အခဲနှင့် ပေါ်လာ လျက်ရှိ၏။ သို့သော်လည်း ယခင်ကလို အပြင်သို့ ထွက်လာခြင်းမရှိ။ ချက်ချင်းပင် ပြေ ပျောက်သွား သည်။ ကြေကွဲသောစိတ်ဖြင့် သူ့ဒေါသကို ထိန်းချုပ်သည်။
    'သား…ပြောနေတာက…'သူသည် ခဏမျှ တုံ့ဆိုင်းနေသေးသည်။ ပြီးမှ သူ့စကားကို ပြန် ဆက်သည်။ 'သူက သားသားကို သူနဲ့လာနေဖို့ ခေါ်သလား'
    'ခေါ်တယ်…ဖေဖေ'
    'ဘယ်လောက်ကြာကြာနေဖို့ခေါ်တာလဲ'
    နီကိုလတ်စ်က သူ့အားကြည့်၍ အကဲခတ်နေပြန်သည်။

    'ဒါကတော့ ဖေဖေအပေါ်မှာ တည်တာပဲ၊ နောက်ပြီးတော့ သားသားအပေါ်မှာလဲ တည်တာ ပေါ့၊ တခုတော့ ရှိတယ်…ဖေဖေ၊ ကျွန်တော့်အနေနဲ့ တခါတရံ အမေနဲ့လဲ တလှည့်လောက်တော့ နေသင့် တယ်လို့ ထင်တယ်၊ ဒါမှလဲ သားသားဘက်က တရားမျှတရာ ရောက်မှာပေါ့…၊ ဒါမှလဲ အားလုံးအတွက် အဆင်ပြေ မှာပေါ့'

    ဘရန်းဒီးသည် ခေါင်းငိုက်စိုက်ကျလျက် ရှိသည်။ သူ့မှာ ထွက်ပေါက် ပိတ်လျက်ရှိ၏။ သား နှင့်အမိကြား တွင် စာအသွားအလာရှိနေသည်ဟု သူ သံသယဖြစ်နေခဲ့သည်မှာ ကြာပြီ။ စာအဆက် အသွယ်လုပ်ရာမှ သားအမိ ချင်း ပြန်လည်ပေါင်းစည်းရေးဟူသော ပြဿနာ ၀င်လာလိမ့်မည်ဟု တွေးတော စိုးရိမ်မိခဲ့သည်မှာ ကြာပြီ။ အခုတော့ သူ့အတွေး အထင်သည် မှန်နေပေပြီ။ မဝေးလှ သေးသော အချိန်တချိန်က စပိန် လူငယ် တယောက်သည် သူတို့သားအဖနှစ်ယောက်၏ ဘ၀ထဲကို ကျူးကျော်ဝင်ရောက်ခဲ့၏။ အခုတဖန် တယောက် ပေါ်လာပြန်ပြီ။ တခြားလူတော့ မဟုတ်။ သူ့ဇနီး မာရီယွန်…။ သူ့အား မြှုပ်နှံထားခဲ့သည့် သင်္ချိုင်းဂူ ထဲမှ တဖန် ပြန်၍ အသက်ဝင်ပြီး ထလာသူ…။ သူ့အပေါ်၌ သူ့သားက ပေးအပ်ထားသည့် ချစ်မေတ္တာ ကို ခိုးယူဖို့ရောက်လာခြင်း…။

ဒါကိုတော့ ဘယ်နည်းနှင့်မှ အဖြစ်မခံနိုင်။ ဒါကိုတော့ သူ ခွင့်ပြု၍ မဖြစ်။ ဘယ်နည်းနှင့်မှ မဖြစ်။ ဒါ ကိုသာ သူခွင့်ပြု လိုက်လျှင် သူ၏ သာယာပျော်ရွှင်မှုဟူသမျှသည် ဆိတ်သုဉ်းရပေတော့မည်။
    'ဘယ်လိုလဲ…ဖေဖေ၊ ဖေဖေ သဘောတူတယ် မဟုတ်လား၊ သားသားသွားနိုင်အောင် ဖေဖေ စီစဉ် ပေးမယ်မဟုတ်လားဟင်'
    အဖြေမပေး။ ကောင်စစ်ဝန်၏ ဦးခေါင်းသည် ငိုက်စိုက်ကျဆဲ…။ သူသည် တွေဝေငေးမော လျက်ရှိသည်။ ထို့နောက် သူ့သားအား တချက်လှမ်းကြည့်သည်။ သူ၏ကြေကွဲမှုဝေဒနာကို မျို သိပ်ထားသည်။

    'လွန်ခဲ့တဲ့ လတွေက သားသားနဲ့ဖေဖေတို့ကြားမှာ အဖြစ်အပျက်တွေ အများကြီး ဖြစ်ခဲ့ တယ်၊ ဒီဖြစ်ရပ်တွေနဲ့ပတ်သက်လို့ ဖေဖေ့မှာ အပြစ်ဆိုစရာ ရှိချင်လဲ ရှိခဲ့လိမ့်မယ်၊ ဒါပေမယ့် ဖေဖေကတော့ ဖေဖေ့ရဲ့ ကိုယ်ကျင့်တရားအပေါ်မှာ ယုံကြည်စိတ်ချမိတယ်၊ ဖေဖေရဲ့ကိုယ်ကျင့် တရားဟာ အပြစ် ကင်းစင် တယ်လို့ပဲ ယူဆတယ်၊ ဒါကို ဘုရားသခင်ကတော့ သိမှာပါ၊ တကယ်လို့ ဖေဖေ့မှာ အပြစ် မကင်းဘူး ဆိုယင်လဲ ဖေဖေ့လုပ်ရပ်အတွက် ၀မ်းနည်းတာ အမှန်ပါ၊ ဒါပေမယ့်… နောက်ထပ်… ကံဆိုး မိုးမှောင် ကျစေမယ့် အဖြစ်မျိုး မလုပ်မိအောင်တော့ ဖေဖေတို့ သတိထားကြရ မယ်၊ အထူးသဖြင့် ဖေဖေနဲ့ သားသား တို့နှစ်ယောက် ချစ်ခင်နေကြတာလေးကို ဖျက်ဆီးမပစ်မိ အောင် သတိထားဖို့လိုတယ်’

    နောက်တကြိမ်ပြန်၍ ငြိမ်ဆိတ်သွားသည်။ ကောင်စစ်ဝန်ကတော့ သက်ပြင်းရှည်ကြီးကို လေးလေးတွဲ့တွဲ့ ချလိုက်ကာ ထိုင်ရာမှထသည်၊ ပြီးမှ အိပ်ခန်းတံခါးဆီသို့ ဖြည်းညင်းစွာ လျှောက် သွားသည်။ တံခါးဝသို့ မရောက်မီ ၀င်လာသော အတွေးတခုကြောင့် နောက်သို့ ပြန်လှည့်လာပြီး သူ့သား၏ အိပ်ရာဘေး တွင်ရပ်သည်။
    ‘ကနေ့ည သားသားကို ဖေဖေစာဖတ်မပြရတော့ဘူးလား’

    နီကိုလတ်စ်က မျက်လွှာချလိုက်သည်။ သူ့အမူအရာက ငြင်းပယ်တော့မည်ဟန် ဖြစ်သည်။ ထို့နောက် တစုံတခု သော အတွေးကြောင့် စိတ်ပြောင်းသွားဟန် တူသည်။
    ‘တကယ်လို့ ဖေဖေ ဖတ်ပြချင်တယ်ဆိုယင် သားသား နားထောင်ပါမယ်’
    ကောင်စစ်ဝန်မျက်နှာတွင် အပြုံးရိပ်ဝင်လာသည်။ သူသည် တဘက်သောအခန်းသို့ ကူး သွားသည်။ ပြန်ဝင် လာသောအခါ သူ့လက်ထဲတွင် သားရေဖုံးစာအုပ်အီတအုပ် ပါလာသည်။ သူ သည် ချောင်းတချက် ဟန့်လိုက်လေသည်။

    ‘ဖေဖေတို့က ညငှက်ကြီးတွေအကြောင်း ရေးထားတဲ့အခန်းကို ဖတ်ကြရအောင်၊ သိပ်ပြီး စိတ်ဝင်စား စရာကောင်းတယ်…၊ ဖေဖေတို့ အခုလို အတူတူထိုင်ပြီး စာမဖတ်ရတာ ကြာပါပကော လား’
    ကောင်စစ်ဝန်သည် သူ့သား၏ ခုတင်စွန်းတွင် ၀င်ထိုင်လိုက်ပြီး မျက်မှန်ကိုပင့်တင်လိုက် ကာ စာအုပ်ကို ဖတ်သည်။

    ‘ကြက်ဆင်သည် အိမ်မွေး ကြက်ငှက် အကောင်ကြီးမျိုးဖြစ်သည်။ သူ၏ အမွေးအတောင် များသည် ဥဒေါင်းငှက်၏ အမွေးအတောင်များကဲ့သို့ပင် လှပခန့်ညားသည်။ အမေရိကတိုက်တွင် စတင် ပေါက်ဖွား သည့် ငှက်မျိုးဖြစ်၍ နောက်ပိုင်းကျမှ အခြားဒေသများသို့ ရောက်ရှိသွားခြင်းဖြစ်၏။ သဘာဝ အားဖြင့် ထူးဆန်းသော ငှက်တမျိုးဖြစ်၍…’
    ချက်ချင်းလိုလိုပင် ကောင်စစ်ဝန်သည် စာဖတ်နေရာမှ ရပ်သွားသည်။

    ခေါင်းအုံးပေါ်တွင် ခေါင်းတင်၍ အထက်သို့ စောင်းအိပ်နေသော နီကိုလတ်စ်၏မျက်လုံး များသည် သူ့အိပ်ရာဘေးရှိ စားပွဲပေါ်မှ အမျိုးသမီး၏ ဓာတ်ပုံဆီသို့ငေးစိုက်လျက်ရှိလေသည်။ သူ့ မိခင်ဟုဆိုသော ဤအမျိုးသမီး၏ ထူးခြား၍ ချစ်စရာကောင်းသော မျက်နှာ…။ သူ့ခေါင်းကို လက်နှစ်ဘက်ဖြင့် ထွေးပိုက်ကာ ရင်ခွင်တွင်းသို့သွားထားမည့် အမျိုးသမီး။

    နီကိုလတ်စ်သည် သူ ဖတ်ပြနေသည့်အကြောင်းအရာပေါ်တွင် စိတ်ဝင်စားသည့်ဟန် မပြ။ တကယ်တော့ သူ ဖတ်နေသမျှကို နားထောင်နေသည်မဟုတ်…။ လုံးဝနားထောင်ခြင်းမရှိ…။ လုံးဝ …လုံးဝ နားထောင်ခြင်း မရှိပါတကား…။

ပြီးပါပြီ
.
>>>ဆက်ဖတ်ရန်>>> >>

Saturday, June 12, 2010

မောင်ထွန်းသူ ဘာသာပြန် အကျဉ်းစံ အပိုင်း (၂၁)

အခန်း (၂၁)

ကာဆာဘရီဇာ ဂေဟာသို့ ဦးတည်နေသော သဲမြေထူထပ်ရာ လမ်းကြားကလေးပေါ်သို့ ကောင်စစ်ဝန် ဘရန်ဒီးလျှောက်လာနေသည့်အချိန်သည် ညဆယ်နာရီထိုးလုနီးနေပေပြီ။ ကောင်စစ်ဝန်သည် အဆမတန် ပင်ပန်းမောဟိုက်လျက်ရှိ၏။ ဆန်ဂျော်ဂျီသို့ မီးရထားနှင့် ပြန်၍ ရနိုင်တော့မည် မဟုတ်ဟူသော အတွေးဖြင့် ကောင်စစ်ဝန်သည် ခြေကျင်လျှောက်၍ ပြန်လာခဲ့ခြင်းဖြစ်သည်။

သူသည် မီးရထားလမ်းနှင့် ဝေးနိုင်သမျှ ဝေးအောင် ခွာ၍ လျှောက်ခဲ့ခြင်း ဖြစ်သည်။ တကြိမ်တခါမှ ရောက်ဖူးသော နေရာများ မဟုတ်။ လမ်းကိုလည်း မည်မည်ရရ မသိ။ ကြုံသလို ကျသလို အမှန်းအဆနှင့် လာခဲ့ခြင်းဖြစ်ရာ လယ်ကွင်းများ၊ ရေမြောင်းများ၊ ကျောက်နံရံ များ စသည့် လမ်းမဟုတ်သော နေရာပေါင်း များစွာကို ကျော်ဖြတ်ခဲ့ရသည်။ ခက်ခက်ခဲခဲနှင့် ကုပ်ကုပ်ကပ်ကပ် ကျော်ဖြတ်သွားလာနေရသဖြင့် ပင်ပန်းလွန်း လှသော်လည်း ပင်ပန်းမှန်း မသိ။ သူ့အာရုံသည် အဖြစ်ဆိုးလွန်းလှသော ထိုနေရာနှင့်ဝေးရာ ကာဆာဘရီဇာ သို့ အမြန်ဆုံး ပြန် ရောက်ရန်ဟူသော ဦးတည်ချက်တခုတည်း အပေါ်၌သာ ရှိသည်။

ညနေ ငါးနာရီ ကျော်ကျော်ခန့်တွင် အော့ဖားရီနိုးဟု ခေါ်သော ရွာကလေးတရွာသို့ ဆိုက်ရောက် သည်။ ကျေးရွာ ကုန်စုံဆိုင်တဆိုင်အတွင်း၌ ဖွင့်လှစ်ထားသည့်စာတိုက်မှ တယ်လီဖုန်းဖြင့် ကောင်စစ်ဝန်ရုံးသို့ လှမ်း၍ ဖုန်းဆက်သည်။ သို့သော်လည်း ထူးမည့်သူ တဦးတယောက်မျှ မရှိ။ ရုံးတံခါး ပိတ်ပြီး အားလုံး အိမ်ပြန်ကုန် ကြပြီ။ ထိုအခါ သူ့အိမ်သို့ ဆက်ကြည့်ပြန်သည်။ ဆက်၍ ရပါက သူ့ကို မော်တော်ကား နှင့် လာခေါ်ဖို့ ဂရေစီယာအား ခိုင်းမည်ဟု စိတ်ကူးသည်။

သို့သော် လည်း ... မရ။ ပထမတော့ တယ်လီဖုန်းကို ကောက်ကိုင်မည့်သူ မရှိ။ နောက်တော့ လိုင်းမအား ဟူသော အသံမျိုးကို ကြားရသည်။ နောက်ဆုံးကျတော့ အသံက တယ်လီဖုန်းပျက်နေပြီ ဟူသော အသံမျိုး ဖော်ပြသည်။

ဘရန်းဒီး အကြီးအကျယ် ဒေါသ ဖြစ်သည်။ သို့သော်လည်း သူတတ်နိုင်သော ကိစ္စမဟုတ်။ ချက်ချင်းပင် ဆိုင်ထဲမှ ပြန်ထွက်လာခဲ့သည်။ ရွာသားအချို့က ရှစ်နာရီတွင် ဆန်ဂျော်ဂျီ သွားမည့် ဘတ်စ်ကား တစီး ရှိသည်ဟု ၀ိုင်းပြောကြသည်။ သူသည် ဆိုငအပြင်ဘက်ရှိ ခုံတန်းလျားတလုံး ပေါ်တွင် ဦးခေါင်းငိုက်စိုက်ဖြင့် ငြိမ်ဆိတ်စွာ ထိုင်သည်။ ထမင်းဆိုင်ရှင်က သူ့အား အထဲဝင်နားဖို့ ပြောသော်လည်း လက်မခံ။ သူ့အား ရွာသူ ရွာသားများက အထူးအဆန်းတခုသဖွယ် ၀ိုင်းအုံကြည့် နေကြသည်ကိုလည်း သတိမထားနိုင်။ သူသည် သူ့အတွေး နှင့် သူ ငေးငိုင်လျက် ရှိလေသည်။

သူ့တကိုယ်လုံး အားအင်ကုန်ခန်းလျက် ရှိသည်။ အကြောအခြင်များမှာ ထုထောင်းရိုက်နှက် ခံထား ရသည့်နှယ် နာကျင်ကိုက်ခဲလျက် ရှိသည်။ သူသည် လှုပ်ရှားချင်စိတ် ကင်းမဲ့လျက် ရှိသည်။ သို့သော်လည်း သူ့ ဦးနှောက်ကတော့ လှုပ်ရှားဆဲ...။ ကိုက်လိုက်သည့်ခေါင်း...။ ကွဲသွားမလားဟု ပင် ထင်ရသည်။ ဂျိုစီ တယောက် ကတော့ သေဆုံးခဲ့ရလေပြီ။ ဤမျှလောက် ငယ်ငယ်ရွယ်ရွယ်နှင့် သေသွားရသည်မှာ ယုံကြည်နိုင် စရာပင် မရှိ။

ဟုတ်မှ ဟုတ်ရဲ့လားဟူသော သံသယသည် သူ့ ရင်ထဲ၌ ဖြစ်ပေါ်ခဲ့ရ၏။ သို့သော်လည်း စြဖ်လာသည့် အဖြစ်က အဖြစ်မှန်။ မည်သူမှ ငြင်းနိုင်သော အရာမဟုတ်။ သူ့အတွေးများသည် ချာချာလည်လျက် ရှိ၏။ ဂျိုစီ၏ အဖြစ်မှာ မတော်တဆဖြစ်ရ ခြင်းဟု ခေါ်ရမည်ထင်၏။ သူသည် လုံလောက်သော အကြောင်း ပြချက် များကို ရှာဖွေကြည့်သည်။ တကယ်တော့ အလွန်ဝမ်းနည်းကြေကွဲဖို့ ကောင်းလှသည့် မတော်တဆအဖြစ်။ သို့သော်လည်း မည်သူမျှ မရှောင်လွှဲသာသည့်အဖြစ်ဟုပင် သူထင်၏။ သူတတ်အားသရွေ့ တားမြစ်နိုင်ဖို့ ကြိုးပမ်း အားထုတ်ခဲပါသေး၏။

သို့သော်လည်း အခြေအနေက မည်မျှပင် သက်သာအောင် တွေးသော်လည်း မရ။ လုံးဝ မဖြေသာ သည့်အဖြစ်...။ သူ၏ မုန်းတီးမှု၊ ရန်ရှာမှုနှင့် ညှဉ်းပန်းနှိပ်စက်မှုများကြောင့် ဂျိုစီသည် စိတ်လွတ် ကိုယ်လွတ် ဖြစ်သွားခဲ့ရလေသလော...။ အသံမထွက်သော ညည်းသံတချက်သည် ကောင်စစ်ဝန် ၏ နှုတ်ဖျားမှ ထွက်လာသည်။ ၀မ်းနည်းကြေကွဲခြင်းနှင့် ယူကျုံးမရ ဖြစ်ခြင်းတို့သည် ကောင်စစ်ဝန် ၏ နှလုံးသားကို ပြင်းထန်စွာ နာကျင်စေသည်။

ထိုအခိုက်တွင် ဘတ်စ်ကား ရောက်လာသည်။ ရီဝေသော မျက်လုံးများဖြင့် မော့်ကြည့်သည်။ ကား ပေါ်သို့ လှမ်းတက်သည်။ လူအများနှင့် ဝေးရာ တနေရာတွင် ၀င်ထိုင်သည်။ ထို့နောက် သက်ပြင်းချ သည်။ ဘတ်စ်ကား ထွက်လာသည့် အချိန်တွင်မူ အမှောင်ရိပ်များသည် ကျဆင်းစပြုလေပြီ။ ဆန်ဂျော်ဂျီဘက်ကို နီးလာလေလေ ... သူ့နှလုံးခုန်သံသည် ပြင်းထန်လေ...။

လမ်းကြားထိပ်ရောက်ရင် ဘတ်စ်ကားပေါ်မှ ဆင်းမိသည့် အချိန်တွင်မူ သူ့စိတ်သည် ပို၍ ပြင်းထန်စွာ လှုပ်ရှားလာသည်။ စိတ်လှုပ်ရှားလွန်းသဖြင့် သူ့အိမ်ဘက်ကိုပင် မလျှောက်ဝံ့ မလျှောက်ရဲ ဖြစ်လာသည်။ သူ့ရှေ့မှလမ်းသည် အမှောင်ရိပ်အောက်တွင် မှုန်ဝါးဝါး...။ သူသည် စိတ်ကိုတင်း၍ ခပ်ဖြည်းဖြည်း လျှောက်သည်။ ဖြည်းဖြည်းမှန်မှန် လျှောက်နေပါလျက်နှင့်ပင် အသက်ရှု၍ မ၀နိုင်လောက်အောင် မောနေ သေးသည်။

သူသည် ဆက်၍ လျှောက်နိုင်ရန် မနည်း အားစိုက်နေရ၏။
ရုတ်တရက် လရောင်သည် ဖြာဆင်းကျလာသည်။ ကာဆာဘရီဇာ အိမ်ကြီးကို ပြတ်ပြက်ထင်ထင် မြင်လာရ၏။ အေးမြသောလေသည် သူ့အသားများ အတွင်းသို့ ထိုးဖောက်စိမ့်ဝင်လာသည်။ ထို့နောက် လရောင်သည် ဖြတ်ကနဲ ပျောက်သွားသည်။ ပို၍နက်ရှိုင်းသော အမှောင်ထုသည် ပြန်၍ စိုးမိုးလာသည်။ ထိုအချိန်တွင် ဘရန်းဒီးသည် အိမ်ရှေ့ဆင်ဝင်ရိပ်ဟု ခိုမခဲ့ပြီး ဖြစ်၏။ သူသည် ခေတ္တမျှရပ်၍ အသံဗလံကို နားစွင့်သည်။ ဘာသံမှ မကြားရ။ ပကတိ တိတ်ဆိတ်ခြင်း။ သူသည် အိမ်ရှေ့တံခါးကို တွန်းဖွင့်လိုက်သည်။

အတွင်းဘက်တွင် ခန်းမကြီးတခုလုံး မှောင်မည်းလျက် ရှိသည်။ ထူးဆန်းသော အနံ့တခုသည် သူ့နှာခေါင်းဆီ ရောက်လာသည်။ အနံ့မှာ စူးရှပြင်းထန်လွန်းလှသဖြင့် မျက်ရညများပင် ထွက်လာ သည်။ သူသည် ရုတ်တရက် လှုပ်ရှားခြင်း မပြုပဲ အသံကြားလိုကြားငြား နားစွင့်မိပြန်သည်။ သူသည် မီးခြစ်ကို ထုတ်၍ ခြစ်သည်။ မီးခြစ်ဆံမီးတောက်သည် တုန်ယင်လှုပ်ရှားနေသော သူ့လက်ချောင်းများကြားမှ ဖြာကနဲ လင်းလက်လာပြီး ချက်ချင်းလိုလိုပင် ပြန်ငြိမ်းသွားသည်။

ထိုအခိုက်မှာပင် အသံတသံသည် လေနှင့် ပါလာသည်။ ငိုကြွေးသံ...။ အသံလာရာဘက်သို့ ဆတ်ကနဲ လှည့်ကြည့်သည်။ ဘာကိုမှ မမြင်ရ။ သို့သော်လည်း ငိုသံကတော့ ဆက်၍ပေါ်လာနေ သည်။ သူသည် မီးဖိုခန်းတံခါးဆီသို့ လျှောက်သွားကာ ဆွဲဖွင့်လိုက်၏။ သူ့ရှေ့မှောက်တွင် မက်ဂ်ဒါလီးနား...။ စားပွဲတလုံးတွင် ထိုင်၍ ရှိုက်ကြီးတငင် ငိုကြွေးလျက် ရှိလေသည်။

"မက်ဂ်ဒါလီးနား" ဟု သူက လှမ်း၍ အသံပေးသည်။
မက်ဂ်ဒါလီးနားက မော့်ကြည့်သည်။ သူ့မျက်နှာမှာ ရုတ်တရက် မမှတ်မိနိုင်လောက်အောင်ပင် ရုပ်ပျက် ဆင်းပျက် ဖြစ်နေသည်။ ထိတ်လန့်ကြောက်ရွံ့ခြင်းနှင့် အိုစာခြင်းတို့သည် မက်ဂ်ဒါလီးနား၏မျက်နှာကို လွှမ်းခြုံ ထားလေသည်။

"ဘာဖြစ်နေတာလဲ" ဟု ဘရန်းဒီးက မေးသည်။
သူ့အား ပြူးတိပြူးကြောင်နှင့် ကြည့်နေသော မက်ဂ်ဒါလီးနားသည် စုတ်ပြဲနေသော သူ၏ အတွင်းခံ အင်္ကျီကို လက်နှစ်ဘက်နှင့် ကပျာ်ကယာ ဆွဲဖုံးသည်။
"ဘာတွေဖြစ်နေကြတာလဲ"
"သူ ထွက်သွားပြီး" ဟု မက်ဂ်ဒါလီးနားက ရေရွတ်သည်။

"ဘယ်သူလဲ ထွက်သွားတာ"
"ဂရေစီယာပေါ့၊ ကျွန်မ ... သူ့အတွက် အနစ်နာခံထားရသမျှ နောက်ဆုံးကျတော့ အလကားပဲ"ဟု ပြောကာ တခါ ထပ်၍ ငိုပြန်သည်။
ကောင်စစ်ဝန်၏ ဒေါသည် တရှိန်ထိုးတက်လာသည်။ သူသည် မက်ဂါဒါလီးနား၏ ပခုံးနှစ်ဘက်ကို ကိုင်ဆွဲ ခါယမ်း လိုက်၏။
"ပြောစမ်း ... မြန်မြန်၊ ဒီအကောင် ဘယ်ထွက်သွားတာလဲ"
မက်ဂ်ဒါလီးနား က ချက်ချင်းအဖြေမပေး။ ငိုရှိုက်နေရာမှ အဖြစ်အပျက်ကို ပြန်၍ စဉ်းစားနေဟန် ရှိသည်။

"ဘယ်သူမှ လိုက်ရှာလို့ မတွေ့နိုင်တဲ့နေရာကို ထွက်သွားပြီ၊ ရှင့်မော်တော်ကားကြီးနဲ့ဆိုတော့ သူမြန်မြန် ဆန်ဆန် သွားနိုင်တာပေါ့၊ ရှင့် ကားကိုလဲ ဘယ်လိုနည်းနဲ့မှ ရှင် ရှာလို့မတွေ့နိုင်တော့ ဘူး"
မက်ဂ်ဒါလီးနား က ဘရန်းဒီး၏ မျက်နှာကို ရွံရှာစက်ဆုပ်သော မျက်နှာထားဖြင့် မော့်ကြည့်သည်။

"ရှင်က ဘယ်လိုများ မျှော်လင့်ထားလို့လဲ သခင်ကြီးရဲ့၊ ရော့ဒရီးဂိုး ဆိုတဲ့လူက သူ့ကို ရဲလာဖမ်း တဲ့အထိ ထိုင်စောင့် နေရမှာလား၊ ရော့ဒရီးဂိုး ဆိုတာက သူ့နာမည်လေ၊ ရော့ဒရီးဂိုးအီစပန်တာရိုး တဲ့၊ သူဟာ သူခိုး၊ ဒမြ၊ ရာဇ၀တ်ကောင်၊ အရူး သိလား၊ သူက ရှင့်ကို လှလှပပ ပိပိရိရိကလေး အရူး လုပ်သွားတာ...၊ ကျွန်မ ကိုလဲ ဒီလိုပဲ လုပ်သွားတာပဲ၊ သူ လူတိုင်းကို လုပ်နေကျပဲဟာ...။

သူဟာ ကျွန်မလင်မဟုတ်ဘူး၊ ကျွန်မကသာ သူ့မိန်းမဖြစ်နေတာ၊ မက်ဒရစ်မြို့ မှာ လူချင်းတွေ့ပြီး ကျွန်မတို့ အဖွဲ့ဖြစ်လာကြတာ၊ ပြောတုန်းကတော့ ကျွန်မအပေါ်မှာ သစ္စာ မဖောက်ပါဘူးတဲ့၊ ကောင်းကောင်း လှည့်စား ပြီး ကျွန်မကို ခိုင်းစားသွားတာ၊ သူ့အလုပ်မှန်သမျှ ကျွန်မကချည်း ဒိုင်းခံလုပ်ပေးခဲ့ရတယ်၊ လူပျင်း လူညစ် တစ်ယောက်အတွက် ကျွန်မက ကျွန်တပိုင်း ဖြစ်ခဲ့ရတယ်၊ အခုတော့ မရှိတော့ဘူး၊ လစ်သွားပြီ"
ပြောယင်း ပြောယင်းနှင့်ပင် မက်ဂ်ဒါလီးနား၏ အသံသည် ကျယ်လောင်လာသည်။

"ရဲတွေ သူ့နောက်လိုက်နေပြီဆိုတာ ရှင်က ဘာပြုလို့ သူ့ကို အသိပေးရတာလဲဟင်၊ ကွယ်ရာကနေ ပြီး ရှင့်ကို သူသရော်ခဲ့တဲ့ စကားတွေများ ရှင် ကြားရယင် ဘယ်လိုနေမလဲ မပြောတတ်ဘူး၊ ရှင့်ကို ရော၊ ရှင့်ရဲ မိတ်ဆွေ လူဖလံ ပါမောက္ခကိုရော၊ သူက သရော်ခဲ့တာ၊ ရှင့်ကိုကျတော့ စည်သွတ်ငါး ကြီးတဲ့၊ ဟို ပါမောက္ခ ကိုတော့ ပုစွန်ဆိတ်တဲ့၊ ရှင်တို့စုံတွဲကို သူပေးထားတဲ့ နာမည်ပေါ့၊ ဂျိုစီကို မကောင်းကြံတာ သူပဲ၊ ရှင် တွေးမိရဲ့လား၊ သူက ဂျိုစီကို သိပ်မုန်းတာ၊ ဒါကြောင့် ဂျိုစီကို ထောင်ထဲ ရောက်အောင် ပို့မယ်လို့ အမြဲ ကြိမ်းမောင်း နေတာ၊ ရှင့်သား နီကိုလတ်စ်ကိုလဲ သူ သိပ်မုန်းတယ်၊ အခုလောလောဆယ်တော့ ရှင့်ရဲ့ စိန်ရွှေ တွေကို သူပိုင်သွားတာပေါ့ရှင်၊ ကဲ ရှင် ဘာများ တတ်နိုင် သေးလဲ"
မက်ဂ်ဒါလီးနား ၏ တကိုယ်လုံး သိုးသိုးသိမ့်သိမ့် တုန်လှုပ်တာသည်။ ပြီးတော့ အရူးတယောက် သဖွယ် ငိုနေယင်း မှ အူလှိုက်သည်းလှိုက် ထ၍ ရယ်သည်။

"အခုဆိုယင် သူပစ္စည်း အများကြီးရသွားတာပဲ၊ ရှင်တော့ ကောင်းကောင်းကြီး အထိနာသွားပြီ၊ အသာ ကလေး စောင့်ပြီး ကြည့်ဦးပေါ့လေ"
မက်ဂ်ဒါလီးနားသည် ငိုတခါ ရယ်တလှည့် ဖြစ်နေဆဲ...။ ပါးစပ်ကလည်း တောင်စဉ်ရေမရ စကား တွေ ပြောနေသည်။ မျက်ရည်များသည် ပါးပြင်နှစ်ဘက်ပေါ်သို့ စီးဆင်းကျနေသည်။ ဤမိန်းမ၏ အခြေအနေမှာ သူ့ကိုယ်သူ ထိန်းနိုင်သည့် အခြေအနေမျိုး မဟုတ်။

ဘရန်းဒီးသည် ဤမိန်းမနှင့် စကားပြောချင်စိတ် မရှိတော့။ သူ့ဘက်က ချက်ချင်းပင် လက်မြှောက် အရှုံးပေး လိုက်သည်။ သူသည် စားပွဲပေါ်မှ ဖယောင်းတိုင်ကို ယူ၍ ထွန်းညှိလိုက်ပြီး မီးဖိုခန်းထဲမှ ထွက်လာခဲ့၏။ သူ့လက်ထဲမှ ဖယောင်းတိုင်မီးရောင်သည် တလက်လက်...။ ခန်းမထဲမှာတော့ အခြေအနေမပျက်။ အားလုံး နဂိုအတိုင်း။ အပေါ်ထပ်သို့ တက်ကာ သူ့အိပ်ခန်းထဲသို့ ၀င်ပြီး ဓာတ်ငွေ့ မီးကို ထွန်းသည်။

အိမ်ခန်းတခန်းလုံး ကျွမ်းထိုးဖောက်ခုံ ဖြစ်လျက် ရှိသည်။ အံဆွဲဟူသမျှ ဆွဲထုတ်ပြီး ကြမ်းပေါ်၌ ချထားသည်။ အ၀တ် အစားများမှာလည်း ဟိုတထည် သည်တထည် ပြန့်ကြဲလျက် ရှိ၏။ ကောင်းပေ့ ဆိုသည့် အင်္ကျီ ဘောင်းဘီ ၀တ်စုံများမှာ အခန်းထဲတွင် မရှိတော့။ မှန်တင်ခုံအံဆွဲထဲ၌ ထည့်ထား သည့် ငွေထည် ပစ္စည်းများ မှာလည်း တခုမျှ မကျန်။ တခန်းလုံးမြေလှန် ရှာပြီး အဖိုးတန်ပစ္စည်း ဟူသမျှကို ယူသွားခြင်း ဖြစ်၏။ သို့သော်လည်း ဤပစ္စည်းများအတွက် ၀မ်းနည်းခြင်းလည်း မဖြစ်။ နှမြောခြင်းလည်း မရှိ။ ကြမ်းပြင် တနေရာတွင် မီးလောင်ထားသော အထုပ်တထုပ်...။ ပထမတော့ ဘာပစ္စည်းမှန်း ခွဲခြား၍ မရ။ သေသေချာချာ ထပ်ကြည့်တော့မှ သူ့စာမူထုပ်ကြီး ဖြစ်နေသည်။ စာမူ ထုပ်တထုပ်လုံး ရစရာမရှိအောင် မီးလောင် ထားသည်။

သူသည် သက်ပြင်းတချက် ချလိုက်မိ၏။ အရောင်အဆင်း ကင်းမဲ့လျက်ရှီသော ဘရန်းဒီး၏ မျက်နှာ သည် စာမူ ထုပ်ပေါ်မှ ခွာ၍ မရ။ သူ့အတွက် ကြီးလေးသော အပြစ်ဒဏ်တခုပေတည်း။ ဘ၀ တသက်တာအတွက် အနှစ်နှစ် အလလ ကြိုးပမ်းထားခဲ့ သမျှသည် ပျက်စီးဆုံးရှုံးခဲ့ရလေပြီ။ သူ ရသင့်ရထိုက်၊ ခံစားသင့် ခံစား ထိုက်သော အပြစ်ဒဏ်တခုဟုပင် ယူမှတ်ရပေတော့မည်။ ကျလု နီးနီး ဖြစ်နေသော မျက်ရည်စများကို မကျ အောင် ထိန်းသည်။ သူသည် မေ့မေ့လျော့လျော့ ဖြစ်ကာ အတန်ကြာမျှ ငေးငိုင်၍ ရပ်နေမိသည်။ ထို့နောက် စောစော က ယူလာခဲ့သည့် ဖယောင်းတိုင်ကို ပြန်ကောက်ကာ သူ့သား၏ အိပ်ခန်းဘက်သို့ ကူးခဲ့လေ၏။

သူ့သား၏ အိပ်ရာသည် ခြေရာ လက်ရာမပျက်။ မူလခင်းထားသည့် ပုံစံအတိုင်း အရာမယွင်း။ တနေ့ခင်းလုံး သူ့သားအိပ်ခဲ့သည့် လက္ခဏာမရှိ။ အေးမြသော လေသည် သူ့နောက်ကျောကို လာရောက်ထိ တွေ့သည်။ နောက်သို့ လှည့်ကြည့်မိလိုက်၏။  ခြေရင်းဘက်မှ ပြတင်းပေါက်တံခါး အားလုံး ဖွင့်ထားပါကလား။ သူ့ ဒူးနှစ်ဘက် သည် လဲကျသွားတော့မည့်နှယ် ကွေးညွှတ် ကျလာ သည်။ သူ့ကိုယ်သူ မနည်းကြီး အားယူ၍ ထိန်းထား ရသည်။ သူ့လည်ချောင်းအတွင်းမှ ရှိုက်သံ တချက်ထွက်လာသည်။ သူသည် ကြောက်လန့် တကြား ဖြစ်ကာ အိမ်အောက်ထပ် မီးဖိုခန်းဆီသို့ အပြေးအလွှား ဆင်းလာခဲ့မိသည်။

"ငါ့သား ... " သူ့နှုတ်ဖျားမှ ထိတ်လန့်ဆို့နင့်စွာ ထွက်လာသည်။ "ငါ့သား ... နီကိုလတ်စ် ဘယ်မှာလဲ"
မက်ဂ်ဒါလီးနား မှာ အတော်ကလေး တည်တည်ငြိမ်ငြိမ် ဖြစ်နေပြီ။ သို့သော်လည်း သူ ပြန်ရောက် သွားသည့်အခါ ပြူးတူးပြဲတဲ ဖြစ်လာသည်။ ဒေါသအရှိန်လည်း ပြန်တက်လာသည်။
"ဘယ်မှာလဲဟဲ့၊ ဟုတ်လား၊ ဟား...ဟား...ဟား၊ ဟို ... ဘီလူးသရဲက တအိမ်လုံး မွှေနှောက်နေတဲ့ အချိန်မှာ ရှင့်သား က ငြိမ်းချမ်းစွာနဲ့ အိပ်ပျော်နေနိုင်လိမ့်မယ် ရှင် ထင်နေသလား"
ကောင်စစ်ဝန် က ရှေ့သို့ တိုးလာသည်။ မက်ဂ်ဒါလီးနားအား စူးစူးရဲရဲ ကြည့်သည်။

"င့ါကို အခုပြောစမ်း"ဟု အော်သည်။
ပထမတော့ တင်းမာသော မျက်နှာထားဖြင့် ပြန်ကြည့်နေသေးသော်လည်း ကောင်စစ်ဝန်၏ အကြည့်ကို မြင်သောအခါ ငြိမ်သွားသည်။
"ဂရေစီယာက သူ့ကို လက်ဖျားနဲ့တောင် မတို့လိုက်ရဘူး" ဟု ဆိုသည်။ "ရှိနေယင်တော့ လုပ်ချင် လုပ်မှာ၊ ဒါပေမယ့် ... နီကိုလတ်စ်က ထွက်သွားနှင့်ပြီ၊ ဒီကနေ့ နေ့ခင်းပိုင်းမှာ အထုပ်ကလေး တထုပ်ယူပြီး ထွက်ပြေး သွားတယ်" ဘရန်းဒီး၏ ပါးစပ်မှာ ခြောက်သွေ့လာသည်။

"သူ ဘယ်သွားတာလဲ"
"ကျွန်မက ဘယ်လိုလုပ်ပြီး သိနိုင်မှာလဲ" ဟု မက်ဂ်ဒါလီးနားက ဒေါသတကြီး ပြန်ပြောသည်။ "သူလမ်းမတိုင်း ပြေးသွား နေတာ မြင်လို့ ကျွန်မက မီးဖိုချောင် ပြတင်းပေါက်ကနေပြီး အော်ခေါ် သေးတယ်၊ ဒါပေမယ့် မရဘူး၊ ကျွန်တော်အရေးတကြီး သွားစရာကိစ္စတခု ရှိနေလို့ပါလို့ အော်ပြော သွားတယ်၊ ပြီးတော့ ... ကျွန်တော် ငါးမျှား သွားမလို့ပါလို့ ထပ်အော်သွားတာပဲ"

ပထမတော့ မကင်ဂ်ဒါလီးနား၏ စကားကို သူ မယုံ။ နားလည်မလည်။ သို့သော်လည်း ချက်ချင်းပင် သူ့ဦးနှောက်တွင်းသို့ အသိတခု ၀င်လာသည်။ ဟေးလီးဗီးက သူ့အား ပြောခဲ့ဖူးသည်။ နီကိုလတ်စ် သည် တော်ရီဒိုးဘက်သို့ ဂျိုစီနှင့် အတူတူသွား၍ ငါးမျှားခဲ့ဖူးသည် ဟူသောစကား...။ ယနေ့ ဂျိုစီ သည် မီးရထားပေါ်မှ ခုန်ချကာ လွတ်မြောက်ဖို့ အားထုတ်ခဲ၏။ အကယ်၍ လွတ်ခဲ့ပါမူ  ဂျိုစီသွား မည် နေရာသည် တောင်တန်း များပေါ်မှ မြစ်ဆီသို့ပင် ဖြစ်ပေလိမ့်မည်။ သို့ဆိုလျှင် သူ့သား နီကိုလတ်စ်သည် သူ၏ သူငယ်ချင်း ဂျိုစီနှင့် တွေ့ရန်ဟူသော ရည်ရွယ်ချက်ဖြင့် အိမ်မှ ထွက်သွား ခြင်း ဖြစ်ပေလိမ့်မည်။

ဘရန်းဒီး၏ တကိုယ်လုံးပျော့ခွေ နုံးချည့်လာသည်။ ရထားပေါ်တွင် ကြုံခဲ့ရသည့်အတိုင်း ချောင်ချား သောစိတ် ဖြစ်လာသည်။ တချိန်တည်းမှာပင် ... သူ့သား၏ ရုပ်ပုံလွှာသည် သူ့မျက်စိထဲတွင် ပေါ် လာသည်။ တယောက်တည်း တောင်ကုန်းများကြား၌ တလည်လည် ဖြစ်နေသည့် သူ့သား...။ အခုလို မုန်တိုင်း ထန်မည့် ည...။ မှောင်ကြီးမည်းမည်းထဲတွင် တယောက်တည်း...။

တချက်မျှ ဝှေ့ယမ်းတိုက်ခတ်လာသည့် လေရှိန်ကြောင့် တရုတ်ကတ်များသည် ယမ်းခါသွားသည်။ သူသည် စိတ်ကို အေးအေးထားနိုင်အောင် ကြိုးစားသည်။ ထို့နောက် ခန်းမထဲသို့ ပြန်ဝင်လာခဲ့ သည်။

သူ့မှာ ဤမျှလောက် အထီးကျန်နိုင်လှသည့် အဖြစ်မျိုးနှင့် တကြိမ်တခါမျှ မကြုံစဖူး။ အခုလို အကူ အညီ လိုနေသည့် အချိန်မျိုးတွင် မည်သူ့ကို သူ အားကိုးရပါမည်နည်း။ သူ့ခေါင်းထဲသို့ တခုသော အမည်သာလျှင် ၀င်လာသည်။ တခြား လူမဟုတ်။ သဘောကောင်းရှာသော အေလ်ဗင်ဘာတန်...။ မကြာသေးခင်ကပင် သူ့အား အကြံကောင်း ဥာဏ်ကောင်းများ ပေးခဲ့ဖူး၏။ သူကတော့ တဘက် သတ် အမြင်ဖြင့် ဘာတန် ပေးသည့် အကြံဥာဏ်များကို ပယ်ချပစ်ခဲ့သည်။ မည်သို့ပင် ဖြစ်စေ အခုအချိန်မှာတော့ ဘာတန်မှ တပါး အားကိုး စရာလူမရှိ။ သူသည် တယ်လီဖုန်းကို ကောက်ယူ သည်။ လိုသောနံပါတ်ကို တောင်းသည်။ တဘက် မှ ဘာတန်၏ အသံ...။ အဖြစ်အပျက်ကို အကျဉ်း ရုံး၍ ရှင်းပြပြီး သူ့အိမ်သို့ ကားတစီးနှင့် အမြန်ဆုံး လာဖို့မှာသည်။

ဘရန်းဒီးသည်မိုးတဖြန်းဖြန်းပက်နေသည့် ဆင်ဝင်အောက်မှ ရပ်ကာ ဘာတန်ရောက်အလာကို စောင့်သည်။ အချိန်က ကုန်ခဲပါဘိခြင်း...။ မကြာခင် မော်တော်ကားဟွန်းသံသဲ့သဲ့ ကြားရသည်။ အငှားကား တစ်စီး...။ အိမ်ခြံဝင်းအတွင်းသို့ အရှိန်ပြင်းစွာ မောင်းဝင်လာသည်။ ဘရန်းဒီးက မော်တော်ကား သူ့အနား ရောက်လာ သည်အထိ မစောင့်။ ကားဆီသို့ အေ အပြေးအလွှားသွားကာ ကားတံခါးကို ဖွင့်၍ ၀င်ထိုင်သည်။

"ကားသမားကို လော်ရီဒိုဘက် မောင်းခိုင်းပါ" ဟု သူက ဘာတန်အား လှမ်းပြောသည်။
မော်တော်ကားသည် နောက်သို့ ပြန်ကွေ့ကာ လာလမ်းအတိုင်း ပြန်ထွက်သည်။ ဘရန်းဒီးသည် စိတ်မော လူမောဖြစ်ကာ နောက်သို့ မှီထိုင်လိုက်သည်။ ဂျိုစီ သေဆုံးသွားသည့် သတင်းကိုတော့ ဘာတန် ကြားပြီး လောက်ပြီဟု သူတွေးမိသည်။ သို့သော်လည်း သူ မမေးရဲ။ ပြောလည်း မပြောဝံ့။ဘာတန်ကိုယ်တိုင်ကလည်း နှုတ်ဆိတ် လျက် ရှိသည်။ ပြောစရာ စကားရှာ၍ ရဟန်မတူ။ နောက်ဆုံးကျတော့ ဘာတန်သည် စကားမရှိ စကားရှာ ၍ စပြောသည်။

"မော်တော်ကား ငှားလို့ရတာ ကံကောင်းတယ် ... ခင်ဗျ၊ ၀န်မင်း ... နေကောင်းပါတယ် ... နော်"
ဘရန်းဒီးက အဖြေမပေး။ လက်ပြပြီး မော်တော်ကားကို အမြန် မောင်းဖို့သာ ခိုင်းနေသည်။
"မြန်မြန်မောင်း ... ကွာ။ မြန်မြန် ... " သူသည် အချိန်အတော်ကြာမျှ ညငိမ်နေပြန်သည်။ ပြီးမှ သူ့ကိုယ်သူ ပြောနေသည့် အလား စကားတခွန်း ပြောသည်။ "ငါ့သားကို လိုက်ရှာနေတာ"

"နီကိုလတ်စ် ... လား" ဟု ဘာတန်က တအံ့တသြ ရေရွတ်သည်။ "သူ အခု တော်ရီဒိုမှာ ရောက် နေသလား"
"အဲဒီကို သွားမယ်ဆိုပြီး နေ့လယ်ကတည်းက ထွက်သွားတယ်လို့ ပြောတယ်၊ ဟိုကိုရောက်မယ် မရောက်ဘူး ဆိုတာတော့ အတိအကျ မသိဘူး"
"ဒီလိုဆိုယင်တော့ ရှာလို့တွေ့မှာပါ၊ စိတ် သိပ်ပူမနေပါနဲ့ ခင်ဗျာ"ဟု ဘာတန်က နှစ်သိမ့်စကား ပြောသည်။

ဘာတန်၏ အားပေးစကားသည် သူ့နှလုံးသားကို ဓားထက်ထက်နျင့် ထိုးစိုက်လိုက်သည့်နှယ် ဖြစ် သွားသည်။ သူ့လက်တဘက်သည် ဘာတန်၏ လက်တဘက်ကို လှမ်း၍ ဆုပ်ကိုင် ဖျစ်ညှစ်ထား သည်။ "ငါ့မှာ ဒီလို ဖြစ်သွားစေချင်တဲ့ စိတ်မရှိခဲ့ပါဘူး ဘာတန်ရယ်၊ ယုံပါ၊ တကယ်ပြောတပါ"ဟု ယူကျုံးမရ ဖြစ်လွန်း သော အသံဖြင့် ရေရွတ်သည်။ ဘာတန်က သူ့မျက်နှာကို တအံ့တသြ မော့် ကြည့်သည်။ သူကတော့ ပြန်မကြည့်။ မိုးရေများ ရွှဲစိုနေသော ကားပြတင်းမှ အပြင်သို့ ငေးကြည့်နေ သည်။

မော်တော်ကားသည် ကားလမ်းမကြီးပေါ်မှ ဖဲ့ဆင်းကာ တော်လမ်းပေါ် ရောက်လာသည်။ ထို့နောက် တောင်ပေါ်လမ်းများပေါ်သို့ တက်စပြုနေသည်။ လမ်းချိုးလမ်းကွေ့များနှင့်လည်း မကြာ ခဏ ကြုံရသည်။ တခါတရံ ကားသည် ရွှံထူထပ်သော လမ်းပေါ်ဝယ် ချော်သွား တတ်သည်။ မော်တော်ကား ရှေ့မီးနှစ်လုံးဆီမှ ၀ါထိန်သော မီးရောင်သည် လူသူကင်းမဲ့နေသော လမ်းပေါ်သို့ ထိုးကျလျက် ရှိလေသည်။

တနေရာတွင် ဘာတန်၏နှုတ်မှ ၀မ်းသာအားရ ရေရွတ်သံတချက် ထွက်လာသည်။ ကောင်စစ်ဝန် က မျှော်လင့်ချက်ကြီးစွာဖြင့် ခေါင်းထောင် ကြည့်သည်။ ကားမီးရှေ့ မီးရောင်အောက်တွင် လူတယောက်...။ သို့သော်လည်း ထိုလူမှာ ညဘက် အလုပ်ဆင်းလာသည့် လယ်ယာလုပ်သား တဦး...။
နောက်ဆုံးတွင် မော်တော်ကား ရပ်သွားသည်။ "တော်ရီဒိုကို ရောက်ပြီ"ဟု ကားသမားက ပြော သည်။

"ကားကို ဘာပြုလို့ ရပ်ရတာလဲ"ဟု ကောင်စစ်ဝန်က မေးသည်။
"ဆီညော်က တော်ရီဒိုကို သွားမယ်လို့ ပြောခဲ့တာပဲ၊ အခု ကျွန်တော်တို့ တော်ရီဒိုကို ရောက်ပြီ" ဟု ကားသမား က ပြန်ဖြေသည်။
"ကိစ္စ မရှိဘူး။ ကားကို ဆက်မောင်း"ဟု ဘရန်းဒီးက ခိုင်းသည်။

"ကျွန်တော်တို့ ဒီမှာ ခဏတဖြုတ် ဆင်းပြီး သတင်းလေး ဘာလေးရလိုရငြား စုံစမ်းကြည့်ယင် မကောင်း ဘူးလား" ဘာတန်က လိမ္မာပါးနပ်စွာဖြင့် အကြံပြုသည်။ လက်မှ နာရီကိုလည်း တချက် မြှောက်ကြည့် သည်။ ဆယ့်တနာရီ ထိုးပြီး၍ ငါးမိနစ်ပင် ရှိလေပြီ။ "အချိန်ကအတော်ကြီးကို နောက်ကျနေပြီ"
"ဆက်သာ မောင်းပါကွာ"ဟု ကောင်စစ်ဝန်က ဆိုသည်။ ကားသမားသည် စိတ်ရှုပ်ဟန်ဖြင့် ပခုံး များကို တွန့်လိုက် ပြီး ဆက်မောင်းသည်။ မော်တော်ကားသည် ရွာငယ်ကလေးတရွာကို ကျော်ဖြတ် လာခဲ့လေ သည်။

ရွာငယ်၏ တဘက်သို့ ရောက်သောအခါ လမ်းသည် ပိုဆိုးလာသည်။ ရေတိုက်စားထားသဖြင့် ချိုင့်တွေ ခွက်တွေနှင့် ပြည့်လာသည်။ မော်တော်ကားမှာ ပက်ကျိလမ်းသွားသည့်နှယ် ဖြစ်လာ သည်။ လမ်းပေါ်တွင် ဘာမှ ထူးထူးခြားခြား မမြင်ရ။ ကားသမားက နောက်သို့ လှည့်ပြီး ဘာတန်ကို ကြည့်သည်။ ထိုအခိုက်မှာပင် လမ်း၏ အစွန်းတဘက်တွင် မည်းမည်းအရိပ်တခုကို လှမ်းမြင်လိုက်ရ ၏။

"ဟိုမှာ ... နီကိုလတ်စ်"ဟု ဘာတန်က အော်သည်။
ကောင်စစ်ဝန်သည် ကားပြတင်းမှနေ၍ အပြင်သို့ ကြည့်သည်။ သူ့မျက်နှာထားမှာ လူကောင်း တယောက် နှင့် မတူ။ ရုတ်တရက် စိတ်ဖောက်ပြန်သွားသူ တဦးနှင့် တူနေသည်။ သူ့အနေဖြင့် သူ့သားကို အသက်ရှင် လျက် ပြန်တွေ့ရတော့မည် မဟုတ်ဟု အခိုင်အမာ တွက်ထားသည်ဖြစ်ရာ ဘာတန်၏ စကားကို မယုံကြည် နိုင်အောင် ဖြစ်လျက် ရှိသည်။ အော်သံ ကြားလိုက်ချိန်မှစ၍ သူ့ အကိုယ်လုံး အေးစက် သွားသည်။ သူ့မျက်လုံးများမှာ အဆမတန် ပြူးထွက်လာသည်။ အထင်မဟုတ်...။ သူ့သားမှ သူ့သားအစစ်။ ကားရှေ့ တည့်တည့်မှ ရပ်၍ ကြည့်နေခြင်း...။ ကျောပိုး အိတ်ကလေးကိုလွယ်လျက်...။ သူ့သား မသေ...။

ကောင်စစ်ဝန် ၏ နှုတ်မှ အော်သံ တချက် ထွက်လာသည်။ သူသည် ကားတံခါးကို ဆောင့်ဖွင့် လိုက်ပြီး သူ့သား ရှိရာသို့ ပြေးသည်။
"နီကိုလတ်စ်...ဟု အော်ခေါ်သည်။ ပြီးတော့ ရှိုက်ကြီးတငင် ငိုသည်။ "သား...၊ သား၊ ငါ့သားလေး"

အခန်း (၂၂) ဆက်ရန်

.
>>>ဆက်ဖတ်ရန်>>> >>

Friday, June 11, 2010

မောင်ထွန်းသူ ဘာသာပြန် အကျဉ်းစံ အပိုင်း (၂၀)

အခန်း (၂၀)

ဗုဒ္ဓဟူးနေ့သို့ ဆိုက်ရောက်လာခဲ့လေပြီ။ ရာသီဥတုသည် စိုစွတ် ထိုင်းမှိုင်းလျက် ရှိ၏။ ရီဝေအုံ့ဆိုင်းနေသော မိုးကောင်းကင်ထက်ဆီမှ ဖျော့တော့သော နေရောင်ခြည်သည် ပတ်ဝန်းကျင် တခွင်လုံး ကို ငြိမ်သက်စွာဖြင့် ပက်ဖျန်းပေးလျက် ရှိသည်။ မြို့ဘက်ဆီမှ တ၀ီဝီ မြည်သံများသည် ကာဆာဘရီဇာ အိမ်ကြီးဆီသို့ မကြာမကြာ ရောက်လာတတ်၏။ ဤကြားထဲမှပင် အိမ်ကြီးသည် ထူးထူး ခြားခြား တိတ်ဆိတ်ခြောက်သွေ့လျက် ရှိလေသည်။

အပြင်လောကရှိ ရာသီဥတု အခြေအနေနှင့် ကောင်စစ်ဝန်၏ စိတ်သည် အပြိုင်အဆိုင် ဖြစ်လျက် ရှိလေသည်။ ယနေ့ နံနက် အိမ်ရာမှ နိုးလာကတည်းက ဘရန်းဒီး၏ စိတ်သည် သာယာကြည်လင်ခြင်း ကင်းမဲ့ လျက်ရှိသည်။ သူ ရင်ဆိုင်နေရသော ပြဿနာများနှင့် ပတ်သက်၍ မည်ကဲ့သို့ ဆက်လက် ဆောင်ရွက် မည်ကို လွန်ခဲ့သော နှစ်ရက်ကပင် ဆုံးဖြတ်ပြီးခဲ့ပြီး ဖြစ်၏။ ဆုံးဖြတ်ပြီးသော ကိစ္စတခုနှင့် ပတ်သက် လာလျှင် သူသည် နောက်ကြောင်းပြန်၍ စဉ်းစားသော အလေ့အထရှိသူ မဟုတ်ပေ။ သူ့အနေဖြင့် ဆုံးဖြတ်ထားသည့် အတိုင်းသာ ဆက်လုပ်ရတော့မည် ဖြစ်သည်။ သို့ဆိုလျှင် သူ့မှာဘာများ သောက ရောက်စရာ လိုပါတော့သနည်း....။ သို့သော်လည်း လွန်ခဲ့သော ရက်များအတွင်းမှစ၍ စွဲကပ် လာသော စိတ်ညစ် စိတ်ရှုပ်မှုသည် ယခုအချိန်ထိ မပျောက်သေး။

နံနက်စာ စားအပြီး ရုံးသို့မသွားမီ ဘရန်းဒီးသည် နီကိုလတ်စ်ကိုခေါ်၍ သူလုပ်စရာရှိသည့် ကိစ္စများကို နည်းလည်အောင် ရှင်းပြသည်။ နီကိုလတ်စ်ကလည်း သူ့အဖေပြောပြနေသမျှကို အေးဆေးစွာပင် နားထောင် သည်။ ကြားဖြတ်၍ ပြောချင်စိတ် မေးချင်စိတ် ရှိသော်လည်း မမေးဝံ့။ နောက်ထပ် သူနှင့် သူ့အဖေ ကြားတွင် ပြဿနာ ထပ်ဖြစ်မည်ကို ကြောက်လျက်ရှိသည်။ သို့သော်လည်း သူ့အဖေ ကားနား သို့ ရောက်လာသည့် အခါတွင်မူ နီကိုလတ်စ်၏ စိတ်သည် လှုပ်ရှားလာသည်။ ပြောချင်သည့် စကားကို မပြောပဲ မနေနိုင် ဖြစ်လာသည်။ သူသည် တံခါးဝတွင် ရပ်နေရာမှ သူ့အဖေအား တချက်မော့်ကြည့်ပြီး 'မသွား ပါနဲ့လား.... ဖေဖေ'ဟု မ၀ံ့မရဲလေသံဖြင့် လှမ်းပြောသည်။
"မသွားလို့ မဖြစ်ဘူး နီကိုလတ်စ်" နီကိုလတ်စ်ငြိမ်နေသည်။

"မသွားပါနဲ့ ဖေဖေရယ်၊ ဖေဖေသွားနေဖို့ မလိုပါဘူး၊ ဂျိုစီကိုပို့တာ သူတို့ဘာသာ သူတို့ ပို့လဲရမှာပါ၊ ဖေဖေ လိုက်ဖို့ လိုမယ်မထင်ပါဘူး'ဟု နီကိုလတ်စ်က ထပ်ပြောပြန်သည်။
သို့သော် လည်း ထိုအချိန်တွင် ဘရန်းဒီးသည် မော်တော်ကားထဲ ရောက်နေလေပြီ။ ကားထဲမှနေ၍ ခေါင်းကို ဖြည်းညင်း စွာ ယမ်းပြသည်။ ပြီးတော့ လက်တဘက် မြှောက်၍ နှုတ်ဆက်သည်။ ထို့နောက်တော့ မော်တော်ကား သည် ထွက်သွားလေသည်။

ဘရန်းဒီးရုံးရောက်သည့်အခါ သူသွားရမည့် ခရီးအကြောင်းကို တွေးဖို့ အချိန်မရတော့။ အမေရိကန် နိုင်ငံ သို့ သွားရောက်နေထိုင်ရန် လျှောက်ထားသူများအား လူကိုယ်တိုင် တွေ့ဆုံး စစ်ဆေးခြင်း၊ ယင်းတို့ကို လျှောက်လွှာ များကို စိစစ်၍ ထောက်ခံပေးခြင်း၊ ဆိပ်ကမ်းမှ ပြန်လည်ထွက်ခွာမည့် အမေရိကန် သင်္ဘော များ ချောချောမောမော ပြန်လည်ထွက်ခွာနိုင်ရေး အတွက် လိုအပ်သည့် ကိစ္စအ၀၀ကို စစ်ဆေး ရှင်းလင်း ပေးခြင်း စသည့်အလုပ်များဖြင့် မအားမလပ် ဖြစ်နေရလေ၏။

ထိုတာဝန်များ ပြီးစီးသွားပြန်တော့လည်း ပါရီမြို့မှ ထုတ်ဝေသူ တဦးထံမှ စာတစောင် ရေးရပြန်သည်။ ထုတ်ဝေသူ မှာ ပါမောက္ခ ဟေးလီးဗီးက အကြံပြု ထောက်ခံပေးခဲ့သူ ဖြစ်၍ သူ့စာမူ "မေးဘရန်းချီး" အပေါ်တွံင် လိုလိုချင်ချင် ရှိလိမ့်မည်ဟု မျှော်လင့်ရပေသည်။ စာရေးရသည်မှာ ယခင်ကလို သွက်သွက် လက်လက် မရှိ။ သူ့ကလောင်တံသည် လေးကန် ဖင့်နွှဲလျက် ရှိ၏။ သူ့စိတ်သည် ထိုင်းမှိုင်းလျက် ရှိသည်။ ဘာပဲ ဖြစ်ဖြစ် လောလောဆယ် သူ့မှာ ကျေနပ်မှုကလေး တခုတော့ရှိပါ၏။ သူရေးသား ပြုစုနေသော စာမူ သည် အပြီးသတ် သွားခဲ့ပြီဖြစ်ရာ ယခုဆိုလျှင် ထုတ်ဝေသူထံသို့ ပို့ဖို့အတွက် ထုပ်ပိုးပြီး သူ့အိမ်ခန်း ထဲတွင် အသင့်ရှိနေပေပြီ။

တနာရီ ထိုးသောအခါ ဆင်းဒ၀စ်ပေါင်မုန့် တချပ်နှင့် ကော်ဖီတခွက်ကို နေ့လယ်စာအဖြစ် သူ့အခန်း ထဲမှာ၍ စးလိုက်သည်။ နောက်မိနစ်နှစ်ဆယ်ခန့်အကြာတွင်မူ သူသည် ဘူတာရုံဘက်သို့ ဦးတည်၍ လျှောက်သွား လျက် ရှိ၏။ မိုးပေါက်များ တဖွဲဖွဲကျစပြုလာလေပြီ။ မိုးရေစက်များသည် ညစ်ပတ် ပေရေ လျက် ရှိသော ပလက်ဖောင်းပေါ် ခပ်ပြင်းပြင်း ရိုက်ခတ်လျက် ရှိသည်။ ကောင်စစ်ဝန်သည် မိုးရေစို မည်ကိုပင် ဂရုမထားပဲ ဖြည်းဖြည်းမှန်မှန်ပင် လျှောက်သွားသည်။ သူ့စိတ်အာရုံသည် ဂရေစီယာထံသို့ ရောက်လျက် ရှိသည်။ သူမေးမြန်းစုံစမ်းစဉ် အခါက ဂရေစီယာ ပြုမူခဲ့သော ရုန့်ရင်းရိုင်းစိုင်းမှုများသည် သူ့မျက်စိထဲမှ မထွက်။

ဘူတာထဲတွင် ပက်ဒရို၊ ဂျိုစီနှင့် အစောင့်ရဲတို့ ရောက်နေကြပေပြီ။ သူတို့သုံးယောက်သည် ဘူတာ ပလက်ဖောင်း ဘေးတွင် ရပ်ကာ မိုးခိုလျက်ရှိကြ၏။ ကောင်စစ်ဝန်သ်ည သူတို့သုံးယောက်အား စူးစူးဝါးဝါး ကြည့်သည်။ အထူးသဖြင့် အလွန်အမင်း ပိန်ချုံးသွားသော ဂျိုစီကို ကြည့်ကာ အံ့အားသင့်လျက်ရှိသည်။ ဂျိုစီ၏ အသားအရေမှာ သွေးမရှိတော့သည့်နှယ် ဖြူရော်ရော် ၀ါဖန့်ဖန့် ဖြစ်လျက်ရှိသည်။ အ၀တ်အစား များမှာလည်း ဖရိုဖရဲနှင့် ညစ်ပတ်ပေရေလျက် ရှိ၏။ လက်ထိတ်တွဲ၍ ခတ်ထားသဖြင့် အစောင့်ရဲ၏ ဘေးတွင် ခက်ခက်ခဲခဲ ရပ်နေရသည်။ ဂျိုစီကို သူ မမြင်ခဲ့ရသည်မှာ တနင်္ဂနွေ တပတ်မျှသာ ရှိပေ သေးသည်။ ဤတပတ်လောက်အတွင်း ဤမျှလောက် ရုပ်အသွင်အပြင် ပြောင်းသွားသည်မှာ သူ့အဖို့ အံ့သြဖွယ်ရာ ဖြစ်နေသည်။ ဂျိုစီအပေါ်တွင် စက်ဆုပ်ရွံ့ရှာသော စိတ်မှာ ယခင်ကလောက် ပြင်းထန်ခြင်း မရှိတော့ပေ။ ထို့ကြောင့်လည်း သူ့စိတ်သည် အေးဆေးတည်ငြိမ်လျက် ရှိသည်။ ယခု သူလုပ်ကိုင်နေပုံမှာ မလုပ် မဖြစ်၍ လုပ်နေရသည့် ပုံမျိုးဖြစ်သည်။

ဘရန်းဒီးသည် မီးရထား လက်မှတ်သွားဝယ်ပြီး သူတို့ လူစုဆီသို့ လျှောက်လာခဲ့သည်။ ပက်ဒရိုနှင့် ဂျိုစီတို့ကတော့ သူ့အကြည့်ကို ရင်ဆိုင်ခြင်း မပြု။ တဘက်သို့ မျက်နှာလွှဲထား ကြသည်။ တရားခံစောင့် ရဲကသာ သူ့ကို မြင်မြင်ခြင်း အားနေသော လက်တဘက်ဖြင့် ဆီး၍ အလေးပြုသည်။
"စိုတိ စိုစွတ်နဲ့ နေရတာ မကောင်းဘူး"ဟု ဘရန်းဒီးက ပြောသည်။
"ဟုတ်တယ်...ဆီညော်'ဟု ရဲက အလိုက်သင့်ပြန်ဖြေသည်။ သူဖြေပုံမှာ တရိုတသေ တလေးတစား ရှိလှ၏။

ဘရန်းဒီး၏ မျက်လုံမျးားသ်ည အရောင်တလက်လက် ထွက်နေသော လက်ထိတ်များပေါ် ရောက်သွား သည်။ သူသည် အတော်ကြာမျှ ငေးစိုက်ကြည့်နေသည်။ သူ့ရင်ထဲတွင် လက်ထိတ်ကို မနှစ်မြို့သော စိတ်ဖြစ် ပေါ်လာသည်။ ရုတ်တရက် သူ့ပါးစပ်မှ မေးခွန်းတခု ထွက်လာသည်။
"ဒါတွေ ခတ်ထားဖို့ လိုသလား"
"ရထားပေါ် မရာက်ခင် လုံခြုံမှု ရှိအောင်လို့ ခတ်ထားပါဆီညော်"

ထို့နောက် ငြိမ်စိတ်သွားပြန်သည်။ ပလက်ဖောင်းခေါင်မိုး ပေါ်သို့ မိုးစက်များ ကျသံသည် မှန်မှန် ထွက်ပေါ် လျက်ရှိသည်။ ပလက်ဖောင်းအပြင်တွင် ရပ်နေကြသည့် လူအုပ်ဆီမှ တီးတိုး စကားပြောသံများကိုလည်း ကြားနေ ရသည်။ သူသည် နောက်သို့ လှည့်၍ လူအုပ်ကိုကြည့်မိသည်။ သူ့အား မနှစ်မြို့သည့် လက္ခဏာ များဖြင့် ကြည့်နေကြသည့် မျက်နှာများ...။ သူ့အကြည့်ကို ချက်ချင်းပင် ပြန်၍ ရုပ်သိမ်းလိုက်သည်။ ခဏမျှ အကြာ တွင် ပက်ဒရိုသည် သူ့မြေးအနားတွင် ရပ်နေရာမှ ထွက်ခွာသွားပြိး သတင်းစာတစောင် ၀ယ်သည်။ ပြန်ရောက် လာသည့်အခါ ဂျိုစီကို စကားလှမ်းပြောသည်။ အသံက ခပ်တိုးတိုး...။ သို့သော်လည်း ရာသီဥတု နှင့် ပတ်သက်၍ ပြောသည့်စကား။ ဂျိုစီကတော့ ခွနးတုံ့ပြန် မပြော။ အနေကျုံ့လာသော ဘရန်းဒီးသည် နေရာရွှေ့ ၍ ရပ်သည်။ မီးရထားလာမှ လာပါဦးမည်လော....။ စောင့်ရသည့် အလုပ်သည် သည်းမခံ နိုင်လောက် အောင် ဆိုးရွားလှပါတကား....။

နောက်ဆုံးတွင် မီးရထား ဥသြသံ သဲ့သဲ့သည် လေထဲတွင် ပါလာသည်။ ပြီးတော့ သံလမ်းနှင့် ထိတွေ့ နေရသည့် ရထားဘီးသံများ။ မ ကြာမတင်မှာပင် မီးရထားသည် ဘူတာရှေ့တွင် ရပ်သည်။ ဘရန်းဒီးသည် ရှေ့ဆုံးမှ နေ၍ သစ်သားတွဲ တတွဲဆီသို့ လှမ်းတက်လိုက်သည်။ ရထားတွဲထဲတွင် ခရီးသည်တချို့ ပါလာသည်။ အားလုံး တောသူ တောင်သားတွေချည်းဖြစ်၏။ ရထားတွဲထဲတွင် တကျော်ကျော် ဟစ်အော်၍ ဈေးရောင်း တတ်သော ခရီးသွား ဈေးသည်နှစ်ဦးပါသည်။ အဘွားအို တချို့မှာ ခြင်းတောင်းများ ကိုယ်စီနှင့် ဖြစ်၏။ သူ့အနေဖြင့် မူလက ထားရှိခဲ့သော ရည်ရွယ်ချက်မှာ ဂျိုစီနှင့် မျက်နှာချင်းဆိုင်ထိုင်ရန်ဖြစ်သည်။

သို့သော်လည်း တစုံတခုသော အရာက သူ့စိတ်အား နှောင့်ယှက်ဟန့်တားသလို ဖြစ်နေသဖြင့် ဂျိုစီနှင့် ခပ်လှမ်းလှမ်းမှခုံတွင် ၀င်ထိုင်မိသည်။ ထိုင်ခုံမှာ ဂျိုစီအား ကျောပေးထားသဖြင့် တည့်တည့်ကြီး မမြင်နိုင် သော်လည်း ထိုင်ခုံရှေ့နံရံပေါ်တွင် မှန်တချပ်ရှိနေသည်။ ဂျိုစီတို့ လူစု၏ လှုပ်ရှားမှုများသည် ဤမှန်ထဲတွင် ပေါ်လျက်ရှိ၏။ ဘရန်းဒီးသည် ထိုင်ခုံတွင် ထိုင်မိသည်နှင့် တပြိုင်နက် ထုံးစံအတိုင်း အချိန်ကြာမြင့်စွာ ရပ်နေဦးမည့် မီးရထားအထွက်ကို သည်းခံ၍ စောင့်ဆိုင်းရန် ကြိုးစားလျက်ရှိလေ၏။

နောက်ဆုံးကျတော့လည်း မီးရထားသည် ဘူတာထဲမှ ထွက်ခွာလာခဲ့သည်။ ရထား၏ နောက်ဘက်တွင် ကျန်ရစ် ခဲ့သည့် ရှုခင်းများကို ငေးမောနေမိသော ဘရန်းဒီးသည် မှန်ထဲတွင် ပေါ်လာသည့် ဂျိုစီတို့၏ လှုပ်ရှားမှု တခုကို သတိထားမိသည်။ အစောင့်ရဲသည် သူ့အိပ်ကပ်ထဲမှ သော့တချောင်းကို ထုတ်ကာ ဂျိုစီ၏ လက်မှလက်ထိတ်ကို ဖြုတ်ပေးသည်။ ဂျိုစီက သူ့လက်ကောက်ဝတ်ကို ပွတ်ယင်းက ရဲအား ကျေးဇူး တင်စကားပြောသည်။ အဘိုးကြီး ပက်ဒရိုကတော့ သတင်ားးထဲမှ အားကစား သတင်းများကို ကျယ်လောင် စွာ အော်ဖတ်လျက် ရှိ၏။ သို့သော်လည်း ဂျိုစီနှင့် အစောင့်ရဲတို့က နားမထင်။ အစောင့်ရဲသည် ဂျိုစီကို မျက်ခြည်အပြတ်ခံသည့် ပုံမပေါ်။ သူ၏ အပြုအမူသည် တာဝန်လစ်ဟင်းပုံမရ။ ဂျိုစီ ကတော့ မျက်နှာကို တဘက်သို့လွှဲကာ မိုးစက်မိုးပေါက်များ ပက်ဖျန်းခြင်း ခံနေရသည့် ရေမြေ တောတောင် များကို ငေးကြည့်နေသည်။

ဂျိုစီ၏ မျက်နှာသည် ရွှင်ရွှင်ပျပျမရှိ။ ၀မ်းနည်းကြေကွဲသော အသွင်သည် အထင်အရှား ပေါ်လွင်လျက်ရှိ၏။ ဤအဖြစ်ကို မြင်ရပြန်တော့လည်း ကောင်စစ်ဝန်သည် ၀မ်းမသာနိုင်။ သူ၏ အောင်နိုင်မှုသည် အနှစ်သာရ ကင်းမဲ့နေသည်။  အရသာ ရှာကြည့်ပါ၏။ မတွေ့။ သူသည် မှန်ထဲတွင် ထင်ပဟ်နေသည့် ဂျိုစီ၏ ရုပ်ရည်ကို စေ့စေ့စပ်စပ် ကြည့်မိသည်။ ထိုအခါကျပြန်တော့ ပို၍ စိတ်မကောင်း ဖြစ်မိသည်။

ဂျိုစီထံ သွား၍ အားပေးနှစ်သိမ့်သည့် စကားများ ပြောရလျှင် ကောင်းလေမလား....။ အပြစ်မှ သက်သာနိုင်သမျှ သက်သာအောင် လုပ်ပေးမည်ဟူသော ကတိကို ပေးလိုက်လျှင် ကောင်းလေမလား။ အပြစ်မှ သက်သာနိုင်သမျှသက်သာ အောင်လုပ်ပေး မည်ဟူသော ကတိကို ပေးလိုက်ရလျှင် ကောင်းလေ မလား။ သူဘယ်လို လုပ်ရပါနည်း။ အခုမှထ၍  လုပ်ရမည် ဆိုတော့လည်း စိတ်က ဖြောင့်ဖြူးခြင်း မရှိ။ သူ့ စိတ်ကူး သည် အဓိပ္ပာယ်မရှိဟု သူ ထင်၏။ ကောင်စစ်ဝန်သည် ချီတုံချတုံ ချုပ်တည်းသည်။ သူသည် မျက်နှာ ကို မှန်ပေါ်မှ လွှဲကာ တဘက်သို့ ကြည့်သည်။ ခေါင်းမှဦးထုပ်ကို ချွတ်ကာ သူ့နဖူးတွင် စို့နေသော ချွေးသီး ချွေးပေါက်ကြီး များကို လက်ကိုင်ပ၀ါဖြင့် သုတ်သည်။

ရထားတွဲအတွင်းရှိ အပူရှိန်မှာ မခံမရပ်နိုင်လောက်အောင်ပင် ပြင်းထန်လွန်းလှချေသည်။  ရထား တွဲ၏ အစွန်းတဘက်မှ တံခါးသည် သူ့ရှေ့တည့်တည့်တွင် ရှိနေသဖြင့် အပြင်မှလေတော့ ၀င်ပါ၏။ သို့သော်လည်း ၀င်လာ နေသည့် လေက လေပူကြီး ဖြစ်၏။ ပြီးတော့လည်း သူနှင့် မျက်စောင်းထိုး ဘက်တွင် အိမ်သာ။ ဤအဖြစ် ကို အခုမှပင် သူသတိပြုမိ၏။ ဤလမ်းတွင် မီးရထား အိမ်သာများ သန့်ရှင်းရေးကို မှန်မှန် လုပ်ကြသည် မဟုတ်။

သို့သော်လည်း အခုချိန်ကျမှ နေရာ ပြောင်းထိုး၍ မဖြစ်တော့။ သူသည်  စိတ်ပျက်ပျက်နှင့် သူ့နေရာ မှာ ထိုင်ကာ တွေဝေငေးငိုင်လျက် ရှိသည်။ မကြာခဏဆိုသလိုပင် ခရီးသည်များသည် သူ့ဘေးမှ ဖြတ်၍ အိမ်သာဆီ သွားကြသည်။ ဖြတ်သွားဖြတ်လာ လုပ်သူများလေ သူစိတ်ညစ် စိတ်ရှုပ်လေ။ ရထားဘီးသံ များနှင့် လေထိုးသံများသည် သူ့နားနှစ်ဘက်အတွင်းသို့ အဆက်မပြတ် ၀င်လာနေ သည်။ အသံ အားလုံး သည် သူ့ခေါင်းထဲတွင် ပဲ့တင်ထပ်လျက် ရှိ၏။ သူနေမှ ကောင်းပါလေစေ...။ ဖျားများ ဖျားနေပြီလား...။ ထိုမေးခွန်း ကို သူ့ဘာသာသူ တိတ်တိတ်ကလေးကျိတ်၍ မေးသည်။ သူ မအီမသာ ဖြစ်နေခြင်းသည် ကိုယ်ခန္ဓာ နှင့် မဆိုင်မှန်း သူ သိသည်။ အမှန်တော့ သူ အခုလို ဖြစ်နေ ရခြင်းသည် စိတ်...။ စိတ်ပိုင်း အားနည်းမှု နှင့် ချွတ်ယွင်းမှု...။

    ဤဘက်ပိုင်းသို့ ရောက်သည့်အခါ မီးရထားသည် ချောင်းငယ်မြောင်းငယ်ကို မကြာခဏ ဖြတ်ရသည်။ တောင်တန်းကြီးများ၏ ခြေရင်းမှ ကွေ့ပတ်သွားသည့်အခါ သွားရသည်။ ပင်လယ်နှင့် နီးကပ်သဖြင့် လေထုတွင် ဆားနံ့လှိုင်လျှက် ရှိ၏။ မြင်ကွင်းအတွင်းသို့ ၀င်လာတတ်သည်။ ဤဘက်ပိုင်းကျတော့ မီးရထားသည် မီးရထားနှင့်မတူ၊ လှည်းကြမ်းစီးနေရသည်နှင့် တူလှပေသည်။

    ကောင်စစ်ဝန်သည် သူ့လက်မှ နာရီကို ငုံ့ကြည့်သည်။ သုံးနာရီပင် မထိုးသေး။ ဆန်ဂျော်ဂျီမှ ဆယ့်ငါးကီလိုမီတာ အကွာမျှသာ ရောက်လိမ့်ဥိမည်ဟု သူခန့်မှန်းသည်။ သူသည်  စိတ်ထဲက ကျိတ်ပြီး ညည်းလိုက်၏။ ဘာစီလိုးနားသို့ တော်တော်နှင့် ရောက်ဦးမည် မဟုတ်ပါတကား......။ သူ့မျက်လုံးများသည် မှန်ဆီသို့ အမှတ်တမဲ့ရောက်သွားသည်။ သူတို့အားလုံး ငြိမ်သက်စွာပင် ထိုင်နေကြသည်။ သူကြည့် နေခိုက်မှာပင် ဂျိုစီအား စကားလှမ်းပြောနေသည်ကို တွေ့ရ၏။ ထို့နောက် ရဲက ဂျိုစီဘက်သို့ လှည့်၍ ခေါင်းညိတ်ပြသည်။ ဂျိုစီသည် ထိုင်ရာမှ ထကာ ထိုင်ခုံများကြားမှ တိုးဝှေ့ထွက်လာသည်။

    ဂျိုစီက အိမ်သာသွားဖို့ ခွင့်တောင်းဟန် တူ၏။ အခုဆိုလျှင် ဂျိုစီသည် သူထိုင်နေရာဘက်သို့ လျှောက်လာလျက်ရှိလေပြီ။ သူ့ရင်သည် ငြိမ်သက်ခြင်းမရှိ။ တဒိတ်ဒိတ် ခုန်လာသည်။ ဘာကြောင့် ထိုကဲ့သို့ ဖြစ်ရသနည်း။ ဂျိုစီက သူ့ကို တခုခု လုပ်မှာ ကြောက်၍လား...။ ဘယ်နည်းနှင့်မှ မဖြစ်နိုင်။ ဒါကို တော့ သူကောင်းစွာသိနေသည်။
    ဂျိုစီ၏ ခန္ဓာကိုယ်သည် ငြိမ်ငြိမ်ဆိတ်ဆိတ်မဟုတ်။ ရထားတွဲ လှုပ်ယမ်းနေသဖြင့် သူ့ကိုယ်သည် ဟိုယိုင် သည်ယိမ်း။ တဖြည်းဖြည်းနှင့် ဂျိုစီသည် သူ့နောက်သို့ ရောက်လာသည်။ ဘရန်းဒီးသည် အသက်ကို ဖြောင့်ဖြောင့် မရှူနိုင်။ မျက်စိများကို စုံမှတ်၍ မှိန်းနေဟန်ပြုဖို့ ကြိုးစားသည်။ မရ။ အလိုလိုနေယင်းနှင့် သူ့မျက်လုံး များသည် ဂျိုစီကို မော့်ကြည်နေမိသည်။

    ဂျိုစီသည် သူ့ရှေ့မကျတကျနေရာတွင် ရပ်နေသည်။ ဂျိုစီ၏ မကြည့်သည် သူ့ထံ ရောက်လာသည်။ ကြည့်ပုံမှာ ခြေဆုံးခေါင်းဆုံး။ စေ့စေ့စပ်စပ်။ ဂျိုစီ၏ မျက်နှာပေါ်တွင် တပြုံးရိပ်ပင်လျှင် မြင်လိုက်ရသည် ထင်၏။ ထိုနောက် ဂျိုစီသည် တဘက်သို့ မျက်နှာလွှဲသွား လေသည်။
    မီးရထားသည် တောင်ခြေရင်း လွင်ပြင်ဆီသို့ ဦးတည်၍ ဆင်းလျက်ရှိသည်။ ဤအဆင်းလမ်းသည် ပို၍ မတ်စောက်သည်။ ရထားအရှိန်သည် မသိမသာ နှေးလာသည်။ ဂျိုစီ၏ ခြေလှမ်းတလှမ်းသည် ရှေ့သို့ တိုးလာသည်။

    ဂျိုစီ၏ လှုပ်ရှားမှုကို မျက်ခြည်မပြတ် ကြည့်နေမိသော ကောင်စစ်ဝန်၏ စိတ်သည် ဂျိုစီ၏ ရည်ရွယ်ချက်ကို သိသလိုလို ခံစားလာရသည်။ ဂျိုစီသည် အိမ်သာဘက်သို့ မသွားပဲ ရထားတွဲ တံခါးပေါက် မှ နေ၍ အပြင်သို့ ထိုးဆင်းလေမလား...။ အသက်ရှူ၍ မ၀သည့်နှယ် ခံစားလာရသည်။ ဂျိုစီ အခုလို လုပ်လျှင်တော့ မှားလိမ့်မည်ဟု သူထင်သည်။ အခုလို အဖြစ်မျိုးတော့ အဖြစ်မခံနိုင်။ အရှိန်နှင့် သွားနေသော မီးရထားပေါ် မှ ခုန်ချဖို့ ဆိုသည်မှာ ဂျိုစီအတွက် အလွန်အသက်ဘေး အန္တရာယ်များသော အလုပ်တခု ဖြစ်၏။ သူတားမြစ်မှ ဖြစ်မည်။ သို့သော်လည်း ဂျိုစီခုန်မချနိုင်အောင် တားမြစ်ဖို့ ကိစ္စမှာ လက်တွေ့ ကျတော့ လွယ်မည်မထင်။ ဘရန်းဒီး၏ စိတ်သည် ဤအတွေးများ ဗြောင်းဆန်လျက် ရှိသည်။ ထိုစက္ကန့် ပိုင်းကလေး အတွင်းမှပင် ဂျိုစီသည် တံခါးပေါက်မှနေ၍ အပြင်ဘက်သို့ ထိုးချလိုက်လေ၏။

    ဂျိုစီ ထိုးအချနှင့် ဘရီးဒီး ထိုင်ခံပေါ်မှ ခုန်အထသည် တပြိုင်နက်တည်း ကျသည်။ ဘရန်းဒီး၏ နှုတ်မှ အလန့်တကြား အော်သံတချက် ထွက်လာသည်။ သူ့လက်သည် ဂျိုစီ ကုတ်အင်္ကျီစကို ဆွဲမိသည်။ ဂျိုစီ ခုန်ထွက်လိုက်သည့် အရှိန်က ပြင်းလွန်းလှသဖြင့် အင်္ကျီနောက်ကျော တခြမ်းလုံး ဖြန်းကနဲ စုတ်ပြဲကာ ဘရန်းဒီး လက်ထဲသို့ ပါလာသည်။ ဘရန်းဒီး တကိုယ်လုံးမှာလည်း လေထဲသို့ မြောက်တက်သွားပြီးမှ အောက်ဘက် သို့ ပြန်ကျသည်။ ကံအားလျော်စွာပင် သူ့ခြေထောက် နှစ်ဘက်သည် ရထားတွဲ သံဘောင် နှင့် ခြေနင်းခုံ ကြားသို့ ထောက်မိသော်လည်း လူက မဟန်နိုင်ပဲ အလျားမှောက်လဲကာ သူ့ခေါင်းသည် ခြေနင်းခုံ အစွန်းနှင့် အရှိန်ပြင်းစွာ ဆောင့်မိလေသည်။

    ဒုတိယအကြိမ် ကြောက်လန့်တကြား အော်ဟစ်လိုက်သော အသံသည် ကောင်စစ်ဝန်၏ ပါးစပ်မှ ထွက်ပေါ် လာပြန်သည်။ မီးရထးကို ရပ်အောင်လုပ်ကြဖို့ အသံကုန် ဟစ်၍ အော်ပြောလိုက်သော အသံဖြစ်၏။ ချက်ချင်းပင် အရေးပေါ် ခလုတ်ကြိုး ဆွဲသံကို ကြားလိုက်ရသည်။ ပြီးတော့ မီးရထား ဘရိတ် ဆွဲသံ....။ ရထားဘီးများနှင့် သံလမ်းထိတွေ့ ပွတ်တိုက်သံများ။ ထို့နောက်တော့ မီးရထားသည်။ တုံ့ကနဲ ရပ်သွားသည်။ ရထားတွဲအတွင်းမှ ခရီးသည်များသည် အပြင်သို့ တရကြမ်းတိုးဝှေ့ ထွက်ာ့သည်။ တွဲထဲ၌ တယောက်တည်း ကျန်ရစ်သော ကောင်စစ်ဝန် လဲကျနေရာမှ ကသောကမျော လူးလဲထလာသည်။ သူအပြင်ထွက်မှ ဖြစ်မည်။ မထွက်၍ မဖြစ်။ သူသွားမှ...၊ သူသွားမှ...။ သူသည် ဒရီးဒယိုင်နှင့် တွဲအပြင်သို့ ထွက်သည်။

    သူတို့သည် ဂျိုစီအား လွတ်မြောက်အောင် လုပ်ပေးခဲ့ကြပြီး ဖြစ်၏။ ဂျိုစီ၏ခန္ဓာကိုယ်သည် ရထား လမ်းဘေး ရေကာတာပေါ်ရှိ စိမ်းလန်း စိုပြည်သော  မြက်ခင်းပေါ်၌ အရုပ်ကြိုးပြတ် လဲကျ လျက်ရှိသည်။ အစုတ်စုတ်အပြတ်ပြတ်နှင့် ဖရိုဖရဲဖြစ်နေသော အ၀တ်အစားများကိုမူ သပ်သပ် ရပ်ရပ်ဖြစ်အောင် ပြုပြင် ပေးထားကြပြီးဖြစ်သည်။ တစုံတယောက်သော သူက ရုပ်ပျက်ဆင်းပျက်ဖြစ်နေသော သူ့မျက်နှာကို ဖြူဖွေး သန့်စင်သော လက်ကိုင်ပ၀ါ တထည်ဖြင့် အုပ်ပေးထားသည်။ နူးညံ့၍ စိမ်းလန်းသော မြက်ပင်များနှင့် ထိုမြက်ပင်ကြားမှ လှပစွာ ပွင့်ဖူးနေကြသော အ၀ါရောင် ပန်းပွင့်ကလေးများ....။ သာယာသော ရေစီးသံ သည် ဂျိုစီ၏နားသို့ ပြေးလာလျက်ရှိ၏။ မရောက်ရောက်အောင် သူခိုလှုံရမည့် နေရာဌာနသည် သူအလွန် ချစ်မြတ်နိုး သော မြစ်နှင့် အလှမ်းမဝေး...။

    ခရီးသည်များနှင့် ရောနှော၍ ရပ်နေသော အဘိုးအို ပက်ဒရိုသည် ကောင်စစ်ဝန်၏ မျက်နှာကိုမကြည့်။ သို့သော် ဆွေးမြေ့ညင်သာသော လေသံဖြင့် စကားတခွန်း ပြောသည်။
    'အခုဆိုယင် သူထောင်ကို  မသွားရတော့ဘူးပေါ့ ဆီညော်'
***
အခန်း (၂၁) ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

မောင်ပေါ်ထွန်း ဘာသာပြန် ကမ္ဘာရန် အပိုင်း (၃၈)

အခန်း (၃၈)

ဆီးနှင်းလွန်ကဲသော ဖေဖော်ဝါရီလ တစ်ညနေတွင် ၀ီလျံကိန်းသည် ကုလားထိုင်တွင် စိမ်ပြေ နပြေ ထိုင်ကာ ရှေ့နေ သာဒီးယပ်၏ အစီရင်ခံစာကို ပြန်လည် ဖတ်ရှုလျက် ရှိနေသည်။
အေဘယ်ရို့စနော့စကီးအား အလဲထိုးရန် သူလိုအပ်နေသော စာရွက်စာတမ်းများကို ယခုအချိန် တွင် ဟင်နရီအော့စဘွန်းသည် ယင်းစာရွက်စာတမ်းများအတွက် သူ့ထံမှ ဒေါ်လာ ၂၅၀၀၀ယူကာ တစ်နေရာသို့ တိမ်းရှောင် ထွက်ပြေးသွားခဲ့ပြီ။ အင်း ... ဒီလူ့စရိုက်ကတော့ ဒီအတိုင်းပါပဲ၊ သူက ယင်းသို့ တွေးလိုက်ပြီး ရို့စနော့စီး ၏ အမှုတွဲဖိုင်ကို မီးခံသေတ္တာထဲသို့ ပြန်ထည့်ထားလိုက်သည်။ ယခု သူ့လက်ထဲတွင်ရှိသော စာရွက် စာတမ်းများမှာ ဓာတ်ပုံမိတ္တူများဖြစ်ပြီး မူရင်းများကိုမူ လွန်ခဲ့ သော သုံးလေးရက်ခန့်ကပင် ရှေ့နေ သာဒီးယကပ်ကိုဟင် က တရားရေးဌာနသို့ ပေးပို့လိုက်ပြီ ဖြစ် သည်။

အေဘယ်ရို့စနော့စကီးအား တူရကီမှ ပြန်ရောက်ရောက်ချင်း ဖမ်းကြတော့မည်။ သည်တော့မှ အင်တာစတိတ် လေကြောင်းကုမ္ပဏီရှိ သူပိုင်စတော့တွေကို မတန်တဆတွေးပြီး အကြီးအကျယ် ၀မ်းသာ နေမိသည်။ ၀ီလျံက ကလဲ့စားချေခွင့်ရမည့် အရေးကို တွေးပြီး အကြီအကျယ် ၀မ်းသာ နေမိသည်။ သည်တစ်ကြိမ် တွင်တော့ သူက အစစအရာရာ ကြိုတင် ပြင်ဆင်ထားသည်။

သူက အင်တာစတိတ်စတော့တွေ ဈေးကွက်သို့ ရောက်လာလျှင် ရောက်လာချင်း အမြန်ဝယ်ယူရန် သူ၏ စတော့ပွဲစားအား ညွှန်ကြားထားပြီး ဖြစ်သည်။ ယင်းအတွက် လိုအပ်သောငွေကို ဘဏ်တိုက် မှ ထုတ်မယူဘဲ သူပိုင်ငွေ ဖြင့် ၀ယ်ရန် စီစဉ်ထားသည်။ ထို့ပြင် လက်စတာဘဏ်၏ စတော့ပိုင်ရှင် တွေအားလုံးထံသို့လည်း အင်တာစတိတ် စတော့များကို သူ့အား မတိုင်ပင်ဘဲ မည်သူမျှ ရောင်းချ ခြင်းမပြုကြရန် ညွှန်ကြားလွှာ ပေးပို့ ထားလိုက်သည်။

ရက်သတ္တပတ်တွေ ကုန်လွန်သွားသော်လည်း အေဘယ်ရို့စနော့စကီး၏ လှုပ်ရှားမှု တစ်စုံတစ်ရာ ကို လုံးဝ မတွေ့ရ။ ဧကန္တတော့ သူသည် ဖြစ်ပေါ်လာသော ပြဿနာအားလုံးအတွက် အော့စဘွန်း အပေါ်တွင် ပုံချပြီး သွေးရူးသွေးတန်း ဖြစ်နပြီမှာ သေချာသည်။

အော့စဘွန်းက အစိုးရသက်သေအဖြစ် ထွက်ဆိုလျှင် အေဘယ်ရို့စနော့စကီးသည် နှစ်ပေါင်း များစွာ ထောင်ဒဏ်ခံရတော့မည်မှာ မြေကြီးလက်ခတ်မလွဲဟု ၀ီလျံ၏ ရှေ့နေသာဒီးယက် ကိုဟင် ကလည်း ကျိန်းသေပေါက် တွက်ထားသည်။ ယင်းသို့ဆိုလျှင် သူ့အနေဖြင့် ဘဏ်တိုက်သော် လည်းကောင်း၊ ၀ီလျံ ကိုသော် လည်းကောင်း ဘယ်လိုမှ ဒုက္ခပေးနိုင်တော့မည် မဟုတ်။

အေဘယ်ရို့စနော့စကီး ထောင်ကျသွားလျှင် ရစ်ချတ်လည်း မလွဲမသွေ အိမ်ပြန်လာရမည်ဟု ၀ီလျံ က မျှော်လင့်ထားသည်။ သည်တော့မှ ရစ်ချတ်အား အေဘယ်ရို့စနော့စကီး၏သမီးကို စွန့်ခိုင်းပြီး မိသားစုဘဏ်လုပ်ငန်းကို ကြီးကြပ်အုပ်ချုပ်စေမည်။

ရှေ့နေသာဒီးယပ်ကိုဟင်၏ အစီရင်ခံစာအရဆိုသော် ရစ်ခတ်သည် သူ့ဇနီးဆန္ဒအတိုင်း ဖက်ရှင် တိုက်တွေ တစ်တိုက်ပြီးတစ်တိုက် ဖွင့်နေသည်။ သို့သော် လက်စတာဘဏ်လုပ်ငန်း၏ ဥက္ကဋ္ဌရာထူး နှင့် ရို့စနော့ စကီးသမီး၏ ဖက်ရှင်လုပ်ငန်းမှာ ငွေကြေးပမာဏအရသော်လည်းကောင်း၊ ဂုဏ်သိက္ခာ အရ သော်လည်းကောင်း ဘယ်လိုမှ ယှဉ်၍ ရနိုင်မည် မဟုတ်။

ဝီလျံအနေဖြင့် အစိုးရိမ်ဆုံးအချက်မှာ ဥက္ကဋ္ဌရာထူး ဆက်ခံနိုင်မည့်သူ မမြင်သေးခြင်းပင် ဖြစ်သည်။ လက်ရှိရည်မှန်းထားသူ ဒုတိယဥက္ကဋ္ဌ ဂျိတ်ခ်သောမတ်မှာ ပရက်စတန်တက္ကသိုလ်ထွက်ဖြစ်သော် လည်း ဥက္ကဋ္ဌရာထူးနှင့် ထိုက်တန်သော အားမာန်မျိုးမရှိဟု ထင်သည်။ ထို့ကြောင့် သူသည် အသက် ၆၅နှစ်ပြည့်သည်အထိ ဥက္ကဋ္ဌရာထူးတွင် ဆက်လက် လုပ်ကိုင်နေပြီးသည်ကြားထဲတွင် ရစ်ချတ်ကို တဖြည်းဖြည်း နှင့် စည်းရုံးသိမ်းသွင်းရမည် ဖြစ်သည်။

သည်ကိစ္စအတွက် ကိတ်ကိုပင် အားကိုးရတော့မည် ကိတ်အနေဖြင့် သူမ၏ သားကြီးကို နားဝင် အောင် ပြောပြပြီး ပြန်ခေါ်လျှင် ရနိုင်စရာရှိသည်။
သို့သော် ရက်တွေသာ တဖြည်းဖြည်း ကြာညောင်းလာခဲ့သည်။ ရစ်ချတ်အနေဖြင့် မိဘထံသို့ ပြန် လာရန် ရနိုင်စရာ ရှိသည်။

သို့သော် သည်ကြားထဲ သမီးကြီး ဗာဂျင်နီယာကို အိမ်ထောင်ချလိုက်၍ တော်သေးသည်။ ယခုအခါ ဗာဂျင်နီယာမှာ ကိုယ်ဝန်ရှိနေပြီ။ ရစ်ချတ်က ရို့စနော့စကီး၏သမီးကို စွန့်ပြီး ပြန်မလာလျှင် အကယ်၍များ ဗာဂျင်နီယာ တွင် သားယောက်ျားကလေး မွေးလာမည်ဆိုပါက ရှိသမျှအမွေ အားလုံး ကို ဗာဂျင်နီယာကိုပင် ပေးခဲ့တော့မည်။
သည်ရက်များအတွင်း ၀ီလျံသည် စိတ်မအား လူမအား ဖြစ်နေသည်။ ဘဏ်လုပ်ငန်းကလည်း အားလပ်ချိန်မရအောင် ပိနေသည်။ ရစ်ချတ်အတွက်လည်း နေ့စဉ်နှင့်အမျှ တွေးပူနေရသည်။ မရှင်းလင်း သေးသော အေဘယ်ရို့စနော့စကီ ပြဿနာကြောင့်လည်း ခေါင်းမီးတောက်နေသည်။

တစ်နေ့တွင် ၀ီလျံသည် ဘဏ်တိုက်ရုံးခန်းထဲ၌ အလုပ်လုပ်နေစဉ် နှလုံးရောဂါကြောင့် မူးမေ့လဲ ကျသွားသည်။ သို့သော် အခြေအနေက ပြန်ကောင်းလာသည်။ ရက်နည်းငယ်ခန့် အနားယူလိုက် လျှင် နောက်ထပ် နှစ်ပေါင်း ၂၀အထိ နေနိုင်သေးသည်ဟု ဆရာဝန်က ပြောသည်
ဝီလျံက ဘဏ်ဥက္ကဋ္ဌအဖြစ် သက်တမ်းကုန်ဆုံးမည့် နောက်ထပ် ၁၀နှစ်အထိသာ အသက်ရှင် နေထိုင် လိုတော့သည်ဟု ပြန်ပြောလိုက်သည။
သူသည် အခြေအနေအရ အိမ်တွင် သုံးလေးပတ်မျှ အနားယူနေရသည်။ ဥက္ကဋ္ဌတာဝန်ကို ဂျိတ်ခ် သောမတ်အား မပေးချင် ပေးချင်နှင့် ခေတ္တလွှဲပြောင်းပေးရသည်။ စိတ်ထဲကတော့ လုံးဝ မကောင်း။

မကြာမီ အလုပ်ခွင်သို့ ပြန်ဝင်လာခဲ့သည်။ ဥက္ကဋ္ဌတာဝန်ကို ပြန်လည် လက်ခံဆောင်ရွက်သည်။ အလုပ် တွေကို နေ့မအား ညမအား ဖိ၍ လုပ်သည်။
အော့စဘွန်းကိုယ်ကိုယ်ကိုယ် သတ်သေသောနေ့တွင် နှလုံးရောဂါကြောင့် ၀ီလျံမူးမေ့သွားပြန် သည်။ ကိတ်က တစ်ညလုံး ခင်ပွန်းသည်အနား လုံးဝမခွာ။ သည်တစ်ကြိမ်တွင်တော့ သည်တောင် က ကျော်နိုင် တော့မည်မဟုတ်ဟု သူမက တွက်ထားသည်။ သို့သော် အေဘယ်ရို့စနော့စကီးအား ရုံးတင်စစ်ဆေးသော သတင်း ကြောင့် သူပြန်ပြီး လန်းလာသည်။
သူက အမှုစစ်ဆေးခြင်း သတင်းကို နေ့တိုင်း စိတ်ဝင်စားစွာဖြင့် လေ့လာဖတ်ရှုနေသည်။ အော့စဘွန်း သတ်သေ သွားခြင်းကြောင့် အေဘယ်ရို့စနော့စကီးအနေဖြင့် ရပ်တည်ချက် ပို၍ ခိုင်မာသွားနိုင်ကြောင်း သူက သဘောပေါက်သည်။

နောက်ဆုံးတွင် ရို့စနော့စကီးအား ဆိုင်းငံ့ထောင်ဒဏ် ခြောက်လနှင့် ဒေါ်လာ ၂၅၀၀၀ ဒဏ်ငွေ တပ်လိုက် သောအခါ သူက လုံးဝအံ့သြခြင်း မဖြစ်မိတော့။ ဤသို့ဖြစ်ရသည်မှာ အစိုးရရှေ့နေက ရို့စနော့စကီး ၏ နာမည်ကျော် ရှေ့နေကြီးနှင့် အပေးအယူ လုပ်လိုက်ခြင်းကြောင့် ၀ီလျံက လုံးဝ မကြောက်တော့။ အေဘယ်၏ ခြေလှမ်းကိုသာ အကဲခတ် စောင့်ကြည့်နေမိတော့သည်။

သို့သော် အချိန်တွေ တဖြည်းဖြည်း ကုန်လွန်ခဲ့သော်လည်း အေဘယ်၏ လှုပ်ရှားမှုကို ဘာမှ မတွေ့ ရ။ သို့ဖြင့် သူသည် အေဘယ်အကြောင်းကို လုံးဝမစဉ်းစားတော့ဘဲ သားကြီးရစ်ချတ်ကိုသာ နေ့ဆိုင်း သတိရ မိတော့သည်။ သားကြီးအား တွေ့ချင် မြင်ချင်စိတ်သည် တားမရ ဆီးမနိုင်အောင် တဖွားဖွား ပေါ်ပေါက်လာမိသည်။
"အသက်အရွယ် ကြီးရင့်လာခြင်းနှင့် သေရမည်ကို ကြောက်လန့်လာခြင်းတို့ကြောင့် လူသားတို့၏ စိတ်ဆန္ဒ သည် ရုတ်တရက် ပြောင်းလဲလာတတ်သည်"
ဟူ၍ တစ်ကြိမ်က စာအုပ်တစ်အုပ်ထဲတွင် သူ ဖတ်ခဲ့ရဖူးသည်။

ယခု သူ့အခြေအနေမှာလည်း ယင်းအတိုင်းပင် ဖြစ်ခဲ့ပြီ။
စက်တင်ဘာလ တစ်မနက်တွင် သူက သူ့ဆန္ဒကို ကိတ်အား ဖွင့်ပြောလိုက်သည်။ ကိတ်က ထွေထွေထူးထူး မေးမနေ တော့။ အိမ်မှ ထွက်ပြေးသွားသော သားကို ဖခင်က ပြန်တွေ့လိုက်သည် ဆိုလျှင်ပင် အကြောင်း လုံလောက်နေပြီ မဟုတ်ပါလား။
"ဒီလိုဆိုရင် ကျွန်မ ဆန်ဖရန်စစ္စကို ဖုန်းဆက်ပြီး သူတို့နှစ်ယောက်စလုံးကို လှမ်းခေါ်လိုက်မယ် လေ"

"သူတို့နှစ်ယောက်စလုံး"ဟူသော စကားကြောင့် ၀ီလျံအနေဖြင့် ဘယ်လိုမှ မျက်နှာအမူအရာ မပြောင်းသည်ကို မြင်ရသည်နှင့် ကိတ်က ၀မ်းသာမဆုံး ဖြစ်မိရသည်။
"အဲဒါ ကောင်းပါတယ်ကွာ" သူက တိုးတိုးကလေး ပြန်ပြောသည်။ "ရစ်ချတ်ကို ပြောပြပါ၊ ငါမသေ ခင် ခဏ ဖြစ်ဖြစ် မြင်သွားပါရစေလို့"
"မောင်ကလည်း ဘာတွေ လျှောက်ပြောနေတာလဲ၊ မောင်ဟာ နောင်နှစ်ပေါင်း ၂၀အထိတော် နေနိုင်ပါသေးတယ်လို့ ဒေါက်တာ ပြောသွားတယ် မဟုတ်လား"
"ကိုယ်က အပြင်က စိတ်ဆိုးနေပေမယ့် အတွင်း ကျိတ်ပြီး ၀မ်းသာနေလို့ပေါ့ကွယ်၊ ငါ့သားကြီးနဲ့ အခုလို အဆက်ပြတ်နေတာကို ငါလုံးဝမလိုလားဘူး၊ ဒါနဲ့ သူနေကောင်းရဲ့လား"
"နှစ်ယောက်စလုံး နေကောင်းကြပါတယ် မောင်၊ အခုဆိုရင် မောင့်မှာ မြေးယောက်ျားကလေးနှင့် မြေးမ ကလေး တစ်ယောက် ရနေပြီ သိရဲ့လား၊ မောင် ၀မ်းမသာဘူးလား ဟင်"
"မြေးမလေး ဟုတ်လား"

"ဟုတ်တယ်၊ မကြာခင်က ထပ်မွေးတာလေ၊ နာမည်က အန်နာဘယ်လ် ... တဲ့"
"ဒါနဲ့ မြေးယောက်ျားကလေး နာမည်ကရော"
ကိတ်က ကလေးနာမည်ကို ပြောပြလိုက်သောအခ ၀ီလျံက ကျေနပ်စွာဖြင့် ပြုံးမိသည်။
"ကောင်းတယ် ... ကောင်းတယ်၊ မင်း သူတို့ဆီကိုသာ မြန်မြန် လိုက်သွားပေတော့"

ထိုနေ့သည် ကိတ်အတွက် အပျော်ဆုံးနေ့ပင် ဖြစ်တော့သည်။ သို့ဖြင့် သူက သားဖြစ်သူထံ ချက်ချင်း ဖုန်းကောက်ဆက်သည်။ နောက်အပတ်တွင် သူမ လာလည်မည်ဖြစ်ကြောင်း၊ သူမနှင့် အတူ စိတ်ချမ်းသာ စရာ မင်္ဂလာသတင်းကောင်းလည်း ပါလာမည်ဖြစ်ကြောင်း။
နောက်ရက်သတ္တသုံးပတ်အကြာတွင် နယူးယောက်သို့ ကိတ်ပြန်ရောက်လာသည်။ ရစ်ချတ်တို့ မိသားစု လည်း နိုဝင်ဘာလကုန်လျှင် မိဘများအား ကန်တော့ရန် လာမည်ဖြစ်ကြောင်း သိရှိရသည်။

ရစ်ချက်တို့လင်မယား လုပ်ငန်းအောင်မြင်နေကြောင်း၊ ရစ်ချက်မှာ အဘိုးဖြစ်သူ၏ ခြေရာကို နင်းကြောင်း၊ ကိတ်က လင်တော်မောင်အား ၀မ်းမြောက်ဝမ်းသာ စကားလက်ဆောင် ပါးသည်။
ဝီလျံက စိတ်ဝင်စားစွာ နားထောင်ပြီး ၀မ်းသာမဆုံး ဖြစ်မိသည်။

တစ်ချိန်တည်းတွင် အကယ်၍ နယူးယောက်သို့ ရစ်ချက်မလာရောက်ခဲ့သော ဘဏ်ဥက္ကဋ္ဌရာထူး ကို ဂျိတ်ခ်သောမတ် သာလျှင် မလွဲမသွေ ရရှိသွားတော့မည်ကိုလည်း သူကအလွန်ပင် စိုးရိမ်မိသည်။ သို့သော် သူက သည်အကြောင်းကို ဆက်မတွေးတော့ဘဲ ဦးနှောက်ထဲမှ ဖယ်ထုတ် ထားလိုက်လေသည်။
ဝီလျံ သည် နောက်တစ်နေ့တွင် အလုပ်ခွင်သို့ ပြန်ဝင်လာသည်။ သူသည် ကိုယ်ရောစိတ်ရော အထူးပင် လန်းဆန်းတက်ကြွနေသည်။ သူ့ကိုယ်သူ တော်တော်နှင့် မသေနိုင်သေးဟုလည်း ယုံကြည်ချင်စိတ် အပြည့် ရှိလာသည်။

‘အလုပ်ကိုတော့ သိပ်ပြီး ဖိဖိစီးစီးမလုပ်ပါနဲ့ဦး မစ္စတာကိန်း၊ နှလုံးရောဂါက အချိန်မရွေး ပြန်ပေါ်လာ နိုင်ပါတယ်’]ဟု ဆရာဝန်က သတိပေးထားသည်။
သို့သော် သူ့ကတော့ ဂရုမစိုက်တော့၊ သူမသေမီ ဘဏ်ဥက္ကရာထူးကို သားဖြစ်သူအား ပခုံးပြောင်း ပေးခဲ့နိုင်ရေး အတွက် အစစအရာရာ အဆင်ပြေပြေဖြစ်အောင် ကြိုးစားလုပ်ကိုင်ရဦးမည် မဟုတ် ပါလား။

ဘဏ်တိုက်သို့ ၀ီလျံရောက်လာသောအခါ တံခါးစောင့်က ဆီးကြိုနှုတ်ဆက်ပြီး ဂျိတ်ခ်သောမတ်က သူ့ကို တွေ့ချင်နေကြောင်း စောစောကလည်း အိမ်သို့ ဖုန်းလှမ်းဆက်ခဲ့သေးကြောင်း ပြောပြ သည်။
ဝီလျံက တံခါးစောင့်အား ကျေးဇူးစကားပြောပြီး သူ့ရုံးခန်းဆီသို့ လျှောက်လာခဲ့သည်။ ရုံးခန်းတံခါး ကို ဖွင့်လိုက်သော အခါ ဥက္ကဋ္ဌကုလားထိုင်တွင် ဂျိတ်ခ်သောမတ်ထိုင်နေပြီး သူ့ရှေ့တွင်လည်း ဘုတ်အဖွဲ့ဝင် လူကြီး သုံးယောက် ထိုင်နေကြသည်ကို တွေ့လိုက်ရသည်။

‘ကျုပ်က တော်တော်များများ ကြာသွားသလားဗျ၊ ဒါနဲ့ဘဏ်ဥက္ကဋ္ဌ ဘယ်သူလဲ၊ ကျုပ် မဟုတ်တော့ ဘူးလား’
ဝီလျံက ရယ်ပြီးမေးလိုက်သည်။
‘အို….ဟုတ်ပါတယ် ၀ီလျံ၊ ဘဏ်ဥက္ကဋ္ဌက ခင်ဗျားပါပဲ၊ ကြွပါ…ကြွပါ၊ ကြိုဆိုပါတယ်’
ဂျိတ်ခတ်သောမတ်က ဥက္ကဋ္ဌကုလားထိုင်မှ ဖယ်ပေးလိုက်သည်။

ဝီလျံသည် စိတ်ထဲကတစ်မျိုးကြီး ခံစားလိုက်ရသည်။ သူ့အား ဂျိတ်ခတ်သောမတ်က ၀ီလျံဟူ၍ လည်းကောင်း ခင်ဗျား၊ ကျွန်တော် သုံး၍သော်လည်းကောင်း ယခင်တုန်းက တစ်ခါမျှ မဆက်ဆံခဲ့ စဖူး၊ တကယ်တော့ သူ့အသက်မှာ ၄၀က တစ်ရက်ပင် မစွန်းသေး။ သို့သော် သူက စိတ်ကို ထိန်းပြီး မေးလိုက် သည်။
‘ပြဿနာက ဘာလဲ’
‘အေဘယ်ရို့စနော့စကီး ပြဿနာ’
သောမတ် က မျက်နှာထားတင်းတင်းနှင့် ပြန်ဖြေလိုက်သည်။

ဝီလျံ၏ရင်ထဲ ထိတ်ခနဲ ခံစားလိုက်ရသည်။
‘သူက ဘာလိုချင်ပြန်ပြီလဲ၊ ကျုပ်ကို အေးအေးဆေးဆေးသေတာ မမြင်ချင်ဘူးနဲ့ တူတယ်’
သောမတ်က ၀ီလျံအနီးသို့ လျှောက်လာသည်။

‘သူက စည်းမျဉ်းဥပဒေပုဒ်မ(၇)အရ အရေးပေါ် အစည်းအဝေးခေါ်ပြီး ခင်ဗျားကို ဘဏ်ဥက္ကဋ္ဌ ရာထူးက ဖြုတ်ချဖို့ တောင်းဆိုလာတယ်’
‘သူက အဲဒီလိုလုပ်ဖို့ ဘယ်ရမလဲ၊ သူက အစုရှယ်ယာ ရှစ်ရာခိုင်နှုန်းမှ မပိုင်သေးတာပဲ၊ ပြီးတော့ အပြင်လူတစ်ယောက်က ရှယ်ယာရှစ်ရာခိုင်နှုန်း ပိုင်ဆိုင်လာရင်လည်း ဘဏ်ဥက္ကဋ္ဌကို ချက်ချင်း အသိပေးရမယ်လို့ စည်းမျဉ်းဥပဒေက ဆိုထားတာပဲ’
‘သူက မနက်ဖြန်မနက်ဆိုရင် ရှယ်ယာရှစ်ရာခိုင်နှုန်း ပိုင်ပြီလို့ အကြောင်းကြားတယ်’

မဟုတ်ဘူး၊ မဟုတ်ဘူး၊ ဘယ်နည်းနဲ့မျှ မဖြစ်နိုင်ဘူး၊ ကျုပ်က စတော့တွေ အားလုံးသေသေချာချာ စစ်ဆေးပြီး ညွှန်ကြားချက် ထုတ်ထားတာပဲ၊ သူ့ကို ဘယ်သူမှ မရောင်းနိုင်ဘူး၊ ဘယ်သူမှ မရောင်း နိုင်ဘူး’
ပီတာ ပါဖစ်က ရောင်းလိုက်ပြီးပြီး
မဟုတ်ဘူး၊ သူရှယ်ယာကို ကျုပ်က၀ယ်လိုက်တာ တစ်နှစ်တောင်ရှိသွားပြီ၊ ကျုပ်က ကိုယ်စားလှယ် တစ်ယောက်သုံးပြီး ၀ယ်ယူလိုက်တာ
ဂျိတ်ခ်သောမတ် မျက်လုံးပြူးသွားသည်။ အချိန်အတော်ကြာသည်အထိ ဘယ်သူမှ စကားမပြော ကြ။ ဂျိတ်ခ်သောမတ်သည် ဥက္ကဋ္ဌရာထူးကို ရရှိရေးအတွက် အသေအလဲ ကျိတ်ကြိုးစား နေကြောင်း ၀ီလျံက ပထမဆုံးအကြိမ် သိလိုက်ရသည်။

‘အဲဒီတော့ လိုရင်းကို ပြောရမယ်ဆိုရင်’ ဂျိတ်ခတ်သောမတ်က ပြောသည်။ ‘မနက်ဖြန်ဆိုရင် သူက ရှယ်ယာ ရှစ်ရာခိုင်နှုန်း ပိုင်သွားပြီ၊ သူ့အနေနဲ့ ဒါရိုက်တာလူကြီးတစ်ယောက် ဖြစ်နိုင်တဲ့အဆင့် ရောက်သွားပြီ၊ ပြီးတော့ ဘုတ်အဖွဲ့ရဲ့ ဘယ်ဆုံးဖြတ်ချက်ကိုမဆို သုံးလအထိ ရွှေ့ဆိုင်းထားနိုင်တဲ့ အာဏာကိုလည်း ရသွားပြီ၊ သူက သူ့တောင်းဆိုချက်တွေကို တစ်ပြည်လုံးက စာနယ်ဇင်းတွေမှာ ကြေငြာထည့်ဖို့လည်း ရည်ရွယ်ထားတယ်၊ သူ့ကို ဆန့်ကျင်လိုရှိခဲ့ရင် နယ်စားကုမ္ပဏီတစ်ခုလုံး ပြုတ်တဲ့အထိ ပြန်လည် တိုက်ခိုက်သွားဖို့လည်း ဆုံးဖြတ်ထားပြီးပြီး၊ သို့သော်လည်း အချက်တစ် ချက်ကို လိုက်လျောရင်တော့ သူ့အနေနဲ့ တောင်းဆိုချက်အားလုံးကို ပြန်လည် ရုပ်သိမ်းသွား ပါမယ်လို့တော့ ကတိပေးတယ်’
‘ဘာအချက်လဲ’

‘ခင်ဗျားအနေနဲ့ ဥက္ကဋ္ဌရာထူးက နုတ်ထွက်ပေးရမယ်ဆိုတဲ့ အချက်ပဲ’
‘ဟာ…ဒါကတော့ တမင်ညစ်ပတ်တာပဲ’
ဝီလျံက ဒေါသဖြင့် အော်ပြောလိုက်မိသည်။
‘ညစ်ပတ်တာလည်း ဟုတ်ချင်ဟုတ်နိုင်ပါတယ်၊ သို့သော် လာမယ့် တနင်္လာနေ့မှာ ခင်ဗျားက နုတ်ထွက်စာတင်မတင်ဘူးဆိုရင်တော့ သူက ရှယ်ယာပိုင်ရှင်တွေအားလုံးကို အကြောင်းကြားဖို့ ဆုံးဖြတ်ထားပြီးပြီး၊၊ တစ်ပြည်လုံးက သတင်းစာနဲ့ မဂ္ဂဇင်းအစောင် ၄၀မှာလည်း ကြော်ငြာ ထည့်ဖို့ ကြိုတင် စာရင်းသွင်းထားပြီးပြီ’
‘ဒီလူ ရူးနေပြီထင်တယ်’

ဝီလျံက လွှတ်ခနဲ ပြောလိုက်သည်။ ပြီးတော့ လက်ကိုင်ပ၀ါထုတ်ပြီး နဖူးကို သုတ်နေသည်။
‘အဲဒါတွင် မကသေးပါဘူး’ ဂျိတ်ခ်သောမတ်က  စကားဆက်ပြန်သည်။ ‘နောက် ၁၀ နှစ်အတွင်းမှာ ကိန်းမိသားစု မျိုးဆက်ဝင် တစ်စုံတစ်ယောက်ကိုမှ ဘုတ်အဖွဲ့မှာ မသွင်းရဘူးလို့လည်း သူက တောင်းဆို သေးတယ်၊ ပြီးတော့ ကျန်းမာရေးကြောင့်သော်လည်းကောင်း၊ တခြားအကြောင်း သော်လည်းကောင်း၊ ခင်ဗျား နုတ်ထွက်သွားရပါတယ်လို့ လုံးဝအကြောင်းမပြရဘူးလို့လည်း တောင်းဆို လိုက်သေးတယ်’

သူက “နယ်စားဟိုတယ်” တံဆိပ်ပါသော စာရွက်ကို ၀ီလျံထံသို့ ကမ်းပေးလိုက်သည်။
ဝီလျံက စာရွက်ကို ကမန်းကတန်း ဖတ်ကြည့်လိုက်ပြီး -
‘ဒီလူက တကယ်ရူးနေပြီဗျ၊ တကယ်ရူးနေပြီ’
ဂျိတ်ခ်သောမတ်က ဆက်ပြောသည်။
‘ဘယ်လိုပဲပြောပြော၊ ကျွန်တော်ကတော့ မနက်ဖြန် ဘုတ်အဖွဲ့အစည်းအဝေး ခေါ်ထားလိုက်ပြီ၊ ၁၀နာရီတိတိမှာ လုပ်မှာ၊ အဲဒီတော့ မနက်ဖြန်မှပဲ အသေးစိတ် ဆက်ဆွေးနွေးကြတာပေါ့ ၀ီလျံ’

ရုံးခန်းထဲတွင် ၀ီလျံတစ်ယောက်တည်းသာ ထိုင်ကျန်ရစ်တော့သည်။ ထို့နေ့ တစ်နေ့လုံး သူထံသို့ မည်သူမျှမလာ။ သူက တခြားဘုတ်အဖွဲ့ဝင် လူကြီးများထံ ဖုံးလှမ်းဆက်သည်။ သို့သော် သူ့တို့က စကား တစ်ခွန်း နှစ်ခွန်းလောက်သာပြောပြီး ဖုံးပြန်ချသွားကြသည်။ သူတို့တော့ သူ့ကို ပထုတ်ဖို့ ကြိုးစားနေကြပြီ။ အစည်းအဝေး ကိုလည်း အချိန်ကပ်ပြီး တမင်ခေါ်ထားကြသည်။ သို့သော် ရှယ်ယာရှစ်ရာခိုင်နှုန်းပိုင်သူ မရှိသေးသမျှ သူ့အနေဖြင့် ကြောက်စရာမရှိ။

သူက ရှယ်ယာပိုင်စာရင်းကို စစ်ဆေးကြည့်သည်။ မည်သူမျှ ရောင်းထားတာ မတွေ့ရ။ သူက တစ်ကိုယ်တည်း အသံထွက်အောင်  ရယ်လိုက်မိသည်။ အေဘယ်ရို့စနော်စကီးက မပိုင်ဘဲနှင့် သူ့ကို လာတိုက် ၍ ရမည်တဲ့လား။

ထိုနေ့က သူအိမ်သို့ စောစောပြန်လာခဲ့သည်။ အိမ်သို့ ရောက်ရောက်ချင်း ရစ်ချက်တို့ မိသားစု အား လောလောဆယ် မလာကြနှင့်ဦးဟု အကြောင်းပြန်လိုက်ရန် ကိတ်အား ပြောလိုက်သည်။ ထို့နောက် စာကြည့်ခန်းထဲသို့ ၀င်လာခဲ့သည်။ သူ၏ ကမ္ဘာရန်အေဘယ်ရို့စနော့စကီးအား နောက်ဆုံးအကြိမ် အလဲထိုးရန် တိုက်ကွက်များကို အပြန်အလှန် စဉ်းစားသည်။ မနက်သုံးနာရီ ထိုးမှ အိပ်ရာဝင်သည်။ ထိုအချိန် တွင် သူလုပ်ရမည့်အလုပ်ကို အပြတ်အသတ် ဆုံးဖြတ်ချက် ချလိုက်ပြီ။
ဂျိတ်ခ်သောမတ်ကို ဘုတ်အဖွဲ့မှ ထုတ်ပစ်သည်။
ရစ်ချက်ကို အစားထိုးမည်။

သူသည် နောက်တစ်နေ့တွင် အလုပ်ခွင်သို့ အစောကြီးရောက်နေသည်။ စားပွဲတွင်ထိုင်ကာ မှတ်စုများကို ပြန်ကြည့်နေသည်။
သူ အောင်ပွဲခံရမည်ဟု ယုံကြည်နေသည်။ သူ့စီမံကိန်းတွေ အားလုံးအကွက်ဝင်နေသည်။
၁၀နာရီထိုးရန် ငါးမိနစ်အလိုတွင် စားပွဲပေါ်မှ ဖုံးမြည်လာသည်။ အတွင်းရေးမှုး စာရေးမ၏ အသံ ပေါ်ထွက်လာသည်။
‘မစ္စတာရို့စနော့ကီးက ဖုံးဆက်ပါတယူ်’

ဘယ်သူ့
‘မစ္စတာရို့စနော့စကီး ဟုတ်လား’ သူကမယုံကြည်နိုင်စွာဖြင့် ပြန်မေးလိုက်သည်။ ‘ဆက်ပေးလိုက် ပါ’ သူ့အသံတုန်နေသည်။
‘ဟုတ်ကဲ့ ပြောပါ’
‘မစ္စတာကိန်းလား’
‘ဟုတ်ပါတယ်၊ ခင်ဗျား၊ ဘာလုပ်ချင်ပြန်ပြီလဲ’

‘ဒီအချိန်ကစပြီး ကျွန်တော့အနေနဲ့ လက်စတာဘဏ်ရဲ့ ရှယ်ယာရှစ်ရာခိုင်နှုန်းကိ ပိုင်သွားပါပြီ ဆိုတာ စည်းကမ်းအရ ခင်ဗျားကို အကြောင်းကြားချင်လို့ပါ၊ တစ်ဆည်တည်းနဲ့ ပြောချင်တာ ကတော ကျွန်တော် တောင်းဆိုချက်တွေကို တနင်္လာနေ့နေ့လယ်မှာ မလိုက်လျောခဲ့လို့ရှိရင် ဘဏ် စည်းမျဉ်း ဥပဒေ ပုဒ်မ (၇)အရ လိုအပ်သလို ဆက်လက်ဆောင်ရွက်သွားရလိမ့်မယ်ဆိုတာ ကိုလည်း အကြောင်းကြားပါတယ်’
‘နောက်ဆုံးရှယ်ယာ နှစ်ရာခိုင်နှုန်းကို ခင်ဗျားက ဘယ်လိုရတာလဲ’ ၀ီလျံက ကမန်းကတန်း ပြန်မေးလိုက်သည်။
သို့သော် အဖြေကို မရလိုက်တော့ တစ်ဖက်မှ ဖုံးပြန်ချသွားပြီ။

သူက ရှယ်ယာပိုင်စာရင်းကို ကမန်းကတန်း ပြန်လှည့်ကြည့်သည်။ သူ့ကို သစ္စာဖောက်သွားတာ ဘယ်သူပါ့လိမ်။
တယ်လီဖုံးမြည်သံ ပေါ်လာပြန်သည်။ သူ လန့်ပင် လန့်သွားမိသည်။
‘ဘုတ်အဖွဲ့အစည်းအဝေး စပါတော့မယ်ရှင်’
၁၀နာရီတိတိတွင် စည်းဝေးခန်းမထဲသို့ ၀ီလျံဝင်လာသည်။ ဥက္ကဋ္ဌကုလားထိုင်တွင် ၀င်ထိုင်ပြီး တစ်ခန်းလုံး ကို မျက်လုံးကစားကြည့်လိုက်သည်။ ဘုတ်အဖွဲ့ဝင်တွေ အားလုံးလိုလို မျက်နှာကြော တင်းမာနေကြသည်။ သို့သော် ကိစ္စမရှိ။ သူ့ဘက်က နိုင်ကွက်ရှိနေသည်။

သူကပြုံးပြီး ထိုင်ရာမှ ထလိုက်သည်။
‘လူကြီးမင်းများခင်ဗျား၊ လူကြီးမင်းများ သိပြီးတဲ့အတိုင်း မစ္စတာရို့စနော့စကီးရဲ့ အကျပ်ကိုင် တောင်းဆိုချက် ကြောင့် ဒီအစည်းအဝေးကို ခေါ်ယူရခြင်း ဖြစ်ပါတယ်၊ ဒီပုဂ္ဂိုလ်ဟာ ကျွန်တော့နဲ့ တကွ ကျွန်တော် တို့ ဘဏ်လုပ်ငန်းကို ဖျက်လိုဖျက်ဆီးအကြံနဲ့ တမင်တိုက်ခိုက်တဲ့ ရာဇ၀တ်ကောင် တစ်ယောက်ဖြစ်ပါတယ်။ သူက ကျွန်တော့်ကို ဘဏ်ဥက္ကဋ္ဌရာထူးက နုတ်ထွက်ပေးဖို့ အကျပ်ကိုင် တောင်းဆို လာပါတယ်၊ လူကြီးမင်းများ အားလုံးသိပြီးတဲ့အတိုင်း ကျွန်တော့အနေနဲ့ ဒီရာထူးမှာ ဆက်လက် အမှုထမ်း ဖို့ နောက်ထပ် ကိုးနှစ်သာ ကျန်ပါတော့တယ်၊ တကယ်လို့သာ ဘာအကြောင်းမှ မလုံ လောက်ပဲနဲ့ ဒီရာထူးက ကျွန်တော် နုတ်ထွက်သွားရလို့ ရှိရင် စီးပွားရေးလောကတစ်ခုလုံးက အထင် အမြင်လွဲမှားမှုတွေ ပေါ်ပေါက်လာမှာ သေချာနေ ပါတယ်’
သူက မှတ်စု စာရွက်ကို ပြန်ကြည့်ပြီး ဆက်ပြောသည်။

‘လူကြီးမင်းများခင်ဗျား၊ မစ္စတာရို့စနော့ကီးက အခုလို ယုတ်မာတဲ့အကြံနဲ့ မတရားတိုက်ခိုက် လာတာကို အားလုံးက ၀ိုင်းဝန်းကာကွယ်ကြဖို့ ကျွန်တော် မေတ္တာရပ်ခံလိုပါတယ်၊ အဲဒီလို ၀ိုင်းဝန်း ကာကွယ်ဖို့အတွက်လည်း ကျွန်တော်ပိုင်ဆိုင်တဲ့ ရှယ်ယာအားလုံးနဲ့ ကျွန်တော်ပိုင်တဲ့ သီးသန်ငွေ ဒေါ်လာ ၁၀သန်းကို လူကြီးမင်းများ သဘောကျလိုအပ်သလို အသုံးပြုဖို့အတွက် ကျွန်တော်က စွန့်လွှတ်ကြောင်း ပြောလိုပါတယ်၊ လူကြီးမင်းများအားလုံးက ကျွန်တော့်ကို ထောက်ခံကြလိမ့်မယ် လို့ လေးလေးနက်နက် ယုံကြည်ပါတယ်ခင်ဗျား’
တစ်ခန်းလုံး တိတ်ဆိတ်သွားသည်။ ၀ီလျံက အားလုံးပင် သူ့ဘက်က ထောက်ခံကြလိမ့်မည်ဟု စိတ်ချ လက်ချ ယုံကြည်သည်။
ဂျိတ်ခ် က ထိုင်ရာမှ ထရပ်လိုက်သည်။

‘မစ္စတာရိုစနော့စကီးနဲ့ မစ္စတာကိန်းတို့ရဲ့ ပုဂ္ဂလိကဆက်ဆံရေးကိစ္စနဲ့ ပက်သက်ပြီး ကျွန်တော် မေးချင်တာရှိနေပါတယ် မေးခွင့်ရှိပါသလား ခင်ဗျား’
ဝီလျံ က အံအားသင့်သွားသည်။ သို့သော်သူက သဘောတူလိုက်သည်။ ဂျိတ်ခတ်သောမတ် လောက်တော့ ကြောက်စရာမရှိပါဘူး။
‘ကျွန်တော်တို့ သိရသလောက်ဆိုရင် မစ္စတာကိန်းနဲ့ မစ္စတာရို့စနော့စကီးတို့ရဲ့ ကလဲ့စားတိုက်ပွဲ ဟာ နှစ်ပေါင်း ၃၀ကျော်ခဲ့ပါပြီ၊ အဲဒီလို လူနှစ်ယောက်ရဲ့ ပုဂ္ဂလိကတိုက်ပွဲမှာ ကျွန်တော်တို့အားလုံး ပါဝင်ရမယ်လို့ မစ္စတာကိန်းက ယုံကြည်ပါသလား’ ၀ီလျံက ဒေါသဖြင့် ပြန်မေးလိုက်သည်။
ကုမ္ပဏီအတွင်းရေးမှုးက ထ၇ပ်ပြီး ပြောသည်။

‘သူ ဘာမှမလုပ်သေးသမျှတော့ သူ ဘာလုပ်လိမ့်မယ်ဆိုတာ ကျွန်တော်တို့ မသိနိုင်ပါဘူး၊ ဒါပေမဲ့ သူကလည်း မစ္စတာကိန်းလိုပဲ ရှစ်ရာခိုင်နှုန်း ရှယ်ယာပိုင်ထားတဲ့ ပုဂ္ဂိုလ်ဆိုတာ လုပ်ပိုင်ခွင့်တွေ ကတော့ အများကြီး ရှိပါတယ်၊ ပြီးတော့ ဒီကိစ္စဟာ သက်ဆိုင်သူနှစ်ယောက်ရဲ့ ပုဂ္ဂလိကတိုက်ပွဲ ဖြစ်နေပါတယ်၊ မစ္စတာကိန်းက မိမိပိုင်တဲ့ ဒေါ်လာ၁၀သန်းကို ရက်ရောစွာနဲ့ စွန့်လွှတ်ပေမယ့် မစ္စတာရို့စနော့ကီးက ဗီတိုအာဏာနဲ့ လုပ်ချင်တာလုပ်လာရင် ကျွန်တော်တို့ လုပ်ရပ်အားလုံး အကျိုးမဲ့ ဖြစ်သွားနိုင်ပါတယ်၊ အထူးသဖြင့် ကျွန်တော်တို့ ကိုယ်စားပြုနေတဲ့ ဘဏ်တိုက်နဲ့ ကျွန်တော်တို့ကို အမှီသဟဲပြုနေရတဲ့ ကုမ္ပဏီတွေအနေနဲ့ အဆိုးရွားဆုံး အခြေအနေကို ရောက်သွားနိုင်ပါတယ်’
'မဟုတ်ဘူး မဟုတ်ဘူး၊ ကျုပ်တို့က မစ္စတာ ရို့စနော့စကီးကို အပြတ်တိုက်ပစ်နိုင်ပါတယ်၊ ဒါကြောင့်မို့ ကျုပ်က ကျုပ်ကိုယ်ပိုင်ငွေကို စွန့်လွှတ်တာပါ' ၀ီလျံက ပြောလိုက်သည်။
အတွင်းရေးမှုး က ဆက်ပြောသည်။

'ဒီနေ့ ကျွန်တော်တို့ ဆုံးဖြတ်ရမှာကလည်း အဲဒီအချက်ပါပဲ၊ ကျွန်တော်တို့က မစ္စတာ ရို့စနော့စကီးကို အပြတ်တိုက်ထုတ်လို့ ရနိုင် မရနိုင်ဆိုတဲ့ အချက်ကိုပဲ ဆုံးဖြတ်ကြရမှာပါ၊ ကျွန်တော် စဉ်းစား မိသလောက် တော့ ရေရှည်တိုက်ပွဲမှာ ကျွန်တော်တို့ဘက်က အရှုံးနဲ့ ရင်ဆိုင်ရဖို့ ကျိန်းသေနေပါတယ်'
'ကျုပ်ရဲ့ ပိုက်ဆံတွေကို လိုအပ်သလို အသုံးပြုသွားရင် ကျုပ်တို့ဘက်က ဘယ်တော့မှ မရှုံးနိုင် ပါဘူး'
ဂျိတ်ခ်သောမတ် က ၀င်ပြောသည်။

'အဲဒါက ဟုတ်ချင်ဟုတ်ပါလိမ့်မယ်၊ ဒါပေမဲ့ အခုဆွေးနွေးနေတာက ပိုက်ဆံပြဿနာမဟုတ်ပါဘူး၊ ကျွန်တော် တို့ ဘဏ်လုပ်ငန်းအတွက် အလွန်အရေးကြီးတဲ့ ပြဿနာကို ဆွေးနွေးနေကြတာပါ၊ အခုဆိုရင် မစ္စတာ ရိုစနော့စကီးအနေနဲ့ ပုဒ်မ(၇)ကို လုံးဝပိုင်သွားပါပြီ၊ ကျွန်တော်တို့ကို သူလုပ်ချင်သလို လုပ်နိုင်တဲ့ အာဏာ ရရှိသွားပါပြီ'
သောမတ်က ပရိသတ်ကို လှည့်ကြည့်လိုက်သည်။ အားလုံး ငြိမ်သက်နေကြသည်။ ထို့နောက် သူက ဆက်ပြောသည်။
‘ဥက္ကဋ္ဌကြီး ခင်ဗျား၊ ဆက်လက်ပြီး အင်မတန်အရေးကြီးတဲ့ မေးခွန်းတစ်ခုကို ကျွန်တော် မေးလို ပါတယ၊ ဒီကိစ္စ အတွက် အခုရောက်ရှိနေကြတဲ့ ကျွန်တော်တို့အားလုံး အကြီးအကျယ် ခေါင်းမီးတောက်နေကြရပါတယ်၊ ဥက္ကဋ္ဌကြီးအနေနဲ့ စိတ်မချမ်းသာစရာ ဖြစ်ပေမယ့် ဘဏ်အကျိုး အတွက် ရှေးရှုပြီး ပွင့်လင်းရိုးသားစွာ ဖြေကြားလိမ့်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်’

ဝီလျံက မျက်နှာမော့်ကြည့်လိုက်သည်။ ဘယ်လိုမေးခွန်းများပါလိ့မ်ဟု တွေးလိုက်မိသည်။ သူ့နောက်ကွယ် မှာ သူတို့ဘာတွေ ကြိတ်ကြံနေကြပါလိမ့်၊ သူတော်တော် စိတ်ဓာတ်ကျသွား သည်။ ငါ့ကိုတော့ သူတို့ ၀ိုင်းသတ် နေကြပြီ။
သူက ဣနြေ္ဒဆယ်ပြီး ပြန်ပြောလိုက်သည်။
‘မေးစရာရှိရင် မေးနိုင်ပါတယ်၊ ကျုပ် ရိုးသားစွာ ပြန်ဖြေဖို့ အသင့်ပါပဲ၊ ကျုပ်က ဘယ်သူမှ ကြောက်စရာ မရှိပါဘူး’ သူက ဂျိတ်ခ်သောမတ်၏ မျက်နှာကို စိုက်ကြည့်နေသည်။
ကျေးဇူးတင်ပါတယ်
ဂျိတ်ခ်သောမတ်က ပြန်ပြောလိုက်သည်။

‘ဥက္ကဋ္ဌကြီးခင်ဗျား၊ မစ္စတာရို့စနော့ကီးဟာ ကျွန်တော့်ဘဏ်ရဲ့ အရေးပါတဲ့ ရှယ်ယာပိုင်ရှင် တစ်ဦးဖြစ်ကြောင်း၊ ဥက္ကဋ္ဌကြီးအသိ ဖြစ်ပါတယ်၊ အဲဒီလိုသိပါလျက်နဲ့ မစ္စတာရို့စနော့စကီးကို လိမ်လည်မှု နဲ့ ဖမ်းဆီးခံရအောင် လျို့ဝှက်စာရွက်စာတမ်းတွေကို တရားရေးဌာနကို ပေးပို့တာမှာ ဥက္ကကြီးကိုယ်တိုင် ပါဝင် ပါသလားခင်ဗျား’
‘ခင်ဗျားကို သူက အဲဒီလိုပဲ ပြောသလား’
‘ဟုတ်ပါတယ်၊ ကျုပ်လုပ်ခဲ့ပါတယ်၊ အဲဒီလျို့ဝှက်စာရွက်စာတမ်းတွေ ကျုပ်လက်ထဲ ရောက်လာပါတယ်၊ ကျုပ်က တာဝန်သိတဲ့ လူတစ်ယောက်အနေနဲ့ တရားရေးဌာနကို ပို့သင်တယ်ထင်လို့ ပို့လိုက်တာ ဖြစ်ပါတယ်’
‘အဲဒီစာရွက်စာတမ်းတွေ လူကြီးမင်းလက်ထဲကို ဘယ်လို ရောက်လာပါသလဲခင်ဗျား’
ဝီလျံက ပြန်မဖြေ။

ဂျိတ်ခ်သောမတ်က ဆက်ပြောသည်။
‘ဥက္ကဋ္ဌကြီးခင်ဗျား၊ ဥက္ကဋ္ဌကြီးက မဖြေပေမယ့် ကျွန်တော့်မေးခွန်းရဲ့အဖြေကို ကျွန်တော်တို့အားလုံး သိကြတယ်လို့ ကျွန်တော့် ယုံကြည်ပါတယ်၊ ဥက္ကဋ္ဌကြီးအနေနဲ့ အဲဒီိလိုပြုမှုခြင်းဟာ ဘုတ်အဖွဲရဲ့ စည်းကမ်းကိုလည်း ဖောက်ဖျက်ရာ ရောက်နေပါတယ်၊ တကယ်ဆို အဲဒီလိုမလုပ်ခင် ဘုတ်အဖွဲ့ဝင် အားလုံး ကို အသိပေးခဲ့ဖို့ သင့်ပါတယ်၊ ပုဂ္ဂလိက အာဃာတကို အကြောင်းပြုပြီး မိမိထင်သလို ပြုမှုကျင့်ကြံခြင်း အားဖြင့် ဘဏ်ရဲ့ ဂုဏ်သိက္ခာ၊ ကျွန်တော်တို့အားလုံးရဲ့ ဂုဏ်သိက္ခာနဲ့ အသက်မွေးမှုလုပ်ငန်းကိုပါ အဖတ် ဆယ် မရအောင် အန္တရာယ်ပြုနိုင်တယ်ဆိုတာ ဥက္ကဋ္ဌကြီး ကြိုတင်မတွေးမိခဲ့တာ ကျွန်တော်တို့အားလုံး အံ့သြလို့မဆုံး ဖြစ်ကြရပါတယ်ခင်ဗျုား’
‘ဒါပေမယ့် ရို့စနော့စကီးဟာ ကျုပ်ကို ပျက်စီးရာပျက်စီးကြောင်း လုပ်နေတာမြင်နေလျက်နဲ့ ကျုပ်က ဒီအတိုင်း လက်ပိုက်ကြည့်နေရမှာလား’
ဝီလျံက စိတ်ကို မထိန်းနိုင်တော့ဘဲ ဒေါသဖြင့် အော်ပြောလိုက်သည်။

‘ဒီလိုဆိုရင်  ကျုပ်လုပ်ရပ်အတွက် ဘုတ်အဖွဲ့ရဲ့ဆန္ဒကို တောင်းခံမယ်’
ဤတွင် ကုမ္ပဏီအတွင်းရေးမှုးကကြားဖြတ်ပြီး -
‘ဒီအဖွဲ့အစည်းအဝေးဟာ ဥက္ကဋ္ဌကြီးရဲ့လုပ်ရပ်အတွက် ဆန္ဒကို တောင်းခံမယ်’
ဤတွင် ကုမ္ပဏီအတွင်းရေးမှုးကကြားဖြတ်ပြီး -
‘ဒီအစည်းအဝေးဟာ ဥက္ကဋ္ဌကြီးရဲ့ လုပ်ရပ်အတွက် ဆန္ဒတောင်းခံဖို့ ပြုလုပ်တဲ့ အစည်းအဝေး မဟုတ်ပါဘူး ခင်ဗျား၊ တကယ်ဆန္ဒတောင်းခံရမှာက လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေအရ ဥက္ကဋ္ဌကြီးဟာ ဥက္ကဋ္ဌ ရာထူး နဲ့ ထိုက်တန်ပါသလားဆိုတာကိုသာ ဆန္ဒမဲနဲ့ ဆုံးဖြတ်ရမယ့်အချိန် ရောက်နေပါပြီခင်ဗျား၊ ဒီအချက်ကို ဥက္ကဋ္ဌကြီး သဘောတူပါသလား ခင်ဗျား’

‘လုပ်ပါ….လုပ်ပါ၊ ခင်ဗျားတို့ သဘောရှိလုပ်ကြပါ၊ နှစ်ပေါင်းအစိတ်နီးပါး ဘဏ်အကျိုးအတွက် အမှုထမ်း လာတဲ့ လူတစ်ယောက်ကို သိက္ခာမဲ့ဖြုတ်ပစ်ပြီး ဘာမှမဟုတ်တဲ့ အညတရ ရာဇ၀တ် ကောင် တစ်ယောက် ကို သိက္ခာတင်ရေးအတွက် အခုအစည်းအဝေးက ဆုံးဖြတ်ချက် ချမှတ် ပါလိမ့်မယ်’
ဂျိတ်ခ်သောမတ် က အတွင်ရေးမှုးအား ခေါင်းညိတ်ပြလိုက်သည်။
အတွင်းရေးမှုးက ဆန္ဒမဲစာရွက်များ လိုက်ဝေသည်။

ဝီလျံက ပရိသတ်များဘက်သို့ ဝေ့ကြည့်လိုက်သည်။ စုစုပေါင်း ၂၉ယောက်။ အများစုမှာ သူကိုယ်တိုင် ရွေးချယ်ခန့်ထားခဲ့သူများ ဖြစ်သည်။ သို့သော် တချို့ကိုတော့ သူလုံးဝမသိ။ တချို့က သူ့မျက်နှာ ကြည့်နေကြသည်။ တချို့ကတော့ မကြည့်။ တချို့က သူ့ကို ကန့်ကွက်ကြ လိမ့်မည်။ မျှော်လင့်ချက် ကတော့ ကျန်ပါသေးသည်။
ဘုတ်အဖွဲ့ဝင် အသီးသီးက ဆန္ဒမဲစာရွက်တွေ ဖြည့်စွက်ပြီးနောက် အတွင်းရေးမှုးထံ ကမ်းပေး လိုက်ကြ သည်။
အတွင်းရေးမှုး က ဆန္ဒမဲစာရွက်များကို ဖြည်းဖြည်းချင်းဖွင့်၍ စာရင်းရေးသွင်းနေသည်။ တစ်ခန်းလုံး နားရွတ် မခတ် တိတ်ဆိတ်နေသည်။
အတွင်းရေးမှုးက တစ်စုံတစ်ရာ ပြောလိုက်သည်။ သို့သော် ၀ီလျံက သူနာ့းကိုပင် မယုံနိုင်အောင် ဖြစ်သွား သည်။

ထောက်ခံမဲ ၁၂မဲ။
ကန့်ကွက်မဲ ၁၇မဲ။
ဝီလျံရှုံးနိမ့်သွားခဲ့ပြီ။ သူက ကုလားထိုင်မှ ထရပ်လိုက်သည်။ ပြီးတော့ စည်းဝေးခန်းထဲမှ ထွက်လာ ခဲ့သည်။ သူ့ရုံးခန်းထဲသို့ ၀င်လာခဲ့သည်။ ချိတ်ထားသော ကုတ်အင်္ကျိကို ယူသည်။ သူ့စားပွဲ နောက်မှ ချားလ်စ်လက်စတာ ၏ ဓာတ်ပုံကားချပ်ကြီးကို ခေတ္တရပ်ကြည့်နေမိသည်။
ထို့နောက် ချာခနဲလှည့်ကာ စင်္ကြလမ်းအတိုင်း လျှောက်လာခဲ့သည်။ တံခါးဝသို့ ရောက်လာသည်။

တံခါးစောင့်ကြီးက ဆီး၍နှုတ်ဆက်သည်။
‘ကျန်းကျန်း မာမာနဲ့ ပြန်ရောက်လာတာ ၀မ်းသာပါတယ် ဥက္ကဋ္ဌကြီးခင်ဗျား၊ မနက်ဖြန်မှ ထပ်တွေ့ ကြတာ ပေါ့’
မနက်ဖြန် သူ့ကို မတွေ့နိုင့်တော့ပါ။ တစ်သက်လုံးလည်း မတွေ့နိုင်တော့ပါ။

သူက နောက်သို့ ပြန်လှည့်ပြီး တံခါးစောင့်ကြီးနှင့် လက်ဆွဲနှုတ်ဆက်လိုက်သည်။ သည်ပုဂ္ဂိုလ်ကြီး သည် ၀ီလျံမှ လွှဲလျှင် သည်ဘဏ်တိုက်တစ်ခုလုံးတွင် လုပ်သက်အရင့်ဆုံး အမှုထမ်းကြီး ဖြစ်သည်။ သည်ပုဂ္ဂိုလ်ကြီး သည် လွန်ခဲ့သော နှစ်ပေါင်း ၂၃နှစ်ခန့်က ၀ီလျံအား ပထမဆုံးအကြိမ် အစည်းအဝေး ခန်းမထဲ သို့ လမ်းညွှန်လိုက်ပို့ခဲ့သည့် ပုဂ္ဂိုလ်ကြီးပင် ဖြစ်သည်။

မရယ်မပြုံးဖြင့် မိမိလက်ကို ဆုပ်ကိုင်ထားသော ၀ီလျံအား တံခါးစောင့်ကြီးက တအံ့တသြ ကြည့်နေမိသည်။ နောက်ဆုံး တွင် သူက 'မင်္ဂလာညပါ ဥက္ကဋ္ဌကြီး' ဟူ၍ နှုတ်ဆက်လိုက်သည်။
ဝီလျံ ကားပေါ်တက်သွားသည်ကို တံခါးစောင့်ကြီးက ရပ်ကြည့်နေမိသည်။ သူသည် ဘဏ်ဥက္ကဋ္ဌ ကြီးအား နောက်ဆုံး အကြိမ် ကြည့်နေခြင်းဖြစ်ကြောင်း တံခါးစောင့်ကြီးက လုံးဝမသိ။

ဒရိုင်ဘာက ကားကို မောင်းထွက်လာခဲ့သည်။ အရှေ့ ၆၈လမ်းမှ အိမ်သို့ ပြန်ရောက်တော့ ၀ီလျံသည် အိမ်ရှေ့လှေကားဦးတွင် အရုပ်ကြိုးပြတ် လဲကျသွားသည်။
ဒရိုင်ဘာနှင့် ကိတ်တို့က သူ့ကို အိမ်ထဲသို့ တွဲခေါ်လာခဲ့ကြသည်။
ဝီလျံ ငိုနေသည်။ မျက်ရည်တွေ သွယ်သွယ်စီးကျပြီး ကလေးငယ်တစ်ယောက်ပမာ ငိုနေသည်။

ကိတ် က သူ့ကို ပွေ့ဖက်ထားလိုက်သည်။
'ဟင်….မောင်၊ ဘာဖြစ်လို့လဲ မောင်၊ ဘာဖြစ်လို့လဲဟင်'
'မောင့်ကို ဘဏ်တိုက်က ကန်ထုတ်လိုက်ကြပြီ ကိတ်' သူကရှိုက်ရင်း ပြောသည်။ 'မောင့်ကို ဘုတ်အဖွဲ့ဝင် တွေက မယုံကြည်တော့ဘူး၊ သူ့တို့က ရို့စနော့စကီးနောက်ကို ကောက်ကောက် ပါအောင် လိုက်သွား ကြပြီ'
သူက တဟီးဟီးဖြင့် ဆက်၍ ငိုနေသည်။

ကိတ်က အိပ်ရာထဲ တွဲခေါ်လာခဲ့သည်။
သူသည် အိပ်ရာပေါ်တွင် ငုတ်တုတ်ထိုင်နေသည်။ အိပ်လည်း မအိပ်၊ စကားလည်း တစ်ခွန်းမှ မပြော။

နောက်တစ်နေ့ထုတ် 'ဝေါလ်စထရိဂျာနယ်' သတင်းစာတွင် သတင်းတိုကလေးတစ်ပုဒ် ပါလာသည်။
'လတ်စတာဘဏ်၏ ဥက္ကဋ္ဌနှင့် အုပ်ချုပ်ရေးအဖွဲ့ နာယကဖြစ်သူ မစ္စတာဝီလျံလိုဝယ်ကိန်းသည် ယမန် နေ့ကျင်းပသော ဘုတ်အဖွဲ့အစည်းအဝေးတွင် ရာထူးမှ နုတ်ထွက်သွားသည်ဟု သိရှိရ၏'

ကျန်းမာရေးကြောင့်သော်လည်းကောင်း၊ အခြားအကြောင်း တစ်ခုခုကြောင့်သော်လည်းကောင်း၊ ယခုကဲ့သို့ နုတ်ထွက်သွားရခြင်းဖြစ်ကြောင်း တစ်စုံတစ်ရာ ဖော်ပြခြင်း အလျင်းမရှိ။ ထို့ပြင် သူ့၏ ရာထူးတွင် သားဖြစ်သူက ဆက်လက်တာဝန်ယူ ဆောင်ရွက်မည်။ မဆောင်ရွက်မည်ဆိုသည့် အချက်ကိုလည်း သတင်းအစအနပင် ဖော်ပြထားခြင်း မရှိ။
၍သတင်းသည် ဝေါလ်စထရိ စီးပွားရေးရပ်ကွက်တွင် တောမီးပမာ ပျံနှံ့သွားပြီး အမြင်အမျိုးမျိုးဖြင့် တစ်ယောက် တစ်ပေါက် ဝေဖန်ပြောဆိုနေကြလိမ့်မည် ဆိုသည်ကို ၀ီလျံ တွေးမိသည်။

သူသည် အိပ်ရာပေါ်တွင် ငုတ်တုတ်ကြီး ထိုင်လျက်ပင် ရှိသေးသည်။
သူသည် ဤလောကတွင် ဘယ်အရာမျှ ဂရုမစိုက်တော့။

ဝီလျံကိန်း နုတ်ထွက်သွားခြင်း သတင်းကို အေဘယ်သည် ထို့နေတွင်ပင် 'ဝေါလ်စထရိဂျာနယ်' သတင်းစာ၌ ဖတ်ရှုရသည်။
သူကစားပွဲပေါ်မှာ တယ်လီဖုံးကို ကောက်ကိုင်ပြီး၊ လတ်စတာဘဏ် ဖုံးနံပါတ်ကို လှည့်လိုက်သည်။
'ဥက္ကဋ္ဌသစ်နဲ့ စကားပြောချင်လို့ပါ'
'မင်္ဂလာ နံနက်ခင်းပါ  မစ္စတာရို့စနော့စကီး'

'မင်္ဂလာနံနက်ခင်းပါ မစ္စတာသောမတ်၊ ကျွန်တော်အခု ဆက်တာက တခြားမဟုတ်ပါဘူး၊ အင်တာစတိတ် လေကြောင်းကုမ္ပဏီမှာ ကျွန်တော်ပိုင်တဲ့ ရှယ်ယာတွေအားလုံးကို ဒီနေ့မနက် စတော့ ဈေးကွက်ပေါက်ဈေး နဲ့ လက်စတာဘဏ်က ၀ယ်ယူဖို့နဲ့ လက်စတာဘဏ်မှာ ကျွန်တော့် ရှယ်ယာရှစ်ရာခိုင်နှုန်းကို လူကြီးမင်း ကို ဒေါ်လာနှစ်သန်းနဲ့ ရောင်းဖို့အကြောင်း ပြောချင်လို့ ဆက်တာပါ'

'အများကြီး ကျေူးဇူးတင်ပါတယ် မစ္စတာရို့စနော့စကီး၊ အခုလို ရက်ရက်ရောရော စွန့်လွှတ်နိုင်တာ ကို ကျွန်တော်တို့အနေနဲ့ တစ်သက်မမေ့နိုင်ပါဘူး'
'ကျွန်တော့်ကို ကျေးဇူးတင်စရာ မလိုပါဘူး ဥက္ကဋ္ဌကြီးခင်ဗျား၊ ကျေးဇူးတင်ကြစတမ်းသာဆိုရင် ကျွန်တော် လိုအပ်နေတဲ့ ရှယ်ယာနှစ်ရာခိုင်နှုန်းကို စေတနာအပြည့်နဲ့ ရောင်းခဲ့တဲ့ ဥက္ကဋ္ဌကြီးကိုသာ ကျွန်တော်က ပြန်တင်ရမှာပါခင်ဗျား'

အခန်း (၃၉) ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

Thursday, June 10, 2010

မောင်ထွန်းသူ ဘာသာပြန် အကျဉ်းစံ အပိုင်း (၁၉)

အခန်း (၁၉)

ထိုနေ့ မွန်းမလွဲမီ စောစောပိုင်း အချိန်တွင် နီကိုလတ်စ်သည် အ၀တ်အစားကို ပြည့်ပြည့်စုံစုံ ၀တ်ကာ သူ့အိပ်ခန်း ထဲရှိ အိပ်ရာပေါ်၌ လဲလျောင်းနေသည်။ သူ့စိတ်မှာ တည်ငြိမ်ခြင်း မရှိ။ ဖြစ်ပေါ် လာသည့် အခြေ အနေ အရပ်ရပ်ကို သူဥာဏ်မီသလောက် စဉ်းစားကာ ဘ၀င်မကျ ဖြစ်လျက် ရှိ၏။

ပါမောက္ခ ဒေါက်တာ ဟေးလီးဗီးကတော့ ကနေ့မနက် ပြန်သွားပြီ။ ဟေးလီးဗီး ပြန်သွားသည့် အတွက် သူ့မှာ များစွာ စိတ်ချမ်းသာခဲ့ရ၏။ နေ့စဉ်နှင့်အမျှ သူ့အား မေးခွန်းပေါင်းသောင်းခြောက် ထောင် အမေးခံ နေရသဖြင့်  သူစိတ်ညစ်စိတ်ရှုပ်ခဲ့ရ၏။ ဤမေးခွန်းများကို မည်သည့် ရည်ရွယ်ချက် ဖြင့် မေးသနည်း။ ဒါကိုတော့ သူမသိ။ တိကျသော အဖြေရဖို့အတွက် သူ့ဥာဏ်မီသလောက် စဉ်းစားကြည့်သည်။ စဉ်းစား လိုက်တိုင်း ရှက်ကြောက်သော စိတ်သည် သူ့ရင်ထဲတွင် ဖြစ်ပေါ်လာစ မြဲ...။ အခုဆိုလျှင် အိမ်တွင် ဂရေစီယာ လည်း မရှိ။ ဟေးလီးဗီးကို ဘာစီလိုးနားမြို့သို့ မော်တော်ကားဖြင့် လိုက်ပို့နေသည်။ မက်ဂိဒါလီးနား ကလည်း ယခင်ကလို မဟုတ်။ ခင်မင် ရင်းနှီး မှုဆိုသည် လုံးဝ မဖြစ်နိုင်တော့သည့် အခြေသို့ ဆိုက်နေပြီ။ မက်ဂ်ဒါလီးနားသည် သူ့အခန်းထဲမှ အပြင်သို့ မထွက်။ အိမ်တွင်းပုန်းလုပ်လျက် ရှိ၏။

တအိမ်လုံး ကြောက်မက်ဖွယ် ကောင်းလောက်အောင် တိတ်ဆိတ်ငြိမ်သက်လျက် ရှိသည်။ ကလေး တယောက် အနေဖြင့် ဤမျှလောက် တိတ်ဆိတ်ခြောက်သွေ့နေပြန်တော့လည်း မနေတတ် မထိုင် တတ် ဖြစ်လာသည်။ တစုံတခု လုပ်ရလျှင် ကောင်းလေမလားဟူသော စိတ်သည် သူ့ခေါင်းထဲ၌ ပေါ်လာသည်။ သူသည် အခန်းထဲမှထွက်ကာ အောက်ထပ်သို့ ဆင်းခဲ့ပြီး ဥယျာဉ်ဘက်သို့ သွား သည်။ ပန်းဥယျာဉ် ထဲတွင်လည်း အသက်ကင်းမဲ့လျက် ရှိ၏။ သူသည် တဒင်္ဂမျှ တွေဝေငေးမောနေ သည်။ ပြီးတော့ သူ့စိတ်ကို တင်းကာ ဥယျာဉ်ထဲမှနေ၍ ပင်လယ်ကမ်းခြေဘက်ရှိ လမ်းမပေါ်သို့ ထွက်လာခဲ့သည်။ ထိုလမ်းသည် မြို့ဘက်သို့ ဦးတည်သော လမ်း...။ သူသည် ထိုလမ်းအတိုင်း လျှောက်သည်။ ပထမတော့ မည်မည်ရရ စိတ်ကူးနှင့် လျှောက်ခြင်းမဟုတ်။ လုပ်စရာမရှိ၍ ကြံဖန် လုပ်သည့်သဘော...။ နောက်တော့လည်း သူ့စိတ်ထဲတွင် ရည်မှန်းချက်တခုရှိလာလေသည်။

နေကတော့ ပူပြင်းလှ၏။ အပူရှိန်သည် သူ့ကိုယ်ပေါ်သို့ အညှာအတာ ကင်းမဲ့စွာ ကျရောက်လျက် ရှိ၏။ အခု သူလျှောက်သွားနေသော လမ်းသည် ဘယ်တုန်းကမှ မရောက်ဖူးသော လမ်း...။ လမ်း ကို မျှော်ကြည့် လိုက်သည့် အခါ တမျှော်တခေါ်ကြီး...။ ဆုံးမှ ဆုံးပါဦးမည်လော...။ ဆန်ဂျော်ဂျီမြီု့ ထဲသို့ ရောက်သောအခါ သူသည် အဆမတန် ပင်ပန်းနွမ်းနယ်လျက် ရှိလေပြီ။ ဖုန်ထူလွန်းလှသော ကွင်းပြင်၊ နေပူလွန်းလှ၍ တရုတ်ကတ် များ ပိတ်ထားရသည့် အိမ်ရှေ့မျက်နှာစာများ။ ညစ်ပတ် ပေရေလျက် ရှိသော လမ်းကြို လမ်းကြားများ...။
စိတ်ထဲက မ၀ံ့မရဲဖြစ်နေမိသော်လည်း နောက်ကို ဆုတ်ဖို့တော့ မစဉ်းစား။

သူ့ရှေ့တည့်တည့်မှ ကွင်းပြင်ကို ရဲဝံ့စွာ ဖြတ်ပြီး တဘက်အိမတန်းများဆီ အရောက်သွားသည်။ ထိုနေရာ တွင် သူ ရည်မှန်းထားသော ခရီလးမ်းဆုံး တည်ရှိပေသည်။ သို့သော်လည်း ထိုနေရာသို့ ဆိုက်ရောက်သွား သော အခါ စိတ်ပျက်လက်ပျက် ဖြစ်သွားသည်။ သူမြင်နေရသည့် အကျဉ်းထောင်ကြီး၏ အသွင် အပြင်မှာ ကြောက်စရာ ကောင်းနေသည်။ သူတွေးထင်ထားသလို လွယ်လွယ်နှင့် ၀င်၍ ရလိမ့်မည် လည်းမဟုတ်။ ပတ်ပတ်လည် တွင် အုတ်နံရံကြီးများ ကာထားသည်။ တဘက်တချက်တွင် မားမား မတ်မတ် ရပနေသော မျှော်စင်ကြီးနှစ်ခု...။

အမှန်တော့ နီကိုလတ်စ်သည် ကလေးအတွေး၊ ကလေးစိတ်ကူးဖြင့် အပင်ပန်းခံ၍လာခဲ့ခြင်း ဖြစ် သည်။ သူထောင် သို့ ရောက်လျှင် မလွယ်ပေါက်တခုတော့ တွေ့လိမ့်မည်ဟု ထင်ခဲ့၏။ မလွယ် ပေါက် ရှာတွေ့ခဲ့ သည်ရှိသော် ထိုမလွယ်ပေါက်မှ နေ၍ သူ့ သူငယ်ချင်းဂျိုစီနှင့် စကားပြောမည်ဟု အားခဲ ထားသည်။ အခုတော့ သူ့စိတ်ကူးသည် ပျောက်သွားခဲ့လေပြီ။

သူသည် ထောင်နှင့်မနီးမဝေးမှ ရပ်ကာ မျှော်ကြည့်နေသည်။ ကံကောင်းလျှင် သူ့ဆန္ဒ ပြည့်နိုင်မည့် အခြေအနေ တခု ဖြစ်ပေါ်လာတန်ကောင်းရဲ့ ဟူသော အတွေးဖြင့် မျှော်လင့်ချက်ထားနေမိသည်။ သို့သော်လည်း ဘာတခုမှ ဖြစ်မလာ။ အုတ်နံရံကြီး၏ နောက်ဘက်တွင် သက်ရှိသတ္တ၀ါရှိမှ ရှိပါလေ စဟုပင် သံသယ ၀င်လောက်သည်။ သူသည် ကြည့်နေယင်းမှ ရုတ်တရက် ချက်ချင်း ကြောက်စိတ် ၀င်လာကာ နောက်သို့ ပြန်လှည့်ပြီး လာလမ်းအတိုင်း ကဆုန်ပေါက်၍ ပြေးသည်။

ပြေးနေယင်းမှပင် သူ့နောက်တွင် ကျန်ရစ်ခဲ့သည့် မျှော်စင်ကြီး နှစ်ခုဆီမှ အလွန်ရှည်လျးသော လက်ကြီး နှစ်ဘက်ထွက်လာပြီး သူ့အား ဖမ်းဆီလေမလားဟူသော စိတ်ကူး ၀င်လာလိုက်သေး၏။ အလန့်တကြားနှင့် ခြေဦးတည့်ရာသို့ ပြေးခြင်းဖြစ်၍ ကွေ့ကောက်လွန်းလှသော လမ်းကြို လမ်းကြားများအတွင်းသို့ ရောက်ကာ လမ်းစ ပျောက်သွားသည်။ အနားကျယ် မက္ကဆီကန် ဦးထုပ် နက်ကြီးကို အော်ဟစ် ကြိမ်းမောင်းကာ ကျန်ခဲ့သည်။ သူသည် ရေခပ်လာသော အဘွားကြီး တဦး အပေါ်သို့ လဲကျလိုမတတ် ဖြစ်သွားသည်။
မည်သို့ပင် ဖြစ်စေ ဟူသည် ကံအားလျော်စွာပင် သူရောက်ခဲ့ဖူးသော လမ်းမြောင်တခုအတွင်းသို့ ရောက်သွား သည်။ ထိုလမ်းကို သူမှတ်မိနေသည်။ ထိုလမ်းသည် မြစ်ဘက်သို့ ထွက်ရာလမ်း တလမ်း...။

ခပ်ဝေးဝေးမှ နာရီထိုးသံ သုံးချက်နှင့် လက်မှတ်ရောင်းသော လမ်းဘေးဈေးသည် တဦး၏ အော်သံများကို ကြားရသည်။
ဤလမ်းပေါ် ရောက်လာပြီး ဤအသံများကို ကြားရသည့်အခါ စောစောက ရှိနေသော ကြောက် စိတ်သည် ပျောက်သွား သည်။ သူ့ကိုယ်သူ ယုံကြည်စိတ်ချမှုသည် ပြန်ဝင်လာသည်။ သူသည် ပြေးနေသော အရှိန် လျှော့လိုက်၏။ ခပ်ဖြည်းဖြည်း မှန်မှန်လျှောက်ကာ ကော်ရီယင်တီ လမ်းထဲသို့ ချိုးဝင်ခဲ့၏။ ဂျိုစီ၏ အိမ်ကို အလွယ်တကူ ပင် တွေ့သည်။ အခုအချိန်အထိ အသက်ရှူ မမှန်သေး။

သူသ်ည လမ်းတဘက် ပလက်ဖောင်းပေါ်၌ ရပ်ကာ မျက်နှာချင်းဆိုင် အဆောက်အအုံ၏အပေါ် ဆုံးထပ်သို့ မျှော်လင့်ချက် ကြီးစွာဖြင့်  လှမ်းကြည့်နေမိသည်။ ထိုအခန်းငယ်ဆိသို့ တက်သွားရာ လှေကားမှာ ကြောင်လိမ် လှေကားသဖွယ် ကွေ့ကွေ့ကောက်ကောက် နိုင်လွန်းသဖြင့် သူ မတက်ရဲ။
သူသည် ပလက်ဖောင်းပေါ်၌ တနာရီကျော်ကျော် ကြာမျှ ရပ်နေသည်။ နေစွယ် ကျိုးသွားလေပြီ။ လေသည် အေးစ ပြုလာသည်။ သို့သော်လည်း ဂျိုစီအခန်းမှ လူတဦးတယောက်မှ ပေါ်မလာ။ သူသည် စိတ်အား ငယ်လာ သည်။ လာလမ်းအတိုင်း ပြန်တော့မည်ဟု စိတ်ကူးသည်။ ထိုအခိုက်မှာ ပင် ဂျိုစီတို့အခန်းကို သွားရာ ပေါင်းကူးကလေးအတွင်းမှ အဘိုးပက်ဒရို ထွက်လာသည်ကို မြင် လိုက်ရလေ၏။ သူသည် ရုတ်တရက် ကြက်သေသေကာ ငေးနေမိသေးသော်လည်း ချက်ချင်းပင် သတိပြန်ဝင်လာကာ လမ်းတဘက် သို့ ကူးခဲ့လေသည်။

"ပက်ဒရို" သူက လှမ်းအော်သည်။ "ကျွန်တော်လေ နီကို၊ အဘိုး ဘာသတင်းရသေးလဲ"
အဘိုးအိုက သူ့အား လှမ်းကြည့်သည်။ "သတင်းတော့ ရတယ် ... နီကို"ဟု ဆိုကာ ခေါင်းကို ဖြည်းလေးစွာ ယမ်းပြသည်။ "ဒါပေမယ့် သတင်းကောင်း မဟုတ်ဘူး၊ ဂျိုစီကို အချုပ်နဲ့ ဘာစီလိုးနား မြို့အထိ ပို့ပြီး စစ်လိမ့်မယ်။ ဟိုမှာ စစ်မယ်ဆိုယင်တော့ ဂျိုစီအတွက် သက်သာစရာလမ်း မရှိတော့ ဘူး"
"အို... "

"ဟုတ်တယ်၊ အားလုံးအတွက် အမင်္ဂလာ သတင်းပဲ" အဘိုးအိုက သက်ပြင်းချသည်။ "ဂျိုစီအတွက် တော့ အဆိုးဆုံးအခြေအနေပဲကွာ"
"သူကော နေကောင်းရဲ့လား"
"သိပ်မကောင်းဘူး...၊ အချုပ်အနှောင်နဲ့ နေရတာကို သူမနေချင်ဘူး၊ သူက ငယ်ငယ်လေးကတည်း က အပြင်မှာ လွတ်လွတ်လပ်လပ် နေခဲ့တဲ့ လူတယောက်ဆိုတော့ သူသည်းမခံနိုင်ဘး၊ တကယ် လို့ သူတို့က အခုလိုပဲ အချိန်ကြာကြာကြီး ပိတ်လှောင်ထားမယ် ဆိုယင်တော့... " ပက်ဒရိုက စကားကို ဆက်မပြောပဲ ရပ်လိုက်ကာ သက်ပြင်းတချက် ချပြန်သည်။
နှစ်ဦးစလုံး ညှိုးငယ်သော စိတ်ဖြင့် ငြိမ်ဆိတ်နေကြ၏။

"သူ ... ကျွန်တော့်ကိုကော မေးရဲ့လား"ဟု နီကိုလတ်စ်က မေးသည်။
"မေးပါတယ် ... " အဘိုးအိုက ခေါင်းညိတ်သည်။ "မင်းကို သတိရကြောင်း ပြောဖို့ အမြဲ မှာပါတယ် ကွာ၊ ဘယ်နည်းနဲ့မဆို သူ လွတ်မှာပါလို့ ပြောပေးဖို့လဲ အမြဲမှာတယ်"
"ဒါပေမယ့်... " နီကိုလတ်စ်က အသံကို တိုးလိုက်သည်။ "လွတ်ဖို့ဆိုတာ ဖြစ်နိုင်ပါ့မလား အဘိုးရယ်"
ပက်ဒရိုသည် လမ်းဘေးဝဲယာကို ကျီးကန်းတောင်းမှောက် ကြည့်၍ အကဲခတ်သည်။ ထို့နောက် နီကိုလတ်စ်အနီသို့ ကပ်၍ ခပ်တိုးတိုး ပြောသည်။

"ငါ ဒီအကြောင်းကို မပြောသင့်တာ အမှန်ပဲ နီကို၊ ဒါပေမယ့် မင်းကလဲ ဂျိုစီကို အဘိုးတို့ ချစ်သလို ချစ်နေတာဆိုတော့ မင်းဟာ ငါတို့ မိသားစုထဲက လူတစ်ယောက်လို ဖြစ်နေတယ်၊ ငါမပြောပဲ မနေ နိုင်ဘူး...၊ ကဲ...နားထောင်၊ ဂျိုစီအတွက် လွတ်မြောက်နိုင်တဲ့ နည်းလမ်းက တလမ်းတည်း  ရှိတယ်၊ တကယ်လို့ သူ့ကို ဘာစီလိုးနားမြို့ ပို့ပြီး စစ်မယ်ဆိုယင် သူ့ဘ၀ဟာ ဆုံးပြီး၊ ဒါကြောင့်မို့ ဒီကိစ္စကို ငါတို့အားလုံးကပါ သဘောတူကြတယ်၊ နောက်တချက် သူ့ကို ဟိုမပို့ပဲ ဒီမှာပဲထားမယ်ဆိုပါတော့၊ ဒါပေမယ့် ထားမယ့် နေရာက ထောင်ထဲမှာပဲဆိုယင် ဘာမှလုပ်နိုင်မျာ မဟုတ်ဘူး၊ တခုရှိတကာ  ဘာစီလိုးနားမြို့ကို အသွားမှာ... " အဘိုးအို၏ အသံသည် ပို၍ တိုးသွားသည်။

"အဲ... အဲဒီကို အသွားလမ်းမှာ တစုံတခုတော့ ဖြစ်လာကောင်း ဖြစ်လာနိုင်တယ်လို့ တွက်ရမှာပဲကွ၊ ငါတို့ အနေ နဲ့ သိပ်ပြီး မျှော်လင့်ချက် ထားလို့တော့ မဖြစ်ဘူးပေါ့ကွာ၊ ဒါပေမယ့် မျှော်လင့်တာကတော့ မျှော်လင့် ရမှာပဲ၊ တကယ်လို့ ငါတို့တွက်ထားတဲ့အတိုင်း အောင်မြင်မယ်ဆိုယင်တော့ ဂျိုစီဟာ ဟို တောင်တန်း တွေဘက် ထွက်ပြေးမှာပဲ၊ မင်းနဲ့သူနဲ့ ငါးသွားမျှားခဲ့တဲ့ ဂျုံစက်ဟောင်းကြီးကိုပဲ ခိုရမှာ၊ အဲဒီနေရာမှတော့ ရက်ပေါင်း အတော်ကြာကြာ ခိုနေနိုင်မှာပေါ့၊ ပြဿနာပြီးပြတ်သွားတဲ့ အချိန် အထိပေါ့ကွာ"

နီကိုလတ်စ်၏ ရင်သည် လှုပ်ရှားလာသည်။ သူ့မျက်နှာသည် ၀င်းလက်လာသည်။ သူ့မျက်နှာသည် ၀င်းလက်လာသည်။ မြစ်ကမ်းဘေးမှ ဂျုံစက်ဟောင်းကြီး ….။ ဂျိုစီလုံလုံခြုံခြုံ ပုန်းနေနိုင်မည့် နေရာ….။ ထိုနေရာ သည် အကောင်းဆုံးနေရာ…..။ သူလည်း ဂျိုစီကိုသွား၍ တွေ့နိုင်မည်။ သူ့အတွေးနှင့်သူ များစွာ အားရနေသဖြင့် ရုတ်တရက် စကားပြန်မပြောနိုင်။ သူသည်မလှုပ်မယှက် ရပ်ကာပက်ဒရို၏ မျက်နှာကို ငေးမောကြည့်နေသည်။ အတန်ကြာမျှ အဘိုးအို၏ လက်ကိုဝင်းသာအားရ လှမ်းဆွဲသည်။

" ‘ဟုတ်တယ်…. ဟုတ်တယ် …၊ သူ့ကိုပြောပါ၊ သူ့ကိုဆက်ဆက်ပြောပါ၊ အဲဒီအတိုင်း မလုပ်လို့မဖြစ်ဘူး၊ လုပ်ကိုလုပ်မှ ဖြစ်မှာလို့ပြောပါ" ဟု အားတက်သရော ပြေသည်။
စောစောက ပင်ပန်းနွမ်းနယ်မှု ဟူသမျှကို မေ့သွားသည်။ နီကိုလက်စ်သည် လာလမ်းအတိုင်း ပြန်လှည့်ကာ အိမ်သို့ ဒုန်းစိုင်း၍ ပြေးသည်။ ထိုကဲ့သို့ ပြန်ပြေးမိခြင်းသည်ပင်လျှင် သူ့အတွက် ကံကောင်းသည်ဟု ဆိုရမည်။ ရုံးပြန်နောက်ကျနေသော သူ့အဖေအလျင် အိမ်ပြန်ရောက်သည်။ ဂရေစီယာတယောက်လည်း အိမ်ပြန် ရောက်နေပြီဖြစ်၏။ တခဏတော့ ဖြင့်သူသည် ကြောက်လန့် နေဆဲ…..။ သူ့အဖေက သူ့အား ယနေ့ နေ့ခင်းပိုင်း ဘာလုပ်နေသလဲဟုများ မေးလေမလား…..။ တကယ်၍ မေးခဲ့ပါမူ…။ သို့သော်လည်း သူ့အဖေကမမေး။ သူ့အဖေသည် အလွန်နှုတ်ဆိတ်လျက် ရှိ၏။ သူ့အဖေ၏မျက်နှာသည် တစုံတခုကို တွေးနေ သည့်ဟန် ရှိသည်။ ညစာစားကြသည့် အချိန်တွင်လည်း သူအဖေသည်စကားတခွန်းတလေမျှပင် ပြောဖော် မရ။ နီကိုလတ်စ်အဖို့တော့ ဤနည်းဖြင့် အသည်ရှူပေါက် ချောင်ခဲ့ရလေ၏။

လွန်ခဲ့သော အပတ်တွင်းကမူ ဘရင်းဒီးသည် သူ့သားအားမေးထူး ခေါ်ပြောလောက်တော့ ဆက်ဆံခဲ့သည်။ သူ့သားကိုချစ်သောစိတ်ကြောင့် ပစ်ပစ်ခါခါတော့ မပြုနိုင်ခဲ့။ တခါတရံတွင်မူ သူ့သားအား ယခင်ကလိုပင် တယုတယ ပိုက်တွေး၍ နေလိုသောဆန္ဒရှိခဲ့ပါ၏၊ သို့သော်သူ့မာနနှင့် နာကျဉ်းမှုများက ထိုဆန္ဒအတိုင်း မလုပ်မိအောင် တားမြစ်ပိတ်ပင်ထားခဲ့သည်။ အကယ်၍ ဆန္ဒရှိ သည့်အတိုင်းပြုခဲ့ပါမူ သူ့သားရောင့် တက်လာမည် ကိုလည်း စိုးရိမ်သည်။

ဤသို့ဖြင့် သူသည်သူ့သား အားဖက်လှဲတကင်း သိပ်မလုပ်ပဲ ခပ်တန်းတန်းလုပ်ထားခဲ့သည်။ သူ့သား နောင်တ ရလာအောင်၊ သူ့အပေါ်ပြန်၍ လေးစားလာအောင် စောင့်နေပြီးမှ ယခင်ကပုံစံမျိုး ပြန်လည် တည်ဆောက် မည်ဟုပိုင်းဖြတ်ထားခဲ့၏။

မည်သို့ပင် ဖြစ်စေ တနေ့ညတော့ဖြင့် နောက်ထပ်ပေါ်ပေါက်လာသော ပြဿနာ အသစ်တခုသည် သူ့စိတ်ကို များစွာ အနှောင့်အယှက် ပြုနေဟန်တူ၏၊ ထုံးစံအတိုင်း နီကိုလတ်စ်အား နှုတ်ဆက်စကား ဆိုပြီးသော် နောက်ထပ်စကား တခွန်းမှ မပြောတော့ချေ၊ သူ့အဖေကို ကြည့်ရသည်မှာ ထူးထူးဆန်းဆန်း။ ဂရေစီယာ အပေါ်တွင် စိတ်ဝင်စားနေဟန် တူ၏။ သူ့အဖေသည် ဂရေစီယာ လှုပ်ရှားမှုမှန်သမျှကိုသာ် မျက်ခြည်မပြတ် လိုက်၍ကြည့်လျက် ရှိသည်။ ဂရေစီယာသည် သူတို့အတွက် လိုအပ်သမျှကို လုပ်ပေး လျက်ရှိသည်။ သူ့အဖေသည် အကြောင်းထူး မရှိပါက ညနေစာစားနေခိုက်တွင် အခိုင်းအစေများနှင့် စကား ပြောတက်သော အလေ့အထမရှိ။ အခုကျတော့  နောက်တကြိမ် ဂရေစီယာအခန်းထဲ ပြန်ဝင်အလာတွင် ဖြတ်ကနဲ လှမ်းမေးသည်။

"ပါမောက္ခဟေးလီးဗီးရဲ့ ရထားထွက်ချိန်အထိ မင်းစောင့်ခဲ့ရဲ့လား"
"စောင်ခဲ့ပါတယ်ဆီညော်"
"သူ့ရထားက အချိန်ကောမှန်ရဲ့လား"
"ဒီရထားတွေ အချိန်မမှန်တာ ရှိခဲ့ဖူးပါသလား ဆီညော်" ဟု ဂရေစီယာက ဖြေသည်။ သူ့လေသံနှင့် ဟန်အမူအရ များမှာ မခန့်တရန့် နိုင်သလို ရှိနေသည်။ "မကြားတော့ မကြားခဲ့ဖူးပါဘူး" ဘရန်းဒီးမျက်နှာ တချက်ပျက်သွားသည်။ သူသည်ဂရေစီယာ၏ အပြုအမူကို ဝေခွဲ၍ မရသော မျက်နှာထားဖြင့် ငေးကြည့်နေသည်။ "ရထားပေါ် ကောင်းကောင်းမွန်မွန် ပါသွားတယ် မဟုတ် လား"

"သံသယရှိစရာ မလိုသလောက်ပါပဲ ဆီညော်၊ ကျွန်တော့်ဘက်က တာဝန်ပျက်ကွက်မှု ရှိမယ်လို့ ကော ထင် နေပါသလား ခင်ဗျား၊ ဆယ့်တနာရီတိတိမှာ မီးရထားထွက်ပါတယ်"
သူ့အဖေနှင့် ဂရေစီယာတို့ အပြန်အလှန် ပြောဆိုနေကြသည့် အသံများမှာ နီကိုလတ်စ်၏ နားထဲ တွင် အထူးအဆန်း ဖြစ်နေသည်။ မည်သည့်အဓိပ္ပာယ်ဆောင်နေမှန်း နားမလည်သော်လည်း စိတ်ထဲက စနိုး စနောင့် ဖြစ်လျက် ရှိသည်။ နောက်ဆုံးတွင် သူ့အဖေက သူ့ဘက်ကို လှည့်၍ ခေါင်း တချက် ဆတ်ပြသည်။ သူ့အား သွားချင်သွားတော့ဟု ခွင့်ပြုခြင်းပေတည်း။

နီကိုလတ်စ်သည် ချက်ချင်းပင် ထိုင်ရာမှထကာ သူ့အခန်းသို့ တက်လာခဲ့သည်။ အ၀တ်အစား လဲနေခိုက် တွင် သူနှင့်အဘိုး ပက်ဒရိုတို့ ပြောခဲ့ကြသည့် စကားများသည် သူ့ခေါင်းထဲသို့ နောက်တကျော့ ပြန်ဝင် လာသည်။

အောက်ထပ်တွင်မူ ကောင်စစ်ဝန်သည် အခုအထိ ညစာစားပွဲမှ မထသေး။ သူသည် ဖန်ခွက်တလုံး ကို လက် နှစ်ဘက်ဖြင့်ကိုင်၍ လှည့်နေရင်းက တစုံတခုသောကိစ္စကို အလေးအနက်ဆင်ခြင်စဉ်းစား နေဟန်ရှိ၏။ သူ့ မျက်နှာထားသည် မဝေခွဲနိုင်ခြင်းကို ဖော်ပြနေသည်။ ထမင်းစား စားပွဲကို သိမ်းဆည်းလိုသော ဂရေစီယာ သည် အခန်းထဲို့ နှစ်ကြိမ်တိတိ ၀င်လာပြီး သူ့သခင်၏ အရိပ်အခြည်ကို ကြည့်သည်။ ကောင်စစ်ဝန် ကတေ့ထိုင်ဆဲ…။ တတိယအကြိမ် ဂရေစီယာ ၀င်လာ သောအခါ ကောင်စစ်ဝန်က ခေါင်းထောင် ၍ ကြည့်သည်။

‘ ဂရေစီယာ ‘
‘ ဟုတ်ကဲ့ပါ ဆီညော် ‘
မျက်ခုံးနှစ်ဘက်ကို ပင့်၍ကြည့်လိုက်သော ဂရေစီယာ၏ အကြည့်မှာ ဟန်ပါလွန်းလှ၏။ ကောင်စစ် ၀န်၏မျက်လုံးများနှင့် ယှဉ်ပြိုင်ကြည့်နေသော သူ့မျက်လုံးအစုံမှာ အရောင်အဆင်း ကင်းမဲ့လျက်ရှိသည်။ လူမဆန် သော အကြည့်မျိုးဖြစ်သဖြင့် ဘရန်းဒီး ကိုယ်တိုင်ပင်လျှင် နောက်တွန့်သွားသည်။ ဂရေစီယာ၏ ဤအကြည့်မျိုး ကို သူ အလျင်ကမမြင်ဖူးခဲ့။

အခုတကြိမ်သည် ပထမဆုံးမြင်တွေ့ရ ခြင်းဖြစ်သည်။ ယခင်က တင်ထားသော ဟန်ဆောင်မျက်နှာဖုံးသည် ကွာကျ သွားပြီထင်၏။ အခု သူမြင်နေရသည့် ဂရေစီယာ မျက်နှာထားမှာ သူ့အား ပြောင်ချင်သလိုလို၊ သရော်ချင် သလိုလို…။ ပြီးတော့မခန့်တရန့် မထီမဲ့မြင်…။ သူ့သား နီကိုလတ်စ် ကြောက်ရွံ့ခဲ့ခြင်းသည် ဤ အကြည့်မျိုးဖြစ် ကောင်းဖြစ်ပေလိမ့်မည်။ သူ့သားပြောပြခဲ့သော စကားများသည် မှန်များ မှန်လေမလား…။ ဘရန်းဒီး ၏ ရင်ထဲတွင် သံသယ ဖြစ်လာသည်။ သင်္ကာရနံ့မကင်းမှုများ ပေါက်ဖွားလာသည်။

‘ ဒီမယ် … ဂရေစီယာ‘ ဟု ကောင်စစ်ဝန်က ထပ်မံအသံပြုသည်။
‘ ငါ မင်းနဲ့ စကားပြောချင်တယ် ‘
ဂရေစီယာက ခေါင်းတချက်ညွတ်လိုက်သည်။ သို့သော်လည်း တခုတကြိမ် သူ့ဦးခေါင်းညွတ်ပုံမှာ လိုတာထက် ပိုနေသည်။ တမင်သက်သက် အရွဲ့တိုက်၍ လုပ်နေမှန်း သိသာထင်ရှားနေ၏။ ဘရန်းဒီးသည် အံကို ကိုက်ခါ ဂရေစီယာအားကြည့်သည်။
‘ မင်း ဒီကို ဘယ်အချိန် ပြန်ရောက်သလဲ ‘
‘ ငါးနာရီ ရောက်ပါတယ်… ဆီညော် ‘

‘ ပါမောက္ခ ဟေးလီးဗီးရဲ့ မီးရထားထွက်တာက ဆယ့်တနာရီလို့ မင်းပြောတယ်၊ ဘာစီလိုးနားက ဒီကို မော်တော်ကား နဲ့ လာရင် နှစ်နာရီပဲ ကြာတယ်၊ ပြန်ရောက်သင့်တဲ့ အချိန်ဟာ တနာရီ၊ အဲဒီတော့…‘
ဂရေစီယာက မျက်ခုံးများကို ပင့်လိုက်ပြန်သည်။

‘ လူတယောက်ဟာ အစာတော့ စားရပါတယ် ဆီညော်‘ ဟု အောက်ကလိ အာသံဖြင့် ပြန်ဖြေသည်။ ‘ ကျွန်တော့် အဖို့ ဈေးနှုန်း ချိုချိုသာသာနဲ့ စားသောက်ကောင်းမယ့် အစားအသောက် မျိုးကို ရှာဖွေပြီး စားဖို့ လိုပါတယ် ခင်ဗျာ ‘
‘ သြော် … ဒီလိုဆိုတော့ စားသောက်ကောင်းမယ့် အစားအစာတမျိုး စားရဖို့အတွက် အချိန် လေးနာရီ တိတိ တောင် ဖြုန်းခဲ့တယ်ဆိုပါတော့ ‘
‘ အလျင်စလို လုပ်စရာ ဘာမှမရှိဘူးလို့ နားလည်ထားတဲ့အတွက် နေ့လယ်စာကို အေးအေးဆေးဆေး အချိန် ယူပြီး စားသောက်နေပါတယ် ဆီညော် ‘
‘ နေ့လယ်စာ အေးအေးဆေးဆေး စားရင်းနဲ့ အရက်ပါ သောက်ခဲ့တယ် ဆိုပါတော့ ဟုတ်လား‘
‘ ဆီညော် … ခင်ဗျား ‘

‘ ငါ မင်းကို စောစောကတည်းက စောင့်ကြည့်နေခဲ့တယ်၊ မင်း အရက်သောက်ထားတယ်ဆိုတာ ငါ သိတယ် ‘
ဂရေစီယာ၏ နှုတ်ခမ်းများ မဲ့သွားသည်။ ဒေါသ အရိပ်အငွေ့သည် သူ့မျက်နှာတင် ဖြတ်ကနဲ ပေါ်လာသည်။ ထို့နောက် သူ့မျက်လုံးများသည် ၀င်းဝင်းတောက်လာသည်။
‘ ကျွန်တော်ဟာ လူသားတယောက်ဖြစ်ပါတယ် ဆီညော်၊ အခွင့်အရေးပေါ်လာရင် ယူရပါလိမ့်မယ်… ခင်ဗျာ၊ ပွင့်ပွင့်လင်းလင်း ပြောရမယ်ဆိုရင် ကျွန်တော်ဟာ ၀ိုင်အကောင်းစားကို အင်မတန် ကြိုက်တတ် ပါတယ်။

ကျွန်တော် မက်ဒရစ်မြို့က အေအိုးစတား မိသားစုဆီမှာ အလုပ် လုပ်နေတုန်းကဆိုရင် ကျွန်တော်ဟာ စစ္စလီကျွန်း မာဆာလာမြို့က ထုတ်လုပ်တဲ့ အကောင်းဆုံး မာဆာလာဝိုင်ကို သောက်ခဲ့ပါတယ်၊ အင်မတန်မှ အနံ့ အရသာနဲ့ပြည့်စုံပြီး ချိုမြတဲ့ ၀ိုင်ပါခင်ဗျာ ‘
ကောင်စစ်ဝန်သည် သူ့နှုတ်ခမ်းကို ဖိကိုက်ထားသည်။

မင်းဟာ … အေအိုးစတား မိသားစုအကြောင်းကို သိပ်ပြောတယ်၊ မင်း ဘယ်အချိန်က သူတို့ဆီမှာ အလုပ် လုပ်ခဲ့ဖူးတာလဲ ‘
‘ တချိန်ကပေါ့ ‘
ဂရေစီယာက ဂရုမစိုက်သည့်လေသံဖြင့် ပြန်ဖြေသည်။
‘ ဘယ်တုန်းကလဲ‘ ဟု ကောင်စစ်ဝန်က ထပ်မေးပြန်သည်။

ဂရေစီယာ မျက်လုံးအစုံတွင် အပြောင်းအလဲ ရှိလာသည်။ တလက်လက် တောက်ပနေရာမှ ချက်ချင်းပင် မှုန်မှိုင်း သွားသည်။ ခဏအတွင်းမှာပင် ပြန်၍ အရောင်ထွက်လာပြန်သည်။
‘ ကျွန်တော့် စာရွက်စာတမ်းတွေထဲမှာရှိပါတယ် ဆီညော်၊ အားလုံး အပြည့်အစုံ ရှိနေပါတယ်‘
‘ ထားလိုက်ပါတော့‘ ဟု ကောင်စစ်ဝန်က ပြန်ပြောပြီး ငြိမ်နေသည်။

‘ မင်း … ရော့ဒရီးဂိုးအီစပန်တာရိုး ဆိုတဲ့ လူတယောက်အကြောင်း ကြားဖူးသလား ‘
ဂရေစီယာ ၏ မျက်လုံးများတွင် ဖြတ်ကနဲ အရောင်တောက်လာပြန်သည်။ မျက်တောင်များကို ပုတ်ခတ် ပုတ်ခတ် လုပ်လျက်ရှိ၏။ သူ့တကိုယ်လုံး တောင့်တင်းသွားဟန်တော့ပြသည်။ သူ့အသံသည် အေးစက် တင်းမာ လျက်ရှိ၏။

‘ ကျွန်တော်က သူ့အကြောင်းကို ဘာကြောင့် ကြားဖူးရမှာလဲ ဆီညော်၊ သူက ဘယ်သူလဲ ခင်ဗျာ‘
‘ ရာဇ၀တ်ကေင် တကောင်ပေါ့ကွာ‘ ဟု ဘရန်းဒီးက ဖြေသည်။ ‘ မက်ဒရစ်ရဲက အလိုရှိနေတဲ့ ရာဇ၀တ် ကောင်ပေါ့‘
အခန်းထဲတွင် ငြိမ်ဆိတ်သွားသည်။ ဂရေစီယာ၏ မျက်နှာသည် ရဲကနဲဖြစ်သွားသည်။ သူ့နှာခေါင်း နှင့် ပါးနှစ်ဘက် တွင် ပန်းရောင်သမ်းလာသည်။ ချက်ချင်းပင် သူ့ပါးစပ်မှ ကျယ်လောင်စူးရှသောအသံ ထွက်ပေါ် လာလေသည်။

‘ ကျွန်တော့်စိတ်ထဲမှာ အစော်ကားခံရတယ်လို့ ခံစားနေရပါတယ် ဆီညော်၊ ကျွန်တော်ဟာ အခုလို ထိကပါး ရိကပါး လုပ်ပြီး စောင်းချိတ်ပြောတာမျိုးကို ခံတတ်တဲ့လူစားမဟုတ်ဘူးခင်ဗျ၊ အခုကိစ္စမှာ ရန်သူ ဖြစ်သွား အောင် လုပ်လိုက်ရင် ကျွန်တော့်အပြစ်လို့ စွပ်စွဲမှာလား၊ ဒီလို ပုန်းလျှိုးကွယ်လျှိုးလုပ် ပြီး သောက်ရေး လုပ်တဲ့ ကောင်စား မဟုတ်ဘူးခင်ဗျ‘

 သူသည် စကားကိုဖြတ်၍ ရပ်ထားလိုက်သည်။ ပြီးမှ စူးရှကျယ်လောင်သော အသံဖြင့် အော်ပြော သည်။ ‘ အဲဒီလို ကောင်စားမျိုးတွေကို ကျုပ်က ရွံ့ရှာစက်ဆုပ်လွန်းလို့ တံတွေးထွေးလာတဲ့ အကောင်ဗျ၊ နားလည် လား ‘
‘ တိုးတိုးပြောဟေ့ … ဂရေစီယာ ‘

ဘရန်းဒီးက သူ့ရင်ထဲ၌ ဖြစ်ပေါ်လာသော ကြောက်လန့်စိတ်ကို ဖုံးကွယ်ထားပြီး တင်းမာသောအသံ ဖြင့် ဟန့်တား သည်။
‘ အခုလို အတွန်းအတိုက်မျိုး ခံရပေါင်းများလှပါပြီ ဆီညော် ‘ ဟု ဂရေစီယာက အော်ကြီးဟစ်ကျယ် ပြောသည်။ ‘ ကျွန်တော်ဟာ အလွန်ထူးခြားတဲ့ လူတယောက်ပါ ခင်ဗျ၊ လမ်းပေါ်မှာ လျှောက်သွား နေကြတဲ့ လူတွေက ကျွန်တော့်ကို မြင်ရင် ရုပ်တော်တော် ကောင်းတဲ့ ငနဲပါလား…၊ ဆွေကြီး မျိုးကြီး ကလာတဲ့ ကောင်နဲ့ တူတယ်လို့ ပြောလေ့ရှိကြပါတယ်၊ ကျွန်တော်က ဒါတွေကို ဂရုမစိုက်ပါဘူး…၊ ဘ၀င်လဲ မမြင့် ပါဘူး…။

 ဒါပေမယ့်… သူများနဲ့မတူတဲ့ ထူးခြားမှုကြောင့် ကျွန်တော့်ကို မနာလိုစိတ် ဖြစ်လာကြတာကတော့ မကောင်းဘူးလို့ ထင်ပါတယ်၊ ဒါကိုတော့ အဆုံးသတ်သွားအောင် လုပ်ပစ်ဖို့ လိုပါတယ်၊ ဒီလိုမှ မတုံ့ပြန်ရင်လည်း ဘ၀ကို တည့်ဆောက်လို့ ရနိုင်ပါတော့မလား၊ ဆီညော်ပဲ စဉ်း စားကြည့်ပါ၊ သူတို့ဆီက ဘာတခု မှပြန်မရပဲ ကိုယ်ကချည်း ပေးနေရမယ်ဆိုရင် ဖြစ်နိုင်ပါ့မလား…၊ အဓိပ္ပာယ်ကင်းမဲ့တဲ့ အနစ်နာ ခံမှုမျိုးကိုတော့ ကျွန်တော် ဘယ်တော့မှ မလုပ်ဘူး ‘
‘ ဒါပေါ့ကွာ … မင်းပြောတာလဲ မှန်ပါတယ် ‘

ဘရန်းဒီး ထိုင်ရာမှထသည်။ ဂရေစီယာ၏ မျက်လုံးအစုံသည် မှေးမှိန်သွားသည်။ သူ့ ကိုယ်ခန္ဓာ သည် မသိမသာကလေး တုန်ရင်လှုပ်ရှားလာသည်။ သူသည် အသက်ကိုပြင်းစွာရှူရှိုက်လျက်ရှိ၏။ သူ့နှုတ်ခမ်းများ ပတ်ပတ် လည်တွင် ပေကျံနေသည့် တံတွေးစများကို သူ့လက်ခုံဖြင့် သုတ်လိုက် သည်။ ခဏမျှ ကြာသော အခါ ရီဝေသောမျက်လုံးများဖြင့် ကောင်စစ်ဝန်အား မော့်ကြည့်သည်။ အခု ကျတော့လည်း တည်တည် ငြိမ်ငြိမ် ပြန်ဖြစ်လာသည်။
‘ ကျွန်တော့်ကို ပျက်စီးစေလိုတဲ့ဆန္ဒနဲ့တစုံတဦးက ချောက်တွန်းတယ်ဆိုတာ ထင်ရှားနေပါတယ် ဆီညော်၊ ဒါပေမယ့် ကျွန်တော့်ဘက်က ကျေနပ်လောက်အောင် ရှင်းနိုင်တာချည်းပါပဲ၊ ကျွန်တော် ပြောတာ မမှန် ဘူးလားခင်ဗျာ ‘
‘ အင်း… မှန်ပါတယ် ‘ ဟု ကောင်စစ်ဝန်က ရေရွက်သည်။

‘ ၀န်မင်း ကျေနပ်တယ်ဆိုရင် ကျွန်တော် ၀မ်းသာပါတယ်ခင်ဗျာ၊ အခုကိစ္စကိုလည်း ခေါင်းထဲမှာ ကြာရှည် ထားမနေစေချင်ပါဘူး၊ ၀န်မင်းရဲ့ အိမ်ထဲမှာ ခေါင်းရှုပ်စရာတွေ အများကြီး ရှိနေပါတယ်‘
ငြိမ်ဆိတ်နေပြန်သည်။ ဘရန်းဒီးသည် လက်ချောင်းကလေးများဖြင့် စားပွဲကို တဒေါက်ဒေါက် ခေါက်နေ သည်။ တိတိကျကျပြောရလျှင် သူ့စိတ်ထဲ၌ ကျေနပ်ခြင်းမရှိ၊ တစုံတခုလိုနေသည့်နှယ် ခံစားနေရ၏။ သို့သော်လည်း သူ့စိတ်က ဤကိစ္စနှင့်ပတ်သက်၍ ထပ်ပြီး မေးလိုမြန်းလိုစိတ်မရှိ။
‘ အခု ငါပြောတာ မမှန်ဘူးလို့ မင်းဘက်က အာမခံနိုင်ပါ့မလား  ဟု မေးသည်။

‘ လုံးဝ တာဝန်ယူပါတယ် ဆီညော်၊ စိတ်ကို အေးအေးထားပြီး စိတ်ချလက်ချ နေစေချင်ပါတယ်…၊ ကျွန်တော် နောက်ထပ် မက်ဒရစ်မြို့က ထောက်ခံစာတွေ ရလာပါလိမ့်ဦးမယ်၊ မကြာခင်မှာ ၀န်မင်းယုံကြည် စိတ်ချ လောက်တဲ့ အထောက်အထားတွေကို ကျွန်တော်ပြနိုင်မှာပါ ‘ ဂရေစီယာက စီးကရက်လာသည်အထိ ပြုံး၍ ပြောသည်။ ‘ ကျွန်တော် အခု ညစာစားပွဲကို သိမ်းနိုင်ပါပြီလား ဆီ ညော် ‘

‘ အေး … သိမ်းတော့ …‘ ဟု ဘရန်းဒီးက ပြောသည်။ ‘ ငါပြီးပါပြီ ‘ ဟုလည်း ရေရွတ်သည်။
သူသည် ထမင်းစားခန်းမှထွက်ကာ လှေကားကို တက်သည်။ လှေကားထိပ်ရောက်သော် ခဏမျှ ရပ်နေမိ၏။ ထို့နောက် သူ့အခန်းတွင်းသို့ ၀င်သည်။ သူသည် အခန်းအလယ်တွင် ရပ်ကာ တွေဝေ ငေးမောနေပြန်သည်။ ဤ ကိစ္စမှာ ဤမျှနှင့် လုံလောက်ပြီဟု သူတွေးမိသည်။ သူ၏ စွပ်စွဲချက်ကို ဂရေစီယာက ငြင်း၏။ သူ့ဘက်ကတော့ သူ တာဝန်ရှိသလောက် လုပ်ခဲ့ပြီးပြီဟု တွက်လို့ရ၏။ သူ သည် စွပ်စွဲချက်ကို ပွင့်ပွင့် လင်းလင်း ပင် ဂရေစီယာအား ပြောပြသည်။ ဟုတ်မဟုတ် မှန်မမှန် မေး သည်။ လိုအပ်သည့်အတိုင်း ထပ်မံ အတည်ပြုခဲ့ပြီးပြီ။ သို့ဆိုလျှင် နောက်ထပ်လုပ်စရာ ဘာကျန်ပါ သေးသနည်း။

သို့တစေလည်း ရဲက အလိုရှိနေသည့် ရာဇ၀တ်ကောင်သည် ဂရေစီယာပင် ဖြစ်လိမ့်မည်ဟူသော သံသယစိတ် သည် သူ့ရင်ထဲတွင် ကျိတ်၍ ဖြစ်ပေါ်လျက်ရှိသည်။ သူမေးမြန်းစဉ်က ဂရေစီယာ၏ အပြုအမူ နှင့် အပြောအဆိုများသည် အလွန်ထူးဆန်းသည်ဟု သူ ထင်သည်။ ထိုအပြုအမူများကို ‘မတည်ငြိမ်သော အပြုအမူ များ သို့မဟုတ် စိတ်မချရသောအပြုအမူများ‘ ဟု အမည်ပေးရမည်ထင် ၏။ နောက်ဆုံး သူ့ကိုပြလိုက်သည့် အပြုံးသည်ပင် ရိုးသားဖြူစင်သည်ဟု မပြောနိုင်။ ကောက်ကျစ် စဉ်းလဲသော အပြုံး ဟုပင် သူထင်သည်။

ဘရန်းဒီး၏ ခေါင်းသည် နောက်ကျိလာသည်။ သူ့အဖြစ်မှာ ရှေ့ကိုလည်း မတိုးသာ။ နောက်ကိုလည်း ဆုတ်မရ ဖြစ်နေသည့် တောင်တက်သမားတယောက်နှင့် တူနေသည်ဟု ထင်၏။ သို့သော်လည်း သူ့အခြေအနေ မှာ နောက်ဆုတ်လို့တော့ ဘယ်နည်းနှင့်မှမဖြစ်။ အခု သူရောက်နေ သော နေရာသည် နောက်ကို လွယ်လွယ်နှင့် ပြန်၍ ဆုတ်မရသည့် နေရာမျိုးဖြစ်နေပြီ။ လောလော ဆယ်တွင် သူသည် ဂျိုစီ၏ အမှု ကိစ္စကို ပြီးပြတ်သွားအောင် ရင်ဆိုင်ရပေလိမ့်ဦးမည်။ ဤအချိန်မျိုး တွင် ဂရေစီယာ၏ ပြဿနာကို အလေးပေး လိုက်ပါမူ ဂျိုစီအပြစ်ရရေးဟူသော သူ၏ အဓိကရည် မှန်းချက်သည် တမျိုးတဖုံ ပြောင်းလဲ သွားဖွယ်ရာ ရှိ၏။

သို့ဖြစ်ရာ ဂရေစီယာ၏ ကိစ္စကို ဂျိုစီ၏အမှု ပြီးပြတ်သွားချိန်အထိ ရွှေ့ဆိုင်းထားတော့မည်ဟု ဆုံးဖြတ်သည်။ ရွှေ့ဆိုင်း၍ ရနိုင်သော အခြေအနေလည်း ရှိသည်ဟု သူ ယုံကြည်သည်။  ထိုကဲ့သို့ ယုံကြည်ခြင်းမှာလည်း အကြောင်းမဲ့ တော့မဟုတ်။ ဂရေစီယာက နောက်ရက်အနည်းငယ်အတွင်း သူ၏ အကျင့်စာရိတ္တနှင့် ပတ်သက်၍ သက်သေခံ အထောက်အထားများ ထပ်မံ တင်ပြပါဦးမည်ဟု ကတိပေးထားသည်။ ထိုကတိ အတိုင်း လုပ်မလုပ်ကို သူ စောင့်ကြည့်ဖို့ လိုသည်။ အကယ်၍ သူ့စိတ်ထဲက ထင်နေသည့် အတိုင်း မှန်ကန် သည့် အခြေအနေပေါ်ပေါက်လာခဲ့ပါမူ ဂရေစီယာအား ချက်ချင်း အလုပ်မှ ဖြုတ်ပစ် နိုင်၏။

ဤသို့ဖြင့် တယူသန် တဇွတ်ထိုးသမား တဦးဖြစ်သော ဘရန်းဒီးသည် သူတွေးသင့်တွေးထိုက်သော အချက် တချက်ကို လုံးဝ မေ့နေသည်။ ထိုအချက်မှာ တခြား မဟုတ်ပေ။ အကယ်၍ သူ ကြားသိ ထားရသည့် အတိုင်း ဂရေစီယာသည် လူဆိုး ရာဇ၀တ်ကောင်တယောက် ဖြစ်နေခဲ့ပါမူ ယခု အဖမ်း အဆီး အချုပ် အနှောင် ခံနေရသည့် ဂျိုစီသည် အပြစ်ကင်းမဲ့သူတဦးဖြစ်နိုင်စရာ ရှိသည်ဟူသော အချက် ပေတည်း။

အာဃာတကို အခြေခံထားသော ဘရန်းဒီးသည် ထိုအချက်ကို လုံးဝ မစဉ်းစား မိ။ သူသည် အကျိုးနှင့် အကြောင်း ကို ဆက်စပ်တွေးခေါ်ဖို့ လုံးဝ သတိမရ။ သူ့အဖို့တော့ လောလောဆယ် ရင်ဆိုင်နေရသည့် ပြဿနာ သည် ပြီးပြတ်သွားပြီ။ နောက်ဆုံး ဆုံးဖြတ်ချက်ကို လည်း ချမှတ်ပြီးပြီ။ သို့ဖြစ်ရာ မကြာခင် ဆိုက်ရောက် လာတော့မည့် အခြေအနေကို စောင့်ဆိုင်း မျှော်လင့်ရန်သာ ရှိတော့၏။
………………………………..
အခန်း (၂၀) ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

Wednesday, June 9, 2010

မောင်ထွန်းသူ ဘာသာပြန် အကျဉ်းစံ အပိုင်း (၁၈)

အခန်း (၁၈)

နောက်သုံးရက်အကြာတွင် ပါမောက္ခ ဟေးလီးဗီး ပါရီသို့ ပြန်သည်။ ကောင်စစ်ဝန်၏ အစီအစဉ်အရ ဂရေစီယာက မော်တော်ကားနှင့် ဘာစီလိုးနားမြို့အထိ လိုက်ပို့ပေးရမည်ဖြစ်၏။ ခရီးလမ်းမှာ အနည်းငယ် ကြမ်းသဖြင့် သည်းခံပြီး စီးသွားဖို့ ကောင်စစ်ဝန်က ဟေးလီးဗီးအား တောင်းပန်စကား ဆိုသည်။ နှစ်ယောက်သား ခန်းမထဲတွင် ရပ်နေကြသည်။ ဘရန်းဒီးက သူ့မိတ်ဆွေ စိတ်ကုဆရာဝန်ကြီး၏ လက်ကို ဆွဲ၍ နှုတ်ဆက်သည်။

' ဒေါက်တာ ဟေးလီးဗီး...၊ ကျွန်တော့်အနေနဲ့ မိတ်ဆွေကြီးရဲ့ ကျေးဇူးကို ဘယ်လိုတုံ့ပြန်ရမှန်း တောင် မသိတော့ဘူး '

ပါမောက္ခဟေးလီးဗီးက ပြုံးသည်။ နံနက်ခင်းအလင်းရောင်အောက်တွင် ခရီးသွား ၀တ်ရုံအနက်ကြီး ကို ခြုံထားသော သူ၏ ကိုယ်ခန္ဓာသည် ပို၍ ကြုံလှီသေးကွေးသည်ဟု ထင်ရသည်။ ဖြူဖပ်ဖြူရော် ဖြစ်နေသော သူ့မျက်နှာပေါ်ရှိ မျက်လုံးများ၏ အကြည့်မှာ အစာရေစာကို အငမ်းမရ ဆာလောင် မွတ်သိပ်နေသော ကိုက်ဝါး စားမျိုတတ်သည့် တိရစ္စာန်တကောင်နှင့်တူနေသည်။

' သိပ္ပံပညာရှင် တယောက်အနေနဲ့ ကျွန်တော်ဟာ ကျေးဇူးတင်ခံရအောင် လုပ်ဖို့ဝါသနာမရှိပါဘူး' ဟု ပြောသည်။ ' ဒါပေမယ့် ကျွန်တော့်ရဲ့ ရှာဖွေတွေ့ရှိချက်ဟာ ခင်ဗျားအတွက် အများကြီး အထောက် အကူဖြစ်သွားတာ တွေ့ရလို့ ဂုဏ်ယူမိတာ အမှန်ပဲ၊ ကျွန်တော် ... ခင်ဗျားသားနဲ့ နောက်ဆုံး နှစ်ကြိမ် စစ်ဆေးမေးမြန်းကြည့်ပြီးတဲ့အခါမှာ ကျွန်တော့်ရဲ့ ရှာဖွေတွေ့ရှိချက်ဟာ လုံးဝ မမှားနိုင် တော့ဘူးလို့ ပိုင်ပိုင် နိုင်နိုင် ဆုံးဖြတ်လို့ ရခဲ့တယ်၊ ဒီအကောင်ကို ရှင်းပစ်နိုင်တာနဲ့အမျှ ခင်ဗျားတို့ ရင်ဆိုင် နေရတဲ့ ပြဿနာတွေဟာ ပျောက်သွားမှာပါ ' သူသည် ဘရန်းဒီး၏ မျက်နှာကို တချက်မော့်ကြည့်သည်။ ' ပြီးတော့ ခင်ဗျားရဲ့ ကျန်းမာရေးကို ဂရုစိုက်ဖို့လည်း ကျွန်တော် ထပ်ပြီး မှာခဲ့ပါရစေ'

' ကျွန်တော့် ကျန်းမာရေး... ' ဘရန်းဒီးက တအံ့တသြ ရေရွတ်သည်။

' ဟုတ်တယ် ဘရန်းဒီး၊ ခင်ဗျားက ဒီ စပိန် လူငယ်ကောင်လေးကိစ္စကို သိပ်အလေးအနက်ထားပြီး ခေါင်းထဲသွင်းလိုက်တော့ ကျန်းမာရေးထိခိုက်စရာ အကြောင်း ဖြစ်လာတာပေါ့ '

' အိုဗျာ၊ ကျွန်တော့် ကျန်းမာရေးအတွက်ကတော့ သိပ်ပြီး စိတ်မပူပါနဲ့' ဟု ကောင်စစ်ဝန်က ရယ် မော၍ ပြောသည်။ ' ခင်ဗျားဟာ ကျွန်တော့်အပေါ်မှာ သံယောဇဉ်ရှိနေတဲ့ လူဆိုတော့ စိတ်ပူသင့် တာထက် ပိုပြီး ပူမိမှာပေါ့၊ ကျွန်တော် နားလည်ပါတယ်၊ ဒီလောက်လည်း မပူပါနဲ့၊ အခုတလော နေ လို့ထိုင်လို့ သိပ်ကောင်းတယ်၊ ဘယ်တုန်းကမှ အခုလောက် နေလို့ ထိုင်လို့ မကောင်းဖူးသေးဘူး'

' အင်းပေါ့လေ၊ လက်စားချေခွင့်ရခြင်းဟာ လူတယောက်ကို အခိုက်အတန့်အားဖြင့်တော့ အားဖြစ်စေနိုင်တဲ့ အမျက်ဒေါသမျိုးပဲ မဟုတ်လား၊ ဒါပေမယ့် ဒီဟာမျိုးက ဈေးကြီးကြီးပေးပြီးမှ ရတတ်တဲ့သဘောရှိတယ် ဘရန်းဒီး...၊ ဒီ တချက်ကိုတော့ ခင်ဗျားသတိထားဖို့ လိုလိမ့်မယ်၊ ဘာပဲ ဖြစ်ဖြစ်ပေါ့လေ...၊ ခင်ဗျားအနေနဲ့ အစွန်းမရောက်အောင် သတိထားပါ၊ အလယ်အလတ် လမ်းဟာ  ခင်ဗျားနဲ့ အသင့်ဆုံးလမ်းပဲ '

ဟေးလီးဗီးသည် ရပ်နေရာမှ အိမ်ရှေ့တံခါးဆီသို့ ရွှေ့ရှားသွားရန် ဟန်ပြင်သည်။

' ကဲ... ကျွန်တော်သွားမယ်၊ တနေ့နေ့ တချိန်ချိန် ပါရီမှာ လူချင်းပြန်ဆုံကြသေးတာပေါ့၊ လူချင်း ပြန်တွေ့ဖို့ သေချာတာ ကတော့ ခင်ဗျားရဲ့စာအုပ် ပုံနှိပ်ထုတ်ဝေတဲ့ အချိန်ပေါ့၊ မဟုတ်ဘူးလား... '

ဘရန်းဒီးသည် သူ့မျက်စိအောက်မှ ထွက်သွားတော့ မော်တော်ကားကို လှမ်းမျှော်ကြည့်ရင်း အိမ် ရှေ့ဆင်ဝ်ငအောင်၌ ရပ်လျက်ကျန်ခဲ့လေသည်။ ပထမတော့ရုံးမသွားခင် သူ့သား နီကိုလတ်စ်ကို တက်၍ တွေ့လိုက်အုံးမည်ဟု စိတ်ကူးသည်။ သို့သော်လည်း ချက်ချင်းပင် ထိုစိတ်ကူးကို သူ့ခေါင်းထဲမှ ထုတ်ပစ်လိုက်၏။ လောလောဆယ်တော့ဖြင့် အခုလို ခပ်စိမ်းစိမ်း လုပ်ထားလိုက်ခြင်း သည်သူ့အတွက် အကောင်း ဆုံးဖြစ်လိမ့်မည်ဟု သူ ထင်မိသည်။

နီကိုလတ်စ်သည် သူ့ကို ပစ်ထားမှန်း သိလေ၊ စိတ်အားငယ်လေ ဖြစ်လာလိမ့်မည်။ ထိုအခါတွင် နီကိုလတ်စ်ကစ၍ သူ့အား လက်ကမ်းလာလိမ့်မည်။ ထိုအခါကျမှ သူကပြန်၍ အရေးတယူ လုပ်လိုက်မည် ဆိုလျှင် နှစ်ဦးနှစ်ဘက် ပို၍ အဆင်ပြေသွားမည်။ ဘရန်းဒီးသည် သူ့အတွေးနှင့်သူ ကျေနပ်လျက်ရှိသည်။ သူသည် ဦးထုတ်နှင့် တုတ်ကောက်ကို ကောက်ယူကာ မြို့ဘက်သို့ ထွက်လာခဲ့သည်။

    နံနက်ခင်းမှာ သာယာကြည်လင်နေသည်။ နေပူရှိန်ကလည်း မပြင်းသေး။ ကောင်စစ်ဝန် အဖို့တော့ လမ်းလျှောက်လို့ ကောင်းရုံမျှသာရှိ၏။ သူ့စိတ်ကြည်လင် လန်းဆန်းနေသည်နှင့် အမျှ သူက ခြေလှမ်း များသည် သွက်လက်ဖျတ်လတ်နေပေသည်။

ရုံးရောက်သည့်အခါ ကောင်စစ်ဝန်သည် သူ့အခန်းသို့ တန်းဝင်သည်။ သူ့ကုလားထိုင်တွင် ဖင်ချမိ သည်နှင့်တစ်ပြိုင်နက် စပိန်လူမျိုး စာရေးဖာနန်ဒိုသည် တံခါးကို ခေါက်၍ အသံပေးပြီး ၀င်လာသည်။

'မစ္စတာ ဘာတန်ပေါ်တိုအေလီဂျိုးကို သွားပြီခင်ဗျ...၊ အီစတင်းစတား ကုန်တင်သင်္ဘောဆီကို သွားတာပါ၊ ၀န်မင်းကို အရေးကြီးတဲ့ စကားတခွန်း ပြောစရာရှိနေတယ်လို့ ပြောသွားပါတယ်'

'စာမရေးခဲ့ဘူးလား.........'

'မရေးခဲ့ဘူး ခင်ဗျ၊ သူညနေငါးနာရီ အရောက်ပြန်လာမယ်လို့ ပြောသွားပါတယ်....၊ သူ ပြောချင်တဲ့ စကားကလဲ အရေးကြီးတယ်လို့ သိရပါတယ်'

'အရေးကြီးတယ်....ဟုတ်လား'

'ဟုတ်ကဲ့......၊ မစ္စတာဘာတန်ကို ကြည့်ရတာ တခုခုအတွက် စိတ်ပူနေသလိုဖြစ်နေပါတယ်'

'ကောင်းပြီလေ၊ သူပြန်ရောက်တဲ့အခါ ငါ့ဆီလွှတ်လိုက်ပေါ့'

'နောက်တခုရှိပါသေးတယ်....ခင်ဗျ' စပိန်စာရေးသည် မျက်လွှာချထားသည်။ 'ဒီမနက် ကိုးနာရီ ထိုးလောက်မှာ ရဲက ဖုန်းဆက်ပါတယ်၊ ဂျိုစီဆန်တီရိုကို ဘာစီလိုးနား မြို့ပို့ပြီး တရားရုံး တင်မယ်လို့ အကြောင်း ကြားတာပါ၊ ဂျိုစီကို ကြာသပတေးနေ့  နေ့လယ်ရထားနဲ့ပို့မယ်လို့ ပြောပါတယ်'

ဤသတင်းကတော့ သူကြားချင်နေသော သတင်းဖြစ်၏။ ဂျိုစီ၏ အမှုကို ဆန်ဂျော်ဂျီမြို့ တရားရုံး၌သာ တင်၍ စစ်လျှင် မမှန်မကန် ဖြစ်ဖွယ်ရာရှိသည်ဟု သူတွက်ထားသည်။ ဂျိုစီသည် ပီလိုတာ ဘောလုံးသမားတဦးအဖြစ် လူသိများနေသူတဦးဖြစ်ရာ မြို့ပေါ်မှ လူများစုသည် ဂျိုစီဘက်မှ ရပ်တည်ကြ လိမ့်မည်ဖြစ်သည်။ သို့ဆိုလျှင် တရားသူကြီးသည် ဂျိုစီအား တဘက်သတ် မျက်နှာသာပေး၍ စစ်ဆေးဖွယ်ရာ ရှိ၏။ ဘာစီလိုးနားမြို့က တရားရုံးမှာဆိုလျှင်တော့ ဤအဖြစ်မျိုး ပေါ်စရာအကြောင်း မရှ။ ချမှတ်သော အမိန့်သည် မှန်လည်းမှန်ကန်မည်။ တရားဥပဒေနှင့် အညီအညွတ်ရှိလှသော ပြင်းထန်ကြီး လေးသည့် ပြစ်ဒဏ်မျိုးလည်းဖြစ်မည်။ ဘရန်းဒီးသည် ၀မ်းသာလွန်း၍ စိတ်လှုပ်ရှားလာသည်။ သို့သော် လည်း သူ့စိတ်သဘောထားကို သူ့ လက်အောက်ဝန်ထမ်း မရိပ်မိအောင် ထိမ်းချုပ်ထားသည်။ သူသည် အထက် အရာရှိကြီးတဦးဟန် နှင့် လေသံကိုမပျောက်စေရ။

'ကျေးဇူးတင်တယ် ဖာနန်ဒို၊ မင်းမှာပြောစရာဒါအကုန်ပဲ မဟုတ်လား'

စာရေးက ဦးခေါင်းတချက် ညွှတ်၍ အရိုအသေပေးကာ ပြန်ထွက်သွားသည်။ ကောင်စစ်ဝန်သည် ထိုင်ရာမှ ထကာ အခန်းကျဉ်းကလေးထဲတွင် ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်ခြင်းပြုသည်။ မကောင်းစိတ် နှင့်ယှဉ်သော ၀မ်းသာမှုအရှိန်သည် သူ့ရင်ထဲတွင် လှိုင်းထလျက်ရှိသည်။ ဤစိတ်သည် သူ့အား ငြိမ်ငြိမ် ဆိတ်ဆိတ် နေ၍မရအောင် လှုံ့ဆော်လျက်ရှိသည်။ သူ မုန်းတီးစက်ဆုပ်နေသူအပေါ်၌ ပြန်လည်၍ လက်စား ချေလိုစိတ်သည် ပြင်းထန်စွာ ဖြစ်ပေါ်လျက်ရှိ၏။ တဘက်သားကို ထိထိခိုက်ခိုက် ဖြစ်စေချင် သောဆန္ဒ ပြင်းပြလေလေ ငြိမ်ငြိမ်သက်သက်နေ၍ မရလေလေ။

သူသည် လက်နျစ်ဘက်ကို နောက်ပစ်ကာ လှောင်ချိုင့်အတွင်း ရောက်နေသည့် သားရဲ တိရစ္ဆာန်တကောင် သဖွယ် အဆက်မပြတ် လှည့်ပတ်လျှောက်လျက်ရှိသည်။ တရားရုံးသို့ သူကိုယ်တိုင် တက်ရောက် မှ ဖြစ်မည်ဟု တွေးလိုက်မိသောအခါ တရားရုံးမြင်ကွင်းသည် သူ့စိတ်ကူး အာရုံထဲတွင် ပေါ်လာသည်။ နောက်ပြီး တော့ သူကိုယ်တိုင် ဘာစီလိုးနား မြို့သို့သွားသည့်အခါ တရားခံကိုပို့မည့် နေ့ခင်းရထားနှင့်ပင် သူ လိုက်ချင်သည်။ တရားခံနှင့်အတူ တတွဲတည်းစီးပြီး တရားခံနှင့် မနီးမဝေးမှ ထိုင်၍လိုက်ကာ လက်ထိတ်တန်းလန်းနှင့် တရားခံဂျိုစီ ခံစားနေရသည့် ဆင်းရဲဒုက္ခများကိုလည်းကောင်း၊ အရှက်တကွဲ အကျိုး နည်းဖြစ်နေသည့် ပုံကိုလည်းကောင်း အရသာခံ၍ ကြည့်မြင်ချင်သည်။

သူ့စားပွဲပေါ်တွင် အလုပ်အနည်းငယ်ရှိသေးသည်။

အရေးကြီးသော အလုပ်များတော့ မဟုတ်။ သာမန်လုပ်ရိုးလုပ်စဉ်များသာ ဖြစ်သည်။ ပြည်ဝင်ခွင့် ဗီဇာ လျှောက်လွှာများ၊ ထုတ်ကုန်များအတွက် အကောက်ခွန် တောင်းခဲ့သော ပြေစာများနှင့် ဆယ့်ငါးရက် တကြိမ် ပို့ရသည့် ဆန်ဂျော်ဂျီဆိပ်ကမ်း၏ ကုန်သွယ်မှု အခြေအနေ အစီရင်ခံစာ။ သို့သော် လည်း သူလုပ်၍ မရ။ လုပ်ချင်စိတ်လည်းမရှိ။ စိတ်မငြိမ်သက်မှု အရှိန်သည် အခုထိ ကျဆင်းသွားခြင်း မရှိသေး။ တက်ပြီး ယင်းတက်ယင်း....။ အရှိန်မြင့်သည်ထက်သာ မြင့်လာလျက်ရှိသည်။ သူသည် စားပွဲ၌ ပြန်ထိုင် သည်။ သူတို့ လျှောက်လအာများကို ကြည့်ရှုစစ်ဆေးပြီး လက်မှတ်ထိုးလိုက်သည်။ ထို့နောက် ထိုင်ရာမှ ပြန်ထကာ ချန်တာကိုး ကဖီးသို့ နေ့လယ်စာစားရန် ထွက်ခဲ့လေသည်။

    ပုံမှန် အလေ့အကျင့်အတိုင်းဆိုလျှင် သူသည် နေ့လယ်စာကို များများ စားသောက်လေ့မရှိ။ တခါ တရံ တွင် ကော်ဖီတခွက်နှင့်သာ ပြီးတတ်သည်။ သို့သော်လည်း ယနေ့တော့ သူ့ စိတ်သည် တမျိုး တဖုံ ဖြစ်လျက် ရှိသည်။ ဗိုက်ထဲက ဆာလောင်သလို ဖြစ်လျက်ရှိသည်။ အမဲကြော်တပွဲ၊ ကြက်ဥကြော် တပွဲ နှင့် ဆိတ်နို့ ဒိန်ခဲ စသည်များကို မှာလိုက်၏။ နေ့ခင်းနေ့လည်တွင် အရက်သောက်လေ့မရှိသော ဘရန်းဒီး သည် အရက်သုံးပက်ကို ဆက်တိုက် သောက်ချလိုက်သည်။ တံငါလှေသူကြီး တစုသည် သူနှင့် မနီးမဝေးမှ စားပွဲတွင် ထိုင်ကာ ဘီယာ သောက်နေကြသည်။

အားလုံးက သူ့အးဆီး၍ နှုတ်ဆက်ကြသည်။ အရက်ကောင်တာ၏ နောက်ဘက်မှ လက်ဆွဲ ဘာဂျာသံ သည် မှန်မှန်ထွက်ပေါ်လျက်ရှိ၏။ သီချင်းက အလွန်မြူးမြူး ကြွကြွရှိသည့် ကက်တလန် တေးသီချင်း....။ သူ့အာရုံသည် တေးဂီတတွင် နစ်မျောလိုက်ပါသွား နေသည်။

    သူသည် ဆေးလိပ်တလိပ်ကို မီးညှိဖွာကာ မက်ဒရစ်နေ့စဉ် သတင်းစာဖတ်ဖို့ အားထုတ်သည်။ သို့သော်လည်း ဖတ်၍မရ။ သတင်းစာအပေါ်တွင် လုံးဝ စိတ်ဝင်စားခြင်းမရှိ။ သူသည် ငွေစက္ကူတရွက်ကို စားပွဲပေါ်၍ ချထားခဲ့ပြီး ခြေဦးတည့်ရာသို့ လျှောက်သွားသည်။ သင်္ဘောဆိပ်ရှိ ဆိပ်ခံ ဗောတံတား များအောက်တွင် လူသွားလူလာကင်းမဲ့ကာ တိတ်ဆိတ်ခြောက်သွေ့ နေကြပေသည်။ မွန်းတည့်နေသည့် အရှိန်ပြင်းစွာ ကျရောက်လျက် ရှိ၏။ ဆီချေးနံ့များသည် လေနှင့် လိုက်ပါလာပြီးသူ့နှာခေါင်းသို့ တိုးဝှေ့ ကြသည်။

ဟေးလီးဗီးမပြန်ခင် တညနေခင်းက သူ့အား ပြောခဲ့သည့် စကားတခွန်း....။ သူ့နားတွင် ပြန်၍ ကြားယောင် လာသည်။

    'မိတ်ဆွေကြီးရယ်...၊ ခင်ဗျားဟာ သန်တုန်း မြန်တုန်း သွေးသာကောင်းတုန်း အရွယ်ပါဗျာ၊ အရွယ် ကလည်း အရွယ်ကောင်းပဲ ရှိပါသေးတယ်၊ ဒါနဲ့တောင်မှ ခင်ဗျားအခုလို နေနိုင်တာ ကျွန်တော် အံ့သြလို့ မဆုံး ဘူး'

    ရုတ်တရက် သူ့အတွင်းစိတ်သည် ပြင်းထန်သော အရှိန်ဖြင့် တစုံတခုသော အမှုကို ပြုရန် လှုံ့ဆော် တိုက်တွန်းလျက်ရှိသည်။ သူသည် ခေါင်းမှဦးထုပ်ကို မျက်နှာဖုံးသွားအောင် အရှေ့သို့စိုက်၍ ဆောင်း လိုက်ပြီး သူ့ခြေထောက်များကို မြို့ထဲဘက်သို့ ဦးတည်ပေးလိုက်၏။ ထူးဆန်းသော လမ်း တလမ်း...။ အခုလို အချိန်မျိုးတွင် လူသွားလူလာ မရှိ။ အနည်းငယ်တော့ စိုးရိမ်စရာ ကောင်းသည်။ သူသည် ထိုလမ်း ထဲသို့ ၀င်လာခဲ့သည်။ ပြီးတော့... မှောင်ရိပ်သန်းနေသည့်....။

သူရုံးသို့ ပြန်ရောက်သောအခါ ငါးနာရီထိုးလုနေပြီဖြစ်၏။ သူ၏ ခက်ထန်တင်းမာနေသော မျက်နှာသည် မလုံမလဲ ဖြစ်လျက်ရှိသည်။ သူသည် သူ့ရုံးခန်းအတွင်းသို့ပင် တောက်လျှောက်ဝင်လာခဲ့သည်။ ဘေးပတ်ဝန်း ကျင်ကို မကြည့်မိအောင် သတိထားလာသည့် ကြား မှပင် သူ့မျက်လုံးများသည် အေလ်ဗင် ဘာတန် ပြန်ရောက်နေသည်ကို မြင်ခဲ့လေသည်။

သူ့လက်ထောက် ဖြစ်သူ ဘာတန်သည် ကောင်စစ်ဝန်ပြန်ရောက်အလာကို တမျှော်မျှော် ဖြစ်နေခဲ့သည်မှာ ကြာပြီ ဖြစ်သည်။ သူသည် လည်ပင်းမှ နက္ကတိုင်ကို သပ်သပ်ရပ်ရပ်ဖြစ်သွားအောင် ပြင်လိုက်သည်။ သင်္ဘောဆိပ် သွားစဉ်ကတင်လာခဲ့သော သူ့အင်္ကျီ နှင့်ဘောင်းဘီပေါ်မှ ဖုန်များကို လက်ဝါးဖြင့် ရိုက်၍ ခါသည်။

ဘရန်းဒီး သည် သူ၏ဆုံလည်ကုလားထိုင်တွင် လေးလံထိုင်းမှိုင်းစွာ ၀င်ထိုင်သည်။

လက်ကိုင်ပ၀ါကို ထုတ်၍ နဖူးမှ ချွေးစီးများကို သုတ်သည်။ ထို့နောက် သူ့ရှေ့ တည့်တည့်သို့ မိနစ်ပေါင်းများစွာ ငေး စိုက်၍ ကြည့်နေသည်။ အဓိပ္ပာယ်ကင်းမဲ့စွာဖြင့် ပြုလုပ်ခဲ့သော သူ၏ စွန့်စားမှု့  အတွက် သူ့ကိုယ်သူ ဒေါပွ၍ မဆုံးနိုင်အောင်ဖြစ်လျက်ရှိသည်။ သူပြုခဲ့မိသော ကိစ္စအတွက် စိတ်၏ ဆင်းရဲခြင်းလည်း ဖြစ်နေရ၏။ နောက်ဆုံးကျတော့လည်း သူ့ကိုယ်သူ ဖြေသိမ့်၍ ရလာသည်။ သူသည် စားပွဲပေါ်မှ ဘဲလ်ကို နှိပ်လိုက်၏။ ချက်ချင်းလိုလိုပင် ဘာတန် ၀င်လာသည်။ ကောင်စစ်ဝန်သည် မတုန်မလှုပ် ကျောက်ရုပ်သဖွယ် တောင့်တောင့်မတ်မတ်ကြီး ထိုင်နေရာမှ သူ့ရှေ့မှောက်သို့ ရောက်လာ သော ဘာတန်ကို မော့်ကြည့်သည်။

' ကဲ… မင်း ငါ့ကို ပြောစရာရှိတယ်ဆိုတဲ့ ကိစ္စကဘာလဲ၊ ဆိုစမ်း '

မကြည်မလင် ဖြစ်နေသော ကောင်စစ်ဝန်၏ မျက်နှာကို ကြည့်ကာ ဘာတန်မှာ အနေရခက်လျက် ရှိ၏။

' ၀န်မင်းကို စိတ်ပူအောင် လုပ်မိတဲ့အတွက် ကျွန်တော့်ကို ခွင့်လွှတ်ပါခင်ဗျာ၊ ကျွန်တော် တကယ့် ကိုစိတ်မကောင်းပါဘူး၊ ဒါပေမယ့် ကိစ္စကလည်း စိတ်ပူစရာ ဖြစ်နေလို့ပါ၊ ကျွန်တော့်ဆီကို အေဂျင် စီက စာတစောင် ရောက်လာပါတယ်ခင်ဗျာ '

' ဘာ … အေဂျင်စီလဲ '

' အိမ်တွင်းမှု အလုပ်သမား ရှာဖွေရေး အေဂျင်စီကပါ ခင်ဗျာ ' ဟု ဘာတန်က ဖြေသည်။ ' အမှန် တော့ ကျွန်တော် တတ်နိုင်သမျှ အဆင်ပြေအောင် လုပ်ခဲ့ပါတယ်၊ မက်ဒရစ်မြို့ပေါ်က အကောင်း ဆုံးဆိုတဲ့ အေဂျင်စီနဲ့ ဆက်သွယ် ဆောင်ရွက်ခဲ့တာပါ၊ ၀န်မင်း စတ်ကျေနပ်မှုရအောင် လုပ်ချင်တဲ့ ဆန္ဒနဲ့ အထူးတလည် ကြိုးစားပြီး လုပ်ခဲ့တဲ့ ကိစ္စတခုပါ၊ ဒီလိုဖြစ်လာလိမ့်မယ်လို့ လုံးဝ မထင်ခဲ့ပါ ဘူး'

' မင်း ဘာပြောနေတာလဲ၊ ဒီထက်ရှင်းအောင် ပြောမပြနိုင်တော့ဘူးလား '

' ကိစ္စက ၀န်မင်းရဲ့ ဘဏ္ဍာစိုး ဂရေစီယာနဲ့ ပတ်သက်နေပါတယ်ခင်ဗျာ၊ ကျွန်တော် ငှားပေးခဲ့တဲ့ လူကို ပြောတာပါ၊ သူ့မှာ အကျင့်စာရိတ္တ ကောင်းကြောင်း ထောက်ခံစာတွေ ပါခဲ့ပါတယ်၊ ခုကျတော့ အေဂျင်စီဌာနမှူးက ကျွန်တော့်ဆီ အတွင်းစာတစောင်ရေးပြီး အကြောင်းကြားပါတယ်၊ ဂရေစီယာရဲ့ ထောက်ခံစာ တွေဟာ အတုတွေ ဖြစ်ပါတယ်တဲ့၊ ပြီးတော့ သက်ဆိုင်ရာ ရဲတွေက ရော့ဒရီး ဂိုးအီစပန်တာဂိုး ဆိုတဲ့ လူတယောက်ကို ဖမ်းဖို့ လိုက်ရှာနေပါတယ်တဲ့၊ အဲဒီ လူဟာ ဂရေစီ ယာပဲ ဖြစ်လိမ့် မယ်လို့ ယူဆနိုင်စရာ ရှိနေပါတယ်တဲ့၊ သူ့ကို ရဲ့ အလိုရှိနေတာက လုယက်မှုနဲ့ တပ် ပြေးအမှု နှစ်မှုကြောင့် ဖြစ်ပါတယ်တဲ့၊ သူ့ကို စစ်ဆေးဖို့ဆိုပြီး မာလာဂါမြို့က အကျဉ်းထောင် စိတ္တဇ ဆေးကုခန်းမှာ ပို့ထားတုန်း ထွက်ပြေး သွားခဲ့ပါတယ်တဲ့ '

ဘရန်းဒီး ငြိမ်ဆိတ်သွားသည်။ သူသည် အတန်ကြာမျှ တွေဝေစဉ်းစားလျက်ရှိ၏။

' စာပြစမ်းပါဦး ' သူသည် မလှုပ်မယှက် လုပ်နေရာမှ စာကို တောင်းသည်။

ဘာတန် က စာကို ထုတ်ပေးသောအခါ နှစ်ကြိမ်တိတိ စေ့စပ်သေချာစွာ ဖတ်သည်။ ထို့နောက် မိနစ် အနည်းငယ်မျှကြာ စဉ်းစားနေပြန်သည်။ ပြီးတော့မှ မျက်ခုံးများကိုပင့်၍ ဘာတန်အား ကြည့် သည်။

' စာထဲမှာတော့ ဘာမှ တိတိကျကျ မရှိပါဘူး၊ ခိုင်လုံတဲ့ အထောက်အထားလဲ မပြနိုင်ဘူး '

' ဟုတ်ပါတယ် ခင်ဗျာ၊ ဒါပေမယ့် အားလုံးကို ခြုံကြည့်လိုက်ရင် မသင်္ကာစရာ အခြေအနေမျိုး ဖြစ်နေ ပါတယ်၊ ကျွန်တော့်မိန်းမ ဘာလိုနဲ့ တိုင်ပင်ကြည့်တော့လဲ သူက သိပ်ပြီး စိတ်ပူလာပါတယ်၊ ၀န်မင်းဆီ ချက်ချင်း သွားပြီး အသိပေးထားဖို့ တိုက်တွန်းပါတယ်၊ ဒီအခြေအနေအတိုင်းဆိုရင် ၀န်မင်းတခုခုလုပ်ဖို့ လိုမယ် ထင်ပါတယ် ခင်ဗျာ '

ဘရန်းဒီး က နှုတ်ခမ်းကို မဲ့လိုက်သည်။

' မင်းနဲ့ မင်းမိန်းမက ငါလာလုပ်သင့်တယ်ဆိုတာ ညွှန်ကြားနေတဲ့ သဘောလား '

' အို … ဒီလိုသဘောနဲ့ ပြောတာ မဟုတ်ပါဘူးခင်ဗျာ' ဟု ဘာတန်က ကသောကမျော တောင်းပန် သည်။ ' ဒါပေမယ့် … ဒီ … ဒီ … အကောင်ဟာ ကြောက်စရာ ကောင်းလောက်အောင် အန္တရာယ် ပြုနိုင်တဲ့ လူမျိုး ဖြစ်တယ်လို့ ယူဆမိတာနဲ့' ကောင်စစ်ဝန်က ငြိမ်ဆိတ်နေပြန်သည်။

' အခုဆိုရင် ဂရေစီယာ ငါ့အိမ်မှာနေတာ လပေါင်းအတော်ကြာခဲ့ပြီ၊ ငါနဲ့ နီးနီးကပ်ကပ်နေခဲ့တာပဲ၊ ငါကိုယ်တိုင် သူ့ကို လေ့လာခွင့်ရခဲ့တယ်၊ အပွင့်လင်းဆုံးထားပြီး ပြောရမယ်ဆိုရင်တော့ ဂရေစီယာ လောက်တော်တဲ့ အခိုင်းအစေမျိုး၊ ယုံကြည်စိတ်ချရတဲ့ တပည့်မျိုး ငါဘယ်တုန်းကမျှ မရခဲ့ဖူးသေး ဘူး၊ အတိုချုပ်ပြီး ပြောရရင်တော့ ဒီစာဟာ သိပ်ပြီး ခိုင်လုံတဲ့စာ မဟုတ်ဘူးလို့ပဲ ငါထင်တယ် '

' ဒါပေမယ့် ၀န်မင်းအနေနဲ့ စုံစမ်း စစ်ဆေးကြည့်ဖို့တော့ လိုလိမ့်မယ် ထင်ပါတယ်ခင်ဗျာ၊ ဒီကိစ္စက ကျွန်တော့် မှာလဲ တာဝန်မကင်းသလို ဖြစ်နေတော့…'

ငါ လုပ်သင့်လုပ်ထိုက်တာ မှန်သမျှကိုတော့ ငါ လုပ်သွားမှာပဲ ' ဟု ကောင်စစ်ဝန်က သိပ်ပြီး မကျေ နပ်သော လေသံဖြင့် ပြန်ပြောသည်။ ' ဒီကိစ္စအတွက် မင်းမှာ အင်မတန် ကြီးမားတဲ့ တာဝန်ကြီးတခု ကိုထမ်းဆောင်နေရသလိုတော့ လုပ်မနေပါနဲ့ ' သူသည် လက်ထဲမှစာကို ခေါက်၍ အင်္ကျီအိတ်ထဲသို့ ထည့်လိုက်သည်။ ' ဒီစာနဲ့ပတ်သက်လို့ တခြား ဘယ်သူ့ကိုမှ မပြောသေးဘူး မဟုတ်လား၊ အခုလို လျှို့ဝှက်ထားရမယ့် ကိစ္စမျိုးမှာ ကျရင် ငါ အလေးအနက်ထားပြီး စဉ်းစား တတ်တယ်ဆိုတာ မင်း သိထား စေချင်တယ် '

' မပြောသေးပါဘူး ခင်ဗျာ ' ဟု ဘာတန်က ဖြေသည်။ ' ဒါမျိုးကျတော့ ကျွန်တော့်အပေါ် ယုံကြည် စိတ်ချနိုင်ပါတယ် '

' အေး … ငါကလဲ ယုံကြည်ထားပါတယ် ' ဟု ဘရန်းဒီးက ပြောသည်။ သူသည် ကုလားထိုင်ပေါ်မှ ထရပ်ကာ ဦးထုပ်ကို ကောက်၍ ဆောင်းလိုက်သည်။ တံခါးဝသို့ အရောက်တွင် ရုတ်တရက် ထွက် မသွား သေးပဲ ခဏမျှ ရပ်နေသေးသည်။ ထို့နောက် ရုံးခန်းအတွင်းမှ အပြင်သို့ ထွက်သည်။ သစ်သား လှေကားပေါ် နင်းသွားနေသော သူ့ခြေလှမ်းများသည် နှေးကွေးလေးလံလျက်ရှိလေ သည်။
………………………………….
အခန်း (၁၉) ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>