Showing posts with label အထောက်တော် လှအောင် စူဇီဝေါင်း. Show all posts
Showing posts with label အထောက်တော် လှအောင် စူဇီဝေါင်း. Show all posts

Friday, January 8, 2010

စာအုပ် (၃) အထောက်တော် လှအောင် စူဇီဝေါင်း အခန်း(၈)



 



 

မူရင်း စာရေးသူ Richard Mason (The world of Suzie Wong ) ၊ အထောက်တော် လှအောင် ဘာသာပြန် ထားတဲ့  စူဇီဝေါင်း စာအုပ်ကို ကျနော့် ဘလော့ မှာတင်တာ ဒီနေ့ ပြီးဆုံးသွားပါပြီ..။ upload လုပ်ရတာ connection မကောင်း တဲ့ အတွက် စာရိုက်ပြီး တင်ပါတယ်..၊ ကျနော် စာတွေရိုက်ပေးကြတဲ့ ကျနော့် သမီး များကို ကျေးဇူးတင်တဲ့ အတွက် သူတို့ ပုံလေးတွေပါ ဖော်ပြပြီး ကျေးဇူးတင်ကြောင်း ပြောကြားပါတယ်.. (အမှန်တော့..နောက်တခါလည်း စာရိုက်ပေးအောင် ကြော်ငြာပေးရတာပါ)

(ကိုရီးယား မင်းသမီးများလို့ ထင်ရင်လည်း သူတို့က စိတ်မဆိုးပါဘူးတဲ့ဗျာ)

အခန်း(၈)
(၁)
    " စူဇီ…….ဆရာဝန်ကပြောတယ်၊ မင်းဆေးရုံကဆင်းပြီးရင် မောင်တို့ တောင်ပေါ်စခန်း တစ်ခုမှာ သွားနေနိုင်ရင်ကောင်းမယ်တဲ့၊ ဂျပန်ပြည်မှာ မင်းနေချင်သလားဟင်၊ မောင် အဲဒီကို ပြန်သွားပြီး ပန်းချီဆွဲချင် တယ်၊ အင်မတန်လှတဲ့ တောင်တွေလည်း အများကြီးရှိတယ်"
    " ဟုတ်ကဲ့မောင်၊ ကောင်းမှပါ၊ ကျွန်မတို့ ဂျပန်ကို တန်းသွားမှာလား" စူဇီက တုံ့ဆိုင်း ဆိုင်း ပြန်မေးသည်။
    " ဟုတ်တယ်၊ ဟောင်ကောင်းကနေပြီး ဂျပန်ကို မောင်တို့ တန်းသွားကြမယ်"

    စိတ်ပျက်သည့်အမူအရာမပေါ်အောင်သူကြိုးစားဟန်ဆောင်နေသည်။ ပထမဆုံးခရီးအဖြစ် အင်္ဂလန်ကို သွားချင်ကြောင်း ကျွန်တော်သိပါသည်၊ လန်ဒန်ကို သူမြင်ချင်လှပြီ။ ပစ်ကယ်ဒလီ ဆက်ကပ်။ ပြီးတော့ ဆိုင်ကြီးတွေ၊ နောက်ပြီးတော့ ဘုရင်မ၊ ဒါတွေကို သူ မြင်ချင်လှပြီ။

    သို့သော်လည်း ကျွန်တော်ခေါ်သွားနိုင်မည် မဟုတ်ပါ။ စူဇီသည် အမျိုးကောင်းသမီး ကလေး တစ်ယောက် ဖြစ်ကြောင်း ကျွန်တော် ဟန်ဆောင်ရတော့မည်။ လိမ်ညာရတော့မည်။ အဖြစ်မှန်ကိုသိသွားရင် "ခင်ဗျား ကြားပြီး ပြီလား"ဟု လူတွေက အချင်းချင်း လက်တို့ကြမည်။ ထို့ကြောင့် စူဇီကိုခေါ်ပြီး အင်္ဂလန်ကို သွားလို့မဖြစ်ပါ။
    သို့သော်လည်း လန်ဒန်တွင် ကျွန်တော့် ပန်းချီကားများကို ပြပွဲခင်းကျင်းပြသဖို့ အစီအစဉ် ရှိသည်။ ရွိုင်းအူလ်မန်က ကမကထပြုလုပ်မည်။ ကျွန်တော့်ကိုလည်း ပြပွဲတွင် ရှိနေစေချင်သည်။ အင်္ဂလန်သို့ သွားနိုင် သည့် ငွေကြေးလည်း ကျွန်တော့်မှာ အလုံအလောက်ရှိနေပါသည်။

    တစ်ညတွင် ထိုအကြောင်းကို ကျွန်တော်စဉ်းစားနေမိသည်။ စူဇီသွားလိုသည်ဆိုပါက ပြီးတော့ ထိုအဖြစ်များ ကို ရင်ဆိုင်ရဲသည့်သတ္တိလည်း သူ့မှာရှိနေသည်ဆိုပါက ဘာကြောင့် မသွားဘဲနေရမည်နည်း။
    ကျွန်တော်တို့ အင်္ဂလန်သွားပြီး  ရက်သတ္တခြောက်ပတ် နေမည်ဖြစ်ကြောင်း နောက်နေ့တွင် စူဇီကို ဆေးရုံမှာ ကျွန်တော် ပြောပြလိုက်တော့သည်။
    နောက်သုံးလကြာတော့ ဆေးရုံမှ စူဇီဆင်းသည်။ ရောဂါလည်း ကင်းကင်းရှင်းရှင်း ပျောက်ပြီ။

    သင်္ဘောစီးပြီး အင်္ဂလန်သို့ ကျွန်တော်သို့ လာခဲ့ကြသည်။ နွေဦးရာသီတွင် အင်္ဂလန်သို့ ကျွန်တော်တို့ ရောက်သွားကြသည်။
    ရွိုင်းအူလ်မန် စီစဉ်ပေးသည့် ဖူလ်ဟမ်လမ်းမှ စတူဒီယိုတွင် ကျွန်တော်တို့ နေကြသည်။ စတူဒီယိုထဲမှာ အိမ်ထောင်ပရိဘောဂ အပြည့်အစုံရှိသည်။
    ပထမတစ်ပတ်မှာတော့  ကျွန်တော် ပန်းချီမဆွဲနိုင်ပါ။ စူဇီနှင့်အတူ မြို့လုံးပတ်လည် သွားလာကြည့်ရှု နေသည့်အတွက် ပန်းချီမဆွဲချိန်မရပါ၊ လန်ဒန်မျှော်စင်၊ ၀က်စ်မင်းစတာအက်ဘေး၊ စိန့်ပေါလ် ဘုရားရှိခိုး ကျောင်း၊ တိရစ္ဆန်ရုံစသည်များကို စိတ်ဝင်စားစွာကြည့်သည်။ သည်လို ကြည့်နေရသည့် အတွက် လည်း သူအလွန်ပျော်နေုပုံ ရပါသည်။

    ပြဇာတ်လည်း ကြည့်ကြသည်။ ရုပ်ရှင်လည်း ကြည့်ကြသည်။ စောစောပိုင်းက ပြဇာတ်များ ကိုဒါလောက်မကြည့်ဖြစ်ပါ။ ဇာတ်ကောင်းများ ပြောဆိုသည့် စကားလုံးများကို စူဇီ နားမလည်မည် စိုးသောကြောင့် ဖြစ်ပါသည်။ နောက်ဆုံးတော့ ၀ါတာလူးလမ်းရှိ အိုးလ်ဗစ်ဇာတ်ရုံသို့ သူကိုခေါ်  သွားသည်။ ဟင်းမ်လင်ပြဇာတ်ကို ၀င်ကြည့်ကြသည်။
    ပြဇာတ်အကြောင်းကို  သူနားလည်းအောင် ကျွန်တော် ရှင်းပြသောအခါ သူသိမ်မကြိုက်ပါ။ " မြင်ပါတယ်၊ ကျွန်မမှာ မျက်စီရှိတာပဲ" ဟု ပြန်ပြောတတ်သည်။ အားလပ်ချိန်ပေးသောအခါ ပြဇာတ်အကြောင်းကို ပြန်သုံးသပ် သည်။

    " အဲဒီလူကြီး အရမ်းစိတ်သောက ရောက်နေတယ်၊ ကျွန်မ သေသေချာချာ သဘော ပေါက်တယ်၊ ဘာဖြစ်လို့လဲဆိုတော့ ကျွန်မမှာလည်း သူ့လိုပဲ အင်မတန်ဆိုးတဲ့ ဦးလေးတစ် ယောက်ရှိခဲ့တယ် မဟုတ်လား၊ ဒါကြောင့် ကျွန်မတွေးနေမိတယ်၊ အဖေဟာ ပင်လယ်ထဲမှာ သင်္ဘောနဲ့နစ်သွားတာ မဟုတ် ဘူးလို့၊ အမေ့ကိုလိုချင်လို့ ဦးလေးက အဖေ့ကို သတ်ပစ်တာ ဖြစ်နိုင်တယ်လို့၊ အမေက ဒီအကြောင်း ကိုသိပေမယ့် ဦးလေးကို လက်ထပ်လိုက်ရတယ်လို့၊ ဒီအဖြစ်တွေကိုလည်း ကျွန်မ သိနေတယ် လို့ တွေးကြည့်လိုက်မိတယ်၊ အဲဒီအတိုင်းဆိုရင် ကျွန်မ လည်းအရမ်းသောကရောက်ရမှာပဲ၊ အဲဒီဇာတ်လိုက် လိုပဲ ရူးသွားမိမှာပဲ"

    " ဒီလိုဆိုရင် ဘာလုပ်မလဲ၊ ဘာဖြစ်ရင်ကောင်းမယ်လို့ မင်းထင်သလဲ"
    " အင်မတန်းဆိုးတဲ့ သူ့ဦးလေးကို ဇာတ်လိုက်က သတ်ပစ်လိုက်ရင်ကောင်းမယ်၊ ဒါပေမဲ့ သူ့အမေ ကိုတော့ မသတ်ရဘူး၊ အဲဒါကို ကျွန်မ စိတ်ပူနေတာပဲ၊ သူက စဉ်းစားရမယ်၊ အမေဟာ အမှား တွေကို ကျူးလွန် တယ်၊ ဒါပေမဲ့ သူဟာ ငါ့အမေပဲ၊ ငါ့ကို နို့်ချိုတိုက်ကျွေးခဲ့တယ်၊ ဒါကြောင့် အမေ့ကိုတော့ ငါ မသတ်နိုင် ဘူး တွေ့ရမယ်"
    " စူဇီရယ်………ကောင်းလိုက်တဲ့ စိတ်ကူးကလေးကွာ"
    " ဒီစာရေးဆရာမှာ အင်မတန် စိတ်ထားနှလုံးထားကောင်း ရှိတယ်၊ အားလုံးကို သူနား လည်းတယ်၊ ဟောကို အပေါ်ထပ်မှာများ သူရှိနေမလား မသိဘူး"
    စူဇီကပြောရင်း အပေါ်ထပ်သို့ မော့ကြည့်သည်။

    ကျွန်တော် အားပါးတရ ရယ်မိသည်။ ပြီးတော့မှ ထိုပြဇာတ်ကို  ရေးသည့် စာရေးဆရာကြီး ရှိတ်စပီးယား ကွယ်လွန် ခဲ့သည်မှာ နှစ်ပေါင်း သုံးရာလောက် ရှိသွားပြီဖြစ်ကြောင်း ရှင်းပြရသည်။
    ဘုရင်မကို သူအရမ်းမြင်ချင်တွေ့ချင်နေသည်။ ဘုရင်မကို မမြင်ရဘဲနှင့်တော့ အင်္ဂလန်က မပြန်ဟုဆိုနေသည်။ တစ်ညတွင် ကိုးဗင့်ပန်းခြံသို့ ဘုရင်မ ရောက်လာဖို့ရှိသည်။ ကျွန်တော်တို ကလည်း စောင့်နေကြ သည်။ သို့သော်လူတွေများလွန်းသောကြောင့် မမြင်ခဲ့ရ။

    ထို့ကြောင့် တိုင်းမ်သတင်းစာကို နေ့စဉ်ဝယ်ပြီ ဘုရင်မ၏ အသွားအလာ အစီစဉ်များကို ရှာဖွေဖတ်ရသည်။ တစ်နေ့တွင် မြို့တွင်းရှိ ဧည့်ခံပွဲတစ်ခုသို့ ဘုရင်မတက်ရန် ရှိသည်။ ကျွန်တော် တို့နှစ်ယောက် ဘက်ကင်ဟမ်နန်တော်သို့ အစောကြီးလာကြသည်။ နန်းတော်မှ ဘုရင်မ ထွက်ခွာ သည်ကို စောင့်ကြည့်ရန်ဖြစ်သည်။

    သဘောကောင်းပုံရသော ရဲသားတစ်ယောက်က ကျွန်တော်တို့ကို နေရာကောင်းကောင်း ပေးသည်။ ဘုရင်မကို ကြည့်လိုသည့် နိုင်ငံခြားသားပေါင်းစုံ လူအုပ်ကြီးလည်း ရှိနေသည်။ ဘုရင်မ စီးနင်း လိုက်ပါလာသည့် မော်တော်ကားကြီး ထွက်လာသည်။ စူဇီက ဣနြေ္ဒရရ တည်တည်ငြိမ်ငြိမ် ဖြင့်ကြည့် နေသည်။ ဘုရင်မက နောက်ခုံမှာ ထိုင်လိုက်သွားသည်။ အလွန်လှပါသည်။ စက္ကန့်ပိုင်း ကလေးမျှသာ မြင်လိုက် ရခြင်း ဖြစ်သည်။ လုအုပ်ကြီးလည်း ကွဲသွားသည်။ စူဇီ အကျေနပ်ကြီး ကျေနပ်နေသည်။

    " တစ်ယောက်ကျန်းသေးလား"
    " မာဂရက်မင်းသမီး"
ကျွန်တော် ရယ်ရပြန်သည်။ ကြိုးစားကြသေးတာပေါ့ဟု ပြန်ပြောမိသည်။ သို့သော်လည်း မာဂရက် မင်းသမီးသည် လန်ဒန်မှ ထွက်ခွာသွားကြောင်း၊ တစ်လအတွင်း ပြန်ရောက်ဦးမည် မဟုတ် ကြောင်း သတင်းစာ ထဲတွင် ဖတ်ရသည်။ စူဇီအတော်စိတ်ပျက်သွားသည်။ သို့သော် ဘုရင်ကို မြင်လိုက်ရပြီမို့ တော်သေးသည်။

    ကျွန်တော်တို့ အင်္ဂလန်ရောက်ပြီး သုံးပတ်အကြာတွင် အူလ်မန်စီစဉ်သည့် ကျွန်တော့်ပန်း ချီပြပွဲ စတင်ဖွင့်လှစ်သည်။ ဆောက်သ် အော်ဒရေလမ်းရှိရွိုင်းအူလ်မန်၏ ပြပွဲခန်းမှာ ကျင်းပခြင်း ဖြစ်သည်။ ပန်းချီကားအားလုံးသည် ဟောင်ကောင်မှာ ဆွဲခဲ့သည့် ကားများချည်းဖြစ်သည်။ အများဆုံးကတော့ စူဇီ၏ ကားများ ဖြစ်ပါသည်။
    နမ်ကောက်ဟိုတယ်မှာ စူဇီနှင့် သင်္ဘောသားများ တွေ့ဆုံကြသည်ကို ထောင့်မျိုးစုံမှ ရေးဆွဲထားသည်။ စူဇီ၏ အတိတ်ဘ၀နှင့် ပတ်သက်ပြီး ဘာမှဟန်ဆောင်စရာ မလိုပါ။ ဖုံးကွယ်နေစ ရာမလိုပါ။

    ပြပွဲဖွင့်သည့်နေ့တွင် စူဇီ တက်သင့်သည်ဟု မတင်ကြောင်း ကျွန်တော်က ပြောပြသည်။ စိတ်ထိန်းနိုင်ဖို့ ခက်ခဲသောကြောင့် ဖြစ်သည်။ သို့သော်လည်း ပြပွဲမဖွင့်မီ တစ်ရက်တွင် စူဇီသည် တစ်နေကုန် စဉ်းစား နေသည်။ ဖွင့်ပွဲနေ့မနက်ရောက်တော့ ဘေးကွဲတရုတ် ဂါဝန် နှစ်ထည်ကိုယူပြီး ကျွန်တော့်ကို လာပြသည်။
"ဘယ်ဟာဝတ်ရင် ကောင်းမလဲမောင်"
"မင်းလိုက်ဖို့ မတော်ဘူး စူဇီ"
"လိုက်မယ်"
"အဲဒီလိုဆိုရင် အ၀ါကလေးက ပိုကောင်းမယ်၊ မောင်တို့ လက်ထပ်တဲ့နေ့က ၀တ်တာလေ"

သို့သော်လည်း ပြပွဲရှိရာသို့ တက္ကစီနှင့် လာကြသည့် လမ်းတစ်လျှောက်တွင် သူ့စိတ်တွေ ဖောက် လာသည်။ မတည်မငြိမ် ဖြစ်လာသည်။ နောက်ဆုံးတွင် သူ မလိုက်နိုင်တော့ကြောင်း၊ သည်နေရာမှ ဆင်းပြီး ပြန်တော့ မည်ဖြစ်ကြောင်း ပြောသည်။ ကျွန်တော်က ဒရိုင်ဘာကို ကားရပ်ခိုင်းလိုက်သည်။ ပြပွဲထဲမှာ ကျွန်တော်တို့ ခဏထိုင်ပြီး စကားနည်းနည်းပါးပါး ပြောရုံကလေးသာ ဖြစ်ကြောင်း သူ့ကို ရှင်းပြသည်။
"ဟင့်အင်း…ဟင့်အင်း…ကျွန်မ ပြန်ချင်တယ်၊ ကားထဲက ဆင်းပါရစေ၊ ပြန်ပါရစေ၊ ကျွန်မ စိတ်မ ကောင်းပါဘူး မောင်ရယ်၊ ဒါပေမဲ့ ကျွန်မကြောက်တယ်၊ ကျွန်မရှက်တယ်" သူ့စိတ်ကို မထိန်းနိုင်တော့ဘဲ ကြောက်လန့် တကြီး ပြောနေသည်။

"ဘာမှရှက်စရာမလိုပါဘူး စူဇီ၊ မင်းဟာ လူတိုင်းလိုပဲ လူကောင်းတစ်ယောက်ပါပဲ"
"ဟင့်အင်း…ကျွန်မရှက်တယ်၊ သူတို့က ယမ်ယမ်ကောင်မကလေးလို့ ပြောကြလိမ့်မယ်၊ ဒါ မှန် လည်း မှန်တယ်၊ ကျွန်မက လူကောင်းမှမဟုတ်ဘဲ"
ထိုအခိုက် ကျွန်တော်တို့အနားမှ ဖြတ်လျှောက်သွားသော အမျိုးသမီးတစ်ယောက်ကို ကျွန်တော် က မေးငေါ့ပြသည်။ အလယ်အလတ်တန်းစား အမျိုးသမီးဖြစ်သည်။
"ဟောဟို အမျိုးသမီးကို မြင်တယ်မဟုတ်လား၊ မင်းလည်း သူနဲ့အတူတူပါပဲ၊ သူ့လိုပဲ မိန်းမကောင်း တစ် ယောက်ပါ စူဇီ"
"မဟုတ်ဘူး"

"မင်းဟာ မိန်းမကောင်းတစ်ယောက်ပါ စူဇီ၊ မင်းဘ၀ ဘာဖြစ်ခဲ့ဖြစ်ခဲ့ အခုကောင်းနေဖို့ အရေးကြီးတယ်၊ အခု မင်းဟာ မိန်းမကောင်းပဲ၊ မင်းဘ၀အမှန်ကို ဖုံးကွယ်မထားဘူး၊ ဟန်မဆောင် ဘူးဆိုတဲ့ သတ္တိကိုက ဘယ်လောက်တန်ဖိုးရှိသလဲ၊ ဘယ်လောက်ဂုဏ်ယူဖို့ကောင်းသလဲ၊ မင်း ကိုယ်မင်း ဂုဏ်ယူစမ်းပါ စူဇီ"
နောက်ဆုံးမှာတော့ သူ တဖြည်းဖြည်း ပြုံးလာသည်။ တရုတ်လူမျိုးတို့၏ ထုံးစံအတိုင်း ကိုယ့်ကို မတ်မတ်ထိုင်လိုက်သည်။ မာန်မာနတွေ ၀င်လာသည်။ မျက်နှာကို ချီထားသည်။

ပြပွဲခန်းထဲသို့ ကျွန်တော်တို့ ၀င်သွားသောအခါ ဣနြေ္ဒရရကြီးဖြင့် ၀င်သွားနိုင်သည်။ ပြပွဲခန်းထဲ ရောက်တော့ ကျွန်တော့်အနားမှ သူ မခွာ။ ကျွန်တော်က သူ့လက်ကို တင်းတင်းဆုပ်ထားသည်။ တစ်ချိန်လုံး မလွတ်တမ်း ဆုပ်ကိုင်ထားမိသည်။ တစ်ခါတရံတော့ သူ့လက် တောင့်တောင့်ကြီးဖြစ် သွားသည်ကို ခံစား ရသည်။ သို့သော်လည်း မျက်လုံးအစုံနှင့် မျက်နှာကမူ အလွန်တရာ တည်ငြိမ် နေသည်ကို တွေ့ရသည်။

အူလ်မန်က လူပေါင်းများစွာနှင့် ကျွန်တော်တို့နှစ်ယောက်ကို မိတ်ဆက်ပေးသည်။ စူဇီသည် လူ အားလုံးကို ရဲရဲတင်းတင်း ရင်ဆိုင်ကာ မျက်လုံးချင်း ဆိုင်ကြည့်ဝံ့သည်။ အမျိုးသမီးကြီး တစ် ယောက်က စူဇီကို လာနှုတ်ဆက်သည်။
"မင်းကို မနာလိုလိုက်တာကွယ်၊ မင်းရဲ့ ဘ၀အတွေ့အကြုံတွေကို တကယ်ပဲ မနာလိုဖြစ်မိတာပါ၊ မင်းရဲ့ ဘ၀အကြောင်းကို သိရတော့ ဒေါ်ဒေါ်ဖြင့် ကိုယ့်ဘ၀ဟာ ပိုပြီး ကျဉ်းမြောင်းသွားသလားလို့ တောင် ထင်ရတယ်၊ အခန်းတစ်ခုခုထဲမှာ အလုံပိတ်ထားတာ ခံနေရသလိုပဲ"

ဆံပင်ဖြူဖြူနှင့် အဘွားကြီးတစ်ယောက်ကလည်း စူစီအလွန်ချောမောလှပကြောင်း လာပြောသည်။
"သမီးဟာ အင်မတန် ချောတာပါပဲကွယ်၊ ဒါပေမဲ့ ဒီပန်းချီကားတွေက မင်းရဲ့ တကယ့်အလှကို မမီသေးဘူး"
ထိုစကားကြားတော့ စူဇီက ကျွန်တော့်ဘက် လှည့်လာသည်။

"ဟုတ်တယ်၊ မောင် မိအောင်မဖမ်းနိုင်ဘူး၊ မောင့်ပန်းချီကားတွေ တစ်ကားမှ မမီဘူး"ဟု ပြော သည်။
ထိုစကား မှန်ပါသည်။ ယခုပြပွဲတင်သော စူဇီ၏ကားများသည် နမ်ကောက်ဟိုတယ်သို့ ကျွန်တော် ရောက်သည့် စောစောပိုင်းအချိန်များတုန်းက ရေးဆွဲခဲ့သည့် ကားများဖြစ်သည်။ အမှန်တော့ စူဇီ၏ အလှသည် ယခုမှပိုပြီး ပွင့်လန်းလာခဲ့သည်။ အထူးသဖြင့် ထောင်ကျ၊ ဆေးရုံတက်၊ ရောဂါပျောက် ကင်းပြီးမှ မိန်းမပီသသော သူ၏အလှက ပိုမိုထူးခြားလာခဲ့သည်။
ထိုအဘွားကြီးက စူဇီ၏ပုံတူပန်းချီကားနှစ်ချပ်ကို ၀ယ်သည်။

"ကျွန်မ ကြိုက်လှလို့တော့ မဟုတ်ပါဘူး၊ ဒါပေမဲ့ တစ်နေ့မှာ ရှင့်ပန်းချီကားတွေဟာ သိပ်အဖိုးတန် လာလိမ့်မယ်"ဟုလည်း ပြောသည်။
ကြည့်ရှုသူတွေ ပြန်သွားကြသည်။ ရွိုင်းအူလ်မန်က ကျွန်တော်တို့ဆီ လျှောက်လာသည်။ သူ့မျက် နှာကြီး ပြုံးနေသည်။
"အောင်မြင်တယ်၊ သိပ်ကိုအောင်မြင်တယ်၊ ဟောဟိုမှာ အနီဝိုင်းကလေးတွေ ကပ်ထားတဲ့ကားတွေ ဘယ်လောက်များသလဲ၊ ကြည့်လိုက်စမ်းပါ၊ ခင်ဗျားအရမ်းအောင်မြင်သွားပြီ"ဟု ပြောသည်။
ဝယ်ယူပြီးကြောင်း အမှတ်အသားအဖြစ် ပန်းချီကားဘောင်ပေါ်တွင် အနီဝိုင်းကလေးများ ကပ်ထားသော ပန်းချီ များက များပြားလှသည်။
"ဒီကနေ့ တကယ်အောင်မြင်တာကတော့ စူဇီပါဗျာ"ဟု ကျွန်တော်က ပြောသည်။

"ဟုတ်ပါတယ်၊ တစ်ပိုင်းတော့ မှန်ပါတယ်၊ လူတိုင်းက စူဇီ အင်မတန်လှကြောင်း ပြောကြပါတယ်၊ ဒါပေမဲ့ ခင်ဗျားရဲ့ ပန်းချီကားတွေက ကောင်းလွန်းလို့ပါ"
အမှန်တော့ ယနေ့ လူပုံအလယ်တွင် စူဇီ မည်မျှထိ အောင့်အည်းသည်းခံနိုင်စွမ်းရှိခဲ့သည်ကို သူ မသိပါ။ ယခုတော့ စူဇီ အောင်မြင်သွားပါပြီ။ လူတွေနှင့် မျက်နှာချင်းဆိုင်ရဲသွားပါပြီ။ စူဇီနှင့်ပတ် သက်ပြီး ကျွန်တော် အများကြီး ဂုဏ်ယူလိုက်မိပါသည်။ စိတ်လည်း ချမ်းသာသွားပါပြီ။

ပန်းချီပြပွဲ ဖွင့်ပြီးသည့်နေ့မှစí ကျွန်တော်တို့မှာ ဧည့်ခံပွဲတွေမပြတ် တက်ရတော့သည်။ တစ်ခါ တစ်ရံ တစ်နေ့ တည်းမှာပင် သုံးလေးပွဲလောက် ဆက်တက်နေရသည်။ ဧည့်ခံပွဲတစ်ခုတွင် အမျိုး သမီးကြီး တစ်ယောက် ၏ စော်စော်ကားကား မေးမြန်းခြင်းကို တစ်ကြိမ်ခံခဲ့ရဖူးသည်။

နမ်ကောက်တွင် စူဇီနှင့် ဆက်ဆံခဲ့ဖူးသည့် သင်္ဘောသားတစ်ယောက်ယောက်နှင့် လန်ဒန်မှာဆုံ လျှင် ဘာလုပ်မည်နည်းဟု စူဇီကို သူကမေးသည်။ ၀ိုင်းထဲမှာ ရှိနေကြသူများအားလုံး ကြက်သေ သေသွား ကြသည်။ အံ့အားသင့်ခြင်း၊ အားနာခြင်းများကြောင့် စကားမပြောနိုင်ကြအောင် ဖြစ်သွား သည်။
သို့သော် စူဇီက-

"လွယ်ပါတယ်ရှင်၊ 'ဟယ်လို-ဂွတ်မောနင်း'လို့ ပြောလိုက်ရုံပေါ့"ဟု ပြန်ဖြေသည်။
တစ်ဝိုင်းလုံး အုံးခနဲ့ ပွဲကျသွားသည်။ အမှန်တော့ စူဇီသည် ဟာသနှောလိုက်ခြင်း မဟုတ်ပါ။ ရုတ်တရက် မမျှော်လင့်ဘဲ ကြားလိုက်ရသည့် စော်ကားမော်ကား မေးခွန်းကြောင့် အရှက်ကြီးရှက် သွားသည်။ ထို့ကြောင့် ပါးစပ်ထဲမှာ တွေ့ရာကို ပြောချလိုက်ခြင်း ဖြစ်သည်။ သို့သော် အများက တော့ စူဇီမှာ တင်္ခနုပ္ပတ္တိ ဥာဏ်ရှိကြောင်း မှတ်ချက်ချကြသည်။

ပြပွဲ၏အောင်မြင်မှုကြောင့် ကျွန်တော် လူရာဝင်လာသည်။ နေရာတကာမှာ အလေးပေးခံရသည်။ လူတိုင်းက ကျွန်တော့်အမည်ကို သိလာကြသည်။ ကျွန်တော့်ပန်းချီကားများကိုလည်း လှိုက်လှိုက် လှဲလှဲ ချီးကျူးကြသည်။ သည်လို ကြုံလာရသောအခါ ကျွန်တော်ကိုယ်တိုင်လည်း စိတ်ကြီးဝင်လာ မိသည်။ တယ်တော်တဲ့ ငါပါလား၊ တယ်ဟုတ်ကဲ့ ငါပါလားဟူသော အတွေးမျိုးကိုလည်း ကျွန်တော့် ဘ၀တွင် ပထမဦးဆုံးအကြိမ်အဖြစ်နှင့် တွေးမိ ပါတော့သည်။

ထိုမျှမကသေး။ ပန်းချီအကြောင်းနှင့် ပတ်သက်၍လည်း ကောင်းကောင်းပြောနိုင်လာသည်။ ယခင် က ပန်းချီဆွဲရုံသာဆွဲသည်။ ပန်းချီအကြောင်း မပြောတတ်။ ယခုတော့ အများသူငါနှင့် အချေ အ တင် ဆွေးနွေးနိုင်လာသည်။ "ကျွန်တော့်စိတ်ထဲမှာ ခံစားလာရတာကလေးကို သရုပ်ပေါ်အောင် ရေးဆွဲ ကြည့်တာပါ ခင်ဗျာ"ဆိုတာမျိုးတွေ မရှိတော့။ အနုပညာသဘော၊ အတွေးအခေါ်သဘော၊ ခံစားချက် သဘောများကို ရွှန်းရွှန်းဝေအောင် ပြောနိုင်လာသည်။

ဧည့်ခံပွဲတိုင်းတွင် ကျွန်တော်သည် ပင်တိုင်ဖြစ်နေသည်။ အဓိကနေရာမှာ ရောက်နေသည်။ လူတိုင်း ပြောသည့် အကြောင်းအရာသည် ကျွန်တော်ဖြစ်နေသည်။ ကျွန်တော့်ပန်းချီကားများ ဖြစ်လာ သည်။
သည်လိုဖြင့် ကျွန်တော်သည် အရေးကြီးသောပုဂ္ဂိုလ်ဖြစ်လာသည်။ သာမန်လူတစ်ယောက် မဟုတ်တော့။ သာမန် ပန်းချီဆရာ မဟုတ်တော့။

တစ်ညတွင် အူလ်မန်၏အိမ်မှာ ဧည့်ခံပွဲတစ်ခုလုပ်သည်။ ထုံးစံအတိုင်းပင် ထိုဧည့်ခံပွဲသည်လည်း ကျွန်တော့်အကြောင်းများနှင့်သာ ဖုံးလွှမ်းနေသည်။ အမျိုးသမီးများ အခြားအခန်းတွင် သွားရောက် အနားယူ နေကြခိုက် ရုပ်မြင်သံကြား ထုတ်လွှင့်သူတစ်ယောက်နှင့် ကျွန်တော်စကားပြောနေသည်။ ရုပ်မြင် သံကြားမှ ကျွန်တော်ထုတ်လွှင့်ရန် သူက အဆိုပြုသည်။
"ပန်းချီအကြောင်း ကျွန်တော်တို့ ဆွေးနွေးကြတဲ့အခန်းမျိုး လွှင့်ရင် ကောင်းမယ်ဗျာ"ဟု သူက ပြောသည်။

ကျွန်တော်ကမူ အချိန်နောက်ကျသွားပြီဖြစ်ကြောင်း၊ လွန်ခဲ့သည့် တစ်လလောက်ကသာ ယခုလို ကမ်းလှမ်း မည်ဆိုက အဆင်ပြေနိုင်စရာရှိကြောင်း၊ ယခုမူ ကျွန်တော်တို့ ဟောင်ကောင်မှတစ်ဆင့် ဂျပန်သို့သွားဖို့ သုံးရက်သာလိုတော့ကြောင်း၊ လေယာဉ်ပျံလက်မှတ်လည်း ယူထားပြီးပြီဖြစ် ကြောင်း ပြန်ပြော လိုက်သည်။
"အင်း…ကျွန်တော့်အနေနဲ့ ခင်ဗျားကို ဇွတ်မတိုက်တွန်းလိုပါဘူး၊ ဒါပေမဲ့ အနုပညာရှင်တစ်ယောက် ဟာ သူ့ပရိသတ်ကို မထီမဲ့မြင် မလုပ်သင့်ပါဘူး၊ နောင်ရေးအတွက်ပါ စဉ်းစားကြည့်မယ်ဆိုရင် လန်ဒန်မှာ ခင်ဗျားကြာကြာနေနိုင်လေ ကောင်းလေပါပဲ၊ ရုပ်မြင်သံကြားကနေပြီး ပန်းချီအကြောင်း ဆွေးနွေးဖို့ဆိုတာ အင်မတန်ကောင်းတဲ့ အခွင့်အရေးပါ"ဟု အူလ်မန်က ၀င်ပြောသည်။
ခဏကြာတော့ စူဇီရောက်လာသည်။ ကျွန်တော်က အကျိုးအကြောင်း ပြောပြသည်။ စူဇီ က ထက်ထက် သန်သန် တော့ မရှိလှ။ သို့သော်-
"မောင့်သဘောပဲလေ"ဟု ပြန်ပြောသည်။

"ဟော…တွေ့တယ်မဟုတ်လား၊ ခင်ဗျားအမျိုးသမီးကလည်း သဘောတူနေပြီပဲ"ဟု အူလ်မန်က အားတက် သရော ပြောသည်။
အူလ်မန်ကပင် လေယာဉ်ရုံးသို့ ဖုန်းဆက်ပြီး ကျွန်တော်တို့ ကြိုတင်လက်မှတ်ယူထားသည်ကို ပယ်ဖျက် ပေးရန် အကြောင်းကြားသည်။
အိမ်ပြန်လာကြတော့ စူဇီသည် တစ်လမ်းလုံး တိတ်လာသည်။ ကျွန်တော်ကတော့ ရုပ်မြင်သံကြားမှ လွှင့်ခွင့်အတောင်းခံရသည့်အတွက် ၀မ်းသာမဆုံး၊ စိတ်ကြီးဝင်မဆုံး ဖြစ်နေသည်။
နောက်နေ့တွင် ဆွဲလက်စတန်းလန်း ဖြစ်နေသော စူဇီ၏ ပုံတူကားကို ကျွန်တော်ဆက်ရေးဆွဲနေ သည်။ လန်ဒန်သို့ရောက်နေခိုက် ထိုတစ်ကားတည်းသာ ကျွန်တော် ရေးဆွဲဖူးသည်။ စူဇီသည် မနေ့တုန်းကနှင့် မတူ။ ယနေ့ အတော်ကလေး ရွှင်ပျနေသည်ကို တွေ့ရသည်။ ထို့ကြောင့် အကျိုးအကြောင်း မေးကြည့် မိသည်။

"မောင့်ကို ဒီကနေ့ ကျွန်မ သဘောကျတယ်၊ ဆေးရောင်နဲ့ စွန်းပေနေတဲ့ အဲဒီဝတ်စုံကြီးဝတ်ပြီး မောင် အလုပ်လုပ်နေရင် ကျွန်မ သိပ်သဘောကျတယ်"
"ဘယ်အခါမျိုးမှာ မောင့်ကို သဘောမကျတာလဲ"
"မောင် စကားပြောနေတဲ့အခါမျိုးပေါ့၊ လူတွေနဲ့အတူ ထိုင်ပြီး မဆုံးနိုင်အောင် စကားပြောနေတဲ့ အခါမျိုးမှာ မောင့်ကို သဘောမကျဘူး"
လူတွေနှင့်ပန်းချီအကြောင်း ပြောဆိုဆွေးနွေးခြင်းမှာ မှန်ကြောင်း၊ အရှေ့ဖျားတိုင်းပြည်တွင် အချိန် ကာလ ကြာမြင့်စွာ ပန်းချီရေးဆွဲနေရာမှ ယခုကိုယ့်တိုင်းပြည် ပြန်လာပြီး ကိုယ့်လူမျိုးများနှင့် စကား ပြောရသည်မှာ အရသာထူးကြောင်း၊ ကိုယ်နှင့်စကားပြောနေသူများကလည်း  ကိုယ့်ပန်းချီကားကို သဘောကျသူများ ဖြစ်နေသည့်အတွက် ပိုကောင်းကြောင်း ကျွန်တော်က ပြောပြသည်။
"ကျွန်မကတော့ ဒီလိုမထင်ဘူး၊ အင်္ဂလန်ရောက်တော့ မောင် စိတ်ကြီးဝင်လာတယ်၊ လူတွေအများ ကြီးနဲ့ တွေ့နေတယ်၊ စကားတွေအများကြီးပြောနေတယ်၊ မောင့်ရင်ထဲမှာ ဒါတွေကို အသည်းစွဲ ဖြစ်နေပြီ"

"မင်းစိတ်ထဲမှာ ဘာတွေဖြစ်နေတယ်ဆိုတာကိုရော မင်းသိသလား စူဇီ၊ မင်း မနာလိုဖြစ်နေတယ်၊ ဧည့်ခံပွဲ တွေမှာ မောင် အောင်မြင်နေတာကို မင်း မနာလိုဖြစ်နေတယ်၊ မိန်းမချောကလေးတွေက မောင် တော်ကြောင်း လာပြီးချီးကျူးစကား ပြောနေကြတာတွေကို မင်း မနာလိုဖြစ်နေတယ်"ဟု ကျွန်တော်က ပြန်ပြော သည်။
စူဇီက ခေါင်းကိုခါယမ်းနေသည်။

"ဒီသဘောမျိုး မဟုတ်ပါဘူးမောင်၊ မောင့်စိတ် ပြောင်းလဲသွားတာကို ပြောတာပါ၊ မှန်ထဲမှာ မောင့် မျက်လုံးတွေကို သွားပြန်ကြည့်စမ်းပါ"ဟု ပြောသည်။
ထိုညက ကျွန်တော် တော်တော်နှင့်အိပ်မပျော်ပါ။ ကျွန်တော်၏ လက်ရှိအဖြစ်နှင့် စူဇီ၏ ပြောစကား များကို ပြန်စဉ်းစား ကြည့်နေမိသည်။ အောင်မြင်မှုများကြောင့် ကျွန်တော် စိတ်ကြီးဝင်လာမိသည်မှာ မှန်သည်။

စိတ်ကြီးဝင်လာရာမှ အလုပ်လုပ်ခြင်းအစား စကားတွေသာ အများကြီး ပြောလာသည်။ ဖန်တီး တီထွင်ခြင်း အစား ဝေဖန်ရေးတွေသာ လုပ်နေမိသည်။
ထိုအသိ ၀င်လာသည်နှင့် တစ်ပြိုင်တည်း ကျွန်တော် အလွန်တရာ တုန်လှုပ်သွားမိပါတော့သည်။ သည်အဖြစ်ဆိုးကြီးထဲမှ အချိန်မနှောင်းမီ ရုန်းထွက်မှ ဖြစ်ပေတော့မည်။ ကျွန်တော် မီးထဖွင့်သည်။ ပြီးတော့ စူဇီကိုနှိုးသည်။

"စူဇီ…မောင် တကယ်ရူးခဲ့တာပဲ၊ နည်းနည်းမှ အသုံးမကျတာတွေကို လုပ်ခဲ့မိတာပဲ"
"ဘာလဲ မောင်၊ ဘာဖြစ်တာလဲ"ဟု စူဇီက ဘာမှန်းမသိ ညာမှန်းမသိ မေးသည်။
"မင်းမှန်တယ် စူဇီ၊ မောင်ဟာ ဒီမှာနေပြီး မောင့်ကိုယ်မောင် ပြန်ဖျက်ဆီးနေတာပဲ၊ မောင်တို့ ဒီမှာ လုံးလုံးမနေသင့်တော့ဘူး၊ လုံးဝ ဆက်မနေသင့်တော့ဘူး"
"မောင် ရုပ်မြင်သံကြားလွှင့်ဖို့ အစီအစဉ် ဘယ်လိုလုပ်မလဲ"
"ဖြစ်ချင်ရာဖြစ်ပစေ၊ ကျောခိုင်းလိုက်ရုံပေါ့"

"ဒါပေမဲ့ မောင် စကားပြောချင်တယ် မဟုတ်လား၊ ရုပ်မြင်သံကြားလွှင့်ချင်တယ်မဟုတ်လား၊ ဂျပန် မှာ ဒီအခွင့် အရေးမျိုး မောင် ရမှာမဟုတ်ဘူး"
"မောင် စကားမပြောချင်ဘူး၊ ပန်းချီဆွဲချင်တယ်"ဟု ကျွန်တော်က ပြန်ပြောလိုက်မိသည်။
နောက်နေ့မနက်တွင် လေယာဉ်ရုံးသို့သွားပြီး ကျွန်တော်တို့ လက်မှတ်များကို ပြန်ယူလိုက်သည်။
နောက် ငါးရက်ကြာတော့ နမ်ကောက်ဟိုတယ်မှာ ကျွန်တော်တို့ ပြန်ရောက်နေကြပြီ။

(၂)
နမ်ကောက်ဟိုတယ်တွင် သည်လိုအဖြစ်အပျက်မျိုးကို တစ်ကြိမ်တစ်ခါမှ ကျွန်တော် မမြင်တွေ့ခဲ့ရ ဖူးပါ။ စူဇီပြန်ရောက်လာသည့်အတွက် အမျိုးသမီးအားလုံး ၀မ်းသာလုံးဆို့နေကြသည်။ သူတို့ အလုပ်မှန်သမျှ အားလုံးကို စွန့်ပစ်ထားလိုက်ကြသည်။ သင်္ဘောသားများကို ကျောခိုင်းပြီး ကျွန်တော်တို့စားပွဲမှာ လာခိုင်း နေကြသည်။ သူတို့ ၀ိုင်းနေသောကြောင့် ကျွန်တော်တို့မှာ အသက်ရှူပင် ကျပ်နေတော့သည်။

"သင်္ဘောသားတွေက ဘယ်လောက်ခေါ်ခေါ် သူတို့မထ။ သို့သော်လည်း "အထီးကျန်ခုနစ်ရက်" သီချင်း ဆုံးသွားတိုင်း ထိုသီချင်းပြန်ဖွင့်ရန် ပိုက်ဆံသွားထည့်ဖို့တော့ ဘယ်သူမှမမေ့။ ကျွန်တော် တို့နှစ်ယောက် ၏ အထိမ်းအမှတ် သီချင်းဖြစ်သောကြောင့် အဆက်မပြတ် ဖွင့်ပေးနေခြင်းဖြစ် သည်။

အမျိုးသမီးတိုင်းအတွက် လက်ဆောင်ပစ္စည်းများကို စူဇီ ယူလာခဲ့သည်။ သူတို့ရသည့် လက်ဆောင် ပစ္စည်းများကို စူဇီယူလာခဲ့သည်။ သူတို့ရသည့် လက်ဆောင်ပစ္စည်းထုပ်ကလေးများ ကို ဖြေကြည့်ရင်း အံ့သြမဆုံး၊ ၀မ်းသာမဆုံး ဖြစ်နေကြသည်။ ကျွန်တော်တို့ ၀ိုင်းထဲသို့ လာမထိုင် သူမှာ ဒေါရစ်ဝူး တစ်ယောက်သာ ရှိသည်။ ထောင့်တစ်ထောင့်မှ စားပွဲတစ်လုံးတွင် သူတစ်ယောက် တည်း သွားထိုင်နေသည်။ အားနေသည့် အမျိုးသမီးမှာ သူတစ်ယောက်တည်း ဖြစ်သောကြောင့် သင်္ဘောသား တွေက သူ့အနားမှာ ၀ိုင်းနေကြသည်။

သင်္ဘောသားတစ်ယောက်နှင့် အပေါ်ထပ်တက်ဖို့ ထိုင်ရာမှ သူ ထသောအခါ စူဇီက လှမ်းခေါ် သည်။ အခြားအမျိုးသမီးများက လမ်းဖယ်ပေးသည်။
"ငါ ဘာမှမလိုချင်ဘူး၊ ဒါက ဘယ်သူ့အတွက်လဲ"ဟု သံပြတ်ဖြင့် မေးသည်။

"ရှင့်အတွက်လေ၊ ရှင့်အတွက် လန်ဒန်က ယူလာခဲ့တဲ့လက်ဆောင်ပါ"
ဒေါရစ်ဝူးက အထုပ်ကလေးကို စိတ်မပါသလိုဖြေသည်။ အထဲက သားရေအိတ်ကလေး ထွက်လာ သည်။ "ဒေါရစ်ဝူး" ဟူသော အမည်ကိုလည်း ရွှေစာလုံးနှင့် ရေးထားသည်။ ဒါကိုမြင်တော့ သူ မအံ့သြဘဲ မနေနိုင်တော့ပါ။ အရက်မူးနေသည့် သင်္ဘောသားက အပေါ်ထပ်ကို တက်ကြစို့ဟု လာ ခေါ်သည်။ ဒေါရစ်ဝူးက ခေါင်းခါပြသည်။ အခြားအမျိုးသမီးများက သင်္ဘောသားကို ၀ိုင်းတွန်းလွှတ် လိုက်ကြသည်။
"လန်ဒန်မှာ တရုတ်လူမျိုးတွေ အများကြီးရှိသလား"ဟု တိုင်ဖူးက မေးသည်။

စူဇီက ကျွန်တော်တို့ တရုတ်ဟိုတယ်မှာ ထမင်းသွားစားကြောင်း၊ စားပွဲထိုးကအစ ထမင်းချက် အထိ တရုတ်လူမျိုးတွေဖြစ်ကြောင်း၊ သို့သော်လည်း တရုတ်အစားအစာ မည်ကာမတ္တသာဖြစ် ကြောင်း ပြန်ဖြေသည်။

ဂျင်နီက လန်ဒန်တွင် တရုတ်ဘားခန်း အမျိုးသမီးတွေ၊ ကပွဲခန်းမှာ အလုပ်လုပ်သည့် အမျိုးသမီး တွေ ရှိသလားဟု မေးသည်။
"လန်ဒန်မှာ ဒါမျိုးတွေမရှိဘူး၊ လမ်းပေါ်က ကောင်မတွေပဲရှိတယ်၊ သူတို့အားလုံး အင်္ဂလိပ်မတွေ ချည်းပဲ၊ တချို့သိပ်ချောတယ်"ဟု စူဇီက ပြန်ဖြေသည်။
"ပိုက်ဆံ ကျတော့ရော ဘယ်လောက်ယူသလဲ"

"ကိုယ့်အထင်တော့ အင်း…တို့ထက် ပိုယူတယ်ထင်တာပဲ"ဟု စူဇီက ပြန်ဖြေသည်။
"မင်းထက်"ဟု ပြောမည် ပြင်လိုက်ပုံရသည်။ ပြီးတော့မှ "တို့ထက် ပိုယူတယ်"ဟု ပြောသည်။ သူ့ကိုယ်သူ လူကောင်းသူကောင်းကြီး လုပ်ပြီး သူတို့နှင့် ဘ၀ချင်း ခွဲမပစ်လိုသည့် သဘောမျိုးဖြစ် သည်။
"ဘုရင်မအကြောင်း ပြောပါဦး၊ ဘုရင်မကိုရော မင်း မြင်ခဲ့သလား"ဟု လီလီလောင်းက ရှေ့တိုးလာ ပြီး ၀င်မေးသည်။
"မြင်ခဲ့တယ်၊ အခု ရှင်နဲ့ကျွန်မလောက် နီးနီးကလေးကပ်ပြီး မြင်ခဲ့ရတာ၊ သိပ်ချောတာပဲ"

"ဟုတ်တယ်၊ ရုပ်ရှင်ထဲမှာ ငါ ကြည့်ဖူးတယ်" လီလီလောင်းက အခြားအမျိုးသမီးများဘက် လှည့်ပြီး ဆက်ပြောသည်။ "စူဇီပြောတာ မှန်တယ်၊ သိပ်ချောတာပဲ၊ မာဂရက်ဘုရင်မကြီးလေ"
ထိုစကားကြားတော့ အားလုံးဝိုင်းရယ်ကြသည်။ မာဂရက်ဘုရင်မမဟုတ်ကြောင်း၊ အယ်လီဇဘက် ဘုရင်မ သာဖြစ်ကြောင်း ၀ိုင်းပြောကြသည်။
"ငါသိပါတယ်၊ ညည်းတို့ပြောပြဖို့ မလိုပါဘူး"

ကျွန်တော်က ဂွမ်နီ့ကို လှမ်းကြည့်သည်။
"ဂွမ်နီ၊ မင်းညီမလေးရော၊ သူ အိမ်ထောင်ကျသွားပြီလား"
"မကျသေးဘူး၊ ကျွန်မ ဒီမှာအလုပ်လုပ်နေတာကို ယောက်ျားလေးမိဘတွေက သိသွားတယ်လေ၊ ဒါကြောင့် စေ့စပ်ကြောင်းလမ်းထားတာကို ဖျက်ပစ်လိုက်တယ်၊ ဒါပေမဲ့ အခြားတစ်ယောက်နဲ့ လက်ထပ်ဖို့ စီစဥ်ထားတယ်၊ နောက်လထဲမှာ ဖြစ်မယ်"

"အဲဒီတော့မှာပဲ ဒီအလုပ်က မင်း အနားယူနိုင်တော့မှာပေါ့နော်"
ဂွမ်နီက ခေါင်းယမ်းသည်။
"အနားမယူနိုင်သေးပါဘူး"
"ဟင်…ဘာဖြစ်လို့လဲ ဂွမ်နီ"
"အမျိုးသားက သိပ်ဆင်းရဲတယ်၊ သူတို့ကို ကျွန်မက ရှာဖွေကျွေးရမယ်၊ ကျွန်မက ရှာဖွေကျွေးမွေး ပါ့မယ် ဆိုတဲ့ စည်းကမ်းနဲ့ ညီမလေးကို သူ လက်ထပ်မှာ"
"အဖြစ်ဆိုး လှချည်လား ဂွမ်နီရယ်"ဟု စူဇီက ၀င်ပြောသည်။

"သူ ယောက်ျားရတော့မယ်လေ၊ အရေးအကြီးဆုံးက ယောက်ျားရဖို့ပဲ"ဟု ဂွမ်နီကပြောပြီး တစ် ဖက်သို့ မျက်နှာလွှဲသွားသည်။
ကျွန်တော်တို့ စားပွဲပတ်လည်မှာ စက္ကူစုတ်တွေ ပြန့်ကြဲနေသည်။ လက်ဆောင်ထုပ်များမှ ဖြေချ လိုက်သော စက္ကူစုတ်များဖြစ်သည်။ စားပွဲပေါ်မှာ မဖွင့်ရသေးသော အထုပ်ကလေးတစ်စုံသာ ကျန် တော့သည်။ ဗုဒ္ဓဟူးလူးလူး အတွက် ကျွန်တော်တို့ ၀ယ်ခဲ့သည့် ပိုက်ဆံအိတ်ဖြစ်သည်။

သို့သော် ကျွန်တော်တို့ အရောက်နောက်ကျသွားပါသည်။ ဗုဒ္ဓဟူးလူးလူးသည် လွန်ခဲ့သော အပတ်ကပင် တရုတ်ပြည်မကြီးသို့ ပြန်သွားပြီ။ သူ့အမေနှင့် အတူတူနေရင်း စက်ရုံတစ်ခုခုမှာ သော်လည်းကောင်း ၀င်ရောက်လုပ်ကိုင်တော့မည်ဟု ဆိုသည်။

"ဂွမ်နီ…ဟိုကန်တုန်ကောင်မ ဘယ်မှာနေသလဲ မင်းသိသလား၊ ဘက်တီလောင်းလေ၊ ကိုယ် ကတ်ကြေးနဲ့ ထိုးလိုက်တဲ့ ကောင်မ"ဟု စူဇီက မေးသည်။ ဂွမ်နီက ခေါင်းညိတ်ပြတော့ ဗုဒ္ဓဟူးလူး လူးအတွက် လက်ဆောင်ထုပ် ကို သူ့ဘက်သို့ တွန်းပေးလိုက်သည်။

"သူလိုချင်ရင် ဒီအထုပ် သူ့ကို ပေးလိုက်ပါ"ဟုလည်း ဆက်ပြောသည်။
"သူ့ကို မင်း ခွင့်လွှတ်လိုက်ပြီလား စူဇီ"ဟု ဂွမ်နီက ပြန်မေးသည်။
"ခွင့်မလွှတ်ပါဘူး၊ မဟုတ်တာတွေ ပြောဖူးတဲ့ ဒီကောင်မကို ဘယ်တော့မှ ခွင့်မလွှတ်ဘူး၊ ဒါပေမဲ့ ဒီ ပစ္ဒည်းကို ကိုယ် မလိုချင်တော့ဘူး၊ စိတ်အနှောင့်အယှက်ဖြစ်သလိုပဲ၊ ဟုတ်တယ်နော် မောင်"
"တကယ် စိတ်အနှောင့်အယှက် ဖြစ်စရာပေါ့ကွယ်"

ကျွန်တော်က ဗုဒ္ဓဟူးလူးလူးအမည်အစား ဘက်တီလောင်းအမည် ပြန်ရေးခိုင်းပေးရန် ဂွမ်နီကို ဆယ်ဒေါ်လာ ထုတ်ပေးလိုက်သည်။
"ကဲ…ကိုယ်လည်း အိမ်ပြန်တော့မယ်၊ မနက်ဖြန်မနက်ကျရင် မင်းတို့ကို လေယာဉ်ပျံကွင်း လိုက်ပို့ ပေးမယ်နော်"ဟု ပြောပြီး ဂွမ်နီ ထွက်သွားသည်။
"ဂွမ်နီကလေးကို သနားလိုက်တာမောင်ရယ်၊ သူ့ညီမလေး လင်ကောင်းသားကောင်းရလို့ ဒီဘ၀ ကြီးက သူ လွတ်မြောက်နေပြီလို့ ကျွန်မ ထင်နေတာ၊ ကျွန်မလိုပဲ သူလည်း ဟန်ကျနေပြီလို့ တွေး ထားမိတာ"ဟု စူဇီက စိတ်မသက်မသာဖြင့် ပြောသည်။

"ကိုင်း…အပေါ်တက်ကြစို့ စူဇီ"
အခန်းသို့ ပြန်ရောက်သောအခါ တစ်နေကုန် ပင်ပန်းထားသဖြင့် စူဇီသည် ခေါင်းနှင့်ခေါင်းအုံး ထိ သည်နှင့် တစ်ပြိုင်တည်း အိပ်ပျော်သွားတော့သည်။ ကျွန်တော်လည်း အလားတူပင် အိပ်ရာထဲ ရောက်သည် နှင့် ချက်ချင်းပင် အိပ်ပျော်သွားတော့သည်။

သို့သော် စူဇီ၏ တသိမ့်သိမ့်ငိုသံကြောင့် ကျွန်တော် အိပ်ရာမှ လန့်နိုးလာသည်။ သူ အိပ်မက် မက် နေပုံရသည်။ ထို့ကြောင့် ကျွန်တော်က လှုပ်နှိုးလိုက်သည်။ စူဇီက ကျွန်တော့ကို ကြမ်းကြမ်းတမ်း တမ်း ပြန်တွန်းပစ်သည်။
"ဘယ်သူလဲ၊ ရှင်ဘယ်သူလဲ"ဟု မေးသည်။

"မောင်ပါ"
သည်တော့မှ သူ စိတ်သက်သာရာ ရသွားပြီး ကျွန်တော့်လည်ပင်းမှာ မျက်နှာအပ်ကာ သာသာ ကလေး ရှိုက်နေပါသည်။
"ကျွန်မကို မောင် ပစ်သွားပြီထင်လို့၊ မောင် ထွက်သွားပြီလို့ အိပ်မက်မက်နေတာ"
"အခု ဘာမှမဖြစ်တော့ဘူး မဟုတ်လား၊ မောင် ဒီမှာရှိနေတာပဲကွယ်"

"ဟုတ်တယ်၊ ကျွန်မယောက်ျား…ကျွန်မယောက်ျား၊ လေယာဉ်ပျံလက်မှတ်တွေ ရှိသေးရဲ့လား ကွယ်"
"ရှိပါတယ် စူဇီ၊ မပျောက်ပါဘူး"
"သေချာရဲ့လား ကျွန်မယောက်ျားရယ်၊ မောင် ဖျောက်မပစ်လိုက်ပါဘူးနော်"

ကျွန်တော် ရယ်မိပါသည်။ ပြီးတော့ မီးထဖွင့်လိုက်သည်။ ပိုက်ဆံအိတ်ထဲမှ လေယာဉ်ပျံလက်မှတ် နှစ်စောင်ကို ထုတ်ယူပြီး သူ့ဘက်သို့ ကမ်းပေးသည်။
လေယာဉ်လကိမှတ်ကို သူ သေသေချာချာ စစ်ဆေးကြည့်ရှုနေသည်။ ကျွန်တော်တို့နှစ်ယောက်၏ နာမည်မှတစ်ပါး ဘာစာမှမဖတ်တတ်သော်လည်း စာရွက်များကို တစ်ရွက်ချင်း လှန်ကြည့်နေ သည်။
စိတ်တိုင်းကျတော့မှ ကျွန်တော့်ကို ပြန်ပေးသည်။ ကျွန်တော်က သူ့ကိုပဲ သိမ်းခိုင်းထားလိုက်သည်။ သူ့မျက်နှာလေး ပြုံးသွားပြီး လက်မှတ်နှစ်စောင်ကို ခေါင်းအုံးအောက်သို့ ထိုးထည့်ထားလိုက် သည်။ ပြီးတော့ ခေါင်းအုံးကို အားပါးတရ ဖက်ထားသည်။

သူ့မျက်နှာကလေး ငြိမ်းချမ်းနေပြန်ပါသည်။
သူ့ကို နမ်းပြီး ကျွန်တော် မီးပိတ်လိုက်မိပါတော့သည်။
 
The End
ပြီးပါပြီ
.

>>>ဆက်ဖတ်ရန်>>> >>

Thursday, January 7, 2010

စာအုပ် (၃) အထောက်တော် လှအောင် စူဇီဝေါင်း အခန်း(၇)

အခန်း(၇)

"စူဇီ…မင်းသိပ်လှတာပဲကွယ်"
"မလှပါဘူး၊ ကျွန်မ အရုပ်ဆိုးတယ်၊ ကျွန်မ အရမ်းငိုထားတယ်၊ ဒါကြောင့် ပါးတွေရောင်ကိုင်းနေပြီ၊ ကျွန်မ မြင်နေရတယ်၊ မျက်စိရှေ့ရောက်အောင် ဖောင်းထွက်နေကြတာ"
"မောင် ဂရုမစိုက်ပါဘူးကွယ်၊ မင်း သိပ်လှတာပဲ"

ကျွန်တော်တို့နှစ်ယောက် အပြန်အလှန် တင်းတင်းကျပ်ကျပ်ကြီး ဖက်ထားမိကြသည်။
အခန်းထဲသို့ ကျွန်တော်ပြန်ရောက်လာတော့ ကျွန်တော်တို့နှစ်ယောက်စလုံး စကားမပြောနိုင်ကြ ပါ။ ကျွန်တော့် မျက်နှာကို မြင်သည်နှင့် တစ်ပြိုင်တည်း အဖြစ်မှန်ကို သိခဲ့ပြီဖြစ်ကြောင်း စူဇီက အတပ်သိ လိုက်သည်။ သူ ငိုပြန်သည်။

သူ့ဆီသို့ ကျွန်တော် ပြေးသွားလိုက်ချင်ပါသည်။ သို့သော်လည်း ကျွန်တော်၏ မိုက်မဲမှု၊ မဆင်ခြင် မှုကြောင့် အရှက်ကြီး ရှက်နေမိပါသည်။ သူ့အသားကို ထိရကိုင်ရမှာကိုပင် မထိန်းသိမ်းနိုင် လောက်အောင် ရှက်လှပါသည်။

သို့သော်လည်း ဖြုန်းခနဲ သူ့ဆီပြေးသွားပြီး ရင်ခွင်ထဲမှာ ဆွဲပွေ့ထားလိုက်မိသည်။ သူ့လက် ကလေးများ ကိုယူပြီး ပါးနှင့် အပ်ထားမိသည်။ သူ့မျက်နှာကိုလည်း နမ်းမိသည်။ စူဇီကလည်း ကျွန်တော့်မျက်နှာကို ပြန်နမ်း ရင်း မဆုံးနိုင်အောင် ငိုကြွေးလေသည်။

ထိုအချိန်မှာပင် အလွန်တရာ ကြီးမားသည့် စိတ်ချမ်းသာမှုကြီးက ကျွန်တော်တို့ နှစ်ယောက်စလုံး ကို ဖုံးလွှမ်းလိုက်သည်။ မပြည့်စုံသော "တစ်ခြမ်း"များ ဘ၀မှပြည့်စုံသည့် "တစ်ခု"ဘ၀သို့ ပြန် ရောက်လာ တော့သည်။

"၀မ်းသာလိုက်တာမောင်ရယ်၊ ကျွန်မ စိတ်ချမ်းသာလိုက်တာ"
သို့သော်လည်း သူ အလွန်အားနည်းနေသည်။ အသက်ကိုတောင် မနည်းကြိုးစား ရှူနေရရှာသည်။

"အချိန်သာရမယ်ဆိုရင် မောင် ဆရာဝန်ပြေးခေါ်ပါတယ်ကွယ်၊ ဒါပေမဲ့ မင်းအနေရ သက်သာတယ် ဆိုရင် မောင်တို့ သွားကြတာက ပိုကောင်းမယ်"
"နေကောင်းပါတယ် မောင်၊ မောင့်ကို ပြောတယ်မဟုတ်လား၊ ကျွန်မ စိတ်ချမ်းသာလိုက်တာလို့"
"ကောင်းပြီလေ၊ ဒီလိုဆိုရင် မင်း မလှုပ်နဲ့နော်၊ မောင် ပစ္စည်းတွေ သိမ်းနေတုန်း ငြိမ်ငြိမ်ကလေး လှဲ နေလိုက်"

သင်္ဘောဆိပ်သို့ ဆိုက်ကားငှားပြီး လာကြသည်။ စူဇီကို ကြည့်ရသည်မှာ အတော်ကလေး နေသာ ထိုင်သာ ရှိလာပုံရှိသည်။ ကျွန်တော်က သင်္ဘောပေါ်မှာ အခန်းငှားသည်။ မလိုအပ်ဘဲ ငွေအကုန် အကျများသည်ဟု စူဇီက ကန့်ကွက်သေးသည်။ သို့သော်လည်းကျွန်တော်က ဇွတ်ငှားပြီး အခန်း ထဲက အိပ်စင်မှာ လှဲခိုင်း ထားသည်။

ကျွန်တော်တို့ အခန်းထဲမှာ အင်္ဂလိပ်ကျောင်းဆရာမကြီး တစ်ယောက်လည်းရှိသည်။ ဟောင် ကောင်မှ ဖြစ်သည်။ လှိုင်းမူးတတ်သောကြောင့် အမြဲတမ်း အခန်းငှားစီးလေ့ရှိသည်။ အခန်းထဲမှာ လွတ်လွတ် လပ်လပ် လှိုင်းမူးနိုင်သည်။ အန်နိုင်သည်။ ယနေ့ ရာသီဥတု ဆိုးနိုင်သလားဟု သင်္ဘော အမှုထမ်း တစ်ယောက် ကို သူ မေးကြည့်နေမိသည်။

"မဆိုးနိုင်ပါဘူး၊ ဒီနေ့ ရာသီဥတု အင်မတန် ကောင်းပါတယ်"ဟု ပြောသည်။ ထိုသူ ထွက်သွား တော့-
"သူ အမှန်အတိုင်း ပြောသွားတယ် ထင်သလား၊ သူ ပြောသွားတာ ကြားတယ်မဟုတ်လား"ဟု ကျွန်တော့် ကို လှမ်းမေးသည်။
"ရေကန် ထဲကရေကို အင်မတန်ငြိမ်မယ်လို့ ကျွန်တော် ထင်ပါတယ် ခင်ဗျာ"ဟု ပြန်ဖြေမိသည်။

ယနေ့ရာသီဥတုသည် အလွန်တရာ ပူပြင်းခြောက်သွေ့လှသည်။ ဆိပ်ကမ်းတွင် လေကလည်း မတိုက်။ သို့သော်လည်း ပုလဲမြစ်ဝကို ဖြတ်လာတော့ လေခပ်ကြမ်းကြမ်း တိုက်လာသည်။
ခဏကြာတော့ သင်္ဘောလူးလာသည်။ အခန်းထဲသို့ ကျွန်တော် ပြန်လာကြည့်သည်။ စူဇီသည် အိပ်စင် ပေါ်မှာ အိပ်ပျော်လုပျော်ဆဲ ဖြစ်နေသည်။ ကျောင်းဆရာမကြီးကတော့ ထွေးခံတစ်လုံးထဲမှာ သွားပြီး အန်နေပြီ။

ဘားခန်းသို့ ကျွန်တော်ပြန်လာခဲ့သည်။ ဘရန်ဒီ မှာသောက်နေသည်။ တစ်နာရီလောက်ကြာတော့ သင်္ဘောသည် ရုတ်တရက် လမ်းကြောင်းပြောင်းသွားသည်။ သမ္ဗန်တစ်စီး မှောက်သည်ကို မြင်ရ ကြောင်း၊ လူအချို့က ရရာပစ္စည်းများကို တွယ်ပြီး မျောနေကြောင်း အသံချဲ့စက်မှ ကြေညာသံ ကြားရသည်။

ကုန်းပတ်ပေါ်သို့ ကျွန်တော် ထွက်ခဲ့သည်။ သင်္ဘောစက်ရှိန်ကို လျှော့ချလိုက်သံ ကြားရသည်။ အသက်ကယ်လှေကို ချနေသည်။ ခရီးသည်အားလုံး လက်တန်းဆီသို့ သွားပြီး ကြည့်နေကြသည်။ ကျွန်တော့် ဘေးမှာ အရပ်ထောင်ထောင်မောင်းမောင်းနှင့် လူထွားကြီးတစ်ယောက် ရှိသည်။ နှုတ်ခမ်းမွေး တွေက နီကြောင်ကြောင်ဖြစ်သည်။

တရုတ်သင်္ဘောသားများ အသက်ကယ်လှေကို ကိုးရိုးကားရား ကိုင်တွယ်နေပုံကြည့်ပြီး ထိုလူကြီး က ရေရွတ်ကျိန်ဆဲနေသည်။ သမ္ဗန်သမားများသည် မိုက်မဲကြောင်း၊ ယခုလို ရာသီဥတု ဆိုးနေချိန် တွင် ပင်လယ်ထဲသို့ ဒါလောက်ဝေးဝေး မလာသင့်ကြောင်း၊ မကာအိုနှင့် ဟောင်ကောင်သို့ သူ ကူးသန်း ခဲ့သည့်တစ်လျှောက်တွင် ယခုလိုအဖြစ်မျိုး တွေ့ရသည်မှာ သုံးကြိမ်ရှိပြီဖြစ်ကြောင်း ပြော ပြနေသည်။
ထိုအချိန်မှာပင် ခရီးသည်များထဲ၌ ဆရာဝန်ပါမည်ဆိုလျှင် အောက်ထပ်သို့ အရေးတကြီး ကြွ ရောက်စေ လိုကြောင်း အသံချဲ့စက်ဖြင့် ကြေညာသံကို ကြားလိုက်ရသည်။

"အလကားကောင်တွေ၊ ကျုပ်ကို ဒီလိုခေါ်လို့ ဘယ်ရမလဲ၊ အခုလို သမ္ဗန်နှစ်တာဟာ သူတို့မိုက် ပြစ်နဲ့ သူတို့ပဲ၊ အကုန် ရေနစ်သေကြစမ်းပါစေ"ဟု ထိုလူကြီးက ပြောသည်။
သို့သော်လည်း သူ့ဝသီအတိုင်း ပြောခြင်းသာ ဖြစ်ပုံရသည်။ ခဏအကြာ ကျွန်တော် လှည့်ကြည့် တော့ အောက်ထပ်သို့ သူ ဆင်းသွားချေပြီ။ သင်္ဘောပေါ်သို့ အဘွားကြီးတစ်ယောက်ကို တင်ပေး သည်။ သူ့ကိုယ်လုံး သေးသေးကလေးဖြစ်သည်။ ငှက်မွေးကလေးတစ်ချောင်းလို ပေါ့ပေါ့ပါးပါး ပါ လာသည်။ အ၀တ် အစားတွေက ရေရွှဲပြီး အသားမှာကပ်နေသည်။ အဘွားကြီး ပြီးတော့ လူငယ် တစ်ယောက်ကို တင်ပေးသည်။

ထိုအခိုက် တစ်စုံတစ်ယောက်က ကျွန်တော့်လက်မောင်းကို လာတို့သဖြင့် လှည့်ကြည့်လိုက်သည်။ ကျောင်းဆရာမကြီးကို တွေ့ရသည်။ မျက်နှာအပျက်ကြီး ပျက်နေသည်။
"ရှင်မြန်မြန်လာရင် ကောင်းမယ်ထင်တယ်"
"ဘာဖြစ်လို့လဲဗျာ"
သူ့နှုတ်ခမ်းများ လှုပ်လာသည်။ သို့သော်လည်း စကားလုံး ထွက်မလာပါ။ လှိုင်းမူးနေသောကြောင့် လော၊ သို့တည်းမဟုတ် အဖြေက စိတ်မချမ်းသာစရာ ကောင်းလွန်းသောကြောင့်လော ကျွန်တော် မပြောတတ်ပါ။ နောက်ကြောင်းလှည့်ပြီး လူတွေကြားထဲမှာ ကျွန်တော် တအားပြေးခဲ့သည်။

အခန်းထဲဝင်လိုက်တော့ ခြေချော်ပြီး လဲမလိုဖြစ်သွားသည်။ ကြမ်းပြင်ပေါ်တွင် အန်ဖတ်တွေ ပွစာ ကြဲနေသည်။ တစ်ခန်းလုံးလည်း အန်ဖတ်စော်နံနေသည်။ ထွေးခံလေးသည် သင်္ဘောလူးသွားတိုင်း အခန်းထဲမှာ ဟိုမှသည်မှ လိမ့်နေသည်။

စူဇီ၏ အိပ်စင်အနားသို့ ကျွန်တော် ကပ်သွားသောအခါ သူ့မျက်လုံးများကို မှိတ်ထားသည်။ မျက် နှာက သွေးမရှိသလို ဖြူနေသည်။ နှုတ်ခမ်းထောင့်မှ သွေးစပါသော ပန်းရောင်အမြှုပ်များသည် ခေါင်းအုံးပေါ်သို့ စီးကျနေသည်ကို တွေ့ရသည်။

"စူဇီ"
သူ့မျက်လုံးများ ပွင့်လာသည်။ ပြန်မှိတ်သွားသည်။ ဘာစကားမှမပြော။
"မောင် ဆရာဝန်သွားခေါ်လိုက်မယ်၊ မကြာဘူး၊ အခုပြန်လာမယ်"

အောက်ထပ်သို့ ဆင်းခဲ့သည်။ တရုတ်သင်္ဘောသားများသည် နောက်ထပ် ဆယ်ယူရသူတစ် ယောက်ကို သယ်လာသည်။ အခြားလူတွေက ကုန်းပတ်ပေါ်မှာ လဲနေကြသည်။
"အကုန် ရေနစ်သေကြစမ်းပါစေ"ဟု ပြောသွားသော နှုတ်ခမ်းမွေးနီကြောင်ကြောင်နှင့် ဆရာဝန်လူ ထွားကြီးသည် မိန်းမတစ်ယောက်ကို သူ့ဒူးနှစ်ဖက်ပေါ်မှာ ကားရာခွတင်ထားသည်။ မိန်းမ၏ကျော ပေါ်သို့ သူ့လက်နှင့် ဖိချနေသည်။ နံရိုးတွေပေါ်မှာလည်း ဖိပေးနေသည်။ မိန်းမက သတိလစ်နေ သည်။ ဆရာဝန်က သူ့ကိုယ်အလေးချိန်နှင့် ဖိပေးပြီး ပြန်ကြွလိုက်သောအခါ မိန်းမ၏အဆုတ်ထဲ သို့ လေ၀င် သွားပြီး ပါးစပ်ဟကာ တစ်ချက်ညည်းလိုက်သည်။ ငွေသွားများပေါ်လာသည်ကို တွေ့ လိုက်ရသည်။

"ဒေါက်တာ ကျွန်တော့်မိန်းမ နေမကောင်းလို့"ဟု ကျွန်တော်က ပြောသည်။
"မင်းမိန်းမ သေလိုက်ပါလားကွ၊ ဒီမိန်းမ သေမလိုဖြစ်နေတာ မင်းမမြင်ဘူးလား"ဟု သူက မော့မကြည့်ဘဲ ပြန်အော်သည်။
"ကျွန်တော့်မိန်းမလည်း သတိလစ်နေပါတယ်ခင်ဗျာ"ဟု ကျွန်တော်က ထပ်ပြောသည်။

သူ ဘာမှပြန်မပြောဘဲ သူ့ဒူးပေါ်မှ မိန်းမ အသက်ရှင်ရေးအတွက်သာ လုံးပန်းနေသည်။ မိန်းမ၏ ဗိုက်ထဲမှ ရေများ အန်ထွက်အောင်၊ အဆုတ်ထဲသို့ လေ၀င်သွားနိုင်အောင် လုပ်ပေးနေသည်။ တစ် မိနစ်လောက် ကြာတော့ ထိုမိန်းမကိုယ်ပေါ်မှ မျက်လုံးကိုမခွာဘဲ-
"ဒီလို ဘယ်သူ ဆက်လုပ်ပေးတတ်သလဲ၊ ဒီနားမှာ ဒီလိုလုပ်တတ်တဲ့ သူရှိသလား"ဟု မေးသည်။
"ကျွန်တော် လုပ်တတ်ပါတယ်ဆရာ၊ ရှေးဦးသူနာပြုသင်တန်း ကျွန်တော် တတ်ဖူးပါတယ်၊ ကျွန် တော့်မှာ အောင်လက်မှတ်နဲ့ ဆုတံဆိပ်ရှိပါတယ်"ဟု တရုတ်သင်္ဘောသားတစ်ယောက်က ဖျတ် ဖျတ်လတ်လတ် ပြန်ဖြေ သည်။

"ဒီကိုလာ"
မေ့နေသည့် အမျိုးသမီးကို ရှေ့တိုးနောက်ငင် လုပ်နေသည်။ ဒူးတစ်ဖက်ကို ရုပ်လိုက်သည်။ တရုတ် သင်္ဘောသားက တစ်ဖက်တွင် ဒူးထောက်လျက် ၀င်ထိုင်သည်။ ဆရာဝန်၏ လက်ကဲ့သို့ပင် သူ့လက်ကို လည်း ဖြန့်ပြီး မိန်းမ၏ ကျောပေါ်မှာတင်သည်။ ရှေ့တိုးနောက်ငင် လုပ်ပေးသည်။ စနစ်ကျမကျ ဆရာဝန်က စောင့်ကြည့်နေသည်။ ပြီးတော့မှ ကျေနပ်စွာဖြင့် သူ့လက်များကို ပြန်ရုပ် လိုက်သည်။ သင်္ဘောသား လုပ်ပုံကို ဆက်ကြည့်နေသေးသည်။ စိတ်တိုင်းကျတော့မှ ထိုင်ရာမှ ထ ရပ်သည်။

"ကျုပ်ကိုခေါ်တာ ဘယ်သူလဲ၊ အခုနတုန်းက သူ့မိန်းမအကြောင်း ပြောတာ ဘယ်သူလဲ"
"ကျွန်တော်ပါ ဒေါက်တာ၊ ကျွန်တော် ၀မ်းနည်းပါတယ်၊ ဒါပေမဲ့ အခြေအနေက တော်တော်ဆိုးနေ လို့ပါ"ဟု ကျွန်တော်က ပြောသည်။
ကျွန်တော့်ကို မယုံကြည်သလို စိုက်ကြည့်နေသေးသည်။ ရိုးရိုးလှိုင်းမူးသည်ဟု ထင်ပုံရသည်။ ရိုးရိုး လှိုင်းမူးသူ အတွက် အသက်ဘေးအန္တရာယ် ကြုံတွေ့နေရသော တရုတ်မကိုပစ်ပြီး လိုက်ဖို့စဉ်းစား နေသည်။

"ကောင်းသွားမှာပါ"ဟု ပြောပြီး ကျွန်တော့်နောက် လိုက်လာသည်။
အပေါ်ထပ် ကျွန်တော်တို့အခန်းထဲ ရောက်သွားတော့ စူဇီဘေးမှာ ဘာလုပ်ရမှန်းမသိဘဲ သည် အတိုင်း ရပ်နေသည့် ကျောင်းဆရာမကြီးကို တွေ့ရသည်။ နောက်ထပ် အသစ်အန်ထားသည့် အန် ဖတ်နံ့များ ရပြန်သည်။ ဆရာဝန်က စူဇီနားသို့ကပ်သွားပြီး နှုတ်ခမ်းမှ စီးကျနေသောသွေးနှင့် ရော နေသည့် အမြှုပ်များကို စစ်ဆေးကြည့်သည်။ ထို့နောက် မော့ကြည့်ပြီး နှာခေါင်းရှုံ့ကာ ပြောသည်။
"လေကလေး များ ရှူခွင့်ပေးကြပါဦး၊ ပိတ်လှောင်နေပြ၊ီ ခင်ဗျားတို့နှစ်ယောက် အပြင်ထွက်"

ကျောင်းဆရာမကြီးနောက်မှ အခန်းအပြင်သို့ ကျွန်တော် ထွက်လိုက်လာခဲ့သည်။ အပြင်မှာ လေပူ တိုက်နေသည်။ နစ်သည့်သမ္ဗန်မှ နောက်ဆုံးလူတစ်ယောက်ကို ဆယ်တင်ပြီးပြီ။ အသက်ကယ်လှေ ကို သင်္ဘောပေါ်သို့ ပြန်တင်သည်။ သင်္ဘောစက်ရှိန်မြှင့်ပြီး ဆက်လက် ခုတ်မောင်းလာသည်။
"အခန်းထဲမှာ ညစ်ပတ်ပေကျံကုန်တဲ့အတွက် ကျွန်တော် စိတ်မကောင်းပါဘူးဗျာ"ဟု ကျွန်တော်က ပြောသည်။

"အို ကိစ္စမရှိပါဘူး၊ အခန်းက အရေးမကြီးပါဘူး၊ ကျွန်မက ဒီထက်ပိုပြီး အကူအညီ ပေးချင်တာပါ၊ ကျွန်မ ဘာမှ မဖြစ်တဲ့အချိန်မှာဆိုရင် ကောင်းကောင်း အကူအညီ ပေးတတ်ပါတယ်၊ အခုတော့ လှိုင်းမူးနေလို့ ကျွန်မ လည်း ဘာမှအသုံးမ၀င်တော့ဘူး"ဟု ပြန်ဖြေသည်။

အခန်းထဲမှ ဆရာဝနထွက်လာသည်။ သင်္ဘောက တစ်ဖက်သို့ စောင်းသွားသောကြောင့် သူလည်း ယိုင်သွားသည်။ သင်္ဘောလက်တန်းကို လှမ်းကိုင်လိုက်သည်။ သစ်သားသေတ္တာတစ်လုံးကို ခြေ ထောက်နှင့် ၀င်တိုက်မိသည်။ သူ့ကို ကျွန်တော်စောင့်ကြည့်နေသည်။ သူက မျက်နှာတစ်ချက် ရှုံ့ လိုက်ပြီး သူ့ဒူးခေါင်းကို သူ ပြန်နှိပ်နေသည်။
အခြေအနေကတော့ဆိုးပြီဟု ကျွန်တော် တွေးလိုက်မိပါသည်။ အဘယ်၍ စူဇီ့အခြေအနေ ကောင်း နေမည် ဆိုလျှင် သူ့စကားကြောရှည်ပြီး အချိန်ဖြုန်းနေဦးမည်ဟု ထင်ပါသည်။

"အင်း…သင်္ဘောဆက်ထွက်လာတာ ကောင်းတယ်၊ အဆင်ပြေသွားတယ်၊ သူ့ကို အေးသွားအောင် လုပ်ပေးဖို့ကလွဲပြီး တခြား ဘာမှမတတ်နိုင်တော့ဘူး၊ သင်္ဘောသားဆီမှာ သွားပြီး ရေခဲတောင်းပါ၊ ရေခဲအိတ် လုပ်ပြီး တင်ပေးပါ၊ ဟောဒီနေရာ အဆုတ်နေရာ"
"ကျွန်မ လုပ်ပေးပါ့မယ်၊ ရေခဲ ကျွန်မ သွားတောင်းမယ်၊ ခေါင်းအုံးစွပ်နဲ့ ရေခဲအိတ် လုပ်လိုက်မယ်၊ အရင်တုန်း ကလည်း ဒါမျိုး ကျွန်မ လှုပ်ဖူးပါတယ်"ဟု ကျောင်းဆရာမကြီးက စိတ်အားထက်သန်စွာ ပြောသည်။

"ရေခဲနည်းနည်းကိုလည်း စုပ်နေပစေ"ဟု ဆရာဝန်က ပြောသည်။
"အခြေအနေ ဘယ်လောက်တောင် ဆိုးပါသလဲခင်ဗျာ"
"ဆေးရုံရောက်ရင် ကောင်းသွားမှာပါ၊ သွေးတော်တော် အန်ပစ်လိုက်တာပဲ၊ ဆေးရုံရောက်မှဖြစ် မယ်၊ ဆေးရုံ ရောက်မှ လုပ်လို့ရမယ်၊ ရေနစ်တဲ့လူနာတွေတင်ဖို့ လူနာတင်ကား လာလိမ့်မယ်၊ သူ တို့နဲ့အတူ ကင်းဆေးရုံကို ပို့နိုင်တာပေါ့"
"စိန့်မာဂရက်ဆေးရုံမှာ သူ့အတွက် ခုတင်တစ်လုံး အသင့်စီစဉ်ထားပြီးသားပါ ဒေါက်တာ၊ တီဘီ အထူး ကုဆောင် ရှိပါတယ်"ဟု ကျွန်တော်က ပြန်ဖြေသည်။
"ကျုပ် ဘာမှတော့ ကတိမပေးနိုင်ဘူး"

သူ ထိုသို့ပြောချိန်မှာပင် အသံချဲ့စက်မှ ကြေညာသံထွက်လာသဖြင့် သူ နားစွင့်လိုက်သည်။ သမ္ဗန် နစ်သူများသည် ထိုသမ္ဗန်နှင့် လုပ်ကိုင်စားရသူများဖြစ်ကြောင်း၊ ယခု သူတို့တွင် ရှိသမျှပစ္စည်းအား လုံး ဆုံးရှုံး ကုန်ပြီဖြစ်ကြောင်း၊ ထို့ကြောင့် သူတို့အတွက် သဒ္ဓါတတ်အား နည်းများမဆို ကုသိုလ် ပါဝင်တော် မူကြပါရန် ဦးထုပ်တစ်လုံးနှင့် သင်္ဘောပေါ်မှာ အလှူခံထွက်မည် ဖြစ်ကြောင်း ကြေညာ ခြင်းဖြစ်သည်။

"အလကားကောင်တွေ၊ ငါ့စိတ်ထဲက တစ်ပြားတောင်မထွက်ဘူးမှတ်"
ထိုသို့ပြောပြီး သူ့ပိုက်ဆံအိတ်ထဲမှာ နှိုက်နေသည်။ ဒေါ်လာငါးဆယ် ထွက်လာသည်။ ထိုငါးဆယ် ကို သူ လှူပေဦးမည်။
"အင်း…ကျုပ် အောက်ထပ်ဆင်းပြီး လူနာတွေ သွားကြည့်လိုက်ဦးမယ်၊ မောင့်ရင့်မိန်းမကို ကင်း ဆေးရုံမှာ တင်နိုင်ရင်တော့ကောင်းမယ်"ဟု ပြောပြီး ထွက်သွားတော့သည်။
သို့သော်လည်း ဟောင်ကောင်ရောက်တော့ စူဇီကို ထမ်းစင်နှင့် သယ်သွားပြီး အသင့်စောင့်နေ သည့် လူနာ တင်ကား သုံးစီးအနက် တစ်စီးပေါ်မှာ တင်သည်။ ဆရာဝန်က ကျွန်တော့်ဆီလျှောက် လာပြီး မျက်လုံး တစ်ဖက်မှိတ်ပြကာ ပြောသည်။

"ရေနစ်တဲ့လူနာတွေအားလုံး တခြားလူနာတင်ကားပေါ် တင်ခိုင်းလိုက်တယ်၊ မောင်ရင်နဲ့ မောင်ရင့် မိန်းမကို စိန့်မာဂရက်ဆေးရုံ သပ်သပ်လိုက်ပို့ပေးဖို့ ဒရိုင်ဘာကို ကျုပ်ပြောထားပြီးပြီ"
"ဒေါက်တာ့ ကျေးဇူး ကြီးမားပါပေတယ်ခင်ဗျာ၊ ဒေါက်တာ့ကို ကျွန်တော် ဘယ်လောက်ကန်တော့ရ မလဲ အမိန့်ရှိပါဗျာ"
''ထားလိုက်စမ်းပါ ကိုယ့်လူရာ"
ပြောပြောဆိုဆိုဖြင့် သူ ထွက်သွားတော့သည်။

ကားပေါ်သို့ ကျွန်တော်တက်သည်။ အလုပ်သမားက တံခါးကိုပိတ်သည်။ ပြီးတော့-
"ကောင်းပြီ၊ ကင်းဆေးရုံကိုမောင်း"ဟု သတိနှင့်ပြောသည်။
"မဟုတ်ဘူး၊ စိန့်မာဂရက်ဆေးရုံ"ဟု ကျွန်တော်က ပြောသည်။
သူက ခေါင်းယမ်းသည်။
"ဒီကားက ကင်းဆေးရုံကိုသွားမှာ"

''ဒါပေမဲ့ စိန့်မားဂရက်ဆေးရုံကို မင်းတို့ လိုက်ပို့ပေးရမယ်လို့ ဆရာဝန်က ပြောသွားတာပဲ"
ဒရိုင်ဘာက အလုပ်သမားနောက်မှ တက်လိုက်သွားသည်။ ကျွန်တော့်ကို တိတ်ဆိတ်စွာ အကဲခတ် ကြည့်နေကြသည်။ တစ်စုံတစ်ရာကို မျှော်လင့်ပုံရသည်။ အိတ်ထဲမှာစမ်းပြီး ငါးဒေါ်လာတန် တစ် ရွက် ထုတ်ပေး လိုက်သည်။

"ဖြစ်ပြီ၊ ဒါဆို စိန့်မာဂရက်ကို သွားလို့ရရောပေါ့"ဟု ကျွန်တော်က လှမ်းပြောလိုက်သည်။
အလုပ်သမားက ပိုက်ဆံကို လှမ်းယူရင်း စဉ်းစားနေသည်။ ပိုက်ဆံကို လေးထောင့်ခေါက်ပြီး သူ့ အိတ်ထဲသို့ ထည့်ထားလိုက်သည်။ ကားတံခါးပိတ်သည်။ သို့သော် စက်နှိုးသံမကြားရ။
အခြားလူနာတင်ကားများ ဖောင်းထွက်သွားကြပြီ။ စူဇီသည် မျက်လုံးမှိတ်ပြီး ငြိမ်သက်စွာ လဲလျောင်း နေသည်။ ရေခဲ၏အစွမ်းကြောင့် သွေးမအန်တော့ပါ။ သို့သော်လည်း အလွန်တရာ အား နည်းနေသည်။ မျက်လုံးမဖွင့်နိုင်လောက်အောင်ကို အားနည်းနေခြင်းဖြစ်သည်။ ကမ်းပေါ်သို့ သူ့ ကို သယ်လာကြောင်း ပင် သူ သိမည်မထင်။ ကားထဲမှာ အသက်ရှူရကျပ်နေသည်။ ရှေ့ခန်းသို့ ကျွန်တော် လှမ်းကြည့်သည်။ အလုပ်သမားနှင့် ဒရိုင်ဘာ အချီအချ ပြောနေသည်ကို တွေ့ရသည်။ ကျွန်တော်က မှန်ကိုလက်နှင့်ခေါက်ပြီး မြန်မြန် ထွက်ရန် ခြေဟန်လက်ဟန် ပြလိုက်သည်။
ခဏကြာတော့ အလုပ်သမားက တံခါးဖွင့်ဆင်းသည်။ နောက်ဘက်သို့ လျှောက်လာပြီး တံခါးဖွင့် သည်။

"၀မ်းနည်းပါတယ်ဗျာ၊ စိန့်မာဂရက်ဆေးရုံက သိပ်ဝေးတယ်"
"ဟ…တစ်မိုင်တောင်မှ မရှိတာဘဲ၊ ကင်းဆေးရုံထက်တောင် နီးသေးတာပဲ"ဟု ကျွန်တော်က ပြန် ပြောသည်။
"သိပ်ဝေးတယ်ဗျာ"
"မင်း…ပိုက်ဆံထပ်လိုချင်သေးလို့လား၊ ကိုင်း…ဘယ်လောက်လိုချင်သလဲ ပြော"
"ဓာတ်ဆီဖိုးအတွက် ဆယ်ဓေလာ လိုချင်တယ်"
ကျွန်တော်က ဆယ်တန်တစ်ရွက် ထုတ်ပေးလိုက်သည်။

"မင်း…ပီကင်းအထိ မောင်းသွားလောက်အောင်ကို ဓာတ်ဆီဝယ်လို့ရတယ်"
ဆယ့်ငါးဒေါ်လာရတော့ အတော်ပျော်သွားပုံရသည်။ မော်တော်ကားတွေ လမ်းရှင်းပေးနိုင်အောင် ဥသြကို အဆက် မပြတ်ဆွဲကာ တောက်လျှောက် မောင်းထွက်လာတော့သည်။
စူဇီ၏လက်ကလေးကို ကျွန်တော် ဆုပ်ကိုင်လာခဲ့သည်။ သူ့ခန္ဓာကိုယ်ထဲတွင် သွေးတစ်စက်မှ မ ကျန်တော့သလို ပါးကလေးတွေ ဖြူဖွေးနေသည်။ သူ့ခန္ဓာကိုယ်အတွင်းမှ သွေးတွေ ပုလင်းပေါင်း ဘယ်လောက် များများ ထွက်သွားသနည်းဟု ကျွန်တော် စဉ်းစားကြည့်နေမိသည်။ သူ့ခန္ဓာကိုယ်ထဲ မှာ လိုအပ်သည့် သွေးပုလင်းပေါင်း ဘယ်လောက်များများ ရှိသနည်းဟုလည်း တွေးကြည့်မိသည်။
စိန့်မာဂရက်ဆေးရုံရှေ့မှာ လူနာတင်မော်တော်ကား ထိုးရပ်လိုက်သည်။ စူဇီကို ထမ်းစင်နှင့် သယ် သွားသည်။

ကေး၏ ရက်အားဖြစ်ကြောင်း၊ သို့သော်လည်း တီဘီဆောင်မှ စစ္စတာဒန်းကို အသေအချာ မှာထား ခဲ့ကြောင်း၊ မစ္စတာဒန်းသည် အလွန်တော်ကြောင်း၊ သူတတ်နိုင်သမျှ အစွမ်းကုန် ကူညီဆောင်ရွက် ပေးလိမ့်မည် ဖြစ်ကြောင်း ကေးရေးထားခဲ့သည့် စာကလေးကို ဖတ်ရသည်။

"ခဏကြာရင် သူထွက်လာပါလိမ့်မယ်၊ ဒါပေမဲ့ အထဲကို ရှင်ဝင်သွားလို့တော့ မဖြစ်ဘူးနော်၊ အမျိုး သမီးတချို့ သန့်ရှင်းရေးလုပ်နေကြတယ်"ဟု တီဘီဆောင်ဘ၀မှာ တွေ့သည့် ဆရာမတစ် ယောက်ကို စစ္စတာဒန်း အကြောင်း မေးကြည့်တော့ သူက ပြန်ဖြေသည်။

စင်္ကြန်ထဲမှာပင် ကျွန်တော် စောင့်နေရသည်။ ခဏကြာတော့ စစ္စတာဒန်း ထွက်လာသည်။ ပြုံး တော့ ပြုံးထားပါ၏။ သို့သော်လည်း ရင်းနှီးသော အပြုံးမျိုးမဟုတ်။
"မပူပါနဲ့၊ ကျွန်မတို့ ဂရုစိုက်ကြည့်ပေးပါ့မယ်၊ ရှင် အိမ်ကိုပြန်ပါ၊ သူ့ကို ကျွန်မတို့ဆီမှာ ထားခဲ့ပါ၊ မနက်ဖြန်ညနေကျတော့ ရှင့်ကို ပြုံးပြုံးရွှင်ရွှင် ဆီးကြိုနိုင်လိမ့်မယ်လို့ ထင်ပါတယ်"
"မနက်ဖြန် ညနေထိတောင်လားဗျာ"

"ဧည့်သည်တွေ့ချိန်ကို ညနေသုံးနာရီက လေးနာရီအထိ သတ်မှတ်ထားပါတယ်"
သူ ပြုံးပြန်သည်။ သို့သော်လည်း ပိုးသတ်ထားသည့် အပြုံးမျိုးဖြစ်သည်။ အလွန်တော်သည်ဟု စကား ပြောသည်မှာ ယခုလို အေးတိအေးစက်နိုင်သော အပြုံးမျိုးကိုပင် ပြောခြင်းဖြစ်လေသလားဟု ကျွန်တော် စဉ်းစားကြည့်လိုက်မိပါသည်။ တာဝန်ဝတ္တရား ကျေပွန်သည့် သည်လိုအပြုံးမျိုးကို ကေး ကတော့ ကြိုက်ကောင်း ကြိုက်ပါလိမ့်မည်။ သို့သော် ကျွန်တော်ကတော့ အားမရပါ။

"သူ့ကို ဆရာဝန် စစ်ဆေးကြည့်ရှုတဲ့အချိန်အထိ ကျွန်တော် စောင့်နေချင်ပါတယ်ခင်ဗျာ"
"ဒီလိုဆိုရင် ဒီကတော့ စောင့်လို့ရမှာမဟုတ်ဘူး၊ ခန်းမထဲကနေ သွားစောင့်နေပါ"
"ထူးရင် ကျွန်တော့်ကို အသိပေးပါနော်"
"ကောင်းပါပြီ၊ ခန်းမထဲကသာ သွားစောင့်နေပါ"

တစ်နာရီလောက် ကျွန်တော်စောင့်နေသည်။ သို့သော် မည်သူမှ ရောက်မလာပါ။ နောက်ထပ် ဆယ့်ငါးမိနစ်လောက် စောင့်နေသေးသည်။ မည်သူမှ ပေါ်မလာသည့်အဆုံးတွင် အပေါ်ထပ်သို့ တက်ခဲ့သည်။
လူနာဆောင် အခန်းတံခါးများကို ဖွင့်ထားသည်။ ထို့ကြောင့် ရှည်လျားသော အခန်းကြီးအတွင်းသို့ လှမ်းမြင်နေရသည်။ ဖယောင်းတိုက်ထားသည့် ကြမ်းပြင်က ပြောင်လက်နေသည်။ မျက်နှာကြက် မှာ ပန်ကာ တွေလည်နေသည်။ ခုတင်တွေ ဟိုဘက်သည်ဘက် ချထားသည်။ လူနာတရုတ်မများ၏ မျက်နှာ သေများကို မြင်ရသည်။

စူဇီကို ကျွန်တော် လှမ်းမြင်ရပါသည်။ အပေါ်မှာ ပုလင်းတစ်လုံး ချိတ်ထားပြီး ထိုပုလင်းမှပိုက်နှင့် စူဇီ၏လက်ကို ဆက်ထားသည်။
စင်္ကြန်ထဲမှာ စစ္စတာဒန်းကို ကျွန်တော် လိုက်ရှာသည်။ ထိုအချိန်မှာ စစ္စတာဒန်း ထွက်လာသည်။ ကျွန်တော့်ကိုမြင်တော့ ရပ်လိုက်သည်။
"အိုး…စိတ်မကောင်းလိုက်တာရှင်၊ ကျွန်မ ရှင့်ကို မေ့သွားတယ်၊ ကျွန်မ မေ့သွားတာ စိတ်မကောင်း လိုက်တာ"ဟု ပြောသည်။ စောစောက ပိုးသတ်ထားသည့် အမူအရာ လျော့ပါးသွားသည်။ အတော် အတန် လှိုက်လှိုက် လှဲလှဲ ရှိလာသည်။

"သူ ဘယ်လိုနေပါသလဲ"
"သူ သိပ်အားနည်းနေတယ်၊ ဒါပေမဲ့ ကျွန်မတို့ သွေးသွင်းပေးထားပါတယ်၊ မျှော်လင့်ချက်ရှိပါ တယ်"ဟု ပြောသည်။ သူ့အမူအရာက မသက်မသာ ဖြစ်နေသည်။
"မျှော်လင့်ချက်ကို မစွန့်လွတ်ဖြစ်အောင် ကျွန်တော် ကြိုးစားပါ့မယ် ခင်ဗျာ"
စူဇီကို ဆေးရုံတင်ထားသည့် ပထမ ရက်သတ္တပတ် သုံးပတ်လုံးလုံး ကျွန်တော် နေမထိ ထိုင်မသာ ဖြစ်နေ သည်။ ကောင်းကောင်းလည်း မစားနိုင်၊ ကောင်းကောင်းလည်း မအိပ်နိုင်။ သည်တောင်ကိုမှ စူဇီ ကျော်နိုင် ပါမည်လားဟု ကယောင်ချောက်ချား တွေးမိသည့်အခါလည်း တွေးမိနေသည်။ စူဇီ မသေပါစေ နှင့်ဟုလည်း အထပ်ထပ် အခါခါ ဆုတောင်းမိပါသည်။

တစ်နေ့တွင် လူတွေကျပ်နေသည့် ဓာတ်ရထား စီးသွားမိသည်။ ထိုအချိန်တွင် တန်ခိုးရှင်တစ်ဦးက
"စူဇီရဲ့အသက်ကို ငါကယ်တင်ပေးမယ်၊ ဒါပေမဲ့ ဒီဓာတ်ရထားပေါ်က မင်း ဆင်းသွားပြီးတဲ့နောက် မှာ ဓာတ်ရထား မှောက်ပစ်မယ်၊ ဒီပေါ်မှာ ပါလာသူတွေအားလုံး အသက်ဆုံးရှုံးမယ်၊ အဲဒီနှစ်လမ်း အနက် ဘယ်လမ်း ကို မင်းရွေးမလဲ"ဟု ကျွန်တော့်ကို မေးနေသယောင် ထင်မိသည်။ ကျွန်တော် ဘာလုပ်ရမှန်း မသိတော့ပါ။

တတိယအပတ် နောက်ဆုံးတစ်ရက်တွင် ဆေးရုံသို့ ကျွန်တော် ရောက်သွားသည်။ စူဇီသည် ဝေဒနာကို အပြင်းအထန် ခံစားနေရသည်။ သူ့ခုတင်ဘေးမှာ ကျွန်တော်ရပ်နေသော်လည်း မျက် လုံးများ ဖွင့်မကြည့် နိုင်ပါ။ ကျွန်တော့်လက်ကို ဆွဲပြီး စောင်အောက်သို့သွင်းကာ သူ့ရင်ဘတ်ပေါ် မှာ တင်ထားစေသည်။

"မောင်ရယ်…ကျွန်မကြောက်လိုက်တာ၊ ကျွန်မ မသေချင်ဘူးမောင်ရယ်၊ အရမ်းကြောက်တယ်"ဟု ပြောနေသည်။ ပြီးတော့ ငိုတော့သည်။ တစ်နာရီလောက်ကြာအောင် မရပ်မနား ငိုနေသည်။ ယနေ့ ညသည် သူ့ဘ၀၏ နောက်ဆုံးညများ ဖြစ်လေမည်လားဟု ကျွန်တော် စိုးရိမ်တကြီး တွေးနေမိ သည်။

ကေးကိုတွေ့ရန် သူနေသည့်အဆောင်သို့ ကျွန်တော်လာခဲ့သည်။ တင်းနစ်ရိုက်နေသော ကေးက ကျွန်တော် နှင့် စကားပြောရန် ကွင်းထဲမှ ထွက်လာသည်။ ဘောင်းဘီတိုကလေး ၀တ်ထားသည်။ သူ့ပေါင်တံ များမှာ နေလောင်ထားသဖြင့် ကြည့်ကောင်းနေသည်။ သူ့မျက်နှာအမူအရာမှာ အလွန်တရာ စိတ်ချမ်းသာ နေပုံရသည်။ ချစ်သူတစ်ယောက်နှင့် သူတွေ့ပြီး သူတို့အချစ်ရေးမှာ အလွန် တရာ အဆင် ပြေနေသည်။

"ကျွန်မ ဒီနေ့ည ဂျူတီကျတယ်၊ သူ့ကို သွားကြည့်လိုက်မယ်လေ"ဟု ကေးကပြောသည်။
"သွားကြည့်ပေးပါ ကေးရယ်၊ တစ်ခုခုဖြစ်ရင် ကိုယ့်ကို ဘယ်သူကမှ အကြောင်းကြားပေးမှာ မဟုတ် ဘူး"
"မပူပါနဲ့၊ ကျွန်မ ကြည့်ပေးပါ့မယ်၊ တစ်ခုခုဖြစ်ရင်လည်း ကျွန်မ အကြောင်းကြားမှာပေါ့"

ထိုနေ့ညက ကိုးနာရီထိုးသည်အထိ ကျွန်တော် အခန်းထဲမှာ ထိုင်ပြီး တယ်လီဖုန်း စောင့်နေမိ သည်။ လမ်းပေါ်မှ စက်ဘီးဘဲလ်တီးသံ ကြားတိုင်း ဖုန်းမြည်သည်ထင်ပြီး ခုန်ခုန်ထနေမိသည်။ အခန်းထဲမှာ သည်အတိုင်းထိုင်ပြီး တစ်ယောက်တည်း စောင့်နေနိုင်စွမ်း မရှိတော့ပါ။ ထို့ကြောင့် ကျွန်တော့်ထံ ဖုန်းလာ လျှင် ဘားခန်းထဲသို့ ပြောင်းပေးရန် အော်ပရေတာကိုမှာပြီး ဘားခန်းထဲသို့ ဆင်းခဲ့သည်။
ထိုညက ဘရန်ဒီ အတော်များများ သောက်မိသည်။ ဂွမ်နီလာပြီး စကားပြောနေသည်။ စူဇီ အကြောင်း မေးသည်။ သူ့ညီမကလေး စေ့စပ်ကြောင်းလမ်းလိုက်ပြီဖြစ်ကြောင်းလည်း ပြောပြသည်။
"ဟုတ်လား ဂွမ်နီ၊ ၀မ်းသာလိုက်တာကွယ်၊ ယောက်ျားကလေးဟာ ပိုက်ဆံတော်တော်ချမ်းသာ တယ်နဲ့ တူတယ်"ဟု ကျွန်တော်က ပြန်ပြောသည်။

"ဒါလောက်တော့ မချမ်းသာပါဘူး၊ မော်တော်ကားနှစ်စီးပဲ ရှိတယ်"
"ဒါလည်း ဘယ်ဆိုးလို့လဲ၊ ဒီအတိုင်းဆိုရင် ဒီလုပ်ငန်းကို မင်းစွန့်လွှတ်ရတော့မှာပေါ့နော်"
သူနှင့် စကားပြောမည့်သာ ပြောနေရသည်။ နားကတော့ ဖုန်းမြည်သံကိုသာ စွင့်နေမိသည်။
"ဟုတ်တယ်၊ ညီမလေး လက်ထပ်ပြီးရင် ဒီဘ၀က ကျွန်မလွတ်ပြီး ကျွန်မ သိပ်ပျော်တာပဲ၊ စူဇီ နေကောင်းလာတဲ့အခါမှာ ကျွန်မတို့ ပွဲကလေးလုပ်နိုင်ကြတာပေါ့"
ဘားကောင်တာပေါ်ရှိ ဖုန်းမြည်သံကြားရသည်။ ကျွန်တော့်တစ်ကိုယ်လုံး တောင့်သွားသည်။ တိုင် ဖူးက ကောက်ကိုင်သည်။ စကားပြောခွက်ကို ဘေးမှာချသည်။ ဘားခန်းထဲသို့ လှည့်ကြည့်သည်။ ကျွန်တော့်ကို မြင်သွားတော့ ပြုံးပြသည်။

"ဟေး…ထမင်းကြော်ကြီး၊ အမျိုးသမီးတစ်ယောက် ဖုန်းဆက်နေတယ်၊ ရှင်မိန်းမရသွားတာ အခုပဲ သိလို့ ရှင့်ကို ဒုက္ခပေးတော့မလို့နဲ့တူတယ်"ဟု လှမ်းပြောသည်။
ကျွန်တော့်ဒူးရော မခိုင်တော့ပါ။ တယ်လီဖုန်းရှိရာ ဘားကောင်တာရောက်အောင် အတော်ကြိုးစား ပြီး လျှောက်သွားရသည်။ ဖုန်းကို ကျွန်တော်ကောက်ကိုင်သည်။ ကေး၏အသံ ကြားရသည်။
"ဟယ်လို…ရောဘတ်လား၊ လန့်မသွားနဲ့ဦး၊ အခုပဲ သူ့ကို ကျွန်မသွားကြည့်ခဲ့တယ်၊ ဒီအကြောင်း ပြောမလို့၊ သူ့ကို သွေးထပ်သွင်းပေးထားတာ တွေ့ရတယ်"
"သွေးမသွင်းတော့ဘူးလို့ သူတို့ ဆုံးဖြတ်ထားကြတာ မဟုတ်လား"

ပထမတစ်ကြိမ် သွေးသွင်းစဉ်က စူဇီ၏ခန္ဓာကိုယ်သည် ပြင်ပသွေးကို လက်မခံ။ စူဇီကိုယ်တိုင်က လည်း လက်မှ ပိုက်ကို ဆွဲဖြုတ်ပစ်ရန် ရုန်းကန်ခဲ့သည်။ စိတ်ဓာတ်ရေးရာအရပါ ငြင်းဆန်နေသဖြင့် သူ့တစ်ကိုယ်လုံး တုန်လာသည်။ ရက်ပေါင်းအတော်ကြာအောင် ထိုဝေဒနာကို သူ ခံစားနေခဲ့ရ သည်။
"ဆရာဝန်က နောက်ထပ် သူ မစွန့်စားရဲတော့ဘူးလို့ ကိုယ့်ကိုပြောဖူးတယ် ကေး"ဟု ကျွန်တော် က ဆက်ပြော သည်။

"ကျွန်မ သိတယ်၊ ဒါပေမဲ့ ဒီတစ်နည်းပဲ မျှော်လင့်ချက် ရှိတော့တယ်လို့ သူ ဆုံးဖြတ်လိုက်တယ်နဲ့ တူတယ်၊ ဘာပဲဖြစ်ဖြစ်လေ တစ်ခုခု ထူးရင် ကျွန်မ ဖုန်းဆက်ပြီး ပြောပါ့မယ်"ဟု ကေးက ပြန်ပြော သည်။
ဘားခန်းထဲမှာ ညသန်းခေါင်တိုင်အောင် ကျွန်တော်ထိုင်နေခဲ့သည်။ ထို့နောက်မှ အခန်းသို့ ပြန် တက်ခဲ့သည်။ လသာဆောင်မှာ ထွက်ထိုင်ရင်း တယ်လီဖုန်းခေါင်းလောင်းသံကိုသာ နားစွင့်နေမိ သည်။ အခြား အခန်းမှ ဖုန်းမြည်သံ ကြာသောအခါ ခုန်ထမိတော့မလို ဖြစ်သွားသည်။

မတတ်နိုင်တော့သည့် အဆုံးတွင် အိပ်ရာထဲသို့ ၀င်လှဲနေမိသည်။ စူဇီသေပြီထင်သည်။ ကျွန်တော့် ကို ဖုန်းဆက်ဖို့ သူတို့ မေ့နေကြဟန်တူသည်။ ဆေးရုံသို့ ဆက်ကြည့်ရန် ဖုန်းကိုကောက်ကိုင်မိ သည်။ ပြီးတော့မှ ပြန်ချထားခဲ့သည်။

ကျွန်တော် တစ်မှေးမှ အိပ်မပျော်ပါ။ အခန်းထဲသို့ လင်းအရုဏ်၏ ရောင်ခြည်ဦး ၀င်လာသည်။ နေ့ သစ် တစ်နေ့ မွေးဖွားလေပြီ။ သို့သော် စူဇီ၏ အသစ်မွေးဖွားလာသည့် နေ့သစ်ကလေးကို မြင်တွေ့ မသွားရ ရှာတော့ဟု ကျွန်တော် တွေးနေမိသည်။

အိပ်ရာမှထပြီး လသာဆောင်သို့ ထွက်ခဲ့သည်။ ဟောင်ကောင်မြို့ကြီးသည် အသက်ဝင်လှုပ်ရှားစ ပြုနေပြီ။ ကိုလုန်း ဘက်ကမ်းသို့ ကူးသည့် ကူးတို့သင်္ဘော ပထမခေါက် ထွက်ခွာသွားသည်ကို မြင် ရသည်။ ခရီးသည် တွေက သင်္ဘောလက်တန်းနားမှာ ရပ်ရင်း ဟိုဟိုသည်သည် လက်ညှိုးထိုးပြနေ ကြသည်။

ရုတ်တရက် ကျွန်တော် ပျော်သွားသည်။ စူဇီ မသေဟူသော အသိဝင်လာသည်။ တစ်ခုခုဖြစ်လျှင် သူတို့ သေချာပေါက် ဖုန်းဆက်မည်။ ယခု မဆက်ခြင်းအားဖြင့် စူဇီ နေကောင်းနေသောကြောင့် သာ ဖြစ်ရမည်။
မုတ်ဆိတ်ရိတ်၊ ရေချိုး၊ အ၀တ်အစားလဲပြီး ပိုက်ဆံအလုံအလောက်ပါ ယူခဲ့သည်။ စူဇီအတွက် ပန်း တွေ ၀ယ်သွား ပေးရမည်။ တံခါးပေါက်နားသို့အရောက်တွင် တယ်လီဖုန်းခေါင်းလောင်းမြည်သံ ကြားရသည်။

တံခါးဖွင့်လျက်သားဖြင့် ကျွန်တော် ကြောင်ပြီး ရပ်နေမိသည်။ တယ်လီဖုန်းကိုလည်း ငေးကြည့်နေမိ သည်။ နောက်ထပ် ခေါင်းလောင်းသံကြားရသည်။ အကြာကြီး မြည်နေသည်။ ရပ်သွားသည်။ ကျွန် တော် နေရာမှ ရွှေ့မရသေး။ နောက်ထပ် မြည်ပြန်သည်။ သည်တစ်ခါတော့ အော်ပရေတာက စိတ်မရှည် တော့သည့် ဟန်မျိုးဖြင့် မနားတမ်း ဆက်ကာဆက်ကာ မြည်နေသည်။
ကျွန်တော် ကောက်ကိုင်လိုက်သည်။ အော်ပရေတာ၏အသံကို ကြားရသည်။ တစ်ဆက်တည်း ကေး၏အသံ ကြားရသည်။

"ဟယ်လို…ဟယ်လို…ရောဘတ်လား"
"ဟုတ်ပါတယ်၊ ဟယ်လို…"
"အိုး…ရောဘတ်ကိုး၊ ရှင့်ကို သတင်းကောင်းပြောမလို့၊ သွေးသွင်းတာ အောင်မြင်သွားပြီ၊ ဒီနေ့ မနက် သူ သိပ်ကို လန်းနေတယ်၊ ဟယ်လို…ဟယ်လို ကြားရရဲ့လား"
"ကြားပါတယ် ကေး၊ ကိုယ် နားထောင်နေပါတယ်"

တန်းစီပြီး ဓာတ်ရထား စောင့်နေသူတွေ တစ်ပြုံကြီး မြင်ရသည်။ အငှားကားလည်း တစ်စီးမှမတွေ့။ ထို့ကြောင့် ဆေးရုံသို့ လန်ချာစီးပြီး လာခဲ့ရသည်။ ဆေးရုံရောက်တော့ ကျွန်တော့်တစ်ကိုယ်လုံး ဇောချွေး တွေ ပျံနေသည်။ ဆံပင်တွေလည်း ရွှဲနေသည်။ ဆေးရုံပေါ်သို့ အပြေးတက်သွားရာ အမျိုးသမီး တစ်ယောက် နှင့် တိုက်မိမလို ဖြစ်သွားသေးသည်။
စူဇီကိုတွေ့တော့ ကျွန်တော် ၀မ်းသာအားရရယ်မိသည်။ သူ့နဖူးကလေးကိုလည်း ကုန်းနမ်းမိ သည်။

"မင်္ဂလာပါမောင်ရေ၊ ကျွန်မ ဒီနေ့ သိပ်နေကောင်းတာပဲ မောင်ရယ်"
"စူဇီ…မင်း သိပ်လှတာပဲ"
"ဟုတ်တယ် မောင်၊ ဒီတစ်ခါ သွေးသွင်းရတာ ကျွန်မစိတ်ထဲမှာ ဘယ်လိုမှ မနေဘူး၊ ဒီတစ်ခါသွေး ကတော့ လူကောင်း တစ်ယောက်ရဲ့ သွေးတွေနဲ့ တူတယ်၊ ဟုတ်တယ် မောင်၊ ဒီတစ်ခါ သွင်းတဲ့ သွေးက သိပ်ကောင်းတာပဲ"

မနက်ဖြန် ဆိုရင် စူဇီဝေါင်း ဇာတ်သိမ်း ပါတော့မယ်
ကျနော့်ရဲ့ ဆန္ဒကို ဖြည့်စီးပေးချင်တဲ့ အတွက် 
မအားလပ် တဲ့ကြားက စာအုပ် ပြီးစီးအောင် 
ကိုယ်ပိုင် အချိန်များပေးပြီးတော့ 
ကွန်ပျူတာ ရိုက်ပေးကြတဲ့ ရုပ်ရှင် မင်းသမီး အဲ ယောင်လို့ သမီးများကို 
ကျေးဇူးတင်ကြောင်းပြောကြားရင်း...မနက်ဖြန် စူဇီဝေါင်း ဇာတ်သိမ်းခန်း နဲ့ ကိုရီးယား မင်းသမီး ပုံများကို စောင့်မျှော် အားပေးကြပါလို့....


စာအုပ် (၃) အခန်း (၈) ဇာတ်သိမ်း မျှော်

>>>ဆက်ဖတ်ရန်>>> >>

Wednesday, January 6, 2010

စာအုပ် (၃) အထောက်တော် လှအောင် စူဇီဝေါင်း အခန်း(၆)

အခန်း(၆)

နောက်ရက်များတွင် စူဇီ အလွန်ပျော်နေသည်။ အမူအရာအားလုံးကလည်း အလွန်တရာ ရွှင်လန်း တက်ကြွနေသည်။ မစ္စက်လိုမက်ခ်ဇ် ဖြစ်လာသောအခါ လူတွေနှင့် ဘယ်လိုဆက်ဆံမည်၊ ဘယ်လိုစကား ပြောမည် ဟု လေ့ကျင့်နေသည်။

    "နေကောင်းပါသလားရှင်၊ ကျွန်မဟာ မစ္စက်လော့ဒ်လိုမက်ခ်ဇ် ဖြစ်ပါတယ်၊ ကျွန်မ ယောက်ျားဟာ အင်မတန် နာမည်ကြီးတဲ့ လော့ဒ်ဘွဲ့ ရပုဂ္ဂိုလ်ကြီးပေါ့၊ သိတယ်မဟုတ်လား၊ ရှင်က ကျွန်မကို စော်ကား မော်ကား လုပ်လိုက်တာလား၊ ကောင်းပြီ၊ ကျွန်မယောက်ျားကို ပြန်တိုင်ရမယ်၊ ကျွန်မယောက်ျားက ရှင့်ကို မျောက်အိမ် ထဲမှာ ဆယ်နှစ် ထည့်ထားလိုက်လိမ့်မယ်"
    သူ တခစ်ခစ် ရယ်နေသည်။ ထို့နောက် တစ်စုံတစ်ရာကို သတိရသွားပြီး ချက်ချင်း သူ စိတ်ပူသွားသည်။ ကျွန်တော်တို့ လက်မထပ်မီ ခုတင်နေရာအားပြီဖြစ်ကြောင်း ကေးထံမှ ကြေးနန်းများ ရောက်လာလေ မလားဟု ပူပင်သောက ရောက်သွားခြင်း ဖြစ်သည်။

    "မောင် ဒီနေ့များ ကြေးနန်းရောက်မလားဟင်"
    "ဒီနေ့တော့ ရောက်ဦးမယ် မထင်ပါဘူး"
    "ရောက်မယ် မထင်ဘူးလား"

    ထိုမျှ ပြန်ပြောပြီး သူ့အမူအရာ ရွှင်လန်းသွားပြန်သည်။ ပြီးတော့ ထုံးစံအတိုင်း ဆက်လုပ်နေပြန်သည်။
    "ကောင်းသော မွန်းလွဲပိုင်းပါ၊ မစ္စတာလော့ဒ်ပစ်ကယ်ဒလီ မရှိပါဘူးရှင်၊ ၀မ်းနည်း ပါတယ်၊ ကျွန်မ ယောက်ျားက ဘုရင်မကြီးနဲ့အတူတူ ၀က်စ်မင်စတာ ဘက်ဘေးမှာ လက်ဖက်ရည် သွားသောက်နေ ပါတယ်ရှင်"

    "၀က်စ်မင်စတာအက်ဘေးမှာ လက်ဖက်ရည်သောက်လို့မရဘူး စူဇီ" ဟု ကျွန်တော်က လှမ်းပြောရသည်။
    "အို... ကျွန်မ ၀မ်းနည်းပါတယ် မစ္စတာလော့ဒ် ပစ်ကယ်ဒလီ၊ ဘုရင်မကြီးနဲ့အတူတူ နန်းတော်မှာ လက်ဖက်ရည် သွားသောက်နေပါတယ်"
    သည်လိုဖြင့် တစ်ရက်ပြီးတစ်ရက် အချိန်ကုန်လာသည်။

    မကာအိုသည် ကျွန်းဆွယ်အစွန်းတွင် တည်ရှိသော မြို့ဖြစ်သည်။ အလယ်လမ်းမကြီးမှဖဲ့ပြီး တစ်ဖက်သို့ ဆယ်မိနစ်လောက် လျှောက်သွားလျှင် ပင်လယ် ကမ်းခြေသို့ ရောက်သည်။ ဆန့်ကျင်ရာဘက်သို့ မိနစ်နှစ်ဆယ်ခန့် လျှောက်သွားလျှင် တရုတ်ပြည်ကြီး၏ နယ်စပ်သို့ရောက်မည်။ သို့သော်လည်း ပူအိုက် လွန်းသောကြောင့် လမ်းမလျှောက်နိုင်ပါ။ ဟိုနားသည်နားသွားလျှင် ဆိုက်ကားကိုသာ အားကိုးနေရသည်။

    မကာအိုသည် တရုတ်ပြည်မကြီးအတွင်းသို့ ၀င်ပေါက်အဖြစ် ရာစုနှစ်ပေါင်းများစွာ စည်ကားခဲ့သည်။ ယခုမူ ပြည်မကြီးအတွင်းသို့ ၀င်ပေါက်ကို ပိတ်လိုက်ပြီဖြစ်သောကြောင့် မကာအိုသည် ခြောက်ကပ် သွားသည်။ ကုန်သွယ်မှု မရှိတော့။ စက်မှုလက်မှုလုပ်ငန်းများ မရှိတော့။ စီးပွားရေး လုပ်ငန်းများ မရှိတော့။

    ဘိန်းအရောင်းအ၀ယ်၊ လောင်းကစားဝိုင်းများနှင့် မိန်းမပျက်များသာ ရှိသည်။ ထိုလုပ်ငန်းသုံးခုဖြင့် မြို့သက်ရှည်နေခြင်း ဖြစ်သည်။ ယခု ကျွန်တော်တို့ တည်းနေသည့် ဟိုတယ်မှာလည်း ထိုအရာသုံးခုကို အလွယ်တကူရနိုင်သည်။ ဟိုတယ်အထပ် နှစ်ထပ်တွင် ကာစီနိုကစားဝိုင်းတွေ ရှိသည်။ အခန်းထဲရှိ ဘဲလ်ကလေးကို နှိပ်လိုက်ရုံဖြင့် ဘိန်းနှင့် မိန်းမပျက်က အခန်းထဲသို့ ရောက်လာမည်။

    ဘိန်းနှင့်မိန်းမပျက် ရောက်လာအောင် စီစဉ်ပေးရသည့်အတွက် အခန်းစောင့် ကလေးများက ကော်မရှင်ရကြသည်။ အခန်းထဲမှာ ဘိန်းရှူရင်း မိန်းမပျက်နှင့် အတူနေကာ ကာစီနိုလောင်းကစားဝိုင်းမှာ အလောင်းအစား လုပ်လိုသည်ဆိုလျှင်လည်း ဖြစ်သေးသည်။ အခန်းစောင့်ကို သွားအထိုးခိုင်းလိုက်ရုံသာ ဖြစ်သည်။ ထိုနည်းအားဖြင့် မကောင်းမှု ဒုစရိုက်သုံးမျိုးကို တစ်ပြိုင်တည်း ကျူးလွန်နိုင်သည်။

    ကျွန်တော်တို့ တည်းနေသည့် အထပ်မှ အခန်းစောင့်၏ အမည်မှာ အာနတ်ဖြစ်သည်။ မျက်လုံးတစ်ဖက်က စောင်းနေသည်။ ကျန်မျက်လုံးတစ်ဖက်က နေ့ရော ညပါ လောဘခိုးတွေ မွှန်နေ တတ်သည်။ ကျွန်တော် တစ်ယောက်တည်း ရှိနေသည့်အခါ အနားသို့ ကပ်လာပြီး အသက် ဆယ့်ခြောက်နှစ် သာ ရှိသေးသော ပေါ်တူဂီ အမျိုးသမီးတစ် ယောက်နှင့် စီစဉ်ပေးနိုင်ကြောင်း လေသံဖြင့် ပြောတတ်သည်။

    စူဇီနှင့်သူ နှစ်ယောက်တည်း တွေ့သောအခါတွင်မူ ကျွန်တော့်ထက် ယောက်ျားပီသသော လူတစ်ယောက်နှင့် သူ ဆက်ပေးနိုင်ကြောင်း၊ ငွေတွေ အများကြီး ရနိုင်ကြောင်း၊ အောက်ထပ်မှာရှိနေသည့် ပေါ်တူဂီအရာရှိနှစ်ယောက်နှင့် မိတ်ဆက်ပေးမည် ဖြစ်ကြောင်း ဆွယ်တရား ဟောပြန်သည်။

    ဒုတိယပတ်သို့ ရောက်သောအခါ စူဇီ၏ တက်ကြွပျော်ရွှင်နေသော စိတ်ဓာတ်များ ပျက်ပြယ်စ ပြုလာသည်။ အလွန်အမင်းလည်း စိတ်ဆင်းရဲနေပုံ ရသည်။ တစ်ခါ အခန်းထဲသို့ ကျွန်တော် ၀င်သွား သည်တွင် သူ ငိုနေသည်ကို တွေ့ရသည်။ ထိုနေ့ည ညစာ စားတော့လည်း တစ်ကြိမ်ငိုပြန်သည်။

    အကျိုးအကြောင်းကို ကျွန်တော် မေးသောအခါ ဘာမှပြန်မဖြေဘဲ ခေါင်းကိုသာ တွင်တွင်ခါသည်။ လက်ထပ်ရမည့် ရက်ရောက်အောင် အကြာကြီး ထိုင်စောင့်နေရသည့် အတွက် သူ စိတ်မချမ်းမသာ ဖြစ်နေသည်ဟု ကျွန်တော် ထင်သည်။ ယခုလို ထိုင်နေရင်း သူ့ဘ၀အကြောင်းကိုလည်း သူ ပြန်စဉ်းစား နေပုံရသည်။

    ယခုရက်ပိုင်းတွင် ယခင်ကလို သူ့နောက်ကြောင်းတွေကို ပြန်မပြောတော့။ သူ့အတွေ့အကြုံများကို ပြောမပြတော့။ နမ်ကောက်ဟိုတယ်၏ အမည်ကိုပင် ထုတ်ဖော် မပြောမိအောင် သတိထားရှောင်နေသည်။
    သူ့နောက်ကြောင်းများနှင့် ပတ်သက်ပြီး ကျွန်တော့်စိတ်ထဲမှာ မည်သို့မှ မရှိကြောင်း ပြောပြသောအခါ မကြားယောင်ဆောင်နေတတ်သည်။ စောစောတုန်းက ကေးထံမှ ကြေးနန်းရောက်လာမှာ သူ စိုးရိမ် နေခဲ့သည်။ ယခုတော့ ကေး၏ ကြေးနန်းကို အမျှော်ကြီး မျှော်နေပြန်သည်။

    တတိယပတ်သို့ ရောက်သောအခါ ပိုဆိုးလာသည်။ အချိန်ရှိသမျှ ငိုကြွေးနေတတ် သည်။ သည်လို သူစိတ်မချမ်းမသာ ဖြစ်နေခြင်းသည် ကျွန်တော့်အဖို့လည်း ထူးဆန်းနေ တော့သည်။ လက်ထပ်ဖို့ကိစ္စနှင့် ပတ်သက်ပြီး ကျွန်တော့်ကိုယ် ကျွန်တော်လည်း မသေချာသလို ဖြစ်လာသည်။
    တစ်နေ့တွင် ကျွန်တော်နှင့် လက်မထပ်နိုင်တော့ကြောင်း၊ ဟောင်ကောင်သို့ ပြန်လိုကြောင်း၊ သူ့ဘ၀ဟောင်းသို့ ပြန်သွားလိုကြောင်း၊ နမ်ကောက်ဟိုတယ် ပြန်ပြီး သူ့အပေါင်းအသင်း အမျိုးသမီး များနှင့် အတူ အလုပ်ဟောင်းကိုပင် ပြန်လုပ်လိုကြောင်း၊ သူ့စိတ်ကိုသူ ပိုင်းဖြတ်လိုက်ပြီဖြစ်ကြောင်းများ ပြောသည်။

    "မင်း ဖြစ်ချင်တာက ဒီအတိုင်းပဲဆိုရင် မောင် မတားတော့ပါဘူး စူဇီ၊ ဒါပေမဲ့ မင်းရဲ့ ဆန္ဒအမှန်ဟာ အဲဒါပဲလိုတော့ မောင် မထင်ဘူး၊ မင်းဘ၀ဟောင်းကို ပြန်သွားရင် မင်းဘာလုပ်ရမယ်ဆိုတာ မင်းစိတ်ထဲမှာ သေသေချာချာ သိနေတယ်၊ ဒါပေမဲ့ မောင်နဲ့ လက်ထပ်ရင် ဘာတွေ ဖြစ်လာမယ်ဆိုတာ မသေချာဘူး၊ အခက်အခဲတွေ ပေါ်ချင်ပေါ်လာ နိုင်တယ်လို့ ထင်နေတယ်၊ အဲဒီစိတ်က မင်းကို ခြောက်လှန့်နေတာပါ" ဟု ကျွန်တော်က ပြောပြသည်။

    ထိုမျှမက ထိုနေ့မနက်ပိုင်းက ကြုံတွေ့ခဲ့ရသည့် အဖြစ်ကလေးကိုပါ ကျွန်တော်က ပြန်ပြောပြသည်။
    ထိုနေ့မနက်က ကျွန်တော်တို့နှစ်ယောက် လမ်းအတူလျှောက်ကြသည်။ ဟောင်ကောင်မှ လာလည် နေသော အင်္ဂလိပ် လင်မယားငယ်ငယ် တစ်တွဲနှင့် လမ်းမှာတွေ့သည်။ ကာစီနိုကစားဝိုင်းများတွင် သူတို့ လင်မယားနှင့် ဆုံနေကျဖြစ်သည်။ ထို့ကြောင့် ကျွန်တော်တို့ နှုတ်ဆက်စကား ပြောကြသည်။ စူဇီနှင့် မိတ်ဆက် ပေးရန် လှည့်ကြည့်လိုက်တော့ သူ မရှိပြီ။ ဆိပ်ကမ်းဘက်မှာ သွားပြီး ကျွန်တော်တို့ကို ကျောခိုင်း ရပ်နေသည်။

    အင်္ဂလိပ် လင်မယားနှင့် မိတ်ဆက်ပေးရန် သူ့ကို ကျွန်တော် သွားခေါ်သည်။ ဘယ်လို ခေါ်လို့မှမရ။ အလွန် ခေါင်းမာလှသည်။ ပြီးတော့ ငိုပါလေတော့သည်။ အင်္ဂလိပ် လင်မယားသည် သူ့ကို မုန်းတီးကြောင်း၊ ထိုလင်မယားနှင့် ကျွန်တော်က ဘာကြောင့် မိတ်ဆွေဖြစ်လိုသည်ကို သူ နားမလည်ကြောင်း ပြောသည်။
    တကယ်ဆိုတော့ အင်္ဂလိပ်လင်မယားက သူ့အပေါ် မနှစ်မြို့မည်ကို အလိုလို ကြောက်နေခြင်း သာဖြစ်ကြောင်း ကျွန်တော် သဘောပေါက်ပါသည်။ ထို့ကြောင့် လူတွေကို ကြောက်ဖို့မလိုကြောင်း၊ ရဲရဲ တင်းတင်း စိတ်ထားသန့်သန့်ဖြင့် ဆက်ဆံရမည်ဖြစ်ကြောင်း ပြောပြသည်။

    "မင်းဟာ သိပ်ချစ်စရာကောင်းတာပဲလို့ ကစားဝိုင်းမှာ မောင့်ကို သူတို့က ပြောတယ်၊ တကယ်ပြောတာပါ၊ မောင် မလိမ်ပါဘူး၊ မင်းကို သူတို့ မမုန်းပါဘူး၊ ဒါပေမဲ့ လူတွေက မင်းကို မုန်းမှာပဲလို့ မင်းစိတ်ထဲမှာ ထင်နေရင် အဲဒါတွေဟာ မင်းမျက်နှာပေါ်မှာ ပေါ်နေတယ်၊ လူတွေရဲ့ မျက်နှာဟာ မုန်းလို့ပဲ၊ သူတို့က မင်းကို တကယ်မုန်းတီးနေတယ် ဆိုရင်တောင် မင်းရင်ဆိုင်ရမှာပေါ့။
    "မင်းက သူတို့ကို ဆက်ဆံသလို သူတို့ကလည်း မင်းကို ပြန်ဆက်ဆံလိမ့်မယ်၊ တကယ်ကတော့ မင့်အနေနဲ့ လူတွေကို ဘာမှကြောက်နေစရာ မလိုဘူး၊ ဘာမှရှက်နေစရာ မလိုဘူး၊ မင်းဟာ နမ်ကောက်မှာ အလုပ်လုပ်ခဲ့တဲ့ မိန်းကလေးဖြစ်ပေမယ့် ဒါကြောင့်တော့ ဘာဖြစ်လို့ ငါရှက်ရမှာလဲဆိုတဲ့ စိတ်မျိုးထားရမယ်၊ ကျွန်မလည်း ရှင်တို့လို သာမန် လူသားပါပဲဆိုတဲ့ စိတ်မျိုးထားရမယ်၊ အဲဒီလို သဘေလာထားမျိုးနဲ့ သူတို့ကို ဆက်ဆံနိုင်ရင် သူတို့ကလည်း မင်းကို လေးစားလာကြမှာပဲ။

    "ဒီသဘောထားမျိုး မောင် ထားတတ်လာအောင် ဘယ်သူက သင်ပေးတယ် ထင်သလဲ၊ မင်းကပဲ မောင့်ကို သင်ပေးခဲ့တာပါ၊ မင်းဟာ လူတွေကို မျက်လုံးချင်း ဆိုင်ပြီး ကြည့်ရဲတဲ့ မိန်းကလေး၊ မင်းမှာ သတ္တိရှိခဲ့တယ်၊ အခုလည်း အဲဒီသတ္တိတွေ ရှိနေတာပဲ၊ ဒါပေမဲ့ မင်းရဲ့ ပူပင်သောကစိတ်တွေက မင်းရဲ့ သတ္တိကို ဖုံးကွယ်ထားတယ်၊ သေးသိမ်အောင် လုပ်ထားတယ်၊ အဲဒါကို မင်း သဘောပေါက်ရမယ်၊ ပူပင် သောကစိတ်တွေကို ဖျောက်ဖျက်ပစ်ပြီး သတ္တိတွေ ပြန်ပေါ် လာအောင် ကြိုးစားရမယ်" ဟု ကျွန်တော်က ရှည်လျားစွာ ရှင်းပြသည်။

    ဘာမှပြန်မပြောဘဲ သူ ငြိမ်နေသည်။ အငိုလည်း ရပ်သွားသည်။ ခဏလောက် သူ တစ်ယောက်တည်း နေချင်ပါသည်ဟု ပြောသည် ထို့ကြောင့် အပေါ်ထပ်ရှိ ကာစီနိုကစား ၀ိုင်းသို့ ကျွန်တော် တက်ခဲ့သည်။ တစ်နာရီလောက်ကြာတော့ ကျွန်တော့်နောက်သို့ သူ လိုက်လာသည်။ လျှောက်လာပုံက ခပ်တောင့်တောင့် ဖြစ်နေသည်။ သူ့ရင်ထဲမှာ ဘယ်လောက် တင်းကျပ်နေကြောင်းနှင့် ဘယ်လောက် စိတ်ထိန်းထားရကြောင်း သိသာ သည်။ ကြောက်ရွံ့စိတ်နှင့် သံသယစိတ်များကို ပင်ပန်းကြီးစွာ ခုခံတွန်းထုတ်နေရကြောင်း သိသာသည်။ ကျွန်တော့် မျက်လုံးများကို သူ တည့်တည့်စိုက်ကြည့်သည်။
    "ကျွန်မကို အခုထက်ထိ မောင် လက်ထပ်ချင်တုန်းပဲလား" ဟု သူက မေးသည်။

    "လက်ထပ်ချင်တုန်းပဲပေါ့ စူဇီ"
    "သေချာရဲ့လား မောင်၊ ကျွန်မအခုလို ဖြစ်နေတာတောင် မောင် လက်ထပ်ချင်တုန်းပဲလား"
    "အင်မတန် သေချာပါတယ် စူဇီ"
    ကျွန်တော့်စိတ်ထဲမှာ အမှန်တကယ် ရှိနေသည့်အတိုင်း ပြောခြင်းဖြစ်ပါသည်။ စူဇီမှာ သတ္တိတွေ ပြန်လည်ရရှိလာပြီဖြစ်ကြောင်း ကျွန်တော် သိပါသည်။
    "ကောင်းပြီ၊ မောင်နဲ့ လက်ထပ်ပါ့မယ်"
    "ကျေးဇူးတင်ပါတယ် စူဇီ၊ ဒီလိုဆိုရင် မောင်တို့ အ၀တ်အသစ် တစ်ထည်တော့ ပြေးဝယ်ကြဦးမှ၊ လက်ထပ်တဲ့နေ့မှာ မင်းဝတ်ဖို့ အသစ်တစ်ထည်တော့ ၀ယ်မှ ဖြစ်မယ်"
    ထိုနေ့တစ်နေ့လုံး သူ စကားနည်းနေသည်။

    နောက်နေ့မနက်တွင် သူ တစ်ယောက်တည်း အ၀တ်အစား လဲလိုပါသည် ဆိုသောကြောင့် ကော်ဖီသောက်ဖို့ ကျွန်တေ် အပြင်ထွက်ခဲ့သည်။ ဆယ့်တစ်နာရီထိုးတော့ ဟိုတယ်ပြန်လာပြီး ခန်းမထဲမှာ ထိုင်စောင့်နေလိုက်သည်။ မိနစ်နှစ်ဆယ်လောက်ကြာတော့ ဓာတ်လှေကားထဲမှ စူဇီ ထွက်လာသည်ကို တွေ့ရသည်။ အ၀ါရောင်ဗြောင် ဘေးကွဲ တရုတ်ဂါဝန် အသစ်ကလေးမှာ သူကခန္ဓာကိုယ်နှင့် လိုက်ဖက် လှသည်။
    "မောင့်ကို စောင့်ခိုင်းထားရသလို ဖြစ်နေပြီနော်" ဟု သူက ပြောသည်။

    "စူဇီ... မင်းသိပ်လှတာပဲကွယ်၊ မောင်တော့ ဂုဏ်ယူလို့မဆုံးတော့ဘူး၊ မောင်တို့ နှစ်ယောက်ဟာ အရေးကြီးတဲ့ စုံတွဲဖြစ်ချင်လိုက်တာ၊ ဒါမှ လူတွေကလည်း ကြိတ်ကြိတ် တိုးဝိုင်းကြည့်၊ သတင်းရုပ်ရှင်ကားတွေလည်း ရိုက်လို့"
    "မကြိုက်ဘူး၊ တခြားဘယ်သူတွေ ရှိနေတာကိုမှ ကျွန်မ မကြိုက်ဘူး"
    "တစ်ကမ္ဘာလုံးက မင်းကို မြင်စေချင်တယ်၊ မင်းဘယ်လောက် လှတယ်ဆိုတာ လူတိုင်း မြင်စေချင်တယ်၊ ယောက်ျား တွေအားလုံးက မင်းကို လိုစေချင်တယ်၊ ပြီးတော့မှ မင်းကို မောင် ပိုင်တဲ့အတွက် သူတို့ မရနိုင် တော့ဘူး ဆိုတာကိုလည်း သိစေချယ်တယ်"
    သူ့အတွက် သစ်ခွပန်းသုံးပွင့် ကျွန်တော် ၀ယ်ခဲ့သည်။ ထိုပန်းသုံးပွင့်ကို သူ့အင်္ကျီပေါ်မှာ ထိုးပေးလိုက်သည်။ အလှက ပို၍ပင် ၀င့်ကြွားလာသယောင် ထလိုက်ရသည်။ အပြင်ထွက်လာပြီး ဆိုက်ကားစီးကာ ကောင်စစ်ဝန်ရုံးသို့ လာကြသည်။

    သူ့ကိုယ်မှ ရေမွှေးနဲ့သည် ကျွန်တော့်နှာခေါင်းမှာ ယဉ်ပါးနေပြီ ဖြစ်သော သူ့ဆံပင်နံ့ကလေးနှင့် ရောပြီး လွင့်ပါးလာသည်။ သူ့လက်တစ်ဖက်ကို ကျွန်တော် ဆုပ်ထားသည်။ သူ့စိတ်ထဲမှာ လှုပ်ရှားနေကြောင်း၊ လက်ကို ကိုင်ကြည့်ခြင်းအားဖြင့် သိသာပါသည်။ စိတ်လှုပ်ရှားနေလွန်းသောကြောင့် သူ စကားတစ်ခွန်းမှ မပြော နိုင်တော့ပါ။

    ကောင်စစ်ဝန်ရုံးထဲသို့ ကျွန်တော်တို့ ၀င်ခဲ့ကြသည်။ ထိုသို့ ၀င်လိုက်သည်နှင့် တစ်ပြိုင်တည်း သူ့အမူအရာ ချက်ချင်း ပြောင်းလဲသွားပြန်သည်။ ရင်ကိုကော့၊ ခေါင်းကို မော့ထားသည်။ မျက်နှာ အမူအရာက အလွန်တရာငြိမ်နေပြန်သည်။ ဘယ်လိုမှ နားမလည် နိုင်တော့။ အကဲဖမ်း၍ မရနိုင်တော့။ သူ့ကို ယခု ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်မည်ဆိုလျှင် သူ့စိတ်ထဲမှာ ဘာတွေ ခံစားနေရသည်ကို မည်သည့်နည်းနှင့်မျှ ကျွန်တော် ခန့်မှန်းနိုင်မည် မဟုတ်ပါ။

    ကျွန်တော်တို့ နှစ်ယောက်ကို မြင်တော့ ကောင်စစ်ဝန်ကြီး အတော်ဝမ်းသာသွားသည်။ ကျွန်တော်တို့ ပြန်လာတော့မည် မဟုတ်ဟု သူ ထင်သည်။ ထင်သည့်အတိုင်း ပြန်မလာလျှင် အရေးကြီးသည့် လူမှု့ရေး လုပ်ငန်းကြီး တစ်ခုကို သူ ဆောင်ရွက်ပေးခွင့်မရတော့ဘဲ လက်လွတ်ဆုံးရှူံးရတော့မည်ဟု ထင်နေသည်။ ယနေ့ မွန်းလွှဲပိုင်းတွင် ဟောင်ကောင်ဘုရင်ခံ မကာအိုသို့ လာဖို့ ရှိသည်။ ဘုရင်ခံရောက်လာလျှင် မည်သည့် နည်းနှင့်မျှ သူ အချိန်မပေးနိုင်တော့။

    "ကောင်းတယ်၊ အားလုံးအဆင်သင့်ဖြစ်ပြီ မဟုတ်လား"
    ထိုင်နေရာမှ သူ မတ်တပ်ထရပ်သည်။ ထိုင်လျက်နှင့် လက်ထပ်ပေးရခြင်းသည် မလေးမစားပြုမူရာ ရောက်သည်ဟု သူ တွေးထင်ပုံရသည်။ သူ့နဖူးသည် ချွေးများနှင့် ပြောင်ချောနေသည်။ ရှပ်အင်္ကျီမှာလည်း ချွေးတွေရွှဲနေသည်။

    သူနှင့် မျက်နှာချင်းဆိုင်မှာ ကျွန်တော်တို့နှစ်ယောက် ရပ်ကြသည်။ မျက်နှာကျက်မှ ပန်ကာက တကျည်ကျည် မြည်နေပြီး ပြုတ်ကျလာတော့မလားဟု ထင်ရသည်။
    ကျွန်တော်တို့ နောက်မှာ သက်သေနှစ်ယောက် ရပ်နေကြသည်။ တစ်ယောက်က မစ္စရူဂရော်နီ။ နက်မှောင် သည့် ဆံပင်တွေက သူ့ပခုံးပေါ်မှာ ၀ဲကျနေသည်။ လည်ပင်းမှာ ရွှေလက်ဝါးတိုင်ကလေးကို ဆွဲထား သည်။ အင်္ဂလိပ်တရုတ်ကပြား မျက်နှာဖြူဖြူကလေးက ချောမောလှပသည်။

    နောက်တစ်ယောက်က တက်ရို့စ်။ ဆင်းရဲမွဲတေပြီး လမ်းပေါ်မှာ လေလွင့်နေသော အင်္ဂလိပ်လူမျိုးတစ်ယောက် ဖြစ်သည်။ လမ်းပေါ်မှာ ကျွန်တော်တို့နှင့်တွေ့တိုင်း သူ့ဘ၀ အကြောင်းကံ နည်းလှသည့်အကြောင်းကို မမောနိုင် မပန်းနိုင် ပြောပြလေ့ရှိသည်။ ကျွန်တော်တို့ လက်ထပ်ရာတွင် သက်သေ အဖြစ် လိုက်ပေးပါက ဒေါ်လာနှစ်ဆယ်ပေးမည် ဟု ကျွန်တော် ပြောထားသည်။
    ကောင်စစ်ဝန်ကြီးက ထုံးတမ်းစဉ်လာအတိုင်း လက်ထပ်မင်္ဂလာပွဲ အကြောင်း ပြောပြနေသည်။ သူ့မှာ အတွေ့ အကြုံမရှိသဖြင့် မသက်မသာဖြင့် ပြောနေရမှန်း သိသာလှသည်။ သူ လုပ်နေသည်မှာ နေရာမှ ကျပါလေရဲ့ လားဟုလည်း မသေချာသလို ဖြစ်နေသည်။

    ကျွန်တော်တို့က မေးခွန်းများကို ထုံးစံနှင့်အညီ ဖြေကြသည်။
    ကျွန်တော်က ရွှေလက်စွပ်ကလေး တစ်ကွင်းကို စူဇီလက်မှာ စွပ်ပေးလိုက်သည်။ သူ အံ့အား သင့်သွားသည်။ သူနှင့် ကျွန်တော် အချိန်အကြာကြီး အတူနေခဲ့ကြသော်လည်း လက်စွပ် အကြောင်းကို လုံးဝဖွင့်မပြောခဲ့။ ယခု သူ့လက်ကို ဆွဲယူပြီး ကျွန်တော် စွပ်ပေးနေ ကြောင်း သူသိသည်။ သူ့ မျက်ရည် မဆည်နိုင်တော့ပါ။ ၀မ်းသာလွန်းသဖြင့် ကျရသည့် မျက်ရည်များ ကန်ဘောင်ကျိုး ကျသလို ဒလဟော စီးဆင်း လာလေတော့သည်။

    ထို့နောက် ကျွန်တော်တို့ လက်မှတ်ရေးထိုးကြသည်။ စူဇီက မျက်လုံးမှ မျက်ရည်များကို လက်ခုံဖြင့် သုတ်လိုက်ပြီး လက်မှတ်ထိုးသည်။ ဝေါင်းမီလင်းဟူသော အမည်ကို တရုတ်ဘာသာဖြင့် ရေးသည်။ နောက်ဆုံး စူဇီဝေါင်းအမည်ကို အင်္ဂလိပ်လို ရေး သည်။
    "အင်း... သတို့သမီးက အရမ်း စိတ်လှုပ်ရှားနေတာကိုး" ဟု ကောင်စစ်ဝန်ကြီးက ပြောသည်။ သူ့လုပ်ငန်းအောင်မြင်သွားပြီ ဖြစ်သောကြောင့် ပြုံးနိုင်ရယ်နိုင်လည်း ရှိလာ သည်။
    "ဟုတ်တာပေါ့လေ၊ ဒီအချိန်မှာ မိန်းကလေးတိုင်း စိတ်လှုပ်ရှားကြတာပဲ၊ ကြည့်ပါလား၊ သူ့နာမည်က (Z)စာလုံးကို တောင် ပြောင်းပြန်ရေးမိနေပြီ" ဟု ဆက်ပြော သည်။
    "ဒါဟာ သူ့ရဲ့ ကိုယ်ပိုင်အမှတ်တံဆိပ်ပါခင်ဗျာ၊ (Z) စာလုံးကို သူ အတည်ရေးတဲ့နေ့မှာ သူ့ကို ကျွန်တော် ကွာရှင်းပစ်မှာပါပဲ"ဟု ကျွန်တော်က ၀င်ပြောရ သည်။
    "ကဲ... မင်းတို့ကို ခပ်မြန်မြန် နှင်ထုတ်ရမလို ဖြစ်နေပြီ၊ ကျုပ်မှာက အလုပ်ရှိနေပြန်ပြီ မဟုတ်လား၊ ဒါပေမဲ့ မင်းတို့ ကံကောင်းကြဖို့ အတွက်တော့ ကျုပ် ဆုတောင်းရမယ်"
    အံဆွဲကို ဖွင့်ပြီး ပေါ်တူဂီ ၀ိုင်အရက်တစ်ပုလင်း ဆွဲထုတ်လိုက်သည်။ သူ၏ အလိုက် သိတတ်မှု၊ ဧည့်ဝတ်ကျေပွန်မှု၊ ကြင်နာသနားတတ်မှုကြောင့် ကျွန်တော် နေမထိ ထိုင်မသာ ဖြစ်သွားသည်။ စိတ်ထဲမှာလည်း ကျေးဇူးတင်မဆုံး ဖြစ်သွားမိသည်။

    ပုလင်းဖုံးကို သူ ဖွင့်လိုက်သည်။ မစ္စရူဂရော်နီ ယူလာပေးသည့် ဖန်ခွက်များထဲသို့ ငှဲ့ထည့်ပေးသည်။ ကျွန်တော်တို့ အားလုံး ခွက်မြှောက်ချိန်တွင် သူက ဆုတောင်းစကား ပြောသည်။
    "မင်းတို့နှစ်ယောက် အင်မတန် ပျော်ရွှင်ချမ်းမြေ့နိုင်ကြပါစေလို့ လှိုက်လှိုက်လှဲလှဲ ဆုတောင်းပါတယ်၊ မင်းတို့နှစ်ယောက်ဟာ အင်မတန်ကို ရှေ့သွားနောက်လိုက် ညီပါပေတယ်၊ ဒီစကားကို အခုမှ ကျုပ်ပြောတာ မဟုတ်ပါဘူး၊ တကယ်ပြောတာပါ၊ မင်းတို့ နှစ်ယောက်ဟာ အင်မတန် ရှေ့သွားနောက်လိုက် ညီပေတာပဲ"
    ထိုစကားကို သူ လှိုက်လှိုက်လှဲလှဲ ပြောသည်။ ထပ်ခါတလဲလဲ ပြောသည်။

    "ကျုပ် အမှန်အတိုင်း ပြောတာပါ၊ မင်းတို့နှစ်ယောက် ကျုပ်နဲ့ ပထမဆုံး အခေါက လာတွေ့ပြီးတဲ့နောက် မစ္စရူဂရော်နီကို ကျုပ် ပြောပြဖူးတယ်၊ ကျုပ် ဘာပြောတယ်ဆိုတာ မစ္စရူဂရော်နီက မောင်တို့ကို ပြောပြ ပါလိမ့်မယ်၊ ကဲ... မစ္စရူဂရော်နီ၊ သူတို့နှစ်ယောက်နဲ့ ပတ်သက်ပြီး မင်းကို ကျုပ် ဘာပြောဖူးသလဲ"
    "ဟုတ်ကဲ့၊ သူတို့နှစ်ယောက် နေနဲ့လ ရွှေနဲ့မြလိုပဲ အင်မတန် ရှေ့သွားနောက်လိုက် ညီပါပေတယ်လို့ ပြောပါတယ်ရှင်"
    မစ္စရူဂရော်နီက ခပ်ဝဲ၀ဲကလေး ပြောသည်။

    "အမှန်ပဲ... အမှန်ပဲ၊ မင်းတို့နှစ်ယောက်ဟာ နတ်ဖက်တဲ့အတွဲပဲ၊ မင်းတို့ကို ပထမဆု့း အခေါက် စမြင်လိုက် ကတည်းက ကျုပ်သိတယ်၊ ကဲ... မင်းတို့အတွက် ထပ်ပြီး ဆုတောင်းကြဦးစို့"
    စူဇီသည် သူ့လက်မှ လက်စွပ်ကို မသိမသာ ခိုးကြည့်နေသည်။ မစ္စရူဂရော်နီက စူဇီကို အားကျနေပုံရသည်။ တက်ရို့စ်က အကွက်ချောင်းသလို ကောင်စစ်ဝန်ကြီးကို ကြည့် နေသည်။ အကွက်ပေါ်သည်နှင့် တစ်ပြိုင်တည်း သူဘယ်လောက် ကံဆိုးကြောင်း၊ ဘယ် လောက် ဒုက္ခရောက်နေကြောင်းများကို စက်သေနတ်ပစ်သလို မရပ်မနား ပြောဆိုလေတော့သည်။

    "အဘိုးကြီး၊ ခင်ဗျားဟာတွေ ထားလိုက်စမ်း၊ ကျုပ်ကို ဒါတွေလာပြောပြနေလို့ လည်း အပိုပဲ၊ ကဲ... လင်မယားအသစ်ကျပ်ချွတ်ကလေး၊ ကျန်တဲ့ထက်ဝက် ကုန်အောင် ရှင်းလိုက်ကြဦးစို့"
    ကျွန်တော်တို့၏ ဖန်ခွက်များထဲသို့ ပုလင်းလက်ကျန်  ၀ိုင်အရက်များကို အကုန်သွန် ထည့်ပေးသည်။ ကျွန်တော်က အကုန်သောက်လိုက်သည်။ သို့သော်လည်း အရက်မကြိုက်တတ်သည့် စူဇီအဖို့ ခက်နေ သည်။ ထို့ကြောင့် ပြောင်သွားသော ကျွန်တော့် ခွက်နှင့် သူ့ခွက်ကို လဲလိုက်သည်။

    ကောင်စစ်ဝန်ကြီးက ရုံးပေါက်ဝရောက်အောင် ကျွန်တော်တို့ နှစ်ယောက်ကို ပျူပျူ ငှာငှာ လိုက်ပို့ပေးသည်။
    "ကျုပ်လက်ထပ်ပေးလိုက်တာ အမှားအယွင်းမပါဘူးလို့ ထင်ရတာပဲ၊ ဒီအလုပ်မျိုး မလုပ်ဖူးတော့ စိတ်ထဲမှာ မနေတတ် မထိုင်တတ်သလို ဖြစ်နေတယ်၊ တကယ်လို့ ကျုပ်လုပ်တဲ့အထဲမှာ တစ်ခုခု အမှား အယွင်း ပါသွားရင်တော့ မောင်တို့ လက်ထပ်တာဟာ အထမမြောက်ဘူးလို့ ဆိုရတော့မှာပဲ"
    တက်ရို့စ်က ကျွန်တော်တို့ ထွက်သွားပြီးသည့်နောက်တွင် သူ့ကို အမိဖမ်းရန် အကွက်ချောင်းနေဆဲပင် ဖြစ်သည်။ မစ္စရူဂရော်နီက တစ်စုံတစ်ရာကို ရုတ်တရက် သတိရလိုက်သည့်အလား သူ့စားပွဲရှိရာသို့ ပြေးသည်။ ပြီးတော့ ချက်ချင်း ပြန်လာသည်။

    "ဒီဟာလေးဟာ ဘယ်လောက်မှ အဖိုးမတန်ပါဘူးရှင်၊ အဖိုးမတန်ရုံမကဘူး၊ အသစ်လည်း မဟုတ်ပါဘူး၊ သုံးပြီးသားပါ၊ ဒါပေမဲ့လောလောဆယ် ကျွန်မမှာ လက်ဖွဲ့ စရာဆိုလို့ ဒါပဲရှိပါတယ်၊ ကျွန်မရဲ့ လက်ဖွဲ့ ပစ္စည်းအဖြစ်နဲ့ လက်ခံပါနော်၊ နောက်တော့မှ လွှင့်ပစ်ချင်လည်း လွှင့်ပစ်ပါ"ဟု ပြောရင်း ရွှေရောင် ပေါင်ဒါဘူးလေးကို စူဇီ၏ လက်ထဲသို့ ထိုးထည့်ပေးသည်။
    ကောင်စစ်ဝန်ရုံး၏ အပြင်ဘက်သို့ ကျွန်တော်တို့ ရောက်လာကြပြီ။ တက်ရို့စ်က ပါးစပ်မှ မြည်တွန်တောက်တီးနေသည်။ ကောင်စစ်ဝန်ကြီးက သူ့ကို စော်ကားမော်ကား လုပ်သည်ဆိုကာ ၀မ်းနည်း ပက်လက် ဖြစ်နေသည်။

    "ဒီကောင်ကြီးဟာ ကောင်စစ်ဝန် ဖြစ်နေလို့သာပေါ့၊ ကောင်စစ်ဝန်သာ မဟုတ်ရင် ကျုပ်ဖိနပ်ကို လျှာနဲ့ ကုန်းလျက်လောက်အောင်တောင် တန်ဖိုးရှိမှာမဟုတ်ဘူး" ဟု ပြော နေသည်။
    ကျွန်တော်က သူ့လက်ထဲသို့ နှစ်ဆယ့်ငါးဒေါ်လာ ထည့်ပေးလိုက်သည်။ မူလသဘော တူညီထားသည်ထက် ငါးဒေါ်လာ ပိုပေးလိုက်ခြင်း ဖြစ်သည်။ သို့သော်လည်း သူ သတိထားမိပုံမရပါ။
    "ခင်ဗျား ကူညီတာ ကျေးဇူးတင်ပါတယ်ဗျာ" ဟု ကျွန်တော်က ပြောပြီး အသင့်စောင့်နေသော ဆိုက်ကားပေါ်တက်ကာ စူဇီဘေးမှာ ထိုင်သည်။ ဆိက်ကားသမားကခြေနင်းပေါ်မှာ တစ်ကိုယ်လုံး အလေးချိန်ရအောင် မတ်တပ်ရင်း နင်းပြီး ထွက်လာခဲ့သည်။ နောက်ပြန်ကြည့်တော့ အနားမှာ ကျွန်တော်တို့ `၇ှိနေသေးသည် အထင်ဖြင့် စကားပြောနေဆဲဖြစ်သော တက်ရို့စ်ကို မြင်ရသည်။
    ဘီကိုဒါ ဖယ်လီစီဒါဒီ ဟိုတယ်သို့သွားကာ နေ့လည်စာ မှာလိုက်သည်။ ထိုဟိုတယ်ရှိ လမ်းကို ရွှင်ပျော်ပျော် လမ်းဟု အမည်ပေးထားသည်။

    ထိုဟိုတယ်သည် ခိုကြော်ကောင်းကြောင်း နာမည်ကြီးသည်။ ပေါ်တူဂီ ၀ိုင် အကောင်းစားကိုလည်း ဈေးပေါပေါနှင့် ရနိုင်သည်။ လှေကားကျဉ်းကျဉ်းကလေးအတိုင်း ကျွန်တော်တို့ တက်လာကြပြီး အခန်းတစ်ခုထဲမှာ နေရာယူသည်။ အခန်းပတ်လည်တွင် မှန်အချပ်ပေါင်းများစွာ ချိတ်ဆွဲထားသည်။ မှန်များ အားလုံးမှာ အရုပ်များ၊ စာများ ရေးထား သည်။ မှန်များကို ထိုသို့ ချိတ်ဆွဲထားခြင်းအားဖြင့် လာဘ်ကောင်း ကြောင်း တရုတ်လူမျိုးများ အယူအစွဲရှိကြသည်။

    စားပွဲထိုးတစ်ယောက်က ရေနွေးနှင့်ပေါင်းထားသော မျက်နှာသုတ်ပ၀ါများကို ဗန်းပေါ်မှာတင်ပြီး ယူလာသည်။ ပိုးသတ်ဆေးအနံ့က တထောင်းထောင်းထွက်နေသည်။ မျက်နှာသုတ်ပ၀ါကို တူနှင့်ညှပ်ပြီး ကျွန်တော်တို့ကို တစ်ထည်စီပေးသည်။ လက်နှင့် မျက်နှာများကို သုတ်ကြသည်။ ပန်းကန်ထမြှာ ရေနွေးကြမ်း ထည့်ပေးပြီး မျက်နှာသုတ်ပ၀ါများကို ပြန်ယူသွားသည်။
    ပန်းကန်ပြားကလေးထဲမှ ကွာစေ့လှော်များကို နှိုက်စားရင်း အစားအသောက်များကို ကျွန်တော်တို့ စောင့်နေကြသည်။ ပတ်လည်က မှန်များထဲမှာ စူဇီ၏ အရိပ်များ ပေါ်နေသည်။ စားပွဲပေါ်မှာ သူ့လက်ကလေး ကို ဟန်မပျက် တင်ထားရင်း လက်စွပ်ကို မကြာခဏ လှမ်းကြည့်နေသည်။

    "ပတ်လည်က မောင့်မယားတွေကို ကြည့်လိုက်စမ်းပါဦး၊ ဒီမနက်ပိုင်းမှာ ပင်ပင်ပန်း ပန်း ဘာတစ်ခုမှ မလုပ်ခဲ့ပရသလိုဘဲ" ဟု ကျွန်တော်က ပြောရင်း မှန်များထဲမှာ ပေါ်နေသည့် သူ့ အရိပ်များကို မေးငေါ့ ပြသည်။
    "မောင့်မယားတွေ အကုန်လုံးကို လက်စွပ်တွေ အစေ့အင ပေးတာပဲလားဟင်" ဟု စူဇီက ပြန်မေးသည်။
    "အိုး... ဟုတ်တာပေါ့၊ မောင့်မယားတွေကို တန်းတူပဲ မောင်ထားတယ်၊ ဘယ်သူမှ မလျော့ရဘူး"
    "သူတို့အားလုံးအတွက် လက်စွပ်တွေ အများကြီးဝယ်ရတော့ ပိုက်ဆံတွေ အများကြီး ကုန်မှာပေါ့"

    "မှန်တွေ အများကြီး ချိတ်ထားတဲ့ဆိုင်ထဲမှာ မောင်သွားဝယ်တာ၊ ပိုက်ဆံတွေကလည်း မှန်တွေထဲမှာ အများကြီး ဖြစ်သွားတာပေါ့"
    "တစ်ခုပြောရဦးမယ် မောင်ရယ်၊ ကျွန်မတိ့ တကယ်လက်ထပ်လိုက်ကြပြီဆိုတာ မယုံနိုင်သလို ဖြစ်နေတယ်"
    "မောင်သိပါတယ်၊ တစ်မျိုးတော့လည်း ရယ်စရာပေါ့၊ စိတ်ထဲမှာ တစ်မျိုး ဖြစ်နေတတ်တယ်၊ လူတိုင်း ဒီလိုခံစားကြရတာပဲ"
    "မောင်ဟာ တကယ်ပဲ ကျွန်မရဲ့ ယောက်ျား ဖြစ်သွားပြီလားဟင်"
    "ဟုတ်တယ်လေ၊ မောင့်ဆီမှာ လကထပ်စာချုပ် ရှိနေပြီပဲ၊ သက်သေခံ အထောက်အထားကို မောင်ပြ နိုင်နေပြီ"

    "မောင်က ပြောပြရင်တော့ ကျွန်မ ယုံမှာပါပဲ၊ စူဇီ... မောင်ဟာ မင်းရဲ့ တရားဝင် ယောက်ျားပဲလို့ ကျွန်မကို မောင်ကိုယ်တိုင် ပြောပြစမ်းပါကွယ်"
    "စူဇီ.. မောင်ဟာ မင်းရဲ့ တရားဝင်ယောက်ျား ဖြစ်သွားပြီလေ၊ မင်းဟာလည်း မောင် အင်မတန်ချစ်တဲ့ မောင်ရဲ့ ဇနီးချောကလေး၊ မယားအလှကလေးပေါ့၊ အဲဒီဂါဝန်ကလေး မင်းဝတ်ထားတာ မောင် သိပ်သဘော ကျတာပဲ၊ မောင့်စိတ်ထဲမှာ စိတ်ကူးတစ်မျိုး ပေါ်လာတယ်၊ မောင်တို့နှစ်ယောက် အခု တရားဝင် လက်ထပ်ပြီးကြပြီ ဆိုတော့ မရေမရာတွေလည်း စိတ်ကူးနေဖို့ မလိုတော့ဘူးပေါ့"
    "အဲ... အခုချိန်ကစပြီး ကျွန်မနဲ့ အတူတူ မအိပ်ချင်ဘူးဆိုရင်လည်း မအိပ်ပါနဲ့၊ ကျွန်မကတော့ အ၀တ်လျှော်၊ ထမင်းချက်နဲ့ အိမ်မှုကိစ္စတွေပဲ လုပ်ပါ့မယ်၊ အဲဟို မိန်းမတွနဲ့ မောင် အတူတူ သွားအိပ်ပါနော်"

    "အောင်မယ်လေး... ဒါလောက် မိန်းမတွေ အများကြီးနဲ့ ဘယ်ဖြစ်ပါ့မလဲကွယ်"
    "ဘယ်မိန်းမကို မောင် အကြိုက်ဆုံးလဲ၊ အဲဟို မှန်အ၀ိုင်းထဲက မိန်းမကို ကြိုက်သလား"
    "မကြိုက်ဘူး၊ သူက ကိုင်လို့တွယ်လို့ ရတာမဟုတ်ဘူး၊ ဟောဒီ စားပွဲမှာ ထိုင်နေတဲ့ မယားကိုပဲ မောင် အကြိုက်ဆုံး၊ သူနဲ့ပဲ နေတော့မယ်"
    ထိုနေ့ညနေက ကေးထံမှ ကြေးနန်းရောက်လာသည်။ ခုတင်နေရာရရေးနှင့် ပတ်သက်ပြီး လွန်ခဲ့ည့် သုံးရက်က ကျွန်တော် ကြေးနန်းရိုက် စုံစမ်းသည်ကို အကြောင်း ပြန်ခြင်းဖြစ်သည်။ တစ်ပတ်အတွင်း နေရာအားနိုင်သည်ဟု ဆိုသည်။ ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ကို သူ မေ့မသွားသေးကြောင်း သိရသဖြင့် စိတ်အေးသွားရပါသည်။ နောကထပ် တစ်ပတ်လောက် ဆက်ပြီး အေးအေးဆေးဆေး နေနိုင်ကြဦးမည် ဖြစ်သဖြင့် လည်း စိတ်ချမ်းသာသွားပါသည်။ ဆေးရုံသို့ ချက်ချင်း တန်းမတက်ရဘဲ စိတ်အေး ချမ်းသာ အနား ယူနိုင်မည်။ စူဇီ၏ အခြေအနေသည် ချက်ချင်းလက်ငင်း ဆေးရုံပြန်တက်ရန် လိုအပ်သည့် အခြေအနေ လည်း မဟုတ်ပါ။

    ဘာပဲဖြစ်ဖြစ် သူ့ကို ကောင်းကောင်း နားခိုင်းသည်။ ညဘက်တွင် စောစော အိပ်ရာ ၀င်သည်။ လက်ရွေးစင်စာအုပ် တော်တော်များများ ကျွန်တော် ယူလာခဲ့သည်။ သို့သော်လည်း လက်မထပ်မီတုန်းက စူဇီ၏ စိတ်တွေ မတည်ငြိမ်သောကြောင့် စာမဖတ်နိုင်ခဲ့ပါ။ ယခုတော့ သူ့စိတ်များလည်း တည်ငြိမ်လာပြီမို့ ကျွန်တော်တို့ စာကောင်းကောင်း ဖတ်နိုင်ကြသည်။
    ကျွန်တော် ဖတ်ပြသည်များကိုလည်း အလွန်စိတ်ဝင်စားစွာ သူ နားထောင်သည်။ ပြီးတော့ စာအုပ်အကြောင်း ဆွေးနွေးကြသည်။ စာအုပ်ပါ အကြောင်းအရာနှင့် ပတ်သက်ပြီး အမြင်ချင်း ဖလှယ်ကြသည်။ လူတို့၏ ကျင့်ဝတ်တရားများနှင့် ပတ်သက်ပြီး ကျွန်တော်တို့ အများကြီး ဆွေးနွေး ဖြစ်ကြသည်။

    ဘက်တီလောင်းနှင့် သူ ရန်ဖြစ်သည့် အကြောင်းကိုလည်း ကျွန်တော်တို့ ပြန်ဆွေး နွေးကြသည်။ ဘက်တီကို ကတ်ကြေးနှင့် သူ ထိုးသောကြောင့် ထောင်ကျခဲ့သော်လည်း သူ နောင်တမရသည်ကို တွေ့ရသည်။ ထိုသို့ ပြုလုပ်ခြင်းသည် မှားယွင်းကြောင်း သူ လက်မခံနိုင်အောင် ဖြစ်နေသည်။
    "ဒီထက်ပိုနာအောင် ထိုးပစ်သင့်တယ်လို့ အခုအထိ ကျွန်မ ယုံကြည်နေတုန်းပဲ၊ ဘာကြောင့်လဲဆိုတော့ သူ ခံကို ခံသင့်တယ်၊ ထိုက်ထိုက်တန်တန် ခံရတာပဲ" ဟု ပြော သည်။
    "အခုအထိ မင်း သဘောမပေါက်နိုင်သေးပါလား စူဇီရယ်"

    "ဘယ်လိုပဲဖြစ်ဖြစ်လေ၊ သူဟာ မောင်နဲ့အတူ အိပ်ခဲ့ဖူးတယ်၊ မောင်နဲ့ ဆက်ဆံတဲ့ မိန်းကလေးတိုင်းအပေါ်မှာ ကျွန်မ သ၀န်တိုတယ်"
    "မင်းနဲ့ ဆက်ဆံတဲ့ ယောက်ျားတွေအပေါ်မှာ မောင်က အဲဒီလို သ၀န်မတိုမိတာ ခပ်ကောင်းကောင်းပဲ ဖြစ်နေသေးတော့တယ်"
    "မောင်ဟာ အခုထက်ထိ အချစ်အကြောင်းကို သဘောမပေါက်သေးဘူး၊ နားမလည်သေးဘူး၊ ယောက်ျားတွေနဲ့ ကျွန်မ ဆက်ဆံတာက ဒါနဲ့ မတူဘူးလေ"
    ထိုအကြောင်း စကားစပ်မိတိုင်း အနည်းဆုံး နှစ်နာရီလောက်ကြာအောင် စကားကြော ရှည်တတ်ကြစမြဲ ဖြစ်သည်။ အမြင်ချင်း ကွဲလွဲနေစမြဲဖြစ်သည်။

    လက်ထပ်ပြီးသည့် နောက်ပိုင်းတွင် ကျွန်တော် ပန်းချီလည်းကောင်းကောင်း ဆွဲနိုင်လာသည်။ ကျွန်တော်တို့ အခန်းသည် အလင်းရောင် လုံလုံလောက်လောက် ရသည့် အခန်းတော့မဟုတ်ပါ။ နမ်ကောက်မှာ ကျန်ရစ်ခဲ့သည့် ကျွန်တော့်အခန်းမှ လသာဆောင် ကလေးကို လွမ်းမိပါသည်။
    သို့သော်လည်း စိတ်လက်ကြည်လင်ချမ်းမြေ့နေသောကြောင့် အခန်းနေရာ ကောင်း မကောင်းသည် အကြောင်း မဟုတ်တော့ပါ။ ဒါတွေကို ဂရုစိုက်မနေတော့ပါ။
    မကာအိုဟိုတယ်ရှိ အိပ်ခန်းကလေးထဲမှ ကျွန်တော် ဆွဲခဲ့သော စူဇီ၏ ပုံတူပန်းချီ ကားသည် ကျွန်တော် ရေးဆွဲခဲ့ဖူးသမျှသော ကားများ အားလုံးအနက် အကောင်းဆုံးကား ဖြစ်သည်ဟု ကျွန်တော် ယခုတိုင် ယုံကြည်နေပါသည်။

    ထိုကားကို ကျွန်တော်တို့ လက်ထပ်ပြီး သုံးရက်မြောက်နေ့ မွန်းလွဲပိုင်းမှာ စတင်ရေးဆွဲခြင်း ဖြစ်သည်။
    တွန့်ကြေနေသော အိပ်ရာပေါ်မှာ သူ လဲလျောင်းနေသည်။ သူလဲလျောင်းနေပုံကိုလည်း အရိုးအသားတွေ ကျိုးကြေနေသလိုရှိသည်။ အမြင့်ကြီးမှ ကျလာသလို ရှိသည်။ လှုပ်ရှားလိုစိတ်လည်း ရှိပုံမပေါ်ပါ။ သူ့တစ်ကိုယ်လုံး အရိုးအသားတွေ ကျိုးကြေသွားသည့်အတွက်လည်း ကျေနပ် နှစ်သက်နေပုံမျိုး ဖြစ်သည်။ ရင်သားများသည် သားသည်အမေ၏ ရင်သားများကဲ့သို့ မိခင်နို့ရည်ဖြည့် ပြည့်တင်းကာ မိန်းမပီသသော ခံစားမှုအရိပ်အရောင်များကလည်း ဖြာထွက်နေသည်ဟု ထင်မှတ်ရသည်။

    ကျွန်တော် ဆွဲချင်သည့် အနေအထားကလည်း သည်အတိုင်းပင် ဖြစ်ပါသည်။ သို့သော်လည်း သူ့ကို ကျွန်တော် ကြည့်နေဆဲမှာပင် အမူအရာ ပြောင်းသွားသည်ကို သတိ ထားလိုက်မိသည်။
    ကျွန်တော် အကျေနပ်ကြီး ကျေနပ်သွားပါသည်။ ကျွန်တော် ရေးဆွဲဖို့ ရည်စူးထား သည့် ပုံဟန်ပျက်သွားသည်မှာ မှန်ပါသည်။ ယခုပေါ်လာသည့် အမူအရာက သူ့အပေါ်တွင် ကျွန်တော်က အနိုင်ရလိုက်သလို၊ အနိုင်ရလိုက်သော ကျွန်တော့်ကို သူက အာခံကြည့် ကလေးဖြင့် ပြန်ကြည့်နေသလို၊ အာခံကြည့်ကလေးဖြင့် ကြည့်နေရုံသာမက "ကောင်းပြီလေ၊ ကျွန်မကို ရှင် အနိုင်ရသွားတာ မှန်ပါတယ်၊ ဒါပေမဲ့ ကျွန်မက ရှင်နိုင်တာကို ခံချင်လို့ ဒီဘ၀ရောက်သွားတာပါ၊ ပြီးတော့ တစ်မိနစ်လောက် ကျွန်မရဲ့ ကျိုးကြေသွားတဲ့ အရိုးအသားတွေကို ဆက်ပြီး ထိန်းထားနိုင်မယ်ဆိုရင် ကျွန်မ လွတ်လပ် သွားပြီ"ဟုလည်း နှုတ်ဖျားမှ စကားလုံးများ ထွက်လာသလို ထင်မှတ်ရသည်။

    ထိုပုံကိုပင် ကျွန်တော် စိတ်ရှိလက်ရှိ ရေးဆွဲပစ်လိုက်မိတော့သည်။
    လောင်းကစားဝိုင်းတွေမှာလည်း ကျွန်တော်တို့ အချိန်သွားဖြုန်းကြသည်။ ကစားဝိုင်းထဲမှာ မထိုင်ချင်လျှင် ကားစီနိုစားပွဲကြီးကို စီးမြင်နေရသည့် အပေါ် ဆောင်များမှာ ထိုင်နိုင်သည်။ ကိုယ်ထိုးလိုသည့် ဂဏန်းပေါ်သို့ ပိုက်ဆံကို ကြိုးချည်ထား သော ခြင်းကလေးများနှင့် ချပေးလိုက်ရုံသာ ဖြစ်သည်။

    တစ်ခါတရံကျတော့ ဘီကိုဒါဖယ်လီစီဒါဒီဟိုတယ်က ကစားဝိုင်းတွေမှာ သွားကစား သည်။ ထိုကစားဝိုင်းများက ဘ၀နှင့် ပိုနီးစပ်သည်ဟု ထင်သည်။ ဆင်းရဲသားတွေ၊ ကူလီတွေ၊ ဖိနပ်မှ မစီးနိုင်သူတွေကို တွေ့ရသည်။ ဘိန်းခိုးနံ့တွေကလည်း မွှန်ထူနေ တတ်သည်။ သူတို့ကြားထဲ တိုးဝင်ပြီး ပျော်ပျော် ပါးပါး ကစားကြသည်။

    ကျွန်တော်သည် အလောင်းကစားကိစ္စတွင် ကံမလိုက်ပါ။ အမြဲလိုလို ရှုံးလေ့ရှိသည်။ စူဇီကတော့ သည်လိုမဟုတ်။ စနစ်တကျ ကစားသည်။ ထို့ကြောင့်လည်း အမြဲတမ်းလိုလို သူနိုင်သည်။ သို့သော် ဆေးလိပ်ခိုးတွေ၊ ဘီယာနံ့တွေကို သူ မခံနိုင်ပါ။ ထိုအနံ့မျိုးရလျှင် သူ့ကျန်းမာရေးကို ထိခိုက်ချင်သလိုလို ဖြစ်လာသည်။ ထို့ကြောင့် အပြင် ကစားဝိုင်းများကို မသွားစေတော့ဘဲ ရံဖန်ရံခါကျမှသာ ကျွန်တော်တို့ ဟိုတယ်ရှိ ကာစီနိုဝိုင်းသို့ သွားကစားစေသည်။

    ဟောင်ကောင်မှလာသော အင်္ဂလိပ်လူမျိုးများနှင့်လည်း ကာစီနိုဝိုင်းမှာ မကြာခဏ တွေ့ရသည်။ ထိုသို့ တွေ့သည့်အခါတိုင်း စူဇီသည် စကားပြောရမှာ နောက်တွန့်နေတတ်သည်။ သူ့စိတ်တွေ လှုပ်ရှားနေတတ်စမြဲပင် ဖြစ်သည်။ ထို့ကြောင့် -
    "ငါ့မှာ ဘာမှရှက်စရာအကြောင်း မရှိဘူး၊ ငါ ဂုဏ်ယူနေတာပဲ၊ ငါ့မှာလည်း မာနရှိတာပဲ၊ ငါဟာလည်း သူတို့လို လူကောင်းသူကောင်းပဲ၊ ဘာအမှားအယွင်း ရှိတာလိုက် လို့" ဟူသော စိတ်ထားမျိုးမွေးရန် ကျွန်တော် က အားပေးတိုက်တွန်းရပြန်သည်။

    "ဒါပေမဲ့ ကျွန်မရှက်တယ် မောင်ရယ်၊ ကျွန်မစိတ်ထဲက တကယ်ရှက်နေရက်သားနဲ့ မရှက်ပါဘူးလို့ ကိုယ့်ဟာကိုယ် ပြန်ပြောရတာ မကောင်းပါဘး" ဟု သူက ပြန်ပြောသည်။
    "ဒီလိုဆိုရင် မင်း မရှက်ဘူးဆိုတာကို စိတ်ကူးကြည့်၊ မရှက်တဲ့အဖြစ်ကို စိတ်ကူး ကြည့်၊ ငါရှက်ချင်လည်း ရှက်နေလိမ့်မယ်၊ မရှက်ဘဲလည်း နေချင်နေမယ်၊ ဒါပေမဲ့တခြားလူတွေ မရှက်တဲ့အခါမှာ ဘယ်လိုများ နေမလဲလို့ စိတ်ကူးကြည့်" ဟု ကျွန်တော်က ပြောသည်။

    သည်လိုဖြင့်ပင် အချိန်အနည်းငယ် အတောအတွင်း စူဇီမှာ ဂုဏ်ယူဝင့်ကြွား သည့် မာန်မာနထားသည့် အမူအရာကလေးများကို မြင်တွေ့လာရသည်။ ကျွန်တော့်ကိုလည်း "ကျွန်မယောက်ျား"ဆိုသော အခေါ်မျိုး မခေါ်တော့။ လိုအပ်၍ သုံးနှုန်းရမည်ဆိုလျှင်လည်း ယခင်တုန်းကလို အပေါ်ယံကြောသဘောမျိုး မဟုတ်တော့။ ယုံယုံကြည်ကြည် ခေါ်ခြင်း ဖြစ်သည်။
    "ကျွန်မ ယောက်ျားက ပန်းချီဆရာပါ" ဟု တစ်ခါတုန်းက ပြောနေသံကို ကျွန်တော် ကြားလိုက်ဖူးသည်။ အလွန် စပ်စပ်စုစုနိုင်သော အင်္ဂလိပ်မကြီးတစ်ယောက်နှင့် တွေ့ပြီး ထိုမိန်းမကြီးက စပ်စုသောကြောင့် စူဇီက ပြန်ဖြေခြင်းဖြစ်သည်။

    "ဟုတ်လား၊ ဘယ်လောက်ကောင်းသလဲနော်၊ ဒါထက် သူက ဘယ်လိုပန်းချီကား တွေ ဆွဲသလဲ"ဟု မေးပြန်သည်။
    "အခုပဲ ကျွန်မပုံကို ဆွဲနေတယ်" ဟု စူဇီက ပြန်ဖြေသည်။
    "အင်း ဒီအတိုင်း အ၀တ်အစားနဲ့တော့ ဟုတ်မယ်မထင်ဘူး၊ ပန်းချီဆရာတွေ အကြောင်း ကျုပ်သိတယ်၊ ခင်ဗျားရဲ့ ၀တ်လစ်စလစ်ပုံကို ဆွဲတာ မဟုတ်လား" ဟု မိန်းမကြီး၏ ယောက်ျားက ၀င်မေးသည်။
    "ဟုတ်ပါတယ်ရှင်"

    စူဇီပြန်ဖြေလိုက်သော "ဟုတ်ပါတယ်ရှင်"သည် အလွန်တရာ ရိုးသားလှပါသည်။ ပြီးတော့ ဂုဏ်ယူဝင့်ကြွားဟန်လည်း ပါပါသည်။ သူ့မျက်လုံးများသည် အရောင်တောက် နေကြ၏။ ရှက်ရွံ့သော အမူအရာ လုံးဝမရှိ။ ယောက်ျားကြီးကိုလည်း ဣနြေ္ဒရရ ပြန်စိုက် ကြည့်နေသည်။ တကယ်ဆိုတော့ ယောက်ျားကြီးက သူ့ကို ရွှတ်နောက်နောက် လုပ်ချင် သည့်သဘောဖြစ်သည်။ သို့သော် စူဇီ၏ တည်ကြည်သော အမူအရာ၊ လေးနက်သော အမူအရာများကြောင့် ဘာမှဆက်မပြောသာတော့ပေ။

    ထိုအချိန်က သူခံစားနေရသည့် ဂုဏ်ယူဝင့်ကြွားသော စိတ်ဓာတ်ကို ကျွန်တော် အလွန်တရာ သဘောကျမိပါသည်။
    ကျွန်တော်တို့ တရားဝင်လက်ထပ်ပြီးသည့် အချိန်မှစ၍ ဘယ်တုန်းကနှင့်မှ မတူအောင် စူဇီအပေါ်တွင် ကျွန်တော် ယုယကြင်နာမိသည်။ တစ်ပြိုင်တည်းမှာလည်း ပိုင်ဆိုင်လိုစိတ်တွေ ကြီးထွားလာသည်။ ပိုင်ဆိုင်လိုစိတ်တွေ ကြီးထွားလာရာမှ ချုပ်ချယ်မှုတွေ လုပ်ချင်လာသည်။

    မျက်စိအောက်မှလည်း အပျောက်မခံနိုင်တော့ပါ။ ကျွန်တော့်အတွက် စီးကရက်ဝယ်ရန် အပြင်ထွက်သွားပြီး ဆယ်မိနစ်အတွင်း ပြန်ရောက်မလာလျှင် အကြီးအကျယ် စိတ်ပူမိတော့သည်။ တစ်စုံတစ်ရာသော ဘေးအန္တရာယ်နှင့် တွေ့နေပြီလားဟု စိုးရိမ်မိသည်။ အခန်းထဲသို့ သူပြန်ဝင်လာလျှင် နှစ်ပေါင်းများစွာ ခွဲခွာနေရပြီးမှ ပြန်တွေ့ရဘိသည့်အလား၊ သို့တည်းမဟုတ် သေရွာမှ ပြန်လာဘိသည့် အလား ၀မ်းသာအားရ ဖြင့် အော်ဟစ်ပြီး ပြေးဆက်မိသည်။

    သူနှင့် လက်မထပ်မီတုန်းကတော့ လက်ထပ်ပြီး တစ်ချိန်ချိန်တွင် "ငါမှားပြီ"ဟု နောင်တများ ရနေဦးမလားဟု တစ်ခါတရံ အတွေးပေါ်ခဲ့ဖူးသည်။ ယခုလက်တွေ့တွင်တော့ ထိုသို့ မဟုတ်တော့ပါ။ သူနှင့် ပတ်သက်လာလျှင် မနာလိုစိတ်တွေ၊ သ၀န်တိုစိတ်တွေပင် ပေါ်လာလေတော့သည်။
    ကျွန်တောတို့ အထပ်မှ အခန်းစောင့် အာနတ်သည် ယခင်တုန်းက စူဇီနှင့်တွေ့လျှင် ထွေရာလေးပါး စကားပြောသည်။ အခြားယောက်ျား တစ်ယောက်ယောက်နှင့်လည်း ဆွယ်တတ်သည်။ ထိုအဖြစ်သည် ကျွန်တော့်အတွက် ပျော်စရာကလေးတစ်မျိုး ဖြစ်ခဲ့သည်။ ရယ်စရာတစ်မျိုး ဖြစ်ခဲ့သည်။

    ယခုတော့ ကျွန်တော် မပျော်နိုင်တော့ပါ။ မရယ်နိုင်တော့ပါ။ စူဇီနှင့်စကားပြောနေ သည်ကို တွေ့လျှင် ကျွန်တော် ဒေါသပေါက်ကွဲပါတော့သည်။ သူ့ကိုလည်း ပြောင်ပြောင် ပြောပြီး အခန်းထဲမှ ကန်ထုတ်ပစ် လိုက်မိသည်။
    ကာစီနို လောင်းကစားဝိုင်းတွင် စူဇီကို စိုက်ကြည့်နေတတ်သော လူတစ်ယောက်ကို ကျွန်တော် သတိထားမိသည်။ သူကြည့်နေသော အကြည့်သည် ရိုးသားသောအကြည့်မျိုး မဟုတ်ပါ။ လော်မာဖောက်ပြားသော အကြည့်မျိုးဖြင့် ကြည့်နေခြင်း ဖြစ်ကြောင်း ကောင်းကောင်း သိသာပါသည်။ ထိုလူကြောင့်ပင် မကာအိုတွင် ကျွန်တော်တို့ နေခဲ့ကြရသည့် နောက်ဆုံးညကလေး ပျက်စီးသွားခဲ့ရပါတော့သည်။

    ထိုသူကို ကစားဝိုင်းမှာ မကြာခဏ တွေ့ရတတ်သည်။ အမြဲတမ်းအ၀တ်ကောင်း အစားကောင်းများကို ၀တ်သည်။ အမျိုးကောင်း အ၀တအစားများပင် ဖြစ်သော်လည်း အဆင်ကတော့ အလွန်တရာ ကလက် တက်တက်နိုင်သည်။ အင်္ဂလိပ်တရုတ်ကပြားဖြစ် သည်။ လက်ထဲမှာ ရာတန်တွေ တစ်ထပ်ကြီးကိုင်ပြီး ကစား တတ်သည်။ ရှုံးသည် နိုင်သည်ကိုလည်း အရေးစိုက်ပုံမပြ။
    ပုံပန်းသဏ္ဍာန်ကို ကြည့်ခြင်းအားဖြင့် လူရှုပ်လူပွေ တစ်ယောက်ဖြစ်ကြောင်း သိသာ သည်။ ကစားဝိုင်းရှိ သူ့စားပွဲမှာထိုင်ပြီး စူဇီကို အမြဲတမ်း ထိုအကြည့်မျိုးဖြင့် ကြည့်မြဲဖြစ် သည်။ ပိုက်ဆံအရှုံးအနိုင်ကို သူ အရေးမစိုက်သကဲ့သို့ပင် စူဇီ၏ ဘေးမှာ ရှိနေသော ကျွန်တော့်ကိုလည်း အရေးစိုက်ပုံ လုံးဝမပြ။

    "မင်းမိတ်ဆွေ လုပ်နေပုံကို မောင် သည်းမခံနိုင်တော့ဘူး"
    တစ်ချိန်တွင် ကစားဝိုင်းမှ ကျွန်တော်တို့ ပြန်ထွက်လာကြရင်း စူဇီကို ကျွန်တော်က ပြောသည်။ ကျွန်တော်ပြောသည်ကို စူဇီ သဘောပေါက်နားလည်ဟန် မတူပါ။ ထို့ကြောင့် ရှင်းပြရသည်။
    "ဂျာကင်အင်္ကျီ အပြာရောင်ဝတ်ထားတဲ့ အကောင်ပေါ့၊ လူရှုပ်လူပွေ ကောင်လေ၊ မင်းဆီကနေ တစ်ချက် ကလေးတောင် မျက်နှာမလွှဲနိုင်ဘူး၊ မျက်တောင်လုံးဝမခတ်ဘဲ ခေါတောကြည့် ထိုင်ကြည့်နေတယိ"
    "ကျွန်မကိုလား၊ ကျွန်မဖြင့် လုံးလုံးတောင် သတိမထားမိပါဘူး မောင်ရယ်"

    သူ တကယ်ပဲ သတိမထားမိခြင်း ဖြစ်ပါသည်။ ကစားဝိုင်းထဲမှာ သူ အလွန်အမင်း စိတ်ဝင်စားနေသောကြောင့် ဖြစ်ပါသည်။ သို့သော်လည်း နောက်တစ်နေ့ညမှာ ပြဿနာပေါ် ပါတော့ သည်။ ထိုညက စူဇီ ကံမကောင်းပါ။ ထိုးတိုင်း ဒိုင်စားခံနေရသည်။
    စားပွဲတစ်ဖက်ခြမ်းမှာရှိသော လူတစ်ယောက်ကို စူဇီက လက်ညှိုးထိုးပြသည်။ ထိုသူသည် လွန်ခဲ့သည့် တစ်နာရီ လောက်မှစပြီး တစ်ကြိမ်တစ်ခါမှ အစားမခံရဘဲ တောက်လျှောက်နိုင်နေကြောင်း ပြောပြသည်။
    "မောင်ပြောတာ အဲဒီအကောင်ပေါ့" ဟု ကျွန်တော်က ပြန်ပြောသည်။
    "သူ စိုက်ကြည့်နေတာ ကျွန်မဖြင့် လုံးလုံး သတိမထားမိဘူး"
    "ကဲ... ဟိုမှာကြည့်၊ စိုက်ကြည့်နေပြန်ပြီ"

    စူဇီက စိတ်မ၀င်စားသလို စားပွဲတစ်ဖက်ခြမ်းသို့ လှမ်းကြည့်သည်။ ထိုသူ ပိုက်ဆံချထိုးသည့်နေရာကိုသာ စိတ်ဝင်တစား စိုက်ကြည့်နေသည်။ ထိုအခိုက် ထိုလူက ဒေါ်လာငါးရာတန် နှစ်ရွက်ကို လေးထောင့်သေးသေးကလေး ဖြစ်သွားအောင် ခေါက်ပြီး စားပွဲပေါ်သို့ လှမ်းပစ်လိုက်သည်။ ပစ်စလက်ခတ် တင်လိုက်ခြင်းဖြစ်သောကြောင့် အပြာ ရောင်ဝတ်စုံ ၀တ်ထားသော အလျော်အစားလုပ်သူ အမျိုးသမီးက သူ့ပိုက်ဆံကို ကောက်ပြီး နေရာတကျ တင်ပေးသည်။

    ပြီးတော့ ထိုသူသည် စူဇီကို မျက်စိစားပွဲ ထိုင်ပြန်တော့သည်။ "မင်းလည်း တခြား ကောင်မတွေလိုပဲ လွယ်လွယ်ကလေးနဲ့ ရနိုင်တဲ့ ကောင်မပါကွာ" ဟု သူ့မျက်လုံးများက ပြောနေသယောင် ရှိသည်။ ထိုအလှည့် ကလည်း သူနိုင်သည်။ အလျော်အစားလုပ်သည့် အမျိုးသမီးက ငါးရာတန်ခြောက်ရွက်နှင့်အတူ သူ့ငွေကို ပြန်ပေးသည်။
    "မြင်တယ်မဟုတ်လား၊ အဲဟို ပိုက်ဆံတွေ မြင်တယ်မဟုတ်လား"

    စူဇီက အံ့သြတကြီး ပြောသည်။ ထိုသူကတော့ ဘာကိုမှ အရေးမစိုက်သလို ပိုက်ဆံများကို ကောက်ယူနေသည်။ စူဇီနှင့် မျက်လုံးချင်း ဆိုင်မိသွားပြန်သည်။ စူဇီက ပြုံးပြသည်။
    "နောက်တစ်လှည့်ကျရင် ရှင်ထိုးတာကိုပဲ ကျွန်မ လိုက်ထိုးမယ်" ဟုလည်း သူ့ကို လှမ်းပြောသည်။
    စူဇီ၏ မှတ်ချက်ကို အသိအမှတ်ပြုသည့် သဘောမျိုးဖြင့် လက်ကို ဝှေ့ယမ်းပြသည်။ သူ့အပေါ် စူဇီ အာရုံဝင်စားနေသည်ကို အရေးမစိုက်သည့်ပုံမျိုးလည်း ဖြစ်သည်။ ဘာစကားမှတော့ ပြန်မပြော။ သို့သော် လည်း သူ့မျက်လုံးများကမူ "ငါထင်တာထက်တောင် ပိုပြီး အညှာလွယ်နေတဲ့ ကောင်မပါလား"ဟု ပြောနေ သယောင် ထင်မှတ်ရသည်။

    "စူဇီ... မောင် အရမ်း အရက်သောက်ချင်နေပြီ၊ လာ... သွားကြစို့"
    "မသွားနိုင်သေးဘူး၊ ကျွန်မရှုံးထားတဲ့ ပိုက်ဆံတွေ ပြန်နိုင်မှဖြစ်မယ်၊ ဒါတွေ ပြန်မနိုင်သေးဘဲနဲ့တော့ ကျွန်မ မသွားနိုင်ဘူး"
    "နောက်တစ်ခေါက် မောင်တို့ ပြန်လာပြီး ကစားကြတာပေါ့ကွာ"
    "မဖြစ်ဘူး မောင်၊ ဟိုလူထိုးတဲ့အတိုင်း ကျွန်မ လိုက်ထိုးမယ်၊ သူ သိပ်လာဘ် ကောင်းနေတယ်"
    "ဒီလိုဆိုရင် မောင် သွားတော့မယ်၊ မင်း မလိုက်ဘူးနော်"
    "မလိုက်ဘူး မောင်၊ ရှုံးထားတဲ့ ကျွန်မပိုက်ဆွတွေ ပြန်ရမှ ဖြစ်မယ်"

    သူ့ကို တစ်ယောက်တည်း ကျွန်တော် မထားခဲ့ချင်ပါ။ သို့သော်လည်း သူ့ကိုထားခဲ့ပြီး သွားတော့မည်ဟု ပြောမိလျက်သား ဖြစ်နေသည်။ ထို့ကြောင့် ဆက်မနေသာတော့ဘဲ အပြင်သို့ ထွက်လာခဲ့ရတော့သည်။
    ဘားခန်းထဲမှာ အရက်ရောင်းသူကလွဲပြီး မည်သူမျှမရှိ။ ခြောက်ကပ်နေသည်။ ကောင်တာမှ ခွေးခြေမှာ ကျွန်တော် သွားထိုင်ပြီး ဘရန်ဒီနှစ်ခွက်မှာလိုက်သည်။ အရက်သောက်လိုက်မိတော့ နေသာ ထိုင်သာရှိသွားသည်။ စိတ်တည်ငြိမ်မှုလည်း အထိုက် အလျောက် ရလာသည်။ ကျွန်တော် သက်သက် စိတ်ရူး ပေါက်ခြင်းသာ ဖြစ်သည်ဟုလည်း တွေးမိလာသည်။ လူရှုပ်လူပွေနှင့် စူဇီ ဘာမှ မဖြစ်နိုင်။ စူဇီထံ ပြန်သွား ပြီး ကောင်းကောင်း မွန်မွန် ဆက်ဆံဖို့ ကျွန်တော် ဆုံးဖြတ်လိုက်သည်။

    ဘရန်ဒီဖိုး ကျသင့်ငွေ ရှင်းပေးပြီး ကာစီနိုကစားဝိုင်းရှိရာ အခန်းထဲသို့ ပြန်ဝင်လာ ခဲ့သည်။ အခန်းဝရောက်တော့ တုံ့ခနဲ ကျွန်တော် ရပ်လိုက်ပါသည်။ လူရှုပ်သည် စားပွဲ၏ သည်ဘက်ခြမ်းသို့ ပြောင်းလာပြီး စူဇီ၏ ဘေးကခုံမှာ ၀င်ထိုင်နေသည်။ သူတို့နှစ်ယောက် အလွန်ပျော်နေကြပုံပေါက်သည်။ စူဇီလည်း မြူးထူးနေသည်။
    ကျွန်တော် နောက်ပြန်လှည့်ပြီး ဘားခန်းထဲသို့ ပြန်ဝင်လာခဲ့မိသည်။

    စူဇ ရောက်မလာမီ နောက်ထပ် ဘရန်ဒီနှစ်ခွက် ကျွန်တော် သောက်မိပြန်သည်။ စူဇီ ရောက်လာတော့ စိတ်အား တက်ကြွပြီး ပျော်နေသည်ကို မြင်ရသည်။
    "ကျွန်မ ရှုံးတာတွေ အားလုံးပြန်ရတယ်၊ ပြန်ရရုံမကဘူး၊ ဒေါ်လာငါးရာတောင် အနိုင်ရလိုက်သေးတယ် မောင်၊ ကြည့် ... ဟောဒီမှာကြည့်၊ သည်ပိုက်ဆံတွေအားလုံး အနိုင်တွေချည်းပဲ"
    "အံ့သြစရာပါပဲ" ဟု ကျွန်တော်က ပြန်ပြောသည်။
    စူဇီသည် စိတ်အားထက်သန်နေသည့် သူ့အပြုအမူများကို ရပ်ပစ်လိုက်သည်။ ပြီးတော့ ကျွန်တော့်ကို ငုံ့ကြည့်သည်။
    "ဘာဖြစ်တာလဲ မောင်၊ မောင် စိတ်ဆိုးနေသလား"
    "ဘာကြောင့် စိတ်ဆိုးရမှာလဲ၊ စိတ်ဆိုးစရာ ဘာရှိသလဲ"

    "ကျွန်မ ရှုံးသွားတဲ့ ပိုက်ဆ့တွေ ပြန်ရအောင် ဆက်ကစားနေလို့ မောင် စိတ်ဆိုးသွားတယ် ထင်တယ်"
    "မင်း ဘာအတွက် ကစားဝိုင်းမှာ ဆက်နေနေတယ်ဆိုတာ သိရလို့ ၀မ်းသာပါတယ်ကွာ"
    "မောင် ဘာသဘောနဲ့ ပြောတာလဲ" ဟု သူက မေးသည်။
    "ဘာမှ မဟုတ်ပါဘူး၊ ဘာသဘောမှ မဟုတ်ပါဘူး၊ မောင် ထမင်းဆာနေပြီ၊ ကဲ... လာ ထမင်းသွားစားကြစို့"

    ထိုင်ရာမှထပြီး ဓာတ်လှေကားရှိရာသို့ ကျွန်တော်တို့ လျှောက်သွားကြသည်။ တစ်ယောက်နှင့် တစ်ယောက်လည်း ခပ်ခွာခွာ လျှောက်ခဲ့ကြသည်။ ယခုအဖြစ်သည် ရယ်စရာလည်းကောင်းသည်ဟု ကျွန်တော် ထင်ပါသည်။ သို့သော်လည်း ကိုယ့်စိတ်ကိုယ် ပြောင်းလို့မရပါ။ သည်လို အချိန်မျိုးတွင် စကား ပြောလျှင် ဆိုးဆိုးရွားရွားတွေကိုသာ ပြောမိ ပေလိမ့်မည်။ ထို့ကြောင့် စကားမပြောပဲ ဆိတ်ဆိတ် နေလိုက်သည်။

    စိန့်မာဂရက်ဆေးရုံမှ ခုတင်နေရာ မနက်ဖြန် လွတ်သွားပြီဖြစ်ကြောင်း ကေးရိုက်လိုက်သည့် ကြေးနန်းပင် ဖြစ်ပါသည်။ ကျွန်တော်က စူဇီကို အကျိုး အကြောင်း ပြောပြသည်။
    "ဒီအတိုင်း ဆိုရင် မနက်ဖြန်မနက် သင်္ဘောနဲ့ မောင်တို့ လိုက်သွားမှ ဖြစ်မယ်"
    စူဇီ စိတ်ထိခိုက်သွားပုံရသည်။ ဆေးရုံပေါ်မှာ ဘယ်လောက်ကြာအောင် နေရမည်ကို သူ မသိ။ ကျွန်တော်တို့ နှစ်ယောက် ဘယ်လောက်ကြာအောင် ခွဲခွာနေရဦးမည်ကို သူ မသိ။
    "တစ်ရက်လောက် ကျွန်မတို့ ဆက်နေလို့မဖြစ်ဘူးလား မောင်" ဟု မေးသည်။

    "မဖြစ်ဘူး၊ ခုတင်ကို ဒီအတိုင်းထားပြီး မင်းကို စောင့်နေမှာ မဟုတ်ဘူး"
    "ဒီလိုဆိုရင် ဒီနေ့ညဟာ ကျွန်မတို့အတွက် နောက်ဆုံးညပေါ့နော်"
    "ဟုတ်တယ်၊ မကာအိုမှာ မောင်တို့ရဲ့ နောက်ဆုံးညပဲ"

    ဘီကိုဒါဖယ်လီစီဒါ ဒီဟိုတယ်တွင် ခိုသားကြော်နှင့် ညစာစားရန် ကျွန်တော်တို့ ဆိုက်ကားစီးလာကြသည်။ ဆိုက်ကားပေါ်တွင် တစ်ယောက်လက်ကို တစ်ယောက် ဆုပ်ကိုင်ထားရင်း ကျွန်တော်၏ ရင်ထဲမှ မနာလိုဝန်တိုစိတ်တွေ အားလုံး လွင့်စဉ် ပျောက်ပျက်သွားတော့သည်။

    စူဇီကို ကျွန်တော် ပြန်ချစ်လာသည်။ ကျွန်တော်တို့နှစ်ယောက် ခွဲခွာကြရတော့မည့် အရေးကို မစဉ်းစားမိအောင် စိတ်ထိန်းထားရသည်။ ထိုညက ပေါ်တူဂီ ၀ိုင်တစ်ပုလင်းလုံး ကုန်အောင် သောက်လိုက် မိသည်။ စောစောက ဘရန်ဒီလေးခွက်လည်း သောက်ထား သောကြောင့် ကျွန်တော် မူးသွားသည်။ သို့လည်း လွန်လွန်ကျွံကျွံ မူးခြင်းကား မဟုတ်ပါ။ ကျွန်တော်တို့နှစ်ယောက် အလွန်ပျော်ကြပါသည်။

    မကာအိုမှာ ကျွန်တော်တို့ နေကြရသည့် နောက်ဆုံးည ဖြစ်သောကြောင့် နောက်ဆုံးအကြိမ်အဖြစ် ကစားဝိုင်းသို့ သွားချင်သေးသည်ဟု စူဇီက ပြောသည်။ နောက်ဆုံးညမို့ ကျွန်တော်ကလည်း မကန့်ကွက် ချင်တော့ပါ။ အစွမ်းကုန် အလိုလိုက်ထား ချင်ပါသည်။ ကျွန်တော်တို့ ညစာစားသည့် ဟိုတယ်၏ လမ်းတစ်ဖက်ခြမ်းမှာရှိသော ကစား ၀ိုင်းသို့ လာခဲ့ကြသည်။ နာရီဝက်ထက် ပိုမနေရန်လည်း ပြောထား သည်။

    သို့သော်လည်း အချိန်ဘယ်လောက်ကြာသွားသည်ကို သတိမထားလိုက်မိပါ။ နာရီကို ငုံ့ကြည့်လိုက်သော တစ်နာရီလောက် ကြာသွားသည်ကို တွေ့ရသည်။ ထိုအချိန်တွင် စူဇီလည်း ဒေါ်လာလေးရာလောက် ရှုံးနေသည်။ အရှုံးပြန်ရအောင် နေချင်သေးသည်ဟု ပြောသည်။ နောက်ထပ် တစ်နာရီလောက် ဆက်နေလိုက်ရပြန်သည်။ ကစားဝိုင်းမှ ကျွန်တော်တို့ ပြန်လာတော့ သန်းခေါင် ကျော်နေပြီ။

    အပြင်မှာ ဆိုက်ကားတစ်စီးမှ မရှိတော့ပါ။ ထို့ကြောင့် ဟိုတယ်အရောက် လမ်း လျှောက်ပြန် လာခဲ့ကြရသည်။ အပြန်လမ်းတွင် စူဇီ၏ ဒေါက်မြင့် ဖိနပ်မှ ခုံကွာထွက်သွား သည်။ ထို့ကြောင့် တစ်လမ်း လုံး ကျွန်တော့်လက်ကို မှီတွဲပြီး ထော့နင်းထော့နင်း လျှောက်လာရသည်။

    ဟိုတယ်ရောက်ပြီး အပေါ်ထပ်သို့ ဓာတ်လှေကားဖြင့် တက်ခဲ့သည်။ ဓာတ်လှေ ကားထဲမှ ထွက်လိုက်သောအခါ အခန်းစောင့်အာနတ် မတ်တပ်ရပ်နေသည်ကို တွေ့ရ သည်။ ကုလားထိုင် တစ်လုံးပေါ်တွင် ထိုင်နေသူတစ်ယောက်နှင့် သူ စကားပြောနေသည်။ ကျွန်တော်တို့ကို မြင်လိုက်သောအခါ စကား ဆက်မပြောတော့ဘဲ ကျွန်တော်တို့ကို အကဲခတ် ကြည့်နေသည်။ သူ့ မျက်လုံးအမူအရာကလည်း တစ်မျိုးဖြစ်နေသည်။

    ကလားထိုင်က မှောင်ရိပ်ထဲ ရောက်နေသည်။ ထို့ကြောင့် ထိုင်နေသူ၏ မျက်နှာကို သဲသဲကွဲကွဲ မမြင်ရပါ။ သို့သော်လည်း အ၀တ်အစားကို မြင်ရခြင်းအားဖြင့် အင်္ဂလိပ်တရုတ်ကပြား လူရှုပ်ဖြစ်ကြောင်း သိလိုက်ရပါသည်။ သူ့ရှေ့မှ ကျွန်တော်တို့ ဖြတ်လျှောက်လာခဲ့သည်။ အထင်အမြင်သေးသည့် မျက်လုံးများဖြင့် ကျွန်တော်တို့ကို ကြည့်ရှုအကဲခတ်နေလိမ့်မည်ဟု ထင်ပါသည်။ အာနတ်၏ ထူးဆန်းသော မျက်လုံး အမူအရာများကို မြင်ရခြင်းအားဖြင့် ကျွန်တော်တို့ အပြန်ကို သူတို့ စောင့်နေကြသည်ဟု ထင်မှတ် ရသည်။

    ထိုသူ ကုလားထိုင်ပေါ်တွင် ထိုင်နေသည်ကို စူဇီလည်း သတိထားလိုက်မိသည်။ ကျွန်တော့်လက်မောင်း ကို ဆုပ်ကိုင်သည့် အမူအရာမျိုး တစ်ယောက်ကို တစ်ယောက် မပြကြပါ။ စောစော တုန်းကတော့ ကစားဝိုင်းကစားပွဲမှာ သူတို့ နှစ်ယောက် အတူထိုင်ခဲ့ကြ သည်။ ပိုက်ဆံတွေ အတူတူ နိုင်ခဲ့ကြသည်။ အလွန်ရင်းနှီးသည့် ချစ်သူများသဖွယ် ဖြစ်သည်။ ထိုအကြောင်းကို ကျွန်တော် ပြန်စဉ်းစား မိသည်။

    "အဲဟိုမှာ မင်းသူငယ်ချင်းလေ" ဟု ကျွန်တော်က ပြောလိုက်သည်။
    "ဘာသူငယ်ချင်းလဲ"
    "ကာစီနိုဝိုင်းမှာ အတူတူကစားခဲ့တဲ့ မင်းရဲ့သူငယ်ချင်းလေ"
    "အို... ကျွန်မဖြင့် သတိတောင် မထားမိပါဘူး မောင်ရယ်၊ သူ့ကို တစ်ဖက်ခြမ်း မျက်နှာချင်းဆိုင်မှာ တွေ့ခဲ့ ရတာပါ" ဟု စူဇီက မရွှင်မပျ ပြန်ပြောသည်။
    "မောင်က မင်းတို့နှစ်ယောက် အတူတူ တွဲထိုင်နေခဲ့ကြတယ်လို့ ထင်တာ"
    "မထိုင်ပါဘူး"

    သို့သော်လည်း သူ ဆက်မငြင်းတော့ပါ။ သူတို့နှစ်ယောက် အတူတွဲထိုင်နေကြ သည်ကို ကျွန်တော် မြင်ချင်လည်း မြင်သွားပေလိမ့်မည်ဟု သူ တွေးကောင်း တွေးမိပေမည်။ ကျွန်တော့်လက်မောင်းပေါ်မှ သူ့လက်များ နောက်တစ်ကြိမ် တောင့်သွား ပြန်သည်ကို သတိပြုလိုက်မိသည်။ သူ့မျက်နှာပေါ်မှ သွေးရောင်လွှမ်းသွားလိမ့်မည် ဆိုသည်ကို လှည့်မကြည့်ဘဲ သိလိုက်ပါသည်။
    ကျွန်တော်တို့ အခန်းတံခါးဖွင့်ပြီး ၀င်ခဲ့သည်။ ယခုမှ စိတ်သက်သာရာ ရသွားသူလို ကျွန်တော့်အနားမှ သူ ခွာသွား သည်။ သို့သော်လည်း မျက်နှာကို တစ်ဖက်သို့ လွှဲထားသည်။

သူ့မျက်နှာပေါ်မှ အမူအရာကို ကျွန်တော် အကဲခတ်မိသွားမှာ စိုးရိမ်သည့် သဘောမျိုး ဖြစ်သည်။ အ၀တ်အစား မြန်မြန်လဲပြီး အိပ်ရာထဲဝင်သွားသည်။ ကျွန်တော့်ကို တော့ ကျောခိုင်းထားမြဲဖြစ်သည်။
    "ကစားဝိုင်းမှာ ကျွန်မတို့ သိပ်ကြာသွားတယ်၊ မီးခိုးတွေ ဘိန်းနံ့တွေ မွှန်ထူနေတဲ့ အဲဒီအခန်းထဲမှာ အကြာကြီး ထိုင်ခဲ့မိတယ်" ဟု သူက ကျွန်တော့်ကို လှမ်းပြောသည်။
    "ဟုတ်တယ်၊ မောင်တို့ တော်တော် မိုက်တာပဲ"

    ကျွန်တော်က အ၀တ်လဲနေရာမှ ထိုသို့ ပြန်ပြောပြီး သူ့အမူအရာကို အကဲခတ်ကြည့် နေမိသည်။ သူ တကယ် ပြောနေတာလား၊ ဟန်ဆောင်နေတာလား စဉ်းစား နေမိသည်။ ထိုအခိုက် တံခါးခေါက်သံ ကြားရသည်။ ဓာတ်ဘူးတစ်လုံး ကိုင်ပြီး အာနတ် ၀င်လာသည်။
    "ဆရာတို့ဖို့ ရေနွေးကြမ်းပူပူ လာပို့တာပါခင်ဗျာ" ဟု ပြောသည်။ မျက်နှာပေါ်က အပြုံးက တစ်မျိုးဖြစ်နေသည်။
    ရေနွေးကြမ်းကို မတောင်းဘဲနှင့် ဘယ်တုန်းကမှ လာမပို့စဖူး။ ယခု ပထမဆုံးအကြိမ် အဖြစ် မတောင်းဘဲ သူ့အလိုအလျောက် လာပို့ခြင်းဖြစ်သည်။
    "မှန်တင်ခုံပေါ်မှာ တင်ထားလိုက်" ဟု ကျွန်တော်က လှမ်းပြောသည်။
    "ကောင်းပါပြီ ဆရာ"

    သို့သော်လည်း ကျွန်တော် ခိုင်းသည့်အတိုင်း မလုပ်ဘဲ အခန်းကို ဖြတ်လျှောက်သွားပြီး ခုတင်ဘေးက စားပွဲပေါ်မှာ သွားတင်သည်။ တစ်ချိန်တည်းမှာပင် လောဘရမ္မက်ကြီးသည့် မျက်လုံးဖြင့် စူဇီကို ကြည့်ရင်း ကန်တုန် တရုတ်စကားဖြင့် ခပ်မြန် မြန် ပြောသည်။ စွေနေသည့် မျက်လုံးတစ်ဖက်ကတော့ အပေါ်မှ မျက်နှာကျက် သို့ မော့ကြည့်နေသလိုရှိသည်။ ကန်တုန်ဘာသာဖြင့် ဂဏန်းအခေါ်အဝေါ်များကို ကျွန်တော် နားလည်ပါသည်။ ဂဏန်းတစ်ခု သူ ပြောသံကြားလိုက်ရသည်။ ထိုဂဏန်းကို ထပ်ပြောပြ နေသည်။ ဂဏန်းက သုံးလုံးဖြစ်ပြီး အခန်းတစ်ခန်း၏ နံပါတ်ကို ပြောနေပုံရသည်။

    "ဟေ့ကောင်... ထွက်သွား"
    ကျွန်တော်က ဒေါသတကြီး အော်လိုက်သည်။
    "ဆရာ ကျွန်တော်..."
    "ထွက်သွား"
    သူ့မျက်နှာပေါ်က အပြုံးမပျက်ဘဲ အခန်းအပြင်သို့ ထွက်သွားသည်။ စူဇီက သက်ပြင်းရှည်ကြီးတစ်ချက် ချလိုက်ရင်း ပင်ပန်းနွမ်းနယ်စွာဖြင့် မျက်လုံးအစုံကို အသာ အယာ မှိတ်လိုက်သည်။
    "ဒီကောင် ဘာလိုချင်လို့တဲ့လဲ" ဟု ကျွန်တော်က မေးသည်။

    "ကျွန်မ မသိဘူး၊ ဘာမှမဟုတ်ပါဘူး"
    "ကဲ... မှန်တဲ့အတိုင်း ပြောစမ်း"
    "ရာသီဥတုအကြောင်းပဲ ပြောသွားတာပါ၊ မကာအိုဟာ သိပ်ပူတယ်တဲ့"

    "အခန်းနံပါတ် ၃၄၃ ထဲမှာမှ ရွေးပြီး ရာသီဥတုက ပူနေတာလား"
    စူဇီက မျက်လုံးများကို ဖွင့်ပြီး စိတ်ထိခိုက်သည့် အမူအရာမျိုးဖြင့် ကျွန်တော့်ကို ငေး ကြည့်နေသည်။
    "ဒီနေ့ ကျွန်မကို မောင် ဘာဖြစ်လို့ မုန်းနေတာလဲ"
    "မင်းကို ငါ မမုန်းဘူး"

    "ဟုတ်တယ်၊ မုန်းတယ်၊ ကျွန်မကိုမောင် မုန်းနေတယ်၊ ဒီနေ့ည ဘားခန်းထဲကို ကျွန်မ ၀င်လာတုန်းက မောင့်မျက်နှာကို မြင်ရတာနဲ့ ကျွန်မသိတယ်၊ ကျွန်မကို မောင် ကြည့်နေတဲ့ မျက်လုံးတွေကြောင့် ကျွန်မ သိတယ်၊ ငါ့ယောက်ျား ကတော့ ငါ့ကို မုန်းသွားပြီ လို့ ကျွန်မ တွေးနေခဲ့မိတယ်"
    "ငါ့ကို လိမ်ပြောနေတာ မုန်းတယ်၊ မမှန်တာတွေ ညာပြောနေတာ မုန်းတယ်၊ ဒါပဲ"

    ထို့နောက် သူ စတင်ငိုကြွေးတော့သည်။ ပြီးတော့ အင်္ဂလိပ်တရုတ်ကပြားက သူ့ဘက်သို့ ရွှေ့လာပြီး သူ့ဘေးမှာ အတူတူ လာထိုင်ကြောင်း၊ သူ့ကိုလည်း ချောကြောင်း လှကြောင်း မြှောက်လုံးပင့်လုံးတွေ ပြောကြောင်း၊ တစ်ကြိမ် ထပ်တွေ့ဖို့ ဇွတ်ချိန်းနေကြောင်း၊ ထိုအကြောင်းတွေကို သူ ပြောပြချင်နေကြောင်း၊ ပြောပြ ရန်လည်း ရည်စူးခဲ့ကြောင်း၊ သို့သော်လည်း ဘားခန်းထဲတွင် ကျွန်တေ့် အမူအရာကို မြင်လိုက် ရသော အခါ အလွန်အမင်း ကြောက်ရွံ့ စိုးရိမ်သွားမိကြောင်း၊ ကျွန်တော်တို့၏ နောက်ဆုံး ညကလေး ပျက်စီး သွားမှာကိုလည်း မလိုလားကြောင်း။

    ဓာတ်လှေကားနားမှာ ထိုလူထိုင်နေသည်ကို သူ သတိထားမိကြောင်း၊ အခန်းစောင့် အာနတ်လာခြင်းမှာ ထိုသူက လွှတ်လိုက်သဖြင့် လာခြင်းဖြစ်ကြောင်း၊ ယနေ့ တစ်ညအတွက် ဒေါ်လာငါးရာ ပေးမည်ဟု ပြောကြောင်း၊ ကျွန်တော်က သဘောတူ မည်ဆိုလျှင် ကျွန်တော့်ကိုလည်း ငွေနှစ်ရာ့ငါးဆယ် ပေးဦး မည်ဖြစ်ကြောင်း၊ မကာအိုတွင် ထိုသို့သော အဖြစ်အပျက်မျိုးသည် ရိုးနေပြီဖြစ်ကြောင်းဖြင့် အာနတ်က ပြောဆို သွားကြောင်း နောက်ဆုံးတွင် စူဇီက ၀န်ခံပြောဆိုလေသည်။

    ကျွန်တော် အားပါးတရ ရယ်မိသည်။ သူ့ကိုလည်း ခွင့်လွှတ်လိုက်သည်။
    "ဘုရား...ဘုရား၊ တကယ့်မြို့ပါလား၊ မောင်တို့ ကိုယ်တိုင်မပျက်စီးခင်၊ ပြီးတော့ အာနတ်လည်ပင်းကို မောင် မညှစ်သတ်မိသေးခင် ဒီမြို့က ခွာဖြစ်တာ တော်သေးတာပေါ့ကွယ်"
    "ကျွန်မ လိမ်ပြောမိတဲ့အတွက် ၀မ်းနည်းပါတယ်မောင်၊ ဒါပေမဲ့ ကျွန်မ အရမ်း ကြောက်နေတယ်"ဟု စူဇီက ပြောသည်။ အငိုကား မတိတ်သေး။

    "ဘာကို ကြောက်တာလဲ"
    "မောင့်ကို ဆုံးရှုံးလိုက်ရမှာ ကြောက်တယ်၊ အို... မောင်ရယ်၊ ကျွန်မ အမြဲတမ်း စိုးရိမ်နေရတာပါ"
    အိပ်ရာထဲသို့ ကျွန်တော် ၀င်ခဲ့သည်။ ကျွန်တော့်ကို သူ တင်းကျပ်စွာ ဖက်ထားသည်။ သူ အလွန်တရာ မောပန်း နွမ်းနယ်နေပါသည်ဟုလည်း ပြောသည်။

    မီးပိတ်လိုက်သည်။ ကျွန်တော်လည်း စိတ်ပန်းလူပန်း ဖြစ်နေရာ ချက်ချင်းပင် အိပ် ပျော်သွားတော့သည်။ စူဇီ အိပ်မပျော်ဘဲ နိုးနေသည်ဟု ၀ိုးတ၀ါး ကျွန်တော် သိနေသည်။ ကျွန်တော့်ကို လိမ်ညာ ပြောခဲ့မိသည့်အတွက် သူ ပူပန်သောက ရောက်နေသည်ဟု ထင် သည်။ ထို့ကြောင့် သူ့ကို ချစ်ကြောင်း၊ သူနှင့်အတူ နေရသည့် အတွက် ပျော်ကြောင်း တိုးတိုးကလေး ပြောပြကာ သူ့မျက်လုံးကလေးများကို ပိတ်ပေးပြီး နမ်းလိုက်မိပါသည်။

    ကျွန်တော် အိပ်ပျော်သွားသည်။ ဘယ်လောက်ကြာကြာ အိပ်ပျော်သွားမှန်းမသိပါ။ အခန်းထဲမှာ လှုပ်ရှားသံကြားသဖြင့် ကျွန်တော် နိုးလာပြန်သည်။ ဘေးကစူဇီကို စမ်းကြည့် သည်။ မရှိတော့ပါ။ အိပ်ချင်မူးတူး ဖြစ်နေရာမှ ကျွန်တော် ကောင်းကောင်း နိုးသွားသည်။ မျက်လုံးများ ဖွင့်ကြည့်လိုက်သည်။

    ပြူတင်းပေါက်မှ ၀င်နေသော အလင်းရောင်ကြောင့် မှန်တင်ခုံနားမှာ စူဇီ ရပ်နေသည်ကို မြင်ရသည်။ ကျွန်တော် နိုးသွားမည်စိုးသောကြောင့် အသံမမြည်အောင် သတိထားပြီး တစ်စုံတစ်ရာ လုပ်ကိုင် နေပုံရသည်။ ဘာလုပ်နေသလဲဟု ကျွန်တော် လှမ်းမေးလုဆဲဆဲ ဖြစ်သွားသည်။ သို့သော်လည်း သူ ဂါဝန် အင်္ကျီ ၀တ်နေသည်ကို မြင်ရသဖြင့် ကျွန်တော့်ပါးစပ် အလိုလို ပြန်ပိတ်သွားသည်။
    မဖြစ်နိုင်ပါ။ ဟို လူရှုပ်ဆီသို့ သူသွားဖို့ မဖြစ်နိုင်ပါဟု ကျွန်တော် တွေးနေမိသည်။

    သံသယစိတ်တွေ ကျွန်တော့်တစ်ကိုယ်လုံး ဖုံးလွှမ်းလာသည်။ ပါးစပ်မှလည်း ဘာသံမှ ထွက်မလာနိုင်တော့ပါ။ သူ လှုပ်ရှားနေသည်များကိုသာ သတိကြီးစွာဖြင့် အကဲခတ် ကြည့်ရှုနေမိပါသည်။ ရှေ့သို့ ကုန်းပြီး ဖိနပ်စီးနေသည်။ ဆန့်ကျင်ဘက် အလင်းရောင်နှင့် သူ၏ ကိုယ်ခန္ဓာကောက်ကြောင်းကို ကောင်းစွာ မှတ်မိနေသည်။

    ရုတ်တရက် စိတ်သက်သာရာ ရသွားသည်။ ရေချိုးခန်းသွားဖို့ ပြင်ဆင်နေခြင်းဖြစ် ကြောင်း သဘောပေါက်နားလည်လိုက်ပါသည်။ ခန်းနေဂါဝန်ကို သွားယူလျှင် မီးဖွင့်ရမည်။ မီးဖွင့်လျှင် ကျွန်တော် နိုးသွားမည်။ ကျွန်တော် မနိုးစေလိုသောကြောင့် အလွယ်ရှိနေသည့် ဘေးကွဲတရုတ်ဂါဝန်ကို ယူဝတ်နေခြင်းဖြစ်သည်။

    တံခါးကို သာသာကလေး ဖွင့်သည်။ စင်္ကြံမှ မီးရောင်က အခန်းထဲသို့ တိုးဝင်လာ သောကြောင့် သူ တုံ့ဆိုင်းဆိုင်း ဖြစ်သွားသေးသည်။ ခုတင်ဖက်သို့ တစ်ချက်လှည့်ကြည့် သည်။ တံခါးကို မြန်မြန်ဖွင့်ပြီး မြန်မြန် ထွက်သွားသည်။ တံခါးလက်ကိုင်ကို အသံမမြည်အောင် သာသာကလေးလှည့်ပြီး ပိတ်ထားခဲ့သည်။ ကျွန်တော့် စိတ်များလည်း ပြန်လည် တည်ငြိမ်လာပါတော့သည်။ ဘယ်ဘက်မှာရှိသော ရေချိုးခန်းသို့ လျှောက်သွား မည့် သူ့ခြေသံကို ကျွန်တော် ကြားရမည် ဖြစ်ပါသည်။

    နားစွင့်နေလိုက်သည်။ အသက်ပြင်းပြင်း မရှူဝံ့အောင် ဖြစ်နေမိသည်။ ထိုအချိန်မှာပင် သူ့ခြေသံကို ကြားရသည်။ ဒေါက်မြင့်ဖိနပ်တစ်ဖက်က ခွာပြုတ်ထွက်နေရာ တစ်ဖက်နှင့်တစ်ဖက် အသံချင်း မညီသော ခြေသံဖြစ်သည်။ ထိုခြေသံသည် ဘယ်ဘက်သို့ မသွား၊ ညာဘက်သို့ သွားနေသည်။ ရေချိုးခန်းဆီသို့ မဟုတ်။ ဓာတ်လှေကားနှင့် ရိုးရိုးလှေကား ရှိရာဘက်သို့ သွားနေခြင်းဖြစ်သည်။ စငြ်္ံတစ်လျှောက် တဖြည်းဖြည်း ဝေးသွားသည်။ ပြီးတော့ တိတ်သွားသည်။

    မိနစ် အနည်းငယ်ကြာအောင် ကျွန်တော်မလှုပ်မယှက် ငြိမ်နေမိသည်။ ယုံလည်း မယုံကြည်နိုင်ပါ။
    ပြီးတော့ ကျွန်တော် ထထိုင်သည်။ မီးဖွင့်လိုက်သည်။ အိပ်ရာထဲတွင် ကျွန်တော့် ဘေးမှာ သူ မရှိတော့သည်ကို မြင်ရသောအခါ အကြီးအကျယ် စိတ်ဆင်းရဲမိသည်။ ကျွန်တော့်ဘေးမှာ သူရှိနေရမည်ဟု စိတ်ထဲက ထင်ယောင် မြင်ယောင် ဖြစ်နေမိသည်။

    ထိုအချိန်မှာပင် အတွေးတစ်ခု ၀င်လာပြန်သည်။ ရေချိုးခန်းထဲမှာ အခြားလူ ရှိနေနိုင်သည်။ တံခါးပိတ်ထားသည်ကို တွေ့ရသောကြောင့် အပေါ်ထပ်ရှိ ရေချိုးခန်းသို့ တက်သွားခြင်း ဖြစ်နိုင်သည်။ သည်အတိုင်း မှန်လျှင် ရေချိုးခန်းတံခါးသည် ပိတ်နေဆဲ ဖြစ်ရမည်။ သို့တည်းမဟုတ် တစ်စုံတစ်ယောက် ထွက်လာ သည့် ခြေသံကို ကျွန်တော် ကြားရမည်။
    ခုတင်ပေါ်မှ ခုန်ဆင်းခဲ့ပြီး စင်္ကြံထဲသို့ ထွက်ခဲ့သည်။ ရေချိုးခန်းကို လှမ်းကြည့်လိုက်တော့ တံခါး ပွင့်နေသည်ကို မြင်ရသည်။ မီးလည်း မှောင်နေသည်။ အသည်းနှလုံးတွေ နာကျင်လာပြန်သည်။ အခန်းထဲသို့ ပြန်ဝင်လာခဲ့ပြီး အင်္ကျီနှင့် ဘောင်းဘီဝတ်သည်။ ပြီးတော့ သော့ချိတ်သည့် ဘုတ်ကို ခေါင်းမှီပြီး သူ့စားပွဲမှာ အိပ်ပျော်နေသည်။

    သူ့ကို ကျွန်တော် လှုပ်နှိုးလိုက်သည်။ မျက်လုံးတစ်ဖက် ပွင့်လာသည်။
    "သူ ဘယ်မှာလဲ၊ ငါ့မိန်းမ ဘယ်မှာလဲ" ဟု ကျွန်တော်က မေးသည်။
    "ဟာ ..."
    သူ ထထိုင်သည်။ စိတ်ဝင်စားလာပုံရသည်။ စောစောက သူတို့ ပြောသည့် အစီအစဉ်ကို ကျွန်တော် သဘောတူလိုက်ပြီဟု ထင်ပုံရသည်။ ခဏကြာတော့မှ ကျွန်တော့် မျက်လုံးများ မီးဝင်းဝင်းတောက်ပြီး ဒေါသဖြစ်နေသည်ကို သူ သတိပြုမိသွားတော့သည်။

    "ကျွန်တော် မသိပါဘူးခင်ဗျာ၊ ကျွန်တော် အိပ်ပျော်နေတာပါ"
    စူဇီ၏ ပိုက်ဆံအိတ်ကို ကျွန်တော် ချက်ချင်း သတိရလိုက်သည်။ လူရှုပ်ဆီသို့ သွားမည်ဆိုလျှင် သူ့ပိုက်ဆံအိတ်ကို ယူသွားရမည်။ သို့သော် သူ့ပိုက်ဆံအိတ်သည် အခန်းထဲမှာပင် ရှိနေသေးသလော။ ကျွန်တော် မမှတ်မိပါ။ စင်္ကြံအတိုင်း အခန်းရှိရာသို့ သုတ်ခြေတင် ပြန်ခဲ့သည်။

    သို့သော် ပိုက်ဆံအိတ်ကို မတွေ့ပါ။ မှန်တင်ခုံပေါ်မှာ မရှိပါ။ ကုလားထိုင်ပေါ်မှာလည်း မရှိပါ။ ခုတင်ဘေးက စားပွဲပေါ်မှာလည်း မရှိပါ။
    အခန်းထဲမှာ မွှေနှောက် ရှာသည်။ ဗီရိုကို ဖွင့်ရှာသည်။ အံဆွဲတွေ ဆွဲဖွင့်သည်။ အိပ်ရာခင်းတွေ ဆွဲဖယ်ပစ်သည်။ ဘုရား... ဘုရား။ သူ့ပိုက်ဆံအိတ်ကို တွေ့ပါရစေ။ ဒီအခန်းထဲမှာ သူ့ပိုက်ဆံအိတ် ရှိနေတာကို တွေ့ပါရစေ။ သူ့ပိုက်ဆံအိတ် ဒီအခန်းထဲမှာပဲ ရှိနေပါစေ။

    တစ်ခန်းလုံး ဗြောင်းဆန်နေသည်။ အားလုံး ဖရိုဖရဲနှင့် ပွစကြဲနေသည်။ ပိုက်ဆံအိတ်ကိုကားမတွေ့ရတော့ပါ။ ဟိုအင်္ဂလိပ်တရုတ်ကပြား လူရှုပ်ဆီသို့ သူ သွားပြီ ဖြစ်ကြောင်း ကျွန်တော် သဘောပေါက် နားလည်လိုက်ပါပြီ။ ထို့ကြောင့် သူ့ပိုက်ဆံအိတ်ကို ယူသွားခြင်းဖြစ်သည်။ ပိုက်ဆံအိတ် ထဲမှာ ဘီးရှိသည်။ ပေါင်ဒါဘူးရှိသည်။ နှုတ်ခမ်းနီ ဆိုးဆေး ရှိသည်။ ဒါတွေကို သုံးရမည်။ ပြီးတော့ ဟိုလူရှုပ်ပေးသည့်ငွေကို ထည့်ဖို့ ပိုက်ဆံ အိတ်လိုသည်။

    ကုလားထိုင်ပေါ်သို့ ကျွန်တော် အရုပ်ကြိုးပြတ် ကျသွားသည်။ ကျွန်တော့် အသည်းနှလုံးတွေ အလွန်တရာ နာကျင်လာသည်။ ထို့ကြောင့် ခေါင်းကို နောက်ဘက်သို့ လှန်ချလိုက်ရင်း နာနာကြည်းကြည်း ညည်းမိသည်။

    ထိုကုလားထိုင်ပေါ်မှာ ဘယ်လောက်ကြာအောင် ထိုင်နေမိသည် မသိပါ။ ရင်ထဲက နာကျင်နေသည်ကိုသာ သိသည်။ အခြားဘာကိုမှ မစဉ်းစားပါ။ စူဇီ အကြောင်းကိုလည်း မစဉ်းစားပါ။ အသည်းနှလုံးတွေ မခံမရပ်နိုင်လောက်အောင် နာကျင်နေသည်ကိုသာ သိပါသည်။ ဒါတစ်ခုပဲ စဉ်းစား ပါသည်။

    ရှေ့မှာ ရှိနေသည့် စူဇီ၏ ပန်းချီကားကို လှမ်းမြင်သည်။ ပန်းချီကားကို ကျွန်တော် စိုက်ကြည့်နေမိသည်။ အိပ်ရာပေါ်မှာ လဲလျောင်းနေပုံဖြစ်သည်။ အိပ်ရာခင်းတွေက ကြေမွတွန့်လိပ်နေသည်။ သူ့ပန်းချီကားကို စိုက်ကြာည့်နေရင်း တဖြည်းဖြည်း ကျွန်တော် သဘောပေါက်လာသည်။ ခွေးမြီးကောက် ကျည်တောက်စွပ်သည့် သဘောသာဖြစ်သည်။

    စူဇီသည် အခြားအခြားသော မိန်းမတွေနှင့် ဘာမှမခြား။ မူလအကျင့်စရိုက်ကို ဖျောက်ဖျက်နိုင်သူမဟုတ်။ ပြည့်တန်ဆာဟူသည်မှာ ပြည့်တန်ဆာပဲဖြစ်သည်။ သူတို့ အဆင့်အတန်းကို မြှင့်တင်ပေးလို့မရ။ ဆွဲချပစ်လို့လည်းမရ။  ကောင်းအောင်ပြုပြင်ပေးလို့မရ။ ထို့ကြောင့် ငွေတွေ တစ်ထွေး ကြီးဖြင့် ထင်သလို သုံးနေသော လူရှုပ်ကို မြင်သောအခါ သူ၏ ပင်ကိုစရိုက်ကို မစွန့်နိုင်တော့။ သည်လိုဖြင့် ထိုလူ့ထံသို့ သူသွားခြင်း ဖြစ်ရမည်။

    တံခါးကို သတိကြီးစွာ ဖွင့်သံကြားရသည့် အချိန်အထိ မလှုပ်မယှက် ကျွန်တော် ထိုင်နေမိသည်။ တံခါးဖွင့်သံ ရပ်သွားသည်။ အခန်းထဲမှာ မီးဖွင့်ထားသည်ကို မြင်တွေ့ သွားပုံရသည်။ ကျွန်တော် အိပ်ရာမှ နိုးနေပြီဟု သိသွားပုံရသည်။ ထို့နောက် တံခါးကို ကျယ်ကျယ် ထပ်ဖွင့်လိုက်သည်။ အပေါက်ဝမှာ သူ ရပ်နေသည်။ အခန်းထဲမှာ ဖြစ်ချင်တိုင်း ဖြစ်နေသည်ကို မြင်တွေ့သွားသည်။
    သူ့တစ်ကိုယ်လုံး ဖြူဖပ်ဖြူရော် ဖြစ်နေသည်။ တစ်ကိုယ်လုံး တဆတ်ဆတ် တုန်နေသည်။ ကျွန်တော် တစ်ခုခု လုပ်တော့မည်ကို အကြီးအကျယ် စိုးရိမ်ကြောက်လန့်နေပုံမျိုး ဖြစ်သည်။ တံခါးလက်ကိုင်ကို အားပြုကိုင်ထားရင်း မျက်လုံးကို ခဏမှိတ်လိုက်သည်။ ထို့နောက် ခုတင်ဆီသို့ လျှောက်သွားပြီး အစွန်းမှာ ၀င်ထိုင်သည်။ မျက်လုံးများကို မှိတ်လိုက်ပြန်သည်။

    "ကျွန်မဟာ မကောင်းပါဘူးလို့ မောင့်ကို ပြောခဲ့ဖူးပါတယ် မောင်ရယ်၊ မောင့်ကို ဒုက္ခပေးမိမှာပဲလို့ ကျွန်မ ပြောခဲ့ဖူး ပါတယ်" ဟု သူက ပြောသည်။
    သူ့မျက်လုံးအစုံအောက်မှာ ကြီးမားသည့် အပြာရောင် အကွက်ကြီးများကို တွေ့ရသည်။ ဟုတ်ပါပြီ။ ဘာမှအံ့သြစရာ အကြောင်းမရှိပါ။ ဘာမှစဉ်းစားနေစရာ အပြင်ထွက်ခဲ့ပြီး အခန်းတံခါး ဆောင့်ပိတ် ထားခဲ့သည်။
    လူသူ ကင်းမဲ့သော လမ်းမများပေါ်မှာ ခြေဦးတည့်ရာ လျှောက်သွားနေမိသည်။ ဘယ်ဆီဘယ်ဝယ် သွားနေမိမှန်း လည်း မသိပါ။ လေကလည်း ကောင်းကောင်း မတိုက်။ ပူလောင်အိုက်စပ်နေသည်။ ဘောင်းဘီ ခြေထောက်မှလည်း ချွေးတွေရွှဲနေသည်။

    ကျွန်တော်တို့ ဆင်းခဲ့သည့် သင်္ဘောဆိပ်တွင် ကြီးမားသော အဖြူရောင် သင်္ဘောကြီးတစ်စီး ဆိုက်ကပ်ထားသည်ကို မြင်ရသည်။ မနက်ဖြန် ဟောင်ကောင်သို့ ထွက်မည့် သင်္ဘောဖြစ်သည်။
    ဘုရားရှိခိုးကျောင်း ဟောင်းကြီးကို တွေ့ရသည်။ ပြူတင်းပေါက်တွေ ပွင့်နေသည်။ ထိုပြူတင်းပေါက်များမှ တစ်ဆင့် တစ်ဖက်က မိုးကုပ်စက်ဝိုင်းကို တိုးလျှိုပေါက် မြင်နေရသည်။ တစ်ဖက်တွင် ဘာနံရံမှမရှိတော့ပါ။ မီးလောင်သောကြောင့် ပြိုကျသွားပြီ။

    ကျွန်တော် ဆက်လျှောက်လာရင်း ရှေ့တိုးမရတော့ပါ။ လက်နက်ကိုင် အစောင့်များက ကျွန်တော့်ကို ဆီးတားထားသည်။ ထိတားထားသည့် နေရာ၏ ဟိုမှာဘက်တွင် တရုတ်ပြည်မကြီး။
    ဟုတ်ပါသည်။ ကွန်မြူနစ်အစိုးရ အုပ်စိုးနေသော တရုတ်ပြည်မကြီး ဖြစ်ပါသည်။

    တရုတ်ပြည်မကြီးထဲတွင် ပြည့်တန်ဆာခန်းများကို ပိတ်ပစ်လိုက်ပြီ။ အမျိုးသမီး ကလေးများကို စက်ရုံများထဲသို့ ပြောင်းပို့လိုက်ပြီ။ လယ်ယာနှင့် ကောက်ပဲသီးနှံ စိုက်ကွင်း များထဲသို့ ရွှေ့ပြောင်းပေးလိုက်ပြီ။ အကယ်၍များ ပြည်မကြီးထဲမှာ စူဇီ ရှိနေမည်ဆိုလျှင် သူ့ကိုယ်ကို ငွေကြေးနှင့် ရောင်းစားနေမည့်အစား လယ်ထွန်စက်ကို မောင်းကောင်း မောင်းနေပေလိမ့်မည်။
    နောက်ဘက်သို့ ကျွန်တော် ပြန်လှည့်လာခဲ့သည်။ နံရံတစ်ဖက်သာရှိသည့် ဘုရားရှိခိုးကျောင်းကြီးဆီသို့ ပြန်ရောက် လာသည်။ နံရံဘေးမှာ ထိုင်ချလိုက်သည်။ တစ်ကိုယ်လုံး နုံးချည့်နေသည်။ နေထွက် လာသည်အထိ ငြိမ်ငြိမ်ကလေး ထိုင်နေမိသည်။ လက်ပတ်နာရီကို ကြည့်လိုက်တော့ ရှစ်နာရီခွဲနေပြီကို တွေ့ရသည်။ ထိုင်ရာမှထပြီး ဟိုတယ်သို့ ပြန်လာခဲ့သည်။

    အခန်းထဲရောက်တော့ ခုတင်ပေါ်မှာ လှဲနေသည့် စူဇီကို တွေ့ရသည်။ သူ အကြီးအကျယ် ငိုထားသည်။ တစ်မျက်နှာလုံး နီရဲပြီး ရောင်ကိုင်းနေသည်။ မျက်လုံးထဲမှာ ဘာအမူအရာမှမရှိ။ ကိစ္စအားလုံး ပြီးသွားပြီဖြစ်သောကြောင့် သေလိုက်တာကမှ ကောင်းသေးသည်ဆိုသည့် သဘောမျိုးဖြစ်နေသည်။

    "သင်္ဘောက ဆယ်နာရီခွဲထွက်မယ်၊ မင်း အဆင်သင့် ဖြစ်နိုင်ပါ့မလား" ဟု ကျွန်တော်က မေးသည်။
    အဖြေပြန်ပေးမလို လုပ်လိုက်သေးသည်။ သို့သော် ဘာမှ ပြန်မဖြေတော့ဘဲ ငိုပြန်သည်။ ပြောမည့် စကားလုံးတွေ လည်ချောင်းထဲမှာ တစ်ဆို့နေပုံရသည်။ ရေဘုံပိုင်ခေါင်းကို ဖွင့်ချလိုက်သလို သူ့မျက်လုံး အစုံမှ မျက်ရည်တွေ ဒလဟော စီးကျလာ သည်။

    အီတလီ နိုင်ငံမှာ မြင်ခဲ့ဖူးသည့် မယ်တော်မေရီ ရုပ်တုတစ်ခုကို ပြန်သတိရနေမိသည်။ ဘုန်းကြီးတစ်ပါးက လျှို့ဝှက်ရေဘံပိုင်ခေါင်းကို ဖွင့်လိုက်သည်။ မယ်တော် မေရီ၏ မျက်လုံးအစုံမှ ရေများ ပန်းထွက်လာကာ အဖြူရောင် တောက်ပနေသော ပါးပြင်ပေါ်သို့ စီးကျသွားသည်။

    "ငိုနေတဲ့ အပျိုစင်" ဟု ဘုန်းတော်ကြီးက ဂုဏ်ယူစွာပြောသည်။
    ငိုနေတဲ့ အပျိုစင်။ လွန်စွာ ကောင်းပါသည်။
    "ကိုယ် ရေသွားချိုးလိုက်ဦးမယ်"ဟု ကျွန်တော်က ပြောသည်။

    မုတ်ဆိတ်ရိတ်ဓား၊ ဆပ်ပြာနှင့် လိုအပ်သည်များ ယူပြီး ရေချိုးခန်းသို့ ထွက်ခဲ့သည်။ စူဇီက ခုတင်ပေါ်မှာ ငိုလျက် ကျန်ခဲ့သည်။
    ကျွန်တော်တို့ အခန်းဘေးက ရေချိုးခန်းမှာ လူရှိနေသည်။ ထို့ကြောင့် အပေါ်ထပ်မှ ရေချိုးခန်းသို့ သွားရန် စင်္ကြံအတိုင်း လျှောက်လာခဲ့သည်။ အခန်းစောင့် အာနတ်ကို သူ့စားပွဲနားမှာ တွေ့သည်။ အမျိုးသမီးတစ်ယောက်နှင့် ကော်မရှင်ကိစ္စ အငြင်းအခုံ ဖြစ်နေ ကြသည်။ အပေါ်ထပ် ရေချိုးခန်းသို့ တက်ခဲ့ပြီး တံခါးကို အတွင်းမှ ပိတ်လိုက်သည်။

    ရေပန်းအောက်သို့ ၀င်လိုက်သောအခါ ကြမ်းပေါ်မှာ သွေးတွေရွဲနေသည်ကို တွေ့ရသည်။ ရေထွက်ပေါက်မှာလည်း သွေးတွေ တွေ့ရသည်။ သည်အခန်းထဲမှာ တစ်ယောက်ယောက် ကိုယ့်လည်ပင်းကိုယ် လှီးသွားသည်ဟု ထင်မိသည်။ မကာအိုလို နေရာမျိုးတွင် သည်အဖြစ်မျိုးသည် ဘာမှအံ့သြစရာမရှိပါ။

    ထို့နောက် ထောင့်တစ်နေရာရှိ အ၀ါရောင် ကြွေထွေးခံတစ်လုံးကို သတိပြုမိသည်။ ထိုအထဲတွင်လည်း သွေးတွေ တွေ့နေရသည်။ မိန်းမလက်ကိုင်ပ၀ါကလေး တစ်ထည်ကိုလည်း တွေ့ရသည်။ စူဇီ၏ လက်ကိုင်ပ၀ါဟု ထင်မိသည်။ ကျွန်တော့်ဒူးများ တဆတ်ဆတ် တုန်လာသည်။ ဆက်ရင်နေဖို့ပင် ခပ်ခက်ခက် ဖြစ်လာသည်။

    ပို၍ သေချာအောင် လက်ကိုင်ပ၀ါကလေးကို ကောက်ယူကြည့်သည်။ ထောင့်တွင် ပန်းပွင့်ကလေး ရိုက်ထားသည်ကို တွေ့ရသည်။ နှင်းဆီပန်းနှင့် တူသည်ဟု တစ်ခါတုန်းက ကျွန်တော် ပြောဖူးသည်။ စူဇီက နှင်းဆီပန်းမဟုတ်ကြောင်း၊ ပန်းအမည်ကို တရုတ်လိုသာ ခေါ်တတ်ကြောင်း ပြန်ပြောဖူးသည့် လက်ကိုင်ပ၀ါ ဖြစ်သည်။ သေချာသွားပါပြီ။

    ဘုရား...ဘုရား၊ ဖြစ်မှဖြစ်ရလေတယ်။
    လက်ထဲမှ သွေးများ ပေကျံနေသည့် လက်ကိုင်ပ၀ါကလေးကို ငေးကြည့်နေမိသည်။
    တကယ်တော့ အင်္ဂလိပ်တရုတ်ကပြား လူရှုပ်ဆီသို့ စူဇီ သွားခြင်းမဟုတ်။ သူ့အဆုတ်ရောဂါ ပြန်ဆိုး လာခြင်းသာ ဖြစ်သည်။  သို့သော်လည်း သူ နေမကောင်းသည်ကို ကျွန်တော် မသိစေလို။ ကျွန်တော်တို့ အခန်းဘေးမှ ရေချိုးခန်းသို့ သွားလျှင် သူ ချောင်းဆိုးသံ၊ သွေးအန်သံများကို ကျွန်တော် ကြားရမည်။ ကျွန်တော် မကြားစေလိုသောကြောင့် အပေါ်ထပ် ရေချိုးခန်းသို့ တက်ခဲ့ခြင်း ဖြစ်သည်။ သည်အခန်းထဲမှာ သူတစ်ယောက် တည်း သွေးတွေ အန်နေပေလိမ့်မည်။ သူတစ်ယောက်တည်း သေကောင် ပေါင်းလဲ ဝေဒနာကို ခံစားခဲ့ရရှာပေလိမ့်မည်။

    အခန်းထဲသို့ သူ ပြန်လာသည့်ပုံကို ကျွန်တော် ပြန်လည် မြင်ယောင်နေမိသည်။ သူ့တစ်ကိုယ်လုံး ဖြူဖပ်ဖြူရော် ဖြစ်နေသည်။ တစ်ကိုယ်လုံး တဆတ်ဆတ် တုန်နေသည်။ သူ့မျက်လုံးအစုံအောက်မှာ ကြီးမားသည့် အပြာကွက်ကြီးများကို တွေ့ရသည်။ ပြီးတော့-
    "ကျွန်မဟာ မကောင်းပါဘူးလို့ မောင့်ကို ပြောခဲ့ဖူးပါတယ် မောင်ရယ်မောင့်ကို ဒုက္ခပေးမိမှာပဲလို့ ကျွန်မ ပြောခဲ့ဖူးပါတယ်" ဟု သူပြောသော စကားများကိုလည်း ပြန်လည် ကြားယောင်လာမိသည်။

    ဘုရား... ဘုရား... ဘုရား ... ကယ်တော်မူပါ"
    ကျွန်တော့် တစ်ကိုယ်လုံးမှာ အားအင်များ ကုန်ခန်းလာသည်။ ထို့ကြောင့် နံရံကို လှမ်းကိုင်ပြီး ထိန်းထားလိုက်ရသည်။ မျက်လုံးများကို မှိတ်ပြီး နံရံမှာ မျက်နှာအပ်ထားမိသည်။ ရေပန်းမှ ရေကျနေသံနှင့် ရေထွက်ပေါက်မှ စီးဆင်းသွားသံများကို ကြားနေရသည်။
    အို... စူဇီ၊ သနားစရာကောင်းလိုက်တဲ့ စူဇီလေးရယ်၊ မောင့်ကို မင်း ခွင့်လွှတ်နိုင်မှာ မဟုတ် တော့ပါဘူး ကွယ်။

    မျက်လုံးများကို ကျွန်တော် ဖွင့်လိုက်မိသည်။ လက်ထဲမှ လက်ကိုင်ပ၀ါ ကလေးကို မြင်ရပြန်သည်။ သူ သေများ သေသွားတော့မှာလား။ ကျွန်တော့်လက်များ တဆတ်ဆတ် တုန်နေသည်ကို တွေ့ရသည်။ ကြေက်စိတ်၊ စိုးရိမ်စိတ်များကြောင့် ချမ်းစိမ့်စိမ့် ဖြစ်လာသည်။ အ၀တ်အစားများကို လှမ်းဆွဲလိုက်ပြီး ပြန်ဝတ်သည်။ တစ်ကိုယ်လုံးမှာ ချွေးစီးတွေ ရွှဲနေသည်။ ချွေးတွေနှင့် ကပ်နေသောကြောင့် တော်တော်နှင့် အင်္ကျီဝတ်လို့မရ။

    မှန်ထဲမှာ ကြည့်မိသည်။ တစ်နေ့ မရိတ်ရသေးသဖြင့် မုတ်ဆိတ်မွှေးတွေ ထိုးထိုး ထောင်ထောင် ရှိနေသည်။ ဇောချွေးတွေ ပြန်နေသည်။ မျက်လုံးအစုံထဲမှာ ကြောက်ရွံ့စိုးရိမ်ရိပ်တွေ ဖုံးလွှမ်းနေသည်။
    ဘောင်းဘီဆွဲဝတ်တာ ကြယ်သီးတပ်ပြီး အောက်ထပ်သို့ အပြေး ပြန်ဆင်းခဲ့သည်။
 
အခန်း (၇) နက်ဖြန် 
>>>ဆက်ဖတ်ရန်>>> >>