Showing posts with label ဒဂုန်ခင်ခင်လေး ၏ မှော်ဆရာမှတ်တမ်း. Show all posts
Showing posts with label ဒဂုန်ခင်ခင်လေး ၏ မှော်ဆရာမှတ်တမ်း. Show all posts

Thursday, January 19, 2012

ဒဂုန်ခင်ခင်လေး ၏ မှော်ဆရာမှတ်တမ်း, အပိုင်း (၁၇) (ဇာတ်သိမ်း)

ထိုတွင်မှ အမြင်မကောင်းလှသော ကြောက်စရာ့သဏ္ဍာန်ကြီးသည် မီးတောက်မီးလျှံထနေသော ချည် မန်းကွင်း ၏တန်ခိုးအာနိသင်ကို ကြောက်လှသဖြင့် ရှုံ့တွတွန့်လိမ် အငြိမ်မနေနိုင်အောင် ရှိလေ တော့၏။
ကျွန်တော်။    ။ဟေ့ သတ္တဝါ မင်း ဘာကောင်လဲ၊ သူရဲလား၊ သဘက်လား၊ မင်းတကယ်မိုက်အား ကိုးတဲ့ အကောင်ကိုး။

ဟု မေးလိုက်ရာ မအေးကြည်လည်း ထိုသတ္တဝါကြီး ပူးဝင်နေပြီဖြစ်သောကြောင့် အံကိုက်ခါ
"အမာ ဟန်တွေ ပန်တွေလုပ်ပြီး မေးခွန်းထုပ်မနေပါနဲ့ ကိုယ့်လူရာ၊ မင်းကိုကြောက်တာမဟုတ်ဘူး။ မင်း လက်က ဆေးကြိမ်လုံးနဲ့ ချည်မန်းကွင်းကိုလန့်တာပါ" ဟု ဆိုသောအခါ မကြီးခမှာ ရင်ဘတ်စည်တီးနှင့်
"ဟဲ့ ဟဲ့ အလိုလေး သမီးရဲ့၊ ဘယ့်နှယ့်ပြောတာတုံး ညည်းကို ဆေးကုတဲ့ ဆရာပါဆိုနေ"
ဟု စိုးရိမ်စွာ ပြောလေရာ

ကျွန်တော်။    ။နေပါစေ ခင်ဗျာ၊ မအေးကြည်က ပြောရှာတာမဟုတ်ဘဲ သူ့အစွဲကောင်က ပြော နေတာပါ။

ဟုဆိုသော်လည်း မကြီးခမှာ ကျွန်တော်ကဲ့သို့ အစွဲကောင်ကို မြင်ရရှာသည်မဟုတ်သဖြင့် မအေး ကြည်က ပြောသည် ထင်သဖြင့် လွန်စွာအားနာလျက်၊ အဆက်မပြတ် ကျွန်တော့်အားသာ တောင်း ပန်နေရှာ လေ၏။ ကျွန်တော်လည်း အစွဲကောင်ကြီး၏မခန့်လေးစားပြောဆိုမှုကို များစွာခံရခက်လှ သဖြင့် ဆေးကြိမ်လုံး နှင့် အချက်ပေါင်းမြောက်များစွာ ရိုက်နှာက်မိရာ ပယောဂကောင်ကြီးလည်း အသံနက်ကြီး နှင့် တညီးညီးအော်ဟစ်၍သာ ဒုက္ခဝေဒနာကို ခံစား၍ နေလေ၏။
ကျွန်တော်လည်း ထိုအကောင်ကြီး မခန့်လေးစားပြောသည့်အတွက် ရှက်ရှက်နှင့် ကြိမ်ဒဏ်ချက် ပေါင်း များစွာ ရိုက်နှာက်နေမိရာတွင် သတ္တဝါကြီးလည်း နာကျင်စွာ တညီးညီးအော်နေရာမှ တစ တစ မောဟိုက် ပင်ပန်းသွားဘိအလား အော်သံများ ငြိမ်သက်သွားပေတော့၏။

ကျွန်တော်။    ။ဟေ့ မင်းဘာကောင်လဲ။
မအေးကြည်။    ။မပြောနိုင်ဘူး။
ကျွန်တော်။    ။မပြောရင် ရိုက်ရလိမ့်အုံးမယ်။
မအေးကြည်။    ။ရိုက်လေ။
ကျွန်တော်။    ။နာပြီးမှ ပြောရတာထက် မနာခင်မှာ ပြောရင် မကောင်းဘူးလား၊ နင့်ကိုရိုက်ရုံမက ဘူး၊ မျက်စဉ်း လဲ ခပ်ရလိမ့်မည်။
မအေးကြည်။    ။ခင်ဗျား ကောင်းတယ်ထင်သလို လုပ်ပါလေ ကျုပ်တော့ မပြောဘူး။
ကျွန်တော်။    ။ဘာပြုလို့ ဒါလောက် ခေါင်းမာရသလဲ၊ ပြောလိုက်တဲ့အတွက် ဘာများနစ်နာသွား မှာတုန်း၊ ငါလဲ မင်းကို မနှိပ်စက်လိုဘူး ဒီတော့ အေးအေးနဲ့ ပြောတုံး နားဝင်စမ်းပါ။
မအေးကြည်။    ။အိုဗျာ ဘာမှထပ်ချွဲနေစရာမရှိဘူး။ ခင်ဗျားသိအောင် လုပ်နိုင်လုပ် ကျုပ်တော့ ဖွင့် မပြော ဘူး။

ကျွန်တော်။    ။အင်း တယ်ဆိုးတဲ့ သတ္တဝါကြီးကိုး ကဲ ကဲ မင်းဘယ်လိုအမျိုးလဲ သူရဲလား၊ သူဘက်လား။
မအေးကြည်။    ။ဒီလိုအောက်တန်းစားမျိုးဖြင့် စောစောကထဲက ခင်ဗျားကို ကုန်းရှိခိုးလိုက်မှာပေါ့။
ကျွန်တော်။    ။ဒါဖြင့် ဘာလဲ။
မအေးကြည်။    ။အို မပြောပါဘူးဆိုမှ မရမကမေးနေပြန်ပြီ။
ကျွန်တော်။    ။ကဲ ဒါလောက်တောင်ရှိမှ မျက်စဉ်းခပ်ပေးရသေးတာပေါ့။

ဟု ဆို၍ ဆေးအစ်ကြီးအတွင်းမှ သဒ္ဒါခဲတမျှ ချင်းချင်းလှသော ပယောဂမျက်စဉ်းဆေးလုံးတလုံးကို ဂမုံးစေ့စိပွင့် စိမ်ထားသော ရေနှင့် ရွှေချအင်းနှံထားသော ဆေးကျောက်ပြင်တွင် တင်၍သွေးကာ ဆေးဒန်းမြီး သီလာ ကျောက်ခွက်ငယ်တွင် ထည့်ပြီး မျက်စဉ်းခပ်ပေးမည်ပြုလျှင် မအေးကြည်မှာ ထိုင်ရာမှ ဇွတ် ရုံးထပြေးမည်ပြုရာ အနီးရှိ လူအများဝိုင်းအုံ့ ချုပ်ကိုင်ထားသဖြင့် မသွားရဘဲ မျက်လုံး ပြူးဖြဲ အံကြိတ်ခဲ လျက်ရှိသည်တွင် အခြားသူများပါ ထပ်မံချုပ်ကိုင်၍ မျက်လုံးကို အတွင်းဖြဲစေပြီး အဆိုပါ မျက်စဉ်းကို ခပ်လိုက်ရာ မအေးကြည်မှာ ငယ်သံပါအောင် ကုန်းအော်လျက် မျက်လုံးမှ ပူစပ် သော ဒဏ် ကို သီးမခံနိုင်သဖြင့် ဆွေ့ဆွေ့ခုန်ဖြစ်နေလေ၏။

"အမယ်လေး စပ်လှချည်ရဲ့၊ ပူလှချည်ရဲ့ သေရချည်ရဲ့ ရှင်ချိုရေ ရှင်ချိုရဲ့ နင့်အတွက်နဲ့ မောင်ကြီး ဒုက္ခ ခံရတာတွေ မြင်လား၊ ဟဲ့ အမိုက်မကလေးရဲ့"
ဟု လေးလေးတွဲတွဲ ဝမ်းပန်းတနည်း ရှိုက်ကြီးတငင် ငိုလိုက်သောအသံကြီးမှလည်း အနီးရှိလူ အပေါင်း တို့မှာ အဓိပ္ပါယ်ကို နားမလည်သဖြင့် မျက်စိသူငယ်နှင့် ကြောက်ရွံ့စွာ နားထောင်နေကြ လေ၏။
ကျွန်တော်။    ။ကဲ နောက်တခါ ထပ်ခပ်ရအုံးမှာလား၊ ပြောရမဲ့စကားကို ဒါလောက်နှမြောနေရသ လား။

မအေးကြည်။    ။လုပ်ဗျာ လုပ်ချင်သလောက် လုပ်၊ မပြောနိုင်ဘူး။
ကျွန်တော်။    ။ကဲ ဒီလိုနေလို့တော့ မဖြစ်ဘူး။ သူ့မှာလဲ ဒုက္ခဝေဒနာ ခံစားနေရရုံရှိမှာဘဲ၊ ကျွန် တော်လဲ ကြာကြာ နှိပ်စက်နေရရင် ငရဲကြီးနေလိမ့်မယ်၊ ဆရာကြီးဆီ ခေါ်သွားမှာပဲ။
မကြီးခ။        ။ဆရာလေး သဘောကျသလိုသာ ကြည့်လုပ်ပါတော့ ဆရာ။
ကျွန်ောတ်။    ။ကဲ ဒါဖြင့် ခင်ဗျားတို့က မအေးကြည်ကို ချည်မန်းကွင်းမကျွတ်အောင် တွဲမပြီး ဆရာကြီး တဲအိမ်ကို လှည်းနဲ့တင်ခေါ်သွားရလိမ့်မယ်။
မကြီးခ။        ။ကောင်းပါပြီ ဆရာလေးရယ်၊ ဟဲ့ မောင်သော် လှည်းခေါ်ပါဟဲ့၊ ဒီလိုနဲ့မဖြစ်ဘူးတဲ့။

ဟု ပြောဆိုလိုက်ရာ မယားအတွက် ရတက်များနေရှာသော မောင်သော်လည်း ကဗျာကရာ လှည်း ခေါ်လာပြီး ကျွန်တော်နှင့်အတူ မအေးကြည်ကို ချုပ်ကိုင်ဆွဲခေါ်၍ လှည်းပေါ်သို့တင်ကာ ဆရာကြီး တည်းခို နေထိုင်ရာသို့ လာကြလေ၏။ မည်သည့်အစွဲဟု မေးမြန်း၍မရနိုင်သည့် အစွဲကောင် သတ္တဝါ မှာလည်း မအေးကြည်ကို ပူးဝင်လျက် လိုက်ပါလာခဲ့လေသတည်း။ သို့နှင့် ဆရာကြီးတည်းခိုသော နေအိမ်သို့ ရောက်လျှင် ကျွန်တော်လည်း မအေးကြည်ကို အိမ်ပေါ်သို့ တွဲခေါ်ခဲ့ရန်မှာကြားခဲ့ပြီး ဆရာကြီး ကို အကျိုးအကြောင်း ပြောနှင့်ရန် အိမ်ပေါ်သို့တက်ခဲ့လေ၏။
ဆရာကြီးလည်း ထိုအခိုက်တွင် အိမ်ရှင် ဦးဘထွားတို့နှင့် အိမ်ရှေ့ဝရံတာတွင် စကားပြောနေခိုက် ဖြစ်၍ အစွဲကောင် ခေါင်းမာစွာ ခုခံနေသောကြောင့်၊ ဆရာကြီးထံသို့ခေါ်ခဲ့ရကြောင်းနှင့်တကွ၊ အဖြစ်အပျက်များ အကျဉ်းချုံး၍ ပြောပြသောအခါ ဆရာကြီးလည်း
"အေး အေး ငါ့တပည့်နှင့်ကိစ္စမပြီးလို့ရှိမှ ဆရာကြီး တာဝန်ကျပေသကိုး၊ ကဲ ကဲ ဘယ်မလဲ လူနာ"

ဟုဆိုရာ ကျွန်တော်လည်း မကြီးခတို့ အိမ်ပေါ်မရောက်လာသေးသဖြင့် လမ်းမဘက်သို့ လှည့် ကြည့်လိုက်သောအခါ မကြီးခတို့နှင့်အဘော်မိန်းမတစုမှာ မအေးကြည်ကို အိမ်ပေါ်သွားရန် အတင်းရုန်း နေသည်ကိုမြင်ရလျှင် ကျွန်တော် ဆရာကြီးအာ ထိုအခြင်းအရာကို ပြ၍
"ဟို ပယောဂကောင်က အင်မတန်ခေါင်းမာနေပါတယ် မလိုက်ဘူးလို့ ရုန်းကန်နေတုန်းပါ ဆရာကြီး"
ဟု ပြောသဖြင့် ဆရာကြီးလည်း ဝရံတာမှ နေ၍ လှမ်းကြည့်ကာ
"ဟဲ့ ဥစ္စာစောင့် မောင်နှမလာခဲ့ကြ"
ဟု လှမ်းခေါ်လိုက်သောအခါ မအေးကြည်မှာ ရုန်းကန်ဖယ်ရှားနေရာမှ ဆရာကြီးအား ကြောက်ရွံ့ တုန်လှုပ်စွာ မော့ကြည့်ပြီး ရန်သူနှင့် မျက်နှာမမူဝံ့သလို သူ့အား ဆွဲထားသူများကို တအား ရုန်းဖယ် ကာ ဖနောင့် နှင့် တင်ပါး တသားထဲကျအောင် ပြေးလေ၏။

မောင်သော်နှင့်တကွ အခြားယောက်ျားများလည်း မအေးကြည် ပြေးသွားသောနောက်သို့ ထပ်ချပ် ပြေးလိုက် ဘမ်းကြမည် ပြုရာ ဆရာကြီးလည်း
"ဟေ့ ဟေ့ သူငယ်တို့။ အမောခံပြီး မလိုက်ကြနဲ့၊ သူ ဘယ်လောက်ပြေးနိုင်သလဲ ပြေးပေစေ၊ မင်းတို့ အသာ ကြည့်နေကြ"
ဟု ဆိုထားသဖြင့် လိုက်ဘမ်းမည့် သူများလည်း အသာကြည့်နေကြရလေ၏။

အကွယ်အကာမရှိသော လယ်ပြင်ကြီးအတွင်းမှာ ဖနောင့်နှင့်တင်ပါး တသားတည်းကျအောင် ပြေး သွားသော မအေးကြည် လည်း အိမ်ဝမှ ဆရာကြီးက ဖနောင့်နှင့်ကြမ်းကို တချက်မျှဆောင့်လိုက် သည်တွင် ၎င်းအားနောက်မှတစုံတယောက်က တုပ်ဆွဲလိုက်သည့်အလား၊ ပြေးနေရာမှ ပက်လက် လန်၍ လဲသွား လေ၏။

ထိုနောက် ဆရာကြီးနှုတ်မှ တစုံတခု တိုးတိုးပြောလိုက်ပြန်သောအခါ လယ်ကွင်းထဲတွင် လဲနေ သော မအေးကြည် လည်း ဒရီး၊ ဒယိုင်၊ အားယူ၍ထလျှက် တစုံတယောက်က တုပ်ဆွဲခေါ်သလို၊ ဆုတ်ကန်၊ ဆုတ်ကန် နှင့်ပင် ဆရာကြီးရှိရာသို့ ရောက်လာလေ၏။ ကျွန်တော်နှင့်တကွ ကြည့်ရသူ တို့မှာ ဆရာကြီး အစွမ်းကို အံ့မခမ်းအောင်ဖြစ်နေကြလေသတည်း
မအေးကြည်လည်း ဆရာကြီးရှေ့တွင် ရိုသေစွာ ဆစ်ဒူးတုပ်၍ ထိုင်လေ၏။ မျက်နှာတွင်ကား အားမ တန် မာန်လျှော့ ရသည့်ပမာ၊ သက်ပြင်းကြီး မကြာ မကြာချ၍ နေလေတော့၏။
ဆရာကြီး။    ။ဟဲ့ ဥစ္စာစောင့် မောင်နှမ၊ ဘာဖြစ်ကြတာလဲ။

ကြည်။    ။မပြောပါရစေနဲ့ ဆရာကြီးရယ်။
ကြီး။    ။မပြောလို့မဖြစ်ဘူး ပြောရလိမ့်မယ်၊ ဘယ်အတွက် ဒီသူငယ်မကို နှိပ်စက်နေရတာလဲ။
ကြည်။    ။အင်မတန်လဲ ကြောက်လှပါတယ်။ မပြောဘဲနေလို့ ကိစ္စပြီးရင်လဲ မပြောပါရစေနဲ့တော့ ဆရာကြီး ရယ်။
ကြီး။    ။ကောင်းပြီး မပြောချင်ရင် ဒီသူငယ်မကို ဘယ်တော့မှမနှောင့်ယှက်ပါဘူးဆိုတာ သစ္စာ ရေ သောက်ရလိမ့်မယ်။
ကြည်။    ။(ငိုလျက်) အမယ်လေး ဒီလိုသစ္စာရေမျိုးတော့ ချမ်းသာပေးပါ။ မသောက်ပါရစေနဲ့။
ကြီး။    ။အို ဒါဖြင့် ဘာလုပ်ရမှာလဲ။ တမျိုးနဲ့လဲမရ၊ တမျိုးနဲ့လဲမရ၊ ဘာဖြစ်လို့ နှောက်ယှက်နေရ သလဲ။ ကဲ အချိန်ကြာတယ် ပြောရင်ပြော။
ကြည်။    ။(ငိုလျက်) တောက် ခက်လိုက်တဲ့ဖြစ်ပုံရယ်။ ဘယ်ဒုက္ခမျိုးနဲ့ လာကြုံပါလိမ့်မလဲနော်။ သြော် မယ်ချို မယ်ချို ငါချစ်သလို မချစ်တဲ့ အမိုက်မကလေး။

ကြီး။    ။ကြာတယ်ကွယ် ပြောစမ်း။
ကြည်။    ။ကျွန်တော် ဥစ္စာစောင့်ပါ ခင်ဗျာ။
ကြီး။    ။အေး အေး မင်းဥစ္စာစောင့်မှန်း သိတယ်။
ကြည်။    ။အေးကြည်ဟာ ကျွန်တော့်နှမလေးပါ။ အရင်ဘဝက မောင်ခိုနဲ့ မယ်ချိုဆိုတဲ့ မောင်နှမ ပါဘဲ။ မတ္တရာမြို့ အနီး ကမာလဲတောင်ခြေနှင့် ရွှေတောင်၊ ငွေတောင်အနီးမှာ လယ်ယာလုပ်ကိုင် အသက်မွေး နေပါတယ်။ ကျွန်တော်ကလဲ အိမ်ထောင်မပြု။ မယ်ချိုကလဲ လင်သားမယူ၊ မောင်နှမ နှစ်ယောက် ချစ်ခင် ကြင်နာစွာ လုပ်ကိုင်စားသောက်နေတုန်း ရွှေတောင်၊ ငွေတောင်က ဥစ္စာစောင့် များက ပစ္စည်းနဲ့ မျှား ခေါ်သွားပြီး ဥစ္စာတိုက်တံခါးကြီးပိတ်ထားလို့ မောင်နှမနှစ်ယောက်လုံး အယူမှား ပြီး။ ဥစ္စာစောင့်ကြီးတွေ ဖြစ်နေရပါတယ် ဆရာကြီး ခင်ဗျား။
ကြီး။    ။သြော် အင်း အင်း၊ နို့ ဒီသူငယ်မကို နှိပ်စက်နေတာကတော့ ဘာကြောင့်လဲ။

ကြည်။    ။ဒီလိုပါ ခင်ဗျာ၊ ကျွန်တော့်နှမ မယ်ချိုဟာ နှစ်ပေါင်းများစွာ ဥစ္စာစောင့်ဘဝမှာ စောင့် ရှောက် နေရတော့ လူ့ပြည်၊ လူ့ရွာသွားပြီး ဒါန၊ သီလများ အားထုတ်ချင်တဲ့ဆန္ဒပေါ်လာတဲ့အတွက် မောင်ကြီးရယ် လူ့ပြည်ခဏသွားပါရစေ ကုသိုလ်၊ ဒါနများပြုလုပ်လို့ ဥပုသ်သီတင်းများ စောင့်သုံး ပြီး ပြန်လာပါ့မယ်လို့ မကြာခဏ ပူဆာလှတာနှင့် နှမကလေး ချစ်လွန်းလို့ မခွဲနိုင်သော်လဲ။ သူ့အလို ဆန္ဒမှ ခဏပြည့်ဝ ပါစေတော့လို့ လူ့ပြည်သွားလိုက ခေတ္တသွား၊ သားတယောက်ရရင် ပြန်ခဲ့လို့ မှာ လွှတ်လိုက်မိပါတယ်။ ဒါနဲ့ ဟောဒီ မတ္တရာမြို့မှာ လူဝင်စားလာဖြစ်ရှာတဲ့နောက် မအေးကြည်ဆိုတဲ့ အမည်နဲ့ပင် လင်ယောက်ျား ရရုံ မျှမက သားတယောက်လဲ ဘွားမြောက်ပြီးပါပြီ။

ဒီတော့ သူထားတဲ့ ဂတိရက် အချိန်စေ့လို့ လာခေါ်တဲ့အခါ သူ့မှာ ဒီလင်၊ ဒီသားကို ခွဲမထားခဲ့နိုင်ပါဘူးလို့ ခုခံငြင်းဆန် နေပါတယ်။ အခါခါလာခေါ်သော်လဲ ကျွန်တော့်ကို မသနားဘဲကိုး။ ကျွန်တော်ကတော့ နှမလေး တယောက်ကယ်လို့ မျက်စိအောက်က အပျောက်မခံနိုင်အောင် ချစ်ပါလျက် သူပူဆာ လှတဲ့အတွက် မခွဲချင်ဘဲနဲ့ သူ့စိတ်ကြေနပ်ပါစေတော့လို့ ခေတ္တခဏခွဲလွှတ်ထားရတယ်။ ကိုယ်ကတော့ နေ့ရှိသမျှ နှမကလေးရယ်လို့ တလွမ်းလွမ်း တသသနှင့် သူထားခဲ့တဲ့ကတိအတိုင်း အချိန်အခါကျရင် ပြန်လာ လိမ့်မယ်ထင်ပြီး အမျှော်ကြီးမျှော်နေခဲ့ရတယ် ခင်ဗျ။ ယခုတော့ သားတယောက်လဲရပါပြီ။ ကျွန်တော့် နှမလဲ ကျွန်တော် လွမ်းလှပြီ။ သူကလဲ လင်နှင့်သားကို သံယောဇဉ်မကင်းတော့ ချက်ခြင်း မလိုက်နိုင်ဘူးတဲ့။ ဒါနဲ့ မရမက ခေါ်နေရတာပါ။
ဆရာကြီး။        ။ကဲ သူငယ်မရဲ့ အမေနှင့် သူငယ်ခရဲ့ခင်ပွန်းသယ်များ ဥစ္စာစောင့်ပြောတဲ့စကား ကြားကြပြီလား။

မကြီးခ။    ။ကြားပါပြီ ဆရာကြီးရဲ့ ကျမသမီးနှင့် မခွဲနိုင်ပါ သူကဘဝခြားနေပါပြီ၊ ကျမမှာတော့ ဒီ သမီး ကလေး ကိုးလလွယ်လို့ ဆယ်လမွေးရတဲ့ ရင်သွေးအစစ်ပါ ဆရာကြီးရယ်။ ဘယ်ခွဲနိုင်မှာလဲ။ အိမ်ထောင်ချ ထားတာတောင် ကျမသမီးလေးမခွဲနိုင်လို့ ကိုယ့်မျက်စေ့အောက်မှာ လင်မယားနှစ် ယောက်စလုံး ခေါ်ထား ပါတယ်။ တဆိပ် ဒီရန်ကို ကာကွယ်ပေးတော်မူပါဆရာကြီးရယ်။
သော်။    ။ကျွန်တော်လဲ သူ့နောက်မထည့်နိုင်ဘူး ဆရာကြီး ခင်ဗျ။ သူက တဘဝက မောင်ပါ။ ကျွန်တော် ကတော့ ကာမပိုင်လင်ယောက်ျားပါ ကျွန်တော်မိန်းမ ကျွန်တော်ပိုင်ပါတယ်။ မထည့်နိုင် ပါဘူး ခင်ဗျား။ နောက်ထပ် မနှောင့်ယှက်နိုင်အောင်သာ ကာကွယ်ပေးတော်မူပါ။

ဆရာကြီး။        ။အေး အေး သူငယ်မကလေးကလဲ ယခုဘဝမှာ တွေ့ကြုံခင်မင်ကြရတဲ့ မင်းတို့ သံယောဇဉ် ကို ခင်တွယ်နေပြီ။ ကဲ ဥစ္စာစောင့် မောင်ခိုကလဲ သူ့ချစ်ချင်းကို မခွင်းကောင်းပါဘူး မခေါ် ပါနဲ့...။
ကြည်။    ။အလိုလေး ဘယ်နှယ့်အမိန့်ရှိလိုက်ပါလိမ့် ဆရာကြီး ဒီနှမသက်ကလေးကို ကြာရှည် မခွဲထား နိုင်တော့ ဘူး ခင်ဗျ။ ခေါ်သွားပါရစေ။
ဆရာကြီး။        ။မဖြစ်ဘူးလေ။ ဒီစိတ်တွေ ဖယ်ရှားမှပေါ့ ကဲ ကဲ နောက်ကို မနှောက်ယှက်ပါဘူး ဆိုတာ သစ္စာရေ သောက်သွားရလိမ့်မယ်။
ကြည်။    ။(ငိုလျက်) အမယ်လေး ချမ်းသာပေးတော်မူပါ။ သစ္စာရေလဲမသောက်ပါရစေနဲ့၊ ကျုပ်နှမလဲ ပြန်ခေါ် ပါရစေ။
ကြီး။    ။မခေါ်ရဘူး။ သစ္စာရေသောက်ရမယ်။

ကြည်။    ။မတော်ပါဘူး ဆရာကြီးရယ်။ ကျွန်တော် ဘယ်လောက်ချစ်တဲ့ နှမဆိုတာ ဆရာကြီးလဲ သိသင့် ပါတယ် ချမ်းသာပေးတော်မူပါ။
ကြီး။    ။ဟေ့ နောက်ထပ်စကားမပြောနဲ့တော့။ ရော့ ဟောဒီ သစ္စာရေကို သောက်ပေတော့ နောက်လဲ မနှောက်ယှက်လာနဲ့။
ကြည်။    ။ကျွန်တော့်နှမ မခေါ်ရဘူး ဆိုတဲ့ သစ္စာရေမျိုးတော့ မသောက်ပါရစေနဲ့ ခင်ဗျာ။
ကြီး။    ။သောက်ရမယ်။ ဒီသစ္စာရေ မသောက်ရင် တနေ့သ၌တော့ မင်းအတင်းခေါ်ချင် ခေါ် သွားမှာ မင်းတို့ နာနာဘာဝဆိုတာ မယုံရဘူး။ သစ္စာရေသောက်သွားမှဖြစ်မယ်။
ကြည်။    ။မသောက်ဘူး မသောက်ဘူး မသောက်ပါရစေနဲ့။

ကြီး။    ။ကိုင်း ကိုကိုလေး မင့်လူ ဒီလိုစကားရှည်နေလို့ မဖြစ်ဘူး။ အတင်းအကြပ်ခိုင်းမှ ဖြစ် တော့မယ်။ ဆေးကြိမ်နဲ့ ရိုက်ပြီး ဟော ဒီသစ္စာရေတိုက်ပေတော့။
ဟုဆိုကာ ရေခွက်ကို ပေးသဖြင့် ကျွန်တော်လည်း ဆရာကြီးအမိန့်အတိုင်း ဆေးကြိမ်နှင့်ရိုက်၍ သစ္စာရေ တိုက်လေရာ ဥစ္စာစောင့်မောင်ရွှေခိုလည်း ဆေးကြိမ်၏ဒဏ်ချက်ကြောင့် အပြင်းအထန် ဟစ်အော် လူးလှိမ့်၍ ဝေဒနာခံစားနေရရှာလေ၏။
ကျွန်တော်။        ။ဟေ့ ဒါလောက်နာရင် သစ္စာရေသောက်လိုက်ပါတော့လား။

ကြည်။    ။မသောက်ဘူး မသောက်နိုင်ပါဘူး ရိုက်ချင်သလောက် ရိုက်ပါ။ ကျုပ်နှမကို ကျုပ်ခေါ် ချင် တာဘဲ။ ခင်ဗျားတို့ နဲနဲမှ တရားတဲ့လူစုမဟုတ်ဘူး။
ကျွန်တော်။        ။သယ် ဘာစကားတွေမျးနေရသလဲ။ ကဲ သောက်တော့မလား ဟောတာ ဆေး ကြိမ်လုံး ကွ၊ ဟောတာက ငါ့ဖနောင့်။
ကြည်။    ။အမယ်လေး ကြောက်လှပါပြီ။ အလိုလေး သေရချီရဲ့ တယ်နှိပ်စက်တဲ့ ဆရာတွေပါက လား၊ မတရား ဘူးနော် ခင်ဗျားတို့နိုင်တိုင်း ညှဉ်းဆဲတာတော်သလား။
ကျွန်တော်။        ။ဟေ့ တယ်စကားတတ်ပါကလား။ မင့်ကိုမတရားညှင်းဆဲချင်လို့ မဟုတ်ဘူး။ တို့ အမိန့် ကို မနာခံလို့လုပ်နေရတာ မင်းသာ ခုလောက်ခေါင်းမမာရင် တို့ကလက်ဖျားနဲ့မှ တို့မှာမဟုတ် ဘူး၊ ကဲ ကဲ နောက်ထား အနာမခံချင်ရင် ဒီသစ္စာရေကို မြန်မြန်သောက်ပါ။

ကြည်။    ။အမယ်လေး မတိုက်နဲ့ မတိုက်နဲ့ ဘယ်နည်းနဲ့မှ မသောက်နိုင်ဘူး။
ကျွန်တော်။        ။ကိုင်း မသောက်ရင် နာပေအုံးတော့မောင် ကဲ ကဲ မှတ်ပလား အမယ်လေး မတနဲ့ လေ။ ဒါနဲ့မှ မရရင် မျက်စဉ်းခပ်ရအုံးမယ်။
ကြည်။    ။အမယ်လေး နာလှပါပြီ ခင်ဗျ။ မလိုလေး ကြောက်လှပါပြီ ဆရာကြီးရဲ့၊ နှမရေ နှမရဲ့ မယ်ချို အမိုက်မကြီးရဲ့ မောင်ကြီးဒုက္ခမြင်ရဲ့လားကွဲ့၊ နှမမိုက်ကြောင့် နင့်မောင်ကြီး အရိုက်ခံရတာ၊ ကြည့်ရက်သလား အမိုက်မကလေးရဲ့... ငါ့နှမကို ချစ်လွန်းလို့ ဒါလောက် အနာခံပြီး ခေါ်နေတာပါ။

နင့်လင်နဲ့ ပျော်ပျော်ကြီးနေချင်ရက်တာများ မောင်ကြီး ဝမ်းနည်းလှချည်ရဲ့။ အမယ်လေး ရက်စက်ပါ ပေတယ် မယ်ချိုရယ် ကောင်းကြပါပေရဲ့။ အင်း သိပေါ့ သိပေါ့ ငါးရာ့နှစ်ဆယ့်ရှစ်သွယ်သော မေတ္တာဟာ သူ့လင်ကိုချစ်တဲ့ ထောင့်ငါးရာအချစ်ကို မတိုးခွေ့ မဖြိုဖျက်နိုင်ပါကလား။ မစိမ်းကား ကြီးရဲ့ ငါကတော့ နှမကလေးချစ်တဲ့အရေးကြောင့်၊ ဘေးဒုက္ခအတန်တန် အန္တရာယ်အမျိုးမျိုးကို ဇွတ်တိုးလို့ သီခံပြီး မင်းပြန်လာရအောင် ကြိုးစားပါရက်ကနဲ့ မင်း တကဲ့ကို ရက်စက်အားပါပေရဲ့ ကွယ်.. အမိုက်မရယ်။ မောင်ကြီး လဲ အရိုက်ခံရတာ နာလှပါပြီ။ အမယ်လေး... အားလျှော့လိုက်ပေါ့ နော်၊ ဩော် အမိုက်မ ကလေး... မောင်ကြီးနဲ့ဖြင့် ဝေချေပေါ့။ အစကတော့ မောင်ကြီးနှင့် ဘယ်တော့မှမခွဲပါဘူးတဲ့။ ခုတော့ မောင့်ထက် ပိုပြီး ချစ်ရမဲ့လူရှိနေမှကိုး နော် တော်တယ်ကွယ်... တော်တယ်... တော်တယ်။ မင်းလိမ္မာ ပါပေတယ်။ နှမကလေး လိမ္မာလို့ မောင်ကြီးကို တပတ်ရိုက် သွားတာပေါ့နော်။

ကိုင်း ကိုင်း သူကမှပြတ်သေးတာ ကျုပ်က ဘာမပြတ်စရာရှိသလဲ၊ ကဲ ဒီနေ့ကစပြီး နှမကလေးတစ် ယောက်ရှိတယ်လို့ သဘောမထားပါဘူး။ သွားပါတော့မယ်၊ မယ်ချို မယ်ချို မင်းကိုတော့ မခေါ်ပါ ဘူးကွယ်၊ ခေါ်ချင်ပေတယ်လို့ ဆရာ့ဆရာများက သစ္စာရေမရမကတိုက်ပြီးမှ လွှတ်မှာမို့ မင်း အတွက် တော့ လက်လျော့လိုက်ပါပြီ။

မင်းအတွက် ငါ့မှာလဲ (၅၂၈)သွယ် မေတ္တာအရင်းခံပြီး ဒါလောက် ဒုက္ခရောက်ခံလို့မှ ခံရကျိုးမနပ် တာ၊ ငါ့နှမလဲ ငါကဲ့သို့ (၅၂၈)သွယ်အချစ်မျိုးနဲ့ပတ်သက်ပြီး ဒုက္ခကြီး ဆက်ခါ ဆက်ခါ တွေ့ပါစေလို့ မောင်ကြီးက အချစ်ကြီးလို့ အမျက်ကြီးပြီး နှမမိုက်ကလေးကို ကျိန်စာတိုက်လိုက်မကွဲ့၊ မောင်ကြီး ဟာ နှမနဲ့မခွဲချင်ဘဲ ခွဲရလို့ စိတ်ဆင်းရဲနေရသလို ငါ့နှမမှာလဲ စိတ်ဆင်းရဲရပါလိမ့်မယ်။
မောင်ကြီးဖြင့် ငါ့နှမကြီးချစ်ရက်နဲ့ နှမက စိမ်းကားတော့ ဆရာ့များတိုက်တဲ့ သစ္စာရေသောက်ရ တော့မယ်။ နောက်လာမခေါ်ရတော့ဘူးနော်။ အမယ်လေး ပြောရင်း ပြောရင်း မောင်ကြီးဖြင့် ဝမ်း နည်းလှချေရဲ့။ မင့်လင် မင့်သားနဲ့ ပျော်ပျော်ကြီးနေရစ်ပေတော့ အမိုက်မကြီးရဲ့"

ဟု တမဲ့မဲ့ ရှိုက်ငင်ငိုကြွေးရှာလေရာ မအေးကြည်သာ ထိုအခါက သတိရနေပါမူ လင်သားကို စွန့်ခွာ လျှက် မောင်ရွှေခိုနောက်သို့ ကောက်ကောက်ပါအောင် လိုက်သွားမည်အမှန်ဖြစ်လေ၏။ သို့ရာတွင် ဥစ္စာစောင့် မောင်ရွှေခိုပြောသော စကားများမှာ နှမဖြစ်သူ မအေးကြည်ကို ပူးဝင်၍ပြောနေသော ကြောင့်၊ ထိုစကားများ ပြောချိန်၌ မအေးကြည်၏နဂိုစိတ်များပျောက်လျက် သတိလစ်နေခိုက်ဖြစ် လေသတည်း။

ကျွန်တော်နှင့်တကွ နားထောင်ရသူတို့မှာလည်း မောင်ေ၇ွှခိုအတွက် ဝမ်းနည်း၍ သနားစိတ်ဖြင့် မျက်ရည် များ လည်လျက်ရှိကြလေ၏။
သို့ရာတွင် "ကိုယ်မချိ အမိသော်လဲ သားတော်ခဲ"ဆိုသောစကားကို မောင်ရွှေခိုကို သနားသဖြင့် သစ္စာရေ မတိုက်ဘဲ ထားကလည်း စိတ်မချရ။ တနေ့တွင် မအေးကြည်၏လိပ်ပြာကို နှုတ်ယူသွားမှာ စိုးရိမ်ရသဖြင့်၊ စိတ်ချချ နေနိုင်ရန် အလျှင်အမြန် သစ္စာရေကို တိုက်ရလေ၏။
ဥစ္စာစောင့် မောင်ရွှေခိုလည်း အထက်နည်းအတိုင်း ဖွဲ့နွဲ့ငိုကြွေးရင်းပင် နောက်ဆုံး၌ သစ္စာရေကို တချိုက်ချိုက် နှင့် ချောမောစွာ မော့ချလိုက်ပြီးလျှင် မျှော်လင့်ချက် ကုန်ခန်းသဖြင့် ပင်ပန်းနွမ်းဟိုက် ခါ ခေါင်းငိုက်စိုက်ချသွားရှာလေသတည်း။

ထိုတွင်မှ ဆရာကြီးလည်း မောင်ရွှေခိုအား တရားဓမ္မဟောပြဆုံးမပြီးလျှင် ချည်မန်းကွင်းကိုဖြေ လွှတ်လိုက်သောအခါ မအေးကြည်မှ သတိရ၍လာလေ၏။ ထိုခဏ၌ မောင်ရွှေခိုမှာ "ကြွတ်မနိုင် ကျီမီးရှို့"ဆိုသည့် စကားကဲ့သို့ မကြီးခနှင့် မောင်သော်တို့အား လူကိုမမြင်ရဘဲ ထိုင်နေကြရာမှ လဲ သွားအောင် ခြေနှင့်တချက်စီကန်လျက် တအိမ်လုံးသွက်သွက်ခါအောင် တဒုန်းဒုန်း တဒိုင်းဒိုင်းနှင့် ဆင်းသွားပြီး မအေးကြည်တို့ စီးလာသော လှည်းမှ နွားနှစ်ကောင်ကိုလည်း တခဏခြင်း ဗိုင်းကနဲ လဲသေသွားအောင် လိပ်ပြာနှုတ်ယူသွားလေ၏။ ကြည့်နေသူများလည်း အံ့အားသင့်ခြင်း၊ ကြောက် ရွံ့ခြင်းဖြင့် အချင်းချင်း လက်တို့၍ နေကြကုန်၍။

ဆရာကြီး လည်း "အင်း "ကုလားမနိုင် ရခိုင်မဲ"ဆိုသလိုဖြစ်နေပြီ တယ် ငါခေါ်ရိုက်ပြန်ရ၊ အေးလေ သူလဲ နှမချစ်တဲ့ အရှိန်ကြောင့် ကရုဏာဒေါသဖြစ်သွားရှာတာကလား။ ကဲ ကဲ ငါ့တပည့်ကိုကိုလေး သူငယ်မကိုလဲ အကွယ်အကာ အင်းအိုင်၊ ခလဲ၊ လက်ဖွဲ့များပေးပါဟဲ့၊ ပုသိန်ကြီးက မဝင်းကြည်တို့ သားအမိ ထိုးပေး ခဲ့တဲ့ မနုဿီဟအင်းတော်ကြီးလဲ ငယ်ထိပ်က စီးထိုးပေးလိုက်ပါ"
ဟု ပြောသဖြင့် ကျွန်တော်လည်း ဆရာကြီး အမိန့်ရှိသမျှ တစမကျန် ပြုလုပ်ပေးလိုက်ရလေ၏။

မကြီးခနှင့် မောင်သော်တို့မှာလည်း ဆရာကြီးကို ကျေးဇူးတင်း၍မဆုံးဖြစ်ခါ ထိုနေ့မှစ၍ ဥစ္စာစောင့် မောင်ရွှေခို ၏ နှိပ်စက်ခြင်းမှ လွတ်မြောက်ခါ မိမိသားဦးကလေးနှင့် ပျော်ရွှင်ကြည်လင်စွာ နေနိုင်ခွင့် ရရှာလေ၏။
ထိုအဖြစ်အပျက်များ ပြီးစီးသည့်နောက် ကျွန်တော်လည်း မကြီးခတို့ထံသို့ မကြာခဏ အလည်အ ပတ်ရောက်သောအခါ မကြီးခလည်း ဆရာကြီး၏ဂုဏ်ကျေးဇူးကို အထူးသဖြင့် ချီးကြူး၍မကုန်နိုင် အောင် ရှိရှာလေ၏။

ကျွန်တော်က မအေးကြည် သားကလေးနှင့် ပျော်ရွှင်ကျီဆည်နေသည်ကို လာတိုင်းပင် တွေ့မြင်ရ သဖြင့် မောင်ရွှေခို က မအေးကြည်ကို ချစ်ရှာပုံတွေ တွေးမိပြီး သနားစိတ်ဝင်လာကာ
"မအေးကြည် ခင်ဗျားမောင်ကြီးလဲ ခင်ဗျားကို ဒီလိုပဲ ချစ်ရှာမှာပေါ့နော်"
ဟု ဆိုလျှင် မအေးကြည်လည်း
"သြော် ဟုတ်ကဲ့ ဆရာ မောင်ကြီးချစ်တာကတောင် သာပါလိမ့်အုံးမယ်ရှင်၊ တကယ်ဆိုတော့ ကျမ က ရိုင်းရာကျပါတယ်။ သို့ပေတဲ့ ဒီဘဝမှာလဲ လင်နဲ့သားနဲ့ မိနဲ့ဘနဲ့ဆိုသလို ကိုယ်နဲ့ပတ်သက်တဲ့ သံယောဇဉ် တွေက အမျှင်တွယ်နေလေတော့ မောင်ကြီးကို တကယ်တန်းမစိမ်းကားပေတဲ့ စိမ်းကား ရတဲ့ အနေမျိုး ရောက်ရတာဘဲရှင်။

ယခုလဲ သူ့ခမျာ သစ္စာရေကြောင့် မခေါ်ရပေတဲ့ ခဏခဏ လာ စကားပြောရှာတယ်။ တခါတလေများ သူ့ဥစ္စာသိုက်ကြီး အတွင်းမှာထားတဲ့ ပစ္စည်းဘဏ္ဍာများ ဘယ် လသို့ဘယ်ပုံတိုးပွားတယ်၊  ဘယ်နေရာ ထားတဲ့ ကျောက်သေတ္တာကြီးကို ဒီနေ့ဖြင့် ဘယ်နေရာရွှေ့ လိုက်တယ်၊ ဘယ်သိုက်ဆရာလာလို့ ဘာဖြစ်တယ် ဆိုတာတွေ အကုန်လာလာပြောရှာတယ်။ တခါ တလေလဲ သြော် ငါ့မှာတော့ တယောက်တည်း တလွမ်းလွမ်း တဆွေးဆွေးနဲ့ နေလိုက်ရတာ သူ့မှာ တော့ သားနဲပ လင်နဲ့ ပျော်လို့ပါကလား။ အင်း ငါမှားတယ် ငါမှားတယ် နင် လူ့ပြည်သွားဘို့အခွင့် တောင်းတုံးက ခွင့်ပေးမိတာ အင်မတန်မှ မှားသွားတာလဲလို့ ဆိုဆိုပြီး ငိုတာဘဲရှင့်။

တခါတလေ တော့ ကျမမျက်နှာကို ဒေါသကြီးနဲ့ သေသေချာချာကြည့်ပြီး ငါဖြင့် နင့်ကစားတဲ့ ပတ္တမြားလုံးက လေးတွေနှင့် နင်ပန်တဲ့ ရွှေပန်းခိုင် ငွေပန်းခိုင်ကလေးတွေ ကြည့်ကြည့်ပြီး နေ့ရှိသမျှ ငါနှမလေးလာ ရင် မဟောင်းမနွမ်းရအောင် ဆိုပြီး တိုက်ချွတ်ထားလိုက်ရတာ နင်ကတော့ ငါ သတိရသလောက် ငါလွမ်းသလောက် ငါချစ်သလောက် ရက်စက်စိမ်းကားတယ်၊ ရှိစေတော့ကွယ် ငါမှားမိပေသကိုး၊ ငါ စိတ်ဆင်းရဲရသလို နင်လဲ မပြတ် မပြတ် စိတ်ဆင်းရဲစေရအုံးမယ်၊ ဒီတော့မှ သြော် ငါ့မောင်ကြီးဟာ ငါဒုက္ခဖြစ်သလိုဖြစ်ရှာမှာဘဲဆိုတာ နင်သိမယ်တဲ့၊ ဘယ်နှယ့်အဓိပ္ပါယ်နဲ့ ကြိမ်းကြိမ်းသွားမှန်းမသိပါ ဘူးရှင်" ဟု ပြောတတ်စမြဲဖြစ်လေ၏။

သို့နှင့် ကျွန်တော်လည်း နောက်ဆုံးတခေါက် မအေးကြည်တို့အိမ်ရောက်ခဲ့ပြီးမှ နောက်ထပ်မ ရောက်ဘဲ ရှိခဲ့ရာတွင် မကြာမီ စဥ့်ကူးမှလူနာတဦးက ဆရာကြီးနှင့် ကျွန်တော့်အား ပင့်ခေါ်လာသ ဖြင့် လိုက်ပါ သွားကြရမည် ဖြစ်သောကြောင့် မတ္တရာမြို့က အသိအကျွမ်း တပည့်တပန်းများ လိုက် လံနှုတ်ဆက် သောနေ့တွင် မအေးကြည်တို့အိမ်သို့လည်း ဝင်ခဲ့ရာ ကျွန်တော့်မှာသွားခါနီးမှ စိတ်မ ကောင်းစရာ အကြောင်း တခုကို တွေ့ရပြန်လေ၏။

အကြောင်းမူကား အခါတိုင်း မအေးကြည်၏ရင်ခွင်တွင် ပျော်ရွင်နေသော ၎င်း၏သားငယ်ကလေး မှာ ကြာယပ်တွန့် တွေ ဆင်ထားသော ဘိုင်စကယ်အလောင်းစင်ကလေးပေါ်တွင် စင်းစင်းကလေး သေနေရှာသည်ကို တွေ့ရလျက် မိခင်ဖြစ်သူ မအေးကြည်မှာလည်း ရင်ဘတ်ကိုစုံထု၍
"အို အပု ရဲ့ သားကြီးရဲ့အမေ့ကို ခွဲထားခဲ့တော့ မလားကွဲ"
ဟု လူးကားလှိမ့်ကာ အရူးပမာ ငိုကြွေးလျက်ရှိသည်ကို မြင်ရလေရာ ကျွန်တော်လည်း ဝမ်းနည်းစွာ နှင့် မောင်သော်အနီးသို့ကပ်ခါ
"ဘာရောဂါ နဲ့ ဆုံးရှာသလဲ ခင်ဗျ။ ကျွန်တော်တို့တောင် မသိရပါကလား"

ဟုပြောလျှင် မောင်သော်လည်း ဝမ်းနည်းစွာ ခေါင်းကြီးခါလျက်
"ဆရာရယ် မောင်ရွှေခိုရဲ့လက်ချက်ထင်တာဘဲ။ မနေ့ညက သူ့အမေရဲ့ရင်ခွင်ထဲမှာ ခါတိုင်းလို အကောင်းသားနေရက်မှာ အိမ်ရှေ့ကလဲ ခွေးတွေအူပြီးရော အိမ်ပေါ်လဲ ဂျုံးဂျုံးဒိုင်းဒိုင်းအသံတွေ ကြားလို့ ကလေးတချက်ထဲလန့်အော်လိုက်တာဘဲ အမေကလဲ လှေခါးက မဲမဲကောင်ကြီးဆင်းသွား တာမြင်လိုက် ရသတဲ့"
ဟု လေးလေးတွဲတွဲ တလုံးချင်း ပြောပြသောအခါ ကျွန်တော့်မှာ မောင်ရွှေခို၏လက်ချက်ဘဲဟု အတတ် စွဲချင်၍ လာရာတွင် (နင်လဲ ငါစိတ်ဆင်းရဲရသလို ဆင်းရဲဒုက္ခတွေ့ကြုံစေရမယ်၊ ငါ့နှမမှာ ငါ ကဲ့သို့ (၅၂၈)သွယ်သော ချစ်မေတ္တာမျိုးနှင့်ပတ်သက်ပြီး ဒုက္ခကြီး ဆက်ခါဆက်ခါ တွေ့ပါစေ)

ဟု မောင်ရွှေခိုကြိန်ဆဲခဲ့သည်ကို ပြေး၍သတိရလိုက်သောအခါ အင်း ဧကန္တ သူ့လက်ချက်ပါဘဲ၊ တယ်လဲ အမျက်ကြီးရှာပါကလားနော်၊ သြော် မောင်ရွှေခို မောင်ရွှေခိုဟု စိတ်ထဲက ပြောကာ တဲအိမ်ရှိရာသို့ ဝမ်းနည်းစွာ လှည့်ပြန်ခဲ့ရပါကြောင်း။

ကိုကိုလေး

ပြီးပါပြီ
.
>>>ဆက်ဖတ်ရန်>>> >>

Wednesday, January 18, 2012

ဒဂုန်ခင်ခင်လေး ၏ မှော်ဆရာမှတ်တမ်း, အပိုင်း (၁၆)

(ထိုနောက်များ မကြာမှီ ဂဇော်ဘိုးဗျော့ နှင့် ငတေကြီးတို့သည် ထွန်းမောင်နှင့် အထူးပင် အလွမ်းသင့် လျက် ထွန်းမောင် ရက်ရက်စက်စက် စွန့်ကြဲပေးကမ်းခြင်းဖြင့် ထွန်းမောင်အား ဘုရားတဆူ ဂူတလုံးကဲ့သို့ ကြည်ညို လာပြီး ၎င်းတို့ဆရာကြီးမှာ ဂဇော်ဘိုးတမတ်ငါးမူးမှတပါး စားလောက် သောက်လောက် မကျသော ကြောင့် တနေ့တခြား အကြည်ညိုလျော့ပါးကာ ဆရာကြီး၏အကျင့် ယုတ်များကို သစ္စာမဲ့ လူမိုက်များ ပြီပြီ တခုမကျန် ဖောက်သည်ချတော့၏။) ၏ အဆက်

"ဒီလောက် ယုတ်မာတဲ့လူကြီးကို လူ့ပြည်မှာထားလို့ မတော်ဘူးထင်တယ်၊ သူ့အကြောင်းသိရက်နဲ့ ကျုပ်တို့ မြုံ ထားရင် သူ့ကိုအားပေးနေရာရောက်တယ်၊ သူကောင်းသားပျို သမီးပျိုကလေးများကို ပန်းကောင်း အညွှန့်ချိုး မတရားဖျက်ဆီးတာ များပြီ၊ ဒီအကောင်ကြီးကို လောကကြီးက ထွက်သွား အောင် လုပ်နိုင်ရန် ခင်ဗျား တို့ တသက်အေးအေးထိုင်စားရအောက် လယ်တရှသ်းလုပ်စီနဲ့ ငွေသား ငါးရာစီပေးမယ်ဗျာ"
ဟု ထွန်းမောင် က ပြောလျှင် ဘိုးဗျော့နှင့် ငတေကြီးတို့မှာ
"ဟာ လယ်ရော ငွေရော ယူချင်ပြီလားဗျာ ဒါပေမယ့် ဒီအကောင်ကြီးက ပညာစွမ်းအင်မတန်ထက် တယ်၊ သူ့ကို ဘယ်လိုမှ နိုင်အောင် မလုပ်နိုင်ဘူး" ဟု ပြန်ပြောသောအခါမူ ထွန်းမောင်မှာ စိတ်အားထက်သန်စွာ နှင့် "အို ခက်တာလိုက်လို့ဗျာ၊ ခင်ဗျားတို့ လုပ်မယ်ဆိုရင် ကျုပ်ပြောမယ် ဟောဒီနည်းလေ... "
ဟုဆိုခါ အနီးသို့ တိုး၍ တီးတိုးပြောလိုက်လျှင် ဘိုးဗျော့နှင့် ငတေကြီးတို့လည်း ပြုံးပြုံးကြီးဖြစ်သွား ကြလေ၏။

သို့နှင့် အချိန်ကြာညောင်း၍ ရက်လပေါင်း အတော်ကုန်လာခဲ့လေ၏။ ထွန်းမောင်သည် အိမ် အောက်တွင် စပါးပေး၊ နှမ်းပေး၊ ငွေချေးငွေယူ လာသော ဧည့်သည်တစုနှင့် အလုပ်ရှုပ်နေစဉ်၊ အိမ် အပေါ်ထပ်၌ လှရီ မှာ ခလေးပုခက်လွှဲ၍ နေတော့၏။ မြို့ဆင်ခြေဖုံးရပ်ရှိ ဗိန္ဓောဆရာကြီးဦးညိုတုတ် ၏ ဆိုင်းဘုတ်ကလေး လည်း လောကကြီးအတွင်းမှ ကွယ်ပျောက်သွားလေပြီ၊ ဆရာကြီးဦးညိုတုတ် တောရွာသို့ ဆေးကု လိုက်ရာမှ၊ အဆိပ်မိလို့ သေရှာပြီဟူသော သတင်းမှာ ၎င်းတို့အိမ်နီးပါးချင်းများ  ထံတွင် စကားသံ မတိတ်သေးမှီ၊ ဂဇော်သမား ဘိုးဗျော့နှင့် ငတေကြီးတို့မှာ အကျွတ်တရားရ၍ လူ ကောင်းတွေဖြစ်ပြီ၊ ထွန်တုံး ကို ကိုယ်တိုင်စီးလျက် တံပြာကြီးတမမနှင့် လယ်ထွန်နေကြသည်ကို တွေ့မြင်ကြရ လေသတည်း ဟူသော ထွန်းမောင်၏တိုင်ကြားစာကို မှော်ဆရာမှတ်တမ်းအတွက် အကွက်သင့်သဖြင့် ထည့်သွင်း လိုက်ရ ပေကြောင်း။
မောင်ကြီးမေတ္တာ
၁၉၃၄-ခု ဧပြီလတွင် ရေးသည်။

"ဆရာရဲ့တဆိတ်မြန်မြန်ကလေး ကြွတော်မူပါ၊ ကျွန်တော့မိန်းမကြာရင် သေရပါတော့မယ်၊ ကယ် တော်မူပါအုံး စုန်းလိုလို၊ နတ်လိုလို၊ အို-တဆိတ် မြန်မြန်ကလေးကြွပါခင်ဗျာ ကြာရင်သေပါတော့ မယ်"
ဟု ဆပ်ပျာသယ်လင်ပျောက်သလို ဒေါင်းတောက်အောင် ခေါ်နေသော မောင်သော်ကိုကြည့်ကာ ကျွန်တော့် မှာလည်း ဘာကိုလုပ်ရမည်မသိ။ အလကားနေရင်း ပြာလောင်ခပ်နေမိလေ၏။ ဆရာကြီး က ငါ့တပည့် လိုက်သွားချေဟု ဆေးအစ်နှင့် ဆေးကြိမ်လုံးကို အပ်ပြီးသည့်နောက် ရသောက်ရမလို လို ဘိနပ် စီးရမလိုလို ယောင်ယောင်မှားမှားဖြစ်နေပြန်သောကြောင့် ဆရာအပင့်လာသော မောင်သော် လည်း ဘာမှ မပြောဘဲ ကျွန်တော့်ကိုဆွဲ၍ "မြန်မြန်လာပါ ဆရာရဲ့"

ဟု ခေါ်သွားသဖြင့် ကျွန်တော်လည်း ကားယားကားယားနှင့်ပါသွားရာ များမကြာမှီ မတ္တရာမြို့ တောင်ပိုင်း မောင်ဝိုင်ခြံအနီးရှိ မကြီးခ တို့နေအိမ်သို့ ရောက်လာလေ၏။
အိမ်ဦးတွင် ဆရာသမားပြီပြီ တည်ကြည်စွာ ထိုင်မိလျှင်ပင် မကြီးလည်း
"ဟဲ့ မောင်သော် ဆရာဘို့ ဆေးကွမ်းလဘက်များ ပြင်ပါဟဲ့"
ဟု ငိုမဲ့မဲ့နှင့်ပြောကာ ကျွန်တော့်အနားလာထိုင်ပြီး
"တဆိပ် ကယ်ပါအုံး ဆရာလေးရယ်၊ ကျမသမီး ဘာဂြိုဟ်များစီးတယ်မသိပါဘူး၊ ကံဇာတာ အထူး နိမ့်လို့ ဖြစ် ရတာပါ။ နို့ ဆရာကြီးတော့ ကြွမလာဘူးတဲ့လား ဆရာရဲ့"
ဟု ငိုမဲ့မဲ့ တရှိုက်ရှိုက် ပြောရာ ကျွန်တော်လည်း မကြီးခမျက်နှာမြင်ရရုံနှင့်ပင် လူမမာတွင် အတော် ဒုက္ခ ဖြစ်ပုံရကြောင်း ရိပ်မိကာ
"ဆရာကြီး က ကျွန်တော်သွားဘို့ အမိန့်ရှိတာနှင့် လိုက်လာရပါတယ် ခင်ဗျာ"

ဟု ပြောလိုက်သဖြင့် မကြီးခမှာ
"သြော် သြော် ဒါဖြင့် ဆရာလေး လူမမာကို တဆိပ် ကြည့်ပါအုံး ဆရာ ဘာဖြစ်မှန်းလဲမသိဘူး၊ လက်နှစ်ဘက်ဟာ လက်ပြန်ကြိုးတုပ်ထားသလို ရင်အကော့သားနှင့် အမယ်လး အလိုလေး တတ ပြီး အော်နေ ရှာရတယ်၊ ဘာမှလဲ မေးလို့မရဘူးရှင့်၊ ကျမက သမီးရယ် သမီးရယ် ဘယ်လိုဖြစ်တာ လဲကွယ်နဲ့ မရမက မေးတဲ့အခါ အမယ်လေး မပြောပါရစေနဲ့တော့ အမေရဲ့၊ အမေကယ်နိုင်တဲ့ကိစ္စ လဲ မဟုတ်လို့ အသိ မလုပ်ချင်ပါနဲ့တဲ့၊ ဘယ့်နှယ်ပြောလိုက်မှန်းမသိဘူး ဆရာ၊ သူ့မှာလဲ မချိမဆန့် ခံနေရရှာရက်သားနဲ့ လင်သား လုပ်တဲ့ ဟောဒီက ကျမသမက် မောင်သော်မေးလို့မှ မပြောဘဲ ပေခံ နေတယ် ဆရာလေးရဲ့၊ ကျမ သမီး ကျန်းကျန်းမာမာနဲ့ဆိုရင်တော့ ကိစ္စမရှိပါဘူး။ ခုတော့ မျက်နှာ မြင်တုန်း သွေးနု သားနုနဲ့မို့ သူ့ဒုက္ခ ကို မကြည့်ရက်နိုင်အောင် ရှိတော့တာဘဲ ဆရာလေးရဲ့"
ကျွန်တော်။    ။သြော် မျက်နှာမြင်တုံးလား ဖြစ်ရလေ ခင်ဗျာ။

မကြီးခ။    ။ဟုတ်ကဲ့ ဆရာလေးရယ်၊ ဒီနေ့ဘာနဲ့မှ မျက်နှာမြင်ပြီးတာ ဆယ်ရက်ရပါသေးတယ်။
ကျွန်တော်။    ။အင်း အင်း ဒီလိုဖြစ်တာ ဘယ်နှစ်ရက် ကြာပြီလဲ။
မကြီးခ။    ။မျက်နှာမြင်ပြီး သုံးရက်အရမှာ ကောက်ခါငင်ခါ ဖြစ်လာတာဘဲ ဆရာလေးရဲ့။
ကျွန်တော်။    ။နေစမ်းပါအုံး ခင်ဗျာ ဖြစ်ပုံက ဘယ်လို ဘယ်သင်း ဆိုတာ သိပါရစေအုံး။
မကြီးခ။    ။လူနာ ကို ဝင်ကြည့်ပါ ဆရာရယ်။ ကျမလဲ ရေရေလယ်လယ် မပြောတတ်ပါဘူး။
ကျွန်တော်။    ။မဟုတ်သေးဘူးလေ၊ ဘယ်လိုက စလာတယ်ဆိုတာ၊ သေသေချာချာ သိချင်လို့ပါ။

မကြီးခ။    ။ဒါဖြင့် ပြောပါ့မယ် ဆရာ၊ ဖြစ်ပုံအစက ဒီလိုပါ။ ကျမ သမီးကလေး မအေးကြည်ဟာ အသက်နှစ်ဆယ်လောက်က ဟောဒီ ကျမသမက်မောင်သော်နဲ့အကြောင်းပါပါတယ်၊ သူယောက်ျား ရပြီး အခါလယ်လောက်တာ့ရှိတော့၊ အခု မျက်နှာမြင်တဲ့ ပဋိသန္ဓေရှိတာပါဘဲ၊ အဲဒီ ပဋိသန္ဓေရှိတဲ့ ကြားထဲမှာတော့ ဘာမှမထူးခြားပါဘူး။ အခု ဟောဒီကလေး ကို မွေးဘွားလဲပြီးလို့ သုံးရက်ရတဲ့ ည ကျတော့ ကျမတို့လဲ မီးနေစောင့်ရင်း အိပ်ပျော်သွားကြတာကိုး ဆရာရဲ့၊ နောက် ကျမတယောက် ထဲ လန့်နိုး တော့၊ မအေးကြည်အိပ်တဲ့ ခုတင်နားက တိုးတိုး တိုးတိုး စကားပြောသံလိုလို ကြားတာနဲ့၊ အသာ နားစိုက်ထောင်လိုက်တော့ မအေးကြည် စကားပြောသံမှန်း သိရလို့၊ သြော် သူယောက်ျားနဲ့ စကား ပြောကြထင်ရဲ့လို့ တယ်ဂရုမထားမိဘူး။ နောက်တော့ မအေးကြည်ပြောတဲ့ စကားထဲမှာ (မလိုက်ပါရစေနဲ့ အုံး မောင်ကြီးရယ်၊ သားကလေးကလဲ အင်မတန် ငယ်ပါသေးတယ်တဲ့) ပြီးတော့ (ကျမမှာ ကုသိုလ်ဒါန ဆိုလို့လဲ ဟုတ်အောင် ဘာတခုမှ မလုပ်ရသေးဘူး၊ ဥပုသ်ကြီးလဲ ဝင်ချင်ပါ သေးတယ်၊ ဟောဒီ သားဦးကလေး လဲ ရှင်ပြုပါရစေအုံး အလွန်ဆုံး ၇-နှစ်ပါတဲ့။)

နောက်တခါ ကြားရတာက (မညာပါဘူး မောင်ကြီးရယ်၊ အိမ်ထောင်ပြုရက်သားနဲ့ သားသမီး သံယောဇဉ် ကလေးက တွယ်နေတော့တယ် ခက်တာဘဲ မောင်ကြီးရယ်၊ ချစ်တယ် ခင်တယ်ဆိုတဲ့ သံယောဇဉ် တရားတွေဟာ လူကိုအားကြီး ဒုက္ခပေးတတ်ကြပါကလား)တဲ့၊ ဒါနဲ့  ကျမလဲ မအေး ကြည် ဘယ်သူနဲ့များ စကားပြောနေတာလဲ၊ မောင်ကြီး မောင်ကြီးနဲ့လဲ ခေါ်ပါတယ်၊ မောင်သော်ဖြင့် သူ ဒီလိုမခေါ်ဘူး၊ ကိုသော် ကိုသော် နှင့်သာခေါ်နေကြအတိုင်း ခေါ်ရမယ်၊ ဘယ်သူနဲ့ပြောတဲ့စကား လဲ။ ယောင်များနေသလားလို့ စဉ်းစားပြီး သူအိပ်တဲ့ အခန်းဝက သွားကြည့်လိုက်ပါတယ်၊ မအေးကြည်ဟာ ယောင်တာမဟုတ်ဘဲ၊ ခုတင်ပေါ် မှာ ထိုင်ပြီး၊ သေသေချာချာကြီး လက်ပြခြေပြ စကားပြောနေတာတွေ့ရ၊ အနားမှာတော့ဘဲ ဘယ်သူမှ မရှိဘူး ဆရာရဲ့၊ ဒါနဲ့ ကျမလဲ ဆက်နား ထောင်နေတာ (သီးခံလက်စနဲ့ ဆက်ပြီး နေဘို့ ခွင့်ပေးပါအုံ မောင်ကြီးရဲ့၊ ကျမ ဒီသားနဲ့ဒီလင်ကို အင်မတန်မှ သံယောဇဉ်တွယ်နေပြီ၊ ကုသိုလ် ကောင်းမှုပြုဘို့လဲ ပါရမီဖြည့်ပေးရာရောက်အောင်၊ ကျမတောင်းပန်တဲ့အတိုင်း (၇)နှစ် အနည်းငယ် ဆိုင်းပါအုံး မောင်ကြီးရယ်၊

 တကယ်လို့ သံယောဇဉ် ကြိုးတွေကို သစ်စိမ်းကျိုးချိုးခဲ့ပြီး မောင်ကြီးနောက် လိုက်လာရရင်လဲ ကျမ အသဲနှလုံး တွေ ကြွမ်းလို့ တလွမ်းလွမ်း တဆွေးဆွေး ဖြစ်နေမှာ အမှန်ဘဲ။ အဲဒီအခါကျတော့ မောင်ကြီး လဲ ကျမအတွက် စိတ်အနှောက်အရှက်ဖြစ်ရမှာဘဲ) လို့ အနားက လူတစ်ယောက်ကို ဖြောင်းဖြောင်းဖြဖြ ပြောနေသ လို ပြောဆိုနေလိုက်တာ ဆရာရယ်။
နောက်ပြီး တခါ ငိုသံပါပါနဲ့ (ချမ်းသာပေးပါ မောင်ကြီးရယ်၊ ဒီလိုတော့ အဓမ္မမပြုပါနဲ့၊ မောင်ကြီးကို လဲ မချစ် လို့ ခွဲနေတာမဟုတ်ပါ၊ သို့သော်လဲ ကျမမှာ သံယောဇသ်ကြိုးကလေးတွေက ရစ်လာတော့ ပစ်ပစ် ခါခါ မပြုရက်သေးလို့၊ ခေတ္တခွင့်ပေးဘို့ တောင်းပန်တာပါ မောင်ကြီးရဲ့)တဲ့ ဆရာလေးရဲ့၊ ကျမလဲ ဘယ့်နှယ် စကားတွေများ ပြောနေပါလိမ့်မလဲလို့၊ မောင်သော်ခေါ်ပြ တခြားလူတွေ နှိုးပြနဲ့၊ နောက်တော့ မအေးကြည် ကို ကျမတို့က ချောင်းကြည့်နေတာ၊ တယောက်ယောက်က ပြောလိုက် သလိုနဲ့ လှဲ့ကြည့်ပြီး စကားပြော ရပ်သွားရောရှင့်...။

ကျမလဲ အဲဒီစကားတွေ မအေးကြည် ဘာပြုလို့ပြောပါလိမ့်မလဲလို့ စိတ်ထဲဇဝေဇဝါကြီး ဖြစ်နေမိ တယ်၊ အဲဒီနေ့က စပြီးလဲ ညတိုင်း... ညတိုင်း လူခြေတိတ်ရင် ဒီစကားမျိုးတွေချည်း ပြောနေတာပဲ။ တခါတလေ နေ့ခင်း ကြောင်တောင် များတောင်၊ လူလစ်ရင် ပြောတတ်တယ် ဆရာလေးရဲ့၊ ဒီလိုနဲ့ မနေ့ညက ခါတိုင်း လို လူခြေတိတ်ချိန်ကစပြီး ကျမသမီးမှာ တစုံတယောက်က လက်ပြန်ကြိုးတုတ် ထားသလို လက်မောင်း နှစ်ဖက်ဟာ နောက်ကျောမှာ ယှက်နေပြီး အရိုက်ခံရတော့ အော်ပုံမျိုးနဲ့ နာ ကျင်လွန်းလို့ ရှုံ့မဲ့ အော်နေ ရရှာတယ်၊ သူ့တကိုယ်လုံးမှာလဲ ရိုက်သူကိုမမြင်ရဘဲနဲ့ ရိုက်နှက်တဲ့ ကြိမ် လုံးရာတွေဟာ အရှိုးအရှိုး ထင်ပြီးနေတာဘဲ ဆရာရဲ့။ သွေးသားကလဲ နုနုနဲ့၊ ခုလောက် ဒုက္ခခံနေရ ရှာတာ သေရှာတော့မှာဘဲ ဆရာရယ်၊ ဘာမှလဲ မေးလို့မရတော့ ခက်တာဘဲ။ ကျမတို့လဲ ဧကန္တ ပယောဂအစွမ်းဘဲဆိုတာ ရိပ်မိလို့ တောင်ဟာလုပ် မြောက်ဟာလုပ်နဲ့ စုံသွားပါပြီ။

ဒီအခြေအနေက ကို လျှော့တယ်မရှိပါဘူ။ စုန်းပူးတယ်ထင်လို့ ဆံစုနဲ့ဘမ်းလဲ ကြမ်းမြဲကြမ်းတာဘဲ ဆရာ ရဲ့။ သူရဲ တစ္ဆေဝင်တယ်ထင်လို့ နှင်ရင်လဲ အော်မြဲ အော်တာဘဲ။ မိဆိုင် ဘဆိုင်ခေါ်တဲ့ ရိုးရာနတ်များ ညှိုးသ လားလို့ တင်လားမြှောက်လား လုပ်တာလဲမရ၊ စိတ်နောက်သွားသလားလို့ ဆေးသမားဆရာ ကောင်း တွေပြလဲ သွေး၊ သည်းချေ၊ လေငြိမ်လို့ နှလုံးအိမ်မျာဲး မဘောက်ပြားဘူးတဲ့။ ဘယ်လို ဝတ္တရားနဲ့ ခံစားရတဲ့ ဝေဒနာဆိုတာ ဆရာဘဲ အကဲခပ်တော်မူပါတော့။

သော်။    ။ဟုတ်ပါတယ် ဆရာ၊ အခု မကြည်တို့အမေ ပြောတဲ့အတိုင်းပါဘဲ။ တဆိပ် အကဲ ခတ်စမ်းပါအုံး ဆရာရယ်၊ ဘယ်လိုဖြစ်နေတယ်ဆိုတာ၊ ကျွန်တော်တို့လဲ မကြည့်ရက်သလောက်ပါ ဘဲ၊ ကဲ ကဲ အထဲကြွပါ ဆရာ။

ဟုဆို၍ ရှေ့ကလမ်းပြသောကြောင့် ကျွန်တော်လည်း ဆရာကြီး တာဝန်လွှဲလိုက်သည့်အတိုင်း၊ ဆေးအစ်ကြီး နှင့် ဆေးကြိမ်လုံးကိုယူလျက် တဘက်သောအခန်းသို့ ကူးခဲ့ရာ ဖေးမ ကိုင်တွယ်ထား သော မိန်းမ သုံးလေးယောက်တို့အလယ်မှ၊ ငဖယ်ပျံသလို ကော့လိမ်လူးလှိမ့်ပြီးလျှင် နာကျင်သော ဒဏ်ချက် ကြောင့် အဆက်မပြတ် အော်နေရှာသည့် မအေးကြည်ဆိုသူကို တွေ့ရလေ၏။
မအေးကြည် မှ တချက်၊ တချက် ရိုက်နှက်လိုက်သဖြင့် နာကျင်သော ဒဏ်ရာကြောင့်၊ ကော့လိမ် ကာဖြင့် မျက်လုံးကို စုံမှိတ်ပြီး အံကြိတ်ခါဟစ်အော်လျက်ရှိချေ၏။ ကျွန်တော်လည်း ထပ်မံ၍ သေချာစွာ ကြားသိချင် သေးသဖြင့် မောင်သော်အား ထပ်မံမေးမြန်းခိုင်းနေစဉ် မအေးကြည်လည်း သီးထန်စွာ ဟစ်အော်လျက်၊ တချက် တချက် လက်ပြန်ကြိုးချည်ထားသည်နှင့်တူသော လက်နှစ် လက်ကို နောက်သို့ ကော့ထားပြီး။

(အမယ်လေး) မောင်ကြီးရဲ့ နာလှပါပြီ။ ချည်ထားတဲ့ ကြိုးကို တဆိပ်ဖြေပါအုံး မောင်ကြီးရဲ့။
လို့အော်ပြန်ရာ မောင်သော် လည်း မအေးကြည်၏နောက်ပြန်ကော့လျက်ရှိသော လက်မောင်းနှစ် ဘက်ကို ရုတ်တရက် ရှေ့သို့ဆွဲယူလိုက်ရာ၊ လက်နှစ်ဘက်မှ  တစုံတရာမရှိသော်လည်း ကြိုးနှင့် ခိုင်မာစွာ စည်းတုတ်ထားသကဲ့သို့ မူလနေရာမှ အနည်းငယ်မျှ ဆွဲယူ၍မရဘဲ ရှိလေ၏။ မအေး ကြည်မှာလည်း ဟစ်အော်ငိုညီးရာမှ
"ကိုသော် ရဲ့ ကျမကိုသနားရင် အနားမလာပါနဲ့ရှင် ဝေးဝေးနေပါ၊ ရှင်အနားလာရင် ကျမ မြန်မြန် သေရ ပါလိမ့်မယ်"

ဟုပြောသောကြောင့် မော်သော်မှာ အကြံရခက်ခါ...
"မကြည်... မကြည်... သတိထားပါ။ မင်းဘာဖြစ်တယ်ဆိုတာ ပြောစမ်းပါ မကြည်ရယ်၊ ကျုပ် အသက်နဲ့လဲ ကယ်စမ်း ပါရစေ၊ မင်းကို ဘယ်လိုရန်သူက နှိပ်စက်နေတာလဲ၊ ဖွင့်ပြောစမ်းပါ မင်း ဒုက္ခရောက်နေတာ ငါမကြည့် နိုင်ဘူးကွဲ့"
ကြည်။    ။အမယ်လေး ကိုသော်ရဲ့၊ ဝေးဝေးသွားနေစမ်းပါ၊ ဒါတွေ လာလာမေးမနေစမ်းပါနဲ့။ ကျမ နဲ့ သေကွဲ ကွဲချင်ရင် ရှင်ဒီနားကို ခဏခဏ ကပ်ပါ။ ကျမ ဘာဘဲဖြစ်ဖြစ် လာမေးမနေနဲ့။ အကြောင်း အကျိုး တွေ ပြောချင်ရက် အပြောခက်လွန်းလို့ပါ။ ကျမမှာ "သစ်နှစ်ဘက်ကြားပေါက်တဲ့ ဝါးလို" အများကြီး အနေကြပ်လှပါတယ် (အမယ်လေး) နာလှချည်ရဲ့၊ ကြောက်ပါပြီ မောင်ကြီးရဲ့ မပြောပါ ဘူး။ ကိုသော် ကိုသော် ရှင် တော်ရာသွားနေစမ်းပါ။

သော်။    ။ကဲ ဆရာ ဒါသာကြည့်တော့၊ ဒီလိုချည်းဘဲ ဖြစ်နေတယ်။ သွေးနုနုနဲ့ သူ့တကိုယ်လုံးမှာ လဲ ညိုမဲ နေတဲ့ ကြိမ်လုံးရာတွေဟာ မရေနိုင်ပါဘူး။ ဒါ့ကြောင့် ဆရာဆရာ့ကျေးဇူးတသက်လုံး ဆပ် ပါမယ်။ တဆိပ် မကြည် ချမ်းသာအောင် ကယ်တော်မူပါ။
နုံးချိနေရာမှာ ရုတ်တရက် ထခုန်ပြီး
ကြည်။    ။ သယ် ဘယ်ကဆရာ ခေါ်လာရပြန်သလဲ။ အခု ပြန်လွှတ်လိုက်၊ နင်တို့ဆရာတိုက်တဲ့ ဆေးကို သောက်မဲ့ အစားထင်သလား၊ ငါ့များ ရီးတီးယားတားလုပ်ရင် မျိုးပြုတ်စိမဟဲ့နော်၊ ငါ့ဇာတ်ငါ နိုင်လို့ ခင်း ခဲ့တာ၊ နင်တို့ဘာမှ ရှုပ်စရာမရှိဘူး။
ကျွန်တော်။        ။အလို တယ်ဆိုတဲ့ စာပါကလား။ ဘယ်လိုအစားထဲကပါလိမ့် ခင်ဗျား။

ကြည်။    ။အာမာ မင်းကလား။ ပြောင်သလိုလို ချော်သလိုလို လုပ်တာ၊ မင်းသိနိုင်ရင် ငါဘယ်လို အစား ဆိုတာ ပြောပါလားကွ၊ ဟေ့ ကိုကိုလေးရ၊ မင်းက မနေ့တနေ့ကမှ ဆရာကောင်းတပည့်ဖြစ် လို့ မာန်ရစ်ပြီး  ငါ့ကိုစမ်းမယ်ဆိုပါတော့၊ ကဲကွာရော့ ဟောဒီကြိုးကိုဖြေစမ်း မင့်အစွမ်းကို ငါကြည့် ချင်တယ်။
ဟု ဆိုကာ မအေးကြည်သည် ကျွန်တော်ရှိရာသို့ ဘာမျှမပါသော လက်နှင့် ကိုင်ပေါက်လိုက်သည် နှင့်တပြိုင်တည်။ ကျွန်တော်၏လက်နှစ်ဘက်မှာ ရုတ်တရက်ပြန်ခွာသော်လည်း မရဘဲ လွန်စွာခိုင်မြဲ ၍ နေ လေတော့၏။

ဤတွင်မှ ကျွန်တော်လည်း ဆရာကြီးတပည့်အဖြစ်နှင့် ပညာရင်နို့သောက်စို့ခဲ့သည်မှာ (၉)လကျော် (၁၀)လ မျှကြာသည့်အတွင်း ကျွန်တော်တွေ့ခဲရသမျှတို့အပေါ်တွင်ဖြင့် ကျွန်တော်က နိုင်နင်းခဲ့ သည်ချည်းသာ ဖြစ်လျက် ယခု ရုတ်တရက် အရှက်တကွပြန်လှန်ပြောဆိုခြင်း ပြုရုံမျှမက ကျွန်တော့် ကိုပင် ပြန်၍လက်ထိပ်ခတ်ပြပြန်ရာ၊ အလွန်တရာ ရှက်၍သွားမိပေ၏။ သို့နှင့် ထိုသတ္တဝါကို နှိမ်နင်း မှာသာဖြစ်ချေတော့မည်ဟု စုနေသော လက်နှစ်ဘက်နှင့်ပင် ဆရာကြီးပေးလိုက်သော ဆေးကြိမ် လုံးနှင့် နောက်ပြန် ရိုက်လိုက်ရာ ကျွန်တော်၏လက်များမှာ ရှေးအခါအတိုင်း လွတ်လပ်သွားလေ၏။
ထိုတွင်မှ မအေးကြည်လည်း ဟား ဟား ဟား ဟားနှင့် ရယ်လိုက်ခါ။

"အေး အေး ဒီလိုတော့ အတော်ကြီးဘဲ။ သို့သော်လဲ မင်းကို ငါမကြောက်ဘူး၊ ကိုကိုလေးရာ မင်း ဘာလုပ်လုပ် ငါဂရုမစိုက်ဘူး" ဟုပြောလျှင်
ကျွန်တော်တွင် ဤမျှလူပါးဝစကားပြောလှသော နာနာဘာဝသတ္တဝါကို မခံချင်စိတ်တွေသာ တိုးပွား လျက်ရှိသောကြောင့် ချည်မန်းကွင်းနှင့် လည်ပင်းကို စွပ်ရန် ချိန်ရွယ်လိုက်ရာ...
မအေးကြည်မှာ ချည်မန်းကွင်းကို အစွပ်မခံဘဲ၊ ရုန်းကန်ဖယ်ရှား၍ နေသောအခါ၊ ကျွန်တော်လည်း ရယ်မောကာ "ဟေ့ မင်းတကယ်စွမ်းရင် ငါ့ချည်မန်းကွင်းကို ရှောင်နေရသလားကွ"
ကြည်။    ။ဟေ့ မင်းကိုကြောက်လို့ ရှောင်တာမဟုတ်ဘူးကွ၊ ငါ့ကိုယ်ကိုမြင်မှာစိုးလို့ ဖယ်နေတာ၊ မင်းပညာ တကယ်စွမ်းရင်၊ ငါမဖယ်အောင် လုပ်စမ်းပါတော့လား။

ဟု ပြောသောအခါ ကျွန်တော် အနီးအနားရှိ မိန်းမများကို ကိုင်ချုပ်ထားရန် မျက်ရိပ်ပြ၍ ၎င်းတို့ လည်း မအေးကြည် ကို မလှုပ်မရှားနိုင်အောင် ချုပ်ကိုင်ပေးသောကြောင့် ချည်မန်းကွင်းနှင့် အတင်း စွပ်လိုက်ရာ မအေးကြည် မှာ ချည်မန်းကွင်းစွပ်မိလျက် ငြိမ်သက်စွာထိုင်နေသည်ကို တွေ့ရလေ၏။ ထိုတွင်မှ ကျွန်တော်က "ကဲ ချည်မန်းကွင်းစွပ်ပြီးပါပကော၊ နင် ဘာပြောချင်သေးသလဲ"

ဟု မေးလိုက်သောအခါ မအေးကြည်လည်း နူးညံ့သိမ်မွေ့လှသော မျက်နှာထားနှင့် ကျွန်တော့်အား မသိ မမြင် ဘူးသော လူတစ်ယောက်ကိုကြည့်သလို ကြည့်လျက်၊ လက်ပြန်ကြိုးတုတ်ထားသည်နှင့် တူသော လက်နှစ်ဘက် ကို ကော့ကာအနီးအနားရှိ မိန်းမများကို "မလှတို့ မညွှန့်တို့ ဟိုလူက ကျမကိုကြည့်ပြီး ဘာမေး နေတာလဲ ကျမနဲ့လဲ ဘယ်တုန်းကမှ မသိ မကျွမ်းဘူးဘူး၊ ရူးများနေသလား သနားပါတယ်ရှင်"
ဟိုဆိုရာ ကျွန်တော်မှာ မအေးကြည် ရုတ်တရက်ပြောင်းလွဲသွားပုံကိုကြည့်လျှင် ခေတ္တငေးကြည့်နေ မိလျှင် မောင်သော်နှင့် မကြီးခတို့လည်း။
"ဟဲ့ ဟဲ့ သမီး မအေးကြည် သတိရလာသလား၊ ဒီဟာ တခြားမဟုတ်ဘူး ညည်းကိုဆေးကုဘို့ ပင့် ထားတဲ့ ဆရာဟဲ့ မဟုတ်တဲ့စကားတွေ ပြောမနေပါနဲ့"
ကြည်။    ။ရှိခိုးလျက် သြော် မသိလို့ပါ ဆရာ၊ အခွင့်လွှတ်ပါ။

ဟုပြောမှ ကျွန်တော့်တွင် ပကတိမအေးကြည်ဖြစ်နေပြန်သည်ကို သိရသဖြင့် ချည်မန်းကွင်း မစွပ်မိ ခင် လျှင်မြန်စွာ ရှောင်တိမ်းလိုက်သော အစွဲကောင်ကိုသာ များစွာအံ့သြချီးမွမ်းမိလေ၏။
"အင်း တော်တော်လည်တဲ့ အကောင်ပါကလား"

ဟုတွေးခါ ဤကဲ့သို့ ကြာရှည်နေ၍မတော် ထိုအစွဲကို အကြပ်အတည်းခေါ်မှ ဖြစ်တော့မည်ဟု ဒေဝ စက္ခုမျက်ကွင်း ဆေးကို ကျွန်တော်၏မျက်လုံးများတွင် ကွင်းပြီးနောက် အိမ်တွင်းသို့ရှောင်ကြည့် လိုက်သော အခါ၊ မအေးကြည်၏ခေါင်းရင်းဘက်တွင် ကြိမ်လုံးကိုကိုင်ကာ လက်ပိုက်ရပ်နေသော ယောက်ျားပျို တယောက်၏သဏ္ဍာန်ကို မြင်ရလေ၏။ ထိုသူတွင် ဝတ်ဆင်ထားသော အဝတ်အစား များ မှာကား လွမ်းများကြိုးပုဆိုးတောင်ရှည်ဆီးလျက်၊ ရွှေချည်ငွေချည်တို့ဖြင့်ပြီးသော ထိုင်မသိမ်း အင်္ကျီကို ဝတ်ပြီး လျှင် ရှည်လျားမဲနက်သော ဆံပင်များကို ဖါးလျားချပြီးနောက် ရဲရဲတောက်သော ရှံနီထည်ကို ခေါင်းတွင် နှစ်ဘက်မိတ်ချပေါင်းထားလေ၏။ အသားဝါဝါ နှုတ်ခမ်းမွေးရေးရေးပါသဖြင့် အလွန်တရာ ကြည့်၍ ခန့်ညားသလိုလို ရှိလေရာ၊ ကျွန်တော့်မှာ ထိုအစွဲကောင်သတ္တဝါကိုကြည့်၍ လှ သဖြင့် မျက်စိအာရုံ ကျ၍ပင် နေမိလေတော့၏။

ထိုနောက်မှ ဟယ် ဒီသတ္တဝါဟာ ငါ့ကို အတော်ပမာမခန့်လုပ်တယ်။ အခုလဲ ချည်မန်းကွင်းစွပ်တာ ကို မမိအောင် တမင်ရှောင်နေတာဘဲ၊ အင်း ဒါလောက်တောင်ရှိတော ဒင်းဘာကောင်မို့လို့ ခံနိုင်မ လဲ၊ ကဲ ချည်မန်းကွင်း ကို ပြန်ချွတ်ပြီး ဒီတခါထပ်စွပ်တော့မယ်၊ ကိုင်း ကိုင်း မြတ်စွာဘုရားနှင့်တကွ ရတနာမြတ် သုံးပါး၊ သိကြား၊ ဗြဟ္မာ၊ စတုလောကပါလာ နတ်မင်းကြီးလေးပါးနှင့်တကွ သာသနာ တော်စောင့်နတ် များ၏အမိန့်တော်၊ အထက်ဆရာ့ဆရာကြီးများ၏အမိန့်၊ ငါ့အမိန့် ဤသူငယ်မကို အနှောက်အယှက် ပြုနေသော အစွဲရှင် အမြန်ရောက်စေဟု ဆေးကြိမ်လုံးနှင့်ရိုက်၍ ခေါ်လိုက်ရာ၊

ယခင်မြင်ရသော ကြိုးပုဆိုးနှင့်လူသည် ပူလောင်လှသောသဏ္ဍာန်ဖြင့်၊ တကိုယ်လုံး လှုပ်ရှားနေပြီး လျှင်၊ ထိုခဏ တွင်လည်း မူလရုပ်မှ တစတစညှိုးကွယ်ပျောက်သွားကာ၊ မျက်နှာကြီးမှာဖားပြုတ်ကြီး ကဲ့သို့ ဗျစ်ထူ ဖောင်းကြွ အဖုတွေထလျက်၊ ခြေကြီးလက်ကြီးများမှာ ပုကွတုတ်တို အဟုတ်ကို အကြည့်ဆိုး သွားပြီးလျှင် ခေါင်းတွင်လည်း ဆံပင်ဟူ၍ တပင်မျှမရှိ၊ ဦးရေပြောင်ကြီးမှသာ အရောင် တလက်လက် ထွက်၍နေပြီးနောက် အမွေးကြမ်းကြီးတွေ ကြိုးတိုးကြဲတဲပေါက်ပေါက်နေသော ကိုယ်ကာယကြီးမှာလည်း အဝတ်အစား ဗလာအချည်းနှီးဖြစ်လျက်၊ တကိုယ်လုံးမှာ ထုံးမှုံ့တွေနှင့် ပက်ထားဘိအလား၊ မွဲတဲတဲ ပြာခြောက်ခြောက် နှင့် ကြောက်စရာ့သဏ္ဍာန်မျိုးကြီးဖြစ်သွားသည်ကို မြင်ရပြီးလျှင် ထိုအကောင်ကြီး မှာလည်း ကျွန်တော်၏အာဏာအတွင်း ဆုတ်ဆိုင်းခြင်းမရှိဘဲ မအေးကြည် ကိုယ်ထဲကို ပူးဝင် သွားသည်နှင့် တပြိုက်နက် ကျွန်တော်လည်း လက်ကချည်မန်းကွင်းနှင့် စွပ် ချလိုက်ရလေ၏။

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

Tuesday, January 17, 2012

ဒဂုန်ခင်ခင်လေး ၏ မှော်ဆရာမှတ်တမ်း, အပိုင်း (၁၅)

 (ဦးညိုတုတ်လည်း စကြာလည်သလို လည်နေသော စကောထဲမှ ခေါင်းခွံများကို စက်ဆုပ်ဘွယ် ကောင်းသော မျက်နှာထားကြီးဖြင့် မနားမနေ မန်းမှုတ်၍ နေလေရာ ခေါင်းခွံအမျိုးမျိုးထဲမှ မီးစိမ်း၊ မီးနီ၊ မီးဝါ တွေလည်း ဖြာကနဲ၊ ဖြာကနဲ၊ အဆက်မပြတ် တောက်လောင်နေလေ၏။ တဲကလေး ပတ်ဝန်းကျင် တဝိုက်ကား၊ ၄င်းမီးရောင်များကြောင့် အလင်းရောင်အတန်ငယ်ရလျက်ရှိ၏။ ထွန်း မောင်လည်း မနီးမဝေးမှ ထိုင်ကာ ဦးညိုတုတ်လုပ်သမျှကို ကြည့်ရင်း မြို့ပေါ်မှ ညအခါ မြင်ရသော မီးရောင်များ အကြောင်း ကို စဉ်းစားလျက်ရှိ၏။) ၏ အဆက်

''သြော် လက်စသတ်တော့ မီးရောင်ဟာ ဒီကိုယ်တော်ကြီးရဲ့ အတတ်ဘဲကိုး''
 ဟု တိုးတိုး ရေရွတ်ဆိုမိပြီးလျှင်၊ ဤမီးရောင်တို့မှာ ဦးညိုတုတ် အလုပ်လုပ်သောအခါတိုင်း ဖြစ်ပေါ် လာသည် ဟုလည်း ဆင်ခြင်မိလေ၏။
သို့နှင့်အချိန်ကား တစ တစ ကုန်ခဲ့လေ၏။ ဦးညိုတုတ်လည်း မန်းမှုတ်ခြင်းအလုပ်ကို ကြေနပ်သော မျက်နှာဖြင့်ရပ်စဲကာ၊ ထိုင်ရာမှထပြီး ထွန်းမောင်အနီး သို့ လာခဲ့လေ၏။
''ကဲ မောင်ထွန်းမောင် မင်းသတ္တိ အတော်ရှိပုံရတယ်၊ ငါ့တပည့်တွေကို ကြည့်မလား''

ဟု ပြုံးတုံးတုံး မျက်နှာထားကြီးနှင့် မေးလေ၏။ ထွန်းမောင်မှာ 'မကြည့်ဝံ့ပါဘူး' ဟု မဆိုချင်သော ကြောင့်
''ရိုးရိုးပြရင်တော့ ကြည့်ချင်ပါရဲ့ ဆရာ၊ ချောက်လှန့်နေရင်တော့ ကျွန်တော်လဲ ဒေါသခပ်ကြီးကြီး ရယ်''
''ဟား ဟား နာနာဘာဝကို ဒေါသကြီးနေလို့ အလကားပေါ့ကွဲ့၊ ကဲလေ ရိုးရိုးဘဲပြတာပေါ့ မချောက် မလှန့် စေရပါဘူး''
ဟုဆိုကာ တဘန်တဘက်သို့ မျက်နှာမူလျက်
''ကဲဟေ့ ငနီတို့ ငနက်တို့ ငနွားတို့ လာကြ ငါအနားရပ်နေကြစမ်း၊ ဟာဒီက ငါ့တပည့်ကလေးကို မင်းတို့ ပုံပြလိုက်စမ်း''
ဟုပြောလိုက်ရာ ထွန်းမောင်၏ မျက်စေ့တွင် ကြီးမားထွားကြိုင်းလျက် ဆင်ရေတမျှ ကြမ်းထူလှ သော ကိုယ်ကြီး တွေနှင့် စီကာ ရပ်နေကြသည့် သူရဲနီ၊ သရဲနက်၊ သူရဲ့ငနွား ချိုနှစ်ဘက်ပေါက် သော သူရဲ များကို ပြတ်သားစွာ မြင်ရလေ၏။ ထွန်းမောင်မှာ ရွံ့ကြောက်ကြီးဖြစ်ရာမှ က္ကနြေ္ဒရရ ဟန်မပျက် ကြည့် နေရတော့၏။

''ကဲ ကဲ မင်းတို့ သံတိုင်နဲ့ အတူလိုက်သွား ကူညီစရာရှိရင် ကူညီခဲ့''
ဟု ဆိုသည်တွင် သူရဲသုံးကောင်ဖျက်ခနဲ ပျောက်ကွယ်သွားလေ၏။ ဦးညိုတုတ်လည်း သံတိုင် ကို ခေါ်ပြန်၏။ သူရဲသံတိုင်မှာ ယခင်သူရဲ သုံးကောင်ထက် ရက်စက်ကြမ်းကြုတ်ပုံရ၏။ ထက်မြတ် ပုံလည်း ရ၏။ အလုံးအထယ်လည်း ကြီး၏။ ထူထဲကြမ်းတမ်းသော အရည်ပေါ်တွင် ငေါငေါထောင် ၍ နေသော အမွှေးများမှာ ချွန်မြသော အပ်ကြီးများကို စိုက်ထားဘိအလား အရောင်တလက်လက် ရှိတော့၏။ ခေါင်း မှာလည်း အပ်သွားကြီးတွေကဲ့သို့ အချွန်အတက်ထောင်သော အမွေးများအ လည်တွင် တွတ်တွတ် နီရဲသော အသားပို အမောက်ကြီးတခုပါလျက် မျက်နှာကြီးမှာ အဿမုခိခေါ် မြင်းခေါင်းသဏ္ဍာန်လို၊ နှုတ်သီးကြီး မှာ စူငေါငေါ နှင့် လွှသွားကဲ့သို့ အစွယ်များနှင့် တကွသော သွား ကြီးများအပြင် ပြူးကျယ် သော မျက်လုံးကြီးမှာ လေးဒေါင့်ဝိုင်းကြီးဖြစ်၍ အစိမ်းနုရောင်တွင် ရဲရဲ တောက်မျက်ဆံကလေးမှာ ကြာကြာ မကြည့်နိုင် စူးရှလှလေ၏။

ထွန်းမောင်ကား သံတိုင်ကို ကြာ ကြာမကြည့်ရဲတော့သလောက် ဖြစ်လာ၏။ ကြောက်စိတ် လုံးလုံးရှိသည် မဟုတ်သော်လည်း မြင်ရ ချက်ဆိုးဝါး၍ အဆင်မပြေလှသော သတ္တဝါကို ကြာကြာကြည့်မြင်လို စိတ် မရှိဖြစ်မိ၏။ ဦးညိုတုတ် သည် သံတိုင်အားခန့်ညား အောင်မြင်သော အသံကြီးနှင့် မလှရီအိမ်ကို လမ်းညွှန် ကာ မလှရီကို လိပ်ပြာရော လူပါခေါ်လာရန် အမိန့်တော်ပြန်လေ၏။ သံတိုင်လည်း ခေါင်းညွှတ်ခါ ဝန်ခံ လေ၏။ ဦးညိုတုတ်က
''ကဲ သွားတော့ မလှရီ ရေကြည်တပေါက် မစင်ရအောင် ငါထံအရောက်ဆောင်ကြဉ်းခဲ့ရမယ်၊ ငနီတို့ တစ်စု ကိုလဲ မင်းနဲ့ အတူခေါ်သွား၊ ငါ့လူနှစ်ယောက်ကလဲ နောက်နားက လိုက်ပြီး စောင့်ရှောက် လိမ့်မယ်၊ ကဲ သွားတော့''
ဟု နောက်ထပ်ပြောလိုက်ပြီးနောက် သံတိုင်လည်း ပျောက်သွားလေ၏။

အချိန်ညဥ့်နက်လာလေပြီ၊ ထွန်းမောင်သည် မိမိလက်ပတ်နာရီကို လက်နှိပ်ဓါတ်မီးရောင်နှင့် ထိုး ကြည့်ရာ၊ ဆယ့်နှစ်နာရီခွဲ နေသည်ကို တွေ့ရလေ၏။ ဦးညိုတုတ်နှင့် ထွန်းမောင်တို့လည်း တဲအိုရှေ့ မှောင်ထဲသို့ စူးစိုက် ကြည့်ကာ မလှရီကို မျှော်စောင့်လျက်ရှိလေ၏။ ထွန်းမောင်စိတ်ထဲတွင်ကား မလှရီလာလျှင် ဤ တောင်ပေါ်တွင် နေသင့် မနေသင့် စဉ်းစားလျှက်ရှိရာ၊ နာနာဘာဝသူရဲ သစ္ဆေ တွေကြား၌ မလှရီကို မထား လိုသောစိတ်များကြောင့် ဆရာဦးညိုတုတ်ကို တော်အောင်ကြည့် ပြောကာ တော်သင့်ရာသို့ ခေါ်သွားမည် ဟု စိတ်ပိုင်းဖြတ်ထားလေ၏။
''ဟေ့ အိပ်ချင်ပြီလားကွဲ့''
''ဟာ ဘာ အိပ်ချင်မလဲဆရာ ဇောနဲ့ဘဲ''
''လာလု ပါပြီကွဲ့၊ ဟော ဟော ပြောရင်းဆိုရင်း၊ မှောင်ထဲက တလှုပ်လှုပ်ဟာဘာလဲ''

ထွန်းမောင်သည် ဆရာဦးညိုတုတ်ပြရာဆီသို့ လက်နှိပ်ဓါတ်မီးနှင့် ထိုးကြည့်လိုက်ရာ ကြောက်မက် ဘွယ် အဆင်းသဏ္ဍာန် ရှိသော သူရဲသံတိုင်သည် သတိအလျဉ်းမရ အိပ်မွေ့ချခံရသူကဲ့သို့ ဖြစ်နေ သော မလှရီ ကလေးအား လက်ယပ်ခါ၊ ယပ်ခါဖြင့် ဆွဲညို့ခေါ်ဆောင်လာနေသည်ကို တွေ့ရလျက် မလှရီ၏ နောက်နား မှာမူ ဘိုးဗျော့နှင့် ငတေကြီးတို့ ငြိမ်သက်စွာ လိုက်ပါလာသည်ကို တွေ့ရလေ၏။
လက်နှိပ်ဓါတ်မီးရောင် မှာ အလျားလိုက် ထိုးကြည့်သဖြင့် ရှေ့ဆက်နောက်ဆက် လာနေကြသော အချင်းအရာစု ကို အလုံးစုံမြင်ရပြီးလျှင် စိတ်ညို့ခံရသူပမာ မျက်စိစုံမှိတ်ခါ ဆံပင်ဖားလျားနှင့် ကဘိုကရို လိုက်ပါ လာရှာသော မလှရီကလေးမှာ နဂိုကလှရာတွင် ယဉ်စစသနားစရာအသွင် ကလေး ဆောင်နေရှာ တော့၏။

အစက သာမညသာဟု ထင်ခဲ့သော ဦးညိုတုတ်မှာ သူရဲသံတိုင်နောက်မှ သတိကင်းစွာ လိုက်ပါ လာ ရှာသော မလှရီကိုမြင်လိုကိရသည့်တခဏ၌ မိမိစိတ်အာရုံကို ပြင်းပြတုန်လှုပ်ချောက်ချား စေတော့၏။ မူလကပင် မကောင်းမှုကို အားမနာတန်း ပြုခဲ့သော သူယုတ်မာကြီး တစ်ဦးဖြစ်သည့် အားလျော်စွာ ထိုမြို့ ကလေးတွင် မိမိတွေ့မြင် ဆက်ဆံရဘူးသော မိန်းမပျိုကလေးများ ထက် အဆပေါင်းများစွာ သာနေသူ မလှရီ ကလေးကို အတွေ့နောက်ကျလေခြင်းဟု စိတ်တွင်းက ညည်း ညူလိုက်မိပြီးလျှင် အနီးတွင် ဇောထက်သန်စွာ နှင့် မျှော်လင့်နေရှာသော ထွန်းမောင်ကိုပင် သတိမရဘဲ လောဘကြောဆွဲ၍ နေတော့ ၏။

''ဆရာ  ဆရာ မလှရီ ပါလာပြီဆရာ ၊ဟန်ကြလာဘဲ ဆရာ့ကျေးဇူးကြီးပါပေတယ်၊ ကျွန်တော်ဘယ် လို နည်း နဲ့ မှ ခေါ်လို့မရတာ ဆရာ့အစွမ်းကြောင့် အလွယ်တကူ ပါလာတာပဲဆရာရယ်''
ဟု ထွန်းမောင်က အားရ၀မ်းသာပြောလိုက်မှာ ဦးညိုတုတ်သတိရပြီး စာမာန်ယစ်သော ခွေးကြီးအ လား၊ ထွန်းမောင် ကို မျက်နှာထားကြီးနှင့် စိုက်ကြည့်လေတော့၏။ ထွန်းမောင်မှာ ရုတ်တရက်မူ ပြောင်း လာသော ဆရာကြီးကို အံ့သြဝမ်းနည်းစွာ ကြည့်လျက်
''ဆရာ''
ဟု တုန်လှုပ်သောအသံနှင့် ခေါ်လိုက်မိမှ ဦးညိုတုတ်တွင် သတိရပြီး မိမိမျက်နှာထားကြီးကို အနိုင် နိုင် ပြင် လိုက်ခါ ''ဟေ့ မင်းငြိမ်ငြိမ်နေ ဟိုက ၀ိဥာဉ်လိပ်ပြာတခြား၊ လူတခြားလာနေရတာ သွားခေါ်လိုက်မယ်၊ ထိလိုက်၊ ကိုင်လိုက်မယ်ဆိုရင် လိပ်ပြာဟာလန့်ပြီး ပြန်မဝင်တော့ဘူး အဲဒီလို လိပ်ပြာပြန်မဝင်ရင် သေရော၊ မင်း ငါ့အမိန့်မရဘဲ ဘာမှမပြောနဲ့ ဒီနေရာကလဲ မရွှေ့နဲ့ ငါ့စကား နားမထောင်ရင် မင်း ရည်းစား သေလိမ့်မယ်'' ဟု ခပ်တည်တည် အသံကြီး၊နှင့်ပြောရင်း မျက်လုံးများမှာ လှရီထံမှ မခွာဘဲ စိုက်ကြည့် နေလေ၍ ထွန်းမောင်ကား မလှုပ်ဝံ့တော့ပြီ၊ ဦးညိုတုတ်စကားကို အထူးယုံစား၍ မိမိ မတော်တဆ မှားယွင်း သွားပါက မလှရီကလေး အသက်ဆုံးရမည်ကို မခံနိုင်ရှာသောကြောင့် အရုပ်ပမာ မလှုပ်ဝံ့ ဘဲ ငြိမ် နေရရှာတော့၏။

သို့နှင့် တဖြည်းဖြည်းလာနေသော မလှရီမှာ တဲအိုနှင့်နီးသည်ထက် နီးလာလေ၏။ ဦးညိုတုတ် မျက်လုံး များလည်း သားကောင်ကို မြင်သော ကျားရိုင်းကြီးအလား အရောင်များဝင်းဝင်းတောက် လျှက်ရှိတော့၏။ ထွန်းမောင် ကိုကြည့်လိုက်သောအခါလည်း မိမိဖြီးလုံးတွင် မိနေကြောင်းသိ၍ အား တက်ခါ...
"ဟေ့- မောင် ဆရာပြောတာ သတိထား၊ သူငယ်မ ကို မင်း ဘာမှသွားမပြောနဲ့ သတိမရှိဘူး၊ ပြီးတော့ ဆရာ့ ကိုယ်တိုင် သူ့လိပ်ပြာကိုပြန်သွင်းပေးရမယ်၊ လိပ်ပြာသွင်းပြီးမှ မင်းရည်းစား မင်းခေါ် ပေတော့ နားလည် လား၊ အဲ- အခု ဆရာ သူ့ကို ဟောဒီနောက်ကအခန်းထဲသွင်းပြီး၊ (၃)ရက်လုံးလုံး လိပ်ပြာ သွင်းရမယ်၊ မင်းအပြင်ကစောင့်နေ"

ဟုပြောရာ ထွန်းမောင်မှာ ဘာမှမပြောသာ၊ ဒါရိုက်တာစီစဉ်သ၍ဖြစ်နေရှာ၏။ အစက လိပ်ပြာသွင်း ဘို့ အကြောင်း များ မိမိမသိ၊ ဆရာကလည်းမပြော၊ မလှရီကလေးပါလာလျှင် ပါလာခြင်း အတူတွဲ၍ အချစ်ပွဲ ခံမည်သာဟု ကြိမ်းသေပေါက်တွက်ထားမိရာတွင် ယခုကဲ့သို့ အရေးထည်းရောက်မှ ဆရာ့ အကန့်အကွက် ခံရသဖြင့် ရင်ထဲတွင် ဒိတ်ခနဲဖြစ်ရရှာ၏။ သို့သော် ဤအရေးကား ချစ်သူ၏သေရေး ရှင်ရေးဖြစ်လေရာ၊ ထွန်းမောင် တွင် တစုံတရာ ဆင်ခြေမဝင်နိုင် ငေးငိုင်၍သာနေရရှာတော့၏။

"လိပ်ပြာသိပ်တာ သုံးရက်ကြာမယ်၊ သုံးရက်မစေ့ခင် မခေါ်ရ၊ မပြောရ၊ မထိမကိုင်ရဘူး၊ အဲဒါ စည်း မစောင့် နိုင်ရင် ကောင်မလေး အသက်မရှင်ဘူး။ အသက်ရှင်သည်တိုင်အောင် ရူးကြောင်ကြောင်ဖြစ် သွား တတ်တယ် သိရဲ့လား၊ သူ့ကို အတွင်းခန်းမှာ သုံးရက်ပိတ်လှောင်ထားပြီး၊ အခန်းထဲကို ဆရာ တစ်ယောက် ထဲဝင်ပြီး၊ လိပ်ပြာသွင်းမယ်၊ အဲ- သုံးရက်စိလို့ အပြင်ထွက်လာတဲ့အခါ ကောင်မလေး ဟာ မင့်လူ လုံးလုံး ဖြစ်မယ်၊ သူ့ကိုခေါ်လာရမလားလို့ ဆူလား ပူလားလဲ မလုပ်တော့ဘူး။ မင်းက သေဆိုသေ၊ ရှင်ဆိုရှင်ဘဲ။ ဒီတော့ သုံးရက်မစေ့ခင် မင်းက ဟောဒီအပြင်ဘက်မှာစောင့်နေ၊ တခါ ထဲမနေနိုင်လို့ အိမ်ပြန်ချင်တဲ့ အချိန် လဲ ပြန်နိုင်တာဘဲ"

ထွန်းမောင်မှာ ဆင်ခြေမတက်နိုင် ဇာတ်ဆရာစီမံသ၍ ငြိမ်ခံနေရ၏။ စိတ်ထည်းတွင်ကား ဆရာကြီး ၏ မျက်နှာထား ကို များစွာမသင်္ကာလှချေ။ သို့နှင့်လည်း "သူ့လက်ခုတ်တွင် ရေအသွင်"ဆိုသလို သူ ပြုပြင် သလို ခံရတော့မယ်ဖြစ်သောကြောင့်၊ ခပ်အောင့်အောင့်ပင် ကြိတ်ခံပြီး မိမိကိုယ်ကို မိမိအပြစ် တင်၍ နေရှာပြီး၊ ဆရာကြီးလုပ်သမျှကို မတုန်မလှုပ် ကျောက်ရုပ်ပမာ ထိုင်ကြည့်နေရရှာတော့၏။

ဦးညိုတုတ်သည် တဲအိုအတွင်းသို့ရောက်လာသော မလှရီအား အခန်းငယ်ထည်းသို့ ညို့ယူခေါ် သွားပြီး တံခါးပိတ် လိုက်လေ၏။ သူရဲသံတိုင်အမှူးရှိသော ငနီ၊ ငနက် စသည်တို့မှာ အခန်းဝတွင် ၎င်းတို့၏ အတ္တဘောကြီး ကို ထင်ရှားပြလျက် စောင့်ရှောက်နေကြလေ၏။ ဘိုးဗျောနှင့်ငတေကြီးတို့ ကား ထွန်းမောင် အနားတွင် စကားဖောင်လှအောင် ပြောနေကြ၏။ ထွန်းမောင်လည်း စိတ်တထင့် ထင့်နှင့်ပင် ဟန်မပျက် နေရင်း တခါခါလည်း ဘိုးဗျော့တို့မျက်နှာကဲကို၊ မသိမသာအကဲခတ်လေ၏။

ဘိုးဗျော့ နှင့် ငတေကြီးတို့မှာ ဂဇော်တံခိုးအတွက် လျှာအထူးသွက်၍ နေကြပြီး၊ ဆရာကြီးအခန်းထဲ ဝင်သွားသည် ကို တယောက်နှင့်တယောက် မျက်စနှင့် မေးငေါ့ပြကြသည်ကို ထွန်းမောင်မြင်လိုက်မိ ရာ မိမိမသင်္ကာမှု ကို ပို၍ခိုင်မာစေတော့၏။ ငါမိုက်တယ်၊ ငါဆပ်ဆော့မိတယ်၊ အခု ငါတွေးတဲ့အ တိုင်း မှန်ရင်၊ ငါဟာ နွားဖြစ်မှန်းမသိ ဖြစ်နေပြီ၊ ငါလောက် ရှက်စရာကောင်းတဲ့လူ ကမ္ဘာမှာရှိအုံးမ လား၊ ငါတွေးတဲ့ အတိုင်း များ မှန်နေရင် ငါမခံဘူး ဟု စိတ်ကူးနှင့် ကြိမ်းဝါးနေမိလေ၏။

ဤတွင်မျှမက ဘိုးဗျော့နှင့် ငတေကြီးတို့မှာ တချက်တချက်တွင် ထွန်းမောင်အား သရော်ပြောင် လှောင်သော မျက်နှာထားနှင့် မထီလေးစားကြည့်တတ်ကြပြီး၊ အခန်းဝတွင် စောင့်နေသော ငနီတို့ တစု ထံသို့လည်း ဂဇော်သံပါပါနှင့် "ဟေ့ကောင်တွေ၊ နင်တို့ အပေါက်စောင့်လားကွ" ဟု ၎င်း၊
"ဟေ့ သံတိုင်၊ မင်းက ဆရာကြီး အားကျပြီး၊ သရေယိုနေသလားကွ" ဟု ၎င်း၊ အနှောင့်အသွား မလွတ်သော အဖျားမဲသည့် စကားများကို ဆက်ခါဆက်ခါ ကြားရသောအ ခါ ထွန်းမောင်မှာ ဟုတ်ပါပြီ ငါထင်သလို ပါဘဲ ဒီအကောင်ကြီးဟာ အောက်လမ်းဆရာပြီပြီ ယုတ်မာ မိုက်ရိုင်းတာဘဲ-
"မလှရီ မလှရီ မင်းကလေး ငါမိုက်တာ နဲ့ ရေတိမ်နက်ရှာပြီထင်ရဲ့"ဟု အသဲဆပ်ဆပ်ခါအောင် နာ ကျည်း နေမိရှာ၏။

အချစ်သွေးသည် ထိပ်သို့ရောက်ပြီ၊ ကြောက်ရွံ့စိတ်လည်းမရှိတော့ပြီ၊ ခါးကြားထည်းက ဒါးကိုဆွဲမိ ၏။
"ဟေ့ ဒါဘာလဲ ဘာလုပ်တာလဲ၊ ငါ့ကိုနွားလုပ်ကြတာလား"
ဟု ခုနစ်သံနှင့် ထ၍ ပွက်လိုက်မိ၏။ ဘိုးဗျော့နှင့် ငတေကြီးမှာ အံ့အားသင့်လျက်-
"ဘာလဲ မောင်ထွန်းမောင် ဘာဖြစ်တာလဲ" ဟု ပြာပြာသလဲ မေးရာ- "ဘာ ဘာဖြစ်ရမှာလဲ၊ ခင်ဗျားတို့ လုပ်တာ၊ ဘာသဘောလဲ" ဟု ထပ်ဆူပြန်၏။

တခဏကြာသော် ဦးညိုတုတ်ထွက်လာလေ၏။ မျက်နှာကားခပ်ပြောင်ပြောင် ထားလျှက် "ခု နင်က ဘာဖြစ်ကြတာ လဲဟေ့၊ ဒီလိုဆိုရင်၊ ကောင်မလေး ဒုက္ခဖြစ်လိမ့်မယ်"
ဟု မျက်နှာထားနှင့်ပြောရာ ထွန်းမောင်ကား၊ ဦးညိုတုတ်ကို မှုံကုတ်အောက်သိုးသော မျက်နှာထား နှင့် ကြည့်နေမိ လေ၏။

ဦးညိုတုတ်သည် ထွန်းမောင်အား အဓိပ္ပါယ်ပါသော ပြုံးခြင်းဖြင့်ပြုံးကြည့်လိုက်ခါ
"မောင်ထွန်းမောင်၊ အခု ဆရာလုပ်နေရတဲ့ အလုပ်တွေဟာ မင့်အတွက် လုပ်နေရတာဖြစ်တယ်၊ မင်းစိတ်ထဲ မှာ ရှိတဲ့စိတ်ရိုင်းတွေကို ထုတ်ပစ်လိုက် စိတ်ကောင်းကောင်းထားနေ ပြီးတော့ စောစော က ဆရာ့ အပေါ်မှာ မင်းထားတဲ့ကတိများကိုလဲ စဉ်းစား၊ ဘယ်အလုပ်မျိုးမဆို ဆရာစားရှိတယ်ကွဲ့"
ဟုပြောလျှင် ထွန်းမောင်သည် ညိမ်မခံနိုင်သည့်အဆုံး၌ ဒေါသသံနှင့် ခံပြောမည်အပြုတွင် ဦးညို တုတ်က လက်ဝါး နှင့် ကာ၍ တစုံတရာမန်းမှုတ်လိုက်သည်တွင် ထွန်းမောင်မှာ ရုတ်တရက်သတိ လစ်ပြီး၊ နစ်မြော သွားလေ၏။

ထွန်းမောင်၏ထက်သန်စိတ်စော၍ ဇောကပ်လျက်ရှိသော ဝိညာဉ်သည် သံတိုင်၊ ငနီ၊ ငနက်၊ ငနွား စသော သူရဲတို့၏ ဝိညာဉ်များ နှင့် ပြေးတန်းလိုက်တန်း ကစားနေရသကဲ့သို့ရှိလေ၏။ တခါတရံ မိမိ ကို ထွက်ပေါက် မရအောင် ဝိုင်းထားလိုက် တခါတရံ မိမိလက်လွတ်ထွက်ပြေးလာသည်ကို အမိအရ လိုက်ဘမ်းကြ နှင့် ပြေးရလွှားရ၍ အမောကြီးမောနေကြောင်း သိရလေ၏။
သို့နှင့် နောက်ဆုံး၌ကား အချိန်ပေါင်းမည်၍မည်မျှ ရက်ပေါင်း မည်၍မည်မျှ ကြာသည်မသိ၊ ထွန်း မောင် မှာ အိပ်ရာမှ နိုးလာသလို ဘွားကနဲလန့်၍ နိုးလာပြီးလျှင် မိမိအား စိုးရိမ်စွာပွေ့ပိုက်ထား သော မလှရီ ကလေး ကိုပါ တွေ့ရသဖြင့် ကဗျာကရာ ထထိုင်ကာ...
"မလှရီ မလှရီ ဘာဖြစ်ကြတာလဲ၊ အခု ကျုပ်တို့ ဘယ်ရောက်လာကြသလဲ"

ဟုမေးမိလေ၏။ မလှရီမှာ ထွန်းမောင် သတိရလာသည်ကို အားရဝမ်းသာဖြစ်ရှာသည့် မျက်နှာက လေးနှင့်
"ကိုထွန်းမောင် သတိရပြီလား၊ မရီ စိုးရိမ်လိုက်တာ၊ ကိုထွန်းမောင်ရယ်"
ဟု အကောင်းပကတိ နဂိုအတိုင်း ချစ်ခင်ယုယစွာ မေးရှာလေ၏။ ထွန်းမောင်မှာ မိမိဆပ်ဆော့မိ၍ ရေတိမ် နစ်ခဲ့ရှာပြီကို အတတ်သိ၏။ သို့သော် မလှရီကလေးမှာ ဟိုအခါက သတိလက်လွတ်နေရှာ သည့် အလျောက်၊ မိမိဘယ်ဘဝရောက်ခဲ့သည်ကို ယခုအခါ လုံးဝသိရှိ သတိရရှာဟန်မတူသဖြင့် ထွန်းမောင်၏ အသဲနှစ်လုံးကို သွေးစက်စက်နှင့် ရေနွေးအဖျော်ခံရသလိုဖြစ်သွားမိပြီးလျှင်၊ အပြစ် ကင်းရှာသူ ကလေး အား သနားမဆုံးအောင်ရှိကာ သူ၏ဝမ်းနည်းစရာအဖြစ်အပျက်တို့ကို မသိ အောင် မိမိကသာ ဖုံးကာ ထားရန် တာဝန်ယူလိုက်မိတော့၏။

"မလှရီ မလှရီ သူ့အဖြစ်ကိုသူသိရင် သူ့ကိုယ်သူတောင် သေချင်ရှာမယ်၊ ငါမပြောဘူး၊ သူ့အဖြစ်ကို သူကိုယ်တိုင် အသက်ထက်ဆုံးမသိအောင် ငါဖုံးဘိလျှို့ဝှက်ထားတော့မယ်၊ ငါမိုက်လို့ဖြစ်ရရှာတာ၊ သူကလေး အပြစ်မဟုတ်ဘူး၊ ငါ့အပြစ်ကို ငါသာကြိတ်ခံမယ်၊ မလှရီကို သေတပန်သက်ဆုံး၊ ထင်းပုံ ခေါင်းချ ပေါင်းတော့မယ်၊ ဟို ခွေးမသားကြီးတော့လားကွာ၊ မကြေဘူး မကြေဘူး၊ ဒင်းတနေ့ ခွေး သေ သေရစေ့မယ်၊ ဒင်းက အောက်လမ်းဆရာမို့။ ပညာစွမ်းနဲ့ မပြိုင်နိုင်ပေမဲ့ နိုင်တဲနည်းနဲ့ ကလဲ့စား ချေမယ်၊ ခွေးမသားကြီး သိရောပေါ့"
ဟု တယောက်ထည်း ကြိမ်းဝါးကာ မလှရီကို ဝမ်းနည်းလှိုက်လှဲ၊ အသဲနာလှသော မျက်လုံးနှင့် ခပ် ပြုံးပြုံးကလေး စိုက်ကြည့်မိတော့၏။

"မရီ ဒီကို ဘယ်သူလိုက်ပို့သလဲဟင်၊ ကျုပ် သတိမေ့နေတာကော ဘယ်လောက်ကြာပြီလဲ"
"မသိဘူး ကိုထွန်းမောင် မရီလဲ လူကြီးတယောက်က ကိုထွန်းမောင်ဆီလိုက်ခဲ့လို့ လာခေါ်တာနဲ့၊ အို ဘယ်လိုများ လိုက်ချင်မှန်း မသိဘူး၊ ဒါနဲ့ ဒေါ်ဦးကြီးအိပ်ပျော်နေတုန်း တိတ်တိတ်ကလေးလိုက် လာ ခဲ့တာဘဲ၊ ဒီရောက်တော့ သတိရရခြင်း မျက်လုံးဖွင့်ကြည့်လိုက်တော့  ကိုထွန်းမောင် မေ့ပြီးလဲ နေတာ တွေ့ရတာဘ"
ထွန်းမောင်ကား နားစိုက်ထောင်ရင်း ခေါင်းတချက်ရမ်းလိုက်မိ၏။ "မဟုတ်ဘူး၊ ဒီရောက်ရောက် ချင်း ငါနဲ့တွေ့တာ မဟုတ်ဘူး၊ မလှရီ ဘာမှမသိရှာဘူး၊ ဟို အယုတ်တမာကောင်ကြီး မတရားချင် တိုင်း"ဟု စိတ်ထဲမှ ပြောမိ၏။ ဒေါပွ၏။ ပြေးသတ်လိုက်ချင်၏။ သို့သော် မလှရီ မရိပ်မိစေရန် စိတ်ကို ချုပ်လိုက်ရ၏။ မိမိတသက် ကား မကြေ၊ မလှရီအပေါ်တွင်ကား အနည်းငယ်မျှ အညှိုးအတွက်မ ထား၊ မိမိကြောင့် သူ့ခမြာ မတရားခံရသည်ဟု အဆမတန်သနား၏။ အချစ်စစ် အချစ်မှန်ဖြစ်၍ လည်း၊ မည်သည့် အဖြစ် ရောက်ရောက် စိတ်မဖောက်ပြားရက်တော့ချေ။

"မရီ အခုလို အိမ်ကထွက်လာတာ သူတို့တော့ ရှာနေကြရော့မယ်၊ ကျုပ်တို့ အဝေးပြေးရကောင်းမ လား၊ အရင်တုန်း ကဖြင့် လိုက်ပါ လိုက်ပါလို့ ခေါ်လိုကရတာ၊ သူက သိပ်ခေါင်းမာတာဘဲ"
"အို ကိုထွန်းမောင်ကလဲ မရီစိတ်လေ ကိုထွန်းမောင်ဆီကို သိပ်လိုက်ချင်တာဘဲ၊ အရင်ကခေါင်းမာ ခဲ့တာ တွေလဲ သတိရတယ်၊ ဒါပေမဲ့ အခုတမျိုးဖြစ်နေပြီ၊ မရီစိတ်ကို မရီမနိုင်ဘူး၊ ကိုထွန်းမောင် မရီ ကို ဆေးနဲ့ ဝါးနဲ့များ ပြုစားထားသလား"
"ကွယ် မရီကလဲ ကြံကြံစည်စည်၊ အဲဒါသိလား ဆေးကြောင့်မဟုတ်ဘူး၊ မေတ္တာကြောင့် မေတ္တာ ကြောင့်၊ ကိုထွန်းမောင် က မေတ္တာဓါတ်နဲ့ညှို့ခေါ်လို့ တသက်ခိုးရာမလိုက်ပါဘူးဆိုတဲ့ ကောင်မလေး တခါထဲ မနေနိုင် မထိုင်နိုင် ပြေးလာခဲ့ရတယ် မဟုတ်လားကွဲ့"

ဟု ဟန်မပျက်ပြောရသော်လည်း ထွန်းမောင်၏ရင်ထဲတွင် ဆူပွက်နေတော့၏။ "ငါမတရားဘူး သူတို့မျိုးရိုး ဂုဏ်ကို စောင့်ထိန်းပြီး လူကဲ့ရဲ့မခံရအောင်နေရှာတဲ့ မိန်းကလေးကို ငါမတရားသွေး အောင်ခေါ်ယူမိတယ်၊ ငါမတရား ပြုမိလို့လဲ ငါ့မှာ ယောက်ျားတကာတို့ မခံနိုင်တဲ့ဒုက္ခအခက်အခဲကြီး ကို ရင်ဆိုင်တွေ့ပြီး ခံလိုက် ရပြီ၊ မရီလဲ ငါကြောင့်... " ဟု စဉ်းစားကာ၊ မိမိမိုက်ပြစ်ကို မိမိတသက် ခေါင်းငုံ့ခံရန် သိန္နိဋ္ဌာန် ချလိုက်မိတော့၏။ သို့သော် မိမိထိုသို့ ပြုမူရခြင်းမှာ ချစ်လွန်းလှသဖြင့် ပြင်း ထန်သော အချစ်ဒဏ်ကို မခံမရပ်နိုင် သည့်ပြင်၊ မိဘချင်းလည်း တသက်စေ့စပ်လို့မရ၊ မလှရီက လည်း တသက်ခိုးရာ မလိုက်ဟုနေသောကြောင့် ကြံရာမရသဖြင့်၊ ဥာဏ်ကူရခြင်းမျှဖြစ်သည်ကို မိမိ တဦးသာ အသိဆုံး ဖြစ် တော့၏။

"ကဲ မရီ သွားကြစို့၊ ဒီနေရာမှာ ကြာကြာနေလို့ မတော်ဘူး"
"အခု ဘယ်ရောက်နေပြီလဲ၊ နောက် ဘယ်သွားမှာလဲ ကိုထွန်းမောင်"
"ဒီက ငိုသံကြားတောင်ခြေရင်းမှာဘဲ၊ ကျုပ်တို့အိမ်ကိုဘဲ သွားကြပါစို့"
"ဟင် ရှက်စရာကြီး၊ တခြားကိုသွားပါ၊ ဒီနားလဲ ကြာကြာမနေနဲ့ မရီ ကြောက်တယ်"

"အို ခုမှတော့ မထူးပါဘူး မရီရယ်၊ လာပါ အိမ်ရောက်တော့ အခန်းအောင်းနေတာပေါ့"
ဟု ပြောကာ မလှရီကို ချော့မော့ခေါ်ဆောင်လာခဲ့သည်တွင် မြို့ပြင်အရောက်မှာ ထွန်းမောင်၏မိဘ များ နှင့် မလှရီ၏မိဘများ သတင်းကြားနှင့် စုပေါင်းလိုက်လာကြသည်ကို တွေ့ရလေ၏။ နှစ်ဦးနှစ် ဖက်သော မိဘများလည်း ခရီးလွန်ပြီးသားဖြစ်နေသော သားနှင့် သမီးတို့အား အနှောက်အယှက် မပေးကြ တော့ရုံမက ၎င်းတို့မှာ သုံးလေးရက် အရပ်ရပ်နှံ့စပ်အောင် ရှာဖွေနေရကြောင်း၊ ယနေ့မှ ဂဇော်သမား လူမိုက်ဘိုးဗျော့ က ငိုသံကြားတောင်ခြေတွင် တွေ့မြင်ခဲ့ကြောင်း ပြောမှခေါ်ရန် လိုက်လာကြကြောင်း။

ဤမျှ ဆိုးဝါးကြမ်းတမ်းသော ငိုသံကြားတောင်ခြေသို့ သွားရပါမည်လား၊ အခြားနေရာသွားစရာ မရှိ တော့ဘူးလား ဟုပင် ဝိုင်းဝန်းအပြစ်တင်ကာ၊ မိဘနှစ်ဘက်တို့က ကြည်ဖြူစွာခေါ်သွားကြသဖြင့်၊ ထွန်းမောင် နှင့် လှရီလည်း ရှက်ရှက်နှင့် ခေါင်းငုံ့ကာ လိုက်ပါသွားရသည်တွင် ငါတို့သုံးလေးရက် လိုက်၍ ရှာနေရသည် ဟူသော မိဘများစကားအရ၊ ထွန်းမောင်မှာ ဦးညိုတုတ်အပေါ်တွင် ဒေါသ အိုးကို မီးထိုး သလို ဆူဝေသွားစေလျက်၊ လှရီတွင်ကား ငါထွက်လာသည်မှာ ခဏတာကလေးဖြစ်ပါ လျက် ဘယ် အတွက် သူတို့က သုံးလေးရက်ရှိပြီ ပြောရပါလိမ့်ဟု မအူမလယ်ကြီးဖြစ်၍နေကာ ထပ် ခါထပ်ခါ မေးတိုင်း လည်း၊ သုံးရက်လေးရက်ဟုသာ ဖြေကြသောကြောင့် မကြေမနစ်ဖြစ်နေတော့၏။

သို့နှင့် မိဘများ သဘောတူပေးစားထိမ်းမြားပြီးနောက်လည်း လှရီမှာ သုံးလေးရက်အရှုတ်အထွေး ကို မကြေနပ် နိုင်သေးဘဲ၊ လင်မယားအိပ်ယာထဲတွင် အေးအေးလူလူ စကားမမြည်ပြောကြတိုင်း-
"ကိုထွန်းမောင် မရီအိမ်ကထွက်လာတာ တခဏလေးရယ်နော၊ ပြီးတော့ သူတို့နဲ့ပြန်တွေ့ကြတာ ဘဲ၊ ဒါကို ဘယ်သူ့ မေးမေး မရီတို့ထွက်ပြေးတာ သုံးလေးရက်ရှိတယ်နဲ့ ခံခံငြင်းနေကြတာဘဲ၊ ကိုထွန်းမောင်ကော အိမ်က ထွက်လာတာ ခဏလေးဘဲမဟုတ်လား"

ဟုမေးတတ်ရာ ထွန်းမောင်မှာ ရင်ထဲတွင် ဆို့ကနဲဖြစ်သွားလျက် ချစ်သူကလေးကို ယုယစွာဖက်ပြီး
"ဟာ ပြီးတာပြီးပါစေ မရီရယ်၊ ဒါတွေပြန်ပြီး တွေးမနေစမ်းပါနဲ့၊ အဲဒီတုန်းက ကိုယ်လဲ သူရဲချောက်ခံ ရလို့ လန့်ပြီး မေ့နေတယ် ဆရာ၊ ဘာမှမသိဘူး၊ သူတို့ပြောတာ ဟုတ်ချင်ဟုတ်မလား မသိဘူး"
ဟု ဖာထေးညာလွှဲ နှင့်ပြီးလိုက်ရပြီး ဦးညိုတုတ်၏မျက်နှာကြီးကိုကား တွေးမိတိုင်း အခဲမကြေနိုင် အောင် ပေါ်လာတော့၏။

ထိုနောက်များ မကြာမှီ ဂဇော်ဘိုးဗျော့ နှင့် ငတေကြီးတို့သည် ထွန်းမောင်နှင့် အထူးပင် အလွမ်းသင့် လျက် ထွန်းမောင် ရက်ရက်စက်စက် စွန့်ကြဲပေးကမ်းခြင်းဖြင့် ထွန်းမောင်အား ဘုရားတဆူ ဂူတလုံးကဲ့သို့ ကြည်ညို လာပြီး ၎င်းတို့ဆရာကြီးမှာ ဂဇော်ဘိုးတမတ်ငါးမူးမှတပါး စားလောက် သောက်လောက် မကျသော ကြောင့် တနေ့တခြား အကြည်ညိုလျော့ပါးကာ ဆရာကြီး၏အကျင့် ယုတ်များကို သစ္စာမဲ့ လူမိုက်များ ပြီပြီ တခုမကျန် ဖောက်သည်ချတော့၏။

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

Monday, January 16, 2012

ဒဂုန်ခင်ခင်လေး ၏ မှော်ဆရာမှတ်တမ်း, အပိုင်း (၁၄)

(ဦးညိုတုတ်သည် သံတိုင် ၏ ခေါင်းကို မြတ်နိုးစွာပိုက်ထားရာမှ-
''ကဲဟေ့ ဘိုးဗျော့တို့ ဒီပျဉ်ပြားတွေ နေရာတကျ တဲအမိုးပေါ်တင်ပြီး မင်းတို့ အိမ်ပြန်နှင့်ကြတော့ ရော့ ရော့ ဂဇော်ဘိုးယူသွားကြ သိပ်လဲ မူးမနေနဲ့အုံး တော်တော်ကြာ မိုးလင်းတော့မယ်။ ဆရာဒီ မှာ သံတိုင် အတွက် စီရင်စရာကလေးတွေ ရှိသေးလို့၊ နေရစ်ရအုံးမယ်၊ အကယ်၍ အရေးကြီးတဲ့ လူမမာသယ် များ လာခေါ်လို့ရှိရင် ငါကိစ္စရှိလို့ တရွာသွားတယ်။ နက်ဖြန်မှ ပြန်လာလိမ့်မယ်၊ ပြော... ကြားလား၊ ကဲ ရော့ ပိုက်ဆံ၊ အိမ်တံခါးလဲ ဟောင်းလောင်း ကြီးထားပြီး အိပ်မနေ ကြနဲ့အုံးနော် အိပ် ချင်ရင် တံခါးလုံလုံ ပိတ်ပြီးမှ အိပ် ဟုတ်လား'') ၏  အဆက်

ဟု- တပည့်များကို မှာကြားပြန်လွတ်လိုက်ပြီး သံတိုင်၏  ဦးခေါင်းပြတ်ကြီးကို သူ့နည်းအတိုင်း စီမံပြုပြင် ၍ ချာချာလယ်နေသော ဆန်ကာအလယ် တည့်တည့်တွင် ချပြီး မန်းမှုတ်နေရာ၊ သံတိုင်၏ ခေါင်းကြီးမှ အသား တွေသည် တစ၊ တစ အရည်ပျော်၍  ၊ ချော်ရည်၊ ချော်မြုပ်တို့ကဲ့သို့ ပြိုးပြိုး ပြောင်ပြောင်နှင့် စီးဆင်းကြ သွားပြီး နောက်ဆုံးတွင် ခေါင်းခွံရိုး ဖြူဖြူကြိးသာ ကျန်ရစ်တော့လေ၏
 
ညောင်ဝန်မြို့ ကလေးကား မီးရထားလမ်း၊ သဘောင်္လမ်းရှိသော မြို့မဟုတ်ဘဲ အနည်းနယ် ချောင် ကြသည့်တိုင်အောင် မြို့ကလေးမှာ ရှမ်းကုန်းနှင့်သင်္ဘောကုန်းလယ်ရာ ဌာနကလေးတခု ဖြစ်သော ကြောင့် ကုန်းလမ်းဖြင့် မော်တော်ကား၊ နွားလှည်းများ ဥဒဟို သွားလာဝင်ထွက်လျက်ရှိ၏။

နေအိမ် တိုက်တာများ အထူးစည်ကား၍ ဥစ္စာပစ္စည်း ချမ်းသာကြွယ်ဝသူများလည်း အတော်ပေါများသော မြို့ကလေး ဖြစ်လေ၏။ အဆိုပါ ချမ်းသာကြွယ်ဝသူတို့မှာ အများအားဖြင့် မြေပိုင်၊ ယာပိုင်၊ လယ်ပိုင် ရှင် တွေနှင့် ဘိုးစဉ်ဘောင်ဆက်က စုဆောင်းသိုမှီထားသော မြေမြုပ်ပစ္စည်းအမွေပုံကြီးပေါ်တွင် အစဉ် အတိုင်း တက်ထိုင်၍ ငွေတိုး ကြေးတိုးများနှင့် အေးအေးကုတ်ကုတ်  ထိုင်စားပြီး။ အကြွားအဝါ ဂုဏ်တု ဂုဏ်ပြိုင် လည်း အထူးကင်းကြသူများဖြစ်လေ၏။

ဤမျှရိုးသား အေးချမ်းစွာ နေထိုင်သူများနှင့်ပြည့်စုံသော ထိုမြို့ကလေးမှာ အမြဲတမ်း ငြိမ်းချမ်းသာယာ ခဲ့သည်။ မြို့ဆင်ခြေဖုံးအရပ်ရှိ ပျဉ်ထောင်သွပ်မိုး တလိုင်းအိမ်းကလေးတခုအတွက် မြို့၏ ကြက်သရေကို အထူး ညိုးနွမ်း နေစေသည်ကိုကား၊ မည်သူမျှ သတိမထားမိကြ ဖြစ်လေ၏။
 
ဗိန္ဓောဆရာ ဦးညိုတုတ်မှာ ပထဝီ၊ တေဇောာ၊ အာပေါ၊ ဝါယော တို့ကို လှိုင်လှိုင်ရွက်၍ ဆေးကျမ်း ကို အလွတ် ရအောင်ကျက်ခါ၊ လာလာသမျှ သူနာ၊ ပင့်လာသမျှသူနာတို့အား ဖေါ်နည်းကားနှင့် ဖေါ်စပ် ထားသော ဆေးများ ကို ငှက်ပျောဘူးပုလင်းများ နှင့် ထည့်ကာ၊ စာတမ်းအမျိုးမျိုး ထိုးကပ်လျက် လေးထပ် ရှိသော  ဘီရိုစဉ်မြင့်၊ တခုနှင့်သားနားစွာ တင်ထားပြီး။ ခြေကြွမှန်မှန်ယူလျှက် လက်သပ်မွေးထားသော ဆေးပညာသင် အမည် တပ်ထားသော တပည့်ဖြစ်သူ ဘိုးဗျော့နှင့် ငတေကြီး တို့အား ဂဇော်ဘိုး လှိုင်လှိုင် ပေးထားသူ ဖြစ်လေ၏။

စင်စစ်ဦးညိုတုတ်မှာ ယူတ်မာညစ်ညမ်းလှ စွာသော သူရဲအာဏာရှင် အောက်လမ်းဆရာ တစ်ဦး ဖြစ်သော်လည်း မြို့ပေါ်တွင်  မိမိအတွက် လူအပေါင်း မခက်စေခြင်းငှာတကြောင်း၊ ၄င်း၏ ရည်ရွယ်ချက် အတိုင်း၊ အစစ အရာရာ လွယ်ကူစွာ ဖြစ်မြောက်နိုင်စေရန်တကြောင်း၊ ဗိန္ဓောဆရာ ဟူသော အမည်ကို ယူထား၍ အရေးတကြီးလုပ်စရာ ရှိသော ညများတွင်ကား တမြို့လုံးက ကျောစိမ့်အောင် ကြောက် ထားသော ငိုသံကြားတောင်ပေါ် ၀ယ် မဘွယ်သော အမှုကို လွတ်လပ်ချောင်ချိစွာ ပြုမူနေထိုင်လျက် ရှိခဲ့သူ ဖြစ်လေ၏။

အထူးသဖြင့် ထိုမြို့လေးရှိပစ္စည်းရှင် သမီးပျိုကလေးမျာမှာ မိန်းမချော၊ မိန်းမလှလေးတွေများလျက် ၄င်းတို့မှာ ရိုးသားသောမိဘများမှ ဆင်းသက်ပေါက်ပွားလာကြသူများ ဖြစ်သည့်အလျှောက် အိမ် ရှေ့လမ်းမ ကိုမျှ လမ်းထွက်၍မလျှောက်ဝံ့သော အိမ်တွင်ပုန်းမ အရိုးခံမကလေးတွေ ခေတ်မမှီရှာသူ ကလေး တွေဖြစ်နေပြီလျှင် မည်သည့် အပျိုအရွယ် ကလေးမှ လျပ်ပေါ်လော်လီသည့် မျက်နှာထား အမူအရာ မရှိဘဲ၊ မိဘ မောင်ဘွားတို့နှင့် လိမ္မာပိပြားစွာ နေထိုင်တတ်ကြ သူများဖြစ်ရာ ၄င်းတို့အား မြင်ချင်တွေ့ချင် သော မြို့ရှိကာလသားများမှာ ဘာသာရေးနှင့်ဆိုင်သော အခါကြီး ရက်ကြီးဖြစ် သည့် ၀ါဆို လပြည့်နေ့၊ သတင်းကျွတ်လပြည့်၊ တန်ဆောင်တိုင်လပြည့်နေ့ စသည့်ဥပုသ် နေ့များ တွင် ကျောင်းကန် ဘုရား၊ ဇရပ်  တန်ဆောင်းများတွင် မိဘ သားချင်းတစုတို့ စုရုံးလာရောက်ခါ ဥပုသ်သတင်း ဆောက်တည် တတ်ကြသည်ကို လိုက်ကြည့်မှသာလျှင် မြင်ရတတ်လေ၏။

ထိုသို့ သော အခါမျိုးတွင်ကား၊ တနှစ်လုံးလုံးအိမ်တွင်းပုံးကြခြင်းဖြင့် ဝါဝင်းသော အသားအရေ ကလေး များနှင့် မပြုမပြင် နဂိယဉ်သော ပင်ကိုယ်ချော မိန်းမပျိုကလေးတွေကို တေ့တေ့ တင်တင် တွေ့မြင် ရသူ လူပျို ကာလသား တို့မှာ အစွဲကြီး စွဲလမ်းသွားရှာကြတာ၊ အချို့မှာလည်း မိဘချင်း အကြောင်း သင့်လျှက် သားသမီးချင်း လက်ဆက်ပေးသည်ကို ခံရ၍ အချို့မှာ မိဘချင်းအကြောင်း မညီညွှတ် ၍ သမီးပျို ကလေး များကို အောင်သွယ် ဒလံ များနှင့် စေစားရှာကြတော့သည်။

သို့ရာတွင် ရိုးသား လိမ္မာသူ မိန်းမပျိုကလေးတွေသာ များရကား၊ မိဘမျက်ကွယ်တွင် ချစ်သူရှာခြင်း၊ ချစ်သူ ကို မိဘ မသိဘဲ လက်ခံဆက်သွယ်မှုမှာ မပြုကောင်းသော ကံငါးပါးကို ကြူးလွန်ရမည်ထက် ရှက်ကြောက် ထိပ်လန့်နေရှာကြသောကြောင့် အောင်သွယ်ဒလံတို့မှာ တပ်လန်၍သာ သွားရလေရာ၊ တချို့ ကာလသား များမှာ မိဘချင်းလည်းစေ့စပ်မရ၊ ကိုယ်တိုင် ကြိုးစားရန်လည်း အချက်မရ၊ အောင် သွယ်များ နှင့် ကြံ၍လည်း အကွက်မလယ်ကြဘဲ စွဲလန်းသည့် အာရုံကလည်း အတောမသပ်နိုင် အောင် ရစ်ပတ် ချုပ်ချယ်ခြင်း ခံနေရရှာသဖြင့်၊ အကြံအစီ အမျိုးမျိုးထုတ်ခါ ကြိုးစားရှာကြရာတွင် အချို့နှိုက်နှိုက် ချွတ်ချွတ် စုံစမ်းတတ်သော ကာလသားများမျာ ဗိန္ဒောဆရာ ဦးညိုတုတ်အား ပီယဆေး အတွက် အစွမ်းအစ ထွက်လိုထွက်ငြား စုံစမ်းသမှုပြုကြ၍ ဦးညိုတုတ်ကလည်း ဝင်လာသော လာဘ်ကို မပယ်လို သဖြင့် မိမိ၏ အောက်လမ်းပညာနှင့် စီမံထားသော ပီယဆေးများ ကို တိုးတိုးတိတ်တိတ် လက်သိပ်ထိုး ပေးသောကြောင့် အချို့ကာလသားများမှာ အကယ်ပင်ဆေး အစွမ်းပြ၍ ရသူရသွားကြသည်တွင် တစတစ နှင့် အကြံကုန်လက်ပမ်းကျနေသော ကာလသား များ ရပ်ကွက်တွင် ဦးညိုတုတ် ပီယဆေး တန်ခိုး ထက်မြက်ပုံ ကို ကြော်ငြာမကမ်းရဘဲ နာမည်ကြီးလျှက် ရှိရကား၊ ချစ်သူအတွက်နှင့် အကြံခက်သော လူပျိုလူရွယ် တိုင်း၊ ဆရာကြီဦးညိုတိုတ် ကို ကြည်ညို စွာလာရောက်ဆီးကပ်၍ မပြတ်အောင် ပူဇော်ပသ လျက် ရှိကြရလေ။

သို့ ဆေးနှင့်ဝါးနှင့် ကူ၍ ချစ်သူနှင့်နီးရအောင် ကြံဆောင်ကြသော်လည်း အများအားဖြင့် အလယ်အ လတ် တန်းစား မိန်းမပျိုကလေးများကိုသာ အဆက်အသွယ် အသွားအလာလွယ်ကူသောကြောင့် ကြံစီခွင့် အချက် ရ၍  သွားကြသော်လည်း၊ အိမ်ထဲက အိမ့်ပြင်သို့ ထွက်ခဲ့သော်လည်း အထက်တန်း ကျသည့် ကြွယ်ဝချမ်းသာသူ တို့၏ သမီးပျိုအချောအလှကလေးများအတွက်မူ၊ မည်သူမှ မတိုးနိုင်မ ကြံနိုင်နှင့် လက်မှိုင်ချ ရလျက် မိဘချင်းကြေနပ်မှသာ ရသော ဓမ္မတာကဲ့သို့  ရှိခဲ့လေ့၏။

သို့ရာတွင် လွန်ခဲ့သော တနှစ်ကျော်လောက်အခါမှစ၍ ဗိုင်းကောင်းကျောက်ဘိ၊ ပိရိလိမ္မာ၊ ဣနြေ္ဒ ရှင်မြင့် ကြရှာသော အိမ်တွင်းပုန်း အမျိုးသမီး အပျိုအရွယ်ထဲတွင် နာမည်အကြီးဆုံး၊ ရုပ်အချောဆုံး ပစ္စည်း အပေါဆုံး မိန်းကလေးအချို့မှာ မည်သည့်ကပ်မျိုး ဆိုက်ရှာကြသည်မသိ ၊အချို့မှာ အိမ် တွင်းက အိမ်ပြင် မထွက်ရရုံ မျှမက အပြင်ကဝင်လာသူတို့နှင့် အဆက်အသွယ်မရှိပဲ အရှက်တကွဲ အကျိုးနဲ အဘေမဖေါ် နိုင်ဘဲ သားသ္မီးမွေးကြရှာပြီး၊ အချို့မှာလည်း မိမိကိုယ်ကိုပင်စွန့်ပစ်ခါ အသက်   ကို အရှက်နှင့် လဲသွားကြ ရှာ၏။

ယင်းသို့ ဣနြေ္ဒရှင် အပျိုကလေးများ၏ မကြားဝံ့မနာသာ အဖြစ်မျိုး မှာဘယ်သို့သော အကြောင်းကြောင့် ဖြစ်ပေါ် ရသည်ဟု မည်သူမှ အတတ်မဆိုနိုင် ကာယကံရှင် မိန်းမပျိုကလေးများမှာလည်း မိမိတို့အဖြစ်ကို မိမိတို့ပင် မသိ၊ မိဘလုပ်သူတို့က ရိုက်မောင်း, ပုတ်မောင်း၍ မေးလည်းမပြောနိုင်၊ ချော့ချော့မော့မော့ မေး၍လည်း မဖြေနိုင်၊ လှိုင်လှိုင်ကြီးသာ ငိုကြွေးနေရှာကြလျှက်၊  အချို့မှာ အသက်ကိုပင် စွန့်ရှာသည့် အခြေ သို့ အရောက်ခံကြသလောက်၊ မည်သူတစ်ဦးတယောက်မျှ မည်သူနှင့်ကြူးလွန်မိကြသည် ဟု ထုတ်ဖော် ၀န်ခံခြင်းမပြုနိုင်ကြ သည်က ကံတူအကျိုးပေးကဲ့သို့ ဖြစ်ကြရတော့၏။

ကလေးမ များက လျပ်ပေါ်လော်လီ၍ ဖြစ်ရသည်ဟု ထင်ရန်ကလည်းအခတ်၊ မည်သူမည်ဝါ နှင့်ကြူးလွန် မိပါသည်ဟု မေးမရကြသည်ကတခက်နှင့်  ဤ ထူးဆန်းသောအဖြစ်အပျက်များမှာ မြို့ကလေး အေးချမ်းခဲ့သည့် နှင့်  အမျှ ရစရာမရှိအောင် ဖြစ်နေကြရလေတော့၏။
''ဟေ့..ဘိုးဗျော့တို့ ညကငါ့အိမ်ကို ဘယ်သူလာလဲဟေ့.... ''
ဟု နံနက် နေထန်းဖျားလောက်ရှိမှ ရောက်လာသောဦးညိုတုတ် က မေးလေ၏။ ဘိုးဗျော့နှင့် ငတေကြီး တို့ကား၊ ပဲပြုတ်နှင့်လဘက်ရေအကြမ်း သောက်လျှက်ရှိ၏။

''သြော်-ဆရာပြန်လာပြီ၊ ကျွန်တော်တို့ လဘတ်ရေသောက်ရင်းမျှော်နေကြတယ်။ လာဆရာ- ဟောဒီမှာ ပဲပြုတ်ပန်းကန် ကလေး ဦးဦးဖျားဖျား ဆရာစားဘို့ ခွဲထားတယ်''
တုတ်။  ။အေး-အေး စားတာပေါ့၊ ဒါနဲ့ ဘယ်သူများလာမေးတုန်းဟေ့-
ဗျော့။  ။တခြားလူတွေတော့ မလာပါဘူးဆရာ၊ ထွန်းမောင် ဆိုတဲ့ ဆရာ့ကောင်ကလေး တကောင်တော့ လာမေးတယ်။ ကျွန်တော်လဲ နံနက်မှလာ အခုဆရာကြီးမရှိသေးဘူးလို့ ပြောလိုက် တာနဲ့ စိတ်ပျက် ပြန် သွားလေရဲ့။

တုတ်။   ။  ဒီကောင်ကလေးပဲ င့ါကိုသိပ်ကပ်နေတယ် ငွေတွေကန်တော့တာလဲများလှပြီ။ သူကြိုက်နေတာ ကောင်မလေး ကလဲသူ့ ကိုပြန်ပြီးကြိုက်ပါတယ်တဲ့။ ဒါတဲ့ နှစ်ဦးနှစ်ဘက် မိဘတွေ သဘောမမျှလို့ ခိုးရာ လိုက်ပါ ခေါ်တာမရဘူးတဲ့၊ ကောင်မလေးက အတော်ခေါင်းမာနေတယ်တဲ့။ ဒါနဲ့ င့ါလာကပ် နေတာ ကလား။
ဟု ပြောကာ ပဲပြုတ်တဇွန်းစားရင်း လဘတ်ရည် ပန်ကန် ကို ပါးစပ်နားတေ့လေ၏။
တေ။   ။ သြော် -ဒါကြောင့်ကိုး၊ ကောင်ကလေးလက်ထဲမှာလဲ ငွေစက္ကူတွေတထပ်ကြီးကိုင်လို့...
(တုတ်) ဟင်ဟုတ်လား အေးလေကွာ ကောင်ကလေးလဲ အတော်စွဲနေတယ်၊ ဆရာ့ကိုငွေပေး ပေါင်းလဲ များလှပြီ။ ကောင်ကလေး မိဘများက အတော်ပစ္စည်းပေါတယ်။

(ဗျော့) ဒါနဲ့များ ကောင်မလေး မိဘများက ဘာကြောင့် သဘောမတူရတာလဲဆရာ။
(တုတ်) သိပါဘူးကွာ အရင်တုန်းက လူကြီးချင်း၊ မြေယာ တခုအတွက်နဲ့ စကားများကြဆိုထင်ပါရဲ့၊ ဒါပေတဲ့ ကောင်ကလေး နဲ့ ကောင်မလေးကတော့ မေတ္တာမပျက်ဘူး။
(ဗျော့) ဒါဖြင့်လုပ်ပေးလိုက်ပါ ဆရာရယ်။
(တုတ်) အေးလုပ်ပေးဘို့ပါဘဲ၊ ဒါထက် ကောင်မလေးဟာ ဒီမြို့ပေါ်မှာဖြင့် အလှဆုံး အချောဆုံး လို့ ထွန်းမောင် က ဆိုသည်။ သူ့ရည်းစားမို့ ပြောသလားတော့ မသိဘူး၊ ငါလည်း မမြင်ဘူးသေးဘူး။ တကယ်လို့သာ သူပြောသလို အချောဆုံးအလှဆုံးဆိုရင် ငါ့ ထွန်းမောင်အတွက်လုပ်မပေးလိုဘူး။
(ဗျော့) ဘာပြုလို့တုန်းဆရာရဲ့
(တုတ်) မင်းတို့လဲဆရာ့ အကြောင်းသိကြသားနဲ့ကွယ်။

(ဗျော့) ကောင်ကလေးငွေတွေလဲ ဆရာရတာမနည်းဘူးဆို ဒီလိုဖြင့်
(တုတ်) အေးလေကွာ ဒါပေတဲ့ ကောင်မလေးဟာ သူတို့ပြောသလောက် မလှရင်လဲ ငါအရေးမကြီး ပါဘူး၊ တကယ်လို့ လှနေရင်သာ ဒါပေတဲ့ကွာ ငါအလိုပြည့်ရင် ထွန်းမောင်လက်ပြန်ပေး လိုက်ရုံ ပေါ့
(ကြီး) ဟုတ်တယ်ဆရာ ဒါမှကောင်ကလေး အလိုလဲပြည့်၊ ဆရာ့အလိုလဲပြည့်၊ နှစ်ဦးနှစ်ဖက် အကျိုး ရှိမယ်။
(တုတ်) အေးလေကွာ၊ ကြည့်လုပ်တာပေါ့၊ ဟောဟေ့ပြောရင်း ဆိုရင်း ထွန်းမောင်ကလေး လာနေပြီ အသာနေကြ အင်းတယ် ခြေလှမ်းသွက်ပါကလား ဘာများအရေးကြီးလာသလဲ မပြောတတ်ဘူး။
ထိုအခိုက်တွင် အသားဖြူဖြူ မျက်လုံးကောင်းကောင်း နှာတံပေါ်ပေါ် ရင်အုပ်ကားကား အရပ်မြင့် မြင့်နှင့် သူငယ် တစ်ယောက် ဦးညိုတုတ်အိမ်ထဲသို့ အရေးကြီးသုတ်ပြာနှင့် ၀င်လာလေ၏။
(ထွန်းမောင်) ဆရာ ကျွန်တော် ညကလာမေးသေးတယ် မရှိဘူးဆိုလို့။

(တုတ်) အေး ဆရာ ခုဘဲရောက်သကွဲ့ မင်းပြာရီပြာယာဘဲ ဘာများအရေးကြီးလာသလဲဟေ့။
(မောင်) ကြီးတယ် ဆရာ ဒါကြောင့် ပြေးလာတာဘဲ။
(တုတ်) ဆိုးစမ်းပါအုံး
(မောင်) မလှရီတို့ အဘေအမေများ ၀ါဆိုဦးများ ရှင်ပြု ပဉ္စင်းခံလုပ်ဘို့ မြို့တက်ပြီးပရိက္ခရာကုန်တွေ သွားဝယ် ကြတယ်၊ မနေ့ကသွားကြတယ်ဆရာရဲ့ အိမ်မှာ မလှရီနဲ့ အဖေါ်မိန်းမကြီး တစ်ယောက် သာ ကျန်ရစ်တယ်။ အင်မတန် အခွင့်သာနေတာဘဲ။
(တုတ်) ဒါဖြင့် မင်း ကောင်မလေး ခေါ်ပြေးပါတော့လားလို့။

(မောင်) ခေါ်လိုက်တာမှဆရာရယ် သူနဲ့ တွေ့တိုင်းခေါ်တာဘဲ။ စာနဲ့ ရေးခေါ်တာတွေတော့ ထည့် လိုက်တောင် မပြောနိုင်တော့ဘူး၊ သူကိုက ဘယ်လိုများခေါင်းမာမှန်းမသိဘူး၊ သူတို့မျိုးရိုးမှာ ခိုးရာ လိုက်ဘူးသူ မရှိဘူးတဲ့၊ သူ့လက်ထက်မှ အမျိုးဂုဏ်မပျက်ပါရစေနဲ့တဲ့၊ ဒါမျိုးတွေနဲ့ ချည်းခုခံနေတာ ဘဲ။
(တုတ်) တကယ်မချစ်လို့ ထင်ပါရဲ့ကွာ

(မောင်) ချစ်ပါတယ်ဆရာ ချစ်လိုက်တာမှ တုန်နေတာဘဲ၊ သူချစ်တာ ကျွန်တော်သိတယ်ဆရာရဲ့ ခိုးရာ မလိုက်လို့ မချစ်ဘူးမထင်ပါနဲ့တဲ့ မရီဟာ ကိုထွန်းမောင်ကလွဲပြီး ဒီတသက်မှာ ဘယ်သူ့ အချစ်မှ လက်မခံ ဘူး၊ မိဘသဘောမတူရင် မိဘတသက် ထိုင်စောင့်ပါ့မယ်၊ ဘယ်အရွယ်ကျမှ ပေါင်းရ ပေါင်းရ စောင့် ပါ့မယ်၊ ခိုးရာကိုတော့ မလိုက်ပါရစေနဲ့၊ လို့ပြောနေတော့ ခက်တယ်ဆရာရဲ့ သူတသက်လုံစောင့်နိုင်ပေမဲ့ ကျွန်တော်က မစောင့်နိုင်ဘူးဗျ။ အတင်းဓမ္မဆွဲခေါ်ဘို့ရာလဲ၊ သူက အိမ်ကအိမ်ပြင်မထွက်တော့ မခက် ဘူးလား ဆရာ၊ ဒါကြောင့် ဆရာ့ကို အားကိုးတာဘဲ၊ ဆရာရဲ့ ဆေးအစွမ်းနဲ့ မလှရီ ကျွန်တော့်ဆီကို အလိုလို လာအောင် လုပ်ပေးနိုင်ရင် ဆရာ့ကို နောက်ထပ် ငွေ တထောင်ကန်တော့ပါ့မယ်။ အခုလဲ ငွေငါးရာ ပါပါတယ်ဆရာ ကြည့်စမ်းပါဦး။

ဦးညိုတုတ်သည် မျက်မှောင်ကြီးကုတ်ခါ၊ နှုတ်ခမ်းမွှေး၊ မုတ်ဆိတ်မွေး၊ တို့ကို သပ်ရင်း၊ စဉ်းစား လျက်ရှိလေ၏။ တချက်တချက်၊ ကိုထွန်းမောင်လက်မှ ငွေစက္ကူများကို မျက်စိရောက်သွာလျှက် တချက် တချက်လည်း ပြီးစီးခဲ့သော မိမိအကြံအစည်များနှင့် မိမိအောင်သေအောင်သား စားခဲ့ရဘူး သည်များကို ပြန်လည် စဉ်းစားနေမိပြီ။ တခါတခါတွင်လည်း မိမိတပည့်ကြီးများဖြစ်သော ငနီ၊ ငနက်၊ ငနွားတို့နှင့် နောက်ဆုံး မွေးသည့် ရဲရဲတောက်တပည့်၊ သံတိုင်တို့ အစွမ်းများကို သွား၍ သတိရလျှက်ရှိလေ၏။ အထူးသဖြင့် ကား သူရဲ့သံတိုင်အား မိမိတပည့်များအနက်မှ အစွမ်းအထက် ဆုံးဟု ယူဆထားသည့် အတွက် တပွဲတလမ်းပွဲဦး စမ်းစေရကောင်းမလားဟု စိတ်ကူးနှင့် ဇယားချ ၍ နေလေ၏။ ထွန်းမောင်ကား မလှုပ်မရှက် ငြိမ်သက်စွာ စဉ်းစားနေသော ဆရာဦးညိုတုတ်ကို ကြည့်ကာ အားမလို အားမရ ဖြစ်နေ ရှာလေ၏။

'' ဘယ့်နှယ်တုန်းဆရာရယ်၊ ကျွန်တော့် ဆရာ့အပြင် အားကို စရာမမြင်ဘူး၊ ဆရာ့ကို အင်မတန် အားထား နေရပါတယ်၊ တဆိတ် ကျွန်တော့်ကို သနားသဖြင့် ကူညီပါဆရာရယ်၊ ဆရာ့ကျေးဇူးကို မမေ့ပါဘူး၊ အခုငွေငါးရာတင်မက နောက်ကန်တော့မဲ့ ငွေတထောင် ဆရာကို ညနေတခါထဲပုံပြီး ကန်တော့ပါမယ်၊ ဒါနဲ့လဲ မပြီးသေးပါဘူး၊ နောက် ဆရာလိုတယ်ဆိုရင် 'ဘာမဆို ကျွန်တော် တာဝန်ယူပြီး ဖြည့်စွမ်း ပေးပါမယ်'''
ဟု ရေငတ်သလိုအထပ်ထပ် ပြောလေ၏။ ဦးညိုတုတ်မှာ အင်းမလှုပ်၊ အဲမလှုပ် တွေဝေမြဲ တွေဝေ နေရာမှ ထွန်းမောင် ကို ခပ်တည်တည်လှည့်ကြည့်ကာ
''အေး ဆရာလဲ ဒါကို စဉ်းစားနေတာဘဲကွဲ့''
''ဒါဖြင့် ခပ်မြန်မြန်ကလေး ကျေးဇူးပြုပါဆရာရယ်၊ သူ့မိဘများမရှိတုန်း ကြံရမှ အစစခရီးရောက် မယ် ဆရာ့ရဲ့''
''အေးလကွယ် မင်အလိုပြည့်ပါမယ်၊ သို့သော် ဆရာမှာ တပည့်တွေရှိသေးတယ်၊ သူတို့လုပ်ပေးမှ ဒီကိစ္စ အောင်မြင်မှာကွဲ့''

''ဟောဒီ ကိုဘိုးဗျော့တို့ ကိုတေကြီးတို့လား ဆရာ အို သူတို့အတွက်လဲ ကျွန်တော် ကျေးဇူးသိမှာ ပေါ့ဆရာ ရဲ့ ကိုဘိုးဗျော့နဲ့ ကိုတေကြီးလဲ ငွေတရာစီ ကျေးဇူးဆပ်ပါမယ်''
ဘိုးဗျော့ နှင့် ငတေကြီးတို့မှာ ငွေတရာဟူသော အသံသည် မျက်လုံးတွင် အရောင်တွေ တဝင်းဝင်း ဖြာ၍ လာလေ၏။ ဦးညိုတုတ်ကား အင်းမလှုပ်၊ အဲမလှုပ် နေရာမှ တနေရာသို့ စူးစိုက်ရင်း
''ဒီကောင် နှစ်ကောင် တွင် မကဘူး၊ မင်းမမြင်နိုင်တဲ့ သူရဲ့တပည့်က လေးငါးယောက် ရှိသေးတယ် ကွဲ့၊ သူတို့ကမှ ကောင်မလေး ကို ဆရာ့ဆီ ရောက်အောင်ခေါ်လာနိုင်မယ်၊ ဘိုးဗျော့နဲ့ ငတေကြီးတို့ ကတော့ ကောင်မကလေး လာတုန်း လမ်းမှာ အနှောင့် အယှက်တွေ့ရင် ကာကွယ်ဘို့ မလှမ်းမ ကမ်းက မယောင်မလယ် လိုက်ဘို့ဘဲ''
''ဟာ ဒါဖြင့် ဆရာသဘောကျသလိုသာ အမိန့်ရှိပါခင်ဗျာ၊ အားမနာပါနဲ့''

''အေး ဒီလိုရှိတယ်ကွဲ့၊ မင်းပြောတဲ့ ငွေများကိုလဲ ဒီနေ့ညနေယူခဲ့ ဆရာရဲ့ တပည့်မျာူးအတွက် ကျွေးမွေး ထားရတဲ့ တနှစ်စာစရိတ်လဲ မင်းကခံရလိမ့်မယ်၊ အဲဒီအတွက်ကတော့ များများမဟုတ်ပါ ဘူးကွာ တနှစ်လုံးအတွက် လေးငါးခြောက်ရာလောက်ဆို တော်ပါပြီ''
''အို ဒါလောက်များ စောစောက ပြောရောပေါ့ဆရာရယ် ကျွန်တော့်မုန့်ဘိုးအတွက် အဘွားက ပေး ထားတဲ့ စပါးတွေကို ရောင်းထားတာ၊ ငွေ သုံးထောင် ကျော် ကိုယ်ပိုင်ရှိပါတယ်၊ မိဘပစ္စည်းမထိဘဲ ရနိုင် ပါတယ်''
''နို့ပြီး ဒါတင်မကသေးဘူး၊ ဆရာ့အတွက် မင်းက ကတိခံရမယ်၊ ငွေရေးကြေးရေး မဟုတ်ဘူးကွဲ့ တခြား ကိစ္စလေ၊ ဆရာလိုတာ တခုခုကို ကြည်ဖြူစွာပေးပါမယ်ဆိုတဲ့ ကတိဘဲ၊ အဲဒီကတိကို မင်း ထားနိုင်မလား''

''ဟာ ဒါကလေးများ ခက်တာလိုက်လို့ ဆရာရယ်၊ ဆယ်ခါ ကတိခံနိုင်တယ်၊ စိတ်ချပါ''
''မဟုတ်သေးဘူးကွဲ့ အခု လွယ်လွယ် ကတိခံပေမဲ့ နောင်ခါခဲခဲယှဉ်းယှဉ်း ဖြစ်ချင်ဖြစ်နေတတ်သေး တယ် မင်းစိတ်ကို နိုင်ရဲ့လား''
''နိုင်ပါတယ်ဆရာရယ်၊ ဆရာလိုတယ်ဆိုရင် ဘာဖြစ်ဖြစ် ကျွန်တော် သဘောတူကြည်ဖြူစွာ ဆောင် ရွက်ပေးပါမယ်''
''အေး အေး ဒါဖြင့် ကောင်းပြီ၊ မင့်ကောင်မလေးကို ဒီနေ့ခေါ်ချင်သလား''

''အမယ်လေး ကျေးဇူးပါဘဲခင်ဗျာ၊ မြန်မြန်နေရာကျလေ၊ ကျွန်တော်ဝမ်းသာလေပါဘဲ၊ ဒီနေ့ရရင် ဒီ နေ့ တခါထဲ ဝေးရာခေါ်ပြေးမှာဘဲ ဆရာရဲ့''
''ကဲ ကဲ ဒါဖြင့် ကောင်းပြီ ဒီနေ့ညနေ မင်းငါ့ဆီလာခဲ့ နို့ပြီးငါနဲ့ အတူတူ နေ၀င်ရီတရောအချိန်ကို ငိုသံကြားတောင် ပေါ်လာခဲ့''
''ခင်ဗျာ ငိုသံကြားတောင် အမယ်လေး၊ ဒီတောင်ပေါ်ဘာကိစ္စုသွားမှာတုန်း ဆရာရယ်၊ ဒီတောင် ဟာ အင်မတန် ကြောက်စရာ ကောင်းတယ် မဟုတ်လား၊ တခြားနေရာဆို မကောင်းလားဆရာရယ်''
''မင်းမသိ ပါဘူးကွာ ဒီတောင်ပေါ်မှာ ငါ့တပည့်သူရဲတွေနဲ့ ငါနေတဲ့ အိမ်ကလေးတခုလဲရှိတယ်၊ မင့် ကိစ္စ တွေကို ဟိုသွားလုပ်မှအောင်မှာ ဒါနဲ့ မင်းကြောက်သလား''

''ဟာ ကျွန်တော်ဒါလောက် သွေးမနည်းပါဘူး၊ သို့ပေသိ အင်မတန် လူပြောများတဲ့ တောင်ဆိုတော့ ဘေးအန္တရာယ် ပေါ်ပေါက်လာရင် ကျွန်တော်တို့ထက် မလှရီအတွက် ခက်ပြုနေမလားလို့''
''အမာလေးကွာ ခုထဲက စိုးရိမ်တတ်လှပါပေကော၊ ကဲကဲ ဆရာပြောမယ်ကွဲ့ အဲဒီတောင်ပေါ်မှာ ရှိတဲ့ နာနာဘာဝ တစ္ဆေ သူရဲတွေဟာ ဆရာရဲ့ တပည့်တွေချည်းဘဲကွ၊ ဆရာက မချောက်မလှန့် ကြနဲ့လို့ တား ထားရင် ချွတ်ချွတ်သံမှ မကြားရပါဘူး''
''သြော် ဒီတောင်ပေါ်က နာနာဘာဝတွေကို ဆရာနိုင်တယ်ဆိုပါတော့၊ ဒါဖြင့် ဆရာ အဲဒီတောင်ပေါ် တညည တခါတခါမြင်ရတဲ့ မီးစိမ်း၊ မီးနီ၊ မီးဝါ တွေဟာကကော၊ ဘာတုန်းဆရာရဲ့ စုန်းကဝေတွေ တောက်စား တာလဲ မဟုတ်နိုင်ဘူး၊ နတ်မီးပေါက်လို့ တချို့ကပြောကြတယ်၊ အဲ ဒါလဲဆရာရဲ့ နတ် တပည့် တွေလား''

''အေးလေကွာ ဆိုပါတော့၊ ဒီငိုသံကြားတောင် တတောင်လုံးအပေါ်မှာ ဆရာက အာဏာရှင်ဘဲဟေ့ ဘာမှ မကြောက်ပါနဲ့ နောက်ဆုံးကွာ မင့်ကောင်မလေးကို အဝေးခေါ်ပြေးလဲ သူ့မိဘမျာူးလိုက်ရှာလို့ တနေ့ပြန်တွေ့မှာ ဒီတောင်ပေါ်မှာသာ အေးအေးနေကြရင် ဘယ်သူမှလဲလိုက်မရှာဝံ့ဘူး၊ တကယ် လို့ လာရှာ တောင် ငါ့တပည့် သူရဲ တွေကို ချောက်လှန့်လွှတ်စေမှာဘဲ၊ ဆရာအလုံးစုံဖွင့်ပြောလိုက် မယ်ကွာ ၊ ဒီတောင်ပေါ် ကို ဘယ်သူမှမလာဝံ့အောင် ငါ့တပည့်သူရဲကြီးများနှင့် တောင်ပေါ်မှာ နဂိုရှိ ရင် နာနာဘာဝ များကို ပေါင်းပြီး အချောက်အလှန့်ခိုင်းထားတာပဲ၊ ဒါတင်မကသေးဘူး၊ ကန်ပက်လက် သင်းချိုင်းမှာ ရှိတဲံ သူရဲ့တစ္ဆေတွေကိုလဲ ငါတပည့်သူရဲတွေနဲ့ ပေါင်းပြီး ဆူညံ သောင်းကျန်းစေတယ်၊ သေတွင်းကန်ကို စောင့်တဲ့ ငရဲ့ကြီး အမှူးရှိတဲ့ တစ္ဆေသူရဲတွေကို အဆက် အသွယ်ထားပြီး ကန်ထဲဆင်းသမျှလူကို စားစေ တယ်၊

ဒါကြောင့် ဒီတဝိုက်မှာဖြင့် အထူးလူကြောက် များနေတာဘဲ၊ ပဋ္ဌမမူလ ရှေးတုန်းက ငိုသံကြားတောင်မှာ နတ်ရဲကြမ်း တာတော့ အမှန်ဘဲ ဒါပေတဲ့ ကာလကြာတော့ မကြမ်းပါဘူး၊ လူတွေသာ ရှေးကနာမည်ကြီး ဘူးတာနဲ့ လန့်နေကြတာ အခုလဲ ဒီနတ်သူရဲမရှိဘူး၊ သူ့တပည့် တစ္ဆေ၊ သူရဲ၊ အနည်းငယ်လောက်သာ ကျန်ပါတယ်၊ ဆရာရဲ့ တပည့် သူရဲတွေကို ဒီတောင်မှာ နေရာထိုင်ခင်းချထားလို့ ခုမှပြန်ပြီး သောင်းကျန်း လာတာပါ၊ မင်းတို့မြို့က လူတွေကတော့ ရှေးကအတိုင်းဆိုးလာတယ်ထင်တယ်၊ စင်စစ်မဟုတ်ဘူး၊ ဆရာ့တပည့် တွေ ရောက်မှ ပိုဆိုးလာတာဘဲ၊ အဲ ဒီလိုဖွင့်ပြောတော့ သိရောမဟုတ်လား၊ မင်းကိုယုံလို့ ပြောတာနော် ဘယ်ကိုမှ မပေါက်ကြားစေနဲ့ အကယ်၍ ပေါက်ကြားရင် မင်းလဲအသက်ရှင်တော့မယ် မဟုတ်ဘူး''

ထွန်းမောင်မှာ ဆရာကြီးကိုတစိမ့်စိမ့်ကြောက်လာ၏။ ငါလူပေါင်းမှားပြီထင်တယ်၊ ဒါကြီးမျိုးဟာ 'ဆုပ်လဲစူး စားလဲရူး'ဆိုသလို အပေါင်းခက်တဲ့ ဟာကြီးမျိုးဘဲ၊ သူပြောတာတွေဟာ တကယ်လား လုပ်ဇာတ်လား ဟုတ်သလောက်လဲ ဟုတ်ပါလိမ့်မယ်၊ သို့သော်လဲ ငါကြောက်အောင် (ရာပို ဖင်ခေါင်းကျယ်)သဘောနဲ့ ဖြီး နေတာလား၊ ဟယ် ဘာပဲဖြစ်ဖြစ်လေ၊ ငါကအလိုရှိလို့ သူ့ကိုကပ်ရမှ သူ့ မိုက်ကြေးခွဲတော့ ခံရမှာဘဲ၊ ဟုအောက်မေ့ကာ-
''ကျွန်တော်အတွက် စိတ်ချပါဆရာရယ်''
ဟု အာမခံလိုက်ရလေ၏။

''အေး ဒါဖြင့် မင်းစကားအတိုင်း ယူစရာရှိတာ အပြည့်အစုံယူပြီး ညနေလာခဲ့တော့ ဟုတ်လား''
'''ဟုတ်ကဲ့ဆရာ''
ထွန်းမောင်မှာ ချစ်ရည်းစားမလှရီကလေးနှင့် အမြန်နီးစပ်လိုခြင်းဖြင့် မည်သည့်ဘေးမှ မတွေး မမျှော် နိုင်တော့ဘဲ ဦးညိုတုတ် ကို ရဲရင့်စွာ အာမခံ၍ ပြန်ခဲ့လေသတည်း။
ထိုနေညကား အထူးမှောင်မိုက်၍ လရောင်၊ လျဉ်းကင်းမဲ့လျှက် ရှိလေ၏။ လကွယ် အဘိတ်နေ့ ဖြစ်လေရာ တညဥ့်လုံအဘို့ အလင်းရောင်ကို မျှော်လင့်စရာမရှိတော့ချေ၊ ထွန်းမောင်သည် နေဝင် ရီတရော အချိန် ကပင် ၊ ဆရာကြီးနှင့်အတူ ငိုသံကြားတောင်ပေါ်သို့ ရောက်လာခဲ့လေ၏။ ဘိုးဗျော့ နှင့်ငတေကြီးတို့ကား ထွန်းမောင် ပေးထားသော မိုက်ကြေးများနှင့် မြို့စွန်ရှိ ဂဇော်ဆိုင်တွင် အမြီး မြိုင်မြိုင်နှင့် ဒူးနန့်ကျန်ရစ်၏။ ၄င်းတို့ အလုပ် ကား ညဥ့် လူခြေတိတ်မှ အခါရသောကြောင့် အချိန်ကာလကို ငံ့လင့်ရင်းအာခေါင်တွင်းသို့ ဂဇော် တပုလင်းပြီး တပုလင်း၊ လောင်းထည့်နေကြ လေ၏။

ထွန်းမောင်မှာ ဆရာဦးညိုတုတ်နှင့်အတူ ငိုသံကြားတောင်ပေါ်တွင် ဦးညိုတုတ်၏ အလုပ်ဌာန ဖြစ်သော ယာယီ စံတဲနန်းကလေး ကို ကြည့်လျက်၊ တချက် တချက်နှာခေါင်းရှုံ့၍ နေမိလေ၏။  မ လှမ်းမကမ်းမှ လူရိုး အစုအပုံကြီးများကို၎င်း ၊ ပျဉ်ခေါင်တလားတို့ဖြင့်ပြီးသော တဲအိုကလေးကို၎င်း အပြန်ပြန်ကြည့်ကာ ဦးညိုတုတ်ကို တဖြည်းဖြည်း ရွံ့ရှာစက်ဆုပ်မိလေ၏။ နေဝင်ရိုးယီ အချိန်ဖြစ် ၍လည်း မိမိအနီးတွင် မဲကနဲ၊ ရိပ်ကနဲ၊ ဖြတ်သန်းသွားသော ကြီးမားသည့် အကောင်အထည် သဏ္ဍာန်ကြီးများကို မကြာခဏ မြင်ရခြင်း ဖြင့် မည်မျှသတ္တိကောင်းသော်လည်း ခေါင်းနဘမ်းကြီး၍ ကြက်သီးများ တဖျန်းဖျန်းထလျက် ရှိသော ကြောင့် လိုလိုမယ်မယ် ယူလာသော ခါးကြားမှ ဒါးမြောင်ကို မကြာမကြာ အားကိုး အားထား အဖြစ်နှင့် စမ်းသပ် မိတော့၏။

ဦးညိုတုတ်လည်း စကြာလည်သလို လည်နေသော စကောထဲမှ ခေါင်းခွံများကို စက်ဆုပ်ဘွယ် ကောင်းသော မျက်နှာထားကြီးဖြင့် မနားမနေ မန်းမှုတ်၍ နေလေရာ ခေါင်းခွံအမျိုးမျိုးထဲမှ မီးစိမ်း၊ မီးနီ၊ မီးဝါ တွေလည်း ဖြာကနဲ၊ ဖြာကနဲ၊ အဆက်မပြတ် တောက်လောင်နေလေ၏။ တဲကလေး ပတ်ဝန်းကျင် တဝိုက်ကား၊ ၄င်းမီးရောင်များကြောင့် အလင်းရောင်အတန်ငယ်ရလျက်ရှိ၏။ ထွန်း မောင်လည်း မနီးမဝေးမှ ထိုင်ကာ ဦးညိုတုတ်လုပ်သမျှကို ကြည့်ရင်း မြို့ပေါ်မှ ညအခါ မြင်ရသော မီးရောင်များ အကြောင်း ကို စဉ်းစားလျက်ရှိ၏။

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

Sunday, January 15, 2012

ဒဂုန်ခင်ခင်လေး ၏ မှော်ဆရာမှတ်တမ်း, အပိုင်း (၁၃)

သူရဲကဏ္ဃိ
၁၉၃၉ ခုဧပြီလတွင်ရေးသည်။

ယခု ဖော်ပြလတ္တံ့သော အဖြစ်အပျက်မှာ မြနမာပြည် အထက်ပိုင်းနှင့် ရှမ်းနယ်စပ်တွင် တည်ရှိ သော လူသိများ၍ ထင်ရှားသည့် မြို့ကြီးတစ်မြို့တွင် ဖြစ်ပျက်သော အကြောင်းအတ္ထုပ္ပတ္တိတစ်ခု ဖြစ် သော်လည်း ကာယကံရှင်များအတွက် ငဲ့ကွက်သော သဘောနှင့် မြို့ရွာအမည် နေရပ်တို့ကို သင့် လျှော်သလို လွှဲပြောင်း ရေးသားလိုက်ပါသည်။ သို့အတွက် စာဖတ်သူတို့ သည်ယခုအဖြစ်အပျက်ပါ မြို့ရွာ နှင့် အမည်နေရပ်တို့ကို အမှန်ဟု စွဲမှတ်ယူခြင်း မပြုစေလိုပါကြောင်း။

အလွန်တရာမဲမှောလျှက် မိုးတဖျောက်ဖျောက်ကျနေသော ညသန်းခေါင်အချိန်ဖြစ်၍ လောကဓါတ်ကြီးတစ်ခုလုံးမှာ ကမ္ဘာပျက်ပြီးစ အခါကဲ့သို့ အလွန်တရာ တိတ်ဆိတ် ခြောက်ကပ် လျှက်ရှိလေ၏။
ကြယ်ရောင် လရောင် ဟူ၍ကား အလျဉ်းမရှိ။ တိတ်ဆိတ်၍ အမှောင်တိုက်အတိသာ ဖုံးလွှမ်း လျက် ရှိသော် လည်း ကန်ပတ်လက်သင်းချိုင်းတွင်းမှ အသံကြီးတခုမှာ ခတ်ဖြေးဖြေးခတ်မှန်မှန်နှင့် တဒုတ်ဒုတ် လိုဏ်သံ ပေါက်ခါ ပေါ်လာတိုင်း ကြားရသူတို့တွင် ခေါင်းနဘမ်းကြီး၍ ကြက်သီးတဖြင့် ဖြင်း ထလောက် ပေ၏။

ငတေကြီးနှင့် ဘိုးဗျော့မှာ ခါးတောင်းမြှောက် လှ အောင်ကျိုက်လျက် ပေါက်ပြားတလက်စီနှင့် ပူ နွေးသောမြေပုံကိုဖော်ရင်း မောမောရှိတိုင်းဘေးတွင် ချထားသော် ကဇော်ပုလင်းကို ယူ၍မော့ပြီး မြေပုံကြီး ကို တူးဖော်နေကြရာ မြေပုံမှာမိုးနူးထားသော မြေစေးမြေကပ်များ ဖြစ်သောကြောင့် ပျင်းတွဲစေးကပ်ခါ ရုတ်တရက် တူးရာတွင် လွယ်ကူစွာမပြီး မြောက်ဘဲရှိချေ၏။
ငတေကြီးသည် တချက်တချက် လင်းလိုက်သော လျှက်ရောင်တွင် မြေပုံကို အကဲခတ်ရာ တူး လိုက်တိုင်း တဒုတ်ဒုတ် လိုဏ်သံပေါ်လာသော်လည်း လိုအပ်သောနေရာသို့ မရောက်နိုင်သေး ကြောင်း သိရှိရလေ၏။ မိုးအေးအေး ပင် ဖြစ်သော်လည်း ပင်ပန်းကြီးစွာ တူးဆွနေရသော အရှိန် ကြောင့် အင်္ကျီမရှိသော ငတေကြီး နှင့် ဘိုးဗျော့တို့၏ ကျောမွဲကြီးတခိုတွင် ချွေးပေါက် ချွေးသီးတွေ စိုရွှဲလျက် ရှိလေ၏။ မြေစိုင်ခဲ တို့ကို လေးငါးဆယ်ချက်ဆက်၍ တူးပြန်ပြီးနောက် ဘိုးဗျော့မှာ ပင်ပန်း လာဟန်နှင့် လက်မှ ပေါက်ပြားကို ဖျပ်ကနဲ လွှတ်ချလိုက်ခါ-
''နင့် မေကလွှား ခုတောင်မပေါ်သေးဘူး''

ဟုဆိုလျှက် ဂဇောပုလင်းကို လက်လှမ်းလိုက်ပြန်ရာ ငတေကြီးကလည်း ၄င်းနည်းတူ လက်မှ ပေါက်ပြား ကို လွှတ်ပြီး ဂဇော်ပုလင်းများ အနီးသို့ လာထိုင်ပြီး ပုဆိုးစုတ်ပေါ်တွင် တင်ထားသော အမဲသားကြော် တတုံး ကို ကုန်း၍နှိုက်ခါ အံ့စောင်တွင်တင်၍ကိုက်လေ၏။ ၄င်းတို့နှစ်ယောက်၏ ရုပ်ဟန်အမူအရာမှာ ကမ္ဘာပေါ် တွင် ကြောက်ခြင်းသည် အဘယ်နည်းဟူသော မေးခွန်းကို အမြဲ မေးနေသော မျက်နှာထားမျိုး ရှိကြ၏။ ကန်ပတ်လက်သင်းချိုင်းကား အခြားမြို့ရွာသင်းချိုင်းများ ထက် နာမည်ကြီးသော သင်းချိုင်းတခု ဖြစ်ပြီး လျှင် အချိန်ကလည်း သန်းခေါင်မိုးမှောင်ကလည်း ကျလျက် အစုံ့စုံ့ တက်၍နေသော မြေပုံမှတ်တိုင် တို့ အလယ်တွင် သောက်စားဘွယ် ဂဇော်ပုလင်း နှင့် အမဲသားကြော်ကို တည်ခင်းလျက် သောက်စားပွဲ ကျင်းပ ၍ နေကြသော လူနှစ်ဦး၏ သတ္တထူး ကို ချီးကျူးဘွယ် ဖြစ်လေ၏။

''ငါ့လခွေး ဒီတွင်းကတယ်နက်သကိုးကွ'' ဟု ဘိုးဗျော့ က ပုလင်း တခါမော့အပြီးအမဲကျော်ကိုက်ရင်း ပြောလေ၏။ ငတေကြီးကား အမဲ သားကြော် ပုလုပ်ပဗြဲနှင့်ပင် ဂဇော်ပုလင်းကို မော့လိုက်ပြန်လျက်
''မိုးရွာလိုက်တာ ကိုးကွ မြေကနူးပြီး စီးသွားတော့ တူးရတာကြာတာပေါ့''
ဟု ပြန်ဖြေလိုက်၏။ ၄င်းတို့နှစ်ယောက်မှာ သောက်ကာစားကာနေကြသော်လည်း မှောင်တည်း တွင် တယောက် ကို တယောက် သဲကွဲစွာ မမြင်ရ၊ တချက်တချက် လျှပ်လက်လိုက်မှ တယောက် ကို တယောက် ရိပ်ခနဲ မြင်လိုက်ကြရာဝယ် နှစ်ယောက်သား မျက်နှာချင်းဆိုင် ထိုင်နေကြောင်း သိရ လေ၏။ သို့သော် ဘိုးဗျော့ နှင့် ငတေကြီးတို့နှစ်ယောက်သား လက်နှိုက်စားနေသော အမဲတုံးကြော် များတွင် ဘိုးဗျော့ နှင့် ငတေကြီးတို့၏ လက်များသာမက ထန်းဆစ်ကြောကဲ့သို့ ငေါငေါထောင်နေ သော အမွေးဆူးများ ပါရှိသည့် လက်ကြီးတွေကို အမဲကြော်နှိုက်ရာတွင် မကြာခဏ ထိမိခိုက်မိကြ လေ၏။

ဘိုးဗျော့ကား ခပ်စွာစွာနှင့်-
''အံ့မာ မအေပေး တွေ သောက်စားကလေးရှိ ဒင်းတို့လက်တွေချည်းပဲ ရှုပ်လို့ သွားကွာ သွား တော် ကြတော့''
ဟု ဆိုဆို ပြောပြာ အဆိုပါ အမွှေးငေါငေါနှင့် လက်ကြမ်းကြီးများကို တွန်းထိုးပုတ်ခတ် ပစ်လိုက် လေ၏။
ငတေကြီး ကလည်း အနည်းငယ် ယစ်သံနှင့်-
''ဟေ့ ခွေးမသား တွေ နင်တို့ဟာ အရပ်ရပ်က ကျောင်းတကာ သောက်စားရှိရာစုရုံးစုရုံး၊ ဆိုတာလို ဘဲကွာ ဒါလောက်ဆို တော်ရောပေါ့ ငါတို့စားရတယ်ဘဲမရှိဘူး''
ဟု ညီးညီတွဲ့တွဲ့ ပြောလိုက်ပြန်၏။ ထိုအခိုက်လျှပ်စီး တချက်လင်းလိုက်ရာ ဘိုးဗျော့နှင့် ငတေ ကြီးတို့ ဂဇော်ဝိုင်း မှာ နှစ်ယောက်တည်းမဟုတ်ဘဲ မဲမဲငုတ်တုတ်လာထိုင်နေသော အကောင်ကြီး နှစ်ကောင် သုံးကောင် ကို တွေ့မြင်ရလေ၏။

(ငတေကြီး)အမာ- ကိုယ်တော်မြတ်တို့က လာလာချည်သေး၊ ဟေ့ တော်ကြကွ၊ ငါတို့အလုပ်မ ပြီး သေးဘူး၊ နောက်တခါ မောရင်သောက်ရအုံးမယ် မင်းတို့က ဘာမှလဲ သောက်သုံးမကျဘဲနဲ့။
(ဘိုးဗျော့) အို- ဘယ်ရမလဲကွာ ဒို့ဟာ ညာပြီးလာစားတဲ့ကောင်တွေ၊ ဒို့အလုပ်လဲ ကူလုပ်ရမယ် ဆရာ ရီးတီးရားတား လုပ်ရင် နင်တို့တော့ ဆရာကြီးကြိမ်နဲ့ ယူနှိပ်မှာ။
မဲမဲငုတ်တုတ် ကောင်ကြီး၏ မျက်နှာမှာ မီးခဲကဲ့သို့ဝင်းထိန်သော မျက်လုံးဝိုင်းစက်စက်ကြီးတွေ သည် ရီဖြဲဖြဲ မော့်ကြည့်ပြီး၊ ဘိုးဗျော့တို့အား ခေါင်းကြီး တငြိမ့်ငြိမ့်လှုပ်ပြကာ အမဲကြော်တုံးကို မျက် နှာရူးတိုက်၍ နှိုက်ကြ ပြန်လေ၏။ ဘိုးဗျော့သည် အမဲတုံးများကို  သိမ်ကြုံးယူလိုက်ခါ မဲမဲကောင် ကြီး သုံးကောင်ကို တဆုတ်စီ ဝေလျှက် ကျန်သောနှစ်ခုကို ငတေကြီးတ၀က်၊ မိမိတဝက် ခါးပုံစ တွင်ဝေထည့်ရင်း- ''ကိုင်း- ကိုယ်တို့ ကြာရင် ကုန် တော့မယ်ရော့၊ ဒါတွေစားပြီးတို့ အလုပ်လာကူကြကွ'' ဟုဆိုကာ အသောက်ကို အပြီးသတ် ကြပြီး၊ မြေပုံကို ဆက်ခါတူးကြလေ၏။

ဤအကြိမ်ကား ဘိုးဗျော့ နှင့် ငတေကြီးတို့တူးသော မြေစိုင်ခဲများကို မဲမဲကောင်ကြီး သုံးကောင်က တွင်းနခမ်းမှ ထိုင်ခါ ယက်ဖယ်ပေးကြသောကြောင့် များမကြာမှီပင် ပျဉ်ခေါင်းကြီးပေါ်လာလေ၏။ ငုတ်တုန်မဲတဲ နှင့် သူရဲကြီးသုံးကောင်မှာ ထိုင်ရာကထပြီး လက်ကရွှံ့များကို ခါပစ်နေလေ၏။ ဘိုး ဗျော့နှင့် ငတေကြီးမှာ အဆိုပါသူရဲကြီးသုံးကောင်အား အလွန်ရင်းနှီးသော သူငယ်ချင်းများကဲသို့ ဖြစ်နေလေ၏။
(ဘိုးဗျော့)ကဲ ခေါင်းတော့ ပေါ်လာပြီ၊ ဟေ့ ငတေကြီး အပေါ်တင်ကြစို့-
(ကြီး) ငါ့လေခွေး- တို့နှစ်ယောက်ထဲမနိုင်ဘူးဟ၊ ငနီ၊ငနက်တို့၊ ငနွားတို့ကို ကူခိုင်းအုံးမှ ပြီးတော့ တွင်း ကိုလဲ အခြေမပျက် ပြန်ဖို့ခဲ့ရအုံးမှာ ရှိသေးတယ်။
(ဘိုးဗျော့) ဟေ့ ကောင်တွေလာ၊ လာ လာ လူလယ်လုပ်ပြီး ပြန်မသွားကြနဲ့အုံး ခေါင်းကို အပေါ်တင်ရ အောင်။

သူရဲသုံးကောင်လည်း တွင်းထဲမှ ခေါင်းကို လက်တံရှည်ကြီးများဖြင့် ဆွဲတင်ပေးကြရာ ပျဉ်ခေါင်မှာ တွင်းပေါ် သို့ ရောက်လာလေ၏။ ဘိုးဗျော့ကား မိုက်ကြေးခွဲရန် ကြံတုံးပင် စောစောက အမဲကြော် ဝေစု ပေးလိုက်ရသည်ကို မကျေမနပ်ဖြစ်ဟန် ရှိ၏။ ထို့ကြောင့်-
''ဟေ့ ကောင်တွေ ဆရာ့အိမ်ရောက်အောင် ကူထမ်းပို့ကြအုံးကွ တို့နှစ်ယောက်ထဲ မနိုင်ဘူး''
ဟု ဆိုပြန်သည်နှင့် သူရဲသုံးကောင်လည်း ပျဉ်ခေါင်းကြီးကိုဝင်၍ ထမ်းကြရပြန်၏။ ယင်းသို့ ခေါင်း ကို ထမ်းကြပြန်သောအခါမူကား သူရဲသုံးကောင်မှာ ဘိုးဗျော့တို့ထက် အလုံး၊အပေါက်၊ အရပ်၊ အမောင်း၊ နှစ်ဆ၊ သုံးဆ ထွားနေသော မဲမဲခေါက်ထူ အမွှေးငေါငေါ အကောင်ကြီးများဖြစ်ရကာူး ဘိုးဗျော့။ ငတေကြီး မှာ အရပ်ချင်းမမှီသည့်အတွက်ပင် ခေါင်းထမ်း သက်သာလာခဲ့ကြလေ၏။

ဘိုးဗျော့ ငတေကြီးတို့မှာ သင်းချိုင်းမြေ လူသေအလောင်းများ သူရဲ သူဘက်များနှင့် မိမိတို့ ဂုဏ် ကျေးဇူး ကြောင့် အထူးယဉ်ပါးနေသူများ ဖြစ်၍ သူရဲသုံးကောင်အား ခေါင်းတက်နဘမ်းတက်နှင့် အမြဲ လက်ပွန်းတတီး ဖြစ်လာကြသည်အားလျော်စွာ ငနီကြီးဆိုသောသူရဲမှာ နီကျင်ကျင် အသွေးအ အရောင် ကြောင့် ၄င်းတို့မှည့်ခေါ်ထားသော နာမည်ဖြစ်၍ ငနက်မှာလည်း နက်မှောင်သော အရောင် ကို အစွဲပြုလျက် ငနွားဆိုသူမှာကား ခေါင်းပြောင်ပြောင်တွင် ချိုကြီးနှစ်ချောင်း ပါဝင်သည်ကို အစွဲပြု ၍ မှည့်ခေါ် ထားခြင်း ဖြစ်လေ၏။ သူရဲမျာူးကလည်း လူတပိုင်း သူရဲတပိုင်း ကဲ့သို့ဖြစ်နေသော ငတေ ကြီးနှင် ဘိုးဗျော့ တို့အပေါ် တွင် မိမိတို့အတ္တဘောကို ယခုကဲသို့ ညဥ့်အချိန်များတွင် အမြဲထင်စေ မြင်စေလျက် လက်ရေ တပြင်စီး လုပ်ကိုင်စားသောက် နေထိုင်ကြသော အိမ်သူအိမ်သားများကဲ့သို့ အရောရော အထွေးထွေး နေကြသူများ ဖြစ်လေ၏။

ယင်းသို့ ညဥ့်နက်သန်းခေါင်အချိန်တွင် နေ့ခင်းအချိန်က မြေမြုပ်သင်းဂြိုလ်ထားသော အစိမ်းသေ မသာလောင်း ၏ ခေါင်းတလားကြီးကို ကန်ပက်လက်သင်းချိုင်းမျ လူနှစ်ယောက်နှင့် သူရဲများပူး ပေါင်း တူးဖော်ကာ ထမ်းလာကြဆဲ၌ ခေါင်းထဲမှ ပါလာသော အစိမ်းသေ မသာလောင်းမှာလည်း သာမဏေ သမဏော ဂေါဏေ ဂေါဏော ဆိုသောစကားအတိုင်း အပြင်မှ ဆောင်ကြဉ်းလာသော သူရဲမျာူးအား  မိတ်ဆက် သဘောနှင့် အရောတ၀င်ပြုဘိအလား ခေါင်းထည်းမှ တင်းကြပ်စွာ ကြပ် စီး ထားသည်တိုင်အောင် အလောင်းကောင်ကြီးမှာ တကန်ုးကုန်းနှင့် ရုန်းထလျက်၊ ကြပ်စီးထား သည့် အနှောင်အဖွဲ့ များကို တဖျစ်ဖျစ်ညစ်၍ ဖြတ်ခါ သေချာစွာ တုတ်နှောင်ထားသော ခြေမကြိုး များကို ရုန်းဖြတ် ထွက်ပြီး ပျဉ်ခေါင်းမှ အဖုံးကြီးကိုဖွင့်ကိုင်ကာ အခေါင်းထဲတွင် ငုတ်တုတ် ထိုင်ပြီး ဖြီးစပ်စပ် ပြောင်စီစီ မျက်နှာကြီးနှင့် ပါလာလေ၏။

ဖုတ်ဝင်သော အလောင်းကောင်ကြီးမှာ လူသတ် ၍သေသော အစိမ်းသေမသာဖြစ်ရာတွင် လည်ပင်းတွင် တဲတဲ မျှသာ ကျန်အောင်ခုတ်ထားသော ဒါး ဒဏ်ရာကြီးကြောင့်လည်း။ ဝေါယာဉ်စီးသကဲ့သို့ ပျဉ်ခေါင်း ထဲမှ ငုတ်တုတ်ထိုင်ရက်နှင့် တလှုပ်လှုပ် ပါလာရာတွင် တခါတခါ ဦးခေါင်းကြီးမှာ ဒါးဒဏ်ရာအတိုင်း နောက်သို့ လှန်ချပြီး အရေပြားတဲတဲက လေးနှင့် တွဲလောင်းကြီး ဖြစ်သွားတတ်ရာ၊ အလောင်း ကောင်ကြီးမှာ ကိုင်ထားသော ပျဉ်ခေါင်းဖုံး ပေါ်ကန့်လန့်တင်လိုက်လျှက် လက်နှစ်ဘက်နှင့် တွဲတွဲကျ နေသည့် ဦးခေါင်းကြီးကို လည်တိုင်ပေါ် ပြန်ယူတင်ထာူးပြီး နေသားတကျ ပြုပြင်လိုက်၊ တခါ တခါလည်း ပျဉ်ခေါင်းကြီး ကို ထမ်းလာသူ ငနီ၊ ငနက်၊ ငနွားစသော သူရဲများကို ထိကပါး ရိကပါး ကျီစားသည့် သဘော နှင့် ခေါင်းပျဉ်ဖုံးကြီးနှင့် ထိ ခါ ရိုက်ခါ လိုက်လာပြန်သော အခါမူ အလား ရှည်လျားသော လက်ကြီးများနှင့် ပြန်လှန်တွန်းထိုး လိုက်ကြသောကြောင့် အလောင်းကောင်ကြီးမှာ ခေါင်းထဲတွင် ပက်လက်လှန် ကျသွားသည့် အခါ သွား၍ ဖင်ထိုင်ရက်လဲသည့်အခါလဲနှင့် အပြန်ပြန် ဖြစ်လာကြလေ၏။

မှောင်မဲသော သန်းလွှဲအချိန် ငိုသံကြား တောင်ထိပ်တွင် မီးကလေးမှိတ်တုတ်ကို တွေ့မြင်နိုင်လေ ၏။ တောင်အောက် တွင် နက်စောက်သော ရေကန်ကြီးတခုလည်း ရှိ၍၊ ထိုရေကန်မှာ တနှစ်တကြိမ် နှစ်ကြိမ် အမြဲ လူစားသည်ဟု ကျော်ဇောသတင်းဖြစ်လျှက် နာမည်ပျက်သောကြောင့် မည်သူမျှ ထိုကန်နားသို့ မကပ်ဝံ့ကြပေ။ ရွာနီးပါးချင်းမှသော်၎င်း၊ အမြို့မြို့အပေါ်မှသော်၎င်း၊ အစားခံရပါများ ၍ လုံးလုံးလျားလျား သပိတ်မှောက် ထားခြင်းခံရသော ကန်ကြီးဖြစ်လေ၏။ ထိုကန်မှာလူများ ကွင်း ရှောင်ကြသဖြင့် ရေချိုး၊ ရေခပ် မရှိ ကန်ဘောင်ရိုးကိုမျှ ရှောက်ဝံ့သူပင် မရှိတော့၍။ လူမစားရရင် ညဥ့်အခါ ကန်ထဲမှာ ၀ါးသော အသံကြီးများ ထွက်ပေါ်လာတတ်ပေ၏။

လူကိုမစားရသော် ရေသောက်ဆင်းလာသော ကျွဲ၊ နွား တိရစ္ဆာန်များကို စားပြန်ရာ၊ ကြာသော် ကျွဲ၊နွား တိရိစ္ဆာန် တို့ပါ ထိုကန်ကြီးကို ကွင်းရှောင်ကြပြန်၏။ ထိုကန်ကို နာမည်ကြီး၍ လူုအများက 'သေတွင်းကန်'ဟုခေါ် ကြပြီး၊ သူရဲ၊ တစ္ဆေအထူးကြမ်းလှသည်ဆိုသော ကန်ပက်လက် သင်းချိုင့်နှင့်လည်း ဖာလုံ သာသာ လောက်ဝေး၍ နတ်ကြမ်းလှသည်ဟု အထူးနာမည်ကြီးသော 'ငိုသံကြား'တောင်ခြေတွင် တည်ရှိ သောအဆိုပါ သင်းချိုင်းနှင့်ကန်တို့မှာ သုံးယောက်ပေါင်းသောင်းကျော် ဆိုသလို သုံးပွင့်ဆိုင် နာမည်ကြီးနေခြင်းကြောင့် ခရီးသွားပင် အထူးရှောင်ကြဉ်ကာ၊ လွန်စွာ အရေးမကြီးဘဲ ထိုအနီးအပါးမှ နေခင်း၊ နေ့လည်များမှာပင် ဖြတ်သွားသူမရှိသလောက် ရှားပါးလေ၏။

'မြို့မမည်ရွာမက' စည်ကားလှသော ညောင်ဝန်းမြို့ကလး (လွှဲပြောင်းထားသော အမည်ဖြစ်ပါ သည်) ရှိလူများ မှာ အဆိုပါ ငိုသံကြားတောင်ကြီးကို မိမိတို့မြို့ပေါ် နေ့အခါမျှော်ကြည့်လျှင် မှိုင်း မှိုင်းညိုညို မြင်ရပါသော်လည်း ညဥ့်အချိန်များမှာ တောင်ကြီးရှိရာဘက်သို့ မျက်နှာရဲရဲလှည့်ဝံ့သူ နည်းလှပေ၏။ အချို့ ရဲဆေးတင်ထားကာ ကာလသား လူပေ လူတေ တစုက တခါက အလောင်းအ စားနှင့် ကြည့်ကြဘူး သဖြင့် ငိုသံကြားတောင်ပေါ်ကြီးပေါ်မှ ညအခါ မီးကလေးမှိတ်တုတ်လင်း နေတတ်သည်ဟု သိကြရ၏။

သို့သော ထိုတောင်ကြီးမှာ သူရဲတစ္ဆေနှင့် နတ်ရဲသစ်ပင်တွေ့ရှိနေသောကြောင့် အလွန်လျင် ကြမ်း တမ်းလှ၍ ထိုတောင်ပေါ်တွင် မည်သူမျှနေထိုင်ဝံ့မည်မဟုတ်သည့် အမြင် ဤသို့မြင်ရသော မီး ရောင်ကလေး မှာလည်း စိမ်းချည်တခါ၊ ပြာချည်တလှည့် ရဲရဲတောက် နီမြန်းသည့်အခါ နီမြန်းသွား ကာ၊ အမျိုးမျိုး အဖြာဖြာပြောင်းလွဲ နေတတ်သည်ကို တွေ့မြင်ကြရသဖြင့်လည်း ထိုမီးမှာ လူနေမီး မဟုတ်ဘဲ နတ်ရဲများ၏ နတ်မီးပေါက်ဟု အယူရှိကာ ရဲ့ရဲမှ မကြည်ဝံ့ကြရှိလေ၏။ ထို့ကြောင့်ပင် ငို သံကြားတောင် တဝိုက်နှင့် သေတွင်းကန် ကန်ပက်လက်သင်းချိုင်းတို့ အနီးအပါးသို့ ညဥ့်အချိန် မဆိုထားဘိ နေ့အချိန် များတွင် ဖြတ်သန်းသွားလာဝန့်သူမရှိရာ၊ ဘိုးဗျော့နှင့်ငတေကြီးတို့၏ အလုပ် မှာအပြင်လူတဦး တယောက်မျှ မမြင်ဘဲ သူရဲသူဘက်တွေနှင့်သာ လွယ်ကူစွာလုပ်ကိုင် ဆောင် ရွက်လာကြရပေ၏။

သို့နှင့် ငတေကြီးနှင့်ဘိုးဗျော့တို့က ရှေ့မှ မီးတုတ်နှင့်လမ်းပြ၍ နောက်မှ ငနီ၊ငနက်၊ တို့တစုက တလှုပ်လှုပ် တရှက်ရှက်နှင့် ဖုတ်သက်ဝင်လိုက်လာသော  အလောင်းကောင်ကြီးကို ပျဉ်ခေါင်းကြီး နှင့် တင်၍ ထမ်းခါ အမှောင်ထုကို ထွင်းဖောက်လျှက် ကန်ပက်လက် သင်းချိုင်းမှ ထွက်လာခဲ့ပြီး ချုံ နွယ်ပိတ်ပေါင်းတို့နှင့် အတိပြီးသော ငိုသံကြားတောင်ထိပ်ပေါ်သို့ အလောင်းကောင်ကြီးနှင့်အတူ တက်လာကြလေ၏။ မီးတုတ်ကြီး မှာ မီးတဖွားဖွားနှင့် မှောင်တိုက်ထဲမှ ဝှေ့ကာ ဝှေ့ကာ တဖြည်း ဖြည်း၊ ရွှေလျားလာပြီး ပျဉ်ခေါင်းကြီး ထမ်းရသော သူရဲများက နောက်မှလိုက်လျက် တောင်ခါးပန်းမှ ဖြတ်သန်း၍ တက်လာကြ လေ၏။ တောင်ခုလပ်ရှိ တဘက်သော မျက်နှာစာတွင်ကား အမင်္ဂလာတို့ ဖြင့် တန်ဆာဆင်အပ်သော တဘက်ရပ်တွင် တခုရှိလေ၏။ ထိုတဲအမိုးအကာဟူသ၍တို့မှာ ခေါင်း တိုင်လား ပျဉ်ချပ်များနှင့် သာ ပြီးလှ၏။

အသီးသီးသော လူသေတို့၏ အခေါင်းခွံနှင့် အရီုးမျာူးမှာ တဲအို၏ မျက်နှာစာတွင် မြင်မကောင်းအောင် အမဲရိုးလှောင်သော ဂိုထောင်တမျှ အစုလိုက်၊ အပြုံ လိုက် တွေ့မြင်နိုင်လေ၏။ တဲအိုတွင်းမှ တဝင်းဝင်းလက် နေသော မီးရောင်ကား ချားရဟတ်ကဲ့သို့  အဆက်မပြတ်အောင် တဖြည်းဖြည်း လှည့်လည် နေသော ဆန်ကော တစ်ခုပေါ်တွင် ဦးခေါင်းခွံ ၄-၅ ခုကို ပက်လက်လှန်တင်ထားပြီး ခေါင်းခွံထဲတွင် လက်ဝဲဂိုဏ်း အင်းတခုစီထည့်လျက် နက်ကြုတ် ကြမ်းထမ်း၍ နှုတ်ခမ်းတွဲတွဲ သူရဲရုပ် ပေါ်နေသော လူကြီးတစ်ယောက်က ဥုံ တဖွဖွနှင့် လက်သီး ဆိုပ်ကို နှုတ်ခမ်းနားကပ်ခါ ရွတ်ဆိုပြီး လက်ဟန်နှင့် ခေါင်းခွံရိုးထဲသို့ မန်းမှုတ်ထည့်လိုက်သည့် ခဏ ၌ချာချာလယ်နေသော ခေါင်းခွံတို့မှာ အ၀ါရောင်၊ အြုပာရောင် ရဲရဲတောက်အနီရောင်  စသည်ဖြင့် ခေါင်းခွံတခုလျှင် အသွေးရောင် တမျိုးစီ ဖြစ်သော မီးတောက်များ ဟုန်းကနဲ ဟုန်းကနဲ ထ၍တောက် လျှက် ရှိလေတော့၏။

မန်းမှုတ်နေသော လူကြီးမှာ ထိုအရောင်များကို များစွာစိတ်တိုင်းမကျသေးသကဲ့သို့ ထပ်မံမန်းမှုတ် လျှက်ရှိစဉ်၊ ဘိုးဗျော့တို့လူစု မီးတုတ်ကြီးနှင့် တဲတွင်းသို့ ၀င်လာကြပြီး ငနီတို့ကလည်း ထမ်းလာ သော အလောင်းခေါင်းကြီးကို အဆိုပါ လူကြီးအနီးတွင် ချကာဆရာ့ အမိန့်ကို နာခံနေသော တပည့် မျာူးအလား၊ တဲနံရံတွင် ကပ်ခါ လက်ကလေးတွေ နောက်ပစ်၍ ငြိမ်သက်စွာ ရပ်ကြည့်နေကြလေ၏။ ခေါင်းတလုံးတည်းမှ ထိုးထိုးထောင်ထောင် ငုတ်တုတ်ထိုင်ရက်ကြီးနှင့် လိုက်ပါလာသော အစိမ်း သေအလောင်းကြီးမှာလည်း သူရဲ ငနီ ငနက် ငနွား တို့နည်းတူ မလှုပ်မရှက် ငြိမ်သက်စွာ ဆရာ့မျက် နှာကဲ စောင့်ကြည့်နေသကဲ့သို့ ရှိလေ၏။

ဆရာကြီးကား မန်းမှုတ်နေရာမှ တပည့်များကို စောင်းငဲ့ကြည့်ကာ
''ငတေကြီး တို့ရောက်ကြပလားဟေ့ ဒီအလောင်းကောင် ငါမှာတာဟုတ်ရဲ့လား၊ လူလဲမှားလာကြ အုံးမယ်''  ဟု ကြောက်စရာအသံသြကြီးနှင့် ပြောလိုက်လေ၏။
(ငတေကြီး) ဟုတ်ပါတယ်။ ဆရာကြီးရယ် လူမမှားနိုင်ပါဘူး၊ သူ့လည်ပင်းမှာ ဒါးရာကြီး အထင်အ ရှားပါ တယ်။

(ဆရာကြီး) အေး အေး မမှားရင်ကြိုက်ပြီ၊ ငါက ဒီအကောင့်ကို အင်မတန်အလိုရှိနေတာ၊ ဘာပြု လို့လဲ ဆိုတော့ ဒီကောင်က ရှင်နေတုန်းက အင်မတန်ဆိုးတဲ့ မိုက်တဲ့အကောင် လူကို ငါးခါတိတိ သတ်ဘူးတယ်။ သုံးခါ က သက်သေမရှိလို့ တရားသေလွတ်တယ်၊ တခါက ထောင်ခုနှစ်နစ်ကျဘူး တယ်၊ နောက်ဆုံး တခါတော့ ကြိုးမိန့်ကျရာက အယူခံတာနှင့် တသက်သကျွန်းကျသွားတာ အောင် ဘာလေနဲ့ ပြန်လွှတ် လိုကိတဲ့အကောင်၊ ဒါးလဲပြီးတယ် အမတေရှိသလိုလိုတောင် ပြောကြတယ်။ ဒီလိုအကောင်မျိုးကို တပည့်လုပ်ရမှ ငါ့မှာ ပိုပြီး တန်ခိုးရှိမယ်ကွ၊ ဒါကြောင့်ပေါ့ ဒီကောင်မသေခင် ထဲက ငါရွေးချယ်ထားတာ၊ နို့ပြီး ရိုးရိုးမမာ မကျန်းဖြစ်ပြီး သေတာလဲ ငါမကြိုက်ဘူး ။ အမှန်ပြောရ ရင်ဟေ့ ရိုးရိုးသေရင် ဒီအကောင် ဘယ်လောက် လူတုန်းက သွေးစွမ်းပေတဲ့ ငါယူသုံးလို့ ဖြစ်မှာမ ဟုတ်ဘူး၊ ဒါကြောင့် ငါပယောဂ လဲ ပါတယ်ဟေ့၊ သူရဲငနွား ကို သူ့နောက် အမြဲလိုက်ခိုင်းပြီး ကြံယူ ရတာကွ။

(ဘိုးဗျော့) သြော် ဒီကောင်သေတာက ဆရာ့ပယောဂဟုတ်လား၊ ကျွန်တော်တို့တော့ ထန်းရေ ဆိုင်မှာ ဘိုးဝန် ဆိုတဲ့အကောင်နဲ့ မူးပြီးစကားများလို့ ဘိုးဝန်က ဒါးနဲ့တချက်ခုတ်လိုက်တာ မျက်မြင် ဘဲဆရာ။
(ဆရာ) အေး- ဘိုးဝန်ဒါးနဲ့ ထခုတ်ဝံ့တာ ငနွားကြောင့်ပေါ့ ဘိုးဝန်ဆိုတဲ့အကောင်က အင်မတန် သတ္တိနဲ့တဲ့ အကောင် မိန်းမရှာလိုဘဲ သူ့စိတ်အတိုင်းဆိုရင် သံတိုင်လို တကျွန်းပြန်လူမိုက်ကို မော် လို့တောင် မကြည့်ရဲ ဘူးကွ။
(ဘိုးဗျော့) ဒါနဲ့များဘာကြောင့် ကျွန်းပြန်သံတိုင်ကို လယ်ပင်း တဲတဲကလေးကျန်အောင် ခုတ်သတ် ပါလိမ့်ဗျာ။

(ဆရာ) ငါပြောပြီကောကွ ငါတပည့် သူရဲငနွားကို သံတိုင်သွားရာနောက်လွှတ်ထားတော့ သံတိုင် နဲ့ ဘိုးဝန် ရန်ဖြစ်ကြတယ် ဆိုရင်ဘဲ ငနွားကဘိုးဝန်ကို စီးပြီး ဒါးနဲ့ကောက်အခုတ်ခိုင်းတာဘဲ သံတိုင်ကလဲ ဘိုးဝန် ဒီလောက်သတ္တိရှိမှာ မဟုတ်ဘူးဆိုပြီး ခပ်ပေါ့ပေါ့နေလိုက်တော့ မခုခံနိုင်ဘဲ တိ ကနဲ လည်ပင်ပြတ် ခံရတာပေါ့တပည့်ရ။
ဤတွင်မှ ဘိုးဗျော့နှင့် ငတေကြီးတို့လည်း မိမိတို့၏ ဂဇော်ဒါယကာ အောက်လမ်းဆရာ ဦးညိုတုတ်၏ ယုတ်မာ ညစ်ညမ်း အောက်လမ်းသွားပြီပြီ ဝင်္ကဥာဏ်ဘက်၍ သူတထူးအား ရက်စက် ပုံကို အလုံးစုံ သိတော့၏။ သို့သော်ဘိုးဗျော့နှင့်ငတေကြီးတို့မှာ မိမိတို့၏ ဂဇော်ဒါယကာ ဆရာရင်း တပည့်ရင်း အတွင်း ကျကျ အကျိုးဆောင်နေကြရသော တပည့်မျာူး ဖြစ်သည့်အားလျော်စွာ တရားတာ မတရားတာကို အထွေအထူး မတွေး ခပ်အေးအေးပင် ငြိမ်နေကြလေ၏။

ဦးညိုတုတ်လည်း ခေါင်းတလား ထည်းမှသံတိုင်၏ အလောင်းကို စေ့စေ့ကြည့်ကာ များစွာကြေ နပ်သော အမူအရာနှင့် ခေါင်းကိုအသာအယာ ငြိမ့်လျက်ရှိနေပြီးလျှင် ပါးစပ်မှ တစုံတရာ မန်မှုတ် အမိန့်ပြန်ပေးရာ ငုတ်တုတ် ထိုင်လျှက်ရှိသော သံတိုင်၏အလောင်းက ခေငါးကြီးတဆပ်ဆပ် ငြိမ့် ပြပြီး ပါးစပ်ကြီးကိုပြုံး၍ မျက်လုံး ကား မျက်ဖြူဆိုက်လျှက်နှင့် မျက်တောင်မခပ်ပြူးကြောင်ကြောင် ကြီးကြည့်နေလေ၏။ အောက်လမ်း ဆရာ ဦးညိုတုတ် လည်း သွားဖုံးမဲကြီးကို ပေါ်၍ပြုံးပြန်၏။ မျက်နှာတွင်ကား အတော်အားရ ကျေနပ် နေသော အမှတ်လက္ခဏာများ ပေါ်လွင်နေလေ၏။
''နေရာကျပြီဟေ့- ဒီလိုမှတ်ကျောက်တင်ခံရတဲ့ တပည့် တခါမှမတွေ့ရသေးဘူး။

ငနီကြီးဟာ သူ့ အလောင်လာတုန်းက တော်လှပြီးထားတာ ခုလို အစမ်းသပ်ခံတဲ့နေရာမှာ သံတိုင် လိုပြုံးပြုံးရီရီ နဲ့ ခေါင်းမငြိမ့်ရဲ့ဘူး။ ငါအမိန့် ပြန်လိုက်ရင်ဘဲ ငိုမဲ့မဲ့ မျက်နှာပျက်သွားပြီး ခပ်အင်အင်ခေါင်း ညိမ့် တယ် ငနက်နဲ့ ငနွားတို့တုန်းကတော့၊ ဘာမှမပြော နဲ့ ကြူကြူဟစ်ငိုကြတယ်၊ ဒါတောင်းဒင်းတို့လဲ လူတုန်း က သွေးနဲ့ကြတာမဟုတ်ဘူး၊ အခုသံတိုင်ကဖြင့် ထူးပါပေတယ်။ တော်တယ်၊ တော်တယ် ဒီလို တပည့်မျိုး ရမှ ဆရာလဲသူရဲ အာဏာရှင် ဖြစ်ရမှာကိုး၊ တပည့်တို့ရဲ့ ဒီလိုထက်မြတ်တဲ့ တပည့် မျိုးခိုင်း ရတော့ ရှေ့ရှောက်လို့ ဆရာ့အစွမ်းသတ္တိတွေ၊ အကျိုးခံစားမကုန်သလောက် တိုးပွားပေ တော့မယ်။ ကဲ ကဲ သံတိုင် ဒီနေ့ကစ၍ ငါ့ကိုဆရာရင်း အရှင်သခင်ရင်းဖြစ်တဲ့အတိုင်း အထူးရိုးသေ လေးစားရမယ် ငါခိုင်းတဲ့ အလုပ် ကို မဆုပ်မနစ်လုပ်ရမယ်။

ငါကလဲ မောင်မင်းကို တပည့်ရင်းတဦး သဘောထားပြီး ငါ့ဆီမျာရှိကြပြီးဖြစ်တဲ့ ငနီတို့ ငနက်တို့ ငနွား တို့ထက် မောင်းမင်းကိုပို၍ အရေးပေး ပြီး ကျွေးမွေးထားမယ်။ ဘာမှအားမငယ်နဲ့ ပျော်ပျော်သာနေ ဟောဒီက ဘိုးဗျော့နဲ့ ငတေကြီးတို့ ဟာလဲ ဆရာ့ရဲ့တပည့် မိုက်ခဲ၊ ငါ့ရဲ့တပည့်ဖြစ်တဲ့ ငနီဟာ ပိုးထိပြီး သေခဲ့တယ်။ ငနက်က ရေနစ် ပြီးသေခဲ့တယ်။ ငနွားကတော့ ထန်သမားမို့ ထန်းပင်ပေါ်က လိမ့်ကျပြီး သေခဲ့တယ်။ ငါ့တပည့် သံတိုင်ကတော့ လူသတ်လို့ သေတယ်။ မင်းတို့အားလုံး ဂုဏ်မငယ်ကြပါဘူးကွာ။ ဒါပေမဲ့ သံတိုင် က သတ္တိသာတယ်ဟေ့ ကိုင်း.. လာလာ ငါ့တပည့်''
ဟု အက်ကွဲ နက်ကြောသော အသံကြီးနှင့် ပြောရင်း သံတိုင်အလောင်မှ တဲတဲနေသော ခေါင်းကို ဖြုတ်ယူ လိုက်လျက် ရင်ခွင်တွင်ပိုက်ထားပြီး ကိုယ်ပိုင်းကြီးကိုမူ ငနီတို့သူရဲတစုကို ဆုလာဘ်အဖြစ် ပေးလိုက်သော အခါ၊ ငနီ၊ ငနက်၊ ငနွား စသော သူရဲတစုမှာ ခေါင်းမပါသော အလောင်းကြီးကို ပျဉ်ခေါင်းတည်းမျ ဒရွတ်တိုက် ဆွဲသွားပြီး တဲအိုအပြင်မှ အရိုးပုံအနီးတွင် ပျော်ပွဲသဘင်ပမာ၊ မြိန် ရှက်စွာ ကိုက်ဝါး စားသောက် နေကြလေ၏။

ဦးညိုတုတ်သည် သံတိုင်၏ ခေါင်းကို မြတ်နိုးစွာပိုက်ထားရာမှ-
''ကဲဟေ့ ဘိုးဗျော့တို့ ဒီပျဉ်ပြားတွေ နေရာတကျ တဲအမိုးပေါ်တင်ပြီး မင်းတို့ အိမ်ပြန်နှင့်ကြတော့ ရော့ ရော့ ဂဇော်ဘိုးယူသွားကြ သိပ်လဲမူးမနေနဲ့အုံး တော်တော်ကြာ မိုးလင်းတော့မယ်။ ဆရာဒီ မှာ သံတိုင် အတွက် စီရင်စရာကလေးတွေ ရှိသေးလို့၊ နေရစ်ရအုံးမယ်၊ အကယ်၍ အရေးကြီးတဲ့ လူမ မာသယ်များ လာခေါ်လို့ရှိရင် ငါကိစ္စရှိလို့ တရွာသွားတယ်။ နက်ဖြန်မှ ပြန်လာလိမ့်မယ်၊ ပြော... ကြားလား၊ ကဲ ရော့ ပိုက်ဆံ၊ အိမ်တံခါးလဲ ဟောင်းလောင်ကြီးထားပြီး အိပ်မနေကြနဲ့အုံးနော် အိပ် ချင်ရင် တံခါးလုံလုံ ပိတ်ပြီးမှ အိပ် ဟုတ်လား''

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

Saturday, January 14, 2012

ဒဂုန်ခင်ခင်လေး ၏ မှော်ဆရာမှတ်တမ်း, အပိုင်း (၁၂)

သို့နှင့် ထိုညအဖို့တွင် သုံးယောက်သား သောက်စားယစ်ဝ၍ အိပ်ကြရာ၊ နံနက်လင်း လျှင် ဘိုးနုကို ရှာမတွေ့ တော့ချေ။ ဘိုးတေနှင့်ဘိုးစုလည်း ဘိုးနုကို လိုက်ရှာကြလေ၏။ သုံးယောက်သား ယှဉ်၍ အိပ်နေရာတွင် ဘိုးနုနေရာဘက်တွင် သွေးစွန်းသွေးကွက်လိုလို မြင်ရသဖြင့် သာ၍စိုးရိမ်လာ ကာ သေချာစွာ ထပ်မံစုံစမ်းကြည့်ရာ၊ မြေပေါ်တွင် ဒရွတ်တိုက်၍ ဆွဲယူသွားသော အကြောင်းရာ ကြီးတစ်ခု ထင်နေသည်ကို တွေ့ရပြန်၍၊ ထိုအရာအတိုင်းလိုက်ကြပြန်သည်တွင် အုတ်တိုက်ပျက် ကြီး၏တခုသော အခန်းဝ တွင် ခြေရာပြတ်၍ နေသည်ကို တွေ့ရသဖြင့် ရှေ့ရှိတံခါးကိုတွန်းသော် လည်းမရဘဲ၊ လွန်စွာခိုင်မြဲ ၍ နေသည်ကိုတွေ့လေ၏။

"ဟေ့- ဘိုးစုရေ၊ ဘိုးစုတော့ဘယ်နည်းနဲ့ မဆို ဒီအခန်းထဲမှာရှိမှာဘဲ၊ ဘာဖြစ်နေတယ်ဆိုတာ သိရ အောင် ဇွတ်ဖွင့်ကြည့်မယ်ကွာ"
ဟု ပြောကာတံခါးကို ထုရိုက်၍ဖွင့်ကြပြန်လေ၏။
ထိုအခါတွင် တံခါးမပွင့်ဘဲ တံခါးတွင်းမှ မျက်နှာဆိုးကြီးများနှင့် ထွက်၍လာသော လူနီကလေးနှင့် ရသေ့ကြီး တစ်ယောက်၊ ဘိုးသူတော်ဝဝကြီးတယောက်၊ ဆံတိုနှင့် ဘီလူးရုပ်ပေါက်နေသော ထမီ ဇောက်ထိုး ရင်လျှားထားသည့် မျက်ထောင့်နီနီ မိန်မးမကြီးတယောက်တို့မှ နှုတ်ခမ်း၊ ပါးစပ်တို့တွင် သွေးစ၊ သွေးန များ ပေကျံလျက်ဘိုးတေနှင့် ဘိုးစုတို့ကို မျက်စောင်းခဲ၍ ကြည့်ရင်း တဘက်သို့ လျှောက်ခါ ပျောက်ကွယ် သွားကြသည်ကို တွေ့ရသဖြင့် ဘိုးတေတို့မှာ မသင်္ကာမကင်းဖြစ်ခါ-
"ဟေ့- ဘိုးစု ငါတော့ ဒီကောင်တွေကို ဘယ်မသင်္ကာချင်ဘူး၊ တူတူချင်းစားနေပြီ ထင်တယ်၊ အတတ် သိရအောင် ဒီညမင်းနဲ့ငါနဲ့ အိပ်ချင်ယောင် ဆောင်ပြီး ချောင်းကြစို့၊ ကဲ ပြောနေကြာတယ် ကွာ ရွာပြန်ပြီး ဒါးရှည် ကောင်းကောင်းနှစ်လက် လောက်ရှာချေရအောင်"

ဟုဆိုကာ ပြန်လာကြပြီး ဒါးရှေကြီး နှစ်လက်ကို တနေ့လုံးထက်စွာ သွေး၍နေကြလေ၏။ ရွာရှိတ ချို့ လူများက မေးသောအခါလည်း ဘိုးတေက-
"ဒီနေ့ည တိုက်ပျက်ကြီးက သူရဲတွေကို ဒါးပွဲကျင်းပမလို့"ဟု ပြန်ပြောသောကြောင့် ကြားရသူများ မှာ -
"တို့ဘိုးတေကြီး ကတော့ နာမည်နဲ့ လိုက်အောင်မိုက်လဲ မိုက်ပါပေရဲ့"ဟု တိုးတိုးပြောကာ နေကြ လေ သတည်း။

ညဘက်သို့ရောက်လေ၏။ ဘိုးတေနှင့် ဘိုးစုတို့လည်း အခါတိုင်းကဲ့သို့ပင် က္ကနြေ္ဒမပျက်၊ တိုက်ပျက်ကြီး ထဲသို့ ၀င်ခဲ့ကြခါ ဂဇော်ခွက်နှင့် ကြက်ကြော်ကို နှစ်ယောက်သား သောက်စားရင်း ညဥ့်နက်လာသည်နှင့် မီးတဖို-ဖိုခါ ထိုအနီးမှာ နှစ်ယောက်ယှဉ်၍ အိပ်ကြလေ၏။ ကျောအောက် တွင် ဒါးရှေကို ထားလျက် မျက်လုံး ကို မှိတ်ခါ အိပ်ချင်ပြု၍ နေကြလေ၏။ ဘိုးတေကား ဇွဲကြီးနေသူ ဖြစ်၍ အိပ်ချင်လျက်ပင် အောင့်အင်း ကာ နာနာဘာဝတို့ အလာကို ချောင်းရန် ဇွတ်ပေခါ မအိပ်ဘဲ နေလေ၏။

ဘိုးစု ကား အိပ်ချင်ပြုနေရာမှ တကယ်အိပ်ပျော်သွားလေ၏။ ထိုအခိုက်၊ ချိုးချိုး ချွတ်ချွတ် အသံကြား သဖြင့် ဘိုးတေလည်း မျက်လုံးကို မှေး၍ကြည့်လိုက်ရာ၊ တင်းဘုတ်ထမ်းသော လူနီကလေးနှင့် ရသေ့ကြီး ဘိုးသူတော် ထမီဇောက်ထိုးရင်လျားနှင့် ခေါင်းမွေးစုတ်ဖွာ မိန်းမကြီး တို့ ဘိုးစုအနီးသို့ ရောက်နေ ကြသည် ကို တွေ့ရလေ၏။ ဘိုးတေလည်း ဘိုးစုကို အိပ်ချင်ပြုနေသည် ဟူ ၍ သာထင်နေလေ၏ သို့ရာတွင် မတော်တဆ အိပ်ပျော်နေလေသလားဟု သတိပေးဦးမည်ပြု သော်လည်း မပေးသာ။

မိမိက စကားပြောလိုက်လျှင် လူနီကလေးတို့ လုပ်ချင်ရာလုပ်ကြတော့ မည် မဟုတ်သဖြင့်တကြောင်း ဘိုးစုလည်း မိမိကဲ့သို့ပင် အိပ်ချင်ပြု၍ ကြည့်နေသည်ဟုပင်၊ ထင်သော ကြောင်းတကြောင့် မြုံကြည့်နေရာ မကြာခင်ပင် ဘိုးစုခေါင်းဘက်မှ ရပ်နေသော လူနီကလေး လည်း ထမ်းထားသော တင်းဘုတ်ကြီးနှင့် ဘိုးစု ခေါင်းကို ထုလိုက်ရာ လုံးနေသောခေါင်းသည်။ ဇကောပမာ အက်ကွဲကြေမွလျက် အပြားချပ်ကြီး ဖြစ်သွားကာ သွေးများလည်း ဖြာဖြာကျဆင်းလာ သည်ကို တွေ့မြင်ရလေ၏။ ဘိုးတေလည်း ထိတ်ထိတ်ပြာပြာ နှင့် အိပ်ရာမှ လူးလဲထပြီး ဒါးရှည် နှစ်လက်ကို တဘက်တချက် ဆွဲကိုင်ကာ လူနီကလေး သို့ တအားလွဲ၍ ခုတ်ပိုင်းလေ၏။ သို့သော် နာနာဘဝတန်ခိုးကြောင့် အကောင်အထည် ကို မထိ လေကိုသာ ခုတ်ပိုင်းမိလျှက် ရှိလေ၏။

ထိုအခိုက်တွင် ဆွဲသူကို မမြင်ရဘဲ။ ဘိုးစု၏ အလောင်းကြီးမှာ ဒရွတ်တိုက် ပါသွားသည်ကို တွေ့ မြင်ရသဖြင့် လူနီကလေးတို့ တသိုက်လည်း ပျောက်ကွယ်သွားကြသည်နှင့်ုအလောင်းကြီး ရွေ့သွားသည့် နောက်မှ တကောက်ကောက် လိုက်ခဲ့ရာ နောက်ဆုံးတွင် ယမာန်နေ့က တွေ့ရသော အခန်းတံခါးကြီး အနီးသို့  ရောက်ခဲ့လေ၏။ အလောင်းကြီး တံခါးဝသို့ရောက်လျှင် တံခါးရွက်ကြီးမှာ အလိုလိုပွင့်လာကာ ဘိုးစု၏ အလောင်းကြီးလည်း အတွင်းသို့ ဒရွတ်တိုက်ဝင်လာရာ ဘိုးတေလည်း ဒါးကို မြဲမြန်စွာ ဆုပ်ကိုင်လျက် ဇွတ်အတင်းဝင်၍ လိုက်သွားလေ၏။ အတွင်းသို့ရောက်လျှင် ဘိုးတေမှာ ဒါးကိုဆုပ်လျက် သွေးပျက် လုမခန်း ဖြစ်သွားလေ၏။

ထိုအခန်းကြီးကား တိုက်ပျက်ကြီးထဲရှိ တစ္ဆေသရဲ နာနာဘာဝအပေါင်းတို့၏ ပျော်ပါး သောက်စားရွှင်မြူးရာ ဟော်တယ်ကြီး သဘွယ် လွန်စွာလည်း ကျယ်ဝန်းလှပေ၏ ထိုမျှကျယ်ဝန်း သော အခန်းကြီးတခုလုံးတွင် များစွာသော လူသေအလောင်းတို့ဖြင့် ပြည့်နှက်လျက်ရှိပြီးလျှင် ထို လူသေတို့လည်း အချို့မှာ အရိုးချည်းကြံလျက်၊ တချို့ကပုပ်ယိဖောယောက်ကာ ပိုးလောက်တို့နှင့် ပြည့်လျှက် အချို့လည်း လောလော၊ လပ်လပ်သေပြီးစဖြစ်၍ အလောင်းတိုင်းတို့၏ ရင်ဘတ်တွင် ကား ထက်လှစွာသော လက်သီး တို့ဖြင့် ကုတ်ဆွဲဖြဲဖောက်ထားသကဲ့သို့ ပေါက်ပြဲ စုတ်ပြတ်ခါ အူ အသဲတို့မှာ ဖရိုဖရဲ ပြန့်ကြဲလျက် သွေးသံ တရဲရဲနှင့် ရှိသည်ကို တွေ့ရလျက် အလောင်းများမှာ လည်း မိမိတပည့်အသင်းသားများ သာဖြစ်လျက် သေသူ တို့၏ မျက်နှာမှာလည်း မရှုမလှသေရ သည့်အလား မျက်လုံးကြီးများ ပြူးထွက်၍ လက်ကားယား၊ ခြေကားယား လျှာကြီးများ တန်းလန်း ကျလျှက် အသက်ထွက်နေကြပုံကို မြင်ရသောအခါ သတ္တိကောင်း လှသော ဘိုးတေပင်လျှင် အသဲ တုန်၊ အူတုန် ဖြစ်၍လာလေ၏။

ထိုအခိုက်၌ ယခုပင်ဆွဲယူလာခဲ့သော ဘိုးစု၏အလောင်းအနီး၌ လူနီကလေးနှင့် ရသေ့ ကြီးဘိုးသူတော်၊ ထမိန်ဇောက်ထိုး မိန်းမကြီးတို့ပေါ်လာကြပြီး ဘိုးစု၏၀မ်းဗိုက်ကို မျက်ထောင့်နီ သူရဲမကြီးကထက်လှသော လက်သဲကြီးဖြင့် ကုတ်ဆွဲလိုက်ရာ ဗြိကနဲပေါက်ပြဲသွားပြီး အူအသဲနှင့် သွေးများ ပွက်ပွက် ထွက်ကျ လာသည်နှင့် တပြိုင်နက် လူနီကလေးနှင့်တကွ ရသေ့၊ ဘိုးသူတော် တို့ပါ အူအသဲတွေကို အလုအယက် ကိုက်ဆွဲ စားသောက်နေကြသည်ကိုတွေ့ရပြန်ရာ ဘိုးတေမှာ လည်း ထိတ်လန့်ခြင်းကြီး ထိတ်လန့် ကာခြာခနဲ နောက်သို့ လှည့်၍ ပြေးခဲ့လေ၏။ တံခါးအနီးသို့မ ရောက်မှီပင် နောက်က လူနီကလေး တင်းပုတ်ကြီးနှင့် ပြေးလိုက်လာပြီး တံခါးကြီးလည်း ဂျိန်းခနဲ ပိတ်သွားလေ၏ ဘိုးတေလည်း ဤတွင်မှ အလန့်ကြီး လန့်သွားကာ တံခါးကို ဒါးနှင့်ကလန့်၍ ဖွင့် လေ၏။ နောက်ကလည်း လူနီကလေးမှာ လိုက်လာပြီး မိန်းမကြီးကလည်း ရှည်လှသော လက်သည်းကြီးနှင့် လှမ်ကာ လှမ်းကာ ခြစ်ကုတ် ဆွဲခေါ်လေ၏။

ဘိုးတေလည်း လန့်လန့်နှင့် ဇွတ်ကန်၍ရုန်းရင်း အသံကုန်နင်းအော်လေ၏။ သို့နှင့် အော် သူအော် ဆွဲသူဆွဲနှင့် ဘိုးတေ၏ ကျောတခုလုံး သွေးတရဲရဲနှင့် အမဲဖျက်ထားသလို ရှိလေတော့၏။
နောက်ကဆွဲသူများကလည်း ကြမ်းသထက်ကြမ်း၍ ရမ်သထက်ရမ်းကာ ဘိုးတေအား ပေါင်ကိုဆွဲ ခေါင်းကိုလှဲနှင့် နေကြရာ၊ ဘိုးတေလည်း ကြံရာမရသဖြင့် နောက်ဆုံးတွင် တသက်လုံး မိုက်ဆိုးတေလာခဲ့သော လူပင်ဖြစ်လင့်ကစား ခလုတ်ထိမှအမိတ ဟူသော စကားပမာ ဘုရား ဘုရား ဟု တလိုက် မိသည်တွင် ရှေ့ကပိတ်ထားသော တံခါးလည်း ရုတ်တရက် ပွင့်သွားလေ၏။ ဘိုးတေလည်း တရှုထိုး ပြေး၍ ထွက်လာလေ၏။ နောက်ကလူနီကလေးတို့က စုလည်းညာသံပေး ကာတသဲသဲ ဆူညံလျက် လိုက်လာကြလေ၏။ ဘိုးတေလည်း ရွာဆီသို့ ရှေ့ရှုကာ အပြေးကြီး ပြေးခဲ့လေ၏။

လိုက်လာကြသော နာနာဘာဝတို့အနက်မှ လူနီကလးလည်း ရှေ့ဆုံးက ခေါင်းတည်လျက် ပါလာလေ၏။ ဘိုးတေ လည်း တဟဲဟဲနှင့် မနားဘဲပြေးခဲ့ရာ၊ နောက်ဆုံးတွင် ရွာတံခါးသို့ ပြေး ၀င်မိသည်နှင့် တပြိုင်နက် လူနီကလေး လည်း တင်းဘုတ်ကြီးနှင့် လှမ်း၍ နှက်လိုက်လေရာ ဘိုးတေလည်း အသံနက်ကြီးဖြင့် အမယ်လေးဗျ ဟုတခွန်းတည်းအော်တာ ရွာထဲသို့အ၀င်တွင် သွင်သွင်လည်အောင် လဲကျ သွားလေသတည်း။ နံနက်လင်းလျှင်ကား ရွာသူ၊ ရွာသားတို့မှာ ဘိုးတေသတိမရဘဲ ရွာထဲတွင် လဲနေသည် ကို တွေ့ကြ၍ တယောက်စကား တယောက်ကြားကာ တရွာလုံးစုရုံးလာကြပြီး တချို့ကလည်း ယခင်နေ့ က ဘိုးတေ ဒါးသွေးရင်းပြောသည့် စကားကို သွား၍ သတိရကြသဖြင့် တိုက်ပျက်ကြီးနားက နာနာဘာဝ တို့လက်ချက်ပင် ဟု သိရှိကြသော ကြောင့် ပယောဂ ဆရာတဦးဦးကို ပင့်ရန် စုံစမ်းကြလေ၏။

ထိုအခါတွင် မြို့အုပ်မင်းအိမ်၌ တည်းခိုနေထိုင်လျက် ပယောဂ ဘက်တွင် အထူးနာမည်ထွက် နေသော ကျွန်တော်၏ ကျေးဇူးရှင်ဆရာကြီးကို ရွာသူကြီးကိုယ်တိုင်လာ၍ု ပင့်သဖြင့် ကျွန်တော် လည်း ဆရာကြီး တပည့်ပီပီ ဆေးအိတ်ကို ထမ်းခါ ဆရာကြီးသွားရာ နောက်မှလိုက်ပါလာခဲ့ရပါ ကြောင်း။"

ရွာသို့ရောက်လျှင် လူသေကဲ့သို့ မေ့မြောနေသော ဘိုးတေဆိုသောသူကိုတွေ့၍၊ ဆရာကြီးလည်း ကုထုံးနည်း အတိုင်း ပရိတ်၊ ရေမန်း လက်ဖွဲ့၊ အင်းအိုင် စသည်များနှင့် ကုစားလေရာ၊ မကြာမီ သတိရ၍ လာလေ၏။

ဆရာကြီးလည်း ရွာသူကြီးနှင့် တရွ ရွာသားများ တောင်းပန်ခြင်းကြောင့် တိုက်ပျက်ကြီးက လူနီကလေး၏ အတ္ထုပ္ပတ္တိ ကို စုံစမ်းမေးမြန်းပေးရာ၊ နာနာဘာဝတို့လည်း ဘိုးတေကိုပူးဝင်လျှက် ရှေးအထက်ကျော် အခါက ထိုတိုက်ပျက်ကျောင်းကြီး တွင် ထွက်ရပ်လမ်းကို အထူးလိုက်စား၍ ဖိုတစ်ခုနှင့် အဂ္ဂိရတ် ထိုးနေသော ကျောင်းထိုင်ဆရာတော်ြံကီးတစ်ပါးသည်၊ တပည့်ရသေ့ကြီးတစ်ယောက်နှင့် ကပ္ပိယအဖြစ်နှင့် ထား ရှိသော ဘိုးတော်သူတော်ကြီးတစ်ယောက်နှင့် နေထိုင်ကြစဉ်၊ ထိုကျောင်းတိုက်ကြီးကို လှူသော ကျောင်းအမ သူဌေးကတော်ကြီးလည်း သူဌေးကြီးဆုံးပြီးနောက်

လူဆိုး ထားပြတို့ရန်ကို ကြောက်လန့်သည်တကြောင်း၊ ဘုန်းကြီးရဟန်းအနီးတွင် ဥပုသ်သီတင်း စောင့်သုံး၍နေလိုသည်က တစ်ကြောင်း များကြောင့် အဘိုးတန် ရွှေငွေ ပစ္စည်း ပစ္စယများနှင့်တပါတည်း ဘုန်းကြီး ကျောင်း သို့ရွှေ့ပျောင်းလာပြီး ကျောင်းကြီးအောက်တွင် နေထိုင်ကြောင်း ဘုန်းကြီးလည်း နေ့မီး ညမီးမစဲ အဂ္ဂိရတ်ကို တရှဲရှဲထို၍ နေခဲ့ရာတွင် သူဌေးကတော်ကြီးလည်း ရွေှ့ဖြစ် ငွေဖြစ်နည်းကို အလို ရှိသဖြင့် ဘုန်းကြီး အလိုရှိသော ရွှေ့ငွေပစ္စည်းများပါ ထောက်ပံ့ရင်း နေထိုင်လာခဲ့ကြရာ

ဘုန်းကြီး မှာလည်း မိမိကိုယ်ကို  ဝိဇ္ဇာလိုလို ဇော်ဂျီလိုလို အထင်ကြီး၍ နေခဲ့ကြစဉ်၊ တနေ့သောအခါ လေကြီးမိုးကြီးပြင်းထန်စွာ တိုက်ခတ်ရွှာသွန်းရာမှ မိုးသာ တိမ်တောင်တို့မှာ ဖြိုကနဲ ဖြတ်ကနဲ ဝင်းပြောင် တောက်လင်းလ၊ျှက်၊ မိုးချိန်းသံများ မစဲအောင် ထစ်ချုံးမြည်ဟီးကာ မဲနက်သော တိမ်တောင် တိမ်ခဲ အတွင်းမှ မိုးကြိုးကြီး ဂျွတ်ခနဲ ပစ်ချလိုက်ပြီး အဆိုပါ ဘုန်းတော်ကြီး ၏ အုတ်ကျောင်းကြီူးမှာ မိုးကြိုး လက်နက်ကြောင့် ရုတ်တရက် ပျက်စီး ပြိုကျသွားရာ အယူသန်သော ဘုန်းကြီး နှင့် တကွ ရသေ့ ဘိုးသူတော် ကျောင်းအမ သူဌေးကတော်ကြီးတို့မှာ တိုက်ပြိုရာတွင် ပိပြီး မချိမဆန့် သေဆုံးရသည်တွင် ဇော်ဂျီ စိတ်ဝင်နေသော ဘုန်းတော်ကြီးမှာကား လူနီ သူရဲကလေးဖြစ်၍ ရသေ့နှင့် ဘိုးသူတော်တို့လည်း သူရဲကြီး တွေ ဖြစ်ကြကာ သူဌေး ကတော်ကြီးမှာကာ မိမိပစ္စည်းကို စွဲလမ်းသူဖြစ်သဖြင့် ထိုနေရာမှာပင် ဥစ္စာစောင့် မကြီးဖြစ်၍ နေပြီး လျှင် လူနီကလေး၏ အုပ်ချုပ်ခြင်းကို လက်ခံကာ ထိုနေရာ၌များစွာသော နာနာဘာဝတစ္ဆေ သူရဲ အပေါင်းနှင့် နှစ်ပေါင်းများစွာ ဆိုသွမ်းလာသည်ဟု သိရှိရလေ၏။

ဘိုးတေလည်း ဆရာကြီးကယ်ဆယ်သဖြင့် အသက်ဘေးမှ လွတ်မြောက်ခဲ့ရပြီးနောက် ရှေးကလို ဆိုးသွမ်း ဟော့ရမ်းမှုကို မပြုပါဟု အာမဝန်တာခံ၍ ဘုရားတွင် သစ္စာပန်ပြီး ယနေ့တိုင် ငါးပါးသီလကို ခါးဝတ်ပုဆိုးကဲ့သို့ စွဲမြဲနေသည်ဟု သိရှိရပေကြောင်း။

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>