Showing posts with label ပန်းသတင်း (၂ဝ၁၂). Show all posts
Showing posts with label ပန်းသတင်း (၂ဝ၁၂). Show all posts

Thursday, December 20, 2012

ဆောင်းဝင်းလတ် ၏ အာကာနီ

အာကာနီ

အာကာနီ နံရံကပ်စာစောင် ကို ရန်ကုန်၊ သင်္ဃန်းကျွန်း၊ ရန်ကုန်သစ်ရပ်ကွက် အနီးရှိ အထွေထွေဆီ စက်တွင် ကျွန်တော် တို့ပြုလုပ်ခဲ့ကြသည်။ ၁၉၆၄ခုနှစ်ဖြစ်၏။
အထွေထွေ ဆီစက်ကြီးမှာ ငမိုးရိပ်ချောင်းကမ်းပါးတွင်ရှိသည်။ ဆီစက်၏ အနောက်ဖက်တွင် ကုတို့ ဆိပ်ရှိသည်။ ငမိုးရိပ်ချောင်းဟိုဘက်ကမိးသို့ ကုသို့သမ္မာန်ရှိပြီး၊ လူတစ်ဦးလျှင် သမ္ဗာန်စီးခ ငါးပြား ပေး စီးရသည်။ တစ်ဘက်ကမ်း တွင် ရေတွင်းချောင်ကျေးရွာကြီးရှိပါသည်။
ကျေးရွာသူကျေးရွာသား တချို့လည်း သွားရင်းလာရင်း နံရံကပ်စာစောင်ကို ၀င်ဖတ်သွား ကြတာမြင်ရသည်။ နံရံကပ်စာစောင် တွင် ပါဝင်ရေးသားသူများမှာ ကိုပေသီး၊ တင်ဆင့်၊ ဘချော၊ ရွှေဗျိုင်း၊ မျိုးချစ်၊ ညီညီ၊ ဝေလင်း၊ လစ်စတန် တို့ဖြစ်သည်။ ကျွန်တော်က ပန်းချီတာဝန် ယူရေးဆွဲပေး ရသည်။

ကိုပေသီးနှင့် မောင်တင်ဆင့် မှာ ညီအစ်ကိုဖြစ်သည်။ ကျွန်တော်တို့က စာပေအနုပညာကို လည်းဝါသနာအရ စုပေါင်းလုပ်ကိုင်ကြ သလို အားကစားအနေဖြင့် ဘောလုံးအသင်းဖွဲ့ထားသည်။ ရပ်ကွက်ပေါင်းစုံ ဘောလုံးပွဲ များတွင် ပါဝင်ဆင်နွှဲပြိုင်ပွဲဝင်ကြည့် မောင်တင်ဆင့် သည် ဘောလုံး ကစားရာတွင် ရှေ့တန်းအလယ်လူအဖြစ် ကစားပြီး ထူးချွန်သူဖြစ်သည်။ ဘောလုံးကန် သေသပ် သွက်လက်ကောင်းမွန်သူဖြစ်သည်။ ကိုပေသီးနှင့် ရွှေဗျိုင်း က တစ်လှည့်စီ ဂိုးဖမ်းပေးကြသည်။
မှတ်မှတ် ရရ ကျွန်တော်တို့သည် တစ်ခါတရံတွင် ငမိုးရိပ်ချောင်းတစ်ဘက်ကမ်းသို့ သမ္ဗာန်နှင့် ကူးသွားကြပြီး ရေတွင်းချောင်းကျေးရွာ၊ သိမ်ချောင်းကျေးရွာများသို့ သွားလည်ကြ သည်။ ရွာစဉ်လျှောက် သွားကြရာ သာယာသောကျေးလက်နှင့် တွေ့ထိကြရသည်။ ကျေးရွာများ တွင်ရှေးဟောင်းရေတွင်းရေကန်၊ ကျောင်း ဇရပ် များကိုလည်း တွေ့မြင်ရသည်။ ငှက်ကလေးတွေ ၏ တေးဆိုသံ ကိုကြားကြ ရသည်။ ကျေးရွာသဘာဝရောင်းချသော အစားအစာလေးတွေ ၀ယ်စားကြ သည်။

လမ်းဆက်လျှောက် လာကြရာ တဖြည်းဖြည်း ကျေးရွာများနှင့် ဝေးလာကြပြီး ချောင်းကူး ကြိုးတံတားကြီး အနီးသို့ ရောက်လာကြသည်။ အင်္ဂလိပ်အစိုးရလက်ထက်တွင် တည်ဆောက် ခဲ့ သောကြိုး တံတားဟောင်းကြီးဖြစ် သည်။ ကြိုးတံတားအောက်တွင် တရိပ်ရိပ်တသွင်သွင်စီးဆင်းနေ သောငမိုးရိပ်ရေပြင်က စိမ်းမြမြ။ လူသူကင်းရှင်းတိတ်ဆိတ်သော နေရာတစ်ခုဖြစ်ပြီး တစ်ခါတရံမှ သာကြိုးတံတားကြီးမှ ဖြတ်ကူးသူ တစ်ယောက်စနှစ်ယောက်စ ကို တွေ့ရသည်။
ငါးဖမ်းသော တံငါလှေကလေး တစ်စင်းနှစ်စင်းလောက်လည်း ဖြတ်သွားဖြတ်လာတွေ့ရတတ် သည်။ ချောင်း တစ်ဘက် ကမ်းနှား လယ်ကွင်းများသာတစ်မျှော် တစ်ခေါ်ရှိနေသည်။ လယ်တဲများမှာ လည်းတစ်တဲနှင့် တစ်တဲ ဝေးလွန်း လှသည်။ တစ်ခါက လယ်ကန်သင်းရိုးများအတိုင်း လျှောက်သွား ကြရင်း နွားပေါက် ကလေး တစ်ကောင် အဖော်ဆွဲပြီး ယောင်လည်လည်ဖြစ်နေတာတွေ့ရ၍ တဲတစ်တဲသို့ ဆွဲခေါ်သွားပြီး အပ်နှံပေးခဲ့ ရဖူးသည်။ ကျွန်တော်တို့တိုင်းပြည်မှာ စစ်တပ်က အာဏာသိမ်းပြီးစဖြစ်သည်။

ယခင်အိမ်စောင့်အစိုးရဟု ခေါ်သောဗိုလ်နေ၀င်း လက်ထက်ကလည်း သာကေတ၊ တောင်ဥက္ကလာ ၊ မြောက်ဥက္ကလာ ၊ မြို့သစ် များတည်ဆောက်သလို စစ်တပ်ကပြန်အာဏာ သိမ်းပြီး တော်လှန်ရေး ကောင်စီ နာမည်နှင့် အုပ်ချုပ်ပြန်တော့ အဆိုပါလယ်ကွင်းရိုင်းများနေရာတွင် လယ်သမားများအား ဖယ်ရှားခိုင်းပြန်သည်။ ၀န်ချီစက်၊ မြေတူးစက်ယန္တရားကြီးတွေနှင့် ဆူဆူညံညံဖြစ်လာသည်။ အလုပ် သမားတွေ စည်စည် ကားကားဖြစ်လာသည်။ သုဝဏ္ဏမြို့သစ်တည်မလို့တဲ့ဟု အသံကြားကြရ သည်။
သုဝဏ္ဏ မှာ အပိုင်း၂ပိုင်းတွေ့လာရသည်။ တစ်ပိုင်းက ၀န်ထမ်းများအတွက် တန်ဖိုးနည်းတိုက်ခန်း တန်းလျား ပုံစံများ တည်ဆောက်ကာ ကျန်တစ်ပိုင်းက သီးသန့်လုံးချင်းတိုက်ခြံဝင်းများဖြင့် သီးခြား စစ်ဗိုလ်ကြီးများ ၏ နေရာထိုင်ခင်းဖြစ်သွားခြင်းပင်။

ရန်ကုန်မှာ ဗိုလ်ချုပ်ရွာ သို့မဟုတ် ဆိုက်ကားသမား၊ တက္ကစီသမားများ၏ အခေါ်အဝေါ်အရ ၃၇ မင်းရပ်ကွက် ဆိုတာတွေ၊ ဗိုလ်နေ၀င်းနှင့် အပေါင်းအပါများ လက်ထက်တွင် ပေါ်ပေါက်လာသည့် ကမ္ဘာအေး ဘုရားလမ်း ချင်းချောင်းခြံ တ၀ိုက်၊ ၀င်ဒါမီယာ၊ တောင်ဥက္ကလာ၊ ငွေကြာရံရိပ်သာ၊ သုဝဏ္ဏ မြို့သစ်တို့တွင် ဗိုလ်ချုပ်ရွာခေါ် ၃၇မင်းရပ်ကွက် တို့ ခမ်းနားထည်ဝါလာသလို အေဒီလမ်း အင်း ယားကန်အနီးတ၀ိုက်မှာလည်း ဆရာ့ဆရာကြီး များက နေရာယူထားလိုက်ကြပြန်သည်။ တိုင်းပြည် အတွက်လူတိုင်းအလုပ်လုပ်နေကြတာပါပဲ။ သို့သော်လည်း.......အဲ.....ပေါ့ ခင်ဗျာ။
အခွင့်အရေး ကို ဇွတ်အတင်းရအောင်ယူသူတွေကလည်း ရှိလာရပေသပေါ့။ ကျွန်တော့် သူငယ်ချင်း မောင်တင်ဆင့် သည် ၃၇မင်း များ၏ စက်ကွင်းမှ မလွတ်မကင်းဖြစ်ခဲ့ရသေး၏။ သူသည် Plumber ခေါ် ပိုက်ပြင်အလုပ်ရုံ တစ်ရုံ တွင် အလုပ်ဝင်လုပ်ပြီး မကြာမီမြန်မာစာဆိုမြန်မာပညာရှိ၊ လွတ် လပ် ရေးနှင့် ငြိမ်း ချမ်းရေး ဗိသုကာကြီးလည်းဖြစ်သော မြန်မာကဗျာဆရာကြီး ဆရာကြီးသခင် ကိုယ်တော်မှိုင်း ၏ အုတ်ဂူ သို့ သွားကာ လွမ်းသူ့ပန်းခွေချမိခဲ့၏။

တို့အတွက် ၃၇မင်းများ ၏ ပါးကွက်အာဏာသားများက သူ့ကိုခေါ်ယူစစ်ဆေးကာ အလုပ်မှထုတ် ပယ်လိုက်လေ သည်။ သြော်...မြန်မာစာဆို မြန်မာစာပေပညာရှိကြီးကို လူထုလူတန်းစားထဲက အနုပညာ သမားတွေ က ဂါရ၀မပြုရဘူးတဲ့လားဗျာ။
ငယ်သူငယ်ချင်း တင်ဆင့်နှင့်ကျွန်တော် စာနယ်ဇင်းလောကထဲသို့ တ၀ဲလည်လည်ရောက်ရှိခဲ့ကြ သလို သူ့ အစ်ကို ကိုပေသီး ကလည်း ရောက်ရှိပြီးသား ဖြစ်နေသည်။ တင်ဆင့်သည့် မဂ္ဂဇင်းဝတ္ထု များလည်း ရေးသလို လုံးချင်းဝတ္ထုများ လည်းရေးသည်။ သူနှင့်ကျွန်တော် မမျှော်လင့်ဘဲ မြစ်ဝကျွန်း ပေါ်ဒေသ င၀န်မြစ်ကမ်းပါးပေါ်ရှိ ပုသိမ်မြို့ တွင် ပြန်ဆုံစည်းရသည်။ ကျွန်တော်စက်ပြင် စက်မောင်း သမားလုပ်နေသော ၃၀၄သင်္ဘော ပုသိမ်မြို့ သီတာတံတား မှာ ခေတ္တဆိုက်ကပ်ထားခိုက် တစ်ည မှာသူရောက်လာခြင်းဖြစ်သည်။

ကြံခင်းဘိလပ်မြေစက်ရုံတွင် သူအလုပ်ဝင်လုပ်နေရာမှ ပုသိမ်သို့အလုပ်ကိစ္စနှင့်လာရင်း ကျွန်တော့် ကိုဝင်နှုတ်ဆက်ခြင်းဖြစ် သည်။ သူငယ်ချင်းနှစ်ယောက် ညဘက်လမ်းလျှောက်ရင်း စာပေအနုပညာ ကိစ္စ များ ပြောကြ ဆိုကြသည်။
ကျွန်တော်က ပုသိမ်မြို့ ဇီးဘိန်ဟိုတယ်တွင် သူ့ကိုပြုစုကျွေးမွေးကာ ညစာထမင်းကို ရုပ်ရှင်မင်း သားကြီးနေစိုး၏ အစ်မဖွင့်လှစ်ထားသော ပုသိမ်ကမ်းနားလမ်းရှိ "မျိုး"ထမင်းဆိုင်တွင် ကျွေးမွေး လိုက်သည်။ ပြီးတော့ စတိတ်ရှိုးတီးဝိုင်းသွားကြည့်ကြသည်။ ငုဝါတေးဂီတအဖွဲ့ဖြစ်၏။
ထိုစဉ်က တေးသံရှင် မဂျစ်၏ ဗုဒ္ဓံသရဏံဂစ္ဆာမိ သီချင်းကလည်း ခေတ်စားနေသလို ပုသိမ်မြို့သား လေးတေးသံရှင် အဂ္ဂ၏ "ညဥ့်လယ်ယံတေးသမား" သီးချင်းကလည်းခေတ်စားနေချိန် ဖြစ်ပါသည်။ တပြိုင်းတည်းမှာပင် အုတ်ဖိုမြို့မှ ကျွန်တော့်သူငယ်ချင်းပိုးပိုး၏ အမျိုးတော်စပ်သော ပန်းချီ ဆရာ ကြီးဦးဘသစ်၏သားဖြစ်သူ လူငယ်တေးသံရှင် စိတ်သစ်၏ "ဂစ်တာ တစ်လက် အရက်ကတစ်စည် မိန်းမလှလေးကတစ်ယောက်" သီချင်းကလည်း ခေတ်စားနေချိန်ဖြစ်သည်။

ထိုညက စတိတ်ရှိုးမှအပြန် ကျွန်တော့်သင်္ဘောမှာပင် တစ်ဆင့်ညအိပ် သွားပါ သည်။ နောက်တစ် နေ့မနက် ကျတော့ ဟင်္သာတကြံခင်းသို့ သူပြန်သွားပါသည်။ သူနှင့်ကျွန်တော်ပြန်ဆုံတိုင်း ငယ် သူငယ်ချင်းတွေ အကြောင်း ပြော မိကြသည်။ တချို့ငယ်သူငယ်ချင်းများ ကွယ်လွန်ကြလေပြီ။ လစ်စတန်နှင့် မျိုးချစ် တို့မရှိကြတော့ပြီ။ ထူးခြားတာ က ရွှေဗျိုင်းနှင့် ညီညီဖြစ်သည်။ သူတို့နှစ်ယောက် ပျောက်သွားကြခြင်းပင်။ ဘယ်ရပ်ဘယ်ရွာ သို့ ထွက်သွားကြမှန်းမသိရဘဲ ယနေ့အထိ သတင်း အစအနမရခြင်းက ထူးခြားလှသည်။

ညီညီ မှာ ကျွန်တော့်အဖေဘက် က ညီဝမ်းကွဲတော်စပ်ပါသည်။ သူ့အစ်ကို ဥသြနှင့် ကျွန်တော် သဘောင်္အုပ်စု တစ်စု ထဲမှာ အလုပ်လုပ်ခဲ့ကြဖူးသည်။ ပင်လယ်ပြင်သွား သင်္ဘောအုပ်စုမှာတုန်းက အင်းမသင်္ဘောမှာ ဥသြရှိနေကာ အင်းယားသင်္ဘောမှာ ကျွန်တော်ရှိနေခဲ့သည်။ တင်ဆင့်၏ အစ်ကို ဖြစ်သူ ကိုပေသီး က နိုင်ငံရေး ၀ဲသြဃ ထဲရောက်သွားပြန်ပြီး ထောင်အကြိမ်ကြိမ်ကျခဲ့ပြန်သည်။
ကိုပေသီး က ဒေါ်အောင်ဆန်းစုကြည်၏ N.L.D ပါတီဝင်မို့ ထောင်ခဏခဏကျခြင်းဖြစ်သည်။ တင် ဆင့်ရေးသော မြည်းတစ်ကောင် အမည်ရှိ မြန်မာဝတ္ထုတိုကို ဂျပန်နိုင်ငံအိုဆာကာ တက္ကသိုလ်မှ ဂျပန်ဘာသာဖြင့် ထုတ်ဝေသော စာအုပ်တွင် ဂျပန်လိုပုံနှိပ်ဖော်ပြခြင်းခံရပါသည်။ ငယ်သူငယ်ချင်း နှစ်ယောက် ထိုစာအုပ်လေး ထဲ တွင် ဂျပန် ဘာသာဖြင့် ဆုံဆည်းမိကြပြန်သည်။ ရေစက်အမည်ရှိ ကျွန်တာ့်ဝတ္ထုတိုကလေးလည်း အဆိုပါစာအုပ် ထဲ တွင် ပါဝင်ခဲ့ပါသည်။

တစ်ခါတွင် နိုင်ငံရေးပြစ်မှုဖြင့် ကျွန်တော်အင်းစိန်အကျဉ်းထောင်ထဲမှာ အကျဉ်းသားဖြစ်နေခိုက် သတင်း တစ်ခုကြား လိုက် ရသည်။ ငယ်သူငယ်ချင်း တင်ဆင့်က ကျွန်တော့်အကြောင်း အကောင်း အဆိုးတွေ ကို ဆောင်းပါးရေးနေ သည် တဲ့။
လေထန်ကုန်း ရဲ့ ညနေခင်းများ စာအုပ်အတွက်တဲ့။ ကျွန်တော်ထောင်ကျစဉ်က ထောင်ထဲမှာစာ ဖတ်ခွင့်မရှိ ယခုလို တီဗီကြည့်ခွင့်လည်းမရှိဘဲ အနေအတိုင်ကျပ်တည်းဆင်းရဲသော ကာလပါ။ စာမ ဖတ်ရတော့ စာငတ် ခဲ့သည်။ ထိုစဉ်က ယခု အင်ဒီပင်းဒင့်ဂျာနယ်နှင့် ရွှေအမြုတေမဂ္ဂဇင်းမှ အယ်ဒီ တာကိုမျိုးမြင့်ညိမ်း၊ ဒီလှိုင်းဂျာနယ် မှ ကိုနီလုံးဦးနှင့် နိဒါန်းသစ်စာပေမှ ကိုအောင်ဇော်မင်းတို့လည်း အင်းစိန်ထောင်ထဲမှာ ရှိနေကြသည်။ သူတို့နှင့် ကျွန်တော် မတွေ့ရ။ ထောင်ဝင်စာတွေ့ချိန်မှာတော့ ကိုမျိုးမြင့်ညိမ်းနှင့် ကျွန်တော်တစ်ခါတစ်ရံ ဆုံမိတတ်သည်။

သို့သော် စကားပြောခွင့် နှုတ်ဆက်ခွင့်မရ။ အတော်ဆိုးလှတဲ့ ကာလကြီးပါလား၊ အပြင်လောက မှာရှိနေသော ငယ် သူငယ်ချင်းမောင်တင်ဆင့် က ကျွန်တော့် ကို သတိတရရှိလှစွာဖြင့် ကျွန်တော့် အကြောင်းဆိုး တာတွေရော ကောင်းတာတွေရော သောင်းပြောင်းနှောကာ စာတစ်ပုဒ်ပေတစ်ဖွဲ့ ရေးနေသည်ဟု သတင်းကြား ရတော့ "မင်းအကြောင်း ငါကပြန်ရေးတဲ့အခါကျရင်တော့ ကောင်းတာတွေပဲ ရေးမယ်ကွ၊ မင်းကတကယ် လည်း လူကောင်း စာကောင်း သမားပါကွာ၊ မင်းကတကယ်ရိုးသားဖြူစင်တဲ့ စာရေးဆရာပါတင်ဆင့် ရာ ငါက စာသာကောင်း ရင်ကောင်းမယ် လူကတော့ လူဆိုးကွ" ဟုကျွန်တော့ရင်ထဲမှာ ပြောနေမိခဲ့သည်။ 

အကျဉ်းထောင်၏ ဆည်းဆာရိပ်များတွင် ငယ်သူငယ်ချင်း တချို့ အကြောင်း ကို လူငယ်ရုပ်ရှင်ဒါရိုက်တာ စာပေ သမား မကွေးသားရီဇော် အား ကျွန်တော်ပြောမိ တတ်သည်။ သူနှင့်ကျွန်တော်ထောင်ထဲက အဆောင်တစ်ခု ထဲမှာ နေကြရချိန်ဖြစ်သည်။ သူက တက္ကသိုလ်ရိပ်သာလမ်း ရှိ ဒေါ်အောင်ဆန်းစုကြည်၏ ခြံရှေ့၊ တရားဟောပွဲ ကို သွားနားထောင် မိ သောပြစ်မှုကြောင့် ထောင် ကျနေ ချိန်ဖြစ် သည်။
သူထောင် မှ လွတ်လာသောအခါ Beauty မဂ္ဂဇင်းတွင် ၀င်အလုပ်လုပ်သည်။ နိုင်ငံခြားသို့ စာနယ် ဇင်း ပညာလေ့လာရေး သွားသည်။ ထိုနောက်မှာ SATORI ရုပ်ရှင်ကုမ္ပဏီကို တည်ထောင်ကာ မင်းသား ရဲတိုက်နှင့် အတူ သူကဒါရိုက်တာလုပ်ပြီး ဇာတ်ကားတွေရိုက်ပါတော့သည်။ တင်ဆင့်က စာလည်းရေးရင်း ပိတောက်ပွင့်သစ် မဂ္ဂဇင်းမှာ အယ်ဒီတာဝင်လုပ်သည်။ သူနှင့်ကျွန်တော် လူချင်း သိပ်မဆုံမိတတ်ကြပေ။ စာတွေတော့ များများရေးနေကြသည် ည။ စာပေဟောပြောပွဲတစ်ခုတွင် လူချင်းဆုံမိကြသည့် တစ်ကြိမ်ရှိ ခဲ့ပြန် သည်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် N.L.Dမှ ဖွင့်လှစ်ထားသော အောင်ဆန်းပင်လုံ စာကြည့်တိုက် စာပေဟောပြောပွဲ မှ ဖိတ်ကြား၍ ကျွန်တော်သွားဟောရသည်။ အကျဉ်းထောင်မှလွတ်မြောက်လာ ခါစ နိုင်ငံရေး အကျဉ်းသား လူငယ်တစ်ဦးဖြစ်သူ ကိုနေဘုန်းလတ်၊ မောင်တင်ဆင့်နှင့် ကျွန်တော်တို့ သုံးယောက်ဟောပြောကြရသည်။ တစ်ရက် တွင် လမ်းကြုံသဖြင့် ပိတောက်ပွင့်သစ်မဂ္ဂဇင်းတိုက်သို့ ကျွန်တော်ဝင်ပြီး သူ့ကိုနှုတ်ဆက်သည်။ အစ်ကိုကြီး ကိုစိမ်းနီ၊ မောင်တင်ဆင့်နှင့် ဆရာဝန်ကြီး ဒေါက်တာလွဏ်းဝေတို့ကိုတွေ့ရသည်။

"ငါ့လည်ပင်း မှာ အကျိတ်ကလေးတွေ့ရလို့ကွ၊ အဲဒါဘယ်လိုလုပ်ရမလဲဆိုတာ တိုင်ပင်နေကြတာ" ဟုတင်ဆင့် ကပြောသည်။ သိပ်မကြီးပါ။ အဆီအကျိတ်ကလေးဟုထင်ရသည်။ မကြာမီနောက်ရက် များတွင် ဆေးရုံတက်ပြီး သူခွဲစိတ် ကုသမှု ခံရကြောင်း ကြားရသည်။ နောက်ထပ်ကြားရပြန်သည်က တောင်ကြီးမြို့အထိသွားကာ ဓါတ်ကင် ရပြန်သည်တဲ့။ တစ်ရက်မှာတော့ သူ့ဒုတိယအကြိမ်ဆေးရုံ ပြန်တက်ရပြန်သည်။ ပန်းချီ ကိုယဉ်မင်းပိုက် က...
"ဆောင်း သူငယ်ချင်းကို သွားကြည့်ပါဦး ရန်ကုန်ဆေးရုံကြီးမှာလည်ပင်းက အစာမြို့လို့မရလို့ ဗိုက်ကပိုက် နဲ့အစာသွင်းနေ ရတယ်" ဟုပြောသည်။ ရနံ့သစ် မဂ္ဂဇင်းတိုက်မှာ ဆုံးစည်ရသော စာရေးဆရာစိုးမြင့်လတ်နှင့် ကျွန်တော် ဆေးရုံ သို့သွားကာ လူနာကိုကြည့်ကြသည်။

သူနှင့် ကျွန်တော်လက်ချင်းဆုပ်ကိုင်ထားမိသည်။ ငယ်သူငယ်ချင်းရေ မင်းကိုစိုးရိမ်တယ်ကွဟု ကျွန်တော့် ရင်ထဲ မှာ ဂယက်ထနေသည်။ မကြာမိသူ ဆေးရုံမှဆင်းသည်။ နောက်တစ်ခါ ပြန်တက်ရပြန်သည်။ ထိုကာလများ အတွင်း လတ်လတ်ဆတ် ဆတ်ခရီးပြင်းကဗျာကို သူရေးခဲ့ပါသေးသည်။
သူ့ကဗျာ ဖတ်ပြီး ကျွန်တော်စိတ်ထိခိုက်မိသည်။ တင်ဆင့်ရေး မင်းကိုငါချစ်တယ်။ မင်းရဲ့ Artအနု ပညာကို ငါချစ်တယ်ကွ။ ချစ်ခင်လို့မှ မ၀သေးခင် တယ်လီဖုန်းသတင်းဝင်လာသည်။ ကျွန်တော့် သူငယ်ချင်း တစ်ယောက်ဖြစ်သော စာရေးဆရာ မောင်မိုးယံက ကျွန်တော့ဆီဖုန်းဆက်သည်။ သူသတင်းကြားရသည်တဲ့။ စာရေးဆရာ မောင်တင်ဆင့် ဆုံးပြီတဲ့။ မကြာပါချေ။ စာနယ်ဇင်းသမား တော်တော်များများက ကျွန်တော့် ဆီ ဖုန်း လှမ်းဆက်ကြပါပြီ။

"ဆောင်းကြီး....မင်းသူငယ်ချင်း ကိုတင်ဆင့် စက်တင်ဘာ ၂၈၊ မနက် ၁ နာရီ မိနစ် ၂၀က ဆုံးပြီး" တဲ့။
တစ်ယောက်ကတော့ "ရန်ကုန်ဆေးရုံကြီး ကင်ဆာဆောင်မှာဆုံးတာဗျ"တဲ့။

သူကျွန်တော့်ထက် အသက်ငယ်ပါသည်။ ခုမှ ၆၃နှစ်ရှိသေးတာ။ ဘာတတ်နိုင်မလဲ တင်ဆင့်ရာ။ မင်းကတော့ ၀ဋ် ကျွတ်သွားပြီပေါ့။ ဘာတစ်ခုမှ မည်မည်ရရမသုံးမကျတဲ့ ဒီမြေ၊ ဒီရေ၊ ဒီသေသကြီး ထဲက မင်း လွန်မြောက်ခွင့် ၀ိမုတ္တိ ရသွားပြီပေါ့ကွာ။ ဟုတ်တယ်။ ငါတို့မြို့ကြီးက မာယာမြို့ကြီးကွ။ ကောက်ကျစ်ပတ်စက်တဲ့ လျှို့ဝှက် လက်နက်တွေနဲ့ ပြည့်နှက်နေတဲ့ မြို့ကြီး။
ဒီတစ်ခါ ကျွန်တော့်တောက်ခေါက်သံက တော်တော်လေးပြင်းထန်လိမ့်မည်ထင်ပါသည်။ ကျွန်တော့် ရင် ထဲမှာတော့ ငယ်စဉ်ကတင်ဆင့်တို့ ကျွန်တော်တို့ ဖန်တီးခဲ့တဲ့ "အာကာနီ" နံရံကပ် စာစောင် လေး ကို မမေ့သေးပေ။

ဆောင်းဝင်းလတ်
သရပါမဂ္ဂဇင်း ၂၀၁၂ ဒီဇင်ဘာလ
.
>>>ဆက်ဖတ်ရန်>>> >>

Monday, December 17, 2012

ရဲသျှမ်း ၏ ရှန်တိန်

ရဲသျှမ်း
ရှန်တိန်


(၁)

ပြဿနာက မန္တလေး-ပုဂံအမှတ် ၁၁၉ အဆန်လမ်းချော်တာက စတားရထားလမ်းချော်တာများ အကြိမ်ကြိမ်ဖြစ်နေတာ မို့ မဆန်းလှဘူးဆိုပေမဲ့အဲသည်နေ့မှာ တိုက်တိုက်ဆိုင်ဆိုင် နိုင်ငံခြားသားခရီးသည် တစ်ယောက် ပါနေတယ်လေ။ ရှားရှားပါးပါး တစ်ယောက်တည်းပါလာတာ။ ဒေါ်လာနဲ့ကျပ်ပေါက်ဈေးကို ဂဏန်းပေါင်းစက်နှိ ပ်နေတဲ့ ရိုးလင်းစတုန်းတွေထဲကနေမှာပါ။ မီးရထားအခေါ်နဲ့ပြောရရင် အာဝါဒါးပဲ။ ဒါကြောင့် လည်း တောရထား ကို ရိုးရိုးတန်းကနေ စီးလာတာနေမှာ။

အချိန်နှမျောတဲ့ သူတွေက ရထားကို လက်ရှောင်နေကြတာ ကြာပြီ။ ကားတွေက မြန်လည်းမြန်၊ အဲယား ကွန်း ကလည်း အေးဆိုတော့ ခရီးသွားတော်တော်များများက ရထားကို ကျောခိုင်းနေကြပြီ။ တိုးတွေဆို ပိုဆိုးတာပေါ့။ သူတို့က အချိန်အကန့်အသတ် ကိုင်းလစ်မစ်တွေနဲ့လေ။ နောက်ကားက မြန်မာကျပ်နဲ့ဝယ် လို့ရ တယ်။ နိုင်ငံသားနဲ့ နိုင်ငံခြားသား တစ်ဈေးတည်းပဲ။ ရထားကျတော့ နိုင်ငံခြားသား ကို ဒေါ်လာ နဲ့မှ ရောင်းတာ။ ပေါက်ဈေးနဲ့မြှောက်ကြည့်တော့ နိုင်ငံသားဈေးနဲ့ ၃ ဆ နီးပါးကွာနေတယ်။ သည်တော့ ကားကိုပဲ အလေးထားကြတယ်။ ရထားလမ်းခရီး ကို လေ့လာချင်သူတွေ၊ လူများများနဲ့ ထွေးရောယှက်တင် ဘ၀တွေကို သချင် ခံစားချင်သူတွေ၊ ကားစီးဖို့ အတွက် ကျန်းမာရေး အဆင်မပြေသူတွေလောက်ပဲ ရထားစီးကြတာလေ။ ဒီငတိ ကတော့ ဘာရည်ရွယ်ချက်နဲ့ ရထားစီးသလဲမသိ။

နိုင်ငံခြားသား ရထားစီးဖို့ လက်မှတ်လာဝယ်ရင် ကိုယ့်ဌာန နိုင်ငံခြားငွေတာထက် ကိုယ့်ရထားကိုယ်စိတ် မချလို့ စိတ်က တထင့်ထင့် ရယ်။ ရထားထွက်ချိန်၊ ဆိုက်ချိန်တွေက သူတို့စုံစမ်းထားတာနဲ့ လွဲတာက များတယ်။ အထူးသဖြင့် ပုဂံရထား၊ နှစ်ပေါင်းလည်း ကြာလှပြီ မိုးတွင်းဆို လမ်းက တစ်နေ့ ရွှေ၊ တစ်နေ့ငွေ စက်ခေါင်း တစ်လှည့်၊ တွဲတစ်လှည့် လမ်းချော်နေတော့တာ။ တစ်လောကအဆင့်မြှင့်တယ်ဆိုပြီး အသံတွေ တော့ ကြား လိုက်သေးတယ်။ နောက်တော့လည်း ဒုံရင်း ဒုံရင်းပဲ။ ခရီးဆုံးရောက်ရမ့်အချိန် မရောက်လို့ အစီ အစဉ်တွေ လွဲချော် ကုန်ပြီဆိုလို့ ဖြေရှင်းရပေါင်းများပြီ။

ရက်တော့ မမှတ်မိတော့ဘူး၊ မိုးတွင်းကာလကြီးဆိုတော့ ထုံးစံအတိုင်း ပုဂံ-ရန်ကုန် ရထားက လမ်းချော်ပြန်ရော။ ကိုးပင် ဘူတာနားမှာ။ ကိုးပင်က တောင်တွင်းကြီးနဲ့ ဆက်သွား ကြားမှာရှိတယ်။ ၃ တွဲတောင် လမ်းချော် တာကြောင့် ရထားဆက်ထွက်ဖို့က အနည်းဆုံး ၅ နာရီကျော် စောင့်ရတော့မယ်။ အိပ်စင်တွဲက စီးလာတဲ့ သူတွေထဲ မှာ နိုင်ငံခြားသား စပိန်တစ်ယောက်ပါလာတယ်။ စပိန်လည်း ဟိုမေး သည်မေးနဲ့ မေးတော့ “ကရိန်းစောင့် ရမယ်” “ဌာနဆိုင်ရာအလိုက် ကြီးကြပ်ရေးအဆင့် ၀န်ထမ်းတွေက ဘာကြောင့်ရထားတွဲ လမ်းချော် ရတာလဲ ဆိုတာကို စစ်ပြီးမှ တွဲတွေမရတာ။ ဒါကြောင့် သူတို့စုံအောင် စောင့်ရဦးမယ်”
ဆိုတဲ့ အဖြေတွေကြားမှာ သူ့ခမျာ လည်ထွက်သွားတယ်ထင်ပါတယ်။ သည်တော့ အထုပ်အိုးလွယ် ကားလမ်းဘက် ကူး၊ ကြုံတဲ့ ကားတားစီး၊ ကားအဆင့်ဆင့် စီးပြီးတော့ ရန်ကုန်ပြန်ရောက်တာ။ စဉ်းစားကြည့်။ လမ်းခရီး မချောမွေ့မှုအပေါ် သူဘ်လောက် စိတ်ဆင်းရဲလိုက်လေမလဲ။

မကျေနပ်မှုတွေ တစ်ပွေ့တစ်ပိုက် ဖြစ်နေလေမလဲ။ အဲဒါ တွေအားလုံး ရင်ထဲ သိမ်းထားလိုက် ရင်တော့ ကောင်း တာပေါ့။ အခုတော့ မဟုတ်ဘူးသကောင့်သားက ဘူတာချီတက်လာပြီး Complaint Center, Enquiry စတဲ့ ဆိုင်းဘုတ်တွေ စုံအောင် တပ်ထား တဲ့ သူ့ရုံးခန်းကို ရောက်လာပါလေရော။ ဘယ်အချိန်ကတည်းက မျိုသိပ် ထား သလဲ မသိလောက်အောင် တရစပ်ချဲပါတော့တယ်။ စပိန်သားပြောတဲ့ စကားတွေထဲက သူမှတ်မိတာ ကတော့
“မင်းတို့ ရထားသာစောင့်စီးရင် ဒီည လေယာဉ်လွတ်မယ်”
“ဗီဇာရက်ကျော်ရင် မင်းတို့ ဘယ်လိုရှင်းပေးမယ်”
သည်စကားလောက်ကတော့ သူ့အတွက် ရိုးနေပါပြီ။
“ရထားလက်မှတ်ခပြန်အမ်းပေးပါ”
ဒါကျတော့ သူပျာသွားပြီ။ နိုင်ငံသားအတွက် ၁၅၀၀၀ ကျပ် ကျသင့်တဲ့ အိပ်စင်လက်မှတ်ခက နိုင်ငံခြားသား အတွက် ဒေါ်လာ ၅၀ ယူထားတာဆိုတော့ နဂိုကတည်းက အောင့်သက်သက်ဖြစ်နေတ့ စပိန်သားကို ဘယ်လို တောင်းပန်တောင်းပန် ကျေနပ်လိမ့်မယ်မထင်ဘူး။

သူတတ်သမျှ မှတ်သမျှနဲ့ -
“ခဏစောင့်ပါဖြေရှင်းပေးနိုင်မယ့်သူကို ဖုန်းဆက်ပေးပါမယ်”
ဆိုပြီး တောင်းပန်၊ ထိုင်စရာနောပေး။ တပည့်လေးတစ်ယောက်ကို ရေသန့်ဗူးနဲ့ အချိုရည်ဗူးဝယ်ခိုင်းဧည့်ခံ။ သူ့အထက် ပုဂ္ဂိုလ်တွေ ထဲက နံပါတ် (၃)ကို ဖုန်းခေါ်။
“အစ်ကိုရေ  xxx  အဲဒါ လက်မှတ်ခ ဒေါ်လာ ၅၀ ပြန်အမ်းခိုင်းနေတယ် ကျွန်တော် ဘာလုပ်ရ …”
စကားတောင် မဆုံးဘူး။
“ဟာကွာ … ဟိုဘက်မှာ ဖြစ်လာတဲ့ကိစ္စ ဒီက ငွေပြန်အမ်းရင် အချောင်စိုက်နေရဦးမယ်။ မင်း (…) ဆီ ဆက်ကွာ၊ ငါ့မေး ရင် ဆေးခန်းသွားတယ်ပြောလိုက်”
သွားရော။ တစ်ယောက်က လက်ရှောင်သွားပြီ။ နောက်ထပ် ဖုန်းနံပါတ်တစ်ခု ထပ်နှိပ်လိုက်တယ်။ ဖုန်းဝင် သွားတော့ ဖြစ်စဉ် အစအဆုံးရှင်းပြ။
“အဲဒါပါပဲ ဆရာသူ့ကို ကျွန်တော် ဘယ်လို ဖြေရှင်းပေးရမလဲ … (…) ကလည်း သွေးအ၇မ်း တိုးနေလို့ ဆေးခန်း သွားတယ်။ ဒါကြောင့် ဆရာ့ဆီ ဆက်ရတာပါ”
တစ်ခါတည်း ပိတ်ပြောတော့ ဆရာသမား နံပါတ် (၂)လည်း ခဏတော့ ငြိမ်ကျသွားတယ်။

“အေးဗျာ … အင်း သည်လိုလုပ် ခင်ဗျား(…)ဆီ ဆက်ဗျာ … ဒီအချိန်ရုံးဆင်းချိန်ဆိုတော့ အိမ်ကိုဆက် ကျွန်တော့်မေး ရင် Out of Area ဖုန်းခေါ်မရဘူးသာပြောလိုက်”
အောက် ကို ပုတ်ဖို့ ကြံစည်ပေမဲ့ အောက်ကသူ့အရင် ရှောင်ထွက်သွားတော့ ဆရာသမားကလည်း ပါးနပ်ပါတယ်။ အပေါ်ကို လမ်းကြောင်းပြောင်းပေးလိုက်တယ်။ တစ်ဖက်က ဖုန်းချသွားမှတော့ သူလည်း ဖန်းပြန်ချ ထားလိုက်ရပြီလေ။ သူ့ရှေ့တည့်တည့် ထိုင်နေတဲ့ပုဂ္ဂိုလ်ကတော့ “ဘယ်လိုလဲ မင်းပြေလည်အောင် မလုပ်နိုင်တော့ဘူး လား” အဓိပ္ပာယ်ပါတဲ့ အကြည့်နဲ့ ကြည့်နေသလိုပါပဲ။
နောက်ထပ် ဖုန်းနံပါတ်တစ်ခု ထပ်နှိပ်တော့ လွယ်လွယ်ကူကူပဲ ဖုန်းဝင်သွားတယ်။ ဖြစ်စဉ်ကို အစအဆုံး ပြောပြ။ ၃ မရှိ၊ ၂ ကို ဆက်သွယ်မရ ဒါကြောင့် ဆရာ့ကို ဖုန်းဆက်ရတာပါဆိုတဲ့အကြောင်း အစချီပြီး “ကျွန်တော် ဘယ်လို လုပ်ရမလဲဆရာ” လည်းဆိုရော

“ပြဿနာဖြစ်ပြီဆိုရင် ဖုန်းဆက်ပြီး။ ဒီနေ့မှ မင်းတို့ဆရာတွေက မရှိတော့တာလား … အင်း … သည်လိုလုပ် ကွာ မင်းအဲသည်နိုင်ငံခြားသားကို တောင်းပန်ကွာ ကျေနပ်အောင်တောင်းပန်ကွာ နော် … အေး … အေး”
ဟောဗျာ ဖုန်းချ သွားပြီ။ တောင်းပန်လိုက်တဲ့ သေရော။ သကောင့်သားက ကျေန်မှာတဲ့လား။
“ဆောရီး … မိုင်ဟက်(ဒ်) အော့ဖစ်(စ်)ကင်နော့ရီဖန်း”
ငွေပြန်မအမ်းနိုင်ဘူး ဆိုတာနဲ့ ပေါက်ကွဲလိုက်တာမှ ပါးစပ်ထဲ ဘရင်းဂန်းထည့်ထားသလိုပါပဲ။ နောက်ဆုံးတော့ သူ သူကိုယ်သူ သနား ရမလား၊ ဒေါသထွက်နေတဲ့ ရှေ့ကပုဂ္ဂိုလ်ကိုပဲ သနားရတော့မှာလား ဖြစ်နေပြီ။
ရထားလက်မှတ်ခတော့ မအမ်းနိုင်ဘူး၊ ကားခတော့ ပေးပါမယ်ပြောတော့ မကျေမနပ်နဲ့ လက်ခံသွားတယ်။

သူလည်း ကားခတစ်သောင်းကို လက်မှတ်ရုံက ယူပေးလိုက်တယ်။ ဒီတစ်သောင်းကလည်း ညွှန်ကားမှု စာ တစ်စောင်တောင် မရှိတာကြောင့် ငွေစာရင်းကနေ အနုတ်ပြလို့မရဘူး။ သူပဲ စိုက်ရမှာ။ မိန်းမဈေးဆိုင် ထဲက နှိုက်ပေးရမှာဆိုတော့ အမှန်အတိုင်းပြောရင် မိန်းမနဲ့ရန်ဖြစ်ရဦးမ်။ ဒါကြောင့် မိန်းမကို ဘယ်လို ဘတ်ရမလဲ စဉ်းစားနေတာ နဲ့ “I Don’t Satisfy” လို့ ပြောသွားတဲ့ စပိန်သားကိုလည်း ဘာမှ တုံ့ပြန်မနေတော့ဘူး။ သည်မောင် ရုံးခန်းကနေ ပြန်ထွက်သွားတာကိုပဲ ကျေးဇူးတင်နေရသေးတယ်။ ပန်ကာ အောက်မှာေ ချွးပြန်နေတဲ့ သူ့အဖြစ် ကိုတော့ ၃၊ ၂၊ ၁ တွသိမယ်မထင်ဘူး။
သူ တာဝန်ချိန်ပြီးလို့ ညတာဝန်ကျကို တာဝန်လွှဲပြောင်းပြီးတဲ့အထိ ဘယ်သူကမှ ပြေလည်သွားပလားလို့ မမေးကြ ဘူးလေ။

အဲသည် ပုဂံရထားပဲ ပြင်သစ်မိသားစု အိပ်စင်ကနေ စီးလာတုန်းက အဲယားကွန်း မအေးလို့ဆိုပြီး ဘူတာကြီး ရောက် မှ ပြဿနာရှာတော့တာ။ အဲယားကွန်းခ ပြန်အမ်းတဲ့လေ။ အထက်ပုဂ္ဂိုလ်တွေဆီ ထုံးစံ အတိုင်း ဖုန်းဆက်တော့ အဲယားကွန်းအေး၊ မအေး ကိုယ်တိုင် တွဲပေါ်တက်စစ်ပါဆိုတဲ့ အမိန့် ကျလာပါလေရော။ ဒါနဲ့ တွဲပြင်ရုံသွား၊ မီးစက်မောင်း၊ အဲယားကွန်းဖွင့်တွဲပေါ်တက်စစ်တော့ အေးနေတယ်။ ဒါဆိုရင် ပြင်သစ်ကြီးက အဲယားကွန်းခ ၄ ယောက် အတွက် ဒေါ်လာ ၄၀ လိမ်တောင်းနေတာလား … ဒါလည်း မဖြစ်နိုင်လောက်ဘူး။ အာဝါဒါးတွေ မဟုတ်ဘူး။ လူရည်သန့်တွေ။ တကယ်မအေးလို့သာပြောတာနေမှာ။

ရထားလိုက် မီးစက်မောင်း လုပ်သားလေးတွေကလည်း သူတို့ မီးစက်မောင်းပါတယ်။ လုံးဝမရပ်ပါဘူးတဲ့။ သူ အာရုံတော်တော်နောက်နေ ပြီ။ တွေ့ရှိချက်ကို ပြောပြတော့ ၃ က ၂ ကို ပြောပါတဲ့။ ၂ က ၁ ကို ပြောပါတဲ့။
“မင်းတို့ ကိုယ့်ဘာသာမဖြေရှင်းနိုင်တော့ဘူးလား။ အဲယားကွန်း အေးရင် နိုင်ငံခြားသားလိမ်တာ၊ မအေးတာ မှန်ရင် ၀န်ထမ်း လိမ်တာ။ အဲဒါ သေသေချာချာ စစ်ဆေးပြီး ရှင်းပေးလိုက်”
ညွှန်ကြားချက် အတိုင်း ဆိုရင်တော့ စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့ရဦးတော့မယ်ထင်တယ်။ ဒါနဲ့ပဲ ဒေါ်လာ ၄၀ ရဖို့ အရေး ပြင်သစ်ကြီး မိသားစု တစ်ပတ်လောက်သောင်တင်သွားနိုင်တယ်။
နိုင်ငံခြားသား မလိမ်လောက်ဘူး လို့ အတပ်စွဲလိုက်တာနဲ့ မီးစက်မောင်းတွေကို စွပ်စွဲရတော့မယ်။ ကိုယ့်လူ တွေ ကလည်း စိတ်ချရတာမဟုတ်ဘူး။ တွဲထိန်းကြီးကြပ်ကို ခေါ်မေးတော့ “မီးစက်တောက်လျှောက် မောင်း မမောင်းသတိမထားမိပါဘူး” တဲ့လေ။

ဂါတ်ဗိုလ်ကြီး မေးတော့လည်း “အင်း … အဲ …” နဲ့ ဖြစ်နေတယ်။ သေချာပြီး ညပိုင်းနည်းနည်းအေးတဲ့အချိန် မီးစက် ပိတ်ပြီး ဆီချွေတာလိုက်တာ။ ပြောရရင် အိတ်ထဲထည့်တာ။ အရင်လုပ်နေကျ ခုပြဿနာရှာတဲ့ သူနဲ့ တွေ့တော့ ရှုပ်ကုန်ရော။ ဒါနဲ့ မီးစက်တာ ၀န်ခံကိုခေါ်ပြီး “မင်းတို့ဘာမှ မဖြစ်စေရဘူး၊ လမ်းမှာ မီးစက်ပျက် သွားလို့ ဘယ်အချိန်ကနေ ဘယ်အချိန် အထိ မီးစက်ခဏရပ်လိုက်ရတယ်ဆိုတဲ့ စာတိုတစ်စောင်သာပေးကွာ ငါပြေလည်အောင် ရှင်းပေး လိုက်မယ်” ပြောတော့မှ ဘသားချော ၀န်ခံတော့ တယ်။
ငွေတိုက် ကနေ ဒေါ်လာ ၄၀ အမ်းပေးလိုက်တော့ ပြင်သစ်ကြီးက “သင့်ခ်ယူ … ဘတ် အိုင်ဝေ့ဖော်တူးအာဝါ” ဆိုပြီး ၂ နာရီလောက် စောင့် ရတာကို ရိသွားသေးတယ်။

(၂)

လပြန်ပြီ ပုဂံရထား။ သည်တစ်ခါ ဖြစ်တာက မန္တလေး-ပုဂံ ၁၁၉ အဆန်။ အဲဒါမဆီမဆိုင် သူတို့ဆီ မှာ ပြဿနာလာတက်နေတယ်။ ဖြစ်ပုံက အာဝါဒါးအင်္ဂလိပ်ငတိ က ရထားလမ်းချော်တော့ ခါးမှာပတ်ထားတဲ့ ခါးပတ်အိတ် ပြုတ်ပြီး ပျောက် သွားတယ်တဲ့။ အိတ်ထဲမှာ ဒေါ်လာ ၃၀၀ နဲ့ ပတ်(စ)ပို့တွေပါ ပါသွားတယ်ဆိုတော့ ရထားလမ်းချော် ရာကို ရောက်လာတဲ့ လူကြီးတွေက ကျပ်ငွေတစ်သိန်းထုတ်ပေးပြီး သူတို့ဆီကို တရုတ်ရထားနဲ့ တင်ပေး လိုက်တယ်။ ရထားဆိုက်တော့ လက်ထောက်မန်နေဂျာကိုယ်တိုင် စောင့်ကြို၊ တက္ကစီနဲ့ သံရုံးလိုက်ပို့။ ပြီးပြီပေါ့။
မပြီးပါဘူးဗျာ … ညနေ သူ့ဂျူတီကုန်ခါနီးမှာ ငတိရောက်လာပြီး “သံရုံးက သောကြာနေ့ ရုံးဆင်းခါနီးမို့ အဆင် မပြေဘူး။ တနင်္လာနေ့မှ ပတ်(စ)ပို့ရမယ်၊ ဒါကြောင့် ပြန်လာတာ၊ ငါနေဖို့ ဘယ်လိုစီစဉ်ပေးမလဲ” တဲ့လေ။

“အာဝါအော့ဖစ်ဂေ့ဗ်ယူ ၀မ်းလက်(ခ်)”
“အိုင်နိုး … အိုင်ဟက်(ဖ်)နော့ ပတ်(စ)ပို့ဆိုးအောလ် လော့ရျင်းရီဂျက်မီ”
သူက ဌာန က ပေးလိုက်တဲ့ ငွေတစ်သိန်းအကြောင်း ပြောတော့ တည်းခိုခန်းတွေက ပတ်(စ)ပို့မပါတော့ လက် မခံကြဘူး တဲ့လေ။
၃ က သည်မောင်ပြန်ရောက်လာတာ သတင်းကြားပြီးကတည်းက ပျောက်သွားတာများ ဖုန်းပါ “စက်ပိတ် ထားပါတယ် ရှင်” ဖြစ် သွားတယ်။ ၂ ကို ဆက်တော့
“(-) တည်းခိုခန်း ကို ကျွန်တော် လွှတ်တယ်ပြော ကျွန်တော်တို့ ဧရိယာထဲ လာဆောက်ထားတာဗျာ ဒါလောက်တော့ ကူညီ ရမှာပေါ့”
သူအင်္ဂလိပ်ငတိ ရဲ့ အိတ်ကို ကူဆွဲပြီး တည်းခိုခန်း ချီတက်တော့ တည်းခိုခန်းပိုင်ရှင် မုတ်ဆိတ်ကြီးက ခန်းပိုင်ရှင် မုတ်ဆိတ်ကြီး က ဘာကြီးကပဲ လွှတ်လွှတ် ပတ်(စ)ပို့မပါရင် မရပါတဲ့လေ။ လုံးဝ စာအုပ်ကြီးအတိုင်း။

နောက် တည်းခိုခန်းပြောင်း။ ဒီစကားပဲ တိုင်ပင်ထားသလား အောက်မေ့ရတယ်။ အင်္ဂလိပ်ကြီးက ကျောပိုး အိတ်လွယ်။ သူက ဟင်းန်ဘက်အိတ်ဆွဲ တ၀ဲလည်လည်နဲ့။ ဘာလုပ်ရမှန်းလည်း မသိတော့ဘူး။ ၃ တွေ ၂ တွေ ကလည်း ဖုန်း မကိုင်တော့ဘူး။
“ပလိ(စ်)ဂစ်(ဗ်)အေ ဘက်ဒ် အိုင် ဟက်ဖ်နော့ စလိ(ပ)ဖော် သက်တီးဆစ်အာဝါး”
ပြော လည်း ပြောစရာပဲ။ သူ့ခမျာ ရထားလမ်းချော်ချိန်ကနေ တွက်ကြည့်ရင် ၃၆ နာရီကြာပြီ၊ ကျောတစ် ခင်းစာ မရရှာသေး ဘူး။
သူလည်း စိတ်တိုလာပြီ။ နေရင်းထိုင်ရင်း အရှုပ်ထုပ်က သူ့ခေါင်းပေါ် ရောက်နေတာ။ ကဲ လာကွာ ရုံးကို ပြန်မယ် ပြောပြီး ပြန် လာကြတယ်။ ရုံးရောက်တော့ အစည်းအဝေးခန်း ဖွင့်ပေးလိုက်တယ်။ ဆိုဖာ ဆက်တီ၊ ဘိုထိုင်၊ ရေချိုးခန်း ပါ ပါတာဆိုတော့ ငတိလည်း ပျော်ပြီး လက်သီးလက်မောင်း တန်းနေတာများ ကလေး လေး လိုပဲ။

သူ့ သော့ အပ်ပြီး အိမ်ပြန်သွားတော့ အိမ်ရောက် လို့မှ ယူနီဖောင်းမလဲရသေးဘူး ဖုန်းဝင်လာပါရော။
“ခင်ဗျား ဘယ်သူ့ညွှန်ကြားချက် နဲ့ စည်းဝေးခန်းမှာ နေရာပေးလိုက်တာလဲ” တဲ့လေ။ စိတ်တိုတိုနဲ့ အဲဒီမှာ မထားရင် “ဘယ်မှာ ထားရမလဲ ဆိုတာ ဘယ်သူမှ မပြောဘူး ... ကျွန်တော့်အိမ် ခေါ်သွားရမှာလား။ တကယ်တမ်း တာဝန်ရှိသူက ကျွန်တော်မဟုတ်ဘူးတာဝန် ကို ရှောင်လွှဲနေသူတွေကြောင့် ၀င်ပါရတာ .... အရေးယူ ချင်လည်း ယူဗျာ” ဆိုတော့ ဘာမှ မပြောတော့ဘဲ ဖုန်းချသွားတယ်။

(၃)
သောကြာ၊ စနေ၊ တနင်္ဂနွေ ၃ ရက်၊ မောင်မင်းကြီးသား စည်းဝေးခန်းမှာ နေပြီး တနင်္လာနေ့မှာ ပတ်(စ)်ပို့ ရတော့ ပြည်တော်ပြန် သွားလေရဲ့။
စနေ၊ တနင်္ဂနွေတိုင်း အစည်အဝေးခန်း မှာ ပုံမှန်ကျင်းပ တဲ့ လုပ်ငန်း စွမ်းဆောင်ရည် မြင့်မားရေး အလုပ်ရုံ ဆွေးနွေးပွဲ အဲသည် အပတ်က ဖျက်သိမ်းခဲ့တယ်လေ။

မှတ်ချက်။
ရှန်တိန် (Shunting) လမ်းပြောင်းလမ်းလွှဲပြုလုပ်ခြင်း။

ရဲသျှမ်း
ကလျာမဂ္ဂဇင်း ဇန်နဝါရီ ၂ဝ၁၃
.
>>>ဆက်ဖတ်ရန်>>> >>

Saturday, December 15, 2012

ကြူးနစ် ၏ ဟိုဘက်ခန်းက လူ

ဟိုဘက်ခန်းက လူ
ကြူးနစ်


ကွယ်လွန်သူ စွယ်စုံရအနုပညာရှင် စာရေးဆရာဝင်းဦး၏ ဝတ္ထုတစ်ပုဒ်ကို လွန်ခဲ့သော နှစ်များစွာက ကျွန်တော် ဖတ်ရှုခဲ့ဖူးပါသည်။ ဝတ္ထုအမည်ကို ကျွန်တော် မမှတ်မိတော့။ ဝတ္ထုအကြောင်းအရာ ဇာတ်လမ်း ဇာတ်ကွက် တို့ကိုလည်း ကျွန်တော် မေ့နေပြီ။ သို့သော် အဆိုပါဝတ္ထုထဲမှ ဝင်းဦး၏ အရေးအသား ဝေါဟာရ တစ်လုံးကိုတော့ ကျွန်တော် အမှတ်ရနေသည်။ ဝတ္ထုထဲမှ "ဇာတ်လိုက်" သည် ဘိုခွေးကလေးတစ်ကောင်ကို သံကြိုးဖြင့် ဆွဲကာ လမ်းလျှောက် တင်သဖြင့် သူစိမ်းဖြစ် သော "ဇာတ်လိုက်မ" က အမည်သိခွင့် မရသေးသော ဇာတ်လိုက်ကို "ခွေးလူကြီး" ဟု အနွတ္တ သညာဖြင့် ခေါ်ဝေါ်ခဲ့ပုံကို ကျွန်တော် သတိရနေမိပါသည်။
ယခုလည်း "ခွေးလူကြီး" တစ်ယောက်ကို အမှတ်မထင် ကျွန်တော် ကြုံဆုံတွေ့ရှိနေခဲ့ရပါပြီ။

ကျွန်တော် နာမည်ပြောင်ပေးထားသော "ခွေးလူကြီး" ၏ နာမည်ရင်းမှာ နာမည်ပြောင်နှင့် ခပ်ဆင် ဆင် ဖြစ်နေ သည်။ မတူကွဲပြား တခြားစီဟု ပြောချလည်း ပြောနိုင်ပါသည်။
ကျွန်တော်တို့ မိသားစု၏ နေရာထိုင်ခင်း ဘုံဗိမာန်အသစ်တို့ မပြောင်းရွှေ့၊ မရောက်ရှိသေးမီ တိုက် ခန်းရှာပေးသော အကျိုးဆောင်ပွဲစားကြီး က "ကိုယ့်လူတို့ ကံကောင်းပါတယ်၊ ကိုယ့်လူတို့နဲ့ မျက်နှာ ချင်းဆိုင် အခန်း မှာက အဘိုးကြီးတစ်ယောက်တည်း။ တစ်ကိုယ်တော်နေတာ၊ ကိုယ့်လူရဲ့ ကလေး တွေနဲ့ ကလေး ချင်း ပြဿနာ ဖြစ်စရာ စရာမရှိတော့ဘူးပေါ့" ဟု သတင်းပေးခဲ့သည်။
"အဲဒီ အဘိုးကြီးက အသက်ဘယ်လောက်လောက် ရှိပြီလဲ"
"ခြောက်ဆယ့်ငါး၊ ခုနစ်ဆယ်လောက်ပေါ့။ ဒါပေမဲ့ ကျွဲပေါက်တစ်ကောင်လို သန်သန်မာမာ ထွား ထွားကြိုင်းကြိုင်း ထဲကပဲ၊ အဖော်အလျော် မရှိဘဲ တစ်ကိုယ်တော်နေတာသာ ကြည့်ပေတော့"
"တစ်ကိုယ်တော်ဆိုတော့ သူက လူပျိုကြီးလား၊ ဒါမှမဟုတ် မုဆိုးဖိုလား၊ တစ်ခုလပ်လားဗျ"

"ကိုယ့်လူထင်တာ တစ်ခုမှ မဟုတ်ဘူး၊ သူက အိမ်ထောင်နဲ့ပဲ၊ အိမ်ထောင်သည် သားကြီး၊ သမီး ကြီးတွေတောင် ရှိတယ်။ ဘာ အကြောင်းရှိသလဲတော့ မသိဘူး။ သူက အဘွားကြီးနဲ့ မနေဘဲ တစ်ယောက်တည်း တိုက်ခန်း မှာနေတာ။ အဘွားကြီး နဲ့ ပြဿနာရှိချင် ရှိမှာပေါ့လေ။ အရေးကြီးတာ ကတော့ ကိုယ့်လူနဲ့ မိသားစုဟာ တစ်ကိုယ်တော် လူကြီးတစ်ယောက် နဲ့ အခန်းနီးချင်း ဖြစ်နေရတာ ကုသိုလ်ထူးတာပဲ၊ နားအေး ပါးအေး နေရတာပေါ့"
ပွဲစားက ကျွန်တော့်နေရာမှာ ဝင်ရောက်ခံစားပေးသကဲ့သို့ စိတ်ပါလက်ပါ အားပေးစကားပြောနေ သည်။ သူ့ဘက်က အလုပ်ဖြစ်၊ အကျိုးအမြတ်ရအောင် ဖောက်သည် တွေကို အာဝဇ္ဇန်းရွှင်ရွှင်နှင့် သိမ်းသွင်း နားချနေဟုသာ  ကျွန်တော်နားပါတယ်။ လူပေါ် လူညွှန့်ခူး၊ နှစ်ဖက်ခွတုတ်တတ်သော နှစ်သီးစား လူလည် ပွဲစားများ ကို ကျွန်တော် လေးစားခြင်း မရှိပါ။ သို့သော် လောကကြီးမှာ ပွဲစား တွေ မရှိပြန်လျှင်လည်း  အရောင်း အဝယ်၊ အပေးအယူ၊ အလွှဲအပြောင်း ကိစ္စတွေ လွယ် ကူချောမွေ့မည် မဟုတ်ပြန်ပါ။ ဘယ်လိုမဆို သူတို့သည် မရှိလည်းကောင်း၊ ရှိလည်း ကောင်း လူမှုရေးသံတမန်များဟုသာ နားလည်လက်ခံကြရပေတော့မည်။

မပြောင်းရွှေ့ကြသေးမီ ကျွန်တော်တို့ ငှားရမ်းစာချုပ် ချုပ်ဆိုထားပြီးဖြစ်သော တိုက်ခန်းကို ကျွန်တော်တို့  ဇနီးမောင်နှံ သွားရောက်လေ့လာကြသည်။ တိုက်ခန်းက မြေညီထပ်အထက်က ပထမထပ် မှာ ဖြစ်ပြီး လှေကား ကလည်း ပြေပြေကလေး တက်သွားသဖြင့် အဆင်းအတက် သက်သာသည်ဟု ဆိုနိုင် ပါသည်။ အထူးသဖြင့် အဆင်းအတက် သက်သာသည်ဟု ဆိုနိုင်ပါသည်။ အထူးသဖြင့် ဝဖြိုးသော ဇနီးက လှေကားကို ကျွန်တော့်ထက် ပို၍ ကျေနပ်သဘောကျသည်။ ကျွန်တော်တို့ တိုက်ခန်းအထက် မှာ နောက်ထပ် နှစ်လွှာ ရှိပါသေးသည်။ ထိုအခန်းများက ပို၍ ဈေးနှုန်းချိုသာသော်လည်း ခန္ဓာဝန်ထုပ်ကြောင့် ဒုက္ခတွေ့နေရှာသော ဇနီးနှင့် ကျွန်တော်တို့၏ သားငယ်သမီးငယ်များက အန္တရာယ်ကင်းရှင်းရေးအတွက် ဤပထမထပ်ကို ကျွန်တော် တို့ ရွေးချယ် ခဲ့ရခြင်း ဖြစ်ပါသည်။
ကျွန်တော်တို့ ၏ အခန်းမှ တံခါးကို သော့မဖွင့်မီ မျက်နှာချင်းဆိုင် အခန်းဘက်ကို ကျွန်တော် စူးစမ်းသည်။ တံခါးပိတ် သော့ချိန်ထားပါသည်။

တစ်ကိုယ်တော် အဘိုးကြီး အပြင်သွားဟန်ရှိသည်။ သူ့အခန်းတံခါးရွက်ဆီမှ ပလက်စတစ် ဆိုင်းဘုတ်ပြား ကလေးကတော့ ကျွန်တော့ကို ဖမ်းညို့ထား လိုက်၏။ "မောင်မောင်ကြီး MM" ဆိုသော စာလုံးအဖြူတွေကို အနက်ခံပေါ် မှာ ဖောင်းကြွစာလုံး ဖြင့် ကပ်ထားသည်။ ဇနီးကလည်း ဆိုင်းဘုတ်ကလေးကို မျက်လုံးစွေကြည့် သည်။
"အမ်... အမ်...ဆိုတဲ့ အတိုကောက် အင်္ဂလိပ်စာလုံးက ဘာလဲမသိဘူးနော်။ အဲဒါဘွဲထူးတစ်ခုရဲ့ အတိုကောက် စာလုံးလား၊ ကျွန်မတော့ အမ်အမ်ဘွဲ့ဆိုတာ မကြားဖူးပေါင်"ဟု ဇနီးက ပြောသော အခါ ကျွန်တော်က "သိပါဘူး ကွာ" ဟုသာ တုံ့ပြန်လိုက်ပါသည်။
ရက်အနည်းငယ်အကြာ ကျွန်တော်တို့ မိသားစု ပြောင်းရွှေ့ရောက်ရှိလာကြသော အချိန်မှာလည်း တစ်ဖက်ခန်း က သော့ခတ်လျက် တံခါးပိတ်ထားသည်။ ကျွန်တော်တို့ကို "မောင်မောင်ကြီး MM" ဆိုသော ဆိုင်းဘုတ် ကလေးကသာ အေးစက်စွာ စောင့်ကြည့်နေသည်။

"အဘိုးကြီးက မိုးလင်းက မိုးချုပ် သူ့ကားဝပ်ရှော့မှာ အချိန်ကုန်တာ၊ ဝပ်ရှော့မှာ သူ့လက်ထောက် တွေ၊ တပည့်တွေ တစ်ပုံကြီးရှိပေမယ့် ဝပ်ရှော့ပိုင်ရှင် မက္ကင်းနစ် ဆရာကြီးလို့ အခန့်သား ထိုင်နေ တာ မဟုတ်ဘူး။ သူ့ဝပ်ရှော့ ကို ရောက်လာတဲ့ ကားမှန်သမျှ အင်ဂျင်ကို သူကိုယ်တိုင် နှိုက်ရမှ ကျေနပ်တာ။ ၁၂နှစ်သား ကတည်းက ဝပ်ရှော့တစ်ခုမှာ ထမင်းစား ကျွန်ခံဝင်လုပ်ရာက အသက်၃၀ လောက်မျာ ဝပ်ရှော့ ပိုင်ရှင် ဖြစ်လာတာတဲ့။ ဒီလူကြီး အမေရိကားမှာဆိုရင် (ဖို့ဒ်) တို့၊ (ခရိုက် စလော)တို့မှာ အကောင်ကြီးကြီး တစ်နေရာတော့ ရတယ်"
ပွဲစားက တစ်ဖက်ခန်းမှ ပုဂ္ဂိုလ်၏ အတ္ထုပ္ပတ္တိတစ်စွန်းတစ်စကို ပြောပြခဲ့ပါသေးသည်။ ကျွန်တော် သည် မော်တော်ယာဉ် စက်ပြင် လောကကို မကျွမ်းကျင်၊ မနှံ့စပ်ပါ။ သို့သော် ကျွန်တော် ခရီးသွား ဟန်လွှဲ ကြုံးခဲ့ ဖူးသမျှ ဝပ်ရှော့ဆရာ မက္ကင်းနစ်ကြီးများထဲတွင် သိပ္ပံဘွဲ့သော်လည်းကောင်း၊ စက်မှု တက္ကသိုလ်     ကျောင်းဆင်းသော် လည်းကောင်း၊ တစ်ယောက် မျှ မပါရှိခဲ့ချေ။ ကားအမျိုးမျိုးကို ပြင် ဆင်နေသော မွန် တိုင်းရင်းသား မက္ကင်းနစ် ဆရာကြီးတစ်ယောက်ဆိုလျှင် "အတန်မရှိ" ဘုန်းကြီး ကျောင်းထွက် တစ်ဦး သာ ဖြစ်နေသည်။

တစ်ဖက်ခန်းမှ ဦးမောင်မောင်ကြီးသည်ကော ဘယ်လိုစက်ပြင်ဆရာကြီး ဖြစ်လိမ့်မလဲ၊ ဆိုင်းဘုတ် မှာ ပါရှိသော "အမ်အမ်"ဘွဲ့က ဘာကို အထူးပြု ညွှန်းဆိုသလဲ၊ ကျွန်တော်တွေ့ကြည့်နေမိခဲ့ပါ သည်။
ညမှောင်စပျိုးချိန်မှာ မြို့ပြတိုက်ခန်း ဓလေ့အတိုင်း ပိတ်ထားသော ကျွန်တော်တို့ အခန်းမှ တံခါးမ ကြီးကို အသာဟ ၍ တစ်ဖက်ခန်း၏ အခြေအနေကို ကြည့်ပါသည်။ သော့ ချိန်ထားဆဲ ဖြစ်သည်။
"ရှင် ဘာလုပ်မလို့လဲ ဟိုဘက်ခန်းကို ချောင်းချောင်းကြည့်နေရတာလဲ" ဟု ဇနီးက မကျေမချမ်း သံဖြင့် ငြူစူ ပါသည်။
"တစ်ကိုယ်တော် ဆရာကြီး ရောက်ပြီလားလို့ပါကွာ"
"ရောက်လာတော့ ရှင်က ဘာလုပ်မှာလဲ"
"အင်ထရိုပေါ့ကွာ မိတ်ဆက်ရတာပေါ့၊ အနီးဆုံး အိမ်နီးချင်းနဲ့ သိကျွမ်းခင်မင်မှု ရထားတော့ ကောင်းတာပေါ့။ (သင့်.... အိမ်နီးချင်းအပေါ် မေတ္တာထားပါ)လို့ သမ္မာကျမ်းစာထဲမှာ အဆုံးအမရှိ တယ်မှုတ်လား"
"ဟိုဘက်ခန်း မှာ သွေးစုတ်ဖုတ်ကောင် ကြီးနေတယ်ဆိုရင်ကော"

အိုးရွှဲ့ကို စလောင်းရွှဲ့နှင့် မဖုံးချင်၍ ကျွန်တော် ပင့်သက်ရှိက်ပြီး ပါးစပ်ပိတ်ထားလိုက်ပါသည်။ ဇနီးက ကျေးလက်ဇာတိဖြစ်သော်ငြား မြို့ပြမှာ အနေကြာပြီး မြို့ပြစရိုက်ဝင်ကာ သူစိမ်းပြင်ပြင် တစ်ယောက်နှင့် မိတ်ဆက် ရမှာ ဝန်လေးတွန့်ဆုတ်သည်။ မလွှဲမကင်းသာ၍ မိတ်ဖွဲ့ဆက်ဆံရပါ သော်လည်း တစ်ဖက်သား၏ အကျင့် စရိုက်၊ စိတ်နေသဘောထားကို သဘောမတွေ့ပါက လောကွပ်ချော်ပြီး သံတမန်ပြုံးကလေးနှင့် ဟန်ဆောင် ပန်ဆောင် မနေတတ်။ မေးထူးခေါ်ပြော ခပ်တန်းတန်းပဲ  နေလိုက်သည်။ မြို့ပြတိုက်ခန်း ယဉ်ကျေးမှု မှာ ဇနီး၏ စရိုက်နှင့် လိုက်ဖက်လှပါ ပေသည်။
ည (၈) နာရီလောက်မှာ ကျွန်တော်တံခါးဟ၍ ကြည့်သေးသည်။ မက္ကင်းနစ်ဆရာကြီး ပြန်မရောက်သေးပါ။

ည(၉)နာရီလောက်မှာတော့ ကျွန်တော်တို့ မိသာစ ရုပ်မြင်သံကြား ကြည့်နေကြစဉ် တစ်ဖက်ခန်းမှ မမျှော်လင့်သည့် အသံများ ပေါ်ထွက်လာသည်။ ဦးမောင်မောင်ကြီး ဆိုသူ စက်ပြင်ဆရာကြီး၏ ဟိန်းဟိန်းမားမား၊ ကျယ်ကျယ်လွင့်လွင့် ရှိလှသော ဝမ်းခေါင်းသံပါပါ လှိုက်သံကြီးပင် ဖြစ်သည်။ အခန်းတံခါး ပိတ်ထားပါလျက် အခန်းတံခါးမှ (၂)လက်မထုကျွန်းပြားနှင့် (၆)လက်မထု အုတ်နံရံကို ထွင်းဖောက်လာနိုင်သော အသံမှာ ထိုစက်ပြင်ဆရာကြီးက ပြင်ဆင်ပေးခဲ့ဖူးမည်ဖြစ်သော "ဖူဆို" (၁ဝ) ဘီးတပ်၊ ကုန်တင်ထရပ်ကားကြီး မှ ကြောက်မက်တုန်လှုပ်ဖွယ် ဟွန်းသံမျိုးကို ၁ဝ ပေ အတွင်းကနေ ကြားနေရမည် ဆိုပါက နှလုံးရောဂါရှိသူ တစ်ယောက် ဆိုပါက ကျန်းမာရေးအခြေအနေ ကောင်းတော့မည် မဟုတ်ပါ။

" ဟိတ် .... ဂျော်ဂျီ မတရား မလုပ်ပါနဲ့ကွ၊ မတရားမှုဆိုတာ အဓမ္မလုပ်တာပဲ။ ဘုရားမကြိုက်၊ နတ်မကြိုက်သလို လူတွေလည်း မကြိုက်ဘူး။ မင်းတို့ အချင်းချင်းလည်း ကြိုက်ကြမှာ မဟုတ်ဘူး။ နိုင်ထက်စီးနင်း အဓမ္မစော်ကား တာကို ကြောက်လို့သာ ငြိမ်ခံနေရပေမယ့် ရင်ထဲကတော့ တစ်စက်ကလေးတောင် ကျေနပ်မှာ မဟုတ်ဘူး။ ဒီမှာ ဂျော်ဂျီ၊ မင်းက အခုလို အနိုင်ကျင့်တဲ့အတွက် မင်းလည်းပဲ တစ်နေ့မှာ အနိုင်ကျင့် ခံရမှာပဲ။ မင်း စားမယ့်မုန့် ကိုလည်း မင်းကို နိုင်တဲ့အကောင်က လုစားဦးမှာပဲ။ အဲဒီကျ မင်းခံရမယ့် အလည့် ပဲ။ ရေစီးတစ်ခါ ရေသာတစ်လှည့်တဲ့။ သစ်ငုတ်မြင့်တုံ၊ မြက်မြင့်တုံတဲ့။ ငါ ပြောတာကို မင်း ကောင်းကောင်းကြီး မှတ်ထား ပါ ဂျော်ဂျီ၊ တစ်နေ့ကျ မင်းလည်း လှလှကြီး အနိုင်ကျင့် ခံရလိမ့်မယ်။ နားလည်လား ဂျော်ဂျီ"

 မြေငလျှင်လှုပ်ခြင်းကို ရုတ်ခြည်း ကြုံတွေ့လိုက်ကြရသလို ကျွန်တော်တို့ ဇနီးမောင်နှံသည် တစ်ဦးမျက်နှာ တစ်ဦး အလန့် တကြား ကြည့်လိုက်မိကြသည်။ ကျွန်တော့်ဇနီး၏ မျက်ဝန်းတွေက လိုအပ်သည်ထက် ပို၍ ပြူးကျယ်နေ သလို ထင်ရပါသည်။ ကျွန်တော်ကတော့ မျက်ခုံးတွေကို အစွမ်းကုန် ပင့်တင်ထားမိ၏။
    "ဂျော်ဂျီ .... တဲ့။ မော်လီ... တဲ့။ ဘယ်သူတွေ များပါလိမ့်မယ်" ဟု ဇနီးသည်က ခပ်တိုးတိုး ရေရွတ်သည်။ ထို "ဘို" နာမည်တွေ က ဘယ်သူတွေကို ရည်ညွှန်းမှန်း ကျွန်တော် မတွေးတက်ပါ။
    အဘိုးကြီး၏ ဒေါသလွှမ်းသည့် ဝမ်းခေါင်းသံကြီးက ကျွန်တော်တို့ထံ ရိုက်ခတ်လာပြန်သည်။

    "ဒီမယ်.... မော်လီ၊ နင်ကလည်း ဂျော်ဂျီကို ကြောက်ချင်ယောင်ဆောင်ပြီး လစ်ရင်လစ်သလို အခွင့်အရေး ယူတာပဲ။ ကြောက်ချင်ယောင်၊ အ ချင်ယောင်ဆောင်တာဟာ ရူးချင်ယောင်ဆောင်တာထက် ဆိုးတယ်၊ နားလည် လား။ အဲဒါ ကုပ်ကမြင်း အကျင့်ဆိုးပဲ၊ ပျော့ပျော့နဲ့ နံတဲ့ ကြောင်ချေးဆိုတာ အဲသလို အကျင့်ပဲ။ ဒီအကျင့်မျိုး ငါ လုံးဝ မကြိုက်ဘူး။ ဒါဟာ ...ကလိန်ကကျစ်ဥာဉ် ကြောင်သူတော်စင်စရိုက် သီလကြောင်အကျင့်။ အဲဒီအကျင့် ကို ဖျောက်၊ မဖျောက်ရင်တော့ နင် ဒုက္ခ လှလှကြီး ရောက်မှာ မြေကြီးလက်ခတ် မလွဲဘူး"
ကျွန်တော်က ဇနီးဘက်သို့ လှည့်ကြည့်သည်။ ခန္ဓာကိုယ် အတ္တဘောကြီးနှင့် လိုက်ဖက်စွာ ပွယောင်း ဝိုင်းစက်နေသော ဇနီးမျက်နှာက အရုပ်ဆိုးလှစွာ မဲ့ပြုံးပြုံးနေသည်။ ကျွန်တော့် မျက်နှာလည်း မှုန်ကုပ်နေ မှာ ဖြစ်သည်။

    "မက္ကနစ်ကြီး အရက်မူးနေသလား မသိဘူး" ဟု ဇနီးက တိုးတိုးကလေး ဖွင့်ဟလိုက်၏။
"ပွဲစားပြောတာကတော့ ဒီတိုက်မှာ အရက်သမားတစ်ယောက်မှ မရှိဘူးတဲ့။ ဒါ့အပြင် ဒီတိုက်ရဲ့ တစ်မိုင် ပတ်ပတ်လည် အတွင်းမှာ အရက်ဆိုင်လည်း တစ်ဆိုင်မှ မရှိဘူးတဲ့။ ပွဲစားပြောတုန်းက မင်းလည်း ကြား တာပဲလေ"
"ပွဲစားစကားပဲ၊ သုံးခွက်တစ်ခွက်တင်ပဲ ယုံရမှာပေါ့။ ဒီလို ဖွံ့ဖြိုးစည်ပင်တဲ့ ရပ်ကွက်မှာ အရက်ဆိုင် မရှိဘူးဆိုတာတော့ မဖြစ်နိုင်ဘူး။ ဟော.... ဟော.... နားထောင်စမ်း၊ နားထောင်စမ်။"
ကျွန်တော်တို့ လင်မယား အခန်းတံခါးမှ တံခါးရွက်ကြီးမှာ နားရွက်တစ်ဖက်စီ ဖိကပ်၍ နားစွင့်လိုက်ကြပြန် ပါသည်။
    "ဂျော်ဂျီ... မင်းက အသက်လည်း ကြီးတယ်၊ ဗလလည်း ကြီးတယ်၊ အစားလည်း ပိုကြီးတယ်။ အကောင်ကြီးပြီး အချိန် မစီးတာမျိုးတော့ မဖြစ်စေနဲ့၊ အဲလို အီးဘောလောကြီးတွေကို ငါ မုန်းတယ်။ ဗလ အားကိုး နဲ့ အနိုင်ကျင့်တာတို့၊ လက်နက်အားကိုးနဲ့ တစ်ဖက်သားကို တစ်ဖက်စောင်းနင်း ဖိနှိပ်တာမျိုးတို့ကို ငါ အားကြီး နှလုံးနာတယ်။

မင်းအကျင့်ဆိုးကို ဖျောက်ပါ။ သာတူညီမျှ သမာသမတ်ကျတဲ့ စိတ်ထားမျိုး မွေးမြူပါ။ မင်းလို အတ္တကြီး တဲ့ ကောင်စားမျိုးတွေကြောင့် ငါတို့ ကမ္ဘာကြီး ကသောင်းကနင်းဖြစ်နေတာ၊ နားလည်လား၊ ငါ့ဗိုက်ပြည့် ဖို့ အဓိက၊ ငါ့သားမယားရဲ့ ဗိုက်တွေဖြည့်ဖို့ အဓိက ငါ့ဆွေငါ့မျိုး၊ င့ါအသိုင်းအဝိုင်း၊ င့ါတပည့် တပန်းတွေရဲ့ ဗိုက်တွေဖြည့် ဖို့ အဓိကလို့ ယုံကြည်တဲ့အကောင်တွေကြောင့် ကမ္ဘာကြီး ဘာဖြစ်နေသလဲ၊ အာဖရိကတိုက်ကို ကြည့်လိုက် စမ်း၊ လူတစ်ယောက်က ဗိုက်တင်းအောင်စားရပြီး လူတစ်ထောင်လောက်က ရေသောက် ဗိုက်မှောက်နေရ တယ် မှုတ်လား ဟင်"
    အဘိုးကြီးက စကားဖြတ်ပြီး ခေတ္တရပ် ဆိုင်းထားလိုက်ဟန် ရှိသည်။ ကျွန်တော်တို့လည်း တံခါးနားမှ ထွက်ခွာ ခဲ့ကြသည်။ ထိုအချိန်မှာပင် အဘိုးကြီး၏ မာရည်ကျောရည် နိုင်လှသောအသံ ပေါ်ထွက်လာသည်။

"အတ္တမကြီးနဲ့၊ စားမာန်မခုတ်နဲ့၊ မျှတတဲ့ စိတ်ထားကိုမွေး၊ ကိုယ့်ဘက်ချည်း ကိုယ်ယက်တဲ့ လိပ်တွေလို မဖြစ်စေ နဲ့။ ဟေ့ ဂျော်ဂျီ နဲ့ မော်လီ ကမ္ဘာကြီးက  ပျက်တော့မှာ၊ ကမ္ဘာမပျက်ခင် ချစ်ချစ်ခင်ခင် နေကြ၊ ဟောဒီ ကမ္ဘာကြီး ဆိုတာက အခု မပျက်လည်း နောင်တစ်နေ့တော့ သေချာပေါက် ပျက်စီးသွားမှာပဲ။ ဒါ.... ငါ ပြောတဲ့စကား မဟုတ်ဘူး။ ဘုရားဟောတာ၊ ဘုရားက ဟောဒီကမ္ဘာဟာ မီးနဲ့ ပျက်လိမ့်မတဲ့။ ဘုရားစကားနော်၊ ဘုရားစကား... မယုံမရှိကြနဲ့၊ ကဲ.... အိပ်ကြတော့ကွာ .... ဂွတ်နိုက်"
 
တစ်ကမ္ဘာလုံး တိတ်ဆိတ်သွားသကဲ့သို့ ရှိသည်။ ဦးမောင်မောင်ကြီး၏ အခန်းဘက်မှ မည်သည့် အသံပလံ မျှ ပေါ်ထွက်မလာတော့။ အဘိုးကြီး အမှန်တကယ် အိမ်ရာဝင်သွားပြီဟု ကျွန်တော်တို့ ထင်ကြ သည်။ အိပ်ရာမဝင် နိုင်ကြသေးသည်က ကျွန်တော်တို့ လင်မယားဖြစ်သည်။ တစ်ဖက်ခန်းမှ ပဟေဠိ ကို ဖော်ထုတ်ရန် ကျွန်တော်တို့ မျက်လုံးတွေ ကျယ်နေကြသည်။
    "ဂျော်ဂျီ နဲ့ မော်လီ ဆိုတာ ကြောင်ကလေးတွေ ဖြစ်မယ်ကွ" ဟု ကျွန်တော်က ခန့်မှန်းချက် ထုတ်လိုက်သည်။

 "မက္ကင်းနစ်ကြီးက ကြောင်တွေနဲ့စကား ပြောတယ်ဆိုတော့ လူကြောင်ကြီးနဲ့ တူပါရဲ့ရှင်၊ သူက လူနှစ်ယောက် ကို ပြောသလို ပြောနေတော့တာကိုး"
    "ပန်းချစ်တဲ့ မိန်းကလေးတချို့လည်း ပန်းပင်တွေနဲ့ စကားပြောကြသတဲ့"
"သြော်.. ကြံဖန်ပြီး ရူးတတ်ကြပါပေ့ရှင်"
ကျွန်တော်၏ ခန့်မှန်ချက်လွဲသွားပါသည်။. နောက်တစ်နေ့နံနက် (ဂ)နာရီလောက်မှာ တစ်ဖက်ခန်းမှ တံခါးဖွင့်သံကြား၍ ကျွန်တော်တစေ့တစ်စောင်း ချေင်းမြောင်းကြညါ့လိုက်ရာ အဘိုးကြီးနှင့် သူ့လက်ထဲမှာ သံကြိုးတွေနှင့် ဆိုင်းထားသော ခွေးနှစ်ကောင်ကို တွေ့ရသည်။ နိုင်ငံခြားမျိုးစပ်အမွေးမထူမပါး အဖြူရောင် ခွေးနှစ်ကောင်ဖြစ်ကြသည်။ ခွေးရှင်ကလည်း ဖြူဖြူ၀၀ကြီးဖြစ်ကာ၊ ခေါင်းမွေးတိုနှံ့နှံ့ကလည်း ကြာဆံတွေလို ဖွေးဖွေးလှုပ်နေသည်။

ဦးမောင်မောင်ကြီးမှာ စက်ပြင်ဆရာဝပ်ရှော့ပိုင်ရှင်တစ်ဦးထက် ဆင်းရဲသော်လည်း အစားဝဝ စားနိုင်၍ ဝဖြိုးနေသော လမ်းဘေးဗေဒင်ဆရာကြီးတစ်ဦးနှင့် ပို၍တူနေသည်။ ကျွဲကော်ကိုင်း ပါဝါမျက်မှန်ကြီး တပ် ထားသော မြင်းချေးရောင် တိုက်ပုံအဟောင်းကြီးတစ်ထည်ကို ဖိုးရို့ဖားယားဝတ်ထားသည်။ သူ့နှုတ်ခမ်းကြား မှာတော့ ဆေးပြင်းလိပ်တို။
"ဟေ့ ဂျော်ဂျီ၊ ဖြည်းဖြည်းဆင်းပါကွ၊ မလောပါနဲ့၊ မော်လီဆင်းသလို ဣနြေ္ဒရရဆင်းမှပေါ့ကွ"ဟု အဘိုးကြီးက ခပ်တိုးတိုးငေါက်သည်။
ကျွန်တော် သည် တိုက်ခန်းရှေ့ ၀ရန်တာလသာဆောင်ကလေးဆီသို့ ခပ်သုတ်သုတ်လှမ်းလာခဲ့ပြီး အဘိုးကြီးနှင့် ခွေးနှစ်ကောင်ကို အပေါ်မှစီးကြည့်နေမိသည်။ တိုက်ရှေ့မှာ ဆလွန်းကားသုံးလေးစီး ရပ် ထားသည့် အနက် အဖြူရောင် (ဆန်နီစူပါဆလွန်း) ခပ်စုတ်စုတ်ကားထဲသို့ အဘိုးကြီးက ခွေးတွေကို အလျင် သွင်းသည်။ ပြီးလျှင် သူက ဒရိုင်ဘာနေရာမှာဝင်ထိုင်ပြီး ခပ်ကြမ်းကြမ်းမောင်းထွက်သွားသည်။ ကားဘီးတွေက ယက်ထုတ်လိုက်သော ဖုန်လုံးကြီးက ဈေးမှပြန်လာသော ကျွန်တော့်ဇနီးကို ၀င်တိုးကြသည်။ ကျွန်တော့်ဇနီးက သူ့မျက်နှာကို လက်ဝါးဖြင့် ကာလိုက်သည်။ ဘယ်လိုမဆိုကျွန်တော့်ဇနီးသည် အဘိုးကြီးကို မိတ်ဖွဲ့ရန် စဉ်စားတော့မှာ မဟုတ်ဟုကျွန်တော် တွေးမိပါသည်။

"လက်စသတ်တော့ အဘိုးကြီးက ကြောင်တွေနဲ့စကားပြောတဲ့ လူကြောင်ကြီးမှ မဟုတ်ဘဲရှင့်၊ ခွေးတွေကို စကားပြောသော လူ့ခွေးကြီးပဲ ဟီ ..... ဟီး"
အခန်းထဲသို့ ၀င်လာပြီးနောက် ဇနီးက နှုတ်ခမ်းတလန် ပန်းတလန်နှင့် သရော်တော်တော်ပြောပါသည်။ ကျွန်တော်က မှတ်ချက်ပေးခြင်းမပြု။ ခွေးနှစ်ကောင်နှင့်အတူနေသူ မက္ကင်းနစ်ကြီး တစ်ဦး၏ ဘ၀ကို ဝေခွဲ သုံးသပ်ကြည့်နေမိ၏။ သူ့ခွေးတွေက တွေ့မြင်နေကြတိုင်းရင်းခွေးမျိုးတွေတော့မဟုတ်။ pet-shop ခွေးအရောင်း ဆိုင်တွေ မှာ သောင်းဂဏန်းမှ သည် သိန်းဂဏန်းအထိ ကြေးကြီးဈေးပေါက်နေသော ဘိုခွေးတွေ ဖြစ်ကြသည်။

ထိုခွေးတွေက တိုင်းရင်းခွေးတွေလို ကြုံရာစားတတ်ကြသည့် "သုနက္ခ"တွေလည်း မဟုတ်။ ဇီဇာကြောင်တတ်ကြသည်။ သားငါးအညှီအဟောက် အလွန်ကြိုက်သည်။ ရိုးရာ ဘိန်းမုန့်သွားမကျွေးနှင့်။ စားမှာမဟုတ်။ ပေါင်မုန့်၊ ကိတ်မုန့်တွေ၊ ဆင်းဒ၀စ်တွေ၊ ဂျေဒိုးနပ်တွေဆိုလျှင်တော့ လာထား။ မြိန်မြိန် ယှက်ယှက်ကြီးလွေးပြပါလိမ့်မည်။ ကုန်တိုက်ပြီးတွေမှာ အထူးကောင်တာဖွင့် ၍ ရောင်းချသော ပြညပသွင်းကုန် dog food "ခွေးစာ"မျိုးဆိုလျှင်လည်း ဒင်း(သင်း)တို့က သွားရည်တမြားမြားနှင့် ဗိုက်ကားအောင် ၀ါးလေ့ရှိကြ သည်။ ထိုခွေးစာဘူးတစ်ဘူး၏ ဈေးနှုန်းမှာ သာမန်လက်လုပ်လက်စား မိသားစုငယ်တစ်ခု၏ (၃)ရက်စာ မီးဖိုချောင် စရိတ်လောက် ရှိမည်ဟု ကျွန်တော်ခန့်မှန်းကြည့်သည်။

ကျွေးနိုင်လိုကျွေးတာ ကျွေးကြပေါ။ ဒါနပြုခြင်းတစ်မျိုးမို့ ကုသိုလ်တောင်ရသေး။ ကျွန်တော်တို့၏ "ဖွတ်ဘိုးအေ" ခွေးချစ်သူတွေ ကလည်း အောင်နက်တို့၊ ဂုတ်ကြားတို့ကို ထမင်းရည် ဒါနပြုနေကြတာပဲ မဟုတ်လားဟု ကျွန်တော်ဆင်ငြ်းတွေးကာ ကျေနပ်မိပါသေးသည်။
အချိန်ကြာ လာသည်နှင့်အမျှ  ခွေးနှစ်ကောင်နှင့်အတူနေ၊ အတူစားခြင်း၊ ခွေးနှစ်ကောင် ကိုစကာပြောခြင်း၊ မြည်တွန်တောက်တီးခြင်း၊ ချော့မော့သွန်သင်ခြင်းတို့ဖြင့် ကျွန်တော် တို့ပတ်ဝန်းကျင်မှာ ထူးခြားသော "လူခွေးကြီး" ဟု လျှို့ဝှက်နာမည်ပြောင်ရထားသည့် ဦးမောင်မောင်ကြီးနှင့် ကျွန်တော်တို့မှာ မျက်နှာချင်း ဆိုင်မိဖန်များလာသည်။ ကျွန်တော်က ခင်မင်းရင်းနှီးလိုဟန် မျက်နှာရိပ်မျက်နှာကဲပြသော်လည်း ဦးမောင်မောင်ကြီး က ကျွန်တော့်ကို အခန်းနီးချင်းတစ်ဦးအဖြစ် အသိအမှတ်ပြုရုံ ၊ ခေါင်းဆတ်ပြ၊ နှုတ်ခမ်း တွန့်ပြခြင်း တို့ဖြင့်သာ တုံ့ပြန်ဆက်သွယ် သည်။ သူက ကျွန်တော်နှင့် တရင်းတနှီး၊ နွေးထွေးစွာ ဆက်ဆံလိုစိတ် မရှိကြောင်း ထင်ရှားပါသည်။

ကိစ္စမရှိ။ ကိုယ်ထမင်းကိုယ်ရှာစားနေတာပဲ ချင်းစိမ်းနဲ့မိဿလင်၊ သူကြင်မှကိုယ်ကြင်ရမည်သာပ။ ကျွန်တော် ဇနီးကတော့ အဘိုးကြီးကို "ဦးနှောက်အနေအထားမမှန်"ဟု သတ်မှတ်ကာ ကျွန်တော့်ကို "လူ့ခွေးကြီး" (ကျွန်တော်ဇနီးပေး ထားသော နာမည်ပြောင်)နှင့် ကင်းကင်းသာ နေစေလိုပံရပါသည်။
"ခွေးတွေနဲ့ ဒီလောက်ပူးပူးကပ်ကပ်နေနေမှာတော့ အဘိုးကြီးကိုယ်က လူစောနံမှာ မဟုတ်ဘူး။ ခွေးစော်ပဲနံမှာ" ဟု ဇနီက တုတ်ထိုး အိုးပေါက် ဝေဖန်ပါသေးသည်။
"သူက ၀ပ်ရှော့ပိုင်ရှင်၊ ၀ပ်ရှော့မက္ကင်းနစ်ကြီးလေ၊ သူနဲ့အနီကပ်တွေ့တိုင်း ငါရှူမိတာကတော့ ဓာတ်ဆီဟောင်း နံ့၊ ဓာတ်ဆီနံ့ တွေပဲကွ"
"ဓာတ်ဆီ နံ့ ရတယ် ဟုတ်လား၊ အဘိုးကြီးနား သိပ်မကပ်နဲ့။

အဘိုးကြီးကိုယ် က မီးအန္တရာယ်ရှိတယ်နော်"ဟု ဇနီးက အဆိုးမြင်သက်သက်ဖြင့် ကပ်သီးကပ်သပ် သတိပေးနေသတိပေးနေသည်။
တစ်နေပတော့ ကျွန်တ်ာက အဘိုးကြီးနှင့် တိုက်ရှေ့ကားရပ်စခန်းမှာ ဆုံမိကြသည်နှင့် တိုတိုတောင်းတောင်း နှုတ်ဆက် စကားပြောရင်းမှ...
"ကျွန်တော့် ဘ၀မှာ အန်ကယ့်လောက် ခွေးချစ်တတ်တဲ့ ပုဂ္ဂိုလ်တစ်ယောက်မှ မတွေ့ဖူးပါဘူးဗျာ"ဟု အမှတ်မထင် လျှာခလုတ် တိုက်မိပါသည်။
"လူတွေ အကြောင်းကို ပိုသိလာလေ ခွေးတွေကို ပိုချစ်လာလေဆိုတဲ့ စကားပုံကို မောင်ရင်မကြားဖူးဘူးလားကွ"
"ဟင့်အင်း... မကြားဖူးပါဘူး အန်ကယ်".
"လူ သည် ခွေးထက် မိုက်၏ ဆိုတဲ့ စကားကိုကော ကြားဖူးလား"
"ဟင်အင်းခင်ဗျ"

"ဟုတ်ပြီးဒါဆို မင်းကြားဖူးသွားပြီ။ ဒီမယ် ဂျော်ဂျီ အဲလေ ဆောရီး ဒီမယ်မော်ရင်မှတ်ထား။ ငါဟယ လူတွေထက် ခွေးကိုပိုပြီး ယံကြည်စိတ်ချခဲ့လို့ ခွေးတွေနဲ့ အတူတူနေတာ၊ ငါ့မိန်းမ၊ ငါ့သသမိးတေါကိုတောင် ဂျော်ဂျီတို့၊ မော်လီတို့လောက်စိတ်မချဘူး ရှင်းလား"
"ဟုတ်ကဲ့၊ မှတ်သားစရာပေါခင်ဗျာ"
"ငါ့အလုပ်ရုံ မှာ ငါ့တပည့်လေး၊ ငါး၊ ရှစ်ယောက်ရှိတယ်။ အဲဒီကောင်တွေအားလုံး ခိုးတတ်တယ်။ လိမ် တတ်တယ်။ တစ်စိတ်ကို တစ်အိတ်လုပ်ပြိး ကြွာူးတတ်တဲ့ လေပိုလေလျှံသာထေယျတွေ သုံးပြီး စကားပြော တတ်ကြတယ်။ ဂျော်ဂျီနဲ့မော်လီတို့မှာ အဲဒီလို အကုသိုလ်ဒုစရိုက်တွေ လုံးဝမရှိဘူး။ ငါသေရင် ငါ့စည်းစိမ် ကို ခွေးသေကောင်ပုပ် လင်းတဆွဲသလို ၀ိုင်းလုကြမယ့် ငါ့သားသမီးတွေလို မစ္ဆရိယစိတ် ဂျော်ဂျီတို့မှာ မရှိဘူး။ သေတမ်းစာ ဥပေဒ သာရှိရင် ငါ့အမွေတွေ ဂျော်ဂျီတို့ကို ပေးပစ်ခဲ့မှာကွ"

ဦးမာင်မောင်ကြီး၏စကားကို ကြားရသောအခါ မဂ္ဂဇင်းတစ်စောင်ထဲမှာ ဖတ်ခဲ့ဖူးသော အနောက်တိုင်း က ခွေးချစ်သူ အဘွားကြီးတစ်ယောက်အကြောင်း ကျွန်တော်အမှတ်ရလာသည်။ ပိုက်ဆံရှိသော ထိုမိန်းမကြီးက သူသေ လျှင် သူ့ခွေးကလေးအတွက် အမွေငွေကြေးများစွား ရှေ့နေရှေ့ရပ်များမှ တစ်ဆင့်စာချုပ်စာတမ်းများဖြင့် စီစဉ်ထားကြောင်း ဖတ်ရှုရပါသည်။ ထိုခွေးလောက်ကံကောင်းသော ခွေးမျိုးတွေ့ဖူး၊ ကြားဖူးကြပါလေစ။
နွေရာသီမွန်လွဲပိုင်း အချိန်မှာ ဖြစ်သည်။ ရုံးပိတ်ရက်ဖြစ်၍ ကျွန်တော်လည်း မိမိအခန်းထဲမှာ စာအုပ်တစ်အုပ်နှင့် အတူ အပျင်းထူနေသည်။
လူတစ်စု လှေကားမှ ၀ုန်းဒိုင်းညံအောင် အပြေအလွှားတက်လာကြသည်။ ကျွန်တော်လည်း ရင်ထဲ ဒိတ်ခနဲဖြစ်ကာ တံခါးအသာဟ၍ စူးစမ်းကြည့်သည်။ ညစ်ထေးသော စက်ပြင်ဝတ်စုံများနှင့် လူရွယ်လေးဦးကို ဦးမောင်မောင်ကြီး ၏ အခန်းရှေ့မှာ တွေ့ရသည်။ သူတို့ရောက်လာကတည်းက အခန်းထဲ မှ ဂျော်ဂျီနှင့် မော်လီတို့၏ မာန်ဖီသံများ ဟိန်းထွက်လာကြ၏။

"၀ပ်ရှော့မှာက နေ့လယ်ဘက်ဆို မတရားပူတယ်။ ဂျော်ဂျီတို့နဲ့ မကိုက်ဘူး။ ဒီတော့(၁)နာရီ ထိုးတာနဲက သူတို့ကို အခန်းပြန်ပိုပြီး ပန်ကာတွေ အကုန်ဖွင့်ထားပေးလိုက်တယ်။ ညနေ အန်ကယ်အလုပ်က ပြန်လာရင် သူတို့ကိုခေါ်ပြီး ဘောလုံးကွင်းဘက်မှာ လေညင်းခံထွက်ပေးတယ်။ ကိုယ်ချင်းစာတရာဆိုတာ ဒါပဲကွ"
လွန်ခဲ့သော သုံးလေးရက်က ဦးမောင်မောင်ကြီးက ကျွန်တော့်ကိုရှင်းပြခဲ့ဖူးသော စကားကို ချက်ချင်းပြန် သတိရသည်။
"ရဲဘော်ကြီးတို့... ဘာဖြစ်လို့လဲဗျ"
"နေပြင်းလွန်းတော့ သူဌေးကြီးလေဖြတ်ပြီး သတိလစ်သွားတယ်ဗျ။ ခုတော့ ဆေးရုံပို့လိုက်ပြီ။ သတိမလစ်ခင် သူ့ခွေးတွေ ကို သွားခေါ်ပေးပါလို့ တသသပူဆာနေလို့ ကျုပ်တို့ခွေးတွေလာခေါ်တာ"ဟု ပိန်ချောင်ချောင်၊ မည်းကြုတ်ကြုတ် မက္ကင်းနစ်တစ်ဦးက ပြောသည်။

ဂျော်ဂျီနှင့် မော်လီတို့က မာန်ဖီရုံသာမဟုတ်တော့ဘဲ ရန်လိုဟန်ဖြင့် တ၀ုန်းဝုန်ပွက်ပွက်ညံအောင် ထိုးဟောင်နေကြသည်။ သူတို့၏ ဖခင်သဖွယ် ကျေးဇူးရှင်သခင်ကြီး သေလုမျောပါးဖြစ်သွားပုံကို သိရှိနေကြသည့် အလားပင်ဖြစ်ပါသည်။
"ခွေးတွေက ဆိုးတယ်နော်၊ သခင်ကလွဲပြီး ဘယ်လူစိမ်းမှ အကိုင်ခံမှာ မဟုတ်ဘူး ဒီခွေးမျိုးတွေက အရမ်းအကိုက်သန်တယ်"ဟု ကျွန်တော်က စိတ်ရင်းစေတနာဖြင့် သတိပေးသည်။
"ကျွန်တော်တို့လည်း အဲဒါကိုပဲ စဉ်းစားနေတာ"ဟု မက္ကင်းနစ်ကိုလူပန်က အခန်းသော့ခလောက်ကို ဖွင့်မည့်သော့တံကလေးကိုင်ရင်း တစ်ဆို့ဆို့ပြောသည်။
"အလကားပါဗျာ၊ သေလုမျောပါးဖြစ်နေတဲ့ကိုယ့်အဖြစ် ကို ကိုယ်ဂရုမစိုက်ပဲ ဘာမှမဟုတ်တဲ့ အဟိတ် တိရစ္ဆာန်တွေ အပေါ် အဖြစ်သည်း နေရသေး။ ကျွန်တော်တို့သူဌေးက လူယောင်ဆောင်ထား တဲ့ ခွေးကြီး တစ်ကောင်ဖြစ်နေ မလား၊ မပြောတတ်ပေါင်ဗျာ" ဟု မျက်နှာပေါက်ဆိုးဆိုး၊ အရပ်ပုပုနှင့် ခွေးဘီလူး မျက်နှာပေါက်မျိုး ရှိသူ မက္ကင်းနစ်က ညည်းညူပြန်သည်။
ကျွန်တော် ဘာပြောရမှန်မသိတော့ပါ။

ကြူးနစ်
Joke မဂ္ဂဇင်း ၂၀၁၂ ဇန်နဝါရီလ
.
>>>ဆက်ဖတ်ရန်>>> >>

Wednesday, December 12, 2012

စံ-ဇာဏီဘို ၏ အဖြူဝတ်လူသား ဂေါ့ဖာများ

စံ-ဇာဏီဘို
အဖြူဝတ်လူသား ဂေါ့ဖာများ

ဒီဇင်ဘာနှင်းမှုန်ကြားမှ အားကစားကို လိုက်စားကြကုန်သော အင်းစိန်တိုက်ဒေသရှိ သံတိုင်ကြားမှ အဖြူဝတ်လူသား တို့သည် အဆင့်အတန်းမြင့်လာသော အနောက်တိုင်းအလိုအရ ဂေါ့ Golf ဟု ခေါ်သော ဂေါက်သီး အားကစား နည်းပညာကို ကောင်းစွာလိုက်စားတတ်မြောက်ကြကုန်သည်။ ထိုခေတ် ကာလ ကူကုံထံများသာ တတ်ကျွမ်းနားလည်သည့် ဂေါက်သီးရိုက်ခြင်း နည်းစနစ်နှင့် အတတ်ပညာ ဥပဒေသ တို့ကို လူပုံစံ များဟု ခေါ်တွင်နိုင်သည့် ပုံစံနှင့် ထိုင်၊ ပုံစံနှင့်ရပ်၊ ပုံစံနှင့်စား၊ ပုံစံနှင့် အိပ်သည့် သူများကို ပုံစံတကျ နည်းပညာပေး သင်ကြားသော သူသည်ကား "ဦးရဲထွန်း" ဖြစ် သည်။
ငယ်စဉ်ကာလ မှပင် အမေရိကန်နိုင်ငံတွင် ပညာသင်ကြားကာ ဘွဲ့အတတ်များရယူပြီး အင်္ဂလန် နိုင်ငံတွင် ထပ်ဆင့် ပညာ အတတ် ကို တတ်မြောက် ကျွမ်းကျင်လာသော ဥပဒေပညာရှင်ကြီး ဦးရဲထွန်း သည် အစဉ်အလာ ကြီးမား လှ၍ ကြွယ်ဝသော မိသားစုမှ ပေါက်ဖွားလာသူ ဖြစ်သည်။ ကြက်သွေးရောင်ဘောင်းဘီတို၊ စွပ်ကျယ်လက်ပြတ်နှင့် ကွမ်း ကို တမြုံမြုံဝါး ၍ မိလ္လာခွက်ကို ကိုင်မကာ "Good Morning"ဟူ၍ အလွန်ပီသသော အနောက်တိုင်း မှ ဘိုဆန်လှသော လေသံကို ပြုကာ နှုတ်ဆက်ခြင်းဖြင့် သူ၏ တစ်နေ့တာကို စတင်စမြဲဖြစ်သည်။

"ဇာဏီ မနေ့ က သင်ပေးထားတာ မှတ်မိလား"
ဦးရဲထွန်း ၏ အမေးကို ဆံပင်ဘုတ်သိုက်၊ နံရိုး အပြိုင်းပြိုင်းနှင့် အပေါက်အပြဲ တို့ကို သားရေကွင်းနှင့် ထုံးနှောင်၍ ဝတ်ဆင်ကာ ဒိုက်ထိုးနေသော စံ-ဇာဏီဘို က မဖြေခင် ဘိုးတော်ခင်ဝင်း က ကြားဝင်၍ "မှတ်မိတယ် ဦးရဲ၊ အယ်စတုံ ဆိုပြီးတော့ အဆင့်ဆင့်ကိုယ် ကို စောင်းပြီး အလုံးကို တုတ်နဲ့ရိုက်ရမှာ"
ဘိုးတော် ၏ အဖြေကို ကြားလေသော် ဦးရဲထွန်း ၏ မျက်နှာ ရှုံ့မဲံသွားပြီး "ဘယ်နှယ် အင်စတုံ" ဘိုးတော်ရာ၊ "အမ်စတာဒမ်" ဆိုပြီးတော့ Golf ရိုက်ဖို့ တိုင်မင် ယူတာပါ ဟု ပြောလေသော် ဦးရဲက လည်း "အယ်စတုံ" ဖြစ်ဖြစ် "အယ်စတာဒမ်"ဖြစ်ဖြစ် အသံထွက် အတူတူပဲဟာ၊ မြန်မာမှုပြုလိုက်ပြီး ရော။ အပြင်သို့ ရောက်နှင့်နေသော မင်းသားကြီး ဦးအောင်လွင် က တံမြတ်စည်းတစ်ချောင်း ကို လက်နှစ်ဖက်နှင့် ကိုင်၍ ခြေစုံကားကာ "အမ်" ဟုခေါ်ကာ ခါးကို ကိုင်းကာ တံမြက်စည်းကို မိမိ၏ ရှေ့တွင် တည့်မတ်စွာထား၏။

"စတာ" ဟု အသံထွက်ကာ ခန္ဓာကိုယ်ကို ဘယ်မှဘာသို့ အနည်း ငယ် စောင်း၍ စုံကိုင်ထားသော တံမြတ်စည်း ကို  နာရီလက်တံဆန့်ကျင်ဘက်အတိုင်း ခပ်ဝိုက်ဝိုက် မြောက်၍ ဘယ်ခြေဖျားကို ထောက်၊ လက်တို့ကို ကွေး၍ "ဒမ်" ဟု ခေါ်ကာ နာရီလက်တံ အတိုင်း ခြေထောက်ရှေ့တွင် ထားသော ကြွပ်ကြွပ်အိတ်အလုံးကြီးအား "ဗုန်း"ခနဲ ရိုက်၏။ အဲဒါကို ကြည့်၍ "Very Good, Very Good" အာလုတ်သံကြီးဖြင့် ဦးရဲထွန်းက ဦးအောင်လွင် အား ချီးမြောက်၏။ ထိုခေတ်ကာလ အလွန်နာမည်ကြီးလှသော ဂေါက်သီးသမားကြီး ဦး (မြအေး)၏ ဟန် အတိုင်း မျက်နှာကို ဘယ်ဘက်သို့ ခပ်စောင်းစောင်းထား၍ လွင့်သွားသော ကြွပ်ကြွပ်အိတ်အလုံးကို ကြည့်၊ ခြေထောက် ကို ခပ်ကျဲကျဲထား၊ ဘယ်ခြေထောက်ကို ခြေဖျားထောက်၍ တံမြတ်စည်းကို ပခုံးတွင် တင် ထားသော မင်းသားကြီး ဦးအောင်လွင်၏ ပုံသည် မဂ္ဂဇင်း၏ မျက်နှာဖုံးပုံ တွင် ဖော်ပြရန် ပင် ကောင်းလေတော့ သည်။

"ဟာ... ဘကြီးအောင် တယ်စတိုင်ကျပါလား" ဘိုးတော်က လှမ်းအော်၏။ "အိုက်တင်က တယ်မိ ပါလား၊ ဝိုင်းကြည့်နေသော လူငယ် များကလည်း "မိုက်တယ်ကွာ"ဟု လှမ်းအော်ကြ၏။
ဒီအိုက်တင် ကို ဘယ်လိုရအောင်လုပ်ထားလဲ။ အလွန်မျက်စိစူး ၍ အတုခိုးကောင်းလှသော ရန်မျိုးသိန်း က မေးလေသော် ဂေါက်သီး ရိုက်တဲ့ အိုက်တင်က လူ ၄ ယောက်ဆီက ပုံစံယူထားတာ။ ၁ ယောက် ဆို တော်သေးတယ်။ အခုတော့ များလှချေလား။ စံ-ဇာဏီဘိုက မေးလေသော် "မဟုတ်ဘူး ကိုဇာကြီး၊ ဒါက ဒီလို ရှိတယ်၊ ရန်မျိုးသိန်း သည် စကားတစ်ခု ကို ရှင်းလိုလျှင် ဒီလိုရှိ တယ်ဟု အစချီလေသော် ဒီလိုရှိတယ်ကို ရှင်းပါဦး။ ခြေထောက် ကို ခပ်ကားကားရပ်ရင် ဆရာခလို ရပ်ရမှာ။ ဆရာကြီး (ဦး)မင်းသိင်္ခသည် ဟာနီယာဟု အနောက်တိုင်း အခေါ်အဝေါ်အရ အူကျသည့် ရောဂါ ရှိပေရာ ရပ်လျှင် ခပ်ကားကားရပ်ရသည်။ ဘကြီးမိုးလို ခပ်ကုန်းကုန်းနေ ရ တယ်။

စာရေး ဆရာ ရုပ်ရှင်ဒါရိုက်တာ မောင်မိုးသူကို ဘကြီးမိုးဟူ၍ အားလုံးက ခေါ်သည်။ အရပ်ရှည်ရှည် ခါး ကိုင်းကိုင်းနှင့် ပုံသဏ္ဍာန်ကို လူတိုင်းက မျက်စိထဲ မြင်၏။ "ဆရာခလို ခြေကားရပ်၊ ဘကြီးမိုးလို ခါးကုန်းထား၊ ခါးစောင်းတဲ့ အခါ ဦးသော်ကကြီး လို အားစောင်းထားရမှာ။" စာရေးဆရာ ရေတပ်မှ ဗိုလ်မှူးဘသော်သည် စာရေးဆရာမောင်သော်က ဟု ခေါ်သည်။ ခါးတွင် ဒဏ်ရာရထားသဖြင့် ခပ်စောင်းစောင်းဖြစ်နေရာ အားလုံး၏ မျက်လုံး ထဲတွင် ထင်းခနဲဖြစ်သည်။ ဂေါက်သီးရိုက်ပြီးက မျက်နှာကို ခပ်မော့မော့ထားပြီး ပြုံးနေတဲ့ ပုံက အဘချမ်း ပုံလေ။ စာရေးဆရာကြီး မောင်စူးစမ်း အား အားလုံးက ချစ်စနိုးဖြင့် အဘချမ်းဟူ၍ ခေါ်ကြသည်။ ကဲ.... ဂေါက်သီး ရိုက်တယ်ဆိုတာ ဆရာခ လို ခြေကားထား၊ ဘကြီးမိုးလို ခါးကုန်း၊ ဦးသော်ကလို ခါးစောင်း၊ ဂေါက်သီးရိုက်ပြီးတာ နဲ့ အဘချမ်းလို ပြုံး။ "ဟာ ဒါဆိုရင် အမ်စတာဒမ်လို မအော်တော့ဘူး၊ ခ-မိုး-သော်-ချမ်း" လို့ အော်ပြီး ဂေါက်သီး ရိုက်မယ်" ကျောင်းသားလူငယ်မင်းဇေယျာမှ ဝင်ပြောလေသော် အားလုံး က သဘောကျသွားလေ တော့သည်။

ဂေါက်ရိုက်တံမြက်စည်း

ဂေါက်သီးအဖြစ် သုံးစွဲသော ကြွပ်ကြွပ်အိတ်သည် အခက်အခဲမရှိ ရရှိသည်။ ထိုကြွပ်ကြွပ်အိတ် အား ဂေါက်သီး အဖြစ်ရိုက်ရန် ဂေါက်ရိုက်တံမြက်စည်းသည် ပြင်ပလောက Golf stick ဂေါက်ရိုက်တံ ထက်ပင် ရှားပါပေလိမ့်မည်။ မြက်တံမြက်စည်း တစ်ခုအား သုံးစွဲလေသောအခါ တံမြက်စည်းစတို့ သည် တဖြည်းဖြည်း တိုဝင်၏။ ထို့နောက် နှုတ်ခမ်းမွေး ကဲ့သို့ တစ်ဖက်တစ်ချက် ခပ်ကော့ကော့ သာ ရှိကြ၏။
သို့သော် ဂေါက်ရိုက် သည့် တံမြက်စည်းသည် နှုတ်ခန်းမွေးတစ်ဖက်သာ ရှိရမည်။ ဤသို့သော တံမြက်စည်းမျိုး ရရန် နှစ်ပေါင်းများစွာ စောင့်စားမှသာ ရရှိမည်။ ၄င်းတံမြက်စည်းရိုးအား Hocky Stick အဖြစ်လည်းကောင်း ထည်လဲသုံးလို့ရသည်။ ၃ တိုက်တွင် တံမြက်စည်း ၂ချောင်း ရှိ၏။ တစ်ချောင်းသည် ဘကြီးအောင် (ဦးအောင်လွင်) မှ ပိုင်ဆိုင်သည်။ ကျန်တစ်ချောင်းသည် ကြိုးသမား ခွေးတူဝက်တူ လှသိန်း ထံမှ နွား(မကျင်လှ) အလိပ် ၂၀နှင့် ဝယ်ယူထားရခြင်း ဖြစ် သည်။ စံ-ဇာဏီဘိုမှ ပိုင်ဆိုင်၏။

ဤဂေါက်သီးရိုက် သည့် တစ်ဖက်ကော့ တံမြက်စည်းကို ငှားရမ်း ခြင်းဖြင့် အတော်စီးပွားဖြစ်နေ ၏။ ထောင်တွင်း ဗေဒင်ဟောခြင်းထက်ပင် ပို၍ စီးပွားဖြစ်၏။ ဟန်ကျ နေ၏။ ထိုဒေသတွင် စံ-ဇာဏီဘို ထံ ဗေဒင်မေး က မကျင်လှ (နွားဆေးလိပ်)  ပေးရ၏။ ဂေါက်သီး ရိုက်တုတ် ငှားရမ်းခသည် ကား တစ်မောင်း ဆိုက ၁ လိပ်၊ နှစ်မောင်း ဆိုက ၂လိပ်၊ သုံးမောင်း ဆိုက ၃ လိပ်၊ လေးမောင်းဆိုက ၄ လိပ်ရ၏။
အင်စိတ်ဒေသ တွင် ၁၅ မိနစ်းတွင် တစ်မောင်းတီး၏။ မိနစ် ၃၀တွင် နာရီလက်ချက်ထိုးသော် ၂ မောင်းဟူ၍ သတ်မှတ် ၏။ သံချောင်း ၃ ချက်ခေါက်သော် ၃ မောင်းဟုဆိုသည်။ ၄၅ မိနစ်ကြာ၏။ သံချောင်း ၄ ချက်တီးသော အခါ မိနစ် ၆၀ ကြာ၏။ ၁ နာရီဖြစ်၏။ ဤသို့ တစ်နာရီကြာက နွားမကျင်လှ ဆေးလိပ် ၄လိပ်ဝင်ခြင်းကြောင့် ရက်ပိုင်း အတွင်း ဂေါက်ရိုက်သော တံမြတ်စည်းတုန် ၏ အရင်းကျေပြီး အမြတ်များထွက်၍ ထပ်မံ၍ မှာကြားရန် ပင် အခြေအနေ ပြည့်ပြည့်စုံစုံရှိ၏။ စံ-ဇာဏီဘို ငှားရမ်းခ မတောင်းရဲသောသူတစ်ဦးသာ ရှိ၏။ သူ၏ ဆရာမင်းသိင်္ခ မှ ယူငင် သုံးစွဲလေ သော် တံမြက်စည်းဂေါက်ရိုက်တုတ်ကို ပေးရု့သာမက ဆေးလိပ်ကိုပါ ပေး၏။

ဆရာခသည် ဂေါက်သီးရိုက်ခြင်းအပေါ် လွန်စွာ စွဲမက်နေ၏။ "ဒီမှာ ကိုယ့်လူမောင်ရဲ I Say ဂေါက်သီးရိုက်တာကို အတော်ကြိုက် သွားပြီ။ အပြင်ပြန်ရောက်ရင်တော့ ဆားပုလင်းနှင်းမောင်ကို ဂေါက်သီးရိုက်ခိုင်းမယ်။ စာရေးရင် တစ်နေ့သ၌ ဆားပုလင်းနှင်းမောင်သည် နှင်းတောင်စီကရက် ကို ခဲ၍ မျက်လုံးကို ခပ်မှေးမှေး ထားကာ ဂေါက်သီးကိုကြည့်လျက် စနစ်တကျ ဂေါက်ရိုက်တံကို ကိုင် ကာ အစချီပြီး ရေးပစ် မှာဟုပြော ရင်း အောက်တွင် ရှိသော ကြွပ်ကြွပ်အိတ်ကို လှမ်းရိုက်၏။ ဂေါက် တံသည် လေထဲကို ဝဲမြောက် တက် သွားသည်။ ဂေါက်သီးကို မထိ။ ထိုသို့ ဆရာခ လွဲချော်သွား သည်ကို ကြည့်၍ ဆရာဦးရဲက တဟားဟားရယ်ကာ "မောင်ခ၊ ဒီလိုရိုက်လို့ မရဘူးလေ။ မောင်ရင့် ဗိုက်ပူကြီးက ရှေ့က ခံနေတော့ ဘောလုံးကို ငုံ့ကြည့်လို့ ဘယ်မြင်ရမလဲ" ဦးရဲထွန်းနှင့် ဆရာကြီး မင်းသိင်္ခတို့သည် အပြန်အလှန်ရင်းနှီးကြ၍ မောင်ခ၊ မောင်ရဲ ဟုပင် ကျီစယ်နောက်ပြောင်ခေါ်ဝေါ် ကြ၏။

ခက်တာမှတ် လို့ ဗိုက်ခံနေလည်း အားလုံး ရှေ့တိုးရိုက်ရုံပေါ့။ ရှေ့သို့တိုးကာ ဂေါက်သီးကို ရိုက်၏။ ကုန်း၍ မရသဖြင့် လွဲပြန်၏။ "မောင်ခ မင်းဒီဗိုက်ကြီးကို ဝိတ်လျှော့ရမယ်"ဟု ဦးရဲထွန်းက ဝေဖန်၏။ ဒီမှာ မောင်ရဲ၊ ဒီလိုဗိုက်မျိုး ကိုယ် နဲ့ ကောသလဘုရင်ကြီး ဒီနှစ်ယောက်သာ ရှိတာဟု ပြောကာ ရယ်မောကုန်၏။ "စာဆို ရှိတယ် မောင်ခရ၊ ဘယ်လိုစာဆိုလဲ၊ ပြောပါဦး မောင်စံရာ" မိန်းမ ဆို ပန်းပန်၊ ယောက်ျားဆို ဝမ်းခံဆိုတာ မကြားဖူး ဘူးလား။ မိန်းကလေးတွေက ပန်းပန်ရင် သိပ်လှ တာ။ နဂိုအလှထက် ပိုပြီး လှကျက်သရေ တိုးတာ။ ယောက်ျားတွေ က ဗိုက်ခပ်ရွှဲရွှဲနဲ့မှ ခံ့ညားတာ။ စတိုင်ကျတာ"။ ဆရာခစကား ကြားရ၏ "ဟိုကောင် ဇာဏီ ကို ကြည့်၊ နံပိန်ပိန် ဗိုက်ကပ်ကပ် နဲ့ ယှဉ်လိုက်စမ်းပါ"ဟူ၍ စံ-ဇာဏီဘိုအား ဆွဲယူကာ သူနှင့်ယှဉ်ပြ၏။ အမှန်ပင် ဆရာမင်းသိင်္ခ သည် ပြည့်ပြည့်ဖြိုးဖြိုးနှင့် လွန်စွာ ခံ့ညားသည်။ စံ-ဇာဏီဘိုသည်ကား ညပ်သိုးသိုး၊ ပိန်ကပ်ကပ်နှင့် ဗိုက် က အတွင်း သို့ ချိုင့်ဝင်နေ၏။

ဧကရာဇ်နှင့် သူဖုန်းစား ပမာကွာခြားလှ၏။ "ဟာ.... ဆရာခကလည်း မဟုတ်သေးဘူးလေ။ ဒီလိုရှိ တယ်၊" ရန်ကြီး က ထုံစံအတိုင်း အထွန့်တက်၍ ပန်ရင် အလုပ်မရှိရင်တောင် အပြင်မှာ ရှာစားလို့ ရတယ်။ ကိုဇာကြီးက အပြင်ထွက် လို့ ဗေဒင်မဟောရရင် တောင် ရှောက်သီးဆေးပြားရောင်းလို့ ရတယ်။ ဗိုက်ပြားပြားလေးဆိုတော့ ပိုကောင်းသွား တာပေါ့။ တင်ပါးမှာ တင်တုထည့်။ ရင်သားမှာ ရင်တုထည့်၊ ရေမြုပ်နဲ့ ဘောလီဝတ်၊ မိန်းမလို ဝတ်လိုက်ရင် ဂေါ်ရင်ဂျီကုလားမလောက်တော့ ရုပ်ထွက်တယ်။ ဗိုက်ပူတဲ့ ဆရာခက အဲဒီအတုတွေနဲ့ဝတ်လို့ ဘယ်ရ မလဲ။ တက်သီးကတ်သက် ပြောသေ ရန်ကြီးစကားအား ဆရာခကြားသော် တဟီးဟီးရယ်မော၏။ ငါက ဇော်ဂျီ လို ဝတ်ပြီး လျက်ဆားရောင်းရင် အတော်စီးပွားဖြစ်မှာဟု ရယ်မောကာ ပြော၏။ ထိုစဉ် ဝါဒါ ခင်မောင်အေး ရောက်ရှိလာ၍ ဖြူဖွေးလှပသော ဂေါက်သီးဘောလုံးအား ဦးရဲထွန်းအား ပြ၏။

ထောင်ဝါဒါအတော်များများတွင် ခင်မောင်အေးသည် တခြားဝါဒါများနှင့် မတူ။ အလွန်သွေးကြီး သော သူဖြစ်သည်။ ဆေးပေါ့လိပ်မသောက်၊ စီးကရက်ကိုမှာ ဖွာသည်။ ထိုခေတ်ကာလပေါ်ပေါက် သော ဇင်ဇင်း စီးကရက် ကိုပင်မဖွာ၊ 555 စီးကရက်ကိုမှ သောက်သည်။ ကြော့နေအောင် နေသည်။ လူကုံထံသူဌေးတို့၏ အမူအကျင့် ကို အတုယူ၍ နေထိုင်ပြောဆိုသူ ဖြစ်သည်။ ဦးရဲထွန်၏ ဂေါက် သီးရိုက်ထြင်း သင်တန်းတွင် အလွန် တက်ကြွစွာ အကျဉ်းသားမဟုတ်ဘဲ တက်ရောက်ခွင့်ရှိသာ ဝါဒါဖြစ်သည်။ စစ်ကနယ်၊ 92.45 အစရှိသော ကုလားဆေးမွှေး တို့ ထည့်၍ ယာထားသော ကွမ်း ယာကို ထောင်တွင်းသို့ သွင်းယူကာ ဦးရဲထွန်းအား တံစိုး လက်ဆောင်ပေး ၍ ဂေါက်ရိုက်ပညာကို သင်ကြားသူဖြစ်သည်။ "ဖက်တီး... မင်း ဒီဂေါက်သီး ဘယ်ကရတာလဲ" ဝါဒါခင်မောင်အေး သည် အနည်းငယ်ဝဖိုင့်ဖိုင့်ရှိပေရာ ဖက်တီးခင်အောင်အေးဟူ၍ လည်းကောင်း၊ သူဌေးခင်မောင်အေး ဟူ ၍ လည်းကောင်း၊ အများက ခေါ်ကြ၏။ တညင်းကုန်းဂေါက်ကွင်း ချုံကြား က ကောက်လာတာ။ ဦးရဲထံမှ ဂေါက်သီးကို ဟိုလက ယူကြည့်၊ ဒီလူက ယူကြည့်နှင့် အလွန် သဘောကျလှသည်။ ကြွပ် ကြွပ်အိတ်တစ်လုံးအား ဂေါက်သီးသဖွယ် ရိုက်ခြင်း ခေတ်ကာလကား ကုန်ဆုံးပြီ။

ဂေါက်သီးအစစ်ကို ရိုက်ခြင်ဖြင့် ပိုမိုထည်ဝါမှု ရှိလာပြီဟူ၍ အားလုံးက ယူဆကြကာ ဂေါက်သီးကို ထည့်၍ တံမြက်စည်းနှင့် ရိုက်၏။ ခပ်လေးလေး ရှိသော ဂေါက်သီးသည် တစ်စက်မရွှေ့ ဂေါက်သီး ကို တံမြက်စည်းနှင့် လှည်းသည့်အလား ရှိသည်။ ခပ်ပျော့ပျော့ တံမြက်စည်းကြား ဂေါက်သီးသည် က္ကနြေ္ဒရှိလှ၏။ ဟိုလူရိုက်ကြည့်၊ ဒီလူရိုက်ကြည့်နှင့် နောက်ဆုံး ဂေါက်သီးလုံး အစစ်ကို ဘေးဖယ် ကာ ကြွပ်ကြွပ်အိတ် အလုံး ကိုသာ ပြန်ရိုက်ကြရပြန်သည်။ ဂေါက်သီး စင်စစ်သည် အင်းစိန်တိုက် သား ဂေါက်ရိုက်သမားများအတွက် စိုးစဉ် မျှ အသုံးဝင်ခြင်း မရှိ။

ခွင်ပျောက်သော တံမြက်စည်း
ခွေးရူးကောင်းစား တစ်မွန်းတည့်ဟူသော စကားသည်ကား မှန်လှသည်။ တံမြက်စည်းဂေါက်ရိုက် တံအား ငှားရမ်း ၍ နွားမကျင်လှ ဆေးလိပ်အပေါ် ၌ ဖင်ခုထိုင်နေသော စံ-ဇာဏီဘို၏ ဘဝမှာ သမုဒ္ဒရာ ထက် ရေပွက်ပမာ တစ်ခဏ သာတည်း။ တံမြက်စည်းဂေါက်ရိုက်တံအား ငှားရမ်းရသည် မှာ လွန်စွာ တွက်ခြေ ကိုက်ပေရာ တစ်ချောင်းသာမကရှိက ပို၍ တွက်ခြေကိုက်မည်ဟု ထင်၍ အရိုး တံမာမာ အမွေးကျွတ် တစ်ဖက်ကောက် နှုတ်ခမ်းမွေးခပ်ပါးပါး တံမြက်စည်း အား ၁ တိုက်၊ ၂တိုက်၊ ၄တို၊ ၄ရှည်၊ ၅တိုက်၊ ၆တိုက် ထိုသို့ အဝယ်တော် လွှတ်ကာ တံမြက်စည်းတံ တစ်လက်အား ဆေးပေါလိပ် ၂၀နှင့် ဝယ်ယူလေသော် တံမြတ်စည်း ၆ လက် ခန့် ရ၏။

မူလရှိရင်းစွဲနှင့် ပေါင်းလေ  သော် တံမြက်စည်း ၇ လက် ဖြစ်လာ၏။ အခါတိုင်း ၁၅ မိနစ်တစ်မောင်း တွင် ဆေးပေါ့လိပ် ၇ လိပ်ဝင်ကာ လွန်စွာ ဟန်ကျနေ၏။ ဂေါက်သီးလုံး အစစ်တိုက်တွင်း သို့ ရောက်ရှိလာသည့် အချိန်၌ တံမြက်စည်းနှင့် ထိုဂေါက်သီးအား ရိုက်၍ တံမြက်စည်းနှင့် ထိုဂေါက်သီးအား ရိုက်၍မရသော ကြောင့် နဂိုအတိုင်း ပင် ကြွပ်ကြွပ်အိတ်နှင့် တံမြက်စည်းနှစ်ပါး သွားကြသည်။ ၁၅ မိနစ်လျှင်ဆေး ပေါ့လိပ် ကို မပေးနိုင်သော ဘိုင်ကောင် များဖြစ် သည့် ရင်ထွေး၊ တင့်ဆန်း၊ ရန်ကြီး စသည့် လူငယ် တို့သည် ဂေါက်သီးလုံး ကို ယူ၍ ဂေါ်လီရိုက်တမ်း ကစား၏။ ၃ ကြွင်းစိမ်တမ်း ကစား၏။ ဆေးလိပ် တိုကို ထောင်၍ ပစ်ကြကုန်၏။ "တောက် နိုင်ငံခြား က လာတဲ့ ဂေါက်သီး အင်းစိန်တိုက်ထဲရောက် မှ ပေသီးဖြစ်တော့တယ်" ဦးအောင်လွင်က ဆို၏။ အရာရာအပေါ် စနစ်တကျဖြစ်အောင် တီထွင် တတ်သော ဦးအောင်လွင် သည် ၃ တိုက်နှင့် ၂တိုက်ကြားရှိ သရက်ပင်ကြီး မှ ကိုင်းတစ်ကိုင်း ကို အမြဲတမ်းထောင်ကျ မျောက်ဖိုးစိန် အား တက်ရောက်ချိုးစေသည်။

ဖောက်ထွင်းခိုးယူမှုဖြင့် ထောင် ကျလာသော ဖိုးစိန်သည် မျောက်နှင့် ရုပ်ဆင်သည်။ ခြေလက်တို့သည်လည်း ဆင်သည်။ မျောက် တစ်ကောင် အလား ဟိုဟိုဒီဒီ တွယ်ကပ်၍ ဆင်းနိုင်သည်။ ဆေးပေါ့လိပ် ၅ လိပ်ပေး၍ သရက်ကိုင်း စိုစို ခပ်ဖြောင့်ဖြောင့် တစ်ချောင်းအား သွားရောက်ချိုးစေ၏။ ထို့နောက် ခေါင်မိုးသွပ်ပြားမှ ချိုးယူ ထားသော ဓားနှင့် အချိန်ယူကတ်သတ်၍ ဂေါက်သီးရိုက်တံပုံစံအား လှီး၍တစ်ဖုံ၊ ခြစ်၍ တီထွင် လေ၏။ ဘကြီးအောင် သွားကြားထိုးတံ လုပ်နေတာလား။ လူငယ်များက နောက်၏။ "ဝီ" ဟူ၍ လည်း အော်ကြ ကုန်၏။ မြန်မာရိုးရာ ဟာသပုံပြင်ထဲ၌ လှော်တက် ကို လုပ်ရင်း ဟင်းမွှေယောက်မ ဖြစ်၊ ထိုမှတစ်ဖန် တုတ်တိုဖြစ် ၍ လွှင့်ပစ်သောအခါ "ဝီ"ခနဲ ပုံပြင်ဖြစ်စဉ်ကို ကိုးကား၍  နောက် ပြောင်ကြခြင်းဖြစ်သည်။

အဲဒီဝီတုတ်ကြီး ပဲ မင်းတို့ကစားဖို့ လုပ်ပေးမှာဟုပြောကာ သရက်ကိုင်းအား သင်သပ်ထွင်းထု၍ ကြွပ်ကြွပ်အိတ် ကြိုးထိုး ထားသည်နှင့် ချည်နှောင်၍ အလွန်သပ်ရပ်လှသော ခေါက်တံ ဖြစ်လာ၏။ ဂေါက်သီးလုံး ကို ယူ၍ သစ်သားနှင့် ခွက်သဏ္ဍာန် ပြုလုပ်ထားသည့် အပေါ် တင်ကာ ဂေါက်ရိုက်သစ်သားတုတ်နှင့် ရိုက်လေသော် ဒေါက်... ဝှီး... ဂေါက်သီးနှင့် တုတ်တံတည့် သွားပြီ ဖြစ်သည်။ အားလုံးက ဝိုင်းဝန်း၍ လက်ခုပ် တီးကြ သည်။ ဂေါက်သီး ၂လုံး၊ ဂေါက်တံ ၂ ချောင်း ဝရုန်းသုန်းကား ဖြစ်နေကြသည်။ ကြွပ်ကြွပ်အိတ်ဖြင့် ပြုလုပ် ထားသော ဂေါက်သီးသည် လည်းကောင်း၊ တံမြက်စည်းနှင့် ပြုလုပ်ထားသော ဂေါက်ရိုက်တုတ်အား လည်းကောင်း မည်သူ ကမျှ မျက်စောင်း ပင် ထိုး၍ မကြည့်။ မည်သူကမျှ တံမြက်စည်းတုတ် စံ-ဇာဏီဘိုးဆီ လာ မငှား တော့။  တံမြက်စည်း တုတ် ငှားရမ်းသော ခွင်ပျက်ရလေတော့သည်။

"ဟေ့ကောင်.... ဇာဏီ၊ မင်း ဘာဖြစ်နေတာလဲ၊" တံမြက်စည်း ၇ချောင်းတွင် ငေါင်းစင်းစင်းကြီး ဖြစ်နေသော ဇာဏီဘို ကို လှမ်းအော်မေးသည်။ "ဆရာ စဉ်းစားကြည့်၊ တံမြက်စည်းတစ်ချောင်းကို နွားဆေးလိပ် အလိပ် ၂၀၊ ၇ ချောင်း ဆိုတော့ ၁၄၀၊ ကဲ... ဘယ်လောက်နှမြောဖို့ ကောင်းသလဲ" ဒီနေ့ ဖိုကြီးပေါက်ဈေး ကြက်ဥ တစ်လုံး နွား ၂၀၊ ကြိုးပုတီး ၁ခု၊ နွား၁၀ လိပ် ဘယ်လောက်ရှုံးထား လဲ။ မင်း တစ်မောင်းကို ၁ လိပ်နဲ့ ငှားစား တဲ့ ဆေးပေါ့လိပ်တွေရော။ ကုန်ပြီလေ ဆရာရဲ့၊ တံမြက် စည်းတုတ်ရဖို့ ရင်းတာက တစ်မျိုး ဟိုလူ့တိုက်နဲ့ အခုတောင် ဒီတစ်တို ပဲ ကျန်တော့တာ။ အစီခံ နားကပ်နေသော ဆေးလိပ်တိုကို ပြန်၍ ညည်းလေသော် "ဟေ့ကောင်ရာ ဒါများ ညည်းမနေပါနဲ့ တော့" ဟု ဆိုကာ တံမြက်စည်း အစည်းကို မြေသို့ချ၊ ညာခြေနှင့် နင်း၍ မျက်စိမှိတ်ကာ ဥုမ် ဟူ၍ ၃ကြိမ်ရွတ်၏။ ဆရာဦးမင်းသိင်္ခ ၏ ဥုမ်ရွတ်ပုံသည် ဖားတစ်ကောင်နှင့် တူ၏။ အ၊ ဥ၊ မ ဟူသော အသံထွက်နှင့်လည်း ညီ၏။ ရင်ခေါင်းသံလည်း ပါ၏။ ဥုမ် ကို တစ်ညလုံးရွတ်မှာ ဒီဇင်ဘာ ၂၅ ရက်မှ စပြီး ညလုံးပေါက် ရွတ်ရ မှာဟု ဆိုကာ တံမြက်စည်းတို့ကို ဆောင့်ကန်၍ ထွက်သွားသည်။ ဆေးလိပ်လည်း ကုန်၊ ထပ်မံ ဝယ်စရာလည်း မရှိ၍ အိပ်ငိုက် စိတ်ညစ်နေဆဲ။

"ကိုဇာကြီး၊ ကိုဇာကြီး " ဟု  ခေါ်သံကြား၍ လှည့်ကြည့်သော် ၄ တိုက်မှ အမြဲဆင်း ကရင်လေးကို တွေ့ရ၏။ ၄ တိုက်မှာ အဘတော်ဘုရားလေး။ ဦးအရိုင်း တို့ကို အန်ကယ်ဂျွန် က ဂေါက်သီးရိုက်တာ သင်ပေးမလို့၊ အဲဒါ ဂေါက်သီး ရိုက်တဲ့ တံမြက်စည်းရောင်းဖို့ ကိုဇာကြီးမှာ ရှိတယ်ဆိုလို့၊ "မင်း တို့ အန်ကယ်ဂျွန် က လေယာဉ်ပဲ မောင်းတတ်တာ၊ ဂေါက်သီး ရိုက်တတ်လို့လား" တံမြက်စည်းတုတ် များ ရောင်းရမည်ကို ရင်ထဲမှ ဝမ်းသာနေတာ ကို ဖုံးကာ ပြောရ၏။ "အန်ကယ်ဂျွန် က ဦးရဲထွန်း ထက်တောင် တော်သေး" မင်းဦးရဲကြားသွား လို့ သေဦးမယ်။ ကဲ... မင်းဘယ်လောက်ပေးမလဲ။ တစ်ချောင်းကို နွားအလိပ် ၂၀ နဲ့ ဝယ်ထားမှန်း သိပါတယ်၊ ရှားပါးပစ္စည်း မို့ ၂၅ လိပ် နဲ့ ဝယ်မယ်ဟု ပြော၏။ စံ-ဇာဏီဘို ရင်တလှပ်လှပ် ဖြစ်သွားသည်။ အရင်းပါပြန်ရမည့် အပြင် ၅ လိပ် ပင် မြတ် သေး၏။ "ဘယ်နှချောင်းယူမှာလဲ" "အကုန်ယူမှာ" "ဟုတ်လို့လား၊ သွားမေးလိုက်ဦး" ကရင်လေး ပြန်သွားသည်။ ပြန်မှလာပါ့မလားဟု ရင်တလှပ်လှပ် ရွတ် ဆို သည့်အတိုင်း ဥုမ်ကို ရွတ်လေသော် သူ့အသံ သည် တစ်ခုခု ဖြစ်နေသည်။

"ကိုဇာကြီး ရော့.... ဆေးလိပ် တံမြက်စည်း ပေး" ဟူ၍ အသံကြား၍ မျက်လုံးကို ဖွင့်ကြည့်လေ သော် ဆေးလိပ် များ ကို တွေ့ရ၏။ ဆေးလိပ် ၅၀ စည်း ၃ စည်း၊ ၂၅ လိပ်စည်းက ၁စီး တွေ့ ရ၏။ ဆေးလိပ်စည်းပေါ် မှ နွားမကျင်လှ တံဆိပ် က အကြော့သား ရော့... ဂေါက်တံ တံမြက်စည်း ၇ ချောင်းယူသွား၊ ဒီကြွပ်ကြွပ်အိတ် ဂေါက်လုံးတွေ ပါ အဆစ်ယူသွားလိုက်။ ဆရာခ၏ "ဥူမ်" သည် အလွန် စွမ်းလှပေသည်။

စံ-ဇာဏီဘို သည် ဆေးပေါ့လိပ်အထုပ် တို့ကို မ၍ တိုက် ၃ အခန်း ၁၃ရှိ ဆရာခ ဆီသို့ သွားလေ သော် အရှေ့ဘက်နံရံ သို့ မျက်နှာမူ၍ တင်ပျဉ်ခွေထိုင်၍ မျက်လုံးများ မှိတ်ကာ ဥုမ် ဟူ၍ ရွတ်ဆို နေသော အသံကို ကြားနေရ သတည်း။

ချမ်းမြေ့မေတ္တာတုံ့ပြန်ပါသည်။
၂၀၁၃ ဇန်နဝါရီလ၊ ရယ်စရာမဂ္ဂဇင်း
.
>>>ဆက်ဖတ်ရန်>>> >>

Tuesday, December 11, 2012

အဏ္ဏဝါစိုးမိုး ၏ ရှေးသရောအခါ ပြည်ဗာရာဝယ်

အဏ္ဏဝါစိုးမိုး
ရှေးသရောအခါ ပြည်ဗာရာဝယ်


ကျွန်တော် တို့ ညီအစ်ကိုမောင်နှမတွေကို အလွန်ချစ်သည့် ဦးလေးတစ်ယောက်ရှိသည်။ ကျွန်တော်တို့ကလည်း ဦးလေးကို အလွန်ချစ်ကြသည်။ ဦးလေးသည် အမေ့၏ မောင်အငယ်ဖြစ်သည်။ လူပျိုကြီးဖြစ်လို့ လွတ်လွတ် လပ်လပ် သောက်သောက်စားစား ပျော်ပျော်ပါးပါးနေသည်။ ဦးလေး ကို ကြိုက်သည့်အပျိုတွေ ရှိခဲ့သည်ဟု အမေ ကပြော သည်။ ဦးလေးက လူပျိုကြီးဘဝဖြင့် လွတ်လွတ်လပ်လပ် နေချင်သည်ဆိုပြီး အိမ်ထောင် မပြုဘဲနေ တာဖြစ်သည်။ ဦးလေးသည် ပုံပြောကောင်းသူဖြစ်လို့ ကျွန်တော်တို့က ဦးလေးကို ချစ်ကြတာဖြစ် သည်။
ဦးလေး အရက် မူးလာပြီဆိုလျှင် အိမ်ရှေ့က ပိန္နဲပင်ကြီးအောက်မှာ ဖျာကြမ်းခင်းထိုင်ပြီး ပုံပြောတော့သည်။ ကျွန်တော် တို့ ညီအစ်ကိုမောင်နှမတွေက နားထောင်ချင်လို့ ဦးလေးရှေ့မှာ စုထိုင်ကြသည်။ ရှင်းလင်းပြတ် သားစွာ ကြား ရအောင် ဦးလေးအနားကို တိုးထိုင်ကြသည်။ ဦးလေးက ဘာပုံကို နားထောင် ချင်ကြသလဲ ဟု မေးလေ့ ရှိသည်။

    ''သားသမီးမရတတ်လို့ နန်းဆက်ပြတ်တဲ့ ဘုရင်အကြောင်း ဆက်ပြောဦးလေ''
    ''ဆက်ပြောစရာမရှိဘူး၊ အဲဒီပုံပြင်က ဆုံးနေပြီ၊ နောက်တစ်ပုံပြောပြမယ်''
ခရစ်တော် မပေါ်မီကဆိုလား၊ ပေါ်ပြီးမှဆိုလား ဥရောပမှာ ရောမအင်ပါယာ အင်အားကောင်းစဉ်က ဘုရင်တစ်ပါး အကြောင်း ကို ပြောတာအရမ်းနားထောင်လို့ ကောင်းသည်။ ဘုရင်ကြီးသည် သူ့မိဖုရားလေးကို အရမ်း ချစ်သည်။ မိဖုရားလေး က သားသမီးမထွန်းကားသည့်အခါ မူးကြီးမတ်ရာ သေနာပတိတွေက နန်းဆက်ပြတ်မှာ စိုးရိမ် လာကြသည်။ မိဖုရားကို ရာထူးချထားပြီး နောက်တစ်ယောက်ကို မိဖုးရားမြှောက် ဖို့ လျှောက် ထားကြသည်။ ဘုရင်က လက်မခံ ဒီ မိဖုရား ကိုပဲ အသည်းစွဲအောင် ချစ်နေသည်။

 မိဖုရားအပြောင်းအလဲလုပ်ရန် ဘုရင်ကိုတိုက်တွန်းလို့ မရသည့်အခါ မူးမတ်တွေက နန်းဆက်မပြတ်ရန် တစ်မျိုးကြံကြပြန် သည်။ ဘုရင်နဲ့မိဖုရားမှာ သားသမီးမထွန်းကားတာဟာ ဘုရင်ဘက်က ချို့ယွင်းချက်ရှိ လို့များ ဖြစ်နေ သလား၊ မိဖုရား ကို တခြားယောက်ျားတစ်ယောက်နှင့် ဘုရင်မသိအောင် ဖောက်ပြားခိုင်းပြီး ကိုယ်ဝန် ရနိုင်မရနိုင် စမ်းသပ်ရန် သဘောတူ ဆုံးဖြတ်ကြသည်။ စစ်သူကြီးလူပျိုတွေထဲက အဖြောင့်ဆုံး၊ အတောင့်ဆုံး၊ ယောက်ျား အပီသဆုံး တစ်ယောက်ကို မိဖုရားနှင့် နီးစပ်အောင် ဆောင်ရွက်ကြသည်။ ဘုရင် မသိအောင် မိဖုရား ၏ သက်တော်စောင့် ခန့်ထားလိုက်သည်။ စစ်သူကြီး၏တာဝန်က မိဖုရားနှင့် နီးစပ်ပြီး ဘုရင် မသိအောင် ကိုယ်လက်နှီးနှောရန် ဖြစ်သည်။ လူဖြောင့်၊ လူချော၊ လူပျို စစ်သူကြီးသည် ပေးအပ်သည့် တာဝန် ကို ကျေပွန်စွာ ထမ်းဆောင်ပါ့မည်ဟု ကတိပေးသည်။ မူးကြီးမတ်ကြီးများသည် မိဖုရား ကိုယ်ဝန်ရှိမည့် သတင်း ကို နားစွင့်နေကြသည်။

နိုင်ငံတော်၏ထိပ်တန်းလျှို့ဝှက် အထူးတာဝန်ကြီးကို ထမ်းဆောင်ရန် တာဝန်ပေးအပ်ခြင်း ခံရသည့် စစ်သူကြီး သည် ပေးအပ်သည့်တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်နိုင်ခဲ့သော်လည်း မျက်စိပျက် မျက်နှာပျက်ဖြင့် ကင်းဝန်မင်းကြီး (လုံခြုံရေးဝန်ကြီး) ကို သံတော်ဦးတင်သည်။
    ''ကျွန်တော်မျိုး ကျွန်ရင်း အမှုတော်မယွင်းရအောင် ဆောင်ရွက်ပြီးကြောင်းပါဘုရား''
    ''အောင်မြင်ခဲ့ တယ် မဟုတ်လားဟဲ့ မောင်မင်း''
    ''မှန်လှပါ အောင်မြင်ခဲ့ လို့ ကျွန်တော်မျိုး လူဖြစ်ရှုံး ခဲ့ရပါပြီဘုရား''
    ''ဟဲ့.... ဘဇာကြောင့် လူဖြစ်ရှုံးရတာတုန်း၊ ရှင်းအောင် လျှောက်တင်စမ်း''
    ''မှန်လှပါ မိဖုရား ဟာ မိန်းမမဟုတ်တဲ့ ပန်းဒုတ်မိန်းမလျာ ဖြစ်နေပါတယ်ဘုရား''
''ဟေ... မိန်းမ မဟုတ်တဲ့ ပန်းဒုတ် ဆိုတော့ မောင်မင်းက အမှုတော်မယွင်းအောင် ဘယ်လို များ ဆောင်ရွက်ခဲ့ သတုံး လျှောက်တင်စမ်းပါဦးကွဲ့''

''မှန်လှပါ ကျွန်တော်မျိုး မင်းမျက်သင့်မည်စိုး၍ မိဖုရားဆန္ဒကို ဖြည့်ခဲ့ရပါတယ်ဘုရား၊ ဘုရားကျွန်တော်မျိုး လူဖြစ် ရှုံးပါပြီဘုရား''
''ဒီကိစ္စလောက်နဲ့တော့ လူဖြစ်မရှုံးပါဘူးကွယ်၊ ညစဉ်သူနဲ့အတူအိပ်နေ တဲ့ ရှင်ဘုရင်ကိုတောင် နင်တို့ငါတို့ ရှိခိုးနေကြ ရတာပဲ၊ နင့်အကြောင်းကို ငါတစ်ယောက်ပဲသိတာ ဘာမှ မဖြစ်ပါဘူး''
    ဦးလေး က နန်းဆက်ပြတ်ဘုရင်အကြောင်းကို ပြောသည့်အခါ ဇာတ်ကောင်တွေရဲ့ စကားပြော ဒိုင်ယာလော့ဂ်တွေ ကို လေသံပြောင်းပြောင်းပြီး ကွက်စိပ်ဆရာလေသံဖြင့် ပြောတာ အရမ်းနားထောင် လို့ကောင်း သည်၊ လူပျိုစစ်သူကြီးနှင့် ဂန်ဒူးမိဖုရားကြီးတို့ စတွေ့ကြသည့်ညက အဖြစ်အပျက်ကို ဟန်ပန်နဲ့ပြော တာ အရမ်းရယ်ရသည်။ ကျွန်တော်တို့ ညီအစ်ကိုမောင်နှမတွေ သွားကျိုးဟောင်းလောင်း လေးတွေနဲ့ အားရပါးရ ရယ်ကြသည်။ ဒီနေ့ပုံပြင်အသစ် ကို ပြောတော့မည်ဆိုသည့်အခါ အမေအော်ပြောသည်။

    ''ဟိုငမူး ကလေးတွေကို ပေါက်ကရတွေ မပြောနဲ့နော်''
    အမေ့ ကိုကြောက်ပြီး ဦးလေးပုံမပြောဘဲနေမှာကို စိုးရိမ်နေကြသည်။ ဦးလေးက ကျွန်တော်တို့ဆီက ဆန္ဒခံယူ သည်။ ပြောရမလားဟု တိုးတိုးမေးသည်။ ကျွန်တော်တို့က ပြောပါရန် တောင်းပန်ကြသည်။ အမေနှင့် လူကြီးတွေ အနီးအနား မှာ မရှိကြတော့သည့်အတွက် ဦးလေးက နန်းဆက်ပြတ်ဘုရင်နှင့် ခပ်ဆင်ဆင်တူသည့် ဘုရင်တစ်ပါး အကြောင်း ပုံပြင်ကို ပြောပြသည်။
    ''ဟိုး. . .ရှေးရှေးတုန်းက . .တဲ့၊ တိုင်းပြည်တစ်ပြည်မျယ ဖြူဖြူချောချော၊ ပျော့ပျော့နွဲ့နွဲ့ သဘော အလွန်ကောင်း တဲ့ ဘုရင်တစ်ပါး အုပ်ချုပ်သတဲ့ကွယ်''
    ''လေးလေး ဘာတိုင်းပြည်လဲ၊ ဘုရင်နာမည်ကဘာလဲ''
    ''တိုင်းပြည်မသိ ဗာရာဏသီ၊ မင်းနာမည်မသိ ဗြဟ္မဒတ်မင်းကြီးပေါ့ကွယ်''
    ကျွန်တော် တို့ကလည်း တိုင်းပြည်နာမည်နှင့် ဘုရင်နာမည်က အရေးမကြီး ဇာတ်လမ်းက အရေးကြီးသည်။ ဇာတ်လမ်း က ဆွဲဆောင်မှုရှိဖို့ အရေးကြီးသည်။
''ဘုရင် က ဖြူဖြူချောချောပျော့ပျော့နွဲ့နွဲ့ ဆိုပေမယ့်၊ မိဖုရားကတော့ ဗလကောင်းကောင်း ထောင်ထောင်မောင်းမောင်း တောင့်တောင့် ဖြောင့်ဖြောင့်ကြီး တဲ့ကွယ်၊ အသံက လည်း ယောက်ျား အသံကြီးတဲ့၊ စိတ်ကောင်း လူပျော့ ဘုရင်ကြီး ကို မိဖုရားကပဲ ကြိုးကိုင်ဦးဆောင်နေသတဲ့၊ တိုင်းရေးပြည်ရေးတွေ ကိုလည်း မိဖုရားကပဲ အဆုံးအဖြတ်ပေးနေသတဲ့၊ ဘုရင် ဟာ မိဖုရားကြိုးဆွဲရာ ကနေရ တဲ့ ရုပ်သေးလို ဖြစ်နေသတဲ့ကွယ်''

ကျွန်တော် တို့ စဉ်းစားကြရတော့သည်။ ဘုရင်က ပျော့ပျော့နွဲ့နွဲ့ မိဖုရားက ဗလကောင်းကောင်း ဖြောင့်ဖြောင့် တောင့်တောင့် အသံ က လည်း ယောကျာ်းအသံကြီး ဆိုသည့်အတွက် တစ်မျိုးဖြစ်နေ သည်။ အတော်အတွဲမညီသည့် ဘုရင်နှင့် မိဖုရားဖြစ်နေသည်။ မိဖုရားက ဘုရင် ကို နေရာတကာ မှာ ကြိုးကိုင်လွှမ်းမိုးနေသည်ဟု ဆိုသည်။ ဘုရင်၏ ပျော့ကွက် ဟာကွက် အားနည်းချက်တစ်ခုကြောင့် မိဖုရားက အနိုင် ယူနေတာ ဖြစ်မည် ဟု တွေးမိသည်။ ဦးလေးဆက်ပြောတာတွေကြောင့် သံသယမကင်း စရာ တွေးတော စရာ ပိုဖြစ်လာသည်။
    ''ဘုရင်နဲ့ မိဖုရားမှာ သားသမီးရတနာ မထွန်းကားသည့်အတွက် နန်းဆက်ပြတ်မှာကို တိုင်းသူပြည်သားတွေ က စိုးရိမ်နေကြသတဲ့ကွယ်''
    ကျွန်တော် တို့၏ စိုးရိမ်စိတ် က အထွတ်အထိပ်သို့ ရောက်ရှိလာပြီဖြစ်သည်။ ဘုရင်ကြီးက ပျော့ပျော့နွဲ့နွဲ့ မိဖုရားကြီး က တောင့်တောင့်ဖြောင့်ဖြောင့် ဗလကောင်းကောင်း ယောက်ျားအသံဖြင့် စကားပြောသည် ဆိုသည့် အတွက် နားထောင်ရတာ အရသာ မရှိ၊ ဖီလင်မလာဖြစ်နေသည်။ ဒီကြားထဲမှာ မိဖုရားကြီးက ကလေးမမွေး ဆိုသည့်အတွက် အတော်သဘာဝ မကျသော ဘုရင်နှင့် မိဖုရား ဖြစ်နေသည်။ ဒီတစ်ခါပုံနားထောင်ရတာ အရသာ တစ်မျိုးကြီး ဖြစ်နေသည်။ ဘာပဲဖြစ်ဖြစ် စိတ်ပါလက်ပါ ပုံပြောနေသည့် ဦးလေးကိုကျေးဇူးတင်စွာဖြင့် နားထောင်နေရတော့ သည်။

ဒီအခြေအနေမှာ နန်းတွင်းကချေသည် မှာ လင်မရှိဘဲ ကိုယ်ဝန်ရလာလို့ နာမည်ပျက်ဖြင့် အလုပ် က နှုတ်ထွက် သွားရသည်၊ ကချေသည်မ သည် အလုပ်ပြုတ်သွားသော်လည်း တစ်သက်လုံး ထိုင်စားနိုင်လောက် သည့် ရွှေ၊ ငွေ၊ ကျောက်သံပတ္တမြား၊ လက်ဝတ်၊ လည်ဆွဲရတနာတွေနှင့်အတူ တိုင်းပြည်တွင်း မှ ပျောက်ခြင်း မလှ ပျောက်ကွယ်သွားသည်။ တောရွာတစ်နေရာကိုသွားပြီး ကလေးမီးဖွားဖို့ ထွက်ပြေး သွားတာလို့ ယူဆရ သည်၊ ထိုအကြောင်း ကို နန်းတွင်းမှာ ဖုံးဖုံးဖိဖိလုပ်ထားပြီး တိုင်းသူပြည်သားတွေ မသိလိုက်ဖြစ်သွားသည်။
    ဒီကိစ္စပြီး လို့ မကြာခင်မှာဘဲ သီးခြားအဆောင်ဖြင့်နေသည့် ကိုယ်လုပ်တော်မိဖုရားငယ် ချောချောတစ်ပါးမှာ ကိုယ်ဝန် ရှိလာသည်၊ မူးကြီးမတ်ရာသေနာပတိတွေက နန်းဆက် သွေးတစ်ပါး မွေးဖွားတော့မည်ဖြစ်လို့ ဝမ်းသာကြသော် လည်း ဝမ်းမသာဘဲ ဒေါသထွက်နေတာက ဘုရင်ကြီးဖြစ်နေသည်။

    ''အဲဒီမိဖုရားငယ် ရဲ့ အဆောင်တော်ကို ငါကိုယ်တော်မြတ် တစ်ခါမျှ အဆောင်တော် မကူးပါဘဲ လျှက်နဲ့ ဒီ ကိုယ်ဝန် ဘယ်သူနဲ့ ရတယ်ဆိုတာ စုံစမ်းဖော်ထုတ်ကြစေ''
''မှန်လှပါ၊ ဘုန်းတော်ကြောင့် ကျွန်တော်မျိုးထင်တာကို တင်လျှောက်ပါမည်။ အတွင်းတော် လုံခြုံရေး အစောင့်တွေ ထဲက တစ်ယောက်နဲ့ ဖြစ်နိုင်ပါတယ်ဘုရား''
''အတွင်းတော်လုံခြုံရေးအစောင့်တွေကများတော့ ဘယ်သူ့လက်ချက်ဆိုတာ သိဖို့ခက် ပါတယ်၊ မောင်မင်း မေးစစ် လျှင် လည်း သူမဟုတ် ငါမဟုတ် ငြင်းကြမှာပဲ၊ အဲဒီတော့ အတွင်းတော် လုံခြုံရေး အစောင့်တွေ ကို ယောက်ျားတွေ အစား မိန်းမတွေ ကို ခန့်ထားလျှင် မသင့်တော်ပေဘူးလား''
    ''မသင့်လျော်ပါ ဘုရား၊ လုံခြုံရေးအစောင့်ဆိုတာ အားကောင်းမောင်းသန် ယောက်ျားတွေနဲ့သာ သင့်တော် ပါတယ်ဘုရား''
    ''အတွင်းတော်လုံခြုံရေးဝန်ထမ်း ယောက်ျားတွေ အားလုံးကို စိတ်ချရအောင် သင်းကွပ်ကြစေ မင်းကြီးများ''

ဦးလေးပုံပြောတာ ဒီနေရာအရောက်မှာတော့ ကျွန်တော်တို့ နားမလည်တာ ပါလာသည်။ သင်းကွပ်တယ် ဆိုသည့် စကားဖြစ်သည်။ သင်းကွပ်တယ်ဆိုတာ ဘာလုပ်တာလဲလို့ ကျွန်တော် က ကြားဖြတ်မေးသည်။ ဦးလေး က ကျွန်တော့် ကို နားလည်အောင် ပယ်ပယ်နယ်နယ် ရှင်းပြဖို့ ပါးစပ်ပြင်နေစဉ်မှာပင် အမေ က ချောင်းဟန့်ပြီး အသံပေးလိုက် လို့ ဦးလေးက ပေါ့ပေါ့ပါးပါးလေးပဲ ဖြေသည်။
    ''သင်းကွပ်တယ် ဆိုတာ ကလေးမရနိုင်အောင် လုပ်လိုက်တာပေါ့ကွယ်''
    အဲသလိုဖြင့် ဘုရင့်အမိန့်တော်အရ အတွင်းတော် လုံခြုံရေး အစောင့်တွေဖြစ်ကြသည့် ညစောင့် အိပ်ဖန်စောင့် ယောက်ျားတွေ အားလုံးကို သင်းကွပ်တော့သည်။ အတွင်းဝန်လုံခြုံရေး အလုပ်လျှောက်ထား သူများသည် သင်းကွပ်ပြီးကြောင်း အထောက်အထားပြနိုင်မှ လျှောက်ထားခွင့် ရှိသည်။ နန်းတွင်းက မိဖုရားငယ်တွေ မှာ ဘယ်သူနဲ့ ဗိုက်ကြီးမှန်း မသိရသည့် အန္တရာယ်မှ ကင်းလွတ်သွားသည်။

အတွင်းတော် လုံခြုံရေးဝန်ထမ်းတွေဖြစ်သည့် ညစောင့် အိပ်ဖန်စောင့်တွေကို သင်းကွပ်လိုက်လို့ မိဖုရားငယ်တွေ ဗိုက်ကြီးသည့် အရေးက အခိုက်အတန့်တော့ အေးသွားသည်။ သို့သော် မကြာမီပင်  သတင်းတစ်ခု ထွက်ပေါ် လာပြန်သည်။ မိဖုရားငယ်ချောချောနောက်တစ်ယောက် ကိုယ်ဝန်ရှိနေပြန်ပြီ ဆိုသည့်သတင်း ဖြစ်သည်၊ မိဖုရားငယ်တွေ ရဲ့ အဆောင်တွေ အနီးအနားကို တာဝန်အရ သွားလာနိုင်ခွင့်ရှိသည့် လုံခြုံရေး ဝန်ထမ်းယောက်ျားတွေ မှန်သမျှကို သင်းကွပ်ထားပါလျှက်နဲ့ မိဖုရားငယ်နောက်တစ်ယောက် ကိုယ်ဝန်ရှိပြန်ပြီဆိုသည့် အခါ ဘုရင်မင်းမြတ် အမိန့်တော်မှတ်သည်။
''ကိုယ်ဝန်ရှိတဲ့ မိဖုရားနှစ်ယောက်ကို စစ်ဆေးမေးမြန်းပါ၊ လက်သည်တရားခံ ကို တွေ့အောင် ရှာဖွေ ဖော်ထုတ်ကြစေ မင်းကြီး များ...''

    ''အမိန့်တော်မြတ်အတိုင်းပါ ဘုရား''
အတွင်းတော်လုံခြုံရေးဝန်ကြီး (ကင်းဝန်)က အထာပေါက်သည်၊ ကိုယ်ဝန်ရှိနေသည့် မိဖုရားငယ်နှစ်ယောက်ကို လက်သည်ပေါ်သည် အထိ မေးစစ်ခွင့်ရှိသည်၊ မိဖုရားငယ် နှစ်ယောက်စလုံးကို စစ်ကြောရေးသီးသန့် အဆောင်တွင်း သွင်းပြီး စစ်ဆေးမေးမြန်းသည်။
    ''အရှင်မိဖုရား ဘယ်ယောက်ျားနဲ့ရတဲ့ ကိုယ်ဝန်ဆိုတာ ပြောပါ''
    ''မပြောပါရစေ နဲ့ ဝန်မင်း''
    ''မပြောလျှင် နှိပ်စက်ညှင်းပန်းပြီး စစ်မေးရမယ်လို့ အမိန့်တော်ရထားတယ်၊ မိဖုရားနှစ်ပါးတို့ အသားနာမခံပါ နဲ့ ပြောကြပါ''
    ''မပြောဝံ့၊ မပြောရဲလို့ပါ''
    ''ဘာကြောင့် မပြောရဲတာလဲ''
    ''ကျွန်မတို့ ဗိုက် ထဲက ကိုယ်ဝန်ဟာ မိဖုရားခေါင်ကြီးနဲ့ ရတာပါ''
    ''ဟေ. . ကောင်းရောကွာ. .''

ကင်းဝန်မင်းတောင် လန့်ဖျတ်သွားသည်၊ မိဖုရားကြီးဆိုတဲ့ အသံကြားရုံဖြင့် ကြက်သီးထသွားသည်။ မိဖုရားက ဘုရင်ကြီး ထက်ပိုပြီး ဓားထက်သည်။ မိဖုရားငယ်နှစ်ယောက်လုံး၏ ကိုယ်ဝန်သည် မိဖုရားကြီးနှင့်ရသည့် ကိုယ်ဝန်တွေ ဖြစ်နေ သည်။ ဝန်မင်းသည် မေးပွတ်ပြီး စဉ်းစားရတော့သည်။ မိဖုရားကြီးက မိန်းမယောင်ဆောင်နေ သည့် ယောက်ျားကြီး ဖြစ်နေသည်ဆိုတော့ ဘုရင်က ဘာကြီးလဲ၊ စဉ်းစား ရတော့သည်၊ ပျော့ပျော့နွဲ့နွဲ့ အမူအယာဖြင့် မိဖုရား ကို ကပ်နေသည်၊ ချွဲချွဲနွဲ့နွဲ့စကားပြောသည်၊ သေချာပါသည် တိုင်းပြည် အုပ်ချုပ်ပြီး မင်းလုပ်နေသည့် ဘုရင် က မိန်းမလျာကြီး ဖြစ်နေသည်။

ဒီကိစ္စကို ဘုရင်ကိုယ်တိုင်က သိလို၍ စုံစမ်းစစ်ဆေးခိုင်းတာ ဖြစ်သည်။ စုံစမ်းစစ်ဆေးလို့ သိရ သည့် တွေ့ရှိချက်ကို အမှန်အတိုင်း လျှောက်တင်ဖော်ထုတ်လိုက်ပါက ဘုရင်နှင့် မိဖုရားလည်း အရှက်ရမည်၊ မိဖုရားငယ်နှစ်ပါးလည်း အသတ်ခံရမည်၊ မိမိကိုယ်တိုင်လည်း အသတ်ခံရနိုင်သည်။ မြွေမသေ တုတ်မကျိုး၊ ရှဥ့်လည်းလျှောက်သာ၊ ပျားလည်းစွဲသာ ဖြစ်အောင် လျှောက်တင်မှ ဖြစ်မည်ဟု ဆုံးဖြတ်ပြီး အခစားဝင်သည်။
    ''တရားခံကို ဖော်ထုတ်နိုင်ရဲ့လား ဝန်မင်း''
    ''မှန်လှပါ၊ ဘုန်းတော်ကြောင့် တရားခံကို ဖော်ထုတ်နိုင်ပါပြီ ဘုရား''
    ''တရားခံဘယ်သူလဲဆိုတာ ငါကိုယ်တော်မြတ် သိလိုတယ်၊ အမြန်လျှောက်တင်စမ်းဝန်မင်း''
    ''တရားခံဟာ သာမန်လူသားမဟုတ်ဘဲ ကောင်းကင်က မိုးနတ်မင်းကြီး ကိုယ်တိုင် ဖြစ်နေပါတယ်ဘုရား၊ အရှင်မင်းကြီးရဲ့ ထီးနန်းအမွေကို ဆက်ခံနိုင်ဖို့အတွက် မိဖုရားခေါင်ကြီးမှာ သားသမီးရတနာ မထွန်းကားသည့်အတွက် မိုးနတ်မင်းကြီးက ပေးသနားတဲ့ သားတော်နှစ်ပါး မွေးဖွားပါလိမ့်မယ်ဘုရား''
    ''သာမန်လူသားနဲ့ရတဲ့ ကိုယ်ဝန်မဟုတ်၊ မိုးနတ်မင်းနဲ့ရတဲ့ ကိုယ်ဝန်လား ဝန်မင်း''
    ''ဘုန်းတော်ကြောင့် အမှန်ဖြစ်ကြောင်းပါဘုရား''
    ''ဟယ် . . ဝမ်းသာလိုက်တာ''

    မိဖုရားကြီးက ဝမ်းသာလို့ ပြုံးရုံသာပြုံးသော်လည်း ဘုရင်ကြီးက အသံမထွက်အောင် လက်ခုပ်တီးပြီး မိဖုရားကြီး၏ ပခုံးမှာ ဦးခေါင်းမှီလိုက်သည်။ မိဖုရားကြီးက သတိပေးသည့်အနေဖြင့် အသာတွန်းလိုက်သည်၊ ရာဇဣနြေ္ဒဖြင့်နေပါလို့ သတိပေးလိုက်တာဖြစ်မည်။
    တိုင်းတော်ပြည်တော်၏ ထီးမွေနန်းမွေဆက်ခံဖို့အတွက် ဘုရင်ကြီးမှာ သားတော်နှစ်ပါး မွေးဖွားတော့မည်ဆိုသည့် သတင်းသည် အတွင်းတော်မှတစ်ဆင့် အပြင်ကို ပေါက်ကြားသွားသဖြင့် တိုင်းသူပြည်သားတွေပါ ဝမ်းသာနေကြလေသတည်း။

အဏ္ဏဝါစိုးမိုး
Joke မဂ္ဂဇင်း ၂၀၁၃ ဇန်နဝါရီလ
.
>>>ဆက်ဖတ်ရန်>>> >>

Tuesday, December 4, 2012

ဆရာမောင်တင်ဆင့် ရဲ့ လတ်လတ်ဆတ်ဆတ် ခရီးပြင်း (နောက်ဆုံးလက်ရာ)

ဓာတ်ရောင်ခြည် ကုသမှုအလွန်
ဒီခရီးပြင်းကို ကျွန်တော် တစ်ခါမှမသွားဖူးဘူး
မောင်တင်ဆင့်


လတ်လတ်ဆတ်ဆတ် ခရီးပြင်း

ဒီခရီးပြင်းကို.... ကျွန်တော်တစ်ခါမှ မသွားဖူးဘူး... ကျွန်တော့်ဆန္ဒအရ..သွားခဲ့တာတော့ မဟုတ်ဘူး... အကြောင်းတရားတစ်ရပ် သို့မဟုတ် နှစ်ရပ်ဒီထက်...ပိုချင်ပိုမယ် အကျိုး တရား မဖြစ်...ကျွန်တော်သွားခဲ့ရတယ်
(ဆရာမောင်တင်ဆင့် ၏ နောက်ဆုံးကဗျာမှ ကောက်နုတ်ချက်)
ညသန်းခေါင်ကျော်။ ကျွန်တော် ယိုင်ယိုင်ယဲ့ယဲ့ဖြင့် ရေအိမ်ဘက် ထွက်လာသည်။ ရေအိမ် နှင့် လေးငါးပေ အရောက်၊ ဟ ဘာကြီးလဲ။  ကျွန်တော်ခုန်အား ရှိလျှင် ခုန်လိုက်မိမည်။ နှလုံး တုန်သွား သည်။ သေချာကြည့် လိုက်တော့ ဧရာမမြေကြွက် မည်းမည်းကြီးတစ်ကောင်။ အမွေးမည်းတွေက ထောင်းထလို့။
မြေကြွက်၀၀ကြီး က လှုပ်လီလှုပ်လဲ့ဖြင့် လာနေသည်။ သူ့ကြည့်ရတာ အေးအေးဆေး ဆေး။ ဘယ်သူ့မှ လူမထင်သည့် အပေါက်မျိုး။ ကျွန်တော်ကသာ ကမ္ဘာပျက်မတတ် ထိတ်လန့် သွားခဲ့ရသည်။
သူကတော့ နည်းနည်းလေးတောင် ဂရုမစိုက်။ ကျွန်တော်ကပဲ ရှောင်တိမ်းပေးလိုက်ရ သည်။ မရှောင်လျှင် သူကျွန်တော့် ကို ၀င်တိုက်သွားတော့မည့် အချိုးမျိုး။

သူက ရေအိမ်ဘက်မှ ထွက်လာပြီး အေးအေးလူလူ မြေညီထပ်ဆင်းသည်။ ကျွန်တော်တို့ လူနာဆောင် ၏ နောက်ပေါက်ဖြစ်သည်။ ဆေးရုံအလုပ်သမားတချို့ အဆင်းအတက်ပြု သည်။ လူသေလျှင် ထိုအပေါက် ထိုလှေကားမှ သယ်ဆောင်ချသည်ဟု တစ်ခါတော့ ကွန်ပေါင်ဒါကို ၀တုတ်က ပြောဖူးသည်။ တိုးတိုးသက်သာ ကျွန်တော် တစ်ဦးတည်း ကို ပြောတာ မဟုတ်။ တစ်ဆောင်လုံးကြာူးအောင် အော်ဟစ်ပြောခြင်းဖြစ်သည်။ သူ့အသံ က လည်းသြဇာပြည့်ဝပြီး ကျယ်လောင်လှသည်။ တကယ်တော့ လူနာစောင့်တွေ သည် လှေကား သံလက်ရန်း မှာ အ၀တ်လှန်းတာကို ရုပ်မသိမ်းဘဲထားသဖြင့် ဒေါသဖြင့်ေ အ်ာဟစ်ခြင်းဖြစ်သည်။ ဆရာဝန်ကြီး ရောင်း (round)လှည့်လို့ ထိုနေရာမှာ (လှေကား လက်ရန်း) အ၀တ်လှန်းတာတွေ တွေ့ရှိလျှင် သူတို့ ၀န်ထမ်းတွေ ကို ဆူသည်ဟု ဆိုသည်။
လူတွေကလည်း လူတွေ။ နယ်ပေါင်းစုံကဆိုတော့ မသိနားမလည်တာလည်းပါမည်။

 စည်းကမ်း ကို ဘယ်လိုလိုက်နာရမှန်း မသိတာလည်းပါမည်။ စည်းကမ်းဆိုတာကိုပင် မသိတာ လည်းပါမည်။ ကျွန်တော့် သားငယ် (စာရေးဆရာ အယ်ဒီတာ ကိုရဲမွန်ထော)က တစ်ရက် တွင်ပြောဖူးသည်။ လူတွေ အသိဥာဏ် ရှိ ဖို့၊ စည်းကမ်း ဆိုတာဘာလဲ နားလည်ဖို့ အတော်လုပ် ယူရဦးမတဲ့။
ခက်တာက သူတို့ကလည်း (ဆေးရုံဝန်ထမ်းနှင့် အကြီးအကဲ)စည်းကမ်းကို (ဆေးရုံး စည်းကမ်းကို) ကြိုပြောထား ပုံ မရဘူး။ စာလည်း ကပ်မထားဘူး။ နယ်က တက်လာတဲ့လူ တွေဘယ်သိနိုင်မလဲ။ ခြုံပြောရရင် လူတွေ ကို ဒီမိုကရေစီ နဲ့ စည်းကမ်း ကို နားလည်ဖို့ အတော်လုပ်ကြရဦးမယ်။ ဒါကလည်း သူတို့ကို အပြစ်ပြော လို့ မရပြန်ဘူး။ မြန်မာပြည်က ဒီမိုကရေစီနဲ့ ဝေးနေတာ နှစ်ပေါင်းငါးဆယ်မကဘူး။ နှစ်ပေါင်း  ၆၀။

လူမှု အဆင့်အတန်း မြင့်မားလာ ဖို့ အတော်လုပ်ယူရဦးမယ်ဟု သားကပြောသည်။ သူတို့ တွေ ဘေစင် ကို သုံးဖူး ပုံ မရဘူး။ တချို့မမြင်ဖူးဘူး ထင်တယ်။ အဖေရာ ဘေစင်နံရံကပ် လက်ဆေးဇလုံ မှာ ထွေးခံ သွန်ပြီး ဆေးကြော တာ တွေ့တယ် ဟု သားကပြောသည်။
ဘေစင် က ရေအိမ်ခန်းမှာ သတ်သတ်တပ်ထားသည်။ ဘေစင်ဆိုတာ မျက်နှာသစ်၊ လက်ဆေး၊ ပန်းကန်ဆေးလောက် သုံး ရမှာ သူတို့မသိ။ ခက်တာက မသိရကောင်းလားဆို ပြီးအပြစ်တင်လို့လည်း မရဘူး။ စနစ်။ နှစ်ပေါင်း များစွာ နောက်ကျနေတဲ့ စနစ်တွေကြောင့် လို့ကျွန်တော်ထင်သည်။
ဘယ် ပစ္စည်း ဘယ်လို သုံးရမယ်ဆိုတာ ဆေးရုံကလည်းပြောဆိုတာ၊ စာကပ်ထားတာ မရှိ တော့အော်သံ၊ ဟစ်သံတွေနှင့် ပင် နှစ်ပါးသွားနေကြသည်။
မြေပြင်ညီ အခန်း မှာ သူတို့၏တိုင်းပြည်။

အဆောင်ပေါ်တက်လာပြီး အစာရှာတာကလည်း သူတို့အပြစ်မဟုတ်တန်ရာ။ ရေအိမ် ခန်းပေါက်ဝမှာ အမှိုက်ပုံး ရှိသည်။ စာကြွင်းစာကျန် များ ပစ်ရန်ဖြစ်သည်။
တစ်ခါတလေ အလုပ်သမားက သိမ်းမသွား၊ တစ်ခါတစ်ရံကျတော့ ပလတ်စတစ်ကြီး စွပ်ထားသော အမှိုက် စားကြွင်း စားကျန် များကို မပစ်သေးဘဲ ရေစစ်ရန်ဆိုပြီး ရေအိမ် အခန်းပေါက်ဘေစင်အနီးမှာ ချထားတတ် သည်။ နောက်တစ်နေ့ မှ သိမ်းမယ်ပေါ့။
ဒီတော့ ကိုရွှေကြွက်တွေ အတွက် ဟင်းလေးအိုးကြီး ဖြစ်သွားသည်။
ကျွန်တော် ရန်ကုန်အထွေထွေရောဂါကု ဆေးရုံကြီးကို တက်ရောက်နေသည်မှာ ရက်သတ္တ နှစ်ပတ်လောက် ရှိပြီ။ နည်းနည်း ထူထူထောင်ထောင် ဖြစ်လာပြီ။ ရေအိမ်ကို အဖော်မပါဘဲ သွားနိုင်လာနိုင်လာသည်။
ထိုညက တစ်ရေးနိုး ဆီးထသွားရာ ထိုကြွက်ဝတုတ်နှင့် ပက်ပင်းတိုးခြင်း ဖြစ်သည်။ ထိုကြွက်ဝတုန်နှင့် ရင်ဆိုင်တွေ့ပြီး ကျွန်တော် ဆေးရုံပေါ်မှာပဲ ကဗျားတစ်ပုဒ်ရေး ဖြစ်သည်။ ထိုကဗျာရှည်ထဲက အပိုဒ်တစ်ပိုဒ် ကို ဖော်ပြပါမည်။

"မည်းမည်းဝဝ ကြွက်ကြီးတစ်ကောင်
အမွေးတထောင်ထောင်နဲ့ လိမ့်လိမ့်လိမ့်လိမ့်
လှည်းအိုကြီးလို တရွေ့ရွေ့ လျှောက်လာ
သူအစာရှာရာ သူ့ပိုင်နက်ကမ်းတစ်လျှောက်
အစာကောက်ဖို့
သံမဏိလှည်းလေးတစ်စီးကို တွန်းလို့ပေါ့”
အထက်ပါကဗျာပိုဒ်မှာ ကြွက်ဝတုတ် နှင့် လူဝတုတ် ကို ရောနှောရေးသားထားခြင်း ဖြစ်သည်။
၂၀၁၀အောက်တိုဘာလောက်က ကျွန်တော့လည်ချောင်းအသံအိုးမှာ ကင်ဆာတစ္ဆေ စွဲကပ်ခံရသည်။ လည်ချောင်းဘေးအကျိတ်ဖုကို ခွဲစိတ်ပြီးနောက် မှန်ပြောင်းထည့်ကာ အသားစယူပြီး ဓာတ်ခွဲလိုက်တော့ အဖြေ က ကင်ဆာတဲ့။ ဒါနှင့်တောင်ကြီးသွား ဓာတ်ရောင်ခြည်ကင်ရတာ။ ထိုအကြောင်းကို ရေးသားခဲံပြီး စာအုပ် တစ်အုပ် ဖြစ်သွားတာ။ "ရထားပေါ်က ကင်ဆာတစ္ဆေ"ဖတ်မိသူများ သိရှိပြီး ဖြစ်လောက်မည်။

တစ်လခွဲကြာ၊ ဓာတ်ရောင်ခြည်ကုသမှု ရက်ပေါင်း ၃၀ ပြည့်မြောက်ပြီး ပြန်လာတော့ အခြေ အနေ အတော်လေးကောင်းနေပြီ။ လည်ချောင်းနာတာ မရှိတော့။ တစ်ခါတလေ အပေါင်း အသင်းများနှင့် ဆုံလျှင် ဘီယာလေး ဘာလေးတောင် မြိုနိုင်ပြီ။ အိုကေပြီပေါ့။ ကင်ဆာတစ္ဆေကို မောင်းထုတ်နိုင်ပြီပေါ့။
သို့သော် ထိုထင်မြင်ချက် မှားယွင်းခဲ့ပါသည်။
တစ်နှစ်ခွဲနီးပါး အကြာ ၂၀၁၂ ဧပြီလမှာတော့ ကျွန်တော့ခန္ဓာကိုယ်ထဲ ပုန်းလျှိုနေသည့် ကင်ဆာတစ္ဆေသည် အင်အားတောင့်တင်း လာကာ တစ်ပြန်တစ်လှည့် ပုန်ကန်ထကြွလာ သည်။
လည်ချောင်း က နာကျင်လာပြန်သည်။ အစတော့ နာတာတ။ သင်္ကြန်အတိုင်ခင် က္ကသရမူလီ ဆိုတာ ဆေးရွက်မိတ်ဆွေတစ်ယောက်က ပေးလို့ မျိုကြည့်သေးသည်။ ဆေးရွက်ပင်ဆိုတော့ ဆေးပင်ကို ညွှန်းသော စာအုပ်ပင် ထွက်သည်။ ကျွန်တော့်မိတ်ဆွေ တစ်ယောက် ယူလာပေးလို့ ဝါးမျိုကြည့်ပါသည်။ အတော်ပူ သည့် အရွက်။ တည့်သည့် သူတွေတော့ ပျောက်ချင်ပျောက်မည်ထင်သည်။ ကျွန်တော် လည်ချောင်းနာတော့ မပျောက်။

သင်္ကြန်တွင်းကာလတွင် ၅လွှာက ပူလည်းပူ၊ လည်ချောင်းက ငရဲပါပဲ။
ရေးအနည်းငယ်သောက်လို့ ရသည်။ ဆန်ပြုတ်တို့၊ ကြက်ဥအကျက်တို့ပဲ စားလို့ဝင်သည်။ ထမင်းဟင်း စားလို့ မဝင်တော့။ အိပ်လို့က ကောင်းကောင်းမပျော်။ အိပ်ဆေးပေးပါ။ အိပ်ဆေးသောက် အိပ်သော် လည်း နိုးသည်နှင့် ရောဂါက ရောက်လာသ်ည။ ပြေးမလွှတ်။
သင်္ကြန်အတက်နေ့ မှာတော့ ဆေးရုံကြီးက ၃/၄ ရင်ခေါင်းအထက်ပိုင် ခွဲစိပ်ဌာနက အထူးကု ဆရာဝန်ကြီး ဒေါက်တာထက်မြတ်ဆီ ဖုန်းဆက်သည်။
ဆရာရေ ကျွန်တော်တော့ ကင်ဆာရဲ့ တစ်ကျော့ပြန်တိုက်ခိုက်မှုကို ခံရပြီလားမသိဘူး။ လည်ချောင်း က ပြန်နာနေတယ်။ ထမင်းစားလို့မရဘူး။ ရေသောက်ရတာလည်း အဆင် မပြေဘူး။ အခု ဆန်ပြုတ် ပဲ သောက်လို့ရတယ်။

သင်္ကြန်ပြီးရင် ဆေးရုံလာခဲ့လေ။ ကျွန်တော်ကြည့်ပေးပါမယ်။ ဆရာဝန်ကြီးမှာ ၂၀၁၀ပထမ အကြိမ် ကင်ဆာဖြစ်ကတည်းက သူ့ဆီမှာပြ၊ နှာခေါင်းက မှန်ပြောင်းထည့်ပြီး အသံအိုးအနီးက အနာကို အသားစ ယူစစ်ဆေးတော့ ကင်ဆာတဲ့။ အဲဒါနဲ့ တောင်ကြီးသွား၊ တစ်လခွဲ ဓာတ်ကင်။ ရန်ကုန်ပြင်လာတော့ အိုကေနေပြီ။
ဒီတုန်းက တောင်ကြီး စစ်စံထွန်းဆေးရုံက ကင်ဆာ အထူးကုဆရာမတွေကို ကျွန်တော် ဆေးမသွင်းရဘူး လား မေးခဲ့သေးသည်။ ဆရာဝန်က မလိုဘူးလို့ပြောပါသည်။ တောင်ကြီး စစ်စံထွန်းဆေးရုံ ဓာတ်ရောင်ခြည် ဌာနတွင် ထိုစဉ်က ဓာတ်ရောင်ခြည်ကင် ဆေးကုသမှု ၆၀လောက်တွင် ဆေးမသွင်းရဘဲ ဓာတ်ချည်းကင်ရသူ ကျွန်တော် အပါအ၀င် သုံးဦးပဲရှိ သည်။
ဆရာဝန်တွေက မလိုအပ်လို့ ဆေးမသွင်းတာပဲဟု ဒီလိုပဲ ယူဆခဲ့ပါသည်။ ဒီတစ်ကြိမ်မှာ တော့ ဓာတ်ကင်ပြီးပြီ မို့ ပြန်ဖြစ်တော့ ကင်ဆာဌာန ဒေါက်တာဒေါ်မေကြည် လက်ထောက် ဆရာဝန် က ပြော ပါသည်။ ဒေါ်မေကြည်ကလည်း အတည်းပြုသည်။

သင်္ကြန်ပြီးတော့ ဆရာထက်မြက်ဆီ သွားပြသည်။ ဆရာက ကြည့်ရှုပြီး ကျွန်တော့်ကို ဆေးရည်တွေပေးသည်။ အားဆေး၊ အကိုက်အခဲပျောက်ဆေး။ ဆရာက အသက်ရှူလမ်း ကြောင်းအတွက် ဆေးတွေပေးတာဖြစ်သည်ဟု ဆိုပါသည်။
သို့တိုင် လည်ချောင်းနာကျင်မှု က သက်သာမလိုနဲ့ သက်သာမသွားပါ။ နောက်တစ်ပတ် ဆရာ ထက်မြက်နှင့် ပြန်ပြသည်။ ဆရာရေ လည်ချောင်းနာတာ မသက်သာ။ ဆန်ပြုတ်ပဲ သောက်နေရ။
ဆရာ က နှာခေါင်း မှ မှန်ပြောင်းထည့်ပြီး စစ်ဆေးပေးမည်ဟု ဆိုသည်။ မေလဆန်းဖြစ် သည်။
သို့နှင့် ဆရာထက်မြက်ချိန်းသည့်ရက်တွင် ခွဲစိတ်ခန်းဝင်သည်။ ဆရာက ထုံးစံအတိုင်း ထုံဆေးပေးပြီး နှာခေါင်း မှ မှန်ပြောင်းထည့်သည်။
ဒီတစ်ကြိမ် မှန်ပြောင်းထည့်မှုက လည်ချောင်းကလည်းနာ၊ မှန်ပြောင်းထည့်တော့ ချောင်းဆိုးချင်တာလည်းပါနှင့် အတော်ကြီး ခံစား ရသည်။ လူကို အကူတွေက ထိန်းချုပ် ထားကြပေမယ့် နာကျင်မှုက မခံမရပ်နိုင်။ ဒီတော့ အာခေါင်ထဲ မှ ထိခိုက်မှုရှိခဲ့သည်။

ဆရာက ဓာတ်ခွဲစမ်းသပ် ဖို့ အသံအိုးအနားက အသားစယူရာမှာ အသားစမပါဘဲ သွေးနှင့် သားငန်ရည်သာ ပါခဲ့သည် ထင်သည်။ ထိုဓာတ်ခွဲစမ်းသပ်မှုက အပြင်ဓာတ်ခွဲခန်းမှာ လုပ်ခိုင်း ပါသည်။
ဓာတ်ခွဲတော့ ကင်ဆာအရိပ်အယောင် မတွေ့ရပါ။ ထိုမှန်ပြောင်းထည့်သည့်ညက ချောင်းဆိုး သလိပ်ဟတ်တော့ သွေးစတွေ ပါလာပါသည်။
ကျွန်တော် ထိတ်လန့် သွားသည်။ မိသားစုတွေလည်း သွေးအန်တာတွေ့ပြီး ထိတ်လန့်ကြ သည်။ သို့နှင့် ဆရာထက်မြတ် ဆီ ဖုန်းဆက်မေးရသည်။
ဆရာက သိပ် များသလားဟု ပြန်မေးသည်။ များလျှင် သွေးအချိုးယူပြီး မနက်ဖြန်ဆေးရုံ လာပါဟုဆိုသည်။ လည်ချောင်း အတွင်းမှာ မှန်ပြောင်းထည့်တုန်းက ဒဏ်ရာရသွားခဲ့ဟန် တူသည်ဟု ဆိုပါသည်။ သွေးက တစ်ကြိမ်နှစ်ကြိမ် သာ အန်ကြီးရပ်သွားပါသည်။ သို့နှင့် နောက်ရက်တွင် ဆေးရုံမပြတော့။ ဓာတ်ခွဲထားသော အသားစ (တကယ်က အသားစ မ ပါ သွေးနှင့် သားငန်ရည်သာ ဓာတ်ခွဲခဲ့ခြင်းဖြစ်)ရမှ ပြန်ပြ။

ဓာတ်ခွဲသောအဖြေက ကင်ဆာမတွေ့ရလို့ဆိုသည်။ သို့တိုင် ထိုရက်တွေက လည်ချောင်း နာတာ ကောင်း မလာသေး။ အသံပင် ပျောက်သလိုရှိလာသည်။ အစာလည်း မစားနိုင်။
ပထမ ဆန်ပြုတ်လောက်ဝင်သေး သည်။ နောက်တော့ ဆန်ပြုတ်ပါမ၀င်တော့။ ရေလည်း သိပ်သောက်မရ။ အစာ၊ ရေမျိုသည့် အခါ ချောင်းဆိုးခြင်းနှင့် သီးခြင်းက အခံရခက်လှပါ သည်။
ကျွန်တော် သည် ပစ္စုပ္ပန် ပြိတ္တာတစ်ကောင်လို ဖြစ်သွားသည်။
ငါဘာတွေလုပ်ခဲ့ သလဲ။ ဘာမကောင်းမှုတွေ လုပ်ခဲ့သလဲ။ တစ်ပါးသူစားသောက်တာကို ဟန့်တားခဲ့ဖူးသလား။ ရဟန်းသံဃာ ကို ပြစ်မှားဖူးသလား။ ဒါ ၀ဋ်နာလား။ အတွေးတွေက ၀င်ရောက်လာပါသည်။ စဉ်းစားတွေးတော ကြည့် မိသည်။ ပစ္စုပ္ပန်ဘ၀မှာတော့ မရှိခဲ့ဖူး ထင်သည်။
အတိတ်ဘ၀ ကိုတော့ ကျွန်တော် လှမ်းမမြင်နိုင်ပါ။ ကျွန်တော် ဘာအဖြစ်တွေလုပ်ခဲ့သလဲ။
ဘုရားသော်မှ ၀ဋ်ကြွေးမှ ရှောင်လွှဲ၍မရပါ။

ဝဋ်ကြွေးရှိလျှင် ကြေအောင်ဆပ်ရတော့မည်။
မေလ ပထမပတ်ထဲတွင် ဆရာမောင်စိမ်းနီတို့ ဆရာသစ္စာနီတို့ လုံးပမ်းမှုကြောင့် နာမည် ကျော်ဟာသပညာရှင် ကိုဇာဂနာတို့ အဖွဲ့မှ နာမကျန်းသူ စာပေအနုပညာရှင်ထဲမှ နှစ် ယောက်ကို ထောက်ပံ့ကြေးပေးပါသည်။ ကိုဇာဂနာထင်မက ရုပ်ရှင်သရုပ်ဆောင် ဇင်ဝိုင်း၊ မင်းကိုနိုင်တို့လည်း ထည့်ဝင်ခဲ့ကြသည်ဟု ဆိုပါသည်။
ထိုထဲတွင် ကျွန်တော်နှင့် ကဗျာဆရာ၊ စာရေးဆရာတစ်ယောက်တို့ ပါဝင်သည်။ ထိုပွဲကို ၃၅လမ်းရှိ (ပေါ်ပြူလာ ဂျာနယ်တိုက်)အပေါ်ထပ်မှာ ကျင်းပပါသည်။
ထောက်ပံ့ငွေရရှိပြီးနေက် ကျေးဇူးတင်စကားပြေညဖို့ရှိလာပါသည်။ ထိုအချိန်က ကျွန် တော် စကားသိပ်ပြောနိုင်တော့ပါ။ အသံက ပျောက်သလောက်နီးပါး ရှိပါသည်။ သို့နှင့် စိတ်ထဲကပဲ စာဖြင့် ကျေးဇူးတင် စကားပြောဖို့ ရေးသားလိုက်သည်။

ထိုကျေးဇူးတင်စကားကို ကဗျာဆရာ သစ္စာနီမှ ဖတ်ကြားပေးပါသည်။ ထိုကျေးဇူးတင် စကားကို ကိုစိမ်းနီမှ ပိတောက်ပွင့်သစ်မဂ္ဂဇင်းတွင် ဖော်ပြပေးခဲ့ပါသည်။
ထိုကျေးဇူးတင် စကားမှာ ကျွန်တော့်ရောဂါအခြေအနေနှင့် ပတ်သက် ဆက်စပ်နေ သဖြင့် ပြန်လည်ဖော်ပြ လိုက်ပါသည်။

မိတ်ဆွေများ၊ စာရေးဖော်များခင်ဗျား.....
ကျွန်တော် ကျေးဇူးတင်စကားပြောဖို့ အခက်အခဲရှိနေတာကြောင့် စာရေးသားပြီး ကျွန်တော့်ကိုယ့်စား ဆရာသစ္စာနီ က ဖတ်ကြားပြပါမယ်ခင်ဗျား။
၂၀၁၀မှာ ကျွန်တော် လည်ချောင်းကင်ဆာဖြစ်ပြီး လည်ပင်းအကျိတ်ဖုခွဲ ကင်ဆာ ဆိုတာ သေချာတော့ တောင်ကြီး မှာ ဓာတ်ရောင်ခြည်ကင်ကုသပြီး ခုဆို တစ်နှစ်ကျော်ကျော်ရှိလာ ပါပြီ။
တစ်နှစ်ကျော် အကြာမှာ "ဓာတ်ရောင်ခြည်ကုသမှု အလွန်နောက်ဆက်တွဲစာမျက်နှာ" အဖြစ် သင်္ကြန်မတိုင်ခင် ကလေးက စလို့ လည်ချောင်းနာမှု အကြီးအကျယ် စတင်ခဲ့ပါ တယ်။

သင်္ကြန်ကာလကတော့ ကျွန်တော့်အတွက် ငရဲပါပဲ။ အစားစားမရ၊ နောက်ဆုံး ရေသောက် ရတာတောင် ခက်ခဲလောက်အောင် လည်ချောင်းနာကျင်မှုက ပြင်းထန်းခဲ့ပါတယ်။
ဘယ်လောက် ခံစားရသလဲဆိုရင် သေခြင်းတရားကိုတောင် ကျွန်တော် အလိုရှိလာခဲ့ပါ တယ်။
သင်္ကြန်ပြီးပြီးချင်း ဆေးရုံကြီးက ယခင် ၂၀၁၀ကုသခံယူခဲ့တဲ့ ရင်ခေါင်းအထက်ပိုင်း ခွဲစိတ် ဌာန အထူးကု ဆရာဝန်ကြီး ဒေါက်တာထက်မြက်နဲ့ စစ်ဆေးပါတယ်။ လည်ချောင်းထဲ အသက်ရှူလမ်းကြောင်း၊ အစာအိမ်ပြွန်၊ အစာအိမ် တို့ကိုပါ မှန်ပြောင်းထည့် စစ်ဆေးခဲ့ပါ တယ်။ မှန်ပြောင်းထည့်စစ်ဆေးတော့လည်း အရင်နာကျင်ထား တဲ့ အရှိန်နဲ့ (ထုံဆေးပေး သော်လည်း)အတော်ကြီး ထိတ်လန့်လောက်အောင် နာကျင်ခံစားခဲ့ရပါသေးတယ်။
အသံအိုး၊ လည်ပင်းနံရံ၊ အသက်ရှူလမ်းကြောင်း အစာအိမ်တို့မှာ ကင်ဆာအရိပ်အယောင် မတွေ့ရဘူးလို့ ဆရာဝန် က ပြောပါတယ်။

ဒါပေမဲ့ ဓာတ်ရောင်ခြည်အရှိန်ကြောင့် (ဘေးထွက်ဆိုးကျိုးကြောင့်) အသံအိုးရှိ တုန်ခါမှု ပြုလုပ်ပေးသော အကြောနှစ်ချောင်း ရှိရာမှာ တစ်ချောင်းပြတ်သွားတယ်လို့ ဆိုပါတယ်။ ဂစ်တာကြိုး တစ်ချောင်း၊ ပြတ်သွားတယ် လို့ ဥပမာပေးပါတယ်။
ဒါကြောင့် အသံ ကတော့ ကြိုးတစ်ချောင်းပြတ်အသံပဲဖြစ်တော့မယ်တဲ့။ (ဓာတ်ကင်ခြင်း ကြောင့်ကျွန်တော်ရတဲ့ အကျိုးတရား)
ယခု ဆရာဝန်ပေးသော ဆေးများကို သောက်နေရပါတယ်။ တစ်ပတ်တစ်ခါ စစ်ဆေးပြသ နေရပါတယ်။ လိုအပ် ရင် မှန်ပြောင်းပြန်ထည့် စစ်ဆေးရမယ်ပြောပါတယ်။
မိတ်ဆွေများ၊ စာရေးဖော်များခင်ဗျား...
ကျွန်တော့်ကျန်းမာရေးအခြေအနေကို သိချင်ကြမယ်ထင်လို့ ပြောပြခင်းဖြစ်ပါတယ်။ အခြားအကြောင်း မရှိပါ။ လောလောဆယ် စာရေးစာဖတ်ခြင်း မလုပ်နိုင်သေးသလို အပြင် လည်းမထွက်နိုင်သေးပါ။
စာရေးနိုင်တာနဲ့ "ဓာတ်ရောင်ခြည်ကုသမှုအလွန် စာမျက်နှာများ"ကို ရေးသားတင်ပြပါဦး မည်။

ကျွန်တော့်ကို စာနာပြီး ကူညီကြတဲ့အတွက် အားလုံးကို ကျေးဇူးတင်ပါတယ်။

    မောင်တင်ဆင့်
    (ရ)ရက်၊ မေလ၊ ၂၀၁၂။

ထိုပွဲအပြီး တစ်ရက်အလွန်တွင် ကျွန်တော့်လည်ချောင်း၏ ဖောက်ပြန်မှုမှာ ကြီမားပြင်းထန် လာတော့၏။
ဆန်ပြုတ်ပင် မ၀င်တော့။ သားတွေက အဟာရမှုန်ဆိုတာကို ရှာဝယ်လာပါတယ်။ Ensure lifeတဲ့။ ထိုအာဟာရမှုန့် က တစ်သောင်းလေးထောင်ပေးရသည်။ စင်ကာပူထင်ရဲ့။ အန်ရှူး ၀ါးလိုက်ကလည်း အမျိုးအစား အမျိုးမျိုးရှိသည်။ တရုတ်လုပ်၊ ထိုင်းလုပ်၊ စင်ကာပူလုပ် ဆိုတာရှိသည်။ တရုတ်နှင့်ထိုင်းက သက်သာ သည်။ ဆေးရုံကြီးဆိုင်မှာ ထိုင်းထုတ်အန်ရှူး ၀ါးက တစ်သောင်းကျပ်လောက်ပဲ ကျသည်။ စင်ကာပူ က တစ်သောင်းလေးထောင်ကျပ် ရှိသည်။
ဘယ်လိုပဲပြောပြော သူတို့အဆိုက အန်ရှူးဝါးတစ်စွန်းက ထမင်းတစ်ပန်းကန်းစားသည် နှင့်ညီသော အာဟာရ ကို ဖြစ်စေသည်ဟု။
မေ ၉ရက်ညပိုင်း တွင် ကျွန်တော့်လည်ချောင်းက အစာရော ရေရော သောက်မျိုလို့မရ ဖြစ်လာသည်။ သလိပ်ပုပ်တွေ ပဲ ထွက်နေသည်။

အန်ရှူးဝါးကိုဝယ်လာပြီး တိုက်သည်။ တစ်ဇွန်းပဲဝင်ဝင်။ မရပါ။ တစ်ဇွန်းတောင်မ၀င်ပါ။ ထိုညက SSCဆေးရုံ ပြေးခဲ့ကြသေးသည်။ ထိုဆေးရုံမှာလည်း လူကများနေသည်။ ည ၁၀ နာရီခွဲလောက်မှ ဆရာဝန်နှင့်ပြနိုင် မည်။
ဆရာထက်မြက်ဆီ ဖုန်းဆက်မေးတော့။ လောလောဆယ် အားဆေးနှစ်လုံးလောက်သွင်း ထား၊ မနက်ဖြန် ဆေးရုံကြီး ကိုလာခဲ့ပါဟု ဆိုသည်။
သို့နှင့် SSC မှ ပြန်လာပြီး ကျွန်တော်နေထိုင်ရာနှင့် နီးသော ကမာရွတ်ဆင်ရေးတွင်း ထိပ်ကဆေးခန်းမှာ အားဆေး တစ်လုံး ချိတ်လိုက်ရသည်။
ထိုညက မအိပ်နိုင်။ ချောင်းတဟွပ်ဟွပ်ဆိုး၊ သလိပ်ပုပ်တွေထွက်။ အိပ်ဆေးလည်းမတိုး၊ တကယ့်ငရဲပါပဲ။
ဇနီးသည် က ခြင်ထောင်ထဲ ပက်လက်ကုလားထိုင်ထည့်ခါ သိပ်ပေးပါသည်။ အိပ်လို့ မပျော်ပါ။

နောက်တစ်ရက် မေ(၁၀)ရက်တွင် ကျွန်တော်ဆေးရုံကြီး ၃/၄ ဌာနတွင် တက်ရောက်ခဲ့ရ သည်။ တက်သည်နှင့် အားဆေးများ ချိတ်ခါသွင်းတော့၏။ တစ်ပတ်လုံးလုံး တစ်ရက်လေး လုံးဒရစ်သွင်းခဲ့ရသည်မှာ တစ်ပတ် ခန့်ကြာမြင့်သည်။
အစာမစားခဲ့ရသည်မှာ တစ်လခန့်ရှိပြီ။ ယခုဒရစ်သွင်းတော့ နေသာထိုင်သာရှိလာ၏။
ဆေးရုံတက်ပြီး နောက်တစ်ရက်တွင်း ပါးစပ်မှမှန်ပြောင်းထည့် စစ်ဆေးပြန်သည်။ (မှန်ပြောင်း တစ်ခါထည့်တစ်သောင်းကျပ် ကျသင့်သည်။)
ဒီတစ်ခါ စစ်ဆေးရာမှာတော့ "Tuner in vocal Cord"ဟု အဖြေထွက်လာပါသည်။
ကျွန်တော် အစာရေစာမ၀င်သည်မှာ လည်ချောင်းတွင် ကင်ဆာအကျိတ်က ဖိ ထားသော ကြောင့် ဖြစ်သည်ဟုဆရာဝန်က ပြောပါသည်။
ထိုအဖြေကြောင့် ပထမအဖြေမှာ အမှားဖြစ်သွားပြီ။ ကိုဇာဂနာတို့ ထောက်ပံ့ကြေးပေး တုန်းက ကျွန်တော်ကျေးဇူးတင် စကားပြောခဲ့သည့် ရောဂါအခြေအနေမှာ မှားယွင်းသွားခဲ့ ပါပြီ။

ပထမနှာခေါင်းမှ မှန်ပြောင်းထည့်စစ်ဆေးသော အခြေအနေနှင့် ဒုတိယအကြိမ် ပါးစပ်မှ အစာအိမ်ထိ မှန်ပြောင်းထည့်စစ်ဆေးသော အခြေအနေက လုံးဝကွာခြားသွားပါသည်။ ဆရာဝန်ကြီးတွေ သူတို့အချင်းချင်း တိုင်ပင်ကြ မည်ထင်သည်။
သို့တိုင် ဒုတိယ စစ်ဆေးချက်က အမှန်ဖြစ်သွားသည်။ ဒီတော့ ကင်ဆာဝပ်ကို သွားရမည် ပေါ့။
ကင်ဆာဝပ်မသွားမီ အစားဘယ်လိုစားမလဲ ဆရာဝန်များ စဉ်းစားကြရပြန်သည်။ ဆရာကြီး ထက်မြက် က နှာခေါင်းမှာ ပိုက်တပ်၍ အစာသွင်းပေးမည်ဟု ဆိုသည်။
ကျွန်တော် ကန့်ကွက်လိုက်သည်။ နှာခေါင်းပေါက်မှ အစာသွင်းတာ လက်မခံနိုင်ပါ။ ဘာကြောင့်လဲဟု ကျွန်တော့် ကို မေးသည်။ ကျွန်တော်နာကျင်တာကို မခံစားနိုင်တော့ပါ။ ဗိုက်ကနေ အစာအိမ်ကို တိုက်ရိုက်ဖောက်ခါ အစာသွင်း ဖို့ ကျွန်တော်အဆိုပြုခဲ့သည်။

ယခင်နှာခေါင်းမှ မှန်ပြောင်းထည့်တုန်းက နာကျင်ခံစားခဲ့ရသလို ပါးစပ်မှ မှန်ပြောင်းထည့် တော့လည်း နာကျင်မှုက မသေး။ ထုံးဆေးပေးထားတယ်ဆိုသော်လည်း နာကျင်မှုကြောင့် သွားရည်တွေကျ၊ မျက်ရည်တွေကျ တဲ့ အထိ ခံစားခဲ့ရတာလေ။
အနားသတ်မျဉ်းအဆုံးသို့
ဒီစာမှုက အဖေနောက်ဆုံးရေးသွားတဲ့ စာမူသုံးပုဒ်ထဲက တစ်ပုဒ်ပါ။ မကွယ်လွန်ခင် တစ်လ ခွဲကျော်လောက် က ရေးခဲ့တာပါ။ ဒါပေမဲ့ ပြီးအောင်ရေးသွားနိုင်တာမဟုတ်ဘဲ တစ်ဝက်တစ် ပျက်နဲ့ ကျန်နေခဲ့ပါတယ်။ ထိုအချိန်က ကင်ဆာဆေးကို တစ်လတစ်ကြိမ်နှုန်းနဲ့ သုံးကြိမ် သွင်းပြီးပါပြီ။ အဖေ့ကို ကြည့်ရတာလည်း တစ်နေ့ပြီးတစ်နေ့ တိုးတိုးလာနေတဲ့ ဝေဒနာ ကိုအန်တုနေပုံ ပါပဲ။ ဆေးသွင်းဖို့ ကလည်း နောက်ထပ်သုံးကြိမ်ကျန်နေပါသေးတယ်။ ဒါပေမဲ့ ဆေးဒဏ်ကို သိပ်ပြီး ခံနိုင်ပုံမရှိဘူးလို့ ထင်ပါတယ်။

ကင်ဆာဆေးဒဏ်ကြောင့် သွေးဖြူဥတွေ ပျက်စီးခြင်းရဲ့ လက္ခဏာတွေ ထိုစဉ်ကတည်းက ဖြစ်နေပြီဆိုတာ အဖေ ကွယ်လွန်သွားမှ ကျွန်တော်တို့ သိလာရတာပါ။ ဒီလက္ခဏာတွေ ဘာကြောင့်ဖြစ်နေသလဲဆိုတာ အဖေသွားပြနေရ တဲ့ ဆရာဝန်မဟုတ်တော့လည်း ကျွန်တော်တို့က ဘယ်သိနိုင်ပါ့ မလဲ။ ဆေးတစ်ကြိမ်သွင်းတိုင်း သွေးစစ်ကြည့်ပြီးမှ သွင်းတယ် ဆိုပေမယ့် အဖေ့ဆီက သွေးဖြူဥတွေ ဒီလောက် အထိ လျော့နည်းလာပြီဆို တိာကိုတော့ အဖေမကွယ်လွန်မီ နာရီ ၂၀အတွင်းလောက်မှ သိရတာပါ။ ၄၀၀၀ ရှိရမယ့် ပမာဏက ၇၀၀ပဲရှိတော့တယ်။ သိပ်ကိုနည်းလွန်းနေပြီ။
မဆုံးသေးတဲ့ ဒီစာမှု ကျွန်တော့်ကိုပေးတုန်းက နောက်တစ်ခါဆေးသွင်းပြီးရင် ဆက်ရေး မယ်လို့ ပြော ပါသေးတယ်။ အဖေပြောတဲ့ နောက်တစ်ခါဆိုတာ လေးကြိမ်မြောက်ဆေး သွင်းတာကို ပြောတာပါ။ ကျွန်တော် ကတော့ အဖေ့ကိုအားပေးတဲ့အနေနဲ့ စာရေးဖို့ကို အမြဲတိုက်တွန်းပါတယ်။ မြှောက်ပေးတာပါ။ ဒါက စိတ်သက်သာမှု ရစေတယ်လို့ ကျွန်တော် တွေးမိလို့ပါ။

တကယ်တော့ ဝေဒနာခံစားနေရတဲ့လူတစ်ယောက်အဖို့ စာရေးနိုင်ဖို့ဆိုတာ လွယ်ကူလှ တာတော့ မဟုတ်ပါဘူး။ စာရေးနိုင်ဖို့အတွက် စာဖတ်ရပါတယ်။ အာရုံစူးစိုက်မှု ထားရပါ တယ်။ အဖေလည်း သူလုပ်နိုင်သလောက်တော့ လုပ်ပါတယ်။ သက်သာတဲ့နေ့တွေမှာ စာဖတ်၊ စာရေးလုပ်နေတတ်တယ်။ အချိန် အကြာကြီးတော့ မလုပ်နိုင်ပါဘူး။ တချို့ရက် တွေမှာငါ Concentrate လုပ်လို့မရဘူးလို့ ကျွန်တော့် ကိုပြောပါတယ်။
ဟုတ်မှာပါ။ ဒီလိုအချိန်ဟာ အဖေ့အတွက် မလွယ်မကူဖြတ်သန်းနေရပြီဆိုတာ ကျွန်တော် မြင်နေရတယ်။ အဲဒီအချိန် က အဖေ့ကိုကြည့်ပြီး ကျွန်တော်တွေးတယ်။ တကယ်လို့ အဖေ့ ရဲ့အသက်ရှူသံ ရပ်ဆိုင်းသွားတဲ့ အချိန် လက်ရှိဘ၀ကနေ တိတ်တဆိတ်ထွက်ခွာသွားတဲ့ အချိန် ရောက်လာခဲ့ရင် ကျွန်တော့်စိတ်ကို ဘယ်လို ထားရမလဲ။ အဲဒီအတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲလို့ တွေးတာပါ။ သဘောကတော့ ကိုယ့်ကိုယ် ကိုယ် ပြင်ဆင်လိုက် တာပါ။

စက်တင်ဘာ ၂၇၊ ညနေ ၃နာရီလောက်မှာ ဆေးရုံကို ကျွန်တောပြန်ရောက်လာတော့ ကုတင်ပေါ် မှာ မှေးနေတဲ့အဖေ့ကို တွေ့ရပါတယ်။ အဖျားလည်းတက်နေပါတယ်။ သွေးဖြူဥ အရမ်းနည်းနေ လို့ သွေးဖြူဥအားကောင်းတဲ့ဆေး ထိုးထားတယ်လို့ အမေက ပြေ ပါတယ်။ သွေးသွင်း ရမယ် လို့လည်း ပြောပါတယ်။
နံနက် ၉နာရီလောက် ကျွန်တော်ထွက်လာပြီးကတည်းက စပြီးဖျားနေတာလို့ အမေက ထပ်ပြောပါတယ်။ အဖေ့ရဲ့ သွေးဖြူဥ က ၇၀၀ပဲရှိတော့တယ်ဆိုတာ အဲဒီတော့မှ ကျွန်တော် သိရတာပါ။
ကျွန်တော် တို့ပြန်ရောက်ပြီး အချိန်တော်ကြာကြာအထိ အဖေ့အပူရှိန်က မကျသေးပါဘူး။ တစ်ခါတစ်ခါမှသာ မျက်လုံးက ပွင့်လာတယ်။ ပွင့်လာတယ်ဆိုပေမယ့် ကျွန်တော်တို့ကို မြင်နေရတယ်လို့ ကျွန်တော်ကတော့ မယူဆပါ။ အဲဒီအချိန်ကတည်းက အဖေ့မျက်လုံး ထဲကမျက်စိသူငယ်အိမ်ကို ကျွန်တော်သတိထားမိနေတယ်။ ပုံမှန် မဟုတ်တဲ့ အခြေအနေ မျိုးအဖြစ် ကျွန်တော့်စိတ်ထဲက သိနေပြီ။
အမေ က ထမင်းသွားစားဦးမယ်ပြောတော့ အမေ့ကိုရယ်တောင်ပြနိုင်သေးတယ်။ အသံက နဂိုကတည်းက သိပ် မထွက်တော့ ဘာမှတော့မပြောဘူး။ အဖေပြုံးနေတာကို ကျွန်တော် တွေ့ရတာ အဒါနောက်ဆုံးပါပဲ။

အဲဒီညက အိပ်ရေးပျက်နေတဲ့ ကျွန်တော့်ကို ကူစောင့်ပေးဖို့ အမေက အိမ်မပြန်ဘဲ ဆေးရုံ မှာနေခဲ့ပါတယ်။ ကျွန်တော့် အစ်ကိုတစ်ယောက်တည်း အိမ်ပြန်သွားတာပါ။ အမေလည်း အဖေ့အခြေအနေကို ရိပ်မိနေပုံရပါတယ်။ နောက်တော့ သူပြုတွေ သွေးသွင်းဖို့ရောက်လာ တယ်။ လက်မှာအကြောရှာရတာ အဆင်မပြေ လို့ ခြေထောက် က သွင်းကြတယ်။ ည ၈နာရီကျော် ၉နာရီလောက်ရှိနေပါပြီ။
အဲဒီအချိန် မှာ အဖေပြန်ဖျားလာ လို့ သူနာပြုတွေကပဲ ဆေးထိုးပေးပါတယ်။ သွေးရည် ကြည်နှစ်လုံးကတော့ ခဏလေး နဲ့ ကုန်သွားတယ်။ နောက်ဆုံးသွေးတစ်လုံးကတော့ ပုံမှန် အတိုင်းပဲနည်းနည်းကြာပါတယ်။

တကယ်တော့ ဒီတစ်ခေါက် အဖေဆေးရုံပြန်တက်ရတာက နှစ်ရက်သုံးရက်ပဲ တက်ဖို့ လာတာပါ။ ဒါကလည်း အဖေ့ကို ကုပေးနေတဲ့ အဖေက သူ့ရောဂါကိုပြနေတဲ့ ဆရာဝန်ရဲ့ စကားပါ။
နောက်ဆုံး သွားပြစဉ် က ဦးတင်ဆင့်မှာ ဓာတ်အချို့နည်းနေလို့ ဆေးရုံမှာ သုံးရက်လောက် လာတတ်ပါတဲ့။ စက်တင်ဘာ ၂၄ရက်၊ တနာင်္လာနေ့ကို လာခဲ့ဖို့ မှာလိုက်တာပါ။
သွင်းရမယ့် သွေးအားလုံးပြီးချိန်မှာ ကျွန်တော်ခဏအိပ်ဦးမယ်လို့ အမေ့ကိုပြောပြီး ခုံတန်း ရှည်ပေါ်မှာ သွားလှဲ ပါတယ်။ နောက် ၁၂နာရီကျော်လောက်မှာ အမေကကျွန်တော့်ကို လှုပ်နှိုးပါတယ်။ အဖေအသက်ရှူရတာ အဆင်မပြေလို့တဲ့။

ဒီတစ်ခါ ဆေးရုံပြန်အတက်မှာ အဖေ့အတွက် မသက်မသာကိစ္စတစ်ခုလည်း ဖြစ်လာရ တယ်။ လွန်ခဲ့တဲ့ လေးလကျော်လောက်ကတည်းက ဗိုက်မှာတပ်ထားခဲ့ရတဲ့ပိုက်က အခြေ မခိုင်တော့တာပါ။ ပါးစပ်က စားလိုက်သောက်လို့ မရနိုင်တာကြောင့် ဗိုက်ကတစ်ဆင့် အစာနဲ့ရေကို ထည့်ပေးနေရတာ လချီခဲ့ပါပြီ။ ရံဖန်ရံခါ မှသာ ပါးစပ်က စားလို့သောက်လို့ ရတယ်။ ဒါကလည်း သုံးလေးရက်ပါပဲ။ အချိန်အများစုကတော့ ပိုက်ကိုပဲ သုံးခဲ့ရတာ။
ကြာလာတော့ ပိုက်အခြေပတ်လည်က ချောင်ကျလာတယ်။ အဲလိုချောင်ကျလာတာက လည်း ဆေးရုံပြန် တက်တဲ့ ရက်မှာ သိသိသာသာချက်ချင်းကြီးဖြစ်သွားသလိုပါပဲ။ ပိုက်ထဲက ထည့်လိုက် တဲ့ ရေပဲဖြစ်ဖြစ်၊ တခြားအရာပဲဖြစ်ဖြစ် ပိုက်အခြေအနေ ပြန်စိမ့်ထွက်လာပါ တယ်။

ကျွန်တော့်အထင် အဖေလက်ခံရရှိတာက ၂၀ရာခိုင်နှုန်းလောက်ပဲ ရှိနိုင်မယ်။ ၈၀ ရာခိုင် နှုန်းလောက် က ပြန်စီးထွက်သွားပါတယ်။
အမေလှုပ်နှိုးလိုက်လို့ အဖေ့ဘေးမှာ ကျွန်တော်ထိုင်ပြီး အဖေ့အခြေအနေကို ကြည့်လိုက် ပါတယ်။ အသက်ရှူ ရတာ အဖေ့ အတွက် အခက်အခဲဖြစ်နေပါပြီ။ ဆရာဝန်ကိုပြေးပြောရ တယ်။ နောက်အောက်စီဂျင်ပိုက် လာတပ်ပေး တယ်။ သုံးထောင့်ငါးရာ။
ဒါပေမဲ့ နာရီဝက်ကျော်လာချိန်အထိ အဖေ့ပုံစံက ပြောင်းမသွားပါဘူး။ နဖူးမှာလည်း ချွေး တွေနဲ့။ ကျွန်တော်တို့ ကြည့်နေတုန်း အဖေ့ဆီက စကားသံတချို့ ထွက်ကြလာတယ်။ အဖေ ဘာပြောတာလဲ၊ ဘာလုပ်ချင်လို့လဲလို့ ကျွန်တော်ကမေး တယ်။ အိမ်သာသွားချင် တယ်တဲ့။ အသံက အတော် တိုး ပါတယ်။ သေချာ နားစိုက်ထောင်ရတယ်။ နဂိုကတည်းက အသံသိပ်မထွက်တာကြောင့်လည်း အဖေ့အသံက မျှမျှပဲကြားရတယ်။

အိမ်သာသွားဖို့အတွက် အဖေထဖို့ ကြိုးစားပါတယ်။ ဘေးကနေပြီး အဖေ့နောက်ကျော ကိုသိုင်းလို့ အဖေ ထနိုင်အောင် ကျွန်တော်ကြိုးစားကြည့်တယ်။ အချည်းနှီးပါပဲ။ အဖေ့အ ခြေအနေက အတော် အားနည်းနေ ပါတယ်။ အိမ်သာသွားဖို့ မဖြစ်နိုင်ကြောင်း အမေနဲ့ ကျွန်တော်က ပြောပါတယ်။ ကုတင်ပေါ်မှာပဲ အိုးနဲ့သွားကြည့် ဖို့ ပြောရပါတယ်။ တစ်ဆောင်လုံးကတော့ တိတ်ဆိတ်လို့ ငြိမ်သက်နေဆဲပါ။ မိုးကလည်း တကယ့်ကို သဲသဲမဲမဲ စပြီးရွာလာပါတယ်။
အဖေငုတ်တုတ်ထိုင်နိုင်ဖို့ နောက်ကျောကနေ ကျွန်တော်ထိန်းရတယ်။ ဒါပေမဲ့ အဖေမ ထိုင်နိုင်ပါ။ ပြန်လှဲပေး ရတယ်။ နောက်ဆုံးပက်လက်အနေအထားနဲ့ပဲ ၀မ်းသားကြည်ဖို့ ပြောရတယ်။ ဒီတစ်ခါတော့ အဖေက လက်ခံ တယ်။ အိုးပြားလေးကိုလည်း အဖေ့တင်ပါး အောက်သို့ အမေက ထိုးပေးပါတယ်။

ပထမ အိုးပြားလေးက နေရာမကျဖြစ်နေသေးတယ်။ ဒါနဲ့နည်းနည်းကြွကြည့်ဖို့ အဖေ့ကို ပြောရတယ်။ အဲဒီအချိန်အထိ အဖေနဲ့ ကျွန်တော်တို့ရဲ့ ဆက်သွယ်မှုက ဘာမှအနှောင့် အယှက်မရှိပါဘူး။ ကျွန်တော် တို့ပြောတာကို အဖေကြားနေ၊ တုံ့ပြန်နေနိုင်ပါတယ်။ မျက်လုံးတွေကတော့ သိပ်ပြီး မဖွင့်နိုင်ပါဘူး။ ခဏအကြာမှ အဖေ့တင်ပါးအောက်က အိုးကို အမေက ဆွဲထုတ်ယူလိုက်တယ်။
အိုးထဲ ကို ကျွန်တော်လှမ်းကြည့်ပြီး ဒါဟာပုံမှန်မဟုတ်တဲ့ အခြေအနေတစ်ခုကို ရောက်လာ ခဲ့ပြီလို့ ကျွန်တော်နားလည်လိုက်တယ်။ ဘာလို့လဲဆိုတော့ အဖေ့ဝမ်အရောင်က အမည်း ရောင်ကို ဖော်ပြနေပြီ။
မိုးကတော့ သဲသဲမဲမဲကို ဆက်ပြီးရွာနေဆဲပါ။ တစ်ဆောင်လုံးမှာလည်း ဆက်လက်တိတ် ဆိတ်နေဆဲပါ။ မလှမ်းမကမ်း ခုတင် က လူနာစောင့်တစ်ယောက်ပဲ ကျွန်တော်တို့အဖြစ်ကို လှမ်းကြည့်နေတာတွေ့ရတယ်။ သူတစ်ယောက် ပါပဲ။ ကျွန်တော့်မှာလည်း အပြင်မှာမိုးတွေ သည်းနေပေမယ့် ကိုယ်ပေါ်မှာ အင်္ကျီမရှိ။ အင်နဲ့အား နဲ့ အဖေ့ကို ကူပေးနေရလို့ ချွေးတွေ ပြန်နေပြီ။
ခဏနေတော့ အိုးသွားသွန် တဲ့ အမေ ပြန်ရောက်လာတယ်။ အဖေကလည်း နောက်တစ်ခါ ၀မ်းသွားချင်တယ် တဲ့။ ဒါနဲ့ ပထမကြိမ်လို ပြန်လုပ်ရတယ်။ ဒီတစ်ခါလည်း အိုးထဲက အရောင်က နဂိုအရောင်လိုပါပဲ။

ဝမ်းနှစ်ခါသွားပြီးချိန်မှာ အဖေ့အသက်ရှူပုံက သိသိသာသာ ပြင်းလာတော့တယ်။ ဒီလို ပြင်းလာတာက ပိုက် ကကြွက်သားတွေ ပိုပြီး လှုပ်ရှားစေပါတယ်။ ပိုလှုပ်ရတော့ ပိုက်အခြေ အနေက ရေတွေက ပိုထွက်လာတယ်။ စီးထွက်လာတဲ့ရေတွေကို တစ်ရှူးနဲ့ ထပ်ခါထပ်ခါ သုတ်ပေးရတယ်။ အဖေ့ကိုကြည့်ရတာ မသက်မသာခံစားနေရသလိုပါပဲ။ မျက်လုံးက နည်းနည်းပွင့်လာလိုက်၊ ပြန်မှိတ်သွားလိုက် ဖြစ်နေုတယ်။ ညည်းတော့မညည်းပါ။ သတိ လည်းရှိနေပုံပါ။ အမေကတော့ ဒုတိယ မြောက်အိုးကို သွားသွန်နေတယ်။
အဲဒီအချိန်လေးအတွင်းမှာ အဖေ့မျက်လုံးသူငယ်အိမ်က တဖြည်းဖြည်းကျဉ်းလာတယ်လို့ ကျွန်တော်ခံစား မိတယ်။ နောက်ထိုင်မယ်လို့ ကျွန်တော့်ကိုပြောတယ်။ စာရေးချင်တယ် လို့လည်းပြောတယ်။ ဒီလိုအခြေအနေ မှာ အဖေအတွက်ထိုင်နိုင်ဖို့ဆိုတာ မဖြစ်နိုင်မှန်း ကျွန်တော်သိတယ်။ ဒါနဲ့ထလို့ဖြစ်ပါ့မလား။ မလွယ်ဘူး ထင်တယ်လို့ ကျွန်တော်ပြောရ တယ်။ ရတယ်၊ ထမယ်တဲ့။ ကျွန်တော်ူပေးကြည့်တယ်။ ထင်တဲ့အတိုင်းပါပဲ။

ခေါင်းအုံးကနေ စပြီးခွာလိုက်ကတည်းက အဖေ့ရဲ့သိမှုအာရုံက တဖြည်းဖြည်းနဲ လျှော ဆင်းနေပါပြီ။ ကျွန်တော်ခေါ်ကြည့် ပါတယ်။ အဖေ့ဆီက တုံ့ပြန်မှုကို မရတော့ပါ။ အိုးသွား သွန်တဲ့အမေ အနားပြန်ရောက် လာတော့ ဆရာဝန်ကို သွားခေါ်ဖို့ ကျွန်တော်ပြောလိုက် တယ်။ အဖေ့ကိုလည်း ခေါင်းအုံးပေါ်ကို အသာအယာပြန်ချပေးလိုက်တယ်။ တာဝန်ကျ ဆရာဝန်မရောက်လာပြီး နောက်ဆုံး အသက်ငင်နေပြီတဲ့။ ဘယ်အချိန် ကတည်းက ဖြစ်နေ တာလဲတဲ့။
ကရုဏာလိုလို၊ ဒေါသလိုလို အသံ နဲ့မေးတယ်လို့ ကျွန်တော်ခံစားမိတယ်။
အမေ့ ဘက်လှည့်ပြီး ကျွန်တော်ပြေလိုက်တယ်။

ဟုတ်တယ် အမေ၊ ဒါအဖေ့ရဲ့ နောက်ဆုံးအချိန်ဖြစ်နေပြီ။ ကျွန်တော် အစ်ကို့ဆီကို ဖုန်းဆက်ဦးမယ်ဆိုပြီး အဖေ့ဘေး က ခွာလိုက်တယ်။
သုံးလေးငါးမိနစ် အတွင်းမှာ အဖေ့ရဲ့ခန္ဓာငါးပါးစလုံးက အလုံးစုံ ရပ်ဆိုင်းသွားတာပါ။
ခဏလေးပါပဲ။
နည်းနည်းလေးပွင့်ကျန်နေခဲ့တဲ့ မျက်ခွံတွေကို ကျွန်တော်လက်နဲ့ ပိတ်ပေးလိုက်ပြီး အားလုံး ကို အဖေနှုတ်ဆက် သွားပြီဆိုတာလက်ခံလိုက်တယ်။
ဘာပဲဖြစ်ဖြစ် အဖေဟာ သူသွားရမယ့်လမ်းကို ဖြောင့်ဖြောင့်တန်းတန်းနဲ့ ရိုးရိုးသားသား ထွက်ခွာသွားတာပါ။ အဖေ သွားတဲ့လမ်း က ညီညာဖြောင့်ဖြူးမယ်လို့လည်း ကျွန်တော် ယုံကြည်နေမိပါတော့တယ်။

ပြီးပါပြီ
Real lives Real story  vol:11 (2012)
.
>>>ဆက်ဖတ်ရန်>>> >>

Monday, December 3, 2012

ချောချောစု ၏ မျက်ရည်တွေ ပင်လယ်ဝေရင် မေတ္တာက သမုဒ္ဒရာ (ကိုဇော်သက်ထွေး)

မျက်ရည်တွေ ပင်လယ်ဝေရင် မေတ္တာက သမုဒ္ဒရာ
ချောချောစု

-၁-

ကျိုက္ကဆံမြလမ်းထဲ ကို အနုပညာသမား လူငယ်တစ်စု ပြောင်းရွေ့လာသည်ဟု ကြားရတော့ ဘယ်သူ တွေလဲဟု သိချင်သော် လည်း မမေးဝံ့။ သမီးနှစ်ယောက်တည်းသာ မွေးထားသော ဖေဖေနှင့် မေမေက စည်းကမ်းကြီး သည်။ စပ်စပ်စုစုတွေမကြိုက်။ သို့သော် တစ်လမ်းတည်းမို့ သတင်းတွေက ရောက်လာ သည်။ ရုပ်ရှင်ဒါရိုက်တာ သျှိုကြီး တဲ့။ ဇာတ်ညွှန်းရေးတဲ့ ဇော်သက်ထွေးတဲ့။ ဂီတသမားတွေက လာဇရု၊ အာဇာနည်တဲ့။ အနုပညာသမားတွေ ပီပီ ညစဉ်ညတိုင်း သူတို့တိုက်ခန်းက စည်းကားနေသည်။ လူဝင် လူထွက်မပြတ်။ ရပ်ကွက်ထဲ မှ လူငယ်တွေ အားလုံးလိုလို သူတို့အခန်းကို သွားလည်ကြသည်။ ဂစ်တာ တီး၊ သီချင်းဆိုကြသည်။ အနုပညာ အကြောင်း ငြင်းခုံကြသည်။ ဝိုင်းဖွဲ့အရက်သောက်ကြသည်။ တစ်ရက်တွင် သူတို့အခန်းပိုင်ရှင် ၏သားရွှေသွေး က အခွေတစ်ခွေ လာရောက်လက်ဆောင်ပေးသည်။ လာဇရု၏"ဖြစ်တည်မှုအသစ်" သီချင်းခွေ။

ထိုအချိန်ကာလက စီဒီခွေခေတ်မစားသေး။ တိပ်ခွေခေတ်။ နားထောင်ကြည့်လိုက်တော့ သီချင်းခွေ က ကောင်းပါသည်။ နောက်ပိုင်း သီချင်းခွေ ဆက်တိုက် လက်ဆောင်ပေးသည်။ လေးဖြူ၊ အငဲ၊ ညီပုလေး၊ ဘိုဘို စသည်ဖြင့်။ ရွှေသွေးကိုမေးကြည့်တော့ ကိုဇော်သက်ထွေး က ပေးခိုင်းတာဟု ဆိုသည်။ ဇော်သက်ထွေး ဆိုတာ ဖြူသလား၊ မည်းသလား သေချာမမြင်ဘူးပါ။ သို့သော် သီချင်းကြိုက်၍ ပေး လိုက်သည့် အခွေတိုင်း မငြင်းမိ။ နောက်တော့ မေမေက သတိပြုမိသွားသည်။ အကျိုးအကြောင်းမေး ပြီး အနုပညာသမားတွေနှင့် မပတ်သက်ဖို့ ရှုပ်ရှုပ်ယှက်ယှက် မပတ်သက်မိဖို့ ဆုံးမသတိပေးသည်။ မေမေ ဆူပြီးနောက်ပိုင်း ရွှေသွေးထံမှ အခွေတွေ ကို လက်မခံရဲတော့ပေ။ သူတို့နှင့်ပတ်သက်ပြီး ကြာ တော့ လည်း မေ့မေ့ပျောက်ပျောက်ဖြစ် သွားသည်။ သူတို့လူစုက မြလမ်းထပ်က နွားနို့ဆိုင်တွင် မကြာခဏ ထိုင်လေ့ရှိသည်။ တစ်ညနေ ရုံး မှ ပြန်လာတော့ နောက်က ခေါ်သံကို ကြားလိုက်မိသည်။

"ဟေ့... ဟေ့ မေဇော်"
အလန့်တကြား လှည့်ကြည့်မိတော့ မကြာခဏ မြင်ဖူးနေသည့် မျက်နှာတစ်ခု၊ ပြုံးနေသော မျက်နှာနှင့် လက်ထဲ တွင် ဗီဒီယိုအခွေ တစ်ခွေ ကိုင်ထားသည်။
"ကျွန်တော် ဇော်သက်ထွေးပါ၊ လွင်မိုးတို့ပြဇာတ်ကတဲ့ သူရဲလေးကောင်အခွေ ပေးချင်လို့"
လူစိမ်း တစ်ယောက် လက်ထဲမှ မယူလိုသော်လည်း သရဲလေးကောင်က ခေတ်စားနေ၍ ကြည့်ချင် သည်။ ပြီးတော့ သူက ဇွတ်ကမ်းပေးသည်။ သူ့မျက်နှာက ပကတိ ရိုးသားဖြူစင်သောမျက်နှာ။ လက်က အခွေကို အလိုလို ယူမိလျက်သား ဖြစ်သွားသည်။ ထိုအချိန်မှစ၍ ဇော်သက်ထွေးနှင့် စတင်သိကျွမ်းခဲ့ရ သည်။ သူက ထွက်သမျှ သီချင်းခွေတွေနှင့် ဗီဒီယိုဇာတ်လမ်းတွေ လက်ဆောင်ပေးသည်။ ရင်းနှီးလာ တော့ ဆိုင်ကိုပါလာ သည်။

သူက အပြောချိုချို အပြုံးစစနှင့်ဆိုတော့ လူတိုင်းနှင့် ခင်မင်ရင်းနှီးလွယ်သည်။ လေးငါးခြောက်လကြာ တော့ သူ့ဘက်က မရိုးသားဟန်တွေ စပြသည်။ တိတ်ခွေတွေထဲ ကဗျာလေးတွေ ညှပ်ပြီးပေးသည်။ ချစ်မေတ္တာ အကြောင်း ဆောင်းပါးရိပ်ခြည် ပြောနေရေးနေရာတတစ်ဆင့် အတိအလင်း ဖွင့်ဆိုလာ သည်။ မတတ်သာတော့ ၍ ကိုယ့်သဘောထားကို အတိအလင်း ဖွင့်ပြောလိုက်ရသည်။
"သမီး အသက် ၁၉ နှစ်ရှိပါသေးတယ်... အဲဒီလို မရိုးမသားဖြစ်နေရင် ပြန်ပါတော့၊ သမီးကတော့ ရိုးရိုး သားသား ပဲ ခင်ပါတယ်။ မျှော်လင့်ချက်တွေ ဘာတွေလည်း ပေးမထားချင်ပါဘူး" စကားဆုံးတော့ သူ့ မျက်နှာ ရဲတက် သွားသည်။ ဘာမှပြန်မပြောနိုင်ဘဲ တိတ်ဆိတ်ငြိမ်သက်နေသည်။ သူ့ကိုယ်သူ ကြိုးစား ထိန်းသိမ်းနေပုံပေါ်သည်။ ပြီးမှ ဘာမှ မဖြစ်သလို ပုံစံဖြင့် ပြုံးပြသည်။ ဖြည်းညင်းစွာ မတ်တတ်ထရပ် လိုက်သည်။

"အနှောင့်အယှက်ပေးခဲ့သလို ဖြစ်သွားရင် တောင်းပန်ပါတယ် ညီမလေး။ ကျွန်တော် ပြန်ပါ့မယ်"
စကားဆုံးဆုံးချင်း ဆိုင်ထဲမှ ထွက်ခွာသွားသည်။ မေဇော်ရင်ထဲက စိတ်မကောင်းဖြစ်သွားပေမယ့် မတတ်နိုင်။ လူတစ်ယောက် ကို မလိမ်ညာချင်။ မရေရာတဲ့ မျှော်လင့်ချက်တွေလည်း မထားချင်။ ဇော်သက်ထွေးနှင့် သူက ၁၃ နှစ် အသက်ကွာပါသည်။ မေဇော်က ခုချိန်အထိ တက္ကသိုလ်မတက်ရ သေး။ ဇော်သက်ထွေးက တက္ကသိုလ်တစ်ခု က ဘွဲ့အပြင် ဘဝတက္ကသိုလ်က ဘွဲ့ရရှိပြီးဖြစ်သည်။ နောက် သူတို့ အားလုံး မြလမ်းထဲမှ ပြောင်းရွေ့သွားတော့သည်။ အနောက်မြင်းပြိုင်ကွင်းဘက် ပြောင်း ရွေ့သွားကြသော်လည်း သိပ်မဝေးတာ မို့ မကြာခဏ လမ်းမှာဆုံပါသည်။ ဆုံတွေ့တိုင်း သူက မခွေ လေးတွေ ပေးပါလေသည်။ သို့သော် သူ့မျက်လုံးတွေ က အရောင်ဖျော့သွားသည်။ ညီမအရင်းတစ် ယောက်လို ဆက်ဆံသည်။ သူက မြလမ်းမှာနေစဉ် ကထက် ပိုအောင်မြင်သော ဇာတ်ညွှန်းဆရာဖြစ် လာသည်။ သူ့ဇာတ်လမ်းတွေက အမြဲတမ်းရောင်းနေ ရသည်။ သူ့ရဲ့ဗီဒီယိုဇာတ်လမ်းအခွေမှန်သမျှ မရောက်ရောက်အောင် ပို့ပေးလေ့ရှိသည်။

တစ်နေ့တွင် ဆိုင်သွားရန် ကားစောင့်နေခိုက် သူနှင့်အတူနေထိုင်သော ကိုဖိုးတုတ် တုန်လှုပ်ချောက် ချားစွာ ရောက် လာသည်။ ဇော်သက်ထွေးကို ညက ထောက်လှမ်းရေးတွေ ဖမ်းသွားကြပြီတဲ့။
ရုတ်တရက် မျက်ရည်တွေ ဘယ်လိုအိုင်ထွန်းလာသည် မသိ။ ပါးပြင်ပေါ် စီးကျလာသည်။ မျက်နှာကို လက်ဝါးဖြင့် အုပ်ပြီး ငိုမိသည်။ ထိုနေ့က ဆိုင်ကိုပင် မသွားနိုင်ခဲ့။ အိမ်ကိုပြန်လာပြီး ခေါင်းမူးနေသည်ဟု ဆိုကာ အိပ်ရာပေါ် လှဲနေမိခဲ့သည်။ အဖမ်းခံရသည်ဟု ကြားမှ သူ့ကို သနားသွားမိသည်။ အပြုံးချိုချို နှင့် နူးညံ သိမ်မွေ့သော ဟန်ပန်၊ ဘာကြောင့် နိုင်ငံရေးကို စိတ်ဝင်စားပြီး ဘာကြောင့် ခဏခဏ အဖမ်း ခံ ရပါလိမ့်။ စစ်ကြောရေးစခန်းမှာရော ဘယ်လိုရှိမလဲ။ နှိပ်စက်ညှဉ်းပန်းတာတွေ ခံနေရသလား။ အစား အစာရော စား ရရဲ့လား။ ဝမ်းနည်းကြေကွဲလာပြီး မျက်ရည်တွေက သွင်သွင်စီးကြနေသည်။ ပြီးမှ အသိ တစ်ခု ခေါင်းထဲရောက်လာသည်။

ဇော်သက်ထွေးကို သူ ချစ်မိနေသည်။ တစ်ပတ်ကြာတော့ သူ ပြန်လွှတ်လာသည်။ သူ့လူ ကိုဖိုးတုတ်ကို အသေးစိတ် အစီရင်ခံပြီးဖြစ်၍ ဆိုင် သို့ ထူးထူးခြားခြား ရောက်လာသည်။ စစ်ကြောရေးကအကြောင်း တွေ မနားတမ်း တရစပ်ပြောပြသည်။ သူ့ကို သနား၍ ထမင်းလိုက်ကျွေးဖြစ်သည်။ သူက ဆိုင်ပိတ်ချိန် အထိစောင့်ပြီး မြလမ်းထိပ်အထိ လိုက်ပို့ပေးသည်။ နှစ်ယောက်စလုံး၏ရင်ထဲတွင် ထူးခြားသော ခံစား မှုများ စတင်ဖြစ်ထွန်းသောနေ့ တစ်နေ့ ဖြစ်သည်။ ၁၉၉၉ ခုနှစ် စက်တင်ဘာ ၁၆ ရက်။

-၂-

၂၀၁၂ ခုနှစ် ဇူလိုင် ၁၄။ First Eleven အားကစားအယ်ဒီတာချုပ် ဇော်သက်ထွေးနှင့် မေဇော် (ခေါ်) ခိုင်ချိုဇော်ဝင်း တို့ မင်္ဂလာပွဲကို သန္တိသုခကျောင်း၌ စည်စည်ကားကား ကျင်းပခဲ့သည်။ စာပေ၊ ရုပ်ရှင်၊ ဂီတ အသိုင်းအဝိုင်း စုံလင်စွာ တက်ရောက်ချီးမြှင့်ကြသည်။ မေဇော်က သူ့ထက် ၁၃ နှစ်ကြီးသူကို လက်ထပ်ခဲ့ပေ မယ့် ကျေနပ်ပါသည်။ ဘဝက ထင်သလို မခက်ခဲပေ။ သူ့ခင်ပွန်းက ရုပ်ရှင်နယ်ကနေ အားကစား နယ်ပယ် ပြောင်းရွေ့ လုပ်ကိုင်ရသော်လည်း ဂျာနယ်က အောင်မြင်နေသည်။ စောင်ရေတွေ တက်နေသည်။ အိမ်ထောင်ဦး မှာ စူးစူးနစ်နစ် မရုန်းကန်ခဲ့ရ။ နှစ်ယောက်စလုံးက အလုပ်ကိုယ်စီနှင့်။ မေဇော်က MMW စတိုးဆိုင် မှ Living Color Media သို့ ရောက်ရှိသွားသည်။ နှစ်ယောက်တည်းနေတာ ဖြစ်၍ အစီအစဉ်တွေ ရေးဆွဲ ရသည်။ နေရေး စားရေး သောက်ရေးအတွက် ကိုယ့်ကိုယ်ကိုယ် အားကိုး ကြရသည်။ ကိုယ်တိုင် စီမံခန့် ခွဲ ရသည်။ ထို့ကြောင့် အိမ်ထောင်ကျပြီး ၂ နှစ် ကလေးမယူသေးရန် ဆုံးဖြတ်ထားကြသည်။ ရုံးအားရက် တွင် မိဘတွေအိမ် သွားစားကြသည်။ သာယာပျော်ရွှင်စရာကောင်း သော ဘဝအစဟု ပြော၍ ရမည်ထင်ပါသည်။

သို့သော်...။
၂၀၀၃ခုနှစ် ဇူလိုင်လ (၁၄)ရက်တွင် လုံးဝမထင်မှတ်မထားသည့် ကံကြမ္မာဂြိုလ်ဆိုးတစ်ခုသည် ၀င်ရောက် လာခဲ့သည်။ မေဇော် အလုပ်လုပ်ကိုင်နေသော Living Color မဂ္ဂဇင်းရုံးခန်းပေါ်သို့ ထောက် လှမ်းရေးများ ရောက်လာပြီး ဇော်သက်ထွေးနှင့်ပတ်သက်၍ မေးမြန်းစရာရှိသည်ဟုဆိုကာ ခေါ်ဆောင် သွားခဲ့သည်။ ကားပေါ် တွင် မျက်လုံးပိတ်၍ ခေါ်ဆောင်သွားသည့်အတွက် မည်သည့်နေရာသို့ခေါ်သွား သည်ကို မသိ ခဲ့။ တစ်နေ့နှင့် တစ်ညလုံးလုံး မေးခွန်းများကို ဖြေကြားခဲ့ရသည်။
ခင်ပွန်း သည် က ဂျာနယ်လစ်အယောင်ဆောင်ဖောက်ဆွဲ ရေးသမားတဲ့။
နိုင်ငံပြင်ပ ရှိ သောင်းကျန်းသူ အဖွဲ့အစည်းများနှင့် တိတ်တဆိတ် ဆက်သွယ်ပြီး အာဇာနည်နေ့မှာ ဗုံးဖောက်ခွဲ ရန်ကြံစည်သူတဲ့။

မေဇော့်ကမ္ဘာကြီး ချာချာလည်သွားသည်။ အတွေးတွေယောက်ယှက်ခတ်သွားသည်။ မဖြစ်နိုင်။ မည်သည့် နည်းနှင့် မျှ ခင်ပွင်းသည်ဟာ ဖောက်ခွဲဖျက်ဆီးသူ မဖြစ်နိုင်ပါ။
မေဇော့် ကို စစ်ဆေး၍ ဘာအချက်အလက်မှမရသည့်အတွက် နောက်တစ်နေ့တွင် အိမ်ပြန်ပို့ပေးလိုက် သည်။ ခင်ပွန်း သည်နှင့် လုံးဝတွေ့ခွင့်မရခဲ့။ သူ့ကျောက်ကပ် တွင် ကျောက်တည်နေ ၍ ခြေထောက် တွေယောင်နေကြောင်းတော့ သိလိုက် ရသည်။ အိမ်ကိုပြန် လိုက်ပို့ပေးသော ဗိုလ်မှူး တစ်ယောက်နှင့် ကျောက်ကပ်ဆေးထည့်ပေးခွင့် ရလိုက်သည်။ ထို့နောက် ၃လကျော် ၄လနီးပါး ကြာသည် အထိ ခင်ပွန်း သည် အကြောင်း ဘာမှ မကြားရေတော့ပေ။

၂၀၀၃ ခု၊ အောက်တိုဘာလတွင် ဇော်သက်ထွေးပါတရားခံ (၉)ဦးအား အင်းစိန်ထောင်ရှေ့တွင် ရန်ကုန်တိုင်း၊ မြောက်ပိုင်းခရိုင်တရားရုံးမှ ရုံးထုတ် စစ်ဆေးမည်ဖြစ်ကြောင်း အကြောင်းကြား လာသည်။ မေဇော် တို့သားသမီး တရားရုံးသို့ ရောက်သွားသည်။ ၄လခန့် မတွေ့ခဲ့ရသော ခင်ပွန်း မှာ ဖျော့တော့ ပိန်လှီနေသည်။ စွဲဆိုခံထားရသည့်အမှုက နိုင်ငံတော်ပုန်ကန်မှု ၁၂၂(၁)ပုဒ်မဖြစ်သည်။ အစိုးရ က ဇော်သက်ထွေး ပါ တရားခံ ၀ဦးအား သနား၍ အစိုးရစရိတ်ဖြင့် ရှေ့နေ ငှားပေးထား သည်။ မေဇော် က ရှေ့နေထံ အားကိုးတကြီးသွားပြီး အကြံဥာဏ်တောင်း သည်။ ရှေ့နေကလည်း အားပေး ပါသည်။ ဒီအမှု က မလွဲမသေ သေဒဏ်ကျမှာတဲ့။ အရွယ်ငယ်သေး ၍ မေဇော် ကို  ဘ၀သစ်စရန် အကြံပေးသည်။ မေဇော် အရမ်းစိတ်ဆိုးသွားသည်။

သူ့ခင်ပွန်း ဘာတွေလုပ်ခဲ့သလဲဆိုတာ သူမအသိဆုံး။ သတင်းစာထဲတွင် ဖောက်ခွဲရေးသမားအဖြစ် စွပ်စွဲရေးသား ထားတာ တွေ့ရတော့ ရင်ထဲတွင်မချိ။ ကိုဇော်သက်ထွေးက ရန်ပင်မဖြစ်တတ်သူ။ ခုတော့ နိုင်ငံတော် လူကြီးတွေ ကို လုပ်ကြံမည် ဆိုတာလည်း ပါနေသေးသည်။ မေဇော်ရင်ထဲတွင်တော့ မီးတောက်နေ သည်။ မည်သူထံ အကူအညီတောင်းရမည်မသိ။ ကူရာမဲ့ကယ်ရာမဲ့ဘ၀။ မေဇော်တစ်စုံ တစ်ခုဖြစ် မှာ စိုး၍ မိဘတွေက အိမ်မှာလာနေပေးသည်။ မဂ္ဂဇင်းတိုက် က  တစ်နေ့နှစ်ယောက် လာနေ ပေး သည်။ ငိုရလွန်း ၍ မျက်ရည်တွေလည်း ပင်လယ်ဝေပြီ။
အင်းစိန် သို့ ရုံးထွက်သွားလျှင် စားသောက်စရာတွေ ယူခွင့်မပေး။ ချိုချဉ်လေးတစ်ထုပ်၊ သရက်သီး သနပ်လေး တစ်တွဲလောက် သာ ခွင့်ပြုသည်။ ခင်ပွန်းဖြစ်သူ၏ အဖြစ်ကိုလုံးဝမကြည့်ရက်။

လက်နှစ်ဖက်ကို ပူး၍ လက်ထိပ်ခတ်ထားသည်။ အာဟာရဓာတ် မပြည့်ဝ၍ နှုတ်ခမ်းတွေ က ခြောက်သွေ့ကွဲ အက်နေသည်။ မျက်လုံးအစုံက ပြူးထွက်နေပြီး မျက်တွင်းဟောက်ပက်နှင့် မမြင်ဘူး ပေ။ တချို့မော်လမြိုင်က၊ တချို့က ပဲခူးက၊ တချို့က သာယာဝတီက။ ကျန်လူ ၉ယောက်ကို ပူးပေါင်းကြံစည်သူ အဖြစ် ပြည်ထဲရေးဝန်ကြီးက စွပ်စွဲထားသည်။ ဘာမှချေပခွင့်မရှိ။ ဘာမှရှင်းပြခွင့်မရှိ။ ကြိုတင်ရေးသားထားသော ဇာတ်လမ်း တစ်ပုဒ်အဖြစ် ကပြကြရသည်။
၂၀၀၃ ခုနှစ်၊ အောက်တိုဘာ ၂၉တွင် မြောက်ပိုင်းခရိုင်တရားရုံးမှ တရားခံ ၉ ဦးအား စီရင်ချက် ချမှတ်လိုက်သည်။ ဇော်သက်ထွေးပါ တရားခံ ၉ ဦးအား နိုင်ငံကို စစ်မက်ဖက်ပြိုင်ရန် ကြံစည်မှုဖြင့် သေဒဏ်ချမှတ်လိုက်သည်။ မေဇော် ကြားကြားချင်း အသိကင်းမဲ့ သွားသည်။ ကျောက်ဆစ်ရုပ် တစ်ရုပ် လို ငြိမ်သက်လို့ရပ်နေမိသည်။ ဘေးမှပါလာသည့် အဒေါ်က ပခုံးကိုလှုပ်ခါရင်း နှစ်သိမ့်ဖျောင်းဖျနေ သည်။ သေဒဏ် ဆိုတော့ ဘယ်လိုရင်ဆိုင်ရမလဲ။

ချက်ချင်းသတ်ပစ်ကြမှာလား။ ဘယ်လို အယူခံဝင်ရဦးမှာလား။ အယူခံပယ်ခဲ့ရင် ဘယ်လိုမျှော်လင့်ရ တော့မလဲ။ မသတ်ခဲ့ရင်လည်း ထောင်ထဲမှာ နှစ်ရှည်လများ ထောင်ကျခံရတော့မှာ သေချာနေပါသည်။ မေဇော်မှာ ငိုစရာ မျက်ရည် မကျန်တော့။ နှလုံးသားမှာလည်း နာကျန်လွန်း၍ ထုံကျင်နေပါပြီ။ စိတ်၏ အတက်အကျ ဝမ်းနည်းခြင်း၊ ဝမ်းသာခြင်းများ မဖြစ်တော့။
ညတိုင်း ပုတီးစိပ် ဘုရားရှိခိုးသည်။ ကိုဇော်သက်ထွေး၏ မျက်နှာကို မြင်ယောင်ကြည့်ကာ မေတ္တာပို့သည်။ အမျှဝေ သည်။ သစ္စာဆိုသည်။ မိဘတွေကို လုပ်ကိုင်ကျွေးမွေးနေသည့် ဇနီးမောင်နှံဖြစ် ခဲ့ပါလျက် ကံကြမ္မာဂြိုဟ်ဆိုး က နှောင့်ယှက်ဖျက်ဆီးသည်။ မည်သို့မှ မဖြေသာခဲ့။

သေဒဏ်ကျသွားတော့ မေဇော့်အတွက် ဖြေသိမ့်စရာတစ်ခုတော့ ထွက်လာပါသည်။ နှစ်ပတ်တစ်ခါ အင်းစိန်ထောင် ၌ ထောင်ဝင်စာတွေ့ခွင့် ရလာခြင်းဖြစ်သည်။ အနည်းဆုံး ၁၄ ရက်တစ်ခါ ခင်ပွန်းသည် မျက်နှာကို တွေ့ရသည်။ သူစာချင်တာကို ကျွေးခွင့်ရလာသည်။ သေဒဏ်ကျအကျဉ်းသား တွေက တနင်္ဂနွေနေ့မှာတွေ့ရ သည်။ ကိုဇော်သက်ထွေးက လိမ္မော်ရောင်ဝမ်းဆက် ဝတ်ဆင်ထားရ သည်။တစ်ယောက်နှင့် တစ်ယောက် ထောင်ဝင်စာမှာ ပထမဆုံးတွေ့သည့်နေ့က ဖြေသိမ့်စရာ စကားလုံးရှာမရ။ ခင်ပွန်း ကလည်း တစ်နေ့ထွက်လာမှာပါဟု မပြောပါ။ ကိုကိုဘာမှမလုပ်ဘူး ဆိုတာ ကိုပဲ ပြောသည်။ မေဇော်ကလည်း စကားပြောဖို့ ကြိုးစားသည်။ နှုတ်ခမ်းတွေသာ လှုပ်လာပြီး အသံက မထွက်။ နောက်ဆုံး ဘုရား၊ တရားကိုသာ လုပ်ခိုင်းသည်။

ဘာမှမဖြစ်သည့် မျက်နှာဟန်ပန်ဖြင့် နောက်တစ်ပတ် ဘာစားချင်သလဲဆိုတာကိုမေးသည်။ မေးသာမေးရသည်။ တစ်နှစ်သာ ဇနီးကိုပေါင်းရပြီး သေဒဏ်ကျသွားသည့် ယောက်ျားက အစားအစာတွေအကြောင်း မတွေးတောနိုင်မှာကို လူတိုင်း သိကြပါသည်။
ခင်ပွန်းသည် မရှိသည့်နောက် အလုပ်တွင် စိတ်ကိုမြှုပ်နှံထားသည်။ ဘာသာတရားကို ပိုပြီးလေးလေး နက်နက် သဘောပေါက်လာသည်။ တခြားလူတွေ၏ ဒုက္ခ၊ သောကကို ပိုပြီးစာနာနားလည်တတ် လာသည်။ အရင်ကလို စကားတွေအများကြီး မပြောချင်တော့။ လိုအပ်သလောက်သာပြောသည်။ မတတ်နိုင်တာတွေကို ဥပေက္ခာပြု လိုက်သည်။ သေကွဲကွဲရတာထက် ရှင်ကွဲကွဲသည့် ဒုက္ခက ပိုကြီးမားသည် ဟု ပြောကြသော်လည်း မေဇော်နေတတ်သွားပါပြီ။ သို့သော် ခင်ပွန်းဖြစ်သူနှင့် တစ်နေ့နေ့ တွင် ပြန်လည်ဆုံတွေ့ရမည်ဆိုသည့် ယုံကြည်ချက်ကတော့ မှေးမှိန်မသွားခဲ့။ ထုထည်ကြီးမားပြီး ခိုင်ခိုင်ခံ့ခံ့ ရှိသည်။ တစ်နေ့နေ့တွင် တရားမျှတမှုက အောင်ပွဲခံပါလိမ့်မည်။

မေဇော်ကြားကြားချင်း အသိကင်းမဲ့သွားသည်။ ကျောက်ဆစ်ရုပ်တစ်ရုပ်လို ငြိမ်သက်လို့ ရပ်နေမိ သည်။ သေဒဏ် ဆိုတော့ ... ၂၀၀၄ခုနှစ် မေလ (၁၃)ရက်တွင် မေဇော်ထံသို့ သတင်းတစ်ခု ရောက်လာသည်။ ခင်ပွန်းဖြစ်သူနှင့် ကျန်တရားခံ (၈) ဦး အား အမှုမခိုင်လုံ၍ သေဒဏ် မှ ထောင်ဒဏ်အသီးသီး သို့ ပြောင်းလဲပေး လိုက်သော သတင်းဖြစ်သည်။ ကြားကြားချင်း မေဇော် စိတ်လှုပ်ရှားမှုဖြင့် စိုးရိမ်နေသေး သည်။ ထောင်ဒဏ် ကရော ဘယ်လောက်ဖြစ်မှာလဲ။ တစ်သက်တစ်ကျွန်း လား နှစ် ၃၀နှင့် ညီမျှသောကကြီးကျွန်း လား။ နှစ်အစိတ်နှင့် ညီမျှသော ခကွေးကျွန်း လား။ နှစ်နှစ်ဆယ်နှင့် ညီမျှသော ဂငယ်ကျွန်းလား။

နောက်ဆုံးကြားသိရသည်က ထောင်ဒဏ် ၃ နှစ် မည်သို့ပင်ဖြစ်စေ မျှော်လင့်ချက်ရောင်ခြည်ဦးကို မြင်တွေ့ရပြီ။ သစ္စာတရား က စူးရှထိရောက်ပြီထင့်။ သုံးနှစ်ဆိုသည့် ခရီးလမ်းကိုတော့မမှု။ ဘယ်လိုဖြစ်ဖြစ် လျှောက်နိုင် ပါပြီ ထောင်ဝင်စာ သွားတော့ သူ့ကိုကျက်သရေရှိစွာ အဖြူရောင်ဝမ်းဆက် နှင့် မြင်ရသည်။ ဇော်သက်ထွေးထံမှ စကားတွေ အများကြီး ထွက် ကျလာသည်။
အိမ်မက်တွေ၊ မျှော်လင့်ချက်တွေ၊ မေဇော်လည်း ပျော်နေပါသည်။ သို့သော် သတိနှင့်အသိကတော့မ လွတ်။ လူ့ဘဝ ၏ ကျီစယ် လှည့်စားတတ်ပုံများကို ကောင်းကောင်းကြီး နားလည်သဘောပေါက်သွား သည်။

ထောင်ခရီးကြမ်းကို ဇော်သက်ထွေးတစ်ယောက် အကြာကြီး မလျှောက်လိုက်ရပါ။ သေဒဏ်ကျပြီး ၁၇ လအကြာ တွင် ထောင် မှ အပြီးအပြတ် လွှတ်ပေးခဲ့သည်။ တာဝန်ရှိသူတွေက ကားဖြင့် အိမ်အထိ လိုက် ပို့ပေးသည်။ တိုက်ခန်း ကို လိုက်လာပြီး တံခါးခေါက်လိုက်တော့ မေဇော် တံခါးလာဖွင့်သည်။ တံခါးဝမှာရပ်နေသူ ခင်ပွန်း သည် ကိုကြောင်ပြီး ရပ်ကြည့်နေသည်။ ပြုံးပြလိုက်သောအခါမှ အသိဝင်လာပြီး ဒူးတွေညွှတ်ခွေကျသွားသည်။ ဒါသည် အိမ်မက် မဟုတ်။
တစ်နှစ်မျှသာပေါင်းသင်း လိုက်ရသော ခင်ပွန်းသည်မှာ သေဒဏ်ကျပြီး ၁၇လ၊ ၁၇ရက်အကြာတွင် သူချစ်ခင်မြတ်နိုးသော မိသားစု ရင်ခွင် သို့ ပြန်လည်ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။

လူဟူသမျှ ဝမ်းနည်းခြင်း၊ ဝမ်းသာခြင်း၊
ကြားကြားချင်း မေဇော် စိတ်လှုပ်ရှားမှုဖြင့် စိုးရိမ်နေသေးသည်။ ထောင်ဒဏ်ကရော ဘယ်လောက်ဖြစ်မှာလဲ
ပျော်ရွှင်ခြင်း ၊ကြေကွဲခြင်းများ ရှိပါသည်။ သံယောဇဉ် ချစ်ခြင်းမေတ္တာဆိုသည်မှာလည်း ရယူခြင်း၊ ပေးဆပ်ခြင်း များ ရှိစမြဲ ဖြစ် ပါသည်။
 အကယ်၍ မေဇော်သည် နိုင်ငံရေးကို စိတ်ဝင်စားသော ခင်ပွန်းဖြစ်သူကြောင့် မျက်ရည် ပင်လယ် ဝေခဲ့သည်ဆိုပါလျှင် ဇော်သက်ထွေးအပေါ်ချစ်ခဲ့သော မေတ္တာတရားသည် သမုဒ္ဒရာမက ကြီးမားပေ လိမ့်မည်။ ဤအရာသာလျှင် အခက်အခဲ အတားအဆီးများကို ထာဝရ ကျော်လွှားအနိုင်ယူနိုင်ပေ လိမ့်မည်။

မှတ်ချက်။    ။
မေဇော်(ခ) မခိုင်ချိုဇော်ဝင်းတင်သည် ၂၀၀၇ ခုနှစ် ဧပြီ (၁၉) ရက်နေ့တွင် ဘုံဘုံဟုခေါ်သည့် သမီးငယ် ကိုမွေးဖွားခဲ့ပြီး သမီးအခါလည်သာသာတွင် ခင်ပွန်းဖြစ်သူ ကိုဇော်သက်ထွေးမှာ နာဂစ်မုန်တိုင်း ကယ်ဆယ် ထောက်ပံ့ရေး လှုပ်ရှားမှုများကြောင့် တတိယအကြိမ် ထောင်ကျပြီး အီလက်ထရောနစ် အက်ဥပဒေ ၃၃ (က)ဖြင့် ထောင်ဒဏ် ၁၉ နှစ် အပြစ်ပေးခံခဲ့ရသည်။
ခင်ပွန်းဖြစ်သူ မှာ ရှမ်းပြည်နယ် တောင်ကြီးထောင်သို့ ပြောင်းရွှေ့ခြင်းခံခဲ့ရပြီး ၂၀၁၂ ခုနှစ်၊ ဇန်နဝါရီလ (၁၃) ရက် ပြန်လည်လွတ်မြောက်လာသည်အထိ ထောင်ထဲတွင် ၄ နှစ်နီးပါး နေထိုင်ခဲ့ရသည်။ ယင်းအချိန် ကာလများတွင် မေဇော်သည် သမီးဘုံဘုံနှင့်အတူ လောကဓံကို လက်တွဲရင်ဆိုင်ကာ ခင်ပွန်းဖြစ် သူ ပြန်လည်လွတ်မြောက်လာမည့်နေ့ကို ကြံ့ကြံ့ခံ ရပ်တည်ရင်း စောင့်မျှော်ခဲ့သည်။
 ယခုအခါ ကိုဇော်သက်ထွေးနှင့် မေဇော်တို့ မိသားစုသည် ဗဟန်းမြို့နယ်၊ ဗိုလ်စိန်မှန် ရပ်ကွက် တွင် ပျော်ရွှင်စွာနေထိုင် လျက်ရှိသည်။

ပြီးပါပြီ
 ချောချောစု
Real lives Real story  vol:11 (2012)
 .
>>>ဆက်ဖတ်ရန်>>> >>