Showing posts with label ဝင်းဖေဝင်း ဘာသာပြန် စိန်မင်းသမီး အဆက် အပြိုင်အဆိုင်အနိုင်. Show all posts
Showing posts with label ဝင်းဖေဝင်း ဘာသာပြန် စိန်မင်းသမီး အဆက် အပြိုင်အဆိုင်အနိုင်. Show all posts

Friday, January 27, 2012

ဝင်းဖေဝင်း ဘာသာပြန် စိန်မင်းသမီး အဆက် အပြိုင်အဆိုင်အနိုင်, အပိုင်း (၆၂) (ဇာတ်သိမ်း)

(၆၂)

တာရာသည် ရှာဆာဘေး၌ ရပ်နေသည်။ ဟော့တင်ကော့ ဟော်လန်မဲဆန္ဒနယ်၏ မဲစာရင်းများ အရှုံးအနိုင် ကြေညာရေး အတွက် မဲပြားရေတွက်နေစဉ် စောင့်နေကြခြင်းဖြစ်သည်။
ခန်းမကြီး တစ်ခုလုံး စိတ်လှုပ်ရှားတက်ကြွနေသော လူပရိသတ်နှင့် ပြည့်နေသည်။ ရယ်မောကြ သီချင်းဆို ကြ နှင့် ရှိနေသည်။ အမျိုးသားရေးပါတီမှ အမတ်လောင်းသည် ခန်းမကြီး၏ အခြားတစ်ဘက်၌ ရပ်နေသည်။ သူ့ဘေးတွင် သူ့ဇနီးအရပ်ရှည်ရှည် ထောင်ထောင်မောင်းမောင်းနှင့် မိန်းမချောက ရပ် နေသည်။

ယူနိုက်တက်ပါတီမှ စည်းရုံးရေးမှူးတစ်ဦးက ရှာဆာ ကို တယ်လီဖုန်းလာနေကြောင်း လာပြောသည်။ ရှာဆာ မှာ အမျိုးသား မဲဆန္ဒရှင်တစ်စုနှင့် စကားကောင်းနေသဖြင့် သူ့ကိုယ်စား တာရာ က လိုက် သွားသည်။ စက္ကန့်ပိုင်း အတွင်း သူမ ပြန်ရောက်လာသည်။ သူမ၏ မျက်နှာအမူအရာပျက်နေသည်ကို တွေ့ လိုက်ရသော အခါ ရှာဆာသည် စကားဝိုင်းမှ စကားဖြတ်ပြီး သူ့ဇနီးအနားသို့ ရောက်လာကာ မေးလိုက် သည်။
" ဘာဖြစ်တာလဲဒါလင် … မင်းမျက်နှာ ကြည့်ရတာ တစ္ဆေသူရဲ တွေ့ရသလိုပဲ "
" ထရန်စဗယ် ကနေ တယ်လီဖုန်းလှမ်းဆက်တာ၊ ဆရာကြီးလေ … ၀န်ကြီးချုပ်စမတ် သူ့မဲဆန္ဒနယ်မှာ ရှုံး သွားပြီး၊ အမျိုးသားရေး ၀ါဒီအမတ် က အနိုင်ရသွားတယ် "

" အလို ဘုရားရေ … အံ့သြစရာကြီးပါလား၊ ၀န်ကြီးချုပ်စမတ် အဲဒီမဲဆန္ဒနယ်မှာ အမတ်ဖြစ် အနိုင် ရ လာခဲ့တာ ၂၅ နှစ်တောင်ရှိခဲ့ပြီ၊ အခုတော့ သူ့ကို မဲဆန္ဒရှင်တွေက စွန့်ပစ်လိုက်ကြပြီပေါ့ "
" ဗြိတိသျှ တွေကတောင် ၀င်စတန်ချာချီ ကို စွန့်ပစ်လိုက်ကြသေးတာပဲ၊ သူတို့က သူရဲကောင်းတွေကို မလို ချင်တော့ဘူး မဟုတ်လား၊ တာရာက သူ့အမြင်ကို ပြောလိုက်သည်။
" ဒါဟာ အရိပ်လက္ခဏာ ပဲ၊ စမတ်သွားပြီဆိုရင် တို့လဲ သူနဲ့ အတူသွားရလိမ့်မယ်" ရှာဆာက ညည်းတွား လိုက်သည်။

ဆယ်မိနစ်ခန့်အကြာတွင် တယ်လီဖုန်း ထပ်လာဖြစ်သည်။ ဗိုလ်မှူးကြီး ဘလိန်းမယ်လကွန် လည်း သူ့ မဲဆန္ဒ နယ်တွင် မဲအရေအတွက် တစ်ထောင်ခန့်ပြတ်ပြီး ရှုံးသွားကြောင်း ထပ်မံ သိရသည်။
" မဲတစ်ထောင် ဟုတ်လား၊ ဒါဖြင့် မဲအရေအတွက် ဆယ်ရာခိုင်နှုန်းဟိုဘက်ရောက်သွားတာပေါ့၊ ဒီမှာ ကော ဘယ်လိုဖြစ်မလဲ စောင့်ကြည့်ရတာပေါ့ " ရှာဆာက ပြောလိုက်သည်။
မဲရေတွက်ရေး အရာရှိက ခန်းမထိပ်ရှိ စင်မြင့်ပေါ်သို့ တက်လာသည်။ သူ့လက်ထဲတွင် မဲအရှုံးအနိုင် အရေ အတွက် စာရင်းပါလာသည်။ ပရိသတ်က ငြိမ်သွားပြီး ရှေ့သို့ စိတ်ဝင်တစားတိုးလာသည်။
" ဂုဏ်သရေ ရှိ အမျိုးသမီးများနှင့် လူကြီးမင်းများခင်ဗျား၊ ဟော်တင်ကော့ဟော်လန်မဲဆန္ဒနယ်ရဲ့ မဲအရေ အတွက်စာရင်း ကို ကြေညာပါမယ်ခင်ဗျား။ မင်းဖရက်ဒီလာရေး၊ အမျိုးသားရေးပါတီ ၃၁၂၆ မဲ၊ ရှာဆာကုတ်နေ၊ ယူနိုက်တက်ပါတီ ၂၀၁၂ မဲ၊ ကလောက်ဆင်မဆမ်၊ တစ်သီးပုဂ္ဂလ ၁၉၆ မဲတို့ဖြစ်ပါတယ် ခင်ဗျား "
မင်းဖရက်နိုင်သွားပြီ။ ရှာဆာ မဲတစ်ထောင်ကျော် ပြတ်၍ ရှုံးသွားသည်။

တာရာက ရှာဆာ့လက်ကို ဆွဲပြီး ခန်းမကြီးထဲမှ ထွက်လာသည်။ ပစ်ကပ်ကားရပ်ထားရာသို့ တန်းပြီး လျှောက် သွားသည်။ ကားရှေ့ခန်းတွင် နှစ်ဦးသား ဘေးချင်းယှဉ်ပြီး ထိုင်လိုက်ကြသည်။ ယာဉ်မောင်း နေရာ ၌ ထိုင်သော တာရာသည် ကားစက်ကို မနှိုးသေးပေ။ သူတို့နှစ်ယောက်စလုံး စိတ်ချောက်ချား တုန်လှုပ်နေကြသည်။
" ကျွန်မ တော့ မယုံကြည်နိုင်အောင် ဖြစ်နေပြီ "
တာရာ က ခပ်တိုးတိုးပြောလိုက်သည်။

" ပြေးနေတဲ့ မီးရထားကြီးကို စီးရသလို ငါတော့ဖြစ်နေတယ်၊ ရှည်လျားမည်းမှောင်တဲ့ လိုဏ်ခေါင်းထဲကို ၀င်ဖို့ ရထားကြီးက ဦးတည်နေပြီ၊ လွတ်မြောက်ဖို့လဲ နည်းမရှိ၊ ရပ်တန့်ဖို့လဲ လမ်းမရှိဖြစ်နေပြီ၊ သနားစရာ ကောင်း တဲ့ တောင်အာဖရိကပဲ၊ အနာဂတ်မှာ ဘာတွေဖြစ်လာမယ်ဆိုတာ ဘုရားသခင်မှသိတော့မှာပဲ "
ရှာဆာက ညည်းတွားကာ ပြောကြားလိုက်သည်။

မိုးဆက်ဝမ်မာဘေးတွင် လူအများဝိုင်းနေသည်။ သွတ်ပြားများကာထားသော အခန်းကျဉ်းကလေးတွင် သူတို့ နှင့် ပြည့်ကျပ်နေသည်။ သူတို့သည် မိုးဆက်၏ အစောင့်တပ်သားများဖြစ်သည်။ ဆ၀ပ်ဟင်းဒရစ် သည် သူတို့၏ အကြီးအကဲဖြစ်သည်။
အခန်းထဲ တွင် ရေနံဆီ မီးအိမ်ကလေးသာ ထွန်းထားသည်။

" ဘိုဝါးမျိုးနွယ်ဆက်တွေ တစ်နိုင်ငံလုံးမှာ အနိုင်ရသွားကြရဲ့ လောဘဒေါသမောဟတွေက တစ်နေ့ သူတို့ကို ပြန်ဖျက်ဆီးလိမ့်မယ်၊ အခု သူတို့ လူဖြူအချင်းချင်း အားပြိုင်ကြတယ်၊ အနိုင်ရသွားတဲ့ ဘိုးဝါတွေ ဟာ အပါသိုက်လို့ ခေါ်တဲ့ လူမျိုးခွဲခြားရေးဝါဒီတွေပဲ၊ ဒီမြေဒီရေ မှာ အာဖရိကန်နား ဆိုတဲ့ သူတို့ အာဖရိကား လူမျိုးတွေသာ ကြီးစိုးခြယ်လှယ်ချင်ကြတဲ့သူတွေ၊ နောက်တစ်ကြိမ်မှာတော့ သူတို့နဲ့ ငါတို့ တိုင်းရင်းသား လူမည်း တွေ ရင်ဆိုင်ကြရလိမ့်မယ်၊ ခရီးလမ်းကရှည်မယ်၊ ကြာမယ်၊ ခက်ထန်မယ်၊ သွေးချောင်း စီးကောင်း စီးလိမ့်မယ်၊ ဒါပေမယ့် အနာဂတ်ကို ငါတို့ပိုင်တယ် "
မိုးဆက် က ရွေးကောက်ပွဲရလဒ်ပေါ်မူတည်ပြီး သူ၏ ဒဿနနှင့် သုံးသပ်ချက်ကို သူ့လူများအားရှင်းပြနေ သည်။

တောင်အာဖရိကနိုင်ငံ၏ တရားရေးဌာန ဒုတိယ၀န်ကြီးသစ်သည် သူ့ရုံးခန်းမှ ထွက်လာပြီး ၀န်ကြီး၏ ရုံးခန်း သို့ ဦးတည်သွားနေသည်။ သူက တံခါးခေါက်လိုက်သည်။ " ၀င်ခဲ့ " ဟူသော အသံကြားမှ တံခါးကို အသာလေး တွန်းဖွင့်ပြီး ၀င်သွားသည်။
အပြင်ဘက် ၌ မှောင်စပြုနေပြီ။ ရုံးခန်းများ၌ မီးများထွန်းထားသည်။ ဒုတိယ၀န်ကြီး မင်းဖရက်ဒီလာရေး အခန်း ထဲသို့ ရောက်သွားသည်။ ၀န်ကြီး ချားလ်ရောဘတ်ဆ၀ပ် သည် သူ့ရှေ့စားပွဲ၌ ခန့်ခန့်ကြီး ထိုင်နေသည်။

" မင်းဖရက် … ရော့ ဟောဒါကတော့ မင်းကို ငါပေးမယ်လို့ ကတိပေးထားတဲ့ လက်ဆောင်ကလေးပေါ့ကွာ "
" တောင်အာဖရိက ပြည်ထောင်စု" ဟု ဖောင်းကြွစာလုံးဖြင့် ရိုက်ထားသည့် စာအိတ်တစ်လုံးကို ၀န်ကြီးက ကောက် ယူပြီး မင်းဖရက်အား အပြုံးဖြင့် လှမ်းပေးလိုက်သည်။
" ကျွန်တော် ဘယ်လောက် ကျေးဇူးတင်တယ်ဆိုတာ မဖော်ပြနိုင်လောက်အောင်ပါပဲ ၀န်ကြီးခင်ဗျား၊ ၀န်ကြီး အပေါ်မှာ သစ္စာရှိခြင်း၊ အလုပ်ကြိုးစားခြင်းတို့နဲ့ ကျွန်တော် ၀န်ကြီးကျေးဇူးကို တုံ့ပြန်ပါမယ် ခင်ဗျား မင်းဖရက် က စာအတ်ကို လှမ်းယူရင်း ပြောလိုက်သည်။

မင်းဖရက်သည် သူ့ရုံးခန်းသို့ ပြန်ရောက်သောအခါ စာအိတ်ကို ဖောက်လိုက်သည်။ အထဲမှ စာရွက်ခေါက် ကို ထုတ်ပြီး ဖွင့်ဖတ်လိုက်သည်။ စာမှာ ရာဇ၀တ်မှု အမျိုးမျိုးဖြင့် ထောင်ဒဏ်တစ်သက်ကျခံနေရသော လိုသာဒီလာရေး အား လွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်သောစာဖြစ် သည်။
မင်းဖရက်သည် စာရွက်ကို ပြန်ခေါက်ပြီး စာအိတ်ထဲ ပြန်ထည့်လိုက်သည်။ မနက်ဖြန်တွင် ဤ လွတ်ငြိမ်းချမ်း သာခွင့် အမိန့် ကို ထောင်ပိုင်ကြီးအား မိမိကိုယ်တိုင်သွားပေးမည်။ ဖခင်၏ လက်ကို မိမိကိုယ်တိုင် ဆွဲပြီး ဖခင် အား သူရိယ နေမင်းကြီး၏ သဘာဝအလင်းရောင်အောက်သို့ ခေါ်ထုတ် လာမည်။

မင်းဖရက် ထိုင်ရာမှထလိုက်ပြီး မီးခံသေတ္တာဆီသို့ လျှောက်သွားသည်။ ကြီးမား လေးလံသော တံခါးကြီး များ ကို နံပါတ်နှင့်သော့များ ဖြင့် ခတ်၍ ဖွင့်လိုက်သည်။ မီးခံသေတ္တာထဲမှ အပေါ်ဆုံး စင်ပေါ်တွင် ဖိုင်တွဲ သုံးခုရှိ သည်။ ထိုဖိုင်တွဲများကို ယူလာပြီး သူ့စားပွဲပေါ်တွင် ပြန်လာထိုင်သည်။ ဖိုင်တွဲတစ်ခုမှာ စစ်ထောက်လှမ်းရေး မှ ဖြစ်သည်။ ဒုတိယဖိုင်တွဲမှာ စီအိုင်ဒီဌာနချုပ်မှဖြစ်သည်။ တတိယဖိုင်တွဲမှာ သူ၏ တရားရေး ဌာနမှ ဖြစ်သည်။

ထိုဖိုင်တွဲများ အားလုံး သူ့ဆီရောက်လာရန်နှင့် ထိုဖိုင်တွဲများ ရှိခဲ့ကြောင်း မှတ်တမ်းများ မှတ်ပုံတင် စာရင်းမှ ကွယ်ပျောက်ဖယ်ရှား သွားစေရန် မင်းဖရက်အချိန်ယူပြီး ဂရုတစိုက်စီစဉ်ခဲ့ရသည်။
" ဓားဖြူ" နှင့် ပတ်သက်၍ ဤဖိုင်တွဲသုံးခုသာလျှင် မှတ်တမ်းဟူ၍ရှိသည်။

မင်းဖရက်သည် အချိန်ယူ၍ ဖိုင်တွဲတစ်ခုချင်းကို အသေးစိတ်ဖတ်သည်။ ဖတ်၍ပြီးသွားသောအခါ အချိန်မှာ ညသန်းခေါင် ကျော်နေပေပြီ။ အိုလံပစ်ရွှေတံဆိပ်ရှင်၊ ယခု တရားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး မင်းဖရက် ဒီလာရေး နှင့် ဓားဖြူတို့ ဆက်စပ်မှုရှိသည်ဟူ၍ ဘယ်ဖိုင်တွင်မှ ဘယ်သူကမှမရေးခဲ့၊ ဘယ်သူမှ မသိ ခဲ့ကြောင်း ကို မင်းဖရက်သိမြင်လာရသည်။
မင်းဖရက် သည် ထိုဖိုင်တွဲသုံးတွဲကို ကောက်ယူပြီး ရုံးခန်းအပြင်သို့ ထွက်သွားသည်။ စာရွက်စာတမ်းများ မီးရှို့ ဖျက်ဆီး သောစက် ကို ခလုတ်ဖွင့်လိုက်သည်။ ထို့နောက် ဖိုင်တွဲမှစာရွက်များကို တစ်ရွက်ချင်း ထုတ်၍ တစ်ရွက်မကျန်ပြာ ဖြစ်သွားအောင် မီးရှို့စက်ထဲထည့်ပြီး ရှို့ပစ်လိုက်သည်။

" တကယ်တော့ သစ္စာဖောက်မတစ်ယောက်ရှိခဲ့တာ ငါအခုမှ သိရတာပဲ၊ ငါသစ္စာဖောက်ခံခဲ့ရတယ်၊ အမျိုး သမီး တစ်ယောက်၊ ခပ်ငယ်ငယ်အမျိုးသမီးတစ်ယောက်တဲ့၊ အာဖရိကန်နား စကားပြောတယ်တဲ့၊ သူအကုန် သိနေတာပဲ၊ ပရီတိုးရီးယားမှ လက်နက်တွေ ခိုးထုတ်တာကနေပြီး တောင်ပေါ်မှာ ချုံခိုတိုက်ခိုက် တာ အထိ သိနေတာပါပဲလား၊ အားလုံးကို သိနေတဲ့ အမျိုးသမီးလေးတစ်ယောက်တော့ ရှိနေပြီ"
သူမ ကို အပြစ်ဒဏ်ခတ်ရမည့် အချိန်တော့ ရောက်လာလိမ့်မည်။

သို့သော် မင်းဖရက်က အလျင်စလိုမလုပ်၊ ပေးဆပ်စရာ ကြွေးများ၊ အထာကျအောင် လုပ်စရာများ အများအပြား ရှိနေသေးသည်။
နောက်ဆုံးစာရွက်ပြာကျသွားသောအခါ မင်းဖရက်သည် အခန်းတံခါးပိတ်ပြီး သူ့အတွက် အစိုးရ က ပေးထားသော အနက်ရောင်ဖို့ဒ်ဆီဒင်ကားကြီး ဆီသို့ ဆင်းလာခဲ့သည်။ အစိုးရက ပေးထားသော ၀ါတာလု့ဖ် သီးသန့် ရပ်ကွက်မှ သူ့နေအိမ်သို့ ပြန်လာခဲ့သည်။ အပေါ်ထပ်အိပ်ခန်းထဲသို့ သူ တက်သွားသော အခါ အိပ်ပျော်နေ သော ဟိုင်ဒီ မနိုးအောင် ခြေဖွနင်းလိုက်သည်။ ဟိုင်ဒီသည် ကိုယ်ဝန် ရှိလာပြန်ပြီ ဖြစ်ရာ အိပ်ရေး၀၀အိပ်ဖို့ လိုသည်။

အမှောင်ထုထဲ၌ မင်းဖရက် လဲလျောင်းနေသည်။ အိပ်လို့မပျော်၊ စဉ်းစားစရာတွေ အများကြီးရှိသည်။ စီစဉ် လုပ်ကိုင်စရာ တွေ အများကြီးရှိသည်။ အမှောင်ထုထဲ၌ပင် သူပြုံးလိုက်ပြီး တွေးလိုက်သည်။
" နောက်ဆုံးတော့ ငါ့လက်ထဲမှာ အာဏာဆိုတဲ့ ဓား ရောက်လာပြီ၊ ဘယ်သူတွေဟာ အနှိမ်ခံ တွေလဲ၊ အပယ်ခံ တွေလဲဆိုတာ ကြည့်ကြသေးတာပေါ့ "

ပြီးပါပြီ

ကျွန်တော်၏စာဖတ်ပရိသတ်ကြီး ရွှင်လန်းချမ်းမြေ့ပါစေ။
ဝင်းဖေ၀င်း
.
>>>ဆက်ဖတ်ရန်>>> >>

Thursday, January 26, 2012

ဝင်းဖေဝင်း ဘာသာပြန် စိန်မင်းသမီး အဆက် အပြိုင်အဆိုင်အနိုင်, အပိုင်း (၆၁)

(၆၁)

ရွေးကောက်ပွဲနီးလာသည်နှင့်အမျှ မဲဆွယ်ပွဲများအပြိုင်အဆိုင် ဖြစ်လာသည်။ ရှာဆာသည် မဲဆွယ် ဟောပြောပွဲ တစ်ခုတွင် ပရိသတ်လှောင်ပြောင်ခံခဲ့ရသည်။ စတင်ဒါ ဦးဆောင်သော ပြိုင်ဘက်အဖွဲ့၏ ဒုက္ခပေးခြင်း ကို လှလှကြီးခံရခဲ့ရပြီး ပွဲပျက်ကာ သေပြေးရှင်ပြေး ပြေးလာရသည်။
နိုင်ငံတစ်ဝှမ်းတွင် အမျိုးသားရေးပါတီကို ထောက်ခံအားပေးသူများသည်ထက်များလာနေသည်။ လက်ရှိဝန်ကြီးချုပ်စမတ်၏ ဗြိတိသျှနှင့် ဓနသဟာယ လိုလားသော ယူနိုက်တက် ပါတီအား လူကြိုက်နည်း သည်ထက် နည်းလာသည်။ စမတ်ပါတီဘက်မှ လူအများပင် အမျိုးသားရေး ပါတီကို ကူးပြောင်းအားပေး ကြသည်။
ရွေးကောက်ပွဲ ကျင်းပရန် သုံးရက်အလိုတွင် စင်တိန် သည် သူမအိမ်သစ်ရှေ့ရှိ ပန်းခြံထဲ၌ မာလီများအား ပန်းပင် စိုက်ခိုင်းကာ သူကိုယ်တိုင်က ကြီးကြပ်ကွပ်ကဲနေသည်။ သူမ၏ အတွင်းရေးမှူးက အိမ်ပေါ်မှ သုတ်သုတ်ပျာပျာ ဆင်းလာပြီး ပြောသည်။

" မစ္စတာဒတ်ဂန်ရောက်နေပါတယ် မဒမ် "
အင်ဒရူးဒတ်ဂန်သည် အင်္ဂလိပ်ဘာသာဖြင့် ထုတ်ဝေသော စောင်ရေ အများဆုံး သတင်းစာကြီး " ကိပ်အာဂတ်စ်" ၏ အယ်ဒီတာဖြစ်သည်။ စင်တိန်၏ မိတ်ဆွေကောင်း တစ်ယောက်ဖြစ်ပြီး အိမ်သို့ မကြာခဏ လာတတ်သူဖြစ်သည်။ သို့သော် ယခုကဲ့သို့ ကြိုတင် အကြောင်းမကြားဘဲ လာခြင်းမျိုးကိုမှ စင်တိန် သဘောမကျပေ။ သူမဆံပင်များက ပွရောင်းနေပြီး မျက်နှာတွင် မိတ်ကပ်မရှိဘဲ ချွေးစို့နေသည်။
" ငါမအားဘူး လို့ ပြောလိုက် " စင်တိန်က အမိန့်ပေးလိုက်သည်။

" မစ္စတာဒတ်ဂန် က တောင်းပန်လိုက်တယ်၊ သိပ်အရေးကြီးတဲ့ကိစ္စအတွက် ချက်ချင်းတွေ့မှ ဖြစ်မှာမို့လို့ပါ တဲ့၊ သေရေးရှင်ရေး အဖြစ် အရေးကြီးတဲ့ ကိစ္စပါလို့ သူက ပြောပါတယ် မဒမ် "
" ဒါဖြင့် ကောင်းပြီ … ငါအခု ငါးမိနစ်အတွင်း လာခဲ့မယ်လို့ သွားပြောလိုက် "
စင်တိန် အ၀တ်အစားလဲသည်။ မျက်နှာကို ပေါင်ဒါအနည်းငယ်တို့ပြီး အင်ဒရူးဒတ်ဂန့်ရှိသော အိမ်ရှေ့ခန်း ထဲသို့ ၀င်သွားသည်။ ဒတ်ဂန်သည် ပြတင်းပေါက်မှနေ၍ အတ္တလန္တိတ်သမုဒ္ဒရာကြီးဆိသို့ လှမ်းမျှော်ကြည့် နေသည်။ စင်တိန် က သူ့အား ၀တ်ကျေတန်းကျေလောက်သာနှုတ်ဆက်လိုက်သည်။

" ကျွန်တော် အခုလို ဆိုင်းမဆင့် ဗုံမဆင့် လာတဲ့အတွက် ခင်ဗျား ကသိကအောင့် ဖြစ်သွားမယ်ဆိုတာ ကျွန်တော် သိပါတယ်၊ ဒါပေမယ့် တယ်လီဖုန်းနဲ့ ပြောလို့မဖြစ်တဲ့ ကိစ္စတစ်ခုပြောစရာရှိလို့ လာရတာပါ၊ ကျွန်တော့် ကို ခွင့်လွှတ်ဖို့ တောင်းပန်ပါတယ် "
" ကျွန်မ ရှင့်ကို ခွင့်လွှတ်ပါတယ်၊ ခွင့်လွှတ်တဲ့အနေနဲ့ လက်ဖက်ရည် တစ်ခွက်တိုက်ပါရစေ "
စင်တိန် လေသံပျော့သွားပြီး ပြုံးလိုက်သည်။ လက်ဖက်ရည်ကရားထဲမှ ပန်းကန်ထဲသို့ လက်ဖက်ရည်ထည့် လိုက်ပြီး ဒတ်ဂန် အား လှမ်းပေးလိုက်သည်။ ထို့နောက် သူ့ဘေးဆိုဖာပေါ်တွင် ဖင်ထိုင်လိုက်သည်။
" သေရေးရှင်ရေး ကိစ္စ … ဟုတ်လား " စင်တိန်က မေးလိုက်သည်။

" ကဲ … ပြောစမ်းပါဦး၊ ဘာကိစ္စများလဲ အင်ဒီ "
" ဒီမှာစင်တိန်၊ ကျွန်တော့်မှာ အံ့သြစရာ ကောင်းလောက်အောင် ထူးခြားတဲ့ စွပ်စွဲချက်တွေ ရထားတယ်၊ စာရွက်စာတမ်း အထောက်အထားတွေကလဲ အစစ်အမှန်တွေလို့ ယူဆရတယ်၊ ဒါတွေဟာ အမှန်ပဲဆိုရင် ဒီသတင်း ကို ကျွန်တော် သတင်းစာမှာ ဖော်ပြရတော့မှာပဲ၊ ဒီစွပ်စွဲချက်က ခင်ဗျားနဲ့ ခင်ဗျား မိသားစု … အထူးသဖြင့် ခင်ဗျားနဲ့ ခင်ဗျားသား ရှာဆာတို့နဲ့ ပတ်သက်နေတယ်၊ ခင်ဗျားတို့အတွက် အတော်ကို ထိခိုက် နစ်နာမယ့် စွပ်စွဲချက်ပါ "
အယ်ဒီတာ ဒတ်ဂန်က ဆက်မပြောသေးဘဲ စင်တိန် ခွင့်ပြုချက်ရရန် လှမ်းကြည့်လိုက်သည်။

" ပြောပါ ဆက်သာပြောပါ "
စင်တိန်က အေးအေးတည်ငြိမ်စွာပင် ပြန်ပြောလိုက်သည်။
" စိတ်တော့မရှိပါနဲ့ဗျာ … ကျွန်တော်တို့ရထားတဲ့ သတင်းကတော့ ခင်ဗျားနဲ့ ၀န်ကြီးဘလိန်းနဲ့ လက်ထပ်တာ ဟာ ခင်ဗျားရဲ့ ပထမဆုံး တရားဝင် လက်ထပ်ခြင်းလို့ ဆိုတယ်၊ အဓိပ္ပာယ်ကတော့ ရှာဆာ ဟာ ခင်ဗျားရဲ့ တရားဝင်သား မဟုတ်ဘူး … တရားမ၀င်တဲ့ သားလို့ ဆိုလိုတာပေါ့ဗျာ "
စင်တိန့်ရင်ထဲ၌ နင့်ခနဲဖြစ်သွားသည်။ ဒတ်ဂန်အား စကားမဆုံးခင်ပင် လက်ပြထားလိုက်ပြီး ဖြတ် ပြောလိုက် သည်။

" ကျွန်မ တစ်ခုမေးစမ်းပါရစေ၊ ရှင့်ကို အဲဒီသတင်းပေးတဲ့လူဟာ ဟော့တင်တော့ ဟော်လန်မဲဆန္ဒနယ်က အမျိုးသားရေး ပါတီ အမတ်လောင်းလား၊ ဒါမှမဟုတ် သူ့ရဲ့ကိုယ်စားလှယ်တစ်ဦးဦးလား၊ ကျွန်မ အတွေး မှန်ရဲ့လား "
" ကျွန်တော်တို့ သတင်းစာရဲ့ မူဝါဒကတော့ သတင်းပေးတဲ့လူကို ဘယ်တော့မှ ဖွင့်ပြောလေ့မရှိပါဘူး "
ဒတ်ဂန် က ထိုသို့ ပြောလိုက်သော်လည်း ခေါင်းကမူ မသိမသာ ညိတ်လိုက်သည်။
ဒတ်ဂန် က စင်တိန့် မျက်နှာကို ကြည့်ပြီး အကဲခတ်နေသည်။ သူတို့နှစ်ယောက် အတန်ကြာမျှ စကားမပြော ကြဘဲ ငြိမ်နေသည်။ စင်တိန်သည် ဘ၀ပျက်လောက်သော အကျဉ်းအကျပ်ထဲ၌ပင် တည်ငြိမ် နေသဖြင့် ဒတ်ဂန်အံ့သြရသည်။ သူခင်မင်သော စင်တိန်အတွက် စိတ်မကောင်းဖြစ်ရသည်။ ရှာဆာကုတ်နေ သည် တိုင်းပြည်အတွက် တန်ဖိုးရှိသူတစ်ယောက်ပင်မဟုတ်လား။
" ရှင့်မှာ စာရွက်အထောက်အထားတွေရှိသလား "
စင်တိန် အမေးကို ဒတ်ဂန်က ခေါင်းခါပြရင်း ဖြေလိုက်သည်။

" ကျွန်တော့်ဆီတော့ မရောက်သေးဘူး၊ သူ့လက်ထဲမှာပဲ ရှိသေးတယ်၊ ရွေးကောက်ပွဲမတိုင်မီ ဒီသတင်းကို ကျွန်တော် က ဖော်ပြမှ သူကပေးမယ်တဲ့ "
" ရှင်က သတင်းရေးမယ်ပေါ့ "
" သူတို့ဘယ်ကစွပ်စွဲချက် ဟာ မမှန်ဘူးဆိုတာ ခင်ဗျားက ကျွန်တော့်ကို အထောက်အထားအခိုင်အလုံမပြ နိုင်ရင်တော့ ကျွန်တော့်အနေနဲ့ ဒီသတင်းကို ဖော်ပြရမှာပဲ၊ တစ်ဘက်က အထောက်အထားပြလာရင်တော့ ဒါဟာ လူစိတ်ဝင်စားမယ့် သတင်းဖြစ်လာပြီပေါ့ "
" နက်ဖြန်မနက်အထိ ကျွန်မကို အချိန်ပေးပါအင်ဒီ၊ ခင်မင်တဲ့ မိတ်ဆွေရင်းတွေအနေနဲ့ ကျွန်မ မေတ္တာ ရပ်ခံ တာပါ"
" ကောင်းပြီလေ၊ ဒီလောက်တော့ ခင်ဗျားကို ကျွန်တော် လိုက်လျောရမှာပေါ့၊ ခင်ဗျား အချိန်တွေကို ကျွန်တော် လာဖြုန်းပစ်တဲ့အတွက်လဲ တောင်းပန်ပါတယ် "

အင်ဒရူးဒတ်ဂန်ပြန်သွားသွားချင်း စင်တိန်သည် အိမ်ပေါ်သို့ တက်ကာ ရေမိုးချိုးပြီး အ၀တ်အစားလဲလိုက် သည်။ နာရီဝက်အတွင်းမှာပင် သူမကားကြီး ဒိန်မလာဖြင့် စတယ်လင်ဘို့ခ်ျမြို့သို့ ဦးတည် မောင်း သွားသည်။
ထိုမြို့ရှိ ဗန်စကူးနှင့် ဒီလာရေးတို့၏ ရှေ့နေရုံးခန်းရှေ့သို့ သူမ ကားထိုးဆိုက်လိုက်သောအခါ ညနေ ၅ နာရီ ကျော်နေပြီ။ ရုံးခန်းမှ ရှေ့နေတစ်ဦးက ပြောသည်။
" မစ္စတာဒီလာရေး ဒီနေ့ အိမ်စောစော ပြန်သါားပါတယ်၊ အိမ်မှာ အေးအေးဆေးဆေး အလုပ် လုပ်မယ်ဆိုပြီး အလုပ်တွေ ယူသွားပါတယ် "
" ကျွန်မ အလုပ်ကိစ္စကလဲ သိပ်အရေးကြီးလို့ပါ၊ သူ့အိမ်လိပ်စာများရနိုင်မလား "

စင်တိန် ရုံးမှရသော လိပ်စာအတိုင်း လိုက်သွားသည်။ မြစ်ကမ်းဘေးမှ အိမ်ကလေးသည် လှပခေတ်မီပြီး နေချင့် စဖွယ်လေးဖြစ်သည်။ အိမ်ရှေ့မှ ပန်းဥယျာဉ်ကို အထူးဂရုစိုက်ထားမှန်းသိသာသည်။ ရာသီ လွန်လာပြီး ဆောင်းဝင်တော့မည်ဖြစ်သော်လည်း ဥယျာဉ်ထဲ၌ ပန်းများဝေဆာလှပနေသည်။
အမျိုးသမီးတစ်ယောက်က စင်တိန်အား အိမ်တံခါးဖွင့်ပေးသည်။ အရပ်ထောင်ထောင်မောင်းမောင်း ပြည့်ပြည့် ဖြိုးဖြိုးနှင့် ဣနြေ္ဒရှိသော အလှမျိုးပိုင်ရှင်ဖြစ်သည်။ သူမက မပြုံးမရယ်ဘဲ တံခါးဟရုံသာ ဟပြီးဖွင့် ပေးသည်။

" ကျွန်မ မစ္စတာမင်းဖရက်ဒီလာရေးနဲ့ စကားပြောချင်လို့ပါ၊ မစ္စက်မယ်လကွန်ရောက်နေတယ်လို့ သူ့ကို ပြော ပေးပါ" ဟင်တိန်က အာဖရိကန်းနားစကားဖြင့် ပြောလိုက်သည်။
သူမက စင်တိန် အား အိမ်ရှေ့ခန်းထဲ၌ ထားခဲ့ပြီး အတွင်းသို့ ၀င်သွားသည်။ စင်တိန်သည် သပ်ရပ်သန့်ရှင်း သော အခန်းအပြင်အဆင်နှင့် ပရိဘောဂများကို ကြည့်ရှုအကဲခတ်လိုက်သည်။ ထို့နောက် စင်တိန်သည် အခန်း အလယ်ကောင်၌ မတ်တတ်ရပ်ပြီး မီးလင်းဖိုမှ ပန်းချီကားကို လှမ်းကြည့်နေမိသည်။ ထိုစဉ်တွင်ပင် ခြေသံကြား သဖြင့် တစ်ဘက်သို့ လှည့်ကြည့်လိုက်သည်။
တံခါးပေါက်ဝ၌ ကလေးတစ်ယောက်ရပ်ပြီး မိမိအား ကြည့်ရှုနေသည်ကို စင်တိန်တွေ့လိုက်ရသည်။ အသက် ၇ နှစ် ၈ နှစ်ခန့်ရှိမည်ဖြစ်သော ချစ်စရာကလေးလေး။ ရွှေရောင်ဆံပင်ပျော့လေးများက လှိုင်းထ နေ သည်။ သို့သော် မျက်လုံးနှင့်မျက်ခုံးက မဟူရာသွေးတောက်နေသည်။

ထိုကလေး၏ မဟူရာ မျက်လုံးအစုံသည် မိမိ၏ အမွေအနှစ်ပင်ဖြစ်ကြောင်း စင်တိန်တစ်မုဟုတ်ချင်း သိလိုက် သည်။
ဤကလေး သည် မိမိ၏မြေးကလေးဖြစ်ကြောင်း မိခင်စိတ်ဖြင့် အလိုလိုသိနေသည်။ အံ့အားသင့်ရာမှ တုန်လှုပ် ချောက်ချား မိလာသည်။
စင်တိန် သည် စိတ်ကို ငြိမ်အောင် ထိန်းလိုက်ပြီး ကလေးဆီသို့ ဖြည်းဖြည်းချင်းချင်းကပ်သွားသည်။ ကလေး ဆီသို့ လက်နှစ်ဖက်ကမ်းလင့်ပြီး မေးလိုက်သည်။
" ဟဲလို … မင်းနာမည် ဘယ်သူလဲ ကလေး "
" ကျွန်တော် လိုသာဒီလာရေး ပါ၊ ကျွန်တော့် အသက်ရှစ်နှစ်ရှိပါပြီ "
ကလေး က သွက်သွက်လက်လက်ပင်ဖြစ်သည်။

စင်တိန်စိတ်ထဲက " သြ … လိုသာတဲ့လား " ဟု ပြောလိုက်မိသည်။ ထိုနာမည်ကို ကြားလိုက်ရသည်နှင့် အတိတ် က အရိပ်များတရေးရေးပေါ်လာပြီး ရင်ထဲ၌ နာလာသည်။ ခံစားချက်များ လှိုင်းဂယက် ထလာသည်။ သို့သော် ကလေးအား ကြိုးစားပြီး ပြုံးပြထားဆဲရှိသည်။
" အို … တကယ်သွက်တဲ့ကလေးလေးပါပဲလား "
စင်တိန်က စကားစပြောလိုက်ပြီး ကလေး၏ ပါးကလေးကို နမ်းမည်ပြုလိုက်စဉ်မှာပင် ကလေးနောက်ဘက် တံခါးပေါက် မှ သူ့မိခင် ထွက်လာသည်။
" မင်း ဒီမှာ ဘာလာလုပ်နေတာလဲလိုသာ၊ မင်းညစာ စားလို့မပြီးသေးဘူးမဟုတ်လား၊ ကဲ ထမင်းစားပွဲကို ခု ချက်ချင်း ပြန်၊ ပြောတာကြားလား" မိခင်က သားအားဆူလိုက်သည်။
ကလေးက အတွင်းခန်းထဲသို့ ဘောက်ဆွ ဘောက်ဆွနှင့်ဝင်သွားသည်။ အမျိုးသမီးက စင်တိန်ဘက် လှည့် ကြည့်ပြီး ပြံးပြီးကာပြောလိုက်သည်။

" ကျွန်မ တောင်းပန်ပါတယ်၊ ကလေးက စပ်စုတယ်တဲ့အရွယ်မဟုတ်လား၊ ကျွန်မ ခင်ပွန်းက ရှင့်ကို တွေ့ လိမ့်မယ်၊ ကျွန်မနဲ့ လိုက်ခဲ့ပါ "
မြေးကလေးနှင့် ခဏတာတွေ့လိုက်ရပုံဖြင့် စိတ်လှုပ်ရှားချောက်ချားသွားသော စင်တိန်သည် သားဖြစ်သူ နှင့် ထပ်မံ၍ မျက်နှာချင်းဆိုင်တွေ့ဖို့အတွက် မည်သို့မှ အသင့်ဖြစ်မနေပါချေ။
စာရွက်စာတမ်းများ အပုံလိုက်ဖြစ်နေသော စားပွဲနောက်တွင် မင်းဖရက်က မတ်တတ်ရပ်နေသည်။ သူ၏အ၀ါရောင် မျက်လုံးအစုံဖြင့် စင်တိန်အား ကြောင်တက်တက် စိုက်ကြည့်နေမိသည်။
" ခင်ဗျား ကို ဒီအိမ်က ကြိုဆိုပါတယ် လို့တော့ ကျွန်တော် မပြောနိုင်ပါဘူး မစ္စက်မယ်လကွန်၊ ခင်ဗျားဟာ ကျွန်တော့် မိသားစု နဲ့ရော ကျွန်တော်နဲ့ရောပါ မျိုးဆက်သွေးကမ္ဘာရန်သူပါ"
မင်းဖရက် က အင်္ဂလိပ်လိုပြောလိုက်သည်။

" မင်းပြောတာ မှားနေတယ် "
စင်တိန် အသံက အသက်ရှူ မမှန်သောအသံ ဖြစ်နေသည်။ စိတ်တည်ငြိမ်အောင် အတင်းကြိုးစား လိုက်သည်။
မင်းဖရက် က စင်တိန်အား အိမ်ထဲမှ ထွက်သွားစေလိုသော အမူအရာဖြင့် ပြောလိုက်ပြန်သည်။
" ခင်ဗျား ကျွန်တော့်အဖေ ပစ္စည်းတွေကို လိမ်လည်လှည့်ဖျားပြီး အေးဓားပြတိုက်သွားတာပဲ၊ ခင်ဗျား ကြောင့် ကျွန်တော့် အဖေ ဒုက္ခိတဖြစ်ရတာဗျ၊ ခင်ဗျားကြောင့်ပဲ သူ့ဘ၀ရဲ့ သက်တမ်းတစ်ဝက်လောက်ကို ထောင်ထဲ မှာ မြှုပ်နှံထားနေရပြီ၊ လက်တစ်ဖက်ပြတ်ပြီး ဘ၀ဆုံးနေတဲ့ ကျွန်တော့် အဖေကိုသာ ခင်ဗျားမြင်ရင် ခင်ဗျား ကျွန်တော့်ဆီ အခုလို လာပြီး တစ်စုံတစ်ရာ အသနားခံရဲမှာ မဟုတ်ဘူး "
" ငါ တစ်ခုခု ကို လာပြီး အသနားခံတယ်ဆိုတာ မင်းသေချာလို့လား "
စင်တိန် က ပြန်မေးလိုက်ရာ မင်းဖရက်က ခါးခါးသီးသီးရယ်လိုက်သည်။

" ဒါ့အပြင် တခြားကော ဘာကိစ္စများရှိမှာမို့လို့လဲ၊ ကျွန်တော့် အဖေ အမှုစစ်တုန်းက တရားရုံးထဲမှာ ခင်ဗျား ကို ကျွန်တော် ပထမဆုံးတွေ့တယ်၊ အဲဒီနေ့တည်းက ခင်ဗျား ကျွန်တော့်နောက်ကို အမဲလိုက် သလို လိုက်ခဲ့တာပဲ ခင်ဗျား ကျွန်တော့်ကို စောင့်ကြည့်နေတာ ကျွန်တော် တွေ့ခဲ့တယ်၊ အစာငတ်နေတဲ့ ခြင်္သေ့မကြီး သားကောင်လိုက်သလို ကျွန်တော့်နောက်ကို ခင်ဗျား လိုက်ခဲ့တယ်၊ ကျွန်တော့် အဖေဘ၀ကို ခင်ဗျား ဖျက်ဆီးခဲ့သလို ကျွန်တော့်ဘ၀ကိုလဲ ခင်ဗျား ဖျက်ဆီးဖို့ ကြိုးစားနေတယ်ဆိုတာ ကျွန်တော် သိတယ်"
" ဟင့်အင်း … မဟုတ်ဘူး … မဟုတ်ဘူး "
စင်တိန်က ခေါင်းသွင်ယမ်းပြီး ငြင်းလိုက်သည်။ သို့ရာတွင် မင်းဖရက်က ဆက်၍ပြောသည်။

" ခင်ဗျားမို့ ကျွန်တော့်ဆီလာပြီး အသနားခံရဲတယ်ဗျာ … ခင်ဗျား ဘာလိုချင်တယ်ဆိုတာ ကျွန်တော် သိတယ် ဗျ "
မင်းဖရက်သည် စားပွဲ၏ အပေါ်ဆုံး အံဆွဲကို ဆွဲဖွင့်လိုက်ပြီး ဖိုင်တွဲတစ်တွဲကို ထုတ်ယူလိုက်သည်။ ဖိုင်တွဲ ကို စားပွဲပေါ်တင်ပြီး ဆွဲဖွင့်လိုက်ရာ အထဲမှ စာရွက်စာတမ်းများ စားပွဲပေါ်သို့ ပြန့်ကျဲထွက်ကျသွားသည်။ ထို စာရွက်စာတမ်းများထဲ၌ ပြင်သစ်နိုင်ငံ၏ မွေးစာရင်းစာရွက်နှင့် သတင်းဖြတ်ပိုင်းအဟောင်းများကို စင်တိန် တွေ့လိုက်ရသည်။
" ဒါတွေအားလုံး ကျွန်တော် ဖတ်ပြရမလား၊ ဒါမှမဟုတ် ခင်ဗျားဟာ ခင်ဗျား ဖတ်မလား၊ ခင်ဗျားဟာ မကောင်းတဲ့ မိန်းမ၊ ခင်ဗျားသားဟာ တရားမ၀င်တဲ့ တိတ်တိတ်ပုန်းသားဆိုတာ ကျွန်တော် ကမ္ဘာကို တင်ပြ ဖို့ ဒီဟာတွေ အပြင်ဘာများလိုဦးမှာလို့လဲဗျ "
" မင်းက တကယ်စေ့စပ်သေချာတာကိုး" စင်တိန်က လေပျော့ကလေးနှင့် ပြောလိုက်သည်။

" ဟုတ်တယ်၊ သိပ်ကို စေ့စပ်သေချာတယ်၊ ကျွန်တော့်မှာ အထောက်အထား အားလုံးရှိတယ် "
" မဟုတ်သေးဘူး၊ မင်းမှာ အထောက်အထား အကုန်မရှိသေးဘူး၊ ငါ့ရဲ့ တိတ်တိတ်ပုန်း သားတစ်ယောက် အကြောင်း ပဲ မင်းကသိတာ၊ ငါ့မှာ နောက်ထပ် တိတ်တိတ်ပုန်း သားတစ်ယောက်ရှိသေးတယ် "
မင်းဖရက် အဖို့ ပထမဆုံးအကြိမ် ဇဝေဇ၀ါ ဖြစ်သွားသည်။ စင်တိန်အား စိုက်ကြည့်လိုက်သည်။ စကားလုံး ရှာ မရအောင် ဖြစ်သွားသည်။ နောက်မှ ပြောလိုက်သည်။
" ခင်ဗျား အရှက်မရှိတဲ့မိန်းမပဲ … ခင်ဗျားရဲ့ ဒုစရိုက်မှုတွေကို ကမ္ဘာသိအောင် လှစ်ပြမလို့လား "
" ကမ္ဘာသိအောင် မဟုတ်ပါဘူး၊ သက်ဆိုင်တဲ့လူ သိအောင် ပြောပြမလို့ပါ၊ မင်းတစ်ယောက်တည်း သိစေချင် လို့ လာပြောတာပါ မင်းဖရက် ဒီလာရေး "
" ခင်ဗျား ပြောတာ ကျွန်တော် ဘာမှ နားမလည်ဘူး "

" ဒါဖြင့် ငါ ရှင်းပြမယ် … မင်းနောက်ကို ငါဘာ့ကြောင့် လိုက်ခဲ့သလဲ၊ မင်းပြောသလို အစာငတ်နေတဲ့ ခြင်္သေ့မကြီးက သားကောင် ကို လိုက်သလိုမျိုး လိုက်တာမဟုတ်ဘူး၊ ခြင်္သေ့မကြီးက သူ့သားကလေး နောက်ကို လိုက်သလို သံယောဇဉ်နဲ့ လိုက်တာ၊ ဒီမှာ မင်းဖရက် … မင်းဟာ ငါမွေးတဲ့သား၊ ဒုတိယသား၊ မင်း ကို ဟိုသဲကန္တာရထဲမှာ မွေးခဲ့တာ၊ မင်းမျက်နှာကို ငါမမြင်ရခင်မှာဘဲ လိုသာက မင်းကို ယူသွားတာ၊ မင်းဟာ ငါ့သားဖြစ်သလို ရှာဆာဟာ မင်းရဲ့ အမေတူ အဖေကွဲ အစ်ကိုတော်တယ်၊ သူက တိတ်တိတ်ပုန်း သားဆိုရင် မင်းလဲ တိတ်တိတ်ပုန်းသားပဲ၊ အဲဒီအချက်နဲ့မင်း သူ့ကိုဖျက်ဆီးရင် မင်းလဲ အဲ့ဒီအချက်နဲပပဲ ကိုယ့်ကိုယ် ကိုယ် ဖျက်ဆီးသလိုဖြစ်သွားလိမ့်မယ် "

" ခင်ဗျားပြောတာ ကျွန်တော် မယုံဘူး၊ လိမ်တာ … အားလုံးလိမ်တာ ညာတာတွေချည်းပဲ၊ ကျွန်တော့် အမေ က မြင့်မြတ်တဲ့ မျိုးရိုးကဆင်းသက်တဲ့ ဂျာမန်အမျိုးသမီး၊ ကျွန်တော့်ဆီမှာ ကျွန်တော့် အမေ ဓာတ်ပုံရှိ တယ်၊ ဟောဟိုမှာကြည့် … နံရံပေါ်မှာ ချိတ်ထားတယ် "
မင်းဖရက် က နံရံပေါ်တွင် ချိတ်ထားသော ဓာတ်ပုံကို လှမ်းပြီး လက်ညိုးထိုးပြလိုက်သည်။ စင်တိန်က လှမ်း ကြည့်ပြီးမှ ပြန်ပြောသည်။
" အဲဒါ လိုသာမိန်းမ ဟုတ်တယ်၊ ဒါပေမယ့် သူက မင်းမမွေးခင် နှစ်နှစ်လောက်က သေသွားတာ "
" မဟုတ်ဘူး … ခင်ဗျားပြောတာ မမှန်ဘူး၊ ဘယ်လိုမှ မမှန်နိုင်ဘူး "
" မင်းအဖေ ကို သွားမေးကြည့် မင်းဖရက်၊ ပြီးတော့ မင်းဝင်းဟုပ်မြို့ကိုသွား၊ လိုသာ့မိန်းမ ဂျာမန် အမျိုးသမီး သေတဲ့ သေစာရင်းကိုင်ထားတာ အဲ့ဒီမှာရှိတယ်၊ မင်းမွေးသက္ကရာဇ်နဲ့ သူသေတဲ့နေ့ကို ပြန် စစ်ဆေးကြည့်၊ မင်းသိလာလိမ့်မယ် "

စင်တိန့် စကားမှန်ကြောင်း မင်းဖရက် မြင်လာသည်။ ကုလားထိုင်ပေါ် ထိုင်ချလိုက်သည်။ စားပွဲပေါ် တံတောင် နှစ်ဖက်ထောက်ပြီး လက်ဝါးနှစ်ဖက်ထဲသို့ မျက်နှာကို မှောက်ချလိုက်သည်။
" ခင်ဗျားဟာ ကျွန်တော့် အမေသာဆိုရင် … ဘာ့ကြောင့် ကျွန်တော်က ခင်ဗျားကို တူးတူးခါးခါး မုန်းလို့ ရနိုင် မှာလဲ "
စင်တိန်က မင်းဖရက် ထိုင်နေသော စားပွဲရှေ့တည့်တည့်သို့ လျှောက်သွားပြီး ရပ်လိုက်ကာ ပြော လိုက်သည်။
" မင်းကို အသိအမှတ်မပြုခဲ့တာ၊ စွန့်ပစ်ခဲ့တာကြောင့် ငါ့ကိုယ်ငါ မုန်းမိသလောက် မင်း ငါ့ကို မမုန်းနိုင် သေး ပါဘူးကွာ "
စင်တိန် က မင်းဖရက်၏နဖူးကို အားရပါးရ တစ်ချက်ငုံ့နမ်းလိုက်ပြီး တိုးတိုးလေးပြောလိုက်သည်။

အခုတော့ အချိန်တွေ သိပ်နှောင်းကုန်ပါပြီ၊မင်းပြောခဲ့သလိုပဲ တို့ဟာ ရန်သူတွေဖြစ်ခဲ့ကြရပြီ၊ မင်းနဲ့ငါ ကြားမှာ ပင်လယ်တမျှ ကျယ်ပြန့်တဲ့ ကဏ္ဍကြီးက ဆီးလို့ ကာနေပြီ၊ ဒီပင်လယ်ပြင်ကြီးကို တို့နှစ်ယောက် စလုံး ဘယ်သူမှ ဖြတ်ကူးနိုင်ကြတော့မှာ မဟုတ်ပါဘူး၊ ဒါပေမယ့် မင်းကို ငါ မမုန်းပါဘူး မင်းဖရက်ရယ် … မင်းကို ငါ ဘယ်တုန်းကမှ မမုန်းခဲ့ပါဘူး … သားရယ် … "
စင်တိန် က အခန်းထဲမှ တစ်လှမ်းချင်း ထွက်သွားသည်။ မင်းဖရက်က စားပွဲတွင် မျက်နှာပေါ် လက်အုပ်ပြီး ထိုင်ရင်း ကျန်ရစ်ခဲ့သည်။

နောက်တစ်နေ့ မွန်းလွဲပိုင်းတွင် အယ်ဒိတာ အင်ဒရူဒတ်ဂန်က စင်တိန်ဆီ တယ်လီဖုန်းဆက်သည်။
" ကျွန်တော့်ကို သတင်းပေးတဲ့လူက သူ့ စွပ်စွဲချက်ကို ပြန်ရုပ်သိမ်းသွားပါပြီ စင်တိန်၊ သူ့စွပ်စွဲချက်နဲ့ ပတ်သက်တဲ့ စာရွက်စာတမ်းတွေ အားလုံးကိုလဲ မီးရှို့ပစ်လိုက်ပါပြီတဲ့၊ တစ်ယောက်ယောက်က သူ့ကို ကိုင် လိုက်ပြီလို့ ထင်တယ်၊ ဒီလို ပြတ်သားတဲ့လူမျိုးကို ကိုင်နိုင်တဲ့လူဟာ ဘယ်သူဘယ်ဝါဆိုတာ ကျွန်တော် တော့ စဉ်းစားလို့မရအောင် ဖြစ်နေတယ်ဗျာ "

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

Wednesday, January 25, 2012

ဝင်းဖေဝင်း ဘာသာပြန် စိန်မင်းသမီး အဆက် အပြိုင်အဆိုင်အနိုင်, အပိုင်း (၆ဝ)

(၆ဝ)

ဘလိန်း အနှစ်နှစ်အလလက တောင်းတနေခဲ့သော လက်ထပ်ခွင့်ရရေးကို စင်တိန်က သူမ ၄၈ နှစ် အရွယ် ရောက် မှ လိုက်လျောလိုက်သည်။
ရှာဆာနှင့်တာရာ တို့ ဇနီးမောင်နှံမှာ သားသုံးယောက်ပင် ရနေချေပြီ။ စင်တိန်အဖို့ တစ်ဘက်တွင် ပိုပြီး အထီးကျန် နေကာ အခြားတစ်ဘက်တွင်လည်း ဘလိန်းအပေါ် တကယ်ချစ်မြတ်နိုးနေသဖြင့် နောက်ဆုံး ဘော်ငွေရောင် ဆံပင် တို့ ထွန်းတောက်ချိန်တွင် လက်ထပ်လိုက်ကြသည်။

" ဒီကိပ်တောင်းမြို့မှာတော့ ၀ယ်တာဗီဒင်အိမ်ကြီးဟာ အလှဆုံး အိမ်တွေထဲက တစ်လုံးပါပဲ၊ ဒါပေမယ့် ဒီအိမ် က ငါပိုင်အိမ်မဟုတ်ဘူး၊ ငါ့ရဲ့ ဇနီးကို ငါ့ကိုယ်ပိုင်အိမ်ကိုပဲ ခေါ်သွား
" ရှင့်ရဲ့ နယူးလင်း က အိမ်ကြီးမှာလဲ ကျွန်မ မနေချင်ဘူး "
စင်တိန် က ထိုမျှသာပြောသည်။ အကျယ်ရှင်းမပြတော့၊ အစ္စဘယ်လာ၏ ၀ိညာဉ်နှင့် ကျိန်စာတို့က သူမ ကို တစ်ခါတစ်ခါ ခြောက်လှန့်နေဆဲရှိသည်။
" ဒါဖြင့် တို့ ချိန်းတွေ့နေကျ အိမ်ကလေးကော၊ အဲဒီက အိပ်ရာ က သိပ်ကောင်းတာပဲ၊ အဲဒါရှိရင်ပြီးတာ၊ ဒီပြင် မလိုပါဘူး " ဘလိန်းက ပြောလိုက်သည်။

" အဲဒီအိမ်ကလေး ကိုတော့ ဒီအတိုင်းပဲ အမှတ်တရရထားလိုက်မယ်၊ တစ်ခါတလေ သွားလည်ကြတာပေါ့၊ ကျွန်မ တို့ နေဖို့တော့ နေရာအသစ်ရှာပြီး အိမ်အသစ်ဆောက်နေမယ် "
စိမ်းလဲ့ကြည်အေး နေသော အတ္တလန္တိတ်သမုဒ္ဒရာ ကမ်းရိုးတန်းဘေးမှ ဧက ၅၀၀ အကျယ်မြေကို ၀ယ်ပြီး အိမ်ကြီး တစ်လုံး ကို စင်တိန် စိတ်ကြိုက်ဆောက်ပြီးနေသည်။ တောင်တန်းကျောက်ဆောင်၊ ကမ်းရိုးတန်း သစ်သီးခြံ နှင့် ပင်လယ်မြင်ကွင်းတို့ပါသော အိမ်ကြီးနှင့် ခြံမြေကျယ်ကြီးပင် ဖြစ်သည်။

ဒိုတယကမ္ဘာစစ်ပွဲအပြီးတွင် စင်တိန်သည် ဆာရှာအား ကုတ်တနေသတ္တုတွင်းနှင့်ဘဏ္ဍာရေးကုမ္ပဏီ၏ ဥက္ကဋ္ဌ အဖြစ် လွှဲပြောင်းပေးလိုက်သည်။ သူမက ဘုတ်အဖွဲ့ဝင်တစ်ဦးအဖြစ်သာ ပါဝင်တော့သည်။ သို့သော် အစည်းအဝေးများကိုမူ တစ်ကြိမ်မျှ မပျက်ရအောင် တက်သည်။ ရှာဆာသည် ကြားဖြတ် ရွေးကောက်ပွဲ တွင် အမတ်ဖြစ်လာရာ စင်တိန်၏ မျှော်မှန်းချက်ကြီးပြည့်ဝခဲ့ရသည်။
ထိုကာလ အတွင်း စင်တိန်သည် သူမအား ပင်လယ်ပြင်နှင့် သဲကန္တာရထဲ၌ ကယ်တင်ခဲ့သည့် ဆန်လူမျိုး ဇနီး မောင်နှံအိုဝါ နှင့် ဟာနီ တို့ကို မကြာခဏ သတိရပြီး လွမ်းဆွတ်မိသည်။
" သူ့မြှားတွေ ကောင်းကင်အထိပျံတက်သွားလိမ့်မယ်။

" သူ့နာမည်ကို လူတွေကပြောကြတဲ့အခါ ဘ၀ဂိအထိ လျှံတက်လိမ့်မယ်၊ ရေကောင်းရေသန့်ကို သူ ရှာတွေ့ လိမ့်မယ်။
" သူ ဘယ်သွားသွား ရေကောင်းရေသန့်ကို တွေ့ရမယ် "
ရှာဆာ အတွက် အိုဝါစပ်ဆိုကျူးရင့်ပေးလိုက်သော တေးကဗျာကို စင်တိန် မကြာခဏညည်းမိသည်။ ရှာဆာ ၏ ဘ၀သည် ထိုကဗျာအတိုင်း အဘက်ဘက်က ပြည့်စုံနေ၍ စင်တိန်ကြည်နူးရသည်။
ဘလိန်းနှင့် စင်တိန်က အိမ်သစ်ကြီးတွင်နေကြသည်။ တာရာက ၀ယ်တာဗီဒင်အိမ်ကြီးသို့ လိုက်ပြောင်းနေ သည်။ စင်တိန် ၏ အိမ်ဦးစီးအိမ်ရှင်မ တာဝန်ကို တာရာက လွှဲယူလိုက်သည်။ ထိုအိမ်ကြီးတွင် တစ်ချိန်က စင်တိန် စိတ်ကြိုက်လုပ်ခဲ့သော်လည်း ယခုတော့ တာရာခြေ တာရာ့လက်ဖြစ်လာသည်။ သူမစိတ်ကြိုက် မွမ်းမံ ပြင်ဆင် နေသည်။ တာရာ့ ခေတ်ရောက်လာချေပြီ။

ရှာဆာနှင့် တာရာတို့၏ ပထမကလေး သုံးယောက်မှာ ယောက်ျားလေးချည်းဖြစ်သည်။ ထို့ကြောင့် ရှောင်း ဂါရစ် နှင့် မိုက်ကယ် ဟူ၍ ကလေးများ၏ အဘိုးဘေးများနာမည်ကိုပင် ကလေးများ၌ မှည့်ခေါ် လိုက်သည်။ နောက်တစ်ယောက် သမီးလေးမွေးလာသောအခါ တာရာ က သူ့မိခင်နာမည် အစ္စဘယ်လာ ကို ပေးလိုက် သည်။ စင်တိန် ကျောထဲကစိမ့်သွားသည်။
စင်တိန်သည် ၀ယ်တာဗီဒင်အိမ်ကြီးသို့ တစ်ပတ်တစ်ခေါက် မှန်မှန်သွားကာ မြေးများကိုတွေ့သည်။ ယနေ့ လည်း စင်တိန် သည် ရှာဆာ နှင့် တာရာတို့နှင့်အတူ မြေးလေးယောက်နှင့်အတူ ၀ယ်တာဗီဒင်အိမ်ကြီး၏ ပန်းခြံထဲ ၌ အပန်းဖြေဆော့ကစားနေသည်။

မြေးအငယ်ဆုံး အစ္စဘယ်လာက နို့စို့အရွယ်ပင် ရှိသေးသည်။ နို့ညှာမိုက်ကယ်က တစ်နှစ် ကျော်ကျော်သာ ရှိနေသည်။
စင်တိန်သည် မြေးများနှင့် ဆော့ကစားနေစဉ် ဘလိန်း၏ ဘင်တလေမော်တော်ကားစက်သံ ကြားလိုက်ရ သဖြင့် ထိုင်ရာမှ ထကာ ကားဆီသို့ လျှောက်သွားသည်။ ကားပေါ်မှ ဆင်းလာသော ဘလိန်း၏ အမူအရာ ကို မြင်လိုက်ရသော အခါ စင်တိန်ခြေလှမ်းများ ပိုသွက်လာသည်။
" ဘာလဲ ဘလိန်း … ဘာထူးလို့လဲ "
စင်တိန် က ဘလိန်းပါးကို ဖွဖွလေးနမ်းကာနှုတ်ဆက်ရင်းမေးလိုက်သည်။

" ဟင့်အင်း … ဘာမှမထူးပါဘူး၊ အမျိုးသားရေးပါတီက သူတို့အမတ်လောင်းစာရင်းတွေ ကြေညာ လိုက်တာ ပါပဲ "
" ဒါဖြင့် ရှင်နဲ့ ပြိုင်ရွေးရမယ့်လူက ဘယ်သူလဲ၊ အဘိုးကြီးဗန်စကူးပဲလား "
" မဟုတ်ဘူး၊ လူသစ်တစ်ယောက်ပဲ၊ မင်းကြားဖူးမယ်တောင်မထင်ဘူး၊ ဒေးဗစ်ဗန်နီကပ်တဲ့ "
" ဒါဖြင့် ဟော်တင်တော့ဟော်လန်မဲဆန္ဒနယ်မှာ ရှာဆာနဲ့ ပြိုင်ရွေးရမယ့်လူကရော ဘယ်သူလဲ "
စင်တိန်၏ အမေးကို ဘလိန်းက တော်တော်နှင့် မဖြေသေးသဖြင့် စင်တိန်က စိတ်မရှည်ဖြစ်ကာ ထပ်မေး လိုက်သည်။
" ဘယ်သူလဲ ဘလိန်း … ပြောစမ်းပါဦး "
ဘလိန်း က စင်တိန့် လက်ကို အသာဆွဲပြီး ၀က်သစ်ချပင် အောက်ရှိ မိသားစုလက်ဖက်ရည်ဝိုင်းသို့ ခေါ် သွားသည်။

" ဘ၀ဆိုတာ သိပ်ဆန်းကြယ်ပါကလား "
ဘလိန်း က ညည်းတွားလိုက်သည်။
" ဒီမှာ ဘလိန်းမယ်လကွန်၊ ရှင့်ကို ကျွန်မက ရှာဆာနဲ့ ပြိုင်ရမှာ ဘယ်သူလဲလို့မေးနေတာ၊ ရှင့်ရဲ့ ဒဿန တွေ လျှောက်ရွတ်ပြဖို့ မဟုတ်ဘူးရှင့်၊ ကဲ … ဘယ်သူလဲ ပြော "
" ငါ စိတ်မကောင်းပါဘူးအချစ်ရယ်၊ သူတို့က ရှာဆာနဲ့ ပြိုင်ဖို့ မင်းဖရက်ဒီလာရေး ကို ရွေးလိုက်ကြ တယ်လေ"

စင်တိန် အလွန်အမင်းအံ့အားသင့်သွားသည်။ သူမျက်နှာက သွေးများဆုတ်သွားသလို ဖြစ်သွားသည်။ ရပ် နေရာ မှ မူးဝေယိမ်းယိုင် သွားသဖြင့် ဘလိန်းကလှမ်းကိုင်ပြီး ဖေးကူထားလိုက်ရသည်။
ဒုတိယ ကမ္ဘာစစ်ကြီး စ ဖြစ်ချိန်မှစ၍ စင်တိန်သည် သူမ အသိအမှတ်ပြုသော ဒုတိယသားအကြောင်း ကြား လည်းမကြားရ၊ မြင်လည်းမမြင်ခဲ့ရ ဖြစ်နေခဲ့ရာမှ ယခုမမျှော်လင့်ဘဲ ရုတ်တရက်ကြားလိုက် ရခြင်း ဖြစ်သည်။

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

Monday, January 23, 2012

ဝင်းဖေဝင်း ဘာသာပြန် စိန်မင်းသမီး အဆက် အပြိုင်အဆိုင်အနိုင်, အပိုင်း (၅၉)

(၅၉)

ဆ၀ပ်ဟင်းဒရစ်သည် သူတို့လူမျိုး ဆေးဆရာတစ်ယောက်ကို ခေါ်ပြီး မင်းဖရက်အား ကုသခိုင်းသည်။ ပူ လောင်ပြီး အနံ့စူးသော ဆေးများက ထိရောက်မှုရှိလှပြီး ၁၁ ရက်အတွင်း မင်းဖရက် ခရီးထွက်ရန်အသင့် ဖြစ်သွားသည်။ ထိုဆေးဆရာက ပေးလိုက်သော ဆေးများဖြင့်ပင် လိမ်းလိုက်ရာ မင်းဖရက် ပေး လိုက်သော ဆေးများဖြင့်ပင် လိမ်းလိုက်ရာ မင်းဖရက် အသားအရေသည် မြောက်ပိုင်းကပ္ပလီများလို ဖြစ်သွားသည်။

ဝီလင်ဒါ သတ္တုတွင်း၌ အလုပ်လုပ်နေသော လူမည်းများ မြောက်ပိုင်းဒေသသို့ အမြဲပြန်လေ့ရှိရာ သူတို့နှင့် ရောပြီး လိုက်သွားရန် စီစဉ်လိုက်သည်။ ဟင်းဒရစ် ၏ ကျွဲညီအစ်ကိုတစ်ယောက်ဖြစ်သူ သတ္တုတွင်းမှ လစား စာရေး တစ်ယောက်က မင်းဖရက်အတွက် ခရီးသွားလက်မှတ်များစီစဉ်ပေးသည်။ မင်းဖရက်သည် မျက်မှန် အနက်တပ်ပြီး ၀ီလင်ဒါရထားပေါ် တက်ကာ အခြားဌာနပြန် လူမည်းများနှင့် ရောလိုက်သောအခါ အမှောင်ထုထဲ ကျွဲဝင်သွားသလို ဖြစ်သွားတော့သည်။

အိုကာဟင်ဂျာဘူတာတွင် ဟင်းဒရစ်နှင့် မင်းဖရက်တို့ ရထားပေါ်မှဆင်းပြီး အခြားလူမည်းတစ်စုနှင့်အတူ ဘတ်စ်ကားဖြင့် ဟင်းဒရစ်၏ရွာသို့ သွားကြသည်။ နောက်နှစ်ရက် ကြာသောအခါ သူတို့နှစ်ယောက်သည် ပြီးခဲ့သော နှစ်က မိုးကောင်းသဖြင့် သဲကန္တာရထဲတွင် ရေထွက်နေရာ အများအပြားကို သူတို့ တွေ့ကြသည်။ မင်းဖရက်ခပ်ငယ်ငယ် မြို့ရွာများ၌နေစဉ်၌ကပင် သူ့အဖေနှင့် ဟင်းဒရစ်တို့သည် ဤတောတောင် သဲကန္တာရကြီးထဲ၌ နေလာခဲ့ကြသူများဖြစ်သည်။ ဟင်းဒရစ်သာ မပါလျှင် ဤနေရာသို့ မိမိ မည်သို့ မှပြန်လာတတ်မည် မဟ်ုတ်ကြောင်း မင်းဖရက်ကောင်းကောင်းသဘောပေါက်လာသည်။ မိမိ တစ်ယောက် တည်းသာဆိုလျှင် သဲကန္တာရထဲ၌ သုံးလေးရက်ထက်ပို၍ အသက်ရှင်မည် မဟုတ်ပေ။

တောင်ကုန်းအားလုံးမှာ ဆင်တူယိုးမှားဖြစ်ပြီး အားလုံးအတူတူပင်ဖြစ်နေသည်။ ဟင်းဒရစ်ကသာ မည်သည့် တောင်ဆိုသည်ကို မှတ်မိပြီး မင်းဖရက်အား တောင်ထိပ်ပေါ်ခေါ်သွားသည်။ တောင်ထိပ်ပေါ် ရောက်မှ ဘေးပတ်ဝန်းကျင်နှင့် အောက်ခြေကိုပြန်ကြည့်ပြီး မင်းဖရက်မှတ်မိသွားသည်။ အတိတ်က အရိပ် များလည်း တရေးရေးပေါ်လာသည်။ ဖခင်ဖြစ်သူ၏ ဒဏ်ရာရပြီးရောင်ကိုင်းနေသောလက်၊ ဝေဒနာ ခံစားပုံနှင့် နောက် ဆုံးတွင် မိမိအား ဘေးကင်းရာသို့ မောင်းထုတ်လိုက်ပုံများကို ပြန်မြင်ယောင် လာသည်။

ကျောက်တောင်ထိပ်တစ်နေရာမှ စိန်အိတ်ထည့်ထားခဲ့သော ပတ်ကြားအက်ကြောင်းကို အပြေးအလွှားရှာ ရာ နဂိုအတိုင်းတွေ့ရသည်။ ပတ်ကြားအက်ကြောင်းဘေး၌ ဒူးထောက်ထိုင်ချလိုက်ပြီး ပတ်ကြား အက်ကြောင်း ထဲသို့ ငုံ့ကြည့်လိုက်သည်။ သို့သော် ပတ်ကြားအက်ကြောင်းက အောက်ဘက်သို့ နက်ဆင်းပြီး မှောင်မည်းနေသဖြင့် ဘာမျှသဲသဲကွဲကွဲမမြင်ရပေ။
" မင်းရဲ့ စိန်တွေသွားပြီးလား၊ မရှိတော့ဘူးလား၊ ခွေးအတွေ စားသွားတာ ဖြစ်ပါလိမ့်မယ်ကွာ "
ဟင်းဒရစ်က နောက်ပြောင်လိုက်သည်။ မင်းဖရက်က သူ့စကားကို အလေးမထားနိုင်ပေ။ သူ့အိတ်ထဲမှ ငါးမျှားကြိုး အခွေကို ဆွဲထုတ်လိုက်သည်။ ကြိုးတစ်ဘက်ထိပ်တွင် ငါးမျှားချိတ်သုံးလေးခုနှင့် လေးပင်ရန် ခဲတုံးတစ်တုံးကို ချည်နှောင်ထားသည်။ ငါးမျှားချိတ်နှင့် မချည်ထားသော ကြိုးစကို ပတ်ကြားအက်ထဲသို့ တဖြည်းဖြည်းလျှောချကာ ကြိုးစားနေသည်။ ဟင်းဒရစ်သည် ကျောက်တုံးတစ်တုံး၏ အ၇ိပ်အောက်တွင် အေးအေး လူလူထိုင်ကာ ကြည့်နေသည်။ အားပေးခြင်း၊ ကူညီခြင်းမရှိ။ သူ့အဖို့ ငါးမရလျှင် ရေချိုးပြန်မည် ဆိုသလို စိန်မရပါက မင်းဖရက်အားဖမ်းပြီး အစိုးရလက်အပ်လိုက်လျှင် ဆုငွေပေါင် ၅၀၀၀ ရနိုင်မည် မဟုတ် ပါလား။

မင်းဖရက် ပတ်ကြားအက်ထဲသို့ ချကာ လှုပ်ရှားပေးနေသော ငါးမျှားချိတ်များက တစ်စုံတစ်ခု ကို သွားချိတ်မိပြီး ကြိုးစတင်းသွားသည်။ ထိုသို့ ချိတ်မိသည်ကို သိလိုက်သည်နှင့် မင်းဖရက်က ကြိုးစကို အပေါ်သို့ တဖြည်း ဖြည်းဆွဲတင်ကြည့်ရာ လေးပြီးပါလာသည်ကို သိရသည်။ ဆက်ပြီးဆွဲတင်သည်။ ကျောက်ပတ် ကြားအက်နံရံနှင့် တစ်စုံတစ်ရာခြစ်မိသံကိုလည်း ကြားရသည်။ တဖြည်းဖြည်းနှင့် ပတ်ကြားအက် ထဲ၌ အထုပ်တစ်ထုပ်ပုံသဏ္ဍာန်ကို လှမ်းမြင်ရသည်။ မင်းဖရက်ဆွဲတင်ရာ အိတ်က ဆွေးမြည့်နေသဖြင့် အပေါ် ရောက်သည်နှင့် ပေါက်ပြဲပြီး ဘေးသို့ စိန်များ လွင့်စဉ်ပြန့်ကျဲသွားသည်။
မင်းဖရက်က စိန်များကို လိုက်စုလိုက်သည်။ သူတို့ မူလက သဘောတူခဲ့သည့်အတိုင်း နှစ်ပုံအညီပုံလိုက် သည်။ မည်သူ ပထမကောက်ရမည်ကို ခေါင်းပန်းလှန်လိုက်ရာ ဟင်းဒရစ်က ပထမ ကောက်ခွင့် ရသွားသည်။ ဟင်းဒရစ်က နှစ်ပုံအနက် သူကြိုက်ရာတစ်ပုံကို ကောက်ယူလိုက်သည်။ မင်းဖရက်က ကျန်ရှိသော သူ့ဝေစုအပုံကို အသင့်ဆောင်လာသော ဆေးတံသောက်ဆေးအိတ်အလွတ်ထဲသို့ ထည့် လိုက်သည်။

" မင်းပြောတာ မှန်တယ်မာနီ၊ မင်းအပေါ်မှာ သံသယရှိတာ ငါမှားခဲ့တာပဲ "
ထိုညနေ တွင်ပင် သူတို့ မြစ်ကမ်းစပ်သို့ ရောက်သွားသည်။ မီးပုံဘေးတွင် နှစ်ယောက်သား အတူ ယှဉ်တွဲအိပ် ကြသည်။ မနက်လင်းသောအခါ ခရီးဆောင်အိပ်ရာလိပ်များကို ကိုယ်စီ သိမ်းဆည်းကြပြီး နှစ်ဦးသား မျက်နှာ ချင်းဆိုင်လိုက်ကြသည်။
" နှုတ်ဆက်ခဲ့ပါတယ် ဟင်းဒရစ်၊ တစ်နေ့တစ်ချိန်မှာ ကျွန်တော်တို့ ပြန်တွေ့ကောင်းတွေ့ကြမှာပါ "
" မင်းကို ငါပြောခဲ့သားပဲ မာနီ၊ ကန္တာရ တောကြီးထဲက အရှင်သခင်တွေက ငါတို့ကို အတူတကွ ပေါင်းစပ် ပေးထား တာပါ၊ ငါတို့ ပြန်တွေ့ကြလိမ့်မယ်လို့ ငါသေချာပေါက် ယုံနေတယ် "
" အဲဒီနေ့ကို ကျွန်တော် မျှော်နေပါမယ်ဗျာ "

" တို့ ပြန်တွေ့ကြတဲ့အခါ ကျရင်သာ၊ သားအဖသဘောတွေ့ကြမလား၊ ညီအစ်ကို သဘောတွေ့ကြမလား ရန်သူ သဘောတွေ့ကြမလားဆိုတာကတော့ အရှင်သခင်တွေက အဆုံးအဖြတ်ပေးပါလိမ့်မယ် "
ဟင်းဒရစ် က သူ့အထုပ်အပိုးကို ကောက်လွယ်ပြီး တောင်ဘက်စူးစူးသို့ တစ်ချိုးတည်းသွားတော့သည်။ နောက်ဘက် သို့ တစ်ချက်ပင်လှည့်မကြည့်ပါတော့ချေ။
မင်းဖရက် က သူ့ကို မျက်စိတစ်ဆုံးကြည့်နေလိုက်သည်။ ထို့နောက်မှ မြစ်ကမ်းပါးအတိုင်း အနောက်မြောက် ဘက်သို့ ဦးတည်ထွက်သွားသည်။ ထိုနေ့ညနေတွင် မင်းဖရက်သည် မြစ်ကမ်းစပ်မှ ရွာလေး တစ်ရွာသို့ ရောက်သွားသည်။ ထိုရွာမှ လူငယ်နှစ်ယောက်က သူ့အား မြစ်တစ်ဘက်ကမ်းရှိ ပေါ်တူဂီပိုင်နက် ထဲသို့ ပို့ပေးသည်။ ထို့နောက် တနင်္ဂနွေသုံးပတ်အကြာတွင် မင်းဖရက်သည် ပေါ်တူဂီပိုင် အင်ဂိုလာ နိုင်ငံမြို့တော် လူအန်ဒါသို့ ရောက်ရှိသွားသည်။ ဂျာမန်ကောင်စစ်ဝန်ရုံးသို့ တိုက်ရိုက် တန်းသွားပြီး သတင်းပို့လိုက်သည်။

မင်းဖရက်သည် ဂျာမန်နိုင်ငံဘာလင်မြို့မ လာမည့် အမိန့်ကို လူအန်ဒါမှနေ၍စောင့်နေသည်မှာ တနင်္ဂနွေ သုံးပတ်ကြာသည်။ မင်းဖရက်သည် သူ့အား ပေးအပ်ခဲ့သော တာဝန်ကိုကျေပွန်အောင် မဆောင် ရွက် နိုင်ခဲ့ပေ။ နာဇီဂျာမန်တို့အဖို့ လုပ်ငန်းအောင်မြင်ခြင်းသည် ခွင့်မလွှတ်နိုင်စရာပင်ဖြစ်သည်။
မင်းဖရက် သည် အငယ်ဆုံး စိန်ကလေးတစ်လုံးကို ထုတ်ရောင်း၍ စားသောက်နေထိုင်ကာ အပြစ်ဒဏ်ကို မျှော်လင့် နေသည်။ မနက်တိုင်း ဂျာမန်ကောင်စစ်ဝန်ရုံးနှင့် စစ်သံမှူးရုံးသို့ သွားရောက်သတင်းမေးသည်။
" ဘာအမိန့် မှ မလာသေးပါဘူး ဟာဒီလာရေး၊ စိတ်ရှည်ရှည်သာစောင့်ပါဗျာ" သူတို့က ဤမျှသာ ဖြေသည်။

နောက်ဆုံးတွင် သူ့အတွက် အမိန့်ရောက်လာသည်။ သူ့အား ဂျာမန်သံတမန်နိုင်ငံကူး လက်မှတ်ထုတ်ပေး သည်။ ပေါ်တူဂီကုန်တင်သင်္ဘောတစ်စီးဖြင့် ကနာရီကျွန်းအထိ လိုက်သွားသည်။ ထိုမှတစ်ဆင့် အရပ် ဘက် လေယာဉ်ဖြင့် စပိန်နိုင်ငံလစ္စဘွန်းမြို့သို့ ဆက်လက်သွားရောက်သည်။
လစ္စဘွန်းတွင်လည်း အမိန့်စောင့်နေရပြန်သည်။ ကိုယ့်ဘာသာနေရာရှာပြီး ငှားနေရင်း စောင့်ရသည်။ အမိန့် က လာမည့်ပုံပင်မရတော့။ ဗိုလ်မှူးကြီးဆစ်မန်းနှင့် ဇနီးသည် ဟိုင်ဒီတို့ထံ စာလှမ်းရေးသည်။ ထိုစာ များကို သံတမန်အိတ်ဖြင့် ဘာလင်သို့ ပို့လိုက်ကြောင်း သံမှူးကပြောသော်လည်း သူ့အဖို့ ပြန်စာလုံးဝ မရ ခဲ့ပေ။

မင်းဖရက်သည် နောက်ထပ် စိန်အသေး တစ်လုံးကို ထပ်ရောင်းလိုက်ပြီး တာဂတ်စ် မြစ်ကမ်းပေါ်ရှိ အဆောက်အအုံ ဟောင်းကြီးတစ်ခုမှ အခန်းကောင်းတစ်ခန်းကို ငှားနေလိုက်သည်။ စာဖတ်ခြင်း၊ စာရေးခြင်း၊ လေ့လာဆည်းပူးခြင်းတို့ဖြင့် အချိန်ဖြုန်းနေသည်။ တောင်အာဖရိကနိုင်ငံရေးသမိုင်းနှင့် မိမိ ကိုယ် ရေးရာဇ၀င်တို့ကို တစ်ပြိုင်တည်းရေးနေသည်။ ပုံနှိပ်ထုတ်ဝေရန်တော့ မရည်ရွယ်ပေ။ တစ်ချိန် တည်း မှာပင် ကျောင်းဆရာတစ်ဦးထံ၌ ပေါ်တူဂီစာနှင့် စကားကိုလည်း သင်လိုက်သေးသည်။ စာအုပ် အဟောင်းဆိုင် မှရသမျှ ဥပဒေစာအုပ်များကို ၀ယ်ပြီး ဂျာမန်၊ အင်္ဂလိပ်နှင့် ပေါ်တူဂီ သုံးဘာသာစလုံးဖြင့် လေ့လာ သည်။ ကိုယ်ခန္ဓာကြံ့ခိုင်သန်စွမ်းရေး အတွက်လည်း လက်ဝှေ့သမားတစ်ယောက်အလား လေ့ကျင့် နေသည်။

ကမ္ဘာစစ်အခြေအနေသည် အလှည့်အပြောင်း တစ်ရပ်ဖြစ်ကာ တစ်မျိုးပြောင်းသွားသည်။ အမေရိကန်က ဒုတိယ ကမ္ဘာစစ်ထဲသို့ ပါဝင်လာသည်။ ကောင်းကင်ပျံ ခံတပ်ကြီးများဟု တင်စားခေါ်ဝေါ်သည့် အမေရိကန် ဗုံးကြဲ လေယာဉ်များက ဂျာမနီမြို့ကြီးများကို ထောင်းထောင်းကြေအောင် ဗုံးကြဲချနေသည်။ ကိုလုံး မြို့ကြီး ပျက်စီးသွားသည့် ကြောက်စရာ သတင်းကို သတင်းစာထဲ၌ မင်းဖရက်ဖတ်လိုက်ရသည်။ ဟိုင်ဒီ ထံ စာတစ် စောင်ရေးလိုက်ပြန်သည်။ ပေါ်တူဂီရောက်မှ အကြိမ် (၁၀၀)မြောက်စာဖြစ်နိုင်သည်။

ထို့နောက် တနင်္ဂနွေ သုံးပတ်မြောက်တွင် မင်းဖရက်သည် ထုံးစံအတိုင်း ဂျာမန်ကောင်စစ်ဝန်နှင့် သွားတွေ့ သည်။ စစ်သံမှူးက သူ့အား စာတစ်စောင်ပေးလာသည်။ စာပေါ်မှ လက်ရေးမှာ ဟိုင်ဒီ့ လက်ရေး ဖြစ်ကြောင်း တွေ့လိုက်ရသဖြင့် သူအလွန်ပျော်သွားသည်။ ဟိုင်ဒီက စာထဲ၌ ရေးထားသည်။ မင်းဖရက်၏ ယခင် စာများကို လုံးဝမရခဲ့သဖြင့် မင်းဖရက်သေပြီဟု မှတ်ယူမိခဲ့သည်ဟုဆိုသည်။ ယခု မင်းဖရက် မသေကြောင်းသိရ၍ အလွန်အမင်း ၀မ်းသာမိကြောင်း ရေးသားထားသည်။ သူမနှင့်သားကလေး လိုသာ တို့တွဲရိုက်ထားသော ဓာတ်ပုံကိုလည်း စာနှင့်အတူ ထည့်ပေးလိုက်သည်။

ဓာတ်ပုံထဲမှ ဟိုင်ဒီသည် လွန်ခဲ့သော သုံးနှစ်က သူနောက်ဆုံးတွေ့ခဲ့ရချိန်ထက် နည်းနည်းပိုဝလာပြီး ပို၍ ခန့်ချော ချောလာသည်။ သားငယ်လိုသာလည်း အတော်ကလေး ကြီးလာပြီး ကျန်းမာသန်စွမ်းကာ ဆံပင် နုနုလေး များက ကောက်ကွေးကာ လှိုင်းထနေသည်။ မင်းဖရက်က ဟိုင်ဒီအား သားငယ်နှင့်အတူ လစ္စဘွန်း မြို့သို့ လိုက်လာနိုင်ရေးအတွက် အစွမ်းကုန်ကြိုးပမ်းရန် စာရေးလိုက်သည်။ မိမိစီးပွားရေး အခြေ အနေလည်း ကောင်းမွန်ကြောင်းရေးလိုက်သည်။ ဘာ့ကြောင့် ဟူ၍တော့ ဖော်မပြပေ။ သူတို့ မိသားစု သုံး ယောက်အတွက် သူ့တွင် အနာဂတ်အစီအစဉ်များရှိနေပြီဖြစ်ကြောင်း ရေးသားလိုက်သည်။

ဟိုင်ဒီသည် အိပ်ရာမှနိုးလာပြီး ဗုံးကြဲလေယာဉ်များ၏ အသံကို ကြားနေရသည်။ သူတို့ ဗုံးလာကြဲနေသည်မှာ သုံးညဆက်ရှိပြီးဖြစ်သည်။ ဘာလင်မြို့လယ်ကောင်လည်း ထောင်းထောင်းကြေ နေပြီ။ အော်ပရာဇာတ်ရုံကြီး နှင့် ဘူတာကြီးတို့လည်း ပျက်စီးနေညပီ။ ပြင်သစ်နှင့် ရုရှတွင် မဟာမိတ် တပ်များ အောင်ပွဲဆင်နေပုံအကြောင်း မင့်စ်မြို့တွင် ဂျာမန်တပ်သားတစ်သိန်းအား ရုရှတပ်များက ဖမ်းဆီး မိလိုက်ပုံ အကြောင်းမှန်တို့ကို ဟိုင်ဒီ က ၀ါဒဖြန့်ချိရေးဌာနမှတစ်ဆင့် သိထားရသည်။

သူမဘေးတွင် ဗိုလ်မှူးကြီး ဆစ်မန်းက အိပ်နေသည်။ သူ၏ ဟောင်သံများက သူမအဖို့ ဗုံးကြဲလေယာဉ်ပျံ အသံများ ထက်ပင် စိတ်အနှောင့်အယှက် ဖြစ်ရသေးသည်။ ဟစ်တလာကို လုပ်ကြံသတ်ဖြတ်ရန် ကြိုးစားခဲ့ ကြရာတွင် မအောင်မြင်ခဲ့ပေ။ ထိုကိစ္စ၌ ပါဝင်ခဲ့သူများ ဒုက္ခလှလှတွေ့ကြရပုံကို ဟိုင်ဒီ ရုပ်ရှင် ကား ကြည့်ထားရသည်။ ထိုသို့ ဒုက္ခရောက်ပြီး အသက်ဆုံးရှုံးခဲ့ရသူများထဲ၌ သူတို့အကြီးအကဲ ဗိုလ်ချုပ်ကြီး ဇိုလာလည်း ပါသည်။ ထို့ကြောင့် သူတို့အားလုံးကိုယ့်အတွက်ကိုယ် စိတ်ပူနေကြရသည်။

လုပ်ကြံမှု ကိစ္စ ပူးပေါင်းကြံစည်မှုတွင် ဗိုလ်မှူးကြီးဆစ်မန်းမပါကြောင်း ဟိုင်ဒီသိသည်။ သို့သော် သူသည် ပါဝင် သူများနှင့် လည်းကောင်း၊ ထိုအစီအစဉ်နှင့်လည်းကောင်း နီးစပ်သူဖြစ်၍ တစ်နွယ်ဝင် တစ်ပါသဘောမျိုးဖြစ်သွားနိုင်သည်။ ဟိုင်ဒီသည် ဆစ်မန်း၏ တိတ်တိတ်ပုန်းဇနီးဖြစ်နေရသည် မှာ တစ်နှစ်နီးပါး ရှိပြီး အကယ်၍ ဆစ်မန်း တစ်စုံတစ်ခု ဖြစ်သွားပါက မိမိတို့သားအမိအဖို့၊ အားကိုးရာမဲ့ ခိုကိုး ရာမဲ့ ဖြစ်ရတော့မည်။ အထူးခွဲတမ်းရသော အစားအသောက်များနှင့် ကင်းပြတ်ရပေတော့မည်။

ဗုံးကြဲလေယာဉ်များ ပြန်သွားပြီးနောက် တိတ်ဆိတ်ငြိမ်သက်သွားချိန်တွင် ဟိုင်ဒီသည် မင်းဖရက်စာများ အကြောင်း ကို စဉ်းစားနေမိသည်။ တကယ်တော့ ထိုစာများကို သူမ တစ်စောင်မှ မပြန်ခဲ့ပေ။ မင်းဖရက် လစ္စဘွန်း ၌ ရှိနေသည်။ ပေါ်တူဂီသို့ ဗုံးမကြဲပါချေ။
နောက်တစ်နေ့နံနက်စာ စားချိန်တွင် ဟိုင်ဒီက ဆစ်မန်းအား ထိုအကြောင်းများပြောပြသည်။
" တကယ်တော့ ကျွန်မထည့်စဉ်းစားနေရတာက လိုသာလေးအတွက်ပါရှင် " သူမက ရှင်းပြသည်။
ဆစ်မန်း ကလည်း သူတို့သားအမိ ရှေ့ရေးကို ဦးစားပေးစဉ်းစားလာသည်။ ထိုနေ့ မွန်းလွဲပိုင်းတွင်ပင် ဟိုင်ဒီ သည် လစ္စဘွန်းရှီ ဂျာမန်ကောင်စစ်ဝန်မှတစ်ဆင့် မင်းဖရက်ထံ စာတစ်စောင်နှင့် သူတို့သားအမိ ဓာတ်ပုံ ကို ပို့လိုက်သည်။

ဗိုလ်မှူးကြီး ဆစ်မန်းကလည်း မဆိုင်းမတွ လှုပ်ရှားလိုက်သည်။ သူ့တွင်ရှိနေသော သြဇာအာဏာ အရှိန်အ၀ါ ဖြင့် ဟိုင်ဒီတို့သားအမိအတွက် ခရီးသွားလက်မှတ်ရအောင် လုပ်ပေးလိုက်သည်။ သူတို့သားအမိ ကို တင်ပယ်ဖော့ဖ်လေဆိပ်သို့ သူ၏မာစီးဒီးကားနက်ကြီးဖြင့် လိုက်ပို့သည်။ နောက်ဆုံး ခွဲခွာ အနမ်းဖြင့် ဟိုင်ဒီ အား နှုတ်ဆက်လိုက်သည်။
နောက်သုံးရက် အကြာတွင် ဗိုလ်မှူးကြီး ဆစ်မန်းအား သူ့အိမ်၌ပင် လာဖမ်းသွားသည်။ နောက်တစ်ပတ် အကြာ တွင် သူ့အား ဂတ်စတာပိုဌာနချုပ်၌ စစ်ဆေးမေးမြန်းရင်းနှင့်ပင် သေဆုံးသွားသည်။ သေသည် အထိ သူက အပြစ်မဲ့ကြောင်း ခုခံကာကွယ်သွားသည်။

ပေါ်တူဂီ ကုန်တင်သင်္ဘောကြီးက တေဘယ်ပင်လယ်ကွေ့ထဲသို့ မောင်းဝင်သွားနေသည်။ မင်းဖရက်နှင့် ဟိုင်ဒီ တို့ နှစ်ယောက်ကြား၌ သူတို့ လက်နှစ်ဖက်ကိုဆွဲကိုင်ကာ အားဖရိကတိုက်ကြီးအား ပထမဆုံး အကြိမ် မြင်ဖူးသော လိုသာဒီလာရေးကလေးသည် ပျော်ရွှင်မြူးထူးနေသည်။
ဟဒုတိယကမ္ဘာစစ်ကြီး ပြီးဆုံးသွားသည်မှာ နှစ်နှစ်ရှိသွားပြီဖြစ်သည်။ သို့သော် မင်းဖရက်သည် သူ့ မိသားစု ကို တောင်အာဖရိကသို့ ခေါ်မသွားမီ ကြိုတင်ပြင်ဆင်မှုများ စေ့စေ့စပ်စပ်လုပ်ခဲ့သည်။ စစ်အပြီး အတွင် အကျဉ်းစခန်းမှ လွတ်မြောက်လာခဲ့သော ဦးလေးသရွန့် ထံ ပထမဆုံး စာရေးသည်။ ဦးလေးထံမှ မိသားစု အကြောင်းများနှင့် နိုင်ငံရေးသတင်းများကို သိရသည်။ အဒေါ်ထရူဒီမှာ ကျန်းကျန်းမာမာရှိနေပြီ။ သမီးနှစ်ယောက် က အိမ်ထောင်ကျနေကြပြီဖြစ်သည်။

စတင်ဒါလည်း ဦးလေးသရွန့်နှင့်တစ်ချိန်တည်းတွင်ပင် လွတ်ပြီး သူ၏တက္ကသိုလ်၌ အလုပ်ပြန်ဝင်နေပြီဖြစ် သည်။ သူနှင့် ဆာရာ တို့မှာ ကျန်းကျန်းမာမာ ပျော်ပျော်ရွှင်ရွှင်ရှိကြပီးနောက်ထပ် ကလေးတစ်ယောက် ပင် ရတော့မည်ဖြစ်သည်။
နိုင်ငံရေး သတင်းများက မင်းဖရက်အတွက် အလားအလာကောင်းနေသည်။ အိုဘီနှင့် အခြားစစ်ပုံစံ အသင်း အဖွဲ့များ ပျက်သုဉ်းသွားပြီဖြစ်သော်လည်း ထိုအဖွဲ့များမှ အဖွဲ့ဝင်များသည် ဒေါက်တာဒယ်နီရယ်မာလန် ၏ အမျိုးသားရေးပါတီသို့ ၀င်ကြသောအခါ ထိုပါတီ ပြန်လည် အားကောင်း လာသည်။ အာဖရိကဖွား လူဖြူများ၏ စည်းလုံးညီညွတ်မှုသည် အမျိုးသားရေးပါတီ၌ မဏ္ဍိုင်ပြုပြီး အသိပ်သည်း အခိုင်မာလုံးအနေ အထားကို ရောက်နေသည်။

ဝန်ကြီးချုပ် စမတ်၏ ယူနိုက်တက်ပါတီမှာ အကျဘက်ရောက်နေသည်။ တောင်အာဖရိကနိုင်ငံ အကျိုးစီးပွား ထက် ဗြိတိသျှ ဓနသဟာယ အကျိုးစီးပွားကို ရှေ့တန်းပိုတင်သဖြင့် ကျဆင်းလာရခြင်းဖြစ် သည်။
စမတ် အဖို့ ပိုဆိုးသွားသည်မှာ ဗြိတိသျှ တော်ဝင်မိသားစုအား တောင်အာဖရိကသို့ ဖိတ်ကြားလိုက်သော နိုင်ငံရေး ကျားကွက်အရွှေ့မှားသွားမှုပင်ဖြစ်သည်။ တောင်အာဖရိက ပါလီမန်၌ တော်ဝင်မိသားစုက မိန့်ခွန်း ပြောသောအခါ ဒေါက်တာမာလန်နှင့် သူ၏ အမျိုးသားရေးပါတီမှ အမတ်များက ဆန့်ကျင် ကန့်ကွက်သော အားဖြင့် ပါလီမန် အစည်းအဝေးသို့ မတက်ကြပေ။
" မာနီ … မင်းပြန်လာခဲ့ပါ၊ မင်းလိုလူမျိုး၊ ငါတို့အများကြီး လိုအပ်နေတယ် " ဦးလေးသရွန့်က သူ့စာကို ဤသို့ နိဂုံးချုပ်ထားသည်။

သို့သော် မင်းဖရက်က ချက်ချင်းမလှုပ်ရှားသေးပေ။ ပထမဆုံး ဦးလေးသရွန့်ဆီသို့ စာပြန်ရေးသည်။ သူ၏ အတိတ် က နာမည်ဝှက် "ဓားဖြူ " ကိစ္စနှင့်ပတ်သက်၍ မည်သို့ အခြေအနေရှိနေသေးသနည်းဟု စုံစမ်းတီး ခေါက်လိုက်သည်။ အချိန်အတန်ကြာပြီးမှ ပြန်စာရောက်လာသည်။ ဤကိစ္စနှင့်ပတ်သက်၍ မည်သူ မှ စိတ်မ၀င်စားတော့။ မသိတော့ဟုဆိုသည်။ ပျောက်ဆုံးနေသော ဓားဖြူနှင့်ပတ်သက်၍ ရဲတွင် ဖိုင်တွဲရှိသေး သော်လည်း မည်သူကမှ မစုံစမ်းမကိုင်တွယ်တော့။ ဓားဖြူ ဘယ်ရောက်နေသည်ကိုလည်း ဘယ်သူ မှ မသိ တော့။ ဓားဖြူ မည်သူမည်ဝါ ဆိုသည်ကိုလည်း ဘယ်သူမှမသိ၊ နောင်လည်း သိဖို့ အကြောင်း မရှိတော့ဟု ဦးလေးသရွန့်က စာပြန်လာသည်။

မင်းဖရက်သည် ဟိုင်ဒီနှင့်သားကို လစ္စဘွန်းတွင် ထားခဲ့ပြီး ဇူးရစ်သို့ တစ်ယောက်တည်း ရထားနှင့်သွား သည်။ သူ့တွင် ကျန်သမျှစိန်အားလုံးကို ဇူးရစ်၌ ရောင်းလိုက်သည်။ စစ်ပြီးကာလ ဈေးနှုန်းများ ပြန်တက်လာ ရာ ဆွစ်ဇာလန်ရှိ ခရစ်ဒစ်ဆွစ်တွင် ပေါင်နှစ်သိန်းနီးပါးကို နံပါတ်ဖြင့် စာရင်းဖွင့် အပ်နှံ နိုင်ခဲ့သည်။

ကိပ်တောင်းမြို့ ရှိ သူတို့မိသားစု ရောက်သွားသောအခါ ခပ်အေးအေးပင် ကုန်းပေါ်တက်သွားသည်။ သူသည် အကယ်၍ လူသိရှင်ကြား နာမည်ကြီးလိုပါက အိုလံပစ် ရွှေတံဆိပ်ရှင် တစ်ယောက်အနေဖြင့် လုပ်၍ ရနိုင်သည်။ သို့သော် သူက မလုပ်။ မိတ်ဆွေဟောင်းများ၊ အိုဘီအဖွဲ့ဝင်ဟောင်းများ၊ နိုင်ငံရေး မဟာမိတ် များကိုသာ သွားရောက်တွေ့ဆုံ နှုတ်ဆက်သည်။
နောက်ဆုံးတွင် " ဘာဂါ" သတင်းစာက သူ့အား လာရောက်တွေ့ဆုံမေးမြန်းကာ သတင်းရေးသည်။ မင်းဖရက် က စစ်ကာလတွင် ကြားနေနိုင်ငံပေါ်တူဂီ၌ မိမိရှိနေခဲ့ကြောင်း။ မည်သည့်ဘက်မှ ၀င်မတိုက် လို၍ ဖြစ်ကြောင်း။ ယခုမိမိမွေးရပ်မြေသို့ ပြန်လာခြင်းမှာ အာဖရိကဖွား လူဖြူများ၏ မျှော်မှန်းချက် နှင့်အညီ နိုင်ငံရေး တိုးတက်ပြောင်းလဲမှုအတွက် တတ်နိုင်စွမ်းသမျှ ဖြည့်ဆည်းပေးရန်အတွက်ဖြစ်ကြောင်း ပြောကြား သည်။ အာဖရိက လူဖြူတို့၏ မျှော်မှန်းချက်မှာ ပြည်ပမှလွှမ်းမိုးချုပ်ကိုင်မှုကင်းသော တောင်အာဖရိက သမ္မတ နိုင်ငံရေးပင်ဖြစ်သည်။

မင်းဖရက်က အများကြိုက် အမှန်စကားတွေချည်းပြောသည်။ အားကစားကို တန်ဖိုးထားသော နိုင်ငံ၌ သူက အိုလံပစ်ရွှေတံဆိပ်ရှင်ဖြစ်သည်။ ကိုယ်ခန္ဓာကြံ့ခိုင်ပြီး ရုပ်ရည်ချောမောကာ ဥာဏ်ပညာ လည်း ရှိသည်။ ဇနီးချော နှင့် သားချောလည်းရှိသည်။ အဆင့်မြင့်နေရာများတွင်လည်း သူ့မိတ်ဆွေများရှိသေးရာ သူ့အဖို့ နေ့စဉ် မိတ်သစ်များတိုးလာနေသည်။
စတယ်လင်သို့ခ်ျမြို့မှ ကြီးပွားနေသော ရှေ့နေလုပ်ငန်းတစ်ခုတွင် မင်းဖရက်က အစုစပ်ဝယ်ယူပါဝင်လိုက် သည်။ သူ၏အခြားအစုစပ်မှာ ဗန်စကူးဟု နာမည်ရသော ရှေ့နေတစ်ဦးဖြစ်သည်။ သူသည် နိုင်ငံရေး၌ တက်တက်ကြွကြွရှိပြီး အမျိုးသားရေးပါတီ၌ ထင်ရှားသူတစ်ဦးဖြစ်သည်။ သူ၏ ထောက်ခံ အဆိုပြုမှုဖြင့်ပင် မင်းဖရက်သည် အမျိုးသားရေးပါတီသို့ ၀င်လိုက်သည်။ သူသည် ပါတီ၏ စည်းရုံးရေးမှူး ကောင်း တစ်ဦး နှင့် ရန်ပုံငွေအရှာဖွေကောင်းသူတစ်ဦးဖြစ်လာသည်။

မင်းဖရက်အဖို့ အမျိုးသားရေးပါတီ၌ တက်တက်ကြွကြွပါဝင် လုပ်ဆောင်ခဲ့သည့်အတွက် အကျိုးရလဒ်မှာ မကြာခင် ပင်ရရှိလာသည်။ ၁၉၄၈ ခုနှစ်၊ အထွေထွေရွေးကောက်ပွဲအတွက် အမတ်လောင်းစာရင်းခေါ်ယူ သည့် အချိန်တွင် မင်းဖရက်ဒီလာရေးအား သူ၏ အမျိုးသားရေးပါတီက ဟော်တင်တော့တော်လန် မဲဆန္ဒနယ် အတွက် အမတ်လောင်းအဖြစ် သတ်မှတ်ကာ စာရင်းသွင်းလိုက်သည်။

ထိုမဲဆန္ဒနယ်တွင် လွန်ခဲ့သောနှစ်နှစ်က ကြားဖြတ် ရွေးကောက်ပွဲပြုလုပ်ခဲ့ရာ ဒုတိယကမ္ဘာစစ်ပြန် သူရဲ ကောင်းတစ်ဦး ပင် ရှာဆာကုတ်နေသည် ၀န်ကြီးချုပ် စမတ်ပါတီမှ ၀င်ရောက်ယှဉ်ပြိုင် အနိုင်ရထားသည်။ ယခုလည်း ရှာဆာသည် လက်ရှိအမတ်အဖြစ် ထိုမဲဆန္ဒနယ်၌ပင် စာရင်းသွင်းထားရာ ရှာဆာနှင့် မင်းဖရက် တို့ ထိပ်တိုက်ယှဉ်ပြိုင် မဲရွေးကြရတော့မည်ဖြစ်သည်။
ပါတီက မင်းဖရက် အား ပို၍စိတ်ချရသော အခြား မဲဆန္ဒနယ်၌ ပါဝင်အရွေးခံရန် အကြံပေးသေးသည်။ သို့သော် မင်းဖရက်က ရှာဆာနှင့် ထိပ်တိုက်ရင်ဆိုင်ရန် တမင်သက်သက်ရွေးချယ်လိုက်ခြင်းဖြစ်သည်။ ဝေါဗစ်ပင်လယ်ကွေ့ ငါးသင်္ဘောဆိပ်၌ သူတို့နှစ်ယောက် ပထမဆုံးအကြိမ် တွေ့ခဲ့ရပုံကို မင်းဖရက် ယနေ့ အထိ မမေ့သေးပေ။

မင်းဖရက်သည် ရွေးကောက်ပွဲ မဲဆွယ်ရေးအတွက် ကြိုဆိုပြင်ဆင်မှု အနေဖြင့်လည်းကောင်း၊ ငြိုးသူ ရန်ဘက် ရှာဆာအား အပိုင်ဖြတ်နိုင်ရေးအတွက်လည်းကောင်း ကုတ်နေမိသားစု၏ နောက်ကြောင်း ရာဇ၀င် ကို ပြန်လည်စုံစမ်းတော့သည်။ အထူးသဖြင့် ရှာဆာနှင့် သူ၏ မိခင်စင်တိန်ဒီသီရီကုတ်နေတို့ အကြောင်းကို အသေးစိတ်ပြန်လိုက်တော့သည်။ နောက်ဆုံးတွင် စင်တိန်၏ မိသားစုနောက်ကြောင်းနှင့် သူမ၏ ဘ၀အစုံစုံကို ပြင်သစ်မှ အလွတ်စုံထောက်အဖွဲ့ တစ်ဖွဲ့အား တာဝန်ပေးငှားရမ်းခိုင်းစေလိုက်သည်။

မင်းဖရက်သည် ပရီတိုးရီးယား ဗဟိုထောင်ရှိ ဖခင်ထံသို့ တစ်လတစ်ခေါက် သွားတွေ့သည်။ ထိုသို့ တွေ့ရင်း စင်တိန်တို့ မိသားစုအကြောင်း သိသမျှ ပြောပါရန် တောင်းပန်သည်။
မဲဆွယ်ပွဲများ စတင်ချိန်တွင် မင်းဖရက်သည် သူ၏ စုံစမ်းထောက်လှမ်းမှုများမှ အရေးကြီးသော အချက်များ သိရကာ အသာစီးရနေပြီကို သိလိုက်သည်။ ထို့ကြောင့် မဲရွေးပွဲသို့ ကိုယ်ရောစိတ်ပါ အားသွန်ခွန်စိုက် တာစူ လိုက်တော့သည်။

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

Saturday, January 21, 2012

ဝင်းဖေဝင်း ဘာသာပြန် စိန်မင်းသမီး အဆက် အပြိုင်အဆိုင်အနိုင်, အပိုင်း (၅၈)

(၅၈)

မင်းဖရက် ဒီလာရေးသည် ကားကို လက်တစ်ဖက်တည်းဖြင့် မောင်းနေရာမှ လမ်းဘေးသို့ ကားကို ထိုးဆင်း လိုက်သည်။ ကားစက်ကိုလည်းမသတ်၊ ကားပေါ်မှလည်း မဆင်းဘဲ အင်္ကျီရင်ဘတ်ကြယ်သီး များ ကို ဖြုတ် လိုက်သည်။
ကျည်ဆန် သည် အရှေ့ဘက်ချိုင်းအောက်လောက်မှ ဖောက်ဝင်ပြီး အပေါ်သို့ ထောင်တက်သွားသည်။ သို့ သော် ကျည်ဆန်ထွက်သွားသော အပေါက်မရှိကြောင်း စမ်းသပ်သိရှိလိုက်သည်။ ကျည်ဆန်က အသားထဲ တွင် မြုပ်ဝင် နေသည်။ ပခုံးဘက်ကို စမ်းကြည့်လိုက်ရာ ဖူးရောင်ကိုင်းနေသည်။ ထိလိုက်သည်နှင့် နာပြီး အော်မိ မလိုပင်ဖြစ်သွား၍ မနည်းသတိထားလိုက်ရသည်။

ကျည်ဆန်မှာ အရေပြား အောက်လောက်၌ပင် ရှိနေပုံရသည်။ ရင်ဘတ်အထဲပိုင်းထဲသို့ တိုးဝင်သွားပုံမရ။ ကျည်ဆန် ၀င်သွားသောဒဏ်ရာပေါ်မှနေ၍ လက်ကိုင်ပ၀ါကို အုပ်လိုက်ပြီး အင်္ကျီကြယ်သီးကို ပြန် တပ်လိုက် သည်။ လက်ပတ်နာရီကို ကြည့်လိုက်သည်။ အချိန်မှာ ၁၁ နာရီထိုးရန် နှစ်မိနစ် သုံးမိနစ်သာလိုတော့သည်။ မိမိအမျိုးတူလူများအား လွတ်မြောက်မှုကို ဖန်တီးပေးမည့် သေနတ်ပစ်ချက် ပစ်ခတ်ခဲ့ သည်မှာ ၂၃ မိနစ်သာ ရှိသေးသည်။

ဒဏ်ရာ၏ ဝေဒနာကို အောင်မြင်မှုပီတိက လွှမ်းဖုံးသွားသည်။ ကားကို လမ်းမပေါ်သို့ ပြန်မောင်းတင်ပြီး ဆက်မောင်း လာသည်။ မီးရထားဝင်း ဂိတ်ပေါက်သို့ ရောက်သောအခါ အစောင့်အား ၀င်ထွက်ခွင့် လက်မှတ် ပြလိုက်ပြီး ၀င်းအတွင်းသို့ မောင်းဝင်သွားသည်။ အားလပ်ချိန်ရသော မီးသတ်သမားများနှင့် ရထား စက်ခေါင်းမောင်းသမားများ၏ နားနေခန်းအပြင်ဘက်တွင် သူ၏မောရစ် ကားကလေးကို ရပ်လိုက် သည်။
သေနတ်ကို မော်တော်ကားထိုင်ခုံအောက်တွင်ပင် ထားခဲ့သည်။ မော်တော်ကားနှင့် သေနတ်ကို သူတို့ အဖွဲ့သား များကပင် ဖျောက်ဖျက်ပစ်လိုက်လိမ့်မည်ဖြစ်သည်။ နားနေခန်း၏ နောက်ဖေးဘက် အခန်းထဲ သို့ မင်းဖရက် ခပ်သုတ်သုတ်ဝင်သွားသောအခါ သူတို့က အတွင်းမှ စောင့်နေကြသည်။

မင်းဖရက် အင်္ကျီပေါ်မှ သွေးစသွေးနများကို မြင်သောအခါ စတင်ဒါ အထိတ်တလန့်ဖြင့် ထိုင်ရာမှ ခုန်ထ လိုက်သည်။
" ဘာဖြစ်လာလဲ … အဆင်ပြေရဲ့လား " စတင်ဒါက မေးလိုက်သည်။
" စမတ်တော့ သေပြီ "
မင်းဖရက် က ၀မ်းသာအားရပြောလိုက်ရာ ကျန်လူများကိုပါ သူ၏၀မ်းသာပျော်ရွှင်မှု ကူးစက်သွားသည်။ သို့သော် သူတို့ ငြိမ်သက်စွာပင် ရပ်နေကြရာမှ စတင်ဒါက မေးလိုက်သည်။
" မင်း ဒဏ်ရာရလာတယ်မဟုတ်လား "

သူတို့အထဲမှ တစ်ယောက်က အပြင်သို့ ထွက်သွားပြီး မောရစ်ကားကို မောင်းယူသွားသည်။ စတင်ဒါက မင်းဖရက် ၏ ပေကျံနေသော အင်္ကျီကို ကူပြီးချွတ်ပေးသည်။ ဒဏ်ရာတွင် သွေးအနည်းငယ်သာ ထွက်တော့ သည်။ သို့သော် ဖူးရောင်ကိုင်းနေသည်။ စတင်ဒါသည် မီးရထားဌာန၏ ရှေးဦးသူနာပြု ပုံးထဲမျ ပစ္စည်း များ ကိုထုတ်ယူကာ မင်းဖရက်ဒဏ်ရာအား ဆေးကြောသန့်စင်ပြီး ပတ်တီးစည်းပေးသည်။
မင်းဖရက် ဘယ်လက်မှာလှုပ်ရှားမရတော့ပေ။ ထို့ကြောင့် စတင်ဒါကပင် မင်းဖရက်အား မုတ်ဆိတ်မွေး။ ပါးမြိုင်းမွှေး များရိတ်ပေးသည်။ မုတ်ဆိတ်ပါးမြိုင်းမွေးများရှင်းသွားသောအခါ မင်းဖရက်မှာ ပိုငယ် ပိုချောပြီး ပိုကြည့်ကောင်းသွားသည်။ သို့သော် ဒဏ်ရာက သွေးထွက်ခြင်းနှင့် အားနည်းခြင်းတို့ကြောင့် သူ့မျက်နှာ မှာ ဖြူဖပ်ဖြူရော်ဖြစ်နေသည်။ စတင်ဒါက မင်းဖရက်အား အပေါ်အောက်ဝတ်စုံပြာ အသစ်ကို လဲပေးပြီး၊ မီးသတ်သမားဦးထုပ်ကို ဆောင်းပေးလိုက်သည်။

" ငါတို့ မကြာခင် ပြန်တွေ့ကြတာပေါ့ကွာ။ မင်းနဲ့သူငယ်ချင်းဖြစ်ရတဲ့အတွက် ငါဂဏ်ယူတယ်၊ အခုအချိန် ကစပြီး မင်းရဲ့ဘ၀တစ်သက်တာမှာ အောင်မြင်မှုတွေ ထွန်းတောက်ရွှန်းပနေတော့မှာပါကွာ " စတင်ဒါက အားရပါးရ ပြောလိုက်သည်။
" ကဲ သွားကြစို့ "
ရထားစက်ခေါင်းမောင်းသမားက ရှေ့တိုးလာပြီးပြောလိုက်သည်။ မင်းဖရက်နှင့်စတင်ဒါ လက်ဆွဲ နှုတ်ဆက် လိုက်သည်။ ထို့နောက် အခန်းထဲမှ ထွက်သွားသော စက်ခေါင်းမောင်းသမား နောက်သို့ မင်းဖရက် လိုက်သွားသည်။ ရထားခေါင်းတွဲတစ်တွဲဆီသို့ ရောက်သွားသည်။ မကြာခင်ပင် ရထား ထွက်သွား သည်။
ဝေါဆက်စတာဘူတာရောက်သောအခါ သူတို့၏ ကုန်ရထားကို ရဲကရပ်ခိုင်းပြီး ရှာဖွေသည်။ ကုန်တွဲ အားလုံး ကိုဖွင့်ခိုင်းပြီးရှာသည်။ ရဲတစ်ယောက်က ခေါင်းတွဲပေါ် တက်လာပြီးရှာသည်။
" ဘာဖြစ်လို့လဲဗျ " စက်ခေါင်းမောင်းသမားက မေးလိုက်သည်။

" လူသတ်မှုဖြစ်လို့၊ ဒီနေ့မနက် ကေဘယ်တောင်ကုန်းပေါ်မှာ လူကြီးကြီးတစ်ယောက် သေနတ်နဲ့ ပစ်သတ် ခံလိုက် ရတယ်၊ လူသတ်သမားရဲ့ ပုံပန်းသဏ္ဍာန်ကို ရထားလိုက်သည်။ လမ်းအားလုံးမှာ ရဲတွေစောင့်ပြီး ပိတ်ရှာနေတာ၊ မော်တော်ကား၊ သင်္ဘော၊ ရထား အားလုံးရှာနေတာ "
" ဘယ်သူအသတ်ခံရလို့လဲဗျ "
မင်းဖရက် က မေးလိုက်ရာ ရဲသားကပြန်ဖြေသည်။
" ဒါတော့ မတွေ့ဘူးမိတ်ဆွေ၊ အရေးပါတဲ့ပုဂ္ဂိုလ်တစ်ဦးဦးဖြစ်တယ်ဆိုတာလောက်ပဲသိတယ် "
ရဲသား ခေါင်းတွဲပေါ်မှ ဆင်းသွားပြီး မကြာခင်မှာပင် ရထားဆက်ထွက်ခွင့်ရသွားသည်။

သလွန်ဖောင်တိန်ဘူတာသို့ ရထားဆိုက်ချိန်တွင် မင်းဖရက်ဒဏ်ရာမှာ အလွန်အမင်း ရောင်ကိုင်းပြီး မခံသာ လောက်အောင် ဖြစ်နေသည်။ ခေါင်းတွဲထောင့်တစ်ထောင့်တွင်ထိုင်ပြီး ညည်းတွားနေသည်။ သတိ မေ့လု မြောပါးဖြစ်နေသည်။
စတင်ဒါက တယ်လီဖုန်း ကြိုဆက်ထားရာ သူတို့အဖွဲ့သားများက ဘူတာသို့ လာစောင့်နေပြီး မင်းဖရက် အား လျှို့ဝှက်ခေါ်ထုတ်သွားသည်။
" ကျွန်တော်တို့ ဘယ်သွားမှာလဲ " မင်းဖရက်က မေးသည်။
" ဆရာဝန်ဆီသွားမယ် " သူတို့က ပြန်ဖြေသည်။

မင်းဖရက်သည် မေ့ဆေးအနံ့ကို ရလိုက်ပြီးနောက် ဘာမှ မသိတော့။ သူပြန်သတိရလာသောအခါ အခန်း တစ်ခန်း ထဲမှ ခုတင်ပေါ်ရောက်နေသည်။ အခန်းထဲသို့ နေရောင်ဖြာကျနေသည်။ အခန်းက ဘုရားရှိခိုး ကျောင်းထဲမှ အခန်းတစ်ခန်းနှင့်တူသည်။ ဒဏ်ရာကို ပခုံးမှနေ၍ ပတ်တီးဖြင့် စည်းထားသည်။
ပြတင်းပေါက်ဘေးတွင် ကုလားထိုင်တစ်လုံးဖြင့် လူ တစ်ယောက်ထိုင်နေသည်။ မင်းဖရက် သတိရလာမှန်း သိသော အခါ ထိုသူက မင်းဖရက်ထံလျှောက်လာပြီးမေးသည်။
" ဘယ်လိုနေသလဲ "
" သိပ်မဆိုးပါဘူး နေသာပါတယ်၊ ဟိုကိစ္စဖြစ်ပြီလား … ပုန်ကန်ထကြွကြပြီလား၊ ကျွန်တော်တို့လူတွေ အာဏာ ရပြီလား"
မင်းဖရက်စကားကြောင့် ထိုလူအံ့အားသင့်သည်။ မင်းဖရက်အား ပြန်မေးလိုက်သည်။

" ခင်ဗျား ဘာမှမသိဘူးလား "
" ကျွန်တော် သိတာကတော့ ကျွန်တော်တို့ အောင်မြင်တယ် "
မင်းဖရက် စကားမဆုံးမီမှာပင် ထိုသူက သတင်းစာ တစ်စောင်ကိုယူပြီး ခုတင်ပေါ် တင်ပေးလိုက်သည်။ သတင်းစာ မျက်နှာဖုံးမှ ခေါင်းစီးစာလုံး အမည်ကြီးများကို မင်းဖရက်ဖတ်နေစဉ် ထိုသူက ဘေးမှရပ်စောင့် နေသည်။
ဘေဘယ်တောင်ကုန်း ပေါ်၌ လုပ်ကြံမှုဖြစ်ပွားထင်ရှားသော သမိုင်းပညာရှင်အား အိုဘီအဖွဲ့က လုပ်ကြံလူ ၆၀၀ ကို ဖမ်းဆီးထိန်းသိမ်းရန် စမတ်အမိန့်ထုတ်
သတင်းစာ ခေါင်းစည်းများကို စိုက်ကြည့်ရင်း မင်းဖရက်နားမလည်နိုင်အောင် ဖြစ်နေသည်။ ဘေးမှရပ်နေ သူက ပြောလိုက်သည်။

" ခင်ဗျား သတ်တာ လူမှားနေတယ်၊ စမတ်အဖို့ ကျွန်တော်တို့ လူတွေကို ဖမ်းဖို့ အကြောင်းပြချက် ရသွား တာပေါ့၊ အခု ကျွန်တော်တို့ ခေါင်းဆောင်တွေအားလုံး အဖမ်းခံလိုက်ရပြီး ခင်ဗျားကို သူတို့ လိုက်ရှာနေတယ်၊ တစ်နိုင်ငံလုံး ပိုက်စိတ်တိုက် လိုက်ရှာနေကြပြီ၊ ခင်ဗျား ဒီမှာ ကြာကြာနေလို့မဖြစ် ဘူး၊ ရဲတွေ ဒီကို အချိန်မရွေးရောက်လာနိုင်တယ် "
မင်းဖရက်အား ကုန်တင်ကားတစ်စီး နောက်ခန်းတွင် ဖုံးကွယ်ထည့်သွင်းပြီး တစ်ဆင့် လက်ပြောင်း ပေးလိုက် သည်။ ခေါင်းဆောင်များနှင့် လူအတော်များများကို ဖမ်းလိုက်သဖြင့် အိုဘီအဖွဲ့လည်း ပျက်စီးပြိုကွဲ သွားသည်။ အဖမ်းမခံရသေးဘဲ ကျန်နေသူများကလည်း လွတ်ရာလွတ်ကြောင်း ပြေးလွှား ပုန်းအောင်းနေကြ သည်။ မင်းဖရက်အား မည်သူကမျှ ကြာကြာလက်ခံမထားလို၊ ဆင့်ကဲဆင့်ကဲ လက်ပြောင်း ပေးလိုက်ကြ သည်။ မင်းဖရက်သည် သူရဲကောင်းဖြစ်မလာဘဲ အန္တရာယ်ကြီးနှင့်သာ ရင်ဆိုင် ရတော့သည်။

အစိုးရက ဖမ်းဆီးထိန်းသိမ်းခံရသူများ စာရင်းထဲ၌ မင်းဖရက်သိသူအများကြီးပါနေသည်။ စတင်ဒါနှင့် ဦးလေးသရွန့် တို့ကို ဖမ်းဆီးခံရသူ စာရင်းထဲ၌ တွေ့ရသည်။ ဆာရာ၊ အန်တီ ထရူဒီနှင့် သမီးလေး နှစ်ယောက် ဘယ်လိုနေ၍ ဘယ်လိုစားကြမှာပါလိမ့်ဟု မင်းဖရက် တွေးပူမိသည်။
မင်းဖရက် သည် ဂျိုဟန်နက်စဘက်မြို့ရောက်အောင် ရှစ်ရက်ကြာမျှ ပုန်းလျှိုးကွယ်လျှိုးသွားရသည်။ ထိုမှ တစ်ဆင့် ၀စ်ဝါတာစထရင်းမြို့သို့ ရောက်သွားသည်။ သူ့အနာကလည်း ကျက်သွားပြီး အားအင်လည်း ပြန်လည်ပြည့်ဖြိုး လာသည်။ သူ့တွင် လိပ်စာတစ်ခုပါလာသည်။ ဤနိုင်ငံတွင် သူတို့ အဖွဲ့သားများနှင့် နောက်ဆုံး ဆက်သွယ်ရမည့် လိပ်စာဖြစ်သည်။ ထိုလိပ်စာပါသော ကားလမ်းအတိုင်း ဘတ်စ်ကားနှင့်သွား သည်။ အိမ်နံပါတ်က (၃၆)ဖြစ်သည်။ ထိုအိမ်ကို ကားပေါ်မှ ရှာတွေ့ပြီးမှ နောက်တစ်မှတ်တိုင်တွင် ဆင်း မည်ဟု ဆုံးဖြတ်လိုက်သည်။

ကားပေါ်မှနေ၍ အိမ်နံပါတ်ကိုများကို အစီအစဉ်အလိုက် ကြည့်သွားသည်။ ထိုအိမ်ရှေ့မှကားဖြတ်သွားချိန် တွင် အိမ်ဝ၌ ရဲသားနှစ်ယောက်ကို တွေ့လိုက်ရသည်။ မင်းဖရက် ကားပေါ်မှ မဆင်းတော့ဘဲ ဂိတ်ဆုံး အထိ လိုက်သွားသည်။ ဂိတ်ဆုံးကျမှ ဆင်းပြီး လမ်းတစ်ဘက်သို့ကူးသွားကာ ပရီကော်ဖီဆိုင်ထဲသို့ ၀င်လိုက်သည်။ လက်ကျန်ပိုက်ဆံအနည်းငယ်ထဲမှ ကော်ဖီတစ်ခွက်မှာလိုက်သည်။ စားပွဲ၌ထိုင်ပြီး ကော်ဖီ ကို ဖြေးဖြေးချင်း သောက်ရင်း တွေးနေမိသည်။

လွန်ခဲ့သောရှစ်ရက်အတွင်း ရဲများ၏ လမ်းပိတ်ရှာဖွေမှုနှင့် ၀င်ရောက်ရှာဖွေမှုများမှ မိမိလွတ်မြောက်ခဲ့ပြီ။ သို့သော် ယခုအခါ ပြေးစရာမြေမရှိ ဖြစ်နေပြီ။ ပုန်းခိုစရာ နေရာမရှိဖြစ်နေသည်။ ကုသိုလ်ကံ မှေးမှိန် လာပြီ။ မိမိရှေ့တွင်ရှိသော လမ်းမှာ စက်တိုင်သို့ သွားသောလမ်းပင်ရှိတော့သည်။
မင်းဖရက် သည် ကော်ဖီဆိုင် မှန်ပြတင်း မှုန်မှုန်ဝါးဝါးမှနေ၍လမ်းတစ်ဘက်ရှိ လမ်းညွှန်ဆိုင်းဘုတ်တစ်ခုဆီ သို့ မျက်စိရောက်သွားသည်။ ထိုဆိုင်းဘုတ်မှစာတမ်းကို မြင်လိုက်ရသောအခါ တစ်စုံတစ်ခုကို ပြန်လည် သတိရ လာသည်။ ကံကောင်းထောက်မလာသည်ဟု ထင်လိုက်မိသည်။ မျှော်လင့်ချက်တစ်ရပ်ခပ်ရေးရေး ပေါ်လာသည်။

ကော်ဖီဆိုင်မှ ထွက်လာသည်။ ထိုဆိုင်းဘုတ်လမ်းညွှန်အတိုင်း လျှောက်သွားသည်။ တဖြေးဖြေးနှင့် တဲကုပ် တဲစုများဖြင့် နေသော ကျူးကျော်ဆင်းရဲသားရပ်ကွက်သို့ ရောက်သွားသည်။ ကြမ်းတမ်း ခက်ထရော် သောလမ်းများပေါ်တွင် လူဖြူများကိုမတွေ့ရတော့။ အိမ်များ၏ ပြတင်းပေါက်များ မှနေ၍ မိမိအား လှမ်းကြည့်နေသော လူမည်းများကိုသာတွေ့ရသည်။
မင်းဖရက် လိုက်ရှာနေသော ကုန်စုံဆိုင်ကိုတွေ့ရသည်။ လူမည်းများ ဈေးဝယ်နေကြသည်။ မင်းဖရက် ဆိုင် ထဲဝင်သွားသောအခါ ဈေးဝယ်နေသော လူမည်းများက သူ့အား တရိုတသေ နေရာဖယ်ပေးကြသည်။ ဆိုင် ရှင် မှာ အသက်ခပ်ကြီးကြီးဇူးလူအမျိုးသားကြီးဖြစ်ပြီး အနောက်တိုင်းဝတ်စုံ ၀တ်ထားသည်။ မင်းဖရက် က သူ့ကို တစ်စုံတစ်ခု ပြောလိုက်သည်။

" လာ ကျွန်တော်နဲ့လိုက်ခဲ့ "
ဇူးလူကြီးက မင်းဖရက်အား ဆိုင်နောက်ဘက် စတိုခန်းထဲသို့ ခေါ်သွားသည်။
" ခင်ဗျား ဒီကစောင့်နေ၊ ကြာချင်လဲကြာလိမ့်မယ်" အဘိုးကြီးက သူ့ကိုထားခဲ့ပြီး ထွက်သွားသည်။
မင်းဖရက် က သကြားအိတ်အပုံပေါ်တွင် ထိုင်လိုက်သည်။ မောပန်းပြီး ဗိုက်ဆာလာသည်။ ပခုံးကလည်း ပြန်ပြီး နာချင်သလိုဖြစ်လာသည်။ သူအိပ်ပျော်သွားသည်။ သူ့ပခုံးကို လှုပ်ပြီး ခံလိုက်ရမှ နိုးလာသည်။
" ငါ့ကို ဘယ်မှာရှာရမယ်ဆိုတာ မင်းဘယ်လို လုပ်သိသလဲ "

" အဖေပြောလိုက်လို့သိတာပါ ဆ၀ပ်ဟင်းဒရစ် "
မင်းဖရက်က ထိုင်ရာမှထပြီး ပြောလိုက်သည်။
" နှစ်တွေအတော်ကြာခဲ့ပြီကော မာနီ "
အိုဗင်ဘို လူမည်းကြီးက မင်းဖရက်အား ပြုံးပြလိုက်သည်။ သူ့တွင် သွားနှစ်ချောင်းမရှိတော့။ အမာရွတ် များ ပြွမ်းသော ဦးခေါင်းက ပြောင်လက်နေသည်။
" နှစ်တွေကြာခဲ့ပေမယ့် ငါတို့ ပြန်တွေ့ကြလိမ့်မယ်ဆိုတာ ငါသိနေတယ်၊ တောကြီးမျက်မည်းက အရှင်သခင်တွေက ငါတို့ကို နှောင်ဖွဲ့ပေးထားတယ်၊ မင်းလာမယ်ဆိုတာ ငါသိနေတယ် "

ဆ၀ပ်ဟင်းဒရစ်၏ အိမ်နောက်ဘေးခန်းတွင် သူတို့နှစ်ယောက်တည်းထိုင်နေကြသည်။ ဒရိတ် ဖမ်း ကျူးကျော် ရပ်ကွက် ရှိ အုတ်အိမ်အနည်းငယ်ထဲမှ တစ်ခုသောအိမ်ဖြစ်သည်။ ဟင်းဒရစ်သည် သူ၏ ချမ်းသာကြွယ်ဝမှု ကို လူဖြူရဲများ မျက်စိမကျအောင် သိုသိုသိပ်သိပ်နေထိုင်သည်။ အရှေ့ခန်းတွင် အမျိုးသမီးကြီး များက ချက်ပြုတ်ပြီး ကလေးများက အော်ဟစ်ဆော့ကစားနေသည်။ ဟင်းဒရစ်သည် သူ့ လူမျိုးစု ခေါင်းဆောင် အကြီးအကဲတစ်ယောက်ဖြစ်နေပြီး သူတို့ ထုံးစံအတိုင်း မယားခြောက်ယောက်ရှိသည်။

" ကဲ မာနီ … မင်းကိစ္စအားလုံးလဲ ငါသိရပြီ၊ ဒီတော့ ဒီလို စဉ်းစားကြရအောင်၊ ပြဿနာက ဒီလိုရှိတယ်ကွ၊ ရထားဘူတာတိုင်း နဲ့ လမ်းဆုံလမ်းခွတိုင်းမှာ လူဖြူရဲတွေက မင်းကို စောင့်ရှာနေကြတယ်၊ မင်းကိုမိရင် ဆု ငွေပေါင် ၅၀၀၀ ပေးမယ်လို့လဲ ကြေညာထားတယ်၊ နည်းတဲ့ပိုက်ဆံမဟုတ်ဘူးနော်၊ ဒီငွေနဲ့ဆိုရင် မိန်းမ တော်တော် များများနဲ့ ကျွဲနွားတိရစ္ဆာန်တော်တော်များများ ၀ယ်လို့ရတယ်ကွ "
ဆ၀ပ်ဟင်းဒရစ် က စကားကို ခေတ္တရပ်ပြီးမှ ဆက်ပြောသည်။

" မင်းက ဂျိုဟန်နက်စဘတ်မြို့က ထွက်သွားဖို့နဲ့ မြစ်ကိုဖြတ်ကူးပြီးမြောက်ဘက်ကို သွားလို့ ရအောင်လုပ်ပေးဖို့ ငါ့ဆီမှာ အကူအညီကောင်းတယ်၊ မင်းကို ငါက အဲဒီလို ကူညီတုန်းမှာ ရဲတွေမိ သွားရင် ဘာဖြစ် မလဲ၊ မင်းနဲ့အတူတူ စက်တိုင်တက်ရကောင်း တက်ရမယ်၊ ဒါမှမဟုတ်လဲ ထောင်တစ်သတ် ကျပြီး ကျောက်ခွဲ နေရမှာပဲ၊ တကယ့်လေးနက်တဲ့ မေးခွန်းကြီးပါ ကလေးရယ်၊ မင်းကော ငါ့ကို အဖြေပေး နိုင်မလား "
" ခင်ဗျားဟာ ကျွန်တော့် အဖေလိုပဲနေခဲ့သူပါ ဟန်နီ၊ အဖေ တစ်ယောက်ဟာ သားတစ်ယောက်ကို ခွေး တောဝက်တော ထဲမှာ ခွေးသေ၀က်သေ သေပေတော့ဆိုပြီး ပစ်ထားခဲ့ရိုးရှိသလား " မင်းဖရက်က အေးဆေး စွာပင် ပြောလိုက်သည်။

" ကဲ ငါက မင်းအဖေဆိုပါတော့၊ ဘာလို့ မင်းအသားက ဖြူပြီး ငါ့အသားက မည်းနေရတာလဲ၊ မင်းနဲ့ ငါ့ကြား မှာ ဘာမှ ကျေးဇူးခံ ကျေးဇူးစားမရှိပါဘူး "
" ကျွန်တော့် အဖေ နဲ့ ခင်ဗျားဟာ ညီအစ်ကိုအရင်းလိုနေလာတာပါဗျာ "
" အဲဒီအချိန်တွေ ကန်ုဆုံးခဲ့တာ နှစ်ကာလပေါင်း ဘယ်လောက်ကြာပြီလဲကွာ၊ ကမ္ဘာကြီးတစ်ခုလုံးနဲ့ အခြေ အနေတွေ အားလုံးလဲ အမျိုးမျိုး ပြောင်းလဲခဲ့ပါပြီကွာ "
" ဒါပေမယ့် ဘယ်လောက်နှစ်ကာလတွေပဲကြာကြာ၊ ဘယ်တော့မှ မပြောင်းလဲတာတစ်ခုတော့ရှိတယ် ဟန်နီ"

" ဘာများလဲကွာ … မင်းက မျက်နှာဖြူဖြူနဲ့ ငါ့ကို အဖေတော်ချင်နေတာကိုး "
" စိန်ပဲ ကျွန်တော့်ရဲ့လူမည်း အဖေ စိန်ဟာ ဘယ်တော့မှ မပြောင်းလဲဘူး "
" ကဲ ဒါဖြင့် စိန်အကြောင်းဆွေးနွေးကြရအောင်ကွာ "
" စိန်က တစ်လုံးတည်းမဟုတ်ဘူး၊ အများကြီး၊ ခင်ဗျားနဲ့ ကျွန်တော် နှစ်ယောက်တည်းသာ သိတဲ့ ဟိုအဝေး တစ်နေရာမှာ စိန်တွေ အိတ်တစ်လုံးနဲ့ အပြည့်ရှိနေပါသေးတယ် "

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

Friday, January 20, 2012

ဝင်းဖေဝင်း ဘာသာပြန် စိန်မင်းသမီး အဆက် အပြိုင်အဆိုင်အနိုင်, အပိုင်း (၅၇)

(၅၇)

ရှာဆာသည် သူ၏ ဂျက်ဂွာကားကို မောင်းကာ ၀ယ်ဘာဗီဒင် အိမ်ခံဝင်းကြီးထဲသို့ မောင်းဝင်လာသည်။ အိမ်ကြီးရှေ့တွင် ကားတစ်ဒါဇင်ခန့် ရပ်ထားရာ ဘလိန်း၏ ဘင်တလေးကားလည်း ပါဝင်သည်။ ဘလိန်း၏ ကား ဘေးတွင် မိမိကားကို ရပ်ထားလိုက်ပြီး လက်ပတ်နာရီကို ကြည့်လိုက်သည်။ အချိန်မှာ ၈ နာရီ ၁၀ မိနစ်ရှိပြီ။ မိမိအနည်းငယ် နောက်ကျနေ၍ မိခင် ကျွဲမြီးတိုနေပေရော့မည်။ စင်တိန်သည် အချိန် တိကျသူဖြစ်သည်။

ထမင်းစားခန်းကြီးထဲသို့ ရှာဆာ ၀င်သွားသောအခါ စင်တိန် စားပွဲရှည်ကြီးမှ ရုတ်ခနဲထပြီး ရှာဆာဆီသို့ ပြေးလာကာ ဖက်ပွေ့နှုတ်ဆက်သည်။ ဖိတ်ကြားထားသူများ အပါအ၀င် လူ ၂၀ သည် ၀ယ်တာဗီဒင်အိမ် ကြီး၏ ခမ်းနားသော နံနက်စာစားပွဲကြီး၌ အသင့်ထိုင်နေကြပြီဖြစ်သည်။ ကြိုက်တာယူ၍ အ၀စား နံနက်စာ စားပွဲဖြစ်သည်။ ငွေလင်ပန်းကြီးများထဲ၌ အစားအာဟာရများ အပြည့်အမောက်ရှိသည်။ စားပွဲထိုး များက လည်း မလစ်ဟင်းရအောင် လုပ်ကိုင်ပေးနေသည်။

စားပွဲတွင် ထိုင်နေသူများက ရှာဆာအား တွေ့သောအခါ ၀မ်းသာအားရနှုတ်ဆက်ကြသည်။ ထိုလူများထဲ တွင် ရှာဆာ ချစ်ခင်သူအားလုံးပါနေသည်။ သူ့အဘိုးဆာဂါရီ၊ သူ့ဇနီးအန်၊ မိခင် စင်တိန်၊ သူ့ဆရာဘလိန်း၊ သူ့ချစ်သူ တာရာ နှင့် တာရာ့ညီမ မယ်တီဒတို့ပါဝင်ကြသည်။ ရှာဆာက သူတို့အားလုံးကို တစ်ယောက် ချင်း လိုက်နှုတ်ဆက်သည်။
ရှာဆာက သူ့အဘိုး ဆာဂါရီအား သူ၏ မွေးနေ့လက်ဆောင်ကို ပေးအပ်လိုက်ပြီး ဘေးတွင် ရပ်စောင့်နေ သည်။ ဆာဂါရီ က လက်ဆောင်အထုပ်ကို ဖြေလိုက်သောအခါ ဘတ်ချယ်ရေးသော ခရီးသွားစာအုပ် ပထမ အကြိမ် ပုံနှိပ်မှုကို သားရေဖုံးနှင့်အထူး ချုပ်ထားသောစာအုပ် ဖြစ်နေသည်။ ဆာဂါရီက အားရ ကျေနပ်စွာ ပြုံး လိုက်သည်။

ရှာဆာသည် ၀န်ကြီးချုပ်စမတ်အား ရိုသေလေးစားစွာ လက်ဆွဲနှုတ်ဆက်သည်။ ထို့နောက် ဘလိန်းနှင့် စကား အနည်းငယ်ပြောပြီး သူ့ပန်းကန်ထဲသို့ အစားအသောက်များထည့်ကာ စင်တိန်နှင့် တာရာကြားမှ နေရာ လွတ်တွင် ၀င်ထိုင်လိုက်သည်။
ရှာဆာက ရှန်ပိန်ကို သောက်ဘဲ ငြင်းလိုက်သည်။
" ကျွန်တော် ဒီနေ့ အလုပ်တွေအများကြီး လုပ်စရာရှိတယ် "
နံနက်စာစား၍ ပြီးသွားသောအခါ စားပွဲမှ အားလုံးထလိုက်ကြသည်။ တေဘယ်တောင်ထိပ်သို့ ပျော်ပွဲစား တောင်တက် ခရီးသွားရန်အတွက် အမျိုးသမီးများက ကုတ်အင်္ကျီများသွားယူသည်။ အမျိုးသားများက အိမ် အပြင်ဘက်ရှိ ကားများဆီသို့ သွားသည်။ ကားများပေါ်တွင် အစားအသောက်ခြင်းတောင်းများ၊ ခင်းစရာ ကော်ဇောများ စုံစုံစိစိ ရှိမရှိ စစ်ဆေးကြသည်။
ဆာဂါရီ က ရှာဆာအား သူ့ဘေးသို့လှမ်းခေါ်ပြီး ပြောလိုက်သည်။

" ငါ့မြေး ငါတို့နဲ့မလိုက်နိုင်တဲ့အတွက် အဘိုးစိတ်မကောင်းပါဘူးကွာ၊ ဒါပေမယ့် မင်းအလုပ်က ဘယ်လောက် အရေးကြီးနေတယ်ဆိုတာ ဘလိန်းပြောလို့ အဘိုးသိထားပြီးပါပြီကွာ "
" ကျွန်တော် နက်ဖြန်ခါညကျရင် ဒီအိမ်ကို ကြိုးစားပြီး ပြန်လာပါမယ်၊ နက်ဖြန်ညလောက်ကျရင်တော့ အခြေအနေ ကောင်းပြီး နည်းနည်းအလုပ်အားသွားမှာပါဘိုးဘိုး " ရှာဆာက ဖြေလိုက်သည်။
" ငါ နာတယ်ကို ချက်ချင်းမပြန်သေးပါဘူး၊ တို့မြေးအဘိုးအေးအေးဆေးဆေး တွေ့ရတဲ့အထိ နေဦးမှာပါ၊ မင်းဟာ ငါံရဲ့ တစ်ယောက်တည်းသောမြေးပါ၊ ကုတ်နေ မိသားစု နာမည်ကို ဆက်ခံမယ့် တစ်ဦးသော ပုဂ္ဂိုလ် ပါ"
ဆာဂါရီ စကားကြောင့် ရှာဆာရင်ထဲ၌ နွေးပြီးချမ်းမြေ့သွားသည်။

" ကျွန်တော် အဖေကြီးတို့ အိမ်မရောက်တာကြာပြီ၊ အလုပ်နည်းနည်းပါးသွားရင် တနင်္ဂနွေ နှစ်ပတ် လောက် လာလည်မယ်လေ "
" ငါ့မြေးလာလည်မယ်ဆိုရင် ဘိုးဘိုးအဖို့ သိပ်ပြီး ၀မ်းသာပျော်ရွှင်ရမှာပေါ့လေ "
ဆာဂါရီက ရှဆာအား ဖက်လိုက်သည်။ ထိုအချိန်တွင် ဖီးမာရှယ်စမတ် သူတို့အနားရောက်လာပြီး ပြော လိုက် သည်။
" ဒီမြေးအဘိုးနှစ်ယောက် စကားပြောလို့ မဆုံးတော့ဘူးလား၊ ကဲ ဆာဂါရီရေ သွားကြရအောင်၊ တောင် ပေါ်တက်ရဦးမယ် မဟုတ်လား၊ တောင်ပေါ်ကို နောက်ဆုံးမှရောက်တဲ့လူကို ဘိုးဘွားရိပ်သာပို့မှာနော် "
ဆာဂါရီ နှင့် စမတ်တို့ တစ်ယောက်ကို တစ်ယောက် ကြည့်ပြီး ပြုံးလိုက်ကြသည်။ သူတို့နှစ်ယောက်မှာ ညီ အစ်ကိုဖြစ်ဖို့ကောင်းလှသည်။ ကိုယ်ခန္ဓာ ပိန်ပုံပါးပုံချင်းလည်းတူသည်။ ဆံပင်ဖြူပုံချင်းလည်းတူသည်။ ဆောင်းထားသော ဦးထိပ်ချင်းလည်းတူသည်။ မုတ်ဆိတ်မွေးထားပုံချင်းလည်းတူသည်။

" ချီတက် "
ဆာဂါရီက စစ်ဟန်ပါပါ အမိန့်ပေးလိုက်ပြီး စမတ်၏ လက်ကိုကာ စင်တိန်၏ ဒိန်မလာ ကားနောက်ခန်း ဆီသို့ ချီတက်သွားသည်။
ဒိန်မလာကားက ရှေ့ဆုံးမှ မောင်းသွားသည်။ ထိုကားနောက်မျ ဘလိန်း၏ကား လိုက်သွားသည်။ ထိုကားထဲ တာရာက အိမ်ရှေ့ဆင်ဝင်အောက်၌ ရပ်နေသော ရှာဆာအား အနမ်းပျံကလေး ပစ်ပေးသွား သည်။ ကားများအားလုံး ထွက်သွားသောအခါ အိမ်ကြီး၌ငြိမ်သွားသည်။
ရှာဆာသည် အိမ်ထဲသို့ ၀င်သွားပြီး အပေါ်ထပ်မှ သူ့အခန်းဆီသို့ တက်သွားသည်။ သူ့စားပွဲအံဆွဲထဲမှ ရှပ် အင်္ကျီ၊ ခြေအိတ်နှင့် အောက်ခံဘောင်းဘီတိုကိုယူကာ အောက်ထပ်သို့ ပြန်ဆင်းလာသည်။ စင်တိန် စာကြည့် ခန်းထဲဝင်သွားကာ တယ်လီဖုန်းကောက်ကိုင်လိုက်သည်။ စီအိုင်ဒီဌာနချုပ်သို့ လှမ်းဆက်လိုက်ရာ တာဝန်ကျ ရဲကြပ်ကြီး တစ်ယောက်က တယ်လီဖုန်းဖြေသည်။
" ဟဲလို … တပ်ကြပ်ကြီး၊ ကျွန်တော့်ဆီများ တစ်ယောက်ယောက် ဖုန်းဆက်သေးသလား " ဆာရှာက မေး လိုက်သည်။

" ခဏ ကိုင်ထားဦး၊ ကျွန်တော် သွားကြည့်လိုက်ဦးမယ် "
ခဏကြာသောအခါ တပ်ကြပ်ကြီးက တယ်လီဖုန်းပြန်ကိုင်ပြီး ပြောသည်။
" တစ်ယောက်ဆက်တယ်ဆရာ၊ ပြီးခဲ့တဲ့ ဆယ်မိနစ်လောက်ကပဲ၊ အမျိုးသမီးတစ်ယောက်ဆက်တာ၊ သူ့နာ မည် ကိုတော့ ပြောမသွားဘူး "
" ကျေးဇူးပဲတပ်ကြပ်ကြီး "
ရှာဆာကာ တယ်လီဖုန်းပြန်ချထားလိုက်သည်။ သူ့လက်များက အနည်းငယ်တုံ့နေပြီး အသက်ရှူလည်း မြန် လာသည်။ အမျိုးသမီးတစ်ယောက် သူ့ဆီ ဆက်သည်တဲ့။ နာမည်ပေးမသွားဘူးတဲ့။ မိမိအား သတင်းပေး နေ သော အမျိုးသမီးပင် ဖြစ်ရမည်။ သူမ ဘာကြောင့် ဤအိမ်သို့ ထပ်မဆက်သနည်း။ ဤ အိမ်တယ်လီဖုန်း နံပါတ် ပေးထားပါလျက် ဘာ့ကြောင့် မဆက်ပါသနည်း။
ရှာဆာ တယ်လီဖုန်းနားတွင် အသင့်စောင့်နေလိုက်သည်။ တယ်လီဖုန်းအသံ မြည်စေချင်ပါပြီ။ ငါးမိနစ်ခန့် ကြာသွားသည်။ ရှာဆာ စိတ်လှုပ်ရှားလာပြီး အခန်းထဲ၌ ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်လိုက်သည်။ နားကို စွင့်ထားသည်။ မိမိ စီအိုင်ဒီဌာနချုပ်သို့ ပြန်သွားရလျှင် ကောင်းလေမလား၊ အကယ်၍ ထိုပြန် သွားတုန်း ဤအိမ်သို့ တယ်လီဖုန်းလာလျှင် မည်သို့လုပ်မည်နည်း။
ရှာဆာ ချီတုံချတုံဖြစ်နေသည်။ နာရီကို ကြည့်လိုက်ရာ မိမိအဆုံးအဖြတ် မပေးနိုင်ဘဲ ချီတုံချတုံဖြစ်နေ သည်မှာ ၃၅ မိနစ် ရှိပြီဖြစ်ကြောင်း သိလိုက်ရသည်။

နောက်ဆုံးရှာဆာသည် ဌာနချုပ်သို့ တယ်လီဖုန်းဆက်ရန် လှမ်းကိုင်လိုက်သည်။ တယ်လီဖုန်းကိုလက်နှင့် ထိမိချိန် တွင် တယ်လီဖုန်းက အသံမြည်လာသည်။ ရှာဆာရင်ထဲမှ ဒိန်းခနဲခုန်သွားသည်။ တယ်လီဖုန်းကို ဖျတ်ခနဲ ကောက်ကိုင်လိုက်ပြီး ပြောလိုက်သည်။
" လေတပ်ဗိုလ် အုပ်စုခေါင်းဆောင် ကုတ်တနေ ပြောနေပါတယ်၊ ခင်ဗျားပဲမဟုတ်လား "
" ဟုတ်တယ်၊ ကျွန်မပါ၊ ဒီဒုတိယတယ်လီဖုန်း နံပါတ်ကို မေ့နေလို့ အိမ်တစ်ခေါက်ပြန်ယူနေရလို့ ကြာသွား တာပါ၊ ကျွန်မ အိမ်မှာလူတွေရောက်နေလို့ ကျွန်မ စောစောတည်းက ဖုန်းမဆက်နိုင်တာပါ၊ ကျွန်မ ယောက်ျား …"
သူမအသံက မောသံပါနေသည်။

" ခင်ဗျားနားပြီး ဖြေးဖြေးပြောပါ၊ အားလုံးအဆင်ပြေပါတယ် "
" မဟုတ်ဘူး၊ ကြောက်စရာကောင်းတဲ့အလုပ် သူတို့လုပ်လိမ့်မယ် "
" အဲဒါ ဘာဆိုတာ ခင်ဗျားသိသလား၊ ကျွန်တော့်ကို ပြောပြမလို့လား "
" ဟုတ်တယ် ပြောပြမလို့၊ သူတို့ ဖီးမာရှယ်ကို သတ်ကြလိမ့်မယ် "
" ဖီးမာရှယ် … ဟုတ်လား "
" ဟုတ်တယ်၊ သြဘတ်စ်ကိုခေါ်တဲ့ ဖီးမာရှယ်စမတ်ကို သတ်မလို့ "
ရှာဆာ ရုတ်တရက် ဘာမှ ပြန်မပြောနိုင်လောက်အောင် အံ့အားသင့်သွားသည်။ ထို့နောက် သတိပြန်ဝင်
လာပြီးမေးလိုက်သည်။
" ဘယ်တော့လုပ်ကြံမှာတဲ့လဲ "
" ဒီနေ့ပဲ၊ သူတို့ စမတ်ကို ဒီနေ့ပစ်သတ်ကြလိမ့်မယ် "

" မဖြစ်နိုင်ဘူး ထင်တယ်၊ စမတ်က ဒီနေ့ တေဘယ်တောင်ကုန်းပေါ်တက်သွားပြီး သူပျော်ပွဲစားထွက် … "
" ဟုတ်တယ်၊ ဟုတ်တယ် တောင်ပေါ်မှာ။ ဓားဖြူက သူ့ကို တောင်ပေါ်က စောင့်နေတယ်" အမျိုးသမီး အသံ ရှိုက်သံပါနေသည်။
" အလိုလေး … ဘုရားရေ "
ရှာဆာတိုးတိုးလေးဘုရားတလိုက်မိသည်။ သူ့တစ်ကိုယ်လုံး လှုပ်မရအောင် ဖြစ်သွားသည်။ အသက်ရှူ ရပ်သွားမလောက်ဖြစ်သွားသည်။
" ခင်ဗျားဟာ တကယ်သတ္တိရှိတဲ့အမျိုးသမီးပဲ၊ ခင်ဗျားရဲ့ လုပ်ဆောင်ချက်တွေအတွက် ချီးကျူး ဂုဏ်ပြုပါတယ်"
ရှာဆာ တယ်လီဖုန်းကို ချထားလိုက်သည်။ တစ်ဆက်တည်းမှာပင် စင်တိန်၏ စားပွဲအံဆွဲကို ဆွဲဖွင့်လိုက် သည်။ ရွှေဖြင့် အလှထွင်းမွမ်းမံထားသော မိန်းမကိုင် ဘာရက်စတာပစ္စတိုလေးများကို သူ့ဘူးထဲ၌တွေ့ရ သည်။ တစ်လက်ကို ကောက်ယူလိုက်ပြီး ကျည်ဆန်ရှိမရှိကြည့်လိုက်သည်။ ကျည်အိမ်၌ ကျည်ဆန် ခြောက်တောင့် အသင့် ရှိနေသည်။ ကျည်ကတ် အပိုများကိုလည်း တွေ့သည်။ ရှာဆာသည် ပစ္စ တိုကို ခါးတွင်ထိုးလိုက်ပြီး ကျည်ကတ်အပိုကို ဘောင်းဘီအိတ်ထဲထည့်လိုက်သည်။

ဤပစ္စတို့လေးသည် တကယ်တော့ သိပ်ပြီး မထိရောက်လှ။ သို့ရာတွင် အမဲလိုက်ရိုင်ဖယ်များမှာ သေနတ် အခန်းထဲမှ ဗီရိုထဲတွင် သော့ခတ်သိမ်းထားသည်။ ကျည်ဆန်များက တခြားတစ်နေရာ၌ သီးခြားသိမ်းထား သည်။ သော့က သူ၏ဂျက်ဂွာကားထဲ၌ရှိသည်။ သော့သွားယူ၍ ဗီရိုများ လိုက်ဖွင့်လိုက်ပါက အဖိုးတန်သော အချိန်မိနစ်များ အလအဿကုန်ဆုံးသွားမည်။ အချိန်ကုန်မခံနိုင်သဖြင့် သွားမယူတော့ပေ။

ယခုဆိုလျှင် ပျော်ပွဲစားထွက်သွားသူများသည် တောင်တက်လမ်း၏ တစ်ဝက်ခန့်လောက် ရောက်နေပေ လိမ့်မည်။ မိမိချစ်သူခင်သူအားလုံး ပါသွားကြသည်။ လူသတ်သမားက သူတို့ကို စောင့်နေချေပြီ။
ရှာဆာသည် အိမ်လှေကားထစ်များပေါ်မှ ပြေးဆင်းသွားပြီး သူ၏ ဂျက်ဂွာကားပေါ်သို့ ခုန်တက် လိုက်သည်။ စက်ကို ၀ူးခနဲနှိုးလိုက်ပြီး ကားကို ဂငယ်ကွေ့ချိုးကွေ့လိုက်ကာ တရှိန်ထိုး မောင်းထွက်သွားသည်။ မိုင်နှုန်းပြ ကွက်တွင် လက်တံက မိုင် ၈၀ သို့ တစ်မုဟုတ်ချင်းခုန်တက်သွားသည်။ လမ်းတွင် ကားမှာ လမ်းပေါ်က ချော်ကျသွားမလို နှစ်ကြိမ် သုံးကြိမ်ဖြစ်သွားသည်။
နောက်ဆုံးတွင် တောင်ခြေရှိ ကားများရပ်သည့် နေရာသို့ ရောက်သွားသည်။ တခြားရပ်ထားသော ကားများ ကို လှမ်းကြည့်လိုက်ရာ စင်တိန်၏ ဒိန်မလာကား၊ ဘလိန်း၏ ဘင်တလေ ကားနှင့် ဒင်နီရစ်၏ ပစ်ကပ်ကား တို့ကို တွေ့ရသည်။

ရှာဆာသည် သူ့ရှေ့မှပေ ၂၀၀၀ ခန့်မြင့်သောတောင်ကြီးကို မော့ကြည့်လိုက်သည်။ မြွေလိမ် မြွေကောက်တက် သွားသော လမ်းကလေးကို လှမ်းမြင်ရသည်။ ထိုလမ်းပေါ်တွင် တရွေ့ရွေ့ လှုပ်ရှားကာ သွားနေသော အစက်ကလေးကို လှမ်းမြင်ရသည်။ ၀န်ကြီးချုပ်စမတ်နှင့် ဆာဂါရီတို့သည် ရှေ့ဆုံးမှ ခြေလှမ်း မှန်မှန်ဖြင့် တက်နေကြသည်။ ရှာဆာသည် မျက်စိပေါ်မှ လက်ဝါးကိုအုပ်ပြီး လှမ်းကြည့်လိုက်ရာ ထိုနှစ် ယောက်နောက်ဘက် ခပ်လှမ်းလှမ်းတွင် သူ့မိခင် စင်တိန်၏ အ၀ါရောင်ဝတ်စုံ၊ တာရာ၏ စိမ်းပြာရောင်စကတ်တို့ကို အညိုရောင်နှင့် အစိမ်းရောင်တောင်နံရံနောက်ခံပေါ်တွင် တွေ့မြင်မှတ်မိသွား သည်။
ရှာဆာ တောင်တက်လမ်းအတိုင်း ပြေးတက်သွားသည်။ မီတာ ၃၀၀ အမြင့် ကျောက်စာတိုင် ရောက်သော အခါ ခေတ္တရပ်ပြီး အသက်၀၀ရှူလိုက်သည်။ အပေါ်ဘက်မှ ဆက်တက်ရမည့်လမ်းကို လှမ်းကြည့်လိုက် သည်။ ရှေ့အဖို့တွင် မတ်စောက်သော ခရီးကို ဆက်တက်ရမည်။ တောထဲတွင် မြွေလိမ်မြွေကောက် သွား သောလမ်း၊ တောင်ကျစမ်းနံဘေးမှ မတ်စောက်သောလမ်း၊ မညီညာသော ကျောက်တုံးကျောက်ခဲများ ပြွမ်းသည့် လမ်း၊ ဤလမ်းများအတိုင်း တက်လိုက်ရသည်။

ရှာဆာလမ်းအတိုင်း တက်ပြေးသည်။ မြို့စီးရှူးဖိနပ်သားရေခွာပါးပါးက လမ်းကြမ်း၌ အပြေးရပ်နည်းနည်း ခက်နေသည်။ သစ်တောကို ဖြတ်ကျော်ထွက်လိုက်သောအခါ သူ့ရှပ်အင်္ကျီ၌ ခွေးများစိုရွှ့နေသည်။ တောင်ထိပ် ရောက်အောင် နောက်ထပ် ပေ ၁၀၀၀ ခန့်လိုသေးသည်။ သို့သော် ပျော်ပွဲစားထွက်သော အုပ်စုနှင့်မူ သိပ်မဝေးတော့ပေ။
ရှေ့ဆုံးတွင် အဘိုးကြီး နှစ်ယောက်သွားနေသည်။ သူတို့နှစ်ယောက်မှာ အရပ်အမောင်း ကိုယ်လုံးကိုယ် ထည်ချင်း တူနေ၍ ခပ်လှမ်းလှမ်းမှ ကြည့်သောအခါ မည်သူမည်ဝါဆိုသည်ကို ကွဲကွဲပြားပြား မမြင်ရပေ။ သူတို့နောက်ဘက် ခြေလှမ်းလေးငါးလှမ်းအကွာတွင် ဘလိန်းကိုမြင်ရသည်။ ကျန်လူများက နောက်ဘက်မှ လိုက်လာကြသည်။ အမျိုးသမီးများကနောက်ဆုံးမှဖြစ်သည်။
ရှာဆာ သည် အသက်တစ်ဝကြီး ရှူလိုက်ပြီး လှမ်းအော်လိုက်သည်။ အမျိုးသမီးများက အသံကြားသွားပြီး ရပ်လိုက်ကာ နောက်ဘက်သို့ လှည့်ကြည့်ကြသည်။

" ရပ် … ရပ် "
ရှာဆာက အသံကုန်ဟစ်ပြီး အသံပြာသွားအောင် အော်သည်။
အမျိုးသမီးတစ်ယောက်က သူ့အားလှမ်းပြီး လက်ဝှေ့ယမ်းပြကာ ဆက်တက်သွားသည်။ ရှာဆာအား သူတို့ မမှတ်မိသေး။ သူတို့အား ရပ်ခိုင်းခြင်း ဖြစ်သည်ကိုလည်း သဘောမပေါက်သေး။ ရှာဆာအား အခြားတောင် ဘက်သမားတစ်ဦး အထင်ဖြင့် သာမန်နှုတ်ဆက်သွားခြင်းသာဖြစ်သည်။ ရှာဆာသည် အချိန်ဖြုန်း နေခြင်း ဖြစ်ကြောင်း သိမြင်လာသည်။ ရှေ့ဆုံးမှ ခေါင်းဆောင်နှစ်ယောက်သည် တောင်ထိပ် နား သို့ ရောက်လုနီးပင် ဖြစ်နေသည်။
ရှာဆာသည် မညီညာသော ကျောက်တုံးများပေါ်မှ ခုန်ပေါက်ပြီး တအားပြေးတက်လိုက်သွားသည်။ ရင်ထဲမှ မောဟိုက်ခြင်း၊ ခြေထောက်မှ တောင့်ပြီးနာလာခြင်းတို့ကို အလေးမထားနိုင်ဘဲ ဇောဖြင့်သာ တအား ဆက်လက်ပြေးတက်သည်။
တာရာ နောက်ဘက် ၁၀ ပေကွာလောက်သို့ သူရောက်သောအခါ ဆာရာက သူ့ကို လှည့်ကြည့်သည်။

" ရှာဆာ … ရှင် ဘာလုပ်နေတာလဲ "
တာရာက အံ့အားသင့်သွားပြီး ၀မ်းပန်းတသာ လှမ်းပြောလိုက်သည်။
" ငါ ရပ်လို့မဖြစ်သေးဘူး "
ရှာဆာက တာရာဘေးမှ ဖြတ်ပြေးတက်သွားရင်း ပြောသွားသည်။ ဆက်လက်၍ တာရာရှေ့မှစင်တိန်နှင့် အန်တို ဘေးမျလည်း ဖြတ်၍ပြေးတက်သွားသည်။
" ဘာဖြစ်တာလဲ ရှာဆာ "
စင်တိန်ကလည်း တအံ့တသြမေးလိုက်သည်။
" နောက်မှပြောမယ် "
ထိုမျှသာ ရှာဆာ ပြောနိုင်ခဲ့သည်။

ခေါင်းဆောင် နှစ်ဦး တောင်ထိပ်နားသို့ ရောက်လုနေပြီ။ ရှာဆာ ရပ်လိုက်ပြီး လှမ်းအော်လိုက်သည်။ သို့သော် မောနေ၍ အသံက သိပ်မထွက်ပေ။ သူလှမ်းကြည့်နေစဉ်မှာပင် စမတ်နှင့် ဆာဂါရီတို့သည် တောင်စွယ် တစ်ခုနောက်သို့ ၀င်ရောက်ပျောက်ကွယ် သွားသည်။ ဘလိန်းက သူတို့နောက်ဘက်ခြေလှမ်း ၂၀ ခန့်အကွာမှ လိုက်သွားသည်။
ထိုစဉ် သေနတ်သံကို ရှာဆာကြားလိုက်ရသည်။ အသံမှာ အဝေးကလာသဖြင့် ခပ်သဲ့သဲ့သာ ကြားရသည်။ သို့သော် ရှာဆာ နားထဲ၌မူ မော်ဇာသေနတ်သံမှန်း သိလိုက်သည်။
ရှာဆာ ကိုယ်ထဲသို့ အားအင်များ မည်သို့မည်ပုံ ရောက်လာသည်မသိ၊ ကျောက်တုံးများပေါ်မှ ခုန်ပျံကျော်လွှားကာ တအား တက်ပြေးတော့သည်။ စောစောက ပစ်လိုက်သည့် တစ်ချက်တည်းသော သေနတ်သံသည် တောင်နံရံများမှပဲ့တင်ထပ်ပြီး ဟိန်းနေသည်။ တစ်စုံတစ်ယောက်၏ အော်လိုက်သံလိုလို လည်း ရှာဆာကြားလိုက်ရသည်။


မင်းဖရက်ဒီလာရေးသည် ကျောက်တုံးနှစ်တုံးကြားရှိ သူပုန်းအောင်းနေသော နေရာ၌ တစ်ညလုံး အိပ်စောင့် နေသည်။ မနက်မိုးလင်းသည်နှင့် သူ အိပ်ရာမှထပြီး ကိုယ်လက် လှုပ်ရှားကာ အကြောအခြင်လျှော့သည်။ အပေါ်ဝတ် ကုတ်အင်္ကျီအရှည်ကြီးကို ဖောက်ထွင်းကာ အရိုးထဲအထိ စိမ့်ဝင် လာသော အအေးဒဏ်ကို လည်း ကိုယ်လက်လှုပ်ရှားခြင်းဖြင့် တွန်းလှန်ပစ်လိုက်သည်။ ကျောက်တုံး တစ်ဘက် ဘေးသို့သွားပြီး အပေါ့ သွားကာဝိတ်လျှော့လိုက်သည်။
ထို့နောက် မင်းဖရက်သည် အပေါ်ဝတ်ကုတ်အင်္ကျီကြီးနှင့် ဆွယ်တာကို ချွတ်လိုက်သည်။ ထိုနှစ်ထည် စလုံးကို မိမိအား ခြေရာမခံနိုင်စေရန်အတွက် အဟောင်းဆိုင်မျ ၀ယ်လာခဲ့ခြင်းဖြစ်သည်။ ထိုအင်္ကျီ နှစ်ထည် ကို လုံးပတ်လုပ်လိုက်ပြီး ကျောက်တုံးတစ်တုံးအောက်သို့ ထိုးထည့်ထားလိုက်သည်။

ထို့နောက် ခင်းထားသောနေရာတွင် ပြန်ပြီးထိုင်ကာ ပုန်းနေလိုက်သည်။ မိမိပစ်ခတ်မည့် ကျည်သွားလမ်း ကြောင်းကို လှမ်းကြည့်လိုက်သည်။ ရှေ့ဘက်တွင် မြက်လေးများကာဆီးနေ၍ နုတ်ပယ်ရှင်းလင်းပစ်လိုက် သည်။ အောက်ဘက်မှ တက်လာသည့် လမ်းကြောင်းထိပ်ဝသို့ သေနတ်ဖြင့် ချိန်လိုက်သည်။ ပစ်ကွင်း ကျည်သွားလမ်း တစ်လျှောက်မှာ ရှင်းလင်းပြတ်သားနေသည်။ ကျည်တစ်တောင့်ထိုးလိုက်ပြီး မောင်းထိန်း ခလုတ်ကို ပိတ်ကာ သူ့ရှေ့တွင် အသင့်ချထားလိုက်သည်။

မလှုပ်မရှားဘဲ ငြိမ်ပြီးစောင့်နေသည်။ မျက်လုံးအ၀ါကိုသာ ကစားပြီး သစ်ပင်ပေါ်မှနေ၍ မလှုပ်မရှားဘဲ သား ကောင်ချောင်းနေသော ကျားသစ်၏ စိတ်ရှည်ခြင်းမျိုးဖြင့် စောင့်စားနေသည်။ ပစ်မျတ်က အလှမ်းဝေး သဖြင့် ခြေသံ သို့မဟုတ် စကားသံတို့ကို ကြားမည်မဟုတ်ဘဲ၊ ရုတ်တရက် ပေါ်လာမည့် ပစ်မှတ် ဖြစ်သည်။ ထို့ကြောင့် မျက်ခြည်မပြတ် ကြည့်နေရသည်။
တောင်အတက် လမ်းထိပ်တွင် လူ့ပုံသဏ္ဍာန် တစ်ခုရုတ်တရက် ပေါ်လာလာသည်။ နောက်ခံ ကောင်းကင် ပြာပြာ ရှေ့တွင် လူတစ်ယောက်၏ အကြမ်းဖျင်းပုံရိပ်ဖြစ်သည်။ မင်းဖရက် အဆင်သင့်ဖြစ်နေပြီ။ ရိုင်ဖယ်ကို ဇတ်ခနဲ ကောက်ယူကာ ပခုံးတွင် ထောက်ပြီး ချိန်လိုက်သည်။

ပြောင်းအပေါ်ဘက်ရှိ အဝေးကြည့်မှန် ပြောင်း ကိုမျက်စိအပ်ကာ ပစ်မှတ်ကို လှမ်းကြည့်ပြီး ချိန်လိုက်သည်။
မှန်ပြောင်းထဲ၌ လူတစ်ယောက်၏ ပုံသဏ္ဍာန်အနီးကပ်ပေါ်လွင်လာသည်။ အဘိုးကြီးတစ်ယောက်၊ ပခုံးက သေးသေးကျဉ်းကျဉ်း၊ ရှပ်အင်္ကျီအဖြူကို ၀တ်ထားသည်။ နှစ်ကာလကြာမြင့်ပြီဖြစ်၍ အရောင်ဝါနေသော ပနားမားဦးထုပ်ကို ဆောင်းထားသည်။ အဖြူရောင်မုတ်ဆိတ်မွေးများက နံနက်ခင်းနေရောင်၌ ငွေရောင် တောက် နေသည်။

မင်းဖရက်က ရင်အုံပေါ် နှလုံးသားနေရာသို့ ချိန်လိုက်ပြီး စိတ်ရောလက်ပါ တည်တည်ငြိမ်ငြိမ်ထားကာ သေနတ်မောင်း ကို ဆွဲညှစ်လိုက်သည်။ သေနတ်သံကို ကြားလိုက်ရသည့် တစ်ချိန်တည်းမှာပင် သေနတ်ဒင် က သူ့ပုခုံးကို လာဆောင့်သည်။ ပစ်မှတ်ကို ကျည်ဆန်သွားမှန်သည်ကိုလည်း သူမြင်လိုက်ရ သည်။ ကျည်ဆန်ဝင်သွားပြီး သွေးထွက်လာသည်ကိုပါ မြင်ရကာ အဘိုးကြီး မြက်တောထဲလဲကျသွားသည် အထိ မြင်လိုက်ရသည်။

မင်းဖရက် စတင်ပြေးတော့သည်။ မောရစ်ကားဆီသို့ အမြန်ဆုံးနှင့် အလုံခြုံဆုံး ပြန်ရောက်မည့်ပြေးလမ်း သို့မဟုတ် လွတ်လမ်းကို ကြိုတင်စီစဉ်ထားပြီးဖြစ်၍ ထိုလမ်းအတိုင်း ပြေးတော့သည်။
သူ့နောက်မှ တစ်စုံတစ်ယောက် အော်လိုက်သံကို ကြားရသည်။ သို့သော် တစ်ချက်ကလေးမှ လှည့်မကြည့် တော့ဘဲ ခြေကုန်သုတ်တော့သည်။ တောင်စောင်းပေါ်သို့ ရှာဆာ အားကုန်ပြေးတက်လာသည်။ လမ်းဘေး မြက်တောထဲ၌ လဲကျနေသော ခန္ဓာကိုယ်တစ်ခုဘေး၌ လူနှစ်ယောက်က ဒူးထောက်ပြီး ကြည့်နေသည်။ ရှာဆာကို မော့ကြည့်လိုက်သော သူတို့နှစ်ယောက်စလုံး၏ မျက်နှာများက အံ့သြထိတ်လန့်နေသည်။

ရှာဆာက မှောက်လျက်လဲနေသော ခန္ဓာကိုယ်ကြီးကို တစ်ချက်လှမ်းကြည့်လိုက်သည်။ ကျောဘက်မှ ပွင့် ထွက်သွားသော ဒဏ်ရာကို မြင်လိုက်ရရုံဖြင့် ကျည်ဆန်ပြင်းအားနှင့် အခြေအနေကို သိသွားသည်။ မျှော် လင့်ချက် လုံးဝမရှိတော့၊ ပွဲချင်းပြီး သေနေပေပြီ။
ရှာဆာ တစ်ကိုယ်လုံး တောင့်ခနဲဖြစ်သည်။ လွမ်းစရာရှိတာကို နောက်မှ လွမ်းတော့မည်။ အချိန်ထား၍ ရသေးသည်။ လူသတ်သမားကို ချက်ချင်းလိုက်ပြီး လက်တုံ့ပြန်ဖို့က အချိန်ဆွဲ၍ မရနိုင်။
" ပစ်တဲ့လူကို မြင်လိုက်သလား " ရှာဆာက ဘလိန်းကို မေးသည်။
" မြင်လိုက်တယ်၊ ဖျတ်ခနဲမြင်လိုက်တယ်၊ သူ ဟိုနောက်ဘက်ကနေ ကွေ့ပတ်ပြီး ပြေးသွားတယ်၊ ၀တ်စုံအပြာရောင်နဲ့ ဘလိန်းက ဒူးထောက်ထိုင်နေရာမှ ထရပ်လိုက်ပြီး ပြောသည်။
ဤ တောင်ကုန်းပတ်ပတ်လည် နေရာတစ်ဝိုက်ကို ရှာဆာ ကောင်းကောင်းသိသည်။ ဤနေရာများတွင် သူငယ်ငယ်ကတည်းက ခြေရာချင်းထပ်သွားလာခဲ့သည်။ လူသတ်သမားသည် မိမိထက် နှစ်မိနစ်စော၍ ပြေးလေပြီ။

" သူ ပြေးတဲ့လမ်းကို ကျွန်တော်သိတယ်၊ ဖြတ်လမ်းကနေ ပိတ်ပြီးလိုက်မယ် " ရှာဆာက ပြောလိုက်သည်။
" သတိထားနော် ရှာဆာ၊ သူ့လက်ထဲမှာ ရိုင်ဖယ်ကိုင်ထားတာ ငါမြင်လိုက်တယ် "
လူသတ်သမားပြေးသောနေရာသည် တောင်ပေါ်သို့ တော်ကားဖြင့်တက်လာ၍ရသော တစ်ခုတည်းသော လမ်းဖြစ်သည်။ ထိုဘက်သို့ ပြေးခြင်းဖြင့် သူ့တွင် ထွက်ပြေးရန် မော်တော်ကား ပါလာလိမ့်မည်ဟု ရှာဆာ ပြေးလိုက်နေရင်းက တွေးလိုက်မိသည်။ ရှာဆာသည် တောင်ခါးပန်းလမ်းကလေးမှ ပတ်ပြီး ပြေးလိုက်နေ သည်။
လမ်းမမှားအောင် သတိထားရသည်။ နှစ်နေရာတွင် သစ်ကိုင်းများ လမ်း၌ပိတ်ဆို့နေ၍ အတင်းတွန်းဖယ်ပြီး သွားရသည်။ အမြင့်နေရာမှ အောက်သို့ခုန်ဆင်းလိုက်ရာ လေးဘက်ထောက် ကျသွားသည်။ သို့သော် ချက်ချင်းကုန်းထပြီး ဆက်ပြေးလိုက်သည်။

တောလမ်းထဲမှ လမ်းမပေါ်သို့ ရှာဆာ ပြေးထွက်လိုက်ချိန်တွင် တစ်ဘက်မှ ပြေးလာသူတစ်ယောက်နှင့် မျက်နှာချင်းဆိုင် ၀င်တိုက်မိသည်။ ထိုသူက အပြာရောင်ဝတ်စုံ ၀တ်ထားသည်။ နှစ်ယောက်သား လုံးထွေး ဖက်ပြီး လဲကျသွားကာ ဆင်ခြေလျှောလမ်းအတိုင်း လိမ့်ဆင်းသွားကြသည်။ ရန်သူ့လက်ထဲမှ ရိုင်ဖယ် လည်း လွင့်ထွက်သွားသည်။ ထိုသူ့ကို ဆုပ်ကိုင်ထားသော ရှာဆာ့လက်များက ထိုသူ၏ ကြွက်သားများ တောင့်တင်း မာကျောလှကြောင်း သိလိုက်ရသည်။

နှစ်ယောက်သား ဖက်သတ်နေရာမှ ထိုသူက အပေါ်ရောက်သွားပြီး ရှာဆာက အောက်တွင် ပက်လက်လှန် ကျသွားသည်။ သူတို့မျက်နှာနှစ်ခုမှာ လက်မအနည်းငယ်လောက်သာ ကွာဝေးတော့သည်အထိ နီးကပ်နေ သည်။ ထိုသူ၏ မျက်နှာ၌ ထူထည်းမှောင်ပြီး ကောက်ကွေးနေသော မုတ်ဆိတ်မွေးများရှိ နှာခေါင်းက ကျိုးနေပြီ မျက်ခုံးက မည်းနက်ထူထည်းနေသည်။ သူ့မျက်လုံးအစုံက ကြောက်စရာ ကောင်းလှ သည်။ ထိုအ၀ါရောင်မျက်လုံးများကို ရှာဆာ ရင်းနှီးသိကျွမ်းနေသလို ရှိသည်။

မိမိအား အပေါ်မှ ချုပ်ကိုင်ထားသော ထိုသူ၏ လက်တစ်ဖက်ကို ရှာဆာက လိမ်ချိုးလိုက်ပြီး သူ့ကိုယ်ပေါ်မှ တွန်းဖယ် လိုက်သည်။ သူ့ကိုယ်ကြီး မိမိအပေါ်မှဘေးသို့ ရွေ့သွားသည်နှင့် တစ်ပြိုင်နက် သူ့ခါးမှ ဘာရက်တာပစ္စတိုကို ဆွဲထုတ်လိုက်သည်။ သို့သော် ကျည်ဆန်က ပြောင်းထဲသို့ မရောက်သေး၍ ပစ်မရသေး။ ထို့ကြောင့် သေနတ်ပြောင်းဖြင့် ထိုသူ့ခေါင်းကို လှမ်းရိုက်လိုက်သည်။ ခေါင်းခံ၊ွကို ခွပ်ခနဲ ထိသံ ကြားလိုက်ရသည်။
ထိုသူက ရှာဆာအား ချုပ်ကိုင်ထားသောလက်များ ပျော့သွားပြီး နောက်သို့ လန်ကျသွားသည်။ ရှာဆာက လည်းတွန်းပစ်လိုက်ပြီး ကုန်းထကာ ဒူးထောက်ထိုင်လိုက်သည်။ တစ်ဆက်တည်းပင် ဆုံလည်ထဲမှ ကျည်ဆန်ကို သေနတ်ကြေပာင်းထဲသို့ ပို့လိုက်သည်။ သေနတ်ပြောင်းကို မတင်ပြီး ချိန်လိုက်သည်။ သို့သော် သူတို့နှစ်ယောက်လုံးထွေးနေစဉ်က တောင်စောင်းသို့ မည်မျှ နီးနီးရောက်သွားသည်ကို သူသတိ မထားလိုက်မိချေ။ ယခု သူဒူးထောက်နေသော နေရာမှာ တောင်စောင်းအစွန်ဆုံးနေရာတွင် ဖြစ်သည်။

လူသတ်သမား၏ မျက်နှာကို သူက သေနတ်ဖြင့် လှမ်းချိန်လိုက်ချိန်တွင် ထိုသူက သူ့ရင်ဘတ်ကို ခြေထောက် နှစ်ချောင်းဖြင့် စုံကန်ထည့်လိုက်သည်။
ရှာဆာ နောက်သို့ လန်ကျသွားသည်။ ပစ္စတိုမှ ကျည်ဆန်ထွက်သွားသည်။ သို့သော် အပေါ်ထောင်ပြီး လေထဲသို့ လွင့်ထွက်သွားခြင်းသာဖြစ်သည်။ ရှာဆာ့ ခန္ဓာကိုယ်မှာ တောင်စောင်းမှ အောက်သို့ လျှော့ကျ သွားသည်။ အောက်ဘက်ချိုင့်ဝှမ်းမှာ ပေ ၁၀၀ ခန့်နက်သည်။ သို့သော် ဆယ်ပေခန့်လျှောအကျတွင် ကျောက်တောင်နံရံ၌ပေါက်နေသော ထင်းရှူးပင်ပေါက်ကလေးကို ရှာဆာ ဆွဲမိဆွဲရာ လှမ်းဆွဲလိုက်သည်။ သူ ကံကောင်းသွားသည်။ ထိုသစ်ပင်လေးကို ဆွဲမိလိုက်ခြင်းဖြင့် အောက်သို့ကျမသွားတော့ဘဲ ခြေတွဲလဲ ဖြင့် တွဲလောင်းခိုချိတ်မိနေသည်။

ရှာဆာ အပေါ်သို့ မော့ကြည့်လိုက်သည်။ လူသတ်သမား၏ ဦးခေါင်းက ကျောက်ဆောင်စွန်းပေါ်မှ ပြူထွက် ပြီး ပေါ်လာသည်။ အ၀ါရောင်မျက်လုံးက မီးဝင်းဝင်းတောက်မတတ် သူ့ကိုစိုက်ကြည့်ပြီး ပြန် ကွယ်ပျောက် သွားသည်။ ကျောက်တုံးများပေါ်မှ လျှောက်သွားနေသော ထိုသူ့ခြေသံကို ကြားရပြီး ရိုင်ဖယ်ထဲ ၌ ကျည်ဆန် ထည့်ကာ မောင်းလိုက်သံကိုပါ တစ်ဆက်တည်း ကြားလိုက်ရသည်။
" သူ ငါ့ကို အပြတ်ရှင်းတော့မှာပဲ "
ရှာဆာ တွေးမိလိုက်သည်။ တစ်ဆက်တည်းမှာပင် သူ့ညာလက်ထဲ၌လည်း ဘာရက်တာပစ္စတို ရှိနေသေး သည်ကို သတိရလိုက်သည်။ ထို့ကြောင့် ထင်းရှူးပင်ပေါက်ကို ဘယ်ဘက်တံတောင်ဆစ်ကွေးဖြင့် မြဲမြဲချိတ် ထားလိုက်ပြီး ပစ္စတိုကိုအပေါ်ထောင်ကာ ကျောက်တောင်နံရံအစပ် တည့်တည့်သို့ ချိန်ထားလိုက်သည်။

လူသတ်သမား၏ ဦးခေါင်းက ကျောက်တောင်စွန်းမှ ပေါ်လာပြီး ရိုင်ဖယ်ကို အောက်ဘက်သို့ ထိုးစိုက် နေစဉ် မှာပင် ရှာဆာက ပစ္စတိုဖြင့် လက်ဦးအောင် ပစ်ထည့်လိုက်သည်။ ပစ္စတိုကျည်ဆန် သေးသေးလေးက အသားထဲသို့ ဖောက်ဝင်သွားသည့်အသံကို ရှာဆာကြားလိုက်ရသည်။ လူသတ်သမား ထံမှ အားခနဲ အော်သံကြားလိုက်ရပြီး သူ့ခေါင်းလည်း တောင်စောင်းရှိ ရှာဆာ့မြင်ကွင်းမှ ပျောက် သွားသည်။
တစ်ခဏအကြာတွင် ခပ်လှမ်းလှမ်းမှ လူတစ်ယောက် အော်သံကို ရှာဆာကြားရသည်။ ထိုအသံမှာ ဘလိန်း အသံဖြစ်ကြောင်း ရှာဆာမှတ်မိသည်။
ထို့နောက် လူသတ်သမား၏ တောင်ဆင်းလမ်းတစ်လျှောက် ပြေးသွားသောခြေသံကို ကြားလိုက်ရပြီး တဖြည်းဖြည်း ပျောက်သွားတော့သည်။ ထို့နောက် မိနစ်ပိုင်းအတွင်းမျာပင် ဘလိန်းမျက်နှာက တောင်စောင်း အပေါ်ဘက်မှ ပေါ်လာသည်။

" မြဲမြဲကိုင်ထား … ရှာဆာ " သူ့အသံက တုန်ရင်နေသည်။
ထို့နောက် ဘလိန်းသည် သူ့ခါးမှခါးပတ်ကို ချွတ်လိုက်သည်။ ခါးပတ်ကို တစ်ဘက်ထိပ်၌ ကွင်းလုပ်လိုက် သည်။ ထို့နောက် သူက ကျောက်ဆောင်ပေါ်၌ ၀မ်းလျားမှောက် ခါးပတ်ကွင်းကို အောက်သို့ချပေးသည်။ ရှာဆာက ထိုကွင်းလဲ လက်ချိတ်လိုက်သည်။ ဘလိန်းက အပေါ်မှ တအားလွဲ၊ ရှာဆာက အောက်မှ ကျောက်နံရံ ကို တွန်းကန်တက်ဖြင့် မနည်းကြိုးစားမှ အပေါ်ရောက်သွားသည်။ နှစ်ယောက်စလုံး ခြေကုန် လက်ပန်း ကျသွားသည်။
လမ်းအတိုင်း သူတို့နှစ်ယောက် ပြေးဆင်းလိုက်ကြသည်။ ခြေလှမ်း ၂၀ ခန့်အရောက်တွင် လမ်းပေါ် ကျောက်တုံးတစ်တုံးပေါ်၌ သွေးစက်ကိုမြင်ရ၍ ဘလိန်းက မေးလိုက်သည်။
" ဟိုမှာ သွေးစက်တွေပါလား … သူဒဏ်ရာရသွားတယ်ထင်တယ် "
" ဟုတ်တယ်၊ ကျွန်တော် ဘာရက်တာပစ္စတိုလေးနဲ့ ပစ်ထည့်လိုက်တယ် "
သူတို့ဆက်၍ ပြေးဆင်းလိုက်ကြရာ မကြာမီမှာပင် မော်တော်ကားစက်သံ ကြားလိုက်ရသည်။

" သူ့မှာ ကားပါလာတာကိုးကွ "
ဘလိန်းက ပြောလိုက်သည်။ သူတို့လိုက်၍ မမီနိုင်တော့မှန်းလည်း သိလိုက်သည်။ ထို့ကြောင့် သစ်တော ဌာနရုံးသို့ သွားကြသည်။ ရှာဆာက ထိုဌာနမှနေ၍ စီအိုင်ဒီရုံးချုပ်သို့ တယ်လီဖုန်းဆက်ပြီး ရဲမှူးနေးလ် အား လသတ်သမား၏ ပုံပန်းသဏ္ဍာန်ကို ပြောပြလိုက်သည်။
" ခင်ဗျား မြန်မြန်လှုပ်ရှားဖို့လိုမယ်၊ လူသတ်သမားဟာ ကားလမ်းကို ကြိုတင်စီစဉ်အကွက်ချထားပုံရတယ် " ရှာဆာ က ပြောလိုက်သည်။
ထို့နောက် ဘလိန်းနှင့်ရှာဆာတို့ သေနတ်ပစ် လုပ်ကြံခံရသောနေရာသို့ ပြန်သွားကြသည်။ အမျိုးသမီးများ လည်း ထိုနေရာသို့ ရောက်နေပြီ။ စင်တိန်နှင့်အန်က တစ်ယောက်နှင့် တစ်ယောက်ဖက်ပြီး ငိုနေကြသည်။ လုပ်ကြံခံ ရ၍ သေနတ်မှန်သေဆုံးသွားသူ၏ အလောင်းပေါ်တွင် စောင်တစ်ထည် လွှမ်းခြုံထားသည်။

ရှာဆာသည် အလောင်းဘေး၌ ဒူးထောက်ထိုင်ချလိုက်သည်။ စောင်အစတစ်ဘက်ကို မပြီး အလောင်း၏ မျက်နှာကို ကြည့်လိုက်သည်။ သေဆုံးနေပြီဖြစ်သော ဆာဂါရီ၏ မျက်နှာကို တွေ့ရသည်။ ရှာဆာက သူ့ အဖေကြီးနဖူးကို ဖွဖွလေးနမ်းလိုက်သည်။ အသားကအေးစက်နေသည်။
ရှာဆာက မတ်တတ်ထလိုက်သောအခါ ဖီးမာရှယ်စမတ်က ရှာဆာပခုံးကို လက်တင်ဖက်ဖြင့် ကိုင်လိုက်ပြီး နှစ်သိမ့်စကားပြောလိုက်သည်။
" ငါ စိတ်မကောင်းပါဘူး လူကလေးရယ်၊ တကယ်တော့ မင်းအဖေကြီးကို ထိသွားတဲ့ကျည်ဆန်ဟာ ငါ့ကို ရည်မှန်းပြီး ပစ်ထည့်ကျည်ဆန်ပါကွာ "

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

Thursday, January 19, 2012

ဝင်းဖေဝင်း ဘာသာပြန် စိန်မင်းသမီး အဆက် အပြိုင်အဆိုင်အနိုင်, အပိုင်း (၅၆)

(၅၆)

ဂျိုဟန်နက်စဘတ်မြို့ စီအိုင်ဒီဌာနချုပ်ရှိ ရဲမင်းကြီးအား ဘလိန်းမယ်လကွန်က တယ်လီဖုန်း ဆက်နေချိန် တွင် ရှာဆာ သည် ဘလိန်းစားပွဲ၌ မတ်တတ်ရပ်နေသည်။
" ခင်ဗျား ရှာဖွေဝရမ်းရရချင်း အဲဒီအလုပ်ရုံကို ပိတ်လိုက်ပါ။ ဘယ်သူမှ အ၀င်အထွက် မလုပ်စေနဲပတော့၊ ထရန်စဗက် က နယ်မြေတပ်မှူးကိုလဲ ကျွန်တော် ပြောလိုက်ပြီးပြီ၊ သူနဲ့သူ့တပ်ရေး ဗိုလ်ကြီးက ခင်ဗျားကို အပြည့်အ၀ ပူးပေါင်းကူညီလိမ့်မယ်၊ ခင်ဗျား ချက်ချင်း လုပ်ငန်းစပြီး ရှာပေတော့၊ ဂိုဒေါင်ထဲက လက်နက်သေတ္တာ တွေ အားလုံး ဖွင့်ဖောက် စစ်ဆေးပါ၊ ထုတ်လုပ်ရေးမှတ်တမ်းမှာပါတဲ့ ပစ္စည်းအားလုံး ကို စာရင်းနဲ့ တိုက်ဆိုင်စစ်ဆေးပါဗျာ၊ ကျွန်တော် အခုချက်ချင်း အဲဒီက လေယာဉ်ပျံနဲ့ လိုက်လာခဲ့မယ်၊ ရော ဘတ်တိုက်လေယာဉ်ကွင်း မှာ ကျွန်တော့်ကို ရဲကားတစ်ီး နဲ့ လာစောင့်နေပါ"
ဘလိန်းက ရှာဆာအား လှမ်းကြည့်လိုက်သည်။ ရှာဆာက လက်ငါးချောင်းထောင်ပြလိုက်သည်။

" ညနေ ၅ နာရီမှာ လာစောင့်ပါ၊ လောလောဆယ်မှာတော့ အဲဒီကိစ္စကို မဆိုင်သူတွေ လုံးဝမသိအောင် လျှို့ဝှက်ထားပါ၊ ခင်ဗျားလူတွေကို တာဝန်ပေးရင်လဲ အိုဘီအဖွဲ့ဝင်မဟုတ်တဲ့လူ၊ ခင်ဗျားစိတ်ကြိုက် လူတွေ ကို သာ ရွေးပြီး တာဝန်ပေးပါရဲမင်းကြီး "
ရှာဆာသည် သူ၏ဂျက်ဂွာကားဖြင့်ပင် ဘလိန်းကို တင်ကာ ရမ်းစဖီးလေယာဉ်ကွင်းသို့သွားသည်။ ထိုမှ တစ်ဆင့် ပရီတိုးရီးယားသို့ လေယာဉ်ဖြင့်သွားကြသည်။ သူတို့မှာထားသည့်အတိုင်း ရဲအုပ်တစ်ယောက်က ကားတစ်စီး ဖြင့် ရောဘက်တိုက်လေယာဉ်ကွင်းတွင် အသင့်စောင့်နေသည်။ ထိုရဲအရာရှိအား တွေ့တွေ့ချင်း ပင် ဘလိန်းက မေးလိုက်သည်။
" မင်းတို့ ဖွင့်ဖောက်စစ်ဆေးရေးအခြေအနေ ဘယ်လိုရှိလဲ အခုအထိ ဘာထူးခြားသလဲ "
" ဘာမှ မထူးခြားသေးပါဘူး ၀န်ကြီး၊ ရိုင်ဖယ် သေတ္တာပေါင်း ၆၀၀ စစ်ဆေးပြီးပါပြီ၊ အချိန်အတော် ကုန်ပါတယ်၊ ဘာမှထူးခြားတာ မတွေ့ပါဘူး၊ အားလုံး စနစ်တကျ အပြည့်အစုံရှိနေပါတယ်" ရဲအရာရှိက ဖြေသည်။

" ဂိုဒေါင်ထဲမှာ သေနတ် သေတ္တာပေါင်း ဘယ်လောက်ရှိသလဲ "
" သေတ္တာ ၉၆၀ ကျော်ရှိပါတယ် "
" ဒါဖြင့် တစ်ဝက်ကျော် စစ်ဆေးပြီးနေပြီပဲ၊ ကဲ လာ သွားကြည့်ကြသေးတာပေါ့ "
ဘလိန်းနှင့် ရှာဆာတို့သည် ထိုရဲကားဖြင့်ပင် ပရီတိုးရီးယားမြို့လယ်ရှိ မီးရထားအလုပ်ရုံသို့ လိုက်သွား သည်။ အလုပ်ရုံက၀င်ဂိတ်ပေါက်တိုင်းတွင် ရဲတစ်ယောက်နှင့် စစ်သားတစ်ယောက်စောင့်နေ သည်။ အ၀င်အထွက် ကားများကို အသေအချာစစ်ဆေးသည်။
လက်နက်ရုံ စုံစမ်းစစ်ဆေးမှုတာဝန်ခံရဲအရာရှိကြီးကို အလုပ်ရုံ မန်နေဂျာရုံးခန်း၌ တွေ့ရသည်။ သူက အခြေ အနေ ကို တင်ပြသည်။ လေယာဉ်ကွင်း၌ သူတို့သိရှိလာတာထက် နည်းနည်းသာပိုထူးသည်။ ယခုအ ထိမူ လက်နက်ထုတ်လုပ်မှုနှင့် ထုပ်ပိုးထည့်သွင်းမှုတို့မျာ အမှားအယွင်း အချွတ်အချော်ဟူ၍ မတွေ့ရ သေးပေ။
" ကဲ ... ကျွန်တော့်ကို စက်ရုံထဲ လိုက်ပြစမ်းဗျာ " ဘလိန်းက အမိန့်ပေးလိုက်သည်။

ဘလိန်း၊ ရှာ၊ ရဲအရာရှိကြီးနှင့် အလုပ်ရုံမန်နေဂျာတို့ အဓိက လက်နက်ထုတ်လုပ်သော အလုပ်ရုံသို့ သွား ကြည့်သည်။ ထိုစက်ရုံမှာ မူလကမီးရထားတည်ဆောက်သော စက်ရုံဖြစ်သည်။ ယခု လက်နက်စက်ရုံသို့ ပြောင်း လဲကာ မြောက်အာဖရိက သဲကန္တာရစစ်ပွဲအတွက် သံချပ်ကာကားများ ထုတ်လုပ်နေသည်။
ရဲဘက်မှ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေခြင်းကြောင့် စက်ရုံလုပ်ငန်းများ ရပ်ဆိုင်းမသွားပါချေ။
" အလုပ်သမားပေါင်း ဘယ်လောက်ရှိသလဲ "
စက်ရုံထဲ၌ ထုထောင်းရိုက်နှက်နေသည့် အသံများကြောင့် ဘလိန်းက စက်ရုံမန်နေဂျာအား အော်ပြီး မေးလိုက် ရသည်။
" အားလုံးပေါင်း လူ ၃၀၀၀ နီးပါးရှိတယ်၊ အဆိုင်းသုံးဆိုင်းခွဲပြီး ၂၄ နာရီလုပ်နေရတယ်၊ စစ်ကာလ အရေးပေါ် ထုတ်လုပ်မှုပါပဲ "
မန်နေဂျာ က သူတို့အား ဟိုဘက်အစွန်ဆုံးရှိ စက်ရုံသို့ ခေါ်သွားသည်။

" ဒါကတော့ လက်နက်ငယ်တွေ ထုတ်တဲ့နေရာပါ၊ သေနတ်ပြောင်းတွေနဲ့ ကိုယ်ထည်တွေ ဒီမှာ ထုတ်ပါတယ်၊ သစ်သားဒင်တွေကိုတော့ အပြင်ကန်ထရိုက်တွေဆီက မှာယူပါတယ် "
" ထုတ်လုပ်ပြီး လက်နက်တွေနဲ့ ထုပ်ပိုးထည့်သွင်းပုံ ပြစမ်းပါဦး၊ ပြဿနာပေါ်စရာရှိရင် အဲဒီနေရာကပဲ ပေါ်မှာပဲ "
ရိုင်ဖယ်များကို တပ်ဆင်စစ်ဆေးပြီးသောအခါ အမဲဆီသုတ်ပြီး အမဲဆီစိမ်စက္ကူနှင့်ပတ်ကာ သစ်သား သေတ္တာများ ထဲသို့ ထည့်သွင်းပြီး ပိတ်သည်။ သေတ္တာတစ်လုံးလျှင် ရိုင်ဖယ်ဆယ်လက်စီပါသည်။ ထို သေတ္တာ များကိုရွေ့လျားနေသော စက်ခါးပတ်ဖြင့် သတ်ပြီး ဂိုဒေါင်သို့ပို့ကာ သိမ်းဆည်းသည်။

ဂိုဒေါင်ထဲသို့ သူတို့ဝင်သွားသောအခါ ယူနီဖောင်းဝက်ရဲသား တစ်ဒါဇင်ခန့်နှင့် ၀တ်စုံပြာဝတ် အလုပ်သမား ၅၀ ခန့်တို့ အလုပ်များနေကြသည်။ လက်နက်သေတ္တာများကို တစ်လုံးချင်း ဖွင့်ဖောက် စစ်ဆေးရေတွက် နေကြသည်။ သေတ္တာအလုံး ၅၀ခန့်သာ ရေတွက်ရန် ကျန်တော့ကြောင်း ရှာဆာ မြင်လိုက်ရသည်။
ဂိုဒေါင်မှူးချုပ် က သူ့စားပွဲမှနေ၍ ထလာပြီး ဘလိန်းအား မထိလေးစား ပြောလာသည်။

" ခင်ဗျား ဘယ်သူ ဘယ်ဝါ ဆိုတာတော့ ကျုပ်မသိဘူး၊ ဒီအဓိပ္ပာယ်မရှိတဲ့ အလုပ်တွေ လုပ်ခိုင်းတာ ခင်ဗျား ပဲ ဖြစ်မှာပဲ၊ ကျွန်တော်တို့အတွက် တစ်နေ့စာ ထုတ်လုပ်မှုတွေ ဆုံးရှုံးသွားပြီ၊ ကုန်ရထားတွေလဲ ဒီမှာ ရပ်နေရပြီ၊ ဒါဆန်းဆိပ်ကမ်းမှာလဲ ဒီလက်နက်တွေကို မြောက်အရပ်ရောက်နေတဲ့ ကျွန်တော်တို့ တပ်သား တွေဆီ ထပ်ဆင့်ပို့ပေးမယ့်ကားတွေ တန်းစီစောင့်နေကြရပြီ"
ရှာဆာက သူတို့အနားမှ ထွက်လာပြီး လက်နက်များဖွင့်ဖောက် စစ်ဆေးနေသော ရဲသားများထသွားကာ မေး လိုက်သည်။
" ဘာမှ မတွေ့သေးဘူးလား "
" အလကားပါဗျာ ... အချိန်ဖြုန်းတဲ့အလုပ်ပါ "

ရှာဆာ တစ်ဘက်သို့ ပြန်လှည့်ထွက်လာသည်။ ဤကိစ္စ၌ မိမိတွင် တာဝန်ရှိနေသည်။ မိမိကြောင့် တစ်နေ့စာ ကုန်ထုတ်လုပ်မှုဆုံးရှုံးရသည်ကို ရှာဆာတွေးမြင်ကာ စိတ်မကောင်းဖြစ်သွားသည်။
သေတ္တာများ အားလုံး ဖွင့်ဖောက်စစ်ဆေးပြီး သွားသောအခါ ရဲအရာရှိက ဘလိန်းအားလာပြီး အစီရင်ခံ သည်။
" ဘာမှမတွေ့ပါဘူးဝန်ကြီး၊ ၀မ်းနည်းပါတယ် "
" အေးလေ ... မတွေ့လဲ ဘာတတ်နိုင်မလဲ၊ လုပ်သင့် လုပ်ထိုက်တာ လုပ်ခဲ့တာပဲ၊ ဘယ်သူ့မှအပြစ်ပြောဖို့ မရှိပါဘူး " ဘလိန်းက ရှာဆာကို မသိမသာလှမ်းကြည့်ပြီး ပြောလိုက်သည်။
" ဟာ ... မဟုတ်တဲ့ ပေါက်ကရအကြံဥာဏ်ပေးတဲ့တစ်ယောက်ကိုတော့ အပြစ်ပြောရမှာပေါ့၊ ကဲ ... အခု ခင်ဗျား ကို အပျင်းပြေလုပ်တဲ့ကိစ္စပြီးပြီမဟုတ်လား၊ ဒီတော့ ကျန်တဲ့ လက်နက်သေတ္တာတွေကို ကျွန်တော် ရထားပေါ် ဆက်တင်လို့ ရပြီလား"

ဂိုဒေါင်မှူးချုပ်က ရန်လိုသောအသွင်ဖြင့် ပြောလာသည်။ ရှာဆာက ထိုသူအား စိုက်ကြည့်လိုက်သည်။ ထိုသူ၏ အမူအရာက ထီမထင်သလို၊ ဂရုမစိုက်အလေးမထားသလို၊ ရန်လိုသလို တစ်ခုခုထူးခြားနေသည် ဟု  ရှာဆာမြင်မိသည်။ ဆဋ္ဌမအာရုံက မိမိကို သတိပေးနေသည်။
" ကောင်းပြီလေ ... မင်းတင်စရာရှိတာ ဆက်တင်တော့ပေါ့ " ဘလိန်းက အမိန့်ပေးလိုက်သည်။
" ခဏစောင့်ပါဦး ၀န်ကြီး "
ရှာဆာက ဘလိန်း အား အေးဆေးတည်ငြိမ်စွာ လှမ်းပြောလိုက်ပြီး ဂိုဒေါင်မှူးဘက်သို့ မျက်နှာချင်း ဆိုင်ကာ မေးလိုက်သည်။

" ရထားတွဲ ဘယ်နှစ်စီးမှာ ခင်ဗျားလက်နက်တွေ တင်ပြီးပြီလဲ .... "
ထိုသူက မသိမသာမျက်နှာလွှဲသွားပြန်သည်။ အမေးကိုဖြေရန် တုံ့ဆိုင်းဆိုင်းဖြစ်နေသည်။ သူလိမ်တော့ မည် ကို ရှာဆာ သိလိုက်သည်။ သူ့အလုပ်စားပွဲပေါ်ရှိ စာရွက်ကို သူကလှမ်းကြည့်လိုက်သည်။ ရှာဆာက သူ့ထက် ဦးအောင် ထိုနေရာသို့ သွားလိုက်ပြီး စာရွက်ကို ကောက်ယူကာ ဖတ်လိုက်သည်။
" ရထားတွဲ သုံးတွဲတောင်တင်ပြီးနေပြီပဲ၊ အဲဒီရထားတွဲတွေဘယ်မှာလဲ " ရှာဆာက ခပ်မာမာမေးလိုက် သည်။
" တွဲရှန်တိန် လုပ်ဖို့ ဆွဲသွားကြပြီ "
ထိုသူက သုန်သုန်မှုန်မှုန်ဖြင့် ခပ်တိုးတိုးဖြေသည်။

" ဒါဖြင့် အဲဒီတွဲတွေကို အခု ချက်ချင်း ဒီကို ပြန်ဆွဲလာခိုင်းလိုက် "
ဘလိန်း က အပြတ်ဝင်ပြီး အမိန့်ပေးလိုက်သည်။
ရထားတွဲများကို ပြန်ဆွဲယူလာသည်။ ပထမ ရထားတွဲကို တံခါးဖွင့်လိုက်ချိန်တွင် ဘလိန်းနှင့် ရှာဆာတို့က ဘေးမှ ရပ်ကြည့်နေသည်။ တွဲထဲတွင် ရိုင်ဖယ်သေတ္တာများကို အမိုးအထိ ဆင့်ပြီး တင်ထားသည်။
" ကျွန်တော်တို့ ရှာတာတွေဟာ ဒီအတွဲမှာ ရှိနေတယ်ဆိုရင်တော့ အောက်ဆုံးသေတ္တာတွေပဲဖြစ်ရမယ်" ရှာဆာ က အကြံပေးလိုက်သည်။
" အောက်ဆုံးက သေတ္တာတွေ ရောက်တဲ့အထိ အပေါ်က သေတ္တာတွေကို ဆွဲချကြဟေ့ ဘလိန်းကအမိန့် ပေး လိုက်သည်။
ထို့ကြောင့် အပေါ်မှသေတ္တာများကို ဆွဲချပြီး တစ်နေရာတွင် ပုံလိုက်ကြသည်။

" ကဲ ... အဲဒီအောက်က သေတ္တာကိုဖွင့်စမ်းကွာ" ဘလိန်းက ရထားတွဲအောက်ဆုံး နောက်ပိုင်းမှ သေတ္တာ ကို လက်ညိုးထိုးပြပြီး ပြောလိုက်သည်။
ရဲသားတစ်ယောက်က ဖွင့်လိုက်ပြီး ဘလိန်းအား အံ့သြတကြီး လှမ်းပြောလိုက်သည်။
" ဆရာ ... ဒီမှာကြည့်ပါဦး "
ဘလိန်း က သူ့ဘေးသို့ တိုးသွားပြီး သေတ္တာထဲ ငုံ့ကြည့်လိုက်သည်။ ထို့နောက် ဘေးမှလူများကို ချက်ချင်း မော့ကြည့်လိုက်သည်။
ဂိုဒေါင်မှူးချုပ်သည် တစ်ဘက်ဂိတ်ဝအပေါက်ဆီသို့ သုတ်သုတ်ပျာပျာသွားနေသည်ကို လှမ်းမြင်လိုက်ရ သည်။
" အဲဒီလူကို ဖမ်းလိုက် "

ဘလိန်းက အရေးတကြီး အော်ပြီး အမိန့်ပေးလိုက်သည်။ ရဲသားနှစ်ယောက်က အပြေးအလွှားလိုက် သွားပြီး ထိုသူအား နှစ်ဘက်ညှပ်ပြီး ဖမ်းချုပ်လိုက်သည်။ သူက အံတင်းရုန်းကန်သော်လည်း ရဲသား နှစ်ယောက် က အတင်း ပြန်ဆွဲခေါ်လာသည်။
ဘလိန်း က ရှာဆာအား လှမ်းကြည့်ပြီး ပြုံးပြကာ ပြောလိုက်သည်။
" ကဲ ... မင်းကျေနပ်သွားပြီလို့ ငါမျှော်လင့်တယ်၊ မင်းရဲ့ အောင်ပွဲပဲ၊ ဒါပေမယ့် ငါတို့ နောက်ထပ် နေ့မအိပ် ညမအိပ် အလုပ်တွေ တစ်ပုံတစ်ခေါင်းကြီးဆက်လုပ်ရလိမ့်ဦးမယ်ရှာဆာ " ရှည်လျား ကြီးမားပြီး ပြောင်လက် နေသော စားပွဲကြီးတွင် ၀န်ကြီးအဖွဲ့အစည်းအဝေး ထိုင်နေသည်။ ၀န်ကြီး ၁၅ ဦးစားပွဲပတ် ပတ်လည် တွင် မျက်နှာထား သုန်သုန်မှုန်မှုန်နှင့် ထိုင်နေပြီး ပြည်ထဲရေးဝန်ကြီး ဘလိန်းမယ်လကွန်က အစီရင်ခံ တင်ပြနေသည်။

လက်နက် အရေအတွက် ဘယ်၍ဘယ်မျှ ပျောက်နေတယ် ဆိုတာ စုံစမ်းဖော်ထုတ်လို့ မရသေးပါဘူး၊ ဒီလ ဆန်းက စပြီး လက်နက်တွေ အမြောက်အမြားပို့ခဲ့တာ နှစ်ကြိမ်ရှိပါပြီ၊ အဲ့ဒီ နှစ်ကြိမ်စလုံးဟာ သူရောက် ရမယ့် ကိုင်ရိုမြို့ကို အခုထိမရောက်သေးပါဘူး၊ လမ်းက ကြားစခန်းတွေမှာပဲ ရှိပါသေးတယ်၊ ဒီတော့ အဲဒီနှစ်ကြိမ် လက်နက်ပို့ထားတဲ့ အထဲက လက်နက်အတော်များများ ပျောက်နေလိမ့်မယ်ဆိုတာ သေချာ ပါတယ်၊ ရိုင်ဖယ် လက် ၂၀၀၀ ခန့်နဲ့ ကျည်ဆန် တစ်သန်း ခွဲလောက်ပျောက်နေလိမ့်မယ်လို့ ကျွန်တော် ထင်ပါတယ် "
စားပွဲတွင် ၀ိုင်းထိုင်နေသူများ မအီမသာ ဖြစ်သွားသည်။ သို့သော် မည်သူကမှ ၀င်မပြောသေး။ ဘလိန်းက ဆက် ပြောသည်။

" ဒီကိစ္စက တကယ်တော့ ကြောက်စရာ ပါပဲ၊ ဒီထက် ပိုကြောက်စရာ ကောင်းတာကတော့ ဗစ်ကာ စက်သေနတ် အလတ် ၃၀ နဲ့ ၅၀ ကြား အဲဒီစက်ရုံမှာ အခိုးခံရပြီး ပျောက်ဆုံးနေတာပါပဲ "
" မယုံနိုင်စရာ ပါပဲလား၊ တစ်နိုင်ငံလုံး သူပုန်ထလောက်အောင် လုံလောက်တဲ့ လက်နက်တွေပါလား၊ ၁၉၁၄ ခုနှစ်ကလို ပြန်ဖြစ်လာနိုင်တယ်၊ ဒီကိစ္စ အပြင်ကို သတင်းလုံးလုံးမပေါက်ကြားမှ ဖြစ်မယ်၊ ပေါက်ကြား သွား ရင် အားလုံးထိတ်လန့်ပြီး ၀ရုန်းသုန်းကားတွေ ဖြစ်သွားနိုင်တယ် " ၀န်ကြီး ဒယ်နီရစ်က ညည်းတွား ပြော ကြားလိုက်သည်။
" မီးရထားပေါ်ကနေဖြတ်ပြီး ဖောက်ခွဲပစ္စည်းတွေ ခိုးသွားတာလဲ ထည့်တွက်ရဦးမယ်၊ ဒီပစ္စည်းတွေဟာ ကျွန်တော် တို့ရဲ့ ပို့ဆောင်ဆက်သွယ်ရေး လုပ်ငန်းတွေ ဖရိုဖရဲ ဖြစ်သွားစေဖို့ ကျွန်တော်တို့ လက်ကျန်တပ် များ တပ်ဖြန့်ရေးမှာ တားဆီးဟန့်တားဖို့ သုံးမှာသေချာတယ်၊ တကယ်လို့ ပုန်ကန်တော်လှန်လာမယ် ဆိုရင် ... "
ဘလိန်း စကားမဆုံးမီပင် ၀န်ကြီးချုပ်က လက်ကာပြပြီး ၀င်ဖြတ်ပြောလိုက်သည်။

" ဒီမှာ ဘလိန်း၊ ငါတို့ကို ပြောစမ်းပါဦး၊ သူတို့က ငါတို့ကို ဘယ်တော့လောက်မှာ ပွင့်ပွင့်လင်းလင်း ပေါ်ထွက် လာပြီး အာဏာသိမ်းဖို့ ကြိုးစားမယ်လို့ ထင်သလဲ "
" တိတိကျကတော့ ကျွန်တော်လဲ မသိရသေးပါဘူး ၀န်ကြီးချုပ်၊ လက်နက်တွေ အခိုးခံရတာကို အခု ကျွန်တော် တို့ သိလိုက်ရတဲ့အပေါ်မှာ မူတည်ပြီး အကောင်းဆုံး ခန့်မှန်းနိုင်တာပဲရှိပါတယ်၊ ပထမ အသုတ် ပို့ လိုက်တဲ့လက်နက်တွေ ကိုင်ရိုရောက်တာနဲ့ လက်နက်တွေပျောက်တာ ကျွန်တော်တို့ သိမယ်ဆိုတာ သူတို့ တွက်ပြီးသားဖြစ်ရမယ်၊ ဒီတော့ ပထမအသုတ် လက်နက်တွေ ကိုင်ရိုရောက်ချိန်မတိုင်ခင်မှာ သူတို့ စတင် လှုပ်ရှားမှာတော့ သေချာတယ် "

" အဲဒီလက်နက်တွေက ကိုင်ရိုဘယ်တော့ ရောက်မလဲ "
" နောက်နှစ်ပတ်လောက် ဆိုရင် ရောက်လိမ့်မယ် "
" ဒါဆိုရင် သူတို့ အခုရက်ပိုင်းအတွင်း တစ်ခုခု လုပ်လိမ့်မယ်လို့ မျှော်လင့်ထားရလိမ့်မယ် "
" ဟုတ်ပါတယ် ၀န်ကြီးချုပ် "
" နောက်တစ်ခု ငါမေးချင်တာကတော့ မင်းရဲ့ စုံစမ်းစစ်ဆေးမှုတွေ ဘယ်တော့ပြီးမလဲ၊ အိုဘီအဖွဲ့ရဲ့ ခေါင်း ဆောင် တွေစာရင်းတွေနဲ့ တပ်သားစာရင်း အပြည့်အစုံရပြီလား "
" အပြည့်အစုံတော့မရသေးဘူး၊ အခုအထိတော့ လူ ၆၀၀ လောက်ပဲ အမည်စာရင်းရသေးတယ်၊ အဓိက ကျတဲ့ လူအားလုံး အဲဒီအထဲမှာပါပြီလို့ ယူဆရတယ်၊ ဒါပေမယ့် သေချာမသေချာတော့ ဘယ်လိုမှ မသိနိုင်ဘူး "
" ကျေးဇူးပဲ ဘလိန်း "

ဝန်ကြီးချုပ်ကပြောလိုက်ပြီး ခေတ္တစဉ်းစားနေသည်။ သူ့အမူအရာက စိုးရိမ်ပူပန်ပုံမပေါ်ဘဲ တည်ငြိမ် အေးဆေးနေသည်။ ၀န်ကြီးအားလုံးက သူဘာဆက်ပြောမည်ကို စောင့်နေသည်။
" အဲဒီနာမည်စာရင်းက လူတွေထဲမှာ ဘယ်လောက် အရေးကြီးတဲ့ ပုဂ္ဂိုလ်တွေပါသလဲ "
" အော်ရိန်းဖရီးပြည်နယ်က အုပ်ချုပ်ရေးမှူး ပါနေတယ် "
" အေး ... သူ့အကြောင်းတော့ ငါတို့ သိထားတယ် "
" ၀န်ကြီးဟောင်း တစ်ဦးအပါအ၀င် ပါလီမန်အမတ် ၁၄ ဦးလဲပါနေတယ် "
" သူတို့ကိုတော့ ထိလို့မရဘူး၊ ပါလီမန်ဆိုင်ရာ လွတ်လပ်ခွင့်နဲ့ ငြိနေမယ် "

" အဲဒီအပြင် ဘာသာရေး ခေါင်းဆောင်တချို့၊ စစ်ဘက်အဆင့်မြင့် အရာရှိ လေးဦးထက်မနည်း၊ အရပ်ဘက် ထိပ်တန်းအရာရှိ အချို့နဲ့ လက်ထောက်ရဲမင်းကြီး တစ်ဦးလဲ ပါနေတယ် "
ဘလိန်း က စာရင်းကို ဆက်ဖတ်ပြသည်။ သူဖတ်ပြ၍ ဆုံးချိန်တွင် ၀န်ကြီးချုပ်က ဆုံးဖြတ်ချက်ချပြီး ဖြစ်နေ သည်။
" ငါတို့ အချိန်စောင့်လို့မဖြစ်တော့ဘူး၊ ပါလီမန် အမတ်တွေကလွဲရင် ကျန်တဲ့လူတွေကို ဖမ်းဆီးချုပ်ဖို့ အမိန့် အသင့်ပြင်တော့၊ ပြီးပြီးချင်း ငါလက်မှတ်ထိုးမယ်၊ နောက်ပြီး သူတို့ကို တစ်ချိန်တည်း တစ်ပြိုင်တည်း မှာ ဖမ်း ဆီးနိုင်ဖို့ မင်းစီစဉ်ပေတော့၊ သူတို့ကို ထိန်းသိမ်းချုပ်နှောင်ထားဖို့ နေရာလဲရှာထား "
" အီတလီစစ်သုံ့ပန်းတွေကို ဗာဗီယန်စပို့နဲ့ ပီတာမာ တစ်စဘက်တို့မှာ အကျဉ်းစခန်းဆောက်ထားတာတွေ ရှိပါတယ် "

" အေး ကောင်းတယ်၊ စာရင်းပါတဲ့သူအားလုံးကို သံဆူးကြိုးနောက်က လုံခြုံစိတ်ချရတဲ့နေရာကို အမြန်ဆုံး ပို့ထားလိုက်ကွာ၊ ပျောက်သွားတဲ့လက်နက်တွေနဲ့ ဖောက်ခွဲပစ္စည်းတွေကိုလဲ အမြန်ဆုံးပြန်တွေ့အောင်လုပ် ကွာ "
ဝန်ကြီး အဖွဲ့အစည်းအဝေး ရုပ်သိမ်းလိုက်သည်။
ကျွန်တော်တို့ အချိန်စောင့်နေလို့မဖြစ်တော့ဘူး၊ အချိန်တိုင်းမှာ အန္တရာယ်ရှိလာပြီး၊ နေ့တိုင်းဟာ အန္တရာယ်နဲ့ နီးလာပြီး" မင်းဖရက်ဒီလာရေးက အလေးအနက်ပြောလိုက်သည်။
" ကျွန်တော်တို့ အဆင်သင့်မှမဖြစ်သေးဘဲ၊ အချိန်စောင့်ဖို့လိုသေးတယ် "

အခြားတစ်ယောက်က ပြောလိုက်သည်။ မင်းဖရက်အပါအ၀င် လူရှစ်ဦးသည် တရိပ်ရိပ်ပြေးလွှားနေသော မီးရထားကြီးလို ပထမတန်းတွဲတစ်တွဲ၌ ထိုင်ပြီး အစည်းအဝေးပြုလုပ်နေသည်။ တောင်ဘက်သို့ သွားသော မီးရထားကြီးတွင် လွန်ခဲ့သော မိနစ် ၂၀ အတွင်း သူတို့ ဘူတာတစ်ခုစီမှ တစ်ဦးချင်း သီးခြားစီ တက်ပြီး လိုက်ပါလာခဲ့သည်။ ဤရထားတွဲလက်မှတ် သိမ်းသည့်သူမှာ အိုဘီအဖွဲ့တစ်ဖွဲ့ကို လိုလားသူ ဖြစ်သည်။ အိုဘီ တပ်သားသုံးလေးဦးက တွဲအပြင် လူသွားလမ်းတွင် တွဲစောင့်များသဖွယ် စောင့်ကြပ် လိုက်ပါလာ သည်။ သူတို့ အစည်းအဝေးလုပ်နေရာသို့ မည်သူမျှ မရောက်နိုင်သလို မည်သည့် နေရာ မှလည်း ချောင်း၍နားထောင်မရနိုင်ပေ။

" နောက်ထပ် ၁၀ ရက် မင်းတို့ကို အချိန်ပေးရင် အားလုံးအသင့်ကြိုတင်ပြင်ဆင်ပြီး ဖြစ်ရစေ့မယ်။
" ၁၀ ရက်တောင် အချိန်မရတော့ဘူး၊ ကျွန်တော် ပြောနေတာတွေ ခင်ဗျား မကြားဘူးလား "
" ချက်ချင်းတော့ ဘယ်လိုမှမဖြစ်နိုင်ဘူး " ထိုသူကခေါင်းမာမာနှင့် ဆက်ပြောသည်။
" ဖြစ်နိုင်မယ် ... ဖြစ်ကိုဖြစ်ရမယ် " မင်းဖရက်အသံက ဒေါသသံပါလာပြီး မြင့်တက်သွားသည်။
ပြည်နယ် အုပ်ချုပ်ရေးမှူးက သူတို့နှစ်ယောက်ကြား ၀င်ပြီး ဖျန်ဖြေလိုက်သည်။
" ကဲ ... အငြင်းပွားတိုက်ခိုက်တာ တော်လောက်ပါပြီ၊ တိုက်ခိုက်မှုကို ရန်သူတွေအတွက်ထားလိုက်ပါဗျာ "
မင်းဖရက်က ဒေါသကိုချုပ်တည်းလိုက်ပြီး အသံမှန်ဖြင့် ဆက်ပြောလာသည်။

" ကျွန်တော် အသံမြင့်တက်သွားတာ တောင်းပန်ပါတယ်၊ ဒါပေမယ့် ကျွန်တော်တို့မှာ အချိန်မရှိတော့ဘူး ဆိုတာတော့ ထပ်ပြောပါရစေ၊ ရထားစက်ရုံကလက်နက်တွေ ကျွန်တော်တို့ခိုးထုတ်တဲ့ကိစ္စ ပေါ်သွားပြီ ကျွန်တော်တို့လူ ၁၀ ဦး အဖမ်းခံလိုက်ရပြီ၊ စီအိုင်ဒီဌာနချုပ်က ကျွန်တော်တို့ လူတစ်ယောက်ဆီက သတင်း ထပ်ရတယ်၊ ကျွန်တော်တို့ရဲ့ ထိပ်တန်း အဖွဲ့ဝင် ၂၀၀ ကျော်ကို ဖမ်းဖို့ ၀ရမ်းရထားပြီတဲ့၊ တနင်္ဂနွေနေ့ မှာ ဖမ်း လိမ့်မယ်၊ ဒီတော့ ကြားလေးရက်ပဲရှိတော့တယ် "
အုပ်ချုပ်ရေးမှူးက ၀င်ပြောလာပြန်သည်။

" ဒါတွေအားလုံး ကျွန်တော်တို့ သိပြီးပါပြီ၊ အခု ကျွန်တော်တို့ လုပ်ရမှာကတော့ ကျွန်တော်တို့ အစီအစဉ်ကြီးကို ရှေ့ဆက်လုပ်ရမလား၊ ဒါမှတဟုတ် ရပ်ဆိုင်းစွန့်လွှတ်လိုက်မလားဆိုတာ ဆုံးဖြတ်ဖို့ပါပဲ၊ တစ်ယောက်ချင်း ရဲ့ အမြင်တွေကို တင်ပြပြီးရင် မဲခွဲဆုံးဖြတ်မယ်၊ အများစုရဲ့ ဆုံးဖြတ်ချက်ကို အားလုံးက လိုက်နာ ရမယ်၊ ကဲ ဗိုလ်မှူးချုပ်ကော မင်းရဲ့ အမြင်ကို အလျင်ဆုံးတင်ပြပါ "
သူတို့အားလုံး ဗိုလ်မှူးချုပ်အား လှမ်းကြည့်လိုက်သည်။ သူသည် အရပ်ဝတ် အရပ်စား ၀တ်ထား သော်လည်း စစ်ဗိုလ်မှန်း သိသာသည်။ သူက ခေါင်းစားပွဲပေါ်တွင် မြေပုံကားချပ်ကြီးတင်ပြီးဖြန့်ကာ သူ့အမြင်ကို ပြောပြ သည်။ သူက စစ်ရေးရှုထောင့်မှ ပြောပြသွားသည်။ ကျန်လူများကလည်း တစ်ဦးပြီး တစ်ဦး မိမိအမြင် ကို အသီးသီးတင်ပြကြသည်။
မင်းဖရက် က နောက်ဆုံးတင်ပြလာသည်။

" လူကြီးမင်းများ ခင်ဗျား၊ ကျွန်တော်ဟာ လွန်ခဲ့တဲ့ ၂၄ နာရီအတွင်းက ပေါ်တူဂီပိုင် အင်ဂိုလာမှာရှိတဲ့ ကိုယ် စားလှယ်တွေကတစ်ဆင့် ဂျာမနီနဲ့ တိုက်ရိုက် ရေဒီယို အဆက်အသွယ်လုပ်ခဲ့ပါတယ်၊ ဂျာမန်စစ်ဌာနချုပ် နဲ့ ဟစ်တလာ ကိုယ်တိုင်က ကျွန်တော်တို့ကို အာမခံချက်ပေးပါတယ်၊ လက်နက် တန်ချိန် ၅၀၀ ကျော်တင်လာတဲ့ ဂျာမန်ရေငုပ်သင်္ဘောဟာ ကိပ်တောင်းဆိပ်ကမ်းနဲ့ မိုင် ၃၀၀ အကွာ ပင်လယ်ပြင် မှာ အသင့်ရောက်နေပါပြီ "
မင်းဖရက် က အေးဆေးတည်ငြိမ်စွာဖြင့် စည်းရုံးသိမ်းသွင်းထည့်လေသံနှင့် ပြောနေသည်။ အခြေအနေက သူ့ဘက်သို့ အလေးသာသလိုရှိသည်။ သူပြောပြီးသွားသောအခါ ခေတ္တငြိမ်သက်သွားသည်။ ပြီးမှ အုပ်ချုပ် ရေးမှူး က ပြောလိုက်သည်။

" ကဲ ... ကျွန်တော်တို့ အချက်အလက်တွေ အားလုံး သိရပြီး ဒီတော့ ဆုံးဖြတ်ချက်ချရမယ်၊ ကျွန်တော် တို့နဲ့ ကျွန်တော်တို့ရဲ့တရားဝင် ခေါင်းဆောင်တွေကို အစိုးရက မဖမ်းဆီးနိုင်ခင်မှာ ကျွန်တော်တို့ရဲ့ အစီအစဉ် ကို အကောင်အထည်ဖော်ရမယ်၊ လက်ရှိ အစိုးရကို တော်လှန်ပုန်ကန် ဖြုတ်ချပြီး အာဏာကို ကျွန်တော်တို့ လက်ထဲရောက်အောင် လုပ်ရမယ်၊ ကျွန်တော်တို့ နိုင်ငံကို လွတ်လပ်မှုနဲ့ တရားမျှတမှု လမ်းကြောင်း အပေါ် ပြန်တင်ပေးရမယ်၊ ဒီတော့ အစီအစဉ်ကို အကောင်အထည်ဖော်မလား၊ မဖော်ဘူးလား ဆိုတာ တစ်ဦးချင်း အဖြေပေးကြပါ "
အားလုံး က အကောင်အထည်ဖော်ရန် သဘောတူအဖြေပေးကြသည်။

" ကဲ ... အားလုံးက တစ်ညီတစ်ညွတ်တည်း သဘောတူကြတယ် "
အုပ်ချုပ်ရေးမှူးက အများကို ပြောလိုက်ပြီးမှ မင်းဖရက်ဘက်သို့ လှည့်ကြည့်ကာ မေးလိုက်သည်။
" ဒီတော့ စတင်ပုန်ကန်ထကြွဖို့ ဘယ်လို အချက်ပေးမယ်ဆိုတာ ခင်ဗျားက ကျွန်တော်တို့ကို ပြောပြဖို့ လိုလာပြီ၊ တစ်နိုင်ငံလုံး သိရှိသတိထားမိတာမျိုးဖြစ်ရမယ်၊ ခင်ဗျားရဲ့ အချက်ပြမှုက ဘာလဲ၊ ဘယ်လို အချက်ပြမှာလဲဆိုတာ ပြောစမ်းပါဦး "
" သစ္စာဖောက် ဂျန်စမတ်ကို လုပ်ကြံသတ်ဖြတ်လိုက်ပြီဆိုတဲ့ သတင်းဟာ အချက်ပေးမှုပဲ၊ အဲဒါနဲ့ အချက် ပေးမယ် မင်းဖရက်က ပြောလိုက်သည်။

သူတို့အားလုံး မင်းဖရက်စိုက်ကြည့်ပြီး ငြိမ်နေကာ မင်သက်မိသွားကြသည်။ အချက်ပြုစုသည် ထူးထူးခြား ခြားကြီးကြီးမားမား တစ်ခုခုတော့ ဖြစ်လိမ့်မည်ဟု သူတို့ မျှော်လင့်ထားသော်လည်း ယခုကဲ့သို့ ၀န်ကြီးချုပ် အား လုပ်ကြံသတ်ဖြတ်မှု ဖြစ်လာလိမ့်မည်ဟု သူတို့မထင်ခဲ့ပေ။
" နိုင်င့ရေးအရ ဒီလို လုပ်ကြံသတ်ဖြတ်ရေးကို အသေးစိတ် ဂရုတစိတ် ကြိုတင်စီစဉ်ပြီးပါပြီ၊ အရေးပေါ် အစီအစဉ် သုံးခုကို ဘာလင်မျာတည်းက ရေးဆွဲထားပါတယ်၊ အခြေအနေပေါ်မူတည်ပြီး အချိန်အခါ အလိုက် သွားနိုင်မယ့် အစီအစဉ်တွေပါ၊ ပထမဆုံး အစီအစဉ်နဲ့ အစောဆုံးရက်ကတော့ ကျွန်တော်တို့ရဲ့ လက်ရှိအခြေအနေနဲ့ လာကိုက်နေပါတယ်၊ လာမယ့် စနေနေ့မှာ စမတ်ကို လုပ်ကြံသတ်ဖြတ်ရပါမယ်၊ ဒီနေ့ကနေ ထွက်ရင် နောက်သုံးရက်ပေါ့၊ ကျွန်တော်တို့ ခေါင်းဆောင်တွေကို မဖမ်းခင် တစ်ရက်အလိုမှာ သွားကျတာပေါ့ "
အားလုံးငြိမ်သက်သွားကြပြန်သည်။ ထို့နောက်မှ ပြည်နယ်အုပ်ချုပ်ရေးမှူးက မေးလိုက်သည်။

" ဘယ်မှာ လုပ်မှာလဲ … ဘယ်လိုလုပ်မှာလဲ "
" အဲဒါတော့ လူကြီးမင်းတို့ သိဖို့မလိုပါဘူး၊ လိုအပ်တာ အားလုံးကို ကျွန်တော် တစ်ယောက်တည်း ဘယ်သူ့ အကူအညီမှမပါဘဲ လုပ်သွားပါမယ်၊ စမတ် လုပ်ကြံခံရလို့ သေပြီဆိုတဲ့ သတင်းထွက်လာလာချင်း မြန်မြန် ဆန်ဆန် နဲ့ ထိထိရောက်ရောက် လှုပ်ရှားဖို့ကသာ ခင်ဗျားတို့ တာဝန်ပါ၊ အဲ့ဒီအချိန်မျာ အာဏာ ကို အမြန်ဆုံး ၀င်သိမ်းဖို့ပါပဲ" မင်းဖရက်က ပြောလိုက်သည်။
" အဲဒီအချိန်မှာ ငါတို့အားလုံး အဆင်သင့်ဖြစ်နေမှာပါ၊ ငါတို့တိုက်ပွဲကို ဘုရားသခင်က ကောင်းချီး ပေးပါလိမ့်မယ်"
ရထားကြီးသည် ဘလွန်ဖောင်တိန်ဘူတာမှ ထွက်လာပြီး တောင်ဘက်သို့ဦးတည်ကာ ကိပ်တောင်းမြို့သို့ ဆက်လက် ထွက်ခွာသွားချိန်တွင် ပထမတန်းတွဲထဲမှ လူရှစ်ယောက်အနက် မင်းဖရက် တစ်ယောက်သာ ကျန် တော့သည်။
---------------------------------------------------
" ဒီခြံတွေထဲမှာ လက်နက်ကိုင်ဆောင်ခွင့်ပါမစ် ငါရထားတယ်၊ တောင်ပေါ်ကလာပြီး ငါတို့ သစ်သီးခြံတွေ ကို ဖျက်ဆီးတဲ့ မျောက်တွေကို ပစ်ခတ်နှိမ်နင်းဖို့ ခွင့်ပြုထားတာ "
ဝိုင်စက်ရုံ မန်နေဂျာ ဗန်ဗူရင်းက မင်းဖရက်အား ပြောလိုက်သည်။ ထို့နောက် သူက မင်းဖရက်အား မြေအောက် ၀ိုင်သိုလှောင်ခန်းထဲသို့ ခေါ်သွားသည်။
" တောင်တွေပေါ်က သေနတ်ပစ်သံ တစ်ချက်နှစ်ချက်ထွက်လာလို့တော့ ဘယ်သူကမှ ဂရုစိုက်မှာမဟုတ် မဟုတ်ဘူး၊ တစ်ယောက်ယောက်က မင်းကို မေးမြန်းလာရင်လဲ ငါ့ခြံက အလုပ်သမားလို့သာပြော လိုက်၊ ကိစ္စရှိရင် ငါနဲ့သွားရှင်းလို့သာပြောလိုက် " ဗန်ဗူရင်းက ဆက်ပြောသည်။

ဝိုင်ထည့်သော သစ်သားစည်ကြီး၏ အံဝှက်ကို သူကဖွင့်လိုက်သည်။ ထို့နောက် သူက ဘေးဖယ်ပေးလိုက် သည်။ မင်းဖရက်က စည်ဘေးတွင် ဒူးထောက်ထိုင်ချလိုက်ပြီး အထဲမှ ရေလုံသံဘူးတစ်လုံးကို ဖွင့်လိုက် သည်။ ထိုအထဲမှ ရေဒီယို ဆက်သွယ်ရေးစက်ကို ထုတ်ယူလိုက်သည်။ ဗန်ဗူရင်း မိမိအတွက် ၀ယ်ပေး ထားသော ဓာတ်ခဲများကို စက်တွင် တပ်ဆင်လိုက်သည်။ ထိုရေဒီယိုစက်သည် သူ၏ ကမ်းဗတ် ကျောပိုးအိတ် နှင့် အလောတော်ပင်ဖြစ်ရာ အိတ်ထဲထည့်လိုက်သည်။ ကျောပိုးပြီး ယူသွားရန် အသင့်ဖြစ် သွားသည်။

ဒုတိယသံဘူးကို ထပ်မံဖွင့်လိုက်ပြီး ရိုင်ဖယ်ကို ထုတ်ယူလိုက်သည်။ ထိုရိုင်ဖယ်မှာ ၉၈ မော်ဇာအမျိုးအစား လက်ဖြောင့်(စနိုက်ပါ) ရိုင်ဖယ်ဖြစ်သည်။ ပစ်ခတ်၍ ကောင်းပြီး အားကြီးသည်။ ကျည်ဆန်က တစ်စက္ကန့် လျှင် ပေ ၂၅၀၀ ပြေးသည်။ အထူးပြုလုပ်ထားသော ကျည်ဆန်အတောင့် ၅၀ ပါလာသည်။ ရိုင်ဖယ်ပြောင်း အပေါ်ဘက်တွင် အဝေးကြည့် မှန်ပြောင်းကို ထပ်ဆင့်တင်လိုက်သည်။
ဗန်ဗူရင်း က မင်းဖရက်အား သူ၏ ဖို့ဒ်ကား အဟောင်းဖြစ်တော့တင်းတော့ ဟော်လန်တောင်တန်းများ၏ တောင်ကြား ချိုင့်ဝှမ်းတစ်ခု ဆီသို့ ခေါ်လာသည်။ ကားလမ်းဆုံသည့် နေရာတွင် မင်းဖရက်ကို ချထားခဲ့ပြီး သူက ကားမောင်းပြန်သွားသည်။

မင်းဖရက်သည် ရေဒီယို ကျောပိုးအိတ်ကိုပိုးပြီး ရိုင်ဖယ်ကို ကိုင်ကာ တောင်ပေါ်သို့ စတက်သည်။ သူ့တွင် အချိန်အများကြီးရှိသည်။ အလျင်စလိုသွားရန်မလို၊ သို့သော် ခြေလှမ်းကျဲကြီးများဖြင့် မှန်မှန် တက်သွားသည့်တိုင်အောင် သူ့မျက်နှာနှင့် တစ်ကိုယ်လုံးတွင် ချွေးများစို့လာသည်။
ပထမဆုံး တောင်ကြောကို ဖြတ်ကျော်ပြီး တောအုပ် ထူထပ်သောတောင်ကြားချိုင့်ဝှမ်း တစ်ခုသို့ ဆင်းလာ သည်။ ထို့နောက် ဟိုတစ်ဘက်ရှိ ပင်မတောင်ထိပ်တစ်ခုဆီသို့ ဦးတည်ကာ ဆက်တက်သည်။ တောင်ထိပ် နား ရောက်ခါနီး တွင် ရပ်လိုက်သည်။ သစ်ပင် နှစ်ပင်ထိပ်၌ ကောင်းကင်ကြိုးကို တက်ချီပြီး အောက်ခြေ တွင် ရေဒီယိုစက်ကို ဆင်လိုက်သည်။
ထို့နောက် ကျောက်တုံးကြီး တစ်တုံးတွင် ကျောမှီပြီး နေသားတကျထိုင်ကာ ဆာရာလုပ်ပေးလိုက်သော အသားညှပ်ပေါင်မုန့် ကို စားလိုက်သည်။ ပေါ်တူဂီပိုင် အင်ဂိုလာနိုင်ငံ၏ မြို့တော် လူအန်ဒါမှ ဂျာမန်ကိုယ် စားလှယ် နှင့် ဆက်သွယ်ရမည့် အချိန်မှာ ဂရင်းနှစ်စံချိန် ၁၅ နာရီဖြစ်သည်။ ထို့ကြောင့် တစ်နာရီခန့်စောင့် ရသည်။

စားသောက်ပြီးသောအခါ မော်ဇာရိုင်ဖယ်ကို ကျည်မထိုးဘဲ ကိုင်တွယ်လေ့ကျင့်စမ်းသပ်သည်။ မင်းဖရက် သည် ဂျာမန်၌ ရှိစဉ်က မောင်ဇာရိုင်ဖယ်နှင့် အကြိမ်ကြိမ်ပစ်ခတ်လေ့ကျင့်ခဲ့ပြီးဖြစ်၍ ကျင့်သားရနေသည်။ ယခု သေနတ်မောင်းနှင့် ခလုတ်ကို စမ်းသပ်ခြင်း၊ ပစ်ကွင်းချိန်ကြည့်ခြင်းတို့ကို ပြန်လုပ်ကြည့်ရာ လက်တွေ့ လှသည်။ ရိုင်ဖယ်ကို ဘေးတွင်ချထားပြီး နာရီကို ကြည့်ကာ ရေဒီယိုဆက်သွယ်ရေးစက်ကို ဖွင့်လိုက် သည်။
ထို့နောက် မော့စ်သင်္ကေတဖြင့် လျှို့ဝှက် စကားလုံးကို သုံးကာ စတင်ဆက်သွယ်သည်။
" အီးဝဲဘေ့စ် … ဓားဖြူခေါ်နေတယ် "
စတုတ္ထအကြိမ်ခေါ်အပြီးတွင် တစ်ဘက်မှ တုံ့ပြန်လာသည်။ သူ့နားကြပ်ခွက်ထဲမှ အသံပီသစွာ ပေါ် လာသည်။

" ပြောပါ ဓားဖြူ "
" အစီအစဉ် (၁)ထောင်ရွက်မယ်၊ ထပ်ပြောမယ်၊ အစီအစဉ်(၁)၊ နားလည်လား "
မင်းဖရက် ဘာလင်မှ ထွက်မလာခင်ကပင် အသေးစိတ် စီစဉ်ခဲ့ပြီးဖြစ်၍ အကျယ်ပြောစရာ မလိုတော့၊ အတို ကောက်သတင်းပို့ခြင်းဖြင့်ပင် လုံလောက်သည်။ ကြားမှ ဖြတ်ပြီး နားထောင်ပါကလည်း ဘာရယ်လို့ မသိနိုင် တော့ပေ။
" နားလည်တယ်၊ အစီအစဉ်(၁)၊ ကံကောင်းပါစေ "
မင်းဖရက် ကောင်းကင်ကြိုးကို ပြန်သိမ်းလိုက်သည်။ ရေဒီယိုစက်ကို ကျောပိုးအိတ်ထဲပြန်ထည့်လိုက်သည်။ ကျောပိုးအိတ်ကို လဲလှယ်တော့မည် လုပ်လိုက်စဉ်မှာပင် သေနတ်သံ တစ်ချက် မြည်ဟိန်း ထွက်လာပြီး ကျောက်တောင် နံရံများမှ တစ်ဆင့်ပဲ့တင်ထပ်သံများ ပေါ်လာသည်။ မင်းဖရက် ကျောက်တုံးနောက်တွင် ၀င်လိုက်ပြီး ရိုင်ဖယ် ကို ကိုင်လိုက်သည်။ နာရီဝက်ခန့် ငြိမ်ပြီး ၀ပ်ကြည့်နေသည်။
တစ်အောင့်ကြာသော အခါ မျောက်များ ၀ရုန်းသုန်းကားနှင့် ပြေးလွှားကြသည်ကို အောက်ဘက် တောင်စောင်း၌ တွေ့လိုက်ရသည်။ ထိုမျောက်အုပ်နောက်မှ မျောက်လိုက်ပစ်သော သစ်သီး ခြံအစောင့် များကိုလည်း လက်နက်ကိုယ်စီနှင့် မြင်လိုက်ရသည်။

မင်းဖရက် နေရာမှထပြီး ခရီးဆက်နေသည်။ လမ်းတွင် မျောက်ကြီးတစ်ကောင်ကို လက်တည့်စမ်းပစ်ခတ် လိုက်သည်။ သူချိန်ရွယ်ပစ်ခတ်သည့်အတိုင်း မျောက်ကြီး၏ နဖူးတည့်တည့်ကို ထိမှန်ပြီး ဦးခေါင်းခွံ ပွင့်ထွက် သွားသည်။
လက်နက်များ ပျောက်ဆုံးသည့်ကိစ္စ ဖော်ထုတ်နိုင်ကာ ပရီတီးယားမှ ပြန်လာပြီးနောက်တွင် ရှာဆာသည် ၀ယ်တာဗီဒင် အိမ်ကြီးသို့လည်း မရောက်၊ တာရာနှင့်လည်း မတွေ့နိုင်အောင်ပင် အလုပ်များနေသည်။
ထိုကာလအတွင်း ရှာဆာသည် စီအိုင်ဒီရုံးချုပ်၌သာ ရှိနေသည်။ ရဲစားသောက်ဆိုင်တွင် ၀ယ်စားပြီး စစ်ဆင် ရေးအခန်းအပေါ်ထပ်ရှိ အနားယူခန်းတွင် အိပ်စက်သည်။ စားချိန်နှင့် အိပ်ချိန် အနည်းငယ်မှ လွဲလျှင် ကျန် တစ်ချိန်လုံး အိုဘီအဖွဲ့သားများအား တစ်ပြိုင်တည်းဆွဲနိုင်ရေးကို အချိန်ပြည့် စီစဉ် ဆောင်ရွက် နေရသည်။

ကိပ်တောင်းပြည်နယ်တစ်ခုတည်း၌ပင် ဖမ်းရမည့်လူ ၁၅၀ ခန့်ရှိသည်။
သောကြာနေ့မွန်းလွဲပိုင်းတွင် ရှာဆာသည် နောက်တစ်နေ့စနေနေ့၌ သူ့အဘိုး ဆာဂါရီကုတ်နေ၏ မွေးနေ့ ကျရောက် ကြောင်း သတိရလာသည်။ ထို့ကြောင့် စစ်ရေးအခန်းထဲရှိ သူ၏စားပွဲမှနေ၍ ၀ယ်တာဗီဒင် အိမ်ကြီး ရှိ မိခင်ထံသို့ တယ်လီဖုန်းလှမ်းဆက်သည်။
" အို … သားရယ်၊ နက်ဖြန် သားမလာနိုင်ဘူးဆိုတဲ့သတင်းကို ဆာဂါရီသိရင် သိပ်ပြီးကို စိတ်မကောင်းဖြစ် သွား လိမ့်မယ်၊ သူဒီကို ရောက်ကတည်းက မင်းကို နေ့တိုင်းမေးနေတာ၊ တို့အားလုံးကလဲ မင်းအဘိုး မွေးနေ့ ပွဲကို မင်းလာလိမ့်မယ်လို့ မျှော်လင့်ထားတာ "
" ကျွန်တော် စိတ်မကောင်းပါဘူး မေမေရယ်၊ အလုပ် သိပ်များနေလို့ပါ "

" မင်း တစ်နာရီလေးလောက်တောင် မလာနိုင်ဘူးလားကွာ "
" မဖြစ်နိုင်လို့ပါ မေမေ၊ ကျွန်တော့်ကို ယုံစမ်းပါ "
" မင်း တောင်ပေါ် မလိုက်ခဲ့နဲ့ပေါ့၊ ငါတို့ တောင်ပေါ်မတက်ခင် အိမ်မှာ မင်းအဘိုးနဲ့တွေ့ပြီး ရှန်ပိန် တစ်ခွက် လောက်သောက်ရင်း မွေးနေ့အတွက် ဆုတောင်းလိုက်ရင် မင်းအဘိုးကျေနပ်သွားမှာပါ၊ အဲဒါပြီးရင် ချက်ချင်း ပြန်ပေါ့၊ " ဘလိန်းနဲ့ ဖီးမာရှက်စမတ်တို့လဲ မွေးနေ့ပွဲလာမှာပါ သားရယ်၊ သူတို့နှစ်ယောက်စလုံးက လာမယ်လို့ ကတိပေး ပြီးပြီ၊ မင်းမနက် ၈ နာရီလောက်လာကွာ၊ မင်းအဘိုးနဲ့တွေ့ မွေးနေ့ဆုတောင်းစကားပြောပြီး ၈ နာရီ ခွဲလောက်ပြန်ပေါ့၊ ဟုတ်လား"

" ကောင်းပြီလေ … လာခဲ့ပါမယ် "
ရှာဆာ ကတိပေးပြီး တယ်လီဖုန်းချလိုက်သည်။ ထို့နောက် တာရာဆီသို့ တယ်လီဖုန်းဆက်မည့်အလုပ်တွင် အခန်းတစ်ဘက်ထောင့်ရှိ ရဲကြပ်ကြီးတစ်ယောက်က ရှာဆာအား လှမ်းပြောသည်။
" လေတပ်ဗိုလ်အုပ်စု ခေါင်းဆောင် ရှာဆာ၊ ခင်ဗျားအတွက် တယ်လီဖုန်းလာနေတယ် "
" ဘယ်သူတဲ့လဲ ရှာဆာက လှမ်းမေးလိုက်သည်။
" ဘယ်သူ ဘယ်ဝါ လို့တော့ မပြောဘူး၊ ဒါပေမယ့် အမျိုးသမီးတစ်ယောက်ပဲ "
ရှာဆာ ပြုံးလိုက်ပြီး ထိုစားပွဲသို့ ထသွားသည်။ မိမိတယ်လီဖုန်း ဆက်မည်ကို တာရာကကြိုသိပြီး ဦးအောင် ဆက်ခြင်းဖြစ်မည်ဟု ထင်လိုက်သည်။
" ဟဲလို … တာရာ လား "

ရှာဆာက တယ်လီဖုန်းကို ကောက်ကိုင်ပြီး ဦးအောင် မေးလိုက်သည်။ တစ်ဘက်မှ ဘာမျှပြန်မပြောဘဲ စိတ်လှုပ်ရှား နေသောအသွင် အသက်ရှူသံပြင်းပြင်းကို ကြားလိုက်ရသည်။ ထို့ကြောင့် ရှာဆာက အသံကို နှိမ့်ပြီး အာဖရိကန်းနား စကားဖြင့် ရင်းနှီးခင်မင်သည့်လေသံ၊ အားပေးသည့် လေသံမျိုးဖြင့် ပြောင်း ပြောလိုက် သည်။
" လေတပ်ဗိုလ်အုပ်စုခေါင်းဆောင် ရှာဆာ ပြောနေပါတယ်၊ အလျင်က ကျွန်တော့်ဆီ တယ်လီဖုန်းဆက်ခဲ့ တဲ့ အမျိုးသမီးလားခင်ဗျာ "
" ဟုတ်ကဲ့ … ကျွန်မပါပဲ "
သူမအသံကို ရှာဆာမှတ်မိသည်။ ကြောက်ရွံ့သည့် အသံလေးပါနေသည်။

" ကျွန်တော် ခင်ဗျားကို အများကြီး ကျေးဇူးတင်ပါတယ်၊ ခင်ဗျား အလျင်တစ်ခါသတင်းပေးတဲ့ အတွက်ကြောင့် လူ့အသက်တွေ အများကြီးကယ်နိုင်ခဲ့ပါတယ်၊ အပြစ်မဲ့တဲ့ လူတွေရဲ့ အသက်တွေပါ "
" သေနတ်တွေ အကြောင်း သတင်းစာထဲမှာ ဘာမှလဲမတွေ့ရပါလား " အမျိုးသမီးက လေသံလေး ဖြင့်ပြော သည်။
" ဟုတ်တယ်၊ တမင်ကလာမထည့်သေးဘဲ အုပ်ထားတာပါ၊ အဲဒီကိစ္စအတွက် ခင်ဗျားအများကြီး ဂုဏ်ယူ လိုက်" ပါ၊ ခင်ဗျားသာ မကူညီရင် အဲဒီကိစ္စဟာ လူတွေအများကြီးသေမယ့် ကိစ္စပါ၊ မိန်းမသားတွေနဲ့ ကလေး တွေတောင်ပါနိုင်တယ် "
ကလေးတွေ ဆိုသော စကားကြားလိုက်ရသဖြင့် သူမဆုံးဖြတ်ချက် ခိုင်မာသွားကာ ဆက်ပြောတော့သည်။

" အခုအထိလဲ အန္တရာယ်ကြီးရှိနေတုန်းပါပဲ၊ ထိတ်လန့်ကြောက်ရွံ့စရာကောင်းတဲ့ ကိစ္စတစ်ခုကို လုပ်ဖို့ သူတို့စီစဉ်နေကြတယ်၊ ဓားဖြူ ဟာ တစ်ခုခုလုပ်လိမ့်မယ်၊ မကြာခင်ပဲ၊ ရက်ပိုင်းအတွင်းလောက်လုပ်လိမ့် မယ်၊ အဲဒါဟာ အချက်ပေးတာလို့သူပြောတာကြားတယ်၊ တစ်နိုင်ငံလုံး အံ့သြတုန်လှုပ်သွားစေလိမ့်မယ်လို့ ပြောတယ် "
" အဲဒါ ဘာလုပ်မှာလဲဆိုတာ ခင်ဗျား ကျွန်တော်တို့ကို ပြောနိုင်မလား … သူ့ အစီအစဉ်က ဘာတွေလုပ်မှာ တဲ့လဲ "
" အဲဒ်ါတော့ ကျွန်မလဲ မသိဘူး၊ ကျွန်မ သိတာက ဒီရက်ပိုင်းအတွင်း ကြီးကြီးမားမား ဖြစ်မယ်ဆိုတာပဲ "
" အဲဒါ ဘာဆိုတာ သိအောင်များ ခင်ဗျား လုပ်နိုင်မလား "
" ကျွန်မ ကြိုးစားကြည့်ပါမယ် "
" ကျွန်တော် ဒီတယ်လီဖုန်းနံပါတ်နဲ့ ဒီမှာပဲ ရှိပါမယ် "

ရှာဆာက သူ့အမေအား ကတိ ပေးထားသည်ကို သတိရပြီး ၀ယ်တာဗီဒင်အိမ်ကြီး၏ တယ်လီဖုန်းနံပါတ်ကို ပေးလိုက်သည်။
" တကယ်လို့ ကျွန်တော်ဒီမှာမရှိရင် ကျွန်တော် အခု ပေးထားတဲ့ နံပါတ်ဆီကိုဆက်ပါ "
" ကျွန်မ နားလည်ပါပြီ "
" ဓားဖြူဟာ ဘယ်သူဆိုတာ ခင်ဗျား ကျွန်တော့်ကိုများ ပြောနိုင်မလားဗျာ၊ သူ့နာမည်ကိုများ ခင်ဗျား သိပါ သလား "
ရှာဆာက ချိန်ချိန်ဆဆဖြင့် မေးလိုက်သည်။ သို့သော် တစ်ဘက်မှ အမျိုးသမီးက တယ်လီဖုန်းကို ချသွား သည်။
တစ်နိုင်ငံလုံး အံ့သြတုန်လှုပ်သွားစေမယ့် လုပ်ရပ်ဆိုသော သူမစကားကို ရှာဆာ နားထဲကထွက်မရအောင် ဖြစ်နေသည်။
မင်းဖရက်သည် တက္ကသိုလ်အဆောက်အအုံရှေ့မှ ကျော်ဖြတ်ပြီး ကားကို မှန်မှန်မောင်းသွားသည်။ အချိန် မှာ ညသန်းခေါင်ကျော်ပြီဖြစ်ရာ လမ်းများတွင် လူသွားလူလာနှင့် ကားအသွားအလာ ရှင်းသလောက် ရှိနေချေပြီ။ သူမောင်းလာသော ကားမှာ ဘာအမှတ်အသားမှမပါသော မော်ရစ်ကားကလေးဖြစ်သည်။ ရိုင်ဖယ် ကို ပတ္တူစဖြင့်ထုပ်ပြီး ကားကူရှင်အောက်တွင် ထည့်ယူလာသည်။ မင်းဖရက်သည် မီးရထား အလုပ်သမားဝတ် အပေါ်အောက်ဝတ်စုံပြာကို ၀တ်ဆင်ထားသည်။ ထိုအပေါ်မှထပ်၍ တံငါသည်များ ၀တ်သော ဆွယ်တာအထူကို ၀တ်ထားပြီး အပေါ်ဆုံးတွင် ကုတ်အင်္ကျီအရှည်အထူကြီးကို ၀တ်ထားသည်။

နေ့ဘက်တွင် ရိုင်ဖယ်ကိုကိုင်ပြီး တောင်ပေါ်တက်ပါက အခြားလူများက မြင်သွားမည်စိုး၍ ယခုညဘက် ကတည်းက စတင်လှုပ်ရှားခြင်းဖြစ်သည်။ စနေ၊ တနင်္ဂနွေ ရုံးပိတ်ရက်များတွင် တေဘယ်တောင်ထိပ် ပေါ်သို့ ခြေလျင်တောင်တက်သမားများ၊ ငှက်ကြည့်သူများ၊ ပျော်ပွဲစားထွက်သူများ၊ ကင်းထောက် လုလင် များနှင့် သမီးရည်းစားအတွဲများ တက်လေ့ရှိသည်။
ကားလမ်းသည် တောင်ခြေရှိ သစ်တောထဲသို့ ရောက်လာသည်။ ကွန်စတင်တီယာနက် တောင်ကြားလမ်း သို့ မရောက်မီတွင် မင်းဖရက်သည် ကားကို အရှိန်လျှော့လိုက်ပြီး နောက်ကြည့်မှန်ထဲမှနေ၍ ကားနောက်ပိုင်း သို့ ကြည့်လိုက်သည်။

မိမိအား နောက်ယောင်ခံလိုက်လာသောကား မပေါမှန်းသေချာတော့ မှ ကားရှေ့မီးကို မှိတ်လိုက်ပြီး သစ်တောထဲဝင်သော လမ်းထဲသို့ ချိုးကွေ့ပြီး ၀င်လိုက်သည်။
ကားကို လူလမ်းသွားသလောက်သာ ဖြည်းဖြည်းမောင်းလာရာ သစ်တောဌာနဂိတ်ပေါက်ဝသို့ ရောက်လာ သည်။ ဂိတ်ဝတွင် ကားကိုရပ်လိုက်သော်လည်း စက်ကိုမသတ်ပေ။ ကားပေါ်မှဆင်းပြီး ဂိတ်ဝတံခါးကို သွား ကာ မိမိ၌ပါလာသော သော့ဖြင့် ဂိတ်ဝတံခါးမှသော့ခလောက်ကို ဖွင့်လိုက်ရာ ပွင့်သွားသည်။ ဤသော့ကို စတင်ဒါက မိမိအားပေးလိုက်ခြင်းဖြစ်ပြီး သစ်တော အရာရှိမှာ သူ့မိတ်ဆွေဖြစ်ကြောင်း ပြောလိုက်သည်။ မင်းဖရက်က ဂိတ်တံခါးကိုဖွင့်ပြီး ကားကို ၀င်းထဲသို့ မောင်းသွင်းလိုက်သည်။ ထို့နောက် ဂိတ်တံခါးကို ပြန် ပိတ်သည်။ တံခါးကို သံကြိုးဖြင့်ပြန်ချည်ပြီး သော့ဖြင့် ချိတ်ရုံသာချိတ်ထားသည်။ သော့ကိုနှိပ်ပြီး မပိတ်လိုက်ပါချေ။ အထွက်တွင် အလွယ်တကူထွက်နိုင်ရေးအတွက်ဖြစ်သည်။

မင်းဖရက် သည် ကားကို တောင်ဘက်လမ်းအတိုင်း ဖြည်းဖြည်း မောင်းတက်သွားသည်။ ရေမျက်နှာပြင် ထက် မီတာ ၃၀၀ အမြင့်ရှိ လမ်းကလေးသို့ ရောက်ရှိဖြတ်ကျော်ကာ နောက်ထပ် တစ်မိုင်ခန့် ဆက်မောင်းသွားသည်။ ထိုနေရာသည် တောင်ထိပ်အောက်ဘက် တောင်ခါးပန်းတစ်ခုဖြစ်သည်။ ကားကို လူမမြင်နိုင်သော တောင်စွယ်တစ်ခုတွင်ရပ်ပြီး ၀ှက်ထားလိုက်သည်။
မော်တော်ကားထဲမှ ရိုင်ဖယ်ကို ထုတ်ယူပြီး ပတ္ထူစအပါးနှင့် ထုပ်လိုက်သည်။ ရိုင်ဖယ်ကို ပခုံးပေါ်တွင်ထမ်း ပြီး မီတာ ၃၀၀ ဖြတ်လမ်းဆီသို့ ပြန်ဆင်းလာသည်။ လက်နှိပ်စက်မီးကို ပျူပျူလေးသာထိုးပြီး ဆင်းသည်။ မင်းဖရက်သည် လွန်ခဲ့သော နှစ်ရက်ကပင် ဤနေရာများကို လာကြည့်ရှုလေ့လာပြီး သူညအိပ်ခိုလှုံမည့် နေရာကို ရှာဖွေ ရွေးချယ်ထားသည်။

ထိုနေရာသည် ကျောက်တုံးနှစ်တုံးကြား နေရာဖြစ်သည်။ ထိုနေရာ၌ ပတ္တူစကိုခင်းပြီး ပက်လက်လှန် အိပ် လိုက်သည်။ ရိုင်ဖယ်ကို သူ့ဘေး၌ အသင့်ချထားသည်။ ကောင်းကင်၌ ကြယ်လေးများ မှိတ်တုပ် မှိတ်တုပ် လင်းလက်နေသည်။
တောင်အာဖရိက ၀န်ကြီးချုပ် ဂျန်စမတ်၏ ကိုယ်ရေးရာဇ၀င်ကို ဂျာမန် ထောက်လှမ်းရေးအဖွဲ့က အတတ် နိုင်ဆုံး ပြည့်စုံအောင် စုဆောင်းပြုစုထားသည်။ ထို ကိုယ်ရေးရာဇ၀င်ကို မင်းဖရက် ဂျာမနီ၌ ရှိစဉ်ကပင် အသေ အချာ ဖတ်ရှုလေ့လာခဲ့သည်။ ဂျန်စမတ်သည် သူ၏ မိတ်ဟောင်းကြီးဆာဂါရီ၏ မွေးနေ့ပွဲတက်ကာ တေဘယ် တောင်ကုန်းထိပ် သို့ ပျော်ပွဲစားထွက်ခဲ့ခြင်းမှာ ပြီးခဲ့သော ဆယ်နှစ်လုံးလုံး တစ်နှစ်မှ မပျက်ကွက်ခဲ့ပေ။ နက်ဖြန်သည် ဆာဂါရီ၏ မွေးနေ့။ သူတို့ တောင်ထိပ်သို့ တက်ကိုတက်ကြမည်ကို မင်းဖရက် အပိုင် ထွက်ထားသည်။

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>