Showing posts with label ပန်းသတင်း (ဂျူလိုင်). Show all posts
Showing posts with label ပန်းသတင်း (ဂျူလိုင်). Show all posts

Saturday, July 31, 2010

ပန်းသတင်း (ဂျူလိုင် ၃၁)

၁၅ရာခိုင်နှုန်း


လှည်းပုံတောင်း မြည်သံသည် အသံငါးမျိုးကို ဆိုးရွားစွာဆူညံစွာ ထုတ်လွှင့်လျက် အိမ်ဝိုင်းထဲသို့ ၀င်လာသည်။ ၀က်အော်သံ၊ ပုစဉ်းရင်ကွဲမြည်သံ၊ အိမ်မြှောင်စုတ်ထိုးသံ၊ ခွေးဟောင်သံနှင့် ကြက်တွန်သံတို့ ထူးခြား ဆန်းကြယ်စွာ ရောနှောထားသော လှည်းအီသံပါ။ သည်မျှ ဆူညံဆိုးရွာစွာ အော်သော လှည်းသံကို ရီးကျီးဒန် မကြားဘဲ မရှိပါ။ ကြားရမည်။ ကြားပါလျက် ပျာပျာသလဲ ထမလာခြင်းကို ထောက်လျှင် တစ်ခုခု တော့ဖြစ်ပြီ။ အရေးတကြီးကိစ္စ ဖြစ်ပွားနေပြီဟု နားလည်လေ၏။ လှည်းပေါ်တွင် လေးလေးလံလံ မပါလှပါ။ များများစားစားလည်း မပါပါ။ ထမ်းပိုးတုံး၊ ရေဘူး၊ ထမင်းထုပ်၊ ဓားမ၊ ထွန်သွားဟောင်း သုံးလေးချောင်းနှင့် အခြောက်ထွန် သည်မျှသာ။

စင်စစ်သည်အချိန်မှာ အထွန်သမားပြန်ရောက်ချိန်မဟုတ်။ ထွန်ဖြုတ်ချိန်ပင် မတိုင်သေးပါ။ မန်ကျည်း ချိုပင် ၏ အရိပ်သည် ကပြင်နှင့်မလွတ်သေး။ သို့ဖြစ်ပါက ဆွမ်းခံဝင်ဆဲ ရှိဦးမည်။ စက်နာရီအားဖြင့် ဆယ်နာရီ ၀န်းကျင် သို့သော်ပူလှသည်။ ဖုန်ပူသည် နွားခွာ ကျက်လုနီးပါးရှိ၍ နေပူသည် ရီးဆေးရိုး၏ ကျော အရေကွာ တော့မည်သို့ ပူသည်။ တောကျီးကန်းတစ်ကောင်သည်။ မန်ကျည်းကိုင်းကြားတွင် ခိုနေ၏။ ပူလွန်းသဖြင့် ပါးစပ်မှ ဟပြဲနေ၏ သူ့အောက်သို့ ရီးဆေးရိုး၏ လှည်းထိုးအရပ်တွင် လန့်ဖျပ်ပျံ၏ မောကလည်းမော၊ ပူကလည်းပူ၊ သစ်ခက်နှင့်လည်း ရိုက်မိသဖြင့် လှည်းပေါ်သို့ ထိုးကျလာသည်။ ရီးဆေးရိုးမှာ ကန်ကြိုး နှစ်ချောင်းကို လှည်းဦးသို့ ပစ်ချရုံသာရှိသေးသည်။ လှည်းကပ်နှင့် ဖင်နှင့် မခွာရသေး။ ယောင်ယောင် ယမ်းယမ်းဖြင့် ကျီးကမ်းကို လှမ်းရိုက်မိပြီးမှ “ဘယ်လိုဖြစ်တာတုံး ကျီးကန်းရယ်” မြည်တမ်း သည်။

ကျီးကန်းထပျံမှ ရီးဆေးရိုးသည် လှည်းဦးမှဆင်းကာ  လှည်းထောက် ထောက်ပေးပြီး နွားလည်ပတ်ကြိုးဖြုတ်သည်။ နွားများသည် ကန်ကြိုးတန်းလန်းဖြင့်ပင် တင်းကုပ်တွင်းသို့ ခွာသံ ဖရိံရဲဖြင့်  ဒရော သောပါး ၀င်ပြေးကြတော့သည်။ ရီဆေးရိုးသည် ဓားမ၊ ရေဘူးနှင့် လွယ်အိတ် ကို သာယူပြီး တင်းကုပ်တွင်း ၀င်ခဲ့သည်  တင်းကုပ်ပြင်နှင့် တင်းကုပ်တွင်းကား ကွာခြားပါဘိသည။ မှောင်သော်ငြား အေးသည်။  နွားစာအသင့် ရေအသင့်ရှိပြီမို့ ရီးဆေးရိုး တစ်စုံတစ်ရာမလုပ်။ နွားစာခေါင်း ထိပ်ပြင် ပေါ်တွင် ဆောင့်ကြောင့်ထိုင်လျက်ခေါင်တိုင်ကို ကျောမှီနေလိုက်တော့သည်။ တစ်စုံတစ်ရာမလုပ်။ နွားစာခေါင်း ထိပ်ပြင်ပေါ်တွင်  ဆောင့်ကြောင့်ထိုင်လျက် ခေါင်တိုင်ကို ကျောမှီနေလိုက်တော့သည်။

ဦးခေါင်းကို ထမ်းပိုးထားရသော ပခုံးမှာ ယခုမှ သက်သာရရသွားသည်။ နာအောင့်ကိုက်ခဲမှုများသည် ကျောရိုး ဦးခေါင်းတစ်လျှောက်မှ ပျောက်ကွယ်သွား၏ အိမ်အောက်ဆီမှ ရီးကျီးဒန်၏ ရင်ကွဲသံကြီးဖြင့် ပြောသံ။ သမီးကြီးမချောစိန်၏ စာစာ စာစာအသံများသည် နွားတင်းကုပ်တွင်းသို့ လွင့်ပျံ့လာ၏ ထိုအသံ များကို ကောက်ရိုးအောက်က ရေကို နွားနှစ်ကောင်စုပ်ယူသံက ဖုံးလွှမ်း၏ အိမ်အောက်မှ လာနေသော တိုးတိုး တိုးတိုး ဒီးဒီး ဒီးဒီး တွတ်တွတ် တွတ်တွတ် အသံများကိုရီးဆေး၇ိုး အာရုံမရောက်။ လေးလံလာသော မျက်ခွံကို အလိုလိုက်ကာ မှေးမှိတ်ထားသည်။ မျက်ခွံသည် လေးလံသည်ထက် လေးလံလာ၏။ ကောက်ရိုးခြောက် နှင့် ဖွဲ့နုအပြင် အခြာတစ်စုံတစ်ရာ ရှိလေနိုးဖြင့် နွားနှစ်ကောင်၏ အစာထိုး မွှေသံသည်လည်း တိုးသည်ထက် တိုး ညင်းသည်ထက်ညင်းသွားပြီ။

    "အမေ့မြေးအသက်လည်း ကြည့်ပါဦး၊ ၁၆နှစ်တောင် မပြည့်သေးဘူး အမေရဲ့၊ အဲဒါ..."
    "အမယ်... ၆လပဲ လိုတော့တာပါနော်"
    ရီးကျီးဒန်၏ လက်သည် ဖင်ထိုင်ခုံ ထန်းဖုံးဖက်ကို ဖင်ကြွလျက် ဆွဲယူမိသွားသည်။ မအေ၏ စကားတစ်ဝက် တစ်ပျက်တွင် ရန်တွေ့သံဖြင့် ခင်ခင်ကြီး ၀င်ပြောသောကြောင့်ဖြစ်သည်။ သို့သော် ရီးကျီးဒန် ဆင်ခြင်သည်။ စဉ်းစားသည်။ သည်ရောဂါမျိုးဟာ ဆေးမရှိဘူး။ အနာတက်နေတုန်းမှာ ဆေးချက် မတွေ့ဘူး ဆို မဟုတ်လား။ အင်း...လျှော့မှ လျှော့မှ။ ရောဂါတက်ချိန်မဟုတ်လျှင်ကား ရီးကျီးဒန် ၏ ဖင်ထိုင်ခုံသည် ခင်ခင်ကြီးခေါင်းကို ဂေါင်ဂေါင်မည်အောင် ခေါက်မ်။ အဆဲမျိုးစုံမိုးမွှန်သွားမည် ၊ ယခုသော် မဖြစ်။ မဖြစ်သောကြောင့် မျက်စောင်းသာထိုးရတော့သည်။

ရီးကျီးဒန်သည် သမိးကြီး ခင်စိန်အား ကြင်နာမျက်လုံးဖြင့် ငေးကြည့်ရင်း မျက်ရည်စို့သည်။ သြော်... ငါ့သမီးမပူလိုလို့ ယောက်မရှာလိုက်တာ။၏၊ နေ့မအား ညမနား အိုးလုပ်ရ၊ ကောက်စိုက်ကောက်ရိတ်ရ။ အင်း... တဲပုတ်ကသာ မတက်တယ်၊ ကလေးတွေက ဟောတစ်ယောက် ဟောတစ်ယောက်။ ကျွေးလိုက် မွေးလိုက် စောင့်ရှောက်လိုက်ရတာ။ ဒုက္ခပေးမယ့် ဒုက္ခကောင်တွေကို ချီလိုက် ပိုးလိုက် နမ်းလိုက် ရပ်လိုက် နဲ့ မီးကို မီးမှန်းမသိ။ အခုလောင်တော့မှပဲ မီးမှန်းသိရှာပါကလာ။ မချောစိန်သည် မအေတူသမီးပီပီ ပိန်လှီ၏။ သို့ရာတွင် မအေထက် မည်းသည်။ မအေကို တုပလျက် တန်းတူရည်တူ ဆံပင်လည်း ဖြူပြီ ဖြစ်သောကြောင့် ထုံးတို့ထားသော မီးသွေးချောင်းနှင့် တူလှပါဘိသည်။ ရင်ထဲတွင် ပေါ်လာသည် များကို သမီးဝမ်းနည်းမည် စိုး၍ ရီးကျီးဒန် မျိုသိပ်ငြား မချောစိန်မှာမူ အန်ချသည်။

    "ဆယ်တန်းအောင်အောင်နေပါ သမီးရယ်၊ အမေတို့ အငတ်ခံပြီးထားရထားရလို့ ပြောတာတောင် မနေဘဲ ရှစ်တန်းနဲ့  ထွက်လာတာလည်း အမေအသိ"
    "သိပါ့တော်၊ သမီးကြီးရယ်လို့ အားကိုးရပါ့၊ အမိငက်တသောသော၊ ခွေးတရုန်းရုန်း ကျီးတအုန်းအုန်း"
    မျက်စောင်းခဲကာ ခဲကာ၊ မေးချီကာချီကာ ငေါ့လိုက်ရသဖြင့် ရီးကျီးဒန် ကျေနပ်၏။ သို့ဖြစ်၍ ခင်ခင်ကြီး မကျေနပ်။ ခပ်လိုက်ရသည့်ရေ၊ စဉ်းလိုက်ရသည့် နွားစာ၊ ကောက်ရိတ်ကောက်စိုက်၊ စပါးနယ် ပဲနယ် ဖားဖားဝေနေပါတကား။ အားလပ်ခိုက် ခဏတစ်ဖြုတ် ကားတွန်းကလေး ၀တ္ထုကလေး ဖတ်မိခြင်းသည် အပြစ်လော။ မကျေနပ်ငြား ခင်ခင်ကြီး မချေပ၀ံ့ပါ။ ခုနက ဖင်ထိုင်ခုံကို အမေကြီးလက်ဖြင့် ထိလိုကသည်ကို မြင်လိုက်ပြီး ဖြစ်သည်။

    "ကျောင်းမနေတော့ရင်လည်း စီးပွားဘက်ကို ကျားစီးဖားစီး အာရုံစိုက်ပေါ့။ ထိုင်နေသလား မေးရင် အမေ့မြေး ထိုင်မနေရပါဘူး။ မိးဖိုချောင်ဝင်ရင် ဆားအိုးက ဟောင်းလောင်း၊ ငါးပိအိုးက ပွင့်လို့၊ ဆီပုလင်းအဆို့ရှာမတွေ့ဘူး၊ ကြက်သွန်တောင်းထဲမှာ မြွေအောင်းမှာ ကြောက်ရတယ်"

ကြက်သွန်ထည့်သော တောင်းထဲမှာပင် ငရုပ်အညှာခြွေ၊ ကြက်သွန်အခွံသင်သည်။ ပြီးလျှင် သွားပစ်မည်စိတ်ကူးဖြင့် ထားသည်။ မပစ်မိ၊ မစွန့် မသွန်မိ။ မပစ်မိကြိမ်များလာသောအခါ ကြက်သွန်တောင်းသည် ဆင်နေ ကျားအောင်း ဖြစ်လာ၏။

"အိမ်အလုပ်၊ လယ်အလုပ်သာ အမေ့မြေးက အဖြစ်မရှိတာ၊ အခုရည်းစားနဲ့ဖြစ်နေပြီ။ ဟဲ့ နင့် အသက် ငယ်သေးတယ်၊ ထမင်းဟင်းမှ လူစဉ်မီအောင်မချက်တတ်သေးဘူးပြောပေမဲ့ ငပြောပါပဲ အမေရာ ကျုပ်တော့ သေသာသေချင်တာပဲ"
    သည်ကိစ္စကို ကိုထွန်းရ သိသေးဟန်မတူ။ သိလျှင်လည်းစဉ်းစားနေမည်မဟုတ်၊ တွေးနေမည်မဟုတ်။ သို့အတွက် ရီးကျီးဒန်မှာ မမေးချင်ဘဲ မေးရသည်။
    "ဘယ်က ဘယ်သူ့သားသမီးတဲ့လဲအေ၊ ပြောပဲ ပြောစမ်းပါဦး"
    "လင်းပင်စုက ငကြွက်သား"
    "အမယ်လေး… မျိုးကောင်းရိုးကောင်းပါကလား"

    ပြောသံနှင့်အတူ ရီးကျီးဒန် ပက်လက်လန်ကာ ရင်ဘတ်ကို ဖိ၏ ရီးကျီးဒန် ပက်လက်လန်အောင်၊ ရင်ဘက်ဖိရအောင် ကိုကြွက်က သတင်းမွှေးသည်။ ကိုကြွက်မည်သည့် အသက်မွေးဝမ်းကျောင်းအလုပ် လုပ်ပါ သနည်း မေးအံ့။ မကောင်းမှုမှန်သမျှ အကုန်လုပ်ပါသည်။ ဖြေရလိမ့်မည်။ ရင်ဘတ်ကိုဖိကာ ရီးကျီးဒန် လှည့်ကြည့်ရင်း "မိုက်လှချည်လား သမီးကလေးရယ်၊ နွားခိုးသတ်တဲ့လူ၊ အရက်ချက်တဲ့လူ၊ ဓားပြရဲ့ သားကိုမှ အေ။ ကြိုက်စရာရှားသလားဟင်" မေးမိ၏။

    သည်နှယ် ရစရာမရှိအောင် နာမ၀ိသေသနတွေ ဆင်ယင်ပေးငြား ခင်ခင်ကြီးမျက်နှာ မညှိုးပါ။ သူ့အမေ ၏ စကားအဆုံးတွင် လှပသောချေပချက်သည် လှစ်ခနဲထွက်၏။
    "ရွှံ့နွံထဲကလည်း လှပမွှေးကြိုင်တဲ့ ပဒုမ္မာကြာ ပေါက်ပါသေးတယ် အမေကြီးရာ"
    မချောစိန် ပါးရွဲ့ပစ်၏။ "လှပပါ့၊ မွှေးကြိုင်ပါ့တော် သရက်ချင်ဘုရားကြီးက ရွှေတွေပွတ်သွားတာ သူမှသူ။ ပုရပိုက်တန်း မှာ ထဘီပျောက်ရင်သူ။ အက်ႌေပ်ာက္ရင္သူပဲတဲ့။ ဒါထက်မွှေးရဦးမှာလား" ခါးကုန်းကာ လည်စောင်း ကာပြော၏

    "အခုသူဘာလုပ်သတဲ့တုံး၊ ကျောင်းနေသေးလား"
    ရီးကျီးဒန့်အမေးကြော်င့ ခင်ခင်ကြီး ခေါင်းငုံ့သည်။
    "အထင်မသေးနဲ့အမေရေ့၊ ငါးတန်းကို ငါးခါကြီးများတောင်ကျပြီး ကျောင်းထွက်ထားတာ တဲ့။ အလုပ် အကိုင် ကတော့ ကျုပ်ပြောသလိုပေါ့ အမေရာ၊ ဟိုဟာခိုး သည်ဟာခိုး မစားရတစ်ချက် စားရ တစ်ချက်ပေါ့။ ဘုရား ဆင်းတုတော်တွေ ပျောက်သွားတယ်၊ ခေါင်းလောင်းတွေ အခိုးခံရတယ်ဆိုရင် ပြောင်ပြောင် ရောင်ရောင် ဖြစ်လာတတ်သတဲ့"
    ရီးကျိးဒန်မှာ ရင်ဘတ်ကို ဖိပြီးရင်း ဖိနေရသည်။ ခင်ခင်ကြီးမှာလည်း မျက်နှာကလေး နီထွေးလျက် မျက်စောင်းထိုးလိုက် ခေါင်းမော့လိုက် ငုံ့လိုက်ဖြစ်နေ၏။

    "ငကြွက်မိဘက သရက်ချင်ကလား၊ ပိုက်တန်းကလား"
    သူ့သား၊ သူ့သမီးအရွယ် ရွာနီးချုပ်စပ်သားများသည် ရီးကျီးဒန်နှင့် စိမ်းပြီမို့မေးယူရသည်။
    "သည်အနီး အနားကကို မဟုတ်ဘူးအမေ။ အုတ်ကြားမြက်ပေါက် ရေမျောကမ်းတင်၊ မုန်းနားဘက်မှာ ခိုးလွန်း လို့နယ်နှင်လိုက်ရာမှာ ဒေါက်ဖိုမှာ ကပ်ရပ်ပေးစာကမ်းစာ စားရင်း သောင်တင်နေတာ"

    ရီးကျီးဒန်မှာ သက်ပြင်းတစ်ချက် ရှိုက်လိုက်ရာက မြေးမအား စုံမက် ကြင်နာစွာ ကြည့်၏။
    "သမီးလေးရယ်၊ ဓာတ်သိနှမ်းဖတ်ချဉ် မျိုးမှန်ရိုးမှန်တွေ ပြည့်လို့ပါ သမီးရယ်။ မျိုးစေ့မမှန် ပင်မသန်ဖူးတံ ငုံကင်း အသီးဖျင်းသတဲ့။ အလုပ်မရှိ အကိုင်မရှိ သူခိုးသူဝှက်ကို ယူရင်တော့ ငါ့မြေး ဒုက္ခရောက်တော့မှာ"
    ဥသြာသံသည် သာယာကြည်လင်သည့်နည်းတူ တံလျှပ်မျှင်များသည်လည်း တင်မောင်ဝင်း အတွက် ပုလဲမျှင် များဖြစ်ကာ လှပနေသည်။ အရိုးပြိုင်းပြိုင်း သစ်ပင်ချုံန်ွများသည် ပကာသနခြုံထည်ကို စွန့်လျက် တင်မောင်ဝင်း အား ရိုးသားစွာ ကြိုဆိုလျက်ရှိသည်။ ပုရပိုက်တန်း ကုက္ကိုပင် ရိပ်ကိုခွာ၍ တာလမ်းသို့ ကူးလိုက် လျှင် ရမ်းဘိုကုန်းရွာခြေကို ကပ်မိပြီ။ မန်ကျည်းရိုးတံ ခက်လက်သွယ်ထူများသည် ရွာမသို့တိုင် လက်ချင်း ယှက်၏။

    တင်မောင်ဝင်းသည် ဈေးဆိုင်ကလေးတွင် ခင်ခင်ကြီး ရှိမရှိ ငဲ့စောင်းကြည့်၏။ ထို့နောက် တောင်တံခါး နား တွင် ခင်ခင်ကြီးလာတတ်သော အိမ်စုတွင်လည်း ကြည့်၏ မရှိ။
    'သည်ကောင်မလေးဟာ အထူလေးပါ၊ ဘာပြုလို့များ သည်နေရာတွေမှာ ရောက်နေပါလိမ့်'

    ခင်ခင်ကြီးသည် တင်ောမင်ဝင်း အရောင်ပြလိုက်လျှင် အိမ်ပြန်ကာ ရေအိုးဆွဲထွက်လေ့ရှိသည်။ သည်နည်းဖြင့် ချောင်းတိမ် ယာခရိုးများသည် သူတို့မှီခိုရာနေရာများဖြစ်ခဲ့သည်။ ယနေ့မတွေ့ရ။ ဈေးများသွားရော့သလား ဈေးသွားလျှင်လည်း ပြန်လောက်ပါပြီ။ ခငခင်ကြီးတို့အိမ်ကိုလည်း လှမ်းကြည့် သည်။ လယ်ထဲမှ ပြန်လာခါစ ကိုထွန်းရနှင့် ကလေးများသာ။ ခင်ခင်ကြီးရော၊ သူ့အမေပါ အရိပ် အယောင် မမြင်ရ။ တင်ောမင်ဝင်း မျှော်လင့်စရာမှ တစ်နေရာသာ ရှိတော့သည်။ သူ့ဘနှင့်အမေကြီးအိမ်။

    တင်မောင်ဝင်း ခြေလှမ်းသွက်သွက်လှမ်းသည်။ မျက်နှာကို အင်္ကျီလက်ဖျား အတွင်းပိုင်းနှင့် သုတ်သင်သည်။ ဆံပင်ကို လက်ဖြင့်သပ်သည်။ ရပြီ။ သည်မျှဆိုပါက ကြည့်ပျော်ရှုပျော်ရှိပြီ။ အိမ်အောက် တွင် မြေးအဘွားသုံးယောက် ထိုင်နေကြသည်ကို အဝေးမှပင် မြင်ရသည်။ ခင်ခင်ကြီးကလည်း လှမ်းကြည့် နေသည်။ လက်ဟန်ပြမည့် ဟန်ပြင်ငြား မပြသာ။ သူ့အမေနှင့် အမေကြီးပါ ကြည့်နေသည်။

    "အို…အမေကြီးတွေ မှုန်တိမှုန်ဝေနဲ့ မြင်မှာမဟုတ်ပါဘူး"အထင်ဖြင့် လက်ကို ခေါင်းပေါ်တင်စဉ် မမျှော်လင့် သော အသံကို ကြားရ၏။
    "သူငယ်လေး… အမ်ထဲဝင်ပါဦးကွယ့်"
    လှမ်းအော်သူ မှာ မချောစိန်။ အော်ပြောရသော အကွာအဝေးသည် လမ်းပေါ်ရှိလူသာ ဖြစ်ရမည်။ လမ်းပေါ် တွင် မိမိသာရှိသည်။ ဒေါ်ချောစိန် လည်ရှည်နေပုံကလည်း မိမိဘက်သို့။ တင်မောင်ဝင်း ခြေလှမ်း မှားချင်ပြီ။ ဆုတ်ပြေးရမည်လော။ မ၀င်ဘဲ ဆက်သွားရမည်လော။ အတွေးကို "သည်ကခေါ်တာပါကွယ့်၊ လာပါဦး" အော်သံနှင့်အတူ မချောစိန် သွက်သွက်လှမ်းထွက်လာ၏။

    "ဘာကိစ္စလဲ"
    မချောစိန်မှာ မျက်နှာကွက်ကခနဲ ဖြစ်၏။ ရိုသေရမည့်အရွယ်ကို သည်လေသံ၊ သည်စကားလုံးမျိုးဖြင့် သုံးနှုန်း ဆက်ဆံသူသည် မချောစိန့်ဝန်းကျင်၌ မရှိချေ။
    "မေးမြန်းစရာ ကလေးရှိလို့ပါကွယ်၊ လာပါ။ ခွေးမရှိပါဘူး။ အဲ…အဲခေါင်းငုံ့၊ ဟုတ်ပြီထိုင်ထိုင်၊ ဖျာပေါ် မှာထိုင်"
    ရီးကျီးဒန်သည် မျက်လုံးရှုံ့လျက် တင်မောင်ဝင်းအား ကြည့်၏။ သူ့မြေးကိုကိုကြီး၊ ခင်မောင်ငြိမ်း မောင်မောင်လှ တို့နည်းတူ မသပ်မရပ်ပါတကား။ အင်း…မျက်နှာထားက ခပ်ရိုင်းရိုင်း၊ မျက်လုံးများက မရိုး မသား ပါတကား။ မချောစိန်ရင်၌ ဘယ်လိုခံစားရမည်မသိငြား၊ ရီးကျီးဒန်မှာ ဤနှယ်သာ မှတ်ချက် ချမိ၏။

    မချောစိန်က စကားစလိုက်သဖြင့် တင်မောင်ဝင်း၏ မျက်လုံးများသည် ခင်ခင်ကြီးထံမှ ရုပ်သိမ်း၏။
    "ငါ့တူရဲ့နာမည်က တင်မောင်ဝင်း၊ အဖေက ဦးကြွက် လင်းပင်စုမှာနေတယ်ဆိုဟုတ်လား"
    "ဟုတ်တယ်၊ ဘာဖြစ်လို့လဲ"

    "ဘာမှတော့မဖြစ်ပါဘူးကွယ်၊ ဟောသည်က ငါ့သမီးနဲ့ လူငယ်တို့ဘာဝ မေတ္တာရှိနေကြတယ်ဆိုတာ ဟုတ်သလားလို့ပါ။ အရီးက သိချင်လို့ မေးတာပါကွယ်၊၊ အပြစ်တင်မလို့ မဟုတ်ပါဘူး"
    တင်မောင်ဝင်းမှာ မသင်္ကာစိတ်များဝင်လာဟန်ဖြင့် ကိုယ်ကိုယို့လိုက်ရာက "ဘယ်သူပြောလဲ" ပြန်မေးသည် မချောစိန်မူ မည်းခနဲ ဖြစ်သွားသော မျက်နှာကို ချက်ချင်းပြင်၏။
    "ငါ့တူတို့ ယာကြားမှာ စကားပြောပြောနေတာ လူတိုင်းလိုလို မြင်နေရတာပဲကွယ်။ အဲသည်တော့ ငါ့တူမှာ ဘာအလုပ်ရှိသလဲ၊ တစ်ဦးနဲ့ တစ်ဦး မေတ္တာရှိရင် အလုပ်အကိုင်ရှိမှ ဖြစ်တော့မပေါ့"
    တင်မောင်ဝင်း ခေါင်းတစ်ချက်ခါသည် ခင်ခင်ကြီးအား ရှုတ်ချအကြည့်ဖြင့် ကြည့်သည်။

    "သူ့ဘာသာသူကြိုက်နေတာ ဘယ်တတ်နိုင်မတုံးဗျ။ အဲဒါနဲ့ ကျုပ်အလုပ်မရှိတာ ဘာဆိုင်သလဲ။ အသည်းနှလုံးဆိုတာ အလုပ်ရှိမှ ကြိုက်ရမယ်၊ အလုပ်မရှိရင် မကြိုက်ရဘူး အမိန့်ပေးလို့ မရဘူးဗျ။ ဒါဟာ လောက နိယာမ တရား။ ကျုပ်တို့ကြိုက်တာ မကြိုက်တာဟာ ကိုယ်ရေးကိုယ်တာပါ၊ ဘာမှ ၀င်ရောက် စွက်ဖက် နိုင်ခွင့်မရှိဘူး၊ ဒီမယ်…"
    မချောစိန်၏ ဒေ၀စ္ဆရာမျက်နှာသည် သရဲသဘက်သို့ ပြောင်းလွဲသွားသည်နှင့် တစ်ပြိုင်နက်တည်း အိုးလက် ခွက်ကိုင်သော လက်ဝါးကြမ်းကြီးသည် လေထဲသို့ မြောက်တက်သွားလေ၏။



ရီးဆေးရိုး ၏ မှုန်သီဝေမျက်လုံးအစုံက ထန်းရွက်ကြားတွင် ထိုးထားနေကျ ဓားမကိုရှာဖွေသည်။ သည်မျှ အပြောအဆို ရိုင်းစိုင်းသူနှင့် သည်မျှ အောက်တန်းကျသူကိုမှ ရှာရှာဖွေဖွေ ကြိုက်တတ်သော မြေးမကို နုပ်နုပ် စဉ်းပစ်ရန် ဖြစ်သည်။ သို့သော် မသင့်ပါတကားဟူသော အသိနျင့်အတူ မျက်လုံးကို ပွတ်လျက် နွားစာ ခေါင်းပေါ် မှ ဆင်းသည်။ ဆေးလိပ်တိုတို မီးညှိလျက် ဆေးလိပ်မီးတရဲရဲဖြင့် အိမ်အောက်သို့ ၀င်ရန် ခေါင်းငုံ့စဉ် သူ့သမီး၏လက်လေထဲ ၀ဲပျံသည်ကို မြင်၏။ ငါးပိဿာဝင်အိုး အပျော့စားကိုလက်ခတ်ကြမ်းဖြင့် ရိုက်ဘိ သကဲ့သို့ အသံကြီးထါက်လာသည်။ သူစိမ်းသူငယ်၏ မျက်နှာ လည်ထွက်သွားစဉ် လက်သည် ထပ်မံမြင့်တက်ပြန်သည်။

    "မိကောင်းဖခင်သားသမီးမှတ်လို့ လူလိုခေါ်ပြီး ဆွေးနွေးတာဟေ့၊ အုတ်ကြားမြက်ပေါက် မိမစစ် ဖမစစ် မှန်းသိတော့ ဟောသည် ဟောသည်လို ဟော…"
    "ဟဲ့…လွန်မယ်၊ လွန်မယ်"
    ရီးဆေးရိုးသည် လူကြီးပီပီ ဆုံးမစကားဖြင့် ငုံ့ဝင်ခဲ့ငြား ရီးကျီးဒန်ကား ဖင်ထိုင်ခုံတရွယ်ရွယ်ဖြင့် ချက်ကောင်း ကို ရှာနေသည်။ "အစ်ကို့ကို မနှိပ်စက်ကြပါနဲ့"ဟူသော ခင်ခင်ကြီး အသံလည်း ပေါ်လာသည်။

    တင်မောင်ဝင်းသည် မချောစိန် ဖိရိုက်ဖိကန်နေသည့်ကြားက လူးလဲထသည်။ ရိုက်သမျှကို လက်မောင်းဖြင့် ကာနိုင်ပြီ သို့ရာတွင် အိမ်မှာနိမ့်သဖြင့် ပြန်လန်ခုခံအားမရှိ။ မရှိသည့်ကြားက မချောစိန်ကို တွန်း ပစ်သည်။ မချောစိန် ယိုင်ပြီး ဖင်ထိုင်အလဲတွင် ခင်ခင်ကြီးအော်ပြန်သည်။
    "အစ်ကို..အမေ့ကိုမလုပ်ပါနဲ့"
    ပွဲထဲသို့ ခင်ခင်ကြီးဝင်ရန် ကုန်းထနေစဉ် ရီးကျီးဒန်၏ ဖင်ထိုင်ခုံက တင်မောင်ဝင်း၏ မျက်နှာကို ထိုးသည်။ တင်မောင်ဝင်း ပုတ်ထုတ်ရာ ကုန်းထနေသော မချောစိန့်နဖူးကို ခုတ်မိတော့သည်။ မချောစိန် နဖူးကို ခုတ်မိချိန်တွင် အနားသို့ ခင်ခင်ကြီးရောက်လာပြီ။

    "ဟင် နင် နင်…ငါ့အမေကို လုပ်တယ်ပေါ့လေ"
    "လုပ်တယ်ဟေ့ လုပ်တယ်၊ မြွေပွေးဆိုတာ ဘယ်တော့မှ အထိမခံဘူး၊ သိရဲ့လား"
    ခင်ခင်ကြီးသည်တင်မောင်ဝင်းကို ပါးရိုက်ရန် လက်ရွယ်သည်။ သည်ခဏ၀ယ် ရီးဆေးရိုး အပြေးဝင်သည်။ "သမီး သွားသွား"ဆိုကာ ခင်ခင်ကြီးကို နောက်သို့တွန်းလွှတ်၏။ သို့တစေ တင်မောင်ဝင်းကိုကား မတွန်း။

    "ကောင်လေး သွားတော့ သွားတော့"
    "သွားမှာပါပဲ"
    နဖူးမှသွေး၊ ပါးစပ်မှသွေးကို လက်ဝါးဖြင့် သုတ်ရင်း ရီးဆေးရိုးအား ရန်စောင်၏ ရီးဆေးရိုး သည်းခံသည်။ အိမ်အောက် မှ သူ့မြေးထွက်မလာလျှင် တော်ပါပြီ။
    "ငါ့အမေကိုလုပ်တာ နင့်ကို တစ်သက်မကျေဘူး။ နောက်တစ်ခါ အိမ်ရှေ့ကဖြတ်လျှောက်ရင် ပါးကို ဖိနပ် နဲ့ထွက်ရိုက်မယ်"
    "ရိုက်ရဲရိုက်ကြည့်ပါလား"

    ခင်ခင်ကြီးသည် သူ့အမေ၏နဖူးမှ အဖူးအရောင်ကို လက်ဝါးပူတိုက်ပေးရာက အယုတ္တအနတ္တတွေ ဆဲသော အခါ ရီးဆေးရိုးဟန့်ရပြီ။
    "တော်စမ်း တိတ်စမ်း၊ ပြောနေတာမရဘူးလား၊ ဟေ့သူငယ်သွားသွား၊ သွားတော့"
    အိမ်ဝိုင်းအပြင် ဖုန်တောထဲသို့ တင်ောမင်ဝင်း ရောက်သွားလျှင် ရီးဆေးရိုးပြုံးမိ၏။ ထိုနည်းတူ နဖူးတွင် ဒဏ်ရာ ရလိုက်သော မချောစိန်မှာလည်း နာကျင်စပ်ဖျဉ်းသည့်ကြားက ပြုံးနေမိသည်။
    တံတွေးဖြင့်ဆက်ထားသော ကြိုးနှစ်ချောင်း၏အဆက်သည် ယာယီအားဖြင့် ခါးခါးတူးတူး ပြတ်တောက် သွားပြီမဟုတ်လား။

စာရေးသူ - ဆင်ဖြူကျွန်းအောင်သိန်း
.
>>>ဆက်ဖတ်ရန်>>> >>

Wednesday, July 28, 2010

ပန်းသတင်း (ဂျွန် ၂၈)

ထွန်တုံးပိတ်ချိန်
ဆင်ဖြူကျွန်း အောင်သိန်း

မချောစိန် စိတ်ဆိုးလိုက်ပုံမှာ ပြောစရာမရှိ အသားပင်တုန်နေ၏။ ဒေါသတွင် မောပန်းခြင်းနှင့် ဆာလောင်ခြင်း တို့ စွက်ဖက်လာသည့် အတွက် ဆောက်တည်ရာမရပေ ၊ မြေကြီးပေါ်တွင် လှဲ အိပ်လိုက် လျှင် ဝေဒနာပြေနိုးနိုး အော်ဟစ် ငိုကြွေးလိုက်လျှင် သက်သာ နိုးနိုး အတွေးဝင်လာသည်။

မြှေင်းကို တစ်ခါ ဖြတ်တိုင်း လက်ခုပ်ဖြင့် တစ်ကြိမ် ရေခပ်သောက်သည် ရေသည် လည်ချောင်းမှ တစ်ဆင့် အူတွင်း တစ်လျှောက် စီးဆင်းသွားသည်ကို အတိုင်းသား သိရ၊ ခံစားရ၏။ ဆာလောင်ခြင်းကား လျော့ပါး မသွားချေ။ မချောစိန်၏ တစ်ကိုယ်လုံးရှိ အကြောအခြင်များ သေကုန်ကြပြီ ထင်မိ၏။ ကုန်းကိုတက်ရပြီ။ မြောင်း သေးသေးကို ကျော်ရပြီဆိုလျှင်ကား မောလိုက်ပုံမှာ မချိတရိပင်။ ပင်ပန်းလွန်းလှသည်။ မောလှသည်။ အသက်ကို ၀အောင်ရှူကြည့်သည်။ အို----ရင်ဘတ်က  အောင့်လိုက်တာ။ အသက်ကို မျှင့်းသည်။ အို----ရင်ဘတ် က  အောင့်လိုက်တာ။ အသက်ကို မျှင်းရှူသည်။ သည်မျှမကသေး၊ လက်မောင်းက အောင့်သေး။ ဇက်က နာနေလိုက်သေးသည်။

မချောစိန်မှာ တောကျီးကန်းနှယ် ပါးစပ်ကို ဟထားရသည်။ ကောက်ပင်တွေ စတုဂံအကွက်ကြီး။ ငိုချင်လာသည်။ ၀ါခေါင်လပြည့်နေ့ကတည်းက စိုက်ရန်အသင့်ဖြစ်နေခဲ့သော တမန်းပြင်ကြီး၊ မဲဇလီ ကွေ့က ကောက်စိုက်စည်း သည်ဘက်မလာနိုင် ဆိုစဉ်က ဒေါသသည် စတိမျှသာ ဖြစ်ရ၏။ ရက်ပေါင်း ၃၀မှ တစ်ရက်ပြီး တစ်ရက်ကျော်လာသော ကောက်ပင်များကိုကြည့်ရင်း ဟိုပြေးလိုက် သည်လွှားလိုက် နှင့် ပျိုးသက် ရင့်လာသည်။ ပျိုးပင်တွေ တစ်နေ့ထက်တစ်နေ့ အသက်ကြီးလာငြား စိုက်ရက်မသေချာ။ ကောက်စိုက်စည်း ရမည့်နေ့ မရေရာ။

ကြည့်ပါဦး၊ စိုက်မည့်စိုက်တော့ တော်သလင်းလပြည့်။ ပျိုးသက်က ၄၅ရက်ကျော်ပြီ။ ပျိုးသက်နုနု ရွှေ့ ပေးပါမည် ပြောလည်း မရနိုင်။ ထွက်ပေရော့၊ လှန်ထွက် ထွက်ပေရော့။ စတိမျှသာဖြစ်ခဲ့သော ဒေါသ သည် မချောစိန် ၏ ရင်၌ တစ်နေ့တစ်ခြား ရင့်သန်လာခဲ့ရာ ယနေ့ အထွတ်အထိပ်သို့ ရောက်တော့ သည်။ ကောက်စိုက်မ တွေနှင့်လည်း ရန်ဖြစ်ရ၏။ စိုက်ကြပ်နှင့်လည်း စကားများရ၏။ သို့သော် သိမ်မွေ့စွာ ပြောနေကျ ဆိုနေကျ မချောစိန် ဒေါသကြီးသဖြင့် အားလုံးမှာ အံ့အားသင့်ကြသည်။

"ဘယ့်နှယ်တော်၊ ၀ါခေါင်လပြည့်ကို ပျိုးသက်နုလွန်းတယ်ဆို ထားပါတော့၊ အခုတော"့။
ဒေါသ မိုးတိမ် စင်သောအခါ ခလုတ်တိုက်သည်ကိုလည်း မချောစိန် မသိပါ။ ဆူးစူး၍လည်း မနာကျင်တော့ပါ။ နေပူ လေတိုက် သဖြင့် မည်းမှောင်နေသော မချောစိန်၏ မျက်နှာပြင်သည် ဒေါသ ကြောင့် ထူးပြီး အကျည်းမတန်ငြား ရင်တွင်း၌ကား ဆို့ကျပ်နေသည်။ ဒေါသသည် ပြေးလွှားလှုပ်ခတ်ရန် ကျဉ်းကျပ် လွန်းသဖြင့် ရင်ကိုတွန်းသည်။ နှလုံးသားကို ဖိသည်။

ထန်းသားရေကျော် သို့ရောက်လာသည်။ တစ်ဖက်လယ်ကွက်မှ ရေပိုရေလျှံသည် သည်ဘက်လယ်ကွက် အတွက် အသက်သွေးဖြစ်၏။ ဖြစ်ငြား ကန်သင်းကို ဖောက်ပြီးလွှတ်လိုက်ရုံမျှဖြင့် မရချေ။ ကြားမှာ ရင်စို့ခန့် နက်သော မြောင်းကြီး ခြားနေ၏။ သို့အတွက် ထန်းသားရေတံလျှောက်ကို အသုံးပြုရသည်။ ထန်းသားပင် လုံးကို ထက်ခြမ်းခြမ်းသည်။ အလယ်က အူသားတွေကို ထုတ်ပစ်သည်။ မြောင်းဖြတ်ကျော်ပြီး အလယ် ကန်သင်း နှစ်ခု ဆက်ထားရာ ကြည်လင်သော ရေရှင်သည် တသွင်သွင်စီးဆင်းနေပေ၏။

ရေတွေ ဗုံးပေါလအောရှိသော လယ်ကွက်ထဲမှ မျောကျလာသော ပုစွန်ဆိတ် တစ်ကောင် သည် ထန်းသားရေကျော် အစပ်သို့ ရောက်လာသည်။ ရေက တသွင်သွင်ဆိုရငြား လယ်ကွက်ထဲနှယ် မများ။ ပုစွန်ဆိတ် မကျေနပ်၊ သူ့အတွက် လုံခြုံသည် မထင်။ ရေစီးဖြင့် မျှောပြီးလိုက်လျှင် လုံခြုံပါမည်လား။ သို့အတွက် ရေစီးအားထက် လျင်မြန်စေရန် ခုန်ပေါက်ပြေး၏။ ပထမတစ်ချက် ထန်းသားရေတံလျှောက် နှုတ်ခမ်း ပေါ်တင်သည်။ ကြောက်လန့်တကြား ခုန်လိုက်ပြန်ရာ မချောစိန်ခြေဖမိုးပေါ်သို့ တန်းတန်း မတ်မတ် ရောက်သွား၏။

မချောစိန်သည် ပုစွန်ဆိတ်ကို မမြင်ပါ။ မြင်လျှင်ကား ဟန်ကျတာပဲဆိုကာ ကောက်ယူမည်မုချ။ ယခု မကောက်နိုင်။ သူမြင်နေရသော ကောက်ပင်စိမ်း မှောင်မှောင်တွေက ဆွဲဆောင်ထားသည်။ မချောစိန် တို့ လယ်ပွဲ နှင့် အတူတူပင်။ ၀ါခေါင်လပြည့်က အသင့်ဖြစ်ခဲ့သော လယ်ပွဲများ။ သူတို့ကား ပျိုးသက်ပေါင်း ၃၀ တွင် ချောမောစွာ စိုက်ခဲ့ရသည်။ ထို့ကြောင့် ကောက်ပင်တွေ သန်စွမ်းလှသည်။ သားတက်တွေပင် မူရင်း ပင်မကြီး နှင့် မယိုးမယိမ်း။ ထိုအခါ မချောစိန်၏ ဒေါသသည် ပို၍ပြင်းထန်လာ၏။ ကောက်စိုက်စည်းတွေ ကပေါက်တိ ကပေါက်ချာ ဖြစ်ကုန်ခြင်းကိုလား၊ မဲဇလီကွေ့က ကောက်စိုက်မတွေကိုလား ဟူသည်ကား မသိပါ။ ဒေါသမှာမူ ပို၍ကြီးလာသည်။ သို့အတွက် ထန်းသားရေကျော်ကို ရွရွမနင်း၊ ညင်ညင်သာသာမဖြတ်၊ အမျှင်မျှင် ဖြစ်နေသည့် ထန်းသားအမျှင်မျှင်ဖြစ်နေသည့် ထန်းသားအမျှင်သည် ငြောင့်တစ်ချောင်းအဖြစ် မချောစိန် ၏ ခြေမ အသားထဲသို့ ချောမောစွာ စူးဝင်သွားလေ၏။

စလင်းချောင်း သည် ညောင်ကုန်းရွာနှင့် ရှားတောသုသာန်ကို ဗြောင်းဆန်အောင် ဖျက်ဆီးငြား ရမ်းဘို ကုန်းသော်မူ မထိပါး။ ရွာနောက်ဖေးက ချောင်းတိမ်ယာများသည် နှံစားပြောင်းများဖြင့် ဝေလွင်နေ၏။ ချောင်းရေက ယာများပေါ်အထိ တက်လွှမ်းခဲ့သဖြင့် ပြောင်းပင်တို့အကြိုက် ကျနေသည်။

'ငါတို့ကောင်းဖို့အတွက် ညောင်ကုန်းရွာဘက်မှာ ကမ်းပြိုတာတော့ မကောင်းပါဘူး
တွေးရင်းက ရီးဆေးရိုးသည် 'အင်း'ခနဲ ညည်းညူသံပေးလျက်  ကမ်းပါးစပ်တွင် ထိုင်၏။ ချောင်းရေသည် ရီးဆေးရိုး သည် ကျောဘက်ရှိ ယာပြင်တန်းကြီးကို လည်ပြန်လည့်၍ ကြည့်ပြန်၏။စင်စစ် သူသည် နှံစားပြောင်း အားလုံး ရိတ်သိမ်းအပြီးတွင် နောက်တစ်လှည့်ဝင်ရသည့်အသီးကို စိတ်ကူးနေခြင်း ဖြစ်၏။

နေကြာပဲ ကြဲရကောင်းမလား၊ ခ၀ဲ ပဲလင်းမြွေ ချရကောင်းမလား စဉ်းစားသည်။ နေကြာမှာ စီမံကိန်း လည်း ၀င်သည်။ ကြဲထားပြီးနောက် ပေါင်းလိုက်ရန်သာ လိုသည်။ ရေလောင်းပေးရန် မလို။ ဆီထွက်သီးနှံမို့ ဈေးကွက် လည်း မပူရ။ သို့သော် တစ်ဦးတည်းကွကပြီး နေကြာခင်း အဖြစ် ထီးတည်းကြီး တည်ရှိနေပါက ကျေးနှင့် စာဒဏ်ကို သေလုအောင် ခံပေရော့။ သို့ဖြစ်၍ ခ၀ဲနှင့် ပဲလင်းမြွေကို စိတ်ကူးပြန်သည်။ နှစ်ခုလုံး ပေါင်းလိုက် ရမည်။ ပဲလင်းမြွေမှာ အသီးမကျိုးအောင် အောက်က ငှက်ပျောဖက်ခံပေးရန် လိုအပ်သလို ခ၀ဲ မှာလည်း ခရမ်းပိုး နှိပ်စက်လှသည်။
ရီးဆေးရိုးသည် ဖြူဖွေးသောဆံပင်ငုတ်များကို လက်ဖြင့်သပ်မိ၏။ အင်း---ငရုတ်ချရ ကောင်းမလား အကြံပေါ်လာစဉ်မှာပင် 'ရွာနားက နီးနီး၊ ဟိုလူက တစ်တောင့် လာကောင်း။ မပေးပြန်ရင် တိုထွာရာ ကျမည်။ ပေးပြန်ရင် လူတစ်ရာ။ ဟာ-----မဖြစ်သေးပါဘူး။

အတွေးပေါ်လာသဖြင့် ချက်ချင်း ပျက်ပြားရပြန်၏။ ရီးဆေးရိုး၏ မျက်လုံးများက ရေစီးကြောင်း၏ ဟိုဘက်သို့ ရောက်သွားပြန်၏။ ကျနေ၏ နေခြည်အောက်၌ တောက်ပနေသည့် ငွေပွင့်များ တလက်လက် တ တောက်တောက်။

သဲပြင်၏ အမျိုးအစားနှင့် အနေအထားသည် ကြက်သွန်ကြီးစိုက်သူတို့် သွားရေကျစရာ။ သို့တစေ ၀ါသနာ ပါ၍ သွားရည်ယိုငြား ရီးဆေးရိုး မလုပ်နိုင်ပါ။ နွားချေးချခြင်း၊ ဖွဲချခြင်း၊ ဓါတ်မြေသြဇာထည့်ခြင်းနှင့် ထွန်ယက်ခြင်းတို့အနက် ထွန်ရန်သက်သက်ကိုပင် ရီးဆေးရိုး အနိုင်နိုင်။ သို့သော် အလျား ၀ါးနှစ်ပြန်သာသာ ချောင်းတိမ်ယာကလေးကိုကား----
ရီးဆေးရိုး၏ မျက်လုံးများ ၀င်းတောက်လာသည်။ သည်မျှကိုကား သူတတ်နိုင်သည်။ ထည့်သမျှသော မြေသြဇာများမှာလည်း ကိုယ့်ယာထဲမှာသာ ရှိနေမည်။ ရေစီးနှင့်ပါသွားစရာ မရှိ။ တစ်ခုကား စဉ်းစားစရာရှိ၏။ ချောင်းပြင်တွင်း ဆင်းစိုက်ထားသော ကြက်သွန်မှာကား 'စမ်း' ရှိသဖြင့် ရေလောင်းရန် မလို။ ချောင်းတိမ်ယာမူ 'မောင်းတက်'ဖြင့် ရေလောင်းပေးရလိမ့်မည်။ ကြက်သွန်ဈေးက ယခုပင် ခုနစ်ကျပ် အထက်သို့ မြားပြနေသဖြင့် ရီးဆေးရိုး စိတ်အားတက်ကြွသည်။

'နေကြာကော'
နေကြာ ကိုလည်း ရီးဆေးရိုး သံယောဇဉ်မပြတ်။ ကြက်သွန်ကိုလည်း အာသီသပြင်းပြသည်။ သို့အတွက် ရေစီးကြောင်း ဘေးမှ ခွါခဲ့သည်။ နေကြာအဖော်မရှိပါက ကြက်သွန်စိုက်မည်။ ကင်ပွန်းခါးပင်များသည် ရမ်းဘိုကုန်းရွာ ၏ ကျောပြင်ကို ဖုံးကွယ်ထားသည်။ အပွင့်ဝါများသည် ရေခပ်ဆင်းလာသော လှပျိုဖြူ များအား လှောင်ပြောင်နေသည်။ ရွာပေါ်သို့ ရီးဆေးရိုး မတက်တော့ပါ။ လာလမ်းအတိုင်း ယာခင်းများကို တစ်ခုပြီး တစ်ခု ဖြတ်လာခဲ့၏။ အချို့ယာသည် ထွန်ယက်စ၊ အချို့ယာသည် ထွန်ယက်စ၊ အချို့ ထွန်ယက်ပြီး၊ အချို့သော်ကား မြက်သောသောနှင့် နလန်(နွားလှန်)သာရှိသဖြင့် နွားစားကျက်။

အိမ်ထဲသို့ဝင်မိသည်နှင့်တစ်ပြိုင်နက်တည်း မချောစိန်သည် အရုပ်တစ်ရုပ် ကြိုးပြတ်သွားသည်အလား ပုံကျ သွားသည်။ဒေါသကို မေ့ပစ်နိုင်ငြား၊ ဆာလောင်ခြင်း နာကျင်ခြင်းတို့မူ ဖျောက်မရချေ။
မချောစိန်၊ ကိုထွန်းရတို့အိမ်မှာ အိမ်ဆိုသည်ထက် တင်းကုတ်ကြီးနှင့် ပိုပြီးတူသည်။ မြေစိုက် ထန်းရွက် တဲကြီးမှ တံစက်မြိတ်များသည် မြေကြီးနှင့် ထိမတတ် နိမ့်ဆင်းထား၏။ အထဲတွင် လေးပုံသုံးပုံက မြေပြင်ကြီး။ သည်မြေပြင်ပေါ်တွင် အိုးများ၊ သပိတ်များ ဟိုနားတစ်စု သည်နားတစ်စုရှိသည်။ သည်အထဲ၌ သင်္ကြန် တုန်းက မရောင်းလိုက်ရသော အိုးအချို့လည်း ရှိ၏။

ပုတ်ပြီးပြီဖြစ်ငြား တစ်ဖိုစာမပြည့်သဖြင့် မဖုတ်ရသေးသော သပိတ်နှင့် ဆီအိုးမှာ အများစုဖြစ်သည်။ ခေါင်းရင်း ဘက် တွင် မိသားစုတစ်တွေ အိပ်စက်ရန်အတွက် အဆင့်ထိုးထားသော နေရာတစ်ခုသာ ၀ါးကြမ်း ခင်း၍ ထရံကာထားသည်။ အခန်းရှေတွင် ကျောမှီမပါသော ခုံတန်းလျားတစ်ခုနှင့် နွားသားရေခင်းသည့် ပက်လက် ကုလားထိုင် တစ်လုံး။ ဟိုဘက်တွင်ကား ဆန်ဆေးရည်နှင့် ကြက်သွန်ခွံနံ့တို့ တဟောင် ဟောင် လှိုင်နေသည့် ရေပုပ်အင်တုံတစ်လုံး ဦးဆောင်သော မီးဖိုချောင်။

မချောစိန်သည် တန်းလျားပေါ်တွင် လှဲချပြီးနောက် တစ်အောင့်ကြာမှ တစ်အိမ်လုံး တိတ်ဆိတ်နေပါကလား သတိပြု မိသည်။ ယမန်နေ့က ထွန်တုံးပိတ်သဖြင့် အားလုံးပင် ကျောင်းသွားကုန် ကြပြီလော။ သည်နှယ် လည်း မဟုတ်။ နံနက်က မချောစိန် လယ်ပြင် သွားခါနီးတွင် သားစုံသမီးစုံကို အိမ်ရှေ့၌ မြင်ခဲ့ရသေးသည်။ မည်သို့ပင်ဖြစ်စေ၊ မည်သူတွေ မည်သို့ပင်ရှိရှိ သမီးကြီး ခင်ခင်ကြီးတစ်ယောက်ကား အိမ်တွင် မုချရှိရ မည်။ သူသည်ရှစ်တန်း နှစ်ခါကျသဖြင့် ရှက်သည်ဆိုကာ ကျောင်းထွက်ထားသူ ဖြစ်၏။ အမေ မချောစိန် ကိုယ်စား အိမ်ထောင်ထိန်းသိမ်းရသူလည်း ဖြစ်ပေ၏။
"သမီးရေ၊ ရေတစ်ခွက်လောက် သမီးရယ်"
တိတ်ဆိတ်ခြင်း မှတစ်ပါး အခြားတုံ့ပြန်မှုမရှိ။

"သမီး ခင်ခင်ကြီး"
ထပ်မံခေါ်ရင်း လက်ထောက်၍ ထသည်။ နံကြားက အောင့်သဖြင့် ရှုံ့မဲ့ရသည်။  လည်ပင်းက နာသဖြင့် စုတ်သပ်ရသည်။ တိတ်ဆိတ်သော တင်းကုပ်ကြီး အတွင်းဝယ် မချောစိန်တစ်ယောက်တည်းပါ။ အဖော်ဟူ၍ ရေအိုးစင် မှ ရေစိမ့်ကျသံသာရှိသည်။ ရေးအိုးစင်ပေါ်ရှိ သောက်ရေအိုးမှ ရေသည် အောက်ခံအင်တုံထဲသို့ တစ်ပေါက်ချင်း စိမ့်ကျနေ၏။ အစသော် ပလုံခနဲ လိုဏ်သံပါ၏။ အင်တုံထဲ၌ ရေများလာသောအခါ ပေါက်ခနဲ၊ ပေါက်ခနဲအသံတို့ ပြောင်းလာသည်။ သည်ရေကျသံတို့ အဖော်ပြုချက် မချောစိန် ရှုံ့မဲ့ထသည်။

ရေအိုးစင် ဘေး အရောက်တွင် ချူပ်ထိန်းထားရသည့် ဒေါသက လူးလွန့်လာ၏။ ကြည့်လေ၊ ဦးချွန်ခမောက် ကလေး သည် ရေးအိုးပေါ်တွင် မရှိ။ ရေခွက်ကို မျစ်စိတစ် ကမ်းအတွင်း၌ မမြင်။ ရေအိုးက ဟောင်းလောင်းကြီး။ သို့ကြောင့်မီးဖိုချောင် သုံးရေမှုတ်ဖြင့် သောက်ရန် မီးဖိုဘက်သို့ လှမ်းခဲ့သည်။ ရေမှုတ် မှာသာ အာရုံရောက် နေသောကြောင့် ထင်းခွဲဓားကိုမမြင်။ မြင်စရာလည်းမလို။ ဓားထားနေကျနေရာက "ထင်းစင်" ဘေးမှာမဟုတ်လား။

ထန်းသား ရေကျော်တုန်းက ထန်းသားငြောင့် တစ်ချောင်းခြေမတွင် စူးဝင်ထားခဲ့သည်။ ဓားသွားနှင့် တိုက်မိ ပါလျှက် မရှငြား၊ အနာနှင့် တိုက်မိသဖြင့် မျက်ရည်ပိုးပိုး ပေါက်ကျ အောင်နာသည်။
"ဓားကို သတိထားတဲ့၊ ကိုယ့်ထိလည်းမကောင်းဘူး၊ တခြားလူထိလည်း ကိုယ်မိဘနဲ့ ကိုယ့်ညီအစ်ကို မောင်နှမတွေပဲ၊ နေရာတကျထား"

ဓားကိုယူပြီး ဆော့တတ်သည့်အရွယ်ကတည်းက သင်ခဲ့သောအချက်။ မကြာခဏ သတိပေးခဲ့ရသော စည်းကမ်း။ နမော်နမဲ့ အရွယ်ပါဆိုရန်ကလည်း သင်းအသက်သည် ၁၅နှစ်ရှိပြီ။ ပြီးတော့ အိမ်ထောင်ထိန်း၊ မချောစိန် ဒေါသဖြစ်ရချေပြီ။ ဓားကို နေရာ တကျ ထားအပြီး၌ ထမင်းရည်အိုးဘက်သို့ မျက်စိရောက်၏။ ထမင်းရည် တွေလျှံကျ နေသည်။ ထမင်းကြမ်းခဲတစ်ခဲ က သောင်တင်သော ငါးကြီးအာနန္ဒာ ဖြစ်နေ၏။

"ထမင်းရည် အသစ်မငှဲ့ခင်မှာ ထမင်းရည်အဟောင်းတွေ သွန်ပစ်ရတယ်။ ဒါမှ မတော်တဆ ထမ်င်းစေ့တွေ အန်ကျရင် ပြန်ယူလို့ကောင်း တော့မပေါ့။ ထမင်းရည် အသိုးအပုပ်ထဲက ထမင်းစေ့တွေကို ပြန်ယူရင် တစ်အိုးလုံး ကို ပုပ်စော်နံကုန်မှာစိုးလို့ အန်ကျတဲ့ ထမင်းစေ့တွေကို အဆုံးခံရရော"
သည်မျှပြည့်လျှံနေသည့် ထမင်းရည်အိုးပေါ်သို့ စောင်းတင်ပြီး ထမင်းရည်ငှဲ့ပါက တမင်းအိုးနှုတ်ခမ်းမှာ ထမင်းရည်အဟောင်းထဲသို့ နစ်နေမည်မဟုတ်ပလော။ သည် အချက်ကိုလည်း မချောစိန် တတွတ်တွတ် ရှင်းလင်း                                                                                                                                                                                                                                                                                                                                                                                           သင်ပြခဲ့ပြီးပြီ။ ထိုထမင်းရည်အိုးထဲသို့ စားကြွင်းစားကျန်တွေလည်း ထည့်သဖြင့် ခွေးကျွေး ချိန်မတိုင်သေးမီ လုံအောင်အုပ်ထားရမည်။ အုပ်မထားပါလျှင် ခွေးလာနှိုက်သဖြင့် ခွေးစား ခွက်အဖြစ်သို့ ရောက်ရှိသွားမည်။ ထမင်းကြမ်း ကျန်၍ စားမကုန်လျှင် ရေဆေးပြီး ခြေမွပါ။ ဆန်ကောထဲတွင် ဖြန့်ပြီး နေလှန်းပါ။ ရေနွေး ပွက်ပွက်ဆူထဲသို့ ထမင်းခြောက်ကိုထည့်ပြီး ရေငှဲ့လိုက်ပါက ထမင်းဖြစ်သည်။ ထမင်းအဖြစ်မစားလို၍ ဆီပူထိုးလျှင် အဆာပြေ စားစရာတစ်မျိုး ဖြစ်လာသည်။

ရီးကျီးဒန့်လက်ထွက်၊ ရီးကျီးဒန့်သမီးပီပီ အကွက်အကွင်းကျကျ ရှင်းလင်းသင်ပြခဲ့ငြား၊ သမီးကြီးသည် အမေကြီး၏ မြေးမပီသည်သို့၊ အမေ့သမီး မဟုတ်ဘိသို့ 'ကပက်ကစက်' လုပ်ထား၏။ ဒေါသကို မချောစိန် ထိန်း၍မရပါ။ မရတော့ပါ။ ဖိုခနောက် (ဖိုခုံလောက်) သုံးလုံးပေါ်သို့ လှမ်းကြည့်သည်။
ဟင်းအိုးအဖုံးမှာ ပြာထဲသို့ စောင်းကျနေ၏။ အဖုံးအဖိမရှိသည့်အတွက် ကျီးဝင်ထိုးခြင်း ဖြစ်သည်။ အိုးအဖုံးဘေး သည် ကြက်သွန်ထည့်သော ဆန်ဆေးတောင်းထားသည့် နေရာ မဟုတ်။ 'နေပါဦး၊ ဟင်းအိုးကို မဖုံးဖိ နိုင်ရအောင်၊ ထမင်းရည်အိုးကို မအုပ်နိုင်ရအောင်၊ ကြက်သွန်တောင်းကို နေရာတကျ မထားနိုင် ရအောင် ဘာအရေးတကြီးဖြစ်လို့လဲ' စိတ်ထဲကမေးရင်း မချောစိန်၏ ဦးခေါင်းသည် တံစက်မြိတ်အပြင်သို့ ရောက်သွားသည်။ အိမ်သာဘက်သို့ လှမ်းကြည့်ပြီးမှ နွားတင်းကုပ်၊ တင်းကုပ်ပြီးမှ နွားစာစဉ်းသော ခြေနင်း
စင်။
နွားစာစဉ်းသော ခြေနင်းဓားစင်ပေါ်တွင် ပြောင်းဖူးပင်အချို့နှင့် ကောက်ရိုးထုံးကြီး ရှိသည်။ ကောက်ရိုး ထုံးကွယ်နေသည့် အတွက် ခင်ခင်ကြီးကို မမြင်ရ။ သို့ရာတွင် ဖွင့်လျက်ထား သောစာအုပ်တစ်အုပ်ကိုကား မချောစိန်မြင်ရသည်။ ဓားရှေ့ရှိ နွားစာစဉ်းသော ရေတံလျှောက်အောက်မျာ နွားစာခံသော ခြင်းကြား တောင်းရှိသည်။ သည်တောင်းကို လှမ်းကြည့်သည်။ စဉ်းပြီးသားနွားစာ တောင်းဝက်ပင်မရှိသေး။ မချောစိန် ၀ါးခြမ်းပြားကို လှမ်းဆွဲသည်။ ၀တ္ထုဖတ်နေတဲ့ မိန်းမလာခဲ့စမ်းဟေ့ လှမ်းခေါ်သည်။

"၀တ္ထုဖတ်နေတဲ့ မိန်းမလာခဲ့စမ်းဟေ့၊ ဟိုမှာ ထမရည်(ထမင်းရည်)အိုး ဘာဖြစ်နေလဲ၊ ဟင်းအိုးအဖုံး  ဘာပြုလို့ ပွင့်နေတာလဲ၊ ဒါကြက်သွန်တောင်း ထားတဲနေရာလား"
သည် အသံများ ရီးဆေးရိုး၏နားထဲဝင်လာသို့ ၀င်လာသည်။ ၀င်လာပုံက ရိုးရိုးမဟုတ်၊ ပို၍ပို၍ ကျယ်လောင် လာသည်။

"မောင်မြမင်းရေ တော်တော်ကြာမှ တစ်ခေါက်လာခဲ့ဦးမယ်ကွာ။ နေကြာကြဲမယ့် အဖော်ရ လို့ဝမ်းသာပေမဲ့ အေးကွာခဏ ခဏ"
ရီးဆေးရိုး သည် စောင်ရန်းတန်းတစ်ခုသာ ခြားသော သမီးအိမ်ဘက်သို့ သုတ်ခြေတင်ခဲ့ သည်။ မတင်၍ မဖြစ်။ လယ်ပိတ်ရေးအတွက် သူ့သမီးအဘယ်မျှ ကိုယ်ရောစိတ်ပါ ဆင်းရဲ ကြောင်းသိသည်။ သူ့မြေးမ မည်မျှ နမော်နမဲ့ နိုင်ကြောင်းလည်း ရီးဆေးရိုးသိသည်။ သိငြား၊ ထုံထုံနုံနုံ သည်မြေးမကို သူအတွယ်အတာ ပိုရသည်။

"ကြောက်ပါပြီ အမေရဲ့၊ နောက်ကို မဖတ်တော့ပါဘူး အမေရဲ့၊ နောက်ကို အမေခိုင်းသလို လုပ်ပါ့မယ်"
တဖုန်းဖုန်း တရွှမ်းရွှမ်း ၀ါးခြမ်းပြားသံများနှင့် ခင်ခင်ကြီး၏ငိုသံသည် 'ဟဲ့ မိန်းကလေး' အော်သံပေါ်လာလျှင် လာချင်း တုံ့ခနဲ ရပ်သွားလေ၏။ မြေးမ၏ အားထားသောမျက်နှာ။ သမီး၏ ညှိုးချုံးဝမ်းနည်းမျက်နှာ။

"မိန်းကလေးရယ်.....ဒေါသဖြစ်နေတုန်းမှာ ကလေးတွေကို မရိုက်ပါနဲ့ဟယ်၊ ကလေးရဲ့ အပြစ်က နည်းနည်းပေမဲ့ ဒေါသတွေပုံချမိတော့ ကလေးခမျာ နာရှာမှာပေါ့ မိန်းကလေး ရယ်"
မချောစိန်သည် ၀ါးခြမ်းပြားကို ပစ်ချသည်။ တံစက်မြိတ်လက်ခံတိုင် ခြေရင်းရှိ ထန်းဖုံးဖတ် ဖင်ထိုင်ခုံကို ဆွဲယူထိုင်သည်။ ဒူးပေါ် လက်တစ်ဖက်တင်ပြီး ခေါင်းကိုအုပ်လိုက်သည်။
"သမီးလိုလူတွေ အများကြီးပါပဲ သမီးရယ်။ မခံချင်စိတ်တွေ၊ ဒေါသစိတ်တွေနဲ့ ကလေးကို မဲရင်မှားမှာပေါ့။ ကိုယ်ရိုက်ရင် ခံရမယ့် ကိုယ့်သမီးမဟုတ်လား"
ရီးဆေးရိုး ၏ စကားအဆုံးတွင် မချောစိန်သည် ဆိုင်းမဆင့်ဗုံမပါဘဲ ဟီးခနဲငိုချလိုက်လေ၏။ တစ်ပြိုင်နက် တည်းမှာပင် ခေါင်းပေါင်းပုဆိုးစုတ်ကိုဆွဲချပြီး မျက်နှာကိုအုပ်ထားလိုက်လေ ၏။ ရှိုက်ကြီးတငယ်ငိုသံသည် ပုဆိုးစုတ် အောက် မှ သဲသဲမဲမဲထွက်ပေါ်နေငြား ရီးဆေးရိုး နှစ်သိမ့်ရန် သတိမရ။ သြော်........ သူကိုယ်တိုင် သည်ပင် နက်ရှိုင်းစွာ ငေးမော နေသည် မဟုတ်လား။

စာရေးသူ - ဆင်ဖြူကျွန်းအောင်သိန်း
.
>>>ဆက်ဖတ်ရန်>>> >>

Monday, July 26, 2010

ပန်းသတင်း (ဂျူလိုင် ၂၆)

လူချမ်းသာ
ဒေါ်ခင်မျိုးချစ်

ဖိုးတေနှင့် အမာတို့ လင်မယားမှာ နာမည်အလိုက် တေလည်း တေ၊ မာလည်း မာလေသည်။ သူတို့ကို ပစ်တိုင်းထောင် လင်မယားဟု ခေါ်ကြသည်။ ဖိုးတေမှာ ခပ်ငယ်ငယ်က တေပေနေခဲ့သ ဖြင့် အမာနှင့် တွေ့သည့်အချိန်တွင် တစ်လ ၆၀ရသော၊ ကြွေးလည်ပင်ထိသည့် ရုံစာရေးတစ်ဦး ဖြစ်သည်။ အမာမှာလည်း ကိုယ့်ထူးကိုယ့်ချွန်ရသော ရုံးစာရေးမ ဖြစ်သည်။ သူတို့နှစ်ဦးမှာ အလုပ် ချင်းတူ၊ လူရည်ချင်း နတ်ဖတ် နှုတ်ခမ်းပဲ့ ချင်း မီးမှုတ်ခဲ့ကြလေသည်။

သူတို့နှစ်ဦးစလုံးပင် မိတ်ဆွေ အသိပေါလှသည်။ ချစ်ခင်သူ များလှသည်။ ထို့ကြောင့် ဖိုးတေနှင့် အမာတို့သည် တိတ်တိတ်ဆိတ်ဆိတ် လက်မှတ်ထား လက်ထပ်ရုံလောက်နှင့် ကိစ္စပြီးမည်ကို နှစ်ဖက် မိတ်ဆွေ များက
"ဘယ် ... ဒီလိုနဲ့ ပြီးမလဲ"

ဟု ၀ိုင်းဝန်းစီမံကြသည်။ အိမ်ထောင်မှု ခမ်းနား ငွေကောက်ခံ၍ ၀ယ်သူ ၀ယ်၊ ထိုင်ဆိုအငြိမ့် ထည့်သူ ထည့် စသည်ဖြင့် တစ်ယောက် တစ်လက် စီမံလိုက်ကြရာ သားသားနားနား မင်္ဂလာ ဆောင်တစ်ခု ဖြစ်သွားရုံမက အခြား မိတ်ဆွေသင်္ဂဟများက လက်ဖွဲ့ကြသော အိမ်ထောင်ပစ္စည်း အ၀တ်အထည်များ အမြတ်ရ လိုက်သေးသည်။ မင်္ဂလာဆောင်မှာ ပျော်ပွဲစားသကဲ့သို့ နောက်ကြ ပြောင်ကြ ပျော်စရာကြီး ဖြစ်သည်။ သူငယ်ချင်း တွေက အမာအား မင်္ဂလာစကားပြောရာတွင် ခနိုး ခနဲ့ကြသည်။ အမာက သတို့သမီးပီပီ မျက်နှာ မရဲ ၍လော မသိ၊ ထ၍ နှုတ်ခမ်းပါကလေးနှင့် ရန် တွေ့လေသည်။ ဖိုးတေနှင့် အမာတို့မှာ မင်္ဂလာ ဆောင် တွင် လူကလွဲ၍ ဘာမှ မစိုက်ရဘဲ အမြတ်ရ လေသည်။ ဖိုးတေကား ရုံးက ထုတ်ပေးသည့် အသပြာငွေ ၁၈၀ ကို ကြွေးတွေမြီတွေ ဆပ်ဖို့ စိတ်မကူးဘဲ အခွင့်ယူ၍ ထိုငွေနှင့် မင်္ဂလာဦး ခရီးထွက် လည်ပတ် လိုက်သေး သည်။

ဖိုးတေနှင့် အမာတို့သည် တစ်လလျှင် ၂၀ပေးရသော အခန်းကလေးတွင် အိုးအိမ်တည်ကြလေ သည်။ ဖိုးတေ၏ လခမှာ တစ်လ တစ်လ ကဗူလီ ကုလားကြွေး အတိုးပေးရသည်နှင့် ကုန်လေ သည်။ အမာ လက်ဖွာ လက်လွယ်လှသဖြင့် သူ့ကို မှီခိုတောင်းရမ်းသူ ဆွေမျိုးများကို သူ့လခနှင့် ပို့နေရသည်။ တစ်လ တစ်လ ကြွေးနှင့် ထွေးလုံးရစ်ပတ်နေကြရသော်လည်း စိတ်ညစ်ခြင်း မရှိ။ သူတို့မောင်နှံမှာ ပျော်ကြသည်။ ပဲရာဇာ ဟင်းချို၊ ငါးခြောက်ဖုတ်၊ ငရုတ်သီးထောင်းဟင်းများကို မြိန်မြိန်ရှက်ရှက် စားသောက်ကာ ကန်တော်ကြီး လမ်းလျှောက်ကြသည်။

ရုံးအားသည့် စနေ တနင်္ဂနွေနေ့များတွင် အင်္ဂလိပ် ရုပ်ရှင်ရုံများကို လည်ပတ်ကြည့်ကြသည်။ တစ်ခါတစ်ရံ အလွန် ဘိုင်ကျသည့်အခါများတွင် ညဥ့်၉နာရီမှ ၁၂နာရီပြီးသော နောက်ဆုံးပွဲကို အိမ်မှ လသာသာ ခြေကျင် လျှောက်လာကြသည်။ ရုပ်ရှင်ရုံနားတွင် ပြသည့်အချိန်တွင် ရစ်သီရစ်သီ လုပ်နေကြ၍ လူ သိပ်မကျပ် သည်ရှိသော် ရှက်ကြောက်ရမည့် အသိ မတွေ့သည်ရှိသော် တစ်မတ်တန်းက လက်မှတ်ခံ၍ ၀င်ကြည့်ကြ လေသည်။ ပွဲပြီးလျှင် ဘတ်စ်ကားခ ကုန်မည့် ပိုက်ဆံတစ်ပဲကို ကြံရည် နှစ်ပြားဖိုးစီ ၀ယ်သောက်ကာ အေးမြ သော စိတ်ဓာတ် ချမ်းမြေ့သော နှလုံးနှင့် အိမ်သို့ ပြန်ကြကုန်၏။

သူတို့နှစ်ဦးစလုံး၏ မိဘဆွေမျိုးများမှာ ခေကြသူ မဟုတ်ကြပေ။ သူတို့ကုက တေကြ ပေကြလွန်း၍ ဖြစ်သည်။ ချမ်းသာ၍ မိမိထံ ကျမည့် ဆွေမျိုးနှင့် ဆင်းရဲသဖြင့် မိမိ ကျရမည့် ဆွေမျိုး နှစ်မျိုးနှစ်စား တွင် သူတို့သည် ဒုတိယအမျိုးအစားကိုသာ အသိလုပ်ကြသည်။ ဘယ်သူ့ကိုမှ မျက်နှာငယ်ခံ အကူအညီ ကောင်းခြင်း မရှိကြချေ။ သူတို့ ညားကြပြီး ၆လလောက်ရှိလျှင် ဖိုးတေ၏ မိခင်ကြီး လာ၍ သားနှင့် ချွေးမ ဘယ်လို နေကြသည်ကို ကြည့်လေသည်။ သင်းတို့နှစ်ဦး နေပုံထိုင်ပုံတွေကို အလွန်စိတ်ပျက်စွာနှင့် သူ့မြို့သို့ ပြန်သွား ပြီးနောက် ဖိုးတေ၏ ကြွေးများ ဆပ်ရန် ငွေပို့လိုက်သည်။ နောက်ထပ် ကြွေးမတင်စေနှင့်၊ လိမ်လိမ် မာမာ နေကြရန် စာရေးလိုက်သည်။

မကြာမီ အမာတွင် သားဦးယောက်ျားလေး မွေးဖွားလေသည်။ သားကလေး မဖွားမီ တစ်လတွင် ဖိုးတေ သည် လခ ၁၅၀ရသော အလုပ်တစ်ခုကို ပြောင်းရသည်။ သူတို့လင်မယားအဖို့၌ အလျောက် အလျောက် ဖြစ်လာ ရမည် ဟူသော စကား မှန်လေသည်။ ဖိုးတေနှင့် အမာတို့သည် အင်္ဂလိပ် ရုပ်ရှင် ကြိုက်သော ၀ါသနာ အပြင် စာဖတ်ဝါသနာပါသည်။ အားလပ်သည့် နေ့များတွင် စာအုပ် အဟောင်းဆိုင်များမှ မဂ္ဂဇင်း ဂျာနယ် စာအုပ်များ ရှာဖွေဝယ်ယူကြသည်။

ညဥ့်နက်သန်းခေါင်အထိ စားပွဲတင် မှန်အိမ်မီးရောင်အောက် ပက်လက်ကုလားထိုင်ပေါ်တွင် ဖိုးတေက သူ့သဘောတွေ့ သော စာများကို အသံထွက်အောင် ဖတ်သည်။ အမာကြား ကြမ်းပေါ် ထိုင်ကာ ခွေးမကလေး ပမာ သူ့ချစ်လင်၏ ဒူးပေါ်တွင် မေးတင်လျက် နားထောင်နေသည်။ သားသမီးရတော့မည်ဟု သိသော အခါ ကလေးနှင့် ပတ်သက်သည့် စာအုပ်စာတမ်းများကို ဖတ်ကြလေတော့သည်။ သားကလေးနှင့် ပတ်သက် သည့် မွေးသည့်နေ့မှာပင် မွေးသဖခင် ဖိုးတေသည် အားရပါးရ နမ်းရှုတ်၍ ဘယ်အဖေ များ ကလေး ကို မွေးမွေးချင်း နမ်းသလဲဟု သူ့သူငယ်ချင်းတွေကို ချဲလင့် လုပ်လိုက်သေးသည်။

သားကလေး အပါကို စာအုပ်များတွင် ပါသည့်အတိုင်း စနစ်တကျ မွေးရာ ရှေးလူကြီးများ၏ ဆိုမြည် ကြိမ်းမောင်းသည့်ကြားထဲကပင် သန်မာထွားကျိုင်းလာလေသည်။ အစားအသောက်မှာ သူဌေး သား အရာရှိကြီးသားပမာ အကောင်းအမွန်များ ကျွေးမွေးသဖြင့် ပိုက်ဆုံကုန်လှသော်လည်း နာမကျန်း၍ ခေါ်ရသော ဆရာဝန်နှင့် ဆေးစရိတ် ကုန်သည်နှင့် ကာမိသည်ဟု ဖိုးတေလင်မယား က စာရင်းချ၍ ပြသည်။ သူတို့တရားနှင့် သူတို့ မှန်နေကြသည်။ နံနက်တိုင်း ဖိုးတေသည တရုတ် ဆိုင်က ၀ယ်သော ၂ကျပ် ၈ပဲတန် ကြိမ်လက်တွန်းလှည်းတွင် သူ့သားကို ထည့်တွန်းကာ ကန်တော်ကြီးစောင်း သွား၍ လေညင်းခံ သည်။ ထိုအခိုက် အမာသည် ဖိုးတေ ရုံးမသွားမီ စားရန် ထမင်း ဟင်း ပြင်ဆင်သည်။ ဖိုးတေ ပြန်လာ စားသောက်ပြီး ရုံးသွားလျှင် အမာနှင့် ကလေးသာ အိမ်၌ ကျန်ခဲ့သည်။ သူတို့မှာ မရှိမရှား ဘ၀တွင် ရောင့်ရဲကာ စိတ်ပျော်ရွှင်နေကြသော်လည်း အချို့ လူကြီးများက

"ရှေ့ရေး နောက်ရေး မတွေးတတ်တဲ့ ကောင်မလေးနဲ့ ကောင်ကလေးပဲ" ဟု ညည်းညူကြသည်။ အချို့ဂုဏ်ပကာသနကိုသာ ချစ်ခင်သော မိတ်ဆွေ၊ ဆွေမျိုးများက အထင်သေးကြသည်။ ဖိုးတေ နှင့် အမာ တို့ကား သူတို့၏ သာယာသော အိမ်တွင်းလောကလောက်ကိုသာ ဂရုစိုက်ကြလေသည်။ သူတို့၏ ရွှင်လန်း ကြည်လင် သော စိတ်နှလုံးကြောင့် လူချစ်လူခင် မိတ်ဆွေ ပေါသည်။ စိတ်သဘော တူညီသော ဆွေမျိုး များက ချစ်သည်။ ထို့ကြောင့် မိတ်ဆွေ အတုအယောင်နှင့် ရွှေရှိမှ မျိုးတော်ချင် သော ဆွေမျိုးများကို သူတို့ ၏ မိတ်ဆွေစာရင်းတွင် ထည့်စဉ်းစားစရာ မလိုတော့ပေ။
အပါ တစ်နှစ်သားတွင် အရှေ့အာရှ ကမ္ဘာစစ်ကြီး ဖြစ်လာ၏။ ဖိုးတေ အမာတို့ မိသားတစ်စုမှာ ကြောက်အား လန့်အား နှင့် ပြေးကြရာ အပြေးမတတ်ကြသဖြင့် အင်္ဂလိပ် အပြေး၊ ဂျပန်အ၀င် စစ် မြေပြင် အလယ်ခေါင်၌ ပိတ်မိ နေကြသည်။ အမြောက်ချက်ပေါင်း ၂၈ချက် အပစ်ခံရသောနေ့မှာ အမာ အသက်၂၈နှစ် ပြည့်သောနေ့ ပင် ဖြစ်သည်။ ဘုရင်ဧကရာဇ် မွေးနေ့မှာသာ အမြောက်ပစ်၍ ကျင်းပနိုင်သည် မဟုတ်ပါ။ ဒါမျိုးတော့ အမာလည်း ကြွားနိုင်ပါသေးသည်။

မိမိအလိုသာဖြင့် မိုက်မိုက်ကန်းကန်း သေချင်သေ၊ ဘယ်မှ မပြေးဘူး။ ဖိုးတေ စိုးရိမ်ကြီးပြီး ပြေးလို့ သာ ပစ္စည်းကုန်၊ လူမသေရုံ ကျန်သည်ဟု ဖိုးတေအား အမာသည် အပြစ်တင်၍ မပြီးနိုင် ရှိလေ သည်။ ဒါမျိုးတော့ မဆန်းလှပါ။ ကမ္ဘာဦးအစက အာဒံနှင့် ဧ၀တို့ ရှိခဲ့ရာ မာရန်နတ်၏ ဖြားယောင်မှု ကြောင့် မဧ၀က သစ်သီး စားမိသော အခါ
"ကိုအာဒံ ရှင့်ကြောင့် ဒီလိုဖြစတာ။ ဒီနေ့မှ ရှင်က ကျွန်မနဲ့အတူ တောလည်မလိုက်ဘဲ ဘာလို့ ချန်နေရစ် ခဲ့တာလဲ။ ကျွန်မတစ်ဦးတည်း ထွက်သွားလို့ ဒီလို ဖြစ်ရတာ။ ပြီးတော့ တကယ်ဆိုရင် ရှင် ဟာ ကျွန်မရဲ့ လင်သခင် မဟုတ်ဘူးလား။ ငါ မပါဘဲ ဘယ်မှမသွားနဲ့လို့ တားထားလိုက်ပါတော့ လား"
ဟု မြည်တွန် ခဲ့သည် မဟုတ်ပါလား။

ဤသို့ မြည်တွန်တောက်တီးရင်းပင် သူတို့မိသားစုတစ်စု ရန်ကုန် ပြန်ဆင်းလာကြသည်။ ရှေးက သူတို့ သိသော ရန်ကုန် မဟုတ်။ မျက်စိသူငယ် ဖြစ်နေကြသည်။ မိတ်ဆွေ သူငယ်ချင်းများဆီ လည်း မကပ်ဝံ့။ အလိုလို ရှက်ကြောက်အားငယ်နေကြသည်။ သူတို့ကို တွေ့သူ တစ်ဦးတလေက အမြင်မတော်၍ ကလေး မုန့်ဖိုးပဲဖိုး ပေးကြသည်။ အလုပ်အကိုင်လည်း မရဖြစ်တာ၊ အကြံတုံး ဥာဏ်တုံး ဖြစ်နေစဉ် ဖိုးတေ၏ ဖိနပ်ထောင်သူ သူငယ်ချင်းတစ်ဦးက ဖိနပ်များ ထုတ်ပေး၍

"မင်းတို့ လောက်အောင် ယူစား၊ ပိုတာပေး"
စီမံကန်း လုပ်ပေးမှ ဖိုးတေတို့ အသက်ဆက်မိရုံ ဖြစ်သွားသည်။ ဖျင်တို တစ်ထွာ အသပြာတစ်ဆင့် မျှ ပေးမည့် သူ မရှိသည့်အခါတွင် ထိုမိတ်ဆွေကောင်း၏ စေတနာကို အဘယ်သူ ကျေးဇူးမတင်ဘဲ ရှိနိုင် ပါမည်နည်း။

လမ်းဘေး ပလက်ဖောင်းပေါ်တွင် ၀ါးခုနှစ်ချောင်း သက်ငယ် ခုနှစ်ပျစ်နှင့် တဲဆိုင်ကလေး ဆောက်၊ ဖိနပ် ရောင်းချပါ သော်လည်း ကော်ပိုရေးရှင်း အမိန့်ကြောင့် တစ်ဖျက်တည်း ဖျက်နေရသဖြင့် နောက်ဆုံး၌ ပလက်ဖောင်း ပေါ်တွင် ရွက်ဖျင်းခင်း၍ ရောင်းရသည့်အဖြစ်သို့ ရောက်လေတော့ သည်။ မိတ်ဆွေအချို့မှာ မကြည့် ရင်နိုင်ကြ၊ ရှက်ရှာလိမ့်မည်ဟု ထင်၍ ရှောင်သွားကြသည်။ ထိုလူ များအချင်းချင်း ဖိုးတေတို့အား ဘယ်လို ကူညီရမည်ကို တိုင်ပင်ကြသည်။

ဖိုးတေနှင့် အမာကား ရှက်မည်ဝေးစွ။ ဖွတ်နှစ်ကောင် ပြာရထားတွင်မွဲ မျက်နှာပြောင် သားနှင့် ကြွားကြွားဝင့်လျက်ပင် ရှိကြသည်။
သူတို့၏ ကံမှာ တစ်နေ့သော် အလှည့်ကြုံရပြန်လေသည်။ အမာကို ယခင်က လုပ်ဖူးသည့် နေရာ တစ်ခုတွင် အလုပ် ပေးလာသည်။ စင်စစ် ရခြင်းရလျှင် ဖိုးတေ အလုပ်ရခြင်းကို အမာ ပိုမိုလိုလား သည်။ ထိုအလုပ်ကို အမာ ငြင်းလိုက်သည်။ ဈေးကလေး ရောင်း၍ မနက် ခြောက်ချက် ည ခြောက်ချက် နေရတာက ကောင်းသေး သည်ဟု အောက်မေ့လိုက်သည်။ သို့သော်
"မိအမာရဲ့ နင့်ကို အလုပ်နားလည်လို့ ခေါ်တာပါဟဲ့၊ နင် မလုပ်ရင်တို့မှာ အခက်တွေ့နေပါလိမ့် မယ်။ တို့ကို မကူညီ တော့ဘူးလား"

ဟု ပြောကြရာ ဖိုးတေက
"အားနာပါတယ် အမာရာ ... လုပ်လိုက်ပါကွာ၊ ခဏဖြစ်ဖြစ်ပေါ့"
ဟု ကူညီပြောလေသည်။ ထိုအခါ မိတ်ဆွေများက အားတက်၍ -
"ကဲပါဟာ ... နင့် အားကိုးလို့ ပြောနေတာပဲ ငြင်းမနေပါနဲ့"
ဟု ထပ်ပြောကြပြန်သည်ကို အမာမှာ ခေါင်းညိတ်လိုက်ရပြန်သည်။
"ရှင် အားနာတတ်တာနဲ့တော့ ဒုက္ခပါပဲ၊ ရှင့်မှာဖြင့် နေရာတကာ အားနာနေတာပဲ"
ဟု ရှေ့နေ လိုက်မိသော ဖိုးတေကို မကျေနပ်နိုင် ဖြစ်မိပြန်သည်။

အမာသည် ဖိုးတေကို အိမ်တွင် ကလေးနှင့်ထား၍ အလုပ်လုပ်ရသည်ကို မပျော်ပိုက်ချေ။ သူ၏ မိတ်ဆွေများ အပေါ်တွင် စောင့်သိအပ်သည့် ၀တ္တရားကြောင့် အောင့်အည်းနေရလေသည်။ ဂျပန် ဖက်ဆစ်ခေတ်တွင် အလွန်း သင့်လျှင် သင့်သလို အလုပ်အကိုင် ပေါသည့်ခေတ်၌ အမာသည် မတုန်မလှုပ် ကျောက်ရုပ် လုပ်နေ ခဲ့သည်။
"ညည်းနှယ်အေ ... နေနိုင်ရန်၊ ကိုယ့်လင် အလုပ်မရှိတာများ ကြံဖန်လုပ်ပေးလိုက်ရောပေါ့"
ဟု မဲ့ရွဲ့ အပြစ်တင်နေကြလေသည်။ ဟိုလူ သည်လူ ကပ်ရပ်တောင်းပန်သည့် အလုပ်ကို အမာ သည် လမ်းပေါ် ဈေးတောင်းချ ရောင်းရသည်ထက် ရှက်သည်။

"ဒီလို စကားမျိုး ဘယ်သူ့ကိုမှ သွားပြောလိမ့်မယ် မထင်နဲ့၊ မေ့မှားလို့ ပြောမိရင် လျှာကို လှီးပစ် လိုက်မယ်"
ဟု အမာက ပြောသည်။ ထိုအခါ ဖိုးတေက
"ဒီလို စကားမျိုးတော့ ဘယ်သူ့ကိုမှ မေ့မှားလို့တောင် မပြောမိပါစေနဲ့၊ အိမ်ကြီးရှင်မ၊ ဒေါ်အမာရယ်"
ဟု ထပ်ခါ တလဲလဲ သတိပေးရလေသည်။ ဖိုးတေသည် မကြာမီ ဘယ်သူ့မှ မကပ်ရဘဲနှင့်ပင် အလုပ်တစ်ခု ရရာ အမာလည်း အလုပ်က ထွက်လိုက်လေသည်။

ဂျပန်ခေတ် တစ်ခေတ်လုံး လခစား အလုပ်က လွဲ၍ မလုပ်မကိုင်တတ်သော ဖိုးတေနှင့် အမာတို့မှာ ဆီ၊ ကြက်သွန် မပါသော ဟင်း ထမင်းကို လည်ချောင်း မြေလှန် စုံကန်မျှောခဲ့ကြသည်။ အ၀တ် အစားမှာ အစုတ်စုတ် ဖြစ်၍ ကူလီလောက်မှ မပြောင်းတော့ချေ။ သားကလေး အပါမှာ စောင်၊ စားပွဲ ခင်းများကို ချုပ်ထားသော အင်္ကျီနှင့် နေပူ မိုးရွာမရှောင် ဖိနပ်မပါဘဲ သွားတော့သည်။ ငယ်ငယ်က ကရင်းကရိုက်ကားစ်၊ ဂိုလ်ဒင်ပတ်ဖ် တွေ ကျွေးလာခဲ့သော်လည်း ယခုအခါ ဖွဲနုမုန့် မရွေး ဘိန်းမုန့် တို့ကို အဆာပြေရုံ စားရသည်။ နံနက်စောစော တွင် ဘိန်းမုန့်ပူပူကို ဟိုလက် သည်လက် ပြောင်း ရင်း
"ဘိန်းမုန့် ... ဘီးမုန့် ... ဘီးညန်း ... "

ဟု ကလေးဘာဝ သီချင်းလုပ်ဆိုနေသော အပါကလေးကို မြင်ရလျှင် အဘယ်မိဘ၏ စိတ်နှလုံး မထိခိုက်ဘဲ ရှိပါမည်နည်း။ ဂျပန် ပြေးမည့်နှစ် ဆောင်းတွင်းမှာ အလွန်ချမ်းလှသည်။ အိမ် မလုံမခြုံ တွင် လေတွေက တဟူးဟူး၊ နှင်းတွေက တပေါက်ပေါက်နှင့်၊ တစ်ညတွင် အပါကလေးမှ ပြာမဲ တုန်ချိနေသည်။ ဘာလုပ်ရမှန်း မသိ ယောင်နန ဖြစ်နေကြပြီးမှ သတိရ၍ အမာက ထင်းမီးများ ထည့်ကာ နွေးစေမှ ကလေးအပူအငွေ့ ၀င်လာတော့ သည်။ ကဲ ... နှိပ်စက်လိုက်စမ်းဟဲ့ ... လောကဓံ၊ နင်ပဲ နှိပ်စက်နိုင်မလား၊ တို့ပဲ ခံနိုင်မလား ... ဟု အမာက အန်တု ကြုံးဝါးခဲ့သည်။
ကိုရွှေဂျပန်များ ကြွကြပြီ။ ဖိုးတေနှင့် အမာတို့ ကံမှာ ပြောင်လာလေသည်။ အင်္ဂလိပ် ပြန်ဝင်မှ သူတို့၏ ပညာ အစွမ်းအစ ကလေးနှင့် ကြံစည်သော ကိစ္စများမှာ အထမြောက်စပြုလာသည်။ အပါ ကလေးကို ကျောင်းထား ရပြီ။

"အမာရေ ... တို့များ ဒီသားလေး တစ်ယောက်တည်း ရှိတာလည်း တစ်မျိုး ကံကောင်းတာပဲ။ ကလေးတွေ များနေရင် သာဆိုးမယ်။ လူမစွမ်း နတ်မတာလိုပေါ့" ဟု ဖိုးတေက ပြောရာ အမာက
"အစစ်ပေါ့ ကိုဖိုးတေ ... စစ်အတွင်း သူများတွေ ဟောတစ်ယောက်၊ ဟောတစ်ယောက် မွေးနေကြ တာ၊ အမာ ဒီတစ်ယောက်နဲ့ ရပ်တန်းက ရပ်နေတာ အမာဖြင့် ၀မ်းသာလို့ မဆုံးဘူး၊ အမာတို့ သိပ်ကံကောင်း တာပဲနော်"

ဟု သူတို့လင်မယားမှာ ၀မ်းသာစရာမရှိ ကြံဖန်ဝမ်းသာနေကြလေသည်။ ဂျပန်ခေတ်တွင် အဆိုး တကာ့ အဆိုးဆုံး များ တွေ့ရပြီသော ဖိုးတေနှင့် အမာမှာ ဘယ်အဖြစ်မျိုး ရောက်ရောက် ကိစ္စမရှိ ဟု အောက်မေ့ နေကြသည်။
ဖိုးတေနှင့် အမာတို့သည် စစ်မဖြစ်မီ အချိုးအတိုင်း ရုပ်ရှင်ကလေးကြည့်လိုက်၊ စာအ်ုပအဟောင်း ဆိုင်သွား စာအုပ် တွေ ၀ယ်လာ၊ အိမ်ကျ တစ်ယောက်တလဲ ဖတ်လိုက်၊ သားကလေး အပါ တွတ်တီးတွတ်တာ ပြောသည် ကို သဘောတွေ့ ပျော်နေလိုက်။ သူတို့ဘ၀နှင့် သူတို့ ကျေနပ်နေကြ ပြန်လေသည်။

လင်မယားနှစ်ယောက် အချိန်တန် အလုပ်သွား အိမ်ပြန်။ အားသည့်နေ့ အိမ်တွင် စာဖတ်ချင်း ဖတ်၊ ဂိုင်ဖော သည့်နေ့ ဆိုလျှင် ရုပ်ရှင်ကြည့်၍ သူတို့ ရတတ်သမျှနှင့် နေကြသည်။ အလုပ်ရာထူး တိုးတက်ဖို့ စိတ်မပူပန်ရုံမက တစ်ခါတစ်ရံ လူလျှော့ အလုပ်ဖြုတ်ပစ်မည်ကိုပင် ဂရုမစိုက်ဘဲ တစ်ဦး အလုပ်မရှိ တော့လည်း တစ်ဦး အလုပ်ရှိသေးတာပဲ။  ရတတ်သမျှနှင့် လောက်အောင် နေပေါ့ဟု ခပ်အေးအေး နေကြသည်။ သူတို့ကား အပြင်လောကကို ဂရုမပြုဘဲ နေခဲ့ရာ၊ တစ်နေ့သော် သူတို့ မမျှော်လင့်သော အဖြစ်အပျက် တစ်ခု တွေ့ရသည်။

သတင်းစာများတွင် ဦးဖိုးတေ ဆိုသူ မင်းကြီး ရာထူးရကြောင်း ပါလေသည်။ ထိုအခါ
"အမာ့ ယောက်ျား ကိုဖိုးတေ ဖြစ်မှာပေါ့ကွ။ ၀န်ကြီး ဦးဟိုသင်းရဲ့ ယောက်ဖရဲ့ မယားပါသားနဲ့ ကြိုက်ဖူးတဲ့ ကောင်မလေးအိမ်က ခွေးက ကိုဖိုးတေကို ကိုက်ဖူးသေးတာပဲ"
စသဖြင့် ထင်ကြေးပေးကြလေသည်။ လာရောက် မေးမြန်းသူများကို ဖြေရလွန်းသဖြင့်
"ကိုဖိုးတေရေ ... သတင်းစာကနေပြီး ဖြေရှင်းပုံ ပေါ်နေပြီ"

ဟု အမာက ညည်းလေသည်။ ခင်မင်သော မိတ်ဆွေများက ၀မ်းသာကြသည်။ အစက အထင် အမြင် သေးနေကြသူများက မနာလိုစိတ် မကင်းစွာနှင့်ပင် အရေးတယူ ခေါ်ပြောလုပ်ကြသည်။ အမျိုးတော်သည့် အဒေါ်ကြီးတစ်ဦးသည် ရှေးက ဖုတ်လေသည့် ငါးပိ ရှိလေသည်ဟု မအောက်မေ့ ခဲ့သော်လည်း ယခုအခါ အရေးတယူ လုပ်ကာ ဘယ်အကူအညီပေးရမည် စသဖြင့် မေးမြန်းဖော် ရလေသည်။
"မင်းကြီးဖြစ်လို့ တို့အိမ်တောင် လာမလည်ဘူး"
ဟု ပြောမှ ဖိုးတေနှင့် အမာမှာ မဟုတ်ကြောင်း ရှင်းရပြန်သည်။
"မသိပေါင်တော် ... တို့က ၀န်ကြီးဦးဟိုဒင်းရဲ့ ယောက်ဖရဲ့ မယားပါ သား ...(လ)... ဖိုးတေကို ကြိုက်ဖူး သေးတာမို့ ဟုတ်မှာပဲ ထင်လိုက်တယ်။ မင်းတို့ကလည်း ဒီလို လူကြီးတွေဆီ သွားပြုတွေ့ ပါလား။ ဒီလိုနေလို့ ဘယ်ဖြစ် မလဲ"

ဟု အကြံပေး ဆုံးမစကားပြောသွားလေသည်။ အမာမှာ လက်နှစ်ဖက်နှင့် ရင်ဘတ်ကို ဇာတ်ဟန် နှင့် ခတ်တီး ကာ
"ခက်မှ ခက်ရလေနော်၊ ကိုယ့်ဘာသာ ကိုယ့်ဘ၀နှင့် ပျော်ပျော်နေလည်း မနေရသေးဘူး။ မင်းကြီး ဖြစ်မှ ခေါ်ချင် တဲ့ မိတ်ဆွေ ဆွေမျိုးတွေကို ငဲ့ညှာပြီး ဟိုလူ ဒီလူတွေဆီ သွားပြီး ကယ်မပါ၊ ကြည့်ရှု ပါနှင့် မွဲသွေ့သွေ့မျက်နှာနဲ့ အောက်ကျခံ ပြောရဦးမယ်လို့ ဖြစ်နေပြီ ကိုဖိုးတေ"

ဟု ပြောရာ ဖိုးတေက
"သူတို့ မခေါ်ချင်လည်း နေပေါ့ကွ၊ ဘာဆိုင်လဲ ... ဘာလို့ အောက်ကျခံပြီး ပြောရမလဲ"
ဟု ဆိုလိုက်လေသည်။
"မဖြစ်ဘူး ... မင်းကြီး မဟုတ်တာနဲ့ ကိုဖိုးတေကို အမျိုးရယ်လို့ စကားထဲ ထည့်ပြောရမှာ ရှက်ရှာ တဲ့ သူတွေ သနားလွန်း လို့ပါ။ ဖြစ်မှဖြစ်ရလေ။ သူတို့မှာ အမာတို့ လင်မယားအတွက် အတော် မျက်နှာငယ်၊ ဂုဏ်ငယ် နေရှာတော့မှာပဲ၊ သနားလိုက်ပါဘိတော့တယ်။ ကျွတ် ... ကျွတ် ... ကျွတ်"
ဟု သောလုံးထုတ် နေပြန်သည်။

အမာသည် လောကကြီးတစ်ခုလုံးကို လက်ပိုက် ရပ်ကြည့်ကာ သရော်ရယ်မောလေတော့သည်။ ဖိုးတေကား ဆေးလိပ်ကို ခဲလျက် သူ့ဇနီးနှင့် လောကကြီး စစ်ပြိုင်နေပုံကို ရွှင်ပြုံးစွာ စောင့်ကြည့် နေလေသည်။

သူတို့၏ အသက်များမှာ မငယ်ကြတော့ပြီ။ သုံးဆယ်က စွန်းထွက်လာလေပြီ။ ထို့ကြောင့် ဖိုးတေ နှင့် အမာ နှစ်ဦးစလုံးပင် သူတို့၏ ကိုယ်ခန္ဓာမှ နှုတ်ဆက် ထွက်ခွာစပြုနေသော အရွယ် နုနယ် ပျိုမျစ်ခြင်းကို တတ်နိုင်သ၍ ဆိုင်းငံ့အောင် ကြိုးစားကြသည်။ သူတို့သည် ရှေးကထက် ပို၍ အ၀တ် အစားကို ပိုဂရုစိုက် တတ်သည်။ အမာသည် သူ့အရွယ်နှင့် လိုက်အောင် ဆံပင် မမောက်တမောက် ကလေး စသည်တို့ဖြင့် ပြုပြင်လာသည်။ "စိတ်ပျိုကိုယ်နု" ၀ါဒကို လက်သပ်မွေးကာ သူတို့ကိုယ် သူတို့ ပျော်လည်း ပျော်၊ နုလည်း နုအောင် လုပ်နေကြသည်။ အသက် ၄၀ အရွယ်နီးလာပြီ ဖြစ်၍ မက်ဆေး ခြယ်နေကြဟန် တူသည်။

ဖိုးတေနှင့် အမာတို့မှာ ဤသို့ ပျော်ပျော်နေတတ်သလို နေကြသည့်အတွက် မမျှော်လင့်သော စကားများ ကြားရသည်။
"ဖိုးတေ နဲ့ အမာတော့ နှစ်ယောက်စလုံး အလုပ်လုပ်၊ ကလေးကလည်း တစ်ယောက်တည်း သိပ် ပိုက်ဆံတွေ စုမိမှာပဲ။ သူတို့ နေတာ ကြည့်ပါလား"
ဟူ၍ တစ်မျိုး။

"သူတို့ လင်မယား ရာထူးတွေ ဘာတွေ ရအောင် ဘယ်ကြံမလဲ၊ အခု သူတို့နှစ်ယောက်စလုံး လုပ်စာနဲ့ သုံးမှမကုန်ဘဲ" ဟူ၍ တစ်ဖုံ။
"ခင်ဗျားတို့တော့ သိပ်ဟန်ကျနေတာပဲ"
စသဖြင့် သူတို့အား တိုက်ရိုက်လည်း ပြောကြသေးသည်။

ဤကဲ့သို့  အချောင် အထင်ကြီးခံနေရသည်ကို ဖိုးတေက ရယ်သည်။ အမာကား စိတ်တိုမိသည်။
"ရှင်ကတော့ ရယ်နေ၊ အဲဒါက အချောင် ဓားပြရိုက်ခံရမယ့်အပေါက်။ လူတွေ့တိုင်း ဒါမျိုးချည်း အမေးခံ နေရာတာ ရှင် သွားလေရာ သတိနဲ့သာ သွားပေတော့"
ဟု ဒေါနှင့် မောနှင့် အမာက ရယ်ဖွယ်နှောသည့်အခါ နှောလေသည်။

ဖိုးတေတို့ လင်မယားမှာ စေတနာ့ဝန်ထမ်း အလုပ်တွေနှင့် အားရသည် မရှိ။ တဖားဖား နေရသည် ကို အပျော်ကြီး ပျော်နေရသဖြင့် မကောင်းသော စိတ်များအတွက် သူတို့မှာ အချိန်မရှိ။ ဤသို့ နေရ ခြင်း သည်ပင် သူတို့အတွက် ကောင်းမှုကုသိုလ်တစ်ရပ် မဟုတ်ပါလော။

တစ်နေ့လုံး ခြေကုန်လက်ပန်းကျ၍ လာရာမှ ဖိုးတေနှင့် အမာတို့သည် ရေမိုးချိုး အ၀တ်အစားသန့် များ လဲခြင်းဖြင့် စိတ်ရာလူပါ လန်းဆန်းစေပြီးလျှင် သားကလေး အပါနှင့်အတူ တံခါးဝတွင် ထိုင် ကာ  လမင်းကြီး ကို ကြည့်ရင်း စကာပြောနေကြသည်။ အပါလေးမှာ စကားများရင်း ဖိုးတေ၏ ပေါင် ကို ခေါင်းအုံးကာ အိပ်ပျော်သွားပြီ။ တစ်နေ့လုံး ဘယ်ရောက်၊ ဘာလုပ်၊ ဘယ်သူနှင့် တွေ့ စသည့် အာလာပသလ္လာပများမှာ စကား အမျှင်မပြတ်နိုင်ဘဲ ရှိစဉ် ကောင်းကင်ယံမှ ကြယ်ကလေးတစ်ခု ကြွေကျသည်ကို မြင်သော ဖိုးတေက
"အမာရေ ... ဟောဟိုမှာ မြင်ရဲ့လား၊ လိုတဲ့ဆုကို တောင်းလိုက် မြန်မြန်တောင်းလိုက်" ဟု ပြောလျှင် အမာသည် စဉ်းစားမနေဘဲ
"ကျွန်မ ယနေ့ ယခု စိတ်ချမ်းသာခြင်းကို တစ်သက်လံး စိတ်ချမ်းသာရာ ရပါစေသတည်း"
ဟု သူတို့လက်ရှိ "လူချမ်းသာ" ဘ၀၏ တည်မြဲမှုကိုသာ ပတ္ထနာပြုလိုက်လေသတည်း။

တိုင်းရင်းသူမဂ္ဂဇင်း၊ အတွဲ-၂၊ အမှတ်-၆၊
.
>>>ဆက်ဖတ်ရန်>>> >>

Sunday, July 25, 2010

ပန်းသတင်း (ဂျူလိုင် ၂၅)

ညချမ်းချိန်ခါဝယ်
ဒေါ်ခင်မျိုးချစ်

ညသည် တိတ်ဆိတ်လျက် ရှိသည်။ တိတ်ဆိတ်ပါသော်ကော ... ၁၂နာရီထိုးနေမင့်ပဲ။ နေရာ ကလည်း ရန်ကုန်မြို့ ဆင်ခြေဖုံး ကန်ဘဲ့ဒေသ ခြံမြေထဲတွင် တစ်အိမ်နှင့် တစ်အိမ် ခေါ်၍ မကြား၊ ခပ်ကွာကွာရှိသည့် အိမ်ငယ်ကလေး တစ်အိမ်အတွင်း ဖြစ်သည်။ မိုးရာသီ ဖြစ်၍ မိုးသက်လေ လက်ညး ညည်းညူသံ ပေါက်ကာ အိမ်အပြင်ဘက် သစ်ပင်ကြိုကြားတွင် လေ၀န်းရစ်ကာခွေ ပြေးလွှားတိုက်ခတ်နေသည်။ မိုးခပ်ဖွဲဖွဲ ရွာလိုက်၊ မိုးသက် လေကျလာလိုက် ဖြစ်သည့်အထဲတွင် ဆန်း၁၀ရက် လကလေးမှာ တိမ်တိုက်ကြားက ရောင်ခြည် သစ် ကလေးများ ကြိုးတိုးကြားတား ထွက်လာလိုက်၊ တိမ်မည်း တိမ်ပုပ်ထဲ ပျောက်သွားလိုက်နှင့် နေရှာ သည်။

မြက်တောများအတွင်းမှ ပိုးမွှားကောင်ကလေးတွေ အော်သံမျိုးစုံ ကြားရသည်။ မိုးသက်လေသံ၊ သစ်ကိုင်း များ အချင်းချင်း ထိမိသံများသည် "ညချမ်းချိန်ခါဝယ်" တီးဝိုင်းအဖွဲ့ကြီးတွင် သူ့ထက်ငါ သာအောင် တီးမှုတ်နေကြသည်နှင့် တူပေသည်။ တစ်ချက် တစ်ချက် အိမ်စောင့်ခွေး နှစ်ကောင် တို့ အိမ်ပတ်လည် ပြေးလွှား ဟောင်ဟိန်းသံများ ကြားရသောအခါ သူခိုးပဲ ကပ်လေသလားဟု ထိတ်လန့်ဖွယ်ရာ ဖြစ်လေသည်။ ခြံအတွင်းရှိ အိမ်ငယ်ကလေးအတွင်း၌ကား မီးရောင် ကင်းမဲ့နေ သော်လည်း လရောက်ကလေး တစ်ချက် တစ်ချက် ထွက်လာသောအခါ မှန်ပြတင်းပေါက်မှ အရောင်သည် အခန်းအတွင်းဘက်ကို အလင်းပေး နေသကဲ့ သို့ ရှိလေသည်။

"ညညများ အသံတွေကလည်း မျိုးကို စုံလို့ပါပဲလား။ ပြီးတော့ လရောင်ကလည်း လင်းလိုက် မှောင် လိုက်၊ အရိပ်ပြနေတဲ့အတိုင်းပဲ။ ညတိုင်း ဒီလိုပဲလား မသိဘူး"
ဟု အိပ်၍မပျော်နိုင်သော ကိုထွေးမောင်သည် လက်ယာနံစောင်းမှ လက်ဝဲနံစောင်းသို့ ပြောင်းရင်း သူ့ ဘာသာ တိုးတိုး ညည်းလေသည်။
သူ အိပ်နေသော ခုတင် ခေါင်းရင်းက မှန်ပြတင်းပေါက်ကလေးမှ အပြင်ဘက်က အလင်း အမှောင် အရိပ်ပြ နေသည်ကို ကြည့်နေမိသည်။

"တို့အိမ်က စုတ်ပေမယ့် မှန်တံခါးနဲ့ ဘာနဲ့ အနိပ်"
ဟု တိုးတိုးပြောရင်း သဘောကျကာ ပြုံးလိုက်သေးသည်။ လရောင်ကလေး တစ်ချက် လက်၍ အလာတွင် သူ့လက်ယာဘက်တွင် အခြား တစ်ယောက် အိပ်ခုတင်ကလေးတစ်လုံးနှင့် အိပ်နေ သော သူ့ဇနီး မရွှေခင်ကို လှမ်းကြည့်သည်။
"သူကော အိပ်ပျော်လေပြီလား မသိဘူး"
ဟု ကိုထွေးမောင် သူ့ကိုယ်သူ မေးနေသည်။
မရွှေခင်၏ ခုတင်တစ်ဖက်တွက် အိပ်နေသော သူတိ့ သားကလေး မောင်မောင်၏ ခုတင်မှာ ကလေးပီပီ အအိပ်ကြမ်းသဖြင့် တကျွိကျွိ ဖြစ်နေသည်။

"ကောင်လေးနှယ် ... အအိပ် ကြမ်းရန်ကော။ ခြင်ထောင်ကြိုး ပြတ်ကျနေပြန်ပြီလား မသိဘူး၊   အင်း ... ဒီသားလေးလည်း ရှင်ပြုပြီးလို့ စိတ်တော့ အေးရပြီ၊ ပညာသင်ဖို့ ရှိသေးတယ်။ အခု ငါးတန်း ရောက်ပြီ။ စာတော့ ကြိုးစားသားပဲ။ အခုထိတော့ လိမ္မာတာပဲ၊ နောက်တော့ မပြောတတ် ဘူး။ တို့ သားအမိ သားအဖ သုံးယောက် လည်း ကျောင်းဘော်ဒါခန်းကျနေတာပဲ။ စစ်ခြင်ထောင် အစိမ် တစ်လုံးစီနဲ့ စီတန်း အိပ်နေ လိုက်တာ ... ရယ်စရာကြီးပဲ"
ကိုထွေးမောင် စိတ်ထဲက ရယ်လိုက်ရာ အသံ ဟီးခနဲ ထွက်သွားသည်။

"အိပ်လို့ကလည်း မပျော်ဘူး၊ ဆေးလိပ် သောက်ဦးမှာပဲ"
ဟု ကြံကာ နံဘေးက စားပွဲပေါ်ကို စမ်းလိုက်သည်။ စားပွဲဝိုင်းအငယ်လေးမှာ ဆေးလိပ်ခွက်၊ စာအုပ်၊ လက်နှိပ်ဓာတ်မီး၊ မှန်အိမ်ငယ်၊ လျက်ဆားပုလင်း၊ ပရုပ်ဆီဘူး၊ တိုလီမိုလီတွေ စုတင်ထား သဖြင့် လရောင် ပျောက်နေသည့် အခိုက်တွင် ကိုထွေးမောင်၏ လက်သည် ဆေးလိပ်ခွက်မှ လွဲ၍ အခြားပစ္စည်း ရှိသမျှကို တစ်ခု စီ စမ်းမိနေသည်။
"လက်ကို မျက်စိ တပ်ထားရမယ့်ပုံပေါ်နေပါပြီ"

ဟု ပါးစပ်က တိုးတိုးရွတ်ရင်း ဆေးလိပ်ခွက် လက်နှင့် တိုက်ချလိုက်ရာ "ခလွမ် ... " ဟူသော အသံ နှင့် တစ်ဖက်ခုတင်ခု
"ဟပ်ချိုး ... ခွီး ... ခွီး ... တကတဲမှပဲတော်၊ ဆေးလိပ်ပြာတွေ မှောက်ကျကုန်ပါပြီ"
ဟူသော မရွှေခင်၏ အသံ ပေါ်လာလေသည်။
ကိုထွေးမောင်သည်
"အိုး ... ဆောရီး ခင်၊ အိပ်ပျော်ပြီလား၊ လန့်နိုးသွားသလား"
ဟု လက်နှိပ်ဓာတ်မီးကို စမ်းရင်း လူးလဲထလေသည်။

ထိုအချိန် တစ်ခဏတွင် မရွှေခင်မှာ စားပွဲကလေးပေါ်က မီးခြစ်ကို ခြစ်ကာ မှန်အိမ်ကလေးကို  လက်လိုက်ပြီး ဖြစ်နေသည်။
"အိပ်လို့မပျော်လို့ပေါ့၊ ကိုထွေးလည်း ... ဟိုဘက် ဒီဘက် လှည့်ပြီး ညည်းညူနေတာ ကြားသားပဲ။ ဆေးလိပ်ခွက် စမ်းလိုက်တာကလည်း လူပေါ်ပြာတွေ ဖိတ်အောင်များ လုပ်ပဲ လုပ်တတ်လွန်း တယ်"
ကိုထွေးမောင်သည် ခုတင်ပေါ် ခြေတွဲလွဲချ၍ ထိုင်ကာ စားပွဲပေါ်က ဆေးလိပ်တစ်တိုကို မီးညှိ ဖွာရင်း
"ကိုထွေးမောင်သည် အိပ်လို့မပျော်တာနဲ့ ဟိုတွေး ဒီတွေး တွေးနေတာ။ ခင်လည်း အိပ်မပျော်ဘူး လား။ ဘာတွေ တွေးနေတာလဲ"ဟု မေးသည်။

မရွှေခင်လည်း ကိုထွေးမောင်နှင့် မျက်နှာချင်းဆိုင် သူ့ခုတင်ပေါ်တွင် ထိုင်ကာ ဆံပင် ပြင်ပတ်ရင်း
"ဘာတွေမှ မတွေးပါဘူး။ အပြင်ဘက်က ငှက်သံတွေ၊ မိုးသံ လေသံတွေ၊ အသံပေါင်းစုံတွေ နား ထောင်ပြီး ညည များ အသံတွေ စုံလို့ပါလား၊ ညတိုင်း ဒီလိုပဲလား မသိဘူးလို့ တွေးမိနေတာပါပဲ။ ပေးစမ်းပါ ... ဆေးလိပ် တစ်ဖွာလောက်၊ ခံတွင်းချဉ်လိုက်တာ ... "
"နေဦး ... အသစ်ညှိပေးမယ်၊ ကိုထွေးက အတိုပဲ ကြိုက်တယ်"

"ခင်ကတော့ ဘာဖြစ်ဖြစ် သောက်တာပဲ"
"ဒါထက် နေစမ်းပါဦး ... ခင်လည်း ညည ကြားရတဲ့ အသံတွေကို အံ့သြနေသလား။ ကိုထွေးလည်း အဲဒီလိုပဲ။ ပညာရှိချင်းဆိုတော့ သဘောချင်း ကိုက်ညီလိုက်တာနော်။ ဟော ... နားထောင်စမ်း၊ ဒီအသံဟာ သစ်ရွက်ပေါ် တင်နေတဲ့ မိုးရေတွေ လေတိုးလိုက်လို့ လျှောကျတဲ့ အသံ၊ ကြားလား ...။ နတ်စောင်း နတ်ညင်းများ အသံညှိလိုက်သလား မှတ်ရတယ်။ ဒါထက် ဆာလိုက်တာ။ ဘာများ စားစရာ ရှိလဲမသိဘူး"
"အမလေး ... ကိုထွေးနှယ်၊ ကဗျာဆန်ချင်တိုင်း ဆန်၊ အာကာလျှံလွင့်တက်ပြီး ဈာန်လျှောကျပဲ ကျနိုင်လွန်းတယ်။ ပြီးတော့ ဘယ်တုန်းကများ နတ်စောင်းနတ်ညင်းသံများ ကြားဖူးလို့လဲ"
"ဒါတော့ ဒီလိုပဲ ပြောရတာပေါ့။ ကြားဖူးမှရယ် ဘယ်ဟုတ်မလဲ။  ကဲ ပါကွယ် ... ဆာတယ်၊ ထမင်း လေး ဘာလေးများ မကျန်ဘးလား"

"စားစရာတော့ ရှိတာပေါ့၊ လာ သွားမယ်၊ ကလေး စောင်ခြုံပေးခဲ့ပါဦး"
"အမယ်လေးဗျာ ... သူ့သားကြီးများ ကလေးတဲ့။ လူကြား ရယ်စရာကြီး"
ကိုထွေးမောင်သည် ပြောပြောဆိုဆိုနှင့်ပင် သူ့သား ခုတင်ဆီ သွား၍ ခြေပစ်လက်ပစ် အိပ်နေသော မောင်မောင်အား နေရာပြင် စောင်ခြုံပေးလေသည်။ မရွှေခင်မှာ မီးအိမ်ကို လက်တစ်ဖက် ဆွဲ၍ အခန်းတံခါး ကို မဖွင့်သေးဘဲ ရပ်စောင့်နေသည်။ ကိုထွေးမောင် လာမှ အခန်းတံခါးကို ဖွင့်သည်။

"ဟောဒီ တံခါးကလေး ... ကိုထွေး ဖွင့်မှ ၇တယ်၊ ခင် ဖွင့်လို့မရဘူး။  လက်တစ်ဖက်က မ၊ တခြားတစ်ဖက်က ဆွဲရတယ်၊ အတော်ဒုက္ခပေးတဲ့ တံခါးပဲ"
ဟု မရွှေခင်သည် သူ့လင်တော်မောင်၏ အစွမ်းသတ္တိကို အလီဘာဘာ၏ ရတနာရွှေဂူကြီး တံခါးကို ဖွင့်နိုင်သည့်အလား ချီးကျူးနေလေသည်။
ကိုထွေးမောင်သည် တံခါးကို လက်တစ်ဖက်က မ၍ လက်တစ်ဖက် က ကလန့်ကို ဆွဲကာ ကြိုးပမ်း လိုက်ရာ တံခါး ပွင့်သွားမှ
"ဒီလိုပေါ့ ခင်ရာ ... ဒါကြောင့် မဒ္ဒီဒေ၀ီ ပြောတာ မကြားဖူးဘူးလား မိန်းမ၏ တန်ခိုးကာ လင်သာ တည်း။ လင်မရှိ လျှင် အခန်းတံခါးကိုသော်မှ ဖွင့်ခြင်းငှာ မတတ်စွမ်းနိုင်။ အားနွဲ့လှသာ မိန်းမများ ကား အား ... အင်း ... အင်း ... ဟင်း ... "

ရှေ့ဆက်မပြောတတ်၍ ထစ်နေစဉ် မရွှေခင်က
"တော်စမ်းပါ ... မဒ္ဒီဒေ၀ီ ပြောတဲ့ စကားထဲမှာ တံခါးမဖွင့်နိုင်တာတွေ မပါပါဘူး"
ဟု ပြောပြောဆိုဆိုနှင့် အပြင်သို့ ထွက်လာခဲ့လေသည်။
မိုးသက်လေ တစ်ချက် ဝှေ့လိုက်ကာ မိုးဖွဲများ သဲသဲရွာချလာသည်။ သစ်ရွက် ရှဲရှဲသံများ ညံသွား သည်။ လေ၀င်ပေါက် သန်ဆန်ခါကြားထဲက လေအေးများ တိုးဝင်လာသည်။
"ချမ်းလိုက်တာကွာ၊ ခုနေများ ကော်ဖီပူပူကလေး သောက်ရရင်တော့ ဇိမ်ပဲ"
"အစစ်ပဲ ... လေမီးဖိုနဲ့ တယ်လိုက်မယ်လေ"

"ကောင်းသားပဲ"
ထမင်းစား စားပွဲကလေးပေါ်တွင် ရေနံဆီ လေမီးဖို လေတရှဲရှဲ မြည်နေသည်။ ကိုထွေးမောင် သည် ဆေးလိပ်ကို ဇိမ်နှင့် ဖွာရင်း စားပွဲပေါ် လက်ထောက်ကာ ရေနွေးအိုးကို ကြည့်နေသည်။ မရွှေခင် ကား ကြောင်အိမ် ထဲက ကော်ဖီဘူး၊ နို့ဆီ၊ သကြား၊ လက်ဖက်ရည် ပန်းကန်များ ထုတ်ကာ စားပွဲ ပေါ်တွင် ချ သည်။
"အရည်ကလာပ်ချည်းတော့ မဖြစ်သေးဘူး၊ အဖတ်ကလာပ်လည်း ပါဦးမှ"
ဟု ကိုထွေးမောင်က ပြောလိုက်သည်။

"ထမင်းကြမ်းနဲ့ ငါးခူးငါးပိကြော်ပဲ ရှိတယ်"
"အဲဒါမှ ဇိမ်ပဲ"
"သူ့ဖြင့် ဇိမ်ချည့်ပဲ ... ဦးဘဂျမ်း ကာတွန်းထဲက ငရဲသားတွေ ဆွဲသွားတောင် ဇိမ်ပဲ လုပ်နေတဲ့ လူကျနေတာပဲ"
ရေနွေး ဆူလေပြီ။ အပြင်ဘက်က မိုးပိုသဲလာသည်။ မိုးအေးအေးတွင် အငွေ့တထောင်းထောင်း ကော်ဖီနံ့ ကလေး အရသာကား ထူးခြားလှ၏။
မရွှေခင်သည် ထမင်းကြမ်းခဲကို ဖဲ့ခြွေကာ ငါးခူးငါးပိကြော်ထဲမှာ ကြက်သွန်ဖြူ အဖတ်၊ ငရုတ် သီး ဖတ်ကလေး များကို ထမင်းနှင့် နယ်ပေးရာ ကိုထွေးမောင်က လက်မပေအောင် လက်ဖက်ရည်ဇွန်း နှင့် ခပ်စား သည်။ ကော်ဖီပူပူကလေးကို ကြားဖြတ် ကျိုက်ချသည်။

"ခင်ကော မစားဘူးလား"
"စားမှာပေါ့၊ သူ့ကို လုပ်ပေးနေရတဲ့ဥစ္စာ၊ ရော့ ... ဟောဒီမှာ ငါးပိ အသားကလေး"
"ငါးပိများ တယ်အရသာရှိတယ်နော်၊ ဘာနဲ့မှ မလဲနိုင်ဘူး။ နိုင်ငံခြားသွားနေရရင် ငါးပိ မရှိရင် အခက်ပဲ"
"တစ်ခါ ကိုထင်ဖတ်လား ... ဘယ်သူလား ရေးတဲ့ ကဗျာတစ်ပုဒ်ထဲမှာ မတွေ့ဘူးလား၊ ငါးပိနှင့် လည်း ဝေးသော ကြောင့် ... ဆိုတာ"
စားသောက်ပြီးလျှင် ပန်းကန်များကို စားပွဲပေါ်မှာပင် ရေစိမ်ကာ ဆောင်းနှင့် အုပ်ထားခဲ့ပြီး အိပ်ခန်း ထဲ ပြန်သွား ကြသည်။ စာရေးစားပွဲတွင် နှစ်ယောက်သား မျက်နှာချင်းဆိုင်ကာ ဆေးလိပ်များ ဖွာနေ ကြသည်။

စားပွဲပေါ်တွင် စာအုပ် စာရွက်တွေ ရှုပ်ပွနေသည်။ အလယ်ခေါင်တွင်ကား ဆေးလိပ်ခွက် တည် လျက် ရှိသည်။ စားပွဲတင် နာရီကလေးမှာ နာရီပြန်တစ်ချက်ခွဲ အချိန်ကို ပြနေသည်။
"မောင် က ၅နာရီ ထရမှာ၊ သော့ပေးထားဦးမှ"
ကိုထွေးမောင်သည် နာရီကို သော့ပေးသည်။
"အခုထိ တစ်ရေးမှ အိပ်လို့လည်း မရသေးဘူး။ ခင်လည်း အိပ်လို့ မပျော်ဘူးလား"
ဟု ကိုထွေးမောင်က ပြောသည်။

"ဟုတ်တယ်၊ တစ်ခါ တစ်ခါ အိပ်လို့ကို မရဘူး။ မအိပ်ချင်တာတော့ မဟုတ်ဘူး။ တစ်နေ့လုံး မောနေတာ ခေါင်းစိုက်ကျနေတာပဲ။ လူက အိပ်ချင်ပြီး စိတ်က မအိပ်ချင်တာ"
"ကိုထွေးလည်း အဲဒီအတိုင်းပဲ။ လူကတော့ အိပ်ချင်လိုက်တာ မူးလို့။ စိတ်က အိပ်ရမယ့်အချိန်ကို နှမြောသလိုပဲ... "
"အဲဒါ ဘာဖြစ်တာပါလိမ့်။ တစ်နေ့လုံးလည်း မနက် ၅နာရီက စပြီး မရပ်မနားဘဲ လုပ်လိုက်ရတာ။ အိပ်ချိန်မှ နားရ တာပဲ။ ဒါနဲ့များတောင် အိပ်လို့ မပျော်ဘူး"
"ဟုတ်တယ် ခင်ရယ် ... ဒါလောက် ခြေကုန်လက်ပန်း ကျနေတာတောင် ဒီအချိန်ထိ အိပ်လို့မရတာ ဘာကြောင့်လဲ သိရဲ့လား"
"ဟင့်အင်း ... "
"အဲဒါ ဘာမှမဟုတ်ဘူး။ တစ်နေ့လုံး မရပ်မနား လုပ်ကိုင်သွားလာနေရတော့ ကိုယ့်စိတ်တိုင်း ကျ စိတ်လွတ် ကိုယ်လွတ် နေရတဲ့ အချိန်မရှိဘူး။ ညကျမှပဲ စိတ်တိုင်းကျ အချိန်ကို ပိုင်ပြီး နေချင်သလို နေရလို့ ဒီအချိန်ကို အိပ်ပစ်လိုက်ရမှာ နှမြောပြီး နေတာပဲ"
"အစစ်ပဲ ကိုထွေး ... ခင်လည်း ကိုထွေး ပြောမှပဲ တွေးမိတယ်။ တစ်နေ့လုံးတော့ မဂ္ဂဇင်းလေး၊ ၀တ္ထုလေးမှ ဖတ်ဖို့ အချိန်မရှိ။ ထိုင်နေဖို့မှ အချိန်မရှိ။ ညကျတော့မှပဲ တစ်နေ့လုံး ကိုယ် လုပ်ချင်ခဲ့ တာကလေးတွေကို လုပ်နေချင် တာပဲ။ စောစောက ခင် "Reader's Digest"မဂ္ဂဇင်း ဖတ်ပစ်လိုက် တာ ကြော်ငြာတောင် မကျန်ဘူး။ အဲဒါ ဖတ်ပြီး မနက်လည်း စောစောထရဦးမှာ ဆိုပြီး အိပ်ရာဝင် တော့ အိပ်လို့ကို မပျော်ဘူး"

"ကိုထွေးလည်း ဒီလိုပဲ၊ ငယ်ငယ်က ဆယ်တန်းတုန်းက သင်ခဲ့ဖူးတဲ့ ဒစ်ကင်း ရေးတဲ့ မျှော်တလင့် လင့် ၀တ္ထု ကို ပြန်ဖတ်နေတာ။ မနက်ကျတော့ မထနိုင်မှာစိုးလို့ အိပ်ရာထဲ ၀င်ရတာပဲ။ ကိုထွေးတို့ မှာလည်း အေးအေးဆေးဆေး စာဖတ်နေနိုင်ဖို့ရာကို တကယ့်စည်းစိမ်ကြီးများ တောင့်တသလို တောင့်တ နေရ တော့တာပဲ"
"ဒါတော့ ကိုယ် ကြိုက်ရာ၊ ကိုယ်ပျော်ရာ စည်းစိမ်ပေါ့ လေ ... ဒါဖြင့် အိပ်ချင်လာအောင် အပြင် ဘက် ခြံထဲထွက် တစ်ပတ် လမ်းလျှောက်မလား၊ အခု မိုးတိတ်သွားပြီ"
"ကောင်းသားပဲ"
"ဒါဖြင့် ... သားလေး တစ်ယောက်တည်း မှောင်ထဲ နိုးရင် ကြောက်နေမယ်၊ မီးအိမ် ထွန်းထားခဲ့ မယ်"

သူတို့နှစ်ယောက် ပန်းခြံထဲ ထွက်လာခဲ့ကြသည်။ မိုးသားများ ကွဲ၍ လရောင်ကလေးများ မမှိန်း မလင်း ဖြာနေသည်။ သစ်ပင်များပေါ်တွင် မိုးရေများမှာ လရောင်နှင့် တလက်လက် ပြောင်နေ သည်။ ဇီဇ၀ါပန်းများ အနံ့သင်းနေသည်။ နှင်းဆီပန်းများမှာ မိုးရေ တန်ခိုးကြောင့် လန်းဆန်းနေကြ သည်။

"ဇီဇ၀ါပန်းတွေ ဖွေးနေတာပဲ။ မနက်ကျမှ ခူးပြီး ဘုရားတင်ရမယ်"
"နှင်းဆီပင်တွေကလည်း ပွင့်လိုက်တာ"
"ခင့် သစ်ခွပင် အတက်တွေ ထွက်လှပြီ"
"ဘယ်ပန်းခိုင်လို့၊ သိနိုင်တတ်ပြီ ... မငုံ တချို့၊ ငုံ တချို့နှင့်၊ မှုံလို့ရယ်စီ ... ရာသီလင့်ဟန် ရှိကြ တယ်"
"အမယ် ... ကိုထွေးက ကဗျာဆန်နေလိုက်တာ"
"ဒါလောက် သာယာလှပတဲ့ လောကကြီးမှာ နေပြီး မကောင်းမှု ဒုစရိုက်တွေများ လုပ်နိုင်ကြသေး တယ်။ အံ့သြ စရာ မကောင်းဘူးလား"
"အလဲ့ ... ဒါက သံဝေဂကလေးနဲ့ အသွားတစ်မျိုး"

"ကြည့်စမ်း ... လရောင်ကလေး ကြည်သလို ... တို့တစ်တွေရဲ့ စိတ်တွေ ကြည်လင်သန့်ရှင်းနေရင် ဘယ်လောက် ကောင်းမလဲ။ ဟောဒီ ဇီဇ၀ါပွင့်တွေ ဖြူဖွေးနေသလို တို့တစ်တွေ စိတ်တွေ ဖြူဖွေးနေ ရင် ဘယ်လောက် ကောင်းမလဲ"
"မှန်လှပါ ... ကောင်းကြောင်းပါ"
"ခုနေများ ကိုထွေးတို့ကို တခြားလူတွေက အရူးထင်မှာပဲ"
"အနို့ ... ရူးကော မရူးဘူးလား"
"အေးလေ ... နုည်းနည်းတော့ ရူး ထင်ပါရဲ့"

မှန်ပေသည်။ နည်းနည်းတော့ ရူးဟန်တူသည်။ ညဥ့်နက်သန်းခေါင်ထ၍ လရောင်၊ တိမ်ရောင်၊ ပန်းပင် သစ်ပင်များကို ကသိုဏ်းရှုနေကြသည်ကို ထောက်သော် နည်းနည်းတော့ ရူးဟန်တူသည်။ မရွှေခင်သည် သူတို့တစ်တွေ အဟုတ်များ ရူးသလားဟု တွေးမိသည်။
ကိုထွေးမောင်သည် နယ်တွင် အရာရှိကလေးတစ်ဦးအဖြစ နေခဲ့ရာ သားအမိ သားအဖ သုံးယောက် ချောင်လည်သက်သာစွာ နေခဲ့၏။ တစ်နေ့သော် ဘာစိတ်ကူးပေါက် ဘယ်လို ဖြစ် သည် မသိ။ အလုပ်ထွက်၍ ရန်ကုန်သို့ ဆင်းလာပြီးသော် ရုံးတစ်ရုံးတွင် စာရေးလုပ်သည်။ မရွှေခင် က ကျောင်းဆရာမ လုပ်သည်။

ကိုထွေးမောင်က အလုပ်လုပ်ရင်း သက်ကြီးတက္ကသိုလ်ကို တက်၍  ဥပစာတန်း စာမေးပွဲကို အလွတ် ၀င်သည်။
မရွှေခင် အလုပ်လုပ်သော ကျောင်းမှာပင် သားကလေးကို ထားသဖြင့် သားအမိနှစ်ယောက်က သွားအတူ ပြန် အတူ အဆင်သင့်သည်။
နေရာ အရပ်မှာလည်း မြို့နှင့်ဝေးဝေး ဆင်ခြေဖုံးအရပ်တွင် နေရရာ တစ်နည်းအားဖြင့် အေးချမ်း သည်။
ကိုထွေးမောင်မှာ အိမ်က ၆နာရီက ထွက်ရသည်။ သို့မှသာ သက်ကြီးတက္ကသိုလ်ကို တက်၍ ရုံးကို ဆက်သွား နိုင်မည်။

ညနေဘက် ရုံးဆင်းလျှင် သက်ကြိးတက္ကသိုလ်ကို တစ်ဖန် ပြန်တက်ရပြန်သည်။ ည ၉နာရီ လောက်မှ အိမ် ကို ပြန်ရောက်သည်။
ကိုထွေးမောင်သည် ယခုနှစ် ဘီကွမ်းခေါ် ကူးသန်းရောင်းဝယ်ရေး ဒီပလိုမာ စာမေးပွဲ ၀င်ရမည်။ အောင်လျှင် ဘဏ်တိုက်၊ ကုန်တိုက်များတွင် အလုပ်ကောင်းကောင်း ရမည်။
ထိုအခါ ကျလျှင် မရွှေခင်က ကိုထွေးမောင် လမ်းစဉ်အတိုင်း သက်ကြီးတက္ကသိုလ်ကို တက်၍ ဒီဂရီ တစ်ခု ရအောင် လုပ်မည်။

တို့နှစ်ယောက် တစ်ယောက် တစ်လှည့် ပြန်ကျောင်းနေကြတာပေါ့... ဟု ရယ်စရာ ပြောနေကြ သည်။ ပညာ ရွှေအိုး လူမခိုး ဆိုသော စကားကို သူတို့ ယုံကြည်ကြသည်။ ပညာအားကိုး လုပ်စား လျှင် လူ့အောက်မကျဘူး၊ လွတ်လပ်သည်။ ပိုက်ဆံ မချမ်းသာတာ အရေးမကြီးဘူး။ ဘယ်သူ့ကိုမှ မခယဘဲ လွတ်လွတ် လပ်လပ် အေးချမ်းစွာ နေလိုကြသည်။ လောကစည်းစိမ်တွေ ရရေးအတွက် အနှောင်အဖွဲ့ အမျိုးမျိုး တွေကို ရှာဖွေနေကြသူ ကြားထဲတွင် လွတ်လပ်ရေး နှစ်သက်သူနှစ်ဦးမှာ အရူး ဖြစ်နေသည်။

"မင်းတို့နှယ် ... အသက်လည်း ငယ်ကြတော့တာ မဟုတ်ဘူး။ ဒါလောက် ပင်ပန်းခံပြီး ဘာကြောင့် ပညာရှာနေကြတာလဲ။ ပညာမရှို့ ငတ်လည်း ဘယ်သူမှ မသေကြပါဘူး။ ပညာမရှိဘဲ ကြီးပွား ချမ်းသာကြတဲ့ လူတွေလည်း ဒူနဲ့ဒေးပဲ"
ဟု ပြောကြသူတွေလည်း ရှိသည်။
ဘာပဲဖြစ်ဖြစ်၊ ဘယ်လိုပဲ ပင်ပန်းပေမယ့် သူတို့ ပျော်သည်။

မိုးသက်လေဝှေ့လာသဖြင့် သစ်ပင်ပေါ်မှ မိုးပေါက်များ ကျလာသည်။ ၀ါးရုံပင်ကြားဆီတွင် ပိုးစုန်းကြူးများ လက်နေသည်။
"ကိုထွေး ... ဟိုမှာ ကြည့်စမ်း၊ ပိုးစုန်းကြူးတွေ တစ်သိုက်ကြီးပဲ လှလိုက်တာ"
"ဟုတ်ပါရဲ့၊ အဲဒီနေရာမှာ အသိုက်ရှိဟန် တူတယ်။ ခပ်ဝေးဝေးကများ ကြည့်ရင်း စုန်းတောက် တယ်လို့ ထင်ကြမှာပဲ"
"မိုးကုန်ရင် ဟောဒီ ဂန္ဓမာပင်တွေ အပွင့်တွေ ဝေနေမှာပဲ"

"ခင် သိပ်လက်ဆိပ် ရှိတာပဲနော်၊ အပင်တွေ ဖြစ်လိုက်တာ"
"တပေါင်း၊ တန်ခူးကျရင် ဟောဒီ တရုတ်စံကားအနီပင်က သိပ်ပွင့်မှာ၊ ဟောဒီဂျက်ကရင်းဒါး ခေါ်တဲ့ ငုနီလာပင်ကလည်း ပန်းမွေ့ရာ ခင်းဦးမှာ ... "
"အဲဒါအချိန်ဆိုရင် ကိုထွေး စာမေးပွဲ ဖြေနေပြီ"
"ဟုတ်တယ် ... ခင်တို့ ၀ဋ်ကျွတ်ခါတော့ နီးပါပြီ"
သူတို့နှစ်ယောက် ငုနီလာပွင့်ချိန်ကို အမြဲ မျှော်ကြသည်။ တစ်နှစ်ကုန် ပြောင်းသော် စာမေးပွဲ တစ်ခါပြီး၊ တစ်ဆင့်တက်ကာ မျှော်ကြရသည်။ သူတို့ခြံထဲက အပင်ကလေးတွေ အပွင့်တွေ လုံ့လ ကို အားကိုးရသဖြင့် သူတို့ စိတ်အေးသည်။

"ကိုယ့်ကိုယ်ကိုယ် အားကိုးရသဖြင့် သူတို့ စိတ်အချရဆုံးပဲ"
ဟူသော တရားကို ယုံကြည်သည်။ ကိုယ်တိုင် လက်ဖြင့် ပြုစုပျိုးထောင်သော အပင်ကလေးများ ပွင့်ဖူးသည့်အခါ ၀မ်းသာသလို သူတို့၏ ၀ီရိယကြောင့် ရသော အကျိုးကျေးဇူးကို ခံစားရသော အရသာမှာ ထူးလှပေသည်။ အသီးချင်း တူလျှင် ကိုယ့်အပင်က အသီးက ပိုချိုသည်။ အပွင့်ချင်း တူလျှင် ကိုယ့်အပင်က အပွင့်က ပိုလှသည်။ ကလေးချင်း တူလျှင် ကိုယ့်သားသမီးက ပိုလှ၊ ပိုလိမ္မာ သလို ကိုယ်ထင် ခုတင် ရွှေနန်း ပေါ့။

ဂုတ်ကျားနှင့် အောင်နက်တို့ ဘာများ မြူးလာသည် မသိ။ ခုန်ပေါက် ပြေးရင်း သူတို့နှစ်ယောက် အနီး ရောက်လာကြသည်။ ကိုထွေးမောင်က လက်ဖျောက်တီးကာ
"ငါ့သားကြီးတွေ ဘာများ မြူးလာကြပါလိမ့်ဗျာ"
ဟု နှုတ်ဆက်သည်။ ဂုတ်ကျားနှင့် အောင်နက်လည်း ပတပ်ရပ်ကာ ကိုထွေးမောင်ကို ကစားကြ သည်။
"ဟဲ့ ဟဲ့ ... ဖြည်းဖြည်း လုပ်ပါဟ။ မင်းတို့က လူများ ခွေးခွေးချင်း ကစားသလို နေလို့ ဖြစ်နိုင်ပါ့ မလား၊ တယ်ခက်တဲ့ ကောင်တွေပဲ"
"ကောင်းတယ် ... ခွေးကလေး အရောဝင် ပါးလျက်နားလျက်တဲ့၊ သူတို့များ အရောဝင်ရင် ဒီလိုချည့် ပဲ၊ ခင်တော့ သူတို့ကို ခပ်တည်တည် နေရတယ်၊ မချစ်လို့တော့ မဟုတ်ဘူး၊ သူတို့ အကစား ကြမ်းတာ မခံ နိုင်လို့"

"သူတို့လည်း ကိုထွေးတို့ အဖော်တွေပဲ၊ ကိုထွေးတို့မှာ ဒီသစ်ပင်တွေ တိရစ္ဆာန်တွေ အဖော်လုပ် နေရတာပေါ့။ ဟိုဝေဿန္တရာမင်းကြီးနဲ့ မယ်မဒ္ဒီတို့လို ... မတွေ့ဘူးလား၊ ဟိမ၀န္တာ ချီးမွမ်ါးခန်းမှာ မယ်မဒ္ဒီက တင်လျှောက် တာလေ"
"ဘယ်လိုများ တင်လျှောက်သတဲ့လဲ ... ဆိုစမ်းပါဦး"
"ဟိုကွာ ... ရွှေနန်းရွှေအိမ် စည်းစိမ်တွေ လွမ်းဆွတ်တဲ့အခါ အခုလို ပိုးစုန်းကြူးတွေ အနီးမှာ မြူးနေတာ တွေကို မှူးမတ်တွေ ခစားသလို ... ဆိုလား ဘာလား ခင် မမှတ်မိတော့ဘူးလား"
"ပြောချင် လိုက်တာလည်း လွန်လို့ ... ဘာတစ်ခုမှဖြင့် မမှတ်မိဘဲနဲ့၊ ခင်လည်း မမှတ်မိပါဘူး။ ကိုထွေး ပြော သလို ၀ိုးတိုးဝါးတားပဲ မှတ်မိတာပဲ"
မိုးဖွဲကလေးများ ကျလာပြန်လေပြီ။ သူတို့နှစ်ယောက် အိမ်တွင်းသို့ ပြန်ဝင်ခဲ့ကြသည်။ နာရီပြန် နှစ်ချက် ခွဲလေပြီ။

"အိပ်ကြမှပဲ မဖြစ်ဘူး"
ဟု သဘောတူ ပြောကြကာ အိပ်ရာဝင်ကြရသည်။
မရွှေခင်သည် အိပ်ရာပေါ်တွင် လျောင်းနေရသော်လည်း အိပ်လို့ မပျော်တော့ချေ။ မြို့ငယ်ကလေး တွင် အစားအသောက် စရိတ် ချောင်လည်စွာ နေရပုံ၊ ရန်ကုန်မြို့ စရိတ်ကြီးပုံ၊ မြို့ငယ်ကလေးတွင် အလုပ်နည်းလှ၍ အချိန်တွေ ပိုနေပုံ၊ ရန်ကုန်မြို့၌ကား ... သွားလာရသည့် အချိန်က မနည်းကုန်ရုံ မက ကိုထွေးမောင်မှာ အလုပ်တစ်ဖက်နှင့် ကျောင်းတက်ရ၊ မရွှေခင်မှာလည်း အလုပ်သွားရ၊ အိမ်မှာ ချက်ရပြုတ်ရ၊ တစ်နေ့လုံးတွင် နာရီဝက်မျှ မနားရ။ ပင်ပန်းလေစွတကား။ ဒါဖြင့် မြို့ငယ် ပြန်သွားပြီး နေမလား ဆိုတော့လည်း မနေချင်။

နယ်မှာ ကိုထွေးမောင် လခနှင့် လောက်ရုံမက ပိုသေးသည်။ အရာရှိငယ်ကလေးပေမင့် သူ့နေရာ နှင့် သူ ဂုဏ်ပါဝါလည်း ရှိတန်သလောက် ရှိပါ၏။ အို ... ဘာလုပ်ဖို့လဲ။ ငါ့သားလေးကို ကျောင်းကောင်းကောင်း ထားချင်သည်။ ရန်ကုန်မှာဆိုတော့ ဗဟုသုတရှာလို့ ကောင်းသည်။ စာအုပ်ကောင်းကောင်း ဖတ်ရသည်။ ကလေးတောင် သူ့အရွယ်နှင့်သူ ကလေးမဂ္ဂဇင်းတွေ ၀ယ် ဖတ်တတ်င်္ပြီ။ ကိုထွေးလည်း နယ်အလုပ်နှင့် မပျော်ပိုက်လှ။ ကိုယ့်မှာ တန်ခိုးအာဏာ ရှိတယ်ဆို ပေမယ့် သူ့ထက်သူ ကိုယ့်အပေါ်က ရှိကြသည်။

သူတို့ လွတ်လွတ်လပ်လပ် စိတ်အေးအေး နေချင် တဲ့သူနှင့်တော့ ... မကိုက်လှ။ ဒါကြောင့် အလုပ်ထွက်ပြီး ဆင်းလာခဲ့တာပဲ။ အခု ၄နှစ် ရှိပြီ။ ဒယီး ဒယိုင်နှင့် အချိန်ကုန်သွားတာပဲ။ ဒီနှစ် ဘီကွမ်း အောင်ပြီးရင်တော့ ကျောင်းတက်ရတဲ့ ဒုက္ခလည်း မရှိဘူး။ အလုပ်လည်း ကောင်းကောင်း ရမည်။ ပညာအရည်အချင်း အားကိုးပြီး လုပ်ရတဲ့ အလုပ်က ဘယ်သူ့ကိုမျှ ကြောက်ဖို့ မလိုဘူး။ ကိုထွေးမောင်၏ လိုအင်ဆန္ဒ ပြည့်လု နီးလေပြီ။

၎နှစ် ... ၄နှစ် ... ကသီလင်တနှင့် တရွတ်ဆွဲလာခဲ့ရတဲ့ ၄နှစ်။ တော်ပါသေးရဲ့ ... လူတွေက ပျော်ပျော်နေတတ်လို့။ နာဖျားခြင်း မရှိ။ ကျန်းမာ ကြပေလို့ပဲ။ တစ်ခါ တစ်ခါ ပင်ပန်းလွန်းအားကြီး ပြန်တော့ စိတ်တိုလိုက်တာလည်း လွန်ရော ... မရွှေခင် စိတ်တိုလေ အလုပ်တွေ ကျုံးလုပ်လေ ဖြစ်၍ တစ်ခါ စိတ်တိုလျှင် ခြံထဲ မြက်တွေ ရှင်းသည်။ ထင်းတွေ ခွဲပြီးသည်။ အလုပ်ကြမ်းဟူသရွေ့ ပြီးသည်။ မောလာသည့်အခါ လူသေလို အိပ်ပစ်လိုက်သည်။

လောကကြီဟာ ဒီလိုပါပဲလေ ... ဘယ်သင်းမှ မတည်မြဲဘူး။ ချမ်းသာလည်း အစဉ် မဟုတ်။ ဆင်းရဲ တာလည်း အစဉ် မဟုတ်ဘူး။ ခုလို အလုပ် ပင်ပင်ပန်းပန်း လုပ်နေရတာကိုသာ တစ်ခါ တစ်ခါ ညည်းမိပေမယ့် ခုလို အလုပ် လုပ်မနေရလျှင် ဘယ်လိုနေမလဲ၊ သိပ်ပျင်းစရာကောင်းမှပဲ။ ကိုထွေး က သူ စာမေးပွဲအောင်ပြီးရင် မရွှေခင်ကို အလုပ်မလုပ်စေဘဲ အနားပေးမည်တဲ့။ မရွှေခင်က အလုပ် မလုပ်တော့ဘဲ မနေနိုင်။ ကိုထွေး တာဝန်တွေ လျော့သွား၍ စိတ်အေးလက်အေး ရှိမှ သူလည်း ဥပစာတန်းတို့၊ ၀ိဇ္ဖာတန်း စာမေးပွဲတွေ တစ်နေ့ တစ်လံခရီးနှင့် စခန်းသွားဦးမည်။ အချိန်တွေ အလကား ကုန်မည့်အစား တစ်ခုခုအတွက် ကြိုးစားနေရတာ ကောင်းတာပဲ။

မရွှေခင်တို့အဖို့မှာ လောကကြီးတွင် စိတ်အေးချမ်းသာမှုကိုသာ လိုချင်သည်။ လူကျန်းမာ၍ စားသောက် နေထိုင်ရေး သက်သောင့်သက်သာ ရှိလျှင် တော်ပြီ။ သူဌေးဖြစ်ဖို့ မလို။ ပိုက်ဆံရှိလျှင် တော်ပြီ။ မှန်ပါသည်။ ပိုက်ဆံရှိလရန်မှာ သူဌေးဖြစ်ဖို့ မလိုပါ။
လက်ဖက်ရည် တစ်ခွက် သောက်ချင်လျှင် ပိုက်ဆံတစ်မတ် ရှိလျှင် တော်ပြီ။ ခေါက်ဆွဲ စားချင်လျှင် ငွေတစ်ကျပ် ရှိဖို့ လိုသည်။ တစ်မတ် သုံးချင်သည့်အခါတွင် ငွေတစ်ကျပ် ရှိလီု့ ဘာလုပ်မှာတုံး။ ကိုင်ရတာ ရှုပ်သည်။ မော်တော်ကား ၀ယ်ချင်တော့ မော်တော်ကားဖိုး ရှိရင် ပြီးတာပါပဲ။

သည်လိုစိတ် ရှိ၍လော မသိ။ သူတို့နှစ်ယောက်မှာ လိုချင်တာရှိလျှငသ် ကြံဖန် ရတတ်သည်။ တစ်နေ့ကပင် မရွှေခင်က ဒံပေါက်ထမင်း စားချင်သည်ဟု ညည်းရား နှစ်ရက် သုံးရက် ကြာလျှင် မိတ်ဆွေတစ်ဦးက ဆွမ်းကျွေး ဖိတ်သဖြင့်  ဒံပေါက်ထမင်း စားကြရသည်။ "ကြံဖန် ဖြစ်သည်" ဟူသော စကားမှာ ကိုထွေးမောင် နှင့် မရွှေခင်တို့အဖို့ တကယ် ဖြစ်နေသည်။
မရွှေခင်သည် အမျှင်မပြတ် လျှောက်တွေးရင်း ရယ်ချင်လာသည်။

သူတို့ သားအမိ သားအဖ သုံး ယောက်မှာ သူငယ်ချင်း သုံးယောက်ကဲ့သို့ ပျော်ပျော်ပါးပါး နေကြသည်။ ကိုထွေးမောင်မှာ သူ့သား ၁၀နှစ်သားနှင့် ညီအစ်ကိုလို နေသည်။ မရွှေခင်ကတော့ သူတို့ သားအဖကို အစ်မကြီးသဖွယ် နေ သည်။ သူတို့ သားအမိ သားအဖ သုံးယောက် စီတန်းအိပ်နေသည်မှာ ကျောင်းဘော်ဒါခန်းနှင့် တူ လှသည်ဟု တွေးပြီး သူ့ဘာသာ ရယ်မိသည်။ ကိုထွေးမောင်းကား လေထုတ်လိုက်ရ၍လော မသိ၊ အိပ်ပျော်နေလေပြီ။

ကိုထွေးမောင်မှာ အလုပ်တစ်ဖက်၊ ကျောင်းတက်ရ စာမေးပွဲဝင်ရ မောလှသည်ဟု ညည်းနေရင်းပင် ဒီစာမေးပွဲ အောင်ပြီးရင်တော့ ဥပဒေတန်း တက်ဦးမည်ဟု လေသံပစ်နေသည်။ တစ်ခုပြီး တစ်ခု ဆက်၍ ကြိုးစားလုပ်ကိုင်မနေရလျှင် မနေနိုင်သူတစ်ဦး ဖြစ်သည်။
မရွှေခင်ကလည်း ကျောင်းပြန်တက်၊ စာမေးပွဲ ၀င်ဦးမည်။ လူဖြစ်လာတဲ့ ဘ၀မှာ ပျော်ပျော်နေ၊ အလုပ် တစ်ခုပြီး တစ်ခုလုပ်။ ကြိုးစားအားထုတ်နေတာ ကောင်းတာ။ နို့မဟုတ်ရင် လူ့ပြည် နေရတာ ပျင်းစရာကြီးပဲ။

မရွှေခင်သည် လူဖြစ်လာသည့် ဘ၀တွင် အမြဲ တစ်ခုခု ကြိုးစား အားထုတ် လုပ်ကိုင်နေမည်ဟူ သော တရားကို သုံးသပ်ရင်း "ကြိုးစားအားထုတ်မှုသည်သာလျှင် လူ့ဘ၀၏ အရသာ" ဟူသော "ဘရောင်နင်" (Browning)ရေးသော ကဗျာကို သတိရသည်။ ထိုကဗျာကို မှတ်မိသေရွေ့ ပြန်ရွတ် ကြည့်သည်။ မြန်မာလို ပြန်ရလျှင် ကောင်းမှာပဲဟု စိတ်ကူးသည်။ ထိုကဗျာမှာ တစ်ဖက်သားကို အားပေးသော ကဗျာ ဖြစ်သည်။ စာလုံးတိုင်း မှာပင် အင်အားသတ္တိတွေ ဝေဖြိုးနေသည်။ မူရင်း ကဗျာလို စာလုံးတိုင်းမှာ အင်အားသတ္တိတွေ ဝေဖြိုးအောင် ဘယ်လို ရေးရပါ့မည်နည်းဟု စဉ်းစား သည်။
ဖောင်တိန် ကို အားဆေးတွေ ထည့်ရေးရမလား။ စာရွက်ကို ကြက်ဥနှင့် နွားနို့ ရောခေါက်ရမလား ဟု စဉ်းစား ရင်း ရယ်ချင်လာသည်။

"ယခု အိပ်ရင် နှစ်နာရီ သုံးနာရီလောက် အိပ်နိုင်သေးတယ်။ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ရင် မနက် ထ အားပြည့်ပြီး တာဝန်တွေ လုပ်နိုင်လိမ့်မယ်" ဟု သူ့ဘာသာ ပြောရင်း အိပ်ပျော်သွားလေသည်။

စာရေးသူမှာ အခက်တွေ့ပြီး။ စာဖတ်ပရိသတ်က ဘရောင်နင်၏ ကဗျာ ဘယ်လိုများ အားတွေ၊ သတ္တိတွေ နှင့် ပြည့်စုံသနည်းဟု သိချင်ကြမည်။ မရွှေခင်ကို အိပ်ရာက ပြန်နှိုးရမှာလည်း အားနာ စရာကောင်းသည်။ သို့မို့ကြောင့် စာရေးသူကပင် ၀င်၍ မတတ်တတတ်နှင့် ဘာသာပြန် စပ်ပေး လိုက်ပါသတည်း။

ခွေယိုင်ပန်းလျ
ဗုံးဗုံးကျလည်း
မျက်ရည်စကို
သုတ်စမ်း ဆို၍
ကိုယ့်ကိုယ်ကိုယ်သာ
အားပေးကာနှင့်
မသာနှလုံး၊ မချိပြုံး၍
ဟုံးစုံးမာန၊ တက်ကာကြွသည်
ငါက မထီ မရွံ့တည်း။      ။
ရှုံးနိမ့်လျှောကျ
မြေ၀ယ်ခလည်း
မာနထန်ပြင်း
စစ်ရေးခင်းသည်
စိတ်တင်း မလျှော့စတမ်းတည်း။

စာရေးသူ - ဒေါ်ခင်မျိုးချစ်
.
>>>ဆက်ဖတ်ရန်>>> >>

Saturday, July 24, 2010

ပန်းသတင်း ဂျူလိုင် (၂၄)

သုံးရာတန်အင်္ကျီိ ပျောက်ဆုံးခြင်း

လွန်ခဲ့သောလက ရမ်းဘိုကုန်းရွာတွင် လယ်သမားအိုးကြီး ကိုဆေးရိုး၊ မကျီးဒန်တို့၏ တဲကုပ်ဘေး အဖီစွန်း တွင် တင်ထားသော အကျီးဒန်၏ ချွေးခံအင်္ကျီ ပျောက်ခြင်းမလှ ပျောက်ဆုံး သွားခဲ့သည်။ ထိုအင်္ကျီနှင့် စပ်ဆိုင်သော တန်းဖိုးမှာ ကာလတန်ဖိုးအားဖြင့် သုံးရာကျော်တန်ပေ၏ အဖြစ်အပျက်မှာ-
သည်အချိန် သည်ကာလသို့ ရောက်ရှိလာလေတိုင်း လယ်သမားတို့ရင်ဆိုင်ရသောကိစ္စမှာ နွားစာ ဖြစ်လေ၏။ နွားစာမှာ ကောက်ရိုးရှိပါ၏။ သို့ရာတွင် လူများ၌ ထမ်င်းရှိသော်လည်း ဟင်းကိစ္စ ကျန်ရှိနေ သေးသလို၊ နွားအတွက် ဟင်းနှင့်တူသော နှမ်းဖတ်၊ ဖွဲနုနှင့် အခြားရောတိရော ရာများ လိုအပ်နေပေ သေးသည်။ နှမ်းဖတ်က ဈေးကြီး၏။ ဖွဲနုက ရှားသည်။

ကောက်ရိုးချည်း ခုတ်စဉ်းပြီး နွားစာခွက်ထဲသို့ ထည့်ကျွေးလေသောအခါ "ဟေ့လူကြီး၊ ဒီအတိုင်းပဲ စားရတော့မှာ လားဗျ" ဟုနွား၏ ပါစပ်က မမေးသော်လည်း နွား၏မျက်လုံးများကမူ "တစ်မိုးနဲ့ တစ်ဆောင်း လုပ် ခဲ့သမျှ ဒါနဲ့ပဲ တင်းတိမ်ရတော့မလားဗျ" ဟူ၍ မေး၏။ သခင်ကို မျက်လုံးကြီးပြူး၍ ကြည့်ခြင်းဖြစ် သည်။ လူကဘာမျှ ထပ်ထည့်မပေးလျှင် ခံတွင်းပျက်နေသောလူမမာ ထမင်းစားသလို လျှာဖြင့် တစ်ချက် နှစ်ချက် တို့ပြီး နွားတင်းကုပ်ထောင့်သို့ နောက်ဆုတ်ရွှေ့ပြောင်းနေသော လဒမှိုင်သလို မှိုင်လားမှိုင်ရဲ့၊ လူကို ကြည့်လား ကြည့်နေရဲ့။ နွားတို့၏ ယင်းအပြုအမူသည် စာနာတတ်သော လယ်သမားများအတွက် စိတ်မချမ်းသာ စရာပင် ဖြစ်လေရာ နွေပေါက်လာပြီ ဖြစ်တိုင်း လယ်သမား များရင်ဆိုင်ရသော ကိစ္စလည်း ဖြစ်ပေသည်။

"ဥသြ.....ဥသြ"
မည်းသော ငှက်ငယ်၏ နွေတေးသည် သာယာ၍ ကရုဏာသက်စဖွယ် ကောင်းလှပါ၏။ ထိုနွေပျော်ငှက်၏ တေးသံပျံလူးဝဲသန်းရာရပ်ကား မီးထခမန်း ကျွမ်းသွေ့၏ မျှော်လေရာရာအရပ်၌ ရွက်မဲ့ရိုးတံတို့ မင်းလုပ် လေသည်။ နေသည် အခြားတစ်ပါးသော ရာသီထက် ပိုမိုသော အင်အားကို ဆောင်လေဟန်ရှိချေ၏။ ဈေးကြီး သော နှမ်းဖတ်နှင့် ရှားပါးသော ဖွဲနုကို နွား၏ခံတွင်း သို့မထည့်နိုင်သော လယ်သမားများသည် ကောက်ရိုး နှင့် ရောနှော၍ နွားများအာသာပြေ လွေးနိုင်စေရန် စိမ်းစိုသော အရွက်များ၊ ပြောင်းရိုး၊ ညောင်ရွက်၊ ကုက္ကိုရွက် စသည်တို့ကို ရှာကြံကြ ရလေ တော့သည်။ သို့ရာတွင် စိမ်းစိုသောအရွက်များကား အဘယ်မှာ ပါနည်း။ ကြည့်လေရာရာ တွင် လက်ကားရား ခြေကားရားဖြင့် နေကိုရှိခိုးတောင်းပန်ဘိအလား ရိုးတံပြိုင်းပြိုင်း ဖြင့် သစ်ပင် အိုမွဲမွဲများသာ တည်ရှိနေ၏။ ရွက်ကြွေစော၍ ရွက်နုစောစောထွက်သော ညောင် နှင့် ကုက္ကိုပင်များ မှာ နေ့ချင်းပြီး ခေါင်းတုံးပြောင် ကြရရှာလေသည်။

"နွားစာ..........နွားစာ"
ဒါကိုသာ လူတိုင်းအရဇျွာယ် နေကြပေ၏။
ကိုဆေးရိုးမှာ ပုဆိုးတစ်ထည် ခေါင်းပေါင်း၍ ကျောအပြောင်သား၊ လုံချည်အတိုသားနှင့် ကြိုးတစ်ခွေ၊ ဓားမတစ်ချောင်းကိုင်လျက် အရှေ့တိုးသွားရမလို၊ အနောက်သို့သွားရမလို ယောင်တိ ယောင်ချာဖြင့် တဲနောက်ဖေး ချောင်းကမ်းပါးတွင် ရပ်နေမိ၏။ ဟိုသွားရမလို၊ သည်သွားရမလို ဖြစ်နေခြင်းမှာ မိမိသွားလာမှတ်သားမိဖူရာ နေရာများရှိ ကုက္ကိုပင်နှင့် ညောင်ပင်လက်ကျန်များကို ရေတွက်စိစစ်နေခြင်း ဖြစ်သည် အချိန်အနည်းငယ်ကြာ မြင့်သည့်တိုင်အောင် အရွက်စိုစိုစိမ်းစိမ်း ကလေးရနိုင်သော ညောင်ပင်နှင့် ကုက္ကိုပင်များက ကိုဆေးရိုး၏ ခေါင်းထဲသို့ ၀င်မလာကြပေ။

"ဟာ......ဟုတ်ပြီ"
ကိုဆေးရိုး၏ မျက်နှာမှာ ၀င်းသွားလေ၏။ ကိုဆေးရိုးသည် ၀မ်းသာအားရဖြင့် ပေါင်ကိုပုတ် လိုက်ပြီး တဲဘက်သို့ လှည့်ပြောလိုက်လေ၏။
"ကျီးဒန်ရေ........တံစဉ်ပေးစမ်းစေ့ တံစဉ်"
"ဘာလုပ်ဖို့လဲ တံစဉ်၊ ဒီအချိန်ကြီးမှာ"
မကျီးဒန်က မီးဖိုထဲမှ ပြန်မေးနေပြန်သဖြင့် ကိုဆေးရိုးက တဲထဲသို့ဝင်လာသည်။

"မေးတာပြောပါဦး"
"ဒီလိုပေါ့ဟာ"
ကိုဆေးရိုးက လျှို့ဝှက်ချက်တစ်ခုကို မတင်မချပြောကာ တံစဥကို ထန်းရွက်ထရံကြားမှ ဆွဲယူ၍ တဲနောက်ဘက်သို့ ပြန်လည်ထွက်ခွလာခဲ့၏။
ကိုဆေးရိုး မျက်နှာမူရာဘက်၌ ချောင်းကောကြီး စလင်းချောင်း။ သည်မှာဘက်ကမ်း၌ ဆုတ်စပြုနေပြီ ဖြစ်သောစမ်း။ စမ်းရေစီးဝယ် ၀ါးဖောင်များ မျှောဆင်းနေသည်။ စမ်းရေကြော၏ ဟိုဘက်တွင် စိမ်းမြသော ကြက်သွန်ခင်း များသည် စမ်းရေကြောကို မြှောင်၍တန်းနေသည်။ ကြက်သွန်ခင်းများ၏ ဟိုဘက်၌ ငွေရောင် လက်နေသော သဲသောင်ပြင်။ သဲဖြူဖြူ၏ အဆုံးတွင်ကား ၀ါတချို့ ရော်တချို့နှင့် ညွန့်စိမ်း ကလေး တွေ ပြောက်ကျားထိုးနေသော ကိုင်း တော။

ကိုင်းပင် သမန်းပင်တို့၏ ပင်စည်ဖွဲ့ စည်းပုံသည် ပြောင်းပင်နှင့် တူညီ၏။ နှံစားပြောင်း၊ အဖူးပြောင်း ဘယ်ပြောင်းပဲဖြစ်ဖြစ် အရင်းရောက်လေ ချိုလေလေ။ ကိုင်းနှင့် သမန်းတို့၏ အရွက်အရိုးသည်လည်း အရင်း သည် ချိုသည်။ စိမ်းလည်းစိမ်း၊ စိုလည်းစိုသည့်အပြင် အချိုဓာတ်ကို ပါ ကဲဆောင်းပေးသော ကိုင်းနု များကို မြင်ရာက နွားကျွေးရန် စိတ်ကူးပေါက်သဖြင့် ကိုဆေးရိုးမှာ ၀မ်းသာအားရခြင်း ဖြစ်ပေသည်။
လေက အတိုက်ကြမ်းသည့် အပြင် အောက်ရော အထက်ပါ ညှပ်၍ပူသော ချောင်းတွင်း သဲပြင်ကိုဖြတ်၍ ကိုင်းနုစည်းကြီး ထမ်းကာ ကိုဆေးရိုးပြန်လာသော အချိန်မှာ မွန်းတိမ်းလေပြီ။ ကိုင်းနုများကို နန်းတိုင်တွင် ထည့်၍ စဉ်းသည်ဆိုလျှင်ပင် ကိုဆေးရိုး၏ ကိုယ်ထဲလက်ထဲက တစ်မျိုး ဖြစ်လာသည်။

"နေပူလို့ဖြစ်တာထင်ပါရဲ့"ဟု ကိုဆေးရိုးက ခပ်ပေါ့ပေါ့သာ ယူဆ၏။ နွားစာထည့်ပစ်ခဲ့ ပြီးနောက် ဆာဆာ နှင့် လွေးလိုက်မဟဲ့ဟု ကြုံးဝါးကာ ထမင်းပွဲတွင်ထိုင်သောအခါကျမှ နေမကောင်း ပြီဖြစ်ကြောင်း သိရလေ၏။ ရာသီစာကလေးဖြစ်သည့်အပြင် ဘယ်အခါမှာစားစား အရသာရှိ၍ စားပြီးရင်း စားချင်ရင်း ဖြစ်အောင် ကောင်းလေ့ရှိသော သရက်ဖူးထောင်းနှင့် ပြည်ပန်းညိုရွက်ဟင်းမှာ ကိုဆေးရိုး၏လျှာကို အနိုင် မယူနိုင်ပေ။ ထမင်းနှစ်လုတ်မျိုအပြီးတွင် ပျို့တို့တို့ဖြစ်လာသဖြင့် လက်ဆေး၍ ထလိုက်ရသည်။

နေပူလွန်းလို့ အပူရှပ်တာပဲပြောပြော၊ ချွေးငုပ်သည်ပဲ ဆိုဆို၊ ကိုဆေးရိုးကတော့ အိပ်ရာ ထဲတွင် လဲလေ၏။ ကိုဆေးရိုးလဲသည်ဆိုလျှင် မကျီးဒန်မှာ ထမင်းသော်မျှ ချက်မစားနိုင်အား။ နွားကိုပြန်ကြည့်ုဖို့ဆိုတာ ဝေလာ ဝေး။ လင်းအပါးတွင်သာ မျက်လုံးငယ်ထိပ်ကပ်မတတ် နေထိုင်ပြု စုနေလေသည်။
ကိုဆေးရိုး ညည်းညူတွန့်လိမ်နေလျှင် မကျီးဒန်မှာ နှိပ်ပေးချင်၏။ သို့သော် "ဒီရာသီမှာ 'ကျောက်' များဖြစ်နေ မလားတဲ့။ ကျောက်ပေါက်မည့်သူကို နင်နှိပ်ပေးမိလျှင် ကျောက်ထွက်သော အခါ၌  နှိပ်မိနင်း မိဆုပ်နယ်မိ သော နေရာများမှာမထွက်ဘဲ မနှိပ်နယ်သောနေရာများမှသာ ထွက် လေ့ရှိသည်။ အထူးသဖြင့် မျက်လုံးထဲ၊ လည်ချောင်းထဲက ထွက်လေ့ရှိသည်ဟု ကြားဖူး၏။ ထို့ကြောင့် မနှိပ်ရဲချေ။ ရေငတ်သည် ဆိုလျှင် ရေခပ်ပေး၊ ချမ်းလှသည်ဆိုလျှင် စောင့်ခြုံပေးခြင်းနှင့် ကောင်းနိုးရာရာ ဆေးမြီးတိုများ တိုက်ကျွေးခြင်း ကိုသာ မကျီးဒန်က လုပ်ရဲသည်။

မိမိသာ ကပျစ်ကညှစ်နေမည်။ နွားတင်းကကုပ်ကို သန့်ပြန်အောင်ထားလေ့ရှိသော မကျီဒန်သည် နွားတင်းကုပ် ကိုလည်း မသုတ်သင်နိုင်တော့ပြီ။ နွားစာကို ရှာဖွေကျွေးရန်မဆိုထား ဘိ၊ ရှိသော ကောက်ရိုး ကိုပင် အနိုင်နိုင်စဉ်း၍ ကျွေးရသည်။ ကောက်ရိုးချည်းကျွေး၍ကား ခိုင်းနွား ကြီးနှစ်ကောင်းက မစားချေ။ မကျီးဒန် ကတော့ 'စားချင်းစား၊ မစားချင်နေကြဟေ့'ထဲကတည်း။
      
လင့်ကြောင့်ဖြစ်ပေါ်သော သောကနှင့် လူမမာကို တငုတ်ငုတ်ဖြင့် ထိုင်ကြည့်ရ၍ အိပ်ရေး ပျက်ခြင်းတို့တွင် နွားတွေ အစားမစားခြင်းအတွက် ကိစ္စကြီးတစ်ခု လုပ်မနေနိုင်ပေ။  အဖေအိုကြီး နာမကျန်းခိုက်တွင် လာရောက် စောင့်ရှောင်ဦးမည်ဟူ၍ သားကလည်း မပေါ်လာပေ။ ဘညိန်း ပေါ်တော့ပေါ်လာပါ၏။ ဖင်မနွေးမီ လှမေလာခေါ်သွားသည်။ သမီးကြီး ချောစိန်လည်း ကျမ်းစူး လွတ်ရုံ၊ ဘုရားစူး လွတ်ရုံတော့ ရောက်လာပါ။ ကလေးမနေသောကြောင့်ဆိုကာ ပြန်သွား၏။ နွားစာတစ်ပင် စဉ်းမသွား။ နွားချေးတစ်ပုံ ကျုံးမသွား။ ရေတစ်ပေါက် မခပ်။ ထမင်းအိုးတစ်လုံး တည်မသွားလေ။

ထို့ကြောင့် မိမိကိုယ်ပင် အားတင်းထားရသော  မကျီးဒန်က နွားများကို မယုယနိုင်တော့။ နွားများမူ တစ်နေ့သော် သခင်ကျွေးဖူးသော ကိုင်းနုနုစိုစိုချိုချိုကလေး ၀ါးရနိုးနိုး၊ တစ်နေ့သော် အစားကောင်း စားရ နိုးဖြင့် ကောက်ရိုးကိုမစားဘဲ မျော်ကိုးလာခဲ့ကြသည်။ သခင်မကလည်း  ပြန်စောင်းသော်မျှ မကြည့်အားပေ။
ကိုဆေးရိုး ယက်မန်းရည်ကလေး တစ်ပန်းကန်ကုန်သောနေ့တွင် မကျီးဒန်က စိတ်ချလက် ချအိပ်ပစ် လိုက်သည်။ ညနေစောင်း၍ ကိုဆေးရိုနိုးမှ ထမိ၏။

"ဟင်............. နေတောင် အေးနေပါပကော"
မကျီးဒန်က ရှည်လျားသောသစ်ပင်ရိပ်များကိုမြင်ရသဖြင့် ရေရွတ်သည်။
" အေး ...ငါလည်း ညည်းအိပ်ပါစေတော့ဆိုပြီး မနှိုးဘဲထားတာ"
ကိုဆေးရိုးက စာအုပ်စုတ်တစ်အုပ်ကိုဖတ်နေရာက ဖြေ၏။

"ကဲကဲ....လူလန်းသွားအောင် ရေချိုးလိုက်။ ပြီးမှ ထမင်းလေးဘာလေးချက်။ ငါလည်း ၀င်သလောက် စားမယ်"
    လူမမာက ထမင်းစားမည်ဆိုသောအခါ မကျီးဒန်မှာ အင်းအားသစ်လာသည်။ ဖျတ်လက် စွာ၍ မီးမွှေး၊ ထမင်းအိုး တည်ပစ်ခဲ့ပြီးလျှင်၊ နွားတင်ကုပ်ဘေးတွင် အင်္ကျီနှင် ရေလဲလုံချည်ကိုတင်း ထား၍ ကပျာကယာ ရေချိုးလေ၏။ အပြေးအလွှားရေချိုးပြီးနောက် အ၀တ်လဲသောအခါတွင် အပေါ် အင်္ကျီနှင့် ရေလဲထဘီ သာတွေ့ တော့သည်။ ချွေးခံအင်္ကျီကား မတွေ့ချေ။ အိမ်ထဲမှာများ ချွတ်ထားခဲ့ မိသလား။ ချွေးခံအင်္ကျီကို အိမ်ထဲ၌ချွတ်ထားခဲ့မိလျှင် အပေါ်အင်္ကျီပါ အိပ်ထဲတွင် နေနေခဲ့ဖိုသင့် သည်။ သို့သော် ပထမချွတ်ရသော အင်္ကျီသာ ရေချိုးသည့်နေရာသို့ ပါလာပြီး ဒုတိယချွတ်ရသော ချွေးခံအင်္ကျီက မပါလာ။

'ဟယ်....ငါက ကသီနေလို့ဖြစ်တာပါရဲ့'
မကျီးဒန်သည် ထဘီရင်ရှားဖြင့်ပင် အိပ်ထဲဝင်ခဲ့သည်။ အိမ်ထဲဝင်မိလျှင် မီးဖိုးထဲမှ မီးတောက်ပေါ်သို့ ရေစက်ရေပေါက်များ ဝေကျသံကြားရသဖြင့် အင်္ကျီကိုလမ်းလျှောက်ရင်းဝတ် လျက် မီးဖိုထဲဝင်ခဲ့ရသည်။
ထမင်းအိုးက ဝေနေပေပြီ။ သို့ကြောင့် အမြှပ်ကို စလောင်းဖုံးဖြင့်သပ်ချပြီး ထမင်းလုံး အပျော့စောင့်ရင်း အင်္ကျီကြယ်သီးတပ်သည်။ ထို့နောက် ထမင်းအိုးကို ငှဲ့၊ ငါးပိအိုး၊ ငရုတ်သီး ထောင်းစသည့်ဖြင့် တစ်ခုပြီး တစ်ခု အဆက်မပြတ် လျှောက်လုပ်နေသဖြင့် ပျောက်သောအင်္ကျီကို မေ့သွား၏။

ထမင်းစားသောက်ပြီးသည့်နောက်တွင်လည်း လူမမာမေးလာသူများကို ဧည့်ခံရင်း တစ် အောင့်တစ်နားဟု တုံးလုံးလှဲရာက အိပ်ပျော်သွားသဖြင့် ပျောက်သောအင်္ကျီကို ပြန်လည်သတိရ ချိန်မရှိတောပေ။
"မကျီးဒန်ရေ ထတော့ဟေ့....ထတော့။ အိပ်ပြီဆိုတော့လည်း လင်းတစ်ရေးကိုးအေ့"
ကိုဆေးရိုး၏ အေးဆေး၍ အင်အားပြည့်သောအသံကိုကြားတော့မှ မကျီးဒန်က နိုးလာ သည်။ ထိုအချိန်၌ မိုးစင်စင် လင်းနေပေပြီ။

"ကိုယ်ထဲလက်ထဲကကော ရှင်းရဲ့လား"
လူးလဲထရင်း မေးမိသည်။
"ရှင်းပါတယ်၊သွေးကြည်လွန်းလို့ ညကလည်း အိပ်ပျော်ပါဘူးအေ"
အအိပ်ပျက်သမျှကို အတိုးချအိပ်ရသဖြင့်  အင်းအားပြည့်ဝလာသည့်အတွက် ခင်ပွန်း သည်၏ ကျမ်းမာရေး ကောင်းမွန် ကြောင်း ကြားရပြန်သောအခါ မကျီးဒန်မျာ တိုး၍ ရွှင်လန်း လာလေသည်။

" ဒါဖြင့် ဘာဟင်းများ စားချင်လဲ"
"ထူးထူးထွေထွေတော့ မစားချင်ပါဘူးအေ၊ အင်း.........အမဲခြောက်ဖုတ်ကလေးနဲ့ ဟင်း ချိုဟင်းကလေးနဲ့ စားရရင် တော့ ထမင်းမြိန်မလားမသိဘူးအေ့"
နာလန်ထ က ခံတွင်းတွေ့မည်ထင်သော ဟင်းလျာကို မြည်ရွတ်၏။

"အမဲခြောက်တော့ တောင်းပိုင်းက  ကွန်းမြိုင်အိမ်မှာ ရှိတယ်ထင်တာပဲ၊ မရရင်တော့ အစိုကိုပဲ ကြော် ပေးမယ်"
" အေး....ကောင်းသားပဲ"
ကိုဆေးရိုးက ကျေနပ်စွာပြောလိုက်ပြီးမှ
" လွယ်လင့်တကူမရရင်တော့ လျှောက်ရှာမနေပါနဲ့အေ၊ ဖြစ်သလိုပေါ့" ဟု စိုးရိမ်သံဖြင့် ပြောသည်။

" အခြောက်သာ မရရှိတော့မပါ။ အစိုကတော့ လွယ်ပါ"
ပြောပြော ဆိုဆိုဖြင့် မကျီးဒန်က အိမ်နောက်ဖေးသို့ ထွက်သွားကြသည်။ တစ်အောင့်မျှ အကြောတွင် " ကိုဆေးရိုးရေ......ကိုယ်ကျိုးနည်းပါပေါ့လားတော်ရေ့" ဟူသော မကျီးဒန်၏ အော် သံကြောင့် ကိုဆေးရိုးမှာ ပြေးထွက် သွားမိ၏။

" အကောင်းသားက ဖြစ်သွားရတာတော့်"
လူမမာရှိနေသောအိမ်မှ ငိုသံထွက်ပေါ်သောကြောင့်  အထိတ်တလန့်ပြေးလာသူများမှာ နွားသေကိုမြင်မျ "ဟီး" ချနိုင်ကြ၏။ သို့ရာတွင် လယ်သမားအဖို့ နွားသေခြင်းမှာ လူသေခြင်း လောက်နီးနီးပင် ဖြစ်သည်။ နွားဝါနီကြီး နှင့်ရုန်းဖက် စာဥမှာ ရောင်းရ၏အဖြစ်ကို မသိလေသည့် အလား တင်းကုပ် တံစက်မြိတ်များကို လျှာဖြင့် ထိုးဟပ်နေ၏။ နွားသေကို ချောင်းထဲသို့ သယ်ယူ သွားပြီး ဖျက်ကြသောအခါကျမှ နွားဝါကြီး သေဆုံးရခြင်း ၏ အကြောင်းကို သိကြရသည်။

နွားဝါနီကြီ၏ဗိုက်ထဲ၌ ပွင့်နေသော 'ချိတ်' ချိတ်တစ်ချောင်းနှင့်တွဲလျက် မကျီးဒန်၏ ချွေးခံ အင်္ကျီကို ပြန်လည် တွေ့ကြရလေ၏။ ငတ်ငတ်နှင့် ပါးစပ်သရမ်းရာက အင်္ကျီကို ဆွဲမျိုးမိခြင်းဖြစ် ဟန်တူပေသည်။ မကျီးဒန်၏ အင်္ကျီမှာ ငါးမတ်သာတန်၏။ သို့တွင် ထိုအင်္ကျီကိုအကြောင်းပြု၍ သုံးရာတန် ခိုင်းနွားကြီး တစ်ကောင်ပါ ဆုံးရှုံးခဲ့ရ၏။
ထို့ကြောင့် လွန်ခဲ့သော လက ရမ်းဘိုကုန်းရွာတွင် လယ်သမားကြီး ကိုဆေးရိုးဇနီး မကျီးဒန်၏ ချွေးခံအင်္ကျီ တစ်ထည်ပျောက်ဆုံးသွားရာ အင်္ကျီနှင့်စပ်ဆိုင်သောတန်ဖိုးမှာ သုံးရာကျော် ပေ၏ဟု အစချီခဲ့ခြင်း ဖြစ်ပါသည်။

စာရေးသူ - ဆင်ဖြူကျွန်း အောင်သိန်း
.
>>>ဆက်ဖတ်ရန်>>> >>

Thursday, July 22, 2010

ပန်းသတင်း (ဂျူလိုင် ၂၂)

မေ့ပါနိုင်
ဆင်ဖြူကျွန်း အောင်သိန်း

နေခြည်သည် စူးရှလာပေပြီ။ ပူပြင်းသော နေရောင်ခြည်အောက်တွင် စပါးပြင်ကြီးမှာ ရွှေဒင်္ဂါးအပိုင်း ကြီးနှင့် တူနေသည်။ အမှန်မှာလည်း ရွှေခဲကြီးတွင် မဟုတ်ပါလား။
ကိုဆေးရိုး၏ ထွန်ခြစ်ဖြင့် ခြစ်သံသည် ညင်သာစွာ ထွက်ပေါ်နေ၏။ အသွားခြောက်ခုပါသော ထွန်ခြစ်မှ အသွားရာကလေးများသည် ရွှေဒင်္ဂါန်းအပြားကြီးပေါ်တွင် စောင်းရွဲ့သောကြောင်း တိုလေးများ ဖြစ်ပေါ်နေစေသည်။ ထွန်ခြစ်အသွားကြားတွင် ငြိပါလာသော စပါးရိုး၊ စပါးရွက်၊ အကြေးခွံနှင့် အမှော်များကို အပုံငယ်ကလေးများအဖြစ် စုပုံ၍ ထား၏။

မချောစိန်က အပုံငယ်ကလေးများကို ဆန်ခါကျဲဖြင့် ချပစ်ကာ တင်ကျန်နေခဲ့သော အမှော်များကို တောင်း တစ်လုံး ထဲသို့ သွန်ထည့်ပစ်၏။ ကိုဆေးရိုးမှာ ရွာထဲမှ တလင်းထဲသို့ဝင်လာသော လမ်းဆီ သို့ လည် တဆန့်ဆန့် ဖြင့် မျှော်ကြည့်ေ၏။
"ဘညိန်းတော့ နေပူနေပြီ အဖေရေ့"

ချောစိန်က သူ့အဖေကို မော့ကြည့်ကာ ပြောလိုက်၏။ ကိုဆေးရိုးကတော့ အင်းမလုပ်အဲမလုပ်နှင့် ထွန်ခြစ်ကိုသာ မဲပြီးဆွဲနေသည်။ လူက တောင်မှ မြောက်သို့ ဦးလှည့်ပြီး ဘေးတိုက် ယှဉ်စပ်နေ သော အကြောင်း တို ကလေးများကို ဘေးတိုက်ဆွဲသွားရာ စပါးပြန့်၏မြောက်ဘက်အနားသို့ ရောက် သွားသဖြင့်၊ တောင်ဘက်သို့ ပြန်လှည့်ပြီး မူလအကြောင်းကလေးများနှင့် ဆန့်ကျင့်သည့် အကြောင်းတိုကလေးများကို ဆွဲခြစ်လာပြန်သည်။ ထွန်ခြစ် အသွားကလေးတွေ စူးနစ်သွားခိုက် တွင် ခပ်ဆတ်ဆတ်ကလေးဆွဲလိုက်ပါက စပါးစေ့ကလေးများသည် စုခဲပြီး ပါလာသည်။

"ခေါင်းဆောင်စရာလည်း ယူမသွားဘူး"
ချောစိန်က ထပ်ပြီးမြည်တွန်လိုက်ပြန်၏။ စပါးပြန့်ပေါ်တွင် ထွန်ခြစ်ရာကလေးများက အချိတ် ကြောင်း ကလေး များသဖွယ် လှပညီညာစွာ ထင်နေသည်။ ကိုဆေးရိုးက အရှေ့မှ အနောက်သို့ ဦးတည်ပြီး ခပ်သွက်သွက်ကလေး ဆွဲနေပြန်၏။ ရွှေဝါစေ့ကလေးများ၏ ကြားမှ အမှုန်ကလေးများ သည် မြူးလွန့်် ထွက်ပေါ် လာလေ၏။ အနီးအနားရှိ အားလုံးသော တလင်းများမှာ ငြိမ်ချက်သား ကောင်းနေကြသည်။ အနီး သို့ တိုးကပ်သွားမှသာ ထွန်ခြစ်သံသဲ့သဲ့ကို ကြားရနိုင်သည်။

"မပြီးကြသေးဘူးလား"
မကျီးဒန်က ရွာထဲမှ လာသော လမ်းကလေးအတိုင်း ခပ်သုတ်သုတ်လျှောက်လာသည်။ လူ မရောက်သေး သော်လည်း အသံက အလျင်ရောက်လာသဖြင့် မော့ကြည့်၏။ မကျီးဒန်မှာ ပုဆိုး စုတ်ကလေးကို ခေါင်းပေါ် တင်လျက် ပြောင်းဖူးဖက် ဆေးပေါ့လိပ်ကြီး အငေါ့သားဖြင့် သရက်ပင် အောက်ရှိ ကွပ်ပျစ်ပေါ်သို့ ထိုင်ချ လိုက်၏။

"ကဲ နေပူလိမ့်မယ်၊ မြန်မြန်လုပ်ကြပါ"
"ဘာဖြစ်လို့ လောလာရတာလဲဟ"
ကိုဆေးရိုးက ပြန်ပြီး မာန်လိုက်သည်။
"နေပူမှ ကောက်ပြန့်ရရင် တော်က အရင်ရှုံ့နေမှာ"
မကျီးဒန်က ခေါင်းခါခါ လည်ခါခါဖြင့် ပြန်ပြီးပြောလိုက်ပြန်ရာက
"ဘာတွေများလုပ်နေရလို့ ဒါလောက်နေမြင့်ကြရတာလဲတော်"

"ဟ ... နင့်သားက ဘာတွေလုပ်တတ်လို့ ဘာတွေလုပ်ရမှာလဲဟ၊ သူများပြောတာကို ထိုင်ပြီး နားထောင် ရမှာပေါ့။ တန်းစီပြီး လှည့်တဲ့အခါကျတော့လည်း သူများအအော်ခိုင်းတာတွေ လျှောက် အော်ပြီး ပြန်နိုင်ပါပြီ ဆိုမှ ပြန်လာမှာပေါ့"
"သြ ... "

မကျီးဒန်က တအံ့တအား မော့ကြည့်သည်။ လင်းကတည်းက လူစုလူဝေးဖြင့် မြို့ပေါ်သို့ အခမ်း အနား တက်ရန် ထွက်သွားကြသော သူတို့ရွာမှ လူများထဲတွင် သူ့သား ဘညိန်းလည်း လိုက်ပါသွား ၏။ ဒါလောက် တကူး တကဖြင့် တပင်တပန်းတက်ရောက်ရသည့်လုပ်ငန်းတွင် နားလည်သင့် သလောက်တော့ နားလည် တန်ကောင်း၏။ သိသင့်သလောက်တော့ သိကောင်း၏ ဟူ၍ ထင်မှတ် ထားသည်။ သို့ရာတွင် ယခုမှ ကိုဆေးရိုး ၏ ပြောစကားကြောင့် ပါးစပ်ကို ဟ နေမိ၏။

"ဒါဖြင့် အရင်နှစ်တွေတုန်းက တော်သွားတုန်းကကော ဒီလိုပဲလား"
"အေးပေါ့ဟ"
"ဟောတော်"
မကျီးဒန်၏ အံ့သြမှုက ယခုမှ ပိုလွန်လာသည်။ ကလေးက နားမလည်ဆိုခြင်းကို ခွင့်လွှတ်နိုင် ကောင်းသေး သော်လည်း လူကြီးကပါ ဘယ်မျှမသိကြောင်း ၀န်ခံလာပြန်သောအခါ ကသိ ကအောက် ဖြစ်သွားသည်။ သူ၏ ကသိကအောက်က အော်ပြီးရယ်ချင်သလိုလို၊ ဟစ်ပြီး ငိုလိုက် ရမလိုကြီး ဖြစ်ပါ၏။

"ဘာတွေများ ပြောပြီး ဘာတွေအော်ရတာလဲ၊ နည်းနည်းပါးပါးမှ မမှတ်မိတော့ဘူးလား"
မကျီးဒန်က အမှော်ဆွဲပြီးသွားသဖြင့် ကောက်လှိုင်းပြန့်ရန်အတွက် နေရာမှ ထသွားသည်။ သိလို ဇောက အမျှင်မပြတ် တတ်သေးသောကြောင့် ထပ်ဆင့်မေးမိပြန်၏။ ကိုဆေးရိုးက သျှောင်ကိုအုပ် ထားသော ခေါင်းပေါင်း ကို ပြင်ပတ်လိုက်ပြီး ကောက်လှိုင်းဆိုင်ပေါ်သို့ တက်လိုက်သည်။

"မမှတ်မိတော့ပါဘူးဟာ၊ အင်္ဂလိပ်ပြေးတာ၊ ဂျပန်ပြေးပြီး အင်္ဂလိပ်တက်လာတာတို့ဘာတို့လည်း ပါသဟ။ ဗိုလ်ချုပ်တို့သေတာလည်း ပါတယ်၊ လယ်မြေဝေခြမ်းရေးဆိုတာလည်း ပါတာပဲဟ။ အဲဒါ တွေကို ဘိုင်စကုပ် ရုံထဲ မှာ ထိုင်နားထောင်ပြီး မြို့ထဲ လှည့်အော်ရတာပဲ"
"ဘာတွေအော်တာလဲ ပြောပြစမ်းပါ"
"မမှတ်မိပါဘူးဆိုမှ ဟာ"

ကိုဆေးရိုးက သူ၏ ညံ့ဖျင်းချက်ကို ဒေါသဖြင့် ဖုံးကွယ်လိုက်ကာ အော်ပစ်လိုက်၏။ မကျီးဒန်က မျက်ခွံများ ရှုံ့မှေးသွားအောင် ပြုံးနေသည်။ ကိုဆေးရိုးမှာ မကျီးဒန်ကို စောင့်ကြည့်လိုက်ပြီး "လျှာ ရှည်လိုက်တဲ့ မိန်းမနှယ်ဗျာ" ဟု မြည်တွန်ရင်းက ကောက်လှိုင်းတစ်စည်းကို မြေပေါ်သို့ ပစ်ချလိုက် လေ၏။ ရွှေဝါစေ့ကလေးများသည် မြေမာပေါ်ဝယ် ကြွေကျစဉ် ပြန့်သွားကြသည်။
ချောစိန်က ကောက်လှိုင်း သုံးစည်းကို ပူးပြီး ကြိုးဖြင့် ချည်နှောင်လိုက်၏။ မကျီးဒန်ကလည်း ကောက်လှိုင်သုံးလှိုင်းကို ကြိုးဖြင့် စုချည်ကာ ကောက်လှိုင်းတစ်ခုကို စပါးပြန့်၏ ဗဟိုတွင် ချထား ပြီး အခြား ကောက်လှိုင်းပူးတစ်ခုကို စပါးပြန့်၏အစပ်တွင် ချထားလိုက်သည်။ ကောက်လှိုင်းပူးနှစ်ခု ပေါ်ကို ၀ါးလုံး တစ်ခု တင်ထားကာ ၀ါးကိုမှီပြီး ကောက်လှိုင်းများကို မှေးမှီထား၏။ ပြီးလျှင် ကောက်လှိုင်းကို စည်းထားသည့် ဘွဲ့စ ကို တံစဉ်ဖြင့် ဆွဲဖြတ်ကာ ဘွဲ့မှ စပါးနှံများကို အပေါ်သို့ ဆွဲတင်ထားလိုက်သည်။

"နှစ်လှိုင်းလောက် လျှော့လိုက်ဦးဟေ့၊ အခုနေအတိုင်းဆိုရင် ကြီးနေပြီ"
ကိုဆေးရိုးက အော်ပြောလိုက်ရာ မကျီးဒန်က အစွန်မှ ကောက်လှိုင်းနှစ်လှိုင်းကို အလှိုင်းမပျက် စေဘဲ မယူကာ အတွင်းဘက်သို့ နေရာပြောင်းလိုက်သည်။
"မိန်းကလေးရေ ... ကျပ်ကျပ်ကလေးချနော်"
"ဟုတ်ကဲ့"
"အေး ... မကျပ်ရင်တော့ နွားတွေ ကျွံ ကျွံနေတာနဲ့ပဲ ခရီးတွင်မှာ မဟုတ်ဘူး"
ချောစိန်မှာ ကိုဆေးရိုးပစ်ချလိုက်သော ကောက်လှိုင်းများကို လက်နှစ်ဖက်ဖြင့် ရသလောက် မိသ လောက် ဆွဲယူလာကာ အနှံကို အပေါ်မှထားပြီး ထောင်လိုက်သည်။ မကျီးဒန်မှာ ချောစိန်ချသွား သော ကောက်လှိုင်း များကို နေရာတကျ ဖိသိပ်ပေးပြီးလျှင် တံစဉ်ဖြင့် ဆွဲချိတ်ဖြတ်ပြီး အနှံကို မ တင်လိုက်၏။

သည်ကောက်ပြန့်နည်းကို "ဗွေပြန့်" ပြန့်နည်းဟု ခေါ်လေသည်။ ကြိုးဖြင့် စုစည်းထားသော ကောက်လှိုင်းပူး နှစ်စုအနက် စပါးပြန့်ဗဟိုမှ ကောက်လှိုင်းပူးသည် ကောက်ပြန့်၏ ဗဟိုလည်း ဖြစ် သည်။ ၀ါးလုံးတန်း ကို မှီပြီး နောက်ဆုတ် ၀ိုင်းချလာရာကောက်ပြန့်အ၀ိုင်းကြီး ဖြစ်သွားသောအခါ တွင် စောစောတုန်း က ရှေ့ကနေခဲ့သော ၀ါးလုံးသည် လူ၏နောက်သို့ ရောက်နေလေ၏။ အနှံကို အပေါ် ထောင်ထားသဖြင့် မြန်မြန်ဖြူလွယ် သည်။

သို့ရာတွင် ကျွမ်းနေသော ကောက်လှိုင်းများအတွက်ဆိုလျှင် သည်ပြန့်နည်းက စပါးရိုး ခါးကျိုးတွေ ပြည့်နှက်နေသည့် အမှော်များ ဖြစ်ပေါ်လာစေ၏။ သို့ကြောင့် အုံးလှိုင်းခံပြီး ပြန့်သောနည်းကို အသုံး များကြလေသည်။ အုံးလှိုင်းမှာ စပါးပြန့်၏အစပ်တွင် မူသေထားသော ကောက်လှိုင်းဆယ်လှိုင်းခန့် ကို အုံးလှိုင်း ဟုခေါ်၏။ အုံးလှိုင်းပေါ်မှ နယ်မည့်အလှိုင်းများကို မေးတင်လှည့်ပြန့်ခြင်းပင် ဖြစ်သည်။ ကောက်ပေါက် သည့်အခါတွင် အုံးလှိုင်းကို ချန်ထားခဲ့ရ၏။

"အမေရေ... "
"ဟေ... "
မကျီးဒန်က ကပျာကယာပြန်၍ ထူးလိုက်သည်။ စိတ်တထင့်ထင့်ဖြင့်ပင် တင်းနေသော နောက်ဆံ ယခုမှ ပြေလျော့ သွား၏။ ခါးကိုမတ်ပြီး လည်ပြန့်လှည့်ကြည့်လိုက်သောအခါ ပြုံးဖြီးဖြီးကြီး လျှောက် လာသော ဘညိန်းကို မြင်ရသည်။
"နေမြင့်လှချည်လား လူလေးရယ်... "

မကျီးဒန်ကခေါင်းပေါင်းထားသော လုံချည်ကို ဖြုတ်ပြီး ချွေးသုတ်လိုက်၏။ သရက်ပင်ရိပ်ရှိ ကွပ်ပျစ် ပေါ်တွင် ထိုင်ကာ ဘညိန်း၏လက်ထဲမှ သတင်းစာအဟောင်းများကို ငုံ့ကြည့်လိုက်သည်။ ကိုဆေးရိုးကလည်း ချွေးသုတ်ရင်း ရောက်လာ၏။
"လူတွ သိပ်စည်တာပဲ အမေရေ... "
"ဘာတွေ များ ပြောလိုက်လဲ"

မကျီးဒန်မှာ စောစောက မကျေမနပ်ဖြင့် ဖြတ်ထားရသော သိလိုဇောကို ထပ်ဆင့် နှိုးဖွင့်လိုက်ပြန် သည်။ "စုံလို့ပါပဲ အမေရာ၊ ရှမ်းပြည်နယ်မှာ တရုတ်တွေကို တိုက်နေတဲ့အကြောင်းလည်း ပါတယ်။ သူပုန်တွေ အကြောင်း လည်း ပြောတာပဲ အမေရ"
"အေး"
မကျီးဒန်က ဘညိန်း၏ပြောပြချက်ကို ကျေနပ်စွာ နားထောင်ရာက "ကဲ ဘယ့်နှယ်လဲ" ဟူသော သဘောဖြင့် ကိုဆေးရိုး ကို ခပ်ဝင့်ဝင့်ကလေး လှမ်းကြည့်လိုက်၏။
"ပြီးတော့ ဆန်မရောင်းရလို့ ငွေကျပ်နေတဲ့အတွက် ချွေတာကြရမတဲ့ အမေရေ"

"ဟေ... "
ကိုဆေးရိုးက ထ အော်သည်။
"ချွေတာရမယ် ဟုတ်လား"
ဟု မေးလိုက်၏။
"ဟုတ်တယ်၊ သုံးနှစ်လောက် ချွေတာကြပါတဲ့"
"ထမင်းတစ်နပ်စားကြဖို့၊ ဆားဖြူးစားဖို့နဲ့ နွားတွေကို နှမ်းဖတ်၊ ဖွဲမပါဘဲ ကျွေးဖို့ရှိတော့တာပေါ့"
"ကျုပ်တို့ကိုပြောတာ ဟုတ်မယ်မထင်ပါဘူး အဖေရာ၊ မြို့ပေါ်က ကုန်သည်တွေ၊ သူဌေးတွေကို ပြောတာဖြစ်မှာပေါ့"

ဘညိန်းက သူ၏ထင်မြင်ချက်ကို ထုတ်ဖော်လိုက်ရှာသည်။ ဟုတ်ပေ၏။ သူ့အမြင်နှင့် သူ့ဘ၀သည် ဆီလျော် လှပါ၏။ စားစရာမရှိသော အငတ်အား အချွေတာခိုင်းခြင်းသည် နွားချိုမှ ထွက်လာအံ့ သော နို့ကို မျှော်လင့်သော လူရူး၏ မိုက်မဲခြင်းမျိုးပင် မဟုတ်ပါလား။

"ဒီသတင်းစာတွေက ဘယ်တုန်းကဟာတွေလဲ"
"မသိဘူး အဖေရ၊ ဘုန်းကြီးက လိုချင်ရင်ယူသွားဆိုတာနဲ့ ယူလာတာ"

"ဘာတွေများပါလဲ"
မကျီးဒန်က သိချင်ဇောဖြင့် မေးလိုက်သည်။

"ချစ်ထွန်းရေ...၊ ဟေ ချစ်ထွန်းတဲ့... "

ကိုဆေးရိုးက အဝေးသို့ ငေးမောရင်း ဆေးပေါ့လိပ်မီးကို အံခဲပြီး နားထောင်နေသည်။ မကျီးဒန်နှင့် ချောစိန်က ဘညိန်း၏ မျက်နှာကို ကြည့်နေကြ၏။

"ဘ၀ရဲ့ဒဏ်ကို ကြံ့ကြံ့ခံနိုင်စမ်းပါကွဲ့တဲ့၊ မိုးခေါင်လှသော ၀မ်းတွင်းနယ် စမုံရွာမှ ကြေကွဲဖွယ် မြင်ကွင်း တစ်ကွက်တဲ့"
"အင်း"

"သဲတော ၀မ်းတွင်းနယ် စမုံရွာ၌တဲ့၊ မောင်ချစ်ထွန်းဆိုသူသည်တဲ့၊ မိုးခေါင်လွန်းသောကြောင့်တဲ့၊ မိမိငရုတ်ပျိုးခင်းများကို နေ့တိုင်း ရေခပ်၍ လောင်းပေးခဲ့ရာ တစ်နေ့တွင် ရေများလုံးဝခန်းသွား သဖြင့်တဲ့၊ နောက်တစ်ရက်အတွက် လောင်းစရာ ရေ ဘယ်တွင် ရှာရပါမည်လဲဟု စဉ်းစား တွေးတောရင်း စိတ်ညစ်ညူးစွာဖြင့် အိမ်ပြန်လာခဲ့ကြောင်း ... တဲ့"
"တို့ဆီလိုပါပဲလား"
မကျီးဒန်က မှတ်ချက်ချလိုက်သည်။

"အိမ်သို့ ရောက်သည်တွင်တဲ့၊ မမာနေသော မယားက ရေရှာပေးရန်နှင့်တဲ့၊ ကလေးတွေ ဆာလှ ငတ်လှပြီ ဖြစ်သောကြောင့်တဲ့၊ ဆန်ရှာပြီ ထမင်းချက်ရန် ပြောသောအခါတဲ့၊ မောင်ချစ်ထွန်းမှာ ဆန်ရော ရေပါ ဘယ်မှာမှ ရှာရမည်မဟုတ်မှန်းသိ၍ စိတ်ညစ်ညစ်နှင့် သူ့လည်ပင်းကို ဓားနှင့်လှီး တော့ကြောင်းတဲ့..."

"အို ... ကျွတ်ကျွတ် ... ဖြစ်မှဖြစ်ရလေ"
မကျီးဒန်နှင့် ချောစိန်မှာ ရင်ကိုဖိပြီး စိတ်မသက်သာလှစွာဖြင့် ဘုရားကို တမိသည်။ ကိုဆေးရိုးမှာ ကား ရီဝေစွာ ငေးမောနေမိသည်။ ရင်တွင်းဝယ် ဆို့သွားမိ၏။ စမုံရွာမှ ချစ်ထွန်း၏ သတင်းက သူ၏ နောက်ကြောင်း ကို တူးဖော်ပေးလိုက်သလို ရှိတော့သည်။

"အော် ... မယ်မှုံ၊ မယ်မှုံ ... "
သေသောသူပင် ဖြစ်လေငြားလည်း ကိုဆေိးုးမှ မေ့ပျောက်နိုင်ဖို့ ခက်နေရ၏။ တွေးမိတိုင်းပင် ရင်ထဲ မှာ နာကျင်လာရသည်။ ကြာတော့ ကြာပါပေပြီ။ လွန်ခဲ့သော အနှစ်က ၂၀က အဖြစ်အပျက်မှာ ပြန်လည် လှုပ်ရှားလာပြန်လေ၏။

မယ်မှုံမှာ ရမ်းဘိုကုန်းရွာ၏ တောင်ဘက်ရှိ အိမ်ခြေတစ်ဆယ်ခန့်ရှိသော "ကုတင်ကြီးစုရွာ"မှ ဖြစ် သည်။ မိအိုဖအိုများကို ဆင်းရဲလှစွာ ရှာဖွေကျွေးမွေးနေရရှာသော်လည်း မယ်မှုံ၏ အလှဂုဏ် သတင်းမှာ ညှိုးမှိန်မသွားပေ။ ချောင်းအနောက်ဘက်ရှိ ရုံးပင်ရပ်၊ ငှက်ပျောတော၊ ရှားတောရွာများ မှ ကာလသားများနှင့် သရက်ချင်နယ်မှ ကာလသားများသည် မယ်မှုံ၏ အလှနန်းမရင်းဝယ် လာရောက် ၀ပ်စင်း ကြရသည်။

အလှတွင် တင့်တယ်ချောမောသည်သာ မဟုတ်၊ နှုတ်ပြောချိုသာခြင်းနှင့် စိတ်သဘောထား နူးညံ့ ယဉ်ကျေးခြင်းကြောင့်လည်း ရွာနီးချုပ်စပ်ရှိ လူကြီးသူမများကပါ ချစ်ခင်ကြ သနားကြလေသည်။
ကိုဆေးရိုးမှာလည်း မယ်မှုံဟူသော ပန်းမြတ်မဉ္ဇူကို ချူချင်ယူဆင်လိုဇောဖြင့် ချဉ်းကပ်ရစ်ဝဲမိရာက မယ်မှုံ၏ မေတ္တာပန်းကို ဆွတ်လှမ်းခွင့် ရရှိသွားလေ၏။ မယ်မှုံ၏ထံပါးသို့ လာကြပါ၏။ မြေပိုင်ရှင် သားတွေ၊ လူရည်တတ်သားတွေ။ သို့သော် မယ်မှုံမှာ ဒါတွေကို မမက်ဝံ့။ မတိမ်းညွှတ်ရဲ၊ ဓနဂုဏ် ဖုံးခြယ်ဆင်သ ထားသောကြောင့် ရည်မွန် သန်ပြန့်နေသော်လည်း သူတို့၏ အတွင်းမနောသည် စင်းချောမှ ဟုတ်ပါလေစ။

မယ်မှုံမှာ နောက်ဆုံးတွင် အတွင်း အစင်းသိ ဖြစ်သော ကိုဆေးရိုးကို ရွေးချယ်လိုက်မိ၏။ ကိုဆေးရိုး မှာ မိုးမဆုံး လေမဆုံး ပျော်တော့သည်။ မယ်မှုံကို ထည်ဝါသိုက်မြိုက်စွာ တောင်းရမ်းယူနိုင်ရန် အတွက် ခါးဆစ်မှ မီးပွင့်လုအောင် လုပ်ကိုင်လေတော့၏။ သို့သော် ဗြိတိသျှ နယ်ချဲ့သမားနှင့် အရင်းရှင်တို့၏ ညှဉ်းပန်း သွေးစုပ်မှု အောက်ဝယ် အငတ်ပြဿနာကြီး ပေါ်ပေါက်လာလေတော့ သည်။ ကိုဆေးရိုးမှာ ငွေပိုငွေလျှံရဖို့ဝေးစွ၊ မငတ်အောင်ပင် မနည်းကြံဆောင်ရတော့သည်။

ရေများရာ မိုးလိုက်၍ ရွာသည့်နှယ်၊ အငတ်ကပ်ကြီး ဆိုက်ပလားဆိုမှဖြင့် "သရောကြီးခိုင်းသည်" ဆိုသော အမှောင့်ကပါ ၀င်ရောက်ပူးကပ်လာတော့၏။ လေးထပ်ကျောင်းဆရာတော်မှာ မနေသာ တော့ဘဲ ကျောင်း ၏ တောင်ဘက်ရှိ ပေပင်တောကြီးကိုလှဲပြီး ပေဦးနှောက်များကို ထုတ်ကာ ပြုတ်စားစေရတော့သည်။ မိုးလင်းပြီဆိုလျှင် လေးထပ်ကျောင်းဝိုင်းအတွင်းသို့ ပေပင်လှဲမည့် ယောက်ျားများ၊ ပေဦးနှောက် ယူမည့် မိန်းမများ၊ အဘိုးအဘွား ကလေးသူငယ်များပါမကျန် စုရုံး ရောက်ရှိလာကြလေသည်။

"ဟဲ့ ... ဖယ်ကြဦးဟ ...၊ သြော် ... ခက်တော့တာပဲ"
ပေပင်တစ်ပင်သည် တဖျစ်ဖျစ်မြည်ကာ လဲကျသွားပြီဆိုလျှင် တောင်းပလုံးကိုယ်စီနှင့် ကလေး၊ လူကြီးများသည် စုအုံပြေးသွားကြရာ ပေပင်နှင့် မြေကြီးနှင့် ထိသွားသည်နှင့်တစ်ပြိုင်နက် ၀ိုင်းပိတ် မိပြီး ဖြစ်သွားတော့သည်။

"ကဲ ကဲ မဖယ်ဘဲနဲ့ ဘယ်လိုလုပ်ကြမှာလဲ"
ပေလက်၊ ပေစောင်းများကို ဓားနှင့်ခုတ်၊ ပုဆိန်ဖြင့် ပေါက်ပစ်ပြီးမှ ပေဦးနှောက်ကို ယူလို့ရပေသည်။ ပေပင်တစ်ပင် လဲနေရာတွင် လုယက်ထိုးနှိုက်နေသူများသည် နောက်တစ်ပင် ယိမ်းနွဲ့သွားသည်ကို မြင်လိုက်လျှင် လဲကျမည့် နေရာဆီသို့ ပြေးသွားကြကာ ပေသီးနုနုကလေးများပါလျှင် ဆွတ်ခူးပြီး အခွံခွာ စားကြလေသည်။

"ဟဲ့ ဟဲ့ အရမ်းမလာကြနဲ့"
ပေပင်လှဲသူများက အော်ဟစ်သတိပေး၏။ ပေပင်ကြီးမှာ အနောက်ဘက်သို့ ယိုင်သွားပြီးခါမှ အောက်မှ ခု နေသောသပ်ကြောင့် မြောက်ဘက်သို့ ယိမ်းထိုးလာသည်။ တောင်းကလေးတွေ ကိုယ်စီနှင့် ပြေးလာသူ များမှာ ဘေးသို့ ရှောင်သူက ရှောင်၊ မြောက်ဘက်သို့ ပြေးသူကပြေး၊ ယောက်ယက်ခတ် သွားစဉ်မှာပင် နောက်ဆုံးမှ မယ်မှုံ၏ ကိုယ်ပေါ်သို့ ပေပင်ကြီးက လဲကျသွားရော "ဟယ်... " ဟူသော တစ်ခဲနက် အော်သံကြီးနှင့်အတူ သွေးပန်းများ ဖြာထွက်သွားလေ၏။

"အမယ်လေး ... မယ်မှုံရဲ့၊ ဖြစ်ရလေခြင်းဟဲ့... "
ကိုဆေးရိုးမှာ မရှက်နိုင်မကြောက်နိုင်တော့ပါ။ မျက်နှာကို လက်ဝါးဖြင့် အုပ်လျက် သည်းအူပြတ်မျှ ဟစ်အော် ငိုကြွေးလိုက်တော့သည်။ အဖြစ်ဆိုးလှသော မယ်မှုံ၏ ရုပ်ကြွင်းကို မည်သူမျှ ရဲရဲမကြည့် ၀ံ့ကြ။ ခေါင်းကလေး မှတစ်ပါး တစ်ကိုယ်လုံးမှာ ကြေမှုန့်နေတော့၏။ လူတိုင်းမှာ ဆို့နင့်နေကြသည်။ လုယက် ယူငင် ရမှန်းလည်း မသိကြတော့။ မျက်ရည်ပေါက်ကြီးများသည် သွေးဖြင့် ကျံထားသော မြေပြင်ပေါ်သို့ ကျလာ သည်။

"မယ်မှုံရေ ... မယ်မှုံရဲ့... "
ကိုဆေးရိုး၏ သည်းကြွေလှိုက်လှဲ မစဲနိုင်တော့သော ငိုကြွေးသံသည် ယခုထက်တိုင် တင်ကျန်ရစ် ခဲ့၏။ ပစ္စုပ္ပန်မှ အသည်းနာစဖွယ် ဇာတ်လမ်းက အတိတ်မှ ငိုရှိုက်ခဲ့ရသော ဘ၀ကို ပြန်လည် တူးဖော် ပေးအပ်လာသည်။ ကိုဆေးရိုးမှာ လေးနင့်နေသည်။ ရင်ထဲ တလှပ်လှပ် ဖြစ်ကာ ဝေမှိုင်း နေတော့၏။

"တို့လည်း မင်းနဲ့မခြားပါဘူး၊ ကြံ့ခံရတာပေါ့။ မင်းနှယ် စိတ်ပျော့တဲ့အကောင်ပဲ၊ ဒါလောက်ကလေးမှ မခံနိုင် ဘူးလား စသည်ဖြင့် ၀ိုင်းဝန်း၍ ဘ၀ကို ရဲရဲကြီး ရင်အဆိုင်ခိုင်းကြကြောင်းတဲ့"
ဘညိန်း က သတင်းစာကို ဆက်လက်ဖတ်ပြနေဆဲပင် ရှိသေးသည်။ ကိုဆေးရိုးမှာ ဆို့တက်လာ သော အလုံးကြီး ကို မျိုချလိုက်ပြီးနာက် မကျီးဒန်တို့ မမြင်နိုင်စေရန် တစ်ဖက်သို့ လှည့်လိုက်ရရှာ လေသတည်း။

စာရေးသူ - ဆင်ဖြူကျွန်း အောင်သိန်း
.
>>>ဆက်ဖတ်ရန်>>> >>

Wednesday, July 21, 2010

ပန်းသတင်း (ဂျူလိုင် ၂၁)

ပုံပြင်ဆန်သော ဆောင်းနိဒါန်း

"ဟော ... ကိုဆေးရိုးတို့ပါလား"
တောင်သူလယ်သမားကြီးတို့၏ ထုံးဓလေ့ မှတ်သားချက်အရဆိုလျှင် မိုးလေသည် တန်ဆောင်မုန်း လပြည့်ကျော် တစ်ရက်နေ့တွင် ကုန်ဆုံးသည်ဟု ဆိုစမှတ်ပြုကြ၏။ ပထမ၀ီဝင်အားဖြင့် မိုးရေချိန် အနည်းဆုံး ဖြစ်သည့် ဤမိုးခေါင်ရေရှားဒေသအတွက်မှာမူ မိုးရာသီရယ် နွေရာသီရယ်ဟူ၍ ဟုတ် ဟုတ်ငြားငြား ကွဲပြားမှု မရှိလှပါပေ။ သည်တစ်နှစ်သည်လည်း သဲကန္တာရဆန်သော ပူပြင်းခြောက် ကျွမ်းခြင်း ဖြင့် တစ်မိုးကုန်၍ တစ်ဆောင်းငွေ့၌  ပြောင်းရွှေ့ ခိုလှုံပါငြားလည်း နှင်းငွေ့နှင်းသက်များ က မလျှော ဆင်းလာသေးပေ။ သည်သဘောကး မိုးအကုန် ဆောင်းအကူး၌ ဖြစ်မြဲပင်တည်း။ ယုတ်စွအဆုံး နှင်းခါး ကလေး များသော်မှ မပက်ဖျန်းလာသေးပေ။ ထို့ကြောင့် ကိုဆေးရိုးတို့၏ တန်ဆောင်မုန်းမှာ အိုက်စပ်၍ မဆုံး ပူလောင်ချက် ပြင်းတုန်းမှာပင် ရှိသေး၏။

"အားလုံး ကြားကြသရွေ့ ပုရပိုက်တန်းရွာနေ ကိုအောင်ဘော်၊ မမယ်မတို့က နက်ဖြန်ခါ နေ့ဆွမ်းစား ပြီး အချိန် တွင် သရက်ချင်မြောင်ကျောင်းသို့ ကထိန်တရားတော်နာ ကြွတော်မူကြပါတဲ့ဗျို့"
ကိုသာဟန် ၏ အသံက ရမ်းဘိုကုန်းရွာ အရှေ့ဖျားတွင် ပျံဝဲလာ၏။ မီးရောင်ကလေးတွေ ကိုယ်စီနှင့် ဆူညံနေသော အိမ်များမှ ကလေးငိုသံ၊ ဆဲဆိုသံ၊ အိုးပုတ်သံ၊ အော်သံ၊ ငေါက်သံများသည် ဗျိုး ... သံကြောင့် တဒင်္ဂမျှ ငြိမ်သက်သွားကြ၏။ ကိုသာဟန်သည် ဗျိုးသံအဆုံးတွင် ချောင်းသံ တဟပ် ဟပ်၊ ဆေးလိပ်မီး တ၀င်းဝင်း နှင့် ဆက်လျှောက်သွာသောအခါ ရွာငယ်၏ ဆူညံသံမျးက ပြန်လည် ထွက်ပေါ်လာပြန်၏။

"သမီးရေ ... အဖေ့ရှပ်အင်္ကျီကို လျှော်ဦးမှပဲဟေ့။
ကိုဆေးရိုး သည် နောက်ဘက်မှ အူယားဖားယား ပြေးဝင်လာသည်။ မျက်လုံးက သမီးချောစိန်ကို တစ်လှည့် မကျီးဒန် ကို တစ်လှည့် ကြည့်နေသည်။ ခါးတောင်းကျိုက်ထားသော သူ့ခန္ဓာကိုယ် အောက်ပိုင်းတွင် ရေများဖြင့် ရွှဲစိုနေကာ ညိုမှောင်သော အသားက မှောင်မည်းနောက်ခံထက်ဝယ် မီးရောင်ဖြင့် လက် နေသည်။

"ဘာများ ဒါလောက်တောင် အလောတကြီး ဖြစ်လာရတာလဲ ကိုဆေးရိုးရဲ့၊ တော့်မလဲ"
"ဟယ် ... နင့်မလဲ ငါ့ကို မာန်ဖို့ချည်း ကြည့်နေတာပဲ။ နေ့လယ်တုန်းက လယ်ချတဲ့ဆီကို ၀တ်သွား တာ အင်္ကျီ တစ်ထည်လုံး ရွှဲရွှဲစိုနေတာဟာ၊ အဲဒါကို အခုနေက လျှော်ထားမှ ဖြစ်တော့မပေါ့ဟ"
"မနက်ကျ မှ လျှော်တော့ကော ဘာဖြစ်လဲ"
မကျီးဒန် က အိပ်ရာဘေးရှိ ထန်းခေါက်ဖာအစုတ်ကို ဖွင့်ရင်းက ကိုဆေးရိုးဘက်သို့ မျက်စောင်းထိုး ကာ မေးလိုက်ပြန်၏။

"ကဲ ... ကဲ မိကျီးဒန်၊ ခင်ဗျားကို ကျုပ် ပြောတာ မဟုတ်ပါဘူး၊ သမီးကို ခိုင်းနေတာပါ"
ကိုဆေးရိုး မှာ စိတ်မရှည်တော့သဖြင့် မကျီးဒန်းကို ပြန်၍အော်ပြောလိုက်လေရာ
"မအော်ပါနဲ့တော့်"
"အော်တာမကြိုက်ရင် အသာနေ"
"အို ... အမေကလည်း ဟုတ်သားပဲ၊ အမေက အလကားနေရင်း အဖေစိတ်တိုအောင် ပြောပြောနေ တားကိုး အမေရဲ့"

ချောစိန်မှာ အနီးတွင် ဆောင့်ကြောင့်ထိုင်လျက် ပဲကြီးရေစိမ်များကို ညှစ်နေရာမှ အဖေနှင့် အမေ ဖြစ်သူတို့၏ ရန်ပွဲကို ၀င်ရောက်ဖျန်ဖြေပေးလိုက်သည်။ ထို့နောက် ကိုဆေးရိုးဘက်သို့ လှည့်ပြီး
"အဖေ့မလဲ ရေတွေစိုလို့ပါကလား၊ မတော်တဆ အအေးမိသွားပါ့မယ် အဖေရာ၊ ကျုပ်က ပြီး လောက်ပြီ ထင်နေတာ။ ကဲကဲ အခုလျှော်လိုက်မယ်လေ၊ အဖေကော ရေမချိုးသေးဘူးလား"
ချောစိန်က ဘုရားစင်တွင် ချိတ်ထားသော အင်္ကျီကို ဖြုတ်ယူလိုက်လေသည်။ ကိုဆေးရိုးသည် တဲ နောက်ဘက် ရှိ မှောင်ကွယ်ထဲသို့ ၀င်ရောက်သွားလေသည်။

ကိုဆေးရိုးမှာ တဲနောက်ဖေး ချောင်းကမ်းပါးရှိ ကုန်းမို့ကလေးပေါ်တွင် ပျိုးထားသော ကြက်သွန်ခင်း ကလေးကို ရေလောင်း နေရာမှ ကိုသာဟန်၏ ဗျိုင်းသံကို ကြားရသောကြောင့် ၀င်လာခဲ့ခြင်း ဖြစ်သည်။ အင်္ကျီ က သည်တစ်ထည်တည်းသာ ကောင်းကောင်းမွန်မွန် ရှိတော့သည်။ သည်တစ်ထည်သာ ရှိတော့ခါမှ သွားစရာ လမ်းများက ခဏခဏပေါ်လာသည်။ သွားစရာလမ်းရှိ၍ ၀တ်လိုက်ပြန်ပါမူ ကိုဆေးရိုးတို့ လို အ၀တ် ကပ်လေ့ ထပ်ထမရှိသော လူများ၏ ခန္ဓာကိုယ်မှ ချွေးများသည် တာကျိုးသလို သွန်ကျ လာလေ့ရှိ၏။ ခဏခဏ လျှော်ဖွပ်ပြန်ပါက စုတ်သွားမည်စိုးသဖြင့် မလျှော်ဘဲထားပြန်ပါလျှင်လည်း ချွေးစားပြီး စုတ်ပြဲ သွားမှာကို စိုးရိမ်ရပြန်လေသည်။

"ဟယ် ... နောက်ခါကျမှ နောင်ခါ ရောက်ရားပေါ့၊ စုတ်သွားလည်း မ၀တ်ဘဲနေရုံပေါ့။ လူတွေကြား ထဲမှာ ချွေးနံ့ကြီး တလှိုင်လှိုင်နဲ့ အားနာစရာကြီး"
သို့ကြောင့်ပင် နေ့လယ်က ၀တ်သွားခဲ့သော အင်ကျီကို နက်ဖြန်ကာလအတွက် လျှော်ဖွပ်ရန် လိုအပ် လာလေ သည်။ မဖြစ်စေချင်တာများကလည်း အကျဉ်းအကျပ်များနှင့်ကြုံလာလျှင် ကြံကြံဖန်ဖန် တွေ့ရ တတ်၏။ ကိုဆေးရိုးမှာ သည်လိုအတွေ့အကြုံများက သင်ကြားထားပြီးဖြစ်သဖြင့် တစ်ထည် တည်းသော အင်္ကျီ ကို ကြိုတင်လျှော်ဖွပ်ထားစေခြင်း ဖြစ်၏။  ဟုတ်သည်၊ နက်ဖြန်နံနက်ကျမှ လျှော်လျှော်ကော မခြောက် သွေ့ နိုင်ပေဘူးလော။ ခြောက်ောတ့ ခြောက်နိုင်ပါသည်။ သို့သော် နေမသာ မိုးအုံ့နေခဲ့သော် မည်သည့် အင်္ကျီ ကို ၀တ်သွားရပါမည်နည်း။

"ဆေးရိုးရေ"
"ဟေ ... ဘာလဲဟ"
ကိုဆေးရိုးမှာ နံနက်လင်းလာလျှင် လင်းလာချင်း မျက်နှာပင် မသစ်အားပေး။ သူ၏ ကြက်သွန် ပျိုခင်းကလေးများ၏ ကြားသို့ရောက်လာကာ အရိပ်အခြည်ကို ကြည့်ရသည်မှာ ၀တ္တရားတစ်ခု ဖြစ် နေသည်။ လူအတွက် အသုံးဝင်သော ကြက်သွန်ပင်ကလေးများမှ အပ်ဖျားလောက်ဘ၀မှ တိုးတက်ဖွံ့ထွား လာသည် မရှိဟု ထင်ရ၏။ မြက်ပင်နှင့် ခရာပင်များမှာသော်ကား ကြွားရွား သန်မြန်စွာယ ပေါက်နေကြ၏။ ကိုဆေးရိုး မှာ ကြက်သွန်ပျိုခင်းနားသို့ ရောက်လျှင် တော်တော်နှင့် မခွာနိုင်တော့ချေ။။ အမြင်မတော်သော ပေါင်းပင် ကလေးများကို ဆွဲနုတ်ဖယ်ရှားနေမိတတ်သည် သာ ဖြစ်၏။
"မင့်ပျိုပင် ကလေးတွေ ဘယ့်နှယ်လဲဟေ့"

ကျောတပြောင်ပြောင်တွင် လုံချည်စုတ်တစ်ထည်ကို ပခုံးတင်ထားသည့် ကိုသာမောင်က တဲနောက်ဖေး ဘက် သို့ လျှောက်လာသည်။
"ငါတော့ ကြည့်ရင်းကြည့်ရင်းနဲ့ပဲ တစ်နေ့တစ်ခြား မြေကြီးထဲကို ၀င်ကုန်ပြီထင်တယ်ကွာ"
"ဟေ ... ငါ့မလဲ ဒီလိုပဲဟ"
ကိုသာမောင် က တအံ့တသြ ဖြစ်သွားရဟန်ဖြင့် ကိုဆေးရိုး၏ အနီးတွင် လာ၍ ရပ်သည်။

"လင်းနို့ချေးကျွေးရရင် ဘယ်လိုနေမလဲကွ"
"ကောင်းသားပဲ၊ ငါတော့ နဘတ် (နှမ်းဖတ်) ပုပ်ရေ လောင်းကြည့်ချင်တယ်ကွာ"
"ကောင်းတော့ ကောင်းတာချည့်ပဲကွ၊ ဘယ်ဟာက ပိုကောင်းမလဲ မသိဘူးကွ"
ကိုဆေးရိုးက ဟင်းခနဲ သက်ပြင်းချလိုက်ပြီး ထိုင်နေရာမှ ထလိုက်သည်။ မြသားသွယ်နွဲ့နွဲ့ကလေး များမှာ ပုလဲရည်မိုး နှင့် ဥကလေးများ ချိတ်စီထား၏။ ကိုဆေးရိုးမှာ သူ၏ ကြက်သွန်ပင်ကလေးများ အတွက် အားမလိုအားမရ ဖြစ်နေသည်။ ရွှန်းရွှန်းကြော့ကြော့ မရှိ။ စိမ်းစိမ်းလွင်လွင် မရှိ။ ကုပ်ချည့် ချည့်ဖြစ်နေသော အပင်ကလေး များအတွက် အလိုလိုနေရင်း မောနေရ၏။
"ခက်ပါသကွာ"

"ဟေ့ ... "
ကိုသာမောင်က ရုတ်တရက်ခေါ်လိုက်သဖြင့် ကိုဆေးရိုးမှာ ဖျတ်ခနဲ လှည့်ကြည့်လိုက်မိသည်။ ကိုသာမောင် က အကြံတစ်ခုရဟန်ဖြင့် ခါးကိုညွှတ်ကိုင်းပြီး မျက်မှောင်ကို ကြုတ်ပစ်လိုက်ကာ
"ဟေ့ ငါတော့ ရေဖြတ်ထားမယ်လို့ စိတ်ကူးထားတယ်ကွ၊ သုံးလေးရက်လောက် ရေဖြတ်ထားရင် ကြက်သွန်ပင် ကလေးတွေဟာ တစ်ခါတည်း ပြာနှမ်းကုန်မယ်ကွ သိလား၊ အဲဒီတုန်းက ဗြုန်းခနဲ ရေပြန်လောင်း လိုက်ရင် ဟုန်းခနဲ တက်လာလိမ့်မယ် ထင်တယ်ကွ"ဟု အားပါးတရ ပြောလိုက် သည်။

"ဟန်မယ် မထင်ပါဘူး သာမောင်ရာ၊ အစိုကိုက်သွားမှာစိုးလို့ တစ်ရက်တလေဖြတ်ထားတာဆိုရင် တော်သေး ရဲ့"
"ဟ ... ဆေးရိုးရ၊ အဲဒီနည်းက လူပြောများတယ်ကွ"
"များ များကွာ၊ လင်းနို့ချေးပဲစမ်းကြည့်မယ်"
ကိုဆေးရိုးက ချောင်းပြင်တွင်းရှိ ပြဲုလဲနေသော ကိုင်းပင်များကို ငေးမောကြည့်နေရာက ပြန်ပြော နေသည်။ တစ်ဆောင်းနှင့် တစ်နွေလုံးလုံး မင်းမူဝင့်ကြွားနေခဲ့သော ကိုင်းတောကြီးမှာ ချောင်းရေ၏ လွှမ်းမိုး ဖိနှိပ်မှု ကြောင့် သောင်ပြင်ဝယ် ပြားပြားကပ်နေကြ၏။ ရွှံ့နှစ်အခြောက်များသည် နေရောင် ဖြင့် ၀င်းလက်နေ၏။ ချောင်းရေ မှာလည်း တစ်နေ့တခြား လျော့ပါးလာပြီဖြစ်ရာ ၀ါးဖောင်များကို အနည်းအကျဉ်းမျှ တွေ့မြင် နေရလေပြီ။

"အင်း ... နိမ့်တုံမြင့်တုံ ဤလူ့ဘုံပါကလား"
"ဟကောင် အောင်မယ် ... တရားတွေဘာတွေကျလို့ပါကလားဟ"
ကိုဆေးရိုး၏ ညည်းတွားသံကြောင့် ကိုသာမောင်ကပါ ချောင်းပြင်အတွင်းသို့ လှမ်းမျှော်ကြည့်လိုက် မိသည်။ ချောင်းပြင်အတွင်းဝယ် မွမွညက်ကြေ လဲလျောင်းနေခဲ့ရသော ကိုင်းပင်များသည် ယခုမူ ထောင်တက် တိုးခွင့်လာကြပြန်သည်။ သို့တစေတည်း ကိုဆေးရိုးတို့၊ ကိုသာမောင်တို့၏ ဘ၀လှေ ကြီးမှာကား ရေယိုလျက် နှင့် ရေဆန်ကိုသာ တွေ့နေကြရ၏။ သူတို့အတွက် ရေစုန်သည် အဘယ် မှာပါနည်း။

"ကဲ ... မင်းဘာသာမင်း အာပေါကသိုဏ်းပဲရှုရှု၊ ပြာသောကသိုဏ်းပဲရှုရှု ရှုနေခဲ့တော့ဟေ့"
"သွားတော့မလားကွ"
"အေးကွာ၊ လယ်ပြင်ကို သွားရဦးမယ်ကွ"
ကိုဆေးရိုးမှာမူ ကိုင်းပင်နှင့် သူ့ဘ၀ကို ယှဉ်တွဲကြည့်နေမိပြန်လေသည်။ အမွဲမွဲနှင့် ဆင်းရဲခဲ့ရသည် မှာ ကြာညောင်းခဲ့ပါပြီကော။
"အင်း ... ကံပဲပေါ့ ကျီးဒန်ရာ"

မတတ်သာ သည့် အဆုံးဝယ် ကံကိုသာ ပစ်ချပုံအပ်ရလေ့ရှိ၏။ ကဲ့ရဲ့ခြင်းနှင်း ဆင်းရဲခြင်းတို့ရှိလျှင် ချီးမွမ်း ခံရခြင်းနှင့် ချမ်းသာခြင်းတို့ ရှိရမည်မှာ မှန်ကန်သော သစ္စာတရားဖြစ်သော်လည်း ကိုဆေးရိုး တို့မှာမူ ချမ်းသာခြင်း၏ အရိပ်အရောင်ကလေးကိုသော်မှ မမြင်ရ။ သစ္စာတရားပင် ယိုယွင်းနေ သလော။ လူတို့ သည်ပင် မှားယွင်းသလော။
"မြက်ပင် နဲ့ တို့ဘ၀ ဘယ်တော့များမှ အတူတူ ဖြစ်နိုင်ပါ့မလဲကွယ်၊ ဟင်း ... "

ချောင်းပြင်တွင်းမှ ဂယက်ကွက်တို့သည် ကိုဆေးရိုး၏ ညှိုးအိုနွမ်းရော်သောမျက်နှာကို ရောင်ပြေး ကလေး များဖြင့် ထိုးရိုက်ပေးနေကြသည်။ ကိုဆေးရိုး၏ သက်မ လှိုက်ပြင်း ပူလောင်သော ထွက် သက်သည် ချောင်းပြင်တွင်း ရှိ လှိုင်းတွန့်ကလးများကို ပျက်ပြယ်စေလေသည်။
"ရွှေဘိုချဉ်ပေါင် ဖူးခေါင်ဝေလို့ ဖြိုးဟေဟေ... "

ကိုဆေးရိုးသည် လင်းနို့ချေးအိတ်ကို ပခုံးတွင်ထမ်းလျက် ရွာတွင်းသို့ ၀င်လာသည်နှင့်တစ်ပြိုင်နက် ညာသံ တလှိုင်လှိုင် ဖြင့် အိုးစည်သံကို ဦးစွာကြားရ၏။
"ငါးမည်းရ ... ငါးမည်ရပြည်ရွှေဘို၊ ဘေးရန်က ပြို"
ကိုဆေးရိုး သည် အိမ်ဝိုင်းတွင်းသို့ ၀င်လာကာ ပခုံးပေါ်မှ လင်းနို့ချေးအိတ်ကို ပစ်ချလိုက်၏။

"ကျီးဒန်ရေ၊ ကလေးတွေ ရောက်ပလားဟေ့"
"မရောက်သေးဘူး တော်ရေ့ ...၊ ရောက်ချိန်တော့ နီးပါပြီ"
မကျီးဒန်ရေ၊ ကလေးတွေ ရောက်ပလားဟေ့"
"မရောက်သေးဘူး တော်ရေ့ ...၊ ရောက်ချိန်တော့ နီးပါပြီ"
မကျီးဒန် က လက်တွင် ဆေးပေါ့လိမ်ကြီးကိုကိုင်ကာ တဲပြင်သို့ ထွက်လာ၏။

"ကဲ တစ်ခုခုနဲ့ဖြန့်ပြီး နေလှန်းလိုက်စမ်းဟာ"
"အဖေရေ ... အဖေ အဖေ"
သားငယ် ၏ အသံကို ကြားရသဖြင့် တဲပေါက်ဝသို့ ခေါင်းငဲ့နားထောင်နေစဉ်မှာပင် တညိန်းပင် ပြေးဝင်လာကာ
"အဖေ၊ ကျုပ် သင်ပုတ်ကြီးတင် လိုက်သွားဦးမယ်နော်"
အူယားဖားပြောလိုက်သည်။
"ဘယ်တော့လဲသားရေ"
"နက်ဖြန်မနက်ပေါ့ အဖေရဲ့၊ အခု တီးနေတာလေ"

ကိုဆေးရိုးက သားငယ်၏မျက်နှာကိုမော့ကြည့်လျှင် သားဖြစ်သူ၏ ရွှင်လန်းကြွရွနေသော အသွင် ကို မြင်ရ ရှိပေသည်။ တစ်ရွာလုံးမှာ ' ရှ ' အသံထွက်မည့်နေရာတွင် 'ဆ'ကို အမြဲတမ်းထည့်သွင်းပြောဆို ကြ၏။ ဤသည်ကား ရေမြေနှင့် ဓလေ့ ကွဲပြားမှုကြောင့်ဖြစ်တော့သည်။
'လယ်တွေ ကော ဘယ့်နှယ်နေလဲဟေ့'

'ဒီလိုချည်းပဲပေါ့ ကောင်းဆေးရိုးရာ၊ သည်တစ်မြောင်းတည်းသောက်တဲ့လူချင်းက ဘယ်မှာပိုပြီး ကောင်းနေနိုင်ပါ့မလဲ'
ကိုဆေးရိုးက လက်ဖက်စားအပြီးတွင် လက်သုတ်စရာမရှိသဖြင့် လက်သုတ်ပ၀ါပေးရန် အော်၍ တောင်းနေစဉ်တွင် ဘသန်း ထပ်မံပြောပြန်၏။
'ဒါဖြင့် နွေစာ အတွက် ဘာများလုပ်မယ်ကြံသလဲဗျ'
'မျိုးနဲ့ရိုးဖြတ်လုပ်တတ်မှ ကျန်မယ့်ဘ၀ကလားကွ၊ ချောင်းတိမ်ယာကလေးတစ်ကွက်တော့ ရှာထားတာပဲကွ'
' နို့ အိုးလုပ်တာကကော ကောင်းဆေးရိုးရ'

'ဟာကွာ ကူလီခ ဆိုမှ ကူလီခပဲကျန်တာပေါ့။ တောတက်ပြီး ကိုယ်တိုင်ထင်းခုတ်နိုင်ရင် ထင်းဖိုးကိုပါ ကို ရသကွ။ ထင်းဖိုးလိုချင်လွန်းလို့ အရဲစွန့်ပြီး တောတက်သွားတုန်းများ ဓားပြနဲ့တွေ့ ရင်တော့ နွားရော လှည်းရော အဆုံးပေါ့ကွာ'
' ဒီလိုပုံဖြင့် အခက်သားပါကလား'
ဘသန်းက ဆေးလိပ်မီးခိုးနှင့်အတူ ထန်ပြင်းသော သက်မကို ချလိုက်လေသည်။ ကိုဆေးရိုးတို့လို လက်မှု ပညာသည် တစ်ပိုင်း၊ လယ်သမားတစ်ပိုင်းများအဖို့ အသက်ရှူပေါက် ပိတ်ဆို့နေဆိုပါက လယ်ကူလီနှင့် လယ်သမား စစ်စစ်များအဖို့ကား ဆိုဖွယ်ရာ မရှိပါတော့ချေ။

' ဒီချောင်းတိမ်ယာကကော ဘာစိုက်ဖို့တုံးဗျ'
ခေတ္တမျှ ငြိမ်သက်ငေးမောနေရာက ဘသန်း၏ အသံကြောင့် ကိုဆေးရိုးမှာ ပြန်လည် လှုပ်ရှာလာရကား
'ကုလားကြက်သွန်စိုက်မလို့ကွ'

' ချောင်းပြင်ထဲတော့ ဘာဖြစ်လို့ ချမစိုက်လဲ၊ ရေလည်း မလောင်းရဘူး'
' အဲ ... မင်းက ဒါတစ်ခုတည်း မြင်တာကိုးကွ၊ ချောင်းထဲမှာ ချစိုက်မယ်ဆိုရင် ပထမဦးဆုံး စောင်ရန်း တန်းကာ ဖို့ တောတက်ရတော့မယ်ကွာ။ မ၀ယ်နိုင်ရင်တော့ စွန့်တက်ရတော့မှာပဲ။ ဒုတိယ နွားချေးချ ရတော့မယ်။ အဲဒီနွားချေးက သက်သက်ဆုံးတာပဲကွ။ လယ်ထဲ ကျဲသလို ယာထဲ ချသလို တစ်နှစ်ထက် တစ်နှစ် တိုးပြီး မြေကောင်းလာစေတာ မဟုတ်ဘူးကွ'
' ဟုတ်တယ်ဗျို့၊ ကျုပ် ကောင်းဆေးရိုးပြောမှ သဘောပေါက်တော့တယ်ဗျို့'

အနားသို့ ဘယ်အချိန်က ရောက်နေမှန်းမသိသော ဒိုင်းခေါင်းကုန်းမှ ထွန်းအံ့၏ အသံကိုကြားမှ ကိုဆေးရိုးမှာ လှည့်ကြည့်လိုက်မိကာ
'ဘယ့်နှယ်လဲဟေ့၊ မင့်အဖေတို့ အမေတို့ကော နေကောင်းကြရဲ့လား။ သူတို့ မလာကြဘူးလား'
' ကောင်းပါတယ် '
' ကဲဗျာ ပြောပါဦး၊ ကောင်းဆေးရိုးရာ '
ဘသန်း က နားထောင်လက်စ စကားကို ပြန်ဆက်ခိုင်းသည်။

' နောက် အရေးကြီးဆုံးကတော့ ရေစမ်းတတ်ဖို့ပဲကွ။ ရေချက်ချင်းဆုတ်သွားမယ့်နေရာမျိုးပဲ။ သဲကြမ်းလွန်းတဲ့ နေရာမျိုးပေါ့ကာ'
ကိုဆေးရိုးမှာ အာခြောက်လာပြီဖြစ်သဖြင့် ကပျာကယာထပြီး ရေသောက်လိုက်ရသည်။
' ငါ့လခွေးတဲ့မှ တယ်ပြီး အာခြောက်သကိုးကွ။ ဟော ... နောက်ဆုံးတစ်ချက်ကတော့ အချိန်မဟုတ်၊ အခါမဟုတ်နဲ့ ချောင်းရေတေကျလာရင် ကြက်သွန်တေရော၊ စောင်ရန်းတန်းတေပါ ရေထဲပါကုန်ပြီး တစ်ခါတည်း ခွေးဇာတ်ခင်းတော့တာပဲကွာ'

တဖြည်းဖြည်းနှင့် တရားနာပရိသတ်များမှာ များသည်ထက် များလာပြီး အုတ်အုတ်ကျက်ကျက် ဖြစ်လာ သည်။
' သြော် ... ကောင်းဆေးရိုးကို တစ်ခုမေးရီးမယ်။ ကြက်သွန်စေ့နဲ့ ခရာစေ့က တကယ်တူသလားဗျ'
' ဟ တူတာပေါ့ကွ။ သေသေချာချာ တစ်စေ့စီယူပြီး ကြက်သွန်စေ့နဲ့ယှဉ်ကြည့်မှသာ ကြက်သွန်စေ့ မဟုတ်မှန်း သိနိုင်တယ်'
' ကိုထွန်းခင်ကြီးကို ကောင်းဆေးရိုး သိလား'
' ဘာဖြစ်လို့လဲ၊ သိတော့ သိတယ်၊ ဒါပေမဲ့ သိပ်မကွမ်းဘူးကွ'

'သူပေါ့ ကောင်းဆေးရိုးရ၊ မနှစ်တုန်းက မျိုးယူဖို့ဆိုပြီး ကြက်သွန်စေ့ တစ်ပြည်လားပဲ ၀ယ်လာတယ်။ ပေါက် လာတော့ ခရာပင်တွေချည့်ဖြစ်နေလို့ ကော် ကော်ပြီး ဆဲလိုက်တာ ကောင်းဆေးရိုးရာ'
ထွန်းအံ့ က သူ၏ စကားအဆုံးတွင် အားရပါးရ ရယ်မောပစ်လိုက်သည်။
'အဲဒါ ခရာစေ့တေရောပြီး ရောင်းတဲ့လူက အ လို့က။ ခိုးလည်း ခိုးချင်ရဲ့၊ ခိုးလည်း မခိုးတတ်တဲ့ ကောင်မျိုးပဲ။ ခရာစေ့တွေကို မီးသင်းပြီး ရောင်းလိုက်စမ်းပါကွာ။ ခရာစေ့တေမှန်းလည်း မသိ၊ တစ် ပင်မှလည်း ပေါက်မလာတော့ဘူး'
' ဟင် ... ဘယ်ဖြစ်မလဲ ကောင်းဆေးရိုးရဲ့ '

' ဟ ... ဖြစ်တာပေါ့ကွ။ ပျိုးတဲ့လူ အသုံးမကျလို့ မပေါက်တာဆိုရင် ပြီးတာပဲ။ ငါဖြင့် ဒါမျိုးနဲ့ ခံခဲ့ရ ပေါင်း များ လှပြီ'
' ကောင်းဆေးရိုးတို့ဘက်တာ့ မသိဘူး၊ ကျုပ်တို့ဘက်ဖြင့် တယ်ပြီး မြွေပေါတယ်ဗျို့။ မနေ့တုန်းကပဲ စောင်းချမ်းကုန်း က နှစ်ယောက် ထိလာခဲ့ပြီဗျာ'
' အေးပေါ့၊ သတိနဲ့ သွားလာကြဟေ့။ ဒါမျိုးဆိုတာ များသောအားဖြင့် သေတာများတယ်ဟေ့'

ထို့နောက် ကိုဆေးရိုးသည် တွေဝေနေ၏။ ကိုဆေးရိုးမှာ မည်မျှကြာအောင် စိတ်လင့်ငေးစိုက်နေမိ သည် မသိ။ သီလယူရန်၊ ကန်တော့ရန်အတွက် လက်တွင်းသို့ တစ်စုံတစ်ယောက်က ဆန်ပန်းရောင်စုံများ လာထည့် မှ သတိရလေတော့သည်။
' ကဲ ... ကဲ ကန်တော့ကြရအောင်ဗျို့'
တစ်ကိုကြားမျှသာ ရွတ်ဆိုကန်တော့ကြသော အသံများက ကျောင်းဆောင်တစ်ခုလုံးဝယ် လိုဉ်သံဖြစ်ကာ ဟိန်းသွားလေတော့သည်။ ကိုဆေးရိုးမှာကား သီလပေးတာကိုလည်း ဖြောင့်ဖြောင့် မယူနိုင်၊ ပရိတ်ရွတ်သံ လည်း ခပ်ဝါးဝါးမျှသာ ဖြစ်နေရသည်။ စိတ်က အိမ်သို့သာ ရောက်ရှိနေတော့ သည်။

မိမိတို့ လူကြီးဖြစ်သောအခါမှာလည်း ဒါကိုပင် တစ်ဆင့်ပြန်ပြီး ဖောက်သည်သာချနေရလေပြီ။ ယင်း သို့ ထူးမြတ်လှသော ကထိန်တရားကို ဇွတ်မှိတ်ပြီးနာသော်လည်း ကိုဆေးရိုးမှာဖြင့် အိမ်သို့ သာပြန် ရောက်နေ၏။
'ဘုရား ... ဘုရား၊ ဘာတွေများ ဖြစ်ကုန်ပါလိမ့်'
'ကိုဆေးရိုးရေ၊ ကိုသာမောင်တို့ကော'
'နောက်မှာ ပါ ပါတယ်ဟ'
'ကျုပ်တို့အိမ်ကဟာကော ဘယ်ထန်းတော ၀င်နေခဲ့သလဲ'
'မ၀င်ပါဘူးဟ မယ်မရ၊ လာနေပါပြီ'

ကိုဆေးရိုးမှာ အိမ်ဝိုင်းထဲသို့ မ၀င်မီကပင် မကျီးဒန်ကိုလှမ်း၍မြင်နေရသဖြင့် အနည်းငယ်စိတ်အေး သွားရသည်။ သားနှင့်သမီးကိုပါ အိပ်ပျော်နေသည်မြင်ရသဖြင့် သက်မကို ဟင်းခနဲချလိုက်မိသည်။
'ကျီးဒန် ရေ၊ ကနေ့ ငါ့စိတ် ဘာဖြစ်သလဲမသိ၊ တရားတောင်မှ ဖြောင့်အောင်မနာနိုင်ဘူး။ စိတ်က လေးလိုက် တာ၊ ဘယ်လိုလေးမှန်းမသိဘူး။ ရေစက်ချပြီးပြီးချင်းပဲ အဖော်တွေတောင် မစောင့်နိုင် ဘူးဟေ့'
ကိုဆေးရိုး က ထွန်းအံ့တို့၊ ဘသန်းတို့နှင့် စကားလက်ဆုံကျရာက လယ်များတွင် မြွေပူသည့်အကြောင်းကို လက်နဲ့ ဖယ်ပစ်လိုက်တော့မှ နွားစာတွေဟာ ဖျပ်ဖျပ်ဖျပ်ဖျပ် ခုန်လိုခုန်၊ တလန့် လွန့်တလူးလူး ဖြစ်လိုဖြစ်နဲ့ လန့်ပြီး အော်ပြေးလာလိုက်တာ '

လ ဟေ ... အဲဒါဘာဖြစ်သလဲ'
' မြက်ထဲ ရောပြီး မြွေပသွားတာပေါ့။ အဲဒါကို ခုတ်မိတော့ အပိုင်းပိုင်း အတစ်တစ် ဖြစ်ကုန်တော့တာပေါ့'
' အမယ်လေး ... ဘုရား ... ဘုရား၊ ကံကောင်းလို့ပါလား လ
ကိုဆေးရိုးမှာ ရင်ထဲတွင် အေးခနဲဖြစ်သွားရသည်။ အကယ်၍ မြွေသည် လူကိုင်ထားသည့် မြက်ဆုပ်၏ အတွင်းမှာ မနေဘဲ လက်နှင့် ကိုင်လိုက်မိလျှင် ကိုယ်ကျိုးမနည်းပါပြီလေ။ မြွေသည် ဤ အချိန်တွင် ရောက်ရှိ လာနိုင်သည့် အပြင် မြက်များကို စုစည်းဖွဲ့နှောင်ရန် စီစဉ်လိုက်သောအခါ အထုံးငယ် နေသောကြောင့် ထပ်မံရိတ်ဖြတ်နေခိုက်တွင် မြွေရောက်လာပြန်ုနိုင်သည့်အတွက် အရှင် ကြီးနှင့် ပညာသည် များ၏ ဖန်ဆင်းချက် မဟုတ်ကြောင်း လယ်သမားများသိရှိနေကြသည်။

သည်အခိုက်တွင် တဲရှေ့လမ်းမမှ ဆူဆူညံညံအသံများကိုကြားရသဖြင့် ကိုဆေးရိုးက တဲဝအပြင်ဘက်သို့ ထွက်ကြည့် လိုက်သည်။ ထဘီဖြင့် အုပ်ထားသော လူနှစ်ယောက်ကို မြင်လိုက် ရသဖြင့် ကိုဆေးရိုး ရင်ထဲတွင် ထိတ်ခနဲ ဖြစ်သွားရလေသည်။
'ကျီးဒန်းရေ ... ဘာဖြစ်လာကြတာလဲ မသိဘူးဟေ့၊ ငါသွားချေဦးမယ်'

ကြုံမှ ကြုံရတတ်လေသည်။ ရွာလယ်ပိုင်းမှ ချစ်မြနှင့် လှမေတို့ သမီးရည်းစားနှစ်ယောက်မှာ လယ်ပိုးထိ၍ ပြိုင်တူ သေပွဲဝင်သွားကြရလေသည်။ စာမေးပွဲကျ၍လည်းကာင်း၊ လခ မလောက်င၍ လည်းကောင်း စွမ်းပကား မရှိသော သူများပမာ အရှုံးပေး ထွက်ပြေးကြသောသူများ၏ သေခြင်းထက် ကား ဖော်ပြနိုင်ခြင်း ငှာ မစွမ်းသာ မြင့်မြတ်သည့် သေဆုံးကြရခြင်းဖြစ်သည်။

ချစ်မြနှင့် လှမေတို့ ချစ်ကျွမ်းဝင်လာခဲ့သည်မှာ သုံးနှစ်ခန့်ရှိပေပြီ။ သည်ကြားထဲ လှမေကို လက်နက်ပြပြီး သိမ်းပိုက်ခြင်း ခံရသောအခါ ချစ်မြ မှာ တိုင်တန်းစရာအရပ်တို့ ကုန်ဆုံးခဲ့၏။ အသည်း ဆတ်ဆတ်ခါ နာရ လေသည်။ သုံးလခန့်ကြာသောအခါတွင်မူ လှမေမှာ စွန့်ပစ်ခြင်းခံရ၏။ သို့ရာတွင် ချစ်မြက လက်ထပ် ယူမည် ပြုသောအခါတွင်မူ လက်နက်ဖြင့် ခြိမ်းခြောက်ဟန့်တားခြင်း ခံရသည့်အတွက် ချစ်သူနှစ်ဦးမှာ သစ္စာတရား နှင့် ဘုရားကိုသာ အားကိုးထားပြီးခါးကုန်းခံခဲ့ကြရ လေသည်။

သူတို့ နှစ်ဦး၏ အလောင်းကိုမြင်သော ဖိုးအောင်၏ ခန့်မှန်းချက်အရဆိုလျှင် ချစ်မြနှင့် လှမေတို့မှာ မွန်းတိမ်းစ အချိန်ခန့်ကပင် သေနေကြပြီဟု ယူဆဖွယ်ရှိပေ၏။
'ချစ်မြနဲ့ လှမေဟာ အောက်ပိုင်းကို အစောကြီးကတည်းက ဆင်းသွားကြတာဗျ။ ကျုပ်ကတော့ နီးနီးနားနား မှာပဲ ရှာရိတ်မယ်ဆိုပြီး နေခဲ့တာ'
ချစ်မြ နှင့် လှမေတို့မှာ ဆွမ်းစားခေါင်းလောင်းထိုးသံ ထွက်ပေါ်လာလျှင် မြက်များကို အသီးသီးထုံးဖွဲ့ ကြပြီး လေပြီ။ လှမေက သူ၏ မြက်ထုံးကိုရွက်ပြီးရှ့မှသွားကာ ချစ်မြက မြက်ထုံး နှစ်ထုံးကို ထမ်းပိုးဖြင့်ဖောက်၍ ထမ်းပြီး နောက်မှလိုက်လာသည်။

လယ်ကန်သင်း တစ်ခုကို လှမ်း၍ နင်းလိုက်သောအခါ လှမေမှာ စွေ့ခနဲလဲကျသွား၏။ ချစ်မြ ပြေးလာပြီး ပွေ့ထူသော အခါတွင် လှမေ မှာ စကားမေး မရတော့ချေ။ လှမေအနားတွင်ကား လက်ကောက်ဝတ်ခန့် တုတ်သော မြွေပွေးတစ် ကောင်က ခွေနေသည်။ ချစ်မြက ချစ်သူအတွက် ဒေါသအဟုန်ဖြင့် မြွေကို တံစဉ် ဖြင့် ပေါက်သတ် လိုက်ကာ လှမေကို ထမ်းယူလာရာ ရှေ့သုံးကိုက်လောက်ဝေးသောနေရာတွင် ပဲရင်းပင် အုပ်ကလေး ပေါ်သို့ ခြေချော်နင်းမိပြီး ပဲချုံထဲမှ မြွေ၏ ကိုက်လိုက်ခြင်းခံရပြန်ကာ နှစ် ယောက်လုံး လဲကျ မေ့မြော သွားရလေတော့သည်။

ဘ၀တည်မြဲရေး အတွက် ရိုးသားစွာ ရှာကြံစားသောက်နေရာမှ သူတစ်ပါး၏ စောကားနှိပ်စက်ခြင်းကို ခေါင်းငုံ့ခံနေရသော ချစ်သူနှစ်ဦးမှာ အေးချမ်ွးာ အိပ်ပျော်သွားကြလေပြီ။ သို့တည်းမဟုတ် သမ္မာဒေ၀ နတ်ကောင်း နတ်မြတ်များကပဲ ရိုင်းစိုင်းယုတ်မာသော၊ လူ့လောက အတွင်းမှ သနားစရာ လူသတ္တ၀ါနှစ်ဦး၏ ဒုက္ခကို မရှုရက်နိုင်ကြသောကြောင့် အေးငြိမ်းရာသို့ပင်၊ ခေါ်ဆောင်သွားကြလေသလော။ မည်သို့ပင်ဖြစ်စေ၊ ချစ်မြနှင့် လှမေတို့မှာ ဘ၀၏ ဒဏ်ကို ကြံ့ကြံ့ခံ ခုခံ ရုန်းကနရင်း ဆုံးရှုံးနစ်မွန်းသွားခဲ့ကြရသည်။

' ကျုပ်လည်း ထမင်းစားပြီးလို့ တစ်ခေါက်ပြန်ရိတ်ရအောင် အောက်ဘက်ကို ဆင်းသွားတော့ လှမေက လယ်ကွက်ထဲ ကောက်ပင်တွေပေါ်မှာ ပက်လက်ကြီး သေနေပြီဗျ။ ချစ်မြကတော့ ခြေ ထောက်တစ်ချောင်း က ကန်သင်းပေါ်မှာတင်ပြီး အထက်ပိုင်းကတော့ လယ်ကွက်ထဲမှာ ကျရက်သားကြီး သေနေတာပဲဗျာ။ ဒါနဲ့ ကျုပ်လည်း နောက်ကြောင်းပြန်လှည့်လာပြီး ချစ်ထွန်းတို့၊ ငဘတို့ကို ခေါ်ပြီး ထမ်းလာခဲ့ရတာ'

ဖိုးအောင်က နားမချမ်းသာစရာ ဇာတ်လမ်းကို ပြာပြလိုက်ပြီးနောက် ကိုဆေးရိုးထံမှ ဆေးလိပ်မီး တောင်းကာ ညှိနေ၏။
' ချစ်မြကတော့ ပိုးထိလို့သေတာမဟုတ်ဘူးဗျ၊ ပိုးထိလို့ မေ့ပြီးကျတုန်းမှာ လယ်ကွက်ထဲမှာ ခေါင်းကျပြီး ရေနစ် သေတာဗျ'
ဖိုးအောင် က ကိုဆေးရိုး၏ ဆေးလိပ်ကို ပြန်ပေးရင်းက သူ၏ ထင်မြင်ချက်ကို ထပ်မံပြောပြနေ၏။ ကိုဆေးရိုး မှာ ဖိုးအောင် ပြန်ပေးသောဆေးလိပ် ကိုပင် လှမ်းယူရမှန်းမသိ။ မြွေဆိပ်တက်ကာ ငြိမ် နေသော 'မိလှမေ ကလေး' ၏ အလောင်းကို ရင်နာစွာနှင့် ငေးမောကြည့်နေမိရှာ၏။

စာရေးသူ - ဆင်ဖြူကျွန်း အောင်သိန်း
.
>>>ဆက်ဖတ်ရန်>>> >>