Showing posts with label ခါးရှားဒင်းအောင် ၏ ခရီးသွားဖော်. Show all posts
Showing posts with label ခါးရှားဒင်းအောင် ၏ ခရီးသွားဖော်. Show all posts

Sunday, November 4, 2012

ခါးရှားဒင်းအောင် ၏ ခရီးသွားဖော်, အပိုင်း (၁၅)(ဇာတ်သိမ်း)

၁၉၈၇ ခု၊ ညောင်တုန်း
အိမ်ရှေ့က တောထန်းတစ်ပင်


" ဟဲ့ ကောင်တွေ၊ ခဲနဲ့မပစ်နဲ့ လို့ပြောတာမကြားဘူးလား "
" ဟဲ့ ကလေးတွေ၊ ခဲနဲ့မပစ်နဲ့လို့ ငါဘယ်နှခါပြောရမလဲ၊ ငါ ထွက်ရိုက်လိုက်ရ "
ဤအသံ သည် ယခုတလော ဦးဝိအိမ်မှ နံနက်ပိုင်းတစ်ခါ ညနေပိုင်းတစ်ခါ ကြားနေကျအသံဖြစ်သည်။ ဦးဝိ၏ အိမ်ရှေ့ တွင် တောထန်းတစ်ပင်ရှိသည်။ ဤတောထန်းကို လွန်ခဲ့သည့် ၁၀ နှစ်ခန့်က စိုက်ထားခြင်း ဖြစ်၏။ ထိုစဉ်က တောထန်းပင် ကို မိမိခြံဝင်းအထဲတွင် စိုက်ထားသော်လည်း ယခုလမ်းချဲ့၊ မြောင်းဖောက် တော့ အပြင်ဘက်ရောက်သွားပြီ။
ယခုတလော တောထန်းသီး မည်းမည်း ညိုညိုများသည် စပျစ်သီးသီးသကဲ့သို့ အခိုင်လိုက် ပြွတ်သိပ်စွာ သီးနေကြသည် မှာ အလွန်ပင် ကြည့်ကောင်းလှ၏။ အဝေးက ကြည့်လျှင် တောထန်းသီးမှည့်နေသည်မှာ စပျစ်သီးမှည့်နှင့် တူလှ၏။ သို့သော် တောထန်းသီးသည် စပျစ်သီးထက်ကြီးသည်။ ကွမ်းသီးနှင့် မတိမ်းမယိမ်း ရှိ၏။ တောထန်း ကို ကချင်ဘာသာအားဖြင့် တိန်ဂေါ် (Tinggaw) ဟု ခေါ်သည်။

ကျောင်းသားကလေးများသည် ဤတောထန်းသီးများကို လမ်းပေါ်မှ ကျောက်ခဲများဖြင့် ပစ်ပေါက်ကြပြီး ကျလာ သည့် အသီးများကို ကျောက်တုံးများပေါ်တင်၍ ကြေမွသွားအောင် ထုခွဲကြ၏။ ပြီးမှ အလွန်မာသည့် အဆန်ကို ညက်ညက်ကြေအောင် ၀ါးစားကြသည်။ ဖန်ဆိမ့်အရသာရှိသည်။
ဤအရသာ ကို ကြိုက်၍ တစ်ကြောင်း၊ တစ်ခါပစ်လျှင် (၁၀)လုံးခန့် ကျလာသ်ကို သဘောကျ၍ တစ်ကြောင်း၊ သူတို့ တစ်တွေ ခဲနှင့် ပျော်ရွှင်စွာ ပစ်ပေါက်ခြင်းဖြစ်၏။ ဦးဝိသည် ခြံဝင်းတံခါးအပြင်ဘက်တွင် အုတ်သမံ တလင်းရေမြောင်းအထိ ခင်းထားရာ ထိုနေရာသည် ကလေးများ တောထန်းသီးထုစားရန် စပါယ် ရှယ်ကွင်းပြင်ဖြစ်နေလေ သတည်း။
ဦးဝိ သည် ကလေးများအား ဆူငေါက်နေသည်မှာ အကြောင်းမဲ့မဟုတ်။ ဦးဝိတွင် အကြံတစ်ခုရှိသည်။ ဤ တောထန်းသီးများနှင့် လုပ်ငန်းတစ်ခု အကောင်အထည်ဖော်ရန်ဖြစ် သည်။ တောထန်းဆီ ထုတ်မည်။ တောထန်းဆီဖြင့် မီးဖိုချောင် အသုံးစရိတ် လျှော့ချမည်။ ဤကား ဦးဝိ၏ လျှို့ဝှက်အကြံတည်း။

တောထန်းဆီ သည် အ၀ါရောင်ရှိ၍ ထောပတ်လား အောက်မေ့ရ၏။ ထမင်းပူပူပေါ် ဆားဖြူး၍ တောထန်းဆီ ဆန်းကာ ရောနယ်စားသည်ကို ကလေးများ အလွန်ကြိုက်ကြ၏။ ပူတာအိုနှင့် မချမ်းဘောမြို့နယ် များတွင် တောထန်းဆီ ထုတ်လုပ်ရန် စီမံဆောင်ရွက်နေကြသည်ဟု သိရသည်။
ဦးဝိသည် တောထန်းဆီစားဖး၏။ သို့သော် တောထန်းသီးမှ အဆီကို မည်သို့ညှစ်ယူရသည်ကိုကား မသိရှိ၊ မမြင်ဖူးလေ။ ထို့ကြောင့် မချမ်းဘောမြို့ မှ ယခုတလော ပြောင်းရွှေ့လာသည့် ဦးဇော်ရှောင်ထံသွားလေသည်။

" ဒီမှာ ဦးဇော်ရှောင်၊ ကျွန်တော့်အိမ်မှာ တောထန်းသီးနေတယ်၊ အဲဒါ ခင်ဗျားဆီထုတ်၊ ဆီကြိတ်တဲ့ နည်း သိရင် ပြောပြပါဦး" ဟု မေးလေသည်။ ဦးဇော်ရှောင်က -
" ကျွန်တော်တို့ ဘက်မှာတော့ တောထန်းဆီ အတော်များများ ထွက်ပါတယ်။ လီဆူတွေ ဆီထုတ်တဲ့ နည်း ပြောပြမယ်။ ပထမ ဗျက်အကျယ်တစ်ပေ။ တစ်ချပ်ရဲ့ အလယ်လောက်မှာ စက်ဝိုင်းပုံမြောင်းဖောက်ပြီး အနားတစ်ဖက်စွန်း အထိ မြောင်းလုပ်ထားတယ်။ သဘောကတော့ ဆီပျိုကျဖို့ မြောင်းပဲ။ အဲဒီ ပျဉ်နှစ်ချပ် ကို တောထန်းပေါက်ရာ တောထဲ ထမ်းသွားတယ်။ ပြီးတော့ သစ်ပင်ကြီးတစ်ပင်မှာ ခါးအထက်လောက် အပေါက်ဖောက် တယ်။ ပြီးတော့ သူတို့ထမ်းလာတဲ့ ပျဉ်နှစ်ချပ်ရဲ့ အစွန်းတစ်ဖက်ကို သစ်ပင်ပေါက် ထိုးလိုက်တယ်။ အလယ်မှာမြောင်းပါတဲ့ ပျဉ်ချပ်ကတော့ အောက်ကပေါ့။

အဲဒီလို ကိရိယာ တပ်ဆင်ထားပြီးတဲ့နောက် တောထန်းသီးများကို ရေနွေးထဲထည့်ပြုတ်၊ အခွံခွာ၊ ခွာလို့ရတဲ့ အသီးခွန်များ ကို စပါယ်ရှယ်ယက်လုပ်ထားတဲ့ ၀ါးချင်းထဲထည့်၊ သစ်သားပြား စက်ဝိုင်းမြောင်းပေါ်မှာတင်။ ပြီးတော့ လူ့လက်နဲ့ ဖိ။ မရရင် လူတက်စီးပြီး ဖြည်းဖြည်းချင်း ညှပ်လိုက်တယ်။ သိပ်မကြာပါဘူး ဆီဝါ၀ါအရောင် နဲ့ ရောနေတဲ့ အရည်ထွက်လာတော့တာပဲ "
ဦးဇော်ရှောင် က ရှည်လျားစွာ ရှင်းပြလေ၏။ တစ်ခုကျန်နေသည်မှာ သစ်သီးအရည်နှင့် ရောနေသည့် ဆီကို မည်သို့ သန့်စင် ယူပါသနည်း။ ဦးဇော်ရှောင်ပြောပြရန် မေ့သွားဟန်ရှိသည်။ သို့သော် ဦးဝိသည် ငတုံးမဟုတ်၊ တစ်ခါပြောတာ နဲ့ နားလည်ပီး အသေးအဖွဲအတွက် ဦးနှောက်အသုံးချမည်။ သို့နှင့် အိမ်မှ ထိုကိရိယာများ ငါကိုယ်တိုင် လုပ်အံ့ ဟု ဆုံးဖြတ်ကာ ဦးဇော်ရှောင်အား နှုတ်ဆက်၍ အိမ်သို့ တက်ကြွစွာပြန် သွားလေသည်။
ထိုနေ့ ညနေ တွင် တောထန်းသီးတစ်လုံးမကျန် ခူးသည်။ နောက်လွယ်နှစ်ခု အပြည့်ရ၏။ ဤတွင် အသီး ကို အခွံ ခွာရန် ပြဿနာရှိလာ၏။ အသီးကို ရေနွေးနှင့်မပြုတ်ချင်။ ရေနွေးနဲ့ပြုတ်က အစေ့သေသွားမည်။

အခွန် ဆီကြိတ်ပြီး အစေ့ကို မျိုးအဖြစ်ရောင်းမည်။ ပျိုးပင်ထောင်၍ ရောင်းမည်။ ဤကားဦးဝိ၏ စီးပွားရေး စီမံကိန်း တည်း။
တောထန်းရွက်သည် အမိုးလုပ်ရန် အကောင်းဆုံး သဘာဝဖက်ရွက်ဖြစ် ၏။ တောင်ပေါ်ဒေသ တွင် တောထန်း ရွက်ဖြင့် အိမ်မိုးကြသည်။ သို့သော် အသီးတို့ကား သူတို့မရကြ။ တောတိရစ္ဆန်များ လူထက် ဦးသည်။ ကောင်းစွာ မမှည့်ခင် ကတည်းက အသီးကုန်ပြီ။ ယခုအခါ ကုမ္ပဏီကြီးများ လုပ်ငန်းရှင်လောပန်း ကြီးများ တစ်တောလုံး တစ်တောင်လုံး ၀ယ်ယူပြီး၊ ကြက်ပေါင်ပင်၊ ကျွန်းစသည့် နှစ်ရှည်ပင်များစိုက်ကြ သည်။ ဒီအပင်များ စိုက်ရန် တောရှင်း၊ မီးရှို့ ၍ သဘာဝသက်ငယ်တောများ တစ်ချို့ ပျောက်ကွယ်သွားပြီဖြစ် ၏။
ဒီတော့ တောထန်းရွက်ဖြင့် အစား ထိုးရန် လိုပြီ။ ကျုပ်တောထန်းသီးသည်လည်း အဘိုးတန်ရတနာ ဖြစ်လာ ပြီဟု ဦးဝိ တွက်ချက် အဖြေထုတ်လေသည်။
သို့နှင့် ဦးဝိ ၏ မိသားစုတစ်ခုလုံး ဓား၊ ဓားမြှောင်ကိုယ်စီနှင့် တောထန်းသီးတစ်လုံးချင်း အခွံခွာကြသည်မှာ (၂)ရက် တိတိကြာလေသည်။ လက်မလက်ညှိုးထိပ် များတွင် တောထန်းဆီဝါ၀ါ အရောင်စွဲကျန်နေသည် မှာ နောက်ထပ် (၃)ရက်ခန့်ကြာသတည်း။ နောက်နေ့နံနက် ဦးဝိ၏ ဇနီးဈေးသွားရင်း ထန်းစေ့လိုက်စပ်ရာ တစ်လုံး လျှင် ၁၀ိ/-နှုန်းဖြင့် အလုံးတစ်ရာ ရောင်းရရာ ငွေတစ်ထောင်ပိုက်၍ ပြန်လာ၏။

" ကြည့်ကြည့် ကျုပ်တို့ ပင်ပန်းရကျိုးနပ်ပြီ။ ငါ့တွက်ကိန်းမှန်ပြီ" ဟု ၀မ်းပန်တသာ ပြောဆိုလေသည်။ ဆက်လက် ၍ - " ထန်းစေ့ အများကြီးကျန်သေးတယ်၊ ကျုပ်ပလတ်စတစ်အိတ်နဲ့ ပျိုးထောင်မယ်၊ တစ်ပင် ၁၀၀ိ/-နှုန်းရောင်း မယ် ဒီတော့ ငွေလေးငါးသောင်းရဦးမယ်" ဟု သူ့မိန်းမအား မစားရ ၀ခမန်းပြောကြားလိုက်သည်။
လောလောဆယ်တော့ ဆီညှစ်ရန် ဦးစားပေးရမည်။ သို့မဟုတ်က အသီးခွံများ ခြောက်၍ ဆီထွက်နည်းမည်။ ဆီညှစ် ရန် အခွံများကို ပေါင်းရန်လိုမည်ဟု သူ၏ ဇနိးက အကြံပေးရာ၊ ရေနွေးဖြင့်ပြုတ်၍ ခွာရသည်ဟု ဦးဇော်ရှောင် ၏ ပြောစကားနှင့် နီးစပ်သဖြင့် ဟုတ်တန်ရာ၏ဟု ယုံကြည်လက်ခံပြီး သံပေါင်းအိုးကြီး တွင် ပေါင်းလေသည်။

ဦးဝိ သည် ဆီကြိတ်ကိရိယာ ကို ဦးဇော်ရှောင် အကြံပေးသည့်အတိုင်း ဆောင်ရွက်ထား၏။ သစ်သားပြား နေရာတွင် "ပေတစ်" ပျဉ်ပြား ကိုသုံးသည်။ သို့သော် သစ်ပင်ထွင်း၍ သစ်သားပြားနှစ်ချပ် ထိုးထည့် ရမည့် အရေးတွင် အခက်တွေ့ပြီ။ အိမ်ခြံဝင်းဖြစ်၍ သစ်ပင်ကြီးကြီးမားမား မရှိ။ ရှိသည့်အပင်မှာလည်း ဒညင်း ပင် ဖြစ်၍ အပေါက်ဖောက်သော် သေသွားလျှင် ခက်ရချည်ရဲ့ဟု တွေးမိပြီး သစ်ပင်တွင် ထွင်း၍ ထည့်ရန် မလို သောနည်းလမ်း ကို ကြံဆလေသည်။
သစ်သားပျဉ်ချပ်နှစ်ခု ကို ပတ္တာနှင့်တွဲသောနည်းကို သုံး၏။ ပြီးမှ ဖိချသည့်အခါ မကြွအောင်၊ မယိုင်အောင် အောက်ခံပြား ကို အသေစိုက်ထားသော ပျဉ်တိုပျဉ်စများတွင် အသေတုတ်နှောင်ထား၏။ အသင့်ဖြစ်သော အခါ ၀ါးခြင်း အစား မလေးရှားမြွေရေခွန်အိတ်ကို သုံးသည်။ ထိုအိတ်ခွန်တွင် အသီးခွန်များ ထည့်ပြီး နိုင်လွန်ကြိုးနှင့် ရစ်ပတ်ချည်နှောင်၍ အထုပ်လုပ်သည်။ ပြီးလျှင် မြောင်းဖောက်ထားသော စက်ဝိုင်းပေါ်တွင် တင်ပြီး အပေါ် ပျဉ်ချပ်နှင့် ညှပ်၏။ ထို့နောက် ဆီထွက်လာရန် လက်နှင့်ဖိရုံမက လူတက် စီးပြီးညှစ်လေ သည်။

ပထမအထုပ် တွင် ပြဿနာမရှိ ဆီနှင့်ရေရောနေသော အ၀ါရောင်အရည်များသည် ဖောက် ထားသော မြောင်းမှ တစ်ဆင့် စီးဆင်းနေသည် မှာ အားရစရာ ကောင်းလှ၏။ သို့သော် ဒုတိယမြောက်အထုပ်တွင် ပြဿနာ စတင်ပေါ်ပြီ။ ဦးစွာ ပတ္တ၀က်အူ ကျွတ်ထွက်သွား၏။ နောက်တစ်ခါ ဆီထွက်ရန် ပျဉ်ပြားပေါ် လူတက်ဖိတော့ ပျဉ်ချပ် တွဲထားသော တိုင်ကြွတက်လာ၏။ ဤသို့ ကိရိယာတစ်ခုပြီးတစ်ခု ချွတ်ယွင်းသွားပြီး ဆီထွက်ရန် လုပ်ထားသော ပျဉ်ချပ်ကြီးစောက်ထိုးမိုးမျှော်ဖြစ်ကာ အလုပ်မဖြစ်တော့။
ဤဒုက္ခကို တွေ့မြင်နေသော ဦးဝိ၏ ဇနီးသည် မုန်ညင်းဆီကြိတ်သည့် ဦးဇော်လီထံ သွားကြိတ်ကြည့်ပါဟု အကြံပေးလေ ၏။ သို့နှင့် ဦးဝိသည် သစ်သီးခွန်တစ်ဆုံစာယူ၍ သွားကြိတ်လေသည်။ ထွက်ရှိလာသော အဖြေ မှာ ကလေးမစင်ကဲ့ သို့ ပျော့စိစိ ပျဉ်းတွဲတွဲအရာများသာကျလာ၏။ မည်သည့်အရည်၊ ဆီတစ်စက်မှ ထွက်မလာ။

သို့နှင့် ဦးဇော်လီက ခြောက်အောင်လှန်းပြီးမှ ပြန်စမ်းကြိတ်ပေးမည်ဟု ပြောလွတ်လိုက်၏။ သုံးရက်ခန့် အခြောက်လှန်း ၍ ပြန်လာသောအခါ -
" ကျွန်မ တို့၊ မုန်ညင်းစေ့ကြိတ်တော့ ဆီလုံးဝ မထွက်တော့ဘူး၊ မစင်လို အဖက်ပဲကျလာတယ်။ ဒါနဲ့ ကြတ်ဆုံ တစ်ခုလုံး ဖြုတ်ပြီး ဆေးကြောသန့်စင် ထားတယ်။ သစ်သီးဖတ်တွေ ဖယ်ရှားရတယ်။ ထပ်မစမ်း နိုင်တော့ဘူး" ဟု ဦးဇော်လီ ၏ ဇနီးက ဆီးပြောလိုက်သည်။
ဤတွင် ဦးဝိ ၏ တောထန်းဆီထုတ်လုပ်ရေး မဟာစီမံကိန်းသည် ယခင်တစ်ခါမှ မလုပ်ဖူးခြင်း၊ စနစ်မကျခြင်း၊ နည်းလမ်း မမှန်ခြင်း စသည့် အားနည်းချက်တွေကြောင့် နိဋ္ဌိတံသွားလေသည်။ ဆီတစ်စက်မှ မရလိုက်၍ ဦးဝိ သည် အကြီးအကျယ် စိတ်ဓာတ်ကျငေးမှိုင်၍နေလေ၏။

ထိုအချိန်တွင် သူမွေးထားသော ၀က်နှစ်ကောင်မှာ ဗိုက်ဆာလွန်း၍ ခုနစ်အိမ်ကျော် ရှစ်အိမ်ကြားလောက် အောင် တအား ကုန်းအော်နေကြသည်။ သို့နှင့် ဦးဝိသည် စိတ်ပေါက်ပေါက်နှင့် ၀က်စာကျင်းခွက်သို့ သစ်သီး ဖတ်များသွန် ၍ ပေးလေ၏။ ထိုအခါ ၀က်နှစ်ကောင်သည် ကိုယ်ချင်းတိုက်၊ ခေါင်းချင်းပွတ် တစ်ကောင်နှင့် တစ်ကောင် တွန်းဖယ်ကြကာ အလုအယက် စားသောက်ဝါးမျိုကြသည်မှာ " ပြိုက်ပြိုက်"  မြည်လေတော့ သည်။
ထိုဝက်နှစ်ကောင် ၏ တောထန်းသီးဖတ် ၀ါးမျိုနေသည့် အသံမှာ ဦးဝိ၏ နားတွင် ဂီတသံကဲ့သို့ နားဝင်ချိုလှ ၏။ စိတ်ထဲတွင် လည်း " နှိပ်ဟ" ခုတလော ဆန်ကွဲဈေးက တစ်ပြည် ၃၀၀ိ/- ဖွဲနုတစ်ပြည် ၂၀၀ိ/- ၀ယ်ကျွေးနေ ရတာ၊ မနက်ဖြန်ကစပြီး ဤသစ်သီးဖတ်များဖြင့် အစားထိုးတော့အံ့ဟု အကြံရကာ ပီတိလှိုင်း ရိုက်ခတ်သဖြင့် သူ၏ နှုတ်ခမ်းအစုံပင် ခပ်ယိုင်ယိုင်ဖြစ်သွားလေသည်။
ဦးဝိ သည် တောထန်းစေ့များကို ပျိုး၍ ရောင်းချရေးစီမံကိန်းပြုလုပ်လေ၏။ ဦးစွာ အစေ့များကို မြေကျင်းထဲမြှုပ်။ အပင်ပေါက်လာ၍ အရွက်တစ်ထွာခန့် ထွက်လာသည့်အခါ ၇ လက်မ x ၅ လက်မ အရွယ် ပလတ်စတစ် အိတ်ထဲပြောင်း၍ ပျိုးထောင်လေသည်။

ပျိုးပင် ၁၀၀၀ ခန့် ရှိလေ၏။ သူသည် ဥယျာဉ်ခံမြေဧကပေါင်းများစွာ ဦးပိင်ပေါက်ထားသော လောပန်းကြီး တစ်ယောက်ထံ သွား၍ စပ်လေသည်။ လောပန်းကြီးက ယူမည်။ စိုက်မည်။ တစ်ပင် ဘယ်လောက်လဲ စသည်ဖြင့် ဈေးညှိကြ ရာ တစ်ပင် ၁၀၀ိ နှုန်း ငွေတစ်သိန်းဖြင့် သဘောတူနှုတ်စာချုပ်ချုပ်ဆိုကြသည်။
ထောထန်းသီး သည် နိုဝင်ဘာလတွင် ရင့်မှည့်သည်ဖြစ်ရာ ဦးဝိ၏ ပျိုးပင်သည် နှစ်ဆင့်စိုက်ရသည့်တိုင် ဧပြီလ တွင် စိုက်ပျိုးရန်အသင့်ဖြစ်ပီ။
သို့နှင့် လောပန်းကြီးထံသွား၍ အပင်လာယူရန် ပြောသောအခါ ဇွန်လမိုးကျမှ လာယူမည်ဟု ရက် သတ်မှတ် လေ၏။ ဇွန်လရောက်၍ လာယူပါမည်ဟု ပြောသောအခါ နောက်တစ်ပါတ်၊ နောက်တစ်ပါတ်နှင့် ရက်ရွှေ့ ရွှေ့ သွားသည်မှာ နောက်နှစ်ဆန်းအထိ လာမယူပါ။

ဦးဝိသည် တစ်နေ့နေ့ ငွေတစ်သိန်းရနိုးနိုးနှင့် နေ့စဉ် ရေလောင်းနေရသည်မှာ တစ်နှစ်နီးပါးရှိခဲ့ပြီ။ တစ်နေ့ လောပန်းကြီးနှင့် ဆုံသည့်အခါ -
" တောထန်းပင် ရှိသေးလား၊ ယူမှာနော" ဟု ပြောပြန်၏။ ဂင်ရန်လီသိပြီးပါပြီ။ စကားအရာသာဖြစ်ကြောင်း။
" ဒီတော့ ထန်းပျိုးပင်အကြောင်းတော့ မပြောဘဲ နေရအောင်၊ အခြားကိစ္စပြောကြတာပေါ့" ဟု စိတ်ပေါက် ပေါက်နှင့်ပြောလေ ၏။ ရိုင်းသွားပြီလား၊ မတတ်နိုင်၊ အမှန်တော့ ဤကိစ္စ ဦးဝိမှ စတင်ခြင်းသာဖြစ်၏။ သူ မယူလည်း အပြစ်မဆိုသာ။ သို့သော် ဦးဝိ၏စိတ်တွင် ငွေသိန်းထောင်ပေါင်းများစွာကိုင်၍ အလုပ်လုပ် သူများ သည် ငွေအနည်းငယ်ကိုပင် အရေးတကြီး မျှော်လင့်နေသူများကို ကိုယ်ချင်းမစာနိုင်ကြပါတကား" ဟူ၍။

ဦးဝိသည် စိတ်ဓာတ်မကျဘဲ နောက်နှစ်သီးသည့် အသီးကို ပျိုးထောင်ပြန်၏။ ဤတစ်ကြိမ်တွင်တော့ မိမိ ပစ္စည်း မရောင်းချမီ သူ့ဘက်က ပြင်ဆင်မှု အကြီးအကျယ်ပြုလုပ်ထား၏။ ရှယ်ကြော်ငြာစာလုပ်၏။ ကွန်ပျူတာ ဖောက်သည်။  ဗိုင်နိုင်းလ် (Vinyl)စက္ကူဖြင့် အကျအနပြုလုပ်ထားသည်။ ကြော်ငြာစာတွင် -
- တိရစ္ဆန်ဘေးမဲ့တော အတွက် အကောင်းဆုံး အသီးပင်ဖြစ်သည်။
- တောထန်းရွက် သည် အိမ်မိုးရန် အကောင်းဆုံးသဘာဝသစ်ရွက်ဖြစ်သည်
- အကောင်းဆုံး သဘာဝသစ်သီးစားဆီ ရသည်။
 ထောင်းစား၍ရသည်။ အချဉ်တည်စား၍ရသည်။
- အဖတ်ကို ၀က်ကျွေး၍ရသည်။

အထက်ပါစာတမ်းနှင့် ပြွတ်သိပ်စွာ သီးနေသော တောထန်းပင်ပုံပါ ရှယ်ဗိုင်နိုင်းလ် ကြော်ငြာ စာကိုင် ၍ လောပန်းကြီး တစ်ယောက်ထံစပ်ရာ အမှန်ပင်၊ အပင်အားလုံး ၀ယ်ယူသွားပါတော့သည်။
ဦးဝိ သည် နှစ်နှစ်ပေါင်း တောထန်းပျိုးပင်များကို အမှန်တကယ်ရောင်းရ၍ ပျော်ရွှင်နေမိသည်။ တစ်ဆက်တည်း တွင် ဤတောထန်းပင် နောင်နှစ် နောင်နှစ်တွေမှာလည်း သီးဦးမည်။ အသီးသီးတော့ ပျိုးပင်ထောင် မည်။ ပျိုးပငများကို ဥယျာဉ်ခြံမြေပိုင်ရှင်မျးကို ရောင်းမည်။ ပျိုးပင်ရောင်းတော့ ငွေရမည်ဟု စိတ်ကူးနှင့် မြူးနေကာ တစ်ပင်တည်းသော တောထန်းပင် အား ရွှေချချင်စိတ်ပင်ပေါ်လာပါတော့သည်။

........................................................................
အိပ်မက်မှနိုးထသောအခါ

" အဖေကြီးထတော့၊ ရှင် မြို့ဈေးသွားရမယ် "
ဦးဇော်တောင်သည် ပင်ပန်းလွန်းလှသဖြင့် အိမ်ရှေ့တညင်းပင်ရိပ်တွင် အိပ်ပျော်နေရာမှ ဇနီးသည်၏ အသံ သဲ့သဲ့ကြားရ ၍ အပေါ်မျက်ခွံလွှာနှစ်ခုတို့ အားယူ၍ ပင့်တင်လေ၏။ သို့သော် မျက်ခွံလွှာကို တင်၍ မရ။ လေးလံလှသည်။ ချက်ခြင်းပင် အပေါ်နှင့် အောက်မျက်ခွံလွှာနှစ်ခုသည် တင်းကြပ်စွာ ပြန်စေ့ သွားလေသည်။

ဦးဇော်တောင်သည် ယခုသူနေထိုင်သည့် မြို့စွန်ရပ်ကွက်သို့ လွန်ခဲ့သည့် နှစ်သုံးဆယ်ခန့် က ရောက်လာ အခြေချခဲ့သည်။ မိမိဇာတိမြေကို စွန့်ခွာ၍ အနာဂတ်ကာလအတွက် ဘ၀တစ်ခုတည်ဆောက်ရန်ဖြစ်သည်။
သူ၏ ဇာတိရွာ သည် တောင်ပေါ်ဒေသဖြစ်သည့်အလျောက် အားလုံး တောင်ယာခုတ်စပါးစိုက်ပြီး အသက်မွေးကြသည်။ အနည်းငယ်သော မိသားစုများကသာ လျှိုမြောင်ရှင်း၍ လယ်လုပ်ကြသည်။ ဤဒေသတွင် ရှေးဘိုးဘေးအဖေအမေတို့၏ ဘ၀ခရီးလမ်းကြောင်းအတိုင်း တသွေမတိမ်း နမူနာယူ၍ ဘ၀ခရီး အစအဆုံး လျှောက်လှမ်းကြသည်။ ကိုးကွယ်ယုံကြည်မှုမှာ ဘ၀နိဂုံး၏ ဟိုမာဘက်အစသည် ဘိုးဘွားများ လားရာအရပ် သို့ လိုက်သွားရခြင်းသာဖြစ်သည်။ သို့သော်၊ သူသိတတ်သောအရွယ်တွင် သူတို့၏ ရွာ၊ သူတို့၏ ကမ္ဘာဆီ သို့ ပတ်ဝန်းကျင်၏ ဂယက်ရိုက်ခတ်မှုကြောင့် လှုပ်လှုပ်ရွရွဖြစ်ခဲ့ရသည်။ သူ နှင့် မိဘများ၊ အခြားရွာသူရွာသားများ ရွာကို စွန့်လွှတ်၍ တောတောင်ထဲ ရှောင်တိမ်းနေခဲ့သည်ကို မှတ်မိ သည်။ နောင် ကြီးလာသော အခါ ဒုတိယကမ္ဘာစစ်၏အမြီးဖျား ရိုက်ခတ်ခံရသည်ဟု သိရသည်။ ထို့နောက် မကြာမီမှာပင် ကိုးကွယ် ယုံကြည်မှု သည်လည်း ပြောင်းလဲသွားသွားသည်။

သူအရွယ်ရောက်ခါစတွင် ပတ်ဝန်းကျင်ဘ၀အခြေအနေလုံးဝပြောင်းလဲသွားသည်ဟု ဆိုနိုင်သည်။ သူ၏ရွာ တွင် ဆက်နေ လျှင် ဘ၀လုံခြုံမှုပင် အာမခံချက်မရှိသော အဆုံးမမြင်သော ခရီးတစ်ခုလျှောက်ရမည့် ကိန်း ဆိုက်သွားတော့ သည်။
ဤတွင် မိဘများ သည် တစ်ဦးတည်းသောသားအား မျိုးဆက်ပြတ်မသွားရေးအတွက် အကြံထုတ်ရတော့ သည်။ သူတို့သည် ယောက္ခမမျိုးသမီးပျိုမဂျာဘောက်နှင့် လက်ထပ်ပေးပြီး ဘ၀လုံခြုံမည်ထင်ရာ မြို့ပြဆီ သို့ လွှတ်လိုက်ကြသည်။ သို့နှင့် မောင်ဇော်တောင်နှင့် မဂျာဘောက်သည် ဇာတိမြေကို အပြီးအပိုင် စွန့်ခွာ သွားကြ သည်။

သူတို့သည် မြို့ရောက်တော့ မြို့စွန်ရပ်ကွက်တစ်ခုတွင် အခြေချခဲ့ကြသည်။ မိဘများ ကျွဲနွားရောင်း ၍ ပေးလိုက်သော ငွေအနည်းငယ်ပါလာကြသည်။ မြို့ရောက်သော်လည်း မြို့နှင့် သဟဇာသဖြစ်သည့် အသက်မွေးဝမ်းကျောင်း ပညာ မတတ်။ ဒီတော့ မိမိအိမ်နီးချင်းအသိများနှင့် တိုင်ပင်ကာ ကြံစိုက်ပျိုးကြ သည်။ ကြံကို နမ္တီးသကြားစက် သို့ သွင်းသည်။
လင်မယားနှစ်ယောက် အားခွန်ပြည့်သည့်အရွယ်ဖြစ်၍ တက်ညီလက်ညီ ကြိုးစားလုပ်ကိုင်ကြရာ သုံးလေးနှစ် အတွင်း စုမိဆောင်းမိကြ၏ နှစ်ဧကခန့် လယ်တစ်ကွက်ပင်ပိုင်ပြီ။
မောင်ဇော်ထောင်နှင့် မဂျာဘောက်တို့သည် အိမ်ထောင်သက်တစ်နှစ်ကျော်တွင် သားယောက်ျား တစ်ယောက် မွေးကြ သည်။ သို့သော် အဖတ်မတင်ခဲ့။ ထိုမှ သုံးလေးနှစ်ကြာသည့်တိုင် ကလေးမရကြသေး။ ဦးဇော်တောင် သည် ဇနီးသည် ကလေးမမွေးဘဲ မြုံနေအကြီးအကျယ် စိတ်ဆင်းရဲသွား ၏။ မိမိ၏ မျိုးနွယ်ကို မည်သူ ဆက်ခံမည်နည်း။

လူမျိုးထုံးတမ်းဓလေ့အရ၊ ဆွေစဉ်ဆက်အမျိုးနာမည်၊ အိမ်ထောင်စုနာမည်ရှိသည်။ သားယောက်ျားက ထို အမျိုး အိမ်ထောင်စု နာမည်ကို ဆက်ခံရသည်။ အကယ်၍ အကြင်သူတစ်ယောက်သည် သားယောက်ျား မမွှေးဘဲ သမီး မည်မျှပင် မွေးပါစေ၊ အမျိုးအိမ်ထောင်စု နာမည်ဆက်ခံခွင့်မရှိ။ ဇော်တောင်တို့လူမျိုးတွင် ဘိုးဘွားစဉ်ဆက် ၏ မျိုးတုံးမည့် ကိစ္စလောက် ကြောက်ရသည့်အရာမရှိပြီ။ ဤအကြောင်းကြောင့်ပင် ဦးဇော်တောင်သည့် ဇာတိမြေစွန့်၍ မြို့ တွင်ပုန်းခိုနေခြင်းဖြစ်သည်။
သို့နှင့် ဦးဇော်ထောင် သည် သူ၏ ဆွေစဉ်မျိုးဆက်မပျက်သုဉ်းရေအတွက် နည်းမျိုးစုံကြံဆပါတော့သည်။ သားမွေးစားရေး အပါ သားရရှိရေးအတွက် ရိုးရာဆေးဝါး၊ သစ်ဥသစ်ဖုပြုတ်သောက် သည်။ ဆေးရုံသွား ၍ ဆေးစစ်မှု ခံယူသည်။ ယုံကြည်ကိုးကွယ်မှု အရ ဆုတောင်းသည်။

တစ်ခုတော့ရှိသည်။ မိမိတွင် သားယောက်ျားမထွန်းကားသော်လည်း ဥစ္စာပစ္စည်းများကား အသစ်သစ်တွေ မွေးဖွား လာသည်။ မိမိတို့လင်မယားနှစ်ယောက် ဇာတိမြေမှ အလွယ်ကိုယ်စီနျင့် မြို့ပေါ်သို့ရောက်လာစ တွင် နေစရာမြေမရှိ၊ အိုးမရှိ၊ အိမ်မရှိ ယခုတော့ ထိုသို့ မဟုတ်ပြီ။ ဆယ်စုနှစ် တစ်ခု မကျော်မီ မှာပင် အိုးအိမ် အတ်တျဖြစ်လာပြီ။ အိမ်ပေါ်က ဆင်းလျှင် ကောက်ရိုးခြောက် စားနေသည့် နွားတစ်ရှဉ်းပါ နွားတစ်အုပ်က မိမိကို နှုတ်ဆက်နေကြပြီ။ မနီးမဝေးတွင် လယ်တစ်ကွက် လည်း ရှိသေးသည်။ မချမ်းသာသော်လည်း မဆင်းရဲတော့။ ဒီတော့ ဤအရာများကို အမွေဆက်ခံဖို့ သားယောက်ျား လိုပြီ။

မကြာမီနှစ်အတွင်း ဦးဇော်တောင်၏ ဇနီးသည် ထူးထူးခြားခြား သားယောက်ျားနှစ်ယောက် ဆက်တိုက်မွေး ပေး သည်။ ဤတွင် သူသည် ကမ္ဘာလောက၌ သူသာလျှင် အပျော်ဆုံး လူသားဟု ခံယူ၏။ ဆွေစဉ်မျိုးဆက် ခံယူဖို့ သားယောက်ျား ရပြီ။ မိမိဘ၀ ဘာများ လိုသေးသနည်း။ သူကြွေးကြော်ခဲ့သည်။
သူသည် ဆွေစဉ် မျိုးဆက်အတွက် ကြက်မောက်ပင်၊ သရက်ပင် စသည့် နှစ်ရှည်ပင်များ စိုက်ပျိုးထားသည်။ သားများ အတွက်၊ အိမ်ထောင်စု ဆွေစဉ်မျိုးဆက်အတွက်။
သားများ သည် ကျန်းမာသန်စွမ်းကြ၏။ လိမ္မာရေးခြားရှိကြသည်။ စာပေ ထူးချွန်သော်လည်း တစ်နှစ်တစ် တန်းအောင်ကြ သည်။ ဦးဇော်တောင်သည် ဖခင်တာဝန်မလစ်ဟင်းစေရ။ တတ်နိုင်သမျှ ပံ့ပိုးပေး၏။ စက်ဘီး၊ လက်ပတ်နာရီ ကစ ၀ယ်ပေးထားသည်။ သားများ ကျောင်းစိမ်းကိုယ်စီဝတ်၍ စက်ဘီးကိုယ်စီနှင့် နံနက်ကျောင်း သွားသည်ကို တိတ်တခိုး လိုက်ကြည့်နေတတ်သည်။ ထိုအခါများတွင် သူ၏ နှလုံးအိမ်ဆီမှ ရိုက်ခတ်လာသည့် ပီတိလှိုင်းများ သည် အနီးရှိ တညင်းပင်ဆီသို့ ရိုက်ခတ်လှုပ်ခါသွားပြီး တညင်းရွက်များ ကိုပင် ကြွေကျစေသည် ဟုထင်မိသည်။

ဤသားနှစ်ယောက် ၁၀ တန်းရောက်သည်အထိ ဇော်တောင်တို့ဘ၀သည် အထူးအထွေမရှိ။ သားကြီး ၁၀တန်းအောင် သည့်နှစ် တွင် သားကြီးအောင်ဂမ်က ထူးခြားသည့် စကားတစ်ခွန်းပြောလာ၏။
" ဖေဖေ၊ မေမေ ကျွန်တော် ဂျပန်ပြည်သွားချင်တယ် " ဟူ၍။ ဦးဇော်တောင်သည် ဂျပန်ဆိုသည့် တိုင်းပြည် မည်သည့် အရပ်တွင် ရှိသည်ကိုမသိ။ သို့သော် ဂျပန်ဆိုသည့် စကားနှင့် မစိမ်းပါ။ သူသိတတ်သည့် အရွယ်က စစ်ကြီးပြီးဆုံးသွားပြီဖြစ်သော်လည်း လူကြီးများ၏ နှုတ်ဖျားများမှ ဂျပန်၊ အမေရိကန်၊ အင်္ဂလိပ်ဆို သည့် စကားလုံး များကို မကြာခဏ ကြားရသည်။ မိမိရွာသို့လည်း ဂျပန်စစ်သားများဖြတ်သန်းသွားခဲ့သည်ဟု ကြားရသည်။ မိဘများနှင့်အတူ ရွာစွန့်၍ တောတောင်ဆီသို့ ခေတ္တပုန်းခိုခဲ့ရသည်ကို မှတ်မိနေဆဲရှိ၏။

တစ်ခုရှိသေးသည်။ သူ၏ အသိမိတ်ဆွေဦးဘရန်ဆိုင်း၏သားသည် ဂျပန်ရောက်နေ၍ မိသားစု ကြီးပွားနေကြသည် ကိုတွေ့ရသည်။ တလောက ထိုမိတ်ဆွေ ဦးဘရန်ဆိုင်းသူ့အိမ်သို့ ဂျစ်ကားစီး၍ လာလည်သေး သည်။
ဦးဇော်တောင် သည် သူ့မိတ်ဆွေဘရန်ဆိုင်းကို အားကျခြင်းမရှိသော်လည်း သူ့သား၏ ဆန္ဒကို ငြင်းပယ်ရန် ခက်နေ သည်။ မတော်၍များ ကလေးစိတ်ဓာတ်ကျပြီး မသွားသင့်သည့်နေရာသွား၊ မစားသင့်အရာစားမှဖြင့် ဟု စိုးရိမ်နေ သည်။
သို့နှင့်သူသည် မိတ်ဆွေဦးဘရန်ဆိုင်းထံသွား၍ အကျိုးအကြောင်းမေးသည်။ အကြံဥာဏ်တောင်းသည်။ ဦးဘရန်ဆိုင်း သည် သူ့သား အတွက် ဖောင်ဖျက်ရပုံကို ပြောပြ၏။

မိမိ၏သား ပတ်ဝန်းကျင်၏ သွေးဆောငှ်ုကို မတွန်းလှန်နိုင်၍ မိမိအနှစ်နှစ်အလလက ပျိုးထောင်ခဲ့သည် ဥယျာဉ်၊ ဘိုးဘွားပိုင်၊ မြေကွက်ရောင်း၍ ပွဲစားနှင့် ရန်ကုန်လွှတ်လိုက်ကြောင်း၊ ငွေမလုံလောက်၍ အိမ်ကို ပါ ပေါင်နှံပေးခဲ့ကြောင်း၊ ဘုရားသခင်စောင်မ၍ ဂျပန်ရောက်သွားခဲ့ောကာင်း။ သားမှ ငွေပို့ပေး ၍ နေအိမ်အပေါင်ပြန်ရွေးနိုင်ပြီး ဥယျာဉ်ခြံမြေသစ်ပင် ၀ယ်ထားနိုင်ပြီဖြစ်ကြောင်း ပြောပြလေသည်။
ဦးဘရန်ဆိုင်း သည် နေအိမ်ကိုလည်း မွမ်းမံထားပြီး အသုံးအဆောင် ပရိဘောဂများ သည်လည်း တောက်ပြောင်သစ်လွင်နေသည်ကိုတွေ့ရသည်။ သို့နှင့် ဦးဇော်တောင်သည် ဆုံးဖြတ်ချက် တစ်ခုချပြီး အိမ်ပြန်လာ ခဲ့သည်။ သားတော်မောင်အား ဂျပန်ပြည်လွှတ်မည်ဟူ၍။

အိမ်ပြန်၍ မိန်းမဖြစ်သူ ဒေါ်ဂျာဘောက်နှင့် တိုင်ပင်၏။ ဂျာဘောက်က အစတွင် ကန့်ကွက်ပြောဆိုသော် လည်း နောက်ဆုံး သဘောတူလိုက်သည်။ မကြာသေးမီက အသိမိတ်ဆွေတစ်ယောက် အလှူဆုတောင်း ပွဲကို သွားခဲ့သည်။ သားများအမေရိကန်နှင့် ဂျပန်ပြည်များတွင် သွားရောက်အလုပ်လုပ်နေကြပုံ။ ငွေကြေး မှန်မှန် ပို့ပေးနေကြပုံ အကြွားတစ်ပိုင်းနှင့် ရွှန်းရွှန်းဝေအောင် သက်သေခံ ကျေးဇူးတော်ချီးမွမ်းနသည်ကို သတိရမိသည်။ ငါ့သား ဂျပန် မှာ၊ အမေရိကန်မှာ၊ ဤစကားမည်သူ၏ မိခင်သည် မပြောဘဲနေချင်မည်နည်း။
သို့နှင့် နွားတစ်ရှဉ်းသာချန်၍ နွားတစ်အုပ်နှင့် ဥယျာဉ်ခြံကို ရောင်းပြီး သားအားပွဲစားနှင့် ရန်ကုန်ကို လွှတ် လိုက်သည်။ ခြောက်လကြာအောင် ရန်ကုန်မြို့၌ နေထိုင်စားသောက်၍ စောင့်စားနေသည့်တိုင်အောင် ဂျပန်ပြည်သွားဖို့ လမ်းစမမြင်သေး။ ပွဲစားကတော့ မနက်ဖြန်၊ သန်ဘက်ခါနေ့ရွှေ့ရက်ရွှေ့ လုပ်နေသည်။

ပွဲစားက ဂျပန်သွားရမည်မှာ သေချာသည်။ သို့သော် နည်းနည်းတော့ ထပ်စောင့်ရမည်။ ငွေလည်း ထပ်လို သည်။ မလေးရှားသွားမညိုပါက တစ်လအတွင်း သွားရမည်။ ဝေါ့ပါမစ်ခေါ် အလုပ်ခေါ်စာ လက်ဝယ်ရှိသည် ဟုဆိုပြန်သည်။ အမှန်တကယ် သူ့အသိများ တစ်သုတ်ပြီး တစ်သုတ် မလေးရှား ထွက်သွားကြသည် ကို မောင်အောင်ဂမ် တွေ့ခဲ့သည်။
သူသည် မလေးရှားသွား ရန် သဘောတူလိုက်သည်။ ပွဲစားက ဤတစ်ကြိမ်လွှတ်လျှင် အသုတ်လိုက်လွတ် မည်။ တစ်ယောက်တည်း သွားရမည့်အတူတူ အိမ်မှာကျန်ခ့သည်။ ညီကိုပါ ခေါ်သင့်သည်ဟု အကြံပြုပြန် ၏။ ညီပါသွားရမည် ဆိုတော့ အခမ့ဘယ်သွားလို့ဖြစ်ပါမလဲ။ ငွေထပ်လိုပီပေါ့။
မောင်အောင်ဂမ် သည် ငွေထပ်ယူရန်နှင့် ညီတော်မောင်ကိုပါ ခေါ်ယူရန် မြစ်ကြီးနားသို့ ပြန်လေသည်။ ပွဲစား လည်း သူနှင့်အတူပါလာသည်။ ဒီတစ်ကြိမ်တော့ ပွဲစးသည် အောင်ဂမ်တို့ညီအစ်ကိုအပါ လူတစ်စုတစ်အုပ်နှင့် ရန်ကုန် သို့ ဆင်းသွား၏။

ဦးဇော်တာင်သည် ဒီတစ်ကြိမ်တွင် ကျန်သည့် နွားတစ်ရှဉ်းနှင့် လယ်ကွက်ကို ပါ ရောင်း လိုက်သည်။ ငွေမလောက်ဟုဆို၍ အိမ်ကိုပါ ပေါင်နှံ၍ သားနှစ်ယောက်အား ပေးအပ်လိုက်လေ၏။ မကြာမီ သားနှစ်ယောက် ဆီက ဒီထက်မက ငွေတွေရမှာပဲလေဟု။
ဒေါ်ဂျာဘောက် သည် ကောင်းကင်ကို မော့ကြည့်ရာ နေအတော်စောင်းနေပြီဖြစ်သည်ကို တွေ့ရသည်။ အိပ်ရေး ၀လောက်ပြီဖြစ်သော ခင်ပွန်းဖြစ်သူ ဇော်တောင်အိပ်နေသည့် တညင်းပင်ရိပ်ဆီ သွားသည်။ သူ့ယောက်ျား သည် နှစ်ခြိုက်စွာ အိပ်ပျော်နေသော်လည်း အမွေးစုတ်စုတ်နှင့် နှုတ်ခမ်းအစုံသည် ပြုံးရောင် သန်းနေသည်ကို အံ့သြစွာ တွေ့ ရသည်။ အိပ်မက်လှလှမက်နေသည် ထင်ပါရဲ့။ သို့သော် မနိုး၍ မဖြစ်တော့ ၍ -
" ရှင်ထတော့ နေအတော်စောင်းနေပြီ၊ ရှင်မြို့ထဲသွားရမယ်" ဟု အိပ်ပျော်နေသော ဇော်တောင်၏ ခြေဖျား ဆွဲ၍ လှုပ်နှိုးလေ ၏။

ဤသည်မှာ ဒုတိယအကြိမ် နှိုးခြင်းဖြစ်သည်။ ပထမအကြိမ် နှိုးတုန်းက သူသည် မထတော့ဘဲ တစ်ဘက် သို့ စောင်းလှည့်ပြီး ပြန်အိပ်သွား၏။ ဒေါ်ဂျာဘောက်သည်လည်း မိမိယောက်ျား ပင်ပန်းလှပြီဖြစ်၍ ဆက်မနိုးဘဲ ထားခဲ့သည်။ ဇော်တောင်သည် ပထမအကြိမ် ဇနီးသည်လှုပ်နိုးစသ်ကထရန် ကြိုးစားသော်လည်း မျက်ခွံလေးလံ လွန်း၍ တစ်ဘက်သို့ စောင်းလှည့်ပြီး ပြန်အိပ်ပျော်သွားရာ အိပ်မက်ကမ္ဘာထဲဝဲပျံနေတော့သည်။
သား များက ငွေမှန်မှန်ပို့ပေးနေသည်။ အိမ်အပေါင်ပြန်ရွေးနိုင်သည်သာမက၊ ဥယျာဉ်ခြံမြေ၊ ကျွဲ၊ နွားတွေ ပြန် ရနေပြီ။ ဇနီးဖြစ်သူ၏ လည်တိုင်တွင် သုံးကျပ်သားခန့်ရွှေဆွဲကြိုး တွဲလွဲခိုလို့။ ဆွဲကြိုးကြီး၏ ပွတ်တိုက်မှု ကြောင့် ဂုတ်မွေးကျွတ်ကာ လည်တိုင်တစ်ခုလုံးတွင် ပြောင်ချောနေပြီ။ မျက်နှာကို မော့ကြည့်တိုင်း ပါးနှစ် ဘက်နားရွက် ဆီမှ ၀င်းလက်လက်ရောင်ခြည်တွေ ဖြာနေသေးသည်။ သြ အလိမ္မတုံးသား များမွေးရကျိုးနပ်ပေ သည်ဟု နှလုံးပီတိ ဂွမ်းဆီထိခ့ရသည်။ အမှန်တော့ ဦးဇော်ထောင်သည် သူ့မိသားစုနေရန် တဲထိုးပြီး ပင်ပန်း လွန်းလှသဖြင့် မိမိအိမ်သို့ ပြန်လာကာ တညင်းပင်ရိပ်တွင် ဖျာကြမ်းခင်း၍ အိပ်ပျော်နေခြင်းဖြစ်သည်။ သူသည် ယခင်ကကဲ့သို့ ကျားကျားယားယား မရှိတော့။ ပိန်းချုံး၍ နေသည်။ မုတ်ဆိတ်မွေးပင် မရိပ်နိုင်ရှာ။

ဒေါ်ဂျာဘောက် သည် သူ့ယောက်ျားအား ဂရုဏာသက်စွာကြည့်နေသည်။ ပထမအကြိမ်နှိုးစဉ်က သူ့ယောက်ျား ပြန် အိပ်သွားသဖြင့် အိပ်ပါစေတော့ဟု ဆက်မနိုးဘဲ ထားလိုက်သည်။ ယခုတော့ မနှိုး၍ မဖြစ်တော့။
ဦးဇော်တောင်သည် ရှည်လျားလှသော အိပ်မက်ကမ္ဘာမှ လန့်နိုးလာသည်။ အမှန်တော့ ဦးဇော်တောင်သည် သူ၏ တဲ ကို ယနေ့ညနေအပြီး အမိုးမိုးဖြစ်အောင် အားသွန်ခွန်စိုက် လုပ်နေခြင်းဖြစ်သည်။ မနက်ဖြန်ဆိုလျှင် မိမိနေအိမ် မှ ထွက်ခွာသွားရပါတော့မည်။
မိမိဘ၀ ကို ပတ်ဝန်းကျင်၏ ဂယက်ရိုက်ခတ်မှုကို တတိယအကြိမ်ခံရပြီ။ မစွန့်စားသင့်သည့် အရာကိုလည်း စွန့်စား လုပ်ဆောင်မိခဲ့ပြီ။ ယခုတော့ အားလုံးကုန်ပြီ။ အိမ်၊ ယာ၊ ဥယျာဉ်၊ နွား ဘာဆိုဘာမှ မကျန်တော့။ ဤတစ်ကြိမ် ပတ်ဝန်းကျင် ၏ ဂယက်ရိုက်ခတ်မှုသည် သူဘ၀ကို အစိပ်စိပ်အမွှာမွှာဆုတ်ဖြဲပစ်ခဲ့ပြီ။ စိတ်ဓာတ် လည်း အကြီးအကျယ်ကျဆင်းသွားသည်။ ပစ္စည်းကျလျှင်ကုန်းကောက်၍ ရသေးသော်လည်း စိတ်ဓာတ်ကျ လျှင်ကား ကုန်းကောက်၍မရတော့ပြီ။

သူသည် တစ်နေကုန်တဲဆောက်နေ၍ ပင်ပန်းနွမ်းနယ်ကာ တစ်ကိုယ်လုံးအရိုက်ခံထားရသလို ခံစားနေရ သည်။ မလှုပ်ချင်၊ မထချင်။ သို့သော် အားယူ၍ထကာ ငူငူကြီးထိုင်နေ၏။ ဤဖြစ်အင်ကိုကြည့်ပြီး ဇနီးဖြစ် သူက -
" ဒီမှာ အဖေကြီး မြန်မြန်ထပြီးသွားတော့၊ ရှင့်ဖြစ်အင်ကို သူများမြင်သွားရင်၊ အိမ်ပြုတ်၊ ကျွဲပြုတ်၊ နွားပြုတ် လို့ အဘိုးကြီး ရူးသွားပြီလို့ ထင်နေဦးမယ်။ အားတင်းစမ်းပါယောက်ျားပဲ ရှင်နဲ့ ကျွန်မ သုညနဲ့ ဘ၀စခဲ့တာပဲ မဟုတ်လား" ဟု အားဆေး တိုက်ကျွေးလိုက်လေသည်။
သူသည် သားများနိုင်ငံခြားသွားရရေးအတွက် အိမ်ပေါင် နွားရောင်း၍ မိမိတစ်သက်သာ ကုန်းရုန်းရှာဖွေ ထားသမျှ စွန့်လွှတ်ခဲ့သည်။ သားများ နိုင်ငံခြားကားမရောက်။ ယခု ချောင်းကြိုမြောင်း ကြား၊ တောင်စွယ် တောင်ဖျား ရောက်နေကြ သည်။ ရွှေတူးမည်။ သစ်ခုတ်မည်။ အပေါင်အိမ်ပြန်ရွေး မည်ဟု။

သို့သော် အရာရာနှောင်းခဲ့ပြီ။ အိမ်ဆက်၍ အပေါင်ထားပါက အတိုးနှင့် အိမ်ပြုတ်သွားမည်။ ထို့ကြောင့် ရရာဈေးဖြတ်၍ အပြီးရောင်းလိုက်သည်။ အပေါင်ကြွေးဆပ်ပြီး ကျန်ငွေကလေးနှင့် မြို့ပြင် တွင် မြေကွက် သေးသေး တစ်ခုဝယ်ပြီး တဲထိုးသည်။ တဲထိုးပြီး အမိုးအတွက် တာပိုလင်ဝယ်၇န် အိမ်ပြန် လာခြင်းဖြစ်သော် လည်း ပင်ပန်းလွန်း၍ အိမ်ရှေ့ တညင်းပင်အောက်တွင် အနားယူရင်း အိပ်ပျော်သွားခြင်းဖြစ် သည်။
သူသည် ဇနီးသည် အတင်းလှုပ်နှိုးသဖြင့် တညင်းပင်အောက်မှထကာ မြို့ထဲ တာပိုလင်သွားဝယ်၇န် ဆိုက်ကားဂိတ် သို့ ထွက်သွားတော့သည်။
နောက် နေ့သစ်တစ်ခု မွေးဖွားလာချိန်တွင် မိမိပိုင်ဆိုင်သမျှ ပစ္စည်းအားလုံး၊ ကြက်ခြင်းပါမကျန် သိမ်းဆည်း၍ တစ်ချိန် က မိမိဆောက်လုပ်ပိုင်ဆိုင်ခဲ့သော အိမ်ပေါ်မှ ဆင်းသွားခဲ့၏ ထိုအိမ်တွင် မိမိပိုင်ဆိုင်သမျှ ပစ္စည်းဟူ၍ ဘာမျှ မကျန်တော့။ လှေကားပေါ်မှအဆင်း မျက်လုံးအိမ်မှ စီးဆင်းလာသော မျက်ရည်တစ်ပေါက် သာ လှေကားအုတ်ခုံပေါ် ကျရောက်ပေါက်ကွဲကာ ကျန်ရစ်ခဲ့သည်။

------------------------------------------
အားလုံးပြီးပါပြီ (နောက်အသစ် တအုပ် မျှော် ?)
.
>>>ဆက်ဖတ်ရန်>>> >>

Saturday, November 3, 2012

ခါးရှားဒင်းအောင် ၏ ခရီးသွားဖော်, အပိုင်း (၁၄)

ပေတစ်သီး၊ ကျီးတစ်သား

ညောင်တုန်းမြို့တွင် ရှေးဟောင်းသစ်သားနှစ်ထပ်အိမ်ကြီးတစ်အိမ်ရှိသည်။ ရှေးအင်္ဂလိပ်ခေတ် ၁၈၈၅ ခုနှစ် က ဆောက်လုပ်ခဲ့သည်ဟု မှတ်တမ်းရှိ၏။ တစ်အိမ်လုံး ကျွန်းသားတွေနှင့် ဆောက်ထား၍ ကျွန်းအိမ် ကြီး ဟု ပြောနိုင်သည်။ ကြည့်ပါ။ တိုင်၊ အခင်း၊ အကာ၊ အမိုးမျက်နှာကျက် အားလုံးကျွန်းသားချည်းဖြစ်၏။
အိမ်ကြီး သည် ရှေးခေတ်ပုံစံဖြစ်၍ ယခုခေတ်အမြင်နှင့်ကြည့်သော် အပိုတွေများနေ၏။ တံခါး အလွန်များ သည်။ တံခါးမကြီး (၁၆)ခုနှင့် ပြတင်းပေါက် (၂)ခုစုစုပေါင်း အပေါ်ထပ်တွင် တံခါးပေါက် (၄၀)ရှိသည်။ ဧည့် ခန်းဆောင် ကို သီးသန့်ထုတ်ထားပြီး ခြင်လုံသံစကာ တပ်ထားသော်လည်း ယခုတော့ ပေါက်ပြဲကုန်၍ စာက လေး မလုံတော့။
ကျွန်းပျဉ်ကြွပ်အမိုးနှင့် ပျဉ်ပြားမျက်နှာကျက်ကြားတွင်ကား မရေမတွက်နိုင်သည့် လင်းနို့များ မင်းမင်နေကြ သည်။ လင်းနို့ချေး သည် ခြောက်သွေ့လာသည့်အခါ သဲပွင့်ထက်ပင် သေးငယ်သည့် အမှုန်ဖြစ်လာကာ ဆီကဲ့သို့ အပေါက်ရှာ ယိုကျလာသည်မှာ လှည်းကျင်း၍ မနိုင်အောင် ရှိတော့၏။ အနံ့ကလည်း ဆိုးလှပါဘိ။

ထိုအိမ်ကြီး တွင် ဦးဝိနှင့် တူတော်မောင် တစ်ဦးသာနေကြသည်။ ဦးဝိသည် ငယ်စဉ်က ယခုကဲ့သို့ အိမ်တစ်အိမ် တွင် တစ်ကိုယ်တည်းနေဖူးသည်။ ထိုအိမ်သည် တောင်ပေါ်ဒေသ ဆွမ်ပရာဘွမ်မြို့တွင်ရှိပြီး ယခု ညောင်တုန်း အိမ်လောက်တော့မကြီး။ အိမ်နားနီးချင်းနှင့် အလှမ်းဝေးသည်။
ထိုမြို့တွင် ဒေသခံများက လက်ဖ် (Lep) ဟုခေါ်သော နှာခေါင်းပြောင်းပြန်ပေါက်ပြီး တောင်ပံနှင့် နတ်ဆိုး တစ်မျိုးသောင်းကျန်း သည်ဟု နာမည်ကြီးသည်။ လက်ဖ်နတ်ဆိုးများသည် လူကို မကြာခဏ ဖမ်းတတ် သည်ဟု ဆိုကြ၏။ မကြာမီက လက်ဖ်နတ်သည် ဆေးရုံမှ ဆေးစပ်ဆရာ ဦးရှပ်သရီးအား ကုလားက ထောင် (ရွာ) နှင့် ဆွမ်ပရာဘွမ်မြို့ကြား လမ်းခုလပ်တွင် နပန်းလုံးခဲ့သည်ဟု ဆို သည်။ တောထဲခေါ်ဆောင်သွား ရန် ဖြစ်သော် လည်း မနိုင်၍ ပစ်ထားခဲ့သည်ဟု ဆိုကသည်။ ရှပ်သရီးသည် ဂေါ်ရခါးလူမျိုးဖြစ်သည်။

မြို့၏ တောင်ဘက် ၅ မိုင်ခန့်ဝေးသည့် လုံဂျာရွာတွင် ကျောင်းဆ၇ာ ဦးလဖိုင်လဆိုသူရှိသည်။ သူသည် သူကြီးအိမ် တွင်နေပြီး သူကြီးကတော်ချက်သည့် ထမင်းစားသည်။ သူကြီးကတော်သည် တောတောင်ဒေသ ၏ ဓလေ့အရ နံနက် (၄)နာရီတွင် အိပ်ရာထ၍ ထမင်းချက်နေကျဖြစ်သည်။ ဆရာဦးလဖိုင်လကတော့ ထို အချိန်များ တွင် အိပ်ယာထဲနှပ်နေဆဲ။ တစ်နေ့ အရုဏ်ဦးအချိန် အိမ်ရှေ့လှေကားရင်းမှ ...
" ဆရာ ဆရာ "ဟု ခေါ်သံကြားရသည်။ ဆရာ ဦးလဖိုင်လသည် ဂရုစိုက်၍ နားထောင်သည့်အခါ သူ မရိုး မသား စိတ်ဝင်စားနေ သည့် သူ၏ တပည့်မအသံ ဖြစ်နေသည်။ ထိုစဉ်က မူလတန်းကျောင်းသားဆိုသော် လည်း အပျို၊ လူပျို အရွယ် က များသည်။
ဆရာ ဦးလဖိုင်လ သည် "၀င်ခဲ့ပါ" ဟု ခေါ်ရမည့်အစား အိပ်ာမှ လူးလဲထကာ အိမ်အောက်သို့ ဆင်းသွား၏။ အိမ်လှေခါး ရင်းရောက် သည့်အခါ လက်ဖ်နတ်ပျိုမက ပွေ့ဖက်နမ်းရှုံ့ပြီး တောထဲသို့ ပွေ့ချီပါတော့သည်။

သူကြီးကတော်သည် အိမ်အောက်၌ ရန်းရင်းဆန်ခတ် သံကြား၍ ၀ါးမိးတုတ်ကိုင်၍ ထွက်ကြည့်ရာ ကျောင်း ဆရာ မရှိတော့။ အသံမြှင့်၍ ခေါ်ကြည့်သော်လည်း မထူး။ အိမ်နီးနားချင်းများအား ခေါ်ယူအကူအညီတောင်း ရာ လက်ဖ်နတ်ချီပင့်သွားပြီဟုပြောကြ၏။ သို့နှင့် နံနက်အရုဏ်တက်ချိန်တွင် လူစုပြီး၊ ဓားလှံလက်နက်နှင့် သမ္မာကျမ်းစာအုပ်၊ ဓမ္မသီချင်းစာအုပ်များကိုင်ဆောင်ကာ တောနင်းရှာဖွေရာ တစ်မိုင်ခန့်ဝေးသည့် တောင် ယာခင်းတောစပ်တွင် တွေ့ကြ၏။
ဦးလဖိုင်လသည် သတိမရမေ့မျောနေ၏။ သူတို့သည် ဘာသာရေးထုံးဓလေ့အရ သီချင်းဆို ဆုတောင်းပေး ကြ၏။ မကြာမီ ပြန်လည်သတိရလာကာ သူ့အား ပွေ့ချီခေါ်ဆောင်သွားသူများမှာ လက်ဖ်နတ် သမီးပျို သုံးယောက်ဖြစ်ကြောင်းပြောပြ၏။

ဤသတင်း သည် ဆွမ်ပရာဘွမ်တစ်မြို့လုံး ချက်ချင်းပျံ့နှံ့သွား၏။ တစ်မြို့လုံး အုန်းအုန်းကျွက်ကျွက်နှင့် တချို့ ကြောက်ဒူးတုန်နေကြ၏။ ဦးလဖိုင်လကို မောင်ဝိ သိ၏။ ထိုရွာသည် မြို့မှ (၅)မိုင်ခန့်သာ ဝေးရာ ခရစ်စမတ်ပွဲ ပါဝင် ဆင်နွှဲစဉ်က တွေ့ခဲ့၏။ ထိုသတင်းကို ကြား၍ တစ်အိမ်လုံးတွင် တစ်ဦးတည်းသာ ရှိသော မောင်ဝိ ကြောက်နေမိ၏။
ကြောက်သော်လည်း မတတ်နိုင်တော့ပြီ။ သူ့အား ခေါ်နေသည့် ကျောင်းအုပ်ဆရာကြိးက " မောင်ဝိ မင်းအိမ်စောင့်နေ ပါ။ ဘယ်မျမသွားနဲ့" ဟု အမိန့်ချမှတ်ကာ သူကတော့ ကျောင်းပိတ်ရက်ဖြစ်၍ အောက်ပြည်သို့ ဆင်းသွား သည်။

ထိုကာလမှ နှစ်ပေါင်းများစွာ ကြာသောအခါ အထက်တွင် ဖော်ပြသည့် ညောင်တုန်းမြို့ အိမ်အိုကြီး တွင် နေရခြင်းဖြစ်သည်။ ဤဒေသသို့ ရောက်ရှိသည်မှာ သိပ်မကြာသေး၍အသိများသော်လည်း ခင်မင်ရင်းနှီးသူ နည်းပါး သည်။ သို့ဖြစ်၍ သူသည် မိမိလုပ်ငန်းခွင်နှင့် အိမ်တွင် အနေများသည်။ တစ်ခါတစ်ရံတော့ မြို့နယ် ဆရာဝန် ဒေါက်တာမြ ထံ သွားလည်ပတ်သည်။ ဒေါက်တာမြနှင့် အထက်ကချင်ပြည် မန်စီမြို့တွင် တွေ့ဆုံ ခင်မင်ခဲ့ကြ သည်။ ယခုတော့ သူလည်း ဤမြို့ကို ရောက်ရှိနေပြီ။
ဒေါက်တာမြ ထံ အလည်သွားသည်ဟု ဆိုသော်လည်း သူနှင့် ကြာကြာစကားမပြောဖြစ်။ ဒေါက်တာမြ၏ မျက်နှာ သည် အမြဲကြည်လင်လန်းဆန်းပြီး သဘောကောင်း မနောကောင်းသူဖြစ်ရာ သူ၏ ဆေးခန်းတွင် လူပြတ်သည် မရှိ။ သူ့တွင် အားလပ်ချိန်မရှိ။ သူ အလွန်ခုံမင်နှစ်သက်သော ကြက်တောင်ရိုက်ကစားခြင်းကို ပင် မလုပ်နိုင်။ ဒီတော့ ဦးဝိ အလည် လာသော်လည်း ဧည့်ခံစကားပြောချိန်မရ။ ဦးဝိသည် ဒေါက်တာမြ ဆေးကုသနေပုံ၊ လူနာနှင့် ဆက်ဆံပုံ များကို ငေးကြည့်နေသည်ကများသည်။

ဤတွင် မဆီမဆိုင် ဦးစံ ဆိုသူ၏ မှတ်ချက်ကို သတိရမိသည်။ ဦးစံက -
" ကျုပ် က ပိုက်ဆံဘယ်လောက်ရရ ဆရာဝန်တော့ မလုပ်ချင်ဘူး၊ ဘယ့်နှယ်ဗျာ တချိန်လုံး ဖျားနာငြီးထွား နေတဲ့ လူတွေ နဲ့ပဲ နပန်းလုံး ဆက်ဆံနေရတယ်။ ကျုပ်ကတော့ ကျန်းကျန်းမာမာ ချောချောလှလှတွေနဲ့ အစဉ် ထိတွေ့ဆက်ဆံ ချင်တယ် ဟီဟီ" ဟု သူ၏ လောကအမြင်ကို ရွတ်ဆိုလေသည်။ ဦးဝိသည် ဦးစံ၏ ဒဿနအဆိုအမိန့် ကို မည်သို့မျှ မဝေဖန်လို။ သို့သော် မေးခွန်းတစ်ခုကိုတော့ ထုတ်မိသည်။
" အသင် ဒေါက်တာမြ သည် ချောချောလှလှ ကျန်းကျန်းမာမာ ပျိုကညာတွေနှင့် တွေ့ထိ ဆက်ဆံ နေချိန်ကော ရပါ၏လော" ဟု။

ဦးစံ တွင် ချောမောလှပသော ဇနီးမယားနှင့် သားငယ်နှစ်ယောက်ရှိသည်။ သူ့ဇနီးမယား၏ ပြောဆိုစကားကို လည်း အလွန် လိုက်နာသူဖြစ်သည်။ မည်သည့်အခါမှ မဆန့်ကျင်။ ကြည့်ပါ -
ဦးစံ သည် အရက်သမား မဟုတ်သော်လည်း အပေါင်းအသင်းကောင်းလျှင် ရံဖန်ရံခါ သောက်သည်။ သူ အရက်သောက်ပြီ ဆိုလျှင် ဖုံးဖိ၍မရတေ့ပါ။ နားရွက်နှစ်ဘက်သည် ရဲတက်လာပြီး အဝေးကပင် မြင်နေရ သည်။ နားရွက်နီနှင့် ပြန်လာသော ဦးစံအား ဇနီးသည်က -
" ရှင့် ကို ဘယ်နှစ်ခါ ပြောရမလဲ၊ ရှင်အရက်နဲ့မတည့်ဘူး၊ နောင်တစ်ခါ သောက်မလာနဲ့" ဟု ပြောလျှင် ထိုနေ့မှစ ၍ အရက်မသောက်တော့ပါ။ သို့သော် သို့သော် အပေါင်းအသင်း နှင့် ဆေးရှူပြန်သည်။ ဤကိစ္စ သည် ပုန်းလျှိုး ကွယ်လျှိုး လုပ်ရသည့် အလုပ်ဖြစ်သော်လည်း လင်မယားချင်းဖုံးကွယ်၍မရ။ အနံ့အသက်က ရှိသေးသည်၊ ဒီတော့ -

" ရှင် ခပ်ပုံ ရှူပြန်ပြီလား၊ ဘိန်းစားဖြစ်တော့မယ်။ ကျွန်မ ဘိန်းစားမိန်းမတော့ အဖြစ်မခံဘူး" ဟု ဆိုလိုက်လျှင် ထိုနေ့မှစ ၍ ခပ်ပုံမရှူတော့ပါ။ သို့သော် အိမ်ပြန် ညနက်နက်လာသည်။ ငွေကြေး မကြာခဏ တောင်းသည်။ ပြီးတော့ တစ်ခါတစ်ရံတော့ ငွေကြေးပါလာတတ်သည် ဒီတော့၊ ဇနီးမယားက -
" ရှင် ဖဲရိုက်နေတာမဟုတ်လား၊ ကိုယ့်အလုပ်ကိုလည်း ပြန်သတိရဦး၊ ရှင့်ဖဲရိုက်နေရင် ဖဲသမားဆိုပြီး ဘယ်သူ လေးစားတော့ မှာလဲ နောက်မရိုက်နဲ့ "ဟု ဆုံးမပြန်၏။ ဦးစံသည် အဖွဲ့အစည်းတစ်ခုတွင် လူကြီး အရာ ၀င်သူဖြစ်သည်။ ဒီနောက်တော့ ဖဲမရိုက်တော့ပါ။ သို့သော် သို့သော် အချောအလှဘက်သို့ ခြေဦး လှည့်နေတော့ သည်။ ဦးစံ၏ ဇနီးဖြစ်သူသည် သူ့ယောက်ျား နာခံတော် ဦးစံအား ပညတ်တရားများတစ်ချက် ချင်း ချမှတ်လေရာ ဦးစံ သည်လည်း မည်သည့်အခါမှ ငြင်းချက်မထုတ်။ တားမြစ်ချက်တစ်ခုစီအား လိုက်နာ နေသည်မှာ စံတင် မှတ်သားလောက်ပေ သည်။

ဦးဝိသည် လူနာများ ဦးမြအား ငွေတွေပေး၍ ပြန်ပြန်သွားကြသည်ကို မြင်နေရ၏။ ဦးမြရဲ့ အချိန်တွေ ဟာ ငွေတွေ ပါကလားဟု တွေးမိ၏။ တစ်ချိန်တည်းတွင် -
" အင်း ဒီပညာ ကျုပ်မရလိုက်တာ နာတာပဲ။ ဒီအတတ်ပညာသာရရင် ကျုပ်ဆီမှာလည်း လူတွေ အများကြီး လာမယ်။ လူတွေလာတော့ ပိုက်ဆံတွေ ယူလာကြမယ်။ ဒီတော့ ကျုပ်ငွေတွေအများကြီးရမယ်၊ ခုတော့ အင်း" ဟု စိတ်ထဲရေရွတ်လေ သည်။
ဦးဝိနေသည့် အိမ်အိုကြီးဘေးတွင် ပေပင်ကြီးတစ်ပင်ရှိ၏။ ပေတစ်သီး၊ ကျီးတစ်သားဆိုသည့်စကား ဦးဝိကြားဖူး သည်။ ပေပင်သည် မြင့်လှသည်ဖြစ်၍ ကျီးနှင့် တွဲပဲတွဲနိုင်ကသည်။ ပေပင်ထက်တွင် ကျီးမနား သော အချိန်ဟူ၍ မရှိ။ အနည်းဆုံး တစ်ကောင်နှစ်ကောင်တော့ အမြဲရှိသည်။ တစ်ခါတစ်ရံ အဖွဲ့လိုက်၊ အုံ လိုက် ဆူညံ၍ နားနေတတ်ကြ သည်။
ဦးဝိ သည် ပေပင်ထက်သို့ မကြာခဏ ကြည့်နေတတ်၏။ တစ်နေ့တော့ အဖူးလိုလို တွေ့ရသည်။ သေချာ သထက် သေချာအောင် ကြည့်သည်။ အပေါင်းအသင်းများကို ပြကြည့်သည်။ အဖူးမ် အဖူးဟု ဆုိၾက၏။

" ဟုတ်ပြီ၊ ပွပြီ တစ်သက်မှာ တစ်ခါသာဖူးသည့် ပေပင်ကြီး စားရကံကြုံတော့ ငါနေတဲ့နှစ်မှ ဖူးတာ" ဟု ၀မ်း သာလုံး ဆို့နေသည်။ ပေဖူးလှီး၍ ပေရည်ထုတ်ရန် အကြံပေတည်း။ သူသည် အထက်ကချင်ပြည် ဦးစံတို မြို့တွင် ပေရည်သောက် ဖူးသည်။ ချိုမြမြ ရှိသည်။ ပေရည်သည် ထန်းရည်အရသာနှင့်တော့မတူပါ။ သို့သော် ထန်းလျက်ချက် ၍ ရသည်။ ပြီးတော့ပီပါပုံးနှင့်ချီ၍ ပေရည်ထွက်သည်ဟု ကြားဖူး၏။ သို့နှင့် စိတ်ထဲတွင် -
" ဟုတ်ပြီ တစ်ပုလင်းတစ်ကျပ်နဲ့ပဲ ရောင်းဦး၊ အင်း ပွတာဘဲ၊ ဒေါက်တာမြရဲ့ဝင်ငွေကိုတောင် မီချင်မီမှာ ဟီဟိ" ဟု ရေရွတ် ၍ ရယ်မောသည်။ သို့သော် ကြာကြာ မရယ်လိုက်ရပါ။ မည်သူတက်၍ လှီးမည်နည်း။ ဤ ပညာမည်သူ တတ်သနည်း။

သူသည် ပေရည်ထုတ်ယူေ၇း တွေ့တွေ့သမျှလူတွေကို မေးကြည့်သည်။ မသိကြောင်း။ ပေရည် မသောက်ဖူးကြောင်း သာအဖြေရသည်။ တချို့က အညာသားများ နားလည်မည်ဖြစ်၍ အညာသားရှာရန် အကြံပြုကြ သည်။
သို့နှင့် သူသည် အညာသားရှာပုံတော်ဖွင့်လေသည်။ အညာသားကို တမ်းတလိုက်သောအခါ ဦးဌေးကို သတိရ မိ၏။ မီးဖိုချောင်သုံးဓားမြှောင်ပဲ့ ကို ပန်းပဲဖိုအပ်ရာမှ ဦးဌေးနှင့် သိခဲ့ရသည်။ ဦးဌေးကို မေးကြည့် သောအခါ -
" ကျွန်တော် ပေရည်သောက်ဖူးပါတယ် ကျွန်တော် တို့ဘက်မှာတော့ ပေပင်ပေါတယ်။ ဒါပေမဲ့ ပေရည်သိပ် မထုတ်ကြ ဘူး။ ပေရည်သောက်ပြီး ၀က်သားစား ရင် သေတယ်လို ပြောကြတယ် " ဟုပြောပြ၏။ ဆက်၍ -
" နောက်ပြီး ထန်းလျက်ချက်လည်း သိပ်မထွက်ဘူးလို့ ပြောကြတယ်၊ ဟိုမှာ ထန်းပင်ပေါတော့ ပေရည်နဲ့ ထန်းလျက် ချက်တာ မတွေ့ဖူးဘူး" ဟု ထပ်ပြောပြန်ရာ တော်တော် စိတ်ဘ၀င်မကျဖြစ်သွား၏။
" ခင်ဗျား ပခုက္ကူ ကဆိုတော့ အညာသားစစ်စစ် မဟုတ်သေးဘူး "
ခင်ဗျားထက် အညာကျပြီး အညာသားစစ်တာ ရှာမယ် " ဟုစိတ်ထဲတွင် ကြုံးဝါးလေ၏။

" ဘာပဲဖြစ်ဖြစ်ဗျာ၊ ကျွန်တော် ပေရည်ထုတ်ချင်တယ်၊ အဲဒါ ခင်ဗျားဆီက အကူအညီတောင်းဖို့လာတာ၊ ကူညီပါဦး" ဟု တောင်းပန် စကားဆိုရာသူက -
" ကျွန်တော်ကတော့ မလှီးတတ်ဘူး၊ ဒါပေမဲ့ တောရကျောင်းမှာ ထန်းလှီးတဲ့ အညာသားတွေရှိတယ်။ အဲဒါ ခင်ဗျား အကူအညီ တောင်းကြည့်ပါလား" ဟု အကြံပေးလေသည်။
သို့နှင့် ဥိးဝိ သည် တောရဘုန်းကြီးကျောင်းဝင်းသို့သွားပြီး အညာသားရှာရပြန်၏။ တောရကျောင်းရှိ ထန်းပင်များ တွင် မြူအိုးများ၊ ထန်းတက်လှေကားများ တွေ့ရသည်။ သို့သော် အညာသားကိုကား မတွေ့ရ။ သို့နှင့် အိမ်အိုကြီး ဆီပြန်လာ၏။

တစ်ပတ်ခန့်ကြာသွား၏။ နောက်နေ့များတွင် အညာသားအား ရှာသော်လည်း လွဲသွားပြန်၏။ ညောင်တုန်းတွင် ထန်းပင်ပေါရာ တစ်ခြားနေရာ သွားလှီးနေတဖြစ်မည်။ သူ့ဇနိးမယားအားတွေ့၍ မှာထားရာ အညာသားသည် အိမ်အိုရှိရာ သို့ ဦးဝိအား လာရှာ၏။ သို့သော် ဦးဝိ ခရီးထွက်နေ၍ လွဲသွားပြန် ၏။ မအောင်မြင်ချင်သော အရာတစ်ခု သည် အကြိမ်ကြိမ် လွဲတတ်လေတကား။
ထို့နောက် တစ်ပတ်မှ နှစ်ပတ် တစ်လသို့ ကူးလာသော အခါ ပေသီးပင် စသီးနေပြီ။ ပေသီးစိမ်းစိမ်း လုံးလုံးလေး များသည် အခိုင်လိုက် အတွဲလိုက် တွဲလွဲခို၍ ပြွတ်သိပ်သီးနေသည်မှာ အလွန်ပင် ကြည့်ကောင်းလှ၏။ သို့နှင့် ဦးဝိ၏ ပေရည်ထုတ်လုပ်ရေး စီမံကန်းသည် လုံးဝပျက်စီးသွားလေတော့သည်။
ဦးဝိ သည် မည်သည့်အရာကိုမဆို လွယ်လွယ်နှင့် အလျော့ပေးတတ်သူမဟုတ်။ ပေရည်မရလည်း ပေသီး ပုတီး လုပ်၍ရောင်းမည်။ တစ်လုံး ... ကျပ်။ ပေသီးတစ်သောင်းလောက်သီးနေသည်။ ဒီတော့ ၀င်ငွေထောပြီ။

သို့သော် ထိုအကြံသည်လည်း လျင်မြန်စွာ ပျက်သုဉ်းသွားပြန်၏။ မည်သည့်အရပ်မှ လာသည်ဟု မသိရသော ကြက်မလောက်ကြီး သည့် လင်းဆွဲများသည် ညအခါ လာရောက် စားသောက်ပစ်၍ ကောင်းစွာ မရင့်မှည့် မှီ ပြုတ်ပြုတ်ပြုန်းကုန်တော့၏။ မကြာမီမှာင် ပေပင်ကြီး သည် ညိုးခြောက်၍ သေသွားပါတော့ သည်။
ဦးဝိ သည် တစ်နေ့သောအခါ ဓားမြောင်ပဲ့ပြန်၍ ဦးဌေးထံသွား၏။ ပန်းပဲဆရာဦးဌေးကို မတွေ့ရသည့်ပြင် ပန်းပဲဖို လည်း ဖျက်ထားသည် ကို တွေ့ရ၏။ အနားတွင် ဦးဌေး၏ မိန်းမကို တွေ့ရ၍ -
" ဦးဌေး ဘယ်သွားလဲ" ဟုမေး၏။
" မသိဘူး"ဟု တစ်ခွန်းသာပြောပြီး အိပ်ခန်းထဲဝင်သွား၏။ ဦးဝိ ကြောင်တောင်တောင်ဖြစ်သွားသည်။ ယခင် တစ်ခါ လာတုန်းက ထိုသို့မဟုတ်။ ရေနွေးကြမ်းလာချပေးသည်။ လက်ဖက်သုတ်ပင် ပါလိုက်သေးသည်။ အိမ်နီးချင်း များအား မေးမြန်း၍ သိရသည်မှာ ဦးဌေးသည် သူ၏ မိန်းမအားထားခဲ့ပြီး မိန်းမ၏ တူမဖြစ်သူနှင့် ထွက်ပြေးသွား သည်မှာ သဲလွန်စပင် မချန်ထားဟုသိရ၏။

ဦးဝိ မှတ်မိပါပြီ။ ဦးဌေး၏ ပန်းပဲဖိုဘေးတွင် မုန့်ဖတ်ကြိတ်ဆုံတစ်ခုရှိရာ ထိုမုန့်ဖတ်ကြိတ်ဆုံတွင် လက်မောင်း အိုးဖွေးဖွေးနှင့် ကြိတ်ဆုံလက်တန်ကိုလှည့်၍ လှည့်၍ မုန့်ဖတ်ကြိတ်နေသည့် တစ်တစ်ရစ်ရစ် နုနုထွတ်ထွတ် အပျိုမလေး တစ်ယောက်။ ဦးဝိပင်လျှင် ရေနွေးကြမ်းသောက်ရင်း သူလေး၏ ကြည်လင်သော မျက်လုံး၊ ပြုံးချိုသော မျက်နှာ၊ ဆင်စွယ်ရောင် လက်မောင်းအိုးလေးများကို မကြာခဏ ခိုးကြည့်ခဲ့သေးသည်။ " အင်း ခုတော့ ပါသွားပြီပေါ့" ဟု မဆီမဆိုင်နှမြောတသလိုက်သေးသည်။

ထပ်မံ၍ သိရသည်မှာ၊ ယခု ကျန်ရစ်ခဲ့သော မိန်းမကိုလည်း အထက်အညာဒေသတစ်နေရာတွင် ယခင် မယားကြီး အား ထားရစ်ခဲ့ပြီး ဤဒေသသို့ ခိုးပြေးလာပါသတဲ့။ သို့နှင့် ဦးဝိသည် -
" အို ဦးဌေး ဦးဌေး၊ သင်ဟာ ဓားသစ်၊ ဓားမြောင်သစ်များကိုသာ ထုလုပ်တတ်သူမဟုတ်။ ရောက်လေရာ အရပ် မှာ ဇနီးမယား အသစ်အသစ်များကိုလည်း ထုယူတတ်ပါတကား။ ယခု နောက်တဖန် ဘယ်မြို့ဘယ် ရွာတွင်များ ပန်းပဲထု ၇င်း ဇနီးမယားသစ်ထုယူဦးမှာမလဲမသိ" ဟု စိတ်ထဲတွင်ရေရွတ်ပြီး သူ၏ အိမ်အိုကြီး ဆီသို့ ပြန်သွားလေ သည်။ ပေပင်ကြီးသည်ကား အိမ်အိုကြီး၏ဘေးတွင် အသီးမဲ့သော အရိုးပြိုင်းပြိုင်း အခိုင်၊ ၀ါခြောက်နေသော အရွက်တွေနှင့် မားမားမတ်မတ် ရှိသေးသည်။

ပြီး
ဆက်ရန် (နောက်တပုဒ်)
.
>>>ဆက်ဖတ်ရန်>>> >>

Friday, November 2, 2012

ခါးရှားဒင်းအောင် ၏ ခရီးသွားဖော်, အပိုင်း (၁၃)

အိုဘယ့် တံတားနှစ်စင်း

ဦးဝိသည် သာပေါင်းမြို့သို့ရောက်ရှိပြီး အိပ်စက်သော ည၌ ကမ္ဘာ့အစွန်းတစ်နေရာသို့ ရောက်ရှိနေသည်ဟု ခံစားမိ၏။ ဆွေမျိုးမရှိ၊ ယုတ်စွအဆုံး ဘာသာစကားတူသူပင်တစ်ယောက်မျှမရှိ။
ထိုည၌ ကောင်းစွာအိပ်မပျော် မြန်မာပြည်မြေပုံ၊ ကမ္ဘာမြေပုံတွေကို အိမ်ယာထက် မှေးမှိတ်ရင်း မှန်းကြည့် မိ၏။ တကယ်ပင် သာပေါင်းမြို့သည် ကမ္ဘာ့ကုန်းမြေအစွန်းမှာပါလား၊ ကြည့် တောင်ဘက်မှာ မြေကြီးအစွန်း ပင်လယ်နှင့် သိပ် မဝေး၊ အနောက်ဘက်ကျပြန်တော့ ပင်လယ်ပြင်ပဲရှိတော့သည်။ မိမိဇာတိမြေအား ထိုသို့ မဟုတ်၊ တောတွေတောင်တွေနှင့် အရှေ့အနောက် တောင်မြောက် မြေပြင်တောင်တန်းကြီးတွေဝိုင်းကာ ပတ်လို့ တကယ့် ကမ္ဘာ့အလယ်ဗဟိုပဲဟု ခံစားမိ၏။

ယခု မိမိနေထုင်ရသောအိမ်သည် ညောင်တုန်းအိမ်နှင့်စာလျှင် အတော်ပင်သေးလှ၏။ ခါးလောက်အမြင့် ကြမ်းခင်းနှင့် နှစ်ခန်းပတ်လည်မီးဖိုဆောင်တွဲ သွပ်မိုးပျဉ်ကာ အိမ်ကလေးဖြစ်သည်။
ရုံးအဆောက်အဦး ကျပြန်တော့ ညောင်တုန်းရုံးထက်များစွာသာသည်။ အပေါ်ထပ် ကြမ်းခင်း အုတ်သမံ တလင်းနှင့် နံရံထူထူခိုင်ခိုင်ခန့်ခန့် အဆောက်အဦးဖြစ်သည်။ တကယ့် ရုံးနှင့်တူသော ရုံးအဆောက် အဦးဖြစ်ပေသည်။

သာပေါင်းရုံးလောက် ရုံးသုံးပရိဘောဂ စားပွဲကုလားထိုင်ပေါသည့်ရုံးဦးဝိ မတွေ့ဘူး။ တိုင်းရုံးက အရာရှိ စားပွဲက သာပေါင်းရုံးစာရေးကြီးစားပွဲ ဘယ်မီပါ့မလဲ။ ကျွန်းသားဆက်တီခုံအကောင်းစားများသည်လည်း ပေါမှပေါ။ ပိုလို့လျှံ လို့ အခန်းလွတ်တစ်ခန်းအပြည့်။
ရောက်ရောက်ချင်း ဆောက်နဲ့ထွင်းဆိုသလို ဦးဝိအား တာဝန်နှစ်ခုဝင်၍ ဆောင့်လေ၏။ ကြွေးကျန်ည့် တံတားနှစ်စင်းဆောက်ရမည်။ ဤတံတားနှစ်စင်းဆောက်ဖို့ ခေတ်တစ်ခေတ် ကွယ်ပျောက်ခဲ့ပြီ။ သို့သော် လုပ်ငန်း အကြွေးကား မပျောက်သေး၊ တံတား မဖြစ်သေး။
ဦးဝိအဖို့ ထိုတာဝန်ကို လွှဲဖယ်ဖို့ အလွယ်ကလေးဖြစ်၏။ " ကျုပ် ဒီငွေတွေကို လက်မခံနိုင်ဘူး၊ ဒီတာဝန် မယူ နိုင်ဘူး" ဟုဆိုလျှင် ပြီး၏။ ကြည့်ပါ။ တံတားဆောက်ဖို့ ငွေထုပ်တဲ့၊ တာဝန်ရှိသူကတော့ ငွေထုပ်ထားပြီး လစ်ပြီ။ ဦးဝိ ကိုပင်မစောင့်။

သို့သော် ဌာနမျက်နှာထောက်ရမည်။ ပြောင်းရွှေ့သွားတော်မူသူကို ငဲ့ရမည်။ ထို့ကြောင့် ဦးဝိသည် "ဤတံ တားနှစ်စင်း ကျုပ် ဆောက်အံ့" ဟု ရဲဝံ့စွာ တာဝန်ယူလိုက်လေသည်။ ဦးစွာတံတားဆောက်မည့်နေရာသို့ သွားရောက်လေ့လာ ခဲ့၏။ တစ်စင်းမှာ ဖိုချောင်းပေါ်တွင် ဆောက်ရမည်။ တစ်စင်းကို ၀ါးယားချောင်းပေါ် မှာ ဆောက် ရမည်။ ဦးဝိသွားကြည့်သည့်ကာလမှာ နွေဦးရာသီဖြစ်၍ ချောင်းနှစ်ခုစလုံးဘာရေမှ မရှိ၊ ခြေဆေး ရန်ပင်မရှိ။
သို့နှင့် " မင်းတို့ဘာရေမှ မရှိဘဲနဲ့ ဘာတံတားလိုလို့လဲ၊ ဒီမှာလည်း လမ်းတောင်ဖုန်ထနေတယ်" ဟုပြောရာ အတူ ပါလာသည့် ဦးအေးဟန်က "အစ်ကိုကြီး မိုးကျရင် ဒီချောင်းဟာ အကျယ်ကြီးရယ်၊ လူကူးလို့ မရဘူး၊ ရေစီး တအားသန် လို့ ကျွဲနွားတောင် မကူးနိုင်ဘူး၊ တံတားမရှိလို့ ဒီဒေသက လူတွေနဲ့ တစ်မိုးလုံးနီးနီး အဆက်အသွယ်ပြတ်တယ်" ဟု ရှင်းပြလေသည်။

ဖိုချောင်းသည် ပင်လယ်ကမ်းခြေ ဘောမိဒေသနှင့် သာပေါင်းမြို့ကြားတွင်ရှိပြီး၊ ၀ါးယားချောင်းမှ အနောက်မြောက်ဒေသနှင့် သာပေါင်းကြားတွင်ရှိ။ သို့နှင့် တံတားဆောက်မည့်နေရာ မြေအနေအထားရွေး ပြီး ပေအရှည် ကို တိုင်းရသည်။ ဖိုချောင်း၏ အနေအထားမျာ ရိုးရိုးသစ်တံတားဆောက်၍ ဖြစ်နိုင်ခြေရှိ၏။ ၀ါးယားချောင်း ကား ထိုသို့မဟုတ်။ ရေစီး အလွန်သန်သည်ဟု ဆိုကြ၏။ ပြီးတော့ ရေ မရှိသေးသော်လည်း ချောက်နက်သည်။ တိုင်စိုက်ရန် မဖြစ်နိုင်။ တိုင်ဆက်ကလည်း ရေစီးသန်၍ လဲသွားနိုင် သည်။
သို့ရာတွင် ထိုပြဿနာမှာ ဦးဝိတို့လို တောင်ပေါ်သားအဖို့ အသေးအဖွဲ့မျှသာ။ သူသည် ဆွမ်ပရာဘွမ်၊ နောင်မွန်၊ ခေါ်ဘူဒဲဒေသများ၌ ကြိုးတံတားများစွာ လျှောက်ဖူး၏။ ဒီတော့ " ကျုပ် ၀ါးယားချောင်း မှာ ကြိုး တံတားဆောက်အံ့" ဟု ကြုံးဝါးလိုက်လေသည်။

ဦးဝိသည် ရိုးရိုးသစ်သားတံတားဖြစ်သည့် ဖိုချောင်းတံတားကို ဦးစွာဆောက်ရန် ပြင်ဆင်လေ၏။ သစ်သား တံတား ကို လူတိုင်းဖြတ်ကူးဖူးသည်။ မြင်ဖူးသည်။ ဒီတော့ တော်ရုံလက်သမားကို ဤသို့ လုပ်ါ။ ဟိုလိုလုပ်ပါ" ဟု ညွှန်ကြားလျှင် ဖြစ်နိုင်ချေရှိ၏။ ရေမရှိသည့် ကုန်းပေါ်ဆောက်ရမည်ဖြစ်၍ ပို၍ပင် လွယ် သေးသည်။
သို့သော် အိမ်လောက်သာ ဆောက်ဖူးသည့် လက်သမားနှင့် မဖြစ်သေးချေ။ တံတားဆောက် အတွေ့အကြုံ ရှိသူ ရှာရမည်။ ဒီတော့ ဒေသခံ လုပ်ဖော်ကိုင်ဘက် ဦးအေးဟန်အား လက်သမားရှာပုံတော်ဖွင့်စေ၏။ ဌာန စကားနှင့်ပြော ရလျှင် ဦးအေးဟန်သည် အထက်ကို အလွန်တာဝန်ခံပြီး တာဝန်ကို လိုလိုလားလား ထမ်း ဆောင် တတ်သူဖြစ်၏။ သိပ်မကြာပါ ပုသိမ်မြို့မှ တံတားဆောက်မည့်အဖွဲ့ ရောက်လာကြ၏။

သို့နှင့် သူတို့အား တံတားဆောက်မည့် နေရာသို့ ခေါ်သွား၏။ ပျဉ်ပေးသွင်းမည့်သူနှင့် ဆက်သွယ်ပေးသည်။ တံတား မှာ မြေအနေအထားအ၇ ပေ(၄၀)ရှည်ဆောက်ရမည်။ အကျယ်ကတော့ လူနှင့် မြင်းကူးရရုံ ၄ ပေ အကျယ် ဆိုလျှင် ရပြီ။
လုပ်ငန်း စတင်ပြီး သီတင်းတစ်ပတ်ကြည့်သည့်အခါ ထိုနေရာသို့ ဦးဝိတို့အဖွဲ့ ပြန်လာကြည့်ကြ၏။ တဲထိုး။ တိုင်စိုက်နှင့် လုပ်ငန်းအားရဖွယ်တွေ့ရ၏။ သူတို့၏ အလုပ်စခန်းတဲဘေးတွင် ကားအလွန်ထူးကဲ့သည့် မြင် ကွင်းတစ်ခု ကို ဦးဝိမြင်ရသည်။
ကလေးမ တစ်ဦးသည် ရွာလွတ်ဆေးတန်ကိုခဲ၍ ဟန်ပါပါဖွာရှိုက်နေ၏။ ဆေးတန်သောက်တန်းကစားနေ သည် မဟုတ်။ အဟုတ် တကယ် သောက်နေသည်။ သူမ၏ ပုံသဏ္ဍာန်ကိုကြည့်ပါ။ ထဘီတိုတို ၀တ်ထား၏။ ဆံပင်ကို ကတုံးညှပ်ထားသည်။ ကပ်ကျေးအရာတွေနှင့်၊ ဖိနပ်မပါ။ ခါးအထက် အ၀တ်အစား လုံးဝမရှိ။ ပူဖောင်းနေသည့် ၀မ်းဗိုက် အလယ်တည့်တည့်တွင် ကွမ်းသီးခန့်ချက်ကြီးက နေရာယူထား၏။ အသက်မေး ကြည့်တော့ " ကိုး " နှစ်တဲ့။ ကံမကောင်း အကြောင်းမလှ ၀ဋ်ကြမ္မာကြောင့် မျက်စေ့တစ်ဖက်လည်း မကောင်းရှာပါ။

ဦးဝိသည် ထိုကလေးမကို ကြည့်မိပြီး များစွာ စိတ်မကောင်းဖြစ်မိ၏။ မည်သည့် အကြောင်းတေါများ ပေါင်းဆုံ၍ ဤဒေသ ၌ ဤသို့ဖြစ်ရသနည်းဟု စိတ်နှလုံးမကြည်မသာတွေးနေမိ၏။
သူသည် တံတားဆောက်သည့် အဖွဲ့နှင့် တွေ့ဆုံညှိနှိုင်းပြီး ထိုနေရာမှ စိတ်မကောင်းကြီးစွာနှင့် ပြန်ခဲ့လေ သည်။ ထို့နောက် သီတင်းတစ်ပတ်အကြာတွင် ကြားရသော ဦးအေးဟန်၏ သတင်းပို့ချက်သည် ဦးဝိအားများစွာ တုန်လှုပ်စေ ၏။ ထိုသတင်းစကားမှာ ... " တံတားဆောက်နေစဉ် အခါမဟုတ် မိုးရွာချရာ ဖိုချောင်း သည် ရေတွေ စီးပြီး ချောင်းငယ်ဖြစ်လာကြောင်း၊ တံတားဆောက် အဖွဲ့ သည် ချောင်းေ၇ အတိုင်း အောက်ပိုင်း ဆင်း၍ မူလကပင် ရေကျန်နေသည့် အိုင် ကလေးများ၊ ချောင်းကွေ့များတွင် ဂဏန်း၊ ပုစွန်မ်းကြကြောင်း၊ ထိုချောင်းမှာပင် ရေချိုးကြကြောင်း၊ ထိုရေ ပင် သောက်ကြကြောင်း၊ ဤတွင် ဖျားနာကုန် ၍ ပုသိမ်ပြန် သွားကြကြောင်း၊ သူတို့အနက် လက်သမားခေါင်းဆောင်အပါအ၀င် သုံးယောက် သေဆုံးသွား ကြကြောင်း၊ ယခု တံတားဆက်ဆောက်မည့်သူ မရှိတော့ကြောင်း လူသေသည့်ကိစ္စသတင်းပြန့်၍ မည်သူမျှ တံတား ဆက်မဆောက်လိုကြတော့ကြောင်း " ဟူ၍ ပြောလေသည်။

ဦးဝိအကြီးအကျယ် စိတ်ညစ်သွားတော့။ စိတ်ထဲတွင်လည်း " ကျုပ် တံတားမဆောက်ဘဲ အရင်ပုဂ္ဂိုလ် လို နေလိုက်ရင် အကောင်းသား၊ ခုတော့ ကျုပ် ဒုက္ခလှလှတွေ့ပြီ။ ငွေလည်း တစ်ဝက်ချိုးကုန်ပြီ ဘယ်နှယ့်လုပ် ရပါ့" ဟု ညည်းညူနေလေ၏။ သို့သော် အးကိုးအားထားတော့ ရှိနေသေးသည်။ သူကတော့ ဦးအေးဟန်ပင်။ သူက " အစ်ကိုကြီးမပူနဲ့ ကျွန်တော့် အသိမိတ်ဆွေ လက်သမားတစ်ယောက်ရှိတယ်။ သူက အယူမသည်းဘူး၊ ကျွန်တော် ရအောင်စည်းရုံးမယ်" ဟု အားပေးစကားပြောဆိုလေသည်။
သို့နှင့် ဖိုချောင်းတံတားသည် ဦးအေးဟန် ဆက်သွယ်ပေးသော သာပေါင်းမြို့မှ လက်သမား ဆရာနှင့် အေးဆေးစွာ ဆောက်လုပ်ပြီးစီးသွားလေသည်။ ဦးအေးဟန်၏ မျက်နှာကြောင့် တံတားဆောက်လုပ်ခ များ၏ နည်း၏ မပြောတော့။ ဦးဝိသည်လည်း ၀မ်းသာကြည်နူးစွာဖြင့် လက်ကျန်ရှိရှိသမျှ ငွေအားလုံးကို လက်ဖက်ရည် ဖိုးပင်မချန် ရက်ရောစွာပေးကမ်းလိုက်၏။

တံတားတစ်စင်းတော့ပြီးပြီ။ တစ်စင်းကျန်သေးသည်။ ၀ါးယားချောင်းပေါ်တွင် ကြိုးတံတားဆောက်လုပ်ခြင်း ဖြစ် သည်။ ကြိုးတံတားသည် ရိုးရိးတံတားနှင့်မတူ ပညာသားပါသည်။ သံမဏိကြိုးများ၊ ဆိုင်းကြိုးများ၊ ကလစ်များ မူလီများလိုသည်။ သို့နှင့် ဦးစွာ ဆောက်လုပ်ရေး အင်ဂျင်နီယာထံ ချဉ်းကပ်၏။ သူပေးသော အဖြေမှာ ဦးဝိအား များစွာ စိတ်ဓာတ်ကျဆင်းစေ၏။ အင်ဂျင်နီယာက ... " ကြိုးတံတားမဆောက်ဘူးကြောင်း၊ မလျှောက် ဘူးကြောင်း၊ မမြင်ဘူးကြောင်း၊ မအားကြောင်း" ပြောလေ၏။
ဥိးဝိသည် ဆည်မြောင်းအင်ဂျင်နီယာနှင့်ခင်၏။ ထို့ကြောင့် မဆီမဆိုင်သည့် ဆည်မြောင်းအင်ဂျင်နီယာထံ ချဉ်းကပ်ရပြန်၏။ " ဒီမှာ ကိုကြည်ဝင်း ကျွန်တော့်ကို ကူပါဦး၊ ၀ါးယားချောင်းမှာ ကြိုးတံတားဆောက်ဖို့ ရှိ တယ်။ အဲဒါ ခင်ဗျား ဆီက အကူအညီ လာတောင်းတာ၊ အတတ်ပညာပိုင်းပေါ့ဗျာ" ဟု အကူအညီ တောင်း လေ၏။ ဦးကြည်ဝင်း က " ကျွန်တော် ကြိုးတံတား မဆောက်တတ်ဘူး၊ ကျွန်တော့်ဆိုက်လည်း မဟုတ်ဘူး၊ ပြောရရင်တော့ဗျာ၊ ကျွန်တော် ကြိုးတံတားတောင် မမြင်ဖူးဘူး၊ ပုံကိုတော့ ရုပ်ရှင် တို့ မှာတော့ မြင်ဖူးတာ ပေါ့။ ကျွန်တော်တို့ ဧရာဝတီတိုင်းဒေသကြီးမှာတော့ ကြိုးတံတားဆောက်တယ်လို့ မကြား မိဘူး၊ ဖျာပုံမှာတော့ ရှေးအဂ်လိပ်ခေတ်က ကြိုးတံတားတစ်စင်းရှိတယ်လို့ ကြားဖူးတယ်" ဟု ဆိုလေ၏။

ဦးဝိက " ခင်ဗျားအင်ဂျင်နီယာပဲ ပြောပြရင် သဘောပေါက်မှာပါ။ ကျွန်တော်ကတော့ ကြိုး တံတားပေါင်း မြောက် များစွာ လျှောက်ခဲ့တယ်။ လုပ်ငန်းသဘောအရ ကြိုးတံတားတည်ဆောက်ရေးမှာလည်း ပါဝင်ပတ် သက် ဖူးတယ်" ဟု ပြောဆိုကာ စက္ကူလွတ်တစ်ခုပေါ်တွင် ဟိုခြစ်သည်ခြစ် လုပ်ပြလေ၏။ ဦးကြည်ဝင်းက အင်ဂျင်နီယာ ပဲ သဘောတရားနည်းစနစ်ကို သဘောပေါက်ပြီ။
ဦးဝိ က ဆက်လက်၍ " ဒီမှာ ကိုကြည်ဝင်း ခင်ဗျား ဖျာပုံသွားပြီး လေ့လာဗျာ၊ ဒါမှမဟုတ်ရင် ရန်ကုန် ဆင်းပြီး ပြည်သူ့ရင်ပြင် မှာ သွားကြည့်၊ သဘောတရားအတူတူပဲ " ဟု ညွှန်ပြလေ၏။
သို့နှင့် ဦးကျော်ဝင်းနှင့် ဦးဝိသည် ၀ါးယားချောင်းသို့ သွားကြ၏။ ထိုနေရာတွင် တဲအိမ်စုရှိသည်။ စုစုပေါင်း ခုနှစ် အိမ်ဖြစ်၏။ ထိုတဲများမှ လူများ၏ အကူညီ တောင်းတန်တောင်းရမည်။ သူတို့သည် ကြိမ်ခုတ်၊ ၀ါးခုတ်၊ မီးသွေးဖုတ် ၍ အသက်မွေးကြသည်ဟုဆို၏။ သူတို့ကို တွေ့တော့ ဦးဝိများစွာ စိတ်မချမ်းမသာဖြစ်ရပြန်သည်။

သူတို့၏ မျက်နှာ အနီးမီးယားလက္ခဏာပြနေ၏။ အနီးမီးယားဆိုသည့် စကားလုံးကို ဦးဝိ၏ ဇနီးမကြာခဏ ရွတ်ဆိုတတ် သဖြင့် ထိုစကားကို နားယဉ်နေ၏။ သွေးအားနည်းငှက်ဖျားလက္ခဏာဆိုပါ၏။ သူတို့သည် အသားညို များဖြစ်ကြသော်လည်း မျက်နှာမှာတော့ စိမ်းဝါ၀ါနှင့် ရှိကြ၏။
ဤဒေသ ၌ ငှက်ဖျားထူပြောသည်ဟုဆိုကြ၏။ သူတို့ဆေးဝါးလိုနေပြီ၊ နောက်တစ်ကြိမ် ဒီနေရာကို လာရင်တော့ ဆေးဝါး ပါဦးမှဟု တွေးမိလေ၏။ ဦးဝိတို့အဖွဲ့သည် တံတားဆောက်မည့်နေရာကို တိုင်းကြ တာကြတော့ တံတားအရှည်၆၀ ကျော်သည်။ သံမဏိကြိုး ပေ ၂၀၀ ရှိနှစ်ချောင်း ပေ ၁၀၀ အရှည်နှစ်ချောင်း လိုမည်။
ထိုဝါးယားချောင်း ကြိုးတံတားဆောက်မည့် နေရာသည် သာပေါင်းမှ ၁၈ မိုင်ဝေး၏။ လမ်သည် သစ်ရိပ် ၀ါးရိပ် ကင်းပြီး ဖုန်အတိပြီး၏။ ဖုန်သည် ခြေမျက်စေ့မြှုပ်၏။ ဤမျှဖုန်ထူသောလမ်း ဦးဝိမလျှောက်ဘူး။ ဤ ဒေသသည် ယခင် က တောကြီးမြိုင်ကြီးဟု ဆိုကြ၏။ ဤသို့ဆိုလျှင် ယခု အဘယ်ကြောင့် ဤသို့ ဖြစ်ရသနည်း။ ဆက်စပ်တွေးခေါ်လျှင် အဖြေပေါ်နိုင်သော်လည်း ဦးဝိ မတွေးတော့။ ဖြစ်ခဲ့ပြီပဲ ရှိပါစေတော့။ သူပတာဝန်မှာ တံတားဆောက်ဖို့ကအဓိကဖြစ်သည်။

ပစ္စည်းစုံသည့်အခါ ဦးဝိနှင့် ဆည်မြောင်းအင်ဂျင်နီယာ သည် လက်သမားအဖွဲ့နှင့် ဌာနတစ်ခု၏ကားကြုံဖြင့် သွားကြ ၏။ လက်သမားဆရာအား မည်သည့်နေရာ၌ ကြိုးထိမ်းခံတပ်လုပ်ပါ။ ကြိုတင်၍ မေဆ်ာစင် ဘယ်နှ ပေမြင့်အောင် မည်သို့ဆောက်ပါ။ ကြိးကို ဘယ်မျှ ညွတ်အောင် သွယ်တန်းပါစသဖြင့် အသေးစိတ် ညွှန်ကြား ပြီး သာပေါင်းသို့ပြန်လာကြ၏။
သတင်း တစ်ပတ်ကြာသောအခါ လက်သမားဆရာပြန်လာ၏။ ဖျား၍ ပြန်လာသည်ဟုဆို၏။ ဦးဝိ အတော် ထိတ်လန့်သွား၏။ ဤလက်သမား တစ်စုံတစ်ခုဖြစ်ခဲ့သော် သေသွားခဲ့သော်၊ ထိုတံတား မည်သူဆောက် မည်နည်း။ ဦးဝိ ဆက်ပင်မတွေးဝံ့။ သို့နှင့် လက်သမားဆရာအား ဆေးရုံတင်ထားရ၏။ ဦးဝိသည် ဆရာဝန် နှင့် ခင်၏။ ထို့ကြောင့် လူနာ မကြားအောင် ဆရာဝန်အား " ဆရာ ဒီလက်သမား သေလို့မဖြစ်ဘူး၊ ဆရာ အစွမ်းကုန် ကုပေးပါ။ ဆေးဝါး အပြင်က ၀ယ်ရလည်း ကျွန်တော် ခံပါ့မယ် " ဟု တကယ့်သောကနှင့် တိုးတိုး ပြောဆိုထား၏။ ဆရာဝန် သည် အထူး၈ရုပြုပေးပါ၏။ ဗီအိုင်ပီကဲ့သို့ ကြည့်ရှုလေ၏။

တစ်ပတ်ခန့်ကြာသည့်အခါ လက်သမားဆရာသည် အဖျားပျောက်ပြီး လိုအပ်သည့် ရိက္ခာနှင့်ဝါယားချောင်း တက်သွားပြန်၏။ သုံးလေးရက်ကြာသောအခါ ငှက်ဖျားထ၍ ဆင်းလာပြန်၏။ တံတားဆောက်မည့် နေရာ နားတွင်ကုက္ကိုပင်ကြီးတစ်ပင်ရှိ၏။ တံတားမျှော်စင်တိုင် မလွှတ်သဖြင့် အကိုင်းတစ်ကိုင်းခုတ်လိုက်၏။ ထို့ကြောင့် ကုက္ကိုပင်စောင့် ရုက္ခစိုးနတ်ကိုင် သည်ဟု အယူသီးကြပြန်၏။ တော်ပါသေး၏ လက်သမားဆရာ ထိုအယူသီး ထဲမပါ။
အမှန်တော့ ငှက်ဖျားပိုးကြောင့် ဖျားခြင်းဖြစ်၏။ သူတို့မှာ အယူအဆတစ်ခုလည်းရှိသေး၏။ နွေကာလတော မီးလောင် ၍ သစ်ဝါးရွက်ပြာကျန်ခဲ့သည်။ မိုးရွာလာသည့်အခါ ချောင်းထဲမြောင်းထဲ သစ်ရွက်ဝါးရွက်ပြာတွေ အရည်ပျော်မျော ပါလာသည်။ ထိုရေကို သောက်မိလျှင် ထိုရေုကို ချိုးမိလျှင် ငှက်ဖျားဖြစ်သည်ဟု ရှေးစဉ် လာ ကပင် ယုံကြည်လက်ခံကြ၏။ အမှန်တော့ မိုးကျလျှင် ခြင်ပေါက်ပြီ။ ခြင်ပေါက်တော့ လူတွေကို ကိုက် သည်။ ခြင်ကိုက်တော့ ငှက်ဖျားဖြစ်ပြီ။ သို့သော် သူတို့အဖို့ ပြာရည်သည်လျှင် တရားခံဖြစ်တော့သည်။ လက်သမား ဆရာ ဆးရုံတက်ပြန်၏။ ဦးဝိက ဆရာဝန်အား" ဆရာ ဒီလူ သေလို့မဖြစ်ဘူး " ဟု ပြောရပြန် သည်။

နောက်ပိုင်းတွင် ပို၍ ထူးဆန်းသည်မှာ ဆေးရုံဆင်း၍ အိမ်တွင်နားသည်။ နား၍ အားရှိသောအခါ ၀ါယား ချောင်းတက်ရန် ငွေထုတ်ရိက္ခာဝယ်သည်။ ၀ါယားချောင်းတက်မည့် နံနက် ငှက်ဖျားထပြန်သည်။
ဆေးကု ၍ အဖျားပျောက်သွားပြန်သည်။ မနက်ဖြန် ၀ါးယားချောင်းတက်မည်ဟု ရိက္ခ၀ယ်ပြီး နောက်နေ့ နံနက် ဖျားပြန်သည်။ ဤသို့ လေးငါးကြိမ် ဆက်တိုက်ဖြစ်ခဲ့သည်။
ဤတွင် ဦးဝိ ပင်လျှင် ကုက္ကိုပင်ပိုင်ရှင် ရုက္ခစိုးအား တရားစွဲချင်လာသလိုလို တစ်ပင်လုံး အမြစ်ကစလှန်ပစ် ချင် သလိုလို ဖြစ်လာတော့သည်။ ဤတစ်နွေ တံတားမပြီးလျှင် ခက်ရချေရဲ့။ လက်သမားသေလျှင်ကား ဦးဝိဘ၀ ပျက်ပြီ။

 စတန့်ထွင်၍ ကြိုးတံတားဆောက်တာ သူတို့ သိကုန်ကြပြီ။ အချိန်တန်၍ " မင်းကြိုးတံတား ဘယ်မှာလဲ " ဟု မေးလျှင် မည်သည့်အရာကို ပြမည်နည်း။ အကယ်၍ ကြိုးတံတားမဟုတ်ဘဲ ရိုးရိုးတံတား သာဆိုလျှင် ချောင်ချသည့် နေရာက တံတားတစ်ခုကို ဓာတ်ပုံရိုက်။ ပြီးပြီဟု သတင်းပို့ ... အင်း ဒါမျိုး တွေးပင် မတွေး ကောင်းဘူး ဟု ထိတ်လန့်စွာဖြင့် အတွေးရပ်ပစ်လိုက်၏။
ဤသို့ ဦးဝိ အကြီးအကျယ် စိတ်ဓာတ်ကျစိတ်ညစ်နေစဉ် တစ်မနက်တွင် လက်သမားဆရာ လန်းဆန်း တက်ကြွ စွာ ရောက်ရှိလာ၏။ " ဆရာ ကျွန်တော် အဖျားပျောက်ပြီ၊ လုံးဝ ပြန်မဖြစ်တော့ဘူး၊ ဆရာကို ပြောပြရဦးမယ် ဟိုရပ်ကွက် က အနှိပ်သည်ပေါ့ သူနှိပ်ရင် အဖျားပျောက်တယ်ဆိုလို့ ကျွန်တော်လည်း အနှိပ် ခံခဲ့တယ်။

ငှက်ဖျားထ လို့ ချမ်းတုန်နေတဲ့အချိန် ဘောင်းဘီတိုပဲချန်ပြီး အ၀တ်အကုန်ချွတ်ခိုင်းတယ်။ အ၀တ် ဗလာကြောင့် ခိုက်ခိုက်တုန်နေ တဲ့ ကျွန်တော့်ကို ကြည့်ပြီး ကျုပ် ဒါမျိုးမှ ကြိုက်တာဆိုပြီး သယ်ထည့် လိုက်တာ ဆရာရယ်၊ တစ်ကိုယ်လုံး ငါးဖယ်နယ် နယ်ပစ်လိုက်တာပဲ၊ သူနှိပ်ပုံကတော့ အရိုးတွေ တစ်ဖျောင်းဖျောင်းကြိုး မတတ်ဘဲ၊ တော်ပြီ နာတယ် ဆိုလည်း မရဘူး။ ကျွန်တော် နာလို့ အော်လ သူက ဟဲ ဟဲဟဲနဲ့ သလောကျလေပဲ။ ကျွန်တော် လည်း သေလည်းသေစေတော့ ယောက်ျားပဲဆိုပြီး ကြိတ်မှိတ်ခံတာ ပေါ့ဆရာ၊ တစ်နာရီကျော်ကျော် စိတ်ရှိ လက်ရှိ နှိပ်ပြီး ပြန်လွှတ်လိုက်တာ ကျွန်တော်လည်း မြော့မြော့ပဲ ကျန် တော့တယ်။ ဒါပေမယ့် နောက်နေ့ ကစပြီး ကျွန်တော် အဖျားမတတ်တော့ဘူး။ သုံးလေးရက်ကြာပြီ လုံးဝ ပျောက်ပြီ။ မနက်ဖြန် ၀ါးယားချောင်း တက်မယ်" ဟု တက်ကြွစွာ ပြောဆိုလေသည်။

ဦးဝိသည် လက်သမားဆရာ ငှက်ဖျားပျောက်သည်ဆို၍ များစွာ ၀မ်းသာသွား၏။ သို့သော် နှိပ်၍ ပျောက် သည် ဆိုသော အယူအဆကိုမူ တစ်ဝက်မျှသာ လက်ခံလေသည်။ ဦးဝိ တွေးကြည့်မိသည်မှာ ဆရာဝန် သည် နောက်ဆုံးပေါ် ငှက်ဖျားဆေးများ တိုက်ကျွေးသည်၊ ထိုးပေးခဲ့သည်။ သို့သော် ငှက်ဖျားပိုးတို့သည် အလွန် အရှောင် အတိမ်းကောင်းကြသည်။ လူ့အသည်းထဲ ပုန်းခိုနေတတ်ကြသည်ဟု ဥိးဝိ ကြားဖူး၏။ ယခု နေ့ရက် ရှည်စွာ လိပ်ပတ် လည်အောင် စားထားသောဆေးများသည် လက်သမားဆရာ၏ အသွေးထဲ အသားထဲ ကျန် နေမည်။ ထိုအခါ လက်သမားဆရာအား အနှိပ်သည်က ငါးဖယ်နယ် နယ်ပစ်လိုက် ၍ သွေးသားဆူ ဝေလည်ပတ်မှုအားကောင်းလာကာ ငှက်ဖျားပိုးနှင့် ထိတွေ့သွားမည်။ ဆေးမိတော့ ငှက်ဖျား ပိုးသေပြီ။ ငှက်ဖျားပိုးသေတော့ လက်သမားဆရာ အဖျားပျောက်ပြီ။ ဤသို့ ဆေးပညာ နလပိန်းတုံး ဦးဝိတွေး၍ တစ်ဝက် မျှသာ ယုံကြည်ခြင်းဖြစ်လေသည်။

သီတင်းသုံးပတ်ခန့်ကြာသောအခါ လက်သမားဆရာသည် တံတားပြီးသွားပြီဖြစ်ကြောင်း ၀မ်းသာအားရ သတင်း ပို့၏။ ဦးဝိ အပျော်ကြီး ပျော်သွား၏။ လည်ပင်းတွင် တစ်ဆို့နေသည့် အလုံးအကြီးအသေး အကုန် ကျသွား၏။ သို့နှင့် သက်ဆိင်ရာ သို့ သတင်းပို့ပြီး တံတားဖွင့်ပွဲလုပ်ရန် ပြင်ဆင်လေသည်။
တံတားဖွင့်ပွဲ သို့ ဆည်မြောင်းအင်ဂျင်နီယာ ဦးကြည်ဝင်း မလိုက်နိုင်၍ တပည့်တစ်ဦးထည့်ပေးလိုက်၏ သုတို့ အဖွဲ့ သည် ဖဲကြိုး၊ ကတ်ကြေးကအစ ငှက်ဖျားဆေးပါ ယူသွားကြ၏။ ၀ါးယားချောင်းနီးတော့ ကြိုးတံတားကြီး သည် ချောင်းကိုခွ၍ တွဲလောင်းခိုနေသည်ကို ဦးဝိမြင်ရ၏။

သူသည် အလွန်ပီတိပြီးသောမျက်နှာဖြင့် တ့တားခြေရင်းသို့ ချဉ်းကပ်သွား၏ တံတားခြေရင်းရောက်တော့ ဦးဝိ၏ မျက်လုံး များ ပြူးကျယ်သွားတော့၏ နှုတ်မှလည်း -
" ဟိုက် ငါ့ကြိုးတံတားကြီး ဘယ်လိုဖြစ်သွားပါလိမ့် " ဟုရေရွတ်လိုက်သည်။ ကြည့်ပါ ဦးဝိလျှောက်ဖူးသမျှ ကြိုးတံတားများ ၏ ကြမ်းခင်းသည် ကန့်လန့်သာရှိကြကုန်၏။ ယခု တံတားကြမ်းခင်းသည် တံတားအရှည်ကို လိုက် ၍ အလျားလိုက်ရှိကြကုန်၏။ မည်သို့ ဖြစ်သွားပါလိမ့်ဟု ဦးဝိ တွေးကြည့်၏။ ပြီးတော့ တံတားအောက် ဆင်းကြည့်သည်။ တွေ့ရပါပီ။ အမှန်တော့ သစ်သားယက်မ အစွန်းတစ်ဘက်စီ၌ ချည်ထားသော ဆိုင်းကြိုးများ သည် အပေါ်သံမဏိကြိုးတန်းနှစ်ချောင်း တွင် တစ်ဘက်စီချည်ရမည်။ ထိုအခါ ယက်မသည် သံမဏိ ကြိုး နှစ်ပင်ကြား ဒန်းကဲ့သို့ တွဲလောင်းခိုနေမည်။ ယခုသော်ကား လက်သမားဆရာကြီးသည် ယက်မ ချည်ထား သော ဆိုင်းကြိုးနှစ်ပင်ကို သံမဏိကြိးကြီးတစ်ပင်တည်းတွင် တွဲလွဲခိုနေပါတော့သည်။ အခြားတစ်ဘက် တွင်လည်း ထိုနည်းအတိုင်းဖြစ်ရာ ယက်မနှင့် သံမဏိကြိုးနှစ်ပင်ဆက်စပ်မှုမရှိတော့။

ဒီတော့ သစ်သားယက်မများ ဆက်သွယ်၇န် ဆင့်များကို ကန့်လန့်ထိုး၍ ချုပ်ထားရ၏။ ထို့နောက် ဆင့်များ ပေါ်တွင် ကြမ်းခင်း ခင်းလိုက်ရာ ကြမ်းခင်းသည် တံတားအရှည်အတိုင်း အလျား လိုက် ဖြစ်ကုန် သတည်း။
အမှန် မှာ ယက်မများသည် ကြိုးကြီးနှစ်ပင်ကြား တွဲလွဲခိုနေရမည်ဖြစ်ပြီး ဆင့်များဖြင့် ဖမ်းချုပ်ရမည်။ ထိုအခါ ကြမ်းခင်း သည် ကြိုးနှစ်ပင်ကြား ကန့်လန့်ရှိမည်ဖြစ်သည်။ ကြိုးကြီးနှစ်ပင်ကို ယက်မများချုပ်ထားသဖြင့် တံတား ပိုခိုင်မည်။
မည်သို့ဖြစ်ပါစေ တံတားပြီးပြီ၊ တံတားပေါ်တွင် လူနှင့်မြင့်လားသာ ကူးမည်။ ဤမျှသာ ခံနိုင်အားရှိသည်။ ဦးဝိ သည် ၀ါးယားချောင်းအိမ်စုနှင့် ပတ်ဝန်းကျင်မှ မိးသွေးဖုတ်၊ ကြိမ်ခုတ်သည့် အချောဆုံး အလှဆုံး အပျိုလေးများ ၀န်းရံ၍ ဖဲကြိုးဖြတ်ကာ တံတားဖွင့်ပွဲကို အောင်မြင်စွာ ပြုလုပ်ပြီးစီးသွားလေသည်။

ဦးဝိသည် သူ၏ မဟာကြိုးတံတားပေါ်တွင် လူတွေ ကူးသန်းသွားလာနေသည်ကို ကြည်နူးဝမ်းမြောက်စွာ ကြည့်နေ၏။ ထိုအချိန်သည် မိုးဦးကာလရောက်င ၀ါးယားချောင်းရေစီးနေပြီ။ တံတားအောက်တွင် လှေ တစ်စီး ချည်ထားသည် ကို တွေ့ရ၍ မေးကြည့်ရာ -
" ဆရာ အဲဒါ ၀ါးယားချောင်းကူး၊ ကူးတို့လှေဗျ၊ ဆရာ့တံတားလည်း ပြီးရော သူလည်း အလုပ် လက်မဲ့ဖြစ်ပြီး တောထဲကြိမ်ခုတ်၊ ၀ါးခုတ်လစ်ပြီ" ဟု ပြောပြရာ၊ ကူးဆို့ဆရာအလုပ်လက်မဲ့ ဖြစ်သွားသည်ကို သနားမိ သော် လည်း မိမိကြိုးတံတားကြီး အသုံးဝင်ပုံကို တွေးကြည့်ပြီး ဥိးဝိ၏ မျက်နှာသည် လမင်းအလား ထိန်ထိန် သာလျှက် ရှိနေတော့သည်။
မိုး ကာလ တွင် ဟိုဘက်ကမ်း ဒီဘက်ကမ်းကူးပေးရုံနှင့် တစ်ခေါက်လျှင် ၅ိ/- ပေးရ၏။ ထိုစဉ်က ၅ိ/- သည် တန်ဖိုး မသေးလှ။ ချောင်းငယ် အရှေ့ဘက်ကမ်းတွင် ခုနှစ်အိမ် အနောက်ဘက်ကမ်းတွင် သုံးအိမ်ရှိသော် လည်း ချောင်းခြား ၍ အလွန်အရေးကြီးမှသာ အကူးအသန်းရှိကြသည်ဆို၏။ ယခုတော့ တစ်ရွာတည်း ဖြစ် သွားကြပြီ။

ထိုနေ့တွင် မိုးဖွဲဖွဲရွာနေ၏။ ဖုံလည်း မထတော့၍ လမ်းလျှောက်၍ကောင်း၏။ ဦးဝိသည် ဘ၀ကိုရင်း၍ တည် ဆောက်ထားသော တံတားပြီးဆုံးသွား၍ အပျော်ကြီး ပျော်နေသည်။ သူ၏ ပျော်ရွှင်မှု သည် နှလုံးသားဆီမှ နှုတ်ခမ်းများဆီသို့ပင် လျှံထွက်လာတော့၏။ မည်သည့် သီချင်းကိုမျှ ဆုံးအောင် မဆို တတ်သော ဦးဝိသည် တောင်ပေါ်သားသီချင်းကို ဟိုတစ်ပိုဒ် သည်တစ်ပိုဒ် ဟစ်ဆိုလိုက်လေသည်။ မည်သို့ပင်ရှိစေ ဦးဝိ ယနေ့ အလွန်ပျော်နေ သည်။ အောင်ပွဲရအပြန်ခရီးတွင် ခြေနှစ်ချောင်းမြေပြင်ကို ထောက်မိသည်ဟု ပင်မခံစားရ။ မြေပြင်ပေါ် လျှပ်တိုက် ပျံသန်းနေသည်ဟုပင် ထင်မှတ်နေတော့သည်။
ဦးဝိ သည် သာပေါင်းမြို့တွင် နှစ်နှစ်ကျော်ကြာသောအခါ ပြောင်းရွှေ့ရန်ဖြစ်လာ၏။ ထိုအချိန် ဦးဝိစိတ်ထဲ တွင် သာပေါင်းမြို့သည် ကမ္ဘာ့အစွန်းတစ်နေ၇ာတွင်ပါတကားဟု မခံစားရတော့။ ပဲ့ထောင်ခေါ် စက်လှေ ပေါ်တွင် ဆက်တီခုံ များချကာ င၀န်မြစ်တစ်လျှောက် သွားလာနေရသည့် ဘ၀အရသာကို ခံစား တတ်ပြီ။ ကောင်းကင်ပြာနှင့်သာ ရင်းနှီးခဲ့သော ဦးဝိသည် မိုးကုတ်စက်ဝိုင်းထိ ကျယ်ပြော လှ သည့် ရေပြင်ပြာပြာနှင့်လည်း တွေ့ထိခဲ့ရပြီ။ မြို့နေလူထုအားလုံးလိုလိုနှင့် သိကျွမ်းခဲ့ပြီ။ ရွာများတွင်မှာလည်း အသိမိတ်ဆွေ မရှားတော့။

သို့သော် အချိန်တန်တော့ နေချင်သပဟူ၍ မရ။ မိမိဇာတိမြေကို ပြန်လည်ခြေချရပြန်သည်။ ဦးဝိသည် ဇာတိမြေမြို့များတွင် ကျင်လည်ရပြန်သည်။ အချိန်သည် ရှေ့သို့သာ ရွှေ့လျားနေပြီး ခုနှစ်သက္ကရာဇ်များကို ဖန်တီးနေသည်။ ခုနှစ်သက္ကရာဇ်တို့သည်လည်း တစ်ခုပြီး တစ်ခု အချိန်၏နောက်တွင် ကျန်ရစ်ခဲ့ကြပြီ။
တစ်နေ့သောအခါ ဦးဝိ ရန်ကုန်ရွှေပြည်တော်သို့ ရောက်နေသည့်အချိန် ဦးအေးဟန်နှင့် ဆုံကြသည်။ သူတို့ သည် လွန်လေပြီးသောအခါက အကြောင်းပြောဆိုကြသည်။ ဦးဝိက -
" ကိုအေးဟန် ကျုပ်တို့ ဆောက်ထားတဲ့ ဖိုချောင်းတံတား ဘယ့်နှယ်ရှိသေးလဲ" ဟုမေးရာ ဦးအေးဟန်က -
" ချောင်းရေ ထဲ ပါသွားပြီ အစ်ကိုကြီး၊ အဲဒီနှစ် ထူးကဲချောင်းရေကြီးခဲ့တယ်" ဟုဖြေ၏။ ဦးဝိက စိတ်မသက် သာစွာဖြင့် -" အေးလေ ကုန်းခေါင်ခေါင်ပေါ်မှာ ဆောက်ထားတဲ့ တံတား ရေထဲပါသွားတယ်ဆိုလည်း ဘယ် တတ်နိုင် ပါ့မလဲ။ သဘာဝဘေးအန္တရာယ်ဆိုတာ ဘယ်သူမှ မတားနိုင်ဘူးလေ " ဟု မိမိဘက်က အကာအကွယ် ယူ၍ ပြောဆိုလေသည်။

" ၀ါးယားချောင်းတံတားကကောဗျာ " ဟု မ၀ံ့မရဲမေးပြန်၏။ အေးဟန်က
" တံတားရဲ့ အထက်နားမှာ သစ်ထုတ်ရေးက ပတ်ကား၊ ကားကူးတံတားဆောက်လိုက်လို့ အစ်ကိုကြီး တံတားပေါ် ဘယ်သူမှ မလျှောက်တော့ဘူး " ဟု ပြောပြ၏။
ဦးဝိ၏ စိတ်ထဲတွင် " တော်သေးတာပေါ့၊ တံတားဆွေး လို့ လူတစ်ယောက်ကျသေတယ်လို့ ပြောမလားဆိုပြီး ရင်ထိတ်နေတာ" ဟု ရေရွတ်ပြီး -
" အေးလေ နဂိုကတည်းက အဲဒီ ကားကူးတံတားသာ ရှိခဲ့ရင် ကျုပ် စိတ်ညစ်ခံ အပင်ပန်းခံပြီး ကြိုးတံတား ဘယ်ဆောက်ပါ့မလဲ၊ ဒါပေမဲ့ဗျာ။ ကျုပ်တံတား အသုံးတည့်ပုံကို ကျုပ်တို့ကိုယ်တိုင် မြင်ခဲ့ရပြီပဲ ကိုအေးဟန် ရဲ့" ဟု တံတားပေါ်တွင် ဟိုဘက်ကမ်းနှင့် ဒီဘက်ကမ်း ရွာသားများ ပျော်ရွှင်စွာ တံတားကူးသွားလာနေကြပုံ။
တံတားအောက်တွင် ကူးတို့လှေကလေး ချည်ထားပုံကို ပြန်လည်မြင်ရောင်ကာ အလျော့မပေးစတမ်း ကိုယ့် ဘက် အသာပေး ၍ ပြောလိုက်လေသည်။ စိတ်ထဲတွင်ကား -
" အင်း ကျုပ်ဆောက်လိုက်ရတဲ့တံတား - ကျုပ်ရဲ့ ဘ၀ရင်းပြီး ဆောက်လိုက်ရတဲ့ တံတားနှစ်စင်း အိုဘယ့် တံတားနှစ်စင်း" ဟု ရေရွတ်နေတော့သည်။

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

Thursday, November 1, 2012

ခါးရှားဒင်းအောင် ၏ ခရီးသွားဖော်, အပိုင်း (၁၂)

ချက်ရပြုတ်ရလူ့ဘဝ

မီးဖိုဘေး တွင် မိန်းမတစ်ဦးထိုင်၍ ငရုတ်သီးထောင်း၊ ကြက်သွန်လှီး၊ မီးပြောင်းမှုတ်လုပ်နေပါက မည်သို့မျှ မဆန်းပြား သည့် မြင်ကွင်းသာဖြစ်သည်။ ထိုအရာများကို ယောက်ျားကြီး တစ်ဦးပြုလုပ်နေလျှင်ကား ထိုရှုခင်း သည် မည်သို့မျှ ကျက်သရေမရှိတော့။ ထိုအကျည်းတန်သောမြင်ကွင်းကို နေ့စဉ် ဖန်တီးနေသူကတော့ ဦးဂင်ရန်လီဖြစ် ၏။
သူသည် ချက်ပြုတ်ရသည့်အပြင် ဈေးခြင်းဆွဲ၍ မိန်းမကြီးတစ်ဦးပမာ ဈေးဝယ်ထွက်ရသေးသည်။

ဤမြစ်ဝကျွန်းပေါ်ဒေသ သည် ငါးပုစွန်ထွက်ရာ အရပ်ဖြစ်၍ ငါးပြီး ငါး၊ ပုစွန်ပြီး ပုစွန် စားလာရာကြာလာ တော့ အသွေးအသား ပါသည့် ကုန်းသတ္တ၀ါသား၊ ဟင်းလျာကို စားရန် ခန္ဓာကိုယ်က တောင်းဆိုလာသည်။ ထို့ကြောင့် ယနေ့ အမဲခုံတန်း သို့ထွက်လာ၏။ အမဲသားသည်က အရိုးအဆစ်များကို ဓားမကြီးဖြင့် အပိုင်း ပိုင်းခုတ်နေ၏။ အမဲရိုးများသည် ဓားသွားအောက်မှ အပိုင်းအစကလေးများအဖြစ် ခုန်ထွက်နေသည်။ ဦးဂင်၇န်လီသည် အရိုးစပုံ အား လက်ညှိုးထိုး၍ "အစိတ်သာပေးပါ" ဟု ကျပ်တန်တစ်ရွက် ကမ်းလိုက်ရာ (ထိုစဉ်ကဈေး) "မရောင်းဘူး ခင်ဗျ၊ ဖောက်သည်ပေးတာ" ဟု အရိုးခုတ်သူက တုံ့ပြန်၏။

" ရောင်းပါဗျာ၊ ကျုပ်ပြုတ်သောက်မလို့" ဟု ဦးဂင်ရန်လီက အတင်းဝယ်မှ အမဲရိုးသည်က ဂင်ရန်လီ ၏ မျက်နှာကို အတန်ငယ် စိုက်ကြည့်ပြီး အစိတ်သားခန့် ကို ကြာဖက်နှင့် ထုပ်ပေးလိုက်သည်။
ထိုမှ ဦးဂင်ရန်လီ သည် တစ်ဆိုင် တည်းသော ၀က်သားခုံ သို့ ဆက်လျှောက်ပြန်သည်။ ၀က်သားခုံပေါက်ဝ တွင် လူများ စုပြုံ တိုးဝှေ့နေကြ၏။ ၀က်ခုံပေါ်တွင်ကား တောင်းကြီးတောင်းငယ် စီတန်းနေသည်။ လူအုပ်သည် ကလီစာပေးပါ။ ငါးဆယ်သားချိန်ပါ။ ပေါင်သားတစ်ပိဿာ စသည်ဖြင့် ငွေစက္ကူများ ဝှေ့ရမ်းပြ၍ အလုအယက် ပြောဆိုနေကြ၏။ ၀က်သားခုတ်သူက အိနြေ္ဒကြီးစွာဖြင့် သူ ခုတ်ချင်ရာ ခုတ်ပြီး တန်းစီ ချထား သော ခြင်းတောင်းများ ထဲတွင်သာ ထည့်နေ၏။

ဈေးဝယ်သူပရိသတ်ကြီးအား မျက်စိစွေစောင်း၍မျှ မကည့်။ အသားထဲ တွင် ရေထိုးထား ၍ ဖြူဖက်ဖြူရော်ဖြစ်နေ သည့် ၀က်သားမှာ ဓားနှင့် ပိုင်းလိုက်တိုင်း ပျစ်ချွဲချွဲ အရည်များ လွင့်စင်နေသည်။ ၀က်သားထဲ ရေမထိုးရန် ဦးဂင်ရန်လီ အကြံပြုဘူးသည်။ ၀က်သားထဲ ရေထိုးပုံမှာ ဿို့ဖြစ်သည်။ ၀က်ကို အမွေးချွတ်ပြီး စပါရှယ်ပြုလုပ် ထားသော လက်ကောက်ဝတ်ခန့်ရှိ ၀ါးပြောင်းဆေးထိုး ပြွန်ကြီးနှင့် ၀က် တစ်ကောင် ရေလေးထာင့် သံပုံးတစ်လုံးနှုန်း ထိုးသွင်းသည့်နည်းဖြစ်၏။ ထိုစပါရှယ်အသားတိုး ပိုက်ကြီး ကို သိမ်း ရန် ဂင်ရန်လီ ကြိုးပမ်းဖူး၏။ သို့သော် မအောင်မြင်။ ၄င်းတို့၏ ဆင် ခြေမှာ ဤဒေသမှ လူများ သည် သွေးသံရဲရဲ ၀က်သား မ၀ယ်စားဝံ့ကြ။ ဖြူဖက်ဖြူရော် ကိုသာ ကြိုက်ကြသည် ဟူ၍ဖြစ်၏။ ထို့ကြောင့် ရေထိုး ရ၏။ ဦးဂင်ရန်လီတို့ဒေသတွင် ၀က်သား ရေထိုး မရောင်း ပါ။ ဈေးမြင့်လျှင်သာ မြင့် မည်။ ရေထိုးထားသော ၀က်သားသည် အစိတ်သားချက်လျှင် တစ်ဆယ်သားသာ ကျန်တော့ သည်။ အရသာလည်းပေါ့ပျက်၏။

ဦးဂင်ရန်လီ သည် မသတီစရာဝက်သားနှင့် လူအုပ်ကြီးကို စိတ်ပျက်မိ၍ အမဲရုံအပြင်ဘက် တစ်ဆင့်ရောင်း သော အမဲသားသည် မများ တန်းစီရောင်းချရာသို့သွား၏။ အမဲသားသည်မလေးက -
" ဘာချက်မလဲ ဦးလေး၊ အသားကောင်းရှိတယ်" ဟု အသားတစ်တစ်ခုကို ပြ၏။ ဦးဂင်ရန်လီက အစိတ်သား ချိန်ခိုင်း သည်။ အမဲသားသည် က ချိန်ခွင်လျှာ မငြိမ်ခင်အသားတုံးကို လျင်မြန်စွာယူ၍ ကြာဖက်နှင့်ထုပ် ရန် ပြင်၏။ အလေး မပြည့်မှန်း ဦးဂင်ရန်လီသိသည်။

" ဒါလေး အဆစ်ပေးနော် " ဟု ခြေမလောက် အသားတုံးကို လက်ညှိုးထိုးပြ၏။ " မလုပ်ပါနဲ့ ဦးလေး၊ ဒါကြီး ယူသွား ၇င် လူပါလိုက်ရလိမ့်မယ်" အမဲသည်မလေးက ပြော၏။ " နင်လိုက်မယ် ဆိုရင် အတော်ပဲပေါ့။ ငါ့မှာ တစ်ယောက်တည်း ရယ် ချက်ပြုတ်မယ့်လူရတာပေါ့ " ဒီက တကယ်လိုက်မှာနော်ဟွန်း " အမဲသား သည်မလေး က ပြော၏။ " ကျုပ်လည်း တကယ်ပြောတာ၊ ကဲ ကြာတယ် ပစ္စည်းသိမ်းသွားမယ်" ဟု ပြောလိုက်ရာ အပျိုပေါက် မလေး သူမျှော်လင့် မထားသော စကားကိုကြားရ၍ ကြောင်အမ်းအမ်းဖြစ်သွားရှာ ပြီး " ကဲ ကဲ တစ်ဝက်လှီးပေး မယ်၊ နောက်လည်း လာဝယ်ဦးနော်" ဟု ဆိုကာ အသားတစ်ကို ကောက် ကိုင်လိုက်၏။

" ဟိုး ဟိုး ငါ အလကားစတာပါ၊ ငါက တစ်ယောက်တည်းရယ် ဒါတောင် ပိုနေပြီ  ပေး ငါ့အထုပ် " ဟု ဆိုကာ အမဲသားထုပ် ကို တောင်းယူလိုက်၏။
ဦးဂင်ရန်လီ ဈေးဂိတ်ပေါက်ဝသို့ ထွက်လာ၏။ အင်း ဈေးဝယ်ရတာ တစ်ခါတစ်လေတော့လည်း ရယ်ရွှင် စရာ စကား ဆိုရသေးတာပဲဟုတွေး၍ အိမ်သို့ အသော့နှင်လာသည်။ ချက်ရဦးမည်။
အိမ်ရောက်တေ့ အမဲရိုး ကို ကုလားပဲ လက်တစ်ဆုပ်ခန့်ထည့်၍ ပြုတ်၏။ မီးရှိန်က ပြင်း၍ ခဏကြာတော့ ကုလားပဲစေ့များနှင့် အရိုးတုံးများ ဟင်းအိုးထဲတွင် လုံးထွေးသတ်ပုတ်နေကြပြီ။ ဒီတော့ အိုးက ဂစ်ဂစ်ဂစ်နှင့် အသံပေးနေတော့ သည်။
ဦးဂင်ရန်လီ သည် ဆူပွက်နေသည့် ဟင်းအိုးကို အဓိပ္ပာယ်မ့စွာ စိုက်ကြည့်နေ၏။ ပြီးတော့ မိမိလျှောက်လှမ်း ခဲ့ရသည့် ဘ၀အစိတ်အပိုင်းများ ကို စစ်တမ်းထုတ်ကြည့်သည်။ ခုလို ကိုယ်စားမယ့် ထမင်းဟင်း ကိုယ်တိုင် ချက်ပြုတ် စားသောက်ရတာ နှစ်တွေ လတွေ ဘယ်လောက်ကြာပြီလဲ၊ ဘယ်အခါစခဲ့သလဲ၊ နှစ်ဟောင်းတွေ ကို လှန်လှော် စစ်ကြောကြည့်၏။ ကြာခဲ့ပါပြီ။

၁၉၅၈ ခုနှစ်၊ ဆွမ်ပရာဘွမ်မြို့၊ ဆွမ်ပရာဘွမ်မြို့ဟု ဆိုလျှင် မရောက်ဖူးကြသော်လည်း ကြားဖူးသူများပါ သည်။ ဆွမ်ပရာဘွမ် သီချင်းကရှိနေသည်။ ထိုသီချင်းနှင့်ပတ်သက် ၍ ဖြစ်ရပ်တစ်ခုလည်း ရှိသေး ၏။ အောက် ပြည်အောက်ရွာမှ တာဝန်ထမ်းဆောင်ရန်လာသော အမျိုးသမီးနှစ်ယောက်သည် ဆွမ်ပရာဘွမ်မြို့ သို့ တာဝန်ကျသည်ဆို၍ ၀မ်းသာလုံးဆို့နေကြသည်ဆို၏။ ဆွမ်ပရာဘွမ်သီချင်းကို အလွတ်ရအောင်ကျက် ၍ မြူးနေကြသည်။ ဖြည်းဖြည်းပေါ့ ဆိုလည်းမရ၊ ခုချက်ချင်း ပို့ပေးပါဟု ဆိုင်ရာများကို အရေးဆိုကြသည်။ ဆို၏။ တောင်ယာခင်း ထဲတွင် မီးဖိုးတလူလူထွက်နေပုံ၊ သွေးချင်းတို့ မနောကနေ ပုံ၊ ခေါင်ရေသောက် ၍ မြူး နေပုံတို့သည် သူတို့၏ စိတ်ကူးကမ္ဘာတွင် အပြည့်။ သို့သော် ဆွမ်ပရာဘွမ်မြို့သို့ တကယ်တမ်း ရောက် ပြန်တော့ ချုံးချ ၍ ငိုကြသည်ဆို၏။ သီချင်းဆိုသည့် အဆိုတော်ကို လည်း နုပ်နုပ်စဉ်း ပစ်ချင်ကြသည် ဆို၏။ အဖြစ်ကတော့ မနှစ်ကနှင့်မတူသည့်အချိန် သူတို့ ရောက်နေရပြီ။

လူသတ္တ၀ါချင်း သဘောထားမတိုက်ဆိုင်၍ ပဋိပက္ခပြင်းထန်သည့်အထဲ ကြွက်တည်းဟူသော အဟိတ် တိရစ္ဆာန်တွေကြောင့် မနုဿ များ ပြေးပြီ။ ကြွက်ကြောင့် လူပြေးသည်ဆိုလျှင် ရယ်ရွှင်ဖွယ်ဟာသတစ်ပုဒ် ထင်ကောင်း ထင်နိုင်ပါသည်။ သို့သော် ကြွက်ခေါပဏီ တပ်မကြီးများ ဦးတည်ဖြတ်သန်း စတည်းချခဲ့ သည့် နေရာများတွင် မည်သည့်စားသုံးပင်မျှ မကျန်တော့။ ထို့ကြောင့် မီးခိုးတလူလူ တောင်ယာတဲများမရှိ။ မနော ကနေသော သွေးချင်းများ လည်း မတွေ့ရတော့။ ပတ်ဝန်းကျင်တစ်ခွင်တွင် ယိုယွင်းပျက်သုဉ်းခြင်း၏ အရိပ် မည်း လွှမ်းခြုံနေ သည်ကိုသာ သူတို့ တွေ့ခဲ့ရပြီ။
ထိုဆွမ်ပရာဘွမ်မြို့ တွင် ဂင်ရန်လီ မိမိစားမည့် ထမင်းစချက်ခဲ့သည်။

ဆွမ်ပရာဘွမ်မြို့ သည် ထိုအချိန် ထိုအခါက သူပအတိုင်းအတာနှင့်သူ စည်ကားခဲ့၏။ ပူတာအိုမြို့ပင် ဆွမ်ပရာဘွမ်မြို့လောက် မဖွံ့ဖြိုးသေး။ အလယ်တန်းကျောင်းရှိ၏။ ထို့ကြောင့် ပူတာအို နောင်မွန်း ဘက်မှ ကျောင်းသားများပင် ကျောင်းလာတက် ကြ၏။ ထိုအလယ်တန်းကျောင်းသို့ အောက်ပြည်မှ ဆရာဘို ရောက် လာ၏။ ဆရာဘိုသည် မိသားစုမပါလာ၍ ကျောင်းသားကြီးမောင်တန်နှင့် ဂင်ရန်လီ ကိုခေါ်နေ၏။ ဂင်ရန်လီ ကို ကျောင်းသားကြီး မောင်တန်ထံ အချက်အပြုတ် တပည့်ခံစေသည်။ မောင်တန် ခုနှစ်တန်းအောင် ၍ ဆရာဖြစ်သင်တန်း တက်သွားသောအခါ ချက်ရေးပြုတ်ရေးတာဝန်ကို ဂင်ရန်လီ အမွေခံ လိုက်ရ၏။ ဤတွင် ဂင်ရန်လီ၏ ချက် ရေးပြုတ်ရေး ဘ၀စတင်ပါတော့သတည်း။ ဆရာဘို၏ ဇနီး သည် ကျောင်းဆရာမဖြစ်ရာ မြစ်ကြီးနားတွင် တာဝန်ကျ၏။ နွေရာသီကျောင်းပိတ်ရက်မျာွးင်သာ ဆရာဘိုထံ လာနေပြီး ဂင်ရန်လီ အား ချက်ပြုတ်ရေး ပညာသင်ပေးပါတော့သည်။

ထိုအချိန်က ၀က်သားတစ်ပိဿာ သုံးကျပ်၊ ဆီတစ်ပိဿာသုံးကျပ်ခွဲ၊ ကြက်ဥ တစ်ဆယ့်နှစ်လုံး တစ်ကျပ် ဖြစ်၏။ သို့သော် ဆရာမ က ချင့်ချိန်ချွေတာရေးစနစ်ကို စနစ်တကျ သင်ပေးသည်။ ဥပမာ ဆီကို ပုလင်းမှ သည်အတိုင်း လောင်းမထည့်ရ။ ထမင်းစားဇွန်းနှင့် ချိန်ရမည်။ အသားအလေအလွင့် အပိုအဆာ မရှိစေရ။ ကွက်တိ လှီးဖြတ်တတ်ရမည်။ ဥပမာ ကြက်တစ်ကောင် သတ်စားကသည် ဆိုကြပါစို့။ အသည်းအမြစ်။ တောင်ပံ လည်ချောင်း၊ ဦးခေါင်း ရင်အုပ်တစ်ခြမ်း၊ ဆီပြန်ချက်။ ကျောရိုး၊ ခြေနှစ်ချောင်း။ ဟင်းချို အိုး ထဲထည့်။ ပေါင်နှစ်ဘက် ရင်အုပ်တစ်ခြမ်း ကို ဆား နနွင်းကြာညိုနှင့်နယ်၍ ဆီထည့်။ ရိုစ့်လုပ်ထား ရမည်။ နောက်နေ့များ တွင် ပေါင်တစ်ဖက် အာလူးနှင့်ချက်။ ရင်အုပ်တစ်ခြမ်းဆန်လှော်ဟင်း လုပ် စသည်ဖြင့် ဇယား ချ ကွပ်ကဲပညာပေး၏။ ထို့ကြောင့် ဂင်ရန်လီ ချွေတာရေးတွင်လည်း အိတ်စ်ပတ်ဖြစ်လာ၏။

ဆွမ်ပရာဘွမ်မြို့မှ ပညာကုန်၍ မြစ်ကြီးနားသို့ ဆင်းခဲ့ပြီး ဘော်ဒါဆောင်တွင်နေ၏။ ဤတွင် သူ၏ ချက်ပြုတ် ရေး တစ်ခန်း ရပ်သွားသည်။ တက္ကသိုလ်ဝင်တန်းအောင်၍ သူငယ်ချင်းများ တက္ကသိုလ်ပြည်သို့ ခရီးဆက် ကြ၏။ မောင်ဂင်ရန်လီ သည် ရုံးတစ်ရုံး၏ စားပွဲတစ်လုံးနှင့် ကုလားထိုင်ကားတွင် ညှပ်၍ ကျန်ရစ်ခဲ့၏။ သူ၏ ပျိုမျစ်သော အရွယ်နှစ်ပေါင်းများစွာ တို့သည် ထိုစားပွဲကုလားထိုင်ကြားတွင်ပင် ကုန်လွန်ခဲ့၏။
နှစ်တွေကြာ၍ အချိန်တန်သောအခါ ဂင်ရန်လီ မိန်းမရ၏။ သူရသော မိန်းမသည် ထမင်းချက်သောမိန်းမ မဟုတ်ပြန်။ မြန်မပြည် ၏ ချက်ပြုတ်ချိန်ဖြစ်သော နံနက်ခင်းနှင့် ညနေပိုင်းတွင် လုပ်ငန်းဝတ်စုံဝတ်၍ ထွက် ထွက် သွားရာ အဘယ် မှာလျှင် ထမင်းချက်ကျွေးသော မိန်းမဖြစ်လာမည်နည်း။ ဂင်ရန်လီ မည်သို့မျှ မတတ် နိုင်၊ ထမင်းချက်တာ များ ခက်တာမှတ်လို့၊ ငါ့မိန်းမ ငါချက်ကျွေးတာဘာဖြစ်လဲ၊ ကမ္ဘာကျော်စားဖိုမှူးကြီးတွေ ဟာ ယောက်ျားတွေပဲ ဟု မိမိဘာသာ ဂုဏ်ရှိန်မြှင့်ယူ၏။

သူ့တွင် စီမံကိန်း စီမံချက်ရေးဆွဲ၍ ဘ၀ခရီးသွားသည့် အကျင့်တစ်ခုရှိ၏။ သို့သော် သူ၏ဘ၀သည် စီမံကိန်း စီမံချက် မည်မျှပင် ရေးဆွဲအကောင်အထည်ဖော်စေကာမူ တိုးတက်နှုန်း နှေးကွေးလွန်းလှ၏။ ရံဖန်ရံခါ အနှုတ် လက္ခဏပင်ပြသေး၏။ ဆရာဘိုသည် ကာလအတန်ကြာသော် အငြိမ်းစားယူသွား၏။ ထိုအချိန်တွင် ဂင်ရန်လီ၏ ဘ၀ သည် ထူးမခြားနား စားပွဲကုလားထိုင်ကြား ညှပ်ပိနေဆဲရှိ၏။ တစ်နေ့သောအခါ ဆရာဘို သည် သူ၏ အငြိမ်းစား ကိစ္စနှင့် ပတ်သက်၍ ဂင်ရန်လီထံ ရောက်လာ၏။ ဂင်ရန်လီတစ်သက်လုံး မမေ့နိုင် သည့် စကားတစ်ခွန်း ကို မိန့်ဆိုသွား၏။
" မင်းတို့ဟာ စားပွဲတစ်ခုနဲ့ တစ်ခုကြားမှာ အားကြီးကြာတယ်" သူ၏ ပင်စင်စာရွက်ကို ညွှန်းဆိုခြင်းဖြစ် သည်။ ပင်စင်လစာ ဆိုသည်မှာ သေမင်းနှင့် ခရီးမထွက်မီ ဘ၀ဆည်းဆာချိန်၏ အသုံးစရိတ်မျှသာဖြစ်ရာ ချစ်သူရည်းစား ၏ အချိန်ဆွဲ၍ ဆွဲ၍ထားသော အဖြေစကားကဲ့သို့ မည်သူစောင့်စားသည်းခံနိုင်မည်နည်းဟု ဂင်ရန်လီ ကိုယ်ချင်း စာမိသည်။

ဦးဂင်ရန်လီ ၏ ဘ၀သည်လည်း စားပွဲတစ်ခုတွင် အားကြီးကြာခဲ့၏။ ဆယ်စုနှစ်တစ်ခုပင်ကျော်၍ နောက် တစ်ခု ထက်ဝက်ပင် လွန်ခဲ့မှ စားပွဲတစ်ခုသို့ ကူးခဲ့ရ၏။ ယခင်က ကျေးရွာတစ်ခုမျှသာ ဖြစ်သော်လည်း ယခု မြို့နယ် တစ်ခုမြို့အဖြစ် ဖွဲ့စည်းထားသော မြို့သစ်သို့ ဂင်ရန်လီ ရောက်ရှိလာသည်။ အသစ်တည်ထောင် သော မြို့ဖြစ်၍ အစစ အရာရာချို့တဲ့၏။ လျှပ်စစ်မီးမရှိ။ ရုပ်ရှင်နတ္တိ၊ ဘာရှိရှိ မရှိရှိ ဂင်၇န်လီ၏ အလုပ်က ထိုမြို့တွင်ရှနေ၏။ ထိုမြို့ တွင် အိမ်တစ်လုံး သူ့အတွက် ရှိ၏။ ဒီတော့ တစ်ကိုယ်တည်းချက်ပြုတ်စားရပြန် သည်။ မိသားစု ကတော့ မြစ်ကြီးနာွးင် ကျန်နေသေးသည်။
တစ်နေ့ တွင် တစ်ယောက်မှ နှစ်ယောက် ဖြစ်ရန် ဖန်လာ၏။ အသစ်ပြောင်းလာသော ဌာနတစ်ခုမှ ဘ၀တူ ၀န်ထမ်း တစ်ဦးနေစရာ မရှိ၍ ဂင်ရန်လီနှင့် လာေ၇ာက်ပူးပေါင်း၏။ သူ၏နာမည်မှာ ဦးတူးဖြစ်၏။ သူလည်း အချက်အပြုတ် ဇာတာပါသူဖြစ်သည်။ သူတွင် ကျောင်းဆရာမဇနီးနှင့် သားပျို သမီးပျိုများရှိ၏။

သို့သော် တစ်နေရာတွင် ထားခဲ့ရသည်။ သူက အလုပ်စုံသူဖြစ်၏။ ပုလိပ်သားမှ စတင်သည် ထိုမှ တောင်အုပ်၊ ထိုမှ လက်ထောက်မြို့ပိုင် စသည်ဖြင့် အဆင့်ဆင့် တိုးတက်လာရာ ယခု တရားရေးဘက်သို့ လမ်းခွဲသွား၏။ ဦးတူးနှင့် ဂင်ရန်လီ တို့သည် ရှယ်ယာအညီအမျှ ဖက်စပ်၍ ချက်ပြုတ်စားသောက်ကြသည်။ အစ၌ ဟုတ်သလိုလို ရှိ၏။ သူချက်ကိုယ်ချက်၊ စားလိုက်သောက်လိုက်နှင့် ပျော်စရာပင်ကောင်းတော့သည်။ သောက်စားသည်မှာ အပြစ် မဟုတ်။ မူးယစ်ရမ်းကားခြင်းသာအပြစ် ဟု ခံယူထားကာ အားလပ်ချိန်တွင် ပုလင်းထောင်သည်ကို မည်သူမျှ မကဲ့ရဲ့။ ဤဒေသ သူထောင် ကိုယ်ထောင်ပါပဲ။

သူတို့သည် အိမ်သူများနှင့်ဝေးကြသည်မို့ စားသောက်ခြင်းဖြင့် အာရုံပြောင်းပစ်ကြ၏။ စားရင်းသောက်ရင်း သူ့ အတွေ့အကြုံ ကိုယ့်အတွေ့အကြုံ ဖလှယ်ကြသည်။ ဦးတူး ခံတွင်းအတွေ့ဆုံးမှာ ဆန့်ကျင်ဘက်လိင် ပုံပြင် များသာဖြစ်၏။ သူ့ဘ၀တစ်လျှောက်လုံး အခြေအနေပေးချက်အရလည်းကောင်း၊ ၀ါသနာအရ လည်း ကောင်း တွေ့ကြုံခံစားရသည်များကို တွေးတမြည့်မြည့် အရသာခံ၍ ပြောတတ်သည်။ သူ့တွင် နေ သာသော နေ့များတွင် ထုတ်၍ ထုတ်၍ လှမ်းသော အိပ်ရာလိပ်တစ်ခုလည်းရှိ၏။ မိန်းမ အ၀တ်အစား များလည်းပါ သည်။ " ငါ့ညီ ခုနေများ ကျုပ်ပြောင်းရရင် ဒိအိပ်ရာလိပ်ကြီးကို ဘယ်မှာ ထားရမလဲ မသိဘူး အဟီး" ဟု ညည်းပြ၏။ ထိုအိပ်ရာမှာ တစ်ချိန်က မြို့တစ်မြို့တွင် ခေတ္တပေါင်းသင်းခဲ့သော မိန်းမတစ်ဦး၏ ပစ္စည်းများ ဟု သူက ပြောပြ၏။
" အိမ်ရောက်ရင် ကျွန်တော့် မရီး ကို အပ်လိုက်ပါလားဗျ" ဟု ဂင်ရန်လီက အကြံပြု၏ " အင်း၊ ဒီလိုသာလုပ် ရင် ဒီအိပ်ရာလိပ် က ပိတ်စလေးတွေအဖြစ် ဘ၀ပြောင်းသွားမှာ သေချာတယ် ဟီဟီ" ဟု ဦးတူးက စိတ် မသက်မသာနှင့် ပြောရှာ၏။ ရိုးစင်းလှသော်လည်း "မုန့်သာဝေစားမည်" ဆိုသည့် သူ့ဇနီးကိုတော့ ကြောက် တတ်၏။

တစ်ညနေခင်းတွင် ဂင်ရန်လီနှင့် ဦးတူးတို့သည် ထမင်းစားပြီး၍ ၀ရံတာတွင် ရေနွေးကြမ်းသောက်ကာ ဘ၀ အတွေ့အကြုံအဟောင်းအဆွေးများကို ပြန်နူးနေကြသည်။ ထိုစဉ် ငါးကိုက်မျှသာဝေးသော လမ်းမကြီးပေါ် တွင် အိမ်နီးချင်း အပျိုဆောင်မှ အပျိုစာရေးမများ လမ်းလျှောက်ထွက်လာကြ၏။ သူတို့သည် ဦးတူးနှင့် ဂင်ရန်လီ ကို ပြောဆိုနှုတ်ဆက်ပြီး မြို့သို ဆက်သွားကြ၏။ ဦးတူးသည် သူတို့၏ လှုပ်လီလှုပ်ရမ်းအရာများကို ၀ိုးတ၀ါးမြင်ရသည် အထိ လိုက်ကြည့်ပြီး " ကောင်မလေးတွေ ငါ့ရှေ့မှာ သိပ်ပြီး အလှမပြကြနဲ့ မင်းတို့ကို ငါ ကြိုက်ချင် လာပြီ" ဟု နှုတ်မှ ရွတ်ဆိုလိုက်၏။ သူ၏ မျက်လုံးများမှာ ထူးခြားစွာ တောက်ပလျက်ရှိရာ ဂင်ရန် လီက " အစ်ကိုကြီး သတိထားပါဦး" ဟု သတိပေးမှ သူ၏ နီကြင်ကြင်သွားများကို ဖြဲပြ၍ ရယ်ကျဲကျဲ လုပ် နေတော့ သည်။

ကြာလာတော့ စုပေါင်း ချက်ပြုတ်စားသောကခြင်းသည် ပုဂ္ဂလိက အခွင့်အရေးကို ထိပါးလာသည်ဟု ဂင်ရန်လီ ခံစား မိ၏။ ဦးတူး တွင် ဂင်ရန်လီ မနှစ်မြို့နိုင်သော ညာဉ်တစ်ခုရှိသည်။ သူသည် အားသည် မအား သည်၊ အစီအစဉ် ရှိသည်မရှိသည်။ အချိန်အခါ မဟုတ်သည် ဟုတ်သည်ကို ဂရုမစိုက်၊ စိတ်ကူးပေါက် သလို ပြုမူ တတ်၏။ အစီအစဉ်မရှိဘဲ တွေ့သည့်လူနှင့် တစ်နေကုန်တတ်သူဖြစ်သည်။
" ငါ့ညီ ထမင်းချက်ထား အစ်ကိုကြီး ဈေးသွားမယ်" ဟုဆိုကာ ဈေးခြင်းဆွဲ၍ ထွက်သွားပြီး ရုံးချိန်ထိ ပေါ် မလာသည် မှာ မနည်းတော့။ တစ်ကြိမ်တွင်လည်း " ငါ့ညီ ထမင်းခူးထားနှင့် အစ်ကိုကြီး အရည်သွားဆွဲမယ် " ဟု ပုလင်းပြား ခါးကြား ထိုး၍ ထွက်သွား၏။ ဦးတူးသည် ပုလင်းပြားကို ခါးကြားထိုးရန် ၀န်လေးသူမဟုတ်။

ဂင်ရန်လီ က ထိုမျှ သတ္တိမရှိ။ ဦးတူးသည် အရက်ကို ကြိုက်၍ သောက်သူဖြစ်၏။ မူးယစ်သတိလက်လွတ်ခြင်း အလျဉ်း မရှိ။ အရက်ကို ဆေးမြစ်စိမ်၍ သောက်တတ်ရာ တစ်ခါတစ်ရံ အရက် ပြတ်သည့်အခါ ပုလင်း ထဲရေနွေးလောင်းပြီးလှုပ်ခါ၍ ဆေးမြစ်ထဲမှ အရက်များကို ညှစ်သောက်သည်။ ဤမျှ အရက်ကြိုက်သူဖြစ်သည်။ ဂင်ရန်လီ ထမင်းခူးပြီးပြီ။ တစ်မိနစ်၊ နှစ်မိနစ်၊ မိနစ်သုံးဆယ်ပေါ်မလာတော့။ ဦးထူး အရည်သွားဆွဲသည့်နေရာမှာ အသွားအပြန် ငါးမိနစ်ခရီးမျှသာ။ ဂင်ရန်လီ စိတ်မရှည်တော့၍ လိုက် ကြည့်၏။ ဟော တွေ့ပါပြီ။ ငနဲသားက အပေါင်းအသင်း တစ်ယောက်နှင့် အမဲအသဲကို စို့ထိုးကင်၍ ဇိမ်ကျ နေသည်။ ပုလင်းပြားတွင် ဖင်ကပ်သာ ကျန်တော့၏။ ဂင်ရန်လီကိုမြင်တော့ နီကြင်ကြင်သွားကိုဖြဲပြပြီး" လာ လာ ငါ့ညီ အစ်ကိုကြီး သူငယ်ချင်း နဲ့ တွေ့လို့ နည်းနည်းကြာသွားတယ်။ ရော့ ရော့ ငါ့ညီလည်း ချပါဦး " လက်ကျန်ကို ဖန်ခွက် ထဲ လောင်းချ၍ လောကွတ်ပြုလိုက်သေး၏။

ဤသို့ ကြိမ်ဖန်များလာတော့ ဂင်ရန်လီ သည်းမခံနိုင်တော့။ ကိုယ့်မိန်းမလည်းမဟုတ် သူ့ကို အဆာခံပြီး ထမင်းစား မစောင့်နိုင်။ သို့နှင့် ဂင်ရန်လီ မီးဖိုတစ်ခု ဖန်တီးပေးလိုက်၏။ သူချက် ကိုယ်ချက် သီးခြားချက်ကြမည်။ ကြုံလျှင် အတူစား။ မကြုံလျှင် ကိုယ့်အစီအစဉ်နှင့် ကိုယ်စားကြ၏။ ဒါမှ လူ့အခွင့်အရေးအစစ်။
ဂင်ရန်လီ သည် သူကြိုက်တာချက်၏။ ဦးတူးကလည်း သူကြိုက်တာချက်သည်။ ဦးတူးက အချက်အပြုတ် ညံ့သူ မဟုတ်။ အိုး တစ်လုံးတည်းနှင့် ဟင်းနှစ်မျိုး တစ်ပြိုင်တည်းကျက်အောင် ချက်နိုင်သူဖြစ်သည်။ ချက်ပုံ ကားဤသို့ -
ဦးတူးတွင် ဟန်းကောတစ်လုံးရှိသည်။ ဟန်းကောထဲတွင် ဟင်းချိုရည်အတွက် အစုံထည့်၍ အဖုံးပိတ်လိုက် ၏။ အံတွင် ဟင်းအတွက် အသား၊ ငရုတ်၊ ကြက်သွန်၊ ဆီဆားအမွှေးအကြိုက် အကုန်ထည့်၍ အဖုံးပိတ်ကာ မီးဖိုပေါ် တင်လိုက် ရုံနှင့် ကိစ္စပြတ်၏။ သူသည် စဉ်းတီတုံးရှိသော်လည်း မသုံး။ အသားကို မခုတ်၊ လှီးဖြတ်၏။

" အစ်ကိုကြီး စဉ်းတီးတုံးနဲ့ ခုတ်ပါလား" ဂင်ရန်လီ အကြံပေးကြည့်သည်။
" မလိုပါဘူးကွာ ရိုးရာနည်းပဲ ကောင်းပါတယ်" သူက ပြော၏။
ဦးတူး ၏ ရိုးရာနည်းမှာ ဓားရှည်အဖျားကို ကြမ်းခင်းပေါ်ထောက်ပြီး၊ ဓားရိုးနောက်ပိတ်ကို ၀မ်းပိုက်ဖြင့် တွန်းဖိ ထားကာ ကိုယ်ကို ကုန်းကုန်းကွကွလုပ်။ ပြီးလျှင် အသားကို လက်နှစ်ဖက်နှင့် ကိုင်၍ လှီးဖြတ်သော နည်းဖြစ်၏။ ဦးတူးနှင့် ဂင်ရန်လီ တို့သည် ကိုယ့်နည်းကိုယ့်ဟန်၊ ကိုယ့်အကြိုက်လိုက်၍ ပျော်ရွှင်စွာ အတူ ယှဉ်တွဲနေထိုင်ကြလေ သည်။
နှစ်တွေ လွန်မြောက်သွားသောအခါ ဂင်ရန်လီသည် မြန်မာပြည်မြောက်ဖျားရှိ ခေါ်ဘူဒဲမြို့သို့ ပြောင်းရွှေ့ ရ၏။ ထိုဒေသ တွင် လူသားတို့၏ အားမာန်ကို ဂင်ရန်လီ တွေ့ခဲ့ရသည်။ အိပ်မက်ထဲတွင်ပင် မမြင်ဖူးသည့် မယုံကြည်နိုင်လောက်အောင် မတ်စောက် လှသည့် တောင်ကမ်းပါးတွင် တည်ဆောက်ထားသည့် ကျေးရွာ များ၊ ၄င်းနှင့်ယှဉ် ၍ တည်ရှိသည့် လှေကားထစ်လယ်များ၊ တောင်ယာခင်းများ၊ ပြောင်းခင်းများ၊ အောက်သို့ ငုံ့ကြည့်ရန် ပင် မ၀ံ့မရဲ နက်ရှိုင်းလှသည့်ချောက်ကမ်းပါးများကို ပေါင်းကူးတည်ဆောက်ထားသည့် ကြိုးတံ တားများ၊ တောင်ပေါ်သားပင် အံ့သြရပါတကား။

မြို့၏ အနေအထားမှာလည်း တမူထူးခြားလှသည်။ မြို့၏ လမ်းမပေါ်တွင် လျှောက်လှမ်းမည်ဆိုပါက လူနှင့် လမ်း သည် ဒေါင့်မှန်ကျလိမ့်မည် မဟုတ်။ လူသည် အနည်းဆုံး ၃၀ ဒီဂရီ တိမ်းစောင်းနေပေလိမ့်မည်။ အသွားလမ်း သည် အတက်ဖြစ်ပါက အပြန်လမ်းသည် အဆင်းသာလျှင်ဖြစ်သည်။ အိမ်တို့ကို မျက်နှာချင်း ဆိုင်တွေ့ရမည် မဟုတ်။ အထက်နှင့်အောက်သာတွေ့ရမည်။
ဂင်ရန်လီသည် ထိုမြို့၌ သူ၏ဇနီးနှင့်ပြန်ပေါင်းထုပ်မိသည်။ သူ့ဇနီးရာထူးတက်သည်ဆို၍ တကယ့် အထက်သို့ တက် သွားသည်မှာ အတန်ကြာပြီ။ ထိုမြို့တွင် ဂင်ရန်လီ၏ ချက်ပြုတ်ရေးသည် ခေတ္တပြတ် တောက်သွား၏။ ဇနီးသည် က ချက်ကျွေးတာကို လက်ဆေးစားရုံပင်။ ထိုမြို့တွင် နံနက်စော၍ ဂျူတီဝင်ရန် မလို။ ညတာဝန်မရှိ။ ဂင်ရန်လီ ၏ ဇနီးသည် ချက်ပြုတ်ရသည်ဆိုသော်လည်း အလွန်သက်သာရာရ၏။ သား ငါး ၀ယ်ခြမ်းခုတ်တစ်ရန် မလို။ ဈေးလည်းမရှိ။ ရောင်းသူနတ္တိ။ သူသည် ဇနီးကို အကြောင်းပြု၍ ဆေးရုံပိုင် တန်းလျားတွင်နေရ၏။ ထိုတန်းလျား တွင် အုပ်စု သုံးခုရှိသည်။ ဂင်ရန်လီနှင့်ဇနီးတစ်တွဲ၊ သူနာပြုဆရာမနှင့် ညီမများကတစ်စု၊ ဆရာဝန်နှင့် သူ့လူများက တစ်ဖွဲကဖြစ်သည်။

ထိုမြို့ တွင် ၁၂ လရာသီ မိုးရွာသည်။ တိမ်သလ္လာကြောင့် နေခြည်မဖြာနိုင်၍ အစဉ်အေးစိမ့်နေ၏။ လနှင့်ချီ ၍ နေလုံးပျောက်ကွယ်တတ်သည်။ နေသာသောနေ့များတွင် ကားထိုမြို့သည် အလွန်ပင် လွမ်းမောဖွယ် ကောင်းလှပါ၏။ ဟိုအဝေးဆီမှ အိမ်စုများ၊ ရွာများ၊ အရစ်ရစ်နှင့် လှေကားထစ် လယ်ယာများ၊ တောင်စွယ် တောင်တန်းများ၊ မိုးထိထိုးထောင်နေ သည့် တောင်ထိပ်တောင်ချွန်များ၊ ကမ်းပါးယံ များ၊ ရေတံခွန် များ၊ စိမ်း မြကောက်ကွေ့စွာ စီးဆင်းနေသည့် "အင်မိုင်ခ" မြစ်နှင့် ကျောက်ဆောင်များစသည်ဖြင့် ရှုမငြီးဖွယ်ရှုခင်း များ တွေ့ရသည်။
ထိုမြို့မှ တောင်ဘက်ယွန်းယွန်း ဟိုအဝေးတစ်နေရာကို စူးစိုက်ကြည့်ပါက မြို့ တစ်ခုတည်းသော ထွက်ပေါက်၊ ၀င်ပေါက်ဖြစ် သည့် "ရှိန်းလုပ်ခက်" ခေါ် တောင်ကြားပေါက်ကလေးကို မိုးထိတောင်တန်း တစ်နေရာတွင် ခွက်ခွက် ကလေးမြင်ရ၏။ ရဲအရာရှိ ဦးမောင်မောင်က ထိုခွက်ခွက်နေရာကို "ဗူးဝ" ဟုမှည့် ခေါ်ထားသည်။ ထိုတောင်ကြားခွက် ကို မြူတိမ်များ အစဉ် ဖုံးအုပ်ထားလေ့ရှိရာ မြူတိမ်ကင်းစင်သောနေ့များတွင် ၀န်ထမ်း တိုင်း မျှော်ကြည့်နေ ရသော နေရာဖြစ်၏။ ထိုတောင်ကြားကလေး၏ ဟိုမှာဘက်တွင် မိမိတို့၏ အိမ်သား များ၊ ဆွေမျိုးများ၊ မြို့ရွာများရှိသည်ကို ၀န်ထမ်းတိုင်း အမှတ်ရနေ၍ ဖြစ်ပေသည်။

မိုးရေချိန် လက်မ ၂၀၀ ကျော် ၍ အအေးလွန်ကဲသော ထိုမြို့တွင် မီးသည်သာလျှင် အကောင်းဆုံးအဖော် မွန်ဖြစ် ၏။ ထို့ကြောင့် ၀န်ထမ်းများသည် အားလပ်သည့် အချိန်များတွင် မီးဖိုပတ်လည် ၀ိုင်းဖွဲ့ချက်ပြုတ် စား သောက်ကာ အချိန်ကုန်စေ၏။ ချက်ပြုတ်စားသောက်သည်ဆိုသော်လည်း ဖွယ်ဖွယ်ရာရာ ချက်ပြုတ်ရန်ရှိ သည် မဟုတ်။ ငါးပုစွန် ဆိုသည့် စကားမှာ ထိုဒေသအတွက် မလိုအပ်သော အပိုဝေါဟာရများသာဖြစ်၏။

သို့သော် ဘုရားသခင် သည် မျှတစွာ ကောင်းချီးပေးပါ၏။ မြန်မာပြည်တွင် အကြီးဆုံးကြက်သွန်ဖြူဥ ထိုမြို့ တွင် ရှိ၏။ လက်ဖက်ရည် အချိုခွက်နီးနီး ရှိ၍ အတက်တစ်ခုတစ်ခု သည် လက်မလောက်ကြီး၏။ အလွန်အရ သာရှိပြီး မီးဖုတ်စား၍ ပင်ရသော မျှစ်များလည်းရှိ၏။ ပြုတ်ပြီး အခြောက်လှန်းထားပါက တစ်နှစ်ပတ်လုံး စား နိုင်သေး၏။ ဤ၀ါးပင်များ သည် သစ်ပင်ကဲ့သို့ တစ်ပင်စီပေါက်သည်။ စနစ်တကျစိုက်ပျိုး၍ သိပ္ပံနည်းကျ အခြောက် လုပ်ပါက နိုင်ငံခြားဝင်ငွေပင်ရနိုင်ဖွယ်ရှိသည် ဟု ဂင်ရန်လီတွေးမိ၏။ ယခုသော်ကား မျှစ်ပေါက် ရာသီ တွင် နေရောင်ခြည် မထွန်းပေါက်နိုင်၍ ကြပ်တိုက်ခြင်းဖြင့်သာ အခြောက်လုပ်ရာ မီးခိုစွဲ၍ ညစ်ထေး နေတော့၏။

တောတောင်တွေ ပတ်လည်ဝိုင်းသော ထိုမြို့တွင် ထင်းခက်သည်ဆိုက ကြုံဖူးမှ ယုံနိုင်ဖွယ်ဖြစ်သည်။ ဆယ့် နှစ်လ ရာသီ မိုးရွာရကား ထင်းခြောက်ချိန်မရှိ။ ဒီတော့ အသားကို တ်ြတင်အခြောက်လှန်းသကဲ့သို့ ထင်းကို လည်း ကြတ်တိုက် အခြောက်လုပ်ရ၏။ မီးမွှေးရာတွင် မရှိမဖြစ်သော ကိရိယာတစ်ခုမှ မီးမှုတ် ၀ါးပြောင်းဖြစ်၏။ နှုတ်ခမ်းသားနှစ်ခု နှုတ်သီးဖြစ်သည်အထိ မှုတ်နိုင်ပါမှ မီးညွတ့်ကလေးတက်လာ တတ်၏။ ၀ါးပြောင်း အကြီးသေး အတိုအရှည် ကို လိုက်၍ အသံမျိုးစုံထွက်၏။ ဒီတော့ မီးဖိုသုံးခုမှ အပြိုင် အဆိုင် ထွက်ပေါ်လာသော မီးပြောင်းမှုတ်သံများမှာ သင်္ကေတမှတ်၍ မရသောတူရိယာသံများဖြစ်လာ၏။
ဤမြို့တွင် ကျောင်းဆရာ လည်း ချက်၏။ စာရေးကြီးလည်းချက်၏။ အရာရှိလည်းချက်၏။ အရာမရှိသူလည်း ချက်ရမည် သာဖြစ်သည်။
တစ်နေ့သော အားလပ်ရက်တွင် ဂင်ရန်လီသည် ဒေါက်တာရွေ ထံ အလည်သွား၏။ ကျဉ်းမြောင်းသော အခန်း တစ်ခု ရှိ ၀ါးခုတင်တွင် ဒေါက်တာရွှေ ထိုင်နေသည်ကိုတွေ့ရသည်။ သူသည် ခုတင်ခေါင်းရင်းဘက် တွင်ထိုင်၍ ဓားမြောင် ကလေးတစ်လက်ဖြင့် ထမင်းစားတူများလုပ်နေ၏။

"ကျွန်တော် ဘာမှလုပ်စရာမရှိ။ လုပ်လည်း မလုပ်တတ်တော့ ဒါပဲ လုပ်နေရတယ်ဗျာ"ဟုညည်း၏။ အင်း ဆရာဝန် ပျင်းတော့ လည်း မလွယ်ပါလားဟု ဂင်ရန်လီတွေးမိသည်။ သူ့ရွေ့တည့်တည့်တွင်တော့ ဖြစ်သလို စီမံ ထားသည့် ထင်းမီးဖိုတစ်ခုရှိ၏။ မီးဖိုပေါ်တွင်တော့ ဟန်းကောတစ်လုံး။ မီးဖိုနှင့် ကုတင်မှာ နှစ်ပေမျှသာ ကွာလေ ရာ ပြာမှုန့် တို့သည် အိပ်ရာထဲတွင် ဟိုတစ်ပွင့် ဒီတစ်ပွင့် ပြန့်ကြဲနေသည်။ သူ၏ ဆံပင်တွင်လည်း ပြာမှုန်ဖွေးလို့။
" ဆရာ ဘာချက်သလဲ" ဟု ဂင်ရန်လီကမေး၏။ " ဆန်ပြုတ်ပြုတ်နေတယ်ဗျာ၊ ကျွန်တော်က ထမင်းလည်း မချက် တတ်။ ပြီးတော့ အစာအိမ်ရောဂါ ကလည်း ရှိပြန်ဆိုတော့ " ဒေါက်တာရွေညည်း၏။
" ဆန်ပြုတ် ထဲ ဘာထည့်ပြုတ်သေးလဲ "
" ဆန်ချည်းသက်သက်ပါ ကျက်ရင် သကြားလေး ခတ်သောက်မလားလို့ " သူ၏ ရည်ရွယ်ချက်ကို ပြောရှာ၏။

" ကျွန်တော်ဗျာ ထမင်းဟင်းတစ်သက်တစ်ခါမျ မချက်ဖူဘူး၊ ခုတော့ ဒုက္ခလှလှကြီးရောက်နေပြီဟု ညည်း လေ ၏။
သူသည် ချောပြီးသားတူ ကိုပင် ဓားမြောင်ဖြင့် ထပ်ခါ တစ်လဲလဲ သပ်၍ သပ်၍နေ၏။ ထိုတူဖြင့် ဆန်ပြုတ် ညှပ်သောက် မည်ထင့်။
" ဆရာ ဒီလောက်တောင် အခက်အခဲရှိနေရင် ဟိုဘက်ခန်းက ဆရာမညီအစ်မ တို့နဲ့ ပေါင်း ချက်စား ပါလား၊ ဒေါက်တာကျော် ကလည်း သူ့တပည့်မတွေနဲ့ ပေါင်းချက်စားခဲ့တာပဲ" ဂင်ရန်လီကအကြံပေး၏။
" အေးဗျာ ကျွန်တော် ဘယ်လိုလုပ်ရမှန်းတောင် မသိတော့ဘူး "
ဟု တကယ်ပင် စိတ်ပျက်အားငယ်စွာဖြင့် ညည်းပြလိုက်၏။ အင်း ဒေါက်တာရွှေ တယ်သနားစရာကောင်းတာပဲ။ သူ့ခမျာ ဆရာဝန်ပေမယ့် အစာအိမ်ရောဂါကလည်း မွေးထားသေး၊ အချက် အပြုတ်ကလည်းမတတ်ပြန်ဟု ဂင်ရန်လီ က သနားတွေးကလေး တွေးပေးလိုက်၏။ ဒေါက်တာရွှေသည် သူ၏ ညားခါစအသစ်စက်စက် ဆယ့်ကိုးနှစ် အရွယ် ဇနီးအကြောင်းပြော ၍ ငိုမဲ့ငိုမဲ့ လွမ်းတသသ ဖြစ်နေ တတ်သည်။

ဒေါက်တာရွှေသည် ပြောင်းရွှေ့သွားသူ ဒေါက်တာ ကျော်အစား ရောက်လာသူဖြစ်သည်။ ဒေါက်တာကျော်၊ ဒေါက်တာရွှေ နှစ်ဦးစလု့း ဆရာဝန်ဆွေဖြစ်ကြ၏။ ဆေးအတတ်ပညာအရာ၌ ကျွမ်းကျင်ကြသည်။ သို့သော် အရေးမကြီး၊ မလိုအပ်ဟု အများ က ဥပက္ခာပြုထားသော်လည်း လူ့ဘ၀တွင် အရေးကြီးဆုံး၊ အလိုအပ်ဆုံး၊ ချက်ပြုတ်ပညာရပ်တွင်မူကား ...
အမှန်တော့ ချက်ပြုတ်စားသောက်ခြင်းသည် လူသတ္တ၀ါတို့၏ အဓိကအကျဆုံး ဘ၀အစိတ်အပိုင်းတစ်ခု ဖြစ်၏။ လူသည် မီး ကို မတွေ့ရှိမီ အစိမ်းစားခဲ့သည်ဟု ဆိုပေရာ၊ ဤချက်ပြုတ်စားသောက်ခြင်းသည် လူနှင့် တိရစ္ဆာန် တို့၏ ပထမလမ်းခွဲဖြစ်ပေလိမ့်မည်။

ဂင်ရန်လီ၏ ဘ၀သည် တည်တည်ငြိမ်ငြိမ်မရှိ။ စုန်ဆန်နေ၏။ ယခုတစ်ကြိမ်တွင် တောင်ထိပ်ဖျားဆီမှ လွင် ပြင်ဒေသဆီ သို့ မိုင်ပေါင်း တစ်ထောင် လိမ့်ဆင်းသွား၏။ ယခု သူရောက်ရှိသည့် နေရာမှာ မလိခခေါ် ဧရာ ၀တီမြစ်ဆုံးရာဒေသညောင်တုန်းမြို့ဖြစ် သည်။
" ကိုဂင်၇န်လီ ဘာချက်သလဲ" တစ်ဘက်ခန်းမှ ဒေါ်ချိုက တံခါးဝတွင် မတ်တတ်ရပ်၍ မေးလာ၏။ " အမဲရိုး ပြုတ်တယ်ဗျာ" ဂင်ရန်လီ ကဖြေ၏။
" ကောင်းတယ် ကောင်းတယ် ကျွန်မတော့ ပုစွန်ထုပ်ချက်တယ်" ဒေါ်ချိုက ပြောပြောဆိုဆို ထွက်သွား၏။ စားကောင်းသောက်ကောင်း ၍ထင်၏။ သူ့ကိုယ်လုံးသည် ပုစွန်ထုပ်ကြီးကဲ့သို့ လုံးတုတ်နေ၏။ သူတို့ မိသားစု ပြောင်းမိန့် ကျပြီဖြစ်၍ ပြင်ဆင်နေပြီ။

ဤတွင် မဆီမဆိုင် ဒေါက်တာရွှေ ကို ဂင်ရန်လီ သတိရမိ၏။ ဟိုတစ်ခါက ဒေါက်တာရွှေတစ်ယောက် သူ့အိပ် ခန်းထဲ တွင် တစ်ယောက်တည်းချက်ပြုတ်နေခိုက် ဂင်ရန်လီက -
" ဆရာ ဘာချက်သလဲ" ဟုမေးဖူး၏။ " ဆန်ပြုတ်ပြုတ်နေတယ်ဗျာ" ဟု သူကဖြေ၏။ ယခု သူသည်လည်း အိပ်ခန်းထဲ တွင် ချက်ပြုတ်နေခိုက် အမေးခံရပြီ။
" အမဲရိုးပြုတ်တယ်ဗျာ" ဟု သူက ဖြေရပြီ။
ဒေါက်တာရွှေ သည် ထိုအခန်းတွင် အိပ်၍ ထိုအခန်းတွင်ပင် ချက်ရ၏။ ယခု ဂင်ရန်လီသည် ထိုနည်းတူပင်။ အိပ်ခန်း တွင် ချက်ပြုတ်စားသောက်နေရပြီ။ မီးဖိုခန်းတွင် ဒေါ်ချိုတို့ မိသားစု ချက်ပြုတ်နေသေး၏။

အမဲရိုးဟင်း က နူးပြီဖြစ်၍၊ အမဲသားချက်ရန် ပြင်ဆင်တော့၏။ အသားတုံးကို ရေဆေးလိုက်၏။ ခုတ်မည် ထစ်မည် လုပ်တော့ စဉ်းတီတုံးက မရှိ။ ခက်ပြီ မည်သို့ လုပ်ရပါအံ့။ ဤတွင် ဗြုန်းခနဲ ဦးတူးကို သတိရမိ၏။
" စဉ်းတီတုံး မလိုပါဘူး ရိုးရာနည်းပဲ ကောင်းပါတယ် " တဲ့။ အင်း ဟုတ်ပြီ။ သူသည် ဦးတူးနည်းအတိုင်း ဓါးရှည် ကို ကြမ်းပေါ်ထောက်၍ ကုန်းကုန်းကွကွလုပ်ကာ အသားတုံးကို တိခနဲ တိခနဲ လှီးဖြတ်တော့သည်။ လက်ချောင်းထိပ်ဖျားကလေးများ ပါမသွားအောင်တော့ သတိထားရ၏။ အသားတုံးကလေးများကို အနီးရှိ ပန်းကန်လုံးထဲပစ်၍ ပစ်၍ ပုံထားလိုက်သည်။ အင်း ဦးတူးနည်းလည်း မဆိုးဘူး၊ ဟန်ကျတာပဲဟု သူ့ဟာသူ သဘောကျပြီး ပြုံးနေမိသည်။

ထိုစဉ် ဤအိမ်မှ ၀န်ထမ်း မိသားစု အဆက်ဆက်နှင့် နေလာသောကြောင်အိုကြီးသည် " ညောင် ညောင်" ဟု အသံပြုကာ အစာတောင်းနေ၏။ ဂင်ရန်လီသည် စုပုံထားသည့် အသားတစ်တုံးကို ပစ်ပေးလိုက်ရာ ကြောင် ကြီး သည် ခဏချင်း ကိုက်စားဝါးမျိုလိုက်၏။
အသားဝါးမျိုပြီး လျှာဖြင့် နှုတ်ခမ်းသပ်နေသောကြောင်ကြီးအား ဂင်ရန်လီ စိုက်ကြည့်ပြီး -
" အေး၊ မင်းတော့ မချက်မပြုတ် ဘဲ ၀ါးမျိုလိုက်ပြီပေါ့၊ ငါ့မှာတော့ လူဖြစ်နေလို့ ချက်ရပြုတ်ရဦးမယ် အဟိတ် တိရစ္ဆာန်ကြီး ရယ်ဟု ရေရွတ်လိုက်လေသတည်း။

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

Wednesday, October 31, 2012

ခါးရှားဒင်းအောင် ၏ ခရီးသွားဖော်, အပိုင်း (၁၁)

ထိုဒေသ ထိုကာလ ထိုသူတို့၏ဘဝ

ခေါ်ဘူဒဲ မြို့သူမြို့သားများသည် နေမင်း၏ ရောင်ခြည်ကို မမြင်ရသည်မှာ လနှင့်ချီရှိပြီ။ တိမ်သလ္လာများသည် မြို့ ကို ဖုံးအုပ်ထားပြီး မိုးစက်ကလေးများအဖြစ် ဘ၀ပြောင်းကာ မြေကြီးပေါ်သို့ ကြွေ ကျနေသည်။ မိုးသည် အဆက်မပြတ် ရွာချနေသော်လည်း ''ရွာသော်လည်းမိုးမသည်း'' အစားထဲကဖြစ်၏။ မိုးရေဒလဟော သွန်ချလျှင် ခဏချင်း ကုန်ခမ်းသွားမည်စိုးသည့်အလား ဖြည်းဖြည်းချင်း ဇိမ်ဆွဲ၍ ယိုကျနေ သည်။ ယနေ့ မြို့လမ်းများပေါ် လူသူ သွားလာမှု ကင်းမဲ့နေသည်။ မြို့သည် ပကတိငြိမ်သက်လျက် ရှိ၏။ သို့သော် နားအာရုံဆန့်လိုက်လျှင် မနီးမဝေး အိမ်များဆီမှ ရယ်မောသံလေးများ၊ ၀ိုင်းဖွဲကတွတ်ထိုးသံလေးများကြားရသည်။

သို့ဖြစ်လျှင် မြို့သူမြို့သားများ ဘယ်သွား ဘာတွေများလုပ်နေကြပါသနည်း။ ရုံးပိတ်ရက်များတွင် ၀န်ထမ်း များ က အသိမိတ်ဆွေချင်း ၀ိုင်းဖွဲ့ကြမည်။ ယမကာ တတ်နိုင်လျှင် ယမကာဝိုင်းဖွဲ့မည်။ ယမကာ မတတ် နိုင်လျှင် မီးဖို ပတ်ကာ ၀ိုင်းထိုင်၍ ပြောင်းဖူးပေါက်ပေါက်ဆုပ် လုပ်စားကြမည်။
ပြောင်းဖူးပေါက်ပေါက်ဆုပ် လုပ်စားသည့် နည်းကလည်း ပျော်ဖို့ကောင်းပါသည်။ မီးဖိုပတ်လည် ၀ိုင်းထိုင် ကြမည်။ ပထမပြောင်းဖူးခြောက်ကို အစေ့ချွေပြီး ဘယ်လက်ဝါးဆန့်သလောက် ဆုပ်ကိုင်ထားပါ။ ညာလက် ဖြင့် အထူးပြုလုပ် ထားသော ၀ါးမီးညှပ်ကိုင်ထားပါ။ ပြီးလျှင် မိမိရှေ့တည့်တည့် မီးဖိုထင်းချောင်းကြား လက်ဝါးလောက် ပြာပူ ကို ညီအောင် မီးညှပ်ဖြင့်ညှိထားပါ။ ပြီးလျှင် ပြောင်းစေ့ ၂၀ လုံးခန့် အသာချပြး မီး အပူပေး ထားပါ။ ခဏကြာလျှင် မီးညှပ်ဖျားဖြင့် မီးဖိုအလယ်မှ ပြာပူညှပ်ယူပြီး ပြောင်းစေ့များပေါ် အုပ်လိုက် ပါ။ ထိုအခါ မီးဖိုပတ်လည် တိုက်ပွဲငယ်အလား၊ တဖောင်းဖောင်း ပေါက်ကွဲသံနှင့် အတူ ဖြူဖြူဖွေးဖွေး ပေါက် ပေါက်ဆုပ် များခုန်ထွက်လာပါလိမ့်မည်။

ဤအချိန်တွင် လက်လျင်ဖို့ လိုသည်။ လျင်မြန်စွာ မီးညပ်ဖြင့် ကောက်ယူရမည်။ သို့မဟုတ် လျှင် ပေါက်ပေါက်ဆုပ် များ မီးကျွမ်းသွားမည်။ တချို့ ပေါက်ပေါက်ဆုပ်များက တော့တစ်ဖက်သား ဧ၇ိယာသို့ ခုန်ကူး တတ်ပြီး တချို့ကျတော့ မီးဖိုအလယ် ဗဟိုသို့ ခုန်ချပြီး ခဏချင်း ပြာဘ၀သို့ လျင်မြန်စွာ ကူးပြောင်း သွားကြသည်။
အကယ်၍ သင့်ဘေးတွင် ကညာပျိုရှိနေ၍ သင့် ပေါက်ပေါက်ဆုပ်သည် သူမ၏ဧရိယာသို့ ခုန်ထွက်သွားလျှင် ဒါငါ့ဟာဟု လျင်မြန်စွာ ညှပ်ယူပြီး သူ၏ မျက်နှာကို ကြည့်လိုက်လျှင် သူမ၏ တုန့်ပြန်လာသည့် အပြုံးသို့မဟုတ် စကားလုံးများသည် သင့်အား ထိုတစ်နေ့တာ၏ ပျော်ရွှင်ကြည်နူးမှုရရှိစေမည်ဖြစ်ပါသည်။
ဤသို့ ၀ိုင်းဖွဲ့ ပေါက်ပေါက် ဆုပ်လုပ်စားလျှင် လက်လည်းလှုပ်၊ ပါးစပ်လည်း လှုပ်၊ မီးလည်းလုံပြီးသားဖြစ်၍ မည်မျှပင် ခိုက်ခိုက်တုန်ပါစေ ခဏချင်း နွေးထွေးလာစေပါသည်။
ဂင်ရန်လီ သည် ရုံးပိတ်ရက်ဖြစ်၍ အိမ်တွင်အောင်းနေသည်။ တစ်မြို့လုံးမြူတွေ အုပ်ဆိုင်းနေသည်။ မှန်ပြူတင်း တံခါးမအပြင်ဘက် လှမ်းကြည့်တော့ သိပ်သည်းလွန်းသည့် မြူနှင်းတွေကြောင့် မည်သည့်အရာမျှ မမြင်ရ။

တစ်နေကုန် တစ်ယောက်တည်းနေရ၍ ပျင်းရိလာပြီ။ သူသည် မည်သူ့အိမ် ဘယ်သူ့ထံ သွားလည်ရလျှင် ကောင်းမည်နည်းဟု ဦးနှောက်ကစားလိုက်သည်။ ဟုတ်ပြီ၊ သူ့ဆီသွားမည်ဟု ဆုံးဖြတ်ကာ အနွေးထည်ဝတ်၊ ထီးဆောင်း၍ ထွက်လာ၏။
အပြင်ထွက်ာကည့်တော့ ရှေ့တစ်လံကျော်လျှင် ဘာမျှ မမြင်ရ။ တစ်မြို့လုံးကို ဖြူညစ်ညစ်အရာတွေက လွှမ်းခြုံ ထားသည်။ အကယ်၍သာ ခုမှ ထိုနေရာ၌ ရောက်နေသော လူတစ်ယောက်ဖြစ်ပါက မည်သည့် ဘက်သို့ ခြေလှမ်းရမည်ကို ပင် သိမည်မဟုတ်။ သို့သော် ဂင်ရန်လီက မည်သည့်ဘက်တွင် မည်သူ့အိမ် ရှိသည်ကို သိထားပြီ။ မြူနှင်း ဘယ်လောက်ထူပါစေ။ မြူနှင်းတို့၏ သဘောမှာ မိမိရွေ့လျှင် သူတို့ရွှေ့သွားတယ် ထင်ပါရဲ့။ ကြည့် ဘာမှ မမြင်ရသည့်နေရာသို့ တိုးသွားရာ ရှေ့တစ်လှမ်းတော့မြင်ရပြီ။
ဤသို့ တရွေ့ရွေ့နှင့်သွားရာ သူ့အိမ်သို့ ရောက်သွား၏။ အိမ်သည် တိတ်ဆိတ်၍နေ၏။ သူ ရှိများရှိနေပါ့ မလား ဟု ဂင်ရန်လီ ရင်ထိတ်နေသည်။ အိမ်မကြီးတံခါးအသာဖွင့်ပြီး မီးဖိုဆောင်ဘက်သွားရာ သူ့အား မီးဖိုဘေးတွင် ထိုင်နေသည် ကိုတွေ့ရသည်။ ဟန်ကျပြီ၊ ဂင်ရန်လီဝင်လာသည်ကိုတွေ့၍ သူက " လာ လာ ငါ့ညီ၊ ငါ့ညီလာတာ နဲ့အတော်ပဲ" ဟုဆိုကာ မီးဖိုဘေးတစ်နေရာ၌ နေရာပြပေး၏။ သူ့ရှေ့မီးနားတွင်ကား ပုလင်း တစ်လုံးထောင်ထားသည်။

" သိပ်အေးတယ် ငါ့ညီရယ်၊ ဒီတော့ နည်းနည်းပါးပါး လုပ်ရအောင်၊ ဒီမှာ အေးလွန်းလို့ မီးကင်ထားတယ်" ဟု ဆိုကာ ပုလင်း ကို ပြလေ၏။ အင်း ပုလင်းဟာ အရက်နဲ့ တူပါရဲ့၊ဘယ်နှယ့်ဗျာ၊ အရက်ကို မီးကင်သောက် ရတယ်လို့ ဟု စိတ်ထဲတွင် ဘ၀င်မကျဖြစ်နေ၏။ " အောက်အရပ်မှာတော့၊ အရက်သောက်ရင် ရေခဲရှာရတယ် မဟုတ်လား ငါ့ညီ ရဲ့၊ ဒီမှာတော့ ရေခဲဖိုးသက် သာတယ် ဟီးဟီး" ဟု ရယ်လေသည်။ သူ့တပည့်သည် သူတို့ အား အမြည်းလုပ်ပေး၏။ ဟင်၊ လတ်လတ်ဆတ်ဆတ် အသားပါလား"အစ်ကိုကြီး အဲဒါက ဘာအသားလဲ" ဟု အံ့သြစွာမေးလေ၏ ဤမြို့၌ အသားစိမ်းစားရသည်မှာ အထူးအဆန်းတစ်ခုဖြစ် သည်။ သုံးလေးလတစ်ကြိမ် အသားစား ရဖို့မလွယ်၊ မင်္ဂလာဆောင်ရှိပါမှ၊ အိမ်သစ်တက်ရှိပါမှ အိမ်မွေးတိရစ္ဆာန် ၀က်သား၊ နွားနောက်သား စားရသည်။ ထိုပွဲများသည် လည်း တစ်နှစ်တစ်ကြိမ် ကြုံဖို့မလွယ်၊ ငါးဆို ရှားမှရှား။

မိုးတိမ်ကင်းစင်သောနေ့ များတွင် ခေါ်ဘူဒဲမြို့မှ အရှေ့တောင်ဘက်ငုံ့ကြည့်လိုက်လျှင် "အင်မိုင်ခ" မြစ်ကို မြို့၏ အောက်ချိုင့်နှစ်မိုင် ခန့်မှာ ပြာမှိုင်းမှိုင်းအရောင်ဖြင့် လဲလျောင်းနေသည်ကို မြင်ရမည်။ သေချာ ဂရုစိုက် နားထောင် ပါက ရေလုံးများ ကျောက်ဆောင်ကျောက်ကမ်းပါးများကို ပွတ်တိုက်စီးဆင်းသံကို သဲ့သဲ့ကြားရ မည်။ သို့သော် ထိုမြစ် မှ ငါး တစ်နှစ် တစ်ကြိမ် မစားရပါ။ တချို့ ကလေးများ ငါး ပင်မမြင်ဖူး။ ဟိုတရားသူကြီး ဦးအဆင် လာပေးတဲ့ချေသားလေ၊ မနေ့ည သူ့အိမ်က အသံတစ်ချက် တစ်ချက် ကြားရတယ်။ ကျုပ် လည်း တောကောင် ရလာပြီလို့တော့ ထင်ပေမယ့် ချမ်းလွန်းလို့ မသွားဖြစ်ဖူး" ဟု ဦးအဖူးက ပြောပြ၏။ ဂင်ရန်လီ ၏ အစ်ကိုကြီးဆိုသူမှာ အခြားသူမဟုတ်။ သူ၏ရုံးအကြီးအကဲလည်းဟုတ်၊ ကျောင်းနေဘက် သူငယ်ချင်း လည်း ဟုတ်သူ ဦးအဖူးဖြစ်သည်။ သူတို့သည် မီးကင်ထားသော ပြောင်းဖူးအရက်နှင့် ချေသားကို မီးလှုံရင်း ဇီမ်ခံ၍ စားသောက်ကြ၏။ ထိုအချိန်တွင် -
" ဥက္ကဋ္ဌကြီး၊ ဥက္ကဋ္ဌကြီး" ဟုခေါ်သည့် မိန်းမအသံကိုကြားရသည်။ ခဏတွင်းပင် အသံနှင့်အတူ၊ ဆေးရုံမှ ဆရာမနှစ်ဦး ၀င်လာကြသည်။

" ဥက္ကဋ္ဌကြီးတို့ ဘာတွေစားသောက်နေကြလဲ၊ ကျွန်မတို့တော့ လျှာမြက်ပေါက်တော့မယ် အသားမစားရတာ လနဲ့ချီပြီ" ဟု ဆိုကြ၏။
" ထိုင်ကြပါ ဆရာမကြီးတို့၊ ဟဲ့ ငါ့တပည့် အိုးထဲက မင်းအတွက် နည်းနည်းချန်ထားပြီး ဆရာမကြီး တို့ကို ကျွေးလိုက်" ဟု အမိန့်ပေးလေသည်။ ဦးအဖူးသည် အရေးအကြောင်းရှိက ပြဿနာဖြေရှင်းရန် ဆိတ်မွေး ထား သည်။ ကြက်လည်း မွေး၏။ " ကဲ ကဲ ဆရာမတို့ ဒီလောက်တောင် တောင်းဆိုမှာတော့မနက်ဖြန် ဆိတ် တစ်ကောင် ပေါ်မယ်" ဟု ဆို လိုက်ရာ ဆရာမနှစ်ဦးက " ဒါမှ ငါတို့ဥက္ကဋ္ဌကြီးကွ" ဟု ပြိုင်တူဆိုကြ၏။ သူတို့ သည် ချေသား ကို ရေနွေးကြမ်းဖာ့ခါးနှင့် မြည်းပြီး ထိုအိမ် မှ ပျော်ရွှင်စွာ ထွက်ခွာသွားကြသည်။ ဦးအာဖူးနှင့် ဂင်ရန်လီ သည် မီးကင်အရက်နှင့် ချေသားစည်းစိမ်ကို ဆက် ခံစားနေကြသည်။ ဟိုအကြောင်း ဒီအကြောင်း ပြောကြသည်။ ဦးအာဖူး သည် စကားဖြတ်ပြီး ဂင်ရန်လီအား " ငါ့ညီ ဦးအဆင အကြောင်း ပြောပြ မယ်" ဟု ဆိုကာ အောက်ပါအတိုင်း ပြောပြ လေသည်။

ဦးအဆင် သည် ခေါ်ဘူဒဲမြို့ ၏ အရှေ့တောင်ယွန်းယွန်းအင်မိုင်စမြစ်၏ အရှေ့ဘက်ကမ်းရှိရွာတွင် မွေးဖွား လာသူဖြစ် ၍ ပတ်ဝန်းကျင်တစ်ဝိုက်တွင် တောကျွမ်းသည်။ မည်သည့်လျှိုမြောင်တွင်၊ တောင်စောင်း များ တွင် မည်သည့် သတ္တ၀ါရှိသည်ကို သိသည်။ ထို့ကြောင့် ရုံးပိတ်ရက်များတွင် တောလိုက်ထွက်တတ်သည်။ သူ့တွင် အမဲလိုက်ခွေး လည်း ရှိသည်။ ကံကောင်းထောက်မ၍ ချေတစ်ကောင်လောက် ရလျှင် မြို့ရွာမပြန်။ တောထဲ မိုးချုပ်သည် အထိနေသည်။ မိုးချုပ်၍ လမ်းသွားလမ်းလာမရှိမှ ချေကို ကျောပိုးထမ်း၍ အိမ်ထဲတိတ်တဆိတ် ၀င်လာသည်။ ပြီးတော့ ချေကို မီးဖိုဆောင်သို့ ယူမသွား၊ သူတို့၏ အိပ်ခန်းသို့ယူလာ သည်။ အိပ်ခန်း ဆိုသော်လည်း အေးသည့်ဒေသဖြစ်၍ လေးဒေါင့်ပုံမီးဖိုရှိသည်။ ချက်ပြုတ်၍ရသည်။
သူသည် ကန့်လန့်ကာချ၊ တံခါးပိတ်ပြီး ချေကို ဖျက်တော့သည်။ ချေကိုဖျက်တော့ အရိုးခုတ်ရန် လိုလာ သည်။ အရိုး ကို အဆက်မပြတ်ခုတ်က အသံထွက်မည်။ အသံထွက်က အိမ်နီးနားချင်းများသိကုန်မည်။ ဒီတော့ သူ ဘာလုပ် သနည်း။ အရိုးကို စဉ်းတီတုံးပေါ်တင်၍ တစ်ချက်တည်း ပြတ်အောင်ခုတ်သည်။ ပြီးတော့ ရေနွေးကြမ်းသောက်၊ ဆေးလိပ်ဖွာ ငါးမိနစ်လောက် နားသည်။ နောက်တစ်ချက် ခုတ်သည်။ နား ပြန် သည်။ ဤနည်းဖြင့် အိမ်နီးချင်းတို့ မရိပ်မိတော့။ ထိုညအဖို့ သူ့မိသားစုတစ်စုတည်း အသားကို ၀အောင် စားကြသည်။

နောက်နေ့နံနက် အိမ်နီးချင်းများမိတ်ဆွေရောင်းရင်းများကို ၁၀ သား ၁၅ ကျပ်သားစီ လိုက်ဝေငှပြီး နှုတ်မှ လည်း မနေ့က ခွေးလောက် ချေတစ်ကောင်ရသည်။ တောထဲ ဖျက်ခဲ့သည်။ ညနက်မှ အိမ်ပြန်ရောက်သည် ဟု ယုတ္တိရှိရှိ ပြောပြသည်။ မိတ်ဆွေ သူငယ်ချင်း အိမ်နီးချင်းများကလည်း ရတောင့်ရခဲသည့် ချေသားတစ် ဖဲ့တစ်ဖတ်စားရလည်းမနည်းဟု ကျေနပ်ကြကြောင်း ရှည်လျားစွာ ပြောပြလေသည်။ ဂင်ရန်လီက "ဒီလိုလုပ် တဲ့ အကြောင်း အစ်ကိုကြီး ဘယ်လိုလုပ်သိသလဲ" ဟုမေးရာ " လွန်ခဲ့တဲ့နှစ်က ကျုပ် သူ့အိမ်အလည်သွားရင်း မိသွားတယ်လေ၊ အိပ်ခန်းဆီက ထူးခြားတဲ့ အသံကြား လို့ အိမ်ထဲ မ၀င်ဘဲ ထရံ ပေါက်က ချောင်းကြည့်တော့ လားလား အိပ်ခန်းတံခါးပိတ်ပြီး ချေဖျက်နေတာကိုး၊ ဒါနဲ့ ကျုပ်လည်း သူ့လုပ် ပုံကိုင်ပုံကြည့်ပြီး အသံမပြုဘဲ ထွက်လာခဲ့တယ်။ နောက်နေ့တော့ ခုလိုပဲ တစ်တွဲရတာပေါ့" ဟု ပြောပြလေ သည်။

ဂင်ရန်လီသည် ဦးအဆင်အိမ်ရောက်ဖူးသည်။ သူ့တွင် စုစုပေါင်း သားသမီးရှစ်ယောက်ရှိသည်။ အကြီးဆုံးက ၁၃ နှစ်တဲ့။ လေးဒေါင့်ပုံမီးဖိုဘေးတွင် ၀ိုင်းထိုင်နေကြသည်။ ဦးအဆင်သည် မင်္ဂလာဆောင်ပွဲ မှ ရလာသည့် အသားတုံးများကို လှီးဖြတ်၍ သူ့ကလေးများအား ဝေငှကျွေးမွေးနေသည်။
ဤနေရာတွင် ထိုဒေသ လီဆူများ၏ မင်္ဂလာဆောင်ပွဲအကြောင်း ပြောပြလိုပါသည်။ လက်ထပ်မင်္ဂလာကိစ္စ အထူးပြော၇န်မရှိသော်လည်း ဧည့်ပရိသတ်များအား ထမင်းဟင်း ဝေငှပုံမှာ ထူးခြားသည်။ တစ်ဦးခြင်းမပေး။ တစ်အိမ်ထောင် မိသားစုတစ်ပန်းကန်သာရမည်။ ပန်းကန်ဆို၍ သေးသေးသောသောဟု မမှတ်လိုက်ပါနှင့်။ ဆန်ပြာသည့် စကောလောက်နီးနီးရှိသည်။ ထိုစကော သို့မဟုတ် ကွမ်းကလပ်လို ပုံစံခြင်း ကြီးတွင် ငှက်ပျောရွက် သို့မဟုတ် ဖက်ရွက်ခင်းသည်။ ပြီး ထမင်းပုံမှန် ပန်းကန် ၁၀ လုံးစာ ထည့်သည်။ ထမင်းပေါ်တွင် ၂၀ ကျပ် သားခန့် အသားတုံးလေးတုံးထည့်ပြီး ဝေငှပေးသည်။ ထိုအရာကို "စာဘာ" ဟုခေါ်သည်။ " စားပွဲတော်စကော" ဟုဘာသာပြန်ရမည် ထင်သည်။

မင်္ဂလာပွဲသို့ တစ်အိမ်သားလုံးကြွချီရင်လည်း ထို " စားပွဲတော်စကော" တစ်ခုသာ ရမည်။ တစ်ယောက် တည်း လာလည်း " စာဘာ" တစ်ခုရမည်။ ရပ်ဝေးသို့မဟုတ် အခြားရွာမှ လာသော ဧည့်သည်မျးကို မင်္ဂလာ အိမ်နီးဝန်းကျင် အိမ်များတွင် နေရာချပေးသည်။ တစ်ယောက်တည်းသမားသည် ထို"စားပွဲတော်စကော" တစ်ခုကုန်အောင် မစားနိုင်ပါ။ ဒီတော့ ဘာလုပ်ကြသနည်း။ အိမ်ရှင်က ဧည့်သည်၏ ခေါင်းရင်းတည့်တည့် ထရံတွင် ချိတ်တစ်ခုစီ ပြုလုပ်ထားပေးသည်။ စားမကုန်သော အသားတုံးများ ကို ကြိုးနှင့်သီ၍ ချိတ်ဆွဲထား ရန်ဖြစ် သည်။
အခြားရွာမှလာသော ဧည့်သည်များသည် အနည်းဆုံး နှစ်နပ်စားပွဲတော်စကော ရမည်။ တစ်ခါတစ်ရံ မင်္ဂလာ ရက်နေ့လည်စာ၊ ညနေစာနှင့် နောက်နေ့ နံနက်စာပါရမည်။ ဒီတော့ တစ်ယောက်တည်းလာသူ အဖို့ စားမကုန် သည့်ထမင်းနှင့် အသားတုံးကြီးများထမ်း၍ အိမ်အပြန်ခရီး လှပနေတော့သည်။

အသားတုံးဟင်းချက်ပုံ ပြောရန် ရှိသေးသည်။ ၀က်သို့မဟုတ် နွားနောက်ကိုဖျက်၊ ၁၅ ကျပ်သား ၂၀ ကျပ် သားခန့်ရှိအောင် ခုတ်၊ အူအသည်း ကလီစာမျးကို သန့်စင်ပြီး ခုတ်ဖြတ်။ ပြီးလျှင် ဒယ်အိုးကြီး ထဲတွင်ထည့်၊ ရေနှင့်ပြုတ်။ ကိစ္စပြီးပြီ၊ ဆားမထည့်ပါ။ ဤမျှလွယ်သည်။ ကျက်လောက်ချိန်တွင် ဟင်းပြုတ်ရည် များကို ၀ါးကျည်ထောက်ထဲထည့်ပြီး ဝေငှသောက်ကြသည်။ ဂင်ရန်လီ ထိုဆားမဲ့ စွပ်ပြုတ်ရည် ကို သောက်ဖူးသည်။ ချိုဆိမ့်ဆိမ့် ရှိသည်။ ကမ္ဘာကျော် ငါးမန်းဆူးတောင် စွပ်ပြုတ်မသောက်ဖူးသော်လည်း ထိုအမဲစွပ်ပြုတ် ကို မှီမည်မထင်ပါ။ မည်သည့်အနံ့ထွက်သည်ကိုတော့ သဘောထားတိုက်ဆိုင်မည်မဟုတ်၍ မဖော်ပြတော့ ပါ။
အရည်သောက်ပြီးဖြစ်သည့် ထိုဆားမဲ့အသားတုံး၏ အရသာမည်သို့ရှိမည်ကို ခန့်မှန်းလို့ရပြီ ထင်ပါသည်။ တချို့ အတွေ့အကြုံရှိသူ မြို့ပေါ်က လူလည်ဝန်ထမ်းများသည် ဆားကိုလျှို့ဝှက်၍ ယူလာတတ်ကြသည်။ ထမင်းစားချိန် အသားတုံးကို ပါးပါးလှီးဆားနယ်မီးကင်ပြီး ထမင်းနှင့် လွေးရန် ဖြစ်သည်။ မင်္ဂလာပွဲပြီးလျှင် မကုန်ထမင်း၊ မကုန်ဟင်း အသားတုံးထမ်းပြီး အိမ်ပြန်ကြသည်။ ဤရှားပါးဒေသတွင် ထိုအသားတုံးများ၏ တန်ဖိုး ကား ကြီးမားလှသည်။ အသားက အသားပဲလေ။

ကျောင်းအုပ်ဆရာကြီး ဂျိန်းသည် ၀က်သားတစ်တွဲရလာ၍ပျော်နေသည်။ ဤဒေသမိသားစုတစ်စု တစ်နှစ်  ၀က်တစ်ကောင် ပေါ်ဖို့မလွယ်၊ အေးလွန်းသည့်ပြင် ၀က်စာရှား၍ တစ်နှစ်မွေးမှ ပိဿာ ၂၀ ခန့်သာရှိသည်။ ယခုဆရာကြီးသည် ၀က်သားတစ်ပိဿာကြီးများတောင် ရလာပြီ။ ၀န်ထမ်းတစ်ဦးနှစ်ချီမွေးထားသော ၀က် ပေါ်၍ရသောအသားဖြစ်သည်။ ဆရာကြီးသည် ဤအသားတစ်ပိဿာအား တစ်ခါချက်နှစ်ကျပ်သားခန့် ဆရာတပည့်နှစ်ဦး တစ်လခန့်မျှဉ်း၍ စားမည်။ ၀က်သားဆိုတော့ ဆီလည်းသက်သာမည်ဟု တွေးကာ ပီတိ ဝေဖြာ လျက်ရှိသည်။ အိမ်ရောက်လျှင် သူ့တပည့်ကြီး (၁၆)နှစ်အရွယ် ငါးတန်းကျောင်းသားအား အပ်ထား လေသည်။

သူသည် ကျောင်းပိတ်ရက်ဖြစ်၍ ၀န်ထမ်းမိတ်ဆွေအပေါင်းအသင်းထံ သွားလည်သည်။ ညနေထမင်းစားချိန် ဂင်ရန်လီ အား အလည်ခေါ်ပြီး အိမ်ပြန်သည်။ သူသည် မီးဖိုချောင်ဝင်ပြီး သူ၏ ၀က်သားတွဲကို ဦးစွာရှာ၏။ " ဟိုက် " ၀က်သားတွဲ မတွေ့ပါလား။ ခွေးများဆွဲသွားပြီလားဟု ရင်ထဲက ထိတ်ခနဲ ခံစားလိုက်ရသည်။ ရှာမတွေ့တော့၍ တပည့်အား " ဒီမှာ ငါ့တပည့် ၀က်သားတွဲကော" ဟု မေး လေ၏။ " ဆရာ ကျွန်တော် အားလုံး ချက် လိုက်ပြီ" ဟု ဖြေလေသည်။ ဆရာကြီး၏ နှလုံးအိမ်ထဲ ဒိန်းခနဲ မြည်ဟီးသွားသည်။ ဟင်းအိုးဖွင့်ကြည့်တော့ ဖြစ်သလို ခုတ်ထစ်ပြီး ချက်ထားသည်ကို တွေ့ရ၏။ ငါးဆယ် သားချက်ခန့်သာ ကျန်တေ့သည်။

" ငါ့တပည့်ရာ ဘာဖြစ်လို့အားလုံး ချက်လိုက်သလဲ ငါက အသားနည်းနည်းနဲ့ ဟင်းသီးဟင်းရွက် ရောချက် စား မလို့ ခုတော့ကွာ ... " ဟု စိတ်ပျက်စွာ ညည်းလေသည်။ ထိုအခါ သူ့တပည့်ပြောလိုက်ပုံက " ဆရာကြီး ရှိတစ်ခါစား မရှိတစ်ခါမစား" တဲ့ ဆရာဂျိန်း၏ ပါးစပ်အဟောင်းသားပွင့်သွားပြီး တပည့်ဖြစ်သူအား စေ့စေ့ ကြည့်လေ၏။
" ငါ့တပည့် မင်းပြောလိုက်တဲ့ ဗမာစကား ဆရာ တစ်ခါမှ မကြားဖူးဘူး၊ ဘာတဲ့ ရှိတစ်ခါစား၊ မရှိတစ်ခါမစား၊ ဟုတ်လား " ဟုပြောပြီး " မင်းက ဗမာကိုတောင် ကောင်းကောင်းမြင်ဖူးတာမဟုတ်ဘူး မင်းရဲ့ ဗမာစကားက မှတ်သားလောက်ပေတယ်။ ဆရာ တစ်သက်လုံး မှတ်ထားပါ့မယ်၊ မင်း ဒီနှစ်မြန်မာစာ ဂုဏ်ထူးထွက်မယ်" ဟု မကျေမချမ်းနှင့် ချီးမွမ်းခန်းဖွင့်ဆိုလေသည်။ တပည့်ကြီးကတော့ ရှိတစ်ခါစား ငါးဆယ်သားခန့်ဝါးပြီ။

ဦးဂင်ရန်လီသည် တန၈င်္နွေနံနက်တစ်ခုတွင် ဒေသခံ လူကြီးဦးဖုန်းဇီးခင်ထဲ အလည်သွားလေသည်။ သူသည် မီးဖိုဘေးတွင် ထိုင်ကာ တစ်စုံတစ်ခုလှော်နေသည်။ ဂင်ရန်လီက " ဦးဖုန်ဇီးခင် အဲဒါဘာလဲဗျ" ဟု မေးရာ ဦးဖုန်ဇီးခင်က " အူလိုင် လေ၊ မနက်စာအတွက် လုပ်နေတယ်" ဟု ဖြေလေသည်။
ဤဒေသတွင် အူလိုင် သည် အဒိကအစားအစာတစ်ခုဖြစ်သည်။ တချို့ ဆန်ထမင်းကို ရံဖန်ရံခါမှသာ စားရ သည်။ အူလိုင်၊ ပြောင်း၊ ထုပ်၊ ကွာများကို စားကြ၏။ အူလိုင်ကို အူလိုင်ပင်ခေါ် မင်းဘောပင်မှရသည်။ ဂင် ၇န်လီ " ဒါနဲ့ အူလိုင်ဝယ်တာလား၊ ကိုယ့်ဟာကိုယ် လုပ်ယူသလား" ဟု စပ်စုကြည့်သည်။ " ကျွန်တော် ကိုယ်တိုင် လုပ်တာ ကျွန်တော့် မိဘဘိုးဘေးများ စိုက်ထားတာ တစ်တောလုံး တစ်တောင်လုံး ရှိတယ်။ ခုခေတ် စကားနဲ့ပြောရင် ကျွန်တော့် ဘိုးဘေး များ အမျှော်အမြင်ကြီးတာပေါ့လေ၊ သူတို့ အူလိုင်ပင်စိုက်ထား လို့သာ ကျုပ်မိသားစု ခုလို အသက် ဆက်နေနိုင်တာပေါ့" ဟု မိဘဂုဏ်ကျေးဇူး ကို ထုတ်ဖော်လေသည်။

ဂင်ရန်လီက "ဦးဖုန်ဇီးခင် စပ်စုတယ်လို့တော့ မအောက်မေ့ပါနဲ့၊ အူလိုင် ထုတ်ယူပုံပြောပြပါလား" ဟု စပ်စု ပြန်၏။ " နည်းနည်းတော့ခက်တယ်၊ ဦးစွာ လူတစ်ဖက်စာရှိတဲ့ အူလိုင်ပင်ရဲ့ ပင်စည်ကို ဆောက်နဲ့ အနည်း ငယ်ထွင်းပြီး အထဲကအသားကိုယူ၊ ပြီးတော့ ရေဆွတ်ပြီး လက်ဖ၀ါးပေါ်တင်၊ ပြီးတော့ လက်ညှိုးနဲ့ ပွတ်ကြည့်။ လက်ဖ၀ါးမှာ အူလိုင်မှုန့်ဖွေးဖွေးလေးကပ်နေရင် အဲဒီအပင် အူလိုင်မှုန့်ထုတ်လို့ရပြီ။ ထုတ်လုပ်ပုံကိုတော့ ပါးစပ်နဲ့ပြောပြရင် နားရှုပ်သွားမယ်။ ဒီတော့ တစ်နေ့ အူလိုင်ထုတ်တဲ့နေရာ ခေါ်သွား မယ်" ဟု ဆိုလေသည်။
ဂင်ရန်လီ သည် ယခင်ကလည်း အူလိုင် တွေ့ဖူးစားဖူးသည်။ အူလိုင်မှုန့်သည် ဂျုံမှုန့်ထက် ပိုညက်သည်။ ရေနွေးပူပူနှင့် ရောမွှေလျှင် ပျစ်ပျစ်ကျိုထားသည့် သာကူစေ့ကော်ရည်နှင့်တူသည်။ မီးဖုတ်စား၍ရသည်။ နံပြားလုပ်၍ရသည်။ အူလိုင်မှုန့်အပြင် ထုပ်နှင့် ကွာခေါ်အစားအစာများရှိသည်။ ထုပ်ကို သစ်မင်းပင်မျိုးကွဲ တစ်မျိုးမှ ထုတ်ယူရရှိသည်။ ကွာမှုန့်ကို ပန်းဂျုံပင်မှရသည်။ ကချင်ဘာသာအားဖြင့် ရှရိမမ် (Shari mam) ဟု ခေါ်သည်။ တောချဉ်ပေါင်စပါး ဟု အဓိပ္ပ္ပာယ်ရသည်။

ဂင်ရန်လီသည် ဦးဖုန်ဇီးခင် တည်ခင်းသော အူလိုင်နံပြားနှင့်ဖာ့ခါးခေါ် လက်ဖက်ရေနွေးကြမ်းနှင့် မျိုချလေ သည်။ သူက " ဦးဖုန်ဇီးခင်၊ ခင်ဗျား လှေကားထစ်လယ်မလုပ်ဘူးလားဗျာ၊ ဒီဒေသမှာ လှေကားထစ်လယ်က အသင့်တော်ဆုံးမဟုတ်လား" ဟုမေးသည်။ ဦးဖုန်ဇီးခင်က " တစ်ဝက်လောက်တော့ လုပ်ထားတယ် လက်ဖော်ဖို့က မလွယ်ဘူးလေ။ နိုင်ငံတော်က ဖွံ့ဖြိုးရေးချပေးရင်တော့ တိုးချဲ့ဖို့ စိတ်ကူး ထားတယ်။ တစ်နေ့မှာတော့ ကျုပ်ရဲ့ မိသားစု ကျုပ်ရဲ့ဘ၀ ရည်မှန်းချက်ပါပဲဗျာ" ဟု ဘ၀ရည်မှန်းချက်ကို ပြောပြလေသည်။ ဂင်ရန်လီသည် အူလိုင်နံပြားနှင့် ဖာ့ခါးစားသောက်ပြီး ဦးဖုန်ဇီးခင်၏ အိမ်မှ ထွက်သွား လေသည်။ ထိုမျဆက်၍ ဆရာဝန် ဦးကျော်အိမ်သွား၏။

မီးဖိုချောင်ဘက်မှ အသံဗလံ ကြားရသည်။ ဒီတော့ ဆရာဝန် ထမင်းဟင်းချက်နေပြီဆိုတာ ဂင်ရန်လီ သိ လိုက်ပြီ။ ဆရာကျော်သည် ဆေးပညာသာ ကျွမ်းကျင်သည်မဟုတ်။ ချပ်ပြုတ်ရေးမှာလည်း အိတ်စပတ်ဖြစ် သည်။ လူနာရှားပါးသော ဤဒေသ၏ ပျင်းရိငြီးငွေ့ဖွယ်ကောင်းသော အချိန်တွေကို အိုးခွက်ပန်းကန်များကို အဖော်ပြု၍ ကုန်လွန်စေသည်မှာ အကောင်းဆုံးနည်းလမ်းဖြစ်တော့သည်။
ဂင်ရန်လီသည် ဆးရုံဝန်ထမ်းဇနီးသည်ကို အကြောင်းပြု၍ ဆရာကျော်၏ မီးဖိုနှင့်ကပ်လျက် မီးဖိုတွင် ချက် ပြုတ်စားသောက်ဖူး၏။ ဆရာကျော်သည် ချက်ပြုတ်ပြီဆိုလျှင် ပါးစပ်လည်း အငြိမ်မနေ၊ အမြဲတမ်းသီချင်း ဟစ်လျက်ရှိပြီး ထမင်းစားတူကို ဒရမ်စတစ်လုပ်ကာ အနီးရှိအိုးခွက်ပန်းကန်များကို စည်းဝါးကျကျ ထုနှက် တတ်သည်။ ထိုအခါမျိုးတွင် ဂင်ရန်လီသည်လည်း မိမိအခန်းထဲမှ ကူညီ ထုနှက်ပေးမြဲဖြစ်သည်။ ဆရာကျော် အမြဲသီဆိုသောသီချင်းမှာ လက်သီးဆုပ်မလား လက်ဝါးဖြန့်မလားဖြစ်သည်။ ယခုတော့ ဂင်ရန်လီ၏ ဇနီး ပြောင်းသွားပြီဖြစ်၍ သူသည်လည်း မိခင်ဌာနသို့ ပြောင်းရွှေ့နေရပြီ။

ဂင်ရန်လီ မီးဖိုချောင်သို့ တန်းဝင်ရာ ဆရာကျော်က "ဘယ်ကလှည့်လာသလ ဦးဂင်ရန်လီ" ဟုမေးလေ
 သည်။ " ကျွန်တော်တစ်ယောက်တည်း ပျင်းတာနဲ့ လျှောက်လည်တယ်ဗျာ၊ ခု ဖုန်ဇီးခင်အိမ်က ထွက်လာ တာ သူ့ဆီသွားတော့လည်း ချက်ပြုတ်နေတာ နဲ့ တိုးတယ်။ ဒါပေမယ့် ဆ၇ာ ချက်ပြုတ်တာနဲ့ သူချက်ပြုတ် တာတော့ မတူဘူးပေါ့လေ " ဟု ဖြေလေသည်။ ကြည့်ပါ၊ ဆရာကျော် စတိုခန်းမှာ ရိက္ခာက အပြည့်။ ယခု သူ ကုလားပဲဟင်းနှင့် ပင်လယ်ငါးခြောက်ဆီပြန်ချက်နေလေရဲ့။

နှစ်တွေ ကြာခဲ့ပြီ။ ခေတ်တစ်ခေတ်ပင် ပြောင်းခဲ့ပြီ။ ဂင်ရန်လီသည် နွေဦးရာသီ၏ နေ့တစ်နေ့တွင် အိမ်ရှေ့ သရက်ပင်အောက်တွင် ပက်လက်ကုလားထိုင်ပေါ်ထိုင်၍ မိမိကျင်လည်ခဲ့သော ဒေသများအကြောင်း၊ လုပ်ဖော်ကိုင်ဖက်များ အကြောင်း အတိတ်ကာလ အတွေးကမ္ဘာထဲတွင် လွင့်မျောနေ၏။
ဦးအဖူး၊ ဦးအဆင်၊ ဒေါက်တာကျော်၊ ဆရာဂျိန်း၊ သူတို့တစ်တွေနှင့် ခွဲခွာတာ နှစ်တွေကြာခဲ့ပြီ။ ဦးအဖူး၊ ဦး အဆင်။ ဖုန်ဇီးခင်တို့သည် ခေတ်တစ်ခေတ်နှင့်အတူ ထိုဒေသမှ ပျောက်ကွယ်သွားပြီ။ ဦးအဆင် သည် ဘာ သာရေးဆရာ၊ ဆရာဂျိန်းက တိုင်းအဆင့်၊ ဒေါက်တာကျော်ကတော့ နိုင်ငံတော်အဆင့် ရောက်နေကြပြီ။
သူတို့၏ ပုံရိပ်များသည် ယနေ့ ဂင်ရန်လီ၏ အတွေးကမ္ဘာထဲ တွင် ထူးကဲစွာ ၀င်လာနေသည်။ အထူးသဖြင့် အရက်ပုလင်းမီးကင်နေသော ဦးအဖူး၏ပုံရိပ်သည် သူ့အား ထူးထူးခြားခြား ဆွေးတမြည့်မြည့်ဖြစ်စေသည်။

ထိုစဉ် သရက်ပင်ထက်မှ သရက်ရွက်ဝါ၀ါတစ်ခုသည် သူ၏ နဖူးထိပ်တည့်တည့်ကျလာပြီး တစ်ထောက်နား ကာ ၀မ်းပိုက်ပေါ်သို့ လျှောကျလေ၏။
" အော် မင်းက ငါ့အထက်မှာ စိမ်းမြမြရောင်နဲ့ ငါကို အရိပ်ပေးခဲ့တာခုတော့ ငါ့ဝမ်းဗိုက်ပေါ်မှာ လာတင်နေပြီ ပေါ့" ဟု သံဝေဂသံနှော၍ ရွတ်ဆိုလိုက်၏။
ထိုစဉ် " ဖိတ်စာ၊ ဖိတ်စာဗျို့ အိမ်ရှင်တို့" ဟု ခြံတံခါးဝ အပြင်မှာ အော်သံကြား၍ ပက်လက်ကုလားထိုင်မှ ထကာဖိတ်စာသွားယူ၏။ ပြီးမှ ကုလားထိုင်ပေါ်ပြန်ထိုင်၍ ဖွင့်ဖတ်လေ၏။ " ဦးအဖူး၊ အသုဘရှု" ရင်ထဲ ထိတ်ခနဲ ဖြစ်လာပြီး စိတ်ထဲမှ ဟိုက်၊ ငါ့အစ်ကိုကြီးများလားဟု စိုးရိမ်တကြီး ဆက်ဖတ်လေသည်။ ဟုတ်ပါ သည် ဦးအဖူး ဥက္ကဋ္ဌကြီး ဦးအဖူးအစစ်ပါ။

" သိပ်အေးတယ် ငါ့ညီရယ်၊ ဒီတော့ နည်းနည်းပါးပါး လုပ်ရအောင် ဒီမှာ အေးလွန်းလို့ မီးကင်ထားတယ်" ဟု မီးဖိုနားတွင် ထောင်ထားသည့် ပုလင်းကိုပြသည့် အစ်ကိုကြီး ခုတော့" ဟု စိတ်ထဲရေရွတ်နေ၏။ ဆက်၍ " မနောကောင်း သဘောကောင်း၊ အစဉ်အမြဲ လန်းဆန်းတက်ကြွနေတဲ့ အစ်ကိုကြီးဟာ၊ အရက်မီးကင် သောက်ရန် မလိုတော့သည့် ဘ၀တစ်ပါးဆီ ခြေလှမ်းခဲ့ပြီကော" ဟု ရေရွတ်ကာ အသုဘရှုသွားရန် ပက် လက်ကုလားထိုင်ပေါ်မှ လေးကန်စွာ ထလိုက်လေသည်။

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

Tuesday, October 30, 2012

ခါးရှားဒင်းအောင် ၏ ခရီးသွားဖော်, အပိုင်း (၁ဝ)

လယ်တောထဲကအချစ်ပုံပြင်နှစ်ပုဒ်

အင်းတော်ကြီး ၏ မြောက်ဘက်တွင် ချောင်းဝဆိုသည့် ရွာကလေးတစ်ရွာရှိသည်။ ထိုရွာ၏ အရှေ့ဘက်တွင် ကိုင်းပင်တွေကြီးစိုးနေ သည့် လွင်ပြင်ကြီးတစ်ခုရှိသည်။ ထိုလွင်ပြင်သည် ယခုတော့ ကိုင်းတောတစ်ပိုင်း လယ်ကွင်း တစ်ပိုင်းဖြစ်နေပြီ။
လူ့ဘ၀ခရီးလျှောက်ရာမှာ မိမိ မူလလမ်းကြောင်းကို သေဖည်ပြီး လမ်းလွဲလျှောက်ရသည်လည်း ရှိတတ်သည်။ ဦးဂင်ရန်လီ ၏ အလုပ်သည် စားပွဲပေါ်ထိုင်ပြီး သူများခိုင်းတာလုပ်ရတဲ့အလုပ်ဖြစ်သည်။ သို့ သော် ယခုတော့ လယ်တောထဲ လယ်သမားဘ၀ခံယူပြီး ဘ၀ကို နှစ်မြုပ်ရုန်းကန်နေရသည်။ သို့သော် ဦးဂင်၇န်လီ တစ်ဦး တည်းတော့ မဟုတ်။ ဌာနအသီးသီးက ပုဂ္ဂိုလ်များဟာလည်း ထိုနည်းလည်းကောင်းပါပဲ။

မည်သို့ပင်ဖြစ်စေ ဦးဂင်ရန်လီသည် လက်နှင့်လုပ်ရသော စပါးထုတ်လုပ်ရေးလုပ်ငန်း ကို ကောင်းစွာ သဘော ပေါက်သွားသည်။ လုပ်ငန်းအဆင့်လည်း များလှပါဘိ။ ကြည့်ပါ - ဦးစွာ ထယ်တိုးရသည်။ ပြီးလျှင် ထွန်မွှေ ရသည်။ စပါးပျိုးထောင်ရသည်။ ပျိုးနှုတ်ရသည်။ ကောက်စိုက်ရသည်။ ရင့်မှည့်သည့်အခါ ရိတ်သိမ်းရ သည်။ ကောက်နှံများကို ဖြန့်ထားရသည်။ စပါးခြွေ၇န် တလင်းပြင်ရ သည်။ ကောက်နှံများ ကို ကောက်လှိုင်းစည်း ရ သည်။ ကောက်လှိုင်းများကို နှစ်ဘက်ချွန်ဝါးတုတ်နှင့် ထမ်းကာ တလင်းပေါ်ပုံရသည်။ တလင်းပေါ်က ကောက်လှိုင်းပုံ ကို တုတ်နှင့်ရိုက်၊ ကျွဲ၊ နွားဖြင့်နင်းပြီး စပါးစေ့ ခြွေရသည်။ ပြီးလျှင် စပါးပုံကို ခြေဖ၀ါးဖြင့်စု။ လက်ဖြင့် စကောကိုကိုင်ကာ ယပ်ခတ်ပေးရသည်။ သန့်စင်ရသည်။ မျှော်စင်လုပ်၍ စပါးကို အောက်ချကာ၊ စကောဖြင့် ယပ်၍ အမှုန်များလွင့်အောင်လုပ်ရသည်။

ပြီးလျှင် အိတ်ထဲသွတ်၊ သယ်၊ သိုလှောင်ရုံပို့သည်။ ဤအဆင့်များကို ဂင်ရန်လီတို့အဖွဲက တစ်ဆင့်ပြီး တစ်ဆင့် လုပ်ဆောင်ခဲ့ ၍ ယခုတော့ '' လယ်ထွန်စားဖို့ မကြောက်ပေါင်'' ဖြစ်ခဲ့ပြီ။
လယ်တောထဲ တွင် အချစ်ပုံပြင်၊ အချစ်ဇာတ်လမ်းများစွာ မွေးဖွားပေလိမ့်မည်။ အထူးသဖြင့် ကောက်စိုက်ချိန်၊ ရိတ်သိမ်းချိန် များ၊ ယခု ပြောပြမည့် အချစ်ပုံပြင်မှာ ရိတ်သိမ်းချန်ကဖြစ်သည်။
ဂင်ရန်လီတို့ ဌာနသည် အခက်အခဲများစွာကြားက ဧက ၂၀ ကို ဖြစ်ထွန်းအာင် ဆောင်ရွက်နိုင်ခဲ့သည်။ ယခု တော့ စပါးမှည့်နေပြီ၊ ဦးစွာမှည့်သည့် နှစ်ဧကခန့်ကို မိမိအဖွဲ့သားများက ရိတ်သိမ်းပြီး တလင်းပေါ်ပုံထားခဲ့ ပြီ။ ယခုတော့ တစ်ကွင်းတစ်ပြင်လုံးတစ်ပြိုင်တည်းမှည့်တော့ စပါးရိတ်သိမ်းရေးပြဿနာပေါ်လာသည်။
စပါးစေ့ မကြွေကျမီ အချိန်မီ ရိတ်သိမ်းရမည်။ ရိတ်သိမ်းးစက်လည်းမရှိ၊ လူလည်း လုံလောက်စွာ မရနိုင်။ ခက်ပြီ။

ဒီတော့ ဂင်ရန်လီက ချောင်းဝရွာသူကြီးကို ပြေးကပ်ရသည်။ သူလည်း တစ်ယောက်နှစ်ယောက် သာခေါ်ပေး နိုင် သည်။ တခြားဌာနများကလည်း ချောင်းဝရွာသားတွေကိုပဲအားကိုးကြသည်။ အနီးအနားရွာဆို လို့ ချောင်းဝရွာ တစ်ရွာတည်း ရှိသည်။
တစ်နေ့ ဦးထူးဆိုသူနှင့် ဦးမြင့်ဆိုသူနှစ်ဦးစပါးရိတ်လိုကြောင်း၊ အလုပ်လာစပ်ကြသည်။ သူတို့ကို ကြည့်ရ သည်မှာ အားရစရာ မရှိ။ ကျားကျားယားယားမရှိ။ ထိုင်းမှိုင်းလေးကန်နေကြသည်။ အသောက်အစားစုံပုံရ သည်။
မည်သို့ပင်ရှိစေ ဂင်ရန်လီ သူတို့ကို လိုအပ်နေပြီ။ ဖြစ်နိုင်လျှင် လူ ၁၀၀ နှင့် တစ်ရက်တည်းရိတ်ပစ်ချင်သည်။ သို့သော် လူ မရှိ။ ဒီတော့ သူတို့ နိုင်သလောက် လုပ်စေ။ နေ့တွက်မဟုတ်ဘဲ ဧကဈေးညှိ၍ခိုင်းထားသည်။

တစ်ညနေခင်းတွင် အောက်အရပ်မှ စပါးရိတ် စပါယ်ရှယ်လစ်များရောက်နေကြောင်း သတင်းရ၍ အများတကာ ထက် ဦးအောင် ဆက်သွယ်ငှား၇မ်းလိုက်သည်။ သူတို့အဖွဲကသည် (၁၀)ဦးရှိသည်။ အားလုံး မိန်းမ များဖြစ်ကြသည် ဂင်ရန်လီအတော်ပျော်သွားသည်။
နောက်နေ့ နံနက်တွင် သူတို့အဖွဲက နံနက်စောစီးစွာ အလုပ်ဆင်းကြသည်။ ဦးဂင်ရန်လီသည် သူတို့ စပါးရိတ် သည့် လယ်ကွက်သို့ သွားကြည့်သည်။ နေ့လည်ထမင်းစားချိန် မတိုင်သေး။ ဧက၀က်ပင် ကျိုးပြီ။ ဦးထူးနှင့် ဦးမြင့်လယ်ကွက် တွင်ကား မနေ့ကအတိုင်းပင်ရှိသည်။ လူလည်းမတွေ့ရ။
သို့နှင့် သူတို့ ၏ တဲကလေးဆီ သွားကြည့်ရာ ဦးထူးသည် သူ့အိပ်ရာပေါ်တွင် ခွေခွေကလေးလဲနေသည်။ ဦးမြင့် ကတော့ ထမင်းစားနေသည်။

 ဦးဂင်ရန်လီက - '' ဦးထူး နေမကောင်းဘူးလား '' ဟု မေးရာ၌ ဦးထူးက ဘာမှမပြောဘဲ နှုတ်ဆိတ်နေသည်။ ဦးမြင့် က '' နေမကောင်းတာမဟုတ်ဘူး ဆရာ၊ စပါးရိတ်တဲ့အဖွဲ့ထဲက မိန်းမကြီးတစ်ယောက်က ရိုက်လွှတ် လိုက် တာ။ ကျွန်တော် အချိန်မီ ကယ်လို့သာပေါ့၊ သို့မဟုတ် မသာပေါ်ပြီ'' ဟု ဆိုလေ၏။
'' ဟာ ဘယ်လို၊ ဘယ်လို၊ ဦးထူးကို ရိုက်လိုက်တယ်ဟုတ်လား။ ဦးထူးက စော်ကားမော်ကားလုပ်လို့လား ''
'' မသိဘူးဆရာ၊ သူတို့နှစ်ဦး စပါးရိတ်အလာ တလင်းပုံမှာ တွေ့ကြတယ်။ အဲဒီမှာ စကားကတောက် ကဆဖြစ်ရာ က မိန်းမကြီးက အနားမှာရှိတဲ့ ၀ါးလုံးနဲ့ ရိုက်တော့တာဘဲ။ ကျွန်တော်နဲ့ သူတို့ထဲကတစ်ယောက် အချိန်မီ လိုက် ဆွဲရတယ်။ ဒါတောင် တစ်ချက်ထိသေးတယ်။ ဦးထူးက တလင်းပေါ်က ကောက်လှိုင်းပုံပေါ် လဲကျတော့ သေ သွားသလားအောက်မေ့ရတယ် '' ဟု ရှင်းပြလေသည်။

'' ဦးထူးခင်ဗျား ကို ရိုက်တာဘယ်သူလဲ၊ ဘာဖြစ်လို့ ရိုက်သလဲ'' ဟုမေးသော်လည်း ဦးထူးထံမှ ဘာသံမျှ မကြားရ။ ဦးမြင့်က -
'' ဆရာ ဟိုစပါးရိတ်တဲ့ အဖွဲ့ဆီ သွားမေးပါလား၊ ကျွန်တော်လဲဟု အကြံပေးရာ ဦးဂင်ရန်လီသည် စပါး ရိတ် နေသည့် (၁၀)ယောက်ဖွဲ့ဆီ ခြေဦးလှည့်လေသည်။ ဦးဂင်ရန်လီက -
'' ဒီမှာ ဆရာမကြီး များ ခင်ဗျားတို့ထဲက တစ်ယောက်ယောက် ကျုပ်ရဲ့ ဦးထူးကို ရိုက်လိုက်တယ်ဆို။ အဲဒါ ဘယ်သူလဲ'' ဟုမေးရာ ဒေါင်ကောင်းကောင်း အသားညိုညိုမိန်းမကြီးတစ်ဦးက -
'' ကျွန်မ ရိုက်လိုက်တယ် ဆရာ၊ အသေသတ်မလို့ သူတို့ဖျန်ဖြေဘာဦးလို့သာပေါ့။ နေနှင့်ဦး ညကြတော့ သွား သတ်ဦးမယ် ''ဟု ဒေါသမပြေနိုင်သည့် မျက်နှာနှင့် ပြောပြလေသည်။
'' ဒါနဲ့ နေပါဦး၊ နေ့ခင်းကြောင်တောင်တောင် ဦးထူးက ခင်ဗျားကို ကိုယ်ထိလက်ရောက် စော်ကားလို့လား၊ သူ့ကြည့်ရာသူများ ကို စော်ကားဖို့နေသာသာ သူ့ကိုယ်သူတောင် အနိုင်နိုင်သယ်နေရတယ်'' ဟု မေးရာ မိန်းမကြီး က - '' ဆရာ၊ ကျွန်မ စပါးရိတ်ပါဦးမယ်၊ နေ့လည် ထမင်းစားချိန်ကျရင် ကျွန်မ ပြောပြပါ့မယ်'' ဟု တောင်းပန်စကား ဆိုလေ၏။ ဂင်ရန်လီကလည်း စပါးရိတ်အရှိန်ပျက်မည်စိုး၍ တိတ်ဆိတ်စွာနေလိုက်၏။ စိတ် ထဲတွင်တော့ '' ဘယ်သူက၊ အဘယ့်ကြောင့်'' ဟု တွေးကြည့်သော်လည်း အဖြေမပေါ်အချည်းနှီးပင်။

နေ့လည်ထမင်းစားချိန် ထိုမိန်းမကြီးပြောပြ၍ သိရသည်မှာ လွန်ခဲ့သည့် အနှစ်နှစ်ဆယ်ခန့်က မောင်ထူး သည် လူပျိုပေါက်။ မမြင့်ရွှေသည်လည်း အပျိုပေါက်အရွယ် ရှိကြသတဲ့။ တစ်ရွာတည်းနေကြသူများ မဟုတ်ကြပေမယ့် ရွာနီးချင်းတွေ မို့ မြင်ကြဆုံကြသတဲ့။ မြင်ရဖန်များတော့ မောင်ထူးက မမြင့်ရွှေကို အတင်းကြိုက်၊ အတင်းချစ်၊ အတင်းချစ်ရေးဆိုပါသတဲ့။ မမြင့်ရွှေက '' ဟုတ်ကဲ့ '' မပြောရသေး။ လူကြီးချင်း စကားပြောစေသတဲ့။ နောက်ပိုင်း လူကြီးတွေ၊ နားချ၊ မောင်ထူးကလည်း အတင်းပူးကပ်လာတော့ မမြင့်ရွှေက မည်သို့မျှ တောင့်မခံနိုင်တော့ဘဲ ''ဟုတ်ကဲ့'' လိုက်ရသတဲ့။
သို့နှင့် မမြင့်ရွှေ သည် မောင်ထူး၏ ဇနီးမယားဖြစ်သွားကာ မောင်ထူး၏ ကိုယ်ပွားလေးကိုပင် လွယ်ထားရပါ သတဲ့။ ရောင်နောက်ဆံထုံးပါဆိုသလို မမြင့်ရွှေဟာ မောင်ထူးအိမ်လိုက်နေသတဲ့။ ဒီလိုနေရင်းက မမြင့်ရွှေ မျက်နှာ မမြင်သေးသည့် တစ်နေ့တွင် မောင်ထူးသည် ထိုအိမ်၊ ထိုရွာ။ ထိုပတ်ဝန်းကျင် ကနေ ပျောက်ချင်း မလှ ပျောက်ကွယ်သွားပါသတဲ့။

မမြင့်ရွှေခမျာ မောင်ထူး တစ်နေ့ ပေါ်လာနိုးနိုးနဲ့ သားလေး (၃)နှစ် အရွယ်ရှိသည့် တိုင် စောင့်ဆိုင်းနေ ပါသော်လည်း စုန်းစုန်းမြုပ်ပဲတဲ့။ စာမလာသတင်းမကြားဆိုတာ မောင်ထူးကမှ အစစ်တဲ့။ မမြင့်ရွှေက လင်တော်မောင် တစ်နေ့ရွှေအိုးထမ်း၍ ပေါ်လာနိုးနိုးနှင့် မိဘအိမ်မပြန်ဘဲ ယောက္ခမတို့နဲ့ အတူနေလာသော် လည်း သူ့ကလေး က အဖေခေါ်မယ့်သူမရှိဖြစ်နေသတဲ့။
'' ဒီလိုနဲ့ မမြင့်ရွှေ ရဲ့ ငယ်ရွယ်ပျိုမြစ် တဲ့ အချိန်တွေဟာ သူများမယားလိုလို၊ အပျိုကြီးလိုလိုနဲ့ ကုန်ဆုံးသွား ပါ သတဲ့။ နောက်ဆုံးတွင် မမြင့်ရွှေသည် ကလေးတစ်ယောက် အမြတ်နဲ့ သူ့မိဘအိမ်ပြန်ပါသတဲ့။ ဒေါ်မြင့်ရွှေ ဆက်လက်ပြောပြ သည်မှာ -
'' အဖြစ်အပျက်ကတော့ ဒါပဲဆရာ၊ ကျွန်မ အနှစ်(၂၀)လုံးလုံး သူ့ကို စုံစမ်းတာ ဘာသတင်းအစအနမှ မရဘူး၊ ခုမနက် မှ ကြံကြံဖန်ဖန် ဒီချောင်းဝလယ်ထဲမှာ တွေ့ရတော့တယ်။ ကျွန်မ ပထမတော့ နှလုံးတုန် ရင်ခုန်ဖြစ်လိုက်သေး တယ်။ အေးအေးဆေးဆေး ပြောပါတယ်။

ဒါပေမဲ့ သူက အင်းမလုပ် အဲမလုပ်လို့ ကျွန်မ ဒေါသထွက်လာပြီး အသေသတ်ချင်စိတ်ပေါ်လာတယ်။ ဒါနဲ့ အနီးမှာတွေ့ တဲ့ ၀ါးတုတ်နဲ့ ရိုက်လိုက် တယ်။ ခေါင်းကိုချိန်တာ လွဲသွားတယ်။ သူ တို့က ကျွန်မကို ဆွဲထား လို့သာပေါ့။ ကျွန်မ မကျေနိုင်ဘူး။ ဒင်းကို အသေသတ်ဦးမယ်'' ဟု ဖြစ်ကြောင်းရယ်ကုန်စင် ပြောပြလေသည်။
'' တော်ပါတော့၊ ဒေါ်မြင့်ရွှေရယ် ကြာပဲကြာလှပကော၊ သူ့ကြည့်ရတာ ခင်ဗျားမသတ်လည်း ကြာကြာ နေရမယ့် ပုံမပေါ်ဘူး၊ အလကားနေရင်း ရာဇ၀တ်ဒဏ်သင့်လိမ့်မယ်။ ခင်ဗျားဘက်ကကြည့်ရင် သတ်လောက်ပေတယ်။ ဒါပေမဲ့ မလုပ်ပါနဲ့တော့ ကျုပ်တောင်းပန်ပါတယ်။ မနက်ဖြန်ကစပြီး ဦးထူးနဲ့ မမြင့်ရွှေ မျက်နှာချင်းမဆိုင်စေရဘူး။ မမြင့်ရွှေ နဲ့ ဖြစ်အင်ကို ကျုပ်တကယ်ပဲ စိတ်မကောင်းပါဘူး'' ဟု ဦးဂင်ရန်လီက တရားချ တောင်းပန် စကားပြောဆို လိုက်လေသည်။

မမြင့်ရွှေသည် အသားညိုညို ဒေါင်ကောင်းကောင်း အားအင်အပြည့်နှင့် ဒေသခံများ ခိုင်းနှိုင်းပြောဆိုတတ် သည့် '' အမေရိကန်မြင်း'' ဟု ခေါ်လောက်သည့် အမျိုးသမီးကြီးဖြစ်သည်။
တော်ပါသေး ၏။ ဦးထူးသည် နောက်နေ့နံနက် ထိုလယ်ကွင်းမှ ပျောက်ကွယ်သွားပြန်သည်မှာ သူ၏ စပါးရိတ် သိမ်းခ ကိုပင် ထုတ်မယူတော့။ ဂင်ရန်လီ ဤအဖြစ်အပျက်နှင့် ပတ်သက်၍ ဆက်စပ်တွေးတော မိသည်မှာ -
'' အင်း ရုပ်ရှင် စာပေ၀တ္ထုတွေထဲမှာတော့ မိန်းမပျိုနဲ့ ယောက်ျားပျိုများဟာ ကောက်လှိုင်းပုံ၊ ကောက်ရိုးပုံကို မှီလို့။ တစ်ဦး ကိုတစ်ဦး အချစ်ရည်ဆမ်းထားသည့် မျက်လုံးတွေနဲ့ ကြည့်ကြလို့၊ အချစ်နဲ့ပတ်သက်တဲ့ အလှ ဆုံးစကားလုံးတွေကို ရွေးချယ်သုံးနှုန်းကြလို့။ ပွေ့ကြ၊ ဖက်ကြ။ နမ်းကြလို့၊ တယ်ပြီး စိတ်ကူး ယဉ်စရာ ကောင်းတဲ့နေရာပဲ၊ နယ့်နှယ် ခုတော့ မိန်းမနဲ့ ယောက်ျား ထသတ်ကြသတဲ့။ တော်ပေသေးရဲ့၊ ရာဇ၀တ်မှု ခင်း မဖြစ်လိုက်၇လို့၊ ဖြစ်လိုက်လို့ကတော့ ငါပါအချုပ်တို့ တရားရုံးတို့နဲ့ လိုက်ပတ်သက်နေရဦးမယ်'' ဟု မကျေမချမ်း အတွေးနယ်ချဲ့နေပါတော့သည်။ ဤတွင်ချောင်းဝလယ်တောမှ အချစ်ပုံပြင်တစ်ပုဒ်သည် အကျည်းတန် စွာ ပြီးဆုံးသွားလေတော့သတည်း။

ဦးဂင်ရန်လီသည် တယ်တောတစ်ခုနှင့် ပတ်သက်ရပြန်သည်။ ထိုလယ်တောသည် တောင်ပေါ်ဒေသ မလိခ မြစ်၏ အနောက်ဘက် ကမ်းနဖူးပေါ်တွ် တည်ရှိ၏။ သို့သော် လယ်စပါးစိုက်နိုင်သည့် ဧရိယာမှာ ဧက ၁၀၀ ပင်မပြည့် ချင်။ အနောက်တောင်မြောက်မှာ တောင်တန်းတွေကာဆီးနေသည်။
ဦးဂင်ရန်လီသည် တောင်ကုန်းတစ်ခု၏ အရှေ့ဘက်မျက်နှာမူရာ တောင်စောင်းကို ခုတ်ထစ်၍ လယ်တဲ ဆောက်ထား၏။ လယ်တဲအနီးတောင်ပေါ်မှ ထိုးဆင်းစီးကျနေသည့် ၀ါ့ဆန်းခချောင်းငယ် ကလေး မှ ရေကို ၀ါးလုံးထက်ခြမ်းခွဲကာ သွယ်ယပြီးလယ်တဲ၏ ဘေးတွင် ရေချိုးတဲလုပ်ပြီး ချိုးရေသောက်ရေ ဖန်တီးထား ၏။

ချောင်းရေသည် ၀ါးခြမ်းမှတစ်ဆင့် ရေချိုးတထဲို့ (၂၄)နာရီစီးဆင်းနေရာ ဂင်ရန်လီသည် တသွင်သွင် အဆက်မပြတ်စီးဆင်းနေသော ရေကို ရေချိုးအ၀တ်လျှော်ပြီးတိုင်း ခလုတ်ပိတ်ချင်သည့် စိတ်ပေါ်လာတတ်၏။ မြို့ပေါ်မှာ (၂၄) နာရီ ဒီလို စီးဆင်းနေသည့် ရေပိုက် ဘယ်မှာရှိလို့လဲ။
ဤလယ်တောသည် ဂင်ရန်လီတို့ရုံးမှ ၁၆ မိုင်ဝေး၏။ တစ်နေကုန်လမ်းလျှောက်မှ ရောက်သည်။ သို့သော် ဂင်ရန်လီမကြာခဏ သွားရသည်။ မြို့မှ လယ်တောအရောက်သွားရသည်မှာ မောပန်းပါသော်လည်း လယ်တဲ ထဲရောက်တော့ မမောတော့ါ။ တဲပတ်လည် တောင်ယာခင်းပုံစံ ဖန်တီးထားသည်။ ပြောင်း၊ သခွား။ ငရုတ်ခရမ်း အပြင် တဲ မှ လယ်တောအသွား လမ်းဝဲယာ သင်္ဘောပင်များ စိုက်ထားသည်။

လယ်တောရောက်ပြီ ဆိုလျှင် ဟင်းမငတ်တော့။ တံငါသည်တစ်ဦးအား မလိခမြစ်ထဲ ပိုက်မျှောခိုင်း လိုက် လျှင် နှုတ်ခမ်းထော်ထော် ကျောက်ငါးကြင်းကြီးများ ယူလာပြီ။ တချို့အကောင်များဆိုလျှင် ၄ ပိဿာနီးနီး ရှိကြ သည်။ ငါးကင်၊ ငါးအုန်း၊ ငါးချက်ဟင်းများ သူ့တပည့် ငါးစပါယ်ရှယ်လစ်များ က လုပ်ကျွေးကြသည်။ ကျောက် ငါးကြင်း နှုတ်ခမ်းထော်ထော်ကြီး ကို ကိုက်ဖဲ့ဝါးမျိုရသည်မှာ အရသာရှိလှသည်။

သူ၏ တပည့်များက ငါးကင်းနှုတ်ခမ်းကိုနီဂရိုးမနှုတ်ခမ်းဟု အမည်ပေးကြသည်။ ဤတွင် ဂင်ရန်လီသည် နီဂရုးမများ ၏ နှုတ်ခမ်းထူထူကြီးများကို ရုပ်ရှင်၊ ဗီယိုဇာတ်လမ်းများတွင် တွေ့ဘူးသည်ဖြစ်၍ ''အင်း နီဂရိုးမ တို့ ရဲ့ နှုတ်ခမ်း ဟာ ခု ငါစားနေတဲ့ ကျောက်ငါးကြင်းနှုတ်ခမ်းထော်ထော်ထက်ပိုပြီး ချိုလေမလားမသိဘူး ဟီဟိ'' ဟု တပည့်များ မရိပ်မိအောင် ခိုး၍ အသံတိတ် ရယ်လေသည်။
တဆက်တည်း တွင် ကမ္ဘာကျော် ငါးမန်းဆူးတောင် ဟင်းချိုက ငါးဟင်း စပါယ်ရှယ်လစ်ဇော်တူး ချက်တဲ့ နှုတ်ခမ်းထော် ငါးကျင်းခေါင်းပြုတ်လောက် အရသာရှိမယ်မထင်ဘူး '' ဟု တွေးပစ်လိုက်လေသည်။
ရှိသေးသည် ဦးအဖုန်ရဲ့ ငါးဝါးကျည်တောက်မီးဖုတ်။ ငါးအူ မီးအုန်း။ ဇော်တူး ၏ တောကြက်ကလီစာ နဲ့ တောချဉ်ပေါင် မီးအုန်း၊ ဤဟင်းလျာများကို ဘယ်ကမ္ဘာကျော်စားတော်ကဲများ ချက်တတ်ကြပါ့မလဲဟု အကဲဖြတ်လေ သည်။

ဂင်ရန်လီတို့ လယ်သည် ၃ ဧကခန့်ရှိသည်။ ဒီတော့ လယ်လုပ်သား လယ်တဲစောင့်လိုလာပြီ။ ဤလယ်တော တွင် လာေ၇ာက် လုပ်ကိုင်သူများ၊ မှီခိုနေသူများမှာ အများအားဖြင့် နောင်မွန်။ ခေါ်ဘူဒဲ (ခေါင်လန်ဖူး) ဒေသ မှ ဖြစ်ကြသည်။ ဘ၀ဖောင်ဖျက်၍ ရေကြည်ရာ မြက်နုရာအရပ်ဒေသကို ရှာဖွေ သူများဖြစ်ကြသည်။ တချို့ အခြေချနေသူများ၊ တချို့ရောက်ခါစများ၊ တချို့ အလုပ်ရှာဖွေကြသူများ။
ဒိတော့ ဘ၀ဖောင်ဖျက်၍ ဤဒေသသို့ ရောက်ရှိသူများကိုငှားရမည်။ သူတို့သည် မြေပြန့် လယ် မလုပ်ဘူး သော်ည်း လှေကားထစ်လယ်လုပ်ငန်းတော့ လုပ်ဖူးကြသည်။
ပထမဦးစွာ ဦးအဆီး တို့ မိသားစုကို မျက်စိကျ၍ ဦးဂင်ရန်လီက တပည့်များနှင့်တိုင်ပင်သည်။ သူတို့မိသားစု (၄)ယောက် ရှိသည်။ မိဘနှစ်ပါး၊ သားနှင့်ချွေးမ။ ဤဒေသသို့ေ၇ာက်လာသည်မှာ မကြာသေး၍ လယ်ပိုင် မရှိကြ။ ဂင်ရန်လီ တို့ တမနီးမဝေးတစ်နေရာတွင် တဲဆောက်၍ နေကြသည်။ သို့သော် တပည့်များက ဤ မိသားစုနှင့်တော့ မဖြစ်ပါဟုဆိုကြသည်။ အကြောင်းရင်းက အဘယ်အရာနည်း။ တပည့်တို့ပြောပြသည်မှာ။

ဦးအဆီးသည် ဇနိးသည် ဒေါ်အားခူနှင့်သမီးမအနားတို့နှင့် ခေါ်ဘူဒဲဒေသမျ တောင်ဘက်အရပ်သို့ တရွေ့ ရွေ့ ပြောင်းရွှေ့လာကြသည်။ နောင်မွန်၊ ပူအိုဒေသမှ ဤဆွမ်ပရာဘွမ်မြို့နယ် မလိယန်ဒေသ သို့ ရောက်ရှိ လာသြည်။ ကံမကောင်း၊ အကြောင်းမလှ၍ ဦးအဆိး၏ ဇနီးသည် လမ်းခရီးတွင် ဆုံးပါးသွားသည်။ ဒီတော့ ဦးအဆီးနှင့် သမီးအနားတို့သာ ဤဒေသသို့ရောက်ရှိလာသည်။ တဲတစ်လုံးဆောက်ကာ ငါးရှာ သည်။ ရွှေ ကျင်သည်။ လယ်လုပ်ကူသည်။

ထိုနည်းတူ ဒေါ်အားချာသည် လင်ယောက်ျားဦးအဒီးနှင့် သားအဖူးတို့သည် ခေါင်လန်ဖူး၊ ထဖုန်းဒေသမှ ဘ၀ဖောင်ဖျက် ၍ တောင်ဘက်အရပ်သို့ ပြောင်းရွှေ့လာကြသည်။ သို့သော် ဒေါ်အားချာ၏ ခင်ပွန်း ဦးအဒီး သည် လမ်းခုလတ်တွင် ဆုံးပါးသွားသည်။ ဤဒေသသို့ ဒေါ်အနားနှင့် သားအဖူးနှစ်ဦးသာ ရောက်ရှိလာ သည်။ သူတို့သည်လည်း မလိယန်လယ်တော၊ တောစပ်တစ်နေရာတွင် တဲထိုး၍ နေကြသည်။ နောက်ဆုံး တွင် ဤမစုံလင်သော မိသားစုနှစ်ခုသည် မလိယန်လယ်တောတွင် ဆုံမိကြတော့သည်။
မအနားသည် (၁၇)နှစ်အရွယ် အသားဖြူဖြူ အချိုးအစားပြေပြစ်၍ အလှသွေးကြွယ်နေသူဖြစ်သည်။ ထိုနည်းတူ မောင်အဖူး သည်လည်း (၁၈)နှစ်အရွယ် အားကောင်းမောင်းသန် ယောက်ျားပီသသူဖြစ်သည်။ သူတို့နှစ်ဦး သည် ကောက်စိုက်ရာတွင် ဆုံကြသည်။ ရေချိုးဆိပ်တွင် တွေ့ကြသည်။ လသာသောညများတွင် လယ်တော လမ်းလျှောက်၍ လမင်းကို အတူမော့ကြည့်ကြသည်။ ကောင်းကင်ပြင်မှ ကြယ်ပွင့်များ ကို ရေတွက်ကြ သည်။ တွေ့ဖန်များတော့ မေတ္တနှောင်ကြိုး ရစ်ပတ်မိကြပြီ။

ဤတွင် မောင်အဖူးသည် မအနားအား တောင်းပေးရန် မိခင် ဒေါ်အားချာကို ပူဆာတော့ သည်။ ဒေါ်အားချာ သည် သူတို့သားအမိ၏ အထီးကျန်နိုင်လှသော ဘ၀ထဲသို့ ချွေးမတစ်ယောက်တိုးလာပါက ပိုမို သာယာ စိုပြေသော ဘ၀တစ်ခုဖြစ်လာမည်ဟု တွေးမိသည်။
သို့နှင့် ဒေါ်အားချာ သည် လူကြီး တစ်ဦးအား အကူအညီတောင်း၍ မအနား၏ဖခင် ဦးအဆီးထံ လွှတ်လိုက် သည်။ သို့သော် မည်သည့် ကွမ်းဖိုးငွေကြေးမှ မပေးလိုက်။ ဤတောတောင်ဒေသ ဂျစ်ပစီဘ၀ွင် ရိုးရာထုံး ဓလေ့ ကို မေ့ထားရမည်။ သားနှင့်ချွေးမတို့၏ ချစ်ကမ္ဘာတစ်ခုတည်ဆောက်ပေးရန်သာလိုသည်။
ဦးအဆီး သည် မိမိသနီးအနားအား သူတစ်ပါးလယ်ထဲမထည့်ချင်။ ယခုပင် အထီးကျန်လှပြီ။ အနားသာ သူတစ်ပါး လယ်ထဲေ၇ာက်သွားလျှင် အထီးကျန်ဘ၀မှ တစ်ကောင်ကြွက်ဖြစ်တော့မည်။ သို့သော် သမီးအနားက အရွယ်ရောက်ပြီ။ သမီး စိတ်ဆင်းရဲအောင် မလုပ်လို။

အနားသည် သူ့ဘ၀ဖြစ်သည်။ ဤအသက်အရွယ်အထိ ကျွေးမွေးစောင့်ရှောက်ခဲ့သည်။ အလကား ဗလာသက်သက်မပေးစားနိုင်။ တန်ရာတန်ကြေးတော့ ရချင်သည်။ သို့နှင့် ဓလေထုံးတမ်းအရ ကွမ်းဖိုး တင် တောင်းရန် ကိုယ်စားလှယ်တော်ကြီးအား မှာလိုက်သည်။
ဤတွင် မောင်အဖူး ၏ မိခင်သည် အကြီးအကျယ် စိတ်ညစ်သွားသည်။ စားဖို့သောက်ဖို့ပင် အနိုင်နိုင်။ ကွမ်းဖိုး ဆိုသည် မှာ အဝေးကြီး။ မိမိတွင် တဲအိမ်အောက်က ၀က်ကလေးတစ်ကောင်၊ ကြက်ဖကြက်မနှင့် သားအမိ တစ်စုသာရှိသည်။ ဤသည်မှာ မိမိပိုင်ဆိုင်သမျှ သစ္စာပစ္စည်းဖြစ်သည်။ မည်သို့ပင်ရှိစေ သား အတွက် ချွေးမတောင်းပေးရန် မှာ မိမိတာဝန်။ မည်သို့ ဆောင်ရွက်ရမည်နည်း။ ခေါင်းထဲထူပူပြီအကြံအိုက် လာသည်။ နောက်ဆုံး တွင်တော့ အဖြေတစ်ခုထုတ်နိုင်ခဲ့သည်။ သူသည် ကိုယ်စားလှယ်တော်ကြီးအား -
'' ဒီမှာရှင့်၊ ရှင်မြင်တဲ့ အတိုင်းပဲ ကျွန်မမှာ ဘာမှမရှိဘူး၊ ဒီရောက်တာလဲ ဘာမှမကြာသေးဘူး၊ ဘာကွမ်းဖိုး မှ လည်း မတတ်နိုင်ဘူး။ အဲ တစ်ခုတော့ ရှိတယ်၊ ကျွန်မကို ကျွန်မ ပိုင်တယ်။ ဦးအဆီးကို ပြောလိက်။ လူကွမ်းဖိုး ထည့်မယ်။ ကျွန်မကိုပဲ ယူလိုက်ပါတော့လို့'' ဟု နောက်သလို ပြောင်သလို ခပ်တည်တည် ပြောလွှတ် လိုက်လေ သည်။

ကိုယ်စားလှယ်ကြီးသည်လည်း ထိုစကားအတိုင်းပင် ဦးအဆီးအား သံတော်ဦးတင်လေရာ ဦးအဆီးက -
'' စိန်လိုက်လေ၊ ငါလည်း အထီးကျန်တာကြာပြီ။ မတွေ့သေးလို့သာပေါ့။ ဒေါ်အားချာကို ပြောလိုက် ငါ့သမီး သူ့သားနဲ့ ပေးစားမယ်။ အဲ-သူကတော့ ငါ့ကို တစ်သက်လုံးထမင်းချက်ကျွေးပါစေ'' ဟု စကားပြန် လေသည်။ ထို့နောက် သိပ်မကြာလိုက်ပါ။ ထိုမိသားစု တဲတစ်တဲတွင် အတူတစ်ကွပေါင်းစည်းနေထိုင် သည် ကို တွေ့ရတော့ သည်။
ဤတွင် မလှမပ အကျည်းတန်၊ ဘုရားစူးမိုးကြိုးပစ်အချစ်ဇာတ်လမ်းတစ်ပုဒ် ထိုလယ်တော တွင် မွေးဖွား လေ တော့ သည်။ လူ့အဖွဲ့အစည်း၏ အပြင် ဘက်ရောက်လုလု ဤတောတောင်ဒေသ ဂျစ်ပစီ တို့၏ ဘ၀တွင် လူ့စည်းကလနားတွေနှင့် ဆန့်ကျင်၍ မည်ကဲ့သို့သော ဘ၀အထွေထွေမဆို ဖြစ်ပေါ်တတ်ပေရာ ထုအဖြစ်မျိး ကို အချိန်ကုန်ခံ၊ လေကုန်ခံ၍ တွေးတောအကဲဖြတ်မည့်သူ နည်းပါးလှသည်။
မည်သို့ပင် ရှိစေ ဦးဂင်ရန်လီသည် ထိုမိသားစုနှင့် မပတ်သက်ခဲ့ရသည်ကိုတော့ သူ့တပည့်များ အားကြိတ် ၍ ကျေးဇူးတင်လျက်ရှိသတည်း။

တပုဒ်ပြီး၏
နောက်အသစ် တပုဒ် ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>