Showing posts with label သော်တာဆွေ ၏ ဖြတ်စ နှင့် ကျော်စံကေး. Show all posts
Showing posts with label သော်တာဆွေ ၏ ဖြတ်စ နှင့် ကျော်စံကေး. Show all posts

Saturday, October 6, 2012

သော်တာဆွေ ၏ ဖြတ်စ နှင့် ကျော်စံကေး, အပိုင်း (၁၅)

ဖြူရော်ကြီးသည် ပေါချာချာ မျက်နှာကြီးနှင့်…
"အို… ငါ ပူစီသာ အိုကေရရင်တော့ကွာ၊ တို့ ကျပ်ခိုးစင်ပေါ်မှာ ဆွဲထားတဲ့ ငါးခြောက်ပြားကြီးတွေ ကိုက် ချပေးမှာပဲဟေ့ စိတ်ချ"
"အေး… ဒါဖြင့်လည်း ကောင်းပြီ၊ တို့ နနွင်းမှုန့်သွားခိုးချေဦးမယ်၊ မင်း အဲဒီကသာ စောင့်နေပေတော့၊ တို့ အသံပေးလိုက်ရင် လာခဲ့ သိလား"
ဖြူရော်ကြီး သည် နှုတ်ခမ်းမွေး တစ်ချက် နှစ်ချက် သမ်းရင်း ခေါင်းညိတ်ရင်း အမြီးကြီးတန်းတန်းနှင့် အိမ်ပေါ် သို့ ပြန်တက်သွားလေသည်။ ကျွန်တော်နှင့် ကုပ်ကြားသည် ဗမာ့ရပ်ကွက်၌ စီးပွားရေးဖြတ် လမ်းလိုက်တတ် သူ တို့ကို ကြောက်ရွံ့သဖြင့် စောစောစီးစီး တံခါးပိတ်သော ကုလား ကုန်စုံဆိုင်သို့ လစ် ခဲ့ပါတော့ သည်။
ကို ဆက်ဖတ်ရန်.......

ဝုတ်… အူ… ဝေါ်
ကျွန်တော်သည် ကုလားဆိုင်ထဲမှ နနွင်းမှုန့်များ ယူခဲ့ပြီး၍ ကုပ်ကြားက ဖြူရော်ကိုခေါ်လိုက်ခြင်းဖြစ်ပါ သည်။ ဤအသံ ကိုပင် နားစွင့်နေမည်ဖြစ်သော ဖြူရော်ကြီးသည် အလျှင်အမြန်ဆင်းလာပြီး ကျွန်တော့် ဆီရောက်လာကာ…
"ဟေ့… နနွင်းမှုန့်တွေ ရခဲ့ပြီလားကွ၊ ဟာ… အောင်နက် လက်ထဲက တံမြက်စည်းကလေးက ဘာလုပ်ဖို့ လဲကွ"
ကျွန်တော် သည် လက်ထဲက ဘရပ်ရှပ်ကို ထောင်ပြကာ…
"ဟာ… ဒါ တံမြက်စည်းမဟုတ်ဘူးကွ၊ မင့်အမွေးကို နနွင်းမှုန့်ရေဖျော်ပြီး သုတ်ဖို့ ဘရပ်ရှပ်ကွ"
ဖြူရော် သည် သူ့နှုတ်ခမ်းမွေးကြီးကို လက်နှင့်သပ်ကာ…
"ငါ သိပါဘူးကွာ၊ မင်းတို့ပဲ သင့်လျော်အောင် စီမံပေးကြတော့၊ ငါဖြင့် ကောင်မလေးနဲ့ တွေ့ရမှာကို တွေးပြီး ရင်တထိတ်ထိတ် နဲ့ ဟီဟိ"
ငနဲကြီးမှာ အတော်အူမြူးနေပါသည်။

"ကဲ… ကဲ လာ… လာ ရေဘုံဘိုင်ကို သွားကြမယ်၊ အစဦးဆုံး မင့်ကိုယ်ကိုယ် ရေချိုးပစ်မှ ဖြစ်မယ်၊ နို့ မဟုတ်ရင် မင့်ကိုယ်က ပြာတွေ ဘာတွေနဲ့ နနွင်းသုတ်လို့ရမှာမဟုတ်ဘူး"
ကျွန်တော် က ဤသို့ ပြောသည်ကို ကုပ်ကြားက ပြူးကလာ ပျာကလာနှင့်…
"ဟ… အောင်နက်ရ သူ့ ရေချိုးပေးလို့ ဖြစ်ပမလားကွ၊ ကြောင်ရေချိုးရင် မိုးရွာတယ်လို့ လူတွေက ပြော ကြတယ် ကွာ၊ ခုနှယ် မိုးရွာလို့ကွာ လယ်တွေ ရိတ်သိမ်းတဲ့အချိန်ကြီးမှာ သောင်းကျန်းသူတွေက နှောင့် ယှက်ရတဲ့အထဲ မိုးဖျက်လို့ တို့တိုင်းပြည်က လူတွေ ငတ်မွတ်ခေါင်းပါးတဲ့ဘေးကြီး ဆိုက်နေပါဦးမယ်"
ကုပ်ကြားကြီးက စိုးရိမ်တကြီး ပြောလိုက်ရာ ချစ်မုန်ယိုနေသော ဖြူရော်ကြီးက…
"လူတွေ ငတ်လို့ သေသေကွာ၊ ငါနဲ့ ပူစီ အိုကေဖို့သာ အရေးကြီးပါတယ်၊ ဟေ့… အောင်နက် မင်း သင့် တော်တယ် ထင်ရင် လုပ်သာ လုပ်ကွ" ဟု တစ်ဇွတ်ထိုးသံကြီးနှင့် ပြောလိုက်ရာ အစိုးရိမ်ကြီးသော ကုပ်ကြား က "ဟေ့ ဖြူရော်ရ လူတွေ စားစရာမရှိတော့ တို့ပါ ငတ်မှာကွ သိရဲ့လား"

"အမယ်လေး… ကုပ်ကြားရာ တို့က ဘာငတ်စရာ ရှိလဲကွ၊ လူက မကျွေးရင် ကြွက်ခုတ်စားနေမှာပေါ့ ကွ၊ မင်းတို့ရော ငါ တို့လို ကြွက်စားပါလားကွ၊ သိပ်ကောင်းတာပဲ"
"အို… ကြွက်သား စားတာက တောက ခွေးတွေပါကွာ၊ တို့တော့ မစားချင်ပါဘူး။ ရွံစရာက ကောင်းနဲ့"
ဖြူရော်ကြီး က မခံချင်သောအသံနှင့်
"မင်းတို့စားတဲ့ လူ့ချေးကတော့ ရွံစရာမကောင်းဘူးလား ကဲ"
ကုပ်ကြားက မျက်နှာရှုံ့မဲ့ကာ…
"အောင်မာ ဟေ့ ဖြူရော်ရ… မင်း တစ်ခါလောက် မြည်းကြည့်စမ်းကွာ၊ ဘယ်လောက် အနံ့အရသာ နဲ့ ပြည်စုံသလဲဆိုတာကို သိရအောင်၊ ဟင်း တစ်ခါစားမိရင် ဟို ဒေါက်တိုတို့အိမ်က ပေါက်ဖော်ကြီးပြော သလို အီပျိုကြီး ဘိန်းရှား ယူမိတာကို ဖစ်စွားပီဆိုတာ ဖြစ်သွားမယ် သိရဲ့လား"
"ဟေ့… မင့်သွား သွားချေးများတိုင်း ဘာပြောပြောကွာ၊ သူများ စွန့်ပစ်တဲ့ အညစ်အကြေးတော့ စက်ဆုပ်စရာ အကောင်းဆုံး ကွ"
ကုပ်ကြားမှာ မခံချင်သလို ဖြစ်သွားကာ…

"အောင်မာ ဟေ့… တို့စားတာက ဘာမှအကုသိုလ်မဖြစ်ဘူး၊ မင်းတို့ ကြွတ်ခုတ်ရတဲ့အလုပ်သာ အလကား သက်သက် အကုသိုလ်အလုပ်ကြီးကွ၊ ငရဲအိုး ဇောက်ထိုးဆင်းမယ့်ကောင်ကွ" ဟု မဆီမဆိုင် ဘုမှုတ်လိုက် ရာ ဖြူရော်က ထပ်ဆင့်၍…
"ဟေ့… ဘာလို့ တို့က ငရဲကြီးရမှာလဲကွ၊ တို့အမျိုး ထုံးစံကွ"
"တို့ ချေးစားတာလည်း တို့အမျိုးထုံးစံမဟုတ်လို့ ဘာလဲကွ၊ မင်းက စက်ဆုပ်စရာ အကောင်းဆုံးလေး ဘာလေးနဲ့ ဘာ ကြောင်ပါးဝတာလဲ"
ကုပ်ကြားကလည်း ဘုတောလိုက်ရာ ဖြူရော်ကပါ စိတ်ဆိုးလာပြီး
"မင်းကရော ဘာခွေးပါးဝတာလဲကွ၊ ဟား… ဟား… မင်းတို့ ထုံးစံကလည်း လူ့ချေးစားရတယ်လို့ပဲ ဟီး ဟီး"
ဖြူရော်ကြီး က ရယ်သွမ်းသွေးလိုက်ရာ ကုပ်ကြားက ရုတ်တရက် သွားဖြဲလိုက်သဖြင့် သူတို့နှစ်ကောင် သည် အချင်းချင်း စကားနိုင်လုရင်း ရန်ဖြစ်ကြတော့မည်ကို သိသောကြောင့်

"ကဲ… ဟေ့ တော်ကြပါကွာ၊ တစ်ကောင်နဲ့ တစ်ကောင် စကားနိုင်လုရင်းနဲ့ မျိုးရိုးထုံးစံတွေ ရောက်သွား ကြပြီ။ တစ်ဖက်နှင့်တစ်ဖက် အမျိုးဘာသာမတူတာကို ထိခိုက်မပြောရဘူးကွ၊ အရင်တုန်းက ကုလား ဗမာ ရိုက်ကျတာ ဟာ ဒီလိုကိစ္စမျိုးပေါ့ကွ၊ တော်ကြာ မင်းတို့နှစ်ကောင်နဲ့ အမှိုက်ကစ တံမြက်စည်း မီးလောင်ဆိုတာလို ငါတို့တိုင်းပြည် မှာ အစိုးရနေရာလုရင်း ဆူပူသတ်ဖြတ်နေကြတဲ့အထဲ ခွေးနဲ့ကြောင် အဓိကရုဏ်းကြီး ဖြစ်နေ ဦးမယ်ကွာ၊ ဖြူရော်ကလည်း တော်ဟေ့… ကုပ်ကြားကလည်း ပါးစပ်မဟနဲ့"
ကုပ်ကြားက မကျေနပ်သံဖြင့်…
"ဟုတ်ပါဘူးကွာ၊ ငါက ပြောတာက တိုင်းပြည်အတွက် စိုးရိမ်လို့ သူ့ကို ရေမချိုးဖို့ အကောင်းပြောတာပါ ကွာ"
"အေး… ဟုတ်ပါတယ်ကွာ၊ ကြောင် ရေမချိုးဘူးဆိုရင် ဖြူရော်ကို ရေလောင်းတယ်၊ ရေဆွတ်တယ်ပေါ့ ကွ၊ စကားလှည့် သုံး ဖြစ်တာပဲ၊ ကဲ… လာ လာ ရေဘုံဘိုင် သွားကြမယ်"
ကုပ်ကြားနှင့် ဖြူရော်မှာ တစ်အိမ်တည်းနေ မိတ်ဆွေပင် ဖြစ်ကြသော်လည်း ခဏခဏ စကားနိုင်လုရင်း ရန်ဖြစ် တတ်ကြပါသည်။ ခါတိုင်းလိုဆိုလျှင် ဖြူရော်က ဤမျှနှင့် မလျှော့၊ ယခုမှ သူ့ကိစ္စအတွက်မို့ ကျွန်တော် ပြောသည်နှင့် ပင် ပြီးငြိမ်းကာ ရေဘုံဘိုင်သို့ ရှောရှောရှူရှူ လိုက်ခဲ့ပါသည်။

ရေဘုံဘိုင်သို့ရောက်လျှင် ကုပ်ကြားနှင့် ကျွန်တော်သည် ဖြူရော်၏ကိုယ်မှ ပြာတွေ ဖုန်တွေ စင်သွား အောင် ရေလောင်း၍ (ရေချိုးတာ မဟုတ်ဘူးနော်) ဘရပ်ရှပ်နှင့် တိုက်ပေးကြပါသည်။
"ဟေ့… ဖြူရော် မချမ်းဘူးလား"
ကျွန်တော် တို့မှာ သူ့အား ရေလောင်းပေးနေရင်းပင် ချမ်းလှသဖြင့် မေးလိုက်ရာ ဖြူရော်ကြီးက မေးခိုက် ခိုက်တုန်သွံကြီးနှင့်ပင်…
"ချမ်းချမ်းကွာ… ကိစ္စမရှိပါဘူး၊ စီစီကလေးနှင့်တွေ့တော့ နွေးသွားမှာပေါ့၊ မြန်မြန်သာ ပြီးအောင်လုပ် ကြပါ"
သူ့ကိုယ် စင်ကြယ်သွားသောအခါ၌ နနွင်းကို ရေနှင့်ဖျော်၍ ဘရပ်ရပ်နှင့် သုတ်ပေးကြပါသည်။
ဖြူရော်ကြီးသည် ကျွန်တော်တို့လုပ်သမျှ ငြိမ်ခံနေရာမှ…
"ဟေ့… အောင်နက်ရ၊ နနွင်းသုတ်ပြီးတာနဲ့ ငါနဲ့ ဝါဝီနဲ့ သေသေချာချာ တူပါ့မလားကွ၊ သူ့အမွေး ဝါပုံ ကွက်ပုံတွေ အတိုင်း ကျကျနန သုတ်နော်"
"အမယ် စိတ်ချပါကွ၊ ငါ ဒရိုက်တာ ဦးဘရှင်ကြီးအိမ်က ခွေးမ ယောဂီရောင်ကလေးကို သွားသွားဂေါ် ရင်းနဲ့ ဦးဘရှင်ကြီး ရယ် ရုပ်ရှင်ရိုက်ဖို့ ဇာတ်လိုက်တွေကို မိက်ကပ်လုပ်တာ မြင်ဖူးတယ်ကွ၊ ငါ သူ့နည်း အတိုင်း မင့်ကို ဝါဝီ နဲ့မတူ တူအောင် ကျကျနန လုပ်ပေးပါ့မယ်ကွာ"

တစ်ကိုယ်လုံး သုတ်ပြီးသောအခါ၌ ကုပ်ကြားက
"ဟေ့ ဖြူရော်ရေ… မင်းတော့ ရဲဘော်အဝါဖြစ်သွားပြီကွ"
"အမယ်လေး… မပြောကောင်း ပြောကောင်း၊ မလုပ်ပါနဲ့ကွာ၊ ရဲဘော်အဖြူနဲ့တွေ့ရင် ငါ့ကို ဆော်နေပါဦး မယ်၊ သြော်… ဒါထက် ငါ့ကိုယ်က တော်တော်နဲ့ သွေပါ့မလားဟေ့၊ စိုနေရင် ဘယ့်နှယ်လုပ်မလဲ"
"သွေ့ပါ တယ်ကွာ၊ မင်းတို့ကြောင် ကိုက အင်မတန် အပူများတာပဲ၊ မင်းလည်း အခုသွားရဦးမှာ မဟုတ် သေးပါဘူး၊ တို့မွဲခြောက်ကြီး နဲ့ ဝါဝီကို လိုက်ကိုက်ပစ်ရဦးမှာပဲ၊ မင်းက ဟောဒီမှာ တောခိုပြီးနေရစ်ခဲ့၊ ငါတို့က ဟိုနှစ်ကောင် ကို တို့အိမ်က သခင်က အခု ညအဖို့ ဘယ်ကြောင်မှ အိမမ်ကို လာတာ လက်မခံ ရဘူးဆိုတဲ့ အမိန့်ထုတ်လို့ လိုက်ကိုက်ရတယ်လို့ ပြောပြီး ဆော်မယ်… သိရဲ့လား"
ဖြူရော်ကြီးက အတော်သဘောတွေ့နေရာမှ အကြံကြီးတစ်ခုကို သဘောပေါက်ဟန်ဖြင့်…
"ဟေ့… ဒီမှာဟေ့… အောင်နက်နဲ့ ကုပ်ကြား၊ ငါ တစ်ခုပြောမယ်ဟေ့။ မင်းတို့ ငါ ပြောတာကို လုပ်ပေး မယ်လား"
"ဘာတုံး"

"ဒီမှာကွာ… နည်းနည်းတော့ဆိုးတယ်၊ ဝါဝီကြီးကို အသေဖြစ်ဖြစ် ပူစီ စိတ်ပျက်လောက်အောင် ရုပ်ပျက် ဆင်းပျက် မရှုမလှဖြစ်ဖြစ် ကိုက်ပစ်ကြကွာ၊ ဒီကောင်ကြီးမရှိတော့မှ ငါနဲ့ ပူစီနဲ့ အစဉ်ဟန်သွားမှာကွ၊ အဲဒီလိုဆိုရင် မင်း တို့ကို ငါ နေ့တိုင်း စားစရာ ချပေးမယ်… သိလား"
ဖြူရော်ကြီး၏အကြံ မှာ ရက်စက်လွန်းလှသဖြင့် ကျွန်တော်သည် ကုပ်ကြား၏မျက်နှာကို ကြောင်၍ ကြည့်နေ မိပါသည်။
ဤတွင် ကုပ်ကြားကပါ…
"အေး… ငါလည်း ဝါဝီကြီးတော့ အမုန်းကြီး မုန်းနေတာပဲ၊ ဘာလဲကွ တော်သလင်းလတုန်းက တို့က သူတို့ အိမ်က မေရီကို သွားဂေါ်တော့ အမယ်… ဒီဗမာခွေးတွေနဲ့ မေရီနဲ့ မတန်ဘူးလေး ဘာလေးနဲ့ အိမ် ပေါ်ကနေ စွာနေတာ၊ ငါ အဲဒီတုန်းကတည်းက သူ့ကို ဆော်ချင်နေတာ"
ဤတွင် ကျွန်တော်ကပါ စိတ်ပေါက်ပေါက်ရှိလာ၍…
"အမယ်… သူက တို့ကို ဗမာခွေးဆိုတော့ သူက ဘာကြောင်မို့လဲကွ"

"သူ့ကိုယ်သူ ဆိုင်းယမ်းမီးကက်ဆိုလား၊ ယိုးဒယားကြောင်ဆိုလား ပြောတာပဲကွ" ဟု ဖြူရော်ကြီး က ထောက်ခံလိုက်ရာ ကုပ်ကြားက…
"ဟာ… ဒါဖြင့် တို့ဗမာကြောင်မဟုတ်တဲ့အကောင်၊ အလစ်ဆော်မယ်ကွာ၊ လာ သွားကြ စို့… အောင်နက် ဟေ့ ဖြူရော်တော့ ဒီမှာနေခဲ့၊ တို့ ကိစ္စပြီးမှ လာခေါ်မယ်" ဟု ဆိုကာ ကျွန်တော်တို့နှစ်ကောင် ထွက်ခဲ့ကြ ပါသည်။
ဖြူရော်ကြီးကား ချုံတစ်ခုအောက်၌ ထိုင်၍ ကျန်ခဲပါသည်။
"ဟေ့ အောင်နက်ရေ… တို့ရဲဆေးကလေး နည်းနည်း တင်ရအောင်ကွာ"
လမ်းတွင် ကုပ်ကြားက ပြောလိုက်သဖြင့် ကျွန်တော်က…
"ဒီအချိန်ကြီး ဘယ်မှာ ရမှာလဲကွ"
"ဟို စိမ်ရည် ဆိုင်နောက်ဖေးက ကစော်ဖက်တွေပေါ့ကွ၊ ညနေတုန်းကမှ ထုတ်တာ၊ တရုတ်တွေ ဝက်စာ အတွက် လာမယူကြသေး ဘူး၊ အဲဒါ တို့သွားတွယ်လိုက်ရရင် ဆောင်းတွင်းကြီး အချမ်းလည်းလုံမယ်၊ ကြောင်တွေနဲ့ ကိုက်ရ ခဲရတော့ လည်း သွေးရဲအောင်ပေါ့ကွာ"

ကျွန်တော်လည်း အကြိုက်တွေ့သွားကာ (အင်း… သော်တာဆွေတို့များ ခွေးဖြစ်တာတောင်…)
"အင်း… ဒါဖြင့် သွားကြမယ်"
ကျွန်တော် တို့သည် မကြာမီ၌ တရုတ်စိမ်ရည်ဆိုင်နောက်ဖေးတွင် စားပွဲတွင် ထိုင်လျက်ရှိကြပါသည်။ တဖြည်းဖြည်း မူးလာသောအခါ ဖြူရော်ဆီက နေ့စဉ် စားစရာရမှာနှင့် အမျိုးရေးခွဲခြားသော ဝါဝီ၏ အကြောင်းကို ပြောရင်းဖြင့် ဝါဝီကို အသေကိုက်ရန် ဆုံးဖြတ်လိုက်ကြပါတော့သည်။

ပြာသိုလ နှင်းငွေရည်သည်း ဝေ့လည် ဝေ့လည်နှင့် ကူးလူးလျက်။
တစ်နှစ် တစ်ရာသီ ကြောင်လောကီသည် တညောင်ညောင်… တဝမ်ဝမ်နှင့် မူးရူးလျက်။
နှစ်ကောင်သား ထန်းရေမူး ကြက်ခိုးပေါ် (ကျုပ်တို့ခွေးက ကျွဲတော့ မခိုးနိုင်ဘူးဗျ၊ ဟုတ်လား) ဆိုသကဲ့ သို့ ထွေရာလေးပါး ပြောကြရင်းမှ တော်သလင်းလက အဖြစ်အပျက်ကို ရောက်သွားလေ၍ ဝါဝီက သူတို့ အိမ်က မေရီနှင့် ကျွန်တော်တို့ ဗမာခွေးတွေ မတူမတန်ကြောင်း ဝင့်ကြွားခဲ့သောစကားကို ရောက် ရှိသွားပြန်ကာ ကစော်ဖတ်ရှိန် ကလည်း သွေးထိုးနေပြီဖြစ်သဖြင့် ဝါဝီကို အသေကိုက်ရန် ထပ်မံဆုံးဖြတ် ချက် ချလိုက်ပြန် ပါသည်။
"ကဲ ပြောနေကြာတယ်… လာ အောင်နက်၊ ဒီကောင်ကို လိုက်ရှာကြစို့"
ကုပ်ကြား က ပြောလိုက်သည်တွင် ကျွန်တော်ကလည်း အတော်ထွေနေပြီဖြစ်၍…

"လာ… သွားမယ်၊ ဒီကောင် တို့အိမ်နားတွေ့မှာပါပဲဟာ၊ ဟေ့ ဂုတ်ကြား ငါ မူးရင် ဘယ်လိုလဲဆိုတာ မင်း သိတယ်မဟုတ်လားကွ၊ ကြောင်အသက် ပုရွက်ဆိတ်လောက်တောင် မအောက်မေ့ဘူးကွ"
"ဟေ့… ငါကရောကွ၊ မိုက်ပြီဆိုရင် တူးတူးခါးခါး မိုက်တယ်၊ အေး… လိမ္မာပြီဆိုရင်တော့ သူများနဲ့ မတူ ဘူးကွ"
ကျွန်တော်တို့သည် ကြောင်နံ့ခံကာ ဒုန်းပြေးရင်း ကိုယ်ရည်သွေးခဲ့ကြပါသည်။
ကျွန်တော်တို့ အိမ်အနီး ပိန္နဲပင်အောက်သို့ ရောက်လျှင်…
"ဟေ့… တွေ့ပြီဟေ့၊ ဟိုမှာ… လိုက်ကွာ ဆော်ကွာ"
"ဂွမ်… ဂွီ… ဝမ် … ဝမ်… ဝမ်… ဝမ်…"
ကျွန်တော်တို့ လိုက်ကိုက်ပုံကလည်း အလွန်မြန်လှ၍ ဝါဝီမှာလည်း ခါတိုင်း ကျွန်တော်တို့က ကိုက်လေ့ မရှိသဖြင့် အမှုမဲ့ အမှတ်မဲ့တွင် အမိခံရခြင်းဖြစ်လေသည်။
"အမယ် ပြန်ကုတ်တယ်၊ ကိုက်တယ်၊ ဆော်ကွာ.. ဆော် အောင်နက်၊ အသေဆော်ကွ"

ကုပ်ကြားမှာ ကြောင်၏ရှေ့ပိုင်းမှ ကိုက်ရမည်ဖြစ်၍ ပြန်ကုတ်ခြင်း ကိုခြင်းကို ခံရလေသည်။ ကျွန်တော် မူကား မူးပင် မူးသော်လည်း ခွေးအမူးပါးဖြစ်၍ ကြောင်၏ခါးရိုးနှင့် နောက်ပိုင်းတို့ကိုသာ ခဲလေသဖြင့် ကုပ်ကြားကဲ့သို့ မခံရပါ။
"ဝမ် … ဝမ်… ဝမ် … ဝမ်… ဝမ်…"
တဝမ်ဝမ်အော်သံသည် တဖြည်းဖြည်း တိမ်၍ တိမ်၍ သွားပြီး နောက်ဆုံး၌ အသံပြတ်သွားတော့သည်။
"ဟေ့… ကုပ်ကြား၊ တော်တော့ကွ… သေပြီ"
ကုပ်ကြားသည် ခဲထားသော လည်မျိုကို လွှတ်လိုက်ကာ…
"အေး ဟုတ်ရဲ့လား… သေမယ့်သေတော့လည်း မြန်လိုက်တာကွာ၊ ငါ ကိုက်လို့တောင် အားမရသေး ဘူး"
"ကဲ ကဲ လာဟေ့ နောက်တစ်ကောင် လိုက်ရဦးမှာပဲ။ မွဲခြောက်ကြီးကို ရှာကြဦးစို့"
ကျွန်တော်တို့ အိမ်ပတ်လည်၌ မွဲခြောက်ကြီးကို လိုက်၍ ရှာကြသည်။ သို့သော် မတွေ့ရပါ။ အသံလည်း မကြား ရပါ။ ထို့ကြောင့် ကျွန်တော်တို့ "ခြေလျှော့" လိုက်ကာ…
"ကဲ… ကုပ်ကြားရေ… မွဲခြောက်ကြီး အခုည မလာဘူးထင်တယ်ကွ၊ သူတို့အိမ်ကများ သေတ္တာထဲ ထည့်ပိတ်ထားသလား မသိဘူး"

"အေး… မလာလည်း တစ်ရန်အေးတာပေါ့ကွာ၊ လာဟေ့… တို့ဖြူရော်ကြီး ပြန်ခေါ်ပြီး မင်းတို့အိမ်ပေါ် တင်ပေးလိုက်ကြစို့"
"အေးဟေ့… ပူစီကလေးကဖြင့် အခု ကိုက်သံခဲသံတွေကြားရတော့ သူမှာတဲ့အတိုင်း ငါက ဖြူရော်ကြီး နဲ့ မွဲခြောက်ကြီး ကို ကိုက်လွှတ်နေပြီ အောက်မေ့ပြီး အတော် ဝမ်းသာနေမှာပဲကွ"
"ဝမ်… ဝမ်… ဝမ်"
"ဟေ့… ရှေ့က ကြောင်ကို ခွေးကိုက်သံပါလားဟေ့၊ ဘယ်အကောင်ကို ဘယ်အကောင်ကများ ဆော် နေသလဲ မသိဘူး၊ လာဟေ့ မြန်မြန်ပြေးကြစို့"
ကျွန်တော် သည် စကားတပြောပြောနှင့် ဖြူရော်ကြီးကို ထားခဲ့သောနေရာသို့ လေးဘက်မှန်မှန် ပြေးလာ ရင်းမှ ကြောင်အော်သောအသံကို ကြားရသဖြင့် ကဆုန်စိုင်း၍ ပြေးသွားကြပါသည်။
မလှမ်းမကမ်း သို့ ရောက်လျှင်…
"ဟေ့… ဟေ့ ဒေါက်တိုနဲ့ ကြန်စုံရယ်၊ တို့ဖြူရော်ကြီးကို ဆော်နေတာပါလားကွ"

ကုပ်ကြားသည် သူတို့ဆီသို့ တစ်ဟုန်ထိုး ပြေးသွားရင်း…
"ဟေ့… ဟေ့ ဒေါက်တိုနဲ့ ကြင်စုံ တို့အိမ်က ဖြူရော်ကြီးကို ဘာလုပ် မတရာလုပ်နေကြတာလဲကွ"
"ဘယ်ကလာ… မင်းတို့အိမ်က ဖြူရော်ကြီးဟုတ်ရမှာလဲကွ၊ သေသေချာချာ ကြည့်ပါဦး၊ ဟို ဗိုလ် ကပြားအိမ်က ဝါဝီပါကွ"
ကုပ်ကြားသည် ကမူးရှူးထိုးအသံနှင့်…
"မဟုတ်ဘူး၊ တော်ကြ တော်ကြာ၊ တို့ ဖြူရော်ကြီးကို နနွင်းသုတ်ထားတာကွ"
"ဟိုက်… ဒါကြောင့် နနွင်းစော် နံတာကိုးကွ၊ ဘာသဘောလဲကွ၊ မင်းတို့ဟာက"
"ဘာသဘောလဲတော့ ကိုယ် နောက်မှ ပြောပြမယ်၊ ဖြူရော်ကြီးကို ထူလိုက်ကြပါဦး၊ ဟေ့… ဖြူရော်… ဖြူရော်၊ ထကွ… အတော်နာသွားလား"
ဒေါက်တိုတို့၏ သွားချက်ဖြင့် နနွင်းယောင် ကွက်တိကွက်ကြားဖြစ်နေသော ဖြူရော်ကြီးသည် ပလက် လက် လဲနေရာမှ ထကာ
"နာပြီလား ကွ… သူတို့က အသေကိုက်ကြမလို့တဲ့၊ မင်းတို့ အလာစောပေလို့ပေါ့ကွာ"

ဤတွင် ကျွန်တော်က
"ဟေ့… ဒေါက်တို၊ မင်းတို့က ဘာပြုလို့ သူ့ကို အသေကိုက်ရမှာလဲကွ"
"သူ့ကို မဟုတ်ဘူးကွ၊ ဝါဝီကို အသေကိုက်ရမှာ၊ အခု သူက ဝါဝီ အယောင်ဆောင်နေတာကိုးကွ၊ ဟီ… ဟီ ငါတော့ ရယ်ချင်လှတယ်ကွာ၊ ငါ့အိမ်က မွဲခြောက်ကြီးအကြံနဲ့ တူနေပြီ ထင်တယ်"
ကျွန်တော်တို့မှာ အံ့အားသင့်မိကာ
"ဘယ်လိုလဲ… သူ့အကြံက"
ဒေါက်တိုတို့သည် ရွှန်းပြက်ပြက်မျက်နှာနှင့်
"တခြားဟုတ်ပါရိုးလားကွ၊ မင်းတို့အိမ်က ပူစီက ဝါဝီကို ကြိုက်နေတာသိလို့ သူ့ကို ဝါဝီနဲ့တူအောင် လုပ် ပေးပါ ဆိုလို့ ငါတို့က ဟို ပန်းချီဆရာ အိမ်က ရေဆေးအဝါတွေခိုးပြီး ခြယ်ပေးလိုက်ရပါရောလားကွ"
"ဟိုက်"
"ဟိုက်"

ကုပ်ကြားနှင့် ကျွန်တော်မှာ တစ်ယောက်တစ်ခွန်း အော်ရင်း မျက်လုံးပြူးသွားကာ ကျွန်တော်က…
"ဟေ့… ကုပ်ကြား… တို့ ကိုက်တုန်းက ဆေးစော် မနံဘူးလားကွ"
"အေး… နံတယ်ကွ၊ မင့်ကို ငါ ပြောမယ်တောင် ကြံမိသေးတယ်"
ဤတွင် ဒေါက်တိုနှင့် ကြန်စုံတို့ မျက်လုံးပြူးကာ…
"ဟေ့ မင်းတို့ မွဲခြောက်ကြီးကို ကိုက်ခဲ့ကြတယ်"
"ဝါဝီရယ်လို့ ကိုက်ထာပဲကွ၊ ဟုတ် မဟုတ်တော့ မသိသေးဘူး၊ သေတော့ သေပြီ"
ဒေါက်တို ထခုန်ကာ…
"ဟိုက်… ဘယ်နေရာမှာလဲကွ၊ လာ သွားကြည့်ကြရအောင် မွဲခြောက်ကြီးများ ဖြစ်နေရင် ဒုက္ခ"

ကျွန်တော်တို့သည် အားလုံးပြေးသွားကြရာ ကိုက်ခဲ့သော နေရာသို့ ရောက်လျှင် ကြောင်သေကို မတွေ့ ရသဖြင့်…
"ဟေ့ ကုပ်ကြား တို့ သေပြီရယ်လို့ ထားခဲ့တာ၊ ဒီအသေကောင်က ဘယ်များ ထပြေးပါလိမ့်"
ဤတွင် မလှမ်းမကမ်းရှိ အကွယ်တစ်ခုမှ…
"ဟေ့… ငါ မသေဘူးကွ၊ ရေကူးတတ်တယ်၊ အယ်… ဟုတ်ပါဘူး၊ ဒီမှာ လာကြည့်ကြဦး၊ ဒေါက်တိုတို့ ကြန်စုံ တို့ရာ၊ အောင်နက်နဲ့ ကုပ်ကြားရယ် ငါ့ကို ဆော်သွားကြတာ" ဟူသော ညောင်နာနာအသံ ထွက် ပေါ်လာသဖြင့် ဒေါက်တို က ပြေးသွားကာ…
"ဟေ့… မွဲခြောက်ကြီး ဘယ့်နှယ်နေသေးသလဲဟ"
အားလုံး ပြေးလိုက်သွားကြပြီး မွဲခြောက်ကြီးကို ဝိုင်းဝန်းပြုစုကြပါသည်။ ကျွန်တော်မှာ စိတ်မချမ်း မသာ ဖြစ် လှ၍…

"ကဲ… မွဲခြောက်ကြီးရယ်၊ ငါတို့ တောင်းပန်ပါတယ်ကွာ… အမှန်က ဝါဝီမှတ်ပြီး ဖြစ်ရတာကွ၊ တို့ဖြူရော် လည်း နနွင်း သုတ်မိလို့ မင့် ဒေါက်တိုတို့ ဆော်လိုက်ကြတာကွ… ငါတို့ အရောက်စောသွားလို့သာပဲ"
"နို့ မင်းကော ငါတို့သေပြီလို့ ထားခဲ့တာ၊ မင်း မသေသေးဘူး၊ အတော် အသက်ပြင်းတဲ့အကောင်"
ဤတွင် မွဲခြောက်ကြီးက မသက်မသာသော အသံဖြင့်…
"ဟာ… ငါ အကြံရလို့ပေါ့ကွာ၊ နို့မဟုတ်ရင် သေမှာပဲ၊ မင်းတို့က အသေကိုက်မယ်လို့ ပြောသံကြားတာ နဲ့ ငါက သေချင်ယောင် ဆောင်လိုက်တာကွ"
"အေး… မင်းက ဉာဏ်ကောင်းလို့ တော်ပါသေးရဲ့ကွာ…၊ ကဲ ဖြစ်ပုံ ပျက်ပုံများလည်း  ပြောကြပါဦး" ဟု အစချီပြီး တစ်ဖက်နှင့်တစ်ဖက် ရှင်းလိုက်ကြသောအခါ သူတို့အကြံမှာလည်း ကျွန်တော်တို့အကြံ အတိုင်းပင် ဖြစ်၍ ငိုအားထက် ရယ်အားသန်ကြပါတော့သည်။

စကားအဆုံး၌ ဉာဏ်ကြီးရှင် ကုပ်ကြားက…
"ကဲ… ကဲ ဖြူရော်နဲ့ မွဲခြောက် မင်းတို့တော့ အကြံတူ ဉာဏ်တူချင်း ဖြစ်နေကြပြီ။ သို့သော် လူတွေလို အကြံတူ ရန်သူ လို့ သဘောမထားကြဘဲ အချင်းချင်း လက်ဆွဲနှုတ်ဆက်ကြကွ" ဟု ခွေးလည်လုပ်၍ ပြောလိုက်ရာ ကြောင်နှစ်ကောင်လည်း အူကြောင်ကြောင်နှင့် လက်ဆွဲ အမည်အပြု တွင် ဒေါက်တိုက…
"ဟေ့… ဟေ့ နေကြပါဦး၊ သူတို့ချင်း ဘာမှဖြစ်ကြတာမှ မဟုတ်ဘဲကွ၊ ဖြစ်တာက ငါတို့က သူတို့ကို ကိုက်ကြတာ ပဲကွ"
ဤတွင်မှ ကုပ်ကြားက သတိရကာ…
"အို… ဒေါက်တိုနဲ့ ကြင်စုံက ဖြူရော်ကိုပေါ့၊ မင်းနဲ့ ငါက မွဲခြောက်ကြီးကိုပေါ့ကွ" ဟု ရှင်းလိုက်မှ အားလုံး နားလည်ကြကာ တစ်ဖက်နှင့် တစ်ဖက် လက်ဆွဲနှုတ်ဆက်လိုက်ကြပါတော့သည်။
ဤတွင် ကုပ်ကြားက…
"ကဲ… အဝါရောင်သုတ်တဲ့ ကြောင်နှစ်ကောင်တော့ ဒုက္ခရောက်ကြပြီ၊ ဟိုကြောင်ဝါအစစ်က ဘယ်မှာ ရောက်နေ မလဲ"

ကောက်ကာ ငင်ကာ မေးလိုက်ရာ ဖြူရော်ကြီးက စိတ်ပျက်သံကြီးနှင့်…
"မင်းတို့ ငါတို့ အလုပ်များနေကြတုန်း သူ ပူစီဆီ ရောက်ပြီး အိုကေနေမှာပေါ့ကွ၊ ငါတို့သာ ကြံသာကြံ ကံမလိုက် လို့ မသေရုံ ခံလိုက်ရတယ်၊ ဟီး" ဟု ငိုချင်း ချလိုက်ပါသည်။ မွဲခြောက်ကြီးကလည်း ထို့အတူ ပင်။
"အမယ်လေး အကြောင်းမလှလိုက်ပုံက… ဆောင်းလ ဤပြာသို၌ မဒီကညာကို ကြင်လိုဇောရယ်နဲ့၊ ကြင်လို… ကြင်လိုဇောရယ်နဲ့"
ကျွန်တော် နားညည်းလာ၍
"ဟေ့… တော်စမ်းပါကွာ၊ ကြောင် ငိုချင်း ချတယ်ရယ်လို့လည်း မရှိပါဘူး"
ထိုအခါ၌ ကျွန်တော်သည် ပူစီ့ဆီက ဆိတ်ရိုးကို သတိရလေပြီ။ ဝါဝီသည် ပူစီဆီ သို့ ကောင်းမွန် စွာ ရောက်ရှိနေပြီဖြစ်၍ ကျွန်တော် စွမ်းဆောင်ပေးလေဟန်ဖြင့် ဆိတ်ရိုးကို အချောင်သွား၍ တောင်းရ မည်။ ထို့ကြောင့် ကျွန်တော် သည် ခွေးစု ကြောင်စုကို ဝမ်းနည်းနှင့် အမြန်ခွဲလိုက်ကာ ကုပ်ကြားကို လက်တို့ ၍ ခေါ်ခဲ့ပါသည်။
ကျွန်တော် အိမ်အောက်သို့ရောက်သောအခါ အိမ်ပေါ်မှာ တဂျစ်ဂျစ်နှင့် ကြမ်းကို ကြောင်ခြေသည်း ခြစ်သံများ ကြားရပါသည်။ ကျွန်တော်က အသံတိုးတိုးနှင့်…
"ဟေ့… ကုပ်ကြး ပူစီနှင့် ဝါဝီ တွေ့နေကြပြီကွ"

"ဟေး… မင်း ဆိတ်ရိုးသာ တောင်းပေတော့"
"ဟေ့… ပူစီ၊ ပူစီ"
ကျွန်တော် သည် အပေါ်သို့ မော်၍ မော်၍ ခေါ်လိုက်ပါသည်။ ခြေသည်းကုတ်သံများ ရပ်သွားကာ "နေဦး နေဦး ကိုကိုဝီ… ခဏ" ဟူသော  ပူစီ၏အသံကလေးကို ကြားရပြီးနောက် ပူစီသည် ကြမ်းပေါက် တစ်ခု မှ ခေါင်းပြူလာကာ…။
"ဟေ့… ဘာတုံးဟေ့၊ အောင်နက် အရေးထဲမှာ"
"နင့်အတွက် ဆောင်ရွက်ပေးပြီး ငါ့ကို ဆိတ်ရိုးပေးတော့လေ"
ပူစီ၏မျက်နှာမှာ ရုတ်တရက် အံ့အားသင့်သွားကာ…
"ဟေ့… နင့် ငါ ပေးပြီးပြီမဟုတ်လားလို့၊ ကိုကိုဝီ အိမ်ပေါ်ရောက်ရောက်ချင်းပဲ၊ နင် က အောက်ကစောင့် နေ လို့ ဟောဒီအပေါက်ကပဲ ငါ ချပေးလိုက်တာပဲဟ"
ကျွန်တော့် ရင်ထဲ၌ ဒိတ်ခနဲ ဖြစ်သွားကာ…
"ဟေ… နင် တကယ်ချပေးလိုက်ပြီလား"
ပူစီသည် စိတ်မရှည်နိုင်သဖြင့်
"တကယ် မဟုတ်လို့ နင့်ပဲ ငါ ဒီအချိန်မျိုးမှာ အချိန်ကုန်ခံပြီး အပိုစကားကြောရှည်အောင် ပြောနေရ မလား ဟ"
"ဟေ… ဒါဖြင့် နင် ခွေးမှားပြီး၊ ငါ ဒီဆိတ်ရိုးကို မရဘူး"

"ဘာလဲ… အောင်နက်၊ နင် အခု မူးလာသလား၊ နင်မှ အစစ်ပါဟယ်၊ နင့်ကျောနက်နက်ကြီးကို ငါ မြင် လိုက်ပါ တယ်…၊ တော်ဟယ်၊ နင် မူးတိုင်း ငါ့တို့ကို လာနောက်မနေနဲ့၊ ငါတို့ အေးအေးဆေးဆေး ချစ်နေ ပါရစေ" ဟု ဆိုပြီး ခေါင်းပြန်ဝင်၍ သွားပါတော့သည်။
ကျွန်တော့် မှာ အစဉ်းစားရကျပ်ကာ
"ဟေ့… ကုပ်ကြား၊ ပူစီကတော့ လိမ်ပြောမှာ မဟုတ်ဘူးကွ၊ ဘယ်အကောင်များ ငါ့အယောင်ဆောင်ပြီး ဘုံးသွား ပါလိမ့်"
ကုပ်ကြားသည် ရုတ်တရက် သတိရလာဟန်နှင့်…
"တခြားကောင် ဟုတ်ရိုးလားကွာ၊ ငါတို့ ပြောနေကြတုန်းက ချွတ်ခနဲ ကြားလို့ သွားကြည့်တော့ သုတ် ခြေတင်ပြေး တဲ့ ဟို ခွေးသူခိုး ဝဲစားကလေး ဖြစ်မှာပေါ့ဟ"

ဤတွင်မှ ကျွန်တော် သတိရကာ…
"အေး ဟုတ်ပြီ ဟုတ်ပြီ၊ ငနဲကလေး ငါတို့ပြောနေတာကို အကုန်ကြားမယ်ကွ၊ ဒါကြောင့် သူ ငါတို့ အလုပ်များနေ တုန်းမှာ ဝါဝီနောက်က နောက်ယောင်ခံလိုက်သွားပြီး တစ်ခါတည်း တောင်းတာနဲ့ တူ တယ်ကွ၊ ဟေ့ ဒါပေမဲ့ ဒီကောင်ကလေး ဟာ ခွေးနီကလေးမဟုတ်လားကွ၊ ပူစီကပြောတော့ ငါ့ကျော ပြင် မည်းမည်းကြီး ပဲ မြင်လိုက်သတဲ့"
ကုပ်ကြားက ကျွန်တော်ကုပ်ကို တစ်ချက်ပုတ်လိုက်တော့…
"မင်းကလည်း တယ်ညံ့သေးတာပဲ၊ မင်း ဖြူရော်ကိုတော့ အဝါဖြစ်အောင် နနွင်းသုတ် တတ်ပြီး ခွေးနီ ကျောမည်းအေင် အိုးမဲနဲ့ ပွတ်မှာကို မတွေးမိတော့ဘူးလားကွ"
ကျွန်တော် ငိုင်ကျသွားတော့သည်။
အိမ်ပေါ် က ပူစီနှင့် ဝါဝီ တို့ကာ ဂျိုးဂျိုးဂျစ်ဂျစ်နှင့်…။

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

Friday, October 5, 2012

သော်တာဆွေ ၏ ဖြတ်စ နှင့် ကျော်စံကေး, အပိုင်း (၁၄)

ဖြူ ဝါ ပူ စီ

ဤ၀တ္ထု၌ ကျွန်တော်သည် ဇာတ်လိုက်မင်းသားအဖြစ်နှင့် ပါဝင်အသုံးတော်ခံတော့မည် ဖြစ်ပေရကား စာဖတ်သူများသိအောင် ကျွန်တော့်ကိုယ်ကျွန်တော် "ဆက်လဖက်-အင်ထလို" ဆိုလား အဲ့ဒါ လုပ်ထား မှ ဖြစ်ပေတော့ မည်။
မိဘမျိုးရိုး၊ မွေးသက္ကဇ်၊ ခုနှစ်နှင့် ဖော်ပြရသော် ကျွန်တော်ဘာမှ မမှတ်မိ။ ကျွန်တော့်အမေကိုလည်း ကျွန်တော် မသိ။ အဖေဆိုတာများတော့ ဝေလာဝေး။ အဲ... ကျွန်တော့်နာမည်ကိုတော့ အခု လူများ ခေါ်နေကြ၍ ကျွန်တော် သိရပါသည်။ "အောင်နက်" တဲ့ ....။
"အောင်နက်" ဆိုတော့ မိတ်ဆွေက ကျွန်တော့်ကို ခွေးလားဟု အောက်မေ့ကြပါလိမ့်မည်။ အထင်မ မှားကြပါနှင့်။ ခွေးမှခွေးအစစ်။ ခြေလေးချောင်း၊ အမြီးငေါက်တောက်နှင့် မိုးကိုကျောခိုင်းလို့။ ၀ုတ်.... ၀ုတ်... ၀ူး...တေးသံကျူးလေ့ရှိပါသည်။

ကဲ... အဘယ်ကဲ့သို့ ခွေးပေနည်း။ မေးချင်ကြပါသေးသလော။ အဲ့ဒါမှ မသိရင်ဖြင့် ခင်ဗျားလူအပဲ။
အောင်နက် ဆိုကတည်းက ဗမာနာမည်၊ ဗမာအိမ်က ဗမာခွေး၊ ဟိုဒင်းစားသော ခွေးဖြစ်ကြောင်း လယ်ပြင် ဆင်သွားသကဲ့သို့ တင်ကားကား၊ ရင်ထွားထွားနဲ့ ခင်ဗျားတို့လူသား အပျိုကလေးများပင် သိကြပါလိမ့်။
ကဲ... ပြောနေကြာရော့...ချောမေကညာတို့ ချစ်မှုရအောင် ကျွန်တော်အောင်နက်ရဲ့ ၀စ်ထု(၀တ္ထု) စပါတော့မယ်... ဂိန်။

လေနုအေးသည် ဘုရားစူး တကယ်ပဲ နော့နေဆဲကို (အလဲ့ ဂိန်... ငါတယ်ဟုတ်ပါလား) လှပချောမွတ်သော ငှက်ကလေး တို့သည် သစ်ပင်ပေါ်၌ ဆောင့်ကြောင့်ထိုင်ကာ သီးချင်းရေးဆရာ ရွေပြည်အေးနှင့် မြို့မငြိမ်း တို့ရေးပေးသော သူတို့၏ အိပ်ရာဝင်သီချင်းများကို ထန်းလျက်ရည်လူး သောအသံနှင့် ကြံသကာခံကို ဘက်ဂရောင်း ထား ၍ သီဆိုနေကြပါသည်....အဟိ။
တစ်နေ့လုံး ...တစ်နေ့လုံး ဘုရားစူးရပါစေရဲ့၊ ခရီးပန်းလာသော နေမင်းသည် ခြေထောက်ကို ရေမျှမဆေးဘဲ သူ၏ အိပ်ရာထဲ သို့ အိပ်ချင်မူးတူးနှင့် ၀င်လာလေပြီ။
ညသည် သူမ၏ မည်းနကမ်သော ကမ္ဗလာကို (ရောမ ခေါမက တင်ထားတာဆိုပဲ) တောင်ရိုး၊ တောင်တန်းတို့၏ ပခုံးများပေါ် သို့ (ခေါင်းကို မအုပ်ရဘူးတဲ့) တရိပ်ရိပ် တရေးရေးနှင့် ဖြန့်ကြဲ လွှမ်းမိုးလျက်ရှိလေသည်။ (စာပေလောက၌ သစ်လွင်သော စကားလုံးများဖြစ်အောင် မနည်းကြိုးစားနေ ရပါသည်။ ဘာသာပြန်စကားများဟု မဆိုကြပါနှင့်။ မသိချင်ယောင်ဆောင်နေကြပါ)

အမှန်မှာတော့ ကာသာဖြင့်ရင်ပဲ အမိညနေ နေ၀င်ပြီးတဲ့အချိန်ကလေးမှာပဲ လေပြင်လေညင်းက တိုက်ခတ် လို့ ကျေးငှက်တွေက အိပ်ရာနေရာလုကျရင်း ကျွီလီ မလီနဲ့ ဆဲဆိုနေကြပါပကော.... ကျွန်တော်က ဘာတတ်နိုင် ပါသေးသလဲ၊ ဒါပဲ အတိတ်သားကောင်သည် အနာဂတ်မိခင်၏ ရင်ခွင်မှ ပစ္စုပ္ပန်သမီးပျိုကို ဂေါ်နေပါကကော (အမယ်လေး... လက်ဝဲစားရေးဆရာ ဆိုတဲ့လူတွေ လေသံပါ အောင်သာ ကြိုးစားရေးလိုက် ရတယ်၊ အောင်နက်က သူတို့လို မတတ်တော့ တယ်ပြီး ချော့ချက် ပါးဖက်နမ်းပြီး သင်ပေးခိုင်းဦးမှပဲ၊ ကဲဗျာ... ဖားတု လို့ ခရုမခုန်တော့ပါဘူး၊ ရိုးရိုးပဲ ရေးပါတော့မယ်)

ဤလ ဤရာသီကား ကျွန်တော်တ ချမ်းအေးခြင်းမှ ကာကွယ်ရန် ပြာများကို အိပ်ရာနေ များအတွက် သိုလှောင် ထားသင့်သော ဆောင်းရာသီပြာသိုလဖြစ်၍ ကျွန်တော်သည် တစ်နေ့သော နေ၀င်ဖျိုးဖျ ညဥ့်ကာလ ရောက်ခါနီး အချိန်ကလေး တွင် ကျွန်တော်၏ မအိစက် မညက်ညောသော မြေထက်ကမ္ဗလာ ပြာမွေ့ရာပေါ် ၌ အမြီးကုပ်၍ ခပ်ခွေခွေ ကလေး မှိန်းနေစဉ် ညင်သာသော ခြေသံ ကလေးတစ်ခုသည် ကျွန်တော်၏ အောက်ဘက်နားဝသို့ ကလိ ပါသဖြင့် အသာကလေး မျက်စိဖွင့် ကြည့်လိုက်ရာ ကျွန်တော့်တို့အိမ်ပေါ်က ကြောင်မလေး ပူစီသည် လူကြီး မိဘများ မြင်မှာကို စိုးရိမ် နေသော ရည်းစားထားတတ်ကာစ မိန်းမပျိုကလေး၏ အမူအရာမျိုးဖြင့် လျှောက် လာနေ သည် ကို မြင်ရပါသည်။

ပူစီကလေးမှာ သူတို့၏ အခါရာသီဖြစ်၍ ဟိုယခင်တုန်းကတွေ့ရသည်နှင့် မတူဘဲ ဆယ့်လေးငါးနှစ် အရွယ် မိန်းမပျို ကလေးကဲ့သို့ ကိုယ်လုံးကိုယ်ထည် ပြည့်ဖြိုး၍ အမူတစ်မျိုးဖြစ်နေသည်ကို မြင်ရ လေရာ ကျွန်တော့်မှာ ၀ါသနာ အလျောက် ဘာဂလိုတိုတို စိတ်ပေါက်၍ အိပ်ရာမှ လူးလဲထပြီး အမွေး၊ အလှေးတို့ကို ခါရန် သတိမရဘဲ ခြင်္သေ့ထိုင် ထိုင်ကာ နားရွက်နှစ်ခုကို စူလျက် သူ့ကို စိမ်းစိမ်းဝါးဝါးကြီး ကြည့်ရှု့နေမိပါတော့သည်။ 
ကျွန်တော့်အနီး သို့ ရောက်လာသောအခါ ပူစီမှာ ရုတ်တရက် ရှက်သွေးဖြန်းသွား၍ ရှန့်ခနဲဖြစ်သွား ကာ ကျွန်တော်တို့ ထုံးစံအတိုင်း ဟထားသော ပါးစပ်မှ သွားရည်များကို လျှာဖြင့် သုံးချက်လောက် လျက် သိမ်းလိုက်ပြီး ....
"ပူစီရယ်.... နင်သိပ်လှလာပါလားဟ၊ ဟိုတုန်းကနဲ့ကို မတူဘူး၊ ပေါင်လုံးကြီးတွေနဲ့ တင်ပါးဆုံအုံ ကြီးများ တုတ်ဖီးပြီး ခါး ကလေးက ကော့နေတာ၊ ငါ့စိတ်ထဲ တစ်မျိုးကြီးပဲဟယ်၊ အရင်တုန်းကဆိုရင် နင် ငါ့မြင်ရင် ကိုက်ချင်တယ်...အခုတော့"

ပူစီသည် ကျွန်တော့်စကားမဆုံးမီ စိတ်ဆိုးသလိုမျက်စောင်းကလေးထိုးလိုက်ကာ.....
"အမယ်လေး ဘာတွေ လျှောက်ပြောနေတာလဲဟဲ့ အောင်နက်ကလည်း၊ နင်နဲ့မဆိုင်ပါဘူး၊ တို့လ တို့ရာသီပါ၊ နင်တို့ တော်သလင်း မဟုတ်ပါဘူး" ဟု စူစူအောင့်အောင့် ပြောလိုက်မှ ကျွန်တော် သတိ ရမိ၍....
"အေး... ဟုတ်သားပဲ၊ နို့် မယ်မင်းကြီးမ က ကျုပ်အိပ်ရာနား တစ်ကိုယ်တည်း ဘာလုပ်လာတာလဲဟ ငါ့များ နင်က နွားအိုကြီးများ အောက်မေ့နေသလား"
ကျွန်တော် က စိတ်မသိုးမသန့်နှင့် မေးလိုက်မိပါသည်။ ပူစီက မျက်လုံးကလေးတစ်ချက် လှစ်ခနဲ လှည့် လိုက်ကာ....
"အောင်နက်ကလည်းဟယ် ခွေးပါးဝလိုက်တာ၊ ကိစ္စကလေးရှိလို့ပါဟယ်"
"ခွေးပဲဟ ခွေးပါဝမှာပေါ့ ဘာကိစ္စတုံး"

"ငါ နင့်ဆီက အကူအညီကလေးတစ်ခုတောင်းချင်လို့ပါဟယ်၊ နင်ကူညီပေးမယ်မဟုတ်လား"
"ငါတတ်နိုင်တာ ဆိုရင်တော့ ပေးမှာပေါ့ဟယ်.. ပြောပါဦး၊ ဘယ်လိုကူညီရမလဲ"
ပူစီသည် ရှက်ရှက်ကလေးဖြစ်နေပြီးမှ..
"ငါ ပြောရမှာတော့ ခပ်ရှက်ရှက်ပဲ"
ကျွန်တော် မှာ မသတ္တ၀ါ ခပ်ရှက်ရှက်ဖြစ်ရမည့် ကိစ္စမျိုးကို အလွန်ပင်သိချင်တတ်သော ၀ါသနာရှိသူ လူများနည်းတူဖြစ်၍ ပိုမိုစိတ်ဝင်စားလာကာ
"ပြောပါဟယ် နင့်နဲ့ငါနဲ့ သူငယ်ချင်းပဲဟာ၊ ဘာရှက်စရာရှိလဲ ကောင်းတိုင်ပင် ဆိုးတိုင်ပင်ပေါ့"
"ဒီလိုပါဟယ်  ည ည ငါ့ဆီကို လာလည်ကြတဲ့ ငနဲတွေကို သိတယ်မဟုတ်လား"

"သိသားပဲဟ ဒေါက်တိုတို့ အိမ်က ကြောင်မွဲခြောက်ကြီးရယ် မေရီတို့အိမ်က ၀ါဝီကြီးရယ်၊ ကုပ်ကြား တို့အိမ်က ဖြူရောက်ကြီးရယ်... သုံးကောင်ပြိုင်တူ လာလာဂေါ်နေကြတာ၊ တစ်ညလုံး တဝမ်ဝမ်နဲ့ နားကိုငြီးရော ဘာလဲ အဲဒါ နင်က ဘယ်အကောင်နဲ့ဖြစ်နေလို့လဲ၊ သုံးကောင်စလုံးနဲ့လား"
ပူစီမျက်နှာ ၌ ရှက်သွေးကလေးများ ဖျန်းသွားကာ..
"ကြံကြံဖန်ဖန် ဟယ်.. နင်က ငါ့ကို နင့်အဆက်မေရီလိုများ အောက်မေ့နေလို့လား. "
မေရီ မှာ တော်သလင်းတုန်းက ကျွန်တော်နှင့် အဆက်ဖြစ်ဖူးသော နောက်ဖေးလမ်းရှိ ဗိုလ်ကပြားအတုတွေအိမ် က ကပြား အတု ခွေးမလေးဖြစ်ပါသည်။
"သိပါဘူးဟယ်.. မေရီကတော့ ကပြားအတုမို့ ဗိုလ်ဆန်တာကိုးဟဲ့၊ နို့နင်က ဘယ်သူနဲ့လဲ"

ပူစီသည် ချက်ချင်းမဖြေသေးဘဲ မြုံစေ့စေ့ကလေး လုပ်နေသဖြင့် ကျွန်တော်က သူများရည်းစားသိချင် သော ထုံးစံ အတိုင်း... "ပြောပါဟယ်.. ရှက်စရာမလိုပါဘူး၊ တို့များထုံးစံက တစ်နှစ်မှ တစ်လတည်းပဲ၊ လူတွေကို တစ်သက်လုံး ကမြင်းကြောထနေရတာမှ မဟုတ်ဘဲ. "
ပူစီသည် အတန်ကြာကလေးတွေးနေပြီးမှ..
"ဝါဝီနဲ့"
ခပ်တိုးတိုးကလေးပြောပြီး အခြားသူများ ကြားလေမလားဟု နံဘေးပတ်လည်သို့ လှည့်ကြည်လိုက်ပါသည်။ တိရစ္ဆာန်မကလေးပင်မင့် သူ့ရည်းစားကို ပြောရမှာတော့ အရှက်သားဗျ..။ အဟိ.. ဂိန့်.။
ကျွန်တော် မျက်ခုံးချီ၍ နားရွက်နျစ်ခုကို စုလိုက်ခါ...
"အို ဟုတ်လား၊ ဒီကောင်ကြီးက တယ်ကြမ်းတဲ့ အကောင်ကြိး ဟိုနေ့ကများ မျက်နှာကုတ်သွားလိုက် တာ ရဲ ကျန်ရစ်ခဲ့တာပဲ"
"အို နင် သူ့ကိုက်မယ်အောက်မေ့လို့ သူ့ကိုယ်သူ ကာကွယ်တာနဲ့ တူပါတယ်ဟယ်၊ အမှန်တော့ သူက သဘောကောင်း ပါတယ်"
သူ့ရည်းစားကို ကာကွယ်လိုက်ပါသည်။

"အေး နင့်နဲ့တော့ကောင်းမှာပေါ့လေ၊ အခု နင်တို့ချင်း ဟန်နေကြပြီပေါ့.. ဟိဟိ....ဟိဟိ"
ကျွန်တော့် မှာ မဆီမဆိုင်ဘဲနှင့် ပူစီကို မနာလိုသလို ကြည့်လိုက်မိပါသည်။ ပူစီမှာ ရုတ်တရက် ရှက်မွေးလေး များ ထောင်သွားကာ..
"အောင်နက်ကလည်းဟယ်.. ပြောရော့မယ်"
မျက်စောင်းကလေး ထိုးလိုက်ပါသည်။ တိရစ္ဆာန်မတောင် ဒါမျိုးတော့ ရှက်ရမှန်းသိလား၊ ကျွန်တော် ဖိုသတ္တဝါ တို့၏ ၀ါသနာအတိုင်း...
"နို့မဟုတ်ဘူးလားဟဲ့၊ တို့များ ရှက်ပါဘူး၊ ဒီကိစ္စမျိုးမှာ လူမြင်နတ်မြင်ပဲ "
"နင်တို့က ခွေးကိုး ဟဲ့၊ အမှန်တော့ တို့ချင်း တစ်ခါမှ မတွေ့ရသေးဘူး၊ သိလား.... "
"ဟင်.. ဘာကြောင့်လဲ"
"ဟို ဖြူရော်ကြီး နဲ့ မွဲခြောက်ကြီးတို့က လိုက်လိုက်ရှုပ်နေလို့ပေါ့ဟယ်၊ အဲဒါကြောင့် ငါက နင့်ဆီ အကူအညီတောင်းတာ"

"ငါက ဘယ်လိုကူညီရမှာလဲ"
"ဒီလိုဟယ် ညကျ သူတို့သုံးကောင်လာတဲ့အခါမှာ နင်က မွဲခြောက်ကြီးနဲ့ ဖြူရောက်ကြီးကို ကိုက်လွှတ် ပြီး ဝါဝီတစ်ကောင်တည်း အိမ်ပေါ်တင်ပေးပါ"
ကျွန်တော် သည် နားရွက်တစ်ဖျပ်ဖျပ် ခါလိုက်ကာ.....
"အမယ်လေး မလုပ်ပါနဲ့ဟယ်၊ ခွေးက ကြောင်လိုက်ကိုက်တယ်ဆိုတာ လွယ်တာမဟုတဘူး၊ သူတို့က အလွယ်တကူ နဲ့ပြေးရင် တော်ပါရဲ့၊ မပြောဘဲ ခုခံမယ်ဆိုရင် သူတို့ အရေပြားပျော့စိစိကြိး ငါကိုက်လို့မပေါက်ခင် ငါ့မျက်နှာတော့ သွေးချင်းချင်းစီးနေရောပဲ။ နို့ပြီး ဒီကောင်တွေက နင့်ကို ချစ်မုန်ယိုနေကြတာ.. ဘယ်နည်းနဲ့မှ လွယ်လွယ် ကူကူပြေးမှာ မဟုတ်ဘူး"
ပူစီ သည် စိတ်ပျက်သလို နှာခေါင်းရှုံ့ကာ..
"နင်ကလည်းဟယ် အစဦးတော့ ကူညီမယ်ပြောပြီးတော့"
"ဒါကတော့ဟယ်.. ထုံးစံအတိုင်း ပြောရတာပဲဟာ၊ သက်သက်သာသာဆိုရင်လည်း အချောင်ကျေးဇူး တင် ခံရအောင် ကူလိုက်တာပေါ့၊ ခုလိုမလွယ်ကူတာ ကိုယ်နာမှာကျတော့လည်း ဘယ်ကူချင်မလဲ ဟ"

ပူစီသည် စိတ်ကောက်သလို ခြေကလေးတစ်ဖက် ဆောင့်လိုက်ပြီး
"အောင်နက်လည်း ဟယ်.. နင်တို့ရာသီတုန်းကတော့ နောက်ဖေးအိမ်က မေရီကို ငါက ရအောင်ခေါ် ပေးရ တယ်" ဟု သူ့ကျေးဇူး ကို ဖော်လိုက်ပါသည်။
ဟုတ်ပါသည်။ လွန်ခဲ့သော ကျွန်တော်တို့လက ပူစီကျေးဇူး ကျွန်တော့်အပေါ်မှာ ရှိပါသည်။ ရှိပုံမှာ အဆင့်အတန်း ခွဲခြားသော ကပြားတုများက ကျွန်တော့်ကို သူတို့အိမ်ဝင်းထဲသို့ အဝင်မခံဖြစ်နေ ရာ မေရီမှာ ကြောင်လိုက်ကိုက်ချင်သော စိတ်ထားရှိသူဖြစ်၍ ပူစီမကလေးက ကျွန်တော့်ခိုင်းချက်ဖြင့် အပြင်မှ ကိုယ်ယောင်ပြ လိုက်သဖြင့် ဝင်းအပြင်သို့ မေရီထွက်လာသည်တွင် သူ့သခင်များအလစ် တွင် ကျွန်တော်နှင့် မိတ် လိုက်ရပါသည်။

သို့သော် ပူစီသည် ကျွန်တော်အပေါ်ကျေးဇူးပြုရပုံမှာ လွယ်ကူလှပါသည်။ မေရီကို ခြံဝသွား၍ ကိုယ်ယောင်ပြပြီး မေရီ ထွက်လာသောအခါ၌ ပြန်ပြေးလာရုံသာဖြစ်ပါသည်။ ယခု ကျွန်တော် ဆောင်ရွက်ရမည့် ကိစ္စမှာ မလွယ်ကူပါ။ ချစ်မုန်ယိုနေသော ကြောင်သိုးကြီးများနှင့် သတ်ရပုတ်၇မည့် အလုပ်ဖြစ်ပါသည်။ ထို့ကြောင့် စဉ်းစားနှိုင်းယှဉ် ဥာဏ် အင်မတန်ရှိသော ကျွန်တော်က
"ပူစီ ရာ နင့်တုန်းကတော့ အလွယ်ကလေးပဲဟာ၊ ကိုယ်ယောက်ပြပြီး ပြေရုံကလေးရယ်၊ အခု ငါ့လုပ်ရမယ့်ကိစ္စက မလွယ်ဘူး၊ ငါ မလုပ်နိုင်ဘူးဟယ်၊ နို့ပြီး နင်စဉ်းစားကြည့်ဦးလေ၊  ဖြူရော်ကြီး ဆိုတာက ငါ့သူငယ်ချင်း ကုပ်ကြားတို့ အိမ်က ကြောင်ကြီးပဲဟ"
သူတစ်ပါးကောင်းကျိုး အတွက် ကိုယ့်အသားအနာမခံလိုသဖြင့် မိတ်ဆွေကောင်းပီပီ ငြင်းဆန်လိုက်ပါ သည်။

ပူစီသည် စိတ်ပျက်ဟန်နှင့် ခေတ္တမျှတွေးနေပြီးမှ တစ်ခုခုကို ရုတ်တရက်စိတ်ကူးပေါက်လာဟန်နှင့်..
"ဟေ့ အောင်နက် နင် ဆိတ်ရိုးကိုက်မယ်လားဟေ့"
ဆိတ်ရိုး ဆိုလျှင်ပင် ကျွန်တော်မှာ လျှာဖျားမှ သွားရည်တခြားမြားကျလာကာ
"ဆိတ်ရိုး ကိုက်ရ ဇိမ်ပေါ့ဟယ် အမဲရိုး ထက်ကောင်းတာပေါ့. နင်တို့အိမ်မှာ ရှိလို့လား.. "
"ရှိတယ်သိလား.... အခုည စွပ်ပြုပ်သောက်ကြမလို့တဲ့၊ ဝယ်လာတာ ဗန်းကြီးထဲ ထည့်ထားတယ်"
ဤလိုဆိုလျှင်ပင် ကျွန်တော်မှာ ခွေးပီပီ ဣနြေ္ဒမဆည်နိုင်တောပဲ....
"လူတွေမသိအောင် အောက်ကို တစ်ခုချပေးပါလားဟင်.... "

ပူစီသည် အကြိုက်တွေ့သွားသော မျက်နှာကလေးနှင့်
"ငါခိုင်းတာ လုပ်ပေးလေ
ကျွန်တော်မှာ ဤကဲ့သို့ လာဘ်သပ်ပကာနှင့် ဖြားယောင်းသောကိစ္စများ၌ လူများကဲ့သို့ ဟန်ဆောင် ပန်ဆောင် ငြင်းဆန်ခြင်းမပြုနိုင်တော့ပဲ
"အေး... ဒါဖြင့် နင် အခုချပေးလေ"
ပူစီသည် ပါးနပ်သော မျက်နှာထားနှင့်..
"အောင်မာ.. အခုတော့ ဘယ်ပေးနိုင်မလဲဟာ၊ နင်ငါခိုင်းတာ ဆောင်ရွက်ပြိးမှ ပေးမယ်သိလား၊ ငါ လူတွေ မမြင်အောင် စွပ်ပြုပ်အိုး ထဲ မထည့်ခင် အရိုးကြီးကြီးကို ဝှက်ထားလိုက်မယ်၊ နင်ငါခိုင်းတာသာ လုပ်ပေး"
"အေး ကောင်းပြီလေ ကိုယ်တာဝန်ကိုယ်ကျေပွန်တမ်းပေါ့၊ ဖြူရော်ကြီးနဲ့ မွဲခြောက်ကြီးတော့ တစ်ပွဲ တစ်လမ်း စမ်းလွှတ်လိုက်ရသေးတာပေါ့ကွာ... "

ကျွန်တော် သည် ပူစီဝမ်းသာသွားအောင် အခြောက်တိုက် ကြိမ်းလိုက်ပါသေးသည်။ ပူစိကျေနပ်သွားကာ...
"ကဲ ဒါဖြင့် ငါသွားမယ်၊ နောက်စိတ်ချပါရစေနော် အောင်နက်"
"အမယ်လေး စိတ်ချပါဟယ်၊ လူမှာ ကတိ(အို... မဟုတ်ပါဘူး) ခွေးမှာ ကတိ၊ မြင်းမှာ သစ္စာပါ၊ နင်သာ နင့်ရည်းစား ဝါဝီကြီးနဲ့ တွေ့ဖို့ ပြာကလးဘာလေး လိမ်းထားပေတော့်"
ပူစီသည် စိတ်လက်ရွှင်လန်းသွားကာ အိမ်ပေါ်သို့ လျင်မြန်ပေါ့ပါးစွာ ခုန်တက်သွားပါတော့သည်။
သြော်.. အချစ်... အချစ်.. တိရစ္ဆာန်ပျိုမကလေးတောင် သူ့အဖို့တော့ သူကြံတတ်တာပဲ။

ကျွန်တော်သည် ပူစီကလေးနှင့် စကားပြောပြီးနောက် ဗိုက်က လေးလှသည်နှင့် အနီးရှိဝင်းတိုင်ဆီသို့ ထသွား ကာ ပေါင်တစ်ဖက်မြှောက်လိုက်ပါသည်။ ပြီးလျှင် ကျွန်တော်သည် ထုံးစံအတိုင်း ဟိုပြေးသည် ပြေးနှင့် ခေါက်တုံ့ခေါက်ပြန် အညောင်းပြေ နှစ်ခေါက်သုံးခေါက်လောက် ပြေးလိုက်ပါသည်။ ၄င်း နောက် ဘယ်ကို မျှ သွားလိုစိတ်မရှိသဖြင့် ကျွန်တော်၏ ပြာပုံဆီသို့ ပြန်လာကာ လက်ဝဲသုံးပတ် လှည့်ပြိး ခွေ လိုက်ပါသည်။ ကျွန်တော်လက်ဝဲရစ်ခြင်းမျာ ယခုကာလ လက်ဝဲတွေ ခေတ်စား လာသော ကြောင့် ပေါ်ပြူလာဖြစ်ရန် အဆန်းထွင်ခြင်းမဟုတ်ပါ။ ကျွန်တော် အဆင့်သင့်သလို လှည့် လိုက်ခြင်း ဖြစ်ပါသည်။

ဤသို့ အိပ်ခါနီး၌ ကျွန်တော်တို့ သုံးပတ်လှည့်ခြင်းမှာ အကြောင်းမဲ့မဟုတ်။ "သင်အိပ်မည်ကြံလျှင် သင်အိပ်မည့်နေရာ တွင် သစ်ငုတ်၊ ဆူး ညှောင့်၊ ခဲလုံး၊ ပိုးမွှားကောင်များ ရှိသလော၊ သုံးပတ်လှည့် ကြည့် လိုက်ပါ၊ ပြီးမှ စိတ်ချလက်ချ တုံးလုံးလှဲလိုက်ပါ"ဟု ကျွန်တော်တို့ ရှေးခွေးကြီးသူမများ၏ သြဝါဒ ကြောင့် ဖြစ် ပါသည်။
၎င်းပြင် အပေါ့စွန့်ရာ ၌ မြေပြင်ပေါ်သို့ တိုက်ရိုက်မဟုတ်ပဲ နံရံ (သို့မဟုတ်) တိုင်တစ်ခုခုပေးသို့ ပေါင် တစ်ဖက်မြှောက်ခြင်း မှာ မိမိ၏ ရှေ့လက်ကို ပေမှာစိုးသောကြောင့်ဖြစ်ပါသည်။ ဤကား အခြားခြေလေး ချောင်းများထက် သာသောအချက်ပင်။

ကျွန်တော်သည် ပြာပုံ တွင် ပြန်ခွေပြီးသောအခါ၌ ပူစီပေးမည့် ဆိတ်ရိုးကိစ္စကို စဉ်းစားလိုက်ရာ ကြောင်သိုးကြီးနှစ်ကောင်နှင့် ဖိုက်တင်လုပ်ရမည်ကို တွေး၍ ရင်လေးမိပါသည်။ အမှန်မှာ သူတို့ ရာသီ အလျှောက် ချစ်မာန်ထသော ဤအကောင်ကြီးများကို တိုက်ခိုက်မောင်းထုတ်ရန် မလွယ်ကူလှပါ။ ကျွန်တော် တစ်ကောင်တည်းနှင့် နိုင်ချင်မှ နိုင်မည်။ ထို့ကြောင့် ကျွန်တော့်သူငယ်ချင်း ကုပ်ကြားကို သတိရ မိပါသည်။ ကုပ်ကြားကား ကျွန်တော်တို့အိမ်နှင့် တစ်အိမ်ကျော် အိမ်တွင် နေသည်။
သို့သော် ကုပ်ကြားကို အကူအညီခေါ်ရာ ၌ သူတို့အိမ်ပေါ်က ဖြူရော်ကြီးကို ကုတ်ရမည့်ကိစ္စဖြစ်နေ၍ ကုပ်ကြား ဆောင်ရွက် လိမ့်မည် မဟုတ်ပါ။ ကုပ်ကြားနှင့် ဖြူရော်လည်း ကျွန်တော်နှင့် ပူစီကဲ့သို့ပင် မိတ်ဆွေများ ဖြစ်ကြပါသည်။ ဒီကိစ္စဟာ ခက်သေးတာပဲ။ ပူစီကိုလည်း မိတ်ဆွေများ ဖြစ်ကြပါသည်။ ဒီကိစ္စဟာ ခက်သေးတာပဲ။ ပူစီကိုလည်း "ခွေးမှာသစ္စာ၊ မြင်းမှာကတိ" ဟု ကြွားလိုက်မိပြီး ဆိတ်ရိုးကို လည်း ကျွန်တော် ကိုက်ချင်လှပြီ။

ကြောင်သိုးကြီးနှစ်ကောင်ကိုလည်း ကျွန်တော် နိုင်မည်မဟုတ်၊ နိုင်သည့်တိုင်အောင် အတော် ပင် သွေးထွက်သံယို ဖြစ်ရတော့မည်။ ပူစီ၏ ကောင်းကျိုးအတွက် ဤမျှ အနစ်နာခံလိုသော စိတ်ထား လည်း ကျွန်တော့် မှာ မရှိ။
ဤကိစ္စကို အသို့ပြီးစီးစေအံ့နည်း။
ကျွန်တော်သည် သုနက်ခေါလောက၌ ခေသူမဟုတ်။ ဦးစောကဲ့သို့ သတ်ဝံ့ ဖြတ်ဝံ့သူ မဟုတ်သော် လည်း နိုင်ငံရေးနယ် တွင် မိမိရာထူးရရေးအတွက် ကလိန်ဥာဏ်ရင့်သန်သူများလောက် နီးပါးမျှ မသမာဥာဏ် ရှိတန်သလောက် ရှိသူ ဖြစ်ပါသည်။
ယခု ကြည့်ပါ။ ဆိတ်ရိုးအတွက် သွားရည်တမြားမြား ကျ၍ ပြာပုံခွေကာ ခေတ္တမျှ စဉ်းစားလိုက်သည်နှင့် ပင် အကြံကောင်း ဥာဏ်ကောင်းများ ထွက်ပေါ်၍လာပါပြီ။

သူရိယမင်းသားကလေးသည် သတ္တ၀ါတို့အား တစ်နေ့သော အသက်တာကို ပေးခဲ့ပြီးနောက် သူ၏ ရည်းစားသည် မယ်စန္ဒာနှင့် ပြာသိုဆောင်စက်ခန်းတွင် ညဥ့်ဝက်မျှ အတူစက်ရမည်ဖြစ်၍ ခါတိုင်းရာသီ ထက် စောစီးစွာ ဂေါယာတောင်ဆွယ် လိုက်ကာကွယ် သို့ ၀င်သွားခဲ့လေပြီ။ ဤနှစ်အဖို့တွင် ရှင်ပြာသို သည် လောကကြီး ကို ဧည့်ခံသော တတိယမြောက် သီတင်းပတ်ဖြစ်၍ စန္ဒာမယ်၏ ခြွေရံ ငွေကြယ်ပျံ တို့သည် သခင်မ အလာနှောင်းရမည်လား ဟု ပြာမောင်းမောင်း ကောင်းကင်ငွေယံ ညီလာခံသဘင်တွင် ကြည်သာမရွှင် မှိတ်တုတ် မှိတ်တုတ်နှင့် စိတ်လုပ်နေကြသည့်နှယ် ...
အမှန်အတိုင်း ဆိုရသော် ထိုနေ့သည် လဆုတ် ၈ရက်နေ့ဖြစ်၍ ကောင်းကင်ယံဝယ် စန္ဒာ မရှိ။ သူ၏ ခြွေရံ ငွေကြယ်ပျံတို့သာ ကြည်လျှင်ရွှင်ပြုံး တစ်မိုးလုံး မင်းမူနေ၏။
တစ်နည်း ကား မရွှေညသည် ပြိုးတိုးပြောက်တောက် ပိုးထိုးပေါက်တွေ မွမွကြဲနေသော မဲနက်ပြာညဥ့် လွှာရုံကို အတောမသတ်သည့် လောကဓာတ်ကြီးအား ချမ်းတုန်တုန်နှင့် လွှမ်းခြုံထားလေ၏။

ဤကား မိမိဆက်ရေးရမည့် ဇာတ်ကွက်ကို မည်သို့မျှ အထောက်အပံ့မပေးပါဘဲလျက် စာကြောင်းရေ မရှည် ရှည်အောင် အပိုချဲ့ထွင်လိုက်ခြင်းသာ ဖြစ်ပါသည်။
ကျွန်တော် လိုရင်းရေးရမည်ကား ညမှောင်မှောင် ကြယ်တွေတောက်နေသော အချိန်၌ ပြာပုံမှထကာ အမွေးအလှေးခါးပြီး ကုပ်ကြားတို့အိမ်သို့ သွားပါသည်။
သူတို့အိမ်ဝင်းထဲသို့ ရောက်မိလျှင် ကုပ်ကြားသည် သူတို့အိမ်က အပျိုမကလေးတွေ၏အိမ်ခန်းအောက် ၌ ဆောင့်ကြောင့်ကြီးထိုင်ကာ အပေါ်သို့ခေါင်းမော်၍ ပါးစပ်ကြီးအဟောင်းသား လျှာကြီးတွဲလောင်းနှင့် သွားရည် တမြားမြားကျနေသည်ကို တွေ့ရပါသည်။

ကျွန်တော်သည် သူ့နားသို့ ရောက်သွားကာ..
"ဟေ့ ကုပ်ကြား၊ ဘာများ သရေကျနေတာလဲကွ"
"ရှီး…"
ကုပ်ကြား သည် ကျွန်တော့်ကို အသံကျယ်ကျယ်မမြည်ရန် အရိပ်အခြည်ပြပြီး သူ့အနားသို့ ဖြည်းဖြည်း လာရန် အမူအရာပြပါသည်။
ကျွန်တော်လည်း ဘယ်လိုဟာများ ထူးထူးဆန်းဆန်း မြင်ရမှာလဲ၊ သိချင်ဇောနှင့် သူ့အနားသို့ ကပ်ထိုင် လိုက်ပြီး အသံတုံး တိုးကလေးနှင့်
"ဘာများလဲကွ ကုပ်ကြားရ"
သူက လေသံဖြင့်…
"နားထောင်ကွ၊ ငါတော့ နက်ဖြန် ဘဲရိုး ကိုက်ရတော့မယ် ထင်တယ်၊ ကောင်မကလေးတွေ "ဘဲ" တွေ ချည်း အထပ်ထပ်ပြောနေကြတယ်၊ သူတို့ ဘဲ အများကြီး ဝယ်ချက်လိမ့်မယ် ထင်တယ်"
ကျွန်တော် ခေတ္တမျှကြာအောင် နားစွင့်လိုက်ပါသည်။ ကျွန်တော် ရယ်မိသည်။ အမှန်မှာ ကုပ်ကြားတို့ အိမ်ပေါ် က နှုတ်ခမ်းနီမကလေးတွေ စာဖတ်နေကြခြင်းဖြစ်ပါသည်
ကုပ်ကြားက ကျွန်တော် ရယ်သည်ကို…
"ဟေ့… အောင်နက်၊ မင်းက ဘာရယ်တာလဲကွ"

"ရယ်မှာပေါ့ကွ၊ မင်း သေသေချာချာ နားထောင်ကြည့်ပါဦး၊ ဘယ်ကလာ ဘဲတွေဝယ်ဖို့ ပြောနေကြတာ ဟုတ်ရမလဲ… သူတို့ ဝတ္ထုဖတ်နေကြတာကွ"
ကုပ်ကြား မျက်နှာမှာ အမ်းခနဲဖြစ်သွားကာ…
"ဟေ့… ဟုတ်လားကွ၊ ဘယ့်နှယ်လဲ သူတို့ဝတ္ထုတွေကလည်း "ဘဲ"တွေချည်းပါလားကွ၊ အရင်တုန်းက ဒီလို မဟုတ်ပါဘူး"
"အခု သူတို့စာပေထဲမှာ "ဘဲမော်တီကောင်"ဆိုတဲ့ စာရေးဆရာတစ်ယောက်က သစ်လွင်သော စကား လုံးတွေ ထွင်နေတယ်လေ၊ သူ ရေးလိုက်ရင် "ဘဲတွေ တစ်အုပ်တစ်မ"ကြီးနဲ့ချည်းပဲ။ မင်းက "ဘဲ" ဆို တာ ကြားတိုင်း စားတဲ့ ဘဲ ချည်း အောက်မေ့နေတာကိုးကွ"
ကုပ်ကြားမှာ ရှက်သယောင်ဖြစ်သွားကာ
"ငါ မသိပါဘူးကွာ" ဟု ဆိုပြီး သူ့သွားရည်များကို လျှာနှင့် သိမ်းပစ်လိုက်ပါသည်။

"ကဲ… ကုပ်ကြား မစားရမယ့်ဟာတွေကို မျှော်မှန်းမနေနဲ့၊ အခု ငါတို့ စားပေါက်တစ်ခုဖြစ်လာတယ်ကွ၊ လာ… လာ… ငါတို့ ဟိုခြံထောင့်သွား တိုင်ပင်ရအောင်"
ခြံထောင့် သို့ ရောက်သောအခါ…
"ဒီမှာဟေ့… ကုပ်ကြား မင်းတို့အိမ်က ဖြူရော်ကြီးက တို့အိမ်က ပူစီကို ကြိုက်နေတယ် မဟုတ်လား"
ကုပ်ကြားသည် မျက်နှာကြီးကို ရှုံ့မဲ့လိုက်ကာ
"ဟာ… ဒီကောင်ကြီးတော့ မပြောပါနဲ့တော့ကွာ၊ ကြိုက်လိုက်တာမှ တဝမ်ဝမ် မြည်နေတာပဲ၊ နို့ပြီး ရ အောင် လည်း မခေါ်နိုင်ဘူးကွ၊ အလကား ဂေါ်မစွံကောင်ကြီးပါကွာ"
"အေး ဟုတ်ပြီ၊ ဒီကောင်ကြီး ပူစီကိုရအောင်ဆိုရင် အိမ်ပေါ်က စားစရာတစ်ခုခုတို့ကို ချပေးပါ့မလား"
"ဟာ… ပေးပြီးလားကွာ၊ ဒီကောင်ကြီးက ပေါချာချာကြီးပဲကွ၊ သူတွေ့တာ အကုန်ပေးမှာပဲသာ မှတ် ထား၊ ဘာလို့လဲ… မင့်ပူစီက ဖြူရော်ကို ကြိုက်တယ် ပြောလို့လား"
"မဟုတ်ဘူးကွ၊ ဝါဝီနဲ့ ကြိုက်နေတာ"

ကုပ်ကြားက စိတ်ပျက်ဟန်ဖြင့်…
"ဟာ… ဒါဖြင့် မင့်ဟာက"
"ဟေ… ကုပ်ကြားရ၊ ငါက အကွက်ကောင်းတစ်ခု တိုးထားလို့ကွ၊ ငါ ပြောပြမယ်၊ မင်း သေသေချာချာ နားထောင်စမ်း" ဟု အစချီပြီး ပူစီနှင့် ကျွန်တော် ပြောကြသောစကားကို သူ့အား အကုန်ပြောပြပါသည်။ ကျွန်တော် နောက်ဆက်တွဲစိတ်ကူးထားသည်ကို မဆက်မီ စကားပြော လောကြီးသော ကုပ်ကြားက…
"ဟာ… မင်းဟာက ပူစီဆီက ဆိတ်ရိုးကလေး ရမှာကလေးနဲ့ ငါ့အိမ်က ဖြူရော်ကြီးကို ကိုက်ရမှာလား"
"အေးလေ… ပူစီကတော့ ဒီအတိုင်းပြောတာပဲ။ ဒါပေမဲ့ ငါက ဘယ်ဒီလိုလုပ်မလဲကွ၊ တစ်ချက်ခုတ် နှစ် ချက်ပြတ်ဖြစ်၊ ပူစီ့ဆီက ဆိတ်ရိုးလည်း ရ၊ ဖြူရော်ကြီးဆီက တစ်ခုခုလည်း ရအောင် ထွင်မှာပေါ့ကွ"
"ဘယ်လိုထွင်မှာလဲ" "ပူစီနဲ့ ဖြူရော်ကြီး အိုကေသွားအောင်ပေါ့ကွ"
"ဟာ… မဖြစ်နိုင်တာကွာ၊ ပူစီက ဝါဝီမှ ကြိုက်ပါတယ်ဆိုနေတာကို၊ တို့ကောင်ကြီးကမှ မစွံတာပဲကွ"

"တယ်… ကုပ်ကြားရ၊ မင်းက တယ်နသေးတာပဲကွာ၊ သေသေချာချာ နားထောင်စမ်း၊ ငါ ကြံတာကို ပြောပြမယ်၊ မင့်ဖြူရော်ကြီးက ကြောင်အဖြူကြီးမဟုတ်လား၊ အဲဒီအဖြူကြီးကို နနွင်းသုတ်ပေးလိုက်ရင် ဝါဝီ လို ကြောင်အဝါကြီးဖြစ် သွားရော မဟုတ်လားကွ၊ ဒီတော့မှ ဝါဝီအဖြစ်နဲ့ ဖြူရော်ကြီးကို ပူစီဆီ တင် ပေးလိုက်မယ်၊ ဝါဝီ နဲ့ မွဲခြောက်ကြီးတို့ကိုတော့ တို့က ကိုက်လွှတ်ပေါ့ကွ၊ ဟန်မကျဘူးလား… အဲဒီ အကြောင်း မင့်ဖြူရော်ကြီး ကို ခေါ်ပြောပြီး သူ့ဆီက စားစရာတစ်ခုခု တောင်းပေါ့ကွ၊ ဒါမှ မင်းနဲ့ ငါနဲ့ ခုည အဖို့ ဆိတ်ရိုး နဲ့ ဘာနဲ့ ဇိမ်တိုးမှာကွ… သိရဲ့လား"
ကုပ်ကြားသည် ရုတ်တရက် သဘောပေါက်သွား၍…
"အေး… ဟုတ်ပြီဟေ့၊ ဟန်ကျပြီ၊ သြော်… ဒါထက် တို့ဘယ်က နနွင်းမှုန့် ရမှာလဲကွ"
"အောင်မယ် ပေါလွန်းလို့ကွာ၊ ဟိုလမ်းထိပ် ကုလားဆိုင်ထဲကို မင်းနဲ့ ငါနဲ့ နောက်ဖေး တို့ တိုးပေါက်က ဝင်ပြီး နို့ဆီခွက် နဲ့ ခပ်ယူရုံပေါ့ကွ"

ကုပ်ကြားက ဝမ်းသာသွားကာ…
"ဟေ… ဟုတ်ပြီ၊ မင်း တယ်အကြံဉာဏ်ကောင်းတဲ့ကောင်ပဲကွ" ဟု ချီးမွမ်းပြီးမှ တစ်ခုခုကို တွေးမိဟန် ဖြင့်…
"ဒါပေမဲ့ကွာ… ဖြူရော်ကြီး နနွင်းလူးသွားရုံနဲ့ ဖြစ်ပါ့မလား၊ ကောင်မလေးက မသိတော့ဘူးတဲ့လား၊ အဲဒါ နည်းနည်း စိုးရိမ်ရတယ်"
"အောင်မာ… ဒါလောက် စိုးရိမ်မနေပါနဲ့ကွာ၊ တို့ တိရစ္ဆာန်မပြောနဲ့၊ လူတွေတောင် တစ်ခါတစ်လေ ဒီလိုပဲ ပုံမှားတင်နေကြသေးတာပဲ၊ နို့ပြီး ပူစီက အစိမ်းသက်သက် မဒန်းမကလေးကွ၊ ဒီနှစ်မှ အပျိုဖြစ် တာ၊ သူ့ရည်းစား အနားရောက်လာ ရင် ဘယ်သေသေချာချာ စစ်ဆေးနိုင်မလဲကွာ၊ ဘာခေါ်လဲ လူတွေ ပြောကြတဲ့ ဒိန်းဒလိန်းနတ် ဖမ်းနေ မှာပေါ့ကွ၊ မင့် ဖြူရော်ကြီးသာ ဟန်နဲ့ပန်နဲ့ ရဲရဲရင့်ရင့် သွားပါစေ။ ဒီကောင်ကြီးက ရွံ့တွန့်တွန့်နဲ့ ဣနြေ္ဒပျက်နေမှာ သာ စိုးရတယ်"
ကုပ်ကြားသည် အားရလေဟန်ဖြင့်…
"အမယ်… ဖြူရော်ကြီးက ဒါမျိုးတော့ စိတ်ချရတယ်ကွ၊ ပေါချာချာ မိုက်ကန်းကန်းကြီးကွ၊ အခု ဒါများ ပြောလိုက် ရင် "ခုလား"လို့ လုပ်မယ့်ကောင်ကြီးကွ"

"ကဲ… ဒါဖြင့် မင့်ကောင်ကြီးခေါ်ပြီး ပြောကြရအောင်၊ သူ့ဆီက တစ်ခုခုရမှဖြစ်မယ်ကွ၊ ပူစီနဲ့တော့ အသေ အချာပြောပြီးသား၊ ဖြူရော်ကို နနွင်းသုတ်တင်ပေးလိုက်ပြီး တစ်ခါတည်း တောင်းရုံပဲ ဟား… ဟား… ကုပ်ကြားရ ဟိုဘက်ချုံဆီက ချိုးချိုးချွတ်ချွတ်နဲ့… ဘာလဲဟ"
ကျွန်တော်သည် စကားပြောနေရာမှ သစ်ရွက်ခြောက်တွေ လှုပ်ရှားသံ ကြားမိသဖြင့် နားစွင့်လိုက်ကာ…
"ဟေ့… ကုပ်ကြား သွားကြည့်ရအောင်" ဟု ဆိုပြီး နှစ်ကောင်သား ချုံဆီသို့ သွားကြသည်တွင် ပြေးသွား သော ခွေးတစ်ကောင်ကို မြင်လိုက်ရပါသည်။
ကုပ်ကြားသည် ဂရုမစိုက်သော အမူအရာဖြင့်…
"အလကား… ဟို ခွေးသူခိုး ဝဲစားကလေးပါကွာ၊ သူ ဒီချုံထဲအိပ်ရင်း ဝဲယားလို့ ကုတ်တဲ့အသံပါ။ အခု တို့ လာတာမြင်တာ နဲ့ ပြေးပြီး၊ ဒီကောင်လေး ငါ့ကို သိပ်ကြောက်နေတယ်ကွ၊ လာ… လာ တို့ ဖြူရော်ဆီ သွားကြမယ်"

ကျွန်တော်တို့သည် ကုပ်ကြားတို့အိမ်ဆီသို့ လာခဲ့ကြပါသည်။ မီးဖိုဆောင်အောက်သို့ ရောက်လျှင် ကုပ်ကြားက အပေါ် သို့ မော်ကြည့်၍ ဖြူရော်ကိုမြင်သောအခါ ခဏအောက်ဆင်းလာရန် ခေါ်လိုက်၏။
ဖြူရော် ပေါချာကြီး သည် ကျွန်တော်တို့နှစ်ကောင်ကို ငုံ့ကြည့်ကာ
"ဘာလဲဟေ့… မင်းတို့နှစ်ကောင်က ငါ့ကို အောက်ခေါ်ပြီး ကိုက်ကြမလို့လား"
ကုပ်ကြားက "မဟုတ်ပါဘူးကွာ၊ မင်း ပူစီကလေးနဲ့ အိုကေရအောင် ဒီမှာ အောင်နက် လာပြောလို့ပါကွ၊ လာပါ ဆင်းခဲ့ပါ ကွ၊ တိုးတိုး တိုင်ပင်ရအောင်"
"ပူစီ" ဆိုသောအသံကို ကြားရလျှင်ပင် ဖြူရော် ဂေါ်ငနဲကြီးသည် သုတ်သုတ် သုတ်သုတ်နှင့် ကြမ်းပြင် သို့ လျှောက် သွားပြီး အောက်သို့ ခုန်ချလာပါသည်။ အနီးသို့ရောက်လျှင် ကျွန်တော့်ကိုကြည့်၍…
"ဘာလဲဟေ့… အောင်နက်၊ မင့်အိမ်က ပူစီကလေးက ငါ ညက သီချင်းဆိုပြီး ကြူလိုက်တာနဲ့ ကိုကိုဖြူ ကို ကြိုက်နေပြီ ခေါ်ပေးပါလို့ ပြောလိုက်တာလားကွ၊ ငါကလည်း မှတ်ထား… ညကဖြင့် ကြူလိုက် တာ… တစ်ညလုံးလိုလိုပဲ"

ကျွန်တော့်မှာ ခပ်ပြုံးပြုံးနှင့် ပါးစပ်တစ်ခြမ်း မဲ့မိကာ…
"ဘာလဲကွ… ညက မင်း တစ်ညလုံး တဝမ်ဝမ်နဲ့ လုပ်နေတာဟာ ပူစီကို သီချင်းနဲ့ ကြူနေတာလားကွ"
ဖြူရော်ကြီးက အားရပါးရ မျက်နှာထားနှင့်
"အေးပေါ့ကွ"
"အေး… မင်း သီချင်းကြုတာကလည်းကွာ… ငါဖြင့် နားငြီးလို့ တစ်ညလုံးကို အိပ်မပျော်ဘူး"
"အေးပေါ့ကွာ၊ လူတွေ ပြောကြသလို ခြင်္သေ့ဆီဟာ သိင်္ဂီရွှေခွက်မှာသာ တည်တယ်ဆိုသလိုပေါ့၊ မင်း တော့ နားငြီးမှာပေါ့"
သူကပင် ကျွန်တော့်ကို နှိပ်လိုက်ပါသေးသည်။ သို့သော် ပြန်လည် ချေပခြင်းမပြုတော့ဘဲ ကျွန်တော် တို့ နှစ်ကောင် တိုင်ပင်ထားသည့်ကိစ္စကို သူ့အား သေသေချာချာ ပြောပြလိုက်ပါသည်။
ကျွန်တော့်စကား ဆုံးသောအခါ၌ ကုပ်ကြားက…
"ကဲ… ဖြူရော်ကြီး မင်း ရိုးရိုးတန်းတန်း ဂေါ်လို့တော့ စွံမှာမဟုတ်ဘူး၊ အဲဒီတော့ မရ ရအောင်လုပ်မယ် ဆိုတဲ့ လက်ဝဲနည်းနဲ့ပဲ တွယ်ပေရော့"

ဖြူရော်ကြီးသည် စိတ်ကြီးမာန်ကြီး အံကြိတ်လိုက်ကာ…
"သြော်… မိပူစီ က ဝါဝီ နနွင်းဘူးကို ကြိုက်နေတာကိုးကွ၊ ဒီလိုဆိုတော့ ငါက ဘယ်ချမ်းသာပေးလိမ့် မလဲကွာ၊ မင်းတို့ပြောတဲ့ အတိုင်း လုပ်ပေါ့၊ ငါဖြင့် မျှော်လင့်ချက်ကြီးနဲ့ ညည သီချင်းဆိုပြီး ကြူလိုက်ရ တာ အမော"
ကျွန်တော်က ဖြတ်၍…
"အေး… မင့်သီချင်း သံ တဝမ်ဝမ်ကြီးလည်း ရပ်ပါတော့ကွာ၊ ကျေးဇူးပါပဲ၊ ငါတို့ပြောသလိုသာ လုပ်ပါ၊ မင်း ဟန်ရင် ငါတို့ဆောင်ရွက်ခ ဘာစားစရာ နဲ့ ကျေးဇူးဆင်မလဲသာ ပြောပေတော့"

ဖြူရော်ကြီးသည် ပေါချာချာ မျက်နှာကြီးနှင့်…
"အို… ငါ ပူစီသာ အိုကေရရင်တော့ကွာ၊ တို့ ကျပ်ခိုးစင်ပေါ်မှာ ဆွဲထားတဲ့ ငါးခြောက်ပြားကြီးတွေ ကိုက် ချပေးမှာပဲဟေ့ စိတ်ချ"
"အေး… ဒါဖြင့်လည်း ကောင်းပြီ၊ တို့ နနွင်းမှုန့်သွားခိုးချေဦးမယ်၊ မင်း အဲဒီကသာ စောင့်နေပေတော့၊ တို့ အသံပေးလိုက်ရင် လာခဲ့ သိလား"
ဖြူရော်ကြီးသည် နှုတ်ခမ်းမွေး တစ်ချက် နှစ်ချက် သမ်းရင်း ခေါင်းညိတ်ရင်း အမြီးကြီးတန်းတန်းနှင့် အိမ်ပေါ် သို့ ပြန်တက်သွားလေသည်။ ကျွန်တော်နှင့် ကုပ်ကြားသည် ဗမာ့ရပ်ကွက်၌ စီးပွားရေးဖြတ် လမ်းလိုက်တတ်သူ တို့ကို ကြောက်ရွံ့သဖြင့် စောစောစီးစီး တံခါးပိတ်သော ကုလား ကုန်စုံဆိုင်သို့ လစ် ခဲ့ပါတော့သည်။

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

Thursday, October 4, 2012

သော်တာဆွေ ၏ ဖြတ်စ နှင့် ကျော်စံကေး, အပိုင်း (၁၃)

ကျွန်တော် မှာ ထောင်ကျမည့် လင်ငှားဖြစ်ခဲ့ရသည်ကို တွေးမိ၍ရှက်ရှက်နှင့် ရယ်ချင်စိတ် ပင် ပေါ်လာမိကာ...
"အဲဒါ ကျွန်တော့် ကို ညာခိုင်းပြီးတော့ ခင်ဗျားတို့ကို ကလိန်ကျတာဗျ...၊ ကျွန်တော့်နံမည်ရင်းက မှဲ့တင် မဟုတ်ဘူး ကျော်စံကေးဗျ"ဟု အစချီပြီး ကျွန်တော်၏ တဏှမက နှစ်ဏှာ သုံးဏှာ ၇၅ဏှာ လောက် ရူးမိသဖြင့်  ပတ်တီးချခံရပုံကို အစမှအဆုံးတိုင် ပြောပြလိုက်ပါသည်။
ကို ဆက်ဖတ်ရန် ............

"အဲ...ဒါပါပဲခင်ဗျာ၊ ကျွန်တော်သခင်လည်း မဟုတ်၊ ပဉ္စမံလည်းမဟုတ်၊ ဘိုးဘိုးအောင်အဖွဲ့ဝင် လည်းမဟုတ်၊ ဂျပန် လည်း သဘောမကျပါဘူး၊ ကျွန်တော့လို ရောဂါဟောင်း ခဏခဏထနေတဲ့ လူဟာအင်္ဂလိပ် လက်အောက် မှာ နေရမှာသာ အနောက်နိုင်ငံက ဆေးကောင်းဝါးကောင်းများ ရနိုင်ပြီး ထင်သလို ကမြင်းရမှာမို့လို့ အရှင် အင်္ဂလိပ်အစိုးရများသာ သဘောကျပါတယ်"ဟု ကျွန်တော် တတ်နိုင်သမျှ မျက်နှာသာရအောင် "ပရို-အင်္ဂလိပ် လုပ်၍ ပြောလိုက်ရပါသည်။"

အရာရှိကြီးများ မူကား ဤကျွန်တော် နောက်ပြောသော စကားကို စိတ်မ၀င်စားကြတော့ဘဲ သူတို့ အချင်းချင်း သာ ခွေးကလေးက ကြက်ကလေးနိုင်၊ ခွေးကလေးကို ခွေးကြီးက နိုင်ဖြင့် တစ်ယောက် တစ်ယောက် ဆူပူကြိမ်းမောင်းနေကြပြီး တစ်မိနစ်အတွင်းမှာပင် ကျွန်တော့်ကို ဂါတ်တဲအပြင် သို့ မောင်းထုတ်လိုက်ကြ ပါတော့သည်။
ဂါတ်တဲမှထွက်၍ ပင်ရင်းဌာန ဘုရားသို့ ပြန်လာရင်း၊ ဤတစ်ရက်နှစ်ရက်အတွင်း ကြုံတွေ့ရသည် တွင်ဖြစ်သမျှ အကြောင်း မှာ အကောင်းကို နှိုက်ထုတ်လိုက်ရာ ပထမ၌ လှပသောမဒီကလေးနှင့် ဟန်ဆောင် စိတ်ဖြင့် ဒု-သ-န-သော လိုက်ရခြင်း။ ဒုတိယခေတ္တမျှ မျက်လှည့်ပြလိုက် သည်နှင့်ပင် ကျွန်တော်အဖို့ အရေးကြီးလှသော ကြပ်ဖုံးမာဖလာ တစ်ထည်၊ ရှပ်တစ်ထည်၊ အပေးအင်္ကျီတစ်ထည်၊ ထားဝယ်လုံချည်တစ်ထည် အဖတ်တင် ကျန်ရစ်ခဲ့ခြင်းဖြင့် သူတောင်းစား အင်္ဂါရုပ်မှ လွတ်မြောက်သည်ကို တွေးတောကျေနပ်နေစဉ် ဂျူဘလီဟော ရှေ့ သို့ ရောက်အခါ နောက်မှ....
"ဟေ့... သူတောင်းစား နေဦး"ဟု ပြင်းထန်စွာ ဟောက်လိုက်သော အသံကိုကြားရသဖြင့် လှည့် ကြည့်လိုက်ရာ၊ ကျွန်တော့် ကို လာဖမ်းသည်တွင်ပါသော မြန်မာရာဇ၀တ်အုပ်နှင့် အခြားအမှုထမ်း တစ်ယောက်ကို မြင်ရသဖြင့်...

"ဒီကောင်တွေ ငါ့ပြန်ဖမ်းပြန်ပြီ ၊ ဒီတစ်ခါတော့ ပြန်လွှတ်မှာမဟုတ်ဘူးပြေးမှပဲ"ဟု စိတ်ကူးပေါက် ကာ ဘုရားကြီး ဆီသို့ တစ်ဟုန်တည်း သုတ်ခြေတင်ရပါတော့သည်။
သို့သော် ကျွန်တော်ကိုယ်၌ အနောက်နိုင်ငံမှလာသော အင်ဂျက်ရှင်းဝိတ်များ လေးနေသဖြင့် ဘုရားကြီးစောင်းတန်းလှေကားရင်း တွင် အမောဆို့၍ လဲလေရာ သူတို့နှစ်ယောက်မှာ အဆင်သင့် ပင်မီလာပြီး ဆွဲထူပေးကြ သဖြင့် ရုတ်တရက် သူတို့ကိုပင် ကျေးဇူးတင်လိုက်မိပါတော့သည်။

ကျွန်တော့်မျက်စိများမှာ ဘာကိုမျှ မမြင်ရအောင် ပြာလျက်၊ နားလည်းအူနေသဖြင့် သူတို့ပြောကြ သည်များ ကို ကောင်းစွာမကြားရပါ။ ကျွန်တော့်စိတ်အထင်တွင် ကျွန်တော်အမောဆို့နေသဖြင့် အ၀တ်များကို ချွတ်ပေးမှ သက်သာ မည်ဟု ပြောကြကာ လုံချည် အင်္ကျီများကို ချွတ်နေကြသည်ဟု အောက်မေ့ပါသည်။ အ၀တ်ချွတ်ပြီးကြသော အခါ ကျွန်တော့်ရင်ဘတ်ကို လက်ဝါးဖြင့် ဖိပေးလိုက် သည်ဟု ထင်ရပြီး လစ်ခနဲ သတိမေ့သွားပါသည်။

ပြန်၍ သတိရသောအခါ အနီး၌ တစ်စုံတစ်ယောက်ကိုမျှ မမြင်ရတော့ဘဲ ကျွန်တော့်ကိုယ်တွင် ချွတ်၍ မသင့်လျော်သော ကျွန်တော့်ကိုယ်ပိုင် အတွင်းခံဘောင်းဘီကလေးမှတစ်ပါး၊ အခြား ဘာဝတ်အစားမျှ မရှိတော့ ပါ။ ရင်ဘတ်နည်းနည်းလေးနေသဖြင့် ကိုယ့်ရင်ကိုယ် ငုံ့ကြည့်လိုက်ရာ ဘလာကျင်းနေသော အသားပေါ်၌ ဖိနပ်ရာ တစ်ခု ကိုမြင်ရသဖြင့် မိမိအမောဆို့နေသည်ကို သနား၍ ရင်အုံကို လက်ဝါးနှင့် ဖိပေးလိုက်သည် ဟု အောက်မေ့လိုက်ရခြင်းမှာ ဒိုဗမာရာဇ၀တ် အုပ်မောင်း၏ ဖနောင့်မေတ္တာ လက်ဆောင် နှုတ်ဆက် သွားခြင်းဖြစ်သည် ကို ရိပ်မိပါတော့သည်။

ချည့်ချည့်နဲနဲနှင့်ပင် ထထိုင်လိုက်ရာ ကျွန်တော့်ပေါင်ပေါ်တွင် အကြင်လင်မယားဟန်ဆောင်ခဲ့ရ သောက် ကမြင်းမ ကလေး၏ မေတ္တာစာကို တွေ့ရပါသည်။ သူ့စာမှာ..

"သူတောင်းစား လား...ကျောင်းသားလား ခွဲခြားမသိရတဲ့ ကိုကျော်စံကေး၊ အရေး ကြီး သော နိုင်ငံ ရေးခေါင်းဆောင် တစ်ယောက် ကို ပုလိပ်လက်မှ လွတ်အောင် ကူညီပေးသဖြင့် အထူးကျေးဇူး တင် ပါသည်။"
ထို့ကြောင့် ယခုလိုက်လာသူအား ကျွန်မဟန်ဆောင်၍ ၀တ်စေခဲ့သော ကျွန်မလင်၏ အ၀တ်အစား များကိုပြန်ပေး လိုက်ပါရှင့်။
အရေးတော်ပုံ အောင်ပါစေ။

သခင်မ မြမြအေး

အထက်ပါစာကို ဖတ်ပြီး တောက်တစ်ချက် ခေါက်လိုက်မိပါသည်။ ဤကိစ္စ၌ ကျွန်တော့်ဖမ်းသော ဗမာ ရာဇာဝတ်အုပ် ပါ ပါသည်ကို ရိပ်မိပါသည်။ သူပင် အ၀တ်အစားတွေကို ချွတ်ယူပြီး ကျွန်တော့် ကိုဖနောင့်နှင့်ပေါက် သွားသည်။ ဤစာကိုကိုင်၍ ဂေါက်သွားတိုင်လိုက်မည်ဟု စိတ်ကူးမိပါသည်။ သို့သော်စာ တွင် ၎င်း၏အမည်သေချာစွာ မပါ၊ လိုက်လာသည်ကို မျက်စိနှင့်မြင်ရပါသည်ဆိုက လည်းသက်သေပြစရာ မရှိ၊ အောင့်သက်သက်နှင့်ပင်ကိုတင့်ကြီးနေရာ ဇရပ်သို့ ပြန်ခဲ့ရပါသည်။
ကိုယ်တွင်း ရှိ ရင်းစွဲ စပို့ရှပ်ကလေးမျှ ပြန်ပါမလာတော့သည်ကို မြင်ရလျှင် ကိုတင့်ကြီးက "ဘယ့်နှယ် ကိုကျော်စံကေး... ဘယ်လို ဖြစ်လာခဲ့ပြန်တာလဲ၊ မနက်ကတော့ ခမ်းခမ်းနားနား ၀တ်စားသွားပြီး တော့၊ နို့ပြီး ခင်ဗျားအဆက်ကောဗျ"ဟု ဆီးကြိုမေးလိုက်သဖြင့် ကျွန်တော့်မှာ ပျော့ခွေခွေကလေး ထိုင်ချလိုက်ကာ...
"ဖြစ်ပုံတော့ မပြောပါနဲ့တော့ဗျာ"ဟု အစချီပြီး ကိုတင့်ကြီးအား ဖြစ်ကြောင်းရယ်တဲ့ကုန်စင်လိုက် ရပြန်ပါတော့ သည်။

ကိုတင့်ကြီးသည် ဟက်ဟက်ပက်ပက် ရယ်မောလိုက်ပြီး...
"ခင်ဗျား ဒီမှာ ဆက်မနေနဲ့တော့ ကြာရင်ဒီထက်ဒီဆိုးတာတွေ ဖြစ်နေဦးမယ်၊ အိမ်ကိုသာ ပြန်ပေတော့"
"ပြန်ပါမယ်ဗျာ... မနက်ဖြန်ခါကို ကျွန်တော့်ကို ရထားသာ လက်မှတ်စစ် နှင့်ပြောပြီး တင်ပေးလိုက် တော့ ရထား စရိတ် ပိုက်ဆံ လည်း မရှိဘူး..."
ကိုတင့်ကြီးသည် ထပ်မံရယ်မောကာ...
"ခင်ဗျား ကံကောင်းချင်တဲ့လူများတော့ ကြံဖန်ဖြစ်ရတာပဲ၊ နက်ဖန်ခရီးသည်စီးဖို့ ရထားမရှိတော့ ဘူးဗျ..... ပိတ် လိုက်ပြီ၊ စစ်ရထားတွေပဲ ရှိတော့တယ်၊ ပြောလို့လည်း မရဘူး၊ ပိုက်ဆံပေးလို့ လည်းမရဘူး..."
"အဲ...သောက်ခွ ပဲ၊ မော်တော်ကား ရရင်ရ၊ မရရင်ခြေလျင်သုတ်မှပဲ၊ ငွေလည်း ၄-၅စတော့ မစ လိုက်ပေတော့ဗျာ..."ဟု အသနားခံလိုက်၏။
ထိုနေ့၌ ကိုရင်ကြီးဆွမ်းခံ သွားစဉ် အလယ်ပစ္စယံ၌ မသာတစ်ခုကိုတွေ့၍ သပိတ်လျှံမျှ ပွပေါက်တိုး ခဲ့သဖြင့် ညစာ မှာ ကျွန်တော်သူတောင်းစားမလုပ်ရဘဲနှင့် ၀စွာစားလိုက်ရပါသည်။

နံနက်စောစော ဝေလီဝေလင်းအချိန်တွင် ကိုရင်ကြီး၏ရေသနုတ် သင်းပိုင်စုတ် ကလေး ကို ခြုံကာ သွေးဆေးကန်ဘက်မှ ဆင်း၍ခြေလျင် လျောက်ခဲ့ရာ၊ မြေနီးကုန်းလမ်းဆုံအနီး ပြည်လမ်းကုန်း အတက် တွင် အိမ်ထောင်ပစ္စည်းတွေ နင့်နေအောင် တင်ထားသော ကားတစ်စီးကို တွေ့ရသဖြင့် ကားနံဘေး၌ ထိုင်နေကြသော လူလေးယောက် အား ကိုတင့်ကြီးပေးသနားလိုက်သော ငွေ၅ကို ပြကာသွားသမျှ လိုက်ပါရန် အသနား ခံလိုက်ရာ အတော်စိတ်တိုဟန်တူသော သူက...
"ကိုယ်လူ...ပိုက်ဆံတွေ ဘာတွေပြမနေနဲ့၊ ကျုပ်တို့ကား စက်နှိုးရအောင် တွန်းပေးနိုင်ရင် လိုက်ရ မှာပဲ၊ ကျုပ် တို့ သရက်ချောင်း ကိုသွားမယ်"ဟု ပြောပြသဖြင့် နောက်တစ်မိနစ်တွင် သူတို့နှင့် အတူ ကားကို မချိမဆံ့တွန်းရပါတော့သည်။ ကံအားလျော်စွာပင် စက်နိုးသဖြင့် လိုက်ပါသွား၍ သရက် ချောင်းတာခွတွင် ဆင်းကာနေ၀င်ချိန်လောက် တွင် ရောက်နိုင်သော ကျွန်တော်၏ကျောင်းနေဘက် သူငယ်ချင်း ဘတိုး ရှိရာ တိုက်ကြီးမြို့ ကို ခြေလျင်လျောက်ခဲ့ပါသည်။

မှောင်စပြုလာသော အချိန်တွင် ထိုမြို့သို့ ရောက်ခဲ့၍ဘတိုး တို့အိမ်မှာ အိမ်ရှေ့ဘက်တွင် မီးများ ထိန်ထိန်လင်း လျက် လူစည်းကား လှသဖြင့် ကျွန်တော့်အသွင်အပြင်နှင့် အိမ်ရှေ့ဘက်မှ မ၀င်ရဲ ဘဲ နောက်ဖေးဘက်မှ ၀င်ပြီး ဘတိုး ကို တိုးတိုးကြိတ်ခေါ်မည်ဟု စိတ်ကူးကာ ပြန်ကွေ့ခဲ့ပါသည်။
ဘတိုး တို့အိမ်မှာ ကျွန်တော်လည်ဖူးပတ်ဖူးသဖြင့် မီးရထားလမ်းကျောခိုင်းလျက် အိမ်သာ နားက နောက်ဖေးခွေးတိုးပေါက်ကို ကျွန်တော်ကောင်းစွာ သိပါသည်။ ထို့ကြောင့် မှုန်ရီမင်မွှား အချိန် ကလေး မှာပင် ခွေးတိုးပေါက်မှ လေးဘက်ထောက်ဝင်ခဲ့၍ နောက်ဖေးလှေကားတက်နားရောက် သောအခါ မိုးဖိုဆောင်အောက်၌ "ဂိုးဂိုးဂတ်ဂတ်မြည်နေသော ဘဲခြံတစ်ခုကို တွေ့ရသဖြင့် ဘယ်လောက်များရှိသလဲဟု ငုံ့ကြည့်ကာ"အင်း... မအေပေးဘဲတွေအများကြီးပဲ....၊ တစ်နေ့တစ် ကောင်ပေါင်းခိုင်ပြီး ထန်းရည် နဲ့ ဘေဦးမှပဲဟု စိတ်ကူးနေစဉ် ကျွန်တော့်နောက်စေ့ကို လေးလံသော အရာတစ်ခုဝင်တိုးလိုက်သည်ဟု ငုံ့ကြည့်ကာ "အင်း..မအေပေးဘဲတွေ အများကြီး ပဲ...၊ တစ်နေ့တစ်ကောင် ပေါင်းခိုင်းပြီး ထန်းရည် နဲ့ ဘေးဦးမှာပဲ"ဟု စိတ်ကူးနေစဉ် ကျွန်တော့်နောက် စေ့ကိုလေးလံသော အရာတစ်ခုဝင်တိုးလိုက်သည်ဟု ထင်ရပြီး တစ်ခဏ၌ ကျွန်တော့်ကိုယ်မှာ လူတစ်ယေက်၏ရင်ခွင်တွင် ပက်လက်လန်လျက်...
"ကျော်စံကေး...ကျော်စံကေး"ဟူသော ဘတိုး ၏အသံနှင့်အတူ မျက်နှာပေါ်သို့ ရေများတောက် ဖျန်းနေသည် ကို သိရလေ၏။

ကျွန်တော်၏ဦးခေါင်း မှာ သွက်သွက်ခါမျှ မူးနေလျက်...မျက်လုံးကို တစ်ချက်မျှ ဖွင့်ကြည့်လိုက်ပြီး လူများ ပတ်ပတ်လည် ၀ိုင်းနေသည်ကို ရိုးတိုးရိပ်တိတ်မြင်ရသဖြင့် အနိုင်နိုင်အားယူကာ...
"ဟေ့... ဘတိုး၊ ငါဘာဖြစ်လို့လဲကွ"
"မင်းကို ငါရိုက်လိုက်တာကွ"
"ဟင်း...ရက်စက်လှချည်လား သူငယ်ချင်း"
"ရက်စက်တာ မဟုတ်ဘူးကွ လူမှားလို့"
"ဘယ်လိုမှားတာလဲကွာ"
"ဘိန်းစားကြင်ဟုတ် မှတ်လို့"
"ဘယ်လို...."
"ဒီလိုကွာ...၊ ဒို့အိမ်မှာ ဒီလိုရီတမှောင်အချိန်မှာချည်းပဲ၊ အိမ်ရှေ့ဧည့်သည်တွေနဲ့ စကားပြော နေတုန်းနောက်ဖေးပေါက် က ၀င်ဝင်ပြီး ဘဲတွေ အလစ်သုတ်သွားတာ သုံးကောင်ရှိပြီကွ၊ ဒါနဲ့ ဒီနေ့ ငါတုတ် ကိုင်ပြီးချောင်းနေတော့...မင်းက ဘောင်းဘီတိုကလေးနဲ့ အ၀တ်တစ်ခုခြုံပြီး၊ နောက်ဖေး ခွေးတိုးပေါက် က လေးဖက်ထောက်ဝင်လာပြီး အဲခြံတံခါးနား ငုံ့ချောင်းနေတော့ ငါကဘိန်းစား ကြင်ဟုတ်မှတ်ပြီး တအားဆော် လိုက်တာပေါ့ကွ၊ ချကောင်းလိုက်တာ မပြောနဲ့တော့၊ ဟိန်းသွား လိုက်တဲ့အသံ ဟိုဘက်အိမ်တွေကတောင် ကြားနေရသတဲ့" ဟု အားပါးတရပြောနေရာ ကျွန်တော့်က

"ငါတော့ ဘာသံမှ မကြားလိုက်ရပါကလားကွာ..."
"ဟ... ရိုက်ခံရတဲ့ လူက ကြားနိုင်ပါ့မလား၊ ထိထိချင်း အသံမဖမ်းနိုင်လောက်အောင် မေ့သွားတာကိုး၊ မင်းရုပ် ကလည်းကွာ၊ ဒီအဝတ်အစားနဲ့ ရီတမှောင်အချိန်မှာ တရုတ်ဘိန်းစားကြင်ဟုတ်နဲ့ သိပ်တူတာပဲ၊ နောက် ချသံကြား လို့ လူတွေဝိုင်းလာပြီး မေ့လဲနေတာ ဓာတ်မီးနဲ့ထိုးကြည့်လိုက်တော့မှ… လည်ပင်း ကြပ်ကလေးတွေ အစီအရီ နဲ့ မင်းဖြစ်နေတာ တွေ့ရတယ်၊ မင်းက ဘယ်လိုက ဘယ်လိုဖြစ်လာတာလဲ ကွ…၊ ပြောစမ်းပါဦး" ဟု ကွက်ရှင်ထုတ်လေရာ၊ ကျွန်တော့်အဖြစ်မှာ တိုတိုနှင့် ပြောမပြီးနိုင်သဖြင့်…
"ငါ ခေါင်းမူးလှတယ်ကွာ၊ နောက်မှပြောမယ်" ဟု ပြောပြီး အိပ်ရာသို့ ပွေ့တင်ခြင်းခံရပါသည်။

ဘတိုး ကျွန်တော့်ကို နှံလိုက်သော တုတ်ကြီးမျာ ကျွန်းသား ပုဆိန်ရိုးကြီးဖြစ်၍ ဦးခေါင်း မပေါက်သော် လည်း ဦးရေကြော တို့တွင် သွေးများလေးလံနေသဖြင့် ၃ ရက်မျှ အိပ်ရကြ မထနိုင်ဘဲ လဲနေပါသည်။
ဘတိုးနှင့် ကျွန်တော်မှာ ကျောင်းနေဘက် သူငယ်ချင်းဖြစ်ရုံမျှမကဘဲ လူကြီးမိဘများလည်း ခင်မင်ကြ သဖြင့် ကျွန်တော့်ကို ကောင်းမွန်စွာ ပြုစုကြပါသည်။
အထူးသဖြင့် ကျွန်တော် ပွပေါက်တိုးသည်ကား မကြာသေးမီကပင် အရွယ်ရောက်ဟန်တူသော ဘတိုး နှမ အပျိုသစ်ကလေး ခင်ခင်သီကပါ ကျွန်တော့်ကို ဂရုတစိုက် ပြုစုနေခြင်းဖြစ်၍ အပြင်းအထန်နှံလိုက် သော ဘတိုးကိုပင် ကျေးဇူးတင်မိပါတော့သည်။

အိပ်ရာမှ ထနိုင်သည့်တိုင်အောင် ရက်ပေါင်းများစွာ မူးဝေနေသဖြင့် ကိုယ့်ဆံပင်ပင် လေးလံသည်ဟု ထင်ကာ ဆေးဆရာတစ်ယောက်၏တိုက်တွန်းချက်အရ နှမြောလှစွာနှင့် ကတုံး (ခေါင်းတုံး) ရိတ်ပစ် လိုက်ရပါသည်။ ဆယ့်လေးငါးရက်ခန့်ကြာ၍ ခေါင်းမူးပျောက်သောအခါ ကိုယ့်ဆံပင်ကိုယ် အကြီး အကျယ် နှမြောမိပါတော့သည်။ ဂေါ်ပေါက်တိုးနေစဉ်၌ ကတုံး (ခေါင်းတုံး) ဖြစ်နေခြင်းကြောင့် စိတ် ပျက်ပျက်နှင့် တောက်တစ်ခေါက်ခေါက် ညည်းနေမိရာ တစ်နေ့သောအခါတွင် ဘတိုးက…
"ဟေ့ ကျော်စံကေး၊ ဒို့အိမ်မှာ ရှင်ပြုမယ်လို့ စီမံနေကြတာ မင်း သိတယ်မှုတ်လား"
"အေး… သိတယ်လေ၊ ဒါ ဘာဖြစ်သလဲ"

"မင်း… ကတုံးဖြစ်လက်စနဲ့ သင်္ကန်းဆီးကွာ"
"ဘာ… မင်းက ငါ့ မတော်မတရား တိုက်တွန်းတာလဲ…"
"မင်း သင်္ကန်းဆီးရင် ပွပေါက်တစ်ခု ရှိလို့ကွ"
"ဘယ်လိုတုံး၊ ငါ ချက်ချင်း မိန်းမရမှာလား"
"မင်းက ဒါလောက်ပဲ စိတ်ကူးနေ၊ ဒါကြောင့် မင်း ဒီလိုဖြစ်လာခဲ့တာ၊ ငါ ပြောတာ နားထောင်ဦး၊ ဒီလို ကွ… ငါ့တို့အဒေါ်ဝမ်းကွဲတစ်ယောက်က သူ့တူ လူပျိုပေါက်ကြီးတစ်ယောက်ကို ငါ့ညီကလေးတွေနဲ့ အတူ ရှင်ပြုမယ်ဆိုပြီး သင်္ကန်းပရိက္ခရာတွေ အစုံဝယ်ထားတယ်ကွ…၊ သူ့တူမောင်ကြီးက ပေါချာချာနဲ့ အစဦးတော့ ဟုတ်တိပတ်တိ သင်္ကန်းတောင်းတွေ ဘာတွေ ကျက်လို့။ ၃-၄ ရက်လောက်ကြာတော့ လူက အထစ်ထစ်နဲ့ကိုးကွ…၊ သင်္ကန်းတောင်း ကျက်ရတာဟာ မိန်းမယူတာလောက် မလွယ်ဘူးဆိုပြီး မိန်းမခိုးပြေးရောဟေ့"

"ဟယ်… ဟန်ကျလိုက်တာ"
"မင်းကလည်း ဒါလောက်ပဲ အားကျနေ၊ ငါ ပြောတာ နားထောင်ပါဦး၊ ဒီတော့ မင်းက သူ့အစား သင်္ကန်း ဝင်ဆီး"
"ဘာ… မင်းက ငါ သူ့နေရာဝင် သင်္ကန်းတောင်းကျက်တာနဲ့၊ သူ့လို မိန်းမရရောလား၊ ငါက မင်း ကြီး မောင်ကြီးလို အထစ်ထစ်မှ မဟုတ်တာ"
"မင်းကလည်း မိန်းမရဖို့လောက် စိတ်ကူးထည့်နေ၊ ဒါ ပြောတာ မဟုတ်ဘူးကွ၊ နားထောင်ဦး၊ အဲဒီ အဒေါ်ကြီးက ရန်ကုန်ဗုံးချပြီးလို့ တစ်ရက်ခြားနေ သူ့တူမတစ်ယောက် ခေါ်ရအောင် ရန်ကုန်သွား ရော…"
ကျွန်တော်က ဖြတ်၍…
"ရန်ကုန်ရောက်သွားတော့ သူ့တူမက ဗုံးချနေတုန်းမှာ လင်နောက်လိုက်ပြေးတယ်ဆိုတဲ့ သတင်းကြား ရောလား…"
"မင်းက နောက်မနေပါနဲ့ကွ၊ ငါက အကောင်းပြောနေတာ အဲဒီ ရန်ကုန်သွားတော့ သူ မီးရထားပေါ်မှာ နာရီတစ်လုံး အလကားရခဲ့တယ်ဟေ့…"
"ဟယ်… ဟန်ကျလိုက်တာ၊ မင့်အဒေါ်က အရွယ်ကောင်းတုန်းလား"

"မနောက်ပါနဲ့ဆိုနေ၊ ငါ ပြောတာ နားထောင်စမ်း… အဲဒီနာရီက ကျောင်းတုန်းက အပေါင်ဆိုင် ခဏ ခဏ ပို့တဲ့ နာရီနဲ့ သိပ်တူတာပဲ…"
ဤတွင် ကျွန်တော် ရန်ကုန်သွားစဉ်က ညမီးရထားပေါ်တွင် ကျွန်တော် နာရီ အချောင်ပေးရသည်ကို သတိရလာ၍ စိတ်ဝင်စားလာကာ…
"အေး… သူ နာရီရတာက ညမီးရထားပေါ်မှာ မဟုတ်လား"
"အေး၊ ဟုတ်တယ်"
"ဘယ်လိုက ဘယ်လိုရတာတဲ့လဲ"
"အဲ- ဒါတော့ ငါ မသိဘူးကွ၊ နာရီကတော့ အတော်ကောင်းတယ်၊ မင်းနာရီနဲ့ တစ်မျိုးတည်းပဲ"
"ကဲ… ဆက်စမ်းပါဦး၊ အဲဒါနဲ့ ငါ သင်္ကန်းဝတ်ရမှာနဲ့ ဘယ်လိုဆိုင်သလဲ"

"ဒီလိုကွ… အဒေါ်ကြီးက သူ သင်္ကန်းပရိက္ခရာတွေ အစုံဝယ်ပြီးမှ သူ့တူမောင်ကြီးက ဇယ်နဲ့လစ်ပြေး တော့ ခဲလေသမျှ သဲရေကျဖြစ်ပြီဆိုပြီး အကြီးအကျယ် ဆောဒီးဖြစ်နေတယ်ကွ။ အဲဒီတော့ သူ့တူအစား သင်္ကန်းဝင်ဆီးတဲ့လူကို အဲဒီနာရီပေးမတဲ့ကွ။ နာရီအတော်ကောင်းတော့ သူ စည်းချင် ငါ စည်းချင်ပဲ… ဒါပေမဲ့ ငါက မင်း ကတုံး(ခေါင်းတုံး) ဖြစ်လက်စနဲ့ ရချင်းရ မင်း ရပါစေဆိုပြီး အဒေါ်ကြီးကို၊ နေဦး… ကျွန်တော့်သူငယ်ချင်းကို ပြောကြည့်ဦးမယ်၊ ဒီ့ပြင်လူ ခွင့်မပြုလိုက်နဲ့ဦးလို့ ငါက တားထားတာကွ…၊ ငါ သာ မင့်လို ကတုံး (ခေါင်းတုံး) ဆိုရင် ဆီးတယ်ကွာ…၊ ဘာလဲကွ မင်း စည်းရ အလွန်ဆုံး ခုနစ်ရက်ပေါ့၊ ညစာထမင်း ခုနစ်ရက်ရှောင်ရတာနဲ့ ၇၀ိ၊ ၈၀ိရ တန်တဲ့ ပစ္စည်းရတယ်ဆို နည်းလား… မင်း ည မဆာရ ပါဘူးကွာ၊ ငါ လာလာပြီး ဖျော်ရည်နဲ့ ထန်းလျက်ပို့ပါ့မယ်… မင်း ကတုံး (ခေါင်းတုံး)ဖြစ်လက်စနဲ့ ဆီး သာ ဆီးကွာ… မင်းစိတ်ကူးမလွဲနဲ့၊ မင်း ကြာရှည်ဆီးနိုင်လေ ပွလေပဲ။ မှတ်ထား…၊ မင်း ကြာကြာဆီးနိုင် လေ ပွလေပဲ။ မှတ်ထား…။ ငါ့အဒေါ်က အပျိုကြီးကွ၊ ပိုက်ဆံအတော်ရှိတယ်… သူ ရှင်ပြုချင်နေတာ ကြာလှပြီ၊ မင်း ကြာကြာဆီးနိုင်ရင် သက္ကလတ် သင်္ကန်းတို့ ပိုးသင်္ကန်းတို့ အိုး… ကုန်ကုန်ပြောမယ် ကွာ… မင်း လိုချင်တာ အကုန်ရနိုင်တယ်"
"ဒါဖြင့် မင်းအဒေါ်ကြီး ငါ ကြည့်ချင်သေးတယ်ကွာ"

ဖိုးကတုံး ရုတ်တရက် မျက်လုံးပြူးသွားကာ…
"ဘာလဲကွ၊ မင်းက ငါ့အဒေါ် အပျိုကြီး ပိုက်ဆံရှိတယ် ဆိုတာနဲ့ ရုပ်ဖြောင့်ရင် အပိုင်စီးမလို့လား…"
ကျွန်တော် ရုတ်တရက် ပြုံးမိပါသည်။ ကျွန်တော် အမှတ်မဲ့ပြောလိုက်စကားမှာ ဘတိုး ထင်မယ်ဆို ထင် စရာပင်ဖြစ်နေပါသည်။ အမှန်စင်စစ် ဘတိုး နောက်ပြောသောစကားများကို စိတ်မဝင်စားဘဲ ညမီးရ ထားပေါ်က နာရီအလကားရလာတယ်ဆို၍သာ ကျွန်တော့် နာရီအပိုင်စီးသွားသော အဒေါ်ကြီး ဟုတ် မဟုတ် သိလို၍ ပြောလိုက်ခြင်းဖြစ်ပါသည်။
ကျွန်တော်က ဆက်၍…
"မဟုတ်ပါဘူးကွာ၊ ဒီလို သက်ကြီးဝါကြီး ငါ မကြံပါဘူး၊ ကိုယ့်သာသနာဘောင်သွင်းမယ်ဆိုတဲ့လူ ကိုယ့် ကြည့်ချင်သေးတာပေါ့ကွ"

"ကဲ… မင်း ကြည့်ချင်တယ်ဆိုရင်… ပြောတုန်းဆိုတုန်းပဲ လာနေပြီ…" ဟု ပြောပြီး အိမ်ရှေ့ဘက်ကို လှမ်း၍…
"လာ ဒေါ်ဒေါ်စိန်၊ ဒီဝင်ခဲ့ပါဦး" ဟု လမ်းလျှောက်သွားသော အဒေါ်ကြီးတစ်ယောက်ကို လှမ်းခေါ်လိုက် ၏။
အဒေါ်ကြီးသည် ရှေးအပျိုကြီးပီပီ ခပ်စွာစွာကလေးပင်…
"ဟ… ဘာတုံးဟ" ဟု ဆိုကာ ဝင်လာပါသည်။
သူ့အသံကြားလိုက်ရသည်နှင့်ပင် ကျွန်တော့်ရင်ထဲမှာ ဒိတ်ခနဲ ဖြစ်သွားပါသည်။

သူ့မျက်နှာ မြင်လိုက်ရသောအခါတွင်မူ ကျွန်တော် ရင်ကုန်သွားစဉ်က ညမီးရထားပေါ်၌ အိမ်သာထဲမှ မိန်းမဝတ်ကတ္တီပါကွက်အင်္ကျီလေး တစ်ထည်တွေ့၍ သခင် မပေါ်သဖြင့် ချမ်းလှသည်နှင့်  တိုနန့်နန့် ကလေး ဝတ်လျက်သား အိပ်ပျော်နေစဉ် လည်ကုပ်ကို ရုတ်တရက် ဆွဲထူလိုက်ပြီး ကျွန်တော့်ကို သူခိုး စွပ်စွဲကာ သူ့အင်္ကျီချက်ခြင်းချွတ်ပေးရမည်ဟု မျက်နှာပေါက်ဆိုးဆိုးနှင့် အပေါက်ဆိုးမှုတ်နေသည်ကို ရုတ်တရက် မြင်ယောင်လာလျက် ကြက်သီးဖြန်းခနဲ ထမိပါသည်။
"နင် သူခိုး၊ ခုချွတ်… ခုချွတ်" ဆိုသော အသံဆိုးကြီးကိုလည်း ကြားယောင်မိပါသည်။ အင်္ကျီချွတ်ပေး လိုက်သောအခါ၌လည်း အင်္ကျီအိတ်များထဲစမ်းကာ ငွေ ၅၀ိ ပျောက်သည်ဟုဆိုပြီး ကျွန်တော့်ကို ပုလိပ် လက်အပ်မည်ဟု ပြောသောကြောင့် ကျွန်တော်မှာ ကြံရာမရဘဲ ၉၇ ကျပ် ၈ ပဲ ပေးရသော နာရီအသစ် စက်စက်ကို အပ်လိုက်ရပါသည်။

ယခုမူကား သူ့နာရီတစ်လုံး ညရထားပေါ်က အလကားရခဲ့သည်ဟု ပြောနေပါသည်။
"ဟင်း… မအေပေး ကလိန်မကြီး၊ သူ့အင်္ကျီတိုနန့်နန့်ကလေး ချမ်းလို့ ဝတ်မိတာနဲ့ ငါ့နာရီလိမ်ယူသွား တယ်။ ခုတစ်ခါကျတော့ သူ့သင်္ကန်း ငါ ဝတ်ပြီး ငါ့နာရီ ပြန်ယူဦးမှာပဲ" ဟု စိတ်ကူးမိပါသည်။
အဒေါ်ကြီး အနီးသို့ရောက်သောအခါ ဘတိုးက…
"ဒေါ်ဒေါ်စိန်… ကျွန်တော် ပြောတာ သူပဲ" ဟု ကျွန်တော့်ကို ပခုံးကိုင်ပြပါသည်။
အဒေါ်ကြီးက ကျွန်တော့်ကိုကြည့်ကာ…
"မင်း တကယ် သင်္ကန်းဆီးမယ်လား"
"ဒေါ်ဒေါ် နာရီတစ်လုံးပေးမယ်ဆိုရင် ကျွန်တော် ဆီးမှာပေါ့…"
"ငါက မပေးဘဲရှိပါ့မလား…၊ ငါ ရထားပေါ်က ကြမ်းပိုးတစ်ကောင်ဆီက ဖရီးအပိုင်စီးလာခဲ့တာပဲ" ဟု ပြောလိုက်ရာ ကျွန်တော် အတော်ကလေး အောင့်၍ သွားပါသည်။
အဒေါ်ကြီးမူကား ယခု ကျွန်တော့်မှာ ခေါင်းတုံးလည်းဖြစ်ပြီး ဘတိုး၏ကြပ်ဖုံးမာဖလာကိုလည်း ပတ် ထားပြန်ဖြစ်သောကြောင့် ကျွန်တော့်ကို လုံးလုံး မမှတ်မိတော့ပါ။
"ခင်ဗျားကြီး အပိုင်စီး၊ ကျွန်တော်ကလည်း ပြန်အပိုင်စီးရတာပေါ့ဗျာ…" ဟု စိတ်ထဲရေရွတ်ကာ သင်္ကန်း ဆီးရန် ကောင်းစွာသဘောတူလိုက်ပါသည်။

ဤအတိုင်းပင် ကျွန်တော့်မှာ ထိုမြို့၌ ဘတိုး၏မဟာဒုတ်မဲပေါက်၍ သင်္ကန်းဝတ်လိုက်ရသည်။
ခုနစ်ရက်မြောက်၍ ကိုယ့်နာရီ ကိုယ်ပြန်ရသဖြင့် ထွက်မယ်ဆို ထွက်နိုင်ပါပြီ။ သို့သော် မနက်တစ်ကြိမ် ညတစ်ကြိမ် ဆွမ်းပို့ဖျော်ရည်ပို့လာနေသော ဘတိုးနှမ အပျိုအသစ်ကလေး ခင်ခင်သီကို အရေးပေါ် သင်္ကန်းဝတ်အဖြစ်နှင့် ဂေါ်ရခြင်း၊ ဒုတိယ ယခုကျွန်တော်၏ပစ္စည်းလေးပါး ဒါယိကာမကြီး ဘတိုးအဒေါ် အပျိုကြီးက ဘတိုးပြောစကားအရ ကြာကြာဝတ်နေလျှင် လိုချင်တာရမည်ဟု ဆိုထားခြင်း၊ တတိယ ယခု ကျွန်တော် သင်္ကန်းဆီးနေကြောင်းကို မွေးသဖခင်ထံ အကြောင်းကြားလိုက်ပြီဖြစ်၍ မွေးသဖခင် သည် ကျွန်တော် လုပ်သမျှတွေ အပြစ်လွှတ်ပြီး ကျွန်တော့်ထံ ဦးခိုက်လာမည်ဖြစ်ခြင်း၊ ဤအကြောင်း သုံးခုကြောင့် တစ်ချက်ခုတ် သုံးချက်ပြတ်သဘောနှင့်ဆက်၍ သင်္ကန်းဝတ်နေလိုက်ပါသည်။

သို့သော် ကျွန်တော်မှာ သာသနာ့ဘောင်၌ ကြာရှည်စွာ ပါရမီ မပါလေရကား သင်္ကန်းဝတ်၍ ကိုးရက်ခွဲ မျှ အကြာတွင် "ဘတိုးနှမ ခင်ခင်သီကလေး လင်နောက်လိုက်သွားပြီ" ဟူသော သတင်းဆိုးကို ကြားရ လေ၏။
ဤအရေးကြီးဆုံးသော မျှော်လင့်ချက်ကြီး ပျက်လျှင်ပျက်ခြင်း နောက်တစ်နေ့မှာပင် နှမလင်နောက် လိုက်သဖြင့် ရှက်ဒေါသဖြစ်နေသော ဘတိုးကို နောက်လိုက်ကျောင်းသားပြုကာ သင်္ကန်းဝတ်နှင့်ပင် ဒကာမကြီးထံ စရိတ်တောင်းပြီး ဇာတိချက်ကြွေ မွေးဌာနေသို့ ကြွခဲ့ပါတော့သည်။
သင်္ကန်းမချွတ်သေးသည်ကား သာသနာ့ဘောင်၌ ပျော်ပိုက်၍မဟုတ်ပါ။ ကျွန်တော့်အပေါ်၌ မွေးသ ဖခင် ပြုလုပ်မည့် ဒေါသတို့ကို သင်္ကန်းရောင်ဖြင့် ချေမှုန်းရန်ဖြစ်ပါသည်။

အိမ်သို့ပြန်ရောက်သောအခါ ကျွန်တော်တို့အိမ်မှာ ယခင်ကနှင့်မတူ ဧည့်သည်မိသားစုရောက်နေပြီး တစ်မျိုးတစ်ဖုံ စည်းကားပျော်ရွှင်ဖွယ်ကောင်းနေပါသည်။ အထူးသဖြင့် ကျွန်တော် သတိပြုမိသည်မှာ အလွန်တရာ ချောမောလှပသော မိန်းမပျိုတစ်ယောက်ပါရှိနေခြင်းဖြစ်ပါသည်။
ကျွန်တော်တို့ရောက်ကြသည်မှာ ညအချိန်ဖြစ်၍ ဤမာတုဂါမလေးကို မြင်လျှင်မြင်ချင်း ကျွန်တော့်မှာ  မိမိကိုယ်က သင်္ကန်းကို မေ့လျော့ကာ အပြင်းအထန် ဂေါ်ချင်စိတ်များ ပေါ်လာပါသည်။
သို့သော် ဆွေမျိုးသားရင်းချာလား၊ ခပ်ခွာခွာလား ခွဲခြားမသိရသေးသဖြင့် အသာဘရိတ်အုပ်၍ ထား လိုက်ရပါသည်။ တစ်အိမ်လုံးပင် ကျွန်တော်နှင့် ဘတိုးအား နိုင်ငံရေးအကြောင်း၊ မြို့ရွာ အကြောင်းများ ကို မေးမြန်းနေသဖြင့် ကျွန်တော့်မှာ ဆွေလားမျိုးလား၊ မေးမြန်းရန် အခွင့်မရတော့ဘဲ နေ၀င်ချိန်တွင် သင်္ကန်းဝတ်များစံရာ ကျောင်းဝိဟာသို့ မြန်းခဲ့ရ၍ ဘတိုးမှာမူ အိမ်၌ နေရစ်ခဲ့ပါ တော့သည်။
ကျွန်တော် သင်္ကန်းဝတ်နှင့် ပြန်ရောက်လာသည်ကို ကြားကြလေလျှင် ရွာသူရွာသားအပေါင်းတို့သည်  ကျော်စံကေးလို အကောင်က ဘယ်လိုအမြိုက်တရားများ တွေ့ခဲ့လို့ အကျွတ်တရားရပြီး သင်္ကန်းဝတ် လာပါလိမ့်၊ ဧကန္တ တရားထူး တရားမြတ် ရခဲ့ပြီ"ဟု ယူဆကြသော ကျွန်တော့်ထံသို့ ချဉ်းကပ်၍ စုံစမ်း မေးမြန်းကြကုန်၏။

ကျွန်တော်ကား မိမိအကျွတ်တရားရခဲ့သည်ကို လူတိုင်းအား မဟော။ နာသင့်နာထိုက်သူ ထန်းတက် ၀ိဇ္ဇာ ကိုမောင်ခို၊ ချက်အရက် တိတ်တိတ်ခိုး ရောင်းသူ ကိုထွန်းစိန်၊ ကြက်ခိုးကြက်လိုက် ကောင်းသူ ကိုဘိုးငွေ စသော သောက်ဖော်စားဘက် ပုဂ္ဂိုလ်ထူးများကိုသာ ရွေးချယ်ပြီး "ဟစ်လို့သာ ငိုလိုက်ချင် တော့" တရားထူးကြီးကို တိုးတိုးကြိတ်ဟောပါသည်။
သူတို့သည် ထိုအမြိုက်တရားကို ကြားနာပြီးသည်၏ အဆုံး၌ ရယ်မောရလွန်းသဖြင့် ရင်ချောင်ပြီး ခါတိုင်းနေ့များထက်ပင် ပိုမို၍သောက်နိုင်ကြသည်ဟူသတတ်။
သို့သော် သူတို့ ယခုကြားနာရသော ကျွန်တော်၏ "ဟစ်လို့သာ ငိုလိုက်ချင်တော့" တရားမှာ မဆုံးသေး။ ရှေ့တစ်ခန်းကျန်နေပါသေးသည်။

အကြောင်းမူကား ကျွန်တော်  ပြန်ရောက်လာကတည်းက သူ့လယ်ပေါင် လက်မှတ်များ ထည့်ထား သော သားရေအိတ်ကို ခိုးသွားသဖြင့် အပြင်းအထန် စိတ်ဆိုးနေသော ကျွန်တော်၏ မွေးသဖခင်မှာ သင်္ကန်းဝတ်နှင့် ပြန်လာသည့်တိုင်အောင် ဒေါသရှိန် မပြေးသေးဘဲ ရှိနေသောကြောင့် ကျွန်တော့်မှာ အိမ်နားသို့ မချဉ်းကပ်ဝံ့ရှိနေရာ ငါးရက်မြောက်နေ့တွင် ကျွန်တော်၏ ဦးရီးတော်သူ ဗိုက်ရွှဲ ဆရာချစ်ကြီး ဘုန်းကြီးကျောင်းသို့ ရောက်လာပြီး ကျွနတော် ထ၍ ခုန်မိသော သတင်းဆိုးကို ပြောပါတော့သည်။
"ကိုရင်ကြီး ဒီလိုသင်္ကန်းဝတ်နဲ့ပဲ အရိုးထုတ်တော့မလား" ဟု ရိုသေစွာ မေးသဖြင့် ကျွန်တော်က ဣနြေ္ဒ သိက္ခာ ၇၅ ပိဿာလောက်ဖြင့် ...
"ဒီလိုလဲ မပိုင်းဖြတ်ရသေးပါဘူးလေ ..."
"ကိုရင်ကြီးအတွက် အိမ်သားတွေက စိတ်မကောင်းကြဘူးဘုရား ..."
"ဘာကြောင့်တဲ့လဲ ... ဒကာကြီး၊ သာသနာဘောင်မှာ မွေ့လျော်နေတဲ့ဟာကို ..."
"ဒါတော့လည်း ဟုတ်ပါတယ်၊ ဒါပေမဲ့ သားကြီးတစ်ယောက်တည်းရယ်ဆိုတော့ လူ့ဘောင်မှာပဲ နေစေချင်တယ် ... ဘုရား"

ကျွန်တော် ရုတ်တရက် မျက်လုံးပြူးကာ ...
"အို ... ဟုတ်ရဲ့လား၊ အိမ်က ဟိုချောချောကောင်မလေးလား ..."
"မှန်ပါသဘုရား ..."
ဟန်ဆောင်သမျှ ဣနြေ္ဒသိက္ခာတွေ ပျောက်ပြီး ဧကသီ မ၍ ၀ုန်းခနဲ ထခုန်မိကာ ...
"အမယ်လေး ... ဒါစောစောက ဘာပြုလို့ မပြောကြတာတုံး။ ကျုပ် ဆွေးမျိုးမှတ်နေလို့၊ ရောက်ရောက် ချင်း ပြောရောပေါ့ ... ရောက်ရောက်ချင်း ပြောရောပေါ့"
"နို့ ... ကိုရင်ကြီးက သာသနာဘောင်မှာပဲ ခေါင်းချတော့မယ်ဆို ..."
"အမယ်လေး ... ဒါ ဘယ်သူပြောတာလဲ ... ဘယ်သူပြောတာလဲ" ဟု မိဖုရားကင်းကိုက် မေးလိုက်ပါ သည်။

"ကိုရင်ကြီးခေါ်လာတဲ့ ကျောင်းသားတပည့်လေ ..."
"အမယ်လေး ... ဘတိုးလား ... ဘတိုး ... ခွေးဘတိုး၊ ကြည့်စမ်း သူ တမင်သက်သက် လှည့်လိုက တာ…"
"ဟုတ်တယ်... သူပဲ ပြောတာ ...၊ ကျွန်တော့် သူငယ်ချင်း ကျော်စံကေးဟာ သိပ်အကျွတ်တရား ရပြီး တော့ ဘယ်နည်းနဲ့မှ လူဝတ်လဲမှ မဟုတ်တော့ဘူး ... ဘာညာနဲ့"
"ကြည့်စမ်း ... ကြည့်စမ်း ... ခွေးသား၊ ကျွန်တော်နဲ့ ပေးစားမှသိလို့ တမင်ဖျက်ပြီး သူ ကောင်မလေးကို ကြံနေပြီ ထင်တယ်..."
"ဒါတော့ မသိဘူး ... ဘုရား၊ သူနဲ့တော့ နှစ်ယောက်တွဲတွဲနေတာပဲ ..."

"ဘာ... ဟုတ်ရဲ့လား" ဟုသာ ပြောနိုင်တော့လျက် ဒကာဗိုက်ရွှဲကြီးကို မစောင့်နိုင်တော့ဘဲ ကိုယ်ရုံကို ဖိုသီဖတ်သီ ပတ်ပြီး သင်းပိုင်ကို ဟကွဲမကာ အိမ်သို့ ဒုန်းစိုင်းပြေးခဲ့ပါတော့သည်။
နောက်မှ ခွေးများ တစ်ပြုံတစ်ခေါင်းကြီး ဆူညံစါာ လိုက်လံ နှုတ်ဆက်ကြသော်လည်း သူတို့ကို ပြန် မကြည့်နိုင်သဖြင့် ကိုယ်ရုံကိုသာ လက်ဆောင်ပေးခဲ့ပြီး အိမ်ပေါက်ဝသို့ အရောက်တွင် ထန်းလက်နွား တစ်ရှဉ်း ဆွဲနေသော ကလေးတစ်ကောင် ၀င်တိုးမိ၍ သူငိုရန် ပါးစပ် မဟမီပင် ...
"ဟေ့ ကလေး မငိုနဲ့အုံး၊ ဘတိုး ဘယ်မလဲ ပြောစမ်းအရင်၊ မင်းနောက်ပြီးတော့မှ အေးအေး ဆေးဆေး ငိုနေ ..."

ကမူးရှူးထိုး အမိန့်ထုတ်လိုက်ရာ ကလေးက အလိုက်သိစွာပင် ...
"ဟိုတလင်းထဲမှာ မမနဲ့ ..." ဟု ပြောပြီးမှ သူ့လုပ်ငန်းစဉ်အတိုင်း ကျယ်လောင်စွာ ငိုလိုက်လေသည်။
သို့သော် ကျွန်တော့်မှာ သူ့ငိုသံ ဈေးဦးမပေါက်မီပင် တလင်းထဲသို့ ရောက်ခဲ့၍ သာသနာဖျက် ဘတိုး အား အလဲထိုးမည်ဟု ဆုံးဖြတ်ကာ သွက်လက်သော ခြေလှမ်းတို့ဖြင့် ဒီကောင်ကို အမြန်ရှာရာ လွယ် ကူစွာ မတွေ့။ နောက်ဆုံး တလင်းကျောဘက် လျှောက်သွားကာမှ မြင်မကောင်း ရှုမကောင်း ကောက် ရိုးပုံနောက် အုန်းနှဲပင်အောက်တွင် ခင်ထားမြင့်နှင့် နှစ်ယောက်သား ကြည်ကြည်နူးနူး ရက်ရက်ရောရော ပွေ့ဖက်နေကြသည်ကို မြင်ပါသတည်း။

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

Wednesday, October 3, 2012

သော်တာဆွေ ၏ ဖြတ်စ နှင့် ကျော်စံကေး, အပိုင်း (၁၂)

ခေတ္တမျှကြာ လျှင် အဒေါ်ကြီးသည် ခွေးကလေး အလိုလိုက် ပါးလျက်နားလျက်၊ ကြာလျှင် ရွှေ ရေး ပန်းကန်ပေါ် တက်တော့ မည်ဟု စိုးရိမ်လာလေရောလား မသိ... "ကဲ မောင်ရင် မင့် ကိုရင်ရူးကြီးက ထမင်းဆာဆာ နဲ့ မျှော်လှရော့မယ်၊ သူဖို့ယူပြီး ပြန်တော့၊ နက်ဖန်မနက်ကျ လာခဲ့၊ မနက်စာ ထမင်း လည်း စားရင်း သွားဖို့ လာဖို့ လည်း အစီးအစဉ်လုပ် ရအောင်"ဟု ပြောသဖြင့် ကျွန်တော့်မှာ ဤတါင်မှ ဤမျှနှင့်ပင် အောင်မြင်စွာ ဆုတ်ခွာ ခဲ့ရ လေသည်။ ကို ဆက်ဖတ် ရန်..............

နောက်တစ်နေ့၌ မြနှင့်ကျွန်တော်မှာ အတော်ပင် ရင်းနှီးယဉ်ပါးသည်ဟု ဆိုရပေမည်။ အဒေါ်ကြီးသည် ဗုံးမချမီ က ခရီးလွန်နေသော တူတစ်ယောက်၏ အဝတ်အစားများ ရှိသည်ဟု ဆိုပြီးလျှင် ကျွန်တော်အားလုံချည် အကျီ တို့ကို ထုတ်ပေးလေ၏။ ထိုအဝတ်အစားများမှာ ကျွန်တော်နှင့် တိုင်းချုပ်ထားဘိသကဲ့သို့ အကျအနဖြစ်နေသဖြင့် ကျွန်တော့် မှာ ဝတ်ကောင်း စားလှနှင့် အတော်ပင် စမတ်ကျ၍ နေပြန်လေ၏။
ထိုနေ့ နေ့ခင်း ၌ ရေမိုးချိုးပြီးကာ ကျွန်တော်၏ သူတောင်းစား အဝတ်အစားများကို ချွတ်၍ မြတို့ ပေးသော အကျီ လုံချည်များကို ဝတ်ဆင်လျက် မြ၏ လိပ်ခွံဘီးကလေးနှင့် ခေါင်းဖြီးနေစဉ် မြ ကိုယ်တိုင်မှာလည်း ရေချိုးပြီး၍ ထမီရင်ရှားနှင့် အလှပြင်လျက်ရှိလေ၏။

မြမှာ အသက် ၂၀ခန့် အသားညိုဝင်းကလေးနှင့် အချိုးအစား ကျနပြည့်ဖောင်းသော ကိုယ်လုံး ကိုယ်ပေါက် ရှိ၍ ယောက်ျားတစ်ယောက်၏ စိတ်ကို လွယ်ကူစွာ နူးညွှတ်အောင် ဆွဲငင်နိုင်ပါ ပေသည်။
မြသည် ဇရပ်ဧည့်ခန်းရှိ တိုင်ကပ်မှန်ကြီး၏ ရှေ့၌ အလှပြင်နေစဉ် ကျွန်တော်သည်ြုပတင်း ပေါက်တစ်ခုကို တစောင်းမှီ လျက် မြမြ၏အလှကျက်သရေကို မကြာခဏကြည့်ရှုကာ စိတ်ကူး နှင့် အူမြူးနေပေ၏။

မြသည် မျက်နှာတစ်ခုလုံးကို အမွှမ်းတင်ပြီးသောအခါ မီးခြစ်ဆံဖျားကလေးနှင့် ဆေးနက်စက် ကလေးတစ်ခုကို ညာဘက်ပါးပြင် တွင် တို့လိုက်ကာ စံပယ်တင်မှဲ့ကလေး ပြုလုပ်လိုက်ပြီး ပြုံး ရွှင်ကြည်လင်သော မျက်နှာ ကလေးဖြင့် ကျွန်တော့်ကို မျက်လုံးရွှဲကြီးနှင့် ဝင့်၍ ကြည့်လိုက်၏။ သွားရည်ယိုနေသော ကျွန်တော်နှင့် အကြည့်ချင်း ဆုံမိ၍ စတင်ရန် ကြံစည်နေသော ကျွန်တော် က...
"ဟင်း... မြက ဒီလိုစပယ်တင်မှဲ့ကလေးနဲ့ဆိုတော့ ပိုပြီးလှသွားတာပဲ" ဟု စကားစလိုက်ရာ မြ သည် ကြည်ရွှင်စွာပင်...
"တကယ်ပဲ... လှသလားရှင်ရဲ့"
"အိုလှတယ် သိလား သိပ်ကိုလှတာပဲ"

"ဒါဖြင့် မြ လိုလှအောင် ရှင်လည်း စံပယ်တင်မှဲ့ကလေး လုပ်ပါလား။ လာလေ... မြလုပ်ပေး မယ်"ဟု ဆေးနက် ကလေး တို့ထားသော မီးခြစ်ဆံကလေးကို ကမ်းလင့်ကာ ခေါ်နေသဖြင့် မြနှင့် နီးစပ်ရန်သာ စိတ်ကူးနေသော ကျွန်တော် သည် မရှက်တရှက် ပြုံးစိစိမျက်နှာကြီးနှင့် မြ အနီးသို့ ချဉ်းကပ်သွားကာ သခင်ချစ်သော ခွေးလိမ္မာ သဖွယ် မျက်နှာကို ခပ်လျော့လျော့ ကလေး မော့ပေးလိုက်၏။
တစ်ကိုယ်လုံး မွှေးကြိုင်နေသော မြသည် နူးညံ့လှစွာသော လက်ကလေးဖြင့် ကျွန်တော့်၏ ပါးပြင်ကို စံပယ်တင်မှဲ့ ကလေး တို့လိုက်ပြီးလျှင် ရွှင်ကြည်သော အသံကလေးဖြင့်...
"ကဲ... မလှဘူးလား၊ မှန်ထဲကြည့်ပါဦး"ဟု ပြုံးရယ်ရင်း ပြောလိုက်သည်တွင် ကျွန်တော့်မှာ တကယ် ပင် မှန်ထဲကြည့်လိုက်မိရာ...ကျွန်တော်၏ စုတ်ချွန်းချွန်း ရှုံ့တွတွမျက်နှာမှာ စံပယ်တင်မှဲ့နှင့် ဂေါ်ရခါးသီးပေါ် ကတ္တရာစေးစက် ပေ သလို ၇ှိနေပါသည်။

"ဟင်...မြကလည်း ဘယ်မှာလှလို့လဲ"ဟု ယောက်ျားတို့အမူဖြင့် အူတူတူပြောလိုက်ရာ မြသည် ကျွန်တော့် တစ်ကိုယ်လုံး သိမ့်ခနဲဖြစ်သွားအောင် ထူးဆန်းသော မိန်းမတို့၏ မူယာသံမျိုးဖြင့်...
"ဟင်း...မြ မျက်စိထဲမှာ လှတယ်သိလား၊ မြက လှအောင်လုပ်ပေးတာ ဖျက်ပစ်ရဘူးနော် ဟုတ်လား" ဟု နှုတ်ခမ်းစူသလိုလို ခြေဆောင့်တော့မလိုလို လုပ်ပြောလိုက်သည်တွင် ကျွန်တော့်မှာ ရုတ်တရက် ကိုယ့်နာမည် မှ မမှတ်မိလောက်အောင် ဖြစ်သွားကာ....
"ဖျက်ပါဘူးဗျာ...ဖျက်ပါဘူး...၊ မြသဘောတော်အတိုင်းပါပဲ"
"နို့ပြီး...သူ့နာမည်ကြီးလည်း ကိုကျော်စံကေးတဲ့၊ ကောင်းလည်းကောင်းဘူး၊ မြက နာမယ် အသစ် ပြောင်းပေးမယ်သိလား"
"အမယ်လေး.. .ပြောင်းပါဗျာ၊ မြ ကြိုက်သလိုခေါ်ပါ၊ ဘယ်လိုနာမည်များ ပြောင်းချင်လို့လဲ"

မြသည် သူ့လက်ညှိုးကလေးနှင့် ငေါ့တော့တော့ထိုးကာ...
"ဟော့ဒီ စံပယ်တင်မှဲ့ကလေးနဲ့လေ...မြမျက်စိထဲမှာ ကြည့်ကောင်းလို့ "ကိုမှဲ့တင်"လို့ ခေါ်မယ် သိလား"
"အမယ်လေး..ခေါ်ပါဗျား...ခေါ်ပါ...၊ မြကြိုက်သလို ခေါ်ပါ"
"ကိုမှဲ့တင် ခေါ်ရင်ထူးနော်"
"ထူးပါ့မယ်ဗျာ ထူးပါ့မယ်"
ဤသို့ ကျွန်တော်တို့နှစ်ယောက် ကြည်နူးနေကြစဉ် အဒေါ်ကြီး ရုတ်တရက်ပေါ်လာသဖြင့် မြက...
"ဒေါ်ဒေါ်ရေ..မြက သူမကောင်းတဲ့ နာမည်ကြီးကို ဖျက်ပြီး ကိုမှဲ့တင်ပြောင်းလိုက်တယ်၊ သူခေါ်ရင် ကိုမှဲ့တင် လို့ခေါ်နော်"
အဒေါ်ကြီးလည်း ကျွန်တော်တို့နှစ်ယောက်ကို စေ့စေ့ကြည့်ကာ....
"ငါ့တူမ သဘောအတိုင်း၊ ခေါ်ရတာပေါ့ကွယ်...ခေါ်ရတာပေါ့"

အဒေါ်ကြီးသည် သူတူမနွဲ့ဆိုးကြီးအပေါ်တွင် အတော်အလိုလိုက်ဟန်တူပါသည်။ မြ၏သွားလာနေ ထိုင်ပုံ ကိုယ်မူလက်ဟန်ကလေး မှာ အလွန်တရာ ပြေပြစ်ကြောင်းရှင်းလှသည်။ မြ၏ပြောဟန်၊ ဆိုဟန်၊ နွဲ့ဟန်၊ ခရာသံ ကလေးများမှာ အင်မတန်ချစ်ဖွယ်၊ နှစ်သက်ဖွယ် ကောင်းလှသည်။ ယခု အချိန်၌ ကျွန်တော် ၏စိတ်ထဲတွင် မြကလေး၏မျက်နှာသာ တစ်ကမ္ဘာထင်နေ၍ လွန်ခဲ့သော ဒုက္ခ တို့ကိုလည်းကောင်း၊ ပထမကြံရွယ် ခဲ့သော (စတယ်လာ) မယ်ကညာကိုလည်းကောင်း ဖုတ်လေ သည့်ငါးပိရှိသည်ဟူ၍ မအောက်မေ့တော့ ပါ။ လွန်ခဲ့သော ဒုက္ခတို့မှ လောကဓံသဘောတရားအရ ယခုလာမည့်သုခတို့၏ အခြေခံလှေကား ထစ်များသာဟု အောက်မေ့ပါသည်။ အမှန်စင်စစ်အချစ် စခန်းအတွက် အဖြစ်ဆန်းများ သာ ဟု တွေးထင်ပါသည်။

သဘောကောင်းသောအဒေါ်ကြီးသည် ကျွန်တော်နှင့်မြ နီးနီးကပ်ကပ်နေကြသည်ကို အပြစ်မှုအပြု၊ လျစ်လျူရှု ၍ နေပါသည်။ ဤမျှသာမက ထို့နေ့ ညနေခင်း၌ မြစ်ဝကျွန်းပေါ်အရပ်သို့ သွားကြရန် တိုင်ပင်သောအခါ ကျွန်တော် မှာ မည်မျှပီတီသောမနဿဖြစ်သနည်းဟုမူ ကြားရသောစကားများ.. ကိုယ့်နားပင် ကိုယ်မယုံသလို ဖြစ်မိပါတော့သည်။
အကြောင်းမူကား အလွန်ပင်အကြံဥာဏ် စိတ်ကူးစိတ်သန်ကောင်းလှသော အဒေါ်ကြီးက...
"ကဲ...သူ့နာမည် ဘယ်သူ၊ မြက ပေးထားတာ...အဲ မောင်မှဲ့တင်... ဒေါ်ဒေါ်တို့သွားရမယ့် ခရီးက.. လှေတစ်တန် လှည်းတစ်တန်နဲ့ တောအရပ်ခရီးဝေးကြီးသွားရမယ့် ဆိုတော့... လူဆိုး လူမသမာတွေကို မတွေ့ရဘူးလို့ မပြောနိုင်ဘူး၊ ဒီတော့ ပစ္စည်းပစ္စယထက် ဟောဒီတူမပျိုအတွက် က အရေးကြီး တယ်။ တူမကို စော်ကားမော်ကားလုပ်မျာ ဒေါ်ဒေါ်အစိုးရိမ်ဆုံးပဲ။

ဒီတော့သွားကြတဲ့ အခါလမ်းခရီးမှာ စကားစပ်လို့ရှိရင် ဘယ်သူကမေးမေး၊ ပြောရမှာလဲ ရှက်ပါရဲ့ကွယ်။ မောင်မှဲ့တင် နဲ့မြဟာ လင်မယားလို့ပြောနော် မောင်မှဲ့တင်...။ မြကလည်း မရှက်ပါနဲ့ကွယ်။ ကိုယ့်လင်သားရှိ တယ်ဆိုတော့ လူများစော်ကားမော်ကားမလုပ်ဝံ့ဘူးကွဲ...."
မြသည် ကျုံ့ကျုံ့ကလေး ထိုင်ကာရှက်ကြောက်သော အမူအရာနှင့် မျက်နှာကလေး ငုံ့၍ ဒေါ်ဒေါ်စီမံအတိုင်းပါပဲဟု ပြောသကဲ့သို့ ဆိတ်ငြိမ်စွာနေ၏။
ကျွန်တော် မူကား ဤစကားကို ကြားလိုက်ရသည်ဟု စက္ကန့်များအတွင်းမှ ကိုယ့်ကိုယ်ကိုယ်မျှ အကောင် အထည်နှင့် ရှိသည်ဟုပင် မထင်ရတော့ဘဲ၊ တစ်ကိုယ်လုံး ပျောက်ကွယ်ကြေးမှုန်းသည် ဟု ထင်လိုက်မိ ပါတော့၏။

ဟန်ဆောင်လင်မယားအဖြစ်မှ တကယ်ညားသွားကြသော ရုပ်ရှင်ဝတ္ထုတို့ကို ကြည့်ဖူးဖတ်ဖူးပါ သည်။ ယခုမြနှင့် ကျွန်တော်မှာ မြေကြီးလက်ခတ် တဗျတ်ဗျတ်နေကြတော့မည်။ ၀မ်းသာလိုက်ပုံ မှာပြောစရာမရှိ။ စတယ်လာနှင့် လွဲရသည် မှာ မြနှင့် ဖူစားဆုံချင်၍သာ ဖြစ်ပါလိမ့်မည်။ ထူးထူးဆန်း ဆန်းသူတောင်းစားဘ၀ကနေပြီး အကြောင်းတရား မျှရမယ့် မြ....မြ...မြ...
နောက်တစ်နေ့နံနက်ပင် ခရီးထွက်ကြမည်ဟု ပြောဆိုတိုင်ပင်ပြီး ၀တ္တရားမကင်းသေးသည့် ကိုရင်ရူးကြီးအတွက် ညစာထမင်း တို့ကို ယူငင်ကာဇရပ်သို့ ပြန်လာခဲ့ပါသည်။
ဝတ်ကောင်း စားလှနှင့် တစ်မျိုးတစ်မည်ဖြစ်လာသော ကျွန်တော့်အားကိုတင့်ကြီးက ဆီးကြိုမေးမြန်း သည်တွင် ပွပေါက်တိုးခဲ့ပုံ အလုံးစုံကိုပြောပြလျှင် လူပျိုဟိုင်းကြီး ကိုတင့်ပင် အားကျသွားရေယို မနာလို ဖြစ်နေမည် စိုးသောကြောင့် အနည်းအကျဉ်း အရိပ်အမြွက်ပြောပြီး နက်ဖြန်ကျွန်တော်တို့ ခရီးထွက်တော့မည် ဟူ၍သာ နှုတ်ဆက်လိုက်၏။

နောက်တစ်နေ့နံနက် စောစောပင် ကျွန်တော်တို့ ဇရပ်သို့ ရောက်ခဲ့၍သွားရန် အ၀တ်အစားများ ထုတ်ပိုးပြင်ဆင်ကြ၏။ အဒေါ်ကြီးသည် ဇရပ်တစ်ဘက်ဆောင်၌ အလုပ်များနေစဉ်၊ ကျွန်တော် သည်မြ ကို မသိမသာ ကလေးစောင်းမြောင်းကြည့်ရှုနေရာ၊ မကြာမီမြသည် ကျွန်တော့်ကို လက်ယပ် ခေါ်သဖြင့် မြအနီးသို့ ချဉ်းကပ် သွားရပါသည်။
မြသည် အသင့်ရှိနေသော ထားဝယ်လုံချည်လိမ္မော်ရင့်ရောင်နှင့် ပင်နီဖျင်တူ အပေါ်အင်္ကျီတစ်ထည် ကိုပေးပြီး...
"ကိုမှဲ့တင် ကလည်း...အ၀တ်အစားလဲလေ"ဟု ချစ်စရာကလေးပြောလိုက်၏။

ကျွန်တော် သည် ဤမျှချောမောလှပ၍ ဤဖော်ရွေးရင်းနှီးလှသော မြ၏မျက်နှာကလေးကို ၀မ်းသာ အားရကြည့်ရှုကာ...
"ကျေးဇူးတင်လိုက်တာ မြရယ်...မြက သိပ်အလိုက်သိတတ်တာပဲ"ဟု ပြောပြီး မြပေးသော အ၀တ် များကိုလဲလှယ်ပါသည်။
အပေါ်အင်္ကျီမှာ ကျွန်တော်နှင့် ကံအားလျောစွာ အဆင်သင့်ပင်ဖြစ်နေ၍ ကျွန်တော်ပင် သားသား နားနားရှိသွားပါသည်။ အ၀တ်အစားလဲပြီးသောအခါ၌ မြသည် ကျွန်တော့်အားသဘောကျသော မျက်နှာကလေးနှင့် သေသေချာချာကြည့်ပြီးမှ....
"ဟင်..သူ့လည်ပင်က အနာရွတ်တွေနဲ့ ကြည့်မကောင်းပါဘူးရော့ ဟောဒီမာဖလာကလေး ပတ်ထားပါ" ဟု ပြော၍သူ့သားရေ သေတ္တာထဲက သက္က္ကထဲက သက္ကလတ်နုမာဖလာကလေးကို ပေးပါသည်။ အစဉ်သဖြင့် ကြပ်ဖုံး မာဖလာသုံးခဲ့ရသော ကျွန်တော့်မှာ မြအားမည်မျှကျေးဇူးတင် လိုက်သည်မသိ၊ ထိုင်၍ရှိခိုးချင် စိတ်ပင် ပေါက်လာမိပါသည်။ အားရ၀မ်းသာစွာ မာဖလာကို လည်ပင်းတွင်ပတ်လိုက်၍ မိမိစိတ်မလုံနေသော ဖုချိုင့် အနာရွတ်တွေ ကို ဖုံးအုပ်လိုက်ရသဖြင့် ကျွန်တော့်မှာ မိမိကိုယ်ပေါ်မိမိ အတော်ပင် ခမ်းနားသွားသည်ဟု ထင်လိုက်ပါ၏။

သို့ရာတွင် ကလေးဆိုးကြီးနှင့်တူသော မြသည်ကျွန်တော့်ကိုစေ့စေ့ကြည့်ကာ အားမရနိုင်သော အမူအရာ မျိုးဖြင့်...
"ကြည့်ပါဦး...သူ့မာဖလာပတ်တာကြီးကလည်း ကြည့်မလှလိုက်တာ၊ မှန်းပါ..မြ ပြင်ပတ်ပေးပါ ဦးမယ်"ဟုဆိုကာ ဆတ်ကဲ့ လတ်ကဲ့မာဖလာကို ပြန်ဖြည်ပြီး သူသဘောကျ ပြန်ပတ်ပေးနေပါ သည်။ ကျွန်တော် ကား မြ၏ကိုယ်ရနံ့တို့ကို နီးစပ်စွာရှူရှိုက်ရင်းဝေဇယန္တာသို့ ရောက်နေသည်ဟု ထင်မိပါ၏။
မြသည် သူ့စိတ်တိုင်း ကျ ယုယုယယ ပတ်ပေးပြီးသောအခါ...
"ကဲ...မှန်ထဲကြည့်စမ်းပါဦး... မြလုပ်ပေးတာ မလှဘူးလားလို့..."

ကျွန်တော်သည် အကယ်ပင် မှန်ထဲကြည့်လိုက်ရာ မြပတ်ပေးပုံမှာ ကျွန်တော်ပတ်နေကျကဲ့သို့ ကြပ်အားလုံးတို့ မလုံ၊ လက်ယာဘက်မေးရိုးအောက်တွင် အနာရွတ်တစ်ခု ပေါ်နေပါသည်။ သို့သော် နွဲ့ချင်တိုင်းနွဲ့နေ လိုသော မြ၏ဆန္ဒကို ဆန့်ကျင်ဘက်မလုပ်လိုပါ။ ထို့ကြောင့်....
"လှပါတယ် မြရဲ့...လှပါတယ်..."ဟု ပြောကာ ပြုံးဖြီးဖြီးကြီးလုပ်နေစဉ် မြက....
"ဟင်..နေဦး...နေဦး၊ မနေ့က မြလုပ်ပေးလိုက်တဲ့ မှဲ့ကလေးသိပ်မထင်တော့ဘူး၊ ထပ်လုပ်ပေး ဦးမယ်၊ မှန်း...မှန်း"ဟုဆိုကာ အနီးရှိမီးခြစ်ဆံကလေးဖြင့် အသက့်ရှိသော ဆေးနက်ကလေးကို ထပ်၍တို့ပေးပြန်လေ၏။ ကျွန်တော် မှာ ဤသို့ မြ၏အပြုအစု အယုအယကို ခံနေရမည်ဆိုပါလျှင် မျက်နှာတွင် မှဲ့ကလေးတစ်စက်မက၊ ကတ္တရာစေး တစ်ပုံး လုံး လောင်းချသည့်တိုင်အောင် မငြင်းဆန်၊ ကျေနပ်နှစ်သိမ့်နေမည် ဖြစ်ပါသည်။

"ကဲ.... ပြီးပြီ၊ မြလုပ်ပေးတာ သဘောကျရဲ့လား"
"ကျပါတယ်ဗျာ၊ ကျပါတယ်"
"မြလုပ်ပေးတာတွေကို ပြင်ပြစ်နဲ့နော်"
"ပြင်ပါဘူးဗျာ၊ ပြင်ပါဘူး၊ မြဆန္ဒအတိုင်းဆို တစ်သက်လုံး ရေမချိုးဘဲတောင် နေပါ့မယ်။ ဟဲ...ဟဲ.. ဟဲ... တကယ်ပါ"
ဤသို့ ကျွန်တော်တို့နှစ်ယောက် ကြည်နူးနေကြစဉ်....
"ပြင်လို့ဆင်လို့ မပြီးကြသေးဘူးလားဟေ့၊ သွားဖို့အချိန်တော်ပြီ"ဟူသော အဒေါ်ကြီး၏အသံ ထွက်လာ၏။
"ပြီးပါပြီ ဒေါ်ဒေါ်...ပြီးပါပြီ"ဟု မြက ပြန်ပြောပြီး တစ်ဖန်ကျွန်တော့်ဘက်လှည့်၍...
"ကဲ..ကိုမှဲ့တင်၊ အ၀တ်သေတ္တာတွေ အပြင်ဘက်ထုတ်လိုက်ပါတော့"ဟုဆိုသဖြင့် ကျွန်တော် သည် လက်ဆွဲသားရေအိတ် တို့ကို ဇရပ်၀၇န်တာသို့ ဆွဲထုတ်ရသေး၏။

နံနက်ခင်း နေသစ်တန်းကျော်သည့်အချိန်တွင် အဒေါ်ကြီးသည် သံသေတ္တာတစ်လုံးကို ခေါင်းပေါ် ရွက်ကာ ထမင်းချိုင့်ကို လက်တစ်ဘက်က ဆွဲ၍လည်းကောင်း၊ ကြော့ရှင်းလှပသော မြသည် သားရေသေတ္တာတစ်လုံးကို ဘယ် တစ်လှည့် ညာတစ်လှည့်စီ ပြောင်းလဲဆွဲငင်၍ လည်းကောင်း၊ ယောက်ျားရင့်မကြီးဖြစ်သူ ကျွန်တော် သည် သေတ္တာနှစ်လုံးကို ဘယ်တစ်ဘက် ညာတစ်ဘက် မချိမဆံ့ဆွဲငင်၍ လည်းကောင်း ဘုရားကြီးပေါ်မှ ဆင်းခဲ့ကာ ညောင်ပင်လေးဆိပ်သို့ ခြေလျင် လျောက်ခဲ့ရလေ၏။
ကျွန်တော်၏ မသန်စွမ်းလှသော ကိုယ်ကာယမှာ တစ်သက်မှာ တစ်ခါမကြုံစဖူး၊ မချိမဆံ့ဝန်ကို ဆွဲဆောင် သွား ရသော်လည်း မြ၏ရနံ့ကို ခံကာခံကာ မောရပန်းရမှန်းမသိ လမ်းတွင် တစ်ထောက်ပြီးတစ်ထောက် ရပ်လိုက်နားနှင့် မကြာမီ သင်္ဘောဆိပ်သို့ ချဉ်းကပ်ခဲ့လေ၏။

သင်္ဘောဆိပ်ဂိတ်ဝင်သို့ ရောက်လေလျှင် ခြောက်လုံးပြူးကိုယ်စီထိုးထားသော ပန်ချာပီတစ် ယောက်၊ အင်္ဂလို အင်ဒီယန်းခေါ် မျက်နှာမဖြူမ၀ါတစ်ယောက်၊ ခေါ်တောမျက်စိရှိသော မြန်မာတစ် ယောက်သည် ကျွန်တော့်အား ကိုယ်နှင့်မတန်သော မြာနှင့်တွဲလာရမည်လောဟု မနာလိုဝန်တို မိစ္ဆာရှိကြလေသလားမသိ၊ သုံးယောက် သား သေသေချာချာ မြနှင့်ကျွန်တာ့်ကိုကြည့်ကြလေ၏။ ကျွန်တော်လည်း အဒေါ်ကြီး သင်ထားသည့်အတိုင်း ငါ့မယားဟူသော စတိုင်နှင့်မြ၏အနားသို့ တိုးကပ်လိုက်၍ မြကလည်းအားကိုးသော အမူအရာကလေးနှင့် ကျွန်တော်ကို တစ်လှည့်၊ သူကိုတစ်လှည့် ကြည့်နေပါသည်။
မျက်နှာမဖြူမ၀ါသည် စာအုပ်ကလေးတစ်အုပ်ကို သူ့ဘောင်းဘီအိတ်ထဲမှထုတ်၍ ကြည့်လိုက်ပြီး "ရက်(စ်)" ဟု မြည်တွန်လိုက်၏။

ဤတွင် မြန်မာအရာရှိက ကျွန်တော့်ကိုလှမ်းကြည့်လိုက်ကာ..
"ကဲ..မိတ်ဆွေ၊ ၀တ္တရားအတိုင်းပဲ"ဟု ဆိုလိုက်ရာ ကျွန်တော်မှာ အူကြောင်ကြောင်ဖြစ်နေစဉ် ချစ်သူ့အတွက် မခံမရပ်နိုင်သော မြကအရာရှိအား မျက်စောင်းထိုးကာ...
"ဘာဝတ္တရား အတိုင်းလဲရှင့်၊ ကျွန်မယောကျာ်းမှာ ဘာအပြစ်ရှိလို့လဲ"ဟု ကျွန်တော်အကြီးအကျယ် ၀မ်းမြောက်စရာ ကက်ကက်လန်အမူအရာနှင့် ရန်တွေ့လိုက်၏။
မျက်နှာဖြူ အရာရှိက မြကိုကြည့်ကာ မပီကလာပီကလာနှင့်....
"ခိုင်ဗျား နာမယ် မြားမြားအေးမဟုတ်လား"

"ဟုတ်တယ်လေ၊ ကျွန်မနာမယ်လေ မြမြအေး၊ ကျွန်မယောက်ျားနာမယ်က ကိုမှဲ့တင် အဲဒါဘာဖြစ် သလဲ"ဟု မိန်းကလေးဖြစ်သော် လည်း ရဲရင်စွာ ပြန်ပြောလိုက်သဖြင့် ကျွန်တော့်မှာ သဘောကျ၍ ဆိတ်ငြိမ်စွာနေ လိုက်ပါ၏။ အဒေါ်ကြီးက စိတ်မရှည်ဟန်လက္ခဏာနှင့်...
"ကဲကွယ်... ဘာနှောင့်ယှက်နေကြတာလဲ...နေမီရေမီ သွားရဦးမယ်"ဟု ပြောလိုက်သည် တွင် မြန်မာအရာရှိ သည်....
"မနှောင့်ယှက်ပါဘူး၊ အဒေါ်တို့ကော သွားနိုင်ပါတယ်။ ဟောဒီ ကိုမှဲ့တင်သာ ၀တ္တရားအတိုင်း"ဟု ပြောကာ ကျွန်တော်ကြောင်တက်တက်ဖြစ်နေစဉ် မှာပင် လျင်မြန်စွာ ကျွန်တော့်လက်နှစ်ချောင်းကို ဆွဲကိုင်ပြီး လက်ထိတ်ခတ် လိုက်လေ၏။

ကျွန်တော်မှာ ရုတ်တရက်လန့်ဖျပ်ကာ ဟင်....ဘယ့်နှယ်လုပ်တာလဲဟူသော အမူအရာဖြင့် မြကို လှည့်ကြည့် လိုက်ရာ မြက...
"အိုး...ဘာမှမကြောက်နဲ့၊ အပြစ်မရှိတဲ့လူ လွတ်လာမှာပဲ"ဟု ကျွန်တော့်ကိုစိတ်မကောင်းသော မျက်နှာလေးနှင့်ကြည့်ရင်း ပြောနေစဉ် မြန်မာအရာရှိနှင့် ပန်ချာပီသည် ကျွန်တော့်အား နှစ်ယောက် ညှပ်ဆွဲ ငင်ကာ ပလက်ဖောင်းနဘေးရှိ မော်တော်ကားဆီသို့ခေါ်သွားလေ၏။
မော်တော်ကား စက်နှိုး၍ အထွက်တွင် မြသည် ပြုံးရွှင်သော မျက်နှာကလေးနှင့် ကျွန်တော့်အား လက်ပြနှုတ်ဆက်လိုက်ပါသေးသည်။
ဤမျက်နှာကလေး ကို ကျွန်တော်ယနေ့တိုင် မေ့နိုင်လိမ့်မည် မဟုတ်ပါ။

လူ့ပြည်ရောက်ကတည်းက ယခုမှ ပထမအကြိမ်မြောက် ဈေးဦးပေါက် လက်ကောက်ဝတ်ရ၍ အမျိုးအနွယ် မသိရသေးသော မိန်းမတစ်ယောက်၏ ကလိန်ကျပုံကို တွေးတောမိကာ နယောင် နလည်မျက်နှာကလေးဖြင့် နံဘေးတွင် ထိုင်နေသော မြန်မာအရာရှိအား...
"ဘာမှုလဲဗျ"ဟု မေးလိုက်စရာ ထိုသတ္တ၀ါသည် သူ၏ဖုထစ်များသော မျက်နှာကို ကြောက်စရာ ကောင်းအောင် ရှုံ့မဲ့လိုက်၍....
"နောက်တော့ သိလိမ့်မပေါ့"ဟု မတိုးမကျယ် ကျွန်တော်ကြားရုံလောက် ပြောလိုက်ပါသည်။
ကျွန်တော့်မှာ နောက်ထပ်ပါးစပ်မဟ၀ံ့တော့ဘဲ ဘာမှုများပါလိမ့်၊ အနည်းဆုံး မုဒိမ်းမှုနှင့် လူသတ်မှု လောက်ဖြစ်နေရောလား...ဟု တွေးတောကာ မဟ၀ှာကြီးငယ်တို့ကို စိတ်ထဲမှာ ဆဲဆိုရေရွတ်ရင်း လိုက်ပါခဲ့ ၍ မကြာမီ လမ်းမတော်ဂါတ်သို့ ရောက်ခဲ့ပါတော့သည်။

ဂါတ်ထဲသို့ ၀င်မိလျှင် စားပွဲတွင် အခန့်သားထိုင်နေသော အရာရှိ မွတ္တားကြီးက ကျွန်တော့်ကို စိမ်းစိမ်း စားစားကြည့်ရှုကာ...
"သြ... တွေ့ခဲ့ကြပလား၊ ဟိုမအေပေးတွေက နေ့ဆက်ညဆက် သွားချောင်းနေကြပြီး ဘာတွေ များလုပ်နေကြ သလဲ မသိပါဘူး"ဟု ပြောပြီးအနီးရှိ အမှုထမ်းတစ်ယောက်ဘက်လှည့်၍...
"သွား...လှမောင်၊ ဟို...မသာကောင်တွေ အကုန်လုံး ပြန်ခေါ်ခဲ့တော့"ဟု အော်ဒါပေးလိုက်၏။
၎င်းနောက် တယ်လီဖုန်းကိုကိုင်ကာ ဟဲလိုတွေ၊ ရက်စ်တွေ လုပ်ပြန်၏။ ကျွန်တော်မှာ သူတို့ကိစ္စ မည်မျှအရေးကြီးသည်ကို နားမလည်၊ ဘုမသိဘမသိနှင့်ပင် အချုပ်ခန်းထဲ ရောက်ခဲ့ပါတော့သည်။ "အို...ကိစ္စမရှိပါဘူး...၊ အပြစ်မရှိတဲ့လူ လွတ်လိမ့်မပေါ့"ဟူသော ခွေန်းနာမ၏ စကားကိုကြား ယောင်လျက် ကိုယ့်ကိုယ်ကိုယ် "အို...ဒီလောက်တောင် မိန်းမမြင်ဂေါ်ချင်တဲ့ကောင် မသကာကြိုး စင်ပေါ့"ဟု တွေးတောကာ ကိုယ့်စိတ် ကိုယ်ဖြေနေရပါတော့သည်။

နှစ်နာရီခန့်ကြာလတ်သော် ကျွန်တော့်ကို အပြင်သို့ ထုတ်၍ဖမ်းလာသောအရာရှိသုံးယောက်နှင့် ဌာနအုပ်ဖက်တီး အပြင် ခရုသင်စွဲသလောက် အသားဖြူနေသော အခြားအရာရှိကြီး တစ်ယောက် ကို တွေ့ရလေ၏။
အသားဖြူကောင်ကြီး က ကျွန်တော့်ကို မြင်လျှင်မြင်ချင်း လင်ငယ်နောက်လိုက်သွားသော သူ့မယား ကိုပြန်တွေ့ရ သကဲ့ သို့ မျက်နှာကို အကြီးကျယ်ရှုံ့ကာ...
"ဟင်..ဘယ့်နှယ်...ပဉ္စမံတပ်သား၊ မရှောင်နိုင်တော့ဘူးလား"ဟု အံကြိတ်၍ အပေါက်ဆိုးမှုတ်လိုက် ရာကျွန်တော့် မှာ ရုတ်တရက်အံ့အားသင့်သွား၍...
"ဘာပဉ္စမံလဲ၊ ကျုပ်တို့မြန်မာလူမျိုးထဲမှာ ပဉ္စမံတစ်ယောက်မှ မရှိသေးဘူး"
"အိုး..မင်းတို့ အဖွဲ့ချုပ် မသိဘူးမှတ်သလား"

"ဘာအဖွဲ့လဲ...."
"ပဉ္စမံအဖွဲ့လေ...."
"ပဉ္စမံအဖွဲ့ရယ်လို့ ကျုပ်တို့မြန်မာလူမျိုးထဲမှာ မကြာသေးဘူး၊ ပဋ္ဌမံအဖွဲ့သာ ရှိတယ်..."
မျက်နှာဖြူကြီး အံ့အားသင့်သွားကာ...
"ပဋ္ဌမံအဖွဲ့"ဟု အာမေဋိတ်သံနှင့်ပြောလိုက်၏။
"ဟုတ်တယ်...၊ ကျုပ်သိတာပြောရတာ"
"လူဘယ်လောက်များသလဲ..."
"အိုး...အများကြီးရှိတာပဲ၊ ရှစ်သောင်းလေးတောင်လို့ ပြောကြတယ်"
"ခေါင်းဆောင် ဘယ်သူလဲ"
"ဘိုးဘိုးအောင်"

အင်္ဂလိပ်ကြီးသည် သူမသိရသေးသော အရေးတကြီးလူ၏နာမည်ကို ကြားရသဖြင့် အံ့အားသင့် နေစဉ် အနီးရှိမြန်မာ က ကျွန်တော့်ဆိုရင်းကို အင်္ဂလိပ်ဘာသာဖြင့် ရှင်းပြလိုက်သည်တွင် ကျွန်တော့် ကိုမဲ့ပြုံးပြုံး၍ကြည့်ကာ...
"ဟင်း....သခင်မှဲ့တင် ရူးချင်ယောင်ဆောင်သလား"
"ဘာ ရူးချင်ယောင်ဆောင်သလဲ၊ ကျုပ်သခင်မှဲ့တင်မဟုတ်ဘူး"
ဗိုလ်ကြီးသည် အနည်းငယ်ရယ်မောကာ...
"ကျုပ်ကိုညာလို့မရဘူး၊ ဒီမှာဓာတ်ပုံရှိတယ်"ဟု ပြောပြီးဓာတ်ပုံတစ်ခုကို ပြပါသည်။ ဓာတ်ပုံမှာ ကျွန်တော်နှင့် အတော်တူနေသဖြင့် အံ့အားသင့်နေစဉ် ဗိုလ်ကြီးသည် စာရွက်တစ်ခုကိုဖြန့်ပြီးလျှင် ကျွန်တော့်လည်ပင်းဆီသို့ လက်ညှိုး ထိုးကာ...

"ဟောဒီမှာ ညာဘက်မေးရိုးအောက်မှာ အနာရွတ်တစ်ခုရှိတယ်၊ ဘယ်ဘက်ပါးမှာ မှဲ့ ရှိတယ်၊ မောင်မင်းငြင်းနိုင်သေးသလား"ဟု ပြောလိုက်ရာ ကျွန်တော်မှာ ရုတ်တရက် မဟ၀ှာကလေး၏စီမံ ပုံကိုတွေးမိ ၍ ဟက်ဟက်ပက်ပက် ကျယ်လောင်စွာ ရယ်မောလိုက်ပါသည်။
ဗိုလ်ကြီးမှာ အံ့အားသင့်ပြန်၍....
"မောင်မင်း တကယ်များ ရူးသလား"
"မရူးပါဘူးဗျာ...မရူးပါဘူး၊ ဟောဒီလည်ပင်းမှာ အနာရွတ်တစ်ခု ရှိတယ်လို့ ဆိုတယ်မဟုတ်လား"
"ဟုတ်ကဲ့... ဟောဒီမှာ ကြည့်ဗျ၊ အနာရွတ်တစ်ခု မကဘူး၊ လည်ပင်းတစ်ခုလုံး ကြပ်အပြည့်ရှိ တယ်"ဟု ပြောကာ မဟ၀ှာ ယုယစွာစည်းပေးလိုက်သော ကြပ်ဖုံးမာဖလာကို ဆွဲဖြည်၍ပြလိုက်ပါ သည်။
အရာရှိ အားလုံး မျက်လှည့်ကြည့်သလို အံ့အားသင့်နေစဉ်ပင် ကျွန်တော်က ထပ်၍... "ဟောဒီမှာ.. မှဲ့ရှိတယ် ဆိုတယ်နော်... ကြည့်လိုက်ပါ"ဟု ဆိုကာ ရုတ်တရက် လက်ဝါးတံတွေးနှင့်ဆွတ်ပြီး မဟ၀ှာကလေး တို့ပေးလိုက်သော ဆေးနက်ကို သွေးထွက်လုနီးအောင် ပွတ်တိုက်ပြလိုက်ပါ သည်။

၇၅စက္ကန့်အတွင်း၌ သူတို့၏မျက်နှာများသည် အံ့သြရာမှ မျက်မှောင်များ ကုပ်လာကြကာ ကျွန်တော့်ကို ဖမ်းလာသော ပန်ချာမောင်က....
"မင်း ဒါဖြင့် ဟန်ဆောင်လာဒါပေါ့"ဟု ကုလားသံဖြင့် ဒေါမာန်ပါပါ ဟောက်လိုက်ပါသည်။
"အေး...ထင်မယ်ဆို ထင်စရာပဲ...ကျွန်တော်၏ စကားမဆုံးမီ ဗမာငနဲက...
"ဘာထင်မယ်ဆို... ထင်စရာလဲ၊ သခင်မမြမြအေးက..."

ကျွန်တော် အံ့အားသင့်ကာ...
"ဘယ်သခင်မမြမြအေးလဲ"
"အောင်မာ...ဘာအူကြောင်ကြောင် လုပ်တာလဲ၊ သင်္ဘောဆိပ်မှာ ဒိုနဲ့တွေ့တော့ မင်းကို ဒါကျွန်မ ယောက်ျား ကိုမှဲ့တင်လို့ ပြောတာ၊ မင်းကဘာစတိုင်ကြီးနဲ့ ငြိမ်နေရတာလဲ"
ကျွန်တော် မှာ ထောင်ကျမည့် လင်ငှားဖြစ်ခဲ့ရသည်ကို တွေးမိ၍ရှက်ရှက်နှင့် ရယ်ချင်စိတ်ပင် ပေါ်လာမိကာ...
"အဲဒါ ကျွန်တော့်ကို ညာခိုင်းပြီးတော့ ခင်ဗျားတို့ကို ကလိန်ကျတာဗျ...၊ ကျွန်တော့်နံမည်ရင်းက မှဲ့တင် မဟုတ်ဘူး ကျော်စံကေးဗျ"ဟု အစချီပြီး ကျွန်တော်၏ တဏှမက နှစ်ဏှာ သုံးဏှာ ၇၅ဏှာ လောက်ရူးမိသဖြင့်  ပတ်တီးချခံရပုံကို အစမှအဆုံးတိုင် ပြောပြလိုက်ပါသည်။

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

Tuesday, October 2, 2012

သော်တာဆွေ ၏ ဖြတ်စ နှင့် ကျော်စံကေး, အပိုင်း (၁၁)

သွပ်မိုးပေါ် မှ ခဲကျသကဲ့သို့ တင်းမာသော အသံမျိုးဖြင့် အံကြိတ်၍ ထပ်မံဟောက်လိုက်ပြန်၏။ ကိုတင့် ကြီးအား အရပ်ကူပါဟူသော မျက်နှာမျိုးဖြင့် ကြည့်လိုက်ရာ ကိုတင့်ကြီးမှာလည်း "မတတ်နိုင်ဘူး။ သူ ခိုင်းတာ လုပ်မှဖြစ်မယ်" ဟူသော အဓိပ္ပာယ်ပါသည့် မျက်လုံးတို့ဖြင့် ပြန်ကြည့်နေသောကြောင့် ကျွန်တော် မှာ မတတ်နိုင်တော့ ဘဲ၊ မှန်ကပ်ထားရာ တိုင်ရှေ့သို့ အူကြောင်ကြောင်နှင့် ထသွားရပါ သည်။ ကို ဆက်ဖတ်ရန်.........

မှန်ရှေ့ရောက်သောအခါ "ကဲ... နင့်ရုပ် နင် သေသေချာချာကြည့်စမ်း" ဟု ကိုယ်တော်ကြီး၏အော်ဒါ သံ ပေါ်လာပြန် ပါသည်။
ကျွန်တော်မှာ သူ့အမိန့်အတိုင်းပင် ကိုယ်လုံးပေါ်မှန်ကြီးရှေ့၌ ကိုယ့်ကိုယ်ကိုယ် ကြည့်လိုက်ရာ၊ အတွင်းခံဘောင်းဘီတို ညစ်ထပ်ထပ်၊ စပို့ရှပ် စုတ်ပြတ်ပြတ်သာရှိသော ကျွန်တော့်ကိုယ်တွင် ဟိုယခင် သက္ကရာဇ် များစွာကပင် ဆည်းပူးခဲ့သည့် မြွေပွေးကွက်နှင့်တူသော ဆစ်ဖလစ်အနာရွတ်ကွက်များ၊ ပုလဲ ညိုလုံး ကလေးများနှင့်တူလှစွာ လည်ပင်းတွင် ဖျောက်ဆိတ်ကြည်ကဲ့သို့ စုပြုံနေသော ကြပ်လုံးကလေး များမှတစ်ပါး အခြား ဘာမှထူးထူးခြားခြားမတွေ့ရချေ။ အနည်းငယ်ပြောင်းလဲသည်ကား လည်ပင်း လက်ယာ ဘက်စောင်း တွင် အကင်းမသေသေးသော ကြပ်ကလေးတစ်လုံးမှာ ကိုယ်တော်ကြီး၏လက် ချက်ကြောင့် သွေး၊ ပြည် တစ်စက်နှစ်စက် ယိုစွက်နေခြင်းပင်ဖြစ်ပါ၏။

ဤသို့ မှန်ရှေ့တွင် ကိုယ့်ရုပ်ကိုကြည့်ရင်း အပြစ်ဒဏ်ပေးခြင်းခံရသော ကျောင်းသားကဲ့သို့ အူကြောင် ကြောင် ရပ်နေစဉ်-
"ကဲ... နင့်ရုပ်ဟာ ဘာနဲ့တူသလဲ..." ဟု ကိုယ်တော်ကြီး၏တင်းမာသော မေးခွန်းပေါ်ထွက်လာသဖြင့် ကျွန်တော်မှာ ပညာအုပ် မေးခွန်းထုတ်ခြင်းခံရသော ကျောင်းသားကလေးကဲ့သို့ သူ့အမေးကို မဖြေ မပြီးသည်နှင့်...
"သေခါနီး လူနာကလေးနှင့် တူပါတယ် ဘုရား" ဟု သူ စိတ်ကျေနပ်မည်အထင်နဲ့ ကိုယ့်ကိုယ်ကိုယ် တတ်နိုင် သမျှ ရှုတ်ချကာ လျှောက်လိုက်ပါသည်။ အမှန်မှာလည်း ကျွန်တော်၏ခန္ဓာကိုယ်သည် ဤအခါ ၌ "မောင်သေနာ"ရွေးပွဲ လုပ်ပါက ရှူးဝါးတစ် သေချာလှပါသည်။ သို့သော် ကိုယ်တော်ကြီးမှာ ဤအဖြေ မှာ လုံးဝ မကျေနပ်ဘဲ...
"ဘာပြောတယ်... ဒါ ငါလိုချင်တဲ့အဖြေ မဟုတ်သေးဘူး... အချိန်အခါ အခြေအနေကိုကြည့်ပြီး စဉ်းစဉ်း စားစားဖြေစမ်း"ဟု ထပ်မံအမိန့်ပေးလိုက်ပြန်၏။

ကျွန်တော်မှာ စာမေးပွဲကို အကြိမ်ပေါင်းများစွာ ဖြေခဲ့ဖူး၍ အဖန်ဖန်အလီလီကို ရှုံးခဲ့ဖူးသည် မှန်သော် လည်း ဤမျှ ကြောက်ရွံ့ ထိတ်လန့်ဖွယ်ရာ ခက်ရာခက်ဆစ်မေးခွန်းကို တစ်ခါမျှ မကြုံဖူးခဲ့သေးပါ။ သူဟာ ဘာလို၍ ဘာဆိုချင် သည် ကို မတွေးတောမိသဖြင့် ရင်တထိတ်ထိတ်ဖြင့် ငိုင်နေမိရာ...
"တယ်... ဉာဏ်ထိုင်းတဲ့...အကောင်...၊ ကိုယ့်ရုပ်ကို သေသေချာချာ မြင်လို့မှ ဘာနဲ့တူမှန်းမသိဘူး...၊ သူတောင်းစား နဲ့ တူတယ်ဟ... သူတောင်းစားနဲ့တူတယ်..." ဟု ကြောက်မက်ဖွယ်ရာ ဝမ်းခေါင်း သံကြီး နှင့် အော် လိုက်လေမှ... ကျွန်တော်မှာ အသက်ပြန်ဝင်လာကာ "ဟုတ်ပါသ ဘုရား... ဟုတ်ပါသ ဘုရား" ဟု ဘုမသိ ဘမသိ သူ့စိတ်ကြိုက်လျှောက်လိုက်ပါသည်။
"အေး... ဒါဖြင့် အခုည ထမင်းစားရအောင် လုပ်ဖို့နည်းလမ်းကို သိကရောပေါ့" ဟု စိတ်ကျေနပ်သော အသံမျိုးဖြင့် မိန့်တော်မူ လိုက်လေ၏။

ဤသို့တိုင်အောင် သူ ဘာကိုဆိုလိုသည်ကို မရိပ်မိသေးသဖြင့် ကျွန်တော်မှာ ငိုင် တိုင်တိုင် ကြောင် တောင်တောင်ဖြစ်နေရာ ကိုယ်တော်ကြီးက "တယ် ဒီကောင် ဖျင်းတဲ့ အတဲ့ အကောင် ဘယ် အရပ်သား ပါလိမ့်၊ ဟိုမှာ ကြည့်စမ်း..." ဟု ဆိုကာ ဇရပ်ထောင့်ရှိ ဒန်ချိုင့်အဟောင်းတစ်ခုကို ညွှန်ပြပြီး...
"အဲဒီ ဒန်ချိုင့်ခွက် ယူပြီး လူများတွေ ထမင်းစားသောက်ပြီးတဲ့အချိန်မှာ ထမင်းကျန် ဟင်းကျန်ကလေး များရှိ ပေးပါ ခင်ဗျား... လို့သာ လိုက်တောင်းပေတော့၊ မင်း ဝေးဝေးမလျှောက်ရပါဘူး။ ဘုရားပေါ်က ဇရပ်တွေမှာ ပဲ ရနိုင်တယ်...၊ အဲဒါပဲ ငါလည်း ဆာလှပြီ...၊ ခု အောင့်နေရတာ...၊ ဒီလိုမှ ထမင်းစားရ အောင် ရှာမပေးနိုင်ရင်တော့ မင်း ငါအသတ်ပဲ...၊ ခုနတောင် ဒကာတင့် သူငယ်ချင်းဆိုတာနဲ့ ချမ်းသာ ပေးလိုက်တာ၊ ကဲ... ငါ ရေချိုးသွားဦးမယ်" ဟု ဆိုကာ သင်းပိုင်ဟောင်းတစ်ခုကို လည်ပင်းပတ်ပြီး ဇရပ်ပေါ်မှ ဆင်းသွားလေ၏။

ကျွန်တော်မှာ မကြံကောင်း မစည်ရာ ကိုယ်တော်ကြီး ချမှတ်သွားခဲ့သော အမိန့်ကို နာခံပြီး ရယ်ရမလို ငိုရအခက်နှင့် ကိုတင့်ကြီး ကို လှည့်ကြည့်လိုက်ရာ... သူလည်း မျက်နှာသေကလေးနှင့် ရှိနေသဖြင့်...
"ဘယ့်နှယ် ကိုတင့်ကြီး ရဲ့...၊ ခင်ဗျာ့ကိုယ်တော်ကြီးက ဘာကိုယ်တော်ကြီးလဲ"
"စိတ် က ရူးကြောင်ကြောင်နဲ့၊ သင်္ကန်းဝတ်နေတဲ့ ကိုရင်ကြီးဗျာ့၊ မနက်လျှောက် ဆွမ်းခံတယ်၊ ညစာစား ဖို့ပါ ချန် ထားတယ်၊ သူ မစားဘဲ မနေနိုင်ဘူး...၊ ဆွမ်းခံသွားတဲ့အခါမှာလည်း... သူ့မလောင်းရင် ဆဲတာ ဗျ၊ ကျွန်တော် လည်း သူ့ချော့မြှောက်ပြီး သူ နေတဲ့ ဇရပ် လာနေရတာ၊ ကောင်းချင်တော့ သိပ်ကောင်း တယ်၊ အဲ... ခုလို သူ စိတ်ဆိုး တယ် ဆိုရင် တကယ်လုပ်တယ်ဗျ၊ တစ်လောကလည်း ကောင်လေးတစ် ယောက် သူ့နောက်မိတာနဲ့ လည်ပင်းဖျစ်တာ သေလုသေခင်မှာ လူတွေ တွေ့လို့ပေါ့ဗျ"

ကျွန်တော် မှာ ကြက်သီးမွေးညင်းထသွားကာ...
"ဟင်... ဒါဖြင့် ခုန သူ ခိုင်းတဲ့အတိုင်း ထမင်းလျှောက်တောင်း မပေးရင် သူ တကယ်လုပ်မှာလား"
"အို... ဒါကတော့... သေချာတယ် စိတ်ချ" ဟု အားရှိစရာ ပြန်ပြောသဖြင့် ကျွန်တော်မှာ မိမိ မချစ်မနှစ် သက်သော ယောက်ျားနှင့် ပေးစားရန် အတင်းတိုက်တွန်းခြင်းခံရသော မိန်းကလေးကဲ့သို့ ဆွေ့ဆွေ့ ခုန်မျှ အကြံရ ကျပ်ကာ...
"ဟင်... ဒါဖြင့် ဘယ့်နှယ်လုပ်ရပါ့၊ တစ်နေရာရာ ရှောင်နေမှ ထင်ပါရဲ့" ဟု အားကိုးသော မျက်နှာသေ ကလေးနှင့် အကြံတောင်းသလို ပြောလိုက်ရာ...
"ခင်ဗျား ဘယ်သွားရှောင်မလဲ၊ အခု မှောင်စလည်း ပြုနေပြီ၊ အခု ခင်ဗျားအချိုးအစားအတိုင်း ကိုရင်ကြီး ပြော သလို... အားလည်းနာပါရဲ့၊ သူတောင်းစားရုပ်နဲ့ဆိုရင် ဘယ်သူမှလက်ခံမှာ မဟုတ်ဘူး၊ ဂျပိုး (ကြမ်းပိုး) သူခိုး ဆိုပြီး မောင်းထုတ်ပစ်ကြမှာပဲ၊ တကယ်လို့ ခင်ဗျား ရှောင်သွားလည်း ကိုရင်ကြီးက ကျွန်တော့် ရန်ရှာဦးမှာပဲ"
ဤအတိုင်းဖြစ်သော မိတ်ဆွေကောင်း ကိုတင့်ကြီး၏စကားကို ထောက်ရှုခြင်းအားဖြင့် အားမတန်သော ကိုရင်ရူးကြီး၏ရန်စက်ကွင်းမှ လွတ်ကင်းရန် ကျွန်တော် အဘယ်ကဲ့သို့ ပြုလုပ်ပါအံ့နည်း။ သူခိုင်းတာ လိုက်နာသည်မှတစ်ပါး အခြားနည်းလမ်းရှိပါသေး၏လော။ ကျွန်တော့်မှာ အားအင်ချည့်နဲ့ အဖြစ်လည်း တိုး၍ မထူးတော့ ပါဘူးဟူသော စိတ်ကူးကလည်း ရှိနေပါသည်။

"အသက်နဲ့ လူလုပ်တာ မဟုတ်ဘူး၊ အရှက်နဲ့ လူလုပ်တာကွ" ဟူသော စကားမှာ ၉၉ ရာခိုင်နှုန်းလူများ စု၏ဒေါသ အလျောက် မိမိကိုယ်မိမိ လှည့်စားသော စကား (ဝါ) တစ်ယောက်အပေါ် တစ်ယောက် အချောင် သက်သက် ကြွားဝါသောစကားမျှသာ ဖြစ်သည်ကို စဉ်းစားဉာဏ်ရှိသူတိုင်း ဝန်ခံပေလိမ့်မည် ဟု မျှော်လင့်ပါ၏။
စင်စစ် ကျွန်တော်မှာ "တစ်ရာ တစ်ယောက်" လူတန်းစားမျိုးထဲကမဟုတ်၊ ၉၉ ယောက်၏နောက်ဆွယ် မှ ယဉ်ယဉ်ကလေး ကပ်ပါလာသူဖြစ်ပေရကား သူ ခိုင်းသည့်အတိုင်း မလုပ်လျှင် အဟုတ်တကယ် ထမင်း ဆာဆာနှင့် အသေဆော်တော့မည့် ကိုရင်ရူးကြီး၏စနက်ကြောင့် ဒန်ချိုင့်ကို ဆွဲကိုင်ကာ ညီအစ် ကိုမသိတိ လင်မယားချင်း သာသိသော အချိန်တွင် ဇရပ်ထဲမှ ထွက်ခဲ့ရလေ၏။

မရွှေည သည် သူမ၏ပြိုးတိုးပြောက်တောက် ပိုးထိုးပေါက်သော မွမွကျဲနေသော မဲနက်ပြာညဥ့်လွှာရုံကို အတောမသတ် သည့် လောကဓာတ်ကြီးအား ချမ်းတုန်တုန်နှင့် လွှမ်းခြုံထားပြီးဖြစ်၍ ကျွန်တော်လည်း မိမိ အရှက်အကြောက် တို့ကို သူမ၏စောင်မည်းမည်းနှင့် ထွေးလုံးရစ်ပတ်ကာ သဏ္ဌာန်လုပ် သရုပ်နှင့် တူအောင် တုတ်တစ်ချောင်းဖြင့် ကုပ်ချောင်းချောင်းကလေး လျှောက်ရင်း မီးရောင်လင်းသော အဆောက်အဦး အနီး သို့ ရောက်လျှင် ကိုယ်တော်ကြီး သင်လိုက်သည့်အတိုင်း...
"ထမင်းကျန်... ဟင်းကျန်ကလေးများရှိ၊ ပေးကြပါ ခင်ဗျား" ဟု သူတောင်းစားသံနှင့် အော်လိုက်ရ၏။
ထိုအချိန် ထိုအခါ၌ ရန်ကုန် ဗုံးချစဖြစ်၍ တောအရပ်သို့ မသွားနိုင်သေး၍လည်းကောင်း၊ သွားရောက် နေထိုင်ရန် ဆွေးမျိုးညာတိ မဆက်သွယ်မိ၍လည်းကောင်း၊ များစွာသော အိမ်ထောင်သည်တို့မှာ ဘုရားကြီးပေါ် သို့ လာရောက်ခိုလှုံ့နေကြကုန်၏။

သို့လျှင် များစွာသော လူနေအိုးအိမ်တို့ ရှိလင့်ကစား၊ ကျွန်တော်မှာ မျက်နှာမြင် သောက်မြင်ကပ်ပါစေ ဟူသော ဆုထူးနှင့် ပြည့်စုံသကဲ့သို့ အသံကြားရုံနှင့် အော့နှလုံးနာကြလေရော့မသိ၊ ဇရပ်ကြိုဇရပ်ကြား လျှောက်ကာ...
"ထမင်းကျန် ဟင်းကျန်ကလေးများရှိ ပေးကြပါ ခင်ဗျာ" ဟု ဆယ်ခွန်းကျော်မျှ အော်သည့်တိုင် မည်သည့် ဇရပ်တန်ဆောင်းကမျှ ပင့်ဖိတ်ခေါ်ငင်ခြင်း မပြုသဖြင့် ကျွန်တော်မှာ သူတောင်းစားတို့၏ဘာ သာဘာဝ ဒေါသစိတ် ကလေးများ ရုတ်တရက် တက်ကြွလာသောကြောင့် အသံခပ်ဆောင့်ဆောင့် ကလေးပင်...
"ထာ... မင်းဂျန်... ဟင်းဂျန်ကလေးများရှိ... ပေးကြပါ... ခင်ဗျို့" ဟု ဒွါဒဿမ အကြိမ်မြောက် အော် ငေါက် လိုက်လေ၏။
ဤတွင်မှ မှောင်ကျကျ ဇရပ်တစ်ဆောင်မှ "ဒီကိုလာခဲ့..." ဟု ကြေးဆည်းလည်းသံနှင့်တူစွာ (ငွေဆည်း လည်းသံ ကို ကျွန်တော် မကြားဖူးသေး) စူးရှမာချဉ်သော မိန်းမပျိုသံကလေးတစ်သံ ထွက်ပေါ်လာလေ ၏။

သို့သော် ကိုယ်အလိုရှိနေသော ခေါ်ငင်သံကို ကြားရလင့်ကစား အဘယ်ကြောင့်မသိ၊ ကျွန်တော့်ရင်ထဲ တွင် ဒိတ်ခနဲ... ဖြစ်ပြီး အဝင်ကြမ်းသော ကချင်အရက်ကို ရေမရောဘဲ သောက်လိုက်ရသကဲ့သို့ ဝမ်း ခေါင်းအတွင်း၌ ရှိန်းခနဲ ပူသွားလျက် ရုတ်တရက် ခြေလှမ်းများပင် ရပ်တန့်သွားမိလေ၏။ နောက်မှ ရန်သူတော် ကိုရင်ကြီး၏မျက်နှာကို ကွင်းကွင်းကွက်ကွက် ထင်မြင်လာသဖြင့် "လင်ယူမိမှဖြင့် ဟိုဒင်း... အင်း... ထမင်းချက် ရမှာ မကြောက်တော့ပါဘူးလေ" ဟု ကိုယ့်စိတ်ကိုယ် ပိုင်းဖြတ်ကာ ထိုဇရပ်ကို လျှောက်ခဲ့ပြီး ဇရပ်လှေခါးရင်းတွင် ခွက်ကလေး ကိုချ၍  ခပ်ကုပ်ကုပ်ကလေး ထိုင်လိုက်လေ၏။
"ဒေါ်ဒေါ်... သူ လာလိမ့်မယ် မထင်ပါဘူး။ ထမင်းဟင်းတွေ အများကြီးပဲ နှမြေစရာ... အကုန်လုံးပေး လိုက် မယ်နော်" ဟု မိန်းမပျိုသံ ပေါ်ထွက်လာပြီး မိန်းမကြီးတစ်ယောက်က...
"အေးကွယ်... ဟိုမအေပေးတွေက မျက်ခြေပြတ်တယ်မှ မရှိဘဲ၊ လာမယ် မထင်ပါဘူး... အလကားဖြစ် မယ့် အတူတူ မရှိနွမ်းပါးတဲ့ လူ စားပါစေတော့" ဟု ပြောသံကြားပြီးနောက် မိန်းမပျိုတစ်ယောက်သည် ဇလုံတစ်ဖက် မီးခွက်တစ်ဖက်နှင့် ပေါ်လာလေ၏။

မိန်းမပျိုမှာ အသက် ၂၀ ခန့်၊ အတော်ပင် ချောမောလှပသူဖြစ်၍ သူ၏မီးခွက်ရောင်ကလေးနှင့် သူ့မျက် နှာပပဝင်း ကလေးကို မြင်လျှင်မြင်ချင်း အဂေါ်ဝါသနာပြင်းထန်ခဲ့သူ ကျွန်တော်မှာ ရုတ်တရက် မိမိ၏ သူ တောင်းစား အဖြစ်ကို မေ့လျော့ကာ ဂေါ်မျက်လုံးဖြင့် တအားကြုံး၍ ကြည့်မိလေ၏။
မိန်းမပျို သည် ပျိုရွယ်သော သူတောင်းစားလုလင်အား တစ်ချက်မျှ မျက်လုံးပြူးကြီး ဝင့်ကြည့်လိုက်ပြီး လျှင်၊ ကျွန်တော်၏ရှေ့လှေခါးအောက်ဆုံးထစ်ပေါ်၌ အိပဲ့ပဲ့ကြီး ထိုင်ချလိုက်ကာ ကျွန်တော့်လက်ထဲက သူတောင်းစားခွက်ကလေးကိုကြည့်ပြီး...
"ဟင်... သူ့ခွက် ကလေးကလည်း ငယ်ငယ်လေး... ဒီက ထမင်းဟင်းတွေက အများကြီး" ဟု ချစ်စရာ အသံ ကလေးနှင့် ပြောလိုက်၏။
"အို... ဒါဖြင့် ဒီမှာပဲ စားသွားပါစေလားကွယ်" ဟု အဒေါ်ကြီး၏စေတနာသံ ပေါ်ထွက်လာသည်တွင် မိန်းမပျို က...

""
"အင်း... ဟုတ်သားပဲ၊ ဒီမှာပဲ တစ်ခါတည်း စားသွားနော်... ဟုတ်လား" ဟု ကရုဏာသံကလေးနှင့် ပြောရင်း ကျွန်တော်၏ သနားစရာ မျက်နှာကလေးကို မျက်လုံးရွှဲကြီးနှင့် တစ်ချက်ဝင့်၍ ကြည့်လိုက်ပြန် ၏။
မိန်းမပျို၏နှစ်ချက်မျှ မျက်လုံးဝင့်ကြည်ခြင်းကို ခံရသေးသည်။ အရေးပေါ်သူတောင်းစားမောင်၏ခန္ဓာ ကိုယ်တွင် ပုရိသစိတ် များ တဖွားဖွားပေါ်ပေါက်လာ၍ နေမထိ ထိုင်မသာဖြစ်လာပြီး နောက်တစ်ခန်းမှာ ရန်သူတော် ကိုရင်ကြီး၏ ကြောက်စရာမျက်နှာတော်ကို ထင်မြင်လာသဖြင့် ရုတ်တရက် ကိုယ့်အဖြစ် ကိုယ် သတိရလာကာ ရှက်ကြောက်သော မျက်နှာကလေးနှင့် ငုံ့လိုက်ပြီး...
"ကျွန်... ကျွန်... ကျွန်တော်စားဖို့က သိပ်အရေးမကြီးပါဘူး။ ဟိုက တစ်ယောက်အတွက်"
ကျွန်တော်၏ စကားမဆုံးမီ ချစ်စရာသူငယ်မက...
"အို... ကိစ္စမရှိပါဘူး။ ထမင်းဟင်းတွေ အများကြီးရှိပါတယ်...။ ရှင်က ဒီမှာစားပြီးတော့ ဟိုတစ်ယောက် ဖို့ ယူသွား တာပါ့..." ဟု သဒ္ဓါဒေးယျ နူးညံ့စွာ ပြောလိုက်သည်တွင် ကျွန်တော်မှာ နေ့လယ်ကပင် ထမင်းဝစါာ မစားလိုက်ရသည် ကတစ်ကြောင်း၊ မိန်းမပျိုနားတွင် ခေတ္တမျှ ကပ်ရသည်တွင် အခွင့်ရတုန်း ရသေ့ စိတ်ဖြေ ဂေါ်ချင်သည်ကတစ်ကြောင်း၊ ဤနှစ်ကြောင်းကြောင့် သူ ပြောသည်ကို ကောင်းစွာ သဘောတူ လိုက်လေ၏။

ဤအမျိုးအမည် မထင်ရှားသော မိန်းမပျိုသူငယ်မသည် စက်ခန်းဆောင် ပေါင်ဒါနံ့သင်းပျံ့ပျံ့နှင့် ကျွန်တော့် မျက်နှာ ရှေ့တည့်တည့် တစ်တောင်ခန့်အကွာ၊ လှေခါးထစ်ပေါ်တွင် ကားဖောင်းဖောင်း အိစက်စက်ကြီး ဆောင့်ကြောင့် ထိုင်လျက် ဖယောင်းတိုင်နှင့်တူသော ပြည့်ဖောင်းဖောင်းလက်ချောင်း ကလေး များဖြင့် သူ၏ဇလုံထဲမှ ထမင်းဟင်းများကို ကျွန်တော်၏သူတောင်းစားခွက်ထဲသို့ ယက်၍ ထည့် ကာထည့်ကာ မဟာကရုဏာနှင့် ကျွေးမွေးနေစဉ်၊ ကျွန်တော် အရေးပေါ်သူတောင်းစားခမျာ မြိန်ယှက် စွာ စားရင်း "လူနေ သူတောင်းစား၊ စိတ်နေ ဘယ်အနား" ရောက်နေမည်ကို အထူးတလည် ဖော်မပြ တော့ပြီ။ မိတ်ဆွေဂေါ် ရဲဘော်များပင် တွေးကြည့်ပါတော့။

ခေတ္တမျှအကြာတွင် သူငယ်သည် ထိုင်ရာမှထသွားပြီး ခြေ ၄-၅ လှမ်းမျှ ရောက်သည်တွင်...
"ဒေါ်ဒေါ်ရေ... ဒီသူတောင်းစားလေး မျက်နှာက ကိုကို့မျက်နှာနဲ့ တူ တူသေးတော့" ဟု ပြောသံကြား လိုက်ရာ အဒေါ်ကြီးက...
"မြကလည်းအေ... မပြောကောင်း... ပြောကောင်း ပြောရော့မယ်"
"ဘာ မပြောကောင်း ပြောကောင်းလဲ ဒေါ်ဒေါ်ရယ်၊ လူလူချင်း အတူတူပဲ ယူဆရမယ်လို့ ကိုကိုက ပြော ထားတယ် မဟုတ်လား။ အဟုတ် တူတာ ဒေါ်ဒေါ်ရဲ့။ လည်ပင်းမှာ ကိုကို့လိုပဲ အနာရွတ်ကလေးတွေနဲ့ မယုံလာကြည့်စမ်း..." ဟု လုံမပျို၏ပြောသံကြားရသဖြင့် ကျွန်တော့်မျာ ကိုယ့်လည်ပင်းကိုယ်စမ်းမိပြီး "အလဲ့... ငါ့ကြပ်ကလေးတွေ က ဟန်ကျနေပြန်ပြီ။ သူ့ကိုကိုနဲ့တူသဟဲ့ ဘာကိုကိုလဲတော့ မသိဘူး။ သိကြားမင်းဘုရား မ'လို့ မောင်နှကိုကို ဖြစ်ပါစေဗျာ..." ဟု စိတ်ထဲ မှ ရေရွတ် ဆုတောင်းနေစဉ် ခြေသံ နှစ်ယောက်တွဲ လျှောက်လာသံကို ကြားရသဖြင့် ခေါင်းမော်၍ ကြည့်လိုက် ရာ စေတနာရှင်မိန်းမပျို ကလေးနှင့် အသက် ၄၀ ကျော်ခန့် ဝဝဖိုင့်ဖိုင့် မိန်းမကြီး တစ်ယောက် လှေခါးဝ သို့ ရောက်လာပြီး ကျွန်တော့်ကို ရှုစားကြလေ၏။

၎င်းနောက် ဇရပ်ထဲသို့ နှစ်ယောက်သား ပြန်ဝင်သွားကြလေ၏။
ခေတ္တမျှအကြာတွင် ကျွန်တော်မှာ ထမင်းစားသောက်ပြီး၍ မိန်းမပျိုသည် ထမင်းဟင်းများကို ထပ်မံယူ လာကာ ကျွန်တော့် ခွက်ထဲ သို့ ထည့်ပေးရင်း သာယာသောအသံကလေးဖြင့်...
"ရှင်... ဘယ်စောင်းတန်း ကလဲ" ဟု သူတောင်းစား၏နေရာဌာနကို ထုံးစံအတိုင်း မေးလိုက်၏။
ကျွန်တော် မှာ ရုတ်တရက် မဖြေတတ် မပြောတတ် အူကြောင်ကြောင်ဖြစ်သွားပြီးမှ... "အေး... အ... အဝှာ... ကျွန်တော် တောင်ဘက်စောင်းတန်းကပါ..." ဟု ပါးစပ်ထဲ တွေ့ရာဖြေလိုက်ပါသည်။
"ခါတိုင်းတော့ ဘယ်မှာတောင်းနေတာလဲ၊ ဒီမှာ တစ်ခါမှ မမြင်ဖူးဘူး..." ဟု ထပ်ဆင့်လာပြန်သဖြင့်...
"အာ... အာ... ခါတိုင်းတော့ တခြားဘက်မှာ တောင်းပါတယ်" ဟု ရောက်မိရောက်ရာ ဖြေလိုက်ရပြန် သဖြင့်...
"နို့ နက်ဖန် မနက်စာရော ဘယ်မှာ လျှောက်တောင်းမလဲ" ဟု ထပ်ဆင့်လာပြန်သဖြင့် ကျွန်တော်မှာ ရုတ်တရက် မူ ဘာကိုမျှ ပြန်မပြောတတ်ဘဲ အူကြောင်ကြောင် ဖြစ်နေပြီးမှ...
"မ... မ... မနက်စာ မတောင်းဘူး ခင်ဗျာ" ဟု လွှတ်ခနဲ ပြန်ပြောလိုက်မိပါသည်။

"ဒါဖြင့် ညစာတောင်းစားတာပေါ့... နက်ဖန်ညတော့ ဒီကိုတစ်ခါတည်း တန်းလာခဲ့နော်... လမ်း မှာ အော်မနေနဲ့တော့။ ရှင်တို့နှစ်ယောက် စာ ဒီမှာရမယ်သိလား" ဟု ပြောသဖြင့် ကျွန်တော်မှာ ရုတ်တရက် ဘာကို ပြန်ပြောရမှန်း မသိဘဲ...
"ဟုတ် ဟုတ်ကဲ့"ဟု ပါးစပ်ထဲက ထွက်မိထွက်ရာ အာမဘန္တေ ခံလိုက်မိပါသည်။
ဤတွင် ကလေးမသည် ထိုင်ရာမှ ထ၍ ကြီးမားသော တင်ပါးဆုံကြီးကို ကျွန်တော့်ရှေ့သို့ ကားခနဲ လှည့်ကာ ဇရပ်ထဲ သို့ ဝင်သွားပါတော့သည်။
သူတောင်းစား ထမင်းဝလျှင် ဘာဖြစ်သည် ညာဖြစ်သည်ဟု ပြောကြသည်။ ကျွန်တော်သည် ဗိုက်လေး လေးနှင့်ထလာခဲ့၍ ကိုရင်ကြီးအတွက် ဒန်ချိုင့်ခွက်ကိုကိုင်ကာ ဇရပ်ဆီ သို့ ပြန်လျှောက် ရင်း စေတနာရှင် မကလေး၏ ပုံပန်းသဏ္ဌာန်ကို မျက်စိထဲ၌ ထင်မြင်လျက် ဟို့နှယ်သည့်နှယ် စိတ်ကူးမိပါသည်။

"အင်း... သူ့ဟိုဒင်း ဒီဒင်းတွေ ကြည့်ရတော့ အအို ဟုတ်ဟန်မတူသေးပါဘူး... နို့ပြီး သူ့ကိုကိုနဲ့တူသ တဲ့၊ ဘာကိုကိုများပါလိမ့်၊ သိကြား... ဘုရားရော... ခိုဒါအရှင်ရော၊ ထာဝရသခင်ရော၊ ကျစ်ဆံနတ်ကြီး ရော မလို့ဗျာ၊ မောင်နှမကိုကိုဖြစ်ပါစေ၊ ရုပ်ကလေးကလည်း ချောလိုက်တာ၊ နို့ပြီး ငါ့မြင်မြင်ချင်း စေတ နာ ကလည်း ကောင်းလိုက်တာ၊ နောက်ညပါ တခြားမှာ မတောင်းဘဲ သူ့ဆီ ဒါရိုက်လာယူပါတဲ့၊ ဟင်း ဒီ လိုချည်း သူတောင်းစား အဖြစ်နဲ့ သုံးလေးရက်လောက် သွားတောင်းနေပြီးမှ ကိုယ့်အဖြစ်အပျက်ကို မဟုတ်တာတွေရော ဟုတ်တာတွေရော သနားစရာကောင်းအောင် ပြောပြီး တကယ့်သူတောင်းစား မဟုတ်တဲ့အကြောင်း နှမ မျက်နှာမြင်ချင်လွန်း လို့ နှမချက်တဲ့ ထမင်းဟင်းကလေး စားကောင်းလွန်း လို့... နောင် ထာဝရစဉ်းစားနေချင်လို့" ဤသို့ စိတ်ကူးနှင့် ရူး၍လာစဉ်...
"ဟိတ်ကောင်... ကြာလှချေလား..." ဟူသော ကိုရင်ကြီး၏သေမင်းငင်သံကြီးသည် ကျွန်တော့် စိတ်ကူး ရေယဉ်ကြောကို ဒိုင်းနမိုက်ဖြင့် ဖောက်ခွဲလိုက်ပါသည်။

ကျွန်တော်သည် သူ့အသံကို ကြားရလျှင် ကြားရချင်း မစင်ပုံတက်နင်းမိသလို ဆွေ့ခနဲ ခုန်မိပြီး ခေါင်း မော့ လိုက်သည်တွင် ဖယောင်းတိုင်မီးရောင်ကိုကျောပေး၍ ဇရပ်အဝတွင် ကျွန်တော့်ကို မျှော်နေသော ကိုရင်ကြီးက...
"ရခဲ့ရဲ့လားကွ..." ကျွန်တော်မှာ သူ့အသံကြားရုံနှင့်ပင် ကြက်သီးမွေးညင်းထနေသည်ဖြစ်၍...
"ရ... ရ... ရခဲ့ပါသ ဘုရား"ဟု ဆိုကာ သူ့လက်ထဲသို့ ခွက်ကမ်းလိုက်ပါသည်။
"အေး... ဟေ့... ဟန်ကျသဟေ့၊ ဟင်းတွေရော ထမင်းတွေရော အကျပဲ၊ ငါ ဘုန်းကြီး အရင်စားမယ် နော်၊ မင်းက နောက်မှ စား သိလား..." ဆိုကာ လက်မဆေး ဘာမဆေးနှင့် ပလုတ်ပလောင်း ဘုဉ်းပေး တော် မူပါသည်။

ကိုတင့်ကြီးမူကား သူ့အိပ်ရာထဲတွင် တစောင်းခွေကာ ကျွန်တော့်အဖြစ်ကို သနားသော မျက်နှာနှင့် ကြည့်နေ ပါသည်။
သူ ကမူးရှူးထိုးစား၍ ထမင်းဟင်းများ တစ်ဝက်လောက်ကျကာမှ အဆာပြေသွားသဖြင့် သင်္ကန်းဝတ် များ စတိုင် အတိုင်းဟန်နှင့်ပန်နှင့် စားကာ...
"ဟေ့... ဟေ့... မင့်နာမယ် ဘယ်လိုခေါ်သလဲကွ" ဟု ကျွန်တော့်ကို မျက်လုံးကြီးလှန်ကြည့်ရင်း မေးပါ သည်။
"မောင်ကျော်စံကေး ခေါ်ပါတယ်ဘုရား"
"မင့်အမေ ဗိုက်ပေါ် မြွေကျော်လို့ မွေးရော့လားကွာ.. မင်းနာမည်ကလည်း ရှည်လိုက်တာ၊ မင်းနာမည် ရှည် သလောက် ငါလေကုန်မခံနိုင်ဘူး၊ ဒကာကေးလို့ပဲခေါ်မယ် ဟုတ်လား"
ကျွန်တော်မှာ သူ့အကြိုက်လိုက်၍ လက်အုပ်ချီကာ...
"တင်ပါ့ဘုရား"

ကိုရင်ကြီး၏ မျက်နှာမှာ ညနေကကဲ့သို့ ခက်ထန်ကြမ်းကြုတ်ဟတ် မရှိတော့ဘဲ အတော်နူးညံ့ သိမ်မွေ့၍ လာပါ သည်။ သူ စားသောက်ပြီးသောအခါ၌ အလွန်ကောင်းမွန်သော အကြံတစ်ခုကို ရုတ်တရက် စိတ်ပေါက်လာဟန်ဖြင့်...
"ဟေ့.. ဒကာကေး"
"ဘုရား"
"မင်း မပြန်ခင် ဒီမှာနေဦးမယ် မဟုတ်လား"
"တင်ပါ့ဘုရား"
"ငါ အကြံတစ်ခုရတယ်ဟေ့"
"မိန့်တော်မူပါဘုရား"
"ဒီလိုကွာ... မင်းနဲ့ငါနဲ့ အတူနေတုန်းမှာ မနက်စာအတွက် ငါက ဆွမ်းခံထွက်ပြီး အတူတူ စားမယ်.. ညစာ အတွက်တော့ မင်းက ခုလိုပဲ လိုက်တောင်း၊ မကောင်းဘူးလားဟေ့"
"ကောင်းပါသဘုရား"

သူနှင့် ဆန့်ကျင်ဘက်ဖြစ်ပြီး စိတ်ဆိုးမည်ကို ကြောက်လှ၍ သူ့ အကြိုက်လိုက်ပြောလိုက်ရပါ သည်။
တစ်ဖန်... တုံးလုံးလှဲနေသော ကိုတင့်ကြီးဘက် လှမ်းကြည့်ပြန်၍..
"ဘယ့်နှယ်လဲဟေ့.. ဒကာတင့်ရော ငါ့အကြံ မကောင်းဘူးလားကွ" ဟု မေးပြန်သဖြင့် ကိုတင့်ကြီးလည်း ကျွန်တော့် ကဲ့သို့ပင် သူ့အကြိုက်လိုက်ကာ..
"ကောင်းပါသဘုရား"ဟု လျှောက်၏။
"အေး.. ဒါဖြင့် နှစ်ဦးနှစ်ဖက် သဘောတူကြပြီကွာ.. ဒကာတင့်ရော ဒို့ပါတီထဲ ဝင်ပါလားကွ၊ မင်း အဝေးကြီး အလုပ် သွားရင်း စားစားနေရတာ ပင်ပန်းလှတယ်" "တပည့်တော်အလုပ်က မသွားမဖြစ်ဘူးဘုရာ့"

"လူ့ပြည်နေပြီး ထမင်းနှစ်နပ်စားရဖို့ လုပ်ရသွားရတာ ပင်ပန်းလှသကွာ... အေးအေးသက်သာ နေပြီး... အလှူခံစား.. တောင်းစားနေတာ အကောင်းဆုံးကွ၊ ဒီအလုပ်မျိုးက တစ်ခါစမ်းလုပ် ကြည့်မိရင် နောက်ထပ် ပင်ပင် ပန်းပန်းအလုပ် မလုပ်ချင်တော့ဘူ..။ အခု ဒကာကေး ကြည့် စမ်း... စစချင်း တောင်းလာလိုက်တာ ဟင်းတွေ ထမင်းတွေ ကောင်းကောင်းမွန်မွန်နဲ့ ဟန်ကျပန်ကျ  သူဒီအလုပ်နဲ့ အကျိုးပေးဖို့ ပါရမီ ပါဟန်တူသကွ" ဟု ကျွန်တော်၏ ပါရမီထူးကို ချီးကျူးလိုက်သဖြင့် ကိုတင့်ကြီးမှာ ပြုံး၍ ကျွန်တော့် ရင်ထဲ ၌ အောင့်ခနဲ ဖြစ်သွားပါသည်။ တစ် ဖန် ကိုရင်ရူးကြီးက ဆက်၍...
"မပြုံး နဲ့ ဒကာတင့်ရ၊ အဟုတ်ပြောတယ။ အခု ... ဒကာကေးကို ကြည့်စမ်း.. အကျင့်ပါသွားပြီ နောက် ဒီအလုပ် ကို ဖြတ်ခိုင်းလို့ မရဘဲနေမှာတောင် စိုးရသေးတယ်"ဟု ဗျာဒိတ်တော် ညျွန်းလိုက်ရာ တကယ်စင်စစ် ပင် ဖြစ်ရော့သလား ဟု နောက်တစ်နေ့ နံနက်ဝေလီဝေလင်း တွင် ကိုတင့်ကြီးမှာ အံ့အားသင့်လေတော့သည်။

အကြောင်းမူကား ညဦး၌ အထက်ဖော်ပြပါ စကားတို့နှင့် နောက်ထပ် ထွေရာလေးပါစကားတို့ ကို ပြောကြပြီးနောက် အိပ်ရာသို့ ဝင်ကြလေရာ၊ ကျွန်တော်မှာ သူတောင်းစားအဖြစ်နှင့် တွေ့ ခဲ့ရသော စေတနာရှင် မိန်းမပျို ကို တမ်းတစွဲလမ်းလျက် ကြည်နူးဖွယ်ရာ အိပ်မက်ပေါင်းများစွာ တို့ကို ဆက်ကာ ဆက်ကာ မက်နေစဉ်...
"ဟေ့... ကိုကျော်စံကေး၊ ထ ထ" ဟု ကိုတင့်ကြီး၏ နှိုးသံကို ကြားရလေ၏။
ကျွန်တော် သည် လန့်နိုး၍ မျက်လုံးကို ဖွင့်ကြည့်ကာ..
"ဟင်... မိုးမှမလင်းသေးတာ ကိုတင့်ကြီးရဲ့ ဘာပြုလို့လဲ"
"မိုးမလင်းခင် ထသွားမှဖြစ်မယ်"
"ဘယ်ကိုလဲ၊ ဘာဖြစ်လို့လဲ"

"ခင်ဗျားညက သူပြောတာ မမှတ်မိဘူးလား၊ မနက်စာကို သူက ဆွမ်းခံကျွေးမယ်.. ညစာကို ခင်ဗျားက သူတောင်းစား လုပ်တောင်းကျွေးမယ်ဆိုတာကို"
"အေးလေ.. မှတ်မိသားပဲ၊ ဒါဘာဖြစ်သလဲ"ဟု ကျွန်တော်က အေးဆေးစွာပင် ပြန်ပြောလိုက် ရာ ကိုတင့်ကြီးမှာ စိုးရိမ်ကြီး ဟန်နှင့်...
"အဲဒါ သူက တကယ်ပြောတာခင်ဗျ၊ ပေါ့ပေါ့ဆဆ မှတ်မနေနဲ့"
"သူ တကယ်ပြောတော့ ကျွန်တော်က တကယ်လုပ်မှာပေါ့ဗျာ"
"ဗျာ"

ကိုတင့်ကြီးသည် ရုတ်တရက် မျက်လုံးပြဲပြဲ ပါးစပ်ကိုဖြဲလျက် အကြီးအကျယ် အံ့သြဟန်နျင့် သူ့ထိပ်သူ လက်ဝါးနှင့် ရိုက်ရင်း တစ်ခွန်းတည်း အာမေဋိတ်သံဖြင့် ညည်းပြီးမှ...
"အံ့.. အံ့ပါရဲ့ဗျာ၊ ခင်ဗျားက သူတောင်းစားလုပ်ပြီး လျှောက်အော်တောင်းဖို့ သဘောကျ နေ တယ်ပေါ့၊ ညကများ "ထမင်းကျန်ဟင်းကျန်ကလေးများရှိ ပေးကြပါခင်ဗျာ"ဆိုတဲ့ ခင်ဗျားအသံ ကလေး ကြားရတော့ ခင်ဗျားကို ကျွန်တော် က သနားလွန်လွန်းလို့ ကြုံပလေ ဘုံပွေရယ်.. အခုတော့ ခင်ဗျာ့ဟာက ညက ကိုရင်ကြီးပြောတဲ့ သူတောင်းစား ပါရမီပါတယ် ဆိုတာ ဟုတ် နေရော့လားဗျာ"
"ဟုတ်တယ်ပဲ ထားပါတော့ဗျာ" ဟု အစချီကာ ညက စေတနာ့ရှင်ကလေးကို တွေ့ခဲ့ရပုံနှင့် မဟဝှာကလေး၏ မှာကြား လိုက်သော စကားတို့ကို ပြောပြီးနောက်...
"အဲဒါပဲ.... ကိုတင့်ကြီးရေ. အခုတော့ သူတောင်းစားအဖြစ်နဲ့ သနားစရာ လုပ်နေဦးမယ်၊ နောက်မှ အခြေ အနေကြည့်ပြီး ကျွန်တော့မူမှန်ကို ပိုပြီးသနားစရာ ကောင်းအောင် ပြောပြီး အတိအလင်းဂေါ်တော့မယ်... အဖြစ်ဆန်းကလေးနဲ့ အချစ်စခန်းဖွင့်ရမှာ... ဘယ်နှယ့်လဲ ကျွန်တော့်အကြံ အိုမကေ ဘူးလား" ဟု မောင်ပိုင်သံမျိုးဖြင့် အားရဝမ်းသာပြောလိုက်ရာ ကိုတင့် ကြီးသည် ပင့်သက်ရှူ၍ မဲ့ပြုံးပြုံးကာ...

"ဖြစ်... ဖြစ်တတ်လေဗျာ၊ ဘယ်လိုဟာမျိုးနဲ့များ တွေ့ခဲ့ပါလိမ့်"
"ဘယ်လိုဟာရမလဲဗျ၊ အင်မတန်ချောတာ.. ခင်ဗျားများ မြင်ရရင် သူတောင်းစားအဖြစ်နဲ့ မက ဘူး ကယ်ပါစန္ဒာလ အဖြစ်နဲ့တောင် ဂေါ်နေပါရစေ ဆုတောင်းမိဦးမယ်.. "
"အမယ်လေးဗျာ၊ ဒါလောက်ပဲ လှသလား"
ဤသို့ပြောနေကြစဉ် ကိုရင်ကြီးနိုးလာသဖြင့် ကျွန်တော်တို့ စကားကို ဖြတ်လိုက်ကြလေ၏။
သူရိယ မင်းသားကလေးသည် ကျွန်ုပ်တို့အား တစ်နေ့သော အသက်တာကို ပေးပြီးနောက် သူ၏ကြင်ရာတော် မယ်စန္ဒာနှင့် ပြာသိုဆောင် စက်ခန်းတွင် ညဉ့်ဝက်မျှ အတူစက်ရမည်ဖြစ် သောကြောင့် ခါတိုင်း ရာသီထက် ပင် စောစီးစွာ ဂေါယာတောင်စွယ် လိုက်ကာကွယ်သို့ ဝင် သွားလေပြီ။
ဤနှစ်အဖို့ ရှင်ပြာသို၏ လောကကြီးအား ဧည့်ခံသော တတိယမြောက် သီတင်းပတ်ဖြစ်၍ စန္ဒာမယ်၏ ခြွေရံငွေကြယ်ပျံတို့သည် သခင်မအလာနှောင်းရမလား ဟု ပြာမောင်းသော နှစ်ဝေ ဝေ ညီလာခံသဘင် တွင် ကြည်သာမရွှင် မှိတ်တုတ်မှိတ်တုတ်နှင့် စိတ်လုပ်၍ နေကြသည့် နှယ်။

ယင်းသည့် အချိန်တွင် အရေးပေါ် သူတောင်းစားကလေး ကျွန်တော်မောင်ကျော်စံကေးသည် အဖြစ် ဆန်းဆန်းနှင့် အချစ်စခန်းဖွင့်မည်ဟု အကြံယူကာ စေတနာရှင်မလေးဆီသို့ လာခဲ့လေ ၏။
သူတို့၏ ဇရပ်ရှေ့သို့ ရောက်လေလျှင်...
"လာပြီ ဒေါ်ဒေါ်ရေ"ဟု နောက်ဘက်သို့ လှည့်ပြောပြီး "လာ...လာ"ဟု ကျွန်တော့ကို ဖိတ်မန္တကပြုသော လုံမပျို ၏ ချစ်စရာ့အသံကလေးကို ကြားရလေသည်။
ကျွန်တော်ဝမ်းထဲ ဖိုးကျိုင်းတုတ်နှင့် ဇရပ်လှေခါးနားသို့ ချဉ်းကပ်သွားစဉ် အဒေါ်ကြီးက...

"မြရေ... အပေါ်ခေါ်လိုက်ပါလားကွယ်၊ အပေါ်မှာ ကောင်းကောင်းမွန်မွန် စားပါစေ" ဟု စေတနာပိုလိုက်သဖြင့် ကျွန်ော်မှာ ဇရပ်ပေါ်သို့ ရောက်သွားကာ ကောင်းမွန်စွာ စားသောက်ရ လေ၏။
ကျွန်တော့အား သူတောင်းစားဖြစ်လျက် အဘယ့်ကြောင့် ဤမျှစေတနာထားကြပါသလဲ၊ သူငယ်မ ၏ ပျောက်ဆုံးနေသော (၀ါ) သေသွားသော ကိုကိုနှင့်တူ၍ပင်လော....၊ ဤအတိုင်း မှန်လျှင်ကျွန်တော် ကြံနေသော ဖူးစာကံ သည် အမြန်ပင်ဆုံရန် နည်းလမ်းရှိပေသည်။ ထူးဆန်း စွာ စီမံပြီးသော ဖူးစာရေးနတ်အား ၇၅သိန်းလောက်ကုန်သော နတ်ကွန်းဗိမာန်ကြီးပင် ဆောက်ပေးဖို့ ကောင်းတော့သည်... စသည့်ဖြင့် ကိုယ်နှစ်သက်သော စိတ်ကူးများကိုသာ တွေးတောရင်း ထမင်းစားနေစဉ် သူတို့ တူဝရီးနှစ်ယောက်သည် ကျွန်တော့် အား မီးရောင် အောက်တွင် သေချာစွာ ကြည့်ရှုနေကြပြီးနောက် ကျွန်တော် စားသောက်ပြီးသော အခါ အဒေါ်ကြီးက...
"မောင်ရင်.... မောင့်ရင့်ဆီက အကူအညီတစ်ခု ဒေါ်ဒေါ်တို့ လိုချင်တယ်ကွယ်" ဟု စကား စလေရာ ကျွန်တော် မှာ အကြိုက်တွေ့သွား၍....

"ဘယ်လို အကူအညီလဲ ဒေါ်ဒေါ်၊ ကျွန်တော် တတ်နိုင်ရင် အသက်နဲ့လဲပြီး ကူညီပါ့မယ်... "
ဟု ဟီးရိုးတစ်ယောက်၏ အမူအရာမျိုးဖြင့် အာမခံလိုက်၏။
"တခြား ထွေထွေထူးထူးတော့ မဟုတ်ပါဘူးကွယ်.. ဒေါ်ဒေါ်တို့မှာ ယောက်ျားသနာ မရှိလေ တော့ ဒေါ်ဒေါ် တို့သွားချင်တဲ့ အရပ်ကို မသွားဝံ့ဘဲ ဖြစ်နေတယ်ကွဲ့၊ အဲဒါ မောင်ရင်လိုက်ပို့ ဖို့ပါပဲ"
"အို... ဒါလောက်တော့ ဘာခဲယဉ်းသလဲ ဒေါ်ဒေါ် ဘယ်လောက်ခက်ခဲတဲ့ ခရီးလမ်းဖြစ်ဖြစ် ကျွန်တော် လိုက်ပို့ပါ့မယ်"ဟု ရွှန်းပတဲ့ လုံမပျို၏မျက်နှာကို ကြည့်ရင်း ပြောလိုက်၏။
"အေးကွယ်... ကျေးဇူးတင်ပါတယ်။ မောင်က ဒီလိုဘဝမျိုးမှာ ဖြစ်နေပေမယ့် အသက်အရွယ် ကလေးနဲ့ ရိုးသားတဲ့ အမူအရာမြင်ကတည်းက ခင်မင်အားကိုတဲ့ စိတ်ရှိလို့... "

အဒေါ်ကြီး၏ စကားမဆုံးမီ ကျွန်တော်သည် ပြုံးရယ်လိုက်ကာ မိမ်၏ အဖြစ်မှန်ကို ထုတ်ဖော် ရန် သင့်လျော်ပြီဟု အောက်မေ့သည့်အတိုင်း...
"ဒေါ်ဒေါ်တို့ကတော့ ကျွန်တော့်ကို တကယ့်သူတောင်းစား မှတ်နေမှာပဲ၊ ဟဲ..ဟဲ..၊ ပြောရမှာ လည်း တကယ့် အဖြစ်ဆန်း.... "ဟု နိဒါန်းပျိုးကာ ရန်ကုန်သို့ လျှို့ဝှက်သောကိစ္စတစ်ခုနှင့် လာခဲ့စဉ် လမ်းတွင် လူဆိုးများ၏ တိုက်ခိုက်လုယူခြင်းကို ခံရ၍ အဝတ်အစားများပါ ချွတ်ယူ ခြင်း ခံရကြောင်းဖြင့် အပိုသက်သက် ဝါအလိုက်ပြီးမှ ဘုရားကြီးပေါ် သို့ ရောက်လာပုံ၊ မည်သို့ သူတောင်းစားဖြစ်ပုံတို့ကို ကိုရင်ရူးကြီးအား အပြစ်နာနာဖို့၍ အကြီး အကျယ် သနားစရာ ကောင်းအောင် ပြောပြလိုက်ပါသည်။
အဒေါ်ကြီးနှင့်မြ မှာ အံ့သြသော မျက်နှာ၊ ကြင်နာသော အမူအရာတို့ဖြင့် နားထောင်နေကြ၍ ကျွန်တော့် လုပ်ဇာတ် အဆုံးတွင်...
"
အဲဒီအတိုင်းပဲ.. ဒေါ်ဒေါ်ရေ့၊ မနေ့ညက သူတောင်းစားလုပ်လာရတာကတော့ ကျွန်တော် လည်း ဘယ် အလုပ်ဖြစ်ဖြစ် ကိုယ်မလုပ်ဖူးတဲ့ အလုပ်ကို စမ်းလုပ်ကြည့်ခင်ျတဲ့ ဝါသနာရှိတယ်၊ ဆရာပီမိုးနင်းလိုပေါ့၊ ၀တ္ထူတစ်ခုရေး ဖို့အတွက် သူတောင်းစားလုပ်ပြီး ကိုယ်တွေ့ဗဟုသုတ ရှာတာ၊ အခုညဆက်လာတာကတော့ တခြားကြောင့် မဟုတ်ဘူး၊ ဒေါ်ဒေါ်တို့က စေတနာ ကောင်း၊ဟောဒီမြကလည်း သေသေချာချာ ဖိတ်မန္တကပြုလိုက်တာနဲ့" ဟု ပြောကာ ကျွန်တော့် ရှေ့ သင်ဖြူးပေါ်တွင် ပုံ့ပုံ့ကလေးထိုင်နေသော မြအား ဘာဂလို တိုတို မျက်စိမျိုးဖြင့် ကြည့် လိုက်ပါသည်။
မြသည် အကြီးအကျယ် ချစ်စရာကောင်းအောင် ပြုံးရယ်လိုက်ကာ...
"ကြံကြံဖန်ဖန်... ဖြစ်မှ ဖြစ်ရပလေရှင်ရယ်"ဟု ကရုဏာသံကလေးနှင့် ပြောလိုက်ပါသည်။

ဤသည်တွင်မှ အဒေါ်ကြီးက..
"ဒါထက်.. မောင်ရင့်နာမည့် ဘယ်လိုခေါ်သလဲ"ဟု မေးရာ ကျွန်တော့်မှာ နာမည်ကို လိမ်ပြောမိသဖြင့် ပုနေအောင် ချောက်ကျခဲ့ဖူးပြီး ဖြစ်၍ မဝါမဝံ့တော့ဘဲ အမှန်အတိုင်းပင်..
"ကျွန်တော့်နာမည်က အဆန်းသားဗျ"ဟု စကားတိုင်ပြီးမှ...
"မောင်ကျော်စံကေး လို့ ခေါ်ပါတယ်"
မြက အနည်းငယ် ရယ်မောက...
"ဟင်... ရှင့်နာမည်ကလည်း တောကျလိုက်တာ"ဟု ချီးကျူးလိုက်သည်တွင် ကျွန်တော့်မှာ သူတောင်းစား စိတ် ပျောက်ပြီးရွှတ်နောက်ချင်စိတ်ကလေး ပေါက်လာသဖြင့်...
"ဒါ တောကျတဲ့နာမည် မဟုတ်ဘူးခင်ဗျဈ ပပ်ကြားကွဲကျတဲ့နာမည်"

မြသည် သူ့ပါးစပ်ကလေးကို လက်ဝါးကလေးဖြင့် ပိတ်ကာ မျက်နှာကလေးကို တစ်ဖက်သို့ လွှဲ၍ ရယ်မော လျက်..
"ရှင်ကလည်း... ညစ်ပတ်လိုက်တာ"
"ညစ်ပတ်တာ မဟုတ်ဘူး... မြရဲ့၊ ဟုတ်တာပြောတာ၊ ကျောစံကေးဆိုတာက နွေရာသီ ညအချိန်မှာ လယ်ပပ်ကြားကွဲ ထဲက ထွက်တဲ့ ဖားကလေးတွေကို ခေါ်တာ၊ ဒီက နာမည်က အဲဒီလယ်ပပ်ကြားထွက် ဖားကလေးတွေအမည် ကို ယူမှည့်ထားလို့ တောကျတာမဟုတ်ဘူး၊ ပပ်ကြားကွဲကျတယ် လို့ ပြောတာမြရဲ့၊"ဟု ပြောလိုက်သည်တွင် အဒေါ်ကြီးပါ နှစ်ယောက်သား ရောနှောရယ်မောကြလေ၏။
ခေတ္တမျှကြာ လျှင် အဒေါ်ကြီးသည် ခွေးကလေး အလိုလိုက် ပါးလျက်နားလျက်၊ ကြာလျှင် ရွှေ ရေး ပန်းကန်ပေါ် တက်တော့မည်ဟု စိုးရိမ်လာလေရောလား မသိ... "ကဲ မောင်ရင် မင့် ကိုရင်ရူးကြီးက ထမင်းဆာဆာ နဲ့ မျှော်လှရော့မယ်၊ သူဖို့ယူပြီး ပြန်တော့၊ နက်ဖန်မနက်ကျ လာခဲ့၊ မနက်စာထမင်းလည်း စားရင်း သွားဖို့ လာဖို့ လည်း အစီးအစဉ်လုပ် ရအောင်"ဟု ပြောသဖြင့် ကျွန်တော့်မှာ ဤတါင်မှ ဤမျှနှင့်ပင် အောင်မြင်စွာ ဆုတ်ခွာ ခဲ့ရ လေသည်။

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>