Showing posts with label ဦးတင်ဦး (ကျူရှင်). Show all posts
Showing posts with label ဦးတင်ဦး (ကျူရှင်). Show all posts

Monday, April 18, 2011

နောက်ဆုံးအချိန် နောက်ဆုံးစကား (The Last Lecture) အပိုင်း (၄၂) (ဇာတ်သိမ်း)

အခန်း ၆၁
အိပ်မက်များသည် သင့်ထံလာလိမ့်


ကျွန်တော်သည် ကျွန်တော်၏ နောက်ဆုံးဟောပြောချက်ကို ရင်ဖိုလှုပ်ရှား မဖြစ်ဘဲနှင့်တော့ အပြီး သတ်နိုင် မည် မထင်ဟု ရက်အတော်ကြာကြာ စိတ်ပူနေမိခဲ့သည်။ ထို့ကြောင့်အရေးပေါ် အစီအစဉ်ကို ရေးဆွဲရသည်။ ကျွန်တော်သည် ဟောပြောချက်၏ နောက်ဆုံး ၀ါကျ အနည်းငယ်ကို ရုပ်ပုံဆလိုက် လေးခု ပေါ်တွင် ပြထားလိုက်သည်။ စင်ပေါ်ရောက်သွားချိန်၌ ကိုယ်ပြောလိုရာစကားကို ပြောမထွက်ဖြစ်ခဲ့လျှင် တိတ်တဆိတ် ခလုပ်နှိပ်ပြီး ရုပ်ပုံဆလိုက်ကို ဖွင့်ပြလိုက်မည်။ ယနေ့ လာရောက်ကြတဲ့အတွက် ကျေးဇူး တင်ပါတယ် ဟုသာပြောလိုက်မည်ဟု စိတ်ကူးထားပါသည်။
ကျွန်တော် ဟောပြောစင်ပေါ်၌ တစ်နာရီကျော်ကျော်သာ ကြာပါသည်။ ခီမိုဆေးရည်သွင်း ထားသည့်ဒဏ်၊ ကြာကြာ ရပ်ထားရခြင်းနှင့် စိတ်လှုပ်ရှားမှုတွေ ဖြစ်နေခြင်းကြောင့် ကျွန်တော့်မှာ တကယ်လည်း စိတ်ခံစားမှု တွေဖြစ်ရင်း ထိုအချိန် ကုန်သွားခဲ့သည်။

တစ်ချိန်တည်းမှာပင် ကျွန်တော့်စိတ်မှာ ငြိမ်းချမ်းခြင်းနှင့် ကျေနပ်အားရခြင်းတို့ ဖြစ်သွားသည်။ ကျွန်တော်၏ ဘ၀ စက်ဝန်း သည် စက်ဝန်းတစ်ပတ်ပြည့်ခဲ့ခြင်းပင်။ ကျွန်တော်သည် ကျွန်တော် ရှစ်နှစ်သားအရွယ် ရောက်ချိန် ၌ ဖြစ်ခဲ့သော စိတ်ကူးအိပ်မက များကို ဦးစွာ စာရင်းချပြခဲ့ပြီ ဖြစ်သည်။ နောင်အသက် ၃၈ နှစ် အကြာ ယခုအခါတွင် ထိုစိတ်ကူး အိပ်မက်စာရင်းကပင်လျှင် ကျွန်တော်ပြောဖို့ လိုအပ်မည်အရာများကို ပြောနိုင် အောင်ပြုပေးခဲ့၊ ကျွန်တော့်အား သယ်ဆောင်ပေးလာနိုင်ခဲ့သည်။

ကင်ဆာရောဂါသည် အများအပြားက သည်ရောဂါကြောင့် သူတို့သည် ဘ၀၏တန်ဖိုးကို အမြင်သစ်နှင့် နက်နက် ရှိုင်းရှိုင်း တွေမြင် အသိမှတ်ပြုနိုင်ကြသည်ဟု ပြောလေ့ရှိကြသည်။ သေမှာကို ကြို၍ သိနိုင်လိုက် သဖြင့် ကျွန်တော်တကယ်ပဲ ကျေးဇူးတင်ရသည်ကား မှန်ပါသည်။ သို့ရာတွင် ထိုသူများ၏ ကျေးဇူးတင် နည်းမျိုး နှင့်ကား ကင်ဆာရောဂါကို ကျွန်တော်ကျေးဇူးတင်တာမျိုး မရှိပါ။ ကျွန်တော့်မိသားစု၏ အနာဂတ် အတွက် ကြိုတင်ပြင်ဆင်စရာရှိတာကို ပြင်ဆင်ခွင့်ရသည့်အပြင် ထိုအချိန်အတွင်း၌ ကာနက်ဂီ မယ်လွန် တက္ကသိုလ် သို့ သွားရောက်ကာ ကျွန်တော်၏နောက်ဆုံး ဟောပြောချက်ကို ဟောပြောခွင့်လည်းရခဲ့ပါ၏။ တစ်နည်း ဆိုရသော် ကင်ဆာရောဂါသည် ကျွန်တော့်အား ဤနယ်ပယ်မှ ကျွန်တော်၏ စွမ်းအားအတိုင်း စွန့်ခွာ ခွင့်ပြုခဲ့ပါပေသည်။

ထိုပြင် ကျွန်တော်၏ ကလေးဘ၀ စိတ်ကူးအိပ်မက်များစာရင်းက ရည်ရွယ်ချက်အမျိုးမျိုး အတွက်လည်း ဆက်လက်၍ အကျိုးဆောင်ပေးနေဆဲ ဖြစ်ခဲ့ပါသည်။ ထိုစိတ်ကူးအိပ်မက် များသာ မရှိခဲ့ပါလျှင် ကျေးဇူးတင်ထိုက်သူများကို ကျွန်တော် ကျေးဇူးတင်နိုင်စွမ်း ရှိခဲ့၊ မရှိခဲ့ ကိုမည်သူ သိနိုင်တော့မည်နည်း။ အဆုံးတွင်ကား ထိုအိပ်မက်စာရင်းကလေးကြောင့် ကျွန်တော့်အတွက် အဓိပ္ပာယ်များစွာ ရှိသသူသ ဟူသမျှကို ကျွန်တော် ခွဲခွာနှုတ်ဆက်ခွင့် လည်းရခဲ့ပါပေသည်။

အခြားအရာ များလည်း ရှိသေးသည်။ အဆင့်မြင့် နည်းပညာတတ် တစ်ယောက်အနေဖြင့် ကျွန်တော် ဖြတ်သန်း လာသည့် နှစ်ကာလများအတွင်း ကျွန်တော်သိလာခဲ့၊ သင်ပြပေးလာ ခဲ့သော အနုပညာသည် များနှင့် ရုပ်ရှင်မင်းသားများကို ကျွန်တော်အပြည့်အ၀ နားလည်ခဲ့ ခြင်းမရှိပါ။ သူတို့သည် အပြင်ထွက်လာဖို့ လိုအပ် သည့် ရင်တွင်း၌ရှိနေသော အရာများ အကြောင်းကို တစ်ခါတရံ ပြောကြားကြပေလိမ့်မည်။ ကျွန်တော် သည် ပို၍ ပြတ်သားသင့် ခဲ့ပေသည်။ ဟောပြောစင်ပေါ် ရောက်သွားသော နာရီပိုင်း ကလေး သည် ကျွန်တော့်အား တစ်စုံတစ်ရာ သင်ပြပေးခဲ့၏။ (အနည်းဆုံးအားဖြင့်တော့ ယခုတိုင် သင်ယူနေဆဲပါ။) ကျွန်တော့် မှာလည်း အပြင်ကို ထွက်လာမှကိုဖြစ်မည့် ရင်တွင်းခံစားချက်တွေ ရှိသည်။ ကျွန်တော် ဟောပြောခဲ့ခြင်းမှာ ထိုရင်တွင်းမှာရှိနေသော ခံစားချက်များကို ဖွင့်အန်ထုတ်ချင် သောကြောင့်သာ ဖြစ်ပါသည်။ ကျွန်တော်ဟောပြောခဲ့ခြင်းမှာ ဖွင့်အန်ရမည့် ရင်တွင်းခံစား ချက်တွေရှိနေခြင်းကြောင့်သာ ဖြစ်ပါ သည်။

ကျွန်တော်၏ နောက်ဆုံးအပြီးသတ် စကားလုံးများသည် ဘယ်မျှ စိတ်မှာ ထိုခိုက်လှုပ်ရှား ဖြစ်မည်ကို ကျွန်တော် သိပါသည်။ ထိုသို့ဖြစ်ရသည်မှာ ကျွန်တော်၏ဟောပြောချက် နိဂုံးသည် ကျွန်တော်၏ ဘ၀ ကုန်ဆုံး တော့မည့် အနေကို ကျွန်တော်ဘယ်သို့ ဘယ်ပုံယူဆ သည်ကို အနှစ်ချုပ် ဖော်ပြချက်မျိုး ဖြစ်ဖို့လို သောကြောင့် ဖြစ်ပါသည်။
ကျွန်တော့် စကားကို နိဂုံးကမ္ပတ် အဆုံးသတ်မည်ရှိသည့်အခါ တစ်မိနစ်မျှ အချိန်ယူ၍ ကျွန်တော့် ဟောပြောချက်၏ အရေးကြီးသော အချက်အချို့ကို ပြန်လည် သုံးသပ်ရပါသည်။ ထို့နောက် ကျွန်တော်သည် နိဂုံးပိုင်း ကို အလှည့်ကလေးနှင့် မျှော်လင့်မထားသော ဇာတ်သိမ်းမျိုးနှင့် အနှစ်ချုပ်ပြလိုက်ပါသည်။

ကနေ့ ဟောပြောပွဲကတော့ ကလေးဘ၀ စိတ်ကူးအိပ်မက်များအတိုင်း ဖြစ်လာပုံ အကြောင်းပါပဲ၊ ဒါပေမဲ့ ပရိသတ် များ ဟန်ပြခေါင်း အကြောင်း နားလည်သဘောပေါက် ခဲ့ပြီ မဟုတ်ပါလား ဟု ကျွန်တော်က မေးပါသည်။
ခဏမျှရပ်ထားလိုကရာ တစ်ခန်းလုံး ငြိမ်ချက်သား ကောင်းနေပါသည်။
တကယ်တော့ ဒီဟောပြောပွဲဟာ ဘ၀ကို ဘယ်လိုနေထိုင်သွားကြမလဲဆိုတဲ့ အကြောင်းပါ။ ဘ၀ကို မှန်ကန်စွာ နေထိုင်သွားနိုင်မယ်ဆိုရင် ကံတရားက သူ့သဘောတရားအတိုင်း စီရင်သွားပါလိမ့်မယ်။ ဒီအခါ စိတ်ကူးအိပ်မက် တွေဟာလည်း တကယ် ဖြစ်လာကြပါလိမ့် မယ်။

ကျွန်တော်သည် နောက်ထပ်ရုပ်ပုံဆလိုက်တစ်ခုကို ထိုးပြလိုက်ရာ ပိတ်ကားပြင်နင့်အပြည့် မေးခွန်းတစ်ခု ပေါ်လာသည်။ ဒုတိယ ဟန်ပြခေါင်းကိုကော ပရိသတ်များ နားလည် သဘောပေါက်လိုက်ပါပြီလား။
အချိန် က တိုတိုလေးပင်။ ကျွန်တော်သည် ယခင်က ပြောပြခဲ့သည်ထက် ပို၍မြန်မြန် ထိုးပြရန် ဆုံးဖြတ် လိုက်သည်။ ခပ်မြန်မြန်ပြောမည်ဆိုပါလျှင် ကျွန်တော်ရှင်းပြနိုင်မည် ထင်သည်။ ကျွန်တော်သည် စကားလုံး များကို ပိတ်ကားပေါ်၌ ထပ်မံ ထိုးလိုက်သည်။

ဒုတိယဟန်ပြခေါင်းကိုကော ပရိသတ်များ နားလည်သဘောပေါက်လိုက်ပါပြီလား။
ထို့နောက် ကျွန်တော်က ပရိသတ်ကို ပြောပြသည်။ ယခုဟောပြေခဲ့သည်မှာ ဤအခန်းထဲ တွင် ရှိနေသော သူများ အတွက်သာ မဟုတ်ပါ။ ကျွန်တော့်ကလေးတွေပါ ခင်ဗျာ
ကျွန်တော် သည် နောက်ဆုံးရုပ်ပုံဆလိုက်ကို ထိုးပြလိုက်သည်။ ကျွန်တော်၏ ညာလက်ဖြင့် ပြုံးနေသော လိုဂန် ကို ပွေ့လျက်၊ ချစ်စဖွယ် ချလို ကလေး ကို ဘယ်လက်တွင် ပွေ့လျက်၊ ဒီလန်က ကျွန်တော့်ပခုံးပေါ် ပျော်ရွှင်စွာ ထိုင်လျက်ရှိနေသော ကျွန်တော်၏ ဓာတ်ပုံ ပေါ်လာလေသည်။


ပြီးပါပြီ
.
>>>ဆက်ဖတ်ရန်>>> >>

Sunday, April 17, 2011

နောက်ဆုံးအချိန် နောက်ဆုံးစကား (The Last Lecture) အပိုင်း (၄၁)

အခန်း ၆၀
ဂျေးနှင့်ကျွန်တော်

ကင်ဆာရောဂါ နှင့် ရင်ဆိုင်နေကြရသော မိသားစု တို့ သိကြသည့်အတိုင်းပင် ပြုစုစောင့်ရှောက်ပေးရသူ တို့က ဘေးနားသို့ ရောက်ရောက်သွားတတ်သည်။ လူမမာများ မှာ ကိုယ့်ရောဂါလောက်ကိုသာ အာရုံ စိုက် တတ်ကြသည်။ သူတို့ ကသာ ဖူးဖူးမှုတ်ခံ၊ အသနားခံ များ ဖြစ်နေကြသည်။ ပြုစုစောင့်ရှောက် ပေးရ သူများ မှာမူ ကိုယ့်ဒုက္ခ ကိုယ့်ဝေဒနာတို့ကို အောက်မေ့သတိရချိန်ပင် မရကြဘဲ လေးလံသောဝန်ကို ထမ်းနေကြရ လေသည်။

 ကင်ဆာရောဂါသည် ကျွန်တော် ကို ပြုစုစောင့်ရှောက်ပေးနေရသည့် ကျွန်တော်ဇနီး ဂျေး ဆိုလျှင် ကလေး သုံးယောက် နှင့် လုပ်ရမည့် တာဝန်တွေက ပို၍ပင် များနေသေးတော့သည်။ ထို့ကြောင့် ကျွန်တော် ၏ နောက်ဆုံး ဟောပြောချက်ကို ဟောပြောဖို့ပြင်ဆင်နေစဉ်က ကျွန်တော်ဆုံးဖြတ်ချက်တစ်ခုချခဲ့ သည်။ ဤ ဟောပြောချက် သည် ကျွန်တော်၏ အရေးပါသော အချိန်ကာလကလေး ဖြစ်နေနိုင်ပေရာ ကျွန်တော်သည် ဂျေး ကို ဘယ်မျှချစ်မြတ်နိုး တန်ဖိုးထားကြောင်းကို တစ်နည်းနည်းဖြင့် ပြသွားလို၏။

ကျွန်တော်၏ဟောပြောချက် ဆုံးခါနီး၌ ကျွန်တော်ဘ၀တွင် ကျွန်တော်ရရှိခဲ့သော သင်ခန်းစာများကို ပြန်လည် သုံးသပ်ကြည့်ပုံပါသည်။ ထိုနေရာတွင် ကိုယ့်ကိုယ်ကိုယ်ချည်း အာရုံပြုနေခြင်းထက် သူတစ် ပါးကို အာရုံ ပြုတတ်ဖို့က အလွန်အရေးကြီးကြောင်း ကျွန်တော်ဖော်ပြခဲ့သည်။ ဟောပြောစင် အပြင် ဘက်ကို ကြည့်ရင်း ကျွန်တော်က ဤသို့မေးခဲ့၏။ "ကျွန်တော်တို့မှာ ဟောဟိုမှာ လူတစ်ယောက် ယောက်အပေါ် အာရုံပြု ပါတယ်ဆိုတဲ့ ဆုပ်ဆုပ်ကိုင်ကိုင်နမူနာ သာဓကရှိပါသလား၊ အဲဒီနမူနာ သာဓကကို ထုတ်ပြ နိုင်ပါ သလား"

ထိုအရင် တစ်ရက်သည် ဂျေး၏မွေးနေ့ဖြစ်နေခြင်းကြောင့် ဟောပြောစင်အပြင်ရှိ တွန်းရွှေ့သွားနိုင် သော စားပွဲ ပေါ်တွင် မီးထွန်းရန် အသင့်စောင့်ဆိုင်းနေသော ဖယောင်းတိုင် တစ်တိုင် နှင့် အတူ မွေးနေ့အထိမ်း အမှတ် ကိတ်မုန့်ကြီး ကို စီစဉ်ထားရှိသည်။ ကိတ်မုန့်ကြီးကို ဂျေး၏မိတ်ဆွေ ကလီယာ စခလူတာ က ဘီးလှိမ့် တွန်းရွှေ့လာသည်။ ထိုစဉ် ကျွန်တော်က ပရိသတ်အားရှင်းပြပါသည်။ ကျွန်တော်သည် ဂျေးကို ထိုက်တန် ကောင်းမွန်သည့် မွေးနေ့မျိုး မကျင်းပပေးခဲ့ဖူးကြောင်း၊ ထို့ကြောင့် ကြွရောက်လာကြ သော လူ ၄၀၀ တို့က သူ့အတွက် ဆုမွန်ကောင်းတောင်းသည့်တေးသီချင်းများကို သီဆိုပေးနိုင်အောင် လုပ်ပေး နိုင်ပါလျှင် အင်မတန်လျော်ကန်သင့်မြန်မည်ဟု ကျွန်တော် ထင်မြင်ပါကြောင်းတို့ကို ရှင်းပြ လိုက်ခြင်း ဖြစ်ပါ၏။ ပရိသတ်များသည် ကျွန်တော့်စိတ်ကူးကို သဘောကျကြပြီးတေးသီချင်းများ သီဆို ပေးကြပါသည်။

"ဟက်ပီး ဘတ်သ်ဒေး တူးယူ၊ ဟက်ပီး ဘတ်သ်ဒေး တူးယူ"
သူ့နာမည် ကို မသိကြသူများလည်း ပါလာနိုင်သည်ကို ကျွန်တော်သိသည်။ ထို့ကြောင့် "သူ့နာမည်က ဂျေးပါ" ဟု ပြောလိုက်သည့်အခါ "ဟက်ပီဘတ်ဒ်ဒေး၊ ဒီယာဂျေး"ဟု မွေးနေ့ဆုတောင်းစကား သီဆိုကြ ပါသည်။

အလွန်ပျော်စရာကောင်းသော အစီအစဉ်ပါ။ ဟောပြောချက်ကို ဗွီဒီယိုစကရင်ပေါ်မှာ လာရောက်ကြည့် ရှုကြသော ခန်းမကြီးလျှံအောင် အားပေးကြသည့် အနီးအနားတစ်ဝိုက်မှ လူများပါ ပါဝင်သီဆိုကြသည်။

ကျွန်တော်တို့အားလုံး သီချင်းသီဆိုနေကြရင်း ကျွန်တော်သည် ဂျေးကို လှမ်းကြည့်မိလိုက်သည်။ ရှေ့ တန်း ထိုင်ခုံပေါ်တွင် ဂျေးသည် မျက်ရည်များကို သုတ်ရင်း အံ့အားသင့်စွာ ရုတ်တရက်ပေါ်လာသော အ ပြုံးက သူ့မျက်နှာ ပေါ်ယှက်သန်းသွားသည်။ မျက်ရည်များကြားမှ ပြုံးနေသော သူ့မျက်နှာကလေးမှာ တကယ်ပင် ချစ်စရာ ကောင်းလှပါသည်။ ရှက်ပြုံးကလေးဖြင့် လှနေကာ စိတ်မှာ ကျေနပ်ထိခိုက်ဖြစ်နေပါ ပေ၏။

ကျွန်တော် မရှိတော့သည့်နောက်တွင် သူ့ဘ၀ကို နားလည်လက်ခံသွားတတ်ရန်နှင့် ပတ်သက်၍ ဂျေး နှင့် ကျွန်တော် တို့ ဆွေးနွေးကြရမည့်အရာတွေ များစွာရှိသည်။ "ကံကောင်း"သည်ဟူသော ဝေါဟာရ သည် ကျွန်တော့် အခြေအနေ ကို ဖော်ပြရန်အတွက် ခပ်စိမ်းစိမ်းစကားတစ်လုံးဖြစ်နေသည်။ သို့ရာတွင် ကျွန်တော် သည် ဟိုးလေးကြော်သည့် ဘတ်စ်ကားအတိုက်ခံရတာမျိုး မဖြစ်ခဲ့ခြင်းကိုပင် ကံကောင်း သည်ဟု ဆိုရ မလိုဖြစ်ပါသည်။ ကင်ဆာရောဂါကြောင့်သည်ပင်လျှင် ဂျေးနှင့် ကျွန်တော်သည် ဤသို့ သော အရေးကြီး သည့် စကားများကို ပြောဆိုဆွေးနွေးဖြစ်ကြသည်။ အကယ်၍သာ ဤရောဂါမရဘဲ ကားတိုက်ခံရတာတို့၊ နှလုံးရောဂါ ရတာတို့ ဖြစ်ခဲ့ပါလျှင် ဤသို့သော ဆွေးနွေးပြောဆိုမှုများကို ပြုနိုင် မည်မဟုတ်ပေ။

ကျွနတော်တို့ ဘာတွေ ဆွေးနွေး ပြောဆိုကြပါသနည်း။
ဥပမာ ဆိုပါစို့။ ကျွန်တော်တို့ နှစ်ဦးစလုံးသည် ပြုစုစောင့်ရှောက်မှု နှင့် ပတ်သက် ၍ လေယာဉ်မယ် ကလေးများက ပေးလိုက်သော အကောင်းဆုံး အကြံဥာဏ် အကြောင်းကို သတိရနေရန် ကြိုးစား ကြမည်။`သူတစ်ပါးကို မကူညီမီ မိမိ၏အောက်စီဂျင် မျက်နှာဖုံးကို အရင်စွပ်ထားပါ`တဲ့ ထိုကလေးမများက ပြောသည်။ ဂျေးသည် သူတစ်ပါးကို ပြုစုစောင့်ရှောက်ရာ၌ ကိုယ့်အောက်စီဂျင် မျက်နှာဖုံးကို အရင်စွပ်ရန် မေ့တတ်သူ ဖြစ်သည်။

သူ့ကိုယ်သူ ဂရုစိုက်ဖို့ သတိမရ။ ကျွန်တော်တို့ နှစ်ဦးစလုံး ရုပ်ပိုင်းအရရော စိတ်ပိုင်အရပါ ဗုံးဗုံးလဲ သွားပါ လျှင် ကလေးငယ် ကလေးတွေဆိုတာတော့ ဝေလာဝေး၊ ဘယ်သူ့ ဘယ်သူကိုမှ မကူညီနိုင် ဖြစ်ပေ ရော့မည်။  ထို့ကြောင့် ဘက်ထရီ ဓာတ်အားပြန်သွင်းသလို တစ်နေ့တာ အချိန်ပိုင်း ကလေးထဲမှာ အချိန် တစ်ပိုင်း တစ်စကလေးမျှ ကိုယ့်ကိုယ်ကိုယ် အားပြန်သွင်းပေဖို့ ခက်နေတတ်သည်။ ဂျေးသည်သူ့ကိုသူ ဦးစား ပေးဖို့ လိုသေးကြောင်း ကို မသိမဟုတ်၊ သိပါသည်။

ကျွန်တော်က သူ့ကို ပြောရသည်။ သူ့အနေနှင့် အမှားတွေလည်း ပြုမိမည်ပင်။ ပြုမိလျှင်လည်း ပြုမိသွားပြီးဟု လက်ခံလိုက်ရုံသာ ဖြစ်ကြောင်း သတိပေးရခြင်း ဖြစ်ပါ၏။ အကယ်၍သာ ကျွန်တော် သည် အသက်ရှင် နေနိုင်ခွင့် ရှိနေဦးမည်ဆိုလျှင် ထိုအမှားဟူသည် သားသမီးများကို ကျွေးမွေးပြုစု စောင့်ရှောက်သည့် မိဘ တို့၏ လုပ်ငန်းစဉ်၏ အစိတ်အပိုင်းတစ်ရပ် ဖြစ်သည်။  မမှား၍ ဘယ်ဖြစ်မလဲ ကလေး များကို ကိုယ့်ဘာသာကိုယ်ပဲ မွေးကျွေးစောင့်ရှောက်သွားရမည် ဟူသော အချက်ပေါ်ချည်း စဉ်းစား မနေ ထိုက်ကြောင်း ဂျေးကို သတိပေးရပါသည်။

တစ်ဦးဦး သေးဆုံးသွား၍ ကျန်တစ်ဦး ဘက်ပဲ့ကျန်ရစ်ခဲ့ကြသော အချို့မိဘများသည် ကွယ်လွန် သွားသူ မိခင် သို့မဟုတ် ဖခင်တို့အစား ကလေးငယ်များအား သူတို့လိုရာ ရုပ်ဝထ္ထု ပစ္စည်းများဖြင့် အပေးမှား တတ်ကြသည်။ ဂျေးကတော့ သိပါ၏။  ပျောက်ဆုံးသွားသူ မိဘတစ်ဦးအတွက် ဘယ်သို့သော ရုပ်ဝထ္ထု ပစ္စည်းများဖြင့် အပေးမှားတက်ကြသည်။ ဂျေးကတော့ သိပါ၏။  ပျောက်ဆုံးသွားသူ မိဘတစ်ဦးအတွက် ဘယ်သို့ သော ရုပ်ဝတ္ထု ပစ္စည်းများနှင့်မှ အစားထိုး၍ မရ။ ကလေးငယ်များ၏ တန်ဖိုးကို မြေထောင်မြှောက် ပေးရာ ၌ ထိုသို့ပြုခြင်းသည် အထမ်းထက် အဆွဲက လေးနိုင်သည်ဟူ၍ ဂျေးကသိထားပြီး ဖြစ်ပါ၏။

ကလေးငယ်များ လူပျို အပျိုပေါက် အရွယ်ရောက်လာလျှင် မိဘများစွာတို့ တွေ့မြဲဓမ္မတာ အတိုင်း ဂျေးမှာလည်း စိန်ခေါ်မှုတွေနှင့် တွေ့ရနိုင်ပေ၏။ ကျောင်းသားများဝန်းကျင်တွင် နေထိုင်လာရသူ တစ်ဦးအနေဖြင့် ကျွန်တော်ကတော့ သားသမီးတွေ မြီးကောင်ပေါက်အရွယ် ရောက်လာလျှင် ကိုယ့်နည်း ကိုယ်ဟန် နှင့် သွားမည်ဟု စဉ်းစားတက်သူ ဖြစ်ပါသည်။ ကျွန်တော်သည်တင်းတင်းရင်းရင်း ကိုင်သွား မည် ဖြစ်သော်လည်း သူတို့၏ တွေးတော စဉ်းစားတက်ပုံ သဘာဝကိုယ်လည်း သိအောင်ပြုသွားမည် ဖြစ်ပါသည်။ ၀မ်းနည်းမိရ သည်ကား ကလေးများ ကြီးကောင်ဝင်လာသည့် အရွယ်ရောက်လာချိန်၌ ကျွန်တော်က ရှိတော့ မည် မဟုတ်တော့သဖြင့် ဂျေးကို မကူညီနိုင်တော့ခြင်း ဖြစ်ပါ၏။ 

သို့ပင်သော်လည်း မိတ်ဆွေများနှင့် ကိုယ့်မိသားစုများပါ အခြားသူ များကလည်း ဂျေးကို ကူညီသွား လိုကြခြင်း ကား ၀မ်းသာဖွယ်ဟု ဆိုရပါမည်။ ဂျေးကလည်းသူတို့ကူညီလျှင် ကူညီနိုင်အောင် အစီအစဉ် ပြုထားပါ၏။ ကလေးတိုင်းသည် သူတို့၏ဘ၀များတွင် သူတို့ကို ချစ်ကြသောသူများနှင့် ၀န်းရံ ပေါင်းယှက် ဖြစ်နေဖို့ လိုပါသည်။ အထူးသဖြင့် မိဘမဲ့ကလေးများအတွက် ထိုအခြေအနေသည် လိုအပ်နေပါ၏။

ကျွန်တော်သည် မိဘမဲ့များအကြောင်း ပြန်ပြောင်းစဉ်းစားမိသည်။ ကျွန်တော်မိဘများသည် ကျွန်တော်ဘ၀ တွင် သူတို့သာလျှင် ကျွန်တော်အပေါ် အရေးပါသည့် သြဇာလွှမ်းမိုးနေသူများဖြစ်ရမည် ဆိုသည်မှာ မဖြစ်နိုင် ကြောင်း သိကြပေသည်။ ထို့ကြောင့်လည်း ကျွန်တော်မိဘများက ဂျင်ဂရာဟမ်နှင့် ဘောလုံး ကစား စေနိုင်ရန် လက်မှတ်ထိုး အပ်နှံပေးလိုက်ခြင်း ဖြစ်ပါသည်။ ဂျေးသည်လည်း သည်လိုမျိုး ကလေးများအတွက် နည်းပြဂရာဟမ်လို လူမျိုးလည်း အသင့်ဖြစ်နေမည် ဖြစ်ပါသည်။
ကျွန်တော် အဖို့ကတော့ ထိုအခြေအနေမျိုးအတွက် အဖြေမှာ ဤသို့ဖြစ်ပါသည်။

အားလုံးအရေး တွင် နောင်လာမည့် နှစ်တွေအတွင်းမှာ ဂျေး ပျော်ပျော် ရွှင်ရွှင် နေသွားဖို့အရေးသည် ကျွန်တော် အလိုလားဆုံးရာ ဖြစ်ပါသည်။ သူတစ်ပင်လဲ၍ တစ်ပင်ထူ မှ ပျော်ရွှင်ချမ်းမြေ့ ဖြစ်မည် ဆိုလျှင်လည်း နောက်အိမ်ထောင်ပြု ခြင်းသည် အကောင်းဆုံး ဖြစ်ပါလိမ့်မည်။ နောက်အိမ်ထောင် မပြုဘဲ နှင့် ပျော်ရွှင်မှုကို ရနိုင်သည်ဆိုပါလျှင် လည်း မုဆိုးမိဘ၀ နှင့် အရိုးထုတ်သွားခြင်းမှာ ကောင်းသည်သာ ဖြစ်ပါသည်။

ဂျေးနှင့်ကျွန်တော်သည် အိမ်ထောင်ရေးကိစ္စအတွက် များစွာ လုံးပမ်းကြရသည်။ တစ်ဦးနှင့်တစ်ဦး ဆက်ဆံနေနိုင်ခြင်း၊ တစ်ဦး၏လိုအင်နှင့် အားအင် တို့ကို တစ်ဦးက ချစ်သထက် ချစ်နိုင်မည့် နည်းလမ်းများ ရှာကြံခြင်းတို့ဖြင့် ကျွန်တော်တို့ အိမ်ထောင် ရေးသည် ကောင်းသထက်ကောင်း လာခဲ့သည်။ ထို့ကြောင့် ဤ အိမ်ထောင်ရေး အရသာကို နောင်လာမည့် အနှစ်သုံးဆယ် ၊လေးဆယ်တိုင်အောင် ခံစားခွင့် ကြုံတော့မည် မဟုတ်သဖြင့် ၀မ်းနည်းဖွယ် ကောင်းပါသည်။ ကျွန်တော်တို့သည် ကျွန်တော်တို့ ကြိုးပမ်း တည်ဆောက် ခဲ့သမျှ ကို အရစ်ကျ ပြန်ဆပ်သွားတာမျိုးလည်း လုပ်သွားနိုင်မည် မဟုတ်ပါ။ ကျွန်တော်တို့၏ ရှစ်နှစ်ကြာ အိမ်ထောင်ရေး ဘ၀ကို ဘယ်အရာနှင့်မျှ အလဲအထပ်ပြုမည် မဟုတ်ပါ။

ဤအရာတွေကို သိထားပြီးဖြစ်၍ ကျွန်တော်သည် ကျွန်တော်မှာ ကင်ဆာရောဂါရှိနေသည်ဟူသော တွေ့ရှိချက် အပေါ် ကိုင်တွယ်ရာ၌ ယနေ့အချိန်ထိ ကောင်းစွာ ကိုင်တွယ် ဆောင်ရွက်လာခဲ့ပေသည်။ ဂျေး ကလည်း အလားတူပင် ဆောင်ရွက်နိုင်ခဲ့သည်။ `ကျွန်မအတွက် ဘယ်သူမှ ငိုကြွေးနေစရာမလိုပါဘူး` ဟုဂျေးကပြောလေ့ရှိပါသည်။ သူဤသို့ပြောခြင်းမှာ တကယ်ပြောခြင်းပင်။ သို့ရာတွင် ကျွန်တော်တို့သည် မလိမ်ဘဲ ရိုးလည်း ရိုးသားချင်ကြပြန်သည်။ ပြောဆိုတိုင်ပင်ခြင်းသည် အလွင်တရာ အကျိုးဖြစ်သော်လည်း ကျွန်တော်တို့မှာ အတော်ခက်ခက်ခဲခဲနှင့် ကြုံရတာမျိုး လည်းရှိသည်။ ကျွန်တော်တို့ နှစ်ယောက်သည် အိပ်ရာထဲ မှာ နှစ်ယေက်သား ငိုကြ၊ငိုရင်း အိပ်ပျော်သွားကြ၊ နိုးလာတော့လည်း နောက်တစ်ဖန် ထပ်၍ ငိုရသည် များ ရှိသည်။

ကျွန်တော်တို့သည် လက်ငင်း လုပ်ဆောင်ရမည့် အလုပ်များကို အာရုံစိုက်ကြရင်းဖြင့် ပြီးသွားကြ ရသည်လည်း ရှိသည်။ ကျွန်တော်တို့ အခြေအနေ သိပ်ဆိုးသွား၍ကား မဖြစ်။ အိပ်ဆက်မှုကလေး အတန်အသင့်ရဦးမျ ဖြစ်မည်။ မိုးလင်းလျှင် ကလေးတွေကို နံနက်စာကျွေးဖို့ တစ်ဦးဦးကတော့ ထရသောကြောင့်ဖြစ်သည်။ ထိုသို့ နေ့တိုင်းနီးပါး နံနက်စောစော ထသူမှာလည်း အခြားသူမဟုတ်ပါပေ။ ဂျေး ဟူ၍သာ မှတ်တမ်းတင်ရမည် ဖြစ်ပါသည်။

မကြာသေးခင်က ကျွန်တော်၏ ၄၇နှစ်မြောက် မွေးနေ့ပွဲကို ကျင်းပသည်။ ဂျေးသည် `နင်ချစ်တယ်ဆိုတဲ့ လူရဲ့ နောက်ဆုံးမွေးနေ့အတွက် ဘာပေးမလဲ` ဟူသော မေးခွန်းဖြင့် နပမ်းလုံးနေခဲ့လေသည်။ သူသည် နာရီ တစ်လုံးနှင့် စကရင်အကြီးကြီးပါသော တီဗွီတစ်လုံးကို ရွေးချယ်ခဲ့သည်။ ကျွန်တော်သည် တီဗွီ ၀ါသနာရှင် တစ်ဦး မဟုတ်သော်လည်း တီဗွီဆိုသည်မှာ လူလောက၏ အချိန်အဖြုန်းပေး နိုင်ဆုံး ကရိယာ ဖြစ်သည် သူပေးသည့်မွေးနေ့ လက်ဆောင်မှာ တကယ်ပင် လျော်ကန်သင့်မြတ်လှပါပေသည်။ ကျွန်တော်က ဘ၀၏ အဆုံးတိုင် အိပ်ရပေါ်မှာပဲ နေသွားရသည်က များမည်ဖြစ်ရာ ပြင်ပကမ္ဘာနှင့် ကျွန်တော် နောက်ဆုံး ဆက်သွယ် သွားရာတွင် တီဗွီသည် ဆက်သွယ်ရေး ကိရိယာတစ်ခု ဖြစ်သွားမည်းမဟုတ်ပါလော။

ဂျေးက ကျွန်တော်အားဟိုအကြောင်း သည်အကြောင်း ပြောပြသည့် နေ့တွေရှိသည်။ ကျွန်တော်က ဘာမျှ ပြန်မပြောနိုင်တာ တွေလည်း ရှိသည်။ ``မောင်မရှိတော့တဲ့ အချိန်မှာ ဘယ်လိုလှိမ့်နေရမလဲလို့ မစဉ်းစား တတ်အောင်ဘဲ မောင်ရယ်`ဟု ဂျေးကပြောသည်။ ``မောင်မပါတော့ဘဲနှင့် ကလေးတွေကို အားရက်မှာ အနား ယူဖို့ ကလေးတွေကို ဘယ်ကို ခေါ်သွားရပါ့မလဲဆိုတာလည်း စဉ်းစားလို့မရဘူး``ဟု လည်း ပြောပါသည်။ `ရန်ဒီ၊ မောင်ဟာ အမြဲတမ်း အစီစဉ်တွေ ရေးဆွဲနေတဲ့သူပဲ၊ အစီအစဉ်တွေကို  ဘယ်သူက ရေးဆွဲ သွားမလဲနော်``ဟုလည်း ဆိုပါသည်။

ကျွန်တော်ကမူ မပူပါ။ ဂျေးသည် အစီအစဉ်ကောင်းတွေကို ရေးဆွဲသွားမည့်သူပါ။  ကျွန်တော်မှာသာလျှင် ပရိသတ် က ``ဟက်ပီး ဘတ်သ်ဒေးတူ ဂျေး``ဟူ၍ သီဆိုပြီးသွားသော အခါတွင် ဘာလုပ်၍ ဘာပြော ရမှန်းမသိ ဖြစ်သည်။ သို့ရာတွင် ကျွန်တော်က စင်ပေါ်သို့တက်လာုရန် တိုက်တွန်းလိုက်၍ သူ ကျွန်တော် ဆီသို့ လျှောက်လာသောအခါ ကျွန်တော်မှာ သဘာဝကပေးသော အာသာဆန္ဒက ဖြစ်ပေါ်လာ၏။ သူလည်း ကျွန်တော် လိုပင် ဖြစ်မည်ထင်ပါ၏ ကျွန်တော်တို့နှစ်ဦးသည် ပွေ့ဖက်ကာ အပြန်အလှန်နမ်းလိုက်ကြသည်။  ပထမသော် နှုတ်ခမ်းချင်း၊ နောက်သော် သူ့လည်တိုင်ကလေးကို နမ်းနေမိလိုက်ခြင်းဖြစ်ပါသည်။ ပရိသက်ကြီး က လက်ခုပ်သြဘာ ပေးကြသည်။လက်ခုပ်သံတွေ ကြားပင်ကြားနေရသော်လည်း ပရိသက်ကြီး မှာ ကျွန်တော်တို့နှင့် မိုင်နှင့်ချီ၍ ဝေးကွာနေဘိ သည့်အလား စိတ်မှာ ခံစားမီကြသည်။

နှစ်ဦးသား ပွေ့ဖက်ထားကြစဉ် ဂျေးက ကျွန်တော်နာမှာ တိုးတိုးကလေးကပ်ပြောသည်။
`မသေပါနဲ့ မောင်ရယ်``
ထိုစကားမှာ ဟောလီဝုဒ် ရုပ်ရှင်ဇာတ်ကား ဇာတ်ဝင်ခန်းထဲမှ ဒိုင်ယာလော့ စကားနှင့် တူလှပါဘိသည်။ သူက သို့နှယ် ပြောကြားလိုက်ခြင်းဖြစ်ပါ၏။ ထိုအခါ ကျွန်တော်သည် သူ့အား တင်းကျပ်စွာ သိုင်းဖက်ထား လိုက်မိ ပါတော့သည်။

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

Saturday, April 16, 2011

နောက်ဆုံးအချိန် နောက်ဆုံးစကား (The Last Lecture) အပိုင်း (၄ဝ)

အခန်း ၅၉
ကျွန်တော့်ကလေးများအတွက် အိပ်မက်များ

ကျွန်တော့်သားသမီးများကို ပြောချင်တာတွေကတော့ အများကြီးရှိသည်။ သို့ရာတွင် ယခုသော် သူတို့ ကလေး တွေက ငယ်လွန်းလှသေး၍ ကျွန်တော်ပြောတာတွေကို နားလည်နိုင်မည် မဟုတ်သေး။ ဒီလန် က ယခုမှ ခြောက်နှစ်ထဲ ရောက်စဖြစ်သည်။ လိုဂန်ကလေးမှာ သုံးနှစ်သားအရွယ်မျှသာ။ သမီးကလေး ချလို ကလည်း တစ်နှစ်ခွဲမျှသာ ရှိပါသေးသည်။ ကျွန်တော်က ကျွန်တော့်ကလေးတွေကို ကျွန်တော် သည် ဘယ်သူ၊ ဘာတွေကို  ယုံကြည်သည်၊ သူတို့တစ်တွေကို ကျွန်တော်ဘယ်မျှ ချစ်လာခဲ့ရသည် စ သည်တို့ကို သူတို့ ကလေးတွေအား ပြောပြချင်သည်။ သို့ရာတွင် အသက်အရွယ်လေးတွေက ငယ်လှ သေးသည်ဖြစ်၍ ကျွန်တော့် ပြောစကားများမှာ သူတို့ခေါင်းထဲမှာ လျှံထွက် သွားကြမည်သာ။

ကျွန်တော် သူတို့ကလေးတွေကို ဘယ်လိုနည်းနှင့်မှ မခွဲခွာသွားလိုကြောင်းကို သူတို့တစ်တွေ သိစေ ချင်လှ၏။
ဂျေး နှင့် ကျွန်တော်သည် သူတို့အား ကျွန်တော် သေရတော့မည်အကြောင်းကို ခုအချိန်အထိ ပြောမပြ ဖူးသေးပါ။ ကျွန်တော် သည့်ထက်သည် ဆိုးလာသည့်လက္ခဏာတွေ ပြလာချိန်လောက်မှ ပြောပြပါဟု ကျွန်တော်တို့အား အကြံပေးလာကြသူများ ရှိသည်။ ယခုအနေအရသော် ကျွန်တော် နေရမည့်အချိန် သည် လပိုင်း မျှသာ ကျန်တော့သည်ဆိုပေမဲ့ ကျွန်တော်က အတော်ကြီးကျန်းမာနေသည့်ပုံပေါက်နေဆဲ ဖြစ်၏။ သို့ဖြစ်၍ ကျွန်တော့်ကလေးတွေသည် ကျွန်တော် သူတို့နှင့်တွေ့နေသမျှအချိန်တိုင်း၌ ကျွန်တော် က သူတို့ကို ခွဲခွာဖို့ နှုတ်ဆက်နေခြင်းဖြစ်ပါကလားဟူ၍ မသိနိုင်ဘဲဖြစ်နေဆဲဖြစ်သည်။

သူတို့ကလေးတွေ ကြီးလာသည့်အခါ သူတို့မှာ အဖေခေါ်စရာလူရှိတော့မှာ မဟုတ်ပါကလားဟု တွေးမိ တိုင်း ကျွန်တော့် ရင်ထဲမှာ ကျင်ကျင်သွားသည်။ ကျွန်တော် ရေချိုးရင်း ငိုမိသည့်အခါ ကျွန်တော်သည် "သူတို့ ဒါလေး လုပ်တာကို ငါမြင်ရတော့မှာ မဟုတ်၊ သူတို့ ဟိုဟာလေး လုပ်တာကို ငါမြင်ရတော့မှာ မ ဟုတ်"ဟူသော အတွေးမျိုး မတွေးတော့ပါ။ သူတို့ကလေးတွေမှာ အဖေရှိတော့မှာ မဟုတ်တော့ပါက လား ဟူသည် ကိုသာ တွေးနေမိပါတော့သည်။

ကျွန်တော်သည် ကျွန်တော်က ဘာဆုံးရှုံးတော့မှာပါက လား ဆိုတာထက် သူတို့ကလေးတွေ ဘာ ဆုံးရှုံး မှာပါကလား ဟူသည်ကိုသာ ပို၍အလေးထား စဉ်းစား နေမိပါတော့သည်။ ကျွန်တော်၏ ၀မ်းနည်းကြေကွဲမှု ၏ တစ်ရာခိုင်နှုန်းက "ငါ မသေချင်ဘူး၊ ငါ မသေ ချင်ဘူး ငါ မသေချင်ဘူး"မျှသာဖြစ်ပြီး ရာခိုင်နှုန်းအများစုမှာ သူတို့ အတွက်ဖြစ်ရသော ၀မ်းနည်းကြေကွဲ မှုဖြစ်ပါသည်။ "သူတို့ မ..... ရဘူး၊ သူတို့ မ...... ဘူး၊ သူတို့ မ...... ရဘူး"ဟူ၍သာ ကျွန်တော် တွေးနေ တော့သည်။ စိတ်ကိုသာ လွှတ်ပေးလိုက်ပါလျှင် ကျွန်တော့်ရင်တွင်း၌ ထိုအတွေးမျိုး ကသာ ၀ဲလှည့် ကန်တော့ထိုးနေပါတော့မည်။

သူတို့သည် ကျွန်တော့်ကို ရေးတေးတေးလောက်တော့ မှတ်မိနိုင်သည်ဟု ကျွန်တော် သိထားသည်။ ထို့ကြောင့်လည်း ကျွန်တော်သည် သူတို့မေ့မသွားနိုင်လောက်ဖွယ် အရာများကို သူတို့နှင့်အတူတူလုပ် ဖို့ ကျွန်တော် ကြိုးစားနေခြင်းဖြစ်သည်။ ကျွန်တော်က သူတို့၏မှတ်ဉာဏ်သည် ဖြစ်နိုင်သမျှ ထက်မြက် စေလိုသည်။ ဒီလန်နှင့် ကျွန်တော် အားရက် အသေးစားကလေးယူကာ လင်းပိုင် တွေနှင့်အတူ ရေကူးခဲ့ ကြသည်။ ကလေးတစ်ယောက်သည် လင်းပိုင်များနှင့် ရေအတူတူကူးဖူးသည်ဟူသော ဖြစ်ရပ်မျိုးသည် မေ့ပျောက် လွယ်မည်မဟုတ်၊ ကျွန်တော်တို့သားအဖ ဓာတ်ပုံတွေလည်း အများအပြားရိုက်ခဲ့ကြသည်။
ကျွန်တော် လိုဂန် ကိုလည်း ဒစ္စနေးဝေါ့လ်သို့ ခေါ်သွားရဦးမည်။

ကျွန်တော့်တုန်းက အလွန်သဘောကျ ခဲ့သည့်နေရာဖြစ်သလို ကျွန်တော့်သားငယ် ကလေးလည်း ထိုနေရာ ကို အလွန်သဘောကျမည်သာ ဖြစ် မည်။ သူသည် မစ်ကီမောက်စ်နှင့်လည်း တွေ့ချင်မည်သာဖြစ်သည်။ ကျွန်တော် သည် မစ်ကီမောက်စ် နှင့် တွေ့ခဲ့ဖူးသည်ဖြစ်ရာ ကျွန်တော့်သားကလေးကို သူနှင့် မိတ်ဆက် ပေးနိုင်မည်ဖြစ်သည်။ ကျွန်တော် နှင့် ဂျေးသည် ဒီလန်ကိုလည်း ခေါ်လာခဲ့သည်။ လိုဂန်ကလေး တွေ့ကြုံ ရသမျှ အတွေ့အကြုံများသည် သူ့အစ်ကိုကြီးသာ မပါခဲ့ပါလျှင် ထိုအတွေ့အကြုံများသည် သူ့အဖို့ ပြည့်စုံဖွယ် မဖြစ်နိုင်သောကြောင့် ဒီလန်ကိုပါ ခေါ်ရမည်ဆိုရခြင်း ဖြစ်ပါသည်။

ညစဉ်ညတိုင်း အိပ်ရာဝင်ချိန်၌ ကျွန်ောတ်က ဒီလန်အား ထိုနေ့တွင် ဘယ်အချိန်ပိုင်းသည် သူ့အဖို့ အကောင်းဆုံးအချိန်ပိုင်းပါလဲဟု မေးသည်။ ထိုအခါ သူက "ဒီလန်နဲ့ ကစားရတာ"ဟု ဖြေလေ့ရှိသည်။ ထိုနေ့ အဖို့ အဆိုးဆုံးအချိန်ပိုင်းက ဘယ်အချိန်ပိုင်းပါလဲဟု မေးသည့်အခါတွင်လည်း "ဒီလန်နဲ့ ကစား ရတာ"ဟုပင် ဖြေပြန် လေသည်။ အတိုချုပ်ရလျှင် သူတို့သည် သံယောဇဉ်ချည်နှောင်ထားကြသည့် ညီ အစ်ကိုများ ဖြစ်ကြ ပါပေသည်။

ချလိုကလေးကတော့ ကျွန်တော့်ကို မှတ်မိနိုင်မည်မဟုတ်မှန်း ကျွန်တော်သိပါသည်။ သမီးကလေးက ငယ်လွန်း လှသေး၏။ သို့ရာတွင် ကျွန်တော် သူ့ကို ပထမဦးဆုံးချစ်ခဲ့သူမှာ ကျွန်တော်သည်သာဖြစ် ကြောင်း ကို သည်သမီးကလေးအား သိစေချင်သည်။ ကျွန်တော်က ဖအေပဲ၊ သမီးပဲဆိုတာသည် အပိုပါ ဟု ထင်မိ ခဲ့၏။ သို့ရာတွင် ဖအေနှင့် သမီးဟူသည်တို့သည် တကယ်ရှိနေသောအရာဖြစ်ကြောင်းကို ကျွန်တော် ပြောပြ နိုင်သည်။ တစ်ခါတစ်ရံ သူက ကျွန်တော့်ကို ကြည့်လိုက်သည့်အခါ ကျွန်တော့်မှာ ရေ အိုင်ကလေး တစ်ခု ဖြစ်သွား ရတော့သည်။

သူတို့ကြီးလာသည့်အခါ ကျွန်တော့်အကြောင်းကို သူတို့အမေ ဂျေးကပြောပြနိုင်မှာတွေ အများကြီး ရှိပါသည်။ ဂျေးသည် ကျွန်တော်၏ အကောင်းမြင်စိတ်ဓာတ် အကြောင်းတို့၊ ကျွန်တော်ပျော်အောင် နေသွားပုံတို့၊ ကျွန်တော့်ဘ၀တွင် မြင့်မားသောစံများကို ချမှတ်သွားနိုင်အောင် ကြိုးစားခဲ့ပုံတို့ကို ပြေပြနိုင်ဖွယ် ရှိပါသည်။ ကျွန်တော်သည်ဘ၀ကိုချဉ်းကပ်ရာ၌ ခွဲခြမ်းစိတ်ဖြာနည်းကို လိုသည်ထက် ပိုစွာ သုံးတတ်ပုံ၊ ငါသာ အတတ်ဆုံး ဟု (မကြာခဏ)ဇွတ်လုပ်ချင်တတ်ပုံ စသည့် ကျွန်တော်၏ စိတ်ကုန်စရာ ကောင်းသော အရာများကိုတော့ သူ့ကလေးတွေကို အလိမ္မာနည်းသုံးကာ ပြောပြနိုင်ဖွယ် ရှိပါသည်။

ဂျေးသည် ကျွန်တော့်ထက်များစွာ မွန်ရည်သောသူတစ်ဦးဖြစ်ရာ ကျွန်တော်တို့ အိမ်ထောင်သည်ဘ၀တွင် သူ့ကို တကယ် နှစ်နှစ်ကာကာ ချစ်သည့် ယောင်္ကျား တစ်ယောက် ရှိခဲ့ကြောင်းမျိုးကိုတော့ ကလေးတွေအား ပြောပြချင် မှ ပြောပြပါလိမ့်မည်။ သူဘယ်မျှ စွန့်လွှတ် အနစ်နာ ခံရကြောင်းများကိုတော့ ပြောပြလိမ့်မည် မဟုတ်ပါ။ လူမမယ်ကလေး သုံးယောက်၏ မိခင်တစ်ယောက်အနေဖြင့် မိခင်တို့ သဘာဝ အတိုင်း ကိုယ့်ရင်သွေး ကလေးများအပေါ် အရိပ်တကြည့်ကြည့်နှင့် ဂရုတစိုက် စောင့်ရှောက်မည်သာ ဖြစ်ပါသည်။ ကင်ဆာရောဂါ သည် လင်ယောင်္ကျား တစ်ယောက်၏ ဇနီးသည်အဖြစ်သို့ ရောက်လာခဲ့မှတော့ ကိုယ့်အကျိုး ကိုယ့်ကိစ္စ ကို ဘာမှ စဉ်းစားမနေသာတော့်ဘဲ သူတစ်ပါး၏ လိုအင်တွေကို ဖြည့်ဆည်းပေးနေရသူ အဖြစ် နှင့်သာ နေရပါတော့သည်။ ကျွန်တော်သည် ကျွန်တော့်သားသမီး ကလေးများအား သူတို့၏ အမေသည် ဘယ်မျှ ကိုယ်ကျိုးစွန့် အနစ်နာခံ ရရှာကြောင်းကို သိစေချင်လှပါသည်။

 မကြာသေးခင်က မိမိတို့ အလွန် ငယ်ရွယ်သေးစဉ်တွင် မိဘများ ဆုံးပါသွားကြသူများနှင့် စကားပြောဖြစ်လုနီး ဖြစ်ခဲ့သည်။ သူတို့သည် အခက်အခဲများကို ဘယ်ပုံကျော်လွှား ဖြတ်သန်း လာခဲ့ကြသည်၊ ဘယ်လို အမှတ်တရ လက်ဆောင်များက သူတို့အတွက် အဓိပ္ပယ်အရရှိဆုံးဖြစ်ခဲ့သည် စသည် တို့ကို ကျွန်တော်က သိချင်သည်။
ထိုအခါ သူတို့က ပြောပြသည်မှာ သူတို့၏ မိခင် ဖခင်များက သူတို့အပေါ် ဘယ်မျှ ချစ်ခဲ့ကြပါ ကလားဟု သိလိုက်ရခြင်းသည် သူတို့အဖို့ နှစ်သိမ့်စရာ ဖြစ်ခဲ့ကြသည်ဟု ဆိုပါသည်။ မိဘများ၏ မေတ္တာကြီးပုံကို သိလေလေ ထိုမေတ္တာ ကို  သူတို့ ခံစား၍ ရနိုင်လေလေ ဖြစ်သည်ဟု ပြောကြပါသည်။

သူတို့က ဂုဏ်ယူဖွယ် အကြောင်းတွေကို လိုချင်ကြသည်။ သူတို့၏ မိဘများသည် မယုံကြည် နိုင်လောက်ဖွယ် ထူးခြားသူများဟု ယုံကြည်ယူဆချင်ကြ၏။ အချို့ကမူ သူတို့ မိဘများ၏ စွမ်းဆောင်မှု များနှင့် ပတ်သတ်၍ ထူးခြားချက်များကို ရှာဖွေကြသည်။ အချို့ကမူ ဒဏ္ဍာရီယုံ တမ်းသဖွယ် ဖြစ်နေစေချင် ကြသည်။ သို့ရာတွင် အားလုံးက တောင့်တကြသည်မှာ သူတို့၏ မိခင် ဖခင်တို့ ထူးခြားအောင် ပြုပေးသည် မှာ ဘယ်အရာများပါလဲဟု သိလိုကြခြင်းဖြစ်သည်။

ထိုမိဘမဲ့များက ကျွန်တော့်ကို ပြောခဲ့ကြတာ ရှိသေးသည်။ သူတို့သည် သူတို့၏ မိဘများကို မှတ်မိသည့် အရာ များက နည်းလှကြသည် ဖြစ်၍ သူတို့မိဘများသည် သူတို့ကို လွမ်းဆွတ် သတိရရင်းဖြင့်ပင် သေသွား ကြသည် ဟူသော အချက်ကို  စိတ်ချလက်ချ သိလိုကြခြင်း ဖြစ်ပါသည်ဟု ဆိုပါသည်။
ထိုအတိုင်းဆိုသော် ကျွန်တော်၏ ကျွန်တော့် ကလေးများကို အောက်မေ့ သတိရမူသည် ကျွန်တော့် ခေါင်းထဲ ၌ ပြည့်၍ နေပါသည်ဟု ဆိုပါမည်။

ဒီလန်အကြောင်းပဲ ပြောကြပါစို့။ သည်သားကလေးသည် အလွန် ချစ်ဖွယ်ကောင်းလှပြီး ပြတ်သားလှသူ ဖြစ်သည်။ အခြား ကလေးတစ်ယောက်ယောက် ခိုက်မိသွားသည် ရှိသော် ဒီလန်သည် ထိုကလေးထံသို့ ကစားစရာ ကလေး တစ်ခု ဖြစ်စေ၊ စောင်ကလေးတစ်ခု ဖြစ်စေ ယူပေးလေ့ရှိသည်။

ဒီလန်မှာ တွေ့ရသည့် အခြားဥာဉ်ကောင်း ကလေးလည်း ရှိသေး၏ သူသည် လူကြီးများကဲ့သို့ ပိုင်းခြားစိတ်ဖြာ ကြည့်တတ်သူ ဖြစ်သည်။ သူသည် အဖြေထက် အမေးက ပိုအရေးကြီးကြောင်းကို စဉ်းစားတတ်သူ ဖြစ်သည်။ ကလေးအများ အပြားက `ဘာဖြစ်လို့လဲ` ဟု မေးတတ်ကြသည်။ ကျွန်တော်တို့ အိမ်တွင် စကားလုံး တစ်လုံးတည်း ပါသော မေးခွန်းမျိုးကို မထုတ်ရဟု  စည်းကမ်း သတ်မှတ်ထားရာ ဒီလန်က ထိုစိတ်ကူး အယူဆကို သဘောကျသည်။ သူသည် ၀ါကျအပြည့်နှင့် မေးသောမေးခွန်များကို ဆောက်တည် မေးမြန်းရန် ၀ါသနာပါသည်။ ထို့ပြင် သူ၏ သိလိုစိတ်သည် အရွယ်နှင့် မလိုက်ပေ။ သူ၏ မူကြို ဆရာမများက ပြောဖူးတာကို ကျွန်တော်သွား သတိရမိသည်။ `ဒီလန်နဲ့သာ နေရရင် ကိုယ်ပါ စဉ်းစား နေရတော့တာပဲ၊ ကျွန်မဖြင့် ဒီကလေးလေး ကြီးလာရင် ဘယ်လိုလူမျိုး ဖြစ်သွားမယ် ဆိုတာ ကြည့်ချင် လိုက်တာ` တဲ့။

ဒီလန်သည် စပ်စုရာတွင် ဘုရင်တစ်ဆူပင်။ ဘယ်နေရာ ရောက်ရောက်၊ ရောက်ရာနေရာတွင် တစ်နေရာရာကို ကြည့်ပြီး `ဟေး၊ ဟိုမှာ  ဘားလေးလဲ မသိဘူး၊ ကြည့်ရအောင်၊ ကိုင်ကြည့်မယ်၊ တစ်စစီဆွဲယူမယ်` စသည့်ဖြင့် စဉ်းစားနေတတ်သူ ဖြစ်သည်။ အချို့ကလေးတွေက အဖြူရောင် ၀င်းထရံ  တစ်ခုကို တွေ့သည်ဆိုလျှင်တောင် တုတ်တစ်ချောင်းနှင့်တို့က `တောက်တောက် တောက်တောက်` ဟူသော အသံကို နားထောင်ရင်း လျှောက်သွားတတ်သည်။ ဒီလန်ကား အသုံးချလေသည်။ တိုင်က တုတ်ချောင်းထက် ပိုထူသဖြင့် တောက်တောက် အသံမှာ တုတ်ချောင်းနှင့် ပြုသည်ထက် ပို၍ မြည်လေသည်။

လိုဂန်ကမူ ဒီလန်နှင့်မတူ။ သူ့မှာ အရာရာတွင် စွန့်စွန့်စားစားချည်းနှင့် ကြုံရသည်။ သူ့ကို မွေးစဉ်က မွေးလမ်းကြောင်း တွင် ကပ်တွယ်ပြီး ပိတ်နေသလိုဖြစ်၍ ဆရာဝန်နှစ်ဦးက ညှပ်များနှင့် ဆွဲထုတ်ယူရသည်။ ဆရာဝန် တစ်ယောက်သည် စာပွဲပေါ်ကို ခြေကန်ကာ အားကုန်ထုတ်၍ သူ့ကို ဆွဲယူရပုံကို ကျွန်တော် မှတ်မိ နေသေး၏။ တစ်ချက်တွင် ဆရာဝန်က ကျွန်တော့်ဘက်လှည့်ကား `ကျွန်တော်ဖြင့် ဒါနဲ့ မရရင် သံကြိုး တွေ ဘာတွေရှာပြီး မြင်းနဲ့ ဆွဲယူရမလား အောက် မေ့တယ်` ဟု ပြောသည်။

လုဂန် လူ့လောကထဲသို့ ရောက်လာပုံမှာ ခက်ခက်ခဲခဲ ဖြစ်ပါ၏။ မွေးလမ်းကြောင်းမှာ အချိန် ကြာညောင်းစွာ ပိတ်နေသဖြင့် သူ့လက်များသည် မွေးဖွားလာပြီးသည့်တိုင် လှုပ်ရှား၍ မရ ဖြစ်နေ ပေသည်။ ကျွန်တော်တို့မှာ ပူလိုက် ရတာ။ အချိန် မကြာလိုက်ပေ၍ တော်သေးပေတော့သည်။ သူသည် ဤသို့နှယ် ထူးခြားလှသည့် အကောင်းလက္ခဏာ အင်အားများရှိသူဖြစ်ရာ သူသည် ရုပ်ပိုင်းဆိုင်ရာ အရရော ပေါင်းသင်း ဆက်ဆံရေး အရပါ အားကောင်းသူဖြစ်လေသည်။ သူသည် ပြုံးလိုက်လျှင် မျက်နှာ တစ်ခုလုံးဖြင့် ပြုံးသူဖြစ်၍ တကယ့်ကို `တစ်ဂါး` တစ်ယောက် ပါပေ။ သူသည် ဘာအတွက် မဆို အသင့်ဖြစ်နေပြီး မည်သူနှင့် မဆို အဆွေခင်ပွန်း ဖွဲ့နိုင်သူ ဖြစ်၏။  သူ့အသက်သည် သုံးနှစ်သာ ရှိသေး၏။ သို့်ရာတွင် ကျွန်တော် အတက်ဟောဝံ့သည်။  သူသည် သူ့တက္ကသိုလ် သဟာယ အသင်း၏ ဥက္ကဌ ဖြစ်မည့်သူဖြစ်သည်။

ချလို ကလေးကတော့ တကယ့်ကို မိန်းကလေးပီသသူဖြစ်သည်။ ကျွန်တော် ပထမတွင် ဘာမှ မပြောဝံ့သေး။  နောက်တော့မှသာ ထိုသို့ ပြောနိုင်ခြင်းဖြစ်သည်။ သူ့ကို ပထမတွင် ဗိုက်ခွဲမွေးရမည့် အနေရှိသည်။ သို့ရာတွင် ဂျေးသည် ဆေးရုံးသို့ ရောက်၍ မကြာမီမှာပင် ရေမြွှာပေါက်သွားရား ရေမြွှာနှင့် အတူ ချလို ကလေးလည်း လျှောကျလာသည်။ ဤသမီးကလေးချလိုကို ပထမဦးဆုံး အကြိမ်း ကောက်ချီ မရင်း သူ့မျက်နှာကလေးကို ကြည့်နေမိစဉ် အချိန်ကလေးသည် ကျွန်တော့်ဘ၀တွင် အပြင်းထန်ဆုံး စိတ်ပိုင်း ဆိုင်ရာ အချိန်ကလေးတစ်ခု ဖြစ်ခဲ့ပေသည်။ ကျွန်တော့်မှာ ဤဆက်သွယ်မှု ခံစားချက် ကလေးရှိသည်။ သို့ရာတွင် ထိုခံစားချက်သည် ယောက်ျားကလေးများနှင့် ရှိခဲ့ရသော ဆက်သွယ်မှု ခံစားချက်နှင့် ခြားနား လှပေသည်။ ကျွန်တော့်သမီးကလေး၏ လက်ချောင်းကလေးကို ထွေးပတ်ပေးသော ကလပ်၏ အသင်းဝင် တစ်ဦးဖြစ်၍ နေပေပြီ။

ကျွန်တော်သည် သမီးကလေး ချလိုလုပ်မျှ ကြည့်နေရတာကို သဘောကျလှသည်။ ရုပ်ပိုင်းဆိုင်ရာ အားဖြင့် များစွာ ရဲတင်းသည့် ဒီလန်နှင့် လိုဂန် တို့လို မဟုတ်ဘဲ ချလိုသည်  အလွန်သတိရှိ၏။ သိမ်မွေ့ သည်ဟုပင် ဆိုနိုင်သည်။ ကျွန်တော်တို့၏ လှေကားထိပ်တွင် အန္တာရယ်ကို တားဆီးပေးမည့် တံခါးကလေး တပ်ဆင်ထားသည်။ သို့ရာတွင် ချလိုသည် ထိုအခါးကို အသုံးပြုလေ့ မရှိတတ်ပါ။ အဘယ့်ကြောင့်ဆိုသော် သူထုတ်လိုက်သော အားအင်သည် သူ့ကို အနာတရ ဖြစ်စေလောက်အောင် မဟုတ်သောကြောင့်တည်း။ အကြောက်အလန့် မရှိ လှေကားကို ဒုန်းဒုန်း ဒိုင်းဒိုင်းနှင့် ဆင်းပြေး တတ်ကြသော အစ်ကို နှစ်ယောက် ကြားတွင် ကြီးလာရသဖြင့် သူပြုမူပုံကို မြင်တွေ့ရသည့် ကျွန်တော်နှင့် ဂျေးတို့မှာ အတွေ့အကြုံသစ်တစ်ခု ရသည့် သဘောပင်။

ကျွန်တော်သည် ကျွန်တော့်သားသမီး သုံးယောက်စလုံးကို ကြွင်းမဲ့ဥဿုံ ချစ်ပါ၏။ ချစ်ပုံချစ်နည်းကား တစ်ဦး အပေါ်နှင့် အခြားတစ်ဦးအပေါ် မတူပေ။ ကျွန်တော်သည် သူတို့တတွေ အသက်ရှင် နေသမျှ ကာလ ပတ်လုံး ချစ်သွားမည် ဆိုတာကို သူတို့ကလေးတွေ သိစေချင်လှပါ၏။ ကျွန်တော်သည် သူတို့ကို ချစ်သွားမည်သာ ဖြစ်ပါသည်။

သို့ရာတွင် ယခုအခါ ကျွန်တော်နေရမည့် အချိန်က နည်းသွားလှပြီဖြစ်၍ ကျွန်တော်သည် သူတို့နှင့် တိုး၍ နှောင့်ဖွဲ့ ထားသော သံယောဇဉ် နှောင်ကြိုးကို ဘယ်ပုံဘယ်နည်း တိုး၍ ခိုင်အောင် ပြုရမည်ကိုသာ စဉ်းစားနေရတော့သည်။ ထို့ကြောင့် ကျွန်တော်သည် သူတို့တစ်ဦးချင်း နှင့်စပ်သည့် ကျွန်တော်၏ နောက်ဆုံးဟောပြောချက် ဗွီဒီယိုကိုလည်း ရေးနေရသည်။ ကျွန်တော့်မှာ နောက်ဆုံး ဟောပြောချက် ဟောပြောပြီးချိန် နောက်ပိုင်း၌ ကျွန်တော့်ဆီသို့ ပို့ခဲ့ကြသည့် စာတွေ အပြည့်ထည့်ထားသည် ပလပ်စတစ် ပုံးကြီးလည်း ရှိသည်။ တစ်နေ့နေ့ တစ်ချိန်ချိန်တွင် ကျွန်တော့် သားသမီးများသည် ဘာတွေပါလိမ့် ဟူ၍  ဤပုံးကြီး ကို ကြည့်မိချင် ကြည့်မိကြလိမ့်မည်။

ထိုသို့သော အခါတွင် ကျွန်တော်၏ မိတ်ဆွေများကရော ကျွန်တော်နှင့် မသိသည့် သူစိမ်းများကပါ ကျွန်တော် ၏ ဟောပြောချက်မှာ အဓိပ္ပယ် အပြည့်အ၀ ရှိကြကြောင်း ယူဆကြသည်ကို သူတို့ ကလေးတွေ သိရှိ သွားနိုင်လိမ့်မည်ဟု ကျွန်တော် မျှော်လင့်သည်။
ကျွန်တော်သည် ထိုဟောပြောချက်၌ ကျွန်တော်၏ ကလေးဘ၀ စိတ်ကူးအိမ်မက် များအကြောင်းကို တော်တော် များများ ပြောထားခဲ့သဖြင့် မကြာသေးမီက ကျွန်တော်၏ ကလေးများ အတွက် စိတ်ကူး အိပ်မက်တွေ ကကော ဘာပါလဲဟု မေးမြန်းသူများ ရှိလာကြသည်။ 

ကျွန်တော့်မှာ ထိုသို့မေးမြန်းသူများ အတွက် စိတ်ကူးအိပ်မက် တွေကကော ဘာပါလဲဟု မေးမြန်း သူများ ရှိလာကြသည်။
 မိဘများအနေဖြင့် သူတို့၏ သားသမီးများအတွက် ဘယ်သူက ဘာဖြစ်ရမည်ဟူသော တိကျသော စိတ်ကူး အိပ်မက်မျိုး ထားရှိရန်မှာ အလွန်တရာ ဖျက်လိုဖျက်ဆီး လုပ်ရာကျပါသည်။ တက္ကသိုလ် ပါမောက္ခ တစ်ဦး အနေဖြင့် အဓိကဘာသာ အရွေးမှားကြသူ တက္ကသိုလ် ကျောင်းသား မြောက်များစွာကို တွေ့ဖူးပါပြီ။ ကျွန်တော် ၏ ရုံးချိန်အတွင်း ငိုယိုကြသံများကို အကဲဖြတ်ရသော အားဖြင့် မိဘများသည် သူတို့သားသမီး များကို ရထားပေါ် သို့ တင်ပေးလိုက်ကြသည်။ ရလဒ်က ရထားပျက်ခြင်းနှင့် ကြုံလိုက်ရခြင်း ဖြစ်နေ လေတော့သည်။

ကျွန်တော်သိသမျှ ပြောရသော် မိဘများ၏ အလုပ်မှာ ကလေးများ ဘ၀ကို ပျော်ပျော်ရွှင်ရွှင် နေတတ် ထိုင်တတ်ပြီး သူတို့၏ စိတ်ကူးအိပ်မက်များကိုပင် အကောင်အထည်ဖော်သွားနိုင်အောင် အားပေးခြင်းသာ  ဖြစ်ပါသည်။ ကျွန်တော်တို့အနေဖြင့် အကောင်းဆုံး လုပ်ပေနိုင်သည်မှာ သူတို့၏ ဘ၀ရည်မှန်းချက် တာဝန်ကို ထမ်းဆောင်ရန် အတွက်လိုအပ်သည့် ကိရိယာ တန်ဆာပလာများ ရရှိလာအောင် ကူညီ ပေးရန်သာ ဖြစ်ပါသည်။ 

ထို့ကြောင့် ကျွန်တော့်သားသမီးများ  အတွက် ကျွန်တော်၏ အိပ်မက်များမှာ တိကျလှပါသည်။ ကျွန်တော့်က သူတို့သည် သူတို့ရည်မှန်းချက် ပြည့်စေရန် သူတို့လမ်းကို သူတို့ဘာသာ ရှာစေလိုသည်။ ကျွန်တော်က ရှိတော့မည် မဟုတ်၍ ကျွန်တော်က ဤအချက်ကိုလည်း ကျွန်တော်ကလေးများ ရှင်းရှင်းလင်းလင်း နားလည် သွားကြစေလိုသည်။ သားတို့ သမီးတို့၊ တို့အဖေ ဘာဖြစ်စေချင်ခဲ့ပါလိမ့် ဟူ၍ သိရန် အားထုတ် မနေကြပါနှင့်၊ အဖေကနေတော့ သားတို့ သမီးတို့ ဖြစ်ချင်သည့် အတိုင်း ဖြစ်လားဖို့သာပဲ လိုလားပါသည်။

ကျွန်တော့် စာသင်ခန်းများကို ဖြတ်သန်းသွားခဲ့ကြသော ကျောင်းသားများစွာကို မြင်တွေ့လာခဲ့သည့် အလျောက် မိဘများစွာတို့သည် မိမိတို့ စကား၏ ခွန်အားကို အမှန်အတိုင်း မသိကြကြောင်းကို ကျွန်တော် သိလာခဲ့ရသည်။ ကလေးငယ်၏ အသက်အရွယ်၊ ကလေးငယ်၏ ကိုယ့်ကိုယ်ကိုယ် သိနားလည်မူတို့ အပေါ် မူတည်လျက် မိခင်ဖခင်တို့က လက်တန်း ပြောဆိုလိုက်သည့် စကားတစ်ခွန်းသည် မြေတူးစက်ကြီးက ထိုးဖယ် လိုက်သည့် ထိုးဖယ်ချက်တစ်ခုနှင့် တူနေတတ်သည်။

ကျွန်တော်က လိုဂန်သည် ကြီးလာလျှင် သူ့တက္ကသိုလ် ကျောင်းက သဟာယအသင်း ဥက္ကဌ ဖြစ်လာလိမ့်မည် ဟူသော နိမိတ်ဖတ်ချက်တောင် မှန်မမှန် ကျွန်တော် အသေအချာ မပြောနိုင်ပေ။ ကျွန်တော် သည် ငါ့အဖေက ငါ့အား တက္ကသိုလ် သဟာယအသင်း၏ ဥက္ကဌဖြစ်ရန် မျှော်လင့် ထားပါကလား၊ တခြား ဘာလား သို့မဟုတ် တက္ကသိုလ်တွင် ခေါင်းဆောင် ဖြစ်စေချင်ပါကလား၊ တခြား ဘာလားညာလား ဟူ၍ တွေးနေခြင်းဖြင့် သူ၏တက္ကသိုလ် ကျောင်းသာဘ၀ အဆုံးမသတ် သွားစေ လိုပေ။ သူ့ဘ၀သည် သူ၏ ဘ၀သာဖြစ်စေချင်ပါသည်။ ကျွန်တော်ကကျွန်တော့် ကလေးတွေအား ကိုယ့်လမ်းကို လိုလိုလားလား ထက်ထက် သန်သန်နှင့် ရှာကြဟူ၍သာ အားပေး တိုက်တွန်းလိုပါသည်။ ကျွန်တော်က သူတို့ ဘယ်လမ်း ရွေးရွေး ကျွန်တော်သည် သူတို့နှင့် အတူ ရှိနေဘိ သကဲ့သို့ သူတို့စိတ်မှာ ထင်နေစေချင်သည့် ဆန္ဒ လောက်သာ ရှိပါသတည်း။

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

Friday, April 15, 2011

နောက်ဆုံးအချိန် နောက်ဆုံးစကား (The Last Lecture) အပိုင်း (၃၉)

အခန်း ၅၈
အခြားသူများ၏ သွင်းအားစုများ

ကျွန်တော်၏ နောက်ဆုံးဟောပြောချက်သည် အင်တာနက်ပေါ်တွင် ပျံ့နှံ့သွားသည်။ ထိုအချိန်မှစ ၍ ကျွန်တော့်ထံ အသိအကျွမ်းဟောင်းများစွာတို့ထံမှ စာတွေ အီးမေးလ်တွေ တဖွဲဖွဲရောက်လာ ကြသည်။ ကလေးဘ၀တုန်းက အိမ်နီးနားချင်းများမှသည် ရှေးယခင် သိကျွမ်းခဲ့ဖူးသူများအထိ လူ ပေါင်းစုံ ပါဝင်ပေရာ ကျွန်တော် သည် ထိုများလှစွာသော အသိမိတ်ဆွေများ၏ နွေးထွေးသော စကားများနှင့် အတွေးအမြင် များ အတွက် ကျေးဇူးတင်ရပါပေသည်။

ကျွန်တော့်တပည့်ဟောင်းများနှင့် လုပ်ဖော်ကိုင်ဖက်ဟောင်းများထံမှ စာများကို ဖတ်ရသည်မှာ လည်း ကျေနပ် ၀မ်းမြောက်ဖွယ် ကောင်းလှပါပေသည်။ လုပ်ဖော်ကိုင်ဖက်တစ်ဦးက သူ အမြဲတမ်း ပါမောက္ခ မဖြစ်သေး ဘဲ ရှိနေချိန်က ကျွန်တော် သူ့အား ပေးခဲ့သော အကြံဥာဏ်အကြောင်းကို ပြန် ပြောင်းသတိရပါ၊ ကျွန်တော် က သူ့အား ဌာနအကြီးအကဲများက သူ့ကို ပြောဆိုသည့် စကားမှန်သ မျှကို အလေးထားပါဟု အကြံပေး ခဲ့ကြောင်း သူက ပြောပါသည်။ (ကျွန်တော် ပြောခဲ့သည့် စကား ကိုတောင် သူ မှတ်မိ နေသေး သည်။

'အကြီးအကဲက အမှတ်တမဲ့နဲ့ မင်းတစ်ခုခုလုပ်ဖို့ စဉ်းစားပါ လားဟု ပြောလိုက်တဲ့အခါ ခင်ဗျား မျက်စိထဲမှာ နွားကန် ကို လှမ်းမြင်လိုက်သင့်တယ်ဗျ' ဟု ကျွန်တော်က သူ့ကို အကြံပေးခဲ့ပါသတဲ့။) တပည့်ဟောင်း တစ်ဦး ကမူ အီးမေးလ်ပို့၍ ကျွန်တော် သူ့ကို နို့သက်ခံစို့မနေနဲ့ အလျှံပယ်ဘ၀မှာ နေထိုင်ပါဟူ၍ ခေါင်းစဉ် တပ်ထားသော တစ်ဦးချင်း တိုးတက် ဖွံ့ဖြိုးမှု ၀က်ဘ်ဆိုက်သစ်တစ်ခု တည်ဆောက်ရန် အားပေး အားမြှောက် ပြုခဲ့ကြောင်း ပြောပြသည်။ ထိုဝက်ဘ်ဆိုက်မှာ လုပ်နိုင်စွမ်းရည်တွေ ရှိပါလျက် ရှိသလောက်ကို အသုံးမချ ရသော ဘ၀မျိုးတွင် နေထိုင်နေရသူများကို အကူညီပေးနိုင်ရန် ရည်ရွယ်သည့် ၀က်ဘ်ဆိုက် ဖြစ်သည်။ ကျွန်တော်၏ စကားလုံးအတိအကျအတိုင်းနှင့်ပင် မဟုတ်သော်လည်း ကျွန်တော်၏ အတွေး အခေါ် နှင့် ဖြစ်လာသည့်သဘော ဆောင်နေပေသည်။

စာတွေကတော့ အစုံပင်။ အထက်တန်းကျောင်းသား ဘ၀တုန်းက ခဏပန်းချစ်ခဲ့ရသူတစ်ဦးက လည်း ကျမ်းမာ ချမ်းသာစေကြောင်း ဆိုတောင်းသည်။ ဟိုတုန်းကတော့ ကျွန်တော် သိပ်ကြောက် တာပဲ ဆိုတာကို ထောက်ပြ သတိပေး ခြင်းလည်း ပြုပါသည်။ (သူ ယခု တကယ့် ဒေါက်တာအစစ် နှင့် အိမ်ထောင်ကျ နေပြီ ဖြစ်ကြောင်း တော့ ပါလိုက်သေး။)
ထောင်နှင့်ချီသော ကျွန်တော်နှင့် မသိသူများကလည်း စာရေးကြပါသည်။ ကျွန်တော်သည် သူတို့ ၏ စိတ်ကောင်း စေတနာကောင်း များအတွက် ၀မ်းမြောက်ကြည်နူးဖြစ်ရပါသည်။ ထိုအထဲတွင် လူများစွာ တို့က သူတို့နှင့် သူတို့ သားသမီးများ သေခြင်းတရားကိစ္စကို မည်သို့မည်ပုံ ကိုင်တွယ် ဖြေရှင်းပုံ အကြောင်း များကို ရေးသားကြသည်။

အမျိုးသမီးတစ်ဦးကမူ သူ့အဖြစ်ကို ပြောပြထားသည်။ သူ၏ ခင်ပွန်းသည် အသက် ၄၈ နှစ်အရွယ် တွင် ကျွန်တော်ရောဂါမျိုးဖြစ်သည့် ပန်ကရိယကင်ဆာနှင့် ဆုံးသွားခဲ့သည်။ ကျွန်တော်လို 'နောက်ဆုံး ဟောပြောချက်' မဟုတ်ဘဲ သူ့ခင်ပွန်းက 'နောက်ပြောပြချက်' ပြုသွားသည်။ သူ မသေ မီ ပြောပြ သွားသည်ကို နာထောင်ကြရသည့် ပရိသတ်ကား စာရေးသူ၊ သူ့ဇနီး၊ သူ့သားသမီးများ၊ သူ့မိဘများနှင့် သူ၏ သွေးချင်းညီအစ်ကို မောင်နှမများတို့ ဖြစ်သည်။

သူက ဇနီး သမီး သား မိဘဆွေမျိုး ညီအစ်ကိုမောင်နှမတို့အား သူတို့၏ လမ်းညွှန်ပြသမှု၊ သူတို့၏ မေတ္တာ တို့အတွက် ကျေးဇူးတင်ကြောင်းပြောကာ ဘယ်တုန်းက ဘယ်အခါက ဘ၀တွင် သူ့အဖို့ အရေး အကြီးဆုံး က တော့ ဘာပါပဲဟူ၍လည်း သူတို့အား ပြောပြခဲ့ကြောင်း ထိုအမျိုးသမီးက ရေးပါသည်။ သူ့ခင်ပွန်း ဆုံးသွားပြီး နောက်တွင် အကြံဥာဏ်ရယူခြင်းက သူတို့မိသားစုအား များစွာအထောက် အကူဖြစ်ခဲ့ ကြောင်း ထို အမျိုးသမီးက ပြောပါသည်။ 'အခု ကျွန်မ သိထားတာတွေကို မစ္စစ်ပေါက်ရှ်နဲ့ကလေး တွေဟာ သိထားပြီး စကား ပြောဖို့ ငိုကြွေးဖို့ သတိရဖို့ လိုလာလိမ့်မည်' ဟုလည်း ဆိုပါသည်။

နောက် အမျိုးသမီးတစ်ဦး ကတော့ သူ့ယောကျာင်္းသည် ဦးနှောက်အကျိတ်ဖြစ်ပြီး သေဆုံးသွားသူ ဖြစ်ပါသည်။ သူ့ခင်ပွန်းဆုံးချိန်၌ သူတို့ကလေးများမှာ တစ်ဦးက သုံးနှစ် နောက်တစ်ဦးက ရှစ်နှစ် မျှသာ ရှိသေး သည်။ ဂျေးကို လက်ဆင့်ကမ်းပေးရမည့် သူသိမြင်ထားတာများကို ရေးပြပါသည်။ သူက 'ရှင်ဟာ ကျွန်မ စဉ်းစားလို့ မရနိုင်လောက်အောင်ပဲ အသက်ရှင်နေနိုင်သေးပါတယ်၊ ရှင့်ရဲ့ ကလေးတွေဟာ စိတ်သက်သာမှု နဲ့ ချစ်မေတ္တာတို့ရဲ့ ဧရာမအရင်းအမြစ်ဖြစ်ပါလိမ့်မယ်၊ ဒီကလေး တွေကပဲ မနက်တိုင်းမှာ ရှင် ပြုံးရွှင်ရက် နဲ့ နိုးလာဖို့အကြောင်း ဖြစ်ပါလိမ့်မယ်' ဟု ပြောပါသည်။

ဆက်ရေးထာသေး၏။ 'ရန်ဒီ၊ အသက်ရှင်နေတုန်းမှာ ပေးလာတဲ့ အကူအညီကို ယူပါ၊ ဒါမှ ရှင့်အဖို့ သူနဲ့ နေရတဲ့ အချိန်ကလေးက ပျော်စရာဖြစ်နိုင်ပါမယ်၊ သူမရှိတော့တဲ့အခါမှာလည်း ပေးလာတဲ့ အကူအညီကို ယူပါ၊ ဒါမှသာလျှင် အရေးကြီးတဲ့ အရာအတွက် ရှင့်မှာ အားခွန်တွေရလာနိုင်ပါမယ်၊ ကိုယ့်လို ဆုံရှုံးမှု ကြုံရသူတွေ နဲ့ ရောနှောဆက်ဆံပါ၊ အဲဒီ ဘ၀တူတူမျာဟာ ရှင်နဲ့ ရှင့်သားသမီး ကလေးတွေအတွက် ဖြေသိမ့်မှု တစ်ခု ဖြစ်ပေလိမ့်မယ်' ဟူပါ၏။ ကလေးများ ကြီးလာကြမည်ဖြစ်ရာ ၄င်းကြီးလာလျှင် ပုံမှန်ဘ၀ ရောက်လာမှာပါဟူ၍ ဂျေး အနေဖြင့် စိတ်ချလက်ချ ရှိသင့်သည်ဟု လည်း ထိုအမျိုးသမီးက အကြံပေးပါသည်။ ကလေးတွေသည် အချိန်တန်လျှင် ဘွဲ့တွေရ အိမ်ထောင်တွေကျ၊ သားတွေ သမီးတွေရ ဖြစ်လာမည်။ 'မိဘတစ်ဦးဦး ကလေးတွေ ဒီလောက်ငယ် တဲ့အရွယ်မှာ သေဆုံးသွားတဲ့အခါ တချို့ကလေးတွေက တခြား ပုံမှန်ဘ၀ ဖြစ်စဉ်ဖြစ်ရပ်တွေ တို့မှာ ဖြစ်ကြမှာ မဟုတ်ကြပါဘူလို့ ထင်ကြ ပါတယ်' ဟူ၍လည်း ထိုအမျိုးသမီးက ရေးပါသည်။

ကျွန်တော့်ထံ ရေးကြသည့်သူများတွင် နှလုံးရောဂါဖြစ်နေသော အသက် ၄၀ ကျော်အရွယ် လူတစ် ဦးလည်း ပါဝင်သည်။ သူက ၁၉၈၆ ခုနှစ်တွင် ကွယ်လွန်သွားသည့် ဘာသာရေးခေါင်းဆောင် ခရစ္စ ရှနားမူတီး၏ အကြောင်း ကို ရေးပြသည်။ ခရစ်ရှ်နာမူတီးကို တစ်ခါက သေတော့မည့် မိတ်ဆွေတစ် ဦးကို ပြောသင့်သော အသင့်လျော်ဆုံးစကားသည် ဘာဖြစ်ပါသလဲဟု မေးသည့်အခါ ခရစ်ရှနာမူ တီးက ဖြေသည်ဟု ဆိုပါသည်။ 'မင်းမိတ်ဆွေ သေတဲ့အခါ မင်းရဲ့ တစ်စိတ်တစ်ပိုင်းလည်း သေပြီးသူနဲ့အတူ ပါရကြောင်းကို မင့်မိတ်ဆွေကို ပြောပြပါ။ သူသွားလေရာ မင်းလဲ ပါနေသောဖြစ် လို့ သူတစ်ယောက်တည်း မဟုတ်ပါဘူး လို့ ပြောပြပါ' ထိုသူက သူ၏ အီးမေးလ်၌ ဤသို့ပြောပါ သည်။ 'ခင်ဗျား တစ်ယောက်တည်း မဟုတ်ပါဘူးဗျာ'

ကျွန်တော်၏ နောက်ဆုံး ဟောပြောချက်ကို တွေ့လိုက်ရကုန်သော အချို့သော ထင်ရှားသည့် ပုဂ္ဂိုလ်များထံမှလည်း ဝေဖန်အကြံပေးချက်များနှင့် ဆုမွန်ကောင်းတောင်း ဆန္ဒ ပြုမှုများကို ရရှိခဲ့သ ဖြင့် စိတ်မှာ အတော်ပင် ထိခိုက်လှုပ်ရှား ဖြစ်မိပါသည်။ ဥမမာအားဖြင့် ရုပ်မြင်သံကြား သတင်းဆ ရာမကြီး ဒီယန်နေဆောယားသည် ကျွန်တော့်အား အင်တာဗျူးသည်။ ကင်မရာများ ဖယ်ရှားလိုက် ချိန်၌ ကျွန်တော့် အား ကျွန်တော်သားသမီးများအတွက် ထားရစ်ခဲ့မည့် စံနှုန်းများနှင့် ပတ်သက်၍ ပို၍ ရှင်းလင်းစွာ စဉ်းစားစေသည်။ သူက ကျွန်တော်သည် ကျွန်တော့်ကလေးများအတွက် စာများ နှင့် ဗွီဒီယိုများ ထားရစ်သွားရမည်ကို ကျွန်တော်သိသည်။ သို့ရာတွင် သူက ကျွန်တော့်ကို ပြော သည်။ အရေးအကြီးဆုံးက သူတို့ နှင့် ဆက်စပ်နေသော ထူခြားသည့်အရာများကို သူတို့အား ပြော ပြခဲ့ဖို့ ဖြစ်ပါသတဲ့။ ထို့ကြောင့် ကျွန်တော့် သားသမီး တစ်ဦးစီကို ဤသို့သော စကားများကို ပြောထားရစ်ခဲ့မည်ဟု ဆုံးဖြတ်လိုက်သည်။ 'အဖေက မင်း ချစ်တာက မင်းရယ်မယ်လုပ်တဲ့အခါ မင့်ခေါင်းကို နောက်ကို စောင်းလိုက်သလိုမျိုး ချစ်တာ' သူတို့ ခေါင်းထဲမှာ စဉ်းစားလို့ ရနိုင်လောက် သော စကားမျိုးကိုသာ ကျွန်တော် ပြောခဲ့ပေတော့မည်။

ကျွန်တော်နှင့် ဂျေးတို့ မကြာမကြာ သွားတွေ့ လေ့ရှိသည့် ဒေါက်တာရီးစ်ကလည်း ကျွန်တော်၏ ကင်ဆာစကင်များကို ကြည့်ရပြီး စိတ်ဖိအားတွေများလာသဖြင့် ကိုယ့်ကိုယ်ကိုယ် ရှုံးနိမ့်သွားမည့်အ ရေးကို ရှောင်ရှားနိုင်မည့် မဟာဗျူဟာများကို ရှာပေးပါသည်။ ထို့ကြောင့် ကျွန်တော်သည် ကျွန်တော်၏ မိသားစုအပေါ်မှာ စိတ်ရောကိုယ်ပါ အာရုံစိုက်လာနိုင်သည်။ အကောင်းဘက်က ကြည့်သည့်အမြင်မျိုးနှင့် ကျွန်တော် အာရုံစိုက်လာနိုင်သည့် အရာများကိုလည်း ဇောင်းပေးလာနိုင် ခဲ့သည်။ ကျွန်တော်သည် အကြံဥာဏ် တောင်းခံတိုင်ပင်ခြင်း၏ ထိရောက်မှုအပေါ်ကို သံသယရှိ ခြင်းဖြင့် ကျွန်တော့်ဘ၀ အချိန် အများအပြား ကို ကုန်ဆုံးစေလာခဲ့သူ ဖြစ်သည်။ ယခုသော် အခြေ အနေဆိုးမျိုးနှင့် ကြုံနေရသူ ကျွန်တော် သည် အကြံဥာဏ်တောင်းခံတိုင်ပင်ခြင်းက ဘယ်မျှကြီးမား စွာ အကူအပံ့ရနိုင်ကြောင်းကို သိမြင်လာရပေပြီ။ ကျွန်တော်သည် ကင်ဆာလူနာဆောင်များကို သွားကာ ရောဂါဒဏ်ကို ကြံ့ကြံ့ခံ တွန်းလှန်နိုင်ရန် ကြိုးပမ်း နေရရှာသည့် ကင်ဆာရောဂါသည် လူနာများအား ဤအကြောင်းကို ပြောပြချင်ပါဘိတော့သည်။

ကျွန်တော့်ထံ စာရေးကြသူများတွင် အများအပြားက ယုံကြည်မှုနှင့် စပ်ရာအကြောင်းများကို ရေး ကြသည်။ သူတို့ ပြောကြ ရေးကြတာများကိုရော သူတို့၏ ဆုတောင်းများကိုလည်း ကျွန်တော် အလွန်လေးစား အသိအမှတ် ပြု ထားပါ၏။

ကျွန်တော်သည် ယုံကြည်မှုဟူသည်မှာ ပုဂ္ဂိုလ်တစ်ဦးချင်း၏ တစ်ကိုယ်ရေကိစ္စသာ ဖြစ်သည်ဟု ယူဆသော မိဘ များ၏ ပြုစုစောင့်ရှောက်မှုကို ခံယူလာခဲ့ရသူ ဖြစ်ပါသည်။ ကျွန်တော်၏ ဟောပြော ချက်မှာလည်း ကျွန်တော် က ဘယ်ဘာသာရေးပါ စသည်ဖြင့် မဆွေးနွေးခဲ့ပါ။ အဘယ့်ကြောင့်ဆို သော် ကျွန်တော်သည် မည်သည့် ဘာသာရေးကို ယုံကြည်သူ မဆို လိုက်နာကျင့်သုံးနိုင်သော အားလုံးနှင့်ဆိုင်သည့် မူများ အကြောင်း ကိုသာ ပြောသွားလို၍ ဖြစ်ပါသည်။ ကျွန်တော်၏ ရည်ရွယ် ချက်မှာ ကျွန်တော်လူတွေနှင့် ထိတွေ့ ဆက်ဆံလာရာမှ ရရှိခဲ့သော အသိပညာများကို မျှဝေသွား ရန် ဖြစ်ပါသည်။

အချို့သော ထိတွေ့ဆက်ဆံမှုများကို ကျွန်တော် ဘုရားရှိခိုးကျောင်းတွင် တွေ့ခဲ့ခြင်းဖြစ်သည်။ ကျွန်တော် တို့၏ ဘုရားရှိခိုးကျောင်းမှ အမျိုးသမီးတစ်ဦးဖြစ်သူ အမ်အာရ်ကဲလ်ဆီးသည် ကျွန်တော် ခွဲစိတ်မှု ကိုခံယူပြီး ၁၁ ရက်လုံးလုံး ဆေးရုံသို့ နေ့တိုင်းလာ၍ ကျွန်တော်နှင့် အတူထိုင် သည်။ ကျွန်တော့်မှာ ကင်ဆာရောဂါ ရှိနေပြီဟု သိပြီးသည့် အချိန်မှစ၍ ကျွန်တော်၏ ဘုန်းတော် ကြီးသည် လွန်စွာ အကူအညီရသူ ဖြစ်သည်။ သူနှင့် ကျွန်တော်သည် ပစ္စဘတ်တွင် ရေကူးကန် တစ်ခုတည်းမှာ အတူတူ ရေးကူကြသူများဖြစ်ကြသည်။ ကျွန်တော့်ရောဂါသည် ကု၍မရနိုင်မှန်း သိလိုက်သည့်နောက်တစ်နေ့တွင် ကျွန်တော်တို့နှစ်ယောက်စလုံး ထိုရေကူးကန် ၌ ရှိကြသည်။ သူက ရေကူကန်ဘေး၌ ထိုင်နေ၏။ ကျွန်တော်က ရေကူကန်ထဲသို့ ဒိုင်ဗင်ထိုး ဆင်းသည့် သစ်သားပြားပေါ် သို့ တက်နေသည်။ ကျွန်တော်သည် သူ့ကို လှမ်းကြည့်လိုက်ပြီး သစ်သားပြား ပေါ်မှ ဒိုင်ဗင်ထိုးချလိုက်သည်။

ကျွန်တော် ရေကူကန်ဘေးသို့ ရောက်လာသည့်အခါ သူက ကျွန်တော့်ကို ပြောသည်။ 'ရန်ဒီ၊ မင်ကြည့်ရတာ ကျန်းမာ နေတဲ့ ပုံပါပဲကလား' ထိုအခါ ကျွန်တော်က သူ့ကို ပြန်ပြောလိုက်သည်။ 'ဒါကတော့ သိမြင်သာတဲ့ သဘောထား ကွဲလွဲမှုပေါ့ခင်ဗျာ၊ အပြင်ပန်းအမြင်အရသာ ကျွန်တော့် ကျန်းမာရေးက ကောင်းနေတယ် ထင်ရပေ မဲ့ ကျွန်တော့် ကင်ဆာရောဂါဟာ ပြန်ပေါ်လာပြီး ဆရာဝန်တွေက နောက် သုံးလနဲ့ ခြောက်လ အထိပဲ နေရတော့မယ်လို့ မနေ့တုန်းက သိခဲ့ရ တယ်'
သူနှင့် ကျွန်တော်သည် ထိုအချိန်မှစ၍ သေခြင်း တရားကို ကျွန်တော်ဘယ်လို အကောင်းဆုံး ရင်ဆိုင်ဖို့ ပြင်ဆင် ထားရမည့်အကြောင်းကို ဆွေးနွေးပြောဆိုလာခဲ့ကြသည်။
'မင်း အသက်အာမခံတော့ ထားတယ်နော်' ဟု သူက မေးသည်။

'ဟုတ်ကဲ့၊ အသက်အာမခံထားပြီးသားပါ' ဟု ကျွန်တော်က ပြန်ဖြေသည်။
'ဒါဆိုရင် မင်းမှာ စိတ်ပိုင်းဆိုင်ရာ အာမခံအတွက် ပရီမီယံကြေးကို ပိုက်ဆံနှင့်ပေး၍မရဘဲ အချိန်နှင့် သာ ပေးရမည် ဖြစ်ကြောင်းကိုလည်း သူက ရှင်းပြပါသည်။
ထို့ကြောင့် ကျွန်တော်သည် ကျွန်တော့်မှာရသည့် အချိန်နာရီများကို ကျွန်တော်နှင့် ကျွန်တော့်က လေး များကို ဗွီဒီယိုရိုက်ခြင်းဖြင့် ကုန်လွန်စေဖို့ လိုအပ်မည်။ သို့မှသာ ကျွန်တော်တို့ သာအဖ တစ်တွေ ဘယ်လိုကစာခဲ့ကြ၊ ရယ်မောခဲ့ကြသည့် မှတ်တမ်းများ သူတို့အတွက် ကျန်ခဲ့မည်ဟု လည်း သူက အကြံပေး ပြောဆိုပါသည်။ ယနေ့မှ နောင်နှစ်ပေါင်းများစွာ ကြာလွန်သော် ကျွန်တော်တို့ချင်း မည်သို့မည်ပုံ ထိတွေ့ဆက်ဆံခဲ့ကြ၊ အချင်းချင်း အတုံ့အလှည့် ပြုခဲ့ကြသည် များကို သူတို့ကလေးတွေ အလွယ်တကူ တွေ့မြင်နိုင်ကြမည်ဟု ဆိုပါသည်။ သူက ကျွန်တော် ဂျေးကို ချစ်ရသည့် ချစ်မေတ္တာ၏ မှတ်တမ်းအဖြစ် ဂျေးအတွက် ထားရစ်ခဲ့နိုင်စေမည့် ကျွန်တော် လုပ်၍ ရနိုင်သော အလုပ်များနှင့် ပတ်သက်၍လည်း ကျွန်တော့် အား တွေးပြပေးခဲ့သည်။

'မင်းဟာ စိတ်ထဲမှာ စိတ်ပျက်ဝမ်းနည်း ဘာမှ မဖြစ်ဘဲ မင်းရဲ့ စိတ်ပိုင်းဆိုင်ရာ အာမခံကြေးပရီမီယံ သွင်းနိုင်သွားပြီဆိုလျှင် မင်း ရှေ့မှာ နေသွားရမည့် လတွေအတွင်းမှာ မင်းအပေါ် ဖိစီးနေတဲ့ ၀န်တွေ လျော့ကျ သွားလိမ့်မယ်၊ ဒီအခါ မင်းမှာ ငြိမ်းချမ်းမှု ပိုရလာပါလိမ့်မယ်' ဟု သူက ပြောပါ သညါ။
ကျွန်တော်၏ မိတ်ဆွေများ၊ ကျွန်တော်၏ သားသမီးများ၊ ကျွန်တော်၏ ဘုန်းတော်ကြီး၊ ကျွန်တော် နှင့် အလျင်း သိကျွမ်းခဲ့ဖူးခြင်းမရှိသည့် သူစိမ်းသက်သက်များ၊ သူတို့အားလုံးသည် ကျွန်တော့်ထံ စာတွေ အီးမေးလ် တွေပို့ကြ၊ ဆုတောင်းပေးကြ၊ အကြံဥာဏ်တွေပေးခဲ့ကြပါကုန်၏။ နေစဉ် နေ့တိုင်း ကျွန်တော် သည် ကျွန်တော့်အား ကျန်းမာ ချမ်းသာစေလိုသော ကျွန်တော့်အား စိတ်ပိုင်း ဆိုင်ရာအရ အားပေး ကြကုန်သော ထိုထိုလူများထံမှ အင်အား တွေ ရရှိနေခဲ့ပါ၏။ တကယ်ပင် ရရှိနေခဲ့သလို ကျွန်တော် ကလည်း ထိုအတွက် ကျေးဇူးတင်ပါ၏။ သေမင်းနိုင်ငံသို့ မောင်းနှင်သွား နေရသော ကျွန်တော်၏ ခရီးတွင် ကျွန်တော် သည် အထီးကျန်စိတ် ဘယ်အခါမှ မဖြစ်တော့ပြီတ ကား။

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

Thursday, April 14, 2011

နောက်ဆုံးအချိန် နောက်ဆုံးစကား (The Last Lecture) အပိုင်း (၃၈)

အခန်း (၅၅)
မေးဖို့ ၀န်မလေးပါနှင့်

ကျွန်တော်နှင့် ကျွန်တော်ဖခင်တို့ ဒစ္စနေးဝေါ့လ်သို့ နောက်ဆုံးအကြိမ်အဖြစ် သွားခဲ့စဉ်က ဖေဖေ နှင့် ကျွန်တော် သည် ဒီလန်ကလေးနှင့်အတူ တစ်လမ်းပြေးရထားကို စောင့်နေကြသည်။ ထိုအချိန် က ဒီလန်မှာ ၄ နှစ်သားသာ ရှိသေး၏။ ဒီလန်သည် ရထားမောင်းသူနှင့်အတူ ထိုင်၍ ရထားပေါ်မှ ကြည့်၍ကောင်းသော နေရာတွင် ထိုင်ချင်သောဆန္ဒ ပြင်းနေ၏။ အပန်းဖြေဥယျာဉ်ကို ချစ်တတ် သော ကျွန်တော့်၏ဖခင်သည် ဒီလန် ဆန္ဒအတိုင်း စီးရလျှင် ပြင်းပြသော စိတ်လှုပ်ရှားမှုကို ပေးနိုင် မည်ဟု ယူဆလေသည်။

'သူတို့ဆီ ပုံမှန်လာနေတဲ့ လူတွေကို အဲဒီနေရာမှာ ထိုင်ခွင့်မပေးတာ သိပ်ဆိုးတာပဲ' ဟု ဖေဖေက ပြောသည်။
'ဒါပေမဲ့ ဖေဖေ၊ ကျွန်တော်က အပျော်စီးယန္တရား အင်ဂျင်နီယာ လုပ်လာတဲ့ သူဆိုတော့ အဲဒီရှေ့ ပိုင်းက နေရာ မှာ ထိုင်ခွင့်ရနိုင်မယ့်နည်းကို သိတယ်၊ ဖေဖေ အဲဒါကို လက်တွေ့မြင်ချင်သလား'
ဖေဖေ က တွေ့မြင်လိုကြောင်း ပြောသည်။

ထို့ကြောင့် ကျွန်တော်က ပြုံးနေသော ဒစ္စနေး တစ်လမ်းပြေး ရထားဝန်ထမ်းထံ လျှောက်သွားကာ ပြော လိုက်သည်။ 'စိတ်မရှိပ်နဲ့နော်၊ ကျွန်တော်တို့ သုံးယောက်များ အဲဒီရှေ့က အတွဲမှာ စီးလို့ရ မလားလို့'

'ဟာ ရပါတယ်၊ ရပါတယ်' ဟု ထိုဝန်ထမ်းက ပြောသည်။ သူသည် တံခါးကို ဖွင့်ပေးလိုက်ရာ ကျွန်တော် တို့လည်း ရထားမောင်းသူဘေးတွင် နေရာယူလိုက်ကြ၏။ ကျွန်တော့်ဖခင် ဤမျှ လောက် အံ့အားသင့် မျက်လုံးပြူး သွားသည်ကို ကျွန်တော့်တစ်သက်တွင် ဤတစ်ကြိမ်သာ မြင်ဖူ သည်။ 'နည်းရှိပါတယ်ဆို' ကျွန်တော် က ပြောလိုက်ပါသည်။ ကျွန်တော်တို့ရထားသည် မက်ဂျစ် ကင်းဒမ်းဟု ခေါ်သည့် ကြည်နူးဖွယ် နိုင်ငံသို့ ပြေးလျက်ရှိပေသည်။ 'အဲဒီနည်းက ခက်တယ်လို့ တော့ ကျွန်တော်မပြောခဲ့ဘူးနော်' ဟုလည်း ကျွန်တော် က ကျွန်တော့်ဖခင်အား ပြောလိုက်ပါသည်။
တစ်ခါတစ်ရံမှာ ကျွန်တော်တို့ လုပ်ရမည့် အလုပ်မှာ အခြားမဟုတ်။ မေးကြည့်ရုံသာ ဖြစ်သည်။

ကျွန်တော်သည် တစ်ခုခုကိုလိုချင်လျှင် ဤသို့ မေးတောင်း တောင်းသည့်အရာတွင် အတော်ကလေး ကျွမ်းသည်။ ကမ္ဘာတွင် အလေးစားရဆုံး ကွန်ပျူတာသိပ္ပံပညာရှင်တစ်ဦးဖြစ်သူ ဖရက်ဘရွတ် ဂျူနီယာနှင့် ဆက်သွယ် ရဲသည့်သတ္တိရှိခဲ့ပြီး အဆက်အသွယ်လည်းရခဲ့ခြင့်အတွက် ကျွန်တော်ဂုဏ် ယူသည်။ ဘရွတ် သည် ၁၉၅၀ ပြည့်လွန်နှစ်အတွင်းက သူ၏ကွန်ပျူတာသိပ္ပံပညာရှင် အသက်မွေး ဘ၀ကို အိုင်ဘီအမ်တွင် စတင်ခဲ့သည်။ ထို့နောက် သူသည် မြောက်ကာရိုလိုင်းနား တက္ကသိုလ်မှ ကွန်ပျူတာသိပ္ပံဌာနသို့ ရောက် သွားသည်။ သူပြောခဲ့သော မှတ်သားဖွယ် စကားများကြောင့် သူ သည် ကျွန်တော်တို့၏ ကွန်ပျူတာ လုပ်ငန်း တွင် ကျော်စောသည်။ သူ့စကားတစ်ခွန်းမှာ 'နောက်ကျသော ဆော့ဖ်ဝဲလုပ်ငန်းတစ်ခု အတွက် လူအင်အား ထပ်တိုးခြင်းသည် ပို၍နောက်ကျစေ သည်' ဟူ၍ ဖြစ်သည်။ (ယခုအခါ ဤစကားမှာ 'ဘရွတ် နိယာမ' ဟု လူသိများနေကြပြီး ဖြစ် သည်။)

ကျွန်တော်သည် အသက် ၃၀ နားသို့ ရောက်နေပြီး ဖြစ်သော်လည်း ဘရွတ်ကို မတွေ့ဖူးသေးခဲ့။ ထို့ကြောင့် ကျွန်တော် သူ့ထံသို့ အီးမေးလ်ပို့သည်။ အီးမေးလ်ထဲ၌ ဤသို့မေးသည်။ 'ကျွန်တော် ဗာဂျင်းနယားမှ မြောက် ကာရိုလိုင်းနား သို့ ကားဖြင့် မောင်းလာခဲ့ပါလျှင် ကျွန်တော့်အား နာရီဝတ်မျှ စကားပြောခွင့် ပေးနိုင်ပါမည်လား' သူက အီးမေးလ်ပြန်ပို့သည်။ 'လာသာ လာခဲ့ပါ၊ နာရီဝက်မက အချိန်ပေးပါမည်'

ဘရွတ်သည် ကျွန်တော့်အား မိနစ် ၉၀ အချိန်ပေးခဲ့ကာ ကျွန်တော်၏ ရာသက်ပန် ဆရာလည်း ဖြစ် သွား ခဲ့ ပါသည်။ နောင် နှစ်အနည်းငယ်ကြာသောအခါ သူသည် ကျွန်တော့်အား မြောက်ကားရိုလိုင်း နားတက္ကသိုလ် သို့ လာရောက်၍ ဟောပြောပို့ချမှုတစ်ခု ပြုပေးပါဟု ဖိတ်ကြားပါသည်။ ကျွန်တော့် ဘ၀တွင် လွမ်းမောတသ မေ့မရဆုံး သော ခရီးတစ်ခုလည်း ဖြစ်ပါပေသည်။ ဤခရီးတွင်ပင် ဂျေးနှင့် စတင် တွေ့ခဲ့ရခြင်း မဟုတ်ပါလော။
အခန်း (၅၆)
တစ်ဂါးလား၊ အေယိုလား ဆုံးဖြတ်ပါ

ကျွန်တော်က ကာနက်ဂီမယ်လွန်တက္ကသိုလ်ဥက္ကဋ္ဌ ဂျရက်ကိုဟွန်းအား ကျွန်တော်၏ နောက်ဆုံး ဟောပြောချက် ကို ဟောပြောပါမည်ဟု ပြောသောအခါ ကိုဟွန်း က ပြောသည်။ 'ပျော်စရာတွေပဲ ပြောပါဗျာ၊ ဘာကြောင့်တုန်းဆိုတော့ ကျွန်တော် ခင်ဗျားကို သတိရနေမှာက ခင်ဗျားရဲ့ ပျော်စရာ တွေ အကြောင်း ဖြစ်နေလို့ပါပဲ' တဲ့။

ကျွန်တော်က ပြန်ပြောပါသည်။ 'ကျွန်တော်ပြောလို့တော့ရပါတယ်၊ ဒါပေမဲ့ အဲဒီလိုပြောရင် ငါးက ရေရဲ့ အရေးပါပုံ ကို ပြောနေသလို ဖြစ်နေမလားလို့ပါ'
ကျွန်တော်ဆိုလိုသည်မှာ ကျွန်တော်က မပျော်အောင်နေနည်းကို မသိသူပါ။ ကျွန်တော်သည် သေ ရ တော့မည် ဖြစ်သည်။ သို့ပင်ဖြစ်သော်လည်း ကျွန်တော်သည် ပျော်လျက်ပင်ရှိသည်။ နေရသမျှ အချိန်ကလေး မှာ နေ့စဉ် ပျော်အောင်လည်း နေသွားမည်သာ ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် ကျွန်တော့် မှာ ထိုနည်းမှလွဲ၍ အခြားနေနည်းလည်း မရှိတော့သောကြောင့် ဖြစ်သည်။

ကျွန်တော်သည် ကျွန်တော့်ဘ၀ စောစောပိုင်းမှာကတည်းကပင် ဤအသိကို သိလာခဲ့သည်။ အေအေမီလ်နေ (AA Milne) ဖန်တီးထားသော '၀င်နီသပူးလ်' ဟူသော ဇာတ်ကားထဲတွင် ဇာတ် ကောင် နှစ်ကောင်ရှိသည်။ ဇာတ်ကောင် တစ်ကောင်မှာ ပျော်ပျော်နေတတ်သူ တစ်ဂါး ဖြစ်သည်။ ကျန်ဇာတ်ကောင် တစ်ကောင် မှာ အမြဲတမ်း ပူဆွေးနေသော အေယိုးဖြစ်၏။ ကျွန်တော်တို့သည် ဆုံးဖြတ်ချက်တစ်ခုကို ချရဖို့ ရှိ၏။ မိမိသည် တစ်ဂါးဖြစ်မည်လား၊ အေးယိုး ဖြစ်မည်လား။ ထိုနှစ်ခု တွင် တစ်ခုကိုတော့ ရွေးရပေမည်။ ကျွန်တော် သည် တစ်ဂါးလား အေးယိုလား ဟူသော စကားစစ် ထိုးပွဲတွင် ဘယ်ဘက်မှာ ရပ်တည်လျက် ရှိကြောင်းကား ထင်ရှားနေပြီးဖြစ်မည် ထင်ပါသည်။

နောက်ဆုံး ကျင်းပခဲ့သည့် ဟောလိုးဝင်းနေ့ကဆိုလျှင် ကျွန်တော်အတော်ကြီး ပျော်ခဲ့သည်။ ဂျေးနှင့် ကျွန်တော် တို့သည် မယုံကြည့်နိုင်လောက် သူများအဖြစ် ၀တ်စားဆင်ယင်ခဲ့ကြသည်။ ကျွန်တော်တို့ သားသမီး သုံးယောက်ကလည်း အလားတူ ၀တ်စားဆင်ယင်ခဲ့ကြသည်။ ကျွန်တော် သည် လူတိုင်းက ကျွန်တော် တို့ မိသားစုသည် အဘယ်မျှ မယုံကြည်နိုင်လောက်ဖွယ် မိသားစုဖြစ် သည်ကို သိရှိနိုင်စေရန် ဓာတ်ပုံတစ်ပုံ ကိုပင် ၀က်ဘ်ဆိုက်မှာ တင်ခဲ့လေသေးသည်။ ကျွန်တော်တို့ သားသမီးများမှာလည်း သိပ်ကို ပျော်နေပုံ ပေါက်နေသည်။ ကျွန်တော်ကလည်း ကာတွန်၊ ကြွက် သားတုကြီးနှင့် မည်သူမျှ နိုင်အောင်တိုက်၍ မရနိုင်သူ အသွင် ဆောင်နေ၏။ ကင်ဆာအတွက် သွင်းရသည့် ဆေးရည် (ခီမို) ကလည်း ကျွန်တော်၏ စူပါပါဝါ တွေကို သိသိသာသာ ထိခိုက်မှု မရှိကြောင်း ကျွန်တော် ရှင်းပြခဲ့သည်။ ကျွန်တော့်ထံ ၀မ်းသာစွာဖြင့် ပြန်လည်ေ ပးပို့ခဲ့ကြသည့် အီးမေးလ်များကိုလည်း အမြောက်အများ ရရှိခဲ့ပါပေသည်။

မကြာသေးမီက ကျွန်တော် အချိန်တိုနားရက်ယူ၍ သူငယ်ချင်း သုံးယောက်နှင့်အတူ စကူဘာဒိုင်ဗင် (ကျောပိုး ၍ သယ်ဆောင်နိုင်သော ရေအောက်အသက်ရှူ ကိရိယာဖြင့် ရေငုပ်ခြင်း) လုပ်ကြပါ သည်။ သူငယ်ချင်း သုံးယောက်မှာ အထက်တန်းကျောင်းသား ဘ၀ သူငယ်ချင်း ဂျက်ရှရစ်ပ်၊ တက္ကသိုလ် ကျောင်းသား ဘ၀ တစ်ခန်းတည်း အတူနေသူငယ်ချင်း စကောရှာမန်နှင့် အီလက်ထ ရောနစ်အတ်ကုမ္ပဏီမှ သူငယ်ချင်း စတိဗ်ဆီးဘော့ထ်တို့ ဖြစ်ပါ၏။ ဤသူငယ်ချင်းများမှာ ကျွန်တော့်ဘ၀တွင် အချိန်ကာလ အမျိုးမျိုး ၌ တွေ့ခဲ့ရသော သူငယ်ချင်းများဖြစ်ကြသည်။ အားလုံးက သိထားကြသည်။ ဤသူငယ်ချင်း များသည် ဤသီတင်းပတ် နောက်ဆုံးရက်၌ ကျွန်တော့်အားခွဲခွာကြရန် နောက်ဆုံးနှုတ်ဆက်သည့်အနေဖြင့် အတူ လက်တွဲ ပါလာကြခြင်း ဖြစ်ပါ သည်။

ကျွန်တော်သူငယ်ချင်း သုံးယောက်သည် ယခင်က အချင်းချင်းသိခဲ့ဖူးသူများ မဟုတ်ကြပါ။ သို့ရာတွင် အချိန်တို အတွင်းမှာပင် ခိုင်မာသည့် သံယောဇဉ် နှောင်ကြိုးများ ဖွဲ့ချည်သွားမိကြသည်။ ကျွန်တော်တို့ အားလုံး သည် လူကြီးတွေဖြစ်ကြ၏။ သို့ရာတွင် ဤအနားယူကာလ တစ် လျှောက်လုံးနီးပါးတွင် ကျွန်တော် တို့မှာ ၁၃ နှစ်သားကလေးများသဖွယ် ဖြစ်သွားခဲ့ကြသည်။ ကျွန်တော်တို့အားလုံးသည် တစ်ဂါးတွေ ဖြစ်ကုန် ကြသည်။

ကျွန်တော်တို့အားလုံး ကျွန်တော်၏ ကင်ဆာရောဂါနှင့် ဆက်စပ်သည့်စကားမျိုး၊ 'သူငယ်ချင်းကို ကိုယ် ချစ်တယ်ကွာ' ဟူသော စိတ်ထိခိုက်ဖွယ်စကားမျိုးကို အောင်မြင်စွာ ရှောင်ရှားနိုင်ခဲ့ကြသည်။ စိတ်ထိခိုက် ရမည့် စကားတွေ မပြောကြဘဲ ကျွန်တော်တို့သည် ပျော်ရွှင်မှုကိုသာ ရအောင်ရှာခဲ့ကြ သည်။ ကျွန်တော် တို့သည် ရှေးဖြစ်ဟောင်းတွေ ပြန်အောက်မေ့ကြ၊ စာမြုံ့ပြန်ကြ၏။ ကလေးငယ် များလို ဗြောင်းဆန်အောင် ဆော့ကြသည်။ တစ်ယောက်နှင့် တစ်ယောက် စကြ နောက်ကြ၏။ (အမှန်တော့ ကျွန်တော်၏ နောက်ဆုံး ဟောပြောချက် ကို ဟောပြောပြီးချိန်၌ ကျွန်တော် ရခဲ့သော 'ပစ္စဘတ်က စိန့်ရန်ဒီ' ဟူသော ဘွဲ့ထူးနှင့် ပတ်သက် ၍ သူတို့က ကျွန်တော့်ကို စကြ နောက်ကြ သည်က များပါသည်။)

ကျွန်တော်သည် ကျွန်တော်ရင်တွင်းက တစ်ဂါးကို အပျောက်မခံပါ။ အေယိုးဖြစ်သွားလျှင် ကျွန်တော် ဘာတွေ ကပြောင်းကပြန် ဖြစ်သွားမည်ကို ကျွန်တော်မသိနိုင်ပါ။ ကျွန်တော့်ကို မေးကြ၏။ ကျွန်တော်က ပြန် ဖြေပါသည်။
'ရန်ဒီပေါက်ရှ်၊ ကုမရသည့်ရောဂါဖြစ်ပြီးနောက် အနှစ်သုံးဆယ်နေသွားသည်'
အကယ်၍ တကယ်လည်း ကျွန်တော်နောက်ထပ် အနှစ်သုံးဆယ် နေရခဲ့ပါလျှင် ကျွန်တော် ပျော် ပျော် နေသွားမည်ဟု ကတိပေးပါသည်။ သို့ရာတွင် ထိုသို့ မဖြစ်နိုင်ဟုဆိုပါလျှင်လည်း ကျွန်တော် ရသမျှ အချိန်ကလေး မှာ ပျော်ပျော်နေသွားရုံသာ ရှိပါသတည်း။
အခန်း ၅၇
အကောင်းမြင်ဝါဒကို နားလည် သဘောပေါက်စေသောနည်း

ကျွန်တော့်မှာ ကင်ဆာရောဂါရှိနေပြီဟု သိလိုက်ရပြီးနောက် ကျွန်တော့်အား ကုသသည့် ဆရာဝန် များထဲမှ တစ်ဦး က အကြံပေးသည်။ 'ခင်ဗျားဟာ နေရာအနှံ့ ခဏတဖြုတ်လျှောက်သွားမယ့် လူအ လားကဲ့သို့ နေတတ် ဖို့ အရေးကြီးတယ်ဗျ' ဟူ၏။
အမှန်က ကျွန်တော်သည် ထိုဆရာဝန်ထက် ရှေ့ကပြေးနေပြီး ဖြစ်ပါသည်။

'ဒေါက်တာ၊ ကျွန်တော် မကြာခင်ကလေးကမှ အမိုးဖွင့်ပိတ် လုပ်နိုင်တဲ့ ကားသစ်တစ်စီး ၀ယ်ထားပါ တယ်၊ ကျွန်တော် သားကြောလည်း ဖြတ်ထားပြီးပါပြီ၊ ဆရာ' ကျွန်တော့်ကို နောက်ထပ် ဘာများ ဖြစ်စေချင် သေးပါသလဲ'
ကြည့်ပါ။ ကျွန်တော်သည် ရှောင်လွဲ၍ မရနိုင်မှန်းကို အမြင်ရှင်းရှင်းနှင့် ကြည့်တတ်သည့် အသိ ဥာဏ်မျိုးကို ထိန်းသိမ်းထားနိုင်သူ ဖြစ်ပါသည်။ ကျွန်တော်သည် သေနေပြီးကဲ့သို့ သဘောထားပြီး နေနေသူဖြစ်ပါသည်။ သို့ရာတွင် တစ်ချိန်တည်းမှာပင် ကျွန်တော်သည် အသက်ရှင်နေဆဲ ဖြစ်သ ကဲ့သို့လည်း နေနေသူ ဖြစ် ပေသည်။

အချို့ ကင်ဆာရောဂါကုဆရာဝန်များ၏ ရုံးများက ကင်ဆာရောဂါသည် လူမမာများကို ခြောက်လ တစ်ကြိမ် လာတွေ့ရန် အချိန်ဇယားဆွဲပေးထားသည်။ လူမမားများအဖို့ကား ဤအစီအစဉ်မှာ ဆရာဝန်များက ၄င်းတို့ အသက်ရှင်နေဦးမည်ဟု မျှောင့်လင့်ထားကြောင်းကိုပြသည့် အကောင်း မြင် သင်္ကေတ ဖြစ်နေ ပေသည်။ အချို့သော ကုမရတော့သည့် ရောဂါခံစားနေရသည့် လူမမာများသည် ဆရာဝန်၏ ကြော်ငြာ သင်ပုန်း တွင် ပြထားသော ဆရာဝန်က တွေ့ရန် ချိန်းဆို ထားသည့် ကတ်ပြားများကို ကြည့်လျက် ကိုယ့်ဘာသာကိုယ် ပြောမိ ကြသည်။ 'အင်း၊ ငါ ဆရာဝန် နဲ့ တွေ့တော့ တွေ့ဦးမှာပဲ၊ ဆရာဝန်ဆိ ရောက် သွားရင်တော့ သတင်းကောင်းတော့ ကြားရမှာပါ'

ပစ္စဘတ်မှ ကျွန်တော်၏ ဆရာဝန် ဟားဘတ်ဇေးက ပြောဖူးသည်။ အကောင်းမြင်စိတ်မထားသင့် ဘဲလျက် အကောင်းမြင် နေသူများ လူမမာ သို့မဟုတ် အခြေအနေမှန်ကို မသိရသည့် လူမမာများ အတွက် သူ စိတ်ပူ မိသည်တဲ့။ တစ်ချိန်တည်းမှာပင် လူမမာ၏မိတ်ဆွေများ အသိအကျွမ်းများက ကောင်းသွားမှာပါဟူ၍ ဖြစ်စေ၊ ဆေးကု နေလည်းရတော့မှာ မဟုတ်ပါဘူး ဟူ၍ ဖြစ်စေ လူမမာအား ပြောကြားကြသည့် အခါ တွင်လည်း သူ စိတ်ပျက်ရကြောင်း ဟားဘတ်ဇေးက ပြောပါသည်။

အကောင်းမြင်စိတ်ဓါတ်နှင့် ပတ်သက်၍ ကျွန်တော်ကမူ ဤသို့ ယူဆသည်။ အကောင်းမြင်ခြင်း သည် စိတ်ပိုင်း အခြေအနေတစ်ရပ် ဖြစ်သည်။ စိတ်ပိုင်ဆိုင်ရာ အခြေအနေတစ်ရပ်သည် ရုပ်ပိုင်း ဆိုင်ရာ အခြေအနေ ကို တိုတက်မှုရှိလာအောင် ထင်ထင်ရှားရှား ပြုပေးနိုင်သည်။ အကောင်းမြင် စိတ်ဓာတ် ရှိနေလျှင် ခီမိုဆေးသွင်းခြင်းလို အလွန်းဆိုးဆိုးဝါးဝါးခံစားရသော ဝေဒနာမျိုးကို ခံနိုင်စွမ်း ရှိလာသည်။ နောက်ဆုံး ပေါ် ဆေးဝါးကုသမှုမျိုး ကို ဆက်လက်ရှာဖွေနေစေနိုင်သည်။

ဒေါက်တာဇေးက ကျွန်တော့အား သူ၏ နံရံကပ်ကြော်ငြာထဲ ထည့်ရမည့် လူဟု ခေါ်ဝေါ်ပြောဆို သည်။ ကျွန်တော်သည် 'အကောင်းမြင်စိတ်နှင့် ပကတိအရှိတရားကို ချိန်ခွင်ညှာ မျှအောင်ထားနိုင် သူ' ဟု ဆိုလေသည်။ ကျွန်တော်သည် ကင်ဆာရောဂါကို နောက်ထပ် ဘ၀အတွေ့အကြုံတစ်ခု အဖြစ် ခံယူ နိုင်အောင် ကြိုးစားနေသူဟု မြင်ပေသည်။

ကျွန်တော်ကတော့ သားကြောဖြတ်လိုက်ရတာကို အကျိုးနှစ်ခုပြီးသဖြင့် သဘောကျသည်။ သားသမီးရမှု့ ကို တားဆီးပေးနိုင်သလို ကျွန်တော်၏ အနာဂတ်အတွက် အကောင်းမြင်လက္ခဏာလည်း ပိုတိုး လာစေပါသည်။ ကျွန်တော်သည် ကျွန်တော်၏ အမိုးဖွင့်ပိတ်ရ ကားကို မောင်းရတာကို သ ဘော ကျလှသည်။ နောက်ဆုံးအဆင့်သို့ ရောက်နေသည့် ကင်ဆာရောဂါကို အနိုင်ယူနိုင်သော တစ်သန်းမှာ တစ်ယောက် ဆိုသလောက်လူမျိုး ဖြစ်လာစေမည့် နည်းလမ်းများတွေ့ချင်လည်း တွေ့လာမှာပေါ့ဟု တွေးနေရတာကို ကျွန်တော် မျှော်လင့်သည့်အတိုင်း ဖြစ်မလာ ဟု ဆိုသော် တောင်မှလည်း နေ့စဉ် ဖြတ်သန်း ရမည့် တစ်နေ့တာအချိန်ကို ဖြတ်သန်းသွားတတ်အောင် အထောက်အကူပေးသည့် တွေးခေါ်ပုံ တွေးခေါ်နည်း တစ်ခုတော့ ဖြစ်နေသေးသောကြောင့်ပါတည်း။

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

Wednesday, April 13, 2011

နောက်ဆုံးအချိန် နောက်ဆုံးစကား (The Last Lecture) အပိုင်း (၃၇)

အခန်း ၅၃
ဘယ်တော့မျှ လက်မလျှော့ပါနှင့်

အထက်တန်းကျောင်းတွင် နောက်ဆုံးနှစ် ကျောင်းသားဘဝတုံးက ကျွန်တော် ဘရောင်းတက္ကသိုလ်သို့ လျှောက် ထားခဲ့၏။ ဝင်ခွင့်မရ။ ကျွန်တော့်အား တန်းစီးစာရင်းမှာ ထည့်ထားသည်။ တက္ကသိုလ်ဝင်ခွင့်ရုံးသို့ အကြိမ်ကြိမ် ဖုန်းဆက်သည်။ နောက်ဆုံးတော့ ကျွန်တော့်ကို လက်ခံမှ သင့်တော့မည်ဟူ၍ ဆုံးဖြတ် ကြသည်။ ကျွန်တော်သိတ်တက်ချင်နေမှန်း သူတို့သိကြသည်။ ဇွဲက ကျွန်တော့်အားအုတ်တံတိုင်းကြီးကို ကျော်လွှား သွားနိုင်အောင် ပြုပေးလိုက်ခြင်းပင်။

ဘရောင်းတက္ကသိုလ် မှ ဘွဲ့ရတော့မည့် အချိန်၌ ကျွန်တော်သည် အနှစ်တစ်သန်းအတွင်းမှာ ဘွဲ့လွန် သင်တန်း ကို တက်ခွင့်တစ်ကြိမ်မျှ ပေါ်လာဖွယ်မမြင်သေးပါ။ ကျွန်တော်တို့ မိသားစုမှ လူများသည် ဘွဲ့ တစ်ခုခု ရပြီးလျှင် အလုပ်တစ်ခုခု လုပ်လိုက်ကြသည်သာ ဖြစ်သည်။ နောက်ထပ် ဘွဲ့တစ်ခုခုကို ဆက်တက် မနေကြတော့။

သို့ရာတွင် ကျွန်တော့်အား မညှာမတာ ဝေဖန်ဆုံးမတတ်သော ဘရောင်းတက္ကသိုလ်မှ ကျွန်တော့်ဆရာ အင်ဒီဗန်ဒမ်း က ကျွန်တော့်အား အကြံပေး၏။ "ပီအိပ်ခ်ျဒီ ရအောင်လုပ်ကွာ၊ ပါမောက္ခလုပ်" တဲ့။
"ဘာကြောင့် ကျွန်တော်အဲဒါကို လုပ်သင့်တာလဲ" ဟု ကျွန်တော်က ပြန်မေးသည်။ ထိုအခါ  သူကပြော၏။ ဘာကြောင့် လဲဆိုတော့ မင်းဟာ အရောင်းဈေုးသည်ကောင်း တစ်ယောက်လူမျိုးဆိုတော့ မင်းကုမ္ပဏီ တစ်ခုမှာ သွားလုပ်ရင် သူတို့က မင်းကို အရောင်းဈေးသည်အဖြစ်ပဲ အသုံးချကြလိမ့်မယ်၊ အကယ်၍ မင်းဟာ အရောင်းဈေးသည် လုပ်မယ်ဆိုရင် တစ်စုံတစ်ရာ ဝယ်ဖို့ထိုက်တဲ့ ပစ္စည်းမျိုးကို ရောင်းမှသင့်မယ်၊ ပညာရေး လိုဟာမျိုးပေါ့။ ကျွန်တော်သည် ထိုအကြံဥာဏ်ပေးခဲ့ခြင်းအတွက် အစဉ်ထာဝရ ကျေးဇူးတင် နေရပေသည်။

အင်ဒီက ကျွန်တော့်အား ကာနက်ဂီမယ်လွန် တက္ကသိုလ်ကို လျှောက်ခိုင်း၏။ မယ်လွန်တက္ကသိုလ်သို့ သူ ပို့ပေးလိုက်သော တော်သည့် ကျောင်းသားတွေအများကြီးပင်။ မင်းဝင်ခွင့်ရမှာပါ။ပြဿနာမရှိပါဘူး ဟု သူက ပြောသည်။ သူကကျွန်တော့်အား ထောက်ခံစာတစ် စောင်ရေးပေး၏။
ကာနက်ဂီမယ်လွန်တက္ကသိုလ်မှ ဆရာများက သူ့စာကို ဖတ်ကြသည်။ သူတို့သည် ကျွန်တော်၏ လက်ခံ လောက်ဖွယ် အဆင့်မှတ်များနှင့် သိပ်ထူးချွန်မှု မရှိလှသော ကျွန်တော်၏ အထက်တန်းကျောင်းထွက် စာမေးပွဲ ရမှတ်များကို ကြည့်ကြသည်။ ကျွန်တော့်လျှောက်လွှာကိုလည်း ပြန်ဖတ်ကြသည်။

ထိုသို့ပြုပြီးသကာလ ကျွန်တော့်အား ပယ်လိုက်ကြလေသည်။ ကာနက်ဂီမယ်လွန် တက္ကသိုလ်က ကျွန်တော့် ကို မလိုချင်ခဲ့သော်လည်း ကျွန်တော့်အား အခြားပီအိပ်ခ်ျဒီ အစီအစဉ် တစ်ခုတွင် လက်ခံလိုက်သည်။ ထို့ကြောင့် ကျွန်တော်သည် အင်ဒီ၏ ရုံးသို့သွားကာ ပယ်စာကို သူ့စားပွဲပေါ်မှာ ချထားလိုက်သည်။ "ဆရာ့ရဲ့ ထောက်ခံချက်ကို ကာနက်ဂီမယ်လွန် တက္ကသိုလ်က ဘယ်လောက်တန်ဖိုးထားတယ်ဆိုတာ ဆရာ သိစေချင်လို့ပါ" ဟု ကျွန်တော်ကပြောသည်။

 သူ့စားပွဲပေါ်သို့ ပယ်စာကျသွားလိုက်ပြီး စက္ကန့်ပိုင်း အတွင်းမှာပင် အင်ဒီသည် တယ်လီဖုန်းကို ကောက်ကိုင် လိုက်သည်။ "ဆရာဒီကိစ္စကို ရှင်းမယ်၊ မင်းဝင်ခွင့်ရစေမယ်" ဟု သူကပြောပါသည်။
သို့ရာတွင် ကျွန်တော်က သူ့ကိုတားလိုက်၏။ "ဆရာ၊ ကျွန်တော် အဲဒီနည်းနဲ့ ဝင်ခွင့်မရချင်ဘူးဆရာ" ဟု ပြော၏။

သို့ဖြင့် ကျွန်တော်တို့ ဆရာတပည့် သဘောတူညီချက်တစ်ခု ပြုကြ၏။ ကျွန်တော်က ကျွန်တော့်ကို လက်ခံသည့် တက္ကသိုလ်များကို စစ်ဆေးကြည့်မည်။ ထိုတက္ကသိုလ်တွေအားလုံးက ကျွန်တော့်စိတ်မှာ သိပ်ဟန်မည် မထင်ပါက ဆရာ့ထံတစ်ခေါက်ပြန်လာကာ ကျွန်တော်တို့ပြောကြဆိုကြ မည်ဟူသော သဘော တူညီချက် ဖြစ်ပါ၏။
အခြားကျောင်းများသည် ကျွန်တော်နှင့် ဘယ်လိုမှ မတော်ကြောင်းတွေ့ရပေရာ နောက်ဆုံး၌ ကျွန်တော် အင်ဒီထံ သို့ ပြန်လာသည်။ ဘွဲ့လွန်သင်တန်းတက်မနေဘဲ အလုပ်တစ်ခုပဲ လုပ်တော့မည် ဖြစ်ကြောင်း သူ့ကို ပြောပြသည်။

"ဟေ့၊ မလုပ်ရဘူး၊ မလုပ်ရဘူး၊ မင်း ပီအိပ်ခ်ျဒီ ရကို ရရမယ်ကွ၊ မင်းကာနက်ဂီမယ်လွန် တက္ကသိုလ်ကို တက် ကို တက်ရမယ်"
ဆရာသည် တယ်လီဖုန်းကို ကောက်ကိုင်ကာ နီကိုဟာဘာမန်းထံ လှမ်းဆက်သည်။ ဟာဘာမန်းသည် ကာနက်ဂီ မယ်လွန်တက္ကသိုလ် သိပ္ပံဌာနမှူးဖြစ်ပြီး အင်ဒီလို ဒတ်ခ်ျလူမျိုး တစ်ဦးလည်း ဖြစ်နေသည်။ သူတို့ နှစ်ဦးသည် ကျွန်တော်အကြောင်းကို ခဏကြာမျှ ဒတ်ခ်ျလို ပြောကြသည်။ ထို့နောက် အင်ဒီသည် တယ်လီဖုန်း ကို ချလိုက်ပြီး ကျွန်တော့်အား ပြောသည်။  "မနက်ဖြန် မနက် ၈ နာရီမှာ သူ့ရုံးကို သွားလိုက်ပါ"

နီကို သည် တည်ကြည်ခန့်ညားသူတစ်ယောက် ဖြစ်၏။ ရှေးဆန်သော ဥရောပဟန် ပညာရှင် တစ်ဦး ဖြစ်လေသည်။ ကျွန်တော်နှင့် သူတွေ့ကြခြင်းမှာ သူ့မိတ်ဆွေဟောင်း အင်ဒီ မျက်နှာကြောင့် ဖြစ်ကြောင်း ကား ရှင်းနေပါသည်။ သူ့ဌာနက ကျွန်တော့်လျှောက်လွှာကို စဉ်းစားသုံးသပ်ပြီး ဖြစ်ပါလျှက် အဘယ့်ကြောင့် ကျွန်တော့် လျှောက်လွှာကိုသာ ပြန်လည် စဉ်းစားထိုက်ပါသလဲဟု မေးပါသည်။ 

ကျွန်တော်လည်းဂရုထား၍ ဖြေပါသည်။ "ကျွန်တော့်ကို စစ်ဆေးသုံးသပ်ချိန်ကတည်းက ကျွန်တော်ဟာ ရေကြောင်း သုတေသနရုံး က ပေးတဲ့ သုတေသနထောက်ပံ့ကြေး အပြည်အ၀ကို ရရှိထားပြီး ဖြစ်ပါတယ်" ထိုအခါ နီကိုက "တို့တိုင်းတာတဲ့ စံထဲ မှာ ပိုက်ဆံရထားပြီး မရထားပြီး ဆိုတာ မပါပါဘူး တို့က တို့ကျောင်းသားတွေကို သုတေသန ခွင့်ပြုငွေထဲက ထောက်ပံ့ပေးပါတယ်" ဟု ပြောပါသည်။ ထို့နောက် ကျွန်တော့်အား စိုက်ကြည့် လိုက်ပါသည်။ ပို၍ တိကျအောင် ပြောရလျှင် ကျွန်တော်ကို ထွင်းဖောက် သွားအောင် ကြည့်လိုက်ပါသည်။

လူတစ်ယောက်၏ ဘ၀တွင် အရေးပါသော အခိုက်အတန့် ကာလကလေးများ ရှိကြသည်။ လူတစ်ယောက် သည် မိမိမှားသွားမှန်းကို နောက်မှ သိလိုက်ပြီး အခြေအနေနှင့် အညီ ပြန်တည့်၍ ပြောလိုက်နိုင်ပါလျှင် ထိုသူသည် ကံကောင်းသည်ဟု ဆိုရပေမည်။ ကျွန်တော်သည် တစ်ခဏအတွင်း မှာပင် ငါဖြင့် မှားသွားလေပြီ ဟု သိလိုက်သည်။ အတတ်နိုင်ဆုံး လေးစားစွာဖြင့် ကျွန်တော် ပြန်ဖြေသည်။ 

"ကျွန်တော် ပြောလိုက်တာ ငွေကြေအကြောင်းကို ပြောလိုက်သလိုဖြစ်သွားလို့ ကျွန်တော်တောင်းပန် ပါတယ်၊ ကျွန်တော် ပြောလိုရင်းက ငွေကြေးအကြောင်း မဟုတ်ပါဘူး၊  ဒီသူတေသန ထောက်ပံ့ကြေး ဆိုတာ က ဒါဟာ ကျောင်းဝင်ခွင့် ရထိုက်ဖို့အတွက် ဂုဏ်တစ်ဂုဏ်ပဲလို့ ယူဆပါတယ်။ ကျွန်တော်ပြောခဲ့ပုံက အဂါရ၀ သဘောမျိုးဖြစ်သွားခဲ့ရင်လည်း ကျွန်တော် တောင်းပန်ပါတယ်"
ကျွန်တော့် မှာ ထိုသို့ ပြောရန်မှတစ်ပါး အခြားမရှပါ။ သို့ရာတွင် ထိုစကားသည် မှန်သော သစ္စာ စကားဖြစ်၏။ ဖြည်းဖြည်းချင်းနှင့် နီကို၏ တင်းနေသောမျက်နှာသည် ပြေလျော့ကျသွာကာ ကျွန်တော်တို့ နောက်ထပ် မိနစ်အနည်းငယ်ကြာ စကားပြောကြသေးသည်။

အခြားတက္ကသိုလ်ဆရာ အတော်များများနှင့်လည်း တွေဆုံခဲ့ရပြီးနောက် ကျွန်တော့်အား ကာနက်ဂီမယ်လွန် တက္ကသိုလ် က လက်ခံလိုက်ခြင်းဖြင့် အပြီးသတ်သွာပါသည်။ ကျွန်တော်လည်း ပီအိတ်ခ်ျဒီ ရခဲ့လေသည်။ မြင့်မားသော အုတ်တံတိုင်းကြီးကို ဆရာသမား၏ ကြီးမားသောမြှောက်တင် အားပေးမှုနှင့် ဖြူစင် ရိုးသားသော ၀ပ်တွားခယမှုတို့ဖြင့် ကျော်လွှားခဲ့ရခြင်း ဖြစ်ပေသည်။
ကျွန်တော်သည် ကျွန်တော့် တပည့်များကိုသော်လည်းကောင်း၊ လုပ်ဖော်ကိုင်ဖက်များကို သော် လည်းကောင်း ကာနက်ဂီမယ်လွန် တက္ကသိုလ် ၀င်ခွင့်လျှောက်ရာ အပယ်ခံရဖူးကြောင်းကို တစ်ခါမှ ပြောမပြ ဖူးခဲ့။ ကျွန်တော်၏ နောက်ဆုံးဟောပြောချက်ကို ပြောဖို့ စင်မြင့်ပေါ်ရောက်မှသာ ပြောပြခဲ့ခြင်း ဖြစ်သည်။ မပြောခဲ့သည်မှာ ဘာကိုကြောက်၍ပါလဲ။ သူတို့နှင့် ပေါင်းသင်းဆက်ဆံ ရနိုင်လောက်အောင် မတော်ပါဘူး ဟု လူတွေက ထင်သွားကြမှာစိုး၍လား။

ကိုယ့်ဘ၀၏ နောက်ဆုံးအချိန်တွင်မှ လျှို့ဝှက်ချက်တစ်ခုကို ဖွင်ဖော်ပြောလိုက်ရန် ဆုံးဖြတ်ရခြင်းမှာ စိတ်ဝင်စား ဖွယ်တော့ ကောင်းပါသည်။
တကယ်တော့ ကျွန်တော်သည် ဤဖြစ်ရပ်ကို ယခင် နှစ်အတော်ကြာကတည်းက ပြောလာခဲ့ဖို့ ကောင်းပါသည်။ အဘယ်ကြောင့်ဆိုသော် ဤဖြစ်ရပ်က "တစ်ခုခုကို သိပ်လိုချင်နေလျှင် လက်မလျှော့ပါနှင့်၊ (အားပေးကူညီပြုလာလျှင်လည်း လက်ခံပါ) " ဟူသော သင်ခန်းစာကို ပေးနိုင်သောကြောင့် ဖြစ်ပါသည်။

အုတ်တံတိုင်းများ ထားရှိခြင်းမှာ အကြောင်းမဲ့ မဟုတ်ပေ။ ယင်းတို့ပေါ်သို့ ကျော်တက် လိုက်နိုင်သည်နှင့် တပြိုင်နက် (တစ်ယောက်ယောက်က ပစ်တင်ပေးလိုက်ရသည့်တိုင်) အခြားသူများ အား သင် ဘယ်လို ကျော်တက် နိုင်ခဲ့ကြောင်းကို ပြောပြသွားနိုင်သောကြောင့် ဖြစ်ပေသည်။
အခန်း (၅၄)
လူမှုအသိုင်းအ၀ိုင်းသမားဖြစ်ပါစေ

ကျွန်တော်တို့ နိုင်ငံတွင် ပြည်သူ့အခွင့်အရေးဟူသော အယူအဆအပေါ်တွင် အာရုံစိက်မှု အင်မတန် များသည်။ အခွင့်အရေး ဆိုတာကတော့ ရသင့်သည်မှန်ပါ၏။ သို့ရာတွင် တာဝန်အကြောင်းပါ ပြောဆိုခြင်းမရှိဘဲ အခွင့်အရေးအကြောင်းချည်း ပြောနေခြင်းမှာမူ အဓိပ္ပါယ်မရှိလှပေ။

အခွင့်အရေးသည် တစ်နေရာရာကလာရသော အရာဖြစ်သည်။ ထိုတစ်နေရာရာမှာ လူမှုအသိုင်း အ၀ိုင်း ဖြစ်သည်။ သို့ဖြစ်၍ အခွင့်အရေးသည် လူမှုအသိုင်းအ၀ိုင်းက လာခြင်းဖြစ်သည်။ အခွင့် အရေးသည် လူမှု အသိုင်းအ၀ိုင်းက လာသည်ဖြစ်၍ အတုံ့အပြန်အားဖြင့် ကျွန်တော်တို့ကလည်း လူမှု အသိုင်းအ၀ိုင်း အပေါ်တွင် ယူပေးရမည့် တာဝန်ရှိနေပေသည်။ အချို့သူများက ဤသဘောကို လူမှုအသိုင်းအ၀ိုင်း လှုပ်ရှားမှု ဟု ခေါ်ကြသည်။ သို့ရာတွင် ကျွန်တော်ကမူ ဘ၀ပေးအသိဟု ခေါ် ချင်ပေသည်။

ကျွန်တော်တို့ အများအပြားတွင် ဤအသိပျောက်လျက်ရှိသည်။ ကျွန်တော်၏ ပါမောက္ခသက်တမ်း အနှစ် ၂၀ အတွင်း၌ ကျွန်တော် သတိပြုမိသည်မှာ ကျောင်းသားများတွင် ဤအသိမရှိကြသူတို့ သည် တိုး၍ တိုး၍သာ များလာသည်ဟူသော အချက်ဖြစ်သည်။

နှစ်စဉ် စာသင်နှစ်ဝက်တစ်ခု စပြီဆိုလျှင် ကျွန်တော်သည် ကျောင်းသားများအား သဘောတူညီ ချက် တစ်ခု ကို လက်မှတ်ရေးထိုးခိုင်း၏။ ထိုသဘောတူညီချက်ထဲတွင် သူတို့၏ တာဝန်များနှင့် အခွင့်အရေးများကို အကြမ်းဖျင်းအားဖြင့် ဖော်ပြပေးထားသည်။ ကျောင်းသားများက အစုအဖွဲ့များ တွင် အပြုသဘောဖြင့် ပါဝင်လုပ်ပါမည်။ အချို့သော အစည်းအဝေးများကို တက်ပါမည်။ မိမိတို့၏ အတန်းတူသူငယ်ချင်းများကို ရိုးသားဖြူစင်သည့် အကြံဥာဏ် ဝေဖန်မှုများ ပြုပေးပါမည်ဟု သဘောတူရပါသည်။ ထိုသို့သော တာဝန် များကို ယူရသဖြင့် အတုံ့အပြန်နေဖြင့် ၄င်းတို့သည် အ တန်းထဲမှာ တက်ရောက်သင်ကြားပိုင်ခွင့် မိမိတို့၏ လုပ်ဆောင်ချက်များကို ဆန်းစစ်ဝေဖန်ခံပိုင်ခွင့် နှင့် ခင်းကျင်းပြသခံပိုင်ခွင့်များ ရရှိကြသည်။

ကျောင်းသားအချို့က ကျွန်တော်၏သဘောတူညီချက်ကို ကဖျက်ယဖျက် လုပ်ချင်ကြသည်။ ထိုသို့ ဖြစ်ရသည်မှာ ကျွန်တော်တို့ လူကြီးများမှာ သူတို့စံနမူနာယူ အားကျလောက်သည့် လူမှုအ သိုင်းအ၀ိုင်းပုဂ္ဂိုလ်များ မဟုတ်ကြသောကြောင့်ဟု ထင်ပါသည်။ သာဓကဆောင်ပြရသော် ကျွန်တော်တို့မှာ  ခုံသမာဓိအဖွဲ့ နှင့် စစ်ဆေးခံပိုင်ခွင့်ရှိသည်ဟု ကျွန်တော်တို့ အားလုံ ယုံကြည်ကြ ၏။ သို့ရာတွင် လူများစွာ တို့က ဂျူရီတာဝန်မှ လွတ်ရန် ကြိုးစားကြသည်။

ထို့ကြောင့် ကျွန်တော်က ကျွန်တော့်တပည့် ကျောင်းသားများအား သိစေချင်၏။ လူတိုင်းလူတိုင်း သည် အများအကျိုး အတွက် ကျရာတာဝန်ကို ထမ်းကြရသည်။ ထိုသို့မှ မပြုချင်ဘူဆိုသော် စကား တစ်လုံးတည်း နှင့် ဖော်ပြရလျှင် တစ်ကိုယ်ကောင်း ဆန်ခြင်းသာ ဖြစ်သည်။

ကျွန်တော်ဖခင်က ဤပရဟိတသဘောကို ကျွန်တော်တို့အား နမူနာပြ၍ သင်ကြားပေးခဲ့သည်။ သို့ရာတွင် ကျွန်တော် ဖခင်သည် ဤသဘောကို အခြားသူများအား သင်ပြပေးရာတွင် သိမ်မွေ့ သော နည်းများ ကိုလည်း ရှာဖွေခဲ့သည်။ သူသည် လစ်တဲလ်လိဂ်ဘေ့စ်ဘော ကော်မရှင်နာဖြစ်စဉ်က သင်ပြပေးခဲ့ပုံမှာ အလွန် ကျွမ်းကျင်လိမ္မာသည်ဟု ဆိုရပေမည်။

သူသည် မိမိသဘောဆန္ဒအလျောက် ဒိုင်လူကြီးလုပ်ပေးမည့် ဗော်လံတီယာ ဒိုင်လူကြီးများကို ဒုက္ခ ခံ၍ ရှာဖွေ ရသည်။ ဤဒိုင်လူကြီးအလုပ်မှာ ကျေးဇူးတင်မခံရသောအလုပ် ဖြစ်၏။ အဘယ့်ကြောင့် ဆိုသော် ဘောလုံးကို ရိုက်ဟု အော်လိုက်သည့်အခါတိုင်း အချို့ကလေး သို့မဟုတ် မိဘက ဒိုင်လူ ကြီး မှားပြန်ပြီဟု ဆိုကြသောကြောင့် ဖြစ်သည်။ ထို့ပြင် ကြောက်ရသည့် ပြဿနာကလည်း ရှိ သေး၏။ ကစားသည့် ကလေး များက ဘက်တံကိုကိုင်ရာတွင် မထိန်းနိုင်ဘဲဖြစ်ပြီး သူတို့၏ ရိုက်ချက် က ကိုယ့်ဆီသို့ ဘောလုံး လာမှန်မည့် အနေမျိုးတွင်လည်း ဒိုင်လူကြီးလုပ်သူက ရပ်နေရသည် ကြောင့် ဖြစ်သည်။
နောက်ကတော့ ကျွန်တော့်ဖခင်သည် အကြံတစ်ခုရလာ၏။ လူကြီးများကို ဗော်လံတီယာဒိုင်လုပ် ခိုင်းမည့် အစား သက်ကြီးအုပ်စုထဲမှ ကစားသမားတစ်ဦးဦးအာ ငယ်ရွယ်သူကလေးများအတွက် ဒိုင် လုပ်ခိုင်းလျှင် ကောင်းမည် ဟူသော အကြံဖြစ်သည်။ ဒိုင်အဖြစ် အရွေးခံရလျှင် ဂုဏ်ယူဖွယ်ဟူ၍ ဖြစ်လားအောင်လည်း ဖခင်လုပ်ထား၏။

ဤသို့ ပြုလိုက်သဖြင့် အကျိုးတော်တော်များများ ရလာသည်။
ဒိုင်အဖြစ်ရွေးခံရ၍ ဒိုင်လုပ်ရသူများသည် အလုပ်တစ်ခုမှာ ဘယ်မျှခက်ခဲကြောင်း သိနားလည်သွား ပြီး နောင်တွင် ဒိုင်လုပ်သူနှင့် စောဒက မတက်တော့ပေ။ ထို့ပြင် ဒိုင်လုပ်ရသူများသည် မိမိတို့မှာ မိမိတို့ထက် အသက် ပိုငယ်သော အုပ်စုမှ ကလေးများကို ရှေ့ဆောင်မှုပေးနေရသူများ ဖြစ်ပါသလားဟု ကျေနပ် သွားသည်။ တစ်ချိန်တည်းမှာပင် ငယ်ရွယ်သော ကလေးများကလည်း ဗော်လံတီ ယာ ဒိုင်အလုပ်ကို လိုလိုလားလား လုပ်ကိုင်ပေးကြသူများကို မိမိတို့ အားကျ စံနမူနာယူရမည့် သူ များဟု မြင်သွားကြသည်။

ကျွန်တော်ဖခင်သည် လူမှုအသိုင်အ၀ိုင်းသမား အစုအသစ်တစ်ရပ်ကို ဖန်တီးပေးခဲ့ပေ၏။
လူများသည် အခြားသူများနှင့် ဆက်စပ်သွားသည့်အခါပို၍ ကောင်းသောသူများ ဖြစ်လာကြောင်းကို ကျွန်တော် ဖခင်က သိရှိခဲ့ပေသည်။

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

Tuesday, April 12, 2011

နောက်ဆုံးအချိန် နောက်ဆုံးစကား (The Last Lecture) အပိုင်း (၃၆)

နောင်နှစ် အတန်အကြာသောအခါ ဒစ္စနေး အပျော်စီး စက်ယန္တရားတည်ဆောက်ရေး အတိုင်ပင်ခံ တစ်ဦး အနေဖြင့် ကျွန်တော်သည် ဒစ္စရေးဝေါ့လ်၏ အုပ်ချုပ်ရေးပိုင်းမှ အရာရှိများနှင့် စကားစမြည်ပြောဖြစ်ခဲ့သည်။ ထိုသို့ စကားပြောဖြစ်တိုင်း ကျွန်တော်သည် အခွင့်ပေါ်သမျှ ထိုဆားနှင့် ငရုတ်ကောင်းဘူး ဖြစ်ရပ်ကို ၄င်း တို့အား ပြောပြခဲ့သည်။
ကျွန်တော်လက်ဆောင်ပစ္စည်း အရောင်းဆိုင်ထဲမှ ၀န်ထမ်းများသည် ကျွန်တော့်အစ်မနှင့် ကျွန်တော်အား ဒစ္စနေး အပေါ် အားရကျေနပ်စေအောင် ပြုပေးခဲ့ကြကြောင်း၊ ထိုသို့ပြုပေးလိုက်သော အားဖြင့် ကျွန်တော့် မိဘ များသည် ဒစ္စရေးဝေါ့ကို ဒစ္စရေးအဖွဲ့အစည်းကြီး တစ်ခုလုံးကို အားရကျေနပ်ဖြစ်စေခဲ့ကြောင်းများ ပြောပြ ပါသည်။

ကျွန်တော့်မိဘများသည် ဒစ္စရေးဝေါ့လ်သို့ သူတို့၏ ဗော်လံတီယာလုပ်ငန်းနှင့် ခွဲမရသော အစိတ်အပိုင်း တစ်ရပ် အနေဖြင့် သွားကြလေ့ရှိသည်။ သူတို့တွင် လူ ၂၂ယောက်စီးနိုင်သော ဘတ်စ်ကားတစ်စီးရှိရာ အင်္ဂလိပ်စာ ကို ဒုတိယဘာသာအဖြစ် သင်ယူကြသည့် ကျောင်းသားများအား မေရာလန်မှသည် ဒစ္စနေး ဥယျာဉ် သို့တိုင် တင်ဆောင်သွားလေ့ရှိသည်။ ကျွန်တော့်ဖခင်သည် ဒါဇင်နှင့်ချီသောကလေးများအတွက် လက်မှတ်များ ဝယ်၍ ဒစ္စနေးဝေါ့လ်သို့ သွားခဲ့သည်မှာ နှစ်ပေါင်းနှစ်ဆယ်မျှ ရှိပြီဖြစ်သည်။ ထိုခရီးအများစု တွင် ကျွန်တော်လည်းလိုက်ပါလေ့ရှိသည်။
ချုပ်၍ပြောရသော် ထိုလွန်ခဲ့သော အနှစ်၂၀ အချိန်မှစ၍ ဒစ္စနေးဝေါ့လ်တွင် ဝင်ခွင့်လက်မှတ်၊ အစားအစာ နှင့် အမှတ်တရပစ္စည်းများနှင့် အခြားအရပ်ရပ်တို့အတွက် ကျွန်တော့်ဖခင် သုံးစွဲခဲ့သည်မှာ ဒေါ်လာ ၁၀၀၀၀၀ မကရှိပေပြီ။

ကျွန်တော်က ဤဖြစ်ရပ်ကို ယနေ့ခေတ် ဒစ္စနေးမှ အမှုဆောင်အရာရှိများကို ပြောပြသည့်အခါ သူတို့အား ဤမေးခွန်း ကို မေးကြည့်ခြင်းဖြင့် ကျွန်တော့်စကားကို အဆုံးသတ်လေ့ရှိသည်။ ခင်ဗျားတို့ စတိုးဆိုင် တစ်ခု ကို ကွဲနေတဲ့ဆားနှင့် ငရုတ်ကောင်းဘူးကလေးနဲ့ ကလေးတစ်ယောက်ကို လွှတ်လိုက်မယ်ဆိုပါစို့၊ ခင်ဗျားတို့ မူဝါဒ တွေက ဝန်ထမ်းအလုပ်သမားတွေကို ပစ္စည်းသစ်နဲ့လဲပေးဖို့ ခွင့်ပြုနိုင်ပါ့မလား ထိုအခါ အမှုဆောင် အရာရှိများက ကျွန်တော့်မေးခွန်းကြောင့် နေမထိ ထိုင်မသာဖြစ်သွားကြ သည်။ အဘယ်ကြောင့်ဆိုသော် ကိုယ် ပေးရမည့်အဖြေကို သိထားသောကြောင့်ပင်။ သူတို့ပေးမည့် အဖြေကား ပေးမယ်မထင်ဘူးဗျ ဖြစ်ပါလိမ့်မည်။

ထိုသို့ဖြစ်ရသည်မှာလည်း သူတို့၏ စာရင်းအင်း တွက်ချက်ပုံစနစ်တွင် ၁၀ ဒေါ်လာတန် ဆားနှင့် ငရုတ်ကောင်း ဘူးကလေး က ဒေါ်လာ ၁၀၀၀၀၀ ရရှိနိုင်သည်ကို တွက်ချက်ပုံ ဘယ်နေရာမှ မပါရှိ သောကြောင့်ပင်။ ထို့ကြောင့် ယနေ့အချိန်တွင် ကလေးတစ်ယောက်သည် ကံမကောင်းနိုင် တော့ဘဲ စတိုးဆိုင် ထဲမှ လက်ဗလာဖြင့် ထွက်ခွာလာရလိမ့်မည်ကိုသာ တွေးမြင်ကြည့်နိုင်ပေသည်။
ကျွန်တော် ပြောလိုသည်ကား အရှုံးအမြတ်ကို တွက်ချက်ပုံတွင် တစ်နည်းတည်းသာမက ရှိပါသည်။ အဖွဲ့အစည်း များသည် အဆင့်တိုင်း အဆင့်တိုင်း၌ ကရုဏာတရားရှိနိုင်သလို ရှိလည်းရှိသင့်သည် ဟူ၍ ဖြစ်ပါ၏။ ကျွန်တော့်မိခင်၏ ရင်ထဲတွင် ထိုဒေါ်လာ ၁၀၀၀၀၀တန် ဆားနှင့် ငရုတ်ကောင်းဘူးလေး ရှိနေဆဲ ဖြစ်ပါသည်။ ဒစ္စနေးဝေါ့လ်က ဆိုင်ဝန်ထမ်းများ ထိုပစ္စည်းကလေးကို အသစ်လဲပေးလိုက်သည့်နေ့သည် ကျွန်တော့် မိသားစုအဖို့ ပျော်စရာ နေ့တစ်နေ့ဖြစ်ခဲ့ပါသည်။ ထို့အတူ ဒစ္စနေးဝေါ့လ်အတွက်လည်း မင်္ဂလာနေ့  မဟုတ်ခဲ့ပါသလော။
အခန်း ၅၁
မတန်သောအလုပ်ဟူ၍ မရှိ

ယနေ့ခေတ် လူငယ်များအတွင်း၌ ရပိုင်ခွင့်စိတ်ဓာတ်သည် တစ်နေ့တခြား တိုးလာလျက်ရှိကြောင်း မှတ်တမ်း မှတ်ရာ များဖြင့် မှတ်တမ်းတင်ထားပြီး ဖြစ်သည်။ ကျွန်တော်၏ စာသင်ခန်းများတွင်လည်း ဤအချက် ကို ကျွန်တော်အသေအချာ တွေ့မြင်ပြီးသား ဖြစ်သည်။

ဘွဲ့ယူမည့်ကျောင်းသားကြီး အများအပြားသည် သူတို့၏ တီထွင်မှု ဥာဏ်ရည်ဥာဏ်စွမ်းကြောင့် သူတို့ကို ငှားရမ်း ခန့် ထားသင့်သည် ဟူသော အမှတ်သညာမျိုး ရှိနေကြသည်။ များလှစွာသော သူတို့သည် အောက်ခြေမှ စပြီး လုပ်ကိုင်ရမည်ဆိုလျှင် အလွန်စိတ်မချမ်းမသာ ဖြစ်ကြသည်။

ကျွန်တော်ကတော့ မင်းတို့စာရွေးခန်းမှာ အလုပ်လုပ်ရတာမျိုးကို ဝမ်းသာပျော်ရွှင်ဖြစ်ထိုက် တယ်ကွ၊ မင်းတို့ အဲဒီနေရာ ရောက်သွားတဲ့အခါ လုပ်ရမှာက စာရွေးတဲ့နေရာမှာ တကယ့်ကို အတော်ဆုံးဖြစ်အောင် လုပ်ဖို့ကွ  ဟုကျွန်တော့်တပည့်များကို အမြဲတမ်း အကြံပေးလေ့ရှိသည်။
ကျွန်တော်က စာရွေးတာမတော်ဘူးလေ၊ ဘာကြောင့်တုံးဆိုတော့ အဲဒီအလုပ်က ကျွန်တော်နဲ့မှ မတန်တာပဲ ဟူသော စကားမျိုးကို မည်သူမျှ ကြားလိုမည်မဟုတ်ပါ။ ကျွန်တော်တို့နှင့် မတန်သော အလုပ်ဟူ၍ ဘာအလုပ်မှ မရှိပါ။ အကယ်၍ သင်သည် စာကို မရွေးတတ်ဘူး (သို့မဟုတ် စာရွေးတာကိုတော့ လုပ်မည် မဟုတ်) ဟု ဆိုပါလျှင် သင်လုပ်သော ဘာရှိသည်ဟူ၍ ဘယ်မှာသက်သေပြပါမည်နည်း။

ကျွန်တော်၏ ETC ကျောင်းသားများကို ကုမ္ပဏီများက အလုပ်သင်အဖြစ် သို့မဟုတ် ပထမဦးဆုံး အလုပ် အဖြစ် ငှားရမ်းသွားသည့်အခါ ကျွန်တော်တို့က တပည့်များလုပ်ကိုင်ဆောင်ရွက် ပုံနှင့် ပတ်သက်၍ ကျွန်တော် တို့ကို ပြန်လည် အသိပေးပါဦးဟု ပြောရသည်။ အလုပ်ရှင်များသည် တပည့်များ၏အရည်အချင်း သို့မဟုတ် ၄င်းတို့၏ နည်းပညာပိုင်းဆိုင်ရာ ဆောင်ရွက်ချက်တို့နှင့် ပက်သက်၍ မကောင်းပြောစရာ မရှိသလောက် ဖြစ်သည်။ သို့ရာတွင် သူတို့အကြောင်း မကောင်းသောတုံ့ပြန်ချက် ရသည်ဆိုလျှင် ထိုမကောင်းသည့် အချက်မှာ သူတို့ခန့်ထားလိုက်သည့် အလုပ်သမားသစ်များသည် သူတို့ လုပ်ရသည့် အလုပ်က သူတို့နှင့်မတန်ဟု အထင်ရောက်ကြကြောင်း ဖြစ်နေတတ်သည်။ သို့မဟုတ်လျှင်လည်း ၄င်း တို့သည် အခြားရုံးများကိုပဲ မျက်စိကျနေကြောင်း ဖြစ်နေတတ်သည်။

ကျွန်တော် ၁၅ နှစ်သားအရွယ်က သစ်သီးခြံတစ်ခုမှာ အလုပ်လုပ်ရာ စထရောဘယ်ရီ ပင်များကို ပေါင်းပေါက် ပေးရသည်။ ကျွန်တော်နှင့် အလုပ်အတူတူလုပ်ကြသူ အများစုမှာ နေ့အလုပ်သမား များဖြစ်ကြသည်။ ကျောင်းဆရာနှစ်ယောက်လည်း ထိုခြံတွင် အလုပ်လာလုပ် ကြသည်။ နွေရာသီအတွက် အပိုဝင်ငွေ ရရန်ဖြစ်သည်။ ကျွန်တော်က ကျွန်တော့်ဖခင်အား လုပ်ရသည့်အလုပ်မှာ ထိုကျောင်းဆရာ များနှင့်မတန် (ထိုအလုပ်သည် ကျွန်တော်နှင့်လည်းမတန်ဟူ သဘောမျိုးရစေရန် ဖြစ်မည် ထင်ပါသည်။) ဟူ၍ ပြောသည့်အခါ ကျွန်တော့်ဖခင်သည် ကျွန်တော့်အား တစ်သက်စာ မှတ်မိလိုက်အောင် ပြစ်တင် ဆုံးမ ပါသည်။ စားပွဲမှာထိုင်လျက် ကိုယ့်ကိုယ်ကိုယ် ထင်တစ်လုံး နှင့် လူ့မလိုင်တစ်ယောက်အဖြစ် သက်သက် သာသာ နေနေခြင်း ထက် ကြိုးစားပမ်းစား လုပ်ကိုင်ရင်း ကမ္ဘာတွင် အကောင်းဆုံး မြောင်းတူးသမား ဖြစ်ရတာမျိုး ကို သူပို၍ သဘောကျကြောင်း ဖေဖေကပြောပါသည်။

ထို့ကြောင့် ကျွန်တော်သည် ထိုစထရောဘယ်ရီခြံသို့ ပြန်သွားခဲ့ပါသည်။ ထိုအလုပ်ကိုကား ယနေ့တိုင် သဘော မကျပါ။ သို့ရာတွင် ကျွန်တော့်ဖခင်၏ စကားကို နားမှ ကြားခဲ့ပြီးနောက် ကျွန်တော်သည် ကျွန်တော့်၏ စိတ်သဘောထားကို စောင့်ကြည့်ကာ ယခင်ကထက် ကြိုးစားစွာ ပေါက်ပြားကို ပေါက်ခဲ့ ရပါသည်။
အခန်း ၅၂
ကိုယ်ရောက်နေသော နေရာကို သိပါ

ကဲ၊ ပါမောက္ခလေး၊ ကျုပ်တို့အတွက် ဘာတွေများ လုပ်ပေးနိုင်သတုန်း
အသက် ၂၇ နှစ်အရွယ် မက်ဖောလီဆိုသူ အပျော်စီး စက်ယန္တရားများ တည်ဆောက်သူ အင်ဂျင်နီယာက ကျွန်တော် အား နှုတ်ဆက်လိုက်ခြင်း ဖြစ်ပါ၏။ ဖောလီသည် ကျွန်တော်၏ သုတေသန ခွင့်ကာလအတွင်း ကျွန်တော် ဒစ္စနေး မှာ ရှိနေခိုက် ကျွန်တော်အား ကူညီစောင့်ရှောက်ပေးရန် တာဝန်အပေးခံထားရသူ ဖြစ်ပါသည်။
ကျွန်တော်သည် ပညာရေးဆိုင်ရာ ဘွဲ့လက်မှတ်တွေ ဘာမှ အဓိပ္ပာယ်မရှိသောနေရာသို့ ရောက်ရှိ နေခြင်းဖြစ်သည်။ နိုင်ငံရပ်ခြား တိုင်းတပါးတွင် သူ့နိုင်ငံသုံး ငွေကြေးနှင့် ပတ်သက်၍ ဘယ်လိုလုပ်ရပါ့ဟု နည်းရှာ နေရသော ခရီးသည်တစ်ဦး ဖြစ်နေလေသည်။

ဤအတွေ့အကြုံကို ကျွန်တော့်တပည့်များအား နှစ်ပေါင်းများစွာ ကြာအောင်ပြောပြလာ ခဲ့သည်။ အဘယ့်ကြောင့် ဆိုသော် ဤအတွေ့အကြုံမှ အရေးကြီးသော သင်ခန်းစာကို ရရှိသောကြောင့် ဖြစ်သည်။
ကျွန်တော်သည် ကလေးဘဝတည်းက အိပ်မက်မက်ခဲ့သော အပျော်စီး စက်ယန္တရားတည် ဆောက်သည့်် အင်ဂျင်နီယာ ဖြစ်လိုမှု ဆန္ဒ ပြည့်ဝသည်ကတော့မှန်ပါ၏။ သို့ရာတွင် ကျွန်တော်၏ ပညာရပ်ဆိုင်ရာ သုတေသန ခန်းတွင် အာဏာအရှိဆုံးသူ တစ်ဦးအဖြစ်မှ အကြမ်းပတမ်း နိုင်လှသော ရေကန်ထဲသို့ ရောက်လာသော အူကြောင်ကြောင် ဘဲတစ်ကောင် အဖြစ်သို့ ပြောင်းလာခဲ့ ရခြင်းဖြစ်သည်။

ဟန်လျှင်ဟန် မဟန်လျှင်ခံ၊ ဟုတ်လျှင်ဟုတ် မဟုတ်လျှင် ပြုတ်မည့် ဤယဉ်ကျေးမှုတွင် ကျွန်တော်၏ ချည့်နဲ့ သော နည်းများနှင့် ဘယ်လိုတော်အောင် လုပ်ရပါမည်နည်းဟု စဉ်းစားကြည့်ရသည်။
ထိုစဉ်က ကျွန်တော်သည် အက်ပကော့မှာ စမ်းသပ် စစ်ဆေးခံနေရသည့် အာလာဒင် ဗာချုယက် ရီယက်လတီ ဆွဲဆောင်မှု အလုပ်တွင် လုပ်ခဲ့သည်။ အပျော်စီးယန္တရားများ တည်ဆောက်သူ အင်ဂျင်နီယာ များက ဧည့်သည်များအား သူတို့ဖန်တီးထားသော ယန္တရားများကို စီးရတာ ဘယ့်နှယ်လဲ၊ မူးဝေတာများ ရှိသလား၊ ဘယ်ရောက်၍ ရောက်မှန်းမသိ ဘာလုပ်၍ လုပ်ရမှန်းမသိ ဆိုတာမျိုး ဖြစ်သလား၊ အော့ချင် အန်ချင် သလား စသည်ဖြင့် မေးမြန်းသည့် အင်တာဗျုးများတွင် ကျွန်တော်လည်း ပါဝင်မေးမြန်းသည်။

ကျွန်တော်၏ လုပ်ဖော်ကိုင်ဖက်တစ်ချို့က ကျွန်တော်သည် လက်တွေ့ဘဝမှာ သုံး၍မရနိုင်သည့် ပညာရေး ဆိုင်ရာ တန်ဖိုးများကို အသုံးပြုလွန်းသည်ဟု ဆိုကြသည်။ သူတို့က ကျွန်တော်သည် စာရင်းအင်း ကိန်းဂဏန်း အချက်အလက်များ အပေါ်တွင် စူးစိုက်လွန်းသည်ဟုလည်း ပြောကြသည်။ ပြဿနာများကို ချဉ်းကပ်ရာတွင် စိတ်ခံစားမှုထက် သိပ္ပနည်းကျ ဖြစ်ကို ဖြစ်ရမည်ဟူသော သဘောမျိုးက များနေကြောင်း လည်း ထောက်ပြကြသည်။ တက္ကသိုလ်ပညာမှ ပညာ(ဟူသော ကျွန်တော်)နှင့် ဖျော်ဖြေရေးသာ (ဟူသောသူတို့) တို့ထိပ်တိုက်တိုးကြခြင်းပါတည်း။ နောက်ဆုံးတော့ ကျွန်တော်သည် အပျော်စီး ယန္တရားများကို စီးသည့်အခါ အလေးချိန်ကို တစ်မျိုးပြောင်းလိုက်ခြင်းဖြင့် ဧည့်သည်တစ်ယောက်လျှင် အချိန် စက္ကန့် ၂၀ သက်သာသွားမည့်နည်းကို စဉ်းစားပြလိုက်သည့်အခါ ကျွန်တော့်အပေါ် သံသယဝင်နေကြသည့် ထိုအပျော်စီးယန္တရား တည်ဆောက်သူ အင်ဂျင်နီယာများသည် ကျွန်တော့်ကို ကြိုက်သွားကြလေသည်။

ကျွန်တော်ဤဖြစ်ရပ်ကို ပြောပြနေသည်မှာ ယဉ်ကျေးမှုတစ်ခုမှ အခြားတစ်ခုသို့ ဖြတ်သန်း ရသည့် အခါမျိုး တွင် (ကျွန်တော့် တပည့်များ၏ သာဓကနှင့် ပြောရသော် ကျောင်းမှ အလုပ်ခွင်သို့ ပထမဦးဆုံး ကူးခြင်းမျိုးဖြစ်သည်။) အခြားသူများ၏ စိတ်ခံစားမှုကို သိနားလည်ရန် ဘယ်မျှ လိုကြောင်းကို အလေးထား ပြောလို၍ဖြစ်ပါသည်။

ကျွန်တော်၏ သုတေသနခွင့်ကာလ ကုန်ဆုံးသွားသည့်အခါ ဒစ္စနေး အပျော်စီးယန္တရား တည်ဆောက်မှု ဌာနက ကျွန်တော့်အား အချိန်ပြည့် အလုပ်တစ်ခုကို ပေးပါသည်။ ကျွန်တော်အချိန်အတော်ကြာကြာ စဉ်းစားကြည့်ပြီးနောက် လက်မခံလိုက်တော့ပါ။ စာသင်ပြ ပေးရသည့် အလုပ်က အားကောင်းလွန်းနေ၏။ သို့ရာတွင် ကျွန်တော်သည် တက္ကသိုလ်   ပညာရေးပိုင်းနှင့် ဖျော်ဖြေ ရေးလုပ်ငန်းနှစ်ခုစလုံးတွင်ပါ ကိုယ့်နေရာ ဘယ်မှာရှိသည်ကို သိထားပြီး သူဖြစ်သောကြောင့် ဒစ္စနေးသည် ကျွန်တော် သူတို့ဆီမှာ ဆက်လက် ပါဝင်နေစေမည့်နည်းကို တွေ့သွားသည်။ ကျွန်တော်သည် သီတင်းတစ်ပတ်လျှင် တစ်ခေါက် သူတို့ဆီသို့ သွားပေးရသော အတိုင်ပင်ခံ ပုဂ္ဂိုလ်ဖြစ်သွားသည်။ ကျွန်တော်သည် ထိုအလုပ်ကို ၁၀ နှစ်တာမျှ ပျော်ရွှင်စွာ လုပ်ကိုင်ခဲ့ပေသည်။

သင်လည်း ယဉ်ကျေးမှုနှစ်ခုအကြားမှာ ခြေချနိုင်မည့် အခြေအနေမျိုးကို တွေ့ပါက တစ်ခါတစ်ရံ၌ ထိုလောက နှစ်ခုစလုံး တွင်ပင် အကောင်းဆုံး အဆင့်မျိုးကို ရရှိနိုင်ပါပေသည်။

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

Monday, April 11, 2011

နောက်ဆုံးအချိန် နောက်ဆုံးစကား (The Last Lecture) အပိုင်း (၃၅)

အခန်း ၄၅
သကြားလုံးများ ပို့ပေးပါ

ကျွန်တော်သည် ကျွန်တော့်တာဝန်များ၏အစိတ်အပိုင်းတစ်ရပ်အဖြစ် ပညာရပ်ဆိုင်ရာများကို ပြန်လည် သုံးသပ်ပေး ရသူတစ်ဦးလည်း ဖြစ်နေ၏။ အဓိပ္ပာယ်မှာ ကျွန်တော်သည် အခြားပါမောက္ခများကဲ့သို့ အထူကြီး ရေးထားသော သုတေသနစာတမ်းများကို ပေးပို့ကာ ယင်းတို့အား သုံးသပ်ပေးရန် မေတ္တာရပ် ခံရသည့် အလုပ် ကို လုပ်ရခြင်းဖြစ်သည်။ ထိုစာတမ်းများကို ဖတ်ရသည်မှာ ပျင်းရိငြီးငွေ့ဖွယ်ကောင်းနိုင် ၏။ ဖတ်ရင်း အိပ်ပျော် သွားနိုင်သည်။ ထို့ကြောင့် ကျွန်တော်က ဖတ်ပေးဖို့လိုသည့်စာတမ်းများနှင့်အတူ သကြားလုံး တစ်ပုံး ကိုလည်း ပို့ပေးလိုက်သည်။ "ဖတ်ပေးရန် သဘောတူသည့်အတွက် ကျေးဇူးတင်ပါ သည်။ ဤ စာတမ်းများနှင့် အတူ ပူးတွဲပေးပို့လိုက်သော သကြားလုံးများကား ဖတ်ပေးခြင်းအတွက် ဆု လဒ်ဖြစ်ပါသည်။ သို့ရာတွင် စာတမ်းကို ဖတ်မပြီးမချင်း သကြားလုံးများကို စားမည်ဆိုလျှင်ကား တော် မည်မဟုတ်ပါ" ဟူ၍လည်း စာရေးပေးလိုက်၏။

ဤသို့ပြုခြင်းဖြင့် သူတို့မျက်နှာများပေါ်မှာ အပြုံးပန်းများပွင့်လာစေသည်။ ကျွန်တော်လည်း ဖုန်းထပ် ဆက်ပြီး မပြီးသေးဘူးဘား၊ ဘာလား မည်တွန်တောက်တီးပြုစရာမလိုတော့ပေ၊ သူတို့စားပွဲပေါ်တွင် သကြားလုံး ပုံး ရောက်နေပြီဖြစ်ရာ သူတို့လုပ်ရမည့်အလုပ်ကို သိသွားကြပေသည်။

တစ်ခါတစ်ရံ သော်လည်း နှိုးဆော်သည့်အီးမေးလ်ပို့ရတာမျိုးတော့ ရှိပါ၏။ သို့ရာတွင် သူတို့ထံ ကျွန်တော် အီးမေးလ် ပို့သည့် အခါ ၀ါကျတစ်ကြောင်းသာ ရေးဖို့လိုတော့၏။ သကြားလုံးစားပြီးပြီလား ခင်ဗျား ဟူ၍ ဖြစ်ပါ၏။
သကြားလုံးပုံးသည် ဆက်သွယ်ရေးကိရိယာကောင်းတစ်ခုဖြစ်ကြောင်း တွေ့ရသည်။ သကြားလုံးများ သည် ကောင်းစွာ ပြီးစီး သွားသော အလုပ်အတွက် ချိုမြိန်သောဆုလဒ်တစ်ခုလည်း ဖြစ်ပါပေသည်။
အခန်း ၄၆
ကိုယ်အားကိုးစရာမှာ ကိုယ်ပူလာသည့်အရာသာဖြစ်သည်

ကျွန်တော်သည် ငါ ဘယ်အခြေအနေနှင့် ကြုံရကြုံရ အသင့်ဖြစ်နေဖို့လိုသည်ဟု အမြဲတမ်းတွေးထား သည်။ အိမ်မှ ထွက်သွားလျှင် ငါ ဘာယူလာခဲ့ဖို့လိုမလဲ။ အတန်းတစ်တန်းမှာ စာသင်လျှင် ငါ့ကို ဘယ် လိုမေးခွန်း တွေ မေးလာနိုင်သည်ဟု မျှော်မှန်းထားရမလဲ။ ကိုယ်မရှိတော့ဘဲနေသွားရမည့် ကိုယ့်မိသား စု၏အနာဂတ် အတွက် ပြင်ဆင်နေသည့်အခါ ဘယ်လိုအထောက်အထား စာရွက်စာတမ်းတွေကို အသင့် ထားရှိခဲ့သင့်တာ ဘာလဲ။ သို့နှယ် တွေးခြင်းမျိုးဖြစ်သည်။

ကျွန်တော် ခုနစ်နှစ်သားအရွယ်လောက် ကျွန်တော့်အား ကျွန်တော့်မိခင်က ကုန်စုံဆိုင်တစ်ဆိုင် ခေါ် သွားခဲ့ ပုံကို ကျွန်တော့်မိခင် ပြန်ပြောင်းပြောပြသည်။ အမေနှင့်ကျွန်တော်သည် ပစ္စည်းပစ္စယတွေကို စစ် ဆေး သည့် ကောင်တာသို့ရောက်လာသည်။ ဤတွင်မှ အမေသည် သူဝယ်ရမည့်ဈေးစာရင်းထဲမှာ ပါသည့် ပစ္စည်း နှစ်ခု လောက် ၀ယ်ဖို့မေ့ခဲ့ကြောင်း သတိရသည်။ ကျွန်တော့်ကို ပစ္စည်းတင်သည့် လှည်းနှင့် ထားရစ် ခဲ့ပြီး အမေ သည် လိုသည့်ပစ္စည်းကို အပြေးအလွှား သွားယူသည်။
"အမေ ချက်ချင်းပြန်လာခဲ့မယ်နော်"ဟု အမေက ပြောသည်။

အမေထွက်သွားသည့်အချိန်မှာ နှစ်မိနစ်၊ သုံးမိနစ်သာကြာပါမည်။ သို့ရာတွင် ထိုအချိန်အတွင်း၌ ကျွန် တော် သည် လှည်းပေါ်မှ ပစ္စည်းတွေအားလုံးကို စက်ခါးပတ်ကြိုးပေါ် တင်လိုက်ရာ ပစ္စည်းအားလုံးကို တန်ဖိုး သင့်ပြီး ဖြစ်သွားသည်။ ကျွန်တော်သည် ငွေကိုင်အား စိုက်ကြည့်နေမိသည်။ သူကလည်း ကျွန် တော့်ကို စိုက်ကြည့် နေ၏။ ငွေကိုင်သည် ကျွန်တော့်ကို ကြည့်၍ ရယ်ရင်းပြောသည်။ "သား၊ မင်းမှာ ပေးဖို့ ပိုက်ဆံ ပါရဲ့လား၊ မင်း အန်တီ့ကို ပေးမှဖြစ်မယ်"
ကျွန်တော် က နောက်ပြောနေမှန်းမသိ၊ ထို့ကြောင့် ခပ်ရှက်ရှက်နှင့်ရပ်နေမိလေသည်။
ထိုအချိန် တွင် ကျွန်တော့်အမေ ရောက်လာလေရာ ကျွန်တော်က စိတ်ဆိုးဆိုးနှင့် "အမေကလည်း သား ကို ပိုက်ဆံ မပါဘဲနဲ့ ဒီမှာထားခဲ့တယ်၊ ဒီအန်တီကြီးက ပိုက်ဆံတောင်းနေတယ်ဗျာ၊ ကျွန်တော့်မှာ သူ့ကို ပေးစရာ မရှိဘူး"ဟု ပြောမိသည်။

ယခုသော်ကား ကျွန်တော်သည် ကလေးလည်း မဟုတ်တော့။ အရွယ်ရောက်သည့်လူကြီး ဖြစ်လာခဲ့ပြီ ဖြစ်သည။် ကျွန်တော့် ခေါက်ပိုက်ဆံအိတ် ထဲမှာ အမြဲတမ်း ဒေါ်လာ ၂၀၀ ထက်မနည်း ပါသည်ဖြစ်ပါ၏။ မလိုလား၊ လိုလား သုံးစရာပေါ်လာလျှင် အသင့်ဖြစ်နေစေရန် ဖြစ်ပါသည်။ ပိုက်ဆံအိတ် ပျောက်သွား တာမျိုး၊ လူခိုးခံရတာမျိုးဖြစ်လျှင် ဘယ့်နှယ့်လုပ်မလဲ ဟု ပြောစရာကားရှိသည်။ သို့ရာတွင် ဤမျှ သင့်တင့် လျောက်ပတ်သော လူနေမှုအဆင့် နှင့် နေနေရသူတစ်ယောက်အနေဖြင့်  ထိုသို့ဖြစ်လာလျှင်လည်း ဒေါ်လာ ၂၀၀ လောက်တော့ အဆုံးခံထိုက်သည် ဆိုရမည်သာ။ ထည့်သွားသော ပိုက်ဆံပျောက်သွား သည်ထက် သုံးဖို့ လိုသည့်အခါမျိုးတွင် လက်ထဲမှာ ပိုက်ဆံမပါလာသည်က ပို၍ပြဿနာကြီးတတ်ပါပေ သည်။

ကျွန်တော်သည် ကြိုတင်ပြင်ဆင်မှုကို ပိုပိုကြိုကြိုလုပ်တတ်သူများကို အားကျသည်။ ကောလိပ်ကျောင်း သား ဘ၀တွင် ကျွန်တော့်မှာ နော်မန်မေးရိုဝမ်ဟု အမည်ရှိသော သူငယ်ချင်းတစ်ယောက်ရှိသည်။ တစ် နေ့သ၌ သူသည် အိုဗာဟက် ပရိုဂျက်တာတစ်ခုအကြောင်းကို သင်ပြနေသည်။ သူသင်ပြ ပြောဆိုနေတုန်း တစ်ဝက် လောက်မှာပင် ပရိုဂျက်တာပေါ်က မီးသီးကလေးက မီးမှိတ်သွားသည်။ ပရိသတ်ထဲမှ ညည်းညူသံ များလည်း ကြားလာရ၏။ တစ်ဦးဦးက ပရိုဂျက်တာသစ်တစ်ခု ရှာတွေ့မလာမီ ၁၀ မိနစ် လောက် စောင့် နေရမည် ကဲ့သို့ ရှိနေသည်။
"ကိစ္စမရှိပါဘူး၊ ဘာမှမပူကြပါနဲ့" နော်မန် က ပရိသတ်အား ကြေငြာအသိပေးလိုက်သည်။

ကျွန်တော်တို့သည် သူ ဘာလုပ်မလဲဟု စောင့်ကြည့်နေရာ နော်မန်သည် ကျောပိုးအိတ်ထဲမှ တစ်ခုခုကို ဆွဲထုတ် လိုက်သည်။ သူသည် အိုဗာဟက် ပရိုဂျက်တာအတွက် လျှပ်စစ်မီးသီးအပိုတစ်လုံး ယူဆောင် လာခဲ့ခြင်း ဖြစ်ပေသည်တကား။ သူ ဤသို့မီးသီးအပို ဆောင်လာလိမ့်မည်ဟု မည်သူမျှထင်မထားခဲ့ပါ လေ။
ထိုစဉ်က ကျွန်တော်တို့၏ပါမောက္ခ အင်ဒီဗန်ဒမ်းသည် ကျွန်တော့်ဘေး၌ကပ်ထိုင်နေရာ သူက ကျွန်တော့် ဘက်ကို ကိုယ်ကိုကိုင်းညွတ်၍ ပြော၏။ "ဒီမောင်ဟာ တိုးတက်သွားမယ့်လူကွ"တဲ့။ မှန်လည်း မှန် ပါပေသည်။ နော်မန်သည် မက္ကရို မီဒီယာကုမ္ပဏီတွင် ထိပ်တန်း အမှုဆောင်အရာရှိတစ်ဦးဖြစ်သွားလေ သည်။ ယနေ့ကာလ အင်တာနက်ကို အသုံးပြုနေသူတိုင်းနီးပါးသည် ထိုကုမ္ပဏီတွင် သူကြိုးပမ်းဆောင် ရွက် ခဲ့သည့် သူ၏ကြိုးပမ်းဆောင်ရွက်ချက်များ၏ အကျိုးဆက်နှင့် မကင်းကြပေ။

အမြဲတမ်း အသင့်ရှိနေရန်အတွက် နောက်တစ်နည်းမှာ မဟုတ်သည့်ဘက်က ပြောင်းပြန်လှန်တွေးခြင်း ဖြစ်သည်။
ကျွန်တော်သည် အကောင်းမြင်ဝါဒီတစ်ဦး စင်စစ်ဖြစ်သည် မှန်၏။ သို့ရာတွင် ဆုံးဖြတ်ချက်တစ်ခုကို ချ တော့မည် ဆိုလျှင် ကျွန်တော်သည် အဆိုးဆုံးအခြေအနေကို စဉ်းစားကြည့်လေ့ရှိသည်။ ကျွန်တော်က ထို အခြေအနေ ကို "၀ံပုလွေအစားခံရခြေ"ဟု အမည်ပေးသည်။ ကျွန်တော် တစ်ခုခုကို လုပ်မည်ဆိုလျှင်  အဆိုးဆုံး ဘာတွေဖြစ်လာနိုင်သနည်း။ ကျွန်တော်သည် ၀ံပုလွေ အစားခံရမည်လော။ ထို့နှယ် စဉ်းစား ခြင်းဖြစ်သည်။

အကောင်းမြင်ဝါဒီတစ်ဦး ဖြစ်စေနိုင်သောအချက်တစ်ချက်မှာ အဆိုးဆုံ အခြေအနေကြုံလာသောအခါ ဖြေရှင်းရန် အရေးပေါ်အစီအမံ ရှိထားစေခြင်းဖြစ်သည်။ ကျွန်တော် မပူသော အရာတွေများစွာ ရှိသည်။ အဘယ့်ကြောင့် ဆိုသော် တစ်ခုခုဖြစ်လာပါက ဖြေရှင်းရန် အစီအမံတစ်ခု အသင့်ရှိနေခြင်းကြောင့် ဖြစ် သည်။

ကျွန်တော်သည် ကျွန်တော့်တပည့်တွေကို မကြာခဏ ဤသို့ပြောလေ့ရှိသည်။ "မင်းတို့ တောနက်ထဲ ရောက်သွားပြီ ဆိုရင် မင်းတို့အားကိုးစရာဆိုလို့ မင်းတို့ယူဆောင်သွားတဲ့ အရာပဲရှိတယ်" တောနက်ဟူ သည်မှာ တကယ်တန်းအားဖြင့် နေရာတိုင်း၌ ရှိနိုင်သောအရာဖြစ်သည်။ အိမ်မှာနေရင်း၊ ရုံးမှာထိုင်ရင်း တောနက်ထဲ သို့ ရောက်နေနိုင်၏။ ထို့ကြောင့် ပိုက်ဆံထည့်သွားပါ။ ထို့ပြင် ပစ္စည်းကိရိယာ ထည့်ထား သော အိတ် ကို ယူသွားပါ။ ၀ံပုလွေတွေကို စိတ်ထဲမှာ မြင်လာအောင် စဉ်းစားကြည့်ပါ။ မီးသီးတစ်လုံး အပို ယူသွားပါ။ အစဉ် အသင့် ဖြစ်ပါစေ။
အခန်း ၄၇
မတောင်းပန်တတ်ခြင်းသည် မတောင်းပန်ခြင်းထက်ဆိုးသည်

တောင်းပန်ခြင်းသည် အောင် ရှုံး ကိစ္စမဟုတ်။ တောင်းပန်သည့်အခါ A အဆင့်ထက်နိမ့်သော တောင်းပန် မှုမျိုးသည် အရာမရောက်ဟူ၍ ကျွန်တော့်တပည့်များကို ကျွန်တော် ပြောလေ့ရှိသည်။
စိတ်မပါ့တပါနဲ့ဖြစ်စေ၊ မရိုးမသားဖြစ်စေ တောင်းပန်သော တောင်းပန်မှုများသည် တောင်းပန်ခြင်း ဟူ၍ လုံးဝ မဆိုနိုင်။ အဘယ်ကြောင့်ဆိုသော် တောင်းပန်ခံရသူက စော်ကားခံရသလို ဖြစ်သောကြောင့်ပင်။ အခြားသူ တစ်ဦးဦး နှင့် ပြောဆိုဆက်ဆံရာတွင် တစ်ခုခု အမှားပြုမိခဲ့ပါလျှင် ဆက်ဆံရေးတွင် ကူးစက်ပိုး အ၀င်ခံ လိုက်ရသလို ရှိသည်။ တောင်းပန်တတ်လျှင် ရောဂါပိုးကို သတ်ပေးနိုင်သည့် ပဠိဇီဝဆေး ထိုးပေး လိုက်သလို ရှိသည်။ မတောင်းပန်တတ် လျှင်ကားအနာကို ဆားနှင့်ပွတ်သည်နှင့် တူလေတော့သည်။

ကျွန်တော်သင်ပြရသည့် အတန်းများတွင် အစုလိုက် အလုပ်လုပ်ခြင်းသည် အလွန်အရေးပါသည်။ အများ နှင့် ဆက်ဆံလုပ်ကိုင်နေရသည်ဖြစ်၍ အစုအဖွဲ့တွင်း၌ သဘောကွဲမှုများကို ရှောင်လွှဲ၍ မရပေ။ အချို့ ကျောင်းသား များက ကိုယ့်ဝန်ကိုယ်မထမ်းကြ။ အချို့လူများကျတော့လည်း ကိုယ့်ကိုယ် ကိုယ် အထင်ကြီး လွန်းကာ သူတစ်ပါးကို အထင်သေးတတ်၏။ စာသင်နှစ်ဝက်တစ်ဝက်လောက် ရောက်ပြီဆိုလျှင် တောင်းပန်မှုတွေ လုပ်လာကြရတော့သည်။ ကျောင်းသားများသည် တောင်းပန်ရမည့် အမှုကို တောင်းပန်ခြင်း မပြုခဲ့သော် အရာရာသည် ထိန်းမနိုင် သိမ်းမရ ဖြစ်သွားပေမည်။ ထို့ကြောင့် ကျွန်တော်က တောင်းပန်မှု နှင့် ပက်သက်၍ ပြောနေကျစကားကို တပည့်များအားပြောရတော့သည်။

ကျွန်တော်က ဂန္ထ၀င်မြောက် ဆိုးဝါးသော တောင်းပန်မှုနှစ်မျိုး အကြောင်းက စ ရသည်။
၁။ ကျွန်တော်ပြုမိခဲ့တာအတွက် ခင်ဗျားမှာ စိတ်ထိခိုက် သွားတယ်ဆိုရင် ဆောရီးပဲဗျာ (ဤတောင်းပန် နည်းမျိုး မှာ ချွေးသိပ်သည့် သဘောသာဖြစ်သည်။ ဒဏ်ရာကို ဆေးထည့်ပေးလိုခြင်း မရှိ။)
 ၂။    ကျွန်တော်ပြုမိခဲ့တာအတွက် တောင်းပန်ပါတယ်၊ ဒါပေမယ့် ခင်ဗျားကလည်း ခင်ဗျားပြုခဲ့တာ အတွက် ကျွန်တော့် ကို တောင်းပန်ဖို့လိုလိမ့်မယ် (ဤနည်းမှာ တောင်းပန်ခြင်းမဟုတ်ပဲ တောင်းပန်ခိုင်း နေခြင်း ဖြစ်သည်။) ကောင်းမွန်မှန်ကန်သည့် တောင်းပန်မှုမျိုးတွင် အောက်တွင်ဖော်ပြသကဲ့သို့ အင်္ဂါ သုံးရပ် ပါရသည်။

    ၁။ ကျွန်တော် ပြုလိုက်တာ မှားသွားသည်။
    ၂။ ခင်ဗျားကို ထိခိုက်အောင် ပြုမိခဲ့သည့်အတွက် အလွန်စိတ်မကောင်းဖြစ်သည်။
    ၃။ ကျွန်တော် သည့်ထက်ကောင်းအောင် ဘယ်လိုလုပ်ပေးရဦးမလဲ။

အချို့သူများသည် နံပါတ် ၃ ကမေးခွန်းမျိုးကို ဖြေကြားသည့်အခါ အခွင့်အရေး ယူတတ်တာမျိုးလဲ ရှိသည်။ သို့ရာတွင် လူအများစုကမူ သင်၏ စေတနာကောင်း နှင့် တောင်းပန်ရန် ကြိုးပမ်းသည့် အားထုတ်မှုများကို တကယ်ပင် လေးစား အသိအမှတ်ပြုကြပါလိမ့်မည်။ သူတို့က ဘယ်လို လုပ်ရင်လည်း ရပါတယ်ဗျာ၊ သည်လောက် မလိုပါဘူးဟူ၍လည်း ဖြေကြားကောင်းဖြေကြားနိုင်သည်။ ထို့ပြင်သူတို့ ကိုယ်တိုင်လည်း ကောင်းသည် ထက် ကောင်းအောင် ကြိုးစား လုပ်ဆောင် သွားကြပေလိမ့်မည်။

ဤသို့ဆိုသည့်အခါ ကျွန်တော့်တပည့်များက ပြောတတ်ကြသည်။ ကျွန်တော်က တောင်းပန်ပါလျက် တစ်ဖက်လူ က  ပြန်မတောင်းပန်ဘူးဆိုရင်ကောဟူ၍ ဖြစ်ပါသည်။ ထိုအခါ ကျွတော်က သူတို့အား ပြောပြ ရ၏။ ဒါကတော့မင်းတို့တတ်နိုင်တဲ့ကိစ္စ မဟုတ်ဘူးလေ၊ဒီတော့ အဲဒီအတွက်နဲ့တော့ မင်းမှာ တနုံ့နုံ့နဲ့ ခေါင်းစား မနေပါနဲ့တော့ သူတို့ကို တောင်းပန်သည်း ကိုယ့်စကားသည် သင့်လျော် ကောင်းမွန်ပြီး အူလှိုက် သည်းလှိုက် ရှိခဲ့ပါလျက် အခြားသူများက ကိုယ့်ကို တောင်းပန်ရန်ရှိသည့်အခါတွင် သူတို့ထံမှ ခေတ္တခဏအားဖြင့် ဘာသံမှ မကြားရဘဲ ရှိနေနိုင်သည်။ 

သင်က သူတို့ကို တောင်းပန်အချိန် အတိအကျ အတိုင်း သူတို့ကလည်း သင့်ကို တောင်းပန်လိုစိတ် ဖြစ်လာဖို့မှာ ဘာအခက်အခဲတွေ ရှိနေမှန်းမသိ ဖြစ်နိုင်သည်။ ထို့ကြောင့် စိတ်ရှည်သည်းခံပါ။ ကျွန်တော်၏ တက္ကသိုလ်ဆရာဘ၀တွင် အကြိမ်ပေါင်း များစွာပင် တပည့်ကျောင်းသားများ တောင်းပန် ကြသည် ကို မြင်ခဲ့ရ၏။ တောင်းပန်ပြီး လေးငါးခြေက်ရက် ကြာသော အခါ သူတို့၏ သူငယ်ချင်း အဖွဲ့သားများ ရောက်လာကြသည်။ စိတ်ရှည်သည်းခံမှုသည် နားလည် တန်ဖိုး ထားရမည့် အရာဖြစ်သလို ချီးကျူး အပ်သည့်အရာ လည်း ဖြစ်ပေသည်။
 
အခန်း ၄၈
မှန်တာကိုပြောပါ

အကယ်၍သာ ကျွန်တော်က စကားလုံးသုံးလုံးတည်းနှင့် အကြံပေးရမည် ဆိုပါသော် ထို စကားလုံးသုံးလုံး မှာ 'မှန်တာပြော' ဟူ၍ ဖြစ်ပေလိမ့်မည်။ နောက်ထပ်စကားလုံးသုံးလုံး ထပ်တိုး၍ အကြံပေးခွင့်ရမည် ဆိုပါလျှင် အမြဲတမ်း ဟူ၍ တပ်လောင်းပြောချင်ပါ၏။ ကျွန်တော့်မိဘများက သင်ပြ၏။ လူအများ ယုံကြည် စိတ်ချရသူ ဖြစ်ပါစေကွဲ့...တဲ့။ ထိုသို့ပြောခြင်းထက် ကောင်းသောနည်း ရှိတော့မည် မဟုတ်ပါ။

ရိုးဖြောင့်ခြင်းသည် ကိုယ်မျင့်စာရိတ္တအရ မှန်ကန်သည်သာမဟုတ်။ အကျိုးများ အရာ ရောက်ခြင်းလည်း ရှိပေသည်။ လူတိုင်းလူတိုင်းက အမှန်တွေချည်း ပြောနေသော ယဉ်ကျေးမှုတစ်ခုတွင် မယုံ၍ ပြန်လည် စစ်ဆေး ကြည့်နေရမည့် အချိန်တွေ အကုန်သက်သာသွားနိုင်ပေသည်။ ဗာဂျင်းနယား တက္ကသိုလ် တွင် စာသင်ပေးနေစဉ်က ကျွန်တော်သည် ကိုယ်ကျင့်သိက္ခာအရ စောင့်စည်း ရမည့် ကျင့်ဝတ်စည်းကမ်းကို အလွန် ချစ်မြတ်နိုးသည်။ ကျောင်းသားတစ်ယောက် နေမကောင်း၍ မဖြေလိုက်ရသည့်စာမေးပွဲအတွက် စာမေးပွဲ အသစ်တစ်ခု စစ်ဆေးပေးရမည်ဆိုလျှင် မေးခွန်းသစ် ထုတ်မနေတော့ပဲ မေးခွန်းဟောင်း အတိုင်း ပင် ဖြေခိုင်းလိုက်သည်။

လူတွေသည် အကြောင်းအမျိုးမျိုးကြောင့် လိမ်ပြောကြသည်။ ကိုယ်လိုချင်ရာကို အား မထုတ်ဘဲနှင့် ရနိုင် သည့် နည်းလမ်းတစ်ရပ်အနေဖြင့် လိမ်ကြခြင်းဖြစ်ပုံရသည်။ သို့ရာတွင် အတိုကိုသာကြည့်သော များစွာ သော အလွယ်နည်းများကဲ့သို့ပင် ရေရှည်တွင် အရာမရောက်ကြပါ။ သင် လိမ်ပြောခဲ့သူများနှင့် နောင်အခါ တွင် ပြန်တွေ့သည့်အခါ ထိုသူများက သူတို့ကို သင်လိမ် ပြောသွားခဲ့မှန်း မှတ်မိကြမည်သာ ဖြစ်သည်။ သူတို့သည် တွေ့ရာလူတိုင်းအား သင့်အကြောင်းကို ပြောပြကြမည်မှာ အံ့ဖို့ကောင်းသည်။ လိမ်ပြောသူ အများစု သည် သူတို့ လိမ်ပြောလိုက်တာ မည်သူမှ လိမ်ပြောမှန်း မသိဟုသာ အထင်ရောက်ကြသည်။ တကယ်တော့ သူတို့ထင်သလို မဟုတ်ပါပေ။

အခန်း ၄၉
ရောင်စုံခဲတံဘူးကလေးနှင့် ဆက်သွယ်ပါ

ကျွန်တော့်အကြောင်းကို သိကြသူများက တစ်ခါတစ်ရံ ညည်းကြသည်။ ကျွန်တော်က အရာရာကို ကြည့်ရာ၌ အဖြူ အမည်း သာ ကြည့်တတ်သည်တဲ့။
တကယ်တော့ ကျွန်တော့်လုပ်ဖော်ကိုင်ဖက်တစ်ဦး ပြောလေ့ရှိ၏။ 'ခင်ဗျားတို့ အဖြူအမည်း အကြံပေးချက် မျိုး လိုချင်ရင်တော့ ရန်ဒီ ဆီသွား၊ ညိုညစ်ညစ်အကြံမျိုးကိုတော့ သူ့ဆီ သွားမတောင်းနဲ့ ၊သူက အဲဒီအကြံမျိုး ပေးတတ်တဲ့လူ မဟုတ်ဘူး'

ကျွန်တော် အသက်အရွယ်လေး ရလာသောအခါ ရောင်စုံခဲတံဘူး တစ်ဘူးတွင် အဖြူနှင့် အမည်းသာမက အခြားအရောင်မျိုးစုံလည်း ပါကောင်းသည်ဟု နားလည်သဘောပေါက်လာသည်။ သို့ရာတွင် ယနေ့တိုင် ကျွန်တော် ထင်နေဆဲ အချက်မှာ ဘဝကို မှန်ကန်သောလမ်းအတိုင်း ပြေးမည်ဆိုလျှင် အခြား အရောင်ကွဲ တွေ ရမလာမီမှာပင် အဖြူနှင့်အမည်းတို့က ကုန်သွားပေမည်။
မည်သို့ပင် ဖြစ်စေ၊ မည်သည့်အရောင်တွေပဲပါပါ ကျွန်တော်က ရောင်စုံခဲတံဘူးကလေးများကို ချစ်ပါသည်။

ကျွန်တော်၏ နောက်ဆုံးဟောပြောချက်၌ ရောင်စုံခဲတံဘူးတွေ ရာပေါင်းအတော်များများ ယူဆောင် လာခဲ့သည်။ ကျွန်တော်၏ ဟောပြောခန်းမတွင်းသို့ ဝင်လာသည့်အခါ ဝင်လာသူတိုင်းအား ထိုရောင်စုံ ခဲတံဘူးကလေးတစ်ခုစီရသွား စေလိုသည်။ သို့ရာတွင် ဘာလုပ်၍ ဘာကိုင်ရမည်မသိ ဖြစ်သွားကာ တံခါးမှ ထွက်သွားချိန်၌ ထိုဘူးကလေးများ ကမ်းလိုက်ဖို့ မေ့သွားခဲ့ပေသည်။ ဆိုးလှပေစွ။ 

ကျွန်တော့်အစီအစဉ်မှာ ဤသို့ဖြစ်၏။ ကျွန်တော်၏ ကလေးဘဝအိပ်မက်များအကြောင်း ပြောနေရင်း ကျွန်တော်က တက်ရောက် သူများကို မျက်စိ မှိတ်ထားကြပါ။ ခဲတံရောင်စုံကလေးများကို လက်ချောင်း များတွင် ထားကာ ပွတ်နေပါဟု ပြောမည်။ ပွတ်ခိုင်းခြင်းမှာ ခဲတံကလေးများ၏ မျက်နှာပြင် အသား စက္ကူ ဖယောင်းတို့ကို ထိတွေ့မိအောင် ဖြစ်ပါသည်။ ထို့နောက် ရောင်စုံခဲတံ ကလေး များကို သူတို့၏ နှာခေါင်းဆီအထိ ဆွဲယူ၍ ရှူကြည့် လိုက်ခြင်းဖြင့် ကလေးဘဝသို့ ပြန်ရောက်သွားနိုင်သည် မဟုတ်ပါလော။

တစ်ခါက ကျွန်တော်၏ လုပ်ဖော်ကိုင်ဖက်တစ်ဦးသည် လူတစ်စုနှင့် ဖော်ပြပါ ရောင်စုံခဲတံ ရှူသည့် လုပ်နေကျ အလုပ်ကို လုပ်နေသည်ကို မြင်တွေ့ဖူးသည်။ ထိုသို့မြင်ရသည့်အခါ ကျွန်တော့်စိတ်မှာ နိုးကြွ လာသည်။ အမှန်တော့ ထိုသို့ မြင်တွေ့ရသည့် အချိန်ကတည်းက ကျွန်တော်သည် ကျွန်တော်၏ ရှပ်အင်္ကျီ အိပ်ကပ်ထဲ ၌ ရောင်စုံခဲတံအလေးတစ်ချောင်းကို ထည့်ထည့်လာခဲ့ခြင်းဖြစ်သည်။ အချိန်မှီ ပြန်သွားဖို့ လိုအပ်သည့်အခါ ခဲတံကလေးကို နှာခေါင်းအောက်တွင်ထား၍ နောက်တစ်ချက် ရှူလိုက်သည်။

ကျွန်တော်ကတော့ အနက်ရောင် ရောင်စုံခဲတံကလေးနှင့် အဖြူရောင် ရောင်စုံခဲတံကလေးများကို တစ်ဘက်သတ် စွဲကောင်းစွဲနေပါမည်။ သို့ရာတွင် အဲဒါကကျွန်တော့် အဖို့သာပါ။ အဖြူနှင့်အမည်းမျှ မဟုတ်။ အခြား မည်သည့်အရောင်ပင်ဖြစ်စေ တူမျှသော သတ္တိရှိပါသည်။ ရှူကြည့်လိုက်ပါ။ ထိုအခါ သင် သိ လာလိမ့်မည်။
အခန်း ၅၀
ဒေါ်လာ ၁၀၀,၀၀၀ တန် ပစ္စည်းကလေး

ကျွန်တော်က ၁၂ နှစ်သား၊ ကျွန်တော့်အစ်မက ၁၄နှစ်သမီး အရွယ်က ကျွန်တော်တို့ မိသားစုသည် အော်လန်ဒိုမြို့ရှိ ဒစ္စနေးဝေါ့လ်သို့ သွားကြ၏။ ကျွန်တော်တို့ မိဘများက ကျွန်တော်တို့သည် လူကြီးတွေ ကြီးကြပ် စောင့်ရှောက်မှု မပါဘဲ ဥယျာဉ်ထဲ၌ ဟိုနားသည်နား လျှောက်သွား၍ ရနိုင်သည့်အရွယ်များ ရောက်ကြပြီ ဟု ယူဆကြသည်။ ထိုအချိန်က လက်ကိုင်ဖုန်းများ ပေါ်သေးသည် မဟုတ်၍ ဖေဖေနှင့် မေမေ တို့က ကျွန်တော်တို့အား ဂရုစိုက်သွားကြ၊ နောက် မိနစ် ၉၀ ဆိုလျှင် ဘယ်နေရာတွင် ဆုံကြမည်ဟု ပြောကာ ကျွန်တော်တို့မောင်နှမအား လွှတ်လိုက်သည်။

ပျော်လိုက်ပုံ မပြောပါနှင့်။ ကျွန်တော်တို့သည် သည်ထက် သာယာကောင်းမွန်သည့် နေရာမျိုး ကိုစိတ်ကူးနှင့် စဉ်းစား ကြည့်လျှင်တောင် စဉ်းစား၍မရနိုင်သည့် နေရာသို့ ရောက်နေကြသည့် အပြင် ထိုနေရာကိုလည်း ကိုယ့်ဘာသာ လွတ်လပ်စွာ သွားလာလျှောက်ကြည့်ခွင့် ရနေသည် မဟုတ်ပါလော။ ကျွန်တော်တို့အား ထိုနေရာ သို့ ခေါ်ဆောင်လာခဲ့ကြခြင်းအတွက် လည်းကောင်း၊ ကျွန်တော်တို့သည် ကိုယ့်ဖာသာ သွားလာ နိုင်သည့် အရွယ်ရောက်လာပြီဟု အသိအမှတ်ပြုခဲ့ခြင်းအတွက် လည်းကောင်း မိဘများအား အလွန်တရာ ကျေးဇူး တင်မိသည်။ ထို့ကြောင့် ကျွန်တော်တို့ မောင်နှမသည် ကျွန်တော်တို့အား ပေးထားသည့် မုန့်ဖိုးကို နှစ်ယောက် အတူ စုပေါင်းပြီး ကျေးဇူးတင်ကြောင်းပြသည့် အနေဖြင့် မိဘများအား လက်ဆောင်တစ်ခု ဝယ်ပေးရန် ဆုံးဖြတ်လိုက်ကြသည်။

စတိုးဆိုင်တစ်ခုထဲသို့ ဝင်သွားကြရာ လက်ဆောင်ပေးဖို့ အကောင်းဆုံးဖြစ်မည်ဟု ထင်ရသော အရာ တစ်ခု ကို တွေ့ကြသည်။ ထိုအရာမှာ ဆားနှင့်ငရုပ်ကောင်းမှုန့် ထည့်ရသည့် ဘူးကလေးဖြစ်သည်။ ကြွေထည် မြေထည် ပစ္စည်းကလေးဖြစ်သည်။ ထိုဘူးကလေးမှာ သစ်ပင်ကို တွဲလျောင်းဆွဲထားကာ ဆား နှင့် ငရုပ်ကောင်းမှုန့် ဘူးကလေးတစ်ခုစီ ကိုင်ဆောင်ထားသည့် ဝက်ဝံနှစ်ကောင်၏ ပုံနှင့်ဖြစ်သည်။ လက်ဆောင် ပေးမည့် ထိုပစ္စည်းကလေးကို ကျွန်တော်တို့ ၁၀ ဒေါ်လာပေးရ၏။စတိုးဆိုင်ထဲမှထွက်လာပြီး နောက်ထပ် စိတ်ဝင်စားစရာတွေကို ရှာဖွေကြည့် ရှုရန် အတွက် လမ်းမကြီးပေါ်ကို ခုန်ကျော်ကူးခဲ့ကြသည်။

လက်ဆောင်ပစ္စည်းကို ကျွန်တော်ကိုင်လာခြင်း ဖြစ်သည်။ သိပ်မကြာလိုက်ခင် ချက်ချင်း ဆိုသလိုပင် ထိုပစ္စည်းကလေးသည် ကျွန်တော့်လက်ထဲမှ လွတ်ကျသွားသည်။ ဘူးကလေးသည် ဆောင့်ကျမိပြီး ကွဲသွား လေသည်။ ကျွန်တော့်အစ်မရော ကျွန်တော်ပါ ကျွန်တော်တို့ နှစ်ယောက်စလုံး ငိုကြသည်။
ဥယျာဉ်သို့ လာရောက်သည့် ဧည့်သည်လူကြီးတစ်ယောက်သည် ကျွန်တော်တို့၏ အဖြစ်ကိုမြင်တွေ့သွားပြီး ကျွန်တော် တို့ထံ ရောက်လာသည်။
'စတိုးဆိုင်ကို ပြန်ယူသွားကွ၊ သူတို့က မင်းတို့ကို နောက်ထပ်ဘူးသစ်တစ်ခု ပေးပါလိမ့်မယ်' ဟု ထိုလူကြီး က ပြောသည်။

'ကျွန်တော်မသွားနိုင်ဘူး ၊ ဒါဟာ ကျွန်တော့်အပြစ်ပဲ ၊ ကျွန်တော်လွတ်ကျသွားတာ ၊ ဘာဖြစ်လို့ စတိုးဆိုင်က နောက်ထပ် အသစ်တစ်ခု ပေးလိမ့်မလဲ'
'ဘာဖြစ်ဖြစ်ကွာ ၊ သွားကြည့်လိုက်ပါ' ဟု ထိုလူကြီးက တိုက်တွန်းသည်။ 'မင်းတို့ မသိပါဘူး' ဟုလည်း ပြောပါသည်။

ထို့ကြောင့် ကျွန်တော်တို့သည် စတိုးဆိုင်သို့ ပြန်သွားကြသည်။ လိမ်မပြောဘဲ ဖြစ်ပုံအမှန်အတိုင်း ရှင်းပြ ပါသည်။ စတိုးဆိုင်ထဲမှ ဆိုင်ဝန်ထမ်းများသည် ကျွန်တော်တို့ ပြောပြသည့် ဝမ်းနည်းဖွယ်ဖြစ်ရပ်ကို နားထောင်ပြီး ကျွန်တော်တို့အား ပြုံးပြသည်။ ထို့နောက် ကျွန်တော်တို့သည် ဆားနှင့် ငရုပ်ကောင်းမှုန့်ဘူး သစ် တစ်ဘူး ရနိုင်ကြောင်းပြောပြသည်။ သူတို့က မူလပစ္စည်းကို ကောင်းကောင်းမွန်မွန် ထုပ်ပိုး မပေး လိုက်ခြင်း မှာ သူတို့အပြစ်သာ ဖြစ်သည်ဟုပင် ပြောကြသေးသည်။ သူတို့ပြောပြသည်ကား 'တို့ ထုပ်ပေး လိုက်တာဟာ စိတ်လှုပ်ရှားမှု လွန်နေတဲ့ ၁၂ နှစ်သားကလေး လွတ်ကျတာကို ခံနိုင်လောက်အောင် ဖြစ်သင့် တာပေါ့' ဟူပါ၏။

ကျွန်တော် အလွန်အံ့အားသင့်သွားသည်။ ကျေးဇူးတင်မိရုံမက မယုံကြည်နိုင်အောင်လည်း ဖြစ်ရသည်။ ကျွန်တော့် အစ်မ နှင့် ကျွန်တော်သည် စတိုးဆိုင်ထဲမှ ဝမ်းသာလုံးဆို့ပြီး ထွက်လာကြသည်။
ဤအဖြစ်အပျက်ကို မိဘများသိသွားသောအခါ သူတို့၏ဒစ္စနေးဝေါ့လ်ကို လေးစား အထင်ကြီး လေးစားမှု သည် တကယ်ပင် တိုးသွားလေ၏။ ၁၀ ဒေါ်လာတန် ဆားနှင့်ငရုပ်ကောင်းမှုန့် ဘူးကလေးနှင့် ပတ်သက်၍ ဝန်ဆောင်မှု ဖောက်သည်အပိုင်း မှ ဆုံးဖြတ်လိုက်သည့် ဆုံးဖြတ်ချက်တစ်ခုတည်းနှင့်ပင် ဒစ္စနေးဝေါ့လ်သည် ဒေါ်လာ ၁၀၀,၀၀၀ မက ဝင်ငွေရသွားလေသည်။ ရသွားပုံကို ရှင်းပြပါရစေ။

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

Saturday, April 9, 2011

နောက်ဆုံးအချိန် နောက်ဆုံးစကား (The Last Lecture) အပိုင်း (၃၄)

အခန်း ၄ဝ
လူအများ၏ အာရုံစိုက်မှုရအောင်ပြုပါ

ကျွန်တော့်တပည့်တွေထဲမှာ တကယ့်ကိုတော်သည့်သူတွေ အများကြီးရှိသည်။ သူတို့သည် အလုပ် လောက ထဲသို့ရောက်သွားကြကာ တကယ့်ကိုအံ့လောက်စရာ ဆော့ဖ်ဝဲ ပရိုဂရမ်အသစ်တွေ၊ လူ တိရစ္ဆာန်ရုပ်တွေ လှုပ်ရှား ရှင်သန်နေစေမည့် လုပ်ငန်းအစီအစဉ်တွေနှင့် ဖျော်ဖြေရေးပစ္စည်းကိရိယာ သစ်တွေကို ဖန်တီး သွားကြလိမ့်မည် ဆိုသည်ကို ကျွန်တော်သိသည်။ သူတို့မှာ သန်းနှင့်ချီသော လူတွေ ကို စိတ်ပျက်စရာ ဖြစ်အောင် လည်း လုပ်နိုင်သည့် စွမ်းရည်များရှိကြမှန်းလည်း ကျွန်တော် သိသည်။

ကျွန်တော်တို့လို အင်ဂျင်နီယာတွေ၊ ကွန်ပျူတာသိပ္ပံပညာရှင်တွေသည် အလွယ်တကူ သုံး၍ရမည့်အ ရာမျိုး တွေ ဘယ်လိုတည်ဆောက်ရမည်ကို အမြဲသဖြင့် စဉ်းစားနေကြသူများမဟုတ်ကြပေ။ ကျွန်တော် တို့ထဲမှ အများအပြား သည် ရှုပ်ထွေးသောအလုပ်များကို အလွယ်နည်းနှင့် ရှင်းပြရာတွင်လည်း အလွန် ချာကြသည်။ ဗီဒီယို ကက်ဆက်၊ အသံဖမ်းစက်၊ VCR သုံးစွဲနည်း လမ်းညွှန်စာအုပ်ကလေးများကို ဖတ် ဖူးကြပါသလား။ ဖတ်ဖူးသည် ဆိုလျှင် သင်သည် ကျွန်တော်ပြောနေသည့် စိတ်ပျက်စရာကို ကြုံဖူးနေ ပေပြီ။ ထို့ကြောင့် ကျွန်တော် က တပည့်များအား မိမိတို့၏တီထွင်ဖန်တီးမှုကို အသုံပြုမည့်သူများအ ကြောင်းကို ထည့် စဉ်းစားခြင်း သည် ဘယ်မျှ အရေးပါကြောင်း ပြောပြသည်။ သုံးစွဲမည့်သူများမှာ စိတ် ပျက်စရာဖြစ်ရမည့် နည်းပညာ ကို မတီထွင်မိစေရန်မှာ မည်မျှအရေးကြီးကြောင်းကို သူတို့ရှင်းအောင် ကျွန်တော် ဘယ်လို ပြောနိုင် ပါမည်နည်း။ ကျွန်တော်သည် မုချအောင်မြင်မှုရမည့်၊ လူအများ အာရုံစိုက် ခံရမည့်သူတစ်ယောက် ဖြစ်ရေး ကို စဉ်းစားမိလိုက်သည်။

ဗာဂျင်းနယားတက္ကသိုလ်၌ ကွန်ပျူတာသုံးသူနှင့် သတင်းအချက်အလက်ဖလှယ်သည့် ပရိုဂရမ်အ ကြောင်း (user interface) သင်ခန်းစာကို သင်ပေးခဲ့စဉ်က ကျွန်တော်သည် ပထမနေ့တွင် VCR ဗွီဒီယို ကက်ဆက် အသံဖမ်းစက် တစ်ခုကို ယူလာသည်။ ယင်းကို အခန်းရှေ့ရှိ စားပွဲတစ်ခုပေါ်တွင် တင်ထား သည်။ တူအကြီးကြီး တစ်ခုကို ဆွဲထုတ်လိုက်ပြီး VCR ကို ဖျက်ဆီးပစ်ပြလိုက်သည်။
ထို့နောက် ကျွန်တော်က ပြောသည်။ "တို့က သုံးဖို့ ခက်တဲ့ပစ္စည်းတစ်ခုကို လုပ်လိုက်တဲ့အခါ လူတွေ မှာ အဆင်မပြေ ဖြစ်တာ၊ သုံးဖို့ခက်လို့ သိပ်စိတ်ဆိုးတော့ အဲဒီပစ္စည်းကို ဖျက်ဆီးပစ်ချင်စိတ် ပေါက်လာ တယ်၊ လူတွေ ဖျက်ဆီးပစ်ချင်စိတ်ပေါက်လာမယ့် ပစ္စည်းမျိုးကို တို့က ဖန်တီးမပေးလိုပါဘူး"

ကျောင်းသားများက ကျွန်တော့်ကို ကြည့်ကြသည်။ ထိတ်ထိတ်ပျာပျာဖြစ်သွား၍ ဘာလုပ်လိုက်ပါလိမ့် ဟု ဝေခွဲမရ ဖြစ်သွားပြီး ပြုံးချင်သလိုလို ဖြစ်သွားကြကြောင်း ကျွန်တော် ပြောနိုင်ပေသည်။ ကျွန်တော် လုပ်ပြ လိုက်ပုံက သူတို့အဖို့ စိတ်လှုပ်ရှားဖွယ်ဖြစ်သွားသည်။ ပြီးလျှင် သူတို့တွေးကြသည်။ "ဟာ၊ ဘယ် လို ဆရာ လဲဟ၊ နောက်တစ်ကြိမ် သူ ဘာစတန့်မျိုးတွေ လုပ်ပြဦးမလဲဆိုတာ ကြည့်ဖို့ နောက်နေ့မနက် တော့ ကျောင်း ကို မပျက်မကွက် တက်မှဖြစ်မယ်"

ကျွန်တော့်အပေါ် သူတို့ အာရုံစိုက်မှုရလိုက်သည်ကတော့ သေချာသွားသည်။ မသိကျိုးကျွန်ပြုထား သော ပြဿာနာ ကို ဖြေရှင်းရာတွင် ဤနည်းသည် ပထမဦးဆုံးအဆင့်ဖြစ်ပေသည်။ (ကျွန်တော် ဗာဂျင်းနယား တက္ကသိုလ်မှ ကာနက်ဂီမယ်လွန်တက္ကသို့ ထွက်လာသောအခါ ကျွန်တော့်မိတ်ဆွေရင်း လည်းဖြစ်၊ လုပ်ဖော် ကိုင်ဖက် ပါမောက္ခလည်းဖြစ်သူ ဂါဘီရိုဘင်သည် ကျွန်တော့်အား စာတန်းရေးထား သည့် သတ္တုပြား နှင့် တွဲထားသော တူကြီးတစ်ချောင်းကို ပေးလိုက်၏။ သတ္တုပြားပေါ်က စာတွင် VCR တွေကအများကြီး အချိန်က နည်းလွန်းသည် ဟု ရေးထားလေသည်။)
ဗာဂျင်နယားတက္ကသိုလ်တုန်းက ကျွန်တော့်တပည့်အားလုံးသည် ယခုအခါ အလုပ်လုပ်သော အင်အား စုအတွင်းရှောက်ရှိနေကြပေပြီ။ သူတို့သည် နည်းပညာသစ်တွေကို ဖန်တီးမည်ပြုသည့်အခါမျိုးတွင် သူတို့၏ စိတ်ထဲ၌ လွယ်ကူရှင်းလင်းမှုကို လိုလားတောင့်တလျက် စိတ်ပျက်စရာတွေ မလုပ်မိအောင် သတိပေး တတ်သည့် ကျွန်တော် တူကြီးကိုင်လွှဲလျက်ရှိပုံကို မကြာ မကြာပေါ်လာလိမ့်မည်ဟု မျှော်လင့် မိပါသည်။
 
အခန်း ၄၁
ပျောက်ဆုံးသွားသည့် ကျေးဇူးတင်စာ အနုပညာ

လူသားအချင်းချင်း ပြုပေးနိုင်သော အလွယ်ကူဆုံးဖြစ်ပေမဲ့ အင်အားအရှိဆုံးဖြစ်သည့် အရာတစ်ခုမှာ ကျေးဇူး ကို ထုတ်ဖော်ပြသခြင်းဖြစ်သည်။ ကျွန်တော်သည် အရည်အချင်းပြည့်ဝမှုကို နှစ်သက်မြတ်နိုး သည် မှန် သော်လည်း စာရွက်ကလေးပေါ်မှာ ဖောင်တိန်ကလေးနှင့်ရေးခြစ်လိုက်သော ကျေးဇူးတင်ပါ သည် ဟူသော စာကြောင်းလေးမှာ အကောင်းဆုံးပြုပေးလိုက်သည့် ရှေးဆန်သောနည်းဟု ကျွန်တော် ထင်ပေ သည်။

အလုပ်ခန့်ဖို့ လူတွေ့မေးမြန်းသူများနှင့် ကျောင်းဝင်ခွင့်ပြုပေးမည့်အရာရှိများသည် လျှောက်လွှာတွေ တစ်ပုံတစ်ထပ်ကြီးကို ကြည့်ကြရသည်။ ၎င်းတို့သည် ထူးချွန်မှုတွေ အမြောက်အမြားရှိထားသော A အ ဆင့် ကျောင်းသားများထဲမှ ကိုယ်ရေးရာဇ၀င်တစ်ပွေ့တစ်ပိုက်ကြီးကို ဖတ်ကြရသည်။ သို့ရာတွင် ၎င်း တို့သည် ကျေးဇူးတင်ပါသည်ဟူသော လက်ရေးနှင့်ရေးထားသည့် စာကြောင်းကလေးများကိုမူ မမြင် ကြရချေ။

အကယ်၍ လျှောက်ထားသူသည် ဘီပလပ်စ် (B+)တစ်ဦးဖြစ်ပါလျှင် သူ၏ကျေးဇူးတင်ပါသည်ဟူသော လက်ရေးဖြင့် ရေးထားသော စာကြောင်းကလေးသည် ထိုသူအား နောင် မိမိ၏အလုပ်ရှင်ဖြစ်မည့်သူ၏ မျက်စိ ထဲတွင် သို့မဟုတ် ကျောင်းဝင်ခွင့်ပြုပေးမည့် အရာရှိ၏မျက်စိထဲတွင် အနည်းဆုံးအားဖြင့် ဂရိတ် တစ်ဝက် လောက် တိုးမြှင့်ပေးလိုက်ပေလိမ့်မည်။ ထိုအခါ ထိုအရာရှိများအဖို့ B+ ကျောင်းသားသည် A အဆင့် ကျောင်းသားဖြစ်လာပေလိမ့်မည်။ လက်ရေးနှင့်ရေးသည့် ကျေးဇူးတင်စာများမှာ တွေ့ရခဲလှ သည် ဖြစ်သောကြောင့် ထိုပုဂ္ဂိုလ်များက ထိုကျောင်းသားအား သတိရနေမိလိမ့်မည်ဖြစ်သည်။

ဤအကြံပေးချက်ကို ကျွန်တော့်ကျောင်းသားများအား ကျွန်တော် အကြံပေးသည့်အခါ ကျွန်တော့်အ နေဖြင့် သူတို့ အား တမင်တွက်ချက်လုပ်ကိုင်တတ်သော အကြံသမားတွေဖြစ်လာစေဖို့ မဟုတ်ပါ။ သို့ရာ တွင် အချို့ ကျတော့လည်း ကျွန်တော့်အကြံကို လက်ခံကြသည်မှာ ထိုသို့တွက်ချက်တတ်သော သ ဘောမျိုးဖြင့်ဖြစ်မှန်း ကျွန်တော် သိသည်။ ကျွန်တော့်အကြံပေးချက်၏ရည်ရွယ်ချက်မှာ လောက၌အ လေးထား လေးစားရမည့်၊ စဉ်းစားရမည့်အရာများရှိသည်။ ထိုသို့သော အရာများကို ပြုလိုက်ပါက အပြု ခံရသူက လေးစား အသိအမှတ် ပြုသွားမည်။ ကောင်းသောအရာများကို ပြုခြင်းသည် ကောင်းကျိုးရနိုင် သည်ဟူသော လောက၏ သဘော ကို သိနားလည်လာစေရန်သာ ဖြစ်သည်။

ဥပမာသာဓကအဖြစ် ETC ၀င်ခွင့်လျှောက်သည့် အမျိုးသမီးတစ်ဦးအကြောင်းကို ပြောပြချင်သည်။ သူ့ လျှောက်လွှာကို ကျွန်တော်တို့သည် ပယ်ချတော့မည့်အနေ ရှိသည်။ ထိုအမျိုးသမီးမှာ ကြီးကျယ်သော စိတ်ကူးအိပ်မက်များရှိသည်။ သူသည် ဒစ္စနေးအပျော်စီးစက်ယန္တရား တည်ဆောက်သူ အင်ဂျင်နီယာ ဖြစ်ချင်၏။ သူရရှိသော အဆင့်မှတ်များ၊ သူအောင်ခဲ့သော စာမေးပွဲများနှင့် သူ့ကိုယ်ရေးရာဇ၀င်သည် အကောင်းကြီး မဟုတ်သော်လည်း မဆိုးလှပါ။ သူ့လျှောက်လွှာကို ပယ်ဟူသော အပုံထဲသို့ ပစ်မချမီ ကျွန်တော် သည် သူ့လျှောက်လွှာကို နောက်တစ်ခေါက် ပြန်ဖတ်ကြည့်ရန် ဆုံးဖြတ်လိုက်သည်။ ထိုသို့ တစ်ခေါက် ထပ်မံပြန်ဖတ်လိုက်စဉ် ဖိုင်တွဲစာမျက်နှာများကြားမှ ကျေးဇူးတင်ပါသည်ဟူ၍ လက်ရေးနှင့် ရေးထားသော လျှောထွက်ကျလာသည်ကို သတိပြုမိလိုက်သည်။

ထိုစာကလေးမှာ ကျွန်တော်ထံပို့သောစာတော့ကား မဟုတ်။ ကျွန်တော်၏တွဲဖက်ဒါရိုက်တာ ဒွန်ဖာရီ နယ်လီထံ ပို့သည့်စာလည်း မဟုတ်။ တက္ကသိုလ်ပညာရေးအဖွဲ့က မည်သည့်ပုဂ္ဂိုလ်ထံသို့မှ ပေးသည့် စာလည်းမဟုတ်ပါ။ သူ ဤတက္ကသိုလ်သို့လာသည့်အခါ လိုအပ်သောစီစဉ်မှုများကို ကူညီဆောင်ရွက် ပေးသူ တက္ကသိုလ်မှဝန်ထမ်းတစ်ဦးထံသို့ ရေးသောစာမျှသာ ဖြစ်ပေသည်။ ဤ၀န်ထမ်းသည် သူ၏ လျှောက်လွှာများနှင့်ပတ်သက်၍ ဘာမျှလုပ်နိုင်သည့် သြဇာအာဏာရှိသူမဟုတ်။ ထို့ကြောင့် ဤကျေး ဇူးတင်စာကလေးသည် ဘာမှမဟုတ်တာကို ဟုတ်လေဟန်ဖြင့် ဟန်ဆောင်ပန်ဆောင်ရေးထားသော စာဟူ၍ မဆိုသာ။ ဤစာသည် သူတစ်ခါမှမသိခဲ့ဖူးသောသူ တစ်စုံတစ်ဦးထံ ရေးလိုက်သောစာမျှသာ ဖြစ်သည်။ ထိုဝန်ထမ်းက သူ့ထံရေးလိုက်သော စာကို စာရှင်အမျိုးသမီး၏လျှောက်လွှာဖိုင်ထဲမှာပင် ပစ် ထည့်ထား လိုက်ပုံရပေသည်။ သီတင်းပတ် တစ်ပတ် နှစ်ပတ်ကြာသောအခါ ကျွန်တော် ထိုအချက်ကို သွားတွေးမိပါသည်။

တစ်စုံတစ်ဦး အပေါ် လုပ်ကောင်းသောအရာတစ်ခုဟု သဘောပိုက်ပြီး ရေးလိုက်သော ထိုလျှောက်လွှာ ရှင်၏ ကျေးဇူးတင်ကြောင်း စာကို မျှော်လင့်မထားဘဲ ကျွန်တော် တွေ့လိုက်သောကြောင့် ကျွန်တော် ဤ သို့ ပြန် စဉ်းစားကြည့်သည်။ သူသည် သူ့ကျေးဇူးတင်စာကို သူ့လက်နှင့်ရေးခဲ့ခြင်းဖြစ်သည်။ ဤအချက် ကို ကျွန်တော် သဘောကျသည်။ "ဒီစာကလေးဟာ သူ့ဖိုင်တွဲထဲမှာပါတဲ့ တခြားအရာတွေထက် ပိုပြီး ပြောပြနိုင်ပါကလား" ကျွန်တော် ဒွန်ကိုပြောပြသည်။ ကျွန်တော် သူ့အထောက်အထား စာရွက်စာတမ်း တွေကို ပြန်ဖတ်သည်။ ကျွန်တော် ထိုအမျိုးသမီးအကြောင်း စဉ်းစားကြည့်၏။ သူ့စာကလေးကြောင့် အ ထင်ကြီးသွားမိရာ ကျွန်တော် သူလျှောက်သည့် အခွင့်အရေးကို ရထိုက်သည်ဟု ဆုံးဖြတ်လိုက်သည်။ ဒွန် ကလည်း သဘောတူပေသည်။

သို့ဖြင့် သူသည်  ETC သို့ ရောက်လာသည်။ မဟာဘွဲ့ရသွားသည်။ ယနေ့သော် ဒစ္စနေးအပျော်စီးစက် ယန္တရားများ တည်ဆောက်ရေး အင်ဂျင်နီယာဖြစ်၍ နေပေပြီ။
ကျွန်တော် ဤအကြောင်းများကို သူ့အား ပြန်ပြောပြ၏။ သူကလည်း အခြားသူများကို ပြန်ပြောပြသည်။
ကျွန်တော်သည် ကျွန်တော်၏ကျန်းမာရေးအခြေအနေအတိုင်း ဆေးဝါးကုသမှုကို ခံယူရသော်လည်း ကျွန်တော့်လက်ရေးဖြင့် ရေးမှ သင့်မည့်အနေမျိုး အရေးကြီးသည့်ကိစ္စများတွင် ကျွန်တော်သည် ကိုယ် တိုင် လက်ရေးဖြင့် ရေးဖို့ ကြိုးစားဆဲဖြစ်သည်။ ဤသို့ပြုခြင်းသည် ပြုကောင်းသောအရာဖြစ်သည်။ ကိုယ့်စာသည် တစ်စုံတစ်ဦး၏ စာတိုက်ပုံးထဲသို့ ရောက်သွားပြီးနောက်တွင် ထူးထူးဆန်းဆန်း ဘာတွေ ဖြစ်လာမည် ဆိုသည်ကို ဘယ်မှာလျှင် သိနိုင်ပါမည်နည်း။
အခန်း ၄၂
သစ္စာရှိခြင်းသည် နှစ်လမ်းသွားလမ်းဖြစ်သည်

၁၉၉၀ ပြည့်လွန် အစောပိုင်းနှစ်များတွင် ကျွန်တော်သည် ဗာဂျင်နယားတက္ကသိုလ်တွင် စာပြနေစဉ်က ဒဲနစ္စကော့စ် ဂရို့ဗ်သည် ဘွဲ့ရကျောင်းသားတစ်ဦးဖြစ်သည်။ ဒဲနစ္စသည် သဘောကျစရာကောင်းသော ကျောင်းသားတစ်ဦးဖြစ်၏။ သူသည် ကျွန်တော်၏ကွန်ပျူတာခန်းတွင် အံ့လောက်စရာ အလုပ်တွေကို လုပ်နေ၏။ သူသည် ကွန်ပျူတာရိုက်စနစ်သင်တန်းတွင် သင်ကြားရေးလက်ထောက်တစ်ဦးလည်း ဖြစ် သည်။ သူကမူ ဘွဲ့ယူအဆင့်သင်တန်းကို တက်ရောက်နေခြင်းဖြစ်သည်။ သူသည် A အဆင့် ကျောင်း သားတစ်ဦး လည်း ဖြစ်ပေသည်။

အတန်းအများစုတွင် သူသည် A အဆင့် ကျောင်းသားဖြစ်သည်။ ကဲကုလသင်္ချာ ၃ တွင်မူ သူသည် F အဆင့် ကျောင်းသားဖြစ်နေသည်။ ဤသို့ဖြစ်ရခြင်းမှာ သူ့မှာပင်ကို ဉာဏ်ရည်ဉာဏ်သွေးမရှိ၍ကား မ ဟုတ်။ ကွန်ပျူတာသင်တန်းတွေကိုပဲ အာရုံစိုက်လွန်းနေသောကြောင့် ဖြစ်သည်။ တစ်ဘက်က သင် ကြားရေး လက်ထောက်လုပ်၊ အခြားတစ်ဘက်တွင် ကျွန်တော့်ကွန်ပျူတာ လက်တွေ့သုတေသနခန်း၌ သုတေသန လက်ထောက် ဖြစ်နေပေရာ သူသည် ကဲကုလသင်တန်း များကို မတက်တော့သည်နှင့်ပင် F အဆင့် ရောက်သွားခြင်းဖြစ်ပေသည်။

ဤတွင် ပြဿနာကြီးဖြစ်လာလေသည်။ ဤသို့ A တွေချည်း တောက်လျှောက်ရလာပြီး F ကိုပါ ရလိုက် သည့် စာသင်နှစ်ဝက်မျိုးကြုံခဲ့သည်မှာ သူ့အဖို့ ဤအကြိမ်သည် ပထမဦးဆုံးအကြိမ် မဟုတ်ပါ။
ဒုတိယ စာသင်နှစ်ဝက် စ၍ သီတင်းနှစ်ပတ်ထဲ ရောက်လာသောအခါ ဒဲနစ္စ၏အကောင်းအညံ့ရောနေ သော ပညာရည်မှတ်တမ်းကို တက္ကသိုလ်မဟာဌာနမှူးတစ်ဦးက သတိပြုမိသွားပေသည်။ ထိုမဟာဌာနမှူးသည် ဒဲနစ္စ လူတော်တစ်ယောက်မှန်း သိသည်။ သူသည် ဒဲနစ္စ၏ SAT ပညာရည်အကဲဖြတ်ချက် စာမေးပွဲနှင့် AP အတန်း တက်ပေးသည့် စာမေးပွဲရမှတ်များကိုလည်း တွေ့မြင်ဖူး၏။ သူ၏အမြင်မှာ F အဆင့်ရသည်မှာ သူ၏ ဉာဏ်ရည်ဉာဏ်စွမ်း ကြောင့် မဟုတ်။ သူ၏စိတ်နေသဘောထားကြောင့် ဖြစ် သည်ဟု ယူဆစရာ ဖြစ်နေ လေသည်။

ထို့ကြောင့် ဒဲနစ္စကို ကျောင်းထုတ်ပစ်လိုသည်။ သို့ရာတွင် ကျွန် တော် သိထားသည်မှာ ဤကိစ္စနှင့် ပတ်သက် ၍ ဒဲနစ္စကို တစ်ကြိမ်တစ်ခါမျှ သတိပေးခံရဖူခြင်းမရှိပေ။ တကယ်တော့ အတန်းတိုင်းက A တွေသည် သူ၏ကဲကုလသင်္ချာတန်းက F ကို မှောက်ထေပစ်လိုက် သည်ဖြစ်ရာ သူသည် ပညာသင်ခွင့် ရပ်ဆိုင်း ခံရနိုင်ဖွယ်ပင် မရှိတော့ပေ။ သို့ပင်ဖြစ်သော်လည်း မဟာ ဌာနမှူးက မရှင်းမလင်း ဥပဒေ စည်းမျဉ်း တစ်ခု ကို ကိုးကားလျက် စားပွဲပေါ်တွင် ကျောင်းထုတ်မိန့်ကို ထားခဲ့လေသည်။

ကျွန်တော်သည် ကျွန်တော့်တပည့်ဘက်မှ ရပ်တည်ရန်ဆုံးဖြတ်လိုက်သည်။ "ဒီမယ်၊ မဟာဌာနမှူး၊ ဒဲနစ္စဟာ ဆူးတောင် မပါတဲ့ အားကောင်းတဲ့ ဒုံးပျံတစ်စင်းပါ၊ သူဟာ ကျွန်တော့်ရဲ့ကွန်ပျူ တာသုတေသနခန်းမှာ အတော်ဆုံးကျောင်းသားတစ်ယောက်ပါ၊ ကျွန်တော်တို့ သူ့ကို အခုချက်ချင်း ကျောင်းထုတ်လိုက်မယ်ဆိုရင် ကျွန်တော်တို့ ဒီမှာလာရောက်လုပ်ကိုင်နေတဲ့ ရည်ရွယ်ချက်တစ်ခုလုံး လက်လွတ်ဆုံးရှုံးသွားတော့မှာပဲ၊ ကျွန်တော်တို့ ဒီမှာရောက်နေကြတာက သင်ပြပေးဖို့၊ ပျိုးထောင်ပေးဖို့ ပါ၊ ဒဲနစ္စဟာ တစ်နေရာရာမှာ  ထူးချွန်သွားမယ့်သူဆိုတာ ကျွန်တော်သိတယ်၊ ကျွန်တော်တို့ သူ့ကို စွန့် ပစ်လို့မဖြစ်ပါဘူး"ဟု မဟာဌာနမှူး အား ပြောပါသည်။

မဟာဌာနမှူးသည် ကျွန်တော့်ကို ကြိုက်သူမဟုတ်ပါ။ သူ့အမြင်တွင် ကျွန်တော်သည် ကိုယ်လိုချင်ရာ ကို မရအရ ပြောတတ်သည့် ပါမောက္ခပေါက်စတစ်ယောက်ဖြစ်နေလေသည်။
ထိုအခါ ကျွန်တော်သည် ပို၍ပင် မရအရပြောချင်လာသည်။ ကျွန်တော် နည်းဗျူဟာသုံးရသည်။ စာ သင်နှစ်ဝက်က စတင်ခဲ့ပြီဖြစ်သည်။ တက္ကသိုလ်က ဒဲနစ္စ၏ကျောင်းလခ ချက်လတ်မှတ်ကို ငွေသားလဲ ယူပြီးဖြစ်သည်။ ကျွန်တော့်အမြင်အရသော် ထိုသို့ပြုလိုက်ခြင်းသည် တက္ကသိုလ်က ကျောင်းသားတစ် ယောက် အဖြစ်ဆက်လက်နေသွားဖို့ ငါတို့က မင်းကိုကြိုဆိုပါသည်ဟု ဒဲနစ္စကို ပြောလိုက်သည့်သဘော ဆောင် နေပေသည်။ အကယ်၍သာ ဒုတိယစာသင်နှစ်ဝက်မစခင်က သူ့ကိုကျောင်းထုတ်လိုက်မည်ဆိုပါ လျှင် သူ့အနေဖြင့် အခြားကျောင်းတစ်ကျောင်းကျောင်း၌ ၀င်ခွင့်ရရန်ကြိုးစား၍ရနိုင်ဦးမည်။ ယခုမူ ဘယ်ကျောင်း ကိုမှ ၀င်ခွင့်လျှောက်၍မရနိုင်လောက်အောင်ပင် အချိန်ကနှောင်းသွားပေပြီ။

ကျွန်တော်က မဟာဌာနမှူးအား မေးသည်။ "ဒီကိစ္စအတွက် စောဒကတက်ဖို့ သူကရှေ့နေတစ်ယောက် ကို ငှားမယ် ဆိုရင် ဘယ်နဲ့လုပ်မလဲ၊ အဲဒီလိုလုပ်ရင်တော့ ကျွန်တော်က သူ့ဘက်က သက်သေခံထွက် ဆိုပေးရမှာပဲ၊ မဟာဌာနမှူးအနေနဲ့ ကိုယ့်တက္ကသိုလ်ရဲ့ ပါမောက္ခတစ်ဦးက ကိုယ့်တက္ကသိုလ်နဲ့ဆန့် ကျင်တဲ့ သက်သေ ထွက်ဆိုချက် မျိုးပြုတာကို လိုလားပါသလား"
မဟာဌာနမှူး တွန့်သွားပြီး "ခင်ဗျားဟာ လုပ်သက်နုသေးတဲ့ တက္ကသိုလ်ဆရာတစ်ဦးပါ၊ ပြီးတော့ ခင်ဗျား အခုထိ အမြဲတန်းမဖြစ်သေးပါဘူး၊ ဘာကြောင့်များ ခင်ဗျားက သူရဲကောင်းလုပ်ပြီး ဒီကိစ္စကို ငါ တိုက်ရမယ့် တိုက်ပွဲ လို့ လုပ်ချင်ရတာလဲ"ဟု ပြောပါသည်။

"ဘာကြောင့် ဒီလိုလုပ်ရတဲ့အကြောင်းကို ပြောပါမယ်၊ ကျွန်တော် ဒဲနစ္စကို အာမခံဝံ့တာက သူ့ကို ကျွန်တော် ယုံကြည်လို့ ပါပဲ"ဟု ကျွန်တော်ကပြန်ပြောပါသည်။
မဟာဌာနမှူးသည် ကျွန်တော့်အား အကြာကြီးစိုက်ကြည့်နေသည်။ "ခင်ဗျားကို အမြဲတမ်းခန့်ထားဖို့ ကိစ္စ တက်လာ တဲ့ အခါ ကျွန်တော် ဒီကိစ္စကို သတိရနေမှာနော်"ဟု ပြောသည်။ သူ့စကား၏အဓိပ္ပာယ်မှာ တစ်နည်း အားဖြင့် အကယ်၍များ ဒဲနစ္စက နောက်တစ်ဖန် ယခုလိုဆိုးလာမည်ဆိုပါရင် ကျွန်တော်၏အ ကဲဖြတ်ချက် သည် အလွန့်အလွန် သံသယဖြစ်ဖွယ်ကောင်းမည်ဆိုသည့်သဘော ဖြစ်ပါသည်။
"ဒါ သဘောတူညီချက်တစ်ခုပါပဲ၊ စိန်လိုက်ပါ"ဟု ကျွန်တော်က မဟာဌာနမှူးကို ပြောသည်။ သို့ဖြင့် ဒဲနစ္စ သည် ကျောင်းဆက်နေခွင့်ရသွားခဲ့သည်။

သူသည် ကဲကုလသင်္ချာ ၃ တွင် အောင်သွားသည်။ ကျွန်တော်တို့အားလုံးက ဂုဏ်ယူကြရသည်။ ဘွဲ့ရ ပြီးသော် ကွန်ပျူတာသိပ္ပံပညာရပ်တွင် ဆုရပညာရှင် အကျော်အမော်တစ်ဦးဖြစ်သွားသည်။ သူသည် ထိုအချိန်မှစ၍ ကျွန်တော့်ဘ၀နှင့် ကျွန်တော့်ကွန်ပျူတာသုတေသနအခန်းများ၏ တစ်စိတ်တစ်ပိုင်း ဖြစ် ခဲ့ပေသည်။ တကယ်တော့ သူသည် အဲလစ္စလုပ်ငန်းစီမံချက်ကို အစောဦးဆုံးတီထွင်လုပ်ဆောင်သွား သူများတွင် တစ်ဦးအပါအ၀င်ဖြစ်သည်။ ကွန်ပျူတာဒီဇိုင်နာတစ်ဦးအနေဖြင့် သူသည် ဗာကျူယယ် ရီ ရယ်လတီ စနစ် ကို လူငယ်များ ပို၍လက်လှမ်းမီလာအောင် ပြုပေးသည်။ ပရိုဂရမ်များကို ရေးဆွဲတီထွင် သွားခဲ့သူဖြစ်ပေသည်။

ကျွန်တော် ဒဲနစ္စဘက်က ရပ်တည်ပြောဆိုခဲ့စဉ်က ကျွန်တော့်အသက် ၂၁ နှစ်သာရှိသေးသည်။ ယခု ကျွန်တော့် အသက် ၃၇ နှစ်ရှိပြီဖြစ်သည။် သူသည် ကျွန်တော့်ဘက်က ရပ်တည်သွားပေလိမ့်မည်။ အဲလစ္စ သည် ကျွန်တော်၏ပညာရပ်ဆိုင်ရာ အမွေတစ်ရပ်ဖြစ်ပေရာ ဒဲနစ္စသည် ဒီဇိုင်းပုံစံရေးဆွဲ အကောင်အထည် ဖော်ပေးသော သုတေသနသိပ္ပံပညာရှင်တစ်ဦးအနေဖြင့် အဲလစ္စကို အနာဂတ်ကို သယ်ဆောင် ပေးခဲ့ခြင်း ကြောင့် ကျွန်တော်သည် သူ့ကို ယုံကြည်စိတ်ချပေသည်။
ကျွန်တော်သည် သူလိုအပ်နေချိန်က သူ၏အိပ်မက်ကို ပြန်လည်ရှင်သန်လာနိုင်စေခဲ့သလို ယခု ကျွန်တော် လိုအပ်နေချိန်တွင်လည်း ဒဲနစ္စက ကျွန်တော့်အိပ်မက်ကို ရှင်သန်အောင် ပြုပေးနေနိုင်ပြီ ဖြစ် ပါ၏။
အခန်း ၄၃
သောကြာနေ့ည အဖြေ

ကျွန်တော်သည် အများသူငါ ရမြဲအချိန်ထက် တစ်နှစ်စော၍ အမြဲတမ်းခန့်ထားခြင်းခံရသည်။ ထိုသို့ ခန့် ထား ခံလိုက်ရသဖြင့် အခြားသော လုပ်သက်နုတက္ကသိုလ်ဆရာများက အထင်ကြီးစရာလည်း ဖြစ်သွား ဟန်တူသည်။

"ခင်ဗျားက အမြဲတမ်းအစောကြီး ရသွားပါကလား၊ ခင်ဗျားရဲ့လျှို့ဝှက်ချက်က ဘာလဲဗျ"ဟု ၎င်းတို့က မေးလာ ကြသည်။
"ဒါကတော့ လွယ်ပါတယ်ဗျာ၊ သောကြာနေ့ည တစ်ညညမှာ ကျွန်တော့်အခန်းကို ၁၀ နာရီလောက် လာပါ၊ ကျွန်တော် ပြောပြပါ့မယ်"ဟု ကျွန်တော်က ပြောပါသည်။ (ထိုအချိန်က ကျွန်တော် အိမ်ထောင် မကျသေးပါ၊ အိမ်ထောင် မကျသေးခင်ကသာ ထိုသို့ဖိတ်ကြားနိုင်ခြင်းဖြစ်သည်။)

လူတော်တော်များများသည် ဖြတ်လမ်းနည်းကို လိုက်ချင်ကြ၏။ ကျွန်တော် သိထားတာ ဖြတ်လမ်းနည်း ကား အခြေခံ အားဖြင့် စကားနှစ်လုံး သာပါသည့် ခရီးရှည်ဖြစ်ပါ၏။ စကားနှစ်လုံးမှာ "ကြိုးစား"ဖြစ်ပါ သည်။

ကျွန်တော်သိသမျှ ပြောရသော် အခြားသူများထက် အချိန်ကြာကြာ ပိုလုပ်ခဲ့လျှင် ထိုပိုလုပ်သော အချိန် အတွင်း၌ ကျွမ်းကျင်မှုပညာ ပိုရလာလိမ့်မည်ဟူ၍ဖြစ်ပါသည်။ ထိုသို့ သူတစ်ပါးထက်ပို၍ အလုပ်လုပ် သော အားဖြင့် အရည်အချင်း ပိုပြည့်လာနိုင်သည်။ ပို၍စွမ်းရည်တက်လာနိုင်ကာ ပို၍လည်း ပျော်ရွှင်မှု ရ နိုင်ပေသည်။ အလုပ်ကြိုးစားခြင်းသည် ဘဏ်မှာ နှစ်ထပ်တိုးနှင့်ထားသည်နှင့်တူ၏။ အကျိုးအမြတ်တွင် မြန်မြန် ဆန်ဆန် တိုးပွားလာနိုင်သည်။

အလုပ် ၏ပြင်ပမှာ ဘ၀မှာလည်း အလားတူပင်၊ ကျွန်တော်အရွယ်ရောက်ပြီး အချိန်တစ်လျှောက်လုံး၌ ကျွန်တော်သည် အိမ်ထောင်သက်ရှည်ကြာသော ဇနီးမောင်နှံများအား ဘယ်လိုနည်းဖြင့် သူတို့မောင်နှံ အတူတွဲ၍နေနိုင်ကြပါသနည်းဟူသော မေးခွန်းကို မေးကြည့်ဖူးခဲ့သည်။ သူတို့အားလုံးက အဖြေတူကို ပေးကြသည်ကား "တို့က အဲဒီလို အိမ်ထောင်သက်ရှည်ကြာဖို့ ကိစ္စမှာ ကြိုးစားကြလို့ပါ"ဟူ၏။
အခန်း ၄၄
ကျေးဇူးတင်ကြောင်း ပြပါ

ဗာဂျင်းနယားတက္ကသိုလ်တွင် အမြဲတမ်းခန့်ထားခံရပြီး မကြာမီမှာပင် ကျွန်တော်သည် ကျွန်တော့်၏သု တေသန အဖွဲ့တွင်ပါသည့် လူဆယ့်ငါးဦးစလုံးကိုပင် ဒစ္စနေးဝေါ့လ်သို့ ခေါ်ဆောင်ခဲ့သည်။ ထိုတွင် သီတင်း တစ်ပတ်ကြာ နေခဲ့သည်။ ကျေးဇူးတင်ကြောင်း ပြသသည့်အနေဖြင့် ထိုသို့ပြုခဲ့ခြင်းပင်။

လုပ်ဖော်ကိုင်ဖက် ပါမောက္ခတစ်ဦးက ကျွန်တော့်အား သူ့နားသို့ခေါ်ပြီး ပြောသည်။ "ရန်ဒီ၊ မင်းမို့ ဒါတွေ လုပ်နိုင်ပလေကွာ" သူက ကျွန်တော် ယခုကဲ့သို့လုပ်နေသည်မှာ နောင်အမြဲတမ်း ခန့်ထားခံရမည့် ပါမောက္ခများ သူများနှင့်တူချင်သော ဆန္ဒမျိုးမရှိအောင် အစဉ်အလာတစ်ခုကို ထူထောင်နေသည်ဟု ထင်မြင်ကောင်း ထင်မြင်ပေမည်။

"ဘာလို့ ဒီလိုလုပ်နိုင်ခဲ့တာလဲဆိုရင်၊ ဒီလူတွေက အရိုးကျေကျေ အရည်ခမ်းခမ်း လုပ်ခဲ့ကြသူတွေ ဖြစ် တယ်၊ ကျွန်တော့်ကိုလည်း တစ်သက်ပန်လုံးအတွက် လောကမှာ အကောင်းဆုံးအလုပ်ကို လုပ်ပေးခဲ့ ကြတာ ဆိုတော့ ကျွန်တော်က ဘယ်မှာ မလုပ်ပေးနိုင်ဘဲ ရှိပါတော့မလဲ"ဟု ကျွန်တော် ပြန်ဖြေသည်။

ထို့ကြောင့် ကျွန်တော်တို့ ၁၆ ယောက်သည် ဖလော်ရီဒါသို့ ဗင်ကားကြီးတစ်စီးဖြင့် သွားကြသည်။ အ တော်လည်း ပျော်စရာကောင်းသည်။ ကျွန်တော်သည် ဖျော်ဖြေမှုမှာ ပညာပါရအောင်လည်း ပြုပါသည်။ လမ်းတစ်လျှောက်လုံးရှိ တက္ကသိုလ်အမျိုးမျိုးတွင် ရပ်နားခဲ့သည်။ ကွန်ပျူတာသုတေသနအဖွဲ့များသို့ လည်း သွားခဲ့ကြ၏။
ဒစ္စနေးသို့သွားသည့်ခရီးမှာ ကျေးဇူးတင်ကြောင်းကို အလွယ်နှင့်ပြသခြင်းပင် ဖြစ်သည်။ ဤခရီးမှာ လက်ဆုပ် လက်ကိုင်ပြနိုင်သော လက်ဆောင်တစ်ခုပမာဖြစ်သည်။ ပြီးတော့ ဤခရီးမှာ တကယ့်ကို ကောင်းမွန်သောခရီးဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် ကျွန်တော်အလေးတယူ စောင့်ရှောက်လာခဲ့ သော ကျွန်တော့်တပည့်များကို ကျွန်တော်မျှဝေပေးနိုင်သည့် အတွေ့အကြုံတစ်ရပ်လည်း ဖြစ်နေသော ကြောင့် ပင်။

ကျေးဇူးတင်သည် ဆိုသည်မှာ လူတိုင်းမှာ လွယ်လွယ်နှင့် ကျေးဇူးအတင်ခံရသည်မျိုး မဟုတ်ပါ။
ကျွန်တော့်ဆရာသမားတွေထဲမှာ တကယ့်ကိုအတော်ဆုံ ဆရာသမားတစ်ဦးမှာ ကျွန်တော် ဘရောင်း တက္ကသိုလ်မှာတက်စဉ်က ကျွန်တော်၏ကွန်ပျူတာသိပ္ပံပါမောက္ခဖြစ်ခဲ့သူ အင်ဒီဗန်ဒမ်း ဖြစ်သည်။ သူ သည် ကျွန်တော့်အား အကြံကောင်း ဉာဏ်ကောင်းများပေးခဲ့သည်။ သူသည် ကျွန်တော့်ဘ၀ကို ပြောင်း လဲပေးသူဖြစ်သည်။ ကျွန်တော် သူ့ကျေးဇူးကိုကျေအောင် ဘယ်တော့မှဆပ်နိုင်မည်မဟုတ်။ ထို့ကြောင့် ကျွန်တော်က သူ့ကျေးဇူးကို ရှေ့သို့လက်ဆင့်ကမ်းနည်းဖြင့်သာ ပြန်ဆပ်ရဖို့ရှိသည်။

ကျွန်တော်သည် ကျွန်တော့်တပည့်များအား အမြဲသဖြင့် ဤသို့ပြောလေ့ရှိသည်။ အပြင်ထွက်ပါ။ တစ် ယောက် ယောက်က မင်းတို့ကို လုပ်ပေးလိုက်တာမျိုးကု အခြားသူတွေကို လုပ်ပေးပါ။ ဒစ္စနေးဝေါ့လ်သို့ ကားမောင်းလာကြရင်း ကျွန်တော့်တပည့်များနှင့် သူတို့၏စိတ်ကူးအိပ်မက်များ၊ ရည်မှန်းချက်ပန်းတိုင် များအကြောင်း ကိုပြောရင် ကျွန်တော်သည် ဖော်ပြပါ တစ်ဆင့်လက်ကမ်းပေးသည့်အလုပ်ကို အ ကောင်းဆုံး လုပ်သွားရန် ကြိုးစားနေမိပါသတည်း။

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>