Showing posts with label ကောင်းသန့် ၏ ငယ်ငယ်တုန်းက. Show all posts
Showing posts with label ကောင်းသန့် ၏ ငယ်ငယ်တုန်းက. Show all posts

Sunday, September 9, 2012

အဏ္ဏဝါစိုးမိုး ၏ ငယ်ဘဝလမ်း

လျှောက်လှမ်းခဲ့သည့် ငယ်ဘဝလမ်း

လူသားတိုင်း လျှောက်လှမ်းဖြတ်သန်းကြရသည့် ငယ်ဘဝလမ်းဆိုတာ လူသားတိုင်းမှာ ကိုယ်စီရှိကြတာ သေချာ သည်။ လူသား ၏ အလွှာနှင့် အဆင့်အတန်းကိုလိုက်၍ ငယ်ဘဝဖြတ်သန်းလျှောက်လှမ်းရာလမ်းတို့သည် အကြမ်းအားဖြင့် သုံးမျိုးမျှ ခွဲခြားလျှင် လုံလောက်သည်။ ရွှေလင်ဗန်းဖြင့်အချင်းတေး၊ မြပုခက်ဖြင့် အိပ်စက်၊ ရွှေဇွန်းဖြင့် အိပ်စက်၊ အမေဝါးခွံ့သည့် ထမင်းကိုစားပြီး ကြီးပြင်းခဲ့သူ လျှောက်ခဲ့သည့်လမ်း၊ ကျူးကျော်ရပ် ကွက် ထဲက လဲပြိုလုနီးနီး တဲအိုပျက်မှာ အမေကညှစ်၊ အပြင်ထွက်လာရသည့် လမ်းဟူ ၍ ဖြစ်သည်။
လူ့ဘဝ အစမှ ငယ်ဘဝဖြစ်သန်းခဲ့သည့် လမ်းသုံးသွယ်မှာ ကျွန်တော်ဘယ်လမ်းကလာသည့် ဆိုတာကို ကျွန်တော်ကိုယ်တိုင် မသိလို့ စာဖတ်သူများက ဆုံးဖြတ်ပေးကြရန်  ဖြစ်သည်။ ကျွန်တော်သည် မိမိလာခဲ့သည့် လမ်း ကို မသိရုံသာမက မွေးသက္ကရာဇ်မသိ။ နာမည်မရှိသူဖြစ်သည်။

ရခိုင်ပြည်နယ်၊ ဂွမြို့နယ်ထဲက ကျိန္တလီရွာမှာ အဖဦးဘအေးနှင့် အမိ ဒေါ်စိန်ဥတို့မှ ဒုတိယကမ္ဘာစစ် အတွင်း မှာ မွေးသည်။ မွေးချင်းလေးယောက်၊ သို့မဟုတ် သုံးယောက်အနက် အငယ်ဆုံးဖြစ်သည်။ ကျွန်တော် တို့နှင့် အတူ မွေးချင်းဘယ်နှစ်ယောက်ရှိသည် ဆိုတာကိုပင် အတိအကျမသိ၊ အတိအကျသိတာ သုံးယောက်ဖြစ်သည်။ ကျွန်တော် အထက်က မိန်းကလေးတစ်ယောက်၊ အခါလည် သမီးအရွယ်မှာ ကွယ်လွန်သည် ဟု ပြောသံကြားဖူးသည်။
ကျွန်တော်ကို ဒုတိယကမ္ဘာစစ်အတွင်းမှာ မွေးတာကတော့ သေချာသည်။ ကျွန်တော်သည် ဂျပန်ခေတ် ကို သေသေချာချာ မမှတ်မိသော်လည်း ဂျပန်ကို အင်္ဂလိပ်က ပြန်တိုက်လို့ ကျွန်တော်တို့မိသားစု ရွာကို စွန့်ခွာပြီး ညောင်ပင်ကွင်း ရွာက အဘိုးနှင့် အဘွားပိုင်နက်လယ်တဲကို ပြေးဝင်ခုံလှုံကြရတာကို မှတ်မိသည်။ အဲဒီလို စစ်ပြေးရလို့ ကျွန်တော်မွေးရက်ကို မှတ်ထားသည့် ရက်ချုပ်(ဇာတာ)ပျောက်ဆုံးခဲ့ရသည်။ ကျွန်တော့်မွေးသက္ကရာဇ် ကို အဖေရော အမေပါ မမှတ်မိတော့လို့ ကျွန်တော်ဗေဒင် မေးခွင့်မရှိသူဖြစ်ခဲ့ရသည်။ အမေပြောဖူးတာ တစ်ခုရှိသည်။

'' နင်ဟာ ညီလုံးနဲ့ မီးဝင်မီးထွက်''
ညီလုံး ဆိုတာ ကျွန်တော်သူငယ်ချင်း ကျော်ဆွေကို ပြောတာဖြစ်သည်။ ကျော်ဆွေ၏ မွေးသက္ကရာဇ်သည် ၁၃၀၃-ခု တန်ခူးလဆန်း(၅)ရက် (၁၃-၃-၁၉၄၁)ဖြစ်သည်။ ကျော်ဆွေနှင့် မီးဝင်မီးထွက်ဆိုသည့်အတွက် ကျွန်တော်နှင့် ကျော်ဆွေ သည် ၇ ရက်ငယ်ဖြစ်ဖွယ်ရှိသည်။
ဂျပန်ကျူးကျော်စစ် သည် မြန်မာနိုင်ငံတော် ၁၉၄၂-ခုနှစ်မှာ ဝင်ရောက်လာခဲ့တာဖြစ်သည်။ ကျွန်တော်သည် ဂျပန်ခေတ် ကို အိပ်မက်လိုမှတ်မိနေသည့်အတွက် ၁၉၄၁-ခုနှစ်မှာ မွေးတာ ဖြစ်နိုင်သည်။ ဒါဆိုလျှင် ကျွန်တော် သည်၂၀၀၁-ခုနှစ် မှာ အသက်၇၀ ပြည့်ခဲ့ပြီဖြစ်သည်။ ကျွန်တော်သည် မွေးသက္ကရာဇ်ကို တိတိကျကျ မသိဖြစ်ခဲ့ ရသည်။
မွေးသက္ကရာဇ် ကို မသိရုံသာမက နာမည်လည်းမရှိသူဖြစ်သည်။ အဘိုးက (ဟိုသူ)ဟုခေါ်သည်။ အဘွား၊ အဖေနှင့်အမေ တို့က (အပုလေး)ဟု ခေါ်သည်။ အဒေါ်၊ အစ်ကိုတွေနှင့် ဆွေမျိုးတွေက (ညီညီလေး) လို့ခေါ်သည်။ ပုပုလေးမို့ အပုလေးလို့ ခေါ်ကြသည်။ ညီအငယ်လေးဖြစ်လို့ ညီညီလေးဟု ခေါ်ကြတာဖြစ်သည်။

ကျွန်တော် ယခုရောက်နေသည့် နှစ်ပေါင်း ခုနှစ်ဆယ်မှ ငယ်ဘဝအစကို ပြန်လှည့်ကြည့်လိုက်သည်။ ကျွန်တော်ဘဝအစ ကို ကျွန်တော် စတင်မှတ်မိတာ ဗုံးခိုကျင်း ထဲမှာ ဖြစ်သည်။ ဂျပန်ကို အင်္ဂလိပ် က ပြန်တိုက်နေပြီဖြစ်လို့ လေယာဉ် ပျံသံကြားလျှင် ဗုံးခိုကျင်းထဲ ပြေးဝင်ကြရသည်။ ကျွန်တော်တို့ အိမ်နောက်ဘက်က သရက်ပင်ကြီးအောက် မှာ မိသားစုဆယ်ယောက်လောက် ဝင်ထိုင်နေနိုင်လောက်သည့် ဗုံးခိုကျင်း တူးထားသည်။ လူတစ် ရပ်ခန့်နက်သည့်အတွက် ယာယီပြုလုပ်သည့် ဝါးလှေကားဖြင့် အတက်အဆင်း လုပ်ကြ ရသည်။ ကျွန်တော်အစ်ကိုနှစ်ယောက်က တက်ဆင်းလုပ်နိုင်ကြ သော်လည်း ကျွန်တော့်ကိုတော့ အမေ က ချီယူပြီး ဆင်းတက်ရတာကို မှတ်မိသည်။

လေယာဉ်ပျံသံတွေ ပျောက်သွားပြီဆိုလျှင် လူကြီးတွေအားလုံးနှင့် ကျွန်တော် အစ်ကိုနှစ်ယောက်က ကျင်းပေါ် တက်သွားကြသည်။ ကျွန်တော်တစ်ယောက်တည်း ကျင်းထဲမှာ ကျန်နေခဲ့သည်။ ကျွန်တော်အော်ငိုတာကို မှတ်မိသည်။

'' အစ်မရေ..ခဲဝါကြီး ကြောက်တယ်။''
ကျွန်တော်တို့ညီအစ်ကိုတွေက အမေကို အစ်မလို့ ခေါ်သည်။ အဘွားကိုကျတော့ အမေလို့ခေါ်ကြသည်။ ကျွန်တော် ၏ဘဝအစသည် စနစ်တကျမဟုတ်ဘဲ အတော် စည်းပျက်ကမ်းပျက် လာခဲ့တာဖြစ်သည်။ ကျွန်တော် တို့ ရခိုင်ဒေသမှာ မြေခွေး၊ ခွေးအကို ခဲဝါလို့ ခေါ်ကြသည်။ ခွေးအတွေကလည်း ညမိုးချုပ်တာနဲ့ ရွာထဲဝင်လာပြီး အိမ်မွေး ကြက်တွေ ကို ကိုက်ချီလေ့ရှိသည်။ ကျွန်တော် က ခွေးအတွေ ကိုက်မှာ ကြောက်တယ် လို့ အော်ငိုတာဖြစ်သည်။ လူ့ဘဝအစသည်  အကြောက်တရားဖြင့် စခဲ့သည်။ ဘဝ တစ်လျှောက်လုံး အကြောက်တရား သာ ရှင်သန်လာခဲ့ရသည်။
၁၉၄၅-ခုနှစ်မှာ ဒုတိယကမ္ဘာစစ်ပြီးသည်ဟု သမိုင်းမှတ်တမ်းစာအုပ်တွေမှာ ဖတ်ရသည်။ စစ်အတွင်း ကာလတွေမှာ ကျွန်တော်သည် လယ်သူမ၊ ကောက်စိုက်သမ၊ အမေ၏ ရွှံ့ပေနေ သည့် နို့ကိုစို့နေတုန်းပဲ ရှိသေးသည်။ ညောင်ပင်ကွင်းရွာ က အဘိုးနှင့်အဘွားပိုင်သည့် လယ်ကိုအဖေက လုပ်သည်။ အမေက ပျိုးနုတ်၊ ကောက်စိုက် လုပ်သည်။ အမေက ကျွန်တော်ကိုနို့တိုက်ပြီး လယ်ထဲဆင်းသွားတော့သည်။ ကျွန်တော် သည် အဒေါ် အပျိုနှင့်အဘွားတို့ လက်ပေါ်တွင် ကြီးပြင်းခဲ့ရသည်။

၁၉၄၇-ခုနှစ်မှ ကျွန်တော်အသက်(၆)နှစ်လောက်ရှိရော့မည်။ စစ်ကြီးပြီးသွားပြီဖြစ်လို့ ကျွန်တော်တို့မိသားစု ကျိန္တလီရွာ ကို ပြန်ပြောင်းလာခဲ့သော်လည်း ရွာမှာ တက်စရာစာသင်ကျောင်းမရှိလို့ ကျွန်တော် ကို ကျောင်းမထားရသေး။ ကျွန်တော် ကကြီး ခခွေးမပြောနဲ့ ဝလုံးတောင် မရေးတတ်သေးသည့် နှစ်ဖြစ်သည်။ ဒီနှစ် မှာ အာဇာနည်ခေါင်းဆောင်ကြီးတွေ လုပ်ကြံခံလိုက်ရသည်။ လုပ်ကြံခံလိုက်ကြရသည့် အာဇာနည်တွေမှာ ပုံတွေကို ကြည့်ပြီး နာမည်တွေကို ကျွန်တော်သိနေသည်။ ဘယ်ဟာက ဗိုလ်ချုပ်အောင်ဆန်း၊ ဘယ်ဟာက ဦးဘဝင်း၊ ဘယ်ဟာက ဦးရာဇတ် ဆိုတာတွေကို ကြည့်ရုံဖြင့် သိနေသည်။ ကျွန်တော်အဒေါ် တအံ့တသြပြော သည်။

'' ဟယ်..ဒီကောင်လေး စာမဖတ်တတ်ဘဲနဲ့ အကုန်သိတယ်တော့''
အာဇာနည်ကြီးတွေ နဲ့ နာမည်နှင့် ဓါတ်ပုံကိုတွဲသိရုံသာမက အဒေါ်အပျိုတွေ အော်ဆို နေကြသည့် အာဇာနည်ချင်း ကိုပါ အလွတ်ရနေသည်။
(နှစ်ကောဇာသက္ကရာဇ်-၉ ခုနှစ်အလာ၊ ငါခေါင်အာသာဝယ်၊ ကံကြမ္မာခေမွဲ၊ ဆန်း-၂ရက်နေ့စနေကို မရွေ့စေ မှတ်စမြဲ၊ တို့ဗိုလ်ချုပ်ထွဋ်အခေါင်ကို မလွတ်အောင်သတ်ပွဲ၊ ဇွတ်မရှောင် သေနတ်ကြဲတာကြောင့်၊ ပြတ်စဲရခန္ဓာ၊ ဦးဘချို၊ သခင်မြ ရယ်နှင့် အထင်ကဦးရာဇာတ်ပါ ဦးဘဝင်း မိုင်းပွန်တစ်ဖြာရယ်၊ တိုင်းကွန်ခြာ တံခွန်လွှားသလိုပ၊ ဝန်တစ်ပါး မန်းဘခိုင် လွမ်းရဖြိုင်ကာ ဦးအုန်းမောင် ကံဆိုးရှာတယ် ရန်ငြိုးဟာ သက်ဆင်းလို့ ကိုမောင်ထွေး ရဲဘော်တစ်ဖြာပါ နွှဲပျော်ကာ သေပွဲဝင်ကြလေး)
ဘယ်သူရေးစပ်ပေးသည့် တေးထပ်လင်္ကာကို သီဆိုကြသည်မသိ၊ အဒေါ်အပျိုတွေ လွမ်းလွမ်းဆွေးဆွေး ဆိုနေကြသံကြား လို့ ကျွန်တော်ပါအလွတ်ရနေခဲ့သည်။ ကျွန်တော်ကို ဥာဏ်ကောင်း သည်။ ကျောင်း ထားပေးနိုင် လျှင် စာတတ်မည်ဟု ပြောသည်။ အသက်(၆)နှစ်၊ (၇)နှစ်အထိ ကျွန်တော် စာမဖတ် တတ်သေးဖြစ်နေ သည်။

၁၉၄၈-ခုနှစ်မှာ မြန်မာပြည်လွတ်လပ်ရေးရပြီဆိုရင် ကျွန်တော်တို့ရွာမှာ ပျော်ပွဲရွှင်ပွဲ တွေလုပ်ကြသည်။ ကျွန်တော် တို့အိမ်နှင့် ဗိုလ်တဲဝင်းကြားက နွားစားကျက်ကွင်းထဲမှာ ပြုလုပ်ကြသည်။ ပြေးခုန်ပစ်ပြိုင်ပွဲ၊ ထုပ်ဆီးတိုးပြိုင်ပွဲ၊ ခေါင်းအုံးရိုက်ပြိုင်ပွဲ၊ ချောတိုင်တက်ပြိုင်ပွဲတွေ၊ ကျင်းပသည်။ ကျွန်တော်အသက် ၇ နှစ် သို့မဟုတ် ၈ နှစ်သားလောက်ရှိပြီဖြစ်လို့ လွတ်လပ်ရေးရတာကို ကောင်းစွာ မှတ်မိနေသည်။ စာမဖတ်တတ် တာပဲရှိတယ်။ အားလုံးကို မှတ်မိနေသည်။

ထုပ်ဆီးတိုးပွဲမှာ ရွာ့ကွမ်းတောင်ကိုင်အပါအဝင် ရွာကအပျိုတွေ အားလုံးပါဝင် ကစားနေကြသည်။ ပါဝင်ကစားနေကြသည့် အပျိုတွေအားလုံးလောက်နီးပါးက  ထဘီတိုတို ဝတ်ဆင်ထားကြ လို့ ခြေသလုံးတွေအားလုံး ပေါ်နေကြသည်။ ကြုံတောင့် ကြုံခဲဒီလိုမျိုးမှာ မြင်ရတွေ့ရခဲသည့် အပျိုတွေ ၏ ခြေသလုံးတွေ ကိုကြည့်ချင်လို့၊ ထုပ်ဆီးတိုးပွဲ  လူပျိုတွေ၊ ကာလသားတွေနှင့် အဘိုးကြီးတွေလည်း ပါသည်။ အပျိုတွေ ကလည်း လူပျိုတွေ၊  ကာလသားတွေ ဝိုင်းကြည့်နေတော့ ကိုယ့်အသံ ကို သူတို့ကြားအောင် (အေးကြည်မ ပြန်သူကို မလွတ်စေနဲ) ဆိုတာကို မလိုအပ်ဘဲ အသံကုန်ဟစ်ပြီး မ သံပေးသည်။ လူပျိုတွေ ကလည်း သူတို့ ပိုးနေသည် အပျိုတွေကြားအောင် (မခင်အေး နင့် နောက်မှာပြန်သူ) လို့ အော်ပြောပြီး ဖိုသံပေး သည်။ထုပ်ဆီးတိုးပွဲ ဆိုတာကလည်း လာသူကို လွှတ်ပေးပြီး၊ ပြန်သူကို မိအောင် ဖမ်းရသည့် ပွဲဖြစ်သည်။

လူပျိုကာလသားတွေက ထုပ်ဆီးတိုးပွဲမှာ ဝိုင်းဆီးတိုးပွဲမှာ ဝိုင်းအုံနေကြပေမဲ့ ကျွန်တော်တို့ ကလေးတွေ က ခေါင်းအုံးရိုက်ပြိုင်ပွဲကို သဘောကျကြသည်။ လွှဲရိုက်လိုက်လို့ တစ်ဖက်လူက ရှောင်ပေးလိုက်လျှင် ရိုက်သူအားလွန်ပြီး လိမ့်ကျသွားတာ၊ တွဲလောင်းကြီးဖြစ်နေတာကို အရမ်းသဘောကျသည်။ ရယ်ရသည်။
ချောတိုင်တက်ပွဲက အစည်ကားဆုံးဖြစ်သည်။ ပေတစ်ရာလောက်မြင့်သည့် ဝါးပိုးတိုင်ထိပ်မှာ တစ်ဆယ် တန်ငွေစက္ကူ တစ်ရွက်ကို အလံလွှင့်ထူထားသည်။ ငွေတစ်ဆယ်ဆိုတာ နည်းနည်းနောနော မဟုတ်။ ဆန်တပြည် ကို တစ်မတ်သာပေးရသော ခေတ်ဖြစ်သည်။ ချောတိုင်ထိပ်က ငွေတစ်ဆယ်ကို လိုချင်ဇောဖြင့် ပုဆိုး ကို ခါးတောင်း ကျိုက်ထားသူတွေ တစ်ယောက်ပြီး တစ်ယောက် တက်ဖို့ကြီုးစားကြသည်။ တစ်ယောက်မျှ မတက်နိုင် ဖြစ်နေကြသည်။ ချောတိုင်ထိပ်မှာ ထည့်ထားသည့် အုန်းဆီ၊ နှမ်းဆီး၊ ပဲဆီတွေက တိုင် လှုပ်လိုက်တိုင်း အောက်ကို စီးဆင်းလာသဖြင့် ချောကျလို့တက်မရဖြစ်နေကြသည်။ ဒီအခြေနေမှာ ဘကြီးဦးကြာခိုင်ရောက် လာပြီး အကြံဥာဏ်ပေးသည်။

ဟေ့ကောင်တွေ ချောတိုင်ဆိုတာ ဒီလိုတစ်ယောက်ချင်းတက်လို့ ဘယ်တုံးကရဖူးလို့လဲ၊ တစ်ယောက်ပခုံးပေါ် တစ်ယောက် နင်းတက်၊ ဟိုကောင်ညီပုကြီးလာ၊ တိုင်ကိုဖက်ထားပြီး ထိုင်နေ၊ သာလှက ညီပုကြီးရဲ့ ပခုံးနှစ်ဖက်ပေါ် တက်ထိုင်၊ တင်အောင်က သာလှပေါ်တက်၊ လှထွန်းက တင်အောင်ပေါ်တက်၊ ဟိုကောင်တွေ လွန်းရွှေ၊ လှထွန်း၊ အောင်မြေ၊ အကုန်လာကြ၊ ကွမ်းသီးပင်၊ အုန်းပင်အတက်ကျွမ်းတဲ့ သိန်းဖေက အပေါ်ဆုံးကနေ၊ အောင်လံကို လှမ်းဖြုတ်၊ အားလုံးအယောက် (၂၀) ပြည့်ပြီ၊ အားလုံး မတ်တက်ထမယ်၊ တစ်၊ နှစ်၊ သုံး ထကြစမ်း အောက်ဆုံးက ဗလကောင်းကောင်းဖြင့် ထိုင်နေသည့် ညီပုကြီးက စပြီး အင့် အင့် အဲ အဲ ဖြင့် ထရပ်လိုက်သည်။ ချောတိုင်ကြီးကို ဖက်ထားကြသည့် ယောက်ျား(၂၀) တို့သည် လေတိုက်နေသည့် ဝါးပင်ကြီးလို လေထဲမှာ ယိမ်းထိုးလှုပ်ယမ်းနေသည်။ အပေါ်ဆုံးက ကိုသိန်းဖေ သည် ငွေတစ်ဆယ်ကို ဖမ်းကိုင်နိုင်ဖို့ လက်တစ်ကမ်း အလိုသာရှိတော့သည်။ ကွမ်းသီးပင်၊ အုန်းပင် အတက်ကျွမ်းသူဖြစ်လို့ နည်းနည်းလေး တက်နိုင်လျှင် ရတော့မည်ဖြစ်သည်။ ဒီအခြေအနေမှာ အောက်ဆုံးက ကိုညီပုကြီးက ဘကြီး ကြာခိုင်ကိုမေးသည်။

ငွေတစ်ဆယ်ကို ရလျှင် ဦးလေးကိုလည်း ရှယ်ယာခွဲပေးရ ဦးမှာလား ပေးရမှာပေါ့ ကွ၊ ငါအကြံဥာဏ်ပေးလို့ နင်တို့ငွေတစ်ဆယ် ရတော့မယ်လေ၊ နည်းနည်းပဲ လိုတော့တယ်၊ ဟေ့ကောင် သိန်းဖေ တက်လိုက်၊ တက်လိုက် တစ်ထွာ လောက် ပဲလိုတော့တယ်
အပေါ်ဆုံးက ကိုသိန်းဖေနှင့် ငွေတစ်ဆယ် တစ်ထွာလောက်အလိုမှာ လူပဒေသာပင်ကြီးသည် ကြိုးပြတ် သွားသည့် ပုတီးကုံးလို ဝုန်းခနဲပြုတ်ကျပြီး တစ်ယောက် အပေါ်တစ်ယောက် ပိကျလဲ ပြိုးသွားတော့ သည်။ အောက်ဆုံး က ကိုညီပုကြီးတစ်ယောက်သာ ချောတိုင်နှင့် ဆယ်ပေလောက် အကွာမှာ ခါးတောင်းကျိုက် ကို ဖြုတ်ပြီး အကီင်္ျပြန်ဝတ်နေတော တွေ့ကြရသည်။ ကိုညီပုကြီးက တိုင်ကိုဖက်ထားသည့် လက်ကို ဖြုတ်ပြီး ခွာထွက်သွားလို့ အားလုံးပြုတ်ကျကုန်တာဖြစ်သည်။

ဆုငွေတစ်ဆယ်ရခါနီးမှာကွာ.... ညီးပုကြီး နင်ဘယ်လိုလုပ်လိုက်တာလဲကွ
ဘယ်လိုလုပ်ရမှာလဲကွ၊ ရမယ့်ဆုငွေက တစ်ဆယ်၊ လူနှစ်ဆယ်ဝေယူလျှင် တောင် တစ်ယောကက်ကို ငါးမူးပဲ ရမယ်၊ သူများတွေရဲ့ ပခုံးတွေကို နင်း တက်သွားပြီး အပေါ်ဆုံးကနေတဲ့ သိန်းဝေကလည်း ငါးမူး၊ အောက်ဆုံးကနေရ တဲ့ ငါကလည်း ငါးမူးပဲရမယ်၊ ဒီးကြားထဲမှာ ဦးကြာခိုင်က သူ့ကိုပါ ဝေစုခွဲပေးရဦးမယ် ဆိုတော့ တစ်ယောက် ကို ငါးမူးတောင် မရတော့ဘူး၊ ငါက အရူးမှ မဟုတ်ဘဲ အဲဒီတော့ ဒီအလုပ်က ထွက်လိုက်တာပေါ့ ကျွန်တော်တို့ရွာက ချောတိုင်တက်ပွဲသည် လုပ်အားနှင့် ရပိုင်ခွင့် မညီမျှတာကို တွက်ချက်တတ် သူ တစ်ယောက်ကြောင့် လွတ်လပ်ရေးရသည့် နေ့မှာပင် စည်းလုံး ညီညွတ်မှု ပြိုကွဲပြီး ဆုတော်ငွေနှင့် လွဲခဲ့ ရတာကို မှတ်မိနေသည်။

မြန်မာပြည်လွတ်လပ်ရေး ရပြီးဖြစ်လို့ ကျွန်တော်တို့ရွာမှာ စာသင်ကျောင်းပြန် ဖွင့်သည်။ နော်မန်ကျောင်းထွက် ဆရာကြီး ဦးမောင်ခန့် ကျောင်းမှာ ကျောင်းနေ ရန်အတွက် အဘွားက ကျွန်တော့်ကို ကျောင်းအပ်သည်။ ခြံထွက် ငှက်ပျောသီး လက်ရင်းဖီးကြီးကို လင်ပန်းပေါ်တင်ပြီး အဘွားက ရွက်ယူပြီး ရှေ့က သွားသည်။ ကျွန်တော် က ကျောက်သင်ပုန်းလေးကို ပိုက်ပြီး အဘွား နောက်က လိုက်သွားရသည်။ ကျွန်တော့်ပုံက ခေါင်းတုံးပြောင်၊ အင်္ကျီအဖြူ လက်တို ခပ်ပွပွနှင့် ခါးပုံစ တွဲလောင်းကျ နေသည့် ဖိုသီဖတ်သီလုံချည် တိုတို ဝတ်ထားသည်။ ကျွန်တော့်အသက် (၇) နှစ်၊ သို့မဟုတ် (၈) နှစ်သား အရွယ်လောက်မှာ သူငယ်တန်း စတက်ရသည်။ ဆရာကြီး ဦးမောင်ခန့် က အဘွား ကျောင်းအပ်လက်ဆောင် ငှက်ပျောဖီးကြီးကို ငှက်ပျောဖီးကြီးကို လက်ခံယူပြီး ပြော သည်။

ကြီးတော် ဒီကောင်ကို ကျောင်းထားတော့မလို့လား အေးကွယ်...သေစာရှင် စာလေးလောက် ရေးတက် ဖတ်တတ်အောင် ကျောင်းထားကြည့် မလို့ပဲ၊ မလိမ္မာရင်ရိုက်ပါ၊ မကျိုးမပဲ့လျှင် တော်ပြီ ယမမင်းလက်ကို ဝကွက်ပြီး အပ်ခံ လိုက်ရသည့် ငရဲသားလို ခံးစားလိုက်ရသည်။မကျိုးမပဲ့လျှင် တော်ပြီဆိုတော့ အတော် နာရဦုးမည်လို့ နားလည်းလိုက်သည်။ ဆရာကြီး ဦးမောင်ခန့်နှင့် ကျွန်တော်တို့ အိမ်နီးချင်းဖြစ်လို့ ဆရာကြီးက ကျွန်တော့် အကြောင်း ကိုသိနေသည်။ ကျောင်းမနေရသေးလို့ စာမတက် ပေမတတ်သော်လည်း အလွန်ဆော့ သည့် အကောင်ဆိုတာကို သိနေသည်။ ဒုက္ခတော့ များပြီးလို့ တွေးနေမိသည်။
သူငယ်တန်း က စတက်ရမည့် ကျွန်တော့်ကို ဆရာမ ဒေါ်အေးတင် အတန်းကို ပို့လိုက်သည်။ ဆရာမ  ဒေါ်အေးတင် ဆိုတာကလည်း အလွန်အရိုက်ကြမ်းသည်ဟု ကြားဖူးနေသည်။ အသက်(၄၀) ပြည်ခါနီးသည် အထိ အပျိုကြီးဘဝဖြင့် နေရလို့ စိတ်တိုနေသူဖြစ်သည်။ ငါကံနှယ်တယ် ဆိုးပါလား ဟု တွေးမိသည်။

(၁၉၈၈-ခုနှစ် အရေးအခင်းဖြစ်ပြီးတော့ ကျွန်တော်ရွာကို ရောက်သွားသည်။ ကျွန်တော်တည်ခိုးနေသည့် ကျွန်တော့်အဒေါ်၏ အိမ်ကို လာလည်သည့် အဘွားအို တစ်ယောက်ကို သေသေချာချာ ကြည့်တော့မှ ဆရာမကြီး ဒေါ်အေးတင် ဆိုတာသိလို့ ပိုက်ဆံ (၂၀၀) ဖြင့် ကန်တော့လိုက်ပါသည်။ ဤကား စကားချပ်)
ကျွန်တော်တို့ရွာ သည်ုမြန်မာပြည်သူတွေရသည် လွတ်လပ်ရေးနှင့် အတူ ရောင်စုံသူပုန် တွေကို ရလိုက်သည်။ ကွန်မြူနစ်၊ အလံနီ၊ ရဲဘော်ဖြူနှင့် ဓားပြအဆင့် သာရှိသည့် အဖွဲ့လေးတွေကိုပါ အဆစ်ရလိုက်သေးသည်။ ကျွန်တော် တို့ အိမ်အပေါ်ထပ်မှာ မြန်မာပြည် ကွန်မြူနစ် ပါတီ်  (ရခိုင်ပြည်နယ်ဋ္ဌာနခွဲ) ဆိုင်းဘုတ် ချိတ်ဆွဲထားသည်။ ကျွန်တော့်အစ်ကို ကြီးကကျောင်းသားရဲခေါင်ဆိုပြီး ကွန်မြူနစ်ဖြစ်သွားသည်။ ကျွန်တော့် အကိုကြီးကို အကြောင်း ပြုပြီး အဖေနှင့် အမေပါ ရဲဘော်နှင့် ရဲနီမေဖြစ် သွားခဲ့ကြသည်။ ကျွန်တော်တို့ အိမ်ကို ရောက်ဖူး သည့် ကွန်မြူနစ်ခေါင်းဆောင်တွေက သခင်တင်မြ၊ နဂါးနီးဦးထွန်းအေး၊ ဗိုလ်ကျော်ဇော်တို့ကို မှိတ်မိနေသည်။ ဒီအချိန် မှာ ဗိုလ်ဖိုးကွန်းက ရဲဘော်ဖြူ ခေါင်းဆော်အဖြစ်နဲ့ ဂွမြို့မှာ အခြေစိုက်ထားသည်။

မြန်မာတွေ ရရှိထားသည့် လွတ်လပ်ရေးသည် အတုကြီးသာ ဖြစ်သည်လို့ ယုံကြည်ပြီး တောခို လာကြသည့် တောခိုလာကြသည့် ရောင်စုံသူပန်တွေ အချင်းချင်းတိုက်ခိုက်ကြတာမှာ ရွက ကျောင်းနေအရွယ် ကလေးငယ်တွေနှင့် အတူ ကျွန်တော်ပါ မြေဇာပင်ဖြစ်ခဲ့ရ ပါသည်။ ကျောင်းတွေပိတ်လိုက်ရသည်။ ကွန်မြူနစ်က စာသင်ကျောင်း မှာ လူထုစည်းဝေး ပွဲလုပ်ပြီး ပစ္စည်းမဲ့ လူတန်းစား အာဏာရရှိရေး၊ အရင်းရှင် စနစ်တိုက်ဖျက်ရေး လယ်လုပ်သူ လယ်ပိုင်းရေး တရားဟောသည်။
နောက်နေ့ မှာ ရဲဘော်ဖြူ က ရွထဲဝင်လာပြီး ဆရာကြီးကို ခေါ်ယူကြိမ်းမောင်းသည်။ ကွန်မြူနစ်တွေ တရားဟော ဖို့ အတွက် စာသင်ကျောင်းကို အသုံးပြုခွင့် ပေးရမလားဆိုပြီး ဆရာကြီးကို သတိပေးသည်။ ကျွန်တော်တို့ ရွာသား မဟုတ်သည့် ကျောင်းဆရာ၊ ဆရာမတွေ ကြောက်ပြီး ကျောင်းမတက်ရဲ ဖြစ်ကုန်ကြသည်။

နောက်နေ့မှာတော့ အလံနီတပ်တွေ ဝင်လာပြီး စာသင်ကျောင်းကို မီးရှို့ပစ် လိုက် သည်။ ကျောင်းမရှိတော့သည့် အတွက် ဆရာ၊ ဆရာမတွေကလည်း ထွက်ပြေးကုန်ကြသည်။ ကျွန်တော်လည်း သူငယ်တန်း မအောင်မီ ကျောင်းပြီး သွားလေတော့သည်။
ကျွန်တော့်ရွာ ကိုန္တလီ သည် အစဉ်အလာ ရှိသည့်ရွာဖြစ်သည်။ လက်သီးပုန်း တော်လှန်ရေးသမား သခင်ဘတင် (ဗိုလ်ဘတင်) ကို မွေးဖွားခဲ့သည့် ရွာဖြစ်သည်။ ဆရာသိန်းဖေမြင့် အိန္ဒယကို အသွားမှာ တစ်ညအိပ် ဝင်နားသွားသည့် ရွာဖြစ်သည်။ သူပုန်တွေသည် ဒီရွာကို ခြေကုပ်ယူချင်ကြသည်။ ကွန်မြူနစ်တွေသည် လက်သီးပုန်း သခင်ဘတင်၏ အဖေနှင့်အမေ (အဘိုးဦးဖိုးဖေနှင့် အမေကြီး ဒေါ်မယ်သီ) တို့ အိမ်မှာမနေဘဲ ကျွန်တော်တို့အိမ်မှာ လာနေကြသည့်အတွက် ကျွန်တော်ဒုက္ခရောက်တော့သည်။

ရဲဘော်ဖြူ က ကျွန်တော်အစ်ကိုကြီးကို ဖမ်းဖို့ကြိုးစားသည်။ အစ်ကိုကြီးကို မမိသောအခါ ကျွန်တော့် အဖေနှင့်အမေ ကို ဖမ်းသွားလေတော့သည်။ အဖေနှင့် အမေ ကို သတ်တော့မည့်ဆဲဆဲမှာ ကွန်မြူနစ်တွေက ဝင်တိုက် လို့ အဖေနှင့်အမေတို့ သေဘေးက လွတ်ခဲ့သည်။ သေဘေးကလွတ်တာနဲ့ ရွာကိုမပြန်ရဲတော့ သည့် အတွက် အစ်ကိုကြီးနှင့်အတူ တောခိုသွားလေတော့သည်။
    ကွန်မြူနစ်တို့၏ လယ်လုပ်သူသာလယ်ပိုင်ရမည်ဆိုသည့် ဥပဒေကြောင့် ကျွန်တော့်အဘိုးနှင့် အဘွားတို့က သီးစား ချထားသည့် လယ်တွေ၊ ယာတွေ၊ ကိုင်းတွေအားလုံး အပြုတ်တိုက်ခံလိုက်ရသည်။လယ်မဲ့၊ ယာမဲ့ဖြစ်ပြီး ခြံထွက်သီးနှံလေးတွေ ရောင်းစားနေခဲ့ကြရသည်။ ဆန်စပါးမရှိ၊ ဝင်ငွေမရှိ၊ စားစရာမရှိဖြစ်သောအခါ အဘိုးနှင့် အဘွား က ကျွန်တော် တို့ ညီအစ်ကိုနှစ်ယောက်ကို မကျွေးနိုင်မမွေးနိုင်တော့ပါဘူးဆိုပြီး ရွာဦးကျောင်းဆရာတော် ထံ အပ်နှံလိုက်တော့သည်။

    ''မသေအောင်လည်း မွေးပါဘုရား၊ စာလည်းသင်ပေးပါဘုရား''
အဲဒီလိုဖြင့် ကျွန်တော်အသက် ဆယ်နှစ်သား အရွယ်လောက်မှာ ဘုန်းကြီးကျောင်းသားဖြစ်ခဲ့ပါသည်။ ဘုန်းကြီးကျောင်းပညာ ၏ သင်ရိုးအခြေခံ (ပရိုင်မာရီ) ဖြစ်သည့် သင်ပုန်းကြီးက စပြီး သင်ယူရသည်။ မိမိနှင့် အသက်တူ အရွယ်တူ ကျောင်းသားလေး၊ ကိုရင်လေးတွေနှင့်အတူ စာအော်ကျက် ရသည်။ ကျောင်းသားလေးဘဝမှာ ပင် သင်ပုန်းကြီးကို ကျေညက်လို့ မင်္ဂလာသုတ်ကိုတက်ရသည်။
ဘုန်းကြီးကျောင်းသားလေးဘဝ မှာ အဖေနှင့်အမေကို လွမ်းသည်။ အဖေ၊အမေနှင့် အစ်ကိုကြီးတို့ ကွန်မြူနစ်တွေ ဘဝဖြင့် ဘယ်အရပ် ဘယ်ဒေသတွေကို ရောက်နေသည်ကို မသိရလို့ ကိုရင်ဝတ်နေသည့် အစ်ကိုလတ်ကိုပဲ မိဘလိုအားကိုးပြီး နေခဲ့ရသည်။ ဘုန်းကြီးကျောင်းသားဆိုတော့ ညစာပြဿနာရှိနေသည်။ ညစာပြဿနာ ကို ဖြေရှင်းသည့် အနေအနေဖြင့် ကိုရင်လေးဝတ်လိုက်ပါသည်။ ကိုရင် ဆိုတော့ ညစာကိစ္စပြီး သွားသည်။ ရှင့်ကျင့်ဝတ် နှင့်အညီ နေရသည့်အတွက် တာဝန်ကြီးလာသည်။

ဆရာတော် ၏ တင်းကျပ် သည့် စည်းကမ်းနှင့်စာပေပို့ချ သင်ပေးမှုကြောင့် ကိုရင်ဝတ်ဖြင့်ပင် စာဝါ အတော်ပေါက်ခဲ့သည်။ ပရိတ်ကြီးဆယ့်တစ်သုတ်၊ အပြင်အောင်ခြင်း၊ အတွင်းအောင်ခြင်း၊ ရတနာရွှေချိုင့်၊ နမက္ကာရ၊ လောကနီတိ၊ ရှင်မဟာရဌသာရ ဆုံးမစာ၊ ရှင်မဟာသီလဝံသ ဆုံးမစာ၊ သူတော်ဦးနု စကားပုံ၊ သိင်္ဂါလောဝါဒ ကျင့်ဝတ်လင်္ကာ ဆိုတာတွေကို အလွတ်ရခဲ့သည်။
ကိုရင်ကြီးတွေ ဦးဇင်းတွေနှင့် အတူတွဲပြီး သင်္ဂြိုဟ်ကိုးပိုင်း၊ သဒ္ဒါကြီးရှစ်စောင်၊ ဝိနည်းငါးကျမ်း စာဝါပြီးသည် အထိ သင်ကြားတက်မြောက်ပြီးချိန်မှာတော့ ကျွန်တော့် အသက် (၁၆)နှစ်လောက် ရှိခဲ့ပါသည်။ ကိုရင်ဘဝဖြင့် စိတ်ကစားသည့် အရွယ်ဖြစ်လာခဲ့သည်။ အဲဒီမှာ ကျွန်တော်စရိုက်နှင့် ဇာတိပြလာတော့သည်။

ကျွန်တော့် စရိုက်နှင့် ဇာတိဆိုတာ တခြားမဟုတ်၊ မိန်းကလေးချောချောမြင်လျှင် ပိုးချင်ပန်းချင်သည့် စရိုက်ဖြစ်လာသည်။ ကျွန်တော်သည် သူငယ်တန်းကျောင်းသားဘဝ ကတည်းက ပိုးတက်ပန်းတက်နေခဲ့သည်။ သူငယ်တန်းကျောင်းသား ဘဝမှာ ကျွန်တော်နှင့် အတန်းတူသည့် ထွေးငယ်လေးကို ပိုးနေခဲ့တာဖြစ်သည်။ ကျွန်တော့် အသက် (၇) နှစ်။ ထွေးငယ်လေးက ဖြူဖြူချောချောလေးဖြစ်သည်။
သူ့မိဘတွေကလည်း ချော်လည်ကြတော့ သစ်သစ်လွင်လွင် ဝတ်နိုင်ဆင်နိုင် သည်။ ကျောင်းသူတွေထဲ မှာ ထွေးငယ်လေး က ပေါ်လွင်နေသည်။ ဒီလိုပေါ်လွင်နေလို့လည်း ကျွန်တော်နှင့် သူငယ်တန်းကျောင်းသား အားလုံးက ထွေးငယ်လေးကို ပိုးနေကြတာ ဖြစ်နိုင်သည်။

ကျွန်တော့်အသက် (၇) နှစ်သားအရွယ်မှာ ပိုးတက်ပန်းတတ်နေပြီ ဆိုတော့ လွန်တာပေါ့ လို့ ပြေကြမည်ထင်သည်။ ကျွန်တော်ကြားဖူးတာ တစ်ခုရှိသည်။ လူသားတို့၏ လိင်စိတ်သည် (အထူးသဖြင့် ယောကျာ်းတို့၏ လိင်စိတ်သည်) (၇) နှစ်တစ် ကြိမ်ပေါ်သည်ဟု ကြားဖူးသည်။ အသက်ူ(၇) နှစ်သား အရွယ်မှာ ကလေးစိတ်ဖြင့် ပိုးပန်းတတ်ပြီး (၈) နှစ်၊ (၉) နှစ်အရွယ်မှာ ပုံမှန်ပြန်ဖြစ်သွားသည်ဟု ဆိုပါသည်။ အသက်(၁၄) နှစ် အရွယ်မှ တစ်ကြိမ် ပြန်ပေါ်လာပြီး ချောချောလှလှ မြင်သမျှ ကို ပိုးပြန်းတော့သည်။ ဒီတစ်ခါပေါ်သည့် လိင်စိတ်သည်(၁၅)နှစ်၊ (၁၆) နှစ်၊ (၁၇) နှစ်လောက်အထိ မပျောက်ဘဲ နေတတ်သည်။ (၁၈)နှစ်လောက် ရောက်လျှင် ပုံမှန် ပြန်ဖြစ်သွားပြန်သည်။

(၇) နှစ် သုံးလီဖြစ်သည့် (၂၁) နှစ်ကတော့ အဆုံးဝါးဆုံးဖြစ်သည်။ အသက် (၂၁) နှစ်သည် စိတ်မနိုင်သူ၊ မအောင့်နိုင်သူများ မိန်းမခိုး၊ လင်နောက်လိုက်၊ အိမ်ထောင်ကျသော နှစ်ဖြစ်သည်။ (၂၁) နှစ်ကို လွန်မြောနိုင် လျှင်တော့ (၂၈) နှစ်သည် သေချာပေါက် အိမ်ထောင်မကျ လျှင်တော့ (၃၅) နှစ်သည် သိပ်ပြီး မသေချာတော့ သည် နှစ်ဖြစ်သည်။ အပျိုကြီး လူပျိုကြီးဖြစ်ဖို့ အတော်နီးစပ်သွားပြီိဖြစ်သည်။
ကျွန်တော်ရောက်ရှိနေသည့် အသက် (၁၆) နှစ်သည် ချောချောလှလှမြင်လျှင် ပိုးချင်ပန်းသည့် ကာလဖြစ်သည်။ ကျွန်တော့် အသက် (၁၆) နှစ်ဆိုသော်လည်း ရောက်ရှိသေည့်ဘဝက ကိုရင်ဖြစ်နေသည်။ အဲဒီမှာ ဘဝနှင့်ဗီဇ သဟဇာတ မတည့်ဖြစ်တော့သည်။ ဆပ်ပြာမွှေးဖြင့် ရေချိုးသည်။ အမွှေးနံပျောက်သွားမည် စိုးလို့ ဆပ်ပြာရည် စင်အောင် ရေမချိုး ပဲ ဆွမ်းခံထွက်သည်။ ဆွမ်းလောင်းသည့် အပျိုချောချော မှန်သမျှကို စိတ်ဖြင့် ပိုးသည်။ အရမ်း ရင်ခုန်သည့် အတွက် မောသည်။

နေ့စဉ်စာဝါတက်နေရသည့်ကြားက လစဉ်ထုတ်မဂ္ဂဇင်းတွေ ဖြစ်သည့် ရှုမဝ၊ သွေးသောက်တွေကို ဆရာတော် မသိအောင် ခိုး ဖတ်သည်။ သင်းကြူကြူပေါင်ဒါကို မသိမသာ ခိုးလိမ်းသည်။ ဆရာတော် ၏ စောင့်ကြည့်တာခံရသည့် ကိုရင်ဖြစ်လာသည်။
၁၉၅၈-နှစ် သည် မြန်မာနိုင်ငံလွတ်လပ်ရေးရပြီး ဆယ်နှစ်ကြာပြီးသည့်ုကာလ ဖြစ်သည်။ ကျွန်တော့်ဘဝသည် လည်း အပြောင်းအလဲတွေ အများကြီးဖြစ်သည့် နှစ်ဖြစ်သည်။ ၁၉၅၆- ခုနှစ်လောက်ကပင် ကျွန်တော့်အစ်ကို သည် ကိုရင်ဝတ်ကထွက်ပြီး ပြည်တော်သာခေတ် (၇) တန်းစာမေးပွဲကို ဟယ်ရီတန်စနစ်ဖြင့် အချောင်အောင် ထားခဲ့သူ ဖြစ်သည်။ (၇) တန်းအောင်သော်လည်း မြိုကိုသွားပြီး (၈) တန်းမတက်နိုင်လို့ ရွာသရဲ (လမ်းသရဲ ထက် အဆင့်မြင်သူ) ဖြစ်နေ သည့် ကျွန်တော့် အစ်ကိုကို ကွန်မြူနစ်ခေါင်းဆောင်က ဖမ်းဖို့လိုက်လို့ ရွာက ထွက်ပြေး သည်။ ရန်ကုန် ကို ရောက်သွားသည်။ ရေတပ်သားဖြစ်သွားသည်။ ရေတပ်ယူနီဖောင်း ဝတ်စုံဖြင့် ဓာတ်ပုံဖြင့် ဓာတ်ပုံ ရိုက်ပြီး ကျွန်တော့်ဆီကို ပို့သည်။ စာရေးသည်။

ညီးလေး... ဒီစာကိုရလျှင် ရွာကထွက်ပြီး ရန်ကုန်ကိုလာခဲ့၊ နင်ဟာ တစ်တန်းမှ မအောင်သေးဘူး၊ အလွတ် ပညာသင် ကျောင်း တက်ပါ၊ နင်ဟာ ဘုန်ကြီးမဖြစ်နိုင်ဘူး၊ နင်ရုပ်က နှာဘူးရုပ်၊ အသက်ကြီးလာမှ ဘုန်းကြီး ဝတ်က ထွက်လျှင် နင်ဒုက္ခရောက်လိမ့်မယ်၊ ဒီစာကိုရလျှင် ရွာကထွက်ခဲ့တော့
အဲဒီလိုဖြင့် ကျွန်တော်သည် ၁၉၅၈-ခုနှစ်မှာ ရန်ကုန်မြို့ကို ရောက်ခဲ့သည်။ အစ်ကိုရေတပ်သား က ကျောင်း ထားပေးလို့ ၁၉၅၉-ခုနှစ်မှာ ပြည်တော်သာခေတ်(၇) တန်းကို နှစ်ချင်းပေါက် အောင်မြင်ခဲ့ပါသည်။ ကိုရင်ဝတ်ဖြင့် (၇) တန်းအောင်ခဲ့ တာ ဖြစ်သည်။

ကျွန်တော် တို့ခေတ်က (၇) တန်းအောင်ပြီးလျှင် (၈) တန်း၊ (၉) တန်းတက်စရာမလိုဘဲ အလွတ် ပညာသင်ကျောင်း တက် ရင်း ဆယ်တန်း ကို ဝင်ဖြေခိုင်းသည်။
၁၉၆၀-ပြည်နှစ်မှာ ကျွန်တော်ဆယ်တန်းဝင်ဖြေသည်။ နှင်းချင်းပေါက် ကျုံရှုံးပါသည်။ သုံနှစ်ဆက်တိုက် စာမေးပွဲ ကျသည်။ အသက် ကလည်း (၂၀) ပြည့်တော့မည် ဖြစ်သည်။ ကိုရင်ဝတ်ဖြင့်ပင် ကျောင်းအတူတက်သည့် တာမွေ က ကျောင်းသူတစ်ယောက်နှင့် စာပေးစာယူ ဖြစ်လိုက်သေးသည်။
၁၉၆၂-ခုနှစ်မှာ တန်းမြင့်ကျောင်းထွက် လက်မှတ်ရစာမေးပွဲ အောင်သည်။ ကျွန်တော့်အစ်ကိုကလည်း အိမ်ထောင် ကျနေပြီဖြစ်လို့ အစ်ကို့ကို ကျွန်တော့် ဝန်မပိ စေချင်တာနဲ့ ကိုရင်ဝတ်က လူ ထွက်ပြီး ရေတပ်မတော် ထဲ ကို ဝင်လိုက်ပါသည်။ ကျွန်တော်၏ ငယ်ဘဝ ဇာတ်သိမ်းသွားပါတော့သည်

အဏ္ဏာဝါစိုးမိုး
.
>>>ဆက်ဖတ်ရန်>>> >>

Saturday, September 8, 2012

စုမီအောင် ၏ ငယ်ငယ်တုန်းက

မိသားစုရုပ်ရှင်

'' တို့များငယ်ငယ်တုန်းကပေါ့ '' ဟုအစချီကာ ငယ်ငယ်တုန်းကအကြောင်းကို မည်သူမဆို ပြောဖူးကြလိမ့်မည်။ ထိုသို့ ပြောလေတိုင်းမှာလည်း အားလုံး၏ မျက်လုံးများမှာ အရောင်၊ အရိပ် အမျိုးမျိုး ရစ်ဝဲနေမည်ဟု ကျွန်မ ထင်ပါ သည်။ သူ့အပိုင်း၊ သု့အကန့်၊ သူ့အချိန်၊ သူ့ကာလနှင့်အတူ ဖြတ်သန်းခဲ့သည့်ရက်စွဲများဆီသို့ လွမ်းဆွတ် တစ်လှည့်၊ တက်ကြွတစ်ခါ ပုံပြင်တစ်ပုဒ်ပမာ ပြောကြလိမ့်မည်။ ထိုပုံပြင်များမှ အခန်းကဏ္ဍစုံလင်လှပြီး ရသမျိုးစုံကိန်းဝပ်နေ မည်မှာ ငြိတွယ်တင်ကျန်နေပါသည်။ တချို့အခန်းများကတော့ အချိတ်အဆက် ပင် မမိတော့ဘဲ ဖရိုဖရဲပြုတ်ထွက်ခဲ့ရာ ဘယ်ဆီဘယ်ဝယ် ပျောက်ဆုံးခဲ့မှန်း အစရှာမရတော့ပါ။

''ငယ်ငယ်တုန်းကပေါ့...'' ဟု အစချီပြောပြမည့်သူများသာ မရှိခဲ့ပါက ကျွန်မတို့အားလုံး၏ငယ်ဘ ၀ဖြစ်စဉ် အားလုံး မှေးမှိန်လျော့ရဲသွားကာ တစ်ချိန်ချိန်၌ အပြီးတိုင်ပျောက်ဆုံးသွားရချိမ့်မည်ဟု ကျွန်မ အထိတ်တလန့် စဉ်းစားမိသေးသည်။ ထိုသို့အဖြစ်မခံလိုပါ။ ကျွန်မ မသေဆုံးခင် ကျွန်မ၏ ''ငယ်ငယ်တုန်းက '' အကြောင်းတစ်စုံ တစ်ယောက် ကိုတော့ ပြောပြခဲ့ချင်ပါသည်။
လူတိုင်းမှာ ''ငါငယ်ငယ်တုန်းကပေါ့ ...''ဟု အစချီပြောပြစရာ ပုံပြင်များစွာ ရှိသကဲ့သို့ ကျွန်မမှာလည်း အသေအချာကို ရှိနေပါသည်။ ရှင်တို့အားလုံးနှင်ထပ်တူ ''ကျွန်မ ငယ်ငယ်တုန်း ကပေါ့ '' ဟု ပြောပြချင်စရာ ပုံပြင်များစွာ ရှိသည့်အနက် အလွန်အမင်း ပြောပြချင်နေသည့် ပုံပြင်လေး တစ်ပုဒ် လောလောလတ်လတ် ရှိနေပါသည်။ ခုနေခါ တစ်ယောက်ကများ အစဖော် မေးလာခဲ့သည်ရှိသော် မည်မျှကောင်း လိုက်မည်နည်း။

ထိုသို့ စဉ်းစားနေစဉ်မှာပဲ တိုက်တိုက်ဆိုင်ဆိုင် သူတို့ (ဆရာ ကောင်းသန့်နှင့် ကိုသဲအောင်) က ကျွန်မကို မေးလာကြလေပြီ။
''ငယ်ငယ်တုန်းက.... ''တဲ့။
ဟုတ်ပြီ ။ ကျွန်မ အလွန်အမင်း ပြောပြချင်နေသည့် ငယ်ငယ်တုန်းက အကြောင်းလေးတစ်ခု အခုပြောပြ လိုက်ပါမည်။
ကျွန်မတို့မှာ မောင်နှမ ခုနှစ်ယောက်ရှိပါသည်။ ဖေဖေ၊ မေမေနှင့်ဆို မိသားစု ကိုးယောက်ဖြစ် သည်။ ဖေဖေက မေမေ့ထက် အသက် ဆယ့်တစ်နှစ်ကြီး သည်။ ဖေဖေနှင့် အိမ်        ထောင်ကျချိန် မှာ မေမေက အခြေခံတန်းမြင့်ကျောင်း (ယခု အခေါ် ဆယ်တန်း  အောင်မြင်ပြီးစ အ ရွယ်လေးသာ ရှိပါသေးသည်။ မိဘများနှင့် အစ်ကိုနှစ်ယောက် က မေမေ့ကို  အရာရာချုပ်ချယ် သည်ဟု သိရပါသည်။ ဆံပင်ရှည်တွေ ကို ဘယ်တော့မှ ဖားလျားချခွငြ့်မပြုဘဲ ဆီလိမ်းကာ အမြဲစည်းကျစ်၊ ထုံးနှောင်ထား ရသည်။ ခေတ်ပေါ်အင်္ကျီ၊ ဂါဝန်လှလှလေးများ ၀တ်ခွင့်မပြုဘဲ ရင်ဖုံး  ရင်စေ့လက်ရှည်နှင့် လုံချည် ကို ခြေမျက်စိဖုံးအောင် ၀တ်ရသည်။

ကျောင်းသွားလျှင် အစ်ကိုနှစ်ယောက်က တစ်လှည့်စီ ကျောင်းခန်းထဲအထိ လိုက်ပို့သည်။ ကိုယ်တိုင် စက်ဘီးမနင်းရ။ ကျောင်းဆင်းချိန် ကွက်တိ လာစောင့်ခေါ်သည်။ ဘယ်မှ မသွားမလာရ။ မိန်းကလေး သူငယ်ချင်း များ ပင်လျှင် အိမ်လာလည်ခြင်းကို မကြိုက်၊ လာခဲ့လျှင် လည်း အခြားကျောင်းသူတွေအိမ်မှာလို အိမ်အတွင်းခန်း ထဲ ရင်းနှီးစွာဝင်ထိုင်၊ လွတ်လပ်စွာ စကားဆိုခြင်းများ မပြုရ၊ ဧည့်ခန်းမှာပင် ထိုင်ရပြီး မိဘနှစ်ပါး က အနားကထိုင်စောင့် နားထောင်နေတတ်သည်။

စာပေ၊ သဘင်၊ ဂီတ၊ အားကစားတို့နှင့်စပ်လျဉ်း၍ ကျောင်းမှာ ဘာတစ်ခုမှ ပါဝင်ဆင်နွှဲခွင့်မပြုပါ။ မေမေက ကဗျာ၊ ၀တ္ထုများ ရေးချင်သည်။ ကျပန်းစကား ၀င်ပြောချင်သည်။ ကြက်တောင် ၀င်ရိုက်လိုသည်။ ဘာတစ်ခုမှ လုပ်ခွင့်မရသည့် အဆုံး ထိုထိုသော တင်းမာသည့်ချုပ်ချယ်မှုများ အောက်က ရုန်းထွက်ရန် နည်းလမ်းရှာသည့် အခါ ဖေဖေက အဓိကဇာတ်လိုက်အဖြစ် ပါဝင်တော့သည်။
'' အဖေငယ်ငယ်တုန်းက ...''ဟု အစချီကာ ဖေဖေက သူ့ငယ်ဘ၀ဖြတ်သန်းမှုများအကြောင်း မကြာခဏပြောပြ တတ်၍ ကျွန်မ တို့ အလုံးစုံကို သိခွင့်ရခဲ့သည်ချည်းသာ။
ငယ်ဘ၀ပုံပြင်များပြောပြနေစဉ် ဖေဖေ့အသံက အားသွန်တက်ကြွနေပြီး မျက်းလုံးများသည်လည်း ရွှန်းလက်တောက်ပနေ တတ်သည်။ အထူးသဖြင့် ''သမီးတို့အမေနဲ့တွေ့တုန်းကပေါ့....''ဟု အစချီ လာ လျှုင်တော့ လူကြီးလူအိုတစ်ယောက်၏ ဝေသီသီ မှုန်မှိုင်းမှိုင်း မျက်လုံးများ မဟုတ်တော့ ဘဲ ဖေဖေ့မျက်လုံး များသ ည် သိသိသာသာကြီးပင် တောက်ပလာတတ်သည်။

ကျန်းမာရေးမှူးပေါက်စလေး ဖေဖေသည် မေမေတို့ခြံနှင့်ကပ်လျက် ခြံဝင်းမှာ ခေတ္တနေထိုင်ရစဉ် စာမေးပွဲ အပြီး နွေရာသီကျောင်းပိတ်ရက် တစ်ခုမှာ အိမ်ကဖွင့်သည့်ရွှေဆိုင်မှာ ထိုင်နေတတ်သည့် မိန်းကလေး ကို မြင်လျှင်မြင်ချင်း မျက်စိကျ သွားခဲ့သည်။ သည်မိန်ကလေးမ ဖေဖေတွေ့ဖူးသည့် ရဲတင်း ပွင့်လင်းမှုအပြည့်ရှိသည့် နာ့စ်မများနှင် မတူ၊ ပကတိဖြူစင်ရိုးသား သည့် နုနု နယ်နယ် ကျောင်းသူလေး ဖြစ်ပုံ ရသည်ဟု ဖေဖေကကောက်ချက်ချသည်။

ပြီးတော့ သည်မိန်းကလေးက ရွှေဆိုင် မှန်ပုံးထဲက ရွှေထည် ပစ္စည်းများအပေါ် ရောင်းချရန် လည်းကောင်း၊ ၀တ်ဆင် ရန် လည်းကောင်း စိတ်ဝင်စားမှု အလျဉ်းမရှိ။ မျက်လုံးအစုံက အိမ့်အပြင်ဘက် လမ်းမကြီးပေါ်မှာ စက်ဘီး စီးလျက်၊ စကားဆိုလျက် ဖြတ်သန်းသွားလာနေသည့် ရွယ်တူမိန်းကလေးတွေ ကို ငေးကြည့်နေတတ် သည်။
လွတ်လပ်မှုကို ရှာဖွေနေသည့် မိန်းကလေး၏မြင်ကွင်းထဲသို့ ဖေဖေက ရိပ်သီရိပ်သီ တိုးဝင်  သွားခဲ့ သည်။ ရွှေထည်ပစ္စည်း တစ်စုံတစ်ရာ ၀ယ်နိုင် ခြင်းမရှိ၊ ရွှေဈေးနှုန်းပင် ဟန်ပြမေးမြန်းခြင်း မရှိ၊ မှန်ပုံးထဲ ခင်းကျင်း ထား သည့် လက်ဝတ် ရတနာများကို မကြည့်၊ မှန်ပုံးပေါ် ထောက်တင်ထား သည့် မိန်းကလေး၏ လက်ချောင်း လှလှလေး များ ကိုသာ မမှိတ်မသုန် ကြည့်နေသည်။ သည်မိန်း ကလေးလက်ထဲသို့ ရည်းစားစာလေး တစ်စောင် ဘယ်လိုဘယ်ပုံ၊ ဘယ်ချိန်ဘယ်ခါ ထည့်ပေးရပါ ဟု ဖေဖေ စဉ်းစားနေခဲ့သည်။

    ဖေဖေပပြောတော့ မနက်မနက် သူခြံထဲမှာ ရိမ်းဘာကွင်းခိုလိုက်၊ ဘားတန်းကစားလိုက်၊ ဒိုက် ထိုးလိုက်၊ ကင်းမြီးကောက်ထောင် လိုက်၊ အမျိုးမျိုး ကျန်းမာရေး လေ့ကျင့်ခန်းတွေ လုပ်နေတာကို မေမေက ပြတင်းကနေ ခိုးကြည့်နေခဲ့ သည်တဲ့။ မေမေကပြောတော့ ပြတင်းပေါက်မှန်ချပ်တွေ ငှက်မွေးတစ်ချောင်းနဲ ဖုန်လှည်းကျင်းရင်း၊ လိုက်ကာတွေကြား ကနေ အမှတ်တမဲ့ မြင်မိခြင်းပါတဲ့။ ကိုးရိုးကားရားနဲ့ ဘာလေ့ကျင့်ခန်းတွေလုပ်နေမှန်း မသိပါဘူး၊ တကယ်လုပ်တာကနည်းနည်း သက်သက်မဲ့ အမေ ကြည့်အောင် သူ ဟန်ရေးပြနေတာတဲ့။
    နှစ်ဦးနှစ်ဖက် မည်သို့ဆိုစေ၊ ဖေဖေ့ကမ္ဘာမှာ လွတ်လပ်မှုနယ်ပယ်အသစ် တစ်ခုရှိလိမ့်မည်ဟု ယုံကြည် ကိုးစားလျက် မေမေသည် ဖေဖေ့နောက်သို့ ရဲရဲကလေး လိုက်ပါသွားခဲ့သည်။
    ''အဲဒီတုန်းက အဖေတတို့ငှားတဲ့ ဂျစ်ကားနာမည်က ရွှေမိတဲ့'' ဟု ဖေဖေပြောစဉ်က ဖေဖေမျက်ဝန်းမှာ ငယ်မူငယ်သွေး လွှမ်းကာ ကြည်လင်တောက်ပနေခဲ့သည်။ မေမေက '' ကလေး တွေကို ဘာတွေ လျှောက်ပြောပြနေ တာလဲ'' ဟု အသံကျိတ်ကျိတ်ပြောကာ မျက်စောင်း လှမ်းခဲ့ပါ သည်။

    လွတ်လပ်မှုနယ်ပယ်အသစ်မှာ မေမေနှင့်ဖေဖေ အပြည့်အ၀ ပျော်ရွှင် ငြိမ်းချမ်းခဲ့သလား၊ သူတို့တစ်ဦးစီ၏ အတွင်းသား ထဲသို့ ကျွန်မ ထွင်းဖောက်ဝင်ရောက် နိုင်ခြင်းမရှိ၍ အသေအချာ မပြောတတ်ပါ။ ကျွန်မ ပြောနိုင် သည်က ဖေဖေနှင့်မေမေ နှစ်ဦးစလုံး ကျွန်မတို့ ကလေးတွေကို လွတ်လပ်မှုအပပြည့်အ၀ပေးကာ အတားအဆီး မဲ့ ချစ်ခဲ့ကြသည်ဆိုတာပါပဲ။ ရေတံခွန်မှ ရေများ ဒလဟော သွန်စီးကျနေခဲ့သည့် ချစ်ခြင်းမေတ္တာရေစင် များကြောင့် ကျွန်မတို့ကလေး ခုနှစ်ယောက်စလုံး ငယ်ဘ၀ကို ငြိမ်းချမ်းအေးမြစွာ ခံစားခဲ့ရသည်။
    လွတ်လပ်စွာ နေထိုင်လှုပ်ရှားခွင့် မရှိခဲ့သည့် သူ့ငယ်ဘ၀ကို တစ်ခါသတိရလိုက်တိုင်း ကျွန်မတို့ကို မေမေက လွတ်လပ်မှု တံခါးတစ်ချပ် တိုးမြှင့်ဖွင့်ပေးတတ်သည်။ မေမေက သူ့ကလေး ခုနစ်ယောက်လုံး ကို ဘာတစ်ခုမှ ချုပ်နှောင်တားဆီးခြင်းမရှိဘဲ လွတ်လပ်မှုအပြည့်ဖြင့် ကြီးပြင်းစေရသော ကလေး များဖြစ်စေခဲ့သည်။ ချစ်ခြင်းဖြင့် အနားကွပ်ထားသည့် လွတ်လပ်မှု ကြောင့် ထိုလွတ်လပ်မှုကို အလွဲ သုံးစား လုပ်ရန် ကျွန်မတို့စိတ်ကူးမရှိခဲ့ပါ။

 တစ်လျှောက်လုံး ငြိမ်ချမ်းလွတ်လပ်ခဲ့သည့် ငယ်ငယ်တုန်းက ဘ၀ထဲ ကျွန်မသဘောအကျ ဆုံးအချိန်ကတော့ မိသားစု ရုပ်ရှင်ကြည့်ချိန်များ ပဲဖြစ်သည်။
အိမ်မှာကြည့်ခြင်း မဟုတ်ပါ။ မိသားစုအားလုံး လွတ်လပ်ပျော်ရွှင်စွာ လမ်းလျှောက်ထွက်ရင် ရုပ်ရှင်ရုံမှာ သွာကြည့်ခြင်းဖြစ် ပါသည်။ မြို့ကလေး၏ ဗိုလ်ချုပ်လမ်းပေါ်ရှိ '' ကတိုး '' ရုပ်ရှင်ရုံတွင် မြန်မာဇာတ်ကားများ တင်လေ့ မရှိပါ။ သည်ရုပ်ရှင်ရုံက နိုင်ငံခြားဇာတ်ကားများ တင်လေ့မရှိပါ။  ရှားရှားပါးပါး ကတိုးရုံမှာ မြန်မာ ဇာတ်ကား တစ်ကားသာ ကြည့်ဖူးသည်။ မေမေ့အစ်ကိုအငယ် ဒါရိုက်တာ သန်းစိန်သစ်ရိုက်ကူးသည့် ''ပုဂံပြည်မှ အိုချစ်ရာ '' ဇာတ်ကား ဖြစ်သည်။ ထိုစဉ်က ဦးလေးဖြစ်သူ၏ ဇာတ်ကားဖြစ်ရာ အထူးအခွင့်အနေနှင့် ကျွန်မတို့ ထိုင်ခုံ လက်မှတ် ၀ယ်စရာမ လိုဘဲ မေတ္တာလက်မှတ်ဖြင့် ကြည့်ခဲ့ရပါသည်။

ကျွန်မတို့ငယ်ငယ်က ဘာကိုမဆို မိသားစုလိုက် အတူတကွ လုပ်ဆောင်ကြ သည်။ မြို့နယ်  ကျေးရွာ များသို့ ဖေဖေဆေးစစ်သွားလျှင် ဖေဖေကိုယ်တိုင်မောင်းသည့် လဲန်းရိုဗာ ကားထဲ တစ်မိသားစုလုံး ထိုင်လိုက်ကာ ပါသွားလေ့ရှိသည်။ စည်ပင်ကြီး လို ကျေးရွာဘက်သွား လျှင် ဆေးစစ်သွားသည်နှင့် မတူ ဘဲ ပျော်ပွဲစားထွက်သကဲ့သို့ ဖြစ်နေတတ်သည်။ ဖေဖေက တစ်အိမ် တက်ဆင်း စစ်ဆေးနေချိန်မှာ ကျွန်မတို့က တစ်ရွာလုံး မှာ အကောင်းဆုံးအိမ်ဟုယူဆရသည့် အိမ်တစ်အိမ် မှာ နေခဲ့ပြီး အိမ်ရှင်တွေချကျွေးသမျှ ထိုင်စား၊ ချောင်းရေထဲဆင်း ရေကူးကြ၊ ဆော့ကြ၊ စားကြ၊ လက်ဆောင်ပေးလိုက်သည့် ခြံထွက်ပစ္စည်းများယူကြ၊ အိမ်အပြန် ကားပေါ်မှာ အိပ်ငိုက်ပြီး ပြန်လာကြနှင့် ဖေဖေ့အလုပ်ကို ကူညီလုပ်ပေးရမှန်း မသိအောင်ကို ကျွန်မတို့ငယ် ပါသေးသည်။

ကျွန်မတို့မိသားစုသည် တစ်နေရာရာသွားလျှင်ဖြစ်စေ၊ အိမ်သန့်ရှင်းရေးလုပ်လျှင်ဖြစ်စေ၊ တစ်ခုခု လုပ်စားကြ လျှင်ဖြစ်စေ အားလုံးအတူတကွလုပ်ကြ ၊ စားကြသည်။ ထမင်းစားလျှင် လူမစုံမချင်း စောင့်ကာ လူစုံမှ စားကြသည်။ မိသားစုလိုက် လုပ်ဖြစ်သည့်ကိစ္စများထဲ ရုပ်ရှင်ကြည့်သည့် အလုပ်ကို ကျွန်မ အလွန် သဘောကျသည်။ ရုံမှာ ကားသစ်လဲတိုင်း ကြည့်ဖြစ်သလား သိပ်တော့ မသေချာလှပါ။ တစ်လ မှာ နှစ်ကြိမ်၊ သို့မဟုတ် သုံးကြိမ်တော့ ကြည့်ဖြစ်သည်ထင်ပါသည်။ ကြည့်တိုင်းလည်း ညနေ ၆ နာရီခွဲပွဲကိုသာ ကြည့်ကြသည်။ အားလုံးကျောင်းတွေ၊ ကျူရှင်တွေ ပြီးချိန်၊ ဖေဖေဆေးခန်းပိတ်ချိန်၊ အားလုံး ကိုယ်စီ အားလပ်ချိန်မှာ ကြည့်ဖြစ်သည်ထင်ပါသည်။ များသောအားဖြင့် ကျောင်းပိတ်သည့် စနေ၊ တနင်္ဂနွေနေ့ ညများဖြစ်ဟန် တူပါသည်။

ရုပ်ရှင်ကြည့်ဖြစ်ရန် မည်သူက အစဖော်သည်ဆိုတာကိုတော့ ကျွန်မ သေချာမမှတ်မိပါ။ နံနက်ပိုင်း ကတည်းက သည်နေ့ည ရုပ်ရှင်ကြည့်ကြမည်ဟု အသံတစ်စထွက်လာသည်နှင့် ကျွန်မတို့ အားလုံး ရုပ်ရှင်ထဲကို စိတ်က ကြိုရောက်နေကြ သည်။စက်ဘီးလေး ဂျောက်ဂျက် နှင်းကာ ဇာတ်ကားအမည် သွားကြည့် သည့် မောင်ငယ်လေးက ''ဒီနေ့ ရုပ်ရှင်က ဆေးရောင်စုံ မြင်ကွင်း ကျယ်၊ ကာလာစကုပ်တဲ့ '' ဆို၍ ရယ်ကြရသေး သည်။  ရုပ်ရှင်ဇာတ်ကားအမည်က ''ဘာ'' ဆိုတာ သေချာမသိဘဲလည်း ထိုရုပ်ရှင်ကြည့် ရဖို့အရေး ကြိုတွေးကာ ပျော်နေကြခြင်းကား ထူးဆန်း လှပါဘိ။ ကျွန်မတို့ မိသားစု ရုပ်ရှင်ကြည့်ပုံ မှာ တွေးကြည့်လျှင် ထူးဆန်းပါသည်။ ပြနေသည့် ရုပ်ရှင်ဇာတ်ကား ကောင်းလွန်း၍ ကြည့်သင့်သည်ယူဆကာ သွားကြည့်ခြင်း မျိုး မဟုတ်ဘဲ မိသားစုလိုက် ရုပ်ရှင်ကြည့် အပန်းဖြေအနားယူခြင်းကို နှစ်သက်စွာ လုပ်ဆောင်နေ သည့် သဘော ဟုထင်ပါသည်။

 ''အဲဒီကားကြီး မကြည့်ချင်ပါဘူး'' ဟု ဘယ်သူ့ဆီကမှ တစ်ခါမျှ အသံမကြားဖူးပါ။ မည်သည့်ကား မဆို မိသားစုအားလုံးသာပါလျှင် စိတ်တူကိုယ်တူ သွားရောက်ကြည့်ကြမည့်သဘော။ တစ်ခါက ကျွန်မ သိပ်ကြည့်ချင်သည့် ဂေါ်ဇီလာဇာတ်ကားရုံတင်ချိန်မှာ အစ်ကိုကြီးနှင့် အစ်မကြီးက စာမေးပွဲရှိနေ၍ သူတို့ကိုငဲ့ညှာသော အားဖြင့် မကြည့်ရပါ။ သူတို့ကို ထားခဲ့ရောပေါ့ဟု ကျွန်မကတွေးသော်လည်း မေမေက ထားခဲ့ချင်ပုံမရပါ။  လူစုံမှ ကြည့်မည်ဟုဆိုပါသည်။ သည်အ ထိမိသားစုဘ၀နှင့် ရုပ်ရှင်ကို  ကျွန်မတို့တန်ဖိုးထားကြပါသည်။
သည်နေ့ည ရုပ်ရှင်ကြည့်မည် ဟုရည်ရွယ်လျှင်လည်း ထိုအချိန်တွင်အားလပ်အောင် လုပ်ထားကြ သည်။ ညကျရင် ရုပ်ရှင်ကြည့်မှာဆိုသည့်အတွေးက ကျွန်မတို့ဦးခေါင်းထဲဝယ် တစ်နေကုန် နေရာ ယူထားတတ်သည်။ စောစောအိပ်ချင်တတ်သည့် ကျွန်မက  ရုပ်ရှင်ရုံထဲ အိပ်မငိုက်အောင် ကြိုအိပ်ထား မှဟု တွေးကား နေ့လယ်ပိုင်းမှာ ၀အောင်အိပ်ထားရတတ်သည်။ အစ်ကိုကြီးက  ညနေ ၆ နာရီချိန်းထားသည့် သူငယ်ချင်း ဆီ ခပ်စောစောကြိုထွက်သွားကာ အမီပြန်လာမည်ဟု ဆိုတတ်သည်။

စာကြမ်းပိုးအစ်မလတ်က ညဦးပိုင်း စာကြည့်ချိန်ပဲ့မှာစိုးပြီး နေ့ခင်းပိုင်းမှာ စာကြည့်စာပွဲ  ကြိုထိုင်ကာ စာကျက် ထားတတ်သည်။ မေမေက ရုပ်ရှင်သွားလျှင်ဝတ်မည့် ကျွန်မတို့ အ၀တ်အ စားများကို  ပြန့်ပြူးသပ်ရပ်အောင် မီးပူ တိုက်ကာ ချိတ်တွင် အသင့်ချိတ် ပြင်ဆင်ပေးတတ်သည်။ ဖေဖေက သူ့လူနာတွေကို ''ညပွဲ ကျွန်တော် တို့မိသားစု ရုပ်ရှင်သွားကြည့်မှာ၊ ခင်ဗျားမိတ်ဆွေကို စောစောလာခိုင်းဗျ'' ဟု နံနက်ကတည်းက လက်ဆင့်ကမ်းမှာနေတတ်သည်။ သရေစာမက်သည့် မောင်ငယ်လေးက ''ညကျ ရုပ်ရှင်ကြည့်ရင် ကတိုးရုံနားက ဆိုင်မှာ ရေခဲမုန့်နှစ်ခွက် စားမယ်နော်'' ဟု ကြိုတင်ပူဆာနေတတ်သည်။  အစ်မကြီးက သူငယ်ချင်း ဆီဖုန်းခေါ်ကာ ''ငါ ဒီညနေ နင့်မွေးနေ့ မလာတော့ဘူး၊ ငါတို့ မိသားစု ရုပ်ရှင်သွားကြည့်မလို့ဟ ''ဟု တောင်းပန် စကား ဆိုနေတတ်သည်။ အစ်မကြီး၏အသံတွင် မိသားစုလိုက် ရုပ်ရှင်ကြည့်မည့်ကိစ္စအပေါ် ဂုဏ်ယူ ၀င့် ကြွား ဟန်က အထင်းသား ပေါ်နေသည်။ ကျွန်မ၏ မိသားစု ရုပ်ရှင်ကို မည်သည့်အကြောင်း ကိစ္စမျိုး ကမှ နှောင့်ယှက်ဖျက်ဆီး၍မရနိုင်ပါ။

လက်ရွေစင် ဇာတ်ကားများ အိမ်တွင် ငှားရမ်းကြည့်တာမျိုးမဟုတ်ဘဲ ရုပ်ရှင်ရုံတွင်ပြသမျှ သွားကြည့်သည့်အခါ တစ်ခါတစ်ခါ ကျွန်မတို့မျှော်လင့် သလောက်မကောင်းသည့်ဇာတ်ကားမျိုး လည်း ကြည့်မိရတတ်ပါသည်။ ဇာတ်ကားကြီိးကလည်း... မင်းသမီးကြီးကလည်း၊ ဇာတ်သိမ်းကြီး ကလည်း စသဖြင့် သားသမီးများဆီက အသံထွက် လာတိုင်း ''ဆီချက်စားရအောင် '' ဒါမှမဟုတ်  ''တစ်ခုခု စားရအောင်'' ဟု ဖေဖေက ဆိုတတ်သည်။ ကြည့် ရတာ ကျွန်မတို့ကို အာရုံလွှဲပြောင်း ပေသည်ဟု ထင်ပါသည်။ တကယ်လည်း ဆီချက် စား၊ ရေခဲမုန့်စားနေချိန်မှာ ရုပ်ရှင်ကားမ ကောင်း သည့်ကိစ္စက ပပျောက်သွားပါသည်။

အိမ်ရောက်သည်နှင့် ''ကြည့်ရတာမတန်ဘူး၊ တော်ပြီ၊ နောက်မကြည့်တော့ဘူး'' ဟု တစ်ယောက်က ပြောလျှင် ''ဟုတ်တယ်၊ မကြည့်တော့ဘူး '' ဟု ၀ိုင်းကာ ဟာမိုနီလိုက်ကြသည်။ သို့သော် နောက်တစ်ခါ မည်သူက အစဖော်သည်မသိ၊ ရုပ်ရှင်ကြည့်မည်ဟု အသံတစ်စထွက် လာလျှင် နောက်မကြည့်တော့ဘူးဆိုသည့် စကားများကို ကိုယ်စီမေ့ကာ ရုပ်ရှင်ကြည့်ရန် ပြင်ဆင်နေတတ်ကြပြန်သည်။ တစ်အိမ်လုံး တံခါများပိတ်၊ သော့များခတ်ကာ တစ်မိသားစုလုံး ရုပ်ရှင်ကြည့်လိုက်ကြပြန်ပြီ။
ဇာတ်ကားကောင်း လျှင်တော့ အိမ်အပြန် ကျွန်မတို့ခြေလှမ်းများက မြန်ဆန်သွက်လက်နေပြီ ဘယ်သူက ဘယ်လို၊ ဘယ်အခန်းမှာ ငါဘယ်ဘလိုလန့်သွားတာ၊ ဒါက  ဒီလိုမဟုတ်ပါဘူး စသဖြင့်  တစ်လမ်းလုံး ဆူညံအော်ဟစ် ကာ ငြင်းခုံ၊ ပြောဆို လာတတ်ကြသည်။

ကျွန်မတို့မိသားစုလိုက်ကြီး လမ်းလျှောက်ထွက်လာပြီးဆိုလျှင် လမ်းတွင်ဆုံသမျှ မိတ်ဆွေများက အလွန် အားကျကြသည်။ သူတို့အားလုံးက တညီတညွတ်တည်း ''ဒမောင်နှမတွေ ဘယ်တုံး" ဟု နှုတ်ဆက်လေ့ ရှိသည်။ "ဒီမိသားစု ဘယ်တုံး" ဟု မပြောကြပါ။ ဖေဖေက အရွယ်တင်နုပျိုသလို မေမေကလည်း အစ်မကြီးတို့လို သမီးအပျိုပေါက်လေးများနှင့် ညီအစ်မ သဖွယ် ဖြစ်နေသဖြင့် အားလုံးက ဒီမောင်နှမတစ်တွေဟု ဆိုကြခြင်းဖြစ်သည်။
    ဖေဖေက ပြုံးပြုံးကြီးလုပ်လျက် မေမေ့ပခုံးကို ဖက်ကာ "ဒါက ညီမအကြီးဆုံး"၊ တစ်ခါ မေမေ လက်ဆွဲ ထားသည့် ကျွန်မေညီမလေးကို ပြကာ"ဒါလေးက ညီမ အထွေးဆုံး" ဟု ထပ်ဆင့် ကွန့်ပေးတတ်သည်။

    ပြီးတော့ တစ်ဆက်တည်း "ရုပ်ရှင်သွားကြည့်မလို့လေဗျာ" ဟု ပြောလျှင် သူတို့အားလုံး၏ မျက်နှာမှာ အံ့သြရိပ်စွန်း သွားတတ်ကြသည်ကို ကျွန်မသုတိထားမိပါသည်။ ကျွန်မတို့မိသားစု၏ ၀တ်စားဆင်ယင်ပုံသည် ညနေခင်း အပန်းဖြေ ရုပ်ရှင်သွားကြည့်ပုံနှင့် မတူဘဲ အင်္ဂလန် ဘုရင်မကြီး၏ တော်ဝင်ပွဲလမ်းသဘင် အခမ်းအနား တက်ရောက်မည့် အထူးဧည့်သည်တော်များ ကဲ့သို့ ကိုယ်ရောင်ကိုယ်ဝါ တောက်ပစွာ ဆင်ယင် ထားကြ၍ အံ့သြခြင်းဖြစ်နိုင်ပါသည်။ ဟုတ်ပါသည်။ ကျွန်မတို့ မိသားစုအတွက် ရုပ်ရှင်ကြည့်ခြင်းသည် မြင့်မြတ် ခမ်းနားသော အမှုကိစ္စပြုဘိသကဲ့သို့ ကြီးမြတ်ထည်ဝါ နေတတ်ပါသည်။

    ကတုံးရုံတွင်တင်သော ရုပ်ရှင်ဇာတ်ကားများမှာ စုံလင်လှသည်။ ဥရောပကား တင်သလို၊ ဂျပန်၊ အိန္ဒိယကာလည်း တင်သည်။ ကာတွန်းကားလည်း တင်ပါသည်။ So This Is Love, Take Me Away, Princess And Photographer တို့လို အချစ်ကားများလည်း ပါသလို၊ ဂျိန်းမ်စ်ဘွန်း၊ ယူဘရိုင်းနားလို ဇာတ်ကြမ်း အက်ရှင်ကား လည်း ပါသည်။ သိပ္ပံကား၊ ဂြိုဟ်သားကားလည်း ပါသည်။ ဂေါ်ဇီလာကား၊ ကင်းကောင်ကား၊ ပင့်ကူကား စသည့် အကောင်ပလောင်ကားများလည်း ပါသည်။ ငလျင်ကား၊ မီးတောင်ကား စွန့်စားခန်း သည်းထိတ် ရင်ဖိုကားများလည်း ပါသည်။
    ကျွန်မတို့ကတော့ ကလေးများကပီပီ ဘာကိုမဆို စူးစမ်းလေ့လာ ကြည့်ချင်သည့် အရွယ်မို့ထားတော့။ ကြည့်ရင်းနှင့် ပျင်းလာလျှင်လည်း ကလေးပီပီ ရုံထဲမှာ အိပ်ငိုက် ပစ်လိုက်မည်။ ဖေဖေနှင့် မေမေ တို့က ကျွန်မတို့ ကလေးကြိုက်ဇာတ်ကားများ ကို ဘယ်လို သည်းညည်းခံ ကြည့်ခဲ့ကြမှာပါလိမ့်။ ကျွန်မငယ်ငယ်တုန်းကတော့ ထိုမချက် ကို စဉ်းစားရကောင်း မှန်းပင် မသိခဲ့ပါ။ ယခုကျမှသာ အရေးတယူ စဉ်းစားမိခြင်းဖြစ်ပါသည်။

    ဖေဖေနှင့်မေမေသည် သူတို့အကြိုက် ဇာတ်ကားဆိုသည်ထက် ကလေးများအားလုံးကို ခေါ်ကာ မိသားစု လိုက် ရုပ်ရှင်ကြည့်ခြင်း အရသာမှာ နှစ်ခြိုက်ပျော်ဝင်နေ၍ ဖြစ်ပါလိမ့်မည်။
    နောင်အခါ ကျွန်မတို့ မြို့ကလေးတွင် တီဗီများ ကြည့်နိုင်၊ ဗီဒီယိုများ စိတ်ကြိုက် ကြည့်နိုင် လာသော်လည်း ကျွန်မ တို့ မိသားစုမှာတော့ ရှပ်ရုင်ရုံမှာ သွားကြည့်မြဲ။ ကျွန်မတို့ မိသားစုမှာတော့ ရုပ်ရှင်ရုံမှာ သွားကြည့်မြဲ။ ကျွန်တို့မောင်နှမတွေ ဘွဲ့ကိုယ်စီရ၊ အလုပ်ကိုယ်စီလုပ်၊ အိမ်ထောင် အသီးသီးကျ။ နေရာဒေသ အသီးသီး ကွဲပြားခြားနား သွားရာ လူစုံတက်စုံတော့ ကြည့်ခွင့် မရတော့ပါ။
    ကျွန်မမှတ်မိပါသေးသည်။ ကျွန်မအလုပ်နားရက်၊ မြို့ကလေးသို့ အလည်ခဏပြန်လာချိန် မိသားစု ရုပ်ရှင် သွားကြည့်ကြမည်ဆိုရာ ကျွန်မစိတ်ထဲ လသားအရွယ် ကလေးငယ်တစ်ဖက်နှင့် အစ်မကြီးကတော့ အိမ်စောင့် ကျန်ရစ် လိမ့်မည်ဟု တွေးထားခဲ့သည်။ သို့သော် ထိုသို့ မဟုတ်ဘဲ ငယ်ငယ်တုန်းကလိုပင် တစ်အိမ်လုံး၊ တံခါးများပိတ်၊ သော့များခတ်ကာ အစ်မကြီးပါ ကလေး ငယ်လေးပွေ့လျက်နှင့် လိုက်ပါလာလျှင် ကျွန်မ အံ့သြရတော့သည်။ ရုပ်ရှင်ရုံထဲတွင် ကလေးက ထုံးစံအတိုင်း အာခေါင်ခြစ် ငို လျှင် မေမေ က မြေးကလေးကိုချီကာ အပြင်ထွက် ချော့မြှူထိန်းပေးပြီး အစ်မကို စိတ်ဖြောင့်လက်ဖြောင့် ကြည့်စေခဲ့ ပါသေးသည်။

    ကိုယ်စီ အလုပ်တာဝန်များဖိစီးလာမှုကြောင့် ဖေဖေမေမေ မိသားစုရှိရာ မြို့ကလေးသို့ ကျွန်မတို့ မောင်နှမများ စုံလင်စွာ မရောက်ဖြစ်တော့ပါ။ မောင်၊ ညီမလေး များ က နိုင်ငံရပ်ခြား မှာ။ ဖေဖေ စပ်ပေး သည့် ဆေးကို သောက်မှ ပျောက်သည်ဟု ယုံကြည်ရင်းစွဲ ရှိသည် တဲ့။ ဆေးခန်းလေး မှာတော့ ဆိုင်းဘုတ် လေးတစ်ခု ထပ်တိုးလာခဲ့ပြီ။ ကျွန်မတို့ အစ်မအကြီးဆုံး၏ သားကလေး ဒေါက်တာ တေဇာဝေယံ။ အဘိုးနှင့်မြေး ဆေးခန်း အတူ ထိုင်ကြပြီ။
ယခုနှစ် သီတင်းကျွတ်လပြည့်နေ့ တရားဝင် အလုပ်ပိတ်ရက်က တစ်ရက်တည်း ဖြစ်သော်လည်း ခွင့်ရက်ရှည် ထပ်ယူကာ နှစ်ကာလများစွာ အဆက်ပြတ်နေသော ဇာတိမြို့ ကလေးကို ကျွန်မ ရောက်သွားခဲ့သည်။ ရုပ်ရှင်ရုံများ သည် အမည်နာမကအစ ပြောင်းလဲနေခဲ့ပြီ။ 3D ရုပ်ရှင်ရုံပင် ရှိသည်တဲ့။ ဖေဖေ၊ မေမေ၊ အစ်မကြီး၊ အစ်မလတ်၊ တူလေးတို့ ရှိသည်။ ငယ်ဘဝကို တမ်းတသည့်သဘော၊ မိသားစုရှိသလောက်သာ ရုပ်ရှင် သွားကြည့်မည်ဟု ကျွန်မ စဉ်းစားထား သည်။ သို့သော် မဖြစ်နိုင်တော့ပါ။
ငယ်ငယ်တုန်းကမိသားစုရုပ်ရှင်သည် ဒဏ္ဍာရိဆန်ဆန် မှုန်ဝါးသွားခဲ့ပြီ။

အစ်မလတ်က သူ့အခန်းထဲမှာ တီဗီတစ်လုံးနှင့် ကိုရီးယားကား ကြည့်နေသည်။ ဖေဖေ က အောက်ထပ်ဧည့်ခန်း မှာ သူကြည့်ချင်ရာ Channel များကို ကိုယ်တိုင် remote control ဖြင့် ရွှေ့ပြောင်း ကြည့်နေသည်။ မေမေက အပေါ်ထပ် သူ့အခန်းလေး ထဲမှာ သီးသန့် တီဗီတစ်လုံးနှင့် ကြည့်တော့ကြည့်နေသည်။ ရုပ်ရှင်တော့မဟုတ်၊ ကမ္ဘာကြီးမှာ ဖြစ်ပျက်သမျှ သတင်းအချက်အ လက်တွေ ချက်ချင်းလွှင့်ထုတ်သမျှ နောက်ဆုံးရုပ်ပုံနှင့်တကွ လှုပ်လှုပ် ခတ်ခတ် ကမ္ဘာ့ဖန်သား ပြင်ထဲ တိုးဝင်လျက် မိသားစု ရုပ်ရှင်ကို သတိမရတော့ပါ။ အစ်မကြီးက အိမ်မကြီး အပေါ်ထပ်က သူ့အခန်းထဲမှာ ကြီးမားပြန့်ပြူးသည့် မြင်ကွင်းနှင့် တီဗီကြီးကို ကြည့်တော့ကြည့်နေ သည်။ Sky Net ရုပ်ရှင်တော့ ရုပ်ရှင်၊ မိသားစုရုပ်ရှင် မဟုတ်။ တစ်ကိုယ်ရေရုပ်ရှင်၊ အခန်းဝ ကနေ ရပ်ကြည့် နေသည့် ကျွန်မအား ''လာကြည့်၊ ဖိလစ်ပိုင် ဇာတ်လမ်းတွေ အရမ်းကောင်းတယ်'' ဟု လက်ရပ် ခေါ်လိုက်သေးသည်။

ကျွန်မ၏တူလေးအခန်းထဲ ဝင်လိုက်သည်။ ငယ်စဉ်က လသားအရွယ်လေးနှင့် မိသားစု ရုပ်ရှင်ထဲ တိုးဝင်ကြည့်ဖူးခဲ့သည့် ကလေး။ သည်တူလေးကို မိသားစုရုပ်ရှင်အကြောင်း ကျွန်မ ပြောပြချင် သေးသည်။ သူ့အခန်းထဲက အိပ်ရာထက်မှာ အေးအေးလူလူ လှဲနေသည့် တူလေးကို တွေ့၍ ပြောပြချင်ရန် အကောင်းဆုံး အချိန်ပဲဟု ကျွန်မယူဆလိုက်သည်။ သို့သော် ကျွန်မ ယူဆချက်မှားသွား၏။ အနားရောက်မှ သူက လှဲလှောင်းနေသည်မဟုတ်။ အိပ်ရာထဲမှာ သူ့လက်ပ်တော့်ပ်နှင့် PES Game (pro-Evolution Soccer) ဘောလုံး ကစားနေသည်။
 ဘာမှတောင် မဟရသေး။ တူလေးက ''လာမနှောင့်ယှက်နဲ့၊ လူနာတွေမလာခင် အချိန်လေးပဲ ဆော့ရတာ''တဲ့။

ရန်ကုန် အိမ်ပြန်ရောက်ချိန်မှာ ''နေပြည်တော်ရုံမှာ ရုပ်ရှင်သွားကြည့်ရအောင်''ဟု ခင်ပွန်းသည်ကို ကျွန်မပြောလိုက် ရာ သူ့မျက်လုံး က အံ့အားသင့်ဟန် မြောက်တက်သွားသည်။ ကျွန်မဆန္ဒကို လိုက်လျော့ပေးချင် စိတ်ဖြင့် ''သွားလေ သွားတာပေါ့'' ဟု သူပြောခဲ့သော်လည်း ယနေ့ထိ ကျွန်မ တို့ ရုပ်ရှင်ရုံမှာ ရုပ်ရှင် မကြည့်ဖြစ်ပါ။ နှစ်ယောက်စလုံး အားမည့်အချိန်ကို ညိဖို့ ကြိုးစားသော် လည်း ကျွန်မတို့နှစ်ယောက်လုံး တစ်ပြိုင်နက်တည်း အားချိန်က ရုပ်ရှင်ကားတစ်ကားစာ အချိန် လေးပင် မရနိုင်တော့သည့်အထိ တစ်စုံတစ်ရာက ကျွန်မ တို့ကို ဝါးမျိုသွားခဲ့ပြီ။
ယခုအခါဝယ် ကျွန်မတို့ငယ်ငယ်ကလို မိသားစုရုပ်ရှင် အေးအေးလူလူ ကြည့်နိုင်သူများ ရှိ မရှိ ကျွန်မ သိချင်စမ်း ပါသည်။ ရှိခဲ့လျှင် ရှင်နှင့် ရှင့်မိသားစုဝင်များ အားလုံးအတွက် ဂုဏ်ယူ ဝမ်းမြောက်မိပါကြောင်း သည်နေရာကနေ ချီးမွှမ်းထောပနာ စကားဆိုလိုက်ပါသည်။

စုမီအောင်
.
>>>ဆက်ဖတ်ရန်>>> >>

Thursday, September 6, 2012

ဒေါက်တာမောင်သင်း ၏ ငယ်စဉ်ကရခဲ့တဲ့ "ဝ"တတ် အမေရဲ့အမွေ

ငယ်စဉ်ကရခဲ့တဲ့ "ဝ"တတ် အမေရဲ့အမွေ

ကျွန်တော် က တောသား ပါ။ ကျွန်တော့်အစ်ကို(၂)ယောက်နဲ့ ကျွန်တော်က(၆) နှစ်လောက်ကွာပါတယ်။ ကျွန်တော် ဘုန်းကြီးကျောင်း မှာနေတော့ အစ်ကိုကြီးက အလယ် တန်းအောင်ပြီးပြီ။ အမေ့ရဲ့အမြင်က သူ့သားတွေ အားလုံး ကို ပြည်တော်သာကျောင်း (မူလတန်းကျောင်း) မထားမီ ဘုန်းကြီးကျောင်းမှာ တစ်ဝါတွင်း သွားထားလေ့ ရှိပါတယ်။ သီတင်းကျွတ်တော့မှ အစိုးရမူလတန်းကျောင်း ရွှေ့ပါတယ်။ ကျွန်တော်ငါးနှစ်သားမှာ ဘုန်းကြီးကျောင်း ထားပါတယ်။ ကျွန်တော်ကမသွားလိုပါ။

ဘုန်းကြီးကျောင်း က ကျောင်းဒကာ ရဲ့သားဆိုပြီး အစားအသောက်ကောင်းကောင်း ကျွေးပေမဲ့ ဘုရားစာ စာသင်တာ (မင်္ဂလသုတ်ပါတဲ့ ငါးစောင်တွဲ) အလျှော့မပေးပါ။ ကျွန်တော်ကဥာဏ်ထက်လို့နဲ့တူတယ်။ အခက်အခဲ မရှိပါ။ ကိုယ်ကစာရရင် သူများကို အားလုံးရှေ့ထွက်ပြီး စာတိုင်ပေးရပါတယ်။ မရတဲ့သူတွေက လိုက် ဆိုပေါ့။ အဲဒီအချိန်ပျော်တောင်ပျော်ပါသေးတယ်။ ကျွန်တော့်ကို ငယ်တဲ့သူမို့ ကျောင်းဒကာရဲ့သားမို့ဆိုပြီး ကုဋီဆေးခိုင်း၊ ပန်းကန်ဆေးခိုင်း၊ ကျောင်းမြက် ရှင်းခိုင်း၊ မြက်သယ်တာမလျှော့ပါ။ အဲဒါအတွက်လည်း စိတ် မပျက်ပါ။

မနက်တိုင်း ဦးပဉ္ဇင်းတွေ၊ ကိုရင်တွေတန်းစီပြီး ဆွမ်းခံကြွလေ့ရှိပါတယ်။ ကျွန်တော် က ရှေ့ဆုံး က ကြေးစည်တီး ရပါတယ်။ ကြေးစည်သံကြားတော့မှ အိမ်တွေကဆွမ်းထွက်လောင်း တာပါ။ အဲဒါလည်း ပျော်ပါတယ်။ ခက်တာက အပြန် မှာပါ။ တစ်ရွာ လုံး အနှံ့ ဆွမ်းခံပြီးတော့ အပြန်မှာ အစိုးရမူလတန်းကျောင်း တက် တဲ့ ကျောင်းသူကျောင်းသားတွေနဲ့ ဆုံပါတယ်။ အဲဒီအခါမှာ သူတို့လှောင်ပြောင်တာက ဘုန်းကြီးကျောင်းသား သူတောင်းစား၊ စာသင် ကျောင်းသား အကောင်းစား`` ဆိုတာကပါပဲ။ အဲဒီတုန်းက ဘုန်းကြီးကျောင်းသားက (၄၀) လောက် ရှိပါတယ်။ မိဘတွေချို့တဲ့လို့ သူတို့သားသမီးကို မကျွေးနိုင်၊ စာမသင်ပေးနိုင်တဲ့ အတွက် ဘုန်းကြီး ကျောင်းဒကာသားဖြစ်တဲ့ ကျွန်တော်က ဘုန်းကြီးကျွေးတာစားနေရတော့ အဲဒီလို လှောင်ပြောင်တာ မခံနိုင် ပါ။ ပြီးတော့ ကျွန်တော့်လိုလူက ကျွန်တော်တစ် ယောက်တည်းပါ။

ကျွန်တော် ကတော့ ကျောင်းအိပ် ကျောင်းစားမဟုတ်ပါ။ မနက်(၆)နာရီသွား ညနေ(၅)နာရီ ပြန်ပါတယ်။ ဒါကြောင့် မနက်(၆)နာရီ ဘုန်းကြီးကျောင်း သွားရမယ်ဆိုရင်တိုင်း အမေနဲ့ပြဿနာတက်ပါတယ်။ ကျွန်တော် နည်းမျိုးစုံငြင်း ပါတယ်။ တစ်ခါမှာတော့ အမေစိတ်ဆိုးလို့ ရိုက်လည်းရိုက်၊ လက်ဆွဲပြီး ကျောင်းပို့ပါတယ်။ လမ်းမှာ'' နင်တို့ကို ဘုန်းကြီးကျောင်းထားတာ လိမ္မာဖို့၊ ဘုရား၊ ရဟန်း၊ ဘုန်းကြီးကျောင်း နဲ့ မဝင်ဆံ့လို့ ဘာသာတရား မလေးစားရင် ငါ့သားတွေ မလိမ္မာရင် နင်တို့ အလကား ပဲတဲ့။'' နောက်တစ်နေ့တွေမှာတော့ အရိုက်ခံ ရမှာစိုး ၍ ဘုန်းကြီးကျောင်း မှန်မှန်သွားခဲ့သည်။ သီတင်းကျွတ်ရက်ကို မျှော်ရင်းပေါ့။

သီတင်းကျွတ်တော့ အစိုးရကျောင်းကို ပြောင်းတက် ပါတယ်။ (အဲဒီတုန်းက မူလတန်းကျောင်းတွေက လက်ခံ ပါသည်)။ စာမေးတော့ တော်တော် ဖြေနိုင်သဖြင့် သူငယ်တန်းလေးအဆင့်ကိုကျော်ပြီး သူငယ်တန်းကြီးတက် ရပါ သည်။ (ယနေ့ သူငယ်တန်းကို ၂တန်း မခွဲတော့ပါ။ ''ဘုန်းကြီးကျောင်းသား သူတောင်းစား အလှောင် ပြောင်ခံ ဘဝ''က လွတ်လို့ ပျော်ခဲ့ပါသည်။ ဒါပေမဲ့ အမေ့ရဲ့ ''ဘုရား၊ ရဟန်း၊ ဘုန်းကြီးကျောင်းနဲ့ ဝင်ဆံ့မှုကင်းပြီး ဘာသာတရား၊ မလေးစားခဲ့ရင် နင်တို့ မလိမ္မာမှာစိုးလို့ ''ဆိုတာ ကို နားမလည်ခဲ့ဘဲ ဘုန်းကြီးကျောင်း မှ ထွက်ခဲ့သည်။

အမေ က အိမ်ရှင်မ၊ အဖေ့စီးပွားရေးနားမလည်ပါ။ ကျွန်တော်(၅)နှစ်သားမှာ ရုတ်တရက် အဖေဆုံးတော့ အဖေ့ စီးပွားရေး ကို ဘာဆက်မှန်းမသိ။ လူလိမ်ခံရ၊ ဒါနဲ့ စီးပွားကျဆင်းလာပါသည်။ ဆင်ပိန်ကျွဲပါ။ ဒါပေမဲ့ သားသမီး(၅)ယောက် နဲ့ အမေကငတ်မှာကြောက်နေတယ်။ ဒါနဲ့ အမေအကြော်ကြော်ပါတယ်။ ပြီးတော့ (၈)နှစ်သား ကျွန်တော့် ကို အကြော်ဗန်း ခေါင်းရွက်ပြီး ရွာရိုးတစ်လျှောက် ရောင်းရပါတယ်။ အဲဒီတော့ တစ်ဆွေတစ်မျိုးလုံး နဲ့ တစ်ရွာလုံးက အမေ့မပြောရဲတော့ ကျွန်တော့်ကို '' နင်တို့အမေက ငတ်နေလို့ ဒီလို လုပ်တာလားတဲ့''ကလေးပီပီ ရှက်ပြီး မျက်ရည်ကျ အမေ့ကို ပြန်ပြောတော့ အမေက ''သူများပစ္စည်းခိုးတာမှ မဟုတ်တာ၊ သမ္မအာဇီဝ ပဲ၊ ဘာမှ ရှက်စရာမရှိဘူး သတ္တိရှိရှိ လုပ်စမ်းပါ သားရယ်'' တဲ့ဆိုပြီး အားပေးတာ ဆက်ရောင်းခိုင်း ပါတယ်။

ဒီလိုနဲ့ စာသင်နေတဲ့ အစ်ကိုကြီး(၉)တန်းနဲ့ (ကျောင်းထွက်ပြီး ဆိုရှယ်လစ်ခေတ် စပြောင်းချိန် မို့ ပြည်သူ့ဆိုင်တွေ အဖွင့်မှာ) ဆိုင်တာဝန်ခံအလုပ်ရလို့ ကျွန်တော်တို့မိသားစု သနပ်ပင်မြို့ကို ပြောင်းခဲ့ပါတယ်။ ကျွန်တော်(၂)တန်းအောင် တဲ့ (၁၉၆၅)ခုနှစ်ကပါ။ အမေက ကျောင်းပိတ်ရက် မှာ မြေပဲဆားလှော်ရောင်း ခိုင်းပါတယ်။ မြို့ဆိုတော့ ရွာမှာလို '' နင့်အမေက ငတ်နေလို့ ဒီလိုခိုင်းတာလား''လို့ပြောမယ့်သူ၊ သရော်မယ့်သူ မရှိပါ။ ကျွန်တော် လှေဆိပ်၊ ကားဂိတ်၊ ရုပ်ရှင်ရုံတွေ မှာ ပျော်ပျော်ကြီး မြေပဲဆားလှော် ရောင်း ပါတယ်။ နွေရာသီ ကျောင်းပိတ်ရင် ရေခဲချောင်းရောင်း ပါတယ်။ အရင်းမလိုပါ။ တစ်ချောင်း (၅)ပြား၊ အချောင်း တစ်ရာကုန်ရင်(၁)ကျပ်ပြား (၅၀)(တစ်ကျပ်ခွဲ) မြတ်ပါတယ်။ အဲဒီလို ကိုယ့်ကျောင်းစရိတ်ကို ရှာရင်း ကိုယ့်အား ကိုယ့်ကိုး တတ်တဲ့ အလေ့အထ ရလာပါတော့သည်။

တစ်နေ့တော့ မြေပဲဆားလှော်ရောင်းရင်း မျောက်ပန်းဝိုင်းနားရောက်သွားပါတယ်။ (အကြွေစေ့လေးတွေ နဲ့ ခေါင်းပန်း လှန်တာပါ။  အဲဒီမျောက်ပန်းဝိုင်းက လူတွေ ဝယ်လိုက်တာနဲ့ ကုန်သွားတော့ အချိန်စောသေးတာ နဲ့ လောင်းကစားဝိုင်း ကို ကြည့်နေမိပါတယ်။ (၁၀)မိနစ်လောက်ကြာတော့ မျောက်ပန်းလောင်းနည်း တတ်သွား ပါတယ်။

ငါးပြား၊ ဆယ်ပြားလောင်းမိတယ်၊ ကံကောင်းချင်တော့ လောင်းတိုင်းနိုင်တယ်။ တစ်နာရီကျော်ကြာ လောင်း မိတော့ တစ်ကျပ်လောက် နိုင် ပါတယ်။ အပြန်မှာ ပန်းသေးခေါက်ဆွဲဆိုင်နားရောက်တော့ အမေကြိုက်တာကို သတိရတာ နဲ့ ပန်းသေးခေါက်ဆွဲ တစ်ပွဲ ဝယ်ပါတယ်။ တစ်ပွဲမှ (၇၅)ပြားပါ။ ဆိုင်ရှင်က အသိဆိုတော့ အရည်ထည့်မယ့် ချိုင့်ကလေး ပါ ငှားလိုက်ပါတယ်။ အိမ်ရောက်တော့ အမေ့ကို ဝမ်းသာအားရပေး ပါတယ်။ ခေါက်ဆွဲချိုင့် ကို မဖွင့်ပါ။ အမေက ပိုက်ဆံဘယ်ကရတာလဲတဲ့။ ကျွန်တော် လည်း မျောက်ပန်းနိုင်တာ လို့ ပြောလိုက်ရော ပန်းသေးခေါက်ဆွဲချိုင့် ကို လွှင့်ပစ် လိုက်ပါတယ်။ ပြီးတော့ ''လျှာမြက်ပေါက်ပါစေ၊ ငါ့ကို ဒါမျိုး ရှာမကျွေးနဲ့'' တဲ့။ အမေအင်မတန်ဒေါသ ထွက်နေပုံကို ကြည့်လိုက် မြေပေါ်မှာ ပြန့်ကျဲနေ တဲ့ ခေါက်ဆွဲဖတ်တွေ ကို ကြည့်လိုက်နဲ့ ကျွန်တော် မှင်တက်နေမိပါတယ်။ ကျွန်တော့် ဘဝတစ်လျှောက် အမေ ဒီလောက် ဒေါသ ထွက်တာ ဒီတစ်ခါ ပထမဆုံး နဲ့ နောက်ဆုံးအကြိမ် တွေ့တာပါပဲ။

အမေရဲ့ စိတ်ဆိုးမာန်ဆိုး စကားကို တတိယတန်းကျောင်းသား ကျွန်တော်နား လည်ခဲ့ပါတယ်။ ငတ်ပြီးစားစရာမရှိလို့ မြေကြီးပဲ ယူစားရတာများလို့ လျှာပေါ်မှာ မြေကြီးတွေ ထူပြီး မြေကြီးထဲကပါလာတဲ့ မြက်ပေါက်တဲ့ဘဝ ရောက်ပါစေ။ မတရားမှုနဲ့တော့ အသက်မ မွေးနဲ့လို့ အမြဲဆုံးမနေကျမို့ပါ။ ယခုလည်း ကျွန်တော်ရှာလာတဲ့ ပိုက်ဆံက လောင်းကစားနဲ့ ရလာတဲ့ပိုက်ဆံမို့ သူအင်မတန်ကြိုက်တဲ့''ပန်းသေးခေါက်ဆွဲ''ကို ဖွင့်တောင်မကြည့်ဘဲလွှတ် ပစ်ခဲ့ပါတယ်။

အမေရဲ့ ''လျှာပေါ်မြက်ပေါက်ပါစေ''ကြောင့် နောက်ပိုင်းမှာ အမေနဲ့အတူ ပွဲဈေးတန်း တွေမှာ၊ ညဘက် ကောက်ညှင်းထုပ် ရောင်း ခဲ့ပါတယ်။ ကိုယ့်အိမ် အတွက် ရေခပ်ရင်း၊ ဘေးအိမ်အတွက် ပါ ရေငှားထမ်း ခဲ့ ပါတယ်။ တစ်ထမ်း(၁၅)ပြားနဲ့ပါ။ ပြီးတော့ အဒေါ်ရဲ့အိမ်မှာ ဆေးလိပ်ပို(တောင်းအကြီးကြီးခေါ်တာပါ) တွေ ထမ်းခဲ့ပါ တယ်။ ဒီလိုနဲ့ တက္ကသိုလ်ဝင်တန်း အောင်ပါတယ်။ (၁၉၇၃)ခုနှစ်ပါ။ တစ်ကျောင်းလုံး လူ(၁၀၀)ကျော် မှာ နှစ်ချင်းပေါက် (က) အဆင့် က အောင်တာ(၂)ယောက်တည်းပါ။

ကျွန်တော်တို့ (၁၀)တန်းအောင်တဲ့နှစ် မှာ အလုပ်နေရာတွေ အများကြီးပေါ်လာ ပါတယ်။ ရပ်ကွက်ကောင်စီ စာရေး ပါ။ ကျွန်တော်တို့မြို့နယ်မှာ ရပ်ကွက်နဲ့ ကျေးရွာအုပ် စု(၆၃)ခုရှိလို့ အလုပ်နေရာတွေက အများကြီး လိုပါတယ်။ လျှောက်တဲ့သူ ရ ပါတယ်။အများစုကတော့ လျှောက်ဖို့ ပြောပေမဲ့ ကျွန်တော်က စိတ်မဝင်စား ပါ။ တက္ကသိုလ် တက်ချင်ပါတယ်။ အမေ့မှာက မနိုင်ဝန်ပါ။ အမေ့ကို မဝံ့မရဲပြောတော့ ''တို့အမျိုးထဲ ဘွဲ့ရ မရှိဘူး၊ ငါကလည်း ငါ့သား ကို ပညာတတ်ကြီးပဲ ဖြစ်စေချင်တယ်။ အစ်ကိုကြီးနဲ့တိုင်ပင်''တဲ့။

အစ်ကိုကြီးက ''ငါ့တို့ ဝိုင်းကူမယ်။ မင်းချွေတာသုံး''တဲ့ ။ဒီလိုနဲ့ တက္ကသိုလ်တက်ဖြစ်ခဲ့ပါတယ်။ အဲဒီတော့ ပတ်ဝန်းကျင် က ပြောတာခံရပြန်ရော၊ ''သူများတွေအလုပ်ရဖို့ ပါတီရုံးတွေမှာ နှစ်တွေ၊ လတွေကြာအောင် လုပ်အားပေး မှ ရတာအခု အလွယ်တကူ အလုပ်တစ်ခုရတာမယူဘူး၊ မိဘက ရှိတာလည်း မဟုတ်ဘဲနဲ့။ ဘွဲ့ရတော့ကော အလုပ်က ရမှာလား။ မိုက်လိုက်တဲ့သား တဲ့။ ကျွန်တော်ကတော့ ပညာသင်ဖို့ပဲ အားသန်ခဲ့ ပါတယ်။ ကျွန်တော်ရဲ့ ပညာရှာလိုစိတ် အားထက်သန်မှုကို အမေက အားပေးခဲ့တယ်။ ကျွန်တော် လည်း ကျောင်းပိတ်လို့ပြန်လာရင် ဆေးလိပ်ခုံမှာ ဖက်ပိုထမ်းပြီး ကျောင်းစရိတ်စုပါတယ်။ မိန်းမပျိုလေးတွေကြားမှာ တက္ကသိုလ် ကျောင်းသား ကျွန်တော် က မရှက်ခဲ့ပါ။ (၈)နှစ်သားတုန်းက ရွာမှာ အကြော်ရောင်းစဉ် က အမေမွေးခိုင်းခဲ့တဲ့ သတ္တိရခဲ့လို့ပါ။

ကျွန်တော် တို့ သနပ်ပင်တစ်နယ်လုံး မော်လမြိုင်ကောလိပ်မှာတက်ရပါတယ်။ အဲဒီတုန်းက တက္ကသိုလ် မဖြစ်သေး ပါ။ မော်လမြိုင် က မှောင်ခိုမြို့တော်ပါ။ ဆိုရှယ်လစ်ခေတ် ဆိုတော့ ထိုင်းနိုင်ငံမှ သယ်လာသမျှ ပစ္စည်း အားလုံး မော်လမြိုင်မှာ တစ်စခန်းချပါတယ်။ ပြီးတော့မှ ရန်ကုန်ကို သယ်ပါတယ်။ အဲဒီတုန်းက ကျောင်းသားတစ်ယောက် ခရီးသည် လက်ဆွဲအိတ်(၂)အိတ်လောက် ရန်ကုန် သယ်နိုင်ရင် ငွေကျပ်(၁၀၀) နဲ့ (၂၀၀)ကြားမြတ် ပါတယ်။ အဲဒီခေတ်က ကျောင်းစရိတ်တစ်လစာ လုံလောက် ပါတယ်။ ကျောင်းသား ဆိုရင် အကောက်ခွန်က မဖမ်းပါ။ တချို့ တစ်လတစ်ခေါက် ရန်ကုန်ပြန်ပြီး ကျောင်းစရိတ် ရှာပါတယ်။ ကျွန်တော် မလုပ်ခဲ့ပါ။ မလုပ်ရတဲ့အကြောင်းက အမေ့ကြောင့်ပါ။ အဲဒီလို ကျောင်းသားဆိုတဲ့ အရှိန်အဝါ သုံးပြီး မှောင်ခိုပစ္စည်းသယ်လို့ရတယ် ဆိုတာ အရပ်ကပြောလာတော့ အမေက ကျွန်တော် ကို ခေါ်ပြောပါတယ်။ ဥပဒေနဲ့ မကင်းတာ မလုပ်နဲ့ တို့အမျိုးထဲ မှာ ရုံးရောက်၊ ဂါတ်(ရဲစခန်း)ရောက်တာ မရှိဘူးတဲ့။ ငါလည်း မသွားချင်ဘူး ရှက်တယ်တဲ့။

ကျွန်တော်တို့ မိသားစု သတင်းစာလပေး ဝယ်ဖို့မတတ်နိုင်ပါ။ စာအုပ်၊ ဂျာနယ်ဆိုတာ ဝေးပါသေးတယ်။ ဒါပေမဲ့ ကျွန်တော် ကံကောင်းပါတယ်။ အိမ်ရှေ့က ကျွန်တောအဒေါ်က သတင်းစာလပေး ဝယ်ပါသည်။ အိမ်နားက  အထက်တန်း စာရေး အစ်ကိုကြီး က ဂျာနယ်မျိုး စုံဝယ်ပါသည်။ သတင်းစာ ဘယ်လောက်စောသလဲဆိုရင် ကျွန်တော်ကျောင်း သွား ရင် သတင်းစာဖတ်ပြီးမှ သွားတာပါ။ (တီဗီ ခန့်စည်သူနဲ့ မြဝတီသတင်းစာကြော်ငြာမှာ မနက် ၇း၀၀နာရီရောက်တယ် ဆိုတော့ ငယ်ငယ်က ဘဝကို သတိရမိသေး။) အိမ်နားက အစ်ကိုကြီးက ရှုထောင့်၊ အိုးဝေ၊ ရွှေတူတို့ ဖတ်ပါတယ်။ ကျွန်တော်က စာဖတ်ဝါသနာ ပါမှန်းမသိတော့ ဖတ်ပြီးတိုင်း ကျွန်တော့်ပေး ပါတယ်။ စာအုပ်တွေလည်း ဒီလိုပဲ။  ပြီးတော့ သူ့သူငယ်ချင်းတစ်ယောက်ရဲ့အစ်ကိုက စာအုပ် ဆိုင်ဖွင့်တော့ အဲဒီဆိုင် မှာ စနေ၊ တနင်္ဂနွေ၊ ဝိုင်းကူရာကနေ စာမျိုးစုံဖတ်လာ တယ်။(၁၀)တန်း ကျောင်းသား ဘဝရောက် တော့  နိုင်ငံရေး စာတွေ ဖတ်လာပါတယ်။ တက္ကသိုလ်ရောက်တော့ ကွန်မြူနစ်ဆန် တဲ့ စာတွေဖတ် မိ ပါတယ်။ မြန်မာဆိုရှယ်လစ်လမ်းစဉ် နဲ့ ကွန်မြူနစ်စာမတောက်မခေါက်က  ''အလုပ် ဆိုတာ ကုန်ထုတ် လုပ်တဲ့ လုပ်ငန်း '' လို့ အစွဲမှား အယူမှတ်ခဲ့ပါတယ်။

အဲဒီအစွဲမှား ကျွတ် ဖို့ ဖန်လာတဲ့နေ့ ရောက်လာပါတယ်။ တတိယနှစ်တက္ကသိုလ် ကျောင်း သားဘဝ ဒီဇင်ဘာကျောင်းပိတ် ရက် ပါ။ ကျွန်တော်တို့မြို့က ပဲခူးနဲ့(၇)မိုင်ဝေး ပါတယ်။ပဲခူးမြို့ ကြခတ်ဝိုင်းစာသင်တိုက်က ဦးပဉ္ဇင်းတွေ ဆွမ်းဆန်စိမ်း အလှူခံဖို့ကြွတော့ အမေက လောင်းပါတယ်။ အမေ ဆွမ်းဆန်စိမ်းလောင်းနေတုန်း ကျွန်တော် က ရဟန်းပျို တွေကိုကြည့်ပြီး ဒီလောက်ခွန်အားနဲ့ပြည့်စုံတဲ့အရွယ် ယောက်ျားသားတွေ အလုပ် မလုပ်ဘဲ ဘာလို့များ သူများလှူ တဲ့ တန်း တဲ့ ပစ္စည်းတွေ စားနေရတာလဲ၊ စက်ရုံ၊ အလုပ်ရုံတွေမှာ ဝင်လုပ် လို့ဖြစ်သား နဲ့ ဆိုပြီးရေရွတ်မိပါတယ်။ အမေကလှည့်ကြည့် မျက်စောင်းထိုးပါတယ်။ ဆွမ်းလောင်းလို့လဲပြီးရော ငသင်း လို့ခေါ် ပါတယ်။

အမေစိတ်ဆိုးရင် မောင်ဖြုတ်ပြီး ငတတ်ပြီး ခေါ်တတ်ပါတယ်။ နင်ကအလုပ်လုပ်တယ်ဆိုတာ လယ်လုပ်၊ စက်ရုံမှာ လုပ်၊ ဈေးရောင်းမှ အလုပ်လို့ထင်တာလား၊ ကျောင်းဆရာတွေလိုပဲ ဆရာတော်တွေလည်း လူတွေကို လိမ္မာ အောင် ဒေါသ၊ မောဟ၊ မာန၊ လောဘနည်းအောင် ဟောပေး၊ သင်ပေးတဲ့ အလုပ်လုပ် နေတာလေ ဆရာ တစ်မျိုး တဲ့ ပြီးတော့နင်တို့ပြောနေ တဲ့ ဆိုရှယ်လစ် ကွန်မြူနစ် တို့ဆိုတဲ့ အဖွဲ့တွေပေါ်တာ ဘယ်လောက်ကြာပြီ လဲတဲ့။ ကျွန်တော်ကနှစ် (၈၀) ကျော်ပါ။ အများဆုံး (၁၀၀)ပေါ့ အမေလို့ပြောတော့ သံဃိာ အဖွဲ့က နှစ်ပေါင်း(၂၅၀၀)ကျော်ပြီဟို ဦးနုခေတ် က ဖဆပလ အခုမရှိတော့ဘူး မဟုတ်လား။ အဲဒီလို မခိုင်မာတဲ့ အဖွဲ့တွေပေါ များတဲ့ အထဲက၊ ဒီလောက်နှစ်ပေါင်း ၂၅၀၀ကျော်တည်မြဲတာ ကောင်းလို့ပေါ့။ ဘာကောင်း တာလဲ ငါ မပြောတတ်ဘူး။ နင့်ဟာနင် ရှာကြည့်။ အမေရဲ့နှစ်ပေါင်း ၂၅၀၀ကျော် တည်မြဲတဲ့ အဖွဲ့ ဟာ ကောင်းလို့ပေါ့ ဆိုတဲ့စကားကြောင့် ကျွန်တော်ဖတ်တဲ့စအုပ်တွေ ဟာ မာ့က်စ်၊ လီနင်၊ မော်စီတုံး တို့ဘက် ကို ရှေ့ဆက် မသွားတော့ပါ။ ဗုဒ္ဓ ဓမ္မဆီိ သို့ လမ်းကြောင်းပြောင်းခဲ့ပါတယ်။

ကျွန်တော်တို့ အခြေခံပညာအထက်တန်းစာမေးပွဲဖြေပြီးမှာ သန်းခေါင်းစာရင်းကောက် ရပါတယ်။ ၁၉၇၃ခုနှစ် ကပါ။ သန်းခေါင်စာရင်း ကောက်ရတဲ့အချက်မှာ လူတစ်ဦးရဲ့ ပညာအရည်အချင်း ကို မေးရ ပါတယ်။ အောင်တဲ့အတန်း ကို ဖြည့်ပေးရပါတယ်။(ဥပမာ-၄တန်းအောင်၊ ၅တန်းအောင်၊ ဘွဲ့ရ စသည်ဖြင့်) စာမတတ် ရင် မတတ်လို့ဖြည့်ရပါတယ်။ အတန်းတွေကမအောင်ပေမဲ့ စာရေးတတ်၊ ဖတ်တတ်ရင်တော့ ဝတတ် လို့ (ဝလုံး ကိုစပြီး ရေးသား မှ တတ်လာတဲ့မြန်မာစာကို ရေးတတ်၊ဖတ်တတ်တာမို့ ဆိုလို ပါတယ်) ဖြည့်ရပါတယ်။ ဒုတိယကမ္ဘာစစ်အတွင်းမှာ ကလေးဘဝကို ဖြတ်သန်းခဲ့ရတဲ့ အဖေနဲ့အမေ ဟာ ကျောင်း မနေ ခဲ့ရလို့ (၁)တန်း မှ မအောင်ခဲ့ပါ။ စာရေးတတ် ဖတ်တတ်လို့ သန်းခေါင်စာရင်းမှာ "ဝ" တတ်ဆို တဲ့ စကား ကို အမေ သိ၊ အမေနားလည်ခဲ့ပါတယ်။

ကျွန်တော် နောက်ဆုံးနှစ် စာမေးပွဲဖြေပြီးလို့ ပြန်လာတော့ အမေ့ကို အနားပေးပြီး အမေ့ကုန်စုံဆိုင် အ လုပ် ပဲ ဆက်လုပ်မယ် ကျွန်တော် ဆုံးဖြတ်ပြီး အမေ့ကို ပြောတော့ ဘွဲ့ရ (၁၆) တန်းအောင် (သူငယ် တန်းလေး၊ သူငယ်တန်းကြီး (၂)တန်း၊ ကထမတန်း မှ ၁၀ တန်းထိ (၁၀) တန်း၊ ဘွဲ့ (၄) တန်းပါဆို တော့  ၁၆ တန်းပါ) တဲ့ သူက တစ်တန်းမှ မအောင်တဲ့  ''၀'' တတ် သူတွေလုပ်တတ် တဲ့ အလုပ်ကို ဆက်လုပ်မယ်ဆိုတော့ မင်း ဘာလို့ ပညာသင် ခဲ့တာလဲသား၊ (၁၆) နှစ်လုံးလုံး မရှုံးဘူး တဲ့၊ အမေရဲ့ ဈေးကွက် အတွက်အရ  ပေါ်ထွက်လာတဲ့ ဘ၀အောင်မြင်ရေး ဒဿနပါ၊ အဖေ၊ အမေထက် (၁၆) တန်းသာတဲ့ ကျွန်တော်ဟာ အမြင့်ကို မလှမ်းဘဲ ခပ်နိမ့်နိမ့် ဘ၀ မှာ ပျော်ပိုက်နေလို့ မဖြစ်တော့ပါ။ ဒါနဲ့ အောင်စာရင်းထွက်တော့ Qualify ၀င်တာနဲ့ မဟာဘွဲ့ သင်တန်းကို ထုံးစံအတိုင်း ကိုယ် ကျောင်းစရိတ် ကိုယ်ရှာ၊ စုပြီး ကျောင်းဆက်တက်ခဲ့တာ ယနေ့ ဘ၀ရောက် ခဲ့ပါတယ်။

ကျွန်တော် ယနေ့ ပါမောက္ခချုပ်ဆိုတဲ့ဘ၀ ရောက်ခဲ့ရတာဟာ တစ်တန်းမှမအောင်ဘဲ သေစာ၊ ရှင်စာလောက် သာ ဖတ်တတ်တဲ့ ''၀ '' တတ် အမေ က ပေးခဲ့တဲ့ သုံးမကုန်တဲ့ အမွေကြောင့်ပါ။
ဘုန်းကြီး၊ ရဟန်း၊ ကျောင်း နဲ့မနီးစပ်ရင် မင်းကို မလိမ္မာမှာစိုးလို့ဆိုတဲ့ စကားဟာ  နောက်ပိုင်းမှာ မှန်မှန်း သိလာ ပါတယ်။ သူတော်ကောင်းစကား နဲ့ ဓမ္မစကားအမြဲကြားနေရ မှ လိမ္မာသူ ဖြစ်တာကိုး...
သမ္မာအာဇီဝ အလုပ် ဟာ ဘာမှ ရှက်စရာမရှိဆိုတဲ့ မှန်ကန်တဲ့အသက်မွေးမှုနဲ့  မှန်ကန်တဲ့အလုပ်ဆို ရင် လုပ်ရဲတဲ့ သတ္တိအမွေ ကို  ပိုင်ဆိုင်ပြီး ကိုယ့်ကျောင်းစရိတ်ကိုယ်ရှာ ကျောင်းတက်ခဲ့လို့....

-      '' သားကို အမေက ပညာတတ်ပဲ ဖြစ်စေချင်တယ် '' ဆိုတဲ့ ပညာအမွေသာ ယူဖို့လမ်း ပြပေးခဲ့လို့
-        ဘွဲ့ရ (၁၆) တန်းအောင်တဲ့သားက ''၀'' တတ်တွေတောင်လုပ်တတ်တဲ့ ဈေးရောင်းအလုပ်   
        လုပ်ရင် မရှုံးဘူးလား ဆိုပြီး အမြင့်ဆီကို တက်လှမ်းဖို့ ဘ၀အောင်မြင်ရေး အတွက်အချက်
        ပညာ အမွေရခဲ့လို့...  ''

လျှာမြက်ပေါက်ပါစေ တော်မတရားရှာမကျွေးနဲ့ဆိုတဲ့အမွေရလို့ ငွေကြေးဓနကြောင့် ၀န်ထမ်းဘ၀မှာ လုပ်ပိုင်ခွင့် သုံးကာ မတော်မတရား စီးပွားမရှာခဲ့ပါ။ ဆရာ၊ ဆရာမတွေနဲ့ ကျောင်းသူ ကျောင်းသားတွေ ကျွန်တော် ဆုပေးတိုင်း ''ဒီဘ၀မှာ ကြုံကြဆုံရတဲ့ အမိ၊ အဘ၊ ဆရာသမားတွေထက် လောကီ၊ လောကုတ္တရာ နှစ်ဖြာသော ပညာရပ်တွေ မှာ သာလွန်မြင့်မြတ်တဲ့ ပညာရှင်ကောင်း ၊ ပညာရှင်မြတ် ဖြစ်ကြပါစေလို့ '' ဆု ပေးလေ့ ရှိပါတယ်။ ''၀'' တတ် ကျွန်တော်မိခင် က ကျွန်တော့်ကို ပေးခဲ့တဲ့ အမွေတွေကြောင့်ပါ။

ကျွန်တော် အမေ ဟာ လောကီပညာ တတ်တဲ့ ပညာတတ်ဖြစ်ရန် ငွေကြေးမပြည့်စုံတဲ့ကြားက တက္ကသိုလ် ပို့ခဲ့ပါတယ်။ လောကုတ္တရာပညာရဖို့ ကျောင်းမနေခင်ကတည်းက တရာဓမ္မနဲ့နီးအောင် ဘုန်းကြီးကျောင်းပို့ခဲ့ သလို ကွန်မြူနစ်ဝါဒ မှ  ဓမ္မဆီသို့ ပြန်လှည့်အောင် သွန်သင်ပေးခဲ့ပါတယ်။ လူငယ်တွေ မိဘ ဆီမှ မြတ်သော မြင့်သော အမွေယူတတ်နိုင်ပါမှ မိဘထက် ပို မြင့်တဲ့ဘ၀ရောက်ကြမှာ။ ဒါမှ မိဘတွေပျော်မှာ အဲဒီလို ကျောင်းစာ အပြင် အသိဉာဏ် ပိုပွင့်လင်းအောင် စာများများ ဖတ်မှရမှာပါ။ စာဖတ်နာကြပါ။

(၁၉၈၀ ပြည့်နှစ်က ကွယ်လွန်ခဲ့ပြီး ကျေးဇူးဆပ်ခွင့်မကြုံခဲ့တဲ့ မွေးသမိခင် ကျေးဇူးရှင် ဒေါ်ကြင်ကြင် သို့ ရိုသေစွာ ပူဇော်ကန်တော့ လျက်)

ဒေါက်တာမောင်သင်း
.
ကောင်းသန့် ၏ ငယ်ငယ်တုန်းက စာစု များမှ
.
>>>ဆက်ဖတ်ရန်>>> >>

Friday, August 31, 2012

စံ- ဇာဏီဘို ၏ ငယ်ငယ်တုန်းက

စံ- ဇာဏီဘို ၏ ငယ်ငယ်တုန်းက

အပြစ်များစွာကို ကျူးလွန်လေ့ရှိသော လူ့ဘ၀သည် သွန်သင်ခံရခြင်း၊ ဆုံးမခံရခြင်း၊ ဆူပူမာန်မဲ ခံရခြင်း၊ ငေါက်ငမ်းခံရခြင်း ...၊ လက်ပိုက်၍ မတ်တတ်ရပ်ရခြင်း၊ နားရွက်ဆွဲ ထိုင်ထလုပ်ရခြင်း၊ လက်ခေါက်၊ လက်ဝါးမှ အစ ခြေသလုံး တင်ပါးအဆုံး ကြိမ်လုံးဖြင့် တဗုန်းဗုန်းရိုက်နှက်ခံရခြင်း၊ ဆံပင်ဆွဲ ခံရခြင်း၊ ခေါင်းခေါက် ခံရခြင်း၊ ဘုန်းကြီး ထံအပ်၍ ဆုံးမခံရခြင်း၊ အရိုက်ကြမ်းသော ဆရာတို့ထံတွင် အပ်နှံ၊ ပေတံနှင့် ခြေသလုံး၊ တင်ပါး၊ လက်ဝါး၊ လက်ခုပ်မကျန် ရိုက်နှက်စေခြင်း၊ မုန့်ဖိုးဖြတ်ခံရခြင်းစသည့် .... စသည့် အပြစ်ပေးသော ဒဏ်များ ကို ခံရစမြဲဖြစ်သည်။
အပြစ်မရှိသေး သည့် ကလေးဘ၀ဆိုသည်ကား ပုခက်အတွင်း နေခဲ့ရသော မွေးကင်းစ လအနည်းငယ် သာ ဖြစ်မည် ထင်၏။ ငယ်ဘ၀ဆိုသည်ကို တွေးမိတိုင်းစိတ်ဆိုး ဒေါသထွက်နေသော မျက်နှာများ၊ ယူကျုံး မရဖြစ်နေသော မျက်နှာများ၊ အားမလိုအားမရဖြစ်နေသော လက်ဦးဆရာများကိုသာ မြင်ယောင် မိတော့သည်။

နွေရာသီကျောင်းပိတ်ရက်သည်ကား ...အသက်(၇) နှစ် အရွယ်တစ်ဦးအတွက် လွန်စွာ စိတ်ညစ်ဖွယ် ကောင်းသော ကာလရှည်တစ်ခုဖြစ်၏။ ပိုလိုကတ်ရိုက်ဖက်၊ သားရေကွင်းပစ်ဖက်၊ ပေသီးပစ်ဖက်၊ သူငယ်ချင်းများနှင့် တရုန်းရုန်းနေခဲ့ရသော ကျောင်းတက်ရက်များကို လွမ်း၏။ အိမ်နီးချင်းများသည် မိန်းကလေးများလှ၏။ အပျိုမကြီး အစ်မ ခက်ချော မှ ဦးဆောင်၍ ထမင်းချက်တမ်းကစားခြင်း၊ ထုပ်ဆီး တိုးခြင်း၊ ဈေးရောင်းဈေးဝယ် ကစားခြင်း၊ အစ်မနှင့် သူငယ်ချင်းများက မွန်တို့ဌာနေ ရမညဟူသော သီချင်းများနှင့် မင်းသမီးလုပ်၍ ကခုန်သောခါ ကန့်လန့်ကာဆွဲရ၊ ခိုင်းတိုင်းလုပ်ရနှင့် မည်သို့မျှ မပျော်နိုင်။ အဆိုးဆုံးသည်ကား ကျောင်းတက်ရက်များတွင် ရနေကျမုန့်ဖိုး(၁၀) ပြားမရခြင်းတည်း။

လေးထောက့်ပုံ ၁၀ ပြားစေ့ ခြင်္သေ့ရုပ်တစ်ဖက်၊ ပန်းတစ်ဖက် ခပ်လေးလေး သတ္တုစေ့ကို လက်ဝါးစား တွင် ပတာနီ ၀ယ်စားလိုက်၊ ဆီးပေါင်းဝယ်စားလိုက်၊ ပဲကြော်ဝယ်စားလိုက်၊ ဗယာကြော်ဝယ်စားလိုက်၊ ခေါက်မုန့်ကို တကြွပ်ကြွပ်ဝါးစားလိုက်နှင့် မုန့်စားဆင်းချိန်မှ မုန့်ပဲသရေစာတို့၏ အရသာတို့ကိုလည်း စိတ်ကူးမှ ပုံဖော်ကာ တစိမ့်စိမ့်ထွက်လာသော သွားရေနှင့် တံတွေးပေါင်း၍ ဂလုခနဲမျိုချရသည်။
ကျောင်းတက်သော အချိန်၌သာ မုန့်ဖိုးပေး၍ ကျောင်းမတက်သော အချိန်၌ မုန့်ဖိုးမပေးသော မိဘတို့ အား မည်သို့ နားလည်ရမှန်းမသိ။ အိမ်မှချက်သော ထမင်း၊ ဟင်း၊ ကျွေးမွေးသော မုန့်မျိုးစုံတို့သည် ကား ကျောင်းရှိ ခါလာကြီးမုန့်ဆိုင်မှ ၅ ပြားတန်မုန့်၏ အရသာကိုပင်မမီ။ မိန်းကလေးများ ကစားသော နေရာတွင်လည်း ကြာကြာမကစားနိုင်။ တစ်ဦးတည်း ခွေလိမ့်ရန် လမ်းမပေါ်သို့ တက်ခဲ့သည်။ စမုတ်တံ များမပါတော့သည့် သံချေးအထပ်ထပ်နှင့် စက်ဘီးခွေ အဟောင်းအား တုတ်တိုနှင့် ရိုက်လိုက်။ အလယ်မြောင်းမှ တွန်းလိုက်နှင့် ကတ္တရာလမ်းမှ မော်တော်ကားများ၊ မြင်းလှည်းများ၊ စက်ဘီး၊ ဆိုင်ကယ်များနှင့် ယှဉ်၍ ပြေးလွှားရသည်ကား အရသာရှိ၏။

မောလျှင် တုတ်ကိုခါးထိုး၊ ခွေကို ဆွဲ၍ မြင်းရထား၏နောက် တွဲလဲခို၍ လိုက်သွားရသည်ကား ...တဂျီဂျီ သီချင်းဆိုလိုက်၊ ကလိုက်၊ ဖန်ခုန်တမ်းကစားလိုက်၊ ခဲလုံးများပစ်ကာ မှောက်ကာ ဇယ်ခုတ်နေသော မိန်းကလေးများနှင့် နေရခြင်းထက် ပို၍ ပျော်ရွှင်ဖွယ်ဖြစ်သည်။
မြင်းလှည်းခိုစီး၍ ဈေးကြီးဘက်သို့ ရောက်လေသော် ဖျတ်ခနဲ ခုန်ဆင်း၏။ ထို့နောက် မြ၀တီစတိုးရှိရာ သို့ သွား၏။ ကာတွန်းအရုပ်များကြည့်၏။ တစ်အုပ်လျှင်ပြား ၆၀ ပေးရသော မော်ဒန်ကာတွန်း၊ ကာတွန်းညွန့်ပေါင်း၊ ပေါ်ပြူလာကာတွန်း၊ ကာတွန်းစုံ၊ ကာတွန်းပဒေသာ စသည့် ကာတွန်းတို့အား ကြည့်၍ မောင်ကမ္ဘာ၊ ဗိုလ်ပုချို၊ မြားနတ်မောင်၊ ဘုတ်ဆုံ၊ ဗလကြီး၊ ဗလလေး၊ မောင်သတ္တိ၊ ဒီလုံး၊ ဦးစံရှား၊ ဦးဒိန်းဒေါင်၊ ဦးစိတ်တို၊ မျောက်ညို၊ တာဇံ၊ ဦးကပ်စေး စသည့် ရင်ထဲမှ ကာတွန်းဇာတ်လိုက် တို့ကိုကြည့်၏။ အဖုံးသာ ကြည့်ရသည်။ ကိုင်ခွင့်မရှိ။ ရုပ်ရှင်ရုံဘက်သို့ လမ်းလျှောက်၏။ ဘိုင်စကုပ် ပိုစတာများကြည့်၏။ ပိုစတာ ပန်းချီ ရေးခြင်းကိုလည်း ထိုင်ငေး၏။

ဓာတ်ပုံပေါ်၌လည်းကောင်း၊ ပိတ်ကားပေါ်၌လည်းကောင်း လေးထောင့်ကွက်များချ၍ ပုံကူးဆွဲခြင်းကိုကြည့်၏။ စိန်မေ၀င်း ရုပ်ရှင်ရုံ တွင် တင်ထားသော ပိုစတာထဲမှ ဘိုင်စကုပ်မင်းသား ၀င်းဦး သည် နှုတ်ခမ်းမွေးရှိ၏။ မေးစေ့တွင် မှဲ့ပါ၏။ အမွေးရှိ၏။ ဓာတ်ပုံအတိုင်း ကျကျနနပုံဆွဲခြင်းကို ကြည့်နေစဉ် ချာတိတ် မင်းဘီလမ်းက ဆန်နီ မဟုတ်လား။ ပခုံးပုတ်၍ မေးလာသဖြင့် လှည့်ကြည့်သော် ဘိုင်စကုပ်မင်းသား ကို တွေ့၏။ အမောက် ထောင်ထား၏။ နှုတ်ခမ်းမွေးရှိ၏။ မေးစေ့တွင် မှဲ့ရှိ၏။ သေချာကြည့်လေသော် မေးစေ့မှ မှဲ့ကို ဆေးအနက်ဆိုး၍ မှဲ့အတုလုပ်ထားခြင်းဖြစ်သည်။ ၀င်းဦးနှင့် မတူ တူအောင် နှုတ်ခမ်းမွေးထား၊ မှဲ့ထိုး ထားခြင်းဖြစ်သည်။ မည်သို့ဖြေရမှန်းမသိ၍ ခေါင်းညိတ်၍ ဟုတ်ကြောင်းတုံ့ပြန်လိုက်သည်။

ဝင်းဦးအတုက ပြုံးရယ်ကာ အိတ်ထဲမှ ချိုချဉ်ကို ထုတ်ကျွေး၏။ ရှုားမီးချိုချဉ်အုတ်ခဲပုံဖြစ်သည်။ အပေါ်မှ ပလတ်စတစ်ကိုခွဲ၍ ချိုချဉ်ပါးစောင်ထဲသွင်း၊ တပြွတ်ပြွတ်စုပ်၍ မော့ကြည့်သောအခါ ချာတိတ် မင်းတို့ အိမ်ခေါင်းရင်းက ခင်ချောနဲ့ မင်းနဲ့သိလား ''သိတယ်'' ချိုချဉ်အား တစ်ဖက်ပါးစောင်သို့ပြောင်း ..တပြွတ် ပြွတ်စုပ်ကာ ခေါင်းညိတ်၍ ပြန်ဖြေသည်။ ၀င်းဦးအတု ပြုံးသွားသည်။ ''သူနဲ့ငါက ချစ်သူတွေ ကွ ကျောင်းကပိတ်ထားတော့ ...လူချင်းကလည်း မတွေ့ရတော့''... ဆိုသော စကားမဆုံးမီ ''ဟုတ်တယ်... ကျောင်းပိတ်တာ လုံးဝမကောင်းဘူး.... မုန့်ဖိုးဆယ်ပြားမရဘူး၊ သူငယ်ချင်းတွေနဲ့လည်း မကစား ရဘူး'' ဟူ၍ ခံစာချက်အပြည့်နှင့် စကားပြန်ရင်း အပြန်အလှန် မိတ်ဖွဲ့လေသည်။ လှပသော အရုပ်များ ပါ၍ မွှေးရနံ့ရှိသော စာအိတ်ကို သယ်ဆောင်၍ ''ခင်ချော ထံ'' လူကြီးမသိအောင် ပေးရမည်ဖြစ်သည်။

''ပေးပြီးလျှင် သူပေးတဲ့စာ ပြန်ယူခဲ့..ဒီနေ့ညနေ ၃း၀၀ နာရီမှာ ပြည်တော်သာကွင်းရှေ့က ညောင်ပင် အောက်မှာ စောင့်နေမယ်'' ဟုပြောကာ .... ''မင်းက ကာတွန်းကြိုက်လို့လားဟူ၍ဆိုကာ ပေါ်ပြူလာ ကာတွန်းတစ်အုပ်အား ၀ယ်ပေး၏။ ပေးလာသော ကာတွန်းကြိုက်လို့လားဟူ၍ ပေးရမည့်စာအား ကာတွန်းစာအုပ်ကြားညှပ်၍ ခွေကိုလှိမ့်၍ ပြန်ရသည်မှာ မမောနိုင်တော့... ''အစ်မခင်ချော''ရော့ နှုတ်ခမ်းမွေးနဲ့ ၀င်းဦးပေးခိုင်းလိုက်တာ''ဟု ပြော၍ လူအလစ်ပေးလေသော်... မခင်ချော၏ မျက်နှာပြင် သည်ကား စတော်ဘယ်ရီသီးလိုလို၊ ချယ်ရီပန်းလိုလို၊ နီတစ်လှည့် ပန်းရောင် တစ်လှည့်နှင့်။ ''ဟဲ့ ကောင်လေးဆန်နီ နင်ဘယ်သူ့ကိုမှ လျှောက်မပြောနဲ့နော်'' ခါတိုင်း မာန်လိုက်မဲလိုက် အစ်မချောသည် ကား ဆိတ်နို့ဘီစကစ် တစ်ချပ်ကျွေး၍ ပြုံးပြုံးရယ်ရယ် ဆက်ဆံခြင်းက ဆန်းလှပေ၏။ ကာတွန်းဖက် လိုက်၊ ဘီစကစ်စားလိုက်နှင့် ဟန်ကျကာ မေမြို့နွေဦးလေပြည်အောက် တွင် မှေးငိုက်နေဆဲ ''ဟဲ့ ဆန်နီ ဆန်နီ'' အမည်ခေါ်၍ လှုပ်နှိုးသံကြား၍ မျက်လုံးဖွင့်ကြည့်သော်... အစ်မခင်ချော ကို တွေ့ရသည်။

''ရော့ သူ့ကို ဒီစာသွားပေး၊ ဘယ်သူမှ မသိစေနဲ့နော်'' အလွန်မွှေးလှသော ပန်းရောင်စာရွက်ကို ဘိုင်စကုပ် ကြော်ငြာများ ခေါက်သကဲ့သို့ လေးထောင့်ပုံ ခေါက်ချိုးထး၏။ စာကို အိတ်ထဲထည့် ....ခွေလှိမ့် ၍ ညောင်ပင်အောက်မှ ၀င်းဦးအတုကိုသွားပေး၏။ စာကိုဖတ်ကာ ၀င်းဦးအတု နှုတ်ခမ်းမွေးများ ကားသွား အောင်ပြုံး၏။ ''ချာတိတ် မင်းတော်တယ်'' ဟု ဆိုကာ အပြာရောင် စက္ကူတစ်ရွက်ပေး၏။ ပိုက်ဆံ (၁၀) ဖြစ်၏။ ကျောင်းတွင်သင်သော အလီတိုင်ကို ရွတ်၍ ငွေ ၁၀ အား ၁၀ ပြား ဖြင့်ဖွဲ့လေသော်၊ တစ်ကျပ် လျှင် ၁၀ ပြားစေ့ ၁၀ စေ့ဖြစ်ပေရာ ငွေတစ်ဆယ်က ဆယ်ပြားစေ့ အစေ့ (၁၀၀) နှင့် တူ၏။ ငါးပြားစေ့ ဆိုလျှင်ကား အကြွေစေ့ပေါင်း ၂၀၀။ ပျော်လိုက်သည့်ဖြစ်ခြင်း။ တစ်နေ့ ၁၀ ပြား မုန့်ဖိုးရသည့် ကျောင်းတက်ရက်ပေါင်း ၁၀၀ လျှင် ရသောငွေကြေးကို ရခြင်းတည်း။ ထိုပိုက်ဆံကို ကိုင်၍ အိပ်မပျော်၊ ခေါင်းအုံးအောက် ထည့်လိုက်၊ ဘောင်းဘီထဲထည့်လိုက်၊ အင်္ကျီအိတ်ထဲထည့်လိုက်၊ လွယ်အိတ်ထဲ ထည့်လိုက်၊ လွယ်အိတ်ထဲ ထည့်လိုက်နှင့် မိုးလင်းခါနီးမှ အိပ်ပျော်သွားသည်။ အိမ်အနီးအပါးမှ ဆူညံသံများကြား၍ အိပ်ရာ မှ နိုးလေသော်... နေအတော်မြင့်နေသည်။

''အမလေး သမီးမိုက် မိခင်ချောရဲ့... အခုတော့ လင်နောက်လိုက်ပါပေါ့လား'' ဟု အော်ကြီးဟစ်ကျယ် တစ်ရပ်လုံးကြားအောင် ငိုနေသော... အစ်မခင်ချော၏ အမေအသံကို နားထောင်လိုက်...၊ စာအုပ်ကြး မှ ပိုက်ဆံ ၁၀ ကို ကြည့်လိုက်နှင့်။

သုံးရခက်သော ပိုက်ဆံတစ်ဆယ်

ထိုခေတ်ကာလ ငွေ ၁၀ သည်ကား အလွန်သုံးရခက်၏။ လမ်းထိပ်ရှိ မာမူမုတ်ဆိတ်ကြီးဆိုင်၌ ပတာနီ ထုပ်ဝယ်၏။ တစ်ထုပ် ငါးပြားဖြစ်၏။ ပိုက်ဆံ ၁၀ တန်အား ထုတ်ပေးသော် ''အာ ရို့ ရို့... ချွတ်တား ဘာရာဆတ်'' (သူဌေးပေါက်စလေး...) ငါးပြားနှင့် ပိုက်ဆံ ၁၀ တန်ကို ဘယ်လိုအမ်းမလဲ။ အကြွေပါ လား။ ငါးပြား ပါလားပေး ဆိုးထားသော ဆံပင်နီရဲရဲ၊ အဖြူအမည်းရောင် ရောထွေးနေသော မုန်ဆိတ် နှင့် ကွမ်းချေး တက်ကာ မည်းနေသောသွား၊ နီရဲနေသော လျှာများ၊ တစ်ချိန်လုံးနီရဲနေသော မျက်လုံးနီ ကြီးများနှင့် အလွန်ကြောက်မက်ဖွယ်ကောင်းသော ဆိုင်ရှင်ကုလားကြီး၏ လက်မှ ပိုက်ဆံ ၁၀ ကို ကြည့်ကာ အပိုင်စီးမည့် ပုံပေါက်နေသဖြင့် ဆိုင်ရှင်ကုလားကြီး၏ လက်မှ ပိုက်ဆံ ၁၀ ကို ဆတ်ခနဲ ပြန်လုကာ ပတာနီထုပ် ကိုလည်း ပြန်မထားဘဲ လှစ်ခနဲ ထွက်ပြေးလေသည်။ ''အာရေး ဘားဘား ကျိုးရ် ၀ါလား၊ ချွတ်တား ကျိုးရ်ဝါလား''...little thief... thief... ဒေါရဘော...တခိုး....တခိုး...စသည့် ဘာသာ စုံနှင့် အော်ဟစ်နေသော ကုလားကြီးအား ကျောခိုင်း၍ တချီတည်းပြေးလေတော့သည်။ မြို့လယ်ခေါင် လာရှိုးလမ်းနံဘေး တံတားဘောင် တွင် အကျအနထိုင်၏။ ပတာနီတစ်လုံးအား ပါးစပ်ထဲပစ်ထည့်လိုက် တံတားကြီးအောက်တွင် စီးဆင်းနေသော မေမြို့မြောင်းပုပ်ကြီးထဲ တစ်လုံးပစ်ချလိုက်နှင့် ပိုက်ဆံ ၁၀ မည်သို့ သုံးရမည်ကို အကြံထုတ်လေသည်။

''ဟေ့ကောင် ဆန်နီ'' ဘာလုပ်နေတာလဲ...ခေါ်သံကြား၍ လှည့်ကြည့်လိုက်ရာ လမ်းထိပ်မှ လူပျိုပေါက် ဂျွန်ကိုတွေ့ရ၏။ ''ဂျွန်''သည် ဂျူးကပြား ဖြစ်၏။ လူပျိုကြီးများနှင့် တွဲသည်။ ပေသီးပစ်ခြင်းတွင် ကျွမ်းကျင်၏။ ကျွဲချို၊ လောက်လေးခွကို ပိုင်၏။ စက်ဘီးကို လက်နှစ်ဖက်လွှတ်၍ စီးနိုင်၏။ သူ၏ ဖခင်၏ ဂစ်တာကိုလည်း ယူ၍ တဂျောင်ဂျောင်တီးနိုင်၏။ တာဇိံလိုလည်း ကြိုးခိုစီးနိုင်သည်။ သစ်ပင် တက်ကျွမ်ကျင်သည်။ ရှေ့ကျွမ်း၊ နောက်ကျွမ်း ထိုးတတ်သည်။ ကောင်းဘွိုင်ကဲ့သို့ ကြိုးကွင်းပစ်တတ် သည်။ ကလေးအားလုံး၏ Hero ''ဟီးရိုး'' တစ်ယောက် ဖြစ်သည်။ မိုးထိမြင့်အောင် ''လေတံခွန်'' (စွန်) လွှတ်တတ်သည်။ ''ဟာကိုဂျွန်ကြီး ဘယ်သွားမလို့်လဲ'' ... ''ပျင်းရင် လိုက်ခဲ့လေကွာ''ဟု ခေါင်းပုတ်၍ စိတ်လို လက်ရ ခေါ်၏။ ၁၃ နှစ်အရွယ်ရှိသော ဂျွန်ကခေါ်လျှင် ဘယ်နေရာရောက်ရောက်လိုက်ရပေ မည်။ ညံတောရှိ ဘိလိယက်ခုံသို့သွား၏။ အင်္ဂလိပ် ဘိုင်စကုပ်မင်းသားအလား ပိုလိုစီးကရက်ကိုခဲကာ ဘိလိယက်ထိုးခြင်းကို သဘောကျ၏။

 ''ဟိုဟာခိုင်းလိုပ်ပေး...ဒီဟာခိုင်းလုပ်ပေး ဖင်ပေါ့သော ဆန်နီကို ဂျွန်သဘောကျသွား၏။ ဘိလိယက်ထိုး၍ ပိုက်ဆံ အတော်အတန်နိုင်ပုံရ၏။ လက်ဖက်ရည်ဆိုင် ခေါ်သွား၏။ လက်ဖက်ရည်တိုက်၏။ မုန့်ကျွေး၏။ ထို့နောက် ညံတောကွင်းဘေးသို့ ခေါ်သွား၏။ လမ်းဘေး အရိပ်ကောင်းလှသော ညောင်ပင်ကြီးအောက်တွင် ပိုက်ဆံထောက်ပစ်သူပစ်၊ ကျားထိုးသူ ထိုး၊ ကြွေအံပစ်သူပစ်၊ မိုးကြိုး ပစ်ဘက်မှ ဂေါ်ရခါးတစ်ခုသည်လည်း ဖဲရိုက်နေကြ၏။ ကွင်းပြောင် ပြောင် တစ်နေရာ၌ ဂျွန်ကထိုင်၍ ရေး၏။ လက်ခုပ်တဖျောင်းဖျောင်းတီး၍ တင်ပျဉ်ခွေထိုင်ကာ ၅ မူးစေ့ ၂ စေ့ကို ထုပ်၍ တစ်ပြားပြီးတစ်ပြားလှည့်၏။ ဘယ်တစ်လှည့်၊ ညာတစ်လှည့် လှည့်ကာ လက်ဝါးဖြင့် အုပ်၏။ ခြင်္သေ့ ၂ ကောင်ပေါ်က ခေါင်းစုံ၊ ပန်း ၂ ဖက်ပေါ်က ပန်းစုံ၊ ခြင်္သေ့တစ်ဖက် ပန်းတစ်ဖက်ပေါ် ကဘက်ဟုယူဆ၏။ ပန်းတစ်ဖက်၊ ခေါင်းတစ်ဖက်ပေါ်က ဘက်စုံကို လျော်ရ၏။ လျော်လိုက်၊ စားလိုက် နှင့် အလွန်ပျော်စရာ ကောင်း၏။ ပိုက်ဆံဟူသည်မှာ အလွန်ပျော်စရာကောင်းသော ကစားစရာတစ်ခု ဖြစ်သည်ကို ထိုအချိန်မှစ၍ သဘောပေါက်လေတော့သည်။

ကလေးသူခိုး ငရဲရောက်ခြင်း

ဤသို့ဖြင့် နွေရာသီကျောင်းပိတ်ရက်ကြီး ကုန်လုပြီ။ ကျောင်းဖွင့်လျှင် ကျောင်းပြန်တက်ရမည်ကို စိုးရိမ် ၏။ ၂ တန်းသို့ တက်ရမည်။ ရွယ်တူ ၂ တန်းကျောင်းသားများနှင့် အတူတက်ရမည်ကို ၀န်လေး၏။ ညံတောကွင်းဘေး ကာလသား တစ်သိုက်နှင့် ဒေါ်အေးခ အကြော်ဆိုင်သွားစားလိုက်၊ ဦးမောင်အေး မုန့်တီစားလိုက်၊ စိန်ပေါက်ခေါက်ဆွဲကြော်ဆိုင်၌ ခေါက်ဆွဲကြော်စားလိုက်၊ လေငွန်တွင် ၀က်စတူးဟင်း စားလိုက်၊ ပင်းသာသို့သွား၍ မုန့်စားလိုက်၊ ချာတာကြီးဆိုင်မှ ချောကလက်ဝယ်စားလိုက်၊ ပင်းသာသို့ သွား၍ မုန့်စားလိုက်၊ ချာတာကြီးဆိုင်မှ ချောကလက်ဝယ်စားလိုက်၊ မြို့မရုပ်ရှင်ရုံရှေ့တွင် ဆိတ်သား ခါးပတ်စားလိုက်။ အသားတင်ကပ်လိုက်နှင့် ကာလသားတို့ထုံး နှလုံးမူရသည်မှာ ကျောင်းမုန့်ဆိုင်တန်း မှ ၅ ပြား တန် ပတာနီ၊ ဗယာကြော်၊ ဆီးပေါင်းတို့အား လားလားမှပင်ပြန်၍ မတွေးချင်။

ခါလာကြီးဆိုင်မှ ၅ပြားတန် ပီကေနှင့် ချာတာကြီးဆိုင်မှ ငါးမူးတန် ပီကေသည်ကား အရသာလည်းမတူ အနှစ်သာရ လည်း ကွာလှ၏။ တစ်စစ လူပျိုကြီးများသောက်သုံးသော ဘိလပ်ရည်ကိုပင် ၀ယ်ယူသောက်သုံးသော အဆင့် ကိုရောက်၏။ ပုလင်းဝအပေါက် အလယ်တွင် ပိတ် ထားသော ဂေါ်လီလုံးကိုဖယ်၍ အမြှုပ်များ ထွက်စေကာ ကျလာသော အမြှုပ်များကို လက်နှင့်တို့ လျှာဖြင့်လျက်လိုက၊ ပုလင်းကိုလှုပ်လိုက်၊အမြှုပ် များထွက် လာလိုက် အပေါင်းအသင်းများနှင့် ဆော့ကြ၏။ ဗင်တို၊ ဖလူတို၊ ကရင်ဆော်ဒါ၊ လိမ္မော်၊ ပင်မှည့်၊ ဂျင်ဂျာဘီယာ အစရှိသည်တို့ကို တစ်မျိုးပြီးတစ်မျိုး လှည့်ကာ သောက်သုံး၏။ ဆယ်ပြားဟူသော ပိုက်ဆံသည်ပင် အိတ်ထဲ၌လေးလှ၏။

ကျောင်းဖွင့်သောအခါ မုန့်ဖိုး ၁၅ ပြားရ၏။ နေ့စဉ် ကျောင်းတက်ရသော် ညောင်ပင်အောက်မှ ကာလသား များနှင့် ဝေး၏။ သားရေကွင်းလည်း မပစ်လို တော့။ ပတာနီထုပ်ကို ကိုင်၍လည်း မျိုမကျ။ ကျောင်းမှကြော်သည်လည်း အေးစက်နေ၏။ အတန်းကြီးမှ ကျောင်းသားများ သောက်နေသော ဘိလပ်ရည် အနံ့သည်လည်း အရသာသိနေသော သူ့အတွက် သွားရည်တများများ။ သုံး၍မ လောက်သော ပိုက်ဆံ ၁၅ ပြားအား ငုံ့ကြည့်ရင်း အိမ်မှ အစ်မ၏ စုဘူးအား စိတ်ထဲမှာ မြင်ယောင် လာ၏။
အစ်မ၏ စုဘူးသည် ကြောင်းအဖြူရုပ်လေးဖြစ်၏။ ရရှိသမျှမုန့်ဖိုးကို စု၏။ အစ်မသည် အလွန် ကပ်စေးနှဲ ၏။ ပေးသမျှသော ပိုက်ဆံများအား ၀ယ်မစားဘဲ ပိုက ပိုက်ဆံစုဘူးထဲထည့်ကာ စုထား၏။ လက်ဖြင့် ''မ '' ကြည့်သောအခါ အလွန်လေး၏။ ပိုက်ဆံ အတော်အတန် စုဆောင်းမိပြီဖြစ် မည်ဟုထင်၏။

ပိုက်ဆံဖောဖောသီသီ သုံးစွဲရန်အလို့ငှာ အစ်မ၏စုဘူးအား ဖောက်၍ ခိုးယူရန် ဆုံဖြတ်လိုက် တော့သည်။
စုဘူး ၏အောက်ခြေ ကြောင့်ခြေထောက်ဝန်းကျင်ကို စမ်းကြည့်သော် ပလတ် စတစ် ပျော့ပျော့ ရှိ၏။ ရေချိုးခန်းထဲရှိ ဖခင်၏ မုတ်ဆိတ်ရိတ်ဓားကို ယူကာ အောက်ခြေမှနေ၍ သပ်သပ်ရပ်ရပ်ဖောက်၏ ။ စုဘူး ၏အောက်ခြေ ဟသွား၏။ ပိုက်ဆံလို သလောက်ယူ၏။ အပေါက်များကို ပြန်စေ့ထား၏။ ၂ တန်း ကျောင်းသားပင်ဖြစ်လင့်ကစား တက္ကသိုလ်ဝင်ဖြေမည့် မက်ထရစ်ကျောင်း သား များနှင့် တွဲ၏။ ပိုက်ဆံ ကုန်သွားလိုက် စုဘူးနှိုက်လိုက်နှင့် တစ်နေ့သောအခါ လက်ပူးလက်ကြပ်မိလေတော့ သတည်း။ '' ကဲ ခိုးဦးဟဲ့ '' ဟုဆိုကာ တဖျန်းဖျန်း ရိုက်၏။ အဖေက တအုန်းအုန်း နှက်၏။

မာလာရုံ  ဘုန်းကြီးကျောင်းသို့ပို့ကာ ဆရာတော်ထံအပ်၏။ ဆရာတော်က ခိုး လျှင် ငရဲကြီးးမည်။ အကြော်ဒယ်အိုး ထဲထည့်၍ အကြော်ခံရမည်ဟုဆို၏။ ဒယ်အိုးထဲထည့်၍ ကြော်သော ဒေါ်အေးခ အကြော် ကို မြင်ယောင်ကာ ဗိုက်ပင် ဆာလာ၏။ ငရဲခွေးကြီး ကိုက်မည်ဆိုသော် ထန်းလျက်ကျွေးလျှင် အမြီးလှုပ် တတ်သော ဆရာတော်၏ ဂုတ်ကျားခွေးတို့အား သွား၍သတိရမိ၏။ ငရဲမင်း၊ ငရဲသားများက ရိုက်နှက်မည် ဟုပြောသောအခါ အဖေကိုမြင်၏။ အမေကိုမြင်၏။ ကျောင်းမှ အရိုက်ကြမ်းသော ဆရာ ဦးသန်းဖေအား မြင်၏။ ငရဲပြည် သည်ကား ဤမေမြို့ကဲ့သို့ပင် ဖြစ်မည်ဟု တွေးမိ၏။ မည်သို့ဆိုစေ တစ်လ နှစ်လခန့် မခိုးတော့။

သို့သော် တစ်နေ့တွင် ချိတ်ထားသော ဖခင်၏ အင်္ကျီအိတ်ထဲရှိ ငွေစက္ကူ ဖောင်းဖောင်းကိုတွေ့၏။ ဘေးဘီတွင် မည်သူမှမရှိ။ ဤအချိန်တွင် ညံတော ကွင်းဘေး ညောင်ပင်ကြီးအောက်တွင် ခေါင်ပန်း လှန် ပိုက်ဆံထောင် ပစ်သူနှင့် အတော်အတန် စည်ကားလှပေတော့မည်ထင့်။ ပျော်စရာ ထိုဝန်းကျင် သို့သွား လိုသောစိတ်များ တဖွားဖွားပေါ်လာကာ ဖခင်အိတ်ထဲမှ ပိုက်ဆံကိုနှိုက်၍ တစ် ဖန် သူခိုးဘ၀သို့ ရောက်ပြန်လေသည်။
လစ်လျှင် လစ်သလို ခိုး၏။ အမေ့ပိုက်ဆံအိတ်ထဲမှ နှိုက်၏။ အဖေ့သားရေအိတ် ထဲမှယူ၏။ ထမင်းချက်ကြီး ဦးမတ်နော်၏ ကုတ်အင်္ကျီထဲမှနှိုက်၏။ ကားဒရိုင်ဘာ ဦးစောတင်အောင် အိတ်ထဲမှ ယူ၏။ ကလေးထိန်းသည့် မအေး ၏ ထန်းခေါက်ဖာ ကိုပင် အလွတ်မပေးတော့... ခိုးသူတို့၏ လားရာလမ်းသည်ကား လက်ပူးလက် ကြပ် မိခြင်းပေ တည်း။ ပို၍ ရိုက်နှက်၏။ ကျောင်းသိုပင်လိုက်၍ ဆရာ၊ ဆရာ ကြီးများထံသို့ လိုက်၍တိုင်၏။

အရှက်ရသော သူခိုးလေး

အတန်း်ဘက်သို့လှည့် ခုံပေါ်တက် မတ်တတ်ရပ်ကာ ခေါင်ပေါ်တွင် I am a thief .ကျွန်တော် သူခိုးပါဟူသော လျှောက်လွှာစာရွက်ဖြင့် ခေါင်းတွင် ထောင်ထား၏။ အလွန်ရှက်လှ၏။ ခေါင်းသော် မဖော်ဝံ့။ ကျောင်းအုပ်ဆရာကြီးခေါ်ယူ၍ ဆုံးမ၏။ ကျောင်းအုပ် ဆရာကြီသည် ဘရာသာ ဂျူးလီးယက် အမည် ရှိ၏။ ခရစ်ယာန်ဘုန်းတော်ကြီးဖြစ်၏။ သင်တိုင်း အဖြူကြီးကို ၀တ်၏။ ကျောင်းသားကြီးများက ကွယ်ရာတွင် ဒေါက်တိုဟူ၍ သူ့ကိုခေါ်၏။ ကျောင်းအုပ်ကြီးရှေ့သို့ မတ်တတ်ရပ်လေသော် တစ်ချက်ကြည့်၏။ little thief ဟူ၍ နှုတ်မှရွတ်ကာ ကြိမ်လုံးကိုကိုင် နားရွက်ကိုဆွဲခေါ်၍  LKG သူငယ်တန်းမှ ၁၀တန်းအထိ တစ်ခန်းဝင် တစ်ခန်းထွက်နှင့် သူခိုဖြစ်ကြောင်း လိုက်လံကြေညာကာ အတန်း တိုင်း၏ ရှေ့မှောက်တွင် ကြိမ်လုံးဖြင့် တဖျန်းဖျန်းရိုက်၏။

နာကျင်၍ ကျသောကမျက်ရည်များ၊ ရှက်၍ ကျသော မျက်ရည်များ၊ ချွေးများ၊ နှာခေါင်းမှ စီး ကျလာသော နှာရည်များ... အံကြိတ်ခံ၍ သွားဖုံးမှ ထွက်လာသော သွေးများကျ လာပြီ၊ ဆီကြော်သော ဒယ်အိုး မကြောက်၊ ငရဲခွေးမကြောက်သူသည်ကား... အရှက်ရဖွယ်ဖြစ်သော ဤအကြောင်းအရာကား ယနေ့ထက်တိုင် ရင်ထဲနှလုံးသား ထဲ စွဲနေ၏။ တစ်ပတ်တိတိ ကျောင်းမ တက်နိုင်။ ဖျားနေဆဲ အိမ်နံ ဘေ့း ရှိ ပြည်တော်သာ ကျောင်းသား ဘမောင်၏ စာကျက်သံသည် ကြိမ်ဒဏ်နှင့် အိပ်ရာပေါ် တွင် ဖျားနေသော ဆန်နီ၏ နားထဲသို့ ၀င်လာ၏။ ကိုယ်နှင့်မဆိုင်ခွင့်မပိုင် ဆွဲကိုင် မကြည့်ရ။ ကိုင်ကြည့်လိုငြား ပိုင်ရှင်အား ဦးစွာ ခွင့်တောင်းပါ ဆိုသည့် သံပေါက် သည်ကား ထိုခေတ် ထိုကာလ ကလေးများ နေ့စဉ်သုံးစွဲနေသော စကားတည်း။ ပစ္စည်း တစ်ခုအား ခိုးယူရန် မဆိုထားနှင့် ပိုင်ရှင်မသိလျှင် လက်နှင့်ပင်မကိုင်ရကြောင်း ကလေးတိုင်း သိလျက်နှင့် အဘယ့်ကြောင့် မိုက်တွင်းနက် မိသနည်း။

ညှိုးငယ်စွာဖြင့် ကျောင်းပြန်တက်၏။ မည်သည့်ပစ္စည်းကိုမှ မခိုးတော့။ သို့သော် ပစ္စည်း တစ်စုံတစ်ရာ ပျောက်တိုင်း မိမိလွယ်အိတ်အား ဦးစွာပထမ ရှာဖွေခံရသည်။ သူငယ်ချင်းနား ကပ်လျှင်ပင် ၄င်းတို့၏ ပစ္စည်းအား ဦးစွာပထမ သိမ်းကြသည်။ ဈေးဆိုင်နားသွားလျှင်ပင် မိမိအား မည်သည့် ပစ္စည်းအား ခိုးယူမည်နည်း ဟု ဂရုတစိုက်ကြည့်ခြင်းခံရသည့် ၁၉၆၃ ခုနှစ်သည်ကား ဘဝမုန်တိုင်းနှစ်ပေတည်း။ ဘဝသင်ခန်းစာ ကို ရရှိခဲ့သော နှစ်ဖြစ်ခဲ့သည်။ ယနေ့ယခုထိတိုင် အပ်တိုတစ်ချောင်းခိုးရန် မဆိုထားနှင့် တစ်ပါးသူ မသိအောင်ပင် ပစ္စည်းတစ်စုံတစ်ရာ ကိုင်မကြည့် တော့။ နာကျင်စွာ အရိုက်ခံရသော တင်ပါးမှ ကြိမ်ဒဏ် များ အထင်သေးစွာ အကြည့်ခံရခြင်းသည်ပင် ရင်ထဲမှာ ကျင်ခနဲခံစားရသည်။ ခိုးဝှက်ခြင်းသည် ရှက်စရာကောင်းလွန်းသော ပြစ်မှုတစ်ခုဖြစ်သည်။
ဆိုးရိုးရှိသည်မှာ ငယ်စဉ်ကာလ ရွှေထီးဆောင်းခဲ့ရသော ဘဝရှိကြကုန်သည်ဟုဆို၏။ ကျွန်ုပ်အတွက်တော့ ငယ်စဉ်ကာလ သူခိုးဦးထုပ်ဆောင်းခဲ့ရသော ဘဝကို ရင်တွင်တမြည့်မြည့် ခံစားနေရဆဲ။

စံဇာဏီဘို
ကောင်းသန့် စီစဉ်သော ငယ်ငယ်တုန်းကထဲမှ
.
>>>ဆက်ဖတ်ရန်>>> >>