Showing posts with label ဦးဝင်းတင် ဘာသာပြန် ဥတ္တရအလင်း. Show all posts
Showing posts with label ဦးဝင်းတင် ဘာသာပြန် ဥတ္တရအလင်း. Show all posts

Saturday, July 28, 2012

ဦးဝင်းတင် ဘာသာပြန် ဥတ္တရအလင်း, အပိုင်း (၂၃) ဇာတ်သိမ်း

''လင်ကောင်မပေါ်မွေးတဲ့ သောက်ရူးကလေးပေါ့ဗျာ'' ညေးက အနီးမှ ဖြတ်သွားရင်း စမစ်ကို လှမ်းပြောသည်။
ညေးနှင့် ဆရာဝန်တို့နှစ်ဦးသား လူနာတင်ကားပေါ်သို့ တက်သွားကြသည်။ စမစ် အကြောင်သား ကြည့်နေ သည်။
စိတ်တင်းပြီး လှုပ်မည်ကြံကာရှိသေး။ ဓာတ်လှေကားထဲမှ လူနှစ်ယောက် အလောင်းသယ်လာကြ သည်။ စမစ် မျက်စိမှိတ် ထားရန် ကြိုးစားသည်။ မှိတ်မရ။ မကြည့်ချင် မြင်ရက်သား ဖြစ်နေသည်။ အလောင်း ကို လူနာတင် ကားထဲ သွင်းလိုက်သည်။ လူတစ်ယောက် ဒူးထောက်ပြီး ဓာတ်ပုံရိုက်နေဟန် ကို ပွင့်နေသော တံခါးမကြီးမှ လှမ်း၍ မြင်လိုက်ရသေးသည်။
ကို ဆက်ဖတ်ရန်....

(၁၄)

ကြာသပတေးနေ့က မိုးသက်မုန်တိုင်းကြီး ကျခဲ့သည်။ နောက်ပိုင်းတွင် လွန်ခဲ့သည့် လေးရက်လုံးလုံး ရာသီဥတု ထူးထူးခြားခြား သာယာနေသည်။ နွေခေါင်ခေါင် အလား ဖြစ်နေတော့၏။
မယ်လ်ကမ်မိတ်တလန် ၏ ပြောင်းဖူးဈေးထဲမှဖြတ်ကာ ဥတ္တရအလင်း သတင်းစာတိုက် ဘက် သို့ လျှောက် လာသည်။ ရာသီက ပူနိုင်လွန်းလှသည်ဟု ထင်မိသည်။ သူ ၀တ်ထားသည့် ၀တ်စုံနက် က ကျပ်စပြု လာသဖြင့် ပို၍ ပူသလို ဖြစ်နေသည်။
သေမှုသေခင်း စစ်ဆေးသည့် မြို့တော်ခန်းမ မှာ လှောင်ပိတ်နေသည်။ မြို့တော်ခန်းမတွင် ဤမျှ လူပြည့်သည်ကို သူ တစ်ခါမှ မကြုံစဖူး။ အပြင်ထွက်လာခဲ့မှ သက်သာရာရတော့၏။ တံခါးပေါက်နားတွင် ထိုင်နေခဲ့ ၍ စောစောထွက် လာနိုင်ခဲ့ခြင်းဖြစ်သည်။

သတင်းစာတိုက်ပေါ်သို့ တက်လာသည်။ သူတစ်ယောက်သာ အစောဆုံးပြန်ရောက်သည်ဟု ထင်မိသည်။ သို့သော် မစ်မော့ဖတ် က ရောက်နှင့်နေ၏။ အခန်းတံးခါးဖွင့်ထားသည်။ ပြတင်းပေါက်များ ကို ဖွင့်နေသည့် မစ်မော့ဖတ် ကို သူလှမ်းမြင်သည်။ မိတ်တလန် ရပ်လိုက်သည်။ ''အင်း . . .တစ်စခန်းတော့ သိမ်းသွားပြန်ပြီပေါ့လေ'' မစ်မော့ဖတ် က ချက်ချင်း စကားမပြန်။ ပြီးမှ မှုန်တေတေပြောသည်။

''အင်းလေ . . . ပြီးသွားပြီပေါ့''
မစ်မော့ဖတ် ခြေကုန်လက်ပန်းကျပုံ ပေါက်နေ၏။ သူ့တစ်ကိုယ်လုံး အနက်ဝတ်ထား၏။ သူ့မျက်နှာက အပူရှိန်ကြောင့် ညစ်ပုပ်ပုပ်ဖြစ်နေ၏။ သူ့မျက်နှာထားက ထူးထူးခြားခြား အမြင်ကတ်စရာ။ သို့သော် စကားစမြည် ပြောစရာ ရှိ၍ မိတ်တလန် အခန်းထဲ ၀င်လာခဲ့သည်။
''ဟင်နရီ ခံနိုင်ရည် ရှိသားပဲ''
''ကျွန်မ ထင်ထားတာထက်တောင် ခံနိုင်သေးတယ်။ အမှုလိုက်ကလည်း ကူရှာသားပဲ''
မစ်မော့ဖတ် က ဦးထုပ်ကို ချွတ်သည်။ တံခါးနောက်တွင် ခပ်ကြမ်းကြမ်း ချိတ်လိုက်သည်။

''အင်း လူငယ်တွေ သနားစရာပဲနော်။ တကယ့် အဟောသိကံပဲ။ နှမြောစရာပါ။ ဒေးဗစ်သာ သူကြံတဲ့အတိုင်း လုပ်နိုင်လိုက် ရင် ဒီလောက် အဟောသိကံဖြစ်မှာ မဟုတ်ဘူး။ ၀က်ခြံထဲမှာ ညေး တောင့်တောင့်ကြီး ထိုင်နေတာ ကြည့်ပြီး ကျွန်မတောင် ပစ်သတ်ချင်စိတ် ပေါက်လာတယ်။ ဒါပေမဲ့ ဒေးဗစ်လိုပဲ အလွဲလွဲ အချော်ချော် ဖြစ် မှာပါပဲလေ''  ''ဟင်နရီကိုယ်စား သူ လုပ်လိုက်တာ ကောင်းတာပေါ့'' မိတ်တလန် က ဖြည်းဖြည်းပြော သည်။

''လူတိုင်း ထင်မြင်ချက်ကလည်း ဒီအတိုင်းပဲ။ မြို့လူထုကတော့ ပေ့ဘက်မှာပဲ ရှိနေတာပါ။ ကိစ္စ၀ိစ္စတွေပြီး သွား ရင် ဥတ္တရအလင်း ကတော့ သိက္ခာပိုတက်လာမှာပေါ့လေ''
မစ်မော့ဖတ် က မျက်မှောင်ကြုတ်လိုက်၏။
''ဖြစ်နိုင်တာပေါ့လေ။ ဒီကိစ္စကသာ မပေါ်ရင် သတင်းစာကတော့ နာမည်ပျက်ကောင်းတုန်း ရှိဦး မှာပေါ့။ ပေ့ကတော့ လူထုမေတ္တာကြောင့်ပါတို့၊ လူသားကရုဏာကြောင့်ပါတို့ ဆိုတာတွေ ပြောဦးတော့ မှာပေါ့'' မစ်မော့ဖတ် က လျှစ်စစ်ရေနွေးအိုးဖြင့် ရေနွေးကြိုသည်။

''လက်ဖက်ရည် ဖျော်မလို့။ ဒီလိုနေ့မျိုး ဒါပဲ လုပ်စရာရှိတာပဲ။ တကယ့်နေ့ပါပဲရှင်. . . ရှင်ကော သောက် ပါဦးလား'' ''ကောင်းသားပဲ''
မိတ်တလန် က မစ်မော့ဖတ်ကို ကြည့်နေသည်။
မစ်မော့ဖတ် သည် ဗီရိုထဲမှ ပန်းကန်များကို ယူသည်။ အံဆွဲထဲမှ သကြားနှင့် လက်ဖက်ခြောက်ကို ထုတ်သည်။ ရေအေးပိုက်ပေါ်မှ နို့ပုလင်းကို ဆွဲသည်။
မစ်မော့ဖတ် က စကားဆက်ပြောနေသည်။ သေမှုသေခင်း စစ်ဆေးမှုက သူ့စိတ်ထဲတွင် စွဲနေဆဲပင်။

''ကျွန်မ တကယ် မသတီတာတော့ စမစ်ပဲ။ ကော်ရာကို သူ စောင့်ကြည့်ဖို့ ကောင်းကြောင်း၊ ဘာကြောင်း နဲ့ပြောပြီး မျက်ရည်ခံထိုးပုံကတော့ ကလီကမာ လုပ်တာပဲ။ ကုန်စုံဆိုင်ရှင် မစ္စစ်ဒေးက ကော်ရာ ဆိပ်ခံတံတား ဘက်ကို ထွက်ပြေးတော့ အော်ပြီးတားတဲ့အကြောင်း၊ တားမရတဲ့အကြောင်း ပြောကတည်းက သူက မျက်ရည်စမ်းစမ်း လုပ်ချင်နေပြီ။ သူလို လူမျိုးကများ ကော်ရာကို အလွမ်းသယ်နေရတယ်လို့ ရှိသေး။ ပါးရိုက်ပစ်လိုက်ချင်တယ်''
''သနားစရာ သတ္တ၀ါပါဗျာ။ လည်စင်းခံနေရှာတာပါ။ ကျွန်တော်တော့ သူ့အတွက် စိတ်တောင် မကောင်းဘူး''
''စိတ်မကောင်း ဖြစ်မနေပါနဲ့ ရှင်။ စမစ် သတင်းများကြားချင်ရင် ပြောစရာရှိပါ့''
''ဘာပါလိမ့်ဗျာ'' ''ဟင်နရီက သူ့ကို အလုပ်ခန့်လိုက်ပြီလေ''
''ဘာ'' ''ကြော်ငြာဌာနမှူးတဲ့ ရှင်ရေ့. . .'' ''ဘုရားရေ. . ." မိတ်တလန် တအောင့်လောက် ငိုင်သွားသည်။

''ခင်ဗျား ပြောချင်သလို ပြောပေါ့လေ။ ဒီကလိယုဂ်ခေတ်ကြီးမှာ သူတော်ကောင်းဆိုတာနဲ့ နီးစပ်တာရယ် လို့တော့ ပေ့ တစ်ယောက် တည်း ကျွန်တော်တွေ့ဖူးသေးတယ်''
မစ်မော့ဖတ်က ခေါင်းရမ်းသည်။
''နှလုံးကောင်း ၀မ်းကြီးလူစားဆိုတာ အဲဒါမျိုးပဲ။ သူ့အဖေဆို ဒါမျိုး ဘာရလိမ့်မလဲ။ စမစ်လို လူမျိုး ကို မြင်လိုက်တာ နဲ့ ဆောင့်ကို ကန်ထုတ်ပစ်မှာ''
''ခင်ဗျား ကလည်း ပေ့အပေါ် ပစ်ပစ်ခါခါ နိုင်လွန်းပါတယ်ဗျာ။ အမြဲတမ်းကိုပဲ''
မိတ်တလန်က လက်ဖက်ရည်ခွက်ကို လှမ်းယူရင်းပြောသည်။

''ဒီ သုံးလေးနှစ်မှာ သူ ကြုံးရုန်းလုပ်ခဲ့ရတာလည်း ထည့်တွက်ပါဦးလေ။ နှလုံးရောဂါကြီးကလည်း ရှိသေးတယ်။ ပြီးတော့ အခု ကိစ္စ။ ဒေးဗစ်ကို သူ ဘယ်လောက် သံယောဇဉ်တွယ်တယ်ဆိုတာ ခင်ဗျားလည်း သိသားပဲ''
''ဟုတ်ပါတယ်။ ချစ်စရာကောင်းတဲ့ ဒေးဗစ်ကလေးပါပဲ''
မစ်မော့ဖတ်သည် လက်ဖက်ရည် တမြုံ့မြုံ့သောက်နေသည်။ လက်ဖက်ရည်ခွက်ပေါ်မှ ကျော်ကာ မိတ်တလန် ကို မသာမယာ လှမ်းကြည့်လိုက်၏။ ပြီးမှ . . .
''ဒါပေမဲ့ သူ တတမ်းတတ ဖြစ်နေမှာကတော့ ကော်ရာပါ'' ဟု ပြောလိုက်၏။
မိတ်တလန် ကြားဝင်မပြောနိုင်မီမှာပင် မစ်မော့ဖတ်က ဆက်ပြောသွားသည်။

''သူကိုယ်တိုင် သိချင်မှလည်း သိမှာပေါ့လေ။ ဒါပေမဲ့ ကော်ရာ့ကို သူ ချစ်နေတာရှင့်။ သူ့ကိုလည်း အပြစ်မတင်ပါဘူးလေ။ တကယ်တမ်းပြောရင် သူ့ကို ကျွန်မ ချီးတောင်ချီးကျူးပါသေးတယ်။ ကော်ရာက တကယ့် မိန်းမပဲ။ ခင်တတ်တယ်။ ချစ်တတ်တယ်။ ချစ်တဲ့ခင်တဲ့လူကိုလည်း လိုချင်တယ်။ ဒေးဗစ်က အဲဒီလို လူစားမဟုတ်ဘူး။ စိတ်ပြန်ကြောင်လာတော့ ပိုဆိုးတော့တာပေါ့။ ကော်ရာကို ပိဋကတ်အိုးကွဲ စာအုပ်ကြီးတွေ ဖတ်ခိုင်း လို့ ဖတ်ခိုင်း။ ဂုမ္ဘာန်တစ်ထောင် စောင့်တဲ့ အတိုင်း လုပ်လိုလုပ်နဲ့ပေါ့လေ။ ကော်ရာကတော့ ဘာမှ မပြောဖူးပါဘူး။ ကျွန်မ သိတာပေါ့။ ဒေးဗစ် ကို သူခင်တယ်။ မြတ်နိုးတယ်။ သနားတယ်။ ဒါပေမဲ့ ဒါနဲ့ မပြီးသေးဘူး" "ပေါက်ကရတွေ ပြောမနေစမ်းပါနဲ့ဗျာ" မိတ်တလန်က ခပ်ထန်ထန် စကားဖြတ်ပစ်သည်။

"ဒါမျိုးတွေ ပြောနေဖို့ အချိန် မဟုတ်ပါဘူး"
"ဒါတော့ ဒါပေါ့။ ဒါပေမဲ့ ကျွန်မ သိနေတာ ကြာလှပြီ။ စလီဒန်မှာ ဟင်နရီ ပျော်တယ်။ ကော်ရာ မရောက်ခင်က ဒီလောက် မပျော်ဘူး။ ဒီလောက်လည်း မသွားဘူး။ ကော်ရာ့အတွက်ဆိုရင် ဒီလောက် မပျော်ဘူး။ ဒီလောက် လည်း မသွားဘူး။ ကော်ရာ့အတွက်ဆိုရင် ဘာမဆို သူ လုပ်မှာပဲ။ ဥတ္တရအလင်းကိုတောင် လက်လွှတ်ရ လွှတ်ရ ဆိုတဲ့ အထိပဲ။ ပင်လယ်ကမ်းစပ်မှာ ကော်ရာ့ အလောင်း ပြန်တွေ့ပြီးလို့ လူးဝစ် လာပြောတော့ အနားမှာ ကျွန်မ ရှိနေသားပဲ။ သူ့မျက်နှာကို ရှင်မြင်စေချင်တယ်။ သူ ဘာပြောတယ်မှတ်လဲ။ ဒဏ်ရာတွေ ဘာတွေများ ရသေး သလား ကွာ။ ရုပ်ပျက်ဆင်းပျက်များ ဖြစ်သေးသလားကွာတဲ့။ မဖြစ်ပါဘူးလို့ လူးဝစ်က ပြောမှ ဘုရားသခင် ရဲ့ ဂုဏ်ကျေးဇူးပါပဲ ကွယ်တဲ့"
မဲလ်ကမ် က မစ်မော့ဖတ်ကို ငေးကြည့်နေသည်။ နားကြားပြင်းတော့ ကပ်သည်။ သို့သော် ကြားလည်း ကြားချင် သည်။

"မစ်မော့ဖတ်။ ဟင်နရီကို ဘာကြောင့်များ ဒီလောက် ကဏ္ဍကောဇလုပ်နေရတာလဲဗျာ။ ပြီးတော့ လည်း သူ့အဖေ နဲ့ပဲ အမြဲနှိုင်းပြောနေတာပဲ" ဟု သူ့နှုတ်မှ လွှတ်ခနဲ ထွက်သွားသည်။
မစ်မော့ဖတ်က ချက်ချင်းမဖြေ။ ခဏကြာမှ ...
"ကဏ္ဍကောဇ မလုပ်ပါဘူး။ သူက ကျွန်မ စိတ်ကြိုက် ဥတ္တရအလင်း အယ်ဒီတာ ချုပ်မျိုး မဟုတ်တာ တစ်ခု ပါပဲ။ ပျော့လွန်းတယ်။ ၀ုန်းဒုန်းကျဲရမယ့် ကိစ္စမျိုးမှာ လည်စင်းခံတယ်။ သူ့အဖေက ဒီလို မဟုတ်ဘူး။ ဟိုလူက တကယ့်ယောကျာ်း" "ခင်ဗျား အထင်ကြီးတာလည်း ပါလို့ ဖြစ်မှာပေါ့"
"ဟုတ်တယ်လေ။ အထင်ကြီးတယ်" မစ်မော့ဖတ်၏ လေသံက ဗြုန်းခနဲ ဘာမထိသံ ပေါက်လာသည်။

"အဲဒီလို လူစားမျိုးဖြစ်လို့ချည်း လေးစားတာ မဟုတ်သေးဘူး။ ကျွန်မအတွက် လုပ်ပေးခဲ့တာတွေ လည်း ရှိသေး တယ်။ ကျွန်မအတွက် သူ အိမ်ကလေးတစ်လုံးဝယ်ပေးတဲ့အကြောင်း ရှင်ကြားဖူးပြီ ရောပေါ့"
"နည်းနည်းပါးပါးတော့ ကြာဖူးပါတယ်" မိတ်တလန်က မယုတ်မလွန် ပြောသည်။ မစ်မော့ဖတ် နှုတ်မတွန့်တော့။
"ဟုတ်တယ်။ ကျွန်မ ကိုယ့်ဝင်းကိုယ့်ခြံကလေးနဲ့ မြို့ပြင်မှာ နေချင်တာ သူ သိတယ် ... တစ်နေ့တော့ ... ကျွန်မ တစ်သက် ဘယ်တော့မှ မမေ့နိုင်ဘူး ... ကျွန်မ ကို အိမ်ဂရန် လာပေးတယ်။ ကျွန်မ လစာထဲက အရစ်ကျ ဆပ်မယ် လုပ်တော့ သူက ရယ်ရုံရယ်နေတယ်။ တစ်ခါတလေ ပန်းခူးလာခဲ့တဲ့။ ဒါပဲ ပြောတယ်။ ဒါကြောင့် ဒီနေ့အထိ ကျွန်မ ရုံးကို နေ့တိုင်း ပန်းယူလာနေတာပေါ့"
မစ်မော့ဖတ် တအောင့် စကားရပ်လိုက်၏။ မိတ်တလန် အနားတွင် ရှိနေသည်ကိုပင် မေ့နေဟန် တူ၏။

"သူ့မိန်းမ ဆုံးပြီးတဲ့နောက်ပိုင်းမှာ စနေနေ့ညနေပိုင်းကို ကျွန်မဆီ ၀င်လာတတ်တယ်။ ဆေးတံ တစ်ဆုံဖွာ၊ ဘီယာတစ်ခွက်သောက်ပေါ့လေ။ သူက ဘာတန်တံဆိပ်ဘီယာကို ကြိုက်တယ်။ ကျွန်မ လည်း အဲဒီဘီယာပဲ အိမ်မှာ အမြဲဆောင်ထားတယ်"

မစ်မော့ဖတ်က စကားပြတ်သွားသည်။ မိတ်တလန်က သူ့ကို စိုက်ကြည့်နေမှန်း သတိပြုလိုက်မိ သည်။ ရှက်သွေး ရဲခနဲ ဖျန်းသွားသည်။ သူ ရှက်သွေးဖျန်းသည်ကို မိတ်တလန် မြင်ဖူးသည်မှာ ဤတစ်ကြိမ်သာ။ သူတို့ နှစ်ယောက် စလုံး မိနစ်အတန်ကြာ စကားတစ်ခွန်းမှ မဟဖြစ်ကြ။ ငြိမ်လွန်း ၍ နေရထိုင်ရ ကသိ ကအောက် ဖြစ်လာသည်။ မိတ်တလန် ထရပ်လိုက်၏။
"ကဲ ... အလုပ်လုပ်ကြဦးစို့။ ဘိုးတော်မရှိတုန်း အချောင်ခိုသလို ဖြစ်နေရင် မကောင်းဘူး။ အလုပ်ကြုံး လုပ်ကြမှ ဖြစ်မယ့် အချိန်ရောက်လာပြီ။ အများကြီးကို လုပ်ကြရမှာ။ ဒီနေ့ နေ့လယ် ၁၂နာရီမှ ဌာနမှူး အစည်းအဝေး လုပ်မယ်။ တခြားလူတွေလည်း ပြောလိုက်ဦး။ လက်ဖက်ရည် တိုက်တာ ကျေးဇူးပါပဲဗျာ"
မိတ်တလန် သူ့အခန်း ဆက်သွားသည်။ လာမည့် သုံးလအတွက် အစီအစဉ်များကို စဉ်းစားသည်။

ဟင်နရီပေ့ ခွင့်ရက်ရှည်ယူထားစဉ် သတင်းစာလုပ်ငန်း တာဝန်အများစုမှာ သူ့တာဝန်ချည်းလိုလို ဖြစ်တော့မည်။
ထိုအခိုက် မှာပင် တံခါးခေါက်သံ ကြားလိုက်ရသည်။ ဖန်းဝစ် ၀င်လာသည်။ တယ်လီ ပရင်တာ ကြေးနန်း စာရွက်ရှည်တစ်ရွက် ကို ကိုင်ထားသည်။
"အခုပဲ ၀င်လာတဲ့ အေပီသတင်းဆရာရေ့"
"ဘာတဲ့တုံးကွ" "အဏုမြူစက်ရုံကြီး နေရာကိစ္စ စိတ်ပြောင်းကြပြန်ပြီနဲ့ တူပါရဲ့ ဆရာရယ်"
"ဘာ ..." မိတ်တလန် လွှတ်ခနဲ အလန့်တကြားအော်လိုက်မိသည်။

"ဒီကို မလာကြတော့ဘူးလား"
"လာပုံ မပေါက်တော့ဘူးပေါ့။ ဆူသာလန် ရှိုင်းယာနယ် ကုန်းမြင့်ဒေသ ကို မျက်စိကျပြန်ပြီနဲ့ တူပါတယ်။ အဲဒီ နယ်ကို စဉ်းစားနေတယ်တဲ့။ မနေ့က လွတ်တော်ထဲမှာ အတွင်းဝန်က ကြေညာ သွားတယ်လေ"
မယ်လ်ကမိတ်တလန်က တယ်လီပရင်တာ ကြေးနန်းသတင်းကို ဖတ်ကြည့်သည်။

"မင်းကော နားလည်နိုင်ရဲ့လား။ ဘုရားမ လို့ ဒီငနဲ စကားမြဲပါစေကွာ"
"ပြောတဲ့အတိုင်းပဲ ဖြစ်မှာပါ။ ဆူသာလန်က အကွက်အကွင်း ပိုကျတယ်လို့ ပြောထားတာပဲဟာ ဆရာရယ်"
"မြတ်စွာဘုရား" မိတ်တလန်က ရေရွတ်လိုက်၏
"တို့တွေ ဒီမှာ အေး အေးနေကြရဦးမယ့် သဘောပေါ့။ အနည်းဆုံး အတော်ကြာကြာလေး ပိုပြီးတော့ အေးအေးနေကြ ရဦးမှာပေါ့လေ"
ဖန်းဝစ် ထွက်သွားသည်။ မိတ်တလန် တစ်ယောက်တည်း ထိုင်ပြီး ၀န်ကြီးဌာနတစ်ခု ဇဝေဇ၀ါ မရောမရာ လုပ်ရုံ သက်သက်ဖြင့် ပေါ်ပေါက်ရသည့် အချင်းဖြစ်ရပ် တစ်သီကြီးကို စဉ်းစားနေမိလေ ၏။ လျှောမွေး ဗာရာဏသီချဲ့ သည့် အတ်တလေစီမံကိန်းသာ ဂြိုဟ်မမွှေလျှင် နှစ်နှစ်လုံးလုံး အရည်မရ အဖတ်မရ သူတစ်ပြန် ကိုယ်တစ်ပြန် ချခဲ့ရ သည့် ပဋိပက္ခကို ရင်ဆိုင်ရဖွယ် မရှိပါတကား။ ထိုပဋိပက္ခကို မရှုမလှ ဇာတ်သိမ်းစေခဲ့သည့် ကြေကွဲစရာ့ အဖြစ်ဆိုး ကိုလည်း ကြုံတွေ့ရဖွယ် မရှိပါ တကား။

မိတ်တလန်သည် စိတ်ကို အနိုင်နိုင် တင်းလိုက်သည်။ အနာဂတ်ကိုသာ ရှေ့ရှုလိုက်သည်။ ဌာနမှူး အစည်းအဝေး အစီအစဉ်များကို တစ်ခုချင်းရေးမှတ်နေသည်။ နာရီဝက်ခန့် အရှိန်မှန်မှန် အလုပ် လုပ်နေသည်။
ထိုအခိုက် တွင် နားယဉ်ပါးသော အသံတစ်ခုကို စင်္ကြံမှ ကြားလိုက်ရသည်။ ခေါင်းထောင်ကြည့်မိ ၏။ မလှုပ်မယှက် ငြိမ်နေမိ၏။ နားဝေတိမ်တောင် ဖြစ်နေမိ၏။ ဟင်နရီပေ့၏ ခြေသံကို သူ ကောင်းကောင်း အမှတ်သညာ မထား မိသေးပါကလားဟု တွေးဖြစ်နေမိ၏။ ထိုစဉ် တံခါးပွင့်လာ သည်။ ဟင်နရီပေ့ ၀င်လာ သည်။

မိတ်တလန် ငေါက်ခနဲ ထရပ်လိုက်သည်။
"ဘယ့်နဲ့ ဟင်နရီ ... ခင်ဗျား အိမ်တန်းပြန်ပြီး နားနေပြီ ထင်တာ"
"ခဏတစ်ဖြုတ် ၀င်လာတာပါဗျာ။ ကားလည်း အောက်မှာ စောင့်နေတာပါတယ်"
ပေ့ သည် စားပွဲစွန်းကို မှီရပ်နေသည်။ သူ့မျက်နှာက ခါတိုင်းထက် ပို၍ ဖြူဖတ်ဖြူရော် ဖြစ်နေ၏။ လောကဓံကို ကြံ့ကြံ့ခိုင်နိုင်သည့် ရုပ်လက္ခဏာကား သူ့မျက်နှာ ပေါ်လွင်နေလေသည်။
လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း ဖြစ်ပျက်ခဲ့သည့် အပြောင်းအလဲ ဒဏ်ရာ ဒဏ်ချက်တို့သည် သူ့မျက်နှာတွင် အထင်းသားပေါ်နေသည်။

သို့သော် မိတ်တလန် ထင်သလောက် အထိနာဟန် မတူ။
ရုပ်ပိုင်း အားဖြင့်လည်း အားပြည့် မာန်ပြည့် မဟုတ်။ စိတ်ပိုင်းအားဖြင့်လည်း ရဲသွေးတစ်စက်ကလေး မပြ။ သို့ပြလျက် သူ ဘယ်လိုများ ကြံ့ကြံ့ခံနိုင်စွမ်း ရှိပါလိမ့်။ သက်တမ်းတစ်လျှောက်လုံး သစ္စာရှိရှိ၊ သိက္ခာရှိရှိ၊ လူထု အပေါ် စေတနာ ရှိရှိ၊ ကတိစောင့်စည်းမှု ရှိရှိ၊ ကိုယ်ကျင့်တာဝန် များကို စွဲစွဲမြဲမြဲ ကျင့်သုံးခဲ့ခြင်း၊ ရိုးရိုးကျင့်၊ မြင့်မြင့်ကြံ၊ မှန်မှန်ပြော ကိုယ်ကျင့်တရား များကို မလွတ်တမ်း ကျင့်ကြံ ခဲ့ခြင်းတို့ကြောင့်သာ ဤသို့ ကြံ့ကြံ့ ခံနိုင်စွမ်းရှိခြင်း ဖြစ်ပေလိမ့်မည်ဟု မိတ်တလန် တွေးမိသည်။

"ခင်ဗျားနဲ့ ကျွန်တော် တော်တော်နဲ့ တွေ့နိုင်ကြမှာ မဟုတ်ဘူး။ ကျွန်တော်တို့ ပင်လယ်ခရီးရှည် ထွက်တော့မယ် ဆဲဆဲ သူတို့ နဲ့ ပြဿနာပေါ်လာတာပဲ။ အဲဒီကို သွားလိုက်ဦးမယ်။ ပထမပြောချင် တာကတော့ ဥတ္တရအလင်းမှာ ခင်ဗျား လည်း အစုစပ်ပါရအောင် စီစဉ်ထားတယ်ဆိုတာပဲ။ အဲဒါ ခင်ဗှားကို အသိပေးဖို့။ အစုစုပ် စာချုပ်ဆွဲပေးဖို့ လည်း ရှေ့နေကို ပြောပြီးပြီ။ ကျွန်တော် ခရီးမထွက် ခင် လက်မှတ်ထိုးသွားမယ်"
မိတ်တလန် ပိတ်ပိတ်သား ငြိမ်နေ၏။ ဟန်ဆောင်မှု ကင်းကင်းရှင်းရှင်း ရိုးသားပွင့်လင်းသော သူ့မျက်နှာကြီးတွင် တအောင့်လောက် သွေးရောင်ပျောက်သွားသည်။ ပြီးမှ သွေးရောင်ပြန်လွှမ်း လာသည်။ ပို၍ ရဲရဲ တွတ်တွတ်ကြီး ဖြစ်တော့သည်။

နှစ်ပေါင်းများစွာ တည်တည်ငြိမ်ငြိမ် ကြိုးကြိုးကုတ်ကုတ် လုပ်ခဲ့ရာမှ ယခုကဲ့သို့သော ကမ်းလှမ်း ချက်မျိုးကို မမျှော်မကိုး ရရှိလိုက်သည်မှာ မျက်စိပြာမတတ် အံ့အားအသင့်ကြီး သင့်စေသည်။ မနည်းစိတ်ထိန်းထားရသည်။ စိတ်ခိုင်ခိုင် ချုပ်တည်းထားသည့်ကြားမှ သူ့အသံက သိုးသိုးသိသိ တုန်တုန်ရီရီ ဖြစ်နေသေးသည်။ ထိုအသံဖြင့် စကားပြန် သည်။ "ပြောစရာ မရှိသလောက်ပါပဲ ဟင်နရီ ...။ ကျေးဇူးတင်တယ် ... ဆိုတာ တစ်ခုပါပဲ ..."
"ဒါဖြင့် ဒီကိစ္စပြတ်ပြီ" ပေ့ က အလေးအနက် ဆက်ပြောသည်။

"ကျွန်တော့်စိတ်ထဲ မှာ ရှိနေတာတစ်ခု ကျန်သေးတယ်။ ခင်ဗျားများ အံ့အားသင့်သွားမလားတော့ မသိဘူး။ ပြောကောင်းရဲ့လားလည်း ကျွန်တော်တော့ မသိဘူး။ ဒါပေမဲ့ ဒီပြီးခဲ့တဲ့ လေးရက်အတွင်း ကျွန်တော့် အပေါ် ထားခဲ့တဲ့ စေတနာတွေ၊ ကရုဏာတွေ ... ဒါတွေဟာ ဒီမြို့လူထုရဲ့ မေတ္တာပဲ"
မစ်မော့ဖတ် ခနိုးခနဲ့ ဟောကိန်း ထုတ်ထားသည့်စကားကို မိတ်တလန် ကြားယောင်လာမိသည်။

"ကိုယ့်စည်းကမ်း ကိုယ်ဖောက်ပြီး ပုဂ္ဂိုလ်ရေးကိစ္စကလေးတစ်ခု ရေးရမလားလို့ စဉ်းစားမိတယ်။ ဒီတစ်ကြိမ် တည်းပါပဲ။ ကျွန်တော် စိတ်ကူးထားတာကို ခင်ဗျားလည်း သဘောပေါက်မှာပါ။ စာဖတ် ပရိသတ်ဆီကို ရေးတဲ့ ကျွန်တော့် ရဲ့ သ၀ဏ်လွှာ ဆိုပါတော့လေ။ ကျွန်တော့ရဲ့ ပုဂ္ဂိုလ်ရေး ယုံကြည်ခံယူချက်ကို အတည်ပြုတာရယ် ... မြို့လူထု နယ်လူထုရဲ့ ယုံကြည်မှု၊ ထောက်ခံမှုကို ဂါရ၀ ပြုတာရယ် ... ကျွန်တော်တို့ ဘယ်လို ဒုက္ခသုက္ခမျိုးကြုံကြုံ သတင်းစာကို လှေခွက်ကျန် အလံ မလှဲစတမ်း ထုတ်မြဲထုတ်သွားမယ်ဆိုတာ အာမ၀န်တာ ခံတာရယ် ..." "အဲဒီ သဘောထားအတိုင်း ကျွန်တော် ရေးရင် ကောင်းပါ့မလား။ ခင်ဗျား ဘယ်လို သဘောရသ လဲ။ သိမ်များ သိမ်နေသလား" "ရေးပါဗျာ။ ခင်ဗျားအဖို့လည်း ကောင်းတယ်။ အားလုံးအဖို့လည်း အကျိုး ရှိတယ်"။ မိတ်တလန်က တစ်ချက်ကလေး ဆုတ်ဆိုင်းခြင်း မရှိ။ ခိုင်ခိုင်မာမာ၊ ပြတ်ပြတ်သားသား တိုက်တွန်း သည်။

ပေ့ မျက်နှာ မသိမသာ ၀င်းကြည်သွားသည်။
"ဒါဖြင့် ရေးမယ်ဗျာ။ ကျေးဇူးပါပဲ မယ်လ်ကမ်ရေ"
ပေ့ အခန်းထဲမှ ထွက်သွားသည်။ အတော်ကြာအောင် မိတ်တလန် ထိုင်နေသေးသည်။ ပြီးမှ သတင်းခန်းသို့ ထွက်လာခဲ့သည်။ မိတ်တလန် စင်္ကြံမှ လျှောက်လာသည်။ ဟင်နရီပေ့၏ အခန်းရှေ့မှ ဖြတ်သွားသည်။
စားပွဲတွင်ထိုင်၊ ကိုယ်ကိုခပ်ကိုင်းကိုင်းငုံ့၊ ခေါင်းကို လက်တစ်ဖက်ဖြင့် ထောက်ကာ နက်ဖြန်ထုတ် ဥတ္တရအလင်း တွင် ဖော်ပြရန် လူထုထံ သ၀ဏ်လွှာကို မှန်မှန်ကြီး ရေးနေသည့် ဟင်နရီပေ့အား ပွင့်နေသော အခန်း တံခါးပေါက်မှနေ၍ မိတ်တလန် လှမ်းမြင်လိုက်ရလေ၏။

ဝင်းတင်
ပြီးပါပြီ
.
>>>ဆက်ဖတ်ရန်>>> >>

Friday, July 27, 2012

ဦးဝင်းတင် ဘာသာပြန် ဥတ္တရအလင်း, အပိုင်း (၂၂)

ကျွန်တော် သွားတွေ့ ပြီး စက္ကန့်ပိုင်းလောက်မှာပဲ သေရှာတယ်။ မသေခင်ကြည့်သွားတဲ့ သူ့အကြည့်ကို မျက်စိထဲက ဖျောက်လို့မရဘူး။ အဲဒီတုန်းကတော့ ကျွန်တော် လည်း ခံစားတတ်တဲ့ စိတ်ရှိတာပဲ။ အခုပြောတော့ ရယ်စရာပေါ့။ ကျွန်တော် မျက်ရည်တောက်တောက်ကျခဲ့ရတယ်။ ဘာပဲဖြစ်ဖြစ် သတင်း က ပို့ရ မယ်။ ဒါကို့ အယ်ဒီတာ ခွေးမသားကြီး က ဘာပြောတယ်ထင်သလဲ။ နိပ်တယ်ဟေ့။ မျက်နှာဖုံး အပြည့်ပေးမယ်။ သတင်း ရှည်ရှည် လိုချင် တယ်။ ဓာတ်ပုံတွေလည်း များများလိုချင်တယ်။ လူ တစ်ကိုယ်လုံးပေါ်တဲ့ ပုံ ပါပေ့စေကွနော်တဲ့"
ညေးသည် စမစ် ကို ငေးကြည့်နေသည်။ အရက်ကို စိမ်သောက်နေသည်။ ပြီးမှ ပြောလိုက်သည်။ "ကျွန်တော် သတင်းစာ အပျိုရည်ပျက်တာ အဲဒီကတည်းကပဲ။ ဟိုသောက်စားပွဲထိုင်ငနဲက ဘယ်ရောက်နေပြန် ပလဲ။ ကဲ ... နောက်တစ်ကျော့ မော့ပြီးရင် ညစာ သွားစားကြစို့"
ကို ဆက်ဖတ်ရန် ..................

(၁၃)

တံခါးခေါက်သံကြားမှ စမစ်နိုးလာတော့သည်။ အိပ်ချင်မူးတူး ဖြစ်နေသေးသည်။ ဟိုတယ် ဖိနပ်တိုက်သမား၏ အသံကို သဲ့သဲ့ကြားရသည်။
''၇ နာရီခွဲပြီ မစ္စတာစမစ်။ နှိုးပါပြောထားလို့ နှိုးတာပါခင်ဗျာ''
စမစ်မျက်စိ ကို နိုင်နိုင်အားယူ၍ ဖွင့်ကြည့်လိုက်သည်။ ချက်ချင်းပြန်ပိတ်လိုက်ရသည်။ ယင်းလိပ်ကြား မှ ဖောက်ဝင်လာသည့် အလင်းရောင်က စူးလွန်းလှသည်။ နှုတ်ခမ်းတွေ စေးထန်း တွဲကပ်နေ သည်။ ခေါင်းထဲတွင် လည်း တဒိန်းဒိန်းသွေးဆောင့်တိုးနေသည်။

ဖိနပ်တိုက်သမား ထွက်သွားသည်။ စမစ်ခဏ ဆက်လှဲနေသေးသည်။ လက်တစ်ဖက်ကို မျက်နှာပေါ် တင်ထားသည်။ ညေးနှင့်ပေါင်းပြီး မနေ့ညက အောင်သေအောင်သား စားခဲ့မိခြင်း ကို နောင်တ ရနေမိသည်။ အရက် ဘယ်လောက်သောက်ခဲ့ မိမှန်း မသိ။ ယခုဖြစ်နေပုံ ကိုထောက်လျှင် နည်းလှမည်တော့မထင်။ အပေါင်းအသင်းနောက်ကောက်ကောက်ပါ လိုက်မိ၍ နောက်တစ်နေ့ အိပ်ရာမှ ထချိန်တိုင်း ခေါင်းကိုက်တာ ကတစ်မျိုး၊ ကိုယ့်ကိုကိုယ် အပြစ်တင်ရတာတစ်မျိုးနှင့် အနေဆိုးနေသည်။

ဝိနည်းရှောင်စရာတွေတော့ ရှိသည်။ လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း သူ့မှာသောကနှင့် သံသယ ဖိစီး လွန်းသည်။ ဖြေစရာလေး တစ်ခုတစ်လေတော့ ရှိဦးမှသာ သူ ဆက်၍ ရုန်းနိုင်ပေလိမ့်မပေါ့။ သို့သော် ယခုတော့ ပြီးပြတ်သွားပြီ။ အရက်ကို ပါဏုပေတံ ဝေရမဏိ လုပ်တော့မည်။ အိပ်ရာထဲတွင် လူးရင်းလှိမ့်ရင်း နံနက်လက်ဘက်ရည်လာပို့ရန် တယ်လီဖုန်းဖြင့် မှာလိုက်သည်။ လက်ဘက်ရည်ယူလာသည့် ဟိုတယ် အခန်းစောင့်မ ကလေး၏ ကြည့်ပုံရှုပုံအကဲမရ။ သူ့စိတ်အထင်လည်း ဖြစ်ကောင်းဖြစ်မည်။ သူ့အထင်အမြင်တွေ လည်း ကြည်ကြည်ရှင်းရှင်းမဟုတ်။ ဟိုတယ်အခန်းစောင့်မကလေးကို သူကြည့်၍ မရ။ အခန်းထဲ တွင် ညေးနှင့်တခစ်ခစ်လုပ်တတ်သည်။ လိုက်ကာများကို ဆွဲဖွင့်ပြီးနောက် အခန်းစောင့်မကလေးက တစ်ခုခု ပြောချင် သလိုလို လုပ်နေသည်။ သူကမှုမဲ့ အမှတ်မဲ့ နေလိုက်သည်။

စမစ်သည် လက်ဘက်ရည်သောက်လိုက်မှ လန်းသွားသည်။ မတ်တတ်ရပ်ချိန်တွင် တုန်တုန် ယင်ယင် ဖြစ်ချင်နေသေးသည်။ ဗီရိုထဲတွင် အရေးပေါ်သုံးရန် သိမ်းထားသည့် ၀ီစကီပုလင်းကို ထုတ်သည်။ နှလုံးငြိမ်သွားရုံ တစ်ငုံလောက်သောက်လိုက်သည်။ ဒါတကယ်နောက်ဆုံးပဲဟု သူ့ကိုယ်သူ ပြော သည်။ အ၀တ်အစားဝတ်ရသည်မှာ ခါတိုင်းထက်ကြာသည်။ သူ့ပစ္စည်းတွေက ဟိုတစ်ခု ဒီတစ်ခု။ ဖရို ဖရဲဖြစ်နေ သည်။ ၈ နာရီခွဲတွင် အဆင်သင့်ဖြစ်သည်။

နံနက်စာ စားရန်အသွားတွင် ညေးကိုဝင်ကြည့်သည်။ ထင်သည့်အတိုင်းဘသားချောက အိပ်ကောင်းတုန်း။ စမစ်က အကြိမ်ကြိမ် ဆောင့်လှုပ်နိုးသည်။ မနိုး။ ညကတည်းက စိတ်ချဉ်ပေါက်နေ၍ ထားရစ်ပြီး ဆင်းလာခဲ့သည်။ ကော်ဖီခန်းတွင် ဂျုံပြုတ်နှင့် ငါးကင်မှာစား သည်။  ဆာဆာလောင်လောင် ရှိလှသည်တော့မဟုတ်။ ခံတွင်းတွေ့လိုတွေ့ငြား စားခြင်းဖြစ်သည်။ ဟိုတယ် ချက်ပြုတ်ပုံက အတော်ပင် အစပ် တည့်ပါသည်။ သို့သော ကြာလာတော့ နံလာသည်။ စမစ်သည် နေသာ ထိုင်သာ ရှိမည့် အိမ်ကလေးတစ်လုံး ငှါးရမ်းနေထိုင် ရန် ရံဖန်ရံခါ စိတ်ကူးပေါ်သည်။ သို့သော် ဇနီးသည် မင်နီ လည်းမရှိသေး ။ ပေ့နှင့်ပြေဆိုရသည့် အလုပ် ကလည်း မပြီးပြတ်သေး။ သို့ဖြင့် ခြင်္သေ့နီဟိုတယ်မှာပင် သောင်တင်နေခဲ့လေသည်။

ယခုတော့ သူအိမ် ၀ယ်နိုင်တော့မည်။ ပန်းခြံကလေးနှင့် ။ ခရမ်းချဉ်စိုက်ရန် မှန်လုံခန်းကလေးတစ်လုံးနှင့်။ မင်နီ သဘောကျ မည် အမှန်။ ဟန်လေ လမ်းဘက်တွင် အိမ်ကောင်းကောင်း ရှိနိုင်သည်။ ရှေ့အပတ်ထဲတွင် သွားကြည့် လိုက်ဦးမည်။ ပေ့က သူ့အိမ်ကို ရောင်းချင်ရောင်းမည်။ အခြားအိမ်ပြောင်းချင်ပြောင်းမည်။ ဟန်လေလမ်း တွင် ကိုယ့်အိမ်ကိုယ့်ရာနှင့် နေလိုက်မည်ဟူ၍ လေထဲတိုကဆောက်စိတ်ကူးသည်။ သူ့ကို လန်းဆန်းစေ သည်။ လေးလံထိုင်းမှိုင်းမှု ပြေစေသည်။

စားပွဲထိုးက ငါးကင်နှင့်အတူ သတင်းစာများကို ယူလာသည်။ စာပွဲပေါ်တွင် ချထားသည်။ ရုံးမသွားမီ သတင်းစာ များကို စမစ်လှန်လှော်ကြည့်မြဲဖြစ်သည်။ ယနေ့မူ တစ်နေ့လုံး ကိစ္စကို အကွက်ချစီစဉ်နေ၍ သတင်းတွေ ဖတ်မနေချင်တော့။ ပေ့ ညရထားစီးလာ၍ ပင်ပန်းမည်မုချ။ စောစောစီးစီး နားပူနားဆာလုပ်ဖို့ မကောင်းသေး။ ၁၁ နာရီ တွင် တွေ့ရန်ချိန်းလိုက်လျှင်တော်ပြီ။ စာချုပ်စာတန်းတွေ အားလုံးကလည်း အသင့်။ လွန်ခဲ့သည့် ၂ နှစ်က စာချုပ်များနှင့်တော့ အလျဉ်းမတူတော့။ ထိုစဉ်တုန်းကသာ ပေ့ လက်သင့်ခံ ခဲ့လျှင် နှစ်ယောက် စလုံးငွေကြေး ဆိုတာအပထား။ ပဋိပက္ခတွေ၊ အာဃာတတွေ။ ပရိဒေ၀တွေ ဘာမှ ကြုံစရာ အကြောင်း မရှိ။

စမစ်သည် ပေ့အကြောင်းကို တွေးနေမိပြန်သည်။ မကြာမီတွေ့ကြရမည့် ကိစ္စကို အငမ်းမရ မျှော်နေတာ တော့ မဟုတ်။ သူ့စိတ်စေတနာကို သိုသိပ်ထားရမည်။ စိတ်မာမှ ဖြစ်မည်။ အလုပ်သဘော ဆက်ဆံမှဖြစ်မည်။ စိတ်မချမ်းမြေ့စရာ အခြေအနေကို ရင်ဆိုင်ရန်မှာတစ်နည်းသာ ရှိသည်။ မြန်မြန်ဆန်ဆန် ပြီးပြတ်အောင်လုပ် သည့်နည်း။ အရက်သားကလေးချည်း တစ်ခွက်လောက်မော့လိုက်ရ ကောင်းသား။ အခြေအနေ အရ သောက်မည်ဆိုလည်း သောက်သင့်သောက်ထိုက်သာား။
နံနက်စာ စားပြီးသွားသည်။ သွားရန် ဟန်ပြင်သည်။ စားပွဲထိုး ဂျော့ တစ်ပတ်လှည့်လာသည်။

''အဆင်ပြေရဲ့လား ခင်ဗျာ''
"ကောင်းပါ့ဗျာ"
စမစ် က အလိုက်သင့် ပြောသည်။ ဂျော့က ပြေပြစ်သည်။ ဧည့်ဝတ်ကျေသည်။ စကားတော့ ဖောသည်။ စမစ် စကားလက်ဆုံ ကျချင်စိတ် မရှိ။
"ငါးကလေး ထပ်ယူဦးမလား ခင်ဗျာ"
"တော်ပါပြီ" စမစ်ထတော့မည် ဆဲဆဲတွင် ဂျော့က သူ့ကိုတစ်ချက် စွေကြည့်သည်။ သူ့အကြည့်က ဟိုတယ် အစောင့်မ ကလေး၏ အကြည့်ကို အမှတ်ရစေသည်။ စားပွဲထိုးက ကိုယ်ကိုယိမ်းထိုးပြီး လက်နှစ်ဖက် နောက်ပစ် ကာ စကားဆက်နေပြန်သည်။

"ကမ္ဘာလုံးသတင်းစာ ဖတ်ပြီးပြီလား ခင်ဗျား"
ကမ္ဘာလုံး မှာ မစ်ဂ်ဟီးလ်အုပ်စုပိုင် သတင်းစာ ဖြစ်၏။ စမစ် ဟုတ်တိပတ်တိ ဖတ်လေ့မရှိ။ သို့သော် အခြား သတင်းစာ သုံးစောင်နှင့် အတူ ပါလေ့ ရှိသည်။ သတင်းစာပုံကို စမစ် ငုံ့ကြည့်လိုက်သည်။ ကမ္ဘာလုံးကို အပေါ်ဆုံး တွင် တွေ့ရသည်။ နောက်ကျောစာမျက်နှာ အလယ်လောက် တွင် နှစ်ကော်လံခေါင်းစီးဖြင့် ဖော်ပြ ထားသည့်သတင်းကို မြင်သာအောင် သတင်းစာကို ချိုးခေါက်ပြီး တင်ထား သည်။
စမစ်သည် သတင်းစာကို ကောက်ကိုင်ကြည့်သည်။ ခေါင်းရှစ်စိတ်ခွဲခံရသလို မျက်စိတွေ ပြာသွား သည်။ သူ့မျက်စိရှေ့တွင် "ထောင်ထွက်မလေး ၏ စိတ်အေးချမ်းမြေ့ ဘ၀သစ်" ဆိုသော သတင်းခေါင်းစီးကြီးကို မြင်နေရ သည်။ တုန်လှုပ်ချောက်ချား စရာ။ မယုံကြည်နိုင်စရာ။
သတင်းစာ အဖွင့် စာကြောင်းများကို ဖတ်ကြည့်လိုက်သည်။ စာလုံးတွေက ချည်ခင်အူပေါက် ၀င်္ကပါ လမ်းစပျောက် ကဘောက်ချိ ကဘောက်ချာ ကခုန်မြူးတူးနေကြသည်။

"ကော်ရာဘိတ်အဖြစ် ၁၉၅၄ခုနှစ်တွင် ဓမ္မတာဆန့်ကျင်သော ရာဇ၀တ်ကြောင်း ပြစ်မှုဖြင့် မြောက် ပိုင်းဒေသ တရားရုံး ၏ ထောင်ဒဏ် ၆လ ပြစ်ဒဏ်ချမှတ်ခြင်း ခံခဲ့ရသည့် ကော်ရာပေ့ ကို မြောက်ပိုင်း ဒေသစုံညီ တရားရုံး က သတင်းများ ရေးသားခဲ့သည့် ကမ္ဘာလုံးသတင်းထောက်က မမျှော်လင့်ဘဲ ပြန်လည် တွေ့ဆုံခဲ့သည်။
နှစ်ကော်လံ သတင်းရှည်ကြီးကို ဖတ်ရင်း စမစ် ပျို့ချင်အန်ချင်ပင် ဖြစ်လာသည်။ အချက်အလက် က စုံပါပေ့။ ညေး စိတ်ကူးထားသည့် အတိုင်းပင်။ ဘ၀သစ်ထူထောင်မှု သတင်းသဘောသွား ကို ဇောင်းပေးရေး သားထားသည်။ ဘာမျှ ဖုံးလား။ ဖိလားမလုပ်။ ညေးကိုယ်တိုင် ရေးသလား ထင်မှား ရလောက်အောင်ပင် နစ်နစ်နာနာ အချက်အလက်တိုင်း ကို ထိထိခိုက်ခိုက် အထုပ်စုတ် ဖြေပြထား သည်။
စမစ် စားပွဲမှ ထလိုက်သည်။ ဂျော့ပြောတာကို လှည့်နားထောင်မနေတော့။ ညေး အခန်းသို့ တက်ပြေးသည်။

ညေး နိုးနေပြီ။ မှန်ရှေ့တွင် မုတ်ဆိတ်ရိတ်နေသည်။
"ဒါ ဖတ်ကြည့်စမ်း ... မြန်မြန်" ညေးက စမစ် ကို မြင်ပြင်းကပ်ကပ် ကြည့်လိုက်သည်။ စမစ် ၏ ပြာပြာသလဲ လေသံကြောင့် ဒေါသ ထိန်း ထားလိုက်သည်။ ကမ္ဘာလုံးသတင်းစာကို ယူပြီး ခုတင်စွန်းတွင် ထိုင်ဖတ် သည်။ စမစ် မမျိုနိုင် မသိပ်နိုင် ဖြစ်နေသည်။ "ဒါ ဟိုင်းစ် လက်ချက်ပဲ။ သူ ရေးလိုက်တာ ဖြစ်မှာပဲ"
"တိတ်စမ်း" ညေးတစ်ကိုယ်လုံး ညိုပုပ်သွားသည်။ စွပ်ကျယ်ပျော့ပြဲပြဲ၊ အောက်ခံဘောင်းဘီလျော့ရဲရဲ၊ မုတ်ဆိတ် တစ်ခြမ်း အသားပြောင်ပြောင် တစ်ခြမ်း၊ အမွေးထောင်ထောင်နှင့် အကြည့်ရဆိုးနေသည်။ နဖူးကို လက်ခေါက်ဖြင့် ဖိ ထားသည်။

"စဉ်းစားစမ်းပါရစေဗျာ" ညေးက ပြောသည်။
"ဟိုင်းစ်က ဘာဖြစ်လို့ ..." "ဒီလောက်မှ မသိဘူးလားဗျ။ ကိုငတုံးကြီးရဲ့။ ဟိုင်းစ်လက်ချက် မဟုတ်ဘူး။ သူက သူ့သတင်းစာ တိုက် ကို လက်တို့ရုံတို့လိုက်တာဖြစ်မှာ။ ဒါ မစ်ဂ်ဟီးလ် ကိုယ်တိုင်လုပ်တာ ဖြစ်မယ်။ ဒီနေရာကို ဆမ်မာဗီးလ် ဘယ်လောက် အငမ်းမရလိုချင်တယ်ဆိုတာ သူ သိတယ်။ ကျွန်တော် တို့ ခြေလှမ်း ကို စောင့်ကြည့်နေပြီး တကူးတကကို ၀င်ဖျတ်လိုက်တာ"
ညေးသည် နှုတ်ခမ်း ကို တင်းတင်းကိုက်ထားသည်။
"ဘာကြောင့်များ  ငါ ဒါကို မစဉ်းစားမိခဲ့ရတာလဲကွာ။ ကျွန်တော်တို့ အလုပ်ခက်အောင် ကြိုပြီး ဖျတ်လိုက်တာ။ အခု ဘယ်အချိန်ရှိပြီလဲ" "၉နာရီ ထိုးပြီးပြီ" "ကျွန်တော်တို့ လောဦးမှ ဖြစ်မယ်"
ညေးသည် အ၀တ်တွေကို ဆွဲလွဲဝတ်ရင်း စကားတွေ ပလုံးပထွေး ပြောနေသည်။

"စာချုပ်လက်မှတ်မထိုးခင် ပေ့ မြင်သွားရင်တော့ ကိစ္စချောပြီ။ မမြင်ဖို့ လမ်းတော့ ရှိသေးတယ်။ ညရထားက မနက် ၅နာရီ ခွဲ ဆိုက်တာ။ သတင်းစာတွေ မရောင်းသေးဘူး။ သူ အိမ်တန်းပြန်မှာ သေချာတယ်။ ဒီလို လုပ်စမ်း။ စာချုပ်တွေ ယူပြီး သူ့အိမ်ကို အငှားကားနဲ့ ပြေးပေတော့။ သူ ရှိနေ မှာပဲ။ ဖျောင်းဖျောင်း ဖျဖျ မြှောက်မြှောက် ပင့်ပင့်ပြော။ သူ သက်သာအောင်လို့ပါ။ တိုးတိုးတိတ်တိတ် ဖြစ်အောင်လို့ပါ ဘာညာပေါ့ဗျာ။ ရအောင် လက်မှတ်ထိုးခိုင်း။ ကြားရဲ့လား။ လက်မှတ်ထိုးအောင် လုပ်မှဖြစ်မယ်။ ကျွန်တော် ဥတ္တရအလင်းဘက် ကို စောင့်ကြည့်နေလိုက်မယ်။ သူ့ကို အိမ်မှာ မတွေ့ ရင် ကျွန်တော့်ဆီ ဖုန်းဆက်လိုက်"
စမစ်သည် သူ့အခန်းပြန် ပြေးသည်။ လက်ကိုင်အိတ်ကိုဆွဲကာ အောက်ထပ်သို့ ဆင်းပြေးပြန်သည်။ မနက်စောစောဖြစ်၍ အငှားကားရရန်မလွယ်။ ကံကောင်းထောက်မ၍ ဟိုတယ်အ၀င်ဝမှာပင် အငှားကစားတစ်စီး ခရီးသည် ချသည်နှင့် ဆုံသည်။ အထုပ်အပိုးတွေ တစ်ပုံကြီးချနေ၍ စောင့်နေရ သည်။ စမစ် ဆွေ့ဆွေ့ခုန်နေ သည်။ သို့သော် ၄မိနစ်အတွင်း ဟန်လေလမ်းဘက်သို့ ကားမောင်း ထွက်လာနိုင်ခဲ့သည်။

ကားစီးလာရင်း လမ်းထောင့်သတင်းစာဆိုင်ပေါ်တွင် အ၀ါရောင်ကမ္ဘာလုံး သတင်းစာ ကြော်ငြာ ပိုစတာကြီး များကို မြင်နေရသည်။ ခါတိုင်းထက် ပိုများလေသည်။ တစ်မြို့လုံးကို ယနေ့ထုတ် ကမ္ဘာ လုံးဖြင့် ဖုံးပစ်တော့မည် ထင့်။ ပေ့ထံ ချက်ချင်းရောက်မှ ဖြစ်မည်။ ယခုမှ ပို၍ အရေးကြီးလာသည်။ ပန်းအ၀င်ရောက်မှ သူတို့ စီမံချက် ပျက်ရကိန်းကြုံနေလေပြီ။ သူ မှန်ထားသမျှ ဆုံးရကိန်းကြုံနေ လေပြီ။ ထိုအတွေးဖြင့် ကိုယ်တိုင် ကားမောင်းနေသလို ကားကြမ်းခင်းကို ခြေထောက်ဖြင့် အတင်း ဖိနင်းနေမိလေ၏။
ပေ့အိမ်အနီးသို့ ရောက်ချိန်တွင် ၉နာရီ မထိုးတတ်သေး။ အိမ်နှင့် ကိုက် ၅၀အကွာတွင် ကားရပ်ခိုင်း သည်။ စောင့်ခိုင်း သည်။ ဦးထုပ်ကို တည့်တည့်ဆောင်း လက်ဆွဲအိတ်ကို လက်ထဲပွေ့ပြီး လမ်းထဲ ၀င်လာ ခဲ့သည်။ ပျာယီးပျာယာ ပုံပန်းမပေါ်အောင် ဟန်မပျက် လျှောက်လာခဲ့သည်။

အိမ်ရှေ့ဝင်းတံခါး ပွင့်နေ၏။ လူခေါ်ခေါင်းလောင်းတီးရန် ဟန်ပြင်နေစဉ် အမျိုးသမီးတစ်ယောက် အိမ်ဘေးမှ ပတ်၍ လျှောက်လာသည်။ စမစ် ချက်ချင်း မှတ်မိလိုက်သည်။ မစ္စစ်ပေ့ ...။ နေကာ ပြန့်ကျယ်ဦးထုပ်ကြီး ဆောင်း ထား၏။ ပန်းတစ်ခြင်း ဆွဲလာ၏။ မစ္စစ်ပေ့၏ ကြည်ကြည်သာသာ ဆက်ဆံမှုကို ကြည့်ပြီး သူတို့ထံ သတင်းဆိုး မရောက်သေးမှန်း စမစ်ချက်ချင်း သိလိုက်သည်။
စမစ် စကားမစမီ မှာပင် မစ္စစ်ပေ့က "မင်္ဂလာ နံနက်ပါရှင်။ စောင့်ရတာ ကြာလှပလား" ဟု မေး၏။
"မကြာသေးပါဘူး ခင်ဗျာ" စမစ် က ထစ်ထစ်ငေါ့ငေါ့ ဖြေသည်။
"ဂန္ဓမာပန်းတွေ ခူးနေလို့ရှင်။ မလှဘူးလား။ ဧည့်ခံမဏ္ဍပ်ထဲမှာ ထိုးဖို့လေ။ ဒီနေ့က ကျွန်မတို့အဖို့ နေ့ထူးကြီးရှင့်။ ရာသီဥတု ကတော့ သာသာယာယာ ရှိလိမ့်မယ် ထင်ပါရဲ့နော်။ ဘယ်နဲ့ထင်လဲ" မစ္စစ်ပေ့ က ကောင်းကင်ကို မော့ကြည့်ရင်း ပြောသည်။

"သာယာပါလိမ့်မယ် ထင်ပါ့ ခင်ဗျာ။ ဒါနဲ့ မစ္စစ်ပေ့"
စမစ် ကြောင်စီစီဖြစ်နေပုံကို အတွေးချော်ပြီး မစ္စ်ပေ့က နောက်တောက်တောက် အပြုံးဖြင့် ဆက်ပြောသည်။
"ရှင်တို့ကို ဖိတ်စာပို့ဖို့ စိတ်ကူးမထားဘူးရှင့်။ ဒါပေမဲ့ ရှင်လာချင်တယ်ဆိုရင်လည်း ..."
"မစ္စစ်ပေ့ ..." "အာဃာတ မထားဘူးနော်။ ကျွန်မတို့ဘက်ကတော့ မထားရိုးအမှန်ပါရှင်။ ကျွန်မကတော့ ရှင်တို့ သတင်းစာ ကို အကြိုက်သားရှင့်။ ဒေါ်ရော်သီ ဆုရတဲ့ အချိန်ကပေါ့လေ။ ရှင်တို့လည်း ပြောင်းကြ တော့မှာ ဆိုတော့ ရှင်နဲ့မစ္စတာ ... ရှင်တို့ နှစ်ယောက်ပေါ့လေ ... ဒီနေ့ညနေပိုင်းမှာ ကျွန်မတို့ မိတ်ဆွေတွေနဲ့ ဆုံကြရင် လည်း ကောင်းသားပဲ"
"ခွင့်လွှတ်ပါ မစ္စစ်ပေ့" စမစ်က စကားဖြတ်ပြီး ၀င်ပြောသည်။

"မစ္စတာပေ့ နဲ့ စကားပြောစရာရှိလို့ပါ ခင်ဗျာ"
"ဟင်နရီနဲ့လား။ သူ့ကို ရှင်ဖမ်းမိနိုင်ရင် တကယ်ကံကောင်းတာပေါ့"
မစ္စစ်ပေ့ က အထက်တန်းလွှာလောကွတ်သံပျောက်ပြီး ဟောဟောဒိုင်းဒိုင်း ပြောသည်။
"ကျွန်တော် တွေ့မှ ဖြစ်မယ်ဗျ။ သိပ်အရေးကြီးတဲ့ ကိစ္စဖြစ်နေလို့ပါ"
"ဟုတ်မှာပေါ့။ တခြား အရေးတကြီးကိစ္စကတွေလည်း တစ်ပုံကြီးပါပဲ ရှင်။ ဒါကြောင့်နဲ့ တူပါတယ်။ သူ လန်ဒန် ကို ရှောင်ပြေးနေတာ နှစ်ရက်ရှိနေပြီ"
"ဟုတ်ပါတယ် မစ္စစ်ပေ့။ ဒါပေမဲ့ လန်ဒန်က ကိစ္စက မနေ့ကပဲ ပြီးသွားပါပြီ။ မနေ့က ညရထား နဲ့ ပြန်လာပြီ ဆိုလို့ပါ" "ဟုတ်လား။ ဒီကိုတော့ ရောက်မလာသေးပါဘူးရှင်" "မရောက်သေးဘူးလား"
စမစ်က သံယောင်လိုက်၍ ပြောသည်။ ပြာပြာသလဲ ဆက်ပြောသည်။

"ဒီမှာ မစ္စစ်ပေ့။ ရထားက ဒီနေ့မနက် ၅နာရီခွဲမှာ ဆိုက်ပါတယ်။ သူပါလာတာ ကျွန်တော်တို့ သိပါတယ်။ မစ္စစ်ပေ့ ကို အနှောင့်အယှက် မပေးချင်တာနဲ့၊ စောစောစီးစီး တစ်အိမ်လုံး နိုးမကုန်စေ ချင်တာနဲ့ ... အပေါ်ထပ်များ တက်ပြီး ...။ သူ ဘယ်များ သွားမယ်ထင်ပါသလဲ ခင်ဗျာ"
မစ္စစ်ပေ့သည် စမစ် ဒေါပွလောက်အောင် ဟန်ပါပါ စဉ်းစားနေသည်။ ပြီးမှ ကောက်ရသလို သွားမယ်ထင်ပါသလဲ ခင်ဗျာ" "သူ့သားအိမ်သွားချင် သွားနေမှာပေါ့။ စလီဒန်မှာလေ။ ဟင်နရီက ပြောလို့ရတာ မဟုတ်ဘူး။ စလီဒန် စိတ္တဇ ကပ်နေတာရှင့်" ဟု ပြောလိုက်လေ၏။
စမစ် စိတ်အေးချမ်းသာ ဖြစ်သွားပြနသည်။ မျှော်တလင့်လင့် ဖြစ်လာပြန်သည်။ စလီဒန် ... ဟုတ်မှာပဲ။ ပေ့ အဓိက အာရုံထားသည် မှာ ကော်ရာကို ဖျောင်းဖျရန် ဖြစ်သည်။ ဘူတာရုံမှ စလီဒန် သို့ တောက်လျှောက် သွားမည်မှာ ဖြစ်နိုင်ရုံမက မြေကြီးလက်ခတ်မလွဲပင် ဖြစ်လိမ့်မည်။

စမစ်သည် ရေးကြီးသုတ်ပျာပင် ခွင့်တောင်းပြီး အငှားကားရှိရာသို့ ပြန်လာခဲ့သည်။ ဤအခြေအနေ အရ ကံကောင်းနေသည်ဟု သူ့ကိုယ်သူ အားပေးလိုက်မိ၏။ ပင်လယ်ကမ်းခြေ ရွာကလေးအထိ တော့ သတင်းရောက်ပုံမပေါ်။ ကားမောင်းသမားကို အတင်းလောဆော်ပြီး စလီဒန် မောင်းခိုင်း သည်။ ကားကလေးမှာ စစ်ကြိုခေတ် ကားဖြစ်၍ တစ်လမ်းလုံး တကျွိကျွိ မြည်နေသည်။ တဒိုင်းဒိုင်း ဆောင့်နေသည်။

စလီဒန်သို့ရောက်ရန် ၂မိုင်ခန့်အလိုတွင် လမ်းဘေးတစ်ဖက်သို့ ကားယိုင်ဆွဲသွားသည်။ ကျွိခနဲ ဘရိတ်အုပ် လိုက်သည်။ ကားရပ်သွားသည်။ ကားဘီးပေါက်မှန်း စမစ် သိလိုက်သည်။ စိတ်တို လက်တို ခေါက်တုံ့ပြန်လျှောက်ရင်း စောင့်ရသည်။ ကားသမားက ဘီးသစ်လဲသည်။ တောလမ်း တွင် မိုင် ၅၀နှုန်းမောင်း၍ ရနိုင်မည့် ကားမျိုးမဟုတ်၍ ဘီးပေါက်သည်မှာ သူ့အပြစ် မဟုတ်ကြောင်း တစ်ချိန်လုံး ဗျစ်စပ် ဗျစ်စပ် ပြောနေသည်။ ကားသမားအိုကြီး၏ တုန်ချည့်တုန်ချည့် လုပ်နေပုံမှာ ဒေါပွစရာ ကောင်းလှသည်။

စမစ်သည် လမ်းကိုသာ လည်တဆန့်ဆန့် လုပ်နေမိသည်။ လမ်းကြုံလိုက်နိုင်မည့် ကား တစ်စီးစီး ပေါ် လာလို ပေါ်လာငြား မျှော်သည်။ ကားတစ်စီးသာ ပေါ်လာသည်။ ဟက်ဒယ်လ်စတန်ဘက်သို့ သွားမည့်ကား။ အရေးထဲ မိုးသက် မုန်တိုင်းကျတော့မည် အရိပ်အယောင် ပေါ်လာသည်။ အတော် ကြာမှ ဘီးသစ်လဲ၍ ပြီးသွား သည်။ ဘောက်ဆူး ကောင်းကောင်းပေးမည်ဆိုသော ကတိအရ ကားသမားအိုကြီးကား ဆက်မောင်းလာခဲ့ သည်။ အရှိန်ကတော့ ပျော့ပျော့။

စမစ်သည် နာရီကို တကြည့်တည်း ကြည်နေလေသည်။ ဆယ်ခါထက်မနည်း။ ရွာအ၀င်ဝတွင် ၁၀နာရီခွဲသည်။ တစ်ရွာလုံး အိပ်နေသလို ငြိမ်နေသည်။ ဒေးဗစ်ပေ့ အိမ်ကို ကြာကြာမရှာရ။ ကားပေါ်မှ ဆင်းချိန်တွင် စမစ် သက်ပြင်းကြီး တစ်ချက် ရှူလိုက်သည်။ ခေါင်းကတော့ ကျပ်ခဲနေဆဲ ပင်။ လူကလည်း ကတုန်ကယင် ဖြစ်နေဆဲပင်။ အိမ်တံခါးဝသို့ ရောက်လာသည်။ မိနစ်ပိုင်းအတွင် သေရေးရှင်ရေးကိစ္စ အဖြေပေါ် လာတော့မည်။
လူခေါ်ခေါင်းလောင်း ကို ဣနြေ္ဒရရ ဆွဲလိုက်သည်။ စောင့်နေသည်။ ဘယ်သူမှ ပေါ်မလာ။ အိမ်ထဲ က အသံကြား မှ ကြားပါလေစ။ ခေါင်းလောင်းသံ ကြားသလိုလိုတော့ ရှိသည်။ အသေအချာ မပြော နိုင်။ နောက် တစ်ကြိမ် လူခေါ်ခေါင်းလောင်း ဆွဲပြန်သည်။ ကျယ်ကျယ်လောင်လောင်။ အကြောင်း မထူး။ တတိယမ္ပိ ကြိုးပြတ် ထွက်မတတ် ဆွဲသည်။ အိမ်ထဲတွင် ခေါင်းလောင်းမြည်သံကို ကျယ်ကျယ်လောင်လောင် ကြားရသည်။ လူသံ မကြား။

ရှေ့တံခါး ကို ဖွင့်ကြည့်သည်။ တံခါးလက်ကိုင် ဘယ်ရော ညာပါ အတင်းလှည့်ကြည့်၏။ ဖွင့်မရ။ ပြတင်းပေါက် က ကြည့်တော့လည်း လူသူလေးပါး မမြင်ရ။ ဘာတွေများ ဖြစ်နေကြပါလိမ့်။ တစ်ယောက်ယောက်တော့ အိမ်ထဲမှာ ရှိမည်မုချ။ ပေ့ တစ်ယောက် အပေါ်ထပ်တွင် အိပ်ပျော် နေလေရော့ သလား ဟု တွေးမိ၏။ ဖြစ်လည်း ဖြစ်နိုင်လောက်၏။ သို့သော် တွေ့ကိုတွေ့ရမှ ဖြစ်မည်။
ကားမောင်းသမားက ၀င်းတံခါးဝကို သူ့ကိုကြည့်ကာ သင်္ကာမကင်း ဖြစ်နေသည်။ စမစ်က အရေး မလုပ်။ အိမ်ဘေး ကျောက်စရစ်လမ်းကလေးအတိုင်း လျှောက်သွားသည်။ ထင်သည့်အတိုင်းပင် မလွယ်ပေါက် တံခါးတစ်ခု ကို တွေ့သည်။ တံခါးက ဟလျက်။ ညင်ညင်သာသာပင် တွန်းဖွင့်ပြီး မီးဖိုချောင်ထဲသို့ ၀င်လိုက် သည်။ မီးဖိုချောင်စားပွဲပေါ်တွင် ကော်ရာ ထိုင်နေသည်။
သူ့အနီး သို့ စမစ် ရောက်လာသည်အထိ ကော်ရာ မလှုပ်။ မိန်းမောနေရော့သလားဟုပင် ထင်ရသည်။ အရေးလုပ်ပုံ မပေါ်။ သူ့မျက်လုံးတွေက ဘေးသို့သာ ရှောင်လွှဲနေ၏။ မနေ့တစ်နေ့က ဂီတပွဲ တွင် တွေ့မြင်ခဲ့ရသည်နှင့် စာလျှင် ကြောက်ခမန်း လန့်ခမန်း ရုပ်ရည်ပြောင်းလဲနေသည်။ ၁၀နှစ်လောက် အိုစာသွားသည်။ သို့သော် သနားနေချိန်မရ။ ပေ့ကို တွေ့မှ ဖြစ်မည်။ ကော်ရာကို လည်း ဤ အတိုင်း ပြောပြသည်။

ကော်ရာက အဖြေမပေး။
စမစ်က ကလေးငယ်တစ်ယောက်ကို ပြောနေသည့်အလား ...
"ဟင်နရီပေ့ ကို တွေ့ချင်တယ်ဗျာ။ သူနဲ့ ပြောစရာရှိလို့" ဟု ပြောသည်။
ကော်ရာက အကြာကြီး အဖြေမပေး။ ကြားမှ ကြားပါလေစဟု စမစ် သံသယ ဖြစ်မိ၏။ ကော်ရာက သူ့ကို ဖြည်းဖြည်းလှည့်ကြည့်၏။ သူ့မျက်နှာက စကျင်ကျောက်ကို ဖွေးဖွေးဖြူနေ၏။ မျက်နှာသေကြီး။
"သူ ဒီမှာ မရှိဘူး" "ဒီမှာ ရှိလိမ့်မယ်ဆိုလို့" "ဒီမှာ မရှိပါဘူး" ကော်ရာက ထပ်ပြောသည်။

"မနေ့ညက အစီအစဉ် ပြောင်းလိုက်တယ်။ ဒီနေ့မှ လာမယ်လို့ သံကြိုးရိုက်ထားတယ်"
"ကျွန်တော် တို့ သိတာတော့"
"ကြေးနန်းရှိသားပဲ။ ဟို မီးလင်းဖိုပေါ်မှာ"
ကြေးနန်းစာ ကိုက စမစ် ဖတ်ကြည့်သည်။ ကော်ရာ့ထံသို့ လိပ်မူထားသည်။ လန်ဒန်မှာ တစ်ည အိပ်မည်။ နောက်တစ်နေ့ နေ့လယ်မှ ပြန်လာမည်ဟု ရေးထားသည်။
"အို ... မဟုတ်တာ" စမစ် အော်ညည်းလိုက်မိ၏။
"ဘာထူးတော့မှာမို့လဲရှင်" စမစ်သည် ကော်ရာကို ဖျတ်ခနဲ ကျော်ကြည့်လိုက်သည်။ စားပွဲပေါ် တွင် ဖြန့် ထားသော ကမ္ဘာလုံ့း သတင်းစာကို မြင်သည်။ ကော်ရာ့မျက်လုံးများကလည်း သူ့မျက်လုံးနှင့် အတူလိုက်ပြီး သတင်းစာ ကို စူးစိုက်ကြည့်နေသည်။

"ဟုတ်တယ်လေ။ အဲဒါပဲ။ ရှင်တို့ ကျေနပ်ကြရောပေါ့။ ပထမတစ်ခါတော့ ကျွန်မဘ၀ကို ပျက်စီး အောင် လုပ်ခဲ့ကြ တယ်။ ဒီတစ်ခါတော့ ကျွန်မတို့ အားလုံး ရဲ့ ဘ၀ကို ပျက်စီးအောင် လုပ်လိုက်ကြ တာပဲ"
စမစ် ဆင်ခြေ ဆင်လက်တွေ အလိုလို ပေးမိနေသည်။ ဤကိစ္စတွင် သူ့ပယောဂ ကင်းရှင်းကြောင်း၊ ဤကိစ္စမှာ သူလည်း ကြံရာပါ ဖြစ်သည်။ ပိုလျှင်သာ ပိုမည်။ ကော်ရာ ပြောတာ မှန်သည်။ ဖြေရှင်း နေလို့ အကြောင်း မထူးတော့။ ကော်ရာ ပြောသည့်အတိုင်း သူတို့အားလုံး ဘ၀ပျက်စီးကြရလေပြီ။ ဘာပဲပြောပြော၊ ဘာပဲလုပ်လုပ် ဘာမှ အကြောင်း မထူးတော့။
မတုန်မလှုပ် ကျောက်ရုပ်လို စိတ်ထောင်းကိုယ်ကြေ အငူသားထိုင်နေသော ကော်ရာကို ကြည့်ရင်း စမစ် ရင်ထဲ ဗလောင်ဆူ လာသည်။
ရုတ်တရက် စိတ်ကောင်းလည်လာ၍ ကြောက်စရာ့အဖြစ်ဆိုးကို စမစ် နဖူးတွေ့ ဒူးတွေ့ သိမြင် လိုက်သည်။ ဘယ်သူသေသေ ငတေမာပြီးရော သတင်းစာလောက။ ပြည်ဖျက်ပြီး နန်းတက်ဝံ့သော သတင်းစာလောက။ ထိုလောက ၏ လုပ်ကြံထိုးနှက်မှုဖြင့် ကျရောက်ခံစားခဲ့ရသည့် ဒုက္ခဝေဒနာ အားလုံးသည် ဤဘ၀ပျက် လူသား တစ်ယောက်အပေါ်တွင် စုရုံးပေါင်းဆုံ ကျရောက်နေသည်နှင့် အလားတူနေပေတော့၏။

"ဒီသတင်းစာက ဘယ်လိုရောက်လာတာလဲ" စမစ်က မေးကြည့်သည်။
"ဒေးဗစ် ... ကျွန်မ ယောက်ျား ယူလာတာ"
"ဘယ်က ရလာတာလဲ" စမစ် စကားများသည် ကော်ရာ့ထံရောက်ရန် ဝေးလံလှစွာသော ခရီးကို ကျော်ဖြတ် သွားရသည်။ ကော်ရာ့ စကားလုံးများကလည်း အလားတူ ခရီးကို ကျော်ဖြတ်လာရသည်။
"မနက်တိုင်း ဆိပ်ခံတံတားဘက်ကို သူ လမ်းလျှောက်တာပဲ။ သတင်းစာဆိုင်မှာ ပိုစတာကြီးတွေ တွေ့တာနဲ့ ... ပိုစတာတွေ တစ်ရွာလုံး ကပ်ထားတာပဲ ... သူ သတင်းစာ ၀ယ်လာတာပေါ့"
ကော်ရာ တစ်ကိုယ်လုံး တဆတ်ဆတ် တုန်လာသည်။

"ဒီကိစ္စကို သူ မသိစေချင်တာ။ သူ သိရင် ဘာဖြစ်သွားနိုင်တယ်ဆိုတာ ကျွန်မ နားလည်တယ်။ သူ့မျက်နှာထား က ကျွန်မတစ်ခါမှ မဖြစ်ဖူးတဲ့ မျက်နှာထားပဲ။ စကားကို လည်း တစ်ခွန်းမှ မပြောတော့ ဘူး။ ထွက်သွားတာပဲ"
"ဘယ် ထွက်သွားတာလဲ" "မသိဘူး ... မပြောတတ်ဘူး ... ကျွန်မ တားပါသေးတယ်။ မရဘူး။ ကျွန်မလည်း ဘာမှ မလုပ်တတ်တော့ဘူး။ ကျွန်မ ဘ၀ ကတော့ ပျက်ပါပြီ။ ဆုံးခန်းတိုင်တော့တာပါပဲ"
စမစ် ဘာများကော ပြောနိုင်ဦးမည်နည်း။ ဘာမှ မတွေးတော့။ ဘာဆို ဘာမှ မတွေးတော့။ မည်ကာ မတ္တ ဖြေသိမ့်စကား ကိုသာ ပြောနိုင်တော့၏။
"ခင်ဗျား စိုးရိမ်သလောက်လည်း မဆိုးနိုင်သေးပါဘူးဗျာ။ သူ ပြန်လာမှာပါ"
"မလာတော့ပါဘူး" ကော်ရာက စမစ်နှင့် မျက်လုံးချင်းဆိုင်လိုက်သည်။ သူ့အသံက စမစ်ကို ကျောစိမ့်သွားစေ သည်။

"ကျွန်မဆီတော့ မလာတော့ပါဘူး"
ကော်ရာ စိတ်ပျက်လက်ပျက် မထုံတက်တေူး ဖြစ်လာသည်။ စမစ်အဖို့ ကော်ရာကို မေးနေ၍ ဘာမှ မထူးတော့။ ကော်ရာ ငိုချလိုက်လျှင် ရင်ပေါ့ သွားလိမ့်မည်ဟု တွေးမိသည်။ ထို့ကြောင့် အိမ်ထဲမှ ထွက်လာခဲ့ သည်။
စမစ် အငှားကား ရှိရာသို့ တစ်လှမ်းချင်း လျှောက်ပြန်လာခဲ့သည်။ ရေးကြီးသုတ်ပြာ လုပ်စရာလည်း မလိုတော့။
အဝေး တွင် မုန်တုန်းကျနေ၏။ အယ်လ်ဒန် ကုန်းတန်းဆီတွင် မိုးတစ်ဂျိမ်းဂျိမ်း ခြိမ်းနေ၏။ ရွာပေါ်မှာ ပင် မိုးသားကမည်းမည်း မှောင်နေ၏။ လေက ပို၍ ထိုင်းမှိုင်းလာ၏။ ဗုန်းသံ၊ အမြောက်သံပမာ မြည်ဟိန်းကာ အိုက်စပ်စပ်လေနှင့် အတူ လှိုင်းလုံးကြီးများအလား တလိမ့်လိမ့် ရိုက်ခတ်လာသော ပေါက်ကွဲသံများသည် တုန်တုန် ခိုက်ခိုက် ဖြစ်နေသော စမစ်အဖို့ ရင်တုန်စရာ ကောင်းနေတော့၏။
အငှားကားပေါ် သို့ စမစ် တက်လိုက်ချိန်တွင် မိုးသီးမိုးပေါက်တို့က စေးထန်း ပူလောင်သော သွေးရည် သွေးစက်များ အလား သူ့လက်ကို ပက်ဖျန်းလိုက်လေသည်။

စမစ်သည် ကားသမားကို ဟက်ဒယ်လ်စတန်သို့ ပြန်ခိုင်သည်။ အခြား လုပ်စရာလည်း မရှိတော့။ ပေ့ကို ရှာရန် လည်း စိတ်မကူးတော့။ ဟက်ဒယ်လ်စတန်သို့ ပေ့ ပြန်မရောက်သေး။ ရထားပေါ်မှာ ရှိချင်ရှိနေမည်၏။ လန်ဒန်မှာပင် ရှိချင် ရှိနေဦး မည်။ ဘယ်မှာပင်ရှိနေနေ ကံဆိုးမိုးမှောင်သတင်းကို တော့ မုချ သိပြီး ဖြစ်ပေရော့မည်။ ပေ့ ဘယ်တော့မှ စာချုပ်လက်မှတ်ထိုးတော့မည် မဟုတ်။ ဥတ္တရ အလင်းကို ဘယ်တော့ မှ ထိုးအပ်တော့မည် မဟုတ်။ ညေးနှင့် သူ့အဖို့ ဘာမှ လုပ်စရာ မကျန်တော့။ ဒူးထောက်လက်မြှောက်ပြီး မြို့မှ ထွက်ခွာ သွားကြဖို့သာ ရှိတော့သည်။
စမစ်စိတ်ထဲတွင် အညံ့ခံစိတ် ရုတ်တရက် ပေါ်လာသည်မှာ ကြောင်းကျိုးယုတ္တိ ဆက်စပ်ဆင်ခြင်မှု အကြောင်းတစ်ခုတည်းကြောင့် မဟုတ်။ ညေးနှင့် ပေါင်းပြီး သူ ဖန်တီးခဲ့သည့် အခြေအနေ၊ သူ လွှတ်ပေးခဲ့သည့် အင်အား များကို သူ ပြန်ကြောက်လာခြင်းကြောင့်လည်း ဖြစ်၏။ သူ စိတ်အား ပျော့ညံ့လာသည်။ ဘာဖြစ်နေနေ အရက်တစ်ခွက်လောက် သောက်လိုက်ချင်သည်။ ပြေးမှ ဖြစ်တော့မည်။ အလုပ်ပြုတ်တာ မပြုတ်တာ အရေးမကြီးလှတော့။ အရေးကြီးဆုံးကိစ္စမှာ ဟက်ဒယ်လ်စတန်မှ အမြန်ဆုံး ထွက်ခွာသွားရန် ကိစ္စသာ ဖြစ်တော့သည်။

စိတ်အားငယ်ခိုက် အားကိုးအားထားရှာရင်း ညေးထံ စိတ်ရောက်သွားမိပြန်သည်။ ညေးက တိုက်ခွဲ တွင် သူ ရှိနေမည်ဟု ပြောထား၍ အငှားကား ကို ပရုဒင်ရှယ် တိုက်ကြီးသို့ မောင်းခိုင်းသည်။
မိုးက သဲကြီးမဲကြီး ရွာနေ၏။ လေပြင်းက ဝှေ့ရမ်းဝိုက်ရမ်းတိုက်နေ၏။ မိုးရေလုံးတို့က ကားရှေ့ မှန်ကို တ၀ုန်းဝုန်း ရိုက်ပက်နေ၏။ လမ်းပေါ်တွင် လူ မရှိသလောက် ရှင်းနေသည်။ အခိုအကာရှိရာ သို့ သုတ်ခြေတင် လျှောက်နေသူအချို့၊ ထီးဆောင်းကာ တကုန်းကုန်း လျှောက်နေသူ အချို့သာ ရှိသည်။ ၀ိတိုရိယလမ်း မှ ပြောင်းဖူးဈေးဘက်သို့ ကားချိုးကွေ့လိုက်သည်။ လမ်းပိတ်ဆို့နေသည်ကို ရုတ်တရက် တွေ့လိုက် ရသည်။

လမ်းကျဉ်းကလေး တစ်ခုလုံး ပိတ်နေသည်။ ဗဟိုဈေးမှ ကုန်စိမ်းများ တင်လာသည့် ကုန်တင် ကားများမှာ အများစု။ ရေပိုက်ကြီးပေါက်သလား။ လမ်းရေလျှံသလား။ တစ်ခုခုတော့ ဖြစ်မည်ဟု စမစ် ထင်လိုက် မိ၏။ စောင့်မနေနိုင်။ တိုက်ခွဲကလည်း ဝေးလှတော့သည်မဟုတ်။ ကားမောင်း သမား လက်ထဲ သို့ ငွေစက္ကူ ထိုးထည့်လိုက်ပြီး ကားပေါ်မှ ဆင်းလာခဲ့သည်။
စမစ်သည် လမ်းထောင့်ကို ချိုးကွေ့ပြီး ပန်းခြံလမ်းအတိုင်း လျှောက်လာသည်။ လမ်းစင်္ကြံပေါ် တွင် စုနေသည့် လူအုပ်ကြီးကို သတိပြုမိသည်။ လူအုပ်ကြီးသည် မိုးထဲလေထဲတွင် ရပ်နေကြသည်။ လည် တဆန့်ဆန့် မျှော်နေကြ၏။ ခေါင်းဘယ်ညာယိမ်း၍ ကြည့်နေကြ၏။ လူတွေ ကြည့်နေသည့် တိုက်မျက်နှာစာမှာ သူတို့ တိုက်ခွဲ ၀င်ပေါက် ဖြစ်နေ၏။ စမစ် ရင်ထိတ်သွားသည်။
ပြဿနာတော့ ပေါ်နေပြီ။ တိုက်ခွဲကိုတော့ ၀ိုင်းဖျက်နေကြပြီဟု စမစ် တွေးမိလိုက် သည်။ ကြောက်ဆုတ်ဆုတ် ဖြစ် လာသည်။ သို့သော် မေးမြန်းတော့ ကြည့်ဦး မှ ဖြစ်မည်။ ရှေ့သို့ ပြေးသွား သည်။ ထိုအခိုက်တွင် ဥသြသံကြားရသည်။ ကြည့်ဦးမှ ဖြစ် မည်။ ရှေ့သို့ ပြေးသွား သည်။ ထိုအခိုက် တွင် ဥသြသံကြားရသည်။

လူနာတင်ကားဖြူကြီးကို ရိပ်ခနဲ မြင်လိုက်ရသည်။
စမစ်သည် လူကြားထဲသို့ တိုးဝှေ့ဝင်သည်။ ကြောက်ကြောက်လန့်လန့် ဖြစ်လာသည်။ ဖြတ်သွား ခွင့်ရရန် သူ့နာမည် ကို ထပ်မနားပြောပြနေရသည်။ တံခါးဝရောက်မှ ရဲသားတစ်ဦးက သူ မှန်းသိ သည်။ တိုက်တွင်း ၀င်ခွင့်ပေး သည်။ သူ ခန်းမထဲတွင် ရပ်နေမိသည်။ ရှေ့မတိုးဝံ့။ အမောကြီး မောနေသည်။
ဓာတ်လှေကား လူခေါ်ခေါင်းလောင်းကို  အားတင်း၍ နှိပ်လိုက်သည်။ ဓာတ်လှေကား ဆင်း မလား။ လေးထပ် တွင် ရပ်နေသည်။ တစ်စုံတစ်ယောက် ပြေးဆင်းလာသည်။ လှေခါးမှ ရုတ်တရက် ခြေသံ ကြားသည်။ လှည့်ကြည့်သည်။ ပီတာ ...။ တယ်လီဖုန်း အော်ပရေတာကလေး။ ပီတာက သူ့တစ်ကိုယ်လုံးကို စမစ် အပေါ်တွင် လှဲချလိုက်သည်။ စမစ် လက်မောင်းကို အတင်းဆုပ် ကိုင်ထား သည်။
"မစ္စတာစမစ် ... ခင် ... ခင်ဗျား"
"ဘာဖြစ်တာတုန်းကွ"
ပီတာက စမစ်ကို သွေးရူးသွေးတမ်း ဖျစ်ညှစ်သည်။ တအီအီညည်းသည်။

"အိမ်ပြန်ချင်တယ်။ ကြောက်စရာကြီး ... ကြောက်စရာ ကောင်းလိုက်တာ။ ကျွန်တော် ကိုယ်တိုင် မြင်တာ ..."
"ဘာဖြစ်တာလဲကွ"
စမစ်က ပီတာကို တွန်းဆောင့်ပြီး မေးသည်။
ပီတာ မော့ကြည့်၏။ သို့သော် ခေါင်းက နောက်လန်သွားပြန်၏။ အသံသာ စူးစူးဝါးဝါး ထွက်လာ၏။
''မစ္စတာပေ့ရဲ့သား က ညေးကို သေနတ်နဲ့ ပစ်တယ်. . . မစ္စတာညေး လဲကျသွားတယ် . . သူ့ကိုယ်သူ လည်း ပစ်တယ်'' ပီတာ့အသံက ပိုကျယ်လာသည်။
''ဆရာဝန်က သေပြီတဲ့'' ''ဘယ်သူလဲ'' စမစ်က ထစ်ထစ်ငေါ့ငေါ့ မေးလိုက်၏။

''ဒေးဗစ် . . မစ္စတာပေ့ရဲ့သား''
စမစ် နံရံကို မှီလိုက်သည်။ တစ်ကိုယ်လုံး အားဆုတ်သွားသည်။ အော့ချင်သလိုလို အန်ချင် သလိုလို ဖြစ်နေသည်။
ဓာတ်လှေကား စက်သံ ကြားရသည်။ ခဏအကြာတွင် ဓာတ်လှေကားထဲမှ ဆရာဝန်တစ်ဦးနှင့်အတူ ညေး ထွက် လာသည်။ ညေး ကတုန်ကယင် ဖြစ်နေသည်။ အပေါ်အင်္ကျီကို ပခုံးပေါ်၌ လွှားခြုံထားသည်။ လက်ဝဲ လက်မောင်း တွင် ပတ်တီးစည်းထားသည်။ နှုတ်ခမ်းထောင့်တွင်တော့ စီးကရက်က တွဲလောင်း။

''လင်ကောင်မပေါ်မွေးတဲ့ သောက်ရူးကလေးပေါ့ဗျာ'' ညေးက အနီးမှ ဖြတ်သွားရင်း စမစ်ကို လှမ်းပြောသည်။
ညေးနှင့် ဆရာဝန်တို့နှစ်ဦးသား လူနာတင်ကားပေါ်သို့ တက်သွားကြသည်။ စမစ် အကြောင်သား ကြည့်နေ သည်။
စိတ်တင်းပြီး လှုပ်မည်ကြံကာရှိသေး။ ဓာတ်လှေကားထဲမှ လူနှစ်ယောက် အလောင်းသယ်လာကြ သည်။ စမစ် မျက်စိမှိတ် ထားရန် ကြိုးစားသည်။ မှိတ်မရ။ မကြည့်ချင် မြင်ရက်သား ဖြစ်နေသည်။ အလောင်းကို လူနာတင် ကားထဲ သွင်းလိုက်သည်။ လူတစ်ယောက် ဒူးထောက်ပြီး ဓာတ်ပုံရိုက်နေဟန် ကိုပွင့်နေသော တံခါးမကြီးမှ လှမ်း၍ မြင်လိုက်ရသေးသည်။

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

Thursday, July 26, 2012

ဦးဝင်းတင် ဘာသာပြန် ဥတ္တရအလင်း, အပိုင်း (၂၁)

”ဒါထက်နေစမ်းပါဦး။ ဥတ္တရအလင်းကို ဘာဖြစ်လို့ လိုချင်ရတာတုန်း”
ဆမ်မာဗီးလ်သည် စားပွဲရှင်းနေရာမှ သူ့ကို ဆတ်ခနဲ မော့ကြည့်လိုက်၏။ မေးခွန်းနောက်ကွယ်မှ ရည်ရွယ်ရင်းအချင်းကို ယနမကင်း ဖြစ်ပုံပေါက်နေသည်။ ဤအညတရ တောသားက သူ ထိပ်တိုက် တိုးနေ သည့် ပြဿနာကို လေဖမ်းတန်းချည် မှန်းဆနေလေပြီလား။
ကို ဆက်ဖတ်ရန်...

ထောင်တက်နေသော စရိတ်စကများ၊ မြင့်တက်လာသော လုပ်ခကြေးငွေများ၊ သူ့ကို အပြုတ်နှံနေ သည့် လက်ဝါးကြီးအုပ် လုပ်ငန်းရှင်ကြီးများ ကို တိုက်သွားရမည်။ ဒါက သူ့ပြဿနာ။ ဂျတ်ထန်နှင့် မစ်ဂ်ဟီးလ်တို့ လုပ်ငန်းချင်း ပေါင်းကြတော့မည်။ သတင်းစာလုပ်ငန်း လောကကို လက်ဝါးကြီး အုပ်ကြတော့မည်။ ဥတ္တရအလင်း ကို မဖြိုနိုင်၍ လူရယ်စရာ ဖြစ်ရသည်က တစ်မျိုး၊ တနင်္ဂနွေ မျက်လုံး ရှုံးရသည်က တစ်ဖုံ။ မြို့ရေးမြို့ရာ ပြုတ်လုတဲကာ ဖြစ်ရသည်က တစ်နည်း။ သူ့အဖို့ လုပ်ငန်းချဲ့နိုင်ချဲ့။ မချဲ့နိုင် စုန်းစုန်းမြှုပ်ဖို့သာ ရှိတော့သည်။ ဒါကလည်း သူ့ပြဿနာ။ ဆမ်မာဗီးလ် က ပေ့ကို စေ့စေ့စပ်စပ် ကြည့်သည်။

"ရှင်းနေတာပဲ။ စောင်ရေ များချင်လို့ပေါ့ဗျာ"
"အခုလည်း ခင်ဗျား စောင်ရေက နည်းတာမှ မဟုတ်တာ။ ပြန်တမ်း ဆိုရင် တစ်သန်းကျော် ရောင်းနေတာပဲဟာ"
"ဒီခေတ်လို အပြိုင်အဆိုင်ကြဲတဲ့ ကာလမျိုးမှာ ရှေ့မှာ မရောက်ရင် နောက်ကို ဆုတ်ရတော့တာဗျ"
"ခင်ဗျားအဖို့ ရှေ့ကို ရောက်တယ်ဆိုတာ ပြန်တမ်းစောင်ရေ တိုးရေး၊ မော်ကွန်းစောင်ရေ တိုးရေး။ ဒါပဲလား"
ပေ့သည် ဖြစ်ချစ်ရာဖြစ်၊ စိတ်ထဲရှိသမျှ ဖွင့်ချရပြီးရော သဘောဖြင့် သက်ပြင်းတစ်ချက် ရှိုက်လိုက် သည်။
"ဆန်းစစ်ဂျာနယ်ထဲမှာ သတင်းစာလောကအကြောင်း ဆောင်းပါးတစ်ပုဒ်ပါတယ်။ ဖတ်လိုက်မိ သေးလား" ဟု မေးလိုက်၏။

"ဆန်းစစ်က တကယ်ကောင်းတဲ့ စာစောင်ပဲ။ ကျွန်တော်တော့ ဖတ်ခဲပါတယ်"
"အဲဒီဂျာနယ်မှာ စေ့စေ့စပ်စပ် သမာသမတ် ကျကျနန ရေးထားတဲ့ အစီရင်ခံစာ တစ်စောင် ပါတယ်။ ကောက်ချက်အချုပ်ကတော့ အသိဥာဏ်ရှိရှိ၊ မူဝါဒမြင့်မြင့်နဲ့ ထုတ်သတဲ့သတင်းစာတွေက လူပြိန်း ကြိုက်သတင်းစာတွေ အနက် အောက်တန်းအကျဆုံး သတင်းစာတွေက ၀ိုင်းဖိနေပြီတဲ့။ အဲဒီ သတင်းစာတွေ ဟာ ပြည်သူ့အကျိုးဆောင်ဖို့ ရည်ရွယ်ချက်နဲ့ ထုတ်တာတွေ မဟုတ်ဘူးတဲ့။ ငွေရ ပြီးရော ရည်ရွယ်ချက်နဲ့ ထုတ်တာတွေ သက်သက်ပဲတဲ့။ ပြီးတော့ အဲဒီ သတင်းစာတွေဟာ ကမ္ဘာမှာ အနုံဆုံး၊ အချာဆုံး၊ အောက်တန်းအကျဆုံး၊ အော့နှလုံးနာစရာ အကောင်းဆုံး သတင်းစာ တွေပဲတဲ့။ အဲဒီအထဲမှာ ခင်ဗျား ရဲ့ ပြန်တမ်းဟာ ခေါင်စွဲတာပဲတဲ့"
ဆမ်မာဗီးလ် က ပြုံးစေ့စေ့နှင့် အရေးမစိုက်သလို လုပ်နေသည်။

"ကျွန်တော်တို့ကို မလိုတဲ့ လူတွေလည်း ရှိတာပေါ့ဗျာ။ သနားစရာပေါ့။ ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ က လူထုကြီး ကို အကြိုက်တွေ့အောင် လုပ်တာပဲ။ ဧယဉ်ကျူးပေးတာပေါ့ဗျာ"
"သတင်းပုတ် သတင်းသိုး သတင်းဆိုးတွေကို ခွံ့ပြီးတော့ပေါ့လေ ..."
"သူတို့လိုချင်တာ ပေးတာပဲဗျ"
ပေ့က ခေါင်းကို သွက်သွက်ခါအောင် ရမ်းလိုက်သည်။

"မဟုတ်သေးပါဘူး။ လူသားတွေက ထင်သလောက် မမိုက်မဲကြပါဘူးဗျာ။ ကျွန်တော်တို့လူမျိုးကို ဒီလိုပစ်စလက်ခတ် သဘောထားလို့ ဘယ်ဖြစ်မလဲ။ သူတို့မှာ သတ္တိဗျတ္တိလို့၊ ရွှန်လန်းတက်ကြွမှုတို့၊ စေတနာတို့၊ စိတ်ကောင်း သဘောကောင်းတို့ဆိုတဲ့ အရည်အသွေးတွေ ရှိပါသေးတယ်ဗျ။ ဒါပေမဲ့ အဲဒီ လူထုကြီးရဲ့ လေးပုံသုံးပုံ ဟာ ပညာမတောက်တစ်ခေါက် ဖြစ်နေတော့ ခင်ဗျားတို့ အရူး ဘုံမြှောက်လုပ်တာကို မပယ်လှန်နိုင် ဘူးပေါ့ဗျ။ သိပြီးသားတွေ ပြောမနေတော့ပါဘူးဗျာ။ ခင်ဗျားတို့ သတင်းစာတွေ မှာ သွေးသားသောင်းကျန်းမှုတွေ၊ ရာဇ၀တ်မှုခင်းတွေ၊ အာရုံနိုးဆွမှုတွေ၊ အသိမ် အဖျင်း အနုတ်စုတ် ဂုတ်စုတ်တွေ ပြည့်နေတာသက်သက်ကြောင့်သာ အန္တရာယ်ကြီးနေတာ မဟုတ် ဘူးဗျ။ အယုတ်ညံ့ဆုံး အစွဲတွေ၊ အကြိုက်တွေ ကို ပညာသားပါပါ မီးလောင်လေပင့်လုပ်ပြီး ခင်ဗျားတို့ကို ဆန့်ကျင်သူတွေ  အပေါ်ကြီး ပက်ပက်စက်စက် အပြစ်ဖို့နေတာကြောင့်လည်း အန္တရာယ်ကြီးနေတာဗျ။ ကျောမွဲ နလပိန်းတုံးတွေကို အရက်ပုန်းရောင်း လိုက်ချင်သေးတယ်။ ဒီလို အလုပ်မျိုးနဲ့တော့ အဆိပ်အတောက်ဖြစ်အောင် မလုပ်ချင်ဘူးဆိုတဲ့ ၀န်ကြီးချုပ် ဘဲလ်ဖိုး ရဲ့ စကားကို မှတ်မိတယ် မဟုတ်လား။

ခင်ဗျားတို့ရဲ့ ကဇော်ပေါက်အောင် ပုပ်သိုးနေတဲ့ စာဆိုးပေဆိုး တွေနဲ့ ဒီလိုသာ နှစ် ၅၀လောက် ဆင်ကန်းတောတိုး လုပ်နေရင် လူတွေ ပိတ်ပိတ်သား နလပိန်းတုံး ဖြစ်ကုန်ကြတော့မှာပဲ။ ခင်ဗျားတို့ လက်ထဲက လက်နက်ဟာ ဘယ်လောက်အစွမ်းထက်သလဲဆို တာ ခင်ဗျားတို့ အသိဆုံးပါ။ ဘာဖြစ်လို့ အဲဒီလက်နက်ကို အကျိုးရှိရှိ မသုံးနိုင်ရတာလဲဗျ။ ဒီနေ့ တိုင်းပြည်မှာ ဥာဏ်ရှိရှိ၊ မူရှိရှိ သတင်းစာတွေ အလိုကြီး လိုနေတယ်ဆိုတာ ခင်ဗျားတို့ အသိပဲ။ သေမင်းနဲ့ မိတ်ဖွဲ့နေရတဲ့ စစ်ကာလမှာတောင် ကျွန်တော်တို့ ကြီးကျယ်ခဲ့တယ်။ အဲဒီနောက်ပိုင်းမှာ  တော့ နိုင်ငံရေးအရရော၊ စီးပွားရေးအရရော၊ စိတ်ဓာတ်အရရော ကျွန်တော်တို့ ဖြူခါ ပြာခါ ကျခဲ့ တယ်။ ဒါယာယီပဲလို့တော့ ကျွန်တော် ယုံတယ်။ ဒါပေမဲ့ ကျွန်တော်တို့ ရုန်းထွက်နိုင်မှာဗျ ... မထွက်ရင် ..."
ပေ့ အာခြောက်လာသည်။ ဆက်ပြောစရာ စကားလုံးရှာ မတွေ့တော့။ အမြင်ကပ်ကပ်ကြည့်နေ သည့် ဆမ်မာဗီးလ်က ပေ့မျက်နှာပေါ်တွင် အထင်းသား ပေါ်နေသော စိတ်အားငယ်ဟန်ကို အကွက်ကောင်းယူကာ ချော့ချော့မော့မော့ လေသံပျော့ပျော့ဖြင့် ပြောသည်။

"ဒီမှာ မိတ်ဆွေကြီးရယ် ... ခင်ဗျား သဘောထားကိုလည်း သိပါတယ်လေ။ ဒါပေမဲ့ အချိန် ကလည်း သိပ်မရှိလှဘူးဗျာ။ တိုတိုပဲ ပြောကြစို့ရဲ့။ ကျွန်တော်တို့ကလည်း တတ်နိုင်သမျှ ဈေးကောင်းပေးထားတာပဲဗျာ။ အကျပ်မကိုင်ပါဘူး။ လက်ခံနိုင်မလားဆိုတာ ပြောဖို့ပဲ ရှိပါတယ် ဗျာ။ ရောင်းဖို့ဆုံးဖြတ်ရင်တောင်မှ ခင်ဗျားအလုပ်ဆက်လုပ်ချင်စိတ် ရှိချင်ရှိဦးမှာပေါ့။ ခင်ဗျား ရေးတဲ့ ခေါင်းကြီးပိုင်းတွေက ဝေေ၀ဆာဆာ ရှိပါတယ်"
"မလုပ်ချင်တော့ပါဘူးလေ။ ရောင်းရင်လည်း လုံးလုံး။ မရောင်းရင်လည်း လုံးလုံးပဲ"
"ဒါဖြင့်လည်း လုံးလုံးရောင်းပေါ့ဗျာ"
ဟင်နရီပေ့သည် ဆမ်မာဗီးလ်ကို မကြည့်နိုင်တော့။ ခေါင်းပင်မမော့နိုင်တော့။ သူ ရှုံးပြီး။
"စဉ်းစားလိုက်ဦးမယ်ဗျာ။ ၃၊ ၄၊ နာရီပေါ့။ နေ့လယ်ကျတော့ ဖုန်းဆက်လိုက်ပါ့မယ်"
ဆမ်မာဗီးလ်က မတ်တတ်ရပ်လိုက်သည်။

"ကောင်းပါပေ့ဗျာ။ မျှော်နေပါ့မယ်"
ပေ့ အခန်းထဲမှ ထွက်လာခဲ့သည်။
မိုးတဖွဲဖွဲ ရွာနေ၏။
ပေ့သည် မနေ့နေ့လယ်ပိုင်းကတည်းက ဘာမှ မစားရသေး၍ ဆာလာသည်။ နှလုံးကလည်း တဒိန်းဒိန်း ခုန် လာသည်။ အက်ရှိလေ ပန်းခြံအနီးသို့ အရောက်တွင် ရင်ထဲက နာလာသည်။
လွန်ခဲ့သည့်လပိုင်းမှစ၍ လက်ဝဲဘက် လက်တစ်လျှောက်နာကျင်သော နှလုံးရောဂါ လက္ခဏာများ ပေါ်နေသည်။ ယခု နာကျင်မှုက ထူးခြားသည်။ ရင်ဘတ်တစ်ပြင်လုံး နာကျင်ခြင်း ဖြစ်သည်။ နံရိုး များကို ပြုတ်တူကြီးဖြင့် ညှပ်ထားသည့် အလား တအားကုန် နာကျင်ခြင်း ဖြစ်သည်။ အသက်ရှူရုံ လှုပ်ရှားမှု လောက်ပင် မရ။ ချွေးသီးချွေးပေါက် ထွက်လာသည်။ ဝေဒနာက ပြင်းလှ၏။
ခိုနားစရာ မရလျှင် လူပုံလယ်တွင် ခွေယိုင်လဲကျတော့မည့်အခြေသို့ပင် ရောက်လာသည်။ မနည်း ကြိုးစားပြီး ဘုရားရှိခိုးကျောင်းထဲသို့ ၀င်သည်။ အတွင်းသို့ ရောက်သည်နှင့် ခုံတန်းလျားများပေါ် တွင် ခွေကျသွားတော့ သည်။

ခဏကြာမှ သက်သာလာ၍ အိတ်ထဲမှ ဆေးတောင့်နှစ်တောင့်ကို ချိုးပြီး ရှူလိုက်သည်။ ဆေးပြား တစ်ပြားကိုလည်း မြိုချလိုက်သည်။ မိနစ် ၂၀ခန့်ကြာမှ ထထိုင်နိုင်တော့သည်။ ရင်နာပျောက်သွား သည်။ မသေရုံ တစ်မည် ကျန်သည်။ အသက်နှင့်ကိုယ် အိုးစားမကွဲသည်မှာ အံ့တစ်ပါး ဖြစ်နေ တော့သည်။
ဘုရားရှိခိုးကျောင်း ထဲတွင် လူသူလေးပါး ကင်းဆိတ်နေ၏။ သီလရှင် လားတော့ မသိ။ အ၀တ်နက် ၀တ်ထားသော အမျိုးသမီးတစ်ဦးသာ ရှိနေသည်။ ထိုအမျိုးသမီး ၀တ်ပြုနေချိန်တွင် ကော်ရာကို သတိရ လိုက်မိလေ၏။ ကော်ရာ့ ရုပ်သွင်ကိုလည်း မြင်ယောင်နေမိလေ၏။ ကော်ရာတစ်ယောက် သောကပွားစရာ မလိုတော့။ စိတ်ချလက်ချနေနိုင်ပြီ။ ပျော်နိုင်ရွှင်နိုင်ပြီ။
ယုတ်စွအဆုံး အရှုံးထဲမှ ဖြေစရာတစ်ကွက်ရလိုက်သည်။ တစ်သက်နှင့်တစ်ကိုယ် ဤသို့သော စိတ်လှုပ်ရှားမှုမျိုး ကို တစ်ခါမျှ မခံစားခဲ့စဖူး။ မမီတဲ့ ပန်းးကို လက်လှမ်းမမီသော ကြည်နူးနှစ်သက် မှုကို သူတစ်သက်လုံး ရှာခဲ့သည်။

ယခုမှ ပြည့်ဝပေတော့၏။ သောမနဿတော့ မဟုတ်။ ခါးသီးသလိုလို ချိုမြိန်သယောင်ယောင် အရသာ။
ခဏအကြာတွင် ပေ့ ထရပ်နိုင်လောက်အောင် သက်သာလာသည်။ လမ်းပေါ်သို့ တက်ခဲ့သည်။ ဟိုတယ်သို့ အငှားကားဖြင့် ပြန်လာခဲ့သည်။ အခန်းထဲတွင် နေ့လယ်စာ မှာစားသည်။ စားသောက် ပြီးနောက် နာရီဝက်ခန့် နားနေလိုက်၏။
ဆမ်မာဗီးလ်ထံ ပေ့ တယ်လီဖုန်း ဆက်သည်။ ဆမ်မာဗီးလ်မရှိ။ အတွင်းရေးမှူးကို မှာထားခဲ့သည်။ နက်ဖြန် ညရထားဖြင့် ဟက်ဒယ်လ်စတန် ပြန်မည်။ နောက်တစ်နေ့နံနက်တွင် စာချုပ်လက်မှတ် ရေးထိုးမည်ဟု ...။

ကိစ္စပြီးပြတ်သွားပြီဖြစ်၍ ဝေေ၀၀ါးဝါး ဖြစ်နေသော သူ့စိတ်အာရုံထဲတွင် စလီဒန်အတွေးသည် လင်းလင်း ထိန်ထိန် အရာဝတ္ထုတစ်ခုပမာ ပေါ်လာသည်။ ယခုကိစ္စကို ဘာမျှ မသိသေးသော ဒေးဗစ် ကို တွေ့ချင်စိတ်က ကော်ရာ ကို ပြေးတွေ့ချင်ဇောက ပိုသည်။ ကော်ရာ တစ်ယောက် သောကဗျာပါဒ ပြေပျောက်စေလေအောင်။ ကော်ရာတစ်ယောက် စိတ်ချမ်းသာ မှု ပြန် ရစေလေ အောင်။

(၁၂)

ထိုဗုဒ္ဓဟူးနေ့ မွန်းလွဲပိုင်း ပေ့ ဟိုတယ်သို့ ပြန်လာသည့်အချိန်လောက်မှာပင် ဟက်ဒယ်လ်စတန် တွင် ညေးလည်း တိုင်းကာဆယ်မြို့မှ ရထားဖြင့် ပြန်လာသည်။ တိုင်းကာဆယ်တွင် ညေး ပျော်ပျော်ကြီး အချိန်ဖြုန်းခဲ့သည်။ ထိုနေ့နံနက်ပိုင်းက ပေ့ လန်ဒန်သို့ ထွက်ခွာသွားခြင်းကို အလျဉ်းမသိသေး။
"ဒီမှာ ... စမစ် ... နေ့လယ်ကျရင် ပေ့ ဖုန်းဆက်မှာ သေချာတယ်။ ခပ်မြှောက်မြှောက်ကလေး ပြောပြီး လက်မှတ် ထိုးအောင်သာ လုပ်ခဲ့ပေတော့"
ဟု တစ်ဘီးလှိမ့်လေသံဖြင့် စမစ်ကို အခါပေးခဲ့သေးသည်။
"ခင်ဗျားကကော" စမစ်က မေးသည်။

"ဦးနှောက်ရှိစမ်းပါ ကိုယ့်လူရ။ ကျွန်တော့် မြင်ရ သူ ကျွဲမြီးတိုရုံရှိတော့မှာပေါ့။ သူ ဆက်ဆံချင်တာ ခင်ဗျားတစ်ယောက်ပဲ ရှိတယ်။ တိုင်းကာဆယ်လည်း ကျွန်တော် သွားစရာရှိနေသေးတယ်လေဗျာ"
"ဘာကိစ္စ"
"ဆံပင်ညှပ်၊ လက်သည်းညှပ် အလည်အပတ်ပေါ့ဗျာ"
ညေးသည် ကမ္ဘာပျက်တောင် မျက်တောင်တစ်ချက်မခတ်သော ဂိုက်မျိုး ဖမ်းထားခဲ့သည်။ သို့သော် တစ်နေ့လုံး ရင်တမမ တင်တကြွကြွ ဖြစ်နေခဲ့သည်။ တိုက်ခွဲရုံးထဲသို့ အ၀င်တွင် ကတုန်ကယင် ဖြစ် လာသည်။ ရပ်ပြီး စီးကရက် တစ်လိပ် သောက်လိုက်ရသေးသည်။ ပြီးမှ ခြေလှမ်းအရှိန်လျော့ကာ စိမ်ပြေနပြေ လျှောက် ၀င်လာခဲ့သည်။

လေးထပ်သို့ ဓာတ်လှေကားဖြင့် တက်ခဲ့သည်။ သူ့ရုံးခန်းဆီသို့ ခပ်သုတ်သုတ် လျှောက်လာခဲ့ သည်။
"ဘာ သတင်းထူးလဲဟေ့" တိုက်ခွဲသို့ ၀င်လာရင်း မေ့လေ့ရှိသည့်အတိုင်း ပီတာကို မေးလိုက်၏။
"မော့စဘန်းက မစ္စတာစမစ် ဖုန်းခေါ်နေတာ ခဏခဏပဲခင်ဗျာ"
"ဆက်ပေးစမ်းကွာ"
ညေးသည် သောက်လက်စ စီးကရ် တစ်ပိုင်းတစ်စကို လုံးခြေလိုက်သည်။ နောက်ထပ်တစ်လိပ် မီးညှိပြန်သည်။ သွက်သွက် ဖွာရှိုက်နေသည်။
"ဧည့်သည်တစ်ယောက်လည်း လာသေးတယ် မစ္စတာ ညေး။ မစ္စတာ ပေ့ရဲ့ သားလို့ ထင်တာပဲဗျ" ပီတာက ပြောသည်။

"ဒီကို လာတယ်ဟုတ်လား"
"ဟုတ်ကဲ့ ... မစ္စတာညေး။ ကြည့်ရတာတော့ ကြောင်စီစီပဲ"
"အမြဲတမ်းပဲ ကြောင်နေတာပါကွာ။ နောက်တစ်ခါလာရင် ပြောစမ်း။ ငါ ကြည့်ရှင်းလိုက်မယ်"
"ကောင်းပါပြီခင်ဗျာ။ ဟဲလို ... ဟဲလို ... မစ္စတာစမစ်မာလား ခင်ဗျာ"
ညေးက တယ်လီဖုန်းစကားပြောခွက်ကို ကောက်ကိုင်လိုက်သည်။
"စမစ်လား ... ညေးက ... ဘာကြားသေးသလဲ"
စမစ်အသံ က ဒေါသ ချုပ်တည်းထားရသည့် လေသံပေါက်နေသည်။

"တစ်ခုခုတော့ ကြားရတော့မှာပေါ့။ မနေ့ညက ပေ့ လန်ဒန်ကို ထွက်သွားပြီ။ ဒီနေ့မနက် ဆမ်မာဗီးလ်နဲ့ သွားတွေ့ တယ်။ ဘာတွေ ဖြစ်ကုန်လဲတော့ ကျွန်တော်လည်း မသိဘူး။ ဂရီလီလည်း မရှိဘူး။ ဆမ်မာဗီးလ် ကလည်း အစည်းအဝေး တက်နေတယ်။ တစ်နေ့ခင်းလုံး ရုံးချုပ်သို့ ဖုန်းဆက် နေတာပဲ။ ခင်ဗျား လျှောက်လည်နေတာတော့ ဘယ်ကောင်းမလဲဗျာ။ အကုန်လုံး အိုးနင်းခွက်နင်း ဖြစ်နေတာပဲ"
မမျှော်လင့်သော သတင်းကို ကြားလိုက်ရ၍ ညေး မျက်နှာပျက်သွားသည်။
"ချာလုံနာ တစ်ယောက်ပဲ သိတယ်နဲ့ တူတာပဲ။ ပေ့က ဒီနေ့ စကားပြန်မယ်လို့ ကတိပေးသွားတယ်နဲ့ တူတယ်။ ချာလုံနာကတော့ ဟန်ကျလိမ့်မယ်လို့ ထင်နေတာပဲ။ ဒါပေမဲ့ သူလည်း မသေချာပါဘူး။ ကျွန်တော် သတင်းစောင့်နေတာ တစ်နာရီ ရှိနေပြီ။ အသည်းတောင် ယားလာပြီ"
ညေး နှုတ်ခမ်းကို ကိုက်ထားလိုက်သည်။ သူ တွက်ကိန်းလွဲပုံကိုရော စမစ် အပြစ်ပုံချနေပုံကိုပါ ဒေါသ ဖြစ်နေမိသည်။ ဤအချိန်တွင် ကတောက်ကဆ ဖြစ်နေ၍ အကြောင်းမထူး။ နံရံကို စိုက်ကြည့်နေ သည်။ တအောင့်လောက် စဉ်းစားနေသည်။

"ခင်ဗျား လာခဲ့ပါလားဗျ။ နှစ်ယောက်ညှိရတာပေါ့"
စမစ် လိုလိုလားလား လက်ခံပုံကိုထောက်လျက် သူ့စိတ်အခြေအနေကို ညေး နားလည်လိုက် သည်။
"တယ်လီဖုန်း လာရင် ခင်ဗျားဘက်ကို လွှဲပေးဖို့ ပြောထားခဲ့မယ်။ တယ်လီဖုန်းနားကတော့ မခွာနဲ့ နော်။ မိနစ် ၂၀ အတွင်း အရောက်လာခဲ့မယ်"
ညေးက ပီတာကို လှည့်ကြည့်သည်။
"မင်းလည်း သွားပေတော့။ ဒီနေ့ အဖို့တော့ မလိုတော့ဘူး" ဟု ပြောလိုက်သည်။
ညေးသည် ပီတာထွက်သွားမှ အခန်းသို့ ပြန်သွားသည်။ စားပွဲစွန်းတွင် ထိုင်သည်။ စဉ်းစားသည်။ နာရီဝက်ကျော်ကြာမှ စမစ် ရောက်လာသည်။ ညေး ထင်ထားသည့်အတိုင်းပင် စမစ်တစ်ယောက် ကျီးကန်တောင်းမှောက် ဖြစ်နေသည်။

"မထူးသေးဘူးလား။ ကျွန်တော်တော့ မခံနိုင်တော့ဘူးဗျာ"
ပြောပြောဆိုဆို ကုလားထိုင်ပေါ်တွင် ခြေပစ်လက်ပစ်ထိုင်ချလိုက်သည်။ သားရေလက်ဆွဲအိတ်ကို ဒူးပေါ်မှာ တင်ထားသည်။ "အေးအေးပေါ့"
ညေးက အားပေးသည်။ သို့သော် သူကိုယ်တိုင်လည်း သိပ်တော့ မအေးလှ။ စိတ်ချောက်ချားနေ သည်။ ဤကိစ္စက ချောချောမောမော ဖြစ်မှပြီးတော့မည်။ ဆမ်မာဗီးလ်အတွက်ကြောင့်သာ မဟုတ်။ အရေးမလှလျှင် သူမျက်နှာပြ၀ံ့တော့မည် မဟုတ်တော့၍လည်း ဖြစ်သည်။ ယခုတော့ နောက်ဆုံးအဆင့်ရောက်လာပြီ။ သူပြုတ် ကိုယ်ပြုတ် နှံ ရတော့မည်။
သူတို့နှစ်ယောက်စလုံး တယ်လီဖုန်းခေါ်သံကို စောင့်နေကြသည်။ ညေးက စီးကရက်တစ်လိပ် မီးညှိပြန်သည်။ တစ်နေ့ခင်းလုံး သူ မီးခိုးဆက် စီးကရက်သောက်နေလေသည်။
"ခင်ဗျား ဘယ်လိုထင်သလဲ" စမစ်က မေးသည်။

"တိတ်စမ်းပါဗျာ။ ဒီကိစ္စပြောတာလည်း အပ်ကြောင်းထပ်နေပါပြီ။ တခြားကိစ္စကလေး ဘာလေးလဲ ပြောစမ်းပါဦး။ မိုးကြောင်း၊ လေအကြောင်း၊ မြာအကြောင်း၊ ဂျစ်ပစီတစ်ယောက်သမားအကြောင်း၊ ခင်ဗျားအကြိုက်ဆုံး ၀မ်းနှုတ်ဆေး အကြောင်း ... ပြောချင်တာသာ ပြောဗျာ"
ခဏတိတ်သွားသည်။
"တိုင်းကာဆယ်မှာ တော်တော် အလုပ်ဖြစ်ခဲ့ရဲ့လား"
စမစ်က လက်လျှော့ဟန်ဖြင့် မေးသည်။

"သိပ်ဖြစ်တာပေါ့။ ကြော်ငြာရှင်တွေ အားလုံးဆီရောက်ခဲ့တယ်။ စက္ကူစက်ရုံခွဲလည်း ရောက်ခဲ့တယ်။ ပဲ့တင်သံသတင်းစာက လက်ထောက်အယ်ဒီတာ ဟာရီဆန်နဲ့လည်း အကြာကြီး စကားစမြည်ပြော ခဲ့သေးတယ်။ ကိစ္စတွေ အားလုံး စီစဉ်ပြီးပါပြီ။ ပေ့နဲ့ ပြေပြေလည်လည် ဖြစ်လိမ့်မယ် ထင်ပါတယ်လို့ ပြောခဲ့တယ်။ ပေ့က နည်းနည်းတော့ အသာစီးရနေပါတယ်။ ဒါပေမဲ့ ကျန်းမာရေးကြောင့် ထွက်ချင် နေပါပြီလို့လည်း ပြောခဲ့တယ်။ ဒါပြောရတာ လွယ်တာ မဟုတ်ဘူး။ ချွေးပြန်အောင်ကို လုပ်ရတာ ဗျ။ ဒါက အရေးကြီးတယ်။ ပဋိပက္ခဖြစ်တယ်လို့ ထင်ရင် လွှဲပြောင်းယူတဲ့အချိန်ကျတော့ ကျွန်တော် တို့ကို ဒုက္ခပေးနိုင်တယ်ဗျ"
ညေးက စီးကရက်တစ်ဝကြီး ဖွာရှိုက်လိုက်သည်။
"ဒါ ကျွန်တော့် သတင်းပဲ။ ခင်ဗျားသတင်းလည်း ပြောပါဦးလေ" ပြောသည်။

"ပြောပြီးပါပကောလား။ တစ်နေ့လုံး တယ်လီဖုန်းစောင့်နေပါတယ်ဆို။ စောင့်ရင်း မင်နီဆီကို စာအရှည်ကြီး ရေး တယ်။ အတူပြန်လာနေဖို့ ခေါ်တဲ့ စာပါ။ ဒီကိစ္စအဆင်ပြေသွားမှ ထည့်မှာပါ
စမစ်သည် ညေး မျက်နှာထားကို ရိပ်မိုပုံရသည်။ ခေါင်းကို လေးလေး တွဲ့တွဲ့ ရမ်းလိုက်သည်။
"ရယ်စရာ လို့ မထင်နဲ့ဗျို့။ ကျွန်တော်တို့က ခင်ဗျားလို မိန်းမ စန်းပွင့်တဲ့ကောင် မဟုတ်ဘူး"
စမစ် ဆက်မပြောနိုင်မီ ရုတ်တရက် တယ်လီဖုန်းခေါ်သံကြားရသည်။ နှစ်ယောက်သား တစ်ပြိုင်တည်း ထပြေးသည်။ ညေး က တယ်လီဖုန်းခုံသို့ အလျင် ရောက်သည်။
"ဟဲလို ... ဟဲလို ... ဟုတ်ပါတယ် ညေးပါ"
ချာလုံနာ ထံမှ သတင်းက တိုတိုနှင့် လိုရင်းသာ။ ညေးက စမစ်ကို မကြည့်။ စကားပြောခွက်ကို ချလိုက်၏။ တစ်မိနစ်ခန့် မျက်နှာသေကြီးဖြင့် ရပ်နေသည်။ တစ်မိနစ်လုံးလုံး စမစ် စိတ်ဒုက္ခရောက် နေသည်။ ပြီးမှ ...
"ပေ့ ညရထား နဲ့ ပြန်လာမယ်။ နက်ဖြန်သူ ပြန်ရောက်ရောက်ချင်း စာချုပ်လက်မှတ်ထိုးမယ်တဲ့" ဟု ပြောလိုက်လေ သည်။

"ဘုရားဂုဏ်တော်ပါပဲဗျာ"  စမစ်သည် ကုလားထိုင်ပေါ်သို့ ခွေချလိုက်သည်။ လက်ကိုင်ပ၀ါ စမ်းသည်။ မတွေ့။ နှုတ်ခမ်း ကို လက်ဖြင့် သုတ်လိုက်သည်။
"ခင်ဗျားက အတော်တော့ အသည်းထိတ်အောင် လုပ်တတ်တဲ့လူပဲဗျာ"
ညေးက ပြုံးလိုက်သည်။ စမစ် ပခုံးကို ကိုင်လိုက်သည်။
"ကဲ ... ခင်ဗျား အရက်တစ်ခွက်လောက်တော့ သောက်လိုက်မှ ဖြစ်လိမ့်မယ်။ လာပါဗျာ။ ကျွန်တော် တိုက်ပါ့မယ်" ဟု ဖိတ်ခေါ်သည်။
"မဖြစ်ဘူး ... မဖြစ်ဘူး။ ဒီအချိန်ကစပြီး တစ်သက်လုံး မသောက်တော့ဘူး။ ဒါသစ္စာဆိုတာပဲ"
"သစ္စာဆိုတာ ဟုတ်လား။ ဘယ်သူ့ဆီမှာ သစ္စာဆိုတာလဲ"
စမစ် ဆုတ်ဆိုင်းဆိုင်း ဖြစ်နေသည်။

"ကတိသစ္စာပြုတယ်။ ဒါပဲပေါ့ဗျာ။ ဘုရားမလို့ ဒီကိစ္စ အောင်မြင်ရင်ပေါ့ဗျာ"
ညေးက တစ်ချက်ကလေး မလှောင်။ စိတ်ကောင်းဝင်နေသည်။
"အို ... လာပါဗျာ"
တကယ်ပင် ညေး စိတ်ကောင်းဝင်နေသည်။ ရင်ထဲတွင် ပုစွန်ဆိတ်ခုန်သလို မြူးကြွနေသည်။ စမစ်ကို ဖက်လှဲ တကင်း လုပ်ဖော်ပင် ရနေသည်။
"ကျွန်တော်တို့ အောင်သေအောင်သာလေး စားကြရအောင်ပါဗျာ။ ဒီညက ကျွန်တော်တို့အဖို့ ညထူးညမြတ် ပဲဟာ။ ပျော်လည်း အတူတူပေါ့ဗျာ"
စမစ် ဝေသွားသည်။ မျက်နှာ လန်းလာသည်။ သူက အပြောရက်သည့် လူစားမျိုး မဟုတ်။
"အေးလေ ... နောက်ဆုံးအကြိမ် အဖြစ်ပေါ့"
သူတို့နှစ်ယောက်သာ ရုံးခန်းတံခါးပိတ်ပြီး ပန်းခြံလမ်းပေါ်သို့ ထွက်လာခဲ့ကြ၏။ သာသာယာယာ ညနေခင်း။ ကျေးငှက်သံက တီတီတာတာ။ လေချိုနုက အေးအေးမြမြ။ ရော်ရွက်ဝါတွေကြားမှ နေမှိန်မှိန်က လမ်းတွေ၊ အိမ်တွေ ကို ရောင်ခြည်ပက်ဖျန်းပေးနေသည်။ သာမန်အားဖြင့် ဒါမျိုးတွေ ကို ညေး အမှုထားလေ့ မရှိ။ ယခုမှ သတိပြုမိသည်။

ဟက်ဒယ်လ်စတန်ကလည်း အလှသားပါကလား။ ညေးသည် စိတ်ကောင်းဝင်သထက် ၀င်လာ သည်။ ဟက်ဒယ်လ်စတန်ကို ကိုယ့်မြို့ကိုယ့်ရွာကလေးလိုပင် သဘောထားလာမိသည်။ တစ်နေ့ နေ့တော့ ကိုယ့်မြို့ ကိုယ့်ရွာ ဖြစ်လာရပေလိမ့်မပေါ့။ ခြေဗွေပေါက်ပြီး ကမ္ဘာအနှံ့ရောက်နေသည့် အဖြစ်ကို သူ စိတ်ကုန်လာပြီ။ အသက် ကလည်း ၃၅နှစ် ရှိနေပြီ။ ငယ်တော့သည် မဟုတ်။ ခြေသလုံးအိမ်တိုင်လုပ်ကာ အလုပ်တစ်ခု ပြီး တစ်ခု ပြောင်းနေရခြင်းကိုလည်း ငြီးငွေ့လာသည်။ အခြေစိုက်ရန် စိတ်ကူးက မဆိုးလှ။ အဒေါ်လုပ်သူကို ဆိုင်ကလေး ရောင်းပစ်ခိုင်းပြီး သူနှင့်အတူ လာနေရန် ခေါ်ရကောင်းမလားဟုပင် စိတ်လိုလက်ရ ဖြစ်နေမိသည်။ အိမ်ထောင်ရက်သား ပြုဖို့တော့ စိတ်မကူးသေး။
ဖြုတ်ချည်းခဏပင် သူ့ကိုယ်သူ ဟက်ဒယ်လ်စတန်မြို့တော်ဝန်အဖြစ် မြင်ယောင်လာသည်။ စလွယ်ကြီး သိုင်းထားဟန်။ ဆိုးသွမ်း မိန်းကလေးဂေဟာ ဖွင့်လှစ်ပေးနေဟန်။ မိန့်ခွန်းပြောနေဟန်။ သူ့စကားသံကိုပင် ကြားလာရသည်။

"ဂုဏ်သရေရှိ အမျိုးကောင်းသမီးများနှင့် လူကြီးလူကောင်းများ၊ မြို့တော်သူမြို့တော်သားများ ခင်ဗျား။ ဆိုးသွမ်းမိန်းကလေးများကို ထိန်းသိမ်းထားမယ့် ဒီဂေဟာရဲ့ မြင့်မြတ်တဲ့ ရည်ရွယ်ချက် ကတော့ မိန်းကလေးတွေကို ထာဝစဉ် ဆိုးသွမ်းနေအောင် ဖန်တီးဖို့ပဲ ဖြစ်ပါတယ် ..."
ညေးသည် အော်ကြီးဟစ်ကျယ် ဟားတိုက်ပစ်လိုက်ချင်စိတ်ပင် ပေါက်လာမိလေ၏။
ခြင်္သေ့နီဟိုတယ်သို့ ရောက်ချိန်တွင် စမစ်က သူ့စာကို စာတိုက်ပုံးတွင် သေသေချာချာ ထည့်သည်။ စာသိမ်းသည့် အချိန်ကို မှတ်သည်။ စာအိတ်က ဧရာမအထူကြီး။ လွန်ခဲ့သည့် ရက်များအတွင်း ကျုံးရေးခဲ့သည့် စာများ။ သူသာ ရှိမနေလျှင် စမစ် စာအိတ်ကို နမ်းလားရှုံ့လား လုပ်ကောင်းလုပ် လိမ့်မည်ဟု ညေး ထင်မိသည်။
သူတို့ ဟိုတယ်ခန်းမထဲသို့ ၀င်လာကြသည်။ ပြတင်းပေါက်ဘေးနားတွင် ထိုင်ကြသည်။

"ဘာသောက်မလဲ"
"ဒီလောက် တိုက်နေမှတော့ ၀ီစကီခွက်ကြီးပေါ့ဗျာ"
စမစ်သည် လက်ဆွဲအိတ်ကြီးကို ယူမိအောင် ယူလာသေးသည်။ ဘေးတွင် အသာချထားသည်။ အိပ်ရာထဲ ယူသွားသည်အထိ အဖြစ်သည်းနေလေမလားဟု ညေး ထင်မိ၏။
"မောင့်စ်ဘန်းကနေပြီး စာချုပ်သုံးစောင် ရိုက်ယူလာခဲ့တာ။ တံဆိပ်တုံးတွေလည်း နှိပ်ထားပြီးပြီ။ ဒါကြောင့် တစ်နေ့လုံး တစ်ပိုက်ပိုက်လုပ်နေတာဗျို့။ ဘာတွေ ဘယ်လိုဖြစ်နေနေ။ ပေ့လက်မှတ် ထိုးပါ့မလားလို့ စိတ်တထင့်ထင့် ဖြစ်နေတာတော့ အမှန်ပဲ" ဟု စမစ်က ပြောသည်။
"ထိုးမှာပါ စမစ်ရဲ့။ ထိုးကို ထိုးမှာပါ"
သူတို့ အရက်ကိုယ်စီ သောက်ကြသည်။ ညေးက စားပွဲထိုးကို အရက်ထပ်မှာသည်။ ညစာမှာသည်။

"ကျွန်တော်တို့ အောင်အောင်မြင်မြင် ဖြစ်လိုက်တာတော့ ကောင်းပါရဲ့။ ဒါပေမဲ့ ကျွန်တော်တော့ ပေ့ကို စိတ်ထဲက ကို မဖျောက်နိုင်ဘူး။ သူ့မျက်လုံးထဲကအကြည့်က ... သူ့ကို ကျွန်တော် သဘောကျတယ်ဗျာ"
ညေးက ၀မ်းဟာဟာနှင့် ၀ီစကီသောက်ထား၍ အာရွှင်နေသည်။ သားချော့တေး လေးတစ်ပုဒ်ကို လက်တန်းဖျက်၍ ဆိုလိုက်သည်။
ခင်ဗျားကြိုက်တဲ့ ပေ့ကလေး
သူ့အင်္ကျီက နွေးတေးတေး
ကျုပ်တို့တွေက ဒုက္ခမပေး
အအေးမိဖို့ သူ ဝေးသေး
"အတည်ပြောတာပါ။ ဒါပြောင်စရာ နောက်စရာ ကိစ္စ မဟုတ်ဘူး။ တကယ်လို့ ဒါသာ ပျက်သွားရင် ခင်ဗျားနဲ့ လိုက် လုပ်နိုင်လိမ့်မယ်လို့ ကျွန်တော် မထင်ဘူး"
"ဘာကိစ္စမှာလဲ" "ဟိုညစ်တီညစ်ပတ် သတင်းကိစ္စမှာပေါ့"
"ဘုရားရေ ..." ညေးသည် စမစ်ကို ကြည့်လိုက်သည်။ ယခုကဲ့သို့ ကိုယ်လွတ်ရုန်းစကားမျိုးကို ကြားရတာ နားကြားပြင်း ကပ်သည်။

"ကျွန်တော်တို့ သတင်းစာဆရာတွေက အဲဒီလို ညစ်တီးညစတ်ပတ်သတင်းတွေ၊ အမြှူအဆွတွေနဲ့ စားသာနေ တာဗျ။ ခင်ဗျား မသိဘူးလား။ တိရစ္ဆာန်ရုံမှာ အစာကျွေးတာလိုပဲ။ သားစိမ်းငါးစိမ်းလည်း ဖြစ်ရမယ်။ သွေးရဲရဲ သံရဲရဲ ဖြစ်ရမယ်။ အနည်းဆုံးသွေးရောင်ဆိုးထားတဲ့ အသား ဖြစ်ရမယ်။ မုဒိမ်း ကျင့် သတ်သွားခြင်းဆိုတဲ့ လက်ပွေ့ ရောင်း သမားလေးတွေရဲ့ အော်သံကို ခင်ဗျား မကြားဖူးဘူး လား။ အဲဒါ သတင်းပဲ အစ်ကိုရေ့ ..."
"ဒါပေမဲ့ ပေ့ ပြောတာလည်း အရေးကြီးတာပဲဗျ။ သတင်းစာကျင့်ဝတ် အဆင့်အတန်းကို မြှင့်တင်ဖို့ ကတော့ လိုတာအမှန်ပဲ" "ဘယ်လို ပြုပြင်မှာလဲ" "ထိန်းသိမ်းကွပ်ကဲရေးအဖွဲ့လိုဟာမျိုး ဖွဲ့ပြီးတော့ပေါ့ဗျာ"
"သတင်းစာလွတ်လပ်ခွင့်ကို ဒီမိုကရေစီနိုင်ငံမှာ ချုပ်ချယ်လို့ မရဘူး ဆရာကြီးရဲ့။ သောက်သုံးမကျ တာတွေ ပြောမနေစမ်းပါနဲ့။ အဲဒါ သတင်းပိတ်ပင်တာပဲ။ ဆင်ဆာလုပ်တာပဲ။ လူတွေက  ကျွန်တော်တို့ရေးတာတွေ မကြိုက်ရင် ဘာဖြစ်လို့ ၀ယ်ဖတ်နေကြသေးလဲ။ ကြိုးပေးခံရခါနီး ရာဇ၀တ်သား မနက်စာ မြိန်မြိန် စားသာလး ဆိုတာကို သိချင်တာက ဘယ်သူလဲ။ ကျွန်တော် နယူးယောက်မှာ ရှိနေတုန်းက ဆင်ဆင်ထောင် မှာ လူတစ်ယောက်ကို လျှပ်စစ်ဓာတ်နဲ့ ကွပ်မျက် တယ်။

သတင်းစာတစ်စောင်က ဘာရေးတယ်ဆိုတာ ခင်ဗျား မြင်စေချင်တယ်။ သတင်းထောက်က ကင်မရာအသေးကလေး ၀ှက်ယူသွားတယ်။ နောက်တစ်နေ့လည်းကျရော လျှပ်စစ်ကုလားထိုင် ပေါ်မှာ ကွပ်မျက်ခံရတဲ့ လူရဲ့ပုံကြီးကို သတင်းစာ အပြည့်ထည့်တယ်။ နောက်တစ်နှစ်ကတော့ အဲဒီ သတင်းထောက်ပဲ လူအုပ်ကြီးက ကိုယ့်တရားကိုယ်စီရင်ပြီး လူတစ်ယောက်ကို ကြိုးပေးတဲ့ သတင်းဓာတ်ပုံနဲ့ ဆုရသွားတယ်"
"ကြောက်စရာ ပါလား ညေးရယ်။ ကြောက်စရာကြီးပါလား။ ကျွန်တော် ပြောတာနဲ့ကို ကိုက်နေတာ ပဲ။ ကျွန်တော်တို့ လူထုကို ပညာပေးရမယ်ဗျ"
"ပြီးတော့ သတင်းစာလည်း ပြုတ်ကရော။ ဟုတ်လား။ အရည်မရ အဖတ်မရ တွေ့ကရာ ရှစ်သောင်းတွေ ပြောမနေစမ်းပါနဲ့ဗျ။ ဒီခေတ်မှာ လူထုဆိုတာလည်း နေ့စဉ် ဝေပုံကျ ဘိန်းလေးလို တာပါပဲဗျ။ မဟုတ်ရင် ဒီသောက်ကမ္ဘာကြီးမှာ နေနိုင်ဖို့ မလွယ်ဘူး။ ကျွန်တော်တို့ကမှ တကယ့် ဗြဟ္မစိုရ်ဝါဒီတွေဗျ။ ခင်ဗျားရဲ့ မိတ်ဆွေကြီး ပေ့လို သုစရိုက်သမားယောင်ယောင်တွေ မဟုတ်ဘူး"
"ဟုတ်ပါပြီ ညေးရာ ... ဟုတ်ပါပြီ။ ပုတ်ခတ်တာ မဟုတ်ပါဘူး။ ကျွန်တော်တော့ စီမံခန့်ခွဲရေးဘဏ် မှာ လုပ်နေရတာ ၀မ်းတောင်သာမိပါတယ်။

ခင်ဗျားလည်း သိပါတယ်။ ကျွန်တော်က သိပ်သံယောဇဉ်ကြီးတယ်။ မိန်းမကိုလည်း သိပ်တွယ်တာတယ်။ သားနဲ့မယားနဲ့ နေချင်တဲ့လူစား။ ခင်ဗျား လုပ်သလိုဟာမျိုးတွေ လုပ်ရရင် အသည်းကွဲမှာ သေချာတယ်"
"သြော် ... ဒါဖြင့်လည်း ဘဲဥပဲ သွားကြော်နေချည်တော့ဗျို့။ သတင်းစာအလုပ်မှာ အသည်းနှလုံး ကိစ္စဆိုတာတွေ မရှိဘူးဗျ။ ဒီအသိကို ကျွန်တော် ငယ်ငယ်ကတည်းက ရလာတာ။ ကျွန်တော် သတင်းထောက်ပေါက်စ ဘ၀တုန်း က အမေရိကန် သတင်းဌာနက လေထီးသမားတစ်ယောက်ရဲ့ သတင်းကို ယူခိုင်းတယ်။ လူ့လင်းယုန်လို့ နာမည်ကြီးတဲ့ ရုဒီရှားမန်း ပေါ့ဗျာ။ သူက ပွဲတွေ လမ်းတွေမှလိုက်ပြီး လေထီးခုန်ချပြတယ်။ ကျွန်တော်လည်း သူနဲ့ လျှောက်လိုက်နေတာပေါ့။ ကျွန်တော် သတင်းတွေရေးတာနဲ့ သူလည်း နာမည်ပိုကြီးလာတယ်။ သူ့အလုပ် က သိပ်အန္တရာယ် ကြီးလို့ ကျွန်တော်က အနိုင်နဲ့ပိုင်းပြီး ရပ်တန်းကရပ်ဖို့ အကြံပေးတယ်။ သူ့မိန်းမကလည်း ပြော တယ်။ သူက ပြုံးပြီး ခေါင်းခါတယ်။ ရွာကလေးတစ်ရွာမှ ခြံကလေးဝယ်ပြီး အငြိမ်းစား ယူနိုင် လောက်အောင် ငွေစုမယ် ဆိုပြီး ဆက်လုပ်တယ်။ တစ်နေ့တော့ ဖြစ်တော့တာပဲ။ လေထီးကြိုးရှုပ် ပြီး မြေကြီးပေါ် ဗုံးခနဲ ကျတာပေါ့။ ကျွန်တော်နဲ့ ပေ ၃၀ လောက်မှကျတာ။

ကျွန်တော် သွားတွေ့ ပြီး စက္ကန့်ပိုင်းလောက်မှာပဲ သေရှာတယ်။ မသေခင်ကြည့်သွားတဲ့ သူ့အကြည့်ကို မျက်စိထဲက ဖျောက်လို့မရဘူး။ အဲဒီတုန်းကတော့ ကျွန်တော် လည်း ခံစားတတ်တဲ့ စိတ်ရှိတာပဲ။ အခုပြောတော့ ရယ်စရာပေါ့။ ကျွန်တော် မျက်ရည်တောက်တောက်ကျခဲ့ရတယ်။ ဘာပဲဖြစ်ဖြစ် သတင်းက ပို့ရ မယ်။ ဒါကို့ အယ်ဒီတာ ခွေးမသားကြီး က ဘာပြောတယ်ထင်သလဲ။ နိပ်တယ်ဟေ့။ မျက်နှာဖုံး အပြည့်ပေးမယ်။ သတင်း ရှည်ရှည် လိုချင် တယ်။ ဓာတ်ပုံတွေလည်း များများလိုချင်တယ်။ လူ တစ်ကိုယ်လုံးပေါ်တဲ့ပုံ ပါပေ့စေကွနော်တဲ့"
ညေးသည် စမစ် ကို ငေးကြည့်နေသည်။ အရက်ကို စိမ်သောက်နေသည်။ ပြီးမှ ပြောလိုက်သည်။
"ကျွန်တော် သတင်းစာ အပျိုရည်ပျက်တာ အဲဒီကတည်းကပဲ။ ဟိုသောက်စားပွဲထိုင်ငနဲက ဘယ်ရောက်နေပြန် ပလဲ။ ကဲ ... နောက်တစ်ကျော့ မော့ပြီးရင် ညစာ သွားစားကြစို့"

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

Wednesday, July 25, 2012

ဦးဝင်းတင် ဘာသာပြန် ဥတ္တရအလင်း, အပိုင်း (၂ဝ)

အိမ်ပြန်ပြီး အ၀တ်အစားယူရန် အချိန်မရှိတော့။ ဘူတာသို့ တိုက်ရိုက်သွားမှ အချိန်မီမည်။ လန်ဒန် သို့ အရေးတကြီးသွားစရာကိစ္စပေါ်၍ ထွက်သွားကြောင်း စာကလေးတစ်စောင် ရေးသည်။ မစ်မော့ဖတ်၏ လက်နှိပ်စက် အဖုံးပေါ်တွင် တင်ထားလိုက်သည်။ ထို့နောက် အိမ်သို့ တယ်လီဖုန်းဆက်သည်။ အဲလစ် အပြင်သွားနေသည်။ သူ ခရီးသွားမည်။ နှစ်ညအိပ်ထက် ပိုမကြာဟု အိမ်ဖော် ဟန်နာကို မှာခဲ့သည်။
ဦးထုပ်ဆောင်း၊ အပေါ် အင်္ကျီဝတ်၊ ရုံးခန်းမှထွက်ကာ ဘူတာရုံသို့ ကမျောသောပါး ထွက်လာခဲ့လေသည်။
ကို ဆက်ဖတ်ရန်.........

(၁၀)

နောက်တစ်နေ့နံနက်တွင် ဒေးဗစ်သည် တုံဏှိဘာဝေနေရခြင်း၊ စိတ်အိုက်နေရခြင်း။ ကော်ရာနှင့် သူ့အကြား အသည်း နာစရာ ဟန်ဆောင်နေရခြင်းကို သူ ဆက်ပြီး ကြိတ်မှိတ်ခံစားမနေနိုင်တော့ မှန်း သဘောပေါက် လာသည်။ ထွက်ပေါက် တစ်ခုခုတော့ ရှာရတော့မည်။

ခါတိုင်းလမ်းလျှောက်နေကျအတိုင်း နံနက် ၉ နာရီတွင် ဒေးဗစ် အိမ်မှ ထွက်ခဲ့သည်။ နံနက် ၉ နာရီ ခွဲတွင် ဟက်ဒယ်လ်စတန် သို့ ထွက်သည့် ဘတ်စ်ကားကို တက်စီးလာခဲ့သည်။
သူ့အဖေ ကို ပထမဆုံးတွေ့မည်။ အရေးလုပ်ပြီး ထင်သာမြင်သာ ပြမနေစေကာမူ သူ့အဖေကို သူ ကျေးဇူးတင် သည်။ သူ့အဖေကို သူ တွယ်တာသည်။ သူ့အဖေ၏ အယူအဆအများစုကို သူ လက်သင့်မခံ။ သို့သော် သူ့အဖေ ၏ စိတ်ကောင်းနှလုံးကောင်း၊ သူ့အဖေ၏ အသိဥာဏ်ကို သူ လုံးဝဥဿုံစုံမှိတ် ယုံကြည်သည်။ သူ့အဖို့ ယခု အလိုအပ်ဆုံး ဖြစ်နေသည်မှာ ထိုအရည်အသွေးများ သာဖြစ်သည်။ သူ့အဖေနှင့် တွေ့ရာတွင် ထိုအရည်အသွေး များနှင့် ပြည့်ဝသော အကြံဥာဏ်များကို ရလိမ့်မည်ဟု သူ မျှော်လင့်သည်။

ခရီးက ကြန့်ကြာလွန်းသည်။ မဆုံးနိုင်တော့သည့်အလား ထင်ရသည်။ နောက်ဆုံးတွင်မှ မြို့ကို မြင်ရသည်။ ၀ိတိုရိယကွက်လပ် တွင် ကားရပ်လိုက်သည်။ ဒေးဗစ် ကားပေါ်မှ ဆင်းသည်။ ဥတ္တရ အလင်း သတင်းစာတိုက် သို့ လျှောက်လာသည်။ မိုးစက်မိုးပေါက်တွေက သူ့နဖူးကို ထိုးဆွနေသည်။ သူ့အဖေ၏ မိုးစွန်တမွတ် ကြယ် ကိုဆွတ် စိတ်ဓာတ်ဖြင့် အနေကဇာတင်ထားသည့် သတင်းစာ တိုက်။သူအမွေဆက်ခံရန် သူ့အဖေက သတ်မှတ် ထားသည့် သတင်းစာတိုက်။ ဤသတင်းစာတိုက် သို့ လာရသည်မှာ ဧရာမ မှတ်ကျောက်တင် ပွဲဝင်ရသလို ဖြစ်နေသည်။ အခြားသောကများ ဖိစီးနေ သည့်ကြားမှ သတင်းစာတိုက်ထဲသို့ဝင်ပြီး သူ့အဖေ အခန်းတံခါးမ ကို ခေါက်ရသည်မှာပင် မဆီ မဆိုင် ၀င်ရောက်စွက်ဖက်ရသလို လိပ်ပြာမသန့်ဖြစ်ရသည်။ အခန်းထဲ တွင် ဘယ်သူမှ မရှိ။ ခဏ ကြာမှ မစ်မော့ဖတ် ပေါ်လာသည်။ ဒေးဗစ် မလာစဖူး အလာထူး၍ မစ်မော့ဖတ် က အံ့သြဟန်ဖြင့် အရိပ်အကဲ ကြည့်နေသည်။

"မစ်မော့ဖတ် နေထိုင်ကောင်းရဲ့နော်"
ဒေးဗစ်က နှုတ်ဆက်သည်။ ဤအဘွားကြီးနှင့်ဆိုလျှင် လိုရင်းပြောမှ ဖြစ်မည်မှန်း သိသည်။
"အဖေ နဲ့ တွေ့ဖို့လာခဲ့တာ" ဟု ပြောသည်။
"ဒါပဲ ဖြစ်ရမှာပေါ့"
မစ်မော့ဖတ်သည် သူ့ကို အူဝဲဆိုကတည်းက သိခဲ့သူပီပီ နောက်တောက်တောက် ပြောတတ်သည်။
"ဒါပေမဲ့ အခုတော့ မရှိဘူးကွဲ့"
"ဘယ်တော့မှ ပြန်လာမှာလဲ"
"မပြောနိုင်ပါဘူးကွယ်။ လန်ဒန် ထွက်သွားသတဲ့"
"လန်ဒန် ... ဟုတ်လား"
"ဟုတ်တယ်။ ဘာကိစ္စလဲတော့ ငါလည်း မသိဘူး။ မနေ့ညက ထွက်သွားတာပဲ။ ကိစ္စရှိလို့ဆိုတဲ့ စာကလေး ပဲ ရေးသွားတယ်။ စီးပွားရေးညီလာခံ ကိစ္စပဲ ထင်ပါရဲ့။
ခဏကြာမှ မစ်မော့ဖတ်က ဆက်ပြောသည်။

"ရက်တော့ မကြာနိုင်ပါဘူး။ မင်းအမေရဲ့ ဧည့်ခံပွဲကလည်း နက်ဖြန် လုပ်မှာ မဟုတ်လား"
ဒေးဗစ် စိတ်ပျက်လက်ပျက် ဖြစ်သွားဟန် တူသည်။ မစ်မော့ဖတ်က သူ့ကို စေ့စေ့စပ်စပ် ကြောင့်ကြောင့်ကြကြ ကြည့်မြဲကြည့်နေ သည်။
"အပေါ်အင်္ကျီ ဘာဖြစ်လို့ ထပ်မ၀တ်ခဲ့ရတာလဲကွဲ့။ မင်းဆိုတဲ့ မင်းကတော့ တကယ့် လူလွန်မသား ပဲ။ ထီး ကလေးတောင် ဆောင်းမလာဘူး။ မိုးတ၀ုန်းဝုန်း ရွာနေတာများ မသိဘူးလားကွယ်။ တစ်ကိုယ်လုံးကို နစ် မတတ်ပဲ။ ဆံပင်ကလည်း ကြည့်ပါဦး။ လာစမ်း ... ငါ ဖြီးပေးစမ်းမယ်"

ဒေးဗစ် ဘာလုပ်ရမှန်း မသိ။ ရပ်နေမိသည်။ မစ်မော့ဖတ်က ရှေ့တိုးလာသည်။ သူ့ကို အင်္ကျီရင်ပတ် ကြယ်သီး တပ်ပေး၊ ရေစက်ရေပေါက်များကို ခါပေးနှင့် သပ်သပ်ရပ်ရပ်ဖြစ်အောင် လုပ်ပေးနေသည်။
''ကိုင်း.......ခုမှပဲ ဟုတ်သွားတော့တယ်။ လက်ဖက်ရည်လေးသောက်သွားဦး။ ကော်ရာတောင် မနေ့က ဒီမှာ လက်ဖက်ရည်သောက် သွားသေးတယ်။ သိပ်တော်တဲ့ကလေးမလေးပဲကွယ်။ ကဲ....လိုက်ခဲ့ ငါ့ အခန်းထဲ သွားကြမယ်''
ဒေးဗစ်က လန့်နိုးလာသလို''ဟင့်အင်း...မသောက်တော့ပါဘူး။ ကျေးဇူးပါပဲ။ သွားစရာရှိနေလို့'' ဟု ငြင်းသည်။
''ဟဲ့....ဒေးဗစ်.....ခဏနေဦးလေ''

ဒေးဗစ်မနေချင်။ မနေနိုင်။ ချာခနဲလှည့်ပြီး လှေကားမှ ရေးကြီးသုတ်ပြာဆင်းပြေးသည်။ လမ်းပေါ်အရောက်တွင် ကားတိုက် ခံရတော့မလိုပင် ဖြစ်သွားသေးသည်။ သူကတော့ အမှုအမှတ်မထား။ ဆက်၍ သာ လျှောက်သွားသည်။ သူ့အဖေ လန်ဒန်သို့ ရုတ်တရက်ထွက်သွားခြင်းသည် ဤစက်ဆုပ်စရာ ချည်ခင် အူပေါက် ကိစ္စနှင့် တစ်နည်းနည်းတော့ဆက်စပ်ရမည်ဟု မုချတွေးမိလေသည်။
သူ့ကြမ္မာ သူဖန်တီးရန်သာ အားတင်းလိုက်တော့သည်။ ယခု သူဘာလုပ်မလဲ။ သူ့အမေထံသွားပြီး တိုင်ပင်နေ ၍တော့ အကျိုးမထူးနိုင်။ လက်မြှောက်အရူံးပေးပြီးတော့ဖြင့် စလီဒန်သို့မပြန်နိုင်။ နာရီပေါင်းများ စွာ တစ်ယောက် တည်း တနုံ့နုံ့တွေးရငေးရသည့်အလုပ်ကို သက်ဆိုးရှည်အောင် လုပ်မနေချင်တော့။ တစ်နည်းသာ ကျန်တော့သည်။ သူ စိတ်ကို ထိခိုက်နိုင်မည်မှန်း သိသည်။ သို့သော် တစ်နေ့မဟုတ်တစ်နေ့တော့ ထိုနည်း ကိုသာ မလွဲနိုင်မရှောင်နိုင် ရင်ဆိုင်ရတော့မည်သာ။

မော်ကွန်းသတင်းစာတိုက်ခွဲ ဖွင့်ထားသည့် ပရုဒင်ရှယ်တိုက်ကြီးမှာ မလှမ်းမကမ်းတွင်ပင်ရှိသည်။ ၅ မိနစ်အတွင်း ထိုတိုက်ကြီးရှေ့ သို့ ဒေးဗစ်ရောက်သွားသည်။ မော်ကွန်းသတင်းစာ တိုက်ခွဲက စတုတ္ထထပ် တွင်ရှိသည်။ ဒေးဗစ်တိုက်ထဲသို့ ချက်ချင်းမ၀င်သေး။  ပြောချင်တာကို စဉ်းစားနေသေးသည်။ ကိုယ်အား ဉာဏ်အား သိမ်းမွေးနေသေးသည်။ အရေးကြုံလျှင် သက်လုံမကောင်းတတ်သော သူ့အကျင့်ကို သူသိသည်။ ဤကိစ္စ တွင် သတိလက်လွက် အဖြစ်မျိုးမရောက်စေရန် ဆုံးဖြတ်လိုက်သည်။

ကတောက်ကဆ ဖြစ်ရမည့်အရေး၊ စော်ကားမော်ကား ခွန်းကြီး ခွန်းငယ် ပြောမည့် အရေးကို တွေးမိ လိုက်သောအခါ ဒေါသဆူဝေလာသည်။ ဒေးဗစ်အောင့်အည်း ကြိတ်မှိတ် မနေနိုင်တော့။ တိုက်ထဲ သို့ စွတ်ဝင်သွားသည်။ ဓာတ်လှေကားကို မစောင့်။ လေးထပ်အထိ ရိုးရိုးလှေကားမှပင် အမောတကောတက် သွားသည်။  မှန်မှုန်ပေါ်တွင် ရွှေစာလုံးဖြင့်ရေးထားသည့် မော်ကွန်းသတင်းစာတိုက်ခွဲဆိုသော စာတန်းကိုတွေ့ ရသည်။ တံခါးပင် ခေါက်မနေတော့ ။ ၀င်သွားသည်။

တစ်ခန်းလုံး လူသူရှင်းလင်း ကင်းဆိတ်နေခြင်းကြောင့် ဒေးဗစ်အံ့အားကြီးပင် သင့်နေမိသည်။ တယ် လီဖုန်းခုံဘေး တွင် ၁၇ နှစ်ရွယ် လူကလေးတစ်ယောက် လက်နှိပ်စက်ရိုက်နေသည်။ ဒေးဗစ်က ကိုယ့် ဘာသာကိုယ် ပင် မမှတ်မိတော့သည့် အသံဖြင့် ညေးကို တွေ့လိုကြောင်းပြောလိုက်၏။ လူငယ်ကလေးက သူ့ကို သမင်လည်ပြန် ကြည့်သည်။
''မရှိဘူးဗျ။ တိုင်းကာဆယ်ကို သွားတယ်'' ဒေးဗစ်က မယုံသင်္ကာကြည့်နေ၍ လူငယ်ကလေးက ''ဘယ်သူမှ မရှိတာ ဗျ။ မစ္စတာစမစ်လည်း မော့စဘန်းကတိုက်မှာ ရောက်နေတယ်'' ဟုစကားဖြည့်ပြောသည်။
အပြတ်ရှင်းရန် အစွမ်းကုန်မာန်သွင်းလာသူပီပီ ဒေးဗစ်က သူပစကားကိုမယုံ။ အခြားအခန်းနှစ်ခုကိုပင် ဇိုးဇိုး ဇတ်ဇတ် ၀င်ကြည့်လိုက်သေးသည်။ နှစ်ခန်းစလုံးတွင် လူမရှိ။
''သူဘယ်တော့ ပြန်လာမလဲ''

''ဘယ်သိနိုင်ပါမလဲဗျ။ ဒီမှာက ဘာအလုပ်မှ သိပ်ရှိတာမဟုတ်ဘူး။ တစ်နေ့လုံး အပြင်ရောက်နေမှာ နဲ့ တူပါတယ်'' ''တစ်နေ့လုံး'' ဒေးဗစ်သည် လူငယ်ကလေးစကားအတိုင်း ရွတ်လိုက်မိသည်။ ခဏငြိမ်နေသည်။ ပြီးမှ ချာခနဲ လှည့်ထွက် လာခဲ့သည်။ လမ်းပေါ်သို့ ပြန်ရောက်ချိန်တွင် ဒေးဗစ်သည်နာကျဉ်းစိတ်ဖြင့် လက်သီးကျစ်ကျစ် ပါ အောင် ဆုပ်၊ တစ်ကိုယ်လုံးတောင့်တင်းကာ ဆုတ်ဆိုင်းဆိုင်းဖြစ်နေသည်။ ဘာမှ မဖော်ထုတ်နိုင်။ ဘာမှမစွမ်း ဆောင်နိုင်။ ငါဘာအဖြစ်မှရှိတဲ့ကောင် မဟုတ်ပါလားဟူသော အားငယ်စိတ်သာ သူ့ တစ်ကိုယ်လုံး ရစ်သိုင်း နေတော့၏။ နေ့လည်စာ စားချိန်ရောက်နေပြီဖြစ်၍ လူသွားလူလာ ရှုပ်လာသည်။ မိုးရွာထဲ တွင် လူတွေအပြေးအလွှားသွားရင်း သူ့ကို တိုးတိုက်သွားနေကြသည်။ သူကတော့ ရပ်လျှက်ပင်။ ချီတုံ ချတုံဖြစ်လျက်ပင်။ ဒေါသသွေး ဆူဝေလျက်ပင်။ ခဏကြာမှ ၀ိတိုရိယကွက်လပ်ဘက်သို့ ထွက်လာခဲ့သည်။ ဘာမှလုပ်စရာ မရှိတော့။ စလီဒန်သို့ ပြန်ရုံသာရှိတော့သည်။

ဘတ်စ်ကားတစ်စင်း ထွက်လုထွက်ခင် ဖြစ်နေသည်။ ကားတစ်စင်းလုံး လူအပြည့်။ ကားအလည်ခေါင်တွင် တစ်နေရာ ရသည်။ မကြာပါချေ။ လူတွေ သူ့ကို ၀ိုင်းကြည့်နေကြသည်။ တချို့က သရော်တော်တော်၊ တချို့က မလိုတမာ ကြည့်နေကြသည်ဟု သူထင်လာသည်။
ဒေးဗစ် ခေါင်းငုံ့ထားသည်။ ကားကြမ်းပြင်ကိုသာ စိုက်ကြည့်နေသည်။ ဥပေက္ခာစိတ်မွေး၍ မရ။ ရင်ထဲမှာ ဗလောင်ဆူနေ သည်။ တစ်လမ်းလုံး ပို၍သာ ဆိုးလာသည်။ စလီဒန်သို့ ပြန်ရောက်ပြီး အိမ်သို့ သုတ်ခြေတင်ပြန်လာသည့် အချိန်အထိ ရင်ထဲမှာ မအေး။

ဒေးဗစ် အိမ်ထဲဝင်သွားချိန်တွင် တစ်အိမ်လုံး တိတ်နေသည်။ မီးဖိုချောင်းထဲမှ ရေနွေးအိုး ဆူသံကို သာ ကြား ရသည်။ ပြတင်းပေါက်မှ လှမ်းကြည့်လိုက်တော့ ကော်ရာကို မြင်ရသည်။ ပန်းခြံထဲတွင် လမ်းလျှောက်နေသည်။
သူ့ရင်ထဲ တွင် ကော်ရာ့ထံ ပြေးသွားချင်စိတ် တဖွားဖွား ပေါ်လာသည်။ ယခင်ကလို ကော်ရာ ပြုစု ယုယမှုကို အခန့်သား ရယူကာ တင်တင်းစီးစီး လုပ်ချင်စိတ်များ ပြယ်လွင့်ကုန်သည်။ ကော်ရာ့ အပေါ် တွယ်တာစိတ် ၀င် လာသည်။ ကြင်စဦးကာလ တပ်မက်စိတ်မျိုး ပေါ်လာသည်။ အိပ်ခန်းသို့ သွားပြီး ကော်ရာကို လှမ်းခေါ်ကာ အချစ်ကြီး ချစ်ပစ် လိုက်ချင်စိတ်ပေါ်ပင်မိသည်။ သို့သော် စိတ်အလိုမလိုက်နိုင်။ သူ့စိတ် သူ ငြိမ်အောင် ထိန်း သည်။ သူ စိတ်ကသောင်းကနင်း ဖြစ်နေပုံ၊ သူ ဟက်ဒယ်လ်စတန်သို့ သွားခဲ့ပုံတို့ကို ကော်ရာ လုံးဝ မသိစေရ။

”ဒေးဗစ် ခေါင်းငုံ့ထားသည်။ ကားကြမ်းပြင်ကိုသာ စိုက်ကြည့်နေသည်။ ဥပေက္ခာစိတ်မွေး၍ မရ။ ရင်ထဲမှာ ဗလောင်ဆူနေ သည်။ တစ်လမ်းလုံး ပို၍သာ ဆိုးလာသည်။ စလီဒန်သို့ ပြန်ရောက်ပြီး အိမ်သို့ သုတ်ခြေတင်ပြန်လာသည့် အချိန်အထိ ရင်ထဲမှာ မအေး။
ဒေးဗစ် အိမ်ထဲဝင်သွားချိန်တွင် တစ်အိမ်လုံး တိတ်နေသည်။ မီးဖိုချောင်ထဲမှ ရေနွေးအိုး ဆူသံကို သာ ကြားရ သည်။ ပြတင်းပေါက်မှ လှမ်းကြည့်လိုက်တော့ ကော်ရာကို မြင်ရသည်။ ပန်ခြံထဲတွင် လမ်းလျှောက်နေသည်။

သူ့ရင်ထဲတွင် ကော်ရာ့ထံ ပြေးသွားချင်စိတ် တဖွားဖွား ပေါ်လာသည်။ ယခင်ကလို ကော်ရာ ပြုစု ယုယမှုကို အခန့်သား ရယူကာ တင်တင်စီးစီး လုပ်ချင်စိတ်များ ပြယ်လွင့်ကုန်သည်။ ကော်ရာ့အပေါ် တွယ်တာစိတ် ဝင် လာသည်။ ကြင်စဦးကာလ တပ်မက်စိတ်မျိုး ပေါ်လာသည်။ အိပ်ခန်းသို့ သွားပြီး ကော်ရာကို လှမ်းခေါ်ကာ အချစ်ကြီး ချစ်ပစ်လိုက်ချင်စိတ် ပေါ်မိသည်။ သို့သော် စိတ်အလိုမလိုက် နိုင်။ သူ့စိတ်သူ ငြိမ်အောင် ထိန်းသည်။ သူ စိတ်ကသောင်းကနင်း ဖြစ်နေပုံ။ သူ ဟက်ဒယ်လ် စတန်သို့ သွားခဲ့ပုံတို့ကို ကော်ရာ လုံးသ မသိစေရ။

ဒေးဗစ်သည် အပေါ်ထပ်သို့ တက်သွားသည်။ စားပွဲတွင် ထိုင်လိုက်သည်။ ဒေါက်တာအီဗန်က စိတ် ငြိမ်အောင် ထိန်းနည်းတစ်ခု ပေးထားသည်။ စိတ်ထဲရှိသမျှ စိတ်ကူးစိတ်သန်းများကို စာရွက် တစ်ရွက်ပေါ်တွင် မြန်မြန် သွက်သွက် စိတ်လွတ်လက်လွတ် ရေးချသွားရန် ဖြစ်သည်။ ဒေးဗစ်သည် ဖောင်တိန်ကို ကောက်ကိုင်လိုက်ပြီး စာတွေ ကို စိတ်လွတ်ကိုယ်လွတ် ရေးချနေလေ၏။
”အသည်းနင့်အောင် ချစ်မိလို့ ခံစားရတဲ့ဝေဒနာဟာ တစ်ခါတလေ ချစ်လို့ခံစားရတဲ့ ပီတိထက်သာ တယ်။ ပီတိ ကို စိတ်လွတ်လက်လွယ် ခံစားမိတက်သလို ဝေဒနာကိုလည်း ခံစားမိတတ်တယ်။ ဝင်္က ပါထဲမှာ ကျွန်တော် လမ်းလျှောက်နေရ သလိုပါပဲ။ မရေမရာသစိတ်က ဖိစီးလာနေတယ်။ ဒါပေမဲ့ အညံ့မခံဘူး။ ဘယ်လို အခက်အခဲမျိုးကို ဖြစ်ဖြစ်  ကျွန်တော် ကျော်လွှားနိုင်မှာပါ။ ဘယ်လို ရန်သူ မျိုးကို ဖြစ်ဖြစ် ကျွန်တော် အနိုင်ယူနိုင် မှာပါ။ ကျွန်တော် စိတ်ဓာတ်ကြံ့ခိုင်ရင်ပေါ့လေ။

ဒီဒုက္ခသုက္ခ တွေ ရှင်းသွားမှာပါ။ ကော်ရာ့ကို ဘယ်သူမှ ဒုက္ခမပေးစေရဘူး။ သူ့ကို ကျွန်တော် စောင့်ရှောက် မယ်။ အခု ကျွန်တော် ရချင်နေတာကတော့ နားနေလေတျာင်းစက်တဲ့ အာရုံကလေး။ နက်နဲ တည်ငြိမ်တဲ့... ”
ဤမျှထက် ပို၍ မရေးရသေး။ ဖျတ်ခနဲ ရပ်လိုက်သည်။ ခေါင်းငဲ့လိုက်သည်။ နားစွင့်လိုက်သည်။
”နားနေ လျောင်းစက်တဲ့ အာရုံကလေး... နက်နဲတည်ငြိမ်တဲ့... ”
နားအူ တာပဲလား။ လပေါင်းများစသွာ ကြားနေကျအတိုင်း ခေါင်းလောင်းသံ၊ ခရာသံတွေ ကြားနေ တာပဲလား။
သူ့စကားလုံး ကို သံယောင်လိုက်ပြီး သူ့ကို လှောင်ပြောင်နေသည့် အသံကိုပင် တကယ်ကြားနေ တာပဲလား။
နားစိုက်ထောင် လိုက်ပြန်တော့ ဘာသံမှ မကြားရ။

စာရေးချလိုက်ပြန်သည်။ သူ ရေးချသည့် ”အလင်းအပြောကျယ်လာပြီး အမှောင်ပြယ်လွင့်သွားချိန် တွင်... ”ဆိုသော စကားလုံးအတိုင်း သံယောင်လိုက်ကာ ပေါ်လာပြန်သည်။ သူက ရေးလိုက်။ အသံက ပြောလိုက်။
အသံပို ၍ ကျယ်လောင်လာသည်။ အသံနှင့် ဖောင်တိန် ချိန်သားကိုက်ထားသလို ဖြစ်နေသည်။ အသံငြိမ်သွားစေရန် စာကို  တစ်လုံးချင်းရေးကြည့်သည်။ အသံကလည်း ကျယ်ကျယ်လောင် လောင် ပီပီသသ သွက်သွက် လက်လက်ကြီး ပေါ်လာသည်။
ဒေးဗစ် သည် မီးကျီခဲကို ကိုင်ထားရသည့်အလား ဖောင်တိန်ကို လွှတ်ချလိုက်သည်။ စားပွဲအစွန်း ကို ဆုပ်ကိုင် ထားသည်။ သူ့ကိုယ်သူ စိတ်ငြိမ်အောင် ထိန်းသည်။ နားထဲတွင် အသံဗလံတွေ ကြားရသည် ဟု ပြောပြစဉ်က ဒေါက်တာအီဗန်မှာလိုက်သည့် စကားကို ကြားယောင်မိသည်။

”အဲဒါ စိတ်ကူးသက်သက်ပဲ။ ငါတို့က နားချောက်ချားတာလို့ ခေါ်တယ်။ စိတ်ထဲမှာ အမှတ်မထားနဲ့။ အလျှော့ မပေးနဲ့။ တစ်ချက်ကလေး အလျှော့မပေးနဲ့”
ဒေးဗစ်သည် အသာအယာ ခေါင်းမော့လိုက်သည်။ ခဏအကြာတွင် အသံဗလံတွေ ပျောက်သွား သည်။ ပျောက်သွားတာ မှ ဟုတ်ရဲ့လား။ တောင့်တောင့်ကြီး ထိုင်နေမိသည်။ နားစွင့်နေမိသည်။ အသံဗလံတွေ ပျောက်သွားလိမ့်မည်ဟု မျှော်လင့်နေမိသည်။
အသံဗလံတွေ က ဖောင်တိန်ကို စားပွဲပေါ်ချထားပါလျက် စာရေးခြင်းနှင့် အဆက်အစပ်မရှိ ပေါ် ထွက်လာပြန် သည်။ တိုးတိုးနှင့် ပီသသည်။ အောက်ထပ်အိပ်ခန်းထဲမှ ပေါ်ထွက်လာနေသည်။ ယောက်ျားအသံ။ သူ့ကို ခေါ်နေ သည့် အသံ။

”ဒေးဗစ်... ဒေးဗစ်..... အပေါ်မှာလား”
”ကိုယ့်လူ အသတ်မခံရအောင်ပဲ သတိထားပါဦးလေ”
ဟူသော အသံကို ကြားလိုက်ရပြန်သည်။ ဒေးဗစ် အလန့်တကြား ဖြစ်သွားသည်။ ညေးအသံမှန်း သူ အမှတ်ရ သည်။
ဒေးဗစ် ထခုန်လိုက်သည်။ အသံဗလံများကို မကြားရအောင် လက်နှစ်ဖက်ဖြင့် နားပိတ်ထားသည်။ စိတ်ကူး မျှသာ ဖြစ်မှန်း၊ အာရုံလှည့်စားမှုမျှသာ ဖြစ်မှန်းသိသည်။ သို့သော် မကြားရအောင် လုပ်လေ ကြားရ လာလေ။ အောက်ထပ်မှ အသံကျယ်လောင်လာလေ။ မောက်မာလေလေ။ ပိုမို ပီသလာ လေ။
”ကိုယ့်လူ က ကျုပ်ကို သတ်မယ်ပေါ့လေ။ ဟုတ်လားပေ့။ ကိုယ့်လူ အသတ်မခံရအောင်ပဲ သတိ ထားပါဦးလေ... ”
မှားတာမဖြစ်နိုင်။ မခံနိုင်တော့. ဒေးဗစ် တံခါးဖွင့်လိုက်သည်။ လှေကားကျဉ်းကလေးမှ ပြေးဆင်း သည်။ အောက်ထပ် အိပ်ခန်းထဲ ၀င်ရှာသည်။ ဗီရို နှစ်လုံးရော ကုတင်အောက်ပါ အကုန်ရှာသည်။ ဗီရိုထဲ၌ ချိတ်ထား သည့် ကော်ရာ့အင်္ကျီများကို စမ်းရှာသည်။ အခန်းချောင်ကြိုချောင်ကြား ၀င်ရှာသည်။ ဘယ်သူမှမရှိ။

ဒေးဗစ်သည် ကုတင်စွန်းတွင် ခွေခွေယိုင်ယိုင် ထိုင်ချလိုက်သည်။ နဖူးတပြင်လုံး ချွေးသီး ချွေးပေါက်တို့ဖြင့် စိုထိုင်းနေသည်။ သူ ရူးတော့မှာလား။ အသံဗလံရော၊ ဒြပ်မဲ့ဖြစ်တည်မှုပါ ပျောက်ကွယ်သွားသည်။ ပြဲပြဲစင်အောင် ရှာလိုက်ဖွေလိုက်ခြင်းဖြင့် အာရုံလှည့်စားမှုကို ဖယ်ရှား နိုင်လိုက်၏။ အားပျော့လာသော်လည်း စိတ်မှန်လာ၏။
သက်ပြင်းကြီးချလိုက်သည်။ မှန်ရှေ့တွင် ခေါင်းဖြီးနေမိသည်။ သူ့ဘေးတွင် ရပ်နေသော ကော်ရာ ကို မှန်ထဲ တွင် မြင်ရသည်။ ယခုမှပင် အရိပ်များ အကြား၌ ဒြပ်အစစ်ကို တွေ့ရသည်။
ကော်ရာက ''မောင်ပြန်ရောက်နေတာ မသိလိုက်ဘူး။ လမ်းလျှောက်တာကလည်း ကြာလိုက်တာ ကွယ်'' ဟု ပြောသည်။
သတိမချွတ်သော သူ့စိတ် အခြေအနေသစ်က ပရိယာယ်ေ၀၀ုစ်တွေ မလုပ်ချင်တော့။ ကော်ရာ့အနီးသို့ ကပ်သွား သည်။ ကော်ရာ့လက်ကို ဆွဲကိုင် ဖျစ်ညှစ်လိုက်သည်။

''မောင် လမ်းလျှောက်တာ မဟုတ်ပါဘူးကွာ။ အဖေ့ကို တွေ့ဖို့ ဟယ်ဒယ်လ်စတန်ကို သွားတာ''
''တွေ့ခဲ့လား''
ကော်ရာ တစ်ကိုယ်လုံးတောင့်သွားသည်။ ဒေးဗစ်က ခေါင်းခါပြလိုက်မှ ပြေလျှော့သွားသည်။
'' လန်ဒန် သွားတယ်တဲ့။ ဗြုန်းစားကြီး ထသွားတာတဲ့''
''လန်ဒန် ကို'' ကော်ရာက ဖြည်းဖြည်းလေးလေး ပြောသည်။ မျက်နှာ လန်းဆန်းလာ သည်။ မျှော်လင့်ကိုးစား ချက် ဖြင့် လှိုက်လှဲလာသည်။ ကော်ရာ့ မျက်နှာပေါ်တွင် ရက်ပေါင်းများစွာ မမြင်ခဲ့ရသည့် မျက်နှာထား။
''အို. . . ဒေးဗစ်ရယ်။ ကျွန်မ သိပ်ပျော်တာပဲ။ မောင့်အဖေကို ကျွန်မ အားကိုးတယ်။ အခုတော့ မေး လား စမ်းလား လုပ်မနေနဲ့ဦး. . . မောင်ရေ . . .။ ဒါပေမဲ့ ကျွန်မတို့ ကောင်းဖို့ချည်းပဲ''

(၁၁)

ထိုနေ့နံနက် ၆ နာရီ ၁၅ မိနစ်တွင် ဟင်နရီပေ့သည် လန်ဒန်မြို့ ကင်းခရော့စ် ဘူတာရုံသို့ ရောက်သည်။ သူ စီးလာသည့် ရထားက နောက်ကျသည်။ မှောင်ကြီးမည်းမည်းတွင် အတော်ကြာ အောင်စောင့်မှ အငှားကား တစ်စင်း ကို ရှာတွေ့တော့သည်။
လန်ဒန် သို့ သူ ရောက်ခဲသည်။ ရောက်သည့်အခါတိုင်း ဗြိတိသျှတိုက်အနီးရှိ ငြိမ်ငြိမ်ဆိမ်ဆိမ် အက်စမန် ဟိုတယ်ကလေးတွင် တည်းခိုလေ့ရှိသည်။ ဟိုတယ် ညတာဝန်ခံက သူ့ကို မှတ်မိနေသည်။
''မနက်စာလေး များ စားလို့ရမလား'' ပေ့က ညတာဝန်ခံကို မေးသည်။

''မရနိုင်သေးပါဘူးခင်ဗျာ။ ၇ နာရီအထိ လူမရှိသေးလို့ပါ။ ကျွန်တော်တာဝန်မလွှဲခင် မှာထားခဲ့မယ် လေ''
''နေပါစေတော့လေ။ ကျွန်တော်ပဲ တယ်လီဖုန်းနဲ့ မှာလိုက်ပါတော့မယ်''
ခဏ နားလိုက်ဦးမယ် ဟူသော အတွေးဖြင့် ပေ့က ပြန်ပြောသည်။ တစ်လမ်းလုံး မအိပ်ခဲ့ရသ လောက်ဖြစ်၍ အ၀တ်အစား ပင် ချွတ်မနေတော့ဘဲ အိပ်ရာပေါ် လှဲချလိုက်၏။ မျက်စိမှိတ်ထားလိုက် ၏။ စိတ်ကပြင်းပြဆဲ။ အတွေးက ယောက်ယက်ခတ်ဆဲ ရှိသေးသည်။ အိပ်မရ။ ကုတင်ပေါ် လှဲရုံ လှဲနေလိုက်ရတော့သည်။
၇ နာရီထိုးမှ တယ်လီဖုန်းဖြင့် ကော်ဖီကျကျ လှမ်းမှာသည်။ ကော်ဖီမသောက်ရန် ဆရာဝန်က တားထားသည်။ သို့သော် ယခုအချိန်မှာတော့ မသောက်ဘဲ မနေနိုင်။ တမေ့တမောကြာမှ ရောက်လာသည်။ ကော်ဖီကတော့ ထုံးစံ အတိုင်း ပေါ့ရွှတ်ရွှတ်။ သို့သော် သုံးခွက်ဆင့် သောက် လိုက်သည်။ ပေါင်မုန့်မီးကင် တစ်ချပ်သာ စားလိုက် သည်။ အတော်ပင် လန်းဆန်းလာသည်။

ရေမိုးချိုး၊ မုတ်ဆိတ်ရိပ်ပြီး အကျင့်လိုဖြစ်နေ၍ သတင်းစာတစ်ထပ်ကြီး ၀ယ်လိုက်သည်။ ဟိုတစ်ချက် သည်တစ်ချက် ကျော်လွှားကြည့်သွားရုံထက် ပိုမလုပ်နိုင်။ သူတို့ မိသားစုကို ကံဆိုးမိုး မှောင်ကျစေမည့် သတင်းဆိုး မှာ ပါနေလေပြီလားဟု တထိတ်ထိတ် ဖြစ်နေမိသည်။
ဆမ်မာဗီးလ် သည် ၁၀ နာရီ မထိုးမချင်း ရုံးသို့ ရောက်လေ့မရှိ။ ပေ့အဖို့ အလုပ်ကိစ္စပြောရန် စောလွန်းနေသေး သည်။ သို့သော် တစောင့်စောင့် မလုပ်ချင်။ ကမ်းနားလမ်အထိ ခြေကျင်လျှောက်
သွား သည်။

ပြန်တမ်းသတင်းစာတိုက်ကြီးကတော့ သူ့သတင်းစာတိုက်နှင့် ကွာပါပေ့။ အစောင့်တစ်ဦးက ပေ့အမည်ကို စုံစမ်းရေးဌာန သို့ ပို့ပေးသည်။ အတော်ကြာ စောင့်ရသည်။ ပြီးမှ အမြန်ဓာတ်လှေ ကားရှိရာသို့ လမ်းညွှန်သည်။ အပေါ်ဆုံးထပ်တွင် ဆမ်မာဗီးလ်၏ အတွင်းရေးမှူးက သူ့ကို လမ်းမှ ဖြတ်တွေ့သည်။
''မစ္စတာပေ့ တွေ့ရမယ့်လူက မစ္စတာ ဂရီလီပါ ခင်ဗျာ။ ဒါပေမဲ့ သူက ခွင့်ယူထားလို့ သူ့လက်ထောက် တာဝန်ခံ မစ္စတာ ချာလုံနာနဲ့ပဲ တွေ့လိုက်ပါခင်ဗျာ''
ပေ့က မာမာပြတ်ပြတ်ပင် ပြောသည်။

''မဖြစ်ဘူး။ ကျုပ် ကိစ္စက ဆမ်မာဗီးလ်နဲ့ နှစ်ကိုယ်ချင်း ပြောရမယ့် ကိစ္စ''
''ဟုတ်မှာပေါ့။ ဒါပေမဲ့ မစ္စတာဆမ်မာဗီးလ်က တစ်မနက်ခင်းလုံး မအားပါဘူး၊ ပြီးတော့လည်း ခုထိကို ရောက်မလာသေးပါဘူး ခင်ဗျာ မစ္စတာပေ့ ဆန္ဒရှိလို့... ”
” ကျုပ်စောင့်မယ်”
”ဒါဖြင့် ဒီဘက်ခန်းကို တစ်ဆိတ်ကြွပါ ခင်ဗျာ”
ပေ့သည် ကြိုတင်အချိန်းအချက် လုပ်မနေတော့။ သို့မှသာ ရှောင်ဖယ်ဖယ်လုပ်ဖို့လမ်း နည်းသည် ဟု တွက်ဆမိသည်။ ဆမ်မာဗီးလ်က လက်ခံတွေ့မည် ဆိုလျှင်တောင်မှ စောင့်ရဦးမည်သာ ဖြစ်မှန်း သူ သိသည်။ သူ စောင့်သည်။ တစ်နာရီလုံး အခန်းထဲရှိ ပန်းချီကားကြီးကို ငေးရင်း စောင့်နေ သည်။ သို့သော် မျက်စိက ပန်းချီကား ကို မမြင်။ သူ သိသမျှ ဆမ်မာဗီးလ် အကြောင်းကိုသာ တနုံ့နုံ့ တွေးနေမိသည်။

 ဆမ်မာဗီးလ်သည် သူ့ပြိုင်ဖက် နှစ်ဦးဖြစ်သော ဂျတ်ထန်၊ မစ်ဂ်ဟီးလ်တို့နှင့် မတူ။ ထိုနှစ်ယောက် က ချောင်ကြိုချောင်ကြားမှ ထိန်ဖျားရောက်သူများ။ ဆမ်မာဗီးလ်ကမူ လမ်းရီုးလမ်းဟောင်အတိုင်း လိုက်ခဲ့သူ ပထမဆုံး သူ့ခြေလှမ်းမှာ ပြုတ်လုတဲတဲ ပြန်တမ်းသတင်းစာ ကို ဝယ်ခဲ့ခြင်းဖြစ်သည်။ လျှမ်းလျှမ်းတောက် အောင်မြင် ခဲ့သည်။ လူပြိန်းကြိုက်ကို ထူးထူးခြားခြား သိသူပီပီ အောင်မြင် ချင်ဇောဖြင့် သတင်းစာ ကို ဇွတ်အတင်း အသွင်ပြောင်းခဲ့သည်။
သတင်းစာရောင်းရ တွင်ကျယ်လာသည်။ ဆမ်မာဗီးလ် လက်ရဲဇက်ရဲ ဖြစ်လာသည်။ မြို့ရေးမြို့ရာ ဂျာနယ် ထုတ်သည်။ ခြေသွက်လက်သွက်ပင် တနင်္ဂနွေမျက်လုံးဂျာနယ်ကို ဆက်တိုက်ထုတ်သည်။ အစတော့ လုပ်ငန်းသစ် များ အောင်မြင်သည်။

သြဇာအရှိန်အဝါအရသာကို မြိုးမြိုးမြက်မြက် တွေ့လာသည်။ စောစောစီးစီးပင် သတင်းစာဘုရား ဂိုက်ထန်၏ တူမ ဘလန်ချီဂီလီဖလားဝါးနှင့် လက်ထပ်သည်။
ဤတွင် အခြေယိုင်မှုက စလုံးရေ စသည်။ ဆမ်မာဗီးလ် အိမ်ထောင်ဖက်အရွေးမှားသည်။ လက် ထပ်ပြီး နောက်တစ်နှစ် မှာပင် လက်မယားကွဲသည်။ သူ့ဇနီးက သူ့ပြိုင်ဘက် မစ်ဂ်ဟီးလ် ထုတ်ဝေ သည့် ကမ္ဘာလုံး သတင်းစာတွင် ဖက်ရှင်အယ်ဒီတာ သွားလုပ်သည်။
ပေ့သည် သူ့မိန်းမ ထံမှကြားရသည့် အထက်တန်းလွှာ အတင်းအဖျင်း ကလေးများကို ဝိုးတိုးဝါးတား အမှတ်ရနေလေ သည်။

ထိုအချိန်တွင် ပေ့ ငိုက်မြည်းလာသည်။ ဆမ်မာဗီးလ်၏ အတွင်းရေးမှူး လာခေါ်ချိန်တွင် လူချင်း မ တွေ့မီ ဆေးနှစ်လုံးသောက် ရန် စိတ်ကူးထားသည်ကိုပင် မေ့မေ့လျော့လျော့ ဖြစ်သွားလေသည်။
ပေ့ ဝင်သွားချိန် တွင် ဆမ်မာဗီးလ်သည် စားပွဲတွင် ထိုင်ကာ စာရွက်စာတမ်းမျာူးကို လက်မှတ်ထိုး နေသည်။ တစ်မိနစ်လောက်ကြာအောင် မော့ကြည့်ဖော်ပင်မရ။ ပြီးမှ ဆုံလည်ကုလားထိုင်ကို လှည့်ကာ ကုန်းကွကွ ရပ်သည်။ လက်ဆွဲနှုတ်ဆက်သည်။ ပြန်တမ်းသတင်းစာပိုင်ရှင် ကုပ်တိုတို ပခုံးကျယ်ကျယ် ဆမ်မာဗီးလ်သည် သူ့အသက် ၄၅နှစ်ထက်ပို၍ ရင့်ရော်သည်ဟု ထင်ရသည်။ ပြူးထွက်နေသော သူ့မျက်လုံးများကို ကြည့်ပြီး သူ့ရင်ထဲမှာ တွန်းကန်လှုပ်ရှားမှု အရှိန်ကို သိသာ နိုင်သည်။ စိတ်တိုလက်တို ကိုယ်ဟန် အမူအရာက အလုပ်ထဲတွင်သာ အာရုံမြုပ်ထားသူမှန်း ထင်ရှား စေသည်။ ညံ့ဖျင်းနုံချာမှု၊ လုပ်ရည်ကိုင်ရည်မရှိမှု၊ မဆီမဆိုင် ဝင်ရှုပ်မှု မှန်သမျှကို လက် ပိုက်ကြည့်နေမည့်လူစားမျိုး မဟုတ်မှန်းလည်း သိသာသည်။

ဆမ်မာဗီးလ်သည် ကုလားထိုင်တွင် ပြန်ထိုင်သည်။ ပေ့ကို ပြောင်ပြောင်ပင် လူကဲခတ်နေသည်။
ဟင်နရီပေ့ လည်း ကုလားထိုင်တွင် ထိုင်လိုက်သည်။ ဘယ်ကစ၍ ဘာစကားပြောရမှန်း မသိဖြစ် နေ၏။ ဆမ်မာဗီးလ် က သူ့စကားအစကို စောင့်နေသည်။ ပေ့ အပြောခက်နေသည်ကို ရိပ်မိသည်။ ထို့ကြောင့် လိုရင်းကို ဒိုးဒိုး ဒေါက်ဒေါက်ပင် ပြောချလိုက်သည်။
”ခင်ဗျားလာမယ်ဆိုတာ ကြိုတင်ပြောရော့ပေါ့ဗျာ။ နေ့လယ်စာလေးဘာလေး အတူစားသွားနိုင်တာ ပေါ့။ ကျွန်တော်တို့ကို ပြန်ချခဲ့တဲ့ ခင်ဗျားရဲ့ သတ္တိကို ချီးကျူးမိပါရဲ့ဗျာ။ ကျွန်တော်တို့ကို အလဲ ထိုးတော့မှာပဲလို့တောင် ထင်နေတာ။ အခုတော့ ကျွန်တော်တို့နဲ့ သဘောတူပြီပေါ့ ဟုတ်လား”

”အဲဒီလိုတော့လည်း မဟုတ်သေးပါဘူး”
ပေ့ မအီမသာဖြစ်နေသည်။ ဒူးဆတ်ဆတ်တုန်သည်အထိ ဖြစ်နေသည်။ သို့သော် စကားစပျိုး လိုက်နိုင်၍ သတ္တိတိုးလာသည်။
”မော်ကွန်းသတင်းစာ ကို ခင်ဗျားဝယ်တော ၂နှစ်ရှိပြီ။ အစတုန်းကတော့ ကျွန်တော် မလိုတမာ ဖြစ် ခဲ့မိတာ အမှန်ပဲ။ ဟက်ဒယ်လ်စတတန်မှာ ခင်ဗျားလာပြီး သတင်းစာ ထောင်ခွင့်ရှိတာပေါ့။ ကျွန်တော် သတင်းစာနဲ့ ပြိုင်နိုင်ခွင့် လည်း ရှိတာပေါ့။ ဒါပေမဲ့ မြို့ကသေးတော့သတင်းစာ နှစ်စောင် အတွက် နေရာမရှိဘူး။ ဒီတော့ လူထုက ရွေးရတော့တာပေါ့။ အခုတော့ ရွေးပြီးသွားပြီ။ လူထု ရွေးတဲ့အတိုင်း လက်ခံဖို့ကိစ္စကို ပြောရအောင် လာခဲ့တာပါပဲ” ဆမ်မာဗီးလ်က ချက်ချင်း စကားမပြန်။

”လူထုလက်ခံတယ်ဆိုတာ တစ်နေ့ရွှေ တစ်နေ့ငွေ ကိစ္စပဲဗျ။ နေ့ချင်းညချင်း ပြောင်းသွားနိုင်တာမျိုး ပဲ။ မော်ကွန်းက ဒီနေ့အထိ ရောင်းနေရတုန်းပဲဟာ။ ကျွန်တော်တို့က ဆက်လုပ်သွားဦးမှာပါဗျ”
ဟင်နရီပေ့ ခေါင်းယမ်းလိုက်သည်။
”မဟုတ်ပါဘူးဗျာ။ ကျွန်တော်တို့ချင်း ပွင့်ပွင့်လင်းလင်း ပြောကြရအောင်ပါ။ ခင်ဗျားတို့ ကျွန်တော့် ကို အပြုတ်ချတယ်။ မရဘူး။ ဒီတော့ ဥတ္တရအလင်းကို လက်ရှောင်လိုက်ပါတော့ဗျာ”
”ခင်ဗျားပြောတာ ကျွန်တော်တော့ နားမလည်ဘူး”
ဆမ်မာဗီးလ်က ပြတ်ပြတ်တောင်းတောင်း ပြောသည်။

”ကျွန်တော်တို့မှာ ဒီလောက် ပုံအောထားပြီးမှ အမြီးကုပ် ထွက်သွားရမှာလားဗျ”
”ကျွန်တော် ပြောချင်တာက သတင်းကလေးတစ်ပုဒ် သတ်ပေးဖို့ပါ”
”သတင်းမှောင်ချရမှာ... ဟုတ်လား။ အံ့အံ့သေးတော့ မိတ်ဆွေကြီးရယ် ကျွန်တော်တို့ သတင်းစာ ရဲ့ နံပါတ်တစ် ကျင့်ဝတ် တာဝန်က သတင်းလုံးဝ မှောင်မချရေးဆိုတာ မဟုတ်လားခင်ဗျာ”
”အရေးကြီးတဲ့ သတင်းကိုပြောနေတာ မဟုတ်ပါဘူးဗျာ။ ကျွန်တော်မိသားစု၊ ကျွန်တော့် ကိုယ်ရေး ကိုယ်တာနဲ့ ပတ်သက်ရုံပတ်သက်တဲ့ သတင်းပါ”
”ဒီမှာ မိတ်ဆွေကြီး ဒီကိစ္စ ကျွန်တော် ဘာမှမသိဘူး။ ခင်ဗျားပြောနေတာတွေကိုလည်း ဘာမှမသိဘူး။ ဟက်ဒယ်လ်စတန်မှာ ခင်ဗျားနဲ့ ပတ်သက်တာ မှန်သမျှကတော့ အရေးကြီးတာ ချည်းဖြစ်မှာပေါ့ဗျာ။ အဲဒီမှာရှိတဲ့ ကျွန်တော့် အယ်ဒီတာချုပ်ကလည်း ဒီလိုပဲ သဘောထားမှာပဲ ထင်တယ်”
ဟင်နရီပေ့ နှုတ်ခမ်းကိုက်လိုက်၏။

”အဲဒီသတင်း က ချေးခြောက်ရေနူး သတင်းပါဗျာ။ အပြစ်မရှိတဲ့ လူတွေကိုသာ ဒုက္ခလှလှရောက် အောင် လုပ်မယ့် သတင်းသက်သက်ပါ”
ဆမ်မာဗီးလ် က ရုတ်တရက် စကားကြမ်းလာသည်။
”ဘုရားရေ ကျွန်တော့်ကို ခင်ဗျားဘာများ နားသွင်းနေပါလိမ့်ဗျာ။ ၂၀ ရာစုအလယ် ရောက်နေပြီဗျ။ ဒီခေတ်မှာ အထိမခံ ရွှေပန်းကန်လုပ်လို့ မရတော့ဘူးခင်ဗျ။ ကျွန်တော်တို့လို ဆော်တဲ့နှက်တဲ့ အလုပ်မျိုးမှာ ကိုယ်ဆော်တာ လည်း ရှိတယ်။ ကိုယ်အတွယ်ခံရတာလည်း ရှိတယ်။ မော်ကွန်းထဲ ထည့်မယ့် သတင်းတိုင်းကို ကျွန်တော် ကိုယ်တိုင်လည်း စိစစ်မနေနိုင်ဘူးဗျာ။ အယ်ဒီတာချုပ်ကို ယုံတယ်။ သူ့ကိုပဲ လုံးလုံးလျားလျားလွှဲထားတာ”
ဟင်နရီပေ့သည် ခံပြင်းလွန်း၍ ဆတ်ဆတ်မတုန်အောင် အောင့်အည်းမျိုသိပ်မထားနိုင်တော့။
ဆမ်မာဗီးလ်က လက်ပတ်နာရီကို ကြည့်လိုက်၏။ စကားဖြတ်မည့် အရိပ်အရောင်ပြသည်။

”မိတ်ဆွေကြီးရယ်...ဘာဖြစ်လို့များ ကျွန်တော့်ဆီလာပြီး ကယ်ပါယူပါ လုပ်နေရတာလဲဗျာ။ ကျွန် တော်လည်း တတ်နိုင်တဲ့ကိစ္စ မဟုတ်ပါဘူး။ သူတို့ကို လုပ်ပိုင်ခွင့် အပြည့်ပေးထားတာပါ။ သူတို့ လုပ်တာ လက်ခံရမှာပါပဲ။ ဒီကိစ္စက ဒေသဆိုင်ရာတွေမှာ လုပ်ပိုင်ခွင့် ရှိတာပေါ့။ ဒီကိစ္စကို ကျွန်တော် သိကိုသိရမယ် အရေးလုပ်ပြီး စဉ်းစား ရမယ်ဆိုပြီး ထင်ထားလို့တော့ ဘယ်ဖြစ်ပါ့ မလဲဗျာ”
ဆမ်မာဗီးလ်၏ ပြောပေါက်ဆိုပေါက်က ထိုကိစ္စကို ပစ်ပစ်ခါခါ ဖယ်ထုတ်လိုက်လေပြီ။ အနုတ်စုတ် ဂုတ်စုတ် အလုပ်မျိုးကို သူ ကိုယ်တိုင်အလုပ် သလိုလို ပြောနေလေပြီ။ ရေစုန်မြော်ဖို့သာရှိမှန်း ပေ့ သိသည်။ ရင်တွင်း ၌ ဒေါသ လောင်မြိုက်လာသည်။ သစ်စိမ်းချိုးတော့ အချိုးမခံ။

”ဒါထက်နေစမ်းပါဦး။ ဥတ္တရအလင်းကို ဘာဖြစ်လို့ လိုချင်ရတာတုန်း”
ဆမ်မာဗီးလ်သည် စားပွဲရှင်းနေရာမှ သူ့ကို ဆတ်ခနဲ မော့ကြည့်လိုက်၏။ မေးခွန်းနောက်ကွယ်မှ ရည်ရွယ်ရင်းအချင်းကို ယနမကင်း ဖြစ်ပုံပေါက်နေသည်။ ဤအညတရ တောသားက သူ ထိပ်တိုက် တိုးနေ သည့် ပြဿနာကို လေဖမ်းတန်းချည် မှန်းဆနေလေပြီလား။

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

Tuesday, July 24, 2012

ဦးဝင်းတင် ဘာသာပြန် ဥတ္တရအလင်း, အပိုင်း (၁၉)

'လူကြီးမင်း၏ချွေးမနှင့်စပ်လျဉ်း၍ ဆိုသောစကားလုံးကို အထပ်ထပ်ရွက်နေမိ၏။ ခြိမ်းခြောက် သံ ကြောင့် ဒေါသဖြင့် သာ ဆူဝေ မနေ လျှင် ပေ့ချောက်ချောက်ချားချား ပင် ဖြစ်မိကောင်း ဖြစ် မိပေ လိမ့် မည်။ သေသေချာချာ ဖတ်လေ ပိုဆိုးလေလေ။ စာက လက်မှတ်ထိုးမထား ။ တကယ်မဟုတ်သ လိုလို။ ကိုယ့်မြို့၊ ကိုယ့်အလုပ်၊ ကိုယ့်သတင်းစာတွင် ယခုလိုခြိမ်းခြောက်ခံရသည်မှာ အရပ်ရပ်နေ ပြည်တော်ကြား၍ မှလျှော်။ ဆုတ်ဆိုင်းနေ၍ မဖြစ်တော့ ။ ချိန်ဆတန်သ၍ ချိန်ဆ ပြီးနောက် မစ်မော့ဖတ် အား စမစ်ထံ ဖုန်းဆက်၍ ညနေ ၃ နာရီတွင် လာတွေ့ ရန် ပြောခိုင်းလိုက်သည်။ ထို့နောက် ကော်ရာကို သတိရ သည်။ ကော်ရာရှေ့ တွင် ပြောမှဆိုမှ တရားမျှတမည် ဟု စဉ်းစား မိသည်။ ကော်ရာတို့အိမ်တွင် တယ်လီဖုန်းမရှိ။ ထို့ကြောင့် ညနေ သုံးနာရီ တွင် လာခဲ့ ရန် သံကြိုးရိုက်လိုက်သည်။ကို ဆက်ဖတ်ရန်.............

ထို့နောက် ကော်ရာကို သတိရသည်။ ကော်ရာရှေ့တွင် ပြောမှဆိုမှ တရားမျှတမည်ဟု စဉ်းစားမိသည်။ ကော်ရာတို့အိမ်တွင် တယ်လီဖုန်းမရှိ။ ထို့ကြောင့် ညနေသုံးနာရီတွင် လာခဲ့ရန် သံကြိုးရိုက်လိုက်သည်။

(၉)


ဟင်နရီပေ့သည် စမစ်နှင့်တွေ့ရန် ကိစ္စတွင်သာ စိတ်ရောက်နေ၍ တစ်နေ့လုံး စိတ်မောနေ သည်။ နိုင်လိုမင်းထက်လုပ်တာ ခံရလေချင်းဟူသော ခံပြင်းမှုဖြင့် စိတ်တိုနေသည်။ လာမယ့်ဘေး ပြေးတွေ့ ရန်သာ စိတ်စောနေသည်။ နေ့လယ်စာကိုပင် အပြင်ထွက်မစား။ သူ့စားပွဲထဲတွင် လိုရမည်ရ ဆောင်ထားသည့် ဘီစကွတ်မုန့် ချပ်နှစ်ချပ်နှင့်သာ ကိစ္စငြိမ်းလိုက်သည်။ တအိအိ ရွေ့နေသည့် နာရီလက်တံကိုသာ ဂနာမငြိမ် ကြည့်နေ မိသည်။

စောစောပေါ်လာသူမှာ ကော်ရာ။ ၃ နာရီထိုးရန် ၁၅ မိနစ်အလို တွင် ရောက် လာသည်။ မျှော်လင့်ချက်လွှမ်းသော ကော်ရာ့မျက်နှာရိပ် မျက်နှာကဲကို ကြည့်ရသည် မှာ ခေါ်သည့်ကိစ္စကို အဓိပ္ပယ်ကောက်လွဲနေမှန်း သိသာသည်။ မနေ့က သူ တိုက်တွန်းခဲ့သည့် ကိစ္စကို ပေ့ လိုက်ရောပြီ ဟု ကော်ရာ ထင်နေလေရော့သလား။ ပေ့က ထိုကိစ္စကို စကားစမဖော်။ ကော်ရာ ထိတ်ထိတ်ပျာပျာ မဖြစ်စေလို။ ဘာကိစ္စအတွက် ခေါ်သည်ဟုလည်း မပြော။ အလုပ်များနေသည်ဟု အကြောင်းပြကာ မစ်မော့ဖတ် အခန်းထဲ တွင် စောင့်ခိုင်းထားလိုက်သည်။
အချိန်က အလွန်မတန် ကုန်ခဲနေတော့၏။ သည်းမခံနိုင်လောက်အောင်ပင် နှေးကွေးလှတော့၏။ တည်တည် ငြိမ်ငြိမ် နေနိုင်ရန် ပေ့ အားတင်းထားသည်။ သို့သော် နှလုံးသွေးက တဒိန်းဒိန်း ခုန်လာသည်။ ပို၍ ပို၍သာ ပြင်းပြင်းထန်ထန် ခုန်နေတော့သည်။ ဒေါက်တာဘတ် ပေးထားသည့် ဆေးကို မရှူချင်ဘဲနှင့် ရှူလိုက် ရလေတော့ ၏။

ဆေးရှူလိုက်၍ ပေ့ တစ်မျက်နှာလုံး နီမြန်းနေသည့်အခိုက်မှာပင် သူ့အခန်းထဲသို့ စမစ် ၀င်လာ သည်။ ညေးသာမက ပေ့တစ်ခါမှ မမြင်ဖူးသူ လူငယ်တစ်ဦးပါ သူနှင့်အတူ ပါလာသည်။ လူစိမ်း တစ်ဦးပါလာခြင်းကြောင့် ပေ့ တုန်လှုပ်သွားသည်။ ဇာတ်မရှုပ် ရှုပ်နိုင်အောင် လုပ်သလို ဖြစ်နေလေသည်။
သူတို့ သုံးယောက် စလုံး ပေ့ကို ရပ်ကြည့်နေကြသည်။ နောက်ဘက်တွင် သူတို့ကို လိုက်ပို့သည့် ဖန်းဝစ် ရပ်နေသည်။

ကျွန်တော့်စာတွေ ရပါတယ်နော်
စမစ် စကားစပြောသည်။ သူ့အသံက ကြောင်စီစီ။ ပျာတာတာ။ မပီမသ ဖြစ်နေသည်ဟု ဆိုရမတတ်။
နှစ်စောင် စလုံး ရပါတယ်။ ထိုင်ကြလေဗျာ ပေ့က စိတ်ဆုံးဖြတ်ထားသည့်အတိုင်း တည်တည် ငြိမ်ငြိမ်  ပြောသည်။
စမစ်နှင့် အဖော် များသည် စက်ရုပ်များပမာ ထိုင်လိုက်ကြသည်။ လူစိမ်းက ရှိုးတိုးရှန့်တန့်။ ညေးက မထီလေးစား။ ကုလားထိုင်တစ်လုံးတွင် ၀င်ထိုင်ရန် ဟန်ပြင်နေသည့် ဖန်းဝစ်ကို ကွက်ခနဲ ကြည့်လိုက်သည်။

သူကော လိုရဲ့လား ဟု ညေး က မေးသည်။
ပေ့က ဖန်းဝစ် ကို ပြန်လွှတ်လိုက်သည်။
ညေးက စီးကရက်တစ်လိပ် မီးညှိသည်။
စိတ်မရှိပါနဲ့နော် ဟု ပြောသည်။

ခဏငြိမ်နေကြသည်။ စမစ်က ချောင်းတစ်ချက်ဟန့်လိုက်သည်။ သူ့မျက်နှာမှာ အဆီပြန်နေ သည်။ ဖြူရော်ရော် ဖြစ်နေသည်။ မုတ်ဆိတ်မရိပ်။ မျက်ကွင်းကျကျ ဖြစ်နေ၍ ဖြူရော်ရော် ပုံပန်းမှာ ပို၍ ပေါ်လွင်နေ သည်။ အလွန်အမင်း အနေရခက်နေပုံလည်း ပေါ်လွင်နေသည်။ အင်္ကျီက ညစ်နွမ်းနွမ်း။ လည်စီး က လျော့ရဲရဲနှင့်။ သူ့ကိုကြည့်ရသည်မှာ ဖိုသီဖတ်သီ ဖြစ်နေသည်။ ဤပုံပန်း မျိုးဖြင့် စမစ်ကို ပေ့တစ်ခါမျှ မမြင်စဖူး။

မစ္စတာပေ့ ခင်ဗျာ
စမစ်က ဇာတ်တိုက်ထားသည့် ဟန်ပန်ဖြင့် ပြောသည်။ သို့သော် လေသံက ထစ်ထစ်ငေါ့ငေါ့။
ကျွန်တော့် မှာ ပုဂိုလ်ရေး အညှိုးအာဃာတ မရှိပါဘူး ခင်ဗျာ။ မစ္စတာပေ့ကို ကျွန်တော် လေး လည်း လေးစားပါတယ်။ ပူပင်သောကလည်း မရောက်စေချင်ရိုး အမှန်ပါ။ ကျွန်တော့်အပေါ်လည်း ဒီလိုပဲ သဘောထားစေ ချင်ပါတယ်။ ဒါပေမဲ့ တာဝန်အရ လုပ်ရကိုင်ရမယ့် ကိစ္စတွေက ရှိလာပါတယ်။ ကျွန်တော် မပြောရက် ပါဘူး။ ဒါပေမဲ့လည်း ပြောကို ပြောရမယ့်သတင်းတစ်ခုက ကျွန်တော်တို့ လက်ထဲရောက်လာလို့ပါ
ခင်ဗျား တို့ စာတွေအတိုင်းဆိုရင် ကျုပ် ချွေးမနဲ့ ပတ်သက်တဲ့ကိစ္စ ဆိုပါတော့
ခင်ဗျား ထင်တဲ့အတိုင်းပဲ
ညေးက စီးကရက်ပြာ ချွေရင်း ၀င်ထောက်သည်။

ဒီလိုဆိုရင် သူ့မကောင်းကြောင်း သူ့ရှေ့မှာပဲ ပြောစေချင်ပါတယ်ဗျာ
နေပါဦးလေ။ မစ္စတာပေ့ အရင်နားထောင်တာ ကောင်းပါတယ်။ မိန်းမသားတစ်ယောက် စိတ်မချမ်း မသာဖြစ်အောင် မလုပ်စေ ချင်ပါဘူး
"အိုဗျာ . . . တိုတိုလုပ်စမ်းပါ စမစ် ရာ။ လိုရင်း ပြောချလိုက်စမ်းပါ"
ညေး က ၀င်ဟောက်သည်။

  ကောင်းပြီလေ။ ကျုပ်ပဲ နားထောင်သေးတာပေါ့။ အသရေဖျက်မှု ဥပဒေကိုတော့ ရေရေလည်လည်သိရဲ့နော်''
မစ္စတာပေ့။ ဒီကိစ္စ က ပြောရတာတော့ ခက်ခက်ပဲ
"ဒိီမှာ ကျွန်တော်ပဲ ပြောပြလိုက်မယ်"
ညေးက ၀င်ပြောသည်။ စီးကရက်တိုကို ပြာခွက်ထဲတွင် ထိုးခြေလိုက်သည်။ ပေ့ကို စိမ်းစိမ်း စိုက်ကြည့်လိုက်သည်။
 ''ခင်ဗျား က စံတော်ဝင်သတင်းစာ ထုတ်တဲ့လူ။ သန့်စင်သော လူ့အဖွဲ့အစည်းအတွက် သန့်စင်သော သတင်းစာ ဆိုတာကို လိုလားတဲ့သူ။ ခင်ဗျားက စင်းလုံးချော သူတော်စင်ဆိုတော့ ကလေးဖျက်ချတယ်ဆိုတဲ့ စကားလုံးမျိုး ကြား မှ ကြားဖူးပါ့မလားတော့ မသိဘူး''
''သိ . . .သိပါဗျာ'' ပေ့က အငိုက်မိသွားသလို ဖြေလိုက်သည်။

''ကျွန်တော်ကလည်း သိပါစေ ဆုတောင်းနေတာပါ''
ညေးက ငေါ့တော့တော့ ပြောသည်။
''ဒါမှ ရှင်းရ လင်းရ လွယ်မှာကိုး။ ဒါဖြင့် ကောင်မလေးတစ်ယောက် လင်ကောင်မပေါ်ဘဲ မဖုံးနိုင် မဖိနိုင် ဖြစ်လာရင် ချောင်ကြို ချောင်ကြားက လက်သည်ဆီ ပြေးပြီး ပြဿနာရှင်းရတတ်တာမျိုးကို ခင်ဗျား သိတယ်ပေါ့။ ဒါပေမဲ့ ကံခေချင်တော့ ဥပဒေက ရှိနေတယ်။ ကလေးဖျက်ချရင် ထောင်ဒဏ်တဲ့''
''တော်လောက်ပါပြီ'' စမစ်က ၀င်ဟန့်သည်။

''ဒါတွေကိုပြောတာ စိတ်မချမ်းသာပါဘူးခင်ဗျာ။ လွန်ခဲ့တဲ့ ၃ နှစ်က မစ္စတာပေ့ရဲ့ ချွေးမ ကော်ရာဘိတ်ဟာ အဲဒီဥပဒေ နဲ့ အပြစ်ပေးခံရဖူးပါတယ်''
ပေ့သည် စမစ် ကို ကြက်သေသေကာ ကြောင်ကြည့်နေ၏။ သူ့တစ်ကိုယ်လုံးတောင့်နေ၏။ အေးစက်နေ၏။ ပတ်ဝန်းကျင် ကိုပင် သတိမရတော့။ ၀ိုးတိုးဝါးတားမြင်နေရသော စမစ်၏ မျက်နှာမှတစ်ပါး အားလုံးလွင့်ပြယ် ကွယ်ပျောက်နေ၏။
''ကျုပ်. . . မယုံဘူး''
''ဒါအမှန်ပါပဲ။ အထောက်အထားတွေ ပြနိုင်ပါတယ်ခင်ဗျာ''
''မဟုတ်ဘူး . . . ဒါ အမှန်မဟုတ်ဘူး'' ပေ့က ဇွတ်မှိတ်ငြင်းနေသည်။

''အို . . . တော်စမ်းပါဗျာ''
ညေးက သူတို့နှင့် အတူပါလာသူကို လက်ညှိုးထိုးပြသည်။
''ဒီဟိုင်းစ်ဆိုတဲ့လူက အဲဒီသတင်းကို ရေးလာခဲ့တဲ့လူ။ အစအဆုံး သတင်းလိုက်လာခဲ့တဲ့လူဗျ။ ဟုတ်တယ်မှတ်လား''
''ဟုတ်ပါတယ် ခင်ဗျာ'' ဟိုင်းစ်က ပေ့ကို ၀မ်းနည်းသံဖြင့် ပြောသည်။
''ကျွန်တော်က အမှုတစ်လျှောက်လုံး ရုံးမှာရှိနေခဲ့တာပါ။ တရားသူကြီးက သိပ်သက်ညှာရှာပါတယ်။ ဒါကြောင့်လည်း သက်သက်သာသာ  ပြစ်ဒဏ်ချလိုက်တာပေါ့''
''ပြစ်ဒဏ် ဟုတ်လား'' ဟင်နရီပေ့သည် ကုလားထိုင်လက်ရန်းကို ဆုပ်ကိုင်ကာ ထိုစကားလုံးကို မနည်း ဖျစ်ညှစ် ပြောလိုက်သည်။

''၆ လ တည်းပါ''
ဟင်နရီပေ့ နှလုံးခုန်ရပ်သွားသည်။ အတော်ကြာသည်။ ကော်ရာ လုပ်ခဲ့သည့် အမိုက်အမဲ အမှားအယွင်း ကလေးများကို ဖြဲရှာပြီး ပုံကြီးချဲ့လိမ့်မည်ဟု ထင်ထားခဲ့၏။ ဟိုင်းစ်နှင့် ညှိစွန်းခဲ့ပုံမျိုး၊ ကလေကလွင့် ဘ၀ဖြင့် ရုန်းကန် လှုပ်ရှားခဲ့ရပုံမျိုးစသည်။သို့သော် ယခုလို ဆိုးဆိုးဝါးဝါး ကိစ္စမျိုးဖြစ်လိမ့်မည်ဟု မထင်ခဲ့။ အဆုံးစွန် မျှော်မှန်း ထားသည်ထက် ပိုမိုဆိုးဝါးနေသဖြင့် ရုတ်တရက် ရင်ထဲတွင် ဆို့နစ်လာတော့သည်။ သူ လက်သင့် မခံနိုင်။ လက်သင့်မခံချင်။
''မဖြစ်နိုင်ဘူး . . . ဒါ လိမ်တာပဲ။ ကော်ရာ ဒီမှာ ရှိတယ်။ သူကလည်း ငြင်းမှာပဲ''
''ဒါဖြင့်လည်း ခေါ်လိုက်ဗျာ။ ဘယ်သူ လိမ်တာလဲ ဆိုတာ သိရောပေါ့''
ညေး၏ လက်လွတ်စပယ်ပြောဟန်သည် ပေ့ကို ကြက်သီးမွေးညှင်း ထစေသည်။

ကော်ရာကိုခေါ်ရန် ပေ့ ထိုင်ရာမှ ထလိုက်သေးသည်။ သို့သော် ပြန်ထိုင်ချလိုက် ၏။ ကော်ရာ အစွပ်အစွဲခံရမည့် အဖြစ်ကို သူ မမြင်ရက်။
''လုပ်ပါဗျ။ ပြီးပြီးပြတ်ပြတ်ပဲ လုပ်လိုက်ကြရအောင်ပါ။ ထောင်ထဲ ဘယ်လိုရောက်သလဲဆိုတာ မချောကလေး ကို မေးကြည့်ဦးပေါ့''
ပေ့သည် သံသယစိတ်ဖိစီးမှုကို ခံနေရသည်။ ဘာလုပ်ရမှန်းမသိ ဖြစ်နေသည်။ ဇဝေဇ၀ါ ဖြစ်နေချိန်မှာပင် မစ်မော့ဖတ် အခန်းဘက်မှ တံခါးဖွင့်လာသည်။ ကော်ရာက ပျင်းလာ၍ ပေ့အားလပ်ပြီအထင်ဖြင့် ၀င်ကြည့်ခြင်း ဖြစ်သည်။ အခန်းထဲမှ မြင်ကွင်းကိုကြည့်ပြီး ကော်ရာ မျက်နှာပျက်သွားပုံမှာ ပေ့ ဘယ်တော့ မှ မေ့နိုင်လိမ့်မထင်။ တစ်ခန်းလုံး ငြိမ်သွားသည်။ ကော်ရာက ကြောက်အားလန့်အားနှင့်
''ခွင့်လွှတ်ပါရှင် . . . ကျွန်မ မသိလို့. . .'' ဟု အမောတကော ပြောသည်။ အပြင်သို့ ပြန်ထွက်ရန် ဟန်ပြင်သည်။

''ခဏနေပါဦးလေ။ ခင်ဗျားကိုတွေ့ချင်တဲ့ လူတစ်ယောက် ခရီးဝေးက ရောက်နေတယ်'' ညေးက တားသည်။
ကော်ရာ ငြင်းဆန်နိုင်စွမ်း မရှိသလို ရပ်နေ၏။
''ကျွန်တော့် ကို မှတ်မိပါတယ်နော်'' ဟိုင်းစ်က မေးသည်။
''ဟင့်အင်း. . . ရှင့်ကို မြင်တောင် မမြင်ဖူးပါဘူး''
ကော်ရာ့ဖြေသံ က အသံတိမ်လွန်းသည်။ ကြားရသည်ဆိုရုံကလေး ကြားရသည်။

''ခွင့်လွှတ်ပါ မစ်ဘိတ်. . . ကျွန်တော် သတင်းစာဖြတ်ပိုင်းတွေရော၊ ဓာတ်ပုံတွေရော သယ်လာ ပါတယ်။ ဆေးရုံ မှာ ခင်ဗျားလက်မှတ်ထိုးခဲ့တဲ့ ထွက်ဆိုချက်တွေလည်း ပါလာပါတယ်''
ဟိုင်းစ်က သူ့အိတ်ကို စမ်းသည်။ ကော်ရာ မေ့လဲသွားလေမလားဟုပင် ပေ့ ထင်လိုက်မိ၏။ တစ်ကိုယ်လုံး သိမ့်သိမ့် တုန်အောင် ရှိုက်သည်။ ပေ့ မကြည့်ရက်တော့။
''တော်လောက်ပါပြီဗျာ။ သွားကြပါတော့'' ပေ့က စမစ်ကို ပြောသည်။
''ယုံပြီလား'' ညေးက မတ်တတ်ရပ်ရင်း မေးသည်။
စမစ်ပါ ထရပ်လိုက်သည်။ ပေ့ကို မကြည့်။ ချွေးတစ်လုံးလုံး ဖြစ်နေသည်။

''ကဲ . . . မစ္စတာပေ့။ ဒီကိစ္စကို ဘယ်သူမှ မသိစေရပါဘူး။ ကျွန်တော်တို့ လျှို့ဝှက်ထားပါတယ် ခင်ဗျာ။ ထိခိုက်စရာ ဆိုလို့ ဘာမှမလုပ်ရသေးပါဘူး။ ဘာဆိုဘာမှ မလုပ်ပါဘူး။ အဖြေကတော့ လွယ်လွယ်ကလေးပါ။ ကျွန်တော် စာချုပ် မူကြမ်းကလေး တစ်ခု ဆွဲထားပါတယ်။ အားလုံး ပွင့်ပွင့်လင်းလင်း မကွယ်မထောင့်ပါ ခင်ဗျာ''
စမစ်က ဟိုစမ်း ဒီစမ်း လုပ်သည်။ လက်ဆွဲအိတ်ကို ဖွင့်သည်။
''မစ္စတာပေ့ လက်ခံလိမ့်မယ်လို့ ယုံပါတယ်။ ကျွန်တော်တို့လည်း စိတ်မချမ်းသာစရာ သတင်းတွေ ဘာတွေ ရေးမနေရတော့ဘူးပေါ့ ခင်ဗျာ။ ယုံပါ မစ္စတာပေ့ ကျွန်တော်တို့ချင်း အာဃာတထားစရာ အလျဉ်း မရှိပါဘူး''
''သွားပါတော့ဗျာ။ တစ်ဆိတ်သွားကြပါတော့။ နောက်မှပဲ ကျွန်တော်ပြောပါမယ်''
စမစ် သည် စာအိတ်ရှည်ကြီးကို စားပွဲပေါ်တွင် တင်ခဲ့သည်။ အခန်းထဲမှ ထွက်သွားသည်။

ပေ့သည် အားလုံးထွက်သွားမှ ကော်ရာကို လှည့်ကြည့်လိုက်သည်။ ပြောစရာစကား ရှာမရ။ လည်ချောင်းထဲတွင် စကားလုံး များ ပျောက်ကွယ်ကုန်သည်။ ကော်ရာက ငိုတုန်းငိုဆဲ၊ မျက်နှာပေါ် လက်နှစ်ဖက်အုပ်ကာ နံရံကို မှီရပ်နေသည်။ ပေ့ ဖျောင်းဖျစကား စပြောချင်သည်။ စကားရှာမရ။ ကော်ရာက မျက်ရည်တွေတွေစီးလျက် စကား စပြောသည်။
''မှန်ပါတယ်ရှင်။ သူတို့ပြောတာ မှန်ပါတယ်။ ဒါပေမဲ့ ဖြစ်ကြောင်းကုန်စင်ကိုတော့ သူတို့ပြောလိမ့်မယ် မထင်ပါဘူး။ ကျွန်မ ၁၆ နှစ်သမီး ကတည်းက ကိုယ့်ဝမ်းကိုယ်ကျောင်းခဲ့ရတာ ပါ။ အပေါစားဆိုင်တွေမှာ အရောင်းဈေးသည် လုပ်ခဲ့ရတာပါ။ တစ်နွေမှာ ကျွန်မ ဘလက်ပူးလ်မြို့ကို ခုနှစ်ရက် သွားလည်တယ်။ အဲဒီ ဘလက်ပူးလ်မြို့ကို သွားဖို့ လပေါင်းများစွာ ငွေစုခဲ့ရတယ်။

ကပွဲနန်းတော်ခန်းမမှာ ကျွန်မ သွားကတယ်။ မန်နေဂျာက ကျွန်မကို မျက်မှန်းတန်းမိပြီး အလုပ်ပေးတယ်။ ကျွန်မလည်း လုပ်တာပေါ့။ သူက သိပ်ကောင်းရှာပါတယ်။ ကျွန်မကလည်း တစ်ယောက်တည်း စိတ်ငယ်နေ တယ်။ အမြဲတမ်းလည်း အထီးကျန်ဖြစ်နေတယ်။ ဒီတော့ ကျွန်မကို ချစ်တဲ့သူ ရှာချင်လာတယ်။ သူ့မှာ သားမယားရှိမှန်း မသိပါဘူး။ ပထမတော့ပေါ့လေ။ သူက ကျွန်မကို တကယ်ချစ်တာ မဟုတ်ပါဘူး။ လူယုတ်မာပဲ။ မဖုံးနိုင် မဖိနိုင်လည်းဖြစ်ရော ဒေါသူပုန်ထတော့တာပဲ။ လက်သည်မိန်းမကြီး တစ်ယောက်ဆီ ပို့တယ်။ ဆရာဝန်ခေါ် တယ်။ ဆရာဝန်က ဆေးရုံပို့လိုက်တာနဲ့ ဒီကိစ္စ ပေါ်ကုန်တော့တာပေါ့''
ကော်ရာသည် ချုံးပွဲချ ငိုတော့မတတ် ဖြစ်နေသည်။ ဖျစ်ညှစ်ပြီး ဆက်ပြောသည်။

''ကျွန်မ ဆေးရုံမှာ နှစ်လနေရတယ်။ ဆေးရုံက ဆင်းတော့ ပုလိပ်ကဖမ်းတယ်။ ဖမ်းရမှာပေါ့လေ။ မိန်းမကြီး အမှုမှာ ကျွန်မ ကို အစိုးရသက်သေ လုပ်ခိုင်းတယ်။ သူလည်း ကျွန်မလိုပဲ နွမ်းနွမ်းပါးပါး ဆွေမရှိ မျိုးမရှိ မဟုတ်လား။ ဒီတော့ ကျွန်မ ဘယ်ဆွဲချလုပ်နိုင်ပါ့မလဲ။ ကျွန်မအမှုကျတော့ ငြိတော့ တာပေါ့။ တရားသူကြီး က ထောင် ၆ လပဲ ချပါတယ်။ သူလည်း စိတ်ကောင်းပုံ မရပါဘူး။ ကျွန်မက အရိုးပေါ် အရေတင် ဖြစ်နေတာ ကိုး။ ထောင်ပိုချ လည်း ကျွန်မအဖို့တော့ မထူးပါဘူး။ ထူးစရာလည်း မရှိဘူးလေ။ ဒုံရင်းတောင် ပြန်ရောက်နိုင်တော့ မှာမှ မဟုတ်တာ''
''တော်ပါတော့ ကော်ရာရယ်။ ဇာတ်ကြောင်းလှန်လို့လည်း စုံပါပြီ''
''ပြောလို့ သေရင် လည်း သေသွားပါစေ ဦးရယ်။ ဦးကိုတော့ ပြောပြရမှာပဲ။ ကျွန်မ ထောင်ကထွက်တော့ လူမှုရေး အဖွဲ့တစ်ခုက ဘလက်ပူးလ်မှာ အလုပ်ရှာပေးတယ်။ ကျွန်မကတော့ အဲဒီမြို့ကို စိတ်နာနေပြီ။ စကာဘာရာမြို့ မှာ ကျွန်မနဲ့ တော်တဲ့ အလုပ်ကြော်ငြာတွေ့တယ်။ အဲဒီကိုသွားတယ်။ အလုပ်က ပေါ့ပါးတယ်။ မုန့်ကြော် ရတာပါ။ ဒါပေမဲ့ကျွန်မ နဂိုစိတ်မျိုး ပြန်မပေါ်တော့ဘူး။

ဘာအတွယ်အတာမှလည်း မရှိတော့ဘူး။ ဘာစိတ်ဆန္ဒမှလည်း မရှိတော့ဘူး။ သေချာတာ တစ်ခုပဲရှိတော့တယ်။ ညနေပိုင်း ၆ နာရီဆိုင်ပိတ်ပြီးရင် ကမ်းနားမှာ လမ်းလျှောက်တော့တာပဲ။ အဲဒီမှာ သူ့ကို တွေ့တာပဲ။ ဒေးဗစ်လေ။ သူ့ကြည့်ရ တာ တစ်မျိုးပဲ။ တစ်ညနေတော့ မတတ်နိုင်တော့ဘူး။ ကျွန်မ ရပ်ပြီး သူ့ကို စကားပြောမိတယ်''
ကော်ရာ တုန်တုန်ခိုက်ခိုက် ဖြစ်လာပြန်သည်။
''အဲဒါ အစပဲ။ ကျွန်မ အကြောင်းကို ပြောမပြ၀ံ့ဘူး။ ကျွန်မတို့နှစ်ယောက်ဟာ ကံတူအကျိုးပေးတွေမှန်း သူ့ကိုကြည့်ရုံ နဲ့ ကျွန်မ သိလိုက်တယ်။ သူ့ကို ကျွန်မ စောင့်ရှောက်ချင်တယ်။ စောင့်ရှောက်နိုင်ခဲ့တယ်လို့လည်း ကျွန်မ ထင်ပါတယ်။ မယားကောင်း ပီသအောင် ကျွန်မ နေခဲ့ပါတယ် ဦးရယ်။ သူ သိသွားရင်တော့ ဒုက္ခဖြစ်တော့ မှာပဲ။ ကျွန်မတို့ နှစ်ယောက်စလုံး ဘာတွေဖြစ်ကုန်မလဲတော့ မသိတော့ဘူး''

ကော်ရာ တစ်ချက်ရှိုက်လိုက်သည်။ ပေ့ဆီသို့ လျှောက်လာသည်။ တစ်လောကလုံး၏ အပယ်ခံမလေး။ စိတ်ချမ်းသာမှု ကို အငမ်းမရ တမ်းတနေသူကလေး။ ပေ့က ကော်ရာကို ဖက်ထားလိုက်သည်။
''မငိုပါနဲ့တော့ ကွယ်။ ဒေးဗစ်ကိုလည်း ဘာမှပြောမနေပါနဲ့တော့။ ဦးတို့ လုပ်နိုင်တာတွေ ရှိဦးမှာပေါ့ကွယ်''
''ကျွန်မ လည်း မတတ်နိုင်ဘူး ဦးရယ်။ ကျွန်မတော့ မပြောတတ်တော့ဘူး။ ဦးကကော ဘယ်လိုထင်သလဲ။ ဦးက ကျွန်မ အပေါ် လိုလေသေးမရှိ ကောင်းထားပြီးမှ ကျွန်မ ဦးကို ဒီလိုအဖြစ်မျိုးရောက်အောင် လုပ်သလိုဖြစ်နေပြီ။ အို. . . ကျွန်မ အဖို့ တစ်လောကလုံးမှာ ဦးတစ်ယောက်ပဲ အရေးကြီးဆုံးပါဦးရယ်''

ကော်ရာက စကားကိုပြောရင်း တန်းလန်းဖြတ်လိုက်သည်။ ပေ့ကို ပြူးတူးကြောင်တောင် ကြည့်နေသည်။ ပေ့ မတားလိုက်နိုင် မီမှာပင် အခန်းထဲမှ ပြေးထွက်သွားလေတော့သည်။
ပေ့ မတတ်နိုင်တော့။ ကုလားထိုင်ပေါ်တွင် ထိုင်ချလိုက်သည်။ လက်နှစ်ဖက်ထဲ ခေါင်းမြှုပ်ထားလိုက်သည်။ လာမည့်ဘေးပြေးတွေ့ ရန် အားသစ် မွေးနေမိ၏။ တကယ့် ကမောက်ကမကြီးပါလား။ တကယ့်ကြောက်စရာ ဗရုတ်သုတ်ခကြီးပါလား ဟု တွေးနေမိ၏။
စောစောက ပေါ်ခဲ့သောဒေါသနှင့် သောကတို့ လွင့်စဉ်ကွယ်ပျောက်သွားသည်။ ကရုဏာတရားက အစား ၀င်လာသည်။ ကော်ရာကို အပြစ်မတင်ချင်။ သို့သော် ဤပြဿနာ၏ အကျိုးဆက်များကား သူ့အဖို့ရော ဥတ္တရအလင်း အဖို့ပါ ကံဆိုး မိုးမှောင်ကျခြင်းပင် ဖြစ်ပေတော့သည်။

ပေ့သည် စမစ်ထားခဲ့သည့် စာချုပ်ကို ကောက်ကိုင်မိလျက်သား ဖြစ်သွားသည်။ ဖတ်ကြည့်လိုက်သည်။ ကလိန် ကျထားသော စာချုပ်မဟုတ်။ မျှမျှတတ ရှိသည်။ စမစ်သည် အာပတ်ဖြေသည့်သဘောဖြင့် တရားမျှတအောင် စီမံ ထားသည်။ ငွေရေးကြေးရေးအားဖြင့် ပြောစရာမရှိ။
သူ ဘယ်အခြေဆိုက်မည်ကိုမူ ပေ့ ရှင်းရှင်းကြီး သိနေသည်။ သူ လက်မဲ့ ဖြစ်ရတော့မည်။ ဥတ္တရအလင်းကို သူ လက်မလွှတ်လျှင် ကော်ရာ့ဖြစ်ကြောင်းကုန်စင်ကို လက်ရှိဘ၀နှင့် ဆက်စပ်ပြီး ဆမ်မာဗီးလ်သတင်းစာများတွင် အဆီ တစ်ထပ် အသားတစ်ထပ် ပြူးတူးပြဲတဲ ခေါင်းစီးတပ်ကာ တစ်တစ်ခွခွ ဖွင့်ချပေတော့မည်။
ကြောက်စရာ လန့်စရာ ကျော်မကောင်း ကြားမကောင်း ဖြစ်ကိန်းကြီးကို ပေ့ စိတ်ထဲက မှန်းကြည့် မိ၏။ ကျောချမ်းမိ၏။ သူ့လို မြှင့်တင်ရေးသမား၊ မြို့တော်ဝန်ဟောင်း၊ သမာဓိကြီးသူ၊ မူဝါဒခိုင်မြဲသူ၊ အဂတိမှု ရဲရဲဆန့်ကျင်သူကို ခြောက်တိုင်းကြောက်မည်များ မှတ်နေရော့သလား။

ဂုဏ်ပကာသန အာလျပြင်းသူ အဲလစ်လည်း ချမ်းသာရာရမည် မဟုတ်။ နွားမရွှံ့ပိတ် လှည့်စား ခံရသူ ဒေးဗစ်လည်း သက်သာရာရမည် မဟုတ်။ ဒေါ်ရော်သီပင်လျှင် အဖျားခတ်ခံရလိမ့်မည် မုချ။ ဘယ်သူမှ မလွတ်နိုင်။ ၀ါးလုံး ချေးသုတ်ရမ်းသည့် အတတ်တွင် တစ်ဖက်ကမ်းခတ် သူများ၏ လက်ချက်ဖြင့် သူတို့အားလုံးတံတွေးခွက်ပက်လက်မျောကြရတော့မည်။ သူ့အဖို့ကား လူမှုရေး၊ နိုင်ငံရေး လောက၌ ပန်းကောင်းအညွှန့်ချိုး အဖြစ်မျိုး ရောက်ရတော့မည်မှာ ယုံမှားစရာ မရှိတော့။
ဒေးဗစ် အဖို့ကား တွေးဝံ့စရာပင် မရှိလောက်အောင် ပို၍ အဖြစ်ဆိုးနိုင်သေးသည်။ ဘ၀ပျက်သွားနိုင်သည်။ စိတ္တဇဝေဒနာ ဖိစီးမှု အသူရကယ်ငရဲဘုံသို့ ဆွဲချခံရပေဦးတော့မည်။ ဘယ်သောအခါမှ ပြန်ပေါ်လာနိုင်မည် မဟုတ်တော့ ပါတကား။

ကော်ရာအဖို့လည်း မြေနိမ့်ရာ လှံစိုက် ဖြစ်ပေတော့မည်။ သူ ဂြိုလ်မွှေ၍ ဖြစ်ရလေချင်းဟူသော အသိ၊ ဘ၀ဟောင်းမှ နာကျည်းမှု၊ အရှက်တကွဲ အကျိုးနည်းမှုတို့ကို အပြန်တစ်ရာ ထပ်ခါကြုံလာရဦးမည်ဟူသော အသိ၊ အိုးအိမ် အတည်တကျနှင့် စိတ်အေးချမ်းသာနေထိုင်ရသည့် ဘ၀သစ်တစ်ခု အဖတ်ဆည် မရအောင် ပြိုကွဲရလေတော့မည်ဟူသော အသိတို့သည် သူ့ကို ရင်ကွဲ နာကျင်စေလိမ့်မည် မုချပါတကား။

ပေ့သည် ဗြုန်းခနဲ ထရပ်လိုက်သည်။ အခန်းထဲတွင် ခေါက်တုံ့ခေါက်ပြန် လျှောက်နေ၏။ ကော်ရာရော သူ့မိသားစုပါ ဒုက္ခလှလှ တွေ့ကြရမည့် ကိစ္စကို သူ လက်ပိုက်ကြည့်နေရက်နိုင်ပါ့ မလား။ သူ အညံ့ခံရမည်။ ဥတ္တရအလင်းကို လက်လွှတ်ရမည်။ ဤကိစ္စ တွေးကြည့်လိုက်ရုံနှင့်ပင် အသည်းကို ဓားဖြင့်မွှန်းသလို နာကျည်းစေသည်။
ဒီကိစ္စဟာ ဘိုးဘွားပိုင်ပစ္စည်းကို အစွဲသန်လွန်းလို့ မာန်ချိုးခံရတဲ့အထိ သက်သက်ပါကလား၊ ဟင်နရီပေ့ ဆိုတဲ့ငါဟာ ဘိုးတော်ဘုရား လက်ထက်က ခုနှစ်ဆွေး ရှစ်ဆွေး ရှေးဟောင်းသမား၊ ကိုယ်ထင်ကုတင်ရွှေနန်းသမား သက်သက်ပါကလား၊ လှေကြီးထိုးရိုးရိုးကြီး ဆောင်းပါးလောက်ရေး တတ်တဲ့ သူပါကလား။ တောသတင်းစာကလေး ပိုင်ရတာနဲ့ စကြ၀တေား မနွတ်မင်း ဂိုက်ဖမ်းနေတဲ့ သူပါကလား စသဖြင့် သူ့ကိုယ်သူ ချိုးနှိမ်ဆုံးမရန် အားထုတ်မိသည်။

ကြာရှည်လေးမြင့် ကျားကုတ်ကျားခဲ တိုက်ပွဲဝင်ကာ ခက်ခက်ခဲခဲ အောင်ပွဲခံခဲ့ပြီးသည့်နောက်မှ ပန်းအ၀င် တွင် အောင်ပန်းအလုခံရမည့်ကိန်း ဆိုက်ရခြင်းကို စဉ်းစားလိုက်သောအခါ ခေါင်းထဲတွင် သွေးဟုန်းဟုန်း ဆူပွက်လာပြန်တော့သည်။ ဥတ္တရအလင်းသည် သူ့ဘိုးဘွား အမွေပါတကား။ သူ့သမိုင်း အစဉ်အလာပါတကား။ သူ့ အသက် သူ့ဘ၀ပါတကား။
ပေ့သည် စင်္ကြံအတိုင်းလျှောက်သွားသည်။ ဥတ္တရအလင်းသတင်းစာ အဟောင်းများ စုဆောင်းထား သည့် အခန်းကလေးထဲသို့ ၀င်လိုက်သည်။ စင်ပေါ်ရှိ သတင်းစာတွဲများအနက် တစ်ခုကို ဆွဲကြည့်သည်။ ၁၇၈၅ ခုနှစ် သတင်းစာ တွဲ။ မီးပုံးပျံသမားတို့ အင်္ဂလိပ်ရေလက်ကြား ဖြတ်ကျော်ပျံသန်းသည့် သတင်းကို ဖော်ပြထားသည်။ ၁၇၉၅ ခုနှစ် သတင်းစာတွဲ။ သောမတ်ပိန်း၏ ယထာဘူတ ခေတ်သမယ စာအုပ်ကို အခန်း ဆက် ဖော်ပြထားသည်။

ဟင်နရီပေ့သည် ၀ါရော်ကြွပ်ရွနေသော သတင်းစာဟောင်းများကို တစ်ရွက်ချင်း လှန်ကြည့်နေ သည်။ သတင်းစာ စာမျက်နှာတိုင်းသည် အင်္ဂလန်နိုင်ငံ၏ သမိုင်းအမှတ်အသားများပါတကား။
ထရာဖော်လ်ဂါ ရေကြောင်းတိုက်ပွဲ သတင်းများ။ ကားဘူတောင်ကြား ကျဆုံးခန်းသတင်းများ။ ကရိုင်မီယာဒေသ ဘာလာကာလာဗာ မြင်းတပ်တိုက်ပွဲ သတင်းများ။ ၀ိတိုရိယဘုရင်မကို လုပ်ကြံရန် ကြံစည်မှုသတင်းများ။ နပိုလီယန်စစ်ပွဲ သတင်းများ။ စစ်ဘုရင်နပိုလီယန်ကို ဆန့်ကျင်ထိုးနှက်သော ကာတွန်းများ။ ကဗျာဆရာ စာရေးဆရာကြီး ဘရောင်နင် ၏ ဈာပနသတင်းများ။ တောင်အာဖရိကစစ်ပွဲ သတင်းများ။ ဥတ္တရအလင်း တွင် ရောဘတ်ပေ့ ဦးဆောင်ဖွင့်ခဲ့သည့် စစ်ရန်ပုံငွေ ကောက်ခံမှု သတင်းများ. . .
သူ့ရင်ထဲ တွင် မခံရပ်နိုင်တော့။ နားထင်ကို လက်နှစ်ဖက်ဖြင့် ဖိညှပ်ကာ အသံထွက်အောင် ငိုညည်းမိ လိုက်လေ၏။

ဥတ္တရအလင်းသည်ပင် လျှင် နိုင်ငံသမိုင်းပါတကား။
ထိုသတင်းစာ ကို အဖတ်ဆည်မရလောက်အောင် အသရေတုံးစေမည့် ပိုင်ရှင်မျိုး လက်ဝယ်သို့ သူ ဘယ်နည်းနှင့် မှ ထိုးမအပ်နိုင်။
ပေ့သည် ချာခနဲ လှည့်ပြီး စိတ်မာန်သစ်ဖြင့် သူ့အခန်းသို့ ပြန်လာခဲ့သည်။ နာရီကြည့်လိုက်တော့ ၇ နှစ်နာရီ ခွဲနေပြီ။ သူ မေ့မေ့လျော့လျော့ဖြစ်နေခဲ့သည်မှာ ၃ နာရီခန့်ပင် ကြာသွားသည်။ ညနေ ၆ နာရီ ပြန်နေကျ မစ်မော့ဖတ် လည်းပြန်သွားပေရော့မည်။ ရထားအချိန်စာရင်းကို ရှာကြည့်သည်။ လန်ဒန်မြို့သို့ ထွက်မည့်ရထား သည် ၈ နာရီထိုးရန် ၁၅ မိနစ်အလိုတွင် ဆိုက်မည်။

အိမ်ပြန်ပြီး အ၀တ်အစားယူရန် အချိန်မရှိတော့။ ဘူတာသို့ တိုက်ရိုက်သွားမှ အချိန်မီမည်။ လန်ဒန် သို့ အရေးတကြီးသွားစရာကိစ္စပေါ်၍ ထွက်သွားကြောင်း စာကလေးတစ်စောင် ရေးသည်။ မစ်မော့ဖတ်၏ လက်နှိပ်စက် အဖုံးပေါ်တွင် တင်ထားလိုက်သည်။ ထို့နောက် အိမ်သို့ တယ်လီဖုန်းဆက်သည်။ အဲလစ် အပြင်သွားနေသည်။ သူ ခရီးသွားမည်။ နှစ်ညအိပ်ထက် ပိုမကြာဟု အိမ်ဖော် ဟန်နာကို မှာခဲ့သည်။
ဦးထုပ်ဆောင်း၊ အပေါ် အင်္ကျီဝတ်၊ ရုံးခန်းမှထွက်ကာ ဘူတာရုံသို့ ကမျောသောပါး ထွက်လာခဲ့လေသည်။

ဆက်ရန်
.    
>>>ဆက်ဖတ်ရန်>>> >>

Monday, July 23, 2012

ဦးဝင်းတင် ဘာသာပြန် ဥတ္တရအလင်း, အပိုင်း (၁၈)

''စိတ်မောတယ်ဗျာ။ အရင်တစ်ခွက်လောက်တော့ သောက်လိုက်မှပဲ။ ဒုက္ခများ ဖြစ်နေမလား မသိဘူး'' ''မဖြစ်ပါဘူးလေ။ သွေးလေး ဘာလေးတောင် ပူလာမှာပေါ့ ကိုယ့်လူရဲ့''
ညေးက စားပွဲထိုး ကိုခေါ်သည်။ အရက်မှာသည်။ စားပွဲထိုးက ၀ီစကီခွက်ကြီးနှစ်ခွက်ယူုလာ သည်။ စမစ်က အစ တွင် မြုံ့သောက်နေသေးသည်။ နောက်တော့ မော့မျိုတော့သည်။ သဲကန္တရထဲ က ပြန်လာရော့ သလားပင် ထင်ရသည် ဟု ညေးတွေးလိုက်မိ၏။
ကို ဆက်ဖတ်ရန်....

''သောက်မှ ဖြစ်တော့မှာပဲ။ ခုတစ်လော လူလည်း ဘယ်လိုဖြစ်နေမှန်းမသိပါဘူးဗျာ။ ဒီကိစ္စ ကလည်း .... ဆုံးဖြတ်ရတာ ခက်လိုက်တာ'' ''ထပ်ယူဦးမလား''
''ပြီးတော့မှ ... အင်းလေ သောက်တာပေါ့ဗျာ'' ညေးက အရက်ထပ်မှာပြန်သည်။ ကို ဆက်ဖတ်ရန်.............

"ကျွန်တော့်ရင်ထဲမှာက ဘာသာရေးအစွဲ ရှိတုန်းဗျ။ သြစတြေးလျနေတုန်းကလည်း သမ္မာကျန်းစာ သင်ကျောင်းမှာ တနင်္ဂနွေနေ့တိုင်းစာပြခဲ့တာ၊ ကျွန်တော့်အမေက စည်းကမ်းသိပ်ကြီးတာ။ ကလေး တုန်းကတည်းက အပိုးကျိုးနေအောင် သွန်သင်ထားတာ။ ၁၁ နှစ်သား မပြည့်ခင်ကတည်းက ကောရိန္တု သြဝါဒစာ ပထမစောင် အခန်း ၁၃ တစ်ခုလုံး ကျွန်တော် အလွတ်ရတယ်။ ဒီကိစ္စ ကို နောက်ထပ် စဉ်းစားကြည့်လိုက်တော့ ကောင်းတဲ့ဘက်ကလည်း မြင်လာတယ်။ သိပ်လည်းကြမ်း ကြမ်းကိုင်ဖို့ မလိုပါဘူးလေ။ သိမ်သိမ်မွေ့မွေ့ လုပ်ကြတာပေါ့။ ပေ့လည်း အငြိမ်းစားယူသင့်ပါပြီ။ သူကလည်း ကျန်းမာလှတာမှ မဟုတ်ဘူး" "သူ့အဖို့ သာတောင် ကောင်းသွားဦးမှာပါဗျာ" "ကော်ရာနဲ့ ပတ်သက်လို့..."
စမစ် စကား တန်းလန်းဖြစ်နေစဉ် ညေး က မြန်မြန်ဝင်ပြောသည်။

"ဘာမှမဖြစ်ပါဘူး။ အပြင်လူ သိမယ့်ကိစ္စမှ မဟုတ်တာပဲ။ ဟိုငတုံးကလည်း သူ့ကို ချစ်ပါတယ်။ ခွင့် လွှတ်မေ့ပျောက်ပစ် လိုက်မှာပါဗျာ"
"တစ်ခွက်ထပ်မှာဦးဗျာ။ ခင်ဗျားပြောတဲ့အတိုင်းဆိုရင် တခြားလမ်းမရှိတော့ဘူး။ လုပ်ထိုက်တာပဲ။ ဘာက စလုပ်ကြမလဲ။ ပေ့ကို တယ်လီဖုန်း ဆက်မလား"
"ဟင့်အင်း... လူကိုယ်တိုင် စာသွားပေး။ တွေ့ခွင့်တောင်း"
စမစ်သည် မေးစေ့ကို လက်ခုံဖြင့်ပွတ်ရင်း ခဏ စဉ်းစားနေသည်။
"တစ်ခုရှိတယ်... အရေးကြီးတယ်။ ခင်ဗျား မိတ်ဆွေကိုလည်း ပိုင်မှဖြစ်မယ်။ သူ့ဆီကို ချက်ချင်း ဖုန်းဆက်ဗျာ"
ဘာသာရေး စိတ်ဓာတ်အခံ ရှိသူတစ်ဦးအဖို့ ဤစကားသည် အတော်ပတ်ပတ်နပ်နပ် ရှိသည် ဟု ညေး တွေး လိုက်မိသည်။
"ကျွန်တော်လည်း စိတ်ကူးပြီးသားပါ။ ဟိုင်းစ်က မစ်ဂ်ဟီးလ်အုပ်စု သတင်းစာမှာ လုပ်နေတုန်း ပါ။ ပေ့ကို ပေးဖို့ စာသာ အရင်ရေးပါဦးလေဗျာ"
စမစ် အရက်ခွက်ကျန်ရှင်းပြီးအောင် ညေး စောင့်နေသည်။ ပြီးမှ စာရေးခန်းထဲသို့ ဝင်သွားကြလေ သည်။

(၈)
ထိုနေ့ မွန်းလွဲပိုင်း ၂ နာရီခွဲတွင် ဟင်နရီပေ့သည် မြောက်ပိုင်းခရိုင်များကလပ်မှ ထွက်လာခဲ့သည်။ သတင်းစာတိုက် သို့ မှန်မှန်လျှောက်လာခဲ့သည်။
စက်တင်ဘာ၊ ၂၅ ရက်နေ့တွင် ကျင်းပရန် သတ်မှတ်ထားသည့် ဂုဏ်ပြုညစာစားပွဲကိစ္စကို ဝဲလ်စ်ဘီ နှင့် နေ့လယ်စာ စားရင်း ဆွေးနွေးခဲ့သည်။ စကားပြောလို့ ဆိုလို့ကောင်းသော မိတ်ဆုံပွဲ၊ ဝဲလ်စ်ဘီ သူ့ကို ဝိုင်အရက်ကောင်း ကလေး ဇွတ်တိုက်၍ ပေ့ စိတ်သွက်လူသွက်ဖြစ်နေ၏။ လာမည့်ရွေး ကောက်ပွဲတွင် ဝင်ပြိုင်မည့်အကြောင်း ဝဲလ်စ်ဘီ ပါးပါးနပ်နပ် ထုတ်ဖော်ပြောပြပုံကို ပေ့ ပြန်စဉ်းစား မိသည်။ ပြိုးမိသေး၏။ တကယ်တော့လည်း အမတ်လောင်းတစ်ဦးအဖြစ် ဝဲလ်စ်ဘီ မညံ့လှ။ အယုတ်အားဖြင့် နော့သမ်ဘာ နယ်သား တစ်ဦး အဖြစ် မြောက်ပိုင်းဒေသအကျိုးကို ဆောင်နိုင်လိမ့် မည် မုချ။
ပေ့သည် ပန်းခြံလမ်းအရောက်တွင် ဖြတ်လမ်းအတိုင်း လိုက်လာခဲ့သည်။ ဆိုင်တစ်ဆိုင် တွင် ရှေး ဟောင်းရှားပါးကြွေထည်ပစ္စည်းတစ်ခုကို တွေ့သည်။ ရှေးလည်း ကျသည်။ ဈေးလည်း ချိုသည်။ ၅ ပေါင် ၁၀ ရှီလင်သာ ဈေးနှုန်းသတ်မှတ်ထားသည်။

တွေ့ရချက် အခန့်သင့်လိုက်လေစွ။ ရောင်းပစ်ခဲ့ရသည့် သူ့ကြွေထည်ပစ္စည်းများကို အစားပြန်ထိုး ရန်အတွက် ပွဲဦးထွက် ပစ္စည်းပါပေ။ ပေ့ လက်ယားလာသည်။ ဆိုင်ထဲဝင်သွားသည်။ ဈေးဆစ် သည်။ ၅ ပေါင် ၅ ရှီလာနှင့် ဈေးတည့်သည်။
သတင်းစာတိုက် သို့ ပြန်ရောက်တော့ ကြွေထည်လေးကို စားပွဲပေါ်တွင်တင်ကာ အရိပ်တကြည့် ကြည့်လုပ်နေ သည်။ မစ်မော့ဖတ် ဝင်လာသည်။ လူလွှတ်ပြီး လာပေးသွားသည်ဆိုသော စာတစ် စောင်ကို ယူလာ သည်။ ပေ့က မစ်မော့ဖတ် ကို ကြွေထည်ချီးမွမ်းခန်း ဖွင့်ပြနေသေးသည်။ မစ်မော့ ဖတ်ကို ကြွေထည်ချီးမွမ်းခန်း ဖွင့်ပြနေသေး သည်။ မစ်မော့ဖတ်က သူ စိတ်ချမ်းသာပါစေတော့ သဘောဖြင့် အလိုက်သင့် နားထောင်နေသည်။ ပြီးမှ ကိုယ့်အခန်း ကိုယ် ပြန်သွားလေသည်။

ဟင်နဂီပေ့သည် ကြွေထည်ကလေးကို ပွတ်ရင်း သပ်ရင်း ကြည်နူးမိန်းမောနေ၏။ ရက်သတ္တပတ် ပေါင်းများစွာ ပင်ပန်းနွမ်းလျ သောကရောက် ခဲ့ရပြီးနောက် အခြားလူက ဖန်တီးလာသည့် ပဋိပက္ခမှု တွင် သူ အောင်ပွဲ ခံနိုင်လိုက်ခြင်းကြောင့် မထင်မှန်းနိုင်လောက်အောင် စိတ်ချမ်းသာရာရခဲ့သည်။ ကျင့်ဝတ်သိက္ခာကြီးတစ်ရပ်ကို ထိန်းသိမ်းစောင့်ရှောက်နိုင် ခဲ့သည်။ သတင်းစာကိုလည်း ခလုတ် မထိ ဆူးမငြိ ဆက်ထုတ်နိုင်ခဲ့သည်။ သတင်းစာ သြဇာ လည်း ပိုမိုးကြီးမားလာခဲ့သည်။ ခါတိုင်းထက် အခြေခိုင်လာခဲ့သည်။
အိမ်တွင်းရေးတွင် လည်း ရေမြင့်ကြာတင့် ဖြစ်လာသည်။ သမီးလုပ်သူက သူ့ကို အရေးထားရ ကောင်းမှန်း သိလာ သည်။ မသိမသာ ပင် အရိုအသေ ပေးလေသည်။
လင်မယား ဆက်ဆံရေးတွင်လည်း ပိုမိုချမ်းမြေ့လာလိမ့်မည်ဟု မျှော်လင့်သည်။ ကြာသပတေးနေ့ တွင် ဂုဏ်ပြုဧည့်ခံပွဲ ကိစ္စ၊ ညစာစားပွဲကြီးကိစ္စ၊ ပေ့ ဂုဏ်ပြုခံရမည့်ကိစ္စအတွက် အဲလစ်လည်တဆန့် ဆန့် ဖြစ်နေပုံ ကို တွေ့ရတော့မှ အဲလစ်ဘဝ ၏ ထိုကဏ္ဍကို ယခင်က ဘာသာလဝါ နေမိခဲ့ခြင်း အတွက် သူ့ကိုယ်သူပင် အပြစ် တင်မိလေသေးသည်။ ထိုကိစ္စမျိုးတွင် အရိုးခံစိတ်ဖြင့် ပါလေရာ လုပ်ချင်သည်မှာ အဲလစ် ဉာဉ်ပင်ဖြစ်သည်။

သူကိုယ်တိုင်လည်း ဝသီဆန်းဆန်းများရှိသည်ပင်ဖြစ်ရာ အဲလစ်၏ဉာဉ်ဆန်းကို ဘာကြောင့် အလို မလိုက်နိုင် ရမှာလဲဟု ပေ့ တွေးမိ၏။ ထိုသို့ အလိုလိုက်ခြင်းဖြင့် ကော်ရာ့အပေါ် အဲလစ် ကြည်ကြည် ဖြူဖြူ ဖြစ်လာနိုင်သည်။ မိသားစုတစ်ခုလုံး သင့်သင့်မြတ်မြတ် သဟဇာတ ဖြစ်အောင် လုပ်နိုင်လျှင် သူ ကျေနပ်ပြီ။

မစ်မော့ဖတ် လာပေးသွားသည့်စာကို သတိရ၍ ဖတ်လိုက်သည်။ မကြည်မသာ ရေရွတ်လိုက်မိ သည်။ စာရွက် ကို ဆုတ်ဖြဲပစ်ကာ အမှိုက်ခြင်းထဲသို့ ပစ်ချလိုက်သည်။
ရံဖန်ရံခါ ဆိုသလို ဥတ္တရအလင်းသို့ မကြားဝံ့မနာသာ ဆဲစာများ၊ ကြိမ်းမောင်းခြိမ်းခြောက်စာ များ ရောက် တတ်သည်။ စာတိုင်းလိုလိုမှာ ရေးသူ၏အမည်နေရာ အပြည့်အစုံမပါ။ ဤစာကတော့ အမည်နေရပ် လိပ်စာ မပါသော လျှို့ဝှက်ပစ်စာမဟုတ်။ ဟာရိုးစမစ် ကိုယ်တိုင် လက်မှတ်ရေးထိုး ထားသည့်စာ။ ခွဲခွာခါနီး စမစ် ဤမျှလောက် မိုက်မိုက်ကန်းကန်း အာဃာတကြီးကြီးလုပ်လိမ့်မည် ဟု မယုံနိုင်။
ပေ့ အလုပ် ဆက်လုပ်သည်။ စီးပွားရေးဆိုင်ရာ  ဝေဖန်ချက်ဆောင်းပါးတစ်ပုဒ်ကို ရေးသည်။ သို့ သော် သူ့ခေါင်းထဲမှ အတွေးမပေါ်။ စမစ်ထံမှစာကိုသူ စိတ်ရောက်နေသည်။ တွေးလေတွေးလေ စိတ်မရှင်းလေ။

ရုံးခန်းထဲတွင် သူတစ်ယောက်တည်းသာ ရှိသည်။ အမှိုက်ခြင်းထဲသို့ စက္ကူစုတ်များကို ပြန်ကောက် သည်။ ခက်ခက်ခဲခဲ ပြန်ဖတ်ကြည့်မိသည်။
 
ခင်မင်ပါသော မစ္စတာပေ့ ခင်ဗျား...
လူကြီးမင်းအား အကြီးအကျယ် ထိခိုက်နစ်နာစေနိုင်မည့် လတ်တလော အရေးတကြီးကိစ္စ တစ်ရပ်ကို ကျွန်တော် များ ကြားသိထားပါသည်။ လူကြီးမင်း၏အကျိုးငှာ ကျွန်တော် အကြံပေးလို သည်မှာ ထိုကိစ္စ ကို ဆွေးနွေးရန်အတွက် ကျွန်တော်တို့အား အမြန်ဆုံးတွေ့ဆုံခွင့်ပြုရန် မေတ္တာရပ် ခံပါသည်။ ကိစ္စမှာ အလော သုံးဆယ် ဖြေရှင်းရမည့်ကိစ္စဖြစ်ပြီး အရေးလည်း ကြီးပါသည် ခင်ဗျား။
လေးစားစွာဖြင့်
ဟာရိုးစမစ်

ဟင်နရီပေ့သည် သက်ပြင်းတစ်ချက် ရှိုက်လိုက်ပြန်သည်။ သူတို့ဘာအကွက်ဆင်ကြပြန်ဦးမလို့ပါ လိမ့်ဟု စဉ်းစားနေမိ၏။ စကားလုံးကောက် အဓိပ္ပာယ်ဖမ်း၍ မရပုံထောက်သော် စာကို ဂရုတစိုက် ရေးထားကြောင်း ထင်ရှား သည်။ ဤအချက်သည်ပင် သူ့ကို ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်အောင် ဖန်တီးထားခြင်းဖြစ်သည်။

မထေမဲ့မြင် ပြုခံရလေခြင်းဟူသော နာကျည်းစိတ်သည် သူ့ရင်ထဲတွင် တဟုန်းဟုန်းတောက်လောင် နေသည်။
လတ်တလော အရေးတကြီးကိစ္စဆိုသော စကားကို ဘာ့ကြောင့်သုံးရသလဲ။ နောက်ပိုင်းတွင် ဖွင့်ချ မည်ဆိုသော အချက်သည် နိမိတ်ပြခြင်းပင် မဟုတ်လား။ "ကျွန်တော် အကြံပေးလိုသည်မှာ" ဆို သော စကားလုံးများ ကလည်း ခြိမ်းခြောက်မှုသဘော ကို သကာဖုံးထားသော စကားလုံးများပင် မဟုတ်လား။

မျက်ရမ်းမှန်းဆ အတွေးရေယာဉ်ကြော မျောနေ၍မဖြစ်။ စမစ်နှင့် သူ့အဖော်တို့မှာ ဟက်ဒယ်လ် စတန် မှ ပြန်ပြေးလုတည်းခါဖြစ်နေပြီ။ ဤစာသည် နောက်ဆုံးထိုးကွက်ဖြစ်သည်။ ပေယျာလကန် လုပ်ထားလိုက် ရန် ပေ့ ယတိပြတ် ဆုံးဖြတ်လိုက်၏။ စက္ကူစုတ်များကို ဆုပ်ခြေပြီး အမှိုက်ခြင်း ထဲ ပြန်ပစ်ထည့် လိုက်၏။ နောက်ထပ်တစ်နာရီခန့် ပေ့ စိတ်ငြိမ်ငြိမ် အလုပ်လုပ်နိုင်သည်။ မိတ်တလန် ဝင်လာသည်။ ရက် အနည်းငယ် ခွင့်ယူမည်။ နော့တက်ဟမ်မြို့တွင် ကျင်းပမည့် ဆောင်းဦးမြင်းပြပွဲ သို့ သွားမည်။ မြင်းပေါက်ကလေး တစ်ကောင် ဝယ်မည်ဟု မိတ်တလန် စိတ်ကူးထားသည်။
"မြင်းကလေးတစ်ကောင် တွေ့ထားတာကြာပြီဗျာ။ တကယ့် မြင်းချောကလေးပဲ"
ဥတ္တရအလင်း အခြေပြန်ခိုင်လာချိန်မှစ၍ မိတ်တလန် တစ်မူးထူးပြီး တောင့်တင်းဖျတ်လတ်လာ သည်။ မိတ်တလန် က ရယ်သံကလေး စွက်ကာ ဆက်ပြောသည်။

"အခု ကျွန်တော်တို့ ငွေနဲ့ကြေးနဲ့ ပြန်ဖြစ်လာပြီပဲဗျာ။ ဒီတော့ ကျွန်တော်လည်း မြင်းရောဂါတက်လာ ပြန်တာပေါ့။ ဒီငွေလောက်တော့ သုံးနိုင် ပါတယ်လေလို့ ထင်လာတာနဲ့"
ပေ့သည် မိတ်တလန် အပေါ် ခါတိုင်းထက် ပို၍ ပို၍ သံယောဇဉ်တွယ်လာသည်။ လွန်ခဲ့သည့် နှစ်များအတွင်း မိတ်တလန် ၏ ဗဟုသုတ၊ အတွေ့အကြုံ၊ အကြားအမြင်နှင့် ရိုးသားတက်ကြွသော ကိုယ်ကျင့်တရားအပေါ်တွင် ကြီးမားစွာ မှီခိုအားထားပြုခဲ့ရသည်။ ကိုယ်ရေးကိုယ်တာကိစ္စများတွင် လည်း မိတ်တလန်၏အကြံဉာဏ်ကို မကြာခဏ တောင်းယူခဲ့ရသည်။
ယခုလည်း ခြိမ်းခြောက်စာကိစ္စက ခေါင်းထဲတွင် ရှိနေ၍ မိတ်တလန်ကို ဖွင့်ဟတိုင်ပင်ရန် ဗြုန်းခနဲ စိတ်ကူးပေါ်လိုက်မိသေး၏။ သို့သော် မိတ်တလန်မှာလည်း သူ့ကိစ္စနှင့်သူ၊ သွားခါနီး လာခါနီးလည်း ဖြစ်နေပြီ။ ဒုက္ခ မပေးချင်တော့။ သွားပါစေတော့လေ။

"ကိုင်း မယ်လ်ကမ်ရေ ပျော်ပျော်သာ နားပေတော့။ အဖွဲ့ကတော့ လွမ်းနေကြမှာပဲ"
ပေ့က လှိုက်လှိုက်လှဲလှဲ ပြောသည်။ လက်ဆွဲနှုတ်ဆက်သည်။
ပေ့၏ဆွေးဆွေးမြေ့မြေ့စကားကြောင့် မိတ်တလန် စိတ်ထင့်သွားသည်။ ဤသည်ပင် သူတို့ နှစ် ယောက်၏မတူကွဲပြားသော စရိုက်။ မိတ်တလန်က ဟင်နရီပေ့အပေါ် ထားရှိသည့် သူ့ကြည်ညို လေးစားမှု ကို မြင်သာ ထင်သာ ထုတ်ဖော်ပြသဖို့ အိပ်မက်ပင် မက်သူမဟုတ်။
''ကျွန်တော်ပြန်လာမှာပါ'' မိတ်တလန်က ပုံဆိုးဆိုးသူ့မျက်နှာကြီးကို အပြုံးရောင်လွှမ်းလိုက်သည်။

''ကျွန်တော်မရှိတုန်း စက်တွေလည်နိုင်အောင်တော့ လုပ်ကြပေါ့ဗျာ'' ဟုပြော၏။
ညနေ ၄ နာရီတွင်ပေ့ ဆောင်းပါးရေးပြီးသည်။ ဆောင်းပါးနှင့်အတူဖော်ပြရမည့် ဥရောပအိုးအိမ်စ ခန်းများ၊ လေဆိပ်များ၊ တံတားများ၊ စက်ရုံသစ်များစသည့် သတင်းဓါတ်ပုံများကို သတင်းထောက် ဟက်ဒလေက ယူလာသည်။ ဟက်ဒလေထွက်သွားပြီးနောက် မစ်မော့ဆတ်ကို ခေါ်ရန်လုပ်နေစဉ် တံခါးခေါက်သံ သဲ့သဲ့ကြား လိုက်ရသည်။ ''၀င်ခဲ့လေ'' မော့ကြည့်လိုက်ရာ ကော်ရာရပ်နေသည်ကို တွေ့ရလေသည်။

''အနှောက်အယှက်များ ဖြစ်နေသလားဟင်''
ယခင်က သူမမြင်ခဲ့ဖူးသေးသည့် အညိုရောင်ဝတ်စုံသစ်ကို ၀တ်ထားသည်။ လွန်ခဲ့သည့် ၂ နှစ်က ခရစ်စမတ်လက်ဆောင်အဖြစ် သူပေးထားခဲ့သည့် ပုလဲကုံးကို လည်မှာဆွဲထားသည်။ ကော် ရာဘယ်တုန်းကမှ ဤမျှကြည့်ပျော်ရှုပျော် မရှိခဲ့စဖူး။ ကော်ရာမျက်လုံးတွေက ထူးထူးလည်လည် ကြည်လဲ့နေ၏။ ကော်ရာက သွက်သွက် ကလေး စကားဆက်ပြောသည်။
''မြို့ထဲလာစရာကိစ္စကလေးရှိတာနဲ့။ ဒေးဗစ် ကိစ္စပါ။ အိမ်မပြန်ခင်ဝင်ကြည့်လိုက်ဦးမယ်လေ ဆိုပြီး လာခဲ့တာပါ။ ဦး အလုပ်များနေရင်ကျွန်မပြန်တော့မယ်နော်''
''ပြန်ဝံ့ ပြန်ကြည့်ပါလား။ လာစမ်းပါဦးကွယ်။ မင်းတို့သတင်းလေး ဘာလေးပြောစမ်း''
ကော်ရာက သတင်းစာတိုက်သို့ အလည်အပတ်ဝင် ခဲ သည်။ ကော်ရာရောက်တိုင်း ပေ့ စိတ် အပန်း ပြေသည်။ ပေါ့ပါးလန်းဆန်းသည်။ ယခုလည်းကော်ရာကို တောက်တောက်ပြောင်ပြောင်၊ ဖျတ်ဖျတ် လတ်လတ် တွေ့ရသည်မှာ အထူးရွှင်လန်းအားရ ဖြစ်ရသည်။

''နေလို့ထိုင်လို့ ကောင်းကြရဲ့လားဟေ့''
''အိုး....ကျွန်မလား.....နေမကောင်းတာရယ်လို့ မရှိပါဘူးရှင်''
''ဂီတပွဲတုန်းက မူးတာရော ပျောက်သွားပလား''
''ဘာမှမဟုတ်ပါဘူး။ ကျွန်မက လူထူထူထဲ မနေတတ်ဘူး။ အခန်းကလည်း လှောင်နေတာနဲ့''
ကော်ရာက ခဏငြိမ်နေသည်။ ပြီးမှ.....
''မေးရမှာက ဦးကောာ နေကောင်းရဲ့လား'' ဟုပြောလိုက်၏။

''ဒေါင်ဒေါင်မည်ပါပဲဗျာ''
''ဆရာဝန်နဲ့ ဘယ်တုန်းက တွေ့ခဲ့သေးလဲ''
''တစ်ပတ်သာသာလောက်ပဲ ရှိဦးမှာပါ။ မေ့တော့နေပြီ။ တစ်လတစ်ခါတော့ ပုံမှန်သွားတွေ့ပါ တယ်ကွယ်''
''ဆေးပြား ကလေးတွေကရော သောက်နေရတုန်းပဲလား''
''သောက်ရတုန်းပေါ့ကွယ်။ အတော်ကောင်းပါတယ်''
ပေ့တစ်ယောက် နိုင်ထရိုဂလစ်စရင်း ဆေးပြားကလေးများကို စွဲမြဲသောက်နေရခြင်းအတွက် စိတ် မ ကောင်းဖြစ်နေရသည့် အလား ကော်ရာခေါင်းယမ်းလိုက်၏။ သူ့နဂိုရ်ဟန်မဟုတ်၍ မင်းသမီး ဖျင်း ဖျင်း အမူအယာ လုပ်သည်နှင့် တူနေတော့၏။

ပေ့၏ကုလားထိုင် လက်တန်းပေါ်တွင် ကော်ရာထိုင်လိုက်၏။ သူ့မျက်လုံးကြီးများက ပေ့ကို အသနားခံနေ သယောင်ယောင်။
''ကျွန်မနဲ့ ဒေးဗစ်တောင် မနေ့ညကပဲ ဦးအကြောင်းကို အကြာကြီးပြောနေမိကြသေးတယ်''
''ဟုတ်လား''
ပေ့က ကော်ရာကိုငေးကြည့်ရင်း မျက်နှာသာပေး လေသံဖြင့် ပြန်မေးလိုက်၏။ ကော်ရာ့အညိုရောင်ဝတ်စုံက သူ့ မျက်လုံးရောင်နှင့် ပနံ ရသည်။ သွေးရောင်လွှမ်းနေသော သူ့ပါးပြင် ကို ထင်းထင်းပေါ် လွင်စေသည်။ ကော်ရာက လောလောကလေးပြောနေစဉ် သူ့ အသံတွင်နုံးခွေဟန်ပေါ်နေ သည်။ ပေ့ သတိထားမိ၏။

''ကျွန်မတို့ ဦးကို ဘယ်လောက်ချစ်တယ်ဆိုတာ ဦးလည်းသိသားပဲ။ ကျွန်မတို့နှစ်ယောက်စလုံး ဦး အတွက် အမြဲပူပန်နရတာပဲ။ ဦးကအလုပ်သိပ်လုပ်တာပဲ။ လုပ်သင့်တာထက်အများကြီးပိုလုပနေ တယ်လို့ ကျွန်မတို့ ထင်တယ်။ ဦးအတော်ကြာကြာ အနားယူသင့်တယ်လို့လည်း ကျွန်မတို့တွေး မိ တယ်။ ဦး အတွက် ပြောတာပါလေ''
ပေ့က ပြုံးလိုက်သည်။
''ဘယ်လောက် ကြာကြာလဲကွယ်'' ဟုပြန်မေးသည်။

''အင်း... ''
ကော်ရာက မပြောရက်ရက်အပြောခက်၍ ပြောမထွက်သလို ငြိမ်နေပြီးမှ
''အငြိမ်းစား ယူသင့်တယ်ကိုထင်တာပဲ'' ဟု ပြောလိုက်လေသည်။
ပေ့ မင်သက်မိ သလို နှုတ်ဆိတ်နေသည်။
''ကော်ရာရယ်...ဒီလိုအချိန်ရောက်မှများ....သတင်းစာကို လက်လွှတ်လိုက်ဖို့ အကြံပေးနေပြန်တာလားကွယ်'' ဟု ပြန်မေးသည်။

''အဲဒီသဘောပဲ ရောက်တာပေါ့လေ''
''ဒီသတင်းစာကို လက်မလွှတ်ရအောင်တိုက်ပွဲဝင်ခဲ့တာ။ ခုမှပြီးရုံပဲ ရှိပါသေးတယ်ကွယ်''
''ဟုတ်ပါတယ်။ ဦးနိုင်တယ်လေ။ ဦးအကြောင်းပြပြီးပြီ။ ဦးအညံ့မခံဘူး။ သိပ်ကောင်းတာပေါ့။ အခု ဦး အသာစီးရနေပြီ။ သူတို့ကလည်း ငွေတွေ ပုံပေးနေပြီမဟုတ်လား''
ကော်ရာ က ပြုံးထေ့ထေ့နှင့် ပေ့လက်ကိုလှမ်းကိုင်လိုက်သည်။ နှုတ်ခမ်းနှင့်တေ့လိုက်သည်။ ''လွှဲပေးလိုက်တော့ပေါ့ ဦးရဲ့...အဲဒါအကောင်းဆုံးပဲပေါ့။ ဦးကျန်းမာရေးအတွက်ရော၊ ကိစ္စအားလုံး အတွက်ရောပေါ့လေ''
သိုသိုသိပ်သိပ်ဖုံးဖိထားသော အလောသုံးဆယ်လေသံနှင့် လုံးဝမျှော်လင့် မထားသော ဖျောင်းဖျောင်း ဖျဖျ လေသံကြောင့် ပေ့ရုတ်တရက် စနိုးစနောင့်ဖြစ် လာသည်။ ကော်ရာ့စကားနှင့်စမစ်စာအကြား အချိတ်အ ဆက်များ ရှိနေရော့ သလား။ ပေ့ ငေးနေသည်။ သောကရောက်နေသည်။ စာအကြောင်း ကို လည်း ပြောမပြရက်။ ကော်ရာ ကိုလည်း မကောင်းမထင်ရက်။ သို့သော် မေးခွန်း တစ်ခုတော့ မေးလိုက် ရတော့၏။

''မင်းမှာ ဒုက္ခတွေရောက်တာ တစ်ခုခုများ ရှိနေရော့သလားကွယ်''
ကော်ရာ တုန်သွားသည်။ အံ့အားအသင့်ကြီးသင့်သွားခြင်းကြောင့်ပင် ဖြစ်ပေလိမ့်မည်။
''မဟုတ်ပါဘူး။ ကျွန်မမှာ ဘာဒုက္ခ သုက္ခမှမရှိပါဘူး''
''ရှိရင်လည်း ဦးကို ပြောပြပေါ့ကွယ်''
''ပြောမှာပေါ့ ဦးရဲ့။ မရှိပါဘူး။ ဘယ်လိုကြောင့်ရှိရမှာတုန်း''
ကော်ရာ က ချောက်ချားသော အပြုံးကလေးဖြင့် ပြန်မေးသည်။

ဟင်နရီပေ့က ''ဒါဖြင့်လည်း ပြီးရော့ပေါ့။ သတင်းစာကို လက်လွှတ်ဖို့ဆိုတာတော့....လောလော ဆယ်အနားလေးဘာလေး ယူဖို့လောက်ပဲ စိတ်ကူးထားသေးတယ်။ တစ်နေ့နေ့တော့ အငြိမ်းစား ယူရမှာပေါ့ကွယ်။ အဲဒီအခါကျတော့ ဒေးဗစ်တာဝန်လွှဲယူရမှာပေါ့။ တော်တော်နဲ့တော့ မဖြစ်သေး ပါဘူးလေ''
အနေရ ခက် အထိုင်ရခက် ငြိမ်သက်တိတ်ဆိတ်နေသည်။ မစ်မော့ဖတ်က ညနေပိုင်းဝင်လာသော စာများကို ယူလာသည်။ သူတို့နှစ်ယောက် နေသာထိုင်သာ ရှိသွားသည်။ မစ်မော့ဖတ်သည် မိန်းမချင်းအပေါ် အကောင်းထင်လေ့ မရှိ။ သို့သော် ကော်ရာကိုတွေ့တော့ တွေ့စကတည်းက စေတနာထားခဲ့သည်။ မစ်မော့ဖတ် က ကော်ရာ့ကို နှုတ်ဆက်သည်။ သူတို့နှစ်ဦး စကားစမြည်ပြောကြ ပြီးနောက် ကော်ရာပြန် ရန်ပြင်သည်။ ကော်ရာက သူပြောသည့်ကိစ္စကို ထပ်မံ စဉ်းစားရန် တိုက်တွန်းသွားသေးသည်။ ပေ့က ကော်ရာကို တံခါးမကြီး အထိ လိုက်ပို့သည်။ သူ့စားပွဲ သို့ပြန်လာချိန် တွင် ပေ့စိတ် မကြည်မသာ ဖြစ်နေဆဲ ပင်ရှိသေးသည်။ ကော်ရာ ၏နောက်ဆုံး အကြည့်က သနားစရာကောင်းလှ၏။ လုပ်စရာရှိတာကိုပင် သူ ဆက်မလုပ်နိုင်တော့။

အပြင်တွင် စင်္ကြံအသစ်ခင်းနေ၍ ဆူညံနေသည်။ စဉ်းစားခန်းဝင်၍ မရ။ ၅ နာရီခွဲတွင် အိမ်ပြန်လာခဲ့သည်။ အိမ်တွင်စိတ်အေးလက်အေး စဉ်းစားခန်းဝင်နိုင်လိမ့်မည်ဟူသော အထင်နှင့်။
အိမ်ထဲသို့ ၀င်လိုက်ရုံရှိသေး။ အဲလစ်က သူ့ကို ခန်းမထဲမှ စောင့်တွေ့သည်။
''ရှက်ပြန်လာတာစောသားပဲ ဟင်နရီ။ ရှင့်ကို တွေ့ချင်နေတာ။ မမှောင်ခင် အတော်ပဲ'' ဟု ပြောသည်။

အဲလစ်သည် အိပ်ခန်းနံရံတွင်သုတ်ရန် ဆေးအရောင်ရွေးနေ၏။ ကိုယ်တိုင် အရောင်စပ်နေ၏။ ပေ့က မငြင်းသာ ၍ အိမ်ပေါ်ထပ်သို့ လိုက်သွားရသည်။ ဆေးရောင် ရွေးပေးနေရသည်။  ၄၅ မိနစ်ကြာမျှ ပြောဆိုပြီးမှ အဲလစ်မှာ မူလက သူရွေးထားသည့် အရောင်ကိုပင် ရွေးဖြစ်သွားတော့သည်။ ထိုကြားဖြတ်အချိန်ကလေးသည် သူ့စိတ် ကိုပြေလျှော့စေသည်။ နေ့လည်ပိုင်းက စိတ်ချမ်းမသာ ဖြစ်ခဲ့ရခြင်းသည် စိတ်ရူးထတာလိုပင် ဖြစ်နေတော့သည်။ ဘာကြောင့်များ အမြဲလိုလို ကိုယ့်အပူကိုယ်ရှာနေမိပါလိမ့်။ စမစ်က ဇယားရှုပ်အောင် တစ်မှောင့် လုပ်နေတာ။ ကော်ရာသူ့ကျန်းမာရေးကို စိုးရိမ်၍ ရောက်လာတာ။ တစ်ကိစ္စစီ။ ဘာအဆက်အစပ်မှမရှိ။

နောက်တစ်နေ့ နံနက်တွင် ထူးထူးခြားခြား ကိစ္စမပေါ်။ စမစ်ထံမှ ဘာစာမှထပ်မလာ။ ဘာအဆက်အသွယ်မှ ထပ်မရ။ ခြိမ်းချောက်စာ ကို မေယျာလကန်လုပ်လိုက်မိတာ ဟန်ကျကျသေးတော့။ သူ့ဘာသာသူ သဘောခွေ့နေ မိသည်။ သို့သော် နံနက်ဆယ့်တစ်နာရီတွင် ပို၍အာဏာသံ ပါသော စာ တစ်စောင် ရောက်လာသည်။
''ကျွန်တော် တို့လက်တွင် လူကြီးမင်း၏ ချွေးမနှင့်စပ်လျဉ်း၍ အလွန်အမင်း ထိခိုက် နစ်နာ  စေနိုင်သော ကြောင်းအချက် များရှိနေပါသည်။ လူကြီးမင်းထံမှ ၂၄ နာရီအတွင်း အဖြေမရပါက လူ သိရှင်ကြား ဖွင့်ချ ရ ပါလိမ့်မည်'' ဟင်နရီပေ့သည် စာကို စိုက်ကြည့်နေ၏။

''လူကြီးမင်း၏ချွေးမနှင့်စပ်လျဉ်း၍ ဆိုသောစကားလုံးကို အထပ်ထပ်ရွက်နေမိ၏။ ခြိမ်းခြောက် သံ ကြောင့် ဒေါသဖြင့် သာ ဆူဝေ မနေ လျှင် ပေ့ချောက်ချောက်ချားချား ပင် ဖြစ်မိကောင်း ဖြစ် မိပေ လိမ့် မည်။ သေသေချာချာ ဖတ်လေ ပိုဆိုးလေလေ။ စာက လက်မှတ်ထိုးမထား ။ တကယ်မဟုတ်သ လိုလို။ ကိုယ့်မြို့၊ ကိုယ့်အလုပ်၊ ကိုယ့်သတင်းစာတွင် ယခုလိုခြိမ်းခြောက်ခံရသည်မှာ အရပ်ရပ်နေ ပြည်တော်ကြား၍ မှလျှော်။ ဆုတ်ဆိုင်းနေ၍ မဖြစ်တော့ ။ ချိန်ဆတန်သ၍ ချိန်ဆပြီးနောက် မစ်မော့ဖတ် အား စမစ်ထံ ဖုန်းဆက်၍ ညနေ ၃ နာရီတွင် လာတွေ့ရန် ပြောခိုင်းလိုက်သည်။ ထို့နောက် ကော်ရာကို သတိရ သည်။ ကော်ရာရှေ့ တွင် ပြောမှဆိုမှ တရားမျှတမည်ဟု စဉ်းစား မိသည်။ ကော်ရာတို့အိမ်တွင် တယ်လီဖုန်းမရှိ။ ထို့ကြောင့် ညနေ သုံးနာရီ တွင် လာခဲ့ရန် သံကြိုးရိုက်လိုက်သည်။

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>