Showing posts with label ဝင်းဖေဝင်း ဘာသာပြန် မနက်ဖြန်အတွက် ဒီကနေ့. Show all posts
Showing posts with label ဝင်းဖေဝင်း ဘာသာပြန် မနက်ဖြန်အတွက် ဒီကနေ့. Show all posts

Sunday, September 4, 2011

ဝင်းဖေဝင်း ဘာသာပြန် မနက်ဖြန်အတွက် ဒီကနေ့ အပိုင်း (၃၂) (ဇာတ်သိမ်း)

(၃၄)

အမ်စတာဒမ်မြို့။
သြဂုတ် ၂၂ ရက်
သောကြာနေ့
နံနက် ၈ နာရီ
ထရေစီနှင့် ဂျက်တို့၏ ဟိုတယ်အခန်းအပေါ်ထပ်ရှိ စောင့်ပြီး နားထောင်သော အခန်းတွင် တာဝန်ကျသော ဒင်နရယ်ကူးပါး နှင့် စုံထောက် နှစ်ယောက်သည် အောက်ထပ်မှ အသံများကို နားထောင်နေကြသည်။
" ပေါင်မုန့်ယူဦးမလား ဂျက်၊ ကော်ဖီရော ယူပါဦးလား "
" တော်ပါပြီ အချစ်ရယ် ... ကျေးဇူးပဲ "

အပေါ်ထပ်မှ ဒင်နရယ်ကူးပါးသည် အောက်ထပ်မှ ထရေစီနှင့် ဂျက်တို့ နံနက်စာ စားနေသော အသံကို ကြားရသော အခါ ဤနံနက်စာသည် သူတို့နှစ်ယောက်အတွက် နောက်ဆုံးပိတ် နှစ်ပါးကြည် နံနက်စာ ပင်ဖြစ် ပေလိမ့်မယ်ဟု စိတ်ထဲမှ ထင်လိုက်သည်။
" ငါ ဘာကိစ္စအတွက် စိတ်လှုပ်ရှားနေသလဲသိလား၊ လှေအိမ်ကြီးနဲ့ သွားရမယ့်ခရီးအတွက်ပေါ့ကွာ "
" အဲဒါ တကယ့် မေ့မရမယ့် ရက်တွေ ဖြစ်မှာပေါ့၊ ရှင် အဲဒီ ခရီးအတွက် တကယ်ပဲစိတ်လှုပ်ရှားနေသလား၊ ဘာဖြစ်လို့လဲဟင် ... "
" တို့ နှစ်ယောက်စလုံး စိတ်လှုပ်ရှားမှာ သေချာပါတယ်၊ ငါတော့ မင်းကို အရူးအမူး ချစ်နေမိပြီ"
" တကယ်လားမောင်၊ ဒါဖြင့်ရင် အချစ် ကို မွှေးမွှေးပေးပါဦး "
နှစ်ဦးသား ဖက်ယမ်းနမ်းရှုပ်သံများ စပီကာမှ ပေါ်လာသည်။

" ကျွန်မတော့ ဒီက ထွက်သွားရမှာကို ၀မ်းနည်းနေတော့မှာပဲ ဂျက်ရယ် "
" တဖက်က ဒီလိုမြင်ကြည့်ဦးလေ အချစ်ရယ်၊ တို့ဘ၀ တစ်သက်မှာ နောက်ဘယ်တော့မှ ဆင်းရဲတာနဲ့ ကြုံတော့ မှာ မဟုတ်ဘူး "
" ဟုတ်လိုက်တာ မောင်ရယ် "
ထရေစီက အားရပါးရ ရယ်သည်။
နံနက် ၉ နာရီအထိ သူတို့နှစ်ယောက် နံနက်စာဝိုင်း မသိမ်းသေးဘဲ စကားပြောနေဆဲရှိသည်။
သူတို့ အသင့်ပြင်သင့်ပြီ ဟု ကူးပါး တွေးလိုက်သည်။
သူတို့ နောက်ဆုံးအစီအစဉ်ကို လုပ်သင့်ပြီဖြစ်သည်။

မွန်တီကရော ဘယ်မှာလဲ။
သူတို့ မွန်တီ ကို ဘယ်မှာတွေ့မှာလဲ။
ကူးပါး တွေးနေမိသည်။
ဂျက်အသံ ပေါ်လာပြန်သည်။
" အချစ်ရေ ... မောင် အလုပ်များနေဦးမှာမို့ ဟိုတယ်အခန်းခနဲ့ တခြား ကျသင့်ငွေတွေကို ဟိုတယ်စာရေး ခေါ်ပြီး မင်းပဲ ရှင်းလင်းတွက်ချက် ပေးလိုက်ပါကွာ၊ ပြီးတော့ အခန်း ပြန်အပ်လိုက်တော့ပေါ့ "
" ရပါတယ်မောင်၊ အချစ် လုပ်လိုက်ပါ့မယ်  ဒီဟိုတယ်က စာရေးတွေက သဘောကောင်းပါတယ် "
သူတို့နှစ်ယောက် စကားပြောနေသံကြားမှပင် အခြား အမျိုးသမီးအသံတစ်သံက စပီကာမှ ပေါ်လာသည်။

ထိုအသံမှာ ဒတ်ခ်ျစကားဖြင့် ပြောလိုက်သော အသံများဖြစ်သည်။
" အောက်ထပ်မှာ ဘာတွေဖြစ်နေတာလဲ "
ကူးပါး က သူနှင့် အတူရှိနေသော စုံထောက်နှစ်ယောက်ကို မေးလိုက်သည်။
စုံထောက် နှစ်ယောက်လည်း ဦးနှောက်ခြောက်သွားပုံရသည်။
" ကျွန်တော်လဲ မသိဘူး၊ ဟိုတယ်က သန့်ရှင်းရေးလုပ်တဲ့ အမျိုးသမီးကတော့ သူ့အကြီးအကဲကို တယ်လီဖုန်း ဆက်ပြီး လှမ်းခေါ်တာပဲ၊ သူ သန့်ရှင်းရေးလုပ်ဖို့ အခန်းထဲ ၀င်လာတယ်တဲ့၊ သူ နားမလည် တာက အခန်းထဲမှာ လူသံတွေကြားနေရပြီး လူလဲ တစ်ယောက်မှ မရှိဘူးတဲ့ "
စုံထောက် တစ်ယောက်က ပြောပြသည်။

" ဘာ ... "
ကူးပါး ထိုင်နေရာမှ ငေါက်ခနဲ ထ ရပ်လိုက်သည်။ အောက်ထပ်သို့ ပြေးသွားသည်။
လှေကားထစ်များကို ခုန်ကျော်ပြီး ဆင်းသွားသည်။
စုံထောက် နှစ်ယောက်လည်း သူ့နောက်မှ ပြေးလိုက်သွားသည်။
ထရေစီတို့ အခန်းထဲကို သူတို့ပြေးဝင်သွားကြသည်။
စိတ်ရှုပ်နေပုံရသော သန့်ရှင်းရေး အမျိုးသမီးမှ လွဲ၍ အခန်းထဲတွင် မည်သူမျှမရှိ။

ဆိုဖာတစ်လုံးရှေ့ရှိ ကော်ဖီစားပွဲပုလေးပေါ်တွင် တိပ်ရကော်ဒါ တစ်လုံးအား ဖွင့်ထားသည်ကို တွေ့ရသည်။
ထို တိပ်ရကော်ဒါမှ ဂျက်အသံ ထွက်လာပြန်သည်။
" ကော်ဖီက ပူသေးရဲ့လား အချစ် "
" အား ... ဟား ... ဟား "
ထရေစီ၏အသံ။
ကူးပါးနှင့် စုံထောက်နှစ်ယောက်တို့သည် မယုံကြည်နိုင်သော အသွင်များဖြင့် တိပ်ရကော်ဒါကို စိုက်ကြည့် နေကြသည်။
" ကျွန် ... ကျွန်တော်တော့် နားမလည်နိုင်အောင် ဖြစ်နေပြီ "
စုံထောက်တစ်ယောက်က ပြောလိုက်သည်။
" ရဲဘက်က အရေးပေါ် တယ်လီဖုန်းနံပါတ်က ဘယ်လောက်လဲ ကူးပါးက မေးလိုက်သည်။
" နှစ် ခြောက်လုံး "
စုံထောက် တစ်ယောက်က ဖြေသည်။

ကူးပါးက တယ်လီဖုန်းဆီသို့ ကသောကမျောသွားပြီး ထိုနံပါတ်ကိုလှည့်သည်။
ဒတ်ခ်ျတွေရဲ့ကော်ဖီက တို့ အမေရိကန်ကော်ဖီထက် ပိုကောင်းတယ်လို့ ငါတော့ထင်တယ် "
ဂျက် အသံက တိပ်ရကော်ဒါမှ ဆက်ပြီး ထွက်ပေါ်နေသည်။
ဒင်နရယ်ကူးပါးက တယ်လီဖုန်းထဲသို့ အော်ပြောလိုက်သည်။
" အခု ပြောနေတာ ဒင်နရယ်ကူးပါးပါ၊ ရဲမှူးကြီး ဒူရင်းထံ အကြောင်း ကြားလိုက်စမ်းပါ၊ ထရေစီနဲ့ စတီဗင်တို့ ပျောက်သွားပြီလို့ မြန်မြန် ပြောလိုက်စမ်းပါ၊ ဂိုဒေါင်မျာ သူတို့ရဲ့ ထရပ်ကား ရှိသေးသလား သွားပြီလားဆိုတာ စစ်ဆေးခိုင်းစမ်းပါ၊ ကျွန်တော် ဘဏ်ကို လာနေပြီ"
ကူးပါးက တယ်လီဖုန်းကို ဆောင့်ချလိုက်သည်။

ထို့နောက် အခန်းထဲမှ တစ်ဟုန်ထိုး ထွက်သွားတော့သည်။
*
ရဲမှူးကြီး ဗန်ဒူရင်းက ပြောသည်။
" သူတို့ထရပ်ကား ဂိုဒေါင်ကထွက်လာနေပြီ၊ အခု လမ်းခုလတ်မှာရောက်နေပြီ "
အမ်မရိုဘဏ်နှင့် မျက်နှာချင်းဆိုင် အဆောက်အအုံတစ်ခု၏ ခေါင်မိုးပြားပေါ်တွင် ရဲကွပ်ကဲရေး စခန်း ဖွင့်ထား သည်။
ထိုစခန်းတွင် ရဲမှူးကြီးဒူရင်း၊ ဒင်နရယ်ကူးပါးနှင့် စုံထောက်နှစ်ယောက် ရှိနေသည်။
ရဲမှူးကြီးက ပြောလာသည်။

" သူတို့အခန်းကို အသံဖမ်းမိုက်ခွက်တွေတပ်ပြီး နားထောင်နေမှန်း သိသွားလို့ သူတို့ အစီအစဉ်ကို အချိန်ရှေ့တိုးလိုက်တယ်ထင်တယ်၊ ဒါပေမယ့် မစိုးရိမ်ပါနဲ့ဗျာ ဟိုမှာ ကြည့်လိုက်စမ်းပါ "
ဒူရင်းက ကူးပါးအား ခေါင်မိုးပေါ်တွင် တပ်ဆင်ထားသော အဝေးကြည့် မှန်ပြောင်းကြီးဆီသို့ ညွှန်ပြလိုက်ပြီး ကြည့်ခိုင်းလိုက်သည်။
ကူးပါးက မှန်ပြောင်းဖြင့် အောက်ဖက် လမ်းမကြီးပေါ်သို့ လှမ်းကြည့်လိုက်သည်။
ဘဏ်တံခါးစောင့် ၀တ်စုံကို ၀တ်ဆင်ထားသူ တစ်ဦးသည် အမ်မရိုဘဏ် နာမည်စာတန်းထိုးထားသော ကြေးပြားအား စေ့စေ့စပ်စပ် တိုက်ချွတ်ကာ အချိန်ဖြုန်းနေသည်။
သန့်ရှင်းရေး အလုပ်သမားတစ်ဦးက လမ်းပေါ်တွင် သန့်ရှင်းရေးလုပ်နေသည်။

သတင်းစာ လက်ပွေ့ရောင်းသူ တစ်ဦးက လမ်းထောင့်တစ်ခုတွင် ရပ်နေသည်။
လမ်းပြင်သူ သုံးဦးကလည်း သူ့နေရာနှင့်သူ အလုပ်လုပ်နေကြသည်။
သူတို့အားလုံးတွင် လမ်းလျှောက်စကားပြောစက်အသေးကလေး တစ်လုံးစီရှိကြသည်။
ရဲမှူးကြီး ဒူရင်းက သူ၏ စကားပြောစက်မှ ပြောလိုက်သည်။

" အမှတ် (၁) "
" ကြားရတယ်ဆရာ "
တံခါးစောင့်ဆီမှ ပြန်ဖြေသည်။
" အမှတ် (၂) "
" အသင့်ပဲဆရာ "
သန့်ရှင်းရေးသမားက ပြန်ဖြေသည်။
" အမှတ် (၃) "
သတင်းစာရောင်းသူက သူတို့ အပေါ်ဘက်သို့ မော်ကြည့်လိုက်ပြီး ခေါင်းဆတ်ပြသည်။
" အမှတ် (၄) "
လမ်းပြင်နေသူများက အလုပ်ရပ်လိုက်ပြီး တစ်ယောက်က စကားပြောစက်မှ ပြန်ဖြေလိုက်သည်။
" ဒီမှာ အားလုံး အဆင်သင့်ပါပဲဆရာ "
ရဲမှူးကြီးက ကူးပါးဘက် လှည့်ပြီး ပြောလိုက်သည်။

" စိတ်မပူပါနဲ့ဗျာ၊ ရွှေတွေ ဘဏ်ထဲမှာ လုံလုံခြုံခြုံနဲပ ရှိနေပါတယ်၊ သူတို့အဖို့ ရွှေတွေကိုရယူဖို့ တစ်ခုတည်းသော နည်းလမ်းကတော့ ဒီဘဏ်ကို လာကို လာရမယ်၊ သူတို့ ဘဏ်ထဲဝင်လာတာနဲ့တစ်ပြိုင် တည်း ဘဏ်ရှေ့က လမ်းကို နှစ်ဖက်ညှပ်ပြီး အခိုင်အမာ ပိတ်ပစ်လိုက်မယ်၊ သူတို့အတွက် လွတ်လမ်းမရှိ ပါဘူးဗျာ "
ဒူရင်းသည် နာရီကို ကြည့်လိုက်ပြီးမှ ဆက်ပြောသည်။
" ထရပ်ကား လာတာကို မြင်ရဖို့ကောင်းပြီ "
*
ဘဏ်ထဲတွင်လည်း တထိတ်ထိတ်နှင့် ဖြစ်နေကြသည်။
သံချပ်ကာ ကားရောက်လာလျှင် ၀ိုင်းကူ သယ်ပေးကြရန် ဘဏ်ဝန်ထမ်းများအား ပြောကြား ထားသကဲ့ သို့ပင် ဘဏ်အစောင့်များအားလည်း အမိန့်ပေးထားသည်။
ဘဏ်ထဲမှ လူတိုင်းက အပြည့်အ၀ ၀ိုင်းဝန်းလုပ်ဆောင်ပေးရန် အသင့်ရှိနေကြသည်။
ရုပ်ဖျက်ထားသော စုံထောက်များကလည်း ဘဏ်အပြင်ဘက်တွင် ဟန်ဆောင်အလုပ်များကို လုပ်နေကြ သည်။
ထိုသို့ လုပ်ရင်းနှင့်ပင် လမ်းထဲ၌ ထရပ်ကားပေါ်လာမည်ကို စိတ်စော ကြည့်ရှုနေသည်။
ခေါင်မိုးပေါ်ရှိ ကွပ်ကဲရေးစခန်းမှနေ၍ စောင့်ကြည့်နေသော ရဲမှူးကြီးဒူရင်းက ဆယ်ကြိမ်မြောက် မေး လိုက်သည်။

" ထရပ်ကားလာတာတွေ့ပြီလား "
" မတွေ့သေးဘူး "
စုံထောက်ဝှစ်ကမ့်က သူ့ လက်ပတ်နာရီကို ကြည့်လိုက်သည်။
" ဆယ့်သုံးမိနစ်တောင် ကျော်သွားပြီ၊ တကယ်လို့ သူတို့ ... "
သူ့စကားမဆုံးမီမှာပင် လမ်းလျှောက်စကားပြောစက်မျ အသံထွက်ပေါ်လာသည်။
" ရဲမှူးကြီးခင်ဗျား၊ ထရပ်ကားလာတာကို မြင်ရပါပြီ၊ ရိုစင်ဂရပ်လမ်းကိုဖြတ်ပြီး ဘဏ်ကို ဦးတည်လာနေပါ ပြီ၊ ရဲမှူးကြီးရှိတဲ့ ခေါင်မိုးပေါ်ကနေ လှမ်းကြည့်လိုက်ရင် မြင်ရလောက်ပါပြီ"
သတင်းပို့ချက် ကို ရပြီးသည်နှင့် တစ်ပြိုင်နက် ရဲမှူးကြီး ဒူရင်းက သူ၏လမ်းလျှောက်စကားပြောစက်မှနေ၍ အမိန့်ပေးလိုက်သည်။

" အဖွဲ့အားလုံးသတိ၊ ပိုက်ထဲကို ငါးဝင်လာပြီ၊ ဆက်ကူးပါစေ "
အညိုရောင် သံချပ်ကာကားသည် ဘဏ်အရှေ့ပေါက်သို့ တရွေ့ရွေ့ မောင်းလာပြီး အပေါက်ဝတည့်တည့် တွင် ရပ်လိုက်သည်။
ကူးပါး နှင့် ဒူရင်းတို့ ခေါင်မိုးပေါ်မှ စောင့်ကြည့်နေစဉ်မှာပင် ယူနီဖောင်းဝတ် လုံခြုံရေးအစောင့် အမျိုးသား နှစ်ဦး က ကားပေါ်မှဆင်းပြီး ဘဏ်ထဲသို့ ၀င်သွားကြသည်။
" ထရေစီ ဘယ်ရောက်နေလဲ "
ဒင်နရယ်ကူးပါးက ခပ်ကျယ်ကျယ်မေးလိုက်သည်။

" ဒါ အကြောင်းမဟုတ်ပါဘူး၊ ခင်ဗျား ထရေစီဟာ ရွှေတွေနဲ့ သိပ်ဝေးဝေးမှာ ရှိမှာမဟုတ်ပါဘူး၊ ရွှေတွေ နားမှာပဲ ရှိမှာပါ "
ထရေစီသည် ရွှေတွေအနီး၌ပင်ရှိစေကာမူ အရေးမကြီးပါ။ တိပ်ခွေများက သူမ အပြစ်ရှိကြောင်း ၀န်ခံသွား ပေလိမ့်မည်
*
စိတ်လှုပ်ရှားနေသော ဘဏ်အမှုထမ်းများက ယူနီဖောင်းဝတ် လူနှစ်ဦးအား ၀ိုင်းဝန်းကူညီပေးသည်။
ရွှေတုံးများကို သေတ္တာထဲမှထုတ်၍ ထလော်လီပေါ်တွင် တင်တွန်းပြီး ထရပ်ကားဆီသို့ ပို့ပေးသည်။
ဒူရင်းနှင့်ကူးပါးက လမ်းတစ်ဖက်ရှိ အဆောက်အအုံအပေါ်ထပ်မှနေ၍ ထိုမြင်ကွင်းကို စောင့်ကြည့်နေသည်။
ရွှေတုံးများကို ထရပ်ကားပေါ်သို့ သယ်တင်သည်မှာ ရှစ်မိနစ်ကြာသည်။

ထရပ်ကား အနောက်ဘက်အပေါက်ကို ပိတ်လိုက်ပြီး အရှေ့ဘက်အပေါက်သို့သွားကာ ကားရှေ့ခန်းသို့ တက်ရန် ဟန်ပြင်လိုက်သည်။
ထိုစဉ်မှာပင် ရဲမှူးကြီး ဒူရင်းက လမ်းလျှောက်စကားပြောစက်မှနေ၍ အမိန့်ပေးလိုက်သည်။
" အားလုံး ပိတ်ဆို့ ၀ိုင်းပတ်လိုက်ကြ "
ပတ်ဝန်းကျင် တစ်ခုလုံး လှုပ်ရှားဆူညံသွားသည်။
ကြေးဆိုင်းဘုတ်ကို ပွတ်တိုက်နေသော တံခါးစောင့်၊ သတင်းစာ လက်ပွေ့ရောင်းသူ၊ သန့်ရှင်းရေးလုပ်သား များ၊ လမ်းပြင်နေသူ များနှင့် အခြားသော စုံထောက်များအားလုံး သံချပ်ကာကားဆီသို့ ပြေးလာပြီး ၀ိုင်းထား လိုက်ကြသည်။

သေနတ်များကိုလည်း ထုတ်ပြီး အသင့်ချိန်ထားလိုက်သည်။
လမ်းနှစ်ဖက်ကိုလည်း ပိတ်ထားလိုက်ပြီး အခြားယာဉ်များကို လမ်းလွှဲပေးလိုက်သည်။
ရဲမှူးကြီးဒူရင်း က ဒင်နရယ်ကူးပါးအား ပြုံးပြုံးကြီး ပြောလိုက်သည်။
" ကဲ ... ဒါ ခင်ဗျားအတွက် လက်ပူးလက်ကြပ် ဖမ်းလိုက်တာပဲ မဟုတ်လား၊ လာ သွားကြစို့ "
နောက်ဆုံးတော့ အားလုံး နိဂုံးချုပ်ပေပြီဟု ကူးပါးမှတ်ယူလိုက်သည်။
သူတို့ အောက်ဘက်လမ်းပေါ်သို့ အပြေးအလွှား ဆင်းသွားကြသည်။

ယူနီဖောင်းဝတ်နှစ်ဦးမှာ နံရံတွင် မျက်နှာအပ်ပြီး လက်မြှောက်ထားကြသည်။
လက်နက်ကိုင် စုံထောက်များက သေနတ်များဖြင့် ချိန်ပြီး သူတို့ကို ၀ိုင်းပတ်ထားသည်။
ဒင်နရယ်ကူးပါးနှင့် ဒူရင်းတို့က စုံထောက်များကြား ရှေ့သို့ တိုးထွက်သွားသည်။
ရဲမှူးကြီး ဒူရင်း က အမိန့်ပေးလိုက်သည်။
" မင်းတို့ ဒီဘက်လှည့်လိုက်ကြစမ်း၊ မင်းတို့ကို ဖမ်းလိုက်ပြီ "
အစောင့်နှစ်ယောက်က သူတို့ဘက်သို့ မျက်နှာလှည့်လာကြသည်။

သူတို့ မျက်နှာများတွင် ကြောက်လန့်ပြီး ဖြူဖပ်ဖြူရော် ဖြစ်နေသည်။
ဒင်နရယ်ကူးပါးနှင့် ရဲမှူးကြီး ဒူရင်းတို့သည် သူတို့ကို မြင်လိုက်သည်နှင့် အံ့အားသင့်ပြီး ကြက်သေ သေသွား ကြသည်။
ထို အစောင့်နှစ်ယောက်သည် သူတို့ လုံးလုံး မမြင်ဖူးသော လူစိမ်းများ ဖြစ်နေသည်။
" မင်း ... မင်းတို့ ဘယ်သူတွေလဲ "
ရဲမှူးကြီး ဒူရင်းက မေးသည်။

" ကျွန် ... ကျွန်တော်တို့ လုံခြုံရေးကုမ္ပဏိက အစောင့်တွေပါ၊ မ ... မပစ်လိုက်ပါနဲ့ဗျာ၊ မပစ်လိုက်ပါနဲ့ "
အစောင့်တစ်ယောက်က ကြောက်အား လန့်အားနှင့် ပြောလိုက်သည်။
ရဲမှူးကြီးဒူရင်းက ကူးပါးဘက်သို့ လှည့်ပြီး ပြောလိုက်သည်။
သူတို့ အစီအစဉ်တော့ အောက်သွားပြီ၊ မလုပ်တော့ဘဲ ရပ်ဆိုင်းလိုက်ပြီနဲ့တူတယ် "
ဒင်နရယ်ကူးပါး၏ ဦးနှောက်ထဲသို့ အသိဥာဏ်တစ်ခု ဖြတ်သန်း ၀င်ရောက်လာသည်။

ထိုအသိကို ရလိုက်သည်နှင့် တစ်ပြိုင်နက် သူ့အဖို့ စကားပြော၍ မထွက်လောက်အောင်ပင် ဖြစ်သွား သည်။
နောက်ဆုံး စကားပြောလိုက်သောအခါ အသံက ဆို့နင့်နေသည်။
" မဟုတ်ဘူး၊ သူတို့ အစီအစဉ် ဘာမှ ပြောင်းတာ မဟုတ်ဘူး "
" ခင်ဗျား ဘာကိုဆိုလိုတာလဲ "
ဒူရင်း က မေးသည်။

သူတို့ဘဏ်က ရွှေတွေ ဖြတ်ခုတ်ဖို့ တကယ်လုပ်တာ မဟုတ်ဘး၊ ကျွန်တော်တို့ မျက်စိလည်ပြီး ရေလိုက် လွဲအောင် အကွက်လှည့်လိုက်တာပဲဖြစ်ရမယ် "
" ဟာ ... မဖြစ်နိုင်တာဗျာ၊ ထရပ်ကားတို့၊ ဂိုဒေါင်တို့၊ ယူနီဖောင်းတို့ ဒါတွေအားလုံး ကျွန်တော်တို့ ဓာတ်ပုံ တွေ ရထားတာပဲ "
" ခင်ဗျား ခုထိ သဘောမပေါက်သေးဘူးလား၊ ဒါတွေကို သူတို့က တမင် တကာ လုပ်ပြထားတာ၊ ဒါကြောင့် လဲ ကျွန်တော်တို့ အဲဒီနောက် တစ်ချိန်လုံး လိုက်ခဲ့ကြတာ မဟုတ်လား "
ရဲမှူးကြီး ဒူရင်း မျက်နှာဖြူဖပ်ဖြူရော် ဖြစ်သွားသည်။
" အလိုဘုရားရေ ... ဒါဖြင့် အခု သူတို့ ဘယ်ရောက်နေကြသလဲ "

*
ပေါလပ်စ် ပေါ်တာလမ်းပေါ်တွင်မူ ထရေစီနှင့် ဂျက်တို့သည် နယ်သာလန် စိန်ဖြတ်စိန်သွေးစက်ရုံဆီသို့ တဖြည်းဖြည်း ချဉ်းကပ်လျှောက်သွားနေသည်။
ဂျက်၏ မျက်နှာပေါ်တွင် မုတ်ဆိတ်မွှေး ပါးမြိုင်းမွှေးများ ရောက်နေပြီး ပါးရိုးနှစ်ဖက်နှင့် နှာခေါင်းပုံသဏ္ဍာန် တို့ ကလည်း ပြောင်းလဲကာ မို့မောက်ပွရောင်းနေသည်။
အားကစားသမားဝတ်စုံကို ၀တ်ထားပြီး အိတ်တစ်လုံးကို ဆွဲလာသည်။
ထရေစီကလည်း ခေါင်းတွင် အနက်ရောင် ဆံပင်အတုပုံစံကို စွပ်ထားသည်။ ထို့အပြင် ကိုယ်ဝန်ဆောင် အင်္ကျီ ကို ၀တ်ကာ ဗိုက်အတုတပ်ထားသည်။
မျက်နှာတွင်လည်း မိတ်ကပ်များ ထူထူထဲထဲ လိမ်းထားသည်။

ကြီးမားသော သံတမန်သုံး လက်ဆွဲအိတ်ပြားတစ်ခုနှင့် အညိုရောင် စက္ကူဖြင့် ပတ်ထားသော အထုပ် တစ်ထုပ် တို့ကို လက်တစ်ဖက်တစ်ချက်၌ ဆွဲလာသည်။
သူတို့နှစ်ယောက် စိန်စက်ရုံ၏ ဧည့်ခန်းထဲသို့ ၀င်သွားသည်။
ထိုအခန်းထဲတွင် ဘတ်စ်ကား တစ်စီးစာ မဆသော ကမ္ဘာလှည့် ခရီးသည် များသည် ဧည့်ကြို လမ်းပြ၏ ပဏာမ ပြောကြား ရှင်းပြချက်ကို နားထောင်နေရာ သူတို့လည်း ထိုလူအုပ်နှင့် ၀င်ရောလိုက်သည်။
" ကဲ ... ဧည့်သည်များ ခင်ဗျား၊ စိန်ဖြတ် စိန်သွေးလုပ်ငန်းကို ကြည့်ရှုဖို့နဲ့ အရည်အသွေးကောင်း စိန်တွေကို ၀ယ်ချင်ရင် ၀ယ်နိုင်ဖို့အတွက် ကျွန်တော်နဲ့ လိုက်ခဲ့ပါခင်ဗျာ "
လမ်းပြက စက်ရုံထဲသို့ ရှေ့ဆောင် ခေါ်သွားရာ လူအုပ်က နောက်မျ လိုက်ပါသွားသည်။

ထရေစီက လူအုပ် ရှေ့ပိုင်းမှ ရောလိုက်သွားပြီး ဂျက်က လူအုပ်နောက်ဆုံးမှ မှေးလိုက်သွားသည်။
ဂျက် သည် နောက်ဘက်တွင် တဖြည်းဖြည်း ချန်နေခဲ့ရာမှ လူအုပ်က အခန်းတစ်ခန်းထဲသို့ ချိုးဝင်သွားသော အခါ နောက်ကြောင်း ပြန်လှည့်ပြီး အောက်ထပ် မြေအောက် အခန်းထဲသို့ လှေကားမှ ပြေးလွှား ခုန်ကျော် ဆင်းသွားသည်။
အောက်ထပ်ရောက်သောအခါ လက်ထဲမှ အိတ်ကို ဖွင့်လိုက်ပြီး စက်ဆီများ အနည်းငယ် စွန်းထင်းနေသော အလုပ်သမားဝတ်စုံ နှင့် အလုပ်သမား ကိရိယာများ ထည့်သော သေတ္တာတစ်လုံးကို ထုတ်ယူလိုက်သည်။

အလုပ်သမား ၀တ်စုံကို ၀တ်လိုက်ပြီး လျှပ်စစ်ဖျူးစ် ကြိုးများရှိသည့် သေတ္တာဆီသို့ လျှောက်သွားပြီး လက် ပတ်နာရီကို ကြည့်လိုက်သည်။
အပေါ်ထပ်တွင်မူ ထရေစီသည် လူအုပ်နှင့်အတူ ရှိနေသည်။
စိန်အရိုင်းတုံးများမှနေ၍ စိန်အချောများ ဖြစ်လာသည်အထိ ဖြတ်တောက်သွားသော လုပ်ငန်း အဆင့်ဆင့်ကို လမ်းပြလုပ်သူက တစ်ခန်းပြီးတစ်ခန်း လိုက်လံပြသရှင်းလင်းပြောကြားသည်ကို လိုက်ပါ ကြည့်ရှုနားထောင်နေကြသည်။
ထရေစီသည်လည်း လက်ပတ်နာရီကို မကြာခဏ ကြည့်နေသည်။

သူတို့အဖွဲ့ လှည့်လည် ကြည့်ရှုရာတွင် သတ်မှတ်ချိန်ထက် ငါးမိနစ် နောက်ကျနေသည်။
ထို့ကြောင့် လမ်းပြအား မြန်မြန် သွားပါတော့ဟု ထရေစီ စိတ်ထဲက ပြောနေသည်။
နောက်ဆုံးတွင် ခရီးစဉ်အဆုံးဖြစ်သော ပြခန်းဆီသို့ ရောက်သွားသည်။
လမ်းပြက အခန်းအလယ်ကောင်တွင် ကြိုးဖြင့် ၀ိုင်းထားသောစင်ဆီသို့ လျှောက်သွားသည်။
စင်ပေါ်ရှိ ဖန်ပေါင်းချောင်ထဲသို့ လက်ညိုးထိုးပြပြီး ဂုဏ်ယူဝင့်ကြွားသောလေသံဖြင့် စတင်ပြောလိုက် သည်။

" အဲဒီ ဖန်ပေါင်းချောင်ထဲမှာ မြင်ရတာကတော့ လူကာလန်စိန်ကြီးပဲဖြစ်ပါတယ်၊ ကမ္ဘာပေါ်မှာရှိတဲ့ တန်ဖိုး အရှိဆုံး စိန်တွေထဲမှာ တစ်လုံးဖြစ်ပါတယ် တစ်ခါတုန်းက နာမည်ကြီး ပြဇာတ်ရုပ်ရှင် မင်းသားတစ်ယောက် ဟာ သူရဲ့ ဇနီး ရုပ်ရှင်မင်းသမီးအတွက် ဒီစိန်ကြီးကို ချစ်သက်လက်ဆောင် ၀ယ်ပေးခဲ့ဖူးပါတယ်၊ ဒီစိန်ကြီး ရဲ့ တန်ဖိုးက ဒေါ်လာဆယ်သန်းရှိပါတယ်၊ ဒီစိန်ကြီးကို ခေတ်အမီဆုံး နည်းစနစ်တွေနဲ့ ကာကွယ် တားဆီး ... "
သူ့စကား မဆုံးမီမှာပင် လျှပ်စစ်မီးများ ငြိမ်းသွားသည်။
တစ်ချိန်တည်းမှာပင် အချက်ပေး ခေါင်းလောင်းသံများ မြည်လာပြီး ပြတင်းပေါက်များ တံခါးပေါက်များတွင် သံမဏိ တံခါးများ ရုတ်ခြည်း ပိတ်သွားကာ ထွက်ပေါက်အားလုံးကို ပိတ်ထားပြီးဖြစ်နေသည်။
ကမ္ဘာလှည့်ခရီးသည် တချို့က ကြောက်လန့်တကြားအော်ကြသည်။

ထိုအသံများပေါ်ကကျော်ပြီး လမ်းပြက အော်ပြောသည်။
" ကျေးဇူးပြုပြီး ... ငြိမ်ကြပါ့ခင်ဗျား၊ စိုးရိမ်စရာမရှိပါဘူးခင်ဗျား၊ ရိုးရိုး လျှပ်စစ်မီးပျက်တာပါ၊ အခုချက်ချင်း အရေးပေါ် မီးစက် လည်ပါလိမ့်မယ် "
သူ့စကား မဆုံးမီပင် မီးများ ပြန်လင်းလာသည်။
" ကဲ ... ခင်ဗျားတို့ မြင်ပြီမဟုတ်လား၊ ဘာမှ စိုးရိမ်စရာမရှိပါဘူး "
လမ်းပြ က ထပ်ပြီး အာမခံချက်ပေးလိုက်သည်။
ဂျာမန် ကမ္ဘာလှည့်တစ်ဦးက သံမဏိတံခါးများကို လက်ညိုးထိုးပြပြီး မေးသည်။

" အဲဒါ ဘာတွေလဲဗျ "
" လုံခြုံရေးအတွက် ကြိုတင်ပြုလုပ်ထားတဲ့ အစီအမံတွေလေ "
လမ်းပြက သော့တစ်ချောင်းကို ထုတ်ယူလိုက်ပြီး နံရံရှိ သော့ပေါက်ထဲသို့ထိုးထည့်ကာ လှည့်လိုက်သည်။
ထိုအခါ ပြတင်းပေါက်များနှင့် တံခါးပေါက်များ အားလုံးတွင် ပိတ်ထားသော သံမဏိတံခါးများ အလို အလျောက် ပြန်ပွင့်သွားသည်။
စားပွဲတစ်လုံး ပေါ်ရှိ တယ်လီဖုန်းက အသံမြည်လာသဖြင့် လမ်းပြက ကောက်ယူ နားထောင်လိုက်သည်။

" ဟင်းဒရစ် ပြောနေပါတယ်၊ ကျေးဇူးပဲ ဗိုလ်ကြီး ဘာမှ မဖြစ်ပါဘူး၊ အားလုံးအဆင်ပြေပါတယ်၊ အချက် ပေး ခေါင်းလောင်းသံ တွေက မတော်တဆ မှားညပီး မြည်သွားတာပါ၊ လျှပ်စစ် ရှော့ဖြစ်သွားတာ ထင်ပါ တယ်၊ ကျွန်တော် အခုချက်ချင်းပဲ ပြန်ပြီး စစ်ဆေးလိုက်ပါမယ်၊ ဟုတ်ကဲ့ ဗိုလ်ကြီး "
လမ်းပြက တယ်လီဖုန်းပြန်ချထားလိုက်ပြီး ပရိသတ်ဘက် လှည့်ကာ ပြောလိုက်ပြန်သည်။
" ကျွန်တော် တောင်းပန်ပါတယ်ခင်ဗျား၊ ဒီလို သိပ်တန်ဖိုးကြီးတဲ့ ရတနာတွေကျတော့ ကျွန်တော်တို့ သိပ်ဂရုစိုက် ရပါတယ်၊ နည်းနည်းမှ လစ်ကွက် ဟာကွက် မပေးနိုင်ပါဘူး၊ အခု ကျွန်တော်တို့ရဲ့ အရည်အသွေး ကောင်း စိန်တွေကို ခင်ဗျားတို့အထဲက ၀ယ်ချင်တဲ့သူတွေရှိရင် ၀ယ်ရအောင် ... "
လျှပ်စစ်မီး များ ငြိမ်းသွားပြန်သည်။

အချက်ပေး ခေါင်းလောင်းသံများ မြည်လာပြန်သည်။
သံမဏိတံခါးများလည်း အလိုအလျောက် ပိတ်သွားပြန်သည်။
" ဒီနေရာကနေ သွားကြပါစို့ ဟာရီရယ် "
လူအုပ်ထဲမှ အမျိုးသမီးတစ်ယောက်က ပြောသည်။
" ပါးစပ်ပိတ်ထားစမ်း ဒိုင်ယာနာ "
သူ့ယောက်ျားက ဟောက်လိုက်သည်။

အောက်ထပ် မြေတိုက်ခန်းထဲတွင် ဂျက်သည် လျှပ်စစ်ဖျူးစ်သေတ္တာရှေ့တွင်ရပ်ကာ အပေါ်ထပ်မှ လူများ၏ အော်ဟစ်သံ များကို နားထောင်နေသည်။
တစ်အောင့်ကြာအောင် နားထောင်ပြီးနောက် ဖျူးစ်ကြိုးပါသော ကြွေသီးကလေးကို သူ့နေရာတွင် ပြန်တပ် လိုက်သည်။
အပေါ်ထပ်တွင် မီးများ ပြန်လင်းသွားသည်။
ကမ္ဘာလှည့် ခရီး သည် လမ်းပြက ခပ်ကျယ်ကျယ် အော်ပြောလိုက်သည်။
" ဧည့်သည်များ ခင်ဗျား၊ လျှပ်စစ်မီး ခဏပျက်သွားတာပါ၊ မစိုးရိမ်ပါနဲ့ "
သော့ ကို ထုတ်ယူလိုက်ပြီး နံရံမှ သော့ပေါက်ထဲသို့ ထိုးထည့်ကာ လှည့်ဖွင့်လိုက်သည်။
သံမဏိတံခါးများလည်း ပြန်ပွင့်သွားပြန်သည်။

တယ်လီဖုန်းသံ မြည်လာပြန်သည်။
လမ်းပြက ပြေးသွားပြီး ကောက်ကိုင်ကာ ပြောလိုက်သည်။
" ဟင်းဒရစ် ပြောနေပါတယ်၊ ဘာမှမဖြစ်ပါဘူး ဗိုလ်ကြီး၊ ဟုတ်ပါတယ်၊ အမြန်ဆုံး ကြည့်ရှုစစ်ဆေးပြီး ပြင်ဆင်လိုက်ပါ့မယ်၊ ကျေးဇူးပါပဲ "
ထိုစဉ် တံခါးတစ်ချပ်ပွင့်သွားပြီး ဂျက်အခန်းတွင်းသို့ ၀င်လာသည်။
ဆီစွန်း နေသော အလုပ်သမားဝတ်စုံကို ၀တ်ကာ လက်နက်ပစ္စည်းသေတ္တာလေးကို ဆွဲလာသည်။
အလုပ်သမားဦးထုပ် ကိုလည်း အပေါ်မှာ ဆောင်းထားသည်။

သူက ကမ္ဘာလှည့်လမ်းပြအား မေးစမ်းလိုက်သည်။
" ဘာဖြစ်လို့ပါလဲခင်ဗျာ၊ လျှပ်စစ်မီး ပျက်ပျက်နေတယ်လို့ ကျွန်တော့်ကို လူတစ်ယောက်က လာပြောလို့ ပါ"
" ဟုတ်ပါတယ်၊ မီးက ငြိမ်းလိုက်လင်းလိုက် ဖြစ်ဖြစ်နေတယ်၊ အဲဒါ ကြည့်ရှုစစ်ဆေးပြီး မြန်မြန်လေး ပြင်ပေး စမ်းပါဗျာ "
လမ်းပြ က ဂျက်အား ပြောလိုက်ပြီးနောက် ပရိသတ်ဘက်သို့လှည့်ကာ ပြောလိုက်သည်။
" ကဲ ... ဧည့်သည်များခင်ဗျား၊ အဲ့ဒီ နံရံကပ်မှန်ဗီရိုတွေထဲမှာ ပြသထားတဲ့စိန်တွေကို ကြည့်ရှုပြီး ကြိုက်ရာ ကို ရွေးချယ်ဝယ်ယူနိုင်ပါတယ်၊ ကြည့်ကြပါခင်ဗျား "
ကမ္ဘာလှည့်ခရီးသည်များသည် စိန်များပြသထားသော မှန်ဗီရိုများဆီသို့ ဦးတည်လိုက်ကြသည်။

ဂျက် သည် မည်သူမျှမရိပ်မိစေဘဲ သူ့အင်္ကျီအိတ်ထဲမှ ရှည်မျောမျော အလုံးကလေးတစ်ခုကို ထုတ်ယူလိုက် ပြီး "ပင်" ကိုဖြုတ်ကာ လူကာလန်စိန်ကြီးတင်ထားသော စင်နောက်ဘက်သို့ လွှင့်ပစ်လိုက်သည်။
ထိုအရာဝတ္ထုမှ မီးခိုးများနှင့် မီးပွားများ ထွက်လာသည်။
ဂျက်က လမ်းပြအား လှမ်းပြောလိုက်သည်။
" တွေ့ပြီ ... ဟိုမှာ ... ဟိုမှာ အခင်းအောက်မှာ ၀ါယာကြိုး ရှော့ဖြစ်နေတယ် "
ကမ္ဘာလှည့်အမျိုးသမီးက လန့်ပြီး "မီး ... မီး" ဟုအော်လိုက်သည်။
" ဧည့်သည်များခင်ဗျား၊ အထိတ်တလန့်မဖြစ်ကြပါနဲ့ "
လမ်းပြက ပရိသတ်ကို အော်ပြောလိုက်ပြီးနောက် ဂျက်ဘက်သို့လှည့်ကာ ပြောလိုက်ပြန်သည်။

" မြန်မြန်ပြင်ဗျာ ... မြန်မြန်လုပ် "
" ရပါတယ် ခဏလေးပြီးသွားမှာပါ "
ဂျက်သည် ပြောပြောဆိုဆိုနှင့် စိတ်တင်ထားသောစင်ကို ၀ိုင်းပတ်ထားသော ကတ္တီပါကြိုးဝိုင်းနားသို့ တိုးကပ် သွားသည်။
" ခင်ဗျား အဲဒီနားမသွားရဘူး "
စင်အနား မှ အစောင့်တစ်ယောက်ကပြောသည်။
" ဒါဆိုလဲ ခင်ဗျားပဲ ပြင်လိုက်ပေါ့ဗျာ "
ဂျက် က ပြောပြီး ပခုံးနှစ်ဖက် တွန့်ပြကာ လှည့်ထွက်မည် လုပ်လိုက်သည်။

မီးခိုးများထွက်လာသည်မှာ ပိုများလာပြန်သည်။
လူများ အလန့်တကြား ဖြစ်ကုန်ကြပြန်သည်။
" နေပါဦး ... ခဏနေပါဦး "
လမ်းပြ က ဂျက်ကို တောင်းပန်လိုက်ပြီး တယ်လီဖုန်းဆီသို့ ခပ်သုတ်သုတ်လျှောက်သွားကာ နံပါတ်များကို လှည့်လိုက်သည်။
" ဗိုလ်ကြီးလား ... ဟင်းဒရစ်ပြောနေပါတယ်၊ ဒီမှာ ကျွန်တော်တို့ လျှပ်စစ်ဝါယာကြိုးတွေ ရှော့ဖြစ်နေလို့ ပြင်ချင် လို့ အချက်ပေးခေါင်းလောင်းအားလုံး ခဏရပ်ပေးပါလို့ ပြောချင်လို့ပါ၊ ဟုတ်ပါတယ် "
လမ်းပြ က ဂျက်ကို လှမ်းကြည့်ပြီးမေးလိုက်သည်။

" ခင်ဗျား ပြင်တာ အချိန်ဘယ်လောက်ကြာမလဲ "
" ငါးမိနစ် "
ဂျက်က ဖြေလိုက်သည်။
" ငါးမိနစ် "
လမ်းပြက တယ်လီဖုန်းထဲသို့ လှမ်းပြောလိုက်သည်။
ပြီးနောက် " အင်း ... ကောင်းပါပြီ " ဟုပြောကာ တယ်လီဖုန်းကို ပြန်ချထားလိုက်သည်။
အချက်ပေး ခေါင်းလောင်းတွေ ကို ဆယ်စက္ကန့်ကြာရင် ရပ်ပေးမယ်တဲ့၊ ကဲ မြန်မြန်သာလုပ်ဗျာ၊ " ကျွန်တော် ဒီအချက်ပေးခေါင်းလောင်းတွေကို ဘယ်တုန်းကမှ ရပ်ခဲ့တာမဟုတ်ဘူး "
" ကျွန်တော့် မှာတော့ လက်နှစ်ဖက်ပဲရှိပါတယ် မိတ်ဆွေ "
ဂျက်က ဆယ်စက္ကန့်ကြာအောင် ခေတ္တစောင့်လိုက်သည်။
ထို့နောက် ကြိုးဝိုင်းထဲသို့ ကျော်ဝင်သွားပြီး စိန်ကြီးတင်ထားသော စင်၏အနောက်ဘက်သို့ လျှောက်သွား သည်။
လမ်းပြက လက်နက်ကိုင် အစောင့်အား အချက်ပေးလိုက်သည်။

အစောင့်က ခေါင်းညိတ်ပြပြီး ဂျက်အား မျက်ခြည်မပြတ် လိုက်ကြည့်နေသည်။
ဂျက်က စင်နောက်တွင် အလုပ်လုပ်နေသည်။
လမ်းပြ ကမ္ဘာလှည့်ခရီးသည်များဘက် လှည့်ပြီး ပြောလိုက်သည်။
" ဧည့်သည်များခင်ဗျား၊ ကျွန်တော် ခုနပြောသလိုပဲ၊ အရောင်ကောင်းတဲ့ စိန်တွေကို ကြည့်ရှုကြပါ၊ ကြိုက်ရာ ရွေးပြီး ဈေးချိုချိုနဲ့ ၀ယ်နိုင်ကြပါတယ်ခင်ဗျား၊ အကြွေးရောင်းကတ်ပြား၊ ခရီးသွားချက်လက်မှတ်၊ ငွေသား ဘာနဲ့မဆို ၀ယ်လို့ရပါတယ် "
ထရေစီသည် ကောင်တာရှေ့တွင် ရပ်နေသည်။

" ရှင်တို့ စိန်ကော ၀ယ်မလား "
ထရေစီက ခပ်ကျယ်ကျယ်အော်မေးလိုက်သည်။
" ဘာ ... "
လမ်းပြက သူမကိုစိုက်ကြည့်ပြီး ပြန်မေးလိုက်သည်။
" ကျွန်မယောက်ျားက သတ္တုရှာဖွေတဲ့လူ၊ တောင်အာဖရိကတိုက်က ပြန်ရောက်တာ မကြာသေးဘုး၊ သူက ကျွန်မ ကို ဒါတွေရောင်းလိုက်စေချင်တယ်တဲ့ "
ထရေစီက ထိုသို့ စကားပြောနေရာကပင် သူ့လက်ထဲ၌ ဆွဲလာသော သံတမန်သုံးအိတ်ပြားကလေးကို ဖွင့် လိုက်သည်။
သို့သော် ထိုအိတ်ကို အပေါ်အောက် ပြောင်းပြန်ကိုင်ထားရာ သေတ္တာပွင့်သွားသည်နှင့်တစ်ပြိုင်နက်တည်း တလက်လက် တောက်နေသော စိန်ပွင့်ကလေးများ ဝေါခနဲ အောက်သို့သွန်ကျကာ ကြမ်းပြင်ပေါ်၌ လိမ်ဆင်းပြန့်ကျဲ သွားတော့သည်။

" ကျွန်မစိန်တွေ ... လုပ်ပါဦး ... ၀ိုင်းကူကြပါဦး "
ထရေစီ က အထိတ်တလန့် အော်လိုက်သည်။
လူအားလုံး အံ့အားသင့်ကာ မှင်သက်မိပြီး တစ်ခဏ ငြိမ်သွားသည်။
ထို့နောက် သတိပြန်ဝင်လာကာ ယဉ်ကျေးသိမ်မွေ့လှသော ထိုလူသားများသည် သူ့ထက်ငါ တိုးဝှေ့ပြီး စိန်များ ကို အလုအယက်ကောက်ယူကြတော့သည်။
တစ်ယောက်နှင့်တစ်ယောက် လုကြယက်ကြ တိုးကြဝှေ့ကြ ကျော်ကြနင်းကြဖြင့် ကမ္ဘာပျက်သည့်အလား လောဘဇောထွက်နေကြသည်။

" ငါ စိန်တွေရထားပြီ "
" လက်တစ်ဆုပ်စာ ရအောင်လု ဂျွန် "
" ဖယ်ဖယ် ... ဒါ ငါရထားတာ ၀င်မလုနဲ့ "
လမ်းပြနှင့်အစောင့်တို့ ဘာပြော၍ ဘာလုပ်ရမှန်းမသိ ဖြစ်နေကြသည်။
တိုးဝှေ့လုယက်နေသော လောဘသားများ၏ အလယ်တွင် ယိမ်းထိုးနေကြသည်။
မိမိကိုယ်ကို မလဲအောင် မနည်းကြိုးစားနေရသည်။
အစောင့်က အော်လိုက်သည်။
" နောက်ဆုတ်ကြပါ ... မလုကြပါနဲ့ "
သို့ရာတွင် လူများ ၀င်တိုးမိသဖြင့် သူလဲ နောက်ပြန်လဲကျသွားသည်။

ထိုအချိန်မှာပင် နောက်ထပ် ကားတစ်စီးစာအပြည့် ကမ္ဘာလှည့်ခရီးသည်များရောက်လာပြီး အဆိုပါပြခန်း ထဲသို့ ၀င်လာကြသည်။
အခန်းထဲမှ ဖြစ်ပုံပျက်ပုံကိုသိသွားသောအခါ သူတို့လည်း ၀င်တိုးဝှေ့ပြီး လုကြတော့သည်။
အစောင့် သည် လဲကျနေရာမှထပြီး အချက်ပေးခေါင်းလောင်း ခလုတ်ကိုနှိပ်ရန် ကြိုးစားသည်။
သို့သော် လူအုတ်ကြီးကြောင့် မည်သို့မျှလုပ်မရဘဲ ဖြစ်နေသည်။
လူများ က လဲကျနေသော အစောင့်ကိုယ်ပေါ်မှနင်းကျော်သွားကြသည်။
ကမ္ဘာပျက်သလိုပင် ဖြစ်နေသည်။

နောက်ဆုံးတွင် အစောင့်သည် မနည်းကြိုးစားရုန်းကန်ပြီး ထလိုက်သည်။
ဆူညံအော်ဟစ်နေသော လူများကြားမှ အတင်းတွန်းထိုးဖယ်ရှားပြီး စိန်ကြီးတင်ထားသော စင်ဆီသို့ ရောက်အောင် သွားသည်။
စင်အနား ရောက်သည်နှင့် ရပ်ပြီး ကြည့်လိုက်ရာ မိမိ မျက်စိကိုပင် မိမိမယုံနိုင်အောင်ဖြစ်သွားသည်။
စင်ပေါ်မှ ဖန်ပေါင်းချောင်ထဲတွင် လူကာလန် စိန်ကြီး မရှိတော့။
ပျောက်ခြင်းမလှ ပျောက်သွားပေပြီ။

ထို့အတူ ကိုယ်ဝန်ဆောင် အမျိုးသမီးနှင့် လျှပ်စစ်ဆရာတို့လည်း ခန်းမကြီးထဲ၌ မရှိတော့။
ပျောက်ချင်းမလှ ပျောက်သွားချေပြီ။
*
ထရေစီ သည် စိန်စက်ရုံမှ အလွန်ဝေးသော အော်စတာပန်းခြံသို့ ရောက်နေသည်။
ထိုပန်းခြံထဲမှ အများသုံး အမျိုးသမီးအိမ်သာထဲတွင် မိမိ၏ ရုပ်ဖျက်ထားသော ပစ္စည်းပစ္စယများကို ဖယ်ရှား ကာ သာမန်ပုံသွင်သို့ ပြောင်းလိုက်သည်။
ထို့နောက် စက္ကူအညိုဖြင့် ထုပ်ထားသော ပစ္စည်းကို ဆွဲကာ ပန်းခြံထဲမှ ခုန်တန်းလျားတစ်ခုစီသို့ လျှောက် သွားသည်။
အစီအစဉ် အားလုံး ချောချောမောမော ရှောရှော ရှူရှူဖြင့် ပြီးသွားသည်။

အဖိုးမတန်သော စိန်အတုများကို လူအများအလုအယက်ဖြစ်နေသည်ကို ပြန်တွေးမိပြီး ထရေစီ အသံထွက် အောင်ပင် ရယ်လိုက်မိသည်။
ထရေစီသည် ခုန်တန်းတွင်ထိုင်နေရာမှ ဂျက်လာနေသည်ကို တွေ့ရသည်။
ဂျက်တွင် မုတ်ဆိတ်မွေးပါးမြိုင်းမွှေးများ မရှိတော့။ အနက်ရောင် ၀တ်စုံကို နဂိုပုံဟန်အတိုင်း အကျအနဆင် မြန်းထားသည်။
ထရေစီက ထိုင်ရာမှထပြီး ဂျက်ကို ဆီးကြိုလိုက်သည်။
ဂျက်က နှစ်လိုအားရဖွယ်ပြုံးပြီး သူမဆီရောက်လာသည်။
ထရေစီ၏ ရှေ့တည့်တည့်ရောက်သောအခါ ဂျက်က ပြောလိုက်သည်။

" ထရေစီ မင်းကို ငါ သိပ်ချစ်တာပဲ "
ဂျက်က ထရေစီကို အသာပွေ့ဖက်ပြီး မွှေးမွှေးပေးလိုက်သည်။ ထိုသို့ မွှေးမွှေးပေးရင်းမှာပင် သူ့အင်္ကျီအိတ် ထဲမှ လူကာလန်စိန်ကြီးကို မသိမသာ နှိုက်ယူပြီး ထရေစီ၏ လက်ထဲသို့ ထည့်ပေးလိုက်သည်။
လ မင်း မိတ်ဆွေဆီ ပို့လိုက်ပါဒါလင်၊ နောက်မှ တွေ့မယ်နော် "
ဂျက်က ထိုသို့ ပြောပြီး ထွက်သွားသည်။
ဂျက်က တစ်လှမ်းချင်းလျှောက်ပြီး အဝေးသို့ သွားနေသည်ကို ထရေစီ ရပ်ကြည့်နေမိသည်။
သူမ မျက်လုံးတွင် အရောင်များ တောက်နေသည်။

သူတို့နှစ်ယောက်သည် တစ်ဦးကိုတစ်ဦး ပိုင်ဆိုင်ကာ ဘ၀ချင်း ပေါင်းစပ်နေမိကြပြီမဟုတ်ပါလား။
သူတို့နှစ်ဦး တစ်ယောက် လေယာဉ်တစ်စင်းစီ သီးခြားစီးကာ ဘရာဇီးနိုင်ငံသို့ သွားကြမည်။
ထိုတွင် ပေါင်းဆုံကြမည်။
ထို့နောက်တွင်မူ တစ်သက်မခွဲစတမ်း အမြဲတမ်း ဘ၀ချင်းပေါင်းဆုံမိကြတော့မည် မဟုတ်ပါလား။
ထရေစီသည် ကြားပတ်ဝန်းကျင်ကို အကဲခတ်လိုက်သည်။

မိမိအား မည်သူမျှ စောင့်ကြည့်နေခြင်း မရှိမှန်းသေချာမှ လုပ်ငန်းစတင်သည်။
အညိုရောင် စက္ကူဖြင့် ထုပ်ထားသော အထုပ်ကို အညိုရောင် စက္ကူများ ခွာလိုက်သည်။
စက္ကူများ ခွာလိုက်သည်နှင့် အထဲမှ ငှက်လှောင်အိမ်လေးပေါ်လာသည်။
ထိုအထဲတွင် အညိုရောင် ခိုကလေးတစ်ကောင်ရှိနေသည်။

ထိုခိုလေးသည် လွန်ခဲ့သောသုံးရက်ကပင် အမေရိကန် အိပ်စ်ပရက် အမြန်ပို့ဆောင်ရေးဌာနသို့ ရောက် လာသဖြင့် ထရေစီကိုယ်တိုင် သွားယူခဲ့သည်။
ထို ခိုကလေးကို သူမ၏ ဟိုတယ်အခန်းသို့ ယူသွားပြီးသောအခါ ထရေစီသည် မြို့ထဲမှ သူမ သွားဝယ်ခဲ့ သောခိုကလေး ကို ဟိုတယ်ပြတင်းပေါက်မှ လွှတ်ပေးလိုက်ပြီး ယူလာသော ခိုကလေးကို ငှက်လှောင်အိမ် ထဲ၌ ထည့်ထားလိုက်သည်။
ထရေစီသည် သူမ၏ လက်ပွေ့အိတ်ထဲမှနေ၍ ကတ္တီပါ အိတ်အသေးလေးတစ်လုံးကို ထုတ်ယူလိုက်ပြီး ထိုအိတ်ထဲသို့ လူကာလန်စိန်ကြီးကို ထည့်လိုက်သည်။
ထို့နောက် လှောင်အိမ်ထဲမှ ခိုကလေးကို ထုတ်ယူလိုက်ပြီး လက်ထဲတွင် ပွေ့ပိုက်ထားကာ ခိုကလေး၏ ခြေ ထောက်တွင် ကတတီပါ အိတ်ကလေးမြဲမြဲချည်နှောင်လိုက်သည်။
" သမီးလေးမာဂို ... အဲဒါကို အိမ်ယူသွားပေတော့ "

ထိုစဉ်မှာပင် ယူနီဖောင်းဝတ် ရဲတစ်ဦး ဘယ်နေရာက ဘယ်လိုရောက်လာမှန်းမသိ။ ထရေစီရှေ့သို့ ရုတ်တ ရက်ရောက်လာသည်။
" ဟေ့ .. ခဏနေဦး၊ မင်း ဘာလုပ်နေတယ်ဆိုတာ မင်း သိရဲ့လား "
ထရေစီ ရင်ထဲက နှလုံးက ဒိုင်းခနဲ ခုန်တက်သွားသည်။
" ဘာ ... ဘာဖြစ်လို့လဲရှင် "
ထရေစီက မေးလိုက်သည်။
ရဲ၏ မျက်လုံးက ငှက်လှောင်အိမ်ပေါ်သို့ ရောက်နေပြီး ဒေါသထွက်နေသည်။

ဘာဖြစ်တယ်ဆိုတာ မင်း မသိဘူးလား၊ ခိုတွေကို အစာကျွေးတာကတော့ ကျွေးလို့ရပါတယ်၊ ဒါပေမယ့် လှောင်အိမ် ထဲ မှာ ထည့်ပြီး လှောင်ထားမယ်ဆိုရင် ဥပဒေက ခွင့်မပြုဘူး၊ ကဲ ဒီတော့ အခု မင်းကို ငါ မဖမ်း ခင် မင်းလက်ထဲ က ခိုကလေးကို ပြန်လွှတ်လိုက်ပေတော့ "
ထရေစီ ယခုမှ သက်ပြင်းချနိုင်တော့သည်။
" ဒါဆိုရင်လဲ ကျွန်မ ပြန်လွှတ်လိုက်ပါ့မယ် "
ထရေစီ သည် ခိုကလေးအား ကိုင်ထားသော သူမလက်နှစ်ဖက်ကို မြှောက်ပြီး ခိုကလေးကို လေထဲသို့ ပစ်တင် လွှတ်ပေးလိုက်တော့သည်။

ခိုကလေးက ကောင်းကင်ပေါ်သို့ မြင့်၍ မြင့်၍ တက်သွားနေသည်ကို ထရေစီ မော်ကြည့်ရင်းက သူ့မျက်နှာ တွင် ပီတိ များ ဝေဆာနေသည်။
ခိုကလေးသည် ကောင်းကင်၌ တစ်ပတ်ဝဲလိုက်ပြီး လန်ဒန်မြို့ဘက်သို့ ဦးတည်ကာ ပျံသန်းသွားတော့ သည်။
လန်ဒန်သည် အနောက်ဘက်မိုင် ၂၃၀ အကွာတွင် ရှိသည်။
ကိုယ့်အိမ်ကိုယ့်ရာ ပြန်လေ့ရှိသော ခိုမျိုးသည် တစ်နာရီ မိုင် ၄၀ ပျမ်းမျှပျံနိုင်သည်ဟု ဂန်သာက ထရေစီ အားပြောထားရာ မာရို သည် လန်ဒန်သို့ ခြောက်နာရီအတွင်း ရောက်သွားပေလိမ့်မည်။
" ဒါမျိုး နောက် ဘယ်တော့မှ မကြိုးစားနဲ့ "
ရဲက ထရေစီအား သတိပေးလိုက်သည်။

" ကျွန်မ ဘယ်တော့မှ ဒါမျိုး မလုပ်တော့ပါဘူးရှင် "
ထရေစီက အလေးအနက် ကတိပေးလိုက်သည်။
ထိုနေ့ ညနေပိုင်းတွင် ထရေစီသည် အမ်စတာဒမ်မြို့ ဘာရှီပိုလေဆိပ်သို့ ရောက်နေသည်။
ဘရာဇီးသို့ ထွက်မည့် လေယာဉ်ပေါ်သို့ တက်ရန်အတွက် လေဆိပ်အထွက်တံခါးဝသို့ တရွေ့ရွေ့သွား နေသည်။
ဒင်နရယ်ကူးပါးသည် လေဆိပ်အခန်းထဲမှ ထောင့်တစ်ထောင့်တွင်ရပ်ပြီး ထရေစီအား ခါးသီးနာကြည်း သော အကည့်ဖြင့် ကြည့်နေသည်။

လူကာလန်စိန်ကြီး ဘယ်နည်းဘယ်ပုံဖြင့် ပျောက်ဆုံးသွားရသည်ဆိုသော သတင်းကို ကြားလိုက်ရသည်နှင့် တစ်ပြိုင်နက် ထရေစီ၏ လက်ချက် ဟု ဒင်နရယ်ကူးပါး အတပ်သိလိုက်သည်။
စိတ်ကူး ကောင်းကောင်းနှင့် ရဲရဲဝံ့ဝံ့ လုပ်တတ်သော ပုံစံမှာ ထရေစီ၏ ပုံစံပင် ဖြစ်သည်။
ရဲမှူးကြီး ဒူရင်းက ထရေစီနှင့် ဂျက်တို့၏ ဓာတ်ပုံများကို စိန်စက်ရုံပြခန်းမှ အစောင့်များအား ပြသည်။
" သူတို့ကို တစ်ခါမှ မတွေ့ဖူးဘူး၊ စိန်သူခိုးက မုတ်ဆိတ်မွေး ပါးမြိုင်းမွေးနဲ့၊ ပြီးတော့ မေးရိုးထောင် ထောင် နှာခေါင်းပွပွ နဲ့၊ စိန်တွေ အောက်ကျတဲ့ အမျိုးသမီးကလဲ ကိုယ်ဝန်ကြီးနဲ့၊ ဆံပင်ကလဲ အနက်ရောင် "
အစောင့်များက ဤသို့ ပြောပြသည်။

သို့သော် စိန်ကြီး၏ ခြေစ လက်နက်ကိုမျှ မတွေ့ရပါချေ။
ဂျက်နှင့် ထရေစီတို့၏ ၀န်စည်စလယ်များကိုလည်း အသေးစိတ် စေ့စေ့စပ်စပ်ရှာပြီးဖြစ်သည်။
မထူး။ ဘာမျှမတွေ့။
" စိန်ကြီးဟာ ဒီအမ်စတာဒမ်မြို့မှာပဲ ရှိနေဦးမှာပဲ၊ ကျွန်တော်တို့ တွေ့အောင်ရှာမယ် "
ရဲမှူးကြီး ဒူရင်းက ကူးပါးကို ပြောသည်။
ဒူရင်း မည်သို့ရှာရှာ တွေ့မည်မဟုတ်မှန်း ကူးပါးအတပ်သိနေပြီ။
ထရေစီသည် ခိုချင်းပြောင်းကာ အိမ်ပြန်တတ်သော ခိုနှင့် စိန်ကြီးကို ဤနိုင်ငံထဲမှ ထုတ်လိုက်မှန်း ကူးပါး ဆက်စပ် တွေးမိလာသည်။

ထရေစီ ထွက်ပေါက်ဝနားသို့ သွားနေသည်ကို ကူးပါး မည်သို့မျှ မတတ်နိုင်ဘဲ ဒီအတိုင်း ရပ်ကြည့်နေရ သည်။
မိမိအား အလဲထိုး အနိုင်ယူနိုင်သူမှာ ထရေစီသည် ပထမဆုံးလူဖြစ်သည်။
ထရေစီ သည် ထွက်ပေါက်ဝသို့ ရောက်သွားသောအခါ တုံ့ဆိုင်းသွားပြီး ကူးပါးဘက်သို့ လှည့်ကြည့်လိုက် သည်။
ကူးပါး ၏ မျက်လုံးဆုံကို စိုက်ကြည့်လိုက်သည်။
ကူးပါးသည် ဥရောပ တစ်ဝန်းလုံး မိမိနောက်သို့ တကောက်ကောက်လိုက်နေမှန်းထရေစီသိနေသည်။
ဝဋ်ရှိ၍ လိုက်နေရသကဲ့သို့ ဖြစ်နေသည်။

ထရေစီ သည် ကူးပါးအတွက် ရင်ထဲက ၀မ်းနည်းသလိုလို ခံစားရသည်။
ကူးပါး အား မသိမသာ လက်ပြနှုတ်ဆက်လိုက်ပြီး ချာခနဲလှည့်ကာ လေယာဉ်ဆီသို့ ထွက်သွားတော့သည်။
ကူးပါးသည် သူ့အင်္ကျီအိတ်ထဲမှ အလုပ်နုတ်ထွက်စာကို စမ်းလိုက်မိသည်။

အမေရိကန် လေကြောင်း ကုမ္ပဏီကြီးမှ ၇၄၇ ဇိမ်ခံ ဂျက်လေယာဉ်ကြီး၏ ပထမတန်း ခုံနံပါတ် ၄(ခ)တွင် ထရေစီ ထိုင်နေသည်။
သူမ စိတ်စောနေမိသည်။
နာရီအနည်းငယ်အတွင်း ဂျက်နှင့်တွေ့ပြီး အတူနေရပေတော့မည်။
မစ္စက်စတီဗင် အဖြစ်နှင့် မိမိဘ၀ကို ---နေတော့မည်။
" ကျေးဇူးပြု၍ နည်းနည်းလောက်ဖယ်ပေးပါ ထရေစီ မောကြည့်လိုက်ရာ အသက် ၅၀ ခန့် လူတစ်ဦးက သူမဘေးတွင် ရပ်နေသည်ကို တွေ့လိုက်သည်။
ထိုသူက ထရေစီ၏ ထိုင်ခုံနှင့်လေယာဉ်ပြင်ပဘေးရှိ ကြားမှထိုင်ခုံကို မေးငေါ့ပြပြီး ပြောလိုက်သည်။

" အဲဒါ ကျွန်တော့် ထိုင်ခုံပါခင်ဗျာ "
ထိုသူ ၀င်သာအောင် ထရေစီက ဒူးကို ကျုံ့ပြီး ဖယ်ပေးလိုက်သည်။
သူမ စကတ်က အပေါ်သို့ အနည်းငယ်ရွေ့သွားပြီး ခြေသလုံးလှလှလေးများကို ထိုသူက နှစ်လိုဖွယ် အကြည့်ဖြင့် ကြည့်သွားသည်။
" လေယာဉ်ခရီးကတော့ တကယ်မင်္ဂလာရှိတဲ့ ခရီးပါပဲ ထိုသူက ရယ်ကျဲကျဲဖြင့် ပြောလိုက်သည်။
ထရေစီ က တစ်ဖက်သို့ လှည့်နေလိုက်သည်။

လေယာဉ်ခရီးသွားချင်း စကားစမြည်ပြောခြင်းကို ထရေစီ စိတ်မပါပေ။
သူမတွင် တွေးစရာအများကြီး ရှိနေသည်။ ဘ၀သစ်တစ်ခုကို တည်ဆောက်ရတော့မည်။ တစ်နေရာရာတွင် အခြေချပြီး စံပြ နိုင်ငံသားအဖြစ်နေရမည်။
အကြောင်းကြောင်းကြောင့် မလုပ်ချင်ဘဲ လုပ်ခဲ့ရသော ဤအလုပ်ကို စွန့်လွှတ်ကာ မစ္စတာနှင့် မစ္စက် စတီဗင် လင်မယားအဖြစ် လူရိုသေရှင်ရိုသေနေတော့မည်။
သူမဘေး မှ ခုန ခရီးသွားဖော်က ထရေစီကို တံတောင်နှင့် မသိမသာ တွတ်ပြီး ပြောလိုက်သည်။
တစ်လှေတည်းစီး တစ်ခရီးတည်း သွားချင်းတွေဆိုတော့ တစ်ယောက်နဲ့ တစ်ယောက်သိကျွမ်းခင်မင်ဖို့ ကောင်းပါတယ်ဗျာ မဟုတ်ဘူးလား၊ ကျွန်တော့် နာမည်က မစ္စတာ လန်ပိုင်ယာပွန့် ပါ "

ဝင်းဖေ၀င်း

ပြီးပါပြီ ...။
.
>>>ဆက်ဖတ်ရန်>>> >>

Saturday, September 3, 2011

ဝင်းဖေဝင်း ဘာသာပြန် မနက်ဖြန်အတွက် ဒီကနေ့ အပိုင်း (၃၁)

ရဲဌာနချုပ်တွင် ရဲမှူးကြီးဒူရင်းက ရဲချုပ်ဝီလျံစားပွဲပေါ်သို့ အလျင်အမြန်စုဆောင်းရရှိထားသော အထောက် အထား များကို တင်ပြလိုက်သည်။
" ဒါတွေက ဘာကို ပြညွှန်းနေတာလဲ "
ရဲချုပ်က မေးသည်။
ဒင်နရယ်ကူးပါး က ပြောလာသည်။

" ထရေစီ ဘာတွေစီစဉ်နေတာ ကျွန်တော် ရှင်းပြပါမယ်၊ အမ်မရိုဘဏ်က ရွှေတွေပို့ရင် ဖြတ်လုဖို့ စီစဉ် နေတာ "
သူတို့ အားလုံး ကူးပါးကို စိုက်ကြည့်လိုက်ကြသည်။ ရဲချုပ်ဝီလျံက မေးသည်။
" ဒီလောက် အံ့သြဖို့ကောင်းတဲ့ကိစ္စကို အဲဒီအမျိုးသမီးဘယ်လိုလုပ်ဖို့ ရည်ရွယ်ထားတယ်ဆိုတာ ခင်ဗျား သိမယ် ထင်တယ် "
" ဟုတ်ကဲ့ "
တကယ်တော့ ထရေစီနှင့်ပတ်သက်၍ သူတို့မသိတာကို ကူးပါး သိနေပါသည်။

" လုံခြုံရေးကုမ္ပဏီက သံချပ်ကာ ထရပ်ကား အတုလုပ်ပြီး သံချပ်ကာကား အစစ်မလာခင် ကြိုပြီး ဘဏ်ကို ၀င်လာမယ်၊ ပုံမှားရိုက်ပြီး ရွှေတွေ သယ်သွားမယ် "
ကူးပါး က သူ့အမြင်ကို ပြောပြသည်။
" ခင်ဗျားအထင် က စိတ်ကူးယဉ် နည်းနည်းဆန်မနေဘူးလား မစ္စတာကူးပါး "
ရဲချုပ်က ပြန်မေးသည်။
ရဲမှူးကြီး ဒူရင်းက ၀င်ပြောသည်။

" သူတို့ဘာလုပ်ဖို့စီစဉ်နေတယ်ဆိုတာတော့ ကျွန်တော် သေသေချာချာ မသိဘူး၊ ဒါပေမယ့် တစ်ခုခု စီစဉ် နေတာတော့ သေချာတယ်ရဲချုပ်၊ သူတို့ပြောတာတွေ အသံဖမ်းထားတဲ့ တိပ်ခွေတွေရှိတယ်၊ ဘဏ်က လုံခြုံရေး အစီအစဉ် တွေကို သူတို့လေ့လာတယ်၊ သံချပ်ကာ ထရပ်ကားဘဏ်ကို ဘယ်အချိန်လာပြီး ရွှေ တွေ သယ်မယ်ဆိုတာ သူတို့သိတယ်၊ ပြီးတော့ ... "
ရဲချုပ်သည် သူ့ရှေ့မှ အစီရင်ခံစာကို လေ့လာဖတ်ရှုပြီးနောက် ပြောလိုက်သည်။
" အလှမွေးတိရစ္ဆာန်တွေလဲ ပါနေပါလား၊ ခိုရယ်၊ ရွှေငါးရယ်၊ စာဝါငှက်ရယ်၊ ဒီ အဓိပ္ပာယ်မရှိတဲ့အကောင် ဗလောင် တွေဟာ ခိုးဖို့ကြံစည်မှုနဲ့ တစ်ခုခု ပတ်သက်မယ်လို့ ခင်ဗျားတို့ ထင်သလား "
" ဟင့်အင်း မထင်ဘူး "
ရဲမှူးကြီး ဒူရင်းက ဖြေသည်။

" ထင်တယ် ... "
ကူးပါးက ဖြေသည်။
ထရေစီသည် ပရင်စင်ဂရတ်လမ်းအတိုင်း လျှောက်သွားပြီး မာဂရီတံတားမှနေ၍ တူးမြောင်း တစ်ဖက်သို့ ကူးသွားသည်။
သူမနောက်မှ အမျိုးသမီးစုံထောက် ဖိန်းဟော်အာက လိုက်လံ ထောက်လှမ်းနေသည်။
ထရေစီက အများသုံး တယ်လီဖုန်း ရုံကလေးထဲသို့ ၀င်ကာ ငါးမိနစ်ကြာမျှ တယ်လီဖုန်းဆက်နေသောအခါ စုံထောက်မ၏ ကြိုးစားအားထုတ်မှုမှာ အချည်းနှီးဖြစ်ရသည်။
ထရေစီ တယ်လီဖုန်းနှင့် ပြောသော စကားကို ကြားရလျှင်လည်း စုံထောက်အဖို့ ဘာမျှ အဓိပ္ပာယ်သိမည် မဟုတ်ပေ။

ထရေစီက လန်ဒန်ရှိ ဂန်သာ ဟာတော့သို့ လှမ်းဆက်သည်။
ဂန်သာက ပြန်ပြောသည်။
" ငါတို့မာဂိုကို စိတ်ချအားကိုးနိုင်ပါတယ်၊ ဒါပေမယ့် အချိန်တော့လိုမယ်၊ အနည်းဆုံးနှစ်ပတ်ထပ်စောင့်ရ မယ်"
ဂန်သာက တစ်ဖက်မှ ထရေစီပြောသည့် စကားကို ခေတ္တနားထောင်ပြီးမှ ပြန်ပြောသည်။
" အင်း ... ငါနားလည်ပြီ၊ အားလုံးအဆင်သင့်ဖြစ်ရင် မင်းနဲ့ ပြန်ဆက်သွယ်မယ်၊ ဂရုစိုက်နော်၊ ဂျက်ကိုလဲ သတိရကြောင်း ပြောလိုက်ပါ "
ထရေစီ တယ်လီဖုန်းရုံထဲမှ ထွက်လာသည်။

အပြင်ဘက်တွင် တယ်လီဖုန်းဆက်ရန် စောင့်နေသော အမျိုးသမီးကို ပြုံးရွှင်စွာပင် ခေါင်းညိတ်ပြခဲ့သည်။
ထို အမျိုးသမီးမှာ စုံထောက် ဖိန်းဟော်အာပင် ဖြစ်သည်။
နောက်တစ်နေ့နံနက် ၁၁ နာရီတွင် စုံထောက်တစ်ယောက်က ရဲမှူးကြီး ဒူရင်းထံတယ်လီဖုန်းဆက်ပြီး အစီရင်ခံသည်။
" ကျွန်တော် အခု ဒေါ်လာတာ ထရပ်ကား အငှားကုမ္ပဏီက ဆက်နေတာပါ ရဲမှူးကြီး၊ ဂျက်စတီင်ေဟာ အခု ကလေးပဲ ဒီကုမ္ပဏီက ထရပ်ကားတစ်စီး လာငှားသွားပါတယ် "
ဘယ်လို ထရပ်ကား အမျိုးအစားလဲ " ဒူရင်းက ပြန်မေးသည်။

" ကုန်တင်ပစ္စည်းသယ် ကားမျိုးပါ "
" အတိုင်းအထွာတွေ မေးလိုက်စမ်း၊ ငါတယ်လီဖုန်း ကိုင်ထားမယ် "
မိနစ်အနည်းငယ်ကြာသောအခါ စုံထောက်က ပြန်ပြောသည်။
" ရပြီဆရာ၊ အဲဒီ ထရပ်ကားက ... "
သူ မပြောရသေးခင်ပင် ရဲမှူးကြီး ဒူရင်းက ဖြတ်ပြောလိုက်သည်။
" ပေနှစ်ဆယ်ရှည်တယ်၊ ခုနစ်ပေကျယ်တယ်၊ ခြောက်ပေမြင့်တယ်၊ ၀င်ရိုးနှစ်ခုပါတယ် "
စုံထောက် အံ့အားသင့်သွားပြီးမှ ပြန်ပြောသည်။

" ဟုတ်ပါတယ်၊ ရဲမှူးကြီး ဘယ်လိုလုပ်သိလဲ "
" ထားလိုက်ပါတော့လေ၊ အဲဒီကားက ဘာအရောင်လဲ ... "
" အပြာရောင် "
ဂျက်စတီဗင်နောက်ကို ဘယ်သူလိုက်နေသလဲ "
" ယာကော့ဗ် "
" ကောင်းတယ်၊ ငါ့ဆီ မပြတ်သတင်းပို့နေ "
ရဲမှူးကြီး တယ်လီဖုန်းကို ချထားလိုက်သည်။

ထို့နောက် ဒင်နရယ်ကူးပါးကို မော့်ကြည့်ပြီးေ ပြာလိုက်သည်။
" ခင်ဗှား မှန်တယ်၊ ကားအရောင်က အပြာရောင် ဖြစ်နေတာက လွဲရင်ပေါ့လေ "
" မော်တော်ကားဆေးသုတ်တဲ့ဆိုင်ကို အဲဒီကား ယူသွားလိမ့်မယ် "
ကူးပါးက ပြောလိုက်သည်။

မော်တော်ကား ဆေးသုတ်ဆိုင်ကို ဒမ်ရက်လမ်းပေါ်ရှိ ကားရုံကြီးတစ်ရုံတွင် ပြုလုပ်ထားသည်။
လူနှစ်ယောက်က လေမှုတ် ဆေးသုတ်ကိရိယာဖြင့် ထရပ်ကားတစ်စီးကို အညိုရောင် ဆေးသုတ်နေ သည်။ ဂျက် က ဘေးမှရပ်ကြည့်နေသည်။
ထိုကားရုံခေါင်မိုးပေါ်တွင် စုံထောက်တစ်ယောက် ရောက်နေသည်။

အလင်းရောင်ရရန် အမိုးတွင် တပ်ထားသော မှန်ပေါက်မှနေ၍ အောက်မှ ကားဆေးသုတ်နေသော မြင်ကွင်း ကို ဓာတ်ပုံများရိုက်ယူသည်။
နောက်တစ်နာရီအကြာတွင် ထိုဓာတ်ပုံများသည် ရဲမှူးကြီး ဒူရင်း၏ စားပွဲပေါ်သို့ ရောက်နေတော့သည်။
ဒူရင်း က ကူးပါးဘက်သို့ ထိုဓာတ်ပုံများကို တွန်းပို့လိုက်ပြိး ပြောလိုက်သည်။

" လုံခြုံရေး ထရပ်ကားအစစ်ရဲ့ အရောင်အတိုင်း ဆေးသုတ်နေတာလေ၊ ခုအချိန်မှာ သူတို့ကို ဖမ်းမယ်ဆိုရင် ဖမ်းလို့ရပြီဆိုတာ ခင်ဗျား သိပါတယ် "
" ဘယ်လို စွပ်စွဲချက်နဲ့ ဖမ်းမှာလဲ၊ အလုပ် လိပ်စာကတ်ပြား အတုတချို့ ပုံနှိပ်တိုက်မှာ ရိုက်တာရယ်၊ ထရပ်ကား ကို ဆေးသုတ်တာရယ်နဲ့ ဖမ်းမှာလား၊ သူတို့ကို တကယ် ထိထိရောက်ရောက် စွဲချက် တင်နိုင်မယ့် နည်းလမ်းက တစ်ခုပဲရှိတယ်၊ ရွှေချောင်းတွေကို ကားပေါ်သယ်တင်နေတုန်း ဖမ်းရမှာပဲ "
ကူးပါး က ပြောလိုက်သည်။

" ဒါဖြင့် ဘာဆက်လုပ်မယ် ထင်သလဲ "
ဒူရင်းက မေးသည်။
ကူးပါးက ဓာတ်ပုံများကို စေ့စေ့စပ်စပ်ကြည့်ရှုပြီးမှ ပြန်ဖြေသည်။
လ  ဒီထရပ်ကားဟာ ရွှေချောင်းတွေရဲ့ အလေးချိန်ကို ခံနိုင်မှာမဟုတ်ဘူး၊ ဒီတော့ အောက်ခံကြမ်းခင်း အောက်မှာ ဒေါက်တွေထည့်ရလိမ့်ဦးမယ် "

*
မူဒါလမ်းနှင့် ခပ်ဝေးဝေးဘက်ရှိ ကားပြင်ရုံတစ်ခုတွင်ဖြစ်သည်။
" ကျွန်တော် ဘာလုပ်ပေးရမလဲ ခင်ဗျာ "
" ဒီထရပ်ကားနဲ့ သံချောင်းတွေ သယ်စရာရှိလို့ပါ၊ သံချောင်းတွေရဲ့ အလေးချိန်ကို ဒီကားရဲ့ အောက်ခံကြမ်း ခင်းက ခံနိုင်မယ်မထင်ဘူး၊ ဒီတော့ အောက်က သံရက်မတွေနဲ့ အားဖြည့်ချင်လို့ပါ၊ ခင်ဗျားတို့ လုပ်ပေးနိုင် မလား"
ဂျက်က သူ့ကိစ္စကို ရှင်းပြသည်။

မော်တော်ကား ၀ပ်ရှော့ဆရာက ထရပ်ကားဆီသို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီးမှ ပြန်ဖြေသည်။
" ရပါတယ် "
" ဟာ ... အဆင်ပြေလိုက်တာဗျာ "
" သောကြာနေ့မှာ အသင့်ပြီးနေအောင် လုပ်ထားပေးပါ့မယ် "
" ကျွန်တော်က မနက်ဖြန်လိုချင်တာ "
" ဒါတော့ မလွယ်ဘူး "
" ကျသင့်ငွေကို နှစ်ဆပေးမယ် "
" ကြာသပတေးနေ့ရမယ် "
မနက်ဖြန်ရအောင်လုပ်ပေးပါဗျာ၊ သုံးဆပေးမယ်"
ဝပ်ရှော့ဆရာက မေးစေ့ကိုပွတ်ပြီး စဉ်းစားလိုက်သည်။ ထို့နောက်မှ ပြောသည်။

နက်ဖြန် ဘယ်အချိန် လိုချင်တာလဲ
မွန်းတည့်ချိန်လောက်ပေါ့
အိုကေ ... ရမယ်
ဂျက် ၀ပ်ရှော့မှ ထွက်သွားပြီး ချက်ချင်းဆိုသလိုပင် ထောက်တစ်ယောက်ရောက်လာပြီး ၀ပ်ရှော့ဆရာအား မေးမြန်းတော့သည်။
ထိုနေ့နံနက်ပိုင်းတွင်ပင် ထရေစီနောက်သို့လိုက်သော ထောက်လှမ်းရေး အဖွဲ့သားများသည် အော်ဒီရှန်းတူး မြောင်းတွင်သွားလာနေသည့် အပျော်စီးလှေအိမ်ပိုင်ရှင်တစ်ဦးထံ ထရေစီ နာရီဝက်ခန့် သွားစကားပြောနေ သည်ကို စောင့်ကြည့်နေသည်။

ထရေစီ ထွက်သွားသောအခါ စုံထောက်တစ်ယောက်က ထိုအိမ်ပေါ်တက်သွားပြီး ပိုင်ရှင်အား ကတ်ပြားထုတ်ပြကာ မေးတော့သည်။
" ခုန အမျိုးသမီးက ဘာလာလုပ်တာလဲ၊ ဘာလိုချင်လို့လဲ "
" သူနဲ့ သူ့ယောက်ျားက တူးမြောင်းတွေကို လျှောက်ကြည့်ပြီး အပျော်ခရီးထွက်ချင်လို့တဲ့၊ အဲဒါ ကျွန်တော် လှေအိမ်ကြီးကို တစ်ပတ်လာငှားတာ "
" ဘယ်နေ့က စ ငှားတာလဲ "
" သောကြာနေ့က ... ခင်ဗျားနဲ့ ခင်ဗျားမိန်းမကော အဲဒီလိုခရီးထွက်ဖို့ ငှားချင်လို့လား "
သူ့စကားမဆုံးမီမှာပင် စုံထောက်က လှမ်းထွက်သွားသည်။

*
ထရေစီ ခိုသွားမှာထားသောဆိုင်က ထရေစီ၏ ဟိုတယ်ခန်းသို့ ခိုတစ်ကောင်ကို ငှက်လှောင်အိမ်ကလေး ပို့ပေးသည်။
---ကူးပါးသည် ထိုဆိုင်သို့ပြန်သွားပြီး ဆိုင်ကိုမေးသည်။
ထရေစီဝှစ်တနေဆီ ခင်ဗျားပို့လိုက်တာ ဘာခိုမျိုးလဲ
ရိုးရိုးခိုမျိုးပါပဲ

ကိုယ့်အိမ်ကိုယ့်ဌာနကို ပြန်တတ်တဲ့ ခိုမျိုးမဟ်ုတ်တာသေချာရဲ့လား
သေချာပါတယ်၊ အိမ်ပြန်တတ်တဲ့ခိုမျိုး မဟုတ်ပါဘူး ထရေစီဝှစ်တနေဆီပို့ပေးတဲ့ခိုက ကနေ့ညကမျ မွန်ပန်းခြံက သွားဖမ်းလာခဲ့တဲ့ခိုပါ"
အလေးချိန် ပေါင်တစ်ထောင်ကျော်ရှိသော ရွှေများ ခိုကလေးတစ်ကောင်နှင့် ပသို့သယ်နိုင်မည်နည်း။
ဒင်နရယ်ကူးပါး အတွေးချာချာလည်နေသည်။

*
အမ်မရိုဘဏ်မှ ရွှေချောင်းများကို မရွှေ့ပြောင်းမီ ငါးရက်အလိုတွင် ရဲမှူးကြီးဒူရင်း၏ စားပွဲပေါ်၌ ဓာတ်ပုံ များ တောင်ပုံရာပုံရှိနေသည်။
ဓာတ်ပုံတိုင်းသည် ထရေစီအား ထောင်ချောက်ဆင်ဖမ်းနိုင်မည့် ဖြစ်စဉ်တွင် ကွင်းဆက်များ ဖြစ်နေသည်ဟု ကူးပါးထင်သည်။
အမ်စတာဒမ်ရဲများသည် စိတ်ကူးယဉ်သူများမဟုတ်ဘဲ လက်တွေ့လုပ်သူများအဖြစ် ကူးပါး ချီးကျူးမိသည်။
မကြာမီ ကျူးလွန်တော့မည့် ရာဇ၀တ်မှုအတွက် လှမ်းနေသော ခြေလှမ်းတိုင်းကို ဓာတ်ပုံများ စာရွက်စာ တမ်း များဖြင့် မှတ်တမ်းတင်ထားသည်။
တရားဥပဒေစက်ဝန်းမှ ထရေစီအဖို့ လွတ်လမ်းမရှိတော့ဟု ကူးပါး တွေးမိသည်။

*
ဂျက်သည် သူ၏ထရပ်ကားကို ဆေးသုတ်ပြီးသောနေ့တွင်ပင် အော်ဒိဇစ်ကော် ရပ်ကွက်အနီးရှိ သူ ငှား ထား သော ကားဂိုဒေါင်လေးဆီသို့ မောင်းနှင်ယူဆောင်သွားသည်။
ထိုရပ်ကွက်သည် အမ်စတာဒမ်မြို့၏ အရှေ့အကျဆုံးရပ်ကွက်တစ်ခုဖြစ်သည်။
သစ်သား သေတ္တာလွတ်ကြီး ခြောက်လုံးလည်း ဂိုဒေါင်သို့ရောက်နေသည်။
ထိုသေတ္တာများတွင် စက်ပစ္စည်းများဟု စာတန်းရေးထိုးထားသည်။

ရဲမှူးကြီး ဒူရင်း က တိပ်ခွေကို နားထောင်နေစဉ်မှာပင် ထိုသေတ္တာများ၏ ဓာတ်ပုံက သူ့စားပွဲပေါ်သို့ ရောက် လာသည်။
တိပ်ခွေမှ ဂျက်အသ့ပေါ်လာသည်။
" ထရပ်ကားကို ဘဏ်ကနေပြီး တူးမြောင်းက လှေအိမ်ဆီ မောင်းသွားတဲ့အခါကျရင် အမြန်နှုန်း သတ်မှတ် ချက် အတိုင်းပဲ မောင်းနော်၊ အဲဒီခရီးဟာ ဘယ်လောက် ကြာတယ်ဆိုတာ ငါ အတိအကျသိချင်တယ်၊ ရော့ ဒီမှာ အချိန်မှတ်နာရီ"
ထရေစီ ၏ အသံပေါ်လာသည်။

" မောင်ကရော ကျွန်မနဲ့အတူတူ အလိုက်ဘူးလားဟင်"
" မလိုက်တော့ဘူး၊ သွားစရာရှိသေးတယ် "
" မွန်တီကရော ဘယ်လိုလဲ မောင် "
" သူ ကြာသပတေးနေ့ည ရောက်လာလိမ့်မယ် "
တိပ်ခွေကို ရပ်လိုက်ပြီး ရဲမင်းကြီးဒူရင်းက ကူးပါးကို မေးလိုက်သည်။

အဲဒီ မွန်တီဆိုတာ ဘယ်သူလဲဗျ "
" လုံခြုံရေးအစောင့် နောက်တစ်ဦးအဖြစ် အယောင်ဆောင် ပါဝင်မယ့်လူ ဖြစ်မယ်ထင်တယ်၊ သူတို့အတွက် လုံခြုံရေးအစောင့် ယူနီဖောင်းတွေ လိုလိမ့်မယ်"
ကူးပါးက တွက်ဆပြီးဖြေသည်။

*
ဝတ်စုံများ ရောင်းသောဆိုင်သည် ပိုက်တာကိုနီလစ်ဟော့ဖ်လမ်းပေါ်တွင်ရှိသည်။
"ဝတ်စုံတွေဝတ်ပြီးတက်တဲ့ ပါတီပွဲအတွက် ကျွန်တော် ယူနီဖောင်းနှစ်စုံ လိုချင်လို့ပါ၊ ဟိုမှာ တွေ့ရတဲ့ ယူနီ ဖောင်းဝတ်စုံမျိုးပေါ့ "
ဂျက်က အရောင်းစာရေးအား ရှင်းပြသည်။
နောက် တစ်နာရီခန့်အကြာတွင် ရဲမှူးကြီး ဒူရင်းသည် အစောင့် ယူနီဖောင်းဝတ်စုံဓာတ်ပုံကို ကြည့်ရှုလေ့လာ နေပြီဖြစ်သည်။

" ဒါမျိုး ၀တ်စုံနှစ်စုံ သူ ဆိုင်မှာ အော်ဒါ မှာသွားတယ်၊ ကြာသပတေးနေ့မှာ လာယူမယ်လို့ အရောင်းစာရေး ကို ပြောသွားတယ် "
ယူနီဖောင်းဝတ်စုံအနက် အခြားတစ်စုံမျာ ဂျက်စတီဗင် ၀တ်မည့် ယူနီဖောင်းထက်အများကြီး ကြီးနေသည်။
ထိုယူနီဖောင်းအတိုင်းအထွာကို ကြည့်ပြီး ရဲမှူးကြီးက ပြောလိုက်သည်။

" ကျွန်တော်တို့ရဲ့ မိတ်ဆွေ မွန်တီကတော့ အရပ်ခြောက်ပေ သုံးလက်မလောက်ရှိပြီး အလေးချိန်ဆယ့်ငါး စတုံလောက်ရှိမယ်၊ အင်တာပိုကို အဲ့ဒီနာမည် အဲဒီ အချက်အလက်တွေနဲ့ သူတို့ ကွန်ပျူတာမှာ ရှာခိုင်းထား တယ်၊ သူတို့ဆီက အကြောင်းပြန်လိမ့်မယ် "
ဂျက် ငှားထားသော ကားဂိုဒေါင်လေးထဲတွင် ဂျက်သည် ထိုကားခေါင်မိုးပေါ်၌ ရောက်နေပြီး ထရေစီက ယာဉ်မောင်းသမား ထိုင်ခုံတွင် ထိုင်နေသည်။
" မင်း အဆင်သင့် ဖြစ်ပြီလား၊ ဖြစ်ရင် လုပ်ပေတော့ "
ဂျက်က ကားခေါင်မိုးပေါ်က ပြောလိုက်သည်။

ထရေစီသည် ကားဒက်ရှ်ဘုတ်ရှိ ခလုတ်တစ်ခုကို နှိပ်လိုက်သည်။
ကားဘေးနှစ်ဖက်အပေါ်ဘက်မှ တာလပတ်အလိပ်များ အောက်သို့ ပြေကျလာသည်။
ထိုတာလပတ်ကြီးများပေါ်တွင် "ဟိုင်နီကင် ဟော်လန်ဘီယာ "ဟူသော စာတန်းကြီးများ ရေးထိုးထားသည်။
" အိုကေ ... အလုပ်ဖြစ်တယ် "
ဂျက်က ပြောလိုက်သည်။

*
" ဟိုင်နိကင် ဟော်လန်ဘီယာဆိုပါလား "
ရဲမှူးကြီး ဒူရင်းက ဓာတ်ပုံကြည့်ပြီး ပြောလိုက်ကာ သူ့ရုံးခန်းထဲ၌ စုရုံးရောက်နေကြသော စုံထောက်များကို လှမ်းကြည့်လိုက်သည်။
ထရေစီနှင့် ဂျက်တို့၏ လှုပ်ရှားမှု ဓာတ်ပုံများနှင့် မှတ်တမ်းများကို အခန်းနံရံများတွင် ကပ်ထားသည်။
ဒင်နရယ်ကူးပါးက အခန်းနောက်ဘက်တွင် ငြိမ်ပြီး ထိုင်နေသည်။

ကူးပါးအဖို့မူ ဤ အစည်းအဝေးသည် အချိန်ဖြုန်းသော အစည်းအဝေးသာဖြစ်သည်။
ထရေစီနှင့် သူမ၏ချစ်သူ ဂျက်တို့ ပြုလုပ်ကြမည့် လှုပ်ရှားမှုတိုင်းကို သူ ကြိုတင်တွက်သိရှိပြီး ဖြစ်နေသည်။
ရဲမှူးကြီး ဒူရင်းက ပြောသည်။

သဲလွန်စတွေအားလုံးကို ဆက်စပ်လို့ ပုံပေါ်နေပြီ၊ ထရေစီနှင့် ဂျက်တို့ဟာ လုံခြုံရေးထရပ်ကားအစစ် ဘဏ်ကို ဘယ်အချိန်ရောက်မယ်ဆိုတာ သိတယ်၊ ဒီတော့ သူတို့က လုံခြုံရေးထရပ်ကား ပုံတူနဲ့ နာရီဝက် ကြိုရောက်လာပြီး ပုံမှားဝင်ရိုက်မယ်၊ ထရပ်ကားအစစ် ရောက်လာတဲ့အချိန်မှာ သူတို့က ရွှေတွေတင်ပြီး ထွက်ခွာသွားပြီးဖြစ်နေမယ်ပေါ့ "
ဒူရင်းသည် သံချပ်ကာထရပ်ကားအတု ဓာတ်ပုံကို လက်ညိုးထိုးပြပြီး ဆက်ပြောသည်။

" သူတို့ ဘဏ်ကနေပြီး ဒီပုံစံအတိုင်း မောင်းထွက်သွားလိမ့်မယ်၊ ဒါပေမယ့် နှစ်လမ်းသုံးလမ်းကျော်သွားရင် ဟိုမှာမြင်ရတဲ့ ဟိုင်နီကင် ဟော်လန်ဘီယာထရပ်ကားပုံစံကို ပြောင်းသွားလိမ့်မယ် "
အခန်းနောက်ဘက်တွင် ထိုင်နေသော စုံထောက်တစ်ယောက် မတ်တတ်ထပြီးမေးသည်။
" အဲဒီ ရွှေချောင်းတွေကို ကျွန်တော်တို့ နိုင်ငံထဲက ဘယ်လိုလုပ်ပြီး ထုတ်သွားဖို့ သူတို့ စီစဉ် ထားတယ် ဆိုတာ သိပါသလား "
" ပထမဆုံး လှေအိမ်ကြီးနဲ့ ထုတ်သွားမယ်၊ ဟော်လန်နိုင်ငံဟာ တူးမြောင်းတွေ ရှုပ်ယှက်ခတ်လောက်အောင် ပေါများတာ မဟုတ်လား၊ ဒီတော့ ကွေ့ပတ်ပြီး ခြေရာဖျောက်နေဦးမှာပေါ့ "
ဒူရင်းသည် တူးမြောင်းတစ်လျှောက် ထရပ်ကားမောင်းသွားနေသည်ကို ကောင်းကင်မှ ရိုက်ထားသော ဓာတ်ပုံအား လက်ညိုးထိုးပြပြီး ဆက်ပြောသည်။

" ဘဏ်ကနေ လှေအိမ်အထိ ထရပ်ကားမောင်းသွားရင် ဘယ်လောက် အချိန်ကြာမယ်ဆိုတာ သူတို့ စံချိန် ယူထားတယ်လေ၊ လှေပေါ်ကို ရွှေတွေသယ်ချဖို့လဲ အချိန် အလှံအလောက်ရတယ်၊ တစ်စုံတစ်ယောက်က မသင်္ကာမဖြစ်ခင် လှေကို ထွက်သွားနိုင်မယ် "
ဒူရင်းသည် နံရံပေါ်မှ နောက်ဆုံး ဓာတ်ပုံဆီသို့ လျှောက်သွားသည်။ ကုန်တင်သင်္ဘောကြီး တစ်စင်း၏ ဓာတ်ပုံဖြစ်သည်။
" ရှေ့အပတ်ထဲမှာ " အော်ရက်စတာ " ဆိုတဲ့ ပင်လယ်ကူးကုန်တင်သင်္ဘောတစ်စင်းရော့တာဒမ်မြို့ကနေ ထွက်လိမ့်မယ်၊ လွန်ခဲ့တဲ့ နှစ်ရက်က ဂျက်စတီဗင်ဟာ အဲဒီ သင်္ဘောမျာ ပစ္စည်းတင်ဖို့ နေရာသွားယူပြီးပြီ၊ သူတင်မယ့် ကုန်ပစ္စည်းကို စက်ပစ္စည်းတွေလို့ စာရင်းပေးထားတယ်၊ ပို့မယ့်နေရာကတော့ ဟောင်ကောင်"
ဒူရင်းသည် အခန်းထဲမှ လူများဘက်သို့ လှည့်ပြီး မျက်နှာချင်းဆိုင်လိုက်သည်။

" ကဲ ... လူကြီးမင်းတို့၊ အစီအစဉ်မှာ အပြောင်းအလဲကလေး နည်းနည်းလုပ်လိုက်တယ်၊ သူတို့ ရွှေတုံးတွေ ကို ဘဏ်ထဲကနေပြီး ကားပေါ်တင်တဲ့အထိ စောင့်နေမယ် "
ဒူရင်းသည် ကူးပါးဘက်လှည့်ကြည့်ပြီး ပြုံးလိုက်ကာ ပြောသည်။
" သိပ်ပြီး ပါးနပ်တယ်ဆိုတဲ့ အဲဒီနှစ်ယောက်ကို ကျွန်တော်တို့ ခိုးထုပ်ခိုးထည်နဲ့ လက်ပူးလက်ကြပ် ဖမ်းမယ် လေ"
*
ထရေစီသည် "အမေရိကန်အိပ်စ်ပရက်စ်" ပစ္စည်းသယ်ပို့ပေးရေးရုံးသို့ သွားကာ အလယ်အလတ်အရွယ် အထုပ်တစ်ခုကိုယူပြီး သူမ၏ ဟိုတယ်ခန်းသို့ ချက်ချင်းပြန်လာသည်။
ဤသည်ကိုလည်း စုံထောက်တစ်ယောက်က နောက်မှလိုက်ပြီး ကြည့်ထားသည်။
" အဲဒီအထုပ်ထဲမှာ ဘာပါတယ်ဆိုတာကိုတော့ ကျွန်တော်တို့လဲ ဘယ်လိုမှ မသိနိုင်တော့ဘူး၊ သူတို့နှစ် ယောက်အပြင်ထွက်သွားတုန်း သူတို့ အခန်းတွေကိုဝင်ရှာသေးတယ်၊ ဘာပစ္စည်းမှ အသစ်အဆန်းထပ်ရှိ မနေဘူး၊ အလျင်ကပစ္စည်းတွေအတိုင်းပဲ "
ဒူရင်းက ကူးပါးအား ပြောလိုက်သည်။

ကိုယ်အလေးချိန် ၁၅၀ စတုံရှိ မွန်တီဆိုသူကို အင်တာပို ကွန်ပျူတာမှ လူဆိုးမှတ်တမ်းများတွင် မည်သို့မျှ ရှာမရဘဲရှိနေသည်။
*
ကြာသပတေးနေ့ ညနေပိုင်းတွင် အမ်ဆယ်ဟိုတယ်၌ ထရေစီတို့၏ အခန်းအပေါ်ထပ်တွင် ကူးပါး၊ ဒူရင်း၊ စုံထောက်ဝျစ်ကမ့်တို့ စောင့်ပြီး နားထောင်နေသည်။
အောက်ထပ်မှ ဂျက်၏အသံမှာ သူတို့ အပေါ်ထပ် အခန်းထဲရှိ စပီကာမှ ပေါ်လာသည်။
" အစောင့်တွေ ရောက်မလာခင် တို့ကားက ဘဏ်ကို နာရီဝက်တိတိ စောပြီး ရောက်သွားရင် ရွှေတုံးတွေ တင်ဖို့နဲ့ ပြန်ထွက်ဖို့ အချိန်ကောင်းကောင်းရမယ်၊ လုံခြုံရေးကားအစစ် ဘဏ်ကို ရောက်လာချိန်မှာ လှေအိမ် ကြီးပေါ်ကို တို့ရွှေတွေတင်တောင်နေပြီဖြစ်မယ် " ထရေစီ၏ အသံပေါ်လာသည်။

" ကျွန်မတို့ ထရပ်ကားစက်တွေကိုလဲ စစ်ဆေးပြီးပြီ၊ ဓာတ်ဆီလဲ အပြည့်ဖြည့်ထားပြီးပြီ၊ အသင့်ပဲ "
အပေါ်ထပ်တွင် စုံထောက်ဝှစ်ကမ့်က ပြောလိုက်သည်။
" အင်း ... သူတို့ လုပ်ပုံကိုင်ပုံတွေကတော့ ချီးကျူးစရာပဲ၊ လစ်ဟင်းကျန်နေခဲ့တာ တစ်ကွက်မှမရှိဘူး"
" ဒါပေမယ့် မကြာခင် သူတို့ တို့ပိုက်ကွန်ထဲ ၀င်တိုးမိတော့မှာပါကွာ"
ကူးပါးက ဘာမှမဖြေဘဲ ငြိမ်နေသည်။

အောက်ထပ်က အသံကိုသာ နားထောင်နေသည်။
ဂျက်အသံ ပေါ်လာပြန်သည်။
" ထရေစီ ... ဒီအလုပ်ပြီးရင် ငါ ပြောထားတဲ့ နေရာသွားအောင်းနေဖို့ မင်း ဘယ်လို သဘောရသလဲ "
" တူနီးရှားကိုလား၊ ကောင်းတာပေါ့မောင်ရယ် ... "
" ဒါဖြင့် ငါ စီစဉ်လိုက်တော့မယ်၊ ဒီအချိန်ကစပြီး တို့ ဘာမှလုပ်စရာမလိုတော့ဘူး၊ သက်တောင့်သက်သာနဲ့ ပျော်ပျော်ရွှင်ရွှင်နေရုံပဲ ရှိတော့တယ် "
သူတို့ စကားရပ်သွားသည်။

အပေါ်ထပ်မှ ရဲမှူးကြီးဒူရင်း ထိုင်ရာမှထလိုက်ပြီး သူ့လူများကို ပြောလိုက်သည်။
" ငါ ပြောရဲပါတယ်၊ သူတို့နှစ်ယောက်ဟာ နောက်အနှစ်နှစ်ဆယ်အဖို့တော့ လုံခြုံစိတ်ချရတဲ့ အုတ်တံတိုင်း လေးဘက်ထဲရောက်နေမှာ သေချာပါတယ်၊ ကဲ တို့လဲ အိပ်စို့၊ နက်ဖြန်အတွက် အားလုံး အကွက်ချ စီစဉ်ပြီး ပြီပဲ၊ အားလုံး ဒီညတော့ ပျော်အောင် အိပ်နိုင်ပါပြီ "
သို့သော် ထိုညက ဒင်နရယ်ကူးပါးအဖို့ အိပ်မပျော်နိုင်ဘဲ ဖြစ်နေသည်။
*
ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

Friday, September 2, 2011

ဝင်းဖေဝင်း ဘာသာပြန် မနက်ဖြန်အတွက် ဒီကနေ့ အပိုင်း (၃ဝ)

အမ်စတာဒမ်မြို့၏ ရဲဌာနချုပ်မှာ ငါးထပ်တိုက်ကြီးဖြစ်သည်။ ထိုဌာနချုပ်၏ အပေါ်ထပ်မှ အစည်းအဝေး အခန်းတစ်ခုတွင် အစည်းအဝေးတစ်ရပ် ကျင်းပနေရာ ဒပ်ခ်ျစုံထောက် ခြောက်ယောက်ရှိနေသည်။
ထို့အပြင် တစ်ဦးတည်းသော နိုင်ငံခြားသားအဖြစ် ရှိနေသူမှာ ဒန်နရယ်ကူးပါးပင် ဖြစ်သည်။
ရဲမှူးကြီး ဂျော့ဗန်ဒူရင်းက နေပြည်တော် ရဲချုပ်ကွမ်ဝီလျံအား တင်ပြအစီရင်ခံနေသည်။

" ထရေစီဝှစ်တနေဟာ ကျွန်တော်တို့ အမ်စတာဒမ်မြို့ကို ဒီနေ့မနက်ဘဲ ရောက်လာပါတယ်၊ ရဲချုပ်ခင်ဗျား၊ ဒီဘီးယား စိန်ကုမ္ပဏီက စိန်သေတ္တာကို လေယာဉ်ပျံပေါ်က ဖြတ်ခိုးသွားတာ သူ့လက်ချက်ပဲလို့ နိုင်ငံတကာ ရဲတပ်ဖွဲ့က ကောက်ချက်ချထားပါတယ်။ ဒီအစည်းအဝေးမှာ ရောက်နေတဲ့ မစ္စတာ ကူးပါး ကလဲ ထရေစီ ဟာ ရာဇ၀တ် ပြစ်မှုကြီးတစ်ခုကို ကျူးလွန်ဖို့အတွက် ဟော်လန်ကို လာတာလို့ ယူဆ ထားပါတယ် "
ရဲချုပ် ၀ီလျံက ကူးပါးဘက်သို့ လှည့်ကြည့်ပြီး မေးလိုက်သည်။
" ခင်ဗျားမှာ အထောက်အထား တစ်စုံတစ်ရာ ရှိသလား မစ္စတာကူးပါး "
ကူးပါးအတွက် အထောက်အထား မလိုပါချေ။

သူသည် ထရေစီဝှစ်တနေအား စိတ်ထဲအသည်းထဲကရော အသွေးအသားထဲကပါ ကောင်းကောင်းကြီး သိနေသည်။ သို့သော် စိတ်ကို ထိန်းလိုက်ပြီး ဖြေသည်။
" ဘာ အထောက်အထားမှ မရှိပါဘူး၊ ဒါကြောင့် သူ့ကို လက်ဆုပ်လက်ကိုင် လက်ပူးလက်ကြပ် ဖမ်းမိဖို့ လိုချင်တာပါ "
" ဒါဖြင့် ကျွန်တော်တို့ ဘာလုပ်ပေးစေချင်တယ်ဆိုတာ ပြောပါဦး "
သူ့ကို မျက်ခြည်မပြယ် ကျွန်တော်တို့ စောင့်ကြည့်ထားဖို့ပါပဲ "
" ကောင်းပြီလေ၊ ဒီအမျိုးသမီးက ကျွန်တော်တို့ရဲတပ်ဖွဲ့ရဲ့ အစွမ်းကို စမ်းသပ်ဖို့ ဟော်လန်ကို လာတယ်ဆို ရင် ကျွန်တော်တို့ကလဲ အစွမ်းပြရတာပေါ့၊ ဒီမှာ ရဲမှူးကြီး ဒူရင်း လိုအပ်မယ့် အစီအစဉ်မှန်သမျှ အားလုံး လုပ်ပေတော့ "

အမ်စတာဒမ်မြို့ကြီးကို အပိုင်းခြောက်ပိုင်းခွဲ၍ ရဲစခန်းတစ်ခုစီထားရှိသည်။ စခန်းတစ်ခုတိုင်းသည် မိမိ၏ ဒေသနယ်မြေကို တာဝန်ယူရသည်။
ယခုကိစ္စတွင်မူ နယ်မြေပိုင်းခြား သတ်မှတ်မှု မထားတော့ဘဲ နယ်မြေအသီးသီးမှ စုံထောက်များအား ထရေစီဝှစ်တနေကို မျက်ခြည်မပြတ် စောင့်ကြည့်ရန် ရဲမှူးကြီး ဒူရင်းက တိုက်ရိုက်အမိန့်ပေးလိုက်သည်။
သူ ကိုယ်တိုင်က နေပြည်တော် ရဲချုပ်ရုံးမှနေ၍ ကြီးကြပ်ကွပ်ကဲသည်။
ဟော်လန်နိုင်ငံ အမ်စတာဒမ်မြို့သည် ကမ္ဘာလျည့်ခရီးသည်တို့ အလွန်သဘောကျ နှစ်ခြိုက်သောနေရာ ဖြစ် သည်။
လေရဟတ်စက်များ၊ ဆည်မြောင်းများ ပေါသောမြို့ဖြစ်သည်။

တူးမြောင်းများထဲတွင် လှေအိမ်လေးများ ပြည့်နှက်နေသည်။
အိမ်အပေါ်ထပ်များမှနေ၍ ၀ါးလုံးဖြင့်ထိုးပြီး နေလှန်းကြသော အ၀တ်အထည်များကလည်း တလူလူလွင့် နေသည်။
ထရေစီ တွေ့ဖူးသမျှထဲတွင် ဒပ်ခ်ျလူမျိုးတို့မှာ ခင်မင်စရာ အကောင်းဆုံးဖြစ်သည်။
ထရေစီနှင့် ဂျက်တို့သည် ကမ္ဘာလှည့်ခရီးသည်များ သွားလေ့သွားထရှိသည့် နေရာအားလုံးသို့ သွားလာ လျှောက်ကြည့်ကြသည်။
သူတို့သွားသည့် နေရာတိုင်းဒတ်ခ်ျ စုံထောက်များက မျက်ခြည်မ်ြပတ် ခြေရာခံလိုက်သည်။

ထို့နောက် နေ့စဉ် ရဲမှူးကြီး ဒူရင်းထံ အစီရင်ခံစာတင်သည်။ ထိုအစီရင်ခံစာကို ဒင်နရယ် ကူးပါးက ညနေ တိုင်းဖတ်ရသည်။
သူတို့၏ လှုပ်ရှားသွားလာမှုတွင် ထူးခြားချက်ဟူ၍ တစိုးတစိမျှ မရှိပေ။
စုံထောက်များ၏ အမြင်တွင် ဂျက်နှင့်ထရေစီတို့သည် ကမ္ဘာလှည့်ခရီးသည်သက်သက်မျှသာဖြစ်သည်။
သို့သော် ကူးပါးက သံသယရှိသည်။
ထရေစီ ကြီးကြီးမားမား တစ်ခုခု လုပ်လိမ့်မည်ဟု စိတ်ထဲက အလိုလိုသိနေသည်။

ထို့ကြောင့် ထရေစီအား နောက်ယောင်ခံလိုက်သော စုံထောက်အဖွဲ့နှင့်အတူ မိမိကွင်းဆင်းလိုက်ပါတော့ သည်။
ဂျက်နှင့် ထရေစီတို့သည် တစ်မြို့လုံး အနှံ့ကြုံသလို လျှောက်သွား လျှောက်စားနေကြသည်။
ဒင်နရယ်ကူးပါးနှင့် အဖွဲ့ကလည်း သည်းခံအောင့်အည်းပြီး လိုက်နေသည်။
ကူးပါး၏ မေတ္တာရပ်ခံချက်အရ ရဲမှူးကြီး ဒူရင်းက ရဲချုပ်ဝီလျှံထံ သွားပြောသည်။

" ဟိုနှစ်ယောက်အကြောင်းကို သိရအောင် သူတို့တည်းခိုတဲ့ အခန်းမှာ ချောင်းနားထောင်တဲ့ လျှပ်စစ် ကိရိယာ တပ်ခွင့်ပေးပါတဲ့ "
" မင်းတို့ သူတို့နှစ်ယောက်အပေါ်မှာ သံသယရှိတယ်ဆိုရင် ခိုင်မာခြေမြစ်တဲ့ အထောက်အထားရှာဦး၊ အဲ အထောက်အထားရရင် ငါ့ဆီပြန်လာခဲ့၊ အခု အထိဆိုရင် ဟော်လန်မှာ လျှောက်ပြီး လည်ပတ် ကြည့်ရှု တာသာ ကျူးလွန်ရုံနဲ့တော့ သူတို့ကို ချောင်းနားထောင်ဖို့ ငါ ခွင့်မပြုနိုင်သေးဘူး "
ရဲမင်းကြီးက ငြင်းလိုက်သည်။
ထိုနေ့က သောကြာနေ့။

တနင်္လာနေ့တွင်မူ ထရေစီနှင့် ဂျက်တို့သည် အမ်စတာဒမ်စိန်ဂေဟာသို့သွားပြီး နယ်သာလန် စိန်သွေးလုပ် ငန်းကို ကြည့်ရှုကြသည်။
သူတို့ကို နောက်ယောင်ခံသည့်အဖွဲ့တွင် ဒင်နယ်ကူးပါးလည်း ပါသွားသည်။
စိန်သွေးစက်ရုံတွင် ကမ္ဘာလှည့် ခရီးသည်များနှင့် ပြည့်နေသည်။
အင်္ဂလိပ်စကားပြော ကမ္ဘာလှည့် လမ်းပြတစ်ဦးက စက်ရုံအတွင်း လိုက်ပြပြီး စိန်ဖြတ် စိန်သွေးလုပ်ငန်း အဆင့်ဆင့်ကို ရှင်းပြသည်။
ထိုလုပ်ငန်းအဆင့်ဆင့်ကို ပြသပြီးသောအခါ ကမ္ဘာလှည့် ခရီးသည်အုပ်စုအား ကြီးမားသော ပြခန်းကြီး ထဲသို့ ခေါ်သွားသည်။
ပြခန်း နံရံကပ် မှန်ဗီရိုများထဲတွင် ရောင်းချရန် စိန်အမျိုးမျိုးကို ပြထားသည်။

အခန်း အလယ်ကောင်တွင် စင်မြင့်တစ်ခုနှင့် ထိုအပေါ်၌ ဖန်ပေါင်းချောင်တစ်ခု အုပ်ထားသည်။
ထိုအထဲ တွင် အရည်အသွေး အလွန်ကောင်းသော စိန်ကြီးတစ်လုံးရှိသည်။
ထရေစီ မြင်ဖူးသမျှတွင် အကောင်းဆုံး စိန်ကြီးဖြစ်သည်။
ကမ္ဘာလှည့်ခရီးသည် လမ်းညွှန်က ဂုဏ်ယူဝင့်ကြွားသည့် လေသံဖြင့် ပြောလိုက်သည်။
" ဂုဏ်သရေရှိ လူကြီးမင်းများရှင့်၊ ဟောဒီမျာ မြင်ရတဲ့ စိန်ကြီးကတော့ စာထဲမှာ ဖတ်ဖူးကြမျာဖြစ်တဲ့ နာမည်ကျော် လူကာလန် စိန်ကြီးပါပဲ၊ တစ်ချိန်တုန်းက ဒီစိန်ကြီးကို နာမည်ကျော် ပြဇာတ် ရုပ်ရှင်မင်းသား တစ်ယောက် က သူ့ဇနီး ရုပ်ရှင်မင်းသမီးကို ဒေါ်လာ ဆယ်သန်းနဲ့ဝယ်ပြီး ချစ်သက်လက်ဆောင်အဖြစ်ပေး ခဲ့ဖူးပါတယ်၊ ကမ္ဘာပေါ်မှာရှိတဲ့ အပြစ်အနာအဆာမဲ့ အကောင်းဆုံးစိန်တွေထဲမှ တစ်လုံးအပါအ၀င်ဖြစ်ပါ တယ်"

" အင်း ... ဒါဆိုရင်တော့ သူခိုးတွေရဲ့ ပြစ်မှတ်ဖြစ်နေတော့မှာပဲနော် "
ဂျက်က ခပ်ကျယ်ကျယ် အော်ပြောလိုက်သည်။
ဒင်နရယ်ကူးပါး က ရှေ့တိုးကပ်သွားရာ ဂျက်ပြောလိုက်သည်ကို ကောင်းကောင်းကြားလိုက်ရသည်။

ကမ္ဘာလှည့်လမ်းညွှန်အမျိုးသမီးက ဖန်ပေါင်းချောင်ဘေးနှစ်ဖက်၌ အသင့်ရပ်စောင့်နေသော လက်နက် ကိုင် အစောင့်နှစ်ဦးအား မေးငေါ့ပြလိုက်ပြီး ပြောသည်။
" ဒီစိန်ကြီးကို လန်ဒန်ပြတိုက်ထဲက ရတနာတွေထက်တောင် ပိုပြီး စေ့စေ့စပ်စပ် စောင့်ကြပ်ထားတာပါ၊ ဘာအန္တရာယ် မှ မရှိပါဘူး၊ ဖန်ပေါင်းချောင်ကို ထိလိုက်တာနဲ့ တစ်ပြိုင်နက် အချက်ပေး လျှပ်စစ် ခေါင်းလောင်း တွေ အားလုံး အလိုအလျောက် ပိတ်သွားရောပဲ၊ ညဘက်ဆိုရင် အီလက်ထရောနစ် ဓာတ်ရောင်ခြည် တွေ လွှတ်ထားတယ်၊ ဒီအခန်းထဲကို တစ်ယောက်ယောက်ဝင်လာတာနဲ့တစ်ပြိုင်နက် ရဲဌာနချုပ် မှာ အချက်ပေးခေါင်းလောင်းသံများ မြည်မှာပဲ "
" ဒီစိန်ကြီး ကိုခိုး ဖို့ ဘယ်သူမှ ကြိုးစားခဲ့မှာ မဟုတ်ဘူးထင်ပါရဲ့ "
ဂျက်က ထရေစီ ကို လှမ်းကြည့်ပြီး ပြောလိုက်သည်။

ကူးပါးနှင့် စုံထောက် တစ်ယောက်တို့လည်း တစ်ယောက်မျက်နှာ တစ်ယောက် လှမ်းကြည့်လိုက်ကြသည်။
ထိုအကြောင်းကို ညနေပိုင်းတွင် ရဲမှူးကြီးဒူရင်းထံ အစီရင်ခံစာတင်လိုက်သည်။
နောက်တစ်နေ့တွင် ထရေစီနှင့် ဂျက်တို့သည် ရာဇ်ပြတိုက်မှ ပန်းချီကားများကို သွားကြည့်သည်။
နာမည်ကျော် ပန်းချီဆရာကြီးများ၏ ပြခန်းများကို တစ်ခန်းပြီးတစ်ခန်း အေးအေးလူလူ လိုက်ကြည့်သည်။
ပန်းချီဆရာကြီး ရမ်ဘရန်၏ နာမည်အကျော်ကြားဆုံးနှင့် တန်ဖိုးအကြီးဆုံး ပန်းချီကားရှေ့ သူတို့ရောက် သွား ကြသည်။
ဂျက်က ပန်းချီကားရှေ့မှ အစောင့်ကို ကြည့်ပြီး ပြောလိုက်သည်။

" ဒီပန်းချီကားကို အကာအကွယ် ကောင်းကောင်း လုပ်ထားမှာပဲနော် "
" သိပ်လုပ်ထားတာပေါ့ဗျာ၊ ဒီပြတိုက်က ပန်းချီကားကို ခိုးဖို့ကြိုးစားတဲ့သူသာ အီလက်ထရောနစ် ဓာတ်ရောင်ခြည်တွေ၊ လုံခြုံရေး လျှို့ဝှက်ကင်မရာတွေ၊ ညဘက်ဆို အစောင့်နှစ်ယောက်ရဲ့ ကင်းလှည့်ခွေ တွေကို ရင်ဆိုင်ရမှာ သေချာတယ်"
" အင်း ... ဒီပန်းချီကားကတော့ ဒီနေရာမျာပဲတစ်သက်လုံး ရှိနေမျာထင်ပါရဲ့ "
ဂျက်က ခပ်ပြုံးပြုံးပင် ပြောလိုက်သည်။
ထိုနေ့ ညနေတွင်လည်း ရဲမှူးကြီးဒူရင်းထံ နောက်ယောင်ခံအဖွဲ့က အစီရင်ခံစာ တင်လိုက်ပြန်သည်။

နောက်တစ်နေ့တွင် အမ်စတာဒမ်ခန်းမ၌ တံဆိပ်ခေါင်း စုသူများ၏ အစည်းအဝေး ရှိရာ အစောဆုံး ရောက် လာသူများထဲတွင် ထရေစီနျင့်ဂျက်တို့ပါဝင်သည်။
ခန်းမထဲတွင် အဖိုးမဖြတ်နိုင်သော တံဆိပ်ခေါင်းအဟောင်းများ ခင်းကျင်းပြသထားသဖြင့် အစောင့်များ ထူထပ်စွာ ချထားသည်။
ဗြိတိသျှ ဂီနီတံဆိပ်ခေါင်း အဟောင်းတစ်ခု ပြထားသည့် နေရာရှေ့တွင် သူတို့နှစ်ယောက် ရပ်ကြည့်ကြ သည်။
" တော်တော် အရုပ်ဆိုးတဲ့ တံဆိပ်ခေါင်းပဲနော် "
ထရေစီက ပြောလိုက်သည်။

" အမလေး သွားမလုပ်နဲ့၊ ကမ္ဘာမှာ ဒီတံဆိပ်ခေါင်းမျိုး ဒီတစ်ခုပဲ ကျန်တော့တာ "
" တန်ဖိုး ဘယ်လောက်လဲ "
" ဒေါ်လာတစ်သန်း "
ဂျက်က ထရေစီအား ဖြေလိုက်သည်မှာ မှန်ကန်ကြောင်းဖြင့် ထိုတံဆိပ်ခေါင်းကို စောင့်ကြပ် နေသူက ခေါင်းဆက်ပြရင်း ၀င်ပြောသည်။
" ခင်ဗျားပြောတာ မှန်ပါတယ်၊ လူများစုဟာ တံဆိပ်ခေါင်း အဟောင်းတွေကို ကြည့်သာကြည့်တတ်ပြီး တန် ဖိုးကို နားမလည်ကြဘူး၊ ခင်ဗျားလဲ ကျွန်တော့်လိုပဲ တံဆိပ်ခေါင်းဟောင်း စုတာ ၀ါသနာ ပါပုံရတယ်၊ ကမ္ဘာ့ သမိုင်း ဟာ ဒီတံဆိပ်ခေါင်း အဟောင်းတွေထဲမှာ ထင်ဟပ်နေတယ် "
ထရေစီ နှင့် ဂျက်တို့သည် ကျန်တံဆိပ်ခေါင်းများကို လှည့်လည် ကြည့်ရှုကြသည်။

ထိုနေ့ ညနေပိုင်းတွင် ဒင်နရယ်ကူးပါးနှင့် ရဲမှူးကြီး ဒူရင်းတို့သည် ရဲချုပ်ဝီလျံအား သွားတွေ့သည်။
ထောက်လှမ်းရေး အစီရင်ခံစာကို ရဲချုပ် စားပွဲပေါ်တွင် တင်လိုက်ပြီး ထိုင်စောင့်နေသည်။
ရဲချုပ်က အစီရင်ခံစာ ကို ဖတ်လိုက်ပြီးနောက် ပြောလာသည်။

" ခင်ဗျားတို့ အစီရင်ခံစာတွေထဲမှာ သူတို့ ဘာလုပ်မယ် ဆိုတာကို တိတိကျကျ မှန်းဆလို့ရနိုင်တဲ့ အချက် မပါဘူး၊ ဒါပေမယ့် ခင်ဗျားတို့ သံသယရှိနေတဲ့ သူတို့နှစ်ယောက်ဟာ အဖိုးတန်ပစ္စည်းတွေနားမှာ တ၀ဲလယ် လယ်နဲ့ လိုက်အနံ့ခံနေတာကိုတော့ ကျွန်တော်လဲ လက်ခံပါတယ်၊ ကောင်းပြီ ရဲမှူးကြီး၊ ဆက်လုပ်ပေတော့၊ သူတို့ရဲ့ ဟိုတယ်အခန်းတွေမှာ လျှို့ဝှက်အသံဖမ်း ကိရိယာတွေ တပ်ပြီး ချောင်း နားထောင်ပေတော့၊ ကျွန် တော်တရားဝင် ခွင့်ပြုလိုက်တယ် "
ဒင်နရယ်ကူးပါး စိတ်အားတက်ကြွသွားသည်။
ထရေစီ ၀ှစ်တနေ အဖို့ ဆိတ်ကွယ်ရာဟူ၍ မရှိနိုင်တော့ပြီ။
သူမ ပြောသမျှ ဆိုသမျှ လုပ်သမျှ ကိုင်သမျှ အားလုံးကို မိမိ သိရပေတော့မည်။

ထိုနေ့ညနေတွင် ထရေစီနှင့် ဂျက်တို့ အပြင်ထွက် ညစာစားချိန်တွင် ရဲဘက်မှ ကျွမ်းကျင်သူများက သူတို့ အခန်းသို့ ၀င်ပြီး အသံဖမ်း မိုက်ခွက် သေးသေးလေးများကို ဓာတ်ပုံများနောက် မီးတိုင်များ အောက်နှင့် ခုတင်ဘေးစားပွဲအောက်တို့တွင် တပ်ဆင်လိုက်ကြသည်။
ထရေစီနှင့် ဂျက်တို့၏ အခန်းတည့်တည့်မှ အပေါ်ထပ် အခန်းကို ရဲမှူးကြီး ဒူရင်းက သီးသန့် ယူထားလိုက် သည်။
ထိုအခန်းထဲတွင် ရေဒီယိုတစ်လုံးနှင့် အသံသွင်းတိပ်ခွေတစ်ခု တပ်ဆင်ထားသည်။

အောက်ထပ်က မိုက်များနှင့် ဆက်ထားသည်။
"အောက်ထပ် က စကားပြောတာကို ဒီက တိုက်ရိုက်လဲ နားထောင်လို့ရတယ်၊ နားမထောင်နိုင်ရင်လဲ ကိစ္စ မရှိဘူး၊ အောက်က စကားပြောတာနဲ့ တစ်ပြိုင်နက် သူတို့ပြောတာ အားလုံး ဒီကတိပ်ခွေထဲမှာ အသံဖမ်းပြီး ဖြစ်နေလိမ့်မယ် "
ရဲပညာရှင်က ရှင်းပြသည်။
သို့ရာတွင် ဒင်နရယ်ကူးပါးက ထိုအခန်း၌ပင် နေချင်သည်ဆိုကာ ပြောင်းနေလိုက်တော့သည်။
*
(၃၃)
နောက်တစ်နေ့ နံနက်စောစောတွင် ဒင်နရယ်ကူးပါး၊ ရဲမှူးကြီး ဒူရင်း၊ သူ၏လက်ထောက်စုံထောက် ၀ှစ်ကမ့်တို့သည် အပေါ်ထပ်မှနေ၍ အောက်ထပ်၌ ထရေစီနှင့် ဂျက်တို့ စကားပြောနေသည်ကို လျှို့ဝှက် အသံဖမ်းစက် မှ ချောင်းနားထောင်နေသည်။
" ကော်ဖီ ထပ်ယူဦးမလား "
ဂျက်အသံ
" ဟင့်အင်း ... တော်ပီမောင်၊ ဟောဒီဒိန်ခဲလေး စားကြည့်စမ်း၊ သိပ် အရသာရှိတာပဲ "
ထရေစီ၏အသံ
ထို့နောက် ဂျက်အသံ ပြန်ပေါ်လာသည်။

" အင်း ... သိပ်အရသာရှိတာပဲ၊ ဒီနေ့ ဘာလုပ်ချင်သလဲ အချစ်၊ ရော့တာဒမ်မြို့ကို ကားနဲ့သွားကြမလား "
" အခန်းအောင်းပြီး အပန်းဖြေအနားယူရရင်မကောင်းဘူးလားလို့ "
" အား ... သိပ်ကောင်းတာပေါ့ "
သူတို့ အခန်းအောင်းလျှင် ချစ်တင်းနှောကြမည်ကို ကူးပါး အတပ်သိနေသဖြင့် အပေါ်ထပ်မှနေပြီး အံကြိတ် လိုက်သည်။
" ဘုရင်မကြီးက မိဘမဲ့ ကလေးတွေအတွက် ဂေဟာသစ် တစ်လုံး လှူဦးမလို့တဲ့ "
" သိပ်ကောင်းတာပေါ့၊ ဒတ်ခ်ျလူမျိုးတွေဟာ ကမ္ဘာပေါ်မှာ အရက်ရောဆုံးနဲ့ စေတနာအသန်ဆုံးလူမျိုးပဲ၊ စည်းကမ်း စည်းမျဉ်းတွေကို သူတို့ မုန်းကြတယ် "
" ဟုတ်တယ်၊ ဒါကြောင့် ကျွန်မတို့နှစ်ယောက် သူတို့ကို သဘောကျနေကြတာ "
ရယ်သံများ ပေါ်လာသည်။

ချစ်သူနှစ်ဦး တို့ နံနက်စာစားရင်း သာမန်ပြောနေကျ စကားများပင်ဖြစ်သည်။
" ရက်ရောတယ်ဆိုလို့ ပြောရဦးမယ် ဒီ ဟိုတယ်မှာ ဘယ်သူရောက်နေတယ်လို့ ထင်သလဲ၊ အရှောင် အတိမ်းဂျက်စီဂျိမ်းလို့ဆိုရမယ့် မက်ဆီမီလန်ပိုင်ယာပွန့်လေ၊ ဟိုသင်္ဘောကြီးပေါ်မှာတုန်းက ငါ သူ့ကို လွတ် သွားတယ် "

" ကျွန်မလဲ အမြန်ရထားကြီးပေါ်မှာတုန်းက သူ့ကို လွတ်သွားခဲ့တာပဲ "
" သူ ဒီရောက်နေတာကတော့ သူနဲ့ လုပ်ငန်းပြိုင်ကုမ္ပဏီတွေကို အပြုတ်ဖြုတ်ဖို့ပဲ ဖြစ်နိုင်တယ်၊ ကဲ တို့သူ့ကို ထပ်တွေ့နေရပြီ ထရေစီ၊ တစ်ခုခု လုပ်သင့်ပြီထင်တယ်၊ တို့ အနီးအနား လက်လှမ်းမီရာကို သူ ရောက်လာ တုန်းပေါ့ "
" မောင့်သဘောလေ ... အလုပ်တွေ ထပ်နေဦးမယ် "
" တို့ မိတ်ဆွေကြီးဟာ သူနဲ့အတူ အဖိုးမဖြတ်နိုင်တဲ့ ပစ္စည်းတွေယူလာတယ်ဆိုတာ တို့ အသိပဲ၊ ငါ့မှာ အကြံတစ်ခု ရှိတယ် "
ဟိုတယ် မှ အလုပ်သမ တစ်ဦး၏အသံ ပေါ်လာသည်။

" ကျွန်မ အခန်းသန့်ရှင်းရေး လုပ်ရတော့မလားရှင် "
အပေါ်ထပ်တွင် ရဲမှူးကြီး ဒူရင်းက စုံထောက်ဝှစ်တမ့်အား လှည့်ပြောလိုက်သည်။
" မက်ဆီမီလန်ပိုင်ယာပွန့် နောက်ကိုလဲ အဖွဲ့တစ်ဖွဲ့ နောက်ယောင်ခံလိုက်ခိုင်းလိုက်၊ သူတို့နှစ်ယောက် အဲဒီ လူ နဲ့ အဆက်အသွယ်လုပ်တာ အားလုံး ငါသိချင်တယ် "
ထိုနေ့ ညနေခင်းပိုင်းတွင် ရဲမှူးကြီးဒူရင်းက ရဲချုပ်ဝီလျံထံ တင်ပြအစီရင်ခံသည်။

" သူတို့ ပစ်မှတ်လေးငါးခုနောက်ကို လိုက်နေပုံရတယ် ရဲချုပ်၊ မက်ဆီမီလန်ပိုင်ယာပွန်ဆိုတဲ့ အမေရိကန် သူဌေးကြီးကိုလဲ သူတို့ တော်တော် စိတ်ဝင်စားနေကြတယ်၊ ပြီးတော့ တံဆိပ်ခေါင်းပြပွဲလဲ သွားတယ်၊ နယ်သာလန် စိန်သွေးစက်ရုံ က လူကာလန်စိန်ကြီးကိုလဲ သွားကြည့်တယ်၊ ပန်းချီပြတိုက်လဲ ရောက်တယ်"
" ဒါပေမယ့် အခုလောလောဆယ်မှာတော့ သူတို့ရဲ့ အဓိကပစ်မှတ်ဟာ ဘာဆိုတာ ခင်ဗျားတို့ မမှန်းဆနိုင် သေးဘူးပေါ့ ဟုတ်လား "
" ဟုတ်ပါတယ်၊ သူတို့ကိုယ်တိုင်လဲ ဘာလုပ်မယ်ဆိုတာ ဆုံးဖြတ်ရပုံမပေါ်သေးပါဘူး၊ သူတို့ ဘာလုပ်မယ် ဆိုတာ ဆုံးဖြတ်တာနဲ့ တစ်ပြိုင်နက် ကျွန်တော်တို့ သိမှာပါ။
သူတို့အခန်းမှာ မိုက်ခွက်တွေတပ်ထားတာ သူတို့ မသိပါဘူး "
*
နောက်တစ်နေ့ နံနက် ၉နာရီတွင် ဒတ်ခ်ျရဲများအတွက် အဖြေစတင်ပေါ်လာသည်။
ထရေစီနှင့် ဂျက်တို့သည် နံနက်စာ စားပြီးလုနီးပြီဖြစ်သည်။
အပေါ်ထပ်မှနေ၍ ဒင်နရယ်ကူးပါး၊ ရဲမှူးကြီးဒူရင်း၊ စုံထောက်ဝျစ်ကမ့်တို့ စောင့်နားထောင်နေကြသည်။
ပန်းကန်ထဲသို့ ကော်ဖီငှဲ့ချသံများကို ဦးစွာ ကြားရသည်။

" ဒီမျာ စိတ်ဝင်စားစရာပါလာပြီ ထရေစီ၊ တို့မိတ်ဆွေပြောတာမှန်တယ်၊ နားထောင်စမ်း၊ သတင်းစာက သတင်းကို ငါဖတ်ပြမယ်၊ အမ်မရိုဘဏ်မှ ဒေါ်လာ ငါးသန်းဖိုး ရှိ ရွှေတုံးများကို ဒတ်ခ်ျပိုင် အနောက်အင်ဒီးစ် သို့ပို့မည်တဲ့ "
အပေါ်ထပ်မှ စုံထောက်ဝှစ်ကမ့်က သူ့အဖွဲ့သားများအား ဖြတ်ပြောလိုက်သည်။
" နည်းလမ်းမရှိပါ ... "
" ရှူး ... "
တစ်ယောက်က စကားမပြောရန် အချက်ပေးလိုက်သည်။

သူတို့ ငြိမ်ပြီး ဆက်နားထောင်ကြသည်။
" ဒေါ်လာ ငါးသန်းဖိုးရွှေတွေဟာ အလေးချိန် ဘယ်လောက် ရှိမလဲလို့ ကျွန်မ တွက်ဆနေတာ "
" မင်းကို ငါ အတိအကျ ပြောနိုင်ပါတယ် အချစ်ရယ် ...၊ အလေးချိန် စုစုပေါင်း တစ်ထောင်ခြောက်ရာနဲ့ ခုနစ်ဆယ့် နှစ်ပေါင်ရှိတယ်၊ ရွှေအတုံး ခုနစ်ဆယ့်နှစ်တုံးရှိမယ်၊ ရွှေဆိုတာဟာ အရည်ကျိုလိုက်တာနဲ့ တစ် ပြိုင်နက် ခြေရာလက်ရာပျောက်သွားတာပဲ၊ ဒါပေမယ့် ဒီရွှေတွေကို ဟော်လန်ကနေ ထုတ်သွားဖို့တော့ ခက် ကောင်းခက်လိမ့်မယ် "
" ဒီရွှေတွေကို ရအောင်ယူဖို့ကရော လွယ်မှာလားရှင်၊ ဘဏ်ထဲကို ၀င်သွားပြီး သယ်ယူလာရုံပဲလား "
" အဲဒါမျိုး လုပ်ရုံလောက်ပါပဲ "

" ရှင် နောက်ပြောင်ပြောနေတာလားဟင် ... "
" ဒီလောက် ငွေများများကိစ္စကို ငါ ဘယ်တော့မှ မနောက်ဘူး၊ တို့ အမ်မရိုဘဏ်ကိုသွားပြီး နည်းနည်း ပါးပါး အကဲခတ်ကြည့်ရင် မကောင်းဘူးလား ထရေစီ "
" ရှင့်မှာ ဘာစိတ်ကူးရှိလို့လဲ "
" လမ်းကျမှ ပြောပြမယ် "
တံခါးပိတ်သံပေါ်လာပြီး အသံအားလုံး တိတ်သွားသည်။
ရဲမှူးကြီးဒူရင်းသည် သူ၏ မုတ်ဆိတ်မွေးကို ပွတ်လိုက်ပြီး ပြောလိုက်သည်။

" ဒီရွှေတွေကို သူတို့ လက်နဲ့ထိနိုင်ဖို့တောင် နည်းလမ်းလုံးဝ ရှိမှာမဟုတ်ဘူး၊ လုံခြုံရေးအစီအစဉ်အားလုံးကို ကျွန်တော် ကိုယ်တိုင် ဖတ်ရှုအတည်ပြုထားတာ "
" ခင်ဗျားတို့ဘဏ်ရဲ့ လုံခြုံရေးအစီအစဉ်တွေမှာ ယိုကွက်ဟာကွက်တစ်ခုတလေရှိမယ်ဆိုရင် ထရေစီ မြင်မှာ သေချာတယ် "
ကူးပါးက ၀င်ပြောသည်။
ရဲမှူးဒူရင်းသည် ဒေါသကို မနည်းထိန်းထားရသည်။
ဒူရင်းသည် သူ့လက်ထောက် စုံထောက်ဝှစ်ကမ့်ဘက်သို့ လှည့်ပြီး အမိန့်ပေးလိုက်သည်။

" ထောက်လှမ်းရေး အဖွဲ့တွေမှာ အင်အားတိုးပြီး ချထားလိုက်၊ ချက်ချင်း လုပ်ပေတော့၊ သူတို့ အဆက် အသွယ်လုပ်တဲ့ ဓာတ်ပုံတွေ၊ လှုပ်ရှားမှုဓာတ်ပုံတွေအားလုံး ငါ လိုချင်တယ် ရှင်းရဲ့လား "
" ဟုတ်ကဲ့ ရဲမှူးကြီး "
လ သိပ်သိပ်သည်းသည်း ကျစ်ကျစ်လျစ်လျစ် လုပ်နော်၊ မင်းတို့ နောက်ယောင်ခံလိုက်နေတာ သူတို့ လုံးဝ မသိစေနဲ့ "
" ဟုတ်ကဲ့ ရဲမှူးကြီး "
" ကဲ ဒါဆို ခင်ဗျား ဘ၀င်ကျပြီလား "
ရဲမှူးကြီး ဒူရင်းက ကူးပါးကို လှည့်ကြည့်ပြီး မေးလိုက်သည်။
ကူးပါးက ဘာမျှမဖြေ။
ထရေစီနှင့်ဂျက်တို့သည် ရဲမှူးကြီးဒူရင်း၏ လူများကို နောက်ငါးရက်စလုံးအလုပ်များသွားစေသည်။

ဒင်နရယ်ကူးပါးသည် နေ့စဉ် အစီရင်ခံစာများကို ဂရုတစိုက်ဖတ်သည်။
နေ့ဘက်တွင် ထရေစီနှင့်ဂျက်တို့သည် တစ်ယောက်တစ်လမ်းစီသွားကြသည်။
သူတို့ဘယ်လိုပင်သွားသွား၊ သွားနေသမျှနေရာအားလုံးကို စုံထောက်များက နောက်ယောင်ခံလိုက်တာ ချည်းဖြစ်သည်။
ဂျက်သည် ပုံနှိပ်တိုက်တစ်တိုက်သို့သွားပြီး ပိုင်ရှင်နှင့် စကားပြောနေသည်ကို လမ်းတစ်ဖက်မှနေ၍ စုံထောက် နှစ်ယောက် က စောင့်ကြည့်နေသည်။
ဂျက် ပြန်ထွက်သွားသောအခါ စုံထောက်တစ်ယောက်က သူ့နောက်မှ လိုက်သွားသည်။

ကျန် တစ်ယောက်က ပုံနှိပ်တိုက်ထဲ ၀င်သွားပြီး စုံထောက် အထောက်အထားကတ်ပြား ထုတ်ပြကာ သူ သိ ချင်တာကိုမေးသည်။
" ခုန ထွက်သွားတဲ့လူက ဘာလိုချင်လို့တဲ့လဲ "
" သူ့ရဲ့ အလုပ်လိပ်စာကတ်ပြား ကုန်သွားလို့တဲ့။ အဲဒါ ကတ်ပြားတွေ ထပ်ရိုက်ချင်လို့ လာအပ်တာ "
" ပြစမ်းပါဦး၊ သူ့ လိပ်စာကြည့်ရအောင် "
ပုံနှိပ်တိုက်ပိုင်ရှင်က လက်ရေးနှင့်ရေးထားသော စာရွက် တစ်ရွက်ကို ထုတ်ပြလိုက်သည်။

အမ်စတာဒမ် လုံခြုံရေးဌာန
ကော်နယ်လီးယပ်ဝီလဆင်၊ စုံစမ်းရေးမှူးချုပ်
နောက်တစ်နေ့တွင် အမျိုးသမီးစုံထောက် ဖိန်းဟော်အာသည် လိုက်ဆယ်ပလိန်လမ်းရှိ အိမ်မွေးတိရစ္ဆာန် အရောင်းဆိုင်ထဲသို့ ထရေစီ ၀င်သွားသည်ကို ခပ်လှမ်းလှမ်းမှ စောင့်ကြည့်နေသည်။
၁၅ မိနစ်ခန့်အကြာတွင် ထရေစီ ဆိုင်ထဲမှ ထွက်သွားသည်။

အမျိုးသမီးစုံထောက်သည် ဆိုင်ထဲဝင်သွားကာ အလုပ်မှတ်ပုံတင်ကတ်ပြားကိုပြပြီး သူ သိချင်တာကို မေး သည်။
ခုနက ထွက်သွားတဲ့ အမျိုးသမီးက ဘာလိုချင်လို့တဲ့လဲ "
" ရွှေငါးတစ်အိုးရယ်၊ စာဝါငှက်ရယ်၊ ခိုရယ် ၀ယ်သွားတယ် "
" ခို ... ဟုတ်လား၊ ရိုးရိုးခိုလား "
" ဟုတ်ပါတယ်၊ ဒါပေမယ့် ကျွန်မတို့ဆီမှာ ခိုက လောလောဆယ်မရှိတော့ လိုက်ရှာဖမ်းပြီး ပို့ပေးရမှာပေါ့ "
" အဲဒီ တိရစ္ဆာန်တွေ ဘယ်ပို့ပေးရမှာလဲ "

သူ တည်းခိုတဲ့ အမ်ဆယ်ဟိုတယ်ကို ပို့ပေးရမယ် "
ထိုအချိန်တွင်ပင် မြို့၏ တခြားတစ်ဖက်၌ ဂျက်သည် အမ်မရိုဘဏ် ဒုတိယဥက္ကဋ္ဌနှင့် စကားပြောနေသည်။
သူတို့ နှစ်ဦးတည်း မိနစ် ၃၀ ခန့် အခန်းတံခါးပိတ် ပြောဆိုနေကြခြင်းဖြစ်သည်။
ဂျက် ထိုဘဏ်မှ ပြန်သွားသောအခါ စုံထောက်တစ်ယောက် ဒုတိယဥက္ကဋ္ဌရုံးခန်းသို့ ၀င်သွားသည်။
" ခုန ထွက်သွားတဲ့လူ ဘာလာလုပ်တယ်ဆိုတာ သိချင်လို့ပါ "

" မစ္စတာဝီလဆင်လား၊ သူက ကျွန်တော်တို့ဘဏ်က အသုံးပြုတဲ့ လုံခြုံရေးကုမ္ပဏီက စုံစမ်းရေးမှူးချုပ် လေ၊ လုံခြုံရေးစနစ်တွေကို ပြန်ပြင်ဖို့ သူတို့ စီစဉ်နေတယ်လေ "
" လက်ရှိ လုံခြုံရေး အစီအမံတွေကိုရော ခင်ဗျားနဲ့ ဆွေးနွေးသေးသလား"
" ဘာဖြစ်လို့လဲ၊ ဆွေးနွေးတာပေါ့ "
" ခင်ဗျားက သူ့ကို လုံခြုံရေးအစီအမံတွေ ပြောပြလိုက်သလား "
" ပြောပြလိုက်တာပေါ့။ ဒါပေမယ့် မှတ်ပုံတင်ကတ်ပြားဟာ အစစ်ဟုတ်မဟုတ်သိရအောင် တယ်လီဖုန်း ဆက်မေးပြီးမှ ပြောတာပါ "
" ဘယ်သူ့ဆီကို တယ်လီဖုန်းဆက်တာတုံး "

" လုံခြုံရေးကုမ္ပဏီလေ၊ သူ့မှတ်ပုံတင်ကတ်ပြားမှာပါတဲ့ တယ်လီဖုန်းနံပတ်အတိုင်း ဆက်တာပေါ့ "
ညနေသုံးနာရီတွင် အမ်မရိုဘဏ်အပြင်ဘက်၌ သံချပ်ကာ ထရပ်ကားတစ်စီး ရပ်လာသည်။
ထိုကားကို ဂျက်က လမ်းတစ်ဖက်မှနေ၍ ဓာတ်ပုံရိုက်ယူသည်။
သူနှင့် ခပ်လှမ်းလှမ်းမှနေသူ စုံထောက်တစ်ယောက်က ဂျက် သံချပ်ကာထရပ်ကားအား ဓာတ်ပုံ ရိုက်နေ သည်ကို ပြန်လည်ဓာတ်ပုံရိုက်ယူလိုက်သည်။

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

Thursday, September 1, 2011

ဝင်းဖေဝင်း ဘာသာပြန် မနက်ဖြန်အတွက် ဒီကနေ့ အပိုင်း (၂၉)

ထရေစီ မျက်လုံးကို ဖွင့်လိုက်ရာ မျက်နှာကျက်ကို ခပ်ဝါးဝါး မြင်လာရာမှ တဖြည်းဖြည်းချင်း ထင်ရှားပြတ် သားစွာ မြင်လာရသည်။
သို့သော် မိမိ ဘယ်ရောက်နေမှန်း မသိဘဲ ဖြစ်နေသည်။
အတန်ကြာအောင် ကြိုးစားပြီး စဉ်းစားနေရသည်။
သူမ တစ်ကိုယ်လုံး ကိုက်ခဲနာကျင်နေသည်။
အလွန်ပင်ပန်းလှသော ခရီးရှည်ကြီးမှ ပြန်ရောက်လာသူကဲ့သို့ ခံစားနေရသည်။

ခေါင်းထဲက ခပ်မူးမူးနှင့်ပင် သူမ ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။
သူမ မရောက်ဖူးသော အခန်းထဲသို့ ရောက်နေမှန်း သိလိုက်ရသည်။ သူမမျက်လုံးက တစ်နေရာသို့ ရောက် သွားသောအခါ အံ့အားသင့်ပြီး နှလုံးက ဒိုင်းခနဲ ခုန်တက်သွားသည်။
သူမြင်လိုက်ရသော မြင်ကွင်းမှာ ပြတင်းပေါက်နားမှ လက်တင်ကုလားထိုင် တစ်လုံးတွင် ဂျက်စတီဗင် တစ်ယောက် အရုပ်ကြိုးပြတ်ဖြင့် အိပ်မောကျနေသည့် မြင်ကွင်းဖြစ်သည်။
မဖြစ်နိုင်။
ပသို့မျှ မဖြစ်နိုင်။

၈ျက် မိမိထံမှ စိန်သေတ္တာကိုယူပြီး ထွက်သွားသည်ကို နောက်ဆုံးမြင်ခဲ့ရသည်။
ယခု သူ ဤနေရာတွင် ဘာလာ လုပ်နေပါသနည်း။
ထရေစီက တစ်စုံတစ်ခုကို ရုတ်တရက် တွေးမိသည်။ သူမအဖြေကို သိပါပြီ။
မိမိ ဂျက်အား စိန်သေတ္တာ မှားပေးခဲ့ခြင်းဖြစ်ရမည်။
လေယာဉ်ပျံပေါ်တွင် စိန်သေတ္တာအစစ် ကျန်နေခဲ့ပြီး မိမိလက်ထဲ ပါလာသော စိန်သေတတာက အတုဖြစ် နေလိမ့်မည်။
မိမိက တစ်ပတ်ရိုက်ပြီဟု ဂျက်က ထင်ပေလိမ့်မည်။

ဂျက်က မိမိကို ဂန်သာ၏ လျှို့ဝှက်ခိုအောင်းရာအိမ်၌ ရှာတွေ့ပြီး ဤနေရာသို့ ခေါ်လာခြင်းဖြစ်ရမည်ဟု ထရေစီတွေးမိသည်။
ထရေစီ ခုတင်ပေါ်၌ အိပ်နေရာမှ ထလိုက်စဉ်မှာပင် ဂျက်လည်း မျက်လုံးပွင့်ပြီး ခေါင်းထောင်လာသည်။
ထရေစီ သူ့အား ကြည်နေသည်ကို မြင်သောအခါ ဂျက်မျက်နှာက တဖြည်းဖြည်းချင်းပြုံးလာသည်။
ပျော်ရွှင်ပုံပြလာသည်။

" သတိ ပြန်ရလာတဲ့အတွက် ၀မ်းသာပါတယ် "
ဂျက်က စိတ်သက်သာရာရသွားသည့်အသံဖြင့် ပြောလိုက်ရာ ထရေစီ ခေါင်းရှုပ်သွားသည်။
" ၀မ်းနည်းပါတယ်ဂျက် ... ကျွန်မ ရှင့်ကို သေတ္တာမှားပေးလိုက်မိတယ် "
ထရေစီ၏ အသံမှာ ကြားရသည်ဆိုရုံလေးသာ ထွက်လာသည်။
" ဘာ ... "
" ကျွန်မ သေတ္တာနှစ်လုံးရောပြီး မှားသွားတယ် "
ဂျက်က ထရေစီထံ လျှောက်လာပြီး ညင်သာစွာ ပြောလိုက်သည်။

" မဟုတ်ဘူး ထရေစီ၊ မင်း ငါ့ကို စိန်အစစ်တွေ ပေးလိုက်တာပါ၊ အဲဒါတွေ ဂန်သာဆီပို့လိုက်ပြီ။
" ဒါဖြင့် ... ရှင် ... ဘာ ... ဘာဖြစ်လို့ ဒီကို ရောက်နေရတာလဲ "
ထရေစီက စိတ်ရှုပ်သွားသည့်ပုံဖြင့် ဂျက်ကို ကြည့်ပြီး မေးလိုက်သည်။
ဂျက်က ထရေစီ၏ ခုတင်စွန်းတွင် တင်ပါးလွှဲဝင်ထိုင်လိုက်ပြီး ပြောသည်။

မင်းငါ့ကို စိန်သေတ္တာပေးလိုက်တဲ့အချိန်တုန်းက မင်းကြည့်ရတာ တော်တော် နေမကောင်းနေပုံရတယ်၊ ဒီတော့ မင်းလိုက်ရမယ့် လေယာဉ်ပေါ် ဖြောင့်ဖြောင့်တန်းတန်း ရောက်ပါ့မလားဆိုတာ သိချင်တာနဲ့ ငါလေ ဆိပ် ကနေ စောင့်ကြည့်နေတယ်၊ မင်း လေဆိပ်ရောက်မလာဘူး၊ ဒီတော့ မင်းတစ်ခုခု ဖြစ်ပြီလို့ ငါသိလိုက် တယ်၊ ဒါကြောင့် ငါ ဂန်သာ ရဲ့ လျှို့ဝှက်ခိုအောင်းအိမ်ကို လိုက်သွားတော့ အဲဒီမှာ မင်းမေ့မြောနေတာကို တွေ့ရတာပဲ၊ မင်း အဲဒီအိမ်မှာတင် သေသွားမယ့်အဖြစ်မျိုး ငါ မဖြစ်စေချင်ဘူး၊ မင်း အဲဒီလိုဖြစ်သွားရင် ရဲ အတွက် သဲလွန်စ ရသွားလိမ့်မယ်"
ထရေစီ က ဂျက်ကို နားမလည်သည့်အသွင်ဖြင့် ကြည့်နေသည်။

" ရှင် ကျွန်မဆီကို ပြန်လာတဲ့တကယ့်အကြောင်းရင်းက ဘာလဲဟင် ... ပြောစမ်းပါ "
" ကဲ ... မင်းကိုယ်ပူရှိန် အဖျားဒီဂရီတိုင်းဖို့ အချိန်ကျပြီ "
ဂျက်က စကားကို လှီးလွှဲပြောလိုက်ပြီး ထရေစီအား အဖျားဒီဂရီတိုင်းသည်။
ထရေစီ က အလိုက်သင့်နေလိုက်သည်။

" အင်း ... မဆိုးတော့ပါဘူး၊ ဒီဂရီ တစ်ရာကျော်ရုံလေးပဲရှိတော့တယ်၊ မင်းဟာ အံ့သြစရာကောင်းတဲ့ လူနာ တစ်ယောက်ပဲ "
" ဂျက် ... "
" ငါ့ကို ယုံကြည်စမ်းပါကွာ၊ မင်းဆာသလား "
" သိပ်ကို ဆာနေပြီ "
" ခဏလေးစောင့်နေ၊ ငါ စားစရာတွေ သွားယူလိုက်ဦးမယ် "
ဂျက် အခန်းထဲမှ ထွက်သွားသည်။
ခဏအကြာတွင် စားစရာ သောက်စရာများဝယ်ပြီး ပြန်လာသည်။

လိမ္မော်ရည်၊ နို့၊ သစ်သီးများ၊ ဒိန်ခဲ၊ အသားနှင့် ငါးတို့ညှပ်ပြီး အဆာသွတ်ထားသော ပေါင်မုန့်များပါလာ သည်။
" ကဲ ... စားပေတော့၊ ဖြည်းဖြည်းချင်းစားနော် "
ဂျက်က ထရေစီကို အိပ်ရာပေါ်တွင် လှဲနေရာမှ ထူပေးပြီး ထိုင်စေကာ အစားအသောက်များ ကျွေးမွေး သည်။
ဂျက်သည် ဂရုတစိုက်နှင့် ကြင်ကြင်နာနာလုပ်ပေးနေသည်။
သူထိုသို့ပြုစုလုပ်ကိုင်ပေးနေခြင်းမှာ အကြောင်းတစ်ခုကြောင့်ဖြစ်ရမည်ဟု ထရေစီ စိုးရိမ်စိတ်ဖြင့် အတွေး ၀င် လာ သည်။
သူတို့ စားသောက်နေစဉ်မှာပင် ဂျက်က ပြောသည်။

" ငါ အပြင်ကို အစားအသောက်တွေ သွားဝယ်တုန်းက ဂန်သာဆီကို တယ်လီဖုန်း လှမ်းဆက်လိုက် သေးတယ်၊ စိန်တွေ သူ့ဆီရောက်ပြီတဲ့၊ မင်းရမယ့် ပိုက်ဆံဝေစုကိုလည်း ဆွစ်ဇာလန်က မင်းရဲ့ ဘဏ် စာရင်း ထဲမှာ သွင်းပေးလိုက်ပြီတဲ့ "
" ပိုက်ဆံအားလုံး ကို ရှင်တစ်ယောက်တည်း ဘာကြောင့် မယူလိုက်တာလဲ "
ထရေစီသည် မမေးဘဲ မနေနိုင်သဖြင့် ထုတ်မေးလိုက်သည်။
" တို့နှစ်ယောက် ပညာပြိုင်နေရာက ရပ်ဖို့ အချိန်တန်ပါပြီ၊ ဟုတ်တယ်နော်။
ဂျက်က အလေးအနက်ပြောလိုက်သည်။

" ဟုတ်ပါတယ် "
ထရေစီကတော့ ဤသည်မှာလည်း ဂျက်၏ လှည့်ကွက်တစ်ခုဟု စိတ်ထဲကထင်နေသည်။
သို့သော် အလိုက်သင့်ဖြေလိုက်သည်။
" မင်း ကိုယ်ခန္ဓာ အတိုင်းအထွာတွေကို ငါ့ကို ပြောပြမယ်ဆိုရင် မင်းအတွက် ငါအ၀တ်အစားတချို့သွား ၀ယ် လာပေးမယ်လေ၊ ဒတ်ခ်ျလူမျိုးတွေက သိပ်ရှေးမဆန်ပါဘူး၊ အမြင်ကျယ်ပါတယ်၊ ဒါပေမယ့် မင်းဒီ အတိုင်း လမ်းလျှောက်သွားတာ မြင်ရင်တော့ သူတို့ အံ့အားသင့်ပြီး ကြက်သေ သေသွားကြလိမ့်မယ်"
ထရေစီ သည် သူမကိုယ်ပေါ်မှ အိပ်ရာခင်းပိတ်စကို ပိုပြီးလုံအောင် အပေါ်သို့ ဆွဲတင်လိုက်သည်။

ဂျက်က သူမအား အ၀တ်အစားများ ချွတ်ပေးပြီး ရေဖတ်တိုက်ပေးခဲ့သည့် ဖြစ်ရပ်များကို ၀ိုးတ၀ါးသိမြင် လာပြီး ရှက်ကိုးရှက်ကန်းဖြစ်လာသည်။
ဂျက်သည် သူ၏ လုံခြုံရေးအန္တရာယ်နှင့် ရင်ဆိုင်ကာ မိမိကို ပြုစုစောင့်ရှောက်ခဲ့သည်။
ဘာကြောင့်နည်း၊ ထရေစီသည် မိမိဂျက်အကြောင်း ကောင်းကောင်းနားလည်သည်ဟု ယုံကြည်ခဲ့သည်။
တကယ်တော့ မိမိသူ့ကို ပသို့မျှ နားမလည်ပါချေတကား။
ထရေစီ အိပ်ပျော်သွားပြန်သည်။

မွန်းလွဲပိုင်းတွင် ဂျက်သည် ခရီးဆောင်သေတ္တာ နှစ်လုံးအပြည့် အ၀တ်အစားနှင့် အသုံးအဆောင်များ ၀ယ်ပြီး ပြန်ရောက်လာသည်။
ဝတ်စုံများ၊ ၀တ်ရုံများ၊ ည၀တ်အင်္ကျီများ၊ ခြေအိတ်ရှည်များ၊ အတွင်းခံ ဘောင်းဘီများနှင့် ဖိနပ်များပါမကျန် ၀ယ်လာသည်။
ထို့အပြင် အလှပြင် မိတ်ကပ်သေတ္တာတစ်လုံး၊ ဘီး၊ ဘရပ်ရှ်၊ ဆံပင်အခြောက်ခံ ကိရိယာ၊ သွားပွတ်တံ၊ သွား တိုက်ဆေး တို့လည်း ပါလာသည်။
သူ့အတွက်လည်း အလဲလဲအဖယ်ဖယ် ၀တ်နိုင်ရန် အ၀တ်အစားများ ၀ယ်လာသည်။

" အင်တာနေရှင်နယ် ဟာရယ်ထရီဗွန်း" သတင်းစာ တစ်စောင်လည်း ဂျက် ၀ယ်လာခဲ့သည်။
ရှေ့မျက်နှာဖုံး တွင် စိန်များ လေယာဉ်ပေါ်မှ အပိုင်စီး အခိုးခံလိုက်ရသည့်သတင်းပါလာသည်။
မည်သို့မည်ပုံ ခိုးသွားသည်ကို ရဲကမှန်းဆတွက်ချက်၍ရကြောင်း ရေးသားဖော်ပြထားသည်။ သို့သော် မည်သည့် သဲလွန်စမျှ မကျန်ခဲ့ဟုဆိုသည်။
" တို့အတွက် စိတ်အေးရပြီ၊ အခု တို့လုပ်ရမှာကတော့ မင်း ပြန်နေကောင်းလာဖို့ပဲ "
ဂျက်က ၀မ်းသာအားရ ပြောလာသည်။

တကယ်တော့ "တီဒဗလျူ"စာလုံး နှစ်လုံးပါသောလည်စည်းအကြောင်းကို သတင်းစာများသို့ ပြောမပြဘဲ ချန် ထားရန် ဒင်နရယ်ကူးပါး က အင်တာပိုမှ ရဲမှူးကြီး ထရစ်နန့်ကို အကြံပေးခဲ့ခြင်းဖြစ်သည်။
" ဒီလည်စည်း ဘယ်သူ့ဟာဆိုတာ ကျွန်တော်တို့ သိနေတာပဲ၊ ဒါပေမယ့် အဲဒါဟာ ရုံးတင်တရားစွဲဖို့ လုံလောက် တဲ့ သက်သေခံ အထောက်အထားမဖြစ်သေးဘူး၊ အဲဒီ အတိုကောက်စာလုံး နှစ်လုံးနဲ့စတဲ့ ဥရောပ တစ်ဝန်း က တခြား အမျိုးသမီးတွေရဲ့ နာမည် တသီတတန်းကြီးကို ထရေစီဝှစ်တနေရဲ့ ရှေ့နေက ရုံးမှာ တင်ပြလာမှာ သေချာတယ် "
ထရေစီ အိပ်ရာကနိုးလာသောအခါ မှောင်နေချေပြီ။

အိပ်ရာပေါ်တွင် ထိုင်လိုက်ပြီး ခုတင်ဘေး စားပွဲပုလေးပေါ်ရှိ မီးတိုင်ကိုဖွင့်လိုက်သည်။
အခန်းထဲတွင် သူမ တစ်ယောက်တည်း၊ သူ သွားချေပြီ၊ သူမ ရင်ထဲ၌ တစ်မျိုးကြီးခံစားလာရသည်။
မိမိသည် ဂျက်အပေါ် မှီခိုခဲ့ရခြင်းသည် မိုက်မဲသော အမှားတစ်ရပ်ဟု မြင်လာသည်။
ထရေစီသည် အိပ်ရာပေါ်တွင် ပြန်ပက်လက်လှန်လိုက်သည်။
မျက်စိကို အသာမှိတ်ပြီး အတွေး ရေယဉ်ကျော၌ မျောလိုက်သည်။
မိမိ ဂျက်ကို သတိရနေပေတော့မည်။

လွမ်းဆွတ်တမ်းတနေပေတော့မည်။
ထိုစဉ်မှာပင် တံခါးပွင့်သွားသည့်အသံ ပေါ်လာပြီး ဂျက် အသံကိုပါ တပါတည်း ကြားလိုက်ရသည်။
" ထရေစီ မင်းနိုးနေသလား၊ မင်း ဖတ်ဖို့ ငါစာအုပ်နဲ့ မဂ္ဂဇင်းတွေ ယူလာတယ်၊ ငါတော့ မင်း .... "
ဂျက်သည် သူ့စကားကို ရပ်လိုက်သည်။
ထရေစိ၏ ညိုးငယ်နေသော မျက်နှာကို မြင်ရသောအခါ ပျာပျာသလဲ ဖြစ်သွားသည်။

" ဟေး ... မင်း အခုဘာဖြစ်လို့လဲဟင် "
ဂျက်က မေးသည်။
" အခုတော့ ဘာမှ မဖြစ်သေးပါဘူး လ
ထရေစီက တိုးတိုးလေး ပြောလိုက်သည်။
နောက်တစ်နေ့နံနက်တွင် ထရေစီ၌ အဖျားသွေးတို့မရှိတော့ချေ၊ နာလန်ထူလာသည်။
" ကျွန်မ အပြင်ထွက်ချင်တယ် ဂျက်ရယ် ...၊ ကျွန်မတို့ လမ်းလေဆာက်ထွက်လို့ ဖြစ်မလား လ
သူတို့နှစ်ယောက် ဆင်းလာသောအခါ အောက်ထပ်ဧည့်ခန်းထဲတွင် တည်းခိုခန်းပိုင်ရှင် လင်မယားနှင့် တွေ့သည်။

ထရေစီ နာလန်ထူလာသဖြင့် သူတို့လည်း ၀မ်းသာနေကြသည်။
" ညည်းယောက်ျားကတော့ တကယ်ပါပဲတော်၊ ညည်းဝေယာဝစ္စမှန်သမျှ သူကိုယ်တိုင် အားလုံးလုပ်ရမှ ကြိုက်တာ၊ ညည်းအတွက် လဲ ပူပန်လိုက်ရတာ လွန်နေတာပဲ၊ ကိုယ့်အပေါ် သိပ်ချစ်တဲ့ ယောက်ျားမျိုးရတာ ညည်း သိပ်ကံကောင်းတာပဲ "
တည်းခိုခန်းပိုင်ရှင်ကတော်ကြီးက ထရေစီကို ပြောသည်။
ထရေစီက ဂျက်ကို လှမ်းကြည့်သည်။
ဂျက် မျက်နှာတွင် ရှက်သွေးဖြာနေသည်။

ဂျက်သည် ထရေစီ၏ ခုတင်ဘေးတွင် ခေါက်ခုတင်အသေးလေးတစ်လုံးချပြီး အိပ်သည်။
ထိုညက ထရေစီ အိပ်ရာထဲတွင် လှဲနေစဉ်၌ ဂျက်က မိမိအား တယုတယ ပြုစုစောင့်ရှောက်ခဲ့ပုံများ၊ မိမိ၏ သဘာဝခန္ဓာကိုယ်ကို ရေဖတ်တိုက် ရေချိုး လုပ်ပေးခဲ့ပုံများကို ပြန်ပြောင်းသတိရနေမိသည်။
တဖြည်းဖြည်းနှင့် ထရေစီ ပိုမိုကျန်းမာသန်စွမ်းလာသည်နှင့်အမျှ ဂျက်နှင့်သူမသည် ထိုမြို့ကလေးတွင် ပိုမို သွားလာလည်ပတ်နိုင်လာကြသည်။
အလယ်ခေတ်ကတည်းက ဖောက်ထားသော ကျောက်တုံးနီနီကလေးများ ခင်းထားသည့် လေတဖြူးဖြူး တိုက် နေသော လမ်းများတွင်လည်း သူတို့ လျှောက်ခဲ့ကြသည်။
မြို့စွန်ဘက် ရှိ ဂမုန်းပန်းခင်းများသို့လည်း ရောက်သည်။

ဒိန်ခဈြေးသို့လည်း သွားခဲ့သည်။
မြူနီပါယ်ပြတိုက်တွင်လည်း လေ့လာကြသည်။
ဂျက်က မြို့ခံလူများကို ဒတ်ခ်ျဘာသာစကားဖြင့် ပြောသောအခါ ထရေစီ အံ့သြရသည်။
" ရှင် ဒတ်ခ်ျစကားကို ဘယ်မှာသင်တာလဲ "
" ဒတ်ခ်ျကောင်မလေး တစ်ယောက်က သင်ပေးထားတာ "
ထရေစီ သည် ထိုမေးခွန်းကို မေးမိသည့်အတွက် သူကိုယ်သူ ဒေါပွနေမိသည်။

တစ်နေ့ပြီး တစ်နေ့ ကုန်ဆုံးလာသည်နှင့်အမျှ ထရေစီ၏ ကိုယ်ခန္ဓာမှာလည်း နဂိုအတိုင်း ပြန်လည် ပြည့်ဖြိုး စိုပြည်လာသည်။
ထရေစီ ကျန်းမာရေး ကောင်းလာပြီဖြစ်၍ ဂျက်က စက်ဘီးနှစ်စီးငှားကာ စက်ဘီးဖြင့် သူတို့ လျှော်ကလည် ကြသည်။
ထိုနေ့ကလေးများသည် ချစ်စရာကောင်းသော ပျော်စရာနေ့ကလေးများ ဖြစ်လာသည်။
ထိုနေ့ကလေးများ ဘယ်သောအခါတွင်မှ မကုန်ဆုံးစေချင်သည့်ဆန္ဒ ထရေစီ၏ ရင်ထဲ၌ ပေါ်လာသည်။
ထရေစီ အဖို့ ဂျက်မှာ ဆက်လက်ပြီး အံ့အားသင့်စရာကောင်းနေသည်။

သူမအတွက် အကြင်နာ အယုယနှင့် အစိုးရိမ် အပူပန်များက ဂျက်တွင် အမြဲရှိနေသည်။
အခန်းကျဉ်းကလေးထဲတွင် လွတ်လပ်သူနှစ်ဦးအတူ အိပ်ကြသော်လည်း ဂျက်က လုံးဝ အခွင့်အရေး မယူပေ။
ဂျက်သည် ထရေစီအဖို့ စဉ်းစားရခက်သူတစ်ယောက်ဖြစ်နေသည်။
ဂျက်သည် မိန်းမလှလေးများကို ထည်လဲတွဲခဲ့မှန်းထရေစီသိသည်။
ယခု သူ မိမိနားတွင် အဘယ့်ကြောင့် အဓိပ္ပာယ်မရှိ အကျိုးမရှိ နေရပါသနည်း။

ထရေစီသည် မိမိတစ်သက်တွင် မည်သူ့ကိုမျှ မပြောပြတော့ဟု စိတ်ပိုင်းဖြတ်ထားသော မိမိဘ၀ နောက် ကြောင်းကို ဂျက်အား ထုတ်ပြောမိသည်။
ဂျိုးရိုမာနိုနှင့် တိုနိအော်ဆက်တီအကြောင်း ကပ္ပလီမကြီးအာနက်စတိုင်း နှင့် ဆွီဒင်မကြီး ဘာသာ အကြောင်း အေမီလေး အကြောင်းတို့ကို ပြောပြဖြစ်ခဲ့သည်။
ဂျက် ကလည်း ထရေစီအား သူ့မိထွေးအကြောင်း။ ဦးလေးဝီလီအကြောင်း၊ လောင်းကစားပျော်ပွဲအဖွဲ့နှင့် နယ်လှည့် သွားရသည့် အကြောင်းအပြင် လူစီနှင့် လက်ထပ်ခဲ့သည့် အကြောင်းပါမကျန် ပြောပြသည်။

ထရေစီသည် မည်သည့်အခါမျှ လူတစ်ယောက်နှင့် ဤမျှမရင်းနှီးခဲ့ပါချေ။
ရုတ်တရက် ခွဲခွာရန် အချိန်ရောက်လာသည်။
တစ်မနက် တွင် ဂျက်က စ ပြောလာသည်။

" ရဲကတော့ တို့ကို လိုက်မရှာတော့ဘူး၊ တို့ ဒီကသွားသင့်ပြီ ထင်တယ် "
ထရေစီ ရင်ထဲတွင် နင့်ခနဲဖြစ်သွားသည်။
" ကောင်းပြီလေ၊ ဘယ်တော့သွားကြမလဲ "
" မနက်ဖြန် "
" မနက်ကျမှပဲ အထုပ်အပိုးပြင်တော့မယ် "
ထရေစီက ခေါင်းညိတ်ပြပြီး ပြောလိုက်သည်။

ထိုညက ထရေစီအိပ်မပျော်ဘဲ အိပ်ရာထဲတွင် တလူးလူး တလွန့်လွန့်ဖြစ်နေသည်။
ဂျက် အခန်းထဲ ၌ မိမိနှင့်အတူ ရှိနေသည်ကို ခါတိုင်းထက် ပိုသတိရနေသည်။
မိမိဘ၀ တွင် မမေ့နိုင်သော အချိန်ကာလပင်ဖြစ်သည်။
ထို အချိန်ကာလ သည် ကုန်ဆုံးပေတော့မည်။
ဂျက် တုံးလုံးလှဲနေသော ခေါက်ခုတင်လေးဘက်သို့ ထရေစီ လှမ်းကြည့်လိုက်သည်။
" ရှင် အိပ်နေပြီလား "
ထရေစီ တိုးတိုးညင်းညင်းလေး မေးလိုက်သည်။

" ဟင့် အင်း ... "
" ရှင် ဘာတွေ တွေးနေလဲ "
" နက်ဖြန် ဒီနေရာက ခွာရတော့မယ့် အကြောင်းလေးကိုတော့ သတိရ လွမ်းနေမိတော့မှာပဲ "
" ကျွန်မလဲ ရှင့်ကို သတိရနေ လွမ်းဆွတ် နေမှာပါဂျက်ရယ် "
ထို စကားလုံးများက ထရေစီ ပါးစပ်မှ အလိုအလျောက် ထွက်သွားသည်။
ဂျက်က အိပ်နေရာမှ ဖြည်းဖြည်း ထထိုင်လိုက်ပြီး ထရေစီကို လှမ်းကြည့်ကာ မေးလိုက်သည်။

" ဘယ်လောက်တောင်လဲ "
" အို ... မပြောနိုင်လောက်အောင်ပဲပေါ့ "
တစ်ခဏအတွင်းမှာပင် ဂျက်သည် ထရေစီ၏ ခုတင်ပေါ် ရောက်လာပြီး သူမဘေး၌ ၀င်လှဲလိုက်သည်။
" ထရေစီ "
" ရှူး ပါးစပ်ပိတ်ထား၊ မောင့်လက် နဲ့ ကျွန်မကို အသာ ဖက်ထားစမ်းပါ "
ရင်ထဲတွင် ကိုယ်စီကိုယ်ငရှိနေသော သိုသိပ်ဝှက်ကွယ်ထားသည့် မေတ္တာတရားများ ပေါက်ကွဲလွင့်အန် ထွက်လာကြသည်။
အချစ်နှင့် မေတ္တာတို့ နှလုံးသားမှာ ဆိတ်သုဉ်းကွယ်ပျောက်ခဲ့ပြီဟု ထင်ခဲ့သော ထရေစီ။
ယခုတော့ အိပ်မောကျနေသည့် နှလုံးက တစ်ရေးနိုးလာသည်။
နှလုံးသား ၏ အလိုဆန္ဒနောက် ခန္ဓာကိုယ်က ကောက်ကောက်ပါခဲ့ရပြီ။

ချိုမြိန်သော အချစ်၏ အရသာကိုလည်း တစ်သက်တာတွင် ပထမဆုံးအကြိမ် တစ်ဝကြီး ခံစားလိုက်ရ သည်။
အရုဏ်ဦး ရောင်နီ သမ်းလာချိန်တွင် ဂျက်က ပြောလာသည်။
" မောင့်ကို လက်ထပ်ပါ ထရေစီရယ် "
" အို ... မောင်ရယ်၊ မောင် တကယ်ပဲနော် "
" တကယ်ပါ အချစ်ရယ် "
ထရေစီ အတွက် နက်ဖြန်ဆိုသော အနာဂတ်သည် တကယ်ရှိလာချေပြီ။
*
ချစ်ရည်လူး၍ အချိန်အတော်ကြာမှ ထရေစီက ဂျက်ကိုမေးလိုက်သည်။
" မောင် ကျွန်မကို ချစ်နေတယ်ဆိုတာ ဘယ်တုန်းက သိတာလဲဟင် ... "
" မင်း ဟိုအိမ်ထဲမှာ သေလုမြောပါး ဖြစ်နေတာကို မြင်လိုက်ရတုန်းကပေါ့၊ အဲဒီတုန်းမှာ ငါအတော် စိတ်လှုပ် ရှား ထိခိုက် သွားတယ် "
" ကျွန်မကတော့ မောင် စိန်တွေယူပြီး ပြေးပြီထင်နေတာ "
ထရေစီက သူပထင်မြင်ချက်ကို အမှန်အတိုင်းပင် ၀န်ခံပြောကြားလိုက်သည်။
" ဂျက်က ထရေစီကို ဖက်လိုက်ပြီး လေအေးလေးဖြင့်ပြောသည်။

" ထရေစီ ... မဒရစ်မှာ ငါ မင်းကို လူလယ်ကျခဲ့တာဟာ ငွေလိုချင်လို့ မဟုတ်ပါဘူးကွာ၊ တကယ်တော့ ပညာပြိုင်ကြတာပါ "
ထရေစီက ခေါင်းညိတ် ၀န်ခံပြီးမှ ပြန်ပြောသည်။
" ဟုတ်ပါတယ်၊ ကျွန်မလဲ အစတုန်းကတော့ ဒီအလုပ်တွေလုပ်တာ ငွေကြောင့်ပါ၊ နောက်ပိုင်းတော့ မဟုတ် တော့ဘူး၊ မခံချင်တာရယ်၊ ပညာပြချင်တာရယ် ပါလာတယ်၊ ကျွန်မ ပိုက်ဆံတွေ တော်တော်များများ လှူပစ်လိုက်တာပဲ၊ တကယ်တော့ မသမာတဲ့နည်းနဲ့ ချမ်းသာကြွယ်ဝပြီး အောင်မြင် ကျော်ကြား နေတဲ့လူတွေ ကို ဆုံးမရတာ သူတို့နဲ့ ဥာဏ်ပြိုင်ရတာကို ကျွန်မ သာယာယစ်မူးလာခဲ့တယ်၊ အန္တရာယ်နဲ့ ရင်ဆိုင် နပန်း လုံးပြီး လွတ်အောင် ရှောင်ရတာကို ပျော်လာတယ် "
အတော် ကြာအောင် နှစ်ဦးသား စကားမပြောဘဲ ငြိမ်သွားပြီးမှ ဂျက်က မေးလိုက်သည်။

" ထရေစီ ဒီအလုပ်ကို စွန့်လွှတ်ပစ်လိုက်ဖို့ဆိုရင် မင်းစိတ်ထဲမှာ ဘယ်လိုနေမလဲ "
" စွန့်လွှတ်လိုက်ဖို့ ဟုတ်လား၊ ဘာဖြစ်လို့လဲ "
ထရေစီက အံ့အားသင့်စွာဖြင့် ဂျက်ကို ကြည့်ပြီး မေးလိုက်သည်။
အလျင်တုန်းကတော့ တို့နှစ်ယောက်ဟာ တစ်ယောက်တစ်ဘ၀စီ သီးခြားရပ်တည်ခဲ့ကြတယ်မဟုတ်လား၊ အခုတော့ အခြေအနေက ပြောင်းသွားပြီလေ၊ နှစ်ယောက်ပေါင်းတစ်ဘ၀ ဖြစ်လာကြညပီ၊ ဒီတော့ အန္တရာယ် ဖြစ်လာမှာကို မလိုလားတော့ဘူး၊ ဘာဖြစ်လို့ နောက်ထပ် အန္တရာယ်နဲ့ ရင်ဆိုင်တော့ မလဲ တို့အတွက် ဘ၀တစ်လျှောက်လုံး လိုအပ်မယ့် ငွေတွေလဲရှိနေပြီ၊ ဒီတော့ တို့ဒီအလုပ်က အနားယူဖို့ စဉ်းစား သင့်ပြီ မဟုတ်လား "

" ဒါဖြင့် ကျွန်မတို့ ဘာအလုပ် လုပ်ကြမှာလဲ ဂျက် "
" တစ်ခုခုလုပ်ဖို့တော့ စဉ်းစားရမှာပေါ့ "
ဂျက်က ပြုံးစိစိနှင့်ပြောသည်။
" လေးလေးနက်နက် စဉ်းစားစမ်းပါ မောင်ရယ်၊ ကျွန်မတို့ရဲ့ ဘ၀တစ်သက်တာကို ဘယ်လိုအသုံးချမှာလဲ"
" တို့ကြိုက်တာ ဘာမဆို လုပ်မှာပေါ့၊ ခရီးသွားမယ်၊ ၀ါသနာပါတာတွေ လုပ်မယ်၊ ရှေးဟောင်းသုတေသန ပညာ ကို ငါဝါသနာပါတယ်၊ တူနီးရှားမှာ ရှေးဟောင်းသုတေသနတူးဖော်မှုတွေ သွားလုပ်ချင်တယ်၊ ငါ့မိတ် ဆွေတစ်ယောက်ကို အဲဒီလုပ်ဖို့ ကတိပေးခဲ့ဖူးတယ်၊ တို့ တစ်ကမ္ဘာလုံးအနှံ့ လျှောက်သွားတာပေါ့ "

" အင်း တကယ့်ကို စိတ်ဝင်စားစရာပဲ "
" ကဲ ဒါဖြင့် မင်းဘက်က ဘာပြောချင်သေးသလဲ "
" မောင် ကြိုက်သလိုသာ စီစဉ်ပါလို့ပဲ ပြောချင်တယ် "
ထရေစီက ညင်ညင်သာသာလေး ဖြေလိုက်သည်။
" ဒါဖြင့် တို့ ဒီအလုပ်က အနားယူပြီဆိုတာ ရဲဘက်ကို တရားဝင် ကြေညာချက်ပို့ရင် ကောင်းမလားလို့ စဉ်းစားနေတာ "
နောက်တစ်နေ့တွင် ဂျက် အပြင်ထွက်နေစဉ် ဂန်သာဟာတော့က သူတို့ထံ တယ်လီဖုန်း လှမ်းဆက်သည်။
" နေကောင်းရဲ့လား ထရေစီ "
" ကောင်းပါတယ် ဂန်သာ "

ထရေစီ မည်သို့မည်ပုံ ဖြစ်သည်ကို ကြားသိရပြီး နောက်ပိုင်းတွင် ဂန်သာသည် သူတို့ထံနေ့စဉ် တယ်လီဖုန်း ဆက် သည်။
ထရေစီ က သူမနှင့် ဂျက်တို့ချစ်ကြိုက်ကြပြီး လက်ထပ်တော့မည့်အကြောင်းကို ဂန်သာအား အသိမပေး သေးဘဲ ထားရန် ဂျက်ကိုပါ နှုတ်ပိတ်ထားသည်။
" မင်းနဲ့ ဂျက်တို့နှစ်ယောက် အဆင်ပြေကြရဲ့လား "
ထရေစီက ပြုံးလိုက်ပြီးမှ တယ်လီဖုန်းထဲက ဖြေလိုက်သည်။

" သိပ်ကို အဆင်ပြေတာပေါ့ "
" ဒါဖြင့် မင်းတို့ နှစ်ယောက်တွဲပြီး အလုပ်ထပ်လုပ်ဖို့ စိတ်ကူးသေးသလား "
ထရေစီအဖို့ ထုတ်ပြောဖို့ အချိန်တန်လာပြီ။
" ဂန်သာ ... ကျွန်မတို့ အဲဒီအလုပ် မလုပ်တော့ဘူး။ စွန့်လွှတ်တော့မယ် "
တဖက်မှ အသံပြန်ပေါ်မလာဘဲ ခေတ္တငြိမ်သွားသည်။

" ငါတော့ နားမလည်နိုင်အောင် ဖြစ်နေပြီ ထရေစီ "
" ဂျက်နဲ့ ကျွန်မနဲ့ဟာလေ ဂျိန်းကာနေရဲ့ ဟိုတုန်းက ရုပ်ရှင်ထဲမှာ ပါနေကျစကားနဲ့ ပြောရရင် ရိုးရိုးဖြောင့် ဖြောင့်ပဲ လျှောက်လှမ်းတော့မယ် "
"ဘာ ... ဘယ်လို ... ဘာပြောတယ် "
" အဲဒါ ဂျက်ရဲ့ဆန္ဒပဲလေ၊ ကျွန်မကလဲ သဘောတူတယ်၊ အန္တရာယ်ရှိတာ စွန့်စားရတာတွေ မလုပ်တော့ ဘူး"
" ငါ စိတ်ကူးထားတဲ့ အလုပ်က မင်းတို့အတွက် ဒေါ်လာ နှစ်သန်းရမယ်၊ ပြီးတော့ ဘာအန္တရာယ်မှမရှိနိုင် ဘူးလို့ ဆိုကြပါစို့ "
" ရယ်စရာပါလား ဂန်သာရယ် "

" ငါ အလေးအနက်ပြောနေတာပါ ထရေစီ၊ မင်းတို့ အမ်စတာဒမ်မြို့ကိုသွားရမယ်၊ အခု မင်းတို့ ရောက်နေ တဲ့ မြို့ကလေးကဆိုရင် တစ်နာရီ ခရီးပဲရှိတယ်၊ ပြီးတော့ ... "
" ကျွန်မတို့အစား ဒိပြင်လူသာ ရှာပါတော့ ဂန်သာ "
ဂန်သာဟာတော့ သက်ပြင်းချလိုက်သည်။
" ဒီအလုပ်မျိုးလုပ်နိုင်မယ့်လူ မင်းတို့ကလွဲလို့ တခြားမရှိနိုင်ပါဘူး၊ အနည်းဆုံးဖြစ်နိုင် မဖြစ်နိုင်ဆိုတာ ဂျက်နဲ့ တိုင်ပင်ကြည့်ပါဦး "
" ကောင်းပြီလေ ... တိုင်ပင်ကြည့်ပါ့မယ်၊ ဒါပေမယ့် အကြောင်းတော့ ထူးမယ်မထင်ပါဘူး "
"ညနေကျရင် ငါ တယ်လီဖုန်းပြန်ဆက်မယ်လေ "

ဂျက် ပြန်လာသောအခါ ထရေစီက ဂန်သာယာတော့ တယ်လီဖုန်းဆက်သည့်အကြောင်း ပြောပြသည်။
" တို့ဟာ ဥပဒေကို လေးစားလိုက်နာတဲ့ နိုင်ငံသားတွေ ဖြစ်နေပြီဆိုတာ မင်း မပြောပြလိုက်ဘူးလား ထရေစီ"
" ပြောလိုက်တာပေါ့မောင်ရယ်၊ တခြားလူသာ ရှာပါတော့လို့တောင် ပြောလိုက်သေးတယ် "
" ဒါပေမယ့် သူက တခြားလူ မရှာချင်ဘူး မဟုတ်လား "
ဂျက် မေးလိုက်သည်။

" သူက ကျွန်မတို့ကိုပဲ လိုချင်တယ်တဲ့၊ ဘာအန္တရာယ်မှလဲ မရှိနိုင်ပါဘူးတဲ့၊ ကျွန်မတို့ အနည်းအကျဉ်း ကြိုးစား လုပ်ကိုင်လိုက်တာနဲ့ ဒေါ်လာ နှစ်သန်းရမယ်တဲ့ "
" သူ စိတ်ကူးထားတဲ့အလုပ်က ဖော့နော့စ်ရွှေတိုက်ကြီးလို လုံခြုံအောင် ကာကွယ်စောင့်ရှောက်ထားတဲ့ အလုပ်နဲ့ တူတယ် "
" ဒါမှ မဟုတ်လဲ ပရာဒိုပြတိုက်လိုနေရာမျိုးဖြစ်မှာပေါ့ "
ထရေစီက ပြောင်ချော်ချော် ပြောလိုက်သည်။

" ပရာဒိုမှာ မင်းလုပ်သွားပုံက တကယ်ကို သေသပ်ပိရိတယ် အချစ်ရယ်၊ အဲဒီမှာတင် မင်းကို ငါ စ ချစ်မိသွားတာပဲလို့ ထင်တယ် "
" ကျွန်မကတော့ မောင် ကျွန်မရဲ့ ပန်းချီကားကို ဖြတ်ခုတ်သွားတဲ့အချိန်မှာ မောင့်ကို စပြီး မုန်းမိတာပဲလို့ ထင်တယ် "
" အင်းလေ ... မင်းဘက်က မှန်ပါတယ်၊ တကယ်တော့ မင်း အဲဒီထက် အလျင်ကတောင်စပြီး မောင့်ကို မုန်း သင့်နေတာပါ "
" ဟုတ်တယ်နော်၊ ကဲ ဒါဖြင့် ကျွန်မတို့ ဂန်သာကို ဘာပြန်ပြောမလဲ "
" မင်း သူ့ကို ပြောလိုက်ပြီးပြီပဲ၊ တို့ ဒီအလုပ်မျိုး နောက်မလုပ်တော့ဘူးလေ "

"သူ ဘာတွေစဉ်းစားစီစဉ်ထားတယ်ဆိုတာ သိအောင်တော့ အနည်းဆုံး နားမထောင်သင့်ဘူးလား "
" ထရေစီ တို့နှစ်ယောက် သဘောတူထားတာက ... "
" ကျွန်မတို့ကလဲ အမ်စတာဒမ်မြို့ကို ပြန်သွားရမှာပဲ မဟုတ်လား "
" ဟုတ်တယ်လေ ဒါပေမယ့် ... "
" အင်းလေ ... ကျွန်မတို့ကလဲ အမ်စတာဒမ်မြို့ကို ရောက်မယ့် အတူတူတော့ သူ ဘာပြောချင်တယ်ဆိုတာ နားထောင်လိုက်ရင် မကောင်းဘူးလား "
" မင်း အဲဒီအလုပ်ကို လုပ်ချင်လို့လား ထရေစီ "
ဂျက်က သံသယမျက်လုံးဖြင့် ကြည့်ပြီး မေးလိုက်သည်။

" လုံးလုံးမလုပ်ချင်ပါဘူး၊ ဒါပေမယ့် သူ ပြောစရာရှိတာကို နားထောင်ရုံနဲ့တော့ ကျွန်မတို့အဖို့ ဘာမှ ထိခိုက်နစ်နာမသွားနိုင်ပါဘူးမောင်ရယ် "
ဂျက်နှင့်ထရေစီတို့သည် နောက်တစ်နေ့တွင် အပ်စတာဒမ်မြို့သို့ ကားဖြင့်သွားကြပြီး "အမ်ဆယ်"ဟိုတယ် ကြီးတွင် တည်းခိုကြသည်။
ဂန်သာဟာတော့သည် သူတို့နှင့်တွေ့ရန် လန်ဒန်မှ အမ်စတာဒမ်လို လေယာဉ်ဖြင့် ရောက်လာသည်။
အမ်ဆမ်မြစ်ထဲမှ အပျော်စီး အပန်းဖြေ သင်္ဘောတစ်စင်းပေါ်ရှိ စားပွဲတစ်လုံးတွင် သူတို့သုံးယောက်သည် သာမန် ကမ္ဘာလှည့်ခရီးသည်များသဖွယ် ရှုခင်းကြည့်ရင်း လိုက်ပါလာကြသည်။
" မင်းတို့ နှစ်ယောက် လက်ထပ်ကြတော့မယ်ဆိုလို့ ငါသိပ်ဝမ်းသာတယ်၊ လှိုက်လှိုက်လှဲလှဲဂုဏ်ပြုကြိုဆို ပါတယ် "
ဂန်သာ က ပြောသည်။

" ကျေးဇူးပဲ ဂန်သာ "
ထရေစီက ပြန်ပြောသည်။
ဂန်သာ သဘောရိုးဖြင့်ပြောမှန်း ထရေစီသိသည်။
" မင်းတို့ရဲ့ အနားယူချင်တဲ့ ဆန္ဒကို ငါ လေးစားပါတယ်၊ ဒါပေမယ့် သိပ်ကောင်းတဲ့ အခွင့်အရေးကြီးတစ်ရပ် ငါ့စိတ်ကူး ထဲမှာ ရှိနေတယ်၊ လွယ်လွယ်လေးနဲ့ ငွေအများကြီးရမယ် "
" ကျွန်မတို့ နားထောင်နေပါတယ် ဂန်သာ"
ထရေစီက ထောက်ပေးလိုက်သည်။

ဂန်သာက ကိုယ်ကို ရှေ့သို့ ကိုင်းလိုက်ပြီး လေသံခပ်တိုးတိုးဖြင့် သူ့အစီစဉ်ကို စပြောတော့သည်။
သူ့အစီအစဉ် ဆုံးသွားသောအခါ ထပ်ပြောလိုက်ပြန်သေးသည်။
" အဲဒါကို မင်းတို့ရအောင် သယ်ထုတ်နိုင်ရင် ဒေါ်လာနှစ်သန်း "
" မဖြစ်နိုင်ပါဘူး "
" ဂျက်က ယတိပြတ် ငြင်းလိုက်သည်။

" ထရေစီ ... "
ဂျက်က ထရေစီကို လှမ်းခေါ်လိုက်သည်။
သူမ မကြား။
ထရေစီသည် ဟိုအဝေး မြစ်ပြင်ကိုငေးရင်း ထိုအစီအစဉ်ကို မည်သို့လုပ်လျှင်ဖြစ်နိုင်မည်နည်းဟုတွေးတော တွက်ဆနေလေပြီ။

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

Wednesday, August 31, 2011

ဝင်းဖေဝင်း ဘာသာပြန် မနက်ဖြန်အတွက် ဒီကနေ့ အပိုင်း (၂၈)

မုန်တိုင်း က ကြောက်စရာကောင်းအောင် အလွန်အမင်း ပြင်းထန်နေသည်။
ကြီးမားသော လှိုင်းကြီးတစ်လုံးက သင်္ဘောကို လာရောက်ရိုက်ခတ်ရာ သင်္ဘောနစ်မြုပ်စ ပြုနေသည်။ ရေနစ် သေတော့မှာပဲဟု ထရေစီတွေးမိလာသည်။
ဒီအထဲက ထွက်ရမည်ဟုလည်း ဆုံးဖြတ်လိုက်သည်။ လက်နှစ်ဖက်ကို ဆန့်ထုတ်လိုက်ရာ အသက်ကယ် လှေ၏ နံရံနှစ်ဖက်ကို သွားထိသည်။
လှေမှာ မြုပ်ချည်ပေါ်ချည်နှင့် လူးလာခတ်နေသည်။ ထရေစီ ကုန်းထလိုက်သည်။ သူမ ခေါင်းက စားပွဲခြေ ထောက် နှင့် သွားဆောင့်မိသည်။

ထရေစီ သည် ယခုမှ အိပ်မက်က နိုးထလာပြီး မိမိမည်သည့်နေရာ ရောက်နေသည်ကို သတိရလာသည်။
သူမ မျက်နှာ နှင့် ဆံပင်တို့တွင် ချွေးစေးများဖြင့် ရွှဲနေသည်။
တစ်ကိုယ်လုံး ခြစ်ခြစ်တောက် ပူလောင်ပြီး ခေါင်းထဲတွင် မူးဝေနေသည်။ မိမိ သတိလစ်ပြီး မေ့နေသည်မှာ မည်မျှ ကြာပြီနည်း ဟု တွေးမိလာသည်။
လေယာဉ်ခရီး မှာ တစ်နာရီခရီးသာ ဖြစ်သည်။
လေယာဉ်ဆိုက်တော့မည်လော။

လေယာဉ်မှာ သိမ့်ခနဲ တစ်ချက် လှုပ်သွားရာ ထရေစီသည် သေတ္တာနံရံနှင့် သွားရိုက်မိသည်။ ထရေစီသည် မူးလဲပြီး မေ့လုမျောပါး ဖြစ်နေရာက သတိပြန်ရလာသည်။
အသိဥာဏ်များကို ပြန်လည် စုစည်းလိုက်သည်။ မိမိအတွက် အချိန်မည်မျှ ကျန်သေးသနည်း။
ထရေစီ သည် အိပ်မက်ဆိုးများနှင့် တကယ့် ဖြစ်ရပ်ကြားတွင် ကူးသန်းပြေးလွှားနေရသည်။
သူမ ၏ အိပ်မက်ဆိုးများတွင် ပင်လယ်ထဲ ရောက်လိုက် ...။
ထောင်ထဲ ပြန်ရောက်လိုက် ...။
လန်ဒန်က အိမ်ဂေဟာကြီးထဲ ပြန်ရောက်လိုက်နှင့် အမျိုးမျိုးကြုံနေရသည်။

တကယ့် ဖြစ်ရပ်ကို သတိရလာသည်။
စိန်တွေ မဖြစ် ဖြစ်သည့် နည်းနှင့်ရအောင် လုပ်ရမည်။
သို့ရာတွင် ပထမဆုံး မိမိ ဤကုန်သေတ္တာထဲမှ ထွက်နိုင်ဖို့ ကြိုးစားရမည်။
အပေါ်အင်္ကျီအိတ်ထဲကို နှိုက်လိုက်ရာ ဓားမြှောင်ကို သွားစမ်းမိသည်။
သို့သော် ဓားမြှောင်ကိုထုတ်ယူနိုင်လောက်အောင်ပင် မနည်းကြိုးစားယူရသည်။
အသက်၀၀မရှူရ၍ ဖြစ်မည်ဟု တွေးမိသည်။

သေတ္တာတစ်ဖက်ဖုံး တာလပတ်ထောင့်စွန်းကို လက်နှင့် လိုက်စမ်းရာ အပြင်ဘက်မှ ချည်ထားသော ကြိုးတစ်ချောင်း ကို စမ်းမိသဖြင့် ဓားဖြင့် ဖြတ်လိုက်သည်။
သို့ဖြင့် တာလပတ်အစကို ဆွဲဖြုတ်ဖွင့်၍ ရသွားသည်။
နောက်ထပ် ကြိုးတစ်ချောင်း ထပ်ဖြတ်လိုက်ရာ သူမ တစ်ကိုယ်စာ ထွက်သာအောင် တာလပတ်ကိုဖွင့်၍ ရသွားသည်။
ထရေစီသည် သေတ္တာထဲမှ အပြင်သို့ တွားသွားပြီး ထွက်လိုက်ရာ ကုန်တင်လေယာဉ်၏ ၀မ်းဗိုက်ကြမ်းပြင် ပေါ် သို့ ရောက်သွားသည်။
သေတ္တာ အပြင်ဘက်မှ လေမှာ အေးစိမ့်နေသည်။
အေးလွန်း သဖြင့် ထရေစီ တစ်ကိုယ်လုံး ခိုက်ခိုက်တုန်လာသည်။

လေယာဉ်ကလည်း အဆက်မပြတ် လူးနေသဖြင့် ပိုပြီး ပျို့အန်ချင်သလို ဖြစ်လာသည်။
အသိဥာဏ် များ ကို ပြန်လည် စုစည်းရပြန်သည်။
မိမိ ဤနေရာတွင် ဘာလာလုပ်နေသလဲ။
အရေးကြီးသော ကိစ္စတစ်ခု ... သတိရပြီ ... စိန်တွေ။
သူမ အမြင်အာရုံတွင် အားလုံးေ၀၀ါးနေသည်။
မျက်စိရှေ့မှ အရာအားလုံးမှာ သဲသဲကွဲကွဲမရှိဘဲ အားလုံးလှုပ်ရှားနေသည်။
မိမိ ရှေ့ဆက် လုပ်နိုင်တော့မည် မထင်။

လေယာဉ်က အောက်သို့ ရုတ်တရက် စိုက်ဆင်းသွားရာ ထရေစီ၏ ခန္ဓာကိုယ်မှာ အောက်ခံသတ္တုပြား အခင်း ပေါ်တွင် လျှောခနဲ ပါသွားသည်။
လေယာဉ်က စိုက်ဆင်းနေရာမျ တစ်ညီတည်း တည့်တည့် ရှေ့သို့ ပြောင်းပြီး ပျံသန်းချိန်တွင် ထရေစီအား ခဲပြီး မနည်း ကြိုးစားကာ ထ ထိုင်လိုက်သည်။
စိန်တွေကို ရျာရမည်။
ထရေစီသည် ကုန်သေတ္တာများကြားတွင် ဒယိမ်းဒယိုင်ဖြင့် အားယူရပ်နေရာမှ သေတ္တာတစ်ခုစီကို မျက်စိ မှေးပြီး ကြည့်သည်။
အနီရောင် သုတ်ထားသည့် သေတ္တာကို လိုက်ရှာသည်။
တတိယမြောက် သေတ္တာ တွင် ဆေးနီ သုတ်ထားသည်ကို တွေ့သည်။

ထိုနေရာတွင် မနည်းအားတင်း ရပ်နေရာမှ မိမိရှေ့ဆက် ဘာလုပ်ရမည်ကို စဉ်းစားသည်။
ဤနေရာ၌ တစ်ခဏလေးလှဲအိပ်လိုက်လျှင် နေကောင်းသွားမည်။ မိမိအတွက် ယခုအခါ အလိုအပ်ဆုံးမှာ တရေး တစ်မှေးလောက် အိပ်ရဖို့ပင် ဖြစ်သည်။
သို့သော် လေယာဉ်သည် အချိန်မရွေး အမ်စတာဒမ်မြို့သို့ ရောက်ရှိ ဆင်းသက်နိုင်သည်။
ထို့ကြောင့် ထရေစီသည် ဓားမြှောင်ကို ထုတ်ယူပြီး သေတ္တာမှ ကြိုးများကို ဖြတ်ရန် ကြိုးစားသည်။
ကြိုးပင်ကြိုးစားသော်လည်း သူမလက်က တဆတ်ဆတ် တုန်နေပြီး မောင်းချဓားကိုပင် အနိုင်နိုင် ကိုင်နေရ သည်။
တစ်ကိုယ်လုံး ခိုက်ခိုက် တုန်လာသဖြင့် လက်ထဲက ဓားကို ချထားလိုက်ရသည်။

မည်သို့မျှ လုပ်၍ ဖြစ်တော့မည် မဟုတ်။
သူတို့ မိမိအား ဖမ်းမိပြီး ထောင်ထဲ ပြန်ပို့ပေးတော့မည်။
ထရေစီသည် သေတ္တာမှကြိုးကို တွယ်ပြီး ကိုင်ထားရင်း တွေဝေနေသည်။
သူမ၏ သေတ္တာထဲသို့ လေးဘက်ထောက် ပြန်ဝင်သွားပြီး အိပ်ပစ်လိုက်ချင်စိတ်ကသာ တအား ကြီးစိုးနေ သည်။
အားလုံး ပြီးစီးသွားချိန်အထိ ထိုသေတ္တာထဲတွင်သာ လုံလုံခြုံခြုံပုန်းအောင်းနေချင်တော့သည်။
ဤသို့ လုပ်ရမှာ လွယ်ပါသည်။

သို့သော် ထိုသို့ လုပ်၍မဖြစ်။ ထရေစီသည် ခေါင်းကို တူနှင့် ဆက်တိုက် အထုခံနေရသလို တဒိန်းဒိန်းကိုက် နေသော်လည်း အားခဲပြီး တဖြည်းဖြည်းချင်း စတင်ရွေ့လျားသည်။
ဓားဆီသို့ ရောက်သွားပြီး ကောက်ယူလိုက်သည်။
ထို့နောက် သေတ္တာတွင် ချည်ထားသော ကြိုးကြီးကို ဓားဖြင့် စတင်ဖြတ်တောက်တော့သည်။
နောက်ဆုံးတွင် ကြိုးတစ်ချောင်း ပြတ်သွားသည်။
တာလပတ် အစကို ဆွဲဖယ်လိုက်ပြီး သေတ္တာထဲသို့ ငုံ့ကြည့်လိုက်သည်။
အထဲတွင် မှုန်ဝါးဝါးဖြစ်နေပြီး ဘာမျှ သဲသဲကွဲကွဲမမြင်ရပေ။

ထို့ကြောင့် လက်နှိပ်ဓာတ်မီး အသေးကလေးကို ထုတ်ယူလိုက်သည်။ ထိုစဉ်မှာပင် သူမ၏ နားရွက်ထဲ၌ ရုတ်တရက် လေဖိအား ပြောင်းသွားမှုကြောင့် နားအူလာသည်။
လေယာဉ် က မြေပြင်သို့ ဆင်းသက်နေမှန်းသိလိုက်ရသည်။
မြန်မြန် လှုပ်ရှားရပေတော့မည်။
သို့သော် သူမ၏ ခန္ဓာကိုယ်က စိတ်သွားတိုင်းကိုယ်မပါဘဲ လေးကန်နေသည်။
ခေါင်းထဲတွင် အလွန်အမင်း မူးဝေ နောက်ကျိနေသည်။ တစ်အားခဲပြီး ဇွဲတင်းကာ လှုပ်ရှားလိုက်သည်။
သေတ္တာထဲသို့ လက်နှိပ်မီးနှင့် ထိုးကြည့်လိုက်သည်။

သေတ္တာထဲတွင် အထုပ်များ၊ စာအိတ်များနှင့် သေတ္တာငယ်လေးများကို တွေ့ရသည်။
အပေါ်ဆုံးတွင် အနီရောင်ဖဲကြိုးဖြင့် ချည်နှောင်ထားသော အပြာရောင် သေတ္တာလေး နှစ်လုံးကို တွေ့ရ သည်။
သူမ မျက်စိအမြင်ဝါးနေသဖြင့် အပြာရောင် သေတ္တာလေး နှစ်လုံး ဖြစ်နေသည်။
မျက်စိကို ပွတ်သပ်ပြီး အသေအချာ စိုက်ကြည့်လိုက်ရာ တစ်လုံးတည်းကိုသာ သဲကွဲစွာ မြင်လာသည်။
လက်တဖက်ဖြင့် ထိုသေတ္တာကို လှမ်းယူလိုက်သည်။ တစ်ချိန်တည်းမှာပင် ကျန် လက်တဖက်ဖြင့် မိမိ အင်္ကျီ အိတ်ထဲမှ အစားထိုးမည့် စိန်တုံးသေတ္တာပုံစံတူကို ထုတ်ယူလိုက်သည်။
လက်နှစ်ဖက်တွင် သေတ္တာနှစ်လုံးကို ကိုင်ထားရင်းမှ ရင်ထဲ၌ အော်ဂလီဆန်ပြီး ပျို့အန်ချင်လာသည်။

တစ်ကိုယ်လုံးလည်း တုန်လှုပ်လာသည်။ မျက်စိကို စုံမှိတ်ပြီး မအန်အောင် မနည်းကြိတ် မျိုချလိုက်ရသည်။
စိန်တု သေတ္တာလေးကို ကုန်သေတ္တာကြီးထဲတွင် အစားထိုး ထည့်သွင်းလိုက်တော့ရန် ဟန်ပြင်လိုက်ပြီးမှ ရုတ်တရက် သတိရလာသည်။
မိမိ လက်နှစ်ဘက်ထဲမှ သေတ္တာ နှစ်လုံးအနက် မည်သည့် သေတ္တာက အတုဖြစ်သည်ကို ဝေခွဲမရဘဲဖြစ် လာသည်။
အစားထိုး ထည့်သွင်းလိုက်ရမည့် သေတ္တာအတုသည် မိမိဘယ်ဘယ်လက်ထဲက ဟာလား၊ သို့မဟုတ် ညာဘက်လက်ထဲက ဟာလား ဝေခွဲမရတော့ပါချေ။
လေယာဉ် က အောက်သို့ မတ်စောက်စွာ စိုက်ဆင်းလိုက်သည်။

အချိန်မရွေး မြေပြင်နှင့် ထိတွေ့ဆိုက်နိုငသည်။
ထရေစီအဖို့ အဆုံးအဖြတ် ပြုရချေပြီ။
လက်ထဲမှ သေတ္တာနှစ်လုံးအနက် တစ်လုံးကို ကုန်သေတ္တာထဲသို့ ထည့်လိုက်သည်။
သူမ ထည့်လိုက်သော သေတ္တာသည် စိန်အတုသေတ္တာအမှန်ဖြစ်ပါစေဟုလည်း ဆုတောင်းလိုက်သည်။
သူမ အပေါ်ဝတ် အင်္ကျီအိတ်ထဲမှနေ၍ ကြိုးခွေကို နှိုက်ထုတ်လိုက်သည်။ ဤကြိုးဖြင့် တစ်ခုခုလုပ်ရဦး မည်ကို သတိရလာသည်။

" မင်း ကြိုးကို ဖြတ်ပြီးရင် အဲဒီကြိုးကို မင်းအိတ်ထဲ ယူထည့်လိုက်၊ နောက်ပြီးမှ ကြိုးအသစ်နဲ့ အစားထိုးပြီး ပြန်ချည်လိုက်၊ သေတ္တာနားမှာ ဘာတစ်ခုမှမကျန်စေခဲ့နဲ့၊ တစ်ခုခု ကျန်နေရင် သင်္ကာမကင်းဖြစ်လာလိမ့် မယ်"
မှာလိုက်သည့် စကားကို ပြန် သတိရလာသော်လည်း သူမအဖို့ လုပ်စရာအင်အား မကျန်တော့ပါချေ။
သို့သော် ရှိစုမဲ့စု အားကလေးကို ဖျစ်ညှစ်ပြီး ကြိုးခွေ အသစ်ဖြင့် သေတ္တာကို ပြန်ပတ်သည်။
ထိုစဉ်မှာပင် လေယာဉ်ဘီးက မြေပြင်ပြေးလမ်းနှင့် သွားထိပြီး အနည်းငယ် ခုန်တက်သွားသည်။
တစ်ဖန် လေယာဉ်ကို ဘရိတ်ဖမ်းပြီး အရှိန် သတ်လိုက်ရာ အားအင်ကုန်ခန်း နွမ်းရိနေသော ထရေစီအဖို့ နောက်ပြန် လဲကျသွားသည်။

သူမ ခေါင်းက လေယာဉ်အခင်းနှင့် သွားစောင့်မိရာ တလောကလုံး အမှောင်ဖုံးသွားတော့သည်။
သတိလစ် မေ့သွားတော့သည်။
လေယာဉ်ကြီးသည် ကုန်ပစ္စည်းများ သယ်ချရမည့်နေရာသို့ ပြေးလမ်းအတိုင်း မှန်မှန် မောင်းနှင်သွားသည်။
ထရေစီသည် လေယာဉ်ကြမ်းပြင်ပေါ်တွင် ပုံပျက်ပန်းပျက် လဲကျနေသည်။
သူမ၏ ဆံပင်များက သွေးမရှိတော့သလို ဖြူဖပ်ဖြူရော် ဖြစ်နေသော သူမ၏ မျက်နှာပေါ်တွင် ဖရိုဖရဲ ဖုံး အုပ်နေသည်။
လေယာဉ်စက်သံ ရပ်သွားသည်နှင့် တစ်ပြိုင်နက် ထရေစီ သတိပြန်ရလာသည်။

လေယာဉ်ဘီးများ ရပ်သွားသည်။
ထရေစီသည် တံတောင်နှင့်ထောက်ပြီး ကိုယ်ကို ကြွလိုက်ကာ ဒူးထောက်လိုက်သည်။
ထို့နောက် အားယူပြီး မတ်တတ်ထလိုက်သည်။
ဒယိမ်းဒယိုင် ဖြစ်သွားရာ ပြန်လဲကျ မသွားအောင် သေတ္တာကို တွယ်ကိုင်ထားလိုက်ရသည်။
သေတ္တာ တွင် ကြိုးအသစ်ဖြင့် ချည်လိုက်သည်။

ရတနာသေတ္တာလေးကို ရင်ဝယ်ပိုက်လိုက်ပြီး သူမ၏ သေတ္တာဆီသို့ ယိုင်တိုင်ယိုင်တိုင်နှင့်ပင် အားခဲပြီး သွား လိုက်သည်။
တာလပတ် ဖွင့်ထားသော အပေါက်မှနေ၍ သူမသေတ္တာထဲသို့ တိုးဝင်ပြီး တာလပတ်ကို ပြန်အုပ်ပိတ်လိုက် သည်။
သူ့ တစ်ကိုယ်လုံးတွင် သွေးများဖြင့် ရွှဲနေသည်။
တစ်ကိစ္စပြီးသွားပြီ။
သို့သော် တစ်ခုခု လုပ်ဖို့ ကျန်နေသေးသည်ဟု ထရေစီ သိနေသည်။ အရေးကြီးသော ကိစ္စဖြစ်သည်။
ဘာပါလိမ့်။
သူမ စဉ်းစားလိုက်သည်။

သြော် ... သိပြီ။
မိမိသေတ္တာမှ ကြိုးကို တိပ်ခွေဖြင့်ပတ်ပြီး ပုံမပျက်အောင် ပြန်ဆက်ထားရမည်။
ထရေစီသည် သူ့အင်္ကျီအိတ်ထဲသို့ လက်ထိုးနှိုက်ပြီး ဆယ်လိုတိပ်အခွေကို ရှာလိုက်သည်။
တိပ်ခွေမရှိတော့။
သူမ အသက်ရှူ ရပ်သွားတော့မလောက် ဖြစ်သွားသည်။
ထိုစဉ်မှာပင် အသံများကို အပြင်မှ ကြားရသည်။
စက္ကန့်ပိုင်းအတွင်း လေယာဉ် တံခါးဖွင့်ပြီး ကုန်သေတ္တာများကို လေယာဉ်မှ ချပေတော့မည်။

မိမိသေတ္တာမှ ပြတ်နေသောကြိုးကို သူတို့မြင်သွားလျှင် သေတ္တာအထဲ ဖွင့်ကြည့်ပါက မိမိကို မိသွားပေ တော့မည်။
ကြိုးနှစ်စပြန်ဆက်ဖို့ နည်းလမ်းရှာရမည်။
ထရေစီသည် ဒူးတစ်ဖက်ထောက်ပြီး ထိုင်ချလိုက်ရာ တိပ်ခွေပေါ်သို့ ဒူးသွားထောက်မိသည်။
လေယာဉ်လူးစဉ်က တိပ်ခွေအိတ်ထဲမှ ထွက်ကျသွားခြင်းဖြစ်မည်ဟု ထရေစီ တွေးမိလာသည်။
ထရေစီတိပ်ခွေကို ကောက်ယူလိုက်သည်။
တာလပတ်အစကို မ လိုက်ပြီး ကြိုးစနှစ်ချောင်းကို လက်ဖြင့် လိုက်စမ်းသည်။

ဖြတ်ထားသော ကြိုးစနှစ်ချောင်းကို ပြန်တွေ့သောအခါ လက်တစ်ဖက်ဖြင့် တေ့ကိုင်လိုက်ပြီး အခြားလက် တစ်ဖက်ဖြင့် တိပ်ခွေနှင့်စည်းပတ်ချည်နှောင်သည်။
ထရေစီ မျက်စိကမူ ဘာမျှမမြင်ရ။
သူမ မျက်နှာပေါ်သို့ ချွေးများစီးကျနေခြင်းကြောင့် ဘာမျှမမြင်ရဘဲ ဖြစ်နေသည်။
ထို့ကြောင့် လည်ပင်းတွင်ပတ်ထားသော ပိုးလည်စည်းစကို ဆွဲဖြုတ်ယူပြီး မျက်နှာပေါ်မှ ချွေးများကို သုတ်ပစ် လိုက်သည်။
ထိုအခါမှ နေသာသွားသည်။
ကြိုးနှစ်ကြိုးကို တိပ်ဖြင့် ပြန်ဆက်ပြီးသောအခါ တာလပတ်စကို ပြန်ဆွဲချပြီး နဂိုနေအတိုင်း ပြန်ပိတ်လိုက် သည်။
သူမအဖို့ လုပ်စရာအားလုံး ပြီးသွားသည်။

သို့သော် အသာစောင့်နေရဦးမည်။
ထရေစီသည် သူမနဖူးကို ပြန်စမ်းလိုက်သည်။
စောစောကထက်ပင် ပိုပြီးခြစ်ခြစ်တောက်ပူနေသည်။
အလုပ်သမားများ လေယာဉ်ထဲဝင်လာသည့်အသံများကို ကြားရသည်။
ကုန်သေတ္တာ အကြီးကြီးများကို လေယာဉ်ပေါ်မှ စတင်ချသည်။
သူမသေတ္တာကို လေယာဉ်ပေါ်မှ ချနေစဉ်မှာပင် ကိုယ်သိပ်ပူပြီးဖျားနေသော ထရေစီမှာ သတိမေ့သွား တော့သည်။

လေယာဉ်ကြမ်းပြင်ပေါ်တွင်မူ ဂျက်က ထရေစီအား လက်ဆောင်ပေးခဲ့သော ပိုးလည်စည်းကလေးကျကျန် နေရစ်ခဲ့သည်။
ထရေစီပါလာသော သေတ္တာကို ကြိုတင် စီစဉ်ထားသည့်အတိုင်း ထရပ်ကားဖြင့် သယ်လာသည်။
သေတ္တာမှ တာလပတ်စကို တစ်စုံတစ်ယောက်က ဆွဲလှန်ဖွင့်လိုက်ရာ သေတ္တာထဲသို့ အလင်းရောင် ၀င်လာသဖြင့် ထရေစီ သတိပြန်ရလာသည်။
ထရေစီသည် မျက်လုံးကို ဖြည်းဖြည်းချင်း ဖွင့်ကြည့်လိုက်သည်။
ထရပ်ကားကြီးက ကုန်လှောင်ရုံထဲ ရောက်နေချေပြီ။
ဂျက်က သေတ္တာဘေးတွင် ရပ်နေသည်။

ထရေစီအား ပြုံးပြုံးကြီးကြည့်ပြီး ပြောလိုက်သည်။
" မင်းဟာ တကယ် အံ့သြစရာကောင်းအောင် လုပ်လိုက်တာပါပဲလား၊ ကဲ ငါ့ကို သေတ္တာလေးပး"
သူမဘေးမှ သေတ္တာကလေးကို ဂျက် ကောက်ယူလိုက်ပြီး သူမအားပြောလိုက်ပြန်သည်။
" လစ္စဘွန်းမြို့မှာ တွေ့ကြတာပေါ့ "
ထရေစီက ဘာမျှပြန်မပြော။
ဂျက်က ထွက်သွားရန် တစ်ဖက်သို့လှမ်းလိုက်သည်။

ထို့နောက် ပြန်လှည့်လာပြီး ထရေစီကို ငုံ့ကြည့်လိုက်သည်။
" မင်းကြည့်ရတာ သိပ်ပြီး တုန်လှုပ်ကြောက်ရွံ့နေပုံရတယ်၊ မင်း နေကောင်းရဲ့လား ထရေစီ... "
ထရေစီအဖို့ မနည်းကြိုးစားပြီး အသံထွက်ရသည်။"
" ဂျက် ... ကျွန်မ ... "
သို့သော် သူမကြိုးစားဖျစ်ညှစ်ပြီး အသံထွက်လိုက်သည့်အချိန်တွင် ဂျက် ထိုနေရာ၌ မရှိတော့ပါချေ။
ထို့နောက်ပိုင်းဖြစ်ရပ်များကို ထရေစီအဖို့ ခပ်ဝါးဝါးသာ သတိရမှတ်မိတော့သည်။
ကုန်လှောင်ရုံနောက်ပိုင်းတွင် သူမ အ၀တ်အစားလဲခဲ့သည်။

အမျိုးသမီးတစ်ဦးက သူမကိုမေးလာသည်။
" ရှင့်ကြည့်ရတာ နေမကောင်းဘူးနဲ့တူတယ်၊ ကျွန်မ ဆရာဝန်ခေါ်ပေးရမလားဟင် "
" ဟင့်အင်း ... နေပါစေ၊ ရပါတယ် "
ထရေစီက ခပ်တိုးတိုးလေး ပြောလိုက်သည်။
မိမိလေဆိပ်သို့သွားပြီး ဂျီနီဗာသို့ လေယာဉ်ဖြင့် ပြန်ထွက်ရမည်။
ထို့ကြောင့် ထရေစီက ...
" ကား ... အငှားကားတစ်စီးသာ ခေါ်ပေးပါ " ဟု ပြောလိုက်သည်။
အမျိုးသမီး က ချီတုံချတုံဖြစ်နေပြီးမှ ပြန်ပြောသည်။

" ကောင်းပြီလေ ... ကျွန်မ ကားသွားခေါ်ပေးမယ်၊ ဒီကပဲစောင့်နေနော် "
ထရေစီ စိတ်ထဲတွင် ရီဝေမှုန်မှိုင်းနေသည်။
သူမစိတ်က လေထဲတွင် ပေါလောမျောနေသလို ဖြစ်နေသည်။
" ခင်ဗျားအတွက် အငှားကား ရောက်နေပါပြီ "
လူတစ်ယောက်က ပြောလာသည်။
မိမိအား လူတွေက စိုးရိမ်တကြီး ဖြစ်နေသည်ကို သူမ မလိုလားပါ။
တကယ်တော့ သူမမျက်လုံးများက အလွန်အမင်း အိပ်ချင်နေပါပြီ။

" ဘယ်ကိုသွားချင်ပါသလဲ ... မဒမ် "
ယာဉ်မောင်းက မေးလာသည်။
" လေဆိပ် ဆွစ်လေယာဉ်လက်မှတ်ရောင်းဌာနမှာ " မင်းအတွက် လေယာဉ်လက်မှတ်တစ်စောင် အသင့် ရှိနေလိမ့်မယ် ... " ဆိုသော ဂန်သာ၏ စကားသံကို ထရေစီ ပြန်ကြားမိသည်။
သို့သော် မိမိအခြေအနေမှာ အလွန်အမင်း ဖျားနေသဖြင့် လေယာဉ်ပေါ်တက်ရန် အခက်အခဲရှိနိုင်သည်။
ဤပုံအတိုင်း လေယာဉ်ပေါ် တက်မည်ဆိုလျှင် နေမကောင်းနေမှန်း သိသာလှသဖြင့် မိမိအား လေယာဉ် ကုမ္ပဏီဝန်ထမ်း များက တားပြီး ဆရာဝန်ခေါ်ပြပေးလိမ့်မည်။
မိမိအား မေးခွန်းများ မေးမြန်းကြပေလိမ့်မည်။

တကယ်တမ်း မိမိအတွက် လိုနေသည်မှာ တစ်အောင့်တစ်ဖြုတ် တစ်ရေးတစ်မှေး အိပ်လိုက်ရန်သာဖြစ် သည်။
ထိုသို့ အိပ်လိုက်လျှင် နေကောင်းသွားပေလိမ့်မည်။
" ဘယ်သွားမှာလဲ ... မဒမ် "
ယာဉ်မောင်းက စိတ်မရှည်နိုင်တော့သည့်လေသံဖြင့် မေးလာသည်။
သူမအတွက် သွားစရာနေရာ မရှိတော့ပါချေ။
နောက်ဆုံးတွင် ဂန်သာဟာတော့က ထရေစီအား ပေးထားသော စိတ်ချလုံခြုံသည့် ခိုအောင်းပုန်းခိုစရာ အိမ်၏လိပ်စာကို ယာဉ်မောင်းအား ပေးပြီး ထိုနေရာသို့ ပို့ခိုင်းရတော့သည်။

*
ရမျြားက ထရေစီအား စိန်ထုပ်အကြောင်းနှင့် ပတ်သက်၍ အမျိုးမျိုး စစ်ဆေးမေးမြန်းသည်။
ထရေစီက မဖြေဘဲ တင်းခံနေသောအခါ ရဲများ စိတ်ဆိုးလာပြီး ထရေစီအား အခန်းတစ်ခန်းထဲတွင် တစ် ယောက်တည်း ထည့်ထားလိုက်သည်။
ထိုအခန်း၏ အပူချိန်ကိုလည်း ရေဆူအမှတ် မီးပါးအထိ မြှင့်တင်ထားလိုက်သည်။
မခံသာအောင် ပူလာသောအခါ အပူချိန်ကို ပြန်လျှော့လိုက်ပြီး အအေးဓာတ်ကို လွှတ်ပေးလိုက်ပြန်ရာ အခန်း နံရံများတွင် ရေခဲ အသီးအပေါက်ကလေးများ ထ လာသည်အထိ ဖြစ်သည်။
ထရေစီသည် ထို အအေးဓာတ်ထဲမှ ရုန်းကန်ပြီး မျက်စိကို ဖွင့်လိုက်သည်။
သူမသည် အိပ်ရာတစ်ခုပေါ်တွင် ရောက်နေပြီး ထိန်းမရအောင်ပင် ခိုက်ခိုက်တုန်နေသည်။

သူမ ခန္ဓာကိုယ်အောက်တွင် စောင်တစ်ထည် ရှိသည်။
စောင်ကို ယူခြုံရန်ပင် အင်အားမရှိတော့ပေ။
သူမ အ၀တ်အစားများမှာလည်း ချွေးဖြင့် နစ်နေသည်။
မျက်နှာနှင့် လည်ပင်းတွင် ရေဆွတ်ထားသလိုပင် ချွေးများက ရွဲစိုနေသည်။
မိမိ သေတော့မှာပဲ။ အခု ဘယ်ရောက်နေသလဲ။
လုံခြုစိတ်ချရသည့်အိမ်၊ ခိုအောင်းပုန်းခိုစရာအိမ်သို့ ရောက်နေမှန်း သတိရလာသည်။
အဖျားလွန်ပြီး ကယောင်ကတမ်းဖြစ်ကာ အိပ်မက်များ မက်နေသည်ကိုလည်း သိလာရသည်။
ယခု ဘယ်အချိန်ရှိပြီနည်း။ လက်ပတ်နာရီကို ကြည့်လိုက်သည်။

သို့သော် သူမ မျက်စိထဲတွင် နာရီပုံပါတ်များက စားနေသည်။ သူမ မြင်မြင်သမျှ အရာအားလုံးမှာ ၀ါးနေ ပြီး နှစ်ခုနှစ်ခုဖြစ်နေသည်။
အခန်းကျဉ်းကလေးထဲတွင် ခုတင် နှစ်လုံး၊ မှန်တင်ခုံနှစ်ခု။ ကုလားထိုင်လေးလုံးဖြင့် နှစ်ဆတိုး မြင်နေရ သည်။
ခိုက်ခိုက်တုန်သော အအေးက ပျောက်သွားပြီး သူမတစ်ကိုယ်လုံး လောင်မြိုက်ပူလောင်လာပြန်သည်။ ပြ တင်းပေါက်များကို ဖွင့်ချင်လာသည်။
သို့သော် လှုပ်ရှား၍ မရနိုင်အောင်ပင် အားအင်ကုန်ခန်းချည့်နဲ့နေသည်။
သတိလစ် မေ့မြောပြီး အိပ်မက်ကမ္ဘာထဲ ပြန်ရောက်သွားပြန်သည်။

လေယာဉ်ပေါ်မှ သေတ္တာထဲ ပြန်ရောက်သွားသည်။
ဂျက်က သူမထံမှ စိတ်သေတ္တာကို ယူသွားသည်။
ဂျက်သည် မိမိအတွက် ဝေစုပိုက်ဆံကိုပါ ယူပြီး ဘရာဇီးသို့ ရောက်နေပေရော့မည်။
သူ့အတွဲ အမျိုးသမီးချောချော မစ္စက်ဝေါလေ့စ်နှင့် ရယ်မောပျော်ရွှင်နေပေရော့မည်။
မိမိကို ညာဝြိုင်းချ ရယ်နေပေရော့မည်။
ဂျက်သည် မိမိကို နောက်တစ်ကြိမ်ထပ်ပြီး ခေါင်းတုံးပေါ် ထိပ်ကွက်သွားပြန်ချေပြီ။
သူ့ကို မုန်းသည်။ အို ... မဟုတ်သေးဘူး၊ မမုန်းပါဘူး၊ ဟင့်အင်း မုန်းတယ်၊ မုန်းတယ်၊ သူ့ကို အထင်သေး တယ်။
ထရေစီသည် ငန်းဖျားမိပြီး စိတ်ကယောင်ချောက်ချားဖြစ်လိုက် ပြန်သတိရလိုက်နှင့် ဖြစ်နေသည်။

သူမစိတ်က အတိတ်ဖြစ်ရပ်များသို့ ပြန်ရောက်သွားလိုက်။ ပစ္စုပ္ပန်သို့ ပြန်လာလိုက်နှင့် ကူးချည်သန်းချည် ဖြစ်နေသည်။
အတိတ်နှင့် ပစ္စုပ္ပန်ကြား ပြေးရင်း လွှားရင်းဖြင့် စိတ်ဝိညာဉ်လိပ်ပြာကလေး လေမှာ တလူးလူးတလွန့်လွန် ဖြစ်နေရှာသည်။
ဖလာမင်ဂို ကပွဲတွင် ဂျက်နှင့် ပူးပူးကပ်ကပ်နေခဲ့ပြီး စိတ်လှုပ်ရှား ကစားခဲ့ရသည့်အဖြစ်ကိုလည်း ပြန်ရောက်သွားသည်။
စစ်တုရင်ကစားခဲ့သည့် ဖြစ်ရပ်ကို စိတ်က ရောက်သွားသည်။
ရထားကြီးပေါ်တွင် ဖော်နာတီ လင်မယားနှင့်လည်း ပြန်တွ့ရသည်။

" အလို ဘုရားရေ မင်း မျက်စိဖွင့်လိုက်စမ်း၊ ငါ့ကို ကြည့်စမ်း ... "
လူတစ်ယောက်အသံကို ထရေစီ ကြားရသည်။
ထရေစီသည် ရှိစုမဲ့စု အားများကို ဖျစ်ညှစ်ပြီး မျက်လုံးကို ဖြည်းဖြည်းချင်း ဖွင့်လိုက်သည်။
ဂျက်စတီဗင်က မတ်တတ်ရပ်ပြီး သူမကို ကြည့်နေသည်ကို တွေ့လိုက်ရသည်။
သူ့မျက်နှာက ဖြူဖပ်ဖြူရော်ဖြစ်နေပြီး သူ့အသံက ဒေါသသံပါနေသည်။
အိပ်မက်ထဲမှ ဂျက်ဟုပင် ထရေစီ ထင်နေမိသည်။

" မင်း ... ဒီလိုဖြစ်နေတာ ဘယ်လောက်ကြာပြီလဲ "
ဂျက်က မေးသည်။
" ရှင် ... ဘရာဇီး ရောက်နေတာလား "
ထရေစီက မပီမသ ၀ါးတားတားဖြင့် ဆီမန်းမန်းသလို ပြောလိုက်သည်။
ထို့နောက်ပိုင်းတွင် သူမ ဘာမျှ မမှန်မိတော့။
သတိရတစ်ချက် မရတစ်ချက်မှ လုံးဝ သတိလစ်သွားတော့သည်။

*
နိုင်ငံတကာ ရဲတပ်ဖွဲ့ အင်တာပိုမှ ရဲမှူးကြီး ထရစ်နန့်ထံသို့ ပြင်သစ် ကုန်တင်လေယာဉ်ပေါ်မှ တွေ့ရသော ဖိုးလည်စည်း စကတ်ကလေး ရောက်လာသည်။
ထိုစကတ်ထောင့်မှ "တီ-ဒဗလျူ"ဟု ထိုးထားသော အတိုကောက်စာလုံးနှစ်လုံးကို အတော်ကြာအောင် စိုက်ကြည့်နေသည်။
ထို့နောက်မှ သူ့လက်ထောက်ကို ပြောလိုက်သည်။
" ငါ့ကို ဒင်နရယ်ကူးပါးနဲ့ ဆက်သွယ်ပေးစမ်း "

(၃၂)

ဟော်လန် ကမ်းရိုးတန်းအနောက်မြောက်ဘက်တွင်ရှိပြီး မြောက်ပင်လယ်နှင့် မျက်နှာချင်းဆိုင်မှ ရွာလေး တစ်ရွာဖြစ်သော အယ်ကမာ ရွာလေးသည် သာယာလှပ၍ အေးချမ်းသော ရွာတစ်ရွာဖြစ်သည်။
ကမ္ဘာလှည့် ခရီးသည်များ ကြိုက်နှစ်သက်သော ရွာဖြစ်သည်။
သို့သော် ထိုရွာကလေး၏ အရှေ့ပိုင်းကိုမူ ကမ္ဘာလှည့်ခရီးသည်များ သွားခဲလှသည်။
ဂျက်စတီဗင်သည် ထိုရွာကလေး၏ လူသူ အရောက်အပေါက် နည်းသော အဆိုပါ အရှေ့ပိုင်းသို့ လေးငါး ခေါက်ရောက်ဖူးသည်။

အောအယ်လ်အမ် လေကြောင်းကုမ္ပဏီမှ လေယာဉ်ကလေး တစ်စင်းနှင့်အတူ ရောက်ခဲ့ခြင်းဖြစ်ပြီး သူမ သင်ပေးသဖြင့် ဟော်လန်စကားလည်း ထမင်းစားရေသောက်ပြောတတ်နေသည်။
ဂျက်သည် ထိုနေရာကို ကောင်းကောင်း မှတ်မိနေသည်။
ထိုနေရာက လူများသည် ကိုယ့်အလုပ်ကိစ္စကိုသာ စိတ်ဝင်စားပြီး သူတစ်ပါးကို စပ်စုခြင်းမရှိပေ။
ထိုနေရာသည် ပုန်းအောင်းခိုလှုံစရာ တကယ်ကောင်းသော နေရာဖြစ်သည်။
ဂျက်သည် ကနဦးတွင် ထရေစီကို ဆေးရုံသို့အမြန်ဆုံးတင်ရန် စိတ်ကူးလိုက်သည်။
သို့သော် ဆေးရုံတင်လျှက် အန္တရာယ်များလာပေလိမ့်မည်။

ထို့အပြင် အမ်စတာဒမ် မြို့၌ ဆက်နေလျှင်လည်း သူမအတွက် ရဲဘက်မှ အန္တရာယ်နှင့်ကြုံလာနိုင်သည်။
ထို့ကြောင့် ဂျက်သည် ထရေစီကို စောင်နှင့်ပတ်ပြီး ကားပေါ်သို့ တင်လိုက်သည်။
ထို့နောက် အယ်ကမာ ရွာကလေးသို့ ကားကို မောင်းပြေးတော့သည်။
ကားမောင်းသွားစဉ် တစ်လျှောက်လုံး ထရေစီ သတိလစ်နေသည်။
သွေးတိုးနှုန်းကလည်း မမှန်။
အသက်ရှူကလည်း ပျပျလေးသားရှိသည်။
အယ်မကာရွာတွင် တည်းခိုခန်းတစ်ခု၌ ဂျက်တည်းခိုသည်။

၈ျက်က ထရေစီအား တည်းခိုခန်းအပေါ်ထပ်သို့ သယ်တင်သွားသည်ကို တည်းခိုခန်းပိုင်ရှင်ကစူးစမ်း သောအကြည့်ဖြင့် ကြည့်နေသည်။
" ကျွန်တော်တို့ လက်ထပ်ပြီးစ ပျားရည်ဆမ်း ခရီးထွက်လာတာပါ၊ ကျွန်တော့် မိန်းမ ရုတ်တရက် နေမကောင်း ဖြစ်သွားလို့ အသက်ရှူကျပ်သွားတာမျိုးပါ၊ နည်းနည်း အနားယူလိုက်ရင် ကောင်းသွားမှာပါဗျာ"
၈ျက်က တည်းခိုခန်းပိုင်ရှင် အမျိုးသမီးအားပြောလိုက်သည်။
" ဆရာဝန် ခေါ်ပေးရမလား "
သူမက မေးသည်။
၈ျက်သည် ခေါ်ရကောင်းနိုး မခေးရကောင်းနိုး ဝေခွဲမရ ဖြစ်နေသဖြင့် မတင်မကျ ဖြေလိုက်သည်။

" ကျွန်တော် လိုရင် ပြောပါ့မယ် "
ဂျက်အတွက် ပထမဆုံး လုပ်ရမည့် အလုပ်မှာ ထရေစီ အဖျားကျသွားအောင် လုပ်ရမည့် အလုပ်ပင်ဖြစ် သည်။
၈ျက်သည် ထရေစီသည် အခန်းထဲရှိ နှစ်ယောက်အိပ်ခုတင်ကြီးပေါ်သို့ ဦးစွာတင်လိုက်သည်။
ခုတင်ပေါ်တွင် သူမကို ထိုင်လျက် အနေအထားဖြင့် လက်တဖက်နှင့် ထိန်းထားပြီး ချွေးများဖြင့် ရွှဲနစ်နေ သောသူမအ၀တ်များကို ချွတ်ရသည်။
ထို့နောက် ရှူးဖိနပ်ကိုချွတ်သည်။ ခြေအိတ်ရှည်တို့ကို ချွတ်သည်။
ထရေစီတစ်ကိုယ်လုံးမှာ ခြစ်ခြစ်တောက် ပူနေသည်။

ဂျက်သည် မျက်နှာသုတ် ပ၀ါကို ရေအေးနှင့် ဆွတ်လိုက်ပြီး သူမကိုယ်ကို ခြေဆုံးခေါင်းဖျား ရေ၀တ်နှင့် တိုက်သည်။
ထို့နောက် သူမကို စောင်နှင့် ပတ်ပြီး သိပ်ထားလိုက်သည်။
သူက ခုတင်ဘေးတွင် မှီထိုင်ပြီး သူမ၏ အသက်ရှူမမှန်သော အသံကို စောင့်နားထောင်နေရသည်။
အကယ်၍ နက်ဖြန်မနက်မှ အခြေအနေ တိုးတက်မလာလျှင် ဆရာဝန်ခေါ်ရန် ဂျက်ဆုံးဖြတ်လိုက်သည်။
မနက်မိုးလင်းသောအခါ ထရေစီခန္ဓာကိုယ်အောက်မှ အိပ်ရာခင်းအားလုံး ချွေးဖြင့် စိုရွှဲနေသည်။
သို့သော် ထရေစီက သတိလစ်နေဆဲ။ သို့သော် သူမ၏ အသက်ရှူသံမှာ မနေ့ညကထက် နည်းနည်း ပို ကောင်းလာသည်။

တည်းခိုခန်းမှ အခန်းသန့်ရှင်းရေး အလုပ်သမားများ ထရေစီအား မြင်သွားမည်ကို ဂျက် စိုးရိမ်နေမိသည်။
အကယ်၍ မြင်သွားပါက မေးစရာ မေးခွန်းများ တသီကြီး ပေါ်လာပေလိမ့်မည်။
ထို့ကြောင့် အလုပ်သမားခေါင်းထံမှ အိပ်ရာခင်းနှင့် ခေါင်းအုံးစွပ်များ တောင်းယူပြီး အသစ်လဲလှယ်လိုက် သည်။
ဂျက်သည် နံနက်ပိုင်းတွင် ထရေစီ ခန္ဓာကိုယ်တစ်ခုလုံးကို ရေဖတ်တိုက်ပြန်သည်။
ထို့နောက် စောင်နှင့်ပြန်ခြုံထားသည်။

အခန်းအပြင်ဘက် တံခါးဘုတွင် "မနှောင့်ယှက်ပါနှင့်"ဟူသော စာတန်းကလေးချိတ်ထားခဲ့ပြီး အနီးဆုံး ဆေးဆိုင်သို့သွားကာ အက်စ်ပရင်ဆေးပြားများ၊ အဖျားတိုင်း သာမိုမီတာ ပြဒါးတိုင်တစ်ခု၊ အရက်ပြန် တစ် ပုလင်းနှင့် ရေမြှုပ်ပွတစ်ခုတို့ကို ၀ယ်လာသည်။
သူပြန်ရောက်လာသည်အထိ ထရေစီ မနိုးသေး။
အဖျားတိုင်းကြည့်ရာ ၁၀၄ ဒီဂရီ ရှိနေသည်။ ရေမြှုပ်ပွတွင် အရက်ပြန် အေးအေးကို ဆွတ်ပြီး သူမ တစ်ကိုယ် လုံး ကို ပွတ်လိုက်ရာ အဖျား ဒီဂရီ ကျသွားသည်။
ထို့နောက် တစ်နာရီကျော်ခန့်အကြာတွင် ထရေစိ၏ အဖျားဒီဂရီမှာ ပြန်တက်လာပြန်သည်။
ဂျက်အဖို့ ဆရာဝန်ခေါ်ရတော့မလို ဖြစ်လာသည်။
သို့သော် ဆရာဝန်က ထရေစီအား ဆေးရုံသို့ အတင်းတင်မည့် ပြဿနာ ကြုံလာနိုင်သည်။
မေးခွန်းများ လည်း မေးလာလိမ့်မည်။

ရဲက ထရေစီအား လိုက်ရှာနေသလား၊ မရှာဘူးလားဆိုသည်ကိုလည်း မသိနိုင်ပါချေ။
အကယ်၍ ရဲကလိုက်ရှာနေပါက ဆေးရုံတင်လိုက်လဆင် သူတို့နှစ်ယောက်စလုံး အဖမ်းခံရမည်မှာ သေချာသည်။
ထို့ကြောင့် ဆေးရုံတင်၍မဖြစ်။
ဖြစ်သည့်နည်းနှင့် တစ်ခုခုလုပ်ရပေမည်။
ဂျက်သည် အက်စ်ပရင်ဆေးပြားကို အမှုန့်ကြိတ်လိုက်သည်။
ထို့နောက် ထရေစီ၏ ပါးစပ်ကိုဟပြီး ဆေးမှုန့်များကို လောင်းထည့်သည်။
ရေကို ဇွန်းဖြင့် နည်းနည်းချင်း ပါးစပ်ထဲသို့ ထည့်ပေးသည်။
နောက်ဆုံးတွင် ဆေးမှုန့်များကို ရေနှင့်မျှောပြီး လည်ချောင်းထဲရောက်အောင် လုပ်ပေးနိုင်လိုက်သည်။

ထရေစီ၏ တစ်ကိုယ်လုံးကို ရေဖတ်တစ်ခါ ထပ်တိုက်လိုက်ပြန်သည်။
သူမ ခန္ဓာကိုယ် အပူရှိန်မှာ နည်းနည်းကျသွားမှန်းသိလာရသည်။
သွေးခုန်နှုန်း ကို ထပ်စမ်းလိုက်ပြန်သည်။
ယခင်ကထက် ပိုကောင်းလာသည်။
သူ့နားရွက်ကို သူမရင်ဘတ်တွင် ကပ်ပြီး နှလုံးခုန်သံကို နားထောင်ပြန်သည်။
ရင်ခုန်သံ မြန်ရာမှ နည်းနည်းလျော့လာသည်ဟု ထင်ရသည်။
နောက်ဆုံး ထရေစီ နေကောင်းပါစေဟုသာ တတွတ်တွတ် ဆုတောင်းနေရတော့သည်။

၈ျက်သည် ထရေစီနဖူးကို ဖွဖွကလေးနမ်းလိုက်သည်။
ဂျက်အဖို့ မအိပ်ရသည်မှာ ၄၈ နာရီရှိပြီ။
သူလည်း ခြေကုန်လက်ပန်းကျပြီး မျက်တွင်းလည်း ဟောက်နေပြီ။
နောက်မှ အိပ်တော့မည်။ အခုမျက်စိခေတ္တမှိတ်ပြီး တစ်ခဏနားလိုက်ဦးမည်ဟု စိတ်ဆုံးဖြတ်ကာ မျက်စိ မှိတ် လိုက်သည်။
သို့သော် တစ်ချိုးတည်း အိပ်ပျော်သွားတော့သည်။

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>