Showing posts with label ခင်နှင်းယု. Show all posts
Showing posts with label ခင်နှင်းယု. Show all posts

Thursday, February 10, 2011

ခင်နှင်းယု ၏ ဖေဖေ အပိုင်း (၁၄) (ဇာတ်သိမ်း)

''ဘာဖြစ်လို့ရီတာလဲ မမယုရဲ့ ဖေဖေ့ကြည့်ပါလား တခါတလေ သူခိုင်းတာတွေကို ကျွန်တော်မလုပ်ချင် လို့ အထင်လွဲ တဲ့ အခါ ကျွန်တော်စိတ်မကောင်းဘူး၊ အပြင်မှာကလဲ အခြေအနေတွေက အားလုံး ပြောင်း သွားဘီမို့လား''

''သည်းခံ ကိုအောင်ရေ... သည်းခံ ဒီတခါ မမယုကတရားဟောဆရာဖြစ်သွားဘီ၊ ကိုအောင်က အများ ကြီး တော်သေး၊ ဖေဖေနဲ့အဆင်မပြေလို့ ဖေဖေစိတ်ဆိုးလဲ အလွန်ဆုံးတရက်ပေါ့၊ ဖေဖေ စိတ်ကြည်ကြည် လင်လင် ရှိတဲ့အခါ ''အကျိုးအကြောင်းက ဒီလိုဖေဖေရေ၊ သားရဲ့စိတ်ရင်းခံက ဘယ်လိုရှိတယ်၊ ဒါ ပေမဲ့ လက်ရှိဖြစ်နေ တဲ့ အကြေင်းက ဘယ်လို''နဲ့ ခြေပပိုင်ခွင့် ရှင်းလင်းပြောပြပိုင်ခွင့်ရှိဒါပေါ့၊ ဖေဖေက လဲ အခြေအနေ အမှန်ကိုသိတော့ စိတ်ပြေ့သွားပြီး သားကိုခွင့်လွှတ်နိုင်တာပေါ့၊ မမယု အဖြစ်ကမှဆိုး တာ''

''ဟင်... ဘာဖြစ်လို့လဲ''
ကျမကလည်း ထိုအခါကျမှ ကျမတို့သားအဖနှစ်ယောက်ဖြစ်ခဲ့သော အရေးအခင်းကို ပြောပြရပါသည်။
''ဘာမှ ရှင်းလင်းပိုင်ခွင့် ခြေပပိုင်ခွင့်လဲမရှိဘူး ဆရာရော့၊ စာရေးပြသမျှ ဆုတ်ပြစ်လို့ မယုလဲ စာလဲမ ရေး၊ စကားလဲမပြော နေလိုက်ရော သူလဲ သူထင်တာ သူလုပ်ဒါဘဲ၊ မိနုကြီးကလာပြီး ပြဿနာရှင်းမှ ဆေးရုံ မတက်ခင် လေးဒင် သားအဖပြဿနာပြေတော့တယ်''

''အော်... ဒီလိုကိုး''ဟုဆိုကာ သူ့ခမျာလည်း ထိုအခါ ကျမ ရယ်ပါတော့သည်။
    အော်ဖေဖေ
    ဒီလိုနှင့်ပင် မြေးဦးကြီး မိ၊ မောင်အောင်ခိုင်၊ မောင်ကျော်ခိုင်၊ နီ၊ သက်၊ မောင်ညီညီ နှင့် တိုး ကြည်ဆွေ၊ ထားကြည်ဆွေ၊ သိုးကြည်ဆွေတို့ ၏ အဘိုးအဖြစ် အသက်ရှစ်ဆယ်ပြည့်အောင်     သူ လူ့ပြည်တွင် နေလာခဲ့ပေပြီ။

ကျမ ပန်တပွတ် ကို ထွက်လာခဲ့ပြီးနောက် သမီးကြီး မိကို စေ့စပ်ကြောင်းလမ်းပေးရန် ရန်ကုန် ကို ခေတ္တ ပြန်လာခဲ့၏။ ကျမ၏ကျန်းမာရေးအခြေအနေကတော့ မကောင်းသေးပါ။ တညတွင် ဧည့်ခန်းမှာထိုင်ရင်း ကျမ ကိစ္စတခု ကို စိတ်ကူးနေရာမှ ပျားရေကို ဘာနှင့်မှမရောဘဲ သောက်ချလိုက်ရာ ပျားရေသီးပါတော့ သည်။ ခလေးမလေး နှစ်ယောက်မှာ အသက်မရှုနိုင်ဘဲ ပုံရက်လဲကျသွားသော ကျမကိုပွေ့ချီရင်း သူတို့ လည်း တတ်သမျှ မှတ်သမျှ ပြုစုကြပါသည်။ တနာရီလောက်ကြာမှ ကျမအသက်ပြန်ရှုနိုင်ပါသည်။ (ပျားရည်သီးလျှင် သေတတ်သည်ကို နောက်မှသိပါသည်။)

ထိုညတွင်တော့ ဖေဖေသည် ကျမကို အနားကိုလာကြည့်၏။ ''မလှိုင် ဒီညမမကို တယောက်ထဲ အခန်း ထဲမှ မသိတ်နဲ့ နင်အနားမှာ အိပ်နော်''ဟုဆိုကာ ကျမကို စေ့စေ့ကြည့်ပါသည်။ ယခုအခါမှ ဖေဖေသည် ကျမ၏ကျန်းမာရေးမှာ ဖြစ်ချင်လျှင်ချက်ခြင်း စိုးရိမ်ဘွယ်ရာဖြစ်သည်ကို တွေးမိလာဟန်ရှိပါသည်။

''သမီးနေ့တိုင်း ဘာတရားတွေကို ဆင်ခြင်လဲတော့မသိဘူး၊ ဖေဖေတော့ နေ့တိုင်း မရဏာမေဘ၀ီဿ တိ သေခြင်းလျှင် အဆုံးရှိ၏ဆိုတဲ့ မရဏနုဿတိ ကမ္မဋ္ဌာန်းကို စီးဖြန်းတယ်၊ ဒါကြောင့်များ ဖေဖေအ သက်ရှည်နေလားမသိဘူး၊ သမီးနေ့တိုင်း မရဏနုဿတိ ကမ္မဋ္ဌာန်းကို စီးဖြန်းပါ''

ဖေဖေသည် ဒီလိုပြောကာ အခန်းထဲမှ ထွက်သွား၏။ ကျမ၀မ်းသာလိုက်သည့်ဖြစ်ခြင်း။
ရှေးယခင်က ဦးနုတိုက်တွန်းချက်ဖြင့် ဖေဖေသည် သာသနာ့ရိပ်သာတွင် ကိုယ်ရင်ကြီးဝတ်ခါ ၀ိပဿနာ တရား ကို အားထုတ်၏။ သူကအမြဲဘဲ သင်္ကန်းဝတ်နှင့်နေလိုသည်ဟုဆိုသည်။ ကျမကနေခွင့်မပေးပါ။ ဖေဖေ့ မှာ ဦးနှောက်မှန်သူမဟုတ် ၀ိနည်းမလျော်သော အလုပ်များကို လုပ်မိလျှင် သင်္ကန်းငရဲကြီးမှာ စိုး သည်။ ဒုတိယအကြောင်းမှာ ဖေဖေက နားကြားသူမဟုတ် ဖေဖေ့ခြေသံ ဖေဖေလှုပ်ရှားသံများသည် သာမာန်လူ ထက် ကျယ်၍ တခြားသော ယောဂီရဟန်းများကို အနှောင့်အယှက်ဖြစ်မှာစိုး၍ သင်္ကန်းဆီး ၍ ဆက်နေရန် ကျမခွင့်မပြုဘဲ အိမ်ကို ခေါ်လာခဲ့ပါသည်။ အိမ်ရောက်လျှင် ၀ါတွင်း လပြည့်လကွယ်များ တွင် ဥပုသ် စောင့်ရင်း ၀ိပဿနာတရားကို အားထုတ်၏။

သို့ပေမင့် စိတ်ငြိမ်ပုံမရပါ။ အပင်မှ ကွမ်းသီးများကို ခွဲစိတ်အခြောက်လှမ်းထား၏။ မိုးရွာလျှင် တရား ထိုင် နေသော အခန်းထဲမှ ထွက်လာကာ  ''ဒီကွမ်းသီးဘမ်းကို''ယုတ်ရ၏။
ကျမသည် ဖေဖေ့ကိုစာရေးပြရ၏။ (ထိုစဉ်က သားအဖအဆင်ပြေနေသေးသည်။)

''နိဗ္ဗာန်ကိုလိုချင်လို့ ဖေဖေ၀ိပဿနာတရားကို အားထုတ်နေတယ်မို့လား၊ နိဗ္ဗာန်ဆိုဒါ ပစ္စည်းဥစ္စာတွေ ဆို ဒါကိုမပြော နဲ့ ဒီခန္ဓာကိုယ်ကြီးကိုတောင် ပြတ်ချင်လွန်းလို့ နောက်တဘ၀ပြန်မဖြစ်ချင်လို့ အားထုတ် ကြဒါ၊ ဒီကွမ်းသီးလေး တဘန်းကို (၀ိပဿနာတရား အားထုတ်ဆဲ အချိန်လေးမှာတောင်) မပြတ်နိုင်ရင် နိဗ္ဗာန်ကို ဖေဖေလိုချင်တယ်ဆိုတာ၊ အဓိပ္ပါယ်ရှိသေးရဲ့လား''
ကျမစာကိုဖတ်ခါ ''နောက်မလုပ်ဘူး၊ နောက်မလုပ်ဘူး''ဟုအော်ရင်း အခန်းထဲဝင်သွားပါသည်။ မည်သို့ ပင်ဆိုစေ ၀ိပဿနာကို အားထုတ်ဘူးသည်ဆိုသော ပါရမီကတော့ဖြင့် ဖေဖေ့တွင်ပါသွားပေမည်။ ဖေဖေသာ စိတ်မှနှ်လျှင် ကောင်းလေစွ အဘယ့်ကြောင့်ဆိုသော် သူအားထုတ်ချိန်တွင် နားမကြားသူ ဖြစ်၍ သောတ အာရုံ တွင် ကျမတို့လို ပျံ့လွင့်စရာမရှိပေ၊ ထို့ကြောင့်ပင် သူ့အခန်းထဲ၌ အားထုတ်ဆဲ ခဏတွင်မူ သူသည် သမာဓိမြန်မြန်ရလွယ်သည်ကို တွေ့ရ၏။

ဦးနုသည် ထိန်းသိမ်းခံရပြီး လွတ်လာချိန်တွင် ဖေဖေ့ကို လာကန်တော့ကာ ဖေဖေ့ကျန်းမာရေးကို ကြည့်၏။
''အသက်ရှစ်ဆယ် ထိ နေရတယ်ဆိုတာကတော့ ၀မ်းသာစရာဘဲ၊ ဦးလေးဘ၀ဟာ ငယ်ငယ်ကထဲက ကျောက်ပေါက်ရ၊ လေငန်းဖြစ်ရ၊ နားမကြားရ၊ ခွဲရစိတ်ရ၊ ခုလဲခြေမသန်ဖြစ်ရနဲ့ ၀ဋ်တွေဘဲ၊ မိခင်ယု ရေ... သံသရာ မှာ ပျော်မွေ့မယ်လို့ စိတ်တဖန်ဖြစ်လာတိုင်း ဦးလေးကိုကြည့်ပြီး ၀ဋ်ဆင်းရဲကို ဆင်ခြင်ပါ ကွယ်'' သူက ပြန်ကာနီး ကျမကို သတိပေးသွား၏။
ဖေဖေသည် ကံလည်းကောင်း၏။ ကံလည်း ဆိုး၏။ ရောဂါမျိုးစုံခံစားရသော်လည်း သူအသက်ရှည်၏။ ယခုတိုင် ကျန်းမာတောင့်တင်း၏။ ယခုလိုပုံဖြင့် သူ့ကျန်းမာရေးမှာ မြေးဦးကြီး မိမှ မွေးသောမြစ်ဦး အထိ နေနိုင် ပုံရ၏။

ကျမအိုမင်းသောအခါ ဖေဖေ့လိုမှ အသက်ရှည်စွာနှင့် အဆင်ပြေစွာ နေနိုင်ပါမည်လား။ ဤလိုနောင် ရေးကို တွေးမိ သောအခါ တုံလှုပ်သွားသည်။ ကျမနောင်ရေးက ဘာမှမသေချာ၊ ကျမကလည်း ဘာမှ ပြင်ဆင်၍ မထားပါပေ။
သို့သော် အားကိုးရာ တရားတော်တည်ရှိပါသေး၏ဟု ပြန်အားတင်းရ၏။ ဖေဖေက ထိုနေ့ညက မရဏ ဿတိကမ္မဋ္ဌာန်းကို အစဉ်စီးဖြန်းရန် သတိပေးလာသောအခါ ဖေဖေဦးနှောက်အတော်ပင်ပြန်၍ ကြည်လင် လာသော အထိမ်းအမှတ်အဖြစ် ကျမ၀မ်းသာသွားမိပါသည်။

မိကို လက်ထပ်ပေးပြီးနောက် ကျမပန်တပွတ်ကို ပြန်ခဲ့၏။
သူချစ်သော မြေးဦးမိ... မြေးသားမက် ထွန်းအောင်ကျော် (ဗိုလ်ကြီး တပ်မတော်လေတပ်)တို့နှင့် အဆင်မှ ပြေပါလေစဟု သင်္ဘောပေါ်အရောက် စိတ်ကထင့်လိုက်သေးသည်။
''ငါသေတော့လဲ သူတို့ဖာသာ ကြည့်ပြီးဆက်နေသွားကြမှာပါလေ'' ကျမစိတ်ကို ကျမဖြတ်လိုက်၏။
တလအကြာတွင်မူ မိထံမှ စာတစောင်ရောက်လာသည်။

    မေမေ...

    မေလ ရှစ်ရက်နေ့မှာ သမီးကျောင်းပြန်တက်ရမယ်။ ကိုကိုထွန်းအောင်ကျော်လဲ ခွင့်တလစေ့     လို့ ရုံး ပြန်တက်ရမယ်၊ အလှိုင်လဲ ယောက်ျားယူဖို့ပြန်သွားတယ်၊ သမီးတို့နှစ်ယောက် ကိုယ့်ပြဿနာကိုယ် ရှင်းနိုင် ပါတယ်။ အရေးကြီးဆုံးပြဿနာကတော့ ဘဘကြီးရဲ့ပြဿနာဘဲ၊ သမီး     တို့ ကျောင်းသွားနေတုန်း ဘဘကြီး ကို အိမ်မှာတယောက်ထဲ ထားရစ်ခဲ့ဖို့ စိတ်မချဘူး၊ ဒါ     ကြောင့် ဘဘကြီးအတွက် လူတယောက် အမြန်ရှာ ၍ ပို့ပေးပါ။

                                    ကျန်းမာ ချမ်းသာပါစေ...
                                            မိ
မိဆိုသော ကျမ၏သမီးသည် ဘယ်သောအခါမှ စာရှည်ရှည်မရေး၊ အဖေနှင့် အမေကိုပင် စကားဖွဲ့ဖွဲ့နွဲ့ နွဲ့ မပြောတတ်၊ သူ့ကျောင်းမှ ဆရာမကြီးများကပင် ဆုံမိ၍ စကားစပ်မိလျှင် မိသည် အင်္ဂလိပ်လိုဘဲဖြစ် စေ၊ မြန်မာ လိုဘဲဖြစ်စေ စာစီစာကုံးရေးလျှင် ဖွဲ့ဖွဲ့နွဲ့နွဲ့မရှိကြောင်း ပြောပြတတ်၏။
ယခုစာ ကို ကျမဖတ်ရသောအခါ ရယ်မိ၏။ ပြုံးမိ၏။ ခွေးမိဆိုသော ဤမိန်းကလေးက ''ပြဿနာ''ဆို သော စကား ကို ကြီးကြီးကျယ်ကျယ် သုံးလာသောကြောင့်ပင်တည်း။
တခါက ဆွေမျိုးတယောက်က ကျမကိုပြောဘူးပါသည်။

''အလကားပါဗျာ... ဒီအဖေကြီးကို သူကပုံကြီးချဲ့နေတာ၊ ဘယ်အိမ်ဖြစ်ဖြစ် ဆွဲတင်ထားလိုက်ရင်ပြီးနေ တဲ့ ကိစ္စ...''
သူပြောစဉ်က ကျမဒေါသဖြစ်မိပါသေးသည်။ ယခု မိစာကိုသာ ထိုသူကိုထိုးပြလိုက်ချင်ပါသည်။ ဘယ် အိမ်ဖြစ်ဖြစ် ဆွဲတင်ထား၍မရပေသော အဖေမျိုးပေလားဆိုသည်ကို ထိုသူ့ကိုပြချင်သည်။ တကယ်သာ ဆွဲတင် ထား၍ရလျှင် မိ၏စာသည် ကျမထံသို့ပင် ရောက်လာရန်မလို၊ သူတို့က လာကြည့်၍ ဖေဖေ့ကို ဆွဲခေါ် သွားဖို့ပင်ဖြစ်၏။ သို့သော်လည်း ကျမသည် သူတို့ကို ချေပပြောဆိုမနေလိုတော့ပါပေ။
စိတ်ချ ရသော ကျမကိုပြုစုနေသည့် မအေးမြင့်ကို ဖေဖေ့အား ပြုစုရန် ရန်ကုန်ကို ပို့ပေးလိုက်ရပါသည်။ မအေးမြင့် သည် မီလက်ထပ်ဖို့ ရန်ကုန်တွင်သွားရောက်ပြင်ဆင်စဉ် ဖေဖေနှင့်တလလောက် အတူနေ ဘူး၍ ဖေဖေ့ ဓာတ် ကို သိပြီးဖြစ်လေသည်။

နောက်တနှစ်တွင် ကျမတို့ ပန်တမွတ်ရှမ်းတပ်ရင်း(၁)မှ ရန်ကုန်စစ်ရုံးချုပ်ကြီးသို့ ပြန်လည်ပြောင်းရွေ့ရ ၏။
ကျမ၏ညီမအငယ်ဆုံး နုနုသည် မော်လမြိုင်တက္ကသိုလ်မှ ရန်ကုန်တက္ကသိုလ်သို့ မြန်မာစာဌာနတွင် လက်ထောက် ကထိကအဖြစ် ပြန်လည်ပြောင်းရွေ့လာရ၍ ဖေဖေ့ကို သူ့လုပ်စာနှင့် ကျွေးမွေးပြုစုလို သေးသည် ဆို၍ လာခေါ်သွားပါသည်။ စင်စစ်တော့ ကျမ မသေမချင်း ဖေဖေ့အကြောင်းကရေး၍ မဆုံး နိုင်ပါ။

ယခုဤနေရာတွင်ပင် လက်စသတ်သောအချိန် ၁၉၆၈ ခု၊ ဇန္န၀ါရီလ၊ နှစ်ဆန်းတရက်နေ့တွင် သူချစ် သော မြေးဦးကြီး ''မိ''မှ မြစ်ဦးဖြစ်သော သားဦးရတနာကို ဖွားမြင်ပါသည်။ ဆေးရုံသို့အောက်ပါစာကို သူရေးပို့၏။

    မိ
    Congratulation
    မိနှင့်တကွ သားကလေးပါ ကျန်းမာချမ်းသာစေရန် ဆုတောင်း၏။
    ကျန်းမာချမ်းသာကြပါစေသော်
    ဘဘ မလာနိုင်ဘူး
                                မောင်ဘ

ဤသို့နှင့် မျိုးစေ့တစေ့မှသည် တောအုပ်တခုသည် ဤမြေပေါ်တွင် ခက်လက်စိမ်းစိုစွာနှင့် ရှင်သန်ဖြစ် ထွန်းလာခဲ့၏။ ပုံစံအမျိုးမျိုးတို့နှင့် ဤတောတန်းတွင် ပန်းတို့လည်း ပွင့်လာခဲ့ကြသည်။ ဤတောတန်းမှ ပွင့်သောပန်းနှင့် သီးသော သစ်သီဝလံတို့သည် သတ္တ၀ါတို့အတွက် ကောင်းကျိုးချမ်းသာကို ဖြစ်ထွန်းပါ စေသတည်း။
အဘိုးနှင့် မြေး မြစ်တစု ချမ်းမြေ့ရွှင်လန်းပါစေ။

ခင်နှင်းယု
၁-၁-၆၈
>>>ဆက်ဖတ်ရန်>>> >>

Tuesday, February 8, 2011

ခင်နှင်းယု ၏ ဖေဖေ အပိုင်း(၁၃)

          ''သူ့မှာ ကျွန်တွက်၊
            တဆံရွက်မျှ၊
            ချစ်သက်ချစ်ငွေ့၊
            မကျန်၍။ ။''

ဤအတိုင်းပါပင် အူတွေရော အသဲတွေရော နှလုံးကျောက်ကပ်တွေပါ ပုံချစ်ပါ၍ ကျမက ကျမချစ် လေသူများ အတွက် (ဖေဖေတယောက်ထဲတွင် မဟုတ်) အပမ်းတကြီးဆောင်ရွက်ခဲ့ပါသော်လည်း၊ ကျမ ချစ်သူ များသည် ကျမအတွက် တဆံရွက်မျှ ချစ်သက်ချစ်ငွေ့မရှိကြပါ။ တနေ့ကပင် ညီမလေး နုနု ကို  ပြောပြ ရ၏။

''ငါကတော့ ဆရာမင်းသုဝဏ်လို ကဗျာနုနုလေးတွေ မစပ်တတ်ဘူးကွယ်၊ ဒါပေမင့် ကဗျာတပုဒ်တော့ ရွတ်ပြ ချင်တယ်...'' သူကရွတ်ပြပါဟုဆို၏။

            ''ဒီတသက်တော့၊
            ဘယ်သူ့တွက်မှ၊
            မျက်ရည်တစက်၊ မကျပြီ''။   ။

ကျမကဗျာဆုံးလျှင် သူကရယ်ပါတော့သည်။

ဘယ်သို့ပင်ဆိုစေ ကျမအဖြစ်က ကိုးလိုးကန့်လန့်ကြီးပါပင်တည်း။
ဘခင်ကြီးသည် စိတ်လုံးဝနောက်နေသူလား-ဟုဆိုပြန်လျှင်လည်း မဟုတ်ပါ။ ဒါဖြင့် လူကောင်းတစ် ယောက် ဦးနှောက် လားဆိုတာလည်း ဟုတ်သည်ဟု မဖြေနိုင်ပါ။

သို့သော် သူကတော့ သူ့ကိုယ်သူ လူကောင်းတယောက်အနေနှင့် ခေါင်းဆောင်ကြီးတယောက်လို လုပ်ကိုင် လိုက်သည့် အလုပ်တွေက ၀က်ဝက်ကွဲ၊ သူလုပ်သမျှ အကောင်းထက် အဆိုးက ပိုဖြစ်သည်။

ဒီလိုဖြစ်၍ သူတပါးက လက်ညှိုးထိုးခါ ဖေဖေ့ကိုအပြစ်တင်ပါလျှင် နင်ဘဲငဆ ဆိုပါလျှင်လည်း ကျမက ဖေဖေ့ ဘက်က ဆတ်ဆတ်ခါနာရသည်မှာအမော၊ သို့ပါသော်လည်း ''ငါ့သမီးလေးက ငါ့ဘက်ကပါ လား''ဟူ၍ ဖေဖေ ကလည်း မထင်၊ ဤသို့ပင် ဇာတ်လမ်းက ရှုတ်ထွေးလိုက်သည်မှာ ဘယ်သူထွင်ခါမှ ဤဇာတ်လမ်းမှာ ဆုံးမည် ဟု မပြောနိုင်ပါပေ။ (သားအဖနှစ်ယောက်တည်း ကပ်၍ရှုတ်နေကြ၏။)

ယခုတော့ တရား၏တန်ခိုးတော်ဖြင့် ထွက်မည်ဆဲဆဲဒေါသ (အဦးစိတ်)ကို ချက်ခြင်းချက်ခြင်းထိန်းနိုင် ခြင်း ဖြင့် ကျမ ရင်မှာ တနေ့တခြား အေးလာပါသည်။

တဘက် ကလည်း လှည့်တွေးရသည်။
''ဘာပြောပြော ဖေဖေက စိတ်မနှံ့တဲ့သူမို့လား၊ စိတ်မနှံ့လို့ သူထင်ရာသူ ရှောက်လုပ်နေတာ၊ ကဲ... တ ကယ်လို့ အဲဒါတွေမလုပ်ပါဘူးတဲ့ လူအကောင်းတယောက်အနေနဲ့ မေမေသေသွားပြီးတဲ့နောက် နောက် မိန်းမ ယူ၊ အရက်တွေသောက်နေတဲ့ အဖေလူကြမ်းကြီးတယောက်ဖြစ်နေပါဘီတဲ့၊ ပိုပြီး စိတ်မ ဆင်းရဲ ရဘူးလား...''ကိုယ့်တရားကိုယ် ချရ၏။

တနေ့တွင်တော့ ကျမတို့မိတ်ဆွေ မမသက်အိမ်ကိုလာလည်၏။ သူသည် မင်းကြီးကတော်ဖြစ်သည့်ပြင် လိုင်စင် ခေတ်ကောင်း ကို မှီလိုက်၏။ သူတို့တွင် မောင်နှမဆယ့်သုံးယောက်ရှိသည်၊ အနည်းဆုံး လခနှစ်ရာ စားလောက် ထိ အဆင့်ရှိကြသည်။

''အဖြစ်ကတော့ အံ့သြစရာပါဘဲ မယု၊ တို့များမိဘဟာ တို့မောင်နှမတွေကို ခုနစ်တန်းလောက်ကအစ ဒီ ဂရီရတဲ့အထိ ထားခဲ့နိုင်တယ်၊ တို့များဟာ တလ ငါးကျပ်ဘဲစုပြီး တို့မိဘကို ကန်တော့အုံး၊ တလ ဖေဖေ တို့ဟာ ငါးဆယ်ကျော်မသုံးရပါလား... ခုတော့ ဖေဖေဟာ ငွေတဆယ်တောင် လက်ထဲဆုတ် သေမ သွားရဘူး၊ လူကြားရင်တောင် ယုံနိုင်စရာရှိသလား၊ မမသက် ခုထိမချိတာက ဖေဖေဟာ ဇရပ်အိုပေါ်မှာ ဆုံး ရတယ်၊ လူကြားကောင်းအောင်လို့သာ ဖေဖေတရားအားထုတ်ချင်လို့ဆိုပြီး သတင်းလွှင့်ရတယ်၊ မမသက် တိုက်ပေါ် ဖေဖေ့ကိုတင်ဖို့ မမသက်ယောက်ျားက မကြည်ဖြူလို့ မတင်ခဲ့ရဘူး၊ ရင်ကွဲစရာ ကြီး...''

မမသက် ရှိုက်ကြီးတငင်ငိုတော့မှ ကိုယ့်စိတ်ကိုယ်ဖြေသာလာပါသည်။ ''ဖေဖေသာ ဒီလိုများဖြစ်ရယင် ငါ ဘယ်လောက်ယူကြုံးမရဖြစ်မလဲ...''နောက်ပိုင်းတော့ ဇာတ်လမ်းတွေက အများကြီးကို တွေ့ရ၏။ သားကြီးက တိုက်ပေါ်မှာနေ၊ ချွေးမ မကြည်ဖြူ ၍ မိဘကို တဲငယ် နှင့် ထားရသည်။


လူအိုရုံကိုပင် နီးစပ်သူ ဆွေမျိုးမရှိပါဟူ၍ အမျိုးမျိုးညှာက ဘခင်အိုကို လူအိုရုံသို့ လာပို့ထားရသော အ ဖြစ်တခုကို တွေ့သောအခါတွင်မူ ကျမကြက်သီးဖြန်းဖြန်းထမိပါ၏။ ညနေတိုင်မှ မိန်းမမသိအောင် ဘိုင် စကယ်လေးစီးကာ ဘခင်အိုကို လာ၍တွေ့ရ၏။ ဘိုးဘွားရိပ်သာရှိ သက်ဆိုင်ရာတာဝန်ခံများက အမှန် ကိုမသိ၊ ခိုကိုးရာမဲ့သော အဘိုးအိုအား ထိုသူငယ်လေး နေ့စဉ်လာရောက်ကြည့်သည်ဟူ၍သာ သိ သည်၊ ယခုတော့ ထိုအဘိုးအို လူအိုရုံတွင် ရှိသည် မရှိသည် မသိတော့ပါ။ မိန်းမကို ဘာကြောင့်များ ဒါ လောက် ကြောက်ရ ပါလိမ့်။

သေသေချာချာတွေးကြည့်လျှင် ဘယ်လိုပင် ချမ်းသာချမ်းသာ ချောင်လည်ပါရက်နှင့် မိခင် ဖခင်ရှိရာသို့ တလ ဟင်းတခွက်၊ သို့မဟုတ် တလ ငွေ ၅-ကျပ်ရောက်အောင်ပို့ဖို့ဆိုသည်မှာ တချို့လူများအတွက် အလွန် ခက်၏။

ဖေဖေ့လို ခပ်''သောင်းသောင်းကျန်းကျန်း'' အဖေသာဆိုရင်တော့ ခက်သေး၊ သို့သော် လောကတွင် ကံ တရား ဆိုတာ ပါ ပါသေးတယ်ဟူ၍ စိတ်ဖြေရ၏။

ကျမ နှင့် ဖေဖေ၏ကုသိုလ်ကံသည် အလွန်အံ့သြစရာကောင်း၏။ ဆရာဝန်၏ညွှန်ကြားချက်အတိုင်း ကျမ အိမ်မှာနေ၍ ဆေးစား ဆေးကုသောကြောင့် ဆေးရုံမတက်ရတော့ပါ။ တဖြေးဖြေး ရောင်တာ ဖေါ တာ များလည်း ကျလာ၏။ ထမင်းတော့ စား၍မရသေး၊ အရသာကိုမရှိပေ၊ ကုသပေးသူမှာတော့ ဒေါက် တာလှထွန်းဖြစ်၏။

ဖေဖေ ကိုကို့ဆီသွားနေ၍ နှစ်လမပြည့်ခင် ၁၉၆၅ခုနှစ် ကဆုန်လပြည့်နေ၌ ကိုကိုက ဖြုံးဆို နှလုံးရောဂါ နှင့် စစ်ဆေးရုံတွင် ကွယ်လွန်သွားပါသည်။

ကိုကို အား ရေခဲတိုက်ထဲသွင်းပြီးနောက် ကျမခေါင်းထဲတွင် ဘာအစီအစဉ်မှမရှိခင် အကိုကြီးသည် ကျမ အား ကားပေါ်ဆွဲတင်၏။

''ငိုတာတွေ ဆွေးတာတွေ နောက်မှလုပ်ဟေ့... တို့အဘအကြောင်း တို့သိတယ်မို့လား... ချွေးမက ဘယ်လောက်ဘဲ တော်တော် သူ့ခမြာ ပူဆွေးနေတုန်း၊ မိချိုတို့ အဖေကြီးက တမှောင့်ဖြစ်နေမယ်၊ လာ သွားခေါ် ကြစို့''

ကျမသည် ဒီတော့မှ ဖေဖေ့သတိရခါ စစ်ဆေးရုံမှအပြန် ကျမတို့ကားလေးကို ကိုကို့အိမ်ရှိရာ ရွှေဂုန် တိုင်သို့ မောင်းသွားပြီး ဖေဖေ့ကို အကိုနှင့် ရဲဘော်တယောက် ပွေ့ထမ်းကာ အိမ်သို့ပြန်ခေါ်လာခဲ့ရပါ တော့သည်။

ကျမ နှင့် ဖေဖေ့ဇာတ်လမ်းက ဆက်၍ ကရပြန်သည်။

ကျမခင်ပွန်းသည်ဖြစ်သူ အကိုကြီးမှာ မအူပင် ပန်တပွတ်စခန်းရှိ ရှမ်းသေနတ်ကိုင်တပ်ရင်း(၁)သို့ တပ် ရင်းမူး အဖြစ် ပြောင်းရွေ့သွားရသော်လည်း ကျမမလိုက်နိုင်ပါ။ ကျမရောဂါအခြေအနေမှာ ဆိုးဝါးလာ၍ မြရတနာ ဆေးတိုက်မှ ဒေါ်မြမြအေးကခေါ်ယူခါ သူ့ဆေးတိုက်တွင် တင်ထားပါတော့သည်။ ကိုကိုဆုံး တော့ မှ ကျမက ဆေးရုံတက်ဖြစ်တော့သည်။ ဖေဖေ့ပေါင်ကျိုးစဉ်က ပြုစုသောအလှိုင် ပြန်ရောက်လာ၍ ဖေဖေ့ အတွက် ကျမစိတ်အေးသွား၏။

ဆေးရုံပေါ်တွင်တော့ ကျမတယောက်ထဲ ဆရာဝန်ကြီးဦးမင်းစိန်နှင့် ကုသခံနေရ၏။ သူက ကျမရောဂါ ကို စိတ် နှင့်လည်း ကုပါသည်။ ကျမပျော်ရွှင်အောင် ရယ်စရာတွေကိုလဲ ပြောပြပါသည်။ ကျမ သူရှေ့ တွင် ရယ် ပါသည်။ ကွယ်ရာမှာတော့ ငိုပါသည်။ နေ့လည် တရေးနိုးချိန်တွင်လဲ သူ၏ပြုံးရွှင်သော မျက် နှာကြီးနှင့် အနား တွင်လာရပ်တတ်၏။

''နိုင်ငံကျော် စာရေးဆရာမကြီးရဲ့ အန်ကယ် ကွယ်ရာကြရင် ဘာဖြစ်လို့ ငိုဒါလဲ...''
ကျမက ပြုံးပါ၏။ ''အန်ကယ် ဘယ်လိုလုပ်သိလဲ...''

''အောင်မယ်... အန်ကယ်က ဆရာဝန်အတတ်သာတတ်ဒါ မဟုတ်ဘူး၊ ဗေဒင်လက္ခဏာတန်ခိုးလဲ ရှိ တယ်၊ အန်ကယ် ကွယ်ရာ ဘယ်သူဘာဖြစ်လဲဆိုဒါ၊ အန်ကယ်သိတယ်''ဟုဆိုကာ လက္ခဏာကြည့်ရင်း ရယ်စရာ၊ မောစရာ ပြော၍ ထွက်သွားတတ်ပါသည်။ ရောဂါအကြောင်း ဘယ်တော့မှမပြော။ ကျမရင်ထဲ မှာတော့...။
 
''သူသာ ဖေဖေဖြစ်လိုက်ပါတော့ အားရှိစရာကောင်းလိုက်မဲ့ဖြစ်ခြင်း''ဟူ၍ ခဏခဏတွေးမိ၏။ ရောဂါကို က စိတ်ထိခိုက်လွယ်သည် ၀မ်းနည်းတတ်၊ အားငယ်တတ်သောရောဂါဖြစ်၏။ သူတို့ ဆရာဝန်မှတ်ချက် များ တွင်ပင် (Nerves weakmen, too much emotional and sensitiveness)ဟူ၍ အင်္ဂလိပ်လိုဖတ်ရ ၏။ မြန်မာလိုဆိုလျှင်ဖြင့် ဦးနှောက်ထဲတွင် အကြောအားနည်းလွန်းရကား စိတ်လှုပ်ရှားမှုနှင့် ခံစားမှု ဝေ ဒနာ ပြင်းထန် လာပါက နာကျင်ခြင်း၊ သွေးလှည့်မှုရပ်ပြီး ယောင်ခြင်း၊ မူးခြင်း၊ အားနည်းခြင်းးရောဂါပေါ် ရသည် ဟု ဆိုလေမလားတော့ မသိပါ။

ထို့ကြောင့် အန်ကယ် ဦးမင်းစိန်နှင့် ဖေဖေ့အကြောင်းယှဉ်တွေးမိတိုင်း မျက်ရည်ကလည်လာ၏။ (ဆရာဝန်ကြီး ဆိုသော ဂုဏ်ထူး-ရာထူးကြီးတွေကို ဆိုလိုခြင်းမဟုတ်ပါ။) ဖေဖေသာ ကျမ်းမာလို့ ဦး နှောက် ကောင်းရင် ငါ့အနားမှာ အခုလိုလာရပ်မှာဘဲ။ ဘယ်လောက်များ အားရှိလိုက်မလဲ ခုတော့ တို့ သားအဖ နှစ်ယောက် အသက်ရှင်ရက်နဲ့ တယောက်နဲ့တယောက် နားမလည်နိုင်ကြတဲ့ဘ၀ပါလားဟူ၍ တွေးမိခြင်း ကြောင့် ဖြစ်ပါသည်။

ကျမတရေးနိုးတွင် တခါတရံ အပါးလာရပ်သူမှာတော့ ဆရာဝန်မကြီး ဒေါ်မြမြအေး၊ သူကိုမြင်ပြန်တော့ လည်း ''မေမေသာ အသက်ရှင်ခဲ့ရင်'' ထိုအတွေးက ကျမနှလုံးသားကို နာကြင်သွားစေပါသည်။ ဒေါ်မြမြအေး မျက်နှာ သည် မီကင်းတွင် ကျမတွေ့ခဲ့သော ပြတိုက်တခုထဲမှ ပန်းပုဆရာတဦး ထုထား သော ကျောက်စိမ်း ယမင်းရုပ် နှင့် အလွန်တူသည်။ လိုက်လံပြသသူက ကျောက်စိမ်းတထုံးထဲနှင့် အ ဆက်အစပ်မရှိ ထုလုပ် ထားကြောင်းကို ဂုဏ်ယူ၍ပြောပြ၏။

ယခုဒေါ်မြမြအေးကိုမြင်သောအခါ ထိုပန်းပုရုပ်ကလေးကို အစဉ်သတိရ၏။ သူချောသည်၊ လှသည်ဟူ၍ ကျမ မဆိုလိုပါ။ သို့သော် စိမ်းမြသောကျောက်ဆစ်ထုလေးကို ကျမမြင်ရစဉ်က ဘ၀င်အေးသောခံစား ချက် ခံစားရသလို တညသော အကာလည ပထမဆုံး ဒေါ်မြမြအေးကို တွေ့စဉ်က ကျမရင်ထဲတွင် ခံ စားရသော အတွေး နှင့် တူသောကြောင့် နှိုင်းယှဉ်မိခြင်းဖြစ်ပါသတည်း။

''ဟိုတယောက်ကတော့ မင်းအတွက် အလွန်စိတ်ပူရက်ဘဲ သူ့ရှေ့တန်းမှာတဲ့ မယုရယ်၊ ကိုယ်ကလဲ မင်း ကျန်းမာရေး တိုးတက်လာတဲ့အကြောင်း တယ်လီဖုန်းထဲက ပြောပြလိုက်တယ်။ ဆရာဝန်ခွင့်ပြုရင် မင်းတို့ နှစ်ယောက် တယ်လီဖုန်းထဲမှာ တွေ့ကြဒါပေါ့...''

''ကိစ္စမရှိပါဘူး၊ မမရယ်။ စစ်သားမိန်းမတွေဟာ ဒီလိုပါဘဲ... မိန်းမနေမကောင်းလို့ စစ်ဆင်ရေး မသွား နိုင်ဘူး ဆိုရင် ခက်ကုန်မှာပေါ့၊ မယုနေကောင်းတယ်လို့သာ အကြောင်းပြန်လိုက်ပါ'' သူသည် ပြုံး၍အေး ဆေးစွာ ပင် စကားဆိုကာ အခန်းထဲမှ ထွက်သွားတတ်ပါသည်။

''နင်ဟာ၊ နင့်ကိုယ်နင် သိတ်သနားတတ်ဒါဘဲနော်... ဇာတ်လိုက်ဖြစ်ချင်လိုက်ဒါ အလွန်ဘဲ၊ တကယ် တော့ သနားစရာ လဲ မဟုတ်ပါဘူး၊ ဘယ်သူမဆို နောက်ဆုံးတော့ တယောက်ထဲဘဲ၊ ခုလဲ တယောက် ထဲဘဲပေါ့။ လူတွေဟာ ဆရာဝန်နားကြပ်နဲ့ စမ်းသတ်ပြီး သူနာပြုဆရာမလေးတွေ လက်ထဲမှာ သေ သွားကြဒါဘဲ။ ဖေဖေ ရှိစေချင် ရဒါနဲ့ မေမေရှိစေချင်ရဒါနဲ့ ကိုယ့်ဇာတ်ထုတ်မှာကိုယ်က အလွမ်းမင်းသမီး လေး ဖြစ်ချင်လိုက်ကြဒါ။ ရန်ကုန်ထွက်လာတော့ကော မိခင်ယု နင်တယောက်ထဲဘဲမို့လား အခုလဲ တ ယောက်ထဲ ညနေကျ တရုပ်ကြီးလာပို့တဲ့ ထမင်းစား၊ အဆင်ကိုပြေလို့မို့လား၊ ဘာများ ၀မ်းနည်းစရာရှိ လဲ သူများတွေမှာ နင့်လောက် မှ အဆင်ပြေရဲ့လား...''

ကိုယ့် ဖာသာ ကိုယ်အားပေးရင်း မြရတနာဆေးတိုက်မှာ နှစ်လနှင့်နှစ်ပတ်တိတိကြာပါသည်။ ပန်တပွတ်တွင် အပန်းဖြေရင်းလိုက်နေပါရန် အကိုက လာခေါ်ပါသည်။ အလှိုင်ကို ဖေဖေနှင့်ထားခဲ့၍ မိ ကလည်း ကျောင်းမှ တပတ်တခါလာကြည့်ဖို့ စီစဉ်ထားကြောင်းပြောပါသည်။

ကျမ တို့ ခရီးထွက်ရန် ပစ္စည်းများ စီစဉ်ဆဲ အကိုက စာတစောင်လာပေးပါသည်။ ''ရော့ဗျာ စာရေးဆရာမကြီး ရဲ့ အဖေက စာတစောင် ပေတဖွဲ့နဲ့ သားမက်ကို စာရေးသဗျ ဖတ်ကြည့်ပါ အုံး...''


စာထဲတွင်မူ...။

          မောင်ကျော်သောင်းခင်ဗျား၊

          လူ့စိတ်ဟာ မျောက်စိတ်နှင့်အလွန်တူပါသည်။ ကုသိုလ်နှင့် အကုသိုလ်စိတ်လည်း အမြဲယှဉ်   ရက် ရှိပါ သည်။ ကျုပ်က ခင်ဗျားအပေါ် ပြုခဲ့တဲ့အမှားရှိလဲ ခွင့်ပြုပါ၊ ခင်ဗျားက ကျုပ်အပေါ် ပြုခဲ့တဲ့အမှားရှိရင်လဲ ခွင့်လွှတ်ပါတယ်။
          မောင်မောင်(ဗိုလ်မှုးသီဟ)ဆုံးတဲ့နေ့က ကျုပ်ကိုခင်ဗျားကိုယ်တိုင် ပွေ့ပြီးကားပေါ်တင် ပြန်ခေါ်          လာတော့ ကျုပ်ဘယ်လိုကျေးဇူးတင်မှန်းမသိဘူး။ ဒါပါဘဲ။

                                                                             ကျန်းမာချမ်းသာကြပါစေ။
                                                                                                မောင်ဘ။

ကျမမှာ စာဖတ်ပြီးရယ်မိပါတော့သည်။ မေမေပြောစကားကိုလည်း ကြားယောင်လာပြန်သည်။
''သားသမီးနဲ့ မိဘဆိုတာ ကျွေးတုံကျွေးလွှဲ့၊ မွေးတုံမွေးလွှဲ့ ရှိတယ်ဆိုပေမဲ့ တချို့မိဘတွေက မနေ တတ် မစားတတ်တော့ လုပ်ကျွေးတဲ့ သားသမီးမှာ ငရဲဖြစ်တတ်တယ်၊ မိဘကလဲ ကုသိုလ်ဖြစ်အောင် စားတတ် နေတတ်ရတယ်'' ကျမကသာ မေမေ့စကားများကို ကြားယောင်နေရသည် ဖေဖေကတော့ ဘာမှမသိပါပေ။

ကျမ ပန်တပွတ် ကို လိုက်မသွားခင် အောက်တိုဘာလ ၂၇ရက်နေ့၌ ဦးနု ထိန်းသိမ်းခံရခြင်းမှ လွတ်လာ ၏။ သူသည် ပြင်ပအခြေအနေကို ဘာမှသိပုံမပေါ်ပါ။

တနေ့ တွင် ဦးနု၏သားအငယ် ကိုအောင်နှင့်ကျမ သူတို့ခြံထဲတွင် စကားပြောနေကြ၏။ ကိုအောင်က ထူးထူး ခြားခြား မေးခွန်းတခုမေး၏။

''မမယု တို့ အဖေဘက်က အမျိုးတွေဟာ ဘာကိုဘဲဖြစ်ဖြစ်၊ သူတို့လုပ်မယ်လို့ ဆုံးဖြတ်ပြီးရင် ဇွတ်လုပ် တာ ဘဲနော်... ခေါင်းမာတာအလွန်ဘဲ'' ကျမကရယ်ပါသည်။

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

Monday, February 7, 2011

ခင်နှင်းယု ၏ ဖေဖေ အပိုင်း(၁၂)

''မမယုကလဲ ဒါကတော့ ဖေဖေ့အပြစ်ကလဲရှိသေးတာကို၊ သုသ၀ဏ္ဏသာမတို့ မိဘပြုစုတယ်ဆိုတာက ဒုကုလ နဲ့ ပါရိကာ တို့က တောတွင်းသစ်ခက်တဲ မှာ တရားထိုင်လို့ သားရှာပေးတဲ့ သစ်သီးကို အေးချမ်း စွာစားလို့ ခြေဆုတ်လက်နယ်ပြုသမျှ ခံလိုဆိုတဲ့ မိဘမျိုးလား၊ ဖေဖေ့ ခြေထောက်ကောင်းပြီး နားကြား ယင် ပိဠိယက္ခ မင်းကြီးထက်တောင် တောလိုက် ကောင်း အုံးမယ်။ ကိုယ့်အဖေက မိုးပျံနေတဲ့အဖေ၊ ကဲ လေ- ဒါတွေတွေးမနေနဲ့ ဆရာဝန်နဲ့ရော၊ ထမင်းချက်ရော စီစဉ်ပြီးရင် နုနုတခေါက်လာမယ်၊ အကို မှော်ဘီ က လာရင် လဲ နုနုတို့အစီအစဉ်ကိုပြောပြ အကိုလဲ ဒုက္ခပါဘဲ….''

သူကရယ်ရယ်မောမောနှင့် စကားကို အဆုံးသတ်ပါသည်၊ အတော်ကြာ ကျမတို့စကားမပြောဘဲ အတွေး ကိုယ်စီ နှင့်ငြိမ်ကြ၏။ စာဖတ်သူ ခမည်းတော်ဘုရား၏ဟန်ပန်ကို ညီအမနှစ်ယောက်လုံး အကဲခတ် နေကြ၏။ စာဖတ်ပြီး အဆုံးသတ်တော့မှ မျက်မှန်ကြီးဘေးချလိုက်ခါ-
''မသိလို့ဗျို့… မသိလို့'' ဟူ၍ ထုံးစံအတိုင်း ခုနှစ်သံနှင့် ဖေဖေက အော်လိုက်ပြန်ပါသည်။ ပြီးတော့မှ မျက်မှောင် ကြုတ်ခါ တစုံတရာစဉ်းစားသလိုလုပ်ရင်း မေးခွန်းတခုမေး၏။

''နေပါအုံး စကော့ဈေးထဲက ပစ္စည်းတွေသိမ်းတယ်ဆိုတော့ ''မမလေး ဘာလုပ်စားနေလဲ… သူက အပျို ကြီး၊ လုပ်ကျွေး မဲ့ လူလဲမရှိ''
ကျမတို့ညီအမနှစ်ယောက်မှာ ဖေဖေ့မေးခွန်းကြောင့် ပြိုင်တူရယ်မိပါသည်။ အဘယ့်ကြောင့်ဆိုသော် ထောင်သောင်းများစွာသော လူတွေ၏အဖြစ်အပျက်များကြားထဲမှ၊ သူခွဲစိတ်ကုသခြင်းခံရစဉ်က ဂရုတစိုက် ပြုစုသော တပည့်၊ ဦးစောမောင် ၏ နှမအငယ်ဆုံး ''ဒေါ်မမလေး''အား သူရွေး၍သတိရခြင်းကို ကျမ တို့ ညီအမ နှစ်ယောက် သဘောကျကြခြင်းဖြစ်ပါသည်။

''ဒီလိုဘဲပေါ့ ပလပ်စတစ် အရုပ်ကလေးတွေ ဆီးသီးထုတ်တို့ မဆလာတို့ရောင်းတာပေါ့…''
နုနုက စာရေးပြလိုက်၏။
''သူ အင်မတန် သဘောကောင်းတဲ့သူပါ မတရားတဲ့ ကုန်သည်တွေပစ္စည်းမှ သိမ်းတာမဟုတ်ဘူး လား…''
နုနု ရော ကျမရော ဖေဖေ့မေးခွန်းကို မဖြေကြပါ၊ အေးအေးဆေးဆေးစီစဉ်ပြီး ကိုကိုနှင့် နုနု ဖေဖေ့ကို လာခေါ်မည့် အကြောင်း လိုချင်သောပစ္စည်းစုဆောင်းထားသည်မို့ နုနုကစာရေးပြပါသည်။

တပတ်အတွင်း ကိုကိုက ဖေဖေ့ကိုလာခေါ်၍ ကျမအိပ်ယာပေါ် နားခွင့်ရပါသည်။ ဟင်းကို ဖေဖေ့အကို အကြီးဆုံး ဦးသာယာ မှ မွေးခဲ့သည့် ဒေါ်ခင်ညွှန့်က လာပို့ပါသည်။ နောက်လတွင်တော့ ထမင်းချက် မိန်း ကလေး တယောက် ကို ကိုကိုခေါ်ပေးထားပါသည်။ အကိုကြီးကတော့ မှော်ဘီမှ ခဏခဏလာကြည့်ခါ ဆရာဝန် စကားနားထောင်ဖို့နှင့် တရားထိုင်ဖို့သာ သူပြောပါသည်။

ကျမရောဂါမှာ လက်တွေခြေတွေယောင်လာ၍ ကျမမစိုးရိမ်မိ၊ အသက်ရှုကြပ်လာမှသာ ကျမကြောက် ပါသည်၊ ခေါင်းထဲမှ ပြင်းထန်စွာ နာလာလျင် အန်၍၊ လူကလည်း သေမလိုပြော့၍ အားနည်းသွားတတ် ပါသည်၊ ထို့ကြောင့် ခေါင်းထဲမှနာမှာကို၎င်း၊ အသံတခုမြည်လာမှာကို၎င်း ကျမကြောက်ပါသည်၊ ဤအ သံမှာ ဘယ်က မြည်လာသော အသံ ဟုမသိ၊ အဝေးမှ လေယဉ်ပျံတခု ပျံသွားသောအသံနှင့် ဆင်ဆင်တူ ၏။ ကျမ အဖို့ မှာတော့ ဤအသံမြည်လာလျှင် ဝေဒနာပြင်စွာ ခံရပါသည်။

သေခြင်းတရားသည် စင်စစ်ကြောက်စရာမကောင်းပါပေ၊ သူ့အလိုအလျောက်ဖြစ်လာသော သဘောတ ခုဖြစ်၏။ မသေခင် ဝေဒနာခံစားရင်းနှင့် တမလွန်ရှိ ငရဲ၊ ၀ဋ်ဆင်းမှုတို့ကသာ ကြောက်စရာပါပင်တည်း။
ကျမစောစောပိုင်းက ဖေဖေ့ကို အလွန်စိတ်ဆိုးသော အကြိမ်နှစ်ကြိမ်ရှိသည်ဟု ရေးသားခဲ့ပါသည်။ ပထမ အကြိမ် မှာ ၀က်သားစား၍ ဒဏ်ရာရသောအကြိမ်ဖြစ်၏။

လူနာတယောက် ကို ဆေးရုံတင်ရတိုင်း ငွေကုန်ရသည်၊ စိတ်မောရသည်များမှာ အကြောင်းမဟုတ် ပြုစုရသူ ကျမ ကိုယ်တိုင် က ချိနဲ့ရသည့် အထဲ ဒီချိချိနဲ့နဲ့ကိုယ်နှင့် ဆေးရုံကြီးကို နေ့တိုင်းသွားရခြင်းကို စိတ်အလွန် ဆင်းရဲ၏။ ကားရှိသည်ဆိုသော မောင်နှမသားချင်းတွေကိုလည်း နေ့စဉ်အပူမကပ်ချင် တို့အဖေကြီး တွက်ဘဲ ဟူ၍ သူတို့ဖာသာ သဘောပေါက်နားလည်၍ နေ့စဉ်လာခေါ်လျှင်တော့ ကျမ လိုက်ကောင်းလိုက်ပေမည်။ ကျမ ကိုယ်၌က လည်း မာနကြီးသည်ထင်ပါသည်။ ''ကယ်မပါ ပြုစုပါ၊ မွဲသွေ့သွေ့မျက်နှာ ကိုယ်ချမ်းသာ ရာ ရကြောင်း ငယ်ပေါင်းစုတ်ပဲ့နုံ့နဲ့သည့်စကားများကို ယောင်မှား၍ဆိုမိ လျှာတိုအောင်ရိပ်ချင်၏'' ဆိုသော ဦးပုည စကားလိုပင် ဘယ်သူ့မှသွားမပြောတော့ဘဲ ကိုယ့်ခြေသာ ကိုယ် အားကိုး၍ ခနော်ခနဲ့နှင့် ဆေးရုံ နှင့် အိမ် ကို ကူးမိသည်။ ငါပြုရင် ငါ့ကုသိုလ်ဘဲဟူ၍ စိတ်ကိုဖြတ်လိုက်ခါ နေလိုက်မိပါသည်။ ဒါကြောင့် ဖေဖေ့ ကို ဆင်ဆင် ချင်ချင် နေစေချင်ပါသည်။ ဆေးရုံတက်ရသော အဖြစ်များကို ဖြစ်ကိုမဖြစ်စေချင်ပါ။

ဖေဖေကလည်း ပြောမရ။
ကျမစိတ်ထဲကတော့ ၀တ္ထုရေးသူပီပီ စိတ်ကူးယဉ်ကြည့်၏။ ဖေဖေ စိုက်ပျိုးရေး ၀ါသနာပါသူ ဖခင်ကြီး တယောက် စိုက်ပျိုးလိုက်၊ မြေများကို ပေါက်ချင်လည်း ၀င်ပေါက်လိုက်အုံး၊ သစ်ပင်များကို ရေလောင်း ချင်လည်း မာလီနှင့်အတူလောင်း၊ ကျန်းမာရေးပင် ပြည့်စုံပေသေးသည်။ ကျန်သောအချိန်တွင် ကြက်သရေရှိရှိ နှင့် အိမ်ဦးခန်းတွင် ကြိုက်သောစာအုပ်ကိုဖတ် ''သမီးရေ ဖေဖေ ဒီနေ့ ဘာဟင်းနဲ့ စားချင်တယ်'' စားချင်သည်ကိုပြော ဖေဖေ့အကြိုက်ကို ချက်ပြုတ်ကျွေး၊ ကျမရင်ထဲမှာတော့ ဤကဲ့သို့ ဖခင်မျိုး ကို ခဏခဏစိတ်ကူးယဉ်ကြည့်မိပါသည်။ ဖေဖေကတော့ တခြားထင်တာတွေလည်းလုပ် မီးဖိုချောင် ၀င် ဟင်းကိုယ်တိုင်ဝင်ချက် တခါတရံ ရေနံဆီမီးဖိုက မီးထတောက် တခါတလေ သူကပင် ထမင်းချက် မိန်းခလေး များကို ကြိမ်းထား၏။

''မီးဖိုချောင် မှာ ငါဘာဟင်းဝင်ချက်သလဲဆိုတာ နင်တို့မမကိုဖွင့်ပြောရင် ငါနင်တို့လည်ပင်းညှစ်မယ် ဒါဘဲ''
ကျမကမသိဘဲ နေပါမည်လား ငံပြာရေဆီသတ်ကို စပါးလင်ထည့်၍ သတ်သည်ကို ဖေဖေကြိုက်၏။ ''ဒီ နေ့ ဖေဖေ့ ကို ငံပြာရေဆီသတ် စပါးလင်နဲ့ထည့်ပြီး ချက်ပေးပါ''ဟုပြောလျှင် ပြီးသည့်ကိစ္စ၊ အဲဒီလိုမပြောပါ သူကိုယ်တိုင် ၀င်လုပ်ပါသည်။ တခါက ဆူးလေဘုရားအိမ်တွင် ဆီးအိုးမီးထ၍တောက်ဖူးပေပြီ၊ ထို့ကြောင့်ပင် ယခု ရေနံဆီမီးဖိုသုံးချိန် ၌ ဘယ်ကိုဘဲသွားသွား ဖေဖေ့ကိုစိတ်မချ ဖေဖေချက်ပြုတ်နေဆဲ ခနော်ခနဲ့နှင့် မီးဖို ပေါ် လဲကျသွားမှာ ကျမအလွန်စိုးရိမ်ပါသည်။

ထို့ကြောင့်ပင် ခလေးမလေးများကို ဖေဖေချက်နေဆဲ အနားမှ ဘယ်မှမသွားရန် မီးထတောက်သော် ဂုံနီအိပ် ရေဆွတ် ၍ အုပ်ရန် မီးသတ်နည်းကအစ သင်ကြားရပါသည်။
ကျန်အချိန်များတွင်လဲ အစုတ်ပေါင်းစုံကို ဖေဖေ့အခန်းတွင်တွေ့ရ၍ အိပ်ရာခင်း ခြင်ထောင် စောင်ဟူ သမျှ ဖာ တော့သည်။ နေ့စဉ်အ၀တ်ဟောင်းများကို အ၀တ်လျှော်ကုလားမ လာတိုင်းပေးရန် သွားယူ လျှင် ခလေးမလေး များကိုယူခွင့်မပြု။
သူကိုယ်တိုင် ထင်းခွေ ရေနံဆီသံပုံးထဲ သူ့အ၀တ်များထည့်၍  ခြံထဲတွင်ပြုတ် နှစ်ရက်တိတိပြုတ်ရမယ် ဆိုလျှင် ခလေးမလေးတွေမှာ နှစ်ရက်တိတိပြုတ်ရသည်။ ပြီးတော့ သူ့ဟာသူဖွတ်သည်။

''ဖေဖေလုပ်မှာစိုးလို့ ဒီကုလားမကို ငါထားတာ၊ ဒီတခါ ဖေဖေအ၀တ်ဖွတ်ရင်တော့ ဒီသံပုံးရော အ၀တ် ရော သမီး လွှင့်အပြစ်ဘဲ''
လူမိုက်ဂိုက် နှင့် ခပ်တည်တည်ပြောရပြန်သည်။ ဒီတော့မှ အ၀တ်ပြုတ်သောသံပုံးကို အပ်တော့သည်။
ယခု ဒုတိယအကြိမ် ဖေဖေ့ကိုစိတ်ဆိုးမိသည်မှာတော့ ကိုကို၏အစီအစဉ်အတိုင်း ကျမအိမ်မှာတွင် အနား ယူကာနေ၏။ ကိုကိုရှာပေးသော ကရင်မလေးတယောက်က ထမင်းချက်၍ကျွေးသည်။ တနေ့တွင်မူ အိပ်ခန်း ခန်းဆီး ကို မ ကာ ဖေဖေအော်လိုက်သံကို ကြားလိုက်ရ၏။ ကျမက ကုတင်ပေါ်မှနေ၍ အံအား သင့်နေသည်။
''နင့်အိမ်ကိုလေ ငါဘယ်တော့မှပြန်မလာတော့ဘူး၊ မောင်မောင့် အိမ် မှာ တနေ့ဟင်းရှစ်ခွက်နဲ့ စားရ တယ်၊ သိလား''

ကျမမှာ ကုတင်ပေါ်မှနေ၍ ဒေါသဖြစ်သည်မှာ အလွန်ပါပင်တည်း။ ''ငါ့အဖေ ငါ့စေတနာကို မသိလေ ခြင်း''ဟူ၍ မျက်ရည်ပေါက်ပေါက်ကျလာသည်။ ချက်ခြင်းပင် ကုတင်ဘေးစားပွဲပေါ်မှ စာရွက်တခုဆွဲယူ ကာ ရေးလိုက်၏။
''တနေ့ ဟင်းရှစ်ခွက်စားနိုင်သော ဖေဖေ့သားအိမ်၌ တသက်လုံးနေပါ၊ သမီးကတော့ ဟင်းသုံးခွက်ပင် ကျွေး နိုင် ပါသည်။ သမီးသေပြီဟု ကြားတောင်မှ သမီးဆီကိုမလာပါနှင့်''
ကျမသည် ယခုတခါ စိတ်အလွန်ကိုဆိုးပါသည်။ သူဘာနှင့်လာ၍ ဘာနှင့်ပြန်သည်ကိုပင် ထ၍မကြည့် တော့။

နောက်နေ့တွင် ကိုကို လာကြည့်၏။ သူက ရောဂါအကြောင်းမေးပေမင့် ရောဂါအကြောင်း ကျမမဖြေပါ ပေ။
''ကိုကို က တနေ့ကို ဟင်းရှစ်ခွက် နဲ့ ဖေဖေ့ကို ကျွေးတယ်ဆို၊ မနေ့က ဖေဖေ မယုကိုလာပြီး ရန်တွေ့ တယ်'' ကျမက မေးလိုက်၏။
''မယုရယ်… ဖေဖေ့အကြောင်း ခေါင်းထဲမထည့်နဲ့တော့ ကိုယ့်ကျန်းမာရေးသာ ကိုယ်ဂရုစိုက်၊ လူဆယ် ယောက် ဆယ့်ငါးယောက်ရှိတဲ့ ကိုကိုတို့လိုအိမ်မှာ ခုခေတ်ဈေးနဲ့ ဟင်းရှစ်ခွက်စားဖို့နေနေသာသာ တ နေ့ သုံးခွက် စား ဖို့ မနဲလုပ်ရဒါ၊ ဘဲ့နဲ့နေကောင်းလား''

ကျမက ဘာမှမဖြေတော့ပါ မျက်ရည်တွေသာ လည်လာပါသည်။ ကိုကိုပြန်သွားမှ ရှိုက်ကြီးတငင် ငိုမိ သည်။ ကိုကို့ အိမ်ကို ဖေဖေသွားနေစဉ် အတောအတွင်းမှာပင် လစဉ် ငါးချောက်၊ အိုဗာတင်း၊ နို့ဆီ၊ သ ကြား၊ ကော်ဖီမှုံ့၊ လဘက်ခြောက်အချို၊ တလစာ တလစာ အိမ်က ကရင်မလေးကိုယ်တိုင် သွားပို့ခိုင်း၏။
ကျမနောက်ပိုင်းတွင်တော့ မငိုတော့ ငယ်ငယ်က ဖိုးစိန်ကြီးဇာတ်ထဲက သီချင်းကို သွားသတိရ၏။

''ကံဆိုးတဲ့ဇိန္နမာယူရယ်၊ ရန်ငြိုးမဖွဲ့လေနဲ့ သံသရာမှာမြော။ မင်းကဆိုးရင် မင်းဘဲငရဲကြီးမယ်၊ ငါကဆိုးရင် မင်းဘဲငရဲကြီးမယ်…''
ထိုသီချင်းအတိုင်းပင် မိဘနှင့်သားသမီး ကျမရင်ထဲအမျက်ဖြစ်လေသမျှ ကျမသံသရာမှာသာ မြောရ တော့မည် ကြောက်လိုက်ပါဘိ၊ (ဤသံသရာ) သူ့ကိုကြောက်၍ ပြေးရသည်မှာအမော၊ စင်စစ် ဤသံသ ရာကို ဘယ်သူကမှမစ။ ကျမကစခဲ့၍ ကျမတွယ်တာ၍ ကျမမောခဲ့ရခြင်းဖြစ်ပါတည်း။ ကျမကစ၍ ဖြတ် မှဟူ၍ သဘော ပေါက်သည့်တပြိုင်နက် ကျမရင်ထဲတွင် ပထမဆုံးငြိမ်းတော့သည်။ နောက်ပိုင်းတွင် တော့ အားထုတ် ပြီးသောတရားကို ရက်ပိုင်းနှင့် ဒိဋ္ဌာန်၍ ထပ်ခါထပ်ခါအားထုတ်သည်၊ နောက်ကိုလည်း အားထုတ် ရအုံးမည်။ ဆရာမင်းသုဝဏ်၏ကဗျာလေးကို ကျမ ခဏ ခဏရေရွတ်မိ၏။

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

Sunday, February 6, 2011

ခင်န င်းယု၏ ဖေဖေ အပိုင်း (၁၁)

ကိုယ့်ဟာကိုယ် ထမင်းမစားချင်တိုင်း ရှောက်တွေးမိသောအတွေးကို သတိရ-ရခြင်း ရပ်ပစ်ရ၏။ မီးဖို ချောင် ထဲမှ သနားဖွယ် ငရုပ်သီး၊ ကြက်သွန်လေးတွေကို စကားပြောရ၏။
''မင်းတို့နဲ့ငါတို့ မိန်းမသားတွေဟာ တူတူပါဘဲကွယ်၊ တို့များ မိန်းမတွေကိုလေ ယုတ်မာတယ်၊ အမြင်တို တယ်၊ သေးသေးဖွဲဖွဲကို အကျယ်ချဲ့တတ်တယ်ဆိုပြီး ပစ်တင်ကြတယ်။ တချို့မိန်းမတွေကြလဲ ဟုတ်ပါ တယ်ကွယ်...

 ဒါပေမင့် မိန်းမတွေကို သေးဖွဲတယ်၊ သိမ်ငယ်တယ်လို့ ပစ်ပယ်ထားလို့လဲမရဘူး၊ ဘာ ကြောင့်လဲဆိုတော့ အိမ်ရှင်မ တယောက်ဟာ အိမ်ထောင်တခုကို တည်ငြိမ်အောင် မထိန်းသိမ်းနိုင်ယင် အိမ်ထောင်တခုရဲ့ တိုးတွက်မှု၊ ဖွဲ့စည်းသိတ်သည်းမှုတွေဟာ သွားရော၊ ဖရိုဖရဲဖြစ်ကုန်ရော၊ ခုလဲ မင်း တို့ကို ငရုပ်သီးဘဲ၊ ကြက်သွန် ဘဲရယ်လို့ အရင်တုံးကတော့ အသေးအဖွဲလို့ထင်မိတယ်၊ ခုမှ မင်းတို့ ဂယက်ဟာ တို့များ အိမ်ရှင်မ တွေမှာ အတော့ကို ကသိကအောက်ဖြစ်စေတာပါဘဲလား၊ ခွင့်လွှတ်ပါကွယ်၊ မင်းတို့အပေါ် အထင်သေး ခဲ့မိတာ မင်းတို့မပါယင်လဲ မီးဖိုချောင်တခုမှာ မပြီးပါလားနော်...''
ကျမစိတ်ထဲက ငြီးငြူသည်ကို ကြက်သွန်အုနီ ခွန်ခွါကြီးက သိသလိုပြန်ဖြေပါ၏။

''အချောင်ခံရတာထင်ပါရဲ့ဗျာ၊ ၀ဋ်တွေပေါ့လေ... ကျုပ်တို့ကတော့ စာမတတ်လို့မသိဘူး၊ စနစ်သစ်တွေ ကို တီထွင်ကြတဲ့၊ ခေါင်းဆောင်ကြီးတွေရေးတဲ့ စာအုပ်တွေထဲမှာတော့ လူတွေ သာတူညီမျှဖြစ်အောင် ကြက်သွန် အုကြီးများ ဂိုဒေါင်ထဲ ပုတ်အောင် လှောင်ထားလို့ပါမယ်မထင်ပေါင်...''ဟု ဆိုပါသည်။

ကျမလည်း ကျမအတွေးကို ကိုယ့်ဟာကိုယ်သဘောကျရယ်ရင်း ''ငါရူးမယ်... ငါရူးမယ်''ဟုဆိုကာ မီးဖို ချောင် ပြဇာတ် ကို တခန်းရပ်ရ၏။ အတွေးဆိုသည်ကတော့ တွေးချင်တိုင်းတွေး၍ ရပေသကိုး၊ ကျမတို့ မှာဖြင့် ရူးချင်အောင် ဦးနှောက်ချောက်နေရသည့်အထဲ ဖေဖေကမူ ''ဘာဖြစ်လို့ တလစာ တလစာ ကြက်သွန် ခွက်တဆယ်၊ အာလူးငါးပိဿာ၊ ဆီငါးပိဿာ ၀ယ်မထားရတာလဲ'' ခဏခဏမေး၏။ သူ့အ မေးကို ဖြေသော ကျမ စာ ကို မဖတ်ကတည်းက ကျမကရှင်းမပြတော့ပါပေ။
(ကြက်သွန်၊ ငရုပ်သီးများ လွတ်လပ်ခွင့်ရသည်ဟု ကြားရသောနေ့ကများ သက်ဆိုင်ရာစီးပွားရေးပါရဂူ ကြီးများကို ကျေးဇူးတပ်လိုက်သည့်ဖြစ်ခြင်း၊ မေတ္တာပို့လိုက်ရသည်မှာ အမောပါပင်တည်း။)

သို့သော် ကျမတို့သားအဖ အရေးအခင်းကား ဆက်လက်ဖြစ်ပွားနေဆဲပင်ဖြစ်ပါ၏။ ကျမက လုံးဝစကား မပြော၊ စက်ရုပ်ကြီးတရုပ် အလုပ်လုပ်သလိုပင် လုပ်ခါ ကိုယ့်အိပ်ခန်းထဲတွင် ကိုယ်ရေးချင်တာလေး တွေကို ကြိတ် ရေး၏။ ကျမ၏အဟာရမှာ ဂလူးကို့်စ်၊ တခါတလေ ပေါင်မုံ့တချပ်၊ တခါတလေတော့ ထ မင်း ဂုံညင်း လောက် ၀င်သည်။

''ငါ့ကိုလေ... သူက စကားလဲမပြောဘူး၊ ငရုပ်သီးတွေ၊ ကြက်သွန်တွေကိုလဲ အရင်လိုဝယ်မထားဘူး သိ လား...''
တခါတရံရောက်လာသော သူ၏သမီးငယ်များကို ဖေဖေကတိုင်၏။ ကျမက တလုံးမှပြန်မဖြေ၊ ကိုယ့်အ လုပ် သာ ကိုယ်ကြုံးလုပ်တော့သည်။
''မကျွေးချင်ယင် အိမ်ပေါ်က နှင်ချလိုက်လေ...''
သူစိတ်ဆိုးလာလေပြီ၊ ကျမကမူ ဘာမှပြန်မပြောတော့။

တနေ့တွင် ညီမအငယ်ဆုံးနုနုသည် အိမ်ကိုလာလည်၏။ ထမင်းစားပြီးချိန်ဖြစ်၍ ဖေဖေသည် အိမ်လယ် ခန်းမကြီး တွင် ပက်လက်ကုလားထိုင်နှင့် စာဖတ်နေ၏။ ကျမသည် အိပ်ခန်းထဲမှထလာခါ နုနုကိုထွက၍ စကား ပြောသည်။ ဖေဖေ့ဘေးရှိ စားပွဲရှည်ကြီးတွင် ညီအမ မျက်နှာချင်းဆိုင်ထိုင်မိကြသည်။
''နုနု လာ ဒါလေ မမယုကို ပြောစရာရှိလို့'' သူက ကျမမျက်နှာကို စေ့စေ့စပ်စပ်ကြည့်ကာ ပြော၏။ သူ့ မျက်နှာ အမူအယာ မှာ ထူးခြားနေသည်။

''ဘာပြောစရာရှိလို့လဲ ပြောလေ''
''တနေ့က ဒေါက်တာမမရီနဲ့တွေတယ် (ဒေါက်တာမမရီမှာ နုနုနှင့်ငယ်သူငယ်ချင်းဖြစ်သည်) သူကပြော တယ်၊ ခင်သန်းမြင့်တို့မင်္ဂလာဆောင်မှာ မမယုကို သူတွေ့လိုက်တယ်တဲ့၊ မမယုမျက်နှာတွေဟာ မကောင်းဘူး၊ ပြည့် တင်းတင်းကြီး တဲ့ အဲဒါအကောင်းပြည့်ဒါမဟုတ်ဘူးတဲ့ ဆေးမီးတိုတွေနဲ့ မကုပါနဲ့ ဆရာဝန်ကြီးတွေကို တိုင်ပင်ပြီးကုပါတဲ့ ပြကြည့်ပါအုံးတဲ့ ကြာရင်ခက်မယ်တဲ့''

''ငါသိသားဘဲ'' ကျမသည် ပြောရင်း မျက်ရည်လည်လာ၏။ ခုတလော ဘာပြောပြော စိတ်ထိခိုက်လွယ် ၏။ မျက်ရည် က အရင်ကျချင်လာသည်။
''မျက်နှာက တခါတခါ ပြိတ္တာမကြီးလိုဘဲ ပြည့်လာတယ်၊ ကိုယ်က ထမင်းလုံးဝစားမရတော့ ပိန်းချိ လေး သေတော့ လဲ အေးဒါပဲ၊ မျက်နှာတွေပြည့်လာရင် အသက်ရှုလို့မရဘူး'' ကျမကဖြေလိုက်၏။

''မမယုရယ် ဆေးရုံတက်ဖို့ စီစဉ်ရအောင်''
''ဆေးရုံတက်ရအောင် နင့်အဖေကို ဘယ်လိုစီစဉ်မလဲ ထမင်းချက်က ရုတ်တရက်ဓါတ်သိရဖို့ မလွယ် ဘူး၊ နင့်အဖေ နဲ့ နှစ်ယောက်ထဲ ဒီအိမ်ကြီးထဲမှာ ထားခဲ့လို့ကော အိမ်ပေါ်ကဟာတွေ အကုန်ချသွားမှ ခက်မယ်၊ ပါးစပ် ပြောတော့လွယ်တာဘဲ၊ တော်ရုံတန်ရုံလူကရော နင့်ဖေဖေ သည်းညည်းခံနိုင်မလားလို့ တခုခု လိုချင် မိရင် မအောင့်နိုင် မအင်းနိုင်နဲ့ဟာ ထမင်းချက်လဲရှာနေတုန်းဘဲ၊ ဒေါက်တာဒေါ်မြမြအေး က ကြာကြာလေး အနားယူပြီး ကုရမယ်လို့ပြောနေဒါ ကြာလှဘီ''

ကျမတို့နှစ်ယောက် စကားပြောနေဆဲတွင်ပင် ဖေဖေသည် သူဖတ်နေသော စာအုပ်ကြီးကို ဘေးသို့ဘုံး ကနဲ ''နုနု သူနဲနဲမှမကောင်းဘူး'' ကျမကို လက်ညှိုးထိုး၍ပြော၏။
''ငါ့ကိုလေ... စကားမပြောဘူး၊ ငါမေးတာတွေကိုလဲ မဖြေဘူး'' ကျမက ဘာမှပြန်မပြောဘဲ မျက်ရည် တွေသာ တွေတွေ ကျလာ၏။
''သူမေးတာတွေကို ငါကစာရေးဖြေတယ်၊ ဒါကိုမဖတ်ဘူးတဲ့ ငါရေးတဲ့စာကို မဖတ်သမျှ ငါနင့်ဖေဖေကို စကား မပြောနိုင်ဘူး၊ နုနု ငါ့အခြေအနေကို နင်အသိဆုံးဘဲ၊ စကားပြောဖို့ ဘယ်လောက်အားယူနေရ တယ်ဆိုတာ''

နုနုသည် ကျမကိုတလှည့် ဖေဖေ့ကိုတလှည့်ကြည့်၏။ အဖေနှင့်အမကြားတွင် သူသည် သံကြီး တမန် ကြီးဟန် နှင့် အရေးအခင်းကို ပြေပြစ်အောင် ဆောင်ရွက်ရန် အလုပ်ရေ၏။ ပထမဆုံးစားပွဲပေါ်ရှိ စာရွက် ကြမ်း တခု ကိုဆွဲယူခါ စာရေးပြလိုက်၏။
''သူ မကောင်းယင် သမီးနဲ့ လိုက်နေပါလား...''
စာရွက်ကို ဖေဖေ့အားထိုးပြလိုက်၏။ နုနုရေးပြသည်ကိုတော့ ဖတ်ကြည့်သည်။

''မလိုက်ဘူး... မလိုက်ဘူး... သူနှင်ချမှ သွားမယ်...''
ခုနှစ်သံနှင့် ဖေဖေကပြန်အော်၏။
နုနုသည် စာဆက်ရေးပြန်သည်။
''သားသမီးက အဖေ့ကို နှင်ချမတဲ့လား မမယု .... တကယ်မကောင်းယင်...ဖေဖေ သမီးနဲ့ လိုက်နေ ပေါ့.. သူနှင်ချတာ ဘာလို့ စောင့်နေမလဲ..''
နုနုသည် စာရွက်ကိုပေးလိုက်ပြန်သည်။

''သူက ဘာမာနကြီးနေလဲမသိဘူး... ငါမေးသာဆို တလုံးမှ မဖြေဘူး...''
နုနုသည် စာရေးရပြန်၏။

''မဖြေတာက မဖြေနိုင်လို့ ဖေဖေရေ... မမယုရောဂါက ဖေဖေ့လို နားလေးတဲ့လူမပြောနဲ့ လူကောင်းကို တောင် စကားရှည်ရှည် မပြောနိုင်ဘူး၊ ထမင်းမစားနိုင်တာ နှစ်နှစ်(၂)နှစ်ရှိနေဘီ သိရဲ့လား....''
နုနု စာကို ဖတ်ပြီးသည့်တပြိုင်နက်-
'' နေမကောင်းဘူးသာဆိုတယ် မျက်နှာကြီးက အရင်ကထက်တောင် ၀လာသေးတယ်...''ဟု အော် လိုက်၏။

''အဲဒါ...၀တာမဟုတ်ဘူး၊ ဖေါတာဖေါတာ၊ အခုမမယုကို ဆရာဝန်နဲ့ပြပြီး ဆေးရုံတက်ဖို့ သမီးလာပြောရ တာ၊ ဖေဖေ့ ကို မမယုက မချစ်ယင်၊မသဒ္ဓါယင် ဖေဖေ့ကို ခုလို ထမင်းချက် ကျွေးမွေး ပြုစုနေမလား၊ သူ့လင် ကိုတောင် သူထမင်းချက်နဲ့ ပစ်ထားယင်.... ဘယ်လောက်ဝမ်းနည်းလိုက်မလဲ... ငါရှာမကျွေး နိုင်လို့နဲ့ဆိုပြီး ပြောလို့ ဆုံးမှာမဟုတ်ဘူး...''
နုနုသည် စာရွက်ကို ရေးချစ်၍ ထိုးပြရပြန်သည်။

''ဟေ...သူ့မျက်နှာတွေ ဖေါနေတယ်...''
ထိုအခါကျမှ မျက်မှန်ကြီးကိုချကာ ကျမမျက်နှာကို စေ့စေ့ကြည့်၏၊ ကျမကတော့ မျက်ရည်တွေသာ တွေတွေ ကျ နေတော့သည်။
''ဟုတ်တယ်... စကားပြောယင်လဲ မောတယ်၊ ဒါကြောင့် ဖေဖေ့ကို ပြောစရာရှိယင် စာရေးပြောရတာ၊ ဒါကိုဘဲ ဖေဖေက သူရေးပြတဲ့စာ မဖတ်ဘူးဆိုပြီးနေတာကိုး... ဒီတော့ သူကလဲ စိတ်တိုလာတာပေါ့၊

ဖေဖေကိုယ်တိုင်က နားမှမကြားတဲ့ဟာ အခြေအနေ အရပ်ရပ်ကို သိချင်ယင် စာရေးပြတာကို ဖတ်မှ သိရတဲ့ ဘ၀ဟာ ခုမှ အသစ်လုပ်ပြီး မဖတ်ဘူးဆိုတော့ သူကလဲမရေးဘူး၊ ပါးစပ်နဲ့လဲ အမောခံမပြော တော့ဘူးဆိုပြီး နေတာပေါ့.... မမယုဟာ ထမင်းမစားနိုင်တာ သုံးလေးနှစ်ရှိဘီ....ခုလဲဆေးရုံတက်ချင် တာ ဖေဖေ့ကို ချက်ကျွေး မဲ့ ထမင်းချက်ရှာမရသေးလို့ သူကိုယ်တိုင် ချက်နေရတာ... ဖေဖေက အလကားနေ အလကား အထင်လွဲ နေတာဘဲ၊ တခြားသားသမီးတွေအိမ် လိုက်နေပါဆိုလဲ မနေ ဘဲနဲ့...''
နုနုရေးပြသောစာကို ဖတ်ပြီးသောအခါ...

''မသိဘူးလေ ငရုပ်သီးတွေ ကြက်သွန်တွေကိုလဲ အရင်လိုမ၀ယ်ဘူး အဲဒါ ငါဝင်ချက်မှာစိုးလို့ ငါစားချင်တဲ့ အသား လဲ မရဘူး၊ ပစ္စည်းတွေဝယ်ခိုင်းရင်လဲ မရှိဘူးချည်းဘဲပြောတယ် ပြီး...အသက် ခြောက်ဆယ် ကျော် မာလီကြီး ကို အလုပ်ကထုတ်ပစ်ပါဆိုလဲ မထုတ်ပစ်ဘူး''၊ သူသည် သူမငိုနေသည် ကိုကြည့်ရင်း'' ခုရေးပြလေ...ခုရေးပြဖေဖေသ္မီးရေးတာကို ဖတ်တော့မယ်''ဟု လေသံပြော့နှင့်ဆိုပါ သတည်း။

ကျမရင်ထဲတွင်တော့ ဒေါသလည်းဖြစ်၏၊၀မ်းလဲနည်း၏၊ မျက်ရေကိုသုတ်ခါ စာရွက်ကြမ်းကိုယူ၍ စာရေး ပါသည်၊ မိဘနှင့် သားသမီးဆိုသည်က လင်သားလိုပြစ်ခွာပြေး၍ ရသည်လည်းမဟုတ်၊ ပြီးတော့ ကိုယ့်အဖေ အဖြစ်က ရောဂါ ပေါင်းစုံနှင့်မသန် မစွမ်းသူ ဖြစ်သည်၊ ကျမသေခါမှ ဇာတ်ထုပ်ကို ဘယ်လို ပင်ဆက်၍ကက ကျမ အသက်ရှင်စဉ်တော့ ဖေဖေ့ကို ချို့ချို့ငဲ့ငဲ့ မဖြစ်စေလိုပါ။

လမ်းမကြီးပေါ်တွင် ခြေတဘက် မသန်စွမ်းသော....ကုလားသူအိုကြီးများ ဖင်ရွှေ့ဖင်ရွှေ့ သွားနေသည် ကို မြင်လျှင်ဖြစ်စေ၊ စိတ်မနှံ့သူ လူအိုကြီးကို ကလေးတွေက ခဲနှင့်ဝိုင်းပေါက် နောက်ပြောင်နေသည်ကို မြင်လျင်ဖြစ်စေ ရင်ထဲတွင် နာကြင်လာပြီး မျက်ရေများလည်လာတတ်၏။
''ဘုရား...ဘုရား... ဖေဖေသာ အဲဒီ ဘ၀သာ ဆိုရင်တော့...''ဟူ၍ ဆက်မတွေးရဲဘဲ ကြောက်လန့် သွားတတ်ပါသည်။

ကျမကသာ ဒါလောက် စေတနာတွေ ထားရသည် ဖေဖေကတော့ မကျွေးချင် မမွေးချင်လို့ ဟူ၍ အစဉ် ထာဝရ အထင်လွဲမှုကို ခံရသောအခါ ''ဖြစ်ရလေခြင်း'' ဟူ၍ ကျမ ခဏခဏငိုမိပါသည်၊ ယခုလည်း ကျမသည် ဖြစ်ပျက်ပုံဟုသမျှ စုံလင်စွာရေးပြရ၏၊ ထိုစဉ်က ငရုပ်သီးကြက်သွန်များ ကင်းလွတ်ခွင့် မရသေး။
''ဖေဖေသိချင်တာတွေ သမီးရေးပြမယ်စိတ်ရှည်လက်ရှည်သာဖတ်...။

၁။    ။ ငရုပ်သီးကြက်သွန်ကို အရင်လို ခွက်တဆယ်ငါးပိသာ ၀ယ်မထားတာက အစိုးရကိုက အားလုံးကို ချုပ်ကိုင်ထားတော့ ပြည်သူ့ဆိုင်က ဝေသမျှ ပေးသမျှသာရတာ တခါတလေ သမီးတို့ မိသားစုအတွက် ကြက်သွန်ငါး-အုနဲ့ ငရုပ်သီး ငါးကျပ်သားဘဲရတယ် မှောင်ခိုဈေးက ၀ယ်ရင်လဲ အဖမ်း ခံရမယ် ဆီလဲ ဒီလိုဘဲ ဘယ်လိုဘဲ ဖြစ်ဖြစ်ပေါ့ ဖေဖေ စားနေကြဟင်းမှာ အရသာမပျက်ဟင်းတခွက် စားရရင် ကြေနပ်ရောပေါ့ စိတ်ချ ဖေဖေအတွက် ဖူလုံအောင်လုပ်ပေးမှာပေါ့။

၂။    ။ကော်ဖီ၊ အိုဗာတင်း၊ လလက်ရည် ဆိုတာလဲ သမီးတတ်နိုင် သလောက် ဟိုကတည်းက စုဆောင်း ထားလို့ ဖေဖေသောက်နေရတာ ခုဟောလစ်တို့ အိုဗာတင်းတို့ လိုချင်ရင် လျှောက်လွှာတင်ရ တယ်၊ သမီးရောဂါ အတွက်တောင် ဆရာဝန်တွေက ဟောလစ် သောက်ရမယ် ညွှန်ကြားပေမင့် အဲဒီ လျှောက်လွှာ တွေ ဘာတွေ အလုပ်ရှုပ်လွန်းလို့ သမီး ဘယ်တော့မှ မလျှောက်ဘူး၊ သောက်လဲ မသောက်ဘူး ဖေဖေ့ အတွက်သာ မချို့ငဲ့ပါစေနဲ့လို အိုဗာတင်း၊ လဘက်ခြောက်၊ အချိုခြောက်၊ ကော်ဖီ တို့် သမီးကြိုတင်စုထားတာ ဖေဖေ သိတဲ့အတိုင်း သမီးက လူအားမဟုတ်ဘူး၊

ဖေဖေတို့ တာဝန်တွေ ပြီးရင် စာလေး ဘာလေးလဲ ရေးရသေးတယ် ရတဲ့ချိန်ပိုလေးကို လျှောက်လွှာ ရေးတာတွေ ငရုပ်ကြက် သွန်တန်းစီတာတွေနဲ့  အချိန်ကုန်မခံနိုင်ဘူး၊ သမီးတို့မှာ အချိန်ဟာ... သိတ်အဘိုးတန်ကာ လက်တို လက်တောင်းခိုင်းဘို့ မောင်ကံညွန့် လဲ ကျောင်းကတဖတ် တက်ရ သေးတယ် မို့လား- ခုခေတ်အိမ်ရှင်မ တယောက်ဟာ ဟင်းတအိုးကျက်ဖို့ သူတို့ခမျာ လျာ အလျားသား ထွက်မတက် အချိန်မှီ ပြေးရ၊ လွှားရ တာ ဖေဖေမသိဘူး၊ သတင်းစာတွေထဲ ရေးတာ ဖေဖေမဖတ်ရဘူးလား၊ ဒါတောင် သမီးက ကလေး ငယ်မရှိလို့ အပုံကြီးတော်သေးတာ။

၃။    ။ဖေဖေလိုချင်တဲ့ ဆဲဗင်အိုကလော့မုတ်ဆိပ်ရိပ်ဒါး ကိုးလ်ဂိတ် သွားတိုက်ဆေး၊ ဆိုတာတွေက လဲ ဖေဖေ ပြောတဲ့ ဖရေဇာတန်းမှာမရှိ၊ ဖေဖေသိထားတဲ့ ကမ္ဘာလုံးဆိုင်တို့ ဘာတို့ဆိုတာလဲမရှိ၊ ပြည်သူ ပိုင်သိမ်းလို့ ကုလားတွေ တရုပ်တွေ သူတို့ မူရင်း တိုင်းပြည်တွေကို ပြန်ကုန်ကြပြီ၊ တက္ကသိုလ်သမ၀ါယမ လဲ ဖျက်သိမ်း လိုက်ပြီ စကော့ဈေးတခုလုံးလဲဘာမှ နိုင်ငံခြားဖြစ်မရောင်းရဘူး၊ ခံတပ်ကြီးဆေးကို သ္မီးတို့ တခြားက ၀ယ်ပေးဒါ၊ ပြီးတော့ ဖေဖေလိုချင်တဲ့ ဘီ-ပီဘမ်းတို့ဘာတို့ဆိုတာလဲ တန်းစီရတယ်၊ သမီးတို့ အိမ်မှာ တန်းစီ ရဖို့ လူပိုရှိသလား ဖေဖေသိတဲ့ အတိုင်း၊ ဒါပေမင့် ဖေဖေလိုချင်တာတွေကို ဖြစ်တဲ့နေရာ က ဖြစ်သလိုရှာပေး ခဲ့လို့ ဖေဖေခုထိ သုံးနေရဆဲဘဲမို့လား၊ ကြေနပ်ရောပေါ့''

၎။    ။ မာလီကိစ္စက အသက်ခြောက်ဆယ်ကျော် ခါးကုန်းနေတဲ့ မာလီအဖိုးကြီးကို အလုပ်ဖြုတ်မဖြစ် ကောင်းလားလို့ ဖေဖေက သမီးကို အမြဲဆူတယ်၊ သူအလုပ်မလုပ်နိုင်တာ သမီးသိသားဘဲ၊ ဒါပေမယ့် မြက်ရှင်းနိုင်ရင်တော်ရော့ပေါ့၊ လေးလေးပင်ပင် မြေပေါက်ဖို့ နောက်ချေးကြုံးဖို့ကိစ္စတွေမှာ သူ့မြေး မောင်ကံညွန့်က လုပ်ပေးသားဘဲဟာ သမီးတို့ဟာ စီးပွားဖြစ် ခြံလုပ်နေကြတာမှ မဟုတ်ဘဲ၊ ဆောင်းဦးပေါက် ပန်းလှလှလေးတွေ့ရရင် တော်ရောပေါ့ စဉ်းစားကြည့်ပါအုံး၊ ဘ၀ကံကောင်းလို့ ဖေဖေ့မှာ သားထောက်သမီးခံနဲ့ အသက်ရှစ်ဆယ်ထိ နေနိုင်တာကိုး ဒီမာလီ အဖိုးကြီးကျတော့ တခြား အိမ်က လခပေးပြီး ဘယ်သူခိုင်းမလဲ အိမ်ရှင်ဆိုတာ သူတို့စိတ်တိုင်းကျ လုပ်အားရမှ ငွေပေးချင်တာ ပေါ့၊

သမီးတို့အိမ်က အလုပ်ဖြုတ်ပြစ်ရင် သူဒုက္ခရောက်တာပေါ့၊ အိုခြင်းဆင်းရဲကို သ္မီးရေးပြဖို့ မလိုဘူး၊ ဖေဖေအသိဆုံးဘဲ၊ ဘယ်လောက်မှ ကြာကြာမအောင့်ရဘူး၊ သူ့မြေးမောင်ကံညွန့် မိတ္ထီလာလေတပ် ကျောင်းက ဆင်းလာရင် လခရရော၊ ဒီတော့ သူ့အဖိုးကို လုပ်ကျွေးနိုင်ရော အဲဒီအချိန်မှာ မာလီကြီးကို သမီးတို့ အလုပ်ဖြုတ်ပြစ်လဲမာလီကြီး ဒုက္ခမရောက်တော့ဘူး ဖေဖေ့မှာ အစစစိတ်တိုင်းမကျတိုင်း သူများကို ဒေါထပြီး အလုပ်ဖြုတ်ချင်နေဒါဘဲ၊ ဖေဖေသာ အသက်ရှစ်ဆယ်တွင်းမှာ ပေါက်တူး''မ'' နိုင်ပေမဲ့ သူ့မှာတော့ ကျန်းမာရေးချို့တဲ့တော့ အသက်ခြောက်ဆယ်ဖြစ်ပေမဲ့လဲ ပေါက်တူးမကိုင်နိုင်ဘူး ပေါ့ ဒါကိုဒေါထပြီး နေ့တိုင်းဆူနေတာဘဲ၊ ကုသိုလ်ကံတို့ ဆုတောင်းတို့ဆိုတာ ဘယ်တူနိုင်ပါ့မလဲ၊

ဖေဖေဟာ ကျောင်းဆရာကြီးတယောက် စာအုပ်ပေါင်းသောင်းခြောက်ထောက်လဲ အမြဲဖတ်နေရက်နဲ့ သမီးရေးပြဖို့မလိုပါဘူး၊ အကျိုးပေးခြင်းဆိုဒါလဲ ဘယ်တူနိုင်ပါ့မလဲ ဖေဖေသဒ္ဓါတရားတို့ စေတနာတို့်ရဲ့ အရှိန်ဇောအလျောက် သတ္တ၀ါတွေကို အကျိုးလိုက်ပေးနေတယ်ဆိုဒါ ဖေဖေအသိဘဲ သတ္တ၀ါတ ယောက်ရဲ့ ရင်မှာဖြစ်တဲ့ စေတနာ စိတ်ဇောဟာ တခြားသတ္တ၀ါတယောက်နဲ့ ဘယ်နည်းနဲ့ မှ မတူနိုင်ဘူး၊ ဒီတော့ အကျိုးပေးလဲ မတူဘူး၊ ဒါကို အတင်းဘဲ တူရမယ်၊  ငါလိုပ်နိုင်ရင် သူလဲလုပ်နိုင်ရ မယ်နဲ့ ဖေဖေကအမြဲဆူနေတော့ သမီးလဲ ဘာမှပြန်မပြောချင်တော့ဘူး၊ ဖြေရတဲ့ စကားလုံးကလဲ တိုတိုပြောရတာမှ မဟုတ်ဘဲ''

''ပြီးတော့... အသက်ခြောက်ဆယ်ကျော် အဘိုးကြီးထားရတဲ့ ပြဿနာမှာ အချက်တချက်က အိမ်မှာ ထမင်းချက် မိန်းကလေးတွေရှိတဲ့အခါမှာ သမီးက မီးဖိုချောင်လုံးဝမ၀င်ဘူး၊ စာရေးတဲ့အခါရေး ကိုကြီး နောက်လိုက်သွားပြီး ထမင်းချက်ကျွေးရတဲ့အခါ ကျွေးနဲ့ ဒီထမင်းချက် မိန်းကလေးတွေကို လိုက်ထိန်း မနေနိုင်ဘူး၊ ငယ်ငယ်ရွယ်ရွယ် သန်သန်မြန်မြန် မာလီသာခေါ်ထားရင် ဒီိမိန်းကလေးတွေနဲ့ ပြဿနာ မတက်ဘူးလို့ ဖေဖေအာမခံနိုင်မလား၊ ခုသမီးတို့အိမ်မှာ ဆယ်နှစ်ဆယ့် ငါးနှစ် နှစ်ရှည်လများ ကောင်မ လေးတွေနေသွားပြီး၊ သူတို့အကြောင်းနဲ့သူတို့ အလုပ်ထွက်ခြင်သာ ထွက်သွားရော ယောက်ျားပြဿ နာရှုတ်ရှုတ်ရှက်ရှက် မပေါ်ခဲ့ဘူးမို့လား''
''အဲဒီအကြောင်းကြောင့်လဲ တကြောင်း သမီးဒီအဘိုးအို မာလီကြီးကို အလုပ်က ထုတ်မပြစ်တာ''

''ပြီးတော့... အလုပ်သမား ဥပဒေဆိုတာရှိတယ်၊ ဒီဥပဒေဟာ အလုပ်သမားတွေကို အကာအကွယ်ပေး ဘို့ အစိုးရက ပြဌာန်းထားခြင်းဖြစ်တယ်၊ မတရားတဲ့ အိမ်ရှင်မတရားတဲ့ အလုပ်ရှင်တွေဟာ အလုပ်ခွင် မှာလဲ မတရားသဖြင့်ခိုင်း အလုပ်ချိန်ပြင်ပမှာလဲ မဆိုင်တဲ့ အလုပ်တွေကို အချိန်ပိုခိုင်း တရားမျှတတဲ့ လစာလဲ မပေးဘူး၊ အခမဲ့ ဆေးကုသခွင့်တို့ ဘာတို့လဲမရဘူး၊ စုံနေဒါပေါ့ အဲဒါတွေကို မတရားသဖြင့် မဖြစ်ပါစေနဲ့ဆိုပြီး တနေ့ရှစ်နာရီ လိုပ်ခွင့်အစရှိတဲ့ ဥပဒေတွေကို အလုပ်သမားတွေကို အကာအကွယ် ပေး ဖို့ အစိုးရကပဌာန်းပေးတယ်၊

ဒါပေမင့် ဖြစ်တဲ့အဖြစ်က အစိုးရက မျှော်လင့်သလို မဖြစ်လာဘူး၊ အလုပ်သမား (တချို့ဟာ) အစိုးရကတို့် ဘက်မှာရှိတယ်ဆိုပြီး၊ ဒီဥပဒေကို မတရားသဖြင့် အခွင့် အရေးယူပြီး၊ အချိန်ပြည့် အလုပ်မလုပ်၊ လုပ်ရင်လဲ ကျိုးကျိုးစားစား ကြေကြေပြွန်ပြွန်မလုပ်။ ရှင်းရှင်း ရေးရရင် အခွင့်အရေးသာ တောင်းတတ်တော့တယ် အလုပ်ဝတ္တရားကိုတော့ ကြေပြွန်အောင် မလုပ် ချင်ကြဘူး၊ ဒီတော့ သည်းမခံနိုင်တဲ့ အိမ်ရှင်တွေ အလုပ်ရှင်တွေက ဒီအလုပ်သမားတွေကို အလုပ်က ထုတ်ပြစ်ကြတယ်၊ ထုတ်ပြစ်ပြန်တော့ အလုပ်သမားက အလုပ်သမားရုံးသွားတိုင်ပြန်ရော ဒီတော့ အလုပ်ရှင်တွေ အိမ်ရှင်တွေမှာ ရုံးတက်ရ အမှုဖြစ်ရနဲ့ အလုပ်ရှုတ်တယ်မို့လား''

သူတပါးအပေါ် မတရားသဖြင့် နှိပ်စက်ပြီး နိုပ်စက်ပြီး နိုင်ထက်စီးနင်း လုပ်ချင်တဲ့ အလုပ်ရှင်တွေအဖို့ သာရုံးတက်ရ အမှုဖြစ်ရဒါကို ထမင်းစားရေသောက်သလို အပမ်းမကြီးပေမင့် ရိုးရိုးသားသား အေးအေး ဆေးဆေးနေချင်တဲ့ အိမ်ရှင်တွေအဖို့က ရုံးပြင်ကနားဆိုတာကို အနိဠာရုံနေရာတွေ လိုအင်မတန် ကြောက်တာ၊ ဒီတော့ ဒီပြဿနာတွေကို အဖြစ်လဲ မခံချင်တော့၊ ဒီအနားတ၀ိုက်မှာ သူဌေးတွေတောင် မာလီလဲ မငှားကြဘူး၊ ဒရိုင်ဘာလဲမငှားကြဘူး၊ ကိုယ့်ကားကိုယ်မောင်းကြတယ်၊ ဒရိုင်ဘာပြသနာလဲ မပေါ်တော့ဘူး။

အဲဒီလောက်ပြဿနာတွေ အပြင်မှာ ဖြစ်နေပါတယ်ဆိုပါမှ ဖေဖေ့မှာ ''ငါ့ကို ကားဝယ်မပေးဘူးဆိုတာ က တမျိုး၊ မာလီငယ်ငယ် ငှားမပေးဘူးဆိုတာက တမျိုး'' ဖေဖေဖြစ်ချင်တာတွေ အထွက်ဘဲဆူပူနေ တာဘဲ၊ ဒါလောက် ရှည်လျားတဲ့ ပြဿနာတွေကို သမီးက ပါးစပ်နဲ့ ဖေဖေ့လို နားမကြားတဲ့လူတ ယောက်ကို ဘယ်လို ဖြေရှင်း ပြောနေနိုင်မလဲ။

သမီးဒီရောဂါနဲ့ သေချက်လဲ သေမယ်၊ အသက်ရှည်ချင်လဲ ရှည်မယ်၊ ဒါပေမယ့် လောကကြီးမှာ အေးအေးဘဲ နေချင်တယ်၊ ဒါကြောင့် သမီးကိုယ်ကို အားလုံးလျော့ချလိုက်တယ်၊ ခိုင်းတဲ့ခလေးမလေး တွေနဲ့လဲ ပြဿနာမပေါ်အောင်နေတယ်၊ မာလီနဲ့ လဲအေးအောင်ကြည့်နေတယ်၊ မာလီကြီးကလဲ သမီးကို အလုပ်ရှင် လို့ မမြင်ဘူး၊ သားလို သမီးလိုဆက်ဆံကြတော့ အေးလို့၊ စိတ်တိုင်းမကျတာတွေ ကတော့ ရှိကြသပေါ့၊ စိတ်တိုင်း မကျတိုင်းသာ ''လေးခင်းပြရယင်၊ ဒေါထနေရယင်တော့ လောကတ ခုလုံး မီးတင်ရှို့ဖို့ဘဲ ရှိတယ်။

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

Saturday, February 5, 2011

ခင်န င်းယု၏ ဖေဖေ အပိုင်း (၁ဝ)

''ကဲ... ကဲ... ဘာဖြစ်မှန်းမသိတာကို ဒီလိုလုပ်နေလို့မဖြစ်ဘူး...''ဟုဆိုကာ သူ့ကားနှင့်ပင် တိုက်ရိုက် ရန်ကုန်သို့ ခေါ်ယူလာ၍ ဒေါက်တာဒေါ်မြမြအေး၏မြရတနာဆေးတိုက်တွင် ပြရတော့သည်၊ ဒေါ်မြမြ အေးက ဆေးထိုးပေးခါ လူးရန်ဆေးနှင့် မီးကင်ဖို့ (အင်ဖရာမီးခွက်)ပါ တခါထည်းပေးလိုက်ပါသည်။

ထိုအခါမှစ၍ ကျမသည် မှော်ဘီအိမ်တွင် အကိုကြီးကို ထမင်းချက်ကျွေးဖို့ ထမင်းချက်တယောက်နှင့် သာ ထားရတော့သည်၊ ကျမကတော့ လိုက်မသွားနိုင်တော့ပေ။
သို့သော်... ကျမ၌ ၀ိပါက၀ဋ်သည် ကြီး၏။ ခြေထောက်ကောင်းလာသည့်တပြိုင်နက် နှစ်ပေါင်း ၁၅နှစ် လုံးလုံး သမီးကြီးမိ ငယ်ကထဲကနေလာသော မအေးသင် သည် အိမ်မှထွက်သွား၏။ ဖေဖေ့ကိုပြုစု သော မလှိုင်သည် ခွင့်နှင့် ကျုံကဒိုးသို့ပြန်သွားသည်။ ထို့ကြောင့် ကျမသည် ခြေထောက်ကောင်းကထဲ က ဖေဖေ့ကို ချက်ပြုတ် ကျွေးနေရတော့သည်။ သမီးကိုမူ ဆေးသိပ္ပံ အမှတ်(၂)တွင် ကျောင်းအိပ် ကျောင်းစား ပို့ ထားလိုက်၏။

သားအဖကား စကားမပြောပါ။
''ငါ့ကိုလေ သူက အခုစကားမပြောတော့ဘူး'' ဆွေမျိုးလာသမျှကိုတိုင်၏။
ကျမကတော့ မနက်ခြောက်နာရီ ထုံးစံအတိုင်း ထမင်းကြမ်းကျော်နှင့် ကော်ဖီကို သူ့အိပ်ခန်းသို့သွားပို့ ၏။ ဘုရားဆောင် ဖေဖေဆွမ်းကပ်ရန် ဆွမ်းပြင်ပေး၏။ ဈေးသွားထမင်းချက် အချိန်မှန်မှန်တော့ သူ့ အိပ်ခန်းသို့ ထမင်းနှင့်အစားအစာပို့ပေးပါသည်၊ ကျန်ဒါတော့ ဘာလုပ်နေနေ မပြောပါ။ သူလိုလားအပ် သောအချိန်တွင် သူလိုချင်သော အစားအစာကို လုပ်ပေးလိုက်၏။ ဖေဖေကြိုက်သော အမဲသားနှပ်ပေးရ တိုင်း ''ယခုလို ကြည်ကြည် ဖြူဖြူနှင့် ချက်ကျွေးရသော ကုသိုလ်ကြောင့် နောင်ဘ၀၌၀ဋ်မလိုက်ပါစေ နှင့်''ဟူ၍ ဆုကလည်း အမြဲတောင်းမိ။

စာအုပ်ကိစ္စနှင့် ထုတ်ဝေသူများက လာရောက်စကားပြောသောအခါ ယခင်လိုဧည့်ခန်းတွင် ဧည့်မခံနိုင် တော့ပေ။ သူတို့သည် ကျမရှိရာ မီးဖိုချောင်သို့ဝင်လာ၍ စားပွဲနားက ကုလားထိုင်တွင်ထိုင်ကာ ပြောစ ရာရှိသည်များကို ပြော၏။ ကျမကလည်း အင်းလိုက်ရင် ဦးအချိန်မှန်ဖခင်ကြီး၏ (၁၁-နာရီ) နံနက်စာမှီ ဖို့အတွက် ချက်ရပြုတ်ရ၏။

ကလောင်ကိုင်သော ဒေါ်ခင်နှင်းယု၏လက်သည် ဓားကိုကိုင်၍ ရန်သူကိုတိုက်သည်ဟု ထင်ပါသလား၊ မဟုတ်ပါ၊ ငါးများကိုခုတ်၏။ ဖေဖေက အသားကို တရက်ခြားလောက်စား၍ ဆိတ်၊ အမဲ၊ ၀က်များကို ခုတ်ထစ် ပိုင်းဖြတ်၍ တရက်ခြားလောက် အမြဲချက်၏။ အထူးသဖြင့် ခေတ်ညွှန့်စာပေမှ ဦးထွန်းမြင့် သည် ကျမ ထမင်းချက်ချိန် နှင့် သူစာအုပ်အကြောင်းလာပြောချိန်တွင် အမြဲတိုက်ဆိုင်နေသောကြောင့် ကုလားထိုင်ကြီး တလုံးနှင့် ကျမ ခုတ်သမျှ ထစ်သမျှ ဟင်းအိုးပြင်သမျှကြည့်ရင်း စာအုပ်အကြောင်း စကား ပြောရ၏။
တခါတရံ အကိုကြီးက မှော်ဘီမှ ရုတ်တရက်ရောက်လာ၏။

''မိချိုရေ... အိမ်ထမင်း အိမ်ဟင်းစားချင်လို့ပါကွယ်၊ အကိုကြီးရယ်၊ ရဲဘော်ငါးယောက်ရယ် ထမင်းစားဖို့  နာရီဝက် အတွင်း စီစဉ်ပေးနိုင်မလား'' သူကပြောလာ၏။
''စိတ်ချ ကိုကြီးရေ ရနိုင်တယ်''
''ဖိုးကံညွန့်ရေ ကဲ... ဈေးပြေးပါအုံး'' ဖိုးကံညွန့်ကို အကူအညီခေါ်ရ၏။ ဖိုးကံညွန့်မှာ မာလီကြီး၏ မြေး ဖြစ်၏။ သူသည် ကျမမှာသမျှ ဈေးမှဝယ်လာကာ ကျမနှင့်အတူကူချက်၏။ မီးသွေးတဖို၊ ရေနံဆီတဖို၊ လေမီးဖိုတခု မီးဖိုသုံးခု နှင့် ချက်လိုက်သည်မှာ ရဲဘော်များနှင့် ဖေဖေ့အတွက် အမဲသားနှပ် အကိုကြီးအတွက် ဆူးပုတ်ဟင်းချို၊ ပဲကြီးဆီပြန်နှင့် ငါးတခွက် (အကိုကြီးက အမဲသားမစားပေ) နာရီဝက်အတွင် ချက်ပြုတ်ပြီး၍ ပြင်ဆင် ကျွေးလိုက်၏။ ဆယ့်တနာရီတွင်မူ ဖေဖေ၏အိပ်ခန်းသို့ ထမင်းပို့ပြီးပေပြီ၊ ကူ၍ ချက်ပြုတ်ပေးသော မောင်ကံညွန့် သည်လည်း သူ့ကျောင်းသို့ သူထွက်သွားတော့၏။

ထိုအချိန်ကျမှပင် ကျမအိပ်ခန်းသို့ပြန်ဝင်လာကာ ဂလူးကို့စ်ချိုချိုတခွက်ဖျော်သောက်၍ အိပ်ယာပေါ်ပြစ် လှဲ နေရပါသည်။ ထမင်းကို စားချင်စိတ်လည်းမရှိ၊ လုံးဝမစားလိုပါ၊ ညနေသုံးနာရီအထိ ကောင်းမွန်စွာ နားလိုက်ပြီး မှ သုံးနာရီထိုးလျှင် စက်ရုပ်ကြီးလိုထ၍ မီးဖိုချောင်ဝင် ငရုတ်၊ ကြက်သွန် ထမင်းအိုး ဟင်း အိုး တွေနှင့် ဇာတ်ထုတ်ကခင်းရပြန်သည်။
ကြာတော့လည်း ''လူ့ပြည်ကြီးဆိုတာ ဒါလား''ဟူ၍ အတွေးတမျိုးက ခေါင်းထဲဝင်၍ လာတတ်ပါ၏။

တခါတရံ ကျမဖာသာ ကျမတွေးကြည့်၏။ ကျမရောဂါမှာ စိတ္တဇလည်းပါသည်ဟုထင်ပါသည်။ မပြော ကောင်းပြောကောင်း ကျေးဇူးရှင်ကို ပြစ်မှားသည်ဟူဆိုရလေမည်လား၊ ကျမကျေးဇူးရှင်ကား ထမင်းပါ ပင်တည်း။ သို့သော်... ထမင်းကို လုံးဝမစားချင် ရောဂါရသည့်အချိန်ထိဆိုလျှင် ထမင်းမစားချင်သည် မှာ သုံးနှစ် လောက်ရှိ၍လာခဲ့သည်။ တခါတရံ ကိုယ့်ခေါင်းထဲက အတွေးကြီးကို ကိုယ်ထုတ်ပြစ်ရ၏။
''ဒီထမင်း ကြောင့် ငါခံခဲ့ရတဲ့ဒုက္ခတွေ၊ ဒီထမင်းလေးတလုတ် မနက်တခါ ညတခါစားရဖို့အတွက် ငါအလျော့ မပေးချင်ဘဲ အလျော့ပေးခဲ့ရတာတွေ၊ ဒီထမင်း သာ မစားရဘဲနေလို့ရတယ် ဆိုပါစို့၊ လောက ကြီးမှာ ချည်နှောင် ထား တဲ့ ကြိုးတကွင်းက ငါလွတ်ခြင်းဘဲ''

အမှန်အတိုင်း ၀န်ခံရလျှင် ကျမယခုလိုပင် တခါတလေတွေးမိ၏။ နောက်မှ ''ငါ့အတွေးကြီးက ကြောက် စရာကြီးပါလား ဒါကိုကြာကြာ ခေါင်းထဲမှာမထားသင့်ဘူးလေ၊ ထမင်းအတွက်ကြောင့် တခုထဲသက် သက်လူဖြစ်လာရတာမဟုတ်သလိုဘဲ၊ ထမင်းဆိုတဲ့ အဟာရမရှိပြန်တော့လဲ ဒီခန္ဓာကိုယ်ကြီးက ဘယ် လိုလုပ် လှုပ်ရှားနိုင်မှာလဲ...''
ဘယ်သူနှင့်မှ ဘာမှမဖြစ်ဘဲ ကိုယ့်အဘိဓမ္မာနှင့်ကိုယ် တခါတရံ ပဋ္ဋိပက္ခဖြစ်နေမိသည်၊ တခါတရံ ထ မင်းမစားဘဲနေ၍ နေ၍သွားရသည်ကို စိတ်ချမ်းမြေ့သလိုဖြစ်လာမိတတ်ပေသည်။
(ယခု အစိုးရပြောင်းလဲသွားပြီးမှ ခေတ်ကို မဆိုလိုပါ)

မပြောင်းလဲခင်ကတည်းကပင် တခါတရံ ထမင်းအိုးတယ်ရင် ငရုပ်သီးထောင်းရင်းက ဒေါသဖြစ်လာ တတ်၏။ ကြက်သွန်များကိုနွှာရင်း လွှတ်ပစ်ချင်လာတတ်၏။
''ငါ့မှာလေ အခုရင်ထဲမှာ လှိုက်လှိုက်လှိုက်လှိုက်နဲ့ စာရေးချင်လိုက်တာ ငါ့အတွက်သာဆို ထမင်းမစား ဘဲကို စာရေးတယ် အဲဒါလောက် ငါမက်မောတဲ့အချိန်တွေကို မင်းတို့ငရုပ်သီး ကြက်သွန် ထမင်းဆိုတာ တွေနဲ့ လုံးခြာ ပါတ်ခြာလည်ပြီး လဲပစ်လိုက်ရတာ စွန့်လွှတ်လိုက်တာ နှမြောလိုက်လေခြင်း...''
ကျမရင်ထဲက တကယ်ပင်ရေရွတ်မိပါသည်။ ငရုပ်သီး ကြက်သွန်များ မလွတ်လပ်သောအခါ ပို၍ဆိုးပါသည်။

''သေးဖွဲ့လိုက် သိမ်ငယ်လိုက်တာကွယ်... တို့မိန်းမတွေမှာလဲ အဘိုးတန်အချိန်တွေ အလုပ်တွေရှိပါ သေးတယ်ကွယ်... မင်းတို့ကြက်သွန်အဖြူ အနီလေးငါးအု ရဖို့အရေး၊ ဒီငရုပ်တဆယ်သားလောက်၊ ငံ ပြာရည် ငါးကျပ်သားလောက် ရဖို့အရေးအတွက် တို့များအချိန်တွေကို ဖြုံးပစ်လိုက်ရတာ ငါနမြောလို့မ ဆုံးဘူး...''

ကျမသည် အရူးမကြီးလိုပင် သံဇကာ ကြောင်အိမ်ကိုကြည့်၍ စိတ်ထဲမှစကားဆိုမိ၏။ သံဇကာကြောင် အိမ်လေးထဲမှ ကြက်သွန်နီလေးငါးအုနှင့် ကြက်သွန်ဖြူသုံးလေးအုကလည်း ကျမကို သနားဘွယ်ကြည့် နေဟန် တူကြပါသည်။ တအုကိုတအုမှီတွဲနေရင်း အမောဖြေနေကြဟန်တူပါသည်၊ သူတို့ကလည်း ကျမကိုပြန်၍ စကားဆိုဟန်ရှိ၏။
''ကျုပ်တို့မလဲ မောလိုက်တာ မမရေ... ဂိုဒေါင်ထဲမလဲ အသက်ရူရကြပ်လိုက်တာ ရုပ်တွေသာကြည့် တော့ ခွန်ကွာရေလံဖြစ်လို့ စောစောစီးစီးထုတ် စောစောစီးစီးရောင်းလိုက်လဲ ပြီးတဲ့ကိစ္စ ဂိုဒေါင်ထဲ အဓိပ္ပါယ်မရှိဘဲ ပိတ်လှောင်ခံနေရတာ ဒုက္ခရောက်လိုက်တဲ့ဖြစ်ခြင်း ၀ဋ်ကျွတ်အောင် မြန်မြန်သာ ထု တောင်း ချက်လိုက်ပါတော့ မမရယ်''ဟုပင် သူတို့က သနားဖွယ်စကားဆိုနေကြသည်ဟု ကျမထင်ပါ သည်။

သို့သော် အိမ်ရှင်မဖြစ်ရခြင်းအတွက် ရရှိသောမွန်မြတ်သည့်ကုသိုလ်မှာတော့ ဘယ်လိုအခက်အခဲနှင့် ဟင်းချက်စရာကို ရှာဖွေချက်ပြုတ်ရသည်ဖြစ်စေ ထမင်းဝိုင်းတွင် အိမ်သားများပြုံးရွှင်ကြေနပ်စွာ မြိန်မြိန် ရှက်ရှက်စားနေခြင်းကို မြင်ရပါလျှင် ထိုပီတိမှာ အတော်နှစ်သိမ့်ဘွယ်သောပီတိတမျိုးပါပင်တည်း၊ ထို ကုသိုလ်ကြောင့်ပင်ထင်ပါသည် လင်ကိုကောင်းစွာလုပ်ကျွေးသော အိမ်ရှင်မများအား သိကြားမင်းသည် ရှိခိုး၏ဟူ၍ ကျမကြားဘူးပါ၏။

အထက်လွှာဖြစ်စေ အောက်ဆုံးလွှာဖြစ်စေ ထမင်းစားခါနီးမှ အလုပ်ခွင်ကပြန်လာကာ ငရုပ်ကြက်သွန် လေးကို ပြေးဝယ်၍ ထုထောင်းချက်ပြုတ်စားရသော ဈေးတောင်းခေါင်းရွက်အိမ်ရှင်မမျိုးပင်ဖြစ်ဖြစ် ကိုယ့် ထမင်းဝိုင်း လေးတွင် လင်သည်နှင့် သားသမီးတို့ ကြေနပ်ပြုံးရွှင်စွာ စားသောက်သည်ကို မြင်ရ သောအခါ၌ ဖြစ်လာသော ၀မ်းမြောက်ခြင်းသဒ္ဓါစိတ်ပီတိအဟုန်သည် အိမ်ရှင်မ တို့အတွက်ကုသိုလ်တပါး ပါပင်တည်း။

သို့သော် တခါတရံ ယခုလိုတန်းစီဖို့ တိုးဖို့ အဖော်မရှိသော အိမ်ရှင်မများ မီးခွက်လင်းချိန်ရောက်ပါမှ ဈေးတောင်းရွက် အိမ်ပြန်ရောက်ပြီး ''ငခွေး ကြက်သွန်ဆယ်ပြားဘိုး ဆီငါးကျပ်သား ပြေးဝယ်လိုက် စမ်း...''ဆို၍ ဈေးမှပါလာသောအသားနှင့် ရောနှောချက်ပြုတ် ထမင်းတလုပ်စားရသော အိမ်ရှင်မများ အတွက် ယခုလိုဝယ်ချင်သည့်အချိန် ၀ယ်မရ၊ ရပြန်တော့လည်း ခွန်ခွာရေလံကို ဦးတိုက်ရှိခိုးဝယ်ရ သော အဖြစ်မျိုးနှင့် တွေ့ရချိန်တွင်တော့ ကျမလိုပင် ငရုပ်ဆုံကိုရော ယောင်းမရော ကြက်သွန်ပါ လွင့် ပစ် ချင်ကောင်း ပစ်ချင်ကြပေလိမ့်မည်။

ထို့ကြောင့်ပင် ဤသတ္တလောက၌ မည်သည့်ဝါဒ၊ မည်သည့်စနစ်သစ် အရပ်ရပ်တို့ကို ထွင်ချင်ကြသော.. ပုဂ္ဂိုလ်တိုင်းမဆို ''ထမင်းဝိုင်း''လေးဆိုသည်ကိုတော့ အမြဲထည့်သွင်းစဉ်းစားသင့်သည်ဟုထင်ပါသည်။

''ထမင်းဝိုင်းလေး''တွေးကြည့်တော့လည်း သေးဖွဲလွန်းလှပါ၏။ သို့သော် ဤထမင်းဝိုင်းလေးကို ဖန် ဆင်းရသော အိမ်ရှင်မများ တည်ငြိမ်မှုမရသောအခါ၌ မိသားစုတစုလည်း မတည်ငြိမ်ပါ။ မိသားစုများ စု ပေါင်း ထားသော ရပ်ကွက်၊ ရပ်ကွက်မှသည် မြို့၊ မြို့မှသည် တိုင်းပြည်တပြည်အထိသို့ပင် ဂယက်ရိုက် တတ်ပါသည်။

အိမ်ရှင်မများ ''ဟင်း''ချ၍ တည်ငြိမ်အေးဆေးရသောခေတ်သည် ငြိမ်းချမ်းသောခေတ်ပါပင်တည်း။ သို့ သော်လည်း ပုဂ္ဂိုလ်ကြီးများ၊ ခေါင်းဆောင်ကြီးများသည် သူတို့လည်း ငြိမ်းချမ်းလို၊ ဧချမ်းလိုလှပါသည် ဟူသောဆန္ဒဖြင့် လမ်းစများရှာကြရင်းမှ သတ္တလောကလည်း အမျိုးမျိုးဗြောင်းဆန်ကြရသည်ထင်ပါ သည်။

ကျမပင်လျှင် ကြောက်စရာကောင်းသော အတွေးခေါင်မှုကြီးတခု ခေါင်းထဲသို့ ခဏခဏ၀င်လာ၍ ထုတ် ပစ်ရ၏။ ''ဒါလောက်တောင် အလုပ်အလုပ်၊ အလုပ်သည်သာ ပဓာနဆိုပြီး ဖြစ်နေရယင် အင်မတန်တိုး တက်နေတဲ့ သိပ္ပံပညာရှင်တွေဟာ တခြားဟာတွေ တီထွင်မဲ့အစား ထမင်းမနက်တနပ်၊ ညတနပ်မစားရ ဘဲနဲ့ ထမင်းလို အဟာရဖြစ်တဲ့ ဆေးလုံးလေးတွေ တီထွင်ဘို့ကောင်းတယ်၊ အဲဒီဆေးလုံးကို တနေ့တ လုံးသောက်၊ အဲဒီတော့ ထမင်းဆိုတာလဲ မလို၊ မီးဖိုချောင်ဆိုတာလဲ မလိုတော့ဘူး၊ အဲဒီတော့ အဲဒီလူ သားဟာ အလုပ်ခွင်မှာဘဲ လုံးဝအချိန်ယူလုပ်နိုင်ရော... ဘာဖြစ်လို့များ သူတို့က ဒါကို မတီထွင်ရတာ လဲ''

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

Tuesday, February 1, 2011

ခင်နှင်းယု ၏ ဖေဖေ အပိုင်း (၉)

ကျမ ကတော့ ငွေမရှိသူ၊ ကားမရှိသူဖြစ်သော်လည်း ငွေကုန်ကျရမှုများအတွက် ကုန်ပြီးလျှင် သောကမ ဖြစ်တော့ပါ။ ကျမရောဂါကြောင့် ချိနဲ့ရသည်အထဲ လူအင်အားကုန်ခန်းစိတ်မောရခြင်းကိုသာ စိတ်ညစ် ၏။ ဒုတိယ စိတ်ညစ်ခြင်းမှာ ''ကုသိုလ်စင်ကြယ်စွာ မရခြင်းပါပင် ပင်တည်း။''
ပညာရှိသူတော်စင် တို့ မျက်မှောက်တွင် ဘယ်လိုမြင်သည်မသိ၊ ကျမရင်ထဲတွင်တော့ ကျမသည် ဖေဖေ့ အား နေ့စဉ်၎င်း၊ ရောဂါဖြစ်တိုင်း၎င်း တာဝန်ယူပြုစုခဲ့သော်လည်း ကျမတွင် ကုသိုလ်စင်ကြယ်စွာမရ၊ ပြောမရ၊ ဆိုမရသော ဖေဖေ့အပြုအမူများကြောင့် ဒေါသနှင့်ယှဉ်၍ရသော ကုသိုလ်ကို အလွန်ကြောက်၏။

တခါက မေမေက ပြောဘူးပါသည်။
''မေမေ လူမှန်းသိတတ်ကတည်းက ချမ်းသာတယ်... သမီးကလဲ တဦးတည်းသော သမီးဖြစ်ခဲ့တယ်၊ သမီးတို့ အရွယ် မရောက်ခင် အထိ မေမေချမ်းသာခဲ့သေးတယ်၊ မိဘရဲ့ငွေတင်မဟုတ်ဘူး... မေမေ့နံမယ် နဲ့ အိုင်ရာလန် ထီ ငါးသောင်း ပေါက်တဲ့အပြင် ဆုငွေနှစ်ထောင် သတ်သတ်ရခဲ့သေးတယ်၊ ဟိုတုံးကငွေ ဟာ ဘယ်လောက် တန်ဘိုး ရှိသလဲ၊ သမီးတို့အသိ... ဒါပေမင့် စိတ်ဟာ ဘယ်တော့မှလွတ်လပ်ပြီး ချမ်း သာမှု့ မရခဲ့ဘူး၊ အဲဒါဟာ ဘာဖြစ်လို့လဲဆိုတော့ ဟိုဘ၀တုံးက ဒါနကုသိုလ်ပြုရာမှာ မစင်ကြယ်ခဲ့ဘူး၊ သမီးတို့ ဘာကုသိုလ် ဘဲ လုပ်လုပ် လောဘ ဒေါသ မောဟနဲ့ မယှဉ်စေနဲ့၊ တမလွန်မှာ အကျိုးပေးမစင် မကြယ်ဖြစ်တတ်တယ်''

မေမေ့စကားများကို ကြားယောင်တိုင်း သံသရာကို၎င်း၊ လက်ရှိဘ၀ကို၎င်း အလွန်ကြောက်၏။ တခါတ ရံ ဘုရားရှေ့တွင် ၀တ်ပြု၍ဆုံးသောခါ မျက်ရည်ဖြိုင်ဖြိုင်ကျမိ၏။ ''ကုသိုလ်တွေပြု၍ ကုသိုလ်တွေရသ လောက် ဖေဖေ့အပေါ်ဖြစ်ခဲ့ရတဲ့ ဒေါသတွေဟာ သံသရာမှာ ငါ့နောက်ကိုလိုက်တော့မယ်၊ သံသရာက လွတ်မြောက်အောင် ကျင်တဲ့ မဂ်တရားဖိုလ်တရားတွေမှာကော အနှောက်အယှက်ဖြစ်တော့မှာလား...'' ကျမ သေခါနီး ထိုဇောကြီး က လိုက်၍ယှဉ်၍ ကပ်လာမှာကိုကြောက်၏။

ဆုတောင်းဆိုသည်မှာတော့ ဆု တောင်း၍ရ၏။ ''နိဗ္ဗာန်မရမှီစပ်ကြား သံသရာကျင်လည်ရ၍ သူတပါးကို ပြုစုရမည့် ကုသိုလ်ပါသည်ဖြစ် ငြားအံ့၊ ကြီးသူကို ပြုစုရသည်ဖြစ်စေ၊ ငယ်သူကို ပြုစုရသည်ဖြစ်စေ၊ ဆင်းရဲ နှင့် ငရဲ ကင်းရပါလို၏''ဟူ၍ အစဉ်ဆုတောင်း၏။ သို့သော်... ဆုတောင်းထက် လက်ရှိဘ၀တွင်ပြုသော ကုသိုလ် များကို လောဘ ဒေါသ မောဟနှင့်ယှဉ်မိမှာစိုးလွန်း၍ အလွန်သတိပြုရ၏။
တခါကလည်း ဘုန်းကြီးဆွမ်းကျွေးနေစဉ် ပဉ္စင်းလေးတပါးမှာ ဘုန်းပေး၍မပြီးခင် ၁၂နာရီထိုးပြီဆို၍ ဆွမ်းပွဲ ကို အတင်းဝင်သိမ်းသောကြောင့် ဖေဖေနှင့်အကြီးအကျယ်ဖြစ်ခဲ့ရသည်။
ယခုတော့ သေသေချာချာ တွေးကြည့်လျင် အလွန်ဝမ်းနည်းစရာကောင်းသည် ဗြောင်ပင် စာရေးပြထား ရသည်။

''ဖေဖေပြုချင် တဲ့ ကုသိုလ်ရှိရင် ဆွမ်းကျွေးချင်တာဘဲဖြစ်ဖြစ် သမီးတို့အစအဆုံးလုပ်ပေးမယ်၊ သမီးတို့ ဆွမ်းကျွေး တဲ့ အခါမှာလဲ တရားနာခါနီးမှ ဆွမ်းကပ်တဲ့နေရာကို ဖေဖေလာခဲ့ပါ၊ အဲဒီလို မလိုက်နာနိုင်ဘူး ဆိုရင်တော့ သမီးဘယ်တော့မှ ဖေဖေ့အိမ်မှာ ဆွမ်းမကပ်ဘူး''ဟူ၍ အတိအကျပင် ရေးပြရပါသည်။
စင်စစ်တော့ ကုသိုလ်ဒါနတခုကို သားအဖနှစ်ယောက်ယှဉ်၍ ရေစက်ချကုသိုလ်မပြုရခြင်းသည် အလွန် ၀မ်းနည်း စရာ ပါပင်တည်း၊ သို့သော်... ဤကဲ့သို့ ရေးပြပြီးသောအခါမှပင် ကျမမှာ ဘုန်းကြီးကို ဆွမ်း အေးအေး ကျွေးရပါတော့သည်။

အဖြစ်က ဘယ်လိုအဖြစ်ပါလိမ့်။
မြရတနာဆေးတိုက်မှ ဆင်းလာသောအခါ ဒေါက်တာဘပုက တလလမ်းမလျှောက်ရသေး။ အိမ်မှာနား နေရအုံးမည်ဟု ဆိုပါသည်။ ဆေးရုံကအဆင်းတွင် နုနုနှင့်မောင်ကြည်ဆွေ့အိမ်သို့ ခေတ္တလိုက်နေပါ သည်။ ဆရာဝန်၏စကားကို ဖေဖေနားထောင်သည်ဟု ထင်ပါသလား... နားမထောင်ပါ၊ တလ မှ မကြာခင် နုနု ကျောင်းသွားတက်စဉ် သူ့ဖာသာ လမ်းလျှောက်ထ၍ ကျင့်ရာ သံမံသလင်းပေါ်ပြန်လဲကျပြန် သည်။

ယခုတကြိမ်တွင်မူ မောင်ကြည်ဆွေက မင်္ဂလာဒုံစစ်ဆေးရုံသို့ တင်ပို့ပေးသော်လည်း ဆရာဝန်များက ကုသ၍မရတော့ပါဆိုသောကြောင့် ပြန်လာခဲ့ရတော့သည်။
လမ်းမလျှောက်နိုင်တော့ဘဲ ဖင်ရွေ့ဖင်ရွေ့သွားရ၏။ ကျမ၏ခင်ပွန်းမှာ မှော်ဘီဗိုလ်သင်တန်း ကျောင်း သို့ ပြောင်းရွေ့ သွားရ၏။ မှောဘီမှအပြန် သို့မဟုတ် အသွားကြုံတိုင်းလိုလို နုနုတို့အိမ်သို့ဝင်၍ ကျမ ဖေဖေ့ ကိုတွေ့၏။

နုနုကွယ်ရာတွင် ကျမကိုကိုင်ကာ ''ဖေဖေ့ကို ဘယ်တော့ပြန်ခေါ်မှာလဲဟင်''ဟူ၍ ခလေးငယ်တ ယောက်၏ မျက်နှာဟန် နှင့် မေးတတ်သည်။
တနေ့ နုနုရော ကျမရော မောင်ကြည်ဆွေရော ဆုံကြသည်တွင် ကျမကပြောပြပါသည်။
''ဖေဖေ က မမယုလာတိုင်း သူ့ကိုပြန်မခေါ်တော့ဘူးလားလို့ချည်း မေးမေးနေတယ် ခေါ်သွားရမှာလား''
နုနု သည် ကျမထံသို့ ဖေဖေပြန်လိုက်ချင်ပါသလားဟူ၍ စာရေးပြလိုက်၏။

''အောင်မယ်... ငါကမလိုက်ချင်ပါဘူး၊ သူကချည်းလာလာခေါ်နေတာ''ဟု ပြောပြန်သောကြောင့် ကျမ တို့မှာ ၀ိုင်း၍ ရယ်ရပါတော့သည်။
နောက်တပတ်တွင်မူ အကိုကြီးသည် မှော်ဘီမှအပြန် ကားကြုံနှင့် ဖေဖေ့အား ခေါ်ယူခဲ့ပါသည်။

ဂွတ္တလစ် အိမ်ပြန်အရောက်တွင် သူ့အားပြုစုဘို့ အလှိုင်ဆိုသော မိန်းခလေးတယောက် အပိုခေါ်ထားရ ၏။ ခြေထောက်မကောင်းတော့ပြီဖြစ်၍ အိပ်ခန်းထဲတွင် ငြိမ်သက်စွာနေသည်ဟုထင်ပါသလား။
မနေပါ ဖင်တရွေ့ရွေ့နှင့်ပင် မီးဖိုချောင်ကို နေ့တိုင်းဝင်ကာ သူကြိုက်သော ဟင်းတခွက်ကိုချက်၏။ ဟင်းမချက် ရလျှင် ခလေးမလေး မအေးသင်ဈေးခြင်းတောင်းချသည့် နှင့် တပြိုင်နက် အတင်းဆွဲယူကာ ပါ လာသော ဟင်းသီးဟင်းရွက်များ ကို ထွင်စရာရှိသည်ကို ထွင်သည်၊ လှီးစရာရှိသည်ကို လှီးသည်။

တနေ့တွင် ကျမစာရေးနေသော စာဖတ်ခန်းထဲသို့ အကိုကြီးဝင်လာ၏။ ကျမက မှော်ဘီမှ သူ ရုတ်တ ရက် ပြန်လာသည်ကို မသိ၊ အနားရောက်မှ မော်ကြည့်မိ၏။
''ဟင်... ဘဲ့နဲ့လဲ ဘာကိစ္စရှိလို့လဲ''

''ကိစ္စကတော့ ရန်ကုန်ထဲမှာရှိတာပါ၊ ခဏအိမ်ကိုဝင်လာတာ၊ ခင်ဗျားတို့ဖေဖေကြီးက ခင်ဗျားတို့စားဖို့ သွေးနဲ့ ချွေးနဲ့ရင်းသည့် ဟင်းချက်နေပါရောလား၊ မီးဖိုချောင်သွားကြည့်ပါအုံး''
ကျမသည် ရေးလက်စကလောင်ကိုချကာ မီးဖိုချောင်သို့ပြေးဝင်သွား၏။ မီးဖိုထဲတွင် ခလေးမလေးက ကြက်သားကိုင်ကာ ဖေဖေကမူ စားပွဲပေါ်တွင် ကြက်ဟင်းခါးသီးလှီးနေသည်။ မည်သည့်လက်ချောင်း ကို ဓားထိသွားသည်မသိ၊ ကြက်ဟင်းခါးသီးဖတ်များတွင် သွေးများနှင့် လိမ်းကျံနေ၏။

''ဘုရားရေ...''
ကျမရင်ထဲတွင် ထိတ်လန့်သွား၏။ သူ့အနားသို့ တိုးကပ်သွားသည့်တပြိုင်နက်-
''သွား... သွား... အနားလာမကပ်နဲ့၊ ထုံးသာယူပေး''ဟု ထုံးစံအတိုင်း အော်ပြန်သည်။
''ကဲ.မသင်... ထုံးဘူးသွားယူစမ်း... ငါရင်တွေတုံလိုက်တာ၊ ခက်တော့တာဘဲနော်...''
''ဈေးခြင်းတောင်းချကတည်းက အတင်းဆွဲယူပြီးလှီးနေတာ...''

မအေးသင်သည် ပြောပြောဆိုဆို ထုံးဘူးနှင့်ပတ်တီးယူလာ၍ ဖေဖေ့ရှေ့မှာ ချထားရ၏။
''မမယု သွားလေ... ရင် ပိုပြီးတုံလာအုံးမယ်...''
ကျမသည် စာဖတ်ခန်းသို့ပြန်လာ၏။

''တွေ့ခဲ့ပြီးလား... ဘာမှတော့ မပြောနဲတော့၊ ကိုယ်စိတ်ချမ်းသာအောင်သာ ကြည့်နေ... သွေးနဲ့ရင်းသော ကြက်ဟင်းခါးသီးဟင်းတော့ တို့များ မစားပါရစေနဲ့၊ ကဲ... ကိုကြီး မြို့ထဲသွားတော့မယ်''
ကိုကြီး သည် ရယ်စရာလိုပင်ပြောခါ စာဖတ်ခန်းထဲမှ ထွက်သွားတော့သည်။

ယခင်က သွေးထွက်သံယို ဒဏ်ရာများကို ကျမကြည့်ရဲ၏။ ဘယ်သူပင် ထိခိုက်၍ ဒဏ်ရာဘယ်လိုကြီး ကြီး ဆရာဝန် ထံ မရောက်ခင် ကျမကိုယ်တိုင် ဆေးထည့် ပတ်တီးစီး၍ ပြုလုပ်ပေးရဲ၏။ ယခု ဖေဖေ့သွေး စ များကို မြင်ရုံနှင့် ရင်ထဲမှာ ပိုခုံလာကာ ခေါင်းထဲက နောက်ကျိကျိဖြစ်လာ၏။

စာရေးပြရပေါင်း လည်း များခဲ့ပေပြီ။ ဖေဖေကတော့ မလျှော့၊ မီးဖိုချောင်ကို ဖေဖေမ၀င်အာင် ဘယ်လို များ လုပ်ရပါ့၊ ယခုတခါ ထပ်မံစာရေးပြ၍ကော ဖေဖေသည် ကျမဆန္ဒကို လိုက်ရောပါမည်လား၊ ရေး လိုက်ရသည့် စာများကလည်း တခါကအဖြစ်တခုကို ပြောပြရလျှင် ယုံစရာတောင် ရှိမည်မဟုတ်ပေ။

တနံနက်တွင် ခလေးမလေးက ဈေးခြင်းတောင်းချ၍ ကျမအားပေါင်မုံ့ လှမ်းပေး၏။ ပေါင်မုံ့ထုတ်ထား သောစက္ကူ မှာ ဗလာစာရွက်ဟောင်းတခုဖြစ်သည်။ ကျမက စက္ကူကို ဖြေလိုက်သောအခါ စက္ကူပေါ်တွင် လက်ရေး စာလုံး သုံးလေးကြောင်းတွေ့ရသည်။ စာရွက်ကို စာဖတ်ခန်းထဲသို့ ကျမယူသွား၏။ မအေး သင် ကလည်း လိုက်လာသည်။
''ဒီလက်ရေးဟာ ငါ့လက်ရေးနဲ့တူလိုက်တာဟယ်...''

ကျမက ပြောပြောဆိုဆိုနှင့် ကောက်၍ဖတ်လိုက်သောအခါ ကျမလက်ရေးမှ ကျမလက်ရေးအစစ်၊ ရေးထားသောစာကလည်း-
''ဖေဖေ ညဘက်ဆီးသွားတဲ့အိုးကို မလှိုင်ဆေးလိမ့်မယ်၊ ဖေဖေကိုယ်တိုင် မဆေးပါနဲ့...''ဟူသတည်း။
ကျမသည် စိတ်မညစ်နိုင်၊ ရယ်မိ၏။ မိအေးသင်က စာလာဖတ်ခါ စုံထောက်ဦးစံရှားစတိုင်နှင့် ပြောပြ၏။

''အဲဒါ... ဘယ်လိုဖြစ်တာလဲသိလား... မမယုရေးသမျှ စာရွက်အကြမ်း အတိုအစတွေကို ဘဘကြီးက စုထားရော တလပြည့်တော့ သတင်းစာအဟောင်းနဲ့ အတူ ကုလားကို ရောင်းလိုက်ရော၊ အဲဒီကုလားက တခါ ပေါင်မုံ့သည်ကို ရောင်းလိုက်ရော၊ ပေါင်မုံ့သည်က ဒီစက္ကူနဲ့ မုံ့ထုတ်ပြီး ကျမတို့ကို ရောင်းလိုက် ရော... ဒီတော့ ကျမတို့အိမ်ပြန်ရောက်လာရော...''
မအေးသင်က စာဝင်္ဂဘာ ၏ အကြောင်းကို ရှင်းလင်းပြောပြ၏။

ယခုလည်း မီးဖိုချောင်ကို မ၀င်စေချင်သောကိစ္စကို ဘယ်လိုလုပ်၍ပြောပြရပါမည်နည်း၊ ကိုယ့်စိတ်ကူး နှင့် ကိုယ် ငိုင် ၍တွေးနေဆဲတွင် နောက်ဖေးဘက်က အော်သံကိုကြားရပြန်၏။
''ငါ့ ချီးမှဘဲ... ငါ့ကို ၀ယ်မပေးချင်လို့ တမင်ပြောတာ... မောင်ထော်လေးလမ်းနဲ့ ဖရေဇာလမ်းဒေါင့်မှာ ကွ၊ ကမ္ဘာလုံး တံဆိပ်ဆိုင် တဲ့ရှိတယ်၊ မင်းတို့ ဘာကောင် လဲ... ငါလိုချင်တာကိုရအောင် ၀ယ်မပေးချင် ဘူး၊ ဒီနေ့လဲ ငါဆိတ်သားစားချင်တာ ဟိုကောင်မလေး က ၀ယ်မရဘူးဆိုပြီး ကြက်သားဝယ်လာတယ်၊ မင်းတို့က ငါ့ ကို မစားစေချင်ဘူး...''
ကျမသည် မီးဖိုထဲသို့ ထမသွားတော့၊ စာဖတ်ခန်းထဲမှာပင် ထိုင်နေသည်။ ချက်ခြင်းလိုပင် မောင်ကံ ညွန့် သည် စာဖတ်ခန်းဝသို့ရောက်လာ၏။

''ဘဘကြီး ဆူနေပြန်ပြီ...''
''ငါသိပါတယ်လေ...''
''တခြားကြောင့်မဟုတ်ဘူး သူလိုချင်တာတွေကို ကျွန်တော်တို့ဝယ်မပေးချင်လို့လို့ ထင်နေတယ် အမှန် တော့ ဘဘကြီးပြောတဲ့ ဆိုင်တွေက ဖရေဇာတန်းမှာ မရှိတော့ဘူး၊ တက္ကသိုလ်သမ၀ါယမမှာ သူဝယ် ခိုင်းတဲ့ ဆေးတွေကလဲ မရှိဘူး၊ တက္ကသိုလ်သမ၀ါယမ ဖျက်လိုက်တဲ့အကြောင်း ဘဘကြီးကို မမယု စာရေးပြပါအုံး...''
မောင်ကံညွှန့်စကားဆုံးလျှင် ကျမသက်ပြင်းချမိ၏။

''ဒီမှာဟေ့ ဗမာပြည်မှာ စက္ကူစက်တည်ပြီး ထွက်သမျှ စက္ကူတွေအပေါ်မှာ ငါတယောက်ထဲ ရေးပြီးပြ လို့... အဲဒီ စက္ကူတွေသာ ကုန်ချင်ရင်ကုန်မှာ နင်တို့အဘကတော့ ပြောရမှာမဟုတ်ပါဘူးဟာ''
ကျမက ငြီးတွားရင်း ထုံးစံအတိုင်း စာတရွက်ပေါ်တွင် အခြေအနေအရပ်ရပ်ကို ရေးပြ၍ မီးဖိုဘက်သို့ ထွက်လာ၏၊ သူ့အနား ရပ်သည့်တပြိုင်နက် ကျမအပေးကိုပင်မစောင့် ကျမလက်ထဲမှ စာရွက်ကိုဆွဲယူ ကာ အစိတ်စိတ် အမွှာမွှာ ဆွဲဆုတ်ပစ်လိုက်၏။

''ပြောချင် ပါးစပ်နဲ့ပြော နင့်စာကို ငါမဖတ်ဘူး''
ဒေါနှင့် မောနှင့်ပြောကာ အိမ်ထဲသို့ ဖင်ရွေ့ဖင်ရွေ့နှင့်ဝင်သွားတော့သည်။

''ကဲ... စနစ်သစ်ကတော့ ထုတ်ပြန်ဘီ၊ ငါသာ ဒီအကြောင်းတွေကို ဖေဖေကြားအောင် ခုနှစ်သံနဲ့ အော် ပြောရရင် မောလို့သေလိမ့်မယ် ပြောရမဲ့အကြောင်းတွေကလဲ အရှည်ကြီး၊ ပြောရတဲ့လူကဲ သာမာန်လူ ပြောသလို လေသံနှုန်းနဲ့ ပြောရမှာမဟုတ်ဘူး၊ သူအထင်လွဲချင်လဲလွဲ မတတ်နိုင်ဘူး ကဲသူဝယ်ခိုင်းတဲ့ စာရင်းတွေက ဘာတွေလဲ...''
''နိုင်ငံခြားဖြစ်တွေ မမယုရဲ့... အပြင်ဆိုင်တွေမှာမှ ၀ယ်မရတော့တာ ခံတပ်ကြီးဆေးတခုဘဲရတယ် ဒါ တောင် တက္ကသိုလ်သမ၀ါယမ ဖျက်လိုက်ပေမဲ့ ဦးဘငြိမ်ဆိုင်က ကျွန်တော်ဝယ်လာတာ ပြီးတော့ ကိုးလ်ဂိတ် တို့ ဆဲပင်အိုကလော့မုတ်ဆိပ်ရိပ်ဒါး တို့က မှောင်ခိုဈေးမှာဘဲရှိတာ သူပေးလိုက်တဲ့ ပိုက်ဆံ က အရင် သူ ဖရေဇာ မှာ လမ်းလျှောက်ရင်းဝယ်ရတဲ့ ဈေးနှုန်းအတိုင်းပေးလိုက်တာ''
မောင်ကံညွန့်က နိဂုံးချုပ်၏။

မအေးသင်က နိဒါန်းစ၏။
''မနက်ကလဲ အစောကြီး ဘုရားခန်းရောက်နေလို့ မကြားရတာ ဆိတ်သားက ဒီနေ့ ရန်ကင်းဈေးမှာ မရ လို့ ကြက်သား ၀ယ်လာတာ အဲဒါ သူ့ကို ဆိတ်သားဝယ်မကျွေးချင်လို့တဲ့ ပြီးတော့ ကြက်ဘယ်ဈေးလဲဆို တော့ ရှစ်ကျပ် လို့ ပြောတာ နင်အလကားပြောတာ နှစ်ကျပ်ဈေးတဲ့...''
ကျမ က လက်ကာရပြန်၏။

''တော်ကြပါတော့... တော်ကြပါတော့ ၀ယ်ရသမျှကို ၀ယ်ပေး မရတော့လဲ မတတ်နိုင်ဘူး၊ ရေလည် အောင် ပြောပြဖို့က နင်တို့ရှေ့မှာဘဲ ငါရေးပြတဲ့စာရွက်ကို ဆုတ်ပြစ်လိုက်ပြီ ပါးစပ်ကတော့ ငါမပြောပြ နိုင်ဘူး ကဲ... သွားကြတော့...''
ကျမသည် စာဖတ်ခန်းသို့မသွားတော့ဘဲ အိပ်ခန်းဆီသို့ လှမ်းလာ၍ အိပ်ယာပေါ် ခြေပြစ်လက်ပြစ် လှဲ နေမိသည်။

ရာဇ၀င်ဆရာတို့ ရေးဟန်မျိုးနှင့် ခပ်ကြီးကြီး ကျယ်ကျယ်ရေးရလျှင် ကျမတို့သားအဖနှစ်ယောက်၏ အ ရေးအခင်းကား တဖြေးဖြေးတင်းမာလာ၏။ သားအဖနှစ်ယောက်ဆက်ဆံရေးသည် စာရွက်ပေါ်မှာတည် ၏။ ယခင်ကပြောချင်သမျှ စာနှင့်သာရေးပြရ၏။ ဒီစာ ယခုမဖတ်တော့ဘူးဆိုတော့ ကျမကလည်း ခပ် ပေပေရေး၍မပြတော့ပေ၊ သူမေးသမျှကိုလည်း ဘာမှမဖြေတော့ဘူး၊ စင်စစ်ကျမတွင် ဖြေနိုင်သောအင် အားလည်း မရှိတော့ပေ... ဖေဖေ့ကို ခုနှစ်သံနှင့်ရှည်လျားစွာပြောဖို့ မဆိုထားနှင့် ညီအကိုမောင်နှမ သာမာန်အသံနှုန်းနှင့် စကားပြောရင်းမှာပင် စိတ်ပါလက်ပါ ပြောလာသောအခါ ကျမအသံများသည် ပြောင်းသွား၏။

အောက်မေးသည် လေးလာကာ စကားလုံးများကို ပီသစွာရွတ်ဆိုမရသလို ဖြစ်လာ သည်။ စကားလုံး မသဲကွဲဆိုလျှင် ပိုမှန်၏။ စကားလုံးများကို ပီသအောင် တလုံးစီ အားယူ၍ပြောရသော အခါ... ရင်ထဲမှာ မောလာ၏။ ညာဘက်လက်ဖ၀ါးများမှာ တင်း၍ယောင်လာတတ်သည်၊ ခေါင်းထဲမှ အ သံတခုမြည်လာကာ မျက်လုံး များ စင်းလာတော့သည်။ ချက်ခြင်းလိုပင် အိပ်ယာပေါ်လှဲ၍ အနားယူရ၏။ ဆက်လက်ပြောနေပါက ခြေလက်များ အေးစက်လာသည်မှာ လူသေများကဲ့သို့ပင်တည်း...။

ထို့ကြောင့် ကျမသည် စကားပြောဖို့ကို တတ်နိုင်သမျှရှောင်၏။ စာရေးဆရာများ စကားပြောဟောဖို့ ဖိတ်ခေါ် သော အခါတွင်လည်း ကျမ လက်မခံခဲ့ပေ။
တနေ့တွင်မူ မှော်ဘီကိုလိုက်သွား၍ ကျမခင်ပွန်းသည်အား ထမင်းချက်ကျွေးရန် ငရုပ်သီးထောင်းနေဆဲ ပေါင်ထဲမှ တဖြေးဖြေးနာလာ၏။ နာလာသည်မှာ အတော်ကို အခံရခက်လာသည်မက ရင်ထဲကလည်း အသက်ရှုရကြပ်လာသည်။ ကျမလည်း တယောက်တည်းဖြစ်၍ ကိုယ့်ဟာကိုယ် ဘာလုပ်ရမှန်းမသိ အံ့ အားလည်းသင့်၏။ ညာဘက်လက်က ငရုပ်သီးထောင်းသည်နှင့် ပေါင်ထဲက နာရသည်မှာ ကြားရသူအ ဖို့ ရယ်စရာလိုဖြစ်နေသည်၊ သို့သော် ကျမသည် လုံးဝ ထမရတော့ပေ။

တော်ပါသေး၏။ အကိုကြီးမှာ ထမင်းစားပြန်လာချိန်နှင့်ကြုံကြိုက်နေ၍ ကျမအဖြစ်ကို အံ့သြနေသည်။

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

Sunday, January 30, 2011

ခင်နှင်းယု ၏ ဖေဖေ အပိုင်း (၈)

ရေချိုးခါနီး ဒါလေးလောက်မာလီ နဲ့ အတူအလုပ်လုပ်ရတာ ဘာများပင်ပမ်းလို့လဲ၊ ခုကြည့်စမ်း..... ကြက်သဟင်းပင် လဲ သေ၊ ဆူးပုတ်ပင်တွေလဲ အရွက်ပိုးကျပြီး နူကုန်ပြီ......ငွေပန်းပင် က အစ သူတို့ လောင်း ရတာလဲမဟုတ်၊ ရေချိုးပြီး ရေပိုက်လေး တတ်ထားရတာများ သူတို့ကိုင်ထားရတာ ကြနေ တာဘဲ၊ (xပျင်း) တွေ ဖေဖေနဲ့တော့ မဖြစ်ပါဘူး

ဖေဖေ ဒေါသဖြစ်မည်ဆိုလဲ ထိုသူတို့မှာ ဖြစ်စရာတွေပါပင်တည်း၊ ကျမမှာတော့ အိမ်ရှင်မ၊ အိမ်ရှင် မ ပြဿနာ မှာ ကျယ်ပြန့်လွန်းပါ၏။ ကိုယ်က လမ်းအတိုင်းပြောသည့်ထားဦး...... ကိုယ့်အိမ် မှာ မနေစေချင် ဟူ၍ အထင်မှားတတ်ကြ၍ ကျမဘာမှဝင်မပြောပါပေ။

စိတ်ဆိုးမိသည်
ဖေဖေ့ ကို ပြင်းပြင်းထန်ထန် စိတ်ဆိုးမိသည်မှာ နှစ်ကြိမ်ဖြစ်သည်။ ပထမအကြိမ်မှာ ၁၉၆၄ခုနှစ် လောက် က ထင်ပါသည်၊ ဖေဖေသည် အသားကို အလွန်းစား၏ အထူးသဖြင့် အမဲသားနှင့် ၀က်သား ကို အလွန် ကြိုက်၏၊ ကျမ တို့ အသား မစားတောင် ဖေဖေ့အတွက်တော့ တရက်ခြားလို ချက်၍ ကျွေး ပါသည်။

သူများအိမ်သို့ သွားရောက်စားခြင်းကိုမူ ကျမတစက်မှမကြိုက်ပေ၊ တနေ့တွင် နောက်ဖေးအိမ်လေး တွင် နေသော တူမလေးအိမ်တွင် ၀က်သားချက်သည်။ ကျမတို့လည်း မသိပါ။ ချက်သူက စားစေ လို၍ လာပို့ သည်မဟုတ်၊ သူ့ဖာသာသွား၍ စားသည်။ အစားကောင်းလိုက်သည်မှာ ထိုအိမ်လေး တွင် ချော်လဲ၍ ပေါင်အဆစ် ပြုတ်၍ ထွက်သွားပါတော့သည်၊ ထိုအနောက် အိမ်လေး နှင့် အစေခံ တန်းလျား ရေသွား မြောင်း များကို အသစ်စက်စက် ပြင်ပြီးစဖြစ်၍ မြောင်းထိပ်အစွန်းမှာ ကျောက် အစွန်းစလိုဖြစ်နေသည်၊ ထို့ကြောင့် ဒဏ်ရာ မှာ အလွန်ပြင်းထန်သည်။

ကျမစိတ်ထဲတွင် အမှန် အတိုင်းဖွင့်ဟ၀န်ခံရပါလျှင် သိပ်ဒေါသဖြစ်ပါသည်။ မချုပ်တည်းနိုင်လောက်အောင် စိတ်ဆိုးသည်၊ ဖေဖေ့ကိုတော့ ဘာမှမလုပ်ချင်ပါ၊ ကိုယ့်ကိုယ်ကိုသာ သက်သေလိုက်ချင်သည်။ (အပြင်မျက်စေ့ နှင့် ကြည့်လျှင် ဘာမှဖြစ်သင့်သော အကြောင်းမဟုတ်ဟူ၍ ထင်နိုင်ပေသည်၊ ဟုတ် ချင် လည်း ဟုတ် ပေမည်။)
ကျမရင်ထဲမှာတော့ ဒေါသ ဖြစ်လိုက်သည် ဖြစ်ခြင်းသွား၍ပင် မကြည့်ချင်တော့ပေ။ ကျမဒေါ သကိုသိသော အိမ်သား များက တခြားအကိုများ၊ ဆွေမျိုးများကိုခေါ်၍ ဖေဖေ့ကိုပြ၏ ကုသရန်ဖြစ် သည်၊ ကျမကိုလည်း အဒေါ် ဒေါ်အုံးရင် က ဖျောင်းဖြ ချော့မေ့ပါသည်။

"မယု ဖေဖေကိုကြည့်ရုံတင် လေးတင်ကြည့်၊ ကြည့်ပြီးရင် မယုအခြေအနေသိမယ်၊ နို့မို့ယင် မယု- နောင်တ ရစရာဖြစ်နေမယ်"
ကျမသည် မနေနိုင်ပြန်၊ သွားကြည့်ရပြန်သည်၊ ကြည့်သည်တပြိုင်နက် ကျမသိပါသည်။ ယနေ့ ဆေးရုံ ပို့လျှင်ပို့ အကု နောက်ကျလျှင် ဖေဖေ သေမည်၊ လူနာပေါင်း များစွာ နှင့် ဆက်ဆံနေရတော့ လည်း ကျမ သည် ဆရာဝန် တပိုင်း ဖြစ်နေတော့သည်၊ ရင်ထဲက ဒေါသအရှိန်ကတော့ မပြေပါ။

"ကဲလေ......... ဖေဖေ့ကို ဆေးရုံတင်မှဖြစ်မယ်.....ဘယ်သူ တင်မှာလဲ"
ကျမ သည် တမင်ပင် မေးခွန်းထုတ်ပါ၏။
ကားတွေလည်းရှိ၊ စိန်တွေလည်းရှိ၊ ငွေတွေလည်းရှိ၊ ယောက်ျားရင့်မကြီးတွေလည်းဖြစ် သွေးသား အရင်းနှီးဆုံး ဖြစ်သော ဤ(x  x  x) သူများက သူတို့သည် လူနာတယောက်ကို ဆေးရုံမတင်တတ် ဟူ၍ ဖြေဆိုကြပါသည်။

"ကဲလေ....ကျမတော့ နေမကောင်းလို့ ရင်ထဲမှာ မောနေဘီ လမ်းတော့ မရှောက်နိုင်ဘူး ဒီတော့ ကားတော့ တနာရီဘဲ သုံးခွင့်ပေး ဒီလူနာ ဆေးရုံပေါ်ရောက်ရစေမယ့်"
ကျမ သည် တနာရီအတွင်း ဒေါက်တာ ဒေါ်မြမြအေးနှင့် စီစဉ်ကာ ဖေဖေ့ကို မြရတနာ ဆေးတိုက်သို့ တင်လိုက် ပါသည်။ ဒေါ်မြမြအေးသည် ဒေါက်တာ ဘပု နှင့် စီစဉ် ပေး၏။ ယနေ့ညနေပင် ချက်ခြင်း ခွဲစိတ် ရမည်ဖြစ်၏။ ကျမ သည် ဒရီးဒရိုင် ပင် ပင်ကိုယ် က အားနည်း အစာ က မ၀င်ထည့်ကြားက ဒေါသ က အားလုံး ကို ခြုံ ၍ ဖြစ်နေသည်၊ ခွဲစိတ်သော ခန်းဝ တွင် ကျမစောင့်နေပါသည်။

ခွဲစိတ်ခြင်း မှာ မကြာလှ ဒေါ်မြမြအေးသည် ၂၅ကျပ်အခန်းကို ဖေဖေသီးသန့်နေရပါစေဟူသော စေတနာ နှင့် တဆယ်ပင် ယူကာ သီးသန့် ခန်းတွင် ထားပေးပါသည်၊ ဖေဖေထွက်လာသောအခါ သတိမရသော အိပ်ယာ ပေါ်တွင် အိပ်လျက်ပင်ဖြစ်၏။ မျက်နှာမှာ ဖြူဖတ် ဖြူရော်ပင်တည်း၊ ကျမ သည် ဖေဖေ့မျက်နှာ ကို စေ့စေ့ကြည့်ရင်း ဂရုဏာ ဒေါသဖြစ်ကာ မျက်ရည်ဒလဟော သွန်ကျပါသည်၊ ဖွင့်အံရေးချပြချင်၍ လည်း မကောင်း ရင်ထဲတွင်နာကျည်းခြင်း၊ ခံခက်ခြင်းတို့ကို ရောပြွှန်းကာ ရှိုက် ကြီးတငင် ငိုကျွေးမိပါသည်။

ဆရာမလေး တွေက မမယုရဲ့ဘဘကြီးရောဂါက အခုမစိုးရိမ်တော့ဘူး မငိုနဲ့လေ ဟု သူတို့က လည်း သူတို့ အဓိပ္ပါယ်နှင့် ပြောပါသည်။ ကျမလည်း ကျမအဓိပ္ပါယ်နှင့်ကျမငိုပါသည်၊ မျက်ရည်ဖြိုင် ဖြိုင်ကျရင်းမှ
"ရတနာ သုံးပါး အား အမှုထား၍ ကိုယ်စောင့်နတ်အား တိုင်တည်ပါ၏ ဘုရား..... တပည့်တော် မ သည် ယခု ကိစ္စ တွင်ဖေဖေ့ကို အလွန်စိတ်ဆိုးပါသည်၊ သို့သော်အစမှ အဆုံး တပည့်တော်မ ပင် တာဝန် ယူရမည် ဖြစ်ပါသည်။

တပည့်တော်မလက်ထဲတွင်လည်း ငွေကြေးတပြားမှ မရှိပါ၊ ဤမှန်သော သစ္စာစကာကြောင့် ယနေ့မှစ၍ နိဗ္ဗာန်မရမီစပ်ကြား မိဘနှင့်တကွ ကြီးသောသူကို လုပ်ကျွေးရသည် ဖြစ်စေ ငယ်သောသူကို လုပ်ကျွေး ရသည် ဖြစ်စေဆင်းရဲနှင့် ငရဲကင်းစွာ နှင့်လုပ်ကျွေး ရပါလို၏ဘုရား"ဟု ပါးစပ်မှပင် ရွတ်ဆိုခါ သစ္စာပြု ပါ၏ ပြီးတော့ ကျမဒေါသကို ဖြေ ကာဖေဖေ့နဖူးကို လက်နှင့်ထိ၍ "ဓါရဏ" ပရိတ် ကို ရွတ် ဖတ်သရဇ္ဈယ် ရ၏။ ရွတ်ရင်း ရွတ်ရင်း တရားနှင့် ဆင်ခြင်ကာ ကိုယ့်စိတ်ကို အေးအောင် လုပ်ရတော့သည်။

ပရိတ်ရွတ်ရင်းဆုံးခါနီးသောအခါ ဖေဖေသတိရလာသည်၊ သူ့မျက်နှာက အတော်ပင်ဖြူလျော် နေရုံမက အားငယ် နေပုံ ရသည်၊ ကျမသည်သူ့နဖူးကို ကိုင်ကာပရိတ်ရွတ်နေသည်ကို တွေ့မှ အားတက် သွားပုံ ရပါသည်။
"မယု သိပ်အားနဲနေပုံရတယ် ဘဘကြီးကိုတော့.....စောင့်မအိပ် နဲ့ (စပယ်ရှယ်နတ်စ်) တယောက် ထားဖို့ လိုတယ်၊ ခုတညထဲပါ မနက်မိုးလင်း လင်းခြင်းတော့ ဆံပြုတ် ပူပူဘခွက်လာတိုက်နော် ဒေါ်မြမြအေးက ညွှန်ကြား ကာ ထွက်သွားပါသည်"

"ကဲ..မနက်ဆံပြုတ်ပူပူဘယ်သူ လာပို့နိုင်လဲ"
ဖေဖေ ၏ သွေးအရင်းဆုံး ကားလည်းရှိသောယောက်ျားရင့်မာကြီးများက သူ့တို့တွင် အချိန်မရှိ၍ တာဝန် မယူနိုင်ဟု ဖြေပါသည်၊ ကျမသည် ဘာမှဆက်၍ မပြောတော့ဘဲ စပယ်ရှယ်နတ်စ်ကိုလည်း ကျမကိုယ်တိုင် စီစဉ် ၍ ထားခဲ့ပါတော့သည်၊ စပယ်ရှယ်နတ်စ်မှာ တညကို၂၉ကျပ်ပေး ရပါသည်။

နံနက်တွင် ဤဂွတ္တလစ်အိမ်မှ သည်ကျုံးကြီးလမ်းဆေးရုံထိ ဆန်ပြုတ်ပူပူကို ဖေဖေ့အတွက် ဘတ်စ် ကား နှင့် ပင် သွားပို့ရ၏ ထို့ကြောင့်ပင် ဖေဖေဖြစ်စက ရှိုက်ကြီးတငင် ငိုကျွေးမိခြင်းမှာ "ဖေဖေ"ဆို သော အကြောင်း တကြောင်းထဲကြောင့်မဟုတ် ငွေကြောင့်လည်းမဟုတ်ပါ၊ အကြောင်းကြောင့် တို့ပါတွေးမိကာ ငိုကျွေး မိခြင်းဖြစ်ပါသည်။ ကျန်ည များတွင်တော့ ကိုကို့သား မောင်ချို နှင့် မောင်ကံညွန့်တို့ တညစီ စောင့်အိပ်၏။

ဆေးရုံ တွင် တလနှင့်တရက်ကြာပါသည်၊ စုစုပေါင်းငွေ(တထောင့်နှင့်တရာ) ကုန်ပါသည်၊ ဒါတောင် ဒေါက်တာ ဒေါ်မြမြအေး က အခန်းခ လျော့ယူ၍ဖြစ်ပါသည်၊ အပြင်ကုန်ကျငွေများ မပါပါ၊ ထိုလတွင် ထုတ်ဝေသော "သပြေ"၀တ္ထုမှ ရသမျှငွေမှာ ဖေဖေ့အတွက် သုံးလိုက်ရတော့သည်။

တခါတခါ တွေးမိ၏ လောကတွင် စိန်ရွှေငွေနှင့်ကားတို့သည် လူနာတယောက်ကို ဆေးရုံပေါ် သို့ ရောက်အောင် တင်မပေးနိုင်ဆိုသည်မှာ စဉ်းစားစရာအကြောင်း ပင်တည်း၊ "တာဝန် မယူလို ခြင်း"ကို လိမ္မာ ပါးနပ်စွာ အဖြေပေးကြပေခြင်းပေလား။

ကျမခင်ပွန်းသည်ကတော့ "ဖေဖေစားသော ၀က်သားတုံးမှာ တထောင့်တရာတန်သော ၀က်သားတုံး" ဟူ၍ ဆိုပါသည်။

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

Saturday, January 29, 2011

ခင်နှင်းယု ၏ ဖေဖေ အပိုင်း (၇)

မျက်နှာ လဲ ကျနေတယ် ဒါပြောဒါ ဘာဖြစ်သေးလဲဖေဖေပြောသည့် အတိုင်းပင် နောက်အပတ်တွင် နုနုသည် သားဦးလေးကို မွေးဖွားတော့သည်။ မောင်ကြည်ဆွေက ဆေးရုံမှအပြန် အိမ်ဝင်လာ၍ ယောက္ခမကြီးကို ကိုယ်တိုင်စာရေးပြရ၏။

ကဲလေ .....ငါပြေတာ မမှန်ဘူးလား၊ ငါက ခလေးခုနှစ်ယောက် မွေးလာတဲ့ အဖေပါကွ  သူသည် ဟက်ဟက် ပက်ပက် ရယ်မော ရင်း သူ့သမီးထွေးမှ မွေးသော သားဦးမှာ ယောကျာ်းလေး ဖြစ်သည့်အတွက် ၀မ်းမြောက် နေပုံ ရ၏။ 
ဒါနဲ့ ဒီကောင် စနေသား သားဦးပါလားဟေ့၊ ဟေ့ မောင် ကြည်ဆွေ ခလေး ကို အိမ်ခေါ်လာရင်လေ ဓါးထမ်းပြီး ခုနှစ်ခါ ကျော်ကွ၊ တို့အိမ်မှာ မောင်နုမွေး တုန်းကလေ သားဦးစနေ နေတက်ရေ တက်ဆိုတော့ ကိုစံထွန်း က ဓါးထမ်ပြီး ကျော်ရတယ်၊ နို့မို့ရင် ဒီကောင်တွေက သိတ်ထက်ဒါ

ဖေဖေသည် သူတို့၏ ရေးထုံးစံ ကို ပြောပြ၏ မောင်ကြည်ဆွေသည် စာရးပြရပြန်သည်
ထက်ချင်သလောက်ထက်ပါစေ အဘရယ်၊ ကျွန်တော့သားကို ကျွန်တော မကျော်ချင်ဘူး၊ ပြီတော့ မွေးတဲ့ အမေ နုနု ကိုယ်တိုင် က စနေသမီး နေ့တက်ရေတက်ဘဲ၊ ဘာကြောက်စရာရှိလဲ
မောင်ကြည်ဆွေ၏ စာကို ဖတ်ပြီး အေးလေ... မင်းတို့ မကြောက်လဲပြီးတာဘဲ၊ ဒါနဲ့ စနေသားဆိုတော့ နေမျိုး လို့ မှည့်မလား နံမယ်ရွေးချင် ပြန်လေပြီ။

ကြီးကျယ် တဲ့ နံမယ်ကြီးတွေ ကျွန်တော့သားကို မမှည့်ချင်ပါဘူး၊ ရိုးရိုးဘဲ ကောင်းပါတယ် အဘရယ် ပြီးတော့ သားကလဲ ငယ်ပါသေးတယ်
မောင်ကြည်တွေ ထပ်မံရးပြသောစာကို ဖတ်ပြီးကြေနပ်သွားပုံရ၏။
'အေးလေ...... မင်းတို့သဘော ဆေးရုံက ဆင်းရင်သာ ခလေးကို ငါ့ကိုဝင်ပြပြီးမှာ မင်္ဂလာဒုံ ခေါ်သွားရမယ် သိလား'
သူသည် ကျေနပ်စွာ အမိန့်ပေးပြီး သူ့ခန်းထဲသို့ ၀င်သွားပါတော့သည်။

မာလီ

ဂွတ်တလစ်အိမ် တွင် မာလီကြီးတယောက် ကျမငှါးပြီး ထားသည်။ ထိုမာလီကြီးလည်း ရာဇ၀င် နှင့် ပါပင်တည်း အစကသူသည် ၀င်ဒါမီယာထဲတွင် အုန်းခြံစောင့်၏။ သူ့မြေးလေး မောင် က ညွန့်နှင့် အတူ နေသည်။ လခ ဘယ်လောက် ရသည်မသိ။

အိမ်စောင့်အစိုးရ တက်လာသောအခါ ၀င်ဒါမိယာတွင် အုန်းခြံမရှိသော အဘိုးကြိး အလုပ်ရှိ ဖြစ်နေ တော့သည်။ ထိုနေရာတွင် ၀န်ကြီးချုပ်အိမ်၌ ဇာတ်လိုက်ကြီး တပါးဖြစ်သူ ဒေါ်နီနီ က အကြံဥာဏ် ပေးလာ၏။

'မယု ရဲ့ တခြားလူတွေအလုပ်ပြုတ်တယ် ဆိုပေမယ့်မှီစရာ၊ နေစရာ၊ စားစရာရှိသေးတယ်၊ ဒီအုန်းခြံ စောင့် အဘိုးကြီး ဟာ အသက်ကလဲ ခြောက်ဆယ်ကျော်ခါးကြီးကလဲကုန်းနေတော့ ဘယ်သူကမှ သူ့ကို မာလီအဖြစ် ငှါးမှာလဲ မဟုတ်ဘူး ဒီတော့ မယုတို့ခြံထဲမှာ ဒီမာလီကြီး ကို အစောင့်ထားရင် မကောင်း ဘူးလား'
သူ နှင့် ကျမမှာလည်း အသေးစိတ် အပိုအပူလေးတွေက ရှိသေးသည်။

'မေနီကို မယုရှင်းပြောပြမယ်၊ မယုက အခုဝန်ကြီးချုပ်ဆီမှာ အလုပ်မလုပ်တော့လို့ ၀င်ငွေမရှိဘူး အကိုကြီး ရဲ့ ဗိုလ်ကြီး အဆင့်အတန်း လခနဲ့ တအိမ်လုံး လောက်အောင်စားရမှာ (ထိုစဉ်က ကျမ ၀တ္ထုများမှာ နာမည် ကြီးသော်လည်း ၀င်ငွေမကောင်းသေးပါ) ဗိုလ်ကြီး လခဆိုတာ မမနီ အသိဆုံးဘဲ၊ မာလီနဲ့ ဘာနဲ့ ထားနိုင်တာ မဟုတ်ဘူး ဒါပေမယ့် မယုစိတ်ထဲမှာ တခေတ်ပြောင်း ပြောင်းတခုခုဘဲဖြစ်ဖြစ် သစ်ပင် တခု လဲသလိုဘဲ၊ အပေါ်သစ်ကိုင်းက လူတွေ အောက်ပြုတ်ကျ တယ်ဆိုပေမယ့် သူတို့မှာ အောက်က ပိုက်ဆံ ပေး တဲ့ လူ နဲ့ မွေ့ယာခံပေးတဲ့လူနဲ့ အမြင်ကကျတဲ့ လူဆိုပေမယ့် အကျမနာလှပါဘူး။

အောက်သစ်ကိုင်းနေတဲ့လူတွေသာ သိပ်ဒုက္ခများတာ ဒီတော့ မမနီအဘိုးကြီးကို သေသေချာချာရှင်းပြ လခတော့ မစု ငါးဆယ်ဘဲ ပေးနိုင်မယ်၊ သူ့မြေးလေး မောင်ကံညွန့် ကျောင်းတက် ဖို့ဘတ်စ်ကားခ စရိတ် တဆယ် ပေးမယ် နေဖို့အိမ်ပေးမယ် နေဖို့အိမ် ကစေခံတန်းလျားဆိုပေမဲ့ သွားကြည့်ပါ ပျဉ်ထောင်ကာ သွပ်မိုး မီးဖိုးသတ်သတ် အိမ်သာ က ဆွဲအိမ်သာ လျှပ်စစ်မီး အလကားရမယ် ရေချိုးခန်းရမယ် ရေရမယ် အဲဒါ မမနီအဘိုးကြီး ကို ရှင်းပြ ကြေနပ်ရင်ပြောင်လာပေတော့'

'အို.....မယုရယ် သူဝင်ဒါမီယာ အုန်းခြံထဲမှာ နေရတာ တဲလေးနဲ့ နေရတာ မယုအိမ်ကို သူသဘော ကျမှာပါ ကိုယ့် တို့လဲ နောက်သူ့အတွက်အလုပ် ရှာပေးကြသေးတာပေါ့........'
ထိုသို့ မြန်မာ့လူနေမှုစံနစ်နည်းဖြင့် အဘဦးဘိုရွှေခေါ်အုန်းခြံ စောင့်ကြီးသည် ကျမတို့အိမ် ပြောင်းလာ၏။ ကျမ မှ လွဲပြီး တအိမ်သားလုံးက သဘောမကျပါ။
'ဒီအသက် ခြောက်ဆယ်ကြီးများ သူဘာလုပ်ငှါးပါလိမ့်' အိမ်သားများက ကွယ်ရာတွင် ကျမအတင်း ကို ပြောပါသည်။ ကျမ မသိသည်မဟုတ် သိပါသည်။ ထိုအဘိုးကြီးသည် ပေါင်းသင်မြက်ရှင်း ရုံမှလွဲ ဘာမှ မလုပ်နိုင်ပါ၊ မျက်စေ့ကလည်းမွဲသေးသည်။ အိမ်းသားမျးက သစ်ပင်စိုက်ထားလျှင် သူမြက် ရှင်းသောအခါ အားလုံး နှုတ်ပစ်တော့သည်။

ကျမကတော့ လေးလံသော မြောင်းပေါက် မြေသယ် အလုပ်မျးကို မောင်ကံညွန့် ကျောင်းဆင်း သောအခါ လုပ်ပြီ ကျမချစ်သော ဆောင်းတွင်း ပန်းလေးများကို ကျမကိုယ်တိုင်ပျိုး ကျမကိုယ်တိုင ရေလောင်း၊ စိတ်ချ ရအောင် အပင်ကြီးထွားလာတော့မှ အဘိုးကြီးလက်အပ်ပါသည်။

ထိုမာလီ အဘိုးကြီးအပေါ် အထူးမကြေနပ်ဆုံးသူမှာတော့ ဖေဖေပါပင်တည်း၊ သူသည်မာလီ ကိရိယာ ပစည်များနှင့်အတူ၊ လွှ၊ ပေါက်ဆိန်၊ သံတရွှင်း၊ တူစသေား လက်သမားကိရိယာများကို လည်း စာရင်း နှင့် အတိအကျ မာလီကို အပ်ထား၏။ ခဏခဏလည်း စစ်ဆေးသည်၊ အဲဒီအထဲမှာ တခုခုပျောက်ဆုံးလျှင်လည်း ကျွတ်ကျွတ် ညံ အောင် ဆူပါတော့သည်။

အဘိုးကြီး မျက်စေ့ကလည်း မွဲသေးသည် တနေ့တွင် ပြသနာတက်လာ၏။ သူတို့ထမင်းချက်ရန် ထင်း စုဆောင်း ရာမှ လွှမှာ ပျောက်သွားတော့သည်၊ ဖေဖေကလည်း စစ်ဆေးချိန်နှင့် တိုးနေပြီး ပွက်လော ရိုက်တော့သည်၊ ကျမသည် သူတို့ကိစများတွင် ဘာမှမပါဝင်သေး အသာကြည့်နေ၏။

မာလီအဘိုးကြီး သည် အိမ်နား နီးခြင်းခြံရှိသမျှ သူ့လွှကိုငှားသွားပြီး ပြန်မပေးကြောင်း လိုက်စွပ်စွဲ တော့သည်၊ အိမ်နီးချင်းများသည် သဘောကောင်းသူများဖြစ်လို့သာ တော်ပါသေး၏။ ကျမကို လာရောက် ရှင်းပြ၏ သူတို့လွှ ကို မငှားကြောင်း ငှားပါလျှင်လည်း လက်ထိလက်ရောက် ပြန်အပ် မည်၊ ပေးမည် ဖြစ်ကြောင်း ပါသည်။
ကျမ သည် မနေသာတော့ပြီ၊ မာလီအဘိုးကြီးထံသွား ပြောပြရ၏။

'ဘဘကြီး ကလဲ မျက်စေ့ကလဲ သီသီမွဲမွဲရယ်၊ သတိလဲ သိပ်ကောင်းတာ မဟုတ်ဘူး ကိုယ့်အိမ်က ပစ္စည်း ပျောက်တိုင်း သူများအိမ် သွားမစွပ်စွဲရဘူး ခုအိမ်နီးချင်းတွေက သဘောကောင်းပေလို့ပေါ့ ကျမစိတ်ထင် ဘကြီးတို့ လွှဟာ ဘကြီးတို့ ထင်းဖြတ်တဲ့ အနားမှာဘဲရှိလိမ့်မယ်ထင်တယ်၊ ထင်းတွေ နေရာ တကျ ရွှေပြီးရင် အောက်ဖက်မှာ ပြန်ရှာပါအုံး'
ကျမပြောသည် အတိုင်းပင် ထင်းများနေရာတကျရွေ့ပြောင်း သယ်ယူပြီးသောအခါ ထင်းများ အောက်တွင် လွှကို ပြန်တွေ့ပါသည်။

'အဘကြီးတို့ကလဲ ဖေဖေပြောရင် ပြောစရာဘဲ သူ့ပစ္စည်း ကို ကိုင်ပြီးရင် နေရာတကျ ပြန်ထား မှာပေါ့ ဖေဖေ ဆူတော့သာ ဆူတယ် ပြောရတယ် ဘကြီးတို့ကလဲ သတိထားပါ 'ကျမသည် ထိုအခါ မှ ၀င်ပြောတော့သည် မာလီဘကြီးက ဖေဖေ့အား 'ဘိုးတော်'ဟု ခေါ်သည်။

'ဘိုးတော် ကတော့ဗျားအံ့သြ လောက်ပါတယ်....... အသက်ခုနှစ်ဆယ်သား ဆိုတယ် ကျွန်တော် ထက် သတိ လဲ ကောင်း ခွန်းအားလဲ ကောင်းတယ် (ဖေဖေထိုစဉ်က ခုနှစ်ဆယ်ကျော်ပင် ရှိသေး သည်။)'
တနေ့တွင်မှု ကျမခြံထဲမှာစာဖတ် နေစဉ် အဘိုးကြီးနှစ်ယောက် ငှက်ပျောပင်စိုက်ရန် မြောင်းပေါက် နေကြသည်။ မာလီကြီးကတော့ မြောင်းတ၀က်ပင် မရောက်သေး မောဟိုက်လာပြီး ပေါက်တူးကို ချကာ မြေကြီးပေါ် ထိုင်နေတော့သည်။ ဖေဖေကမူ တောက်ရှောက်ကြီး ပေါက်သွားလိုက်သည်၊ မြောင်း အဆုံးထိ ပင်တည်း
'ကဲ ကျုပ်ပေါက်လို့ပြီးပြီ ခင်ဗျားသာ သစ်ပင်တွေရွေ့ပေတော့' ပေါ့ပါးစွာပင်ပြောပြီး ဖေဖေသည် သူ့ပေါက်တူး သူထမ်းခါအိမ်ထဲသို့ ၀င်သွားတော့သည်။

ဖေဖေ က သခွါး၊ ပသီးနှင့် ခ၀ဲသီး၊ ချဉ်ပေါင်များကို စိုက်လည်းစိုက်၏ စားလည်းစားသည် မာလီ ကြီးက ဘာမှ မစိုက်တက်ပေ။
အကိုကြီး ကလည်း မာလီအဖိုးကြီးအကြောင်းသိသည်။ သို့သော် 'အဘကိုလဲ တောင်းပန်တာ ပါကွာ' တို့ များ စာသင်ချိန်တုန်းက ကသိကအောက်ဖြစ်ခဲ့ရတယ်၊ ဒီတော့ မောင်ကံညွန့် အနည်း ဆုံး ကိုးတန်းအောင် တဲ့ အထိတော့ ဒီဘကြီးကို သည်းခံပေါ့။ မောင်ကံညွန့်ကို သူပညာသင်ကြား ရေးအတွက် ကူညီနိုင်တာ တို့မှာလဲ ဒီနည်းဘဲ ရှိတယ်ဟု ပြေားထားဘူး၏။ ကျမကတော့ အကြောင်း ကြောင်းများကြောင့် ထိုမာလီကြီး အား ထားသည်ကို ဖေဖေမသိပါပေ၊ အိမ်သားများက လည်းလုပ်အားအပြည့် ထိုမာလီကြီး ထံမှ မရသည်ကို မကြေနပ် ကြပါပေ။

ဖေဖေကလည်း စိတ်ဆိုး ဒေါပွလာတိုင်း မာလီကြီးကို အလုပ်ဖြုတ်မပစ်သည်ကိုပင် ဆူနေတော့ သည်။
နောက်ဖက် အိမ် တွင် နေသူမျာကိုလည်း ဖေဖေမကြေနပ်ပေ။
'ဖေဖေပြောယင် သမီးက မကြိုက်ဘူး.....ဒီဆူးပုတ်ပင်က အညွန့်ထွက်လာတော့ သူတို့ဘဲ ခူးပြီး ဟင်းချို ချက် သောက်တယ်......ဒီကြက်သဟင်းပင်က အရွက်ကြတောဲ့ သူတို့ဘဲ ဟင်းချိုခပ်သောက်ကြတယ်၊ ဒီ သစ်ပင် တွေကို မြေဆွဖို့၊ ရေလောင်းဖို့ကြတော့ မာလီကို တွက်ကပ် နေကြတယ် ရေချိုးခါနီး ဒါလေးလောက် မာလီ နဲ့ အတူအလုပ်လုပ်ရတာ ဘာများပင်ပမ်းလို့လဲ၊ '

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

Friday, January 28, 2011

ခင်နှင်းယု ၏ ဖေဖေ အပိုင်း (၆)

ဖေဖေ့ကို ဗြောင်စော်ကားလာကြသည် ၊ မေမေ့အရိပ်ကို ခိုလှုံနေသူတို့ပင် ဖေဖေ့ကို "ခိုင်းတိုင်း ရသည့် လူကြီး တစ်ယောက်လို ဆက်ဆံလာကြသည်"
မေမေ ကမူ ထာဝရပြုံးနေ၏၊ အုပ်မရသော ကျမတို့ မျက်မြင်ကိစ္စများပင် "သည်းခံပါသမီး" ထိုစကားလုံးနှင့် ကျမ တို့ကို နှစ်သိမ့်၏။

"မသိန်းတင် သားသမီးတွေဟာ အနုံအ,အတွေပါ၊ ဘယ်တော့မှ လူရာဝင်မှာမဟုတ်ဘူး"ကျမတို့၏ ဆွေးမျိုးတော် တယောက်ကပါ ပြောလာ၏။ မေမေကတော့ ဒေါ်ခန္တီပါပင်တည်း၊ တခါတရံတွင်သာ ကျမ ထက် အကြီးဖြစ်သူ အမ-တင်ဦးနှင့် မေမေသည် ခြံတွင်းရှိ ကွမ်းသီးပင် နှစ်ပင်ကြားရှိ ခုံတန်း လျား တွင် မျက်ရည်စ များနှင့် စကားပြောနေကြ၏။ သူတို့ကိုတော့ တယောက်ယောက်က နှိမ်လိုက် ဟန်ရှိပါသည်၊ ကျမကို မြင်လျှင် မျက်ရည်ကို ကမန်းကတန်းသုတ်၍ ပြုံးကြ၏ မျက်နှာကို ပြင်ကြ၏။

သူတို့အထဲတွင် ကျမသည် လူမိုက်ပါပင်တည်း။
"မေမေ.......ကိုကိုကြီး (ဦးနု) က ခွင့်လွတ်ဖို့ တရားကိုဟောတယ်၊ မေမေက သည်ခံဖို့ အမြဲဆုံးမ တယ်၊ သမီး မေမေ့ ကိုတော့ ချစ်ပါတယ်၊ ဒါပေမယ့် သမီးဟာ ဦးနုလဲ မဟုတ်ဘူး၊ ဒေါ်သိန်းတင်လဲ မဟုတ်ဘူး၊ မိခင်ယု ဟာ မိခင်ယူဘဲ၊ သမီးကတော့ မေမေတို့လို ငုံ့ခံနေလိမ့်မယ် မအောင်မေ့နဲ့ ဖေဖေ့ကို စော်ကား တဲ့ လူ မှန်သမျှ ဟောဒီအိမ်အိုကြီးပေါ်မှာ နေတဲ့လူ ဘယ်သူ့ဘက်က အမျိုးဖြစ်ပြီး ဆော်ထဲ့မှာဘဲ"

တကယ်ပါပင်တည်း ကျမငယ်ငယ်က မိုက်လည်းမိုက်သည် စွာလည်းစွာသည် သတ္တိရှိမရှိတော့မသိ ဘယ်သူ့ ကိုမဆိုယှည်ပြိုင်တိုက်ခိုက်ရန် အမြဲအဆင်သင့် ဖြစ်နေတတ်၏။ ရန်လိုတတ်၏ ဟုဆိုလျှင် ပို၍ မှန်မည်။ မေမေ၏ မျက်လုံးစွန်းဝယ် မျက်ရည်စများ ညှိတွယ်နေသည်ကိုကျမ မကြည့်ရက်နှလုံး သားထဲမှာ နာကျင်၏
"သမီးနော်.......မိခင်ယုနော်..အေးအေးနေ မေမေဒါဘဲပြောမယ်" ဒါလောက်ပြောကာခန္တီ တရားကို ဆက်၍ ဟောတတ် ပါသည်။

"မဟုတ်သေးပါဘူးမေမေရာ ဖေဖေက အရူးကြီး တယောက်ဘဲဖြစ်နေပါဘီတဲ့ သူတို့ခိုလှုံနေရ ဒါဟာဖေဖေ နဲ့ မေမေ့အိမ်ဆိုတဲ့ ကျေးဇူးတရားကို သိတတ်ရင်ဖြင့် ဖေဖေ့ကို လေးစားဖို့ ကောင်း ပါတယ်....."

"ကိုယ့်ဖေဖေကလဲ သူတိုကလေးစားအောင် နေရမယ် ဆိုတဲ့ သိက္ခကို ထိန်းသိမ်းနိုင်လောက်တဲ့ ဦးနှောက် မှ မရှိဘဲကွယ်၊ ခွင့်လွတ်ပါသမီးရယ်......."
"မဟုတ်ဘူး......မဟုတ်ဘူး၊ မေမေ့အမျိုးတွေကလဲ သမီးတို့ကိုလဲ အရူးကြီးသားသမီးတွေဆိုပြီး ဘယ်တော့ မှ လူညွန့်တက် မှာ မဟုတ်ဘူးဆိုပြီး နှိမ်ချင်တယ်.......ပြီးတော့လဲလေ သမီးမြင်နေ တယ်........"
သူတို့သားအမိနှစ်ယောက်မှာ ကျမစကားလုံးကို စူးစိုက်စွာ နားထောင်လာကြ၏။

"ငယ်ငယ်က ဖတ်စာထဲကလိုဘဲ"
"ဘာဖတ်စာလဲ"
မေမေကသာမေးသည် မမကဘာကလုံးမှ ၀င်မပြောသေး။

"အာရပ်လင်မယား က ချမ်းအေးတဲ့ ညတညမှာ ကုလားအုပ်ကြီးက ချမ်းလွန်းလို့တဲ့ သူတို့ လင်မယား ထဲက ခေါင်းလေးသွင်းနေပါရစေတဲ့၊ လင်မယားနှစ်ယောက်ကလဲ သဘောထားက ကောင်းတော့ နေခွင့်ပြု တယ်လေ၊ နောက်ကုလားအုပ်ကြီးက ခေါင်းတင်မက ကိုယ်ပါသွင်းနေပါ ရစေဖြစ်လာရော လင်မယား နှစ်ယောက်လုံး ကလဲ သဘောကလဲကောင်း၊ ချမ်းမှာလဲစိုး သနားတတ်တော့ အလျော့ပေးလိုက်ဒါ ကုလားအုပ်ကြီး က တကိုယ်လုံးဝင်နေရော နောက်ဆုံး တော့ ကုလားအုပ်ကြီးက ဒီအိမ်ဟာ သူ့အိမ်ဆိုပြီး နှုတ်သီး နဲ့ ကလော်ထုတ်တော့ လင်မယား နှစ်ယောက်လုံးထွက်သွားရရော၊ ခုလဲ...မေမေတို့အဖြစ်က အာရပ်ပုံပြင် ထဲ က လင်မယား နှစ်ယောက်ကို မြင်ယောင်လာတယ်"

မေမေက ခေါင်းတငြိမ့်ငြိမ့်နှင့် နားထောင်ပါသည်။ မမကတော့ ငြိမ်သက်နေဆဲပါပင်တည်း။
"ပုံပြင် ကတော့ မှန်တာပေါ့သမီး လူမှာ ကုသိုလ်အကုသိုလ်ဆိုတဲ့ တရားရှိပါတယ်၊ စံထိုက် မှ လဲ စံရတယ်၊ ရထိုက် မှလဲ ရတယ်၊ မေမေငယ်ငယ်က ချမ်းသာခဲ့ပုံတွေနဲ့ စီးပွားရေးကိစ္စတွေကို မေမေ့ သားအကြီး တွေကို တောင် မပြောခဲ့ဘူး၊ သမီးတို့ကိုလဲ မေမေပြောပြမှာ မဟုတ်ဘူး၊ မေမေကယုံ မင်းသမီး၊ ဒီအိမ်ကြီး ကို တစုံတယောက်က သူတို့ပိုင်ဆိုင်ခွင့် ရှိတယ်ဆိုပြီး သိမ်းယူလဲ မေမေကဆင်း ပေးမှာဘဲ"

ကျမသည် အေးဆေးငြိမ်သက်စွာ ပြောပြနေသော မေမေ့မျက်နှာကိုကြည့်ရင်း အံ့သြမိပါသည်။ တကယ် တွင် လည်း မေမေ၏ လယ်ယာသစ်များလုပ်ရန် ကျွန်းမြေများဝယ်ပုံ၊ မေမေ၏စိန်ရွှေ လက်ဝတ်ရတနာများ အကြောင်း မည်ကဲ့သို့ ဆုံးရှူံးသွာပုံကို တလုံး မှ ပြောမပြ ကျမတို့ အရွယ်ရောက် ချိန်တွင် မြင်လိုက်ရသေး ၍ သာမေမေ့တခေတ်ကို ကျမမှန်းကြည့်ရ၏။
"ဖေဖေ့ အတွက် လဲ သမီးစိတ်မဆင်းရဲ နဲ့ ဖေဖေ့မှာက ၀ိပါက၀ဋ်က ရှိပေသကိုး"

ကျမသည် သက်ပြင်းရှည်လျားစွာ ချမိပါ၏။ ကျမအတွေးနှင့် ကျမအစီအစဉ်ကို မေမေ့ အား တင်ပြ လိုပါသည်။ အမှန်တော့ ရန်ကုန်ကို ထွက်ခွာလာသူများတွင် ဖေဖေနောက်ဆုံးဆိုပေမယ့် အဓိကမှာ ဖေဖေ့ ကြောင့် ဆိုလျှင် ပို၍မှန်ပေမည်။

"သမီးတော့ ဒီမှာမနေချင်တော့ဘူး၊ မေမေတို့သိုက်မြုံကြီး၊ မေမေတို့အုပ်စုကြီးမှာ ဆက်နေနိုင် လောက် အောင် သမီးသည်းခံနိုင်စိတ်မရှိဘူး၊ ဖေဖေလုပ်တာတွေဟာ စိတ်မမှန်သူတယောက် ဖြစ်နေတော့ ခွင့်လွတ် နိုင်စရာ အကြောင်း ရှိချင်မှရှိမယ်၊ ဒါပေမယ့် ပြောစရာရှိသ၍ သမီးကသာ လက်ညှိုးငေါက်ငေါက်ထိုးပြီး ဖေ့ဖေ့ကိုပြောချင်ရာပြောမယ်၊ သူများကတော့ ဖေဖေ့ကို နဲနဲလေး မာမာပြောတာ ခိုင်းတာတောင် သမီး မခံချင်ဘူး၊ တခုကလဲ ဖေဖေ့မှာ ဒီလို ဖြစ်တယ်၊ မေမေ့စီးပွား ရေးကလဲ ကစင့်ကရဲဖြစ်လာတယ်ဆိုဘဲ၊ သမီး တို့ဟာ အတက်မပေါက်တော့မယ့် သားသမီးတွေ ကျနေဒါဘဲ၊ ဆက်ဆံကြ၊ ပြောကြဒါတွေက သမီးတော့ ရန်ကုန် ကို ထွက်သွားမှာဘဲ........."

မမသည် ကျမတို့ စကားပြောနေသည်ကို နားထောင်ရာမှ အိမ်ထဲသို့ဝင်သွားပါတော့သည်၊ မေမေသည် ကျမ မျက်နှာ ကို စေ့စေ့ကြည့်၏ သူ့အကြည့်၌ အဓိပ္ပါယ်အများကြီး ပါသည်ကို ကျမသိ ပါသည်။ ထိုစဉ်က ကျမ အသက်နှစ်ဆယ် ရှိပေပြီ။
"မေမေ က မသွားစေချင်ဘူး၊ မေမေစိုးရိမ်စိတ်အကြီးဆုံး သမီးရန်ကုန်သွားရင် သမီးချစ်သူနဲ့ ပြန်တွေ့မှာ ကို စိုးတယ်.........."
ကျမ သည် ယခုမှပင် ရှိုက်တကြီးတငယ် ငိုမိပါသည်။ ငိုလျက်မှပင် ကျမပြော၏။

"သမီး သိပါတယ်မေမေ၊ သမီးမေမေ့ကို မလိမ်ခဲ့ပါဘူး၊ သူ့ကိုချစ်တယ်ဆိုတဲ့အကြောင်း မေမေ့ ကို သမီး ဗြောင်ဖွင့်ပြောခဲ့ပါတယ်၊ ဒါပေမယ့်အဲဒီးကတဲကသူနဲ့ သမီးနဲက လက်ထပ်ဖြစ်ကြမယ် မဟုတ်ဘူးဆိုတာလဲ သမီးနားလည်ပြီးသားပါ၊ မေမေဆုံးမတင်ပြတဲ့ အကြောင်းတွေထက် မဖြစ်နိုင်ဆုံး အကြောင်းက "ဖေဖေ့" ကြောင့်ဘဲ တနေ့ "မင်းတို့ဖေဖေပုံစံကြီးက ဘယ်လိုကြီးလဲ လို့"ပြောလာရင် သမီးရင်ကွဲမယ်ဆိုတာ သမီး သိပါတယ်၊ သမီးကိုခွင့်လွတ်ပါမေမေ၊ ချစ်တယ်ဆို တိုင်း ကိုယ်ခန္ဓာကြီးက သွားပူးပေါင်းတာမဟုတ်ပါဘူး၊ သမီးအသဲနှလုံး ရှိနေသ၍ သူ့ကိုချစ်တဲ့ အချစ်ကိုတော့ သမီးနှလုံးသားမှာ ထားခွင့်ပေးပါ၊ မေမေဘယ်လိုဘဲ စိုးရိမ် စိုးရိမ် သမီးတို့နှစ် ယောက်မပေါင်းဖြစ်ပါဘူးမေမေရယ်......."

ကျမသည် စကားဆက်မပြောနိုင်ဘဲ ရှိုက်၍သာ ငိုနေမိပြန်သည်။ မေမေ့ကိုချစ်သည်မှာ ဒီလိုသူ ငယ်တို့ချစ်ရေး ကိစ္စ တွေမှာလည်း မေမေ့ကို သူငယ်ချင်းလို တင်ပြဆွေးနွေးလို့ရပါသည်။
မေမေ သည် ကျမကို သနားဘဲ နေလေသလား မသင်္ကာဘဲ ဖြစ်နေသလားမိသပေ။
"ဒါနဲ့များ သ္မီး ရယ် ဒုက္ခခံပြီး ချစ်ဖြစ်အောင် ချစ်လိုက်သေးတယ်နော်.........."
"ဒါကတော့ မေမေ တခါတလေ သမီး တို့ ဦးနှောက်ရဲ့ အသိကို နှလုံးသားက လက်မခံတတ်ဘူ၊ မနာခံဘူး ဆိုပါတော့"
"တိတ်ပါတော့ သမီး......"

မေမေ့မျက်နှာ ၏ ပူဆွေးခြင်းသည် မိသားစုကြီးအကြောင်း စီးပွားရေးအကြောင်းတွေထက် ကျမအတွက် သောက ဖြစ်လာ ပုံ ရသည်။
"မေမေ့ကို သမီးမညာပါဘူး.....မေမေ စောင့်ကြည့်ပေါ့ ဒီအိမ်အိုကြီးထဲမှာတော့ သမီးဘ၀ မမြုတ် လိုက် ပါရစေ နဲ့ မေမေ.....၊ မေမေတို့ကိုလဲ ဒီအိမ်အိုကြီးက ဆွဲထုတ်ပါရစေ........"
"အေးလေ  မေမေ့ရင်ထဲမှာ အားလုံးရဲ့ အိမ်ထောင်ရေးကို လွတ်လပ်စေချင်ပါတယ်၊ ခုလိုဖြစ်ရတာ ၀မ်းနည်း စရာကြီး........"
"ဒါကတော့ သမီး တို့အဖြစ်ကိုက အိမ်ထောင်ရေးကို စဉ်းစားတိုင်း ဖေဖေ့ကိုအဓိက ထားရမှာ ကိုး........"

"သမီးရဲ့ အမှားကိုလဲ လုံးဝမဆိုသာဘူးပေါ့လေ......... မေမေသည် ဆက်လက်၍ စကားမပြော တော့ပါပေ။"
စင်စစ်တော့ မေမေ သည် သူချစ်သော သားမက်(ဗိုလ်မှုးကျော်သောင်း)နှင့် ကျမအား လက်ထပ် ပေးသွား ခဲ့ရပါ သော်လည်း သူ့ဆွေမျိုးများ နှိမ်ခဲ့သော သူ၏သားသမီးများသည် သူရည်မှန်းသော အထက်တန်း ပညာ ကို ချောချောမောမော ရရှိသွာသည်ကို သိသွားခွင့်မရရှိပါပေ။

ဖေဖေ သာ အလွန် ကံကောင်းသည် "ငါ့သား ငါ့သမီးတွေ ပညာရေးမှာ လူစဉ်မှီအောင် သင်ရပါ့မလား၊ ဟူသော သူ့သောက သည် ငြိမ်အေး၍ သွားရ၏၊ သူ့မျက်စေ့အောက်တွင် တယောက်ပီးတယောက် ဒီဂရီ ယူပြသည် ကို မြင်ရသောအခါ သူကြေနပ်၏ မည်မျှပင် စိတ်ဖေါက် ပြန်သည် ဆိုပေမင့် ပညာရေး ကိုတော့ ကျောင်းဆရာ ဟောင်း တယောက်ဖြစ်၍လားမသိ အလွန်အားပေးသည်၊ သူ့ပေါင်းရင်း မှ အကြိတ်ရောဂါကို စကုသ ပြီး ကထဲက သူ့ဦးနှောက်သည် အခါခပ်သိမ်း မဟုတ်သော်လည်း ၀ါးခယ်မ တုန်းကလောက် မသောင်းကျန်း တော့ပေ။"

ဖေဖေနှင့် မေမေကွာသည်မှာ မေမေက ဘာသာရပ်ခြားစာများကို သင်သင့်သည်၊ ပညာသင်ကြား ရေးစနစ် ကသာ "ကျွန်စနစ်"ဖြစ်ပေမင့် အင်္ဂလိပ်စာကိုတော့ သင်ကြားသင့်သည်ဟုယူဆ၏၊ သူ့ကျွန်လုပ်ခါသူ ကုလား ထိုင် တွင် ထိုင်စားရန်မဟုတ်ပေ၊ စနစ်ကိုသာပြုပြင်လိုခြင်းဖြစ်သည်၊ အင်္ဂလိပ်စာပေကို မုံးခြင်း မဟုတ်၊ ဒါကြောင့်.......ကိုကိုနှင့်အတူ အင်္ဂလိပ်ကျောင်းတွေင် နေခွင့် မရသောကျမအား အင်္ဂလိပ်စာ ကို အိမ်မှာသင်စေခြင်း ဖြစ်၏။

ဖေဖေကတော့ အင်္ဂလိပ်စာသင်ခြင်းသည် အတန်းတွေ အောင်ပြီး ကုလားထိုင်တခု ၀င်ထိုင်ဖို့ ပင်တည်း၊ ထမင်းစား ဖို့ပင်တည်း....
ထို့ကြောင့်ပင် ကျမစောစောက ရေးခဲ့သလို သူ့သားသမီးများ အရွယ်အရောက်လာတော့လည်း သူသည် ကြိုးနီများ ရစ်ပတ်နေသော ဖိုင်တွဲများကိုမ,ချီခါ ကုလားထိုင်အိုတွင် ထိုင်သော(ဘီ-စီ-ဘက်စ်) မြို့အုပ်၊ ၀န်ထောက်စာရေး၊ စသည်တွေကို သားမက်အဖြစ်သာ သူမှန်းပုံရပေ သည်။

နုနုလက်ထပ်ချိန်ရောက်မှ သူ့ရည်မှန်ချက်မှာသာ ဆိုသည်ကို အသေအချာ ထင်ထင်ရှားရှား ပေါ်လာ၏။ ဦးသိန်းဖေမြင့် ဖခင်ကြီးဆုတောင်း အလားတူ သူသည် သားမက်ကောင်း ကို ရလိုသည် သာမက ၀န်ထောက် ကလည်း ဖြစ်စေချင်ပုံရ၏။

ကျမကတော့ မိခင်မရှိပြီဖြစ်၍ မမဆုံးပြီးသည်နောက် မိန်းကလေးထဲတွင် အကြီးဆုံးအဖြစ် ကျန်ရစ် ခဲ့သည်။ ဘယ်သူ၏ အချစ်ကိစ္စ၊ အိမ်ထောင်ရေး ကိစ္စမဆို ၀င်ရောက်မစွက်ဖက်ပါပေ "မည်သူမဆို ချစ်သောသူနှင့် လက်ထပ် ရသော သူသည် တယောက်ထီး ဖြစ်ပါစေ..."ဟူ၍ အမြဲဆုတောင်းကာ တခြားလူများ လက်ထပ်ပွဲ ကို သာလျှင် ခမ်းခမ်းနားနား သပ်သပ်ယပ်ယပ်စီစီပင်ပင် ဖြစ်အောင် အမြဲကျိုးစားပေ၏။ ချစ်သောသူ နှစ်ယောက် လက်ထပ်ချိန် တွင် ယှဉ်တွဲထွက်လာသော ကျက်သရေ သည်(လောကီမျက်စိနှင့် ကြည့်လျှင်) အလွန် သိမ်မွှေ့၍ ချစ်စဖွယ်ကောင်းသော ကြက်သရေ ပါပင်တည်း။

ထို့ကြောင့် ကျမနှင့် ကျမ၏ခင်ပွန်းဖြစ်သူမှာ  ခဏခဏမင်္ဂလာပွဲများကို ဦးစီးလုပ်ဆောင်ပေး ၏။
ညီမလေးနုနုက သူ့လက်ထပ်ရေးကို တင်ပြစဉ် ကျမတခုလဲပြောပြ၏။
"အဆင်ပြေအောင် လက်ထပ်ပွဲလုပ်ပေးဘို့က မမယုတာဝန်ထား တခုဘဲ နုနုလက်ထပ်မဲ့ ချစ်သူကို အိမ်ကို ခေါ်လာခဲ့ပါ တနေ့လောက်ကို အချိန်ယူပြီး ဖေဖေရဲ့ နေပုံထိုင်ပုံခေါ်ပြီးပြပါ နောက်ခါကျ တော့မှ "နုနု အဖေကြီး က ဘယ်လိုဟာကြီးလဲ-"ဆိုတဲ့စကားကို မမယုမကြားလိုဘူး"

ကျမဒါပင် ညီမလေးနုနုအား ပြောပြပါ၏။ ဘာကြောင့် ပြောရသနည်းဆိုသော် အိမ်သာ တာလောက် များ သော အိမ်တွင်ပင် စိတ်မထင်လာလျှင် ဘုရာခန်းမှာ ဆီးသွား၏ တနေ့တွင်တော့ နုနုသည် သူ့ချစ်သူ မောင်ကြည့်ဆွေးကို အိမ်ခေါ်လာ၏ ဖေဖေ၏ ပုံစံဟူသမျှ အားလုံးပြထားလိုက်၏။ ညနေစောင်းတွင် မူ ကျမ ဧည့်ခန်း မှာ ထိုင်နေ၏။ ဖေဖေက အိမ်ကြီး၏ အလယ်သူစာဖတ်နေကျ နေရာတွင် ထိုင်နေ၏။ နုနုနှင့် မောင်ကြည်ဆွေ က သူ့ရှေကတွင် ထိုင်နေ၏ ထုံးစံအတိုင်း ကျမဖေဖေက ခုနှစ်သံချီနှင့်ပင် စကာစ၏။

"နုနုက မင်းကိုယူမင်လို့ ကျုပ်ကိုပြောတဲက ကျုပ်ကမှာထားတယ် ဒီလူငယ် ဘီအက်စီအောင် ရင် ၀န်ထောက် စာမေးပွဲ ၀င်ဖြေစေလို့ အဲဒါ အခုနုနုက ပြောတယ် ဘီ၊ အက်၊စီ၊ အောင်ဘီ ၀န်ထောက် စာမေးပွဲ (ဘီ၊ စီ၊ အက်)တော့ ၀င်မဖြေဘူးဆို"
မောင်ကြည်ဆွေမှာ ကျမတိုက မိသားစုထဲသိုက ၀င်ရောက်အံ့ဆဲဆဲဖြစ်၍ ထုံးတန်းစဉ်လာ များကို နားမလည် သေးပေ၊ ခေါင်းခါယုံသာ ခါပြ၏။

"ဘာဖြစ်လို့လဲ......"
ဖေဖေကမေး၏။
နုနုသည် ထုံစံအတိုင်းစာရွက်ကြမ်း နှင့် ခဲတန်ကို မောင်ကြည်ဆွေလက်ကို ထိုးအပ်လိုက်ခါ စာရေး ပြဖို့ ပြောရ၏။
"၀န်ထောက်လုပ်ဖိုက ၀ါသနာမပါဘူး......ကျွန်တော့အဖေကိုယ်တိုင်က လယ်သမား၊ သူ့လယ်နဲ့၊ သူ့ခြံနဲ့ စိုက်ပျိုးစားတာဘဲ......."
မောင်ကြည်ဆွေ က စာရေးပြ၏။

"အော် .......အခုစစ်ထဲလိုက်တယ်ဆို၊ ဒီဂရီရပြီးတဲ့သူ ဖြစ်ရက်သားနဲ့ ဗိုက်သင်တန်းကို ဘာဖြစ် လို့ တိုက်ရိုက် မတက်လဲ......."
"ကျွန်တော် ရိုးရိုးစစ်သား ဘ၀က စပြီးဝင်ချင်လို့"
မောင်ကြည်ဆွေက စာရေးရပြန်၏။
"အေး..... ပင်ပန်းတာပေါ့၊ အခုဘယ်နှစ်ထစ်လဲ.........."

ကျမမှာ နားထောင်ရင်း ရယ်ချင်လာရ၏ သူဆိုလိုချင်သည်မှာ ဘယ်နှစ်လိုင်းရဘီလဲ၊ ရာထူးအဆင့် အတန်း ဘယ်လောက် ရဘီ လဲ ဆိုသည်ကို သိချင်၍ဖြစ်ပါသည်။
"တထစ်"
မောင်ကြည်ဆွေက ရေးပြ၏။
"အော်......တထစ်ဆိုတော့ (စက်ကင်းလက်ဖတင်နင်) ခေါ်တာပေါ့၊ အေးအေး- ဘယ်တော့ယူကြ မလဲ၊ ယူစရာ ရှိ မြန်မြန်ယူ၊ မင်္ဂလာဆောင်ဖို့ ပိုက်ဆံ မရှိရင် မခင်ယု ရှိတယ်၊ သူအားလုံးစီစဉ် ပေးလိမ့်မယ်၊ ကဲ သွားပေတော့"

ကျမ မှာ ရှက်သည့်ကြားကပင် သားမက်လောင်းနှင့် ယောက္ခမလောင်းကြီး တို့ အမေးအဖြေကို နားထောင် ကာ ရယ်မိပါတော့သည်။
နုနုမှာ သူ့သမီးအထွေးဆုံးလေးဖြစ်၍ သူအလွန်ချစ်ပုံရသည်၊ နုနုလက်ထက်ပွဲအတွက် သူတို့နှစ် ယောက် ခွင့်အားရက်ရသော ၁၉၆၂-ခု၊ ဖေဖေါ်ဝါရီလ ၁၅-ရက်ကို ရွေးချယ်ထား၏။ ကျမ၏ခင်ပွန်း က ခြံထဲမှာ ပန်းများ ပွင့်ချိန် ဖြစ်၍ အိနြေ္ဒလည်းရသည်၊ လှလည်းလှသည်ဆိုကာ နံနက်တွင် အိမ်မှာလက်ထပ်ပွဲလုပ်၍ ညနေတွင် ခြံထဲမှာဧည့်ခံရန် စီစဉ်ထားပါသည်။
အိမ်ကိုဆေးသုတ်၊ ခြံကိုအလှပြင်နှင့် အလုပ်ရှုတ်နေကြ၏၊ ကျမကလည်း အပြင်ထွက် အိပ်ရာခမ်းနား ၀ယ် ရန် ခဏခဏထွက်ရ၏။

ကျမ တို့ ကဖခင်ကြီးသည် ယောက်ျားတို့ တတ်အပ်သော အဋ္ဌာရဿ ဆယ့်ရှစ်ရပ်တွင်လည်း ဗိသုကာ အတတ် ဖြစ်သည့် လက်သမားအတတ်ကိုလည်း ကျွမ်းကျင်ပါ၏။
တနေ့တွင် အပြင်ကိစ္စများပြီး၍ ကျမပြန်လာသောအခါ အိမ်သားများ မျက်နှာပျက်နေကြပုံထောက် တော့ တခုခု တော့ ထူးခြားပြီဆိုသည်ကိုရိပ်မိပါသည်၊ မိနုကတော့ ထုံးစံအတိုင်း ပြုံးဖြဲဖြဲမျက်နှာနှင့် ဘာမှ မဖြစ် သလို ကျမလက်ထဲမှ ပစ္စည်းများကို လှမ်းယူလိုက်၏။

သူ့အိပ်ခန်းကို ဆေးရောင်အသစ် သုတ်သင့်၊ မသုတ်သင့်မေးရင်း သူ့အခန်းထဲသို့သာ ကျမကို အတင်း ဆွဲခေါ်နေသည်၊ ကျမကလည်းမရ၊ ဤပြောင်းလဲသော မျက်နှာတို့တွင် တခုခုတော့ အကြောင်းက ရှိရမည်၊ ထို အကြောင်း က ဘာလဲ။
ကျမ မျက်စေ့ သည် အိမ်ရှေ့တည့်တည့်ကို လှည့်အကြည့်လိုက်တွင် ဖြုံးဆို ဧည့်ခန်းနံရံကို မျက်စေ့ေ၇ာက်သွား ပါတော့သည်။
"ဘုရားရေ.....ဘယ်လိုဖြစ်ပုံလဲ ရုပ်ပျက် ဆင်းပျက်ကြီးပါလား..."

ကျမက ရင်မ၍ ဧည့်ခန်းသို့ပြေးသွား၏ နုနုက နောက်မှလိုက်လာသည်၊ ညီမငယ်နုနုသည် မိခင် ၀မ်းတွင် သန္ဓေ ယူစဉ် ကတည်းက မပြေမဖြစ်သော ဤဖခင်နှင့်ဤအမေကြီးကြားတွင် ပြေလည်အောင် ပြုလုပ် ပေးရမည် ဟူသော အတတ်ပညာကို သင်ယူလာခဲ့ဟန်တူပါသည်။
"လက်ထဲ က ပစ္စည်းတွေ ချပါအုံး.....ကုလားထိုင်မှာ အေးအေးထိုင်၊ မောလမနေနဲ့၊ အမောလဲ ဖြေပါအုံး"

ကျမကတာ့ သူမပြောလဲ မောသည်ပင်ဖြစ်၏ ကုလားထိုင်ပေါ်မှာ မောပမ်းစွာထိုင်ချလိုက်၏။ အဘယ့်ကြောင့် ဆိုသော် လက်ထပ်ခန်း အဖြစ် လှပစွာပြင်ရမည့် အိမ်ရှေ့ဧည့်ခန်းရှိ အရှေ့ဘက် နံရံ တည့်တည့် လူမြင်ကွင်းတွင် ပြတင်းဘောင်မှသည် အောက်ကြမ်းပြင်အထိ ပေါက်တူးနှင့် ပေါက် ချထား လိုက်သည် မှာ အကျယ်တထွာလောက်ရှိပါသည်။ ထိုပေါက်တူးနှင့် ပေါက်ထားသော အကွဲ ပေါ်မှာမှ အင်္ဂတေ များ ပုံထားလိုက်သည်မှာ ရစရာမရှိတော့ပေ။
"မရွှေနု........ဒါဘခမည်းတော်ဘုရားကြီးရဲ့ လက်ရာပေါ့လေ၊ ဆိုစမ်းပါအုံး"

အစကတည်းကတော့ ဤနေရာတွင် တိုက်စဆောက်စဉ်က ရေပေးနည်း၍ အက်ကြောင်းလေးဖြစ် နေပါသည်၊ သို့သော် ဆေးသုတ်ထား၍ မသိသာလှ။
"အင်းပေါ့.......ဘယ်သူရှိအုံးမှာလဲ၊ မမယုကလဲ စိတ်မောမနေပါနဲ့တော့၊ အလုပ်ကများရတဲ့အထဲ ဖြစ်ပြီးတာ ပြီးပါပြီ...."
"အင်းပေါ့.......ဘယ်သူရှိအုံးမှာလဲ၊ မမယုကလဲ စိတ်မောမနေပါနဲ့တော့၊ အလုပ်ကများရ တဲ့ အထဲ ဖြစ် ပြီးတာ ပြီးပါပြီ"
"ပြီးတာတေ့ ပြီးတာဘဲပေါ့.....ဒါလောက် အင်ဂျင်နီယာ အတတ် တို့၊ ပန်းရံအတတ်တို့ တတ်မှန်း သိရင် နင့်ဖေဖေ ကို ငါတိုက်ဆောက်ခိုင်းပါတယ်၊ ဒါလောက်နံရံကြီးတခုကို သံတူရွှင်းတွေ၊ ပေါက်ဆိန်တွေနဲ့ ပေါက် နေတာတောင် နင်တို့မကြားတာများ အံ့ပါရဲ့ဟယ်......."

ကျမသည် ညီမငယ်ကိုသာ အပြစ်တင်ရပြန်၏။
"ဒိုင်းကနဲ ဆို စကြားကတည်းက အိမ်ဆေးသုတ်တဲ့ ကုလားတွေရော၊ နုနုတို့ရော ပြေးလာပြီး ၀ိုင်းဆွဲ ကြပါတယ်၊ မလုပ်ဖို့ လဲပြောပါတယ်၊ ကုလားတွေကလဲ ကြည့်ကောင်းအောင် သူတို့လုပ် ပေးပါ့မယ်လို့ ပြောပါတယ်၊ ဒါပေမယ့် မမယု အဖေက ဘယ်တုံးက ပြောလို့ဆိုလို့ ရဘူးတဲ့ အဖေလဲ........"

"ဟုတ်ပါတယ်လေ......ငါ့အဖေပါ နင်တို့အဖေမဟုတ်ပါဘူး၊ တခါထဲသာ လက်ထပ်ပွဲအစီအစဉ် ကို အစအဆုံး နင့်  ဖေဖေ လက်သာအပ်လိုက်ချင်တော့တယ်........"
ကျမ သည် စိတ်ပျက်မောပမ်းစွာပင် ငြီးမိ၏။ ငြီးယုံမှလွဲ၍ ဘာမှမလုပ်နိုင်ပါပေ၊ အတန့်ကြာလျှင် အိမ်ဆေး သုတ် သော ကုလားများဆီမှ ဆေးများယူလာကာ သူ့ဖါထားသော နံရံကွဲကို ဆေးသုတ် ပါတော့သည်။ ကျမ လည်း ဘာမှမပြောတော့ပေ။

"အထမ်းအမှတ်ပြတိုက်ဝင် ပစ္စည်းအဖြစ် ထားရတာပေါ့နုနုရယ်....၊ သူ့မြေးမြစ်တွေ လက်ထက်ကြ တော့ "မင်းတို့ ဘိုးဘိုးကြီးရဲ့ ဗိသုကာ အနုပညာလက်ရာကြီး"လို့ပြပေါ့"မိနုကတော့ ကျမ ပြောသည် ကို သဘောကျစွာ နှင့် ထုံးစံအတိုင်းသာ ရယ်ပါတော့သည်။
နုနု လက်ထပ်ပြီးလျှင် မင်္ဂလာဒုံသို့ ပြောင်းရွှေ့နေပါသည်။ နှစ်တပတ်လည်သောအခါတွင် သားဦး လေး မွေးဖွား ရန် နုနုသည် မင်္ဂလာဒုံအိမ်မှ ဂွတ္တလစ်အိမ်သို့ သူပြောင်းလာပြန်၏။ သူဒပ်ဖရင် သားဖွား ရုံတွင် မွေးဖွား မည်ဖြစ်သည်။

မောင်ကြည်ဆွေ ကလည်း နှစ်ရက်တခါ သုံးရက်တခါ သူ့ဇနီးနှင့်ကျမ်းမာရေးကို လာ၍ကြည့်၏။ တနေ့တွင် ကျမ နှင့် မောင်ကြည်ဆွေ စကားပြောနေဆဲ ဖေဖေရောက်လာ၏။
"ဟေ့ မောင်ကြည့်ဆွေ နုနုရှေ့အပတ်ထဲမွေးလိမ့်မယ်"
ကျမတို့နှစ်ယောက်သည် တယောက်မျက်နှာ တယောက်ကြည့်ကာ အံ့အားသင့်နေကြ၏။
"အကောင်းပြောတာ ခလေးခေါင်းလှည့်နေပြီ"

နုနုသည် ကျမတို့စကားပြောရာသို့ဝင်လာ၏။ ကျမက မျက်နှာပူသည်ကလွဲ၍ ဘာအရိပ်အခြေ ကိုမှမသိ၊ နုနု မျက်နှာ ကိုငေးကြည့်၍ လည်းမသိပါ။
မောင်ကြည်ဆွေ နှုတ်ဆက်၍ ပြန်သွားတော့မှပင် နုနုကိုပြောရ၏။

"နုနုရယ်.....ဖေဖေ့ကိုပြောပါဟယ်၊ မမယုတို့ဘယ်လိုဘဲခေတ်မှီတယ် ဆိုပေမယ့် ဒီမွေးတဲ့ဖွားတဲ့ ကိစ္စ တွေမှာ သားမက်ကို တိုက်ရိုက်ကြီး ငါတို့ရှေ့မှာ မပြောပါစေနဲ့ဟယ်....ရှက်စရာကြီး"
နုနုကတော့ ရယ်ပြုံးပြုံးပင် "တို့များဖေဖေကတော့ကွယ်.....ကမ္ဘာရှာပါဘဲ"ဟူ၍ ပြောကာ ဖေဖေ့ ကို စာရေး ပြသည်၊ ဖေဖေသည် စာကိုယူဖတ်ပြီး ဟက်ဟက်ပက်ပက်ရယ်၏။
"နင်တို့ မှာ အမေရှိသလား၊ ငါဘဲအဖေ၊ ငါဘဲအမေ သိရဲ့လား၊ ငါမပြောလို့ ဘယ်သူပြောမှလဲ နုနု မျက်နှာ ကို သေသေချာချာကြည့်"

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

Thursday, January 27, 2011

ခင်နှင်းယု ၏ ဖေဖေ အပိုင်း (၅)

မေမေ့အလှည့်ကြုံလေပြီ၊ မေမေပြောစကားကို ကြားယောင်လာပြန်ပါသည်။ ''ငါးမိနစ် သာ သမီးတို့ ဖေဖေ နားကြား လိုက်စေချင်ပါရဲ့...'' သူသည် မပြည့်သောဆန္ဒကို ပြုံး၍သာ ငြီးတွားခဲ့သည်၊ ၀ါးခယ်မ အိမ်အိုကြီး တွင် ကွတ်ပြစ်ကြီးတခုရှိသည်၊ လသာသော ညများတွင် မအိပ်ခင် မေမေသည် ဖေဖေနားမ ကြားသည် မှ စိတ်ဖောက်ပြန်သော ရောဂါ၊ လေငန်းရောဂါများ စွဲကပ်လာ၍ ဖြစ်ပေါ်လာသော အကြောင်း များကို ရယ်ရယ်မောမောပြောတတ်၏။ 

ကျမတို့ကလည်း ပုံပြင်များ နားထောင်နေရသလို ညီအမတတွေ ရယ်လိုက်ကြ အာရုံစိုက်လိုက်ကြနှင့် နားထောင်ကြ၏။ ယခုတော့ ကိုယ်တွေ့ဝင်၍ မေမေ့နေရာအစား ၀င်ယူရသောအခါ မေမေ့လို မရယ်နိုင် ရှိုက်ခါ ငင်ခါ ငိုကျွေးမိ၏။ ခုံမိပေါက်မိ၏ အိနြေ္ဒပျက်လောက်အောင်ပင် မချုတ်နိုင် မတီးနိုင်ဖြစ်ရ၏။ လောက ဇာတ်ခုံ တွင် မေမေ လို ကျမသည် ဘယ်သောအခါတွင် ခံနိုင်ရည်ရှိပါမည်နည်း။

မေမေသည် အဆုတ်နာဝေဒနာရောဂါကို နှစ်နှစ်ကြာခံစားရသည်။ ဆုံးခါနီးခြောက်လလောက်တွင် ဆေးရုံမှာ မနေလိုတော့၍ အိမ်မှာပင် ကုသခံသည်၊ သူ့ကိုယ်သည် အရိုးပေါ်အရေတင် အိပ်ယာပေါ် တွင်မြုတ်နေ၏။ သူ၏နောက်ဆုံးအချိန်ကို မဟာစည်ဆရာတော်ဘုရားရေးသော ၀ိပဿနာရှုနည်း ကျမ်းကို ဖတ်ခါ ကုန်လွန်ခဲ့သည်၊ စာအုပ်ပါနည်းအတိုင်း တရားမှတ်၏၊ သူ၌ ရိပ်သာသို့သွား၍ တရား အားထုတ်ချိန် မရခဲ့၊ တနေ့တွင် ကျမတို့ ညီအမတွေ မီးဖိုထဲဝင်၍ ထမင်းချက်နေဆဲ မေမေ့အနားတွင် တယောက်မှမရှိပေ။

''အမလေး... လာကြပါအုံး...'' မေမေ့အသံသဲ့သဲ့ကို ကျမတို့ကြားရ၍ အပြေးအလွှား မေမေ့အိပ်ခန်းသို့ ပြေးသွားကြ၏။ ဖေဖေသည် တုတ်တချောင်းကို လက်ကိုင်ပြုကာ ခေါင်းကလေးမော့၍ စိန်ပြေနပြေ မေမေ ၏ ခြေသလုံးကိုနင်း၍ နေတော့သည်။ မေမေမှာတော့ မျက်ရေများ ဖြိုင်ဖြိုင်ကြကာ ငိုနေတော့ သည်၊ ကျမ တို့သည် ဖေဖေကို အတင်းဆွဲချ၍ စာရေးရပြန်သည်။
''မေမေ က လှုပ်လှုပ်ကလေးရယ် ဖေဖေ့ကိုယ်ကြီးနဲ့တက်နင်းလို့ သေရောပေါ့ အခုငိုနေဘီ''

သူသည် စာရွက်ဖတ်ပြီး ''ဟေ... ငါကတော့ အိပ်ယာထဲ တခွေခွေနေရတာ ညောင်းရှာမှာဘဲလို့ သနား လို့ တက်နင်း ပေးတာ... မသိလို့ မသိလို့ နောက်မလုပ်ဘူး...''ဟု ခုနှစ်သံနှင့် အော်တော့၏။
ကဲ... မခက်ပေဘူးလား ကျမတို့အဖြစ်က ရီရအခက် ငိုရအခက် ခေါင်းမကောင်းဘူးဆို၍လည်း အေး အေးနေသူမဟုတ်၊ သူမပါလျှင် ဘယ်နေရာမှ မပြီးဟူ၍ ထင်နေတော့လည်း မခက်ပါလား...

ဆုတောင်း

ကျမ၏ခင်ပွန်းသည်သည် မြန်မာစာပေရော အင်္ဂလိပ်စာပေရော စစ်စာပေများပါ ၀ါသနာပါသူပီပီ တာ ၀န်မှ ခေတ္တ နားချိန်များ၌ စာကိုသူအလွန်ဖတ်သည်။ ဖတ်ပြီး သူအရသာတွေ့သော စာများကို အောက် မှ မျဉ်းသား ၍ ကျမ ကို ဖတ်ခိုင်းရုံတွင်မက ဟိမ၀န္တာချီးမွမ်းခန်း ဖွင့်တတ်ပါသည် ဝေဖန်တတ်ပါသည်။

နိုင်ငံရေးနှင့်ပါတ်သက်၍ ဦးသိန်းဖေမြင့် ကို တခြားလူတွေ ဘယ်လိုပင် ဝေဖန်၍ ဘယ်လိုပင် သဘော ကွဲလွဲ စေကာမူ ဦးသိန်းဖေမြင့် မြန်မာစာရေးဟန်ကိုမူ သူသည် သဘောကျစွာနှင့် ကျမအားဖတ်ပြကာ ဆွေးနွေး တတ်ပါသည်၊ ကျမ၏သဒ္ဒါအမှားနှင့် မြန်မာစာရေးပုံ တခါတရံ မချောသည်ကို အကိုကြီးက ကြေနပ်ပုံ မပေါ်ပါပေ။
ကျမက ရယ်စရာပင် သူ့ကိုပြောတတ်ပါသေးသည်။

''မဟုတ်ဘူး မိချိုရ တင်ပြပုံ (Presentation) ကိုက တမျိုးလေးဘဲလေ ရိုးရိုးလေးနဲ့ကြည့်ပါလား သူ့အဖေ ကြီး ရွှေတိဂုံ ဘုရားပေါ်မှာ သူ့သားအတွက် ဆုတောင်းပုံအခန်းများကိုဖြင့် တစိမ့်စိမ့်နဲ့တွေးပြီး ပြုံးပြုံး လာချင်တယ်၊ ဖတ်ကြည့်ပါအုံး ပြီးတော့လေ အဲဒီ တခေတ် ရဲ့ လူကြီးတွေစိတ်ထားဟာ ပေါ်လာတာ ပေါ့''
ကျမ သည် သူ့မျဉ်းသားထားသောစာကြောင်းများကို ဖတ်ကြည့်၏။

    ''ဤသို့လျှင် ကြုံရခဲကြုံရ၊ ဖူးရခဲဖူးရသော ရွှေတိဂုံစေတီတော် ဆင်းတုတော်တို့အား ဖူးမြှော် ကတော့ ရသော ပန်းလှူရသော၊ မီးပူဇော်ရသော၊ အကျိုးကျေးဇူးကြောင့်၊ နိဗ္ဗာန်မဂ်ဖိုလ်ကို ရ-ရ     ပါလို၏ဘုရား၊ နိဗ္ဗာန် သို့ မရောက်မီစပ်ကြား၊ လားလေရာဘ၀၌ ပညာကြီးခြင်း၊ ချမ်းသာခြင်း     ရာထူးကြီးခြင်း ဖြစ်ရပါလို၏ ဘုရား၊ ယခုဘ၀၌လည်း အကြံအစည်ဟူသမျှ အောင်မြင်ရပါလို၏     ဘုရား၊ တပည့်တော် ၏ သားသည်၊ သာမန်အစား မဟုတ်၊ အတိဇာတသား ဖြစ်ပါ၏။

ထိုသား သည် ပညာကြီးခြင်း၊ အကြံအစည်အောင်ခြင်း၊ ရာထူးဌာနန္ထရ၊ ကြီးစွာရခြင်း၊ ထိုသားအတွက်     ယနေ့ ထိုးသော သိန်းထီပေါက်ခြင်း၊ ဘိလပ်မှာ ပညာသင်ကြားနိုင်ခြင်း၊ ကြွယ်ဝချမ်းသာသော    ရုပ်အဆင်း လှ သော မိန်းမရတနာရခြင်းများ ဖြစ်ပါစေသနည်းဘုရား...''
သူထောက်ပြသော စာတမ်းကို ကျမယူဖတ်ကြည့်၏။ ဖတ်ပြီးသောအခါ ကျမရယ်ပါသည်။ သူသည် အဓိပ္ပါယ် နားမလည်သလို ကြောင်၍ကြည့်နေ၏။

''အချို ဘာလို့ရယ်လဲသိလား၊ ဦးသိန်းဖေမြင့်ကြီး လိုတော့ တစိမ့်စိမ့်ပြုံးလာအောင် သရုပ်မဖေါ်တတ်ဘူး အချို တို့ အဖေကြီး ဆုတောင်းက ဦးသိန်းဖေမြင့်ဆုတောင်းနဲ့ မတိမ်းမယိမ်းဘဲ၊ ဒါကြောင့် ရီဒါ''ဟုဆို ကာ ကျမက ဟက်ဟက်ပက်ပက် ဆက်ရယ်ပါသည်။ ကျမရယ်ရခြင်းကို သူ့အားပြောပြရ၏။

ကျမတို့ငယ်ငယ်က ကျမတို့အိမ်ကြီးသည် မိသားစုအစုံလိုက်တွဲ၍ တစုတဝေးကြီးနေခဲ့သော အိမ်ကြီး တခုဖြစ်ဟန်တူသည်၊ ကျမအရွယ်ရောက်သိတတ်၍ ကြည့်မိသောအချိန်တွင်တောင် မိကြီး မိဒွေး ဘကြီး ဘဒွေး၊ အဒေါ် ဦးလေး အမ၀မ်းကွဲအစုံပင် ပေါင်းစပ်၍ တခုတဝေးကြီးနေကြသည်ကိုတွေ့၏။ ဦးနု၏ဘခင် ဦးစံထွန်း ဒေါ်စောခင်တို့လည်း အတူပင်နေကြ၏။ (သူတို့ကို ကျမတို့က အမနှင့်အဘဟု ခေါ်သည်။) အဖေ့ဘက် ရော အမေ့ဘက်ရော ဆွေမျိုးများ အပြည့်အစုံပင်တည်း။

ညနေစောင်း လမ်းမကြီးသို့ သူငယ်ချင်းအဖေါ်များနှင့်ထွက်၍ မကစားခင် ဘုရားရှိခိုးရ၏။ ပရိတ်ရွတ်ရ ၏။ ဘုရားရှိခိုး အပြီးတွင် မေမေ၏မိခင် အဖွားဖြစ်သူကို အစချီကာ...။

    အမေကြီးအား ကံတော့ပါ၏။
    အဘကို ကံတော့ပါ၏။
    အမကို ကံတော့ပါ၏။
    ဖေဖေ့ ကံတော့ပါ၏။
    မေမေ့ ကံတော့ပါ၏။
    ဦးတင်ကို ကံတော့ပါ၏။
    ဒေါ်လေးလဲ ကံတော့ပါ၏။
    ဒေါ်ဒေါ်ရုံလဲ ကံတော့ပါ၏။ (ဦးတင်၏ဇနီး)
    သန်းသန်း ကံတော့ပါ၏။
    ယုံယုံ ကံတော့ပါ၏။ (မေမေ၏တူမ)

အစရှိသဖြင့် အဘဦးဘိုးလုံး ယုံယုံ၏အဖေရှိစဉ်ကလည်း အဘပါမကျန် အားလုံးရှိရှိသမျှ မိကြီးမိဒွေးကို ကံတော့ ရုံမက မောင်နှမချင်းလည်း အထက်အောက် အကြီးအငယ်အလိုက် ကတော့ပြီးမှ အပြင်ထွက် ပြီး ကစားကြရသည်။ လူကြီးများကလည်း ဘုန်းကြီးပါစေ၊ သက်ရှည်ပါစေ စသဖြင့် ဆုပေးကြသည်။ ကျမတို့ အရွယ် ရောက်လာသောအခါ ဖေဖေသည် ဆုပေးတမျိုးပြောင်းလာ၏။ ''ဘုန်းကြီးပါစေ သက် ရှည်ပါစေ'' ဆိုသော သာမာန်ဆုတောင်းအပြင် ''ငါ့သမီးများ လင်ကောင်းသားကောင်းရပါစေ''ဆို၍ အော်ကြီးဟစ်ကျယ် ဆုတောင်း တတ်၏။

ကျမတို့၏အဖွားမှာ စည်းကမ်းလည်းကြီးသည် အရှက်အကြောက်လည်းကြီးသည်။ အင်မတန်လည်း ပါးနပ် ပုံ ရသည်။ အသက်ကြီး၍ နားအနည်းငယ်လေးသော်လည်း တခြားလူ ပါးစပ်လှုပ်သည်ကို ကြည့် ရုံနှင့် သူသိသည်။ နောက်တခါ ဖေဖေဆုတောင်းအပြီးတွင်မူ မေမေ့ကိုပြော၏။
''မသိန်းတင် ရယ် သမီးလေးတွေ အပျိုဖြစ်လာတာနဲ့တော့ မောင်ဘ နေပုံထိုင်ပုံ နဲ့ ခက်ပါသေးကွယ်''
''ဘဲ့ နဲ့ ဆုပေးတာလဲ... ရှက်စရာကြီး၊ အပျိုအရွယ်လေးတွေကို လင်ကောင်းသားကောင်းရပါစေတဲ့''

အဖွားက နားရှက်ပုံရ၍ မေမေ့ကိုပြောပါသည်။ မေမေက စာတရွက်ပေါ်တွင် ''သမီးများကို ဆုပေးလျှင် လင်ကောင်း သားကောင်းရစေချင်သော စေတနာရှိရိုးမှန်ပါသော်လည်း ၀မ်းထဲမှသာပေးရန် ပါးစပ်က ကျယ်လောင်စွာ မရွတ်ဆိုဖို့'' စာရေးပြပါသည်။
စာရွက်ကြီး ကို ဖေဖေကကိုင်ကာ ခုနှစ်သံနှင့်အော်ပါတော့သည်။ ''မင်းတို့က ဘာသိလဲကွ သူတို့လင် ကောင်း သားကောင်းရမှ တို့ကြီးရင် စတိုင် နဲ့ နေရမှာ သားမက်တွေ မကောင်းရင် တို့အိုကြီးအိုမ ဒုက္ခ ရောက်မှာပေါ့''

အိမ်သားများမှာ အိနြေ္ဒမဆည်နိုင်ဘဲ အူတက်မတတ် ရယ်ပါတော့သည်။ ကျမတို့လည်း မနေနိုင်ပါ။ ရယ်မိ ပါသည်။ တကယ်တော့လည်း မှန်ပါသည်။ ဖေဖေ၏ဆုတောင်း ပြည့်သည် မှန်သည်ဟုဆိုရပါ မည်။ ဖေဖေ ခုလို ရောဂါထူပြောပုံ တဇွတ်ထိုးလုပ်ပုံနှင့်ဆိုလျှင် တော်ရုံတန်ရုံသားမက်များ သည်းခံနိုင် လိမ့်မည် မဟုတ်ပေ။
တခါက ဖေဖေဆေးရုံမှ အဆင်းတွင်လည်း ကျမ၏ညီမအလတ် အကြွယ်၏ယောက်ျား ကိုဘလုံလေး က သူ့ ကား နှင့် အိမ်အထိလိုက်ပို့သည်။

''အဘနော်... ကျနော်တို့ကို သားမက်တော်ရတာ အင်မတန်ကံကောင်းတယ် အောင်းမေ့ပါ၊ အရေးပိုင် ကြီး တွေ နယ်ပိုင်ကြီးတွေတောင် အဘအလိုလိုက်နိုင်မှာမဟုတ်ဘူး''ဟု ကြည်စားပြောမိသေးသည်။
''ကဲလေ... တို့များဖေဖေဆုတောင်းနဲ့ ဦးသိန်းဖေမြင့်အဖေဆုတောင်းနဲ့ နှိုင်းယှဉ်ဝေဖန်ပါအုံး''ဟူ၍ ကျမ ခင်ပွန်းသည် အား ပြန်လည်ပြောပြကာ ရယ်မောကြတော့သည်။

အမှန်တော့ ဖေဖေသည် ရှေးခေတ်ဗြူရိုကရက်ခေတ်ဆိုကြပါစို့၊ ကျွန်ခေတ်တွင် နားမကြားဘဲ စိတ်က လည်း ဖောက်ပြန်သွားသည်။ လေငန်းရောဂါကလည်း ၀င်ပါလိုက်သောအခါ သူ့စိတ်မှာ မူမမှန်ယုံမက ခေတ်နှင့်လည်း အဆက်ပြတ်သွားသည်။ သူသည် လူငယ်တို့၏ မျိုးချစ်စိတ်ဓါတ်နှင့် လှုပ်ရှားမှုများကို ၎င်း၊ ခေတ်အလျောက် အတွေးအခေါ် တီထွင်ကြလိုခြင်းကို၎င်း၊ ကုလားထိုင်အို များတွင် ထိုင်၍ ကြိုးနီစ များကို ဖြေကြယင်း အိုသေ ကြသော အဖြစ်များကို လူငယ်တို့မလိုလားကြပြီ၎င်း၊ သူ လုံးဝ သတိမထား တော့ပေ။

သူ့စိတ်ကူး ''ခေတ်''ကြီးတွင်တော့ ကုလားထိုင်အိုကြီးများ ကြိုးနီစများကို ရစ်ပတ်ရှုတ်ထွေးနေကြဆဲ ဖြစ်၏။ သား များက ပညာဆုံးခန်းတိုင်သင် ၀န်ထောက်စာမေးပွဲဝင်ဖြေကြ မဖြစ်တောင် ၀န်ထောက် စာ ရေးစာချီ စသော ကုလားထိုင်အိုကြီးများတွင် ထိုင်ကြ၊ ဒါသည် တဘ၀ဘဲဖြစ်၏။

သမီးတို့ကလည်း ပညာကို အထက်တန်းရောက်အောင်သင်၊ သင်ပြီးလျှင် သူကြိုက်သော ဘီ-စီ-အက် တယောက် ယောက် ကိုယူ၍ ဤငရုတ်သီး ဤကြက်သွန်တို့နှင့် စခန်းသွားပေတော့ ဤသည်မှာလည်း သူမှန်းသော ခေတ် သူမှန်းသော တဘ၀ဖြစ်၏။ သို့သော် အပြင်သည် ပြောင်းလဲလျက်ရှိ၏။ ကုလားထိုင် အိုကြီး များကို၎င်း၊ ကြိုးနီစများကို၎င်း ခုတ်ဖြတ် ရှင်းလင်းပစ်နေကြပြီကို သူမသိ။
သားများက သူကြိုက်သော စာရေး စာချီကုလားထိုင်ကို ၀င်မထိုင်၊ တို့ဗမာအစည်းအရုံးကို ၀င်လိုက်၏။ သူ၏တူ ဦးနု ပင် သူအလွန်နှစ်သက်သော ၀န်ထောက်စာမေးပွဲကို မ၀င်၊ ကျောင်းဆရာအေးအေးလုပ်၏။

ပထမပိုင်းတွင် ဖေဖေသည် အလွန်စိတ်အားငယ်၍ စိတ်ပြော့ကျသွားသည်ထင်သည်၊ သူရောဂါရပြီး နောက်ပိုင်း တွင် သူ့သားသမီးများသည် လူစဉ်မှီအောင် စာသင်တော့မည်မဟုတ်ဟူ၍ထင်သည်၊ မေမေ က တောဘက် တွင် သူ့စီးပွားနှင့်သူ စပါးများလုပ်သည်ဆိုပေမင့် ဦးဆောင်သည့်ဖေဖေက ရောဂါရ၊ မေမေ့ ကိုယ်စားလှယ်ကြီး ဦးလှဆိုသူကလည်း သေဆုံးသွားသည်ဟု ဆိုပါသည်။ ဖေဖေသည် ငွေရေး ကြေးရေးနှင့် သူ့ သားသမီး များ ပညာသင်ကြားရေးအတွက် ပထမပိုင်းတွင် စိတ်ဓာတ်သိတ်ကျ၍ အား ငယ်နေပုံ ရပေသည်။

နောက်ဆုံးမတော့ ဖခင်သည် ဖခင်ဘဲဖြစ်၏။ မည်သူက မိန်းမနှင့် ယောက်ျားတန်းတူဆိုစေကာမူ စင် စစ် ဖခင် သည် အိမ်၏ဦးဆောင်၊ အိမ်၏ကြက်သရေဆောင်ပါပင်တည်း။
ကျမမေမေကို အလွန်ချစ်၏။ မေမေ၏စိတ်ဓါတ်မြှင့်တင်ပေးမှုကြောင့် ဖေဖေယိုင်သွားသော်လည်း ကျမ တို့ မောင်နှမ တစု အခြေမပျက်ခဲ့၊ သို့သော် ဖခင်သည် ဖခင်ပါပင်တည်း။
ဖေဖေ တယောက် ကျောင်းဆရကြီးဘ၀မှ ရုတ်တရက်ဘ၀ပြောင်းသလိုဖြစ်ခါ စိတ်ဖေါက်ပြန်သွားသည် တပြိုင်နက် တစိမ်းမပြောနှင့် ဆွေမျိုးများပင် မထီမဲ့မြင်ပြုလာကြ၏။
ကျမ မှန်းဆကြည့်ရသည်မှာ ဖေဖေ့စိတ်ရင်းကတော့ သူသည် ကျောင်းဆရာကြီးဘ၀နှင့် ပညာနှင့် အသက်မွေး လာ၏။ ယခု နားမကြား၍ ပညာကလည်း သုံးမရ၊ လေငန်းရောဂါကလည်း ၀င်ရောက်လာ ချိန် တွင် သူ၌၀င်ငွေမရှိ၊ မေမေသည် ထိုစဉ်က ငွေကြေးတတ်နိုင်သေး၍ လန်ဒန်မှ နားကြပ်များပင် မှာ ယူကာ ဖေဖေ့ ကို ကုသပေး၏။ သို့သော် မရပါ။

ထိုကဲ့သို့ သူ့ပညာ သုံး၍မရလျှင် ဤအိမ်ကြီးအတွက် သူ့မိသားစုအတွက် သူ၏ခြေလက်အင်အား၊ ခန္ဓာ ကိုယ်အင်အား နှင့် ကူညီမည်၊ အလုပ်လုပ်ပေးမည်ဆိုသော အယူအဆရှိပုံရသည်။
ဘုရားကြီးဝ ရှိ ချောင်းမတွင် ရေတက်လာသည့်တပြိုင်နက် ရေသွားထမ်းခါ သောက်ရေအိုး၊ မီးဖိုချောင် သုံးအိုးများ ပါမကျန် ရေဖြည့်၏။ အိမ်ရှေ့ရှိ မြောင်းငယ်လေးထဲတွင် ရေတက်လာလျှင် တခြံလုံးရှိ သစ် ပင်များ ကို တပင်မကျန်အောင် ရေလောင်း မြေဆွနှင့် လုပ်ပေး၏။ အ၀တ်များကို ကိုယ်တိုင်လျှော်၏။ ညကိုးနာရီ ထိုး၍ သူ၏ အိပ်ချိန်သို့ရောက်လျှင်တောင် သူ့ဖာသာသွားမအိပ်၊ တအိမ်လုံးရှိ တံခါးများကို အပေါက် တပေါက်မကျန်အောင် ပိတ်ပြီးမှအိပ်၏။

ကျမတို့ တောမြို့များရှိ အိမ်ကြီးများတွင် များသောအားဖြင့် ထင်းစင်ကိုက တဲငယ်တလုံးစာလောက်ရှိ တတ်ကြသည်။ ထင်းများကို တမိုးစာဝယ်ယူသိုလှောင်၍ ကုလားကြီးများကို ထင်းခွဲခိုင်းပြီးလျှင် နေပူ ချောက်ချောက်လှမ်းခါ တခါတည်း၊ ထင်းစင်ထဲတွင် လှောင်ထားလေ့ရှိကြသည်။

ဖေဖေသည် ယခုသော် ဤထင်းများကို ထင်းခွဲကုလားမငှားရ၊ သူကိုယ်တိုင်ခွဲမည်ဟု ဆိုပါတော့သည်။ မေမေက စိတ်ညစ်လာသည်။ စာရေးပြ၏။
''ရှင့်ဖာသာ ကိုယ့်အိမ်အတွက် အလုပ်လုပ်ပေမင့် ဘေးလူအမြင်မှာ မကောင်းပါဘူး၊ သူတို့ကလဲ အထင်လွဲမယ်၊ ရှင့်မှာ ၀င်ငွေမရှိတော့လို့ ကျမတို့က မတော်တာတွေကို ခိုင်းရက်တယ်လို့ ထင်မှာ ပေါ့... ဒါတွေ တော့ မလုပ်ပါနဲ့၊ ကျမတို့ ဒါလောက်မဆင်းရဲသေးပါဘူး...''

''အောင်မလေး တင်တင် ရာ... ကိုယ့်အလုပ် ကိုယ်လုပ်တာ ဘယ်သူ့ဂရုစိုက်ရမှာလဲ...''
မေမေ့ကိုပြန်အော်၍ သူလုပ်မြဲ အလုပ်ကိုလုပ်၏။ အိုးထဲ ရေအပြည့်ရှိပြီးသားတောင် ချောင်းထဲတွင် ရေ တက်လာ လျှင် ရှိပြီးသားရေကို သွန်ပစ်ပြီး ခပ်မြဲခပ်၏။ အမှန်တော့ ဖေဖေ့စိတ်မှာ အလုပ်ကို မြတ်နိုး သော စိတ်ဓါတ် ဖြစ်၍ ဂုဏ်ယူဖွယ်ဖြစ်သော်လည်း ကျမတို့သားသမီးများအနေနှင့် မကြည့်ရက်ပေ။
သို့သော် တချို့ဆွေမျိုး များကား ဖေဖေ အလုပ်လုပ်ခြင်းကို အောက်တန်းကျသည့်အနေ၊ အထင်သေး သည့် အနေနှင့် ဆက်ဆံလာကြ၏။

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>