Showing posts with label ကျော်လှိုင်ဦး ဘာသာပြန် ဦးလေးတွမ်. Show all posts
Showing posts with label ကျော်လှိုင်ဦး ဘာသာပြန် ဦးလေးတွမ်. Show all posts

Wednesday, July 28, 2010

ကျော်လှိုင်ဦး ဘာသာပြန် ဦးလေးတွမ် (အခန်း ၄၄) ဇာတ်သိမ်း

အခန်း (၄၄) ဦးလေးတွမ်အတွက် အထိမ်းအမှတ်

ဂျော့ရှယ်လဗီ သည် သူ့မိခင်ထံသို့ သူပြန်ရောက်မည့်ရက်ကို ကြိုတင်၍ စာရေးခဲ့သည်။ သို့သော် ထိုစာ၌ သူသည် ဦးလေးတွမ်နှင့် ပက်သတ်၍ မည်သည့်အကြောင်းမျှ မဖော်ပြခဲ့ပေ။
ဂျော့ရှယ်လဗီ ပြန်ရောက်မည်နေ့တွင် ရှယ်လဗီအိမ်ကြီးတအိမ်လုံးတွင် လှုပ်လှုပ်ရွရွ ဖြစ်နေ၏။
ဒေါ်ကြီးချလိုသည် အ၀တ်သစ်သစ်များကို ၀တ်လျက်ညစာစားပွဲ ပြင်နေသည်။ မလှမ်းမကမ်း၌ မစ္စက် ရှယ်လဗီ သည် ထိုင်နေ၏။

ဟုတ်ပီ။ ထမင်းပွဲတော့ ပြင်ပီးဘီ။ တခင်ဂျော့အကြိုက်တဲ့။ ဒါထက် တခင်မ၊ တခင်ဂျော့စာ ထဲမှာ အဖိုးကြီး အကြောင်း ဘာမှ ရေးမထားဘူးလားဟင် ထမင်းပွဲပြင်နေရာမှ သူ့သခင်မအား လှမ်းမေးလိုက်သည်။
စာထဲမှာတော့ ရေးမထားဘူးကွယ်။ သူ အိမ်ပြန်ရောက်မှ အားလုံးပြောပြမယ်ဆိုတာဘဲ။
တခင်ဂျော့ ကတော့ ဒီလိုဘဲ။ တူစာရေးရင် ဘယ်တော့မှ ပြည့်ပြည့်စုံစုံမရေးဘူး။
မစ္စက်ရှယ်လဗီသည် ပြုံးနေ၏။

ကျုပ်ကတွေးကြည့်နေလိုပါ။ ခုနေ အဖိုးကြီးပြန်လာရင် တူ့တားတေ တမီးတေကို တူမှတ်မိမှာ မဟုတ်ဖူး။ တမီးပေါ်လီ ကိုလဲ ကြည့်စမ်း။ ဘလောက်ကြီးလာလဲ။ တူနဲ့ခွဲတုန်းကဆို လမ်းတောင် ကောင်းကောင်း မရှောက်နိုင် တေးဘူ။ အမယ်ခုများဒင်းက မုန့်တေဘာတေ ဖုန်လို့။
    မစ္စက်ရှယ်လဗီသည် သက်ပြင်းတချက် မှုတ်ထုတ်လိုက်မိလေသည်။ သူသည် သူ့သားဆီ မှစာကို ရကတည်း ကပင်။ ဒေါ်ကြီးချလိုအတွက် စိတ်မကောင်းခဲ့ပေ။ ထိုစာ၌ ဦးလေးတွမ်အ ကြောင်း ဖော်ပြ မထားခြင်း ကိုကပင် တစုံတခု အကြောင်းရှိ၍သာ ဖြစ်မည်ဟု မစ္စက်ရှယ်လဗီ သဘောပေါက်ခဲ့ပြီးဖြစ်၏။

    "ဒါထက် တခင်မ။ ပိုက်ဆံတေ အတင့်ဘဲနော်။"
    "အသင့်ပါဘဲချလို"
    "ကျုပ်က တူတွေ့စေချင်လို့ပါ။ တူ့အတွက် ကျုပ်ဘယ်လိုအလုပ်လုပ်ခဲ့တယ်။ ငွေတွေ ဘယ်လောက် ရအောင် ရှာခဲ့တယ်ဆိုတာ တူမြင်ရအောင်လို့ပါ။ အဲဒါလေ ကျုပ်ပြန်မယ့်တာ ပြန်လာတာ။ ကျုပ်အလုပ် လုပ်တဲ့ မုန့်ဆိုင်ပိုင်ရှင်ကဆို ကျုပ်ကို  ပြန်စေ့ချင်တေးတာ မဟုတ်ဖူး။ အဲဒါ ကျုပ်အဖိုးကြီး ပြန်ခါနီးဘီ။ ကျုပ် ပြန်အုံး မှ လို့ မုန့်ဆိုင်ရှင်ကို မနဲကြီး ပြောခဲ့ရတာ။ မုန့်ဆိုင် ရှင်ကလဲ ကောင်းပါဘိတော်။

    ဒေါ်ကြီးချလိုသည် သူအလုပ်လုပ်၍ရသော ငွေကို စုခဲ့သည်။  ယခု ဤငွေကို အဖိုးကြီးပြန် အလာတွင် မြင်စေ ချင်၏ ထို့ကြောင့် သူမစ္စက်ရှယ်လဗီအား ကြိုပြောထားခဲ့ခြင်းဖြစ်သည်။
    ထိုအခိုက်မှာပင် ရထားဝင်လာသံကို ကြားရသည်။
    "ဟော၊ တခင်ဂျော့ပြန်လာဘီ" ပြောပြောဆိုဆို ပြတင်းတံခါးသို့ ရောက်လာသည်။
မစ္စက် ရှယ်လဗီသည် တံခါးဝမှထွက်၍ သားကို  ကြိုသည်။  ဒေါ်ကြီးချလိုသည် အပြင်ဖက် အမှောင်ထဲသို့ စိုးရိမ် တကြီး စူးစိုက်ကြည့်နေ၏။

    "အို၊ ဒေါ်ကြီးချလို" ဂျော့သည် ဒေါ်ကြီးချလိုဆီသို့ ရောက်လာသော ဒေါ်ကြီးချလို၏ လက်ကို ဆွဲယူ ကိုင်ဆုပ်လျက် "ကျနော်သူ့အတွက် ရှိသမျှ စည်းစိမ်းအားလုံးပေးပြီး ၀ယ်ခဲ့ပါတယ်။ ဒါပေမယ့် သူကျနော် နဲ့ အတူ မလိုက်နိုင်ခဲ့ဘူး။ သူ့အဖို့ပိုပြီး ကောင်းမြတ်တဲ့နေရာကို သူ့ထွက် သွားရှာပြီ ဒေါ်ကြီးချလို ဟု ပြောလိုက်သည်။
    မစ္စက်ရှယ်လဗီ စိတ်မကောင်းနိုင်တော့ပေ။  ဒေါ်ကြီးချလိုသည်လည်း နှုတ်ဆိတ်နေပေပြီ။
    သူတို့သည် ထမင်းစားခန်းထဲသို့ ၀င်ခဲ့ကြသည်။ စားပွဲပေါ်၌ ဒေါ်ကြီးချလို၏ ပိုက်ဆံများ ရှိလေသည်။

    "ဒါတွေ၊ ဒါတွေ" ဒေါ်ကြီးချလိုသည် ပိုက်ဆံများကိုလက်ဖြင့်  ကတုန်ကယင် ဆုပ်ကိုင်၍" ဒါတွေကို ကျုပ် မမြင် ချင်ဘူး။ မမြင်ချင်ဘူး။ ဟုတ်ပါတယ်။  တူတေမယ်ဆိုတာ ကျုပ်တိပီးတားပါ။ "မစ္စက်ရှယ်ဗီအား လှမ်းပေး လိုက်သည်။
ဒေါ်ကြီးချလို သည် နေရာမှ ချာကနဲလှည့်၍ အပြင်သို့ ထွက်ခဲ့သည်။ သူ့ဟန်ပန်သည် တင်းမာသော အသွင်ကို ဆောင်နေ၏။ မစ္စက်ရှယ်လဗီသည် သူ့နောက်မှ အငြင်အသာ လိုက်လာ ပြီးလာက်တဖက်ကို လှမ်းဆွဲ ၍ သူ့ဘေး၌ ထိုင်စေသည်။

"အို၊ ချလို"
ဒေါ်ကြီးချလိုသည် မစ္စက်ရှယ်လဗီ၏ ပခုံးတွင် မှီချလိုက်ပြီး ရှိုက်၍ငိုလိုက်သည်။
"ကျုပ်ရင်ကွဲရပြီးပေါ့  တခင်မရယ်"
"သခင်မ သိပါတယ်ကွယ်။ ဒါပေမယ့် သခင်မတို့ နောက်ကျသွားပြီ" မျက်ရည်သည် သွယ်ကျလာ၏။
ဂျော့သည် မိခင်နှင့် ဒေါ်ကြီးချလိုဘေးသို့ ရောက်လာကာ နှစ်သိမ့်စကားဆိုသည်။ ဦးလေးတွမ် သေဆုံးရခြင်း အတွက် ဂုဏ်ယူဖွယ် ဖြစ်စေသော စကားကို ပြော၏။ ဦးလေးတွမ်၏ နောက်ဆုံး စကား တို့ကိုလည်း ပြော၏။

ထို့နောက် တလအကြာ တနံနက်တွင် ဂျော့ရှယ်လဗီသည် သူ့ခြံတွင်းရှိ သူ၏ကျွန်အား လုံးကို အိမ်ကြီး အတွင်း ခန်းမကြီး၌ စုဝေးစေလေသည်။ ထို့နောက် သူသည် သူ့လက်တွင်အသင့် ယူလာသော လွတ်လပ်ခွင့် လက်မှတ်များကို အားလုံးအား ဝေငှပေးလိုက်၏။
ပထမတွင် ဂျော့ရှယ်လဗီ၏ အပြုအမှုနှင့် ပတ်သက်၍ အားလုံးအံ့သြနေ၏။ ထို့နောက် တွင်ကား ကျွန် အားလုံးသည် ခွဲခွာရမည်အတွက် ၀မ်းနည်းပန်းနည်း ဖြစ်ကြရပြန်သည်။ ငိုယိုသူတို့ လည်း ငိုယိုကြ လေသည်။

"မိတ်ဆွေတို့။ ယခုကျနော် ခင်ဗျားတို့အားလုံးသလို လွတ်လပ်ခွင့်ပေးတာဘဲ။ ဒီအတွက် ကျနော်တို့နဲ့ ခွဲခွာ ကြရမယ်ဆိုတဲ့သဘော မဟုတ်ဖူး။ ခွဲခွာစရာလည်း မလိုပါဘူး။ ဒီနေရာမှာ မိတ်ဆွေတို့ကို ရှေးက အတိုင်းဘဲ အလိုရှိနေပါတယ်။ ဒါပေမယ့် မိတ်ဆွေတို့ကို နှောင်ဖွဲ့ထားဘို့ ရာ အလိုမရှိပါဘူး။  မိတ်ဆွေ တို့ဟာ လွတ်လပ်တဲ့  အမျိုးသား အမျိုးသမီးတွေ ဖြစ်ကြပြီ။ ခင်ဗျား တို့ဒီမှာ အလုပ်လုပ်နိုင်တယ်။ အလုပ် လုပ်တာ နဲ့ အမျှ ထိုက်သင့်တဲ့ လခ ရကြမယ်။

ဒီကိစ္စမှာ အကျိုးထူးတာက ကျနော့်မှ  ကြွေးတင်လို့ဘဲဖြစ်စေ၊ ကျနော်သေသွားလို့ဘဲဖြစ်စေ။ မိတ်ဆွေတို့ ကို ဘသူ ကမှမရောင်းချနိုင်တဲ့ အကျိုးကျေးဇူးဘဲ။ ဒီတော့ မိတ်ဆွေတို့ဟာ ဒီခြံကြီးမှာ ရှေးကလိုဘဲ လုပ်ကိုင် သွားလိမ့်မယ်လို့ ကျနော် မျှော်လင့်တယ်။ တချိန်ထဲမှာဘဲ လွတ်လပ်တဲ့အမျိုးသမီးတွေ ဟာ သူတို့ရဲ အခွင့်အရေးကို ဘယ်လိုအသုံးချရမယ်ဆိုတာကိုလဲ ကျနော်သင်ပြပေးမယ်။ ခင်ဗျား တို့ဟာ သင်ယူ လေ့လာနိုင်တဲ့ လူကောင်းတွေဘဲလို့ ကျနော်ယုံကြည်တယ်။  ကျနော် ခင်ဗျားတို့ ကို ပညာပေးသင်ပြပါမယ်။ မိတ်ဆွေတို့ခုလို ခင်ဗျားတို့ကို လွတ်မြောက်မှုအတွက် ဖုရားသခင်ရဲ့ ကျေးဇူးတော် ကို အောက်မေ့ကြပါလို့ ကျနော်ပြောလိုပါတယ်"

ထိုအခါ ဆံပင်ဖြူဖွေး၍ မျက်စီကွယ်နေပြီ ဖြစ်သော အဖိုးကြီးတစ်ယောက်က ဖုရားသခင် ၏ ကျေးဇူးတော် ကို အောက်မေ့ကြောင်း ဓမ္မသီချင်းကို တိုင်ပေးလိုက်လေသည်။ အားလုံးလိုက်၍ ဆိုကြ၏။
"နောက် တစ်ခု ကျနော် ပြောချင်တာကတော့မိတ်ဆွေတို့ အားလုံးဟာ ကျနော် ပြောချင် တာကတော့ မိတ်ဆွေ တို့ အားလုံးဟာ ကနော်တို့ရဲ့ မိတ်ဆွေကောင်းကြီး ဦးလေးတွမ်ကို အမြဲ သတိရနေကြပါလို့ဘဲ" ဂျော့ရှယ်လဗီ သည် စကားစကို ပြန်ကောက်ပြီး ဦးလေးတွမ် သေဆုံးရပုံ အကြောင်းနှင့် ဦးလေးတွမ် ၏ နောက်ဆုံး နှုတ်ဆက်စကားတို့ကို ပြောပြသည်။

"မိတ်ဆွေတို့။  ကျနော်ဟာ ဘယ်တော့မှ ကျွန်ပိုင်ဘ၀မှာ မရပ်တည်ပါဘူးဆိုတဲ့စကားကို သူရဲ့ သင်္ချိုင်းပုံပေါ်မှာဘဲ  ဖုရားသခင်ကို တိုင်တယ်ပြီး ပြောခဲ့ပါတယ်။ ကျနော်ကြောင့် ဘယ်လိုလူ မျိုးမှ အိုးကွဲ အိမ်ကွဲဆွေကွဲ မျိုးကွဲအဖြစ်နဲက သူသေသလို မသေစေရပါဘူးလို့ပဲ ကျနော်ပြောခဲ့ပါ တယ်။ ဒါကြောင့် ခင်ဗျား တို့ ခုလိုလွတ်လပ်မှု အရသာကို ခံယူရတာဟာ သူရဲ့ ကျေးဇူးတရား ဖြစ်တယ်လို့လဲ မှတ်ယူ စေချင် ပါတယ်။ ဒီအတွက် သူ့ဇနီးနဲ့ သူ့သားသမီးတွေတို့ စောင့်ရှောက် ကြပါလို့လဲ ကျနော် ပြောလိုပါတယ်။  ဦးလေးတွမ်ရဲ့ တဲကလေးကို မြင်ရတိုင်း ခင်ဗျားတို့ရဲ့ လွတ်လပ်ရေးကို သတိရကြပါ။ ဦးလေးတွမ်ရဲ့ လမ်းစဉ်ကို သတိရကြပါ။ ဦးလေးတွမ်ရဲ့ တဲကလေး ဟာ ဦးလေးတွမ်ရဲ့ ရိုးသားတဲ့၊ သစ္စာရှိတဲ့၊ ခရစ်ယန်ကောင်းတစ်ယောက် ပီသတဲံ အဖြစ်ကို ဖော်ပြနေတာဘဲဆိုတာကို အမှတ်တရ ဖြစ်စေချင်ပါတယ်။ မိတ်ဆွေတို့အားလုံးဟာလဲ ဦးလေးတွမ်ရဲ့ လမ်းစဉ်းအတိုင်း လိုက်နာ ကျင့်သုံး ကြစေ ချင် ပါတယ်"
"နိဂုံးမှတ်ချက်"

ဖော်ပြပါ ဇာတ်လမ်းနှင့် ပတ်သက်၍ နိုင်ငံတွင်းရှိ နေရာအနှံ့အပြားကပင် စာရေးသူထံသို့ စာရေး၍ ထိုဇာတ်လမ်းသည် အဖြစ်မှန် ဟုတ်မဟုတ် စုံစမ်းလာကြပါသည်။ ထိုစာများနှင့်ပတ်သက် ၍ စာရေးသူသည် တပေါင်း တစည်းတည်း ပြန်ကြားရပါမည်။

    ဤဇာတ်လမ်းသည် စာရေးသူ၏ မိတ်ဆွေများနှင့်တကွ စာရေးသူကိုယ်တိုင် တွေ့ကြုံခဲ့ရ သော နိုင်ငံနှင့် အ၀န်း ဖြစ်ရပ်မှန်များ၊ အချက်အလက်မှန်များကို ဖွဲ့စည်းပေါင်းစပ်ထားခြင်း ဖြစ်ပါသည်။ ဇာတ်လမ်းပါ ဇာတ်ဆောင် အများအစုမှာလည်း စာရေးသူနှင့် စာရေးသူ၏မိတ်ဆွေများ တွေ့ကြုံခဲ့ရသူများ ဖြစ်ပါသည်။ ဇာတ်ဆောင် တို့၏ ပြောစကားအများသည်ပင်လျှင် စာရေးသူ ကိုယ်တိုင် ကြားနာခဲ့ရသော စကား လုံးများ။ အချို့မှာ စာရေးသူတဆင့်ကြားရသော စကားလုံးများ ဖြစ်ကြပါသည်။

    ဇာတ်လမ်းပါ အယ်လစ်ဇာနှင့် ပတ်သက်သမျှ ဖော်ပြချက်တို့သည် တကယ့်လူပုဂ္ဂိုလ်တစ် ယောက်၏ ဖြစ်ရပ် ကို မူတည်ဖော်ပြထားခြင်း ဖြစ်ပါသည်။  ဦးလေးတွမ်သည် စာရေးသူ၏ ကိုယ်တွေ့ ဇာတ်ဆောင် တယောက် ကို အရင်းခံပါသည်။ သူတို့၏ ၀မ်းနည်းဖွယ်၊ ကြည်နုးဖွယ်နှင့် အချို့သော စက်ဆုပ်ဖွယ် ဖြစ်ရပ်များ မှာလည်း ထိုအမှန်တကယ် လူပုဂ္ဂိုလ်တို့၏  ဖြစ်ရပ်မှန်များကို အခြေပြု ရေးဖွဲ့ထားခြင်း ဖြစ်ပါသည်။ အို ပိုင်အိုးမြစ်ကို အယ်လီဇာ ဖြတ်ကူးသော အဖြစ်အ ပျက်သည် အမှန်တကယ် အထင်အရှား ရှိပြီး အဖြစ်အပျက် တစ်ခုပင် ဖြစ်သည်။ ၀တ္တုပါ အဖွားကြီး ပရှုးအကြောင်းမှ ထိုစဉ်က နယူးအောလင်းရှိ ကုန်ရုံ တခုတွင် အမှုထမ်းနေသော စာရေးသူ၏ မောင်တယောက် မြင်တွေ့ခဲ့ရသည့်  အဖြစ်မှန် ဖြစ်လေသည်။ လက်ဂရီးသည်လည်း ထိုစာရေးသူ ၏မောင် တွေ့ခဲ့ဖူးသော  တောင်ပိုင်းဝါခင်းပိုင်ရှင် တယောက် ကို ကိုယ်စားပြု ဖော်ပြထားခြင်းဖြစ်၏။

    ဦးလေးတွမ်း သေဆုံးရသော  အဖြစ်မျိုးကိုကား အများအပြား တွေ့နိုင်ပေသည်။ တခု သတိပြုရမည်မှာ တောင်ပိုင်းပြည်နယ်များ ၏ တရားဥပဒေဆိုင်ရာ အပိုင်းဖြစ်ပေသည်။ ထိုဒေသ၌ မည်သည့် အသားမည်း မှန်သမျှ လူဖြူ တစ်ယောက်၏ ပြစ်မှုတစ်ခုအတွက် သက်သေလိုက်နိုင်ခွင့် မရှိဟူသော အချက်ဖြစ်သည်။ မည်သည့် ကျေးကျွန် သည်မျှ သခင်တယောက်၏ မည်သို့သော စီရင်မှုမျိုးကိုမဆို လွန်ဆန်နိုင်သော ကာကွယ် နိုင်ခြင်း မရှိပေ။
    ဤသို့သော မတရားမှုဖြင့်သာလျှင် ကျွန်စနစ်ကို တည်တံ့စောကြခြင်း ဖြစ်လေသည်။

    အမ်မလင် နှင့် ကက်ဆီကဲ့သို့ မိန်းမချော ကလေးများကို ရောင်းချဝယ်ယူကြကုန်သော အရှက်ကင်းမဲ့ လှသည့် အပြုအမှုမျိုးမှာလည်း အမှန်တကယ်ပြုမှု ကျင့်ကြံခဲ့ကြောင်း ထင်ရှားသော အထောက်အထားများ ရှိခဲ့ဖူး ၏။

    စာရေးသူ ဖြော်ပသည့် စိန့်ကလဲယားကဲ့သို့သော တရားနှင့် လူမျိုးသည်လည်း စစ်စစ်မရှိ မဟုတ်။ သူလို့ လူမျိုးအကြောင်းကိုလည်း စာရေးသူ ကြားခဲ့၊ သိခဲ့ရ၏ ထိုကဲ့သို့သော  လူမျိုးရှိ သေး၍သာ စာရေးသူ တို့အဖို့ အတန်ငယ် ဖြေသာစရာရှိသည်ဟူ၍ကား ဆိုနိုင်၏။ သို့သော ထိုကဲ့သို့သော လူမျိုးမှာ မည်မျှ ရှိပါ မည်နည်း။ နေရာတကာမှာ တွေ့နိုင်ပါမည်လား။
    စာရေးသူသည် ကျွန်မွေးမြူးနှင့် ပတ်သက်၍၎င်း၊ ယင်းတို့အကျိုးပြု၍၎င်း၊ ရေးသားဖော်ပြ သော စာရွက် စာတန်းများကို ဖတ်ရမည့်အတွက် စိတ်မချမ်းမြေ့ခဲ့ပေ။ ထို့ကြောင့် ထိုစာမျိုးကို မဖတ်မိအောင် ရှောင်ရှားခဲ့ ပေသည်။ သို့စေကာမူ ၁၈၅၀ ခုနှစ်တွင် ပြဌာန်းလိုက်သော ဥပဒေနှင့် ပတ်သက်၍မင စာရေးသူသွားသော မရ တော့ပေ။

ထိုဥပဒေ မှာ ထွက်ပြေး လွတ်မြောက်သွားသော ကျွန်များကို ထိန်ချန်မထားရန်၊ အားမပေးရန်၊ မတူညီရန်၊ တားမြစ်ပြီး၊ ထိုကဲ့သို့သော ကျွန်များကို ကျွန်စာရင်းသို့ ပြန်သွင်းရန် ပြဌာန်းထားသော ဥပဒေ ဖြစ်လေသည်။ ထိုဥပဒေကို လူစိတ်ရှိသည်ဆိုသော လူများ၊ ခရစယန်များ ကိုယ်တိုင်က ထောက်ခံကာ နိုင်ငံကြီးသား တို့၏ မရှောင်မလွဲသာသော တာဝန်ကြီးအဖြစ် မြောက်ပိုင်း ပြည်နယ်များ၌ပင် လက်ခံ လာကြ လေသည်။ ထိုအခါ ဤဥပဒေနှင့် ပက်သတ်၍ မြောက်ပိုင်းပြည်နယ်ကလူများ ပြောဆို ဆွေးနွေး လာကြ သည်ကို စာရေးသူသည် မရှောင်မလွဲသာ ကြားလာရပေသည်။ စင်စစ်မှု ထိုခရစ်ယန်များ၊ လူသား များ သည် ကျွန်စနစ်၏ သဘောအမှန်ကို မသိကြ၍သာ ဤဥပဒေကို ဆွေနွေးကြသည်ဟု စာရေးသူ သဘော ရမိပါသည်။ ကျွန်စနစ်သာမရှိလျှင် ဤဥပဒေမျိုးသည် ဆွေးနွေးစဉ်းစားစရာ ပြဿနာတခု ဖြစ်လာ နိုင်မည် မဟုတ်ပေ။

    စာရေးသူသည် တောင်ပိုင်းရှိ စိတ်သဘောထားမြင့်မြတ်သူ၊ သဘောထားပြည့်ဝသူ၊ စိတ်ထား ဖြူစင် သူများကို ပန်းကြားလို့ပါသည်။  သင်တို့သည် ဤစနစ်ကြောင့် ဖြစ်ပွားပေါ်ပေါက် နေသော ဖြစ်ရပ်များ အတွက် စိတ်မချမ်းမမြေ့ မဖြစ်ပဲနေကြသလော။ သတို့လို လူကောင်း သူကောင်းတွေ ရှိနိုင် သလို၊ ရက်စက်ယုတ်မာသော ကျွန်ပိုင်ရှင်ကြီး အများပင် သင်တို့ပတ်လည် တွင် ရှိကြသည် မဟုတ်လော။ ကျွန်စနစ်ကြီး ကို ဤသူတို့အားဖြင့် ပေါ်ပေါက်စေသည် မဟုတ် လော။ သင်တို့စိတ်ထား ကောင်းရုံ မျှဖြင့် မပြီး။ အများစုလည်း လူယုတ်မာ၊ လူရမ်းကားများသာ ဖြစ်ကြသည်မဟုတ်လော။
    အမေရိကန်တရားဥပဒေအရ တည်ရှိနေသော ကျွန်ကုန်ကူးလုပ်ငန်းသည် ဒမြတိုက်ခြင်း လုယက်ခြင်း ဖြစ်လေသည်။ အာဖရိကတိုက် ကမ်းခြေတလျှောက်၌ ကျွန်ကုန်သည်များရှိနေ ခြင်းသည်မှာလည်း  အမေရိက နိုင်ငံက ကျွန်စနစ်ကြောင့်ပင်ဖြစ်လေသည်။

    ယခု စာရေးသူသည်  များလှထွေထွေ ဒုက္ခပင်လယ်ဝေနေကြရသော လတ်တလော ဖြစ်ရပ်များမှ အချို့ အ၀က် ကိုသာဖော်ပြခဲ့ခြင်းဖြစ်လေသည်။  စာရေးသူ၏ ဖော်ပြချက်သည် မထင်မရှားသော ပန်းချီးကား တချပ်မျှသာ ဖြစ်ပေသည်။ စင်စစ်အားဖြင့်မှု ထိုဖြစ်ရပ်တို့ထက်မက စာရေး ဖော်ပြခြင်းငှားလည်း မစွမ်းသာ၊ နှုတ်ပြောဖြင့်လည်း မပြည့်စုံမထင်ရှားနိုင်သည့် ၀မ်းနည်းကြေကွဲဖွယ် ဖြစ်ရပ်အများမှာ  ယခုအခါ တွင် အမေရိကန်တရား ဥပဒေ၏ အရိပ်ကိုခို လှုံကာ ခရစ်တော်၏ လက်ဝါးကပ်တိုင်ရိပ်အောက် ဤနေရာ တွင် နေ့စဉ်နှင့်အမျှ နာရီနှင့်အမျှ ဖြစ်ပွားပေါ်ပေါက်နေကြသည်သာတည်း။

    အမေရိကန်လူမျိုး အမျိုးသား အမျိုးသမီး အပေါင်းတို့။ ဤကိစ္စအတွက် ၀န်ချ တောင်းပန် ရုံမျှ ဖြင့်သော်၎င်း၊ ဤကိစ္စအမှတ်မထင် ပြုခြင်းဖြင့် သော်၎င်း အသေးအဖွဲ့ ကိစ္စတစ်ခုအဖြစ် ပြုမှု ကြအံ့လော။ ဤကိစ္စ သည် အားပေး အားမြှောက်ပြုစရာ ကိစ္စမျိုးပင်လော။ ဤကိစ္စသည် အားပေးအားမြောက်ပြုစရာ ကိစ္စ မျိုးပင်လော။ ဤကိစ္စကို သင်တို့ အကာအကွယ် ပေးကြမည် လော။
    အမေရိကန် မိခင်အပေါင်းတို့။  သင်တို့သည် သင်တို့ရင်သွေး၏ ပခက်ဘေးမှာပင်  မိခင် ၏မေတ္တာ၊ လူသား၏မေတ္တာကို သင်ယူခဲ့ကြ၏  သင့်ရင်သွေးကို သင်ချစ်သည်။ သင့်ရင်သွေး၏ ရှုမငြီးအသွင်ဖြင့် သင်ပျော်ရွှင်၏ အပြစ်မဲ့ ရင်သွေးအတွက် သင်ကြည်နူးရ၏ မိခင်၏မေတ္တာကရုဏ ဖြင့် သင့်ရင်သွေးကို သင်ကျွေးမွေးပြုစု၏ သင်ပညာသင်ပေး၏ သင့်ရင်သွေးအတွက် သင်တို့သည် ဖုရားရှေ့တွင် စိုးရိမ်တကြီး ဆုပန်တတ်ကြ၏။ သင်တို့အား ကျွန်ုပ် အနူးအညွှတ် တောင်းပန်ပါရ စေ။ မည်သည့် တရားဥပဒေကမျှ အကာ အကွယ် မပေး၊ လမ်းညွှန်မှုမပေးနိုင်သော ရင်သွေးငယ်အ ပေါ်၌ သင်နှင့်ထပ်တူ၊ ချစ်မြတ်နိုး တတ်သော မိခင်တို့အား သနားကြင်နာကြပါကန်။

    မမာမကျန်းဖြစ်နေသော သင့်ရင်သွေး၊ သေလုအံ့ ရောဂါခံစားနေရသော သင့်ရင်သွေး၏ မျက်လုံးအစုံကို သင်ဘယ်သောအခါမျှ မေ့နိုင်မည်မဟုတ်ပေ။ သင့်နှလုံးသည်းပွတ်တွင်  မချိတင် ကဲ စွဲထင်ကျန်ရစ်သော သင့်ကလေး ၏ နောက်ဆုံးငိုသံ၊ သင့်ကလေး အသက်ဆုံးရှုံးရသော အဖြစ် တို့ကို သင်ကြုံဘူး မည် မဟုတ်လား။ ကျွန်ုပ် အနူးအညွှတ်တောင်းပန်ပါသည်။ အမေရိကန် ကျွန်ကုန်သွယ်မှုကြောင့် သားမဲ့ သမီးဆုံး ဖြစ်ကြရသော  မိခင်များကို သနားကြင်နာကြပါကုန်။

    အမေရိကန် မိခင်အပေါင်းတို့။ ဤကျွန်စနစ်ကို အကာအကွယ်ပြုကြအံလော။ ထောက်ခံ ကြအံ့လော။ မသိ စကျွန်ပြုကာ နှုတ်ဆိတ်နေကြအံ့လော။
    လွတ်လပ်သော နိုင်ငံသားများအနေနှင့် ဤကိစ္စမှာ ဘာမျှမပက်သတ်ဟုမှတ်ယူအံ့လော။ ဤကိစ္စ အတွက် ဘာမျှမဆောင်ရွက်နိုင်တော့ဟု မှတ်ယူထားကြအံ့လော။ ဖုရားသခင်အဖို့ ဤကိစ္စကို အားပေး နေခြင်း၊ အကာအကွယ်ပြုနေကြခြင်း၊ ဤကိစ္စတွင် ပါဝင်ဆောင်ရွက် နေခြင်းသည်ပင်လျှင် ဖုရားသခင် ၏ ရှေ့မှောက် တွင် ပြစ်မှုကျူးလွန်နေကြခြင်း ဖြစ်ပေသည်။

    အို၊ခရစ်ယန်ဝင် အပေါင်းတို့။ ထိုဒုက္ခသယ် ကြမ္မာဆိုးအပေါင်းတို့အပေါ် သင်တို့ အဘယ် သို့သော ကြွေးမြီတင်ရှိနေပြီးနည်း။ အမေရိကန် တမျိုးသားလုံး မိုက်မှားပြုကျင့်မှုကြောင့် အာဖရိက အမျိုးသား များအပေါ် သင်တို့လျော်ကြေးပေးဆပ်ရန် တာဝန်ရှိသည်မဟုတ်လော။ သင်တို့သည် သူတို့မလာ မ၀င်နိုင်အောင် စာသင်ကျောင်း တံခါးများကို၎င်း၊ ဖုရားရှိခိုးကျောင်း တံခါးများကို၎င်း၊ ပိတ်ထား ကြမည်လော။ခရစ်တော်၏ ကျောင်းသင်ခန်းရှေ့၌ သူတို့လက်ဆန့် တန်း၍ တောင်းပန်တိုးရှိုး အကူအညီ တောင်းခံလာသည်ကို မသိစကျွန်ပြုကာ ခပ်မဆိတ်နေမည် လော။ ယူကျုံးမရဖွယ်သာတည်း။

    သို့ဖြစ်ရာတွင် သင်တို့သည် ထိုအာဖရိကတိုက်သားတို့ကို အလိုမရှိ၊ အာဖရိကသို့ ပြန်ပို့ကုန်ဟု တာဝန်မဲ့ စကားဆိုမည်လော။ စင်စစ် ကျွန်ုပ်တို့ကို သူတို့အားလက်ခံရမည်။ ကြိုဆိုရ မည်။ ပြုစုရမည်။ အထူးသဖြင့် ကား အသိပညာဖြင့် ကြွယ်ဝစေမည်။

    ယေဘုယျအားဖြင့် အနှောင်အဖွဲ့ကလွတ်ပြီး ကျွန်တယောက်သည် ပညာသင်ကြားရေးကို အဓိကထား၍ တောင့်တကြသည်သာဖြစ်သည်။ ထိုသူတို့သည် သူ့တို့၏ရင်သွေးများအား ပညာမပေးလိုသည်၊ မညွှန်ပြ လိုသည်၊ မပဲ့ပြင်လိုသည်ဟူ၍ မရှိကုန်။ စာရေးသူ၏  အတွေ့အကြုံ အရ သူတို့သည် သင်ယူ လိုကြသည်။ ညဏ်လည်း ထက်မြတ်ကြသည်သာ။

    ကျွန်ုပ်တို့အဖို့  ဤအချိန်သည်ကား အမင်္ဂလာ အချိန်သာတည်း။ မြောက်ပိုင်း တောင်ပိုင်း နှစ်ခုစလုံး သည်ပင် ဖုရားသခင်ရှေ့မှောက်တွင် ပြစ်မှုများကျူးလွန်နေကြခြင်း ဖြစ်၏။ ယင်းကို ခရစ်ယန် ဖုရားရှိခိုး ကျောင်းတို့ကလည်း နှုတ်ဆိတ်ရေငုံ လုပ်နေကြ၏။ ဤအဓမ္မမှုများ၊ ရက်စက်မှုများကို  အများစုပေါင်း၍ အကာ အကွယ်ပေးမထားဘဲ ဧရာမ စုပေါင်းပြစ်မှုကြီးအဖြစ် စုပေါင်းကျူးလွန်သည့်  အဖြစ်မျိုးသို့ အရောက် မခံဘဲ ဤအမှုအတွက် ကြေကွဲဝမ်းနည်းခြင်း၊ တရားမျှတခြင်း၊ အကြင်နာတရားထားခြင်းတို့ကို ပွားများ စေမှသာလျှင် ဤပြည်ထောင်စုကြီးကို ကယ်တင်ရာ ရောက်မည် ဖြစ်ပေသနည်း။

ပြီးပါပြီ
ယခု ဆောင်းပါးလေး ဟာ  မဂ္ဂဇင်း ထဲမှာ ဖော်ပြထားပြီးသား ဘာသာပြန် ဆောင်းပါးလေးပါ ... တဆက် တည်း ဖော်ပြပေးလိုက်ပါတယ် ...

ဂျင်မ်ခရိုးအတွက် အမှန်တရား
စာရေးသူ - ဦးခင်မောင်ဆွေ

ဂျင်မ်ခရိုး (Jim Crow) ဆိုတာဟာ တစ်ချိန်တုန်းက အမေရိကန်ပြည်ထောင်စုမှာ လူဖြူ မဟုတ်တဲ့ အသားအရောင်ရှိသူ လူမည်းကပ္ပလီတွေကို ခေါ်ဝေါ်တဲ့နာမည်ပါ၊ တနည်းအားဖြင့် သည်အမည်နာမဟာ အမေရိကန် ပြည်တွင်းစစ်ကြီး (၁၈၆၁-၆၅)အပြီး ၁၉-ရာစုအလယ်ပိုင်းလောက်ကနေ ၂၀-ရာစု အလယ်ပိုင်း လောက် (၁၉၆၅)အထိ တရားဝင်ကျင့်သုံးခဲ့တဲ့ လူမျိုးခွဲခြားရေးဇတ်စနစ် (racial caste system) ကို ရည်ညွှန်း ပါတယ်။ သည်စနစ်ပေါ်ပေါက် တည်ရှိနိုင်ခဲ့အောင်လည်း ဂျင်မ်ခရိုး ဥပဒေ (Jim Crow Law) ဆိုတာ ကိုလည်း ပြဋ္ဌာန်း ထားမှု ရှိခဲ့တာပါ။ အတိတ်ကာလမှာ အသားအရောင်ရှိမှုကို သိစွမ်း ဥာဏ်ရည် မပြည့်မှီမှုနဲ့ ညီမျှခြင်းချခံထားခံခဲ့ ရသူတွေရဲ့ သည်ကနေ မျိုးဆက်တွေမှာ ဘယ်လိုနောက်ဆက်တွဲ အကျိုးဆက် တွေ တွေကြုံ ခံစားနေရပါသလဲ။

    လူမည်းတွေကို ဂျင်ခရိုးဆိုတဲ့အမည်နဲ့ ခေါ်တွင်ခဲ့ရခြင်းမှာ သမိုင်းဝင်နောက်ကြောင်း ဖြစ်ရပ် ရှိနေခဲ့ပါ တယ်။ ၁၈၂၈ပြည့်နှစ်တဝိုက်လောက်တုန်းက ပြည်နယ်စင်စင်နာတိ             (Cincinatti) မြို့မှာ သောမတ်စ် ဒတ်မောက်ရိုက်ခ်(Thomas Darthmouth Rice) ဆိုတဲ့ လူရွှင်တော် ဟသ ဖျော်ဖြေရေး သမား တစ်ဦး ရှိခဲ့တယ်။ သူက သူမျက်နှာကို အိုမည်းသုတ်လိမ်းထားပြီး၊ ခပ်နွမ်းနွမ်း အဖါ အထေးတွေပါတဲ့ ဝတ်စုံဟောင်း ကို ဝတ်ဆင်လျက် ဗျတ်စောင်းကို တီးခတ်ပြီး (Jump Jim Crow) ဆိုတဲ့ သီချင်းကို ခပ်ရွှင်ရွှင် သီဆိုကာ ခုန်စွခုန်စွ ကခုန်ပြီး ဖျော်ဖြေတယ်။ သူကပြပုံကလည်း သည်မြို့မှာ တကယ်ရှိခဲ့တဲ့ ခြေတဖက် မသန် ထော့နေတဲ့ ဂျင်မ်ဆိုတဲ့ လူမည်းကပ္ပလီတစ်ယောက်ရဲ့ ကပြတဲ့ပုံစံကို အတုခိုးခဲ့တာပါ။ ရိုက်စ်ရဲ့ ကပြ ဖျော်ဖြေပုံက ရယ်စရာကောင်းလွန်းလို့ ရောက်လေရာမှာ လူစုလူဝေးနဲ့ ပွဲကျခဲ့တာ နောက်တော့ အမေရိကန် တစ်နိုင်ငံလုံးမှာ ရိုက်စ်ရဲ့ ဂျင်မ်ခရိုး အကနဲ့ သီချင်းဟာ ပျံ့နှံ့သွားပြီး လူသိသူသိများတဲ့အထိ ကျော်ကြား သွားခဲ့ပါတယ်။

 သည်အချိန်တုန်းက လူမည်းတွေက ကျွန်အဖြစ်က မလွတ်မြောက်ကြသေးပါဘူး။ များသော အားဖြင့် သူတို့ တစ်တွေ ဟာ ကျွန်ပိုင်ရှင်ရဲ့ အလုပ်ခိုင်းစေချက်အောက်မှာ တိရိစ္ဆာန်တွေလို ရုန်းကန်ရလွန်းလို့ ဥပဓိရုပ်က ပိန်ညှော် ခြောက်ကပ်၊ အရိုးပေါ်အရေတင်၊ နရိုးငေါလော ပေါ်နေပြီးဘဝ လုံခြုံမှုလည်း ကင်းမဲ့ နေတဲ့ အကြောင်း ဂျင်မ်ခရိုးသီချင်းမှာ ထည့်သွင်း စပ်ဆိုထား တယ်လို ဆိုပါတယ်။

    သည်အချိန်ကစလို အမေရိကားတစ်ခွင်မှာ ဂျင်မ်ခရိုးဆိုတာ အသားအရောင်ရှိ၊ လူမည်း၊ ကျေးကျွန်၊ ဥာဏ်ရည် ဥာဏ်သွေးအားဖြင့် အပြစ်အနာအဆာရှိသူဆိုတဲ့ ပုံရိပ်ကို ဖေါ်ဆောင်ပေးလိုက်သလို ရှိခဲ့ တာပေါ့။ တကယ်တော့ ဒါဟာ လူမျိုးတစ်မျိုးက တစ်မျိုးအပေါ်မှာ အာဃာတလွှမ်းတဲ့ သဘောထား အမြင်မျိုး ဖြစ်ပေါ် အောင် အမှတ်သကေင်္တ တံဆိပ်ခတ်နှိပ် (stegmatize) ပေးလိုက်သလို ရှိစေခဲ့တာပါ။ နောင်မှာ သိစွမ်း ဥာဏ်ရည်အားဖြင့် အပြစ်အနာအဆာရှိခြင်းဟာ မျိုးဗီဇပြဋ္ဌာန်းချက်ကြောင့် ဖြစ်ရတာ၊ ပြုပြင် ပေးလို့ လေ့ကျင့် ပေးလို့ကို မရနိုင်ဘူး ဆိုတဲ့ ပုံသေအစွဲပါတဲ့ အမြင်မျိုးအထိ ခြဲထွင်လာခဲ့တာပါပဲ။ တနည်း အားဖြင့် ကျွနစနစ်ကို လိုလားတဲ့ အစွန်း ရောက် လူဖြူတချို့ကတော့ ဒါဟာ ဂျင်မ်ခရိုးရဲ့ ဖြစ်တည်မှု အတွက် အမှန်တရားပဲလို့ တရားသေခံယူခဲ့ကြပါတယ်။
သမိုင်းထဲကဂျင်မ်ခရိုး

    ဥာဏ်ရည်ဥာဏ်သွေးအားဖြင့် အပြစ်အနာဆာရှိတယ်လို့ မှတ်ယူခံရတဲ့ ဂျင်မ်ခရိုးအကြောင်း ပြောကြမယ် ဆိုလျင် သမိုင်းဖြစ်စဉ်ထဲမှ ဂျင်မ်ခရိုရဲ့ ဇာတိ ဥပတိ (identity) ဆင့်ကဲ ပြောင်းလဲခဲ့ရပုံကိုပါ ထည့်သွင်း ပြောမှ ပြည်စုံမှာပါ။

    ဂျင်ခရိုးလို့ နာမည်ပြောင်နဲ့ ခေါ်တွင်ခံရတဲ့ အာဖရိကနွယ်ဖွား လူမည်းတွေဟာ ယခုအမေရိကန် ပြည်ထောင်စုကို ၁၈ရာစု စောစောပိုင်းလောက်မှာပဲ ငွေဝယ်ကျွန်တွေအဖြစ်နဲ့ ရောက်ရှိလာခဲ့ကြတာပါ။ ငွေကြေး အမြတ်အစွန်း ကြီးမားတဲ့ ကျွန်ကုန်ကူးသူ လူဖြူတွေက အာဖရိကတိုက်မှ လူမည်းကျွန်တွေကို အမေရိကန် နိုင်ငံ တောင်ပိုင်းပြည်နယ်တွေမှာရှိတဲ့ ဂျုံ၊ ကြံ၊ ဝါ စတဲ့ စိုက်ခင်းတွေမှာ ငွေဝယ်ကျွန်တွေအဖြစ် အလုပ် လုပ်ကိုင်ဖို့ လူဖြူမြေပိုင်ရှင် စိုက်ပျိုးရေးသမားတွေဆီမှာ လာရောက် ရောင်းချကြတယ်။ ဗာဂျီးနီးယာ၊ တောင်/မြောက် ကာရိုလိုင်းနား၊ မစ္စစပီ လူဝီဇယန်းနား၊ အဲလ်ဘားမား၊ တက္ကခ်ဆက် ပြည်နယ် တွေက စိုက်ခင်းတွေမှာ သူတို့ ကျွန် လုပ်သားအဖြစ် အလုပ်လုပ်ကိုင်ကြရတာပေါ။ သူတို့တစ်တွေဟာ အသက် တစ်ချောင်း ရှင်သန်မှုအတွက် အလုပ် လုပ်ကိုင်နေထိုင်မှုအခြေအနေ ရှုမြင်ကွင်းက ရင်နင့်စရာပါ။

    ကျွန်ပိုင်ရှင်ကို ဆန့်ကျင်အာမခံတဲ့ ကျွန်တစ်ဦးကို ကြာပွတ်နဲ့ ရိုက်နှက်ခွင့်၊ ခန္ဓာကိုယ်ပေါ်မှာ သံပူနဲ့ အမှတ် တံဆိပ်ခတ်နှိပ်ခွင့် ကိုယ်လက်အင်္ဂါကျိုးပဲ့ ချိုတဲ့သွားတဲ့ထိ လုပ်ပိုင်ခွင့်ရှိတယ်။ သည်လို ကျွန်ပိုင်ရှင် က အပြစ်ပေးရာမှာ အသက်သေဆုံးသွားခဲ့လျှင်လည်း ကျွန်ပိုင်ရှင်သခင်မှာ အပြစ်တစ်စုံ တစ်ရာမရှိ ကင်းလွတ်ခွင့် ရှိတယ်လို့ သည်တောင်ပိုင်းပြည်နယ်တွေမှာ ပြဋ္ဌာန်းထားတဲ့ ကျင်ထုံးဥပဒေတွေက အကာ အကွယ် ပေးထားတယ်။ သည်ကျင်ထုံးဥပဒေကပဲ သည်ကျွန်တွေကို စာရေး စာဖတ် သင်ကြားပေးခွင့် မရှိဘူးလို့ အတိအလင်း ဆိုထားသေးတယ်။ ကျွန်ပိုင်ရှင်တစ်ဦးက ကျွန်မိသားစုဝင်တွေထဲက ခင်ပွန်းနဲ့ဇနီး၊ မိဘနှင့် သားသမီးတွေကို ခွဲပြီး တခြား ကျွန်ပိုင်ရှင်တစ်သီးဆီ ကို ရောင်းချပိုင်ခွင့်လည်း ရှိတယ်။

    အမေရိကန်ပြည်ထောင်စုရဲ့ ၁၄ယောက် မြောက်သမ္မတဖြစ်တဲ့ အေဗရာဟင်လင်ကွန်း (၁၈၀၉-၁၈၆၅) က သည်ကျွန်စနစ်ကြိးဟာ ဧရာမကြောက်ခမန်းလိလိမတရားမှုကြီး(monstrarous unjustic) ပါပဲလို့ မှတ်ချက် ချခဲ့တယ်။ သည်အချိန်မှာ နိုင်ငံရဲ့ မြောက်ပိုင်းပြည်နယ်တွေ ဖြစ်ကြတဲ့ နယူးယောက်၊ ပင်ဆဲလ်ဗေးနီးယား၊ အိုဟိုင်အို၊ မစ်ချိဂန်၊ အီတလီနိုင်အင်ဒီယန်းနား အခြားပြည်နယ်စုစုပေါင်း ၁၅ပြည်နယ် တွေက အမေရိကန် ပြည်ထောင်စု ဖွဲ့စည်းပုံ အခြေခံမှာ ပါရှိတဲ့အတိုင်း နိုင်ငံသားအားလုံး တန်းတူညီမျှတဲ့ အခွင့်အရေး ရှိကြသည် လို့ ဆိုထားသည့်အတိုင်း လူသားအချင်းချင်း နိုင်ထက်ကလူပြုမှု နှိပ်စက် ညှင်းပန်း မှုပြုတဲ့ ကျွန်စနစ်ကို လုံးဝ ဥသုဉ် ဖယ်ရှား ပြစ်လိုကြတယ်။ တကယ်က မြောက်ပိုင်းပြည်နယ်တွေမှာ စက်မှုနဲ့ နည်းပညာ ထွန်းကားပြီး ခေတ်ရှေ့က ပြေးနေတာပါ။ မြောက်ပိုင်းပြည်နယ်တွေက နိုင်ငံရေးရာ ဦးဆောင် ဦးရွက်ပြုသူတွေ၊ တတ်သိ ပညာရှင်တွေဟာ အသိဥာဏ် ပွင့်လင်းတဲ့ အနာဂါတ်ဆီကို မြော်မြင်မှု ရှိခဲ့ကြသူ တွေပဲပေါ့။

    သည် ဧရာမကြောက်ခမန်းလိလိ မတရားမှုကြီးကို လူဘောင်အဖွဲ့အည်းမှ အပြီးအပိုင် ဖယ်ရှားပြစ်ဖို့ သန္နိဋ္ဌာန်ချ လုပ်ဆောင်သွားခဲ့သူကတော့ သမ္မတအေဗရာဟင်လင်ကွန်းပဲ ဖြစ်ပါတယ်။ ၁၈၆၃ပြည့်နှစ် နှစ်ဆန်း ရက်မှာပဲ သူနဲ့ ရီပတ်ဘလည်ကင်ပါတီဝင်တွေ ပြုစုတဲ့ လူမည်းကျွန်တွေရဲ့ လွတ်မြောက်ရေး ကြော်ငြာ စာတမ်း (Emancipation Proclamation Bill) ကို သူကိုယ်တိုင်လက်မှတ်ရေးထိုး ထုတ်ပြန် ခဲ့ပါတယ်။ သိန်းသောင်းချီ ရှိတဲ့ လူမည်းကျွန်တွေကို လယ်ယာစိုက်ခင်းတွေမှာ အလုပ်စေခိုင်းထားတဲ့ အမေရိကန် နိုင်ငံတောင်ပိုင်းက မြေပိုင်ရှင်တွေ၊ လယ်ယာထွက်ကုန်စီးပွားလုပ်ငန်းရှင်တွေ၊ ကျွန်ပိုင်ရှင် တွေက သည်ကျွန်လွတ်မြောက်ရေး ကြေငြာ စာတမ်းကို ဝိုင်းဝန်းဆန့်ကျင် ကန့်ကွက်ခဲ့ကြတယ်။ သူတို့က ကျွန်စနစ် ကို မပယ်ဖျက်ရေးအတွက် အမေရိကန် ပြည်ထောင်စုကြီးကနေ ခွဲထွက်ရေးကို လှုံ့ဆော် စည်းရုံး လာကြတယ်။ တောင်ပိုင်းပြည်နယ်တွေ မဟာမိတ်ပြု အသင်းဖွဲ့ပြီး လက်နက်တပ်ဆင်ထားတဲ့ ကိုယ်ပိုင်တပ် တွေ (Confecdrate Army) ထူထောင်ကြတယ်။ ၁၈၆၃ပြည့်နှစ်ဝက်လောက်မှာပဲ ကျွန်စနစ်ဖျက်သိမ်းရေး သဘောထားကွဲလွဲမှု ပဋိပက္ခပေါ်မှာ အခြေခံပြီး မြောက်ပိုင်း ပြည်ထောင်စုတပ်တွေနဲ့ တောင်ပိုင်းခွဲထွက်ရေး မဟာမိတ်တွေ စစ်တိုက်ကြပါတော့တယ်။ သည်စစ်ပွဲကို သမိုင်းမှာ အမေရိကန် ပြည်တွင်း စစ်ကြီး (American Civil War) လို့ သမိုင်းတွင်ခဲ့တာပေါ့။ သည်ပြည်တွင်းစစ်ဟာ တကယ်က ၁၈၆၁ မှ ၁၈၆၅ပြည့်နှစ်အထိ လေးနှစ်ကျော်ကြာခဲ့ပြီး နှစ်ဖက်တပ်ဖွဲ့ဝင်တွေနဲ့ ပြည်သူအပါဝင် လူ အသက်ပေါင်း ၆၀çဝ၀ဝ၀လောက် ဆုံးရှုံးခဲ့ကြရတယ်။

    မရှောင်လွှဲသာဘဲ တိုက်ခဲ့ရတဲ့သည်စစ်ပွဲမှာ လင်ကွန်းရဲ့ အဓိကရည်ရွယ်ချက်က ပြည်ထောင်စု မပြိုကွဲ ရေးပါ။ စစ်ကို နိုင်အောင် တိုက်နိုင်ခဲ့လျှင် ဆိုရွားတဲ့ ကျွန်စနစ်ကိုလည်း ဖျက်သိမ်းနိုင်မယ်ဆိုတာ သူက ကြိုတင် မြင်ထာခဲ့တာပေါ့။ တကယ်လည်းပဲ မြောက်ပိုင်းပြည်ထောင်စုတပ်တွေက အောင်ပွဲခံနိုင်ခဲ့ပါတယ်။

    လူမည်းကျွန်တွေ လွတ်မြောက်ရေး ကြေငြာစာတမ်းအရ တောင်ပိုင်းပြည်နယ်တွေဟာ လူဖြူတွေရဲ့ ကျွန်ပိုင်ရှင် စနစ်ကို တရားဝင် လုံးဝဥသုဉ် ဖျက်သိမ်းရမှာ ဖြစ်ပြီး နိုင်ငံသားအားလုံးအတွက် ဖွဲ့စည်းပုံ အခြေခံ ဥပဒေပြဋ္ဌာန်းချက်ပါအတိုင်း ဥပဒေက တန်းတူညီမျှ အကာအကွယ်ပေးမှုအားမခံချက်ကို ရပိုင် ခံစားခွင့် ရှိလာရမှာ ပါ။ သည့်အပြင် အမေရိကန်နိုင်ငံသား ဘယ်သူမဆို လူမျိုး၊ အသားအရောင်၊ ယခင် အတိတ်ကာလက ကျေးကျွန် ဖြစ်ခဲ့ရခြင်း စသည်ကို ထောက်ရှုစရာမလိုဘဲ မဲဆန္ဒပေးပိုင်းခွင့်ကို ဥပဒေ အရရော၊ နိုင်ငံတော်ကရော  အကာ အကွယ်ပေးသည်လို့ ပြဋ္ဌာန်းချက်မှာ ပါရှိတာပါ။

    သို့ပေမယ် လူမည်းတွေရဲ့ ကံကြမ္မာလိုပဲ ဆိုရလေမလား လက်တွေ့ ဖြစ်ပေါ်လာခဲ့တဲ့ သမိုင်းလမ်း ကြောင်းမှာ လူမည်းကျေးကျွန်တွေရဲ့ လွတ်မြောက်ရေးက လွယ်ကူချောမွေ ဖြောင့်တန်းခြင်း မရှိခဲ့ပါဘူး။ ပြည်တွင်းစစ်မှာ ရှုံးနိမ့်သွားခဲ့တဲ့ တောင်ပိုင်းကွန်ဖက်ဒရိတ်တပ်တွေ လက်နက်ချက် အညံ့ခံပြီး စစ်ပြေငြိမ်း စာချုပ် မချုပ်ဆိုခင် ၁၈၆၅နှစ်မှာပဲ သမ္မတအေဗရာဧင်လင်ကွန်းဟာ မသမာသူတစ်ဦးရဲ့ လုပ်ကြံ သတ်ဖြတ် တာကို ခံလိုက်ရပါတယ်။ လင်ကွန်းရဲ့ ရာထူးနေရာမှာ ဒုသမ္မတလောင်း အရွေးခံသူ အင်ဒရူးဂျွန်ဆင် က ဆက်ခံခဲ့ပါ တယ်။ သူဟာ တောင်ပိုင်းသား ဒီမိုကရေစီပါတိကဖြစ်ကြောင်း ပြည်တွင်းစစ် လွန်ကာလမှာ မြောက်ပိုင်းနဲ့ တောင်ပိုင်းပြန်လည် ပေါင်းစည်းရေး ဦးစားပေးလို စိတ်ဇောသန် နေသူပါ။ ကျေးကျွန်ပိုင်ဆိုင်မှု စနစ်ကို တရားဝင် အတိအလင်း တားမြစ်ပိတ်ပင်ခဲ့ပေမယ့်လို့ လွတ်မြောက် လာတဲ့ အာဖရိကန် အမေရိကန်တွေရဲ့ နိုင်ငံသား အခွင့် အရေးနဲ့ တန်းတူညီမျှရေး စတာတွေကို ဥပဒေကြောင်း အရ အကာအကွယ်ပေးဖို့အတွက် စွမ်းစွမ်းတမံ မဆောင်ရွက်ဘဲ ပျက်ကွက် နေပါ တော့တယ်။
ဂျင်မ်ခရိုးဥပဒေသ (The Jim Crow Law)

    သမ္မတ အေဗရာဟင်လင်းကွန်းသာ လုပ်ကြသတ်ဖြတ်ခြင်း မခံရဘူးဆိုလျှင် လူမည်းကျွန်တွေရဲ့ အြွကင်းမဲ့ လွတ်မြောက်ရေးသမိုင်က နောက်ထပ်နှစ်တစ်ရာနီးပါးကြာမှာ မဟုတ်ဘူးလို့ တွက်ဆစရာ ရှိပါတယ်။ အခုတော့ လင်ကွန်းရဲ့ နေရာကို ဆက်ခံတဲ့ အင်ဒရူးဂျွန်ဆင်ဟာ တောင်ပိုင်းသား မြေပိုင်ရှင် ကျွန်ပိုင်ရှင် တွေနဲ့ စေ့စပ်ညှိနှိုင်းပြီး သူရဲ့ ဦးဆောင်မှုအောက်မှာ လူမည်းကျင့်ထုံးဥပဒေသ (သို့) လူမည်း ကိုဓ ဥပဒေ(Black Codes) ကို ရေးဆွဲပြဋ္ဌာန်း လိုက်ကြပါတယ်။ သည်ဥပဒေအရ ဒေသခံ ပြည်နယ် အုပ်ချုပ်ရေး အာဏာပိုင်အဖွဲ့က လူမည်းတွေရဲ့ စည်းရုံးဖွဲ့စည်းခွင့်၊ လက်နက်ကိုင်ဆောင်ခွင့်နဲ့ ခရီးသွား လာခွင့် တွေကို ကန့်သတ်ကွပ်ညှပ်ထား တယ်။ သို့ပေမယ့်လည်း ၁၈၇၅ပြည့်နှစ်မှာ လူမည်းတွေရဲ့ နိုင်ငံသား အခွင့်အရေး ကို ကွန်ဂရက်လွှတ်တော်က အတိအလင်း အသိအမှတ်ပြုပေးတဲ့(The Civil Right Act - 1875) ကို ပြဋ္ဌာန်းအတည်ပြုထားခဲ့တာပါ။

ဒါပေမယ့်လို့ တောင်ပိုင်းပြည်နယ်တခုဖြစ်တဲ့ လူဝီဇယန်းနားပြည်နယ် အုပ်ချုပ်ရေးအာဏာပိုင်အဖွဲ့က ကွန်ဂရက် ရဲ့ပြဋ္ဌာန်းချက်ကို မျက်ကွယ်ပြုပြီး ဇတ်စနစ်သဖွယ် လူမျိုးခွဲခြားရေးကို တရားဝင်ခွင့်ပြုရာ ရောက်တဲ့ ကျင့်ထုံးဥပဒေ (racial segregation Law) စတင် လက်ခံကျင့်သုံးပါတော့တယ်။ သည် ဥပဒေ အရ လူဖြူနဲ့ လူမည်းတွေဟာ သီးခြားစာသင်ကျောင်း၊ သီးခြား မီးရထားတွဲ၊ သီးခြားဘတ်စ်ကားထိုင်ခုံ၊ သီးခြား စာကြည့်တိုက်၊ သီးခြားစားသောက်ဆိုင်၊ သီးခြားဟိုတယ်၊ သီးခြားကျန်းမာရေးဝန်ဆောင်မှု၊ နောက်ဆုံးပိတ် အများပြည်သူ သွားလာရာနေရာမှာရှိတဲ့ သောက်ရေတိုင် တောင်မှ သီးခြားနေရာ ခွဲခြား ထား ရှိတာပါ။ မလိုက်နာသူဟာ ဒေသခံ အာဏာပိုင်တွေရဲ့ ဖမ်းဆီးအရေးယူ ရုံးတင် အပြစ်ပေးတာကို ခံကြ ရပါတယ်။

    အသားအရောင်ပေါ် မူတည်ပြီး သည်လို လူဖြူနဲ့ လူမည်း အခွင့်အရေး ခွဲခြားမှု ကျင့်သုံးတဲ့ ဥပဒေကို ဂျင်မ်ခရိုး ဥပဒေသ(Jim Crow Law) လိုလည်း သမိုင်းမှာ တွင်ကျန်ရစ်ခဲ့တာပေါ့။ တောင်ပိုင်းပြည်နယ် အာဏာ ပိုင်တွေက သည်လိုကျင့်သုံးတာကို သီးခြားဖြစ်၏ သို့သော် တန်တူညီမျှမှု ရှိပါ၏။ (Seperate but equal)  ဆိုပြီး  သဘာဝမကျတဲ့ အတုအယောင်စနစ်ကို ဖုံးကွယ်တဲ့ အမည်ကို ပေးခဲ့ကြတယ်။ သည်ခေတ် စနစ်အောက် မှာ လူမည်းတွေက နိုင်ငံသား အခွင့်အရေး အပြည့်အဝ မရရှိ မခံစားရဘဲ နောက်ထပ် အနှစ် တစ်ရာ ဆက်လက် ဖြတ်သန်းခဲ့ကြရပါတယ်။

    သည်နေရာမှာ စိတ်ဝင်စားစရာကောင်းတဲ့ သမိုင်းဝင် အဖြစ်ပျက်မှုကတော့ ၁၈၇၅ပြည့်နှစ်၊ ကွန်ဂရက် လွှတ်တော် က အတည်ပြုပေးခဲ့တဲ့ နိုင်ငံသားအက် ဥပဒေနဲ့ ပတ်သက်ပြီး ထောက်ခံသူနဲ့ ဆန့်ကျင်သူ တွေက နိုင်ငံဗဟိုတရားရုံးချုပ်ရောက်သည်အထိ အငြင်းပွားတရား ရင်ဆိုင်ကြရာမှာ သည်နိုင်ငံသား အက်ဥပဒေ ရဲ့ နည်းပညာပိုင်းနဲ့ ဟာကွက်တွေကို ထောက်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ မညီညွတ်ဘူး၊ ဖွဲ့စည်းပုံအခြေခံဥပဒေက ပြည်နယ်အစိုးရ ကိုယ်၌ ရဲ့လူမျိုးခွဲခြား ဆက်ဆံမှုပြုခြင်းကို တားမြစ်တာ ဖြစ်တယ်။ နိုင်ငံသားလူပုဂ္ဂိုလ် တစ်ဦးချင်းတစ်ယောက်ချင်းရဲ့ ခွဲခြားဆကဆံမှုပြခြင်းကို တားမြစ် မထားဘူးဆိုပြီး လူမျိုးခွဲခြားရေး ကျင့်ထုံးဥပဒေ    (rail segregation Law or Jim Crow Law) ကို ဆက်ပြီး ကျင့်သုံးခွင့် ပြုတဲ့ စီရင်ချက် ချမှတ်ခဲ့မှုပါပဲ။

    သည်လိုနှင့် ကျွန်ဘဝ လွတ်မြောက်လာတဲ့ လူမည်းတွေဟာ နောက်ထပ် ရာစုနှစ်တစ်ခု ကြာသည်အထိ မိမိတို့ရဲ့နိုင်ငံသား အခွင့်အရေး တင်းပြည်ကျပ်ပြည် ရရှိရေးအတွက် မျိုးဆက်သစ်တွေ တဆက်ပြီးတဆက် ရုန်းကန် တိုက်ပွဲဝင်ခဲ့ကြရတာပေါ့။ နောက်ဆုံး ၁၉၆၄ပြည့်နှစ်မှာ သမ္မတ လင်ဒွန်ဘီ၊ ဂျွန်ဆင်      (Lyndon B. Johnson)  လက်ထက်မှာ လူမျိုးခွဲခြား ကျင့်သုံးတဲ့ ဂျင်မ်ခရိုးဥပဒေကို ဆက်လက်မတည်ရှိ နိုင်တော့ဘူး လို့ မိန့်ခွန်းပြောဆိုပြီး  ကွန်ဂရက်ရဲ့ နိုင်ငံသားအက်ဥပဒေ(Civil Right Act.1964) ကို အတည်ပြု ပြဋ္ဌာန်း ပေးလိုက် တယ်။

လူမည်းတွေ တန်းတူညီမျှ ပညာသင်ကြားခွင့်၊ အလုပ်လုပ်ကိုင်ခွင့်၊ မဲဆန္ဒပေးပိုင်ခွင့်စတဲ့ အခြေခံ လူအခွင့်အရေး တွေ ရရှိခံစား ခွင့်ရရှိလာကြတယ်။ သို့ပေမယ့် သည်အခွင့်အရေးတွေ လက်တွေ့ဘဝ နယ်ပယ် ထဲမှာ လက်ငင်းအကောင်းအထည် ပေါ်လာအောင် တောင်ပိုင်းပြည်နယ်တွေမှာ ဆက်လက်ပြီး ငြိမ်းချမ်းစွာ ဆန္ဒပြ တိုက်ပွဲဝင်ကြရတုန်းပါ။ သည်လှုပ်ရှားတိုက်ပွဲဝင်မှု တလျောက်လုံးမှာ ဦးဆောင် ခဲ့တဲ့ ပြောင်မြောက်တဲ့ လူမည်းခေါင်းဆောင် ဒေါက်တာ မာတင်လူသားကင်း ဂျူနီယာ(Dr. Martin Luther King- Jr 1929-1968) ဟာ ၁၉၆၈ပြည့်နှစ် ဧပြီလမှာ မသမာသူရဲ့ လုပ်ကြံသတ်ဖြတ်တာကို ခံလိုက် ရပါတယ်။ ဒေါက်တာကင်း ကျဆုံးမှုဟာ သမိုင်းမှာ လူမည်းတွေရဲ့  လူ့အခွင့်အရေးတိုက်ပွဲ ဥပဒေကြောင်း အရ အောင်ပွဲခံမှု့ မှတ်တိုင်အဖြစ် ကျန်ရစ်ခဲ့ပါတယ်။
 
စာရေးသူ - ဦးခင်မောင်ဆွေ
Ref:    1.    Free At Last      (collect authors. History of Civil right movement 2009-Ny).
.
>>>ဆက်ဖတ်ရန်>>> >>

Tuesday, July 27, 2010

ကျော်လှိုင်ဦး ဘာသာပြန် ဦးလေးတွမ် (အခန်း ၄၃)

အခန်း (၄၃) နိုင်ငံနှင့်လူမျိုးအတွက်

    အကျဉ်းချုံး ရန် ဖော်ပြရမည်ဆိုသော် ဂျော့ရှယ်လဗီသည် အိမ်သို့ ပြန်ရောက်လျှင်ပင် အယ်လစ်ဇာကို ၀ယ်ယူခဲ့စဉ် က စာချုပ်စာတန်းများကို ကတ်ဆီထံသို့ ပေးပို့ခြင်းဖြင့် ကက်ဆီ သည် မိမိ၏ သမီးနှင့် ပတ်သက်သော အထောက်အထားများကို အခိုင်အမာရရှိခဲ့လေသည်။

    သို့ဖြင့် ကက်ဆီနှင့် မဒယ်ဒီသောင်းတို့သည် ကံတူအကျိုးပေး ဘ၀တူများအဖြစ် သမီး ဖြစ်သူနှင့် မောင်ဖြစ်သူကို ရှာဖွေရန်အတွက် ကနေဒါသို့ ခရီးဆက်ခဲ့ကြ၏။ သူတို့သည် အမ်မလင် ကိုလည်း တပါတည်း ခေါ်ခဲ့ကြ၏။ ကနေဒါသို့ရောက်လျှင် သူတို့သည် အမေရိကပြည် တောင် ဖက်မှ ထွက်ပြေး လာကြသော နီးဂရိုးမျာ နေထိုင်သည့် နေရာဒေသများသို့ လှည့်လှည်ကာ ဂျော့ နှင့် အယ်လစ်ဇာတို့ကို ရှာဖွေကြ၏။ မြို့တမြို့တွင် သူတို့သည် ဂျော့နှင့် အယ်လစ်ဇာတို့ ကနေဒါ သို့ရောက်စက ၀င်ရောက် တည်းခို ခဲ့သော သာသနာပြု အဖွဲ့ဝင်တစ်ဦးဖြစ်သည့် သင်းအုပ်ဆရာနှင့် တွေ့ခဲ့ကြပြီးနောက် ဂျော့တို့ မိသားစု မွန်ထရီယယ်တွင် ရောက်နေကြောင်း စုံစမ်းသိရှိကြလေ သည်။ ထို့နောက် သူတို့သည် သင်းအုပ်ဆရာ နှင့်အတူ မွန်ထရီယယ်သို့ လာခဲ့ကြ၏။

    ဂျော့နှင့် အယ်လစ်ဇာတို့ လွတ်မြောက်မှုရခဲ့ကြသည်မှာ ငါးနှစ်ကာလ ကြာညောင်းခဲ့ပြီဖြစ် သည်။ ဂျော့သည် စက်ရုံတရုံ၌ စက်ပြင်ဆရာအဖြစ် ၀င်ရောက်လုပ်ကိုင်ကာ မိသားစု ရပ်တည်ရေး ကို ဆောင်ရွက် နေ၏။ ယခုအခါ သူတို့အိမ်ထောင်၌ သမီးငယ်တယောက်ပင် တိုးပွားလာခဲ့ပြီဖြစ် သည်။ ဟယ်ရီမှာလည်း ကျောင်းလိုက် နေပြီဖြစ်၏။

    သူတို့နေထိုင်သော အိမ်ခန်းကလေးသည် မွန်ထရီယယ်မြို့၏ ဆင်ခြေဖုံးပိုင်းတွင်ရှိ၏။ အိမ်ခန်းလေး သည် သန့်ပြန့်၏။ အိမ်ခန်းတွင်း မီးဖိုအနီး၌ ထမင်းစားစားပွဲရှိ၏။ ထိုနေ့ညနေတွင် အယ်လစ်ဇာသည် ညစာ ကို အသင့်ပြင်ထားပြီး ဖြစ်လေသည်။ အခန်း၏ ဒေါင့်တနေရာတွင်ကား စားပွဲခင်းအစိမ်းကို ခင်းထားသော စာကြည့်စားပွဲရှိသည်။ အနီးတွင်လည်း စာအုပ်စင် တစင်ရှိ သည်။ ထိုနေရာကား ဂျော့အဖို့ အားလပ်ချိန် ၌ ပညာဆက်လက်ရှာမှီးရာ နေရာဖြစ်၏။

    ဂျော့သည် စာကြည့်စားပွဲ၌ ဖတ်လိုက် မှတ်လိုက်ဖြင့် အလုပ်များနေ၏။
    "ဂျော့ရယ်၊ တော်အုံးရောပေါ့။ တနေကုန် အဲဒီစားပွဲကဘဲ မထတော့ဘူးလား။ ထမင်း ကလေး ဘာလေး များ စားဖို့လဲသတိရအုံးမှပေါ့" ညစာပြင်နေရာမှ အယ်လစ်ဇာက လှမ်းပြောလိုက် သည်။
    သမီးငယ်သည် ဖခင်၏ ခြေထောက်ကို အားပြု မတ်တတ်ရပ်ရန် ကြိုးစားပြီး ဖခင်စားပွဲပေါ် က စာအုပ် များကို ဆွဲချနေ၏။ ဂျော့သည် အနီးရှိ သားဖြစ်သူ ဟယ်ရီအားလှမ်း၍
    "ဘဲ့နဲ့လဲဟေ့ လူလေး။ ကနေ့ပုစ္ဆာတွေတွက်လို့ရလားကွ"ဟု မေးလိုက်သည်။

    "ရပါတယ် ဖေဖေ။ သားဖာသာ တွက်တာ အားလုံးရပါတယ်"
    "အေး၊ ဒီလိုမှပေါ့ကွ။ ဒါဘဲ လူလေး။ ကိုယ်ကိုကိုယ် အားကိုးရမယ်၊ ကြားလား။ သားတို့မှာ က အဖေတို့ထက် အခွင့်ကောင်း အခြေအနေကောင်း ကြုံရတာဘဲဟာ"
    ထိုအခိုက်မှာပင် တံခါးခေါက်သံကြားသဖြင့် အယ်လစ်ဇာသည် တံခါးဆီသို့ ရောက်သွား ပြီး တံခါးကို ဖွင့်ပေး လိုက်သည်။ အယ်လစ်ဇာသည် တံခါးဝသို့ရောက်လာသော သင်းအုပ်ဆရာနှင့် တကွ အမျိုးသမီး နှစ်ယောက်ကို ခရီးဦးကြိုပြု၍ အခန်းတွင်းသို့ ခေါ်ခဲ့သည်။

    သင်းအုပ်ဆရာသည် အခန်းတွင်း၌ အမျိုးသမီးကြီး နှစ်ဦးနေရာယူပြီးကြသည်နှင့် မိတ် ဆက်စကား ပြောမည် ဟန်ပြင်ဆဲမှာပင် မဒမ်ဒီသောင်းသည် မောင်ဖြစ်သူကို တွေ့လိုက်ရသဖြင့် မိမိကိုယ်ကို မထိန်းနိုင် ဘဲ မောင်ဖြစ်သူ၏ လည်ပင်းကို လှမ်းဖက်၍ "အို၊ ဂျော့၊ ဂျော့။ မင်းမမကို မမှတ်မိဘူးလားဟင်။ မမလေ။ မမအယ်မလီ" ပြောလိုက်သည်။
    ထိုအချိန်အထိ ကက်ဆီသည် သမီးဖြစ်သူကို စူးစိုက်ကြည့်ရင်း မိမိနှင့် ခွဲခွာသွားရစဉ်က သမီး၏ ပုံပန်း သဏ္ဌာန်ကို ပြန်လည်မှန်းဆကြည့်နေ၏။ သမီးငယ်၏ ရုပ်သွင်သည် သူ့အမြင်အာရုံ ၌ ထင်ယောင် လာသည်။ သို့ဖြင့် ကက်ဆီသည် သမီး၏လက်ကို ဆွဲယူပြီး သမီးကို ရင်ခွင်၌ အပ်လိုက်သည်။

    "သမီးလေးရယ်။ သမီး မေမေလေ"
    စင်စစ်ဤအဖြစ်မျိုးသည် ဆန်းကျယ်လှသည်ဟူ၍ကား မဆိုနိုင်ပေ။ ကနေဒါနိုင်ငံသို့ ထွက်ပြေး လွတ်မြောက် လာကြသော နီးဂရိုးကျွန်းများ၏ အကြောင်းကို ထိုဒေသရှိ သာသနာပြု အဖွဲ့ဝင်များ၏ မှတ်တမ်းမှတ်စုများ၌ ထိုကဲ့သို့ပင် ၀တ္ထုတပုဒ်ထက် ဆန်းကျယ်သော အဖြစ်မျိုးကို တွေ့နိုင်သည်သာဖြစ်၏။
    ဤသို့လျှင် များစွာသော ညီအကိုများ၊ မောင်နှမများ၊ သားအမိ သားအဖများ၊ ဇနီးမောင်နှံ များတို့သည် စွန့်စားမှုများ၊ အဖိနှိပ် အညှဉ်းပန်းခံရမှုများကို ကျော်လွှားကာ ဤနေရာ၌ ဆုံစည်းခဲ့ ကြလေသည်။

    ယခုလည်း ဤနေရာ၌ မောင်နှင့် နှမသည်၎င်း၊ မိခင်နှင့်သမီးသည်၎င်း ပြန်လည်ဆုံစည်း ကြရပေပြီ။
    ကက်ဆီဘ၀သည် ချက်ချင်းပင် ပြောင်းလဲလာခဲ့၏။ သူ့ဘ၀တလျှောက်လုံး ခံစားခဲ့ရသော ဝေဒနာသည် ပျောက်လွင့်ရပေပြီ။ အထူးသဖြင့် မြေးငယ်သည် အမှန်တကယ်ပင် သူစွန့်ခွာခဲ့ရ သော သမီးငယ်၏ ရုပ်သွင် ကို ကိုယ်စားပြုဘိသည်သို့ရှိ၏။ ထို့ကြောင့် ကက်ဆီသည် မြေးငယ်ကို သမီးထက်ပင် ပို၍ တယု တယ တမြတ်တနိုး ဖြစ်ရ၏။

တချိန်တည်းမှာပင် သမီးဖြစ်သူ၏ ဘာသာ တရား၌ သက်ဝင်ကြည်ညိုမှုသည် မိခင်၏ သက်ဝင် ယုံကြည်မှု အတွက် လမ်းကြောင်း ပေးထားဘိ သကဲ့သို့လည်း ဖြစ်ရ၏။ သို့ဖြစ်ရာ ကက်ဆီသည် ဘာသာတရားကို သက်ဝင် ယုံကြည်ထားခဲ့လေ သည်။
    မဒမ်ဒီသောင်းသည် ခင်ပွန်းသည် ကွယ်လွန်ခဲ့သည့်နောက်တွင် အမွေပစ္စည်းအတော်များ များကို ရခဲ့၏။ ယခုအခါ၌ ထိုအမျိုးသမီးကြီးသည် မောင်ဖြစ်သူ၏ မိသားစုအတွက် မိမိပိုင်ပစ္စည်း များကို ခွဲဝေပေးလိုသဖြင့် မောင်ဖြစ်သူ၏ သဘောထားကို မေးမြန်းကြည့်လေသည်။

    "ကျနော်တော့ ပညာဆက်သင်ချင်တာဘဲမမ။ ဒါဟာ ကျနော် အမြဲတောင့်တခဲ့ရတဲ့ လိုအင် ဘဲ။ ကျနော် ပညာတတ် ပြီးရင် ဘာဘဲဖြစ်ဖြစ် လုပ်နိုင်ပြီပေါ့ မမရယ်"
    သို့ဖြင့် မကြာမီမှာပင် သူတို့အားလုံးသည် ပြင်သစ်နိုင်ငံသို့ ထွက်ခွာခဲ့ကြလေသည်။ သူ တို့နှင့်အတူ အမ်မလင် သည်လည်း ပြင်သစ်သို့ လိုက်ပါလာခဲ့သည်။ အမ်မလင်သည် ပြင်သစ်သို့ လိုက်လာခဲ့ရင်းပင် သင်္ဘောသား တယောက် နှင့် ဖူးစာဆုံမိလေ၏။

    ဂျော့သည် ပြင်သစ်တက္ကသိုလ်တခု၌ လေးနှစ်တာပညာသင်ကြားပြီးနောက် မိမိ၏နိုင်ငံရင်း ဖြစ်သော အာဖရိကသို့ ပြန်ခဲ့လေ၏။ မိမိ အာဖရိကသို့ပြန်ခဲ့ရသည့် သဘောထားနှင့် ပတ်သက်၍ လည်း ဂျော့သည် သူ့ မိတ်ဆွေတဦး ထံသို့ စာတစောင်ရေးခဲ့၏။
    ကိုယ့်ရှေ့ရေးနဲ့ပတ်သက်လို့ ကိုယ် တခုခုဆုံးဖြတ်ရလိမ့်မယ် သူငယ်ချင်း။ မင်းတခါက ပြောခဲ့သလို ဆိုရင်တော့လဲ ကိုယ့်လိုလူမျိုးရဲ့ အခြေအနေဟာ လူဖြူတွေကြားမှာ သူတို့တတွေနဲ့ ရောနှောပြီး ကိုယ့်ဘ၀ ကို ဆက်လက်ရပ်တည်သွားဘို့ ဘာမှ ခဲယဉ်းမယ် မဟုတ်ပေဘူးပေါ့။ ဟုတ် တယ်လေ။ ကိုယ် ရော ကိုယ့်မိန်းမရောဟာ အသားအရေအားဖြင့် လူဖြူတွေနဲ့ ခြားနားလှတာမှ မဟုတ်ဘဲကလား။ ဒါပေမယ့် အမှန်အတိုင်း ပြောရရင်တော့ သူငယ်ချင်း။ ကိုယ် အဖြူတွေကြားမှာ နေဘို့ စိတ်ကူးမျိုး၊ ဆန္ဒမျိုး မရှိတာ အမှန်ဘဲ။

    အမှန်ဘဲ သူငယ်ချင်း။ ကိုယ်ဟာ အဖေ့လူမျိုးအတွက် ဘယ်လိုမှ ခံစားလို့မရဘူး။ အေး၊ အမေ့လူမျိုး အတွက် ကျတော့ ကိုယ်ခံစားလို့ရတယ်။ ဒါကလဲ ရှင်းပါတယ် သူငယ်ချင်း။ အဖေနဲ့ ပတ်သက်လို့ကျတော့ ကိုယ့်ဘ၀ ဟာ ခွေးတကောင် မြင်းတကောင်ရဲ့ အခြေအနေထက် ဘာများပိုထူးလို့လဲ။ အမေ့အဖို့တော့လဲ ကိုယ်ဟာ ရင်သွေးတယောက် မဟုတ်လား။ တကယ် တော့ ကိုယ်ဟာ အမေနဲ့ ကွဲကွာလာခဲ့ရပြီးတဲ့နောက် အမေမရှိတော့တဲ့အထိ အမေ့ကို ကိုယ်ပြန် မတွေ့ခဲ့ရဘူး။ ဒါပေမယ့် အမေဟာ ကိုယ်ကို သူသေတဲ့အထိ ချစ်မြတ်နိုးသွားရှာတယ်ဆိုတာကို တော့ ကိုယ်ယုံတယ်။ ဒီတော့ သူငယ်ချင်း၊ ကိုယ်ဟာ အမေခံစားခဲ့ရတဲ့ ဒုက္ခတွေ၊ ကိုယ်ခံစားခဲ့ရတဲ့ ဒုက္ခတွေ၊ ကိုယ့်ဇနီးအနေနဲ့ စွန့်စွန့်စားစား ရုန်းကန်ခဲ့ရတာတွေ၊ တချိန်က နယူးအောလင်း က ကျွန်ဈေးမှာ ကိုယ့်မမ အရောင်းခံခဲ့ရတာတွေကို ပြန်တွေးမိတိုင်း ကိုယ်ဟာ အမေရိကန် လူမျိုး တယောက်အနေနဲ့ ရပ်တည်လိုတဲ့စိတ်မျိုး နဲနဲကလေးမှ မပေါ်ခဲ့ဘူး။

    ဒါကြောင့် ကိုယ် ဆုံးဖြတ်လိုက်တယ် သူငယ်ချင်း။ ကိုယ်ဟာ အဖိနှိပ်ခံ ကျွန်အပြုခံနေရတဲ့ အမေ့လူမျိုး နဲ့ အတူ ရှိရမယ်လို့ ဆုံးဖြတ်လိုက်တယ်။ ကိုယ့်ဆန္ဒ ကိုယ့်လိုအင်ဟာ အာဖရိက အမျိုးသား တယောက် ဖြစ်ဖို့ဘဲ သူငယ်ချင်း။
    ကိုယ့်အနေနဲ့ လူမျိုးတမျိုးဟာ တသီးတခြား လွတ်လွတ်လပ်လပ်ကြီး ကိုယ့်ခြေထောက် ပေါ် ကိုယ်ရပ်တည် နေနိုင်စေချင်တယ်။ ဒီနည်းနဲ့ အာဖရိကမှာ လွတ်လပ်တဲ့နိုင်ငံ တည်ထောင်ရ မယ်။ နောက်ဆုံးကျရင် အာဖရိကရဲ့ လွတ်လပ်ရေးကို တကမ္ဘာလုံးက အသိအမှတ် ပြုလာရမယ်။

    အေး၊ ဒီတော့ မင်းက ပြောချင်ပြောမယ်။ ကိုယ်ဟာ အမေရိကမှာ ကျွန်ခံနေရတဲ့ ကိုယ်တို့ ညီအကို နောင်ရင်း အမျိုးသားတွေကို စွန့်ပစ်ထွက်ပြေးသွားတာမျိုး ဖြစ်မနေပေဘူးလား ဆိုတဲ့ အချက်ပဲ။ ဒါပေမယ့် ကိုယ် ပြောရဲတယ် သူငယ်ချင်း။ ကိုယ်ဟာ ဒီလူတွေကို စွန့်ပစ်ထွက်ပြေးသွား တာလဲ မဟုတ်ဖူး။ ဒီလူတွေကို မေ့ပျောက် ပစ်လိုက်တာလဲ မဟုတ်ဖူး။ ကောင်းပြီ။ ကိုယ်အမေရိက မှာ နေပါပြီတဲ့။ ကိုယ်ဟာ အဲဒီ အနှောင် အဖွဲ့က လူတွေရဲ့ တဦးစီမှာရှိနေတဲ့ နှောင်ကြိုးကို ကိုယ် ဘယ်လိုလုပ်ပြီး ဖြတ်တောက်နိုင်မှာလဲ။ ဒီလိုတဦးစီ တဦးစီရဲ့ အနှောင်အဖွဲ့ကို ဖြတ်တောက်ရုံနဲ့ ကိုယ်တို့တမျိုးသားလုံး လွတ်မြောက်မှု ရရောလား။ အဲဒီတော့ သူငယ်ချင်း ကိုယ်တို့ဟာ လူမျိုး တမျိုး၊ နိုင်ငံတနိုင်ငံအဖြစ်ကို ဖန်တီးရမယ်။ တည်ဆောက် ရမယ်။

အာဖရိက တတိုက်လုံးအတွက် ကိုယ်တို့ကြိုးစားရလိမ့်မယ်။ ပြဿနာအမျိုးမျိုးကို ကျော်လွှားပြီး နိုင်ငံ တနိုင်ငံ၊ လူမျိုးတမျိုးအဖြစ် မွေးဖွားရလိမ့်မယ်။ အဲဒီအခါကျရင် ကိုယ်တို့ဟာ နိုင်ငံတကာအလယ်မှာ ကိုယ်တို့ လူမျိုးရဲ့အသံ ကို ဖော်ထုတ်ရမယ်။ ဒီနည်းနဲ့ တမျိုးသားလုံးရဲ့ အရေးကိစ္စကို ဒို့ဟာ ကမ္ဘာ့ အလယ် မှာ ဟစ် ကြွေးတောင်းဆိုရလိမ့်မယ်။ ဒါဘဲ သူငယ်ချင်း။ ကိုယ်တို့ဟာ တဦးချင်း အရေးထက် တမျိုးသား လုံး အရေးအတွက် လုပ်ရမှာဘဲ။

    ဒီတော့ ကိုယ် ဆုံးဖြတ်ပြီးပြီ သူငယ်ချင်း။ ကိုယ် ယခု လိုက်ဗီးရီးယား* ကိုသွားပြီ။ အဲဒါဟာ ကိုယ် လုပ်ငန်းခွင်ကို ၀င်တာဘဲ။ ကိုယ် အဲဒီမှာ ကိုယ်စွမ်းရှိသမျှ ဥာဏ်စွမ်းရှိသမျှ အလုပ်လုပ်ရ မယ်။ တွေ့ရမယ့် အခက်အခဲ တွေအတွက် ကိုယ် တိုက်ပွဲဝင်ရမယ်။ ကိုယ်တို့အရေးသာရမယ်ပေါ့။
    ဒီနည်းနဲ့ ကိုယ်ဟာ ကိုယ့်နိုင်ငံ ကိုယ့်လူမျိုးအတွက် ကိုယ့်ဘ၀ကိုပုံပြီး အပ်နှံရလိမ့်မယ် သူငယ်ချင်း။
    ဤသို့လျှင် ဂျော့သည် ကျွန်ဘ၀မှ၎င်း၊ ကိုလိုနီဘ၀မှ၎င်း၊ လွတ်မြောက်လာခဲ့သည့် နီးဂရိုး နိုင်ငံ တနိုင်ငံဖြစ်သော လိုက်ဗီးရီးယားသို့ ဇနီး သားသမီး အမ ယောက္ခမတို့နှင့်အတူ လာခဲ့လေ သည်။
    မဒမ်ဒီသောင်းသည် အမေရိကတွင် ရှိစဉ်ကပင် ကက်ဆီ၏ သားကို စုံစမ်းရှာဖွေခဲ့သေး၏။ ကက်ဆီ၏ သား မှာ စောစောပိုင်းကတည်းကပင် ကနေဒါသို့ ထွက်ပြေးလွတ်မြောက်လာခဲ့ပြီးဖြစ် သည်။ မဒမ်ဒီသောင်း သည် ကက်ဆီ၏သားကို ရှာဖွေတွေ့ရှိပြီးနောက် ငွေကြေးထောက်ပံ့၍ အာဖရိကသို့ ရောက် နေသော မိခင်ထံသို့ လိုက်စေ၏။ သို့ဖြင့်ကက်ဆီသည် သားဖြစ်သူနှင့် လည်း ပြန်လည် ဆုံတွေ့ရလေ တော့သည်။

* ကျွန်ဘ၀မှ လွတ်မြောက်လာသည့် နီးဂရိုးများအတွက် နေရာချထားပေးသော အမေရိကန် ကိုလိုနီ နိုင်ငံ တနိုင်ငံ အဖြစ် ၁၈၂၀ခုနှစ်တွင် ပေါ်ပေါက်လာခဲ့သည်။ ၁၈၄၇ခုနှစ်တွင် လွတ်လပ်သော နိုင်ငံအဖြစ် ကြေညာနိုင်ခဲ့သည်။ ၀တ္ထုပါဂျော့၏ စကားသည် မိမိအမျိုးသားများ၏ လွတ်လပ်စနိုင်ငံ သို့ သွားရောက်မည်ဟု ဆိုလိုခြင်းဖြစ်သည်။
အခန်း (၄၄) ဆက်ရန်

.
>>>ဆက်ဖတ်ရန်>>> >>

Monday, July 26, 2010

ကျော်လှိုင်ဦး ဘာသာပြန် ဦးလေးတွမ် (အခန်း ၄၂)

အခန်း (၄၂) တစ္ဆေ

    ဦးလေးတွမ် ကွယ်လွန်ပြီးနောက် မကြာမီမှပင် လက်ဂရီးခြံအတွင်း၌ သရဲတစ္ဆေ အကြောင်းများသည် ဟိုမှ သည်မှ ပျံ့လွင့်ပေါ်ပေါက်လာခဲ့လေသည်။ အစေခံများအကြား၌ တွေ့ ကြရ မြင်ကြရသော အဖြစ် များသည် ပြောစရာဖြစ်လာ၏။

    ညညတွင် အထပ်ခိုးဆီမှ ဆင်းလာသော ခြေသံများ၊ အိမ်ပတ်ပတ်လည်တွင် ထိုခြေသံရှင် များ လှုပ်ရှား သွားလာ နေသောအဖြစ်၊ အ၀တ်ဖြူကိုဝတ်ထားသည့် အရပ်ရှည်ရှည်သဏ္ဌာန်သည် အထပ်ခိုးမှ ဆင်းလာလေ့ ရှိပြီး အမှောင်ထဲ၌ ပျောက်သွားချေ ပေါ်လာချေဖြင့် တညလုံးလှုပ်ရှားနေ တတ်ပုံ၊ သို့သော် နံနက်ခင်း ၌ အထပ်ခိုးတံခါးမှာ နကိုမူလအတိုင်း သော့ခတ်ပိတ်လျက်သား ရှိနေ ပုံတို့သည် အစေခံ များကြား မှတဆင့် တီးတိုးတီးတိုးဖြင့် ပျံ့လာသည်။

    လက်ဂရီးသည် ထိုစကားများကို မကြားဟန်ပြုထားသေး၏။ သို့သော် ကြားနေရ၏။ ထို့ ကြောင့် ပို၍ ထိတ်လန့်တုန်လှုပ်လာသည်။ သို့ဖြင့် ကြောက်စိတ်ကို ပြေစိမ့်သောငှာ သူသည် အရက်ကို ဖိသောက် သည်။ တနေ့လုံး ဆဲရေးကြိမ်းမောင်းသည်။ ညအခါ၌ အိပ်မက်ဆိုးများဖြင့် တုန်လှုပ်ရလေသည်။

    တနေ့တွင် လက်ဂရီးသည် အနီးမြို့တမြို့သို့ ခရီးထွက်ခဲ့သည်။ ညဥ့်နက်မှပင် အိမ်သို့ ပြန်ရောက် သည်။ သူ့အိပ်ခန်းသို့ဝင်သောအခါ အိပ်ခန်းတံခါးကို သော့အသေအချာခတ်သည်။ သော့ကို ယူထား သည်။ ပြီးမှ အိပ်ရာသို့ ၀င်ခဲ့သည်။

    သို့သော် သူ့စိတ်ထဲကမူ စိတ်မချနိုင်သေးပေ။ အလိုလိုပင် ချောက်လှန့်ခြင်း ခံနေရ သည်။ ထို့ကြောင့် သော့ခတ် ပြီး တံခါးကို အတွင်းကနေ၍ ကုလားထိုင်တလုံး ထပ်ခုထားလိုက်ပြန် သည်။ မီးအိမ်ကို ခေါင်းရင်း မှာ ထွန်းထားသည်။ အနားမှာ ခြောက်လုံးပူးကို ချထားသည်။ ပြီးလျှင် ပြတင်းတံခါးများကို လိုက်လံ စစ်ဆေးသည်။ အားလုံးကို စိတ်ချရမှပင် သူသည် အိပ်ရာသို့ ၀င်ခဲ့ လေသည်။
    ပင်ပန်းလာသဖြင့် သူသည် နှစ်နှစ်ခြိုက်ခြိုက်ကြီး အိပ်မောကျသွားလေသည်။

သို့သော် အိပ်ပျော်နေရင်းမှာပင် သူ့အမြင်အာရုံ၌ စိတ်နှလုံးတုန်လှုပ်ဖွယ်သော အရာဝတ္တုတခုသည် ထင် ယောင် လာသည်။ ထိုအရာကား သူ့မိခင်ကွယ်လွန်စဉ်က မိခင်၏ရုပ်အလောင်းကို ရစ်ပတ်သော အ၀တ်ပိုင်း ဟူ၍ သူထင်လာသည်။ ညည်းညူသံ၊ အော်ဟစ်သံများ ရောထွေးပေါ်ထွက်လာသည်။ အိပ်ရာ ထဲတွင် သူသည် ဂယောင်ချောက်ချား ဖြစ်လာသည်။ မနိုးတ၀က် နိုးတ၀က်ဖြစ်နေ၏။ သူ့ အခန်းတွင်းသို့ တဦး တယောက် ၀င်လာနေသည်ဟု ထင်လာသည်။ တံခါးကို လာဖွင့်သည်။ သို့ သော် ခြေလက် တစုံတရာကိုကား သူ မမြင်သာ။ သူသည် ထိတ်ထိတ်လန့်လန့် ဖြစ်လာသည်။ တံခါ ပွင့်လာသည်။ လက်တံတခု သည် မီးအိမ်ကို ငြိမ်းသတ်လိုက်သည်ဟု မြင်လိုက်ရသည်။

    တိမ်ဆိုင်း၍မြူမှိုင်းသော လသာညဖြစ်သောကြောင့် ညသည်မပီဝိုးတ၀ါးဖြစ်နေ၏။ အဖြူ သည် အရာဝတ္ထု တခုသည် အခန်းတွင်းသို့ရောက်လာသည်။ အ၀တ်စများ လှုပ်ခါသံကို ကြားနေရ ၏။ ထိုအရာသည် သူ့အိပ်ရာဘေး သို့ ရောက်လာသည်။ လက်အေးကြီးသည် သူ့ကို လာ၍ ထိတွေ့ သည်။ လေသံဖြင့် "လာလော့၊ လာလော့။ လာလော့" ဟူသော သုံးကြိမ် ထပ်ပြောသည့် စကားသံ ကို ကြားရသည်။ ဇောချွေး ပြန်လာ သည်။ ကြောက်လာသည်။ လက်ဂရီးသည် အိပ်ရာမှ ခုန်ထပြီး တံခါးကို ဆွဲဖွင့်လိုက်၏။ တံခါးသည် ပိတ်လျက်သား ရှိသည်။ လက်ဂရီးသည် နေရာမှာပင် လဲကျ ကာ သတိမေ့သွား၏။   

    ဤသို့ဖြင့် လက်ဂရီးသည် အိပ်ရာ၌ ဘုံးဘုံး လဲလေတော့သည်။
    လက်ဂရီး၏ အိပ်ရာဘေးသို့ ဖြူဖြူအရာဝတ္ထု ရောက်လာချောက်လှန့်သောည နောက်တနေ့နံနက်တွင် အိမ်တံခါးမ ကြီးသည် ပွင့်နေ၏။ နီးဂရိုးအချို့သည် လမ်းမကြီးအတိုင်း ရှေ့ရှုရွေ့လျားသော ဖြူဖြူ သဏ္ဍာန် နှစ်ခုကို မြင်လိုက်ကြရလေသည်။
    ထိုဖြူဖြူသဏ္ဍာန်နှစ်ခုကား ကက်ဆီနှင့် အမ်မလင်တို့ ဖြစ်လေသည်။

    သူတို့သည် တညလုံး လျှောက်ခဲ့ကြခြင်း ဖြစ်သည်။ နေထွက်လုနီးသောအခါ မြို့တမြို့ အနီး တောအုပ် တခုသို့ ရောက်လာကြ၏။ ထိုအခါ သူတို့သည် တောအုပ်တွင်းသို့ ၀င်၍ အ၀တ်များ လဲကြသည်။
    ကက်ဆီသည် တောင်အမေရိကတိုက်ဖက်တွင် နေထိုင်ကြသော နီးဂရိုးစပ် စပိန်အမျိုး သမီး သဏ္ဍာန် အ၀တ်နက် ကို ၀တ်ထားသည်။ ခေါင်း၌ ပ၀ါပါးအနက်ကို မျက်နှာတခြမ်း အုပ်လျက် ခြုံထား၏။ အမ်မလင် သည် သူ့အစေခံတယောက်သဖွယ် နောက်ကပါလာ၏။

    မြို့အ၀င်၌ ကက်ဆီသည် အဖိုးတန် သစ်တာတလုံးကို ၀ယ်လိုသည်။ ထိုအခါ သစ်တာ သယ်၍ ပို့သော လူငယ် တယောက် ပါ ပါလာ၏။ ဤသို့ဖြင့် ကက်ဆီသည် နောက်ပါအစေပါး နှစ်ယောက်ဖြင့် မြို့တွင်းသို့ ၀င်ခဲ့လေသည်။ ထို့နောက် ကက်ဆီသည် မြို့တွင်းရှိ စားသောက်ဆိုင် တဆိုင်သို့ ၀င်လာခဲ့သည်။ သူသည် လေးစား လောက်ဖွယ်သော အမျိုးသမီးတယောက်၏ အသွင် ကို ဆောင်ထား၏။

    ကက်ဆီသည် ဆိုင်တွင်းသို့ ရောက်ပြီး မကြာမီပင် ဂျော့ရှယ်လဗီကို တွေ့ရလေသည်။ ဂျော့ရှယ်လဗီ သည် ထိုနေရာတွင် သင်္ဘောစောင့်နေရခြင်း ဖြစ်သည်။
    ကက်ဆီသည် ဂျော့ရှယ်လဗီကို ကောင်းကောင်း မှတ်မိနေ၏။ ဂျော့ကို သူသည် လက်ဂရီး ၏ အိမ် အထပ်ခိုး ပေါက်ကနေ၍ မြင်ခဲ့ဖူးခြင်း ဖြစ်သည်။
    ကက်ဆီသည်လည်း ဤနေရာသို့ မြောက်ပိုင်းသွား သင်္ဘောကို စောင့်ရန် ရောက်လာခြင်း ဖြစ်သည်။ သူ၏ လေသံဟန်ပန်၊ အ၀တ်အစား၊ အသုံးအစွဲတို့ကြောင့် မည်သူသည်မျှ သူ့ကို ထွက်ပြေးလာသော ကျွန် တယောက် ဖြစ်တန်ရာသည်ဟု သံသယ မဖြစ်ကြပေ။

    ညနေပိုင်းတွင် သင်္ဘော ရောက်လာသည်။ သင်္ဘောအတက်၌ ဂျော့ရှယ်လဗီသည် ကက်ဆီအား လက်ကမ်း ကူညီခဲ့သည်။ ထို့ပြင် ကက်ဆီအတွက် အခန်းနေရာလည်း ယူပေးခဲ့၏။ မြစ်နီမှ မစ်စစ် စပီမြစ်သို့ ရောက်သော အခါ သူတို့သည် သင်္ဘောပြောင်းစီးကြရသည်။ ထိုအခါ သူတို့သည် တခရီးတည်းသွားအဖြစ် မိတ်ဆွေ ဖြစ်လာကြသည်။
    ပထမတွင် ဂျော့ရှယ်လဗီသ်ည ကက်ဆီအား သူသိကျွမ်းခဲ့ဖူးသူတယောက်နှင့် တူသလို အထင်ရှိကာ စတင် စိတ်ဝင်စားခဲ့သည်။ သည့်အတွက် ကက်ဆီအဖို့ မလုံမလဲ ဖြစ်ရသေးသည်။ မသင်္ကာ၍ ကြည့်သည်ဟု ထင်သည်။ အဆုံး၌ သူ့အကြောင်း အလုံးစုံပြောပြရန် ဆုံးဖြတ်လိုက် သည်။

    ဂျော့ရှယ်လဗီသည် လက်ဂရီးခြံက ထွက်ပြေးလာသူများအား ကူညီရန် အသင့်ရှိပြီးဖြစ် သည့်အလျောက် အကူအညီ ပေးမည်ဖြစ်ကြောင်းနှင့် ကာကွယ်စောင့်ရှောက်မည်ဖြစ်ကြောင်း ကတိပေးခဲ့လေသည်။
    ကက်ဆီနှင့် ကပ်လျက် အခန်းတွင်ကား ပြင်သစ်အမျိုးသမီးကြီးတဦးနှင့် ဆယ်နှစ်နှစ်ရွယ် သမီး ကလေး တဦးတို့ လိုက်ပါလာကြ၏။ ပြင်သစ်အမျိုးသမီးကြီးနှင့် ဂျော့ရှယ်လဗီတို့သည် စကား စပ်မိကြလေသည်။ အထူး သဖြင့် ပြင်သစ်အမျိုးသမီးကြီး မဒမ်ဒီသောင်းသည် ဂျော့ရှယ်လဗီအား လင်တတ်ကီကမှန်း သိသဖြင့် ပို၍ စိတ်ဝင်စားခြင်း ဖြစ်သည်။ သူသည် သူသိလိုသော ကင်တက် ကီက လူတချို့ အကြောင်းကို ဂျော့ရှယ်လဗီ ထံတွင် စုံစမ်းကြည့်လိုသည်။

    "ဒါထက် မောင်ရင်တို့ အိမ်နီးပါးချင်းတွေထဲမှာများ ဟဲရစ်ဆိုတဲ့ လူတယောက် မသိဘူး လားကွယ့်"
    "ကျနော့် အဖေ့ခြံနဲ့ မလှမ်းမကမ်းမှာတော့ ဟဲရစ်ဆိုတဲ့ အဖိုးကြီးတယောက် ရှိတာဘဲ။ ကျနော်တို့ကတော့ သိပ် အဆက်အဆံ မရှိပါဘူး"
    "အဲဒီလူက ကျွန်ပိုင်တယောက် ထင်ပါရဲ့"
    "ဟုတ်တယ်ခင်ဗျ" ဂျော့ရှယ်လဗီသည် အမျိုးသမီးကြီး၏ အမူအရာကို တအံ့တသြ ဖြစ်ရ လေသည်။
    "ဘယ်သူ့ဆီမှာများ ဂျော့ဆိုတဲ့ အသားဖြူစပ် နီးဂရိုးတစ်ယောက်ရှိတယ်လို့ မကြားမိဘူး လားကွယ့်"
    "ကြားဖူးပြီဘဲဗျာ။ ဂျော့ဟဲရစ်လေ။ သူ့ကို ကျနော်ကောင်းကောင်း သိတာပေါ့ခင်ဗျာ။ ကျနော့် အမေရဲ့ အိမ်ဖော်မ ကလေးနဲ့တောင် ညားသွားကြသေးတာ။ ဒါပေမယ့် ခုတော့ မရှိကြ တော့ဘူးခင်ဗျ။ သူတို့ ကနေဒါ ကို ထွက်ပြေးသွားကြပြီ"

    "ထွက်ပြေးသွားတယ်၊ ဟုတ်လား။ ဖုရားရေ"
    ဂျော့သည် ပြင်သစ်အမျိုးသမီးကြီးအား တအံ့တသြ စူးစိုက်ကြည့်နေမိ၏။ ဘာကိုမျှ မပြော။
    မဒမ်ဒီသောင်း သည် မျက်ရည်သွန်ချပြီး ငိုလေတော့သည်။
    "အဲဒါ ကျုပ် မောင်ပေါ့"
    "ခင်ဗျာ" ဂျော့သည် ပို၍ အံ့သြသွား၏။

    "ဟုတ်တယ်ကွယ့်" အမျိုးသမီးကြီးသည် မျက်ရည်ကို သုတ်ပြီး တုံ့ပြန်လိုက်သည်။ "ဟုတ်တယ် မစ္စတာ ရှယ်လဗီ။ ဂျော့ဟာ ကျုပ်မောင်ဘဲ"
    "ကျနော်တော့ အတော်ကြီးကို အံ့သြသွားပြီ ခင်ဗျာ"
    "သူငယ်ငယ်မှာပေါ့၊ ကျုပ်ကို တောင်ပိုင်းက လူတွေဆီ ရောင်းပစ်လိုက်ကြတယ်။ ကျုပ်ကို လူကောင်းတယောက် က ၀ယ်သွားတယ်။ နောက်တော့ အဲဒီလူဟာ ကျုပ်ကို အနောက်အိန္ဒိယ ကျွန်းစု ဖက်ဆီ ခေါ်သွားပြီး လွတ်လပ်ခွင့် ပေးလိုက်တယ်။ နောက်ပြီး သူဘဲ ကျုပ်ကို လက်ထပ် လိုက်မယ်။ နောက် မကြာပါဘူးကွယ်။ ကျုပ် ခင်ပွန်းဟာ ဆုံးသွားရှာတယ်။ ခုကျုပ် မောင်ကိုများ တွေ့မလားလို့ ကင်တတ်ကီကို လာခဲ့တာဘဲ မောင်ရင်"

    "ဟုတ်တယ်။ သူ့အမ အယ်မလီဆိုတာ အရောင်းခံလိုက်ရတယ်လို့ သူ ပြောပြဘူးတယ်"
    "အစစ်ပေါ့။ အဲဒါ ကျုပ်ပဲပေါ့ မောင်ရင်။ ဒါထက် ကျုပ်မောင်အကြောင်း"
    "လူကောင်း တယောက်ပါဘဲ။ တကယ်ကို စိတ်ကောင်းလဲရှိ တော်လဲတော်၊ ထက်လဲ ထက်တယ်။ စနစ်တကျလဲ ရှိတယ်။ ကျနော် သူ့ကို ကောင်းကောင်းသိတာပေါ့ဗျာ။ ကျနော်တို့ အိမ်က လူတယောက်နဲ့ လက်ထပ် သွားတဲ့ လူတယောက်ပဲဟာ"
    "မိန်းကလေးကကောကွယ့်"

    "မိန်းကလေး ကလဲ တကယ့်အဖိုးထိုက် အဖိုးတန်ဘဲ  ခင်ဗျာ့။ ရုပ်လဲ ချောတယ်။ ထက်ထက်မြက်မြက်လဲ ရှိတယ်။ ဖုရားတရားလဲ ကြည်ညိုတယ်။ ကျနော် အမေကဆို သူ့ကို သမီးတယောက်လို ပြုစု ကျွေးမွေး သွန်သင် လာခဲ့တာ။ စာရေးတတ် ဖတ်တတ်တယ်။ ဇာထိုး ပန်းထိုးလဲ တတ်တယ်။ အချုပ် အလုပ်လဲ တတ်တယ်။ သီချင်း အဆိုကျလဲတယ်ကောင်းတာဘဲ"

    "သူက မောင်ရင်တို့ အိမ်မှာဘဲ မွေးတာလား"
    "ဒီလိုတော့ မဟုတ်ဘူးခင်ဗျာ့။ ဖေဖေ နယူးအောလင်းသွားတုန်းက ၀ယ်လာတာ။ သူ အိမ်ရောက် လာတုန်းက ရှစ်နှစ်လောက်ရှိအုန်းမှာ။ ဖေဖေကတော့ မေမေ့ဖို့ လက်ဆောင်ဆိုပြီး ၀ယ်လာတာဘဲ။ ဒါပေမယ့် သူ့ကို ဘယ်ရွေ့ ဘယ်မျှ ပေးပြီး ၀ယ်လာတယ်ဆိုတာ ဖေဖေဟာ မေမေ့ကို ဘယ်တော့မှ မပြောခဲ့ဘူး။ တလောကမှ အဲဒီ မိန်းကလေးကို ဖေဖေ ၀ယ်လာတဲ့ စာရင်း တွေ သွားတွေ့တယ်။ ဖေဖေဟာ ဒီမိန်းခလေးကို အတော်ကို ကြေးကြီးပေးပြီး ၀ယ်လာခဲ့ရတာ ကလား။ ကျနော့် အထင်တော့ ဒီမိန်းခလေး ဟာ သူ မတူအောင် လှတဲ့အတွက် ဖေဖေ ဒီလောက် တောင် ကြေးကြီးပေးပြီး ၀ယ်လာတယ် ထင်ပါတယ်"

    ထိုအချိန်၌ ဂျော့တို့၏ နောက်ဖက်၌ ကက်ဆီရှိ၏။ ကက်ဆီသည် တချိန်လုံးပင် ပြင်သစ် အမျိုးသမီးကြီး နှင့် ဂျော့တို့ ပြောနေသော စကားကို နားစွင့်ထောင်နေ၏။ ဂျော့သည် ကက်ဆီ့ကို ကျောပေးထားသဖြင့် ကက်ဆီ့ အမူအရာကို မမြင်ရပေ။

    နောက်ဆုံးပြောနေသော ဂျော့ရှယ်လဗီ၏ စကားအဆုံးတွင် ကက်ဆီသည် ဂျော့၏ လက်မောင်းကို လှမ်းတို့လိုက်ပြီး
    "ဒါထက် အဲဒီ မိန်းကလေးကို ဘယ်သူ့ဆီက ၀ယ်ခဲ့တယ်ဆိုတာများ မင်း မသိဘူးလား" စိတ်ဝင်စားတကြီး ၀င်မေးလိုက်သည်။
    "ဆိုင်မွန် ဆို ထင်ပါရဲ့ဗျာ။ စာရင်းမှာ တွေ့ရတာဘဲလေ"

    "ဖုရားရေ" ကက်ဆီသည် ရုတ်ကနဲ မေ့လဲကျသွားလေသည်။ ဂျော့ရော မဒမ်ဒီသောင်းပါ လှုပ်လှုပ်ခါခါ ဖြစ်သွားကြသည်။ ဂျော့သည် မေ့လဲသွားသော ကက်ဆီကို သတိရအောင် လုပ်ရ သည်။ ၀ိုင်းအုံ လာသူများ ကိုလည်း ဖယ်ရှားစေရသည်။
    အတန်ကြာသောအခါ ကက်ဆီသည် ပြန်လည် သတိရလာ၏ သူသည် နံရံကို စူးစိုက် ကြည့်ရင်း မျက်ရည်များ တွေတွေစီးကျလာ၏။ ကလေးငယ်တယောက်လို ရှိုက်ငိုနေပြန်ချေသည်။
    သူ့စိတ်မှာမူ အမှန်ပင် ဖုရားသခင်၏ ကရုဏာတော်ဖြင့် မကြာမီပင် သမီးကို တွေ့ရတော့ မည်ဟု မျှော်လင့် အားတက် လာခဲ့လေသည်။

အခန်း (၄၃) ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

Sunday, July 25, 2010

ကျော်လှိုင်ဦး ဘာသာပြန် ဦးလေးတွမ် (အခန်း ၄၁)

အခန်း (၄၁) ဂျော့ရှယ်လဗီ

    ထို့နောက် နှစ်ရက်မြောက်သောနေ့တွင် လူငယ်တစ်ယောက်သည် မြင်းလှည်းတစ်စီးကို မောင်းနှင်လျက် လက်ဂရီး၏ ခြံဝင်းတွင်းသို့ ၀င်လာခဲ့လေသည်။ ထိုသူကား ဂျော့ရှယ်လဗီတည်း။
    ဦးလေးတွမ်၏ ဒုတိယမြောက်သော သခင်ဖြစ်သော စိန့်ကလဲယား ကွယ်လွန်ပြီးနောက် ဦးလေးတွမ် ရင်ဆိုင် ရအံ့သော အဖြစ်အပျက်ကို မစ္စအော်ဖီလီယာသည် ဦးလေးတွမ်၏ ပထမ သခင်မဖြစ်သော မစ္စက်ရှယ်လဗီ ထံသို့ စာရေးပေးပို့ခဲ့၏။ သို့ရာတွင် ထိုစာသည် စာတိုက်တခု၌ တလကျော် နှစ်လနီးပါးမျှ အောင်း နေခဲ့သည်ဖြစ်ရာ မစ္စက်ရှယ်လဗီ စာလက်ခံရသောအချိန်၌ ဦးလေးတွမ်အဖို့ မြစ်နီမြစ်ကမ်းဘေးက ရွှံ့နွံ့ များကြားတွင် လမ်းစပျောက်နေခဲ့ပြီ ဖြစ်လေသည်။

    မစ္စက်ရှယ်လဗီအဖို့တွင်လည်း ထိုစာကို အလေးအနက်ထား၍ ဖတ်ရှုခဲ့ရသည့်တိုင်အောင် ထိုစာ လက်ခံရရှိသောအချိန်၌ မစ္စတာရှယ်လဗီ အပြင်းအထန် ဖျားနာနေသဖြင့် ဦးလေးတွမ့် ကိစ္စ ကို ရုတ်တရက် မဆောင်ရွက်နိုင်ပဲ ရှိခဲ့ရသည်။ သို့စေကာမူ မစ္စက်ရှယ်လဗီသည် အော်ဖီလီယာ၏ စာ၌ ဖော်ပြ ထားသော ရှေ့နေထံသို့ စာရေး၍ စိန့်ကလဲယား၏ အစေခံများသည် မည်သူ့ထံသို့ ရောင်းပစ်လိုက်ကြောင်း စုံစမ်းခဲ့ သေးသည်။

    ထို့နောက် များမကြာမီပင် မစ္စတာရှယ်လဗီ ကွယ်လွန်အနိစ္စ ရောက်လာလေသည်။ ထိုအခါ မစ္စက်ရှယ်လဗီသည် အရွယ်ရောက်လာပြီဖြစ်သော သား ဂျော့ ရှယ်လဗီ၏ အကူအညီဖြင့် ခင်ပွန်းဖြစ်သူ၏ လုပ်ငန်း များကို စာရင်းရှင်းရပြန်လေပြီ။ ထိုအတွင်းမှာပင် စိန့်ကလဲယား၏ ရှေ့နေ ထံမှ ပြန်စာကို လက်ခံ ရရှိ၏။ ထိုစာ၌ တွမ့်ကို လေလံပွဲတွင် ရောင်းချလိုက်ခြင်း ဖြစ်ကြောင်း၊ မည်သူ ၀ယ်ယူသွားသည်ဟု အတိ အကျ မသိရကြောင်း ပါရှိ၏။ ထိုအခါ သားအမိနှစ်ယောက် စလုံး စိတ်မကောင်း ဖြစ်ကြရပြန်လေသည်။ ထို့ကြောင့် လအနည်းငယ်ခန့်ကြာသောအခါတွင် ဂျော့ ရှယ်လဗီသည် အလုပ်ကိစ္စဖြင့် တောင်ပိုင်းသို့ လာခဲ့၏။ ထိုအခါ ဂျော့သည် တောင်ပိုင်း၌ ဦးလေးတွမ်ကို ရှာဖွေစုံစမ်းပြီး ပြန်လည် ၀ယ်ယူရန်အတွက် ငွေကို အသင့်ယူခဲ့၏။ ဤသို့ဖြင့် ဂျော့ ရှယ်လဗီသည် စုံစမ်း၍ လက်ဂရီးထံသို့ ရောက်လာခဲ့ခြင်း ဖြစ်၏။

    ဂျော့သည် လက်ဂရီး၏ အိမ်တွင်းသို့ ၀င်ခဲ့သည်။ လက်ဂရီးအား အနားယူခန်း၌ တွေ့ရ၏။ လက်ဂရီးသည် ဂျော့ အား ခရီးဦးကြို ပြုသည်။
    "ခင်ဗျား နယူးအောလင်းကနေပြီး တွမ်ဆိုတဲ့ ကျွန်တယောက် ၀ယ်ခဲ့တယ်သိရလို့ပါ။ အဲဒီ လူဟာ ကျနော့် အဖေခြံမှာ လုပ်သွားတဲ့ လူပါ။ အဲဒါ ကျနော် ပြန်ဝယ်လို့ ရနိုင်မလား လာခဲ့တာပါ ဘဲ"
    လက်ဂရီးသည် မျက်စိမျက်နှာ ပျက်သွား၏။

    "ဟုတ်တယ်။ ငါ အဲဒီလူကို ၀ယ်လာတယ်။ ငါ့အဖို့တော့ မဟာအမှားဘဲဗျို့။ သူ့ကို ၀ယ်မိ တာ ကောင်း ကောင်း ထိတာဘဲ။ လူက အလကားလူဘဲ။ ငါ့အိမ်က ကောင်မနှစ်ယောက် လွတ်ပြေး အောင် ကူညီတယ်။ အဲဒီ ကောင်မတွေ ဘယ်မှာလဲ ဆိုတာလဲ မပြောဘူး။ ဒါနဲ့ ငါဒီကောင့်ကို အကြီးအကျယ် တီးတဲ့လိုက်တယ်။ သေခါ တောင် နီးနေပြီ။"
    လက်ဂရီး စကားကြောင့် ဂျော့ရှယ်လဗီ၏ မျက်နှာတွင် ဒေါသသွေး ဖြာလာသည်။

    "ခု သူဘယ်မလဲ။ ကျုပ် သူ့ကို တွေ့ချင်တယ်"
    "ဟိုဘက် တန်းလျားကြီးထဲမှာဗျ" ဂျော့၏ မြင်းကို ကိုင်လျက် စောင့်နေသော နီးဂရိုး ကလေး တယောက် က ၀င်ပြောလိုက်သည်။
    လက်ဂရီးသည် နီးဂရိုးကလေးဆီသို့ ရောက်လာပြီး နီးဂရိုးကလေးအား ဆဲဆို ကြိမ်းမောင်း ကန်ကျောက် ပစ်လိုက်သည်။ ဂျော့သည် ဘာမျှ မပြောဘဲ နီးဂရိုးကလေးပြောပြရာ တန်းလျားဆီ သို့ ထွက်ခဲ့၏။

    ဦးလေးတွမ်သည် တန်းလျားထဲ၌ လဲနေသည်မှာ နှစ်ရက်ကြာခဲ့ပြီ ဖြစ်၏။ အားနည်း ပင်ပန်းနေသဖြင့် ဝေဒနာ ကိုပင်လျှင် မေ့လျော့နေ၏။ ညအခါများ၌ သူ၏ အဖော်အပေါင်းများသည် သူ့ထံသို့ တိတ်တဆိတ် ရောက်လာကြကာ အကူအညီပေးကြ၏။ အချို့သည် သူ့အတွက် ဆုတောင်းကြ၏။ အချို့သည် ငိုယိုကြ၏။

    ကက်ဆီ သည် အထပ်ခိုးမှနေ၍ အကြောင်းစုံကို ကြားရမြင်ရပြီး ဖြစ်သဖြင့် တညတွင် စွန့်စား၍ ဦးလေးတွမ် ရှိရာသို့ လာခဲ့သည်။ သူနှင့် အယ်မလင်အတွက် ဒုက္ခတွေ့နေရသော ဦးလေးတွမ်အတွက် ယူကျုံးမရ ဖြစ်ကာ ငိုကြွေးရ၏။ ဦးလေးတွမ်အတွက် ဖုရားသခင်၌ပင် ဆုတောင်းခဲ့သေး၏။

    ဂျော့သည် တန်းလျားတွင်းသို့ ၀င်လာ၏။ ဦးလေးတွမ်ကို မြင်လိုက်ရသည်နှင့် ဦးခေါင်း သည် မိုက်ကနဲ ဖြစ်သွား သည်။ ရင်ထဲမှာလည်း နာကျင်သွား၏။
    "ဖြစ်နိုင်ပါ့မလား။ ဖြစ်နိုင်ပါ့မလား" သူသည် မြင်ရသော အဖြစ်ကို မယုံနိုင်သေးဟန် ရှိ၏။ နှုတ်က ရေရွတ်ရင်း ဦးလေးတွမ်ဘေး၌ ဒူးထောက်ထိုင်ချလိုက်ပြီး "ဦးလေးတွမ်။  အို၊ ဦးလေးတွမ် ရယ်" တသသ ခေါ်ကြည့် သည်။

    ဦးလေးတွမ်၏ ဦးခေါင်းသည် အနည်းငယ် လှုပ်ရှားလာသည်။ ဖုရားရှိခိုးတပိုဒ်ကို ရွတ်ဆို နေသည်။
    "ဦးလေးတွမ်။ ထကြည့်စမ်းပါအုံး ဦးလေးတွမ်။ ကျနော့်ကို ကြည့်စမ်းပါအုံး။ ဂျော့လေ ဦးလေးတွမ်။ ဦးလေးတွမ် ကျနော့်ကို သိတယ် မဟုတ်လား"
    ဦးလေးတွမ်သည် မျက်လုံးကို အားယူပြီး ဖွင့်သည်။
    "သခင်ကလေးဂျော့" သူ့အသံသည် တိမ်ဝင်သွားသည်။

    ဦးလေးတွမ်သည် တဖြည်းဖြည်း သတိပြန်လည်လာသည်။ အားတက်လာသည်။ လက်ကို အားယူပြီး ပိုက်ထား သည်။ မျက်ရည်များ သွယ်ကျလာသည်။
    "ကောင်းချီးပေးတော်မူပါ အရှင်မြတ်။ သူတို့သည် ဖုရားတပည့်တော်အား ဘယ်အခါမျှ မေ့ဖျောက် ပစ် ကြမည် မဟုတ်ပါ။ ဒီအတွက် ဖုရားတပည့်တော် သေရမည်ကို ကျေနပ်နှစ်သိမ့်နိုင်ပါ သည် အရှင်ဖုရား။ တပည့်တော် အား ကောင်းချီပေးပါ အရှင်ဖုရား"

    "အို၊ ဦးလေးတွမ် မသေရဘူး။ ဦးလေးတွမ် ဒါကို မတွေ့ပါနဲ့။ ကျနော်လေ ခု ဦးလေးတွမ် ကို ၀ယ်ယူ မလို့ လာတာ ဦးလေးတွမ်။ ကျနော် ဦးလေးတွမ်ကို အိမ်ကို ပြန်ခေါ်သွားမလို့"
    "အို၊ သခင်လေးရယ်။ သခင်လေး အလာ နောက်ကျသွားပြီ။ ကျုပ်ကို ဖုရားသခင်က ဆောင်ကျဉ်း တော့မယ်။ ကျုပ်တောင်းတခဲ့တဲ့ ဗိမာန်ကို ကျုပ် ရောက်ရတော့မယ်။ ကောင်းကင် ဘုံဟာ ကင်တတတ်ကီ က တဲကလေးထက် ကောင်းပါတယ် သခင်လေး"

    "အို၊ အို ဦးလေးတွမ် ဦးလေးတွမ် မသေရဘူး။ ဦးလေးတွမ် ခံစာနေရတာ မြင် မြင် မြင်ရ တော့ ကျ ကျ ကျနော် ရင်နာ လှတယ် ဦးလေးတွမ်ရယ်၊ သနားစရာပါလား ဦးလေးတွမ်"
    "ကျုပ်ဟာ သနားစရာ မဟုတ်ဘူး သခင်လေး။ ဟုတ်တယ်၊ ဟိုတုန်းကတော့ ကျုပ်ဟာ သနားစရာဘဲ။ ဒါပေမယ့် ခု မဟုတ်ဘူး။ ခု ကျုပ် ကောင်းကင်ဘုံကို ရောက်ရတော့မယ်။ ကျုပ် အောင်ပွဲရပြီ သခင်ကလေး"
    ဂျော့သည် စကား မဆက်နိုင်လောက်အောင် ဆို့နင့်နေရပေပြီ။

    ဦးလေးတွမ်သည် ဆက်ပြောနေ၏။
    "အဖွားကြီးချလိုကိုတော့ ဒီအဖြစ်တွေ ပြန်မပြောလိုက်ပါနဲ့ သခင်လေးရယ်။ ကျုပ်ဟာ ကောင်းကင်ဘုံကို ရောက်သွားပြီးဖြစ်တဲ့ အကြောင်း၊ ကျုပ်ဘေးမှာ ဖုရားသခင် အမြဲရှိသင့် အကြောင်းသာ ပြောပါ။ အော်၊ ကျုပ် ခလေးတွေ။ ကျုပ် ဒင်းတို့အတွက် ပူဆွေးခဲ့ရလှပါပြီ။ သူတို့ လေးတွေကို ပြော ပြော ပြောပါသခင်။ ကျုပ် နောက်ကို လိုက်ခဲ့ကြပါလို့။ သခင်နဲ့ သခင်မကိုလဲ ကျုပ် ချစ်မြတ်နိုးလျက်ရှိတဲ့အကြောင်း၊ အားလုံးကိုဘဲ ကျုပ်သတိရ တဲ့အကြောင်း ပြောပြောပါ သခင်လေးရယ်"

    ထိုအခိုက်မှာပင် လက်ဂရီးသည် ဦးလေးတွမ်၏ အခန်းဝသို့ ရောက်လာသည်။
    ဂျော့သည် တံခါးဝကို လှမ်းကြည့်ပြီး
    "လူယုတ်မာကြီး။ ခင်ဗျား တနေ့ အပြစ်ခံရမှာဘဲ" ပြောချလိုက်သည်။
    "ဒီလိုမပြောပါနဲ့ သခင်လေးရယ်။ သူ ဖုရားသခင်ရဲ့ တပည့်သား ဖြစ်ချင်ဖြစ်လာမှာဘဲ" ဦးလေးတွမ်က ပြောသည်။
    "မဖြစ်ဘူး။ ဒင်းလို လူမျိုးကို ကျုပ် ကောင်းကင်ဘုံမှာ မတွေ့ချင်ဘူး"
    တွမ်သည် အားပြတ်သွားသည်။ အသက်ရှူ မြန်လာသည်။ သူ့မျက်နှာပြင်သည် တောက်ပ နေဟန် ရှိ၏။

    စကားတခွန်းကို အားယူ၍ ပြောပြန်သည်။ ခရစ်တော်၏ မေတ္တာတရားကို အောက်မေ့ ဆင်ခြင်လိုက်ခြင်း ဖြစ်သည်။ အားယူ၍ ပြုံးထားသည်။ ထိုနောက် ငြိမ်ဆိတ်သွားလေတော့သည်။
    ဂျော့သည် ဦးလေးတွမ် အနားတွင် မတ်တတ်ရပ်လိုက်ပြီး လက်ဂရီးဘက်သို့ လှည့်၍
    "ခင်ဗျား သူ့ကို ကြိုက်သလောက် နှိပ်စက်ပြီးပြီ။ ကဲ၊ ဒီတာ့ အလောင်းကိုဘဲ ကျုပ်ကို ရောင်း။ ကျုပ်အလောင်း ကို သွားပြီး ကောင်းကောင်းမွန်မွန် သင်္ဂြိုဟ်ရလိမ့်မယ်" ပြောလိုက်သည်။

    "နီးဂရိုး အသေကောင်တွေကို ငါဘယ်တော့မှ မရောင်းဘူး။ အေး၊ မင်း လိုချင်ရင် ယူသွား၊ ကြိုက်တဲ့ နေရာမှာ မြှုပ်"
    ထို့နောက် ဂျော့သည် အနားတွင် လာကြည့်နေသော နီးဂရိုးများ၏ အကူအညီဖြင့် ဦးလေးတွမ်၏ အလောင်း ကို သူ့ ရထားပေါ်သို့တင်သည်။ ဂျော့သည် သူ့အပေါ်အင်္ကျီကို အလောင်းချမည့်နေရာတွင် ဖြန့်ခင်း ပေးထားသည်။

    "ဒီကိစ္စနဲ့ ပတ်သက်လို့ ကျုပ် ခင်ဗျားကို တရားရုံးမှာ တိုင်ရလိမ့်မယ်"
    "တိုင်ပေါ့။ ဘယ်မလဲ မင့်းဘက်က သက်သေ"
    ဂျော့သည် သတိလစ်သွားသည်။ မှန်သည်။ လက်ဂရီး၏ခြံ အနား၌ လူဖြူဟူ၍ လက်ဂရီးမှ အပ မည်သူမျှ မရှိ။ တရားရုံး၌ တရားဝင် သက်သေလိုက်နိုင်မှာလည်း လူဖြူသာ ဖြစ်၏။ နီးဂရိုးများ သက်သေ လိုက်သည် ကို တရားရုံးက အသိအမှတ်မပြု။ ဤအချက်ကို ဂျော့ သတိမေ့သွားခြင်း ဖြစ် သည်။

    "ဒီ နီးဂရိုး အသေကောင်များကို ရေကြီးခွင်ကျယ်လုပ်လို့"
    လက်ဂရီး စကားသည် ယမ်းပုံကို မီးကျလိုက်ခြင်း ဖြစ်လေသည်။ ဂျော့သည် လှည်းပေါ်မှ နေ၍ လက်ဂရီးကို တချက် လှမ်းရိုက်လိုက်ပြီး လှည်းကို မောင်းနှင်သွားလေတော့သည်။
    ထို့နောက် ဂျော့သည် ဦးလေးတွမ်၏အလောင်းကို ခပ်လှမ်းလှမ်းရှိ တောင်ကုန်းကလေး ပေါ်၌ သူနှင့် အတူ ပါလာသော လက်ဂရီးခြံက အစေခံများ၏ အကူအညီဖြင့် မြှုပ်နှံ သင်္ဂြိုဟ်လိုက် ၏။
    ဂျော့သည် သင်္ချိုင်းမြေ၌ ဒူးထောက် ထိုင်ချလိုက်ပြီး ဖုရားသခင်အား တိုင်တည်၍ သစ္စာ စကား ဆိုလိုက် လေသည်။
    "ကျွန်ုပ်သည် ထာဝရဖုရားသခင်အား တိုင်တည်၍ သစ္စာဆိုပါသည်။ ယခုအချိန်မှစ၍ ကျွန်ုပ်သည် ဤ နိုင်ငံ မှ ကျွန်စနစ်ဆိုးကြီး ပပျောက်ရေးကို ဆောင်ရွက်ပါမည် အရှင်ဖုရား"

အခန်း (၄၂) ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

Saturday, July 24, 2010

ကျော်လှိုင်ဦး ဘာသာပြန် ဦးလေးတွမ် အခန်း (၄၀)

အခန်း (၄၀) ယုံကြည်ချက်အတွက် အသက်ကိုစွန့်သူ

    လမ်းဆုံးလျှင် ရွာတွေ့မြဲ၊ ညလွန်လျှင် မိုးသောက်မြဲ ဖြစ်၏။ တွမ့်ဘ၀သည် ကျွန်စနစ် ခရီး ရှည်ကြီးကို ဖြတ်လာခဲ့ရခြင်း ဖြစ်လေသည်။ ပထမတွင် သူသည် ပန်းခင်းများကို ဖြတ်သန်းလာ၏။ ထို့နောက် ချစ်သူ ခင်သူတို့နှင့် ကွေကွင်းရသောလမ်းကို နင်းခဲ့လေသည်။ သို့သော် သူ့ဘ၀သည် နေရောင်ခြည် တောက်သော ကျွန်းကလေးပေါ်သို့ ရောက်သည်နှင့် မခြား ကြည်နူးစရာအဖြစ်မျိုးကို ကြုံတွေ့ခဲ့ပြန်သည်။  ဤနည်းဖြင့် သူ့နှောင်ကြိုးကို ပန်းကြိုးပန်းကုံးများသဖွယ် မှတ်ယူနိုင်ခဲ့သည်။ အဆုံးတွင်ကား သူ့ဘ၀သည် နေ့၏အလင်းရောင်ပျောက်ကွယ်သော ညအမှောင်တွင်းသို့ ရောက်ခဲ့ ရလေသည်။

    မိုးသောက်ကြယ်သည် အရှေ့ဖက်တောင်တန်းထိပ်တွင် ဆွဲချိတ် နေပေပြီ။ လေညင်း သည်လည်း သုတ်ဖြူးလာ၏။ နေ့၏ အလင်းရောင်သည် ထွန်းတောက်လာပေတော့မည်။
    လက်ဂရီးသည် ရက်အတန်ကြာသည်အထိ ကက်ဆီနှင့် အမ်မလင်တို့ကို လိုက်လံ ရှာဖွေ ခဲ့သော်လည်း မမိနိုင်ပဲ ရှိသည်။ ထို့ကြောင့် သူ ဒေါသပို၍ ထွက်ရသည်။ အခဲမကျေနိုင် ဖြစ်ရသည်။ ထိုအခါ သူ့ဒေါသသည် တွမ့်ဆီကို ကူးစက်ပြန်သည်။

    ကက်ဆီနှင့် အမ်မလင်ကို လိုက်၍ ဖမ်းရာ၌ ကျွန်အများ ပါဝင်ခဲ့ကြ၏။ လက်ဂရီး၏ ခြံနီး ချင်းများထံမှ ကျွန်များလည်း ပါဝင်ခဲ့ကြ၏။ သို့တိုင်အောင် တွမ်သည် ထိုကျွန်ဖမ်းအဖွဲ့၌ မပါဝင်။ တွမ့်ထံ၌ တရားနာယူကြသော ကျွန်အချို့သည်လည်း မပါဝင်။

    စင်စစ် လက်ဂရီးသည် တွမ်ကို ပို၍ ပို၍  မကျေမနပ် ဖြစ်ခဲ့သည်မှာ ကြာပြီ ဖြစ်သည်။ သည်မျှ သူနှိပ်စက်ညှဉ်းပန်းသည်အထိ အလျှော့မပေး အညံ့မခံပဲ သူ့ကို အံတု ယှဉ်ပြိုင်နေခြင်း အတွက် သူသည် တွမ့်ကို မကျေနပ်။ ယခုလည်း ကျွန်ဖမ်းအဖွဲ့၌ တွမ်မပါဝင်ခြင်းကို သူ ဒေါသ ဖြစ်ရသည်။ ကက်ဆီတို့ကို မမိနိုင်သည့်အတွက် ပို၍ပင် ဒေါသ ဖြစ်ရလေသည်။
    "ငါ ဒင်းကို မုန်းတယ်။ ဒင်းကို မုန်းတယ်" လက်ဂရီးသည် ထိုည ကျွန်ဖမ်းထွက်ရာမှ အပြန် တွင် အခဲမကျေနိုင်သဖြင့် တဖျစ်တောက်တောက် ပြောနေ၏။ သူသည် အိပ်ရာမှ ထလိုက်ပြီး "ဒီကောင်ဟာ ငါ့ကျွန် မဟုတ်ဘူးလား။ ငါ ဒီကောင်ကို ဘာကြောင့် မနိုင်နိုင်ရတာလဲ။ ဒီကောင် ဘယ်သူ့အားကိုးနဲ့ ငါ့ကို အာခံနေရတာလဲ" လက်ဂရီးသည် မိမိ လက်သီးဆုပ်တွင်းမှ အရာဝတ္ထု တခုကို မွမွချေနေဘိသကဲ့သို့ လက်သီးကို ကျစ်ကျစ်ဆုပ်ပြီး လှုပ်ရမ်းလိုက်လေသည်။

    နောက်တနေ့နံနက်တွင် သူသည် ကက်ဆီတို့ကို ရှာဖွေဖမ်းဆီးရန် နောက်လိုက် နောက်ပါ များနှင့် ထွက်ခဲ့ပြန်သည်။ သူတို့သည် ရွှံ့အိုင်ကြီးကို စနစ်တကျ ၀ိုင်းပြီး ရှာဖွေကြမည် ဖြစ်သည်။ လက်ဂရီးသည် တစုံတခုကို ဆုံးဖြတ်ထားပြီး ဖြစ်၏။ ယနေ့ ကက်ဆီတို့ကို မိမည်ဆိုလျှင် ဘာမျှ မထောင်းတာ။ မမိလျှင် သူသည် တွမ့်ကို သူ့ရှေ့သို့ ခေါ်ယူမည်။ တွမ့်ကို သူရိုက်နှက် မေးမြန်း စစ်ဆေးမည် စသည်ဖြင့် သူ ဆုံးဖြတ်ထားပြီး ဖြစ်၏။ ယခုပင် သူသည် အံ့ကို ကြိတ်လိုက်ပြန်သည်။ သူ့သွေးသည် ပွက်ပွက်ဆူနေပြီ ဖြစ်၏။

    "အင်း၊ သူတို့တော့ အရှာ သွားကြ ပြန်ပြီ" ကက်ဆီသည် ထပ်ခိုးရှိ အပေါက်မှ လှမ်းကြည့် ရင်း အမ်မလင်းအား လှမ်းပြောလိုက်သည်။
    အိမ်ရှေ့မျက်နှာစာ၌ မြင်းစီးသမားသုံးယောက်နှင့်အတူ မြင်းများသည် ပတပ်ရပ်လျက် ဟန်တပြင်ပြင် ဖြစ်နေ၏။ ကြိုးတန်းလန်းနှင့် ခွေးများသည် ကြိုးဆွဲထားသော နီးဂရိုးများလက်မှ ရုန်းကန်ရင်း တ၀ုန်းဝုန်း ဟောင်နေ၏။

    အနီးအပါးရှိ စိုက်ခင်းမှ အကူအညီများလည်း ရောက်ကြပေပြီ။ လက်ဂရီးသည် ထွက်ပြေး ကျွန်အရှာထွက်အဖွဲ့က လူအားလုံးကို အရက်တိုက်နေ၏။
    ကက်ဆီသည် အပေါက်က ချောင်းကြည့်နေရာမှ အပေါက်တွင် နားကို ကပ်လိုက်ပြီး အိမ်ရှေ့က လူများ ပြောဆိုကြသည်ကို နားစွင့်လိုက်ပြန်သည်။ အတန်ကြာသောအခါ အပေါက်မှ နားကို ခွာလိုက်ပြီး
    "ညီမအတွက်အသာ မဟုတ်ရင် ကိုယ်အပြင်ကို ထွက်ပြီး အပြစ်ခံလိုက်မယ် အမ်မလင်။ တကယ်ဘဲ။ ဟုတ်တယ်။ ကိုယ့်အဖို့ လွတ်မြောက်ရေးဟာ ဘာအဓိပ္ပာယ် ရှိသလဲ။ ကိုယ်လွတ် သွားပြီဘဲထားပါ။ ကိုယ့်ကလေးကို ကိုယ်ပြန်ရမလား။ ဒီတော့ကော ဘာအဓိပ္ပာယ်ရှိသေးသလဲ" အမ်မလင်အား လှမ်း၍ ညည်းတွား ပြောဆိုပြန်သည်။

    အမ်မလင်သည် ကက်ဆီ ချောက်ချောက်ချားချား ဖြစ်နေသည်ကို မြင်ရသဖြင့် ကြောက်ကြောက်ရွံ့ရွံ့ ဖြစ်ရပြန်လေသည်။ သူ ဘာမျှ စကားပြန် မပေးနိုင်ပေ။ ကက်ဆီ့ လက်ကို သာ အငြင်အသာ လှမ်းယူဆုပ်ကိုင်လိုက်သည်။

    "မင်း ဒီလို မလုပ်နဲ့ ခလေး။ ကိုယ့်မှာ မေတ္တာတရားဆိုတာ ပြန်လည် ရှင်သန်လာလိမ့် အုံးမယ်လို့များ ထင်နေသလား"
    "ဒီလိုလဲ မပြောပါနဲ့ မမကက်ဆီ။ မမ လွတ်မြောက်လာရင် မမ သမီးကိုလဲ ပြန်တွေ့ရမှာ ပေါ့။ ဘာဘဲဖြစ်ဖြစ်ပေါ့ မမရယ်။ ညီမဟာ မမရဲ့သမီးပေါ့။ ညီမဟာ မမရဲ့သမီးဘဲပေါ့။ ညီမ သိပါတယ်။ ညီမဟာ ဒီတသက်မှာ ညီမအမေကို ပြန်တွေ့ရမှာ မဟုတ်ဘူး။ ဒီတော့ မမ ညီမကို ချစ်ချစ် မချစ်ချစ် ညီတော့ မမကို ချစ်မှာဘဲ"
    ကက်ဆီသည် အမ်မလင်ထံမှ ကလေးငယ်တယောက်၏ သန့်စင်သော စကားကြောင့် စိတ်ထိခိုက်သွားကာ အမ်မလင့်ဘေးတွင် ၀င်ထိုင်လိုက်သည်။ အမ်မလင့်လည်ပင်းကို ဖက်ပြီး ဆံပင်စကို ပွတ်သပ်ပေးနေပြန်သည်။ မျက်ရည်စသည် ရီဝေလာသည်။

    "အို၊ ညီမရယ်။ မမဟာ မမခလေးတွေကို တမ်းတနေခဲ့ရတာပါ။ မမခလေးတွေကို တွေ့ချင်တယ်" ကက်ဆီသည် သူ့ရင်ကို ပုတ်လျက် "ဟောဒီ မမရင်ထဲမှာ ဆိုတာ ကွဲအက် ကြေမွ နေကြပလား အောက်မေ့ရတယ်။ ဖုရားသခင်ဟာ မမ ခလေးတွေနဲ့ မမကို ပြန်တွေ့အောင် ဖန်တီး ပေးမယ်ဆိုရင် မမလေ ဖုရားသခင်ကို ဆည်းကပ်ပါရဲ့ကွယ်"
    "ဖုရားကို ယုံပါ မမ။ ဖုရားသခင်ဟာ ကျမတို့ရဲ့ အဖ ဖုရားသခင်ပါ"
    "ဖုရားသခင်ဟာ ဒို့အပေါ်မှာ အမျက်ထားပြီး ဒို့ကို စွန့်ပစ်ထားပြီဘဲ"

    "မဟုတ်ဘူးမမ။ ဖုရားသခင်ဟာ ကျမတို့ကို အမြဲစောင့်ရှောက်မှာပါ။ ဒါကြောင့် စိတ်မပျက် ပါနဲ့ မမရယ်။ ကျမတို့မှာ မျှော်လင့်ချက်ဆိုတာ ဘယ်တော့မှ ဆုံးခန်းမတိုင်ပါဘူး မမရယ်"
    လက်ဂရီးတို့ လူသိုက်သည် စိတ်ပျက်လက်ပျက်ဖြင့် ပြန်လာခဲ့ကြပြန်လေပြီ။ ကက်ဆီ သည် အဖြစ်အပျက် အားလုံးကို အပေါက်က လှမ်းမြင်နေရ၏။
    လက်ဂရီးသည် မြင်းပေါ်မှ ပင်ပန်းကြီးစွာဖြင့် ဆင်းပြီး အိမ်ထဲသို့ ၀င်သွားလေသည်။

    အနားယူအခန်း၌ လက်ဂရီးသည် လက်ဂရီးသည် မိမိကိုယ်ကို ပစ်လှဲချလိုက်ပြီး
    "ဟေ့ ကွင်ဗို။ မင်း ဟိုအကောင်ကြီး တွမ့်ဆီကို သွားစမ်း။ ခုကိစ္စတခုလုံးမှာ ဒီကောင်ကြီး အခရာဘဲကွ။ အဲဒီတော့ ဒီကောင်ကြီးကို ခေါ်မေးရမယ်" ကွင်ဗိုအား လှမ်း၍ အမိန့်ပေးလိုက်သည်။
    ကွင်ဗိုနှင့် ဆမ်ဗိုသ်ည တဦးနှင့်တဦး မသင့်မြတ်ပေ။ တယောက်နှင့်တယောက် သဘော ချင်း တိုက်ဆိုင်ခဲ့လှစေကာမူ တွမ့်ကို မုန်းတီးရာ၌ကား တသဘောတည်း ဖြစ်ကြသည်။ လက်ဂရီး သည် တွမ့်ကို ဤအိမ်သို့ ခေါ်လာစဉ်က တွမ့်အား ဆမ်ဗိုနှင့် ကွင်ဗိုင်တို့ထက်ပင် မြှောက်စားရန် ရည်ရွယ်ထားကြောင့်း ဆမ်ဗိုနှင့် ကွင်ဗို သိထား၏။ ထို့ကြောင့် သူတို့သည် တွမ့်ကို မုန်းတီးကြ သည်။ တွမ်ဒုက္ခရောက်မည်ကို နှစ်ဦးစလုံး အလိုရှိကြသည်။

    ကွင်ဗိုသည် သူ့သခင်ခိုင်းသည့်အတိုင်း မဆိုင်းမတွပင် ဦးလေးတွမ်ရှိရာသို့ ရောက်လာ သည်။ ဦးလေးတွမ်ကို ဒရွတ်ဆွဲလျက် ခေါ်လာသည်။ ထိုသို့ ဆွဲခေါ်လာရင်းပင် ကွင်ဗိုသည် နှုတ်မှ လည်း ပစ်တင်ကြိမ်းမောင်းချေ။ လှောင်ပြောင်ချေဖြင့် ပြောဆိုလာသည်။ စင်စစ်မူ ကွင်ဗို၏ စကား များကို သူမကြား။ "သူတို့ကို မကြောက်လင့်၊ သူတို့သည် သင်၏ ခန္ဓာကိုယ်ကို သတ်ဖြတ် ပြီးသည် ၏ အခြားမဲ့၌ သင့်အား နောက်ထပ်၍ ဘာမျှ ပြုလုပ်နိုင်ကြတော့မည်မဟုတ်" ဟူသော စကားကို သာ နားမှာ ကြားနရ၏။ ဤသို့ဖြင့် အဆုံး၌ သူသည် လွတ်မြောက်ရမည်။ သူ့အိမ်သို့ သူရောက်ရ တော့မည်ဟု ထင်မှတ်လျက် ပါလာသည်။

    "ဟေ့ကောင် တွမ်။ မင်းကို ငါသတ်တော့မယ်ဆိုတာ မင်းသိတယ် မဟုတ်လား" လက်ဂရီး သည် တွမ့်ဆီသို့ ထလာပြီး တွမ်၏ အင်္ကျီကော်လာစကို ဆွဲယူ မေးမြန်းသည်။
    "ဒါဘဲ ရှိတော့ မပေါ့သခင်" တွမ့်အသံသည် တည်ငြိမ်အေးဆေးလှစွာ၏။
    "အေး ဟိုကောင်မနှစ်ကောင်မ ခု ဘယ်မလဲ။ အဲဒါပြော။ မပြောရင်တော့ မင်း သေရ အောင် ပြင်ပေတော့"
    တွမ်သည် ဘာမျှ နှုတ်တုံ့မပြန်။

    "ဟေ့ကောင်၊ မေးတာ မကြားဘူးလား။ပြောလေကွာ"
    "ကျုပ်မှာ ဘာမှ ပြောစရာမရှိပါဘူး သခင်"
    "ဘာကွ။ ဘာပြောတယ်။ မင်း သိတယ် မဟုတ်လား"
    တွမ်သည် နှုတ်တုံ့မပြန်။
    "ပြောလေ။ မင်း သိတယ် မဟုတ်လား" လက်ဂရီးသည် တွမ့်ကို ခပ်ပြင်းပြင်း ထိုးနှက်လိုက် သည်။

    "ဟုတ်တယ်။ ကျုပ်သိတယ် သခင်။ ဒါပေမယ့် ကျုပ်မပြောနိုင်ဘူး။ ကျုပ် အသေခံမယ်"
    "ဟိတ်တွမ်။ မင်းက ငါ မင်းကို မလုပ်ဖူး ထင်နေတာပေါ့ ဟုတ်လား။ အေး၊ ဟုတ်တယ်။ မင်းကို ငါပြုပြင်လို့ရအုံးမလားလို့ စောင့်ကြည့်ခဲ့တာ။ ဒီတခါတော့ ငါ ဆုံးဖြတ်ပြီးပြီ။ မင်းသေတဲ့ အထိ မင့်းသွေးကို တစက်ချင်းတစက်ချင်း ထုတ်ယူပြီး ငါသတ်ပြမယ်" ဒေါသတကြီး ပြောသည်။

    တွမ်သည် သူ့သခင်ကို မော့်ကြည့်ပြီး
    "သခင် နေမကောင်းဘူးဆိုရင်၊ ဒုက္ခရောက်နေတယ်ဆိုရင်၊ ဒါမှမဟုတ် သခင်သေလု မျောပါး ဖြစ်နေတာမျိုးဆိုရင် ကျုပ် သခင့်ကို ကယ်ဘို့ ဘာမှဝန်မလေးဘူး။ သခင့်အတွက် ကျုပ် အသည်းနှလုံးက သွေးကိုလဲ ပေးမှာဘဲ။ ဒီမှာသခင်၊ သခင့်အဖို့ အမြဲသဖြင့် စိတ်ထိခိုက်နေရမှာမျိုး ကို သခင် မကျူးလွန်စေချင်ဘူး။ သခင် ကျုပ်ကို ကြိုက်သလောက် ညှဉ်းဆဲပါ။ ဒါက အကြောင်း မဟုတ်ဘူးသခင်။ ကျုပ်ခံစားရတဲ့ဒုက္ခဆိုတာက ခဏဘဲ သခင်။ ဒါပေမယ့် သခင့်အဖို့ မဆုံးနိုင်တဲ့ ဒုက္ခတွေနဲ့ တွေ့ရလိမ့်မယ်။ ပြုသူအသစ်၊ ဖြစ်သူ အဟောင်းလို့ဆိုတယ် မဟုတ်လားသခင်" ပြောလိုက်ကာ စကားကြောင့် လက်ဂရီးသည် အံ့သြတွေဝေရလေတော့သည်။

    ရုတ်ရက်၌ လက်ဂရီးသည် ဖုရားသခင်၏ အမိန့်စကားကို ကြားလိုက်ရဘိသကဲ့သို့ ထင်မှတ် လိုက်ရသေးသည်။ သို့သော် ချက်ချင်းပင် မကြားဟန် ပြုလိုက်၏။ သူ့စိတ်အာရုံသည် ဘီလူးသဘက်အသွင် ပြောင်းလဲလာသည်။ သူသည် ဦးလေးတွမ်အား မြေကြီးသို့ လဲကျသွား သည်အထိ ရိုက်ပုတ် ထိုးနှက်လေ တော့သည်။
    ထိုညက တွမ်ခံစားရသော အဖြစ်အပျက်များကား စာလုံးအက္ခရာတို့ဖြင့် ဖော်ပြခြင်းငှာ မစွမ်းနိုင် လောက်အောင်ပင် ရက်စက်ကြမ်းကြုတ်လှဘိသည်။ သို့သော် ဤနိုင်ငံကြီး၏ တရား ဥပဒေသည် ဤသို့သော ရက်စက်မှုများအတွက် ခွင့်ပြုထားပြီးဖြစ်လေသည်။ ဤနေရာ၌ ဖုရားရှိခိုး ကျောင်းများသည် နှုတ်ပိတ် နေကြသည်သာ ဖြစ်၏။

    တွမ်သည် သူ၏နေရာတင်းကုပ်တွင်း၌ လဲနေ၏။ သူ့ကို အထီးတည်း လဲနေသည်ဟု ထင်ရသည်။ သို့သော် စင်စစ်အားဖြင့်မူ သူသည် အထီးတည်း မဟုတ်ချေ။ သူ့စိတ်အာရုံ၌ ဖုရား သခင်၏ မေတ္တာ အရှိန်အ၀ါသည် ထင်ဟပ်နေ၏။ ဖုရားသခင်သည် သူ့အပါးတွင် ရှိနေဘိသကဲ့သို့ ထင်မှတ် နေလေသည်။
    တွမ်သည် ခံစားရလွန်းသဖြင့် သူသိသမျှကို ပြောလိုက်မည်ဟုပင် အကြံ ဖြစ်သေးသည်။ စင်စစ်အားဖြင့် ကက်ဆီ၏ အကြံအစည်ကို သူ ကြိုတင်သိခဲ့ပြီး ဖြစ်၏။ သို့သော် သူ့၌ ယုံကြည် ချက်သည် အခိုင်အမာ စွဲမြဲဖြစ်ရာ စိတ်ကို ပြန်လည်တင်းနိုင်ခဲ့လေသည်။ သူသည် ဖုရားကိုသာ တမ်းတဆုတောင်းနေ၏။

    "တူ သေလောက်ပါပြီသခင်" ဆမ်ဗိုသည်ပင်လျှင် ဤမျှ ရိုက်နှိပ်ညှဉ်းပန်းနေသည်အထိ စိတ်မလျှော့ပဲ တင်းခံနေသော ဦးလေးတွမ်ကို အံ့သြလာသည်။
    "ဆက်သာလုပ်။ ဒီအကောင် မဖော်မချင်း  သွေးတပေါက် တပေါက်ကျပြီး သေတဲ့အထိ ချသာချ"
    တွမ်သည် မျက်လုံးကို အားယူ၍ ဖွင့်ပြီး "သင်ဟာ တယ်ပြီး သနားစရာကောင်းပါကလား။ သို့ပေမယ့် ကျုပ်အသင့်ကို ခွင့်လွှတ်တယ်"ပြောရင်း မေ့မျောသွားပြန်သည်။

    လက်ဂရီးသည် တွမ်သေပြီအထင်ဖြင့် ဦးလေးတွမ်၏ တင်းကုပ်တွင်းမှ ထွက်ခဲ့သည်။ ဆမ်ဗိုနှင့် ကွင်ဗိုသည် တွမ့်ဘေးတွင် ကျန်ရစ်သည်။ ဦးလေးတွမ်၏ စွဲမြဲသော ယုံကြည်ချက်၊ မတွန့် မဆုတ်သော စကားတို့သည် သူတို့၏ ရက်စက်ရုန့်ရင်းသော အသည်းနှလုံးများသို့တိုင်အောင် ထိုးဖောက် ၀င်ရောက် လာခဲ့ချေပြီ ဖြစ်လေသည်။ သူတို့သည် ဦးလေးတွမ် ပြန်လည်သတိရလာ အောင် ပြုစုကြသည်။ အိပ်ရာကို ခင်းပေးသည်။ ဦးလေးတွမ်၏ ဒဏ်ရာများကို ဆေးကြော သုတ်သင်ပေးကြသည်။

    "အို၊ တွမ်ရာ။ ဒို့တတွေ တင့်ကို အတော်ရက်စက်ကြတာဘဲ" ကွင်ဗိုက ပြောသည်။
    "ဒီမယ် တွမ်။ ယေရှုသခင်ဆိုတာ ဘယ်သူလဲ။ ဒို့ကို ပြောစမ်းပါ" ဆမ်ဗိုက မေးသည်။
    ဆမ်ဗို၏ အမေးကြောင့် ဦးလေးတွမ်၏ စိတ်ဓာတ်သည် ပြန်လည် ရှင်သန်လာ၏။ သူသည်  လူယုတ်မာနှစ်ယောက်အား ဖုရားသခင်၏ဘ၀နှင့် ဖုရားသခင် အသက်ဆုံးရှုံးရပုံများကို အတိုချုံး ပြောပြ နေ၏။

    "ဒို့ ဒါတွေကို အရင်က မကြားဖူးပါလား" ဆမ်ဗိုလ်သည် အံ့သြထိတ်လန့်နေ၏။ "တပည့်တော်တို့အား ချမ်းတာ ပေးတော်မူပါ အရှင်ဖုရား"
    ထိုအခါ ဦးလေးတွမ်သည်လည်း ဆမ်ဗိုတို့နှစ်ယောက်အတွက် ဖုရားသခင်ထံတွင် ဆုတောင်း လိုက်လေသည်။

အခန်း (၄၁) ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

Friday, July 23, 2010

ကျော်လှိုင်ဦး ဘာသာပြန် ဦးလေးတွမ် (အခန်း ၃၉)

အခန်း (၃၉)  အကွက်ကောင်း

    လက်ဂရီး၏ အိမ်အပေါ်ထပ်၌ ထပ်ခိုးကလေး တခု ရှိသည်။ ထိုထပ်ခိုးကလေးသည် ဖုံမှုံ အမှိုက် သရိုက်များ၊ ပင့်ကူမှေးများ၊ ပင့်ကူအိမ်များဖြင့် ရှုပ်ထွေး နေ၏။ အိမ်ထောင် ပရိဘောဂ အဟောင်းအမြင်းတို့ကို သိုလှောင်ထားသော နေရာ ဖြစ်သည်။ လူသူစွန့်ပစ်ထားသော အခန်း ဖြစ်သော ကြောင့်လည်း အခန်း၏ အနေအထားသည် ချောက်လှန့်သော အသွင်ကို ဆောင်၏။ တစ္ဆေပုံပြင် များ၌ ဖော်ပြလေ့ရှိသော အခန်းတခု၏ အသွင်မျိုးကိုလည်း ဆောင်လေသည်။

    ထို့ကြောင့်ပင် ဤအခန်းကလေးသည် တစ္ဆေသရဲ ယုံကြည်သူများအဖို့ အလိုလိုနေရင်း စိတ်ချောက်ချားဖွယ် ဖြစ်စေသည်။ ထိုအခြေအနေမျိုးမှာပင် ဤအခန်းကလေး၏ အကြောင်းသည် ပြောစရာ ထပ်ဆင့်ဖြစ်ပေါ်လာခဲ့လေသည်။

    လက်ဂရီးသည် တကြိမ်၌ နီးဂရိုးမတယောက်ကို ထိုအခန်းကျဉ်းကလေး၌ ရက်ပေါင်းများ စွာ သိုလှောင် အကျဉ်းချထားခဲ့၏။ ထိုစဉ်က ထိုမိန်းမသည် ထိုအခန်းကလေး၌ မည်သို့သော အဖြစ်မျိုးနှင့် ရင်ဆိုင် ရသည် ကို မည်သူမျှ တပ်အပ်သေချာစွာ မပြောနိုင်စေကာမူ များမကြာမီ အတွင်းမှာပင် ထိုမိန်းမ၏ အလောင်း ကို ထိုအခန်း ကလေးမှ ထုတ်ယူလာပြီး မြေမြှုပ်သင်္ဂြိုဟ် လိုက်ကြသည့် အဖြစ်ကိုကား တဦးစနှင့် နှစ်ဦးစ တွေ့မြင်လိုက်ရသည်မှ အစပြုကာ ထိုအခန်း ကလေး၏ ချောက်ချားဖွယ်အဖြစ်သည် လက်ဂရီး၏ ကျွန်များ ကြားတွင် ပြောစရာစကား ဖြစ်လာခဲ့ရ လေသည်။

    လက်ဂရီးသည် ပင်ကိုယ်အားဖြင့် အယူသည်းသူ ဖြစ်၏။ ဘာသာတရား၌ ရိုသေကိုင်းရှိုင်း ခြင်း မရှိ သလောက် သရဲတစ္ဆေကို ယုံကြည်သူ ဖြစ်သည်။ သူသည် သူ့အိမ်ထပ်ခိုးကလေးနှင့် ပတ်သက်၍ မူလကပင် စိတ် မသိုးမသန့် ရှိခဲ့သည်။ ထို့ကြောင့် ဤအခန်းကလေးတွင်းသို့ မဆို ထားနှင့်၊ အခန်းကလေး၏ အနီးအပါး သို့ပင် သူ သွားလေ့ သွားထ မရှိပေ။

    အခန်းကလေးနှင့် ပတ်သက်သော သတင်းစကားသည် နီးဂရိုးများအတွင်း၌ ပျံ့နှံ့လာ၏။ ထိုအခန်း ကလေး ဆီမှ ညည်းညူသံများ၊ ဆဲဆိုသံများ၊ ကျိန်စာတိုက်သံများ၊ ပြင်းထန်သော ထိုးနှက်သံများသည် မပြတ် မပြတ် ရောထွေးထွက်ပေါ်လာတတ်သည်ဟူသော သတင်းစကား ဖြစ်သည်။

    ထိုစကားသည် မကြာမီမှာပင် လက်ဂရီးနားသို့ ရောက်လာ၏။ လက်ဂရီးသည် နဂိုကပင် ထိုအခန်းနှင့် ပတ်သက် ၍ အလိုလို သွေးလန့်နေပြီဖြစ်ရာ ထိုစကားကို ကြားရသောအခါ ပို၍ စိတ် နှလုံး တုန်လှုပ် ချောက်ချား ရလေသည်။ ထို့ကြောင့် ဤအကြောင်းကို မည်သူ့အားမျှ မပြောရန်နှင့် အကယ်၍ တယောက် ယောက် သည် ထိုထပ်ခိုးကလေး၏ ချောက်လှန့်တတ်သော အကြောင်းကို ပြောပါက အခန်းတွင်း၌ အကျဉ်းချ ပိတ်လှောင်ထားမည်ဖြစ်ကြောင်း အမိန့်ထုတ်ခဲ့ရလေတော့ သည်။

    လက်ဂရီးအိမ် အထပ်ခိုးကလေးကား ဤမျှ ထင်ရှားကျော်ကြားပြီး ဖြစ်သည်။
    သို့ဖြင့် ထိုထပ်ခိုးကလေး၏ အကြောင်းကိုလည်း မည်သူမျှ မပြော၊ ထိုထပ်ခိုးကလေးဆီသို့ တက်ရာ လှေကား ရှိသည့် လမ်းကြားကလေးကိုလည်း မည်သူမျှ မသွားမလာကြတော့ပဲ အခန်း ကလေးနှင့် ဤအိမ်ကြီး အဆက်ဖြတ်ထားခဲ့သည်မှာ ကြာပြီ ဖြစ်၏။

    ကက်ဆီသည် သူ၏လွတ်မြောက်ရေးကို ကြံစည်ရာ၌ လက်ဂရီး၏ ကြောက်တတ်သော စိတ်ထားနှင့် အခန်းကလေး ၏ အခြေအနေကို အသုံးချရန် စိတ်ကူးခဲ့ရလေသည်။
    ကက်ဆီ၏ အခန်းသည် ထိုထပ်ခိုး၏ အောက်တည့်တည့်၌ ရှိ၏။ တနေ့တွင် ကက်ဆီ သည် လကဂရီးအား အသိမပေး ပဲ သူ၏ အိပ်ခန်းကို အခြားတခန်းသို့ ရုတ်တရက် ပြောင်းရွှေ့လိုက် လေသည်။ ထိုသို့ ပြောင်းရွှေ့ သည်ကို လက်ဂရီးတွေ့ရလျှင်ပင် စိုးရိမ်အံ့သြဖြစ်သွားကာ
    "ဟေ့၊ ကက်ဆီရ။ ဒါက ဘာလုပ်တာလဲကွ" ဟု မေးလိုက်မိသည်။

    "ဘာမှ မဟုတ်ပါဘူး။ ကျမ တခြားအခန်းတခုမှာ ပြောင်းနေမလားလို့ပါ"
    "ဘာဖြစ်လို့လဲ"
    "ဘာမှ မဟုတ်ပါဘူး။ ကျမ ပြောင်းချင်လို့ပါ"
    "ဟာ၊ ဒီမိန်းမ ဘာလုပ်တာလဲ"
    "ကျမ ကောင်းကောင်း အိပ်ရအောင်လို့ပါ"
    "ခါတိုင်းတော့ ကော မင်း ကောင်းကောင်း မအိပ်ရလို့ ဘာဖြစ်နေလို့လဲ"
    "ဒါတော့ ရှင် နားထောင်ချင် ကျမ ပြောရသေးတာပေါ့" ကက်ဆီက ခပ်ပေါ့ပေါ့ ဖြေသည်။

    "ဘာဖြစ်လဲ၊ ဘာဖြစ်လဲ။ ပြောစမ်း"
    "အို၊ ဘာမှ မဟုတ်ပါဘူး။ ဒါ သိလို့လဲ ရှင် ဘာမှ ဖြစ်မှာ မဟုတ်ပါဘူး။ ညည်းသံတွေ၊ တရှပ်ရှပ် သွားသံတွေ၊ တခါတခါ လိမ့်လိမ့်သွားတဲ့ အသံတွေပါ။ ထပ်ခိုးပေါ်ကနေ သန်ကောင် လောက်ဆို ကြားကြား လာရတယ်။ မနက်အထိဘဲ။ အိပ်လို့ကို မရဘူး"
    "ဘာ ထပ်ခိုးပေါ်က။ ဟုတ်လား။ ဘယ်သူလဲ" လက်ဂရီးသည် မအီမသာ ဖြစ်သွား၏။ သို့သော် ဟန်လုပ် ပြုံးရယ် လိုက်သေး၏။

    ကက်ဆီသည် မျက်လွှာကိုပင့်ပြီး လက်ဂရီးကို စိုက်ကြည့်လျက်
    "ဘာတွေတုံးဆိုတာ ရှင် ပြောပြပါလား။ တကယ်တော့ ရှင်လဲ သိမှာ မဟုတ်ပါဘူး" ပြော ပြန်သည်။
    လက်ဂရီး သည် ကက်ဆီကို ကြာပွတ်နှင့် လှမ်းရိုက်လိုက်သည်။ ကက်ဆီသည် သူ့အခန်း ထဲသို့ ၀င်သွားပြီး မှ လည်ပြန်လှည့်၍
    "ရှင် အိပ်ကြည့်ပါလား။ ဒါဆို ရှင်သိမှာပေါ့။ စမ်းကြည့်ပါလား" ပြောပြီး တံခါးကို ပိတ်လိုက် သည်။

    လက်ဂရီးသည် ကြောက်လာသည်။ အားတင်းသေး၏။ အခန်းတွင်းသို့ ခေါက်တုံ့ခေါက်ပြန် လျှောက်နေလင့် ကစား စိတ်ဂဏှာကား မငြိမ်ဆိမ်။
    ကက်ဆီသည် သူဆင်သော အကွက်တွင်းသို့ လက်ဂရီး ၀င်လာပြီဟု ရိပ်မိသည်။ ထို့ကြောင့် သူ့လုပ်ငန်း ကို ဆက်လက်လုပ်ကိုင်ရန် စီစဉ်ရလေတော့သည်။
    ထိုထပ်ခိုးတနေရာ၌ အပေါက်ကလေးတခု ရှိသည်။ ကက်ဆီသည် ထိုအပေါက်တွင် ပလင်းလည်ပင်းတခု တပ်လိုက်သည်။ ဤနည်းဖြင့် လေသည် အထပ်ခိုးတွင်းသို့ ဤအပေါက် ကလေးမှ ၀င်နိုင်ထွက်နိုင်သည်။ ထို အခါတိုင်း ပလင်းလည်ပင်းတွင်းမှ ဖြတ်၍ လေတိုးဝင်သံကို ကြားရ၏။

    များမကြာမီပင် ထိုထပ်ခိုးဆီမှ အသံဗလံများ ကြားရသည်ဟူသော သတင်းစကားသည် မူလ ပေါ်ပေါက်ခဲ့သော တစ္ဆေဇာတ်လမ်းနျင့် ဆက်စပ်ကာ အသစ် ပေါ်ပေါက်ခဲ့ရပြန်လေသည်။ သို့သော် မည်သူ မျှ ဤအကြောင်းကို လက်ဂရီးကြားအောင် မပြောရဲကြပေ။ အားလုံး၏ အမူအရာဟန်ပန်များသည် ထိုအခန်းနှင့် ပတ်သက်၍ ထိတ်လန့်တုန်လှုပ်သောအသွင်ကို ဆောင် နေ၏။ သည့်အတွက် လက်ဂရီးအဖို့ ပို၍ပင် ကြောက်ရွံ့လာသည်။

    ကက်ဆီသည် လက်ဂရီးပိုက်ဆံပေး၍ ၀ယ်လာသော ကျွန်မတယောက် ဖြစ်၏။ ကျွန်မ တယောက် အနေနှင့် သခင်၏အမိန့်သြဇာကို နာခံရန် ဖြစ်သော်လည်း ကက်ဆီသည် မိန်းမ တယောက်အနေဖြင့် လက်ဂရီး အပေါ် ကောင်းစွာလွှမ်းမိုးနိုင်ပြီ ဖြစ်၏။

    ထိုအခြေအနေမျိုးကို မည်သို့ အသုံးချရမည်ကိုလည်း ကက်ဆီသည် ကောင်းစွာ သဘောပေါက်ပြီး ဖြစ်၏။
    ဖော်ပြပါ အဖြစ်အပျက်များ ပေါ်ပေါက်ခဲ့ပြီးနောက် တညနှစ်ညအကြာ တခုသောညတွင် ဖြစ်သည်။ လက်ဂရီး သည် အနားယူခန်းတွင်းရှိ မီးဖိုဘေး၌ ထိုင်နေ၏။ သူ့မျက်လုံးအစုံသည် အခန်းတွင်းပတ်လည်ကို မကြာ မကြာ လှည့်ကြည့်နေ၏။

    အပြင်ဖက်၌ လေပြင်းတိုက်နေ၏။ တအိမ်လုံးသည် လေပြင်း၌ ဂျိုးဂျိုးဂျွတ်ဂျွတ် မြည်နေ ၏။ ပြတင်းတံခါးများဆီမှ တဒေါက်ဒေါက်အသံများ၊ တရုတ်ကတ်များဆီမှ တဖြတ်ဖြတ်အသံများ၊ လေတိုက်သံများ။ တခါတရံ အပြင်ဖက်ကလေသည် မီးဖိုခေါင်တိုင်မှ ၀င်လာသောအခါ ပြာများ သည် မီးဖိုမှ ပြန်ထလာတတ်သေးသည်။

    လက်ဂရီးသည် သတင်းစာတစောင်ကို ဖတ်နေ၏။ ကက်ဆီသည် မလှမ်းမကမ်း၌ နေ၍ မီးဖိုကို စူးစိုက် ကြည့်နေ၏။ အတန်ကြာသောအခါ လက်ဂရီးသည် သတင်းစာကို လွှတ်ချလိုက် သည်။ ထိုအခါ စပွဲပေါ်တွင် မှောက်လျက် တင်ထားသော စာအုပ်ကို သတိပြုမိပြန်၏။ ထိုစာအုပ် ကား ခပ်စောစောပိုင်းက ကက်ဆီ ဖတ်ပြီး ချထားသော လူသတ်ဇာတ်လမ်း၊ တစ္ဆေပုံပြင်များ ပါဝင် သည့် လျှို့ဝှက်သဲဖိုဝတ္ထုတိုများ စာအုပ် ဖြစ်သည်။

    စာအုပ်ကို မြင်လျှင် စက်ဆုပ်ရွံရှာ မနှစ်သက်သည့် ဟန်ဖြင့် ဖွီဖွမ် လုပ်လိုက်သေးသည်။ သို့သော် သူသည် စာအုပ်ကိုဆွဲပြီး ဟိုလှန်သည်လှန် လုပ်နေပြန်သည်။ ထိုသို့လုပ်ရင်းပင် စာအုပ်ပါ အကြောင်းများကို ဖတ်ကြည့်မိပြန်၏။ ထို့နောက် လက်ဂရီးသည် ပါးစပ်က မြည်တွန်တောက်တီး ရင်း စာအုပ်ကို လွှတ်ချ လိုက်သည်။
    "မင်း တစ္ဆေတွေဘာတွေ မယုံဘူး မဟုတ်လား ကက်ဆီ" လက်ဂရီးသည် မီးညှပ်ကိုယူပြီး မီးဖိုကိုဆွရင်း စကားကိုဆက်ပြန်သည်။ "ဒါနဲ့တောင် အလကား၊ မင်း အသံဗလံတွေ ကြားကြားပြီး ကြောက်နေရတယ်လို့"
    "အို၊ ကျမဘာသာ ယုံယုံမယုံယုံ ဘာဆိုင်တာမှတ်လို့" ခါးခါးတောက်တောက် ပြန်ဖြေ သည်။

    "ကိုယ်ငယ်ငယ် ပင်လယ်ထဲလိုက်ကထဲက အဲဒီလို အဓိပ္ပာယ်မရှိတဲ့ ပုံပြင်တွေ ကြားရဘူး လှပါပြီ။ ဒါပေမယ့် ဒါတွေကို ကိုယ်တခုမှ မယုံဘူး။ အလကား အဓိပ္ပာယ်မရှိတဲ့ဟာတွေဘဲ။ ဒါမျိုး တွေကြောင့်များဖြင် ကိုယ်နဲနဲကလေးမှ မကြောက်ဘူး"
    ကက်ဆီသည် လက်ဂရီးကို စူးစိုက်ကြည့်နေ၏။ လက်ဂရီးသည် ကက်ဆီနှင့် မျက်နှာချင် ဆိုင်မိတိုင်း ကသိကအောက် ဖြစ်နေ၏။
    "အဲဒီအသံဗလံတွေဟာ လေတိုက်တာတို့၊ ကြွက်တွေပြေးတာတို့ ရှိမှာပါ။ ဒီကြွက်တွေဟာ ဒီလိုဘဲ၊ အလွန်မတန် ဂျိုးဂျိုးဂျွတ်ဂျွတ် မြည်တဲ့အကောင်တွေ"
    လက်ဂရီး အဘယ်မျှ နေမထိထိုင်မသာ ဖြစ်နေသည်ကို ကက်ဆီသည် ကောင်းကောင်း ၇ိပ်မိသည်။ ထို့ကြောင့် ဘာစကားမျှ နှုတ်တုံ့မပြန်ပဲ စူးစိုက်လျက်သာ ကြည့်နေ၏။

    "ဟေ့ မိန်းမ၊ ပြောလေ။ ဒါဘဲ မဟုတ်လား။ ကြွက်တွေဘာတွေ ဟိုပြေး ဒီပြေး လုပ်တာဘဲ မဟုတ်လား"
    "အော်၊ ကြွက်တွေကလား ရှင်။ ရှင် သော့ခတ်ထားတာကို လှပ်ပြီး ၀င်နိုင်မှာ"
    "ဘာကွ၊ ဘာပြောတယ်။ တံခါးကို လှပ်ဝင်တယ်၊ ဟုတ်လား"
    "အို၊ ဒီလိုတော့လဲ မဟုတ်ဖူး ထင်တာဘဲ"
    "ပြောစမ်း၊ ပြောစမ်း။ မင်း မင်း မင်း၊ ဘာတွေလဲ"
    "ဒါတော့ ရှင် သိချင်ရင် အရင် ကျမအိပ်တဲ့ အခန်းမှာ ရှင် အိပ်ကြည့်ပေါ့ရှင့်"

    "ဘာလဲ၊ အဲဒါထပ်ခိုးပေါ်က ဆင်းလာသလား ကက်ဆီ"
    "ဘာ အဲဒါလဲ"
    "မင်း ပြောဒါလေ"
    "အို၊ ရှင့်ကို ကျုပ် ဘာမှ မပြောရပါကလား"
    လက်ဂရီးသည် အခန်းတွင်း၌ ခေါက်တုံ့ခေါက်ပြန် လျှောက်နေ၏။

    "အေး၊ မင်း ပြောတာ ငါ တက်ကို ကြည့်အုန်းမယ်။ ဒီည တွင်းချင်း တက်ကြည့်မယ်။ ခြောက်လုံးပူးကိုလဲ ယူသွားမယ်" လက်ဂရီးသည် ခြေဖြင့် ကြမ်းပြင်ကို ဆောင့်ပြီး ကျိန်ဆဲလိုက်ပြန် သည်။
    "အို၊ ရှင် ဘာလို့ ကျိန်ဆဲနေတာလဲ။ ရှင် ကျိန်ဆဲတာကို ဘယ်သူကြားမှာ မှတ်လို့။ ဟော၊ ဘာပါလိမ့်"
    "ဘာလဲ" လက်ဂရီးသည် လှုပ်လှုပ်ချောက်ချောက် ဖြစ်သွားသည်။
    အခန်းဒေါင့်ရှိ နာရီကြီးဆီမှ နာရီဆယ့်နှစ်ချက် ခေါက်သံတည်း။
    လက်ဂရီးသည် ကြောင်ကြောင် အအကြီး ဖြစ်နေပြန်လေသည်။

    "ဆယ့်နှစ်နာရီထိုးပြီ။ အဲ ဒါဆို ကျမတို့ တွေ့ရမှာဘဲ" ကက်ဆီသည် ထပ်ခိုးလှေကားဆီသို့ သွားရာ လမ်းကြားတံခါးကို လှပ်ပြီး အသံပလံကို နားစွင့်ဟန်ဖြင့် တံခါးဝတွင် ရပ်လျက် "ဟော။ ဘာတုန်းလဲ အပေါ်ထပ်သို့ လက်ညှိုးထိုး၍ ပြောသည်။
    "လေတိုက်တာပါကွ။ အပြင်မှာ လေတွေ တိုက်နေတာ မင်း မကြားဘူးလား"
    "လာ၊ လာ၊ ဆိုင်မွန်" ကက်ဆီသည် လက်ဂရီးအား တီးတိုးပြောပြီး လှေကားခြေသို့ ဦးဆောင်ခေါ်ခဲ့သည်။ "ဟော၊ ဘာလဲဆိုတာ ရှင် မသိဘူးလား"
    စူးစူးရှရှ အသံတသံသည် ထပ်ခိုးဆီမှ ပေါ်ထွက်လာ၏။ လက်ဂရီး ဒူးတုန်နေလေပြီ။ မျက်နှာ၌လည်း သွေးမရှိတော့ပေ။
    "ရှင့် သေနတ် သွားယူရင် ကောင်းမယ် ထင်တယ်" ခပ်လှောင်လှောင် ပြောလိုက်သည်။ "အဲဒါ အထဲ ရောက်နေပုံရတယ်။ ရှင် တက်ကြည့်ပါလား"
    "မကြည့်ချင်ပါဘူးကွာ"

    "အဲ၊ ဘာလို့မကြည့်ရမှာလဲ။ တစ္ဆေမှ မဟုတ်တာဘဲ။ လာပါ။ လာစမ်းပါ" ကက်ဆီသည် လှေကားအတိုင်း ရယ်မောလျက် တက်သွား၏။ နောက်ဖက်သို့ လည်ပြန်လှည့်ပြီး လက်ဂရီးအား လှမ်းခေါ်သေးသည်။
    "ဟေ့၊ ဟေ့၊ ပြန်ဆင်းခဲ့လေ"
    ကက်ဆီသည် အားရပါးရ ရယ်လိုက်သည်။ လက်ဂရီးသည် ထပ်ခိုးဆီမှ တံခါးလှပ်သံကို ကြားရသည်။ လေသည် ဟုတ်ကနဲ တိုက်လာ၏။ လက်ဂရီး လက်က ဖယောင်းတိုင်သည် ငြိမ်းသွား သည်။ ကြောက်ကြောက်လန့်လန့် စူးစူးဝါးဝါး အော်ဟစ်သံကို ကြားလိုက်ရသလို ရှိသည်။

    လက်ဂရီးသည် ဧည့်ခန်းတွင်းသို့ ပြေးဝင်လာခဲ့လေတော့သည်။ ခဏအကြာတွင် ကက်ဆီ ရောက်လာ သည်။ ကက်ဆီမျက်နှာပြင်သည် ဖြူဖတ်ဖြူရော် ဖြစ်နေ၏။ ထိတ်လန့် ကြောက်ရွံ့နေ ဟန် ရှိသည်။
    "ဘယ်နဲ့လဲ၊ ရှင် ကျေနပ်ပလား"
    "တော်စမ်း၊ ကက်ဆီ"
    "အော၊ ဘာဖြစ်ရပြန်တာလဲ။ ကျမ အပေါ်တက်ပြီး တံခါးပိတ်တာဘဲဟာ။ ဘာလဲ၊ ရှင်က ထပ်ခိုးပေါ်မှ တခုခု တွေ့လာတယ် ထင်သလား"
    "ဒါ၊ မင်းအလုပ်မဟုတ်ဘူး"
    "ဟုတ်ပါတယ်လေ။ ဘာဖြစ်ဖြစ် ကျမ အခန်းပြောင်းအိမ်တာ ကံကောင်းတာဘဲ"

    ဤသို့ဖြင့် ကက်ဆီသည် လက်ဂရီး၏ အကဲကို စမ်းပြီး နောက်မကြာမီမှာပင် သူ့လုပ်ငန်း ကို စတင်ဆောင်ရွက်လေတော့သည်။ ပထမတွင် သူသည် ထပ်ခိုးအခန်းတွင်းသို့ သူနှင့် အမ်မလင် အတွက် အစား အစာများ၊ အ၀တ်အထည်များကို တိတ်တဆိတ် ပို့ထားလိုက်သည်။ ဤနည်းဖြင့် သူတို့သည် ထပ်ခိုးတွင် ရက်အတန်ကြာပုန်းအောင် နေနိုင်ကြမည် ဖြစ်၏။
    ထို့နောက် တနေ့တွင် ကက်ဆီသည် လက်ဂရီးနှင့်အတူ မြစ်နီပေါ်ရှိ မလှမ်းမကမ်းက မြို့ကလေးတမြို့သို့ အလည်လိုက်သွားရင်း သွားလမ်း လာလမ်းတို့ကို မှတ်သားလာခဲ့သည်။ ဤသို့ ဖြင့် ကြိုတင်စီစဉ်သဖွယ် ကိစ္စများ ပြီးသည်နှင့် သူတို့၏ လွတ်မြောက်ရေး ရုန်းကန်မှုကို အစပြုရန် ဆုံးဖြတ်လိုက်လေသည်။

    ထိုနေ့က ညနေစောင်း အချိန်တွင် ဖြစ်သည်။ လက်ဂရီးမှာ အနီးအပါး ခြံတခုသို့ သွားရ သဖြင့် အိမ်၌ မရှိပေ။
    အခန်းတွင်း၌ အမ်မလင်သည် အထုပ်အပိုးများကို ထုပ်ပိုး ပြင်ဆင်နေ၏။
    "ကဲ၊ သွားကြစို့" ကက်ဆီသည် အမ်မလင့်ထံသို့ ရောက်လာပြီး ပြောသည်။
    "ဖြစ်ပါ့မလား။ ခုနေသွားရင် သူတို့ မြင်ကုန်မှာပေါ့"

    "မြင်ပစေပေါ့။ တမင် မြင်အောင်လုပ်တာဘဲ။ ခု ဒို့ နောက်ဖေး တံခါးက ထွက်မယ်။ အစေခံတွေ တန်းလျားဖက် ကနေ သွားမယ်။ ဒါဆို ဟို ဆမ်ဗိုနဲ့ ကွင်ဗို ဒို့ကို မြင်ရောပေါ့။ မြင်တာနဲ့ တပြိုင်နက် ဒင်းတို့ ဒို့နောက်ကို လိုက်မှာဘဲ။ ဒို့က နွံထဲဆင်းပြေးမယ်။ အဲဒီအချိန်မှာ သူတို့တတွေ ခွေးတွေကို ပြန်ခေါ်လိမ့်မယ်။ အဲဒီတုန်း ဒို့ရေထဲကနေပြီး အိမ်ဖက်ကို ပြန်ပြေးလာမယ်။ ရေထဲဆို ခွေးတွေလဲ အနံ့မခံနိုင်တော့ဘူး မဟုတ်လား။ အဲဒီအချိန်မှာ ဘယ်နည်းနဲ့မဆို အိမ်ကလူတွေ အားလုံး ဒို့ကို လိုက်ဖမ်းဘို့ အပြင် ရောက် နေမှာဘဲ။ ဒို့ အိမ်နောက်ဖေးကနေ ၀င်ပြီး ထပ်ခိုးပေါ်ကို ပြေးတက်ရမယ်။ ဒို့အဲဒီ အခန်းထဲမှာ တော်တော်ကြာ နေကြမယ်။ ဒီရက်တွေမှာ သူ ဒို့ကို လိုက်ရှာ လိမ့်မပေါ့။ ညီမ ဘာမှ မပူနဲ့။ ထပ်ခိုးပေါ်မှာ မမ အားလုံး စီစဉ်ထားပြီးပြီ"

    "မမက အကျအန စီစဉ်ထားတာကိုး"
    "ကဲ လာ၊ သွားကြမယ်"
    သူတို့သည် နောက်ဖေးဖက်မှ တိတ်တဆိတ် ထွက်လာခဲ့ကြလေသည်။ ကောင်းကင်၌ ဆန်းစ သော်တာ သည် အလင်းရောင် ထွက်စ ပြုနေပေပြီ။ သူတို့သည် စိုက်ခင်းပတ်လည်က နွံစပ် သို့ ရောက်လာကြသည်။ ထိုအခိုက်မှာပင် အသံတသံကို  ကြားလိုက်ရ၏။ အသံရှင်ကား သူတို့ မျှော်လင့်ထားသော ဆမ်ဗို၊ ကွင်ဗိုတို့ မဟုတ်ပေ။ လက်ဂရီး ကိုယ်တိုင် ဖြစ်သည်။ အမ်မလင်သည် ကက်ဆီ့လက်ကို လှမ်းပြီး ဆုပ်ကိုင်လိုက်သည်။

    သူတို့သည် လက်ဂရီး အရပ်ခိုင်းသည်ကို မရပ်စဲ ဆက်ပြေးကြသည်။ လက်ဂရီးသည် အိမ်ဖက်သို့ လှည့်၍
    "ဟေ့၊ ဆမ်ဗိုတို့ ကွင်ဗိုတို့ အားလုံးဘဲဟေ့။ လာကြ၊ လာကြ။ ဟိုနှစ်ကောင် နွံထဲ ဆင်းပြေး သွားပြီ။ လာကြဟေ့။ မိအောင်ဖမ်းပေးတဲ့ကောင်ကို ငွေငါးဒေါ်လာစီပေးမယ်။ ခွေးတွေကို လွှတ် လိုက်ဟေ့။ တိုက်ဂါး တို့ ဖျူရီတို့ကို လွှတ်လိုက်" လှမ်းအော်သည်။

    ထိုအချိန်မှာ အစေခံများ အလုပ်ခွင်မှ ပြန်လာစအချိန် ဖြစ်သည်။ အလုပ်ခွင်မှ ပြန်လာကြ သူများသည် သူတို့သခင်ရှိရာသို့ ပြေးလာကြ၏။ အချို့သည် လပ်ကိုမျှော်၍ လာခဲ့ခြင်း ဖြစ်၏။ အချို့ကား အမိန့်ကို မလွန်ဆန်ဝံ့သဖြင့် လာခဲ့ကြခြင်း ဖြစ်သည်။ သူတို့သည် လူစုခွ၍ လိုက်ကြ၏။ ခွေးသံများလည်း ဆူညံ လာသည်။
    "ဖမ်းမမိရင် တနပ်နဲ့ ပစ်ရမလား သခင်" သူ့ သခင်ပေးထားသည့် သေနတ်ကို လက်၌ ကိုင်ထားသော ဆမ်ဗို က မေးသည်။

    "အေး ကက်ဆီကို မင်း ပစ်ချင်ရင် ပစ်၊ ဒီကောင်မ စခန်းသိမ်းဘို့ ကောင်းပြီ။ ဒါပေမယ့် ကောင်မလေး ကိုတော့ မပစ်နဲ့။ ကဲဟေ့ အားလုံးဘဲ မိရင် ငါးဒေါ်လာ။ လိုက်ဖမ်းတဲ့ လူတိုင်းကို အရက်တခွက်စီတိုက်မယ်" လက်ဂရီး သည် ဆမ်ဗို့ကို ပြောပြီး အားလုံးဖက်သို့ လှည့်၍ ပြောသည်။
    တဖွဲ့လုံး မီးတိုင်များကို ကိုင်လျက် အော်ဟစ် ငြာသံပေး၍ ရွှံနွံတွင်းသို့ ဆင်းလိုက်ကြ၏။ ထိုအခိုက်မှာပင် ကက်ဆီ နှင့် အမ်မလင်တို့သည် အိမ်ဖက်သို့ ပြန်လှည့်လာကြ၏။
    "မြန်မြန်လုပ်ပါ မမရဲ့။ သူတို့ လိုက်လာကြလိမ့်မယ်"

    "သိပ်မလောနဲ့ အမ်မလင်။ နေစမ်းပါစေကွယ်။ သူတို့ ဒို့ကို ရွှံ့ထဲမှာ လိုက်ရှာ နေလိမ့် မပေါ့။ ဒီတုန်း ဒို့အပေါ်တက်တာပေါ့"
    သူတို့သည် နောက်ဖေးဖက်မှနေ၍ အိမ်တွင်းသို့ ၀င်ခဲ့ကြသည်။ ကက်ဆီသည် အခန်း တွင်း၌ တွေ့ရသော လက်ဂရီး၏ အင်္ကျီမှ သော့ကို နှိုက်ယူလိုက်ပြီး လက်ဂရီး၏ ပိုက်ဆံထားရာ စားပွဲသို့ လာခဲ့သည်။ စပွဲစောင်း ကို လှပ်ပြီး ငွေစက္ကူအချို့ကို ယူ၍ အလျင်အမြန် ရေတွက်လိုက် သည်။
    "မလုပ်ပါနဲ့ မမရယ်" အမ်မလင်က ပြောသည်။

    "မလုပ်ရဘူး ဟုတ်လား။ ဘာလို့ မယူရမှာလဲကွယ့်။ ဒို့ရှေ့ဆက်သွားရအုံးမယ် မဟုတ် လား။ ပိုက်ဆံ ရှိဘို့က အရေးကြီးတယ်။ ပိုက်ဆံရှိရင် ဘာလုပ်လုပ် ဖြစ်တာဘဲ မဟုတ်လား" ကက်ဆီသည် ပိုက်ဆံများကို သူ့ အင်္ကျီအတွင်းသို့ ထည့်လိုက်သည်။
    "ဒါဆို သူများ ဥစ္စာ ခိုးရာကျမှာပေါ့ မမရဲ့" စိတ်ပျက်လက်ပျက် လေသံဖြင့် ခပ်တိုးတိုး ပြောပြန်သည်။

    "ခိုးတာ ဟုတ်လား" လှောင်ရယ် ရယ်လိုက်သေးသည်။ "သူတို့ကဒို့တကိုယ်လုံး လူရော စိတ်ရော ခိုးယူတာကျတော့ မပြောကြဘူးလား။ ဟောဒီ ပိုက်ဆံတွေကိုဘဲ ဒင်း ခိုးယူ လုယူထား တာတွေ မဟုတ်လား။ ငတ်နေတဲ့လူတွေ၊ ဆင်းရဲနေတဲ့လူတွေ၊ အလုပ်ကြမ်းလုပ်ကြရတဲ့ လူတွေ ဆီက ဒင်း လုယူထားတာဘဲ မဟုတ်လား။ ကဲလာ။ မမတို့ ထပ်ခိုးအပေါ်တက်ကြရအောင်။ အပေါ် မှာ ဖယောင်းတိုင်တွေ ယူထားတာလဲ ရှိတယ်။ ဖတ်စရာ စာအုပ်တွေလဲ မမ ယူထားတယ်။ သူတို့ ဘယ်နည်းနဲ့မှ အပေါ်ကို တက်ရှာမှာ မဟုတ်ဘူး။ အပေါ်တက် လာရင်တော့လဲ မမ တစ္ဆေလုပ်ပြီး အချောက်ပဲ"
    သို့ဖြင့် သူတို့သည် ထပ်ခိုးဆီသို့ တက်ခဲ့ကြလေသည်။

    "သူတို့ အပေါ်တက် မရှာဘူးဆိုတာ သေချာပါ့မလား မမရဲ့"အပေါ်တွင် နေရာယူ ပြီးသောအခါ အမ်မလင်က စိုးရိမ်မကင်းစိတ်ဖြင့် မေးသည်။
    "ရှာစမ်းပါစေ။ လက်ဂရီးသာ တက်လာပြီး ရှာစမ်းပါစေ။ ဒါပေမယ့် ဒင်း မရှာပါဘူး"
    ထို့နောက် အခန်းသည် ငြိမ်သက်သွား၏။ ကက်ဆီသည် ပြင်သစ်စာအုပ်ကို ဖတ်နေ၏။ အမ်မလင်သည် အိပ်ရာအဖြစ် ပြင်ထားသောနေရာ၌ လှဲလျောင်းလိုက်သည်။ ပင်ပန်းမောဟိုက် နေသဖြင့် တမှေးမျှ ပျော်သွားသည်။ ခဏအကြာမှာပင် လူသံခွေးသံများကြောင့် အမ်မလင်သည် ထိတ်ထိတ်လန့်လန့် နိုးထ လာသည်။

    "သူတို့ ပြန်လာတာပါ။ ဘာမှ ကြောက်စရာမရှိဘူး။ ဟောဒီ အပေါက်က လာကြည့်။ သူတို့ အားလုံးကို ဒီက မြင်ရတယ်" ကက်ဆီသည် ခပ်အေးအေး ပြောနေသည်။
    "စကား သိပ်မပြောနဲ့လေ။ တော်ကြာနေ သူတို့ ကြားသွားမှဖြင့်"
    "ကြားစမ်ပါစေအေ။ အသံကြားရင် သူတို့ ဒီနေရာတောင် ပိုပြီး မကပ်ဖဲနေကြလိမ့်မယ် ကွယ့်။ ဒို့ အသံကြားရင် သူတို့ တစ္ဆေချောက်တယ်ထင်ရုံဘဲပေါ့။ ဘာမှ ကြောက်စရာမလိုပါဘူး ညီမရယ်။
    မကြာမီမှာပင် တိတ်ဆိတ်ငြိမ်သက်သော ညအမှောင်သည်အိမ်ကြီးကို လွှမ်းဖုံးလိုက်လေ သည်။

အခန်း (၄၀) ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

Thursday, July 22, 2010

ကျော်လှိုင်ဦး ဘာသာပြန် ဦးလေးတွမ် (အခန်း ၃၈)

အခန်း (၃၈) အောင်ပွဲ

    အာဇာနည်တယောက် အနေနှင့်တော့လည်း သေခြင်း၌ ဘာမျှ ထိတ်လန့်တုန်လှုပ်ခြင်း မဖြစ်။
    ဦးလေးတွမ်သည် နောက်ရက်များ၌လည်း သူ့သခင် လက်ဂရီး၏ ရက်စက်ကြမ်းကြုတ်မှု များကို ဆက်လက် ရင်ဆိုင်ခဲ့ရ၏။ ဤသို့သော ရက်စက်မှုများကို ရင်ဆိုင်ခဲ့ရတိုင်းပင် ဦးလေးတွမ် သည် သူ့အဖို့ နောက်ဆုံး ရက်များ နီးကပ်လာနေပြီဟု သဘောရ၏။ သို့စေကာမူ ဤသို့သော သူ့ နောက်ဆုံးရက်အတွက် သူသည် မည်သို့မျှ မတုန်လှုပ်။ ဤသည်ပင် သူ့အဖို့ ဖုရားသခင်ထံသို့ ခိုလှုံ ခွင့်ရရန် အချိန်နီးကပ်လာခြင်း ဖြစ်သည် ဟု သူယူဆထား၏။ ယခုအခြေ၌ သူသည် လက်ဂရီး၏ မည်သို့သော နှိပ်စက် ညှဉ်းပန်းခြင်း မျိုးကို မဆို ခံနိုင်စွမ်းရှိပြီဟုပင် ယူဆလာလေသည်။

    ဦးလေးတွမ့် အနာဒဏ်ရာများ မသက်သာမီကပင် လက်ဂရီးသည် ဦးလေးတွမ်အား ၀ါခင်း လုပ်ငန်းခွင်သို့ ပြန်လည် ၀င်ရောက် လုပ်ကိုင်ရန် တိုက်တွန်းခဲ့သည်။ ထိုအခါ၌လည်း ဦးလေးတွမ် သည် မည်သို့မျှ ငြင်းဆန်ခြင်း မပြုဘဲ အလုပ်ခွင်သို့ ၀င်ခဲ့လေသည်။ ထို့ကြောင့် သူ့အဖို့ အလုပ် ခွင်၌ အလွန်ပင်ပန်းခဲ့ရ၏။ အလုပ်ခွင် မှ ပြန်လာခဲ့သည့်တိုင်အောင် သူ မောဟိုက် နွမ်းနယ်ခဲ့သည် သာ များ၏။ သို့စေကာမူ သူသည် သမ္မာကျမ်းစာ ဖတ်ရမည့် တာဝန်ကိုကား မေ့လျော့သည် မရှိခဲ့ ပေ။

    ထိုရက်များ အတွင်းမှာပင် သူသည် မစ္စအော်ဖီလီယာ အနေဖြင့် မစ္စက်ရှယ်လဗီတို့ထံ ရေးလိုက်သော စာကို တွေးမိပြန်သည်။ ထိုစာရောက်လျှင် သူ့အတွက် ကယ်တင်မည့်သူ လိုက်လာ လိမ့်မည်ဟုလည်း သူမျှော်လင့် ခဲ့၏။ သို့တိုင်အောင် သူ့ကို ကယ်တင်မည့်သူ မည်သူမျှ ပေါ်မလာခဲ့ ပေ။ သည်တော့လည်း ဖုရားသခင် အား  တမ်းတရသည်ပင် အချည်းနှီး ဖြစ် လေရော့သလားဟု သူအတွေးပေါက်ပြန်သည်။

    တညနေအလုပ်ခွင်မှ ပြန်လာချိန် ဖြစ်သည်။ ဦးလေးတွမ်သည် ခါတိုင်းလိုပင် မီးဖိုဘေးမှာ ၀င်ထိုင်လျက် သမ္မာကျမ်းစာ ဖတ်ရန် ပြင်ဆင်နေ၏။ သူ့အိတ်ထဲက သမ္မာကျမ်းစာကို ထုတ်၏။ သူသည် ခဏမျှ တွေငိုင်ပြီး စာအုပ် ကို အိတ်အတွင်းသို့ ပြန်ထဲ့သည်။ ထိုအခိုက်မှာပင် သူသည် ရယ်သံကို ကြားလိုက်ရ၏။ ထို့ကြောင့် ခေါင်းကို မော့လိုက်သည်။ လက်ဂရီးသည် သူ့ရှေ့တွင် မတ်မတ်ရပ်နေ၏။
    "ဘယ်နဲ့လဲဟေ့။ မင်းသမ္မာကျမ်းစာကလဲ အားမကိုးလောက်တော့ဘူး ထင်ပါရဲ့"

    တွမ်သည် ဘာမျှ နှုတ်တုံ့မပြန်။
    "မင်းဟာ အတော်မိုက်တာဘဲ။ မင်းကို ငါဝယ်လာတုန်းက မင်းဟာ လူတော်တယောက် ဖြစ်လိမ့်မယ် ထင်ခဲ့တာ။ တကယ်ဆို မင်းဟာ ငါ့ဆီမှာ ရှိတဲ့ ဆမ်ဗိုတို့ ကွင်ဗို တို့ ထက်တောင် နေရာ ကောင်းကောင်း ရနိုင်မယ့် လူမျိုး။ သက်သက်သာသာနဲ့ နေနိုင်မယ့် လူမျိုးဖြစ်ရက်နဲ့ အလကား အဓိပ္ပာယ် မရှိတာတွေဘဲ လျှောက်လုပ်နေတယ်။ ကဲပါ၊ မင်းလက်ထဲက စာအုပ်ကို မီးဖိုထဲ ထည့်လိုက်စမ်းပါ။ မင်းဖုရားသခင်က ဘာမှ သုံး မဖြစ်ပါဘူးကွ။ ဖုရားသခင်ကို ကိုးကွယ်မယ့် အစား ငါ့ကို ကိုးကွယ်တာမှ မင်းအဖို့ အကျိုးရှိအုံးမယ်"

    "ဒါမျိုးလုပ်လို့ ဖုရားမကြိုက်ပါဘူးသခင်"
    "ဟာ မင့်းဖုရားက မင်းကို ဘာများ ကူညီနိုင်လို့လဲ။ ကဲ၊ ဖုရား ရှိပါပြီတဲ့၊ ထားပါ။ ဒါဆို မင်းကို ငါ့လက်ထဲ မရောက်အောင် သူဘာလို့ မလုပ်ဘဲနေသလဲ။ ဘာသာရေးဆိုတာ တကယ့် အရေးကျ ဘာမှ တတ်နိုင် တာမျိုး မဟုတ်ပါဘူးကွ။ ငါ ကောင်းကောင်း သိပါတယ်ကွ။ ဒီတော့ ငမ်း ငါ့ကို ဆည်းကပ်တာက အကောင်းဆုံးဘဲ။ ထိထိရောက်ရောက် လုပ်နိုင်တာက ငါဘဲ ရှိတာကွ"
    "မဟုတ်ဘူး သခင်။ ဖုရားသခင်က ကျုပ်ကို စောင်မသည်ဘဲဖြစ်စေ၊ မစောင်မသည်ဘဲ ဖြစ်စေ၊ သူ့ကို ဆည်းကပ် ရမယ်၊ ကိုးကွယ်ရမယ်။ နောက်ဆုံး အချိန်အထိ ကျုပ်ဖုရားသခင်ကို သက်ဝင် ယုံကြည် ရလိမ့်မယ် သခင်"

    "အတော် မိုက်တွင်းနက်တဲ့ အကောင်ဘဲ" လက်ဂရီးသည် တံတွေးထွေးလိုက်ပြီး တွမ့်ကို ခြေဖြင့် ကန်ကျောက် လိုက်ပြန်ကာ "ကိစ္စမရှိဘူးလေ။ မင်းကို ဦးကျိုးအောင် နှိမ်ပြရသေးတာပေါ့ ကွာ" ပြောပြော ဆိုဆို နေရာမှ ထွက်သွားလေ၏။

    လက်ဂရီး ထွက်သွားပြီးနောက်တွင် ဦးလေးတွမ်သည် မီးဖိုဘေး၌ ကျန်ရစ်သည်။ သူသည် မီးပုံကို စိုက်ကြည့် နေ၏။ အတွေးသည်၎င်း၊ မျှော်လင့်ချက်သည်၎င်း သူ့အဖို့ ဘာမျှ မရေရာတော့ ပေ။ စိတ်ပျက် အားငယ် လာသည်။ သူ့အာရုံ၌ ဘာမျှ မမြင်မထင်သလို ဖြစ်နေ၏။ အတန်ကြာ သောအခါ သူ့အမြင် အာရုံတွင် ဖုရားသခင်၏ ရုပ်သွင်သည် ထင်လာ၏။ သွေးသံရဲရဲဖြင့် အသတ်ခံ ရသော ဖုရားသခင်၏ အဖြစ် ကို သူ မြင်ယောင်လာသည်။ ဤသို့ သူ့အာရုံသည် ဖုရားသခင်၌ တည်ပြန်လေသည်။

    ဤနေရာ၌ တွမ်သည် မည်မျှကြာအောင် လှဲလျောင်းနေခဲ့သည်ကိုပင် သတိမထားမိ။ သူ ပြန်လည် သတိရ လာသောအချိန်တွင် မီးဖို၌ မီးငြိမ်းနေလေပြီ။ သူ့တကိုယ်လုံးမှာ နှင်းရည်ဖြင့် စိုရွဲ နေ၏။ စောစောက စိတ်ပျက် အားငယ်သော စိတ်ဓာတ်သည် သူ့တွင် မရှိတော့ပေ။ ယခုအခါ၌ သူသည် ဆာလောင် မွတ်သိပ်ခြင်းကို၎င်း၊ ခိုက်ခိုက်တုန်ချမ်းအေးခြင်းကို၎င်း၊ စိတ်ပျက်အားလျော့ ခြင်းကို၎င်း မေ့လျော့ကာ ၀မ်းမြောက် အားတက် လာခဲ့ပြန်ချေပြီ။ စင်စစ် တိုတောင်းလှသော လူ့ဘ၀ တာ၌ ဒုက္ခသည် ခဏတာ မျှသာတည်း။ ဒုက္ခအပေါင်းတို့၏ ချုပ်ငြိမ်းရာဖြစ်သော ကောင်းကင်ဘုံ သည် မဝေးသောအနာဂတ်တွင် ရှိသည် သာတည်း။ သို့ဖြင့် အားငယ်ထိတ်လန့် တုန်လှုပ်ခြင်းသည် ပျောက်လွင့်သွားရလေတော့သည်။

    နောက်တနေ့ သူ အလုပ်ခွင်သို့ ၀င်ခဲ့သောအခါ သူ့ဟန်ပန်အမူအရာ မျက်နှာသွင်ပြင် အလုံးစုံသည် ပြောင်းလဲ နေပေပြီ။ တက်ကြွခြင်၊ ရဲရင့်ခြင်း အသွင်လက္ခဏာများကို သူ့မျက်နှာပြင်၌ အားလုံး မြင်နိုင်ကြ၏။ အားလုံး ပင် ပြောင်းလဲနေသော ဦးလေးတွမ်၏ ဟန်ပန်အမူအရာကို သတိပြု မိကြလေသည်။ ယခုမူ သူသည် မည်သည့်ဒုက္ခ ဝေဒနာမျိုးကိုမျှ ခံစားရခြင်း မရှိသကဲ့သို့ ဖြစ်နေပေ ပြီ။
    "ဟေ့ ဆမ်ဗို။ တွမ်ဆိုတဲ့ အကောင်ကြီး ဘာများ ဖြစ်နေလဲ မသိဘူး။ မကြာခင်ကဆို ကောင်ကြီး ငါချ ထားလို့ အတော်ဘဲ စိတ်ပျက် လက်ပျက် ဖြစ်နေပုံဘဲ။ ခုတော့လဲ သူ့ပုံကို မာမာဘဲ ဆိုတဲ့ ပုံမျိုးကွ"

    "တူ ထွက်ပြေးမလို့ ကြံနေတာလားမှ မသိတာ" ဆမ်ဗိုက ထင်မြင်ချက်ပေးသည်။
    "စမ်းကြည့်စမ်းပါစေလေ။ ကြည့်ရတာပေါ့ကွာ။ ဟုတ်ဖူး လာဟေ့ ဆမ်ဗို"
    "ဒါပေါ့ဗျ။ ဟား၊ ဟား၊ ဟား" ဆမ်ဗိုသည် သူ့အတွေးနှင့် သူသဘောကျသွားကာ အားရ ပါးရ ရယ်မော လိုက်ပြီး "ကောင်ကြီး ရွံ့တွေနွံတွေထဲ ကျုပ်တို့ခွေးတွေက နောက်က လိုက်ကိုက်နဲ့ အတော် ရီစရာ ကောင်းမယ့် အဖြစ်ပဲ သခင်ရဲ့။ ဟိုကောင်မ မော်လီထွက်ပြေးလို့ ခွေးတွေနဲ့ လိုက်ကြ တုန်းကဆို ကျုပ်ဖြင့် ရီလိုက် ရတာ မပြောပါနဲ့"

    "အေး၊ ဒါဘဲ။ ကောင်ကြီး ပြေးရင်တော့ မင်းတို့ တာဝန်ဘဲ"
    "စိတ်တာချပါ သခင်။ ဒီအတွက် ကျုပ်တို့တာဝန်ထားလိုက်"

    ထို့နောက် လက်ဂရီးသည် မြင်းစီး၍ အပြင်သို့ ထွက်ခဲ့၏။ ညဥ့်နက်မှ သူ ပြန်လာသည်။ အိမ်ဝင်းသို့ ရောက်လျှင်ပင် နောက်ဖေးဖက် အစေခံတန်လျား အခြေအနေကို သွားရောက် ကြည့်ရှု ဦးမည် စိတ်ကူးဖြင့် သူသည် အစေခံများနေသော တန်လျားဘက်သို့ ထွက်ခဲ့၏။ တန်းလျားအနီးသို့ ရောက်သောအခါ သူသည် သီချင်းသံ တခုကို ကြားလိုက်သည်။ အသံမှာ ခါတိုင်းအသံမျိုး မဟုတ် ပေ။ မြူးကြွသော အသံ ဖြစ်သည်။ တွမ့်အသံဖြစ်သည်ကိုလည်း သူ သတိပြုမိသည်။ တွမ်ဆိုသော သီချင်းသည် ဓမ္မသီချင်းဖြစ်သည်ကိုလည်း သူသတိထား မိ၏။ ထို့ကြောင့် မြင်းကို တွမ်ရှိရာသို့ မောင်းလာရင်း နှင်တံကို ဝှေ့ရမ်းလျက်

    "ဟေ့ကောင်၊ မင်း ဘာတွေ အော်ဟစ်နေရတာလဲ။ ဒါ အိပ်မယ့် အချိနဆိုတာ မင်းမသိဘူး လား။ သွားစမ်း အိပ်ရာထဲဝင်" အော်ဟစ် အမိန့်ပေးလိုက်သည်။
    "ကောင်းပါပြီ သခင်" တွမ်သည် ပြောပြောဆိုဆို နေရာမှ ထသွား၏။
    သို့သော် လက်ဂရီးသည် အခဲမကျေနိုင်သေးပေ။ ထို့ကြောင့် မြင်းကို တွမ့်နောက်သို့နှင်၏။ တွမ်၏ ပခုံးကို လှမ်း၍ ရိုက်လိုက်၏။ တွမ်သည် ဘာမျှမဖြစ်သကဲ့သို့ ရပ်နေသည်။ လက်ဂရီးသည် သူ့ရိုက်နှက်မှု အရာ မရောက်သည်ကို သတိပြုလိုက်မိ၏။ သူ အမှန် စင်စစ် ပြင်းပြင်းထန်ထန် ရိုက်ပါလျက် ဦးလေးတွမ် ဘာမျှ မဖြစ်သလို ကြံ့ကြံ့ခံနိုင်ခြင်းကြောင့် သူ ပို၍ ဒေါသထွက်လာသည်။ ဤသည်မှာ တွမ်နှင့် သူ့ကြားတွင် ဖုရားသခင် သည် ၀င်ရောက်ကာကွယ်လိုက်၍ ဖြစ်မည်ဟု တွေး ထင်လာသည်။ ထို့ကြောင့် ဖုရားသခင်ကို ကျိန်ဆဲ လိုက် ပြန်သည်။

    စင်စစ် တွမ်သည် မေတ္တာကရုဏာတရား ကြီးမားသူ ဖြစ်သည်။ အထူးသဖြင့် အတူနေ ဘ၀တူများ အပေါ်၌ မေတ္တာကရုဏာထားခဲ့သည်။ သူတို့ ဘ၀တူတယောက် မကျန်းမာလျှင် သူ ရောက်လာတတ်မြဲ ဖြစ်သည်။ တယောက် ယောက် မကျန်းမာလျှင် သူရောက်လာတတ်မြဲ ဖြစ် သည်။ တယောက်ယောက် စိတ်ဝမ်း ပူဆွေးနေသည်ကို တွေ့ရလျှင် သူ နှစ်သိမ့်မှု ပေးမြဲ ဖြစ် ၏။ တယောက်ယောက် ဆင်းရဲနေ သည်ကို သိရလျှင် သူ အားပေးတတ်သည်။ ဘ၀တူတွေမှာ အကူအညီလိုနေလျှင် သူ အကူအညီ မတောင်းပေ။ သို့ဖြင့် အဆုံး၌ ဦးလေးတွမ်သည် အားလုံး သော ဘ၀တူများကြားတွင် လေးစားလောက်သူ တယောက် ဖြစ်လာ၏။ အများပင် သူ့ဓမ္မာကျမ်း စာ၌၎င်း၊ သူ ပြောပြလေ့ရှိသော ခရစ်တော်၏ ဘ၀ဖြစ်စဉ် ဇာတ်လမ်း များ၌၎င်း စိတ်ဝင်းစား လာ ကြ၏။ သို့ဖြင့် သူတို့သည် ဖုရားသခင်ကို ဆည်းကပ် ကိုးကွယ် လိုစိတ် များပင် ဖြစ်ပေါ်လာကြ၏။

    သို့သော် လက်ဂရီးသည် သူ၏ မည်သည့်ကျွန်ကိုမျှ ဘာသာရေးနှင့် ပတ်သက်၍ ကိုးကွယ် ခွင့်မပြုခဲ့ပေ။
    ထို့နောက် တညတွင် တွမ်အိပ်ရာသို့ ၀င်ခဲ့ပြီး အိပ်ပျော်လုအံ့သော အခြေအနေ၌ တွမ်သည် အသံတသံ ကို ကြားရ၏။ ထိုအခါ အိပ်ရာမှ ထပြီး အသံကို နားစွင့်သည်။ အပြင်သို့ ထွက်ခဲ့သည်။
    အချိန်ကား ည တနာရီနှင့် နှစ်နာရီအကြား ဖြစ်သည်။ ညသည် လရောင်အောက်တွင် တိတ်ဆိတ်နေ၏။ ဦးလေးတွမ် သည် လရောင်အောက်က ကက်ဆီ့မျက်နှာပြင်ကို လှမ်း၍ မြင်ရ သည်။
    "ဒီကို ခဏ အဘရေ။ အဘကို ပြောစရာရှိလို့" ကက်ဆီသည် ခါးထောင်လျက် ရပ်နေရာမှ ဦးလေးတွမ်ကို လှမ်းခေါ်သည်။

    "ဘာများပါလိမ့်ကွယ်" ဦးလေးတျွ်သည် စိုးရိမ်တကြီး မေးရင်း ကက်ဆီ့အပါးသို့ ရောက်လာ၏။
    "အဘ ဒီဘ၀က မလွတ်ချင်ဘူးလား"
    "ဖုရားသခင်ရဲ့ အလိုတော်အတိုင်း အချိန်တန်ရင်တော့ လွတ်ရမှာပေါ့ကွာ"
    "အို၊ အဘ ဒီညမှာဘလဲ လွတ်ရမယ် အဘရဲ့။ လာ၊ လာ"
    ဦးလေးတွမ်သည် တွေတွေငေးငေး ဖြစ်နေလေသည်။

    "လာ၊ အဘ။ ကျမနဲ့ လိုက်ခဲ့" ကက်ဆီသည် ဦးလေးတွမ်ကို စူးစိုက်ကြည့်ရင်း လေသံဖြင့် ပြောနေ၏။ "သူ အိပ်နေပြီ အဘရဲ့။ ကျမ သူ့ကို ဗရန်ဒီတိုက်ထားလိုက်တယ်။ သူ အိပ်မောကို ကျနေပြီ၊ ကျမ အဘကို မလုပ်စေချင်ပါဘူး။ ဒါပေမယ့် မတတ်နိုင်ဘူး အဘ။ လာ၊ လာ၊ နောက်ဖက်တံခါး သော့ဖွင့်ထားတယ်။ အဲဒီမှာ ကျမ ပုဆိန်တခု အဆင်သင့် ထားထားတယ်။ တံခါးလဲ ဖွင့်ထားပါတယ်။ ကျမ အဘကို လမ်းပြမပေါ့။ ကျမလက်တွေက မသန်လို့၊ နို့မို့ရင် ကျမ ကိုယ်တိုင်ဒင်းကို အဆုံးစီရင်တယ်။ ခုတော့ အဘဘဲ သူတို့ ကိစ္စတုံးလိုက်ပေတော့"
    "ဒါမျိုးတော့ ကျုပ် မလုပ်ဖူး။ ဆယ်သက်မလုပ်ဘူး ကက်ဆီ"

    "ဒါပေမယ့် ဒီမှာ ရှိတဲ့ လူတွေရဲ့ ဒုက္ခတွင်းကိုလဲ ထည့်စဉ်းစားအုန်းမှာပေါ့။ ကျမတို့ဟာ ဒီလူတွေ အားလုံးကို နှောင်ကြိုးက ဖြေလွှတ်လိုက်ရမယ်။ နောက်ဆုံး ဒီလူတွေက ပြေးချင်ရာ ပြေးပါစေပေါ့။ ဒီမှာ ဒုက္ခခံနေရတာထက်တော့ ကောင်းအုံးမှာ အမှန်ဘဲ"
    "မဖြစ်ပါဘူး မိန်းခလေးရယ်။ ပြစ်မှုလုပ်ပြီး ကုသိုလ်ရှာလို့ ဘယ်ရပါ့မလဲကွယ်"
    "ကောင်းပြီလေ။ ဒါဖြင့် ကျမကိုယ်တိုင် ဒင်းကို စီရင်လိုက်မယ်"

    "အို မိန်းခလေးရယ်" ဦးလေးတွမ်သည် ကက်ဆီ့ရှေ့တွင် ၀င်၍ ရပ်လိုက်သည်။ "မဟုတ် တာဘဲ။ ကိုယ့်ဘ၀ ကို ဒီလိုဖျက်ဆီးပစ်လို့ ဘယ်ဖြစ်ပါ့မလဲ။ ဒီလိုလုပ်ရင် ငရဲရောက်ရုံရှိတော့မပေါ့။ စိတ်လိုက်မာန်ပါ မလုပ် ပါနဲ့ကွယ်။ ဒို့  သည်းညည်းခံပြီး ဖုရားသခင်ရဲ့ အဆုံးအဖြတ် ပေးမယ့် အချိန်ကို စောင့်ကြတာပေါ့"
    "စောင့်ရမယ်၊ ဟုတ်လား။ ကျမဟာ တခေါင်းလုံးမူးနောက်ပြီး တရင်လုံး ကွဲလုမတတ် စောင့်ခဲ့ပါပြီ။ ဒင်း ကျမ ကို ဘယ်လောက်နှိပ်စက်ခဲ့ပြီလဲ။ တခြားဒုက္ခသည် ရာပေါင်းများစွာကိုလဲ ဒင်း နှိပ်စက်ညှဉ်းပန်းခဲ့ပြီ။ ဒီတော့ ခု ကျမ ဘာကိုမှ ဂရုမစိုက်နိုင်ဘူး။ အားလုံးအတွက် ကျမ ကိုယ်တိုင် သူ့ကို သတ်ရလိမ့်မယ်" ကက်ဆီ က အိမ်ဖက်သို့ တိုးသွားသည်။

    ဦးလေးတွမ်သည် ကက်ဆီ့ကို လှမ်းဆွဲလိုက်ပြီး
    "မဟုတ်ဘူး မိန်းခလေး။ ဒို့များ ဖုရားသခင်ဟာ သူ့ရန်သူတွေက သူ့ကိုဝိုင်ပြီး နှိပ်စက် ညှဉ်းပန်းကြ၊ သတ်ဖြတ် ကြတာကို ခွင့်ပြုတော်မူခဲ့တယ်ကွယ့်။ ဖုရားသခင်ဟာ သူ့ရန်သူတွေ အတွက် သူ့သွေးကိုတောင် မြေကျ စေခဲ့တာ မိန်းခလေး။ ဒို့ဟာ ဖုရားသခင်ရဲ့ ကျင့်စဉ်အတိုင်း ကျင့်ရလိ့မ်မယ်။ ဒီနည်းနဲ့ ဒို့ဟာ ရန်သူကို အနိုင် ယူရမယ်။ ရန်သူအပေါ်မှာ ဒို့ အောင်ပွဲခံရလိ့မ် မယ်။
    "ဘာပြောတယ် အဘ။ ဖုရားသခင်ဟာ ရန်သူတွေ အပေါ်မေတ္တာထားတယ်၊ ဟုတ်လား"

    "ဒါဟာ အောင်ပွဲဘဲ ခလေးမ"
    ကက်ဆီသည် အတန်ကြာ စကားမတုံ့ပြန်သေးဘဲ ဦးလေးတွမ်ကို စိုက်ကြည့်နေပြန်၏။ အတန်ကြာမှပင်
    "ကျမ ပြောပြီဘဲ ဘ။ ကျမမှာ မကောင်းတဲ့ စိတ်ဓာတ်တွေ ၀င်နေပြီဆိုတာ။ ကျမ ဆုမတောင်းနိုင်ဘူး အဘ။ ဖြစ်ချင်ရာ ဖြစ်လို့ဘဲ ကျမ သဘောထားလိုက်ပြီ။ ကျမလေ ကျမခလေး တွေ အရောင်းခံ လိုက်ရပြီ ဆို ကထဲက ဘယ်တော့မှ ရှိခိုးဘို့ကို ဆုတောင်းဘို့တို့ကို မလုပ်ခဲ့ဘူး။ အဘ ပြောတာ မှန်ချင်မှန်မယ်။ မှန်လဲ မှန်ပါတယ်လေ။ ဒါပေမယ့် အဘ။ ကျမ မေတ္တာမထားနိုင်ဘူး။ ကျမ မုန်းမယ်။ ကျိန်စာတိုက်မယ်။ ဒါဘဲ"

    "ဒုက္ခပါဘဲလား မိန်းခလေးရယ်။ အေးလေ၊ မင်းဆုမတောင်းလဲ ကျုပ်လဲ မင်းကိုယ်စား ဆုတောင်း ပေးပါ မယ်ကွယ်။ ဒီမယ် ဒုက္ခသည်တွေရဲ့ ငိုညည်းသံကို နှစ်သိမ့်မှုကို ပေးမှာပါ မိန်းခလေးရဲ့"
    ကက်ဆီသည် မျက်လွှာကို ချလျက် မလှုပ်မချောက်ရပ်နေ၏။ မျက်လုံးအိမ်မှ မျက်ရည် ပေါက်များ သည်ကျလာနေ၏။

    ဦးလေးတွမ်သည် ကက်ဆီအား အတန်ကြာ စိုက်ကြည့်နေပြီးမှ
    "ဒီမယ် မိန်းခလေး။ မင်းတို့ ဒီက ထွက်ပြေး လွတ်မြောက်မယ်ဆိုရင် အမ်မလင်ကိုပါ ခေါ်သွားပါ။ ဒီနေရာက အမြန်ဆုံး ပြေးနိုင်ကြဘို့သာ စီစဉ်ကြပေါ့ကွယ်"
    "ခုလို ပြေးဘို့ ကြံစည်တာဟာ လွတ်လမ်းတော့ သိပ်မရှိဘူး။ နောက်ဆုံးကျ သင်္ချိုင်း ရောက်ရဘို့က များတယ်။ ပြေးရမယ့်လမ်းကလဲ မလွယ်ဘူး။ တလမ်းလုံး ရွှံ့တွေနွံတွေချည်းဘဲ။ ဒီထဲမှာ မြွေတွေ၊ မိကျောင်း တွေကလဲ အပြည့်ဘဲ။ ဒါပေမယ့် ဒီနေရာမှာလဲ ကျမတို့အတွက်က နေစရာ မရှိဘူး။ ပြေးရင်လဲ ကျမတို့ကို ဒင်းတို့ ခွေးတွေနဲ့ လိုက်ကြမယ်။

ကျမတို့ဟာ ရွှံ့ထဲမှာ သေချင် သေကြရမယ်"
    တွမ်သည် အတန်ကြာ ငေးစိုက်နားထောင်နေပြီးမှ
    "ဖုရားသခင်ဟာ သူ့တပည့်သား အမြောက်အမြားကို ကယ်တင်ခဲ့တာပါ။ ကျုပ်စိတ် ကတော့ ဖုရားသခင် ဟာ ခုထက်ထိ ရှိနေတယ်လို့ ယုံကြည်တယ်။ ဒါကြောင့်သူ စောင်မ ကယ်တင်လိမယ့်မယ်လို့လဲ ကျုပ်တော့ ယုံတယ်။ ဒီတော့ ကြိုးစားကြည့်ပေါ့ကက်ဆီ။ ကျုပ် မင်းတို့ ဘေးကင်း ရန်ကင်းဖြစ်ဖို့ ဆုတောင်းပါ့မယ်"

    "ကျမ ကြိုးစားကြည့်ပါ့မယ် ဦးလေးတွမ်"
    "အေးကွယ်၊ မင်းကို ဖုရားသခင် စောင့်မပါလိမ့်မယ်။"

အခန်း (၃၉) ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

Wednesday, July 21, 2010

ကျော်လှိုင်ဦး ဘာသာပြန် ဦးလေးတွမ် (အခန်း ၃၇)

အခန်း (၃၇) လွတ်မြောက်ရေး

    ဤနေရာမှာပင် ဦးလေးတွမ်၏ အဖြစ်ကို ခေတ္တမျှ ရပ်နားပြီး ဂျော့နှင့် အယ်လစ်ဇာတို့၏ ဇာတ်လမ်းကို ဆက်လက်ေ ဖ်ာပြရဦးမည် ဖြစ်ပေသည်။
    ဂျော့၊ အယ်လစ်ဇာ၊ သား ဟဲရစ်နှင့် ဂျင်တို့ သားအမိသည် ရန်သူ့လက်မှ လွတ်မြောက် လာပြီးနောက်တွင် ကွတ်ကာအိမ်တအိမ်သို့ ရောက်ခဲ့ကြကြောင်း၊ သူတို့သည် ဒဏ်ရာရနေသော ရန်သူ တွမ်လော့ကာကိုလည်း ခေါ်ဆောင်လာခဲ့ကြကြောင်း ဖော်ပြခဲ့ပြီး ဖြစ်သည်။

    တွမ်လော့ကာသည် လူဆိုး လူသွမ်း လူကြမ်းတယောက် ဖြစ်၏။ သို့ရာတွင် ယခုအခါ၌မူ သူသည် ဒဏ်ရာ နှင့် ဒဏ်ရာရှိန် တက်သော အဖျားဒဏ်ကို ခံနေရပေပြီ။ အိပ်ရာပေါ်၌ ညည်းညူ လဲလျောင်းနေရပေပြီ။ သူ့ကို ဒေါ့ကာအမည်ရှိ အိမ်ရှင် အဒေါ်ကြီးတယောက်က ပြုစု ကုသနေ၏။
    ဤကာလ အတွင်းမှာပင် တွမ်လော့ကာသည် ဂျော့တို့နှင့် ပတ်သက်၍ စဉ်းစားမိလေ သည်။ မိမိ ကိုယ်တိုင် က မည်မျှရက်စက်စေကာမူ မိမိအပေါ်၌ အကြင်နာ ထားခဲ့ကြသော ဂျော့တို့၏ လွတ်မြောက်ရေး အတွက် သူအားပေး ကူညီလိုစိတ် ဖြစ်လာသည်။

    ထို့ကြောင့် သူသည် သူ့ကိုဆေးဝါးကုသပေးနေသော ဒေါ့ကာအား သူစဉ်းစားနေသော အကြောင်းကို ပြောမိ လေသည်။
    "သူတို့ ရေအိုင်ဘက်ကို မြန်မြန်ရောက်နိုင်လေ ကောင်းလေဘဲ ဒေါ်ဒေါ်"
    "ဒါပေါ့ကွယ်။ သူတို့ အမြန်ဆုံး သွားကြရမှာဘဲ"
    "ဒါပေမယ့် ခုနေအခါတော့ ကျုပ် ဘာမှ ဂရု မစိုက်ချင်ဘူး။ အခြေအနေအားလုံးကို ပြောပြ ရလိမ့်မယ် ဒေါ်ဒေါ်။ အကြောင်းက ဟိုကောင် မတ်ဆိုတဲ့အကောင်က ရေအိုင်ကို ဖြတ်ကူးမယ့် သင်္ဘောဆိပ်ကို ခုလောက် ဆို ရောက်နေ ရော့မယ်. သင်္ဘောဆိပ်ကိုလဲ အကြောင်းကြားထားပြီးပြီ"

    "မင်း တကယ်ပြောတာလား"
    "ဟုတ်ပါတယ်။ ဒါပေမယ့် ကိစ္စမရှိဘူး။ ယောက်ျားတယောက်အနေနဲ့ကတော့ အရေး မဟုတ်ဖူး။ ဟိုကောင်မ ကလေးနဲ့ သူ့ခလေးက ခက်တယ်။ ဘာဖြစ်လို့လဲဆို ဆိပ်ကမ်း ရဲတွေဆီကို သူတို့တတွေရဲ့ ပုံပန်း သဏ္ဍာန်ကို ကြိုပြီး  အကြောင်းကြားထားပြီး ဖြစ်နေလို့ဘဲ။ ဒီတော့ ကောင်မလေးရော၊ ဟို ချာတိတ် ကိုရော ရပ်ဖျတ်သွားရလိမ့်မယ်။
    ထို့နောက် တွမ်လော့ကာသည် ဂျော့တို့ လွတ်မြောက်ရေးအတွက် အစီအစဉ်ကို အကြံ ပေးလေသည်။ သူ့အကြံ အတိုင်း ပင် ဂျော့တို့လူသိုက်သည် ဂျင်နှင့် သူ့အမေက တသုတ်၊ ဂျော့တို့ မိသားစုကတသုတ် ခွဲ၍ ထွက်ပြေး ကြရမည် ဖြစ်၏။

    ကနေဒါနိုင်ငံသည် သူတို့၏ လွတ်မြောက်နယ်မြေ ဖြစ်သည်။ ထိုနိုင်ငံ၌ ကျွန်စနစ် မရှိ။ ထိုနိုင်ငံသို့ ခြေချမိခြင်းသည်ပင် သူတို့အဖို့ လွတ်မြောက်ခြင်း ဖြစ်၏။ ထိုသို့ ကနေဒါနိုင်ငံဖက်သို့ ကူးရာတွင် သူတို့သည် အယ်ရီရေအိုင်ကြီးကို ဖြတ်ကူးရမည် ဖြစ်သည်။
    ထိုရေအိုင်သည် ကနေဒါနှင့် အမေရိကန်ပြည်ထောင်စုတို့၏ နယ်နိမိတ်မျဉ်းကြောင်းတည် ရာ ဖြစ်၏။ ထိုသို့ ဖြတ်ကူးရာတွင် သူတို့သည် အမေရိကန်ပြည်ထောင်စု၏ သင်္ဘောဆိပ်ကမ်းကို ဖြတ်သန်း ကြရပေမည်။ ထွက်ပြေးသွားသော ကျွန်းများနှင့် ပတသက်သော သတင်းသည် ဤဆိပ်ကမ်းရဲအဖွဲ့သို့ ရောက်နေ နှင့် တတ်မြဲ ဖြစ်၏။

    ထို့ကြောင် ဂျော့တို့သည် ရုပ်ဖျတ်၍ သွားကြရမည် ဖြစ်သည်။ ဂျော့က အဖိုးကြီးအသွင်၊ အယ်လစ်ဇာက ယောက်ျားကလေးတယောက်အသွင်၊ ဟယ်ရီက မိန်းကလေးတယောက်အသွင် ရုပ်ဖျတ်ရပေမည်။ သူတို့နှင့် အတူ အိမ်ရှင်အမျိုးသမီးကြီး မစ္စက်စမစ်လည်း လိုက်ပါမည် ဖြစ်သည်။
    ဂျော့သည် ယောက်ျားကလေး အ၀တ်အစားကို ၀တ်လျက် မှန်ရှေ့တွင် မိမိရုပ်သွင်ကို အပြန်အလှန် ကြည့်နေ သည့် ဇနီးဖြစ်သူ အယ်လစ်ဇာကို စိုက်ကြည့်င်း မိမိတို့၏ လွတ်မြောက်အံ့ သော အခြေအနေကို တွေးနေ၏။

    အယ်လစ်ဇာသည် သူ့ရ်ုသူ မှန်ထဲ၌ ကြည့်ရင်း ခေါင်းက ဆံပင်အတွက် နှမျောနေ၏။ သူသည် ဖြတ်ရလု အံ့သော သူ့ဆံပင်ကို စုကိုင်ရင်း "နှမျောတော့ နှမျောစရာဘဲနော်  ဂျော့" ဂျော့အား လှမ်းပြော သည်။
    ဂျော့သည် မချိပြုံး ပြုံးလိုက်၏။ နှုတ်တုံ့ကား မပြန်။
    အယ်လစ်ဇာသည် မှန်ဖက်သို့ မျက်နှာမူပြန်သည်။ ထိုနောက် လက်တဖက်တွင် ကိုင်ထား သော ကပ်ကျေး ဖြင့် သူ့ဆံပင်ကို ကိုက်ဖြတ်လိုက်သည်။
    "ဟုတ်ပြီလားဂျော့။ ကြည့်စမ်းပါအုံး" အယ်လစ်ဇာသည် ယောက်ျားကလေးအသွင် ဆံပင် ဖြတ်ပြီးနောက် သူ့လင်သားအား လှည့်မေးပြန်သည်။ "ဘယ်နဲ့လဲ ဂျော့။ ခုလိုဆိုတော့ ယောက်ျား ကလေး ချောချော တယောက် ဖြစ်မသွားဘူလား ဟင်"
    "မင်းအမြဲတမ်း ချောပြီးသားဘဲကွယ်။ ဘယ်လိုဘဲပြင်ပြင် ချောပါတယ်"

    "ဘယ်လိုဖြစ်နေတာလဲ ဂျော့ရယ်။ ရှင့်ကြည့်ရတာ အားမလို အားမရကြီး။ ငိုင်တွေတွေနဲ့။ သူတို့ ပြောသား အလိုဆို နောက်နှစ်ဆယ်လေးနာရီကြာရင် ကျမတို့ ကနေဒါကို ရောက်ကြတော့ မယ် မဟုတ်လား။ ကျမတို့ လွတ်မြောက် ခါနီးပြီဘဲ ဂျော့ရယ်" အယ်လစ်ဇာသည် တွေငိုင်ငိုင် ဖြစ် နေသော လင်သား ရှေ့တွင် ဒူးတုပ် ထိုင်ချပြီး မေးလေသည်။
    ဂျော့သည် အယ်လစ်ဇာ့ခန္ဓာကိုယ်ကို သူ့ဆီသို့ ဆွဲယူလိုက်ရင်း "အို အယ်လစ်ဇာရယ်။ ကိုယ်လေ အခြေ အနေ ဆုံးခန်းတိုင်လုနီးလေ စိုးရိမ်လေဘဲ။ ဟုတ်တယ်၊ မင်းပြောသလိုဘဲ ကိုယ်တို့ လွတ်မြောက်ကြဘို့ နောက်ဆုံး အဆင့်ဘဲ ကျန်တော့တယ် မဟုတ်လား။ အင်း အဲဒီ အချိန်ကျမှများ အဖမ်းခံရရင်တော့ ကိုယ်တော့ လူဘ၀မှာ ဆက်ပြီး မနေတော့ဘူးလားလို့" ပြော သည်။
    "စိုးရိမ်မနေစမ်းပါနဲ့ ဂျော့ရယ်။ ကျမတို့ကို ဖုရား မမှာ အသေချာပါ။ ကျမစိတ်ထဲမှာတော့ ဖုရားသခင်က ကျမ တို့ကို ကယ်တင်လိမ့်မယ်လို့ ထင်နေတယ်"

    "မင်းကတော့ တကယ်အံ့စရာဘဲ အယ်လစ်ဇာ။ အင်း ကိုယ်တို့နှစ်ရှည်လများ ဒုက္ခံခံလာ ကြရပြီဘဲကွယ်။ လွတ်ဖို့တော့ ကောင်းပါပြီ။ ကိုယ်တို့ လွတ်ပါလိမ့်မယ် ထင်ပါရဲ့ကွယ်"
    အယ်လစ်ဇာသည် သူ့လင်စကားကို နားထောင်ရင်း ၀မ်းနည်းလာသည်။ မျက်ရည်စသည် ရစ်ဝဲလာသည်။ သို့သော် သူ့မျက်လုံးအစုံ၌ မျှော်လင့်ချက်အလင်းရောင်သည် တောက်ပနေ၏။
    "ကျမကတော့ သေချာပေါက် လွတ်မှာဘဲလို့ ထင်တယ် ဂျော့"
    "မင်းပြောရင် ကိုယ်ယုံပါတယ် အယ်လစ်ဇာ။ ကဲပါလေ ထပါတော့။ အတော်ကြာရင် လှည်းလာလမ့်မယ်" ဂျော့သည် နေရာတွင် မတ်တတ်ရပ်လိုက်ပြီး သူ့ရှေ့ကဇနီးကို ဆဲထူလိုက် သည်။ ပြီးမှ  "တကယ်ဘဲ။ အယ်လစ်ဇာ။ မင်းဒီအ၀တ်နဲ့လဲ လှနေတာဘဲ။ ကိုယ်ဖြင့် မင်းဒီလိုလှ နေတာမျိုး တခါမှ မမြင်ဘူးသေးဘူး" ဇနီးကို ချီးမွမ်းစကား ဆိုပြန်သည်။

    ထိုအခိုက်မှာပင် မစ္စက်စမစ်သည် ဟယ်ရီကို လက်ကဆွဲ၍ ၀င်လာ၏။ ဟယ်ရီသည် မိန်းကလေးကဲ့သို့ ၀တ်စား ဆင်ယင်ထား၏။
    ခပ်စောစော ရက်များကပင် သူတို့သည် အိမ်ရှင်အမျိုးသမီးကြီး မစ္စက်စမစ်နှင့် ဟ်ာရီတို့ ဆက်ဆံရေးကို ပိုမို ရင်းနှီးစေရန် ဟယ်ရီအား အမျိုးသမီးကြီးနှင့်အတူ နေစေခဲ့ပြီး ဖြစ်သည်။ လမ်းခရီး၌ သူတို့သည် ဟယ်ရီ နှင့် ဘာမျှ ပတ်သက်ခြင်း မရှိသလို ဟန်ဆောင်သွားကြရမည် ဖြစ် ၏။ မစ္စက်စမစ်က ဟယ်ရီ့အဒေါ်အဖြစ် ဟယ်ရီ နှင့်အတူ လိုက်ပါရမည် ဖြစ်၏။
    "ကျနော်တို့အတွက် ဒုက္ခများ ပိုနေပလား မဆိုနိုင်ဘူး" ဂျော့က မစ္စက်စမစ်ကို လှမ်းပြော သည်။

    "ကိစ္စမရှိပါဘူးကွယ်။ ဒါပေမယ့် မင်းတို့သတင်းတော့ ဆိပ်ကမ်းကို ရောက်နေပြီလို့ ကြား တယ်။ ယောက်ျား တယောက် မိန်းမတယောက်နဲ့ ခလေးတယောက်ကို ရှာဖွေဖမ်းဆီးဘို့ သတင်း ဘဲ"
    ထိုအခိုက်မှာပင် မြင်းလှည်းရောက်လာ၏။ အိမ်သားအားလုံးပင် ဂျော့တို့ကို နှုတ်ဆက်ရန် စုဝေး ရောက်လာကြ၏။

    မကြာမီပင် မြင်းလှည်းသည် ဆိပ်ကမ်းသို့ ရှေ့ရှုမောင်နှင်းခဲ့လေသည်။ သူတို့ သင်္ဘော ပေါ်သို့ ရောက်သော အချိန်မှာပင် သူတို့ မြင်ရလေသည်။ အယ်လစ်ဇာသည် မစ္စက်စမ်စအနားသို့ တိုးကပ်သွား၏။ ဂျော့ က အထုပ်အပိုင်းများကို နေရာချနေ၏။
    "ကျုပ်လဲ ကုန်းဘောင်ထိပ်ကနေပြီး တက်လာသမျှ လူအားလုံးကို ကြည့်တာဘဲ။ ခုအတိုင်း ကတော့ ဒီသင်္ဘောနဲ့ သူတို့မပါတာ သေချာပါတယ်" သင်္ဘောစာရေးသည် သူ့ဘေးက လူကို လှမ်း ပြောနေသည်။

    ဂျော့သည် အထုပ်အပိုးများကို နေရာချနေရာမှ ကြားရသည်။ ထို့ကြောင့် သူလှုပ်ရှား လုပ်ကိုင် နေရာမှနေ၍ မကြာမကြာ နားစွင့်လိုက်မိသည်။
    သင်္ဘောစာရေးနှင့် ပြောနေသူကား ကျွန်ဖမ်းသမားကြီး မတ် ဖြစ်သည်။ မတ်ကို ဂျော့ ကောင်းကောင်း သိသည်။ ထို့ကြောင့် ပို၍ ဂရုစိုက်ရသည်။
    "ယောက်ျားလုပ်တဲ့ကောင်က အဖြူသွေးနဲနဲပါ တယ်ဗျ။ လက်မှာလဲ အမှတ်တခုနဲ့ မတ်၏ အသံ။

    သင်္ဘောလက်မှတ်ကို လှမ်းယူနေသော ဂျော့၏လက်သည် ရုတ်တရက်တွင် တွန့်သွား သည်။ ပြီးမှ ဘာမျှ မဖြစ် သလို ဟန်ပန်မျိုးဖြင့် လက်မှတ်ပေါက်ရှေ့က  ထွက်ခဲ့သည်။
    ထိုအခိုက်မှာပင် ခေါင်းလောင်းသံ ထွက်ပေါ်လာသည်။ ထိုခေါင်းလောင်းသံကား သင်္ဘော ထွက်ခွာ တော့မည် အချက်ပေး ခေါင်းလောင်း ဖြစ်သည်။
    ဂျော့သည် ကုန်းတောင်ပေါ်သို့ ဆင်းသွားသော မတ်ကို မြင်လိုက်ရသဖြင့် စိတ်အေး လက်အေး ဖြစ်သွား ၏။

    ဤသို့ဖြင့် သင်္ဘောသည် ကမ်းမှ ခွာခဲ့လေတော့သည်။
    ထိုနေ့ကား ကျက်သရေမင်္ဂလာအပေါင်းနှင့် ပြည့်စုံသော နေ့တည်း။  အယ်ရီ ရေအိုင်ကြီး ၏ ရေပြင်ပြာပြာ ပေါ်သို့ ထိုးကျနေသော နေရောင်တွင် လှိုင်းဂယက်များ ကခုန်မြူးတူးနေကြ၏။ ကမ်းဖက်မှ လေညင်း သည်လည်း သုတ်ဖြူးတိုက်ခတ်နေ၏။

    ဤသို့ဖြင့် သင်္ဘောသည် အမေရိကဖက်ကမ်းမှ ဝေးကာ ကနေဒါဆိပ်ကမ်းဖက်သို့ တဖြည်း ဖြည်း ချဉ်းကပ် လာ၏။ ဂျော့နှင့် အယ်လစ်ဇာတို့သည် လက်ချင်းတွဲချိတ်ထားသည်။ ဂျော့၏ ရင်ထဲ၌ လှိုင်းထ နေ၏။ သူဆုပ်ကိုင်ထားသော လက်ချောင်းကလေးများ တုန်ခါနေသော အဖြစ်ကို သူ့ အထိအတွေ့အားဖြင့် သိ၏။ အယ်လစ်ဇာသည် ယခုအခြေ၌ မည်သို့ ရှိရာမည်ကို သူ တွေးနိုင် ၏။
    မကြာမီပင် သင်္ဘောသည် ကနေဒါဆိပ်ကမ်းသို့ ကပ်လေသည်။

    လင်၊ မယားနှင့် သားတို့သည် ၀မ်းသာခြင်း မျက်ရည်စများဖြင့် တဦးကို တဦး ပွေ့ဖက်လိုက်ကြ၏။
    မစ္စက်စမစ်သည် ဂျော့တို့သားအမိအား ခရစ်ယန် သာသနာပြုတယောက်ထံသို့ ခေါ်ခဲ့ လေသည်။
    ယခုအခြေ၌ သူတို့တွင် ဘာမျှ မရှိ။ ငွေ မရှိ။ အလုပ် မရှိ။ နေစရာ မရှိ။ စားစရာ မရှိ။ ဤကမ္ဘာ၌ သူတို့ ပိုင်ဆိုင် ပစ္စည်းဟူ၍ လုံးဝ မရှိ။
    သို့သော် ထိုညကမူ ၀မ်းမြောက်ခြင်း အဟုန်ဖြင့် သူတို့ တညလုံး မအိပ်နိုင်ခဲ့ကြပေ။

အခန်း (၃၈) ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>