Showing posts with label Article. Show all posts
Showing posts with label Article. Show all posts

Wednesday, June 22, 2011

ရွှေစင်ဦး ငယ်ဘဝ က မျှော်လင့်မိတာလေး တခု

ဒီနေ့တော့  ရွှေစင်ဦး ရေးစရာရှိတဲ့ စာကြွေးလေး တွေ ဆက်ရေး ပါအုန်းမယ်...။
စာမရေးခင် ကျနော့် ဘလောဂ့် လေး မှာ စာလာဖတ်တဲ့ ...ကောမန့် တွေ လာရေးတဲ့ စာဖတ်သူတွေ ကို အထူး ဘဲ ကျေးဇူး တင် ကြောင်း ပြောပရစေ... .။

စာတွေ ဖတ်တဲ့ အခါ စာတွေ ထဲမှာ ပါတဲ့ အယူအဆတွေ အတွေးအခေါ်တွေ ဟာ စာရေးသူ နဲ့ စာ ဖတ်သူ... ၊ စာဖတ်သူ အချင်းချင်း မတူညီ နိုင်တာတွေ ရှိပါတယ်...  အားလုံး ဟာ ကိုယ်ရဲ့ ထင်မြင်ချက် အယူအဆ သာ လျှင် မှန်ရမယ် ... မှန် တယ် လို့ ဆုတ်ကိုင် မထား ဘဲနဲ့ ... အပြုသဘော ရေးသွား ခဲ့ ရင်  တော့ ပိုပြီး ကောင်းသွားမယ် လို့ ထင်ပါတယ်... ။

ကျနော် တို့ ကမ္ဘာကြီး ဟာ အများကြီး ပြောင်းလဲ နေပါပြီ ... ကျနော် တို့ အားလုံး ဟာလည်း လိုက်ပြီး ပြောင်းလဲ ရမှာ ဖြစ်ပါတယ်....   ဆိတ်ကွယ်ရာ ဆိုတာ မရှိတော့ပါဘူး... အမှား ကိုဘဲ လုပ်လုပ်... အမှန်ကိုဘဲ လုပ်လုပ် လျှို့ဝှက် လို့ မရနိုင်တော့ ပါဘူး.... အားလုံး ဟာ ခဏနေပေါ်လာမှာပါဘဲ... ကမ္ဘာကြီး ပိုမို ယဉ်ကျေး လာတော့ မယ်လို့ ကျနော် ကတော့ အကောင်းဘက်က ယူဆပါတယ် ...  အဲဒီ အတွက် ကျနော် တို့ရဲ ခံယူချက် တွေ ကိုပြောင်းလဲ ရတော့မှာ ဖြစ်ပါတယ်....။

မတူညီတဲ့ အယူအဆ တခု အတွက် အငြင်းပွား စရာတွေ ရှိလာရင် ....  မိမိ ရပ်တည်တဲ့ အယူအဆ အတွက် အပြု သဘော ဆောင် တဲ့ ဘက်ကနေ ဆွေးနွေးကြမယ် ဆိုရင် အားလုံး က ပိုပြီး လက်ခံ ကြမယ်လို့ ထင်ပါ တယ် ... ။

ဒီမိုကရေစီ သဘောတရား အရ ဘယ်အယူအဆ မှတော့ တသဘောထဲ ဖြစ်မှာ မဟုတ်ပါဘူး... အဲဒီတော့ ကိုယ် လက်ခံ တဲ့ အယူအဆ ကို အများလက်ခံအောင် ပြောဆို ရမှာဖြစ်ပါတယ်... ။

အဲဒီ အချိန် မှာ ကိုယ် အနိုင်ရလိုဇော နဲ့ တဘက်လူ ကို မလေးမစား ပုတ်ခတ်ပြီး လုပ်ဇာတ် တွေ နဲ့ ပြော သွား တာတွေ ဟာ ကိုယ်ခံယူ ထားတဲ့ အယူအဆ ကို လူတွေ  အထင်သေးသွားတဲ့ အပြင် ဘယ်တော့ မှ လည်း အနိုင် မရ နိုင်ပါဘူး... ။

အင်တာနက် ထဲ မှာ လူတွေ ကို တွေ့ခွင့် မရပေမဲ့ ... ဒီ အယူအဆ နဲ့ လူတွေ.... ဒီအဖွဲ့အစည်း က လူ တွေ ဟာ ဒီလို ပါဘဲလား ဆိုပြီး အားလုံး က မုန်းတီးသွားနိုင်ပါတယ်.... ဘယ်နေရာ မှာ ဘဲ ဖြစ်ဖြစ် အသာစီး ရောက်နေတဲ့ သူတွေက  ကိုယ်နိုင်လို့ ရမဲ့ သူတွေ ကို ငါလုပ်သမျှ ခံရမယ် ဆိုပြီး အနိုင်ကျင့် ပြီး ထောက်ခံခိုင်း မယ်ဆိုရင်တော့... ဒုက္ခရောက်မှာ ကြောက်လို့ ထောက်ခံ လိုက်ရပေမဲ့ ... ဒါဟာ ယာယီ သာ ဖြစ်မှာပါ...  မနိုင်လို့ သည်းခံရခြင်း အတွက်... အနိုင်ရသွားခြင်း ဟာ အောင်မြင်မှု့ မဟုတ် ပါဘူး....။

နောက်လည်း ကျနော် တို့ အားလုံး ဟာ ကိုယ့် အယူအဆ တွေ ကို ကိုယ် ပြောနေကြအုန်းမှာပါ... ခင်ဗျား တို့ အယူအဆ နဲ့ မတူရင် ဆွေးနွေး နိုင်ပါတယ် ... ကျနော် မှားနေရင်လည်း အမှန်ကို ရောက်အောင် ဆွဲခေါ် ကြပါ....လို့ ပြောရင်း ဒီလောက်နဲ့ဘဲ ရပ်ပါတော့ မယ်ဗျာ.... ။

ရွှေစင်ဦး ငယ်ဘဝ က မျှော်လင့်မိတာလေး တခု

ကျနော့်ငယ်ဘဝ ဆိုလို့ ချစ်ချစ်ကြီး နဲ့ အကြောင်းတွေ ဘဲလို့ ထင်မသွားကြပါနဲ့အုန်း...  အချစ်ရေး နဲ့ မဆိုင် တဲ့ မျှော်လင့် မိတာလေး တခုပါ ... ကျနော် ချစ်ချစ်ကြီး နဲ့ မရခင် မိဘအိမ်မှာ နေစဉ် ကထဲက နံနက် တိုင်း ဘုန်းကြီး များကို ဆွမ်းလောင်း လှူခဲ့ တာတော့ ကျနော့် အရင်ပိုစ့် တွေ ထဲမှာ ဖတ်ဘူးမှာပါ... ၊ အခုလည်း မနက်တိုင်း ဆွမ်းလောင်း လှူပါတယ်.. ကျနော် မချက်နိုင်တော့ ပေမဲ့ အနီးနား က အိမ်တအိမ် မှာ ဆွမ်းချက် ခ ပေးပြီး နေ့စဉ် လောင်းလှူပါတယ်.. ။

မိဘ အိမ်မှာ နေစဉ် က  ညတိုင်း စာဖတ်ပြီး လို့ အိပ်ခါနီး အချိန်ကြ ရင် ဆန်လေးလုံး ကို ရေဆေး .. ရေစစ် ပြီး အသင့် ဖြစ်အောင် ချက် တဲ့ အိုးထဲမှာ ပြင်ဆင်ထားပါတယ်... မနက် လေးနာရီခွဲ ငါးနာရီလောက် ဆိုရင် ရေထည့်ပြီး တခါထဲ ခလုတ်ဖွင့် ပြီး ဆွမ်း ချက်ရပါတယ်... ဒါဟာ ကျနော် ဘုန်းကြီး တွေ ကို ဆွမ်းလောင်းလှူ ချင်လွန်းလို့ ပါဘဲ... မီး က နေ့တိုင်း မလာပါဘူး... မီးမလာ တဲ့ နေ့ တွေ မှာ လည်း မီးသွေး ဖိုလေး နဲ့ ဆွမ်းအိုး ပြောင်းပြီး အမှီ ချက်ခဲ့ပါတယ်...ကျနော့် ရဲ့နှစ်ပေါင်း တော်တော်များများ နေ့စဉ် မနက်ခင်း တိုင်း အလုပ် ပါဘဲ... ။

ဆွမ်းကျက်ချိန် လောက်ကြရင် အိပ်ယာထ မျက်နှာသစ် တံမြက်စီး ကောက်ကိုင်ပြီး ရေလေး နဲနဲဖြန်း ပြီး ဘုန်းကြီး တွေ ကြွ တဲ့ လမ်းမှာ တတ်နိုင်သမျှ အမှိုက်တွေ ကင်းစင်အောင် ဆူးငြောင့်ခလုတ် တွေ မရှိအောင် လုပ်ရပါတယ်... အားလုံး ပြီးစီးမှ ခုံလေး ထုတ် အခင်းလေး ခင်းပြီး ဆွမ်းအိုးလေး နဲ့ ကြွသမျှ ဘုန်းဘုန်း တွေ ကိုရင် တွေကို လောင်းရပါတယ်... ကျနော် တို့ အရပ်မှာ ဘုန်းကြီး အတန်းလိုက် မကြွ ပါဘူး.. အရပ် လေးမျက်နှာ က တပါးခြင်း နှစ်ပါးခြင်း ကြွတာကို စောင့်ပြီး လောင်းလှူရပါတယ်.... ။

ဒီကြားထဲမှာ .. တဦးတယောက် ရဲ့ မွေးနေ့ တို့ ဒါမှ မဟုတ်အိမ်မှာ အဆင်ပြေ တဲ့ အခါတို့ ဆိုရင် ဆွမ်းဟင်း ပါ ကပ်လှူပါတယ်..၊ အိမ် မှာ  အဆင်ပြေရင် ဆိုတာ တခါတလေ မနက်ဆွမ်းလောင်း ဘို့ တောင် ညဦးကြ မှ ဆန် ဝယ် နိုင်လို့ ဖြစ်ပါတယ်... အိမ်မှာ အများစားတဲ့ ဆန်ကို မလှူ ပါဘူး... ဆန်ကောင်း တာ မှ လှူပါတယ်..။

ဆွမ်းဟင်း လောင်း တဲ့ နေ့တွေမှာတော့ ဝက်သား အာလူး ဆိုရင်လည်း ဝက်သား အတုံးကြီးကြီး  နဲ့ အာလူး အကြီး တခြမ်း ဆို တခြမ်း ဝတ်ခွက် တခွက်စာ မှန်းပြီး ကိုယ် ကပ်လှူချင် သလောက် လှူချင် တဲ့ အရေအတွက် ကို မှန်းပြီး ချက်ရပါတယ် ... ဘဲဥ ဆိုရင် လည်း အဲလိုပါဘဲ... နောက်ပြီး ရာသီပေါ် သရက်သီး တို့ ကော်ဖီမစ် တို့ အကြော်တို့ ကိုယ်တတ် နိုင်သလောက် လှူပါတယ်...။

ကျနော် တို့ မန္တလေး မြို့ဟာ သာသနာထွန်းကား တဲ့ အရပ်ဖြစ်လို့ မြန်မာတပြည် လုံး မှာ ရှိတဲ့ သံဃာတွေ ဟာ မန္တလေး မြို့ မှာ ပညာလာသင်ရပါတယ်.. မြန်မာပြည်တွင်း နဲ့ ကမ္ဘာ အရပ်ရပ် မှာ ဗုဒ္ဓဘာသာ သာသနာ အကျိုး ကို သယ်ပိုးနေကြတဲ့  ဆရာတော်ဘုရားကြီး များဟာလည်း မန္တလေး မြို့ မှာ စာသင်သား အဖြစ် နေသွား ဘူးကြတာဘဲ ဖြစ်ပါတယ်...  စာသင်သား ဘဝ မှာ အားလုံး ဟာ ဆွမ်းခံပြီး မှ စားရပါတယ်... ဘယ်အရာ မှ မပြည့်စုံပါဘူး.. ကိုယ့် ရပ်ရွာ ကိုယ့် ဒကာ..ဒကာမ တွေ ဆွေမျိုးမိဘ တွေနဲ့ ဝေးရာ မြို့ကြီး ပြကြီး မှာ သူများ လှူ မှ စားသောက် ရတာ တော်တော်ခက်မယ် ထင်ပါတယ်ဗျာ... အဲဒါကြောင့် ... ဆွမ်းခံအိမ်  ရှာရပါတယ်... ကိုယ့် ကျောင်းနဲ့ မနီးမဝေး မှာ ရှိတဲ့ ရပ်ကွက် က အိမ်တွေ မှာ လိုက်ပြီး မေတ္တာ ရပ်ခံ ရ ပါတယ်... ။

ဆွမ်းခံအိမ် (ထိုင်ကိုယ်တော် အဖြစ် နေ့စဉ် ဆွမ်း ... ဆွမ်းဟင်း အလှူခံသော အိမ်) မှ မရှိရင် ဆွမ်း ဆွမ်းဟင်း တွေဟာ အများလောင်းလှူတာနဲ့ မပြည့်စုံနိုင် လို့ပါဘဲ... ဆွမ်းခံအိမ် ဆိုတာ လည်း ဘုန်းကြီး ကျောင်း နဲ့ နီးတဲ့ နေရာတွေ မှာ ရနိုင်ဘို့ မလွယ်ပါဘူး.... တခြား အဝေးရပ်ကွက် တွေ မှာ ဘဲ လိုက်ပြီး ရှာရပါတယ်... စာသင် ကိုယ်တော်လေး တွေ ဦးပဇင်း လေး တွေဟာ ဆွမ်းခံအိမ် တအိမ် ရဘို့ တအိမ်တက်ဆင်း လိုက် ပြီး ရှာရပါတယ် မနီး မဝေးမှာ သုံး လေး ငါး အိမ် ရမှ အဆင်ပြေပါတယ်...။

အဲဒီလို ရဘို့ စာသင်သား အသစ်လေး တွေ ကို မြို့မှာ အရင်ရောက်နေတဲ့ စာသင်သား ဟောင်းတွေ က သူတို့ ဆွမ်းရပ် နေကြ ရပ်ကွက် ထဲက အိမ်တွေ မှာ လိုက်ရှာပေးရပါတယ်...  ကျနော် တို့ အိမ်မှာ လည်း တပါး နှစ်ပါး တော့ အမြဲတန်း နီးပါး ရှိပါတယ်.. ကိုယ် တတ်နိုင်သလောက် ပေါ့... အဲဒီ ကိုယ်တော် တွေ အတွက် ကျ ဆွမ်းဟင်း မှာပါ တာဝန်ရှိပါတယ်.....။

ဆွမ်းခံ ချိန် မှာ ကိုယ် ဆွမ်းခံ တဲ့ ရပ်ကွက် ရောက်အောင် ဘတ်စ်ကား စီးသွားရပါတယ် .... နံနက်ခင်း ရုံးချိန် ကျောင်းချိန် ဈေးသွားတဲ့ အချိန် တွေ ဖြစ်တဲ့ အတွက် ဘတ်စကား စီးရတာ မလွယ်ပါဘူး... တိုးတိုးဝှေ့ဝှေ့ နဲ့ လိုက်ရ ပါတယ်... သံဃာ ထိုင်ရန် ဆိုတဲ့ နေရာမှာလည်း သန်သန်မာမာ ယောက်ကျား ကြီး တွေ ထိုင်နေတာ တွေ့ရသလို ... တခါတခါ တော့ လည်း လှတပတ ကောင်မလေး တွေ က မသိသရောင် နဲ့ ထိုင် နေကြ ပါတယ်... ။

ဘယ်သူ မှ လည်း အမုန်းခံပြီး ဘုန်းဘုန်း တွေ ထိုင်ရအောင် ဖယ်ပေးပါ လို့ မပြောကြပါဘူး... ဘုန်းဘုန်း တွေ ကလည်း အဲလို တောင်းဆိုပြီး မစီးတဲ့ အပြင် ဘတ်စ်ကား နောက်မြီး က  နေ သပိတ် ကို စလွယ်သိုင်းပြီး ခြေထောက် တဘက် နဲ့ တွဲလွဲခို လိုက်ရပါတယ်.... တချို့ ကိုယ်တော် များကြတော့လည်း ဘတ်စ်ကား ခေါင်မိုးပေါ် မှာ တက်လိုက်ရပါတယ် (ဒိုင်နာ လိုကားမျိုးမှာပါ)... ။

ဘိနပ် မပါ တဲ့ သံဃာတွေ ဟာ ဆောင်းဆို လည်း အေးခဲ လှ တဲ့ မြေကြီးပေါ်မှာ မိုးဆိုလည်း  တခါတလေ မိုးရွာကြီးထဲ မှာ စိုစိုစွတ်စွတ် နဲ့ .... နွေ ဆိုရင်လည်း  ပူခြစ် နေတဲ့ ကြမ်းတမ်း လှတဲ့ မန္တလေး လမ်း မများ ပေါ်မှာ  သွားလာ နေတာ တွေ့တိုင်း.. နွေ မိုး ဆောင်း .... ဘတ်စ်ကားနောက်မြီး မှာ ဘတ်စ်ကား ခေါင်မိုး ပေါ်မှာ တွေ့ ရတိုင်း စိတ်မကောင်း ဖြစ်ရ ပါတယ်...။

ကျနော် နေ့စဉ် ဆွမ်းလောင်းလှူ နေရင်း ... အဲဒီလိုမျိုး တွေ တွေ့ရတိုင်း ကျနော့် ရဲ့ စိတ်ကူးယဉ် အိမ်မက် ထဲမှာ ကျနော် သာ ပိုက်ဆံရှိရင် ဘုန်းကြီး တွေ ဆွမ်းခံသွားရင် အဆင်ပြေအောင် လို့ သံဃာတော် တွေ ဘဲ သီးသန့် လိုက်နိုင်တဲ့ ဘတ်စ်ကားကြီးတွေ လှူ မယ်လို့ ဆုံးဖြတ် ထားလို့ ပါဘဲ... ကျနော် တို့ အားလုံး ဟာ မန္တလေး မြို့ မှာ ရှိတဲ့ လေးပြင်လေးရပ် က သံဃာတွေ အတွက် ပြည့်စုံအောင် ဆွမ်းကွမ်း လောင်း လှူ နိုင်မှာ မဟုတ်ပါဘူး... ဒါပေမဲ့ ဆွမ်းလောင်း လှူကြတဲ့ အရပ်တွေကိုတော့ ပို့ပေးနိုင်ကြလို့ ဖြစ်ပါတယ်....။

အခုတော့ ကျနော့် အိမ်မက်လေး ဟာ  .... မန္တလေး မြို့  မိုးထိအောင်စည် သာသနာ့ ရိပ်သာ က ဆရာတော် ဘုရားကြီး ရဲ့ စွမ်းဆောင်ချက် ကြောင့် အကောင်အထည် ပေါ်လာပါပြီ.... ဆရာတော် ဘုရားဟာ သူ ကိုယ်တိုင် မန္တလေး မြို့ မှာ ဆွမ်းခံလာတာ ဖြစ်တဲ့ အတွက် မန္တလေး မြို့ မှာ ဆွမ်းခံကြတဲ့ သံဃာတော် တွေ အတွက် အလွန်ဒုက္ခရောက် လှတဲ့ သွားလာရေး ကို နားလည်နေပါတယ်... ဒါကြောင့် နေ့စဉ် နံနက်တိုင်း သံဃာတော် တွေ ဆွမ်းခံကြွ ရတာ အဆင်ပြေစေရန် အတွက်  ယာနဒါန ဆိုတဲ့ အသင်းအဖွဲ့ ကြီး ဖွဲ့ စည်းပြီး ယာနဒါန ဆိုတဲ့ ဘတ်စကား ကြီး တွေနဲ့ မန္တလေး လေးပြင်လေးရပ် မှာ ရှိတဲ့ ကိုယ်တော် တို့ ဆွမ်းခံချင်တဲ့ အရပ် ကို လိုက်ပါ ပို့ဆောင် ပေးနေပါပြီ..။
မနက်တိုင်း မန္တလေး မြို့ အရပ်လေး မျက်နှာ ကို သံဃာတော် တွေ ဆွမ်းခံကြွ နိုင်ဘို့ လိုက်ပါ ပို့ဆောင် ပေးသလို ဆွမ်းခံ အပြန် မှာလည်း ကြိုပေး နေတဲ့ ယာနဒါန ကားကြီးတွေ ပြေးဆွဲနေတာ ကို ကြည့်ရတာ တင့်တယ် လှပါတယ်...။

ယာနဒါန အတွက် လှူဒါန်း တဲ့ သူများလည်း အများကြီး ရှိကြပါတယ်...  ဘုန်းဘုန်း ဘုရား  လည်း ယာနဒါန ကားကြီး တွေ ကြည့်ပြီး ပိတိဖြာ နေပါတယ်... အင်း .... ဒါပေမဲ့ ဆင်ကောင်ကြီး လှူ သူ ရှိပေမဲ့ ချွန်းဘိုး က နေ့စဉ် ဖြစ်နေတဲ့ အတွက် ကျနော် တို့ မှာ ဘေးက နေ ရင်မော နေ ရပါတယ်.. ဘယ်အချိန် မှာများ  ဒီကား ကြီး တွေ မပြေးနိုင်ဘဲ ရပ်သွား မလည်း ဆိုတာ လည်း မတွေး ရဲအောင် ဖြစ်နေပါတယ်....။

မနက်တိုင်း ဘတ်စကား ကြီး တွေ ထွက်ဖို့ ဆီဂါလံ (၂၅) ဂါလံ ကုန်ပါတယ်... ၊  အဖိတ်နေ့  မှာ ဆိုရင် တော့ စစ်ကိုင်း ကနေ ဆွမ်းဆန် ခံတဲ့ ဆရာလေး တွေ သွားရေးလာရေး အတွက် ပါ စီစဉ် ပေး ရတာ ဆိုတော့ ဆီ တပေပါ ကုန်ပါသတဲ့ဗျာ....ကားပြင်စရိတ်တွေ ကားမောင်းသူ စရိတ် တွေမပါသေး ပါဘူး... ။

တကယ်လို့ များ အကြောင်းတိုက်ဆိုင် လို့ လှူဒါန်း ချင်ပါတယ် ဆိုရင်  မိုးထိအောင်စည် ကျောင်းတိုက် က ဆွမ်းခံ သံဃာတော် များအတွက် နေ့စဉ် ပြေးဆွဲ ပေးနေတဲ့ ယာနဒါန ကားကြီး တွေ အတွက်  လည်း လှူဒါန်း နိုင်ပါတယ် လို့ နိဗ္ဗာန်ဆော်လုပ်ရင်း ဆောင်းပါးလေး ကို နိဂုံးချုပ်ပါတယ်.... အားလုံးကို ကျေးဇူးတင် ပါတယ်...။










စိတ်ကရည်သန်၊ လှူရန်သတ်မှတ်
ငွေကျပ်တစ်ဆယ်၊ အားမငယ်နှင့်
ဒီဇယ်တစ်စက်၊ ဂါလံဝက်မှ
စ၍စုပေါင်း၊ အများကောင်းမှု
ဒါနပြု၏၊ သောတုဇန
များလှရဟန်း၊ မပင်ပန်းပဲကြွလှမ်းနိုင်ပြီ၊ ဂေါတမီသွေး
ဆရာလေးလည်း၊ ပြန်ရေးမခက်
ကမ်းတစ်ဘက်သို့၊ ပို့ရန်မမေ့
အဖိတ်နေ့တိုင်း၊ ချောင်စစ်ကိုင်းဆီ
ပြန်ပို့သည်ကို၊ တူညီကုသိုလ်ယူလှည့်ပါ။


ကဗျာရေးသူ - ဦးဝေဠု



လှူချင်ကြတယ်ဆိုရင်
မိုးထိအောင်စည် သာသနာ့ရိပ်သာ
တံခွန်တိုင်ရပ်ကွက်
ပ.လ.က ပေါက်၊ ပြည်ကြီးတံခွန်မြို့နယ်။
ဖုန်း-09-2022330၊ 02-5154867၊ 09-91013858 

(ငွေလှူဘို့ အတွက် ကျနော့် မှတ်ပုံတင် နံပါတ် ... အကောင့် နံပါတ် နဲ့ ဖုန်း နံပါတ် ကို ရေးပေးချင်ပေမဲ့ တွတ်ပီ ကံမကောင်း တဲ့ အတွက် မပေးတော့ပါဘူးဗျာ.... )

ရိပ်သာဝင်ပြီး တရားအားထုတ် လို သူများလည်း မိမိတို့ အားလပ် ရက်များတွင် လာရောက် ပြီး မိုးထိအောင်စည် ရိပ်သာ မှာ တရားအားထုတ်နိုင်ပါတယ် ရွှေစင်ဦး ဆီ လာခဲ့ရင်လည်း ရိပ်သာ အရောက် လိုက်ပို့ ပေးပါမယ် လို့ လည်း ဖိတ်ခေါ်ပါတယ်

လေးစားစွာဖြင့် 
စာရေးသူ - ရွှေစင်ဦး
.
>>>ဆက်ဖတ်ရန်>>> >>

Friday, June 17, 2011

ရွှေစင်ဦး ကြုံရ ဘဏ် သုံးမိတဲ့ ဘဝ ဇာတ်သိမ်းပြီ

စမိတဲ့ ဇာတ်ကို သိမ်းပေးရမှာ ကျနော့် တာဝန်ဖြစ်သွားပါပြီ.... ပထမဆုံး ကျနော် ရဲ့ ဘဏ် ပိုစ့် လေး ကို လာရောက်ဖတ်ရှု ပြီး ကောမန့် လေးတွေ ပေးလို့ မိမိတို့ ရဲ့ အယူအဆများကို ဖော်ပြပေးတဲ့ အတွက်  အားလုံး ကို အထူးဘဲ ကျေးဇူး တင်ရှိပါတယ် ဆိုတာ ပြောကြားပါရစေ...။

ကျနော် ရဲ့ ပထမ ပိုစ့် ထဲမှာ စက်ရုပ်ဝန်ထမ်း များလို့ ပြောလိုက်ပါတယ်... ကျနော် ထင်တာ ကို တကယ်ဘဲ ပြောခဲ့တာပါ.... ကျနော် ATM ဆိုတဲ့ ငွေ ထုတ် တဲ့ စက်ကို မသုံးဘူး ပါဘူး... ဒါပေမဲ့ ကျနော် သိတာ က တော့ ကျနော့် တို့ရဲ့ သက်ဆိုင်တဲ့ code တွေကို ATM စက်မှာ ရိုက်ထဲ့ လိုက်လို့ တလုံး လွဲသွားတာ နဲ့ စက် က ဘယ်လို ဘဲ ဖြစ်ဖြစ် ထုတ်ပေး တော့ မှာ မဟုတ်ပါဘူး...  ဒါက စက်ရုပ် ဝန်ထမ်း တွေပါဘဲ......။

အခု ကျနော် သွားခဲ့ တာက လူဝန်ထမ်း တွေ အလုပ် လုပ်တဲ့ ဘဏ် ကို သွားခဲ့တာပါ...၊ ဖြစ်လာတဲ့ ပြဿနာ ကို ကျနော် ပြောပြီး သားပါ... ကျနော့် ရဲ့ မှတ်ပုံတင် နံပါတ် အက္ခရာ တလုံးလွဲသွားတယ်... နံပါတ် အားလုံး တူနေတယ်... ဘဏ် အကောင့် နံပါတ်တူတယ်... ကျနော့် ကို ဘဏ် က ဖုန်းဆက်တဲ့ အတွက် ကျနော် သွား ထုတ်တယ်.. အဲဒီတော့ ဖုန်းနံပါတ် ပါ တူပါတယ် ..... ဒါပေမဲ့ အက္ခရာ တလုံးလွဲ နေတဲ့ အတွက် ထုတ်မပေး ပါဘူးတဲ့... ။

ဒါနဲ့ ကျနော် တာဝန်ရှိတဲ့ ဝန်ထမ်း ကို ရှင်းပြတယ်... ခင်ဗျားတို့ လွဲ နေတယ် ဆိုတဲ့ မှတ်ပုံတင် နံပါတ်  က မြန်မာပြည် မှာ မရှိတဲ့ နံပါတ် ပါ ... အခု အထက် ဖော်ပြပါ အချက် တွေ ကိုက်ညီ တဲ့ အတွက် ထုတ်ပေး ပါ လို့ ထပ်ပြီး ဆွေးနွေး ပါတယ်... ကျနော့် ဘက်က မြန်မာပြည် မှာ ရှိတဲ့ အက္ခရာ နဲ့ မှားခဲ့တယ် ဆိုရင် ကျနော် မတောင်းဆိုပါဘူး... အဲဒီ မှားတဲ့ အက္ခရာ က လည်း ကျနော် နံမည် နဲ့ ထပ်တူ  ရှိနိုင်ပါသေးတယ်... အဲဒီ အတွက် ကျနော် သည်းခံလိုက်မှာပါ.. အခုတော့ မှားတယ် ဆိုတဲ့ အက္ခရာ နဲ့ နံပါတ် က မြန်မာပြည် မှာ မရှိ တဲ့ မှတ်ပုံတင် နံပါတ် လည်း ဖြစ်တယ်... ကျန်တာတွေ အားလုံး လည်း တူနေ တဲ့ အတွက် ထုတ်ပေးပါ လို့ တောင်းဆိုတာပါ... ။

သိတဲ့ အတိုင်း ဘဲ မရပါဘူး... ပို့ခိုင်းတဲ့ သူကိုဘဲ ပြင်ခိုင်းပါတဲ့... အဲဒီတော့ ကျနော့် စိတ် ထဲမှာ စိတ် မကောင်း ဖြစ်ပါတယ်... သြ ... ဖြစ်နိုင်တာ ကို ကိုယ့် customer အတွက် စဉ်းစား ပေးပြီး တတ်နိုင် သလောက် လုပ်ပေးနိုင် တာ ကို မလုပ်ပေးလို့ ကျနော် ပထမ ပိုစ့် လေး ရေးလိုက်တာပါ.. ( တကယ်က ဝန်ထမ်းတွေ မှာ လုပ်ပိုင်ခွင့် ရှိလား မရှိလား ဆိုတာ လည်း ကျနော် မသိပါဘူး... ဒါပေမဲ့ ဘဏ်ပိုင်ရှင် တွေ အနေနဲ့ အဲဒီလောက် တော့ လုပ်ပိုင်ခွင့် ပေးထားရမယ် လို့ လည်း ထင်တဲ့ အတွက် ပါ ... ဘဏ်စည်းမျဉ်း တွေကို ကျနော် နားမလည် ပါဘူး...  ) ။

ကျနော် ခံစား လိုက်ရတဲ့ထင်မြင်ချက် က  ဒီဘဏ် က ဝန်ထမ်း တွေ က .... စက်ရုပ်လူသား ATM ငွေထုတ် စက် နဲ့ ဘာများ ထူးလို့ လည်း ... နံပါတ် အားလုံး မတူ ရင် မရဘူး ... တူ ရမယ်ဆိုတဲ့ မူ ကို ဘဲ ကိုင်ဆွဲ ထား တဲ့ အတွက် ပါ... စက်ရုပ် ATM ထက် သာတာက ပြုံးပြတယ်... နှုတ်ဆက်တယ်.. စကားပြောတယ်... ဒါဘဲ... လူ ဦးနှောက် နဲ့ စဉ်းစား လို့ ရတဲ့ အရာတွေ မှာ စဉ်းစားခွင့် မရ... လုပ်ပိုင်ခွင့် မရ .... လုပ်ပိုင် ခွင့် ရရင် လည်း လုပ်မပေး ကြ လို့ ကျနော် ရေးလိုက် တာပါ....။

ဒါပေမဲ့ တော်တော်များများ ကွန့်မန် တွေ မှာ ကျနော် တွေ့ ရတာ က ဘဏ် ဆိုတာ ငွေရေးကြေးရေး နဲ့ အလုပ် လုပ်တာ ဖြစ်လို့ တလုံး လွဲလည်း မရဘူး တစိတ် လွဲလည်း မရဘူး ... ဒါ ဟာ ဘဏ်တခု ကျင့်သုံး ရမဲ့ စည်းမျဉ်း စည်းကမ်း လို့ ပြောတယ်... ဟုတ်ကဲ့ ကျနော် သိသွားပါပြီ .... ဘဏ် စည်းကမ်း နဲ့ လူတော်တော် များများ ရဲ့ ခံယူချက် ကို သိသွားပါပြီ....။

နောက်ပြီး ဒါဟာ ကျနော် စီ ငွေလွှဲ ပေးတဲ့ သူ ရဲ့ ပေါ့ဆချက် လို့ဘဲ တော်တော် များများ ထင်ကြပါတယ်...  ဘဏ် ဝန်ထမ်း တွေ ဘက်ကလည်း မှားယွင်း မှု့ ဖြစ်နိုင်တာဘဲ ဆိုတာ ဘယ်သူမှ ထည့် မတွက် ကြပါဘူး.....။

အဲဒီ အတွက် လည်း ကျနော် မသိသေး လို့ ဘာမှ မဖြေရှင်း သေးဘဲ... ကျနော့် စီကို ငွေ လွှဲပေးတဲ့ သူစီကိုဘဲ အကျိုး အကြောင်း ပြောပြလိုက်ပါတယ်.. သူက လည်း ဘဏ် ကို ဖုန်းဆက်ပြီး ရှင်းပေးပေမဲ့ ... သူ ကိုယ်တိုင် က ကျနော့် စီကို လွှဲပေးတာ မဟုတ်... သူ့ တပည့် လေး ကို လွှဲခိုင်း တာဖြစ်တဲ့ အတွက် သူ လွှဲခိုင်း တဲ့ တပည့် လေး ကိုယ်တိုင် ပြင်ပေးမှ ရမယ် လို့ ဘဏ် က ပြောပါတယ် တဲ့ ..  ဒါနဲ့ ကျနော် လည်း စိတ်လျှော့ လိုက်ပြီး ၁၄ ရက် နေ့ က ထုတ်ခွင့် ရမဲ့ ငွေ လွှဲ ကို ၁၆ ရက် နေ့လည်  မှ ဘဏ်က ဖုန်း ဆက်ပြီး လာထုတ်ခိုင်း တဲ့ အတွက် ၂ရက် နောက်ကျပြီး မှ ထုတ်ခွင့် ရခဲ့ပါတယ်....။

ဘဏ် က မဆက်ခင် ကထဲက ကျနော့် ကို ငွေလွှဲ ပေးသူ က ဆက်ပြီးပါပြီ... သူ့ တပည့် က မမှားပါဘူး တဲ့... သူ ရေးပေးလိုက် တဲ့ စာရွက် အတိုင်းဘဲ ဘဏ်ဝန်ထမ်း တွေ ကို ဘဲ ရေးဖြည့် ခိုင်းလိုက်တာပါတဲ့.... ကဲ အားလုံး ရှင်းသွားပြီနော်... ဘယ်သူ မှားသလည်း ဆိုတာ သိနိုင်ပါပြီ...  ။

ကျနော် ထင်တာက တော့ ဘဏ်ဝန်ထမ်း တယောက် ဟာ မြန်မာပြည်မှာ ရှိတဲ့ မှတ်ပုံတင် နံပါတ် ရှေ့ အက္ခရာ တွေ ကို တော့ သိရမယ် လို့ထင်တယ်... နောက်ပြီး ကူးရေး တာတောင် မှန် နေတာကို အမှား နဲ့ လွဲ ရေးတယ်... ဒါဟာ ဘယ်သူ မှာ အပြစ်ရှိပါသလည်း.... ။

တကယ် လို့ ပို့ သူ ဘက်က မှားခဲ့ ရင်တောင် ဒါမျိုး မြန်မာပြည် မှာ မရှိဘူး သေချာပြန်ဆန်းစစ် ပါအုန်း ဆိုတဲ့ စကား ကို ပြောနိုင်တဲ့ အရည်အချင်း ရှိရပါမယ်....။

ဒုတိယ အကြိမ် ကျနော် ငွေထုတ်တဲ့ အခါ  မှာ မှတ်ပုံတင် ကို သူတို့ မှားရေးပေး တဲ့ အက္ခရာ နဲ့ နံပါတ် အတိုင်းဘဲ ထုတ်ခဲ့ ရပါတယ်... ( .... ကျနော် ပြန်ရစ် မလို့ ကျနော့် မှတ်ပုံတင် က ဒါ မဟုတ်ဘူး အမှန် ဘဲ ပြန် ရေးပေးပါလို့ ... အမှန်အတိုင်း မရေးရင် မထုတ်ဘူးလို့.... ) အဲဒီတော့ ခင်ဗျားတို့ ပြောတဲ့ တိကျ မှန်ကန် မှု့ က ဘယ်နား မှာ သွားထားခဲ့ လည်း  ... ကျနော် အဲဒီဖြတ်ပိုင်း လေး ကို scan ဖတ်ပြီး သိမ်းထားပါတယ်... ကျနော့် မှတ်ပုံတင် အမှန် မဟုတ်.. မှားရေးတဲ့ အတိုင်း ထုတ်ခဲ့ရပါတယ်.....။

အခု ကျနော့် ငွေလွှဲ ကို ၂ရက်နောက်ကျပြီး မှ ရခဲ့ ပါတယ်... ဘဏ်လုပ်ငန်း ဆိုတာ တိကျ ရမယ် မှန်ကန် ရမယ် မြန်ဆန် ရမယ် ဆိုတဲ့ မူဝါဒ နဲ့ပါ... ။

အခု ကျနော် တို့ မြန်မာပြည် မှာ ရွှေဈေး တွေ ဒေါ်လာ ဈေး တွေ အတက် အကျ သိပ်ကြမ်းနေပါတယ်... ကျနော် က လွှဲတဲ့ ပိုက်ဆံ ကို ရွှေ ဝယ်မလို့ ပါ.... ၁၄ ရက် ရွှေဈေး က ခြောက်သိန်း နဲ့ သုံးသောင်း ခြောက်ထောင် ပါ... အခု ကျနော် ငွေ လွှဲ ရလို့ သွားဝယ် မယ်လုပ်တော့ ၁၆ ရက်နေ့ ရွှေဈေး က ခြောက်သိန်း နဲ့ ငါးသောင်း တစ်ထောင် ဖြစ်နေပါပြီ....။ ဟောဒီလင့်ခ် လေး ကို ကြည့်ပါ... (ရွှေဈေး ဒေါ်လာဈေး နောက်ဆုံးသတင်း)

ကျနော် တကျပ်သားမှာ တသောင်း နဲ့ ငါးထောင် ရှုံးသွားပါပြီ.... အခု ကျနော် ပိသာ နဲ့ ချီ ဝယ်မှာပါ... အများကြီး နစ်နာ သွားပါပြီ... ကဲ ကျနော့် ရဲ့ ရှုံးသွားတဲ့ ပိုက်ဆံ တွေကို ဘယ်သူ လျော် မလည်း ... ကျနော် ဘဏ် ကို တရား စွဲ ပါမယ်... ။

ကျနော် ဆုံးရှုံးသွား တဲ့ ပိုက်ဆံ တွေကို တိကျ မှန်ကန် ရမယ် အလွဲမခံ ရဘူး ဆိုတဲ့ ဘဏ်ဝန်ထမ်း တွေ လျော် မလား (သူတို့ နဲ့ ဘဝတူ ဝန်ထမ်း လျော်ရတာကို မကြည့်ရက် နိုင် လို့ စုပေါင်း လျော်ကြမလား... )... အဲဒီ တိကျ မှန်ကန် တဲ့ အမိန့် ကို ထုတ်ထားတဲ့ ဘဏ်ပိုင်ရှင် တွေ လျော် မလား ဆိုတာ ကို ကျနော် သိပ် သိချင် နေတဲ့ အတွက် တရား စွဲ ရမှာ ဖြစ်ပါတယ်... ကဲ ခင်ဗျား တို့ ယူဆချက် ကလေး တွေ ရော ဘယ်လို ပါလည်း... စက်ရုပ် နဲ့ လူသား ကွဲ ပြားရမယ် ဆိုတာ ဒီလို စဉ်းစားချင့်ချိန် နိုင်တဲ့ ဉာဏ်ပညာ ကို ပြောတာလို့ ထင် ပါတယ်....။

ကျနော် တို့ customer တွေ က ပိုက်ဆံ ပေးပြီး ငွေလွှဲ ရတာပါ... ကျနော် တို့ မလွှဲချင် ရင်တောင် ချောချော့ မော့မော့ နဲ့ သူတို့ ဘဏ် ကနေ လွှဲအောင် လုပ်ပေးရမယ် ထင်ပါတယ်... နောက်တမျိုး က ငွေလွှဲ လိုက်သူ က စာ တတ်ချင် မှ တောင် တတ်မယ်... ဒါမျိုး ဆိုရင် လည်း တတ်နိုင်သလောက် အဆင်ပြေအောင်.. မှန်ကန်အောင် ... လုပ်ပေး ရမှာပါ..... ။

ဝန်ထမ်း တွေ အားလုံး ကို စက်ရုပ်ဝန်ထမ်း တွေ မဖြစ် အောင် ဘဏ်ပိုင်ရှင် တွေ ဘက်က အခွင့် အရေး ပေးဖို့ လိုအပ်သလို... ဝန်ထမ်း တွေ ဘက် ကလည်း customer အဆင်ပြေအောင် ပြဿနာ တခု ဖြစ်လာရင် စဉ်းစား ချင့်ချိန် ပြီး စက်ရုပ် (ပြုံးပြ နှုတ်ဆက် စကားပြော) ထက် သာအောင် လုပ်နိုင် ကြဘို့ ကျနော် ရေးတာ ဖြစ်ပါတယ် လို့ ပြောရင်း  နိဂုံး ချုပ်ပါတယ်... အားလုံး ကို အထူးဘဲ ကျေးဇူးတင်ပါတယ်.....။

လေးစားစွာဖြင့်
စာရေးသူ - ရွှေစင်ဦး
.
(သြ ... ဒါနဲ့ ရွှေစင်ဦး ရဲ့ အိမ် အောက် ကို ရွှေအိုး လာတူး မဲ့ ပုဂ္ဂိုလ် များ ဘဏ် က လျော်ကြေးရလို့ ရွှေပြန်ဝယ် ပြီး တဲ့ အချိန်ထိ စောင့်ကြပါအုန်း လို့ အသိပေးစကား ပြောချင်ပါတယ်.... )
.
>>>ဆက်ဖတ်ရန်>>> >>

Wednesday, June 15, 2011

ရွှေစင်ဦး ကြုံရ ဘဏ် သုံးမိတဲ့ ဘဝ

ကျနော် ရေးချင်တာ ဘာရယ် ဆိုတာ အတိအကျ သိပေမဲ့... လျှာ နဲနဲ ရှည်ချင်သေးတဲ့ အတွက် နောက်ကြောင်း လေး နဲနဲ ပြန်ချင်ပါတယ်... ကျနော် ဘဝ ဟာ ချမ်းသာ တဲ့ လုပ်ငန်းရှင် မိသားစု က ပေါက်ဖွား လာတာ မဟုတ် သလို... အစိုးရဝန်ထမ်း လည်း မလုပ်ဘူး ပါဘူး.. အပြင်မှာ လုပ်ဘူးတဲ့ ဝန်ထမ်း ဘဝ ကလည်း ဘဏ် တွေ ဘာတွေ နဲ့ ပါတ်သက် စရာအကြောင်း မရှိပါဘူး .... အရင်တုန်းက အစိုးရ ဘဏ် ဆိုတာ လည်း အားလုံး သိကြတဲ့ အတိုင်း ပါဘဲ.... ဘဏ် ကို ကျနော် အသုံး မပြုဘူးပေါ့....။

အခုနောက်ပိုင်း စီးပွားရေး တံခါးဖွင့် ဝါဒတွေ ကျင့်သုံးလာပြီး... ပုဂ္ဂလိက ဘဏ်တွေ ပေါ်လာပြီ ဆိုတော့ ဘဏ်တွေ တော်တော်ကောင်းသွားမှာဘဲလို့ သမရိုးကျ ထင်ကြပါတယ်.... အရင်တုန်းက ထက် စာရင် တော့ ဆက်ဆံ ရေးလေး ဘာလေး တော့ ပိုကောင်း လာမယ်ထင်ပါတယ်....  ။

တခါ က ကျနော် မဂ္ဂဇင်း တခုထဲ မှာ စွန့်ဦးတည်ထွင် စီးပွားရေးပညာရှင် ဆိုတဲ့ ကဏ္ဍ တခု မှာ မဂ္ဂဇင်း သမား တယောက် ရေးတဲ့ စီးပွားရေး သမားတွေ အကြောင်း ဖတ်တဲ့ အခါ မှာ တော ထဲမှာ မီးသွေးဖုတ်ရင်း ရှားပါး သစ်ဥသစ်ဖု ရှာဖွေရင်း အခုလို အရမ်း ချမ်းသာ လာတယ် ဆိုတဲ့ စီးပွားရေး သမား တယောက် အကြောင်း ကို တွေ့ပါတယ်...  နောက်ပိုင်း သူကလည်း  ဘဏ်ပိုင်ရှင် တဦး ဖြစ် လာပါတယ် ..... သူ ဘယ်သူ လည်း ဆိုတာ အားလုံး သိကြမှာပါ... ဘာကြောင့် ချမ်းသာ လာလည်း ဆိုတာ လည်း အားလုံး သိကြမှာပါ... အခုတော့ ... အဲဒီဘဏ် လည်း ပိတ်လိုက်ရပါပြီ.... ။

ကျနော့် အမြင် နဲ့ ပြောရရင် ... ဘဏ်ပညာ ဆိုတာ မလွယ်ကူပါဘူး... ကျနော် ဖတ်ဘူးတဲ့ နိုင်ငံခြား က ဘဏ်ပိုင်ရှင် တွေ ဟာ အလွန် လေးစားစရာ ကောင်းပါတယ်.... ဘဏ်ပညာ ဟာ လည်း ခက်ခဲ နက်နဲ တယ် လို့ ထင်ပါတယ်...  ငွေကြေးတည်ငြိမ် မှု့ ရှိတဲ့ နိုင်ငံ တွေ မှာတောင် တချက်မှားသွားရင် ဒီဘဏ်ဟာ ဒုက္ခ ရောက်သွားတယ် ဆိုတော့ သြ တော်တော် မလွယ်တဲ့ အလုပ်ပါလား.. တကယ့် ကို အသိဉာဏ် ရှိတဲ့ .. ထက်မြက် တဲ့ လူတွေဘဲ လုပ်နိုင်ကြတာပါလား လို့ သဘောပေါက်မိပါတယ်.... ဘဏ်ဝန်ထမ်း တွေ ကို လည်း  ပိုင်ရှင် တွေ နည်းတူ လေးစား မိပါတယ်....။

 အခု ကျနော်တို့ နိုင်ငံ က ဘဏ် တခု ကတော့ စစခြင်း ဝန်ထမ်း ခေါ်တဲ့ အခါ ရွေးချယ် တဲ့ စည်းမျဉ်း တခု က မတတ်တာ က သင်လို့ ရတယ် တဲ့ မလှတာ က ပြင်လို့ မရဘူး တဲ့... လှ တာလေး ရွေးချင် လည်း ရွေးပေါ့ ဗျာ... ဒါပေမဲ့ ကြားလိုက်ရတာ တမျိုးကြီး ... ။

နောက်ဘဏ် တခု ကတော့ စကပ် တိုတို ကလေး တွေ ဝတ်ခိုင်းတော့ အဲဒီဘဏ် က ဝန်ထမ်းကောင်မလေး တွေ ကို သွားသွားကြည့် ကြတာ အလုပ်တခု... နောက်ပြီး အလုပ်ရပြီးမှ သိပ်တိုလွန်းတဲ့ စကပ် ကို မဝတ်ရဲ လို့ အလုပ် က ထွက်သွားတဲ့ ဝန်ထမ်း မိန်းခလေး တွေအကြောင်းလည်း ကြားရတော့ စိတ်ထဲမှာ တမျိုးကြီး အပြင် စိတ်တောင် တော်တော် မကောင်းဖြစ်သွားပါတယ်...။

ကျနော် ကိုယ်ပိုင် အလုပ် လုပ်တော့ လည်း ဘဏ် ကို မသုံးပါဘူး.. ကျနော် တို့ လူမျိုးထုံးစံ ကတော့ ပိုက်ဆံ ရှိရင် ရွှေဝယ်... မြေအိုးလေး စဉ်အိုးလေး နဲ့ အိမ်အောက်တူးမြူတ်... အင်း ထုံးစံ ပြောတာနော် ကျနော် မဟုတ် ပါဘူး... စိတ် ထဲက တော့ ဘဏ် အသုံးပြု မဲ့ အစား အဲလိုက မှ ကောင်းသေးလို့.... ။

လွန်ခဲ့တဲ့ လေး နှစ် လောက်ကထင်တယ်... ဆိုင်ကို ဘဏ်ဝန်ထမ်း များ မတ်ကက်တင်း ဆင်းပါတယ်... ဘဏ် အသစ်ဖွင့် မှာမို့ ဘဏ် အကောင့် ဖွင်ဖို့ စည်းရုံးပါတယ်... လုပ်ငန်းရှင် တွေ ဖြစ်လို့ ဘဏ် အသုံးပြုဘို့ စည်းရုံး တယ်ပေါ့လေ...ကွမ်းယာဆိုင် ... အကြော်ဆိုင်... ကျနော့် ဆိုင် က  စပြီး ... စည်းရုံးရေး ဆင်း သွားတာ ပါ ..အားနာနာ နဲ့ ဘဏ်အကောင့် ဖွင့် ပါမယ်ပေါ့လေ... ဒါနဲ့ဘဏ် နဲ့ ပထမ ဆုံးပတ်သက် မိလိုက်ပါတယ်... ။

မြန်မာပြည် ဘဏ်အကောင့် က အခုအချိန် မှာ တော့ cheque နဲ့ တောင် သုံးလို့ ရတာ မှ မဟုတ် ဘဲ... ငွေစု စာအုပ် (ငယ်ငယ်တုန်း က ကျနော့် တို့ အဖိုး လုပ်ပေးတဲ့ ငွေစု စာအုပ် အဆင့် ထက် ပို ပြီး မထူးခြားဘူး ) လို့ ထင်တဲ့ အတွက် ဒီလိုဘဲ အသုံး မပြုဘဲထားပါတယ်...။

ငွေပေး ငွေယူ အတွက်လည်း ရိုးရိုး ငွေလွှဲ ကိုဘဲ အသုံး ပြုတဲ့ အဆင့်လောက် ဘဲ လုပ်တဲ့ အတွက် ကိုယ့် ဘဏ် စာအုပ်တောင် ကိုယ် မေ့နေပါတယ်... အခု နောက်ပိုင်း တော့ မြို့ခြားပြီး အပေးအယူ  ငွေ ပမာဏ နဲနဲ များ လာတော့ ... ဘဏ်အကောင့် ထဲ ထည့်ပေးလိုက်ပါတို့ ငွေ မသယ်ချင်တာတို့ ငွေ မယူချင်တာ တို့ ဖြစ်လာတော့ ဘဏ် နဲ့ တော်တော် များများ ပတ်သက် လာရပါတယ်... အင်း ဆက်ဆံရေးလည်း မဆိုးပါဘူး.. ဒီလောက်တော့ ရှိရမှာပေါ့လေ လို့.... အင်း လာပါပြီဗျာ ပြဿနာ က....။

မနေ့ကတော့ မြစ်ကြီးနား ကမ္ဘောဇ ဘဏ် ကနေ မန္တလေး ကမ္ဘောဇ ဘဏ်ခွဲ (၄)  မှာ ကျနော့် အတွက် ပိုက်ဆံ လွှဲပေး ပါတယ်... ငွေလွှဲ တဲ့ သူက ကျနော့် မှတ်ပုံတင် နံပါတ် ရော.. အကောင့်နံပါတ် ရော တောင်း ပါတယ်...  နှစ်ခု စလုံး ပေးလိုက်ပါတယ်... ငွေ လွှဲ တဲ့ သူက ကိုယ်တိုင် မလွှဲဘဲ တပည့် တယောက် ကို ခိုင်းလိုက် ပါတယ် တဲ့... အဲဒီမှာ မှတ်ပုံတင် နံပါတ် မှားပေးလိုက်ပါတယ်... ။

ကျနော် ငွေ သွားထုတ်တော့ မူရင်း မှတ်ပုံတင် ယူသွားတော့ မှားနေပါတယ်တဲ့..... မှတ်ပုံတင် မှားတာက MDYNE-000007 ဆိုတဲ့ နေရာမှာ MDYGE -000007 ဖြစ်နေတာပါ..... သူတို့ ဘဏ်က ကျနော့် ဘဏ်စာအုပ် ကို လည်း တောင်းကြည့်ပါတယ်... အဲဒီတော့ ပို့လိုက်တဲ့ သူ က အကောင့် နံပါတ် ပေးပြီး  ထည့် ခိုင်း တာကို ရိုးရိုး ဘဲ ငွေ လွှဲ ပေးလိုက်တယ် ထင်ပါတယ်.... သူတို့ က ဘဏ်စာအုပ် တောင်းကြည့် တဲ့ အတွက် သူတို့ စီမှာ ကျနော့် အကောင့် နံပါတ် လည်း ငွေ လွှဲသူ က ပေးလိုက်လို့ ရှိ နေတယ် လို့ ယူဆ နိုင်ပါတယ်  ။

ဒါနဲ့ တိုတို ပြောရရင် မှတ်ပုံတင် လွဲနေလို့ ငွေ မထုတ်ပေးဘူး တဲ့ .... ပို့လိုက်တဲ့သူ ကို မှတ်ပုံတင် ပြင်ခိုင်း လိုက်ပါတဲ့.... ဒါနဲ့ ကျနော် က အချိန်မရှိတော့လို့ အကောင့် နံပါတ် လည်းတူ လူနာမည် လည်း တူ နေတယ် N နဲ G မှားတာကလည်း ဒီ မန္တလေး မှာ MDYGE ဆိုတဲ့ နံပါတ် ကို မရှိပါဘူး... နောက်ပြီး ကျနော့် ဖုန်းနံပါတ် လည်း ပါနေတယ်.. ဘဏ် က ဖုန်း နဲ့ အကြောင်းကြား လို့ အခုလာတာပါ .. ။

ဒါကြောင့် ထုတ်ပေးပါလို့ ပြောတာ လက်မခံ ပါဘူး.. ဒါဟာ... မတော်တဆ အမှား မျိုး (Careless Mistake) ဆိုတာ သိသာ နေ ပါတယ်... ပထမဆုံး ကျနော့် ကို ငွေလွှဲ ပေးတဲ့ သူတွေ က မှား ပြီး ပေးတယ် ဆိုရင်တောင် လွှဲလိုက် တဲ့ သူတို့ မြို့ က ဘဏ်ဝန်ထမ်း တွေက ဒီနံပါတ်မျိုး မြန်မာပြည် မှာ မရှိတဲ့ အတွက် မှားနေတယ် ဆိုတာ သူတို့ အရင် သိရ မှာပါ... အဲဒါ ဆို အဲဒီမှာ တင် အမှန် ကို ပြန်တောင်း လိုက်ရင်  အလုပ် မရှုတ်တော့ ဘူးပေါ့...။

အခုတော့ ဟိုဘက် မှာ အရည်အချင်း မရှိတဲ့ ကိုယ့် တိုင်းပြည် က မှတ်ပုံတင် နံပါတ် တောင် ရှိမရှိ မသိတဲ့ ဝန်ထမ်း တွေ ခန့် ထားလေသလား. လို့တောင်ထင်မိတယ်.. နောက်ပြီး ဒီဘက်က ဝန်ထမ်း တွေကလည်း ကိုယ့် customer ကို အဆင်ပြေအောင်  စဉ်းစားမပေး ဘဲနဲ့ သူတို့ ရဲ့ မမှန်ကန် တဲ့ တိကျ ဘို့ ကို ဦးစား ပေးပြီး ကျနော့် ကို ငွေ ထုတ်မပေးလိုက်ပါဘူး... အဓိက ကတော့ ကျနော် က အလကား အလုပ်လာရှုတ်တာ မဟုတ်ဘူး သူတို့ ဘဏ် ကို လွှဲခ ပေးပြီး ငွေလာထုတ်တာ... တတ်နိုင်သမျှ လုပ် ပေးရမှာ...  ။

ဒါပေမဲ့ စက်ရုပ် ဝန်ထမ်း များ ကို ပြောမရ ပါဘူး ... ကျနော့် ကို ငွေလွှဲပေး တဲ့ သူကို အမှား ပြန်ပြင်ခိုင်း ဘို့ ဖုန်းဆက်ပြီး ပြော ရပါတယ်.... သူက လည်း  ချက်ခြင်း  မြစ်ကြီးနား ဘဏ်ကို ဖုန်းဆက်ပြီး ပြင် ခိုင်း ပါတယ် .. ဒါပေမဲ့ သူ ကိုယ်တိုင် ငွေ လွှဲတာ မဟုတ် ... သူ့ က တခြားတယောက် ကို ခိုင်း လိုက်တာ ဆိုတော့ အဲဒီ ခိုင်း လိုက်တဲ့ သူ ကိုယ်တိုင် ပြန်ပြင်မှ ရမယ် တဲ့...  ခိုင်းလိုက် တဲ့ သူနဲ့ ဆက်သွယ် ဘို့ ခက်နေတဲ့ အတွက် ခဏစောင့် ပေးပါ တဲ့.... အင်း ..... ဇာတ်လမ်း တွေက ရှုတ်ကုန် ပြီ... အခု ထိ မရသေး ပါဘူး ... ဘယ်နေရာ မှာ ဘာဖြစ်နေလည်း တော့ မသိ... ကျနော် လည်း ရချင်စိတ်ကို မရှိအောင် စိတ် တို လို့ ဖုန်း ကို ဆက် မကြည့်တော့ဘူး... အင်း သေရေး ရှင်ရေး ဆို ဘယ်နဲ့ လုပ်မလည်း ... ။ 

ဘဏ် စည်းမျဉ်း စည်းကမ်း တွေ ကို ကျနော် နားမလည်ပါဘူး... ဒါပေမဲ့ ကိုယ် လုပ်ပိုင်ခွင့် ရှိတဲ့ အပေါ် မှာ အတတ်နိုင်ဆုံး ကိုယ့် ဖောက်သည် အဆင်ပြေအောင် ဘယ် အလုပ်မှာ ဘဲ ဖြစ်ဖြစ် လုပ်ပေးရမယ် လို့တော့  ကျနော် ထင်ပါတယ်... တာဝန်ယူမှု့ တခုတော့ ရှိရမှာပေါ့... သာမန် လူတွေ တောင် စဉ်းစားကြည့်ရင် ဒါ ဟာ မတော်တဆ အမှား တခုဆိုတာ သိနိုင်ရဲ့ သားနဲ့ သူတို့ ဘာလို့ အဲလို့ တာဝန်မဲ့ လုပ်ရသလည်း ... ။

ဘဏ်ဝန်ထမ်း တွေ ကို သူတို့ ဘဏ်ပိုင်ရှင် တွေ က အဲလောက်တောင် လုပ်ပိုင်ခွင့် ပေးမထားဘူးလား.... ဘဏ်ဝန်ထမ်း တွေရဲ့ တာဝန် ဆိုတာ ပြုံးပြုံး လေး နှုတ်ဆက်ရုံ နဲ့ ကိုယ့် အလုပ် ကို တာဝန်ကျေပွန် ရုံ ဘဲလား... ကိုယ့် ဘဏ် ကို အသုံး ပြုနေတဲ့ သူတွေ အဆင်ပြေ အောင် ဒီလောက် ကလေး တောင် ဆောင်ရွက် ခွင့် ပေးမထား ဘူးလား... ကျနော် မပြောတတ်တော့ ပါဘူးဗျာ.....။

ကျနော် စိတ်ထဲ မှာ ငါသာ သူဌေး ကြီးဖြစ်ရင် ဘဏ်ပိုင်ရှင်တွေ ဘဏ်မန်နေဂျာ တွေကို မင်း တို့ ဘဏ် ဟာ ညံဖျင်းလွန်း လို့ ငါ့မှာ ရှိတဲ့ သန်းပေါင်း များစွာသော ငွေတွေ ရွှေတွေ ကို ပြန်ထုတ်တယ် ကွာ.. မင်း တို့ ဘဏ် နဲ့ ပြိုင်ဘက် ဟိုဘက် ဘဏ် ထဲ သွားထဲ့ မယ်လို့ ပြောချင်လိုက်တာ... အင်း ...ရီရတယ်နော်... မဖြစ်နိုင် တဲ့ သူဌေးကြီး ဘဝ ဆိုတော့ ခံပေအုန်း တော့ ပေါ့.....................။

လေးစားစွာဖြင့် 
စာရေးသူ - ရွှေစင်ဦး
.
>>>ဆက်ဖတ်ရန်>>> >>

Sunday, June 12, 2011

နိဗ္ဗါန်သွား တောလား (၃) (ဇာတ်သိမ်း)

အဲဒီ အစိမ်းရောင် အဆောင်လေး ထဲမှာ
တရားစစ် တယ်


ဒုတိယ ရက်မှာတော့ ညနေ မှာ တရားစစ်သွားရမှာ ဖြစ်တဲ့ အတွက် အားလုံး ဘဲ သေချာ လုံ့လစိုက်ပြီး တော့ အလုပ်လုပ်ကြပါတယ်... 

တရားအားထုတ် တဲ့ အခါမှာ  

သတိပဋ္ဌာန် ဆိုတဲ့ စကားရဲ့ အဓိပ္ပာယ် ကို အကျဉ်းချုပ်မျှ သိထားရင် ပိုကောင်းမယ် ထင်ပါတယ်....

သတိဖြင့် စွဲမြဲစွာ ရှုခြင်း စူးစိုက်ရှုခြင်း လို့ဆိုရင် ပိုရှင်းပါမယ်.. ရုပ်ကို စူးစိုက်ရှုတော့ ကာယာနုပဿနာ သတိပဌာန် ၊ခံစားမှု့ ကို စူးစိုက်ရှုတော့ ဝေဒနာနုပဿနာ သတိပဌာန်၊ စိတ်ကို စူးစိုက်ရှုတော့ စိတ္တာနုပဿနာ သတိပဋ္ဌာန်၊ သဘောကို စူးစိုက်ရှုတော့ ဓမ္မာနုပဿနာ သတိပဋ္ဌာန် လို့ ခေါ်ပါတယ်...။

အရှုခံအာရုံ က လေးမျိုးရှိသော်လဲ ရွေးချယ်ဖို့ မလိုပါဘူး.. ရွေးချယ်လို့လည်း မရပါဘူး... ရှုစိတ် က ကိုယ်ရှု လိုရာ အာရုံဆီ မရောက်ဘဲ ထင်ရှားရာ အာရုံဆီကိုသာ ရောက်တတ်လို့ပါဘဲ..၊ ဥပမာ နာကျဉ် ကိုက်ခဲ စတဲ့ ပြင်းထန်တဲ့ ဒုက္ခဝေဒနာ တွေ ဖြစ်ပေါ်နေတဲ့ အခါမှာ မိမိက ဝင်လေထွက်လေ ကို ဖြစ်စေ ဝမ်းဗိုက် ဖောင်းမှု ပိန်မှု ကို ဖြစ်စေ ရှုလိုတဲ့ အတွက် ရှုစိတ်ကို အဲဒီအာရုံတွေ ပေါ် တွန်းပို့သော်လဲ မရပါဘူး၊ ပိုပြီး ထင်ရှား တဲ့ ဒုက္ခဝေဒနာတွေ ဆီကို ပဲ ရောက်ရောက်သွားပါတယ်..။

ဒါကြောင့် ရွေးချယ်ပြီး ရှုရင် သဘာဝမကျတဲ့ အတွက် သမာဓိ မရရုံမက ဘဲ စိတ်နဲ့ ယောဂီ အားပြိုင် လွန်ဆွဲ နေသလို ဖြစ်ပြီး မောလာတတ်ပါတယ်.. ဒီတော့ အားထုတ်လို့ မဖြစ်ပါဘူး ဆိုပြီး စိတ်ပျက်သွား တတ် ပါတယ်..။
ဒါကြောင့် ထင်ရှားရာ အာရုံကိုသာ အလိုက်သင့် ရှုရပါတယ်...  စူးစိုက်ရှုရပါတယ်...။

အများကြီး ကျန်ပါသေးတယ်.. ချမ်းမြေ့ ဆရာတော်ဘုရားရဲ့ သတိပဋ္ဌန် ဝိပဿနာ အားထုတ်ပုံ ထဲမှာ အပြည့်အစုံ ဖတ်နိုင်ပါတယ်...။
 ..................................................................

ပထမ နှစ်ရက် မှာ ကျနော့် အတွက် မထူးခြား ပါဘူး .. ထိုင်တာလည်း နာရီဝက်ထက် မပိုသလို.. စင်္ကြန် လျှောက်တာ လည်း တနာရီထက် မပိုပါဘူး .. ဝေဒနာ ကို နာရီဝက် ထက် ပို သည်းမခံနိုင် သေးပါဘူး...။

ကျနော့် ရဲ့ ရည်ရွယ်ချက် က ရိပ်သာ မှာ ဘာဝနာ အားထုတ်တာ ကို ကိုယ်တွေ့ သိချင်လို့သာ လာတာ ဖြစ်ပါတယ်... ဘယ်လိုမှ ဒီလောက် ရက် ကလေး နဲ့ ထူးခြား မလာနိုင်သလို.. အတွေ့ အကြုံ ကလည်း ဒီတကြိမ် ထဲ နဲ့ မလုံလောက် နိုင်ဘူး ဆိုတာ နားလည်ပြီး ဖြစ်ပါတယ်.. အဲဒီ အတွက် တရားစစ်မှာကို မကြောက် သလို ထူးခြားမှု့ မရှိတဲ့ အတွက် လည်း ဝမ်းနည်း မှု့ မရှိပါဘူး... ။

တရားစစ်ချိန်ရောက်ပါပြီ... တယောက်ပြီး တယောက် ဝင်လိုက်ထွက်လိုက် နဲ့ လူမရှင်းနိုင်တာ နဲ့ ဝင်ထိုင် လိုက် ပါတယ်... သြ... လျှောက်တတ်လိုက်ကြတာ... နာတာကိုမှ ဘေးကနေ ဆယ်ပေါင်တူ နဲ့ ဝိုင်းထု နေကြ သလို ပါဘဲ တဲ့... ကျနော် နာတာကတော့ ဘယ်နှစ်ပေါင် တူ နဲ့ ထု သလို လည်း လို့ ပြောဘို့ အလေးချိန် တွက်နည်း ကလည်း မေ့နေတော့ ဒုက္ခ ဒုက္ခ လို့....။

အင်း တယောက် ကတော့ တကိုယ်လုံး ကို အပ်ချွန်ချွန်လေး တွေနဲ့ ဝိုင်းဝိုင်း ထိုးနေကြသလိုပါဘဲတဲ့...  အပ် နဲ့ ဝိုင်းမထိုးကြခင် တရားဖြုတ်လိုက်တာ မှန်သွားတယ် လို့တောင် ထင်သလိုလို ...... ကိုယ် က ဆေးထိုး တောင် ခံချင်တာ မဟုတ်... ။

တကိုယ်လုံး ကို ကြိုးနဲ့ တုတ်ပြီး ဝိုင်းရိုက် ကြသလို နာကျဉ် မှု့ ကိုခံရပါတယ် တဲ့.... ဟို တိုက် ထဲများ ဝင်ဘူး လို့ ဒီလောက်များ သိနေသလား လို့တောင် ထင်မိပါတယ်....။

တရားစစ်တဲ့ ဘုန်းဘုန်း ကတော့ အင်မတန်ချီးကျူး ဘို့ကောင်းပါတယ်.. ယောဂီအားလုံး ပြောတာကို စိတ် ရှည်ရှည် နဲ့ နားထောင်ပြီး ဘာကြောင့် အဲလိုဖြစ်တယ်.. ဆိုတာပြောပါတယ်... ဆက်လုပ်ဘို့... တမျိုး ပြောင်း ဘို့... ပြောပါတယ်..။

ကျနော့် ကို တော့ ပထမ အကြိမ် မှာ နာရီဝက် မရွှေ့မပြောင်း ထိုင်နိုင်တာ မဆိုးပါဘူး တဲ့... အမှတ်နဲ့ ပြောင်းပြီး ထိုင်ချင်စိတ် ရှိရင် တခါလောက် ပြောင်းထိုင်ပါ တဲ့ မထိုင်ချင်လည်း စင်္ကြန်လျှောက် ပါတဲ့... ကြွတယ် လှမ်းတယ် ချတယ် ပေါ့ဗျာ... အင်း တချို့ကိုကြတော့ အမှတ်စိတ်စိတ် ပေးပါတယ်... ကြွချင်တယ် ကြွတယ် ........ လှမ်းချင်တယ် လှမ်းတယ် .... ချချင်တယ် ချတယ် ပေါ့ဗျာ.. (ခြေလှမ်း တွေကို ပြော တာပါ)။

သုံး လေး ရက်ကြာ တဲ့ အခါမှာလည်း ကျနော် ရဲ့ တရားထိုင်ခြင်း က ထူးခြားမှု့ ရှိမလာပါဘူး..... ၊ တရားစစ် တဲ့ အချိန်မှာ ဘုန်းဘုန်း ကိုလျှောက်ပါတယ်.. တပည့်တော် ဝေဒနာ ကို မကျော်နိုင်သလို နာရီဝက် လောက်နဲ့ တရားဖြုတ်လိုက်မိတယ်... ဘုန်းဘုန်း ပြောသလို ဖြုတ်ချင်တဲ့ စိတ်ပေါ်လာရင် ဖြုတ်ချင်တယ် လို့လည်း စိတ်ထဲက မှတ်ပါတယ်... ဖြုတ်ချင်တယ် ဖြုတ်ချင်တယ် မှတ်ရင်းနဲ့ ဖြုတ် ဟာ ဆိုပြီး ဖြုတ်ပြစ် လိုက်ပါတယ်... ။

ဒီတခါတော့ တပည့်တော် မဖြုတ်ဘူး မဖြုတ်ဘူး ဆိုပြီး အားတင်းထားဘို့ ဆုံးဖြတ် ထားပါတယ် လို့ ပြောတော့ ဘုန်းဘုန်း က အဲလို မမှတ်ရဘူး ဖြုတ်ချင်တဲ့ စိတ်ကိုဘဲလိုက်မှတ်ပါတဲ့... တခါတလေ လည်း မဖြုတ်ဖြစ်ဘဲ အောင်သွားတတ် ပါတယ်တဲ့...။

တရားစစ် တာ နဲ့ တရားထိုင်တာ နဲ့ ပတ်သက် လို့ နိဗ္ဗါန်သွား တောလား (၂) ထဲမှာ ကိုပီတာ ကွန်မန့် ပေးသွားတာ တော်တော်ကောင်းပါတယ်.. ကျနော် ရေးချင်တာတွေ အဲဒီအထဲမှာ အကုန်ပါသွားပါတယ်.. ကျေးဇူးပါ ကိုပီတာ... ကျနော် ဒီထဲမှာ ပြန်ဖော်ပြပေးပါမယ်....

(တရားစစ်တယ်ဆိုတာ အမှန်တော့ တရားအားထုတ်တဲ့ ယောဂီတစ်ဦးချင်းစီရဲ့ စရိုက်နဲ့ ကိုက်ညီတဲ့  ရှုပုံ ရှုနည်း တွေကို တရားပြဆရာများ က ကူညီညွှန်ပြပေးနိုင်ဖို့ ရည်ရွယ်တာပါ... လူတိုင်းမှာ ဘ၀များစွာက ပါလာ တဲ့ အထုံပါရမီ များကြောင့် မတူကွဲပြားတဲ့စရိုက်တွေရှိပါတယ်.... တစ်ဦးနဲ့ တစ်ဦး ပါရမီမတူသလို တရား အားထုတ် ရာမှာ ကြုံတွေ့ရ၊ ကြိုးစားရတာတွေ လည်း တူမှာမဟုတ်ပါဘူး... အချိန်တိုအတွင်း ချမ်းသာ လွယ်ကူစွာ အားထုတ်ပြီး တရားတွေ့ မည့် သူ ( ယခုခေတ်တော့မရှိသလောက်ရှားပါးမှာပါ ) ။

ကြာရှည် လေးမြင့် စွာ၊ ဆင်းရဲဒုက္ခကြီးစွာ  (ဝေဒနာများစွာ)ခံစားပြီးမှတရားရမည့် သူကြာရှည်မြင့် စွာ၊ ဆင်းရဲဒုက္ခ ကြီးစွာ အပင်ပန်းခံ တရားအားထုတ်သော်လည်း ယခုဘ၀မှာ တရားမရပဲ အထုံပါရမီ အဖြစ်သာ ရမည့် သူ ( အားထုတ်ကြိုးစားသမျှတော့ အလကားမဖြစ်ပါဘူး...) စသည်ဖြင့်ပါရမီအနုအရင့် အလိုက်လူအမျိုး မျိုး ရှိပါတယ်... စာတတ်ပေတတ်ကမ္မဌာန်းပြဆရာများကို လည်း တရားညာလျှောက်လို့ မရပါဘူး... ဘယ်သူက ဖြင့် ညာနေတယ်၊ ဘယ်သူကဖြင့် အမှန်တွေ့ တာကိုပြောတယ်ဆိုတာ ဆရာသမား များက သိကြ ပါတယ်...။

အဲဒီလို trick ကလေးတွေသိနိုင်အောင်လို့  လည်း "ကမ္မဌာန်းဆရာတို့ ၏မှတ်တမ်း " ကမ္မဌာနာစရိယလက်စွဲ စာအုပ်ကို မဟာစည်ကမ္မဌာန်းနည်းပြဆရာကြီးနှစ်ဦး က ရေးသားခဲ့ဘူး ပါတယ်...။
တစ်ခုကျန်ခဲ့ တယ်...  အချိန် တို အတွင်း ပင်ပန်းဆင်းရဲစွာအားထုတ်ပြီး တရားတွေ့ မည့် သူ ဆိုတာလည်းပါ ပါသေးတယ်...( ဒီလို ပါရမီရှင်မျိုး လည်း အခု ခေတ်မှာတော်တော်ရှားပါဦးမယ်...)  ပါဠိလို အခေါ်အဝေါ် တွေကတော့ စာအုပ် နဲ့  ပြန် တိုက် ကြည့် ရမှာမို့ မြန်မာလို ပဲရေးလိုက်ပါတယ်..... ဒါကြောင့် တရားစစ်တာ ကို ကြောက်ဖို့ မလို၊ အထင် လွဲဖို့ မလို သလို ယူတတ်ယင် တစ်ခြားကြိုးစားအားထုတ်သူ တွေ ရဲ့ သဒ္ဓါ၊ ၀ီရိယ တွေကို အားကျ အတုယူ နိုင်ခြင်း ဆိုတဲ့ အကျိုးကျေးဇူး တွေတောင်ရနိုင်ပါသေးတယ်... သူတို့ မှားကွက်၊ ညံ့ ကွက်တွေ ကိုလည်း ရှောင်ရှား နိုင်တယ်လေ...)

ကိုပီတာ

သည်းခံပါ ဇွဲကောင်းပါ
ဝေဒနာ မလျော့ဘဲ မပျောက်ဘဲ ပိုပြီး နာကျဉ်လာတယ် ဆိုရင်လဲ ရှုမှတ်မှု လွှတ်မပစ်ရပါဘူး .. သည်းညည်းခံ နိဗ္ဗာန်ရောက် .. ဆိုတဲ့ စကားကို စိတ်မှာထားပြီး သည်းခံနိုင်သမျှ အောင့်အည်း သည်းခံကာ ဆက်လက် ရှုမှတ်ရပါမယ်။ .... ဥပ္ပန္တွံဒုက္ခံ ဝီရိယေန အဘိဘဝိတွာ ဘာဝန်သမ္ပာဒေတိ = ဖြစ်ပေါ်လာတိုင်း သော ဆင်းရဲ ကို ကြီးမားသော ဝီရိယဖြင့် လွှမ်းမိုး၍ ဝိပဿနာ ကို ပြီးစီးစေ၏.... ။ ဆိုတဲ့ မဟာဋီကာ (ဒု၊၃၉၉) စကား ကို စိတ်မှာထားပြီး မလျှော့တဲ့ ဇွဲလုံ့လ ဝီရိယ နဲ့ သဲသဲမဲမဲ ရှုမှတ်ရပါတယ်..။

ဒိဌိသတ်
အဲဒီလို ဇွဲကောင်းကောင်းနဲ့ ရှုမှတ်ရင် မကြာမီဘဲ နာမှုနဲ့ ရှုသိစိတ်၊ ကျဉ်မှုနဲ့ ရှုသိစိတ် စသည်ဖြင့် တစုံစီ တစုံစီ တတွဲစီ သိလာရပါတယ်... ဒါဟာ အရှုခံ နာမ်တရား နဲ့ ရှုသိတဲ့ နာမ်တရားကို ပိုင်းပိုင်း ခြားခြား သိခြင်းပါပဲ၊ ဒီအခါမှာ နာမှု ကျဉ်မှုရဲ့ တည်ရာ လက်ခြေ ခါး စသည်ကို မတွေ့ရတော့ဘူး၊ ပုဂ္ဂိုလ်သတ္တဝါ အနေနဲ့လဲ မတွေ့တော့ ပါဘူး။ နာသဘော ကျဉ်သဘော သက်သက် ပဲ သိရတွေ့ရ ပါတော့တယ်။ ဒါဟာ သက္ကာယ ဒိဋ္ဌိ ကို ဝိပဿနာဥာဏ် နဲ့ တဒင်္ဂပဟာန် အနေနဲ့ ပယ်သတ်ထားတာပါပဲ။

အဲဒီလိုအခါမှာ ရှုမှတ်လို့ အလွန်အရသာရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ ပုဂ္ဂိုလ် သတ္တဝါ ငါ မပါ တော့တဲ့ အတွက် နာမှု ကျဉ်မှုစတဲ့ ခံစားမှုသဘောမျှ ကိုသာ ရှုလိုက်တိုင်း သိရုံမျှ သိနေရလို့ပါပဲ..။

ဒဿန ပညာနှင့် မသိနိုင်
အဲဒီလို နာမှုကျဉ်မှု စတဲ့ ဒုက္ခဝေဒနာတွေကို ..မခံသာတဲ့ သဘော၊ ဆင်းရဲတဲ့ သဘော သက်သက်မျှ ပါကလား လို့ ကိုယ့်တွေ့ဉာဏ်နဲ့ သိနေတာ က ဒုက္ခဝေဒနာရဲ့ အရှိသဘာဝ ကို အရှိအတိုင်း သိနေခြင်း ပါပဲ.. ငါနာတယ် ငါကျဉ်တယ် လို့ ပုဂ္ဂိုလ် သတ္တဝါ အနေနဲ့ မသိမမြင် ဘဲ နာမှုကျဉ်မှု သဘော နဲ့ ဒီသဘော ကို သိနေတဲ့ စိတ်ကလေးမျှ ပဲ လို့ အရှိအတိုင်း သိနေပါတယ် ဒီလို ... ငါ ... မပါတဲ့ အသိ ကို အတွေး အမြင် ဒဿနပညာ နဲ့ ဆင်ခြင်တွေးခေါ်လို့ မသိနိုင် မရနိုင် ပါဘူး။ ရုပ်နဲ့ နာမ် ကို သူ့အရှိ သဘာဝ အတိုင်း စောင့်ရှုရာ က ဖြစ်ပေါ်လာတဲ့ ကိုယ်တွေ့(ဘာဝနာ) ဉာဏ် နဲ့ မှသာ သိနိုင် ရနိုင် ပါတယ်။

ဒါကြောင့် မြတ်စွာဘုရား က .. အတက္ကာဝစရော... ဆင်ခြင်တွေးခေါ်ဉာဏ် ဖြင့် မသက်ဝင်နိုင်၊ (ဝါ) ဆင်ခြင်တွေးခေါ်ဉာဏ် ၏ အရာမဟုတ် လို့ မိန့်တော်မူခဲ့ပါတယ်။

..................................................................

ကျနော် ရိပ်သာ မှာ ၇ ရက် တရားအားထုတ် တဲ့ အချိန် မှာ တကြိမ်ဘဲ တနာရီ နီးပါး  ထိုင် လိုက်နိုင် သလို... တကိုယ်လုံး မှာ ရှိတဲ့ သွေးကြော များဟာ လှိုင်းများ ကဲ့သို့ စီးမျောနေတာကို သေသေ ချာချာ သိလိုက် ပါတယ်... ဓါတ်ကြီး လေးပါး ထဲက တပါးပါး ကြောင့်ဖြစ်မယ်ထင်ပါတယ် ... ။

ကျနော် ရိပ်သာဝင်မယ် ဆိုတော့ ချစ်ချစ်ကြီး က ..... ကိုယ် က အခုမှ စဝင်တာ ဒုက္ခ တအား ခံ မနေနဲ့ ပြင်ထိုင် ပြင်ထိုင် နဲ့ ခဏ ခဏ မှာပါတယ်... ကျနော့် အနေနဲ့လည်း တအားဒုက္ခခံ ဘို့ စိတ်ကူးမထား ပါဘူး... အဲဒီ အတွက် တကယ် လုပ်တဲ့ အခါမှာ ခိုင်မာတဲ့ ဆုံးဖြတ်ချက် မရှိတဲ့ အတွက်  ဝိရိယ အားနည်း သွား ပါတယ်... နောက်တကြိမ် မှာတော့ ကျိုးစား အားထုတ် ဘို့ ဆုံးဖြတ်ထားပါတယ်ဗျာ....။

ရိပ်သာမှာ နေတဲ့ ရက်တွေမှာ မနက် အာရုံဆွမ်း နဲ့ နေ့ဆွမ်း ကို  တော့ အထူး အာရုံ စိုက်ပါတယ်... မနက် မနက် ဓမ္မာရုံ သွားတဲ့ လမ်းမှာ အာရုံဆွမ်း ဘာကျွေးမလည်း ဆိုတာတောင် ဆွမ်းချက်ရုံ နား ရောက် တိုင်း အနံ့ခံ ကြည့်မိတယ် ( မုံဟင်းခါးနံ့လေးများ ရမလားလို့) ... အင်း အစားတလုပ် ကို မက်မော ပုံ ကတော့ ရှက်ဖို့တောင် ကောင်းပါ တယ် ...။

ဒီလိုနဲ့ သူများလှူတာ တန်းတာ တွေ ကို မက်မက်မောမော စားလာတာများတော့ လည်း ကိုယ်တိုင် လှူချင် လာပါတယ်... ကွယ်လွန်သူ ကိုကြီးကျောက် အတွက် ရည်စူးပြီး 22. 5. 2011 မှာ နေ့ဆွမ်း ကပ်လှူ ပါတယ်..  အမေရိကန် မှာ ဆောက်လုပ် နေတဲ့ ချမ်းမြေ့ ရိပ်သာ သိမ်ကျောင်း အတွက် လည်းလှူ ခဲ့ ပါတယ်...၊ တခြား ကိုယ် လှူချင် တာလေး တွေ လည်း လှူခဲ့ပါတယ်...။

ဒီလိုနဲ့ ၇ ရက် ပြည့်ခါနီး လာပါတယ်...၊ တနေ့ထက် တနေ့ တရား တက် မတက် ဆိုတာတော့ ယောဂီများ အသိဆုံး ဖြစ်မှာပါ...၊ ကျနော့် အနေ နဲ့တော့ ည ၉နာရီ ထိုးတိုင်း  တရက်တော့ အောင်သွားပြီ ဆိုပြီး ဝမ်းသာ အားရ ဖြစ်မိပါတယ်... ။

ချစ်ချစ်ကြီး အပြော အရဆို ရင်တော့ အပျော်ဆုံး ရက်တွေ မှာ ရိပ်သာ ထွက် တဲ့ ရက်တရက် တိုး ရမယ် ဆိုတာ ဖြစ်နိုင်လောက်ပါတယ်....။

ရိပ်သာ ဝင်တဲ့ ကျနော် တို့ ဓမ္မမိတ်ဆွေ လေးယောက် ဟာ နောက်လေးလ ကြာတဲ့ အခါမှာ ဒုတိယ အကြိမ် ထပ်ဝင် ဘို့ ဆုံးဖြတ်ရင်း ပထမ အကြိမ် ရိပ်သာဝင်ခြင်း ကို အောင်မြင် ပျော်ရွှင် စွာ နဲ့ အဆုံးသတ် ခဲ့ သလို နောက်တကြိမ်မှာ တော့ ဆေးလိပ် စီးကရက် ကွမ်းယာ ဆိုတာ မျိုး ကို လုံးဝ ယူဆောင် မလာ ဘို့ ပြောဆို ကြ ပါတယ်...။ ဒီကြား ထဲမှာလည်း ကိုယ့်အိမ် မှာ ကိုယ် နေ့စဉ် တရားအားထုတ်မယ် လို့ လည်း တက်တက် ကြွကြွ ဆုံးဖြတ် ခဲ့ကြ ပါတယ် လို့ ပြောကြားရင်း နိဂုံး ချုပ်လိုက်ပါတယ်...။
 .................................................................
ကျနော် နောက်ထပ် အဆစ်ကလေး နဲနဲ ပြောချင်တာကတော့ ကျနော် ဟာ ကျနော့် ချစ်မေမေ နဲ့ အတူတူ မအိပ်ရတာ နှစ်ပေါင်း များစွာကြာခဲ့ပါပြီ... အခုတော့ အသက် ၇ဝ ကျော် နေတဲ့ မေမေ နဲ့ အတူ အိပ် ခဲ့ရ သလို အနီးကပ် ပြုစု စောင့်ရှောက် ခဲ့ ရလို့ လည်း ပီတိ ဖြစ်မိပါတယ်... ။

ကျနော့် မေမေ ဟာ သီလ နဲ့ ဒါန ရှိပေမဲ့ ဘာဝနာ ကို စံနစ် တကျ အားမထုတ်ဘူးသေး ပါဘူး....၊ ကျနော်တို့ ဗုဒ္ဓ ဘာသာဝင် တွေ အတွက် ဘာဝနာ ပွားများ တဲ့ အကျင့် ရှိမှသာ ဘဝကူး ကောင်းမယ် လို့ ယူဆကြတဲ့ အတွက် ကျနော့် မေမေ ကို နည်းစံနစ် မှန်မှန်လေး နဲ့ အခုလို ကျင့်ကြံ အားထုတ်စေနိုင် ခဲ့ ခြင်း အတွက် လည်း အရမ်း ဝမ်းသာမိပါတယ်... ။

နောက်ထပ် ဆက်ပြောရရင် မေမေ ဟာ ရိပ်သာ ထွက်ပြီး နောက်ရက် က စလို့ အိမ်မှာ မနက်တိုင်း အချိန် မှန် တရားထိုင်ဖြစ်ပါတယ်တဲ့... သူ တရားထိုင် တာကိုလည်း သူဘာသာ ပီတိ ဖြစ်ပြီး အရမ်း ဝမ်းသာ နေလို့ ကျနော့် မှာ ပျော်ပြီးရင်း ပျော်နေရပါတယ်ဗျာ...။

ဒီ ပိုစ့် သုံးပုဒ် ကို လာဖတ်သူ များ နဲ့ ကွန့်မန့် ပေးပြီး ကိုယ့် အယူအဆ လေးတွေ ကိုယ် ပြောသွားသူများ ကို လည်း အထူးဘဲ ကျေးဇူးတင်ကြောင်း ပြောကြားပရစေ...။

လေးစားစွာဖြင့် 
စာရေးသူ - ရွှေစင်ဦး

.
>>>ဆက်ဖတ်ရန်>>> >>

Tuesday, June 7, 2011

နိဗ္ဗါန်သွား တောလား (၂)

 ဒီဓမ္မာရုံကြီး ထဲမှာ တရားထိုင်ရပါတယ်

ဆွမ်းစားကျောင်း မှာ အလုပ်ပေး တရားနာ ရတာက ကက်ဆက် နဲ့ပါ... အမှန်အတိုင်း ပြောရရင် အသံ ကြည်ကြည် လင်လင် မကြားရတာ ရယ်... ပဆစ်တုပ် ပြီး ကြာကြာ  မထိုင်တတ် တဲ့ အတွက် ခဏခဏ ပြောင်းထိုင် နေရတာ ရယ်  နဲ့ ဘာမှန်း ကို သိပ်မသိလိုက်ပါဘူး ......။

ကျနော် ရိပ်သာ သွားမယ် ဆိုတော့ ချစ်ညီမ နဲ့ ချစ်ချစ်ကြီး ကို အရင်မေးပါတယ်ဗျာ... ဘာစာတွေဖတ်သွား ရမလည်း.. ဆိုတော့ ဘာမှ ဖတ်မသွားနဲ့ တဲ့ ကိုယ်တွေ့ က အကောင်းဆုံး ဆိုတာနဲ့ အလုပ်ပေး တရားလေး တောင် ကြိုတင် နာမသွားလိုက်ရ ဖတ်မသွားလိုက်ရပါဘူး ... အခုတော့ ကြားတချက် မကြားတချက် ဝါးတား ဝါးတား ဖြစ်နေတဲ့ အတွက် နောင်လာ နောက်သားများ အလုပ်ပေး တရား ကို ကိုယ့်အိမ် မှာ အေးအေး ဆေးဆေး ကြိုတင် နာသွားခဲ့ရင် ပိုပြီး အကျိုးရှိမယ်ထင်ပါတယ်.... ။

တနာရီခွဲလောက် ကြာတော့ တရားနာတာ ပြီးသွားပါတယ်.. ဝမ်းသာအားရ နဲ့ အဆောင် ကို ပြန်ခဲ့ကြ ပါတယ်... တရားနာ အပြီးမှာ ဓမ္မာရုံပေါ် တက်ပြီး တရားဆက်မှတ် နေရင်လည်း ရပါတယ်... ဒါပေမဲ့ ဒီနေ့ အဖို့တော့ အလုပ်ပေး တရားနဲ့ဘဲ ရောင့်ရဲတင်းတိမ် ပြီး အဆောင်ပြန် နားနေပါတယ်....။

ကျနော် တို့ ယောဂီ လေးယောက်စလုံး မနက်စာ ထမင်းစားချိန် က နေ့လည် ၂နာရီ လောက် မှာ ဖြစ်နေတဲ့ အတွက် ... ရိပ်သာမှာလည်း အလုပ်ပေး တရားအမှီ ဝင်ရမှာ ဖြစ်တဲ့ အတွက် ညနေစာ ကိုတော့ လက်လွှတ် လိုက် ရပါတယ်... တသက်လုံး စားလာတဲ့ ထမင်း တနပ် မစား ရတော့ ဘာဖြစ်လည်း ဆိုပြီး ဆာတာ ကို ဆာတယ် လို့ ဘဲ မှတ်နေရင်း ကျနော့် အဖိုး ရဲ့ ကိုယ့်တွေ့ တရားထိုင်ခဲ့တာလေး ကို ပြန်သတိရ နေ ပါတယ်...။

ကျနော့် မေမေ ရဲ့ ဖေဖေ ပါ... စိတ်ကောင်းရှိပြီး ပျော်ပျော် နေတတ်ပေမဲ့ ဘာဝနာ ကိုတော့ သေချာ အားထုတ် မသွားပါဘူး..၊ တနေ့တော့ သူ့ ယောက်ဖ အကြီး ကလာပြီး မင်းတို့ တရားထိုင်တာ အကျင့် ဖြစ် သွားအောင် ဆိုပြီး ထိုင်ပုံ ထိုင်နည်း လေး ပြောပြီး သူက ရှေ့ကထိုင် ပြီး နောက်က အဖိုး တို့ ကို ထိုင် ခိုင်းပါတယ်... ကျနော့် အဖိုး ကလည်း ထိုင်ဘူးထိုင်စ ကလည်း မရှိ တရားဖြုတ်ချင်တာလည်း သူ့ယောက်ဖ က ရှေ့က မဖြုတ်တော့ စိတ်ညစ်ညစ် နဲ့ တနာရီလောက် တရားထိုင် လိုက်ရပါတယ်တဲ့...။

အဲဒါနဲ့ တရားဖြုတ်ပြီး တဲ့ အချိန်မှာ သူ့ယောက်ဖ က ဝမ်းသာအားရ နဲ့ တရားစစ် ပါတယ်.. မင်း တရားထိုင် နေတုန်း ဘာမြင်လည်း ..ဘာပေါ်လည်း ဆိုတော့ နေ့လည် လဘက်ရည် သောက်ချိန် ကျော်သွားလို့ ဗိုက်ဆာ နေတဲ့ အဖိုး က လည်း ပေါင်မုံ့ မီးကင် ထောပတ်သုတ် လေး နဲ့ လဘက်ရည် ကျကျလေး မြင်ပါတယ် လို့ ပြောလိုက် တယ်တဲ့... ။

သူ့ယောက်ဖ က အလေးအနက် ထားလုပ်နေတာဆိုတော့ စိတ်ဆိုးပြီး ပြန် သွားပါတယ်..... အမှန်တော့ အဖိုး ကလည်း သူ တကယ်မြင်တာ ပြောတာပါ.. အခု ရွှေစင်ဦး ကတော့ တရားမထိုင် ရသေးခင်မှာဘဲ ... စားကောင်း သောက်ဖွယ် အားလုံး ကို တန်းစီ ပြီး မြင်ယောင် နေတဲ့ အတွက် အဖိုး ထက် သာတယ် လို့ ပြောလို့ရပါတယ်...။

အလုပ်ပေး တရား က ဘာမှန်းသိပ်မသိလိုက်ပေမဲ့... မနက်ခင်း ကိုယ်တွေ့ တရားလုပ်ရမှာ ဆိုတော့ စည်းကမ်း ချက် များကို ပြန်ဖတ်မိပါတယ်... မနက် ၃နာရီခွဲ ခေါင်းလောင်းထိုးရင် အိပ်ယာထပြီး ဓမ္မာရုံ ကို လေးနာရီထက် နောက်မကျ စေဘဲ သွားရမယ်လို့ ပါ ပါတယ်... မနက်စောစော ထ ရမှာ ဖြစ်တဲ့ အတွက်... အားလုံး ကို စောစောအိပ် ဖို့ သတိပေးပြီး အိပ်ယာဝင်ဖို့ ကျိုးစားပါတယ်..။

ယောဂီ လေး ပါး စလုံး က မနက်မလင်း ခင် ကြုံ တွေ့ ရမဲ့ အတွေ့အကြုံ အသစ် အတွက် ရင်ခုံ နေတာရယ်  မစားလိုက်ရတဲ့ ထမင်း တနပ် ကို လွမ်းမော နေတာ ရယ် နဲ့ တော်တော် နဲ့ အိပ်မပျော်ကြပါဘူး... ရွှေစင်ဦး ကတော့ ချစ်ညီမ ပြောတဲ့ အာရုံဆွမ်းကို တမ်းတ မျှော်လင့် နေပါတယ်... နို့စိမ်းခေါက်ဆွဲ လေးလား... ကိုယ် သိပ်ကြိုက်တဲ့ မုံဟင်းခါးလေး ကို ဘူးသီးကြော် လေး နဲ့ များ စားရမလား.. ပဲထပ်တရာ ပူပူလေး လား... ကော်ဖီ ရော ပါပါ့ မလား... အင်း မကောင်းပါဘူး တရားထိုင်ဘို့ မစဉ်းစားဘဲ အာရုံဆွမ်းကို ဘဲ အာရုံ ရောက်နေတဲ့ ကိုယ် ကို ကိုယ့် တောင် ရှက်မိပါရဲ့....။

ဒီလိုနဲ့ တညပြီးသွားပါတယ်... မနက်မှာ တော့ အိပ်ယာ က အစောဆုံး နိုးပါတယ်... အသက်အငယ်ဆုံး ဖြစ် တာ ရယ် (ကြွားတာ မဟုတ်ပါ) ကျနော့် ရဲ့ ကောင်းတဲ့ အကျင့် တခုရယ်ကြောင့်ပါ... ကျနော် စိတ်ထဲမှာ နိုး စေချင်တဲ့ အချိန် ကို နှိုးစက် မလိုဘဲ နိုးတတ်လို့ ဖြစ်ပါတယ်... ၊ သုံး နာရီခွဲ ခေါင်းလောင်းတီးမယ် ပြောပေမဲ့ ကိုယ် ဟာ အပ္ပကိစ္စောစ (နဲပါးသော ကိစ္စ) ရှိသူ မဟုတ်တဲ့ အတွက် အစောဆုံး ထပြီး ကိစ္စ အားလုံး ကို ကျန် ယောဂီ များ အသုံး မပြုခင် စိတ်အေး လက်အေး နဲ့  ပြီးစီးအောင် လုပ်ထားပါတယ်...။

ခဏနေတော့ ခေါင်းလောင်း ထိုးပြီး အားလုံး ဘဲ နိုးလာကြပါတယ်... ယောဂီလေးပါး အတွက် ပထမဆုံး တရား ထိုင် ဘို့  ခြေလှမ်းသစ် များဟာ တက်ကြွ လွန်းလှပါတယ်....။

သွားလာရာ ၌  
(က) မည်သည့် အခါမှ နှစ်ယောက်ယှဉ် ၍ မသွားရ၊ ရှေ့နောက် စဉ် လျက် တဦး နှင့် တဦး မထိစေဘဲ သွားလာ ရမည်။

(ခ) ရေးကြီးသုတ်ပြာ မသွားရ၊ မြန်မြန်မသွားရ၊ ဖြည်းဖြည်း ရှုမှတ်မှု မလွတ်စေဘဲ သွားလာရမည်။

(ဂ) ယောဂီ နှင့် မလျော်သော ဟိုကြည့်ဒီကြည့် ကြည့်လျှက် သွားလာခြင်း မရှိစေရ၊ ရှေ့ ၌ လေးတောင် ခန့်မျှ မျက်လွှာ ချကြည့်လျက် ရှုမှတ်မှု မလွတ်စေဘဲ သွားလာရမည်။



 ဆွမ်းချက်ကျောင်း လှေကား အတက်လေး မှာ 
ဓါတ်ဘူး လေး ထားခဲ့ရပါတယ်

ဓမ္မရုံ ကို သွားရင်း နဲ့ ကိုယ်ယူ လာတဲ့ ဓါတ်ဘူး လေးကို ဆွမ်းချက်ကျောင်း မှာ ဝင်ထားရပါသေးတယ်ဗျာ... ဆွမ်းစားပြီး ကိုယ့် အဆောင်မှာ ကော်ဖီလေးဘာလေး သောက်ရအောင်ပါ... လေးနာရီ မထိုးခင်ဘဲ အားလုံး ဓမ္မာရုံ ကို ရောက်ပါတယ်.... ။

တရားထိုင် ဖျာလေး ကို နောက်ဆုံး တန်း မှာ ခင်း ... ဆိုဖာဖုံ ထူထူလေး အပေါ်ကတင် ကိုယ် ယူလာတဲ့ အခင်းလေး အပေါ်ဆုံး က ထပ်ပြီးတော့... တရား ထိုင် ခြင်ထောင်လေး ထောင်ရပါတယ်... ဒီနေရာမှာ တော့ ရွှေမန္တလေး ထက် အများကြီး သာသွားပါပြီ ... နွေခေါင်ခေါင် မှာတောင် အနွေးထည်လေး ဝတ်ထား ရပါတယ်... ဒါပေမဲ့ တကယ် တရားထိုင် မယ်ဆိုတော့ စိတ်များ အိုက်မလား ဆိုပြီး အလုပ်မရှိ အလုပ်ရှာပြီး အနွေးထည် လေး ကို ဘဝမှာ အသေသပ် ဆုံး နဲ့ အကြာဆုံး ခေါက်ပြီး မှ အနားမှာ တင်ထား ပါတယ်...။

ကဲ.. စပါပြီဗျာ... 

အလုပ်ပေး တရား ကို သေချာ မနာလိုက်ရပေမဲ့... ဘုန်းကြီး အဖိုး (ဖေဖေ ရဲ့ ဖေဖေ ပါ) ရဲ့ အချစ်ဆုံး မြေးအကြီး ဆုံး ဆိုတော့ ဂလောက်တော့ ရပါတယ်ပေါ့လေ... သေချာ စထိုင်ပါတယ်... မထိုင်ခင် ကိုယ် ပတ် ထားတဲ့ နာရီလေး ကို ရှေ့မှာ ချွတ်ချပြီး အချိန်မှတ် ထားလိုက်ပါတယ်... တော်ကြာ စံချိန်ကျော် သွားရင် မသိလိုက် မှာ စိုးလို့ပါ.... ။

ကျနော် သမာဓိ စတင် ထူထောင် တာက နှာသီးဖျား မှာ သတိလေး ကပ်ပြီး ဝင်လေ ထွက်လေ နဲ့ ဖြစ် ပါတယ်... နူးညံသိမ့်မွေ့ တဲ့ အတွက် သေချာ ဂရုစိုက်ပြီး လုပ်ရပါတယ်... မဟာစည် ဆရာတော် ဘုရားကြီး ကတော့ စစခြင်း ဆိုရင် ထင်ရှားတဲ့ ဝမ်းဗိုက် ကို ရှုခိုင်း ပါတယ်.. ပိန်လိုက် ဖောင်းလိုက် ပေါ့ ... ကိုယ် သန်ရာ သန်ရာ နဲ့ စလို့ ရပါတယ်..။

သမာဓိ ထူထောင် တဲ့ အချိန်မှာ စိတ်ပျံ့လွင့်မှု့ နည်း ပါတယ်.... ဒါပေမဲ့ သိပ်မကြာခင်မှာဘဲ ဟိုနားက ယား သလိုလို... ဒီနားက ပုရွက်ဆိတ် တကောင် ဝင်လိုက်ထွက်လိုက် လုပ်နေသလိုလို နဲ့ တော်တော် အနေရ ခက်လာ ပါတယ်... အင်း ယားရင် ယားတယ် လို့ မှတ်ဆိုပြီး ဘယ်လိုများ ယားနေသလည်း ဆိုတာ သေချာ လေ့လာ အကဲခတ်ပါတယ်... အင်း ယား တာက တနေရာထဲ မဟုတ်ပါလား.... အယားဆုံး နေရာလေး ကို  စူးစိုက်ပြီး ယားနေတာ ကို သေချာ အာရုံခံပြီး ကြည့်ပါတယ်... ခဏနေတော့ ယားတာပျောက်သွားပါတယ်... ဘယ်အချိန် က ပျောက်သွားလိုက်မှန်း ကို မသိ လိုက်ပါဘူး... ယားတာကို သည်းခံနိုင် တဲ့ အတွက် ဝမ်းသာ တဲ့ ပီတိဖြစ်ရပြန်တယ်... ဒီ ပီတိ ကလည်း သိပ်မကြာလိုက်ပါဘူး.... နှာသီးဖျား ကို အာရုံပြန်ပို့ ရပြန် ပါတယ်... ။

နာကြင် တဲ့ ဝေဒနာတွေ စပါပြီဗျာ... ညာဘက်ခြေထောက် ထိပ်ပိုင်းက စပြီး ခြေသလုံး တလျှောက် ကျင်တက် လာပြီး မခံမရပ်နိုင်တဲ့ ဝေဒနာ ခံစားရပါတယ်... ခါးထိ နာတာကျင်တာ တက်လာပါတယ်.... ကြားဖြတ် ပြော ရရင် .... ကျနော် က တသက်လုံး ရောဂါ ဝေဒနာ ကြီးကြီးမားမား မဖြစ်ဘူးပါ... ဖျားတာ ... ခေါင်းကိုက် တာမျိုး ဆိုတာတောင် လက်ချိုးရေရ လောက်အောင် နည်း ပါတယ်...   ဒီလို ဝေဒနာမျိုး ကို ခံရတော့ စိတ်ထဲမှာ ကျနော် ကြားဘူးတဲ့  အချက်တချက် ကို သွားသတိရပါတယ်... မြတ်စွာဘုရား က ဒီလောက် ကြမ်းတမ်း ခက်ခဲ တဲ့ တရား ကို ပေးပါ့မလား ဆိုတာပါဘဲ.. အဲဒီ မဟုတ်တဲ့ သံသယ တချက် သွား ဝင် လိုက်တာ နဲ့ တရားထိုင်တာ ကို ဖြုတ်ပစ်လိုက်ပါတယ်...။

နာရီ လေးကို ဖြတ်ခနဲ့ တချက် အကြည့်ရောက်သွားပါတယ်... နာရီဝက်တိတိ ပါဘဲ... ဆက်ထိုင် လို စိတ် လည်း မရှိတော့ တဲ့ အတွက် ရယ် မေ့ပျောက်ထားတဲ့ အာရုံဆွမ်း က ပြန်လာ ချော့မြူတာရယ် နဲ့ အင်း စင်္ကြန် လျှောက်ရင်း နဲ့ဘဲ အာရုံဆွမ်း ကို စောင့်တော့မယ်... (အမှန်တော့ စင်္ကြန် တလှည့် လျှောက်အုန်း မယ် ဖြစ်ရမှာပါ) ဆိုပြီး.... ဘယ်လှန်းတယ် ညာလှန်းတယ် ဆိုတဲ့ ပထမ စင်္ကြန်လက်ချာ အတိုင်း မှန်ကန် အောင် လျှောက်ရပါတယ်... ။

 ဒါ ကစင်္ကြန် လျှောက် တဲ့ နေရာပါ 
အပြင်ရော အတွင်းမှာပါ လျှောက်လို့ ရပါတယ်

အာရုံ ထဲမှာ ဘယ် ခေတ်က စစ်သားတွေလည်း တော့ မသိ .... ဘယ် ညာ မှန်အောင် မသိတဲ့ အတွက် ဘယ် ဘက်မှာ ကောက်ရိုးချည် ညာဘက်မှာ မြက်ခြောက် ချည် ပြီး ကောက်ရိုးခြေထောက် မြက်ခြေထောက် လို့ ဘယ် ညာ အစား ဆို ရသတဲ့... ကျနော် လည်း လျှောက်ရင်း လျှောက်ရင်း ဘယ်ညာ လွဲ လွဲ သွားလို့ ကောက်ရိုး နဲ့ မြက်ခြောက် ရှာရမလားလို့ တောင် စဉ်းစားမိပါသေးတယ်... အမှန် ကတော့ ဝမ်းဗိုက် က အချက် ပေးလို့ အာရုံဆွမ်း ထဲ မှာ ကပ်ညိသွားတဲ့ အာရုံကြောင့် စိတ်တွေ ရောက်ရက်ခတ် တာပါ..။

မကြာမှီမှာ ဘဲ အာရုံဆွမ်း အတွက် အချက်ပေးခေါင်းလောင်းသံကြားရပါတယ်... တော်တော်ပျော်သွားပါတယ် ... ကဲ ဘာလေးများ စားရပါ့မလည်း ... ပထမဆုံး အာရုံဆွမ်း က ကျနော် အကြိုက် ဆုံး ... ဆန်ပြုတ် ပါတဲ့ ဗျာ.... ကြက်သားဖတ် များများ ပူပူနွေးနွေး နဲ့ တရုပ်နံနံများတောင် ပါလိုက်ပါသေးတယ်... အီကြာကွေး ကိုက်ပြီး သား တွေလည်း တပန်းကန်ကြီး ချပေး ပါတယ်... လိုက်ပွဲ များကလည်း အရံသင့် ပါ...။

ဆံပြုတ်ပူပူလေး သောက်ပြီးတဲ့ အခါမှာတော့ မုန့် နဲ့ ကော်ဖီ တိုက်ပါတယ်.. ရိပ်သာ ဘက်ကတော့ လိုလေးသေး မရှိပါဘူး... ယောဂီ ဘက်ကတော့ ....................... ။

ဌာန စည်းမျဉ်း၅ အရ 

သွားလာလှုတ်ရှား ပြုမူမှု မှန်သမျှ ကို ရှုမှတ်မှု မလွတ်စေဘဲ ပြုလုပ်ရမည် လို့ ပါ ပါတယ်... ချစ်ညီမ စကား အရ တချို့ ယောဂီ များ အမှတ် နဲ့ စားရင် တစ်နာရီလောက်တောင် ကြာသတဲ့... အင်း ကျနော် ကတော့ အမှတ် နဲ့ မစားနိုင်ခဲ့ပါ... တတ်နိုင် သမျှ လှုတ်ရှားမှု့ အားလုံး ကို ဖြေးလေးစွာ (အိနြေ္ဒ ကြီး စွာ) နဲ့ တော့ စား သောက်ခဲ့ ပါတယ်... တခါ တခါ အိနြေ္ဒ ကြီး လွန်း ခဲ့လို့ ဝ တယ်လို့တောင် မထင်ခဲ့ ရ ပါဘူး (ဝမ်းနည်း  စွာနဲ့ ပြောရခြင်းပါ)...။

ဆွမ်းစားပြီးတဲ့ အခါမှာတော့ ဓမ္မာရုံ ထဲ ပြန်သွားပြီး ဘုရားရှစ်ခိုး တရားနာ ရပါတယ်... ပြီးရင် ကိုယ့် တရားထိုင် တဲ့ နေရာဝန်းကျင်လေး ကို သန့်ရှင်းရေး လုပ်ရပါတယ်... အားလုံး တက်ညီလက်ညီ လုပ် ကြ ပါတယ်... ရွှေစင်ဦး လေး ကတော့ တံပျက်စီး လည်း မဦးနိုင်.. ဘုရားပန်း ကပ် တဲ့ အနားလေး လည်း တိုး မရ နိုင်တော့ တန်ရာတန်ရာ အိမ်သာဆေးတဲ့ နားသွားရပါတယ်.. ။

ဒါလည်း သဘောလောက်ဘဲ လုပ်နိုင် ခဲ့ ပါတယ်... မတိုးနိုင်ခဲ့ပါဘူး... တော်လိုက်တဲ့ ယောဂီများပါဘဲ... အိမ်သာ ထဲ စီးတဲ့ ဖိနပ် ကစပြီး ပြောင်နေအောင် တိုက်ချွတ် ဆေးထား ကြပါတယ်... ဓမ္မရုံ မှာ အိမ်သာနေရာ သုံး ခန်း .. တခန်းမှာ အိမ်သာ လေးလုံး လား မသိရှိပါတယ်... အနံ တစက် မှ မရှိအောင် တိုက်ချွတ်ဆေးကြော ထား တဲ့ အတွက် ဒီ နေရာ ကနေ သာဓု ထပ်ခေါ်ချင် ပါသေး တယ်.....။

ပထမ နေ့ မှာတော့ ကျနော်တို့ ယောဂီ အသစ်များ စံကျောင်း မှာ သွားပြီး အလုပ်ပေးတရား ကို ဘဲ ဗွီစီဒီ နဲ့ သေချာ ကြည့်ရပါတယ်.. ထိုင်ပုံထိုင်နည်း စင်္ကြန်လျှောက်ပုံလျှောက်နည်း အသေးစိတ် ပြတဲ့ အတွက် အင်မတန် အကျိုးရှိပါတယ်... ။

အဲဒီက အပြန် ၉နာရီ ထိ တရားပြန် ထိုင် ရပါတယ် ... ရွှေစင်ဦး လေး တရားဖြုတ် လိုက်တဲ့ အချိန်ကတော့  နာရီ နဲ့ ချိန်ကိုက် ထားတဲ့ အတိုင်းပါဘဲ... အပြောင်းအလဲ မရှိ နာရီဝက်ထက် တစက္ကန့် လေးတောင် မစွန်းပါဘူး... အင်မတန် သစ္စာရှိပါတယ်... နဲနဲလေး ပြင်ပြီး ပြန်ထိုင်လိုက်ရင် ရပေမဲ့ အထိုင်တရားဖြုတ်ပြီး စင်္ကြန် ဘဲ ထလျှောက် ခဲ့ပါတယ်... စင်္ကြန်လျှောက် တာ ကလည်း တနာရီ နီးပါးလောက်ဘဲ ရပါတယ်... နောက်ပြီး စင်္ကြန် လျှောက်တာ ဟာ ကျနော့် အတွက် တော့ စိတ်အင်မတန်ပျံ့ လွင့််ပါတယ်.... တခါပြန်ထိုင် ရပါတယ် ... နာရီဝက် ပါဘဲ... ဝေဒနာ ကို မကျော်ခဲ့ နိုင်ပါဘူး....။

ကိုးနာရီ ထိုးတဲ့ အချိန်မှာ တော့ အဆောင်မှာပြန်ပြီး နားနိုင်ပါတယ်... ရေလေး ဘာလေးချိုး အဝတ်လေး ဘာလေး လျှော်ဘို့ပါဘဲ.... ဆယ်နာရီခွဲ မှာ နေ့ဆွမ်းစားဘို့ ဓမ္မာရုံ ကို ပြန်ရပါတယ်... နေ့ဆွမ်း ကလည်း အင်မတန် ပြည့်စုံ ပါတယ်.. အသား ငါး ပုဇွန် ဟင်းသုံး ခွက် လောက်နဲ့ ဟင်းရည် အကြော်အလှော် လည်း ပါ ပါတယ်... မိုးထိအောင်စည် (မန္တလေး ) မှာ ကျနော် မထိုင်ဖြစ်တဲ့ အကြောင်းတခုက ငါးတမျိုးထဲ ကို ကျွေး တာလည်း ပါပါတယ်.. ကျနော် က ငါးကို တခါတလေ ကလွဲပြီး မစား ပါဘူး... ဒီရိပ်သာ မှာတော့ အားလုံး အစုံ ကျွေး ပါတယ်.. ကိုယ်စားချင်ရာစားနိုင်ပါတယ်... ဆွမ်းစားပြီး အချိုပွဲလည်း အမြဲပါ ပါတယ်... ။ ဆွမ်းစား အပြီး မှာ ကိုယ့် အခန်း ကို ပြန်နားနိုင်ပါတယ်...။

နေ့လည် ၁၂ နာရီ အရောက် ဓမ္မရုံကို ပြန်ပြီး တရားဆက်ထိုင်ရပါတယ်... ၂နာရီ မှာတော့ တနာရီ သီလယူ မေတ္တာပို့ အမျှဝေပြီး... ကျောင်းထိုင် ဘုန်းဘုန်း  ... တရားစစ် တဲ့ ဘုန်းဘုန်း တပါး ပါး က တနာရီလောက် တရားဟော ပါတယ်.... ဒါမှမဟုတ် ချမ်းမြေ့ ဆရာတော်ဘုရာ့း ရဲ့ တရားခွေ ကိုဖွင့်ပြပါတယ်... လေးနာရီ ထိုး သွားပါတယ်....၆နာရီလောက်ထိ အဆောင်မှာ ပြန်နားနိုင်ပါတယ်... ။

၆နာရီခွဲ မှာ ဘုန်းဘုန်း က တရားစစ်ပါတယ်... တရားမလျှောက် လို့ မရပါဘူး...  ယောဂီ - နှစ် ကတော့ တရားစစ် တာဘဲ ထောက်လှန်းရေး က ခေါ်စစ်တာ မှ မဟုတ်တာ မကြောက်ဘူး ဆိုပြီး ရဲရဲဝံ့ဝံ့ ကြွေးကြော် ပါတယ်... ယောဂီ - တစ် ကတော့  တရားစစ် တဲ့ အချိန်မှာ ကိုယ်မရှင်း တဲ့ အကြောင်းအရာတွေ ကို မေးနိုင်တယ် ဖြစ်နေတာတွေ ကို ပြောနိုင် တယ် ဆိုပြီး ဝမ်းသာနေပါတယ်... ။

ယောဂီ - သုံး ကတော့ ထူးခြား မှု့ မရှိတဲ့ တရားထိုင်ခြင်း အတွက် တရားလျှောက်ရမှာ ကို တော်တော် ဝန်လေး နေပါတယ်... ယောဂီ - လေး ကတော့ သိပ်တက်ကြွနေတယ်... သူဖြစ်နေတာ တွေကို တရားစစ် တဲ့ ဘုန်းဘုန်း အရင် နားထောင် ရတဲ့ ကျန် ယောဂီ တွေတောင် စိတ်ဓါတ် ကျသွားသလိုပါဘဲ.... အပြောလေးက တော်တော် ကောင်းပါတယ်... ။

 (ဌာနစည်းမျဉ်း ၁၇-ခ၊ ၂၂) အရ

ယောဂီအချင်းချင်း တရားမဆွေးနွေးရ၊ မမေးရ၊ စာမရေးရ၊ စာမဖတ်ရ၊ တရားကိုသာ အချိန်ပြည့် အားထုတ်ရမည်၊ တရား နှင့် ပတ်သက်၍ သိလိုမေးလိုလျှင် တရားပြဆရာတော် များ နှင့် စောင့်ကြပ်သူ ရဟန်းတော်များကိုသာ လျှောက်ထားမေးမြန်းရမည်။



ည၉နာရီ မှာ တော့ စခန်းသိမ်းပါပြီ... အဆောင်ပြန်ပြီး အိပ်နိုင်ပါပြီ... ဒါတွေအားလုံး ဟာ တရက်တာ အချိန် ဇယား ပါဘဲ... ။

နောက်ဆုံး (၃) မှာတော့ ရွှေစင်ဦး တရားစစ် ခံခြင်း နဲ့ ရောဂီ လေးယောက် တရားဘယ်လောက် ထိ တက် လာလည်း ဆိုတာ ပြောပြီး ဇာတ်သိမ်း ပါတော့မယ်ဗျာ.. အားလုံး သည်းခံဖတ်ကြ တဲ့ အတွက် ကျေးဇူးပါ...။

လေးစားစွာဖြင့်
စာရေးသူ - ရွှေစင်ဦး
.
>>>ဆက်ဖတ်ရန်>>> >>

Sunday, June 5, 2011

နိဗ္ဗါန်သွား တောလား (၁)



 ချမ်းမြေ့ရိပ်သာ (မေမြို့) မှာ တွေ့ကြုံ ခဲ့ရတဲ့ အတွေ့အကြုံ့လေး ကို ဆောင်းပါး တပုဒ် ရေးချင်ပေမဲ့ တရားဓမ္မ နဲ့ ပါတ်သက် ရင် သူငယ်တန်း အဆင့် လောက်သာ ရှိတဲ့ ကျနော် ဟာ ဗုဒ္ဓဘာသာဝင် တွေ အတွက် ပါရဂူ အဆင့် ရှိတဲ့ ဝိပဿနာ တရား အားထုတ်ပုံ နဲ့ ပါတ်သက်လို့ ရေးရမှာ မဝံ့ပါဘူး.... ။

ဒါကြောင့် ကျနော် တွေ့ကြုံ ခဲ့ တဲ့ အကြောင်းအရာ အစုံ ကို အကြမ်းဖျင်း သာ ရေးသွားမှာ ဖြစ်ပါတယ်.. ကျနော် ဟာ ရိပ်သာဝင်ပြီး တရားအားထုတ် ဖို့ ဘယ်တုန်းကမှ မစဉ်းစားခဲ့ပါဘူး... ကျနော့် ရဲ့ အလုပ်ချိန် ဇယား အရ လည်း တနှစ် လုံး ပိတ်ရက် ဟာ သင်္ကြန် ငါးရက် ဘဲ ရှိတာဖြစ်တဲ့ အတွက် တနှစ်လုံး မှာ အပူအပင် ကင်းကင်း နဲ့ နားရချိန် မှာ ရိပ်သာသွားရရင် ကိုယ် လောက် မိုက်သူ ရှိပါ့ မလားလို့တောင် ထင်မိ ပါတယ်...။

နှစ်စဉ် ဘဲ သင်္ကြန် ပိတ်ရက် အတွင်း မှာ ကျနော် နဲ့ ချစ်ချစ်ကြီး ရဲ့ လုပ်ရိုးလုပ်စဉ်  အတိုင်း စားချင်ရာစား .. ၊ သောက်ချင် ရာ သောက် (ဘာသောက် တယ် ဆိုတာတော့  မပြောဘူးလို့ ဆုံးဖြတ်ထားပါတယ် ) အိပ်ချင် တဲ့ အချိန် ထိ အိပ် (မအိပ်ဘဲနေနေ)....  ကြိုတင် ငှားထား တဲ့ ဖတ်ချင်တဲ့ စာအုပ် တော်တော် များများ ကို   ဖတ်ချင်သလိုဖတ် (တနေ့လုံး ဖတ် တညလုံး ဖတ်) နဲ့ လွတ်လပ် စွာ နေပါတယ်...။
သင်္ကြန် တွင်း မှာ ဒီလိုပုံစံ နဲ့ နေလာခဲ့တာ နှစ်ပေါင်းများစွာကြာခဲ့ပါပြီ... ချစ်ချစ်ကြီး က သင်္ကြန်တွင်း လည် ရမှာ အလွန်ကြောက်ပါတယ်... ရေပက်ခံ ထွက် ဖို့ဆိုတာ ကို စဉ်းတောင် မစဉ်းစားပါ... ဒီအရွယ်ဟာလည်း  ရေပက်ခံ ထွက်ဖို့ လည်း သင့်တော်တဲ့ အရွယ် (ရွှေစင်ဦး အတွက် မဟုတ်ပါ ချစ်ချစ်ကြီး အတွက်ပါ ) မဟုတ်တော့ သလို .... သင့်တော်တဲ့ အရွယ် က တောင် မလုပ်ခဲ့ တဲ့ အလုပ် ဆိုတော့ အခုအချိန်မှာ ပိုပြီး ဝေးပါတယ်...။

ကျနော် နဲ့ ချစ်ချစ်ကြီး နဲ့ သမီးရီးစား ဘဝ က သူ့ ညီ တွေ နဲ့ ကျနော်တို့ သူငယ်ချင်း တစု သင်္ကြန်လည် မယ် ဆိုတော့ ချစ်ချစ်ကြီး ကို လိုက်ရမယ် လို့ ကျနော် က အတင်း ခေါ်ပါတယ်.. နောက်ဆုံး ချစ်ချစ်ကြီး မလိုက်ရင် .. ချမ်း လွန်း လို့ ဘီယာ လေး ဘာလေး သောက်ချင် ရင်... ဘယ်သူ က တိုက်မှာလည်း လို့ ချွဲချွဲ နွဲနွဲ့ ပြောတော့ ကိုယ်တော်ချော က မပူပါနဲ့ တဲ့ သူ့ ညီ ကို တိုက်ဖို့ ပြောလိုက် ပါမယ် တဲ့... ။

အင်း သူ နားမလည် ရှာဘူး လေ ဆိုပြီး စိတ်ညစ်ညစ် နဲ့ ကားထွက် ထွက်ချင်း ဘဲ (.............)   ကဲ ... မပြော တော့ပါဘူးဗျာ... ဘယ်နဲ့ ရိပ်သာဝင် တဲ့ အကြောင်းကနေ ဘယ်တွေ ရောက်သွားမှန်း မသိ... ဒီလိုဘဲ လူဆိုတာ သန်ရာသန်ရာ ကို တော်တော် နဲ့ ဖျောက်ဖို့ မလွယ်ဘူး... ပြန်စလိုက်ကြရအောင် ရိပ်သာဝင် တဲ့ အကြောင်း...။

ဒီနှစ်ကတော့ ဘာဝနာ တရားအားထုတ်ချင် တဲ့ စိတ် အနည်းငယ်ပေါ် သလို ဧပြီ တလထဲ မှာ တင် ရင်းနှီး ရတဲ့ မိတ်ဆွေ သုံးယောက် တမလွန် ကို နှုတ်မဆက် ဘဲ နဲ့ ပါသွားတဲ့ အတွက် ရွှေစင်ဦး လည်း တော်တော် ကြောက် သွားပါတယ်....ငါ လည်း အချိန်မရွေး ဒီလိုဘဲ သွားရမှာဘဲ... ဘာဝနာ မပါ ဘဲ သွားတဲ့ ခရီးလမ်း ဟာ ဘယ်လိုမှ ဖြောင့်ဖြူး နိုင်မှာ မဟုတ်ဘူး ဆိုတာ လည်း သဘောပေါက် လာတဲ့ အတွက် ချစ်ညီမ ပြန်လာရင် တော့ တလှည့် သွားမယ်လို့ ဆုံးဖြတ်ခဲ့ပါတယ်....။

နိဗ္ဗါန်ဆော် အဖော် တွေက သွားနှင့် ပြီ ဖြစ်တဲ့ အတွက် ကိုယ် နဲ့ အတူ လိုက်ပါမဲ့ အဖော်တွေ ကို ရွေးချယ် ရပါတယ်...။

အဖော် နဲ့ ဆိုရင်  ငရဲပြည် တောင်သွားမယ် ဆိုတဲ့  (သြ ရိပ်သာ ကို ငရဲပြည် နဲ့ နှိုင်းယှဉ် ဖို့ တောင် စဉ်းစား တဲ့) မိုက်မဲ လှတဲ့ ရွှေစင်ဦး ဟာ ရိပ်သာ ကို ကိုယ်လိုဘဲ တခါမှ မဝင်ဘူး တဲ့ ဘာဝနာ တရား ကို စံနစ် တကျ အားမထုတ်ဘူး သေး တဲ့... ဓမ္မမိတ်ဆွေ သုံးဦး နဲ့အတူ လေးဦးသား မေမြို့ ချမ်းမြေ့ ရိပ်သာ ကို သွားဘို့ ဆုံးဖြတ်ခဲ့ ကြပါတယ်။

မေမြို့ချမ်းမြေ့ ရိပ်သာ ဟာ မဟာစည် ကျင့်စဉ် အတိုင်းပါဘဲ... ကျနော့် အနေနဲ့ ပြောရရင် ချစ်ညီမ က မိုးထိအောင်စည် ရိပ်သာ မှာ နှစ်စဉ် တလ တိတိ ဝင်တာ နှစ်ပေါင်း များစွာ ကြာပြီဖြစ်တဲ့ အတွက် မဟာစည် စည်းမျဉ်း စည်းကမ်း တော်တော်များများ ကို သိပြီးဖြစ်နေပါတယ်... မန္တလေး မိုးထိအောင် စည် ရိပ်သာ ဟာလည်း အကျွမ်းတဝင် ဖြစ်ပြီးသား ဖြစ်နေပါပြီ...။

မဟာစည် စည်းမျဉ်း စည်းကမ်း တွေ ဟာ ဘယ်မှာ ဘဲ ဖြစ်ဖြစ် အားလုံး အတူတူပါဘဲ.....၊ ဒါပေမဲ့ မိုးထိ အောင်စည် (မန္တလေး) မှာ ကိုယ် မလုပ်နိုင် ခဲ့ ရင် ကိုယ့် ဘုန်းဘုန်း နဲ့ သီလရှင် ဆရာလေးတွေ ရှေ့ မှာ အရှက်ကွဲ တော့မှာ ကို စိုးရိမ်မိပါတယ် (မယောင်ရာဆီလူး ဆိုတာ လိုပါဘဲ)... ကိုယ် နဲ့ မသိတဲ့ ဘုန်းဘုန်း တွေ နဲ့ ဆရာလေး တွေကြား ဆိုရင် တော့ တော် သေးတယ် ဆိုပြီး မေမြို့ ချမ်းမြေ့ရိပ်သာ ကို ရွေးချယ် ခဲ့ ရခြင်း ဖြစ်ပါတယ်... မန္တလေး မှာ ရာသီဥတု အရမ်း ဆိုးဝါး နေ တာက လည်း  အကြောင်း တခု ဖြစ်ပါတယ်...။

ကျနော် တို့ ယောဂီ လေးယောက် ကို နံမည် နဲ့ မပြောတော့ပါဘူး... ယောဂီ တစ် ၊နှစ် ၊သုံး ၊လေး  အမှတ် စဉ် နဲ့ဘဲ တချို့ နေရာ မှာ ပြောပါမယ်...ဒီ အရင် က  အားလုံး မှာ အားနဲချက်လေး တွေ ရှိနေတဲ့ အတွက် တရား ထိုင်ရမှာကို ကြောက်နေကြတာပါ ..... အခု ကျနော် နိဗ္ဗါန်ဆော် လုပ် မှ ထိုင်ဖြစ်ကြတာပါ... ကျနော့် အနေနဲ့ ကလည်း ဒီတကြိမ် မှာတော့ အားလုံး အလုပ် လုပ်ဖြစ်ကြဖို့ အဓိက ဘဲ ဆိုပြီး တော်ရုံ ဆန္ဒ လေးတွေ ကိုတော့ အာမခံ လူမိုက် လုပ်ပြီး ခေါ်ရတာ ဖြစ်ပါတယ် ။

ရောဂီ - တစ်  က သူ့ အိမ် မှာ ထမင်းစားပြီး ... ကော်ဖီ သောက်ပြီး တဲ့ အခါ သူ့ ချစ်ချစ် နဲ့ အတူ ကိုယ်တဖွာ သူတဖွာ စီးကရက် သောက်နေကြဖြစ် တဲ့ အတွက် ရိပ်သာ မှာ မသောက်ရမှာ ကို စိုးရိမ် ပါတယ် တဲ့... ယောဂီ သုံး ကလည်း သူ့ ချစ်ချစ် ဟာ ဆေးလိပ်မသောက် တတ်ပေမဲ့ သူ့ကတော့ သောက်လိုက်ရ မှ အမောပြေ သတဲ့... ယောဂီ နှစ် ကတော့ မျိုးရိုး ထုံးစံ မပျက်အောင် ထမင်းစားပြီး လက်ဖက်ရည် သောက်ပြီး ကွမ်းယာ အစိမ့်လေး တယာလောက် ဝါးလိုက်ရ မှ အာသာပြေပါသတဲ့... ယောဂီ - လေး ကတော့ လက်ဖက်ရည် ၊ ကော်ဖီ  ကို အားအားရှိ သောက်တတ်လို့ ဖြစ်ပါ့မလားတဲ့....။

ကဲ... အားလုံးဘဲ အားနဲချက် ကိုယ်စီနဲ့ပါ...ကျနော် ကတော့ အားလုံး အတွက် အာမခံ ရပါတယ်... အားလုံး ကိုယ့် ရိက္ခာ ကိုယ် ပြည့်စုံအောင် တော့ လုပ်ထား ပါ... လိုအပ်ရင် အကုန် မှာ ပေးပါမယ်...  လို့. ပြောထား ရပါတယ် .. အခု  တရား ထိုင် တဲ့  ၁ဝရက် လောက် နဲ့ မဂ်ဉာဏ် ဖိုလ်ဉာဏ် ရ သွားလောက်အောင် ပါရမီ ရင့်သန် သူ လည်း ကျနော် တို့ အထဲမှာ ပါမယ် မထင်ပါဘူး (အဲလို မျှော်လင့်ချက် ကြီးမားတာ ပါ)..... အဲဒီတော့ ရသလောက် နည်းလမ်း လေး ယူပြီး ကိုယ့်အိမ် မှာ ကိုယ် ဆက်လက် လေ့ကျင့်ကြမှာ ဖြစ်တဲ့ အတွက် စည်းမျဉ်း စည်းကမ်း အတိုင်း တသမတ် တည်း လိုက်နာ ဘို့ မလို ပါဘူးလို့ အားပေး ပြီး အပါ ခေါ် ခဲ့ရပါတယ်..။

အားလုံးဘဲ ကိုယ့်ရိက္ခာ ကိုယ် အပြည့်ယူပြီး ထွက်တော်မူနန်း က ခွာပါတယ်... ။

မေမြို့ချမ်းမြေ့ ရောက်တဲ့ အချိန်မှာ ယောဂီ လက်ခံတဲ့ ဘုန်းကြီး စီမှာ ခွင့်ပန် ပြီးတော့ ရုံးခန်း က လိုအပ် တဲ့ တရားစာအုပ် သုံးအုပ်၊ တရားထိုင်ခြင်ထောင် တလုံးစီ နဲ့ legal 2 မျက်နှာ အပြည့်ပါတဲ့ ယောဂီများ လိုက်နာရန် စည်းမျဉ်းစည်းကမ်း စာရွက် များ ပေးပါတယ်..... ထိုင်ဘူးတဲ့ ယောဂီဟောင်း တွေ ရဲ့ မှာကြားချက် အရ  ထီးတချောင်းစီ လည်း ကျနော် တို့မှာ ပါ ပါတယ်...။

 မျက်နှာလေး တွေ ဇီးရွက် လောက်နဲ့  ယောဂီ လေးယောက် ဟာ ရုံးခန်း က လိုက်ပို့ တဲ့အဆောင်လေး စီ ကို ဖြေးလေး စွာ နဲ့ လိုက်ပါခဲ့ပါတယ် (ဟို.. လွယ်အိတ် နဲ့ ပုဂ္ဂိုလ်ကြီးလောက် တော့ မဆိုးဘူးထင်ပါတယ်) ... ယောဂီ လေးယောက် တဆောင် နေရပါတယ်... အိမ်သာ၊ ရေချိုးခန်း (ရေပူရေအေး ) နဲ့ ပါ .. အားလုံး အဆင်ပြေ ပါတယ်...။

ရိပ်သာ မှာ ကိုယ်သွားချင် တဲ့ နေရာ ကို သွားဖို့ လမ်းညွှန် ဆိုင်းဘုတ် လေးတွေ ရှိပါတယ်..၊ ယောဂီဆောင် သွားတဲ့ လမ်း လေးတွေကို လည်း ....မုံရွာလမ်း ၊ချမ်းမြေ့လမ်း ၊မန္တလေး လမ်း .... ဆိုပြီး လမ်းသွယ်လေး တွေ နဲ့ ဆိုင်းဘုတ် ကလေး တွေ ညွှန်ပြထားပြီး ကိုယ့်လမ်း နဲ့ ကိုယ် သွားရပါတယ်... အားလုံး သီးသန့် အဆောင်လေး တွေ ပါဘဲ ... ကျနော့် တို့ အဆောင် က ချမ်းမြေ့ လမ်း အဆုံး မှာပါ....။

သင်္ကြန်တွင်း ဆိုရင် ယောဂီ ၇ဝဝ လောက်လက်ခံနိုင်တယ် လို့ ပြောပါတယ်... အခု ကျနော် တို့သွားတဲ့ အချိန်မှာ တော့ ယောဂီ တရာကျော်လောက်ဘဲ ရှိပါတယ်... တနှစ်ပတ်လုံး ဖွင့်ထားပါတယ်.. ကိုယ် အဆင်ပြေ တဲ့ အချိန် တရားသွားထိုင်နိုင်ပါတယ်... တနေ့ ကို ယောဂီ တယောက် ကို ပုံမှန် ၃ဝဝ ကျပ် လှူ ရပါတယ်... (ကျန်တာတော့ ကိုယ် ကြိုက်သလောက် လှူနိုင်ပါတယ်) ၊ (မိုးထိအောင်စည် ရိပ်သာ ကတော့ ပုံမှန် လှူရတာ မရှိပါဘူး... ကိုယ်လှူချင်သလောက် လှူ နိုင်ပါတယ်.) ... ချစ်ချစ်ကြီး နဲ့ ချစ်ညီမ ကတော့ ကျနော် က ၇ ရက် လို့ ပြောထားပေမဲ့ တော်တော်ကြာ ရွှေစင်ဦး လေး များ ဆက်ထိုင်ချင် ရင် ထိုင်ချင် နေမှာ ဆိုပြီး  ဆယ်ရက် လို့ စာရင်းပေးထား ခဲ့ပါတယ်...(သြ အထင်ကြီးတတ် ရန်ကော...) ။


ကျနော် တို့ နေရတဲ့ အဆောင်လေး က ချမ်းမြေ့ လမ်း အဆုံး  ရိပ်သာ ရဲ့ နောက်ပိုင်း မှာပါ... ကျနော် တို့ အဆောင် နောက်မှာ တောအုပ် ဘဲ ကျန်ပါတော့တယ်.... ယောဂီ လေးယောက် စလုံး ကတော့ ကိုယ့် တဖွဲ့ ထဲ သီးသန့် နေရတဲ့ အတွက် နေရာထိုင်ခင်း အဆင်ပြေ တဲ့ အတွက် စိတ်သက်သာရာ တော့ ရသွားကြ ပါတယ်...။

နေခဲ့တဲ့ အဆောင်လေးပါ

ယောဂီ - တစ် နဲ့ ယောဂီ - နှစ် ဟာ စည်းမျဉ်းစည်းကမ်း စာရွက် နှစ်ရွက် ကို အမြီးပြန်ခေါင်းပြန် ဖတ် နေ ပါတယ် ... ယောဂီ - တစ် က အမလေး ဖတ်ရတာ မောလိုက်တာ... ဆိုပြီး တံခါးပေါက် လေး ကနေ ဟိုကြည့် ဒီကြည့် လုပ်ရင်း တံခါးမကြီး ထ ပိတ် ထဲပြီး စီးကရက် မီးလေး ညှိပြီး တဖွာလောက် ခပ်ပြင်းပြင်း လေး ရှိုက် လိုက်ပါတယ်... ယောဂီ - နှစ် ကတော့ ခြင်းတောင်း အောက်ဆုံး နားမှာ ဝှက်ယူ လာခဲ့တဲ့ ကွမ်းထုတ် လေးထဲ က တယာ ကို ခပ်ဖွဖွ လေး ဝါးနေပါတယ်...။

ယောဂီ သုံး ကတော့ ဌာနစည်းမျဉ်း ၇ အရ ရဟန်း ရှင် လူ မည်သည့် ယောဂီ မဆို ဆေးလိပ်သောက်ခြင်း၊ ကွမ်းစားခြင်း၊ ဆေးငုံခြင်း အလျင်း မပြုရ ...ဆိုတဲ့ စည်းကမ်း လေး ကို ဖတ်ပြရင်း ခရီးဆောင်အိပ် အောက်ဆုံး မှာ လုံခြုံစွာ ဝှက်ထားခဲ့ တဲ့ ဆေးပေါ့လိပ် စည်း ထဲ က တလိပ် ကို မီးညီအောင် ညှိရင်း အမောဖြေ နေ လေရဲ့....။

ယောဂီ - လေး ကတော့ လက်ဘက်ရည် ထုပ် ကော်ဖီ ထုပ် ကလေး တွေ ကို ကိုင်ကြည့်ရင်း ထန်းလျှက်ဖြူ လေး တလုံး ထုတ်ပြီး ဝါးနေလေရဲ့.... ကဲ.. ကဲ အားလုံး ဘဲ ကိုယ့် အလုပ် ကိုယ်ပြီးပြတ်အောင်လုပ်ပြီးရင် မျက်နှာသစ် သွားတိုက် ကြပါ.. အလုပ်ပေး တရားနာ ဘို့ အတွက် ဆွမ်းစား ဆောင် ကို ညနေ ငါးနာရီခွဲ အမှီ ကြွ ကြရ မှာ ဖြစ်ပါတယ် လို့ နှိုးဆော်ပြီး အသစ်ကြပ်ချွတ် ယောဂီ အကျီင်္အဖြူလေးတွေ ကို ကိုယ်စီ ဝတ်ရင်း ယောဂီတဘက် အညိုလေးတွေ ပတ်ထားတဲ့ အသစ်ချပ်ချွတ် ယောဂီ လေးယောက် ဟာ ဆွမ်းစား ကျောင်း ကို အိနြေ္ဒ အပြည့် နဲ့ ကြွ လှမ်း ခဲ့ ကြပါတယ်..။

ဆွမ်းစားကျောင်း
---------------------------------------------------------------------------------------------

သတိပဌာန်ဝိပဿနာ အားထုတ်ပုံ

ဗုဒ္ဓမြတ်စွာ၏ သာသနာတော်မှာ ဒါန၊ သီလ၊ ဘာဝနာ လို့ ခေါ်တဲ့ ကုသိုလ်လုပ်ငန်း သုံးမျိုးရှိပါတယ်။ ဒါန နဲ့ သီလ ကိုတော့ မပြောပြတော့ပါဘူး....။

ဘာဝနာ အကြောင်းကို ပြောရရင် မိမိသန္တာန်မှာ ဖြူစင်တဲ့ စိတ်တွေ ဖြစ်ပွားပြီး ညစ်မဲနေတဲ့ ကိလေသာ တရား တွေ ကို ပယ်ရှားနိုင်အောင် စိတ်ကို လေ့ကျင့် ပွားများ အားထုတ်တာကို ဘာဝနာ ကုသိုလ် လို့ ခေါ်ပါတယ်..။

ဘာဝနာ နှစ်မျိုး ရှိပါတယ်... အားကောင်းတဲ့ စိတ်တည်ငြိမ်မှု့သမာဓိ ရအောင် အားထုတ်တဲ့ သမထ ဘာဝနာ နဲ့ ရုပ်နဲ့ နာမ်မှာရှိတဲ့ အနိစ္စ၊ ဒုက္ခ၊ အနတ္တ သဘော သုံးမျိုး ကို ကိုယ်တွေ့ဉာဏ် နဲ့ အမှန် အတိုင်း သိပြီးတော့ မဂ်ဉာဏ် ဖိုလ်ဉာဏ် နှင့် ကိလေသာ တွေ ပယ်သတ်ပြီး စိတ်လုံးဝ ဖြူစင်သွားတဲ့ အတွက် ဆင်းရဲငြိမ်းရာ နိဗ္ဗာန် ကို မျက်မှောက်ပြုနိုင်အောင် အားထုတ်ရတဲ့ ဝိပဿနာ ဘာဝနာ တို့ ဖြစ်ပါတယ်..။

ဘယ် ဘာဝနာ ကိုပဲ အားထုတ် အားထုတ်၊ စင်ကြယ်တဲ့ သီလ ကို အခြေခံပြီးမှ အားထုတ်ရပါတယ်၊ ဒါကြောင့် ဘာဝနာ ပွားများ အားထုတ်လိုသူ တိုင်းဟာ ပထမ သီလ ကို စင်ကြယ်အောင် ဆောက်တည် စောင့်ထိန်းပြီး မှ ဘာဝနာ တရားကို ပွားများ အားထုတ်ရပါတယ်...။

သီလ ကို အခြေခံပြီး ဘာဝနာတရား ပွားများ အားထုတ်လိုလျှင် အားမထုတ်မီမှာ ဘာဝနာ ဆိုတဲ့ စကားလုံးရဲ့ အဓိပ္ပါယ် ကို အကြမ်းဖျင်းနားလည် ထားဖို့ လိုပါတယ် မိမိသန္တာန် ၌ ဖြူစင်သော စိတ်များ ဖြစ်ပွားအောင် အားထုတ်ခြင်း သို့မဟုတ် မိမိသန္တာန် ၌ မဂ္ဂင်ရှစ်ပါး ဖြစ်ပွားအောင် အားထုတ်ခြင်း သို့မဟုတ် မိမိသန္တာန် ၌ သီလ သမာဓိ ပညာ တရားများ ဖြစ်ပွားအောင် အားထုတ်ခြင်း လို့ အဓိပ္ပါယ် ရပါတယ်..။

တကယ်တော့ ဒီအဓိပ္ပာယ် သုံးမျိုးဟာ အတူတူ ပါပဲ၊ မိမိ သန္တာန်မှာ မဂ္ဂင်ရှစ်ပါး ဖြစ်ပွားရင် ကိလေသာ အညစ်အကြေး ကင်းစင်နေတဲ့ အတွက် စိတ်အစဉ်ဟာ ဖြူစင်နေပါတယ်။ အဲဒီ မဂ္ဂင်ရှစ်ပါး ထဲမှာ သီလ မဂ္ဂင် သုံးပါး၊ သမာဓိမဂ္ဂင် သုံးပါး၊ ပညာမဂ္ဂင် နှစ်ပါး ပါဝင်ပါတယ်၊ ဒါကြောင့် အခုပြောခဲ့တဲ့ ဘာဝနာ ရဲ့ အဓိပ္ပာယ် သုံးမျိုးဟာ အတူတူ ပါပဲ ။

ဘာဝနာလုပ်ငန်း ၏ ရည်ရွယ်ချက်

အခုပြောခဲ့တဲ့ အတိုင်း မိမိသန္တာန် မှာ မဂ္ဂင်ရှစ်ပါး သီလ သမာဓိ ပညာ တရား တွေ ဖြစ်ပွားပြီး စိတ်ဖြူစင် အောင် ရုပ်နဲ့နာမ် ကို သတိ နဲ့ မပြတ် စောင့်ကြည့်ရပါတယ်၊ ဒါကိုပဲ ဝိပဿနာ အားထုတ်တယ် လို့ ခေါ်ပါတယ်။

ခန္တာကိုယ်ခေါ်တဲ့ ရုပ် နဲ့ စိတ်ခေါ်တဲ့ နာမ် ရဲ့ သဘာဝ အမှန်ကို သိရအောင် သတိဦးစီးတဲ့ စိတ်နဲ့ စောင့်ကြည့် သိနေတဲ့ သဘောပါပဲ၊ အဲဒီလို ရုပ်ဖြစ်တိုင်း နာမ်ဖြစ်တိုင်း စူးစူးစိုက်စိုက် ရှုပါများလာတော့ စိတ်တည်ငြိမ်မှု သမာဓိ တွေ အားကောင်းလာပြီး ရုပ်နာမ် အသီးသီး ရဲ့ ပင်ကိုယ်ရင်း သီးသန့် သဘော = သဘာဝ လက္ခဏာ နဲ့ ရုပ်တိုင်း နာမ်တိုင်း နဲ့ သက်ဆိုင်တဲ့ အနိစ္စ၊ ဒုက္ခ၊ အနတ္တ ဆိုတဲ့ သာမည လက္ခဏ တွေ ကို အရှိသဘာဝ အတိုင်း သိတဲ့ ဝိပဿနာဉာဏ်တွေ ဖြစ်ပေါ်လာပါတယ်။

အဲဒီ ဝိပဿနာဉာဏ်တွေ ဖြစ်နေခိုက်မှာ ပုဗ္ဗဘာဂမဂ်(= အရိယမဂ်ဉာဏ်၏ ရှေ့အဖို့၌ ဖြစ်သော မဂ်အကျင့်) ခေါ်တဲ့ လောကီ မဂ္ဂင်ရှစ်ပါး ပါဝင်ဖြစ်ပွားနေပါတယ်။ အဲဒီ ဝိပဿနာဉာဏ်တွေ တဆင့် ထက် တဆင့် ရင့်ကျက်ပြီး မြင့်တက်လာလို့ နောက်ဆုံးမှာ ဝိပဿနာ ဉာဏ်အစဉ် ကုန်ဆုံးသွားတော့ မဂ်ဉာဏ် ဖိုလ်ဉာဏ် တွေ ဖြစ်ပေါ်လာတော့တာပါပဲ။

အဲဒီ မဂ်အသိလေးခု က မိမိတို့ စွမ်းနိုင်ရာ ကိလေသာ အညစ်အကြေး ကို အသီးသီးလျှော်ဆေး ပယ်သတ် ပစ်ကြတော့ စိတ်အစဉ် ဟာ အညစ်အကြေးကင်းစင်ပြီး ဖြူစင်လာပါတယ်။ နောက်ဆုံး စတုတ္ထဖြစ်တဲ့ အရဟတ္တမဂ်အသိဖြစ်ပေါ်လာတော့ ကိလေသာ အညစ်အကြေး မှန်သမျှ အနည်းငယ်မျှ မကျန်ရအောင် အကြွင်းမဲ့ အပြည့်အစုံ လျှော်ဆေး ပယ်သတ်ပစ်လိုက်ပါတယ်။

ဒီအခါမှာ စိတ်အစဉ်ဟာ လုံးဝ ဖြူစင်နေပါတော့တယ်။ ဒီလို ကိလေသာ အညစ်အကြေး လုံးဝမတင် အပြည့်အစုံ စိတ်ဖြူစင်ရေးဟာ ဘာဝနာလုပ်ငန်း ရဲ့ ရည်ရွယ်ချက် ပန်းတိုင်ပါပဲ။ ဒါကို သဥပါဒိသေသ နိဗ္ဗာန် လို့ ခေါ်ပါတယ်။ သဥပါဒိသေသ နိဗ္ဗာန် ဆိုတာ မဂ်ဉာဏ်လေးဆင့် နဲ့ ကိလေသာ အားလုံး အကြွင်း အကျန် မရှိအောင် ပယ်သတ်ပြီးလို့ ကိလေသာ ဆင်းရဲငြိမ်းစဲသော်လဲ ရုပ်ခန္ဓာ နာမ်ခန္ဓာ ရှိသေးလို့ ခန္ဓာ ဆင်းရဲတော့ ကျန်ရှိနေသေးတဲ့ အခြေအနေပါပဲ။ ရဟန်းနာ ပုဂ္ဂိုလ် ရဲ့ နိဗ္ဗာန်ပေါ့။

သို့သော်လဲ ရဟန္တာပရိနိဗ္ဗာန် စံသွားတဲ့ အခါ ရုပ်နာမ်ခန္ဓာ နောက်ထပ် အသစ်မဖြစ်တော့ဘဲ အပြီးသတ် အဖြစ် ရပ်သွားတော့ ရုပ်ဆင်းရဲ နာမ်ဆင်းရဲ ခန္ဓာဆင်းရဲပါ အားလုံးငြိမ်းသွားပါတယ်။ အဲဒါကို အနုပါဒိ  သေသနိဗ္ဗာန်လို့ ခေါ်ပါတယ်၊ ရုပ်နာမ်ခန္ဓာ အကြွင်းအကျန် မရှိတော့ တဲ့ နိဗ္ဗာန် လို့ ဆိုလို ပါတယ်။

(ချမ်းမြေ့ဆရာတော်ဘုရား ညွန်ကြားပြသသော သတိပဌာန် ဝိပဿနာ အားထုတ်ပုံ စာအုပ်မှ ကောက်နှုတ် ဖော်ပြထားပါသည်။ )

-------------------------------------------------------------------------------


(ကဲ ... ရွှေစင်ဦး တို့ ယောဂီ လေးပါး နိဗ္ဗာန် ရောက်ကြောင်း ဝိပဿနာ တရား ကို ဘယ်လိုများ အားထုတ် ခဲ့ကြလည်း ဆိုတာ နောက် ပိုစ့် တွေ မှာ ဆက်လက် ရှုစားကြရအောင်ပါ )

လေးစားစွာဖြင့် 
စာရေးသူ - ရွှေစင်ဦး

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

Monday, May 31, 2010

ရွှေစင်ဦး လည်း ခေတ်မှီချင်တယ် (၂)

ဘာရယ် မဟုတ်ပါဘူး တိုက်ပွဲ ခေါ်သံက နဲနဲများ ပြင်းထန် လာလေ သလားလို့ပါ
 

ဒါကတော့ ထက်ထက် နဲ့ အင်တာဗျူး ထားတဲ့ လင့်ခ် လေးပါ

သတင်း တွေ ဖတ်ပြီး တင်ချင်လာတာ နဲ့ ပိုစ့် လေးတင်လိုက်ပါတယ်.. မူရင်း source များကိုလည်း ဖော်ပြထားပါတယ် ခွင့်ပေးလိမ့်မယ်လို့ ထင်ပါတယ်

လေးစားစွာဖြင့်
ရွှေစင်ဦး
.
>>>ဆက်ဖတ်ရန်>>> >>

Friday, May 28, 2010

ရွှေစင်ဦး လည်း ခေတ်မှီချင်တယ်

ဒီနေ့ မင်္ဂလာဈေး အကြောင်းရေး မလို့ .... ဟင် ..... သတင်းဟောင်း ကြီး ဆိုပြီး စိတ်ညစ် မသွားပါနဲ့ အုန်း...၊ ကျနော် လည်း စိတ်မကောင်းတာ အပြင် ဘာမှ မတတ်နိုင်ပါဘူး .. ဘာသတင်း မှလည်း သူများ ထက် ပိုထူးပြီး မသိ ပါဘူး... ဒါဆို ဟို ထက်ထက်မိုးဦး အကြောင်းရော.. ။

သူ့ အကြောင်း တော့ နဲနဲ ပြောချင်တယ်....၊ အရင်တုန်းက ထက်ထက် ကို တီဗွီ ကြော်ငြာ မှာ အဖိုးကြီး က စပြီး တော့ စကားမပြောတတ်တဲ့ ကလေး လေး ထိကြိုက်ကြတယ်.. သားသား  ငယ်ငယ် က ဆံပင်ညှပ်ရင် အရမ်းငိုတယ်.. ဆိုင်မှာ ရှိတဲ့ ထက်ထက် ပိုစတာ တွေ ပြမှ အငို တိတ် ပြီး ဆံပင်ညှပ် ခံတယ်...၊ ထက်ထက် ကို ချစ်ကြပုံ များတော့ မကြုံဘူးပါဘူး ...။

အခုနောက်ပိုင်း ကျနော် လည်း တီဗွီ သိပ်မကြည့်ဖြစ်ဘူး.. ဒါပေမဲ့ ထက်ထက် အရင်တုန်းက လောက် စန်းမထ တော့ ဘူးလို့တော့ စာတွေဖတ် ရင်းနဲ့ သတိထားမိတယ်....၊ဘဝ ဆိုတာ ဒီလိုပါဘဲ.. အဟောင်း အဟောင်း တို့ နေရာမှာ အသစ်အသစ် တို့ အစားထိုး ဝင်ရောက်လာရင်း သံသရာ ကြီး ဟာ လည်ပတ် ရစမြဲ ပါဘဲ...၊ အဲဒီ လောကဒဏ် တွေကို ခံနိုင်ဘို့ ကျနော်တို့  ကိုးကွယ်တဲ့ ဘာသာ အလိုက်.. ကျင့်ကြံ တဲ့ တရားတွေ အလိုက် .. ဖတ်ထား တဲ့ စာတွေ ရဲ့ အဆင့် နဲ့  မိမိ ရဲ့ ပင်ကိုယ် စိတ်ထားတတ်မှု့ နဲ့  ခံနိုင်ရည် ရှိမှု့ တွေ ကို မွေးဖွားရမှာပါ...။

တချို့ ကတော့ အချိန်တန် မှ လောကဒဏ် တရားကို ခံရပေမဲ့ .. တချို့ကတော့ အချိန် မတန်ခင်... ၊ အစိုးရ ဝန်ထမ်း တွေ အဖြစ်နဲ့ ပြောရရင် ၆၀ ပြည့်လို့ ပုံမှန်အတိုင်း ပင်စင် ယူတဲ့ လူတွေ တောင် ပင်စင် နာဆိုပြီး ရောဂါတွေ ရပြီး မြန်မြန် သေသွားကြတယ်... ၆၀ မပြည့်ဘဲ ထုတ်ပယ် ခံရတဲ့ ဝန်ထမ်း (force to retire) တွေ ရော.. စိတ်မထိန်း နိုင် လို့ ကတော့ ကြွေလွင့် သွားတာများပါတယ်....။

ဒါက သာမန်ဝန်ထမ်းတွေ.. ပြည်သူ အမြှောက်စားခံရတဲ့ အနုပညာ ရှင်တွေ.. အားကစား သမားတွေ ဆိုရင် ပိုဆိုး တော့မှာပေါ့...  သနားစရာ ကောင်းပါတယ်ဗျာ... အဲဒီလို လူမျိုးတွေ မှာ များသော အားဖြင့် depression ဝင်ပြီး လူမသိသူမသိ စိတ်ဝေဒနာ ခံစားနေကြပါတယ်...၊ ကျနော် တော့ အနုပညာရှင် တချို့ စိတ်လိုက် မာန်ပါလုပ်လိုက် တာမျိုးတွေကို စိတ်ဝေဒနာ ကြောင့် လိုဘဲ မြင်မိပြီး သနားမိပါတယ်..။

ကမ္ဘာ အနှံ က အနုပညာ ရှင်တွေ နဲ့ အားကစား သမားတချို့ (ပရိသတ် အချစ်တော် တွေ) ဟာ အောင်မြင်မှု့ ရပ်တန့် သွားတဲ့ အခါမှာ အဲဒီဒဏ် ကို မခံနိုင်လို့ ကိုယ် ကို ကိုယ် သတ်သေသွားတာတွေ ..ဘဝ ကို အရှုံးပေးပြီး...  ရောဂါ အဖြစ်ခံ .... အရက်သမားဘဝ.... ဆေးသမားဘဝ .... အဖြစ်ခံ ပြီး သေသွား ကြ တာ တွေ အများကြီးပါ..။

ကျနော် နဲ့ နီး စပ်ရာမှာလည်း သတ်သေ တဲ့ အထိ... စိတ်ကျပြီး ရောဂါ တွေ ဝင်ပြီး အရှုံးပေးသွားတဲ့ သူတွေ အများကြီး တွေ့ဘူးပါတယ်.. ၊ အဲဒီလို ဖြစ်နေတဲ့ အချိန် မှာ ပတ်ဝန်းကျင် ရဲ့ ဖေးမ မှု့တွေ နားလည် စာနာ မှု့တွေ ဟာ အများကြီး အရေးကြီးပါတယ်..  ပတ်ဝန်းကျင် က depression ဖြစ်မှန်း မသိဘဲ လွှတ်ထားလိုက်ရင် နောက်ဆုံး အသက် ကို ရန်ရှာတဲ့ အထိ ဖြစ်သွား တတ်ကြပါတယ်... 

depression ဆိုတာလည်း သိသာ ထင်ရှားစွာ ပြတဲ့ ထမိန် မနိုင် ပုဆိုး မကပ် တဲ့ စိတ်ရောဂါ မျိုး မဟုတ်လေ တော့ သတိထား မိဘို့ ခဲယဉ်း တဲ့ အပြင် ကာယကံရှင် ကလည်း သူကိုယ့် သူ depression ဆိုတာ လက်မခံသလို သိလည်း သိချင်မှ သိမှာပါ.. တော်တော် သိမ့် မွေ့တဲ့ စိတ်ရောဂါတခုပါ..တခါ တလေ စိတ်တွေ သိပ်တက်ကြွ နေပြီး... တခါတလေ တော့လည်း စိတ်ဓါတ် တအားကျ နေပြီး သတ်သေ တဲ့ အထိ ဖြစ်သွား ပါတယ်...။

ချစ်ချစ်ကြီး ကတော့ သူ ငယ်ငယ် က သူ့ ကိုယ် သူ သတ်သေသွားတဲ့ သူ့ဦးလေး အကြောင်းကို အခြေခံ ပြီး အခုနောက်ပိုင်း သူ စာတွေ ဖတ်လို့ သိလာတဲ့ အချိန်မှာ သူ့ ဦးလေး ဟာ မသေသင့်ဘဲ ပတ်ဝန်းကျင် ရဲ့ နားမလည် မှု့ကြောင့် သေသွားရတယ် ဆိုပြီး အမြဲတမ်း ပြောလေ့ရှိပါတယ်...။

ချစ်ချစ်ကြီး မေမေ ရဲ့ မောင်အငယ်ဆုံး ဟာ ဘောလုံးသမား တယောက်ပါ..၊ မဆလ အစိုးရ လက်ထက် က တက္ကသိုလ် ပေါင်းစုံ အားကစားပွဲ တွေ ဟာ မြန်မာပြည် မှာ တော်တော် ကို ရေပန်းစား ခဲ့ ဘူးပါ တယ်... ဦးလေး က ကျောနံပါတ် ၁၃ (ကက်နက်) ဆိုတဲ့ နံမည် နဲ့ ရန်ကုန်စက်မှု့တက္ကသိုလ် က နံမည်ကြီး ဘောလုံးသမား တဦး ပါ...။

သူ 5th year ရောက်တဲ့ အချိန် မှာ အရေးကြီး တဲ့ ဖိုင်နယ် ပွဲ စဉ် တခုမှာ အောင်ဆန်းကွင်း မှာ ဘောလုံး ကန်ရင်း နဲ့  ညှပ်ရိုးကျိုး သွား ခဲ့ပါတယ်.. ၊ ပါမောက္ခချုပ် ကိုယ်တိုင် ကွင်း ထဲ အထိ လာ အားပေးရင်း  စာမေးပွဲ အတွက် လည်း မပူပါနဲ့ ဘာညာ ပြောသွား ပေမဲ့. .... အဲဒီနှစ်က သူ စာမေးပွဲ ကျခဲ့ ပါတယ်.. ၊ အဲဒီ အချိန်က စပြီးတော့  ကျောင်းလည်း ဆက် မတက်တော့ ဘဲ... အရှုံးသမား ဘဝနဲ့ ကျောင်းက ထွက် လာ ပါတယ်..။

ချစ်ချစ်ကြီး တို့ နဲ့ အတူနေရင်း အရက်သောက် ပြီး တူများကို ဆုံးမ ခဲ့ တယ်.. အရက်သောက် ပြီး ဘဝမှာ ဘာ အောင်မြင်မှု့ မှ ဆုတ်ကိုင် မပြနိုင်တဲ့ ဦးလေး ဖြစ်သူကို ဘယ် တူ တွေကများ လေးစား ခြင် မှာလည်း ..၊ ဒါပေမဲ့ ဦးလေး ဟာ ပညာသိပ်တော် တဲ့ အပြင် အရက် ဘယ်လောက် သောက်သောက် တူ တူမ များ ကို စာသင်ပေး တာ လည်း မပျက်ခဲ့ဘူး ဆိုဘဲ... ၊ သူ့ တူတွေ စာဖတ်တတ်အောင် လည်း သူဘဲ စာအုပ် ကောင်း များ ကို ရွေးချယ်ပေးခဲ့ ပါသတဲ့...။

သူ ရဲ့ တော်တဲ့ ကောင်း တဲ့ အချက်တွေ ကလည်း အများသားပါ..၊ ချစ်ချစ်ကြီး တို့ မိသားစု ဟာ ယဉ်ကျေး တဲ့ သူများ ဖြစ်တဲ့ အပြင် သူတို့ ဦးလေး ကို လည်း ချစ်ကြတော့ အားလုံး ဟာ သူ အရက် သောက် တာကို သည်းခံ ခဲ့ ကြပါတယ်တဲ့ ..၊ ယောက်ဖ ဖြစ်သူ ကလည်း ညတရေးနိုး ရင် ရေဆာ မှာဆိုးလို့ ဆိုပြီး ညတိုင်း ရေကရား လေး ကို သူ့အိပ်ရာဘေး မှာ ချထားပေးသတဲ့...၊  တအိမ်လုံး က အလို လိုက် ခဲ့ ကြပါတယ်တဲ့..  ။

တခါ တလေ သူ ပြောတာတွေ ကို အရက်ကြောင် ကြောင်လို့ ပြောတယ် ဘဲ ထင်ခဲ့ ကြတယ်တဲ့... အဲဒီ ထဲမှာ သူ သတ်သေ တော့ မယ် ဆိုတာကို လည်း အဲဒီလို ထင်သွားတာ ဟာ သူ့အတွက် ကံဆိုးခြင်း တခု ဘဲပေါ့....၊ တကယ်တော့ ဒါဟာ သူ စိတ်ရောဂါ အပြင်းအထန် ခံစားနေရတာပါ...။

သူ မသွားခင် တပတ်လောက် ကထဲက သူသတ်သေတော့ မယ် .. မသေခင် သူစားချင်တာတွေ စားအုန်း မယ် ဆိုပြီး.. ချစ်ချစ်ကြီး ကို ဆနွင်းမကင်း တွေ ဘာတွေ ဝယ်ခိုင်း သေးသတဲ့.. ဝယ်ပေးတော့လည်း သေချာ စားတယ်.. ၊ သူ့အတွက် ရစရာရှိတဲ့ အမွေတွေ ကိုလည်း ချစ်ချစ်ကြီး တို့ ညီအကို တွေကို ခွဲဝေ ပေး ဘို့ စာတွေ ဘာတွေ ရေးခဲ့ သေးတယ်... ဒါကို ဘယ်သူ မှ အလေး အနက် မထားခဲ့ ကြတာဟာ မြန်မာ လူမျိုး တွေ ရဲ့ ဗဟုသုတ နဲမှု့ အမြင် မကျယ်မှု့တွေပေါ့...။

သတ်သေ တဲ့ မနက် မှာ တအိမ်လုံးဟာ ဆိုင် မှာ ရောက်နေကြပါသတဲ့... သူ သတ်သေ ပြီးတဲ့ အချိန်  လောက် မှာဘဲ သူ့ဝိညာဉ် ဟာ ဆိုင်ကိုရောက်လာခဲ့ပါတယ်.. ချစ်ချစ်ကြီး မေမေ က ဆိုင်ထဲ ဝင်လာတဲ့ သူ့မောင် ကို အခုဘဲ ထမင်း ပို့တော့ မလို့ .... မောင်လေး အတွက် ငရုပ်သီး ကြော်နေတယ် ဆိုပြီး ..... ၊ သူ ရောက်လာ တာကို သတိမထားမိ လိုက်တော့ ဘဲ အလုပ်တွေ ဆက်လုပ် နေပါတယ်...။

ခဏနေ ငရုပ်သီး ကြော်ပြီးလို့ သူ့အတွက် ထမင်း လည်း သွားပို့ ရော သူဟာ အိမ်ရှေ့ ထုတ်တန်းမှာ ကြိုးတွဲလွဲ နဲ့ သေနေပါပြီ ... ပုဆိုး ကိုလည်း ကျွတ်ကြမှာ ဆိုးလို့ ကြိုးနဲ့ချီထား သတဲ့...၊ အဲဒီ အချိန် မှာ သူ ဟာ သေပြီးခါစ ပူပူနွေးနွေး ဘဲရှိပါသေးတယ် ....၊ အချိန် မတန်သေးဘဲ ဘဝကို အရှုံး ပေးသွားခဲ့ ပါပြီ.. ။

ကဲ.. အားလုံးသော လူသားများ လောကဓံ အနိမ့် အမြင့် ကို ခံနိုင်ရည် ရှိတဲ့ ပုဂ္ဂိုလ် များ အဖြစ် ယောနိသော မနသီကာရ သင့်တင့် သော နှလုံးသွင်း တတ်ခြင်းဖြင့် ဘဝမှာ နေလို့ ပျော်နိုင်ကြပါစေ...။

သြ.. ကျနော် ရေးမဲ့ မင်္ဂလာဈေး အကြောင်းက ကျနော် တို့ မန္တလေး က မင်္ဂလာဈေး ရဲ့ လွန်ဆွဲပွဲ အကြောင်း ပါ... အခုတော့ ချောတောငေါ့ သွားလို့ နောက်နေ့မှဘဲ တင်ပရစေတော့ဗျာ...။

လေးစားစွာဖြင့်
စာရေးသူ - ရွှေစင်ဦး
.
>>>ဆက်ဖတ်ရန်>>> >>

Friday, November 13, 2009

မဖော်ပြဖြစ်ခဲ့တဲ့ နီကိုရဲရဲ့ အင်တာဗျူး

မြန်မာပြည် စာနယ်ဇင်း လောကမှာ ကျင်လည်ခဲ့စဉ်က ကျမ စာရေးဆရာ နီကိုရဲနဲ့ အင်တာဗျူး ၂ ခါ လုပ်ခဲ့ဖူးပါတယ်။ ပထမအကြိမ် လုပ်စဉ်က မဂ္ဂဇင်းတအုပ်ထဲမှာ ဖော်ပြခံခဲ့ရပေမယ့် ဒုတိယအကြိမ် အင်တာဗျူးကတော့ အကြောင်း ကြောင်းကြောင့် စာမျက်နှာပေါ် မရောက်ခဲ့ပါဘူး။

ပထမအကြိမ် အင်တာဗျူးလုပ်တော့ သူက စာပေနယ်နဲ့ ရုပ်ရှင်နယ်မှာ လျှမ်းလျှမ်းတောက် အောင်မြင် နေချိန်၊ တိတိကျကျ ပြောရရင် သူ့ရဲ့ “စိတ်အိုင်ပက်သူ” ဆိုတဲ့ ဝတ္ထုစာအုပ် ထွက်ပြီးစပါ။
စာရေးဆရာ နီကိုရဲ (ခ) ကိုရဲဝင်း

ကျမရဲ့ အယ်ဒီတာက ခိုင်းတာနဲ့ပဲ သူနဲ့ အင်တာဗျူးဖို့ သူနေတဲ့ သုဝဏ္ဏ တံတားကြီးဘေးက ရပ်ကွက်ကို ရောက်ခဲ့ပါတယ်။ အဲဒီတုန်းက ကျမကို “စိတ်အိုင်ပက်သူ” ဝတ္ထုစာအုပ်တအုပ် သူ့လက်မှတ်နဲ့ လက်ဆောင်ပေးလိုက်ပါတယ်။ စိတ်အိုင်ပက်သူ ဝတ္ထုကို ရုပ်ရှင်ရိုက်တော့မယ့် ကိစ္စနဲ့ ပတ်သက်ပြီး အင်တာဗျူးတာဖြစ်ပေမယ့် တခြား အင်တာဗျူးနဲ့မဆိုင်တဲ့ အကြောင်းအရာတွေ၊ သူ့ရဲ့ အလွဲတွေနဲ့ သူ့ရဲ့ ဝတ္ထုတွေ အကြောင်း ပျော်ပျော်ရွှင်ရွှင် ပေါ့ပေါ့ပါးပါး ပြောဖြစ်ခဲ့ကြပါတယ်။

အင်တာဗျူးသူနဲ့ အဗျူးခံသူ၊ စာရေးသူနဲ့ စာဖတ်သူ၊ စာနယ်ဇင်းလောကသားချင်း ဆိုတဲ့ အနေအထားနဲ့ သူနဲ့ကျမလည်း ရင်းနှီးမှုရခဲ့ပါတယ်။ အဲဒီတုန်းက သူ့ ဇနီးက ကိုယ်ဝန်အရင့်အမာကြီးနဲ့၊ သူ့အနေအထား က ရွှေခေတ် လို့ ပြောရတဲ့အချိန်။ နီကိုရဲရဲ့ ဇာတ်ညွှန်းတွေနဲ့ ဗီဒီယို ကားတွေ ဟောတကား၊ ဟောတကား ရိုက်ကူးထုတ်လုပ်နေချိန် … သိပ်ကို အောင်မြင်နေတဲ့ အချိန်လို့ ပြောလို့ရပါတယ်။ ၂၀၀၂ ခုနှစ် ဝန်းကျင်ပေါ့။

အဲဒီတုန်းက ကျမက ပေါ့ပ် ဂျာနယ်တစောင်မှာ ဆိုတော့ တချို့ ရုပ်ရှင်ရိုက်ကွင်းတွေအထိ သွားရတဲ့အခါမှာ သူနဲ့ ထပ်ဆုံဖြစ်၊ စကားတွေ ပြောဖြစ်ပါသေးတယ်။ သူနေတဲ့ အိမ်ရဲ့ နောက်ဖေး လမ်းမှာရှိတဲ့ မီးရထားလမ်းဘေးက ရပ်ကွက်ကို ရုပ်ရှင်သမားတွေက အခြေခံလူတန်းစား တွေနဲ့ ပတ်သက်တဲ့ ကားတွေရိုက်ဖို့ သုံးတတ်ကြပါတယ်။ အဲဒီနေရာကို ရိုက်ကွင်းတည်တဲ့အခါ စာရေးဆရာ နီကိုရဲရဲ့ အိမ်မှာ စတည်းချ ကြလေ့ရှိပါတယ်။ အဲဒီဘက်က ရိုက်ကွင်းတွေကို သွားရတဲ့အခါမှာလည်း ကျမက မင်းသမီးကို၊ မင်းသားကို၊ ဒါရိုက်တာကို သူ့အိမ်မှာ ထိုင်ပြီး ဗျူးဖြစ်ပါတယ်။ သူ့ရဲ့ မွေးခါစ သားလေးကိုလည်း ဝင်ကြည့်ဖြစ်ပါတယ်။ သူ့အနေအထားကတော့ စာပေနယ်၊ ရုပ်ရှင်နယ်မှာ အဆင်ပြေနေ ဆဲကာလပါပဲ။

အဲဒီနောက်တော့ ကျမ ပေါ့ပ်ဂျာနယ်ကနေ သတင်းဂျာနယ်လိုင်းဘက် ကူးဖြစ်ပါတယ်။ သတင်းတွေနဲ့ ရှုပ်နေတဲ့အချိန်မှာတော့ ကျမ စာရေးဆရာ နီကိုရဲနဲ့ နည်းနည်းအဆက်ပြတ်သွားပါတယ်။ ဒါပေမယ့် တခါတလေ မြို့ထဲက လက်ဖက်ရည်ဆိုင်မှာ၊ စာပေနယ်က တယောက်ယောက်ရဲ့ အသုဘ၊ မင်္ဂလာ အခမ်းအနားတချို့မှာ သူနဲ့ ခဏတဖြုတ်ဆုံမိ၊ နှုတ်ဆက်မိတာမျိုးတော့ ရှိပါတယ်။ ဒါပေမယ့် သူက အခမ်းအနားတွေဘာတွေလည်း သွားခဲတယ် ထင်ပါရဲ့၊ ကျမနဲ့ နောက်ပိုင်း သိပ်မဆုံဖြစ်ကြဘူး။

၂၀၀၄၊ ၂၀၀၅ ဝန်းကျင် တရက်မှာတော့ ကျမကို စာရေးဆရာမ ခက်မာက ဖုန်းဆက်လာပါတယ်။ “… နီကိုရဲက ပြောပြစရာတွေ ရှိနေတယ်၊ သူ နင့်ကို အင်တာဗျူးပေးချင်တယ်လို့ ပြောတယ်။ သွားလိုက်ပါလား၊ သူ့မှာ အခက်အခဲတွေလည်း အများကြီးရှိနေတယ်” လို့ မခက်မာက ပြောလာတော့ ကျမရဲ့ အယ်ဒီတာချုပ်ကို ခွင့်တောင်းပြီး သွားတွေ့ဖြစ်ပါတယ်။ အဲဒီတုန်းက သူနေတာ သုဝဏ္ဏ တံတားကြီးဘေးက ရပ်ကွက်က အိမ်မှာ မဟုတ်တော့ဘူး၊ သူ့မိဘတွေနေတဲ့ တောင်ဥက္ကလာပက အိမ်ကလေးမှာ ဖြစ်နေပြီ။

ကျမ လာတော့ သူဝမ်းပန်းတသာကြိုဆိုပါတယ်။ သူ့မှာ ပြောပြချင်တာတွေလည်း တော်တော်များ နေပုံရတယ်။ ကက်ဆက် ရကော်ဒါ လေးကိုဖွင့်ပြီးတာနဲ့ သူ့ရဲ့ အခြေအနေတွေကို တရစပ်ပြောပြပါတယ်။ သူနဲ့ အင်တာဗျူးခဲ့တဲ့အတိုင်း လုံးစေ့ပတ်စေ့ “၏၊ သည်” မလွဲ ပြန်မဖော် ပြနိုင်ပေမယ့် အကြောင်းအရာ အဖြစ်အပျက်အားလုံးကိုတော့ ဒီနေ့ထိ ကျမ မမေ့သေးပါဘူး။

လုံးချင်းစာအုပ်တွေ ဟောတအုပ်၊ ဟောတအုပ်၊ ဗီဒီယိုဇာတ်ညွှန်းတွေ ဟောတကား၊ ဟောတကား ရေးသားနေရတဲ့ နာမည်ကြီး စာရေးဆရာ တယောက်အနေနဲ့ အိမ်တလုံးတော့ အပိုင်ရှိနေတယ်လို့ ကျမ ထင်ထားခဲ့ဖူးပေမယ့် သူနဲ့ အဲဒီအင်တာဗျူး လုပ်တဲ့အချိန်မှာတော့ ကျမရဲ့ အထင် လုံးဝ အလွဲကြီး လွဲနေတယ်ဆိုတာ သိလိုက်ရပါတယ်။

သူ့အိမ်လို့ ထင်ထားမိတဲ့ သုဝဏ္ဏ တံတားကြီးဘေး ရပ်ကွက်က အုတ်ခံ နှစ်ထပ်အိမ်ဟာ သူ့အိမ်မဟုတ်ပါဘူး။ သူ့ရဲ့ ထုတ်ဝေသူက နီကိုရဲ နာမည်ကြီးနေချိန်၊ လျှမ်းလျှမ်းတောက် အောင်မြင်နေချိန်မှာ သဘောကောင်းစွာနဲ့ “ညီလေး ဒီမှာနေပေါ့” ဆိုပြီးပေးနေထားတဲ့ အိမ်ဖြစ် ပါတယ်။

စာရေးဆရာ နီကိုရဲနဲ့ ထုတ်ဝေသူတို့ အနည်းငယ် မကျေမလည် ဖြစ်ချိန်မှာတော့ အဲဒီထုတ်ဝေသူက ချိုသာစွာနဲ့ပဲ “ညီလေးရေ၊ အစ်ကို စီးပွားရေး မပြေလည်လို့ ဒီအိမ်ကို ရောင်းတော့မလို့” ဆိုတဲ့စကားလေးနဲ့ အိမ်ပေါ်က ဆင်းခိုင်းလိုက်ပါတော့တယ်။

ဒါကတော့ ထုတ်ဝေသူနဲ့ စာရေးသူရဲ့ ပြဿနာပါ။ ဒီပြဿနာတွေကို စာရေးဆရာ နီကိုရဲက ကျမကို ဖွင့်ဟပြောဆိုခဲ့ပါတယ်။ အိမ်ပေါ်က ဆင်းခိုင်းလိုက်တာဟာ စာရေးဆရာအတွက် ပြဿနာ လုံးဝမဟုတ်ပါဘူး၊ အဲဒီအိမ်က ဆင်းခဲ့ရပေမယ့် စာရေးဆရာဆီမှာ မိဘရဲ့ အိမ် ရှိနေပါသေးတယ်။ စာရေးဆရာအတွက် ပြဿနာကတော့ “စာမရေးရတော့တဲ့” ပြဿနာဖြစ်ပါတယ်။

ကျမ သူနဲ့ အင်တာဗျူးလုပ်တဲ့အချိန် ၂၀၀၄၊ ၂၀၀၅ ဝန်းကျင် လောက်ကနေစပြီး သူကွယ်လွန်တဲ့ ၂၀၀၉ အောက်တိုဘာ ၂၃ ရက်နေ့ အထိ နီကိုရဲ ဆိုတဲ့ နာမည်နဲ့ လုံးချင်းစာအုပ်အသစ် ထုတ်ခွင့် မရှိခဲ့ပါဘူး။ အဲဒီလို လုံးချင်းထုတ်ခွင့်မရှိအောင် သူ့ရဲ့ ထုတ်ဝေသူက စာပေ စိစစ်ရေးမှာ ပိတ်ပင်ခဲ့ပါတယ်။

စာရေးဆရာနီကိုရဲ ကိုယ်တိုင် သူ့ကလောင်တံ သူရိုက်ချိုးသလိုဖြစ်မယ့် လက်မှတ်ကို ထိုးခဲ့တဲ့ … ထုတ်ဝေသူနဲ့ သဘောတူညီချက် စာချုပ် မိတ္တူကို ကျမ ဖတ်ခဲ့ရပါတယ်။ အဲဒီသဘောတူညီချက်တွေ ထဲမှာ အရေးကြီးတာတချက်ကတော့ “ထုတ်ဝေသူနဲ့ စာရေးသူ သဘောတူညီ ထားတဲ့ စာအုပ်အရေအတွက် မထွက်ပြီးမချင်း နီကိုရဲ ဆိုတဲ့ နာမည်နဲ့ လုံးချင်းပဲဖြစ်ဖြစ်၊ မဂ္ဂဇင်းအခန်းဆက် ဝတ္ထုရှည်ပဲဖြစ်ဖြစ်၊ ရုပ်ရှင် ဇာတ်ညွှန်းပဲဖြစ်ဖြစ် ရေးသားထုတ်ဝေခြင်း မပြုရ” ဆိုတဲ့အချက်ပါ။

ထုတ်ဝေသူနဲ့ စာရေးသူ ပြေလည်နေစဉ်မှာတော့ ထုတ်ဝေသူက စာရေးဆရာနီကိုရဲရဲ့ စာအုပ်တွေကို တအုပ်ချင်း ထုတ်ပေးနေခဲ့ပါတယ်။ မပြေလည်တဲ့အချိန်မှာတော့ ထုတ်စရာလည်း စာအုပ် အဆင်သင့်ရှိနေရဲ့သားနဲ့ စာအုပ်တွေကို ဆက်မထုတ်ဘဲ ထားလိုက်ပါတယ်။

ဥပမာ - စာအုပ် ၉ အုပ်ချုပ်ထားတယ် ဆိုပါတော့၊ နီကိုရဲက ၉ အုပ် ရေးပေးပြီးပြီ၊ ထုတ်ဝေသူကို အပ်ပြီးပြီ၊ ထုတ်ဝေသူကလည်း စာရေးဆရာကို ၉ အုပ်စာ ကျသင့်ငွေ ရှင်းပေးလိုက်ပြီ။ ဒါပေမယ့် အဲဒီ ၉ အုပ်ကို ထုတ်ဝေ သူက တအုပ်ချင်း မျှင်းပြီး ထုတ်နေမယ်၊ စာရေးသူနဲ့ မပြေလည်ချိန် ၃ အုပ်၊ ဒါမှမဟုတ် ၂ အုပ်လောက် ထုတ်ဖို့ ကျန်သေးတဲ့အချိန်မှာ ဆက်မထုတ်ဘဲ ထားလိုက်တယ်။

အဲဒီမှာ စာရေးဆရာ နီကိုရဲ အနေနဲ့ ဘယ်ထုတ်ဝေသူနဲ့မှ ဆက်ထုတ်လို့ မရတော့ပါဘူး၊ ဘယ်သူ့ကိုမှ လုံးချင်းရောင်းခွင့် မရှိတော့ပါဘူး၊ ဘယ်လို မဂ္ဂဇင်းဝတ္ထုရှည်မှလည်း ရေးခွင့်မရှိတော့ပါဘူး။ ကျမရှေ့တင် သူ့ကို ထုတ်ပေးချင်တဲ့ ထုတ်ဝေသူ တယောက် ရောက်လာပါတယ်။ ဒါပေမယ့် အဲဒီ ထုတ်ဝေသူလည်း ဘာမှ မတတ်နိုင်ပါဘူး။ စာပေစိစစ်ရေးမှာ စာချုပ်ပြပြီး “နီကိုရဲ” နာမည်နဲ့ လုံးချင်းထုတ်ခွင့် ပိတ်လိုက်ပြီ ကိုး။

သူ့အနေနဲ့လည်း နီကိုရဲ ဆိုတဲ့ နာမည်ကလွဲလို့ တခြားနာမည်နဲ့ ဝတ္ထုတွေကို ရောင်းစားဖို့ အစီအစဉ်လုံးဝ မရှိဘူးလို့ ဆိုပါတယ်။

ကျမအထင်မမှားဘူးဆိုရင်တော့ သူ ကွယ်လွန်ပြီးမှ သူ့ရဲ့ စာအုပ်တွေ ထပ် ထွက်လာလိမ့်ဦးမယ်။ သူ့ ထုတ်ဝေသူက လက်ကျန် စာအုပ်ကလေးတွေကို အပြီးအပြတ်ထုတ်ပြီး သူနဲ့ ချုပ်ထားတဲ့စာချုပ်ကို ပြီးပြတ်အောင် လုပ်လိုက်ရင်ပေါ့လေ။ အဲဒီတုန်းက သူက စာအုပ်တွေ ထုတ်ခွင့်မရပေမယ့် စာတွေကတော့ ရေးနေမှာပဲလို့ ပြောခဲ့ပါတယ်။

“နီကိုရဲ ဆိုတဲ့နာမည်ဖြစ်အောင် တည်ဆောက်ခဲ့ရတာ အကြာကြီး၊ အခုမှ နောက်ထပ် နာမည်တခု ထပ် တည်ဆောက်ဖို့ မဖြစ်နိုင် တော့ဘူးဗျ” လို့လည်း သူ ကြေကြေကွဲကွဲ ပြောခဲ့သေးတယ်။ သူ့လိုပဲ အဲဒီထုတ်ဝေသူရဲ့ စာချုပ်အမိခံနေရတဲ့ နောက်ထပ်စာရေးဆရာ တယောက်အကြောင်း၊ သူတို့ထက် လည်ပတ်လို့ အဲဒီထုတ်ဝေသူရဲ့ စာချုပ်ကို လွတ်အောင်ရှောင်နိုင်တဲ့ နာမည်ကြီး စာရေးဆရာ တယောက် အကြောင်းတွေကိုပါ သူ ကျမကို ပြောပြခဲ့ပါတယ်။

စာရေးဆရာနီကိုရဲဟာ မကြည်ပြာနဲ့ ချစ်ခြင်းရဲ့နဂ္ဂတစ်များ ဆိုတဲ့ လုံးချင်းဝတ္ထုနှစ်အုပ်တွဲနဲ့ အောင်မြင် ခဲ့တယ်လို့ ပြောလို့ရပါတယ်။ အဲဒီဝတ္ထုကို ဒါရိုက်တာ မောင်မျိုးမင်း (ရင်တွင်းဖြစ်) က ကြည်ပြာရောင် နဂ္ဂတစ်များဆိုပြီး ရုပ်ရှင် ရိုက်ခဲ့ပါတယ်။ သိကြားနဲ့ အသူရာ ဝတ္ထုကိုလည်း “ယောက္ခမဆိုတာ တခါတုန်းက သားမက်ပါပဲ” ဆိုတဲ့ ရုပ်ရှင်ကားကြီးရိုက်ကူး အောင်မြင်ခဲ့တယ်။ စိတ်အိုင်ပက်သူ ကလည်း ရုပ်ရှင်ကားကြီးပါပဲ။

နောက်ထပ် သူရေးခဲ့တဲ့ စာအုပ်တွေကို လက်လှမ်းမီသလောက် ဖော်ပြရရင် အိုလေး၊ ရည်းစားစာ (၀တ္ထုတိုစု)၊ သံစုံကျူးတဲ့ည၊ ကျနော်နှင့် လက်တွဲဖော်များ၊ ဇွတ်၊ ကျနော်နှင့် ဈေးသည် အလွဲများ၊ လွယ်အိတ်ထဲက အလွဲများ၊ ပန်းပွင့်ကို ဖယ်ကြည့်မှ မြင်ရမယ့် လမင်း၊ နှလုံးသားထဲ ကြွက်ဝင်နေသည်၊ နတ်ဆိုးတကောင်နဲ့ ရင်လွဲသူ၊ လှည့်စား၊ အိတ်၊ ဇက်ပေါ်က ဇီးသီး၊ လူနှင့် သူတို့၏ ဟာသများ ပဲ ဖြစ်ပါတယ်။

ဒါရိုက်တာ မောင်မျိုးမင်း (ရင်တွင်းဖြစ်) နဲ့ တွဲပြီး ရုပ်ရှင်ကားကြီးတွေ၊ ဗီဒီယိုကားတွေအဖြစ် ရိုက်ခဲ့တဲ့ သူ့ဝတ္ထုတွေ၊ သူ့ဇာတ်ညွှန်းတွေကို ပရိသတ်က အထူးအားပေးခဲ့ပါတယ်။ “လွဲတယ်” ဆိုတဲ့စကားက သူ့ရဲ့ မူပိုင်စကားလို ဖြစ်ခဲ့တာပါ။

အင်တာဗျူးစဉ်က ကျမသိချင်တဲ့ မေးခွန်းတခုကို မေးလိုက်မိတယ်။ နီကိုရဲ ရဲ့ ပရိသတ်တွေလည်း သိချင်မှာပဲ။ “ဆရာ့အနေနဲ့ စာချုပ်မှာ လက်မှတ်ထိုးတုန်းက သေချာမဖတ်ဘူးလား” ဆိုတဲ့ မေးခွန်းပါ။ သူ့ရဲ့အဖြေက ကြေကွဲဖို့ကောင်းပါတယ်။ ဟာသ ဝတ္ထုရေးဆရာတယောက်နဲ့ အင်တာဗျူးရတာ ဖြစ်ပေမယ့် အဲဒီအင်တာဗျူးမှာ ကျမ မပျော်ပါဘူး။

စာရေးဆရာ နီကိုရဲဟာ သိပ်ကိုရိုးသားပြီး သူတပါးကိုလည်း ခင်မင်လွယ်၊ ယုံလွယ်ပါတယ်၊ သူ့စာတွေမှာ သူ့ရဲ့ ရိုးသားမှုတွေ ထင်ဟပ် နေပါတယ်။ သူ့ရဲ့ ဇာတ်ကောင် ရဲဝင်းဟာ သူကိုယ်တိုင်ပါပဲ။ သူ့ရဲ့ ဝတ္ထုတွေထဲမှာ သူဟာ ရိုးသားစွာလွဲသလို အပြင်လောကမှာလဲ သူ လွဲပါတယ်။ အပြင်လောကက အလွဲကတော့ စာချုပ်မှာ လက်မှတ်ထိုးတဲ့အချိန် ခင်မင်မှုနဲ့ အဲဒီစာချုပ်ကို သေချာမဖတ်တဲ့ အလွဲပါ။

ထုတ်ဝေသူအပေါ် ယုံကြည်မှုနဲ့ “ငါ့ကိုတော့ ဆိုးဆိုးရွားရွား မလုပ်လောက်ပါဘူး” ဆိုတဲ့အတွေး
(လက်မှတ်ထိုးတဲ့အချိန်မှာ အရက်မူး နေတာလည်း ပါတယ်လို့ဆိုပါတယ်) ကိုတွေးရင်း လက်မှတ် ထိုးပေးလိုက်တာပါ။

အဲဒီစာချုပ်မှာ ဘာတွေပါတယ်ဆိုတာ သူ့ကလောင် အပိတ်ခံရချိန်၊ စာချုပ်ချုပ်ပြီး နှစ်တော်တော်ကြာ သူ့လက်ထဲကို ထုတ်ဝေသူက စာချုပ်လာပြတော့မှ သိရတယ် ဆိုတော့ ကျမ တော်တော် အံ့သြမိပါတယ်။ လွဲလိုက်လေခြင်းဆိုတဲ့ ကရုဏာ ဒေါသလည်း ဖြစ်မိပါတယ်။ ဒါပေမယ့် ဘာမှ မတတ်နိုင်တော့ပါဘူး။ 
     သူလေးစားတဲ့ “နားလည်မှု၊ ခင်မင်မှု၊ ယုံကြည်မှု” ဆိုတာတွေကို စာချုပ်ဆိုတဲ့ စာတရွက်က အနိုင်ယူ သွားပါပြီ။

ကျမရဲ့ အင်တာဗျူးလည်း စာမျက်နှာပေါ် တင်ခွင့်မရလိုက်ပါဘူး။ စာရေးဆရာ နီကိုရဲရဲ့ အသံတွေက တော့ ကျမ ချန်ထားခဲ့တဲ့ ဂျာနယ်တိုက်ရဲ့ ထောင့်တနေရာမှာ ရှိနေပါလိမ့်မယ်။

ခုတော့ သူလည်း နှလုံးရောဂါနဲ့ ကွယ်လွန်တယ်လို့ဆိုပါတယ်။ အသက် ၄၃ နှစ်ဆိုတဲ့နှစ် အပိုင်းအခြားကတော့ ငယ်လွန်းသေးတယ်လို့ ပြောလို့ရတယ်။ တကယ်ဆို ဒီအသက်အရွယ်က စာတွေ အင်နဲ့အားနဲ့ ရေးရမယ့် အရွယ်ပါ။

စာရေးဆရာတယောက်ရဲ့ ဘဝဟာ စာမှ မရေးရတော့ဘူးဆိုရင် ဘယ်လိုမှ အဓိပ္ပာယ် မရှိနိုင်တော့ပါဘူး။ စာတွေ ရေးနေပေမယ့် သူရေးတဲ့စာတွေကို ပရိသတ်ကို ချပြခွင့် မရဘူး ဆိုရင်လည်း စိတ်ချမ်းသာ ပျော်ရွှင်မှုတွေ ဆိတ်သုဉ်းနေမှာပဲလို့ ကျမ တွေးမိတယ်။

ရေနံချေးဝနေတဲ့ သစ်သားအိမ်နံရံမှာ အစီအရီကပ်ထားတဲ့ သူ့စာအုပ် မျက်နှာဖုံးပုံ အဟောင်းလေးတွေကို ကျမ ခုထိ မြင်ယောင်နေဆဲပဲ။     ။


ဝမ်းနဲကြေကွဲမိပါသည်။

source : www.irrawaddy.org
>>>ဆက်ဖတ်ရန်>>> >>