Showing posts with label တင်မောင်မြင့် ၏ နွေကန္တာ. Show all posts
Showing posts with label တင်မောင်မြင့် ၏ နွေကန္တာ. Show all posts

Wednesday, April 18, 2012

တင်မောင်မြင့် ၏ နွေကန္တာ, အပိုင်း (၂၈) (ဇာတ်သိမ်း)

" ရော့ … မေမေ့အတွက် ၀ိုင်တစ်ခွက်၊ မေမေ သောက်ဖို့ လိုတယ်လေ "
" ဟုတ်တယ် သမီး၊ သိပ်လိုတာပေါ့၊ သနားပါတယ်ကွယ်၊ ညည်းရင်း အိပ်ပျော်သွားရှာတယ် "
" အင်းလေ ခံစားနေရမှာပေါ့၊ သမီးတို့ အိမ်ပြန်ကြရအောင်နော် "
" မေမေ တို့ နောက်ထပ် လာဖို့ လိုဦးမလား မသိဘူး "
အေမီလီ က ပခုံးတွန့်ပြီး -
" သူ တစ်ညလုံး အိပ်မှာပါ၊ နောက်ဆိုရင် ရော်ဂျာတစ်ယောက် ဘယ်အောက်တန်းစားနဲ့မှ ပတ်သက် ရဲတော့ မှာ မဟုတ်ဘူးနော် မေမေ "
ကိုဆက်ဖတ်ရန်...........

အခန်း (၂၀)

သားအဖနှစ်ယောက် တာဝန်တွေကို ခွဲယူထားကြသည်။  ဖီးလစ်က ၀ါဂွမ်းကဏ္ဍကို ကြီးကြပ်ပြီး ဒေးပစ် က ကြံခင်းနှင့် သကြားလုပ်ငန်းကို တာဝန်ယူသည်။ အေမီလီက ဒေးဗစ်နည်းတူ သကြား ကို စိတ်ဝင်စား သည်။
ကလေးတွေ ရလာပြီး အိမ်ထောင်တာဝန်ပိုလာသည့်တိုင် ကွင်းထဲသို့ မြင်းတစ်စီးဖြင့် မကြာ မကြာ ရောက်လာတတ်သည်။ ဒေးဗစ်နှင့် ရိတ်သိမ်းချိန်ကာလ အကြောင်းများကို ဆွေးနွေးသည်။ သည် အတွက် ဂျူးဒစ်ချွေးမလုပ်သူကို ပိုပြီးသဘောကျနေသည်။ ဒေးဗစ်က အ၀တ်အစားနှင့် အလှအပ လောက် ကိုသာ စိတ်ဝင်စားသည့် မိန်းမမျိုး ကို အထင်ကြီးတတ်သူမဟုတ်။ အေမီလီနှင့် အဖော်ရ သ ဖြင့်ဂျူးဒစ်ဝမ်းသာနေရ၏။

ဒေးဗစ် လက်ထပ်ပြီးမကြာခင် အနောက်ဘက်ကမ်းတွင် ကြံခင်းတွေ ထပ်ဝယ်လိုက်သည်။ ကပ္ပလီတွေ လှေတစ်စင်းအပြည့် တင်လွှတ်ပြီး အလုပ်လုပ်ခိုင်းသည်။ တစ်နေ့ တွင် ဒေးဗစ်နှင့် အေမီလီလှေကား ထစ်ထွင်ထိုင်ပြီး အနောက်ဘက်ကြံခင်း များ အကြောင်း ဆွေးနွေးနေကြ၏။ ဂျူးဒစ် က ထိုးလက်စဇာ ကိုကိုင်ပြီး ရောက်လာသည်။
အမေ အနားရောက် လာတော့ အေမီလီက-
"ဟိုဘက်ကမ်း မှာ လူဖြူအလုပ်ကြပ်တစ်ယောက် ထားဖိုးကောင်းပြီးလို့ သမီးက ဒေးဗစ်ကို ပြောနေ တာမေမေ၊ ကပ္ပလီတွေက ကြီးကြပ်မယ့်လူ မရှိရင် အလုပ်လုပ်တာ မဟုတ်ဘူး"
"ကိုယ် စဉ်းစားမိပါတယ်ကွာ၊ ဒါပေမဲ့ ဟိုဘက်ကမ်းက အခင်းတွေ အခြေအနေကောင်းနေ တယ်လေ၊ ဖေဖေက လူမည်အလုပ်ကြပ်တစ်ယောက် အစမ်းထားကြည့်မယ်ဆိုပြီး သကြားလုပ်ငန်းမှာ သိပ်အား ကိုး ရတဲ့ဆိုင်းခေါင်းဆောင် တစ်ယောက်ကို ပို့ထားတယ်"
"ဟုတ်လား၊ ဘယ်သူလဲ ဒေးဗစ်"

"ဘန်နီဆိုတဲ့ကောင်ပါ၊ ငယ်ပေမဲ့ အလုပ်သိပ်တော်တယ်၊ သူ့အမေက ကိုယ်တို့ငယ်ငယ်လေးတုန်း က အိမ်မကြီး မှာ အလုပ်လုပ်ဖူးတယ်၊ ခုတော့ သူ့ကိုကွင်းထဲမှာ ကလေးထိန်းကျောင်းဖွင့်ပြီး ကြီးကြပ် ခိုင်း ထားတယ်၊ ဘန်နီက သူများတွေထက် အသားဖြူတယ်၊ အသိဥာဏ်လည်း မြင့်တယ်"
အေမီလီ စဉ်းစဉ်း စားစား ခေါင်းညိတ်နေသည်။
"တခြား အလုပ်သမားတွေက သူ့ကို လေးစားတယ်ဆိုရင်တော့ မဆိုးပါဘူး"
"သူတိုက အလုပ်တွေ အချိန်မီတော့ ပြီးနေတာပဲ"
ဂျူးဒစ် အိမ်ထဲ ပြန်ဝင်ခဲ့သည်။ အခန်းထဲရောက်တော့ မှန်ရှေ့တွင် ရပ်ပြီး မှန်ကို လက်နှင့် ခေါက်နေ သည်။ အင်း...လက်စသတ်တော့ ဘန်နီဒီလို ဖြစ်နေပြီကိုး၊ ဘန်နီအကြောင်း နှစ်ပေါင်းများစွာ ပြည်ဖုံး ကားချထားခဲ့ သည်။

ဖီးလစ်ကလေး ငန်းဝါဖျား စဖြစ်တဲ့ နေ့ကတည်းက မတွေ့ ခဲ့ခြင်း ဖြစ် သည်။ ဒေဗစ် သူ့အကြောင်း ပြောနေသည်ကို ကြားတော့မှ ဘန်နီကု မမေ့သေးကြောင်းနှင့် ရင်ထဲတွင် မနာလို စိတ်ကလေး ကျန်ရှိ နေသေးကြောင်း ကိုယ့်ဘာသာကိုယ် သိလိုက်သည်။ လက်စသတ်တော့ ဟို ဘက်ကမ်း က ကြံခင်းကို ဘန်နီအတွက် ရည်စူးပြီး ဖီလစ်ဝယ်ခဲ့တာကိုး။ ဘာပဲဖြစ်ဖြစ် သူ ၀က်သစ်ချမြိုင်နှင့် ဝေးဝေးရောက်သွား သည့်အတွက် ၀မ်းသာရမည်ဖြစ်သည်။ သို့သော် ဂျူးဒစ် ၀မ်းမသာနိုင် ဘဲ ဖြစ်နေ၏။ အတိတ်တစ္ဆေ ခြောက်လုနဲ့ပြန်လေပြီ။
သို့သော် လည်း ဆိတ်ဆိတ်နေရမည် ဟူသည့်အသိကြောင့် တစ်ခွန်းတစ်ပါဒမျှ ၀င်မပြောခဲ့ပေ။ ဤသို့ ဖြင့် ဘန်နီနာမည်သည် တစ်နှစ်ကျော်ကျော် ပျောက်ကွယ်နေပြန်သည်။ သို့သော် တစနေ့ညနေ ညစာ ပိုင်း တွင် ဒေးဗစ်က သူ့အကြောင်းစ လာပြန်သည်။

"ဟိုဘက်ကမ်းက ကြံခင်းတွေကိစ္စ ဖေဖေ့ကိုပြောစရာရှိတယ်"
ဖီးလစ် က- "ဘာဖြစ်လို့လဲ သားရဲ့"
"ကြံခင်းတွေ အခြေအနေတော့ ကောင်းပါတယ်၊ ခုထိတော့ ဘာမှမဖြစ်သေးဘူး၊ ဒါပေမဲ့ ကျွန်တော် တို့ ပို့ထား တဲ့ ဘန်နီဆိုတဲ့ကောင် နည်းနည်းဗွေဖောက်နေတယ်၊ ဒီဘက်ကမ်း ပြန်ခေါ် ရင် ကောင်း မယ် ဖေဖေ" ဖီလစ် ဘာမှမပြောဘူး။ အေမီလီက ၀င်မေးသည်။
"သူက ဘာလိုက်လို့လဲဟင် ဒေးဗစ်"
ဂျူးဒစ်ခေါင်းငုံ့ ထားသည်။ ၀ိုင်ကို ငြိမ်ငြိမ်ကလေး ထိုင်သောနေ။
"ဒီကောင် ဒုက္ခပေးနေတယ်"
ဒေးဗစ်လေသံ က တိုတိုတုတ်တုတ်။ သူစကားဆက်သည်။

"ဒီကောင်က တော်တော့ တော်တြယ်၊ အသားလည်းတော်တော် လတ်တယ်၊ ဒီလိုကောင်မျိုးတွေ ဟာ ကွင်းထဲ မှာ အမြဲတမ်း ပြဿနာလုပ်တတ်တယ်၊ အဓိံပ္ပာယ်မရှိ စကားတွေ သူလျှောက်ပြောနေ တယ်၊ လူမည်းတွေဟာ သေကောင်းပေါင်းလဲ အလုပ်လုပ်ရပြီး ဘာမှပိုင်ခွင့် မရှိဘူးတဲ့၊ သူမြှောက်ထိုး ပင့်ကော်လုပ်တော့ ဟိုကောင်တွေ တဖြည်းဖြည်းနဲ့ လှုပ်လာကြတယ်"
"၀က်သစ်ချမြိုင် ဟာ ကပ္ပလီတွေကို သိပ်အလျှော့ပေးတာပဲလို့ လူတိုင်းပြောနေကြတာပဲ"
အေမီလီ က မကျေမချမ်း ၀င်ပြော၏။ ဒေးဗစ်စကားဆက်သည်။

"တို့လူတွေကသူတို့ဘ၀ သူတိုကကျေနပ်ကြတာပဲ၊ ဘန်နီလိုကောင်က စကားကြီး စကားကျယ်တွေ နဲ့ စည်းရုံး လို့ သူတိုက ရောယောင်နောက်လိုက်ဖြစ်ကုန်တာ၊ ဒီကောင် ဆက်ပြီး ပူညံ ပူညံ လုပ် ရင်တော့ ရောင်းထုတ်ပစ်လိုက်စေခင်တာပဲ၊ ဒီလိုကောင်မျိုးတွေ သူများ လက်ထဲ ရောက် မှ နောင်တရမယ်" ဂျူးဒစ် က ဘီစကစ်တစ်ချပ်ကို ခပ်သွက်သွက် ထောပတ်သုတ်သည်။
ဖီးလစ်ခုမှ အသံထွက်လာသည်။

"သူက ဘယ်လိုစကားမျိုးတွေ ပြောပြီး စည်းရုံးတာလဲ"
"သူတို့ကို လွတ်လပ်ခွင့် ပေးဖို့တို့၊ ကိုယ်ပိုင်မြေယာ ရဖိုကတို့တွေပေါ့ ဖေဖေ၊ ဘာမှ အဓိပ္ပာယ် မရှိပါ ဘူး၊ ဒါပေမဲ့ အန္တရာယ်တော့ရှိတယ်"
အေမီလီက ရယ်ပြီး-
"သီးစုံယိုဘူးလေ လှမ်းလိုက်စမ်းပါ ဒေးဗစ်၊ လူမည်းတစ်ယောက်ဟာ လွတ်လပ်ရေးတို့ ဘာတို့နဲ့ ပတ်သက်တဲ့ ဥပဒေတွေကို နားလည်လို့လားဟင်"
"ဘယ်ကလာ၊ အလကားပါ၊ လွတ်လပ်ရင် သူတို့အသားတွေ ဖြူလာမယ် ထင်နေကြလား မသိဘူး၊ ဘန်နီ ဟာ မွေးကတည်းက ကျွန်အဖြစ်နဲ့မွေးလာတာပဲ၊ ဒါပေမဲ့ သူကနေစရာရယ်၊ စားစရာရယ် ဟာ နေရောင်ခြည် လိုပဲ လူတိုင်း ရပိုင်ခွင့်ရှိတယ် တဲ့၊ ဖေဖေဘယ်လို သဘောရ သလဲ၊ ရောင်းပစ်လိုက် ပါဖေဖေရာ"
"ရောင်းတော့ မရောင်းချင်သေးဘူး၊ ဒီကိစ္စဖေဖေ ကြည့်ရှင်းပါ့မယ်၊ ဒီဘက်ကမ်းက ကြံတွေ ဘယ်လို အခြေအနေ ရှိလဲ ဒေးဗစ်"
ဖေ စကားလမ်းကြောင်း ပြောင်းသော်လည်း ဒေးဗစ်က အာရုံမပြောင်း။

"ဒါပေမဲ့ ကျွန်တော် သူတို့ ကြံခင်းထဲမှာ မသုံးချင်တော့ဘူး ဖေဖေ၊ ဖေဖေ့ဘက်ကို ပြန်ခေါ်ထားချင် ထား၊ ဒါမှ မဟုတ် တစ်ခုခု စီစဉ်ပေးပါ၊ ကျွန်တော် တာဝန်ယူရတဲ့ အပိုင်းမှာ ကျွန်တော်သြဇာညောင်းတဲ့ အလုပ်သမားမျိုး ပဲလိုချင်တယ်၊ ဖေဖေ့ဝါဂွမ်းဘက်ကို ပြန်ခေါ်ချင် ခေါ်ပေါ့၊ ၀ါဂွမ်းဘက်မှာလည်း သူ့ကို သုံးနိုင်တာပဲ"
ဖီးလစ် ငြိမ်နေသည်။ ခဏနေပြီး အေမီလီဝင်ဆွေးနွေးသည်။

"အေမီလီ က ကိုယ်ပိုင်လုပ်ငန်း လုပ်ရမယ်ဆိုရင်လည်း ဒီလိုကပြားတွေကို အကုန်ရောင်းထုတ်ပစ် မယ်၊ ဒါမှမဟုတ် အိမ်မှာ ခိုင်းဖို့ ခေါ်ထားမယ်၊ ကွင်းထဲမှာ သူတို့ ဘာမှ သိပ်အလုပ်မဖြစ်ဘူး၊ စကားပြော လည်းလေတစ်လုံး၊ မိုးတစ်လုံး နဲ့၊ သူတို့က အမြဲတမ်းပဲ သခင်တွေ နဲ့ သွေးသားစပ်သလိုလို"
"ကဲ တော်လောက်ပြီ အေလီလီ၊ ဒီအကြောင်း ဆက်ပြောနေလို့ ဘာမှအကြောင်းမထူးဘူး၊ ဖေဖေ ကြည့် လုပ်လိုက်မယ်လို့ ပြောပြီးပြီး မဟုတ်လား"
ချွေးမလုပ်သူ ကို ဖီးလစ်ဘယ်တုန်းကမှ လေသံမာမာ မပြောဖူးခဲ့။ သည်လိုလေသံကို ပထမဆုံး ကြားဖူး ခြင်းဖြစ် ၍ အေမီလီ မျက်နှာရဲတက်သွားသည်။ ဒေးဗစ်ကတော့ ရိုးနေပြီ။ သို့သော် ဒေးဗစ်ပင် လျှင် ဖခင်လုပ်သူကို နားမလည်နိုင်စွာ ကြည့်နေ၏။

"တောင်းပန်ပါတယ် ဖေဖေ၊ မဆိုင်ဘဲ ၀င်စွက်တဲ့သဘော မဟုတ်ပါဘူး"
ဖီးလစ် က အေမီလီ၏လက်ကို လှမ်းဆုပ်လိုက်ပြီး-
ဖေဖေ့ ကို ခွင့်လွတ်ပါ သမီးရယ်၊ နေပူလွန်းတော့ ခေါင်းတွေ နောက်ပြီး စိတ်တိုနေတယ်
ဂျူးဒစ် ညာစာပိုင်းတွင် ဣနြေ္ဒမပျက် စားသောက်သွားသည်။ ဘန်နီအကြောင်းကို တတ်နိုင်သမျှ မစဉ်းစား မိအောင် နေသည။် ကိုယ့်ကိုယ်ကိုယ် သတိပေးလိုက်သည်။ "ဘန်နီနဲ့ငါ ဘာမှမဆိုင်၊ ဖီးလစ် က ဘန်နီ့ဘက်က ရပ်လျှင်လည်း ငါအနေသာကြီး"
ဘန်နီ ကို ရောင်းမထုတ်ဘဲ ၀က်သစ်ချမြိုင်တွင် ဆက်ထားဖို့ ဆုံးဖြတ်ခြင်းမှာလည်း ဖီးလစ်ဘက်က မှန်သည်။ အချို့မြေပိုင်ရှင်များ၊ အလုပ်ကြပ်များသည် လူမည်းများကို လူလိုဆက်ဆံကြသည် မဟုတ်ပေ။
မိမိသဘော အရတော့ ဘန်နီကို လွတ်လပ်ခွင့် ပေးလိုက်စေချင်သည်။ သို့သော် ဖီးလစ် အနေဖြင့်မူ ပေးမည် မဟုတ်လော။ ကျွန်ဘ၀မှလွတ်မြောက်သွားကြသည့် လူမည်းများသည် ဒယ်အိုးထဲမှ မီးဖို ထဲ ခုန်ချသည့် ငါးပမာ ရှိနေကြ၏။ သခင်က လွတ်လပ်ခွင့် ပေးလိုက်သော်လည်း ဥပဒေ တွေနှင့် ပြန်ပြီး ချုပ်နှောင် ထားသဖြင့် သူတို့ခမျာ လူ့အခွင့်အရေးကို ဘာမျှမရကြရှာပေ။

ဘန်နီအကြောင်း တစ်ခွန်းမျှ မပြောဘဲ ရေငုံနှုတ်ပိတ်နေလိုက်၏။ ဒါကိုသိနေသည့် ဖီးလစ်က ဂျူးဒစ် ကို ကျေးဇူးတင်နေသည။် ဒေးဗစ်က ဘန်နီကို ဘယ်သူဘယ်ဝါမှန်း မသိ။ ဘန်နီကလည်း သူ့အဖေကို သူမသိ။ အကယ်၍ ဘန်နီ သူ့ဇာတ်မြစ်ကို သိသွားလျှင် ဒေးဗစ်မည်သို့ ရှိလေမည်လဲ။ သို့သော် ဒေးဗစ် သည် ဘန်နီ့ကိစ္စ ကို ရတက်မအေး ဖြစ်နေသည်။ ဇနီးလုပ်သူကို ပြောပုံ ကြည့်လေ။
"တစ်နေ့ တွင် အေနီလီ က မေးသည်"
"အဲဒီ ဘန်နီ ဆိုတဲ့ ကောင်ကို ဖေဖေဘာလုပ်ထားလဲဟင် ဒေးဗစ်"
"လိမ္မော်ခြံမှာ တာဝန်ချထားတယ်လေ၊ အဲဒီမှာ အလုပ်သိပ်ရှိတာမှ မဟုတ်တာ၊ ၀ါးခင်းထဲ ကူးပြီး ပေါက်တက်ကရတွေ လျှောက်ပြောနေဦးမှာပေါ့၊ ဖေဖေက ကိုယ်ပြောတာကို လက်မခံတာ ခက်တယ် ကွာ၊ ဒီလိုကောင်မျိုးက သက်သက်ဒုက္ခပေးဖို့ လူဖြစ်လာတာကွ၊ ကိုယ်သာ အဖေ့နေရာမှာ ရှိရင် ချက် ချင်း ပထုတ်ပစ်လိုက်ပြီး"

ဆက်နားမထောင်တော့ ဘဲ ဂျုးဒစ် အပြင်ထွက်သွားသည်။ ရင်ထဲမှ ဒေါသကို တခြားနေရာသို့ ထွက်ပေါက်ပေး လိုက်ရ၏။ အိမ်ရှေ့တံခါးမကြီးမှ တံခါးလက်ကိုင်ကို မတိုက်ဘဲ ထားသည့် ကောင်မလေး တွေကိုဆူပစ်လိုက်သည်။ ညစာပိုင်းကျတော့ ဒေးဗစ် က ဘန့်နီ အကြောင်း မစဘဲ နိုင်ငံ ရေးကိစ္စတွေ ပြောနေသဖြင့် ကျေးဇူးတင်ရသေးသည်။ ဘန့်နီအကြောင်း ကို ခေါင်းထဲ မှ မောင်းထုတ် ချင်သည် မဟုတ်လား။ တိုင်းရေး ပြည်ရေး ကိစ္စတွေကိုလည်း သိချင်နေသည်လေ။
ဒယ်လ်ရွိုင်း စိုက်ပျိုးရေးသမားများသည် နိုင်ငံရေးကို သိပ်စိတ်မ၀င်စားကြပေ။ နိုင်ငံရေးသည် ရာသီဥတု သဖွယ်ထိန်းလို့ရသည့် ကိစ္စမျိုးမဟုတ်ဘူး။ သူတို့ယူဆထားကြသည်။ ခုတော့ နိုင်ငံရေး နှင့်သူတို့၏ တိုးတက်ဖွဲ့ဖြိုးမူကိုဆက်နွယ်နေနိုင်ကြောင်း၊ နိုင်ငံရေးကြောင့် သူတို့လုပ်ငန်းတွေ နှောင့် နေးနိုင်ကြောင်း တဖြည်ဖြည်း သဘောပေါက်လာကြသည်။

ဒယ်လ်ရွိုင်း သည် လျင်မြန်သော အဟုန်ဖြင့် တိုးတက်ပြေင်းလဲနေ၏။ အမေရိကန်ပြည်ထောင်စုက လူဝီ စီယားနားပြည်နယ် ကို ၀ယ်လိုက်ပြီး ကတည်းက လူဦးရေ သိသိသာသာတိုးလာသည်။ သို့ သော်ဒယ်လ်ရွိုင်း သည် ဖလော်ရီဒါအနောက်ပိုင်း တိုက်နယ်တစ်ခုဖြစ်၏ အင်္ဂလိပ်လက်ထပ်က ခရိုင်အဆင့် အထိ ရှိခဲ့ဖုးသည်။ ထိုစဉ်က လူဝီစီယားနားပြည်နယ်နှင့် လုံးဝသီးခြားနေခဲ့သည်။ လူဝီစီး ယားနား ကို အမေရိကန်ပြည်ထောင်စုက ၀ယ်တော့အနောက်ဘက် ဖလ်ေရီဒါ ပါသည်၊ မပါသည်ကို ဘယ်သူ မှ မသိကြပေ။ သည်ကိစ္စ နားမရှင်းသဖြင့် ဂျူးဒစ်က ဖီးလစ်အား ရှင်းပြဖို့ ပြောသည်။
"ရယ်စရာတော့ ကောင်းတယ်ကွ၊ အမေရိကန်တွေက တို့တစ်တွေကို အမေရိကန်လို့ပဲ သဘောထား နေတယ်၊ စပိန်ဘုရင်ခံက ဒီမှာ ရုံးတက်နေတုန်း၊ ခုလောလောဆယ် တိုကလူတွေ အမေရိကန် တရား ဥပဒေအောက်မှာ နေရတာလား၊ စပိန်အုပ်ချုပ်မှုအောက်မှာလားဆိုတာလည်း ဘယ်သူမှ အတိအကျ မသိဘူး။ စိတ်လည်း မ၀င်စားကြဘူး"
ဖီးလစ်က ခပ်ပေါ့ပေါ့ရှင်းပြသည်။ သို့သော် ဒယ်လ်ရွိုင်းမြေပိုင်ရှင်တွေက သည်ကိစ္စအတွက် တစ်စုံ တစ်ခုထလုပ်မည်ဆိုတော့ ဂျူဒစ်အထိတ်တလန့်ဖြစ်သွားသည်။

နွေရာသီ၏ နောက်ဆုံး ရက်ကျန်နေ့တစ်နေ့ဖြစ်၏။ ဂျူးဒစ်လေသာဆောင်တွင် ထိုင်ပြီး အေမီလိုသား ကလေး ဆီဘက်စတိန် အတွက် ဆွယ်ထာထိုးနေသည်။ အေမီလီက အပေါ်ထပ်မှ ဆင်လာပြီး ရေးကြီး သုတ်ပျာနှင့် မေးလာသည်။
"မေမေ...အဲဒီလူကြီးတွေ အားလုံးကို ညစာကျွေးရမှာလား ဟင်"
ဂျူဒစ်က ချွေးမလုပ်သူဘက် လှည်ပြီး-
"ဘယ်လူကြီးတွေက အေမီလီ"
"သမီး အပေါ်ထပ်ကလှမ်းမြင်ရတယ်၊ အိမ်ရှေ့မှာ လာနေကြပြီ"
အေမီလီက အိမ်ရှေ့ဆီသို့ မေးထိုးပြသည်။ ဂျူးဒစ်လှမ်းကြည့်လိုက်၏ မြင်းကိုယ်စီနှင့် ၀င်လာသည့် လူအုပ်ကြီး ကို တွေ့ရသည်။ ရှေ့ဆုံးမှ ဖီလစ်နှင့် ဒေးဗစ်။ နောက်မှလူအုပ်က နှစ်ဆယ်ကျော် လောက် ရှိမည် ထင်သည်။

ဂျူးဒစ် မျက်လုံးပြူးသွားသည်။ ရာသီဥတု သာယာသောနေ့များတွင် ပိုပိုလိုလို အနည်းဆုံး ၁၀ယောက် စာလောက် အတွက် ညစာဝိုင်းကို အသင့်လုပ်ထားတတ်သည်။ ဖီးလစ်နှင့် ဒေးဗစ်တို့က ဧည့်သည်နှစ် ယောက် သုံးယောက်လောက်စီ ခေါ်လာတတ်သည် မဟုတ်လား။
သို့သော် သည်လူအုပ်ကြီးအတွက်တော့ ချက်ချင်းစီစဉ်ဖို့ မလွယ်လှပေ။ ချွေးမလုပ်သူကို လှမ်းပြော လိုက်သည်။
"ကောင်မလေးတွေ ကို ကြက်ဥမွှေကြော် လုပ်ခိုင်းလို့ ရပါတယ်။ ဒါပေမဲ့ ဒီလိုအုပ်လိုက်ကြီး မလာပြီး ၀ိုင်းဖွဲ့မယ် ဆိုရင်တော့ ကြိုပြောဖို့ ကောင်းတာပေါ့"
"အမျိုးသမီးတွေ မပါမေမေ၊ ပါတီလုပ်ဖို့ အစီအစဉ်မရှိဘူးနဲ့တူပါတယ်"
အေမီလီ က အယူခံဝင်သည်။ ဂျူးဒစ်ဧည့်သည်တွေကို နှုတ်ဆက်ဖို့ထသွားသည်။ လူအုပ်ထဲတွင် ပါစယ် တို့ ညီအစ်ကိုသုံးယောက်လည်း ပါသည်။ ပြီးတော့ လူဝစ်ဗဲလ်ကိုး၊ ရော်ဂျာူရှာရမီ၊ ခရစ္စတိုဖာ နှင့် ဂျူဟန် တို့ မိသားစု ထဲက အမျိုးသားအားလုံးပါသည။် ကားလ်ဟဲရော့နှင့် သူတို့ ညီအစ်ကို တစ်သိုက်က နောက်ဆုံးမှ။

ဖီးလစ်ကမြင်းပေါ်မှ ဆင်းရင်း-
"ဂျူးဒစ်ရေ..ဒီလူအုပ်ကို မင်းကျွေးနိုင်ပါ့မလား"
မကျေမနပ် ဖြစ်နေတာတွေ ဘယ်ရောက်ကုန်မှန်း မသိ၊ ဂျူးဒစ်ရယ်ပြီး ပြန်အော်ပြောလိုက်သည်။
"ရပါတယ်၊ ဟင်းချေးမများဘူးဆိုရင် ပြောတာနော်"
ဖီးလစ်က ထမင်းဆာလာသည့် ကလေးတစ်ယောက် မီးဖိုဆောင်ကို ၀င်တော့မည့်ပုံ၊ ဧည့်သည်တွေ ကိုနှုတ်ဆက် ဖို့၊ နေရာချထားဖို့ အေမီလီနှင့် တာဝန်လွှဲခဲ့ပြီး ဖီးလစ်ကို လှောကားရင်းသို့ ဆွဲခေါ်သွား သည်။
"ကဲ... ဘာတွေ ဖြစ်လာတာလဲ ပြောစမ်းပါဦး"
ဖီးလစ် က ဇနီးချောကို ငုံ့ကြည့်ပြီး ပြောသည်။

"စပိန်ဘုရင်ခံကို ကိုယ်တို့ မောင်းထုတ်ပစ်တော့မလို့လေ"
"ဘုရား..ဘုရား၊ ဘယ်လိုမောင်းထုတ်ကြမှာလဲဟင်"
ဖီးလစ်က ရယ်ပြီး နှင်တံနှင့် လက်တစ်ဖက်ကို ရိုက်ရင်း-
"ဒီည ပန်းခြံ ထဲမှာ လူစုမယ်၊ ပြီးတော့ သူ့နန်းတော်ကို သွားဝိုင်းပြီး ထွက်သွားခိုင်မယ်၊ ဒါပဲ"
နောက်ဘက်မှ အဖွဲ့သားတွေကို လှမ်းကြည့်ပြီး ဖီးလစ်ရယ်သည်။ ဆံပင်တွေ ဖြူစ ပြုလာသော် လည်းနိုပျိုဆဲ။ ဒေးဗစ်နှင့် ညီအစ်ကိုလာအောက်မေ့ရသည်။
အေမီလီက စိုးရိမ်တကြီး လေသံဖြင့်-
"အန္တရာယ် မများဘူးလား ဖေဖေ၊ နန်းတော်မှာ လက်နက်ကိုင်အစောင့်တွေနဲ့ မဟုတ်လား"
"ရှင်တို့က ဘာလို့ဝင်ရတာလဲ၊ အမေရိကန်အစိုးရ လုပ်ရမယ့်အလုပ် မဟုတ်လား"
ဒေးဗစ်ဝင်ပြောသည်။

"အမေရိကန်အစိုးရ လုပ်ရင် ခုနစ်နှစ်လောက်ကြာမှ မေမေရ၊ သူတို့က ကျွန်တော်တို့အရေးကို စိတ် ၀င်စား တာ မဟုတ်ဘူး၊ ဒါကြောင့် ကိုယ်ဘာသာကိုယ် လုပ်ကြရတာ၊ လူဝီစီးယားနား ဟာ ပြည်နယ်ကြီး တစ်ခု ဖြစ်လာတော့မယ်၊ မကြာခင် ပြည်ထောင်စုထဲကို ပြည်နယ်တစ်ခုအဖြစ် ၀င်ရ တော့မယ်၊ ကျွန်တော် တို့နယ်က လူဝီစီးယားနားထဲမှာ ရှိနေတာ၊ ဒါပေမဲ့ စပိန်ဘုရင်ခံက အခွံ အတုတ် တွေမှိန်းယူနေတယ်။ ဒါကိုအမေရိကန်တွေက မသိတာလား၊ မသိချင်ယောင်ဆောင်နေ တာလား၊ မသိဘူး။ အဲဒါတာကြောင့်...."
ဒေးဗစ် က အတွင်းအိတ်ထဲမှ စာရွက်တစ်ရွက်ကို ဆွဲထုတ်လိုက်သည်။
"ဒါကြောင့် ဒီအနောက်ဘက် ဖလော်ရီဒါ လွတ်လပ်ရေးကြေညာစာတမ်းကို ကျွန်တော် တို့ဘာသာ ရေး ရတာ"
ဂျူဒစ်လှေကားထစ်ပေါ်တွင် ချည်နဲ့စွာ ထိုင်ချလိုက်သည်။

"မင်းတို့ဟာတွေက ရယ်စရာလည်း ဖြစ်နေပါဦးမယ်ကွယ်"
ရော်ဂျာရှာရမီ ၀င်ရှင်းသည်။
"ဘယ်က ရယ်စရာဖြစ်ရမှာလဲ အန်တီဂျူးဒစ်၊ မနက်မိုးလင်းရင် ကျွန်တော်ထောင်ထဲ ရောင်ချင် ရောက်၊ မရောက်ရင် ကျွန်တော်တို့တစ်တွေ အနောက်ဖလောရီဒါ ပြည်နယ်သားတွေ ဖြစ်သွားပြီလေ"
"အဲဒီတော့မှ အမေရိကန်တွေ တို့ကို ဂရုစိုက်လာမှာ"ဟု ဖီးလစ်က နဂုံးချုပ်ပေးလိုက်သည်။

ညိုနေသော အေမီလီ့မျက်နှာကလေးကို ဂျူးဒစ်လှမ်းကြည့်လိုက်သည်။ ဂျူးဒစ်သည် ရင်တွေ တုန်နေပါ သည်။ သို့သော် သည်သားအ အကြောင်းကို အေမီလီထက် ပိုသိသည်လေ။ သူတို့နှစ်ယောက်စလုံး တစ်ပုံစံ တည်း။ ခပ်ကြမ်းကြမ်း ခပ်ရမ်းရမ်း လုပ်တော့မည်ဆိုလျှင် ဘယ်သူထားလို့မှ ရသည်မဟုတ်။ သည်တော့ သက်ပြင်းချကာ သတိဝီရိယနှင့် သွားကြဖို့သာမှာပြီး မီးဖိုဆောင်သို့ ၀င်ခဲ့သည်။
သူတို့ တစ်တွေ ကတိုက်ကရိုက် ညစာစားကြ၏။ အလွန်အမင်း တက်ကြွနေကြ၏။ ဂျူးဒစ် နားမလည် နိုင်အောင် ဖြစ်နေသည်။ အေမီလီက ငြိမ်ချက်သားကောင်းနေ၏။ သူတို့၏ တော်လှန်ရေးကို မမှု သလို ပုံစံဖြင့်။ သို့သော် သူတို့အားလုံး ထွက်သွားကြပြီး မြင်းခွာသံတွေ စဲသွားသည်နှင့် ဆီဘက်စတိန် လေး ၏ခေါင်းကိုပွတ်ပြီး မျက်ရည်ကျနေသည်ကို ဂျူးဒစ်မြင်လိုက်၏။ သားကလေးကို အိပ်ရာဝင် အနမ်းပေး ပြီးနှုတ်ဆက်ကာ အထိန်းလက်သို့ အပ်လိုက်သည်။

"သမီး ကြောက်တယ် မေမေ၊ သူတို့တစ်ခုခုဖြစ်ရင် ဒုက္ခပဲနော်"
နှစ်ယောက်သား ကျန်ခဲ့သည့် အခါတွင်မှ အေမီလီရင်ဖွင့်သည်။
ဂျူးဒစ် က အေမီလီ့လက်ကို ယုယစွာကိုင်ပြီး-
"စပိန်ဘုရင် က ဒီမှာဆက်နေစရာ ဘာမှအကြောင်းမရှိတော့ဘူး သမီးရဲ့"
"မေမေ ဘာဖြစ်လို့ ဒါလောက်တည်တည်ငြိမ်ငြိမ်နေနိုင်လဲဆိုတာ သမီးစဉ်းစားမရဘူး"
အေမီလီ တိုးတိုးလေးပြောနေသည်။

"မေမေလည် သမီးရဲ့ သတ္တိကို ချီးကျူးနေတာ"
"ဒါပေမဲ့ ရင်တွေတုန်နေပြီ မေမေရဲ့၊ ဒေးဗစ်ရှေ့မှာ ဣနြေ္ဒမျပက်ချင်လို့ မနည်းဟန်ဆောင်နေရတာ"
ဂျူးဒစ်ပြုံးသည်။
"သမီးအရွယ် တုန်းက မေမေ သမီးလောက် မရင့်ကျက်ခဲ့ပါဘူး ကွယ်" အေမီလီက ခပ်တိုးတိုး ရယ်ပြီး-
"ဒေးဗစ် က သမီးကို သတ္တိကောင်းတယ် ထင်နေတာ၊ သွားခါနီး ကပ်ပြောသွားသေးတယ် မေမေရဲ့၊ ခုလိုသွေးကောင်း တဲ့ မိန်းမမျိုးရတာသိပ်နိပ်တာပဲတဲ့၊ မာသာရှာရမီတော့ မျက်ရည်ထဲမှာ မျောကျန်ရစ် ခဲ့တယ်တဲ့လေ"
"သြော်..မာသာလား၊ သူကငိုမှပိုလှတာ သမီးရဲ့"

"မလှချင်နေပါစေ၊ ယောက်ျားရှေ့မှာတော့ မငိုချင်ပါဘူး၊ သူကို အပစ်အခတ်ခံ ရမှာတော့ သမီးတွေး ပြီးပူတယ် မေမေရယ်"
ထိုးလက်စ ဇာကို ဆွဲယူပြီး ဖယောင်းတိုင်နားတွင် သွားထိုင်သည်။ ခဏနေမှခေါင်းထောင်လာပြီး-
"မေမေ သမီးကို ကလေးတစ်ယောက်လို မနှစ်သိမ့်တာ ကျေးဇူးတင်ပါတယ်၊ သမီးက သူများ သနာ တာသိပ်မခံချင်တတ်ဘူးလေ"
ညည့်နက်လာပြီ။ သို့သော် သမီးယောက္ခမ နှစ်ယောက်လုံး အပ်ချင်စိတ်မရှိကြပေ။ အေမီလီက ဆီဘက်စတိန်လေးကို တစ်ချက်သွားကြည့်သည်။
"တိုင်းပြည်ကြီး ဘာဖြစ်နေနေ သူဂရုမစိုက်ဘူးမေမေ၊ နှစ်နှစ်ခြိုက်ခြိုက် အိပ်နေပြီ"
ဂျူးဒစ်ကလည်း သူထိုးလက်စ ချည်လုံးနှင့်အပ်ကို ယူပြီး ဖယောင်းတိုင်နား သွားထိုင်သည်။ အေမီလီ ကိုဟန်ကိုယ့်ဖို့ ဟူသည့်သဘောဖြင့် ပြောထားရသော်လည်း နန်းတော်ကို သွားဝိုင်းကြသည့် လူစု အတွက်ရတက် မအေးနိုင်ပေ။ အိပ်ချင်စိတ်လည်း မရှိတော့။ နှစ်ယောက်သား စကားမပြောကြတော့ဘဲ ကိုယ့် အလုပ် ကိုယ်လုပ်နေကြသည်။ ဇာထိုးအပ်ကို ဆတ်ခနဲ ပစ်ချပြီး အေမီလီ ၀ုန်းခနဲ ထရပ်တော့ သန်းခေါင်ကျော်နေပြီ။

"ဘာသံတွေလဲ မေမေ"
"ဟင်..ဘာသံမှ မကြားပါလား"
ဂျူးဒစ်သည် လုပ်လက်စကို ရပ်ပြီး နားစွင့်ကြည့်လိုက်သည်။
"ဟော...ကြားလား၊ ဟိုအဝေးကြီးမှာ ဆူဆူညံညံ အသံတွေ"
ပြောပြောဆိုဆို အေမီလီ ပြတင်းပေါက်သို့ ထသွားသည်။ ဂျူဒစ်ထလိုက်သွား၏။ အရေးကြံလျှင် မိမိ က ရှေ့ကနေရမည်ကို သွားသတိရလိုက်သောကြောင့် ဖြစ်သည်။
"တိုက်ပွဲဖြစ်ရင် မြိုကထဲဘက်မှာ ဖြစ်မှာပေါ့သမီးရဲ့၊ ဒီဘက်မှာ ဘာမှဖြစ်နိုင်စရာအကြောင်းမရှိပါဘူး"
အေမီလီ က ဂျူးဒစ်၏ပခုံးကို လှမ်းဖက်လိုက်သည်။ ဂျူးဒစ်ပါးစပ်အဟောင်းသား ဖြစ်နေ၏။

ဟိုအဝေးကွင်းထဲ ဆီတွင် မီးရောင်တွေ တလက်လက်နှင့် လှုပ်လှုပ်ရွရွဖြစ်နေသည်ကို လှမ်းမြင် ရ၏။ အော်သံတွေလည်း သဲ့သဲ့ကြားနေရ၏။ မြင်ရသည့် မီးရောင်တွေမှာ စီစီတန်းတန်း မဟုတ်။ ပြန့်ကျဲချီ တက်နေပုံ ရသည်။ အေမီလီက သူ့လည်ပင်းသူ လက်တစ်ဖြင့် ဆုပ်လိုက်ပြီး-
"စစ်သားတွေ မဟုတ်ဘူးမေမေ"
နှစ်ယောက် သား ခန်းဆီးစကို ပြိုင်တူ ဆွဲပိတ်လိုက်သည။် ဂျူးဒစ်အလန့်တကြား နောက်ဆုတ်လိုက် ၏။ ခေါင်းထဲ တွင် စူးခနဲ ဖြစ်သွားသည်။ လက်ဖ၀ါးတွေ ချက်ချင်း ချွေးစို့လာ၏။
"အဲဒါ လူမည်းတွေ သမီး"
အေမီလီ နံရံကို အလန့်တကြား ကျောပေးကပ်လိုက်သည်။ တစ်ကိုယ်လုံး ဆတ်ဆတ်တုန်လာသည်။ ဂျူးဒစ်၏နှုတ် မှ ဆွံ့နေသူတစ်ဦး၏နှုတ်မှ ထွက်သလို စကားလုံးနှစ်ခု ထွက်လာသည်။

"ဘန်နီ"
ပြောပြော ဆိုဆို နောက်ဘက်လှေကားဆီသို့ ပြေးသွား၏ အပေါ်ထပ် ကလေးခန်းဆီ သို့တစ်ထစ် ကျော်ပြေးတက်သွားသည်။
ဂျူးဒစ် က နံရံမှ ကြိုးကို တအားဆွဲလှုပ်လိုက်၏။ အစေခံတန်းလျားဘက်တွင် ခေါင်းလောင်းသံတွေ ဆူညံ သွားသည်။ တုန်တုန်ယင်ယင်ဖြစ်နေသည့် ခန္ဓာကိုယ်ကို သတိနှင့် မနည်းထိန်းနေရ၏။
ဝက်သစ်ချမြိုင် သည် အနီးဆုံး ယာတောအိမ်များနှင့်ပင် မိုင်ပေါင်းများစွာ ဝေးလေသည်။ ကျွန်တွေပုန် ကန်ပြီးတစ်အိမ်သားလုံး လာသတ်သွားလျှင် မည်သူမှ သိလိုက်မည်မဟုတ်။ မနက်မိုးလင်းလို့ သူတို့ ပြန်လာမှအလောင်းတွေ တွေ့ကြရမည် ဖြစ်သည်။ ၀က်သစ်ချမြိုက်မှ လူမည်းများသည် အခြားယာ တောမှကျွန်များထက် ပို၍အခွင့်အရေး ရကြသဖြင့် သူတို့ဘ၀ သူတိုကကျေနပ်နေကြသူများ မဟုတ်လား။
သို့သော် ဘန်နီလို ဘ၀ကို မကျေနပ်သူတစ်ယောက်၏ ဦးဆောင်စည်းရုံးမှုကြောင့် သူတို့တစ်တွေ နားယောင် သွားကြခြင်း ဖြစ်မည်။ သခင်ယောက်ျားများ မရှိခိုက်ကို အခွင့်ကောင်းယူကာ ၀က်သစ် ချ မြိုင်ဆီသို့ သူတို့ချီတက်လာနေကြပြီ။ စနစ်တကျမဟုတ်၊ တစ်ယောက် တစ်ပေါက် အော်ဟစ်လာနေ ခြင်းဖြစ်၏။

ကြိုး ကို နောက်တစ်ခါ ဆွဲလှုပ်မည်အပြုတွင် ခရစ္စတင်းအပြေးရောက်လာသည်။ အိပ်ချင်မူးတူး ပုံစံဖြင့်။
"မမလေး ဘာဖြစ်တာလဲဟင်၊ မမလေးအိပ်ရာကို ပြင်ပေးပြီး ကျွန်မအိပ်တော့မလို့ လုပ်နေတာ"
"တို့ အလုပ်သမားကြားထဲမှာ ဘာတွေဖြစ်နေလဲ ခရစ္စတင်း၊ နင်ဘာကြားသလဲ"
"ရှင် မမလေး"
ခရစ္စတင်း၏မျက်လုံးကြီးတွေ ပြူးထွက်လာသည်။ ဂျူးဒစ်က ခန်းဆီးကိုဆွဲပြီး ကွင်းထဲဆီမှ မြင်ကွင်း ကိုပြလိုက်သည်။
"ဘုရား..ဘုရား...ကွင်းထဲ က ခွေးတွေ"
ခရစ္စတင်း ဒူးထောက် ထိုင်ချလိုက်သည်။ လက်နှစ်ဖက်ကိုမြှောက်ပြီး
"ကျွန်မ ဘုရား မှာ သစ္စာဆိုပါတယ် မမလေး၊ ကျွန်မ တို့ ဘာမှမသိပါဘူး၊ သူတို့နဲ့လည်း ကျွန်မတို့ လုံးဝ အဆက်အသွယ် မရှိပါဘူး၊ ကျွန်မပြောမိရင် သွေးအန်သေရ.."
"ဟဲ့...တော်စမ်း၊ အဓိပ္ပာယ်မရှိ၊ ကျိန်တွယ်မနေနဲ့၊ နင်ပြောတာ တကယ်မှန်ရင် နင်တို့ အကုန် သေကုန် လိမ့်မယ်၊ မြန်မြန်လုပ်"
ဆီဘက်စတိန်းလေးကို လက်ဆွဲပြီး ပြေးဆင်းလာသည့် အေမီလီဘယ်သို့ ချာခနဲလှည့်လိုက်သည်။ အငယ်မလေး ချီပြီး မမ်မီ ကနောက်မှ ကပိုကရိုနှင့်ပါလာသည်။

"ကလေးတွေ ကို မမ်မီလက်ထဲအပ်လိုက်သမီး၊ သူကြည့်ရှောင်တမ်းမယ်၊ မေမေပြောတဲ့အတိုင်း လုပ်စမ်း၊ ရော့သော့ တွဲ ယူသွား၊ သေနတ်ခန်းကို ပြေးဖွင့်၊ သမီးအတွက် တစ်လက်၊ မေမေ့အတွက် တစ်လက် ယူခဲ့"
ဆက်တိုက် အမိန့်ပေးပြီး လေသာဆောင်သို့ ပြေးထွက်ခဲ့သည။် သူတို့တစ်တွေ ၀က်သစ်ချမြိုင် အိမ်ကြီးနှင့် နီးသထက် နီးလာနေပြီ၊ လုပ်ငန်းခွင်အနှံ့ အားလုံးကြားနိုင်မည့် ခေါင်းလောင်းကြိုးကို ဂျူးဒစ် ဆွဲလှုပ်လိုက်သည်။
ခေါင်းလောင်းသံ များ အရပ်လေးမျက်နှာတွင် မြည်ဟိန်းထွက်ပေါ်လာသည်။ ဘန်နီ့နောက်လိုက် မဟုတ် သည့် လူမည်း အလုပ်သမားများ မျက်နှာဖြူ အလုပ်ကြပ်များကို တပ်လန့်နိုးလိုက်ခြင်း ဖြစ်၏။
အေမီလီ သေနတ်နှစ်လက်နှင့် ပြန်ရောက်လာသည်။
"သေနတ်ခန်း ကို သော့ပြန်ခတ်ခဲ့သလား သမီး"
"ဟုတ်ကဲ့ မေမေ"
"အေး..ဟုတ်ပြီး၊ ဒီအခန်း ကို သူတို့စီးမိရင် အားလုံး အသတ်ခံရမှာပဲ၊ သူတို့အထဲမှာ လက်နက်များ များ မပါနိုင်ဘူး၊ သမီးငှက်ပစ်ဖူးတယ်နော်၊ ဘာမှမဆန်းဘူး၊ အဲဒီင်္အတိုင်းပဲ၊ စိတ်ငြိမ်ငြိမ်ထား၊ ဒါမှ လက်ငြိမ် မယ်၊ မလိုအပ်ရင် မပစ်နဲ့၊ သိလား"

ကလေးတွေကို နောက်ထပ် ပွေ့ဖတ်နှုတ်ဆက်ပြီး အေမီလီမြင်းပေါ်တက်သည်။ အိမ်ဖော်တွေအား လုံးကိုးရိုး ကားရားနှင့် ကြောက်အားလန့်အားထွက်ပြေးကုန်ကြပြီ။ ဂျူးဒစ်အိမ်ထဲ တစ်ခေါက် ပြန်ဝင်သည်။ ဂျိုး၊ စီဇာရိုစသည့် စိတ်ချရသော အိမ်စေများနှင့် အလုပ်ကြပ်များ အတွက် သေနတ်တွေ ထုတ်ယူလာခဲ့သည်။ ပြီးမှ မြင်းပေါ်ကို လွှားခနဲ ခုန်တက်ပြီး လူမည်းသူပုန်တွေကို ရင်ဆိုင် ရင် ၀က်သစ် ချမြိုင်မုခ်ဝ ဆီသို့ ထွက်ခဲ့သည်။ ဂျူးဒစ်ကရှေ့ဆုံးမှ။
ခေါင်းဆောင်လုပ်သူ ဘန်နီနှင့် လူမည်း သူပုန်များသည် ၀က်သစ်ချမြိုင်ကို ကြက်ကလေး ငှက်ကလေး ဖမ်း သလို ဖမ်းဖို့ သပိတ်ဝင်အိမ်ဝင်ထွက်ြ်ပီး လာရောက်စီးနင်းကြခြင်း ဖြစ်သည်။ သခင်ယောက်ျား သားများ မရှိ၍ လက်နက်ကိုင် တုံ့ပြန်မှုကို သူတို့လုံးဝ မျှော်လင့်မထားကြပေ။

ခုလို မြင်းကိုယ်စီဖြင့် အိမ်စောင့်ခွေးတွေက သေနတ်နှင့် တုံ့ပြန်တိုက်ခိုက်သည့်အခါ သူတို တစ်တွေ ဒေါသအမျက်ခြောင်းခြောင်းထွက်ပြီး တရကြမ်းတိုးဝင်လာကြသည်။
သူတို့ အင်အားမှာ ၁၀၀ထက်ပိုမည် မဟုတ်ပေ။ မီးတုတ်တွေ တယမ်းယမ်းနှင့်။ သေနတ်သမား အနည်းငယ် ပါသည။် သို့သော်အများစုက ကြောက်စရာကောင်းလှသည့် ကြံခုတ်ဓားကြီးများ ကိုယ်စီ ကိုယ် လာကြသည်။ သည်ဓားများကို နေ့ပိုင်းတွင်သာ ကြံခုတ်ဖို့ထုတ်ပေးပြီး ညပိုင်းတွင် ပြန်သိမ်း ကာပစ္စည်းဂိုဒေါင် ထဲတွင် သော့ခတ်ထားရသည်။ ဘယ်သူပေါ့လျော့မှုကြောင့်သည် ဓားတွေသူတို့ လက်တွင်း သို့ ရောက်သွားခြင်းလဲ၊ ကြံခင်းတွေအလုပ်ကြပ်လုပ်သွားဖူးသည့် ဘန်နီမှလွဲ၍ ဘယ်သူမှ မဖြစ်နိုင်။
တပ်ဦးမှ မြင်းတစ်စီးဖြင့် အော်ဟစ်ချီတက်လာသည့် ဘန်နီကိုလှမ်းမြင်ရပြီ။ မီးတုတ်များ၏ အလင်းရောင် တွင် သေသေချာချာ တွေ့လိုက်၇ခြင်းဖြစ်သည်။ ဖီးလစ်နှင့်ပိုတူလာသည် ထင်၏။ အတွင်း ဘက် ခြံထောင့်တစ်နေရာမှ သေနတ်သံတွေ ထွက်ပေါ်လာပြီး အလုပ်ကြပ်များ၏ အသံကို ကြားလိုက်ရသည်။

"ဟေ့ကောင်တွေ၊ ရှေ့မတိုးနဲက၊ အားလုံး လက်နက်ချ"
နောက်ထပ် သေနတ်သံတွေ ဆက်တိုက်ထွက်ပေါ်လာပြန်သည်။ လူမည်းသူပုန်တွေ အတုံးအရုံးလဲ ကျကုန်သည်၊ အချို့ကဓားတွေ၊ သေနတ်တွေချပြီး ထွက်ပြေးကြ၏။
သည်ပွဲ ကို ဂျူးဒစ်သေသေချာချာ မမြင်လိုက်ရပေ။ ဘန်နီ တစ်ယောက်တည်းကို အာရုံစိုက်ကြည့်မိ နေသောကြောင့်ဖြစ်၏။ ဘန်နီကလည်း မိမိကို မြင်သွားပုံရသည်။ တည့်တည့်ကြီးပြေး လာနေ၏။ လက်တစ်ဖက်လျှင် သေနတ်နှင့်ဓားကို လွယ်လျက်။
"ဟိုမှာဟေ့ ကပြားကောင်ကို ဆော်ကြစမ်း"
အလုပ်ကြပ်တစ်ယောက် အောပြောသံ၊ သို့သော်သူတိုကနောက်ကျသွားပြီ၊ ဂျူးဒစ်က ချိန်ထားပြီး သား၊ လက်တွေထူးထူးခြားခြား ငြိမ်နေသည်။ သေနတ်မောင်းကို ဖြုတ်ချလိုက်၏။ ဘန်နီနောက်သို့ လန် သွားသည်။ သို့သော် မြင်းပေါ်မှမကျသေး၊ တွယ်ကပ်ထားသည်။ ဂျူးဒစ်နောက်တစ်ချက် ချိန်ပစ် လိုက် သည်။ ဘန်နီမြေပြင်ပေါ် သို့ ကားခနဲ ကျသွား၏။

"ဟာ ဟိုမှာကြည့်စမ်း မမလေး ပစ်ချလိုက်တာဟေ့"
မှောင်ရိပ်ထဲမှာ အော်သံတချို့ကို ဂျူးဒစ်မကြားတစ်ချက် ကြားတစ်ချက်ဖြစ်နေသည်။ အန္တရာယ်ကို လည်း မမြင်တော့။ သေနတ်ကိုမောင်းပြန်တင်ပြီး ရှုပ်ယှက်ခတ်နေသည့် တိုက်ပွဲထဲသို့ မြင်းနှင့်တိုး ၀င်သွားသည်။ ဘန်နီလဲကျနေသည့် နေရာအရောက်တွင် သူ့ကိုယ်ထဲသို့ နောက်ထပ်ကျည်ဆန် တစ်ထောင့် ပစ်သွင်းလိုက်၏။
ထိုစဉ်တွင် လူမည်းတစ်ယောက်ဓားကို ၀င်ပြီးပြေးဝင်လာသည်။ ဒူးခေါင်းတွင် ပူခနဲတစ်ချက် ခံစား လိုက် ရ၏။ ကြောက်မက်ဖွယ် ဓားသွားကြီးနှင့် မီးထုတ်တစ်ခုကို နောက်တစ်ကြီး အနီးကပ် တွေ့လိုက် ရပြန်၏။ ကိုယ်ဆီသို့ လာနေသော ဓားသွား ကို သေနတ်ဒင်နှင့် ဖြတ်ရိုက်ချလိုက် သည်။ ပြီးတော့ မြင်းပေါ် တွင် ထောင့်ထောင့်ကြီး ငြိမ်နေ ၏။ မြင်းကြီးဟီသံကို မကြားမိ။ လှုပ်လှုပ်ရှားရှား ခုန်ပေါက်နေ သည်ကို လည်း သတိမထားမိ။

သခင်မ၏ ဒူးခေါင်းက ဝေဒနာကို မြင်းကြီးက သူပါခံစားနေရသည့်နှယ်။ ထိုတဒင်္ဂတွင် အသိဥာဏ် အလျင်သည် ခေတ္တရပ်တန့်သွားသည် ထင်ရ၏။ စောစောကလေူးက ပြုမှုလုပ်ရှားမိသည့် အပြစ်မှ လွဲ၍ ဘာမှ မသိဘာမှ မမြင်။
သေနတ်သံတွေ နံဘေးတစ်ဝိုက်တွင် ဆူညံနေ၏။ သို့သော် နားထဲတွင် သဲ့သဲ့မျှသာ ကြားနေ၏။ အဝေးကြီး တွင် ပစ်ခတ်နေကြသည့်အလား။
မြင်းဇက်ကြိုးကိုတစ်စုံးတစ်ယောက်က လာဆွဲသည်ကိုသတိထားလိုက်မိ၏။ အမှောင်ထဲတွင် အသံတစ်သံ ကြားလိုက်သည်။
"ဟာ မမလေး ထိသွားပြီ၊ သတိလစ်နေတာ ထင်တယ်"
လက်စွဲတော် ဂျိုး၏အသံ ကျိုးမှာ ပိန်းကောကြီးနှင့် စုန်ဆင်းလာကတည်းက ဖီးလစ်နှင့်အတူ ပါလာ သည့်လူယုံတော်ကြီး ဖြစ်သည်။ သူ့အသံကို ကောင်းကောင်းကြီးမှတ်မိနေသည်။ မြင်းပေါ်မှဆွဲချပြီး ပွေ့ယူသွားသည်ကို အမှတ်ထားလိုက်မိ၏။ သည်နောက် တစ်လောကလုံး ညကဲ့သို့အမှောင်ကျသွား လေတော့သည်။

ဂျူးဒစ် ပြန်သတိရလာချိန်တွင် အောက်ပိုင်းတစ်ပိုင်းလုံး မခံနိုင်လောက်အောင် နာကျင်နေကြောင်း ပထမဆုံးသိလိုက်၏။ မျက်နှာကိုရေအေးဖြင့် ဆွတ်ဖျန်ပေးနေကြသည်။ တစ်ချက် ညည်းလိုက်၏။
"ဟော..မမ သတိရလာပြီ၊ မလှုပ်နဲ့ဦးနော် မေမေ၊ ဘာမှမဖြစ်ဘူး မေမေ နေကောင်းသွားမှာပါ"
အခန်းထဲကို ဂျူးဒစ်ဝေ့ကြည့်လိုက်သည်။ မနက်မိုးလင်းနေပြီ။ ကိုယ့်အခန်းကို ကိုယ်ပြန်ရောက်နေမှန်း သိလိုက်၏။ အိပ်ရာခင်းပေးတွင် သွေးကွက်ကြီးတစ်ကွက်၊ ဒေးဗစ်နှင့်ဖီလစ်အပြင် အေမီလီကပါ အခန်းထဲ တွင် ရှိနေကြ၏။ အေမီလီက ဂျူးဒစ်နဖူးပေါ်တွင် ရေအေးဝတ် တင်ပေးနေသည်။

"ကလေးတွေအားလုံး နေကောင်းရဲ့လား၊ ဘာမှမဖြစ်ဘူးနော်"
"ဂျူးဒစ်ပထမဆုံးမေးလိုက်သည့် မေးခွန်းဖြစ်သည်"
"နေကောင်းပါတယ်ကွယ်၊ သူတို့ ဘာမှမဖြစ်ကြပါဘူး"
ဖီးလစ်က ဂျူးဒစ်၏လက်ကို ဆုပ်နယ်ပြီး တယုတယပြောသည်။
"စကား သိပ်မပြောနဲ့ဦးနော်"
ဖီးလစ်က ခုတင်စွန်းတွင် ထိုင်နေသည်။ တစ်ဖက်သို့ ဂျူးဒစ်မျက်နှာလွှဲပြီင်္း မျက်လုံးတွေကို လက်မောင်း တစ်ဖက်နှင့် ပိတ်ထား လိုက်သည်။ သူ့သားကိုသတ်ခဲ့မိသည့် အဖြစ်ကို သတိရလိုက် ၍ ဖြစ်၏။ မြေကြီးပေါ် ၌ ညည်းလိုက်မိပြန်သည်။ အေမီလီ့အသံကို ကြားလိုက်၏။
"သိပ်နာနေတယ် ထင်တယ် ဒေးဗစ်၊ အိပ်ဆေးပေးရင် ခံနိုင်ပါ့မလား ဟင်"

" မရသေးဘူး ထင်တယ် "
ဒေးဗစ် ခုတင်နံဘေးတွင် ဒူးထောက်ထိုင်လိုက်သည်။
" မေမေ၊ မေမေက သိပ်သတ္တိကောင်းတာပဲ၊ ကျွန်တော်တို့အားလုံး မေမေ့အတွက် ဂုဏ်ယူလို့ မဆုံးနိုင်အောင် ဖြစ်နေကြတယ်၊ မေမေ တင်းခံလိုက်ဦးနော် "
" ငြိမ်ငြိမ်နေစမ်း ပါကွယ် "
ဂျူးဒစ် စိတ်မရှည်သလို ပြောလိုက်သည်။ ထိုတဒင်္ဂတွင် ခေါင်းထဲမှာ နောက်ကျုရီဝေနေ၏။ ရှုပ်ထွေးပွေလီနေ၏။ ထိုနေ့တစ်နေ့လုံး အဖျားဝင်နေပြီး သူတို့ကို မူးရီမူးဝေဖြင့်သာ မြင်တွေ့နေရ သည်။ သို့သော် နောက်တစ်နေ့တွင် ကြည်ကြည်လင်လင် ဖြစ်လာသည်။
အေမီလီနှင့် ဒေးဗစ်တို့ နှစ်ယောက်စလုံး အချိန်ပြည့် ပြုစုနေကြသည်။ မေမေ့ကြောင့် ၀က်သစ်ချမြိုင် နှင့် ကလေးတွေ မှဲ့တစ်ပေါက် မစွန်းခြင်းဖြစ်ကြောင်း သူတို့ အထပ်ထပ် အခါခါ ပြောမပြီးနိုင်အောင် ဖြစ်နေကြ သည်။ တိုတောင်း လှသော အချိန်အတွင်း ခုခံကာကွယ်ချိန် ရအောင် စီစဉ်ပုံ၊ သတ္တိရှိရှိ တိုက်ခိုက်ပုံ၊ ဘန်နီ ကျဆုံးပြီးမှ ငမည်းကောင်တွေ လန်ထွက်သွားကြပုံများ။

အိပ်ရာထဲ လဲနေစဉ်မှာပင် သားသမီးတွေ၊ မြေးတွေအပြင် မိတ်ဆွေ အပေါင်းအသင်းတွေ အားလုံး ရောက်လာကြပြီး ၀က်သစ်ချမြိုင်၏ မဟေသီကို ဂုဏ်ပြုစကား ဆိုကြ၏။ အရိုအသေ ပေးကြ၏။
ဂျူးဒစ် ၏ ၀က်သစ်ချမြိုင် တိုက်ပွဲသတင်းသည် သည်နယ်တရိုးတွင် ဟိုးလေးတကျော် ဖြစ်သွားလေ သည်။ ဘာကြောင့် သည်လောက်ပျံ့နှံ့သွားသည်ကို ဂျူးဒစ် နားမလည်နိုင်အောင် ဖြစ်နေ၏။ နေရာ တိုင်း မှာ သည်သတင်းကိုသာ ပြောနေကြ၏။
" အပျက်အစီး သိပ်မရှိဘူးတဲ့၊ လူမည်းသူပုန်တွေ နည်းနည်းပါးပါး ကျဆုံးတယ်၊ ၀က်သစ်ချမြိုင်က အလုပ်ကြပ်တချို့ ဒဏ်ရာရကြတယ်၊ ၀ါခင်းတချို့ အနင်းခံရလို့ ပျက်စီးသွားတယ်၊ ခေါင်းဆောင် ပိုင်းတွင် အဖမ်းခံလိုက်ရပြီး နောက်လိုက်တွေ နောင်တရနေကြတယ်၊ အားလုံးဟာ ဘန်နီ ဆိုတဲ့ ကောင်ရဲ့ လက်ချက်တွေချည်းပဲ၊ သူက မစားရ ၀ခမန်းတွေ ပြောပြီး စည်းရုံးတော့ ငမည်းကောင် တွေ အရူးထကြတာပေါ့၊ ဒါပေမဲ့ မြေးတွေနဲ့ နေရမယ့်အရွယ်မှာ ၀က်သစ်ချမြိုင်က ဂျူးဒစ်လန်းဟာ စစ်သည်တစ်ယောက်လို မြင်းတစ်စီးနဲ့ တိုက်ပွဲကို ကိုယ်တိုင် ဦးစီးပြီး သူပုန်ခေါင်းဆောင် ကို သတ္တိ ပြောင်ပြောင်နဲ့ ကိုယ်တိုင် ပစ်သတ်လိုက်တာတဲ့ "

သည်သတင်းတွေကို ဂျူးဒစ် ခါးသီးစွာ ကြားနေရသည်။ ကြာတော့ သည်းမခံနိုင်လာကာ သည် အကြောင်း ပြောမဆုံးအောင် ခံတွင်းတွေ့နေသူတွေကို ဂျူးဒစ် တောင်းပန်ရတော့သည်။
အေမီလီ ခြေရင်းတွင် ဇာထိုင်ထိုးရင်း အချိန်ပြည့် စောင့်ပေးသည်။ ဂျူးဒစ် ငြိမ်နေလျှင် အိပ်ပျော် သွားပြီ ထင်၏။ သို့သော် ဂျူးဒစ် အိပ်မပျော်နိုင်ပါ။
ထိုညက အဖြစ်ကို ခေါင်းအေးအေးနှင့် ပြန်တွေးကြည့်သည်။ ဆင်ခြင်တုံ တရားနှင့် လောကနီတိ တို့ကို ဘေးချိတ်ကာ စိတ်ကို လွှတ်ပေးလိုက်သည့်ည။
ဘန်နီ ကို မိမိအနေဖြင့် သတ်ဖို့ လို မလို ပြန်စဉ်းစားသည်။ ဘန်နီသေတော့ သေရမည်။ ၀က်သစ်ချ မြိုင် ဘက်တော်သား တစ်ယောက်ယောက်၏ လက်ချက်ဖြင့် မုချသေရမည်။ သို့သော် မိမိကိုယ်တိုင် သတ်လိုက်ခြင်း မှာ ဒေးဗစ် ၏ ကလေးများကို ကာကွယ်ခြင်းလား၊ သူ့ကို မုန်းလို့လား၊ ဂျူးဒစ် အဖြေ ရှာမရပေ။ ဘယ်တော့မှလည်း အဖြေထွက်မည် မထင်။ သည်အတွက် အရှက်ကြီး ရှက်နေမိသည်။ စိတ်ထဲ တွင် လေးလံနေ၏။ မည်သည့် ဝေဒနာနှင့်မှ မတူအောင် နင့်နဲစွာ ခံစားနေရသည်။ ပထမရက်ပိုင်း တွင် ဖီးလစ် ဘယ်ရောက်နေသည်ကို မမေးရဲလောက်အောင် ရင်ထဲလေးနေ၏။

အချင်းဖြစ်ပွားသည့်ညက သတိပြန်ရလာချိန်တွင် တွေ့ရပြီးနောက်ပိုင်း ဖီးလစ်ကို လုံးဝ မတွေ့ ရတော့ပေ။ မအောင့်နိုင်သည့်အဆုံး ဒေးဗစ်ကို မေးကြည့်ရတော့သည်။
" သားဖေဖေ ဘာို့ မေမေ့ဆီ မလာတာလဲဟင် "
" နည်းနည်း နေမကောင်းလို့ပါ မေမေ "
ဒေးဗစ်ဖြေပုံ မူမမှန်ဟု စိတ်ထဲ ထင်လိုက်သည်။ တုံ့နှေးနှေးနှင့်။
" ဟိုနေ့ညက ဖေဖေ နည်းနည်း အအေးမိသွားတယ်၊ ဒီအသက်ဒီအရွယ်နဲ့ သူ့ကို ကျွန်တော်တို့ ခေါ်သွားဖို့ မကောင်းဘူး " " ဘုရင်ခံ ကို မောင်းထုတ်ဖို့ကိစ္စသားတို့ အောင်မြင်ခဲ့ကြရဲ့လား "
" ဟုတ်ကဲ့၊ သူ စပိန်ကို ပြန်ရတော့မယ်၊ ကျွန်တော်တို့ ပြည်ထောင်စုထဲကို ၀င်ရတော့မယ်၊ လူဝီစီး ယားနားပြည်နယ် ထဲ ပါမယ်လေ "
ဒေးဗစ် က အမေ့ပါးနားကပ်ပြီး ထပ်ပြောသည်။

" ဖေဖေ့အတွက် မပူပါနဲ့ မေမေ "
" ကောင်းပါပြီကွယ်" လို့ ပြောလိုက်ရသော်လည်း အတွေးကမ္ဘာတွင် ချာချာလည်နေသည်။ ကျောထဲ စိမ့်သွား ၏။ ဂျူးဒစ်ရင်ထဲမှာ ခွင့်လွှတ်တတ်တဲ့ အသည်းနှလုံးမျိုး မရှိဘူးဆိုတာ သူ သိသွားပြီပေါ့နော်။
ထိုည တွင် တစ်ယောက်တည်း အိပ်ပါရစေတော့ဟု သားနှင့် ချွေးမကို တောင်းပန်ရသည်။ အဖျား လုံးဝ ကျသွားပြီဖြစ်သည်။ စောင့်မည့်သူ မရှိလျှင် ပို၍ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်မည်ထင်သည်။
သူတို့အားလုံး အိပ်ရာဝင်သွားကြလေပြီ။ ဂျူးဒစ် မျက်စိကြောင်နေသည်။ ဖီးလစ်အခန်းကို သွားချင်ပါ၏။ သို့သော် ခြေထောက်က လုံးဝ မထောက်နိုင်သေး။ မိမိနှင့် ဖီးလစ်တို့၏ အိမ်ထောင် ရေး ဘ၀ကို ပြန်ကြည့်မိသည်။ သုံးဆယ့်ခြောက်နှစ်လုံးလုံး အချစ်ခရီးလမ်းတစ်လျှောက်တွင် လက်တွဲ တိုက်ပွဲဝင်ခဲ့ကြ၏။ ယခုမူ မိမိအား သူ ခွင့်မလွှတ်နိုင်တော့ပြီ။ မိမိက သူ့ကို ရင်ထဲမှ ခွင့် မလွှတ်နိုင်ကြောင်း သူ နားလည်လာသဖြင့် သူ မိမိကို ခွင့်မလွှတ်နိုင်ခြင်းပါတကား။

သြော် … အစ်ကို၊ အစ်ကို၊ ဂျူးဒစ် ဒီလိုအခြေအနေ ရောက်နေချိန်မှာ အစ်ကို ဒါလောက် တင်းမာ သင့်သလားကွယ်၊ ဂျူးဒစ် တိတ်တိတ်ကလေး ကျိတ်ငိုသည်။ အာဃာတ ကြီးလွန်းသည်ဟု ဂျူးဒစ် ကို ထင်သွားပြီပေါ့။ နောက်ဆုံး ကျည်ဆန်တစ်တောင့်ဟာ မလိုအပ်သည့် ရက်စက်မှုလို့ အစ်ကို ထင်တယ်ပေါ့။ ဒါပေမဲ့ အဲဒီ တဒင်္ဂမှာ မလွှဲမရှောင်သာ ဖြစ်တတ်ကြတယ် ဆိုတာ အစ်ကို နားလည် သင့်ပါတယ်ကွယ်။
တံခါး ကို ဖြည်းဖြည်းကလေး ဖွင့်နေသံ ကြားရသည်။ သြော် … သည်ကလေး လင်မယားကလည်း တစ်ဒုက္ခ ပါလား။ ညကြီးသန်းခေါင်မှာ တစ်ခေါက် လာကြည့်ပြန်ပြီ ထင်ပါရဲ့။
" ဂျူးဒစ်ရေ "
ဟင် သူပါလား၊ သူ့အသံမှ သူ့အသံအစစ်။ သို့သော် တစ်မျိုးကြီး ဖြစ်နေသည် ထင်၏။

ညထွန်း ဖယောင်းတိုင်ငယ်၏ အလင်းရောင်ရေးရေးတွင် ည၀တ်ရုံထဲမှ သူ့ရုပ်သွင်ကို ၀ိုးတ၀ါး မြင်နေရသည်။ လည်ပင်းတွင် သိုးမွှေးတဘက်ကို သိုင်းပတ်ထား၏။
ခုတင်နံဘေး တွင် ဒူးထောက်ထိုင်ပြီး ဂျူးဒစ်ကို သိုင်းဖက်ကာ ပါးချင်းကပ်ထားသည်။ ပျော်လွန်းသဖြင့် ရုတ်တရက် ဂျူးဒစ် ဘာမှ သတိမထားမိ။ အတန်ကြာမှ -
" ဟင် … အစ်ကို အရမ်းဖျားနေတာပါလား၊ အစ်ကို့အသားတွေ ပူချစ်နေတာပဲကွယ် "
" အစ်ကို သိပါတယ် ဂျူးဒစ်ရယ်၊ ကလေးတွေ သိပ်ဆိုးတယ်ကွယ်၊ အစ်ကို့ကို လှုပ်ခွင့်တောင် မပေးကြ ဘူး၊ ထောင်သားတစ်ယောက်လို အစ်ကို ခိုးကြောင်ခိုးဝှက် ထွက်ခဲ့ရတယ်၊ အစ်ကိုလာလို့ မင်း နိုးသွားတာလားဟင် "
" ဟင့်အင်း၊ ဂျူးဒစ် မအိပ်သေးပါဘူး၊ အစ်ကို ဒါလောက်ဖျားနေမှန်းဂျူးဒစ် မသိဘူး အစ်ကိုရယ် "

ဂျူးဒစ် ရှိုက်ကာရှိုက်ကာ ငိုတော့၏။ ဖီးလစ်က ဇနီး၏ ပါးပြင်ပေါ်မှ မျက်ရည်တွေကို လက်နှင့် စမ်းပြီး -
" ဟင် မင်းကို သူတို့ မပြောကြဘူးလား၊ အစ်ကိုဖြင့် ရူးချင်နေတာပဲကွယ်၊ ခု ဘယ့်နှယ်နေလဲဟင် "
" နေကောင်းပါတယ်၊ ဒူးက ဒဏ်ရာပဲ ကျန်ပါတော့တယ်၊ အစ်ကို အိပ်ရာထဲက ထွက်လာဖို့ မကောင်းဘူးကွယ်၊ လာ ဒီမှာလှဲ၊ ဂျူးဒစ် စောင်လွှမ်းပေးမယ်နော် "
ခုတင်တိုင်ကို အားပြုပြီး သူ ထသည်။ သူ့လှုပ်ရှားပုံက အားရစရာ မရှိ။ ဂျူးဒစ်၏ နံဘေးတွင် လဲပြို ကျလာသလို လှဲချလိုက်သည်။ ဂျူးဒစ် ခဲရာခဲဆစ်နေရာပြင်ပေးသည်။ ဇနီးသည်ကို သူ့ရင်ခွင်ထဲ ဆွဲယူသည်။ သို့သော် သူ ထွေးပိုက်ပုံက လျော့ရဲလှ၏။

" အစ်ကို အိပ်ပျော်ပါ့မလားဟင် "
" အစ်ကို မအိပ်ချင်ဘူး၊ စကားပြောချင်တယ်၊ ပထမနေ့ လာကြည့်ပြီးကတည်းက အစ်ကို မင်းဆီ မရောက်တော့ဘူးနော်၊ စောစောပိုင်းက မထနိုင်လောက်အောင် အခြေအနေ မဆိုးသေးဘူး၊ အစ်ကို တောင်းပန်ပါတယ် ဂျူးဒစ်ရယ်၊ အစ်ကို ဘယ်လို နားခံသာအောင် ပြောရမလဲ မသိဘူး "
" ဒါဆို ဒါဆို သူ့ကို ဂျူးဒစ် သတ်လိုက်တဲ့အတွက် အစ်ကို ခွင့်လွှတ်တယ်ပေါ့ ဟုတ်လား "
ဂျူးဒစ် တိုးတိုးလေး မေးလိုက်သည်။

" တခြား လုပ်စရာမှ မရှိတော့တာဘဲ၊ မဟုတ်ဘူးလား "
" သူ မြေကြီးပေါ် လဲကျနေမှ ဂျူးဒစ် နောက်တစ်ချက် ထပ်ပစ်တာကိုရော အစ်ကို သိပြီးပြီလားဟင် "
" အင်း … သိပြီးပါပြီ "
" အဲဒီအတွက်ရော အစ်ကို ခွင့်လွှတ်နိုင်ရဲ့လား "
" ပထမတော့ အစ်ကို ခွင့်မလွှတ်ချင်ဘူး "
သူ့လေသံ က တိုးသည်ထက် တိုးလာသည်။ သိပ်မသဲကွဲချင်တော့။
" ဒါပေမဲ့ အစ်ကို နားလည်ပါပြီကွယ်၊ ဘာတတ်နိုင်မှာလဲ၊ ဘာမှ အကြောင်းမထူးတော့ဘူးလေ "
သူ့ဦးခေါင်း ကို ဂျူးဒစ် ရင်ခွင်ထဲ ဆွဲသွင်းလိုက်သည်။

" အစ်ကို နားလိုက်ဦးနော်၊ မောနေမယ် "
သူ နားထောင်သည်။ ငြိမ်ငြိမ်ကလေး လှဲနေ၏။ ရင်ထဲ သိမ့်ခနဲအေးမြသွားသည်။ ဒီလို ပီတိသုခမျိုး ကို လူတိုင်း နားလည်နိုင်ပါမည်လား။ ပြုမှားမိသည့် ဒုစရိုက်မှုအတွက် ချစ်သူက ခွင့်လွှတ်လေ သောအခါ ရရှိ လိုက်သည့် နှစ်ဦး ထဲသာ သိသောစိတ်၏ ငြိမ်းချမ်းခြင်းမျိုး။
ဂျူးဒစ် ထ ထိုင်လိုက်သည်။ ကွဲကြေနေသည့် ခုံညင်းတစ်ဝိုက်တွင် စူးစူးဝါးဝါး တစ်ချက်နာသွား၏။
" အစ်ကို ….. "
တိုးတိုး ခေါ်ကြည့်သည်။ ဖီးလစ် မထူး။ အလန့်တကြား အော်ခေါ်လိုက်သည်။
" အစ်ကို … အစ်ကိုရေ "
ပြန် မထူးတော့။ နဖူးနှင့် ပါးပြင်ကို စမ်းကြည့်သည်။ မအေးသေးပါ။ သို့သော် စောစောကလောက် မပူတော့။ ပခုံးကို ကိုင်လှုပ်ပြီးနောက် ထပ်ခေါ်ပြန်သည်။ ဖီးလစ် မတုံ့ပြန်တော့။ ထိုစဉ် ဒေးဗစ် ပြေး ၀င် လာသည်။

" မေမေ ဘာဖြစ်တာလဲဟင်၊ ဟင် ဖေဖေ ဘာလို့ ဒီကို ရောက်နေတာလဲ "
အေမီလီ ကို ဒေးဗစ် အော်ခေါ်သည်။ ဖအေ့နံဘေးတွင် ဒူးထောက်ထိုင်သည်။ ဂျူးဒစ် ကျောက်ဆစ်ရုပ်လို ငြိမ်သွား၏။ သို့သော် ဒေးဗစ် ခေါင်းမော့လာတော့ နှုတ်မှ တစ်စုံတစ်ရာ ထွက် သွားကြောင်း ကိုယ့်ဘာသာ ကိုယ် ပြန်ကြားလိုက်သည်။
" သူ သူ သေသွားပြီလား ဟင် "
ဒေးဗစ် ခေါင်းညိတ်ပြီး မျက်နှာကို လက်ဝါးနှင့် အုပ်လိုက်သည်။ ပြီးတော့ ကလေးတစ်ယောက်လို ရှိုက်ကြီး တငင် ငိုကြွေးလေ၏။ ဂျူးဒစ်ခဏ ကြောင်ကြည့်နေသည်။ လည်ချောင်းထဲတွင် ဆို့နေသဖြင့် ဘာမျှ ပြောမထွက်။ နောက်ဆုံး မှ ခေါင်းအုံးတစ်လုံးကို ကောက်ကိုင်ပြီး မျက်နှာကို မြှုပ်ထားလိုက်သည်။
အတန်ကြာမှ အေမီလီ့ အသံကို ကြားရသည်။

" ဖေဖေ့အခြေအနေကို မေမေသိအောင် စောစောပြောထားသင့်တာပေါ့ ဒေးဗစ်ရယ်၊ ခုတော့ မေမေ ဘယ်လို လုပ်ပြီး ဖြေနိုင်ပါတော့မလဲ "
ဒေးဗစ် အမေ့ကို ဖက်ပြီး မချိတင်ကဲ ငိုသည်။ သားလုပ်သူ၏ ရင်ခွင်တွင် မျက်နှာအပ်ကာ ဂျူးဒစ် မျက်ရည်တွေ တသွင်သွင် စီးကျနေ၏။ သောက ဗျာပါရကြောင့် ကျသည့် မျက်ရည်များ မဟုတ်ပေ။ ယူကျုံးမရဖြစ်ပြီး ကျလာသည့် မျက်ရည်များမဟုတ်ပေ။
လောက အကျယ်ကြီးထဲတွင် အဖော်ကွဲကာ တစ်ကိုယ်တည်း ကျန်ခဲ့ပါပြီကော။ သက်ကြီး၇ွယ်အို ဘ၀ဖြင့် လောကသစ်ထဲတွင် စကားပြောဖော်မရှိဘဲ နှစ်လများစွာ အသက်  ရှင်သန် နေရဦး မှာပါလားဟူသည့် အထီးကျန်ဝေဒနာအသိကြောင့် တသွင်သွင် ကျဆင်းလာသော မျက်ရည်များဖြစ်လေ သည်။

အောက်ထပ် လေသာဆောင်တွင် ဖီးလစ်၏ အလောင်းကို တခမ်းတနား ပြင်ဆင်ထားသည်။ ၀က်သစ်ချမြိုင် လုပ်သားတွေ လာရောက် ဂါရ၀ပြုသည့်နေ့တွင် ဆိုဖာခုံရှည် တစ်ခုပေါ်၌ ဂျူးဒစ် လဲလျောင်းနေ သည်။
သူတို့တစ်တွေ အိမ်ရှေ့၌ စုဝေးနေကြပြီ။ အချို့က ခေါင်းငိုက်စိုက်ချလျက်။ အချို့က ကြေကွဲဖွယ်ရာ ဓမ္မတေးများ ကို သီကျူးလျက်။ သားသမီးတွေနှင့် မြေးတွေက ဂျူးဒစ်အနားတွင် ၀ိုင်း ၀ိုင်းလည်နေ ကြသည်။ လိုလေသေးမရှိ ပြုစုကြသည်။ ဆီဘက်စတိန်းကလေးက ဘွားအေ မျက်ရည်ကျလျှင် သုတ်ပေးဖို့ လက်ကိုင်ပ၀ါနှင့် အဆင်သင့် စောင့်နေသည်။ မြေးကလေး ကို ကျေးဇူးတင် စကား ပြောရသည်။
ဂျူးဒစ် မျက်ရည်မကျတော့ပေ။ အထီးကျန်ဘ၀ထဲတွင် တဖြည်းဖြည်းလွင့်မျောပါသွားနေလေပြီ ဟူသည့် အသိမှ လွဲ၍ ဘာမှ ခေါင်းထဲတွင် ထင်မလာပေ။
မြင်ကွင်းကိုကြည့်ပြီး ရင်ထဲမှ ပြောနေမိ၏။

အင်း … သူဟာ သူတို့တစ်တွေရဲ့ သခင်၊ သူတို့တစ်တွေရဲ့ ဖခင်။ သူ့ကို သူတို့ ချစ်ကြ သည်။ လေးစားကြသည်။ ထိုလူသည်ကား ငါ၏ ချစ်စွာသော ခင်ပွန်းလင်ပါတကား။ တို့ နှစ်ယောက် နှစ် ပေါင်းသုံးဆယ့်ခြောက်နှစ်တိုင်တိုင် အကြင်လင်မယား အဖြစ် ပေါင်းသင်းနေ ထိုင် လာသည့် အဖြစ်ကို သူတို့ နားလည်နိုင်ပါမည်လား။ ခုတော့ အပြီးအပိုင် ခွဲကြ ရတော့မည်။ သြော် … အစ်ကို အစ်ကို။
ခုတော့ ပန်းပွင့်ဖြူတွေ အောက်မှာ ငြိမ်ငြိမ်ကလေး လဲလျောင်းနေလေပြီ။
ဒေးဗစ် က အိမ်ရှေ့ထွက်ပြီး ခေါင်းလောင်းကြိုးကို ဆွဲလှုပ်လိုက်သည်။ အားလုံး ငြိမ်သွား၏။
" မင်းတို့အတွက် အဖေ့ အလောင်းကို ဂါရ၀မပြုခင် တစ်ခုပြောပါရစေ၊ ဒီနေ့က စပြီး ငြိမ်းငြိမ်း ချမ်းချမ်း ပျော်ပျော်ရွှင်ရွှင် အလုပ်လုပ်ကြပါ။ ၀က်သစ်ချမြိုင်က ဘယ်အလုပ်သမားကိုမှ အလုပ်မဖြုတ်ဘူး၊ ဘယ်သူ့ကိုမျ တခြားကို ထုတ်မရောင်းဘူး၊ ငါတို့အဖေ ရှိစဉ်အတိုင်း ၀က်သစ်ချ မြိုင် ကို ဆက်လက် ထိန်းသိမ်းသွားကြမယ်၊ ကဲ … တန်းစီပြီး ၀င်ကြ "
ဒေးဗစ် က အခေါင်းနံဘေးကို ပြန်လာပြီး မတ်တတ်ရပ်သည်။

မျက်နှာဖြူအလုပ်ကြပ်များနှင့် သူတို့ မိသားစုတွေ ရှေ့ဆုံးမှ ၀င်လာကြသည်။ ဂျူးဒစ် လဲလျောင်း သည့် နေရာတွင် သူတို့ခြေလှမ်း တုံ့သွားကြသည်။ နှုတ်ဆက်စကား၊ ၀မ်းနည်း စကား ပြောကြသည်။ ဒေးဗစ်ကိုမူ လက်ဆွဲ နှုတ်ဆက်ပြီး ကျေးဇူးတင်စကား ပြောကြသည်။
ထို့နောက် ကပ္ပလီလုပ်သားတွေ အတန်းလိုက် ၀င်လာကြသည်။ သူတို့သခင်မကို ပထမ ဦးညွှတ် နှုတ်ဆက်ပြီးမှ သခင်ကြီး၏ အလောင်းဆီသို့ တရွေ့ရွေ့ လျှောက်သွားကြသည်။ သူတို့ ကိုယ်ပိုင် ပန်းခြံ မှ ခူးလာသည့် ပန်းပွင့်တွေကို သူတို့သခင်ကြီး၏ ကိုယ်ပေါ်တွင် တင်ခဲ့ကြသည်။
သူတို့ ၏ ဂါရ၀ပြု အခမ်းအမနားပြီးတော့ ဂျူးဒစ်ကို တွန်းလှည်းနှင့် အိမ်ထဲ ပြန်ပို့ကြသည်။ ဘုရားရှိခိုး ကျောင်းကို ဂျူးဒစ် မလိုက်နိုင်တော့။ ဧည့်ခန်းထဲတွင် လှဲပြီး နေခဲ့ရ၏။ ခရစ္စတင်းကို အနား တွင် ထားခဲ့သည်။

လိုက်မသွားဘဲ ဂျူးဒစ်က မျက်စိထဲတွင် အားလုံးမြင်နေပါသည်။ သူတို့တစ်တွေ ဖီးလစ်၏ အလောင်းကို စိန့်မာဂရက် ဘုရားရှိခိုးကျောင်းသို့ ယူသွားကြမည်။ မိမိနှင့် ဖီးလစ်တို့ ငယ်ရွယ်စဉ်က သစ်လုံးေ ကျာင်းကလေး။ ခုတော့ ဧရာမအုတ်တိုက်ကြီး ဖြစ်နေပြီ။
ပြီးတော့ သင်္ချိုင်းထဲမှ "လန်း" မြေကွက်တွင် လွန်ခဲ့သည့် ၁၇ နှစ်က သေဆုံးခဲ့သည့် ဖီးလစ်ကလေး၏ နံဘေး မှာ မေမြှုပ်ကြမည်။ သူ့ခေါင်းရင်းမှ ကျောက်ပြားတွင် သူတို့ ရေးထွင်းကြမည့် စာလုံးတွေကို စိတ်ထဲက မြင်ကြည့်လိုက်သည်။
ဖီးလစ်လန်း၊ ၁၇၄၄ ခုနှစ်၊ ဇွန်လ ခြောက်ရက်နေ့တွင် ဗြိတိသျှ ပိုင် တောင်ကာရိုလိုင်းနားပြည်နယ်တွင် မွေးဖွားပြီး ၁၈၁၀ ခုနှစ် စက်တင်ဘာလ ၂၃ ရက်နေ့တွင် လူဝီစီးယားနားပြည်နယ် ၀က်သစ်ချမြိုင်စံအိမ်တွင် ကွယ်လွန်အနိစ္စရောက်သည်။

ဖီးလစ် မပါဘဲ ၀က်သစ်ချမြိုင် စက်ယန္တရားကို စတင် လည်ပတ်လေသည်။ ဒေးဗစ်က ၀ါခင်းအလုပ်ကြပ် အားလုံိးု အစည်းအဝေး ခေါ်လိုက်၏။ ၀ါလုပ်ငန်းတွင် တာဝန်ခံအဖြစ်နှင့် သူ တစ်ခါမှ မလုပ်ဖူးသေး။ ထို့ကြောင့် သူတို့ထံမှ ပညာဆည်းပူးရဦးမည် ဖြစ်သည်။ သူတို့ပေးသည့် အချက်အလက်တွေ ကို လေ့လာရဦးမည်။
အသီးစောသည့် အခင်းတွေကို အလျင်ကောက်နိုင်ကြောင်း ဆွေးနွေးကြသည်။ ပြီးတော့ ၀ါကြိတ်စက်တွေ ကို ကြံ့ခိုင်ရေးလုပ်ဖို့ ကိစ္စလည်း ဆွေးနွေးကြသည်။ ဒေးဗစ်၏ ကြိုးစားမှုကြောင့် အလုပ်ခွင် မှ ဖီးလစ်၏ တာဝန်များကို အကြားအလပ်မရှိ မျှဝေယူနိုင်ကြသည်။ ထောင်စေ့စေ့ အစားထိုးနိုင် ခဲ့သည်။ သို့သော် ဂျူးဒစ် ၏ ရင်ထဲကိုကား မည်သည့်အရာနှင့်မျှ အစားထိုး၍ မရကြပေ။
သူတို့ မပြောသော်လည်း မိမိဒူးမှာ ပြန်ကောင်းလာနိုင်စရာ မရှိတော့ကြောင်း ဂျူးဒစ် တဖြည်းဖြည်း ရိပ်မိ လာသည်။ လုံးဝ မနာတော့ပေမဲ့ လမ်းလျှောက်၍ မရတော့ပေ။ တစ်သက်လုံး ခြေတစ်ဖက် ကျိုးဘ၀ဖြင့် ဇာတ်သိမ်း ရပေတော့မည်။ ဘယ်တော့မှ မြင်းစီးနိုင်တော့မည် မဟုတ်။

ကိစ္စမရှိပါ။ ဘာမျှ အရေးမကြီးပါ။ ဘာမှ မရှိတော့သည့် ဘ၀တွင် ဘာများ အရေးကြီးစရာ ရှိနိုင်ပါတော့ မည်လဲ။
ဒေးဗစ်နှင့် အေမီလီ က မအေကို ဘုရားတစ်ဆူ ဂူတစ်လုံးအမြတ်တနိုး ကိုးကွယ်သည်။ ကလေးတွေက ဦးညွှတ် အရိုအသေပြုပြီးမှ စကားပြောသည်။ ဂျူးဒစ်သည် ငွေရောင် သမ်းနေသည့် ဦးခေါင်းနှင့် ၀က်သစ်ချမြိုင် ၏ သမနိ အရှည်ဆုံး သခင်မကြီးအဖြစ် ဆက်လက် လှုပ်ရှားနေရသေးသည်။
မိုးဦးကျ စနေတစ်နေ့တွင် အေမီလီ ကို ခေါ်လိုက်သည်။ ကြိမ်လက်ကိုင်တုတ်ကိုနံဘေးချပြီး ဧရာမ ကုလားထိုင်ကြီး ထဲ တွင် သက်တောင့်သက်သာ ထိုင်နေ၏။

" ဘာများ ခိုင်းစရာရှိလဲ မေမေ "
" ဘာပါဦး သမီးရယ် "
အေမီလီ ရှေ့တိုး သွားသည်။ ဂျူးဒစ်က ခါးမှသော့တွဲကို ဖြုတ်ပြီး အေမီလီ့လက်ထဲ ထည့်လိုက် သည်။
" ရော့ … သော့တွေ၊ သမီး ယူထားတော့ "
အေမီလီ က သော့တွဲကို ဆုပ်ထားလိုက်သည်။ မိုးကုပ်စက်ဝိုင်းတစ်ခု၏ နောက်တွင် နောက်တစ်ခု ထပ်တွေ့ လိုက်ရသလို မျက်လုံးပြူးသွားသည်။ ခါးကို မတ်မတ်ဆန့်လိုက်တော့ အရပ်ပိုမြင့်လာသလို ထင် ရ၏။
" ကျေးဇူးတင်ပါတယ် မေမေ "
သမီး က လိမ္မာပါပေသည်။ သူ့ယောက်ျား၏ အမေကို အလကား မိန်းမကြီး၊ အာဏာကို တစ်သက်လုံး ဆုပ်ကိုင် ထားသည့် မိန်းမကြီးဟု သူဘယ်တော့မှ ထင်တော့မည် မဟုတ်ပေ။
" မေမေ့ လက်ထက်တုန်း ကလိုပဲ သမီး ၀က်သစ်ချမြိုင်ကို စီမံအုပ်ချုပ်ပါ့မယ် မေမေ "
" သမီး အောင်မြင်မှာ ပါကွယ်၊ သြော် … ဒါထက် မေမေ အောက်ထပ်ကို ရွှေ့ချင်တယ်၊ အိပ်ခန်းမကြီး ထဲက ပစ္စည်းတွေ နေ့လယ်ကျရင် ပြောင်းပေးပါလား၊ အောက်ထပ်က နောက်ဘက် စာကြည့်ခန်းကို အိပ်ခန်း လုပ်လိုက်မယ်လေ၊ ဒီဒူးနဲ့က တက်ရဆင်းရ မလွယ်ဘူးကွယ့်"

" ကောင်းပါပြီမေမေ၊ ကပ်လျက်အခန်း ကို မေမေ့ဧည့်ခန်း လုပ်လိုက်ရင်မကောင်းဘူးလား "
" အေးကွယ်၊ သာဓု … သာဓု "
အေမီလီ က သော့တွဲထဲမှ နှစ်ချောင်းကိုဖြုတ်ပြီး ဂျူးဒစ်လက်ထဲ ပြန်ထည့်ပေးသည်။
" ရော့ … မေမေ့အတွက် "
" သြော် … အေး ဟုတ်ပြီ၊ မေမေ့ အခန်းသော့တွေလား၊ ကျေးဇူးပါပဲ သမီးရယ် "
အေမီလီ ထွက်သွားတော့ ပြတင်းပေါက်မှ အပြင်သို့ ငေးကြည့်နေမိသည်။ ပန်းခြံထဲမှ ပန်းပွင့်တွေ။ ပြီးတော့ ရှုမဆုံးတော့သည့် ၀ါခင်းလွင်ပြင်။ ပိန်းကောလှေကြီးနဲ့ စုန်ဆင်းလာသည့် လယ်သမား မိသားစု မှ ကောင်မလေးကို မြင်ယောင်လာသည်။

ညနေခင်းမှာ တိတ်ဆိတ်ငြိမ်သက်နေ၏။ လူမည်းတို့၏ တေးဆိုသံ ကို သဲ့သဲ့မျှ ကြားနေရသည်။
" ၀ါပင်တွေကိုကွယ်
တို့လက်တွေနဲ့ စိုက်ခဲ့တယ်
အို အရှင့်ထံမှာ သစ္စာဆိုမယ်
ငါတို့တစ်တွေ သည်မြေပေါ်မှာ မွေးခဲ့တယ် "

သည်ကို ရောက်စက သစ်တောကြီးတွေကို ပြန်လည်မြင်ယောင်ကြည့်သည်။ ကောင်းကောင်း မမှတ် မိတော့။ သို့သော် မိမိဘ၀သက်တမ်း ကာလထဲတွင် တကယ်ဖြစ်ပျက် ပြောင်းလဲခဲ့သည်မှာ အမှန်ဖြစ် ၏။ နေခဲ့ရသည့် ကာလသည် တဒင်္ဂမျှသာပါကလား။ ခုတော့ အားလုံး ပြီးဆုံးခဲ့လေပြီ။ မယုံကြည်နိုင်စရာ အပြောင်းအလဲ များကို မြင်တွေ့ခဲ့ရပြီ။ သည်အပြောင်းအလဲများထဲတွင် မိမိသည် အဓိက ဇာတ်ဆောင် တစ်ဦးအဖြစ် ပါဝင်ခဲ့သည်။ ခုတော့ တာဝန်အားလုံး ပြီးဆုံးသည့် အချိန်ကို ရောက်ခဲ့ပြီဖြစ်ပါ၏။
ကြိမ်လုံး လက်ကိုင်ပေါ်တွင် လက်နှစ်ဖက် ပတ္တာဆက်ထားလိုက်၏။ အံ့သြစရာ ကောင်းလောက်အောင် လွတ်လပ်ပေါ့ပါးသွား၏။
ခြေထောက်တစ်ဖက် မသန်တော့သည်မှလွဲ၍ မိမိကျန်းမာရေး မှာ ဒေါင်ဒေါင်မြည်အောင်ကောင်းနေ ဆဲ။ နှစ်ပေါင်း များစွာ နေရဦးမည် ထင်သည်။ မိမိ မျိုးစေ့ချခဲ့သည့် ယဉ်ကျေးမှု အစဉ်အလာတို့ ဖူးပွင့်ဝေဆာချိန် ကို ခံစားရဦးမည်ထင်၏။

သို့သော် မိမိ ပျော်ရွှင်ခဲ့ဖူးသည့် ပျော်ရွှင်မှုမျိုးကိုတော့ သည်မှာဘက် ခေတ်တွင် ရနိုင်တော့မည် မထင်။
တစ်ပြိုင်တည်း တွင်ပင် ဟိုမှာဘက် ခေတ်က ခံစားခဲ့ရသည့် ဒုက္ခသုခများကိုလည်း သည်ဘက်ပိုင်း တွင် ခံစားစရာ အကြောင်း မရှိတော့ပေ။
မိမိ ၏ သားသမီးတွေ၊ မြေးမြစ်တွေက တစ်လှည့်ခံစား ခံစားကြလိမ့်ဦးမည်။
ဂျူးဒစ် ပြုံးလိုက်သည်။ အေးငြိမ်းသော အပြုံး၊ အောင်မြင်သော အပြုံး။ သော့တွဲကြီးကို လက်လွှဲ ပေးလိုက်ပြီး နောက် မှ ငြိမ်းချမ်းခြင်း၏ သဘောကို အပြည့်အ၀ ခံစား နားလည်ရခြင်းဖြစ်ကြောင်း သိလိုက်၏။

တင်မောင်မြင့်
၈-၃-၈၈
.
>>>ဆက်ဖတ်ရန်>>> >>

Tuesday, April 17, 2012

တင်မောင်မြင့် ၏ နွေကန္တာ, အပိုင်း (၂၇)

ဂျူးဒစ်က ဒေးဗစ်၏ခါးကို သိုင်းဖက်ထားသည်။ ပန်းခြံထတွင် ကပ္ပလီတွေ တပျော်တပါး သီချင်း ဆိုနေကြ ၏။ ဒေးဗစ်၏ နားနားကပ်ပြီး -
" မေမေ့ ချွေးမလေးက ဘယ်လောက် ချစ်စရာကောင်းသလဲ ကြည့်စမ်းသားတို့ ပျော်ကြမှာပါ "
" ဟုတ်ကဲ့၊ သား သိပါတယ်၊ ကျေးဇူးတင်ပါတယ် မေမေ "
ခန်းမဆောင်ကြီး၏ တံခါးဝသို့ သူတို့ ရောက်လာကြသည်။ ဖီးလစ်နှင့် ဂျူးဒစ်က ဆွဲဖွင့်ပေး လိုက်၏။ ဒေးဗစ်နှင့် အေမီလီ ခဏ တွေရပ်နေကြ၏။ ဘယ်လောက် ယဉ်ကျေးတဲ့ ကလေးတွေ ပါပဲ။ ဂျာဗာစီ သမိးကို မလိမ်မိုး မလိမ္မာကလေး ဟူ၍ ဘယ်သူ ပြောနိုင်ပါမည်လဲ။
ခန်းမဆောင် ထဲရောက်တော့ ဂျူးဒစ်က အားလုံးကို တစ်ချက် ပြန်ကြည့်လိုက်သည်။ အေမီလီက မျက်နှာ ကလေး ကို ဒေးဗစ်ဆီသို့ မော့ပေးလိုက်၏။ ထိုတဒင်္ဂတွင် ပျော်လွန်းသဖြင့် သူ့မျက်နှာ ကလေးနှင့် သူ့ကိုယ်နေဟန် မှာ အလှဆုံးဖြစ်နေသည်။ ဒေးဗစ်၏ လည်ပင်စကို သိုင်းဖက် လိုက်၏။ ဒေးဗစ်က သူ့ကိုယ်ကလေးကို ပွေ့ယူပြီး တံခါးပေါက်ကို ဖြတ်ကျော်လိုက်လေ သည်။
ကို ဆက်ဖတ်ရန်......

အခန်း (၁၉)

ကူလီခေါင်း က သည်နေ့ နေ့လယ်ပိုင်းတွင် အလုပ်မရှိတော့ကြောင်း ကြေညာလိုက်သည်။ မနက်ဖြန် မနက်စောစော တွင်မှ လှေပေါ်သို့ ၀ါဂွမ်းဘေထုပ်တွေ တင်ရန်ရှိကြောင်းနှင့် အလုပ်လုပ် ချင်သူတွေ စောစောလာခဲ့ကြဖို့ မှာလိုက်သည်။
ဂီဒီယန်းအပ္ပဂျွန်း သည် တွန်းလှည်းတစ်ခုပေါ်တွင် ထိုင်နားနေသည်။ စိတ်ဓာတ်အကျကြီး ကျနေ၏။ သည်နေ့ ၀ါဂွမ်းလှေကို အပြတ်တင်ပြီး မနက်ဖြန်တွင် သကားတင်ရလိမ့်မည်ဟု တွက် ထားခဲ့ခြင်း ကြောင့် ဖြစ်၏။ တင်လိုက်မည်ဆိုလျှင် လှေနှစ်စင်း တွက်ထားခဲ့ခြင်းကြောင့်ဖြစ်၏။ တင်လိုက် မည် ဆိုလျှင် လှေနှစ်စင်း ကောင်းကောင်းကြီး ပြီးနိုင်သေးသည်။ ကုန်မျိုးစုံလှေကြီးတွေကို ဂီဒီယန် ကျိန်ဆဲလိုက်၏။ သူတို့တစ်တွေ ဆိပ်ကမ်းအပြည့် ရောက်လာ၍ ကုန်တင်ကုန်ချ အလုပ်တွေ နှေးကွေး ကုန်ခြင်းဖြစ်၏။ အောက်ပြည် အောက်ရွာမှ ဆန်တက်လာ သည့် အထည် အ၀တ်နှင့် အလှကုန် ပစ္စည်းလှေတွေဖြစ်သည်။

အက်စသာ့အခြေအနေကို သွားကြည့်ဖို့ စိတ်ကူးလိုက်သည်။ သစ်သီးတွေ ရောင်းလို့ကုန်လျှင် ပန်းခြံဘက်သို့ လမ်းလျှောက်ချိန်ရမည်ဖြစ်သည်။ သနားစရာ အက်စသာကလေး။ ဖတ်ဖတ်မော အောင် အလုပ်လုပ်လို့ ရသမျှ ဖအေလုပ်သူက အရက်သောက်ပစ်လိုက်သည်။ ချည်ထုပ်ကြီးတွေ၊ စည်ကြီးတွေကို ဗဲလ်ကိုးဂိုဒေါင်ဆီသို့ သယ်ပို့နေသည့် ဆိပ်ကမ်းလုပ်သားတွေကို ကွေ့ရှောင်ပြီး ဂီဒီယန်က ကျွန်ဈေးဆီသို့ လျှောက်သွားသည်။

ကျွန်ဈေးတွင် ဂုဏ်သရေရှိ လူကြီးလူကောင်းတွေ၊ အမျိုးသမီးတွေ အများအပြား တွေ့ရ၏။ တစ်ဦး ကို တစ်ဦး ဒူးညွှတ်အရိုအသေပြုလိုက်၊ လက်ခုံကို နမ်းရှုပ်လိုက်ဖြင့်။ မျက်စိနောက်စရာကောင်းလှ သည်။
ဂီဒီယန် က ဘောင်းဘီအိတ် ထဲ လက်နှိုက်ပြီး သူတို့ကို ဖြတ်ကျော်သွားသည်။ ကုန်တင်ကုန်ချ လုပ် သားတွေနှင့် စည်ကားနေသည့် ဆိပ်ကမ်းတစ်နေရာအထိ ဆက်လျှောက်သွားသည်။
ငှက်ပျောသီး ခြင်းတောင်းကလေး ဆွဲပြီး ပြန်လာသည့် အက်စသာ့ကို လှမ်းမြင်ရသည်။ ကိုယ်လုံး ကိုယ်ထည် သွယ်လျကျစ်လျစ်ပြီး ချစ်စရာ့လုံမငယ်တစ်ဦးဖြစ်သည်။ ၀ါကြန့်ကြန့်ဆံပင်တွေက တစ်ပတ် လျှင် တနင်္ဂနွေ တစ်ရက် ဖြီးသင်ချိန်ရသဖြင့် ကပိုကရို ၀ဲကျနေသည်။ သို့သော် ကြည့်လို့ ကောင်း၏။ သူ့ ကြည့်ရသည် မှာ အလွန့်အလွန် ပင်ပန်းနွမ်းနယ်လာပုံရသည်။ တစ်နေကုန် တစ်နေ ခန်း နေပူကျဲကျဲ တွင် လျှောက်ရောင်းနေရသည်မဟုတ်လား။ ဂီဒီယန်က သူလာနေသည့် ဘက်သို့ လျှောက်သွားသည်။ လူတစ်ယောက် က ငှက်ပျောသီး ခေါ်ဝယ်ရင်း အက်စသာ့ပခုံးကို လှမ်းဖက် သည်။ အက်စသာက ရုန်းထွက် လိုက်တော့ လိုက်ဆွဲသည်။ ဂီဒီယန် ပြေးချသွားပြီး ထိုလူကို ဆွဲ ယမ်းပစ်လိုက်သည်။ လက်သရမ်း သည့် ထိုလူသည် ဒယီးဒယိုင်နှင့် လဲကျသွားသည်။

" ခွေးသားကြီး၊ နောက် သူ့ကို ခင်ဗျား လက်ဖျားနဲ့ ထိရဲထိကြည့် "
လဲကျသွားသူသည် ပြန်မထနိုင်လောက်အောင် မူးနေသဖြင့် ဂီဒီယန်ကို ရန်မမူတော့။ အားလုံး ၀ိုင်းရယ်ကြ သည်။ ဂီဒီယန်က အက်စသာ့လက်မောင်းကိုဆွဲပြီး -
" လာ၊ တို့ သွားစို့ "
အက်စသာ သည် ယုန်မလေးတစ်ကောင်လို အထိတ်တလန့် အမူအရာဖြင့် ခြင်းတောင်းပိုက်ကာ လိုက်လာ၏။ လူတွေနှင့်ဝေးရာ၊ သေတ္တာလွတ်တွေပုံထားသည့် နေရာသို့ ဂီဒီယန် ခေါ်သွားသည်။
" ကဲ … မင်း ခဏထိုင်ပြီး နားလိုက်ဦးနော် "
ဂီဒီယန့် အသံက ညင်ညင်သာသာ ကြင်ကြင်နာနာ။

မျက်ရည်ဝိုင်းနေသည့် မျက်လုံးပြာကြီးများဖြင့် အက်စသာ မော်ကြည့်သည်။
" ငါ့အတွက် နင် ကြားဝင်ဖို့ မလိုပါဘူး ဂီဒီယန်၊ ဘာလို့ နင် သူရဲကောင်း လုပ်ချင်ရတာလဲ "
ဂီဒီယန် က နံဘေးမှ သေတ္တာလွတ် တစ်လုံးပေါ်တွင် ၀င်ထိုင်ရင်း -
" နင့်ကို သူတို့ အပေါစား မိန်းကလေးတစ်ယောက်လို ဆက်ဆံနေတာ ငါက လက်ပိုက်ကြည့်နေရ မှာလားဟ"
အက်စသာ မျက်လွှာချသည်။ ဖိနပ်မပါသည့် ခြေထောက်ဖြင့် ဆိပ်ခံကြမ်းပြင်ကို အစုန်အဆန် ပွတ် နေသည်။ အလွန်တိုးလွန်းသော အသံဖြင့်-
" ငါက နင် ခံရမှာစိုးလို့ပါဟာ၊ ငါ့အတွက် ဒါမျိုးတွေ ရိုးနေပါပြီ၊ ငါ ဆိုလိုတာက … "
အက်စသာ့အသံ တိမ်ဝင်သွားသည်။ ခြင်းတောင်းကို ကောက်ကိုင်ပြီး မတ်တတ်ထသည်။ သို့သော် လည်ချောင်း ထဲတွင် တစ်ဆို့လာပြီး မျက်ရည်တွေ ကျလာသည်။ ဂီဒီယန်က သူ့ကို သိုင်းဖက်ပြီး ပခုံး ပတ်ကာ အားပေးသည်။

" မငိုပါနဲ့ကွာ၊ ငိုနေလို့ ဘာထူးမှာလဲ "
ဂီဒီယန်က မချော့တတ်ဘဲနှင့် ချော့သည်။ အက်စသာက မျက်ရည်သုတ်ပြီး အံကြိတ်ထားလိုက် သည်။
" သိတယ်၊ သိပါတယ်၊ တစ်ခါတလေတော့လည်း သိပ်စိတ်ညစ်တာပဲ။ တစ်နေကုန် တပင်တပန်း လိုက်ရောင်းရ၊ သူတို့တစ်တွေကို ရှောင်ရနဲ့၊ ပါလာသမျှ ငှက်ပျောသီး အားလုံးကုန်မှ သုံးလေးပြား မြတ်တာ "
ဂီဒီယန် က မျက်နှာအောက်ချပြီး -
" အေးပါဟာ၊ ငါ သိပါတယ် "
ခဏ ငိုင်နေပြီးမှ - " နောက်ကို နင် ဒီဘက် လာမရောင်းနဲ့တော့ဟာ "
" ဘယ်သူက ဒီလိုနေရာမှာ လာရောင်းချင်မလဲ ဂီဒီယန်ရယ် "
အက်စသာ စိတ်ပျက်လက်ပျက် ညည်းသည်။ ဂီဒီယန်က အလျှော့မပေးဘဲ -
" ငါ တကယ်ပြောတာ အက်စသာ၊ ဒီနေရာက မိန်းမကောင်းတွေ လာအပ်တဲ့နေရာ မဟုတ်ဘူး၊ တစ်နေ့ နင် ဒုက္ခဖြစ်မယ် " " အို … ဘာလို့ ဖြစ်ရမှာလဲ "
" တကယ့်ကို နင် ဒုက္ခဖြစ်မှာ၊ နင်က ဘာသားနဲ့ လုပ်ထားလို့လဲ၊ နင့်ထက်မက ဟာတွေတောင် ခံသွားရသေးတာပဲ၊ သင်္ဘောသား ငမူး တစ်ယောက်ယောက်နဲ့ တစ်နေ့နေ့ နင် မုချတွေ့မှာ အက်စသာ"
" တော်စမ်းပါဟာ၊ အမေ အလုပ်မလုပ်နိုင်ဘူးဆိုတာ နင် သိလျက်သားနဲ့၊ ငါ ဈေးမရောင်းရင် ဘာနဲ့ သွားစား မလဲ " " နင့်အဖေ အရက်ဖိုးက ပိုအရေးကြီးတာ မဟုတ်လား " အက်စသာ သက်ပြင်းချသည်။

" ဒီမယ် ဂီဒီယန်၊ ငါ့ကို ပိုစိတ်ညစ်အောင် အဲဒါတွေ ပြောမနေနဲ့ဟာ။ မေမေက ပြောတယ်၊ ဖေဖေဟာ အရက် မသောက်ရရင် မနေနိုင်ဘူးတဲ့။ ခြေတစ်ဖက်ပြတ်ကြီးနဲ့ ဆိုတော့ စိတ်ဓာတ်ကျ တာလည်း ပါမှာပေါ့ တဲ့။ တို့ငယ်ငယ်ကတော့ ဖေဖေဟာ ကြိုးကြိုးစားစား အလုပ်လုပ်ပြီး ရှာကျွေးခဲ့တာပါဟာ။ အင်း … လှေစပ် ရင်း မတော်တဆ ညပ်သွားတာလေ၊ တစ်ခါတည်း သွင်သွင် ကျိုးတော့တာပဲ"
အက်စသာ သက်ပြင်းချပြန်သည်။ လောကကြီးကို အရှုံးပေးထားလိုက်ပုံရ၏။ ဂီဒီယန် ကမူ ဒေါပွ နေသည်။ အက်စသာ့အမေက ကလေး ခြောက်ယောက်မွေးသည်။ နှစ်ယောက် ငယ်ငယ် ကလေး တည်းက သေပြီး သုံးယောက်က ငန်းဝါဖျားကပ်ဘေးနှင့် ပါသွားသည်။ အငယ်ဆုံး အက်စသာ၏ ပခုံးသေးသေးလေးပေါ် သို့ တာဝန်တွေ ပုံကျလာတော့၏။
ဂီဒီယန် က မကျေမချမ်း လေသံဖြင့် -
" ဂျူဟန် တို့ အသုံးမကျလို့ ဒီလိုဖြစ်ရတာ။ ရေကျရက်ကို မစောင့်ဘဲ လောဘကြီးလို့ ခုလို ဖြစ်ရတာ "
" ဒါတော့ ဒါပေါ့ဟာ၊ ဒါပေမဲ့ ရေတက်ရက်မှာ အလုပ်သမားတွေကို ပိုက်ဆံ ပိုပေးတယ်လေ။ အဖေ ကတော့ ဘယ်သူ့မှ အပြစ်မတင်ပါဘူး " ဂီဒီယန် ဒေါသမပြယ်သေး။

" ဒီလို အန္တရာယ်များတဲ့ အလုပ်မျိုး မူလညမ်းတွေ ခိုင်းပါလား "
အက်စသာ ဘာမှ မပြောတော့ဘဲ ပခုံးတွန့်ပြသည်။ ဂီဒီယန်က အလောတကြီး လေသံဖြင့် -
" အက်စသာရယ်၊ တို့ လက်ထပ်ကြရအောင်ပါဟာ၊ နင့်ကို ငါ ဒီဆိပ်ကမ်းတစ်ဝိုက်မှာ ဘယ်လိုမှ စိတ်မချနိုင်တော့ဘူး "
အက်စသာ စိတ်ပျက်လက်ပျက် လေသံဖြင့် -
" ဂီဒီယန်ကလဲဟာ၊ ဒီအကြောင်း စပြန်ပြီ၊ ဒါလောက် မွဲတဲ့ဘ၀မှာ ငါ ကလေး သုံးယောက်လောက် မွေးပြီးရင် နင် စိတ်ပျက်သွားမှာပါ။ အဖေ က တစ်မျိုး၊ ကလေးတွေက မမာ ဆိုရင် နင် ဘယ်ခံနိုင် မလဲ ဂီဒီယန် " အက်စသာ တွေးပူသည် ကိစ္စများမှာ တကယ် ဖြစ်လာနိုင်သည့် ကိစ္စ များ ဖြစ်ပါသည်။ သို့သော် ဂီဒီယန်က အလျော့မပေးဘဲ -
" အက်စသာ ရယ်၊ နင်ကလဲ ဒါပဲ တွေးပူနေတာကိုးဟာ၊ နင့်ကို ငါ ဒါလောက် အကြာကြီး ချစ်နေခဲ့ ရတဲ့ အကြောင်းတော့ ထည့်မစဉ်းစားတော့ဘူးလား ဟင် "

အက်စသာ က ဂီဒီယန့်လက်ကို ပုတ်ပြီး -
နင့်လို ငါ့အပေါ်မှာ ညှာတာတဲ့လူ မရှိပါဘူး။ ဒါပေမဲ့ ၀ါ့ဝန်ထုပ်ဝန်ပိုးကြီးကို နင် ၀င်မထမ်းချင်ပါနဲ့ဟာ။ နင့် ဘာသာ နင့်လမ်း နင် သွားပါ "
" သွားစမ်းပါ၊ ဘာဖြစ်လို့ နင်နဲ့အတူ တွဲမသွားနိုင်ရမှာလဲ။ ငါ့မှာ ခွန်အားရှိတယ်၊ သတ္တိရှိတယ်၊ အလုပ်ကြိုးစား တယ်။ အိတ်ထဲ ပိုက်ဆံကလေးရှိရင် အရက်ဆိုင် သွားထိုင်တဲ့ကောင်မျိုး မဟုတ်ဘူး၊ ဘာဖြစ် လို့ သနားစရာကောင်းတဲ့ ငါ့ချစ်သူ သားအမိကို ရှာမကျွေးနိုင်ရမှာလဲ၊ ကလေးတွေ နင် က မွေးပေး ရင်ကော ဘာပြုလို့ ငါ မကျွေးနိုင်ရမှာလဲ "
" နင် အလုပ်လုပ်ချင်တိုင်း အလုပ်က ရှိဦးမှကိုး "
အက်စသာ ဆိပ်ကမ်းတစ်ဝိုက် လှမ်းကြည့်ပြီး ပြောသည်။ နှစ်ယောက်သား စကားပြတ်သွားကြ၏။ အတန်ကြာမှ အက်စသာက -
" ငါလည်း ဒီနေရာမှာ ဈေးမရောင်းချင်တော့ပါဘူးဟာ " ပြောပြောဆိုဆို မတ်တတ်ထပြီး တောင်းကို ယူသည်။

" ငါ သယ်ခဲ့ပါ့မယ်ဟာ" ဟု ဂီဒီယန်က ပြောပြီး အက်စသာ့လက်ထဲမှ ခြင်းတောင်းကို ဆွဲယူလိုက် သည်။
သူတို့နှစ်ယောက် ဆိပ်ကမ်းတစ်ဖက်စွန်းရှိ ကုန်လှောင်ခန်းများဆီသို့ လျှောက်လာခဲ့ကြသည်။ လူ ချမ်းသာ တစ်သိုက်က ကုန်စုံလှေကြီးမှ ချလာသည့် ပစ္စည်းများကို စစ်ဆေးကြည့်ရှုနေကြသည်။ လမ်းပေါ် တွင် ရထားကြီး တစ်စီး ဆိုက်လာသည်။ ရထားထိန်းက ခုန်ဆင်းပြီး တံခါးဖွင့်ပေးသည်။ ၀တ်ကောင်း စားလှနှင့် အမျိုးသားတစ်ယောက် ထွက်လာသည်။ သူ့နောက်မှ အမျိုးသမီးတစ်ယောက် လိုက်ဆင်း လာ၏။ ဂါဝန်ရှည်ကြီးနှင့်။ ဦးထုပ်တွင် ဖဲကြိုးတွေ ရှုပ်ပွေလျက်။ အမျိုးသမီးနောက်မှ ကပ္ပလီ မလေးတစ်ယောက် ဆင်းလာပြီး သူ့သခင်မကို ထီးမိုးပေးသည်။ ဂီဒီယန်နှင့် အက်စသာကို သူတို့ ဖြတ်လျှောက် ရင်း အမျိုးသမီးက အမျိုးသားကို ပြောသွားသည်။

" အိုင်ယာလန်အထည်တွေပါလား၊ ကောင်းတယ်နော် "
အမျိုးသမီးအသံက ချိုအေးသည်။ ရွှေရောင်ဆံပင်နှင့် အလွန်ချောသည့် မိန်းမငယ်ဖြစ်၏။ သို့သော် ဂီဒီယန် က အမျိုးသမီးကို ဂရုစိုက်မကြည့်မိ။ သူ့ယောက်ျားကိုသာ အေးစက်မာကျောသည် မျက်လုံး များဖြင့် စူးစူးရဲရဲကြည့်နေသည်။ ခပ်စောက်ကောက် ပိုးဦးထုပ်ကို ဆောင်းထားသည်။ အင်္ကျီနှင့် ဘောင်းဘီ က နိုင်ငံခြားဖြစ်တွေ။
သူတို့လင်မယားက ဆိပ်ကမ်းတွင် ရောက်နေနှင့်သည့် မိတ်ဆွေများကို လိုက်နှုတ်ဆက်နေသည်။ အမျိုးသမီး က သူ့လက်ကလေးကို ထိုးပေးလျှင် အမျိုးသားများက လက်ခုံကိုနမ်းပြီး နှုတ်ဆက်ကြ သည်။ အမျိုးသမီး က ပစ္စည်းတွေဝယ်ပြီး အိမ်ဖော်မလေးလက်သို့ ကမ်းပေးလိုက်သည်။

ဂီဒီယန် က အက်စသာဘက် လှည့်ပြီး -
" အက်စသာ "
" ဘာလဲ ဂီဒီယန် "
" ဟောဟို သားရေပြားတွေ ၀ယ်နေတဲ့ကောင်ကို တွေ့တယ် မဟုတ်လား၊ ခုတင်က စုံတွဲလေ "
" အဲဒါ ဘာဖြစ်လဲ " " နင် သူတို့ကို သိလား " " သိသားပဲ၊ သစ်ဖြူတောက မစ္စတာရှာရမီ လင်မယားလေ "
" အဲဒီကောင်က ငါနဲ့ ညီအစ်ကို တော်တယ်ဆိုရင် နင် ယုံမလား " အက်စသာက မယုံကြည်နိုင် သည့် လေသံဖြင့် - " တကယ် " " တကယ်ပေါ့၊ ရယ်စရာ မကောင်းဘူးလား၊ သူက သူ့မိန်းမအတွက် အဲဒီ အလှကုန် ပစ္စည်း လှေတွေ အားလုံး ၀ယ်ပေးနိုင်တယ်လေ၊ နင် မရယ်ချင်ဘူးလား အက်စသာ "
" ကဲ … နင့်ပုံပြင်တွေ ငါ နားထောင်ချိန် မရသေးဘူး၊ ဒါလေး ကုန်အောင် လျှောက်ရောင်းလိုက် ဦးမယ် "
အက်စသာ က လက်တွေ့ကျကျ ပြောသည်။ ဂီဒီယန်က သူ့ကို သေတ္တာတစ်လုံးပေါ်တွင် ထိုင် နားစေပြီး သူ ကိုယ်တိုင် လျှောက်ရောင်းပေးသည်။ ငှက်ပျောသီးကုန်မှ ဂီဒီယန် ပြန်လာသည်။ အက်စသာ လက်ထဲ ကို ပိုက်ဆံအပ်သည်။

နေ၀င်ချိန် ရောက်ပြီ။ ဆိပ်ကမ်းဈေးတစ်ဝိုက်တွင် လူရှင်းစ ပြုပြီ။ ဆိပ်ကမ်းနှင့် မလှမ်းမကမ်းရှိ ပန်းခြံဆီ သို့ သူတို့နှစ်ယောက် လက်ချင်းချိတ်ပြီး လျှောက်လာကြသည်။ ပန်းခြံထဲရောက်မှ ရော်ဂျာ ရှာရမီနှင့် ဆက်နွယ်ပုံ ကို ဂီဒီယန် အေးအေးဆေးဆေး ပြောပြသည်။
အက်စသာ က အံ့သြမဆုံး ဖြစ်နေသည့် ပုံစံဖြင့် -
" ဒါတောင် သူက နင့်ကို မမှတ်မိဘူး ဟုတ်လား "
" မမှတ်မိရုံ မဟုတ်ဘူး၊ ငါ အသက်ထင်ရှား ရှိနေတယ် ဆိုတာတောင် သူ သိမယ် မထင်ဘူး အက်စသာ "
" ဒါဆို နင် သစ်ဖြူတော ကို သွားပါလား၊ နင် ဘယ်သူဘယ်ဝါဆိုတာ သွားပြောပြပါလား "

" ကပ္ပလီ အိမ်စောင့်ခွေးတွေက ငါ့ကို ဆွဲထုတ်ပစ်ကြမှာပေါ့၊ သူကလည်း ဘယ်ယုံပါ့မလဲ၊ ငါက ဆိပ်ကမ်းကြမ်းပိုးလေ၊ သူ ဘယ်ဆွေမျိုးအစပ်ခံမလဲ "
" အေး ဟုတ်တယ်၊ နင်ပြောတာ မှန်တယ်၊ ဒါပေမဲ့ နင့်အကြောင်း ငါ ပိုသိရတော့ ငါ ပိုအံ့သြနေတယ် ဂီဒီယန် " ဂီဒီယန်က မြေကြီးကို ခြေမနှင့် ခြစ်ကုတ်နေသည်။ အက်စသာက -
" ကဲ … ပြန်ကြရအောင် ဂီဒီယန်၊ ငါက ချက်ရပြုတ်ရဦးမှာ "
ပန်းခြံထဲ မှ သူတို့ ပြန်လာကြသည်။ လမ်းပေါ်တွင် အရက်ဆိုင်တွေ၊ တည်းခိုခန်းတွေ မှိုလိုပေါက်နေ သည်။ လမ်းတွေက ကျဉ်းသည်ထက် ကျဉ်းလာသည်။ လမ်းတစ်လျှောက် အနံ့ဆိုးကြီးတွေ တထောင်းထောင်း ထွက်နေ၏။ ကလေးတွေ ဆူသံ၊ အိမ်ထဲမှ ရန်ဖြစ်သံတွေ ရောထွေးဆူညံနေ သည်။
ဂီဒီယန် က အက်စသာ့လက်မောင်းကို ကိုင်ပြီး လျှောက်သွားသည်။ လမ်းချိုးတစ်ခုထဲသို့ ချိုးဝင် လိုက်ကြ၏။ အက်စသာတို့အိမ်ကို ရောက်လုနေပြီ။ အက်စသာ တုံ့ခနဲ ရပ်လိုက်ပြီး -
" ဘုရား  ဘုရား … ကြားလား ဂီဒီယန် "

" ငမူးတွေ ရန်ဖြစ်နေကြတာပါဟာ၊ လာပါ၊ နင့်ကို ငါ အိမ်ထဲအရောက် ပို့ပေးပါ့မယ် "
အက်စသာ က ဂီဒီယန့် လက်မောင်းကို တင်းတင်းဆုပ်လိုက်ပြီး -
" အဲဒါ အဖေ့အသံ ဂီဒီယန်ရဲ့၊ အိမ်ပြန်ရောက်နေပြီ ထင်တယ် "
ဂီဒီယန် ဘာမှ မပြောနိုင်ခင် အက်စသာ အိမ်ထဲ ပြေးဝင်သွားပြီး တံခါးကို တွန်းဖွင့်လိုက်သည်။ ဂီဒီယန် နောက်မှ လိုက်သွားသည်။ မီးဖိုမှ မီးရောင်ကြောင့် အိမ်ထဲတွင် နီကြန်ကြန် လင်းနေသည်။ အက်စသာ့ အမေက ကြမ်းပြင်ပေါ်တွင် လဲလျက်။ သူ့ယောက်ျား၏ ခြေထောက်ပြတ်ကြီးကို ဖက်ပြီး တောင်းပန်နေ သည်။
တစ်ခန်းလုံး အရက်နံ့၊ ဆေးကြီးနံ့ဖြင့် ဟောင်နေသည်။ အက်စသာ့အဖေမှာ အ၀တ်အစားတွေ စုတ်ပြတ် ပြီး တစ်ကိုယ်လုံး ပေကျံနေ၏။ အသံကုန်ဟစ်ပြီး မေးနေသည်။

" ဘယ်မလဲ အက်စသာ၊ ငါ ပိုက်ဆံရမှဖြစ်မယ်၊ သောက်ကောင်မ၊ ပိုက်ဆံ ပါမလာရင်တော့ ငါ အရိုးကျိုးအောင် ရိုက်သတ်မယ် "
အက်စသာ့ ကို မြင်သည်နှင့် အလွန်အကျွံ မူးနေသော ထိုလူကြီးသည် ရိုက်မောင်းပုတ်မောင်း လုပ် လေတော့ ၏။ ဂီဒီယန်က အတင်းဝင်ဆွဲသည်။
" ဂီဒီယန်၊ သွား … သွား၊ ပြန်တော့၊ နင် သေလိမ့်မယ်၊ ငါက ကိစ္စမရှိဘူး "
လူကြီးက ဒေါသအမျက် ခြောင်းခြောင်း ထွက်နေပြီ။ ဂီဒီယန်ကို တအား ဖမ်းဆွဲပြီး ခြေပြတ်ကြီးနှင့် ဆောင့်ကန်ထည့်လိုက်သည်။ ဂီဒီယန်လဲကျသွား၏။ အက်စသာ၏ ငယ်သံ ပါအောင် အော်သံ ကြား လိုက်သည်။ အဘိုးကြီးက အက်စသာ့လက်ကောက်ဝတ်ကို ဖမ်းလိမ် လိုက် သည်။ တစ်နေ့တာ ရောင်းရသည့် ပိုက်ဆံ အကြွေကလေးတွေ ကြမ်းပြင်ပေါ်သို့ ပြန့်ကျဲသွား၏။ သိမ်းကျုံးကောက် ယူပြီး အဘိုးကြီး ဒယီးဒယိုင်နှင့် ထွက်သွားသည်။ ဂီဒီယန် ကြိုးစားပြီး ထ ရပ် လိုက် သည်။ အက်စသာ က -
" အမေ ခဏနေဦးနော်" ဟု ပြောပြီး ဂီဒီယန်ဆီ ပြေးသွားသည်။

" သိပ်နာသွားလားဟင် ဂီဒီယန် "
အက်စသာ ကရုဏာသံဖြင့် မေးသည်။ ဂီဒီယန်က နံရံတွင် မှီရပ်ရင်း ခေါင်းခါပြသည်။ ဟင် … အက်စသာ့ နဖူး မှာ သွေးတွေပါလား။
" ငါ ခဏနေ လျှောက်နိုင်မှာပါ၊ နင့်အမေကို လုပ်ဦး အက်စသာ၊ သူ သတိလစ်နေတယ် ထင်တယ် "
အက်စသာက လေးလံသည့် ခြေလှမ်းများဖြင့် အမေ့ဆီ လျှောက်သွားသည်။ ဂီဒီယန်က ခြေပြတ်ကြီးနှင့် အကန် ခံလိုက်ရသည့် ဒူးဆစ်ကို ငုံ့ကြည့်သည်။ လမ်းလျှောက်ကြည့်သည်။ သိပ်မဆိုး။ အက်စသာတို့ သားအမိရှိရာသို့ လျှောက်သွားသည်။ အက်စသာက သူ့အမေခေါင်းကို ပေါင်ပေါ်တင်ထားသည်။
လဲကျနေ သည့် ကုလားထိုင် ကို အားပြုရပ်ရင်း ဂီဒီယန် မေးသည်။

" နင် သတိရအောင် မလုပ်နိုင်ဘူးလားဟင် "
အက်စသာက မော်ကြည့်ပြီး ခေါင်းယမ်းသည်။ ခဏနေမှ -
" ငါ့ကို အဖေရိုက်ပြီဆိုရင် အမေ အဲဒီလို ဖြစ်တာချည်းပဲ။ ဒီတစ်ခါတော့ ၀ဋ်ကျွတ်သွားပြီ ထင်ပါတယ် "
" ဒုက္ခပါပဲဟာ "
ဂီဒီယန်က ကရုဏာသက်စွာ ညည်းညူရင်း အက်စသာ့နံဘေးတွင် ၀င်ထိုင်လိုက်သည်။ အက်စသာ့ မျက်နှာတွင် မျက်ရည်တွေနှင့် နဖူးမှ သွေးတွေရောပြီး စီးကျနေသည်။ အက်စသာ ခပ်တိုးတိုး ပြော သည်။

" ငါ ဘယ်လို ခံစားနေရတယ်ဆိုတာ နင် နားမလည်နိုင်ဘူး ဂီဒီယန်၊ အမေဟာ တစ်ချိန်လုံး နေ မကောင်းဖြစ်နေပေ မဲ့ ငါ့အပေါ်မှာ သိပ်ညှာတယ်။ အဖေ့ကိုလည်း နင် နားလည်နိုင်မှာ မဟုတ်ဘူး။ အဖေ ဘယ်လောက် ဆိုးဆိုး အမေက ချစ်လျက်ပဲ ဂီဒီယန်။ အမေ့ယောက်ျားဟာ ခြေထောက် မပြတ်ခင်က လူကောင်း ပါကွယ် ဆိုပြီး အဖေ ဆိုးသမျှ ခွင့်လွှတ်တယ် " ပြောနေရင်း သူ့အသံ တိမ်ဝင်သွားသည်။ ဂီဒီယန်က သူ့ပခုံးကို သိုင်းဖက်ထားလိုက်၏။ အမေ၏ ခန္ဓာကိုယ်သည် အက်စသာ့ပေါင်ပေါ် မှ လျှောကျသါားလေသည်။ သည်တွင်မှ အမေ့ရင်ဘတ်ပေါ် မျက်နှာမှောက်ချပြီး အက်စသာ ငိုတော့ သည်။ တစ်ဖက်ခန်းတွင် လူတွေ ဆူဆူညံညံ ဖြစ်နေကြ သည်။ အပြင်တွင် မှောင်စပြုနေပြီ။ အခန်းထဲ တွင် မီးဖိုမှ အလင်းရောင်သာရှိ၏။
" ငါ ဘာလုပ်ရ မလဲ ဂီဒီယန် " ဂီဒီယန် ရင်ထဲတွင် ခံစားမှုပေါင်းစုံ နိုးကြွလာသည်။

" နင် ခုထိ မသိသေးဘူးလား၊ ဘာလုပ်ရမယ်ဆိုတာ နင် မသိရင် ငါပဲ ပြောပြရမှာပေါ့။ မနက်မိုးလင်း တာနဲ့ နင်နဲ့ ငါ လက်ထပ်ကြမယ်။ နင့်အဖေ အမူးသမားကြီး နင့်ကို လာဒုက္ခပေးရင် သူ့ကို ငါ သတ်ပစ်မယ် " ဂီဒီယန် ရင်ခွင်ထဲသို့ မျက်နှာအပ်လိုက်သည်။ " ငယ်ငယ်တုန်းကတော့ အဖေဟာ ငါ့အပေါ် မှာ ကောင်းခဲ့ပါတယ် ဂီဒီယန်ရယ် "
အက်စသာ တိုးတိုးကလေး ပြော၏။
" ဒါပေမဲ့ ခုမှ မကောင်းတော့တာဘဲ၊ နင် ငါ့ကို လက်ထပ်မယ် မဟုတ်လားဟင် အက်စသာ "
အက်စသာ ခေါင်းညိတ်သည်။

"ငါတစ်ယောက်တည်း နေလို့ ဘယ်ဖြစ်တော့မလဲနော် ဂီဒီယန်ရယ်၊ နင်က ငါ့အပေါ် မှာ ကောင်းလွန်း ပါတယ်ဟယ်" ဟု ပြောရင်း ဂီဒီယန့်လည်ပင်းကို သိုင်းဖက်လိုက်သည်။
ထိုညတွင် အမေဆုံးကတည်းက အတူနေသည့် ညီမ လူလီ၏ အိမ်သို့ အက်စသာ့ကို ဂီဒိယန် ခေါ် လာသည်။ ညီမ၏ ယောက်ျားမှာ အလုပ်ကောင်းကောင်း ရထားသူဖြစ်၏။ ဗဲလ်ကိုးဂိုဒေါင်တွင် လုံခြုံ ရေး ၀န်ထမ်းဖြစ်သည်။
အခန်းသုံးခန်း ရှိသဖြင့် လူလီတို့ လင်မယားက သီးသန့်တစ်ခန်း အိပ်နိုင်သည်။ ထိုညတွင် အက်စသာကို ဂီဒီယန်နှင့် ကလေးတွေ အိပ်သည့် အခန်းထဲတွင် သိပ်သည်။
နောက်တစ်နေ့ တွင် သုဘရာဇာကို ခေါ်ပြီး အက်စသာ့အမေ မြေချဖို့ ကိစ္စကို ဆောင်ရွက်သည်။ အမေ ဆုံးပြီးပြီး ချင်း လက်ထပ်ဖို့ မသင့်သေးကြောင်း အက်စသာက ပြောသည်။ သို့သော် လူလီက လက်မထပ်ခင် တစ်ခန်းတည်း အိပ်ပြီး ဖြစ်သည့်အတွက် မထူးတော့ကြောင်းဖြင့် သူ့အစ်ကိုဘက်မှ ၀င်ပြီး မဲပေး သည်။

ဤသို့ဖြင့် အမေ့ကို သင်္ဂြိုလ်သည့်နေ့တွင်ပင် သူတို့ လက်ထပ်ဖြစ်ကြသည်။ နောက်တစ်လမ်းတွင် အခန်း တစ်ခန်း ငှားလိုက်ကြ၏။ လူလီက ဂီဒီယန်ကို မပြောင်းစေချင်။ အတူနေလျှင် ဂီဒီယန်က သိတတ်သည် မဟုတ်လား။ အထောက်အကူ အများကြီးရသည်။ သူတို့လည်း လွတ်လွတ်လပ်လပ် နေချင်မှာပေါ့လေ ဟု တွေးမိ သဖြင့် မတားဘဲ နေလိုက်သည်။
အက်စသာ သည် ဇနီးကောင်းတစ်ယောက် ဖြစ်လာလေသည်။ ဂီဒီယန်ကို အထူးဂရုစိုက်သည်။ အလုပ် ကို မနားမနေ ကြိုးစားသည်။ မနက်စာကို အစောကြီးထပြီး ချက်ပြုတ် ကြော်လှော်ပေး သည်။ နေ့လယ်စာ ကို ဖွယ်ဖွယ်ရာရာ ထည့်ပေးသည်။ ထမင်းစားအပြီးတွင် စားဖို့ ငှက်ပျောသီး၊ လိမ္မော်သီး များပါ ထည့်ပေးသည်။
အက်စသာ သည် တခြားမိန်းမတွေလို ပစ်စလက်ခတ် နေလေ့မရှိ။ အလွန်သန့်ရှင်းသေသပ်လေ သည်။ ကြမ်း ကို ပြောင်လက်နေအောင် တိုက်သည်။ ဂီဒီယန်တစ်ယောက် အ၀တ်အစားတွေကို ဖြူဖြူစင်စင် ၀တ်နေ ရပြီ။ အက်စသာ က နှစ်ရက်တစ်ခါ အ၀တ်လဲစေသဖြင့် ဂီဒီယန် တသွေးတမွေး ဖြစ်နေသည်။

လုံးဝ အနားမနေဘဲ မီးပူတိုက်လျှင် တိုက်၊ မတိုက်လျှင် အ၀တ်ပြဲ ထိုင်ချုပ်နေတတ်၏။ သူများတွေ လိုမွေ့ရာေ ပ်ါတွင် ဖြစ်ကတတ်ဆန်း ဘယ်တော့မှ မအိပ်၊ အိပ်ရာခင်းနှင့် အိပ်သည်။
သူနှင့် သာ မဟုတ်လျှင် ဂီဒီယန်၏ ဘ၀သည် မည်သို့ဖြစ်လာမည်မသိပေ။ ညီမလုပ်သူ လူလီသည် လည်း အိမ်ထောင်မှု ကို နိုင်နင်းသည့် အိမ်ရှင်မကောင်း တစ်ယောက်ဖြစ်ပါသည်။ သို့သော် ကလေး အမေ ဖြစ်လာပြီးနောက်ပိုင်း ဖြစ်ကတတ်ဆန်း နေလာသည်။ ကလေးနီးလွန်းတော့ အိမ် အလုပ် တွေမနိုင်မနင်းဖြစ်လာခြင်းပင်။
ငယ်ရွယ်နုပျို သူ၊ ပြည့်ဝချိုသာသူ အက်စသာနှင့် ဖူးစာဆုံရခြင်းမှာ ကုသိုလ်ကောင်းခြင်းပင်။ ညနေ မောမော ပန်းပန်းနှင့် ပြန်လာလျှင် အက်စသာက လင်တော်မောင်ကို လဲလျောင်းနားနေစေပြီး ဦးခေါင်း ကို ပေါင်ပေါ်တင်ကာ အမောဖြေစေသည်။ နဖူးနှင့် ဆံပင်တွေကို တယုတယ ပွတ်ပေးပြီး ဆိပ်ကမ်းဈေးသည် ဘ၀မှ ကယ်တင်ခဲ့သည့် လင်တော်မောင်ကို ကျေးဇူးစကားတွေ တတွတ်တွတ် ပြောနေတတ်သည်။

ဤသို့ တစ်နေ့တာ ပန်းသမျှတွေ လျော့ပါးစေတတ်သူ၊ ဂီဒီယန် အမောပြေပြီဆိုလျှင် ရေဇလုံထဲ တွင် ခြေထောက်တွေ ကို စိမ်စေပြီး စိတ်ရှည်လက်ရှည် ဆေးကြောပေးတတ်သူ။
နေ့လယ်စာ ကို အလုပ်ခွင်မှာ ဖြစ်သလို စားရသည့်အတွက် ညစာကို စုံစုံလင်လင် ဖွယ်ဖွယ် ရာရာ ဖြစ်အောင် ပူပူနွေးနွေး ချက်ပြုတ်ကျွေး သည်။ ပြောင်းဆန်မှုန့် နှင့် ဖုတ် သည့် ပေါင်မုန့် ကို ကြွပ်ရွနေ အောင် လုပ်ပေးသည်။ သကာရည် သို့မဟုတ် အသားပြုတ်ကြော် တစ်မျိုးနှင့် ကျွေးစမြဲ။

အသားကောင်းကောင်းက ဈေးတွင် ရခဲသည်။ အကောင်းစား မှန်သမျှ ငွေကြေးတတ်နိုင် သူများ ကို ဈေးသည် များက ဦးစားပေးရောင်းသည်။ သို့သော် ရသည့်အသား ကို စားလို့ ကောင်းအောင်၊ နူးနူး နပ်နပ်ဖြစ်အောင် အက်စသာ က ဖန်တီးပေးတတ်သည်။
" အလုပ်ကြမ်း လုပ်တဲ့သူဟာ အသားများများ စားပေးရတယ် ဂီဒီယန်ရဲ့" ဟု အက်စသာ ပြောလေ့ ရှိ သည်။
ညစာ စားပြီးလျှင် မီးဖိုကို မီးငြှိမ်းပြီး မြစ်ဆိပ်ဘက်သို့ လမ်းလျှောက်ထွက်ကြသည်။ တစ်ခါတစ်ရံ ကြက်ပွဲတွေ့ လျှင် ၀င်ကြည့်ကြသည်။ တစ်ခါတစ်ရံ အိမ်နီးနားချင်းများခေါ်ပြီး အပျော် ဖဲကစား သည်။ ရာသီဥတု ဆိုးရွားသည့် အခါများတွင် အိမ်တွင်းအောင်းပြီး တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်ကာ စကားပြောကြ သည်။ သည်လို အခါမျိုးတွင် အက်စသာက သူ့ကြောင့် ပျော်ပုံ သစ်ရပုံများ ကို ပြောပြနေ တတ်၏။

ဂီဒီယန်သည် အက်စသာကို တိုး၍တိုး၍ ချစ်ကာ ပို၍ပို၍ မြတ်နိုးနေ၏။ အက်စသာကလည်း ကိုယ် အမူအရာ၊ နှုတ်အမူရာ အားလုံးပြင်သည်။ ဆိပ်ကမ်းဈေးသည်ဘ၀က သုံးသည့် စကားလုံးများကို လုံးဝ မသုံးတော့ပေ။
အချို့စကားလုံးများမှာ ယောက်ျားများ သုံးလျှင် မထောင်းတာသော်လည်း မိန်းကလေးများ ပြောလျှင် နားထောင် မကောင်းကြောင်း ဂီဒီယန်က သွန်သင်သည်။ အက်စသာက လင်တော်မောင် ၏ ပညာပေးမှု ကို ကြည်ကြည်ဖြူဖြူခံယူသည်။
" အက်စသာ တောင်းပန်ပါတယ် ဂီဒီယန်၊ မုဆိုးနားနီး မုဆိုးဆိုတော့ ကျင်လည်ခဲ့ရတဲ့ ပတ်ဝန်းကျင်ကို ကြည့်လေ၊ ဆိပ်ကမ်းလုပ်သားတွေရယ်၊ အဖေရယ် …. "
သည် အဘိုးကြီး ဘယ်ရောက်နေပါလိမ့်ဟု ဂီဒီယန် စဉ်းစားကြည့်သည်။ သူ့ဘာသာသူ ဘယ်ရောက် ရောက် ပါလေ။ အက်စသာ့ကို လာ အနှောင့်အယှက်မပေးရင် ပြီးတာပဲ။
အက်စသာ့ တွင် ကိုယ်ဝန် ရှိလာသော်လည်း အိမ်ထောင်မှုကိစ္စ လုံးဝ မလစ်ဟင်းပေ။ ချက်ရေးပြုတ် ရေး၊ အိမ်သန့် ရှင်းရေးတွေ ကို ပုံမှန်အတိုင်း လုပ်သွားသည်။

အက်စသာ သမီးဦး ကလေးမွေးသည်။ ဂီဒီယန်က ပန်းခြံထဲတွင် နွေရာသီမှာ မွှေးမွှေးပျံ့ပျံ့ပွင့်တတ် သည့် ဇီဇ၀ါပန်း အမည်ကိုယူပြီး ဂါဒင်နီယားဟု အမည်ပေးလိုက်သည်။ အိမ်တွင်တော့ ချစ်စနိုးနှင့် ဂါဒီ ဟု ခေါ်ကြမည်။

ကလေးရတော့ သူတို့ အိမ်ထောင်ကလေးမှာ ပို၍ စိုပြည်လာသည်။ သို့သော် ဂါဒီကလေး ချောင်းဆိုး ရင်ကြပ်ဖြစ် လို့ မအိပ်ရသည့် ညများတွင် နောက်တစ်နေ့ အလုပ်ဆင်းဖို့ ခက်လာသည်။ ကလေးက မနက် အစောကြီး နိုးနေလို့ သူ့အတွက် မနက်စာ မလုပ်ပေးနိုင်လျှင် ဂီဒီယန် မကျေမနပ် ဖြစ်ရသည်။ အလုပ်ခွင်ရောက် လျှင် သယ်ရင်းပိုးရင်း ခေါင်းတွေ ကိုက်နေတတ်သည်။
သည်လိုနေ့မျိုးတွင် အိမ်အပြန်မှာ ခါတိုင်းလို ပျော်စရာ မကောင်းတော့ပေ။ ရှင်းသန့်ပြောင်လက်နေ သည့် အခန်းလေး မှာ ရှုပ်ပွပေကျံနေတတ်၏။ ကလေးအနှီးလှန်းသည့် တန်းတွေ ပိုလာသဖြင့် အခန်း ပိုကျဉ်းလာသလို ထင်ရ၏။ မျက်စိထဲတွင် တိုးလိုးတွဲလောင်းနှင့် ရှုပ်ယှက်ခတ်နေသည်ဟု ထင်၏။ အက်စသာ ပေါ့၍မဟုတ်ပါ။ ဂါဒီကလေး လေးဖက်သွားသည့် အရွယ်ရောက်လာသဖြင့် ရှင်းလို့ မနိုင်အောင် ဖြစ်ခြင်း ပါ။ ရှေ့က သိမ်းရင် နောက်က ဖွသည်။

ကလေးကြီး လာတော့ အိမ်ထောင်ပစ္စည်းတချို့ မရှိမဖြစ် လိုအပ်လာသည်။ အနည်းဆုံး အ၀တ်လျှော် ဇလုံ တစ်ခုတော့ ၀ယ်သင့်ပြီ။ သို့သော် အက်စသာမပူဆာ။ အိမ်အပြန် နောက်ကျပြီး ရသမျှပိုက်ဆံ ကြက်ပွဲ တွင် ရှုံးခဲ့ကြောင်း တောင်းပန်စကား ဆိုလျှင်လည်း အက်စသာ ခပ်ပြုံးပြုံးပင်။
အဲဒီလိုဖြစ်လာတော့ စိတ်ထဲ မှာ ဘယ်လိုမှ မနေဘူးလား ဟူ၍တော့ မေးကြည့်သည်။
တစ်ည တွင် ဂီဒီယန် အိပ်ရာမှ နိုးလာသည်။ အက်စသာ ကျိတ်ငိုနေသည်ကို တွေ့ရ၏။ ကလေးနေ မကောင်းဖြစ်ပြန်ပြီ ထင်တယ်။ ငဲ့ကြည့်လိုက်တော့ ဂါဒီကလေး သူ့နေရာတွင် နှစ်နှစ်ခြိုက်ခြိုက် အိပ်လို့။ ဂီဒီယန် က အက်စသာ့ကို သိုင်းဖက်ပြီး -
" သိပ်လည်း စိတ်ပျက်မနေပါနဲ့ အချစ်ရယ်၊ အ၀တ်လျှော် ဇလုံတစ်လုံးရအောင် ကိုယ် ၀ယ်ပေးပါ့မယ် "
အက်စသာ ရှိုက်ရင်းပြောသည်။

" အ၀တ်လျှော်ဇလုံနဲ့ မဆိုင်ပါဘူး။ ခုဟာက ခုဟာက အို အားလုံးနဲ့ ဆိုင်တာ၊ ဒီလိုပဲ ဖြစ်လာမယ်ဆိုတာ သိပြီးသားပါလေ၊ မကြာခင် ဂီဒီယန် အက်စသာကို ကြည့်ချင်တော့မှာ မဟုတ်ပါဘူး "
" မင်းပြောချင်တာ ပြောလေ၊ မင်းကို ကိုယ် ဘယ်လောက်ချစ်တယ်ဆိုတာ မင်း သိသားပဲ၊ အိပ်လိုက်ပါ အက်စသာ၊ အိပ်ပျော်သွားရင် ကြည်ကြည်လင်လင် ဖြစ်သွားမှာပါ "
အက်စသာ ထ ထိုင်သည်။
" မဟုတ်ဘူး ဂီဒီယန်၊ အက်စသာ အိပ်မှာပါ။ ဒါပေမဲ့ ကြည်ကြည်လင်လင် ဖြစ်လာမှာ မဟုတ်တော့ ပါဘူး။ နောင် ကို နားပူနားဆာလည်း မလုပ်တော့ပါဘူး၊ ဒါပေမဲ့ ကြည်ကြည်လင်လင်တော့ ဖြစ်လာ မှာ မဟုတ်ဘူး "
" မင်း ဘာဖြစ်နေတာလဲ အက်စသာ၊ မင်း ကိုယ့်ကို အိပ်မပျော်အောင် လုပ်တယ်၊ မနက်မိုးလင်း လို့ ခေါင်းတွေအုံနေရင် ဘာကြောင့်အုံတာလဲ မင်းမေးမယ် "
" အက်စသာ့ မှာ နောက်ကလေး ရှိနေပြန်ပြီ ဂီဒီယန် " " ဟုတ်လား၊ ဒုက္ခပါပဲကွာ၊ ဒါဖြင့် ဂါဒီကလေး ကို နို့ဖြတ်တော့ပေါ့ " အလန့်တကြား ဖြစ်သွားမိသည့် အတွက် ဂီဒီယန် ရှက်သွားသည်။

" ကိစ္စမရှိပါဘူး အက်စသာ၊ မွေးပေစေပေါ့ "
" ကောင်းပြီလေ "
အက်စသာ ပြန်လှဲအိပ်သည်။ နောက်တစ်နေ့ အိပ်ရာမှ ထထချင်း ကလေးကို နွားနို့တိုက်ဖို့ ပြင်ဆင် သည်။ ဘာမှ မပြောဘဲ သူ့အတွက် ပြောင်းဆန်မုန့် လုပ်ပေးသည်။ သူကလည်း ဘာမှ မပြော။
ဂီဒီယန် မျက်စိထဲတွင် အက်စသာသည် ကလေးတစ်ယောက်အမေ အိမ်ရှင်မကလေး မဟုတ် ဘဲ လေးဆယ်ကျော် မိန်းမကြီးတစ်ယောက်လို မြင်နေသည်။
အက်စသာ သည် မိမိထက် ဆင်ခြင်ဥာဏ်ရှိကြောင်း ဂီဒီယန် တဖြည်းဖြည်း သိလာသည်။ သူ တွေးတော စိုးရိမ်ခဲ့ သမျှ တို့သည် တစ်ခုပြီး တစ်ခု ဖြစ်လာနေ၏။
သည်နှစ်နွေဦး တွင် မြစ်ရေက မတက်စဖူး ထူးထူးကဲကဲ အတက်ကြမ်းနေ၏။ သည်လို မြစ်ရေ အတက်ကြမ်းမည် ကို ဆိပ်ကမ်းလုပ်သား တို့ ပလိပ်ရောဂါ ကြောက်သလို ကြောက်ကြ သည်။ မြစ်ရေ သည် ကြောက်ဖွယ်အဟုန်ဖြင့် စီးဆင်းနေ၏။ လှေသမားတွေ ကိုယ့်လှေ ကိုယ် မနိုင်ကြတော့ပေ။ ဆိပ်ကမ်း တစ်ဝိုက်တွင် ကမ္ဘာပျက်သလို ဆူညံနေသည်။

အလွန်စွန့်စားရဲသည့် ကုန်သည်များသာ ကုန်တင်ကုန်ချ လုပ်ကြသည်။ ဂီဒီယန် အလုပ်မရှိသည့် ရက်တွေ များသည်ထက် များလာသည်။ ကုန်စုံဆိုင်များဆီသို့ အက်စသာ ယောင်လည် ယောင် လည်နှင့် သွားသည်။ ကြက်သွန်ကလေး၊ ဆန်ကလေးများ အကြွေး ရလိုရငြား သွားခြင်းဖြစ်၏။ သို့သော် ဘယ်ဆိုင် ကမှ မရ။ တချို့ရက်များတွင် လင်မယားနှစ်ယောက် ညစာ မစားရပေ။
လူလီ့ယောက်ျား ကက်စ်ဆီမှာ အကူအညီတောင်းဖို့ စိတ်ကူးသေးသည်။ သို့သော် မသွားဖြစ်။ မစ္စတာဗဲလ်ကိုး က သူ့လူတွေကို လုပ်ခတစ်ဝက်လျှော့ချလိုက်သဖြင့် သူတို့လည်း ကျပ်တည်းနေကြ သည်။ မဟုတ်လား။ ကက်စ်က သူတို့ မိသားစု၏ စားဝတ်နေရေး အခြေအနေကို မေးတော့ ဂီဒီယန်က "အဆင်ပြေပါတယ်" ဟု ခပ်တည်တည် ပြန်ပြောလိုက်သည်။
အဖြစ်မှန် ကို ဘယ်သူမှ မသိစေလို။ ငတ်နေသည်က အကြောင်းမဟုတ်။ ငတ်နေသည်ကို လူမသိဖို့က ပို အရေးကြီးသည်။ အရှက်နှင့် လူလုပ်ကြသည် မဟုတ်လား။
အလုပ်အကိုင် အဆင်မပြေသည့်အခါ အကျပ်အတည်း တွေ့ဖူးပါ၏။ အငတ်ခံဖူးပါ၏။ သို့သော် မိမိ တစ်ယောက် တည်း ငတ်နေခြင်း မဟုတ်။ မိမိအား မှီခိုနေသည့် ဗိုက်ကြီးသည် ဇနီးနှင့် သမီးငယ် ကလေး တို့ပါ ငတ်လာတော့ ဂီဒီယန် တိမ်းတိမ်းပွေပွေ ဖြစ်လာသည်။

" ဂီဒီယန်နေရာမှာ အက်စသာ ဆိုရင်တော့ သစ်ဖြူတောအိမ်ကြီးကို သွားပြီး အကျိုး အကြောင်း ပြောပြမှာပဲ "
" တော်စမ်းပါ အက်စသာရယ်၊ သူတို့ ကိုယ့်ကို ဂရုစိုက်မှာ မဟုတ်ပါဘူး "
" ဘာပြု လို့ ဂရုမစိုက်ရမှာလဲ၊ သူတို့က စားမကုန် သုံးမကုန် ချမ်းသာတဲ့ လူတွေပဲ။ ပြီးတော့ ကိုယ်နဲ့က အမျိုးအရင်းကြီး ပဲဟာ "
" ဟာ သေတော့ မှာပဲ၊ ဇွန်လဆို ရေကျသွားမှပါကွာ " " ဟုတ်ပါတယ်၊ အက်စသာက မေမှာ မွေးမှာလေ "
" ကိုယ်ပြောတာ ယုံစမ်းပါ အက်စသာရယ်၊ အဲဒီလူတွေက ရေကြီးလို့ တို့တစ်တွေ ငတ်နေတာကို နားလည်နိုင် တဲ့ လူတွေ မဟုတ်ပါဘူး။ ကိုယ့်အမေက သစ်ဖြူတောမှာ နေခဲ့ပေမဲ့ နားလည် တယ်။ မေမေ ပြောလေ့ရှိတယ်၊ ချမ်းသာ တဲ့ လူတွေဟာ ပိုချမ်းသာချင်တဲ့အတွက် တွန့်တိုကြတယ်တဲ့ "
" ဒီလောက် ချမ်းသာနေပါလျက် နဲ့ ဘာလို့ တွန့်တိုကြပါလိမ့်နော် "
အက်စသာက မရေမရာနှင့် ပြောလိုက်သည်။

ဒုတိယကလေးမွေးတော့ အက်စသာ သေကောင်ပေါင်းလဲ ခံလိုက်ရသည်။ လူလီ လာပြီး ပြုစုပေး သည်။ အိမ်နီး နားချင်းတွေ က သူလိုကိုယ်လိုတွေ ဖြစ်သော်လည်း အက်စသာ အာဟာရ မပြတ်အောင် ဆန်ကလေး နည်းနည်းစီ၊ အသီးအရွက်ကလေး နည်းနည်းစီ စုပြီး ပေးကြသည်။
ကလေးလေးက သေးကွေးလွန်းသည်။ ဖြူဖျော့ဖျော့ကလေး။ အက်စသာလုံးဝ နို့မထွက်သဖြင့် ကလေးအသက်ရှင် ဖို့ကို ဂီဒီယန် မျှော်လင့်မထားပေ။ သို့သော် တစ်လမ်းတည်းနေ ကလေးအမေ သုံးယောက် က အလှည့်ကျ နို့လာတိုက်ပေးသဖြင့် သေကံမရောက် သက်မပျောက်ခဲ့ပေ။

အမြင်သစ်တစ်ခုကို ဂီဒိယန် ရလိုက်သည်။ လောကတွင် သည်လိုလူတွေ ရှိပါသေးလား ဟူသည့် အမြင်။ သည်လို ဒုက္ခတွေနှင့် ရင်မဆိုင်ရ လျှင် မေတ္တာတရားကို ဂီဒိယန်လို လူငယ် မြင်နိုင်စရာ မရှိ ပေ။
လက်သမားအလုပ်တွေ ပေါနေ၍ ၀င်လုပ်ဖို့ ဂီဒီယန် ကြိုးစားသည်။ လှေတွေ အဆိုက်အကပ် နည်း နေချိန် တွင် ပါစယ်ဆိပ်ကမ်းကုမ္ပဏီက သူတို့ ဆိပ်ကမ်းတွေကို ပြုပြင်နေချိန်ဖြစ်၏။ သည် အလုပ် နှင့် ရင်းနှီးလှသူ မဟုတ်၍ အပေါက်အလမ်း မတည့်လှပေ။ သို့သော် ကံကောင်းသည်ဟုပင် ဆိုရ မည်။ အလုပ် မရသည့် လူတွေ ဒုနဲ့ဒေး မဟုတ်လား။ ရေက တော်တော်နှင့် ပြန်မကျ။ တစ်သက်လုံး ကြီးနေတော့ မည့် ပုံ။

ခါတိုင်းလို စိုးရိမ်ရေမှတ်ကိုကျော်ပြီး တာပေါ် ရေလျှံကာ ဆင်းမသွားဘဲ စိုးရိမ်ရေမှတ် အောက်နား ကလေးတွင် တန့်နေသည်။ တက်လည်း မတက်၊ ကျလည်း မကျ။ စိုက်ပျိုးရေးသမားများအတွက် အန္တရာယ် မရှိသော်လည်း ဆိပ်ကမ်းသမားနှင့် လှေသမားများအဖို့ မရှူနိုင် မကယ်နိုင် ဖြစ်နေကြ သည်။ သည်ရေမျိုးနှင့် သူတို့ တစ်ခါမှ မကြုံဖူးကြ။
ဂီဒီယန် ပင်ပန်းလှပြီ။ ဆက်ပြီး တတ်နိုင်ပါတော့မလားဟု ကိုယ့်ကိုယ်ကိုယ် သံသယဖြစ် လာသည်။ ကျောရိုးတွေ ကျိုးကုန်လုမတတ် အလုပ်လုပ်သော်လည်း သူလုပ်ရမည့်အလုပ်က မပြီး။ စိတ်ဓာတ် ကျလာသည်။ အိမ်ပြန်ရသည်ထက် ဆိပ်ကမ်းတစ်ဝိုက် လျှောက်သွားနေရသည်က ပိုပြီး စိတ်ချမ်း သာ သလို ဖြစ်လာသည်။
အိမ်ပြန်ရောက် လျှင် ညှော်နံ့၊ ကလေး ခါးတောင်းကျိုက်တွေ အခြောက်ခံသည့် အနံ့များနှင့် ပူလောင် မွန်းကျပ်နေ ၏။ နောက်မွေးသည့် ဂျွန်ကလေးကလည်း ဂျီကျသည်။ ဂါဒီကလည်း မနိုင် တော့။ တစ်ကိုယ် လုံး ပေကျံပြီး ချောင်ကြိုချောာင်ကြားမကျန် လျှောက်သွားလိုက်၊ လဲကျလိုက်နှင့်။ အက်စသာက အမြဲ တမ်း ဒေါသကြီးနေသည်။ ဂီဒီယန် စကားမပြောရဲသလောက် ဖြစ်နေ၏။

သို့သော် ဇနီးလုပ်သူကို ဂီဒီယန် အပြစ်မတင်ရက်ပါ။ မိမိတွင်ရော သူ့တွင်ပါ အခက်အခဲများစွာ ရှိ နေသည် ကို ဘုရားသခင် သိပါသည်။ သူ့ဒုက္ခက ပိုလိမ့်မည်ထင်ပါသည်။
သို့သော် တစ်ည အိမ်အပြန်တွင် အက်စသာ့ အဖေကြီး ရောက်နေသည်ကို တွေ့ရသည်။ သတိ လက်လွတ်တွေ ဖြစ်ကုန်တော့၏။ ဒေါသကို မထိန်းနိုင်အောင် ဖြစ်သွားသည်။
စိတ်ထဲ က ပါလို့တော့ မဟုတ်ပါ။ အဘိုးကြီးကို မြင်လိုက်သည်နှင့် ဂီဒီယန် ခေါင်းနားပန်းကြီးသွား သည်။ ပုခက် ထဲက ကလေးက ငယ်သံပါအောင် အော်နေသည်။ ဂါဒီကလည်း အထိတ်တလန့်နှင့် ငိုနေ၏။ အဘိုးကြီး က အက်စသာ့ ပခုံးကိုကိုင်ပြီး အော်ဟစ်နေသည်။
" နင့်ယောက်ျား ပိုက်ဆံတွေ အများကြီး ရတယ် ဆိုတာ ငါသိတယ်၊ ပေး၊ ခု ထုတ်ပေး "
ဂီဒီယန် အခန်းတံခါး တွန်းဖွင့် ၀င်လိုက်သည်။ ဂါဒီကလေးက အဖေ့ဆီသို့ အားကိုးတကြီး ပြေးလာ သည်။ သို့သော် အဘိုးကြီး အနားတွင် လဲကျသွား၏။ ဤတွင် အဘိုးကြီးက ဂါဒီကလေးကို ကန်ထည့် လိုက် သည်။ ဂီဒီယန် မျက်လုံးတွေ ပြာဝေသွားသည်။

ဤတွင် ကြက်သေ သေနေသည်။ ပြီးမှ သွေးအိုင်ထဲ လဲနေသည့် ယောက္ခမကြီးကို ငုံ့ကြည့်သည်။ သတ် လိုက်မိသည့် အတွက် ဂီဒီယန် နောင်တမရပေ။
ထိုစဉ် အိမ်ရှေ့တံခါး ပွင့်လာပြီး မိန်းမကြီးတစ်ယောက် ငယ်သံပါအောင် အော်သည်။ တစ်ခဏ အတွင်း အိမ်နီးနားချင်းတွေ ရုတ်ရုတ်သဲသဲ ဖြစ် သွားသည်။ မိန်းမကြီးက အဘိုးကြီးတစ်ယောက် နှင့် လူငယ် တစ်ယောက် ရန်ဖြစ်ကြရာမှ လူငယ်က အဘိုးကြီးကို သတ်လိုက်ကြောင်း ဘေးလူတွေကို ပြောပြသည်။ ဂီဒီယန် ကို ဖမ်းပြီး အချုပ်ခန်းထဲ ပို့သည်။
ရုံးရောက် လို့ အဖြစ်မှန်ကို အစစ်ခံလိုက်လျှင် ဂီဒီယန် လွတ်မြောက်မည်ဟု အက်စသာ ယုံကြည် ထား လိုက် သည်။ ကလေးတွေကို အိမ်နီးနားချင်း လက်သို့ အပ်ပြီး လောလောဆယ် စားဖို့အတွက် ငှက်ပျောသီး ထွက်ရောင်းသည်။

ဂီဒီယန် အမှုကို ရုံးတင်တော့မှ မရှုပ်ရှုပ်အောင် ပြောသည့်နေရာပါ ကလားဟု အက်စသာ နားလည် ရတော့ ၏။ သူတို့တစ်တွေ သည် အင်္ဂလိပ်၊ ပြင်သစ်နှင့် စပိန်စကားတို့ကို တစ်ချိန်တည်း တွင် ရောထွေးပြောနေကြသည်။
ဂီဒီယန် က စပိန်စကားကို အမေ့ထံမှ သင်ထားခဲ့သည်။ အက်စသာက ပြင်သစ်စကားကို ဆိပ်ကမ်း တစ်ဝိုက်တွင် ငှက်ပျောသီးရောင်းရင်း တတ်ခဲ့သည်။ သို့သော် ရှေ့နေရှေ့ရပ်တွေ၊ တရားသူကြီး တွေက သူတို့လင်မယားနားလည်သည့် ဘာသာစကားဖြင့် အမှုစစ်ဆေးကြားနာခြင်းမပြုကြပေ။
တရားသူကြီးတစ်ယောက်မှာ စပိန်စကား လုံးဝမပြောနိုင်။ ရှေ့ဖတ် စာရေးက ဟိုလူ့ ဘာသာပြန်ပေးရ၊ သည်လူ့ ဘာသာပြန်ပေးရနှင့်။ ကြာတော့ ဘယ်သူတွေက ဘာတွေပြောလို့ ဘယ်သူတွေအတွက် ဘာတွေ ဘာသာပြန်ပေးနေမိမှန်း မသိတော့ပေ။

နောက်ဆုံးတွင် တရားရုံးက ဂီဒီယန်ကို စာရွက်တစ်ရွက်တွင် လက်မှတ်ထိုးခိုင်းသည်။ ဂီဒီယန် စိတ်ရှုပ်ရှုပ်နှင့် ခေါင်းကို သွက်သွက်ခါပြီး သူ စာမတတ်ကြောင်း သူတို့ နားလည်အောင် ပြောပြ သည်။
နှာခေါင်းရှည်ရှည်နှင့် လူကြီးက စီရင်ချက်ကို ဖတ်ပြသည်။ ၄င်းစီရင်ချက်ကို လူသုံးယောက်က ဘာသာ သုံးမျိုးဖြင့် ဖတ်ပြသည်။ တရားရုံးတွင် သည်တစ်ခုပဲ အက်စသာ သေသေချာချာ နား လည်သည်။ လူသတ်မှု ထင်ရှား သဖြင့် ဂီဒီယန် အပ္ပဂျွန်းကို ကြိုးပေးသတ်စေ ဟူသည့် စီရင်ချက်။
အော်ဟစ် ငိုကြွေးကာ လက်နှစ်ဖက် ဆန့်တန်းပြီး ဂီဒီယန်ဆီသို့ အက်စသာ ပြေးသွားသည်။ အစောင့် တစ်ယောက်က လက်ကို ဖမ်းဆွဲထားလိုက်သည်။
" ဟေ့ ကလေးမ၊ ဒီလို မလုပ်ရဘူးလေ " ဂီဒီယန်က အလန့်တကြား အော်သည်။

" ဒီမယ် ကျုပ်ပြောတာ ခင်ဗျားတို့ နားမလည်ဘူးလား "
သို့သော် အစောင့်တွေက သူ့ကို ဘာမှ ဆက်ပြောခွင့်မပေးဘဲ ဆွဲခေါ်သွားကြသည်။
အက်စသာ အိမ်ပြန်လာသည်။ ခြေထောက်တွေက ခဲဆွဲထားသည့် အလား။ အိမ်ရောက်တော့ ကြမ်းပြင်ပေါ် တွင် ထိုင်ကာ ကလေးနှစ်ယောက်ကို ခေါ်လိုက်သည်။ သူ့တွင် ထပ်ငိုဖို့ အင်အား မရှိ တော့ပေ။ ထိုစဉ်အိမ်လိစာရေးရောက်လာပြီး လခတောင်းသည်။ ပေးရမည့်ရက်ထက် သုံးရက်ကျော်နေပြီ။  " ကျွန်မ မှာ ပေးစရာ တစ်ပြားမှမရှိဘူး " ခြောက်ကပ်ကပ်အသံဖြင့် အက်စသာ ပြောလိုက် သည်။ ရင်ထဲတွင် ဘာခံစားမှုမှ မရှိတော့ဘဲ အားလုံး သေသွားသည့် အလား။

အိမ်လခ စာရေးက သူ နောက်ထပ် မစောင့်နိုင်တော့ကြောင်း၊ မနက်ဖြန်မှ မပေးနိုင်ရင် လူကြီးရော ကလေးတွေ ပါ လမ်းပေါ် ဆွဲချမည် ဖြစ်ကြောင်း ရာဇသံပေးသွားသည်။
ကလေးတွေက ဆာလို့ ငိုနေကြပြီ။ ပြောင်းဆန်မှုန့် လက်ကျန်ကို ကပျာကယာ ကျိုပြီး ကျွေးလိုက် သည်။ ကလေးနှစ်ယောက်နှင့် အက်စသာ အိပ်ရာဝင်သည်။ အင်း … သူတို့အဖေ ကြိုးပေးခံရမည် ဆိုလျှင် သူတို့ ကလေးတွေ လမ်းပေါ် ရောက်တော့မည်ပေါ့။
မဖြစ်ဘူး၊ သည်လို အဖြစ်မခံနိုင်ဘူး။ ပြတ်သားသည့် အဆုံးအဖြတ်တစ်ခုကို အက်စသာ အခိုင် အမာ ချလိုက် သည်။ ငါ အသက်ရှင်နေသမျှ ကာလပတ်လုံး ငါ့ယောက်ျားရော ငါ့ကလေးတွေပါ ဒီလို အဖြစ် မခံနိုင်ဘူး။

ဂီဒိယန် ဘာပြောပြော သစ်ဖြူတောကို မနက်ဖြန် အရောက်သွားမည်။ အသက်သေချင် သေပေစေ။ မစ္စတာရှာရမီနှင့် မရရအောင် တွေ့ခွင့်တောင်းပြီး အကျိုးအကြောင်းကို ပြောမည်။
မနက်အစောကြီး ထသည်။ ရှိစုမဲ့စုပစ္စည်းတွေ ထုပ်ပိုးပြီး ကလေးနှစ်ယော်ကို ချီကာ လူလီတို့အိမ် သို့ ထွက်ခဲ့သည်။ နေရေးထိုင်ရေး အခက်အခဲအကြောင်း ပြောပြပြီး ကလေးနှစ်ယောက်ကို တစ်ရက်လောက် ထိန်းထားပေးပါရန် တောင်းပန်ထားခဲ့သည်။ လူလီက ဂီဒီယန်ကို ထောင်ဝင်စာ သွားတွေ့ခြင်း ဖြစ်မည်ဟု ထင်၏။

မြို့ပြင်သို့ ထွက်ခဲ့သည်။ မြို့ပြင် ရောက်သည်နှင့် သစ်ဖြူတောသို့ သွားရာ လမ်းကို ရှာပြီး လျှောက် တော့၏။ နေမှာ ထွက်လာပြီ ဆိုကတည်းက ပူတော့သည်။ မြင့်တက်လာလေ ပိုဆိုးလေ။
အက်စသာ အတတ်နိုင် ဆုံး သေသေသပ်သပ် ၀တ်စားလာသည်။ သို့သော် လမ်းပေါ် တွင် မြင်းရထား တစ်စင်း ဖြတ်မောင်းသွားတိုင်း ဖုန်လုံးကြီးတွေနှင့် ရောထွေး ကျန်ရစ်သည်။ မကြာခင် တစ်ကိုယ်လုံး မြင်မကောင်းရှုမကောင်း ဖြစ်ကုန်တော့၏။ ဆောင်းလာသည့် ဦးထုပ်ကလေး က ခေါင်းပေါ် မှ နေပူရှိန် ကို လုံးဝ မကာကွယ်နိုင်။ ခေါင်းတွေ ကိုက်လာသည်။

စိုက်ပျိုးရေးကမ္ဘာနှင့် အက်စသာ စိမ်းလှသည်။ တစ်ခါမှ ဒီဘက်ကို မရောက်ဖူးခဲ့။ ၀ါခင်းတွေ ထဲ က မောင်းထွက် လာသည့် ကပ္ပလီ မြင်းလှည်းသမား တစ်ယောက်ကို မေးလိုက်သည်။
" သစ်ဖြူတော က ဘယ်ဘက်မှာလဲ " သူက နှင်တံနှင့် ညွှန်ပြီး -
" ဟောဟိုဘက်မှာ " " တော်တော်ဝေးသေးလား " " အင်း … ဝေးတော့ ဝေးသေးတယ် " အက်စသာ လက်နှစ်ဖက် ကို တင်းတင်းဆုပ်လိုက်သည်။

" ရှင် အဲဒီဘက်ကို သွားမှာလား၊ ကျွန်မ လိုက်ခဲ့ပါရစေ "
" မသွားဘူးခင်ဗျ၊ ကျုပ်အလုပ်နဲ့ ကျုပ် အားလည်း မအားဘူး "
မြင်းကို တစ်ချက်ရိုက်ပြီး မောင်းထွက်သွားသည်။ အက်စသာ လမ်းဘေးတွင် ခဏထိုင်ချလိုက် သည်။ ခြေသလုံးတွေ တောင့်တင်းလာပြီ။ ပြန်မှ ထနိုင်ပါဦးမလား။ သို့သော် ကြိုးကြိုးစားစား အား တင်းပြီး ထသည်။

လမ်းက ၀ါခင်းတွေ ကို ကွေ့ကာပတ်ကာ ဖြတ်ဖောက်ထားသည်။ ၀ါခင်းတွေ ဆုံးတော့ ကြံခင်းတွေ ကို တွေ့ရပြန်သည်။ သည်ဘက်ရောက်တော့ သစ်တောများကို တစ်ကွက်တလေသာ တွေ့ရပြီး ဘယ်ကြည့်ကြည့် စိုက်ခင်းတွေချည်းမြင်ရသည်။
နောက် ကပ္ပလီတစ်ယောက်တွေ့တော့ သစ်ဖြူတောပိုင်ဖြစ်ကြောင်း၊ ဟိုးအဝေးက မြင်နေရသည့် အိမ်ဖြူဖြူကြီး မှာ သစ်ဖြူတောအိမ်ကြီးဖြစ်ကြောင်း ပြောပြသည်။
သစ်ဖြူတော အိမ်ကြီးမှာ လမ်းမနှင့် အဝေးကြီးဖြစ်သည်။ အိမ်ပတ်ပတ်လည်တွင် သစ်ပင်တန်း တွေနှင့်၊ ပန်းခြံတွေနှင့်။ အက်စသာ နောက်ပေါက်မှ ၀င်သွားပြီး ပန်းခြံကို ဖြတ်လျှောက်သွားသည်။ အိမ်ပတ်ပတ်လည် တွင် လူမည်းအိမ်စေတွေ လှုပ်လှုပ်ရွရွ အလုပ်လုပ်နေကြ၏။

နောက်ဖေးတံခါးကို ခေါက်လိုက်သည်။ တံခါးဖွင့်ပေးလာသည့် တံခါးမှူး ကောင်လေးကို " ငါ မစ္စတာရှာရမီ နဲ့ တွေ့ချင်တယ်" ဟု ခပ်တည်တည်ပြောလိုက်သည်။
ကောင်လေး က ချွေးတွေရွှဲပြီး ဖုန်တွေ အလိမ်းလိမ်းနှင့် တစ်ကိုယ်လုံး မည်းသည်းနေသည့် အမျိုး သမီး ကို ခြေဆုံးခေါင်းဆုံးကြည့်သည်။
" အစ်ကိုလေး မရှိဘူး၊ ကွင်းထဲ သွားတယ်၊ ဘာကိစ္စလဲ "
" ငါ သူနဲ့ တွေ့ချင်လို့ " အက်စသာ လျေကားလက်ရန်း ကို လှမ်းအားပြုထားလိုက်သည်။ ပင်ပန်းလှပြီ။ ခြေထောက်တွေ တဆတ်ဆတ် တုန်နေ၏။
မီးဖိုဆောင်ထဲ မှ ကပ္ပလီနှစ်ယောက်သုံးယောက်က သူ့ကို မထီမဲ့မြင် လှမ်းကြည့်နေကြသည်။ တစ်ယောက် က လှမ်းပြောသည်။

" မမလေးက သူတောင်းစားတွေ မလာရဘူး ပြောထားတယ် " အက်စသာ ချာခနဲ လှည့်ကြည့်လိုက် သည်။
" ဟဲ့ ငမည်းကောင်၊ နင့်ပါးစပ် ပိတ်ထားလိုက်စမ်း၊ ငါ မစ္စတာရှာရမီနဲ့ တွေ့ဖို့ ကိစ္စရှိလို့လာခဲ့တာ၊ မတွေ့ရ မချင်း ငါမပြန်ဘူး " တံခါးမှူး ကောင်လေးဘက်ကို ပြန်လှည့်ပြီး - " နင်တို့ အစ်ကိုလေး မရှိရင် အဘိုးကြီးကော မရှိဘူးလား၊ သူ့အဖေလေ " တံခါးမှူး ငမည်းလေးက ပခုံးတွန့်ပြီး -
" ကာလက် သခင်ကြီးဆုံးတာ နှစ်နှစ်ရှိပြီ၊ သခင်ကြီး နဲ့ ခင်ဗျား နဲ့ ဘာဆိုင်လို့လဲ "
" ဆိုင်တာပေါ့ဟဲ့၊ မစ္စတာရော်ဂျာရှာရမီနဲ့ ငါ တွေ့မှဖြစ်မယ်၊ လျှောက်လာရတာ ပင်ပန်းလှပြီ၊ ငါ့ယောက်ျား က သူ့ညီတော်တယ်၊ ငါ့ယောက်ျား ကြိုးပေးခံရတော့မယ့်ဆဲဆဲမို့ သူ့အစ်ကို မစ္စတာ ရှာရမီဆီ လာပြီး …. "

 " ခင်ဗျား ခုထွက်သွား၊ လာဖြီးမနေနဲ့၊ မစ္စတာရှာရမီမှာ ညီလည်း မရှိဘူး၊ အစ်ကိုလည်း မရှိဘူး၊ သွား သွား၊ အဖြူ သူတောင်းစားမ "
" ခွေးသူတောင်းစား ငမည်းကောင် "
အက်စသာ ဒေါသတကြီး အော်လိုက်သည်။ ထိုစဉ် တံခါးဝသို့ အမျိုးသမီးတစ်ယောက် ရောက်လာ သည်။ အစ်စသာ ချက်ချင်း မှတ်မိလိုက်သည်။ ဆိပ်ကမ်းတွင် မစ္စတာရှာရမီနှင့် တွဲလာသည့် အမျိုး သမီး။ သည်လောက် လှသည့် အမျိုးသမီးဆိုလျှင် သဘောကောင်းရမည်၊ အကြင်နာတရား ရှိရ မည်ဟု အက်စသာ ခန့်မှန်းလိုက်သည်။
အမျိုးသမီး က နုနုရွရွကလေးဖြစ်၏။ ရွှေရောင်ဆံပင် အခွေကလေးများကို အပြာရောင်ဖဲကြိုးနှင့် ဖြီးချ ထားသည်။ အဖြူရောင် ပိုးဝတ်ရုံနှင့် လိုက်ဖက်လှသည်။ ကလေးငယ်တစ်ယောက်ကို လက်တွဲ ထား၏။

" ဟဲ့ … ဘာဖြစ်နေကြတာလဲ၊ နင်တို့အချင်းချင်း ရန်မဖြစ်ရဘူးလို့ ငါပြောထားတယ် မဟုတ်လား "
အမျိုးသမီး က ခုမှ အက်စသာ့ကို မြင်သွားသည်။ ဒေါသကြောင့် အက်စသာ့မျက်နှာမှာ တင်းမာနေ သည်။ " သူက ဘယ်သူလဲ " အမျိုးသမီးက မေးသည်။ တံခါးမှူးငမည်းကောင်လေးက ပခုံးတွန့်ပြီး -
" ဒီလိုပါ မမလေး၊ အဲဒီမိန်းကလေး က တံခါးကို တဒုန်းဒုန်း လာထုပြီး သူ့ယောက်ျား ကြိုးပေးခံရတော့ မယ့် အကြောင်း လာပြောပါတယ်။ စိတ်မနှံ့ဘူးထင်ပါတယ် မမလေး "
မာသာရှာရမီ က အစ်စသာကို တစ်ချက်ပြန်ကြည့်ပြီး မေးသည်။

" မင်း ဘာလိုချင်လို့လဲ "
သူ့အသံက အပေါ် အမြင့်ကြီးမှလာသည့် အသံမျိုး။ အက်စသာ ရှေ့တစ်လှမ်းတိုးလိုက်သည်။
" တစ်ဆိတ်ရှင်၊ မမက မစ္စက်ရှာရမီပါနော် "
" ဟုတ်ပါတယ်၊ မင်း ဘာအတွက် ဒီကို ရောက်လာတာလဲ "
အက်စသာ တောင်းတောင်းပန်ပန် ပြောသည်။

" မမနဲ့ ကျွန်မ ခဏကလေး စကားပြေပါရစေရှင်၊ ကျွန်မပြောတာကို ဒီငမည်းကောင်လေးက မယုံဘူး၊ ကျွန်မ မလိမ်ပါဘူး မမရယ်၊ ကျွန်မနာမည်အက်စသာအပ္ပဂျွန်းပါ၊ ကျွန်မယောက်ျားနဲ့ မမယောက်ျားဟာ ညီအစ်ကိုတော်ပါတယ်၊ ခု ကျွန်မ ယောက်ျားကို သူတို့ ကြိုးပေးတော့မလို့တဲ့ "
အမျိုးသမီး၏ မျက်လုံးတွေ မှေးစင်းသွားသည်။ နှုတ်ခမ်းကို တင်းတင်းစေ့ထား၏။
" ဘာ လာ အထဲလာ " သူတို့သားအမိနောက် မှ အက်စသာ ၀င်လိုက်သွားသည်။ ဧရာမ အခန်းကြီးတစ်ခန်းထဲ ရောက်သွား သည်။ အေးအေးမြမြ ရှိလှ၏။ အဖြူရောင် ခန်းဆီးတွေနှင့်။ နံရံတွင် ပန်းချီကားတွေ ချိတ်ထားသည် မစ္စက်ရှာရမီက ထိပ်တွင် ပန်းပွားတပ်ထားသည့် ကြိုးတစ်ချောင်းကို ဆွဲလိုက် သည်။ အိမ်ဖော်မ တစ်ယောက် ချက်ချင်းရောက်လာ၏။

" ကလေးကို ခေါ်သွားစမ်း၊ ငါ မခေါ်မချင်း ဘယ်သူမှ အခန်းထဲ မ၀င်စေနဲ့ "
အမျိုးသမီး က ကုလားထိုင်ကြီး တစ်လုံးတွင် ၀င်ထိုင်လိုက်သည်။ စားပွဲပေါ်တွင် ပန်းတွေ ဝေနေ သည့် ဧရာမ ပန်းအိုးကြီးတစ်လုံးရှိ၏။
မစ္စက်ရှာရမီ စကားစသည်။

" ကဲ … ဆိုပါဦး၊ မင်း ဘာတွေ ပြောနေတာလဲ "
ထိုင်ခွင့်မပေးဘဲ ကုလားထိုင်တစ်လုံးတွင် အက်စသာ ထိုင်ချလိုက်သည်။ ဆက်မရပ်နိုင်တော့ဘူးလေ။ အာခေါင်တွေ ခြောက်ကပ်ပြီး ရေဆာလှပြီ။ ဇာတ်လမ်းကို စ ပြော သည်။ သို့သော် ဟိုတစ်စ သည်တစ်စ ဖြစ်နေ၏။ အချိတ် အဆက် မမိ။ ပြတ်တောင်း ပြတ်တောင်း။ စကားလုံးတွေ စီစီ ညီညီ သီသီကုံးကုံး ထွက်လာခြင်း မဟုတ်။ မစ္စက်ရှာရမီက စားပွဲ ပေါ်တွင် မေးကို လက်နှင့် ထောက်ပြီး နားထောင်နေရာမှ -
" ကိုယ်တော့ မင်းကို နားမလည်နိုင်အောင်ဘဲ၊ မင်း တမင်တကာ ဒီကို ညာဖို့ ရောက်လာတာလား၊ ဒါမှမဟုတ် မင်း စိတ်မမှန်လို့လား " " မဟုတ်ဘူး၊ အဲဒီနှစ်ခုလုံး မဟုတ်ဘူး " ပြီးမှ လေသံကို လျှော့ချပြီး - " တစ်ဆိတ် မမရယ်၊ သေသေချာချာ နားထောင်ပါရှင်၊ ဒါထက် မမယောက်ျားက ဆိပ်ကမ်းရပ်ကွက်မှာ သူ့ အမေ နောက်အိမ်ထောင်ပြုတဲ့အကြောင်း မမကို ပြောမပြဘူးလားဟင်၊ ဆိပ်ကမ်းအလုပ်သမား တစ်ယောက်နဲ့လေ " မစ္စက်ရှာရမီက ပန်းအိုးထဲမှ နှင်းဆီပန်းတစ်ပွင့်ကို ရွှေ့စိုက်လိုက်သည်။

" ကိုယ့်ယောက်ျားက သူ့အမေအကြောင်း သိပ်မသိဘူး၊ သူ့အမေ ဆိပ်ကမ်းရပ်ကွက်က လူတစ်ယောက် နဲ့ နောက်အိမ်ထောင်ပြုတဲ့အကြောင်းတော့ သဲ့သဲ့ကြားဖူးတယ်။ ဒါပေမဲ့ မင်းယောက်ျားက သူ့သား ပါဆိုတာ ဘယ်လိုလုပ်ပြီး သိနိုင်မလဲ။ သိတယ်ပဲ ထားပါဦး၊ ကိုယ်က ဘာလုပ်ပေးနိုင်မှာလဲ "
" အစ်မ ရဲ့ အကူအညီ လိုနေလို့ပါရှင် "
အက်စသာ က လေသံဖြင့် ပြောလိုက်သည်။ မစ္စက်ရှာရမီက ညင်သာစွာ ပြုံးလိုက်ပြီး -
" မိန်းကလေးရယ်၊ ဘယ်လိုလုပ်ပြီး တို့ ကူညီနိုင်မှာတုံး၊ စိတ်မကောင်းပါဘူးကွယ်၊ မင်းယောက်ျားက လူတစ်ယောက် ကို သတ်တယ် ဆိုတော့ တရားဥပဒေအရ အပြစ်ခံရမှာပေါ့၊ တို့ ဘာလုပ်လို့ ရမှာလဲကွယ်၊ ကျန်ခဲ့မယ့်မင်း နဲ့ မင်းကလေးတွေ အတွက်တော့ …. " စားပွဲထဲမှ ပိုက်ဆံအိတ်ကို နှိုင်ယူပြီး - " မင်း အလုပ်အကိုင်မရခင် စားဖို့ သောက်ဖို့အတွက် နည်းနည်းပါးပါးပေး လိုက်မယ် "

အက်စသာ လေးကန်စွာ ထ ရပ်သည်။ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ပြီး - " ရှင်ဟာ ကျွန်မ တွေ့ဖူးသမျှ မိန်းမတွေထဲမှာ အယုတ်မာဆုံးပဲ " မစ္စက်ရှာရမီက ပိုက်ဆံအိတ်ကို ကမ်းပေး ရင်း ချော့ချော့မော့မော့ လုပ်သည်။ " ရော့ ယူပါကွယ်၊ ပြီးရင် သွားတော့နော် "
ပိုက်ဆံအိတ် ကို လှမ်းယူပြီး ကြမ်းပြင်ပေါ်သို့ လွှင့်ပစ်လိုက်သည်။ " ကျွန်မ မသွားဘူး၊ ပိုက်ဆံလိုချင်လို့ ကျွန်မ လာခဲ့တာ မဟုတ်ဘူး၊ ကျွန်မယောက်ျား ထောင်က လွတ်ရင် ကျွန်မတို့ သားအမိတစ်တွေကို သူ ကျွေးနိုင် တယ်၊ ကျွန်မ လိုချင်တာက မမတို့ အနေနဲ့ သက်ဆိုင်ရာကို သွားရှင်းပြဖို့ပဲ၊ ကျွန်မ အဖေကို သူ ဓားနဲ့ ထိုးတာက မူးမူးရူးရူး နဲ့ သမီးကလေးကို ခြေထောက်နဲ့ ကန်လို့ စိတ်လိုက်မာန်ပါ လုပ်မိတာ "
မစ္စက်ရှာရမီ သက်ပြင်းချသည်။

" ဒါဆို တရားရုံးကို မင်းဘာသာမင်း ဘာလို့ ရှင်းမပြလဲ "
" ကျွန်မ ရှင်းပြဖို့ ကြိုးစားတယ်၊ သူတို့နားလည်အောင် ဘယ်လိုမှ လုပ်လို့မရဘူး၊ သူတို့က တရားခံ နားမလည်တဲ့ စကားလုံးတွေနဲ့ ဒွတ်ဒတ်ရွှတ်ရှက်လုပ်ပြီး တစ်ဖက်သတ် သေဒဏ်ပေးလိုက်တာရှင့်၊ မမတို့အနေ နဲ့ တရားသူကြီးကို သွားပြောပြရင် သူတို့ လက်ခံမှာပါ " " တို့က လူသတ်မှုကိစ္စမျိုးနဲ့ ရုံးပြင် ကနား မသွားဖူးဘူးကွယ့် "
ဘာမှ နားမလည်သည့် ကလေးတစ်ယောက်ကို ပြောသလို ရှင်းပြနေသည်။ ပိုက်ဆံအိတ်ကို သွား ကောက်ယူပြီး -
" ရော့်ပါ၊ ယူပြီး မင်း သွားပါတော့၊ မင်း ဒီလို အော်ဟစ်နေလို့ ဘာမှ ကြောင်းထူးမှာ မဟုတ်ဘူး "
" မသွားဘူး၊ မစ္စတာရှာရမီ နဲ့ မတွေ့ရမချင်း ကျွန်မ မပြန်ဘူး၊ ဘယ်လိုမှ မသွားဘူး "
" မင်း သွားရမှာပေါ့ကွယ် "

မစ္စက်ရှာရမီက အေးအေးကလေး ပြန်ပြောသည်။ ရင်ထဲမှ ဒေါသကို မျိုသိပ်ပြီး ယဉ်ကျေးမြဲ ချိုသာ မြဲ။ သည်လို မိန်းမမျိုး အက်စသာ တစ်ခါမျှ မမြင်ဖူးခဲ့။ ပြီးတော့ ဆက်ပြောသည်။
" မင်း ဒီလို ရိုင်းစိုင်းနေမယ် ဆိုရင်တော့ ကိုယ့်အနေနဲ့ အစေခံတွေကိုခေါ်ပြီး ဆွဲထုတ်ခိုင်းရလိမ့်မယ်၊ ကဲ … မင်း အေးအေးဆေးဆေး သွားမလား "
သူ့လက်က နံရံတွင် တွဲလောင်းကျနေသည့် ကြိုးဆီသို့ ရောက်သွားသည်။ သူ့လက်လှုပ်ရှားမှုကို အက်စသာ ရိပ်ခနဲ မြင်လိုက်သလို။ မစ္စက်ရှာရမီ၏ အကြင်နာကင်းသည့် မျက်နှာမှာ ဝေးသွားလိုက်၊ နီးလာလိုက်နှင့် လေထဲမှာ လွင့်မျောသွားသလို စိတ်ထဲ ခံစားရ၏။ နောက်ဆုံးတွင် လဲကျသွားသည်ကို သိလိုက်၏။ သို့သော် ဘယ်လိုမှ မထိန်းနိုင်တော့။
မျက်စိ ဖွင့်ကြည့်လိုက်သည်။ အပြာရောင် အိပ်ရာခင်းနှင့် ရှင်းရှင်းသန့်သန့် အိပ်ရာ တစ်ခုပေါ်သို့ ရောက်နေကြောင်း သတိထားလိုက်မိ၏။ ခုတင်ခြေရင်းတွင် မစ္စတာရှာရမီကို ရပ်လျက် သား တွေ့ ရ၏။ သူ့မိန်းမက နံဘေးတွင် ထိုင်လျက်။ မစ္စတာရှာရမီမှာ ဂီဒီယန်နှင့် တူသလိုလို ရှိသည်။ နှာတံ ကျပုံနှင့် မျက်ခုံးတွေမှာ တထေရာတည်း။

" ကဲ … ဆက်ပြောလေ၊ အဲဒီတော့ မင်း ဘာလုပ်သလဲ "
မစ္စတာရှာရမီ သူ့မိန်းမ ကို စစ်ဆေးနေဟန်တူ၏။ " ဘာမှ မလုပ်ပါဘူး၊ အစေခံတွေခေါ်ဖို့ ကြိုးကိုဆွဲမယ် လုပ်တုန်း သူ မေ့လဲသွားတာပဲ " ရော်ဂျာရှာရမီ ခုတင်တိုင်ကို တင်းတင်းဆုပ်ထားလိုက်သည်။ ပြီးမှ ခပ်လေးလေး ပြောသည်။ " မင်းမှာ အဲဒီလို အသည်းနှလုံးမျိုး ရှိလိမ့်မယ်လို့ ကိုယ် လုံးဝ မထင်ခဲ့ဘူး မာသာ " " သြော် … ရော်ဂျာကလဲကွယ်၊ ဒုက္ခပါပဲ၊ ဒီကိစ္စကြောင့် ရှက်စရာတွေ ကြုံခဲ့ပြီးပြီ၊ စာမတတ်တဲ့ ရာဇ၀တ်သား တစ်ယောက်နဲ့ ရှင် ညီအစ်ကို တော်တယ်ဆိုတာ လူသိရှင်ကြား ၀န်ခံမလို့လား၊ ရှင့်ရဲ့ သစ်ဖြူတော မှာ ဒီလိုဟာတွေ တရုန်းရုန်းနဲ့ အဖြစ်ခံတော့မလား"
ရော်ဂျာရှာရမီ သက်ပြင်းချပြီး အစ်စသာကို တစ်ချက်ငဲ့ကြည့်သည်။

" ဟော … ဟော သတိရလာပြီထင်တယ်၊ သွား သွား ကောင်မလေးတစ်ယောက်ကို ဘရန်ဒီ ယူခဲ့ ခိုင်းစမ်း " ခုတင်နံဘေးတွင် ရော်ဂျာ ၀င်ထိုင်သည်။ စကားလုံးများဖြင့် ဖော်ပြနိုင်စွမ်း မရှိသော ကျေးဇူးတင် ခြင်းမျိုးဖြင့် အက်စသာ လှမ်းကြည့်လိုက်သည်။
ရော်ဂျာရှာရမိ သည် ဝေခွဲမရ ဖြစ်နေ၏။ အမျိုးသမီးကို ကျွေးမွေးပြီး အနားယူခိုင်းထားသည်။ သူ ပြောလာ သည့် ဇာတ်လမ်းမှာ အမှန်တွေချည်းဖြစ်ကြောင်း စိတ်ထဲက သိနေ၏။ အမေ့အကြောင်းကို အဖေ့ ထံမှ များများစားစား မသိခဲ့ရပေ။ အမေသေပြီးနောက် သူ့ကလေးတွေကို အဖေရှာချင်တယ် ဆိုရင် တွေ့အောင် ရှာဖို့ကောင်းသည်ဟု ရော်ဂျာ တွေးနေ၏။
တစ်ချက်တော့ မာသာ့တွက်ကိန်းမှန်နိုင်သည်။ ဒီကိစ္စ လူသိရှင်ကြားဖြစ်သွားလျှင် သိက္ခာ ကျစရာတွေဖြစ်လာမည်မုချ။ သို့သော် အက်စသာ့ဘက်မှလည်း တရားသဖြင့် ဖြစ်အောင် ရပ်တည် ပေးချင်နေ သည်။

ဂီဒီယန်အပ္ပဂျွန်းသည် ဒိုလားရက်စ်၏သား ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ အက်စသာ ပြောသည့် ပုံ သဏ္ဍာန်ဖြင့် လူသတ်မှု ဖြစ်ခဲ့သည်ဆိုလျှင်တော့ သေဒဏ်ကျခံဖို့ မစီရင်သင့်ပေ။ မာသာ့ကိုလည်း ဒီ အတိုင်း ပြောပြထားသည်။
" ဒုက္ခရောက်နေ တဲ့ လူတစ်ယောက်ကို ကူညီတာနဲ့ မင်း ဒါလောက် သောကပွားနေဖို့ မလိုဘူး မာသာ"
မာသာ က မျက်ရည်လျှံနေသည့် မျက်လုံးများဖြင့် မော်ကြည့်ပြီး တိုးတိုးကလေး ပြန်ပြောသည်။
" ရော်ဂျာရယ် မာသာအတွက် မဟုတ်ပါဘူး၊ သားလေး စီရယ် အတွက် ရှေ့ရေး ကို တွေးပြီး ပြောနေ ရတာပါ "
" စီရယ်နဲ့ ဘာဆိုင်လို့လဲ " ရော်ဂျာက နားမလည်သလို ပြန်မေးလိုက်သည်။ မာသာက သူ့ပေါင်ပေါ် ၀င်ထိုင်ပြီး သိုင်းဖက်လိုက် သည်။

" ဆိုင်တာပေါ့ကွယ်၊ သူတို့တွေနဲ့ အမျိုးစပ်မိရင် ဘာဖြစ်လာမယ်ဆိုတာ ရော်ဂျာ မတွေးမိဘူးလား ဟင်၊ လမ်းမှာ တွေ့တိုင်း ဒီမိန်းမက မွေးတဲ့ ပေါက်လွှတ်ပဲစားလေးတွေက သားလေးကို "ဟဲလို ညီလေး၊ ဟဲလို အစ်ကိုလေး " နဲ့ လိုက်နှုတ်ဆက် ရင် ဘယ့်နှယ်လုပ်မလဲ၊ မိန်းမတွေက အတင်းပြော ဆိုးက ဆိုးပါဘိနဲ့၊ သားလေး အတွက် ကြည့်ပြီး ဒီကိစ္စမှာ မပါဖို့ ပြောနေတာပါ ရော်ဂျာ၊ မာသာရဲ့ တစ်ဦးတည်းသော သားကလေး အတွက်လေ "
မာသာက ပြောပြောဆိုဆို ယောက်ျားနှင့် ပါးချင်းအပ်ထားလိုက်သည်။ မာသာ မျက်ရည်ခံ ထိုးလျှင် ရော်ဂျာ ပျော့ကျသွားသည်ချည်း။ သို့သော် သည်တစ်ကြိမ်တော့ တင်းခံရတော့မည်။
" မာသာ ရယ်၊ လူတစ်ယောက်ရဲ့အသက် ကယ်မယ့်ကိစ္စမှာ မင်းက ကိုယ့်ကို ၀င်တားနေတယ်နော်၊ မသေသင့် တဲ့ လူတစ်ယောက် လည်ပင်းကြိုးကွင်းစွပ်ပြီး အသတ်ခံရမှာကို ကိုယ် လက်ပိုက် ကြည့် နေရ မှာလား၊ ကိုယ့်ဘက်က ကာကွယ် လျှောက်လဲချက်တောင် ကောင်းကောင်း မပေးလိုက်ရဘဲ တစ်ဖက်သတ်ချ တဲ့ စီရင်ချက်လေ "
" သူ့အပြစ် နဲ့ သူ သွားတာပဲ၊ ရှင့်တာဝန် တစ်ပြားသားမှ မရှိပါဘူး ရော်ဂျာရယ် "

ပါးပြင်တွင် မျက်ရည်တွေ တလိမ့်လိမ့်ကျရင်း မာသာ တောင်းပန်ပြန်သည်။
" မစ္စအပ္ပဂျွန်း က မင်းကို သူတို့ နေရေးထိုင်ရေး ဒုက္ခရောက်တဲ့အကြောင်း ထည့်ပြောသေးလား "
" သူ့ကို ပိုက်ဆံပေးသားပဲ "
" အဲဒီရပ်ကွက် က အိမ်ခန်းတွေက မင်းတို့ပိုင်တွေ မဟုတ်လား မာသာ "
" ဟုတ်တယ်လေ၊ အဲဒီ ရပ်ကွက်လုပ်ထားတဲ့ မြေတွေကိုက မာသာတို့ မြေတွေပဲ၊ လခမပေးနိုင်တဲ လူတွေ အတွက် ဘာလုပ်ပေးနိုင်မှာလဲ၊ မာသာ့အပြစ်လား " " သြော် မိန်းမရယ်၊ မင်းအပြစ်တော့ မဟုတ် ဘူးပေါ့၊ ဒါပေမဲ့ ကိုယ်သာ အဲဒီရပ်ကွက်ပိုင်ရှင် ဖြစ်ရင် လခမှန်မှန်ရရေး တစ်ခုတည်း မဟုတ်ဘဲ အိမ်ငှားတွေ ကောင်းကောင်းမွန်မွန် နေရရဲ့လား၊ မျှမျှတတ ရှိရဲ့လားဆိုတာ စိတ်ဝင်စားမှာပဲ၊ ဘာပဲပြောပြော ဂီဒိယန်အပ္ပဂျွန်းဟာ ကိုယ့် မအေတူဖအေကွဲ ညီအစ်ကိုဖြစ်နေပြီ၊ သူ့အသက်ကို ကိုယ် မကယ်လိုက် ရရင် တစ်သက်လုံး စိတ်ချမ်းသာနိုင်တော့မှ မဟုတ်ဘူး မာသာ "

" အမေတူ ညီအစ်ကို ဟုတ်တယ်ပဲ ထားပါဦး၊ ရှင့်တာဝန်မှ မဟုတ်တာ၊ ရှင့်တာဝန်က သားကလေး စီရယ်ရှင့်။ စီရယ်ဟာ ဒီလို သွေးမျိုးနဲ့ စပ်တယ်ဆိုပြီး တစ်သက်လုံး လူတောထဲ မတိုးနိုင်အောင် ဖြစ်မယ့်အရေးကို ရှင် မစဉ်းစားဘူးလား ရော်ဂျာ၊ ကျွန်မတော့ မခံနိုင်တော့ဘူး "
မျက်နှာ ကို လက်ဝါးနဲ့အုပ်ပီး တရှုပ်ရှုပ် ငိုပြန်သည်။
ရော်ဂျာ စိတ်ပျက်လက်ပျက်နှင့် ထွက်လာခဲ့၏။ ကြံရာမရ ဖြစ်ပြီး ၀က်သစ်ချမြိုင်သို့ မြင်းလှည်းတစ်စီး လွတ် လိုက်သည်။ အန်တီဂျူးဒစ် ဆီကို စာတစ်စောင် ရေးပေးလိုက်၏။ အရေးကြီးလွန်းသဖြင့် အန်တီဂျူးဒစ် အမြန်ဆုံး လိုက်လာပါဟု ရေးလိုက်သည်။ အမေ့အကြောင်းကို ပိုသိသည့် အန်တီဂျူးဒစ်နှင့် တိုင်ပင် မှ ဖြစ်တော့မည်။
ဂျူးဒစ် နေမ၀င်မီ ရောက်လာသည်။ နောက်မှ မိန်းကလေးတစ်ယောက်က စက္ကူဖာတစ်ခုကို ကိုင်လျက် လိုက် လာသည်။

" ည၀တ်အင်္ကျီပါ ယူလာခဲ့တယ်၊ အန်တီဂျူးဒစ် မပြန်တော့ဘူးလေ၊ သိပ်မှောင်မှာစိုးလို့၊ ကဲ … ဘာများ လဲ သားရယ်၊ မထိတ်သာ မလန့်သာ အန်တီဂျူးဒစ် ရင်တွေတုန်လိုက်တာ "
ရော်ဂျာ ခုမှ ရယ်နိုင်သည်။ ရင်ထဲတွင် ပေါ့သွား၏။ အန်တီဂျူးဒစ်ကို မြင်လိုက်ရသည်နှင့် ပြဿနာ တစ်ဝက် အေးသွားသလို စိတ်ထဲ ထင်လိုက်၏။ မာသာကို အန်တီဂျူးဒစ် သိပ်သဘောမတွေ့ကြောင်း ရော်ဂျာ သိသည်။ ထို့ကြောင့် မိမိနှင့် မာသာ သဘောကွဲနေသည့် ကိစ္စကို ပြောပြရမှာ မရွံ့မရဲဖြစ်နေ သည်။ အန်တီဂျူးဒစ်က မာသာ့မျက်ရည်ကို အလေးထားမည် မဟုတ်။ ဂီဒီယန်အပ္ပဂျွန်းကို ကာကွယ်ဖို့ မဲပေးလိမ့်မည် ဟု စိတ်ထဲက သိနေ၏။

ဧည့်ခန်းထဲတွင် ထိုင်မိသည်နှင့် -
" ဒီလိုပါ အန်တီဂျူးဒစ်၊ အန်တီဂျူးဒစ်ရဲ့ သြ၀ါဒကို လိုချင်လို့ပါ၊ ကျွန်တော့်အမေကို အန်တီဂျူးဒစ် သိ တယ်နော် "
" အင်း … သိပ်သိတာပေါ့၊ ဒီဇာတ်လမ်း တစ်ပတ်ကျော့လာလိမ့်မယ်လို့ အန်တီဂျူးဒစ် ထင်သားပဲ၊ ဘယ်လိုဖြစ်တာ လဲ ရော်ဂျာ "
သစ်ဖြူတော ကို အက်စသာ ရောက်လာပုံနှင့် ဇာတ်လမ်းစုံကို ပြောပြလိုက်သည်။
" သြော် ဂီဒီယန်အတွက်လည်း ချမ်းသာခွင့်ရပြီး မာသာလည်း စိတ်ကျေနပ်အောင် အန်တီဂျူးဒစ်က ညှိပေး ရမယ် ဆိုပါတော့ " " ဟုတ်ကဲ့ပါ အန်တီဂျူးဒစ်၊ ဂီဒီန်အပ္ပဂျွန်းဟာ တကယ်ပဲ ကျွန်တော့် ညီလားဟင် " " ဟုတ်တယ် ရော်ဂျာ "

ဂျူးဒစ် ခဏ တွေနေသည်။ ပြီးမှ -
" အဲဒီကောင်မလေးဘယ်မှာလဲ "
" ဒီမှာရှိတယ် အန်တီဂျူးဒစ်၊ သိပ်အားနည်းနေတယ်၊ ဒီနေ့ ပြန်ပို့လို့ မဖြစ်ဘူး၊ ကျွန်တော် နဲ့ အေးအေးဆေးဆေး စကားပြောပြီးပါပြီ၊ သူလိုချင်တာကတော့ ဂီဒီယန်ကို ကယ်ဖို့ပါပဲ၊ ကျွန်တော် တော့ တတ်နိုင်သလောက် လုပ်ပေးချင်တယ် အန်တီဂျူးဒစ်၊ မာသာကြောင့် ခက်နေတယ် "
ဖယောင်းတိုင် မှ လွင့်တက်နေသည့် မီးခိုးငွေ့ငွေ့လေးများကို ဂျူးဒစ် စိုက်ကြည့်နေသည်။

" လုပ်ချင်တယ်ဆိုရင် လုပ်ပေးလိုက်ပေါ့ ရော်ဂျာ၊ မင်း မာသာနဲ့လည်း အချင်းမများချင်ဘူး မဟုတ်လား၊ အန်တီ ဂျူးဒစ် သိနေ တယ်လေ၊ မာသာနဲ့ အန်တီဂျူးဒစ် တစ်ယောက်နဲ့တစ်ယောက် အမြင်ချင်း သိပ်မတူကြဘူး ဆိုတာ ဖုံးမထားချင်ပါဘူး၊ ဒါကြောင့် အန်တီဂျူးဒစ် ဒီလိုပြောတာ မဟုတ်ပါဘူး၊ တကယ်က လင်နဲ့မယား အမြဲတမ်း အမြင်ချင်း မတူတာဟာ ဒုစရိုက်ပြစ်မှု မဟုတ်ပါဘူး ရော်ဂျာ။
" ဂီဒိယန် အတွက် အကောင်းဆုံး ရှေ့နေတစ်ယောက်ငှားပြီး အယူခံဝင်ပေးလိုက်၊ ဘာပြုလို့ ဒီလို လုပ်တယ် ဆိုတာ သိချင်တဲ့လူတွေကို ခိုကိုးရာမဲ့ ဂီဒီယန်ရဲ့မိန်းမ သစ်ဖြူတောလာပြီး အကူအညီ တောင်းလို့ သနားသောအားဖြင့် လူမှုရေး အကူအညီပေးတာလို့ ပြော၊ အပ္ပဂျွန်းဆိုတဲ့ နာမည် ဟာ မာသာတွေးကြောက်နေ သလို ဧည့်ခန်းဆောင် အတင်းအဖျင်းတွေ ဖြစ်လာလောက်အောင် စိတ်မ၀င်စားကြ ပါဘူး ရော်ဂျာ "
" ကျေးဇူးတင်လိုက်တာ အန်တီဂျူးဒစ်ရယ်၊ ဒါဆို မာသာလည်း ဘာမှ ကန့်ကွက်နိုင်တော့မှာ မဟုတ်ဘူး "
ရော်ဂျာ ၀မ်းသာအားရ ပြောလိုက်သည်။

နောက်တစ်နေ့ မနက်တွင် အက်စသာကိုတွေ့ပြီး ဂျူးဒစ် စကားပြောသည်။ မြို့ထဲ လိုက်သွားပြီး သူတို့ သားအမိ တစ်တွေအတွက် အိမ်ကောင်းကောင်းလေး တစ်လုံး ငှားပေးလိုက်သည်။ အိမ်လခ တစ်နှစ်စာ ကြိုပေး ထားခဲ့၏။
ရော်ဂျာ က နာမည်ကျော် ရှေ့နေကြီးတစ်ဦးငှားပြီး အယူခံဝင်သဖြင့် ဂီဒီယန် ကွင်းလုံးကျွတ် လွတ် သွား သည်။ ရော်ဂျာသည် လုပ်သင့်လုပ်ထိုက်သည့် အလုပ်တစ်ခုကို မင်္ဂလာတရားနှင့်အညီ လုပ် ပေးလိုက်ရသဖြင့် အမှုမပြီးခင် ကြည်နူးနေသည်။ သို့သော် ဂီဒီယန်အပ္ပဂျွန်းကိုမူ လူကိုယ်တိုင် သွား မတွေ့တော့ပေ။ ရှေ့နေခ ကို နင့်နေအောင် ပေးလိုက်ရ၏။ မာသာက သူ့ယောက်ျားလို နှလုံး သားပိုင်ရှင် မျိုး ရှားမှရှားကြောင်း ပြောတော့ ဂျူးဒစ်က "မှန်တာပေါ့ကွယ်၊ မှန်တာပေါ့ "ဟု ထောက်ခံ စကား ဆိုလေသည်။ မာသာက ဒီစကားကို လူမမာဘ၀ဖြင့် ပြောနေခြင်းဖြစ်သည်။ ဂီဒီယန်အပ္ပဂျွန်းကို အကာအကွယ်ပေးမည် ဟု ဆုံးဖြတ်လိုက်ကြောင်း ရော်ဂျာပြောသည့် နံနက်မှ စပြီး မာသာ အိပ်ရာထဲ လဲတော့ ၏။

အမှုမပြီးမချင်း လုံးဝ မထနိုင်တော့ပေ။ ရော်ဂျာ အလွန်အမင်း စိတ်ပူသွားသည်။ မာသာ၏ ကျန်းမာရေး သည် မြင်းပျိုမ တစ်ကောင်လို ဒေါင်ဒေါင်မြည် ဖြစ်သည်။ သို့သော် ယခုမူ အိပ်ရာထဲတွင် ဗုန်းဗုန်းလဲကာ လူမမာ လုံးလုံး ဖြစ်နေပြီး နှင်းဆီပန်းနံ့ ရှူလျှင် သက်သာသလို ရှိသည်ဆို၍ ရင်ခွင်ထဲ တွင် နှင်းဆီပန်းပွင့်တွေ မပြတ်ခူးထည့် ထားပေးရသည်။
" ဒါလောက် စိတ်ဆင်းရဲစရာ အဖြစ်မျိုးနဲ့ ကြုံမျမကြုံဖူးဘဲကွယ်၊ ဒီလို ဖြစ်သွားတာ အံ့သြစရာ မရှိပါဘူး" ဟု တိုးတိုးကလေး ပြောလေ့ရှိသည်။
ဤသို့ဖြင့် တော်တော်နှင့် နာလန်မထူသောအခါ နယူးအော်လီယန်းမှဆရာဝန်ကြီးတွေပင့်ပြီး ပြကြည့် ရတော့ သည်။ ဆရာဝန်ကြီးများက စမ်းသပ်ကြည့်ရှုပြီး စိတ်ကျရောဂါတစ်မျိုးဖြစ်ကြောင်း၊ သည်ရောဂါ မှ တစ်ဆင့် သွေးသွန်လာနိုင်ကြောင်းများကို ရှင်းပြသည်။ သွေးသွန်မည် ထင်သည့်နေ့ တွင် အန်တီဂျူးဒစ် လာနေပေး ဖို့ အခေါ်လွှတ်ရပြန်သည်။ ဂျူးဒစ် အောင့်သက်သက်နှင့် လိုက်သွား ရပြန်၏။ အေမီလီ ကိုပါ ခေါ် သွားသည်။

အေမီလီကတော့ စိတ်ကျရောဂါအကြောင်း ဘာမှမသိပေ။ တစ်ခါမှလည်း စိတ်ဓာတ် မကျဖူး ခဲ့။ အေမီလီ သည် မာသာလောက် မလှသော်လည်း မာသာထက် လူချစ်လူခင် ပေါလေသည်။
ဂျူးဒစ် က အိပ်ရာနံဘေးတွင် ထိုင်ပြီး မာသာ့လက်ကို ကိုင်ထားသည်။ သွေးသွန်ပြီးတော့ မာသာ ပျော့ခွေ ကာ အိပ်ပျော်သွားသည်။ အိပ်ပျော်နေသည့် မျက်နှာကလေးမှာ ဖြူဖွေးကာ လှမြဲ လှနေ ၏။ ရော်ဂျာ ကို အိပ်ရာနံဘေးတွင် တစ်လှည့်ထိုင်စောင့်စေပြီး ဂျူးဒစ် ထ လာသည်။ ဧည့်ခန်း ထဲ တွင် အေမီလီ ထိုင်နေ သည်။

" ရော့ … မေမေ့အတွက် ၀ိုင်တစ်ခွက်၊ မေမေ သောက်ဖို့ လိုတယ်လေ "
" ဟုတ်တယ် သမီး၊ သိပ်လိုတာပေါ့၊ သနားပါတယ်ကွယ်၊ ညည်းရင်း အိပ်ပျော်သွားရှာတယ် "
" အင်းလေ ခံစားနေရမှာပေါ့၊ သမီးတို့ အိမ်ပြန်ကြရအောင်နော် "
" မေမေ တို့ နောက်ထပ် လာဖို့ လိုဦးမလား မသိဘူး "
အေမီလီ က ပခုံးတွန့်ပြီး -
" သူ တစ်ညလုံး အိပ်မှာပါ၊ နောက်ဆိုရင် ရော်ဂျာတစ်ယောက် ဘယ်အောက်တန်းစားနဲ့မှ ပတ်သက်ရဲတော့ မှာ မဟုတ်ဘူးနော် မေမေ "

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

Monday, April 16, 2012

တင်မောင်မြင့် ၏ နွေကန္တာ, အပိုင်း (၂၆)

" ဒါမျိုး နှစ်လုံး သုံးလုံးပဲ ၀ယ်နိုင်ဦး၊ မဲနယ်စိုက်သလောက် အလုပ်ဖြစ်နေပြီ။ ခုပေါက်ဈေးနဲ့ ဆိုရင် တစ်ဝက်လောက် ၀ါဂွမ်းတွဲစိုက်၊ ကျွန်တော်တော့ အလုပ်စချင်လှပြီ။ အင်း ကိုယ့်အိမ် ကိုယ်ပြန် ရောက် ရတာ ပျော်စရာကြီးပါလား " ကို ဆက်ဖတ်ရန်

အခန်း (၁၈)

ဝက်သစ်ချမြိုင်၏ မဲနယ်ခင်းကို ၀ါဂွမ်းနှင့် အစားထိုးနိုင်ခဲ့၍ နှံကောင်များရန်မှ ကင်းဝေးခဲ့ရ သည်။ ဒေးဗစ်၏ ၀ါဂွမ်းနှင့် အစေ့ထုတ်စက်သည် ထိထိရောက်ရောက် အလုပ်ဖြစ်လျက် ရှိပေပြီ။ ဒေးဗစ်သည် အလွန်အမြင်ကျယ်သည့် စိုက်ပျိုးရေး လုပ်ငန်းရှင် တစ် ဦးဖြစ်လေပြီ။ လှေတစ်စင်းဖြင့် ချာလက်စတန်အထိ ခရီးထွက်သည်။ ဖလော်ရီဒါသို့ ၀င်သည်။ ဟာဗာနာ အထိ သွားသည်။ မဲနယ်၏ အနာဂတ်ကို ကျူါ်ဘားမှာ ဒေးဗစ် ကြားခဲ့ခြင်းဖြစ်၏။ ပြန်ရောက် လျှင် ရောက်ချင်း အမေနှင့်  အဖေ ကို ဖောက်သည်ချသည်။

" ရွာတီမာလာတစ်ကျွန်းလုံး မဲနယ်ချည်း ဖိစိုက်နေကြလို့ တစ်ကမ္ဘာလုံးကိုတောင် အပြာရောင် ဆိုး နိုင်နေပြီတဲ့။ ဒါကြောင့် မဲနယ်ဈေးက ထိုးကျနေပြီ။ နောင်လည်း ဆက်ကျဦးမှာပဲ။ ဒါကြောင့် ကျွန်တော် တို့ ထွက်ပေါက်ဟာ ၀ါဂွမ်းပဲ။ ဒီလိုစက်မျိုး များများနဲ့ ကျွန်တော်တို့ ချလိုက်ရရင် ၀က်ဝက် ကွဲ သွားမယ်။ ခုဆိုရင် မြောက်ပိုင်းမှာ ၀ါမျိုးသန့် ပေါင် ၁၀၀ ကို အမေရိကန်ဒေါ်လာ ၂၅ ဒေါ်လာ ဖြစ်နေပြီတဲ့ "
အမေရိကန်ဒေါ်လာ ၏ တန်ကြေးကို ဂျူးဒစ် ဦးနှောက်ခြောက်ခံပြီး တွက်ကြည့်မနေတော့။ လူမျိုး ပေါင်းစုံ လှသည့် လူဝီစီးယားနားတွင် ငွေကြေးစနစ်ကလည်း စုံလှသည်။ ကြာတော့ မျက်စိလည် ချင် လာပြီ။

ဝါကြိတ်စက်ကတော့ သည်နယ်တစ်ရိုးတွင် ဟိုးလေးတကျော် ဖြစ်နေပြီ။ ၀ါဂွမ်းစိုင်တွေထဲမှ အစေ့တွေ ဒလဟော ထွက်ကျနေပုံကို လာကြည့်သူများနှင့် ၀က်သစ်ချမြိုင်သည် စည်ကားနေလေ သည်။
လာကြည့် သည့် ပရိသတ်တွေ ရင်သပ်ရှုမော ပြောဆိုနေကြသံများကို ဂျူးဒစ် ကြည်နူးစွာ နားထောင် နေတတ် သည်။
ကြံကြိတ်စက် တည်မလား၊ ၀ါကြိတ် ၀ယ်မလား ဟူသည့်လမ်းနှစ်သွယ်တွင် စိုက်ပျိုးရေး သမား များ တွေဝေနေကြသည်။ တစ်သက်လုံးဓားမဦးချ လုပ်စားလာသည့် မဲနယ်သည် ရုတ်ခြည်း ခေတ်မှိန် သွားလေပြီ။

ပထမနှစ်တွင် ဖီးလစ်က ဧက ၅၀၀ ၀ါဂွမ်း ထည့်စိုက်သည်။ ဒုတိယနှစ်တွင် ဧက ၁၀၀၀ အထိ တိုးချဲ့ သည်။ စက်ဖြင့် ၀ါကြိတ်ခြင်းမှာ အလွန်သန့်ရှင်းသည့် အလုပ်ဖြစ်သည်။ မဲနယ်အိုးကြီး တွေ ပေါင်းတင် တုန်းကလို ညစ်ပတ်ပေကျံခြင်း မရှိတော့ပေ။ ၀က်သစ်ချမြိုင်၏ ကျက်သရေ ကို ညှိုးနွမ်းစေသည့် နှံကောင်တွေလည်း မရှိတော့ပေ။ ကြံလုပ်ငန်းကိုလည်း အချိုးကျကျ တိုးခဲ့သည်။ ကြိတ်ဆုံ တွေ၊ ဂိုဒေါင်တွေ ကို အုတ်ဖြင့် အခိုင်အခံ့ဆောက်သည်။ လှေနံဓားထစ်ခေတ်ကို အမီ မလိုက်နိုင် သည့် တစ်လမ်းသွားသမားများမှ လွဲ၍ မဲနယ်ကို လုံးဝ စွန့်လွှတ်လိုက်ကြပြီ။
မြစ်ရိုးတစ်လျှောက် မြို့များတွင် သကြားနှင့် ၀ါဂွမ်းသည် နေ့ချင်းညချင်း တာစားလာလေတော့သည်။ လူးဝစ်ဗဲလ်ကိုး က ဂိုဒေါင် နှစ်လုံး ထပ်ဆောက်သည်။ ၀ါဂွမ်းဘေထုပ် များက နေရာ ယူသဖြင့် နောက်ထပ် ငါးလုံးထပ်ဆောက်ရပြန်သည်။

ပါစယ်မိသားစုကလည်း ဆိပ်ကမ်းနယ်မြေတွေ တိုးချဲ့ တည်ဆောက်သည်။ တည်းခိုခန်းများလည်း ထပ်တိုး ရတော့၏။ "ဂျူဟန်နှင့် လန်း" လှေတည်ဆောက်ရေး ကုမ္ပဏီလည်း နောက်တစ်နေရာတွင် စခန်း တစ်ခု ထပ်ဆောက်သည်။
သည်သတင်းတွေ ကို ကြားတော့ ဂျူးဒစ်က "ဂျူးဒစ်တော့ မယုံကြည်နိုင်လောက်အောင်ပဲ အစ်ကိုရယ်" ဟု တအံ့တသြ ပြောလေသည်။
ဖီးလစ် က ရယ်ပြီး သူ့လက်ကို ဆွဲယူလိုက်သည်။ ၀က်သစ်ချမြိုင်အိမ်ကြီးပြီးလို့ လာခေါ်သည့်နေ့က ကဲ့သို့ပင် လက်ဖ၀ါးနုနုကလေးကို အသာညှစ်ပြီး -
" ဒီလိုပဲ ဖြစ်ရမယ်လေ၊ ဒီမှာတင် ရပ်နေမှာမဟုတ်ဘူး ဂျူးဒစ်ရဲ့၊ နောင် ဒီ့ထက်ဒီ တိုးတက်လာဦး မယ်။ ဒါတွေကို အိပ်မက်မက်ပြီး တို့တစ်တွေ မြစ်ညာက စုန်ဆင်းခဲ့ကြတာ မဟုတ်လား "
စိုက်ခင်းမြေ ရှုခင်းတို့သည် နေ့ချင်းညချင်း ပြောင်းလဲခဲ့ပေပြီ။ ရှုမဆုံးတော့သည့် မဲနယ်ခင်းများ၊ သီးညှပ်အဖြစ် စိုက်သည့် ဆေးခင်းများကို လုံးဝမတွေ့ရတော့။ မိုင်ပေါင်းများစွာသော ၀ါခင်းများ၊ မိုးကုပ် စက်ဝိုင်းဆီ အထိ ဆက်စပ်နေမည် ထင်ရသော ကြံခင်းများ အစားဝင်လာလေပြီ။

မဲနယ်ပေါင်းအိုးကြီးတွေ ကြက်ပျောက်ငှက်ပျောက် ပျောက်ကုန်ကြ၏။ သူတို့နေရာတွင် ၀ါကြိတ်စက်တွေ၊ ၀ါဂွမ်းဂိုဒေါင်တွေ အစားဝင်လာကြသည်။ ထုပ်ပိုးပြီးသား ၀ါဂွမ်းဘေထုပ်များကို သယ်ရန် စောင့်ဆိုင်းနေကြ သည့် လှည်းတွေက အတန်းလိုက် အတန်းလိုက်။ ဆေးရွက်ကြီး ဂိုဒေါင် များသည် သကြားစက်များ ဖြစ်ကုန်ကြသည်။ ခေါင်းတိုင်များမှ နေ့ညမဟူ မီးခိုးတလူလူဖြင့်။
ဒယ်လ်ရွိုင်းမြို့ ကလေးမှာလည်း နေ့ချင်းညချင်း ပြောင်းလဲခဲ့လေပြီ။ အိမ်ကြီးတွေ အပြိုင်အဆိုင် ဆောက်ကြသည်။ လမ်းတွေ ချဲ့ထွင်ကြသည်။ နေရာတကာတွင် လွှစက်သံ၊ တူထုသံများဖြင့် ၂၄ နာရီပတ်လုံး အသက်ဝင်နေတတ်၏။

ဆိပ်ကမ်းများသည် အရောင်းအ၀ယ် ကောင်းလာသည်နှင့်အမျှ ကြက်ပျံမကျ စည်ကားလျက်ရှိ သည်။ ပွဲရုံတွေ၊ အရက်ဆိုင်တွေ၊ ကုန်တိုက်ကြီးတွေလည်း များသည်ထက် များလာသည်။ ဧရာမ ပိန်းကောကြီးများ သည် ဆိပ်ကမ်းတိုင်းတွင် ကြက်တောင်စိုက် စီတန်းလျက်ရှိ၏။ အချို့က လူသုံး ကုန် ပစ္စည်းတွေ ရောင်းဖို့ တင်လာကြပြီး၊ အချို့က ၀ါဂွမ်းထုပ်တွေသယ်ရန် စောင့်နေကြခြင်းဖြစ်၏။ အချို့လှေကြီးများ ကတော့ ထိတ်ထိတ်ကြဲ စိုက်ပျိုးရေး လုပ်ငန်းရှင်ကြီးများအတွက် သီးသန့်လာပို့ ရသော ၀ိုင်နှင့် ပရိဘောဂ လှေကြီးများဖြစ်သည်။
ဘယ်ကို ကြည့်လိုက်ကြည့်လိုက် စိတ်အားထက်သန်နေကြသည်ကို တွေ့ရ၏။ မြစ်ရိုးတစ်လျှောက် မြို့များ ၏ မဲနယ်ခေတ်တစ်ခေတ်သည် နိဂုံးကမ္ပတ်အဆုံးသတ်ခဲ့လေပြီ။ သို့သော် ၀ါဂွမ်းက အနာဂတ် အတွက် အာမခံချက် အပြည့်အ၀ ပေးသေးသည် မဟုတ်။ အတွေ့အကြုံက ဘယ်သူမှ များများစားစား မရှိကြသေး။

လမ်းဆုံ လမ်းခွတွင် ၀ါဂွမ်းမျိုးအကြောင်း၊ စိုက်ပျိုးချိန်ကာလများအကြောင်းကို လူတွေ ငြင်းခုံကြတုန်းဖြစ် ၏။ ဘယ်သူ့ ၀ါကြိတ်စက်က ပိုကောင်းပြီး ဘယ်သူ့ထက်သာကြောင်း၊ မစ္စက်ဟိုဒင်းက သူ့ထမင်းစားခန်း အတွက် ငွေသားစစ်စစ် ပစ္စည်းတွေ မှာထားပြီးဖြစ်ကြောင်းကို နေရာတကာတွင် ကြားနေရသည်။
စိတ်လှုပ်ရှားစရာ ကောင်းသော်လည်း ဂျူးဒစ်ကမူ သည်သတင်းများမှာ အောက်တန်းကျသည်ဟု ထင်သည်။ သည်ဂယက်တွေကို နကမ္ပတိ ပွဲကြည့်ပရိသတ်အဖြစ် ကြည့်နေချင်သည်။
သို့သော် သည်ပြောင်းလဲမှု ဒီလှိုင်းသည် မျက်ကွယ်ပြု၍ မရတော့ဘဲ ၀က်သစ်ချမြိုင် ပရိဝုဏ်အတွင်းသို့ တိုင်အောင် ရိုက်ခတ်လာလေတော့သည်။
" အိမ်အသစ် ပြင်ဆောက်ကြရအောင်" ဟု ဒေးဗစ်နှင့် ရီတာတို့ မောင်နှမက တစ်သံတည်း ထွက်ကာ တောင်းဆိုကြသည်။

ဂျူးဒစ် အထိတ်တလန့် ဖြစ်သွားသည်။
" ဟင် သားတို့ သမီးတို့ကလည်း ဒီအိမ်ကြီးက ဘာဖြစ်လို့လဲ"
ဂျးဒစ် ပတ်ပတ်လည်မှ ပန်းရောင်နံရံတွေကို ဝေ့ကြည့်လိုက်သည်။ ဘယ်လောက်လှသည့် ၀က်သစ်ချမြိုင်ပါလဲ။ အင်း … သားနဲ့ သမီးကတော့ သည်အိမ်ကြီးနှင့် မိမိ ဘယ်လောက် ဆက်နွယ် ပတ်သက်ခဲ့သည်ကို သိရှာကြမှာ မဟုတ်ဘူးပေါ့လေ။ ရီတာက ထုံးစံအတိုင်း ဒိုးဒိုးဒေါက် ဒေါက် ပြောနေ သည်။ ရီတာမှာ ၁၅ နှစ် ပြည့်ပြီဖြစ်ပြီး ဆံပင်နှင့် မျက်လုံးက အမေတူ အညိုရောင်။ ကိုယ်လုံး ကိုယ်ပေါက် ကလည်း ဂျူးဒစ်ငယ်ငယ်ကနှင့် တစ်ဖြတ်တည်း။
" ဒီခေတ် မှာ ဒီလို အိမ်ကြီးမျိုးတွေက သိပ်ရှေးဆန်သွားပြီ မေမေ။ တစ်ခါတည်း အိမ်ကလည်း ပုံတုံးကြီး၊ ကပ္ပလီ အိမ် ကျနေတာပဲ "
" အလို အခန်း ၁၆ ခန်းတောင် ပါတယ်လေ သမီးရဲ့ "
" ဟာ မေမေ ကလဲ၊ မီးခြစ်ဘူးလောက်ရှိတဲ့ အခန်းလေးတွေကို စကားထဲ ထည့်ပြောနေတယ်။ ပြီးတော့ ပန်းရောင်တွေ သုတ် ထားတော့ သမီးတို့ အကြိုက်နဲ့ တခြားစီ ဖြစ်နေတယ်။ ဘာလုပ်ရမှန်း ကိုမသိဘူး "

" ခု ဆောက်နေကြတဲ့ အိမ်တွေက စိုက်ပရပ်စ် ထင်းရှူးအိမ်တွေပါ သမီးရယ် "
ဖီးလစ် မနေနိုင်တော့၍ ၀င်ပြောခြင်းဖြစ်သည်။ ရီတာက အလျှော့မပေးဘဲ ဆက်ပြန်သည်။ သရော်တော်တော် ရယ်ပြီး -
" သမီးအထင်ပြောရရင် ဒီလိုအိမ်ကြီးတွေဟာ သူတို့ကိုယ်သူတို့ သိပ်အဟုတ်ကြီး ထင်နေ တဲ့ ရှေးလူကြီးတွေ အတွက် သာ ပြတိုက်အဖြစ်နဲ့ ထားဖို့ ကောင်းတော့တာပါ "
ဂျူးဒစ် က သည်တော့မှ ၀န်ခံစကားဆိုသည်။

" သမီးပြောတာ ဟုတ်တယ်လေ၊ မေမေနဲ့ ဖေဖေက ၀က်သစ်ချမြိုင်ရဲ့ သမိုင်းကို ထိန်းထားချင်တာပဲ "
" မေမေ နဲ့ ဖေဖေက ကျွန်တော်တို့ ပြောတာကို သဘောမပေါက်ဘဲကိုး "
ဒေးဗစ် က ညီမလုပ်သူဘက်က စစ်ကူဝင်ပေးသည်။
" လူတွေက ကျွန်တော်တို့ကို ဘယ်လိုပြောကြတယ် မှတ်လဲ၊ ၀က်သစ်ချမြိုင်ဟာ အစောဆုံး စိုက်ပျိုးရေး ခြံကြီးတဲ့၊ ကြံကနေ သကြားဖြစ်အောင် ပထမဆုံး လုပ်တာလည်း ၀က်သစ်ချမြိုင်ကတဲ့၊ ၀ါကြိတ်စက် စသုံး တာလည်း ၀က်သစ်ချမြိုင်ကပဲတဲ့၊ ၀က်သစ်ချမြိုင် အိမ်ကြီးကျတော့ အို … လူတွေက ကျွန်တော် တို့ကို ဒီလိုအိမ်ကြီးနဲ့ ဆက်နေလိမ့်မယ်လို့ မမျှော်လင့်ကြဘူး ဖေဖေ "
ထုတ်ဖော် ၀န်မခံသော်လည်း ဂျူးဒစ် မငြင်းဘဲ ငြိမ်နေလိုက်သည်။ ဒေးဗစ် ပြောသည်မှာ မှန်သည်။ ပတ်ဝန်းကျင် တစ်ခုလုံး ပုံစံသစ်နှင့် အိမ်သစ်တွေ အပူတပြင်း ဆောက်နေကြပြီ။ မဆောက်သေးသူ များ ကလည်း အိမ်ပုံစံတွေ ရွေးကြ၊ ပစ္စည်းတွေ စုကြနှင့် အလုပ်ရှုပ်နေကြပြီ။ ယာတောအိမ်ကြီးများ သည် နေ့ချင်း ညချင်း ခေတ်နောက်တွင် ကျန်နေရစ်ခဲ့ချေပြီ။
ထိုပြောင်းလဲမှုသဘောကို ဂျူးဒစ် နားလည်သော်လည်း သူတို့မောင်နှမ ပြောနေသည့် အိမ်သစ်စီမံ ကိန်း ကို မကျေမနပ်ဖြင့် နားထောင်နေသည်။

ဝက်သစ်ချမြိုင် ပရိဘောဂများသည် သူတို့ပြောသည့် နှစ်ထပ်လေသာဆောင် ခေတ်မီအိမ်မျိုးနှင့် မည်သို့ လိုက်ဖက် ပါမည်လဲ။ တည်ခင်းဧည့်ခံခဲ့သော ညစာစားပွဲ များစွာကြောင့် ချောမွတ်နေသည့် ထမင်း စားပွဲကြီး၊ ကြိမ်ကုလားထိုင်များနှင့် မိမိရင်သွေးကလေးများ အိပ်ခဲ့သည့် ကြိမ်ပုခက်ကြီး။ ဒါတွေ သည် ခေတ်မီ ခြံသူဌေးတစ်ယောက်၏ ခေတ်မီအိမ်ကြီးနှင့် မည်သို့ လိုက်ဖက်ပါမည်နည်း။
အိမ်သစ်ဆောက် ဖို့ အဆင်သင့်ဖြစ်ချိန်တွင် ဂျူးဒစ် အိမ်ကြီးထဲသို့ လျှောက်ကြည့်ရင်း ခန်းဆီးတွေ၊ ပရိဘောဂတွေ ကို တယုတယ ကိုင်ကြည့်နေသည်။ ခွဲခွာခါနီး မိတ်ဆွေတွေကို လိုက်လံနှုတ်ဆက် နေသည့် ပုံမျိုး။
" ဒါတွေကို ဘယ့်နှယ်လုပ်ကြမလဲဟင် "လို့ မေးတော့ ဒေးဗစ်က "လွှင့်ပစ်လိုက်ပေါ့ မေမေရာ" ဟု ဆိုသည်။
ဤတွင် ဖီးလစ် ၀င်ရှင်းပေးရတော့သည်။

" အိမ်ဖော်တွေအတွက် အစေခံတန်းလျားတွေ ဆောက်ရဦးမယ်လေ၊ အဲဒီမှာ အသုံးဝင်ပါလိမ့်မယ် "
" အင်း … အဲဒါ ကောင်းပါတယ် "ဟု ဂျူးဒစ် ထောက်ခံလိုက်သည်။ တော်ပါသေးရဲ့၊ အဖေနှင့် အမေ လျှောက်လှမ်း လာသည့် ခရီးကြမ်းနှင့် သည်ခရီးကြမ်းရဲ့ လက်ထက်ပွား ပစ္စည်းလေးတွေကို သား တို့ သမီး တို့ တန်ဖိုးထားရကောင်းမှန်း မသိကြပါကလား။
ဘာတတ်နိုင်မည် နည်း။ ခေတ်က ပြောင်းလဲလာတာကိုး။ အဟောင်းတွေကို စွန့်ပစ်ပြီး အသစ် အသစ် တို့ဖြင့် အစားထိုးနေသည့် ခေတ်ကိုး။
အိမ်သစ်ကြီးဆောက်ပြီးတော့ အဖြူရောင်ဆေးကို တစ်အိမ်လုံး ပိန်းနေအောင် သုတ်သည်။ ဧရာမ နှစ်ထပ်အိမ်ကြီးဖြစ်၏။ အိမ်ရှေ့တံခါးမကြီးမှ သော့အိမ်နှင့် တံခါးလက်ကိုင်မှာ ကြေးဝါရောင် ဖိတ်ဖိတ် တောက် လျက်။ တံခါးမကြီးမှ ၀င်သွားလျှင် ဧရာမ ခန်းမဆောင်ကြီးကို ပထမဆုံး တွေ့ရ သည်။

အပေါ်ထပ်တက် သည့် လှေကားအိမ်က ခန်းမဆောင်ကြီး ကျယ်ဝန်းမှုကို လုံးဝ မထိခိုက်ဘဲ သီးသီး ခြားခြား ရှိလေသည်။ လှေကားနှစ်ခုမှာ အ၀င်ဝတံခါးမကြီး၏ နံဘေးတွင် ကပ်လျက် ငါးကြင်းမြီး သဏ္ဍာန် တစ်ဖက်စီမှ အပေါ်ထပ် လေသာဆောင်သို့ ကွေ့တက်သွားသည်။
အပေါ်ထပ်ခန်းမရော၊ အောက်ထပ်ခန်းမပါ ရှေ့တံခါးမကြီးနောက်ဘက်အထိ တိုးလျှိုပေါက် အကျယ်ကြီးတွေဖြစ်သည်။ လေ၀င်လေထွက်ကို အသားပေးထားခြင်းဖြစ်၏။ ခန်းမဆောင်၏ တစ်ဖက်စီ ရှိ အခန်းများမှာ မှန်ပြတင်း အမြင့်ကြီးတွေ အပြည့်ဖောက်ထားသည်။
ခန်းဆီးအားလုံး ကိုလည်း အဖြူရောင်တွေချည်း သုံးထားသည်။ အိပ်ခန်းတိုင်းတွင် အလှပြင် မှန်တင် ခုံတွေနှင့်။ ကြည့်မှန် အနားဘောင်တွေက အရောင်တဖိတ်ဖိတ်။ ဖယောင်းတိုင်ခွက်တွေက အားလုံး နံရံကပ်တွေ။ အချို့က ဖန်သား။ အချို့က အရောင်တလက်လက် ထွက်နေသည့် သတ္တု ပန်းနွယ်တွေ။ နောက်ခံ ရောင်ပြန် အ၀ိုင်းတွေနှင့်။

ဧည့်ခန်းထဲတွင် ဂျူးဒစ်နှင့် ဖီးလစ်တို့၏ ပုံတူပန်းချီကားချပ်ကြီးများကို ချိတ်ထားသည်။ ၂၂ နှစ် သမီး အရွယ် က နယူးအော်လီယန်းတွင် ဂျူးဒစ် ဆွဲခိုင်းထားသည့် ဆီဆေးကားကြီးနှင့် ဒယ်လ်ရွိုင်းတွင် တစ်ဆောင်း လာခိုသည့် ပြင်သစ်ပန်းချီဆရာ ရေးပေးသွားသည့် ဖီးလစ်၏ ပုံတူ ပန်းချီကားချပ်ကြီးဖြစ်၏။
ဧည့်ခန်း ထဲမှ ပရိဘောဂအများစုမှာ ပြည်တွင်းဖြစ် များသော်လည်း ဆိုဖာနှင့် စားပွဲ များမှာ ပြင်သစ် ပြည်လုပ် နိုင်ငံခြားဖြစ်များဖြစ်သည်။ ဧည့်ခန်းထောင့် တွင်မူ ရှေးဟောင်း စန္ဒရားကြီးတစ်လုံး၊ ပြင်သစ်တော်လှန်ရေး လှိုင်းပုတ်ခတ်မှုကြောင့် လွင့်ထွက် လာသည့် အနွယ်တော်တစ်ဦးထံမှ ပြန်ဝယ်ထားလိုက်ခြင်းဖြစ်သည်။ စန္ဒရားကြီးမှာ ခေတ်မမီတော့ချေ။ သို့သော် ရီတာက သဘောကျ သည်။ စိတ်ဝင်တစား လေ့ကျင့်သည်။ မနားမနေ တီးသည်။ ဂျူးဒစ်က ငြိုငြင် လျှင် ဖီးလစ်က ကန့် ကွက်သည်။

" မင်း စဉ်းစားကြည့်လေ၊ မင်း လက်ထပ်တဲ့ အရွယ်ကိုတောင် သူ လွန်လာခဲ့ပြီ ဂျူးဒစ်၊ သမီးကို မင်း တစ်သက်လုံး ၀ှက်ထားနိုင်မယ် ထင်လား "
ဂျူးဒစ် သက်ပြင်းချပြီး ခေါင်းညိတ်လိုက်ရသည်။ စန္ဒရားခုံတွင် ရီတာ ထိုင်တီးနေလျှင် ရုပ်ပုံကားချပ် ထဲကလို အလွန်ကြည့်လို့ကောင်းသည်။ ရီတာ စန္ဒရားတီးလျှင် အိမ်လာလည်သည့် ကာလသားတွေ ငိုင်ကြည့်နေတတ်ကြသည်။ ပါရီမှ လူဝီစီးယားနားအထိ သယ်လာရလို့ အသံတချို့ ကြောင်နေသည်ကို သူတို့ ဘယ်သူမှ သတိ မထားမိကြ။
အိမ်နောက်ဘက် တွင် ဗိုင်းငင့် အပ်ချုပ် အခန်းများထားသည်။ အသင့်ချုပ်ပြီးသား အ၀တ်များကို ၀ယ်ဝတ်နေသည့် ခေတ်သို့ ရောက်လာသော်လည်း စောင်၊ ခြင်ထောင် စသည့် အိပ်ရာသုံး အထည် များကို မူ ဂျူးဒစ်ကိုယ်တိုင် ချုပ်လုပ်ပေးသည်။ ခန်းမတစ်ဖက်တွင် ပစ္စည်းသိုလှောင်ခန်းနှင့် ၀ိုင်ဗီရို များရှိသည်။

မီးဖိုဆောင်တစ်ခုလုံးကို အုတ်ဖြင့် ဆောက်ထားသည်။ မီးဘေး ထင်းဘေး မပူရတော့။ အိမ်နောက် ပိုင်းမှ မိုးရေလှောင် သည့် စဥ့်အိုးကြီးများကို ဆေးသုတ်ထားသည်။ အစေခံ တန်းလျားနှင့် အိမ်မကြီး ကို စကြံနှင့် ဆက်ထားသည်။ သူတို့အိမ်ကလေးများ ကိုလည်း ၀ရန်တာ ထည့်ပေးထားသည်။ တစ်နေ့တာ အလုပ်ပြီး လျှင် အပြင်ထွက်ထိုင်နိုင်ကြပြီ။
" ဘယ်အစေခံတန်းလျားမှ တို့လောက် မခမ်းနားဘူးဟေ့" ဟု အစေခံတွေ သူတို့အချင်းချင်း ဂုဏ်ယူ စွာ ပြောလေ့ ရှိသည်။ ဤသို့ဖြင့် ၀က်သစ်ချမြိုင်မှ အစေခံများသည် သခင်များနှင့် တန်းတူ နီးပါး နေကြရသည်ဟူသည့် သတင်းသည် ကပ္ပလီကျေးကျွန်များ ရပ်ကွက်တွင် ပျံ့နှံ့သွားလေသည်။

အပေါ်ထပ် တွင်မူ အားလုံး အိပ်ခန်းတွေချည်းဖြစ်၏။ စုစုပေါင်း ရှစ်ခန်း။ အစေခံများအတွက် အခန်း တစ်ခန်း သီးသန့် ပေးထားသည်။ ဒေးဗစ် အခန်းနှင့်ကပ်လျက် အခန်းထဲတွင် ဂွမ်းကပ်ဖုံး ကုလားထိုင် များနှင့် အိမ်တွင်းဖြစ် ဇာနားကွပ် စားပွဲခင်း လွှမ်းထားသည့် စားပွဲတစ်လုံး ရှိသည်။ ဒေးဗစ် မိန်းမယူလျှင် မိန်းကလေး အတွက် သီးသန့်ဧည့်ခန်း လုပ်ပေးထားခြင်းဖြစ်၏။
" ဒါလောက် ခမ်းနားတဲ့ အိမ်ကြီးကို ထားခဲ့ပြီး လက်ထပ်ဖို့တောင် စိတ်မကူးချင်တော့ဘူး "
ရီတာက မအေလုပ်သူရှေ့တွင် ပြောသည်။ ဂျူးဒစ် ပျာပျာသလဲဖြစ်သွား၏။

" အို … ဘာလို့ စိတ်ကူးရမှာလဲ၊ သမီး ငယ်ငယ်လေးပဲ ရှိသေးတာပဲ "
" မငယ်တော့ဘူး မေမေရဲ့၊ ၁၆ နှစ်ကြီးများတောင် ရှိနေပြီလေ "
မျက်လုံး ကို ပွတ်ရင်း ရီတာ ပြန်ချေသည်။ ညက မောင်နှမနှစ်ယောက်ကပွဲမှ အပြန်နောက်ကျကြ သည်။ သူ့ သမီး အေမီလီအတွက် ဂျာဗာစီက စီစဉ်ပေးသည့်ပွဲဖြစ်၏။ ရီတာတစ်ယောက် မနက်စာ စားဖို့ ထမင်းစားခန်း ထဲသို့ နောက်ကျပြီး ဆင်းလာသည်။

ဂျူးဒစ်က မချိပြုံး ပြုံးပြီး သမီးအတွက် ကော်ဖီငှဲ့ပေးသည်။ အိမ်ဖော်တစ်ယောက်က ဘီစကစ်နွေးတွေ လာချပေး သည်။ ကောင်မလေးပြန်ထွက်သွားမှ ရီတာ စကားဆက်သည်။
" မေမေ … သမီး လက်ဖွဲ့ပစ္စည်းတွေ အများကြီး ရမှာလားဟင် "
" သမီး လက်ထပ်မယ့် အမျိုးကောင်းသားက ချမ်းသာရင် အများကြီး ရမှာပေါ့ "
" ဟင့်အင်း၊ ဆင်းရဲတဲ့ လူ ကို သမီးက ရွေးယူမှာ "
ရီတာက ဂျစ်ကန်ကန်ပြောသည်။ သည်လို ဆန့်ကျင်ဘက် ပြောတတ်သည်မှာ သူ့အကျင့်။ သို့သော် ဂျူးဒစ် စိုးရိမ် သွားသည်။ သူ့စိတ်ထဲမှာ ရှိလို့များ သည်စကား ထွက်လာတာလား။
" ဒေးဗစ် ထက် အရင်လက်ထပ်မှ ထင်ပါရဲ့ မေမေရာ၊ သူက အရင်ဦးသွားရင် သူ့မိန်းမက သမီးထက် ဒီအိမ် မှာ အရေးပါလာတော့မှာ။ အလိုလို သမီး ရာထူးကျသွားလိမ့်မယ်။ ဒေးဗစ်ကလေး …. "
" ဒေးဗစ် က ဘာဖြစ်လဲ သမီး "

" ခုနောက်ပိုင်း အေမီလီပါစယ် နဲ့ ကပွဲတကာမှာ တွဲနေတယ်လေ။ မေမေ့သား အေမီလီကို ကြိုက်နေ ပါပြီ။ တခြားမိန်းကလေးတွေကို ဆက်ဆံတာနဲ့ လုံးဝ မတူဘူး၊ သိပ်ဂရုစိုက်တာပဲ၊ မေမေ သဘောတူ မလားဟင် "
" ဘာလို့ မတူရမှာလဲ သမီးရဲ့ "
ဂျူးဒစ်က ကော်ဖီအိုးကို လှမ်းယူပြီး သူ့အတွက် ငှဲ့သည်။ ဒေးဗစ်အိမ်က ထွက်မပြေးခင်ကဆိုလျှင် သည် သတင်းမျိုး ကြားရမည်ကို အလွန်စိုးရိမ်ခဲ့သည်။ ခုတော့ ၀မ်းသာနေ၏။ ဂျာဗာစီ သမီးနှင့်မို့ ပိုလို့ ၀မ်းသာ ရသေးသည်။ ဒေးဗစ်အပေါ် မတရားခဲ့ပုံတွေကို တွေးပြီး ကိုယ့်ကိုယ်ကိုယ် ဒေါပွမိ၏။
" အေမီလီ က တော်ပါတယ်၊ ဒါပေမဲ့ စကားတော့ နည်းတယ်၊ သမီး သူနဲ့ ခင်လားဟင် "
" သူနဲ့ ဘယ်သူမှ ခင်တယ် မထင်ပါဘူး။ သူက ဘယ်သူနဲ့မှ တရင်းတနှီး မနေဘူး မေမေ၊ အ၀တ်အစား ၀တ် တာတော့ သိပ်သေသပ်တာပဲ၊ ဒေးဗစ်နဲ့ လိုက်ပါတယ် "
ရီတာ က တခစ်ခစ်ရယ်ပြီး -
" မာသာစိန်ကလယား ကို ယောက်မ မတော်ရတော့မှာမို့ ၀မ်းသာလိုက်တာ "

ဂျူးဒစ်ပါ လိုက်ရယ်သည်။ ရော်ဂျာရှာရမီက ပြီးခဲ့သည့် လထဲတွင် မာသာနှင့် လက်ထပ်လိုက်သည်။ မာသာ က လှသော်လည်း မိဘအလိုလိုက်လွန်းသဖြင့် ဆိုးချင်သည်။
" သမီး ဒီစကား ကို တခြားမှာ မပြောရဘူးနော်။ ရော်ဂျာက သမီးအစ်ကိုဝမ်းကွဲ မဟုတ်လား၊ သမီး ယောက်မ ပဲပေါ့ "
" ဟုတ်ကဲ့ပါ မေမေ၊ အေမီလီက မာသာလောက် မလှပေမဲ့ မာသာလို မျက်ရည်မလွယ်ဘူး၊ မူရာမာယာ မများဘူး။ ခုတော့ မာသာ မျက်ရည်ကျစရာအကြောင်း မရှိတော့ဘူးလေ၊ မေမေ့တူ ရော်ဂျာ ဖူးဖူးမှုတ် ထားတာကိုး "
" ဟုတ်လား "
" ညနေကျရင် သမီး ကားလ်ဟဲရော့နဲ့ မြင်းစီးထွက်မယ်နော် မေမေ "
" ထွက်လေ၊ မာလီးဆာ ကို ခေါ်သွားနော်၊ ပြီးတော့ နေမ၀င်ခင် ပြန်လာခဲ့၊ သမီးသူငယ်ချင်းကို ညစာစား ဖို့ ဖိတ်ချင်ဖိတ်ခဲ့လေ "

" ဟုတ်ကဲ့မေမေ၊ မာလီးဆာကို မြင်းစီးစကတ် ကောင်းကောင်းလေး တစ်ထည်လောက် ချုပ်ပေးပါ ဦး မေမေ၊ သခင်မလေးရဲ့ အထိန်းတော်က စုတ်စုတ်ပြတ်ပြတ်နဲ့ဆိုရင် ဘယ်ကြည့်ကောင်း မလဲ မေမေရဲ့"
" သမီး မနှစ်က ချုပ် တဲ့ အစိမ်း ကို ပေးလိုက်လေ၊ မ၀တ်တော့ဘူး မဟုတ်လား "
" အင်း … ဟုတ်တယ်၊ အဲဒါကောင်းတယ်၊ သမီး ပေးလိုက်မယ်နော် "
ဓားနှင့် ခက်ရင်း ကို ချပြီး ထ သွားသည်။ အခန်းဝမှ ပြန်လှည့်ပြီး -
" သမီးလက်ထပ် ရင် စန္ဒရားကြီး ယူသွားလို့ရမလား မေမေ "
" ယူသွားပေါ့ သမီးရဲ့၊ သမီးစန္ဒရားပဲဥစ္စာ"
" ကျေးဇူးပဲ မေမေ "

ရီတာ ပြေးထွက်သွားသည်။ သမီးလုပ်သူ၏ နောက်ပိုင်းကိုကြည့်ပြီး ဂျူးဒစ် အတွေးနယ်ချဲ့ ကျန်ရစ် သည်။ ကားလ်ဟဲရော့ ကို လူဆင်းရဲစာရင်းသွင်းပြီး ရီတာ လက်ထပ်ဖြစ်လျှင် ဂျူးဒစ်အနေဖြင့် ကန့်ကွက် စရာ မရှိပေ။ ငယ်လွန်းသည့်အတွက်သာ စဉ်းစားစရာရှိသည်။
ဟဲရော့ မိသားစုမှာ အမေရိကန်တော်လှန်ရေးတွင် အင်္ဂလိပ်ဘက်တော်သားများအဖြစ် နေခဲ့၍ ဘ၀ ပျက်ကာ ပင်ဆယ်လ်ဗေးနီးယားမှ အင်္ဂလိပ်ပိုင် ဖလော်ရီဒါ အနောက်ပိုင်းသို့ ပြေးလာခဲ့ကြသူ များဖြစ်သည်။ အိမ်ကို အမေရိကန်သူပုန်များ မီးရှို့ဖျက်ဆီးခဲ့သဖြင့် အတွင်းပစ္စည်းကလေးများကို ယူခဲ့ပြီး ကျောကော့ ပြေးခဲ့ကြရသည်။
ပစ္စည်းများ ကို ထုခွဲရောင်းချပြီး သစ်တောမြေများဝယ်ကာ သစ်လုပ်ငန်းနှင့် မီးသွေးလုပ်ငန်း လုပ်ကိုင် လျက်ရှိသည်။ ကားလ်အမေ က ရှင်ပြုစဉ်က ရွှေထီးဆောင်းခဲ့ဖူးသည့် ပင်ဆယ်လ်ဗေးနီးယားဘ၀ကို စားမြုံ့ပြန် တတ်သည်။

ကားလ်ကိုယ်တိုင်ကမူ အလွန် အလုပ်ကြိုးစားသည့် လူငယ်တစ်ယောက်ဖြစ်၏။ အထည်ကြီးပျက် ဘ၀ဖြင့် ဘ၀မြင့်နေတတ်သူမျိုး မဟုတ်ပေ။ ရီတာ့ကို ပျော်အောင် ထားနိုင်မည့် လင်သား တစ် ယောက် ရေကာတာ ဆီသို့ မြင်းစီးထွက်သွားသည်ကို နောက်ဘက်မှ ငေးကြည့်နေမိ၏။ အရောင်လွင့်ပြယ်နေပြီဖြစ်သည့် ရီတာ့မြင်းစီးဝတ်စုံကို ၀တ်ထားသည့် မာလီးဆာက ခပ်လှမ်းလှမ်းမှ စီးလိုက် သွားသည်။ ကားလ်နှင့် ရီတာတို့ နှစ်ယောက်မျာ အလွန်လိုက်ဖက်သည့် စုံတွဲဖြစ်ကြောင်း ထိုညနေ တွင် ဂျူးဒစ် လင်တော်မောင်အား ပြောပြလိုက်သည်။
" မင်း အဲဒီလို ထင်တဲ့အတွက် ကိုယ် ၀မ်းသာပါတယ် ဂျူးဒစ်၊ ရီတာ့ကို စောင့်ရင်း ကားလ်နဲ့ကိုယ် ခဏ စကားပြောဖြစ်တယ်။ သူက သမီးကို လက်ထပ်ခွင့်တောင်းဖို့ ခွင့်ပြုပါတဲ့ "
ဂျူးဒစ် က ခန်းဆီးစကို ဆွဲလိမ်ရင်း ပြုံးသည်။

" သမီးကို သူ မပြောရသေးဘူးလို့ အစ်ကို ထင်သလား "
" ပြောရသေး ဟန် မတူဘူး။ ဒါပေမဲ့ သူပြောရင် ရမယ်လို့ သူ့စိတ်ထဲမှာ ယုံကြည်နေပုံပဲ "
" အစ်ကို သူ့ရှေ့ရေး ကို မေးကြည့်လိုက်သေးလား "
" မေးတာပေါ့၊ ကားလ်က ပွင့်လင်းပါတယ်၊ သူက သားအငယ်ဖြစ်လို့ မိဘဆီက ရစရာ များများမရှိ ပါဘူး တဲ့။ ပြီးတော့ သူတို့ပစ္စည်းတွေ သူပုန်ဖျက်ဆီးခံရတာလည်း သူ့အမေ ပြောသလောက် မဟုတ်ပါဘူးတဲ့။ ဒါပေမဲ့ ရီတာ ရမယ့် အစုနဲ့ သူ့လုပ်ငန်းကို ကောင်းကောင်း စ နိုင်ပါတယ်တဲ့လေ၊ မင်း ဘာတွေစဉ်းစားပြီး ငိုင်နေတာလဲ "
" ဒေးဗစ် အကြောင်းပါ "

" အေမီလီပါစယ်နဲ့လား၊ ဒီမနက်ပဲ ဖအေ့ကို မေးသွားသေးတယ်၊ ပထွေးနဲ့နေရတဲ့ သတို့သမီးကို ဘယ် လို တောင်းရမလဲတဲ့။ ပထွေးဆီမှာ တောင်းရမှာလား၊ မအေဆီမှာ တောင်းရမှာလား၊ ဒါမှ မဟုတ် အစ်ကိုကြီး ဆီမှာ တောင်းရမှာလားတဲ့။ အမေဆီမှာ တောင်းပါလို့ အစ်ကို ပြောလိုက်တယ်။ ပစ္စည်း ခွဲဝေပေးရေး ကိစ္စကျတော့ ဟယ်ရီပါစယ်နဲ့ ဆွေးနွေးတာပေါ့။ ဒေးဗစ် မိန်းမ ယူမယ်ဆိုလို့ ကိုယ်တော့ ၀မ်းသာနေ တယ် "
ဂျူးဒစ် သက်ပြင်းချသည်။
" အင်း … နှစ်မင်္ဂလာတောင် လုပ်ပေးရမှာ။ ဘယ်သူမှ မကျန်တော့ဘူးပေါ့ "
ဖီးလစ်က ရယ်ပြီး -
" ကောင်းတာပေါ့၊ တို့တစ်တွေ သိပ်မအိုခင် မြေးချီရတာပေါ့ "

ဂျူးဒစ် အသက်ရှူကျပ်သွားသည်။ ခေတ်တစ်ခေတ်ထဲကို သိသိသာသာ တိုးဝင်နေရခြင်းပါကလား။ ရက်စွဲရေးတာကို ကြည့်လေ။ သက္ကရာဇ်နေရာတွင် တစ်ခုနစ်က မစတော့ဘဲ တစ်ရှစ် ဖြစ်နေပြီ ။ ပြက္ခဒိန်နှင့် အတူ လိုက်၍ အရာအားလုံး ပြောင်းသွားသည့်အလား။
ကောလာ ဟလတွေက ဖြစ်နေသေးသည်။ လူဝီစီးယားနားကို စပိန်က ပြင်သစ်လက်ထဲ ပြန်အပ်မလိုလို ဘာလိုလို။ ဒီသတင်းကြောင့် ပြင်သစ်တွေ ပျော်နေကြ၏။ သူတို့တစ်တွေသည် စပိန်လက်အောက် တွင် နှစ်ပေါင်းများစွာ နေခဲ့ရသည့်တိုင် ပြင်သစ်အနွယ်များ ဖြစ်ကြသည်။ နပိုလီ ယံကို ကိုးကွယ်ကြသူ များဖြစ်သည်။

ဒီဇင်ဘာထဲတွင် ဆိပ်ကမ်း၌ ဂျာဗာစီနှင့် ဂျူးဒစ်တို့ လင်မယားသွားဆုံသည်။ အိမ်ဖော်ကောင်လေး တစ်ယောက် လိုချင်၍ ကျွန်ဈေးသို့ လာခဲ့ခြင်းဖြစ်ကြောင်း ပြောရင်း ဂျာဗာစီက ၀မ်းသာ အားရ လေသံဖြင့် -
" ဂျူးဒစ်ရေ၊ ကိုယ့်အလံတော်အောက်မှာ ကိုယ်နေရတော့မယ်တဲ့။ လူးဝစ်က စိတ်ညစ်နေတာ၊ စပိန်စကား ကို သူ ဘယ်လိုမှ သင်လို့ မတတ်ဘူးလေ "
ဖီးလစ် ပြုံးသည်။
" ဒါပေမဲ့ ကျွန်တော်တို့ ပြင်သစ်လက်အောက် ပြန်ရောက်ရင် ကြေညာချက်တွေကို မဖတ်တတ်လို့ဆိုပြီး မသိကျိုးကျွန်လုပ်လို့ မရတော့ဘူးနော် "
ဂျာဗာစီက သူနှင့်ယှဉ်စီးလာသည့် ဖီးလစ်နှင့် ဂျူးဒစ်ကို ပြုံးပြုံးကလေး ငဲ့ကြည့်ပြီး -
" မွန်ဆီယာနဲ့ မဒမ်တို့က အင်္ဂလိပ်ကိုလိုနီမှာ ကြီးပြင်းလာကြတာနော်။ ပန်းခြံတွေထဲမှာ ပြင်သစ် နှင်းပန်းတွေမြင်ရရင် ကျွန်မတို့ အောင့်သက်သက် ဖြစ်ရတယ်ဆိုတာ ဘယ် နားလည်နိုင်ပါ့မလဲ "
" ဒီတစ်ခါတော့ နှင်းပန်းတွေ အစား ရောင်စုံပန်းတွေ လာတော့မယ်ထင်တယ်။ တော်လှန်ရေးကာလ မဟုတ်လား "

" အင်း … ဂျာဗာစီလည်း ခုမှ အသက်ကြီးလာသလို ခံစားရတော့တယ်။ မနက်ကလည်း အေမီလီ ကြောင့် လူးဝစ် အလန့်တကြား ဖြစ်သွားသေးတယ်။ ပြင်သစ်လက်အောက်ရောက်တော့ ဘာဖြစ် လဲတဲ့၊ သမီးတို့ ဘာဖြစ်နေ ဖြစ်နေ ဘယ်သူက ဂရုစိုက်မှာလဲတဲ့။ အေမီလီတစ်ယောက်ဟာလေ သူ မမွေးခင်က ကိစ္စတွေ ကို ဘယ်တော့မှ စိတ်မ၀င်စားဘူး "
ဖီးလစ် က ရယ်ပြီး နောက်လိုက်သည်။
" ဒေးဗစ်နဲ့ အေမီလီကို အလံနှစ်ခုတင်ပြီး လက်ထပ်ပေးရမယ် ထင်တယ် "
" အို … ဖီးလစ်ကလဲ၊ စာချုပ်စာတမ်းတွေလည်း မပြီးသေးဘဲနဲ့၊ လောရန်ကော၊ ကဲ ဂျာဗာစီ သွားမှ ဖြစ်တော့မယ် "ဟု ရယ်ရယ်မောမော ပြန်ပြောသည်။
" မနက်ဖြန် ညစာဝိုင်းမှာ ဆုံမယ်နော် ဂျာဗာစီ "
ဂျူးဒစ် က လှမ်းပြောလိုက်သည်။ ဂျာဗာစီက -

" လာမှာပေါ့ကွယ်၊ လာမှာပေါ့" ဟု ပြောပြီး ဂျူးဒစ်လက်ကို နမ်းကာ နှုတ်ဆက်လိုက်သည်။ ဖီးလစ် နှင့် ဂျူးဒစ်တို့နှစ်ယောက် အထည်ဆိုင်များ ရှိရာသို့ ဆက်စီးလာခဲ့သည်။ ဆိုင်များတွင် ပိုးထည်တွေ၊ ချည်ထည် တွေ မျိုးစုံပြထား၏။ မင်းသမီးကလေးတစ်ပါးလို ဆင်ပေးရမည်ဟု ရီတာ က တောင်းဆို ထားသည်။ မနက်ဖြန် ညစာစားပွဲတွင် ကားလ်နှင့် စေ့စပ်ကြောင်းလမ်းတော့ မည်လေ။
ဂျူးဒစ်က သမီးအတွက် အလုပ်ရှုပ်နေ၍ နိုင်ငံရေးကိစ္စတွေကို လုံးဝ နားထောင်ချိန်မရဘဲ ဖြစ်နေ သည်။

သို့သော် နောက်တစ်နေ့တွင်လည်း မိုးလင်းသည်နှင့် နိုင်ငံရေးကိစ္စကို ပထမဆုံး ကြားရပြန် သည်။ မနက်စောစော ထပြီး ကြက်ဆင်ကောင်လုံးကြော် လုပ်ရန်အတွက် အဆာသွတ်ဖို့ မီးဖို ဆောင်ဘက်သို့ ထွက်လာခဲ့သည်။ ဒေးဗစ်နှင့် ဆုံတော့ လူဝီစီးယားနားကို ပြင်သစ်လက်ပြန်အပ်ဖို့ ကိစ္စပဲ စကားစသည်။ ဘယ်လိုသဘောရသလဲဟု ဂျူးဒစ်က မေးတော့ -
" ဘာမှ သဘောရစရာ မလိုဘူးလေ၊ သူတို့က ကျွန်တော်တို့ ဆန္ဒကို မယူဘဲ ဟိုလွှဲပေး သည်ပြောင်းပေး လုပ်ရင် သူတို့လုပ်သမျှ ကျွန်တော်တို့ လက်ခုပ်တီးပေးလိမ့်မယ်လို့ မမျှော်လင့် ကြနဲ့ပေါ့ "
ဒေးဗစ်က ရယ်ရယ်မောမောပြောပြီး မြင်းတစ်စီးဖြင့် မြို့ထဲ ထွက်သွားသည်။ ဂျူးဒစ် ရပ်ကျန်ရစ် သည်။ ဘယ်လောက် ပေါ့ပေါ့တွေးပြီး ပေါ့ပေါ့မြင်တတ်သည့် ဒေးဗစ်ပါပဲ။
ညနေပိုင်းတွင် ညစာအတွက် ပြင်ရဆင်ရ၊ အခန်းတိုင်းမှ မီးလင်းဖိုတွင် မီးပျိုးရနှင့် ဖတ်ဖတ်မောနေ သည်။ ဧည့်သည်တွေ တဖွဲဖွဲ ရောက်လာတော့လည်း ကြိုဆိုရ၊ သမီး ရီတာကို ပွဲထုတ်ရနှင့် ဂျူးဒစ် ယားလို့ မှ မကုတ်နိုင်တော့ပေ။

ရီတာ က ဂုဏ်ပြုချီးကျူးစကား ဆိုလာသူတိုင်းကို ဒူးညွှတ်အရိုအသေ ပြုသော်လည်း ကလေးစိတ် မကုန့်တကုန် မို့ ဧည့်သည်တွေ ပြောသည့် စကားများတွင် စိတ်ဝင်စားခြင်း မရှိလှပေ။
ရီတာလေး၏ စေ့စပ်ကြောင်းလမ်းပွဲတွင် လူတွေ စိတ်ဝင်စားနေသည်မှာ တခြားဖြစ်နေကြောင်း ဂျူးဒစ် သတိထား မိသည်။ ဂျူးဒစ်က လူးဝစ်ဗဲလ်ကိုးကို မေးကြည့်လိုက်သည်။
" ဘာတွေ ကျိတ်ဆွေးနွေးနေကြတာလဲ လူးဝစ် "
ဝိုင်ခွက်ကို နှုတ်ခမ်းဝမှ ဖယ်လိုက်ပြီး -
" အလို … မစ္စက်လန်း၊ မကြားသေးဘူးလား "
" ဘာများလဲဟင်၊ ဘာမှ မကြားပါလား "

" ဒီနေ့ နေ့လယ် ဆိုက်လာတဲ့ လှေတစ်စင်းနဲ့ သတင်းထူးပါလာတယ်လေ၊ လူဝီစီးယားနား ကို ပြင်သစ်လက် ပြန်အပ်တာက လူမြင်ကောင်းအောင် လုပ်တာတဲ့၊ တကယ်က အမေရိကန်ပြည်ထောင်စု ကို ရောင်းစားပြီးသားတဲ့ခင်ဗျ"
" ရှင် … ဘုရား ဘုရား၊ ဒါငြဖ့် ကျွန်မတို့ အမေရိကန်တွေ ဖြစ်သွားပြီပေါ့ ဟုတ်လား "
ဂျာဗာစီ အနားရောက်လာပြီး -
" နောက် မကြာခင် ဒတ်ခ်ျ ဖြစ်ဦးမလား မသိဘူး "
" နောက် ဘာသာတစ်မျိုးတော့ ထပ်မသင်ပါရစေနဲ့တော့ ခင်ဗျာ "
ဒေးဗစ်က အေမီလီကို အမြတ်တနိုး တွဲဝင်လာရင်း ၀င်အရွှန်းဖောက်သည်။ တစ်ဆက်တည်း -
" ဘာပြောပြော၊ အမေရိကန်က အင်္ဂလိပ်စကားပြောလို့ တော်သေးတယ်ဆိုရမယ်" ဟု ခပ်ရွှင်ရွှင် ဆက်ပြော သည်။

ဂျူးဒစ် သက်ပြင်းချသည်။
" အလေးအနက် ပြောကြစမ်းပါကွယ်၊ ဘယ်လောက်ကြာကြာကြီး အမေရိကန် လက်အောက်မှာ နေရမှာလဲ "
" ကျွန်တော်တော့ သိပ်ကြာမယ် မထင်ဘူး၊ သမိုင်းကို ပြန်ကြည့်လေ "
လူးဝစ်က သူ့အမြင်ကို ပြောပြသည်။ ဒေးဗစ်က ပခုံးတွန့်ပြီး -
" ရောင်းပစ်လိုက်တာ ဟုတ်လား၊ စာချုပ်စာတမ်းနဲ့ လွှဲပြောင်းပေးတာတောင် မဟုတ်ဘူးပေါ့ "
ရီတာနှင့် ကားလ် ရောက်လာသည်။ ကားလ်က မကျေမနပ်သံဖြင့် -
" ကျွန်တော့် မယ်တော်ကြီး ဒီအကြောင်းကြားရင် ဘယ်လိုနေမလဲ မသိဘူး"
ဂျူးဒစ်က -
" ကျွန်မတို့ကို ဘယ်လောက်နဲ့ ရောင်းလိုက်တာတဲ့လဲ "
" ဒေါ်လာ ၁၅ သန်းနဲ့လေ "

" အဲဒါက ဘယ်လောက်တန်သလဲဟင် "
" အဲဒါတော့ ကျွန်တော် သေသေချာချာ မတွတ်တတ်ဘူး မဒမ်။ ဒါပေမဲ့ မရေမတွက်နိုင်လောက်အောင် များပါတယ် "
ဤတွင် ရီတာက ၀င်ပြီး -
" ခရစ္စတိုဖာ ဘယ်မလဲဟင်၊ ငွေကြေးကိစ္စ သူပဲ ကျွမ်းတယ်၊ စီဇာရို "
ပြောပြောဆိုဆို အစေခံတစ်ယောက်ကို လှမ်းခေါ်လိုက်သည်။
" မစ္စတာခရစ္စတိုဖာကို သွားရှာစမ်း၊ ပြီးတော့ ဒီကိုခေါ်ခဲ့၊ အလုပ်ကိစ္စလို့ပြော၊ ဒါမှ ချက်ချင်း ပြေးလာမှာ "
ရီတာက အားလုံးကို ပြောင်စပ်စပ် ကြည့်ပြီး ပြောလိုက်သည်။ ဂျူးဒစ်က -
" ဘာပဲဖြစ်ဖြစ်လေ၊ ဒေါ်လာ ၁၅ သန်းတန်တဲ့ နိုင်ငံမှာ တို့ နေရတော့မှာပေါ့ "
ခရစ္စတိုဖာ ရောက်လာတော့ ရီတာ ကောက်မေးသည်။

" အမေရိကန်ပြည်ထောင်စုရဲ့ သမ္မတက ဘယ်သူလဲ၊ ဒေါ်လာ ၁၅ သန်းက ဘယ်လောက်တန်သလဲ "
" သမ္မတ နာမည်က သောမတ်ဂျက်ဖာဆင်၊ ဒေါ်လာ ၁၅သန်းက ငွေသား ၄၃၃ တန် တန်ဖိုးနဲ့ ညီမျှ တယ်"
" ကြည့်စမ်း၊ မင်း ဒါတွေ ဘယ်လိုလုပ် သိနေလဲ ခရစ္စတိုဖာ "
ခရစ္စတိုဖာ ပြုံးသည်။

" လှေတွေမှာ လွှတ်တော်သတင်းတွေပါ ပါလာတတ်တယ်။ အမေရိကန် အောက်လွှတ်တော်မှာ ဒီကစ္စအကြီးအကျယ် စကားများကြတယ်တဲ့ခင်ဗျ။ သူတို့က လူဝီစီးယားနားကို ဒါလောက် မတန်ဘူးဆိုပြီး ကန့်ကွက်ကြတယ်တဲ့။ နယူးအင်္ဂလန် ဘာသာရေးခေါင်းဆောင် တစ်ယောက် ကတော့ မစ္စစ်စပီ မြစ်ဝှမ်းက နိုင်ငံခြားသားပိုင် ပြည်နယ်တွေနဲ့ မိစ္ဆာဒိဋ္ဌိတွေ ကြီးစိုးနေတဲ့ ဒေသတွေမှာ ကိုယ်ပိုင်အုပ်ချုပ်ရေး ပေးသင့်တယ်လို့ အဆိုတင်သွင်းတယ်တဲ့ "
" အင်း … အံ့သြစရာတွေချည်းပဲနော် "
ဂျူးဒစ်က ညည်းညည်းတွားတွား မှတ်ချက်ချသည်။ ရီတာကမူ -
" ရီတာဖြင့် ဘာမှ နားမလည်တော့ဘူး၊ ခေါင်းရှုပ်တယ်" ဟုဆိုသည်။

ခရစ္စတိုဖာက အိတ်ထဲမှ ကြေးပြားတစ်ပြားကို ထုတ်ပြီး -
" ဘာမှမရှုပ်ပါဘူး၊ ဒီမှာကြည့်၊ ဟောဒီ တို့သုံးနေတဲ့ ပိုက်ဆံတစ်ပြားက အမေရိကန် ငါးဆင့်လောက်နဲ့ ညီမျှတယ်၊ သူတို့ငွေကြေးစနစ်က ရှင်းပါတယ်၊ ဆင့် ၁၀၀ ကို တစ်ဒေါ်လာလေ၊ ဒါပါပဲ"
" တစ်ပြားကို ငါးဆင့်၊ ဆင့် ၁၀၀ မှာ တစ်ဒေါ်လာဆိုရင် အပါးပါး … ပိုက်ဆံတွေ ဘယ်ရေနိုင်တော့ မလဲ၊ အင်း … မပေးချင်တဲ့သူတွေကို အပြစ်မဆိုသာပါဘူး "
ရီတာက သူ့အမြင်ကို ၀င်ဆွေးနွေးသည်။
" ကားလ် "
ခပ်ကျယ်ကျယ် ခေါ်သံကြား၍ ကားလ်ဟဲရော့ လှည့်ကြည့်လိုက်သည်။ သူတို့ဆီ လျှောက်လာနေ သည့် မိခင်လုပ်သူကို တွေ့ရ၏။

" ဘာအဓိပ္ပာယ်လဲကွယ့်၊ လူဝီစီးယားနားကို အမေရိကန်လက်ထဲ ထိုးရောင်းလိုက်ပြီ ဆို "
ကားလ်က ရယ်ချင်စိတ်ကို မျိုချထားလိုက်သည်။ ကားလ်သည် ခပ်ရွှင်ရွှင် လူငယ်တစ်ယောက်ဖြစ် သည်။ နှာခေါင်းတွင် မှဲ့ခြောက်ကလေးတွေနှင့်။ ဆံပင်က ဘယ်လောက်ဖြီးဖြီး ထိုးထိုး ထောင် ထောင်။
" ဟုတ်တယ် မေမေ၊ ကျွန်တော်တို့ ခုပဲ ဒီအကြောင်း ပြောနေကြတာ "
" တို့က မိအေးနှစ်ခါနာပေါ့ကွယ်၊ ဒီလိုမှန်းသိရင် ပင်ဆယ်လ်ဗေးနီးယားက ဘာလို့ ပြောင်းလာမလဲ "
ဂျူးဒစ်က ရီတာ၏ ယောက္ခမကြီးကို လက်တွဲပြီး ဖြေသိမ့်စကားဆိုသည်။

" သိပ်ထူးခြားမှာ မဟုတ်ပါဘူးလေ၊ ဘာမှ မပူပါနဲ့၊ စစ်ရေးပြပွ အစစ်တွေ ကြည့်ရတာပေါ့ "
သို့သော် ဧည့်သည်တွေ ပြန်သွားကြပြီး ညလယ်စာဝိုင်းတွင် ဖီးလစ်အား တန်းပြီး မေးခွန်း ထုတ်တော့ သည်။
" လူဝီစီးယားနားမှာ အမေရိကန်လက်အောက် ရောက်ချင်တဲ့လူ ရှိမယ်လို့ အစ်ကို ထင်သလား။ စပိန်တွေကလည်း စပိန်လက်အောက်မှာပဲ နေချင်မှာပေါ့။ ပြင်သစ်တွေကလည်း ပြင်သစ်ဘုရင်ပဲ ပိုင်စေချင် မှာပေါ့။ ပြီးတော့ ဟဲရော့တို့လို လူတွေ "
" ပြီးတော့ တို့လို လူတွေပေါ့ကွာ "
ဖီးလစ်က ဖြတ်ပြောသည်။

" ဘယ်သူလာလာ ဂရုမစိုက်တဲ့ လူတွေလေ၊ ဘာပဲပြောပြော ခရစ္စတိုဖာ ပြောတာပဲ စိတ်ဝင်စား တယ်။ မြစ်ရိုးတစ်လျှောက် အရောင်းအ၀ယ် ပိုကောင်းလာမယ်တဲ့။ အမေရိကန်တွေက ခပ်ရမ်းရမ်း သမားတွေလေ "
ဂျူးဒစ်က စကားအဆက်အစပ် မရှိဘဲ -
" ကားလ်က ချက်ချင်း လက်ထပ်ချင်တယ်တဲ့။ ရီတာက ဧပြီလလောက်ထိ ဆွဲထားချင်သေးတယ်။ လိမ္မော်ပွင့် အစစ်ကလေးတွေကို ပန်ချင်လို့တဲ့လေ "
" ကောင်းပါတယ်၊ ဧပြီလအထိ ဆွဲထားပေစေ၊ အေမီလီကလည်း ဒေးဗစ်ကို ဇွန်လအထိ စောင့်ခိုင်းသတဲ့၊ ဒါမှ သစ္စာပန်းတွေကို သူ ပွေ့ရမှာတဲ့၊ ကဲ … စားကြစို့ "
ရီတာ စိတ်ကူးယဉ်ထားသည့်အတိုင်း လိမ္မော်ကလေးတွေပန်ပြီး နှင်းဆီဖြူပွင့်တွေနှင့် ပြင်ဆင် ထားသော ၀က်သစ်ချမြိုင် ခန်းမဆောင်ထဲတွင် လက်ထပ်ဖြစ်သည်။ ရီတာ့အတွက် ကားလ်က နေချင့်စဖွယ် အိမ်ကြီးတစ်ဆောင် ဆောက်ပေးသည်။ ရီတာက "ပန်းတွေ စိုက်ပြီးရင် သိပ်လှတဲ့ စံအိမ်ကြီး တစ်ဆောင် ဖြစ်လာမှာပါ " ဟု ယုံယုံကြည်ကြည် ထုတ်ပြောသည်။ သစ်လုပ်ငန်းနှင့် မီးသွေးလုပ်ငန်း က အောင်မြင်နေလေပြီ။ ကားလ်နှင့် ရီတာတို့ နှစ်ယောက် အနာဂတ်ကို ယုံကြည် နေကြသည့်အတွက် ဂျူးဒစ် ၀မ်းသာနေသည်။ ရီတာ သည်လည်း မျိုးဆက်သွေးတို့ကို ဆက်လက် ထိန်းသိမ်းနိုင်လိမ့်မည်ဟု ဂျူးဒစ် ယုံကြည်လိုက်၏။

ရီတာ လက်ထပ်ပြီး နှစ်လအကြာတွင် ဒေးဗစ် မင်္ဂလာဆောင်သည်။ ဒေးဗစ်နှင့် အေမီလီတို့နှစ် ယောက် နယူးအော်လီယန်းသို့ မင်္ဂလာခရီး ထွက်သွားကြလေသည်။ ဇူလိုင်လထဲရောက်မှ ပြန်လာကြသည်။ ဂျူးဒစ်က သူတို့ အခန်းထဲတွင် နှင်းဆီပန်းအိုးတွေ အသင့်ပြင်ထားပေးသည်။ အေမီလီ၏ သီးသန့် ဧည့်ခန်းထဲတွင်တော့ ဇီဇ၀ါပွင့်တွေ ပန်းကန်အမောက် ထည့်ထားပေးသည်။ ပန်းအိုးတွေ ပြင်ဆင်နေရင်း ၀က်သစ်ချမြိုင်အိမ်ကြီး တိတ်ဆိတ်လွန်းနေပုံကို ဂျူးဒစ် စဉ်းစားနေမိ သည်။ ဒေးဗစ် မင်္ဂလာဦးခရီး ထွက်သွားတော့ လင်ကိုယ်မယားနှစ်ယောက်ထဲ ကျန်ရစ်သည်။ နှစ် ယောက်ထဲ နေခဲ့ဖူးသည့် ကာလမှာ သစ်လုံးအိမ်ကလေးထဲတွင် နေခဲ့ရစဉ်က တစ်ချိန်သာ ရှိခဲ့သည်။

အေမီလီ အိမ်ရောက်လာပုံနှင့် လက်ထပ်ပြီးစ မိမိ သစ်လုံးအိမ်ကလေးသို့ လိုက်လာပုံကို ယှဉ်တွေးမိတော့ ဂုဏ်ယူချင်သလိုလို၊ ၀မ်းနည်းချင်သလိုလို မရေမရာ ခံစားရ၏။
သတို့သမီး စိတ်တိုင်းကျဖြစ်အောင် အပြင်အဆင် အမွမ်းအမံတို့ကို အသေးစိတ် လိုက်စိစစ် သည်။ အိမ်ရှေ့ ဥပစာတွင် ကြိုဆိုမည့်သူတွေ စုရုံးနေကြပြီ။ ရှေ့ဆုံးက ၀က်သစ်ချမြိုင်အိမ် ၀န်ထမ်းများ၊ သူတို့နောက်မှ တစ်ရက်အနားပေးထားသည့် ကွင်းလုပ်သားများနှင့် အလုပ်ကြပ်များ။ စုစုပေါင်း လူမည်းလုပ်သား သုံးလေးရာလောက်နှင့် အလုပ်ကြပ် ဆယ်ဦး။ အလုပ်ကြပ်များက သူတို့ မိသားစုတွေပါ ခေါ်လာကြသည်။ တစ်နေ့တွင် သူတို့ အရှင်သခင်ဖြစ်လာမည့် ဒေးဗစ်နှင့် အေမီလီ ကို အိမ်ရှေ့မင်းသားနှင့် အိမ်ရှေ့မင်းမိဖုရားအား ကြိုသလို ကြိုဆိုကြသည်။

ခြံဝဆီမှ ရထားသံကြားသည်နှင့် ဂျူးဒစ် အပေါ်ထပ် လသာဆောင်သို့ ပြေးတက်သွားပြီး မျှော် ကြည့်သည်။ ပြီးတော့ ပြန်ပြေးဆင်းလာသည်။ မြေညီထပ် လေသာဆောင်တွင် ဖီးလစ်၊ ကာလက်ရှာရမီ၊ ရော်ဂျာနှင့် သူ့ဇနီး မာသာ၊ ရီတာတို့စုံတွဲ၊ ခရစ္စတိုဖာနှင့် အော်ဒရေတို့ စုံစုံညီညီ စုဝေးသည်ကို တွေ့ရ၏။
" သူတို့ ရောက်လာကြပြီ အစ်ကို "
ဂျူးဒစ် က ဖီးလစ်ကို ကပ်ပြောလိုက်သည်။ ဖီးလစ် တံခါးဝဆီသို့ လျှောက်သွားပြီး ဧရာမခေါင်းလောင်းကြီး ၏ ကြိုးကို တအားဆွဲလှုပ်လိုက်သည်။ တစ်ကွင်းလုံးကြားရ သည့် ခေါင်း လောင်းသံ ည် ထွက်ပေါ်ခဲလှသည်။ အလွန့်အလွန် အရေးကြီးသည့် အခမ်းအနားမျိုး၊ အရေးပေါ် ကိစ္စမျိုး ရှိမှသာ အသံမြည်သည့် ခေါင်းလောင်းကြီး၊ ခေါင်းလောင်းထိုးသံကြားပြီဆိုလျှင် အလုပ်သမား အားလုံး အလုပ် ကို ချက်ချင်းရပ်ပြီး အိမ်မကြီးဆီသို့ ပြေးလာကြရသည်။

ခေါင်းလောင်းသံကြီး မြည်ဟည်းလာတော့ မာသာက နားကို ပိတ်လိုက်ပြီး " အို … လန့်လိုက်တာ "ဟု လေသံခပ်အုပ်အုပ်ဖြင့် ပြောသည်။ အိမ်ရှေ့တွင် စုရုံးနေကြသည့် လုပ်သားတွေ လှုပ်လှုပ်ရွရွ ဖြစ်သွားကြသည်။ ထိုင်နေသူတွေ အားလုံး ထ ရပ်လိုက်ကြသည်။
ဧည့်ခန်းထဲမှ တီးဝိုင်းက အကြိုတော်တေးသွားကို စတင် တိးမှုတ်လေသည်။ ဂီတသံသည် ဖြည်းဖြည်း ညင်ညင်ကလေး စတင်ထွက်ပေါ်လာ၏။ ဂျူးဒစ်က လှေကားထစ်တွင် ဖီးလစ်နှင့် မျက်နှာချင်း ဆိုင်ရပ်ပြီး စောင့်နေသည်။

ဝက်သစ်ချပင်များအလယ်မှ လမ်းအတိုင်း မောင်းဝင်လာသည့် ရထားပေါ်မှ ရထားထိန်းက ကိုယ် ရောင်ကိုယ်ဝါ တောက်ပစွာဖြင့် ကြိုဆိုနေသည့် ပရိသတ်ကိုကြည့်ပြီး သွားတွေ အဖွေးသားပေါ် အောင် ပြုံးလျက်။ အစေတော် နှစ်ဦးက ရထားတံခါးကို ပြေးဖွင့်ပေးသည်။
ဒေးဗစ် အလျင်ဆင်းလာသည်။ ဦးထိုပ်မြှောက်ပြီး သူ့အလုပ်သမားတွေကို ဦးစွာ နှုတ်ဆက် သည်။ အေမီလီ က ဒေးဗစ်လက်ကို လှမ်းကိုင်ပြီး ဆင်းလာသည်။
ရှက်ပြုံးကလေးပြုံးပြီး လူမည်းလုပ်သားတွေကို တစ်လှည့်၊ ၀က်သစ်ချမြိုင် စံအိမ်ကြီးကိုတစ်လှည့် ကြည့်နေ၏။ မယုံကြည်နိုင်သလို ဇဝေဇ၀ါ ဖြစ်သွားသည်။ အေမီလီမှာ ကိုယ်လုံးကိုယ်ထည် သွယ်လျလျနှင့် အချိုးကျ ပြေပြစ်ကာအလွန်ချစ်စဖွယ် တင့်တယ်သည့် မိန်းမငယ်တစ်ယောက် ဖြစ်၏။

အပြာရောင် ပိုးသားဂါဝန်ကြီးက ခြေမျက်စိအထိ ဖုံးလွှမ်းနေသည်။ လက်မောင်းတွင် ဇာပန်းဖောက် ထား၏။ ဦးထုပ်အနားနှစ်ဖက်မှ ကြိုးကို မေးတွင် ချည်ထားသည်။ လူမည်းတွေကို မျက်လုံးရွှဲကြီး များဖြင့် ရှက်ကိုးရှက်ကန်းကြည့်နေ၏။ ကျေနပ်အံ့သြနေပုံ။
ဒေးဗစ်က သူ့လက်ကို တင်းတင်းဆုပ်ထား၏။ ထွက်ပြေးသွားမည်ကို စိုးရိမ်နေသည့်အလား။ ဇနီး အသစ်ကလေးကို မြတ်နိုး ဂုဏ်ယူစွာ ကြည့်နေခိုက် ကြိုဆိုသူတွေကို တစ်ဦးချင်း မမြင်တော့ဘဲ ပရိသတ်ကြီးအဖြစ်သာ တစ်ပြေးတည်း မြင်တော့သည်။
" ကျက်သရေ မရှိဘူးလား ဟင် "
ဖီးလစ်က ဂျူးဒစ်ကို ကပ်ပြောလိုက်သည်။

" သားက အေမီလီကို သိပ်ချစ်တာ "
ဂျူးဒစ် တိုးတိုးကလေး ပြန်ပြော၏။
" အေမီလီ လန့်နေတယ်၊ တွေ့လား "
နောက်ဘက် မှ ကားလ်က ရီတာကို ပြောနေသံ။ ရီတာက -
" အို … လန့်တာပေါ့၊ မရှက်တတ်တဲ့ ရီတာတောင် အိမ်ပြန်လာတုန်းက လန့်သေးတာပဲ" ဟု ရင်တုန် ပန်းတုန် ပြန်ပြောသည်။
အိမ်စေ မိန်းကလေး တချို့က အေမီလီရှေ့ လမ်းတစ်လျှောက် ပန်းပွင့်တွေ ကြဲချနေသည်။ အချို့က "၀က်သစ်ချမြိုင်က ကြိုဆိုပါတယ် မလေး၊ ကြိုဆိုပါတယ် အစ်ကိုလေး " စသည်ဖြင့် အလုအယက် နှုတ်ဆက်ကြသည်။

အေမီလီက ဒေးဗစ်ကို ပြုံးပြီး မော်ကြည့်သည်။ ပြီးမှ နှစ်ယောက်သား လက်ချင်းချိတ်ကာ လူတန်း ကြီး အလယ် မှ အိမ်ကြီးဆီသို့ လျှောက်သါားသည်။ အချို့က "မင်္ဂလာပါ မလေးနဲ့ အစ်ကိုလေး "ဟု ၀ိုင်းအော်ကြ သည်။
အေမီလီ သဘောကျပြီး ရယ်သည်။ နှစ်ယောက်သား ချိတ်တွဲထားသည့် လက်များ ကို ဖြုတ်လိုက်ကြ၏။ ဒေးဗစ်က အင်္ကျီအိတ်ကို နှိုက်သည်။ အေမီလီက လက်ဝါးဖြန့်ခံသည်။ ပိုက်ဆံ အကြွေတွေ ကို အေမီလီက အလုပ်သမားများထဲသို့ ဖြန့်ကြဲလိုက်၏။
သူတို့ တစ်တွေ တပျော်တပါး အော်ဟစ် ကောင်းချီးပေးကာ အလုအယက် ကောက်ကြသည်။ အစေတော် တစ်ယောက် က ရထားပေါ်မှ အကြွေအိတ်ကို ပြေးယူပေးသည်။ ဒေးဗစ်က အိတ်ကို ဖွင့်ကာ အေမီလီရှေ့သို့ ထိုးပေး၏။ အေမီလီက စိတ်ကြိုက် နှိုက်ပြီး ထပ်ကြဲသည်။

ကပ္ပလီတွေ အလုအယက် ပိုက်ဆံကောက်ရင်း "မလေး သက်တော်ရာကျော် ရှည်ပါစေ၊ သားသမီး တွေ အများကြီး ရပါစေ "ဟု အော်ကြသည်။ အိမ်မကြီးဆီသို့ တရွေ့ရွေ့ လျှောက်လာနေသော သားနှင့် ချွေးမကို ကြည့်ပြီး ဂျူးဒစ် ခပ်တိုးတိုးကလေး ရယ်နေသည်။
လျေကားထစ်သို့ ရောက်သည့်အခါ ဖီးလစ်က ကြိုဆိုပြီး အေမီလီလက်ကို နမ်းသည်။
" ၀က်သစ်ချမြိုင်က ကြိုဆိုပါတယ် သမီးရယ် "
အေမီလီ တုန်ယင်လှိုက်လှဲစွာ ပြန်ပြောသည်။

" ကျေးဇူးတင်ပါတယ် ဖေဖေ "
အေမီလီက ဂျူးဒစ်ဘက်သို့ လှည့်လိုက်၏။ ဂျူးဒစ်က ချွေးမလေးကို ဖက်လိုက်သည်။
" သမီး အစစအရာရာ ပျော်ရွှင်ချမ်းမြေ့ပါစေလို့ ဆုတောင်းပါတယ်ကွယ် "
" သမီး ကလည်း အဲဒီအတိုင်း ပြန်ဆုတောင်းပါ့မယ် မေမေ "
ဂျူးဒစ် က သော့တွဲကြီးထဲမှ သော့တွဲငယ်တစ်ခုကို ဖြုတ်ပြီး အေမီလီလက်သို့ အပ်သည်။
" ရော့ သမီးတို့ အခန်းတွေအတွက် "
အေမီလီက ပြုံးပြုံးကလေးနှင့် လှမ်းယူပြီး အခြား ဆွေမျိုးသားချင်းတွေကို နှုတ်ဆ်သည်။ အမျိုးသမီးတွေ ကို ပါးကလေး ထိုးပေးလိုက်၊ အမျိုးသားတွေကို လက်ကမ်းပေးလိုက်နှင့်။

ဂျူးဒစ်က ဒေးဗစ်၏ခါးကို သိုင်းဖက်ထားသည်။ ပန်းခြံထတွင် ကပ္ပလီတွေ တပျော်တပါး သီချင်း ဆိုနေကြ၏။ ဒေးဗစ်၏ နားနားကပ်ပြီး -
" မေမေ့ ချွေးမလေးက ဘယ်လောက် ချစ်စရာကောင်းသလဲ ကြည့်စမ်းသားတို့ ပျော်ကြမှာပါ "
" ဟုတ်ကဲ့၊ သား သိပါတယ်၊ ကျေးဇူးတင်ပါတယ် မေမေ "
ခန်းမဆောင်ကြီး၏ တံခါးဝသို့ သူတို့ ရောက်လာကြသည်။ ဖီးလစ်နှင့် ဂျူးဒစ်က ဆွဲဖွင့်ပေးလိုက်၏။ ဒေးဗစ်နှင့် အေမီလီ ခဏ တွေရပ်နေကြ၏။ ဘယ်လောက် ယဉ်ကျေးတဲ့ ကလေးတွေ ပါပဲ။ ဂျာဗာစီ သမိးကို မလိမ်မိုး မလိမ္မာကလေး ဟူ၍ ဘယ်သူ ပြောနိုင်ပါမည်လဲ။
ခန်းမဆောင် ထဲရောက်တော့ ဂျူးဒစ်က အားလုံးကို တစ်ချက် ပြန်ကြည့်လိုက်သည်။ အေမီလီက မျက်နှာကလေး ကို ဒေးဗစ်ဆီသို့ မော့ပေးလိုက်၏။ ထိုတဒင်္ဂတွင် ပျော်လွန်းသဖြင့် သူ့မျက်နှာကလေးနှင့် သူ့ကိုယ်နေဟန် မှာ အလှဆုံးဖြစ်နေသည်။ ဒေးဗစ်၏ လည်ပင်စကို သိုင်းဖက် လိုက်၏။ ဒေးဗစ်က သူ့ကိုယ်ကလေးကို ပွေ့ယူပြီး တံခါးပေါက်ကို ဖြတ်ကျော်လိုက်လေ သည်။

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>