(၂၁)
သံသာလေကမ်းတိုင်
သံသာလေကမ်းတိုင်
ချောင်းရေနံ့၊ လယ်ရေနံ့နှင့် သစ်စိမ်းနံ့တို့ကို ရှူရှိုက်ရင်း ကန်သင်းတစ်လျှောက် အေးအေး ဆေးဆေး လျှောက်လာခိုက် ရှည်လျားသော ဤဇာတ်လမ်းသည် ကျွန်တော့်အာရုံတွင် တရေးရေး ဝေ့လည်ထင်လာ နေ၏။
မွေးရပ်ရွာဆီ ပြန်လာခဲ့သော်လည်း ဤရွာ၌ ကျွန်တော့်ကို ဆီးကြိုမည့်သူ တစ်ဦးမှ မရှိတော့ပါပြီ။
ကျွန်တော် သည် ရွာထိပ်ရောက်သော် ခေတ္တရပ်မိသည်။
ကျွန်တော့်ကို မှတ်မိလေတော့မည် မဟုတ်သည့် ဤရွာဝယ် ဘယ်အိမ်သို့ ကျွန်တော်ဝင် ရမည်နည်း.....။
ကျွန်တော့် ခြေထောက်များ က ကျွန်တော့်ကို ရွာဦးကိုးဆောင်တွဲကျောင်းဆီသို့ ဆွဲခေါ်ခဲ့သည်။
ကျွန်တော် နေခဲ့ သော လောကဓာတ်ကျောင်းနေရာမှ ချုံနွယ်ပိတ်ပေါင်း လွှမ်းလျက်ရှိသည်။ ရှည်လျားသော နှစ်များ ကုန်ဆုံးလေသည်အထိ ကျောင်းကို ပြန်မဆောက်သေးကြတကား။
ဦးလေးပု ၏ ကျောင်းပျက်ကြီးဆီ မျှော်ကြည့်မိသည်။
ကျောင်းပျက်လည်း မြေ၌ပြားအောင် ပြိုလဲနေခဲ့လေပြီ။
ကိုးဆောင်တွဲ ကျောင်းဝင်း အတွင်း ရောက်လျှင်မူ မပြောင်းသေးသော အစဉ်အလာတစ်ရပ် က ကျွန်တော့် ကို ဆီးကြိုသည်။
ခြေတံရှည် ကျောင်းအောက် ၌ ဦးပဉ္စင်းတစ်ပါးသည် ကြိမ်လုံးကို ကိုင်ကာ ပက်လက်ကုလား ထိုင် တစ်လုံး ထက် စံနေတော်မူသည်။
သူ့ခြေရင်းမြေ၌ ၀ပ်လျက် ကျောင်းသားများက အံပြီးသော စာကို ပြန်နေကြသည်။
ကျွန်တော် သည် ဦးပဉ္စင်း ၏ မျက်နှာကို သေသေချာချာ ကြည့်သည်။
ကိုရင်လောစံပေတည်း။ ယခုမူ ဦးပဉ္စင်းလောစံ ဖြစ်နေပေမည်။
ကျွန်တော့်ရင် မှာ ကြေကွဲကြည်နူးဖြစ်မိသည်။ ကျေးရွာသံဃာတော်မြတ်၏ ဂုဏ်ကျေးဇူးကို လည်း လှိုက်လှိုက် လှဲလှဲ အောက်မေ့ မိသည်။
ခေတ်မည်မျှ ပျက်၍ ခေတ်မည်မျှပြောင်းသော်လည်း သံဃာမြတ်တို့သည် သူတို့၏၀တ်ကို မပျက်စေ ပါတကား ….။
ကျွန်တော် သည် ဦးပဉ္စင်း အလုပ် ကို မနှောက်ယှက်ချင်သဖြင့် ကျောင်းကြီးပေါ်သာ တက်ခဲ့သည်။
ဆရာတော် ထိုင်နေကျ နေရာတွင် ဦးပဉ္စင်းကောဝိဒသည် ထိုင်လျက်ရှိနေ၏။
အသက်အရွယ် ကြီးရင့်ခဲ့သဖြင့် ဆရာတော် ဦးကောဝိဒသည် တည်ငြိမ်ခံ့ညားနေသည်။ သိက္ခာတော်လည်း ကြည်ညိုဖွယ် ပြည့်ဝနေ၏။
ကျွန်တော်က ဦးချပြီး၍ မော်ဖူးသောအခါ ဆရာတော်သည် ကျွန်တော့်မျက်နှာကို စူးစိုက်ကြည့်ရင်း မိန့်တော်မူ ၏။
"နေပါဦး…ဒကာကြီး…၊ ဒကာကြီးမျက်နှာဘုန်းကြီး မြင်ဖူးပါတယ်"
"တင်ပါ၊ တပည့်တော်က ဆရာတော် ရဲ့ တပည့်ရင်းပါပဲ၊ သန့်ဇင်ပါဘုရား"
ဆရာတော်သည် အံ့သြခြင်းကို ရုတ်တရက်ဖြစ်သဖြင့် မထိန်းနိုင်။
"ဟ..သန့်ဇင် …၊ နင်ကြီးပွားလှချည်လား၊ အံမယ် ငါမမှတ် မိဘူးဟ"
"တင်ပါ၊ တပည့်တော်ရွာပြန်မရောက်တာလည်း ခုနှစ်နှစ်လောက် ရှိပြီကိုးဘုရား…"
"အိမ်း…. ခုနှစ်နှစ်၊ နည်းတဲ့နှစ်တွေမှ မဟုတ်ဘဲလား….၊ ဒါ ထက် နင် ရွာထဲ ရောက်ပြီး ပြီလား"
"မရောက်သေးဘူးဘုရား၊ ရောက်လည်း တပည့်တော်ကို မှတ်မိတဲ့ လူ ရှိမယ်မထင်ပါဘူး၊ ဒါကြောင့် အရှင်ဘုရား ဆီ အရင်လာဖူးတာပါ"
"ဘယ်နှင့်ကြောင့် မမှတ်မိရမလဲ၊ ဟ … နေဦး"
ဆရာတော် သည် တစ်စုံတစ်ခုကို သတိရဟန် အနီးရှိ ကြက်မွှေး ကြိမ်လုံးဖြင့် ကြမ်းပြင်ကို ရိုက်သည်။ ကျောင်းသားလေး တစ်ဦး ထွက်လာ၏။
"ဟဲ့ …. အုန်းသော် …. ဦးကေသရကို သွားပင့်စမ်း၊ ပိဋကတ်ကျောင်းမှာရှိလိမ့်မယ်"
ကျောင်းသားလေး အပြေးဆင်းသွား၏။
"ဦးကေသရ ဟာ ဘယ်သူတုန်းဘုရား"
ရောက်တော့ မင်းသိပါလိမ့်မကွာ"
မကြာမိ ဦးကေသရ ကြွလာသည်။
"အို… ကိုငကျော်ရှိန် …"
ဦးကေသရ ဖြစ်သော ကိုငကျော်ရှိန်က တည်ကြည်စွာဖြင့် ကျွန်တော့်ရှေ့ ရပ်နေတော်မူ သည်။
ဆရာတော်က နေရာမှထသည်။
"ကဲ ဦးကေသရနဲ့စကားပြောနေရစ်၊ ငါတော့ ဆွမ်းခံထွက်ဖို့ ပြင်ဦးမယ်၊ ဦးကေသရ ကတော့ ဆွမ်းခံ မလိုက်နဲ့ တော့၊ သန့်ဇင် ကို အကျိုးအကြောင်းတွေ အကုန်ပြောလိုက်ပါဦး"
ဆရာတော် ကိုကျော်ရှိ ….အဲလေ…ဦးဇင်း…ဦးဇင်း ဘယ်နှယ့် ရဟန်းဘောင် ရောက်နေသလဲ"
ဦးဇင်းက ပြုံးသည်။
"လောက ကို ငြီးငွေ့လို့ပေါ့ သန့်ဇင်ရာ… "
"တပည့်တော် က ဦးဇင်း တောခိုနေတုန်းပဲ ထင်နေတာ"
"ငါလက်နက်ချတာ ကြာပါပြီ၊ လက်နက်ချပြီး ထောင်ထဲတောင် နှစ်နှစ်နေခဲ့ရသေးတယ်"
"ထောင်ထဲမှာ နှစ်နှစ်…ဘယ်လိုဖြစ်လို့လဲ"
"ဒါတွေထားပါလေ၊ မင်း မယဉ်နွယ်ကို စိတ်နာတုန်းပဲလား"
မယဉ်နွယ် …။ ကျွန်တော်မေ့ချင်သော အတိတ် ကို မှ ဦးပဉ္စင်း သည် ဘာကြောင့် ဖော်ရပါ သနည်း။
"ဦးဇင်း ဘာလို့ ဒီမေးခွန်းကို မေးတာလဲ"
"ငါ့ကို ပြန်မမေးနဲ့လေ …. ငါမေးတာ ဖြေစမ်းပါဦး"
ကျွန်တော် က သက်ပြင်းရှိုက်သည်။
"အစတုန်းကတော့ မယဉ်နွယ်ကို တပည့်တော် သိပ်စိတ်နာတယ်၊ ဒါပေမယ့်… ဘထွေးနဲ့ တွေ့ပြီး အကြောင်းစုံ သိရ လို့ မယဉ်နွယ် ကို တပည့်တော် ခွင့်လွှတ်တဲ့အပြင် သနားတောင် သနားမိပါတယ် "
"မင်းဘထွေးနဲ့ ဘယ်မှာတွေ့လဲ"
"ရှမ်းပြည်နယ် တစ်နေရာမှာပေါ့ ဘုရား၊ ခု သူလည်း မရှိတော့ပါဘူး၊ ဆုံးသွားရှာပြီ.. "
"ကျွတ်… ကျွတ်.. ဖြစ်ရလေ၊ ဒါထက်… မင်းမယဉ်နွယ်ကို မတွေ့ချင်ဘူးလား…"
"သူများ မယားဖြစ် မှ တပည့်တော် ဘာလို့တွေ့ရမလဲ"
"မယဉ်နွယ် ကို သူများမယားလို့ မင်းဘာလို့ပြောသလဲ"
"နို့… ၀န်ထောက်ကတော်ဖြစ်နေပြီ မဟုတ်လား"
"ဒါက မင်းထင်တာကိုး၊ မယဉ်နွယ် ၀န်ထောက် နဲ့ မရပါဘူး"
"မင်းက ရွာ နဲ့ လုံးဝအဆက်ပြတ်သွားတာကိုး၊ ငါပြောပြမယ် နားထောင်…."
ဦးပဉ္စင်း သည် မယုံနိုင်လောက်အောင် ဇာတ်ကြောင်းကို ပြန်သည်။
"မင်း ရွာကထွက်သွားပြီး မကြာခင် တောခိုတပ်တွေနဲ့ပေါင်းပြီး တို့ပြည်ခရိုင်ကို သိမ်းတယ်၊ ငါလည်း အမြင်ကတ်ကတ်ရှိတာ နဲ့ ၀န်ထောက်ကြီးကို ဖမ်းလိုက်တာပေါ့၊ နောက် တို့ သုံးပါတီခုရုံးက သူ့ကိုစစ်တယ်၊ သူ လူသတ်ထားတာတွေ၊ မတရားလုပ်ထားတွေပေါ်တာနဲ့ ခုရုံးက သေဒဏ်ပေးပစ်လိုက်တယ်၊ မယဉ်နွယ်နဲ့ လက်မထပ် ရပါဘူးကွာ…."
ကျွန်တော်မှာ အံ့သြလွန်း၍ စကားနိုင်။
"နောက်…ငါလက်နက်ချတော့ သူ့သတ်မှုနဲ့ အဖမ်းခံရတာပဲ၊ နှစ်နှစ်ကြာမှ…. ခုံရုံးကသတ်တာ၊ ငါအပြစ် မရှိဘူး ဆို လွှတ်လာတယ်…."
"နို့ …သူကြီးကော"
"သူကြီး လည်း ၀န်ထောက်နဲ့အတူ အသတ်ခံရတာပဲ"
"ဒါထက်….ဆရာကော"
"မင်းဆရာ က တောတွင်းမှာ မိုက်တွင်းနက်ရင်း ကျခဲ့ပြီလေ"
ကျွန်တော့်ရင် မှာ လှုပ်ရှားလာသည်။ မျှော်လင့်ချက် ရောင်ခြည်များလည်း သန်းလာ၏။
"ခုနင်က … ဦးဇင်း မယဉ်နွယ်ကို မတွေ့ချင်ဘူးလား မေးတယ်၊ ခု…သူတို့ ဘယ်မလဲ"
"ဟို တောင်ပေါ် တောရကျောင်း မှာ၊ သူ့အမေက သီလရင်ဝတ်နေပြီ၊ မယဉ်နွယ်က ဘယ်တော့ သီလရင် ၀တ်မလဲ မသိဘူး"
ကျွန်တော် သည် ဦးပဉ္စင်းကို ပုဆိန်ပေါက် ဦးချသည်။ ကြာကြာမဆိုင်း ဘဲ ရိုးကလေးဆီ အပြေးအလွှား လာခဲ့၏။
တောင်ခြေ ရောက်သော် ကျွန်တော်ဆိုင်းသွားသည် ….
ရှေ့မလှမ်းမကမ်း၌ ဆီးတော်ပင်ကြီးသည် မားမားရပ်နေ၏။
ကျွန်တော် က အမှတ်မထင် ဆီးတော်ပင်ရှိရာ လျှောက်လာခဲ့သည်။
သို့သော် … ဆီးတော်ပင်အောက်တွင် ကျွန်တော့်ထက်ဦးသူက ရောက်ရှိနေ၏။
"မယဉ်နွယ်…"
ကျွန်တော် သည် အရူးသဖွယ် အော်ခေါ်ရင်း ဆီးတော်ပင်အောက်သို့ ပြေးသည်။
ဆီးတော်ပင်စည် ကို မှီရင်း မျှော်ငေးနေသော မယဉ်နွယ်သည် ထိတ်လန့်လျက် ကျွန်တော့်ကို ကြည့်သည်။
ကျွန်တော် ကလည်း သူ့ကို တုန်လှုပ်စွာနှင့် ကြည့်မိ၏။
မယဉ်နွယ်….။ ကျွန်တော့်ချစ်လှစွာသော မယဉ်နွယ်…. ။ နှစ်တွေခြားသော်လည်း အနည်းငယ် ပိန်သွားသည် မှ တစ်ပါး အလှမပျက်သည့် ကျွန်တော့်အချစ်ဦး မယဉ်နွယ်… ။
ကျွန်တော်က လက်ကိုဆန့်တန်း၍ မယဉ်နွယ်ဆီချည်းကပ်သည်။ မယဉ်နွယ်က ကျွန်တော့် ရင်ခွင်ဆီ ပြေးဝင်လာ၏။
ကျွန်တော့်ပခုံးထက် မျက်နှာမှောက်၍ တရှုပ်ရှုပ်ငိုကြွေးလေသော ချစ်သူ၏ ကျောကလေး ကိုသပ်ကာ… ယုယစွာ ဆိုမိသည်။
"မငိုပါနဲ့ မယဉ်နွယ်ရယ်…. မောင်ပြန်လာပါပြီ…နွယ်နဲ့တစ်သက်မခွဲဘဲနေဖို့ မောင်ပြန် လာပါပြီ"
မှန်သည်။ ဤအကြိမ်တွင် မယဉ်နွယ်နှင့်ကျွန်တော် ဘယ်အခါမျှ ခွဲတော့မည်မဟုတ်…။
ကျွန်တော် သည် ရင်ခွင်တွင်းမှ မယဉ်နွယ်၏ ပခုံးလေးကို ကျော်ကာ ကျွန်တော့်မြေကို လှမ်းမျှော်ကြည့်မိ သည်။
ဤမြေကို သွေးအထပ်ထပ်ဖုံးလွှမ်းရန် ကြုံဖူးကြသည်။ သွေးအထပ်ထပ်လည်း ကျခဲ့ဖူးပြီ…။ ကျွန်တော့်အဘ နှင့် ကျွန်တော့်ဆရာ တို့၏ အချည်းနှီးသော အဓိပ္ပာယ်မဲ့သွေး တို့ကို ဤမြေ သည် မကျေမနပ် လက်ခံ ခဲ့ရပြီးပြီ…။
သို့သော် စိမ်းသောမြေကို ယာယီသွေးတို့ ထာဝစဉ်မလွှမ်းနိုင်။
ကျွန်တော့်မိခင်မြေသည် စိမ်းနေဆဲဖြစ်ပါ၏။ အတီတေ အတိတ်ကာလဟု မှန်ကန်စွာ သုံးနိုင်သော ရှေးပဝေသဏီ ကျွန်တော့်ဘိုးဘွားဘီဘင် ကျေးဇူးရှင်များလက်ထက် ကတည်း မှ ကျွန်တော်မြေသည် စိမ်းလန်းသာယာ နေပါ၏။ နောက်နောင် ၌ လည်း စိမ်းလန်းသာယာ နေပေမည်။
ထာဝစဉ် စိမ်းနေဦးမည့် ကျွန်တော့်မြေ မိခန်နန်းမဟေ တည်း။
ချစ်သော မယဉ်နွယ်နှင့် ပြန်ဆုံတွေ့ရပြီဖြစ်သော ကျွန်တော့်ဘ၀အတွက်လည်း စိမ်းသော ဤမြေပမာ ထာဝစဉ် မနွမ်းအောင် စိမ်းလန်းနေပေလိမ့်မည်တကား…
ပြီးပါပြီ…
.