Showing posts with label ဝင်းဖေဝင်း ဘာသာပြန် စိန်မင်းသမီး. Show all posts
Showing posts with label ဝင်းဖေဝင်း ဘာသာပြန် စိန်မင်းသမီး. Show all posts

Monday, October 10, 2011

ဝင်းဖေဝင်း ဘာသာပြန် စိန်မင်းသမီး အပိုင်း (၃၃)

(၄၃)

ဒေါက်တာဂျုန်း သည် စင်တိန်၏ ခြင်္သေ့သစ်ပင်စခန်း၌ နောက်ထပ် သုံးရက်ဆက်နေသေးသည်။
သူသည် သူမအား အစီရင်ခံစာ၌ ရေးသားဖော်ပြထားသည်များကို စင်တိန် နားလည် သဘောပေါက် အောင် အသေးစိတ် ရှင်းပြသည်။ စက္ကူအိတ်တစ်အိတ်စီမှာ နမူနာစိန်ပွင့်ကလေးများကိုလည်း လက်တွေ့ ပြသကာ ရှင်းလင်း သင်ကြားပေးသည်။ စိန်ညှပ်သော ဇာဂနာလေးများဖြင့် စိန်ပွင့်ကလေးများကို ညှပ်ယူ ပြသကာ အရည်အသွေး အနေအထား အမျိုးမျိုး ရှိနေပုံများကို ပြောကြားသည်။ စင်တိန့်လက်ဝါးပေါ်သို့ စိန်ပွင့်ကလေး များ တင်ပေးပြီး ထူးခြားသော အရည်အသွေးများကို ပြသသင်ကြားပေးသည်။

"တချို့ စိန်ပွင့်ကလေးတွေက သေးတယ်နော်၊ အဲဒီ စိန်အမှုန်အမွှားကလေးတွေက တန်ဖိုး ရှိပါ့မလား" စင်တိန် က မေးလိုက်သည်။
အဲဒါလေးတွေက စက်မှုလုပ်ငန်းသုံးစိန်လို့ ခေါ်တယ်၊ ခင်ဗျားအတွက် ပေါင်မုန့်ဖိုး ထောပတ်ဖိုးတော့ ကောင်းကောင်း ရတယ်၊ ခင်ဗျားအတွက် ကုန်ကျစရိတ်တွေဟာ အဲဒီစိန်အမွှားကလေးတွေ ရောင်းရတာနဲ့ တင် ကျေလိမ့်မယ်၊ စိန်အလုံးကြီးတွေကတော့ အားလုံးရဲ့အပေါ်က ယိုပေါ့၊ စတော်ဘယ်ရီယိုလို့ တင်စား ပြောပါရစေ၊ ခင်ဗျားအတွက် စီးပွားကောင်းကောင်း ဖြစ်မယ့် အရည်အသွေးကောင်းစိန်တွေပဲဗျာ"

ဒေါက်တာဂျုန်း အစီရင်ခံစာ၏ နောက်ဆုံး အပိုင်းသည် စာမျက်နှာ ၂၁ မျက်နှာရှိပြီး စိန်တွင်းအား မည်သို့ တူးဖော် ထုတ်လုပ်ရမည်ကို အကြံပြုရေးသားထားသော အပိုင်း ဖြစ်သည်။
ဒီစိန်တွင်း ကို စနစ်တကျ တူးဖော်နိုင်ဖို့ဆိုယင် ခင်ဗျား သိပ်ကံကောင်းတယ် မဒမ်၊ တခြား စိန်ရှိတဲ့ မြေတွေ မှာ ဆိုယင် စိန်တူးသမားတွေ ရာနဲ့ချီပြီး ၀ိုင်းတူးနေကြတော့ ပရမ်းပတာ ဖြစ်ပြီး လုပ်ရကိုင်ရ ခက်တယ်၊ အခု ဒီမှာက ခင်ဗျား တစ်ယောက်တည်းရယ်၊ တခြားနေရာတွေမှာဆိုယင် ပေ ၃၀ ပတ်လည် ကို တွင်းရာချီ တူးကြရတော့ အကုန် ရှုပ်ကုန်ကြတော့တာပေါ့၊ ကုန်ကျစရိတ်အများကြီး များတယ်၊ လူတွေလဲ တွင်းထဲမှာ ပိပြီး သေတယ်၊ ခင်ဗျား ဒီမှာကတော့ အစီရင်ခံစာထဲမှာ ကျွန်တော် ရေးထားတဲ့ ပုံစံ အတိုင်းသာ အဆင့်ဆင့် လုပ်သွားပါ။ အဆင့်ဆင့်လုပ်သွားရမှာတွေကို ကျွန်တော် အသေးစိတ် ရေးပြထားပါတယ်"

"ဒေါက်တာဂျုန်း ... ကျွန်မ ဒါတွေ လုပ်ဖို့ လူတွေအများကြီး လိုမှာပဲနော်"
"ဟုတ်တယ်၊ ခင်ဗျားမှာ ဦးဆုံး မြေကြီးတွေ တူးဖော်ရွှေ့ပြောင်းတဲ့ဘက်မှာ အတွေ့အကြုံကောင်းကောင်း ရှိတဲ့ အင်ဂျင်နီယာကောင်း တစ်ယောက်လိုမယ်၊ နောက်ပိုင်းကျယင်တော့ အင်ဂျင်နီယာ အတော်များများ နဲ့ အလုပ်သမားရာထောင်ချီပြီး လိုလာလိမ့်မယ်၊ နေပါဦး ခင်ဗျားရဲ့လုပ်ငန်းကို နာမည်ပေးပြီးပြီလား၊ ကုတ်နေသတ္တုတွင်းလို့ နာမည်ပေးမယ် ထင်ပါရဲ့" စင်တိန်က ခေါင်းယမ်းလိုက်ပြီး ဖြေလိုက်သည်။

"ဟာနီစိန်တွင်းလို့ နာမည်ပေးထားတယ်" "ခပ်ဆန်းဆန်းပါလား၊ ဘာအဓိပ္ပာယ်လဲ"
"ကျွန်မ ကို ဒီနေရာကို ခေါ်လာတဲ့ ဆန်လူမျိုး ပစ်ဂမီလူပုမိန်းမကြီး ရဲ့ နာမည်ကို ပေးထားတာပါ"
"အင်းလေ ... လိုက်ပါပေတယ်ဗျာ၊ ကဲ ... ဒီတော့ ကျွန်တော် ရေးဆွဲပြထားတဲ့ အစီအစဉ်အတိုင်း ကနဦး တူးဖော်ရေးလုပ်ငန်းတွေ လုပ်ဖို့ အင်ဂျင်နီယာကောင်းတစ်ယောက် လိုမယ်"
"အဲဒီလို လူမျိုး ဒေါက်တာ စဉ်းစားထားမိတာများ ရှိမလား"

"အင်း ... ခက်တယ်၊ လူကောင်း တော်တော်များများက ဒီနီးယား စိန်တွင်းတွေမှာ အမြဲတမ်း အမှုထမ်းနေ ကြတာ၊ ကျန်တဲ့အထဲက တစ်ယောက်ကလဲ မကြာခင်ကပဲ မတော်တဆ ဗုံးပေါက်ကွဲလို့ မစွမ်းမသန် ဖြစ် သွားတယ်၊ အာဖရိကဖွား လူဖြူလူငယ်အင်ဂ်ျငနီယာတစ်ယောက်၊ အလုပ်တော်တယ် ကောင်းတယ် ဆိုတာ တော့ ကြားဖူးတယ်၊ သူနဲ့တော့ ကျွန်တော်လက်တွဲ အလုပ်မလုပ်ဖူးပါဘူး၊ သူ့နာမည်က ဘာတဲ့ ... သြော် ... သိပြီ ... သီပြီ ... ဒီလာရေးတဲ့" "ဟင့်အင်း" စင်တိန်က တစ်မဟုတ်ချင်း ငြင်းလိုက်သည်။

"၀မ်းနည်းပါတယ်ဗျာ၊ ခင်ဗျား သူ့ကို သိသလား"
"သိတယ်၊ ကျွန်မ သူ့ကိုမလိုချင်ဘူး"
"ခင်ဗျား သဘောပါပဲ၊ ကျွန်တော် တခြားတစ်ယောက် စဉ်းစားကြည့်ပါဦးမယ်"
ထိုနေ့ညက စင်တိန်သည် တော်တော်နှင့် အိပ်မပျော်ဘဲ ခုတင်ပေါ်တွင် ဘယ်ညာလူးလှိမ့်နေမိသည်။ ဒေါက်တာဂျုန်း၏ အကြံပြုချက်ကို အပြန်ပြန်အလှန်လှန် စဉ်းစားပြီးနောက် ခုတင်ပေါ်တွင် လှဲနေရာမှ ထထိုင် လိုက်သည်။

"ဘာလို့မဖြစ်နိုင်ရမှာလဲ၊ သူလဲ ဒီကိုဘယ်နည်းနဲ့မဆို ပြန်လာရဦးမှာပဲ၊ တခြားသူစိမ်းတစ်ယောက် ဒီအချိန် မှာ ဒီကိုလာယင် ငါ့ ကိုယ်ဝန် ကို တွေ့သွားမယ်၊ သူတွေ့လို့ကတော့ အကြောင်း မဟုတ်တော့ဘူး၊ သူ့ကို လိုမှာက ကနဦးအဆင့် လုပ်ငန်းပိုင်း မှာပဲ လိုမှာပါ၊ နောက်ပိုင်းလိုမှာမှ မဟုတ်တာ၊ ဒီတော့ ငါလိုသာ့ကို ဒီကို လွှတ်လိုက်ပါလို့ အေဗရာဟင်ဆီ အခုပဲ စာရေးတော့မယ်"
စင်တိန် သည် အိပ်ရာမှထပြီး မှန်အိမ်ထွန်းကာ စားပွဲ၌ စာထိုင်ရေးတော့သည်။

နောက်တစ်နေ့နံနက်တွင် ဒေါက်တာ ကွမ်တီးမင်းဂျုန်းသည် စင်တိန့်စခန်းမှ ထွက်ခွာရန် အသင့် ဖြစ်နေ သည်။ သူ့ပစ္စည်းပစ္စယမျာကို လော်ရီကားနောက်ပိုင်း၌ ထုပ်ပိုးတင်ထားသည်။ ထိုအပေါ်တွင် သူနှင့်ပါလာ သော အလုပ်သမားများက ထိုင်နေသည်။
စင်တိန် က သူ့အား အစီရင်ခံစာကို ပြန်ကမ်းပေးလိုက်သည်။
"အဲဒီအစီရင်ခံစာကို ကျွန်မစာနဲ့အတူတူ ၀င်းဟုပ်မြို့က ကျွန်မရှေ့နေဆီ ပေးပေးပါ ဒေါက်တာရယ်"
"စိတ်ချပါ မဒမ်"
"အဲဒီအစီရင်ခံစာကို ရှင်က သူ့ကို ရှင်းပြဖို့လဲ သူ လိုလားလိမ့်မယ် ထင်တယ်၊ ကျွန်မ ငွေအပ်တဲ့ ဘဏ် ကနေ ငွေချေးဖို့ ကျွန်မရှေ့နေကို ကျွန်မ ညွှန်ကြားထားတယ်၊ ဘဏ်မန်နေဂျာကလဲ ရှင်နဲ့ တိုင်ပင် ကောင်း တိုင်ပင်ချင်လိမ့်မယ်၊ အဲဒီအခါကျယင် ကျွန်မ စိန်တွင်းရဲ့တန်ဖိုးပမာဏနဲ့ ပတ်သက်ပြီး ရှင့်အမြင် အတိုင်း ပြောပြပေးစေချင်ပါတယ်"

"ဒါတွေ ကျွန်တော် မျှော်လင့်ထားပြီးသားပါ၊ ခင်ဗျား ရှာဖွေတွေ့ရှိထားတဲ့ စိန်တွင်းရဲ့ တန်ဖိုးပမာဏကို ကျွန်တော် သူတို့ကို ပြောပြလိုက်မယ်ဆိုတာ စိတ်ချ ယုံကြည်နေပါ"
"ကျေးဇူး ပါပဲရှင်၊ ဒီစာထဲမှာ ကျွန်မရှေ့နေကို ညွှန်ကြားလိုက်တာ တစ်ခုပါပါတယ်၊ ဘဏ်က ချေးငွေ ထုတ်ပြီးယင် ဒေါက်တာ ကွမ်တီးမင်းဂျုန်း ကို နောက်ထပ် ဆုကြေးအဖြစ် ရွှေဒင်္ဂါးအပြား ၁၂၀၀ ထပ်ပေး လိုက်ပါ လို့ ရေးထားပါယ်"
တကယ်တော့  ခင်ဗျား ကျွန်တော့်ကို ထပ်ပေးဖို့ မလိုပါဘူး၊ ဒါပေမယ့် ခင်ဗျားက သိပ်စေတနာကောင်း တော့ ကျွန်တော် ၀မ်းသာကျေးဇူးတင်ရတာပေါ့ဗျာ"
"ဒီမှာ ဒေါက်တာ သိပ်မကြာခင်မှာဘဲ ကျွန်မ ဒေါက်တာကို ဟာနီစိန်တွင်းရဲ့ အမြဲတမ်းကျွမ်းကျင်သူ အတိုင်ပင်ခံ အဖြစ် လိုချင်ပါတယ်၊ ကျွန်မအတွက် အကြံဥာဏ်ကောင်းတွေ ထပ်ပေးနိုင်ပါစေလို့လဲ ဆုတောင်း ပါတယ်"

"ကျွန်တော် အကြံဥာဏ် အတွက် ခင်ဗျားပိုက်ဆံကုန်စရာ လိုမယ် မထင်ပါဘူး၊ ခင်ဗျားက ဥာဏ် ကောင်းတယ်၊ အကင်းပါးတယ်၊ ပြတ်သားသွယ်၊ ထက်မြက်တယ်၊ ရဲရင့်တယ်၊ သတ္တိရှိတယ်၊ သိလွယ် တတ် လွယ်တယ်၊ ဒီတော့ ... ခင်ဗျားကိုယ်တိုင် ဘာကျွမ်းသလဲ မမေးနဲ့ဆိုတဲ့ "စိန်မင်းသမီး" တစ်ပါး ဖြစ် လာလိမ့်မယ် ဆိုတာ ကျွန်တော် ဟောကိန်းထုတ်ခဲ့စမ်းပါရစေဗျာ"
"ဒါဖြင့် ကျွန်မ နောက်ဆုံးတစ်ခု တောင်းဆိုပါရစေ"
"ပြောပါ မဒမ်"
"အခု ကျွန်မ ဒီမှာ ကိုယ်ဝန်ကြီးနဲ့ ရှိနေတယ်ဆိုတာကိုတော့ နှုတ်ပိတ်ထားစေချင်ပါတယ်"
ဒေါက်တာဂျုန်း မျက်စိ က စင်တိန်၏ဗိုက်ဖုံးအင်္ကျီ ဖားဖားဖောင်းဖောင်းကြီးဆီသို့ တစ်မုဟုတ်ချင်း ရောက် သွားသည်။

"စိတ်ချပါ မဒမ်၊ ကျွန်တော့်အသက်မွေးမှုလုပ်ငန်းနဲ့ မပတ်သက်တာကို ကျွန်တော် စပ်စုရိုး ပြောရိုးထုံးစံ မရှိ ပါဘူး။ ပြီးတော့ ကျွန်တော်ဟာ ကိုယ့်မိတ်ဆွေတစ်ယောက် ထိခိုက်နစ်နာအောင် ဘယ်တော့မှ မလုပ်ပါ ဘူး"
"ရှင်ဟာ တကယ့်မိတ်ဆွေကောင်းပါပဲ ဒေါက်တာကွမ်တီးမင်းဂျုန်း"
"ခင်ဗျား ဟာလဲ တကယ့်မိတ်ဆွေကောင်းပါပဲ မဒမ်"

ဒေါက်တာဂျုန်းအား သွားပို့ပြီး ပြန်လာသော လော်ရီကားသည် ရှစ်ရက်သာ ကြာသည်။ ထို အတော အတွင်း ကမ္မဇလေကလည်း ပိုမိုလှုပ်ရှားလာသည်။ မွေးဖွား ရက် ပိုနီးလာသည်။
မော်တော်ကား မောင်းဝင်လာသည်ကို စင်တိန် သူ့တဲမှ လှမ်းမြင်နေရသည်။ ရှေ့မှကားတွင် လိုသာ ဒီလာရေး ပါလာသည်ကို မြင်ရသော်လည်း ဂရုမစိုက်ပေ။ သို့သော်လည်း ကားရှေ့ခန်းမှ လိုသာ ဆင်းလာသည်ကို မြင်ရသောအခါ စင်တိန့် ရင်တွေ အလိုလိုခုန်လာမိသည်။ ဖုန်အလိမ်းလိမ်း လူးလာ သော်လည်း အရပ်ရှည်ရှည်နှင့် ယောက်ျားပီပီ ချောသော လိုသာအသွင် စင်တိန့် ရင်ကို တုန်ခါသွား စေသည် မှာ အမှန်။

နောက်ထပ် ခရီးဖော်တစ်ယောက်အား လိုသာက ကားပေါ်မှတွဲပြီး ချပေးလိုက်သည်ကို မြင်ရသောအခါ စင်တိန် အံ့အားသင့်သွားသည်။ ထိုနောက်တစ်ယောက်မှာ ခရစ်ယန်မယ်သီလရှင်တစ်ပါး ဖြစ်နေသည်။
"သူနာပြု လက်သစ် တစ်ယောက် ခေါ်ခဲ့ဖို့မှာလိုက်တာ ဘာကြောင့်များ မယ်သီလရှင် ခေါ်လာပါလိမ့်"
စင်တိန် က ဒေါသတကြီး ရေရွတ်လိုက်သည်။

ကားနောက်ပိုင်းမှ အသားမည်းအမျိုးသမီးနှစ်ဦး ဆင်းလာသည်။ ကလေးငယ်တစ်ယောက်စီကို ခါးထစ်ခွင် ချီထားသော သားသည်အမေများ ဖြစ်သည်။ နှစ်ယောက်မှာ ရုပ်ချင်းဆင်ရာ ညီအစ်မ ဖြစ်ပုံရသည်။ ဖွံ့ထွား သော ရင်သား များရှိသဖြင့် နို့သယ်လုပ်ရန် ငှားလာခြင်း ဖြစ်ရပေမည်။

မိမိ၏ ကလေး ကို ဤအသားမည်းများက နို့တိုက်ပေတာ့မည်။ စင်တိန်သည် မိမိအစီအစဉ်နှင့် ပတ်သက်၍ ပထမဆုံး အကြိမ် ရင်ထဲက နင့်ခနဲ ခံစားလိုက်ရသည်။
လိုသာ နှင့် သီလရှင်တို့က စင်တိန့်တဲဆီသို့ လာသည်။ လိုသာက စင်တိန်အား စာအိတ်များ ပါသော အထုပ် တစ်ထုပ် လှမ်းပေးလိုက်ပြီးနောက် သီလရှင်နှင့် မိတ်ဆက်ပေးလိုက်သည်။
"ဒါ စိန့်အန်ဆေးရုံ က မစ္စတာအမယ်လီယာနာတဲ့၊ သူ ကျွန်တော်ရဲ့အမေဘက်က မောင်နှမ၀မ်းကွဲတော် တယ်၊ သားဖွာဆရာမ သင်တန်းလဲ အောင်ထားတယ်၊ ဒါပေမယ့် သူက ဂျာမန်စကားတစ်ခုပဲ ပြော တတ်တာ ပါ၊ သူ့ကို ယုံကြည်စိတ်ချစွာ အားကိုးနိုင်ပါတယ်"

အသားဖြူပြီး ပိန်ပိန်ပါးပါး ရှိသော ဂျာမန် သီလရှင်သည် စင်တိန့်ထံမှ နှင်းဆီပန်းခြောက်အနံ့ ရသောအခါ နှာခေါင်း တရှုံ့ရှုံ့ ဖြစ်သွားပြီး လိုသာအား တစ်စုံတစ်ရာ ပြောလိုက်သည်။ သီလရှင်က စင်တိန့်အပေါ် ဘ၀င် မကျ ဖြစ်နေပုံရသည်။ သူမစကားကို လိုသာက စင်တိန်အား ဘာသာပြန်ပြောလိုက်သည်။
"သူက ခင်ဗျားကိုယ်ဝန်ကို စမ်းသပ်ကြည့်ချင်တယ်တဲ့၊ ကျွန်တော် တစ်အောင့်နေမှ ပြန်လာပြီး ခင်ဗျား လိုအပ်မယ့် အလုပ် ကိစ္စ ဆွေးနွေးကြတာပေါ့"
"ရှင့် မယ်သီလရှင် က ကျွန်မကို သဘောမကျပါဘူး"

သီလရှင် နှာခေါင်းတစ်ရှုံ့ရှုံ့ လုပ်နေသည်ကို စင်တိန်က ပြန်ပက်လိုက်သည်။ လိုသာအဖို့ ပြောရကျပ်သွား ပြီး နောက်မှ အခြေအေနကို ရှင်းပြလိုက်သည်။
"ခင်ဗျား နဲ့ ကျွန်တော် အပေးအယူ လုပ်ထားတဲ့ကိစ္စို သူက ဘ၀င်မကျဘူးလေ၊ သူ့ဘ၀တစ်လျှောက်လုံး ကလေး တွေကို မွေးဖွားခဲ့တယ်၊ ပြုစုစောင့်ရှောင်ပေးခဲ့တယ် မဟုတ်လား၊ အခု ခင်ဗျားက ကိုယ့်ရင်သွေး ကို ပေးလိုက်မယ်ဆိုတာ့ သူ နားမလည်နိုင်အောင် ဖြစ်နေတာပေါ့ဗျာ၊ ကျွန်တော်လဲ အတူတူပါပဲ"
"ကျွန်မကလဲ သူ့ကို သဘောမကျဘူးဆိုတာ ရှင့်မယ်သီလရှင်ကို ပြောလိုက်ပါ၊ ပြီးတော့ သူဒီမှာ လုပ်ရမယ့် တာဝန် ကိုပဲ လုပ်ပါ။ ကျွန်မအပေါ်မှာ အကဲဖြတ်စရာ ဆုံးဖြတ်စရာမလိုဘူးလို့ ပြောလိုက်ပါ"
"စင်တိန် ..." လိုသာက ဟန့်တားလိုက်သည်။

"ကျွန်မပြောခိုင်းတာသာ ပြောလိုက်စမ်းပါ"
လိုသာအဖို့ မတတ်သာတော့သဖြင့် သီလရှင်အား လှည့်ပြီး ပြောလိုက်ရသည်။ ထို့နောက် သီလရှင်ပြော စကား ကို စင်တိန်အား ပြန်ပြောပြသည်။
"သူကလဲ ပြောပါတယ်၊ ခင်ဗျားတို့ တစ်ယောက်နဲ့ တစ်ယောက် နားလည်မှု ရှိပါတယ်တယ်တဲ့၊ အဲဒါ ကောင်း ပါတယ်၊ သူက ကလေးကိစ္စအတွက်ပဲ လာတာပါတဲ့၊ အကဲဖြတ် ဆုံးဖြတ်တာကိုတော့ ကောင်းကင်ဘုံ က ဘုရားသခင်က လုပ်ပါလိမ့်မယ်တဲ့"
"ဒါဖြင့်ယင် ကျွန်မ ကိုယ်ဝန်ကို စမ်းသပ်လို့ရပြီလို့ ပြောလိုက်ပါ"

မယ်သီလရှင်ကို စင်တိန်အား စမ်းသပ်စစ်ဆေးပြီး ပြန်သွားသောအခါ စင်တိန်သည် လိုသာနှင့် ပါလာသော စာများ ဖောက်ဖတ်သည်။ ပထမစာမှာ ဂါရီကုတ်နေထံမှ စာဖြစ်သည်။ အိမ်အကြောင်းများကို ပြည့်ပြည့်စုံစုံ ရေးထားသည်။ သူ့လက်မှတ်အောက်တွင် ရှာဆာ၏ လက်ဗွေပုံစံလေး နှိပ်ပေးလိုက်ပြီး မိုက်ကယ်ကုတ်နေ ၏ လက်ဗွေဟု ရေးပေးလိုက်သည်။
ဒုတိယစာမှာ အန်၏ စာအထူကြီး ဖြစ်သည်။ ထိုစာ ဖတ်ပြီနောက် တတိယနှင့် နောက်ဆုံးစာဖြစ်သော ရှေ့နေ အင်ဘရာဟင်ထံမှစာကို ဖောက်ဖတ်လိုက်သည်။

ခင်မင်ရသော မစ္စက်ကုတ်နေ

ခင်ဗျားစာနဲ့ ဒေါက်တာ ကွမ်းတီးမင်းဂျုန်းရဲ့အစီရင်ခံစာဖိုင်တွဲက ကျွန်တော့်ကို အလွန်အမင်း အံ့အား သင့်သွားစေပါတယ်။ ခင်ဗျားရဲ့ အောင်မြင်မှုအတွက် ဘယ်လို ချီးကျူးရမယ်၊ ခင်ဗျားရဲ့ ကြွယ်ဝချမ်းသာမှု အတွက် ကျွန်တော် ဘယ်လောက် ၀မ်းသာတယ်ဆိုတာကို ပြောပြဖို့ စကားလုံးတောင် ရှာမတွေ့ ပါဘူးဗျာ။

ဒေါက်တာဂျုန်းနဲ့ ကျွန်တော်ဟာ စတင်းဒတ်ဘဏ်က ညွှန်ကြားရေးမှူးတွေ၊ မန်နေဂျာတွေနဲ့ တွေ့ပြီး ကျယ်ကျယ် ပြန်ပြန့် ညှိနှိုင်းခဲ့ ဆွေးနွေးခဲ့ပါတယ်၊ နမူနာ စိန်ပွင့်တွေနဲ့ အစီရင်ခံစာတွေကို သူတို့  အသေအချာ လေ့လာခဲ့ကြတယ်။ ဘဏ်က ခင်ဗျားကို တစ်နှစ် ၅ရာခိုင်နှုန်းအတိုးနဲ့ ပေါင်စတာလင်ငွေ တစ်သိန်း ချေးဖို့ သဘောတူလိုက်တယ်၊ အဲဒီငွေ အခု ခင်ဗျား ကြိုက်သလောက် ထုတ်ယူလို့ရပြီ၊ ဒါဟာ လည်း ပဏာမ လုပ်ငန်း စနိုင်အောင် ထုတ်ပေးတာတဲ့၊ နောက် မကြာခင်မှာပဲ ထပ်ပြီး ချေးငွေများ ပေးပါဦး မယ်တဲ့။

ဒေါက်တာဂျုန်းက မစ္စတာ လိုသာ ဒီလာရေးနဲ့ တွေ့ပြီး အဆင့်တစ် တူးဖော်ရမယ့်လုပ်ငန်းတွေကို ညွှန်ကြား လိုက်ပါပြီ၊ အဲဒီလုပ်ငန်းအတွက် ပေါင် ၅၀၀၀ ပေးရမယ်။ အခု ကျွန်တော် စရံအဖြစ် ပေါင် ၁၀၀၀ ပေးလိုက် ပါပြီးပါပြီ။ သူ့ဆီကရတဲ့ ငွေရပြေစာကိုလည်း ထည့်ပေးလိုက်ပါတယ်။

ခင်ဗျားမှာလိုက်တဲ့ ပစ္စည်းအားလုံးလဲ ၀ယ်ပေးလိုက်ပါတယ်။ ဒါပေမယ့် ခင်ဗျားမှာလိုက်တဲ့ ခြင်ထောင် အလုံး၂၀ဟာ ဘာသုံးဖို့ဆိုတာ ကျွန်တော် မတွေးတတ်အောင် ဖြစ်နေတယ်။ နောက်တွေ့မှပဲ ခင်ဗျားကို မေး တော့မယ်။
စင်တိန်သည် အေဘရာဟင်စာကို နောက်မှ အေးအေးဆေးဆေး ပြန်ဖတ်တော့မည်ဆိုကာ သိမ်းထား လိုက် ပြီး လိုသာ အား လူလွှတ်ခေါ်ခိုင်းလိုက်သည်။
လိုသာ ချက်ချင်း လိုက်လာသည်။

"မစ္စတာ အယ်မလီယားနားက ပြောတယ် မင်းရဲ့ကျန်းမာရေးနဲ့ ကိုယ်ဝန်အခြေအနေ အားလုံး ကောင်းပါ တယ်တဲ့၊ ချောချောမောမော မွေးဖွားနိုင်မှာပါတဲ့"
စင်တိန်က ၀တ်ကျေတမ်းကျေသာ ခေါင်းညိတ်ပြလိုက်ပြီး လိုသာအား သူမနှင့် မျက်နှာချင်းဆိုင် ကုလားထိုင် တွင် ၀င်ထိုင်ရန် လက်ညှိုးထိုးပြလိုက်သည်။
"မင်းရဲ့ စိန်တွင်းကြီးတွေ့ရှိမှုအတွက် ၀မ်းသာစကားတောင် ငါမပြောရသေးဘူး၊ ဒေါက်တာဂျုန်းကတော့ မင်း ရဲ့စိန်တွင်းဟာ စိန်သုံးသန်းဖိုး လောက် ထွက်လိမ့်မယ်လို့ အကြမ်းဖျင်း ခန့်မှန်းထားတယ်၊ မယုံကြည် နိုင်စရာ ကောင်းလောက်အောင် မင်းဟာ ကုသိုလ်ကံထတာပါပဲလား စင်တိန်"
စင်တိန်က ခေါင်းကို အသာငဲ့လိုက်ပြီး သာမန် လေသံမှန်ဖြင့် ပြန်ပြောလိုက်သည်။

"ရှင်က ကျွန်မဆီမှာ အလုပ်လာတဲ့လူလဲ ဖြစ်တယ်၊ ပြီးတော့ ရှင်နဲ့ ကျွန်မ အခု ဆက်ဆံရေးကလဲ သာမန် ဆက်ဆံရေး ပဲ ဖြစ်တယ်၊ ဒီတော့ ရှင် နောက် ကျွန်မကို စင်တိန်လို့ ရင်းရင်းနှီးနှီး ခေါ်လို့ မရဘူး၊ အလုပ် သဘော အရ မစ္စက်ကုတ်နေလို့ပဲ ခေါ်၊ စင်တိန်လို့ ခေါ်စရာ ရှေ့အဖို့ အကြောင်းမရှိတော့ဘူး"
လိုသာ မျက်နှာတွင် အပြုံးများ ပျောက်ကွယ်သွားသည်။ လိုသာ့က ဘာမှမပြောနိုင်တော့ဘဲ ငြိမ်ကျသွား သည်။
"ကဲ အခု ရှင်လုပ်မယ်ဆိုပြီး ကန်ထရိုက်ယူထားတဲ့ အလုပ်ကိစ္စအကြောင်း ဆွေးနွေးကြရအောင်"
"ခင်ဗျား က ကျွန်တော့်ကို အခု အလုပ်ချက်ချင်း စလုပ်စေချင်ပြီလား၊ မွေးဖွားပြီးမှ စလုပ်မှာ မဟုတ်ဘူး လား"

"ချက်ချင်း အလုပ်စစေချင်တယ်၊ တောင်ကြားချိုင့်ဝှမ်းထဲကို ၀င်တဲ့ လိုဏ်ခေါင်းလမ်း ရှင်းလင်းရေး လုပ်ငန်း ကို ကျွန်မကိုယ်တိုင် ကြီးကြပ်ကွပ်ကဲမယ်၊ နက်ဖြန်ည လုပ်ငန်းစမယ်"

နေ၀င်ချိန် အရောက်တွင် သူတို့ အသင့် ဖြစ်နေကြသည်။ ပျားလိုဏ်ခေါင်းဝသို့ သွားသော လမ်း တစ်လျှောက်မှာ ချဲ့ထွင်ထားသဖြင့် ကျယ်ဝန်း ရှင်းလင်းနေသည်။ လိုသာ့ အလုပ်သမားများက သစ်ကိုင်း သစ်ခက် များ အသင့် လုပ်ထားကြသည်။
အမှောင်ထု လုံးဝ ဖုံးသွားသည့်အခါ ပျားကောင်များသည် လိုဏ်ခေါင်းထဲသို့ ပြန်ဝင်သွားကြသည်။ ပျားများ သူ့နေရာတွင်သူ သူ့အိပ်တန်းဝင်ကာ နေသားတကျ ဖြစ်သွားစေရန် စင်တိန်က နောက်ထပ် တစ်နာရီ ခန့် အချိန်ပေး စောင့်နေလိုက်သည်။

ထို့နောက် လိုသာအား ခပ်တိုးတိုး ပြောလိုက်သည်။
"မီးခိုးမှိုင်းတိုက်မယ်အိုးတွေမှာ မီးထည့်ပေတော့"
လိုသာ၏ အယုံကြည်စိတ်ချရဆုံး လူလေးယောက်က မီးအိုးများထဲသို့ ကုန်းကာ မီးစတင် မွေးကြသည်။ မီးအိုး များမှာ အသားငါးပိသာဆန့် ဆန်သံပုံးများ ဖြစ်သည်။ ထိုအိုးများထဲတွင် မီးသွေးများနှင့် စင်တိန် ကိုယ်တိုင် ညွှန်ပြ ခူးယူခိုင်းထားသော ဆေးရွက်များ၏ လျှို့ဝှက်အာနိသင်ကို တစ်ကြိမ်က အိုဝါ လက်တွေ့ ပြသထား၍ စင်တိန် သိနေခြင်း ဖြစ်သည်။

ဆေးရွက်အိုးများအား အလုပ်သမားများက မီးမွှေးနေချိန်တွင် စင်တိန်သည် အိုဝါအား သတိရမိသည်။ ဆေးရွက် များကို မီးစွဲလောင်သောအခါ စူးရှသော အနံ့များ က ထွက်လာသည်။ အိုးလေးလုံးစလုံး အတွင်း ရှိ ဆေးရွက် ဆေးမြစ်များ ညီညီညာညာ မီးစွဲလောင်ပြီး မီးခိုးများ တထောင်းထောင်း ထ လာသောအခါ လိုသာက သူ့လူများအား အမိန့်ပေးလိုက်သည်။ ထိုအခါ သူ့လူများက အိုးများကို ဆွဲယူကာ ဥမင်လိုဏ်ခေါင်း အ၀သို့ ဦးတည်သွားကြသည်။

သူတို့၏ ခန္ဓာကိုယ် အောက်ပိုင်းတွင် သားရေဖိနပ်ရှည်ကြီးများ စီးပြီး သားရေဘောင်းတီများဝတ်ကာ ကာကွယ်ထားကြသည်။
သူတို့ခေါင်းများနှင့် ကိုယ်ခန္ဓာအထက်ပိုင်းတွင်မူ ခြင်ထောင်အဖြူများဖြင့် အုပ်ပြီး ပတ်ထားကြသည်။ တစ်ယောက်ပြီး တစ်ယောက် လိုဏ်ခေါင်းလမ်းထဲသို့ ကုန်းကုန်း ကုန်းကုန်းဖြင့် ၀င်သွားကြသည်။ သူတို့ လက်ထဲ မှ ဆွဲသွားကြသော မှိုင်းတိုက်မီးအိုး သံပုံးများထဲမှနေ၍ အပြာရောင်မီးခိုးများက တထောင်းထောင်း ထပြီး ပါသွားသည်။
ထိုအလုပ်သမား များ လိုဏ်ခေါင်းထဲ ၀င်သွားပြီးနောက် တစ်နာရီကြာမှ စင်တိန်နှင့် လိုသာ လိုက်ဝင်သွား သည်။

စူးရှသောအနံ့များ ထွက်နေသည့် မီးခိုးလုံးများက လိုဏ်ခေါင်းထဲတွင် ခိုနေသည်။ ထို့ကြောင့် ရှေ့သို့ အနည်းငယ် သာ လှမ်းမြင်နိုင်သည်။ မီးခိုးအငွေ့များကြောင့် ခေါင်းထဲတွငက် မူးဝေလာကာ ပျို့ချင် အန်ချင် သလို ဖြစ်လာသည်။ သို့သော် ပျားကောင်များ၏ တ၀ီဝီမြည်သံများမှာမူ ယခင်အခါ များ ကလောက် အသံ မကျယ်လောင်တော့ဘဲ မီးခိုးမှိုင်းငွေ့များကြောင့် အသံတိုးတိုးသဲ့သဲ့သာ မြည်နိုင် တော့သည်။ ပျားကောင် များသည် ဆေးငွေ့ဆေးအနံ့သာ မြည်နိုင်တော့သည်။ ပျားကောင်များသည် ဆေးငွေ့ ဆေးအနံ့ မှိုင်းမိလာ ကာ ပျားအုံများနှင့် ဥမင်လိုဏ်ခေါင်းအခိုတွင် တွယ်ကပ် ယစ်မူး နေကြသည်။

စင်တိန်သည် လိုဏ်ခေါင်းပေါက်ထဲမှနေ၍ တောင်ကြားချိုင့်ဝှမ်းထဲသို့ လျင်မြန်စွာ ထွက်လိုက်သည်။ ချွေးပြန်နေသော မျက်နှာပေါ်တွင် အုပ်ထားသည့် ခြင်ထောင်ကို ဆွဲဖယ်သည်။ ညဥ့်လေ အေးအေးလေးကို တစ်ဝကြီး ရှူလိုက်မှသာ ရင်ထဲ၌ ကောင်းသွားပြီး ပျို့ချင်အန်ချင်စိတ်များ ပြေပျောက် သွားသည်။

လိုသာအား စင်တိန်က ပြောလိုက်သည်။

"ရှင့်လူတွေကို ပြောလိုက်တော့၊ လိုဏ်ခေါင်းထဲမှာ သစ်ကိုင်းသစ်ခက်တွေ သွားပုံလို့ရပြီလို့၊ ဒါပေမယ့် ပျားအုံတွေကိုတော့ မထိစေနဲပနော်၊ ပျားအုံတွေက လိုဏ်ခေါင်းအမိုးကနေပြီး အောက်ကို အတော်နိမ့် အောင် တွဲလောင်းကျနေတာ"
စင်တိန်သည် လိုဏ်ခေါင်းအမှောင်ထဲသို့ ပြန်မ၀င်တော့ပေ၊ အပေါက်ဝဘေးဘက်တွင် သွားထိုင်နေသည်။ လိုသာ့လူများ သစ်ကိုင်းသစ်ခက်များ ယူကာ လိုဏ်ခေါင်းထဲ ပြန်ဝင်သွားက်ြသည်။
သန်ခေါင်းကျော်အချိန်တွင် လိုသာက စင်တိန်အား သတင်းလာပို့သည်။

"အဆင့်သင့်ဖြစ်ပြီ"
"ဒါဆိုယင် ရှင့်လူတွေ ခေါ်ပြီး တောင်ကြားချိုင့်ဝှမ်းအောက်ဘက်ကို ဆင်းပေတော့၊ အဲဒီမှာ ရှင်တို့ နှစ်နာရီ နေပြီးမှ ဒီနေရာကို ပြန်တက်လာခဲ့"
"ကျွန်တော်တော့ ခင်ဗျားလုပ်တာ နားမလည်နိုင်တော့ဘူးဗျာ"
"ဒီမှာ ကျွန်မတစ်ယောက်တည်း ခဏလောက် နေချင်လို့ပါ"

စင်တိန်သည် တစ်ယောက်တည်း ထိုင်နေပြီး လိုသာနှင့် သူ့လူများ အောက်ဘက်သို့ ဆင်းသွားသည့် အသံ များ ပျောက်ကွယ်သည်အထိ စောင်နေ့လိုက်သည်။
အသံများ လုံးဝ ပျောက်သွားသောအခါ စင်တိန်သည် ကောင်းကင်သို့ မော်ကြည့်လိုက်သည်။ တောင်ကြား ချိုင့်ဝှမ်းအပေါ်တည့်တည့် ကောင်းကင်တွင် အိုဝါ၏ မွေးနေ့ကြယ်ကို တွေ့လိုက်ရသည်။
"မဟာခြင်္သေ့ကြယ်မင်း၊ ကျွန်မကို ခွင့်လွှတ်တော်မူပါ"

စင်တိန်သည် ထိုင်ရာမှ ထပြီး မီးအိမ်ကို ဆွဲကာ ကျောက်တောင်နံရံဆီသို့ လေးကန်စွာ သွားလိုက်သည်။ မီးအိမ် ကို ခေါင်းပေါ်သို့ မြှောက်ပြီး ဆန်လူမျိုးတို့၏ နံရံဆေးရေး ပန်းချီအရုပ်များကို ကြည့်လိုက်သည်။ နံရံ ပေါ်မှ အီလန်နှင့် မင်းတစ် တို့၏ ပုံများသည် မှန်အိမ်မီးရောင်တွင် တဖျပ်ဖျပ်တောက်နေသည်။
"အီလန်နှင့်မင်းတစ် နတ်မင်းများ၊ ကျွန်မကို ခွင့်လွှတ်တော်မူပါ၊ သတ္တ၀ါတို့ ထာဝရရှင်သန်သော ဤနေရာ ကို စောင့်ကြပ်ကြသည့် အစောင့်အကြပ်များအားလုံး မကြာခင်သေကြရတော့မည် ဖြစ်၍ ကျွန်မအား ခွင့်လွှတ်တော် မူပါ၊ ဒီကိစ္စကို ကျွန်မအကျိုးအတွက် ပြုလုပ်ခြင်း မဟုတ်ပါ။ သင်တို့၏ မြင့်မြတ်သော ဤနေရာ တွင် မွေးဖွားခဲ့သော ကလေးအတွက် ရေကောင်းရေသန့်များ ဖန်တီးပေးနိုင်ရန် ပြုလုပ်ရခြင်း ဖြစ်ပါတယ်"

စင်တိန်သည် ပျားလိုဏ်ခေါင်းဝသို့ လေးကန်စွာ ပြန်လာပြီး ပြောလိုက်ပြန်သည်။
"အိုဝါနဲ့ ဟာနီ၊ သင်တို့၏ ၀ိညာဉ်များက ကျွန်မကို စောင့်ကြည့်နေကြပါသလား၊ ကျွန်မ အခုကိစ္စကို လုပ်လိုက်ယင် ကျွန်မကို ဆက်လက် မစောင့်ရှောက်ကြတော့ဘူးလား၊ ကြောက်စရာကောင်းတဲ့ သစ္စာ ဖောက်မှုကြီးကို ကျွန်မ ကျူးလွန်ပြီးတဲ့နောက်မှာ နမ်ချိုင်းနဲ့ ရှာဆာကို အိုဝါနဲ့ ဟာနီက ဆက်လက် ချစ်ဦး မှာ လား၊ ဆက်လက် စောင့်ရှောက်ဦးမှာလား"
စင်တိန်သည် ဒူးထောက်ထိုင်ချလိုက်သည်။ ဆန်လူမျိုးများ ကိုးကွယ်သော နတ်အားလုံးကို တိတ်ဆိတ်စွာ ရှိခိုး တောင်းပန်နေသည်။ အချိန် နှစ်နာရီကုန်သွားသည်ကိုပင် မသိလိုက်။ အောက်ဘက်မှ တက် လာသော လူများ၏ အသံများကို ကြားရမှ သတိပြန်ဝင်လာသည်။

လိုသာက လက်တစ်ဖက်စီတွင် ဓာတ်ဆီတစ်ပုံးစီ ကိုင်လာပြီး လိုဏ်ခေါင်းပေါက်ဝရှေ့ရှိ စင်တိန် ရှေ့တွင် လာရပ်သည်။
"ကဲ လုပ်ပေတော့"
စင်တိန်က အမိန့်ပေးလိုက်သည်။ လိုသာသည် ဓာတ်ဆီပုံးနှစ်လုံးကို ဆွဲပြီး ပျားများရှိသော လိုဏ်ခေါင်းထဲ သို့ ၀င်သွားသည်။

ဓာတ်ဆီပုံး အခွံ သတ္တုပါးပါးအား ဓားဖြင့် ထိုးဖောက်သောအသံ၊ အထဲမှ ဓာတ်ဆီများ ပန်းထွက်လာသော အသံ တို့ကို စင်တိန် အပြင်မှ ကြားရသည်။ ပြင်းထန်စူးရှသောအနံ့ကလည်း လိုဏ်ခေါင်းထဲမှနေ၏ ဝေ့ထွက် လာသည်။ တစ်ချိန်တည်း မှာပင် ဓာတ်ဆီအနံ့ ကြောင့် စောစောက မူးယစ် ငိုက်မျဉ်း နေသော ပျား များ လန့်နိုးကာ အော်မြည်လာသော အသံများကိုလည်း ကြားလိုက်ရသည်။
လိုသာသည် လိုဏ်ခေါင်းထဲမှ ပြေးထွက်လာရာ ဓာတ်ဆီအကြွင်းအကျန်များက သူ့နောက်မှ ကြွက်မြီးတန်း ၍ ကျလာသည်။ ထို့နောက် ဓာတ်ဆီပုံးများကို အ၀တွင် လွှတ်ချထားလိုက်သည်။
"မြန်မြန်လုပ်၊ ပျားတွေ ထွက်မလာခင် မြန်မြန်လုပ်"

စင်တိန်က အော်ဟစ်သတိပေးလိုက်သည်။ ပျားတချို့ထွက်လာပြီး စင်တိန့်အနားမှ လက်ဆွဲမီးအိမ် အလင်းရောင်ဆီသို့ ပျံသန်းလာသည်။
စင်တိန် သည် မီးအိမ်ကို ဆတ်ခနဲ ကောက်ယူပြီး လိုဏ်ခေါင်းအခင်းပေါ်သို့ ပစ်ကျကာ မှန်များကွဲသွားပြီး လိမ့် သွားသည်။ မီးအိမ်မှမီးက ဓာတ်ဆီအစက်များဆီသို့ ကူးသွားပြီး ဓာတ်ဆီများက မီးဟုန်းဟုန်း ထတောက် တော့သည်။

လိုဏ်ခေါင်းထဲတွင် မီးလောင်ပေါက်ကွဲသွားရာ မြေကြီး ပါ အနည်းငယ်တုန်သွားပြီး စင်တိန်ပင် နောက်သို့ အနည်းငယ် ယိုင်သွားသည်။ လိုဏ်ခေါင်းအပေါက်ဝတွင် မီးဟုန်းဟုန်းတောက်နေပြီး အပြင်သို့ပင် မီးစွယ် များ တိုးထွက်နေသည်။ အထဲမှ သစ်ကိုင်းသစ်ခက်များ မီးတောက်လောင်နေရာ အပူငွေ့က အပြင်ဘက် သို့ ပါဟပ်လာသဖြင့် စင်တိန် နောက်သို့ အနည်းငယ်ဆုတ်သည်။ ပျားကောင်များသည် မီးလျှံအောက်တွင် အတုံး အရုံး သေကြသည်။

ထိုအချိန်တွင်ပင် စင်တိန်သည် လိုဏ်ခေါင်းထဲ၌ လေးလံသော အတုံးကြီးများ အောက်သို့ တဘုန်းဘုန်း ပြုတ် ကျသော အသံများကို ကြားရပြန်သည်။ စင်တိန်တွေဝေသွားသည်။ သက်ရှိ သတ္တ၀ါများ အမိုးပေါ်မှ ပြုတ် ကျသည့် အသံမျိုး ဖြစ်သည်။ သို့သော် လိုဏ်ခေါင်းဝ ကျောက်သားမြေပြင်ပေါ်မှနေ၍ မည်းနက် စေးထိုင်း သော အရည်ပျစ်များ စီးထွက်လာသည်ကို မြင်ရတော့မှ စင်တိန် သဘောပေါက် နားလည်သွား သည်။
"ပျားရည်တွေပါလား၊ ပျားလဘို့တွေပြုတ်ကျပြီး အရည်ပျော် စီးထွက်လာတာကိုး"
ပျားသတ္တ၀ါ များ နှစ်ပေါင်းရာချီပြီး စုဆောင်းဖွဲ့စည်းထားသော ပျားလဘို့ကြီးများသည် လိုဏ်ခေါင်းနံရံ၌ တွဲကျ နေရာမှ အောက်ဘက်မှ မီးအပူရှိန်ကြောင့် ပြုတ်ကျလာကြသည်။ ထို့နောက် အပူရှိန်ကြောင့်ပင် အရည်ပျော် ပေါက်ကွဲကာ ပျားရည်များ စီးဆင်းထွက်လာခြင်း ဖြစ်သည်။ ပျားရည်အနံ့က လေထဲတွင်ပင် စေးထန်း နေသည်။

သန်းခေါင်ကျော်မှစ၍ လောင်မြိုက်သောမီးသည် အရုဏ်မတက်မီကျမှ ငြိမ်းသွားသည်။ စင်တိန်က တစ်ချိန် လုံး ရပ်ကြည့်နေသည်။ နံနက် အလင်းရောင် လာချိန်တွင် ကျောက်တောင်ကျောက်စွန်းများ၌ ကျပ်ခိုး များ နှင့် မည်းနေသည်ကို တွေ့ရသည်။ လိုဏ်ခေါင်းတစ်လျှောက်တွင်လည်း မည်းမှောင် ပျက်စီး နေသည်။ အောက်ဘက်မြေပြင်တွင် စေးထန်းသော ပျားရည်များ စီးဆင်းနေသည်။
စင်တိန်သည် နံနက်လင်းချိန်တွင် ခြင်္သေ့သစ်ပင်စခန်းရှိ သူမ၏ သစ်တပ်ဆီသို့ ပြန်ရောက်လာသည်။ စင်တိန် က သစ်တပ်သို့ ဒယိမ်းဒယိုင်ဖြင့် ရောက်လာရာ စစ္စတာအမယ်လီယာနာက ဆီးကြိုဆွဲခေါ်ပြီး ရေမိုးချိုး ပေးကာ အိပ်စင်ပေါ်သို့ တင်ပေးလိုက်သည်။

ထိုနေ့ မွန်းလွဲ တစ်နာရီအချိန်တွင် စင်တိန် ဗိုက်စနာပြီး မီးဖွားခန်းသို့ ၀င်ရတော့သည်။

စင်တိန်အဖို့ ကလေးမျက်နှာမြင်ရခြင်းထက် အသက်လုတိုက်ပွဲ နွှဲနေရခြင်းနှင့် ပိုတူသည်။
ထိုနေ့ မွန်းလွဲပိုင်း တစ်ချိန်လုံးနှင့် ညပိုင်းတွင် မိခင်ရော ကလေးပါ ရုန်းကန်လှုပ်ရှားကာ တိုက်ပွဲဝင်နေရ သည်။
စင်တိန် သည် ဗိုက်နာသော ဒဏ်ကို အံကြိတ်ပြီး တင်းခံသည်။

"ငါ မငိုဘူး၊ ငါ့ကို မင်း ငိုအောင် လုပ်လို့ မရဘူး"
စင်တိန်သည် ရှာဆာကို မွေးစဉ်က ဟာနီက သွန်သင်ပြသခဲ့သည်များကို သတိရသည်။ သို့သော် ယခု တစ်ကြိမ် တွင် မစ္စတာအယ်မလီယာနာ ပြသည့်အတိုင်း လိုက်လုပ်နေရသည်။ ဟာနီနှင့် မွေးရတာ လောက် အဆင်မပြေဘဲ ဖြစ်နေသည်။
"မုန်းတယ် ... မုန်းတယ်၊ မင်းတို့ကို သိပ်မုန်းတယ်"
ဝေဒနာခံစား ရတိုင်း စင်တိန် က ဒေါသဖြင့် ညည်းတွားမိသည်။

"မွေးစမ်း ... မြန်မြန်မွေးစမ်း၊ မြန်မြန်မွေးပြီးမှ အေးမယ်"
လိုသာသည် တစ်ကြိမ်တွင် အပြင်မှနေ၍ လှမ်းမေးသည်။
"စစ္စတာ ဘယ်လိုလဲ၊ အခြေအနေကောင်းရဲ့လား"
"ကြောက်စရာပဲဟေ့ ... အမျိုးသမီးက ကလေးမွေးတာနဲ့ မတူဘဲ စစ်တိုက်တာနဲ့ တူနေတယ်" စစ္စတာက ပြန်ပြီး လှမ်းပြောလိုက်သည်။

အရုဏ်မတက်မီ နှစ်နာရီအလိုတွင် စင်တိန် နောက်ဆုံး အားကုန်ညှစ်ပြီး ကြိုးပမ်းလိုက်ရာ ကလေး ၀မ်းမှ ကျွတ်သွားတော့သည်။ ၀မ်းမှကျွတ်ပြီး တစ်မိနစ်ခန့်အကြာတွင် ကလေးငိုသံက ညအမှောင်ထုနှင့် တိတ်ဆိတ်မှု ကို ဖောက်ထွင်းထွက်ပေါ်လာတော့သည်။
"မင်း ငိုတယ်လား၊ ငိုပေါ့၊ ငါ မငိုဘူး"
စင်တိန်က ရေရွတ်လိုက်သည်။ စင်တိန်သည် သူ့ခန္ဓာကိုယ်၌ သန့်ရှင်းစင်ကြယ်သွားပြီဟု ခံစားလိုက်ရပြီး အိပ်ပျော် သွားသည်။
စင်တိန်အိပ်ရာမှနိုးသောအခါ လိုသာက သူမအိပ်စင်ခြေရင်းတွင် မတ်တတ်ရပ်နေသည်။ နံနက်ဦး အလင်းရောင် က လိုသာ့နောက်ဘက်မှ ထိုးနေရာ လိုသာကို ရေးရေးသာ စင်တိန် မြင်ရသည်။
"ယောက်ျားလေး မွေးတယ်၊ မင်း သားတစ်ယောက်ရပြန်တာပေါ့"

လိုသာ က အချိုသာဆုံး ပြောလာသည်။
"ဟင့်အင်း ... ကျွန်မကလေး မဟုတ်ဘူး၊ ရှင့်ကလေး"
သို့သော် သားကလေး၊ ယောက်ျားကလေး၊ ငါ့အသွေးငါ့အသားတွေရဲ့ အစိတ်အပိုင်းပါလားဟု စင်တိန် တွေးမိသည်။
"ကလေးဆံပင်တွေက ရွှေရောင်ဝင်းလို့"
လိုသာ က ပြောလိုက်ပြန်သည်။

"ကျွန်မ မသိချင်ဘူး၊ ကျွန်မတို့ အပေးအယူလုပ်ထားတဲ့အတိုင်း ဘာမှသိစရာ မလိုတော့ဘူး"
သူ့ ဆံပင်လေး တွေက နေရောင်မှာ ရွှေရောင်တောက်နေမှာပဲ၊ သူ့အဖေ လိုပဲ ချောလိမ့်မယ်ထင်တယ်၊ စင်တိန့် စိတ်ထဲ က တွေးမိလိုက်ပြန်သည်။
"ကလေးနာမည်ကို မင်းဖရက် လို့ ပေးထားတယ်၊ ငါ့ပထမကလေးနာမည်အတိုင်း ပေးထားတာ"
"ရှင်ကြိုက် သလို ပေး၊ ကြိုက်သလိုခေါ်၊ ကျွန်မနဲ့ ဝေးနိုင်သမျှ ဝေးတဲ့နေရာကို ခေါ်သွားပေတော့"
မင်းဖရက်၊ ငါ့သား ... စင်တိန့် အသည်းကွဲပြီး တစ်စစီ ကြွေသွားသလို ရင်ထဲက ခံစားနေရသည်။

"ကလေးကို နို့ထိန်း က နို့တိုက်နေတယ်လေ၊ မင်း ကြည့်ချင်တယ်ဆိုယင် ခေါ်လာပြီး ပြမယ်လေ"
"မကြည့်ချင်ဘူး၊ ဘယ်တော့မှ မမြင်ချင်ဘူး၊ ဒါ ကျွန်မတို့ရဲ့ အပေးအယူစည်းကမ်းပဲ၊ ခေါ်သာ သွားပါတော့"
စင်တိန့်ရင်သား များက တင်းလာသည်။ နို့ချိုတိုက်ကျွေးရန် ငံ့လင့်နေသည်။

"ကောင်းပြီလေ"
လိုသာ သည် စင်တိန်ဘာပြောဦးမလဲဟု တစ်မိနစ်ခန့် စောင့်နေသေးသည်။ သို့သော် စင်တိန်က မျက်နှာ လွှဲ လိုက်သည်။
"စစ္စတာအယ်လီယာနာ က ကလေးကို သူနဲ့တူတူ ခေါ်သွားလိ့မ်မယ်၊ သူတို့ အခုပဲ ၀င်းဟုပ်မြို့ကို ချက်ချင်း သွားကြလိမ့်မယ်"
"မြန်မြန်သွားပါ လို့ သူ့ကို ပြောလိုက်ပါ၊ ရှင့်ကလေးကိုလဲ တစ်ပါတည်း ခေါ်သွားပါစေ"
အလင်းရောင် က လိုသာ့ ကျောဘက်မှ ပျပျသာထိုးနေ၍ လိုသာ့မျက်နှာကို စင်တိန် မမြင်ရပေ။
လိုသာ ချာခနဲလှည့်ပြီး တဲထဲမှ ထွက်သွားသည်။ ထို့နောက် မိနစ်အနည်းငယ်အကြာတွင် မော်တော်ကား စက်နှိုးသံ၊ ကားထွက်သွားသံနှာင့် ကားစက်သံ တဖြည်းဖြည်းဝေးပြီး ပျောက်သွားသံများကို စင်တိန် ကြား နေရသည်။

စင်တိန် သည် တိတ်ဆိတ်ငြိမ်သက်သော တဲထဲမှ အိပ်စင်ပေါ်တွင် ပက်လက်လှန်နေရင်း ကာထားသော တာလပတ်စ ၏ ဟနေသော နေရာမှနေပြီး နေမင်းကြီး ထွက်ပြူလာနေသည်ကို ကြည့်နေမိသည်။
သူမချစ်သော သဲကန္တာရ၏ လေသင်းနံ့လေးကို တစ်ဝကြီး ရှူရှိုက်မိသည်။ သို့သော် သွေးညှီနံ့ရလာသဖြင့် ရသ ပျောက် သွားရပြန်သည်။ အနံ့က မိမိသားမွေးသော သွေးနံ့လော၊ ပူပူလောင်းပြင်းထန်လှသည့် ကာလာဟာရီ သဲကန္တာရ နေရောင်အောက်မှ ဟာနီ၏ သွေးခဲများ အနံ့လော ... သူမ မဝေခွဲတက်နိုင်။
ကျောက်တောင် ကျောက်တုံးများပေါ်မှ ဟာနီ့သွေးကွက်များ၏ ပုံရိပ်က စင်တိန်၏ မျက်စိထဲက အမြင်ကို တစ်မျိုး ပြောင်းသွားစေသည်။ ပျားရည်များ ဆူပွက်လောင်မြိုက်ပြီး ပင်လယ်နက် သဖွယ် စီးဆင်းလာပုံကို ပြန်မြင် ရသည်။ သကြားနံ့ သင်းသော ပျားရည်နံ့က သွေးနံ့ကို လွှမ်းသွားကြပြန်သည်။

မီးခိုးငွေ့များထဲတွင် အသည်းပုံသဏ္ဍာန် ဟာနီ၏ ပုံရိပ်ကို စင်တိန်က ရေးရေးမြင်ယောင်လာပြန်သည်။
"ကလေးအတွက် ... ရှာဆာအတွက်ပါ"
စင်တိန်က တိုးတိုးလေး ညည်းတွားလိုက်သည်။ မီးခိုးငွေ့များထဲမှ သဏ္ဍာန်ပုံရိပ်က ပျောက်ကွယ်ပြီး စင်တိန် ၏ ပထမကလေးပုံရိပ် ပေါ်လာသည်။
"ရှာဆာ ... လူကလေး၊ မင်း ရေကောင်းရေသန့်ကို ထာဝရ ရှာတွေ့နိုင်ပါစေ သားလေးရယ်
သို့သော် ရှာဆာ့ဦးခေါင်း မှ အနက်ရောင်ဆံပင်များက ရွှေရောင်သို့ ပြောင်းသွားသည်။

"ငါ့ရဲ့သားငယ်လေး ... မင်းလဲ ရေကောင်းရေသန့်ရှာတွေ့ပါစေလို့ အမေဆုတောင်းပါတယ်"
ထို့နောက် မီးခိုးနဂါးငွေ့တန်း ထဲတွင် ပုံရိပ်တစ်ခု ထပ်မံ ပေါ်လာပြန်သည်။
ထိုပုံရိပ် သည် လိုသာ့မျက်နှာလား၊ မိုက်ကယ့်မျက်နှာလား စင်တိန် ဝေခွဲပိုင်ခြား၍ မရပါချေ။
"ငါ တစ်ယောက်တည်း အထီးကျန် ဘ၀ပါလား၊ တစ်ယောက်တည်း မနေချင်ပါဘူး" စင်တိန် ခပ်တိုးတိုး ပြော လိုက်သည်။
ထိုစဉ် သူမပြောသွားသော စကားလုံးတချို့ကို ပြန်ကြားလာရသည်။

"အခုလောလောဆယ်မှာတော့ ခင်ဗျားဟာ ကမ္ဘာပေါ်မှာ အချမ်းသာဆုံး အမျိုးသမီးတစ်ယောက် ဖြစ်ကောင်း ဖြစ်နေပြီဗျ"
"ငါပိုင် တဲ့ စိန်တွေအားလုံး၊ ဟာနီ့ စိန်တွင်းက စိန်တွေ အားလုံးကို ငါချစ်တဲ့သူကို ပေးမယ်၊ သူရယ်၊ ငါရယ်၊ ငါ့သားနှစ်ယောက်ရယ် ပျော်ပျော်နေမယ်"
စင်တိန် ထိုသို့ အတွေးဝင်လာပြန်သည်။

သို့သော် ချက်ချင်း အတွေးတစ်မျိုး ပြောင်းသွားပြန်သည်။ ပထမအတွေးကို ဒေါသတကြီး ချေဖျက် လိုက်သည်။
"ဒီအတွေးဟာ အားပျော့သူ၊ သူရဲဘောကြောင်သူ၊ စိတ်မတည်ငြိမ်သူ မိန်းမျိုးရဲ့ ဂယောင်ချောက်ချား အတွေး တွေပဲ၊ ငါဟာ အခုလောလောဆယ် အားအင်ကုန်ခန်းပြီး ပင်ပန်း နွမ်းနယ်နေသေးတယ်၊ နေမကောင်း နေသေးတယ်၊ ငါအခု အိပ်ရမယ်"

စင်တိန် ကိုယ့်ကိုယ်ကိုယ် အားတင်းပြီး မျက်စိမှိတ်လိုက်သည်။ ထို့နောက် ပြောလိုက်ပြန်သည်။
"မနက်ဖြန် ... မနက်ဖြန်ကျယင် ငါအားပြည့်လာမယ်၊ သတ္တိ ရှိလာမယ်၊ ရဲဝံ့လာမယ်၊ ပြတ်သားလာမယ်၊ ငါ့အတွက် မနက်ဖြန်က စောင့်ကြိုနေတယ်"

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

Sunday, October 9, 2011

ဝင်းဖေဝင်း ဘာသာပြန် စိန်မင်းသမီး အပိုင်း (၃၂)

(၄၂)

ပျားအုံများရှိသည့် ဥမင်လိုဏ်ခေါင်းဆီသို့ ကျဉ်းမြောင်းသော တောင်ကြားလမ်းအတိုင်း စင်တိန်က ဦးဆောင် သွားရာတွင် လမင်း က ထိန်ထိန်သာပြီး လမ်းပြနေသည်။
မှောင်မိုက်သော လိုဏ်ခေါင်းအ၀င်ဝသို့ ရောက်သောအခါ စင်တိန်က သူ့လူများအား မည်သည့်နေရာသို့ ခေါ်သွားမည် ကို ရှင်းပြသည်။ ဟင်းဒရစ်က စင်တိန် ပြောပြသည်ကို သူ့လူများအား ဘာသာပြန်ပြသည်။

"ရှင်တို့ မပြေးမလွှားဘဲ အေးအေးဆေးဆေးသွားယင် ဘာမှ အန္တရာယ် မရှိဘူး" စင်တိန်က ပြောပြသည်။
သို့သော် လိုဏ်ခေါင်းထဲမှ ပျားများ၏ အသံကိုကြားရသောအခါ လူမည်း အလုပ်သမားများသည် ပစ္စည်း များ လွှတ်ချပြီး နောက်သို့ ဆုတ်သွားကြသည်။ မလိုက်တော့ဘဲ ဆန့်ကျင် တော်လှန်မည့်အသွင်များ ပေါ်လာ သည်။
"ဟင်းဒရစ်၊ သူတို့ကို ပြောလိုက်စမ်း၊ ငါခေါ်တဲ့နောက် လိုက်မလား ဒါမှမဟုတ် သေနတ်နဲ့ပစ်အသတ်ခံ မလား ကြိုက်ရာ ရွေးလို့ ပြောလိုက်"
စင်တိန် အမိန့်ပေးသည့်အတိုင်း ဟင်းဒရစ်က ပြောလိုက်သည်။

ထို့နောက် သူ့ပခုံးထက်၌ လွယ်ထားသော မော်ဇာရိုင်ဖယ်ကို ဖြုတ်ယူပြီး ဖြောင်းခနဲ ကျည်ထိုးအသင့်ပြင် လိုက်သည်။ ထိုအခါကျမှ အလုပ်သမားများက ပစ္စည်းပစ္စယများအား ပြန်လည် ကောက်ယူ သယ်ပိုးပြီး စင်တိန် နောက်သို့ ရောက်လာသည်။
ပျားများရှီသော လိုဏ်ခေါင်းကို ဖြတ်ရသည်မှာ သည်းထိတ်ရင်ဖိုစရာ ကောင်းလှသည်။ သို့သော် အေးဆေး ငြိမ်သက်စွာနှင့် ခပ်မြန်မြန်ပင် ဖြတ်သန်းနိုင်ကြသည်။ လိုဏ်ခေါင်းထဲမှာ ထွက်လိုက် သည်နှင့် တစ်ပြိုင်နက် စင်တိန်သည် သစ်ပင်တောအုပ်များပေါ်၌ လရောင်ဆမ်း၍ ငွေရောင်ဖြာနေသော ရှုခင်းနင့် ဘေးပတ်ပတ် လည် ကျောက်တောင်နံရံအမြင့်ကြီးများ၌ တောက်ပနေသော ရှုမောဖွယ် မြင်ကွင်းကို ပြန်မြင် လိုက်ရသည်။

"တို့မှာ လုပ်စရာအလုပ်တွေ အများကြီး ရှိတယ်၊ ဒီတောင်ကြားချိုင့်ဝှမ်းထဲမှာ အလုပ်တွေပြီးတဲ့အထိ တို့ နေရမယ်၊ တို့ဒီက ပြန်ယင် ပျားလိုဏ်ခေါင်းကို နောက်တစ်ကြိမ် ထပ်ဖြတ်ရဦးမယ်" စင်တိန်က ဟင်းဒရစ် အား ပြောပြလိုက်သည်။
ဝင်းဟုပ်မြို့မှ ရှေ့နေအေဘရာဟင်က စင်တိန်အား စိန်တွင်း တူးဖော်ခွင့်ရရေးအတွက် တင်ပြတောင်းဆို ရာ တွင် လိုအပ်မည့် အချက်များကို အသေးစိတ်ညွှန်ကြား ပြောဆိုလိုက်သည်။ နမူနာပုံစံများ ပေးလိုက်ပြီး မည်သည့် အချက်များ မည်သို့ ရေးသွင်းရမည်ကို သင်ကြားလိုက်သည်။ နေရာဒေသများကို မည်သို့ တိုင်းထွာ မှတ်သားပြီး မည်သို့ပုံစံသွင်း ရေးသားလျှောက်ထားရမည်ကိုလည်း ပြသလိုက်သည်။

စင်တိန်သည် ဟင်းဒရစ်နှင့် အလုပ်သမားလေးယောက်တို့၏ အကူအညီဖြင့် သူကိုယ်တိုင် လိုက်လံ မှတ်သား ကာ ပုံစံ၌ ရေးသွင်းသည်။ သစ်ပင်များတွင်လည်း နေရာအမှတ်အသား စာရွက်များကို သံနှင့် ရိုက်ကပ် ရသည်။ နေကပူပြင်းသဖြင့် အလွန်ပင်ပန်းလှသည်။
ညနေ နေ၀င်ချိန်တိုင်းတွင် စင်တိန်သည် ရေပူစမ်းကလေးအတွင်း ဆင်းပြီး ရေစိမ်ချိုးကာ တစ်နေ့တာ နွမ်းသမျှ ကို အပန်းဖြေရတော့သည်။ တစ်ကိုယ်လုံး ကိုက်ခဲ နာကျင်မှုများနှင့် ချွေးစေးများကို ပူနွေးသော ရေ တွင် စိမ်ပြီး ကုစားသန့်စင်ရသည်။

"နောက်တစ်ရက်ပဲ ကျန်ပါတော့တယ်၊ ဒီတစ်ရက်ပြီးယင် ငါနားရတော့မှာပဲ" စင်တိန်က ရေစိမ်ရင်း ကိုယ့် ကိုယ် ကိုယ် အားပေးဖြေသိမ့်လိုက်သည်။
ဆယ်ရက်မြောက်ညနေတွင် သူ့လုပ်ငန်းအားလုံး ပြီးစီးသွားသည်။ တောင်ကြားချိုင့်ဝှမ်း အောက်ခြေ မြေပြင် ၌ နေရာလပ်မကျန်အောင် တိုင်းထွာ သတ်မှတ်ပြီးသွားပြီ ဖြစ်သည်။
"ကဲ ထုပ်ပိုး ပြင်ဆင်ပေတော့ ဟင်းဒရစ်၊ ဒီညပဲ ကျွန်မတို့ ဒီက ပြန်ထွက်မယ်၊ ဟင်းဒရစ် ရှင် တာဝန် ကျေပါ တယ်၊ ခြင်္သေ့တစ်ကောင်လိုပဲ ရဲဝံ့ပါပေတယ်၊ ကျွန်မ ရှင့်ကို လုပ်အားခတွေ ရှင်းပေးတဲ့နေ့ကျယင် ဘောက်ဆူး ချဖို့ မမေ့ပါဘူးရှင်"
ပင်ပင် ပန်းပန်း လက်တွဲ လုပ်ကိုင်ရခြင်းက သူတို့နှစ်ဦးကို ရင်းနှီးခင်မင်သွားစေသည်။

ဟင်းဒရစ်ကလည်း သွားကြီးဖြဲပြီး ပြုံးကာ စင်တိန်ကို ပြန်ပြောလိုက်သည်။
"ခင်ဗျားလို သန်မာကြံ့ခိုင်ပြီး ခင်ဗျားလို အလုပ်လုပ်တဲ့ မိန်းမမျိုးဆယ်ယောက်သာ ကျွန်တော် ရထား လိုက် ယင် ဘာမှ အလုပ်မလုပ်ဘဲ တစ်နေကုန် အရိပ်ထဲမှာ ထိုင်ပြီး ဘီယာ သောက်နေနိုင်မှာဗျ"
"ကျွန်မ ကို ချီးကျူးကြတဲ့အထဲမှာ အခု ရှင်ချီးကျူးတာ အကောင်းဆုံးပဲ"

ခြင်္သေ့သစ်ပင်စခန်းသို့ ပြန်ရောက်သောအခါ စင်တိန် တစ်နေ့ကုန် နားလိုက်သည်။ နောက်တစ်နေ့တွင် သစ်ပင် ရိပ် ၌ စားပွဲတစ်လုံးချကာ စိန်တွင်းတူးဖော်ခွင့် လိုင်စင် လျှောက်ရန် ပုံစံများကို ရေးသွင်းဖြည့်စွက် တော့သည်။ အချက်ပေါင်း ၄၁၆ချက် ဖြည့်ရသည်။ မှတ်စုစာအုပ်နှင့် မြေပုံကြမ်းများထဲမှာ အသေအချာ ကူးယူ ဖော်ပြရသည်။ တောင်ကြားချိုင့်ဝှမ်း မြေပုံအကြမ်းကိုပါ ရေးဆွဲထည့်ပေးလိုက်သည်။

ထိုလုပ်ငန်းများ လုပ်ရသည်မှာ ငါးရက်ကြာသည်။ အားလုံး ပြီးသွားသောအခါ ပုံစံစာရွက်များကို စက္ကူ အညို တစ်ရွက်ဖြင့် ထုပ်လိုက်ပြီး ချိတ်ပိတ်လိုက်သ်ည။ ထို့နောက် ရှေ့နေ အင်ဘရာဟင်ထံ စာတစ်စောင် ရေး လိုက်သည်။

ခင်မင်ရသော မစ္စတာအေဘရာဟင်

ပူးတွဲပေးပို့လိုက်သော စာရွက်စာတမ်းများနှင့် သတ္တုတွင်းရုံးမှာ ကျွန်မနာမည်နဲ့ စိန်သွင်းတူးဖော်ခွင့် လိုင်စင် လျှောက်ပါ။ ၀င်းဟုပ်က စတင်းဒတ်ဘဏ်မှာ ကျွန်မ ငွေစာရင်းကို ရှင် ကိုယ်စားလှယ်အဖြစ် ဆောင်ရွက် နေတာ နဲ့ ပေါင်းစပ်ပြီး လိုတာထုတ်သုံးပါ။
မည်သည့် ကုမ္ပဏီမှ မလုပ်တဲ့ သတ္တုတွင်း အတိုင်ပင်ခံ တစ်ယောက်လောက်လည်း စုံစမ်းရှာဖွေပေးပါဦး။ ကျွန်မ အစိုးရဆီက လိုင်စင်တောင်းထားတဲ့ အဲဒီနေရာတွေမှာ တူးဖော်တိုင်းတာလေ့လာဖို့ရယ်၊ အလား အလာ တွက်ချက်ပေးဖို့ရယ်အတွက် အငှားကန်ထရိုက် စာချုပ်ပါ လုပ်ပေးပါ၊ အလုပ်လက်ခံယင် အခု ရှင့်ဆီသို့ အထုပ်ပို့ခိုင်းလိုက်တဲ့ကားနဲ့ အဲဒီအတိုင်ပင်ခံ ပညာရှင်ကို တစ်ပါးတည်း ထည့်လိုက်ပါ။

ကား ကျွန်မဆီပြန်လာယင် အောက်မှာ ကျွန်မရေးပေးလိုက်တဲ့ ပစ္စည်းတွေ ပြည့်ပြည့်စုံစုံ ပါမပါလည်း စစ်ဆေး ပေးပါ။ ပြီးတော့ ကုန်ကျစရိတ်ကိုလည်း ကျွန်မငွေစာရင်းက ထုတ်ပြီး ရှင်းပေးလိုက်ပါ။
ကျွန်မ ကို နောက်ထပ်တစ်ခု ကူညီပါဦး။ ဗိုလ်မှူးကြီး ဂါရီကုတ်နေဆီ သံကြိုးရိုက်ပြီး ကျွန်မသားလေးနဲ့ အန်စတော့ နဲ့ နေထိုင် ကောင်းမကောင်း စုံစမ်းပေးပါ။ ကျွန်မ ဘယ်နေရာ ဘယ်အရပ်မှာ ရောက်နေတယ် ဆိုတာတော့ လုံးဝ မပြောလိုက်ပါနဲ့။ ကျွန်မ နေထိုင်ကောင်းကြောင်း၊ သူတို့အားလုံးကို သတိရတမ်းတ ကြောင်း ပြောပေးပါ။

    ကျေးဇူးအထူးတင်စွာဖြင့်
    စင်တိန်ဒဒီသရီကုတ်နေ

စင်တိန်သည် အထုပ်နှင့်စာကို လော်ရီကား ဒရိုင်ဘာအား ပေးအပ်ပြီး ၀င်းဟုပ်မြို့ရှိ ရှေ့နေ အေဘရာဟင် ထံ စေလွှတ်လိုက်သည်။ သူတို့ ဤနေရာသို့ အလာတွင် လမ်းထွင်ခဲ့ပြီးဖြစ်၍ ယခု လော်ရီ ကား အသွား အပြန်မှာ ရှစ်ရက်သာ ကြာတော့သည်။ ကား ပြန်ရောက်လာသောအခါ ဒရိုင်ဘာဘေးခုံတွင် အရပ်ရှည်ရှည် အသက်ကြီးကြီး အင်္ဂါရုပ်ကောင်းကောင်း လူတစ်ယောက် ပါလာသည်။

"ကျွန်တော့်ကိုယ်ကျွန်တော် မိတ်ဆက်ပေးပါရစေ မစ္စက်ကုတ်နေ၊ ကျွန်တော့်နာမည်က ရုပက် ကွမ်တီးမင်းဂျုန်း ပါ"

ထိုသူ့ပုံမှာ သတ္တုတွင်း အင်ဂျင်နီယာပုံထက် အသုဘတွင် ကြီးကြပ်သင်္ဂြိုဟ်ပေးသော သုဘရာဇာခေါင်းနှင့် ပိုတူ နေသည်ဟု စင်တိန် ထင်မိသည်။ အနက်ရောင်အယ်ပါကား ဂျာကင်ဝတ်ထားပြီး အနက်စင်း လည်စည်း စည်းထားသည်။ ဆံပင်က နက်မှောင်နေသော်လည်း မုတ်ဆိတ်နှင့် ပါးမြိုင်မွေးများက ဖြူဆွတ် နေသည်။
"ကျန်းမာပါစေ မစ္စတာဂျုန်း" စင်တိန်က နှုတ်ဆက်လိုက်သည်။

"ဒေါက်တာကွမ်တီးမင်းဂျုန်းပါ ခင်ဗျာ၊ မစ္စတာအေဘရာဟင်က ခင်ဗျားအတွက် ပေးလိုက်တဲ့ စာ တစ်စောင် ကျွန်တော် ယူလာပါတယ်"
"ကျေးဇူးပါပဲ ဒေါက်တာကွမ်တီးမင်းဂျုန်း၊ ကျွန်မ စာဖတ်တုန်း လက်ဖက်ရည်တစ်ခွက်လောက် သောက် လိုက် ပါဦးရှင်"
စင်တိန်က စာကို ဖောက်ဖတ်လိုက်သည်။

"ကျွန်တော်လွှတ်လိုက်တဲ့ အင်ဂျင်နီယာ ပုံပန်းကို ကြည့်ပြီးတော့ စိတ်မပျက်သွားပါနဲ့ မဒမ်၊ သူဟာ စပိုင်သာ ဂီတစ် စိန်တွင်းကို ရှာတွေ့ခဲ့တဲ့ ဒေါက်တာ မီရင်းစကီးရဲ့ လက်ထောက်ပါ၊ ပြီးတော့ ကမ္ဘာကျော် ဒီတီးယား စိန်တွင်း ကုမ္ပဏီကြီးရဲ့ လက်ရှိအတိုင်ပင်ခံ ကျွမ်းကျင်သူပါ၊ သူ့ရဲ့အဆင့်အတန်းကို ထပ်ပြီး ပြညွှန်း ရဦးမယ်ဆိုယင် အခုသူ့ကိုငှားခ ရွှေဒင်္ဂါးအပြား ၁၂၀၀ ပေးထားရပါပြီ။
ခင်ဗျားသားလေး နဲ့ အန်စတော့တို့ နေထိုင်ကောင်းကြတယ်၊ သူတို့က ခင်ဗျားကို အမြန်ဆုံး ပြန်လာဖို့ မျှော်လင့် နေကြတယ်ဆိုတာ ဗိုလ်မှူးကြီးကုတ်နေဆီက တစ်ဆင့်သိရလို့ သတင်းကောင်းပါးလိုက်ပါတယ်။

ခင်ဗျားမှာလိုက်တဲ့ ပစ္စည်းတွေအားလုံးလဲ စုံစုံစေ့စေ့ ထည့်ပေးလိုက်ပါတယ်။ အဲဒီပစ္စည်းတန်ဖိုးတွေရယ်၊ ဒေါက်တာ ကွမ်တီးမင်းဂျုန်းရဲ့လုပ်အားခရယ် ရှင်းပေးလိုက်တော့ ဘဏ်ကခင်ဗျား ငွေစာရင်းမှာ ငွေသား လက်ကျန် ၆ပေါင် ၁၁သျှီလင်နဲ့ ၆ပဲနိပဲ ရှိပါတော့တယ်။ ခင်ဗျား စိန်တွင်းတူဖော်ခွင့် စာချုပ်စာတမ်း တွေ ကိုလည်း ဘဏ်က အာမခံသေတ္တာထဲမှာ လုံခြုံစွာ ထိန်းသိမ်းထားပြီးပါပြီ
စင်တိန်သည် စာကို ဂရုတစိုက် ပြန်ခေါက်လုက်သည်။ မိမိအမွေရထားသည့်ပိုက်ဆံနှင့် ဟာနီ့စိန်တုံးရောင်း ရသော ပိုက်ဆ်ံအားလုံးပေါင်းမှာ ယခုအခါ ခြောက်ပေါင်ကျော်သာ ကျန်တော့သည်။ မော်တော်ကား များကို ပြန်မရောင်းလျှင် အိမ်ပြန်စရာလမ်းစရိတ်ပင် မလုံလောက်ပါတော့ချေ။

သို့သော် ဒေါက်တာ ကွမ်းတီးမင်းဂျုန်းအတွက် အဖိုးအခပေးပြီးဖြစ်၍ မိမိဝယ်ထားသော စားနပ်ရိက္ခာများ နှင့် ဆိုလျှင် ဤစခန်း၌ နောက်ထပ်သုံးလတော့ ကောင်းကောင်းနေနိုင်သေးသည်။ ကုလားထိုင်၌ ထိုင်ပြီး လက်ဖက်ရည် သောက်နေသော ဒေါက်တာအားမော့ကြည့်ပြီး ပြောလိုက်သည်။
"ရွှေဒင်္ဂါအပြား ၁၂၀၀ ဆိုတော့ လူတော်တစ်ယောက် ဖြစ်မှာပေါ့နော်"
"ကျွန်တော် က သာမန်လူတော် မဟုတ်ပါဘူး၊ အတော်ဆုံး လူပါ"

စင်တိန်သည် ကွမ်တီးမင်းဂျုန်းအား ညဘကတွင် ပျားလိုဏ်ခေါင်းကို ဖြတ်ကာ တောင်ကြားချိုင့်ဝှမ်းထဲသို့ ခေါ်သွားသည်။ လျှို့ဝှက်တောင်ကြားထဲသို့ သူတို့ရောက်သွားသောအခါ ဂျုန်းက ကျောက်တုံးတစ်တုံးပေါ် တွင် ထိုင်ချလိုက်ပြီး မျက်နှာကို လက်ကိုင်ပ၀ါနှင့် သုတ်လိုက်သည်။
"လာရတဲ့လမ်းက တကယ်မကောင်းဘူး မဒမ်၊ ဒီပျားကောင်တွေကိုတော့ ရှင်းပစ်မှ ဖြစ်မယ်"
"ဟင့်အင်း ... တတ်နိုင်သမျှ မလိုအပ်သေးယင် ဒီနေရာကို သူ့ပကတိအတိုင်းပဲ ရှိနေစေချင်သေးတယ်၊ မရှင်း ချင်ဘူး"
"ကျွန်တော် ပျားတွေကို မကြိုက်ဘူး၊ ဒီတော့ ခင်ဗျား ပိုက်ဆံ ကျွန်တော် ပြန်အမ်းမယ်၊ ခင်ဗျား အခြား လူတစ်ယောက် ရှာလိုက်ပါ"
ဒေါက်တာဂျုန်းက ထိုင်နေရာမှ ထလိုက်သည်။

"နေ ... နေပါဦး၊ ကျွန်မတို့မှာ တောင်စောင်းချောက်ကမ်းပါးတစ်ခု တွေ့ထားတယ်၊ အဲဒီပေါ်ကနေပြီး စက်သီးဆင် ပုခက်နဲ့ဆင်းယင် ဒီပျားလိုဏ်ခေါင်းက ဖြတ်သွားစရာ မလိုတော့ပါဘူး"
"အဲဒီလိုသာ သွားလာနေရယင် ကျွန်တော့်ရဲ့ လုပ်ငန်းတွေ အနှောင့်အယှက်တွေ ဖြစ်လာတော့မှာပေါ့ဗျာ"
"ကျွန်မ တောင်းပန်ပါတယ် ဒေါက်တာရယ်၊ ရှင့်အကူအညီမရယင် ကျွန်မအတွက် ဘယ်လိုမှ မဖြစ်ပါလို့ပါ ရှင်"
နောက်တစ်နေ့နံနက် အလင်းရောင်လာသည်နှင့် ဒေါက်တာဂျုန်းက သ၏ ပဏာမစူးစမ်းလေ့လာမှုကို စတင် တော့သည်။ စင်တိန်သည် တစ်နေ့လုံး သစ်ပင်ရိပ်၌ထိုင်ကာ စောင့်ကြည့်နေသည်။

ဒေါက်တာဂျုန်းက သူ၏ ကလန်ကလား အရပ်ကြီးဖြင့် ခေါင်းငုံ့ပြီး ဟိုနေရာသွားကြည့်နေလိုက်သည် နေရာ သွားကြည့်လိုက် လုပ်နေသည်။ မကြာခဏ ဟိုနေရာရပ်လိုက် သည်နေရာရပ်လိုက် ရပ်ပြီး ကျောက်ခဲများ မြေကြီးများကို ကောက်ယူကြည့်ရှုသည်။ ထို့နောက် တစ်ဖန် သစ်ပင်များ ကျောက်ဆောင် များထဲသို့ ၀င်ရောက် ပျောက်ကွယ်သွားပြန်သည်။
မွန်းလွဲပိုင်း တွင် စင်တိန်ထိုင်နေရာသို့ သူပြန်ရောက်လာသည်။
"ဘာထူးသလဲ"
စင်တိန်က မေးသည်။

"ခင်ဗျား အကြံဥာဏ်နဲ့ ထင်မြင်ချက်ကို တောင်းတယ်ဆိုယင်တော့ အချိန်မတန်သေးပါဘူး၊ စောလွန်းပါ သေး တယ်၊ နောက်ထပ် လနဲ့ချီပြီး"
"ရှင် ... လချီကြာဦးမယ် ဟုတ်လား"
စင်တိန် အလန့်တကြား အော်လိုက်မိသည်။

"ဟုတ်တယ်၊ သာမန်မျက်ရမ်းမှန်းဆကြည့်ရုံအတွက်နဲ့တော့ ခင်ဗျား ကျွန်တော့်ကို ရွှေဒင်္ဂါး ၁၂၀၀ ပေးနိုင်မလား မြေကြီးအောက်မှာ ဘာတွေရှိမယ်ဆိုတာ ကျွန်တော်လက်တွေက ဖော်စမ်းသပ်ကြည့်ရမယ်၊ အချိန် ယူရမယ်၊ ပင်ပင်ပန်းပန်းလုပ်ရမယ်၊ ခင်ဗျားအလုပ်သမားတွေရော ကျွန်တော်နဲ့ပါလာတဲ့ အလုပ် သမား တွေရော လိုမယ်"
"ကျွန်မ အဲဒါမတွေးမိဘူး"
"ဒါဖြင့် ဒီမှာဘာတွေ့မယ်လို့ ခင်ဗျားထင်ထားလိုလဲ၊ ပြောစမ်းပါဦး"
"စိန်... "
စင်တိန့် အသံက မထင်မှတ်ဘဲ အတော်ကျယ်သွားသည်။
"စိန်...ဟုတ်လား၊ ကျွန်တော် စမ်းကြည့်မယ်လေ"
"ကျွန်မတို့ ဘယ်တော့ စစမ်းကြမလဲ"

"ကျွန်မတို့ဟုတ်လား မစ္စကုတ်နေ၊ ခင်ဗျား ဒီနေရာလာစရာမလိုဘူး၊ ကျွန်တော် အလုပ်လုပ် နေတဲ့ နေရာမှာ ဘယ်သူမှမရှိရဘူး"
"ကြည့်ရုံလေးတောင် ကြည့်ခွင့်မရဘူးလားရှင်"
"ဟင့်အင်း မရဘူး၊ ဒါက ကျွန်တော်ရဲ့ အလုပ်စည်းကမ်းပဲ၊ ခင်ဗျားစခန်းမှာသာ ခင်ဗျားအေးအေးနေပါ၊ အချိန် တန်တော့ အဖြေမှန်ကို သိလာရမှာပေါ့ဗျာ" သို့ဖြင့် စင်တိန်သည် သူနေခဲ့သော တောင်ကြား ချိုင့်ဝှမ်း သို့ မသွားတော့ဘဲ ခြသေသစ်ပင်စခန်း၌ပင် အချိန်ဖြုန်းနေရသည်။ ဒေါက်တာဂျုန်းနှင့် အလုပ်သမား များသည် ပစ္စည်းကိရိယာများကိုယူကာ ကျောက်ဆောင်ထိပ်ဖျားသို့ တက်သွားကြပြီး တစ်ဖက် ချိုင့်ဝှမ်းထဲသို့ စက်သီးဖြင့်ဆင်းပြီး ပျောက်ကွယ်သွားကြသည်ကို စင်တိန်သည် သူမ၏ တပ်စခန်း မှ လှမ်းမြင်နေရသည်။

တစ်လနီးပါးစောင့်နေပြီးသောအခါ စင်တိန်သည်ကျောက်ဆောင်ထိပ်ဖျားသို့ ကိုယ်တိုက်တက် သွားပြီး ကြည့်သည်။ မတ်စောက်သော တောင်စောင်းလမ်းကို တက်ရခြင်းဖြစ်ရာ သူမကိုယ်ဝန်ကြီးကို မနည်းရုန်း တက်ရသည်။ သို့ရာတွင် တောင်စောင်းထိပ်ရောက်သောအခါ တစ်ဘက်ချိုင့်ဝှမ်းထဲမှ မြင်ကွင်းကို အပေါ်မှ စီးမိုးပြီး မြင်လိုက်ရသည်။
အောက်ဘက်တွင် အလုပ်လုပ်နေကြသော လူများကို ပုရွက်ဆိတ်ကလေးများသဖွယ် မြင်ရသည်။ သူတို့ တူးထားသော စမ်းသပ်တွင်းများနှင့် တူးဖော်ထုတ်ထားသော မြေသား အပုံအပုံများကိုလည်း တွေ့ရသည်။ တစ်တွင်းမှတစ်တွင်းသို့သွားနေသော အရပ်ရှည်ရှည် ဒေါက်တာဂျူန်းကိုလည်း လှမ်းမြင် နေရသည်။

စက်သီးတွင်တပ်ထားသော ခြင်းတောင်းတစ်၌ စာရွက်တစ်ရွက်ရေးထည့်ပြီး အောက်သို့ချပေး လိုက် သည်။
ထိုစာမှာ
"တစ်ခုခုများ ထူးခြားတာတွေ့ပြီလားဆရာ" ဟု ရေးသားထားသော စာရွက်ပင်ဖြစ်သည်။ တစ်နာရီခန့် အကြာတွင် ပြန်စာရောက်လာသည်။
"သည့်ခံခြင်းသည် မြင့်မြတ်သော ကြီးမားသော အောင်မြင်မှုအတွက် လိုအပ်ချက်ပါ မဒမ်"
ဒေါက်တာဂျုန်းစာမှာ ထိုမျှသာဖြစ်သည်။

တောင်စောင်းကမ်းပါးပေါ်သို့ ထိုအခေါက်သွားခြင်းသည် စင်တိန်အဖို့ နောက်ဆုံးအခေါက်ပင်ဖြစ် သည်။ ကိုယ်ဝန်ကရင့်သထက်ရင့်ပြီး ဗိုက်ကြီးတစ်ကားကားဖြစ်လာ၍ အပေါ်သို့ ထပ်မသွားနိုင်တော့ပေ။ ဗိုက်ထဲမှ သန္ဓေသားမှာ အတော်ပင်ထွားပြီး အတော်ပင် လှုပ်ရှားလာနေသည်။ စင်တိန်အဖို့ ရှာဆာ ကိုယ်ဝန် ရှိစဉ်က ကဲ့သို့ သံယောဇဉ်ဖြစ်မလာဘဲ မြန်မြန်ဆန်ဆန်ပင် မွေးဖွားပစ်ချင်နေသည်။
နိုဝင်ဘာလနောက်ပိုင်းရောက်သော် အပူရှိန်က ပိုပြင်းထန်လာသည်။ အိပ်လို့မရနိုင်လောက်အောင်ပင် ဖြစ် လာသည်။

တစ်နေ့ခင်းတွင် စင်တိန်စိတ်ပျက် အားလျော့နေစဉ် ဒေါက်တာဂျုန်းသည် တောင်ခါးပန်းပေါ်မှ ဆင်းလာ တော့သည်။ သူဆင်းလာသည်ကို ဟင်းဒရစ်က ဦးစွာမြင်သဖြင့် စင်တိန်အား လာပြီး သတင်းပို့သည်။ ထို့ကြောင့် စင်တိန်သည် အိပ်စင်ပေါ်မှထလာကာ မျက်နှာသစ်သည်။ ချွေးရွဲနေသော အ၀တ်အစားကို လဲသည်။
ဒေါက်တာဂျုန်း သစ်တပ်ထဲသို့ ခြေလှမ်ကျဲကြီးဖြင့် ၀င်လာသောအခါ စင်တိန်သည် တဲရှေ့စားပွဲ၌ အသင့် ထိုင် စောင့်နေသည်။

"ဒီမှာ မဒမ် ခင်ဗျားအတွက် အစီရင်ခံစာ"
ဒေါက်တာဂျုန်းက ဖိုင်အထူကြီးတစ်ခုကို သူမရှေ့ရှိ စားပွဲပေါ်သို့ တင်ပေလိုက်သည်။
စင်တိန်က ချီထားသော ကြိုးကို ဖြေပြီး ဖိုင်ကို ဖွင့်လိုက်သည်။ လှပသေသပ်သော လက်ရေးများ၊ ကိန်းဂဏန်း များ၊ ပုံစံများကို တစ်ရွက်ပြီးတစ်ရွက် ဖြည်းဖြည်းချင်းလှန်နေရာ ဒေါက်တာဂျုန်းက စိတ်ပျက် သည့် အသွင်ဖြင့် ကြည့်နေသည်။ တစ်ကြိမ်တွင် ခေါင်းတွင်တွင်ခါလိုက်ပြီး ၀င်ပြောတော့မလိုပင် ဖြစ်သွား သည်။ သို့သော် ဘာမှမပြောတော့ဘဲ အိတ်ထဲမှ လက်ကိုင်ပ၀ါကို ဆွဲထုတ်ပြီး အသံမြည်အောင် နှပ်ညှစ် ပစ် လိုက်သည်။

နောက်ဆုံး စင်တိန်က သူ့ကိုမော့ကြည့်လိုက်သည်။
"ကျွန်မ ၀မ်းနည်းပါတယ်၊ ကျွန်မ ဘာမှနားမလည်ပါဘး၊ ကျွန်မကို ရှင်းပြပါဦး"
"ကျွန်တော် အကျဉ်းချုပ် ရှင်းပြပါမယ်၊ ကျွန်တော် အစပ်တွင်း ၄၆တွင်းတူးခဲ့တယ်၊ တစ်တွင်းကို ပေ ၅၀ နက်တယ်"
"ဟုတ်ကဲ့ ... ဒါဖြင့် ဘာတွေ့ပါသလဲ"

"ပျှမ်းမျှ ၃၅ ပေစီ အနက်လောက်မှာ အ၀ါရောင်မြေသားအလွှာကို တွေ့ရတယ်"
"အ၀ါရောင်မြေသား ... ဟုတ်လား ဆက်ပြောပါဦး"
စင်တိန်အဖို့ အားပျက်သွားသလို ဒေါက်တာဂျုန်းလည်း စိတ်ပျက်သွားပြီး နှပ်ညှစ်လိုက်ပြန်သည်။

"အဲဒီအလွှာအောက်မှာ နောက်ထပ် အပြာရောင်မြေသားအလွှာကို တွေ့ရတယ်"
စင်တိန်လက်က သူမပါးစပ်ကို ရောက်သွားသည်။
"အပြာရောင်" မြေလွှာ ဟုတ်လား"
စင်တိန့် အသံက ပိုပြီးအားပျက်သံပါလာသည်။ ဘာမှ မရှိဘူးပေါ့၊ သွားပါပြီ ကုန်ပါပြီဟု စိတ်ထဲက ထင်လိုက်သည်။

"ဒါဖြင့် စိန်လုံးဝ မရှိဘူးပေါ့ ဟုတ်လား"
စင်တိန်က လေသံသဲ့သဲ့ဖြင့် မေးလိုက်သည်။ ဒေါက်တာဂျုန်းက သူမအားစိုက်ကြည့်ပြီး ပြောလိုက်သည်။
"စိန် ... ဟုတ်လား မဒမ်၊ ဒီမှာ ကျွန်တော် လုဒ် ၁၀၀ကို ၂၆ကာရက်နဲ့ တွက်ထားတယ်"
"ကျွန်မ တော့ ဘာမှကို နားမလည်သေးဘူး၊ ရှင်ဘာဆိုလိုတာလဲ၊ လုဒ် ၁၀၀ ဆိုတာဘာလဲ" စင်တိန်က ခေါင်းယမ်းပြီး ပြောလိုက်သည်။

"လုဒ် ၁၀၀ဆိုတာ ခန့်မှန်းခြေအားဖြင့် မြေသားရှစ်တန်ခန့် ရှိတယ်ဗျ"
"၂၆ ကာရက်ဆိုတာကရော ဘာလဲဟင်"
"ဒီမှာ မဒမ် ဂျက်ဂါဖောင်တိန် စိန်တွင်းဟာ မှတ်ကျောက်တင်ကြည့်တော့ လုဒ် ၁၀၀မှာ ၁၁ ကာရက် ရှိတယ်၊ ၀က်ဝယ်တန် စိန်တွင်း ကတော့ လုဒ် ၁၀၀ မှာ ၁၆ ကာရက် ရှိတယ်၊ ဒါတောင် သူတို့စိန်တွင်း နှစ်တွင်း ဟာ ကမ္ဘာမှာ အချမ်းသာဆုံး စိန်တွင်းတွေ ဖြစ်နေတယ်၊ အခု ကျွန်တော် ရှာတွေ့ထားတာက  အဲဒီ နှစ်ဆလောက်ချမ်းသာမယ်"
"ဒါဖြင့် စိန်ရှိတာ သေချာပြီပေါ့"

စင်တိန်က ဒေါက်တာဂျုန်းအား စိုက်ကြည့်လိုက်သည်။ ဒေါက်တာဂျုန်းက သူ၏ အယ်ပတ်ကား ဂျာကင် ညာဘက် အိတ်ထဲမှနေ၍ ကြိုးဖြင့် စည်းထားသော စာအိတ်အထုပ်ကလေးများကို နှိုက်ယူလိုက်ပြီး ဖိုင်တွဲ ပေါ် တင်ပေးလိုက်သည်။
"စာအိတ်ထဲက နမူနာစိန်တုံးကလေးတွေကိုရော မပစ်လိုက်နဲ့နော် အစမ်းတွင်းတစ်တွင်းစီက နမူနာစိန် လေးတွေကို သီးခြားစီခွဲပြီးမှ မှတ်တမ်းတင်ထားတာ"
စင်တိန်သည် ကြိုးကို ဖြေလိုက်ပြီး အပေါ်ဆုံးမှ စာအိတ်လေးကို ဆွဲယူလိုက်သည်။ အိတ်ဖွင့်လိုက်ပြီး သူမ လက်ဖ၀ါးထဲသို့ လောင်းချလိုက်သည်။ စိန်ပွင့်လေးအများစုမှာ သကြားပွင့်ထက် သိပ်မကြီးလှပေ။ တစ်ဆင့် ကမူ ပဲစေ့ကြီးကြီးတစ်စေ့ခန့် ရှိသည်။

"ဒါ စိန်တွေ မဟုတ်လား"
စင်တိန်က ပိုသေချာအောင် ထပ်မေးလိုက်သည်။
"ဟုတ်ပါတယ် မဒမ်၊ သာမန်အားဖြင့် ရှားပါးတဲ့ အရည်အသွေးကောင်း စိန်တွေပါ"
စင်တိန်က သူမလက်ထဲမှ စိန်ပွင့်လေးများကို စိုက်ကြည့်နေမိသည်။
"ခင်ဗျားခွင့်ပြုမယ်ဆိုယင် ကျွန်တော် မေးခွန်းတစ်ခုမေးချင်ပါတယ်၊ မဖြေယင်လဲ ဖြစ်ပါတယ်"
စင်တိန် က ခေါင်းညိတ်ပြလိုက်သည်။]

"ခင်ဗျားက ကုမ္ပဏီတစ်ခုရဲ့ အဖွဲ့ဝင်လား၊ ဒီလုပ်ငန်းမှာ ခင်ဗျားရဲ့ တခြားအစုစပ် ပါတနာတွေ ရှိ သေးလား"
စင်တိန်က ခေါင်းခါလိုက်သည်။
"ဒါဖြင့် ဒီလုပ်ငန်းကို ခင်ဗျားတစ်ဦးတည်းပိုင်လို့ ဆိုလိုတာလား"
စင်တိန် က ထပ်မံ ခေါင်းညိတ်ပြလိုက်သည်။
"ဒီလိုဆိုယင်တော့ မစ္စတ်ကုတ်နေ၊ အခုလောလောဆယ်မှာ ခင်ဗျားဟာ ကမ္ဘာပေါ်မှာ အချမ်းသာဆုံး အမျိုးသမီး ဖြစ်ကောင်း ဖြစ်နေပြီဗျ"

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

Saturday, October 8, 2011

ဝင်းဖေဝင်း ဘာသာပြန် စိန်မင်းသမီး အပိုင်း (၃၁)

(၄၁)

"ငါတော့ နားမလည်ဘူး စင်တိန်၊ တို့အားလုံး မင်းနဲ့လိုက်လို့ မဖြစ်ဘူးလား" ဂါရီကုတ်နေက မေး လိုက်သည်။
"ဟင့်အင်း ... မဖြစ်လို့ပါ ပါပါ၊ ကျွန်မတစ်ယောက်တည်း သွားလုပ်မှ ဖြစ်မယ်ကိစ္စမို့ပါ"
"ငါနဲ့ အန် တစ်ယောက်ယောက်လိုက်မှ ဖြစ်မယ်ထင်တယ်၊ မင်းကို ငါနောက်တစ်ကြိမ် ထပ်ပြီး သွားခွင့် မပေးနိုင် တော့ဘူး"
"အန်က ရှာဆာ ကို စောင့်ရှောက်ဖို့ နေခဲ့ရမယ်လေ"
"ဒါဖြင့် ငါလိုက်ခဲ့မယ်လေ၊ မင်းအတွက် ယောက်ျားတစ်ယောက်တော့ ပါဦးမှပေါ့"

"ဟင့်အင်း ... ပါပါ၊ ပါပါ နားလည် သဘောပေါက်ဖို့ ကျွန်မ တောင်းပန်ပါရစေ၊ ကျွန်မတစ်ယောက်တည်း လုပ်မှ ဖြစ်မယ့်ကိစ္စမို့ပါ၊ ကျွန်မရဲ့ ကိုယ်ရေးကိုယ်တာကိစ္စမို့ပါ"
"စင်တိန် ... မင်းကို ငါဘယ်လောက်ချစ်တယ်ဆိုတာ မင်းသိပါတယ် သမီးရယ်၊ မင်း ဘယ်နေရာသွားမယ်၊ ဘာလုပ်မယ် ဆိုတာ မသိသင့်ဘူးလား"
"ကျွန်မလဲ ပါပါ့ကို ချစ်ပါတယ်၊ ဒါပေမယ့် အဲဒါတော့ ပြောလို့ မဖြစ်လို့ပါ၊ အဲဒါ ပြောလိုက်ယင် ကျွန်မရဲ့ ရည်ရွယ်ချက်တွေ၊ အစီအစဉ်တွေအားလုံး ပျက်သွားလိမ့်မယ်၊ ကျွန်မ မသွားမဖြစ်လို့ သွားတယ်လို့ပဲ သဘော ထားပါ၊ ကျွန်မ အဲဒီလောက်ပဲ ပြောပြနိုင်ပါတယ်"

"ဘယ်လောက် ကြာမှာလဲ"
"ဘယ်လောက်ကြာမယ်ဆိုတာ ကျွန်မလဲ အသေအချာ မပြောနိုင်ဘူး၊ လေးငါးခြောက်လ ကြာချင် ကြာမယ်၊ ဒီထက် ပိုချစ်ပိုမယ်"
စင်တိန်က ခေါင်းငုံ့လိုက်ပြီး သက်ပြင်းချလိုက်သည်။ ဂါရီက မတတ်သာ၍ လိုက်လျောရမည့်အနေအထား ရှိသော် လည်း ၀မ်းနည်းပုံ ပေါ်နေသည်။
"ကဲ ... ဒါဖြင့် ငါ ဘာကူညီရမလဲ"
"ဘာမှ မလိုပါဘး၊ ကျွန်မ မရှိတုန်း ရှာဆာကိုသာ စောင့်ရှောက်ထားပါ၊ မတတ်သာလို့ သွားရတဲ့ အတွက် လဲ ကျွန်မကို ခွင့်လွှတ်ပါ"
"ငွေလိုသလား"
"မလိုပါဘူး၊ ကျွန်မအမွေရထားတာ ပါပါ သိသားပဲ"

"မိတ်ဆက်စာတွေတော့ လိုမှာပေါ့၊ ဒီလောက်တော့ ငါ အနည်းဆုံး လုပ်ပေးစမ်းပါရစေ"
"ကျေးဇူးပါပဲ ပါပါ"
စင်တိန်သည် ထိုကိစ္စကို အန်နှင့် ပြောရသောအခါ ဂါရီကို ပြောရသလောက် မလွယ်ပေ။ အန်က ဒေါပွပြီး အကြောက်အကန် လုပ်နေသည်။
"ညည်းကို ငါ သွားခွင့်မပြုနိုင်ဘူး၊ ညည်းရော တို့အားလုံးရော ဒုက္ခရောက်လိမ့်မယ်၊ မရူးစမ်း မမိုက်စမ်း ပါနဲ့ အေ၊ ငါစီစဉ်တဲ့ အတိုင်းသာ ညည်းကိစ္စကို ရှင်းပစ်လိုက်စမ်းပါ၊ အဲဒါ အမြန်ဆုံးနဲ့ နောက်ဆုံးနည်းပဲ"
"မဟုတ်ဘူးအန်၊ ကျွန်မကလေးကို ကျွန်မ မသတ်နိုင်ဘူးရှင်၊ အဲဒီလိုမလုပ်နိုင်ဘူး"
"ညည်းမသွားဖို့ ငါတားတယ်အေ"

"ဟင့်အင်း ... ကျွန်မကို တားလို့လဲ မရဘူး၊ ရှင်းပစ်ခိုင်းလို့လဲ မရဘူး၊ ခဏသည်းခံစောင့်နေပြီး ကျွန်မ သွားတုန်း ရှာဆာ ကို ကြည့်ထားပေးစမ်းပါ" စင်တိန်က အန်ကို ဖက်ပြီး ချော့လိုက်သည်။
"ညည်း ဘယ်သွားမယ်ဆိုတာလောက်တော့ ငါ့ကို ပြောစမ်း"
"နောက်ထပ် မမေးပါနဲ့တော့ အန်ရယ်၊ ကျွန်မကို နောက်ယောင်ခံမလိုက်ဘးဆိုတာ ကတိပေးစမ်းပါ၊ ပါပါ ဂါရီ ကိုလဲ ကျွန်မကို နောက်ယောင်ခံမလိုက်အောင် တားပေးထားစမ်းပါ။ တကယ်လို့ သူနောက်ယောင်ခံ လိုက်ယင် ဘာတွေ တွေ့သွားမယ်ဆိုတာ အန်သိပါတယ်လေ"

"ညည်းဟာ အတော်ခေါင်းမာတဲ့ ကောင်မလေးပဲ၊ ညည်းပြန်မလာယင်တော့ ငါ့အသည်းကွဲပြီဆိုတာ သိထားလိုက် စမ်းပါအေ"
အန်ကလည်း စင်တိန်အား ပြန်ဖက်ရင်း ပြောလိုက်သည်။
"ဒီလို မပြောပါနဲ့ အန်ရယ်၊ ပြန်လာမှာပါ"

စင်တိန် မီးရထားဖြင့် ထွက်လာခဲ့သည်။ သဲကန္တာရအငွေ့အသက်နှင့် မြင်ကွင်းများက သူမအဖို့ အတိတ်ကို ပြန်လည် လွမ်းမောသတိရစေသည်။
ဂါရီကုတ်နေ၏ ရှေ့နေက ၀င်းဟုပ်ဘူတာရုံတွင် စင်တိန်အား လာကြိုသည်။ ကိပ်တောင်းမှ ရထားမထွက် ခင် ကပင် စင်တိန်က ရှေ့နေထံ သံကြိုးရိုက် မှာထားသည်။ ရှေ့နေနာမည်မှာ အေဘရာဟင် ဖြစ်ည်။ ထက်မြက်စူးရှသော မျက်လုံးများ ရှိသည်။
ဂါရီထံမှ၊ မိတ်ဆက်စာကို စင်တိန်က ပေးလိုက်သည်။

"ဒီမှာ ခင်ဗျားကို လူတိုင်း သိပါတယ်၊ ခင်ဗျား ယောက္ခမကြီးစာတောင် မလိုပါဘူး၊ ခင်ဗျားကို ကူညီခွင့် ရတာ ကိုက ကျွန်တော့်အတွက် ဂုဏ်တစ်ပါးပါဗျာ"
ရှေ့နေက စင်တိန်အား ကိုင်ဇာဟောဖ် ဟိုတယ်သို့ ကားဖြင့် လိုက်ပို့သည်။ စင်တိန်အား ရေမိုးချိုး  အနားယူ ရန် ထားခဲ့ပြီး ညနေစောင်းကျမှ ပြန်လာတော့သည်။
"ကဲ မစ္စက်ကုတ်နေ ကျွန်တော် ဘာလုပ်ပေးရမလဲ"

"ကျွန်မအတွက် လုပ်ကိုင်ပေးရမှာတွေကို စာရင်းရေးလာပါတယ်၊ အဲဒီစာရင်းစာရွက်ထဲမှာ ကြည့်ပါ၊ ပထမဆုံး ရှင်လုပ်ပေးစေချင်တာကတော့ ကျွန်မတွေ့ချင်တဲ့ လူတစ်ယောက်ကို ရှာပေးဖို့ပါပဲ"
စင်တိန်က စာရင်းစာရွက်ကို ကမ်းပေးလိုက်သည်။ ရှေ့နေက အသေအချာ ကြည့်ပြီး ပြန်ပြုံးကာ ပြော လိုက် သည်။
"ဒီလူရှာဖို့က သိပ်မခက်ပါဘူး၊ ဒီလူကလဲခင်ဗျားလိုပဲ ဒီမှာ လူတိုင်း သိနေတဲ့လူပါ"

လမ်း က အလွန်ကြမ်းသည်။ ကျောက်ခဲများ ခင်းထားကာစရှိသေးသည်။ အင်္ကျီမပါသော လူမည်း အလုပ်သမား များ၏ ကိုယ်တွင် ချွေးများ ရွှဲစိုနေသည်။ ကျောက်တုံးကျောက်ခဲကြီးများကို ထုခွဲပြီး လမ်းခင်း နေကြသည်။ စင်တိန်က ထိုလမ်းကြမ်းအတိုင်း အေဘရာဟင်၏ ဖို့ဒ်ကားဖြင့် မောင်းသွားသည်။ စင်တိန် က လူမည်းအလုပ်သမားများအား လှမ်းအော်ပြီး မေးလိုက်ရာ သူတို့က ပြုံးပြပြီး အပေါ်ဘက်သို့ ညွှန်ပြကြ သည်။

တောင်စောင်းအတိုင်း တက်လာရာ လမ်းဆုံးပြီး သွားမရတော့ပေ။ လူမည်း အလုပ်သမားခေါင်း တစ်ဦးက အလံနီ ကို ဝှေ့ယမ်းပြရင်း စင်တိန်ဆီ ပြေးလာသည်။
"သွားလို့ မရတော့ဘူးမစ္စက်၊ သူတို့ ဟိုတောင်စောင်းကို ဒိုင်းနမိုက်နဲ့ ဖောက်ခွဲတော့မလို့"
စင်တိန်က လမ်းဘေးမှ ဆိုင်းဘုတ်ရှေ့တွင် ကားရပ်လိုက်သည်။ ဆိုင်းဘုတ်ကို မော့ကြည့်ပြီး ဖတ်လိုက် သည်။

ဒီလာရေး ဆောက်လုပ်ရေးကုမ္ပဏီ
လမ်းဖောက်လုပ်ရေးနှင့် မြို့ပြအင်ဂျင်နီယာလုပ်ငန်း

စင်တိန်က ကားပေါ်မှ ဆင်းလိုက်သည်။ ယောက်ျား ရှပ်အင်္ကျီနှင့် ဘောင်းဘီအရှည် ၀တ်ထားပြီး ဖိနပ်စီး ထားသည်။ ခေါင်းတွင် စည်းလာသော အ၀တ်စကို ချွတ်လိုက်သည်။ ကိုယ်ပေါ်မှ ဖုန်များကို ခါလိုက်သည်။ ၀င်းဟုပ်မြို့မှနေ၍ မိုင် ၅၀ခန့်လာရသော ခရီး ဖြစ်သည်။ အရုဏ်မတက်ခင်ကပင် တစ်ဦးတည်း ထွက် လာခဲ့ ခြင်း ဖြစ်သည်။
နံနက်စာ ကြက်ဥညှပ်ပေါင်မုန့်နှင့် လက်ဖက်ရည်ဘူးပါလာသည်။ ဆာလာသဖြင့် ကားနောက်ခန်းမှ လှမ်းယူပြီး ကားစက်အဖုံးပေါ်တင်ပြီး စားရင်း အောက်ဘက်မှ လွင်ပြင်ဆီသို့ ငေးကြည့်နေမိသည်။ ရွှေရောင် ဆံပင် များကို သတိရလာသောအခါ ရှိန်းဖိန်းသွားသည်။ သို့သော် တစ်မုဟုတ်ချင်းပင် မိမိ၏ ပျော့ညံ့မှု ကို ပြန်ရှက်မိပြီး ကိုယ့်ကိုယ်ကိုယ် ဆုံးမလိုက်သည်။

"ငါသူ့ကို မုန်းတယ်၊ ငါ့ကို အခုလို ကိုယ်ဝန်ရစေတဲ့အတွက် သူ့ကို ငါမုန်းတယ်၊ ငါ စိတ်ဓာတ်ခိုင်မာရမယ်၊ ပြတ်သား ရမယ်၊ ဒါ ရှာဆာ့ အကျိုးအတွက်ပဲ"
ထိုအချိန်မှာပင် သူမနောက်ကျောဘက် တောင်စောင်း ခပ်မြင့်မြင့်ဆီမှ ခရာမှုတ်၍ သတိပေးလိုက်သံ ကြား ရသည်။ တောင်နံရံကို မိုင်းဖြင့်ခွဲ၍ လမ်းခင်းရန် ကျောက်သား ထုတ်ယူရေးအတွက် လုပ်နေကြခြင်း ဖြစ်သည်။ ခဏငြိမ်သက်သွားပြီးနောက် ပေါက်ကွဲသံကြီး ပေါ်လာကာ မြေကြီးပါတုန်ဟည်းသွားသည်။

စင်တိန်က ပေါက်ကွဲသည့်တောင်စောင်းဘက်သို့ လှည့်ကြည့်လိုက်သည်။ သဲကန္တာရ၏ ကြည်ပြာရောင် ကောင်းကင်ပြင် ထဲသို့  ဖုန်လုံးကြီး ထိုးတက်သွားသည်။ တောင်စောင်းမှ ကျောက်သားကျောက်တုံးများ ပြိုကွဲ လိမ့်ဆင်းလာသည်။ ပေါက်ကွဲသံ၏ ပဲ့တင်ထပ်သံများလည်း ရိုက်ခတ်လာသည်။ တစ်ခဏအကြာ တွင် အသံများ ငြိမ်သက်သွားပြီး ဖုန်လုံးများလည်း လွင့်စဉ် ကွယ်ပျောက်သွားသည်။ တောင်စောင်းမှ မြင်ကွင်း ကို စင်တိန် ကြည်လင် ထင်ရှားစွာ ပြန်မြင်လာရသည်။

စင်တိန်က တောင်စောင်းဆင်ခြေလျှောဘက်သို့ ရပ်ပြီး ငေးကြည့်နေသည်။ တစ်ခဏအကြာတွင် လူ တစ်ယောက် မြင်းစီးပြီး တောင်းစောင်းမှ အောက်ဘက်သို့ ဆင်းလာနေသည်ကို လှမ်းမြင်ရသည်။ ကြမ်းတမ်း ခက်ထရော်သော လမ်းအတိုင်း ဖြည်းဖြည်းမြင်းစီးပြီး ဆင်းလာနေသည်။ ကျောက်တုံးများ ဂလုံး ဂခု လမ်းပေါ်တွင် မြင်းက ခြေမချော်အောင် မနည်းခြေကုတ်ပြီး ဖြည်းဖြည်းလျှောက်နေရသည်။ မြင်းပေါ်မှ အရပ်ရှည်ရှည် နှင့်လူမှာ ဘယ်ယိမ်းညာနွဲ့ဖြင့် အလိုက်သင့် လှုပ်ရှားရင်း ပါလာသည်။

"အင်းလေ ... တကယ်လို့ သူသာ လူချောတစ်ယောက် မဖြစ်ယင် ငါငြိစွန်းမိမှာ မဟုတ်ဘး" စင်တိန်က တစ်ကိုယ်တည်း ခပ်တိုးတိုး ရေရွတ်လိုက်သည်။
ထိုသူက ငှက်မွေးအတောင်တပ်ထားသော ဦးထုပ်ကို ခေါင်းမှ ဆွဲချွတ်လိုက်ပြီး အ၀တ်အစားပေါ်မှ ဖုံ များကို ဦးထုပ်ဖြင့် ခါထုတ်လိုက်သည်။ ခေါင်းမှ ရွှေရောင်ဆံပင်များက နေရောင်တွင် တဖိတ်ဖိတ် တောက်နေသည်။ မြင်းက တောင်ခြေရင်းသို့ အရောက် စင်တိန်နှင့် ခြေလှမ်းတစ်ရာခန့် အကွာတွင် ထိုသူက မြင်းပေါ်မှ လွှားခနဲ ခုန်ဆင်းလိုကသ်ည။

မြင်းဇက်ကြိုးကို အသင့်စောင့်နေသော လူမည်း အလုပ်သမားခေါင်းထံ လှမ်းပေးလိုက်သည်။ အလုပ်သမား ခေါင်းက ထိုသူ့အား တစ်စုံတစ်ရာကို အရေးတကြီး ပြောလိုက်ပြီး စင်တိန်ရပ်နေရာဘက်သို့ လက်ညှိုး ထိုးပြသည်။ လိုသာက ခေါင်းညိတ်လိုက်ပြီး စင်တိန်ရှိရာဆီသို့ အပြေးကလေး ဆင်းလာသည်။ လမ်းတစ်ဝက် တွင် လိုသာတုံ့ခနဲ ရပ်လိုက်ပြီး သူမအား စူးစူးရဲရဲ စိုက်ကြည့်လိုက်သည်။
စင်တိန် သည် ခြေလှမ်းငါးဆယ်လောက်အကွာရှိ လိုသာ၏ အ၀ါရောင် မျက်လုံးက အရောင်များ တဖျပ်ဖျပ် တောက်လာသည်ကို လှမ်းမြင်ရသည်။ လိုသာက သူမဆီသို့ ပြေးလာသည်။
စင်တိန် မတုန်မလှုပ် ကျောက်ရုပ်သဖွယ် ရပ်နေသည်။ လိုသာအား စိန်းစိန်းကြီး စိုက်ကြည့်နေသည်။ စင်တိန် ၏ တင်းမာအေးဆက်သော အသွင်ကို မြင်လိုက်ရသောအခါ လိုသာသည် စင်တိန် ဆယ်လှမ်းခန့် အကွာ ၌ ရပ်လိုက်ပြန်သည်။

"စင်တိန် ... ငါ မင်းကို အခုလို တွေ့ရလိမ့်မယ်လို့ လုံးဝ မထင်ပါဘူး အချစ်ရယ်"
လိုသာက ရှေ့သို့ တစ်လှမ်းချင်း ဆက်လျှောက်လာရင်း ပြောသည်။
"ကျွန်ကို မထိနဲ့၊ နောက်ထပ် ကျွန်မအသားကို လုံးဝ မထိနဲ့ ရှင့်ကို သတိပေးပြီးသား"
စင်တိန်က မာကျောအေးစက်စွာ ပြောလိုက်သည်။ ရင်ထဲက တက်လာသော ခံစားချက်ကို အံကြိတ်ပြီး မျိုချလိုက်သည်။
"ဒါဖြင့် မင်းဘာဖြစ်လု့ ဒီကို လိုက်လာတာလဲ၊ မင်း ငါ့ကို သတိရတမ်းတလို့ လာတာ မဟုတ်ဘူးလား၊ ငါ့ကို ထပ်ပြီး ညှဉ်းပန်းနှိပ်စက်ချင်လို့လာတာလားဟင်"
"ရှင်နဲ့ အပေးအယူလုပ်စရာ တစ်ခုရှိလို့လာတာ၊ ရှင့်ကို မေးစရာ တစ်ခုရှိတယ်" စင်တိန်သည် ဒေါသနှင့် ခံစားချက်တို့ကို ထိန်းချုပ်နိုင်ပြီဖြစ်ပြီး အေးဆေးစွာ ပြောလိုက်သည်။

"မင်းက ဘာများအပေးအယူ လုပ်ချင်လို့လဲ၊ အဲဒီ့ အပေးအယူထဲမှာ မင်းပါ ပါတယ်ဆိုယင်တော့ ငါ့ဘက် က ဘာမဆို လက်ခံမယ်"
"မပါဘူး၊ ကိုယ့်ကိုယ်ကိုယ်သာ သတ်သေလိုက်မယ်၊ ရှင့်ကိုတော့ ကျွန်မကိုယ်ကို ထိုးမအပ်ဘူး" စင်တိန်က ခေါင်းသွင်သွင် ခါယမ်းပြီး ပြောလိုက်သည်။
"မင်းဟာ တကယ်ကို အသနားကြင်နာမရှိတဲ့ မိန်းမ၊ နှလုံးသားမရှိတဲ့ မိန်းမပါလား"
"အဲ့ဒါတွေ ကျွန်မ ရှင်ဆီက တတ်ခဲ့တာပဲလေ"
"ကဲ ပြောစမ်းပါဦး၊ မင်းက ဘာများ အပေးအယူ လုပ်ချင်တာလဲ"

"သဲကန္တာရထဲမှာ ရှင်ကျွန်မကို တွေ့ခဲ့တဲ့နေရာကို ကျွန်မကို ပြန်ပို့ပေးရမယ်၊ သွားဖို့လာဖို့ ယာဉ်တွေ၊ ခိုင်းဖို့ စေဖို့ အိမ်ဖော်တွေ၊ တခြားလိုအပ်တာတွေအားလုံး ရှင်စီစဉ်ပြီး ကျွန်မကို အဲဒီတောင်ခြေကို ရှင်ပြန်ပို့ ပေးရမယ်၊ ပြီးတော့ ကျွန်မကို အဲဒီနေရာမှ တစ်နှစ်လောက်ထားခဲ့ပြိး ရှင်ပြန်သွားတော့"
"ဘာဖြစ်လို့ မင်းအဲဒီနေရာ ပြန်သွားချင်ရတာတုံး"
"ဒါ ရှင်နဲ့ မဆိုင်ပါဘူး"
"ငါနဲ့မဆိုင်ဘူးဆိုတာတော့ မမှန်ဘူး၊ မဆိုင်ယင် ငါပါစရာ မလိုဘူးပေါ့"
"အဲဒီနေရာကို ကျွန်မဘာသာ လိုက်ရှာယင် နှစ်တွေ သိပ်ကြာပြီး မတွေ့ဘဲနဲ့တောင် သေသွားနိုင်တယ် ရှင့်၊ ဒါကြောင့် ရှင့်ဆီလာတာ"

"မင်းတွေးတာ မှန်တယ်၊ ဒါပေမယ့် မင်းပြောတာလုပ်ပေးက ပိုက်ဆံတော်တော်ကုန်မယ်၊ ငါ့ရှိသမျှ ပိုက်ဆံ အားလုံးက ကုမ္ပဏီထဲမှာ အရင်းမြုပ်နေပြီ ငါ့အိတ်ထဲမှာ ပိုက်ဆံတစ်ြားတစ်ချပ်တောင် မကျန်တော့ဘူး"
"ကုန်ကျစရိတ်အားလုံး ကျွန်မ တာဝန်ယူတယ်၊ ရှင်က လူပဲ စိုက်ပြီး လုပ်ပေးပါ"
"ဒါဆိုယင် ဖြစ်နိုင်တယ်၊ ကဲ ... ငါက အဲဒီလိုလုပ်ပေးတာ့၊ မင်းဘက်က ငါ့ကို ဘာပေးမှာလဲ"
"အပေးအယူအဖြစ်နဲ့ ရှင် ကျွန်မကို ပေးသွားတဲ့ လူလွန်မသားလေးကို ရှင့်ပြန်ပေးမယ်"
စင်တိန်က အံကြိတ်လိုက်ပြီး လက်ဖြင့် ဗိုက်ကို ပုတ်ပြကာ ပြောလိုက်သည်။

လိုသာ့မျက်နှာတွင် အံ့သြမှု၊ ၀မ်းသာမှုတို့ဖြင့် တစ်မုဟုတ်ချင်း ပြည့်လျှံသွားသည်။ ပီတိဖြာသွာသည်။
"စင်တိန် ... ကလေး ဟုတ်လား ... တို့ကလေးကို မင်း ၀မ်းနဲ့ လွယ်ထားရပြီပေါ့ ဟုတ်လား"
လိုသာ ခြေလှမ်းများက အလိုအလျောက် ရှေ့တိုးလာသည်။

"ရှင် ရှေ့မတိုးလာနဲ့၊ နောက်ပြန်ဆုတ်၊ ကျွန်မတို့ရဲ့ ကလေး မဟုတ်ဘူး၊ ရှင်တစ်ယောက်တည်းရဲ့ကလေး၊ ဒီကလေးမွေးပြီးတာနဲ့ ကျွန်မနဲ့ လုံးဝမဆိုင်တော့ဘူး၊ ကြည့်တောင် မကြည့်ချင်ဘူး၊ မွေးပြီးပြီချင်း ၀မ်းက ကျွတ်တာနဲ့ ရှင် တစ်ခါတည်း ယူသွားပေတာ့၊ ရှင်ကြိုက်သလိုလုပ်၊ ကျွန်မတော့ လုံးလုံး မလုပ်ချင်ဘူး၊ မကြည့်ချင်ဘူး၊ မုန်းတယ်၊ ဒီကလေးရစေတဲ့ ရှင့်ကို မုန်းတယ်၊ ဒါပဲ"
လိုသာသည် စင်တိန်အား တောင်ခြေစခန်းမှနေ၍ ဂါရီနှင့် ချိန်းထားသောနေရာသို့ ခေါ်လာခဲ့စဉ်က တိရစ္ဆာန်ဆွဲ လှည်းများ၊ မြင်းများဖြင့် လာရခြင်းကြောင့် ရက်သတ္တသုံးလေးပတ် ကြာခဲ့သည်။ သို့သော် ယခု တောင်ခြေသို့ ပြန်သွားရာတွင် မော်တော်ကားများဖြင့် သွားခြင်းကြောင့် ရှစ်ရက်သာ ကြာသည်။ ဤသည်ပင်လျှင် ကျောက်တောင်ထူထပ်သော တောင်ကြားလမ်းများ၌ နှစ်ကြိမ် မိုင်းခွဲပြီး လမ်းဖောက်ရ ခြင်းကောင့် ဤမျှ ကြာသွားခြင်း ဖြစ်သည်။

သူတို့ခရီးစဉ်တွင် လော်ရီကားကြီးနှစ်စီးနှင့် ဖို့ဒ်ကားတစ်စီးပါသည်။ ထိုကားများကို ၀င်းဟုပ်မြို့မှ စင်တိန် ၀ယ်လိုက်ခြင်း ဖြစ်သည်။ စခန်းတွင် ခိုင်းရန် အိမ်ဖော်ခြောက်ယောက်၊ လူမည်းလော်ရီဒရိုင်ဘာ နှစ်ဦးတို့ကို လိုသာ ရွေးချယ် ငှားလာသည်။ စင်တိန့်အတွက် သက်တောင်စောင့် ကိုယ်ရံတော်အဖြစ် သူ့ညာလက်ရုံး တပည့် ဆ၀ပ်ဟင်းဒရစ်ကို အထူး တာဝန်ပေးသည်။
"ကျွန်မ သူ့ကို မယုံဘူး၊ သူက လူသားစားတဲ့တယ်" စင်တိန်က ကန့်ကွက်သေးသည်။

"မင်း သူ့ကို စိတ်ချယုံကြည်နိုင်ပါတယ်၊ သူ ကို ငါ မသတ်ဘူး၊ မင်းနည်းနည်းလေးစိတ်တိုင်းမကျတာနဲ့ ငါသူ့ကို ဖြည်းဖြည်း ညှဉ်းပြီး သတ်ပစ်လိုက်မယ်"
လိုသာ က ဟင်းဒရစ်ရှေ့တွင်ပင် ပြောလိုက်ရာ ဟင်းဒရစ်က ပြုံးဖြဲဖြဲကြီး လုပ်နေသည်။

"သူပြောတာ မှန်ပါတယ် မစ္စက်၊ တခြားလူတွေကို အဲဒီလို လုပ်ခဲ့တာ ကျွန်တော့်အမြင့်ပါ"
လိုသာ နှင့် ဟင်းဒရစ်က လမ်းဖောက်လုပ်သားများနှင့်အတူ ရှေ့ဆုံးလော်ရီကားမှ လိုက်သွားသည်။ လူများက ကားရှေ့မှ သွားပြီး သစ်ပင်များ၊ သစ်ကိုင်းသစ်ခက်များအား ခုတ်ကာ လမ်းရှင်းပေးသွားသည်။ သူ့အလို အလျောက် လမ်းရှင်းသည့် နေရာများတွင်မူ ကားပေါ်တက်လိုက်ကြသည်။ ဒုတိယလော်ရီကား တွင် ပစ္စည်းပစ္စယများနှင့် ၀န်စည်စလယ်များ တင်လာသည်။ စင်တိန်က နောက်ဆုံးမှ ဖို့ဒ်ကားများကို ကိုယ်တိုင် မောင်းပြီး လိုက်သည်။

ညဘက်အိပ်ရာတွင် စင်တိန်သည် သူ့အတွက်တဲကို အခြားတဲများနှင့် ခပ်လှမ်းလှမ်းနေရာတွင် ထိုးစေပြီး သီးခြား အိပ်သည်။ ညစာကိုလည်း ထိုတဲတွင်ပင် သီးခြားစားသည်။ သေနတ်ကို ကျည်ထိုးပြီး အိပ်ရာဘေး တွင် အသင့်ထားကာ အိပ်သည်။
လိုသာသည် စင်တိန်၏ အပေးအယူကမ်းလှမ်းချက်ကို သိသွားပုံရသည်။ စကားသိပ်မပြောဘဲ ခပ်အေးအေး ပင် နှုတ်ဆိတ်နေချင်သည်။ စင်တိန်နှင့် အလုပ်သဘောအရ လိုအပ်လာမှသာ မုန်းတီးနှင့် လိုရင်း ပြော သည်။

တစ်နေ့ နံနက် ၁၀နာရီခန့်တွင် မော်တော်ကားတန်းကြီး သွားရင်း ရပ်သွားသည်။ ကားတန်းရပ်သည်မှာ ကြာ နေသဖြင့် စင်တိန်သည် ကျွဲမြီးတိုကာ သူမဖို့ဒ်ကားပေါ်မှ ဆင်းပြီး ရှေ့ဆုံးမှ လိုသာ ကားဆီးသို့သွား သည်။ လိုသာ အင်္ကျီချွတ်ပြီး ဒရိုင်ဘာနှင့်အတူ မော်တော်ကား စက်ဖုံးဖွင့်ကာ ကုန်းပြင်နေသည်။ စင်တိန် နောက်မှ ရောက်လာ ရပ်ကြည့်နေသည်ကို လိုသာ လုံးဝ မသိ။
လိုသာ ၏ ဖြူဖွေးပြီး ကြွက်သားအပြိုင်ပြိုင် ထနေသေးသောကျောပြင်နှင့် လက်မောင်းသားများကို မြင်ရသောအခါ စင်တိန် အသက်ရှူမှားချင်လာသည်။ ထိုကျောပြင်ပေါ်တွင် မိမိပစ်လိုက်သော လျူဂါ သေနည်ကျည်ဆန် ထိမှန်သွားသည့် ဒဏ်ရာအမာရွတ်ကြီးကို စင်တိန် မြင်လိုက်ရသည်။

"ကျည်ဆန်ရယ် အဆုတ်ထဲအထိ ၀င်ဖောက်သွားရောပေါ့" ဟု စင်တိန်က ဒေါသဖြင့် စိတ်ထဲမှ ပြောလိုက် ပြီး နောက်ဘက်သို့ ချာခနဲ ပြန်လှည့်သွားသည်။
နောက်ဆုံး ရှစ်ရက်မြောက်နေ့တွင် သူတို့ရှေ့၌ တောင်တန်းကြီးက ဘွားခနဲ ပေါ်လာသည်။ စင်တိန်သည် ဖို့ဒ်ကား စက်ဖုံးတောနက်ပေါ်သို့ တက်ပြီး တောင်တန်းကြီး၏ တောက်ပနေသော အရောင်များကို ငေးကြည့် နေမိသည်။ စင်တိန်သည် ရှေးဟောင်းနောက်ဖြစ်များကို ပြန်သတိရပြီး ၀မ်းနည်းမိလာသည်။
စင်တိန် ဆီသို့ လိုသာ ရောက်လာပြီး မေးသည်။

"မင်းကို ဘယ်နေရာကို ခေါ်သွားပြီး ပို့ပေးရမယ်ဆိုတာ ငါ့ကို တိတိကျကျ မပြောသေးဘူးနော်"
"ခြင်္သေ့နဲ့တွေ့တဲ့ သစ်ပင်လေ၊ ရှင် ကျွန်မကို တွေ့ခဲ့တဲ့ သစ်ပင်ကြီးဆီ ခေါ်သွားပေတော့လ
စင်တိန်တက်ပြေးခဲ့သော မိုပါနီသစ်ပင်ကြီး၏ ပင်စည်တွင် ယခုအထိ ခြင်္သေ့လက်သည်းဖြင့် ကုတ်ခြင်းရာ များ ရှိနေသေးသည်။ သစ်ပင်အောက် မြက်တောထဲတွင် ခြင်္သေ့အရိုးများ ပြန့်ကျဲနေသည်။
လိုသာသည် စင်တိန်အတွက် အမြဲတမ်း စခန်းတစ်ခုကို သူ့လူများနှင့်ဆောက်ရာ နှစ်ရက်တိတိ ကြာသည်။ မိုပါနီသစ်ပင်ကြီး၏ ပတ်လည်တွင် သစ်ကိုင်းလုံးများဖြင့် ၀ိုင်းပတ်ကာ သစ်တပ်ခံတပ်အဖြစ် ဆောက်လုပ် သည်။ သစ်လုံးခံတပ်အပြင်ဘက်၌ သစ်ကိုင်းများထပ်မံ၍ ၀ိုင်းပတ်ချထားလိုက်ပြန်သည်။

သစ်တပ်အလယ်ကောင်ရှိ မိုပါနီအပင်ကြီး၏ အရိပ်အောက်တွင် စင်တိန်နေရန် တဲထိုးပေးသည်။ ထိုတဲရှေ့ တွင် ညဘက်များ၌ မီးဖိုရင်း မီးပုံနေရာ လုပ်လိုက်သည်။ သစ်တပ်အ၀င်း လေးလံကြီးမားသော သစ်သား ဂိတ်ပေါက်ဝနှင့် အစောင့်အတွက် တစ်လုံးထိုးလိုက်သည်။
"ဟင်းဒရစ်က အစောင့်တဲမှာ အိပ်လိမ့်မယ်၊ အမြဲတမ်း ခင်ဗျားလှမ်းခေါ်လို့ရမယ့်နေရာမှာ သူရှိနေမှာပါ" လိုသာက စင်တိန်အား ပြောလိုက်သည်။

စင်တိန် သစ်တပ်နှင့် ခြေလှမ်းနှစ်ရာခန့်အကွာ တောစပ်တွင် အိမ်ဖော်များနှင့် အလုပ်သမားများအတွက် ပို၍ ကြီးမားသော သစ်တပ်စခန်းကြီးတစ်ခုကို ဆောက်သည်။ အားလုံး ဆောက်ပြီးသောအခါ လိုသာက စင်တိန် အား လာပြောသည်။
"ကဲ လိုအပ်တာတွေအားလုံး လုပ်ပေးပြီးပြီ"

"ဟုတ်ပါတယ်၊ ကျွန်မတို့ အပေးအယူ စည်းကမ်းအရ ရှင့်ဘက်က လုပ်ပေးရမှာတွေ တာဝန်ကျေပါပြီ၊ ဒီတော့ သုံးလကြာယင် ရှင်ဒီကို ပြန်လာခဲ့၊ ကျွန်မဘက်က ပေးစရာရှိတာပေးမယ်"
လိုသာသည် ထိုသို့ ပြောဆိုပြီး နာရီပိုင်းအတွင်းမှာပင် ထရပ်ကားတစ်စီးဖြင့် ပြန်သွားသည်။ လူမည်းယာဉ် မောင်းသမား တစ်ယောက်ကိုခေါ်ကာ ၀င်းဟုပ်မြို့သို့ အပြန်ခရီးအတွက် လိုအပ်မည့် ဓာတ်ဆီနှင့် သောက်ရေ ကိုသာ ယူပြီး ပြန်သွားတော့သည်။

ထရပ်ကား တရွေ့ရွေ့ မောင်းနှင်းပျောက်ဆုံးသွားသည်အထိ ကြည့်နေရင်းက စင်တိန်က ဟင်းဒရစ်အား ပြောလိုက်သည်။
"မနက်ဖြန် မနက်သုံးနာရီထိုးယင် ရှင့်ကို ကျွန်မ နှိုးမယ်၊ ဆောက်လုပ်ရေး အလုပ်သမားလေးယောက်ပဲ ကျွန်မ တို့နဲ့ အတူ ခေါ်သွားမယ်၊ သူတို့ကို စောင်တွေရယ်၊ ချက်ပြုတ်စရာအိုးခွက်တွေရယ်၊ ဆယ်ရက်စာ စားနပ်ရိက္ခာ ရယ် တစ်ပါတည်း ယူခဲ့ လို့ မှာထားပါ"

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

Friday, October 7, 2011

ဝင်းဖေဝင်း ဘာသာပြန် စိန်မင်းသမီး အပိုင်း (၃ဝ)

(၄၀)

ဂါရီကုတ်နေ၏ နေအိမ်တွင် စင်တိန်အဖို့ တစ်စစဖြင့် နေသားကျရောင့်ရဲလာသည်။ ဂါရီကုတ်နေအပေါ် အန် က သြဇာရှိပုံ၊ လွှမ်းမိုးနိုင်ပုံများကို မြင်လာရ၏၊ ဂါရီနှင့် အန်တို့၏ ကန့်လန့်ကာနောက်ကွယ်မှ ဇာတ်လမ်း ကိုလည်း တဖြည်းဖြည်း သိရှိရိပ်မိလာသည်။

စင်တိန်သည် နံနက်စောစောတစ်ကြိမ်၊ ညနေတစ်ကြိမ် မြင်းစီး ထွက်လေ့ ရှိသည်။ မကြာခဏ ဂါရီပါ စင်တိန် နှင့် အတူလိုက်ပါ မြင်းစီးလေ့ ရှိသည်။ ဂါရီက မြင်းစီးရင်း စင်တိန်အား မိုက်ကယ်ငယ်ငယ်က အကြောင်းများ၊ မိသားစု ရာဇ၀င်များကို ပြောပြသည်။ နေ့ခင်းပိုင်းများတွင် စင်တိန်သည် အိမ်ကြီးဂေဟာ အား သူမစိတ်ကြိုက် ပြုပြင်မွမ်းမံခြင်းဖြင့် အချိန်ဖြုန်းလေ့ရှိသည်။

မွန်းလွဲပိုင်း အချိန်တိုင်းတွင် စင်တိန်သည် ရှာဆာနှင့်အတု ဂါရီ၏ စာကြည့်ခန်းထဲသွားကာ ဂါရီနှင့်အတူ နေ့ခင်း လက်ဖက်ရည် သောက်ရသည်။ ဂါရီသည် တစ်နေကုန်လိုလို စာကြည့်ခန်းထဲ၌ နေသည်က များသည်။ သူရေးထားသော စာများကို ဖတ်ပြသောအခါ စင်တိန်က ၀မ်းသာအားရချီးကျူးသည်။

"ပါပါ့ စာတွေက သိပ်နားထောင်လို့ ကောင်းတာပဲ၊ ကျွန်မလဲ အဲဒီလို ရေးတတ်ချင်တယ်"
"မင်း ရေးမယ်ဆိုယင် ဖြစ်ပါတယ်၊ မင်း စာအရေးအသား မဆိုးပါဘူး"
"တကယ်ပြောတလား"
"တကယ်ပါ၊ တကယ်လုပ်ယင် အဟုတ် ဖြစ်ပါတယ်၊ ကလောင်ကိုင်ပြီး စာရွက်ပေါ်တွင် လက်တွေ့ ချရေး ကြည့်စမ်းပါ"
"ရေးတာတော့ ဟုတ်ပါပြီ၊ ဘာအကြောင်းရေးရမှာလဲ"
"သဲကန္တာရထဲမှာ မင်းတွေ့ကြုံ ဖြစ်ပျက်ခဲ့တာတွေကို ပြန်ရေးပေါ့၊ ဒါဆိုယင် မင်းအဖို့စာ စရေးရတာ လွယ် သွားမှာပေါ့"

စင်တိန်အဖို့ ဂါရီပြောသည့်အတိုင်း စာကို စမ်းရေးကြည့်ရာ သုံးရက်ခန့်ကြာမှ နည်းနည်းအသားကျလာ သည်။ စားပွဲတစ်လုံးကို ရှုခင်းကောင်းကောင်း လှမ်းမြင်ရသော ပြတင်းပေါက်ဘေးတွင် ချပြီး စာစရေးရာ တဖြည်းဖြည်း နှင့် လမိုင်းကပ်လာသည်။ လက်တွေ့လာသည်။ အန်က စာရေးစားပွဲပေါ်တွင် ပန်းအိုး တစ်လုံး ကို နေ့တိုင်း ပန်းလတ်လတ်ဆတ်ဆတ်များ လဲပြီး တင်ပေးသည်။
အိုဝါ၏ မောင်းချဓားကလေးကို ဖွင့်ပြီး စားပွဲပေါ်၌ တယုတယ တင်ထားသည်။ စာရေးရင်း ခဲတံချွန်သည့် အခါ ထိုးဓားကလေးဖြင့် ချွန်သည်။ စားပွဲ ညာဘက်ထိပ် ထောင့်စွန်းတွင် ရတနာသေတ္တာကလေးကို တင် ထားသည်။ ထိုသေတ္တာထဲတွင် ဟာနီ၏ လည်ဆွဲကလေး ထည့်သည်။ စာရေးရင်း စိတ်ကူးပြတ်သည့် အခါ များတွင် လည်ဆွဲကို ထုတ်ယူ ကိုယ်တွယ်ကြည့်ရှုရင်း စိတ်ကူးဆက်တတ်သည်။ တောက်ပ၍ အေးမြ သော ကျောက်တုံး ကလေး များအား လက်နှင့် ပွတ်သပ်ကိုင်တွယ်ရင်း စိတ်ကူးစိတ်သန်း ကောင်းစွာ ပေါ် လာ တတ်သည်။

နေ့လယ်ခင်း စင်တိန် စာရေးနေချိန်များ၌ ရှာဆာသည် သူမဘေးတွင် ကစားသည့်အခါ ကစားနေတတ်ပြီး အိပ်သည့် အခါလည်း အိပ်နေတတ်သည်။ တစ်မနက်တွင် ဂါရီက စင်တိန်အား စာကြည့်ခန်းထဲသို့ ခေါ်သည်။ စင်တိန် ရောက်သွားပြီး ကုလားထိုင်၌ ၀င်ထိုင်လိုက်ပြီးသောအခါ ဂါရီက သူမအား အထုပ် တစ်ထုပ် လှမ်းပေးလိုက်သည်။
"အဲဒါ ပါရီမြို့က ရှေ့နေတစ်ယောက်ဆီက ငါ့ဆီကို စာတစ်စောင်နဲ့အတူ ရောက်လာတာ"
"ဘာများလဲ ပါပါ"
"အကြောင်း ကတော့ မင်းအဖေပိုင်တဲ့ မော့ဟုမ်းက မင်းတို့ အိမ်မြေကွက်ကို မင်းအဖေမှာ တင်နေတဲ့ ကျွေးတွေ ဆပ်ဖို့ ရောင်းလိုက်ရတယ်တဲ့"

"အို ... ဖေဖေအဖြစ်က သနားစရာ ကောင်းလိုက်တာ"
"ပထမတော့ သူတို့က မင်းသေဆုံးသွားပြီလို့ ထင်နေကြတာ၊ ဒီတော့ ပြင်သစ်တရားရုံးတစ်ရုံးနဲ့ အမိန့်နဲ့ အိမ် ကို ရောင်းလိုက်ကြတယ်လေ"
"အင်း ... ကျွန်မ သဘောပေါက်ပါတယ်"

"ဒါပေမယ့် မင်း သင်္ဘောနစ်ရာမှာ မသေဘဲ သဲကန္တာရက ပြန်ပြီး ရှာတွေ့တဲ့အကြောင်း ပါရီက သတင်းစာ တစ်စောင် မှာ ရေးထားတာကို အဲဒီရှေ့နေက ဖတ်လိုက်ရတယ်လေ၊ ဒါကြောင့် သူက ငါ့ဆီစာရေးပြီး ဟိုက အခြေအနေကို ရှင်းပြတယ်၊ မင်းအဖေမှာ ကြွေးကလဲ အတော်ကလေးတင်နေတယ်၊ အိမ်ကြီးက မီးလောင် ပြာကျသွားတော့ ကျန်တဲ့မြေကွက်ချည်းပဲ ရောင်းရတော့တာပေါ့၊ အဲဒီငွေထဲက မင်းအဖေက အကြွေး တွေ ဆပ်၊ ရှေ့နေရဲ့ ဆောင်ရွက်ပေးခတွေ ဘာတွေ နှုတ်လိုက်တော့ မင်းအတွက် သိပ်မကျန် တော့ဘူးပေါ့ ကလေးရယ်"
"ဘယ်လောက်ပဲ ကျန်တော့လဲ ပါပါ"

"ပေါင်စတာလင် ၂၀၀၀ တောင်မပြည့်တော့ဘူး၊ ဒီတော့ မင်းက ဒီကနေပြီး လိုအပ်တဲ့ လက်မှတ်တွေ ထိုးပေး လိုက်ယင် သူတို့က ဟိုကနေပြီး မင်းဆီကို ငွေလွှဲပေးလိုက်လိမ့်မယ်"
စင်တိန်က လိုအပ်သော လက်မှတ်များ ထိုးပေးလိုက်သည်။ ငွေလွှဲစာဖြင့် ငွေများ ရောက်လာသောအခါ စင်တိန် က အားလုံးကို သုံးရာခိုင်နှုန်းခွဲ အတိုးရသော လေဒီဘတ်ဘဏ်တွင် စာရင်းဖွင့် အပ်နှံထားလိုက် သည်။ တီပုံစံ ဖို့ ကားတစ်စီးကို ပေါင်ငွေ ၁၂၀ဖြင့် စင်တိန်က ၀ယ်လိုက်သည်။ အိမ်သို့ မောင်းယူ သွားသော အခါ တစ်အိမ်လုံးက ချီးကျူးသြဘာ ပေးကြသည်။ သို့သော် ဂါရီ က ဘ၀င်မကျ သည့် လေသံဖြင့် ပြောသည်။

"မင်း ဒီကားကို မ၀ယ်ခင် ငါ့ကို တိုင်ပင်ဖို့ ကောင်းတယ်၊ မင်းစုဆောင်းထားတဲ့ပိုက်ဆံတွေကို အလဟသ မဖြုန်း စေချင်လို့ပါ၊ မင်းလိုချင်တာရှိယင် ငါဝယ်ပေးမှာပေါ့၊ ပြီးတော့ မင်းရဲ့လာမယ့် မွေးနေ့မှာ ငါက ကားအသစ် တစ်စီး ၀ယ်ပြီး မွေးနေ့လက်ဆောင်ပေးဖို့ စိတ်ကူးထားတာ၊ အခုတော့ ငါအစီအစဉ်ပျက်ရပြီ"
"အို ... ခွင့်လွှတ်ပါ ပါပါရယ်၊ သမီး မသိလို့ပါ၊ ပါပါ သမီးအပေါ်မှာ ကောင်းထားတာတွေက များလှပါပြီ၊ ပါပါ့ ကျေးဇူးတွေက ကြီးလှပါတယ်"

စင်တိန် သည် ဂါရီအပေါ် ဖခင်အရင်းလိုပင် ချစ်ခင်တွယ်တာနေကာ ပြုစုစောင့်ရှောက်ပေးသည်။ ဂါရီ ကလည်း သမီးအရင်းနှင့်မခြား သဘောထားသည်။ ဂါရီသည် တစ်လလျှင် နှစ်ကြိမ်ကျ အိမ်၌ထမင်းစားပွဲ ဧည့်ခံ ကျင်းပသည်။ စင်တိန်နှင့် တိုင်ပင်ပြီး စင်တိန် အလိုကျ လုပ်သည်။ ညစာစားပွဲတွင် ဧည့်သည် ဆယ်ယောက် ထက်ပို ဖိတ်လေ့မရှိ။

အခုလည်း မနက်ဖြန်တွင် လုပ်မည့် ညစာစားပွဲအတွက် ဂါရီက စင်တိန်နှင့် တိုင်ပင်ပြီး ဧည့်သည်စာရင်း ပြုစု သည်။ ရွှေတွင်း စိန်တွင်းသူဌေး၊ ဘဏ်သူဌေး ရော်ဘင်ဆင်နှင် စင်တိန်အား မိတ်ဆွေ တွေ့ဆုံ ပေးလိုသဖြင့် နှစ်ဦးသားတိုင်ပင်ကာ ဖိတ်လိုက်သည်။
စင်တိန်သည် ညစာစားပွဲအတွက် ရေမိုးချိုးကာ အ၀တ်အစားလဲ အလှပြင်နေသည်။ စင်တိန်ပြင်ဆင်နေ သည်ကို အန်က ၀ိုင်းကူလုပ်ကိုင်ပေးနေသည်။
"အန် ... ကျွန်မတို့နဲ့ အတူတူ ညစာ စားပွဲမှာ ထိုင်ပြီး ညစာစားစေချင်တယ် အန်ရယ်၊ အန်က အိမ်ဖော်မှ မဟုတ်တာ"
ခေါင်းဖြီးပေးနေသော အန်အား စင်တိန်က ပြောသည်။

"တောင်စဥ့်ရေမရ လျှောက်ပြောနေတာတွေကို ထိုင်နားထောင်ရင်းနဲ့ အချိန်မဖြုန်းချင်ပါဘူး အေရယ်၊ မီးဖို ထဲမှာ လုပ်စရာ အများကြီး ရှိတယ်၊ အဲဒီနေရာမှာ ငါ့အတွက် ပိုချမ်းမြေ့တယ်၊ ပိုအသုံးဝင်တယ်"
"ပါပါ ဂါရီ က အန်ကို ညစာစားပွဲတွေ တက်စေချင်တာ၊ ကျွန်မကို မကြာခဏ ပြောတယ်၊ သူက အန်ကို သိပ်ပြီး နှစ်သက်နေပြီ ထင်တယ်"
"ကဲ ... အဓိပ္ပာယ်မရှိတဲ့စကားတွေ တော်ပါတော့အေ၊ လာ လာ ညည်းဝတ်စုံဝတ်ရအောင်"
အန်က စင်တိန်အား အ၀ါရောင်ဝတ်စုံရှည်ကြီးကို ၀ိုင်းကူ ၀တ်ပေးရင်းက စင်တိန်၏ ဗိုက်သား လှလှ ကလေး ပုံ့ပုံ့မို့မို့လေး မသိမသာ ဖောင်းနေသည်ကို မြင်သောအခါ မျက်မှောင်ကုတ်သွားသည်။ အန် စိတ်ထဲ ၌ သံသယ ၀င်လာပြီး မေးလိုက်သည်။

"စင်တိန် ညည်းဘယ်တုန်းက နောက်ဆုံး ရာသီလာခဲ့လဲပြောစမ်း"
"ကျွန်မ နေမကောင်းနေလို့ပါအန်၊ ခေါင်းမှာလဲ ဒဏ်ရာ ရခဲ့တယ် မဟုတ်လား၊ ဒါကြောင့် လကျော် နေတာပါ"
စင်တိန်က ၀တ်စုံကို ကပျာကယာ ၀တ်လိုက်ရင်း ပြောလိုက်သည်။
"ငါမေးတာ ဖြေစမ်း၊ ညည်းနောက်ဆုံး ဘယ်တုန်းက ရာသီလာခဲ့သလဲ"
"ကျွန်မ နေမကောင်း နေလို့ မလာတာပါ၊ အန်နားမလည်ပါဘူး၊ ကျွန်မ နမိုးနီးယား ဖြစ်တုန်းကလဲ လကျော် တယ်" ဆိုတာ အန်သိပါတယ်"

"သဲကန္တာရထဲကတုန်းကတည်းက မလာတော့တာ မဟုတ်လား၊ သဲကန္တာရထဲမှာ ဟိုဂျာမန်မျိုးမစစ်နဲ့ တွေ့ပြီး ကတည်းက မလာတော့တာ မဟုတ်လား၊ ငါ့ကို မှန်မှန်ဖြေစမ်း"
စင်တိန့် ဗိုက် က အန်က သူမလက်ဖြင့် မရမက ကိုင်တွယ် စမ်းသပ်ကြည့်ပြီးနောက် ဆက်ပြောသည်။
"ကြောင်မျက်လုံး နဲ့ ဆံပင် အ၀ါရောင်နဲ့ အဲဒီဂျာမန်အကောင် ကို ငါနည်းနည်းမှ မယုံဘူး၊ တို့ သူတို့နဲ့ ခွဲခွာ လာကြ တုန်းက ညည်း သူ့ကို စကားတစ်လုံးမှ မပြောခဲ့တာ၊ မနှုတ်ဆက်ခဲ့တာ ငါသဘောပေါက်ပြီ၊ ညည်း သူ့ကို ကယ်တင်ရှင် လို မဆက်ဆံဘဲ ရန်သူလိုပြုမူခဲ့တာ ငါနားလည်ပြီ"

"အန် အလျင်ကလဲ ကျွန်မ လကျော်ဖူးပါတယ်"
"သူ ညည်းကို ဘလက္ကာယပြုကျင့်တယ် မဟုတ်လား၊ သူ ညည်းကို စော်ကားတယ်ပေါ့လေ၊ ဘယ်လို ဖြစ်တယ် ဆိုတာ ပြောစမ်း"
စင်တိန် အဖို့ အကျဉ်းအကျပ် ပိတ်မိနေပြီ။ သို့သော် အမှန်အတိုင်း ဖွင့်ပြောလျင်မူ အန်၏ အကူအညီ အစောင့် အရှောက် ရနိုင်မည်ကို တွေးမိလာသည်။
"သူ ညည်း ကို အကျပ်ကိုင်ခဲ့တယ်လား၊ ပြောစမ်းပါအေ"
"မဟုတ်ပါဘူး အန်၊ သူ ကျွန်မကို လုံးဝ အကျပ်မကိုင်ပါဘူး"

"ဒါဖြင့် ညည်းက အလိုတူ အလိုပါ ခွင့်ပြုခဲ့တာပေါ့ ဟုတ်လား"
အန် အမူအရာမှာ ကြောက်စရာ ကောင်းလာသည်။
"ကျွန်မအဖြစ်က တစ်ယောက်တည်း အထီးကျန် ဖြစ်ခဲ့ရတယ် မဟုတ်လား၊ ကျွန်မအဖို့ နှစ်နှစ်လောက် အတွင်း မှာ သူဟာ ပထမဆုံး တစ်ဦးတည်း တွေ့ရတဲ့ လူဖြူတစ်ယောက်ပါ၊ ပြီးတော့ သူက ချောတယ် လှတယ်၊ ကြင်နာတယ်၊ ကျွန်မအသက်ကို ကယ်ခဲ့တဲ့လူလဲ ဖြစ်တယ်၊ ဒီတော့ ကျွန်မ အတွေ့ကို မရှောင် နိုင်တော့ဘဲ မှားခဲ့မိပါတယ်၊ ကျွန်မကို နားလည်တယ် မဟုတ်လား အန်၊ နားလည်တယ်လို့ ပြောစမ်းပါ"

စင်တိန်သည် မျက်နှာကို လက်နှစ်ဖက်ဖြင့် အုပ်ပြီး မှန်တင်ခုံရှေ့မှ ခွေခြေပေါ်တွင် ထိုင်ချလိုက်သည်။ စင်တိန် အား အန်က ဖက်ထားလိုက်သည်။ အန်၏ ရင်ခွင်တွင် စင်တိန်က မျက်နှာအပ်ထားလိုက်သည်။ နှစ်ယောက် စလုံး စကားမပြောနိုင်ကြဘဲ တုန်လှုပ်ချောက်ချားနေသည်။
"ဒါကိုတော့ ဒီအတိုင်းဆက်ထားလို့ မဖြစ်ဘူး၊ ဒါကို တို့ရှင်းပစ်မှ ဖြစ်မယ်" အန်က နောက်ဆုံး ပြောလိုက် သည်။
သူ့စကားကြောင့် စင်တိန်ပိုပြီး တုန်လှုပ်သွားသည်။

"ဒီအိမ်ကြီးမှာ နောက်ထပ်မျိုးစေ့ တစ်ယောက်ကို ဘယ်လိုမှ တင်ထားလို့ မဖြစ်နိုင်ဘူး၊ သူတို့ ဘယ်လိုမှ လက်ခံမှာ မဟုတ်ဘူး၊ သိပ်ကို ရှက်စရာ ကောင်းလာလိမ့်မယ်၊ နောက်ထပ် ကလေးတစ်ယောက်ကိုတော့ ဂါရီ နဲ့ ရှောင်တို့က လက်ခံကြမှာ မဟုတ်ဘး၊ တို့အားလုံးအတွက် မိုက်ကယ်မိသားစုနဲ့ ရှာဆာအတွက်၊ ညည်း အတွက်၊ ငါချစ်တဲ့သူတွေ အားလုံးအတွက် ရွေးစရာလမ်း မရှိတော့ဘူး၊ ဒီတော့ ညည်း အားလုံးရဲ့ အရှက် ကို ငဲ့ပြီး ညည်းဗိုက်ထဲကဟာကို ရှင်းပစ်ရလိမ့်မယ်"
"အန် ကျွန်မ အဲ့ဒီလိုတော့ မလုပ်နိုင်ဘူး"

"ညည်း ကို အကုသိုလ်ကောင်လေးပေးခဲ့တဲ့ ဂျာမန်ကောင်ကို ညည်း ချစ်တာလား"
"အခု မချစ်တော့ဘူး နည်းနည်းမှ မချစ်တော့ဘူး၊ ကျွန်မ သူ့ကို မုန်းတယ်"
"ဒါဆိုယင် အကုသိုလ်ကောင်လေးကို ညည်းရယ် ရှာဆာရယ် တို့အားလုံးရယ်ကို ဒုက္ခမပေးခင် ညည်း သူ့ ကို ရှင်းပစ်လိုက်ပေတော့"

စင်တိန်သည် ညစာစားပွဲတွင် ထိုင်ပြီး ဟန်မပျက်နေရသော်လည်း အတွေးက တခြားသို့ ရောက်နေသည်။
အန်ပြောသော စကားများ မှန်ကြောင်း သဘောပေါက်သည်။ ဂါရီနှင့် ရှောင်တို့က မိမိမိုက်မှားခဲ့မှုကို သဘောပေါက်ပြီး ခွင့်လွတ်ကောင်းခွင့်လွှတ်နိုင်မည်ဖြစ်သော်လည်း အားလုံး အရှက်ကွဲစေမည့် ဗိုက်ထဲက ကလေး ကိုတော့ ဘယ်နည်းနှင့်မျှ လက်ခံနိုင်မည် မဟုတ်။

စင်တိန် ထမင်းစားပွဲမှ တခြားသို့ စိတ်ရောက်နေရာမှ အာရုံကို ပြန်လည် စုစည်းလိုက်သည်။ ထမင်းစားပွဲ စကားဝိုင်း ကို နားစိုက်ထောင်လိုက်သည။
စိန်သူဌေးတစ်ဦးဖြစ်သူ ဆာဂျိုးဇက်အား ဘဏ်သူဌေးတစ်ဦးက မေးလိုက်သည်။
"စိန်အစစ် နဲ့ စိန်မဟုတ်တာ ဘယ်လိုလုပ်ခွဲမလဲ"
"အလွယ်ဆုံး နဲ့ အမြန်ဆုံးနည်း ရှိပါတယ်၊ ရေတစ်ခွက်ထဲကို အဲဒါတွေ ထည့်လိုက်ပြီးတော့ ထုတ်ကြည့်လိုက်၊ စိန် အစစ်က ချက်ချင်းရေခြောက်သွားတယ်၊ စိန်မဟုတ်တာက ရေမခြောက်ဘဲ ဆက် စို နေလိ့မ်မယ်၊ အဲဒါပဲ"

စင်တိန့်နားထဲ၌ ထိုစကားကစွဲနေသည်။
နောက်တစ်နေ့နေ့ခင်း စာရေးစားပွဲ၌ စင်တိန် ထိုင်လိုက်သောအခါ ထိုစကားများကို စင်တိန် ပြန်ကြားနေမိ သည်။ စင်တိန်သည် ချက်ချင်းပင် ခွက်တစ်ခွက်နှင့် ရေသွားခပ်လာသည်။ ထိုရေခွက်ထဲသို့ ဟာနီ၏ လည်ဆွဲ ကို နှစ်လိုက်ပြီး ပြန်ဖော်ကာ ကြည့်လိုက်သည်။

အရောင်မျိုးစုံရှိသော ကျောက်တုံးများသည် ရေခြောက်မသွားဘဲ ရှိနေသည်။ လည်ဆွဲအလယ်ဗဟိုရှိ အဖြူရောင် ကျောက်တုံးကြီးကမူ ရေများချက်ချင်း ခြောက်သွားသည်။ စင်တိန် ဒိန်းခနဲ ရင်ခုန်သွားသည်။ လည်ဆွဲကို ရေခွက်ထဲသို့ အကြိမ်ကြိမ်ထည့်ကြည့်လိုက် ပြန်ထုတ်ကြည့်လိုက်လုပ်သည်။ အကြိမ်တိုင်း မှာပင် အခြားကျောက်တုံးများ ရေမခြောက်ဘဲ အဖြူရောင် ကျောက်တုံးကြီးသာ ချက်ချင်း ရေခြောက် သွားသည်။

စင်တိန်အဖို့ သေချာသွားပြီ။
"ဟာနီ ... ကျွန်မ ချစ်တဲ့ အမေကြီးရယ်၊ ကျွန်မ ကို အမေက ကယ်တင်ဦးမယ်ပေါ့၊ ကျွန်မကို ကယ်တင် စောင်မ ဖို့ အမေက စောင့်ကြည့်နေတယ် မဟုတ်လားဟင်"
စင်တိန် က တိုးတိုးကလေး ရေရွတ်လိုက်သည်။

စင်တိန်သည် သူတို့နေသော လေဒီဘတ်မြို့မှ ကုတ်နေ မိသားစု ဆရာဝန်ဖြင့် သူမဗိုက်ကို စမ်းသပ်ခိုင်း၍ မဖြစ်ပေ။ ထို့ကြောင့် သူနှင့်အန်တို့ ဒါဘန်း ပင်လယ်ဆိပ်ကမ်းရှိ နာတယ်မြို့သို့ အ၀တ်အစားများ သွား ၀ယ်ပါရ စေဟု ဂါရီထံ ခွင့်ပန်သည်။

"မင်းတို့နှစ်ယောက်တည်းသွားလို့ ဘယ်ဖြစ်မလဲ၊ ငါလဲလိုက်မယ်၊ ငါလဲ ငါ့ဝတ်စုံဆရာနဲ့တွေ့ပြီး ၀တ်စုံ အသစ် ထပ်ချုပ်ချင်သေးတယ်"
သို့ဖြင့် မိသားစုလိုက် ခရီးထွက်ရတော့သည်။ ရှာဆာနှင့်အတူ ကလေးထိန်း ဇူလူး အမျိုးသမီး နှစ်ယောက် ပါ ပါလာသည်။ ဖီးယက်ကားတစ်စီး၊ ဖို့ကားတစ်စီး၊ ကားနှစ်စီးဖြင့် ထွက်လာကြသည်။ အိန္ဒိယ သမုဒ္ဒရာ ကို မျက်နှာမူထားသော ပင်လယ်ကမ်းခြေမှ မက်ဂျက်စတစ် ဇီမ်ခံဟိုတယ်ကြီး၌ အခန်းကျယ်ကြီး နှစ်ခန်း ငှားပြီး တည်းခိုကြသည်။

အန်နှင့်စင်တိန်သည် ဂါရီအား အ၀တ်အစား သွားချုပ်ဦးမယ်ဟု အကြောင်းပြပြီး ဟိုတယ်၌ ထားခဲ့ပြီး ထွက်လာ ခဲ့သည်။ ပွိုင့်လမ်းရှိ ဆရာဝန်တစ်ယောက်၏ ဆေးခန်းကို အန်က ကြိုတင်ပြီး လျှို့ဝှက် စုံစမ်းထား သည်။ ထိုဆေးခန်းသို့ သူတို့ သွားကြသည်။ နာမည်ရင်းများကို ထိန်ဝှက်ပြီး တခြား နာမည်ဖြင့် ပြောကာ စင်တိန်ဗိုက်ကို စမ်းသပ်စေသည်။
သူတို့ထင်သည့်အတိုင်း စင်တိန်၌ ကိုယ်ဝန်ရှိနေသည်မှာတော့ သေချာသည်။

"ကျွန်မ တူမလေးက မုဆိုးမဖြစ်နေသော နှစ်နှစ်ရှိပါပြီ၊ ဒီတော့ အရှက်တကွဲ အကျိုးနည်းမဖြစ်ရအောင် ကူညီပါ ဆရာရယ်"
အန်က ဆရာဝန်အား တောင်းပန်သည်။
"ကျွန်တော် ၀မ်းနည်းပါတယ် မဒမ်၊ ကျွန်တော် ဘယ်လိုမှာ ကူညီလို့ မဖြစ်နိုင်ပါဘူး"
သို့သော် စင်တိန်က စမ်းသပ်ခ ရွှေဒင်္ဂါးတစ်ပြား ထုတ်ပေးလိုက်သောအခါ တစ်မျိုး လိုက်လျောလာသည်။

"ကျွန်တော်နာမည်တစ်ခုနဲ့ လိပ်စာတစ်ခု ရေးပေးလိုက်မယ်။ အဲဒီမှာ သွားစုံစမ်းကြည့်ပါ"
ထိုဆေးတိုက် မှ ထွက်လာပြီး လမ်းပေါ် ရောက်လာသောအခါ အန်က ပြောလိုက်သည်။
"တို့ ဂါရီ ဆီက ခွင့်တောင်းလာတဲ့ အချိန်ပြည့်ဖို့ တစ်နာရီလောက် လိုသေးတယ်၊ အဲဒီလိပ်စာအတိုင်း သွားပြီး အစီအစဉ် လုပ်ကြရအောင်"
"ဟင့်အင်း ... မသွားဘူး အန်၊ အဲဒီကိစ္စကို ကျွန်မ စဉ်းစားပါရစေဦး၊ တစ်ခဏလောက် ကျွန်မ တစ်ယောက် တည်း နေပါရစေဦး"
"ဘာမှ ထပ်စဉ်းစားစရာ မလိုတော့ပါဘူးအေ"

"ကျွန်မကို ဒီမှာထားခဲ့ပြီး အန် ပြန်စမ်းပါ၊ ညစာစားချိန် မတိုင်ခင် ကျွန်မ အရောက်ပြန်လာပါမယ်၊ နက်ဖြန် ကျမှ ဟိုသွားတာပေါ့"
စင်တိန် အား ပြော၍ ရတော့မည် မဟုတ်မှန်းသိသဖြင့် အန်သည် လန်ချားတစ်စီးကို လှမ်းခေါ်ကာ ဟိုတယ် သို့ ပြန်သွားတော့သည်။ စင်တိန်က ဆိပ်ကမ်းဘက်သို့ ခပ်သုတ်သုတ် လျှောက်သွားသည်။
စောစောက ဆိပ်ကမ်းဘက်မှ ဖြတ်လာခဲ့စဉ်တွင် "အမ်နှိုက်ဒူးကျောက်မျက်ရတနာဆိုင်" ဆိုသည့် ဆိုင်းဘုတ် လေးကို စင်တိန် သတိထားခဲ့မိသည်။

ယခု ထိုဆိုင်သို့ စင်တိန်တစ်ယောက်တည်း သွားသည်။ ဆိုင်အတွင်းပိုင်းမှာ ကျဉ်းသော်လည်း သန့်ရှင်း သပ်ရပ် သည်။ မှန်ဗီရိုထဲတွင် အဖိုးတန် ကျောက်မျက်ရတနာနှင့် လက်ဝတ်လက်စားများ တွေ့ရသည်။ စင်တိန် ဆိုင်ထဲဝင်သွားသောအခါ ဟင်ဒူအမျိုးသားတစ်ယောက်က မှန်ဗီရိုနောက်မှ လှမ်းကြို နှုတ်ဆက် သည်။
"ကောင်းသောနေ့ပါ ဂုဏ်သရေရှိ မဒမ်၊ ကျွန်တော်ကတော့ မစ္စတာမွန်းဆာမိနှိုက်ဒူးပါ၊ မဒမ် လိုအပ်တာ ကို ဆောင်ရွက်ပေးဖို့ အသင့်ပါ ခင်ဗျာ"
"ရှင့်ဆိုင် က ပစ္စည်းတွေ ကြည့်ချင်လို့ပါ"

စင်တိန်က မှန်ဗီရိုအပေါ်မှနေ၍ အထဲရှိ ပစ္စည်းများကို ငုံ့ကြည့်ရင်း ပြောလိုက်သည်။
"လက်ဆောင်ပေးဖို့ ၀တ်ဆင်ဖို့ ပစ္စည်းကောင်း လက်ရာကောင်းတွေ ရှိပါတယ်၊ ကြည့်ပါ မဒမ်း"
စင်တိန် ဘာမှ ပြန်မပြော၊ အခြေအနေ ကို အကဲတ်ကာ ဆိုင်ရှင်အား တွက်ဆခန့်မှန်းကြည့်နေသည်။ ဆိုင်ရှင် နှိုက်ဒူး ကလည်း စင်တိန်အပေါ် ပြန်လည်  အကဲခတ်နေသည်။ စင်တိန့် လက်အိတ်နှင့် ဖိနပ်တို့ကို ကြည့်ခြင်းဖြင့် အထက်လွှာကမှန်း သိသာသည်။

"ဒီဗီရိုထဲမှာရှိတာတွေထက် ပိုပြီး ကောင်းသော အဖိုးထိုက်တာတွေလဲ ရှိပါသေးတယ်" ဆိုင်ရှင်က ပြော သည်။
"ရှင် ... စိန် ကော အရောင်းအ၀ယ် လုပ်သလား"
"စိန်လား မဒမ်၊ ဘုရင် တို့ ဘုရင်မ တို့နဲ့ ထိုက်တန်တဲ့ စိန်မျိုးတောင် ကျွန်တော် ပြနိုင်ပါတယ်"
"ကျွန်မ ကလဲ ရှင့်လိုပဲ ပြနိုင်တယ်"
စင်တိန် က တည်ငြိမ်အေးဆေးစွာ ပြောလိုက်ပြီး အဖြူရောင်စိန်တုံးကြီးကို မှန်ဗီရိုပေါ်တင်ပြီး ပြ လိုက်သည်။
ဆိုင်ရှင် နှိုက်ဒူး က အံ့အားသင့်သွားသည်။

"အို ... တယ်ကောင်းပါလား မဒမ်၊ ဖုံးထားပါ၊ ကျွန်တော် တောင်းပန်ပါတယ်၊ ကျွန်တော် ငေးမကြည့်မိ အောင် သိမ်းထားပါ"
စင်တိန်က သူမစိန်တုံးကို လက်ပွေ့အိတ်ထဲ ပြန်ထည့်လိုက်ပြီး ဆိုင် အ၀င်အ၀ တံခါးပေါက်ဘက်သို့ ခြေဦး လှည့် လိုက်သည်။ ဆိုင်ရှင်က သူမထက်အလျင် တံခါးဝသို့ ဦးအောင်သွားပြီး ကာထားသည်။
"အချိန် နည်းနည်း မပေးနိုင်တော့ဘူးလား မဒမ်"
ဆိုင်ရှင် က ပြတင်းပေါက်များမှ လိုက်ကာများကို ဆွဲပိတ်လိုက်သည်။ အ၀င်အထွက် မှန်တံခါးကိုလည်း သော့ခတ်ပိတ်ပြီး လိုက်ကာ ဆွဲကာလိုက်သည်။

"အပြစ်ဒဏ် က ပြင်းထန်တယ် မဒမ်၊ ထောင်ဒဏ် ဆယ်နှစ်တောင် ကျခံရမှာ၊  အန္တရာယ်က ကြီး လွန်းတယ်"
"ကျွန်မ ရှင့်ကို ဒုက္ခမပေးပါဘူး၊ တံခါးသော့ဖွင့်လိုက်ပါ"
"ကျွန်တော့် ရုံးခန်းထဲလိုက်ပြီး အေးအေးဆေးဆေး ဆွေးနွေးပါ၊ မဒမ်အတွက် ဘာမှ မဖြစ်စေရပါဘူး"
စင်တိန် က အရဲစွန့်ပြီး လိုက်သွားသည်။ ရုံးခန်းမှာ ခပ်ကျဉ်းကျဉ်းပင် ဖြစ်သည်။ ဆိုင်ရှင်က မှန်စားပွဲ နောက် တွင် ၀င်ထိုင်ပြီး စင်တိန်က စားပွဲရှေ့မျက်နှာချင်း ကုလားထိုင်၌ ထိုင်သည်။
"ပစ္စည်း ကို ကျွန်တော် ထပ်ကြည့်ပါရစေဦး"

စင်တိန်က စားပွဲအလယ်ကောင်တည့်တည့်တွင် စိန်တုံးကို တင်ပေးလိုက်သည်။ ဆိုင်ရှင်က မျက်စိတွင် ရတနာ ကြည့်သော မှန်ဘီလူးခွက်ကို တပ်ပြီးမှ စိန်တုံးကို ကောက်ယူကာ ပြတင်းပေါက်မှ ၀င်လာသော အလင်းရောင် ဖြင့် ထောင်ကြည့်လိုက်သည်။
"ဒါကို ဘယ်က ရတယ်ဆိုတာ ကျွန်တော် သိခွင့်ရှိပါသလား"
"ဟင့်အင်း"

ဆိုင်ရှင်က မှန်ဘီလူးဖြင့် အသေအချာ လှည့်ပတ်ကြည့်ရှုပြီးနောက် လက်ထဲတွင်ထည့်ကာ အလေးချိန်ကို ချိန်ဆ ကြည့်ရင်း ပြောလိုက်ပြန်သည်။
"မှောင်ခိုစိန် ရောင်းဝယ်ယင် အပြစ်ဒဏ် ကြီးလေးလှပါတယ်၊ ရဲကလဲ မညှာဘူး မဒမ်"
ဆိုင်ရှင် လည်း စားပွဲအံဆွဲကို ဆွဲဖွင့်လိုက်ပြီး အထဲမှ မှန်ဖြတ်သော  အတံကလေးကို ထုတ်ယူလိုက်သည်။ ဖောင်တိန် ပုံသဏ္ဍာန် ရှိပြီး တစ်ဘက်ဖျားတွင် စက်မှုလုပ်ငန်းသုံးအဆင့် စိန်အမည် ထိပ်ဖူး တပ်ထားသည်။
"ရှင် ဘာလုပ်မလို့လဲ"
စင်တိန်က သံသယဖြင့် မေးလိုက်သည်။

"စိန်စစ်မစစ် တကယ်စမ်းသပ်မလို့ပါ၊ စိန်ကို စိန်ချင်း ဖြတ်လို့ မရဘူး၊ စိန်က တခြား ဘယ်အရာကိုမဆို အစင်းထင်အောင် ခြစ်လို့ရတယ်၊ ဖြတ်ရတယ်၊ စိန်ကို စိန်နဲ့ ပြန်ခြစ်လို့တော့ ဘာအစင်းမှ မထင်ဘူး မဒမ်"
ဆိုင်ရှင်က စားပွဲမှန်သားအား စိန်ထိပ်ဖူးတပ်အတံဖြင့် ခြစ်ပြလိုက်ရာ တဂျစ်ဂျစ်မြည်ပြီး အစင်းထင်သွား သည်။  တဂျစ်ဂျစ်မြည်သံကြောင့် စင်တိန်ပင် သွားကျိန်းသွားသည်။ ဆိုင်ရှင်က စင်တိန်အား မော့ကြည့်ပြီး ခွင့်တောင်း လိုက်သည်။ စင်တိန်က ခေါင်းညိတ်ပြပြီး စမ်းသပ်ခွင့်ပြုလိုက်သည်။

ထိုအခါ ဆိုင်ရှင်က စင်တိန့်စိန်တုံးကို မိမိရရဆုပ်ကိုင်ပြီး စိန်သွားအတံဖြင့်  ဆွဲကာဆွဲကာ ခြစ်တော့သည်။ သို့သော် ဘာအစင်းကြောင်းမှ မထင်ပါချေ။ ပကတိအတိုင်း ကျန်ရှိခဲ့ပြီး စိန်သွားအတံသာ ချော်၍ ချော်၍ ထွက်သွားသည်။
ဆိုင်ရှင်မေးစေ့ မှ ချွေးတစ်စက်က စားပွဲမှန်အခင်းပေါ်သို့ ပေါက်ခနဲ ကျသွားသည်။ သို့သော် ချွေး မသုတ်နိုင် ဘဲ ထပ်မံခြစ်ပြီး စမ်းပြန်သည်။ ပိုပြီး အားစိုက် ခြစ်သော်လည်း ဘာအသံမှ မမြည်၊ ဘာအစင်းမှ မထင်၊ နဂိုအတိုင်း ကျန်ရှိနေသည်။ နောက်တစ်ကြိမ် ထပ်စမ်းပြန်သည်၊ ဘာမှ မထူးခြား။

"အန္တရာယ်တော့ ကြီးတယ် မဒမ်၊ ဒါပေမယ့် ကျွန်တော်က လူကောင်းတစ်ယောက်ပါ"
"ရှင်ဘယ်လောက်ပေးမလဲ"
"ပေါင်စတာလင် တစ်ထောင်" ဆိုင်ရှင်က ခပ်တိုးတိုးပြောသည်။
"ငါးထောင်" စင်တိန်က ဈေးခေါ်လိုက်သည်။

"ကျွန်တော်က ဂုဏ်သရေရှိ နာမည်ကျော်လူတစ်ယောက်ပါ မဒမ်၊ စိန်မှောင်ခိုရောင်းဝယ်မှုနဲ့ ကျွန်တော့်ကို မိသွားယင် ..."
"ငါးထောင်"
စင်တိန် ဈေးထပ်ခေါ်လိုက်ပြန်သည်။
"နှစ်ထောင်ပေးမယ်ဗျာ"
စင်တိန့်လက် စိန်တုံးဆီသို့ ရောက်သွားသည်။
"သုံးထောင်ပေးမယ်ဗျာ"
ဆိုင်ရှင်က ကပျာကယာ ပြောလိုက်ရာ စင်တိန် လက်ပြန် ရုပ်လိုက်သည်။

"လေးထောင်ရမှ ရောင်းမယ်"
စင်တိန်က ယတိပြတ်ပြောသည်။
"သုံးထောင့်ငါးရာ ပေးပါ့မယ်၊  အဲဒါ ကျွန်တော့်ဘက်က နောက်ဆုံးနဲ့ အလိုက်လျောဆုံး ဈေးပါပဲ"
"ကောင်းပြီလေ ဘယ်မှာလဲငွေ"
"ကျွန်တော် ဒီလောက်ငွေများများ ဆိုင်မှာ မထားပါဘူး"
"ဒါဖြင့် ကျွန်မ နက်ဖြန် ပြန်လာခဲ့မယ်၊ စိန်လဲ ယူလာခဲ့မယ်၊ ရှင် ငွေအဆင်သင့် လုပ်ထား"

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

Thursday, October 6, 2011

ဝင်းဖေဝင်း ဘာသာပြန် စိန်မင်းသမီး (၂၉)

(၃၉)

စင်တိန်သည် မြင်းကို ဇက်ကြိုးလျှော့ပြီး ခပ်ဖြည်းဖြည်း စီးလာသည်။ ရှာဆာအား ခါးစောင်းတွင် ခါးထစ်ခွင် ပြီး အ၀တ်ဖြင့် သိုင်းစည်းထားသည်။ ရှာဆာသည် မြင်းစီးနေသော စင်တိန်ကိုယ်ပေါ်တွင် ခါးထစ်ခွင် လိုက် ပါလာရင်း အိပ်ပျော်နေသည်။
သဲကန္တာရထဲတွင် လေထန်နေသည်မှာ ငါးရက်ရှိပြီး ဖြစ်သည်။ လေအဆက်မပြတ် တိုက်ခိုက်နေသဖြင့် သဲများ တထောင်းထောင်းထကာ အုံ့ဆိုင်း မှုန်မှိုင်းနေသည်။ စင်တိန်သည်လည်း လည်စည်းအ၀တ်တစ်စ ကို ခေါင်းတွင်အုပ်ပြီး ပေါင်းထားသည်။ စောင်တစ်ထည်ကိုလည်း ပခုံးပေါ်ကအုပ်ပြီး ခြုံထားရာ ရှာဆာ သည် စောင်အောက်တွင် ရှိပြီး သဲမှုန်များဒဏ်မှ လွတ်ကင်းနေသည်။

စင်တိန်သည် မြင်းပေါ်က အောက်သို့ ဆင်းလိုက်သည်။ သူတို့ရှေ့ဘက်ဟိုအဝေးတွင် မတ်စောက်သော ကျောက်တောင်ကြီးကို တွေ့ရသည်။ ဘေးပတ်ဝန်းကျင် ငါးမိုင်လောက်အထိကို အကာအဆီးမရှိ လှမ်းမြင် နိုင်သော နေရာ ဖြစ်သည်။ ထို့ကြောင့်လည်း ဤနေရာကို လိုသာ ဒီလာရေးက တမင်ရွေးထားခြင်း ဖြစ်ရ မည်ဟု စင်တိန် သဘောပေါက်လာသည်။
စင်တိန်က မြင်းပေါ်ပြန်တက်ပြီး အမြန်စီးသည်။ ကျောက်တောင်ကြီကို တဖြည်းဖြည်း ထင်ထင်ရှားရှား မြင်လာရသည်။ မြေပြင်ပေါ်တွင် ပေ ၂၀၀ ခန့်အထိ မြင့်မည်ဟု မှန်းရသည်။
တောင်စောင်း အောက်ခြေဘက်၌ အလင်းရောင်ကို လှမ်းမြင်လာရသည်။ စင်တိန် အသေအချာ စိုက်ကြည့် ပြီး ရှာဆာအား ခပ်တိုးတိုး ပြောလိုက်သည်။

"ရှာဆာ ... သူတို့ဟိုမှာ သူတို့ တို့ကို စောင့်နေကြတယ်"
စင်တိန်က မြင်းကိုပိုပြီး မြန်အောင် စီးလိုက်သည်။
မတ်စောက်မြင့်မားသော ကျောက်တောင်ကြီး၏ အောက်ဘက် အရိပ်ထဲ၌ မော်တော်ကားတစ်စီး ရပ်ထားပြီး ကားဘေးဘက်တွင် အစိမ်းရောင်ရွက်ထည်ဘဲကဘေး တစ်လုံး ထိုးထားသည်ကို တွေ့ရည်။
တဲရှေ့တွင် မီးပုံတစ်ပုံ ဖိုထားသည်။ အပြာရောင် မီးခိုးတန်းကလေးက တလူလူ လွင့်တက်နေသည်။
စင်တိန် သည် ခေါင်း၌ ပေါင်းထားသော ပ၀ါစကို ဆွဲဖြုတ်ပြီး ခေါင်းပေါ်မှ ဝှေ့ယမ်းပြကာ အော်ပြော တော့သည်။

"ဒီမှာ ... ဟဲလိုး ... ကျွန်မတို့ ဒီမှာ လာနေပြီ"
မီးပုံဘေးမှ လူပုံသဏ္ဍာန်နှစ်ခုက ထိုင်ရာမှ ထလိုက်ကြပြီး သူထံ စိုက်ကြည့်နေသည်ကို တွေ့လိုက်ရသည်။
စင်တိန်က ဝှေ့ယမ်းပြလျက်ဖြင့် မြင်းကို ကဆုန်စိုင်းစီးသွားသည်။ မီးပုံဘေးမှ လူသဏ္ဍာန်နှစ်ခုအနက် တစ်ခုက သူမဆီသို့ ပြေးလာသည်။ ထိုသဏ္ဍာန်မှာ အမျိုးသမီး ဖြစ်သည်။ စကတ်အရှည်ဝတ်ထားသော အမျိုးသမီး ဖြစ်သည်။ စကတ်ကို ဒူးအထက်အထိ ၀တ်ထားပြီး သဲမြေပျော့ပေါ်တွင် တတ်နိုင်သလောက် မြန်အောင် ပြေးလာနေသည်။ မျက်နှာပေါ်တွင် စိတ်လှုပ်ရှားမှုများက အထင်းသား မြင်ရသည်။

"အန် ... အို အန်ရေ ..."
စင်တိန်က အသံကုန်ကြုံးပြီး အော်ခေါ်သည်။ နီရဲတွတ်နေသော အန်၏ မျက်နှာပေါ်တွင် မျက်ရည်များ စီးကျ လာသည်။ အန်က ပြေးနေရာမှ ရပ်လိုက်ပြီး လက်နှစ်ဖက်ကမ်းကာ ရင်ဖွင့်ကြိုလိုက်သည်။
"င့ါသမီးလေး" အန်က ပြန်ခေါ်သည်။
စင်တိန်မြင်းပေါ်က ခုန်ဆင်းလိုက်သည်။ ရှာဆာကို လက်တစ်ဖက်ဖြင့် ပွေ့လိုက်ပြီး အန်ဆီသို့ ပြေးသွား သည်။
အန်နှင့် စင်တိန် တို့ အပြန်အလှန်ဖက်ပြီး ငိုနေသည်။ စကားပြော၍ မထွက်နိုင်ဘဲ ဖြစ်နေသည်။ ငိုရာမှ ရယ်ကြ ပြန်သည်။ ရှာဆာက တင်းကျပ်ပြီး မနေတတ်သဖြင့် အော်ဟစ်လိုက်သည်။ အန်က ရှာဆာကို စင်တိန် ဆီမှ လှမ်းယူပြီး ချီလိုက်သည်။

"ယောက်ျားလေးကလေး ... ယောက်ျားကလေးပါလားဟေ့"
"ဟုတ် ... ဟုတ်တယ် ကျွန်မသူ့ကို မိုက်ကယ် ... မိုက်ကယ် ရှာဆာလို့ နာမည်ပေးထားတယ်"
စင်တိန် က သိမ့်သိမ့်ရှိုက်ရင်း ပြောလိုသည်။
အန်က ကလေးကို အငမ်းမရ နမ်းရှုံ့ရင်း ခေါ်လိုက်သ်ည။ နမ်းရှုံ့မှုကို ခံယူသိရှိနေသော ရှာဆာက ၀မ်းသာ အားရ အသံပြုတုံပြန်သည်။
အန်သည် တစ်ဘက်က ရှာဆာကို ချီပြီး တစ်ဘက်က စင်တိန်ကို ဆွဲကာ မီးပုံနှင့် တဲဆီသို့ ခေါ်သွားသည်။
အရပ်ရှည်ရှည် ပခုံးဝိုင်းဝိုင်းလူကြီးတစ်ယောက်က သူတို့ဆီသို့ ထွက်လာသည်။ အညိုရောင်ဆံပင်ခပ်ပါးပါး ကို သူတို့ဆီသို့ ထွက်လာသည်။ အညိုရောင်ဆံပင်ခပ်ပါးပါးကို နောက်လှန်ဖြီးထားရာ မဟာနဖူးက အထင်း သားပေါ်နေပြီး ပညာရှိအသွင် ထင်ရှားနေသည်။ ထိုသူက စတင် ပြောလာသည်။

"ကျွန်တော် မိုက်ကယ့်အဖေပါ"
သူ့ကို မြင်ရသည်မှာ စင်တိန့်အဖို့ မိုက်ကယ့်ဓာတ်ပုံဟောင်းကို မြင်ရသည်နှင့် တူလှသည်။
"ပါပါ"
စင်တိန်က ထိုလူကြီးအား ပြေးဖက်ပြီး အားပါးတရခေါ်လိုက်သည်။ ဂါရီကလည်း ၀မ်းသာလုံးဆို့ပြီး စင်တိန် အား ပြန်ဖက်ထားလိုက်သည်။
"ငါ့ဘ၀မှာ မျှော်လင့်ချက်အားလုံး ဆုံးပြီးထင်တာ၊ အခုတော့ ... အခုတော့ ..."
ဗိုလ်မှူးကြီးကုတ်နေ ၏ လည်ချောင်းထဲ၌ စကားလုံးများ ဆို့နင့်ကာ ဆက်ပြော၍ မရအောင် ဖြစ်သွားသည်။
ဂါရီကုတ်နေ၊ အန်နှင့် စင်တိန်တို့က စောင့်ကြည့်နေစဉ်မှာပင် တိရစ္ဆာန်ဆွဲပေါင်းမိုးလှည်းကြီးများက သူတို့ ဆီသို့ တရွေ့ရွေ့ချင်း ဘီးလိမ့်ရောက်ရှိလာသည်။

"ဒီလူ့ကျေးဇူးကတော့ ဆပ်လို့ကုန်နိုင်မယ် မထင်ပါဘူး"
အန်သည် ဖီးယက်ကားနောက်ခန်းထဲတွင် အသင့်ထိုင်နေရာမှ ပြောလိုက်သည်။ ရှာဆာလေးကို အန်ပေါင် ပေါ်တွင် တင်ထားသည်။
"သူ့ကို ထိုက်ထိုက်တန်တန် ဆုပေးမှာပါ"
ဂါရီ က ဘေးတွင် ရပ်နေရာမှ ပြောလိုက်သည်။ သူ့လက်ထဲတွင် စာရွက်လိပ် တစ်လိပ်ကိုင်ထားသည်။ ထိုစာရွက်လိပ်ကို အ၀တ်ကြိုးစအနီဖြင့် စည်းပတ်ထားသည်။
"ရှင် ဘယ်လောက်ပေးပေး သူ့ကျေးဇူးကတော့ ဆပ်လို့မကုန်အောင် ကြီးပါပေတယ် ရှင်ရယ်" အန်က ပြောလိုက်ပြီး ရှာဆာလေးကို ဖက်လိုက်သည်။
"ပါပါ သူ့ကို ပေးသင့် ပေးထိုက်သလောက် ခပ်များများသာ ပေးလိုက်စမ်းပါ ပါပါရယ်၊ ပြီးယင် သူ့ကို သွားချင်ရာ သွားပါစေတော့၊ ကျွန်မ သူ့မျက်နှာကို ထပ်မမြင်ချင်တော့ဘူး"
စင်တိန် က လေသံယဲ့ယဲ့ဖြင့် ပြောလိုက်သည်။

တိရစ္ဆာန်ဆွဲလှည်းများ သူတို့အနီးသို့ ရောက်လာပြီး ရပ်လိုက်သည်။ ပေါင်းမိုးလှည်းကြီးတစ်စီး၏ နောက်ဘက်မှ နေ၍ လိုသာ ဒီလာရေး ဖြည်းညှင်းလေးကန်စွာ ဆင်းလာသည်။
မြေကြီးပေါ်သို့ ရောက်သောအခါ သူ ခေတ္တရပ်နားလိုက်သည်။ လက်တစ်ဖက်ဖြင့် လှည်းကိုကိုင်ပြီး ကိုယ် ကို မတ်လိုက်သည်။ ကျန်လက်တစ်ဘက်မူ ရင်ဘတ်ရှေ့တွင် ပိုက်ပြီး အ၀တ်စတစ်စဖြင့် သိုင်းချည် ထားသည်။ သူ့မျက်နှာက ဖျော့တော့နေသည်။ အားအင်ကုန်ခန်း နွမ်းနယ်နေပုံရသည်။ မျက်လုံးအရောင် များ မှေးမှိန်ညှိုးရော်နေပြီး ခံစားနေရပုံပေါ်နေသည်။ မုတ်ဆိတ်ပါးသိုင်းမွေးများ မရိတ်ထားသဖြင့် အိုမင်း ရင့်ရော်နေပုံ ပေါ်လွင်နေသည်။

"ဟယ် ... သူ့လက်မှာ ဒဏ်ရာရလာပါကလား၊ သူ ဘာဖြစ်လာလို့လဲဟင်"
အန်က အလန့်တကြား ပြောလိုက်သည်။ သူမဘေးမှ စင်တိန်ကမူ မျက်နှာကို အခြားတစ်ဘက်သို့ လွှဲလိုက် သည်။
လိုသာက ဂါရီဆီသို့ တစ်လှမ်းချင်း လျှောက်လာသည်။ လှည်းများနှင့် ဖီးယက်ကားတို့ကြား လမ်းတစ်ဝက် တွင် လိုသာ နှင့် ဂါရီတို့ လက်ဆွဲနှုတ်ဆက်ကြသည်။ လိုသာက ဒဏ်ရာမရသောလက်ကို ကမ်းပြီး နှုတ်ဆက်သည်။

သူတို့စကားပြောသံက တိုးသဖြင့် စင်တိန်ထိုင်နေသော ဖီယက်ကား နောက်ပိုင်းမှနေ၍ မကြားရပေ။ ဂါရီက လိုသာအား စာရွက်လိပ်ကို ကမ်းပေးလိုက်သည်။ လိုသာက ဒဏ်ရာမရသော လက်ဖြင့် လှမ်း ယူသည်။ စက္ကူလိပ်တွင် စည်းထားသော ကြိုးကို ပါးစပ်ဖြင့် ဆွဲဖြေသည်။ စာရွက်ကို လက်တစ်ဖက် တည်းဖြင့် ဖြန့်ပြီး ဖတ်လိုက်သည်။
တစ်မိနစ့် အကြာတွင် စာဖတ်အပြီးတွင် စာရွက်လိပ်ကို ဖြန့်လိပ်လိုက်သည်။ ထို့နောက် လိုသာက ဂါရီကို ခေါင်းညိတ် လိုက်သည်။ စကားတစ်လုံးမှ မပြော။
သူ့မျက်နှာအမူအရာက ကျောက်ရုပ်လိုပင် ခံစားချက်မဲ့ ဖြစ်နေသည်။ အသက်ဝင်လှုပ်ရှားမှု မရှိပါချေ။

လိုသာက ကားနောက်ခုံတွင် ထိုင်နေသော စင်တိန့်ဆီသို့ ငေးကြည့်နေသည်။ ထို့နောက် စင်တိန်ဆီသို့ တစ်လှမ်းချင်း ဖြည်းဖြည်းချင်း လျှောက်လာသည်။ စင်တိန်သည် အန့်ပေါင်ပေါ်မှာ ရှာဆာအား လှမ်းချီ ကာ ရှေ့ပိုင်းသို့ ရွှေ့ထားလိုက်သည်။ လိုသာနှင့် လက်လှမ်းမမီရာသို့ ပို့ပြီး ကြိုတင် ကာကွယ် ထားလိုက် သည်။
ထိုအချင်းအရာကို မြင်သောအခါ လိုသာ တုံ့ခနဲ ရပ်လိုက်သည်။ လက်တစ်ဖက်ကို မြှောက်ပြီး စင်တိန့်အား တောင်းပန် သည့် အရိပ်လက္ခဏာ ပြလိုက်သည်။ သို့သော် ခက်ထန်တင်းမာသည့် စင်တိန့်အမူအရာက နည်းနည်း မှ ပျော့ပျောင်းမလာသောအခါ လိုသာ လက်ပြန်ချပြီး စိတ်လျှော့လိုက်တော့သည်။
ဂါရီအဖို့ အံ့အားသင့်ပြီး ဝေခွဲမရ ဖြစ်နေသည်။ လိုသာနှင့် စင်တိန်တို့အား အပြန်အလှန် အကဲခတ် ကြည့်နေ မိသည်။

"ကျွန်မတို့ သွားလို့ရပလား ပါပါ"
စင်တိန်က ဂါရီအား ပြတ်သားသောအသံဖြင့် ပြောလိုက်သည်။
"သွားလို့ရပါပြီ သမီးရယ်"
ဂါရီသည် ဖီးယက်ကား ရှေ့သို့ သွားပြီး စက်ကို ဂေါက်တံဖြင့် လှည့်၍ နှိုးလိုက်သည်။ စက်နိုးသွားသော အခါ ယာဉ်မောင်းနေရာတွင် ပြန်လာထိုင်ပြီး နောက်ဘက်ရှိ စင်တိန်ကို လှည့်ကြည့်ကာ မေးလိုက်သည်။
"ဟိုလူ့ ကို သမီးပြောစရာ ဘာမှမရှိတော့ဘူးနော်"
စင်တိန်က ခေါင်းကို ဖြည်းလေးစွာ ယမ်းလိုက်သည်။ ဖီးယက်ကားက ရှေ့သို့ ၀ူးခနဲ မောင်းထွက် သွား သည်။

ကားတစ်မိုင်ခန့် မောင်းလာပြီးမှ စင်တိန် နောက်ဘက်သို့ တစ်ချက်သာ ချာခနဲ လှည့်ကြည့်လိုက်သည်။
လိုသာဒီရေး က ထိုနေရာတွင်ပင် ရပ်လျက် သူမအား လှမ်းကြည့်နေဆဲရှိသည်ကို စင်တိန်မြင်ရသည်။
လိုသာ ကား သဲကန္တာရအလယ်တွင် တစ်ယောက်တည်း ရပ်လျက်။

ဇူးလူးမြေ၏ စိမ်းလန်းသော တောင်တန်း တောင်ကုန်းများသည် စင်တိန် တွေ့ကြုံခဲ့ရသော ကာလာဟာရီ တောနက်ကြီး နှင့်လည်းကောင်း၊ နမစ်သဲကန္တာရကြီးနှင့်လည်းကောင်း လုံးဝခြားနားနေသည်။ အာဖရိက တိုက်ကြီး တစ်တိုက်အတွင်း ဤသို့ "နှစ်မျိုးခြားနားနေသည်ကို မျက်ဝါးထင်ထင် တွေ့မြင်ရသော စင်တိန် အဖို့ပင် မယုံကြည်နိုင်လောက်အောင် ဖြစ်နေသည်။
သို့သော် ထိုနှစ်နေရာသည် အာဖရိကတိုက်ကြီး၏ ဤမှာ ဖက်စွန်းနှင့် ဟိုမှာဘက်စွန်း ဘယ်နှစ်ဖက်တွင် ဆန့်ကျင်ပြီး မိုင်ပေါင်းထောင်ချီဝေးသည်ကို စင်တိန် သတိရလာသည်။
အိမ်ကြီးရှေ့တွင် ကားရပ်လိုက်သည်။ နောက်ခန်းမှ အမျိုးသမီးနှစ်ယောက်ကို ဂါရီက ဖေးကူတွဲ၍ အောက် သို့ ချပေးသည်။ စင်တိန့်လက်ထဲမှ ရှာဆာကို လှမ်းယူချီလိုက်ပြီး ဂါရီက ပြောလိုက်သည်။

"ဒီအိမ်ကြီးပေါ့၊ ရှောင်ရယ်၊ မိုက်ကယ်ရယ် တို့သုံးယောက်စလုံး ဒီအိမ်ကြီးမှာ မွေးခဲ့တာ"
အိမ်ကြီးကို တောင်စောင်းတွင် ဆောက်ထားသည်။ ဘေးပတ်ပတ်လည်တွင် ဥယျာဉ်များ ၀န်းရံထားသည်။ သို့သော် ဥယျာဉ်များက ပြုပြင်ထိန်းသိမ်းမည့်သူ မရှိသဖြင့် တောရိုင်းသဖွယ် ဖြစ်နေသည်။
"အို ... သိပ်လှတာပဲ၊ ဟိုမှာ ကြည့်စမ်းပါဦး၊ နှင်းဖတ်တွေ ဆောင်းထားတဲ့ တောင်ထိပ်တွေက ၀န်းရံလို့" စင်တိန်က ၀မ်းသာအားရ ပြောလိုက်သည်။
"အဲဒါ ဒရာတင်စဘတ် တောင်တန်းတွေလေ၊ မိုင်တစ်ရာခန့်တော့ ဝေးမယ်" ဂါရီက ပြောလိုက်သည်။
"အဲဟိုဟာတွေကော ကုတ်နေမိသားစု ပိုင်တာပဲလား"
စင်တိန်က ကုန်းမြင့်အောက်ဘက်ရှိ သကြားစက်နှင့် သစ်စက်များကို လက်ညှိုးထိုးပြီး မေးလိုက်သည်။

"ဟုတ်တယ်၊ အဲဒါတွေကတော့ ရှောင်ရဲ့သား ဒတ်ကုတ်နေ ဟာတွေလေ၊ ကဲ လာကြ လာကြ၊ အိမ်ထဲ ၀င်ကြရအောင်"
သူတို့ အိမ်ထဲသို့ ၀င်သွားကြရာ ဇူးလူး အိမ်ဖော်များက အသင့် ကြိုဆိုနေကြသည်။
"ရှင့်အိမ်ဝင်းထဲမှာ ဥယျာဉ်ဘယ်နှစ်ခု ရှိသလဲ" အန်က မေးသည်။
"အင်း ... လေးခုထက်မကတော့ ရှိမယ်"
စင်တိန်သည် မြင်းဇောင်းမှ မြင်းများကို မြင်ရသောအခါ ၀မ်းသာပျော်မြူးသွားသည်။
"ဟောဟိုမှာ မြင်းတွေပါလား" စင်တိန်က ပြောလိုက်သည်။

"ဟုတ်တယ်၊ အဲဒီမြင်းတွေကို ထိန်းသိမ်းရမယ့် တာဝန်ဟာ ငါ့သမီးရဲ့ တာဝန်တစ်ခုပဲပေါ့၊ မိုက်ကယ်လေး အတွက် မြင်းပေါက်လေးတစ်ကောင် ရှာရဦးမယ်" ဂါရီက ပြောလိုက်သည်။
"အို ... ငယ်ပါသေးတယ်၊ နှစ်နှစ်တောင် မပြည့်သေးဘူး အန်က ကန့်ကွက်လိုက်သည်။
"လောကက မှာ ငယ်သေးတယ် ဆိုတာရော ကြီးသွားပြီး ဆိုတာရော မရှိပါဘူး အမေကြီးရယ်"
ဂါရီက အဓိပ္ပာယ်ပါပါ ပြောလိုက်သည်။ ထို့နောက် သူတို့အား အိမ်ထဲသို့ ခေါ်သွားသည်။ အိမ်ကြီး မဟာထဲမှ အဆောင်ဆောင် အခန်းခန်းတို့သည် ကြီးကျယ်ခမ်းနားသော်လည်း  ရှေးဆန်လွန်းသည်။ ဖုန်အလိမ်းလိမ်း လူးနေသည်။ စင်တိန်က ကိုယ့်အိမ်ကိုယ့်ယာကို ပြန်ရောက်လာသလို ခံစားရမိသည်။
"ကဲ လာကြ၊ မင်းတို့နေမယ့်အခန်းတွေကို ငါလိုက်ပြမယ်" ဂါရီက ပြောလိုက်သည်

ဂါရီသည် သူ့အခန်းကျယ်ကြီးဘေးမှ အခန်းတစ်ခန်းကို အန့်အတွက် ပေးထားသည်။ အန့်အခန်းသည် ဂါရီ ၏ အ၀တ်အစားလဲခန်းနှင့် မလွယ်ပေါက်တံခါးဖြင့် ဆက်ထားသည်ကို စင်တိန် သတိပြုမိသည်။ အန့် မျက်နှာ ၌ ရှက်သွေးရောင် သန်းနေသည်။
"ဒါ မင်းအခန်းပဲ ငါ့သမီး"
ဂါရီက စင်တိန်အား အပေါ်ထပ် အခန်းကျယ်ကြိး တစ်ခန်းကိုပြရင်း ပြောလိုက်သည်။ အခန်း၏ လေသာ ဆောင်ပြတင်းပေါက်များကို ဖွင့်လိုက်သောအခါ အောက်တွင် ဥယျာဉ်များကို လှမ်းမြင်နေရသည်။
"အို ... သိပ်ကောင်းတဲ့အခန်းပဲ၊ မြင်ကွင်းကလဲ သိပ်လှတယ်"
စင်တိန်က ၀မ်းသာအားရ လက်ခုပ်လက်ဝါးတီးပြီး ပြောလိုက်သည်။

"အင်းလေ၊ ဒါပေမယ့် ပြန်ပြီး မွမ်းမံ ပြင်ဆင်ပေးရဦးမယ်၊ ကော်ဇောတို့၊ လိုက်ကာတို့၊ ခန်းဆီးတို့အားလုံး ပြန်ပြီး အသစ်လဲရမယ်၊ ငါ့သမီးကြိုက်တဲ့ အသွေးအရောင် အမျိုးအစားတွေ လဲပေါ့ ဟုတ်လား၊ ကဲ လာ ... မိုက်ကယ်လေးအတွက် အခန်းသွားကြည့်ရအောင်"
စင်တိန့်အခန်းနှင့် မျက်နှာချင်းဆိုင်အခန်းကို ဂါရီက ဖွင့်လိုက်သည်။ သူ့အမူအရာ ပြောင်းသွားသည်။ ၀မ်းနည်းရိပ် ဆွေးရိပ်များ မျက်နှာတွင် ပေါ်လာသည်။
"ဒါ ငါ့သားမိုက်ကယ် နေသွားတဲ့အခန်းပဲ၊ ငါ့သား မိုက်ကယ့်အခန်းမှာ ငါ့မြေးလေး မိုက်ကယ် ဆက်နေသင့် တယ်လို့ ထင်တာပဲ၊ တကယ်လို့ ငါ့သမီးမကြိုက်ယင် နောက်ထပ် ရွေးစရာ  အခန်း ၁၅ခန်း ရှိပါသေးတယ်"

ထိုအခန်းထဲမှ နေရာတိုင်းသည် မိုက်ကယ်၏ အငွေ့အသက်များနှင့် ပြည့်လျှမ်းနေသည်။ နံရံပေါ်မှ မိုက်ကယ် ၏ ဓာတ်ပုံက သူတို့အား ပြုံးပြီး ကြည့်နေသည်။ ရပ်တီ ဘောလုံးအသင်းတွင် ပါသော မိုက်ကယ်ပုံ၊ သေနတ်ကိုင်ထားသော မိုက်ကယ်၏ အမဲလိုက်ပုံတို့က စင်တိန်အား ရင်ခုန်လာစေသည်။
"အို ... မိုက်ကယ်လေးအတွက် သူ့အဖေအခန်းမှာ နေရတာ အသင့်လျော်ဆုံးပါပဲ ပါပါ၊ ဒီအခန်းကို ဒီအတိုင်း ခြေရာလက်ရာမပျက်ထားတာ အကောင်းဆုံးပါပဲ"
"င့ါသမီး သဘောကျယင် ဖေဖေ ၀မ်းသာပါတယ်ကွာ"
ထိုစဉ် တယ်လီဖုန်းသံ မြည်လာသဖြင့် ဂါရီ အပြင်ထွက်သွားသည်။ ဂါရီသည် တယ်လီဖုန်းတစ်ခုပြီးတစ်ခု ဆက်ပြောနေသည်။ အတန်ကြာမှ ပြန်လာပြီး ပြောလိုက်သည်။
"အင်း ... တယ်လီဖုန်းတွေကလဲ တစ်လုံးပြီးတစ်လုံး လာနေတာပဲ စိတ်ပျက်ဖို့ကောင်းလိုက်တာ၊ လူတိုင်း က မင်းနဲ့တွေ့ချင်လို့ လာတာ၊ နက်ဖြန် သူတို့အိမ်ကို နေ့လယ်စာ လာစားပြီး သူတို့နဲ့ တစ်နေ့လာနေပါလို့ ဖိတ်တယ်၊ ငါတော့ ငါ့သမီးကိုယ်စား လက်ခံလိုက်မိပြီ၊ ဘယ်လိုလဲ"
"အို ... ပါပါ၊ ဒါတော့ သွားရမှာပေါ့"

ဗိုလ်ချုပ်ကြီးရှောင်ကုတ်နေ အိမ်မှ နေ့လယ်စာစားပွဲသို့ အန်က မလိုက်ဘဲနေခဲ့သည်။
ထို့ကြောင့် ဗိုလ်မှူးကြီး ဂါရီကုတ်နေ၊ စင်တိန်နှင့် ရှာဆာတို့သာ နေ့လယ်စာစားပွဲသို့ သွားကြသည်။ ရှောင့်အိမ်မှာ ဂါရီအိမ်နှင့် သိပ်မဝေးလှပေ။ ဂါရီအိမ်လိုပင် ကြီးကျယ် ခမ်းနားသည်။ သို့သော် ဂါရီ အိမ်ထက် ပိုပြီး ခေတ်မီစွာ မွမ်းမံပြင်ဆင်ထားတာ ပိုပြီး တောက်ပ ပြောင်လက်နေသည်။ ဂါရီက တစ်ကိုယ်တည်း သမားဖြစ်ပြီး ရှောင်က မိသားစုနှင့် နေရခြင်းကြောင့် ခြားနားနေခြင်း ဖြစ်မည်ဟု စင်တိန် တွေးမိသည်။
ရှောင်ကုတ်နေ က အိမ်အ၀င်အ၀မှ ထွက်ကြိုသည်။

"စင်တိန်ရေ ... မင်းကတော့ သေရွာကပြန်လာသူနဲ့ တယ်တူနေတာပဲ"
ရှောင်က စင်တိန်ကို လက်နှစ်ဖက်ဖြင့် ဆွဲကိုင်နှုတ်ဆက်လိုက်သည်။ ထို့နောက် ဂါရီဘက်သို့ လှည့်လိုက် ပြီး ဂါရီ ပွေ့ချီထားသော ရှာဆာကို လှမ်းယူကာ ချီလိုက်သ်ည။
"ဒါ မိုက်ကယ့်သားလေးဟေ့"
ရှောင်ကုတ်နေ က ၀မ်းသာအားရ ပြောလိုက်ရာ စင်တိန်စိတ်ထဲ၌ ကြည်နူးချမ်းမြေ့သွားသည်။ ထို့နောက် ရှောင်ကုတ်နေက သူ၏ ဇနီးရုသ်ကုတ်နေနှင့် သူ၏သမီး စတွမ်းကုတ်နေကို စင်တိန်နှင့် မိတ်ဆက်ပေး သည်။

"မိုက်ကယ်ဟာ တို့မိသားစု ရဲ့အချစ်တော် တစ်ယောက်ပါ၊ အခုတော့ တို့များ အသည်းထဲက မိုက်ကယ် နေရာ မှာ သမီးရောက်လာပြီပေါ့" ရှောင်ဇနီး က လှိုက်လှဲ့ပျူငှာ ကြိုဆိုသည်။
သမီးဖြစ်သူ စတွမ်းကမူ မာနကြီးပုံ စွာပုံရသည်။ စင်တိန်နှင့် စတွမ်းတို့ ၀တ်ကျေတမ်းကျေသာ နှုတ်ဆက် ကြသည်။ တစ်ယောက်နှင့် တစ်ယောက် သိပ်ဟက်ဟက်ပက်ပက် မရှိပါချေ။
နေ့လယ်စာစားသောက်ပြီး၍ အချိုပွဲတည်းပြီးသောအခါ ရှောင်က စားပွဲမှ ဦးစွာ ထလိုက်ပြီး ပြောသည်။
"ကဲ ... ကျွန်တော်တို့ကို မိနစ် အနည်းငယ်လောက် ခွင့်ပြုကြပါဦး၊ ဂါရီနဲ့ ကျွန်တော်တို့နှစ်ယောက် စင်တိန် နဲ့ ပြောဆိုတိုင်ပင်စရာလေးတွေ ရှိလို့ပါ"
သူတို့သုံးဦး ဗိုလ်ချုပ်ကြီးရှောင်၏ စာကြည့်ခန်းထဲသို့ သွားကြသည်။ မဟော်ဂနီအသားဖြင့် ပြောင်လက် နေ သော စာအုပ်ကြီးများနှင့် စာကြည့်စားပွဲ၊ သားရေဆိုဖာတပ် ကုလားထိုင်၊ အထူးချုပ် အခန့်ချုပ် စာအုပ်များ ဖြင့် စာကြည့်ခန်းမှာ ခမ်းနားထည်ဝါလှပါသည်။ အောက်ဘက်တွင် အရှေ့တိုင်းကော်ဇောများ ခင်းထား သည်။ စင်များပေါ်တွင် အလှအပ အရုပ်ကလေးများ အနုပညာလက်ရာများ တင်ထားသည်။

ပစ်ဂမီ လူပု မုဆိုးရုပ် ပန်းပုလက်ရာကလေးများကို မြင်လိုက်သောအခါ စင်တိန်သည် အိုဝါနှင့် ဟာနီကို သွားသတိရသည်။ ရှောင်က သူ့စားပွဲကြီးနောက်မှ ကုလားထိုင်တွင် ၀င်ထိုင်လိုက်သည်။ စင်တိန်နှင့် ဂါရီ အား စားပွဲရှေ့ ရှိ မျက်နှာချင်းဆိုင်ထိုင်ရာမှ ကုလားထိုင်များတွင် နေရာပေးလိုက်သည်။ အားလုံး ထိုင်ပြီး နေသား ကျသွားသောအခါ ရှောင်က စပြောသည်။ "ဒီကိစ္စ ဂါရီကိုတော့ ငါပြောပြီးပါပြီ၊ လက်ထပ်ပွဲ အခမ်း အနား မစမီလေးမှာ မိုက်ကယ်သေဆုံးခဲ့ရတဲ့ဖြစ်ရပ်ကို ပြောပြပါပြီ၊ ဖြစ်ရပ်အားလုံး အခြေအနေ အားလုံးကို တို့သိပါတယ်၊ ဒါပေမယ့် ဥပဒေအကြောင်းအရ တရားဝင်ဖို့က ရှိသေးတယ်၊ မိုက်ကယ်ဟာ မင်းရဲ့ ခင်ပွန်း ဖြစ်ခဲ့တယ်၊ မိုက်ကယ်လေးရဲ့ အဖေပဲ၊ ဒါ တို့သိတယ်၊ လက်ခံတယ်၊ ဒါပေမယ့် ဥပဒေ အကြောင်းအရ တရားမ၀င်ဘူး ဖြစ်နေတယ်၊ ဥပေဒရှုထောင့် ကြည့်မယ်ဆိုယင် တရားဝင်သား မဟုတ်ဘူး ဖြစ်နေတယ်"

ရှောင်က စကားတစ်လုံးချင်း ချိန်ချိန်ဆဆ ပြောလိုက်သည်။
စင်တိန်လည်း အခုမှတွေးမိပြီး အံ့အားသင့်သွားသည်။
"ငါ အဲဒီလိုအဖြစ်မခံနိုင်ဘူး၊ သူဟာ ငါ့မြေးကလေး၊ တရားမ၀င်တဲ့ကလေး အဖြစ်မခံနိုင်ဘူး"
ဂါရီက ၀င်ပြောလိုက်သည်။
"ဟုတ်တယ်၊ ငါလဲ အဲဒီလို အဖြစ်မခံနိုင်ဘူး"
ရှောင်က ၀င်ပြီး ထောက်ခံလိုက်သည်။
ဂါရီက စင်တိန့်ဘက်လှည့်ပြီး ချိုသာအေးမြစွာ ပြောလိမ့်မည်။

"ဒီမှာ သမီးရယ်၊ မင်း သဘောတူမယ်ဆိုယင် ဒီကလေးကို ငါ မွေးစားချင်တယ်၊ တရားဝင်ဖြစ်အောင် ကလေးအတွက် သိက္ခာရှိအောင်လုပ်တဲ့ သဘောပါ၊ ဒါကိုလဲ အထူးလျှို့ဝှက်ပြီး လုပ်မှာပါ၊ ပြီးတော့ မင်းတို့ သားအမိချင်း ဆက်ဆံရေးလဲ ဘယ်လိုမှ မပြောင်းလဲစေရပါဘူး၊ မင်းက ကလေးအမေ အဖြစ် မင်းပဲ ဆက်ရှိနေပြီး စိတ်ကြိုက်ထိန်းသိမ်းစောင့်ရှောက်ပြုစုပါ၊ ငါက ကလေးရဲ့အုပ်ထိန်းသူအဖြစ်ပဲ နေမှာပါ" စင်တိန်က မျက်မှောင်ကုတ်ပြီး တွန့်သွားသည်။

"အခုလို ပြောရတဲ့အတွက် ငါ့ကို ခွင့်လွှတ်ပါ သမီးရယ်၊ မပြောမဖြစ်လို့ ပြောရတာပါကွာ၊ ခုန ရှောင်ပြော ခဲ့သလိုပဲ မင်းဟာ မိုက်ကယ့် ရဲ့ ကျန်ရစ်သူ မုဆိုးမအဖြစ် တို့အားလုံး လက်ခံပါတယ်၊ တို့ရဲ့မိသားစု နာမည် ကိုလည်း မင်းဆက်သုံးစေချင်ပါတယ်၊ မိုက်ကယ်မဆုံးခင် လက်ထပ်ပွဲ ကျင်းပသွားတယ်လို့၊ မင်း ကို သဘောထားပါတယ်၊ ဒီအခန်းထဲက တို့သုံးယောက်ရယ်၊ အန်ရယ်က လွဲယင် ဒီအကြောင်းတွေကို ဘယ်သူမှ ဘယ်တော့မှ မသိစေရပါဘူး၊ မင်းသဘောကျသလား၊ ကလေး အကျိုးအတွက်ပေါ့လေ"
ဂါရီက ဆက်လက်ရှင်းပြသည်။

စင်တိန် ထိုင်ရာမှ ထလိုက်ပြီး ဂါရီရှေ့သို့ လျှောက်သွားသည်။ ဂါရီထိုင်နေသော ကုလားထိုင်ရှေ့တွင် ဒူးထောက် ထိုင်ချလိုက်သည်။ ဂါရီ ဒူးနှစ်လုံးပေါ်သို့ မျက်နှာအပ်ကာ မှောက်ချလိုက်သည်။
"ကျေးဇူးပါပဲရှင်၊ ဖေဖေဟာ ကျွန်မရဲ့ အဖေအရင်းနေရာကို လိုက်ပါပြီ၊ ကျွန်မ တစ်သက်မှာတော့ ဖေဖေ ဟာ သနားအကြင်နာတတ်ဆုံး လူတစ်ယောက်ပါ၊ ဒီအချိန်ကစပြီး ကျွန်မရဲ့ အဖေအရင်းလို့ သတ်မှတ် လိုက်ပါပြီ"

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

Wednesday, October 5, 2011

ဝင်းဖေဝင်း ဘာသာပြန် စိန်မင်းသမီး (၂၈)

(၃၈)

လိုသာသည် မာနရှိသူတစ်ယောက်ဖြစ်၍ သူ့မာနကို ထိပါးခံမည်မဟုတ်မှန်း စင်တိန် သိလာသည်။ လိုသာ သည် ယုံကြည်ချက်အတွက် ဘ၀တစ်လျှောက်လုံး တိုက်ပွဲဝင်လာသူ မဟုတ်ပါလား။
နောက်တစ်နေ့ တွင် လိုသာက သူ့လုပ်မြဲအလုပ်များကို ထုံးစံအတိုင်း လုပ်သည်။

"အင်း ... လူကိုက အထာကိုင်နေလိုက်တာ မုန့်ဖို့ ကောင်းတယ်၊ အင်း ကြည့်ကြသေးတာပေါ့၊ ဘယ်သူက ဘယ်လောက် ကြာကြာမာနိုင်မယ်ဆိုတာ ကြည့်ကြသေးတာပေါ့"
စင်တိန်က တယောက်တည်း မကျေမချမ်း ပြောနေမိသည်။ သို့သော် နောက်တစ်နေ့ ရောက်လာသော အခါ တွင်မူ စင်တိန် မနေ့က ခပ်ခွာခွာနေခဲ့သဖြင့် အထီးကျန်ခံစားချက်တို့ ပြန်ပေါ်လာရသည်။ သူ့ အပြုံးလေး ကို မြင်ချင်လာပြန်သည်။ သူ၏ ရယ်မောသံ၊ သီချင်းဆိုသံလေးများကို ကြားချင်လာပြန်သည်။ သူနှင့် မျက်နှာချင်းဆိုင်ထိုင်ကာ စကားများ မမောတမ်း မပန်းတမ်း ပြောချင်လာပြန်သည်။
ရှာဆာ က လိုသာအား လက်ဆွဲပြီး တစ်တောက်တောက်နှင့် လျှောက်သွားနသည်ကို မြင်ရသည်။ သူတို့ နှစ်ယောက် ရယ်မောပြောဆိုနေသံများကို ကြားနေရသည်။ ထိုအခါ စင်တိန်မနာလို တိုရှည် ဖြစ်လာပြန် သည်။

"ကျွန်မကလေးကို ကျွန်မပဲ ကျွေးမွေးတော့မယ်၊ ကျွန်မ အလုပ် ကျွန်မ ပြန်လုပ်တော့မယ်၊ ရှင်လုပ်စရာ မလိုတော့ဘူး"
"ကောင်းပါပြီ မစ္စက်ကုတ်နေ"
လိုသာက ထိုသို့ လိုက်လျောသောအခါ စင်တိန် ဟစ်အော်၍သာ ငိုလိုက်ချင်မိတော့သည်။ "ငါမှားတယ် ... ငါမှားတယ်" ဟု စိတ်ထဲက ပြောနေမိသည်။
သူတို့ နှစ်ယောက်ကြားတွင် မာန်မာန တောင်တန်းကြီးက ပိန်းပိတ်အောင် ကာဆီးနေပေသည်။
လိုသာ သည် နံနက်ပိုင်းကပင် မြင်းနှင့် ထွက်သွားသည်။ ထိုနေ့ မွန်းလွဲပိုင်းတစ်ချိန်လုံး လိုသာပြန်လာမည့် မြင်းခွာသံ ကိုသာ စင်တိန် နားစွင့်နေသည်။ အဝေးမှ လွင့်ပျံလာသော ရိုင်ဖယ်သံခပ်သဲ့သဲ့ကိုသာ ကြားရ သည်။

လိုသာပြန်ရောက်လာချိန်တွင် မိုးချုပ်နေချေပြီ။ စင်တိန်နှင့် ရှာဆာတို့ သူတို့တဲထဲမှ အိပ်စင်ပေါ် ရောက် နေ ချေပြီ။ လိုသာ ပစ်လာသော သားကောင်ကို ဖျက်နေသည့် အသံများ ကြားရသည်။ လိုသာ သည် ညဥ့်နက် လုနီးအထိ မီးပုံဘေးတွင် သူ့လူများနှင့်ထိုင်ကာ ရယ်မောပြောဆိုနေသည်။ စင်တိန်သည် မရမက ဇွတ်မှိတ် ပြီး အိပ်ပျော်အောင် ကြိုးစားနေသော်လည်း လိုသာ့ အသံက နားထွဲ၌ စိုးမိုးနေသည်။
နောက်ဆုံး မိမိတဲဘေးရှိ လိုသာ့တဲထဲသို့ လိုသာ ၀င်သွားသံ ကြားရသည်။ တဲထဲ၌ ခြေလက်ဆေးသံ၊ အ၀တ်အစား လဲသံနှင့် အိပ်စင်ပေါ်တက်လိုက်သော အသံများကိုပါ ကြားနေရသည်။
စင်တိန် ဘယ်အချိန် အိပ်ပျော်သွားမှန်းမသိ။

ရှာဆာငိုသံကြောင့် သူမ အိပ်ရာမှ နိုးလာသည်။ ရှာဆာအသံက ဝေဒနာခံစားရပြီး နာကျင်၍ ငိုသံဖြစ်မှန်း စင်တိန် သိလိုက်ရသည်။ ထိုအချိန်တွင် လိုသာ့တဲဘက်မှ မီးခြစ်သံရှဲခနဲ ပေါ်လာပြီး မှန်အိမ်မီးလင်းလာ သည်။
"တိတ် ... တိတ်ပါ သားလေးရယ်"
စင်တိန်က ကလေးကို ချော့လိုက်ပြီး ရင်ခွင်ထဲသို့ ပွေ့ယူချီလိုက်သည်။ ရှာဆာ တစ်ကိုယ်လုံး ပူနေသဖြင့် စင်တိန် ထိတ်လန့်သွားသစည်။
"ကျွန်တော် ၀င်လာလို့ရမလား"
လိုသာက တဲဝမှ ရပ်ပြီး မေးလာသည်။

"ဟုတ် ... ဟုတ်ကဲ့ ၀င်ခဲ့ပါ"
လိုသာ က ၀င်လာပြီး ခုတင်ဘေးတွင် မှန်အိမ်ကို ချထားလိုက်သည်။
ရှာဆာ ကိုယ်ပူပြီး ဖျားနေတယ်"

လိုသာ က ကလေးကို စင်တိန့်လက်မှ လှမ်းယူပြီး ချီလိုက်သည်။ လိုသာသည် အောက်ခံဘောင်းဘီ အတို ကို သာ ၀တ်ထားရာ သူ့ခြေထောက်မှ အမွေးအမျှင်များက အသည်းယားစရာ ကောင်းနေသည်။
ရှာဆာ့ပါးကလေးကို လိုသာက စမ်းလိုက်သည်။ ထို့နောက် လိုသာက ရှာဆာ့ပါးစပ်ထဲသို့ သူ့လက်ညှိုးကို အသာလေး ထိုးထည့်လိုက်သည်။ ရှာဆာက ဒေါသတကြီးအော်ပြီး လက်ကို ကိုက်သည်။
"နောက်ထပ် သွားတစ်ချောင်း ထပ်ပေါက်နေပြီ၊ မနက်ကတည်းက သွားပေါက်စပြုနေတယ်၊ ကျွန်တော် စမ်းကြည့် ထားလို့ သိနေတယ်၊ အခုတော့ သေချာပြီ"
လိုသာက ကလေးကို စင်တိန့်ထံ ပြန် ကမ်းပေးလိုက်သည်။ ထို့နောက် လိုသာက ကလေးအား ပြောလိုက် သည်။

လိုသာ သည် ဆေးသေတ္တာရှိာရာ လှည်းဆီသို့ သွားပြီး ပစ္စည်းများ မွှေနှောက်ရှာဖွေသံကို စင်တိန် ကြား ရသည်။ သူ ပြန်လာသောအခါ လက်ထဲ၌ ပုလင်းအသေးကလေးတစ်လုံး ပါလာသည်။
ပုလင်းကို ဖွင့်လိုက်သောအခါ လေးညှင်းပွင့်အနံ့ ထွက်လာသဖြင့် စင်တိန် နှာခေါင်းရှုံ့လိုက်သည်။
လိုသာက လက်တွင် လေးညှင်းဆီဆွတ်ပြီး ရှာဆာ့ သွားဖုံးနုနုလေးကို နှိပ်ပေးသည်။ မကြာခင်ပင် ဆာရှာ အိပ်ပျော် သွားရာ သူ့အိပ်စင်ပေါ်သို့ တင်ပေးလိုက်သည်။ သူလုပ်သမျှကို စင်တိန်က ရပ်ကြည့်နေသည်။
လိုသာ က မီးအိမ်ကို လှမ်းယူလိုက်ပြီး ပြောလိုက်သည်။

"ကောင်းသောညပါ မစ္စကုတ်နေ"
လိုသာ တဲဝဆီသို့ လျှောက်သွားသည်။
"လိုသာ ..."
စင်တိန့်နှုတ်ဖျားမှ စကားနှစ်လုံး အလိုအလျောက် ထွက်သွားသဖြင့် စင်တိန်ပင် ပြန်အံ့သြသွားသည်။
"ဒီမှာ ကျွန်မတစ်ကိုယ်တည်းနေခဲ့ရသော ကြာလှပါပြီရှင်၊ ကျွန်မကို ထပ်ပြီး မနှိပ်စက်ချင်ပါနဲ့တော့ ... မရက်စက် ချင်ပါနဲ့တော့" စင်တိန်က လေသံယဲ့ယဲ့လေးဖြင့် ပြောလိုက်သည်။
စင်တိန် က လက်နှစ်ဖက်ဆန့်တန်းပြီး ရင်ဖွင့် ဆီးကြိုလိုက်သည်။ လိုသာက ခြေလှမ်းကျဲကြီးဖြင့် လျှောက် လာသည်။ မှန်အိမ်ကို ချထားလိုက်ပြီး အပြန်အလှန် အားရပါးရ ဖက်လိုက်ကြသည်။
"အို ... လိုသာ ကျွန်မကို ချစ်ပါနော်၊ ချစ်လိုက်စမ်းပါ"

စင်တိန်က လိုသာ့လည်ပင်းကို တစ်အား သိုင်းဖက်ထားသည်။ လိုသာက စင်တိန့်ခါးမှနေ၍ တင်းနေအာင် ပွေ့ဖက်ထားသည်။
"ဟုတ်တယ်၊ ကိုယ် မင်းအပေါ် ရက်စက်ခဲ့မိတယ်၊ ဒါက ဦးနှောက်က အမိန့်ပေးထားလို့ပါ၊ ဒါပေမယ့် ငါ့ရင်ထဲမှာတော့ မင်းကိုချစ်တဲ့  အချစ်မီးတွေ လောင်မြိုက်လို့ အသည်းတောင် ကျွမ်းနေလုပါပြီ အချစ် ကလေး ရယ်"
"အို ... လိုသာ ဖက်ထားစမ်းပါ၊ ချစ်စမ်းပါ၊ ကျွန်မကို ဘယ်တော့မှ လွတ်ထွက်မသွားအောင် ထာဝရ ဖက် ထားစမ်းပါ မောင်ရယ်"

နောက်နေ့များသည် လိုသာနှင့် စင်တိန်တို့အဖို့ ပျော်စရာ နေ့များချည်း ဖြစ်နေသည်။ သူတို့နှစ်ဦးစလုံးအဖို့ အထီးကျန်နေခဲ့သော ဘ၀များကို နိဂုံးချုပ်ကာ အချစ်ပင်လယ်တွင် ကမ်းမမြင် လမ်းမမြင် ကူးခတ်ပျော်ပါး မြူးထူး နေကြသည်။

စင်တိန်အဖို့ နေ့စဉ်ကျင်လည်ရသော ဘ၀သစ်တစ်ခုသို့ ရောက်သွားသည်။ နံနက်အာရုဏ်တက်ချိန်တွင် စင်တိန် အိပ်ရာမှ နိုးလေ့ ရှိသည်။ အိပ်ရာမှ နိုးသည်နှင့် တစ်ယောက်အိပ် အိပ်စင်လေးပေါ်၌ နှစ်ယောက် အတူ အိပ်နေရာမှ လိုသာအား စမ်းမိသည်။ လိုသာပျောက်သွားမည်ကို အလွန်ပင် စိုးရိမ်နေမိသည်။ လိုသာ ကို စမ်းသပ်တွေ့ထိမိမှသာ စိတ်အေးရတော့သည်။
လိုသာ အိပ်မောကျနေသောအခါ စင်တိန်က လိုသာ့မျက်ခွံကို သူမလက်ချောင်း သွယ်သွယ်ပျောင်းပျောင်း လေးများဖြင့် ဖြည်းဖြည်းဖြဲ၍ ဖွင့်နှိုးတတ်သည်။
သူတို့၏ အချစ်ကမ္ဘာသည် အိပ်ရာထ မျက်စိနှစ်လုံးဖွင့်ချိန်မှ အိပ်ရာဝင် မျက်စိနှစ်လုံးမှိတ်ချိန်အထိ အစဉ် အသက်ဝင် စိုပြည်နေသည်။ ရှင်သန် လှုပ်ရှားနေသည်။

အေးမြသော နံနက်ခင်းများတွင် စင်တိန်နှင့် လိုသာတို့ မြင်းစီးထွက်ကြသည်။ လိုသာက ရှာဆာအား လွယ်အိတ် ထဲတွင် ထည့်ပြီး သူ့ရင်ဘတ်ရှေ့၌ ထားလွယ်ကာ မြင်းစီးသည်။ ပထမသုံးလေးရက်တွင် မြင်း ကို အသားကျလမ်းလျှောက်ရုံ ဖြည်းဖြည်းသာ စီးပြီး စခန်းအနိးအနားတစ်ဝိုက်သာ သွားသည်။ စင်တိန် ပိုမို ကျန်းမာသန်စွမ်းလာသောအခါ ခပ်ဝေးဝေးအထိ စီးသည်။ အပြန်ခရီး စခန်းနှင့် တစ်မိုင်ခန့်အလို အရောက် တွင် ကဆုန်စိုင်းပြီး စင်တိန်နှင့် လိုသာတို့ မြင်းစီးပြိုင်ကြသည်မှာ ပျော်စရာ ကြည်နူးစရာ တစ်မျိုး ပင် ဖြစ်သည်။
နေ့လယ်နေ့ခင်းချိန်များတွင်မူ သစ်ခက် တဲများထဲ၌သာ အေးရိပ်ခိုနေကြသည်။ စာဖတ်လိုက်၊ စကားပြော လိုက်၊ ကလေးနှင့် ဆော့ကစားလိုက်၊ သီချင်းဆိုလိုက်ဖြင့် အချိန် ဖြုန်းကြသည်။ ညနေခင်း နေအေးသော အခါ တောင်ခြေရင်းအထိ မြင်းစီးထွက်ကြသည်။ လိုသာက ရှာဆာအား ကျောပိုးပြီး အ၀တ်ဖြင့် လွယ်ကာ မြင်းစီး လေ့ ရှိသည်။ တောင်ခြေရင်း၌ ရေပူစမ်းတစ်ခုကို လိုသာ ထပ်ရှာတွေ့ရာ သူတို့ပျော်ပျော်ပါးပါး ရေချိုး ဆော့ကစား ကြသည်။

ညဘက်တွင် စင်တိန်သည် ရှာဆာအား သူမတဲထဲမှ အိပ်စင်တွင် အလျင်သိပ်သည်။ ရှာဆာ နှစ်နှစ် ခြိုက်ခြိုက် အိပ်မောကျသွားသောအခါ မှန်အိမ်မီးကို မှုတ်ပြီး လိုသာ့တဲဘက်သို့ ကူးသွားတော့သည်။ လိုသာ့ရင်ခွင်၌ မှေးမှိတ်မှီရင်း အချစ်ကမ္ဘာဆီသို့ သူတို့ မမောမပန်း ပြိုင်တူလှမ်းကြသည်။ ဘ၀ရှေ့ရေး အနာဂတ်ရေးများကို ဆွေးနွေးတိုင်ပင်ကြသည်။ အစီအစဉ် ဆွဲကြသည်။
ဤနေ့ ဤရက်များသည် စင်တိန်နှင့် လိုသာအဖို့ ပျော်စရာ ကြည်နူးစရာ ချမ်းမြေ့စရာနေ့ရက်များပင် ဖြစ် တော့သည်။

ချစ်ချစ်တောက်ပူနေသော နေ့တစ်နေ့၏ မွန်းလွဲပိုင်းတွင် မြင်းသည်တော် ဗတ်ဂျန်သည် စခန်းသို့ မြင်းဖြင့် ပြန်ရောက်လာသည်။
လိုသာအဖို့ ဗတ်ဂျန် ခရီးသွားထွက်နေသော ရက်များမှာ ကြာလိုက်သည်ဟု မထင်။ အချစ်ကမ္ဘာလေးထဲ၌ နစ်မွန်း နေသဖြင့် ခဏကလေးဖြင့် ရက်များ ကုန်လွန်သွားသည်ဟု ထင်ရသည်။
စာများ ထည့်ထားသော ပတ္တူအိတ်တစ်လုံး ဗတ်ဂျန်နှင့် ပါလာသည်။ အိတ်ကို ချိတ်ပိတ်ထားသည်။ စာတစ်စောင် မှာ လိုသာအတွက် ဖြစ်သည်။ စာရွက်တစ်ရွက်သာ ပါသည်။ လိုသာက စာကို ဖတ်လိုက် သည်။

ခင်ဗျားအတွက် လွတ်ငြိမ်းချမ်းသာခွင့် ပေးထားသော စာတစ်စောင် ကျွန်တော့် လက်ဝယ်၌ အသင့်ရှိနေပြီ ဖြစ်ကြောင်း သတင်းကောင်းပါးပါရစေ။ ထိုစာကို ဂွတ်ဟုပ်အငူမှ ရှေ့နေချုပ်နှင့် တောင်အာဖရိက ပြည်ထောင်စု တရားရေးဝန်ကြီးတို့က လက်မှတ်ရေးထိုးပေးထားတယ်။
ခင်ဗျား ရဲ့ လုပ်ငန်းတာဝန်များ အာင်မြင်မှုအတွက် ချီးကျူး ဂုဏ်ပြုပါတယ်။ ချိန်းတဲ့နေရာ ချိန်းတဲ့ အချိန်မှာ တွေ့ဖို့ မျှောာ်လင့်ထားပါတယ်။ လွတ်ငြိမ်းချမ်းသာခွင့်စာရွက်ကို ခင်ဗျားအားပေးရန် အသင့် ရှိပါတယ်။

    သင့်ရဲ့
    ဂါရီကုတ်နေ
    (ဗိုလ်မှူးကြီး)

အခြားစာနှစ်စောင်မှာ စင်တိန်အတွက် ဖြစ်သည်။ တစ်စောင်မှာ ဂါရီကုတ်နေထံမှ ဖြစ်ပြီး စင်တိန်နှင့် ရှာဆာ တို့အား သူ့မိသားစုက လက်ကမ်းကြိုဆိုနေကြောင်း၊ ချမ်းမြေ့အေးချမ်းသော ဘ၀ကို ဖန်တီး ပေးမည် ဖြစ်ကြောင်း ရေးသားထားသည်။
တတိယစာမှာ ပထမနှစ်စောင်ထက် အများကြီး ပိုထူသည်။ အန်စတော့၏ စာမတတ်ပေမတတ် ကြောင်ခြစ် သလို လက်ရေးဖြင့် ရေးထားသော စာဖြစ်သည်။ ထိုစာကို ဖတ်ပြီး စင်တိန်သည် စိတ်လှုပ်ရှား နေသည်။ အချို့နေရာများ၌ ရယ်သည်။ အချို့နေရာ၌ မျက်တောင်တဖျပ်ဖျပ်ခတ်ပြီး မျက်ရည်ဝိုင်း လာသည်။ လုသာ ကြားသိနားလည်စေရန် စင်တိန်က အသံထွက်ဖတ်ပြသည်။ စာဆုံးသွားသောအခါ စင်တိန် က ပြောလိုက်သည်။

"ကျွန်မတော့ သူတို့ကိုလဲ တွေ့ချင်တယ်၊ ပြီးတော့ သာယာချမ်းမြေ့နေတဲ့ ကျွန်မတို့နှစ်ယောက်ရဲ့ ဘ၀ ကလေးကုန်ဆုံးသွားမှာလဲ စိုးရိမ်နေတယ်၊ ကျွန်မစိတ်ထဲမှာ ဟိုကိုလဲသွားချင်နေတယ်၊ ဒီမှာလဲ နေချင်နေ တယ်၊ ရှင် နဲ့ အတူ တစ်သက်လုံး နေချင်နေတယ်၊ ကျွန်မအဖို့ မိုက်မဲရာများ ကျနေပြိလား"
"ဟား ... ဟား ... မင်းစိတ်ထဲမှာ ဖြစ်ပေါ်နေတာတွေဟာ သဘာဝကျပါတယ်၊ ဒီနေ့ နေ၀င်ချိန်မှာ ငါတို့ ခရီး စထွက်မယ်"

သဲကန္တာရ၏ ချစ်ချစ်တောက် အပူဒဏ်မှ ကင်းလွတ်ရန် ညဘက်တွင် ခရီးထွက်ကြသည်။
မြင်းဆွဲ ပေါင်းမိုးလှည်းကြီးတစ်စီးထဲမျာ အိပ်စင်တွင် ရှာဆာက အိပ်ပျော်ရင်း လိုက်ပါလာသည်။ စင်တိန် နှင့် လိုသာတို့က မြင်းကိုယ်စီဖြင့် ရင်ပေါင်တန်းကာ အသားကျ စီးလာသည်။ လိုသာ၏ ရွှေအိုရောင် ဆံပင် များ က လရောင်တွင် တောက်ပနေရာ စင်တိန်အဖို့ ရှုမ၀အောင် ဖြစ်နေသည်။
တစ်ညလုံး ခရီးသွားပြီး နံနက် အရုဏ်မတတ်မီ စခန်းချ ရပ်နားကြသည်။ မြေအောက်ရေတွင်းများ အနီး၌ ရပ်နားပြီး လှည်းများရှိရာ စည်များတွင် ရေများ ဖြည့်တင်းသည်။ ထို့နောက် လှည်းများ၏ နေရိပ်ရာ ဘက်များတွင် ခိုလှုံနားနေကြသည်။

ညနေခင်းများတွင် အစေခံများက နောက်တစ်ည ခရီးဆက်ရန် သိမ်းဆည်းထုပ်ပိုး ပြင်ဆင်ချိန်များတွင် လိုသာသည် အမဲပစ် ထွက်လေ့ ရှိသည်။ ပထမပိုင်းတွင် စင်တိန်သည် လိုသာနှင့်အတူ အမဲပစ်ထွက်ရာသို့ လိုက်လေ့ရှိသည်။ တစ်ညနေခင်းလောက်ပင် လိုသာနှင့် မခွဲနိုင်ပါ။ ထာဝရ အတူတူ လိုသာအပါး၌သာ နေချင်ပါသည်ဆိုကာ လိုက်သည်။
သို့သော် တစ်နေ့တွင် လိုသာပစ်လိုက်သောအမဲကောင်သည် ဗိုက်တွင်ထိပြီး ဆက်ပြေးသည်။ လိုသာနှင့် စင်တိန်က မြင်းနှင့် ဆက်လိုက်သည်။ သားကောင်သည် နောက်ဆုံး အမောဆို့ပြီး မပြေးနိုင်တော့ဘဲ လဲကျ သွားသည်။ လိုသာအား သနားခံသည့်အသွင်ဖြင့် သားကောင်ကလဲကျသွားရာမှ မော့ကြည့်သည်။ လိုသာ သည် မြင်းပေါ်မှ လွှားခနဲ ခုန်ဆင်းပြီး ခါးမှ အမဲလိုက်ဓားကို ဖြုတ်ကာ သားကောင်အား အချက်များစွာ ထိုးပြီး သတ်လိုက်သည်။ ထို့နောက်ပိုင်းတွင် စင်တိန်အမဲပစ်မလိုက်တော့ပေ။

ယနေ့ညနေ လိုသာ အမဲပစ်ထွက်သွားသောအခါ စင်တိန်တစ်ယောက်တည်း နေရစ်ခဲ့သည်။ ညနေခင်း ရောက်လာသောအခါ ရုတ်တရက် မြောက်လေတိုက်လာသဖြင့် အေးစိမ့်လာသည်။ ထို့ကြောင့် စင်တိန်သည် ရှာဆာအတွက် အနွေးထည်ယူရန် ပစ္စည်းပစ္စယများထားသော သူနေသည့် ပေါင်းမိုးလှည်း ကြီးပေါ် တက်သွားသည်။
အန် ပေးလိုက်သော အ၀တ်အစားအိတ်ကြီးမှာ လှည်းအတွင်းရှိ တစ်ဘက်ထောင့်တွင် ချိတ်ထားသည်။ ထိုအိတ်အောက်ဘက်တွင် လိုသာ၏ စာရေးစားပွဲပုကလေး ရှိသည်။ စင်တိန်အိတ်ဆီသွားရာတွင် လိုသာ့ စားပွဲအံဆွဲ တစ်လက်မခန့် ပွင့်ပြီးဟနေသည်ကို တွေ့ရသည်။

"ဟင် ... လိုသာ သူ့စားပွဲအံဆွဲသော့ပိတ်ဖို့ မေ့သွားပါလား၊ နောက် မမေ့အောင် သတိပေးရဦးမယ်"
စင်တိန်သည ဟနေသော အံဆွဲကို ပိတ်ပေးရန် စားပွဲဆီသို့ သွားလိုက်သည်။ အနားရောက်သွားသောအခါ အံဆွဲထဲ၌ လိုသာ၏ သားရေဖုံး မှတ်တမ်းစာအုပ်ကို လှမ်းမြင်နေရသည်။ စင်တိန်သည် အံဆွဲကို ပိတ်မည် လုပ်ပြီးမှ စာအုပ်ဆီ စိတ်ရောက်သွားသည်။

"သူ ငါ့အကြောင်း စာအုပ်ထဲ ဘာတွေများ ရေးထားပါလိမ့် ..."
သိချင်စိတ်က လွှမ်းမိုးလာသည်။ ထို့ကြောင့် အံဆွဲကို မပိတ်ဘဲ အသာအယာ ဆွဲဖွင့်လိုက်သည်။ သားရေဖုံး စာအုပ်ကြီးကို ငုံ့ကြည့်ပြီး တစ်ကိုယ်တည်း ပြောလိုက်ပြန်သည်။
"ငါတကယ် သိချင်တာမှ ဟုတ်ရဲ့လားလ
စင်တိန်သည် အံဆွဲကို ပိတ်လိုက်တော့မလို ဖြစ်သွားပြီးမှ လက်တုံ့သွားပြန်သည်။ သူတစ်ပါးနေ့စဉ် မှတ်တမ်းစာအုပ်ကို ဖတ်လို့ သင့်မှသင့်ပါ့မလားဟု ချီတုံချတုံ ဖြစ်နေသည်။

"အင်းလေ ငါနဲ့ပတ်သက်တဲ့အကြောင်း၊ ငါ့အကြောင်းရေးထားတာပဲ၊ ငါဖတ်မယ်၊ ငါနဲ့မဆိုင်တာတွေ မဖတ်ပါဘူး"
စင်တိန်သည် လှည်းအ၀င်အ၀သို့ ပြန်ထွက်လာပြီး အပြင်ကို ကြည့်လိုက်သည်။ ခပ်လှမ်းလှမ်း၌ ဟင်းဒရစ် ကို မြင်သောအခါ လှမ်းမေးလိုက်သည်။
"မင်းသခင် ပြန်ရောက်ပြီလား"
"မရောက်သေးဘူး သခင်မ၊ သေနတ်သံလဲ မကြားရသေးဘူး၊ အမဲမတွေ့သေးဘူး ထင်တယ်၊ ဒီညနေ နောက်ကျ လိမ့်မယ်"
"ဒါဖြင့် သူပြန်လာတာ မြင်မြင်ချင်း ငါ့ကိုလာပြောစမ်း"

စင်တိန်သည် ဟင်းဒရစ်အား အမိန့်ပေးခဲ့ပြီးနောက် စာရေးစားပွဲဆီသို့ ပြန်လျှောက်သွားသည်။ ထို့နောက် စာအုပ်ကို ဆွဲထုတ်ပြီး ပေါင်ပေါ်တင်လှန်လိုက်သည်။ အာဖရိကတိုက်ဖွား လူဖြူများ သုံးသော စာဖြင့် ရေးထား ရာ စင်တိန် ဖတ်တတ်သော စာဖြစ်၍ အဆင်ပြေသွားသည်။ သို့သော် အချို့စာပိုဒ်များကို ဂျာမန် စာဖြင့် ရေးထားသည်။
စင်တိန်သည် နေ့စွဲများကို ကြည့်ပြီး စာရွက်များကို လှန်သွားသည်။ လိုသာက စင်တိန်အား ကယ်ဆယ်ခဲ့ သည့် နေ့စွဲသို့ ရောက်သောအခါ ရပ်လိုက်သည်။ ထိုနေ့စွဲအောက်တွင် ရေးထားသော စာများမှာ လေးမျက်နှာ ရှိသည်။ ထိုစာအုပ်ထဲတွင် တစ်နေ့တည်း စာအများဆုံး ရေးထားသောနေ့ ဖြစ်သည်။

ထိုစာသည် ခြင်္သေ့ကို တိုက်ခိုက်ပုံ၊ ကယ်တင်ပုံ၊ သူမမေ့မြောနေစဉ် သူ့စခန်းသို့ သယ်လာပုံနှင့် ရှာဆာ အကြောင်းတို့ကို ပြည့်ပြည့်စုံစုံ အသေးစိတ် ရေးထာသည်။ စင်တိန် စာဖတ်ရင်း ပြုံးမိသည်။
... အလွန်သန်မာထွားကျိုင်းသော ကလေး ဖြစ်သည်။
ငါ့သားလေးကလေးဖင်းဖရက်ကို ငါနောက်ဆုံး တွေ့ခဲ့ရသော အရွယ်လောက်ပင် ရှိမည်။ ထိုကလေးကို မြင်သောအခါ ငါ့ရင်ထဲ၌ ခံစားမိလာသည်။
စင်တိန် ပြုံးလိုက်ပြီး စာရွက်ကို ဆက်လှန်သည်။ မိမိအကြောင်း ဘယ်လိုများ ရေးထားသလဲဟု ဆက်ရှာ သည်။ စာပိုဒ်တစ်ပိုဒ်သို့ မျက်စိရောက်သွားပြီး ဖတ်လိုက်သည်။

... သူမ အသွင်က ဓာတ်ပုံထဲက နှင့်လည်း မတ၊ ငါရုတ်ခြည်း မြင်လိုက်င်္ပြီး စိတ်ထဲ၌ ထာဝရ စွဲနေသော ပုံနှင့် လည်းမတူ၊ သို့သော် မြင်မြင်ချင်း သူမသည် ငါရှာနေသော အမျိုးသမီးမှန်း သိလိုက်သည်။ သူ့ဆံပင် များက ထူခြားပွယောင်းနေသည်။ သူ့မျက်နှာကလေးက သွယ်ပြီး အညိုရောင် သန်းနေသည်။ မျောက် တစ်ကောင် နှင့် တူနေသည်။
စင်တိန်သည် အနည်းငယ်ဘ၀င်ကျသွားပြီး စာရွက်များကို ဆက်လှန်လိုက်သည်။ လိုသာ့ မြင်းခွာသံကို လည်း တစ်ဘက်မှ နားစွင့်လိုက်သည်။ "လူရိုင်းလူကလေး" ဆိုသော စာလုံးကို မြင်လိုက်သောအခါ စင်တိန် လန့်သွားသည်။ ရင်ထဲ၌ ဒိန်းခနဲ ခုန်သွားပြီး စိတ်ဝင်စားသွားသည်။ သိချင်စိတ်ပြင်းပြလာသည်။

... ပစ်ဂမမီလူပုလေးများ ညဘက်တွင် စခန်းအနီးသို့ ချဉ်းကပ်နှောင့်ယှက်လာသည်။ သူတို့ခြေရာများကို မြင်းများ၊ ကျွဲနွားများအနီး၌ ဟင်းဒရစ်က တွေ့လာခဲ့သည်။ အရုဏ်ဦး အလင်းရောင်လာသည်နှင့် သူတို့ နောက်သို့ ငါတို့လိုက်သည်။ အလွန်ခက်ခဲသော အမဲလိုက်ပွဲပင် ဖြစ်သည်။
"အမဲလိုက်သည်" ဆိုသော စာလုံးကြောင့် စင်တိန် မျက်လုံးပြူးသွားသည်။ ထို့ကြောင့် ကမန်းကတမ်း ဆက်ဖတ်သည်။

... လူရိုင်းလူပုကလေး နှစ်ယောက် နောက်သို့ ငါတို့ လိုက်ကြသည်။ သူတို့က မျောက်ဝံများလိုပင် တောင်စွယ် တောင်စောင်းတစ်လျှောက် တက်ပြေးသည်။ ငါတို့ဆက်မလိုက်နိုင်ဘဲ မျက်ခြေပြတ်သွားတော့ မလိုပင် ဖြစ်သွားတော့သည်။ သို့သော် သူတို့က မျောက်ဝံများလိုပင် စပ်စုသည်။ တစ်ယောက်က တောင်ထိပ် မှ နေ၍ ငါတို့ကို ငုံ့ပြီး ပြူးကြည့်သည်။ အပေါ်တည့်တည့် မတ်စောက်သော နေရာတွင် ရှိပြီး အလှမ်းကွာဝေးသဖြင့် ပစ်ရခက်ခဲသည်။ စင်တိန်မျက်နှာတွင် သွေးမရှိသလို ဖြစ်သွားသည်။ သူဖတ်နေရ သည့် စာများကို မယုံကြည်နိုင်အောင် ဖြစ်နေသည်။ သူ့ရင်ထဲ၌လည်း တဒိတ်ဒိတ်ခုန်နေသည်။
... ပစ်ရခက်သော်လည်း ထိုလူရိုင်းပုလေးကို ထိမှန်အောင် ငါပစ်လိုက်နိုင်သည်။

ထို့နောက် ထူးခြားသော ဖြစ်ရပ်တစ်ခုကို တွေ့လိုက်ရသည်။ ငါ့အဖို့ နောက်ထပ် တစ်ချက်ထပ်ပစ်ဖို့ပင် မလိုတော့ပေ။ ကျန်လူရိုင်း တစ်ယောက်မှာ တောင်ထိပ်ပေါ်မှ အလိုအလျောက် ပစ်ကျလာသည်။ အောက်က လှမ်းမြင်ရသည်မှာ သူ့အလိုအလျောက် ခုန်ချအသေခံလိုက်ပုံနှင့် တူလှသည်။ သို့သော် အရိုင်းအစိုင်း ဤလို တိရစ္ဆာန်သတ္တ၀ါ များ၌ ကိုယ့်ကိုယ်ကိုယ် သတ်သေသည်ဟူ၍ မရှိ။ ခြေချော်ပြီး ကျခြင်းသာ ဖြစ်နိုင်သည်။ ထို့ကြောင့် လူရိုင်း အလောင်းနှစ်လောင်းအား သွားကြည့်ရန် ဆုံးဖြတ် လိုက်သည်။ တောင်စောင်း ကျောက်စွန်းများပေါ်သို့ တက်သွားရသည်မှာ ခက်ခဲပြီး အန္တရာယ် များလှသည်။ သို့သော် စွန့်စားရကျိုးနပ်လောက်အောင်ပင် ဆုလာဘ်ရပါပေသည်။ ပထမတွေ့ခဲ့သော အလောင်းမှာ လူရိုင်းအဘိုးကြီးအလောင်း ဖြစ်သည်။ သူ့ခါးတွင် ချိတ်ထားသော "ဂျိုးဇက်ရောဂျာ" တံဆိပ် နှင့် မောင်းချဓားမှလွဲ၍ အခြားဘာမျှ ထူးထူးခြားခြား မရှိပေ။

စင်တိန် ခေါင်းကို တွင်တွင်ယမ်းလိုက်ပြီး အလန့်တကြား ပြောလိုက်မိသည်။
မဟုတ်ပါစေနဲ့ ... မဟုတ်ပါစေနဲ့"
စင်တိန်သည် စာကို ဆက်ဖတ်လိုက်ပြန်သည်။
... ထိုလူရိုင်းသည် ယင်းမောင်းချဓားကို အခြားခရီးသွားများထံမှ ခိုးယူလာခြင်း ဖြစ်ပုံရသည်။ သူတို့သည် အလားတူ ပစ္စည်းခိုးရန် ငါတို့စခန်းထဲ ၀င်လာခြင်း ဖြစ်ပုံရသည်။
စင်တိန် မျက်စိထဲတွင် အိုဝါကို ပြန်လည် မြင်ယောင်လာသည်။ အိုဝါသည် နေရောင်အောက်တွင် ဆောင့်ကြောင့် ထိုင်ကာ လက်ထဲတွင် မောင်းချဓားကိုကိုင်ပြီး ၀မ်းသာလွန်း၍ မျက်ရည်များ စီးကျ လာနေပုံကို ပြန်လည်ပြီး တရေေးရး မြင်ယောင်နေမိသည်။

စင်တိန်သည် စိတ်ထဲက မဟုတ်ပါစေနဲ့ ... မဟုတ်ပါစေနဲ့ဟု ဆုတောင်းရင်း စာကို ဆက်ဖတ်သည်။
... ဒုတိယအလောင်း က ပို၍ဆုလာဘ်ကောင်း ရရှိခဲ့သည်။ ဒုတိယလူရိုင်းအလောင်းမှာ အဘွားကြီး ဖြစ်သည်။ အဘိုးကြီး ထက် အသက် ပိုကြီးပုံရသည်။  အဘွားကြီး လည်ပင်း၌ အလွန် ထူးခြားလှပသော လည်ဆွဲ တစ်ကုံးကို ဆွဲထားသည်။
စင်တိန့်ပေါင်ပေါ်မှ စာအုပ်အောက်သို့ လျှောကျသွားသည်။ စင်တိန်က မျက်နှာကို လက်နှစ်ဖက်ဖြင့် အုပ်ပြီး အလန့်တကြား ပြောလိုက်သည်။

"အို ... ဟာနီ၊ ကျွန်မအမေကြီး ... ကျွန်မ ချစ်မြတ်နိုးရတဲ့  အမေကြီး ... အမေကြီး ... အမေ ကျွန်မဆီကို လာ တယ်ပေါ့၊ သူက အမေ့ကို ပစ်ချတယ်ပေါ့"
စင်တိန် က ဆန်လူမျိုးတို့၏ စကားဖြင့် ငိုပြီး ပြောနေမိသည်။ ဆန်လူမျိုးတို့၏ ၀မ်းနည်းပုံအတိုင်း လည်ချောင်း ထဲက အစ်အစ်မြည်ကာ ကိုယ်ကို သိမ့်သိမ့်ခါနေသည်။
စင်တိန်သည် စာရေးစားပွဲဘက်သို့ ချာခနဲ လှည့်လိုက်ပြီး အံဆွဲကို ဆွဲဖွင့်လိုက်သည်။ အံဆွဲထဲမှ စာရေး စက္ကူများ၊ ဖောင်တိန်များ၊ ချက်ဖယောင်းအတောင့်များကို အောက်သို့ ချထားလိုက်သည်။

"လည်ဆွဲ ... လည်ဆွဲ ... ငါသေချာအောင် လည်ဆွဲကို ရှာရမယ်"
အံဆွဲထဲမှ ဘူးတစ်ဘူး တွေ့သည်။ ဆွဲထုတ်ယူပြီး ဖွင့်ကြည့်လိုက်သည်။ အထဲတွင် ကလေးချီထားသော မိန်းမငယ် တစ်ယောက်၏ဓာတ်ပုံတစ်ပုံ တွေ့ရသည်။ ဓာတ်ပုံကို ဖယ်လိုက်ရာ အောက်ဘက်တွင် မိမိ ကိုယ်တိုင် ပေးထားသော ဟာနီ လည်ဆွဲကို သွားတွေ့သည်။ တုန်ယင်နေသော လက်များဖြင့် လည်ဆွဲ ကို ကောက်ယူလိုက်သည်။
"ဟာနီ ... အို ... အမေကြီး ..."
စင်တိန် ငိုသံပါကြီးဖြင့် ရေရွတ်လိုက်သည်။ ထို့နောက် လည်ဆွဲကို ရင်မှာ အပ်ပြီး ပြောလိုက်ပြန်သည်။

"သူ အမေ့ကို သတ်ခဲ့တာပဲ"
စင်တိန် က လည်ဆွဲကို အသေအချာ ပြန်ကြည့်လိုက်ရာ ကျောက်တုံးရောင်စုံပေါ်တွင် ခြောက်သွေ့ နေသော သွေးစက်များကို တွေ့ရသည်။
"သူ အမေ့ ကို တိရစ္ဆာန်လို ပစ်ချခဲ့တာပါပဲလား"
စင်တိန်သည် ရင်ဘတ်၌ လည်ဆွဲကို အပ်ပြီး မျက်စိစုံမှိတ်ကာ တသိမ့်သိမ့်ရှိုက်ငိုနေသည်။ လိုသာ ပြန်လာ၍ သူ့လူများက အော်ဟစ်ကြိုဆိုသံကြားရတော့မှ စင်တိန် ထိုင်ငိုနေရာမှ ရုတ်တရက် ထရပ်လိုက် သည်။ ၀မ်းနည်းကြေကွဲရာမှ ဒေါသ ဖြစ်လာသည်။
"ဟေ့ကောင် ဟင်းဒရစ် ဒီမှာ ငါ့မြင်းလာယူ၊ မင်းသခင်မ ဘယ်မှာလဲ"

အပြင်မှ လိုသာ ပြောလိုက်သော စကားသံကို စင်တိန်အတိုင်းသား ကြားလိုက်ရသည်။ စင်တိန့် မျက်ဝန်း တွင် မျက်ရည်စမရှိတော့၊ ဒေါသအခိုးအငွေ့များ လျှံတက်လာသည်။ စင်တိန်သည် အံဆွဲထဲမှ လျူဂါပစ္စတို ကို ကောက်ယူလိုက်ပြီး စကတ်အိတ်ထဲထည့်ကာ လှည်းပေါ်မှ အောက်သို့ ခုန်ဆင်းသွားသည်။ လှည်းနား သို့ရောက်လာသော လိုသာသည် စင်တိန်ကို မြင်လိုက်ရ၍ ပျော်သွားသည်။
"စင်တိန် ..."
လိုသာက လှမ်းခေါ်လိုက်သည်။ သို့သော် စင်တိန်၏ ထူးခြားနေသော အမူအရာကြောင့် လိုသာ တုံ့ခနဲ ရပ်လိုက်သည်။

"စင်တိန် ဘာဖြစ်လို့လဲဟင်၊ တစ်ခုခု ဖြစ်နေသလိုပဲ"
စင်တိန်က ဘယ်ဘက်လက်ဖြင့် ကိုင်ထားသော လည်ဆွဲကို သူမ လက်အောက်ဆန့်တန်ပြီး ပြလိုက်သည်။ သူမ လက်ချောင်းများထဲတွင် လည်ဆွဲက တဖိတ်ဖိတ် အရောင်တောက်နေသည်။ စင်တိန့်အဖို့ စကားလုံး များက လည်ချောင်းထဲ၌ ဆို့နင့်ပြီး အသံမထွက်ဘဲ ဖြစ်နေသည်။
သူမ မျက်နှာက သုန်မှုန်နေသည်။ သူမ မျက်လုံးအစုံက ဒေါသအရောင် တောက်နေသည်။

"မင်း ငါ့စားပွဲအံဆွဲတွေ ဖွင့်ခဲ့တယ်လား"
"ရှင် သူ့ကို သတ်ခဲ့တယ် မဟုတ်လား"
"ဘယ်သူလဲ၊ လူရိုင်းမအဘွားကြီးလား"
လိုသာ က ဘာမှ နားမလည်ဘဲ ဇဝေဇ၀ါဖြင့် မေးလိုက်သည်။
"ဟာနီ လေ"
"ဟင့်အင်း ငါမသိဘူး၊ ဘာမှ နားမလည်ဘူး"
"ကျွန်မရဲ့ အမေကြီးလေ"
"တစ်ခုခုတော့ မှားနေပြီ ထင်တယ်၊ ငါ ရှင်းပြပါမယ်"

လိုသာ အံ့အားသင့်သွားသည်။ လိုသာ စင်တိန့်ဆီသို့ တစ်လှမ်းတိုးသွားသည်။ စင်တိန်က နောက် တစ်လှမ်း ဆုတ်လိုက်ပြီး အော်လိုက်သည်။
"ရှင် ကျွန်မ အနားမကပ်နဲ့၊ ကျွန်မကို မထိနဲ့၊ ကျွန်မကို နောက်ထပ် ဘယ်တော့မှ မထိနဲ့တော့"
စင်တိန်သည် သူစကတ်အိတ်ထဲမှ ပစ္စတိုကို ညာလက်ဖြင့် ဆွဲထုတ်လိုက်သည်။
"စင်တိန် စိတ်အေးအေးထားစမ်းပါကွာ၊ ငါရှင်းပြပါ့မယ်"
လိုသာ သည် စင်တိန့်လက်ထဲ၌ သေနတ်ကို မြင်လိုက်ရသဖြင့် ရှေ့ဆက်မတိုးတော့ဘဲ ရပ်လိုက်သည်။

"မင်း ရူးနေသလား၊ ပေးစမ်း သေနတ်ငါ့ကိုပေးစမ်း"
လိုသာသည် စင်တိန့်ကို တအံ့တသြငေးကြည့်နေရာမှ ရှေ့သို့ တစ်လှမ်း တိုးလာသည်။
"ရှင် လူသတ်သမား၊ သွေးအေးအေးနဲ့ လူသတ်သမား၊ ရှင် ဟာနီကို သတ်တယ်"
စင်တိန် သည် သေနတ်ကို လက်နှစ်ဖြင့် ဆုပ်ကိုင်ပြီး လိုသာအား ချိန်ထားသည်။ လည်ဆွဲက သေနတ် အောက်ဘက်မှ တွဲလောင်းကျနေသည်။ သေနတ်ပြောင်းဝက ဘယ်ညာ လှုပ်ယမ်းနေသည်။
"ရှင် ကျွန်မ ရဲ့ ဟာနီကို သတ်တယ်၊ ဒါကြောင့် ရှင့်ကို ကျွန်မ မုန်းတယ်"
"စင်တိန် ..."

လိုသာက စင်တိန့်လက်ထဲမှ သေနတ်ကို လှမ်းဆွဲလိုက်သည်။ သေနတ်ပြောင်းဝမှ မီးခိုးထွက်သွားပြီး ပြောင်းဝ က အပေါ်ထောင်သွားသည်။ သေနတ်သံ စင်တိန်အဖို့ နားကွဲလုမတတ် ခံစားလိုက်ရသည်။
လိုသာ့ခန္ဓာကိုယ် နောက်သို့ လန်သွားပြီး ခန္ဓာကိုယ်ကြီး တစ်ပတ်လည်ကာ ရှေ့သို့ မှောက်ကျလာသည်။
စင်တိန့် လက်ထဲမှ သေနတ်လည်း လွတ်ကျသွားသည်။ သူမခန္ဓာကိုယ်က လှည်းဘေးတွင် မှီလျက် နောက်ပြန် ဖင်ထိုင်ကျသွားသည်။ ဟင်းဒရစ်က ပြေးလာပြီး စင်တိန့်လက်ထဲမှ သေနတ်ကို ဆွဲယူ လိုက်သည်။
"ကျွန်မ ရှင့်ကို မုန်းတယ်၊ ရှင် သေပါစေ၊ ငရဲလားပါစေ"

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>