Showing posts with label ဇော်သက်ထွေး ၏ ကြမ်းတမ်းသောစစ်ပွဲ နှင့် နူးညံသော နှလုံးသား. Show all posts
Showing posts with label ဇော်သက်ထွေး ၏ ကြမ်းတမ်းသောစစ်ပွဲ နှင့် နူးညံသော နှလုံးသား. Show all posts

Saturday, December 1, 2012

ဇော်သက်ထွေး ၏ ကြမ်းတမ်းသောစစ်ပွဲ နှင့် နူးညံသော နှလုံးသား, အပိုင်း (၁၃) ဇာတ်သိမ်း

ကိုနေကျော် တိုးတိုးတိတ်တိတ် အိမ်ကို ပြန်ခဲ့တယ်

ကိုနေကျော် အိမ်တံခါးကို အသာအယာ တွန်းဖွင့်ဝင်လိုက်တော့ ဆယ်ကျော်သက် အရွယ် ကောင်လေး တစ်ယောက် နဲ့ ကောင်မလေးတစ်ယောက်က သူ့ကိုငေးကြည့်နေပါတယ်။ ဒီမျက်လုံး တွေက သူစိမ်းဆန်နေပေ မယ့် သူ့မျက်လုံးတွေရဲ့ ကိုယ်ပွားတွေပဲလို့ ခံစားရပါတယ်။ တကယ်တော့ ကိုနေကျော်ကို ထောက်လှမ်းရေးတွေ ဖမ်းသွား တဲ့ ၁၉၉၉ ခု သြဂုတ်လ ၂၈ရက်နေ့က သူသားနဲ့ သူ့သမီးဟာ ၂နှစ်နဲ့ ၃နှစ်အရွယ်တွေပဲ ရှိပါသေးတယ်။ ကိုးလေးလုံး လှုပ်ရှးမှုနဲ့ ပတ်သက်ပြီး ခဏလောက် မေးစရာရှိလို့ပါလို့ ယဉ်ယဉ်ကျေးကျေး ပြောလာတဲ့ စစ်တပ်အရာရှိ ရဲ့ စကားကို ယုံစားပြီး အကျအပိုတောင် မယူပဲ လိုက်သွားခဲ့တဲ့ ကိုနေကျော်ဟာ အိမ်ကို ၁၂နှစ်ကျော်မှ ပဲ ပြန်လာနိုင် ခဲ့ပါတယ်။ ရန်ကုန်မှာ မွေးတဲ့ ကိုနေကျော်ဟာ ၁၉၈၈ ခုနှစ် အရေးအခင်း ကာလ အတွင်း တက္ကသိုလ်စာပေးစာယူကျောင်းသားသမဂ္ဂ မှာ လှုပ်ရှားခဲ့ပြီးတဲ့နောက် NLD ပါတီထဲကို ခြေစုံပစ် ၀င်ခဲ့ပါတယ်။

NLD ပါတီရဲ့ စည်းရုံးရေးလုပ်ငန်းတွေကို လုပ်ဆောင်နေရင်း ၁၉၉၉ ရောက်မှ အဖမ်းခံခဲ့ရတာပါ။ ပထမဆုံး ရဲမွန်တပ်နယ် ထဲကို ခေါ်သွားပြီး ကိုရန်အောင်၊ ကိုညိုထွန်း၊ ကိုမင်းဇေယျာ၊ ကိုအေးလွင်တို့တွေနဲ့အတူ ထားခဲ့ ပါတယ်။  နောက်တော့ အောင်သပြေစစ်ကြော ရေးစခန်းကို ရွှေ့ပြီး စစ်ကြောရေး လုပ်တယ်။ အောက်တိုဘာ ၂၁ ရက်ရောက်တော့ အင်းစိန်ထောင်ကို ပို့လိုက်တယ်။ အခြေအနေကတော့ လွတ်လမ်း မရှိတော့ပါဘူး။ အင်းစိန် သီးသန့် ထောင်မှာ သူ့ကို ချုပ်နှောင်ထားပြီး လမ်းလျှောက်ဖို့ မနက် ၅မိနစ်၊ ညနေ ၅မိနစ်ပဲ အချုပ်ခန်း တံခါးကို ဖွင့်ပေးပါတယ်။ စားသောက်ရတာလည်း အဆင်မပြေတော့ ကျန်းမာရေးက ချွတ်ယွင်းလာတယ်။ ငပိတွေ ပဲ စားရတော့ ၀မ်းကိုက်ရောဂါ ဖြစ်လာတယ်။ ကိုနေကျော်  NLD က ၁၉၉၀ မှာ ဆုံးသွားတဲ့ ဦးတင်မောင်ဝင်း ရဲ့ တပည့်အရင်း။ သူ့ဆရာလည်း ထောင်ထဲမှာ ၀မ်းကိုက်ရောဂါနဲ့ပဲ ဆုံးသွားတာကို သိနေတော့ သူလည်း ပဲ ဒီပုံအတိုင်း သူ့ဆရာနောက်ကို လိုက်ရ တော့မယ်လို့ ထင်နေတယ်။

ဒီဇင်ဘာ ၃ရက်နေ့မှာတော့ ကိုနေကျော်ကို ပုဒ်မ (၅)၊ ၁(၂၀)၊ မတရားအသင်း ၁၇(၁)နဲ့ စုစုပေါင်း ထောင် ၁၇ နှစ် ချမှတ် လိုက်တယ်။ သူ့ကို ထောင်မကြီးက ၆ တိုက် ရွှေ့လိုက်တယ်။ ၆တိုက်မှာ ကိုနေကျော် တစ်ကိုယ်လုံး ဖောရောင်ပြီး အစာ လည်း စားလို့ မရတော့ဘူး။ အိပ်ယာထဲ လဲသွားပြီ။ ထောင်ဆရာဝန်က အပြင်ထုတ် ကုရမယ့် အခြေအနေလို့ သုံးသပ်ပေမယ့် ထောက်လှမ်းရေးက အပြင်ထုတ်ကုခွင့် မပြုဘူး။ ဒီလိုနဲ့ ထောင်ဆေးရုံ ပဲ တင်လိုက် ရတယ်။ ကိုနေကျော် သေကောင်ပေါင်းလဲ ဖြစ်နေတဲ့အချိန် အိမ် ကလည်း ထောင်ဝင်စာ လာတွေ့ တယ်။ ဒါပေမဲ့ ထောင်ထဲမှာ ၂၁ရက် မပြည့်သေးလို့ ဆိုပြီး ထောင်ဝင်စာ တွေ့ခွင့်မပေးဘူး။ အိမ်က ကိုနေကျော် အခြေအနေ ဆိုးဝါးနေတာ မသိပဲ ပြန်သွားရတယ်။ ကိုနေကျော် ကို ထောင်ဆရာဝန် က မရှိရှိတဲ့ ဆေးတွေနဲ့ ကုတယ်။ ပနယ်စလင်တွေ ထိုးပြီး အားဆေးတွေ တိုက် တယ်။ အနာနဲ့ ဆေးတည့်သွားလို့ လားတော့ မသိဘူး။ ကိုနေကျော် ထူထူထောင်ထောင် ဖြစ်လာတယ်။ နေကောင်းရင်ပဲ သူ့ကို ချက်ချင်း သရက်ထောင် ကို ပြောင်းရွှေ့ပေး လိုက်တယ်။ ရန်ကုန်သားက နွေခေါင်ခေါင်မြေလတ် ထောင်ရောက်တော့ ဒုက္ခပေါင်းစုံကြုံ ရပြန်ရော။

သရက်ထောင်မှာ ကိုနေကျော် အပြင်းဖျားတယ်။ ခက်တာက သရက်ထောင်မှာ ဆရာဝန် မရှိဘူး။ အပြင်ဆေးရုံ က ဆရာဝန် က ထောင်ထဲကို တစ်ပတ် ၂ ရက် လာကြည့်တယ်။ ဘယ်သူတွေ ဘာရောဂါပဲဖြစ်ဖြစ် ဆရာဝန် လာမှ သိမ်းကြုံးပြကြရတာပဲ။ ကိုနေကျော်လည်း ဘယ်လောက် ဖျားဖျား ဆရာဝန် လာမှ ပြရတယ်။ ဆရာဝန်က ကိုနေကျော် အခြေအနေ ကို စစ်ဆေးပြီး အခြေအနေမကောင်းမှန်း သိတယ်။ ဒီတော့ ဆေးတွေ၊ ပစ္စည်း ကိရိယာတွေ စုံလင်တဲ့ အင်းစိန်ထောင်ကို ပြန်ပြောင်းပေးဖို့ အကြံပြုတယ်။ နောက်ဆုံး အင်းစိန်အကျဉ်းဦးစီး ဌာနရုံးချုပ် က သဘောတူလိုက်ပြီး ကိုနေကျော်ကို အင်းစိန် ပြန်ခေါ် လိုက်တယ်။ ဆေး ကို သေချာကုသပေး တယ်။ နောက်ကျန်းမာရေးက တဖြေးဖြေး ပြန်ကောင်းလာပါတယ်။ ကိုနေကျော်လည်း မိသားစုနဲ့ နီးတော့ ပျော် သွားတယ်။ အိမ်က သရက်ထောင်အထိ မြစ်ကူးချောင်းခြားလာတွေ့ရတဲ့ ဒုက္ခမသေးမှန်း သူသိနေပါတယ်။

မလွတ်ပေမယ့် အင်းစိန်ထောင်ပြန်ရောက်လာတာကိုပဲ တော်တော် ပျော်နေပါ တယ်။
တစ်နေ့ည မှာတော့ နိုင်ငံတော်ထောက်လှမ်းရေးနဲ့ လုံခြုံရေးအကြီးအကဲ ဗိုလ်ချုပ်ကြီးခင်ညွန့်နဲ့ အဖွဲ့ကို ထိန်းသိမ်း လိုက်တဲ့သတင်း ထွက်လာပါတယ်။ ဒီသတင်းဟာ ကိုနေကျော် နောက် တစ်ကြိမ် ကံဆိုးဖို့ ဖြစ်လာတယ်ဆိုတာ ဘယ်သူမှ မသိကြပါဘူး။ နေရာဌာန အသီးသီး ကို ရောက်နေ တဲ့ ထောက်လှမ်းရေးတွေ ကို ဖယ်ရှားပြီးနောက် Special Branch လိုခေါ်တဲ့ SBတွေက အစားထိုးနေရာ ယူလိုက် ပါတယ်။ အင်းစိန်အကျဉ်းထောင်ကိုလည်း ထောက်လှမ်းရေးတွေ ဖယ်ရှားပြီး SBတွေ ရောက်လာတယ်။ SB တွေက ထောင်ကို ပုံစံ ပြောင်းပစ်တယ်။ အရင်က ၅(ည) တွေနဲ့ သီးသန့် အကျဉ်းသားတွေ ကို တိုက် ထဲထားရာကနေ ၅(ည)တွေကို အဆောင်ပို့ပစ်တယ်။ အဆောင်မှာ ရာဇ၀တ် အကျဉ်းသားတွေ နဲ့အတူတူ ထားလိုက်တယ်။

ဒီအခြေအနေကို ၅(ည)တွေက မကျေနပ်ဘူး၊ နောက်ဆုံးစေ့စပ်ညှိနှိုင်းလို့မရတော့တဲ့အတွက် ၅(ည) အခွင့်အရေး ရပြန်ရေး အတွက် ထောင်တွင်းအစာငတ်ခံ ဆန္ဒပြတိုက်ပွဲတွေ ပေါ်ပေါက်လာတယ်။ အဆောင်က ၅(ည)တွေ က စတင်လှုပ်ရှားတာဖြစ်ပြီး ဟန်ဝင်းအောင်တို့က ဦးဆောင်တယ်။ ဒီအခြေအနေကို တိုက် ထဲက နိုင်ငံရေးသမားတွေကြားတော့ အဆောင်က ၅(ည)တွေကို ၀န်းရံဖို့ ကြိုးစားကြတယ်။ ဒါကို ထောင် အာဏာပိုင်တွေက သတင်းမှားတွေ ရသွားပြီး တိုက်ထဲမှာလည်း အစာငတ်ခံ ဆန္ဒ ပြမယ်ထင်ပြီး ကြိုတင် ဖြိုခွင်း ခဲ့ပါတယ်။ တိုက်ထဲက ဦးဆောင်လှုပ်ရှားမယ်ဆိုပြီး နာမည်ပေါက်နေ တဲ့ နန္ဒာစစ်အောင်နဲ့ ကိုနေကျော် ကို ထောင်ဝါဒါတွေက တိုက်ခန်းထဲက ခေါ်ထုတ်သွားကြပြီး နည်းမျိုးစုံနဲ့ စစ်မေးတယ်။ နန္ဒာစစ်အောင်နဲ့ ဟန်ဝင်းအောင် နဲ့က သူငယ်ချင်းတွေဆိုတော့ အချိတ် အဆက် ရှိမယ်လို့ ထင်ထားကြတယ်။

ကိုနေကျော် က တကယ်ဘာမှ မသိလို့ မသိဘူး ပြောတော့ အရိုက်ခံရတယ်။ စစ်လိုက် ရိုက်လိုက် နဲ့ နောက်ဆုံးလိုချင်တဲ့ အဖြေမရတော့ စစ်ခွေးတိုက် ကို ပြစ်ဒဏ်အနေနဲ့ ပို့လိုက်တယ်။ စစ်ခွေးတိုက် မှာ တစ်ပတ် ထားပြီးတဲ့အခါ ကိုနေကျော် ကျန်းမာရေးက ပြန်ဆိုးလာတယ်။ ဒါပေမဲ့ အာဏာပိုင် တွေက စိတ်ဆိုးပြီး လုံးဝ ကို ဂရုမစိုက်ကြတော့ဘူး။ နံနက်စောစော ကိုနေကျော်နဲ့ နန္ဒာစစ်အောင် ကို စစ်ခွေးတိုက်က ခေါ်ထုတ်ပြီး ဖားအံထောင် ကို ပို့လိုက်ပါတယ်။ ကံဆိုးချင်တော့ ဖားအံမှာလည်း ထောင်မှာဆရာဝန်က မရှိဘူး။ အပြင်ဆရာဝန် က လာကြည့်ပေးတယ်။ ကိုနေကျော် အခြေအနေက စစ်ကြည့်တော့ နှလုံးက သိပ် မကောင်းချင်ဘူး။ ချွေးတွေ ပျံနေတတ်တယ်။ ညဘက်ဆိုရင် လန့်လန့်နိုးတယ်။ နှလုံးရောဂါကို ကုဖို့ထောင် မှာ ဆေးကလည်း မရှိ၊ အနာဂတ် ကတော့ မျှော်လင့်ချက်နည်းနည်းပဲ ရှိပါတယ်။

ကံတရား ကတော့ လှိုင်းလုံးတွေလိုပဲ နိမ့်လိုက်မြင့်လိုက်နဲ့ပါ။ တစ်နေ့မှာ ဖားအံထောင် ကို ဒေါက်တာကျော်သူရဆိုတာ ရောက်လာပါတယ်။ ဆရာက နိုင်ငံရေးကိုလည်း စိတ်ဝင်စား တယ်။ နိုင်ငံရေး သမားတွေကိုလည်း လေးစားတယ်။ သူက ကိုနေကျော်ရောဂါကို သေချာစစ်ဆေးပေး တယ်။ နောက်ဆုံးနှလုံးသွေးကြော ကျဉ်းနေတာ သွားတွေ့တယ်။ ဒီသွေးကြောကို ကုဖို့ ဆေးကို တော့ ဆရာဝန် လည်း မတတ်နိုင်ဘူး ထောင် မှာ ဆေးလည်း မရှိဘူး။ နောက်ဆုံး ဆေးစာထုတ်ပေး ပြီး အကူအညီတောင်းတော့ ICRC နဲ့ NLD လူမှုအထောက်အကူအဖွဲ့တွေက တာဝန်ယူပြီး ဆေးဝယ်ပေးတယ်။ ဒီဆေးတွေ ရလိုက်တဲ့ အတွက် ကိုနေကျော်ရဲ့ ကျန်းမာရေး အခြေအနေ က ပြန်ပြီး ကောင်း လာတယ်။ ထောင်မျိုးစုံ ရောက် ခဲ့ပေမယ့် ကိုနေကျော် မသေတော့ဘူး။ သူ့ဘ၀မှာ မျှော်လင့်ချက်တွေ ပြန်လည် ရှင်သန် လာပါတယ်။ ထောင် ၁၇နှစ်ကျပေမယ့် သူလန်းဆန်းနေပါ တယ်။ ထင်ထားတဲ့ အတိုင်း ပါပဲ နိုင်ငံရေးအပြောင်းအလဲတွေကြောင့် ကိုနေကျော်က ၂၀၁၁ ခုနှစ် အောက်တိုဘာလမှာ လွတ်မြောက် လာပါတယ်။

ခုတော့ သူအိမ်ထဲ ရောက်နေပါပြီ။ ၁၀ တန်းကျောင်းသားဖြစ်တဲ့သားက သူ့ကို စိုက်ကြည့်ကြီး မှ ဖေဖေ ဆိုပြီး ပြေးဖက်တယ်။ သမီးကလည်း ၀မ်းသာပြီး မျက်ရည်တွေ ကျလာတယ်။ ထောင်ထဲမှာ ၁၂နှစ်ကြာ နေထိုင်ခဲ့ တဲ့ ကိုနေကျော်မိသားစုနဲ့ ပြန်ဆုံပါပြိ။ သူက တိတ်တိတ်ဆိတ်ဆိတ်အိမ်ကို ပြန်လာခဲ့သူပါ။ ခုလည်း တိတ်တိတ်ဆိတ်ဆိတ်နဲ့ ဒီလှိုင်းဂျာနယ် မှာ အလုပ်တွေ လုပ်နေဆဲပါပဲ။ တစ်ခါတစ်ရံမှာ စကားများများ မပြောပဲ အလုပ်လုပ်တဲ့ နိုင်ငံရေးသမားတွေက လေးစားစရာ ကောင်းလှပါတယ်။

၈၈ ရဲ့ နီစွေးရဲလက် သွေးတစ်စက်

အခုလို ၂၀၁၂ ခုနှစ် တစ်နှစ်ခွဲသာသာ သက်တမ်းရှိတဲ့ အရပ်သား အစိုးရက မြန်မာနိုင်ငံကို ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးတွေ စတင်ချိန်၊ ယခင်ကထက် ပိုမိုပြီး လွတ်လပ် စွာ ပြောဆို ရေးသား ခွင့် တွေရလာနေသလို ငြိမ်းချမ်းစွာ ဆန္ဒပြစီတန်းလှည့်လည်သူများလည်း တိုးပွားလျက် ရှိပါတယ်။ ဒီလို သာသာယာယာ ခေတ်အခြေအနေမှာ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်အတွက် ဘာမှမပေးဆပ်ရပေမယ့် တစ်ချိန် က ရန်ကုန်မြို့နယ် အတော်များများမှာ တရားဟောတိုက်ပွဲဝင် ရင်း ထောင်ကျပြီး ထောင်ထဲမှာပဲ အသက်စတေး ရရှာ တဲ့ ကျွန်တော်တို့ရဲ့ ညီငယ်လေး တစ်ယောက်ကို အမှတ်ရလိုက်ပါတယ်။ သူ့အမည်က သက်ဝင်းအောင် လို့ ခေါ်ပေါ်တယ်။

သူ့အစ်ကို က အရင်က ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂက ဖြစ်ပြီး၊ အခု ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုပြုံးချို ဖြစ်ပါတယ်။ ၈၈ ဒီမိုကရေစီ အရေးတော်ပုံကာလမှာ သက်ဝင်းအောင် ဟာ အခု အမေရိကားကို ရောက်နေတဲ့ မင်းဇင်၊ ရဲမော်ထူး၊ ရဲကျော်စွာ၊ ရဲတေဇ တို့နဲ့ တွဲပြီး အခြေခံကျောင်းသား များ သမဂ္ဂ (အကသ)ကနေ လှုပ်ရှားဆောင်ရွက်ခဲ့သူ ဖြစ်ပါတယ်။ သူပညာ သင်ကြား ခဲ့တဲ့ ကျောင်းက အထက(၅)တာမွေ ဖြစ်ပြီး မိခင်ဒေါ်မြမြအေး၊ ဖခင် ဦးဝင်းမောင်တို့က မွေးဖွားခဲ့သူ ဖြစ်ပါတယ်။ ၁၉၈၈ စက်တင်ဘာလမှာ တပ်မတော်က အာဏာ သိမ်းယူမှု ဖြစ်ပွားပြီးနောက် အ.ထ.က ကျောင်းသားတွေ လည်း ယူဂျီ (Under ground) တွေ ဖြစ်သွားပြီး ဒီမိုကရေစီရေးအတွက် ဆက်လက် တိုက်ပွဲ ၀င်ခဲ့ကြပါတယ်။ သက်ဝင်းအောင် တစ်ယောက် လည်း စစ်ထောက်လှမ်းရေးလက်က တိမ်းရင်းရှောင်ရင်း မြန်မာ၊ ထိုင်းနယ်စပ် တစ်နေရာ ကို ရောက်ရှိသွားခဲ့ပါတယ်။

မဲဆောက် ကနေ ပြည်တွင်းမှာ နိုင်ငံရေး ပြန်လှုပ်ရှားဖို့ ပြန်ဝင်လာရင်း သူငယ်ချင်းတွေနဲ့အတူ ၁၉၉၃ ခုနှစ်မှာ ဖမ်းဆီး ထိန်းသိမ်းခြင်း ခံခဲ့ရပါတယ်။ ဖမ်းဆီးစဉ်က ၅(ည)ပုဒ်မ တပ်ခဲ့သော်လည်း အသက်အရွယ် ငယ်ရွယ်သေးတဲ့ အတွက် အင်းစိန်ထောင်မှာ ၆လသာ နေခဲ့ရပြီး ပြန်လည် လွတ်မြောက်လာခဲ့ပါတယ်။
၁၉၉၈ ခုနှစ်အရောက် CRPP ကလည်း လွတ်တော်ခေါ်ယူဖို့ ကြေညာ ပြီးနေပြီ။ ဒေါ်အောင်ဆန်းစုကြည်ကလည်း ကိုယ်တိုင်လွတ်ခေါ်မယ်လို့ ပြောပြီးသွားပြီ။ ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည် နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ လွတ်တော်ခေါ်ယူရေးကိစ္စကို ၀ိုင်းရံ ကြရမယ် ဆိုတဲ့ နိုင်ငံရေးလမ်းစဉ်ကို သက်ဝင်းအောင်တို့ သူငယ်ချင်းတွေနဲ့ ချမှတ်ခဲ့ပါတယ်။ အဲဒီနောက် ရန်ကုန်မြို့တော်ရဲ့ မြို့နယ်တွေအတော်များများမှာ အေးအောင်၊ မျိုးမင်းထိုက်၊ မျိုးမင်းဇော်၊ ကြည်သာငြိမ်း တို့နဲ့အတူ  ဒီမိုကရေစီတရားပွဲတွေကို ပြုလုပ်ပြီး စာရွက်စာတမ်းတွေ ဖြန့်ဝေခဲ့ပါတယ်။

သိမ်ကြီးဈေး ကုန်းတံတားပေါ်မှာ လွှတ်တော်ခေါ်ယူရေး စာတမ်းကိုလည်း ရဲရဲဝံ့ဝံ့ ချိတ်ဆွဲ ခဲ့ကြပါ တယ်။ ထောက်လှမ်းရေးတွေ က သူတို့ကို ပိုက်စိပ်တိုက် ရှာဖွေဖမ်းဆီးနေတဲ့ အချိန်မှာ တိမ်းရှောင်ခဲ့ပေ မယ့် နောက်ဆုံး အဖမ်းခံခဲ့ရပါတယ်။ သက်ဝင်းအောင်တို့ အုပ်စုတွေကို ကမာရွတ် မြို့နယ်၊ ကျောက်တံတားမြို့နယ်တွေ က တရားလိုတွေ လုပ်ပြီး ၅(ည)၊ ၁၇(၁)၊ ၁၇(၂၀)စတဲ့ ပုဒ်မတွေ မြောက်များစွာနဲ့ တရားစွဲခဲ့ပါတယ်။ သူတို့ ငါးယောက်ကို ထောင်ဒဏ် အပြစ်ပေးတော့ မျိုးမင်းထိုက်နဲ့ မျိုးမင်းဇော် ကို ၅၂နှစ်၊ သက်ဝင်းအောင်ကို ၅၇နှစ်၊ အေးအောင်ကို ၅၉နှစ် ထောင်ဒဏ်နှစ်ကြီးတွေ ချမှတ် အပြစ်ပေးခဲ့ပါတယ်။

သူတို့တွေကို ထောင်ချပြီး အင်းစိန်မှာ ၇လ၊ ၈လလောက်ထားပြီးတော့ စစ်ကိုင်းတိုင်း၊ ကလေးမြို့ ကထောင် ကို ရွှေ့ပြောင်းပစ်လိုက်ပါတယ်။ ထောင်ထဲမှာလည်း သက်ဝင်းအောင်တို့က ကျန်းမာရေး စောင့်ရှောက်မှုနဲ့ ပတ်သက် တဲ့ ကိစ္စတွေ၊ အကျဉ်းသား အခွင့်အရေးတွေနဲ့ ပတ်သက်ပြီး ထောင်တွင်း တိုက်ပွဲတွေ ပြုလုပ် ခဲ့ပါတယ်။ ဒါကြောင့် သူ့ကို ၂၀၁၁ ခုနှစ်အရောက်မှာ စစ်ကိုင်းတိုင်း ထဲက ခန္တီးထောင်ကို ထပ်မံရွှေ့ပြောင်းပစ်ခဲ့ပါတယ်။ ခန္တီးထောင်က ရာသီဥတုကြမ်းလို့ ငှက်ဖျား ရောဂါရခဲ့တဲ့အပြင် ထောင်ထဲမှာ ဆက်တိုက် ဆန္ဒပြခဲ့လို့ သူ့ရဲ့ ကျန်းမာရေးဟာ ချို့ယွင်းလာခဲ့ပါ တယ်။ ထောင်ဆရာဝန်က သူ့ရဲ့ ကျန်းမာရေးအခြေအနေကို သေချာစစ်ဆေးပြီး အခြေအနေ မကောင်းတဲ့အတွက် ၂၀၀၃ ခုနှစ်မှာ မန္တလေးထောင်ကို ပြန်လည် ပြောင်းရွှေ့ပေးခဲ့ပါတယ်။ မန္တလေးထောင်ရောက်ပြီ ဆိုပေမယ့် သူ့ရဲ့ကျန်းမာရေးအခြေအနေ ဟာ ပြန်လည် ကောင်းမွန်ခြင်း မရှိပါဘူး။ ဆေးဆက်ကုပေမယ် ခန္ဓာကိုယ်အောက်ပိုင်း က လှုပ်ရှားမှု တဖြေးဖြေး နှေးကွေးလာ တယ်။ အောက်ပိုင်းသေချင် သလိုလို ဖြစ် လာတယ်။ ထောင်ဝင်စာထွက်ရင် ၀ှီးချဲလ်နဲ့ ထွက်တွေ့ရ တယ်။

ထောင်ကတော့ ဒီလိုအခြေအနေမျိုးမှာတောင် စေ့စပ်တိကျတဲ့ ရောဂါရှာဖွေမှု၊ ကုသမှုတွေ ပြုလုပ် မပေးခဲ့ပါဘူး။ ဒါကြောင့် သူ့အခြေအနေက ပြန်လည်တိုးတက်လာခြင်း မရှိပါဘူး။ မန္တလေး အပြင်ဆေးရုံကို အခေါက်ခေါက် အခါခါ သွားရောက်ကုသခွင့် ပေးပေမယ့် ထောင်ထဲပြန်လာတဲ့အခါ တိုင်း အပြင်က သတင်းတွေ ပေါက်ကြားမှာစိုးလို့ဆိုပြီး တိုက်ခန်းထဲမှာ တစ်ယောက်တည်း သီးခြား ခွဲထုတ်ထားပါတယ်။ ဒီအတွက် သူ့ကို ကူညီပေးမယ့်၊ နှစ်သိမ့်အားပေးမယ့် အဖော်မရှိခဲ့သလို အထီးကျန်ဝေဒနာကိုလည်း ခံစားခဲ့ ရပါတယ်။ ပြီးတော့ သူအပေါ်ထားတဲ့ ဆက်ဆံရေးကိုရော၊ ဆေးဝါးကုသမှုကိုရော လက်ခံနိုင်စရာ မရှိဘူးလို့ ယူဆလာပါတယ်။ ရောဂါရှာဖွေမှုကို သေချာ မပြုလုပ်ခဲ့တဲ့အတွက် နောက်ဆုံး ဦးနှောက်ပိုင်း အခန်းငယ်ထဲက ဆဲလ်တွေထဲကို ရောဂါပိုးပျံ့နှံ့ သွားပြီး နှလုံးကိုလည်း ထိခိုက်ခဲ့ပါတယ်။ ခြေထောက်တွေလည်း ဖူးရောင်လာပြီး ၀ှီးချဲလ်နဲ့ပဲ သွားလာရပါတယ်။ အစာကလည်း အာဟာရမဖြစ်တဲ့အတွက် ခန္ဓာကိုယ်က ပိန်ကျသွားပါတယ်။
ဒါပေမဲ့ စိတ်ဓာတ်ကတော့ မာကျောနေဆဲ ဖြစ်ပါတယ်။ ၂၀၀၆ ခုနှစ် စက်တင်ဘာလ ၂၉ ရက်နေ့ က သူ့အထက် က အစ်ကိုဖြစ်တဲ့ ကိုပြုံးချို ထောင်ဝင်စာ လာတွေ့တော့ သူ့အခြေအနေက ဆိုးဝါး နေပါပြီ။ ဒါပေမယ့် သက်ဝင်းအောင် က ကိုပြုံးချိုကို စကားတခွန်း ပြောခဲ့ပါတယ်။

"ဘာမှ စိတ်မကောင်း မဖြစ်နဲ့။ ညီလေးတို့ တိုင်းပြည်မှာ မတရားတဲ့ ဥပဒေတွေ ရှိနေသမျှ ကာလ ပတ်လုံး ပေးဆပ်မှု ဆိုတာ ရှိမှာပဲ ...။ ဘယ်အရာမှ အလွယ်တကူ ရတယ်ဆိုတာ မရှိဘူး။ ဒီအတွက် အသက်ပေး ရရင်လည်း ဒါ ထူးဆန်းတဲ့ ကိစ္စ မဟုတ်ဘူးလို့ပဲ မှတ်ယူလိုက်ပါ"
ဒီစကား ဟာ သူတို့ညီအစ်ကိုနှစ်ယောက်ရဲ့ နောက်ဆုံးတွေ့ဆုံတဲ့အချိန်မှာ ပြောတဲ့ စကားအဖြစ် အမှတ်တရ ကျန်ရစ်ခဲ့ ပါတယ်။ ကြေကွဲစိတ်ယူကြုံးမရဖြစ်တဲ့ စိတ်တွေနဲ့ ကိုပြုံးချို ရန်ကုန် ကို ပြန်လာ ပြီးနောက် အောက်တိုဘာလ ၁၄ရက်နေ့မှာ သက်ဝင်းအောင်တစ်ယောက် ဝေဒနာကို အလူးအလဲ ခံစားခဲ့ရ ပါတယ်။ ရောဂါရှာဖွေမှုကိုတော့ ထောင်က လုံးဝ လုပ်မပေးတော့ပါဘူး။ ကြိုတင်မျှော်လင့်ပြီးသား အဖြစ်မို့ သက်ဝင်းအောင်ဟာ တည်ငြိမ်စွာ ရင်ဆိုင်ခဲ့ပြီး သူ့ရဲ့နောက်ဆုံး အချိန်ကို စောင့်စားနေခဲ့ပါတယ်။

အောက်တိုဘ (၁၆)ရက်နေ့ နံနက်(၇)နာရီမှာတော့ သက်ဝင်းအောင်ဟာ မန္တလေးအကျဉ်းထောင် အထူးတိုက်ထဲ မှာပဲ ကွယ်လွန်သွားခဲ့ပါတယ်။ သက်ဝင်းအောင်ကို ၂၀၀၅ ခုနှစ်မှာ အင်္ဂလန်နိုင်ငံ ရီးဒင်းတက္ကသိုလ် က ဂုဏ်ထူးဆောင် ကျောင်းသားသမဂ္ဂ ဒုတိယဥက္ကဋ္ဌအဖြစ် ရွေးချယ်ခဲ့သလို Rebot Award for Human Right Activity ဆုကိုလည်း ပေးအပ်ခဲ့ပါတယ်။ တကယ်တော့ ၁၉၈၈ ခုနှစ်က အထက်တန်းကျောင်းသား ဘ၀မှာသာ ရှိသေးတဲ့ သက်ဝင်းအောင်တို့တတွေဟာ ပြစ်မှုနဲ့ ပြစ်ဒဏ်မမျှတဲ့ ဒဏ်ဥပဒေတွေ ကို အသုံးချပြီး ဒီမိုကရေစီအင်အားစုတွေကို စနစ်တကျ ဖြိုခွဲခြင်းခံရတဲ့ ဒဏ်ရာတွေကို ရရှိသွားခဲ့ ရတာ ပါ။ သူ့ရဲ့ အမှုတွဲတွေဖြစ်တဲ့ မျိုးမင်းထိုက်တို့၊ မျိုးမင်းဇော်တို့၊ အေးအောင်တို့တတွေဟာလည်း ၂၀၁၂ ခုနှစ်ရောက် မှ လွတ်မြောက်ခဲ့ကြတာပါ။
သူတို့တတွေ ဟာ နိုင်ငံနဲ့ လွတ်လပ်မှုအတွက် ဘ၀ကို အရင်းအနှီး ပြုခဲ့ကြတာကို လူတွေ သိပ်မသိ ကြပေမယ့် ထောင်ထဲမှာတော့ ၁၄နှစ်ကျော် အကျဉ်းကျခဲ့ကြပါတယ်။ ခု ချိန်မှတော့ အကန့်အသတ်မရှိ ရေး သားခွင့် ရတိုင်း အစိုးရကို ဝေဖန် ထောက်ပြခွင့်ရတိုင်း မတရားတဲ့ ဥပဒေ တွေကို ပယ်ဖျက်ဖို့ အကြံပေးတိုင်း ကျွန်တော်ဟာ သူတို့ငါးယောက်ရဲ့ တိုက်ပွဲဝင် စိတ်ဓာတ်ကို လေးစားဂုဏ်ပြုမိသလို၊ အသက်ပါစတေး သွားရှာတဲ့ ၈၈ ရဲ့ နီရဲတဲ့ သွေးတစ်စက်အဖြစ် သက်ဝင်းအောင်ကို ထာဝရဦးညွှတ်အလေးပြု လိုက်ပါတယ်။

ထောင်တစ်သက်လွတ်ရက်မရှိ လင်္ကျာထွန်းကို မမေ့ကြနဲ့

သို့
ဦးသိန်းစိန်
သမ္မတကြီး
ပြည်ထောင်စုမြန်မာနိုင်ငံတော်

ကျွန်မနာမည်မှာ ဒေါ်ရီ ဖြစ်ပါသည်။ အသက်(၈၅)နှစ် ရှိ၍ ထောင်တစ်သက်လွတ်ရက်မရှိ ကျခံနေ ရသော မောင်လင်္ကျာထွန်း မိခင် ရန်ကုန်တိုင်းဒေသကြီး၊ လမ်းမတော်မြို့နယ်၊ (၁၅)လမ်း၊ အမှတ်-၁၁၆ (၃လွှာ) (၀ဲခန်း)၌ နေထိုင်သည့် ဗမာလူမျိုး၊ ဗုဒ္ဓဘာသာ ကိုးကွယ်သူ တစ်ဦး ဖြစ်ပါ သည်။
အမေအို၏သား မောင်လင်္ကျာထွန်းသည် အရွယ်နှင့်မမျှသော ပြစ်ဒဏ်များကို ခံခဲ့သည်မှာ ယခု လက်ရှိ အချိန် ဖြစ်ပါသည်။ သားနှင့် ပတ်သက်သော စွပ်စွဲချက်များသည် မမှန်ကန်ပါလို့ အမေ့ အနေဖြင့် ကျမ်းသစ္စာ ပြုနိုင်ပါသည်။ အမေ၏သားငယ်ကို ၁၉၉၈ ခုနှစ်က ဒုတိယအကြိမ်ဖမ်းဆီး ပြီး ခံခဲ့ရပါသည်။ ၎င်းတို့ စွပ်စွဲခဲ့သော အရာများတွင် အမေ့၏ သားငယ်အတွက် တစ်ဖက်သတ် စွဲချက်များသာ ဖြစ်ပါသည်။ သားငယ် ကို သေဒဏ်ချပြီး (၃)လကြာမှ သိရပြီး ရှေ့နေငှားခွင့်မရှိ၊ မည်သည့်တရားရုံးကပင် အမိန့်ချသည်ကို မသိရှိခဲ့ရဘဲ ထိုကဲ့သို့ ကြီးမားသည့် ပုဒ်မကြီးနှင့် လူငယ် တစ်ယောက်၏ ဘ၀ ယနေ့ထိတိုင်အောင် ဆုံးရှုံးခဲ့ပါသည်။

မောင်လင်္ကျာထွန်း ကို ပထမအကြိမ် ၁၉၈၉ ခုနှစ်တွင် ဖမ်းဆီးပြီး နယ်စပ်ဖြတ်ကျော်မှုနှင့် ပုဒ်မ ၁၇/၁၊ ၅(ည)နှင့် ထောင်ဒဏ်(၅)နှစ် ချမှတ်ခဲ့ပြီး ၁၉၉၆ ခုနှစ်တွင် လွတ်လာပြီး ၎င်းဘ၀အတွက် စာကြိုးစားပြီး ဟိုတယ်နှင့် ခရီးသွားဌာနတွင် ဘာသာပြန် အလုပ်ကို လုပ်ကိုင်ပြီးနေချိန်တွင် ၁၉၉၈ ခုနှစ်တွင် ထပ်မံဖမ်းဆီးပြီး ယခုကဲ့သို့ သေဒဏ်ချမှတ်ခဲ့ပါသည်။
သူကို အမေတို့ ပထမဦးဆုံး ထောင်ဝင်စာသွားတွေ့ချိန်တွင် သူပြောခဲ့သော စကားကို အမေ့ တစ်သက်မေ့လို့ မရပါ။ "အဖေနှင့်အမေ ကျွန်တော့်ကိုယ် ကျွန်တော် မယုံဘူး။ ကျွန်တော် ဘာမှ မလုပ်ခဲ့ပါဘူး။ ကျွန်တော် ဗုဒ္ဓဘာသာ စစ်စစ်တစ်ယောက်ပါ။ သူတို့ မတရားစွပ်စွဲခဲ့တာပါ။ အမှန်တရားဆိုတာ ကျွန်တော်တို့နိုင်ငံမှာ မရှိတော့ပါဘူး။ တရားဥပဒေစိုးမိုးရေးဆိုတာလည်း မရှိ တော့ဘူးလား။" ဟူသော စကား ဖြစ်ပါသည်။

ယခုအချိန်မှာ သားငယ်လေးက သာယာဝတီထောင်ထဲမှာ သူတတ်တဲ့ စာတွေဖတ် စာမတတ်တဲ့ သူတွေကို စာသင်၊ ဘာသာရေးတွေကို ဖိဖိစီးစီးလုပ်၊ ဂိုလ်အင်ကာ တရားစဉ်တွေကိုလဲ အကြိမ်ကြိမ်ဝင်ပြီး လွတ်မယ့်ရက် ကို မသိတဲ့ ထောင်တစ်သက်ကို ရင်ဝယ်ပိုက်ပြီး စောင့်မျှော်နေ သည်မှာ အမှန်ပဲ။
ယခု ပြည်သူ့လွှတ်တော်တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ဥက္ကဋ္ဌဖြစ် သူ ဒေါ်အောင်ဆန်းစုကြည် အနေနှင့် သားလွတ်မြောက်ရေး အတွက် ကူညီနိုင်မည်ဟု မျှော်လင့်ပြီး အမေ့သားလည်း သူတတ်သည့် စာပေ တို့နှင့် တိုင်းပြည်ကို အုတ်တစ်ချပ် သဲတစ်ပွင့်ပမာ ကူညီခွင့် ပြုပေးနိုင်ပါစေ။ သား မောင်လင်္ကျာထွန်း က ပြောပါသည်။ သူ့ဘ၀တစ်စိတ်ဒေသဟာ ထောင်တွင်း၌သာ ကြီးပြင်းခဲ့ပြီး ပညာမသင်နိုင်ခဲ့ပေ။ သူအမြဲတမ်း သူရဲ့ စာဖတ်၊ စာရေးဝါသနာ ကြောင့် သူလေ့လာဖတ်ရှု့မှု ကို ထောင်တွင်း ၌သာ ပြုလုပ်နိုင်ပေ မယ့် ထောင်တွင်းမှာ လည်း သူ့ထက် ပညာတတ်တွေ တွေ့ခဲ့ပြီး သူတို့ဆီက အလွတ်မခံ သင်ကြား မှတ်ယူနေ သူ တစ်ယောက် ဖြစ်ပါသည်။

အမေ့အနေဖြင့်  မောင်လင်္ကျာထွန်းတစ်ယောက်ပင် မဟုတ်ဘဲ သားကဲ့သို့ ယုံကြည်ချက် ရှိသော အကျဉ်းသား များ အားလုံး လည်း ပြန်လည်လွတ်မြောက်စေလိုပါသည်။ အားလုံးဝိုင်းဝန်း၍ ကူညီပေးပါ ရန် မေတ္တာစေတနာဖြင့် တောင်းဆို ပါသည်။ သားငယ်၏ အမှုတွဲဖြစ်သူ ကျောင်းဆရာ ဦးခင်လှိုင်(ခ) ဦးဖိုးဆောင် သေဒဏ်နှင့် ထောင်ဒဏ်(၁၄)နှစ် ကျခံရသောသူသည် နိုင်ငံတော် သမ္မတကြီး လွတ်ငြိမ်း ချမ်းသာခွင့်ဖြင့် ၂၀၁၂ ခုနှစ် ဇန်န၀ါရီလ (၁၃)ရက်နေ့က လွတ်မြောက်လာ သည့် အကျဉ်းသား ထဲတွင် ပါဝင်ခဲ့သည် ကိုလည်း ကြားသိရှိခဲ့ပါသည်။ ထို့ကြောင့် အမေ့အနေနှင့်လည်း သားအတွက် မသေခင် ပြန်လည် ဆုံဆည်းမည် ဟု များစွာ မျှော်လင့်ပါသည်။

ရိုသေလေးစားစွာဖြင့်
ဒေါ်ရီ
၁၂/ကတတ(နိုင်)၀၀၄၀၅၃
အမှတ်-၁၁၆၊ ၃ထပ်(၀ဲခန်း)၊ (၁၅)လမ်း
လမ်းမတော်မြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီ။

ထိုစာလေးကို ဖတ်ပြီး ကျွန်တော် ရင်ထဲမှာ နာကျင်သွားခဲ့ပါတယ်။ ဘာလို့လဲဆိုတော့  လင်္ကျာထွန်း ကို စွပ်စွဲခဲ့တဲ့ ပုဒ်မမျိုးနဲ့ ကျွန်တော်လည်း သေဒဏ်ကျခဲ့ဖူးလို့ပါပဲ။ ဒါပေမဲ့ ခု ကျွန်တော်က အပြင်မှာ ၀ါသနာပါတဲ့ အလုပ်တွေ ကို မမောတမ်း လုပ်ကိုင်နေတဲ့အချိန် လင်္ကျာထွန်း ကတော့ သာယာဝတီထောင်ထဲမှာ အချိန်ကာလတွေ ကို အထီးကျန် ဖြတ်သန်း လျက် ရှိပါတယ်။ ကိုယ်ချင်းစာနာစိတ်နဲ့ လင်္ကျာထွန်း အကြောင်း တွေးမိတဲ့အခါ ၁၉၈၈ ဒီမိုကရေစီလှုပ်ရှားမှု အရေးတော်ပုံကြီးမှာ သူပါဝင် လှုပ်ရှားခဲ့တဲ့ ပုံရိပ်တွေ ကို ပြန်ပြီး မြင်ယောင် လာပါတယ်။ ၁၉၇၂ ခုနှစ် ဧပြီလ(၅)ရက်နေ့မှာ မွေးဖွားခဲ့တဲ့ လကျော်ထွန်းဟာ ၁၉၈၈ ခုနှစ်မှာ ၁၆နှစ်သာသာ ပဲ ရှိပါသေးတယ်။ ဒါပေမဲ့ ကျောင်းသား လှုပ်ရှားမှုတွေထဲမှာ ထဲထဲဝင်ဝင် ပါဝင်ခဲ့ပြီး ဆောင်ရွက်ခဲ့တဲ့အတွက် ၁၉၈၉ ခုနှစ်မှာပဲ ပုဒ်မ ၅(ည)၊ ၁၇(၁)တွေနဲ့ ထောင်ဒဏ်(၅)နှစ် အပြစ် ပေး ခံခဲ့ရပါတယ်။

လကျော်ထွန်းဟာ ထောင်ထဲမှာ ဘာသာဗေဒကို စိတ်ဝင်စားခဲ့ပြီး အထူးသဖြင့် အင်္ဂလိပ်စာ၊ ပြင်သစ် ဘာသာတွေကို လေ့လာခဲ့ပါတယ်။ ၁၉၉၆ မှ အကျဉ်းထောင်ကနေ ပြန်လည် လွတ်မြောက် ခဲ့ပြီး ဟော်တယ်နဲ့ခရီးသွားများဌာနမှာ ဘာသာပြန် အလုပ်ဝင်ရောက် လုပ်ကိုင်ခဲ့ပါ တယ်။ အလုပ်က အဆင်ပြေပေမယ့် စစ်ဖိနပ်အောက်က သူ့တိုင်းပြည်ကို မချိတင်ကဲကြည့်ရင်း ဒီမိုကရေစီအရေး ဆက်လက် လှုပ်ရှားဆောင်ရွက်နေသူတွေနဲ့ ပြန်လည် ချိတ်ဆက် လှုပ်ရှားခဲ့ ပါတယ်။

လကျော်ထွန်းဟာ ဗကသကျောင်းသားဖြစ်တဲ့ ကိုအောင်ဒင် (Bur ma Canpaign U.S.A)၊ ကိုခင်လှိုင်(ခ) ကိုဖိုးဆောင်း၊ ဆက်နိုင်အောင် (ဦးလှရွှေ၏သား)၊ သုတအောင် (ကွယ်လွန်)၊ ကျော်ဇော (ကဗျာဆရာကြည်တင်ဦးသား)တို့နဲ့ ပူးပေါင်းပြီး လက်တွဲ လှုပ်ရှားခဲ့တာပါ။ ၁၉၉၈ ခုနှစ် စစ်အုပ်ချုပ်ရေးကာလတစ်လျှောက် အခွင့်အရေးတွေ နစ်နာခဲ့ရတဲ့ ကျောင်းသားထုအတွက် "ကျောင်းသားထုအခွင့်အရေးကာကွယ်မှုကော်မတီ" ကို ဖွဲ့စည်းပြီး လှုံ့ဆော်မှုတွေ ပြုလုပ်ခဲ့ပါ တယ်။ အဲဒီနောက် ABSDF တပ်ရင်း ၂၀၇ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့တဲ့ မင်္ဂလာတောင်ညွှန့်သား ကိုသိန်းနဲ့ ခင်မင်ရင်းနှီးရာ ကနေ ပြည်တွင်း ကျောင်းသားလှုပ်ရှားမှု အချိန်မြှင့်တင်ဖို့ကိစ္စတွေကို ကူညီဆောင်ရွက်ပေးခဲ့ ပါတယ်။ သို့သော်လည်း လကျော်ထွန်းဟာ ပြည်တွင်းမှာ ဖောက်ခွဲ ဖျက်ဆီး ရေးတွေ လုပ်ဖို့ ဆိုပြီး ဆွေးနွေးတိုင်ပင်ခဲ့ကြတာ မရှိပါဘူး။ ၁၉၉၈ မတ်လမှာတော့ လကျော်ထွန်း ဟာ ပြည်တွင်းမှာ အကြမ်းဖက်သူတွေ နဲ့ တိုင်ပင်ပြီး ဖောက်ခွဲဖျက်ဆီးရေးတွေ လုပ်ဖို့ ကြံစည်တယ် ဆိုပြီး စစ်ထောက်လှမ်းရေးရဲ့ ဖမ်းဆီးခြင်းကို ခံခဲ့ရပါတော့တယ်။

ဒီအမှုမှာ လကျော်ထွန်းဟာ ကိုသိန်း၊ ခင်လှိုင်(ခ)ဖိုးဆောင်းနဲ့အတူ နိုင်ငံတော်ပုန်ကန်မှု ၁၂၂(၁) နဲ့ သေဒဏ်အပြစ်ပေးခြင်းကို ခံခဲ့ရပါတယ်။ အဲဒီနောက် လွတ်ငြိမ်းချမ်းသာခွင့် အမိန့်ကြောင့် သေဒဏ်ကနေ ပယ်ဖျက်ထားခဲ့ ပေမယ့် ယခုအချိန်ထိတော့ ထောင်တစ်သက်လွတ်ရက် မရှိ ပြစ်ဒဏ်ကို ခံနေရဆဲ ဖြစ်ပါတယ်။
မောင်လင်္ကျာထွန်း တစ်ယောက် ထောင်ထဲမှာ ၁၅နှစ်ကျော် နေထိုင်ပြီးတဲ့အချိန် သူ့အမှုတွဲတွေလည်း လွတ်မြောက် သွားကြပါပြီ။ သူနဲ့အတူ သေဒဏ်ကျထားတဲ့ ခင်လှိုင်လည်း အပြင် ပြန်ရောက်သွား ပါပြီ။ သာယာဝတီထောင်ထဲမှာ လကျော်ထွန်းနဲ့ ကိုသိန်းသာ ကျန်ပါတော့တယ်။ ယနေ့အချိန်အထိ သား ပြန်လာမယ့် လမ်းကို စောင့်မျှော်နေသူကတော့ အသက် ၈၅နှစ် ရှိပြီဖြစ်တဲ့ မိခင်ကြီးဒေါ်ရီ ဖြစ်ပါတယ်။ ဒေါ်ရီရဲ့ ကျန်းမာရေး အခြေအနေ ကလည်း ဆိုးဝါးနေပါပြီ။ လွတ်ငြိမ်းသာခွင့်တွေပေး တိုင်း သူ့သားပါမလာတဲ့အတွက် မိခင်တစ်ယောက်ရဲ့ ရင်မှာ နာကျင်ထိခိုက်ခံစားခဲ့ရတာလည်း အကြိမ်ကြိမ်ပါပဲ။ သားရဲ့ ထောင်ဝင်စာ ကို လေဖြတ် သွားပြီးကတည်းက သွားမတွေ့နိုင်တော့တဲ့ အတွက် ခုတော့ လကျော်ထွန်းရဲ့ အစ်ကိုကြီးကပဲ တစ်လ တစ်ကြိမ် ပုံမှန်သွားတွေ့နေရပါတယ်။

လင်္ကျာထွန်းရဲ့ ထောင်တွင်းကျန်းမာရေးအခြေအနေကတော့ ကောင်းမွန်လျက် ရှိပါတယ်။ သူဝါသနာပါတဲ့ ဘာသာဗေဒတွေကိုလည်း ဆက်လက်ပြီး လေ့လာဆည်းပူးလျက် ရှိပါတယ်။ ဘယ်လိုအခြေအနေ ပဲဖြစ်ဖြစ် နိုင်ငံရေး ဖိနှိပ်မှု များကြောင့် ကံဆိုးပြီး သေဒဏ်ကျခဲ့တဲ့ လင်္ကျာထွန်း ဟာ အမျိုးသားပြန်လည် ရင်ကြားစေ့ရေး အစီအစဉ်ကို အကောင်အထည်ဖော်နေ သော အစစ်အမှန်ဆိုရင် လွတ်မြောက်ဖို့ အချိန်တန်နေ ပါပြီ။ ၁၉၈၈ က ၁၆နှစ်သား လူငယ် တစ်ယောက်ဟာ ၂၀၁၂ ခုနှစ်မှာ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းတွေမှာ ပါဝင်ခွင့်ပေးဖို့ အချိန်တန်နေပါပြီ။ အသက် ၈၅ နှစ်အရွယ် မိခင်ဘေး မှာလည်း ခြေဆုပ်လက်နယ် ပြုလုပ်ခွင့်ကို သားတစ်ယောက်အနေနဲ့ အခွင့်အရေး ရသင့်နေပါပြီ။ ဆက်လက်ပေး မယ့် လွတ်ငြိမ်း ချမ်းသာခွင့်တွေမှာ လင်္ကျာထွန်းနာမည်ကို တွေ့ရရင် ကျွန်တော်တို့အားလုံး ကိုယ်ချင်းစာနာစိတ် နဲ့ ပျော်ကြရမှာ သေချာပါတယ်။

အနာဂတ် မြန်မာအမျိုးသားတွေရဲ့ စည်းလုံးညီညွှတ်မှုအလားအလာကို အားရကျေနပ်မှုမိမှာ အမှန်ပါပဲ။
ခုလို အခြေအနေမှာတော့ ထောင်တစ်သက်လွတ်ရက်မရှိ လင်္ကျာထွန်း ကို အားလုံး မမေ့ကြပါနဲ့ လို့ပဲသို့ တိုက်တွန်းလိုက်ချင်ပါတယ်။


ချစ်စလွယ် မုန်းခက်၏ထောင်အဘိဓမ္မာတရား

ကျွန်တော် ထောင်ကျတိုင်း ထောင်ထဲမှာ ကျွန်တော့်ကို ကြိုကြိုပြီး စောင့်နေတတ်တဲ့သူတစ် ယောက်ရှိပါတယ်။ သူကတော့ ဘဝတစ်လျှောက်လုံး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) မှာ မြှုပ်နှံထားပေမယ့် ကျွန်တော်တို့နဲ့ ဗီဒီယိုတွေ ရုပ်ရှင်တွေအတူ ရိုက်ခဲ့တဲ့ ကိုမျိုးခင်ခေါ် ချစ်စလွယ် မုန်းခက်ပဲဖြစ်ပါတယ်။ ဗီဒီယို ဇာတ်ကားတွေထဲမှာ သူရဲ့သရုပ်ဆောင် အမည်က မုန်းခက်။ ချစ်မ လွယ် မုန်းခက်တဲ့။ သူ့ကိုတွေ့လိုက်ရတိုင်း အမြဲပျော်ပျော်ရွှင်ရွှင် ပဲ။ ထောင်ထဲမှာ တွေ့တွေ့၊ အပြင်မှာ တွေ့တွေ့လူကို စလိုက်နောက်လိုက် နဲ့ ထောင်ကျ တာကလည်း အကြိမ်ကြိမ်။ ဇနီးနဲ့ သမီးတွေက သူ လုပ်သမျှ အမြဲတမ်းထောက်ခံတယ်။ သူ့ရဲ့ကျန်းမာရေးက မကောင်းပေ မယ့် သူ့ရဲ့ ယုံကြည်ချက်က ပြင်းထန်တယ်။ သူ့ရဲ့ပေးဆပ်မှုက ကြီးမားတယ်။ တစ်ခါတစ်ရံ သူ့ရဲ့ပေါ့ပေါ့ ပါးပါး  ပျော်ပျော်နေတတ်တဲ့ အပြုအမူကြောင့် လုပ်ဖော်ကိုင်ဖက်တွေက သိပ်မလေးစားချင်ဘူး။ သူက တော့ ဘာကိုမှဂရုမစိုက်ဘူး။ သူပင်ကိုယ်အတိုင်း နေထိုင်လျက်ပါပဲ။ ကျွန်တော် ကိုမျိုးခင်ကိုခင်မင် ခဲ့တာ နှစ် ၂၀ ရှိပါပြီ။ ယုံကြည်ချက်အပေါ် သစ္စာရှိရှိ လျှောက်လှမ်းရတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်အရှေ့ပိုင်း ခရိုင် ကော်မရှင်အဖွဲ့ဝင်၊ ရန်ကင်းမြို့ဥက္ကဌဟောင်း ကိုမျိုးခင်ရဲ့ ဒီမိုကရေစီ လှုပ်ရှားမှုသမိုင်းကို လည်း ပြန်မြင်ယောင် လာမိပါတယ်။

ကိုမျိုးခင် ကို ပဲခူးတိုင်းသာယာဝတီ မြို့နယ် မင်းလှမှာ အောက်တိုဘာ ၁၇ ရက်၊ ၁၉၅၇ မှာ မွေးဖွားခဲ့ပါတယ်။ သူ့ဖခင်က ပန်ချီဆရာ ဦးခင်စိုးနဲ့ မိခင်က ဒေါ်စိန်သန်းဖြစ်ပါတယ်။ မင်းလှကနေ ရန်ကုန်ကို အနုပညာအလုပ်နဲ့ အသက်မွေးဝမ်းကျောင်းမယ် ဆိုပြီး တက်လာခဲ့ပြီးနောက် အနုပညာနယ်ထဲမရောက်ဘဲ သူ့ဘဝရဲ့ မသက်ဆိုင် တဲ့ မဂိုလမ်းမှာ ကျောက်မျက်ပွဲစား ဖြစ်သွားပါတော့တယ်။ ၁၉၈၅ မှာ အိမ်ထောင်ကျပြီ: ရန်ကင်းမှာနေထိုင် ခဲ့ပါတယ်။ ၁၉၈၈ ခုနှစ် ဒီမိုကရေစီ လှုပ်ရှားမှု အရေးတော်ပုံကြီးမှာ တက်တက်ကြွကြွ ပါဝင်ခဲ့ပြီး ရန်ကင်းမြို့နယ် လူငယ်ငြိမ်းချမ်းရေး တပ်ဦးကို ခေါင်းဆောင်ခဲ့ပါတယ်။ ဒီအဖွဲ့ထဲမှာ စာရေးဆရာ ဦးညိုဝင်းရဲ့ သားခင်မောင်ညို၊ ရန်ကင်းကျောင်းသူ မကေခိုင် တို့လည်း ပါဝင်ခဲ့ပါတယ်။ မြို့တော်ခန်းမရှေ့မှာ ဆန္ဒပြရင်း စစ်တပ်က ပစ်ခတ်တဲ့ အချိန် မှာ ထွက်ပြေးတိမ်းရှောင်ခဲ့ပါတယ်။ အဲဒီအချိန် သူငယ်ချင်းတွေက တောခိုပြီး လက်နက်ကိုင်တော်လှန်ရေး လုပ်ဖို့ စည်းရုံးပြောဆိုခဲ့ပေမယ့် သမီးနှစ်ယောက်က လူမမယ် ကလေးတွေဖြစ်နေ လို့ မြေပေါ် မှာပဲ ဒီမိုကရေစီ အရေးလှုပ်ရှားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

၁၉၈၈ ခုနှစ် နိုင်ငံရေးပါတီ တွေဖွဲ့တော့  ရန်ကင်းမြို့နယ်အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို ဝင်ရောက်ခဲ့ပြီုး လူငယ် တာဝန်ခံ(၂) အဖြစ်တာဝန်ယူခဲ့ ပါတယ်။
အဲဒီအချိန် က ရန်ကင်း NLD မှာ စာရေးဆရာမ စမ်စမ်းနွဲ့ (သာယာဝတီ)၊ ဒေါက်တာငွေစိုး၊ ၁၉၉၀ လွှတ်တော် အမတ် ဒေါ်ခင်အေးမြင့် (ကွယ်လွန်)၊ ရွှေကြေးစည်ဒေါ်စန်းစန်းအောင်၊ ရုပ်ရှင် ဒါရိုက်တာကျော်စိန်ထွန်း (ရုပ်ရှင်သရုပ်ဆောင်ထူးမွန်ဖခင်)တို့နဲ့အတူ ပါတီစည်းရုံးရေး လုပ်ငန်း တွေကို ဆောင်ရွက်ခဲ့ပါတယ်။

၁၉၉၀ NLD ရွေးကောက်ပွဲ အောင်နိုင်ရေးဆင်းတော့ ကိုမျိုးခင်က သူ့ဝါသနာအရ ကားတွေပေါ် မှာ ဆောင်းဘောက်စ်တွေတင်၊ NLD သီချင်းတွေ ဖွင့်ပြီး စည်းရုံးရေး လုပ်ခဲ့ပါတယ်။ တစ်ရက် မှာ ချော်တွင်းကုန်း ထိပ်ရောက်တော့ စစ်တပ်က သေနတ်တွေနဲ့ ချိန်ပြီး သူနဲ့အတူ ရန်ကင်းလူငယ် (၁၃)ယောက် ကို ဖမ်းဆီးခဲ့ပါတယ်။ နောက်မှ အားလုံးကို ခံဝန်ချက်နဲ့ လက်မှတ်ထိုးပြီး ပြန်လွှတ် ပေးခဲ့ပါတယ်။ ဒီအဖြစ်အပျက် က ကိုမျိုးခင် အတွက် ဘ၀မှာ ပထမဆုံး အဖမ်းခံရတဲ့ အဖြစ်ပါပဲ။ ၁၉၉၆ မှာတော့ နိုင်ငံရေး အခြေအနေတွေက တင်းမာပြီး ဒေါ်အောင်ဆန်းစုကြည်လဲ နေအိမ် အကျယ်ချုပ် ကျခဲ့ပါတယ်။ NLD က ရန်ကုန်တိုင်း လူငယ်၁၇ယောက်ကို ထောက်လှမ်းရေးက ဖမ်းဆီးထိန်းသိမ်းတဲ့အခါမှာ ကိုမျိုးခင်လည်း ပါသွားခဲ့ ပါတယ်။ အင်းစိန်ထောင် သီးသန့် ဘက်ကို ရောက်တော့ သူတို့ကို NLD ခေါင်းဆောင်တွေဖြစ်တဲ့ ဦးမိုးသူ၊ မောင်ဝံသနဲ့ ဗိုလ်ကြီးဝင်းထိန်းတို့က ဧည့်ခံကြိုဆိုခဲ့ကြပါတယ်။ သူတို့ကို ၁လကြာ ထိန်းသိမ်း ပြီး ပြန် လွှတ်ပေးလိုက်ပါတယ်။ အဲဒီနောက် နိုင်ငံရေးလှုပ်ရှားမှုတွေကို စစ်တပ်က ပြင်းပြင်းထန်ထန် ဖိနှိပ်တဲ့အတွက် လုပ်ကိုင် ခဲ့ ပါတယ်။

ကိုဇာဂနာ ရိုက်ကူးတဲ့ "၀င်လိုက်ထွက်လိုက်"၊ "ကတုံးပေါ်ထိပ်ကွက်" ဗီဒီယိုဇာတ်ကား တွေမှာ သရုပ်ဆောင် မုန်းခက်အဖြစ် ကိုမျိုးခင် ပါဝင်ခဲ့ပါတယ်။ ကိုဇာဂနာရဲ့ ဗီဒီယိုရိုက်ကွင်း မှာ ထောင်ထွက်ကျောင်းသားတွေဖြစ် တဲ့ ရွှေဘုန်းလူ(ခေါ်)တာရာမင်းဝေ၊ ဘဟိန်းအောင်(ခေါ်) ဇော်သက်ထွေးနဲ့ ပန်းချီထိန်လင်းတို့လည်း ကိုမုန်းခက် နဲ့အတွဲ ညီညီ အနုပညာအလုပ်တွေကို လုပ်ကိုင်ခဲ့ကြပါတယ်။ ၁၉၉၅၊ ၁၉၉၆၊ ၁၉၉၇ သုံးနှစ်လုံးလုံး ရုပ်ရှင်ဗီဒီယိုလောကနယ်ထဲမှာ ကျင်လည်ခဲ့ပေမယ့် နောက်ဆုံး မိခင်ပါတီဖြစ်တဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကို မပစ်ပယ်နိုင်ခဲ့ ပါဘူး။ ၁၉၉၇ မှာ ကိုမျိုးခင်က ရန်ကင်း NLD ဆိုင်းဘုတ်ပြန်ထူထောင် ဖို့ ကြိုးစားနေတာကို မလိုလားတဲ့အတွက် သူ့ကိုပြန်ဖမ်းဆီး ထိန်းသိမ်းခဲ့ပါတယ်။ တစ်ခြားအပြစ် ရှာမရ လို့ မှတ်ပုံတင် အတု ကိုင်ဆောင်မှုနဲ့ ထောင်ဒဏ် ၄နှစ် အပြစ်ပေးခဲ့ ပါတယ်။ ထောင်ချပြီးပြီးချင်း သာယာဝတီ ထောင်ကို ရွှေ့ပြောင်းခဲ့ပါတယ်။

သာယာဝတီထောင်မှာလည်း ကိုမျိုးခင်က ပျော်ပျော်ပဲ။ ညဘက်ဆို သီချင်းဆိုတယ်၊ ကပြတယ်၊ ဘာအပူအပင်မှ မထားဘူး။ သူ့ကို လူတိုင်း က ခင်ကြတယ်။ ၁၉၉၉ ဒီဇင်ဘာ (၁၂) ရက်နေ့မှာ ထောင်က ပြန်လည် လွတ်မြောက် ခဲ့ပြီး ရန်ကင်း NLD စည်းရုံးရေးတာဝန်ခံအဖြစ် တာဝန်ယူခဲ့ပါ တယ်။ ၂၀၀၃ ခုနှစ် ဒီပဲယင်း အရေးအခင်း ဖြစ်တော့ အစိုးရက NLD မြို့နယ် ဆိုင်းဘုတ်တွေကို ဖြုတ်ချခိုင်းလိုက်တယ်။ ဒီအပြုအမူကို ကိုမျိုးခင်က မခံနိုင်ဘူး။ ဒါကြောင့် ရန်ကင်းမြို့နယ် ရွေးကောက်ပွဲ ကော်မရှင်ကို သွားပြီး ကန့်ကွက်တယ်။ ညဘက်ကျတော့ စစ်ထောက်လှမ်းရေးတွေ က သူကို လာပြီး ဖမ်းတော့တာပါပဲ။ ပြီးတော့ စစ်ကြောရေးလုပ်ပြီး ပုဒ်မ ၁၇(၁)နဲ့ ထောင်(၃)နှစ် ချလိုက်တယ်။ ထောင်ချချင်လို့ တမင်လုပ်တာဆိုတော့်ရှေ့နေ့လည်း ငှားခွင့် မပေးဘူး။ မိသားစု နဲ့လည်း တွေ့ခွင့်မပေးဘူး ထောင်ချပြီး အင်းစိန် ကနေ ပြည်ထောင် ကို ရွေ့ပြောင်းပေးခဲ့တယ်။ ပြည်မှာလည်း မျိုးခင်တို့အလံ မလှဲခဲ့ဘူး။ ပျော်ပျော်နေရင်း ၂၀၀၆ ခုနှစ်၊ စက်တင်ဘာလ ၈ရက်မှာ ပြန်လည် လွတ်မြောက်ခဲ့ပါတယ်။

အဲဒီနောက် ရန်ကင်း NLD မှာ ဥက္ကဋ္ဌ ဖြစ်သွားပြီး ၈လအကြာမှာ မင်းကိုနိုင်၊ ကိုကိုကြီးတို့ ဦးဆောင် တဲ့ လောင်စာဆီဈေးနှုန်းတက်လို့ ကန့်ကွက်ပြီး လမ်းလျှောက်ဆန္ဒပြတဲ့ထဲမှာ ပါဝင်ခဲ့ပါတယ်။ မင်းကိုနိုင်တို့ အဖမ်းခံပြီး ၁ရက်အကြာ ၂၀၀၇ သြဂုတ်လ ၂၃ ရက်နေ့က ရွှေဂုံတိုင်မှာ ရှိတဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရုံးကို အသွား ရွှေဂုံတိုင်မီးပွိုင့်မှာ စွမ်းအားရှင်တွေက ရဲရိပ်သာကို ပို့ပေးခဲ့ပါတယ်။ ရဲရိပ်သာမှာ စစ်ကြောရေးလုပ်ပြီး ကျောက်တန်းမြို့နယ်မှာ ရှိတဲ့ ရဲတပ်ရင်း(၇)ကို ပို့လိုက်ပါတယ်။ သူနဲ့အတူ NLD လူငယ်တွေ လည်း ပါလာပြီး မိသားစုနဲ့ အဆက်အသွယ် လုပ်မပေးဘဲ ထားခဲ့ပါတယ်။ အဲဒီအချိန်ကာလမှာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကော်မရှင်က ပီနဲရိုး ရောက်လာတဲ့ အချိန်ဖြစ်နေ လို့ ကျောက်တန်းကနေ မှော်ဘီရဲတပ်ရင်း (၃)ကို ပြောင်းရွေ့ ချုပ်နှောင်ထားခဲ့ပါတယ်။ မှော်ဘီမှာ ၃လလောက် ချုပ်နှောင် ထားပြီး အိမ်နဲ့ အဆက်အသွယ် ဖြတ်ထားလို့ ကိုမျိုးခင်၊ ကိုကျော်ဆန်းတို့ ဦးဆောင်ပြီး အစာငတ်ခံ ဆန္ဒပြခဲ့ပါတယ်။

ဒါကြောင့် တာဝန်ရှိသူတွေ ဆင်းလာပြီး ညှိနှိုင်းကာ အင်းစိန်ထောင်ကို ပို့ပေးလိုက်ပါတယ်။ အင်းစိန်ထောင်မှ ရုံးထုတ် ပုဒ်မ ၂၀၅ (ခ)၊ ၁၄၃၊ ၁၄၅ တွေနဲ့ စွဲချက်တင်ပြီး ထောင် ၄နှစ်ခွဲ ပြစ်ဒဏ်ချမှတ်ခဲ့ပါတယ်။ ကိုမျိုးခင်က အစာမစားရတဲ့ဒဏ်၊ စိတ်ပင်ပန်းတဲ့ ဒဏ်တွေနဲ့ သွေးတိုး၊ နှလုံး၊ ဆီးချိုရောဂါတွေ ဖြစ်နေပါပြီ။ ဒါကြောင့် အင်းစိန်ထောင်ဆေးရုံ ကို အရေးပေါ် တင်ခဲ့ရပါတယ်။ အင်းစိန်ဆေးရုံမှာ ဆေးကုသနေရင်းနဲ့ ၂၀၀၈ ဒီဇင်ဘာလ ၁ရက်နေ့ ည၁၁ နာရီမှာ ဆေးရုံက ဆွဲချခြေချင်းခတ်ပြီး ဗန်းမောင်ထောင်ကို ပြောင်းလိုက်ပါတယ်။ ဗန်းမော် ကို ရန်ကုန်က ရထားနဲ့ မန္တလေး၊ မန္တလေးက မြစ်ကြီးနား၊ မြစ်ကြီးနားက ဗန်းမော်အထိ ခရီးသွားရတဲ့ ဒဏ်တွေကြောင့် ဗန်းမော်ရောက်တဲ့အခါ ကိုမျိုးခင် အခြေအနေက တော်တော်ဆိုးရွားနေပြီ။ ဗန်းမော် မှာ ဆေးရုံဆက်တင်ထားပြီး ဆက်ကုသပေမယ့် အခြေအနေမကောင်းတဲ့အတွက် ၅လအကြာ မှာ မြစ်ကြီးနားထောင်ကို ရွှေ့ပြောင်းပေးလိုက်ပါတယ်။

မြစ်ကြီးနားထောင်မှာ ကိုဇာဂနာနဲ့ ပြန်တွေ့ပြီး ဆေးဆက်လက် ကုသခဲ့ပါတယ်။ ရောဂါသက်သာလာတာနဲ့ ကိုမျိုးခင်း မျက်နှာက ပြောင်ချော်ချော်နဲ့ စလိုက် နောက်လိုက်ပြန်ဖြစ်လာပါတယ်။ သူက ဒုက္ခ သုက္ခတွေကို လူတွေ သနားအာင် ပြောလေ့ မရှိပါဘူး။ ဒီလိုနဲ့ ၂၀၁၁ ဇွန်လ ၆ရက်နေ့မှာ ထောင်က လွတ်ပြီး အခု လတ်တလောမှာတော့ NLD ရဲ့ အရှေ့ပိုင်းခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်အဖြစ် တာဝန် ထမ်းဆောင်နေ ပါပြီ။

ထောင်တွေအကြိမ်ကြိမ်ကျ၊ ပါတီစည်းရုံးရေးတွေကို မညည်းမငြူ ဆောင်ရွက်ရင်း ရှေ့သို့ ဆက်လက် ချီတက်နေ တဲ့ ကိုမျိုးခင် ကို ဒီဖိအားတွေ ဒဏ်က လွတ်မြောက်အောင် ဘယ်လိုဖြတ်သန်းခဲ့သလဲ မေးတော့ "အရေးအကြီးဆုံး အချက်က ပျော်ပျော်နေဖို့ပဲ ဘယ်လိုဘ၀မျိုး ပဲရောက်ရောက် ဘ၀ကို ဟာသအမြင်နဲ့ ကြည့်ဖို့ လိုတယ်။ ခုလည်း ကျွန်တော်တို့အတွက် စိန်ခေါ် မှုတွေက ရှေ့မှာ အများကြီး စောင့်ကြိုနေပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်ကတော့ အပြုံးမပျက်တဲ့ မုန်းခက်ထောင်ထဲက ထွက်အောင်ပွဲ အလီလီ ဆက် ပြည်သူတွေ အတွက်" လို့ ရွတ်ပြပြီး သူ့အသံနက်ကြီးနဲ့ တဟားဟား အော်ရယ်နေပါတော့တယ်။

ပြီးပါပြီ
.
>>>ဆက်ဖတ်ရန်>>> >>

Friday, November 30, 2012

ဇော်သက်ထွေး ၏ ကြမ်းတမ်းသောစစ်ပွဲ နှင့် နူးညံသော နှလုံးသား, အပိုင်း (၁၂)

ဘဝထက်ပိုချစ်ခဲ့ရသော အလင်းမြူမှုန်များ

မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ ကျဆုံးစေခဲ့တဲ့ ငွေစက္ကူအရေးအခင်း၊ ရန်ကုန်စက်မှု တက္ကသိုလ် ကျောင်းသား ဘုန်းမော် ကျဆုံးခဲ့ရတဲ့ အရေးအခင်းတွေပြီးတဲ့ နောက်မှာ ကျောင်းသားတွေနဲ့ လုံထိန်း တပ်တွေ ရိုက်ပွဲဖြစ်ခဲ့တဲ့ အင်းလျားကန်ဘောင် က တံတားနီအရေးအခင်းဟာလည်း ၁၉၈၈ ဒီမိုကရေစီ အရေးတော်ပုံသမိုင်းမှာ ထင်ရှား ပါတယ်။ ဒီတိုက်ပွဲမှာ ကျောင်းသားအများအပြား အဖမ်းခံရပြီး အင်းစိန် ထောင်ထဲကို ထည့်သွင်း အကျဉ်းချ ထားခြင်း ခံခဲ့ရပါတယ်။ တံတားနီ အရေးအခင်းမှာ စစ်ကိုင်းဆောင် က ဥပဒေကျောင်းသားပါဝါ မျက်မှန်ထူထူနဲ့ စကား ကို လေသံမာမာခပ်ပြတ်ပြတ်ပြောတတ်တဲ့ အားလုံး က မှန်ကြီးလို့ခေါ်တဲ့ လှမျိုးနောင်လည်း ပါဝင်ခဲ့ တယ်။

သူ့ကို လိုက်ဖမ်းတော့ သူ့ဖခင်ရဲ့ဇာတိ ကျောက် ပန်းတောင်းက ရွာမှာ ကိုရင်ဝတ်ပြီး တိမ်းရှောင်ခဲ့ပေမယ့် မန္တလေး အခြေစိုက် ထောက်လှမ်းရေး (၁)က လာဖမ်းလို့ အင်းစိန် သီးသန့်ထောင်ကို ရောက်လာပါတယ်။ သီးသန့်ထောင်ထဲ မှာ ဌေးကြွယ်၊ ဝင်းကြွယ် (ကွယ်လွန်)၊ မင်းဇေယျာ၊ ကိုယဉ်အေး၊ စောမင်း၊ ကိုထွန်းမြင့် (ကွယ်လွန်)၊ ကိုမင်းစိန် (R.I.T)၊ အေးလွင် (ပြည်သူ့အရေးတော်ပုံပါတီ)၊ သိန်းတင်အောင် (ပြည်ထောင်စု ဒီမိုကရေစီပါတီ)၊ ကိုအောင်ဝင်း၊ အံ့ဘွယ်ကျော်တို့နဲ့အတူ နေရပါတယ်။ တကယ်တော့ ဒီကျောင်းသားတွေ (၁၄၁ ယောက် အုပ်စု) ဟာ ဒီမိုကရေစီအရေးတော်ပုံရဲ့ပထမဆုံး နိုင်ငံရေးအကျဉ်းသားတွေလို့လည်း ပြော လို့ရပါတယ်။

ဒီကျောင်းသားတွေကို ခေတ္တထိန်းသိမ်းပေးပြီး ၁၉၈၈ ဇူလိုင် ၇ ရက်နေ့မှာ ပြန်လွှတ်ပေးခဲ့ပါတယ်။
ဇူလိုင် ၂၈ရက်နေ့မှာ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ (မ.က.သ)ကို ဖွဲ့စည်းတဲ့အခါ လှမျိုးနောင် လည်း ပါဝင်ခဲ့ပြီး ၁၉၈၈ သြဂုတ်လ (၈)ရက်နေ့မှာ ဒီမိုကရေစီ အရေးတော်ပုံကြီး ပေါ်ပေါက် ခဲ့ပါတယ်။ နောက်ဆုံး စက်တင်ဘာရောက်တော့ စစ်တပ်က အာဏာသိမ်းမယ့် အရိပ် အယောင်တွေတွေ့ရ လို့ ကျောင်းသား ၁၀၇ ယောက်ဟာ မော်လမြိုင်ကတစ်ဆင့် တောခိုခဲ့ရာမှာ အဆိုတော်ပြည့်ပြည့်၊ လှမျိုးနောင်၊ ဘိုဘိုဦး၊ မိုးကျော်ဖြူ၊ မောင်မောင်သိန်းတို့ ဦးဆောင်ခဲ့ကြတာ ဖြစ်ပါတယ်။ ထိုင်းမြန်မာနယ်စပ် မှာ ကျောင်းသား များ ဒီမိုကရက်တစ်တပ်ဦး (ABSDF)ဖွဲ့မယ် ပထမဆုံး ညီလာခံတက်ပြီး ၁၉၈၉ မတ်လမှာ ရန်ကုန် ကို ပြန်ရောက်ခဲ့ပါတယ်။ တပ်မတော်က လက်ယာအဖျက်သမားအဖြစ် စွပ်စွဲခံခဲ့ရတဲ့ ဦးရဲထွန်းနဲ့ ကိုမင်းဇေယျ တို့ အဖမ်းခံရတဲ့အချိန်မှာ လှမျိုးနောင်လည်း ရှောင်တိမ်း ကိုယ်ဖျောက်နေခဲ့ပါတယ်။

တကယ်တော့ နိုင်ငံရေးသာ လုပ်နေ တာ လှမျိုးနောင်ရဲ့ မျက်လုံးက သိပ်မကောင်းလှပါဘူး။ သူ ၂နှစ်သားမှာ အဖျား တက်ပြီး မျက်စိ သူငယ်အိမ်လည်သွားလို့ ပုဂံကနေ လေယာဉ်နဲ့ ရန်ကုန်သို့ ခေါ်ပြီး ကုသခဲ့ရဖူးပါတယ်။ ၆နှစ် ၇နှစ်သားမှာ မျက်စိရောဂါ ပြန်ပေါ်လာပြီး စစ်ကြည့်တော့ မျက်လုံးကပါဝါ ၄၀၀ ဖြစ်နေပါပြီ။ ၁၉၉၀ ရွေးကောက်ပွဲအပြီး လူဖမ်းပွဲတွေ လုပ်တော့ ဌေးကြွယ်အိမ်ကို လာရှာတဲ့အခါ ဌေးကြွယ်က ထွက်ပြေးလွတ်မြောက် သွားပြီး လှမျိုးနောင်ကတော့ အဖမ်းခံခဲ့ရပါတယ်။ စစ်ခုံရုံးက ပုဒ်မ ၅(ည)နဲ့ လှမျိုးနောင် ကို ထောင်ဒဏ် ၆နှစ် ချမှတ်ခဲ့ပါတယ်။ ထောင်ထဲမှာ လှမျိုးနောင်ရဲ့ မျက်လုံးအခြေ အနေက ပိုဆိုးလာပြီး ပါဝါတွေက ဖြည်းဖြည်းတိုးလာပါတယ်။ ၁၉၉၅ မေလ (၁၂)ရက်နေ့မှာ ပြန်လွတ်တော့ သူ့မျက်လုံးပါဝါက ၇၀၀ကျော်နေပြီ။ ဘယ်ဘက်မျက်လုံးကိုလည်း ညာဘက် မျက်လုံးအတိုင်း Balance လုပ်လိုက်ရပါတယ်။ အပြင် ပြန်ရောက်မှ မျက်မှန်ကို ဆရာဝန်နဲ့ပြပြီး သေချာပြန်လုပ်ရပါတယ်။ ပြီးတော့ ကျောက်ပန်းတောင်း ကို ပြန်နေပါတယ်။ ၁၉၉၆ မှာ အိမ်ထောင် ကျပြီး ၂၀၀၀ ရောက်တော့ ရန်ကုန် ပြန်ဆင်းလာပါတယ်။ သားတစ်ယောက် ရှိပြီး မြောက်ဒဂုံမှာ နေထိုင်ရင်း မိသားစုဘ၀ ကို အေးအေး ချမ်းချမ်း ဖြတ်သန်းနေ ထိုင်ခဲ့ပါတယ်။

ဒါပေမဲ့ ၂၀၀၅ ခုနှစ်ရောက်တဲ့အခါမှာ လှမျိုးနောင်ရဲ့ ဘ၀ဟာ နိုင်ငံရေးပတ်ဝန်းကျင်ရဲ့ ရိုက်ခတ်မှု ကို တစ်ကျော့ပြန်ခံစားခဲ့ရပါတယ်။ အဲဒီနှစ်မှာ ဗ.က.သ က ကျောင်းသားတွေ ဖြစ်တဲ့ မင်းကိုနိုင်၊ ကိုကိုကြီး၊ ဂျင်မီတို့ လွတ်မြောက် ခဲ့သလို မ.က.သ ကလည်း ဌေးကြွယ်၊ ဇော်မင်းတို့ ပြန်လွတ်လာ ပါတယ်။ ဒါကြောင့် မပြီးဆုံးသေး တဲ့ ဒီမိုကရေစီအရေးတော်ပုံကို ဆက်လက်လှုပ်ရှားရင်း အစိုးရဲရဲ့ မတရားတဲ့ အမိန့်တွေကို သပိတ်မှောက်ဖို့ ကြိုးစားခဲ့ကြပါတယ်။ ဒီအတွက်ကြောင့် ၂၀၀၇ ခုနှစ် သြဂုတ်လမှာ လူဖမ်းပွဲလုပ်တော့ ထွန်းမြင့်အောင်၊ စိုးထွန်း၊ နီလာသိန်း တို့လိုပဲ လှမျိုးနောင်ဟာ ထွက်ပြေး ပုန်းရှောင်ခဲ့ရပါတယ်။ တာမွေမီးသတ်နားက တိုက်ခန်းတစ်ခုမှာ သွားပုန်းနေ တဲ့ လှမျိုးနောင်ကို စစ်ထောက်လှမ်းရေးတွေလည်း မရှာဖွေနိုင်ခဲ့ကြဘူး။ စက်တင်ဘာ သံဃာ အရေးအခင်းဖြစ်တော့ တာမွေ မှာပဲ နေထိုင်ခဲ့ပါတယ်။

ဒါပေမဲ့ တိုက်ခန်းထဲမှာချည်းအောင်းနေရ တော့ သူ့မျက်လုံးက ဖောက်လာတယ်။ မျက်လုံးက အမဲစက်တွေပေါ် လာပြီး အမြင်အာရုံနည်းလာ ခြင်းပါပဲ။ နောက်ဆုံး မြို့ပြင်က ရာဘာတောထဲ ထွက်ပြေးပုန်းရှောင်နေ ရတဲ့ ဌေးကြွယ်နဲ့ ဖုန်းအဆက်အသွယ် လုပ်ပြိး မျက်လုံးကို ဆေးရုံသွားပြဖို့ ဆုံးဖြတ်လိုက်ရ ပါတော့တယ်။ အောက်တိုဘာ ၈ရက်နေ့မှာ မျက်စိဆေးရုံ သွားပြတယ်။ အားလုံးအေးအေးဆေးဆေး ပဲ။ အောက်တိုဘာ (၁၀)ရက်နေ့ Nero Vision မှာ သွားပြတော့ ထောက်လှမ်းရေးတွေက ကြိုစောင့် နေပြီ။ ဖမ်းတဲ့ အခါ ဆရာဝန်တော့ ပြရမယ်ဆိုပြီး ခွင့်တောင်းတော့ ခွင့်ပြုပါတယ်။ ဆရာဝန်က စစ်ဆေးကြည့်တော့ လှမျိုးနောင်ရဲ့ ဘယ်ဘက်မျက်လုံးအပြင်ထောင့်က အမဲရောင် ပိတ်ကား စကွာကျလာတယ်လို့ ဆိုတယ်။ မျက်လုံး ဖွင့်ကြည့်လိုက်တိုင်း မဲနေတယ်။ ဆေးပညာအခေါ် ကတော့ Retina deattchment လို့ ခေါ်ပါတယ်။

 မြင်လွှာအိမ်ရဲ့ အာရုံကြောလမ်းမကြီးနဲ့ ချိတ်ဆက်ထားတဲ့ မြင်လွှာအာရုံကြော အစုအဝေး ရဲ့ မြင်လွှာကွာကျတဲ့ ရောဂါ ဖြစ်ပါတယ်။ အဲဒီ မြင်လွှာက အကြောင်းတစ်ခုခုကြောင့် ပြဲထွက်သွားရင် ဆက်တိုက် ကွာကျ တတ်လေ့ ရှိပါတယ်။ အဲဒီလိုဖြစ်ရင် မျက်လုံးအပြင်မှာ အမဲကွင်းပေါ်လာတတ်တယ်။ ဒီအခြေအနေ ကို ဆရာဝန်က စစ်ထောက်လှမ်းရေးတွေကို ရှင်းပြတယ်။ သေသေချာချာမကုရင် ကန်းသွားမယ် လို့ ပြောလိုက် တယ်။ စအဖ စစ်ကြောရေးက ဘာမှမပြောသေးဘဲ တိမ်းရှောင်နေ တဲ့ ဌေးကြွယ်တို့၊ ဇော်ထက်ကိုကိုတို့ကို ဖော်ခိုင်းတယ်။ ညရောက်တော့မှ အထူးကုဆေးရုံကို ပြန်ပို့ပေးတယ်။ ကုပေး ပြီး ဆေးရုံက နောက်တစ်ပတ် ပြန်လာပြဖို့ ချိန်းတယ်။ ထောင်က လှမျိုးနောင်ကို အပြင်ထုတ် မပေးချင်ဘူး။ ပြန်မစစ်ဖြစ်တော့ ရက်ကြာလာတဲ့အခါ မြင်လွှာက ကွာကျသွားပြန်ရော၊ မျက်လုံးထဲ မှာ အမဲကွက်တွေ ၀င်နေပြီး အလင်းကျတော့လည်း ပြဒါးလို ရောင်ပြန်တွေ ဖြစ်နေတယ်။ ထောင်ကလည်း လှမျိုးနောင်ကို သာမန်အကျဉ်းသား မဟုတ်တဲ့အတွက် အပြင်ထုတ်မရဘဲ ထောင်ဆေးရုံထဲမှာပဲ လိုက်ကာတွေချ။ အမှောင်ချပြီး ကုတယ်။

နောက်ဆုံး လှမျိုးနောင်က ကုသမှု မခံယူတော့ဘူး။ လုပ်တော့မှ ထောင်ဆေးမှူးချုပ် ဆင်းလာတယ်။ မျက်လုံးကို စစ်ဆေးပြီး ခွဲရင် အောင်မြင်ဖို့က ၃ရာခိုင်နှုန်းပဲ ရှိတယ်ဆိုပြီး သဘောတူရင် လက်မှတ်ထိုး ပါလို့ ပြောပါတယ်။ လှမျိုးနောင်ကလည်း မှောင်နေတာထက်စာရင် လင်းတာက ပိုကောင်းတယ်လို့ ဆုံးဖြတ်ပြီး လက်မှတ်ထိုး လိုက်ပါတယ်။ ဒီတော့ သူ့ကို ဆေးရုံ ပြန်ပို့တယ်။ မေ့ဆေးပေးပြီး ခွဲတယ်။ ကွာနေတဲ့ ပိတ်ကား ကို ပြန်ကပ်တယ်။ ထောင်ထဲပြန်ပို့တော့ ဆေးရုံကတိုက် ၁အခန်း ၂မှာ ထားတယ်။ တစ်ပတ်ခြား ပြန်ထုတ်ပြီး စစ်တယ်။ မျက်လုံးအခြေအနေက မကောင်းပါဘူး။ သုံးနေရာလောက် ပြဲထွက်နေတယ်။ ဆရာဝန်ကြီးက လက်လျော့ လိုက်ဖို့ ပြောတယ်။ မျက်လုံးက ဒုက္ခပေးသလို တစ်ဖက်မှာလည်း ပုဒ်မမျိုးစုံတပ်ပြီး ထောင် ၆၅နှစ် ၆လ ချမှတ် လိုက်တယ်။  မျက်လုံးက မကောင်း ပါဘူးဆိုမှ ပထမဆုံး ထောင်ပြောင်းမယ့် လူ ၉ဦးထဲမှာ ပထမဆုံး ထွက်ခွာရတဲ့သူ ဖြစ်နေတယ်။

ည(၁)နာရီ အင်းစိန်ထောင်ဗူးဝမှာ မြတ်စံနဲ့ တွေ့တယ်။ ကဗျာဆရာစောဝေနဲ့ တွေ့တယ်။ ပြီးတော့ လှမျိုးနောင်ကို မြစ်ကြီးနားထောင် ပြောင်းလိုက်တယ်။ မြစ်ကြီးနားထောင်မှာ နဂိုကအခြေအနေ မဆိုးတဲ့ ညာဘက်ကလည်း စဖြစ်လာတယ်။ ဒီတော့ ဆရာဝန်ကို အင်းစိန်က ပါလာတဲ့ ဆေးမှတ်တမ်းတွေ ပြတယ်။ ဒါပေမဲ့ မြစ်ကြီးနား မှာ ကုလို့ မရဘူး။ ဒီလိုနဲ့ လှမျိုးနောင်ကို မန္တလေး ထောင်ပြောင်းလိုက်တယ်။ မန္တလေးရောက်တော့ မျက်လုံးကို သေချာစစ်မပေးဘူး။ ဒီတော့ ညာဘက်မျက်လုံးအတွက် တိုက်ပွဲဝင်ရတယ်။ ဘယ်ဘက်က မျှော်လင့်ချက် မရှိတာသိပေမယ့် ညာဘက်ပါဖြစ်သွားရင် ဘ၀ဆုံးပြီ။ ဒီတော့ မျက်လုံးတစ်လုံး အတွက် ဘ၀တစ်ခုအတွက် တိုက်ပွဲ ၀င်ရတာပေါ့။ ဆေးကုသခွင့်ရဖို့ ခွင့်ပြုချက်တွေက အဆင့်ဆင့် တင်ရတယ်။ ဆေးဝါးအကူအညီ လည်း မရှိဘူး။ အပြင်က ဆရာဝန်နဲ့ပြခွင့်ဆိုတာ ၆လမှ တစ်ကြိမ်ပဲ ရပါတယ်။ ထောင်ထဲမှာလည်း စက်ကိရိယာ မရှိဘူး။ အပြင်ကိုလည်း ထွက်ခွင့်မရဘူး။ နောက်ဆုံး အကျဉ်းဦးစီးဌာန ညွှန်ချုပ်ရုံး အထိ ဒီပြဿနာ ရောက်သွားတယ်။

လှမျိုးနောင်အခြေအနေ ပိုဆိုးနေပြီ။ စာဖတ်လို့တောင် မရတော့တဲ့အခြေအနေ ရောက်နေပြိ။ ဒီလို လုံးလည်ချာလည်လိုက်ရင်း ၂၀၁၂ ခုနှစ်မှာ သမ္မတရဲ့အမိန့်ထောင်က လွတ်လာပါတယ်။ အမြင် အာရုံကတော့ လှမျိုးနောင် အတွက် မျှော်လင့်ချက်နည်းနည်းပဲ ကျန်တော့တယ်။ အပြင်ရောက် တော့လည်း မျက်စိ ဆရာဝန်တိုင်း ကုလို့ရတဲ့ရောဂါ မဟုတ်ဘူး။ ဘယ်ဘက်မျက်လုံးက လုံးလုံး ကွယ်သွားပြီး အတွင်းတိမ်စွဲနေပြီ။ သူငယ်ချင်းမိတ်ဆွေတွေက သူ့ရဲ့ ညာဘက်မျက်လုံး ဆက်လင်း နေဖို့ ၀ိုင်းဝန်းကြိုးပမ်းကြတယ်။ လှမျိုးနောင်ရောဂါကို ကုနိုင်တဲ့ ဆရာဝန်ကြီးကလည်း မြန်မာနိုင်ငံ မှာ သုံးလေးယောက်လောက်ပဲ ရှိပါတယ်။ နောက်ဆုံး ပန်းလှိုင်ဆေးရုံက ဆရာဝန်ကြီး ဒေါက်တာဇော်မင်းတင်နဲ့ ပြတယ်။

သူက လှမျိုးနောင် မျက်လုံးရောဂါကို ကြိုသိနှင့်ပြီးသား၊ ပြီးတော့ သူယူလာတဲ့ ပညာရပ်ကလည်း လှမျိုးနောင် ရဲ့ ရောဂါကို ကုသနိုင်တဲ့ ဘာသာရပ် ဖြစ်နေ တယ်။ နောက်ဆုံး စစ်ဆေးကြည့်တယ်။ ဆရာကြီး ပြောမယ့်အဖြေ ကို အားလုံးက ရင်တထိတ်ထိတ်နဲ့ နားစွင့်နေတယ်။ ဒေါက်တာဇော်မင်းတင်က လှမျိုးနောင် ရဲ့ ညာဘက်မျက်လုံး အခြေအနေက အရမ်းစိုးရိမ်စရာ မရှိသေးပါဘူးတဲ့။ အဲဒီအခါကျမှ အားလုံး သက်ပြင်းချနိုင်ကြ တော့တယ်။ တစ်ခုခုဖြစ်ခဲ့ရင်လည်း ပန်းလှိုင်မှာ ပစ္စည်းတွေ၊ ကိရိယာတွေ အစုံအလင် ရှိပါတယ် တဲ့။ ခုတော့ လှမျိုးနောင်တစ်ယောက် ညာဘက်မျက်လုံးကပါဝါ ၇၀၀ ကျော်ပေ မယ့် လောကကို မြင်နေရသေးတယ်။ ဘယ်လိုပဲဖြစ်ဖြစ် တခြားသူတွေထက်တော့ သူက ဘ၀ထက်ပို ချစ်ရမယ့် အလင်းမှုန်တွေ ရှိနေ ခဲ့ပါပြီ။

တိုင်မယ် တောမယ် ဆန္ဒပြမယ်

၁၉၈၈ နောက်ပိုင်း နိုင်ငံရေးပြဿနာတွေကြောင့် ထောင်ထဲကို ရောက်လာကြတဲ့ လူတွေက အမျိုးအစားစုံလင် လှပါတယ်။ ဒီလူတွေဟာ ပြင်းထန်လှတဲ့ ဖိအားတွေအောက်မှာ ဘ၀ကို ရှင်သန် နိုင်အောင် နည်းအမျိုးမျိုးနဲ့ ကြိုးစားနေထိုင် ကြပါတယ်။ ဒါပေမဲ့ ထောင်ရဲ့အုပ်ချုပ်ရေး အပိုင်းကို ထိတွေ့ တုံ့ပြန်ဆက်ဆံရာမှာတော့ ပုံစံတွေ မတူကြ ပါဘူး။ Event ဆိုတဲ့ ဖြစ်စဉ်မှာ ထောင်ကျတာ ခြင်း အတူတူပေမယ့် Respond ဆိုတဲ့ တုံ့ပြန်မှု မတူကြတဲ့ အတွက် Out comming တွေလည်း မတူကြပါဘူး။ တချို့နိုင်ငံရေးသမားတွေက ပါဝါပျော့ Soft Power ကိုကိုင်ပြီး ကစားကြတယ်။ တချို့အသက်အရွယ် ငယ်ရွယ်သေးတဲ့ လူငယ်တွေ၊ ကျောင်းသားတွေ ကတော့ ရိုးရှင်းပြီး ဗြောင်ကျတဲ့ Hard Power ကို ကိုင်စွဲကြတယ်။ သူတို့မူကတော့ ရှင်းတယ်။ တိုင်မယ် တောမယ် ဆန္ဒပြမယ်ဆိုတဲ့မူပဲ။ တခါတရံကျတော့လည်း သူတို့မူက အလုပ် ဖြစ်တယ်။ တင်ပြထားတဲ့ ကိစ္စ တွေ ပြဿနာတွေကို မဖြေရှင်းဘဲ အချိန်ဆွဲထားတတ်တဲ့ ကြိုးနီစနစ်အောက်မှာ သူတို့ တုံ့ပြန်မှု ကြောင့် ဂရုတစိုက် လုပ်ကိုင်ပေးလိုက်လို့ အဆင်ပြေသွားတာတွေ ရှိတယ်။ တစ်ခါတလေ ကျတော့ ထောင်အာဏာပိုင်ဘက်က ဆုံးဖြတ်ချက် မပေးနိုင်တဲ့အခါမျိုးမှာ ထိပ်တိုက်တွေ့မိပြီး နှစ်ဖက် နစ်နာတတ်တာ မျိုးတွေလည်း ရှိတယ်။ ထောင်ထဲမှာတော့ ဒီလိုပဲ သရေကွင်းတစ်ကွင်း လို လျှော့လိုက် တင်းလိုက် ကစားနေရတာပါပဲ။

၂၀၀၉ခုနှစ်မှာ ကမ္မရ၀တီမဂ္ဂဇင်းလုပ်နေတဲ့ ညီညီထွန်းခေါ် မီးတုတ်တို့ စိုးမိုးထွန်းခေါ် သူကြီး တို့ တွေ ထောင်ကျလာပါတယ်။ ရွှေဝါရောင်မှာ လွတ်သွားပြီး နောက်ဆုံးရထားနဲ့ လိုက်လာကြသူတွေ သူတို့တွေ လည်း ၁၉၈၈ ကတည်းက ထောင်နှုတ်ခမ်းမှာ လမ်းလျှောက်နေတဲ့သူတွေပါပဲ။ ထောင်ကျကာ  အဆန်း မဟုတ်တော့သလို ထောင်အကြောင်းကို ကောင်းကောင်းသိနေတဲ့သူတွေ ပေါ့။ ထောင်ထဲမှာ ဘယ်လိုနေရမယ်၊ ဘယ်လိုထိုင် ရမယ်ဆိုတာ သူတို့သိတယ်။ ထောင်ဇယား ကျေတယ်။ အုပ်ချုပ်ရေးပိုင် က ခြေတစ်လှမ်းလှမ်းရင် နှစ်လမ်းလောက် ကြိုပြီး မြင်တယ်။ ဒါပေမယ့် သူတို့လည်း သိပ်စိတ်ရှည်ကြတဲ့ သူတွေ မဟုတ်ဘူး။ တိုင်မယ် တောမယ် ဆန္ဒပြမယ် ဆိုတာချည်းပဲ။

ဖြစ်ချင်တော့ ၂၀၁၀ နှစ်ဆန်းပိုင်းမှာ သူကြီးက နားကိုက်ဝေဒနာ ဖြစ်လာတယ်။ ထောင်ထဲမှာ ဆိုတော့ ဆေးမြီးတိုတွေနဲ့ ကုတယ်။ မပျောက်ဘူး။ (၁)လပိုင်းလောက်ကစပြီး ဖြစ်တာ။ (၄)လ ပိုင်း ရောက်လာတော့ နားရောဂါက တော်တော်ဆိုးလာတယ်။ မခံနိုင်တော့တဲ့ အဆုံးထောင်ဆေးရုံ သွားပြတယ်။ အင်းစိန်ထောင်ဆေးရုံမှာကလည်း နား၊ နှာခေါင်း၊ လည်ချောင်း Speciallst မရှိဘူး။ ဘယ်တုန်း ကမှလည်း မထားခဲ့ဖူးဘူး။ အားလုံးသောရောဂါအတွက် အထွေထွေကုတဲ့ ဆရာဝန်ပဲ ပြရတယ်။ သက်ဆိုင်ရာ Speciallist တွေ လေးငါးလနေတော့မှ တစ်ခါ ထောင်ထဲကို မျက်စိလည် လမ်းမှားပြီး ရောက်လာတတ်ပါတယ်။ ခုလည်း သူကြီးတစ်ယောက် ဒုက္ခရောက်နေပြီ။ နားဆရာဝန် ကို အပြင်ဆေးရုံက ခေါ်ပြရတဲ့ မူဝါဒကြောင့် စောင့် ရမယ်တဲ့။ ဘယ်လောက်ကြာအောင် စောင့်ရမှာ လည်းလို့ သူကြီးမေးတော့ ထောင်ထဲမှာ နားရောဂါသမားတွေ စုနေတယ်။ ရာကျော်မှတစ်ခါ ခေါ်တာဆိုတော့ အနည်းဆုံး(၃)လစောင့်ပါတဲ့။ ဘာတတ်နိုင်မှာလဲ။ တိုင်မယ်၊ တောမယ်၊ ဆန္ဒ ပြမယ်ဆိုတဲ့မူလည်း ဒီတစ်ခါ မစွမ်းတော့ဘူး။ နားကိုက်ဝေဒနာကို တစ်စိမ့်စိမ့် ခံစားရင်း (၃)လ စောင့်ရတာပေါ့။

(၃)လကြာတော့ သူကြီး မျှော်လင့်နေတဲ့ အပြင်က ဆရာဝန်ကြီးတွေ ရောက်လာပါတယ်။ သူကြီး လည်း သူ့နားရောဂါ ကို ၀မ်းသာအားရနဲ့ ပြတယ်။ တကယ့်ကြည့်တော့ စက္ကန့် ၅၀ပဲ၊ ပြီးတော့ ရောဂါ အကြောင်းတအား ပြောချင်နေတဲ့ သူကြီးကို ဘာမှမမေးတော့ဘူး။ ဆေးတွေ ပေးသွား တယ်။ နား ဆရာဝန်ကြီး ဆေးတွေပေးသွားပေမယ့် လက်ထဲကို ချက်ချင်း မရဘူး။ ထောင်ပိုင်ကြီး ခွင့်ပြုချက် ရမှ ပေးရမယ်ဆိုပဲ။ ဒါဆို ထောင်ပိုင်လိုနေရာမျိုးမှာ တာဝန်ယူမယ့်သူက အကုန် တတ်မြောက်ရမှာပေါ့။ နားရောဂါ အကြောင်းလည်း တီးခေါက်ထားရမယ်။ နားအတွက် ထုတ်လုပ် ထားတဲ့ ဆေးဝါး အမည်တွေကိုလည်း သိရမယ်။ အနာနဲ့ဆေး ဟုတ်မဟုတ်ကိုလည်း စစ်ဆေးပေး ရမယ်။ နောက်ဆုံး နားဆေးအသုံးပြုဖို့ ထောင်ပိုင်ကြီး ခွင့်ပြုချက်ချပေးလိုက်တဲ့ အချိန်မှာ သူကြီး နားရောဂါက ပျောက်သလောက် ရှိနေပြီ။ အခုတော့ ခေတ်ပြောင်းသွားပြီဆိုတော့ ထောင်ထဲမှာ နားဆရာဝန် ရှိနေပြီလား၊ မရှိသေးဘူးလား မပြောတတ်ပါဘူး။ ထောင်ပိုင်ကြီးလည်း ဆေးတွေ စစ်ဆေးဖို့ အချိန်ရမှ ရပါ့တော့မလား မပြောတတ်ပါဘူး။

နားရောဂါနဲ့ တစ်စခန်း ငြိမ်းသွားတဲ့ သူကြီးဟာ ၂၀၁၁ နှစ်ဆန်းပိုင်းမှာတော့ ခေါင်းမူးဝေဒနာရလာ လို့ တစ်စခန်းထလာပြန်ပါတယ်။ ထောင်ဆေးရုံကို သွားပြတယ်။ ဆရာဝန်က သင့်တော်တဲ့ ဆေးတွေပေးတယ်။ မသက်သာပါဘူး။ နောက်ဆုံး သူ့ရောဂါဟာ ကျီးပေါင်း ဖြစ်နိုင်တယ်လို့ ခန့်မှန်း ပြတယ်။ ဆေးရုံမှာ ဓာတ်မှန်ရိုက်ဖို့ ဆေးစာရေးပေးတယ်။ သူကြီးတစ်ယောက် ဓာတ်မှန်ဌာန ရောက်တော့ အမောဆို့တော့တာပဲ။ ဆေးရုံမှာ စက်တော့ ရှိတယ်။ လောလောဆယ်ရိုက်ဖို့ ဓာတ်မှတ် ဖလင်ပြား မရှိဘူးတဲ့။ ဘယ်ရမလဲ။ သူကြီးတစ်ယောက် တိုင်မယ်၊ တောမယ်၊ ဆန္ဒပြ မယ်ဆိုပြီး ပွဲကြမ်းတော့တယ်။ နောက်ဆုံး ဓာတ်မှန်ဋ္ဌာနက အပြင်ကချေးပြီး ရိုက်ပေးပါ့မယ်လို့ ပြောတယ်။ ဆေးရုံကပြောတဲ့ ပုံကို ကြည့်ပြီး သူကြီးက ထောင်ကိုတော်တော် သနားသွားပါတယ်။ ဓာတ်မှန်ရိုက်ကြည့်တော့ အရိုးကျီးပေါင်း တက်နေတာ သေချာသွားတယ်။ နောက်ဆုံးအပြင်ဆေးရုံ က အရိုးအကြော ဆရာဝန်ကြီး ဒေါက်တာအောင်ကျော်မြင့်က ကိုနေမျိုးဇင်ကို လာကြည့်ရင်းနဲ့ သူကြီးရောဂါကိုပါ စစ်ဆေး သွားတယ်။ ပြီးတော့ ခဲဆွဲပါတဲ့။ သူကြီးက ထောင်တိုက်ခန်းမှာ ခဲဆွဲဖို့ အခက်အခဲ ရှိတယ်ဆိုတာ တင်ပြတယ်။ ဆရာကြီး က တိုက်မှာ ခဲဆွဲဖို့ အဆင်မပြေရင် ဆေးရုံ တက်ပြီး ခဲဆွဲဖို့ အကြံပေး တယ်။ ဆေးစာ လည်း ရေးပေးသွားတယ်။

ဒီဆေးစာကြောင့် သူကြီးဆေးရုံ တက်ခွင့်ရသွားတယ်။ ထောင်ကလည်း ဆေးစာဖတ်ကြည့်ပြီး ခဲဆွဲ ဖို့ ပြင်ပေးတယ်။ သူကြီးက တတ်သလောက် မှတ်သလောက်နဲ့ ကော်လံနဲ့ လုပ်ပေးပါဆိုတော့ မလိုပါဘူးတဲ့။ ဒီတော့ သူကြီးက အလျှော့ပေးလိုက်တယ်။ ဒီလောက် လုပ်ပေးနေတာပဲ အရမ်း ကျေးဇူးတင်နေပြီ။ ဒါပေမဲ့ ရင်ထဲက ကျေးဇူးလေးတွေ ဘယ်ဆီပျောက်သွားလိုက်မှန်း မသိဘူး။ ထောင်ဆေးရုံမှာ ခဲဆွဲရင်း အသုံးပြုရတဲ့ ကြိုးအပတ်တွေ ဘယ်နားထားမှန်း မသိဘဲ ပျောက်နေ တယ်။ ဆရာဝန်နှစ်ယောက်လည်း အချီအချ ငြင်းငုန်နေကြတယ်။ နောက်တော့ တစ်နေရာကနေ တွေ့သွားတယ်။  ယူလာတဲ့ဝန်ထမ်းက သူကြီးကို ကြည့်ပြီး ထောင်ဆေးရုံမှာ ခဲဆွဲရင် ကိုယ်ခန္ဓာ ကို ပတ်တတ်တဲ့သူ မရှိဘူး။ ဒါကြောင့် လွဲမှားမှုရှိရင် တာဝန်မယူနိုင်ဘူး လို့ လူကို ဘုကြည့်ကြည့် ပြီး ပြောပြန်ရော။ သူကြီးလည်း ကြောက်သွားတယ်။ ကျွန်တော် ပြန်ပြီး ဆွေးနွေးတိုင်ပင်ပါရစေ ဆိုပြီး တိုက်ကို ပြန်လစ်လာခဲ့တယ်။

ပြီးတော့ ရုံးချုပ်ကို စာတွေဘာတွေ ရေးပြီး တိုင်ပါလေရော။ တစ်လလောက်အကြာမှာ သူကြီးကို အပြင်ဆေးရုံထုတ် ကုပေးမယ်ဆိုပြီး အင်းစိန်ဆေးရုံကို Refer လုပ်ပေးတယ်။ ဒီလိုဆိုတော့ တိုင်မယ်၊ တောမယ်တွေ က အလုပ်ဖြစ်သွားတယ်ဆိုရမှာပေါ့။
ဒါပေမဲ့ အင်းစိန်ဆေးရုံ လည်း ရောက်ရော ဆရာဝန်ကြီး က သူကြီး ရှေ့တည့်တည့်မှာ ထားပြီး ထောင်ဝန်ထမ်းနဲ့ ရဲတပ်သားတွေ ကို "ချီးထုပ်တွေ" ခေါ်လာရမလားဆိုပြီး ဟောက်တယ်။ သူကြီး ကလည်း ငြိမ် မခံဘဲ ပြန်ပြောတယ်။ နောက်ဆုံး ခဲဆွဲဖို့ Word တာဝန်ခံနဲ့ လွှဲပေးလိုက်တယ်။ တာဝန်ခံကလည်း စိတ်မပါ လက်မပါ နဲ့။ လူတွေကို တခြားဂြိုဟ်ကလာတဲ့ ဂြိုဟ်သားတွေကို ကြည့်နေတဲ့ အကြည့်မျိုးတွေနဲ့ Discriminating (ခွဲခြားနှိမ့်ချ) တဲ့ အမူအယာတွေ လုပ်ပြတယ်။ နောက် အင်းစိန်ဆေးရုံမှ မလုပ်ပါ နဲ့။ ထောင်ထဲမှာ ပဲ ခဲဆွဲပါဆိုပြီး ညွှန်ကြားလာပြန်တယ်။

သူကြီး စိတ်တွေ တအားဆိုးနေပြီ။ ထောင်ထဲမှာ မလုပ်နိုင်ဘူးဆိုပြီး Complain တက် တယ်။ ထောင်ဆေးရုံ မှာ ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တွေကို ပြန်ပြောတယ်။ ကုသပုံတွေကို မယုံကြည်ဘူး ပေါ့။ ဒါပေမဲ့ အင်းစိန်က ဘာမှ စိတ်မပူ ဖို့ ဖျောင်းဖျတယ်။ သူတို့ကို ခဲဆွဲနည်းတွေ သေသေချာချာ သင်ပြလိုက်တယ် လို့လည်း ပြောတယ်။ ကော်လံ မရှိဘူးဆိုတော့လည်း ကော်လံပေးလိုက်မယ်တဲ့။ အဲဒီလို လွှတ်ပြီး သဘော ကောင်းနေတော့ သူကြီးက စိတ်ဆိုးပြေသွားတယ်။ ၅(ည)တွေက အချော့ ကြိုက်မှန်း ဆေးရုံတွေက သိထားပြီး သား။ ဒီလိုနဲ့ သူကြီးလည်း ထောင်ထဲ ပြန်လာခဲ့တယ်။
ထောင်ဆေးရုံ ကလည်း ဒီတစ်ခါ လှိုက်လှိုက်လှဲလှဲ နွေးနွေးထွေးထွေးပဲ။ သူတို့ သေချာလုပ်ပေးပါ့ မယ်လို့ ပြော တယ်။

ပြီးတော့ အင်းစိန်ဆေးရုံက ပေးလိုက်တဲ့ ကော်လံကို ယူခဲ့ဆိုပြီး ဆေးတပ်သား လေးကို မှာ တယ်။ ဆေးတပ်သားလေးက ချက်ချင်း ပြေးယူလာတယ်။ နောက်ပြီး သူကြီးလည်ပင်း ပတ်ပေးဖို့ ကြည့်လိုက်တော့ အားလုံး မျက်စိမျက်နှာတွေ ပျက်ကုန်ပြီ။ ကော်လံက လည်ပင်းပတ် တဲ့ဟာကို ခါးမှာ ပတ်တဲ့ ဟာ မှားပြီးပါလာတယ်လို့ ဖြစ်ရော။ သူကြီးဘာမှ ပြောချင်စိတ် မရှိတော့ ဘူး။ စိတ်အကြီးအကျယ် ပျက်သွားတယ်။ သူ့ရဲ့ အရိုးကျီးပေါင်ရောဂါ ကိုတောင် ဆက်ပြီး ကုချင် စိတ်မရှိတော့ဘူး။ ပြဿနာဖြစ်တိုင်း တိုင်မယ်၊ တောမယ်၊ ဆန္ဒပြမယ်ဆိုတဲ့ သူတွေကိုတောင် ဒီလို ဆက်ဆံနေရင် မပြောရဲ မဆိုရဲ ဘာမှနားမလည်ရှာ တဲ့ ကြောက်တတ်တဲ့ အကျဉ်းသားတွေဆိုရင် ဘယ်လိုဆက်ဆံမလဲ ဆိုတာ တွေးကြည့် မိတိုင်း ကြက်သီးထမိတယ်။

ငါးထောင်ပြန်ဇောက်ထိုးနှင့် အမှောင်ဖုံးသွားသော အလင်းတန်းများ

၈၈ မျိုးဆက်ကျောင်းသားအဖွဲ့ထဲမှာ ညီတစ်ယောက်လို ခင်မင်နေတဲ့သူ တစ်ယောက် ရှိပါတယ်။ သူနာမည်အရင်းက သက်ဇော်လို့မှည့်ထားပေမယ့် အားလုံးက ဇောက်ထိုးလို့ပဲ ခေါ်ကြတယ်။ သူက အရာရာကို သူများမြင် တဲ့ ရှုဒေါင့်ကနေ ကြည့်တတ်မြင်တတ်လွန်းလို့ပါ။ ဇာတိက ရေစကြို သား၊ "ဇ"ကတော့ မသေးဘူး။ ၈.၈.၈၈ ရေစကြိုမှာ ကျောင်းသားသမဂ္ဂစာရွက်တွေဖြန့်ဝေမှုနဲ့ မြန်မာနိုင်ငံသမိုင်းတစ်လျှောက် ပထမဆုံးအဖမ်းခံရတဲ့ အခြေခံပညာအထက်တန်းကျောင်းသား။ ဒီကိစ္စကို တစ်မြို့လုံးက မကျေနပ်တဲ့အတွက် ဆူပူအုံကြွတော့ မှ သူ့ကိုပြန်လွှတ်ပေးလိုက်ပါတယ်။ ဒါပေမဲ့ အပြင်မှာ ကြာကြာမနေလိုက်ရပါဘူး။ ၁၉၈၉ ကျောင်းသား အရေးလှုပ်ရှားမှုမှာ ပါဝင်ခဲ့တဲ့ အတွက် စစ်ခုံရုံးက ထောင်ဒဏ် ၄ နှစ်အပြစ်ပေးခံရပါတယ်။ ပခုက္ကူထောင် မှာ နေထိုင်ခဲ့ရပြီး ၁၉၉၃ ခုနှစ်မှာ ပြန်လည်လွတ်မြောက်ခဲ့ပါတယ်။ အဲဒီအချိန် မှာ ထောင်အတွေ့ အကြုံလည်းရပြီ။

ကျောင်းလည်း ပြန်တက်ခွင့်မရတော့တဲ့အတွက် ရန်ကုန်ကိုဆင်းလာပါတယ်။ ရန်ကုန်ရောက်တော့ စားဝန်နေရေးအတွက် စာပေနယ်ပယ်မှာ ကျင်လည်ခဲ့ပါတယ်။ စာပေနယ်ရောက်ပေ မယ့် နိုင်ငံရေး သွေးသားကတော့ ဖျောက်ဖျက်မရခဲ့ဘူး။ ဒီလိုနဲ့ ၁၉၉၉ မှာ ကိုးလေးလုံးလှုပ်ရှားမှုတွေကြောင့် ဒုတိယ အကြိမ် အဖမ်းခံရပြန်တယ်။ ဒီအမှုမှာလည်း ထောက်ဒဏ် ၁၇ နှစ်ကျခဲ့တယ်။ အင်းစိန် ထောင်ကနေ သရက်ထောင် ကို ပြောင်းရွှေ့ခြင်းကိုလည်း ခံခဲ့ရပါတယ်။ သရက်မှာ ငါးနှစ်ကျော် ခြောက်နှစ် နီးပါးနေခဲ့ပြီးတဲ့ နောက် ၂၀၀၅ ခုနှစ်မှာ ပြန်လည်လွတ်မြောက်ခဲ့ပါတယ်။
ပြန်လွတ် လာတော့ ကိုမင်းကိုနိုင်တို့ ဦးဆောင်တဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ (ဗ.က.သ)နဲ့ ပူးပေါင်းပြီး နိုင်ငံရေးလှုပ်ရှားမှုတွေ ပြုလုပ်ခဲ့တယ်။ နောက်ဆုံးနိုင်ငံရေး ရေချိန်မြင့် တက်လာပြီး ၂၀၀၇ သြဂုတ်လထဲမှာ လောင်စာဆီဈေးနှုန်းမြင့်တက်လာမှုကို အကြောင်းပြုလို့ လမ်းလျှောက်ဆန္ဒပြရာမှာ ပါဝင်ခဲ့ပါ တယ်။

ဒီဖြစ်ရပ်ကြောင့် သြဂုတ်လ ၂၁ ရက်နေ့မှာ အဖမ်းခံရပြီး ၂၀၀၈ ခုနှစ် နိုဝင်ဘာလမှာ ထောင်ဒဏ် ၆၅ နှစ် အပြစ်ပေးခံခဲ့ရပါတယ်။ သူ့ကို ထောင်တွေ ရွေ့ ပြောင်းတဲ့အခါ မော်လမြိုင်ထောင်ကို ပြောင်းပေးခဲ့ပြီး ထောင်နဲ့ ပြဿနာတက်ခဲ့လို့ မော်လမြိုင်က နေ ရွှေဘိုထောင်ကို ထပ်မံပြောင်းရွှေ့ခြင်း ခံခဲ့ရပါတယ်။ ဇောက်ထိုးပုံစံက ဒီဂရီမျက်မှန်ထူထူ လည်ကတုံးအင်္ကျီကို သပ်သပ်ရပ်ရပ် ဝတ်ထားလေ့ ရှိပြီး လက်ထဲမှာလည်း ဖတ်လက်စ စာအုပ် တစ်အုပ်အမြဲရှိပါတယ်။ သူက အတွေးအခေါ် စာအုပ်ကို စွဲစွဲမြဲမြဲဖတ်လေ့ရှိပြီး သူငယ်ချင်းတွေနဲ့ လည်း အမြဲတမ်းဆွေးနွေးငြင်းခုံ တတ် ပါတယ်။ နှိုက်နှိုက်ချွတ်ချွတ် လည်း မေးတတ်တယ်။ တစ်ဖက် သားကိုလည်း ပညာစမ်းလေ့ရှိတယ်။ ဒါကြောင့် လည်း ဇောက်ထိုးလို့ နာမည်ကျော်ခဲ့တာပေါ့။

ရွှေဘိုထောင်က သူအတွက်တော့ ဘဝမှာ ပဉ္စမမြောက်ထောင်ဖြစ်ပါတယ်။ အပူပိုင်းဒေသက ထောင်တွေကို မစိမ်းတဲ့ ဇောက်ထိုးအတွက် ရွှေဘိုထောင်က သူ့အတွက် သာသာယာယာပါပဲ။ ဒါ ပေမဲ့ တစ်ရက်မှာ သူ အိပ်ယာက ထလာတော့် အမြင်အာရုံတွေ မှုန်ဝါးနေတယ်။ တဖြေးဖြေးအား စိုက်ကြည့်ရ မြင်ရတယ်။ နဂိုကတည်း က မျက်မှန်သမားတွေဖြစ်နေတော့ မျက်စိနဲ့ပတ်သက်ပြီး တစ်ခုခုဖြစ်နေပြီဆိုတာကို သိလိုက်တယ်။ ခက်တာက မြန်မာနိုင်ငံမှာရှိတဲ့ ထောင်တွေမှာ မျက်စိ ဆရာဝန်ဆိုတာ မထားဘူး။ ထောင်သားတွေ အတွက် ထောင်ထဲကို ရံဖန်ရံခါမှလာတတ်တဲ့ မျက်စိ ဆရာဝန်၊ သွားဆရာဝန်တွေ ကို မျှော်လင့်စောင့်စား ရတယ်။ ခုပြဿနာက ဇောက်ထိုးအနေနဲ့ အကြာကြီးမစောင့်နိုင်ဘူး။ မျက်စိ က မြင်မှမမြင်ရတော့တဲ့ ဥစ္စာ၊ နောက်ဆုံး ထောင်ပိုင်ကြီးကို တင်ပြသတင်းပို့ရတော့တာပေါ့။

ထောင်ကလည်း မျက်စိသမားတော်ကို ရအောင်ခေါ်ပေးပါတယ်။ ဇောက်ထိုးက အရေးကြီး တဲ့ နိုင်ငံရေးအကျဉ်းသားဆိုတော့ ထောင်အပြင် ထွက်ကုသခွင့်မရဘူး။ အထဲမှာပဲကုသရတယ်။ သမားတော်ကြီး ကလည်း ထောင်ထဲမှာဖြစ်နိုင်သမျှ အကောင်းဆုံး ကုပေးပါတယ်။ ဇောက်ထိုးရဲ့ မျက် စိရောဂါ ကို စစ်ဆေးကြည့်လိုက်တော့ Open angle ဂလိုကူးမား (glaucoma) တဲ့။ မြန်မာ လို လွယ်လွယ်ပြောရရင် ရေတိမ်ရောဂါပေါ့။ တစ်ကယ်တော့ ဒီလို ရောဂါတွေဟာ သေချာစစ်ဆေး ကုသရင် ပျောက်ကင်းလေ့ရှိတယ်။ ဒါပေမယ့် မျက်စိကို အဓိကအာရုံစိုက်အလုပ်လုပ်ရတဲ့ သူတွေ အဖို့ခြောက်လ တစ်ကြိမ်လောက် စစ်ဆေးပြီး ကုသရင်ရပါတယ်။ ထောင်ထဲရောက်နေရင်တော့ ကံဆိုး မိုးမှောင်ကျပြီလို့ ဆိုရမယ်ထင်ပါတယ်။ ထောင်တွေမှာ မျက်စိကုသဖို့ ပစ္စည်းကိရိယာတွေ လုံးဝမရှိပါဘူး။ ဒါကြောင့် ထောင်ထဲမှာ မျက်စိရောဂါဖြစ်ရင် အခြေအနေပိုးဆိုးလာဖို့ပဲ ရှိပါတယ်။ ခုလည်း ဇောက်ထိုး မျက်လုံးမှာ ဖြစ်တဲ့ဖြစ်တဲ့ရောဂါကို ရှာဖွေတွေ့ရှိတဲ့ အချိန်မှာ အရမ်းနောက် ကျသွားခဲ့ပါပြီ။ သူမျက်လုံးက opitcal Neverse (အမြင်အာရုံကြော)ဟာ ရှစ်ဆယ်ရာခိုင်နှုန်း ပျက်စီးသွားပြီဖြစ်ပါတယ်။

အကောင်းအတိုင်းကျန်နေသေးတဲ့ နှစ်ဆယ်ရာခိုင်နှုန်းနဲ့ မြင်နေရတာ ပါ။ အလင်းအတွက် မျက်လုံးထဲက အခေါင်းပေါက်က သိပ်ကျဉ်းလွန်းသွားပြီး အမြင်အာရုံရဖို့ အရမ်းအားစိုက်ရပါတယ်။ နောက်ဆုံး မျက်စိ သမားတော် အန်တီက နှစ်ဆယ်ရာခိုင်နှုန်းအကောင်း အတိုင်းကျန်တဲ့ နာမ်ကြောတွေကို မပျက်စီးစေဖို့ မျက်စဉ်းဆေး တစ်မျိုးခပ်ရန် ဆေးစားရေး ပေးပါတယ်။ ထောင်ကို ၃၀၀၀၀ တန်မျက်စဉ်းဆေးဝယ်ဖို့ပြောတော့ အဲဒီမှာ ပြဿနာတက်တော့ တာပါပဲ။

ထောင်မှာဖြစ်နေတာက ဘတ်ဂျက်ပြဿနာ။ တိတိကျကျရှင်းပြရမယ်ဆိုရင် ထောင်မှာ ဆရာဝန် ရော၊ ဆေးမှူးရော ရှိတယ်။ ဒါပေမဲ့ သူတို့တွေက အကျဉ်းဦးစီးဌာနက ခန့်ထားတာဖြစ်ပေမယ့် ဖွဲ့စည်းပုံ မရှိဘူး။ ဖွဲ့စည်းပုံမရှိတော့ ရုံးချုပ်က ဆေးဖိုး ဘတ်ဂျက်ချထားမပေးဘူး။ ဇောက်ထိုးက သူ့မျက်စဉ်းဆေးဝယ်မယ့် ကိစ္စကိုထောင်ပိုင်ရော၊ ဆရာဝန်ရော၊ ဆေးမှူးရော သုံးယောက်စလုံး နဲ့ တွေ့ပြီးတိုင်ပင်ဆွေးနွေးတယ်၊ သူတို့ကလည်း ၀ယ်ဖို့တရားဝင် ဘတ်ဂျက်မရှိဘူး။ သူတို့ထောင် ရဲ့ကျန်းမာရေးစောင့်ရှောက်မှု လုပ်နေရတာက ထောင်သားတချို့တလေဆီက လှူပြီး ရတဲ့ငွေရယ်၊ ထောင်သက်သာ ရန်ပုံငွေရယ်မျှတသုံးစွဲပြီး လုပ်ဆောင်နေရတာ ဖြစ်ပါတယ်။

သူတို့ဘ၀ကလည်း ဆေးသာကုပေးနေရတာ။ ဘ၀အတွက် မှားသွားမှာ၊ ပြဿနာတက်မှာ စိုးရိမ်ပူပန်နေ ရတယ်။ ဟုတ်လည်းဟုတ်တယ်။ သူတို့သုံးနေရတာက တရာမ၀င် ငွေကြေးတွေလို့ ခေါ်လို့ရတယ်။ အစိုးရက တရားဝင်ပေး တဲ့ ငွေကြေးကို မရဘူး။ ဒီတော့ ထောင်မှာ ၀န်ထမ်းအဖြစ်ရှိပေမယ့် ဖွဲ့စည်းပုံမှာမပါတော့ လူရှိနေပြီး အကြုံးမ၀င်သလို ဖြစ်နေတယ်။ ဒီတော့ ဂျာအေးသူ့အမေရိုက်ဆို သလို လုံးလည်ချာလည်လိုက်နေတယ်။ ဇောက်ထိုးဆိုတာ ဘယ်ထောင်မှာဖြစ်ဖြစ် ဘာမှကြောက် ရွံ့မနေဘဲ မဟုတ်မခံပြန်ပြောတတ်တဲ့သူ၊ ဘာနဲ့ခြောက်ခြောက်တုန်လှုပ်မရှိ တုန့်ဆိုင်းခြင်းမရှိ တုန့်ပြန်တတ်သူ၊ အကျဉ်းသားတွေရဲ့ ရပိုင်ခွင့် အခွင့်အရေးအတွက် တောင်းဆိုတဲ့ နေရာမှာရှေ့ ဆုံးတန်းကနေ တတ်သူ။

ခုသူဖြစ်နေတဲ့ မျက်စိပြဿနာမှာတော့ ထောင်ကဆရာဝန်လေးနဲ့ ဆေးမှူးကို တော်တော်သနား သွားတယ်။ တကယ်တော့ သူတို့က မကုပေးချင်ုတာမှ မဟုတ်ဘဲ။ ခေတ်နဲ့ စနစ်ကြီးကြောင့် ခုလိုဖြစ်နေရတာလေ။ ၀န်ထမ်း ဆိုတာ ကြိုးနီစနစ်အောက်မှာ ပြားပြားမှောက်နေရတဲ့ဘ၀။ ကြယ်နီ ရေးတဲ့ ကိုဒေါင်းစိန်တို့ မိသားစုနဲ့ ဘာများခြားနားလို့လဲ။ ဒီလိုနဲ့ ငါးထောင်ပြန်ဇောက်ထိုးတစ် ယောက် သုံးသောင်းတန်မျက်စဉ်းခပ် ရဖို့အတွက် သူ့အိမ်ကိုပဲ ထုံးစံအတိုင်းလှမ်းမှာရပါတော့ တယ်။ ဘယ်လိုပဲဖြစ်ဖြစ် ၁၉၉၈ ခုနစ် ကတည်းက ထောင်နဲ့ ရင်းနှီးကျွမ်းဝင်နေတဲ့ ဇောက်ထိုးအ တွက် အကျဉ်းဦးစီး ဌာနရဲ့ဖွဲ့စည်း ပုံ၊ ငွေကြေး သုံးစွဲပုံ၊ ထောင်အာဏာပိုင်တွေရဲ့ လုပ်ကိုင်ဆောင် ရွက်တတ်ပုံတွေကို အလွတ်နည်းပါး သိနေတဲ့အတွက် သူ့မျက်လုံးကုသဖို့ အိမ်ကိုငွေမှာရတဲ့ ကိစ္စ မှာလည်း ထူးမခြားနား ဇာတ်လမ်း တစ်ခုသာဖြစ်ကြောင်း ရယ်တစ်ဝက် ပြုံးတစ်ဝက်နဲ့ ရင်ဖွင့်သွား ခဲ့ပါတယ်။

၉ လေးလုံးနှင့် ကြက်သားတစ်တုံး

၉လေးလုံးဆိုတဲက ၉  ၉  ၉  ၉ နေ့မှာ တစ်နိုင်ငံလုံးသပိတ်မှောက်မယ်ဆိုတဲ့ ကောလဟာလတွေ ကြောင့် စစ်အစိုးရ ခေါင်းခဲစရာ ကြုံခဲ့ရပါတယ်။ ဒါကြောင့် ရှစ်လေးလုံးမှာ တက်တက်ကြွကြွပါဝင် လှုပ်ရှားခဲ့ပြီး ထောင်ကျခဲ့ဖူးတဲ့ နိုင်င့ရေးအကျဉ်းသားဟောင်းတွေကို ၉လေးလုံးမတိုင်ခင်မှာ ခေတ္တ ခဏ ထိန်းသိမ်း လိုက်ပါတယ်။ ခန့်မှန်းခြေ လူ ၂၀၀ လောက်ကို အိမ်တိုင်ယာရောက် လိုက်ခံခေါ်ယူ ပြီးပဲခူးနားက အင်းတိုင်စစ်တပ်ထဲမှာ ထည့်ထားလိုက်ပါတယ်။ အတော်များများ ဟာ ထောင် ထဲက  ပြန်လည်လွတ်မြောက်လာပြီး စားဝတ်နေရေးအတွက် ရုန်းကန်ကြွရလို့ အချင်းချင်းတောင် အပြင် မှာပြန် မတွေ့ကြရတာတွေရှိပါတယ်။ စစ်ထောက်လှမ်းရေးက ခုလိုခေါ်ယူလိုက်လို့ အင်းတိုင်မှာ အချင်းချင်းပြန်ဆုံကြ၊ မိသားစု အခြေအနေတွေ မေးကြမြန်းကြနဲ့ပျော်စရာကောင်းနေကြပါသေး တယ်။

 အဲဒီအချိန်က မြို့နယ်အလိုက် နိုင်င့ရေး "ဇ"ရှိတဲ့ လူတွေကိုခေါ်တာဖြစ်တဲ့အတွက် ကြည့် မြင့်တိုင်က ညီညီလှိုင်၊ ဒဂုံမြို့နယ်က ထက်ရာဇာ၊ တောင်ဥက္ကလာက သျှိုညိုထွန်းသိန်း၊ လှည်းတန်းက ကိုအောင်သူ၊ သင်္ဃန်းကျွ်းက ဗသက်အောင်၊ မှော်ဘီကအေးလွင်၊ တောင်ဒဂုံက ကိုမင်းဇေယျာ စတဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းတွေပါ လာကြပါတယ်။ သူတို့အားလုံးကို အင်းတိုင်မှာ အဆောင်(၂)ဆောင် ခွဲထားပြီး သက်ဆိုင်ရာတာဝန်ခံဗိုလ်မှူးက မနက်ဆိုလက်ဖက် ရည်နဲ့ပဲပလာတာ၊ နေ့လည်နဲ့ ညနေမှာ အသားဟင်းတစ်ခွက်၊ အသီးအရွက်ကြော်တစ်ခွက်နဲ့ ထမင်းကိုကောင်းကောင်းကျွေးပါတယ်။ ညနေခင်းမှာ အားကစား လုပ်မယ်ဆို ခြင်းခတ်၊ ဘောလုံး ကန်လို့ရသလို ညဘက်မှာလည်း ရုပ်မြင်သံကြားစက်က အဆင်သင့်ပါ။ အားလုံးကို တာဝန်ခံတပ် အရာရှိက ၉ ၉ ၉ ၉ မှာ ဆူပူအကြမ်းဖက်မှုတွေမဖြစ်ဖို့ ခေတ္တခဏသာ ထိန်းသိမ်းတဲ့အကြောင်း ရှင်းလင်းပြောဆိုထားပါတယ်။ ဒါပေမဲ့ တစ်ခုဆိုးတာက လူတွေကို ဘောပင်နဲ့ စာရွက်တွေဝေငှ ပြီး အရင်ဖြစ်ခဲ့တဲ့ အမှုဖြစ်စဉ်နဲ့ လက်ရှိနိုင်ငံရေးကိစ္စကြီးကို ခုလိုပြန်ဖော်ထုတ်ရတော့ ခံစားမှုတွေ အသစ်ပြန်ဖြစ်ပြီး စိတ်တွေ ဆင်းရဲကြရတာပေါ့။ ပြီးတော့ အခုလိုခေါ်ယူတာဟာ ရမ္မာန်ကြီး တစ် ယောက်ပဲဆိုတော့ စိုးရိမ်ပူပန်မှုတွေ၊ စိတ်ဖိစီးမှုတွေ သိပ်မရှိကြပါဘူး။

ဒီလိုနဲ့ ၉  ၉  ၉  ၉ ကို ဟေးလားဝါးလားနဲ့ ကျော်ဖြတ်ခဲ့ကြပါတယ်။ အင်းတိုင်မှာ နှစ်ပတ်နေပြီး ပြီမို့ အိမ်လည်းပြန်ချင်နေကြပါပြီ။ မိသားစုကိုလည်း လွမ်းနေကြရပါပြီ။ ဒါပေမဲ့ နောက်တစ်နေ့ မနက်မှာ ဗိုလ်မှူးက မျက်စိပျက်မျက်နှာပျက်နဲ့ ရောက်လာပါတယ်။ သူကပြန်လွှတ်ပေးချင်ပေမယ့် အထက်လူကြီူးတွေက ၁ နဲ့ ၈ပေါင်းခြင်း ကလည်း ၉ ရတာမို့ ၁၈-၉-၉၉အထိသည်း ခံနေပါဦးလို့ ပြောလိုက်ကြောင်းအားလုံးကို ရှင်းပြပါတယ်။ အားလုံးလည်း စိတ်ပျက်လက်ပျက်တော့ ဖြစ်သွား တာပေါ့။ ဒါပေမဲ့ နောက်ထပ် လေးငါးဆယ်ရက်နဲ့တော့ မထူးပါဘူးဆိုပြီး အားလုံးဘာမှ မပြောကြတော့ပါဘူး။ တစ်ရက် တစ်ရက်ထမင်းလေးစားလိုက်၊ ခြင်းလေးခတ်လိုက်နဲ့ ၁၈ရက်နေ့ ကိုမျှော်နေကြပါတယ်။ ဒီလိုနဲ့ ၁၈ရက်နေ့ကိုရောက်လာပါတယ်။ တချို့က အိမ်ပြန်ဖို့ အ၀တ်အစားတွေတောင် သိမ်းထားပြီပြီ။ တချို့ကလည်း မိသားစုနဲ့တွေ့ချင်နေကြပြိ။ ဆယ်နာ ရီလောက်မှာ တာဝန်ခံစစ်ထောက်လှမ်းရေး ဗိုလ်မှူးရောက်လာပါတယ်။ သူက အားလုံး ရဲ့ မျက်နှာ ကိုအားနာလို့ မကြည့်တော့ဘဲ ရှင်းလင်းချက်ကို တိုတိုပြတ်ပြတ်ပဲ ပြောပါတယ်။ အထက်လူကြီး က ၂ရက်နဲ့ ၇ပေါင်းခြင်းကလည်း ၉ရတာမို့ ၂၇-၉-၉၉ အထိ အားလုံးထပ်နေရဦးမယ်ဆိုတဲ့ အကြောင်း ပါပဲ။ အားလုံး ဟင်ကနဲ ဟာကနဲတွေဖြစ်ကုန်တယ်။ စီးပွားရေးသမားတွေကလည်း အော်ကုန်ပြီ။ သူတို့စီးပွားရေးလုပ်ငန်းတွေ ပစ်ခဲ့ရတာကြာပြီကိုး။

အဲဒီနေ့ကစပြီး အဆောင်(၂)ဆောင်လုံး ဆူဆူညံညံအပျော်အပျက် စတာနောက်တာတွေ တိုးတိတ်သွားတယ်။ အားလုံးရဲ့ ရင်ထဲမှာ ပါးစပ်က ထုတ်ဖော်မပြောပေမယ့် ၂၇ရက်ကျော် ရင် ကောပြန်လွှတ်မှာလားဆိုတဲ့ မေးခွန်းကပေါ်လာတယ်။ ကိုယ့်အနာဂတ်နဲ့ မိသားစု ဘ၀ကိုလည်း စိုးရိမ်ပူပန်နေကြရပါပြီ။ ထိန်းသိမ်းထားတဲ့ သူတွေကတော့ တာဝန်တော်တော်ကျေပါတယ်။ ဟင်းတွေက အရင်ကထက်တောင်ကောင်းလာသေးတယ်။ အင်းတိုင်မှာရှိတဲ့ ရဲဘော်လေးတွေက လည်း ထိန်းသိမ်းထားတဲ့သူတွေလိုအပ်တာ၊ တောင်းဆိုသမျှ အတတ်နိုင်ဆုံး ဖြည့်ဆည်းပေးကြပါ တယ်။ ဒါပေမဲ့ အခြေအနေကတော့ အေးစက်တင်းမာကုန်ကြပြီ။ ရှေ့ရေးအတွက် တိုးတိုးတစ်မျိုး၊ ကျယ်ကျယ်တစ်မျိုး ဆွေးနွေးတိုင်ပင်နေကြပြီ။ အပြင်လောကမှာ ဆူပူမှုတွေ၊ ဆန္ဒပြမှုတွေ မဖြစ်ပါ စေနဲ့လို့ ဘုရားမှာဆုတောင်းရတာလည်း အမောပါပဲ။ တကယ်လည်း ရန်ကုန်မှာ ဘာမှမဖြစ်ခဲ့ ပါဘူး။ အုပ်ချုပ်သူတွေ ထက်တော့ ၉လေးလုံးကို တော်တော်ကြီးတွက်တားပုံရပါတယ်။ အပြင်က လှုပ်ရှားမှုတွေ ကို စောင့်ကြည့်နေကြပါတယ်။

တစ်နေ့မှာတော့ နေ့လည်စာကို ကြက်သားနဲ့ အာလူးဆီပြန်ချက်ပြီး ကျွေးပါတယ်။ အားလုံးက ဟင်းကောင်းပေ မယ့် မြိန်မြိန်ရှက်ရှက် မစားနိုင်ကြတော့ဘူး။ အဲဒီအချိန်မှာ မှော်ဘီလူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌလုပ်ပြီး ထောင်ကျခဲ့တဲ့ မှော်ဘီအေးလွင် (ခယုကျူရှင်ဆရာ)က သူ့အတွက် ချပေးထား တဲ့ ကြက်ပေါင်ကိုမစားဘဲ စူးစိုက်ကြည့်နေပါတယ်။ သူ့ဘေးက ညီညီလှိုင် တို့ထက်ရာဇာ တို့ကလည်း အေးလွင်ဘာလုပ်ပါလိမ့်ဆိုပြီး အကဲခတ်ကြည့်နေပါတယ်။ အေးလွင် ကကြက်ပေါင်ကို မစားဘဲရုတ်တရက်ကောက်ယူပြီး နံရံကိုကောက်ပေါက်လိုက်ပါတယ်။ ထမင်းစား နေတဲ့သူတွေအားလုံး လှုပ်လှုပ် ရှားရှားဖြစ်သွားတယ်။ ပြီးတော့ အေးလွင်က အသံနက်ကြီးနဲ့ အော်ပြီး အဆောင် အပြင်ဘက်ကို ပြေးထွက်သွားပါတယ်။

အပြင်ရောက်တော့ မြေကြီးပေါ်ကို ဒူးထောက်ထိုင်လိုက်ပြီး ငိုနေပါတယ်။ အေးလွင်နောက်ကို စစ်ဗိုလ်လေးတစ်ယောက်နဲ့ ရဲဘော် သုံးလေးယောက် အပြေးအလွှားလိုက်သွားတယ်။ အားလုံး က အေးလွင်ရုတ်တရက် စိတ်ဖောက် သွားတယ်လို့ထင်နေကြတယ်။ အေးလွင်ကတော့ မျက်ရည်ကျနေရင်း ကနေ မြေကြီးကို လက်သီးနဲ့ အဆက်မပြတ်ထိုးနေတယ်။ လက်တွေ လည်း ပေါက်ပြဲ ပဲ့ရွဲ့ပြီး သွေးချင်းချင်း နီနေပြီ။ ငိုနေတဲ့ အေးလွင်ကို စစ်ဗိုလ်လေးကလည်း အကြောင်းရင်း ကို ချော့မော့မေးမြန်း တယ်။ ဒီတော့မှ အေးလွင်က စစ်ဗိုလ်လေးကို ပြန်ကြည့်ပြီး တစ်လုံးချင်းပြောပြတယ်။
"ခင်ဗျားတို့ကို ကျေးဇူးတင်ပါတယ်။

ကျုပ်တို့ကို ခဏဆိုပြီး ဖမ်းထားပေ မယ့်ကောင်းကောင်း ထားတယ်။ ကောင်ကောင်းကျွေးတယ်၊ ဒါပေမဲ့ ကျုပ်အိမ်ကထွက်လာရတာ တစ်လရှိပြီဗျာ။ ခု ခင်ဗျားတို့ ကျွေးတဲ့ကြက်သားတုံးကို ကျုပ်ဘယ်လိုမှ မျိုမကျနိုင်တော့ဘူး။ ဘာလို့လဲဆိုတော့ အိမ်မှာကျန်ခဲ့တဲ့ မိန်းမနဲ့ကလေးငါးယောက် ဘာနဲ့စားနေသလဲ ဆိုတာ တွေးမိလို့ ကျုပ်လုံးဝမစား နိုင်တော့ဘူး ကဲ ရှင်းပြီလား....."
အေးလွင် က စကားဆုံးသွားတဲ့အခါ စစ်ဗိုလ်ကလေးနဲ့ ရဲဘော်တွေလည်း ကြက်သေသေသွား တယ်။ ဘာမှပြန် မပြောနိုင်တော့ဘူး။ အေးလွင်ကို ရဲဘော်တွေကတွဲပြီး ပြန်ခေါ်သွားတယ်။ လက်ကို ဆေးထည့်ပေးတယ်။ ဒီဖြစ်ရပ်အပြီး မကြာခင်မှာပဲ တပ်မတော် ထောက်လှမ်းရေးက ဗိုလ်မှူးကြီးတစ်ယောက်ရောက်လာပါတယ်။ အရပ်ရှည်ရှည်ကလန် ကလားနဲ့ပါ။ နိုင်ငံတော် အစိုးရရဲ့ မူဝါဒတွေကို ရှည်ရှည်လျားလျားရှင်းပြပါတယ်။

အစိုးရနဲ့ ထောက်လှမ်းရေးအဖွဲ့က အားလုံးအပေါ်စေတနာထားကြောင်းနဲ့ ခေတ္တထိန်းသိမ်းထားစဉ်မှာ လိုအလေသေး မရှိထားပေးခဲ့ ကြောင်း အခုတိုင်းပြည်မှာ ပြန်လည်တည်ငြိမ်အေးချမ်းသွားပြီဖြစ်လို့ အားလုံးကို အိမ်ပြန်ပို့ပေး မှာ ဖြစ်ကြောင်းလာရှင်းပြပါတယ်။ ပြီးတော့ ထိန်းသိမ်းထားသူ အားလုံး နဲ့ အေးလွင်ကို ပြန်လွှတ်ပေး လိုက်ပါတယ်။ အင်းတိုင်တပ်နယ်ထဲမှာနေခဲ့ရတဲ့သူတွေရဲ့ အသည်းနှလုံး ထဲမှာတော့ ၉ဂဏန်းတွေ ကြုံတိုင်း မှော်ဘီအေးလွင်မျက်ရည်တွေနဲ့ ကြက်သားတစ်တုံးကို အမြဲတမ်း အမှတ်ရနေမိပါတော့ တယ်။

အကျင်းထောင်ထဲ၌ ၇၃၀၄ ရက်ကို ဖြတ်သန်းခြင်း

တစ်နေ့က နိုင်ငံရေးအခမ်းအနားတွေကို မမောတမ်း မပန်းတမ်းလုပ်ဆောင်နေတဲ့ အသားဖြူဖြူ ပိန်ပိန် သွယ်သွယ် ကိုဘိုဘိုဦးကိုတွေ့ပြီး နှုတ်ဆက်စကားပြောခဲ့ရပါတယ်။ သူ့ပုံစံက ထောင်ထဲမှာ နှစ်ပေါင်း (၂၀)နေထိုင်ခဲ့ရ မှန်း မသိသာဘဲ အိပ်မက်နိုင်ငံတော်အတွက် လန်းဆန်းတက်ကြွနေပါ တယ်။ တကယ်တော့ ကိုဘိုဘိုဦး ဟာ ထောင်ထဲမှာ တိတိကျကျပြောရရင် ရက်ပေါင်း (၇၃၀၄)ရက် ကိုနေထိုင်ဖြတ်သန်း ခဲ့ရသူ ဖြစ်ပါတယ်။ ၁၉၈၈ ခုနှစ်မတ်လက ရန်ကုန်တက္ကသိုလ် ကျောင်းသား တွေက တစ်ပါတီအာဏာရှင်စနစ်ကို မကြိုက် လို့ ဆန္ဒပြလှုပ်ရှားခဲ့တဲ့ အချိန်မှာ ကိုဘိုဘိုဦးလည်း ပါဝင်ခဲ့ပါတယ်။ သူကအဲဒီအချိန် ရန်ကုန်တက္ကသိုလ် မှာ အင်္ဂလိပ်စာအဓိကနဲ့ နောက်ဆုံးနှစ်တက် နေတာဖြစ်ပါတယ်။

ငွေစက္ကူအရေးအခင်းပြီးတဲ့နောက် ကျောင်းသားလှုပ်ရှားမှုမှာ ထဲထဲဝင်ဝင် ပါဝင်ပတ်သက်လာပြီး ရန်ကုန်တက္ကသိုလ်ကျောင်းသားလှုပ်ရှားမှု ခေါင်းဆောင်တွေဖြစ်တဲ့ ကိုမင်းဇေယျာ၊ ကိုဌေးကြွယ်၊ ကိုဝင်းကြွယ် တို့နဲ့ ပူးပေါင်းလှုပ်ရှားခဲ့ပါတယ်။ နောက်ဆုံး မြန်မာ နိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရေစီ အရေးလှုပ်ရှားမှု အစည်းအရုံးမှာ ပါဝင်ခဲ့ပါတယ်။ မိဘတွေက ငွေကြေးချမ်းသာကြတဲ့အတွက် ကိုဘိုဘိုဦး ကို နိုင်ငံရေးလှုပ်ရှားမှုနဲ့မပတ်သက်ဖို့ ဟန့်ထားခဲ့ပါသေးတယ်။ ဒါပေမဲ့ သူကတော့ ဒီမိုကရေစီ အရေးတော်ပုံကို ကျောခိုင်းဖို့ ခက်ခဲခဲ့ ပါတယ်။ ဒါကြောင့် တိုင်းပြည်ပြင်ပကို လက်နက်ကိုင်တော်လှန်ရေး လုပ်ဖို့ ထွက်ခွာသွားတဲ့ သူငယ်ချင်းတွေနဲ့ အဆက်အသွယ်ရယူရင်း ပြည်တွင်းမှာ စစ်အစိုးရကို အုံကြွတော်လှန်နိုင် ဖို့ အတွက်မြေအောက်လှုပ်ရှားမှုတွေ ပြုလုပ်ခဲ့ပါတယ်။

ကိုဘိုဘိုဦး ရဲ့ ခြေလှမ်းတွေကို ထောက်လှမ်းသိရှိသွားတဲ့ အာဏာပိုင်တွေက ၁၉၈၉ခု စက်တင် ဘာ ၁၈ရက်နေ့မှာဖမ်းဆီးခဲ့ပြီး အင်းစိန်ထောင်ကို ပို့ခဲ့ပါတယ်။ သူ့ရဲ့ အပြောအဆို လိမ္မာပါးနပ် မှုကြောင့် နိုင်ငံရေးပုဒ်မတွေ အတပ်မခံရဘဲ ရိုးရိုးပုဒ်မနဲ့ ပြစ်ဒဏ်ချပြီး ၁၉၈၉ခုနှစ် အကုန်မှာ ရဲဘက် စခန်းကို ပို့လိုက်ပါတယ်။ ဒါပေမယ့် ကိုဘိုဘိုဦးကံမကောင်းခဲ့ပါဘူး။ သူနဲ့တွဲပြီးလှုပ်ရှား ခဲ့တဲ့ သူတွေ ၁၉၉၀ မတ်လမှာ အဖမ်းခံရတော့ စစ်ကြောရေးမှာ ကိုဘိုဘိုဦးနာမည်ကို ထုတ်ဖော် ပြောလိုက်ရပါတယ်။ ဒါကြောင့် ကိုဘိုဘိုဦးကို အင်းစိန်ထောင်ပြန်ခေါ်ပြီး စစ်ကြောရေးလုပ် နိုင်င့ရေး ပုဒ်မတွေတပ်ပြီး ထောင်ဒဏ်နှစ် (၂၀)ပြောင်းလဲ ချမှတ်လိုက်ပါတယ်။ ဒီတခါတော့ ကိုဘိုဘိုဦးကို အင်းစိန်ထောင်တိုက်ထဲမှာ သီးခြားချုပ်နှောင်ထားခဲ့ပါတယ်။ ၁၉၉၇ခုနှစ် ဧပြီ ၁ရက် နေ့မှာတော့ ညဘက်ခေါင်းစွပ်အုပ်ခေါ်သွားပြီး ထောင်ဗူးတံခါးမှာ သံခြေကျင်း အမြန်ရိုက်ကာ ရန်ကုန်ဘူတာကြီးကို ခေါ်ဆောင်လာခဲ့ပါတယ်။ အဲဒီအခါကျမှ ထောင်ပြောင်းတာလို့ သိရပြီး ရန်ကုန်-မန္တလေး အမြန်ရထားနဲ့ မန္တလေးအိုးဘို ထောင်ကိုပို့လိုက်ပါတယ်။ မန္တလေးအိုးဘိုထောင် မှာနေရမှာ မဟုတ်ဘဲ ခေတ္တရပ်နားတာလို့ သိရပြီး ၄ရက်မြောက်နေ့မှာတော့ မြင်းခြံထောင်ကို ဆက်လက်ပြောင်းရွှေ့ပေးခဲ့ ပါတယ်။

မြင်းခြံထောင်ကို ၀င်ဝင်ချင်း တန်းစီးတွေ၊ စည်းကမ်းထိန်းတွေရဲ့ ပညာပေးခြင်းကို စတင်ခံရ ပါ တော့တယ်။ မြင်းခြံမှာ နိုင်ငံရေးအကျဉ်းသားတွေကို ထောင်အာဏာပိုင်တွေက ရိုက်နှက်ပြီး ထိန်းသိမ်းခွင့်ကို အပြည့်အ၀ပေးထားပါတယ်။ ထိုအချိန်က အပြင်မှာလည်း နိုင်ငံရေးမုန်တိုင်းတွေ ထန်နေတော့ ထောင်ထဲကလူတွေကို တင်းတင်းကျပ်ကျပ် ဖိနှိပ်ထားတဲ့ သဘောပါပဲ။ မြင်းခြံ ထောင်ကကြီးပြီး အကျဉ်းသား ၁၂၀၀ကျော် ဆန့်ပါတယ်။ နိုင်ငံရေးသမားတွေထားဖို့ ကြိုးတိုက်နဲ့ သီးသန့်မှာတိုက်ခန်းပေါင်း ၄၀ရှိပါတယ်။ ကိုဘိုဘိုဦးတို့ကို ဒီတိုက်ခန်းတွေမှာ တစ်ဦးချင်း သီးသန့်ခွဲထားပါတယ်။ တစ်ယောက် နဲ့တစ်ယောက်လည်း စကားပြောလို့မရပါဘူး။ စားစရာတွေ လည်းပေးလို့မရပါဘူး။ မိရင်ဝါဒါက တိုက်ပိတ် တယ်။ ထောင်ဝင်စာပိတ်တယ်။ ပေးတဲ့သူရော ယူတဲ့သူရော တိုက်ပိတ်ရုံနဲ့ အားမရသေး ဘဲတိုက် အပြင်ဘက် ခေါ်ထုတ်ပြီး ရိုက်တာတွေလည်း ရှိပါတယ်။

ကိုဘိုဘိုဦးဆိုရင် ဘေးခန်းကို စားစရာခိုးပေးတာ မိသွားလို့ တိုက်ပိတ်ပြီး အရိုက်ခံရပါ တယ်။ ဘယ်လောက်တောင် အရိုက်ခံရသလဲဆိုရင် ပက်လက်လှန်အိပ်လို့မရတဲ့ အထိပါပဲ။ မြင်းခြံထောင်မှာ နေခဲ့ရတဲ့ ကာလ တလျှောက် ၁၉၉၇ မှ ၁၉၉၉၉ အတွင်း ၃နှစ်ကာလကတော့ ကိုဘိုဘိုဦးတို့အတွက် အဆိုးရွားဆုံး နှိပ်စက်ခံခဲ့ရတဲ့ ထောင်တွင်းငရဲခန်း ပုံပြင်တွေပါပဲ။ အဲဒီအချိန်က ထောင်ထဲမှာစာလည်း ဖတ်လို့ မရ၊ အချင်းချင်းလည်း မတွေ့ရတဲ့အတွက် တော်ရုံ လူတွေအတွက်တော့ စိတ်ဓာတ်တွေ ပြိုလဲပြီး ရူးသွားနိုင် ပါတယ်။ ဒါပေမဲ့ ကိုဘိုဘိုဦးကတော့ ဘာသာတရားအဆုံးအမနဲ့ အတက်နိုင်ဆုံး တည်တည်ငြိမ်ငြိမ် ဖြတ် သန်းခဲ့ပါတယ်။

ထောင်ထဲမှာနေခဲ့ရတဲ့ နှစ်(၂၀)အတွင်းမှာ ကိုဘိုဘိုဦးဖြစ်ခဲ့တဲ့ ရောဂါတွေကတော့ ရင်ကျပ်ရောဂါ၊ သွေးတိုးရောဂါ၊ ခါးနာရောဂါတွေ ခံစားခဲ့ရပါတယ်။ ဒီရောဂါတွေကို ကုသဖို့ဆေးတွေကိုတော့ အိမ်ကိုပဲ အားကိုးပြီးမှာကြားရပါတယ်။ ကိုဘိုဘိုဦးအတွက် အမှတ်တရအဖြစ်အပျက်တစ်ခုက တော့ ဘ၀မှာဘယ်လို မှ မေ့လို့မရခဲ့ပါဘူး။ ၁၉၉၅ ကာလတစ်ဝိုက်က ထောင်ထဲမှာ ကူးစက်ရော ဂါမျိုးစုံနဲ့ လူတွေ အရမ်းသေပါတယ်။ ထောင်ဆေးရုံက ဆေးကုသမှုဆိုတာကလည်း မည်ကာမတ္တ ပါပဲ။ ဓားတစ်ချောင်းနဲ့ လူ ၁၀၀လောက် ခေါင်းရိတ်ပေးတယ်။ ဆေးထိုးအပ်တစ်ချောင်းနဲ့ လူ ၁၀ယောက်လောက်ကို ထိုးတယ်။ ဒီတော့ ရောဂါပေါင်းစုံ က ကူးစက်တော့တာပေါ့။

ထောင်မှာ ဆေးကလည်း မလုံလောက်ပါဘူး။ ဒီတော့ နိုင်ငံရေးအကျဉ်းသားထဲက တက်နိုင်သူတွေက ၀န်ထမ်းနဲ့ ပေါင်းပြီး ဆေးတွေခိုးသွင်းပေးရတယ်။ ကိုယ်ချင်းစာနာတတ်တဲ့ ၀န်ထမ်းတွေကလည်း မူးယစ်ဆေးမဟုတ်တဲ့ အဖျားအနာ၊ ၀မ်းကိုက်၊ ခေါင်းကိုက်ဆေးတွေကိုတော့ ခိုးဝှက်ယူလာပေးကြ တာပါပဲ။ အခုအမျိုးသားလွှတ်တော် အမတ်ဖြစ်တဲ့ ဒေါက်တာမြင့်နိုင်ဆိုလို့ရှိရင် ၀မ်းကိုက်လို့ ဆရာဝန် တင်ပြတဲ့အခါမှာ ခြေလှမ်း ၂၀လောက် အကွာအဝေးအနေ ရှေ့တိုးမလာဘဲ တစ်ချက် ကြည့်ပြီး Metro ပေး လိုက်လို့ပြောတဲ့ ဆရာဝန်မျိုးလည်းရှိခဲ့ဖူးပါတယ်။ နောက်ဆုံးထောင်ဆေးရုံ က Metro သုံးလုံးလောက်ပေးပြီး ပစ်ထား လိုက်ပါတယ်။ ဒီလိုအခြေအနေမျိုးမှာ ခိုးသွင်းထားတဲ့ ဆေးတွေသာမရှိရင် ထောင်ထဲမှာ အသက် ဆုံးရှုံးသွားနိုင်ပါတယ်။

ကိုဘိုဘိုဦးအဖြစ်ကလည်း ကြံကြံဖန်ဖန်လက်မောင်းမှာ ပြည်တည်နာ ဖြစ်ခဲ့တာပါ။ အနာကရင်းပြီး ကြီးလာတော့ အားလုံးကခွဲလိုက်ဖို့ အကြံပေးတယ်။ ဒါပေမဲ့ ဆေးရုံကူးစက်ရောဂါ မိုးမွှားတွေ ကပ်နေတဲ့ ဓားတွေကို ကိုဘိုဘိုဦး က ကြောက်နေတယ်။ အနာကရင်းသထက် ရင်းလာတယ်။ သောက်ဆေးနဲ့တော့ လုံးဝ မသက်သာတော့ဘူး။ ကံကောင်းချင်တော့ တိုက်ထဲမှာ NLD အမတ် ဒေါက်တာဇော်မြင့်မောင် (ယခုကျောက်ပန်းတောင်း လွှတ်တော်ကိုယ်စားလှယ်)ရှိနေတယ်။ သူက အသေးစားခွဲစိတ်မှုဖြစ်လို့ လုပ်ချင်ရင်လုပ်ပေးမယ်လို့ ပြောတယ်။ နောက်ဆုံး ကိုဘိုဘိုဦး စွန့်စားမှု တစ်ရပ်ကိုပြုလုပ်ခဲ့ပါတယ်။ အဲဒါကတော့ သူ့အခန်းထဲမှာပဲ ဒေါက်တာဇော်မြင့်မောင်နဲ့ အသေးစားခွဲစိတ်မှုကို ပြုလုပ်ခဲ့တာပါ။

နိဂုံးချုပ်ပြောရရင်တော့ ဒီကုသမှုဟာ အောင်မြင်ချောမော ခဲ့ပါတယ်။ ခုချိန်ထိ ကိုဘိုဘိုဦး လက်မောင်းမှာတော့ အမာရွတ်လေးရှိနေဆဲပါပဲ။ ဆရာဇော်မြင့် မောင်လည်း ခွဲစိတ်ဓားမကိုင်တော့ဘဲ လွှတ်တော်ထဲမှာ ဥပဒေတွေနဲ့ နပမ်းလုံးနေရပါပြီ။ ထောင် ထဲမှာ ဖြတ်သန်းခဲ့ရတဲ့ နှစ်ပေါင်း ၂၀ဟာ လူ့ဘ၀သက်တမ်းရဲ့ ၅ပုံ ၁ပုံရှိပေမယ့် တိုင်းပြည်ရဲ့ စနစ် တခုပြောင်းလဲဖို့အတွက်တော့ ဖြတ်ကနဲရွေ့သွားတဲ့အချိန် ကာလလေးသာ ဖြစ်ပါတယ်။ ကိုဘိုဘိုဦးအတွက် ထောင်ထဲမှာ ရက်ပေါင်း ၇၃၀၄ရက် နေခဲ့ရပေမယ့် "ဒီမိုကရေစီတိုင်းပြည် တစ်ခု မွေးဖွားလာဖို့ အတွက်ဆိုရင်တော့ ခဏလေးစောင့်လိုက်ရတာပါလို့" မှတ်ချက်ပေးပါတယ်။ လူတစ်ယောက် ရဲ့ ပေးဆပ်မှုဟာ သူ့ယုံကြည်ချက်နဲ့ ယှဉ်ကြည့်လိုက်ရင်တော့ ဘာမှမဟုတ်ဘူး ဆိုတာ ကိုဘိုဘိုဦး ရဲ့ ဘ၀က သက်သေပဲ လို့ ကျွန်တော်ကတော့ ထင်မြင်ယူဆမိပါတယ်။

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

Thursday, November 29, 2012

ဇော်သက်ထွေး ၏ ကြမ်းတမ်းသောစစ်ပွဲ နှင့် နူးညံသော နှလုံးသား, အပိုင်း (၁၁)

မရှင်းဂန်းသရဖီ နှင့် တွေ့ဆုံခြင်း

၂၀၀၂ - ၂၂၀၃ ခုနှစ်တစ်ဝိုက် ထောင်တွင်း ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်း အညွှန်းကိန်း ကတော့ အောက်ဘက် ကိုဇောက်ထိုး စိုက်ဆင်းလျက် ရှိနေတာ ကို တွေ့ရပါ တယ်။ ဆေးကုသ မှု သေချာမပြုလုပ်နိုင်ခဲ့တာကြောင့် မဖိတ်စင်သင့်ပဲ ဖိတ်စင်သွား တဲ့ နိုင်ငံရေး အကျဉ်းသားတွေ လည်း အများအပြား ရှိပါတယ်။ အထူးသဖြင့် ထောင်တွေအားလုံးထဲမှာ အင်္ဂလိပ်ကိုလိုနီခေတ် ကတည်းက နာမည်ကြီးခဲ့တဲ့ သာယာဝတီထောင်ရဲ့ "မရဏဆောင်" အဖြစ် ထင်ရှားခဲ့တဲ့တိုက်ကတော့ ၈ခန်းတွဲ တိုက်ပဲ ဖြစ်ပါတယ်။ ဒီ ၈ခန်းတွဲတိုက်ဟာ ယခင်ခေတ်တွေကတည်းက ကြိုးပေးမယ့် ကြိုးသမားတွေ ကို နောက်ဆုံးထားလေ့ ရှိတဲ့ တိုက်ပဲ ဖြစ်ပါတယ်။

မြန်မာဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ်မှာ ဒီတိုက်ကို ၀က်မွေးမြူရေး လုပ်ခဲ့ပါတယ်။ နောက် ၁၉၈၈ ခုနှစ် ဒီမိုကရေစီ အရေးတော်ပုံအပြီး မှာ နိုင်ငံရေးသမား တွေကို ပြန်လည် ချုပ်နှောင်ခဲ့ပါတယ်။ မကောင်းတဲ့အတိတ်၊ နမိတ်ဆိုးတွေ နဲ့ ကျော်ကြားခဲ့တဲ့ တိုက်ပီပီ ၁၉၉၈ မှာ အရုပ်ဆိုးအကျဉ်းတန်တဲ့ အဖြစ်အပျက် တစ်ခု ဖြစ်ပွားခဲ့ပါတယ်။ ဒီဖြစ်ရပ်ကတော့ နိုင်ငံရေးအကျဉ်းသားအားလုံးကို တစ်ခြားအကျဉ်းသားများ နည်းတူ လျော့ရက်ခံစားခွင့်ပေးထားရာ ကနေ ၁၉၉၇ မှာ ပြန်လည် ရုတ်သိမ်းလိုက်တဲ့အတွက် ဗမာပြည်ကွန်မြူနစ် ပါတီ က ကိုအောင်ကျော်မိုး က လျော့ရက်ခံစားခွင့် အစာငတ်ခံတိုက်ပွဲဝင်ယင်း အဲဒီတိုက်ပွဲ မှာပဲ ကျဆုံး ကွယ်လွန်သွားခဲ့ပါတယ်။ အဓိက ကွယ်လွန်သွားတဲ့ အကြောင်းရင်း ကတော့ ထောင်က ရေ   ဖြတ်လိုက်တဲ့ အတွက် ၄ရက်အကြာမှာ ရေဓာတ်ခမ်းခြောက်ပြီး သေဆုံးသွားရတာပါ။

နောက်တော့ ပြစ်ဒဏ်ချမှတ်ထားရာကနေ လွတ်ရက်စေ့လို့ လွတ်မြောက်တော့မယ့် အကျဉ်းသားတွေ ကို လွတ်မပေးချင်လို့ ဗူးဝမှာပဲ ပုဒ်မ (၁၀) (က)နဲ့ ပြန်စွဲပြီး ထောင်ထဲပြန်ထည့်လိုက်တဲ့ သူတွေကို ၈ခန်းတွဲ တိုက်မှာ လာထားပါတယ်။ ကံဆိုးမိုးမှောင်ကျတဲ့ လူက စုစုပေါင်း (၈)ဦး ရှိခဲ့ပါတယ်။ သူတို့ ကတော့ ၈၈ မျိုးဆက်ကျောင်းသားတွေဖြစ်တဲ့ ကိုဌေးကြွယ်၊ လူဘောင်သစ်က ကိုဇေယျ၊ ရင်ထွေး၊ တစ်ခြားအဖွဲ့တွေထဲက စိုးမိုးနိုင်၊ သောင်းထိုက်၊ စည်သူ၊ ကျော်အောင်၊ ဦးအောင်မေသုတို့ပဲ ဖြစ်ပါ တယ်။ ဒီတိုက်က အရင်ကတည်းက ၀က်မွေးမြူခဲ့တာ ဆိုတော့ ညစ်ပတ်ပါတယ်။ 

ဒီလူတွေထဲမှာ ပထမဆုံးရောဂါဖြစ်တဲ့သူက ကိုစည်သူပါ။ အဖျးငွေ့ငွေ့ ရှိပြီး မပျောက်တာ ရက်ရှည် လာတော့ ထောင်ဆရာဝန်က ပထမတိုက်ဖွိုက်ထင်ပြီး ကုပါတယ်။ မပျောက်တော့ တီဘီဆေးတွေ ပေးပါတယ်။ တီဘီက မဟုတ်တော့ ငှက်ဖျားဆေးတွေ ပေးပြန်ပါတယ်။ ဒါလည်း မပျောက် ပါဘူး။ နောက်ဆုံး ဆရာဝန်က ပိုးသတ်ဆေးတွေ ထပ် တိုက်ပါတယ်။ ဆေးတစ်ခါတစ်ခါပေးရင် လက်ခုပ်နဲ့ အပြည့် ဖြစ်နေလို့ ဆရာ ကို သေချာအောင် ပြန်မေးရပါတယ်။ ဆေးတွေ ဒီလောက်သောက်လို့ လိုသလားပေါ့။ ဆရာ ကလည်း ပြောပါတယ်။ ဘာရောဂါမှန်း အဖြေရှာမရလို့ မရှင်းဂန်းသရဖီကုထုံးနဲ့ ကုရတာပါတဲ့။ ဆေးတွေအားလုံး တိုက် လိုက်တော့ အနာနဲ့ရောဂါတိုးရင် ပျောက်မှာပဲဆိုပြီး ရမ်းကုရတဲ့ သဘောပါပဲ။ ဒီလောက်ဆေးတွေ များပေမယ့် ကိုစည်သူ က ကံမကောင်းရှာပါဘူး။ နောက်ဆုံး အဆုတ်ကြွေပြီး ကွယ်လွန်သွားခဲ့ပါတယ်။

၂၀၀၃ ခုနှစ်မှာလည်း ဂြိုလ်ဆိုးက ၀င်လာပြန်တာပါပဲ။ ကိုကိုးကျွန်းပြန်ဝါရင့်နိုင်ငံရေးသမားကြီး ဦးအောင်မေသု ၀မ်းတွင်း အမြှေးရောင်ရောဂါ ဖြစ်ပါတယ်။ ဒီလိုရောဂါမျိုးက ချက်ချင်းခွဲရတယ်လို့ ဆို ပါတယ်။ ဒါပေမဲ့ ဦးအောင်မေသု မှာ လုပ်ထုံးလုပ်နည်း အဆင့်ဆင့်တွေကြောင့် ၄၈နာရီကျော်ကြာမှ ခွဲရပါတယ်။ ခွဲရတော့လည်း သာယာဝတီထောင်ဆေးရုံ၊ အဲဒီကတစ်ဆင့် မြို့နယ်ဆေးရုံ၊ အဲဒီက တစ်ဆင့် ရန်ကုန်ဆေးရုံကို သွားဖို့ အဆင့်ဆင့် စစ်ဆေးနေကြပါတယ်။ ရန်ကုန်ဆေးရုံ ကြီးမှာ ခွဲတော့ အားလုံး နောက်ကျသွားပါပြီ။ ဗိုက်ထဲမှာ အူတွေ၊ အူမကြီးတွေ ပွင့် ထွက်နေပြီ။ ဘယ်လိုမှကုလို့ မမီတော့ပါဘူး။ ဒီလိုနဲ့ ဦအောင်မေသုလည်း ၈ခန်းတွဲ တိုက်မှ တစ်ဆင့် စနစ်ဆိုးရဲ့ ၀ါးမြိုခြင်းကို ခံလိုက် ရပါတယ်။

ဒီတိုက်ရဲ့ ကံမကောင်းခြင်းတွေက ဒီမှာပဲ ရပ်တန့်မနေခဲ့ပါဘူး။ ၂၀၀၄ ခုနှစ်မှာ ကိုဌေးကြွယ်တစ်ယောက် ဗိုက်အောင့် ဗိုက်နာ တာ စဖြစ်ပါတယ်။ ဆရာဝန်က စစ်ကြည့်ပြီး ဘာမှ ရေရေရာရာ အဖြေမပေးနိုင် ခဲ့ပါဘူး။  နောက်ဆုံးတစ်ညမှာတော့ ဗိုက်တအား အောင့်နေလို့ အရေးပေါ် ဆေးမှူး ခေ ရပါတယ်။ ဆေးပဲပေး ပြီး ရောဂါစမ်းသပ်ခြင်း မလုပ်ခဲ့ပါဘူး။ နောက်တစ်နေ့ကျမှ အခြေအနေသိပ်ဆိုးမှန်းသိလို့ ထောင်က သမားတော် ခေါ်ပေး ပါတယ်။ သမားတော်က စစ်ဆေးပြီး အပြင်ဆေးရုံထုတ်မှ ရမယ်လို့ မှတ်ချက်ပေးပါတယ်။ ဒီလိုနဲ့ အပြင် ဆေးရုံ ရောက်သွားပါတယ်။ ဒါပေမဲ့ မခွဲပေးပဲ စောင့်ကြည့်နေကြပါတယ်။ ည(၁၁)နာရီကျော် မှာတော့ ကိုဌေးကြွယ်တစ်ယောက် ပြာနှမ်း သွားပြီး အသက်ရှူလည်း နှေးသွားပြီ။ အဲဒီအချိန်ကျမှ စခွဲဖို့ ပြင်ဆင် ပါတယ်။ အရေးထဲမှာ မီးကလည်း ပျက်နေပါတယ်။ ရှိတဲ့မီးစက်နှိုးပြီး ခွဲရပါတယ်။ ခွဲနေတုန်းမှာ ကိုဌေးကြွယ် မေ့ဆေးပြယ်ပြီး နိုးလာပြန် ရော။

ဒုက္ခတွေ က တသီတတန်းကြီးပါပဲ။ ခွဲလက်စဖြစ်နေလို့ မေ့ဆေးအမြန်ပြန်ပေးရပါတယ်။ ပြီးတော့ ထပ်ခွဲ ရပါတယ်။ ရောဂါအဖြေကတော့ တွေ့ပါပြီ။ အူလမ်းကြောင်း ပိတ်နေတာပါ။ သူတို့က အဖြေ မှားပြီး အူပေါက်သွားတယ် ထင်လို့ ခွဲရတာ ဖြစ်ပါတယ်။ ၀က်မွေးမြူထားတဲ့ တိုက်ဖြစ်တော့ မသန့်တဲ့ အတွက် အူထဲမှာ သံတွေ နဲ့ ပိတ်သွားခဲ့ရတာ ဖြစ်ပါတယ်။ ရောဂါ ရှာတွေ့ပြီး သံဆေးကျွေးရင် ဖြစ်နိုင် ရက်နဲ့ အခုတော့ ဗိုက်ဖွင့် လိုက်ရသလို အူကိုလည်း ၆လက်မလောက် ဖြတ်တောက်ပစ်လိုက်ရပါ တယ်။ ပြန်ချုပ်တော့လည်း အတွင်းချုပ်ရိုး ၈၀ ကျော် အပြင်ချုပ်ရိုး ၂၀ကျော်၊ စုစုပေါင်း ၁၀၀ ကျော် ချုပ်ခဲ့ရပါတယ်။ ခွဲပြီးပြီးချင်း ထိရောက်တဲ့ ကုသမှုတွေ မရလို့ Pain Shock ၀င်ပြီး နှလုံးသွေးကြောထုံး သွားပါတယ်။ သတိလည်း လစ်သွားပါတယ်။ သာယာဝတီဆေးရုံ မှာ အခြေအနေမကောင်းတော့မှ အင်းစိန်ဆေးရုံကို နှာခေါင်းပိုက်တန်းလန်း၊ ဆီးပိုက် တန်းလန်း၊ drip ပိုက်တန်းလန်း နဲ့ ရွေ့ပေးပါတယ်။ အင်းစိန်ဆေးရုံရောက်မှ ကိရိယာအစုံအလင်နဲ့ အမြန် ကုသကြရပါတယ်။ ဒါလည်း ကိုယ့်စရိတ်နဲ့ကိုယ် ကုသနိုင်လို့ အသက်ကယ်လိုက်နိုင်တာ ဖြစ်ပါတယ်။

အင်းစိန်ဆေးရုံ က ဆင်းတော့ ကိုဌေးကြွယ်ကို အင်းစိန်ထောင်မှာ နေမလား မေးတယ်။ ဒါပေမယ့် ကိုဌေးကြွယ် က သာယာဝတီထောင်ကိုပဲ ပြန်ချင်တယ်လို့ ဖြေတယ်။ နောက်ဆုံး သာယာဝတီထောင် က ၈ခန်းတွဲတိုက် ကိုပဲ ပြန်ပို့ပေးလိုက်ပါတယ်။ တိုက်ပြန်ရောက်တော့ ထူးဆန်းတာ တွေ့ကြုံရတယ်။ သူ့တိုက်ခန်းရှေ့က သူစိုက်ထား တဲ့ သစ်ပင်တွေ မရှိတော့ဘူး။ အားလုံး ရှင်းထားတယ်။ ဘာဖြစ်လို့လဲ မေးတော့ ၈ခန်းတွဲ တိုက်ရဲ့ အစဉ်အလာ မှာ "ထွက်ပြီးရင် ပြန်ဝင်တာ မရှိဘူး" လို့ ထောင်ဝန်ထမ်း တစ်ဦးက ဖြေတယ်။ ဒါကြောင့် ကိုဌေးကြွယ် စိုက်ထား တဲ့ သစ်ပင်တွေကို ရှင်းထားတာပါ။ ဒါပေမယ့် ခုတော့ အားလုံး မထင်တာတွေ ဖြစ်ခဲ့ ပါတယ်။ ထွက်ပြီးပေမယ့် လည်း ကိုဌေးကြွယ်ကတော့ ပြန်ဝင် လာပါတယ်။ ၈ခန်းတွဲတိုက်ကလည်း ကိုဌေးကြွယ် ဗိုက်ခွဲပြီး နောက်ပိုင်း ဘာမှ ကြီးကြီးကျယ်ကျယ် မဖြစ်တော့ပါဘူး။ ကိုဌေးကြွယ်ကလည်း အမြစ် က နုတ်ခံရတဲ့အပင်တွေ ကို သာယာဝတီထောင်ထဲမှာ ပြန်စိုက်ပေး ခဲ့လေရဲ့။

ခါးသက်သော လောကဓံလှိုင်းတံပိုးများ

သူ့နာမည်က ထူးဆန်းနေသည်။ တစ်ခါကြားဖူးရုံနှင့်တော့ ခေါ်ရတာ တော်တော်ခက်သည်။
ဦးမဉ္ဇူသကာရ။ သူက ထောင်ဒဏ် နှစ် (၂၀) ကျခံနေရသူ။ ၁၉၉၉ ခုနှစ်ကတည်း က ထောင်ထဲ တွင် နေရသူဆိုတော့ ဆယ်နှစ်ကျော်နေသား ရှိသူဖြစ်သည်။ ဘုန်းကြီးဖြစ်၍ ခပ်အေးအေး နေ တတ်သည်။ သူ့ဘဝ အတွက် သိပ်ထည့်တွက်တတ်သူမဟုတ်။ သာသနာရေးနယ်ပယ်မှ ပုဂ္ဂိုလ်ဖြစ်နေ၍ မိသားစု သံယောဇဉ် အနှောင်အတဲမရှိ။ ထို့ကြောင့် ထောင်ဝင်စာလည်း မလာနိုင်ပါ။ ထောင်ထဲရှိ မိတ်ဆွေ အပေါင်းအသင်း ရဲဘော်ရဲဘက် များ၏ ကူညီစောင့်ရှေက်မှုနှင့် ထောင်တွင်းဘဝကို ဖြတ်သန်းနေသူ ဖြစ်သည်။ အင်းစိန်ထောင်မှ နိုင်ငံရေးအကျဉ်းသားတွေကို လူစုခွဲပြီး နယ်ထောင်တွေကို ပို့သည့်အခါ ဦးမဉ္ဇူသကာရ လည်း ပါသွား သည်။ သူ ရောက်သွားသည့်ထောင်က မော်လမြိုင်ထောင်။ မော်လမြိုင် ထောင်ဆိုတော့ ပူတာအိုတို့၊ ဘူးသီးတောင် မောင်းတောတို့၊ ခန္တီးထောင်တို့ထက်စာရင် ကောင်းမွန် သည်ဟု ပြော၍ရ သည်။ ပြောရမည် ဆိုလျှင် ဦးမဉ္ဇူသကာရ အတွက် ကံကြမ္မာက ဒီလောက်မဆိုးပါ။ တစ်နေ့နေ့တွင် မော်လမြိုင်မှ သူ့ဇာတိ သနပ်ပင်မြို့ ကိုပြန်ရောက်ဖို့ လွတ်မြောက်မည့်အချိန်ကိုသာ စိတ်ရှည်ရှည်ဖြင့် စောင်စားရမည်ဖြစ်သည်။

၂၀၁၀ ခုနှစ်သည် မြန်မာနိုင်ငံအတွက် ထူးခြားသော နှစ်တစ်နှစ်ဖြစ်လာသည်။ ပြည်သူတွေက ရွေး ချယ်တင်မြောက်သော အစိုးရတစ်ရပ် ပေါ်ထွန်းလာခဲ့ပြီးသည့်နောက် နိုင်ငံရေးပြောင်းလဲမှုတွေကြောင့် လွတ်မြောက်ရေး လမ်းစ ခပ်ရေးရေး မြင်လာရသည်။ ဒီမိုကရေစီ အင်အားစုခေါင်းဆောင် ဒေါ်အောင် ဆန်းစုကြည် နေအိမ်အကျည်ချုပ်မှ လွတ်မြောက်လာပြီး နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန်နှင့် တွေ့ ဆုံ ဆွေးနွေး သည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ရန် မှတ်ပုံ တင်သည်။ အကျဉ်းထောင် အတွင်း မှ အကျဉ်းသားတချို့ကို လွတ်ငြိမ်းချမ်းသာခွင့်အမိန့်များဖြင့် ဆက်တိုက် လွှတ် ပေးနေ သည်။ ဦးမဉ္ဇူသကာရလည်း ဇာတိမြေပြန်နိုင်ဖို့ စိတ်ကူးအိပ်မက်မက်နေသည်။ ဒီလိုနှင့် ၂၀၁၀၊ နိုဝင်ဘာလတွင် ဦးမဉ္ဇူသကာရ ခေါင်း ၌ အဖုသေးသေး တစ်လုံးပေါက်လာသည်။ စပေါက်ပေါက်ခြင်း တော့ သွေးစုနာလိုလို ယားနာ လိုလို ဘာမှ မဟုတ်သည့် အနာခပ်သေးသေးလေးတစ်လုံးရယ်ပါ။

သူက လည်း ပေါ့ပေါ့တန်တန် ပဲ သဘောထားလိုက်သည်။ အနာကို ထုံးတွေ ဘာတွေတို့ထားလိုက်သေး သည်။ သို့သော် အနာက ချက်ချင်းပျောက်မသွားဘဲ အရည်ကြည်ဖုကလေးတွေ ပတ်ဝန်းကျင်သို့ ပြန့် ထွက်လာသည်။ တစ်စတစ်စနှင့် အနာကပွားသွားပြီး ခေါင်းတစ်ခုလုံး အနာဖြစ်လာသည်။ အင်္ဂလိပ် ဆေး၊ ဗမာဆေး မျိုးစုံ လိမ်းကြည့်သည်။ အနာက ပျောက်မသွား။ ဆေးတွေစားရပြီ။ သေဖော်ရှင်ဘက် တွေလည်း ဝိုင်းကြဝန်းကြရပြီ။ ထောင်ကိုလည်း သတင်းပို့အကြောင်းကြားရပြီ။  သို့သော် ထုံးစံအတိုင်း ထောင်ဆေးရုံက ဘာမှလုပ် မပေးနိုင်ပါ။ ဦးမဉ္ဇူသကာရ၏အနာတွေက လုံးဝမသက်သာ။ ဝေဒနာတွေ က မပျောက်။ ထောင် အခေါ်တော့ ဤကဲ့သို့ အနာမျိုးကို "ဆင်ရေယုန်" ဟု ခေါ်ကြသည်။

တစ်ပတ် နှစ်ပတ်အတွင်း သူ၏အနာတွေက နယ်ပယ်ချဲ့ထွင်လာသည်။ ကျောတွေ ရင်ဘတ်တွေပေါ် ကို ကူးကုန်သည်။ လက်တွေပေါ်ကိုလည်း ရောက်လာသည်။ တစ်ခဏအတွင်းမှာ ဦးမဉ္ဇူသကာရမှာ အိပ်ယာထဲလဲသွားသည်။ ထိုအခြေအနေအထိ ဆေးရုံတက်ခွင့်မရသေး။ အားလုံးက ဆရာဝန်ကို ဝိုင်း ပြီး တောင်းဆိုပေး ကြသည်။ နောက်ဆုံး ထောင်ဆေးရုံကို တင်လိုက်ရသည်။ ဒါပေမဲ့ ထောင်မှာက အထွေထွေ ကုသော ဆရာဝန်ပဲရှိသည်။ အရေပြားအထူးကုမရှိ။ ထို့ကြောင့် အပြင်ရှိ မော်လမြိုင်ဆေးရုံ မှ အရေပြား ဆရာဝန်ကို လူနာအာားကည့်ပေးရန် မေတ္တာရပ်ခံသည်။ အကြောင်းပြချက်က ကုမပေးရဲ ဘူးဟူ၍ဖြစ်ပါသည်။ နောက်ဆုံးတော့ ထောင်ဆေးရုံမှာပဲ ဆက်လက်ကုသရတော့သည်။ ဒါပေမဲ့ ဦးမဉ္ဇူသကာရ ၏ရောဂါမှာ သက်သာမလာပါ။ ထို့ကြောင့် နိုင်ငံရေးအကျဉ်းသားအားလုံးက အင်းစိန် ထောင် သို့ ပြန်လည်ရွှေ့ပြောင်းပေးပြီး ရန်ကုန် တွင် ဆေးကုသခွင့်ရရန် ကြိုးစားပေးကြသည်။

ကြိုးစားမှုက အရာမထင်။ လုပ်ထုံးလုပ်နည်းတွေက တင်းကျပ်လွန်းနေသည်။ ကြိုးနီစနစ်တွေက အကျဉ်းထောင် မှာ အားကောင်းရှင်သန်နေဆဲ။ ဝန်ထမ်းတွေက အသက်တစ်ချောင်းကယ်တင်ရန် စွန့် စားလိုစိတ်မရှိဘဲ ကိုယ့်အပေါ် အပြစ်ပုံ မကျစေရန်အတွက်သာ ဦးစားပေး စဉ်းစားသည်။ သို့သော် ထောင်ဆေးရုံက အတတ်နိုင် ဆုံး ကုသပေးမည် ဟု အာမခံသည်။ ဦးမဉ္ဇူသကာရက အခြေအနေက တော့ လမ်းပင် မလျှောက်နိုင်တော့။ ဆေးရုံတွင် ဝေဒနာမသက်သာ၍ ကယ်ပါ ယူပါ အော်ဟစ်နေရ သော သူ့အသံကို နားထောင်နေရသည် မှာ စိတ်မချမ်းသာ။ အစာလည်း မစားတော့ပြီ။ ထိုအခြေအနေ ရောက်မှ အကျဉ်းထောင် တာဝန်ရှိသူတွေလည်း လှုပ်ရှားလာသည်။ ရုံးချုပ်မှလည်း သံကြိုးစာဝင်လာ သည်။ အပြင်ဆေးရုံတွင် တတ်နိုင်သလောက် တင်ပေးပါ။ လုံခြုံရေးရရင် အင်းစိန်သို့ရွှေ့ပြောင်းပေး မည်ဟူ၍ ဖြစ်သည်။

အားလုံးက ဦးမဉ္ဇူသကာရ ကို အမြန်ဆုံးဆေးရုံတင်ရန် ပြင်ဆင်ကြတယ်။ သို့သော်လည်း ဦးမဉ္ဇူသကာ ရက အား မထုတ်တော့ရန်ပြောသည်။ သူ့အခြေအနေကို သူ သိနေသည်။ အပြင်ဆေးရုံပို့ရန် ပြင်ဆင် နေစဉ် သူ အသက်ပျောက် သွားသည်။ သံကြိုးစာရောက်ပြီး ၃ နာရီအကြာမှာ သူ ဆုံးပါးသွားခြင်းဖြစ် သည်။ ဦးမဉ္ဇူသကာရ မှာ လူရုပ်ပင်မပီပြင်တော့။ ကံကြမ္မာသည် အနာလေးတစ်လုံးမှသည် လူ့အသက် တစ်ချောင်း ဆုံးရှုံးသည်ထိ ဖြစ်တတ်ပါသလား။ သူ့အတွက် ဒေသခံအကျဉ်းသားတစ်ယောက်က ငွေ ၃၅၀၀၀ တန် ခေါင်း တစ်လုံး လှူဒါန်းသည်။ ကျန်သူတွေက ဆွမ်းသွပ်ဖို့ ဝိုင်းဝန်းထည့်ဝင်လှူဒါန်းကြ သည်။ သနပ်ပင်သား တစ်ယောက်မှာတော့ ဇာတိချက်ကြွေမွေးရပ်မြေကို မပြန်နိုင်တော့။ သူ့ကို ဆင် ရေယုန်က သတ်လိုက်သည်။ သူ့၏ လွတ်လပ်ပွင့်လင်း တရားမျှတသော အိပ်မက်နိုင်ငံတော် ပျောက် ဆုံးသွားသည်။ နှစ်ပေါင်း ၂၄ နှစ်ကြာ ရှင်သန်ဖြတ်သန်းနေသော အလံတစ်လက်ကြိုးပျက်သွားခဲ့သည်။ သူ့မျှော်လင့်ချက် သူ့စိတ်ကူး အိပ်မက်များ ပြိုကွဲသွားခဲ့သည်။

အကယ်၍သာ ဦးဇင်းခေါင်းတွင် အနာမပေါက်ခဲ့ပါက ယခု ၂၀၁၂ ခုနှစ်အတွင်း နိုင်ငံတော်သမ္မတကြီး မှ ပေးခဲ့သည့် လွတ်ငြိမ်းချမ်းသာခွင့်များတွင်နှင့် ဦးမဉ္ဇူသကာရ ပါလာမည်မှာ မလွဲပါ။ ခုတော့ ကြေကွဲ ဖွယ်ရာ လောကဓံတရားနှင့် သူ ရင်ဆိုင်သွားရရှာသည်။ လောကတွင် မည်သူမဆို လောကဓံ လှိုင်းတံ ပိုးများကိုတော့ ရင်ဆိုင်ကြုံတွေ့ရစမြဲဖြစ်သည်။ သို့သော် ဖိနှိပ်မှုအတိ ဖုံးလွှမ်းနေသော နိုင်ငံတစ်ခုတွင် လူဖြစ်ခဲ့ရသည့် ဦးမဉ္ဇူသကာရ အဖြစ်ကတော့ ကြေကွဲစရာ ကောင်းလွန်းသည်။ သူ လိုချင်သော တရားမျှတမှု လွတ်လပ်ပွင့်လင်းမှုနှင့် အမျိုးသားပြန်လည် ပေါင်းစည်းမှုကို တွေ့မြင်မသွားခဲ့ရှာပေ။ သူ့ ဘဝတွင် ပေးဆပ်မှုနှင့် ရုန်းကန်မှုကိုသာ လုပ်ဆောင်သွားရရှာသည်။ ဦးဇင်း ကောင်းရာသုဂတိလားပါ စေ၊ ဘဝဆက်တိုင်း ဤကဲ့သို့ ကူရာမဲ့ ကယ်ရာမဲ့ အဖြစ်ဆိုးမျိုးနှင့် ဘယ်သောအခါမှ မကြုံတွေ့ရပါစေ နဲ့ဟု ဆုတောင်းလိုက်ပါတယ်။


ချန်ပီယံတင်ညွှန့် ဘုန်းကြီးဝတ်သွားရခြင်းအကြောင်း


၂၀၀၇ ခုနှစ် မြန်မာ့နိုင်ငံရေးအခင်းအကျင်းကတော့ တုန်လှုပ်ခြောက်ခြားစရာတွေနဲ့ ပြည့်နှက်နေပါ တယ်။ ၈၈ မျိုးဆက်ကျောင်းသားတွေက လောင်စာဆီဈေးမြှင့်တက်လာတာကို ကန့်ကွက်တဲ့အနေနဲ့ လမ်းလျှောက် ဆန္ဒထုတ်ဖော်ခဲ့လို့ ဖမ်းဆီးခံရသလို ဘုန်းတော်ကြီးတွေ၊ သံဃာတော်တွေက မေတ္တာ သုတ်ရွတ်ပြီး လမ်းလျှောက်ကြွချီတဲ့အတွက် ရွှေဝါရောင်တော်လှန်ရေး (Saffron Revolution) လို့ ကမ္ဘာက တင်စားခေါ်ဝေါ် တဲ့ အရေးအခင်းတစ်ခု ဖြစ်ခဲ့ပါတယ်။ ဒါကြောင့် လူအမြောက်အမြား ဖမ်းဆီး ခြင်း ခံခဲ့ ရပါတယ်။ နိုင်ငံရေးလှိုင်းတံပိုးတွေက ဒီမှာရပ်တန့်မသွားဘဲ နိုင်ငံသားတွေအပေါ် ဘေးဒုက္ခ ကပ်ဘေးတွေ ကျရောက်တဲ့ ကိစ္စတွေကို အကြောင်းပြုလို့ ၂၀၀၈ ခုနှစ်ဘက်ကို ဆက်လက်ကူးသွားပါ တယ်။ ၂၀၀၈ ခုနှစ် မေလ ၂ ရက်နေ့မှာ နာဂစ်မုန်တိုင်းတိုက်ခတ်ပြီး ဧရာဝတီတိုင်းမှာ လူပေါင်းသိန်းချီ သေဆုံး၊ သန်းချီ ဒုက္ခရောက်ခဲ့ လို့ တစ်နိုင်ငံလုံးက ဝိုင်းပြီး စာနာထောက်ထားတဲ့ အကူအညီပေးခဲ့ပါ တယ်။

နိုင်ငံတကာ ကလည်း ထောက်ပံ့ခဲ့ပါတယ်။ နိုင်ငံတကာ ဝင်ရောက်ကူညီဖို့ တောင်းဆိုတာကို မြန်မာအစိုးရက ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်ပြီး စီမံခန့်ခွဲနိုင်တယ်ဟုဆိုကာ လက်မခံဘဲ ပယ်ချခဲ့ လို့ ဝေဖန်သံတွေလည်းသောသောညံနေချိန် ဖြစ်ပါတယ်။ တစ်ချိန်တည်းမှာပဲ ဧရာဝတီတိုင်းက ဒုက္ခသည်တွေ ရဲ့အကြောင်း အင်တာနက်ကတစ်ဆင့် ကမ္ဘာက သိခွင့်ရခဲ့ပါတယ်။ ဒီလိုအခြေအနေမျိုး မှာ မီဒီယာလောကက သတင်းသမားတွေ၊ ရုပ်ရှင်ဂီတာသဘင်နယ်ပယ်က အနုပညာရှင်တွေဟာ ဒုက္ခ ရောက်တေတဲ့ ဧရာဝတီပြည်သူ ပြည်သားတွေကို စာနာပြီး ကူညီထောက်ပံ့မှုတွေကို အင်တိုက်အား တိုက် ဆောင်ရွက်ခဲ့ ပါတယ်။ ဒါပေမဲ့ ကံဆိုးသူ တချို့ကတော့ အစိုးရရဲ့ဖမ်းဆီးခြင်းကို ခံခဲ့ရပါတယ်။ နာဂစ် မုန်တိုင်း တိုက်ခတ်ပြီး ၁ လနဲ့ ၉ ရက်အကြာမှာ မြန်မာနိုင်ငံကို ဂုဏ်သိက္ခာကျဆင်းအောင် သတင်းတွေဖြန့်ချိမှုနဲ့ လူရွှင်တော် အနုပညာရှင် ကိုဇာဂနာဟာ ထောက်ဒဏ် ၅၉ နှစ် ၆ လ ပြစ်ဒဏ် ပေးခြင်း ခံခဲ့ ရပါတယ်။ ထောင်ဒဏ်ချမှတ်ပြီးတဲ့နောက် သူ့ကို အင်းစိန်ထောက်မှာမထားဘဲ မြစ်ကြီးနား ထောင်ကို ၂၀၀၈ ခုနှစ် ဒီဇင်ဘာလ ၃ ရက်နေ့မှာ ပြောင်းရွှေ့ခဲ့ပါတယ်။

ကိုဇာဂနာ ကို မြစ်ကြီးနားထောင် ပြောင်းတော့ ရန်ကုန်ဘူတာကြီးကနေ ရထားနဲ့ မန္တလေးကို ပို့ပါ တယ်။ မန္တလေးက တစ်ဆင့် မြစ်ကြီးနားကို ထပ်သွားရမှာပေါ့။ သူ့ကို လိုက်ပို့တဲ့ရဲအစောင့်အရှောက် က လည်း များပါတယ်။ လူစီးတွဲထဲမှာ ဇာဂနာ ကို တွေ့တဲ့လူတိုင်းဝမ်းသာအားရ လာနှုတ်ဆက်ကြတယ်။ ဇာဂနာ ထောင်ပြောင်း ခံရတဲ့သတင်းကလည်း နိုင်ငံတကာမှာ ပြန့်သွားတယ်။ ဒီလိုနဲ့ ရထားက ညနေ ပျဉ်းမနား ဘူတာ ကို ဝင်တဲ့အခါ တွဲပေါ်ကို ဘုန်းကြီးတစ်ပါးက ကိုဇာဂနာ နာမည်ကိုခေါ်ပြီး တွဲပေါ် တက်လာပါတယ်။ သူ့ နောက်မှာလည်း ထမင်းချိုင့်တွေ၊ စားစရာတွေ ဆွဲလာ တဲ့ ဒါကာ၊ ဒါကာမတွေပါ လိုက်လာကြတယ်။ ကိုဇာဂနာ က ဘုန်းကြီးကိုတွေ့တော့ ရုတ်တရက် မမှတ်မိနိုင်အောင် ဖြစ်နေတယ်။ ဘုန်းကြီးကတော့ သူ့ကို တွေ့တွေ့ချင်း ဝမ်းသာအားရ ဖက်လိုက်တယ်။ သူ့ကို မှတ်မိလားလို့ မေး တယ်။ ကိုဇာဂနာက ချက်ချင်း မဖြေနိုင် ဘဲ တွေဝေနေတဲ့အချိန်မှာ ဘုန်းကြီးက ဖြေလိုက်ပါတယ်။

"ငါ... ချန်ပီယံ တင်ညွှန့်လေကွာ မင်း မမှတ်မိဘူးလား"
အဲဒီလိုပြောမှ ပဲ ချက်ချင်း မှတ်မိသွားပါတယ်။ တချိန်က ရုပ်ရှင်နယ်ပယ်ထဲမှာ အသံတုဝိဇ္ဇာလုပ်ခဲ့လို့ ချန်ပီယံတင်ညွှန့် လို့ ခေါ်ရတဲ့ မိတ်ဆွေရင်းချာ တစ်ယောက်ကို သင်္ကန်းဝတ်နဲ့တွေ့ရတော့ အံ့သြသွား ပါတယ်။ ဘုန်းကြီး က ဘီဘီစီ သတင်းနားထောင်ပြီး ဇာဂနာကို ထမင်းကျွေးချင်လို့ ဒါကာတွေနဲ့ ဘူတာ က စောင့်နေတာ လို့ ဆို ပါတယ်။ လမ်းမှာစားသွားဖို့ ထမင်းတွေ၊ ဟင်းတွေ ပြင်ဆင်လာပါတယ်။ ကိုဇာဂနာတင်မကဘဲ လုံခြုံရေး ပါလာတဲ့ ရဲတပ်သားဝန်ထမ်းတွေကိုလည်း ဝေငှကျွေးမွေးပါတယ်။ ကိုဇာဂနာက အံ့သြနေပေမယ့် ဘုန်းကြီး တစ်ဖြစ်လဲ ချန်ပီယံတင်ညွှန့် ကို ဦးချကန်တော့ပြီး ဝမ်းနည်း ဝမ်းသာနဲ့ မန္တလေးကို ဆက်လက် ထွက်ခွာခဲ့ပါ တယ်။

မန္တလေးသွား လမ်းခရီးတစ်လျှောက်မှာလည်း လွန်ခဲ့တဲ့ နှစ် ၂၀ လောက်က အင်းစိန်ထောင်ထဲမှာ ဆုံ ခဲ့ရတဲ့ ချိန်ပီယံတင်ညွှန့် အကြောင်းကိုလည်း ပြန်လည်မြင်ယောင်လာမိပါတယ်။ သေချာပြန်စဉ်းစား ကြည့်ရင် ၁၉၉၈ အရေးအခင်း မှာ ရုပ်ရှင်နယ်ပယ်က အနုပညာရှင်တွေ အတော်များများ ပါဝင်ခဲ့ပါ တယ်။ ဒီထဲကမှ ထောင်ထဲကို ဒါရိုက်တာမောင်ခက်ပန်၊ မင်းသား ဦးအောင်လွင်၊ ဦးမိုးသူ၊ ဇာဂနာ၊ ဇင်ဝိုင်း၊ အရိုင်းတို့ ထောင်ကျခဲ့ပါတယ်။ ဒီထဲကမှ အားလုံးနဲ့ဖြစ်ရပ်မတူဘဲ ထူးထူးခြားခြားအမှုနဲ့ ထောင်ထဲရောက်လာခြ့တဲ့ အနုပညာသမား တစ်ယောက် လည်း  ရှိပါတယ်။ သူကတော့ ချန်ပီယံ တင်ညွှန့်ပါပဲ။

ချန်ပီယံတင်ညွှန့်အဖြစ်က ရယ်စရာလည်းကောင်းတယ်။ ၁၉၈၈ စက်တင်ဘာ (၁၈) ရက် တပ်မတော်မှ အာဏာသိမ်း အပြီးမှာ ဖြစ်ခဲ့တာပါ။ ဦးတင်ညွှန့်က ဗိုလ်ချုပ်ကြီးစောမောင် စီးလာတဲ့ ကားကို စစ်ရုံးနား မှာ တွေ့တော့ ခဲကောက်ပြီး ပေါက်ဖို့ကြံရွယ်တယ်ဆိုတဲ့ စွဲချက်နဲ့ သူ့ကို ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ နောက်ဆုံး အင်းစိန်ထောင် ထဲရောက်လာပါတယ်။ သူ့ကို အင်းစိန်ထောင် အထူးဝင်းထဲမှ ဇာဂနာ၊ အရိုင်းတို့နဲ့ အတူ ထားတယ်။ ထောင်ထဲရောက်ပြီး နှစ်လလောက်အကြာမှာတော့ ဦးတင်ညွှန့် ထောင် ရောဂါတွေ စရလာ တယ်။ ထောင်ရောဂါဆိုတာကတော့ ဝဲတွေ၊ ပွေးတွေ စပေါက်လာတာကို ပြောတာ ပါ။ အဲဒီအချိန်က အိမ်တွေနဲ့ လည်း မတွေ့ရတော့ ဆေးလည်းရှားတယ်။ လိမ်းစရာ၊ သေက်စရာ မပေါ များဘူး။ ဦးတင်ညွှန့်က ခါးတွေ၊ ပေါင်တွေ၊ မတော်ရာတွေမှာ ဝဲတွေပေါက်နေ တယ်။ နောက်ဆုံး ထောင် ဆရာဝန်ကြီး ဒေါက်တာစိုးကြည် လာတော့ ဦးတင်ညွန့်က ဆေးတောင်းတယ်။

ဦးစိုးကြည်က ဘာရောဂါဖြစ်လို့လဲဆိုတာ မေးတယ်။ ဦးတင်ညွန့်က ပြောရမှာ ရှက်လို့ ခါးနာတာလိမ်းချင်လို့ ပရုပ်ဆီ လေး လိမ်းဆေးလေး လိုချင်တယ်ဆိုပြီး ပြောပါတယ်။ ဆရာကလည် ဆေးတပ်သားနဲ့ လိမ်းဆေးပေး လိုက်တယ်။ ချန်ပီယံဦးတင်ညွှန့် က ညဘက်ရောက်တော့ ဆေးလိမ်းတယ်။ ဒါပေမဲ့ လိမ်းပြီး သိပ်မကြာ ပါဘူး။ ဦးတင်ညွန့်အခန်းက အော်သံတွေကြားရတာပဲ။ အကျိုးအကြောင်း စုံစမ်းကြည့်တော့ မတော်ရာ မှာ ပူပြီး မနေနိုင်လို့ အော်နေတာတဲ့။ ကိုဇာဂနာတို့ ကိုဇင်ဝိုင်း တို့က သဲလွန်စလိုက်တဲ့အခါ ဆေးခန်းက ပေးလိုက်တဲ့ လိမ်းဆေး က ပရုပ်ဆီမဟုတ်ဘဲ တေဇောဘမ်းတွေဖြစ်နေတယ်။ ဒါကြောင့် ချန်ပီယံတင် ညွှန့် အော်နေတာပေါ့။ ဒီဖြစ်ရပ်ကြောင့် ဒုက္ခရောက်နေတဲ့ အချိန်မှာ ငိုအားထက် ရယ်အားသန်ဆိုသလို ချန်ပီယံကြီး လည်း ထောင်ထဲမှာ အစအနောက် ခံခဲ့ရတယ်။ နောက်တော့ ထောင်ထဲမှာ လေးငါး ခြောက်လနေပြီး လွတ်သွား ပါတယ်။

လွတ်မြောက်ပြီးတဲ့နောက် ရုပ်ရှင်ကားတွေမှာ ချန်ပီယံတင်ညွှန့် ဆိုတာ နာမည်မတွေ့ရတော့ဘူး။ သူ့အကြောင်း လည်း မကြားရတော့ပါဘူး။ တကယ်တော့ ချန်ပီယံ တင်ညွန့် ဟာ ထောင်ထဲကထွက်လာပြီး ရုပ်ရှင်နယ်က သူ့ကို လက်ရှောင်ခဲ့ ပါတယ်။ သူ့ကို မြှောက်ပေး တဲ့သူတွေကလည်း သူ့ကို မကူညီတော့ပါဘူး။ ဒီလိုနဲ့ စိတ်ညစ်ပြီး အရက်နွံထဲမှာ နစ်သွားတယ်။ အကြွေးတွေလည်း တင်နေတယ်။ အိမ်ထောင်ရေးလည်း ပြိုကွဲသွားတယ်။ နောက်ဆုံး မီးရထားသံ လမ်း နံဘေးက အရက်ပုန်းဆိုင်မှာ ဘဝပျက်နေတဲ့ ချန်ပီယံတင်ညွှန့်ကြီး ကို ရုပ်ရှင်မင်းသမီးဒေါ်ချိုပြုံး က မကြည့်ရက်လို့ အရက်ဖြတ်ဖို့ ကတိတောင်းပြီး ရဟန်းဒါယကာမ အဖြစ်ခံယူကာ ဘုန်းကြီးဝတ်စေခဲ့ ပါတယ်။ ချန်ပီယံတင်ညွှန့်ဟာ သာဂရမြို့မှာ ဘုန်းကြီးအပြီး ဝတ်ပြီး လူဝတ်ကြောင်ဘဝကို အပြီးတိုင် စွန့်ခွာခဲ့ပါတယ်။
အခုနှစ်ပေါင်းနှစ်ဆယ် နီးပါးကြာမှ ကိုဇာဂနာနဲ့ ချန်ပီယံတင်ညွှန့်တို့ ရန်ကုန်၊ မန္တလေးရထားပေါ်မှာ ဆုံ တွေ့ကြ ရတာဖြစ်ပါတယ်။

ပြန်တွေ့တော့လည်း ဇာဂနာက စတုတ္ထအကြိမ်မြောက် ထောင်ကျအကျဉ်း သားအဖြစ်နဲ့။ ချန်ပီယံတင်ညွှန့်က ဘုန်းကြီးအဖြစ်နဲ့။ ကံကြမ္မာတွေက တော်တော်ဆန်းကြယ်ပါတယ်။ ချန်ပီယံတင်ညွှန့် ကလည်း ထောင်က လွတ်ပြီး ပြင်းထန်ဆိုးဝါးတဲ့ လောကဓံ ရဲ့ဖိစီးမှုတွေကို ရင်ဆိုင်ရင်း နောက်ဆုံး သံသရာက လွတ်မြောက် ရာ လောဘ၊ ဒေါသ၊ မောဟတွေနဲ့ ကင်းဝေးရာလမ်းကို တွေ့သွား ပါတယ်။ ခုဆိုရင် ချန်ပီယံတင်ညွှန့် သာသနာ့ဘောင်ရောက်ခဲ့တာ ဝါနှစ်ဆယ်ကျော်ရှိပါပြီ။ ရန်ကုန်ကို လည်း ကျောခိုင်းစွန့်ခွာခဲ့ပြီးပါပြီ။ အမှားနဲ့ အမှန်၊ တရားမှု၊ မတရားမှုတွေကိုလည်း ချန်ထားရစ်ခဲ့ပါပြီ။ သာဂရမြို့မှာ သာသနာအလုပ်တွေလုပ်ရင်း ငြိမ်းချမ်းနေ ပါပြီ။ ဒါပေမယ့် အနုပညာလောကထဲက ထောင်ကျဖော်တစ်ယောက်ဖြစ်တဲ့ ဇာဂနာကို ထမင်း တစ်နပ်လောက် ကျွေးလိုက်ချင်တဲ့ သူ့သံယောဇဉ် စိတ်စေတနာကတော့ ရှင်သန်နေဆဲဖြစ်ပါတယ်။

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

Monday, November 26, 2012

ဇော်သက်ထွေး ၏ ကြမ်းတမ်းသောစစ်ပွဲ နှင့် နူးညံသော နှလုံးသား, အပိုင်း (၁ဝ)

မောင်သော်က (ဗိုလ်မှူးဘသော်)၏ နောက်ဆုံးနေ့ရက်များ

ကျွန်တော်တို့ငယ်ငယ်က အုပ်ချုပ်သူ အစိုးရရဲ့လုပ်ပုံကိုင်ပုံတွေ၊ policy တွေကို ခနဲ့တဲ့တဲ့ ရွဲ့တဲ့တဲ့ Satire လုပ်ပြီး ရေးတတ် တဲ့ ဆရာနှစ်ယောက်ရဲ့ဆောင်းပါးတွေကို အမြဲစောင့်ဖတ်ရလေ့ရှိပါတယ်။ အဲဒီ ဆရာကြီးနှစ်ယောက် ကတော့ ဆရာမောင်သစ် (မောင်ကိုယု)နဲ့ ဆရာမောင်သော်ကတို့ ဖြစ်ပါ တယ်။ လစဉ်ထုတ် မဂ္ဂဇင်းတွေဖြစ်တဲ့ ပေပူးလွှာ တို့ သရဖူ တို့မှာ သူတို့ရေးတာတွေဖတ်ပြီး တိုင်းပြည်ကို အုပ်ချုပ်နေတဲ့ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီကို အမြဲလှောင်ပြောင်ရယ်မောခဲ့ရပါတယ်။ နောက်တော့ ကျွန်တော် တို့ တက္ကသိုလ်ကျောင်းသားဘဝ ၁၉၈၈ ခုနှစ် ဒီမိုကရေစီ အရေးအခင်းနဲ့ကြုံတော့ ဆရာ တို့ နှစ်ယောက်ကို လူထုဟောပြောပွဲတွေမှာ တွေ့ရတော့တာပါပဲ။ စာပေမယ်ပယ်က ဆရာ့ကို (All Burma Journalist Association) မှာ ဥက္ကဌအဖြစ် တင်မြှောက်လိုက်ပါတယ်။ အရေးအခင်းမှာ ဆရာ မောင်သော်ကတို့ ဦးဆောင်ပြီး တစ်ပါတီအာဏာရှင်စနစ် ကို ပြတ်ပြတ်သားသား ဆန့်ကျင်တော်လှန်ပါ တော့တယ်။

နောက်ဆုံးတော့ စစ်တပ်က အာဏာသိမ်းပြီး နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေး အဖွဲ့ တက် လာပါတယ်။ ကျွန်တော်တို့က လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ တည်ထောင်သလို ဆရာ မောင်သော်က၊ ဆရာ မောင်ကိုယု၊ ဆရာ ဦးမိုးသူတို့တစ်တွေလည်း ဒေါ်အောင်ဆန်းစုကြည်ဦးဆောင် တဲ့ NLD ပါတီထဲကို ဝင်ရောက် သွားပါတယ်။ တကယ်တော့ အာဏာမသိမ်းခင် သြဂုတ်လ ၂၆ ရက်နေ့ လူထု အစည်းအဝေးပွဲကထဲကလည်း ဆရာမောင်သော်က ကို အန်တီ့အနားမှာ တွေ့ရတာပါ။ အဲဒီအချိန် က ဒေါ်အောင်ဆန်းစုကြည် ကို နိုင်ငံရေးအဖွဲ့အစည်း တစ်ရပ်ထူထောင်ပြီး ဦးဆောင်ဖို့ ကူညီပံ့ပိုးပေးခဲ့ သူတွေထဲ မှာ ဦးထွေးမြင့်၊ သခင်တင်မြ၊ ဘုံပေါက်သာကျော်၊ ဦးလှတင့်၊ ဆရာမောင်သော်ကတို့ ပါဝင် ကြ ပါတယ်။ နောက်ဆုံး NLD ဆိုပြီး ပါတီအဖွဲ့အစည်းတစ်ရပ်ဖြစ်လာတော့ ဆရာဦးသော်က က ဗဟို အလုပ် အမှုဆောင်ဖြစ်လာပါတယ်။  ပါတီစည်းရုံးရေးလုပ်တော့ ဆရာဦးသော်က က သူ့ဇာတိစစ်ကိုင်း တိုင်းကို ဗိုလ်မှူးကြီးကျော်ဆန်းနှင့် အတူ စည်းရုံးရေးဥက္ကဌအဖြစ် တာဝန်ယူရတယ်။

နိုင်ငံရေးမုန်တိုင်းတွေ ပြင်းထန်တဲ့ ၁၉၈၉ ဇွန်လမှာတော့ ဆရာဦးဝင်းတင်ရဲ့ "မတရား တဲ့ အမိန့်အာဏာ ဟူသမျှ တာဝန် အရ ဖီဆန်ကြ" ဆိုတဲ့ ဆောင်ပုဒ်ရဲ့ထိပ်တိုက် ရင်ဆိုင်ရေးလမ်းစဉ်ကို ကျွန်တော်တို့ အားလုံး ရွေးချယ် လိုက်ကြတယ်။ ဆရာမောင်သော်က လည်း ပါဝင်ခဲ့တာမို့ ဇွန်လမှာပဲ အဖမ်းခံလိုက်ရ ပါတယ်။ စစ်ကြောရေး မှာ မောင်သော်က ကို ရိုက်နှက်ကန်ကျောက် စစ်ဆေးပြီးတဲ့နောက် အင်းစိန် ထောင်ကို ဇူလိုင် ၂၃ ရက်မှာ ပို့ လိုက်တယ်။ နဂိုကထဲက သွေးတိုး၊ ဆီးချို၊ နှလုံး၊ ကျောက်ကပ်အားလုံး မကောင်းတဲ့ ဆရာမောင်သော်က ခင်ဗျာ ထောင်ရောက်တော့ ဆေးရုံတန်းတင်လိုက်ရတယ်။ အဲဒီ အချိန်ကာလ က ထောင် ဆိုတာ နိုင်ငံရေးသမားတွေကို နှိပ်ကွပ်နေတဲ့ အချိန်ဖြစ်ပါတယ်။ တော်ရုံရောဂါ နဲ့ ဆေးရုံတက်ဖို့ ဆိုတာ မလွယ်ပါဘူး။ ဒါပေမဲ့ ထောင်ထဲမှာ အခြေအနေစိုးရိမ်ရတဲ့ ဆရာမောင်သော်က ရယ်၊ အဘ ဦးအုန်းမြင့်ရယ်၊ သုံးရောင်ခြယ်က မြတ်စံရယ်ကို ဆေးရုံအပေါ်ထပ် M3 မှာ တင်ထားလိုက် ပါတယ်။ M3 ဆိုတာ အလွယ်ပြောရရင် ၅ ညတွေရဲ့အခန်းပေါ့။ အဘဦးအုန်းမြင့်က ဗကပ ယူဂျီ ၄၈၂၈ နဲ့ ဆက်သွယ်တယ်ဆိုပြီး ဖမ်းထား တာဖြစ်ပါတယ်။

ဆရာမောင်သော်ကကိုလည်း ဗကပဆိုပြီး စွပ်စွဲထားပါတယ်။ ပြီးတော့ တပ်မတော်ကို ပြိုကွဲအောင် ပြု လုပ်သူ အဖြစ်လည်း စွဲချက်တင်ထားပါတယ်။ ဆရာမောင်သော်က ကတေ့ ဘာဖြစ်ဖြစ် ပျော်ပျော်ပဲ။ သူ့ဘဝကလည်း ထူးခြား ဆန်းကြယ်ပါတယ်။ ကုန်းခေါင်ခေါင် ရွှေဘိုမှာ ၁၉၂၈ ခုနှစ်က မွေးပြီး ရေတပ် စစ်သင်္ဘော ကပ္ပတိန်ဖြစ်တယ်။ ၁၉၄၇ မှာ ရေတပ်အရာရှိငယ်ဖြစ်ပြီး နောက်တော့ တိုက်ရေယာဉ် ၁၀၃ ကို ဦးစီးမောင်းနှင် ရတယ်။ တိုက်ရေယာဉ် ၁၀၃ မုန်တိုင်းမိပြီး ပင်လယ်ထဲမျောပါကာ နစ်တော့လည်း အသက်မသေဘဲ ကျန်ရစ် တယ်။ ခုလည်း နိုင်ငံရေး ဝဲသြဃထဲမှာ ကျင်လည်ရင်း ထောင်ထဲရောက်လာ ပြန်ပါပြီ။ သူက ထောင်ဆေးရုံ မှာ မြတ်စံနဲ့ အဘဦးအုန်းမြင့်ကို နေ့စဉ် စလိုက်နောက်လိုက်လုပ်နေ တယ်။ သူ ပြောနေကျစကားတစ်ခွန်း ရှိပါတယ်။

"ဟေ့ကောင်တွေ... စစ်ကြောရေးမှာစစ်တော့ ငါ့ကို မနတအုပ်စုနဲ့ ဆက်နွယ်တယ် လို့ ထောက်လှမ်း ရေးတွေ က ပြောတယ်...၊ ဗ.က.ပ ယူဂျီတဲ့... ဗ.က.ပ တွေကကျတော့ အရင်းရှင်ပေါက်စတဲ့... စာပေ လောက ဆရာကြီးတွေကတော့ ငါ့ကို စာပေ ကလေကချေ တဲ့။ ဟား... ဟား... ဟား ငါလည်း ဘာမှ မဟုတ်ပါဘူး။ ဗ.က.ပ ဆိုတာ ငါ့ကို တပ်ထဲက ခေါ်တဲ့နာမည်... ဗိုလ်ကြီးပေါတဲ့။ စစ်ရေယာဉ်မောင်း တေ့... မက လက်ခေါက်မှုတ်ခေါ်တာတွေလို့ သင်္ဘောကပ်သွားရင်း မြုပ်သွားတာကို တိုက်ရေယာဉ် ၁၀၃ ဆိုပြီး ရေးတော့ လည်း ရောင်း ရသားပဲ ဟား... ဟား... ဟား...."
ဒီလိုရွဲ့စောင်းစောင်းတွေ ပြောတတ်လို့လည်း မောင်သော်ကဖြစ်လာတာ ထင်ပါတယ်။ နောက်ဆုံး တော့ ဆရာ့ကို စစ်ခုံရုံး က ၁၉၅၀ အရေးပေါ်အက်ဥပဒေ ၅(ည)၊ ၅(က)၊ ၅(ခ)၊ ၁၂၂(၁)နဲ့ ထောင် အနှစ်နှစ်ဆယ် ချလိုက်ပါတယ်။ ဗိုလ်မှူးသော်ကကို ထောင်ချလိုက်တော့ ၃ တိုက်မှာ ရွေ့ထားလိုက် တယ်။ ၃ တိုက်မှာလည်း ဆရာမင်းသိင်္ခ ရယ်၊ ကိုမြတ်စံရယ်၊ ဆရာမောင်သော်ကရယ် တစ်ခန်းစီနေကြ ရတယ်။ ဒီမှာလည်း နေ့စဉ် ဆရာမင်းသိင်္ခ ကို စနောက်နေတာပဲ။ ရေချိုးဆင်းတိုင်း ဆရာခ ကို သွားသွား ပြောတယ်။

"အောင်ထွန်း... ငါတို့ မြတ်စံ တို့ ထောင်ကျရင် လျှာဖြတ်လို့ မင်းပြောထားတယ်နော်။ အခု ထောင်ကျ ပြီ... အသားဟင်း မကျွေးတဲ့နေ့တော့ မင်းလျှာ ကို ကင်စားရမယ်... ဒါပဲ။ ဟား... ဟား..."
ထောင်ထဲ မှာ ဆရာမင်းသိင်္ခ က အခန့်နေတာ။ ဆရာမောင်သော်က က သွားသွားစလေ့ရှိတယ်။ ဂျစ် တိုက် တယ်။ ဆေးလိပ်တောင်း တယ်။ ဆရာခ ကလည်း အလိုလိုက်ရှာတယ်။ သည်းခံရှာတယ်။ ဆရာခ ပုတီး စိပ်ရင် ရောက်လာပြီး မဟုတ်တရုတ်တွေပြောတယ်။ နောက်တော့ ကြိုးတိုက်ရောက်တယ်။ အရိုး ကျီးပေါင်း ကလည်း ဒုက္ခပေးလာတော့ ထောင်ထဲမှာ လည်ပင်းကို ကော်လံကြီးစွပ်ပြီး နေရတယ်။ နောက်နှလုံးကလည်း ဒုက္ခပေး လာတယ်။ နောက်ဆုံး ဆေးရုံတက်ရပြန်ရော။ ဆေးရုံက ဆင်းတော့ ၆ တိုက်ကို DC ချလိုက်တယ်။ ၆ တိုက်မှာ ဆရာဟံသာဝတီ ဦးဝင်းတင်ရယ်၊ ဘဘတော်ဘုရားလေးရယ်၊ ဆရာဦးကိုယုရယ်၊ ကိုမြတ်စံ ရယ်၊ ထောင်တွင်း ပြစ်ဒဏ် ချထားတဲ့ ရိုးရိုးအကျဉ်းသားသုံးယောက်နဲ့ ဆရာဦးသော်က နေရတယ်။

ရောဂါလေးသက်သာလို့ ညဘက်ရောက်တာနဲ့ ဆရာက တိုက်ကလူတွေကို စပြီ။ သုံးခန်းကျော်က ကိုမြတ်စံ ကိုအော်ခေါ်ရင်း "တော်ဝင်မင်းမျိုးမင်းနွယ် ဆိုတာ တစ်ကယ်တော့ ကုလားမျိုးကွ။ ဒီတော့ ငါ လည်း တော်ဝင်သွေး ပါတယ် ထင်တယ်။ မြတ်စံရေ... ဟင်း ဟင်း" ဆိုပြီး မထိတထိပြောသည်။ မြတ်စံ က အဘတော် ကို အားနာလို့ စကားပြန်မပြောရဲဘူး။ လေသံတိတ်နေတယ်။ နောက်တစ်ခါ ပုပ္ပါးမယ် တော်ကိုလည်း ကွမ်းဆက်လေ့ ရှိတော့ ပုပ္ပါးမယ်တော်က ကုလားအမျိုးအနွယ် ဖြစ်ရမယ်လို့ ပြော တယ်။  ကွမ်းယာက အိန္ဒိယ ကလာတာကိုး။ ဆရာမောင်သော်က ဆိုတာ အဲဒီလိုမျိုးပဲ။ ၁၉၉၀ စက်တင် ဘာမှာ ထောင်တွင်း အစာငတ်ခံဆန္ဒပြတဲ့အခါ သူ့ကျန်းမာရေးက ပိုဆိုးသွားတယ်။ ထောင်ကလည်း မဖြစ်စလောက်ပဲ ကုပေးတယ်။ ၁၉၉၁ ရောက်တော့ ဆရာမောင်သော်က ကြွက်သားတွေ အလုပ် မလုပ်တော့လို့ အိပ်ရာထဲ လဲသွားပြီ။ ဆေးကုသတော့လည်း သူက ငြင်းပယ် လိုက် တယ်။ နောက်ဆုံး နှလုံးရောဂါ ကလည်း ဖောက် လာတယ်။

ဆီးချိုကလည်း တက်လာတယ်။ ကျောက်ကပ်ကလည်း လုံးဝပျက်သလောက် ဖြစ်သွားပြီ။ အရိုးကျီး ပေါင်း ကလည်း တစ်ချိန်လုံး ဒုက္ခပေးနေတယ်။ နောက်ဆုံး ဆရာ မောင်သော်ကကို တိုက်မှာထားပြီး မရတော့ဘူး။ ရန်ကုန်ဆေးရုံကြီးကိုပို့ပြီး ရောဂါသည်းနေတော့မှ ကုသတယ်။ ဆေးရုံရောက်တော့ အရမ်းနောက်ကျသွားပြီ။ ၁၉၉၁ ခုနှစ် ဇွန်လ ၈ ရက်နေ့မှာ သူ့မိခင်အမည်ကို ရေရွတ်မြည်တမ်းရင်း ရန်ကုန်ဆေးရုံမှာပဲ ဆရာ ဆုံးပါး သွားတယ်။

ဆရာ့ဘဝက ဆုံးဝါးပါတယ်။ အသက်မဲ့နေတဲ့ ခန္ဓာကိုယ်ကိုတောင် စစ်အစိုးရက ချုပ်ကိုင်စိုးမိုးလိုစိတ် အပြည့် ရှိခဲ့ပါတယ်။ Dead body ကို ထုတ်ယူတဲ့အခါ မြို့နယ်အာဏာပိုင် ရပ်ကွက်အာဏာပိုင်တွေ အဆင့်ဆင့်ကနေ မိသားစု က လိုက်နာရမယ့် စည်းကမ်းချက်တွေနဲ့ ထုတ်ယူခဲ့ရတာပါ။ စည်းကမ်းတွေ ကတော့ အသုဘကို အခမ်းအနား မကျင်းပ ပါဘူးတို့၊ အလောင်းကို ပါတီအလံမလွှမ်းပါဘူးတို့ကို မိသားစု က အာမခံမှ အလောင်းကို သဂြိုလ်ခွင့်ပြုခဲ့တာဖြစ်ပါတယ်။ ဆရာကွယ်လွန်တော့ အသက် ၆၅ နှစ်ပဲ ရှိပါသေးတယ်။ ဆရာ့ကို ကန်တော်လေး ဆိုနီသင်္ချိုင်း မှာ မြုပ်နှံခဲ့ပါတယ်။ ဒါကြောင် မောင်သော်က ဘဝဟာ အသက်ရှင်စဉ်ကလည်း မလွတ်လပ် ခဲ့သလို အသက်မဲ့ သွားတော့လည်း ခန္ဓာ ကိုယ်ဟာ မတရားတဲ့ ဥပဒေတွေကို လိုက်နာခဲ့ရတုန်းပဲ ဆိုတာ ကျွန်တော် တို့ တွေ့မြင်ကြားသိနာကျင် ခဲ့ရပါတယ်။
ခုတော့ တိုင်းပြည် ရဲ့ပြုပြင်ပြောင်းလဲရေး အလင်းပျပျကို မြင့်မြတ်လွတ်လပ်တဲ့ ဘုံဘဝကနေ ဆရာ လှမ်းမြင်နိုင် ပါစေ လို့ ကျွန်တော် ဆုတောင်းပေးလိုက်ပါတယ်။

 ဒေါက်တာတော့ ဒေါက်တာ ဒါပေမဲ့

၁၉၉၆ ဝန်းကျင်တစ်ဝိုက် အင်းစိန်အကျဉ်းထောင်မှာ အင်မတန်ထူးခြားတဲ့ဖြစ်ရပ်တစ်ခုရှိခဲ့ပါတယ်။ အဖြစ်အပျက် ကတော့ ကြာခဲ့ပါပြီ။ ဒါပေမဲ့ အခုအချိန်ထိ ဆေးကုသခဲ့သူ ဒေါက်တာနဲ့ ကုသမှုခံယူခဲ့ရ သူ လူနာတို့ဟာ လက်ရှိ အသက်မွေးဝမ်းကျောင်းမှုနယ်ပယ်ထဲမှာ ထင်ထင်ရှားရှား ရှိနေကြပါတယ်။ ဆေးကုသပေးခဲ့သူ ဒေါက်တာ ဆိုသူက လူမျိုးခြား တစ်ယောက်ဖြစ်ပြီး အဲဒီအချိန်ကာလက နာမည်သုံး လုံးနဲ့ အမျိုးသမီးတေးသံရှင် တစ်ယောက် ကို အောင်မြင်စွာ မွေးထုတ်ပေးခဲ့ဖူးပြီး သူရဲ့တေးထုတ်လုပ် ရေး ကုမ္ပဏီ ကလည်း မြန်မာနိုင်ငံတဝှမ်းမှာ နာမည်ကြီး ရေပန်းစားခဲ့ပါတယ်။ ဒါပေမဲ့ သူ့ခမျာ ကံမ ကောင်း အကြောင်းမလှ ချင်တော့ စစ်အစိုးရရဲ့ မျက်စိစပါးမွှေးစူးခြင်းခံရပြီး စီးပွားရေးကိစ္စတစ်ခုကို အကြောင်းပြု လို့ ထောင်ထဲရောက် လာပြီး ရင်ကျပ်ဝေဒနာကြောင့် ဆေးကုသမှု ခံယူခဲ့ရသူတစ်ယောက် ကတော့ ယနေ့ အားကစားဂျာနယ်တွေ မှာ ဘောလုံးအကြောင်းရေးသားနေတဲ့ ကိုထွဋ် (စိန့်ဂျွန်း)ပါပဲ။

ကိုထွဋ်တို့ကို အဲဒီအချိန်က အင်းစိန်ထောင်မကြီးဘေးက သီးသန့်ထောင် ၂ ဆောင်အောက်ဘက် တိုက်ခန်းတွေမှာ ထားတာပါ။ ကျန်းမာရေးအတွက် ဆေးထောင်မှူးကြီးတစ်ယောက်တော့ ရှိပါတယ်။ အရေးပေါ် လူနာတွေဆိုရင်တော့ ပင်မထောင်ကြီးအတွင်းမှာရှိတဲ့ ဆေးရုံကို (Refer) လွှဲပြောင်းပေးလေ့ ရှိပါတယ်။ သို့သော် လည်းပဲ ထောင်ရဲ့ကြိုးနီစနစ် အဆင့်ဆင့်တွေကြောင့် refer ကို လွယ်လင့်တကူ လုပ်ဆောင် လို့မရပါဘူး။ ဒီလိုအခြေအနေမျိုးမှာမှ ကိုထွဋ်က ပန်းနာရင်ကျပ်ထဖြစ်တော့တာပဲ။ အခြေ အနေဆိုးလာတော့ သူ့ကို ထောင်မကြီး ထဲက ဆေးရုံပို့ပေးပြီးကုသစေပါတယ်။ ကိုထွဋ်ရဲ့ရောဂါပျောက် သွားတယ်လိုတော့ မရှိပါဘူး။ သက်သာတာနဲ့ ပြန်ဖြစ်တာ နှစ်မျိုးပဲရှိပါတယ်။ ဒီတော့လည်း ဆေးရုံက ကိုထွဋ်ကို ရောဂါသက်သာရင် DC ချ ဆေးရုံက ဆင်း၊ ရောဂါ ပြန်ဖြစ်ရင် ဆေးရုံတက်၊ ဒီလိုနဲ့ သံသရာ လည်နေတော့တယ်။

နောက်ဆုံး တစ်ခေါက်ကျတော့ နိုင်ငံရေးမိုးလေဝသမကောင်းလို့ ကိုထွဋ် ရင်ကျပ်ရောဂါဖြစ်နေပေ မယ့် ဆေးရုံမတက် ရတော့ဘူး။ သီးသန့်ထောင်မှပဲ သူ့ရောဂါကို ကုဖို့အကြောင်းဖန်လာတယ်။ ထောင်က လည်း သီးသန့်ထောင် ဆိုတော့ ကျန်းမာရေးကိစ္စအဝဝအတွက် ဆေးမှူးမရှိလို့ဆိုပြီး စောစောကပြော တဲ့ စတူဒီယို တေး ထုတ်လုပ်ရေး ပိုင်ရှင် ဒေါက်တာလို့ပြောတဲ့ သူဌေးကို ဆေးမှူးခန့်အပ်လိုက်တယ်။ အားလုံး ကလည်း ထောင်ထဲမှာ သူ့ကို ဒေါက်တာတပ်ပြီး ခေါ်ကြတာပဲ။ သူက ငွေကြေးလည်းတတ်နိုင် တယ်။ ဒေါက်တာ ဆိုတော့ ဆေးအကြောင်းလည်း နားလည်တယ် ဆိုပြီး သီးသန့်ထောင် အကျဉ်းသား အားလုံးက သူ့ကို အားကိုး တာပေါ့။ ဒီတော့ သူ့ကို အကူအညီတောင်းတာ သဘာဝကျပါတယ်။

တစ် နေ့တော့ ကိုထွဋ်အတွက် ခန့်အပ်ကာစ အကျဉ်းသားဆေးမှူး ဒေါက်တာအသစ်စက်စက် ရောက်လာ တယ်။ ကိုထွဋ်ရောဂါ ကို မေးမြန်းစစ်ဆေးပြီး ဆေးတစ်မျိုး ထိုးပေးတယ်။ ဆေးထိုးပြီးတဲ့နောက် ကိုထွဋ် နည်းနည်းတော့ သက်သာသွားတာပေါ့။ ကိုထွဋ်လည်း အဲဒီအကျဉ်းသားဒေါက်တာ ကို ကျေးဇူးတော် တော် တင်ပါတယ်။ ဒါပေမဲ့ အဲဒီဒေါက်တာက ကိုထွဋ်ကို ဘာဆေးထိုးပေးသွားလဲဆိုတာကတော့ ဘယ် သူမှ မသိဘူး။ နှစ်ခါလောက် ထိုးပေးပြီးတဲ့အချိန်လောက်မှာ ကိုထွဋ်က သူ့ကို ဒေါက်တာက ဘာဆေး တွေ ထိုးပေးနေသလဲ ဆိုတာ သိချင်လာတယ်။ ဒီတော့ သူ့ကို မေးကြည့်တယ်။ သူက ရင်ကျပ် အောင့် တာ သက်သာတဲ့ဆေး လို့ ပြောတယ်။ ဆေးနာမည်ကိုတော့ မပြောဘူး။ ဒီကုသမှုဖြစ်စဉ်မှာ လော လောဆယ် အမြတ်ထွက်တာ ကတော့ အကျဉ်းသားဒေါက်တာပဲ။  သီးသန့်ထောင်ထဲက လူနာတွေကို အချိန် မရွေး ဆေးကုသရ မဲ့ အခြေအနေတွေရှိနေတယ်ဆိုတော့ သူ့အခန်းကို သော့ပိတ်မထားတော့ ဘူး။ သူ လွတ်လွတ် လပ်လပ် နေနိုင်အောင် ဖွင့်ပေးတယ်။ ညဘက်လည်း ဆေးကုပေးဖို့ သူ ထွက်ရ တယ်။

ဒီအတော်အတွင်း ကိုထွဋ်ရောဂါ က အခြေအနေဆိုးလာတယ်။ စိုးရိမ်ရတော့ ပင်မထောင်က ဆေးရုံကို ပို့လိုက် ရတယ်။ ထောင်ဆရာဝန်က ကိုထွဋ်ကို ရောဂါရှာဖွေစစ်ဆေးတယ်။ အဖြေကတော့ ကိုထွဋ်မှာ ဘာရောဂါမှ မရှိဘူးတဲ့။ ဒါကြောင့် ဆေးရုံကနေ တိုက်ခန်းကို ချက်ချင်းပြန်ရမယ်လို့ ပြောတယ်။ ကိုထွဋ် လည်း ရောဂါ ခံစားနေရတာဆိုတော့ စိတ်နည်းနည်းဆိုးသွားတယ်။ ဘာရောဂါမှမရှိဘဲ ဘာလို့ သူ့ကို အကျဉ်းထောင် ဒေါက်တာ နဲ့ ဆေးထိုးနေရတာလဲဆိုပြီး Complain လုပ်တော့တာပဲ။ ဒီတော့မှ ထောင် ဆရာဝန်နဲနဲ လန့်သွားပြီး ခင်ဗျားကို ဘာဆေးတွေ ထိုးပေးနေတာလဲ လို့ မေးတယ်။ အဖြေကို ဘယ်သူမှ မဖြေနိုင် ဘူး။ ကိုထွဋ် လည်း မဖြေနိုင်ပါဘူး။ ဒီလိုနဲ့ပဲ မကျေမနပ်နဲ့ ကိုထွဋ် ဆေးရုံက ပြန်ဆင်းလာခဲ့ရ တယ်။

တိုက်ပြန်ရောက် လို့ နှစ်ဆယ့်လေးနာရီမပြည့်ခင် ကိုထွဋ် ရောဂါက ဖောက်လာပြန်ရော။ ဒီတော့ အကျဉ်းသားဆေးမှူး ဒေါက်တာရောက်လာပြီး ထိုးနေကျ ဆေးထိုးပေးမယ်လို့ ပြောတယ်။ ဒီတစ်ခါ တော့ ကိုထွဋ် က လက်မခံတော့ဘူး။ ဆေးရုံကိုသာ ပို့ပေးဖို့ တွင်တွင် တောင်း ဆိုတယ်။ ထောင်အုပ်ချုပ် ရေး ဘက်က ဆေးရုံကို နောက်တစ်ခေါက် ပို့မပေးချင်ဘူး။ တဖြည်းဖြည်းနဲ့ ကိုထွဋ် အခြေအနေ ပိုဆိုး လာတယ်။ ကိုထွဋ် က ဆေးရုံမပို့ရင် တိုက်နံရံနဲ့ ခေါင်းနဲ့တိုက်ပြီး အသေခံမယ်လို့ပြောမှ လန့်ပြီး လျှော့ သွားကြ တယ်။ ဆေးရုံကို နောက်ဆုံး  ပို့ပေးလိုက်ကြတယ်။

ဆေးရုံရောက်တော့ အရင်လို ဆက်ဆံရေးမဟုတ်တော့ဘူး။ ကိုထွဋ် ရောဂါကို ထောင်ဆေးမှူးချုပ် ကိုယ်တိုင် လာကြည့်ပေးတယ်။ အရင် ကုသနေတဲ့ အခြေအနေကို မေးမြန်းတော့ သီးသန့်ထောင်မှာ အကျဉ်းသားဆေးမှူး နဲ့ ဆေးထိုးဆးသောက်ကုသတာတွေ ပေါ်သွားတယ်။ အကျဉ်းသားဆေးမှူး ဒေါက်တာ ကို ဆေးမှူးချုပ် က ခေါ်စစ်တယ်။ ဘာရောဂါကိုကုတဲ့ ဒေါက်တာအမျိုးအစားလဲပေါ့။ ဒီတော့ လည်း သူက ရိုးရိုးသားသားဖြေ ပါတယ်။ သူက ဒေါက်တာတော့ ဒေါက်တာပါပဲ။ ဒါပေမဲ့ Medical ဒေါက်တာမဟုတ်ပဲ မလေးရှား တက္ကသိုလ်တစ်ခု ကပေးတဲ့ ဂုဏ်ထူးဆောင်ဒေါက်တာဖြစ်နေပါတယ်။ ဒီလို ဒေါက်တာအမျိုးအစားက ပိုက်ဆံ ချမ်းသာရင်၊ စီးပွားရေးလုပ်ငန်း မှာ အောင်မြင်ရင် ပေးလို့ရတဲ့ ဘွဲ့တွေဖြစ်ပါတယ်။

ခုတော့ အင်းစိန်သီးသန့်ထောင်မှာ သူ့ကိုမှ အကျဉ်းသားဆေးမှူးအဖြစ် ခန့်လိုက်မိ ပြီ ကိုး။ ဆေးမှူးချုပ် လည်း တော်တော် ဒေါကန်သွားတယ်။ ထောင်ဆရာဝန်ကို လက်လွတ်စပယ်လုပ်ရ မလားဆိုပြီး ဆူပူတယ်။ ပြီးတော့ ချက်ချင်း ပဲ သူ့ကို အကျဉ်းသားဆေးမှူးရာထူးကဖြုတ်ပြီး တောင်ယာ ဘုတ်ကိုင်ရာ ရာထူးပြောင်းလဲ တာဝန်ပေး လိုက်ရပါတယ်။ ကိုထွဋ်လည်း နောက်ပိုင်း Treatment ကောင်းကောင်းရတော့ သူ့ရောဂါက သက်သာ လာပြီး ထောင်ထဲက ပြန်ထွက်လာတဲ့အထိ လူကို ဒုက္ခ ပေးမသွားခဲ့ပါဘူး။ ကိုထွဋ် တို့ ပြဿနာဖြစ်အပြီး သီးသန့်ထောင်မှာလည်း ကျန်းမာရေးနဲ့ပတ်သက်ရင် အရင်လို ပေါ့ပေါ့လျော့လျော့ မဟုတ်တော့ဘဲ ဆေးထောင်မှူးကြီးကိုယ်တိုင် Round လှည့် ကုသပေး တာတွေ လုပ်ဆောင်လာပါတယ်။ အကျဉ်းသား နဲ့လည်း လက်လွတ်စပယ် လွဲမထားတော့ပါဘူး။
အဲဒီနောက်ပိုင်း အကျဉ်းသားဆေးမှူးဒေါက်တာဆိုတာလည်း စည်းကမ်းအတိုင်းနေရပြီး နှစ်အနည်း ငယ်အကြာ မှာ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်မြောက်သွားပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကိုထွဋ်(စိန့်ဂျွန်း) တစ်ယောက်ကတော့ ဂုဏ်ထူးဆောင်ဒေါက်တာတစ်ယောက်ရဲ့  လက်တည့်စမ်း ဆေးကုသခံခဲ့ရ တဲ့ နိုင်ငံရေးအကျဉ်းသား တစ်ယောက် အဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။
""
ဘာပဲလိုလို ဘာစ်ပရို ဘာပဲဖြစ်ဖြစ် ဆိုဒါမစ်


၁၉၉၀ ပြည့်နှစ်ဟာ ၁၉၈၈ ခုနှစ်အတွင်း ထွက်ပေါ်လာခဲ့တဲ့ ကျောင်းသားအဖွဲ့အစည်းတွေ အားလုံး လိုလို အဖြိုခွဲခံရ တဲ့ နှစ်တစ်နှစ် ဖြစ်ပါတယ်။ ဒါကြောင့် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ (ဗကသ)၊ ရန်ကုန် တက္ကသိုလ်ကျောင်းသား သမဂ္ဂ(ရကသ)၊ တက္ကသိုလ်ကျောင်းသားများသမဂ္ဂ (တကသ)၊ အခြေခံပညာကျောင်းသား သမဂ္ဂ(အကသ)၊ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး၊ မနကလ စတဲ့ အဖွဲအစည်းတွေ ရဲ့ ကျောင်းသား တိုင်းလိုလို အင်းစိန်ထောင်ထဲကို ရောက်လာကြပါ တယ်။ နောက်ဆုံး ရန်ကုန် ပြောရရင် ထောင်ထဲက အဆောင်တွေဟာ တက္ကသိုလ်ကျောင်းဆောင်တွေ လို ဖြစ် လာခဲ့တယ်။ ထောင်သားတဖြစ်လဲ တက္ကသိုလ်ကျောင်းသားတွေဟာ အမှောင်ခေတ် ကို ပျော်ပျော်ရွှင်ရွှင်ပဲ ဖြတ်သန်းကြတယ်။ ညဘက်ဆို သီချင်းဆိုကြတယ်။ ကဗျာရွတ်ကြတယ်၊ နေ့ဘက် မှာ ချက်စ် ကစားကြတယ်။ တောင်ယာစိုက်ကြတယ်။ တစ်ယောက်နဲ့တစ်ယောက် ညီအစ်ကိုတွေလို ချစ်ချစ်ခင်ခင် နေထိုင်ကြတယ်။ ဒီတက္ကသိုလ်ကျောင်းသားတွေထဲမှာ အသားမည်းမည်း အရပ် ရှည်ရှည်၊ နှုတ်ခမ်းမွေးစစနဲ့ သင်္ချာဂုဏ်ထူးတန်းကျောင်းသားတစ်ယောက်ကို ကျွန်တော် သတိထားမိ ပါတယ်။ သူက ရကသအဖွဲ့ဝင်တစ်ယောက် ဖြစ်ပါတယ်။ ရကသ အရှည်ကတော့ ရန်ကုန် တက္ကသိုလ် ကျောင်းသား သမဂ္ဂကပေါ့။

သူက စကားပြောရင်း တိုတိုနဲ့ ရှင်းရှင်း ပြောလေ့ ရှိပါတယ်။ နောက်တာ ပြောင်တာလည်း နည်းပါ တယ်။ အားလုံးအတွက် ကျရာတာဝန်ကိုတော့ ဝေမျှစားသောက်တယ်။ မရှိအတူ ရှိအတူ စိတ်ဓာတ် ရှိတယ်။ သူ့နာမည် က ကျော်ကျော်သိန်းလို့ ခေါ်ပါတယ်။ အရင်က ထောင်ထဲမှာ သူငယ်ချင်းတွေကို ဟင်းနုနွယ်ခင်းတွေ စိုက်ပျိုးပြီး ချက်ကျွေးခဲ့ပေမယ့် အခုတော့ ၀ါရှင်တန်ဒီစီမှာ ဟမ်ဘာကာစားပြီ ကိုကာကိုလာလည်း လောက်နေပါပြီ။ ဒါပေမဲ့ အင်းစိန်ထောင် ကို မေ့မရဘူးထင်ပါရဲ့။

အမေရိကား ကနေ ကျွန်တော်ရေးနေတဲ့ ကျန်းမာရေးဆောင်းပါးတွေကို E-mail နဲ့ လှမ်းတောင်းပါတယ်။ ရိုးရာ လေးဝက်ဘ်ဆိုဒ် မှာ ရှိတယ်ဆိုတာ သူမသိသေးဘူး။ အဲဒီတော့မှ ကျွန်တော်သူ့အကြောင်းရေးဖို့ ကျန်နေသေး မှန်း သတိရခဲ့တာပါ။ ကိုကျော်ကျော်သိန်းက ၁၉၉၀ သြဂုတ်လထဲမှာ စစ်ခုံရုံးကနေ ထောင်ဒဏ် ၅နှစ် ချမှတ်ခြင်း ခံခဲ့ရပါတယ်။ ထောင်ဒဏ်မချမှတ်ခင်က စစ်ကြောရေးပြီးပြီးချင်း သူတို့ကို အင်းစိန် တွဲဘက်ထောင် မှာ နေရာချထားပါတယ်။ အိမ်နဲ့ ထောင်ဝင်စာမတွေ့ရသေးတဲ့အတွက် အဲဒီ အချိန်ကာလဟာ အကျဉ်းသား တစ်ယောက်အတွက် အတ်ဒုက္ခအရောက်ရဆုံး အချိန်ပါပဲ။ ထောင်က ကျွေးတဲ့ ပဲဟင်းနဲ့ ငပိနဲ့ပဲ အသက် ဆက် ကြရတာပါ။

တစ်ရက်မှာ ညဘက်ကြီး ကိုကျော်ကျော်သိန်းရဲ့ ညည်းညူသံကို တစ်တိုက်လုံး ကြားလိုက်ကြ ရတယ်။ မေးကြည့်လိုက်တော့ ဗိုက်အောင့်ဝေဒနာကို အသည်းအသန် ခံစားနေရပါတယ်။ သူက ငယ်စဉ် ကတည်းက  မိုးရာသီဆိုရင် လေထိုးလေအောင့်တဲ့ ဒဏ်ကို နှစ်စဉ် အပြင်းအထန်ခံစားရလေ့ ရှိပါတယ်။ တစ်ခါတစ်ခါ ဖြစ်ရင်လည်း သုံးလေးရက်ကနေ တစ်ပတ်လောက်အထိ ကြာတတ်ပြီး သူ့အဖေက ဗမာဆေးမျိုးနဲ့ ကုလေ့ ရှိပါတယ်။ အဲဒီအချိန်အခါက အနာနဲ့ ဆေးတွေ့ပြီး မကြာခင်ပျောက်သွားလေ့ ရှိပေမယ့် အခုရောဂါဖြစ်တဲ့အချိန်မှာ ဘာမှမရှိတဲ့ အချုပ်ဘ၀ဖြစ်နေတော့ ဒုက္ခရောက်ရတော့တာပေါ့။ ကုဖို့မပြောနဲ့ စားဖို့တောင် ဘာမှမရှိတဲ့ဘ၀မှာ လေထိုးလေအောင့် ဖြစ်တော့ အတူတူ အချုပ်ခံထားရ တဲ့ အမှုတွဲတွေက ၀ိုင်းပြီးအော်ကြတာ နဲ့ တွဲဖက်ထောင်က ဆေးမှူးနဲ့ ထောင်ဝန်ထမ်းတစ်ယောက် ရောက်လာပါတယ်။ ပြီးတော့ အချုပ်တိုက်ခန်းကို မဖွင့်ဘဲ အပြင်က လေ့လာအကဲခတ်ပြီး ဆိုဒါမစ် ၂လုံးပေးပြီး ပြန်ထွက်သွားပါတယ်။

ဒီဆေးသောက်တာနဲ့ သူ့ဝေဒနာပျောက်မှာမဟုတ်မှန်း သိနေပေ မယ့် ရေနစ်နေတဲ့သူ အတွက် ကောက်ရိုးတစ်မျှင် လို ဆိုဒါမစ် ၂လုံးကို ကိုကျော်ကျော်သိန်း ယူပြီး သောက်လိုက်ပါတယ်။ ထင်တဲ့ အတိုင်းပါပဲ။ မသက်သာဘဲ တစ်ညလုံး ဗိုက်အောင့်ဝေဒနာကို အပြင်းအထန် ခံစားပြီး ဖြတ်သန်း ခဲ့ရပါတယ်။ ဖြစ်ချင်တော့နောက် တစ်နေတော့ ထောင်ပိုင် တန်းစီနေ့ ဖြစ်နေ ပါတယ်။ ထောင်ပိုင်တန်းစီ ဆိုတာ ထောင်ပိုင်ကြီးနဲ့အတူ ထောင်ဆေးရုံက ဆေးရုံအုပ်ဆရာဝန် လည်း အတူ လိုက်လာပြီး နိုင်ငံရေးမှုနဲ့ ကျတဲ့သူတွေကို "ဘာဖြစ်လဲ" "ဘာလိုလဲ" စသည်ဖြင့် အပေါ်ယံ သဘောမေးမြန်းလေ့ ရှိပါတယ်။ ဆရာဝန်ကြီးက အသားဖြူဖြူ အရပ်မြင့်မြင့်နဲ့ အ၀တ်အစားကို သပ်သပ်ရပ်ဝတ်ပြီး အမွေးနံ့သာတွေ အမြဲရနေတတ်တဲ့ လူမျိုးပါ။ ရုပ်ရည်ကလည်း ခန့်ငြားလေးစား လောက်တာမို့ ကြည့်လိုက်ရင် လူနာ အပေါ်စိတ်သဘောထားကောင်းပြီး ကြင်နာလိမ့်မယ်လို့ ယူဆနိုင် တဲ့ အခြေအနေမှာ ရှိပါတယ်။ ဒါပေမဲ့ ကျွန်တော် တို့ အားလုံး ဒီတစ်ခါမှာတော့ လူကဲခတ်လွဲမှားခဲ့ကြပါ တယ်။

နောက်တစ်နေ့ တန်းစီလှည့်လည်တဲ့အထဲမှာ ဆရာဝန်ကြီးလည်း ပါပါတယ်။ သူပါလာတော့ ဝေဒနာ ခံစားနေရ တဲ့ ကိုကျော်ကျော်သိန်းလည်း ဗိုက်အောင့်နေတဲ့ကြားထဲက ခေါင်းငုံ့ပုံစံ ထိုင်နေရတဲ့ အခြေအနေ ကနေ ရောဂါကို တင်ပြနိုင်ဖို့ ကြိုးစားပါတယ်။ နာလွန်းလို့ စကားကိုတောင်ဖြောင့်ဖြောင့် မပြောနိုင်ပါဘူး၊ အခန်းဖော်တွေ နဲ့ အမှုတွဲတွေက ထောင်ပိုင်ကြီးနဲ့ ဆရာဝန်ကို ကိုကျော်ကျော်သိန်း အကြောင်း ၀ိုင်း တင်ပြပေးကြပါတယ်။ ဆရာဝန်ကြီးကတော့ သံတိုင်အပြင်ကနေ ကိုကျော်ကျော်သိန်း ကို စမ်းသပ်ကြည့်ဖို့ အသာထား၊ သံတိုင်နားကို တောင်ကပ်မလာဘဲ ခပ်လှမ်းလှမ်းကနေ လှမ်းကြည့် ပြီးတော့ ဘယ်နား နာတာလဲ ဆိုပြီး ပြခိုင်းပါတယ်။ ကိုကျော်ကျော်သိန်းက နာနေတဲ့နေရာကို လက်နဲ့ ပြပြီးတဲ့နောက် ဆရာဝန်ကြီး က ခေါင်းတစ်ချက်ညိတ်ပြပြီး ပြောပါတယ်။

"မင်းမသေနိုင်သေးပါဘူး၊ အသက်နဲ့အဝေးကြီးပါ"
ပြီးတော့ ရောဂါအတွက် ဘာမှ မှတ်ချက်မပေးဘဲ ထောင်ပိုင်ကြီးနဲ့အတူ လှည့်လည် စစ်ဆေးနေရာ ကနေ တိုက်ခန်းအပြင် ကို ထွက်ခွာသွားပါတော့တယ်။ တစ်တိုက်လုံးကတော့ ဆရာဝန်ကြီးရဲ့ အပြုအမူ နဲ့ ဆက်ဆံပုံ ကို အံ့သြလွန်းလို့ ဘာမှ မှတ်ချက်မပေးနိုင်ဘဲ ငြိမ်သက်သွားခဲ့ရပါတော့တယ်။ ဒါဟာ ကြေကွဲ စရာကောင်းအောင် ရေးလိုက်တဲ့ ဆောင်းပါးတစ်ပုဒ်လည်း မဟုတ်ပါဘူး။ သနားအောင် ဇွတ်ပုံစံချရေးတဲ့ စာစုတစ်ခုလည်း မဟုတ်ပါဘူး။ ၁၉၉၀ တစ်ဝိုက် ထောင်ထဲမှာ အမှန်တကယ် ဖြစ်ပျက်ခဲ့တဲ့ ပကတိ အဖြစ်အပျက်တွေ ဖြစ်ပါတယ်။ တကယ်တော့ ကျွန်တော်တို့ အားလုံးဟာ လူသားတွေ ဖြစ်ကြပါတယ်။ ဒီထက် ပိုပြီး အသေးစိတ်ခွဲခြားပြရမယ်ဆိုရင် ကျွန်တော်တို့ အားလုံးဟာ အုပ်ချုပ်သူနဲ့ အုပ်ချုပ်ခံတွေ ဖြစ်ကြပေမယ့် စဉ်းစားစာနာတတ်တဲ့၊ နှလုံးသားရှိတဲ့၊ အကြင်နာတရား ရှိတဲ့ လူသားအချင်းချင်းပါပဲ။ ဒီထက်ပိုပြောရရင် ဗုဒ္ဓဘာသာဝင်အချင်းချင်းပါပဲ။ ဘာကြောင့် ဒီလို မမျှတအောင် ဆက်ဆံခဲ့ရသလဲ။

ဘာကြောင့် သမားတော်ကြီးက အကြင်နာတရားကင်းရသလဲ။ ဒါမှမဟုတ် ဒီလူနာကို ဆေးကုသပေးဖို့ သူ့မှာ ဘယ်လိုဖိအားတွေ ရှိသလဲ။ ကျွန်တော်တို့ကတော့ မေးခွန်းများစွာနဲ့ ကျန်ရစ်ခဲ့ပါတော့တယ်။ အဲဒီအချိန်က ထောင်ထဲမှာ ဘာရောဂါပဲဖြစ်ဖြစ် ဘတ်စ်ပရိုနဲ့ ဆော်ဒါမစ်လောက်နဲ့ စခန်းသွားခဲ့ကြတာပါ။ ဒီကြားထဲ က ကိုယ့်အသက်ကို ကိုယ်ရှင်သန်အောင် ကြိုးစားရင်း ရုန်းကန်ခဲ့ကြလို့ ခုဒီ အခြေအနေ ရောက်နေခြင်း ဖြစ်ပါတယ်။

ကိုကျော်ကျော်သိန်းတစ်ယောက်လည်း ဆိုဒါမစ်နှစ်ပြားနဲ့ ဗိုက်အောင့်ဝေဒနာဘယ်ကနေ ဘယ်လို သက်သာသွားတယ်ဆိုတာ မမှတ်မိတော့ပါဘူး။ ဒါပေမဲ့ ဆရာဝန်ကြီး ပြောခဲ့သလို "အသက်နဲ့ အဝေးကြီးပါ" ဆိုတဲ့ စကား ကပဲ အမှန်တရား ဖြစ်ခဲ့သလား ဒါမှမဟုတ် ကိုကျော်ကျော်သိန်းမှာ သေဖို့ ကံမပါသေး လို့ပဲလားဆိုတာ ကံကြမ္မာကလွဲလို့ ဘယ်သူမှ မသိနိုင်တော့ပါဘူး။ ငယ်စဉ်ကတည်းက နှစ်စဉ် မိုးရာသီတိုင်း ခံစားခဲ့ရတဲ့ ဗိုက်အောင့်ဝေဒနာဟာ ကိုကျော်ကျော်သိန်းအတွက် အဲဒီတစ်ခါက လွဲပြီး ထောင်ထဲနေစဉ် ကာလတစ်လျှောက်လုံးဝ ပြန်မဖြေစ်တော့တာကိုလည်း ထူးဆန်းစွာ ကျွန်တော် မှတ်မိနေပါတယ်။ ထောင်ထဲက ထွက်လာပြီးတဲ့ နောက်လည်း ဒီရောဂါအကြေင်း သူ့ဆီက မကြားတော့ပါဘူး။

အခုလည်း ကိုကျော်ကျော်သိန်းတစ်ယောက် ၀ါရှင်တန်ဒီစီမှာ ဗိုက်အောင့်ဝေဒနာ တစ်ခါ တစ်လေ ဖြစ်သေး သလား ကျွန်တော် မသိပါဘူး။ တကယ်လို့ မဖြစ်ခဲ့ရင်တော့ ဒါဟာ တစ်ခါက ထောင်ဆရာဝန် ကြီးရဲ့ ဆေးကုသ ပုံ ကုသနည်းကို ကြောက်လန့်ပြီး တစ်ခါတည်း ပျောက်ကင်းသွားခဲ့လေသလားလို့ တောင် စဉ်းစားစရာ ဖြစ်နေရ ပါတယ်။ အမေရိကားမှာ ကိုကျော်ကျော်သိန်းတစ်ယောက် ဘာစ်ပရိုတို့၊ ဆော်ဒါမစ်တို့ ပေါပေါများများ ရပါစေ။

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

Sunday, November 25, 2012

ဇော်သက်ထွေး ၏ ကြမ်းတမ်းသောစစ်ပွဲ နှင့် နူးညံသော နှလုံးသား, အပိုင်း (၉)

ပြန်မရေးချင်သော နှစ်ကာလများ

တိုက်ကြီးရဲစခန်း အချုပ်ခန်းရှေ့သို့ ကိုသက်ဦး၏ မိခင်ဒေါ်လှမြင့်၊ ဇနီးသည်နှင့် သမီးတို့  မောကြီး ပန်းကြီး ရောက်လာကြသည်။ ကိုသက်ဦး ငေးကြောင်ပြီး ကြည့်နေစဉ်မှာပင် မိခင်ကြီးက ချုံးပွဲချ ငိုပါ လေတော့ သည်။
"နင်အဖေ့ဆုံးပြီ ဟဲ့ သက်ဦးရဲ့"
ကိုသက်ဦး မယုံကြည်နိုင် စွာ သံတိုင်တွေကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားသည်။ အဖေ ဆုံးပြီတဲ့။ မနေ့ကပဲ ရဲစခန်း လာပြီး သူ့သားကြိုက်တတ်သည့် လက်ဖက်ရည်ပေါ့ကျနှင့် မုန်တွေလာပို့ခဲ့သေးသည်။ စကားတွေ ဖောင်လောက်အောင် ပြောပြီး အားပေးသွားလေသည်။ အဖေ ဘာရောဂါနဲ့ ဆုံးတာလဲ။ အဖေက ကျန်းမာရေး ကောင်း သည်။ အဝေးပြေး ကားမောင်းရသူမို့ အညောင်းမိတာမျိုးလောက်ပဲ ရှိ သည်။ ဖြစ်ရလေ အဖေ ရယ်။ ကိုသက်ဦး ပါးပြင်ပေါ် မျက်ရည်များ စီးကျလာသည်။

"ဘယ်လိုဖြစ်ရတာလဲအမေ ဘာရောဂါလဲ ဘာနဲ့ ဆုံးတာလဲ"
ကိုသက်ဦး ၏ အမေကို မိခင်ဖြစ်သူ ဒေါ်စန်းမြင့်က ချက်ချင်း မဖြေနိုင်။ ရင်ဝတွင် တစ်ဆို့နေ၍ နှုတ်ခမ်း သား လှုပ်လာပြိး အသံမထွက်။ ပြီးတော့မှ မျက်ရည်တွေ သုတ်ရင်း သားကို ကြေကွဲစွာ ပြောပြနေ သည်။
"ချွဲဆို့ပြီးသေတာ အသက်ရှူလမ်းကြောင်မှာ ချွဲတစ်သွားတော့ စကားတောင် မပြောနိုင်တော့ဘဲ ဆုံးတာ"
ကိုသက်ဦး သူ့ကံကြမ္မာသူ မယုံကြည်နိုင်အောင် ဖြစ်နေသည်။ သူသည် တိုကကြီးမြို့နယ်မှာ နေထိုင် သော လူငယ် တစ်ယောက်ပီပီ လွတ်လပ်ပေါ့ပါး ပျော်ရွှင်စွာဘ၀ကို ဖြတ်သန်းခဲ့သည်။ သို့သော် ကံကြမ္မာ အပြောင်းအလဲက ၁၉၈၈ ခုနှစ် သြဂုတ်လ ၈ရက်နေ့တွင် စတင်ခဲ့သည်။ အရေးအခင်းကာလ ဖြစ်၍ ရပ်ကွက်ထဲ မှ ကလေးများ ဆန်ဈေးတက်၍ ထမင်းမစားရသည် ကို စိတ်ထိခိုက်ခဲ့ပြီး သူငယ်ချင်း ၁၁ယောက်နှင့် ဆန်ရရှိရန် တိုင်ပင်ဆွေးနွေး ခဲ့သည်။ အကြံမရတော့သည့် နောက်ဆုံး ရန်ကုန်ပြည် ပြေးဆွဲနေသော ရထားကို တိုက်ကြီး ဘူတာ၌ ရပ်တန့်စေ ပြီး ဆန် အလှူခံခဲ့သည်။ စုစုပေါင်း ဆန်၂အိတ် ရရှိခဲ့ပြိး အားလုံးကို ရပ်ကွက်ရှိ ဆင်းရဲသော မိသားစုတွေ ကို ဝေငှခဲ့သည်။

ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ တက်လာတော့ ကိုသက်ဦးတို့အားလုံး အဖမ်းခံရသည်။ သို့သော် သတိပေး ဆုံးမပြီး ၂၀.၈.၈၈ တွင် ပဲခူးတိုင်းတရားသူကြီးက လက်မှတ်ထိုးပြီး ပြန်လွှတ်ပေး ခဲ့သည်။ ပြဿနာ တွေအားလုံး အေးအေးဆေးဆေး ပြီးဆုံးသွားပြီဟု ထင်မြင်ခဲ့သည်။ ကိုသက်ဦးလည်း တိုက်ကြီး NLD ပါတီ လူငယ်တာဝန်ခံအဖြစ် ၀င်ရောက်လုပ်ကိုင်ခဲ့သည်။ ထိုအချိန်ရောက်မှ အာဏာပိုင်တွေက ဆန်ကိစ္စကို ပြန်အစဖော်သည်။ ၁၉၈၉ ခုနှစ် ဧပြီလ ၂၀ရက်နေ့တွင် ကိုသက်ဦး၊ ကိုမောင်မြင့် (သံလမ်း လုပ်သား)၊ ကိုလှတင် (ဘူတာဈေးသည်)၊ ကိုနွယ်ဝင်း (သံလမ်းလုပ်သား)၊ ကိုရှဘူး (ပေါင်မုန့်ရောင်း)၊ ကိုပေါက်စ (မုန့်ဟင်းခါးရောင်း)၊ ကိုသံတိုင် (ဘူတာကွမ်းယာရောင်း)၊ ကိုအေးဝင်း (ဆိုက်ကားနင်း)၊ ကိုလှမြင့် (ဈေးသည်)၊ ကိုမော်စီ (ဆီထမင်း၊ ကြက်ကြော်ရောင်း)၊ ကိုတင်လှ (ရေနွေးရောင်း)၊ စုစုပေါင်း (၁၁)ဦး ကို ပြန်လည် ဖမ်းဆီးခဲ့သည်။

ထို့နောက် ပုဒ်မ ၅ (ည)နှင့် တရားစွဲကာ အင်းစိန် ထောင်ထဲ ပို့လိုက်သည်။ ၂လ ကြာမှ တိုက်ကြီးတရားရုံးသို့ ရုံး ထုတ်သည်။
ကိုသက်ဦး က အူကျရောဂါဖြစ်နေ၍ တိုက်ကြီးဆေးရုံတင်ရသည်။ ဆေးရုံတွင် ခွဲစိတ်ကုသမှု အောင်မြင် ပြီးနောက် ထောင်ပြန်မပို့တော့ဘဲ တိုက်ကြီးအချုပ်မှာ ပို့ထားသည်။ ထို့ကြောင့် မိသားစုများနှင့် တွေ့ခွင့်ရသည်။ ဤကာလ အတွင်း ဖခင်ဖြစ်သူက အချုပ်သို့ တစ်နေ့တစ်ခေါက် လာကြည့်လေ့ ရှိသည်။ ကောင်းတာ လုပ်ခဲ့သည့် အတွက် သူ့သား ဒုက္ခမရောက်နိုင်ဟု ယုံကြည်နေသည်။ သို့သော် နောက်ဆုံး လက်ဖက်ရည် ပေါ့ကျ လာပို့သွားပြီးနောက် ရုတ်တရက် ဆုံးပါးသွားရခြင်း ဖြစ်သည်။ ဖခင် ကို နောက်ဆုံး ကန်တော့ခြင်းဖြင့် ကန်တော့ဖို့ အသုဘလိုက်ပို့ရန် ကိုသက်ဦးက မြို့နယ်ရဲမှူးထံကို တင်ပြ သည်။ သက်ဆိုင်ရာ က ပုဒ်မ ၅ (ည) ဖြစ်နေ၍ ခွင့်မပြုနိုင်ဟုဆိုသည်။

ကိုသက်ဦး စိတ်ဓာတ်ကျသွား သည်။ သူ့မိခင်က မြို့နယ် မ.၀.တ ဥက္ကဋ္ဌထံ သုံးကြိမ် သုံးခါ သွားပြီး တောင်းပန် အသနားခံသည်။ တိကျရှင်းလင်းသော အဖြေမရခဲ့။ ဖခင်အလောင်းကို နောက်ဆုံးမတွေ့ရတော့ဘူးလားဆိုပြီး စိုးရိမ် ပူပန်နေရသည်။ ဒီလိုကိစ္စမျိုးတွေကို မည်သူမျှ ခေါင်းမခံလိုကြ။ သနားစရာရှိလျှင် စိတ်ထဲကသာ သနားကြ မည်။ မိမိအကျိုးစီးပွားကို ထိခိုက်လာမည်ဆိုလျှင် မည်သည့်ကိစ္စမဆို လျစ်လျူရှုထားလိုက် မည်ဆိုသည့် လူအမျိုးအစားက များနေသော အချိန်ကာလ ဖြစ်သည်။ အသုဘချမည့်နေ့သို့ ရောက် လာသည်။ ရဲစခန်းက မည်သည့်အမိန့် မှ မလာဟု ပြောသည်။ ကိုသက်ဦး အချုပ်ခန်းထောင့်တွင် နွမ်းလျစွာ ထိုင်နေလိုက်စဉ် မြို့နယ်ဥက္ကဋ္ဌ ရောက်လာသည်။ သူက ကိုသက်ဦးကို သနား၍ ဖခင် အသုဘချစဉ် လမ်းတစ်ဖက်မှ ကန်တော့နိုင် ရန် နာရီဝက်အချိန်ပေးမည်ဟု ပြောသည်။

ကိုသက်ဦး အချိန်မဆိုင်းတော့ဘဲ ကပျာကယာ အ၀တ်အစားလဲပြီး ရဲသား ၄ယောက် ရဲအရာရှိတစ်ယောက် လိုက် ပါလာသော ဟိုင်းလပ်ကားပေါ်တက်ခဲ့ရသည်။
ဖခင်အသုဘ ချလာမည့် တိုက်ကြီး-ရန်ကုန်ကားလမ်း ခုလတ်တွင် သူတို့ကားရပ်စောင့်နေသည်။ ရဲအရာရှိက လမ်း တစ်ဖက်ခြမ်းကို ကူးခွင့်မရှိကြောင်း ကိုသက်ဦးကို အထပ်ထပ်မှာသည်။ လမ်းတစ်ဖက်မှသာ ကန်တော့ခွင့် ရမည်။ မိနစ် အနည်းငယ်အကြာတွင် ဖခင်အသုဘချလာသည်ကို တွေ့ရသည်။ မြို့မိမြို့ဖ များ၊ ကျောင်းသား၊ ကျောင်းသူများ၊ NLD ပါတီဝင်များ လိုက်ပါပို့ဆောင်သည် ကို တွေ့ရသည်။ ကိုသက်ဦး ၀မ်းနည်း စိတ်ထိခိုက်ခြင်းကို ထိန်းချုပ်ထား၍မရ။ ကားလမ်းဘေးမှနေ၍ ကန်တော့ရန် ပြင်ဆင်လိုက်သည်။ မျက်ရည်တွေ က တသွင်သွင် စီးကျနေသည်။ စိတ်ထဲမှ ကျိတ်ပြီး ဆုတောင်းသည်။
"ဘ၀ဆက်တိုင်း ဒီလိုကံကြမ္မာမျိုးနဲ့ မကြုံပါရစေနဲ့ အဖေရယ်"
အလောင်းထမ်းလာသော လှည်းကို ကိုသက်ဦး ဦးခိုက်ကန်တော့လိုက်သည်။ လမ်းတစ်ဖက်မှ မိခင်က ကိုသက်ဦး ကို လှမ်းမြင်သွားသည်။ မိခင်က နေအပူရှိန်ကြောင့် တံလှပ်တွေထပြီး ကတ္တရာတွေ အရည်ပျော်နေ သည့် လမ်းကို ခြေဗလာဖြင့် ဖြတ်ကူးလာသည်။ ကိုသက်ဦးကို ဖက်ငိုသည်။ ထုရိုက် သည်။
"အများ အတွက် မိုက်ချင်တဲ့ကောင် ခုတော့ အဖေ အသုဘတောင် လိုက်ပို့လို့ မရတော့ဘူးဟဲ့ အများအတွက် လုပ်ချင်ဦး လူမိုက်ကြီး ရဲ့"
ကိုသက်ဦး မိခင်ကို နှစ်သိမ့်စကားပြန်ရန် စကားလုံးများ ရှာမရ။ သူ့ရင်ထဲတွင် ဆို့နစ်ကြေကွဲနေသည်။ မိခင်က သူ့ကို တိုင်တည်အော်ဟစ်ရင်း လမ်းတစ်ဖက် ဖခင်အလောင်းရှိရာသို့ ပြေးသွားပြန်ပါသည်။ မျက်ရည်ပြည့်နေသော မျက်လုံးအိမ်မှ မိခင်အဖြစ်ကို ၀ိုးတ၀ါး မြင်တွေ့နေရသည်။ ဒေါ်လှမြင့်က ခင်ပွန်းအလောင်း ကို ကြည့်ပြီး တတွတ်တွတ်ပြောဆိုကာ ကိုသက်ဦးထံ ပြေးလာပြန်ပါသည်။

ထောင်ကျတော့မည့်သားနှင့် ကွယ်လွန်သွားသည့် ခင်ပွန်းကြားတွင် ဗျာများနေသည့် မိန်းမသားတစ်ဦး ထိုမိန်းမ ကို အသုဘလိုက်ပို့သော လူအုပ်ကြီးက သနားစာနာစွာဖြင့် ရပ်ကြည့်နေသည်။ ဒေါ်လှမြင့်မှာ စိတ် ထိခိုက်ပြီး နောက်ဆုံးကတ္တရာ လမ်းပေါ်လဲကျ သတိလစ်သွားတော့သည်။ ကိုသက်ဦး မိခင် ထံ ပြေးသွားမည်ပြုခိုက်တွင် တာဝန်ရှိ ရဲသားနှစ်ဦးကို ပုခုံးတစ်ဖက်တစ်ချက်မှ ကိုင်ပြီးကားပေါ်တင်လိုက် သည်။ အခြေအနေ က ရုတ်ရုတ်သဲသဲ ဖြစ်လာနိုင်သည်။ အသုဘပို့သည့်သူများက ရပ်နေကြသည်။ အသုဘလှည်းက ဆက် မသွားတော့။ အရာရှိက ရဲသားတွေကို မျက်နှာရိပ် မျက်နှာကဲ ပြလိုက်သည် ကားဆရာက ကားစက်ကို ချက်ချင်းနှိုး သည်။ ဖခင်၏ အလောင်းစင်ရှိရာသို့ ကိုသက်ဦး နောက်ဆုံး တစ်ချက်လှည့်ကြည့်လိုက်သည်။ ထို့နောက် ကား သည် ရဲစခန်းဝင်းထဲရှိ အချုပ်ခန်းသို့ ဦးတည် မောင်းထွက်သွားတော့သည်။

အချုပ်ခန်း ပြန်ရောက်တော့ ကိုသက်ဦး ခြေကုန်လက်ပန်းကျပြီး ဘာမှမစားနိုင်။ ကြမ်းပြင်ပေါ် မလှုပ်မယှက် လှဲနေ သည်။ အဖေသည် အိမ်မက်ဆန်ဆန် လူ့လောကထဲမှ ထွက်ခွာသွားခြင်း ဖြစ် သည်။ သူ့သား၏ ကံကြမ္မာကိုလည်း သိခွင့်မရတော့။ ကိုသက်ဦးတို့ အမှုကို နောက်တစ်နေ့တွင် တိုက်ကြီးတရားရုံးသို့ ရုံး ထုတ်သည်။ သို့သော် လက်ဖက်ရည်ပေါ့ကျလာပို့ပေးမည့်သူ မရှိတော့။ အင်းစိန်ထောင်သို့ မပြောင်းရွှေ့ခင် ၁၉၉၀ ဧပြီလ ၂ရက်နေ့၌ ကိုသက်ဦးနှင့် အပေါင်းအပါ ၁၁ဦးအား တိုက်ကြီးမြို့နယ် တရားရုံးမှ အရေးပေါ် စီမံချက်အက်ဥပဒေ ၅(ည)ဖြင့် ထောင်ဒဏ် ၃နှစ်စီ အပြစ်ပေး အရေးယူခဲ့ပါသည်။ ကိုသက်ဦးကိုလည်း အင်းစိန်ထောင်၊ သရက်ထောင်များတွင် အချိန်ကုန်ဆုံး ကျခံ စေခဲ့သည်။ ၁၉၉၁ ခုနှစ်၊ စက်တင်ဘာလ တွင် ပြန်လည် လွတ်မြောက်ခဲ့ပါသည်။ နှစ်တွေကတော့ ကြာမြင်ခဲ့ပါပြီ။ သို့သော် ကိုသက်ဦး စိတ်ထဲတွင် အဝေးပြေးကားမောင်းသမားကြီးဖြစ်သူ ဖခင်နှင့် ကြေကွဲစွာ ခွဲခွာရပုံကို ယနေ့အချိန်ထိ မနေ့တစ်နေ့ကလို မှတ်မိနေ ဆဲ ဖြစ်ပါသည်။ နှလုံးသားတွေ လည်း နာကျင်နေဆဲ ဖြစ်သည်။ သူနှင့်အတူ ထောင်ဒဏ်အသီးသိး ကျခံခဲ့ရသော တိုက်ကြီးမြို့မှ သူငယ်ချင်းများအနက် ၂ဦးကွယ်လွန်ခဲ့ပြီး ဖြစ်ပါသည်။ ၉ဦးသာ ကျန်ရှိတော့သည်။ သူတို့ ကတော့ ဘူတာရုံမှာကျင်လည်ပြီး ဘ၀ကို ရုန်းကန်နေရဆဲ ဖြစ်သည်။

ဆန်တစ်ပြည် ၁၀ကျပ် ဆိုတာလည်း အခုကာလတွင် ဟာသ ဖြစ်သွားပါပြီ။
တိုက်ကြီးကိုသက်ဦး ကတော့ လက်ဖက်ရည်ပေါ့ကျတစ်ခွက်သောက်ရင်း မြို့ရဲ့ ပရဟိတ္တအလုပ်တွေကို မမောနိုင် မပမ်းနိုင် လုပ်ကိုင်နေ ဆဲ ဖြစ်ပါသည်။

ငါတို့ပြန်မှ ရွာပါမိုး

၁၉၈၈ ဒီမိုကရေစီ လှုပ်ရှားမှု လှိုင်းလုံးကြီးထဲမှာ လူပေါင်းစုံ အဖွဲ့အစည်းပေါင်းစုံ ပါဝင်ခဲ့ကြပေမယ့် အဓိက ဦးဆောင် လှုပ်ရှားခဲ့တဲ့ သူတွေကတော့ ကျောင်းတော်သားတွေပါပဲ။ ကျောင်းသားတွေဟာ လွတ်လပ်ကောင်းမွန် တဲ့ ခေတ်တစ်ခေတ် ကို ရရှိဖို့ ကြိုးစားတဲ့နေရာမှာတော့ အဖွဲ့အစည်းတွေ အမျိုးမျိုး ကွဲပြားခဲ့ပါတယ်။ ဒီအဖွဲ့တွေထဲက ထင်ရှားတဲ့အဖွဲ့တွေကို ရေးပြရရင် ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားသမဂ္ဂ (ဗ က သ) တွေ ဖြစ်ပါတယ်။ သူတို့တွေက အစိုးရရဲ့ ဥပဒေစည်းမျဉ်း တွေကို အဓိက စိန်ခေါ်သူတွေ ဖြစ်လာကြတော့ အတော်များများ ထောင်ထဲကို ရောက်လာကြ တယ်။ အပြင်မှာ အဖွဲ့တွေ ဘယ်လိုပဲ ကွဲခဲ့ကွဲခဲ့ ထောင်ထဲရောက်တော့ တစ်ယောက်နဲ့ တစ်ယောက် ကျောချင်းကပ်၊ ရင်ချင်းအပ်ထားတဲ့ ရဲဘော်ရဲဘက်တွေ ဖြစ်လာကြပါတယ်။ ဒီထဲမှာ ဥမမယ်စာမမြောက် ကလေးတွေလည်း ပါပါတယ်။ သူတို့တွေအများစုကတော့ (အကသ) လို့ခေါ် တဲ့ အခြေခံကျောင်းသားသမဂ္ဂ ဖြစ်ကြပါတယ်။

ရှစ်တန်း၊ ကိုးတန်း၊ ဆယ်တန်းသမားတွေ ဖြစ်တဲ့ ဒီလူငယ်တွေဟာ တရားမ၀င်အဖွဲ့အစည်း ဖွဲ့စည်းမှုကြောင့် ပြစ်ဒဏ်တွေ ချမှတ်ခံခဲ့ရပါတယ်။ ဒီအဖွဲ့ထဲက ထင်ရှားတဲ့ သူတွေကို ပြောရရင် မင်းဇင်၊ ရဲမော်ထူး၊ ရဲကျော်စွာ၊ အောင်သွင်၊ ထင်ရာဇာကျော်ကျော်တိတ်၊ သိန်းထွန်းဦး၊ စီအောင်နဲ့ လှထွန်း တို့ ဖြစ်ပါတယ်။ ဒီကောင်တွေ ထောင်ထဲရောက်လာတော့ နောင်တော် ကျောင်းသားကြီးတွေက မိဘတွေကို အစစ အရာရာ စောင့်ရှောက်ခဲ့ကြရတာပါ။ ဒီ အ.က.သ အုပ်စုထဲမှာ ဟိုစပ်ဟပ် ဒီစပ်စပ် အပါဆုံး ကတော့ တစ်ချိန် က နာမည်ကျော်မူခင်းဆရာဝန်ကြီး ဒေါက်တာမောင်မောင်တိတ်ရဲ့ မြေး ထက်ရာဇာကျော်ကျော်တိတ် ပါပဲ။ သူ့ကို VOA ရောက်နေ တဲ့ ကိုကျော်ကျော်သိန်းတို့၊ ကိုဝင်းနိုင်ဦးတို့က ၄ဆောင်မှာ ထိန်းရသလို ရဲကျော်စွာ တို့၊ လှထွန်းတို့ကိုလည်း စက်မှုတက္ကသိုလ်ကျောင်းသား၊ စည်သူထွဋ်တို့၊ ကြည့်မြင်တိုင်က အေးသန်းတို့က ၅ဆောင် မှာ စောင့်ရှောက်ကြရပါတယ်။

သူတို့တွေကတော့ အင်းစိန်ထောင်ရောက်လာတာကို ကြောက်ရွံ့တဲ့ပုံမပြဘဲ အဆောင်ရောက်နေ သလို ပျော်ရွှင်အူမြူး နေကြတယ်။ သူတို့မသိသေးဘဲ နိုင်ငံရေးအကြောင်းအရာတွေကို စုံစမ်းမေးမြန်း ကြတယ်။ လေ့လာ မှတ်သားကြတယ်။ တချို့က အင်္ဂလိပ်စာ ကို ခိုးပြီးသင်ကြရတယ်။ တစ်ခုခု အပြစ်လုပ်မိလို့ မိသွား ရင် လည်း ထောင်ဝါဒါရဲ့ နံပါတ်တုတ် နဲ့ မကြာခဏ မိတ်ဆက်ရတာပဲ။ ဒါပေမဲ့ အစ်ကိုတွေ၊ နောင်တော်တွေ ရဲ့ အဆုံးအမတွေကြောင့် အ.က.သတွေ ထောင်ထဲမှာ တဖြည်းဖြည်း ထုသား ပေသား ကျလာတယ်။ အတွေးအခေါ်၊ အပြောအဆိုတွေကလည်း ရင့်ကျက်လာတယ်။ အများ အတွက် လှုပ်ရှား တဲ့ ဘယ်ကိစ္စမှာ မဆို ရှေ့တန်းကပါကြတယ်။ ဒါကြောင့်လည်း စစ်ခွေးတိုက်အပို့ခံ ရတာ တို့၊ ထောင်ဝင်စာ ပိတ်တာတို့ အပြစ်ပေးတာခံရတယ်။

၅(ည)နဲ့ ဖမ်းထား တဲ့ သူတွေက အဲဒီအချိန်က တော်တော်များပါတယ်။ အဆောင် ၅ဆောင် ရှိတာ မှာ တစ်ဆောင် ကို နိုင်ငံရေးအကျဉ်းသားက လူ ၂၀၀ လောက် ရှိပါတယ်။ တိုက် ၆တိုက်မှာလည်း အပြည့်ပဲ။ အဆောင်မှာနေ တဲ့ သူတွေထဲမှာ ဆရာတော်ကြီးတေ၊ွ နိုင်ငံရေးသမားအိုကြီးတွေ၊ ကျန်းမာရေးချူချာတဲ့သူတွေနဲ့ လူငယ်တွေကို အဆောင်ရဲ့ အုတ်ရိုးတန်းလို့ခေါ်တဲ့ ဘေးတန်မှာ အိပ်စေတယ်။ အုတ်ရိုးတန်း က လေ၀င်လေထွက် ကောင်းတယ်။ အလယ်တန်းထက် ပိုပြီးသန့်ပြန့် ပါတယ်။ ရိုးရိုးအကျဉ်းသားတစ်ယောက် အုတ်ရိုးတန်းအိပ်ချင်ရင် သိပ်မလွယ်ပါဘူး။ ထောင်ရဲ့ တာဝန်ရှိသူအဆင့်ဆင့်ထံမှာ လိုင်းဝင်မှ ရပါတယ်။ ထောင်အခေါ် "ဘောက်ချာ" တွေပေါ့။ ရဲကျော်စွာတို့လို စီအောင်တို့လို အ.က.သ တွေကိုလည်း အုတ်ရိုးတန်းမှာ အိပ်စေပါတယ်။ အဲဒီလိုနဲ့ ရာသီက နွေအကုန် မိုးတစ်ပြိုက်နှစ်ပြိုက်ရွာပြီး စ အချိန် ကို ရောက်လာပါတယ်။

ထောင်ဟာ တစ်ကယ်တော့ လုံခြုံရေးက အရေးကြီးဆုံးဖြစ်တဲ့အတွက် မီးပျက်လို့ မရတဲ့ အထဲမှာ ပါပါတယ်။ ထောင်တို့၊ ဆေးရုံတို့၊ ရဲစခန်းတို့ဟာ ဦးစားပေးရမယ့် VIP တွေ ဖြစ်ပါတယ်။ ဒီတော့ အင်းစိန်ထောင်ကလည်း ၁၉၈၉ လောက်က မီးပျက်လေ့ သိပ်မရှိပါဘူး။ တစ်ရက်မှာတော့ ညနေစောင်း မိုးဖွဲဖွဲလေး ရွာ သွားတယ်။ ညကျတော့ လူတွေ မတန်တဆ ပြွတ်သိပ်ထည့်ထားတဲ့ အခန်းဆိုတော့ အားလုံးချွေးပြိုက်ပြိုက် ကျပြီး အိုက်နေကြတယ်။ လူ ၁၀၀ လောက် အိပ်ရမယ့် အခန်းမှာ လူ ၂၂၀ လောက် ထည့်ထားတော့ အတော်များများက အင်္ကျီချွတ်ထားကြတယ်။ ဒီဒုက္ခ လောက်ကိုတော့ ထောင်သားတွေ စာ မဖွဲ့ပါဘူး။

စကားပြောရင်း ဆေးလိပ်သောက်ရင်း၊ ရီရင်း၊ မောရင်း ညကို ကျော်ဖြတ်လေ့ ရှိကြပါတယ်။ အားလုံးအေးဆေးပေါ့။ ဒါပေမဲ့ ည ၈နာရီလောက် ရောက်တဲ့အခါ အခန်းထဲကို မြေအောင်းသတ္တ၀ါတွေဖြစ်တဲ့ ပလူတွေ၊ နှံကောင်တွေ၊ ပုရစ်တွေ ၀င်လာကြတယ်။ အခန်းလူကြီးက မီးချောင်းဘေးမှာ သစ်ကိုင်းလေးတွေ တက်ချိတ်တယ်။ မရပါ ဘူး။ အကောင်တွေက များတော့ တချို့က အင်္ကျီကို ခေါင်းမှပတ်ပြီး အိပ်ကြတယ်။ ည ၁၀နာရီ လောက် ကျမှ အခန်းထဲမှ အကောင်တွေ တော်တော်နည်းသွားသည်။ အားလုံးအိပ်မောကျစပြုနေ ပြီ။ ဒီအချိန် မှာ ငယ်သံပါအောင် အောလိုက်တဲ့ အသံတစ်ခုကို ကြားလိုက်ရတယ်။ အလန့်တကြားနဲ့ ထကြည့် လိုက်တော့ အ.က.သ က လှထွန်း က နားကို လက်နဲ့ အုပ်ပြီးအော်နေတယ်။ တချို့က သူ့အနားပြေး သွားကြတယ်။ လုံခြုံရေးတာဝန်ကျနေတဲ့ ထောင်အမှုထမ်းလည်း ရောက်လာတယ်။ အဖြစ်ကတော့ လှထွန်းနား ထဲ ပုရစ် တစ်ကောင် ၀င်သွားခြင်းပါ။

ကျောင်းသားကြီးတွေက လှထွန်း နားထဲက ပုရစ်ကို ဆွဲထုတ်ပေးကြတယ်။ ဒါပေမဲ့ ပုရစ် ကလည်း ကြောက်အား လန့်အားနဲ့ နားအတွင်းသား ကို ကိုက်ထားတော့ ဆွဲထုတ်လို့ မရဘူး။ ခြေထောက်တွေလက်တွေပဲ ကျိုးပဲ့ပြီး ထွက် လာပါတယ်။ ခေါင်းမာတဲ့ ပုရစ်က လုံးဝမလှုပ်ဘူး။ ထောင်ဝါဒါကတစ်ဆင့် ဆေးရုံက တာဝန်ကျဆေးမှူး ကို သွားခေါ်ခိုင်းတယ်။ ရောက် မလာဘူး။ လှထွန်းကတော့ နာလွန်းလို့ အသံကုန်ဟစ်ပြီး အော်နေတယ်။ ညနက်လေ လှထွန်း အသံက ပိုပြီး ကျယ်လေပဲ။
ဒီအချိန်မှာပဲ ပုသိမ်စိုးနိုင် က အကြံတစ်ခု ပေးတယ်။ သူ့အကြံက အလွယ်တကူရတဲ့ ယိုးဒယား နှာရှူဆေးဘူး အဖုံးကို ဖြတ်ထုတ်ပြီး ဆေးရည်တွေနားထဲ လောင်းထည့်ခိုင်းတယ်။ ပုရစ်က ပရုပ်ပါ တဲ့အရည်ကြောင့် မွန်သွားအောင် လုပ်တာတဲ့။ ဒါကြောင့် လှထွန်းနားထဲကို နှာရှူဘူးထဲက အရည်တွေကိုလောင်းထည့်တယ်။

စိုးနိုင်ပြောတာ မှန်ပါတယ်။ ပုရစ်က လန့်ပြီးပါးစပ်နဲ့ ကိုက်တာ ကို လွှတ်လိုက်မှ နားထဲက ဆွဲထုတ်လို့ရ သွားတယ်။ လှထွန်း လည်း အအော်ရပ်သွားတယ်။ မျက်နှာ မှာတော့ မျက်ရည်စတွေနဲ့ တကယ့် ကလေးလေး တစ်ယောက်လိုပါ။ လှထွန်း က စမ်းချောင်း အ.ကသ ကနေ ထောင်ကျလာတာ ဖြစ်ပါတယ်။ ပြစ်ဒဏ်ကတော့ ၃နှစ် ဖြစ်ပြီး စစ်ခုံရုံး က ချမှတ် လိုက်တာပါ။ အဲဒီအချိန်ကာလ နားထဲကို ပရုပ်ရည်တွေ လောင်းထည့်ရင် အန္တရာယ် ဖြစ် တာတွေ မဖြစ်တာတွေ ဘာမှမသိကြဘူး။ လတ်တလော နားကို ဒုက္ခပေးနေ တဲ့ ပြဿနာကို ပြေလည် အောင် ဖြေရှင်းခဲ့ကြတာပဲ ဖြစ်ပါတယ်။ ထောင်မှာက အရေးအကြောင်းဆို အရေးပေါ် ဘယ်လောက်အော်အော် ဆေးမှူးတွေက လာကြတာ မဟုတ်ပါဘူး။ စိုးနိုင်ကလည်း သူအကြံပေး ခဲ့တာ မှန် မမှန် ဒီနေ့အချိန်အထိတောင် အဖြေမပေးနိုင်သေးဘူး။ သူ့အကြံမှန်သလား၊ မှားသလား ခုထိ မဝေခွဲနိုင်ဘူး။ လတ်တလော မှာ လှထွန်းနားထဲ ပုရစ်ဝင်တာ သက်သာသွားပေမယ့် ထောင်ကလွတ်ပြီး အပြင်ပြန်ရောက်တော့ လှထွန်း ခမျာ တစ်ခြားရောဂါနဲ့ ဆုံးပါးသွားတယ်။

သူ့သူငယ်ချင်းတွေဖြစ်တဲ့ မင်းဇင်နဲ့ ထက်ရာဇာ အမေရိကားမှာ။ အောင်သွင်က အင်္ဂလန်မှာ အလုပ်လုပ်နေပြီ။ သူတို့တွေလည်း လူလတ်ပိုင်းအရွယ်တွေ ဖြစ်ကုန်ကြပြီ။ လွန်ခဲ့တဲ့ ၂၃နှစ်တာ ကာလတုန်းကတော့ ကျွန်တော်တို့ဟာ တိုင်းပြည်ကံကြမ္မာကောင်းမွန်လာဖို့  ဆုတောင်းတာပဲ တတ်နိုင်ခဲ့ကြတယ်။ ပြီးတော့ လူငယ်တွေ ရဲ့ နားထဲ ပုရစ်မ၀င်အောင်လည်း "ငါတို့ ပြန်မှာရွာပါမိုး" လို့ ခပ်တိုးတိုးဆုတောင်း ဖြစ်ခဲ့ကြတယ်။

အစိမ်းရောင် တော်လှန်ရေး

ကျွန်တော်တို့ပုဒ်မ ၅ (ည) တွေကို အင်းစိန်ထောင်ထဲမှာ အများနဲ့ရောမထားဘဲ တိုက်တွေထဲမှာ သီးခြားထားလေ့ရှိပါတယ်။ ဒါပေမဲ့ ဖမ်းဆီးထောင်ချထားတဲ့ လူအရေအတွက်များတော့ တိုက်ခန်းတွေ မှာ လူတွေအပြည့်ပါပဲ။ ၁၀ ပေ ပတ်လည် အခန်းတစ်ခန်းမှာ လူ ၅ ယောက်လောက်နေရတော့ လူး သာလွန့်သာတောင် မရှိပါဘူး။ အဆိုးဝါးဆုံးကတော့ ထမင်းစားလည်း ဒီနေရာ၊ မိလ္လာတက်လည်း ဒီနေရာဖြစ်နေတဲ့ ကိစ္စပါ။ တစ်နေ့လုံးကို ရေချိုးချိန်နဲ့ လမ်းလျှောက်ချိန် ၁ နာရီလောက်သာ တိုက်ခန်း အပြင်ဘက်ကို ဆင်းလို့ရပါတယ်။ ကျန်တဲ့အချိန်တွေမှာတော့ ၁၀ ပေ ပတ်လည် အခန်း ကျဉ်းကျဉ်း လေးထဲ မှာ နေပေတော့။ လူတစ်ယောက် အိမ်သာတက်နေရင် ဖျာလိပ်ထောင်ထားပြီး ကျန်တဲ့သူက အခန်းရှေ့က သံတိုင်တွေ ကို မျက်နှာအပ်ထားပြီး အနံ့ဆိုးတွေကို ရှောင်ကျဉ်လေ့ရှိပါတယ်။ အိမ်သာ တက်ပြီးသွားရင် တစ်ယောက်ယောက် က ပုဆိုးတစ်ထည်နဲ့ တိုက်ခန်းထဲက လေကို ခပ်ထုတ်ရပါ တယ်။ ဒါမှ လေထု သန့်ရှင်းသွားပြီး အားလုံးနေလို့ ထိုင်လို့ရပါတယ်။

ထောင်က ကျွေးတာကတော့ မနက် ပဲဟင်း၊ ညနေတာလဘောပေါ့။ လုံးတီးဆန်တွေထဲမှာ ပါတဲ့ ခဲလုံးတွေကို အလှည့်ကျ တစ် ယောက်စီက ဒိုင်ခံရွေးရပါတယ်။ ခဲလုံးရွေးချိန် မိနစ် ၃၀ လောက်အပြီးမှာ ထမင်းစားကြရ ပါတယ်။ အများစုက ထောင်ဝင်စာမလာနိုင်ကြပါဘူး။ လာတဲ့သူအနည်းငယ်ရဲ့ငပိကြော်၊ ဘာလချောင်ကြော်၊ သရက်သီးသနပ်၊ သံပုရာသီးသနပ် စာတာတွေကို တစ်ယောက်ကိုသာ နည်းနည်းစီနဲ့ ထမင်းတစ်ပန်း ကန်ကို ကုန်အောင်လွေးကြ ရတာပါ။ တိုက်ထဲမှာဆိုတော့ ဟင်းသီးဟင်းရွက်ကလည်း မရှိဘူး၊ ရှိတဲ့ စိုက်ခင်းတွေ ဆီကလည်း ခူးယူခွင့်မပြုပါဘူး။ သူ့တောင်ယာနဲ့သူ အကျဉ်းသားဘုတ်ကိုင်တွေရှိပါတယ်။ ဒီတောင်ယာတွေ ကနေ အလှည့်ကျခူးဆွတ်ပြီး ဖိုကြီးကို ပေးသွင်းရတာ ဖြစ်ပါတယ်။

တစ်ခါတလေကျတော့ ၅ (ည) တွေဆိုတာကလည်း လူသားတွေပဲမဟုတ်လား။ ငပိကြော်နဲ့ ချည်းစားရ တော့ စိမ်းစိမ်းစိုစိုလေးတွေ ကိုတောင် တမိကြတယ်။ ဒီတော့ ရေချိုးချရင် လမ်းလျှောက်သလိုလိုနဲ့ စိုက် ခင်းနားကပ်ပြီး ခရမ်းသီးလေးတွေ၊ ဆလပ်ရွက်လေးတွေကို လူအလစ်ခူးဆွတ်တတ်ကြတ်။ ပြီးမှ တိုက် ခန်းထဲရောက် ရင် ရေစင်စင်ဆေးပြီး အစိမ်းလိုက်တို့စားကြတာပဲ။ ခိုးခူးတုန်း ဝန်ထမ်းနဲ့ မိသွား ရင် ရေချိုးတစ်ရက်၊ နှစ်ရက် ပိတ်ပြီးပြစ် ဒဏ်ပေးလေ့ရှိတယ်။ ဒါပေမဲ့ စိမ်းစိမ်းစိုစိုစားချင်တော့ ဒီလိုပဲ စွန့်စားကြရတာပဲ။
တချို့ကတော့ ဒီထက်ပိုပြီး စွန့်စားတယ်။ တောင်ယာဘုတ်ကိုင်တွေကို ဆေးလိပ်ပေးလိုက်၊ ပုံစံအင်္ကျီ ပေးလိုက်၊ သွားတိုက်ဆေးပေး လိုက်နဲ့ စည်းရုံးတယ်။ အပေးအယူတည့်ရင် ချဉ်ပေါင်ရွက်တွေ၊ မုန်လာဥ တွေရတတ်တယ်။ ရတဲ့အခါမျိုး မှာ ဝမ်းတွေသာလွန်းလို့ မစားရက်၊ မတို့ရက်ဘဲ ဒီအတိုင်းကြည့်နေကြ တာမျိုးတောင် ရှိတယ်။ ဒါပေမဲ့ တိုက်ခန်း ထဲမှာ မီးမရှိတဲ့အတွက် ဒါတွေကို ချက်ပြုတ်ဖို့ဆိုတာ တော် တော်ခက်ပါတယ်။ ဒီလိုခက်တဲ့ကြား က ချဉ်ပေါင်ဟင်းသောက်လို့ရအောင် ကြံဖန်တတ်တဲ့လူက ရှိသေး တယ်။

ချဉ်ပေါင်ရွက်တွေ ကို ဆားနဲ့နယ်ပြီး ကြွပ်ကြွပ်အိတ်ထဲမှာ တင်းတင်းကျပ်ကျပ် ချည်လိုက်တယ်။ ပြီးတော့ အဲဒီချဉ်ပေါင်ထုပ် ကို ကြိုးတစ်ကြိုးနဲ့ထိပ်မှာချည်ပြီး ရေချိုးခန်းခေါင်မိုးသွပ်ပေါ်ကို ပစ်တင်ထား လိုက်တယ်။ အဲဒီလို တစ်နေ့လုံးလှမ်းထားပြီး ညနေရောက်မှ ခေါင်မိုးပေါ်က အထုပ်ကို ကြိုးနဲ့ဆွဲချ လိုက် တယ်။ ကြွပ်ကြွပ်အိတ် ကိုဖြည်လိုက်တော့ ချဉ်ပေါင်ရွက်တွေက နွမ်းပြီး အရည်တွေတောင် ထွက် နေပြီ။ အဲဒီအခြေအနေရောက် မှ ပုဂံထဲထည့် အချိုမှုန့်နည်းနည်းခပ်ပြီး ရေနွေးရောလိုက်တော့ ချဉ် ပေါင်ဟင်းရည် တစ်ခွက်ဖြစ်သွားရော၊ အဲဒီလိုမျိုး နေ့ရက်တွေ ဆို ထမင်းတော်တော်မြိန်ကြတယ်။
တချို့ ၅ (ည) တွေက အခြေအနေပေးရင် ပေးသလို ဒီထက်စွန့်စားကြပြန်ရော။ ကန်စွန်းရွက်တို့ ချဉ် ပေါင်ရွက် တို့ ရခဲ့ရင် ပလတ်စတစ်သောက်ရေခွက်တွေ၊ ရေချိုးခွက်အဟောင်းတွေကို ချိုးဖဲ့ပြီး လောင်စာ လုပ်ကြတယ်။ ဒန်နဲ့လုပ်ထား တဲ့ ပုံစံပန်းကန်ပြားထဲကို ဆီထည့်ပြီး စုထားတဲ့ ပလတ်စတစ်လောင်စာ တွေနဲ့ တိုက်ခန်းထဲမှာ ကန်စွန်းရွက်တွေ ကြော်တော့တာပဲ။

ကြော်တဲ့နေရာမှာလည်း ကျွမ်းကျင် ဖို့ လို တယ်။ တိုက်ခန်းအပြင်ကို မီးခိုးမတွက်စေရ။ ကန်စွန်းရွက်ကြော် အနံ့ မထွက်စေရ။ ဒီလိုကျွမ်းကျင်ပါ လျက်နဲ့ တစ်ခါတစ်ရံ ဝန်ထမ်းနဲ့မိပြီး တစ်တိုက်လုံး ၁ လလောက် မီးခိုးတိတ် သွားရတာတွေလည်း ရှိ သေးတယ်။ ထောင်အခေါ် တလာစီ (ရုတ်တရက် စစ်ဆေးခြင်း)လုပ်လို့ နိုင်ငံရေး စာရွက် စာတမ်း၊ ဘောပင်တို့၊ သတင်းစာတို့မိပြီဆိုရင်တော့ အားလုံးရင်ဆိုင်နိုင်အောင် အသင့်သာပြင် ထားကြပေတော့။  မိတဲ့ ကာယကံရှင်တွေကို စစ်ခွေးပို့ရုံမကဘဲ တိုက်မှကျန်နေခဲ့တဲ့ လူတွေ ကိုလည်း ထောင်ဝင်စာ ပိတ်တာ တွေ၊ ရေချိုးမချတာတွေ လုပ်တတ်ပါတယ်။ ဒီလိုပြစ်ဒဏ်မျိုး ကြာရှည်သွားရင် လူတွေက စိမ်းစိမ်းစိုစို တွေကို ပြန်လည်တောင့်တလာကြပြန်ပါပြီ။ အဲဒီလိုအခါမျိုးမှာ အကြံအဖန်မျိုးစံ လုပ်ရတော့ တာပဲ။ မြောက်ဥက္ကလာက ကျီးကန်းတို့ ရေနံချောင်းက ချီးပေတို့၊ ကြည့်မြင်တိုင် က တော်ကီလှိုင် တို့ဆို ဒါမျိုး သိပ်ပိုင်ပါတယ်။

တစ်ခါက အမှုအကြီးကြီးတစ်ခုဖြစ်လို့ တိုက်တစ်ခုလုံးကို စည်းကမ်းတင်းတင်းကျပ်ကျပ်နဲ့ အုပ်ချုပ်နေ ချိန်မှာ ကျွန်တော် တို့က အရွက်စိမ်းစိမ်းစိုစိုတွေကို တောင့်တတယ်။ ဒါပေမဲ့ ဘယ်တောင်ယာဘုတ်ကိုင် မှ တိုက်ခန်းနား မကပ်ရဲဘူး။ ဒီလိုအချိန်မျိုးမှာ ထူးထူးခြားခြား တော်ကီလှိုင်က အခန်းသားတွေကို သူ အသုပ် တစ်ပွဲသုပ်ကျွေးမယ် လို့ အာမခံတယ်။ အားလုံးက မယုံရဲပေမယ့် တော်ကီလှိုင်ကို မလှောင်ရဲ ဘူး။ တော်ကြာ စိတ်ဆိုး သွားရင်း မစားရဘဲ ဖြစ်သွားလိမ့်မယ်။ ရေချိုးချပြီး သိပ်မကြာပါဘူး။ တော်ကီ လှိုင်ပုဆိုးထဲမှာ အရွက်နုလေးတွေ၊ အညွန့်လေးတွေ ပါ လာတယ်။ ဘာအရွက်လဲမေးတော့ သူက စိတ် ဆိုးတယ်။ မကြိုက်တဲ့သူ မစားနဲ့ တဲ့။ ဒါကြောင့် ဘယ်သူမှ စောဒက မတက်တော့ဘူး။ သူမြေပဲဆံတွေ ထောင်းပြီး ဆီနဲ့သုတ်နေတာ ကိုပဲ ငေးကြည့်နေကြတယ်။ ထမင်းနဲ့စားတော့လည်း အဲဒီအသုပ် က တော်တော်ကောင်းတာပဲ။ စားပြီးတော့ မှ တော်ကီလှိုင်က ဟင်းအမည် ကို ကြေညာတယ်။ ဗန်ဒါရွက်နု သုပ်တဲ့။

မဆိုးပါဘူး။ တကယ်ငတ်ပြတ်နေတော့လည်း စားလို့ကောင်းတာပါပဲ။ နောက်ပိုင်းကျတော့ သူ့ ကို အားပေးထောက်ခံ သူတွေများ လာတော့ တော်ကီလှိုင်တို့ ပိုပြီးရောင့်တက်လာတယ်။ အိုးနဲ့အလှ စိုက်ထားတဲ့ ရွက်လှပင်တွေ ရဲ့အညွန့်တွေကို ခူးပြီးတို့တယ်။ သံမနိုင် ကျောက်မနိုင်အပင်က အရွက် တွေ ကို နေပူလှန်းပြီး ရေနွေးနဲ့ခပ်သောက်တယ်။ သရက်ရွက်အနုတွေကိုခူးပြီး တို့စားတယ်။ သူငယ် ချင်းတွေကလည်း မငြင်း ပါဘူး။ အားပေးကြတာပါပဲ။ ထောင်ထဲမှာက အားလုံးငတ်ပြတ်နေကြတာ။ ဒီလိုရှားပါးတဲ့ အခြေအနေမျိုးမှာ လူငယ်တွေအတွက်မထောင်းတာပေမယ့် လူကြီးတွေကတော့ တော် တော့်ကို သနားဖို့ကောင်း ပါတယ်။ လူငယ်တွေကလည်း လူကြီးတွေ ထမင်းစားလို့ကောင်းအောင်ရှိတဲ့ ပစ္စည်းလေးတွေနဲ့ ကြံဖန်ပြီး လုပ်ပေးတာတွေ ရှိတယ်။

တချို့က မုန်လာရွက်တွေ၊ မုန်လာဥတွေရလာ ရင် အချဉ်တည်ကြတယ်။ တချို့က ကန်စွန်းကြီးရွက်၊ (ကန်စွန်းဥ အတွက် စိုက်ပျိုးထားခြင်း) တွေကို ခူးပြီး အချဉ်တည်ကြတယ်။ အဲဒီလက်လုပ်ချဉ်တွေနဲ့ ငပိရည်လေးတွေဖျော်ပြီး စားရ တဲ့ ရက်တွေကများ တယ်။ အသက် ၆၀ ကျော်၊ ၇၀ ကျော် လူကြီးတွေလည်း စားစရာပြတ်တော့ ဒါနဲ့ နှစ်ပါးသွားရတာပါပဲ။ ဒီတော့ ဝမ်းလျှောတာတွေ၊ ဝမ်းကိုက်တာတွေ အဖြစ်များ လာတယ်။ သွေးတိုးရောဂါ၊ နှလုံးရောဂါတွေ အဖြစ်များလာတယ်။ ဒီဟင်းသီးဟင်းရွက်တွေဆိုတာကလည်း တစ်ထောင်လုံး က မိလ္လာတွေဖျန်းပြီး စိုက်ပျိုးထားတာတွေ၊ ဒီတော့ ရောဂါပိုးတွေက ဘယ်သေမလဲ။ ဒီဟင်းရွက်တွေ မှာပဲ ကပ်ငြိပေါက်ဖွား ရှင်သန်နေတာလေ။

ကျွန်တော်တို့နေထိုင်ခဲ့တဲ့ နှစ်ကာလတွေအတွင်း၊ အင်းစိန်ထောင်ထဲမှာ နိုင်ငံရေးသမားကြီးတွေဖြစ်တဲ့ ဦးခင်မောင်မြင့်၊ ဦးတင်မောင်ဝင်း၊ ဦးမောင်ကို၊ ဦးညိုဝင်း၊ မောင်သော်က၊ မုံရွာ ဦးတင်ရွှေ၊ ဦးစိန်ဝင်း၊ ဦးမင်းသူ စတဲ့ သူတွေ ကွယ်လွန်သွားကြတယ်။ အကြောင်းအမျိုးမျိုး ရောဂါအမျိုးမျိုးနဲ့ ကွယ်လွန်သွား ကြတာဖြစ်ပေမယ့် အဲဒီထဲ မှာ အများစုက ဝမ်းကိုက်ဝမ်းလျှောနဲ့ သေဆုံးကြတာများတယ်။ ထောင်ဆေး ရုံမှာက ဆေးဆိုရင်လည်း မက်ထရို တစ်မျိုးပဲရှိတယ်။ ခုခေတ်လို ဆေးဝါးကလည်း မပေါများဘူး၊ ထောင်ထဲမှာလည်း မရှိဘူး။ အထူးသဖြင့် တမံသလင်းပေါ် မှာ ဖျာခင်းအိပ်ကြရတော့ တခြားရောဂါတွေ လည်း ဝင်လာတော့တာပေါ့။ ဒါပေမဲ့ ကျွန်တော်တို့ အတွက် ရှောင်လွှဲစရာ လမ်းလုံးဝမရှိဘူး။ အမှား တွေကို ထောက်ပြရင်၊ အမှန်တွေ ကို ဖော်ထုတ်မယ်ဆိုရင် ကျောနဲ့ရင် ကို ရင်းရမယ်။ အခန့်မသင့်ရင် စစ်ခွေးတိုက်မှာ စစ်ခွေးတွေနဲ့ အတူတူ ပူးနေ ရမယ်။ ဒီထက်ကံဆိုးရင် ပုံစံကြီးထိုင်ရမယ်။ ကော်ရည် စားရမယ်။

အဆိုးဝါးဆုံးကတော့ တိုက်အပြင်ထုတ်ပြီး ရိုက်တာပဲ။ တစ်ခါတစ်လေမှာ ခေါင်းကို အဝတ် စွပ်ပြီး ဝိုင်းရိုက်တော့ ဘယ်သူ ဘယ်ဝါ က ဘယ်လိုရိုက်တယ်ဆိုတာလည်း မမှတ်မိနိုင်တော့ပါဘူး။ နိုင်ငံတစ်ခုကို ချစ်မြတ်နိုးမိလို့ ကျွဲလို့ နွား လို့အရိုက်ခံခဲ့ရတာတွေကို တွေးမိတော့ ကြေကွဲရပါတယ်။ ခုတော့ ဒီပုံရပ်တွေက နှစ်ပေါင်း ၂၀ ကျော် ကြာ ခဲ့ပါပြီ။ "ပြုသူအသစ် ဖြစ်သူအဟောင်း" ဆိုပေမယ့် နာကျင်ရပါတယ်။ ခွင့်လွတ်လို့ရပေမယ့် မေ့လို့တော့ မရနိုင်ခဲ့ ပါဘူး။ ထောင်ကို ကျောခိုင်းခဲ့ပေမယ့် နှလုံးသားမှာတော့ ကပ်ပါလာပါတယ်။ ဘယ်သူတွေ သာသည်ဖြစ်စေ၊ နာသည်ဖြစ်စေ အစိမ်းရောင် တော်လှန်ရေးက ဗိုင်းရပ်စ်ပိုးတွေကြောင့် မြန်မာနိုင်ငံရေး သမိုင်းမှာ အထင်ကရ ရှိခဲ့တဲ့ ပုဂ္ဂိုလ်တွေ ကျဆုံးသွားခဲ့ပုံကတော့ဖြင့် ရုပ်ရှင်အနှေးပြကွက်တွေလို အသည်းထဲမှာ စွဲထင် ကျန်ရစ်နေခဲ့ပါတော့ တယ်။

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>