Showing posts with label တက္ကသိုလ် နေဝင်း ဘာသာပြန် (ဇင်ဘာဘွေ). Show all posts
Showing posts with label တက္ကသိုလ် နေဝင်း ဘာသာပြန် (ဇင်ဘာဘွေ). Show all posts

Tuesday, November 9, 2010

တက္ကသိုလ် နေဝင်း ဘာသာပြန် ဇင်ဘာဘွေ အခန်း (၄၆) ဇာတ်သိမ်း

အခန်း (၄၆)

နောက်ရက်သတ္တ သုံးပတ်တိတိကြာသောအခါ ကုလသမဂ္ဂဌာနချုပ် (နယူးယောက်မြို့)ရှိ ဇင်ဘာဘွေနိုင်ငံ အမြဲတမ်း ကိုယ်စားလှယ်အဖွဲ့ အကြီးအကဲထံသို့ ဖိုင်တွဲတစ်ခု ရောက်ရှိလာလေသည်။
ယင်းဖိုင်တွဲ အတွင်း၌ ခရိတ်တို့က ရုရှဗိုလ်မှူးကြီးထ့မှရရှိလိုက်သော စာရွက်စာတမ်းများ၏ ကောက်နုတ် ချက် မိတ္တူများ၊ ဗိုလ်ချုပ်ဖွန်ဂါဘီရာအား သက်ဆိုင်ရာ တာဝန်ရှိသူတို့က စစ်ဆေး၍ ရရှိသော ထွက်ဆိုချက် များ ပါရှိလေသည်။ ဖွန်ဂါဘီရာအား မည်သူတွေက စစ်ဆေးမေးမြန်းခဲ့သည်ဟူ၍ကား လူ အမည်များ ဖော်ပြ မထားချေ။
အဆိုပါ ဖိုင်ကို ဇင်ဘာဘွေနိုင်ငံ ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင်ကလည်း ဟာရာရေမြို့တော် ဗဟို အစိုးရ သို့ ချက်ချင်းပို့ပေးလိုက်လေသည်။

ယင်းသို့ ပို့ပေးလိုက်ခြင်း၏ အကျိုးသက်ရောက်မှုများကလည်း လျင်မြန်စွာ ဖြစ်ပေါ်လာလေသည်။
ပထမအချက်အနေဖြင့် ဇင်ဘာဘွေ အစိုးရက အမေရိကန်နိုင်ငံသို့ ဗိုလ်ချုပ်ဖွန်ဂါဘီရာအား အချုပ်တရားခံ အနေ ဖြင့် ဟာရာရေမြို့တော်တွင် တရားဥပဒေကြောင်းအရ အရေးယူနိုင်ရန် အမြန်ပြန်ပို့ပေးပါဟု မေတ္တာ ရပ်ခံ လိုက်သည်။

ယင်းကိစ္စ အကောင်အထည်ဖော်သည့်အနေဖြင့် ဇင်ဘာဘွေ ရဲတပ်ဖွဲ့ အထူးစုံစမ်းရေးဌာန (စုံထောက်အဖွဲ့) မှ ၀ါရင့်ရဲအရာရှိ (အင်စပက်တော် သို့မဟုတ် ရဲမှူး) နှစ်ဦးသည် ဗိုလ်ချုပ် ဖွန်ဂါဘီရာအား ဖမ်းယူ ခေါ်ဆောင် သွားရန် နယူးယောက်မြို့ သို့ လေယာဉ်ဖြင့် လိုက်လာခဲ့ကြလေသည်။

ပီအေအေခေါ် အမေရိကန် ခရီးသည်တင်လေယာဉ်ကြီးတစ်စင်း ဟာရာရေမြို့ လေဆိပ်သို့ ဆိုက်ရောက် ချိန်တွင် ဗိုလ်ချုပ် ဖွန်ဂါဘီရာကို ရဲမှူးတစ်ဦး၏ လက်တွင်တွဲ၍ လက်ထိပ်ခတ်လျက် ဆင်းလာလေသည်။
သူတို့အား ခေါ်ဆောင်သွားရန်အတွက် ဘေးပတ်ပတ်လည် အလုံပိတ်ကာထားသော အထူးမော်တော်ကား တစ်စီး က လေဆိပ်တွင် အသင့်စောင့်ကြိုနေလေသည်။
သို့ရာတွင် ဗိုလ်ချုပ် ဖွန်ဂါဘီရာ ဇင်ဘာဘွေနိုင်ငံသို့ ပြန်လာသည့် သတင်းကို စာနယ်ဇင်းနှင့် ရုပ်မြင်သံကြား အစီအစဉ်များ ၌ ဖော်ပြခြင်းမရှိချေ။

ဗိုလ်ချုပ် ဖွန်ဂါဘီရာအား လေဆိပ်မှ ဟာရာရေမြို့ ဗဟိုအကျဉ်းထောင်ကြီးသို့ တိုက်ရိုက်ပင် ပို့လိုက် ကြသည်။
နောက် ဆယ့်ခြောက်ရက်ကြာသောအခါ အထူးသီးသန့် အချုပ်ခန်းတစ်ခန်း၌ ဗိုလ်ချုပ် ဖွန်ဂါဘီရာသည် သေဆုံး သွားသည် ဟု သတင်းကြားရလေသည်။
သူ၏ အလောင်း ကို အကျဉ်းထောင်၏ နောက်ပေါက်မှ ထုတ်သွားသောအခါ ဗိုလ်ချုပ် ဖွန်ဂါဘီရာ၏ မျက်နှာ သည် မည်သူမည်ဝါ မှန်း မသိအောင်ပင် ရုပ်ပျက်နေသည်ဟုလည်း ဆိုကြသည်။

ထိုနေ့ ညဥ့်သန်းခေါင်ယံအချိန်တွင် ၀န်ကြီးများစီးသော အနက်ရောင် မာစီးဒီးကားတစ်စီးသည် မြို့ပြင်ဘက် တောင်ပေါ် လမ်းတစ်လမ်း၌ တိမ်းမှောက်သွားပြီးချက်ချင်းပင် မီးစွဲလောင်သွားလေသည်။
ကားပေါ် မှ လူတစ်ယောက်သာပါရှိရာ မီးလောင်သေဆုံးနေသော ထိုလူ၏ သွားများအနေအထားအရ သေသူ မှာ ဗိုလ်ချုပ်ဖွန်ဂါဘီရာပင် ဖြစ်သည်ဟု သက်ဆိုင်ရာမှ ကြေညာလိုက်လေသည်။
ထို့နောက် သူ့အား စစ်တပ်အရာရှိကြီးများ၏ အစဉ်အလာအတိုင်းစစ်အခမ်းအနားအပြည့်အစုံနှင့် သင်္ဂြိုလ် လိုက်ကြ လေသည်။

--------------
ခရစ္စမတ်ပွဲတော်နေ့ (ဒီဇင်ဘာ ၂၅ ရက်)နံနက် ဆယ်နာရီအချိန်တွင် ဂျာမနီပြည် ဘာလင်မြို့၌ အနောက်အုပ်စုနိုင်ငံ ထောက်လှမ်းရေးအဖွဲ့ တစ်ဖွဲ့နှင့် ရုရှထောက်လှမ်းရေးအဖွဲ့တို့က အကျဉ်းသားချင်း အလဲအလှယ်ပြုလုပ်ကြရာ မဟာမိတ် (အနောက်အုပ်စု)ဘက်မှ လွှတ်ပေးလိုက်သော အကျဉ်းသားမှာ ဗိုလ်မှူးကြီးဘူခါရင်ဖြစ်လေသည်။
သူသည် အမေရိကန် စစ်တပ်မှ ထုတ်ပေးသော ကုတ်အင်္ကျီရှည်ကြီးကို ၀တ်ကာ အရှေ့ဘာလင်မြို့ နယ်စပ်ကို ဖြတ်ကျော်၍ လျှောက်သွားလေသည်။

အလယ်ကောင်တွင် သူတို့နှစ်ဦး ဆုံမိကြရာ ဘူခါရင်သည် စိတ်ထဲမှ -
" အင်း  ... လူတစ်ယောက်ရဲ့ အသက်ကို နောက်လူတစ်ယောက်ရဲ့ အသက်နဲ့ လဲလိုက်ရတာပဲလား" ဟု ဆင်ခြင်အောက်မေ့မိလေသည်။
တစ်ဖက် (အရှေ့ဘာလင်)သို့ ရောက်သွားသောအခါ အနက်ရောင် ဆီဒင်ကားတစ်စီးက ဘူခါရင်အတွက် အသင့်စောင့်နေလေသည်။
ထိုကားတွင် လူနှစ်ယောက်ပါလာပြီး တစ်ယောက်က ဘူခါရင်ကို မြင်လျှင် ကားပေါ်မှ ဆင်းလိုက်သည်။ သူ၏ ၀တ်စားဆင်ယင်ထားပုံအရ ကေဂျီဘီခေါ် ရုရှထောက်လှမ်းရေးအဖွဲ့မှဖြစ်ကြောင်း သိသာထင်ရှား နေပေသည်။

" ခင်ဗျား ဘူခါရင်ဆိုတာ မဟုတ်လား "
ထိုလူက မေးလိုက်ပုံမှာ ဘူခါရင်အား ပြစ်တင်ရှုတ်ချသောဟန်မျိုး ဖြစ်နေလေသည်။
ဘူခါရင်က ခေါင်းညိတ်ပြလိုက်သောအခါ ကေဂျီဘီ ထောက်လှမ်းရေးအရာရှိက မော်တော်ကားပေါ်တက်ရန် ညွှန်ကြားလိုက်သည်။
မော်တော်ကားသည် လျင်မြန်စွာ မောင်းထွက်သွားရာ ဘူခါရင်လည်း ကား၏ထိုင်ခုံတွင် မှီရင်း မျက်လုံး မှိတ်ထားလေသည်။
နေရပ်ဌာနီ ရုရှပြည်သို့ ပြန်ရောက်သွားသည့်အခါ သူ၏ လုပ်ငန်းတာဝန်(မစ်ရှင်) မအောင်မြင်ဘဲ အရေးနိမ့်ခဲ့ခြင်းအတွက် ရင်ဆိုင်ခံစားရမည့် အရေးကို တွေးမိရင် စိတ်မချမ်းမသာဖြစ်လျက် မျက်စိ မှိတ်ထားလိုက်ခြင်းပင်ဖြစ်လေသည်။

---------------------
နယူးယောက် မြို့ ကမ္ဘာဏ် ဌာနချုပ်ရှိ သီးသန့်ထမင်းစားခန်းမကြီးတွင် ကမ္ဘာ့ဘဏ် ဒုဥက္ကဌ ဟင်နရီက ဂုဏ်ပြု နေ့လယ်စာ စားပွဲတစ်ရပ် တည်ခင်းဧည့်ခံလေသည်။
ဂုဏ်ပြုဧည့်ခံခြင်း ခံရသူတို့ကား ခရိတ်၊ တွန်ဂါတာ၊ ဆယ်လီနှင့် ဆာရာတို့ပင် ဖြစ်ကြသည်။
ဆယ်လီနှင့် ဆာရာ မိန်းကလေးနှစ်ဦးသည် တစ်ယောက်နှင့် တစ်ယောက် မတွေ့ရသည်မှာ ငါးလခန့် ရှိသွားပြီ ဖြစ်ရာ ယခု နေ့လယ်စာ စားပွဲမှ ဆုံမိကြသဖြင့် နှစ်ယောက်သား ညီအစ်မရင်းပမာ ဖက်လဲ တကင်း နှုတ်ဆက် ကြလေသည်။

တွန်ဂါတာနှင့် ခရိတ်တို့ကတော့ ခပ်တည်တည်၊ ခပ်မှန်မှန်ပင် နေကြသည်။ သို့သော် တွန်ဂါတာ သည် ငယ်စဉ် က ခေါ်သည့် မာတာဘယ်လီနာမည် ပူဖိုးဟုပင် ခေါ်လေသည်။
" သူငယ်ချင်း ပူဖိုး၊ ကျုပ်တော့ အလွန်အားနာမိတယ်။ ငါးလဆိုတော့ အချိန်က အတော်ကြာသွားတယ် "

" အားနာစရာ မလိုပါဘူး သူငယ်ချင်းရယ်။ ကျုပ်က နားလည်မှုရှိပါတယ်။ သူငယ်ချင်းကို သူတို့က အလုပ် မအားလပ် နိုင်အောင် အလုပ်တွေ ပေးထားတာလည်း သိပါတယ်။ ကျုပ်ကိုယ်တိုင်ကလည်း ဒီ အတော အတွင်း သိပ်အလုပ်များနေခဲ့တာပါပဲ။ ကျုပ် သူငယ်ချင်းကို နောက်ဆုံး တွေ့ခဲ့ရတာကတော့ ၀ါရှင်တန်မြို့တော်မှာ "
" ဟုတ်ပါတယ်၊ ကျုပ် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ပုဂ္ဂိုလ်တွေနဲ့ ဆွေးနွေးပြောဆိုခဲ့ရတာကိုက တစ်လ နီးပါး ကြာတယ်ဗျ။ ပြီးတော့ ဒီနယူးယောက်မြို့မှာလည်း ဇင်ဘာဘွေ သံအမတ်ကြီးနဲ့လည်း တွေ့ဆုံ စကား ပြောရ သေးတယ်။ ကမ္ဘာ့ဘဏ်က လူကြီးတွေနဲ့လည်း ပြောပြစရာတွေတော့ အများကြီးပဲ သူငယ်ချင်း။ ဘယ်က စပြောရမှန်းတောင် မသိဘူး "
ဤတွင် ကမ္ဘာ့ဘဏ် ဒုဥက္ကဌ ဟင်နရီက စပြောလေသည်။

" ဒါဖြင့် ကျုပ်ကပဲ အစဖော်ပါရစေ။ ၀န်ကြီး တွန်ဂါတာက ဇင်ဘာဘွေအစိုးရဆီက ဘယ်လို အခွင့်အရေး တွေ ရယူခဲ့တယ်ဆိုတာ ခရိတ်သိအောင် အဲဒါက စပြီး ပြောလိုက်ပါလား "
ထိုအကြံပေးချက် ကို တွန်ဂါတာကလည်း သဘောတူလက်ခံလေသည်။

" ဟုတ်တယ်ဗျို့၊ ကောင်းသားပဲ။ ကဲ ... ပထမဆုံး ပြောချင်တာကတော့ ကျုပ်ကို တရားရုံးက မှောင်ခိုတိရစ္ဆာန် တွေ ခိုးသတ်မှုနဲ့ စွဲချက်တင်ပြီး ပြစ်ဒဏ်စီရင်ချမှတ်ခဲ့တာကို လုံးဝ ပလပ်လိုက်ပြီ"
" ဟာ ...  ဒါကတော့ သူတို့အနေနဲ့ သူငယ်ချင်းကို လုပ်ပေးရတာ အသေးအဖွဲ့ ကိစ္စတစ်ခုပဲ "
ခရိတ် က ၀င်ပြောလိုက်ရာ တွန်ဂါတာက ပြုံးလိုက်သည်။

" ဟုတ်ပါတယ်၊ ဒါက ပဏာမသဘောသာ ဖြစ်ပါတယ်။ နောက်တစ်ခုက သူငယ်ချင်းက ဖွန်ဂါဘီရာကို လက်မှတ် ရေးထိုးပေးခဲ့တဲ့ ဖြောင့်ဆိုချက်ဟာ မတရားနှိပ်စက် အကျပ်ကိုင် ရယူခဲ့တာမို့ တရားမ၀င်ဘူးလို့ ပယ်ဖျက် လိုက်တယ်။ သူငယ်ချင်းကို ဇင်ဘာဘွေ နိုင်ငံတော်ရဲ့ ရန်သူသစ္စာဖောက်လို့ သတ်မှတ် ကြေညာ ခဲ့တာ ရော၊ နောက်ပြီး ရိုလင်ကုမ္ပဏီ အစုရှယ်ယာတွေကို ဖွန်ဂါဘီရာလက်ကို လွှဲပြောင်းပေးတာတွေရော အားလုံး တရားမ၀င်ဘူးလို့ ပယ်ဖျက်လိုက်ပြီ။ ကင်းလင်းမွေးမြူရေးခြံကြီးနဲ့ ဇမ်ဘေဇီမြစ်ရေ တိုးရစ်စခန်း ကြီးတို့ကို လည်း သူငယ်ချင်းနာမည်နဲ့ ပြန်လွှဲပြောင်းပေးထားလိုက်ပြီ "
ခရိတ် က အံ့အားသင့်ပြီး ပါးစပ်အဟောင်းသားနှင့် ငေးကြည့်နေစဉ် တွန်ဂါတာကပင် ဆက်ပြောလေသည်။

" ဇင်ဘာဘွေနိုင်ငံတော် ၀န်ကြီးချုပ်ကိုယ်တိုင်က ကျုပ်တို့ ကျူးလွန်ခဲ့ပါတယ်ဆိုတဲ့ အကြမ်းဖက်မှု အားလုံး ဟာ မိမိကိုယ်ကိုယ် ကာကွယ်ခုခံတဲ့အနေနဲ့ လုပ်ခဲ့ရတာမို့ ပြစ်မှုဆိုင်ရာ ဥပဒေ ကျူးလွန်ရာမရောက်ဘူးလို့ လက်ခံ လိုက်ပြီဖြစ်တယ်။ အဲဒီထဲမှာ သူငယ်ချင်းတို့နောက် လိုက်တိုက်တဲ့ တတိယတပ်မဟာက တပ်သား တွေ ကို တိုက်ခိုက်သတ်ခဲ့တာတွေရယ်၊ ဆူပါဖရီလွန် ရဟတ်ယာဉ်ကို လုယူ မောင်းပြေးတာတွေလည်း အကျုံးဝင် တယ်လေ။ ဒါကြောင့် ၀န်ကြီးချုပ်ကိုယ်တိုင်က သူငယ်ချင်းတို့အတွက် လုံးဝ လွတ်ငြိမ်း ချမ်းသာခွင့် အမိန့်ကိုတောင် လက်မှတ်ထိုးလိုက်ပြီ"
ခရိတ် က ဘာမှမပြောဘဲ ဆိတ်ဆိတ်နေ၍ နားထောင်နေရာ တွန်ဂါတာကပင် စကားဆက်ပြန်သည်။

" နောက် သတင်းတစ်ခု ပြောရဦးမယ်။ တတိယ တပ်မဟာကို ကျုပ်တို့ မာတာဘယ်လီ လူမျိုးတွေနေထိုင်တဲ့ ဒေသ က လုံးဝ ရုပ်သိမ်းလိုက်ပြီ။ အဲဒီတပ်ကိုလည်း ဖျက်သိမ်းလိုက်ပြီး စစ်သည်တွေကို တခြားတပ်ဖွဲ့ တွေမှာ ဖြန့်ပြီး ထည့်သွင်းထားလိုက်တယ်။ ဒါတင် မကသေးဘူး၊ မာတာဘယ်လီ နယ်မြေအတွင်းကို ပြင်ပ က လေ့လာသူတွေ သွားရောက်လေ့လာခွင့် ပိတ်ထားတာကိုလည်း ပြန်ဖွင့်ပေးလိုက်ပြီ"
" ဟုတ်လား၊ ဒါက အလွန်ကောင်းတဲ့ မင်္ဂလာသတင်းပဲ "

" ဟုတ်တယ်လေ၊ ကျုပ်အနေနဲ့ နောက်ထပ် ပြောစရာတွေ အများကြီး ကျန်သေးတယ်ဗျ။ ကျုပ်ကို စောစော က ဇင်ဘာဘွေနိုင်ငံသား အဖြစ်က ရပ်စဲထားတာကို ပြန်ပေးတဲ့အပြင် ကျုပ်ရဲ့ နိုင်ငံကူးလက်မှတ်ကိုပါ အခု ပြန်ရပြီ။ ကျုပ်က ဒီကနေပြီး ဇင်ဘာဘွေနိုင်ငံ ကို လွတ်လပ်စွာ ပြန်ခွင့်လည်း ရတဲ့အပြင် ရှေ့လျှောက် ကျုပ်ရဲ့ နိုင်ငံရေးလှုပ်ရှားမှုတွေကို ဘယ်လိုမှ နောက်တွန့်ဟန့်တားခြင်း မပြုစေရ ပါဘူးလို့ အာမခံချက်ပါ ပေးတယ်။

ဇင်ဘာဘွေ အစိုးရက မာတာဘယ်လီ တိုင်းရင်းသားတွေနေတဲ့ နယ်မြေကို ဖက်ဒရယ်ပြည်ထောင်စုပုံစံနဲ့ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးနိုင်ခွင့်ပေးဖို့တောင် စဉ်းစားနေပြီ။ ဒီ အတောအတွင်း ကျုပ်က လက်နက်ကိုင် တော်လှန် နေတဲ့ ပြောက်ကျားတွေကို အလင်းပြန်ဝင်ပြီး တရား ဥပဒေဘောင်အတွင်းက အခွင့်အရေးတွေ တောင်းဆို ကြဖို့ စည်းရုံးဖျောင်းဖျပေးရမယ်။ အလင်းဝင်လာတဲ့ ကျုပ်တို့ ရဲဘော်တွေ အားလုံးကိုလည်း လုံးဝ လွတ်ငြိမ်းချမ်းသာခွင့် ပေးဖို့ အစိုးရက ကတိဝန်ခံချက် ပေးတယ် "

" ဒါဖြင့် ဟန်တာပေါ့။ သူငယ်ချင်းကိုယ်တိုင်က ဒါမျိုးတွေဖြစ်အောင် ကြိုးစားနေခဲ့တယ် မဟုတ်လား။ ကျုပ် ဖြင့် ၀မ်းသာအားရဖြစ်ပြီး သူငယ်ချင်းကို ကွန်ဂရက်ကျူလေးရှင်းလို့ ချီးကျူးချင်ပါတယ် "
ခရိတ် က တကယ်ပင် ၀မ်းသာအားရ ပြောလိုက်သည်။
" ဒါပေမဲ့ ကျုပ်ကို သူငယ်ချင်းကပါ ကူညီမှ ဖြစ်မယ် "
တွန်ဂါတာ က ပြောရင်း ကမ္ဘာ့ဘဏ် ဒုဥက္ကဌ ဟင်နရီဘက်သို့ လှည့်၍ -
" ဒီမယ် ကျုပ်သူငယ်ချင်းကို လိုဘင်ဝူလာရဲ့ မီးလျှံကိစ္စအကြောင်း ပြောပြလိုက်ရမလား "ဟု မေးလိုက် သည်။

" နေပါဦး၊ နောက်တော့ပြောတာပေါ့၊ လောလောဆယ် ကျုပ်တို့အားလုံး နေ့လယ်စာ အရင် စားလိုက် ကြရအောင် "
ဟင်နရီက ပြောရင်း ခရိတ်နှင့် တွန်ဂါတာနှစ်ဦးစလု့း၏ လက်ကို ဆွဲကိုင်ကာ ကပ်လျက် အခန်းဖြစ်သော ထမင်းစား ခန်းမကြီးသို့ ခေါ်သွားလေသည်။
ထမင်း စားခန်းမကြီးမှာ အလွန်ထည်ဝါ ခမ်းနားပြီး ပရိဘောဂပစ္စည်း အသုံးအဆောင်များကအစ အထူးပင် သားနား သပ်ရပ် လှပေသည်။
ဟင်နရီ သည် အိမ်ရှင်အဖြစ် စားပွဲ၏ ထိပ်ဆုံးနေရာတွင် ထိုင်ပြီး ခရိတ်အား ပြုံးလျက် -
" ကိုင်း ... ယမကာကိုတော့ စိတ်ကြိုက်သာရွေးပေတော့ " ဟု ဆိုကာ ယမကာအရက်မျိုးစုံပါရှိသည့် စာရင်းကတ်ပြား ကို လှမ်းပေးလိုက်သည်။

" ကျုပ်အနေနဲ့ ကမ္ဘာပေါ်မှာ အကျော်ကြားဆုံး နံပါတ်တစ် ဘက်ဆယ်လာစာရင်းဝင် စာရေးဆရာကြီး တစ်ယောက် ကို ဂုဏ်ပြုဧည့်ခံဖို့ဆိုတာက လွယ်တာမဟုတ်ဘူးဗျ။ ဒီလို အခွင့်အရေးမျိုးရဖို့ အင်မတန် ခဲယဉ်း တယ်။ ဟဲ ... ဟဲ ... ဟဲ ... "
ဟင်နရီက ရယ်သွမ်းသွေးကာ ပြောလိုက်ရာ ဆယ်လီကပါ ၀င်၍ ထောက်ခံလေသည်။

" ဟုတ်တယ်နော်၊ သိပ်ဝမ်းသာဖို့ကောင်းတာပဲ။ ခရိတ်ရဲ့ စာအုပ်ထွက်လို့ တစ်ပတ်အတွင်းမှာပဲ နယူး ရောက် တိုင်း(မ်) သတင်းစာကြီးက အရောင်းရ တွင်ကျယ်ဆုံး " ဘက်ဆယ်လာ " စာရင်းမှာ ထိပ်ဆုံးက ဖော်ပြ ထားတယ် "
" ရုပ်မြင်သံကြား အစီအစဉ်ကနေပြီး ထုတ်လွှင့်ဖို့ စကားကမ်းလှမ်းတာကော၊ ငွေကြေးကိစ္စတွေ ပြီးပြတ်ပြီ လား "
တွန်ဂါတာက မေးလိုက်ရာ ခရိတ်က -
" စကား ပြောဆိုတာတွေတော့ ပြီးပြတ်ပါပြီ။ စာချုပ်ကတော့ လက်မှတ်မထိုးရသေးဘူး" ဟုပြန်ပြောလိုက် သည်။

ဤတွင် ဟင်နရီက ထ၍ အရက်ခွက်ကို ကိုင်မြှောက်ကာ -
" ကျုပ်ရထားတဲ့ သတင်းအဆို ကတော့ ရုပ်မြင်သံကြား ကုမ္ပဏီက တစ်ရက်နှစ်ရက်အတွင်း ခရိတ်နဲ့ စာချုပ် ချုပ်မှာ သေချာပါတယ်။ ကိုင်း ... ဧည့်သည်တော်များ ခင်ဗျား စာရေးဆရာကြီး မစ္စတာခရိတ်ရဲ့ ထူးခြားစွာ အောင်မြင်တာ ကို ချီးကျူးဂုဏ်ပြုတဲ့အနေနဲ့ ယမကာကို သောက်ကြပါစို့ ခင်ဗျာ " ဟု ပြောရင်း ဖန်ခွက်ကို မော့သောက်ချ လိုက်ရာ ကျန်လူများကလည်း ဖန်ခွက်ကိုယ်စီကိုင်၍ သောက်ကြလေသည်။

အင်္ဂလိပ်ဘာသာဖြင့် " တို့စ်" ခေါ် ယမကာအရက်ခွက် ကိုင်မြှောက်၍ ဆုတောင်းခြင်း၊ ဂုဏ်ပြုခြင်းပြုရာ၌ ကာယကံရှင် က မသောက်ဘဲ နေရသည်ဖြစ်ရာ ခရိတ်ကမကျေမနပ်ဟန်ဖြင့် -
" နောက်ထပ် "တို့စ်" ဆုတောင်းတာ တစ်ခုလုပ်ပါဦး။ ကျုပ်ပါ ၀င်သောက်နိုင်မယ့်ဟာမျိုး လုပ်ပါ" ဟု ပြော ရာ ဟင်နရီက ပြုံး၍ ယမကာခွက်ကို ကိုင်မြှောက်လိုက်ပြန်သည်။
" ဧည့်သည်တော်များ ခင်ဗျား ယခုတစ်ကြိမ်မှာတော့ အလွန်ထူးခြားဆန်းကြယ်တဲ့ လိုဘင်ဂူလာရဲ့ မီးလျှံ ကြီး ကို ဂုဏ်ပြုရင်း သောက်ကြပါစို့ "
ဤတွင် အားလုံး ဖန်ခွက်ကိုယ်စီကိုင်မြှောက်ကာ သောက်ကြပြန်ရာ ဟင်နရီက တွန်ဂါတာဘက်သို့ လှည့်၍ -
" ကိုင်း ... ခင်ဗျားက လိုဘင်ဂူလာရဲ့ မီးလျှံကြီးအကြောင်း ပြောပြလိုက်ပေတော့" ဟု ပြောလေသည်။ သည်တော့ မှ တွန်ဂါတာက ပြုံး၍ ပြောပြလေသည်။

" ဘုရင် လိုဘင်ဂူလာရဲ့ သင်္ချိုင်းဂူကရခဲ့တဲ့ စိန်တွေကို မစ္စတာ ဟင်နရီက လုံခြုံစွာ ထိန်းသိမ်းထားဖို့နဲ့ စိန်တွေ ရဲ့ တန်ဖိုးကို ဖြတ်ကြည့်ဖို့ တာဝန်ယူခဲ့တယ်။ ကမ္ဘာ့စိန်အကဲဖြတ် ပါရဂူများရှိတဲ့ ဟယ်ရီဝင်စတန် ကုမ္ပဏီ က လူတွေကတော့ ခန့်မှန်းခြေတန်ဖိုး တွက်လို့ရပါပြီ"
" ဟုတ်လား၊ တန်ဖိုးဘယ်လောက် ဖြတ်သလဲတဲ့။ မြန်မြန် ပြောစမ်းပါရှင့် "
ဆယ်လီ က ၀င်ပြောလိုက်သည်။

" အားလုံးသိတဲ့အတိုင်း လောလောဆယ် အခြေအနေမှာ ကမ္ဘာ့စိန်ဈေးက ကျနေတယ်။ လွန်ခဲ့တဲ့နှစ်နှစ်က ဒေါ်လာခုနစ်သောင်း တန်တဲ့ တစ်လုံးဟာ အခုဆိုရင် နှစ်သောင်းလောက်ပဲရတယ် လ
" ဒါတွေ ပြောမနေစမ်းပါနဲ့၊ လိုဘင်ဂူလာရဲ့ စိန်တွေရဲ့ ခန့်မှန်းခြေ တန်ဖိုးကိုသာ မြန်မြန်ပြောစမ်းပါ "
" ကောင်းပြီ ပြောပြပါ့မယ်။ အခုလောလောဆယ် ပါရဂူတွေက တန်ဖိုးဖြတ်တဲ့ အတိုင်းဆိုရင် စိန်တွေရဲ့ တန်ဖိုး က အမေရိကန်ဒေါ်လာ သန်းပေါင်းခြောက်ရာလောက်ရှိသတဲ့ "
" ဟင် ... ဒေါ်လာ သန်းခြောက်ရာတောင်လား "
အားလုံးက အံ့အားသင့်သလောက် ၀မ်းသာအားရ ဖြစ်သွားကြပြီးနောက် တွန်ဂါတာက ဆက်ပြော လေ သည်။

" ကျုပ်တို့ စောစောကတည်းက သဘောတူခဲ့ကြတဲ့အတိုင်း ဒီစိန်တွေကို ထိန်းသိမ်းဖို့ ဂေါပကအဖွဲ့ တစ်ဖွဲ့ ဖွဲ့စည်းပြီး တာဝန်ပေးထားမှာ ဖြစ်ပါတယ်။ အဲဒီ ဂေါပကအဖွဲ့ထဲမှာ ခရိတ်က အဖွဲ့ဝင်တစ်ဦးအဖြစ် ပါဝင် ဆောင်ရွက် စေချင်ပါတယ် "
" ကျုပ် လက်ခံပါတယ် "
ခရိတ်က ပြောလိုက်ပြီးနောက် တွန်ဂါတာက ဆက်ပြောလေသည်။

" ခင်ဗျားတို့ကို အသိပေးလိုတာက စိန်ဆယ့်လေးလုံးကိုတော့ ရောင်းချလိုက်ပြီးဖြစ်တယ်။ ရောင်းချဖို့ ကျုပ် ကပဲ သဘောတူလိုက်တယ်။ ရောင်းရတဲ့ငွေက ဒေါ်လာငွေ သိန်းငါးဆယ်ဖြစ်ပါတယ်။ အဲဒီငွေ အားလုံး ကိုလည်း ကမ္ဘာ့ဘဏ်ကို လွှဲပြောင်းပေးလိုက်ပြီးဖြစ်တယ်။ ဒါက ကမ္ဘာ့ဘဏ်က ခရိတ်ချေးယူခဲ့တဲ့ ငွေကို အပြေအလည် ပေးဆပ်လိုက်တာပဲ"
တွန်ဂါတာက ပြောရင်းနှင့် အိတ်ထဲမှ စာအိတ်တစ်အိတ် ဆွဲထုတ်ပြီး ခရိတ်အားလှမ်းပေးရင်း -
" ဟောဒီမှာ ကမ္ဘာ့ဘဏ်က ငွေပြေရရှိကြောင်း ပြေစာ။ ဒါဟာ လိုဘင်ဂူလာရဲ့ မီးလျှံလို့ခေါ်တဲ့ စိန်တွေထဲက သူငယ်ချင်း ရဲ့ အစုရှယ်ယာပဲ။ အခုအချိန်ကစပြီး သူငယ်ချင်းမှာ ကြွေးမြီလုံးဝမရှိတဲ့အပြင် ကင်းလင်း မွေးမြူရေးခြံကြီး နဲ့ တကွ ဇမ်ဘေဇီမြစ်ရေများတိုးရစ်စခန်းကြီးတို့ဟာလည်း သူငယ်ချင်းကိုယ်ပိုင် ဖြစ်နေပြီ။ ကျုပ် တစ်ခုတော့ သူငယ်ချင်း ပူဖိုးဆီက တောင်းချင်ပါတယ် "

" တောင်းချင်တာ တောင်းစမ်းပါဗျာ "
ခရိတ်က ပြောလိုက်သည်။
" သူငယ်ချင်းကို အာဖရိကတိုက် ပြန်လာစေချင်ပါတယ်။ ကျုပ်တို့ အာဖရိကတိုက်က တိုင်းရင်းသားတွေ ဖွံ့ဖြိုး တိုးတက် ဖို့ ကြိုးပမ်းရာမှာ သူငယ်ချင်းတို့လို ပုဂ္ဂိုလ်တွေ အများကြီး လိုအပ်နေတယ်။

ခင်ဗျားရော ကျုပ်ရော အလွန်ချစ်မြတ်နိုးတဲ့ အာဖရိကတိုက်ကြီးဟာ နောက်ထပ် အမှောင်ထုကြီးထဲ ပြန်ရောက် သွားနိုင် တဲ့ အန္တရာယ်တွေ၊ ပယောဂတွေ၊ ရှိနေတယ်ဆိုတာလည်း သူငယ်ချင်းအသိဆုံးပဲ "
ဤတွင် ခရိတ်က ဆယ်လီဘက်သို့လှည့်၍
" ဟေ့ ... ဆယ်လီ မင်းကပဲ ပြန်ဖြေလိုက်စမ်းပါ " ဟု ပြောလိုက်သည်။
ဆယ်လီကလည်း တွန်ဂါတာအား လှမ်း၍ -
" စိတ်ချပါရှင့်၊ ကျွန်မတို့က ရှင်နဲ့အတူ တစ်ပါတည်း လိုက်ခဲ့ကြမှာပါ။ ကျွန်မတို့ ကတိပေးပါတယ်" ဟု ပြန် ဖြေလိုက်သည်။

------------------------------
ခရိတ်အနေဖြင့် အလွန်သံယောဇဉ် ကြီးမားသော ချစ်မြတ်နိုးသောအာဖရိကတိုက်သို့ ပြန်ရောက် လာပြန် လေပြီ။
ဆယ်လီနှင့် ခရိတ်တို့သည် လင့်ရိုဗာကားနှင့် ကင်းလင်းမွေးမြူရေးခြံသို့ မောင်းသွားကြလေသည်။
ညနေစောင်း အချိန်ဖြစ်၍ နေရောင်တွင် တောတောင်ရေမြေ သဘာဝရှုခင်းတို့သည် ရွှေရောင် တောက်နေ သည် ဟု ထင်ရလေသည်။
မွေးမြူရေးခြံကြီး၏ အပြင်ဘက် မြက်ခင်းပြင်တွင် သူတို့၏ တပည့်များ တိုင်းရင်းသား လုပ်သားကြီးများက စုဝေး ၍ ခရီးဦးကြို ပြုနေကြလေသည်။

ခရိတ်သည် အဘိုးကြီး ရှာဒရပ်အား ဖက်လဲတကင်း နှုတ်ဆက်လိုက်ပြီးနောက် အဘိုးကြီး၏ လက်တစ်ဖက် ပြတ်နေသည် ကို မြင်လျှင် စိတ်မကောင်း ဖြစ်မိလေသည်။
သို့သော် အဘိုးကြီးက ပြုံးလျက် -
" ဘာမှ မစိုးရိမ်ပါနဲ့၊ ကျုပ်က လက်တစ်ဖက်တည်းနဲ့ ဟိုတိရစ္ဆာန်ကောင်တွေ လက်နှစ်ဖက် လုပ်တာထက် ပိုညပီး အလုပ်လုပ်နိုင်ပါတယ် "ဟု ပြန်ပြောလေသည်။
" ဒီလို လုပ်ကြရအောင်ဗျာ၊ ကျွန်တော်က ခင်ဗျားကို လက်တစ်ဖက် ငှားမယ်၊ ခင်ဗျားကလည်း ကျုပ်ကို ခြေ ထောက်တစ်ဖက် ငှားပေါ့။ ဟဲ ... ဟဲ ... "
ခရိတ် က ရယ်စရာပြောလိုက်ရာ အားလုံးက ဟက်ဟက်ပက်ပက် ရယ်မောကြလေသည်။

စားဖိုမှူးကြီး ဂျိုးဇက်သည် အထူးပျော်ရွှင် နေပုံရလေသည်။
" အခုမှပဲ ကျုပ်တို့ ကင်းလင်းခြံကြီးမှာ သခင်မ ကောင်းတစ်ယောက်အပိုင်ရောက်ရှိလာတော့တယ်။ ဟဲ ... ဟဲ ... "

------------------
ခရိတ်နှင့် ဆယ်လီတို့သည် လှေကားထိပ်တွင် တစ်ယောက်လက်ကို တစ်ယောက် တွဲလျက် ရပ်နေကြစဉ် မာတာဘယ်လီ တိုင်းရင်းသားတို့က သူတို့အား ခရီးဦးကြိုပြုသည့် ဂုဏ်ပြုတေးများကို မာတာဘယ်လီ ဘာသာ ဖြင့် သီဆိုဂုဏ်ပြုကြသည်ကို နားထောင်ရင်း ကြည်နူးပီတိ ဖြစ်နေကြလေသည်။
တိုင်းရင်းသား တေးသီချင်းများ သီဆိုတီးမှုတ်၍လည်း ဖျော်ဖြေကြရာ အမျိုးသမီးများက ပျော်ရွှင်စွာ ကခုန် နေကြစဉ် ခရိတ်သည် အလွန် စိတ်နှလုံး ကြည်လင်မိရာမှ ချစ်သူ ဆယ်လီအား ယုယစွာ နမ်းလိုက်လေ သည်။
----------------------

ပြီးပါပြီ
.
>>>ဆက်ဖတ်ရန်>>> >>

Monday, November 8, 2010

တက္ကသိုလ် နေဝင်း ဘာသာပြန် ဇင်ဘာဘွေ အခန်း (၄၅) အဆက် (၂)

" ဟင် ... အာဏာရူး၊ ခွေးရူး "
ပါးစပ်မှ ရေရွတ်ရင်း တွန်ဂါတာသည် ဗိုလ်ချုပ် ဖွန်ဂါဘီရာ၏ ဦးခေါင်းပိုင်းကို ရဟတ်ယာဉ်၏ အပြင်ဘက်သို့ တွန်းထုတ် ထားလိုက်သည်။ ရဟတ်ယာဉ် ပျံသန်းနေရင်း မြေပြင်သို့ ပစ်ချလိုက်ရန် ပြင်ဆင် ထားလိုက်ခြင်း ပင် ဖြစ်သည်။

တကယ်ပင် ရဟတ်ယာဉ်ပေါ်မှ တွန်းချတော့မည် လုပ်နေသဖြင့် ခရိတ်သည် အူဇီသေနတ်ကို ဆာရာအား လှမ်းပစ် ပေးလိုက်ပြီး လျင်မြန်စွာ တွန်ဂါတာအနီးသို့ ပြေးသွားလိုက်သည်။
ထိုအချိန် ၌ ဗိုလ်ချုပ် ဖွန်ဂါဘီရာသည် ရဟတ်ယာဉ်အပြင်ဘက်သို့ လုံးလုံးရောက်နေပြီး တွန်ဂါတာက ချည်နှောင် ထားသော သားရေကြိုးကို လက်တစ်ဖက်ဖြင့် ကိုင်ထား၍သာ တွဲလောင်းဖြစ်နေလေပြီ။
ပေနှစ်ထောင် မြင့်သော ကောင်းကင်မှ မြေပြင်သို့ လွတ်ကျတော့မည့်ဆဲဆဲ ဖြစ်နေသည်။

" သူငယ်ချင်း တွန်ဂါတာ၊ နေပါဦး သူငယ်ချင်း "
ခရိတ်က အရေးတကြီး လှမ်းအော်ပြောလိုက်သော်လည်း တွန်ဂါတာကမူ ဖွန်ဂါဘီရာအား စက်ဆုပ်ရွံရှာ ဟန်ဖြင့် ကြည့်ရင်း -
" အာဏာရူး သစ္စာဖောက် အသေဆိုးနဲ့ သေပေတော့ " ဟု ပြောနေရာ ဖွန်ဂါဘီရာ၏ မျက်လုံးများသည် မကြုံစဖူး လွန်ကဲစွာဖြင့် အကြီးအကျယ် တုန်လှုပ်ချောက်ချားသည့်အသွင် ဆောင်နေလေသည်။
သူသည် တစ်စုံတစ်ခု ပြောလိုက်လိုဟန်ဖြင့် ပါးစပ်ကို ဟလိုက်သော်လည်း ဘာသံမှ ထွက်မလာချေ။
ဤတွင် ခရိတ် ဟစ်အော်သတိပေးလိုက်လေသည်။

" သူငယ်ချင်း တွန်ဂါတာ နေပါဦးဗျ။ ဒီလူကို မသတ်လိုက်ပါနဲ့။ သူ အသက်ထင်ရှားရှိနေမှသာ ကျုပ်တို့အပါ အ၀င် သူငယ်ချင်းတို့အားလုံးအပေါ် အထင်အမြင်များနေတာတွေကို ရှင်းလင်းလို့ရမယ် မဟုတ်လား။ ဖွန်ဂါဘီရာ ကသာ အရေးကြီးဆုံးသက်သေ ဖြစ်နေတယ်။ အခု သူ့ကို သတ်လိုက်ရင် သူငယ်ချင်းအနေနဲ့ ဇင်ဘာဘွေ နိုင်ငံမှာ တစ်သက်လုံး နေလို့ရတော့မှာ မဟုတ်ဘူး "
တွန်ဂါတာ သည် ခရိတ်ဘက်သို့ ခေတ္တလှည့်ကြည့်လိုက်သည်။

" ဟုတ်တယ် သူငယ်ချင်း၊ ကျုပ်တို့ ခင်ဗျားတို့ကို တိုင်းပြည်က အထင်မှားနေတာပြေလည်အောင် ဖြေရှင်းပေး နိုင်တာ က ဖွန်ဂါဘီရာ တစ်ယောက်တည်းပဲရှိတယ် "
ခရိတ် က ထပ်ပြီး ပြောလိုက်မှ တွန်ဂါတာ၏ မျက်နှာမှ ဒေါသရိပ်အနည်းငယ် ပြေပျောက်စ ပြုလာ တော့သည်။
" သူငယ်ချင်း ပူဖိုး၊ ကျုပ်ကို ကူစမ်းပါဦး "

တွန်ဂါတာက ဤသို့ ပြောလိုက်ခြင်းမှာ သူသည် ရဟတ်ယာဉ်တံခါးပေါင်ကို လက်တစ်ဖက်ဖြင့် ကိုင်ထားပြီး၊ ကျန်လက်တစ်ဖက်ဖြင့်သာ ဖွန်ဂါဘီရာအား ဆွဲထားရသဖြင့် သူတစ်ယောက်တည်း ပြန်ဆွဲတင်ရန် မတတ် နိုင်သော ကြောင့်ပင်ဖြစ်လေသည်။
ခရိတ်လည်း ချက်ချင်းပင် တွန်ဂါတာအား ကူညီ၍ ဖွန်ဂါဘီရာအား ရဟတ်ယာဉ်ပေါ်သို့ ပြန်ဆွဲတင်လိုက် သည်။
ထို့နောက် ရဟတ်ယာဉ်၏ တစ်နေရာတွင် ပစ်ချထားလိုက်သည်။

သည်တော့မှ ခရိတ်လည်း လေယာဉ်ဦးပိုင်းသို့ ပြန်သွားကာ တွဲဖက်လေယာဉ်မှူးထိုင်ခုံတွင် ၀င်ထိုင်လိုက် သည်။
" ဘာတွေ ဖြစ်နေတာလဲရှင့် "
ဆယ်လီ က ရဟတ်ယာဉ်မောင်းနေရာမှ မေးလိုက်ရာ ခရိတ်က -
" ဘာမှ ကြီးကြီးကျယ်ကျယ် မဖြစ်ပါဘူးကွာ။ တွန်ဂါတာက ဖွန်ဂါဘီရာကို သတ်ပစ်တော့မယ့်ဆဲဆဲ ငါက အချိန်မီ ၀င်တားဆီးလိုက်ရတယ် "ဟု ပြောလိုက်သည်။

" သူ့ဘာသာသူ ဖွန်ဂါဘီရာကို သတ်ပစ်တာ ရှင်က ဘာကြောင့် ၀င်စွက်ချင်ရတာလဲ။ ကျွန်မ ကိုယ်တိုင် ကတောင် ဒီသတ္တ၀ါကို သတ်ပစ်ချင်တယ် လ
ဆယ်လိ၏ စကားကို ခရိတ်က လျစ်လျူရှုကာ -
" ဒီမယ် ဆယ်လိ၊ ဟာရာရေမြို့တော်က အမေရိကန်သံရုံးကို ရေဒီယိုနဲ့ ဆက်သွယ်လို့ ရမလား" ဟု မေးလိုက် သည်။
ဆယ်လီသည် ခေတ္တစဉ်းစားနေပြီးနောက် -
" ဒီရဟတ်ယာဉ် ပေါ်က ဆက်သွယ်လို့တော့ ရမှာမဟုတ်ဘူးရှင့် " ဟုပြန်ပြောလိုက်သည်။

" မင်းရဲ့ စက်ဆနာလေယာဉ် မှတ်ပုံတင်နံပါတ်ကို ပေးလိုက်ပါ။ အဲဒီလေယာဉ်ပျောက်ဆုံးနေတာကို ဘယ်သူ ကမှ သတင်းပို့ထားမယ် မထင်ဘူး "
" ဒီလိုဆိုရင် ကျွန်မက ဂျိုဟာနစ္စဘတ်မြို့ကမှတစ်ဆင့် ဆက်သွယ်ရလိမ့်မယ်။ သူတို့ဆီကမှသာ အလှမ်း ဝေးဝေး ရေဒီယို ဆက်သွယ်လို့ ရမယ် "
" အိုကွာ ဘယ်နည်းနဲ့ပဲဖြစ်ဖြစ် ငါ အမေရိကန်သံရုံးက " မော်ဂင်" ဆိုတဲ့လူနဲ့ အမြန်ဆက်သွယ်ချင်တာပဲ "
ခရိတ်က ပြောလိုက်ပြီးနောက် ဆယ်လီသည် ဂျိုဟာနစ္စဘတ်မြို့ (တောင်အာဖရိက) လေဆိပ်မျှော်စင်သို့ ရေဒီယိုဖြင့် ဆက်သွယ် ၍ စက်ဆနာလေယာဉ်၏ သင်္ကေတကိုပြောလိုက်သည်။ ယင်းသင်္ကေတမှာ " ကီလို ယန်ကီးအယ်ဖာ" ဟူ၍ ဖြစ်သည်။

မျှော်စင် မှ ယင်းသင်္ကေတကို လက်ခံပြီးနောက် ရေဒီယိုဖြင့် ပြန်၍ ဆက်သွယ်လေသည်။
" ဟဲလို ကီလိုယန်းကီးအယ်ဖာ သင်ရောက်ရှိနေသည့် နေရာကို သတင်းပို့ပါ"
" ဘော့ဆွာနာ နိုင်ငံ မြောက်ပိုင်းမှာ ရောက်ရှိနေပါတယ်။ အခု ဖရန်စစ္စတောင်းမြို့ဘက်ကို ဦးတည် ပျံသန်း နေပါတယ် "
" ဟာရာရေမြို့ဘက်မှာ ဆက်သွယ်စကားပြောချင်တဲ့ တယ်လီဖုန်းနံပါတ်က ဘယ်လောက်လဲ "
" ပုဂ္ဂိုလ်ရေးရာ တိုက်ရိုက်ဆက်သွယ် ပြောချင်ပါတယ်။ ပြောချင်သူက ဟာရာရေမြို့ အမေရိကန်သံရုံးက ယဉ်ကျေးမှုသံမှူး မစ္စတာမော်ဂင်ဆိုသူပါပဲ။ သူ့တယ်လီဖုန်း နံပါတ်ကိုလည်း မသိပါဘူး "
" ကောင်းပြီ ခဏစောင့်နေပါ။ ကြိုးစား ဆက်သွယ်ကြည့်ပါ့မယ် "

နောက်တစ်မိနစ်အတွင်း အမေရိကန်သံရုံးမှ ယဉ်ကျေးမှု သံအရာရှိ မော်ဂင်၏ အသံကို ရေဒီယို တယ်လီဖုန်း မှတစ်ဆင့် ကြားရလေသည်။
" ကျုပ် မော်ဂင် ပြောနေပါတယ်။ အခု စကားပြောနေတာ ဘယ်သူပါလဲ "
" ဟဲလို မောင်ဂင်၊ ကျုပ် ခရိတ်ပါ။ မှတ်မိရဲ့လား "
ခရိတ် က ပြန်ပြောလိုက်ရာ တစ်ဖက်မှ မော်ဂင်သည် အလွန်အံ့အားသင့်သွားလေသည်။

" ဟေ ... ခရိတ်လား၊ ခင်ဗျား ဘယ်ရောက်နေတာလဲ။ ကျုပ်တို့ ခင်ဗျားကို ဘယ်မျာမှ ဆက်သွယ်လို့ မရဘူး။ ဒါထက် ဆယ်လိတစ်ယောက်ရော ဘယ်ရောက်နေသလဲ"
" ဒီမယ် မော်ဂင်၊ ကျုပ်ပြောတာကို လေးလေးနက်နက် နားထောင်စမ်းပါ။ အလွန် အရေးကြီးပါတယ်။ တကယ်လို့ ခင်ဗျားတို့အနေနဲ့ ရုရှ ထောက်လှမ်းရေးက ဗိုလ်မှူးကြီးတစ်ယောက်ကို စစ်ဆေး မေးမြန်းခွင့် ရရင် သဘောမကျဘူးလား။ ပြီးတော့ အာဖရိကနိုင်ငံတွေမှာ သူတို့က ၀င်ရောက် သြဇာ လွှမ်းမိုးဖို့အတွက် စီမံချက် ရေးဆွဲထားတာ အပြည့်အစုံပါတဲ့ စာရွက်စာတမ်း အထောက်အထားတွေပါ ရရင်ရော မလိုချင် ဘူးလား "

ဤတွင် တစ်ဖက်မှ မော်ဂင်သည် ခေတ္တတိတ်ဆိတ်နေလိုက်ပြီးနောက် -
" ဟဲလို ခရိတ်၊ ခင်ဗျား ခဏလေးစောင့်ပါ။ ဆယ်စက္ကန့်လောက်ပဲ ကြာမယ် " ဟု ပြောလေသည်။
ခရိတ် သည် ဆယ်စက္ကန့်စောင့်နေရသည်ကိုပင် အလွန် ကြာလှသည်ဟု အောက်မေ့မိလေသည်။

ထို့နောက် တစ်ဖက်မှ မော်ဂင်က ဆက်သွယ်လာပြန်သည်။
" ဒီမယ် ခရိတ် နောက်ထပ် ဘာမှမပြောနဲ့တော့။ ခင်ဗျားနဲ့ ကျုပ်တို့ အမြန်ဆုံး ဆုံနိုင်မယ့်နေရာကိုသာ ပြောစမ်းပါ"
ခရိတ် လည်း မြေပုံကြည့်ပြီးနောက် နေရာတစ်ခုကို ပြောလိုက်သည်။

" အဲဒီနေရာမှာ အရေးပေါ် လေယာဉ်ကွင်းငယ်တစ်ခုရှိတယ်။ ကျုပ်တို့ အဲဒီကွင်းမှာဆင်းပြီး စောင့်နေမယ်။ ခင်ဗျားတို့လာရင် ကောင်းကင်က အလွယ်တကူ မြင်နိုင်အောင်လည်း အချက်ပြတဲ့အနေနဲ့ မီးပုံကြီး ဖို ထားမယ်။ ခင်ဗျားတို့ ဘယ်တော့လောက် ရောက်လာနိုင်မှာဘဲလေ" မနက်ဖြန် အရုဏ်တက်ချိန်လောက် ရောက်လာ လိမ့်မယ် "
" ကောင်းပြီ၊ ကျုပ်တို့ စောင့်နေပါ့မယ် "
ထိုမျှနှင့်ပင် စကားဖြတ်လိုက်ကြသည်။

----------------
သူတို့သည် ဇင်ဘာဘွေနှင့် ဘော့ဆွာနာနိုင်ငံ မြောက်ပိုင်းနယ်စပ်ကို ဖြတ်ကျော်လိုက်ကြပြီးနောက် ဆယ့်ခုနစ်မိနစ် တိတိအကြာတွင် သူတို့၏ လင့်ရိုဗာကားကို ကောင်းကင်မှ လှမ်းမြင်ရလေသည်။ လင့်ရိုဗာ သည် သူတို့ ထားပစ်ခဲ့သည့်နေရာတွင် ခြေရာလက်ရာမပျက် ရှိနေလေသည်။

ခရိတ်သည် မြေပြင်ဆီသို့ ငုံ့ကြည့်ရင်း လင့်ရိုဗာကားအနီး၌ လူတစ်ယောက်၊ နှစ်ယောက် သဏ္ဍာန်ကို ရေးရေးမျှ လှမ်းမြင်ရာ အလွန်အံ့အားသင့်သွားမိလေသည်။
" ဆာရာ ရဲ့ ရဲဘော်များကတော့ အခုအချိန်အထိ ကျုပ်တို့ လင့်ရိုဗာကားကို စောင့်ရှောက်နေကြတုန်းပဲ။ တကယ် ချီးကျူးစရာ ကောင်းတယ်၊ အရေးကြီးတာက ကျုပ်တို့က သူတို့ကို ကြိုတင်သတိပေးဖို့ လိုမယ်။ ဘာကြောင့်လဲဆိုတော့ ပြောက်ကျားရဲဘော်တွေက ရဟတ်ယာဉ်က အစိုးရအမှတ်အသားတံဆိပ်ကို မြင်တာ နဲ့ ရန်သူ အဖြစ် လှမ်းပစ်လိမ့်မယ် "

ခရိတ်က ပြောလိုက်ရာ ဆာရာလည်း သဘောပေါက်သဖြင့် သူတို့၏ ရဟတ်ယာဉ်ဆင်းသတ်ရန် မြေပြင်သို့ ချဉ်းကပ်သွားချိန်တွင် အသံချဲ့စက်ဖြင့် ဆာရာကိုယ်တိုင် ဟစ်အော် သတိပေးလိုက်သည်။
မာတာဘယ်လီစကားဖြင့် ပြောလိုက်ခြင်းဖြစ်၍ ပြောက်ကျားများလည်း ချက်ချင်း နားလည်ဟန်ဖြင့် သူတို့၏ ရိုင်ဖယ်သေနတ်များကို အောက်သို့ ပြန်စိုက်ထားလိုက်ကြသည်ကို ခရိတ်က လှမ်းမြင်လိုက်ရလေသည်။

လင့်ရိုဗာကားအနီးတွင် မာတာဘယ်လီ လူငယ်နှစ်ဦး ရှိနေသည်ကိုလည်း ထင်ရှားစွာ မြင်နေရပြီဖြစ်သည်။
ဂျိုနပ်စ်အမည်ရှိ လူငယ်သည် ထိုနေ့နံနက် တောလိုက်အမဲပစ်ရင်း သမင်ငယ်တစ်ကောင်ကို ရရှိခဲ့ရာ ညနေ ဘက်တွင် မီးပုံပွဲ (ညစာစားပွဲ)လုပ်၍ သမင်သားကင်နှင့် ပြောင်းဖူးမုန့်များကို မြိန်ရေရှက်ရေ စားသောက် ကြပြီး နောက် လင့်ရိုဗာကားကို တစ်လှည့်စီ စောင့်ကြရန် မဲနှိုက်ကြရာမှဤလူငယ်နှစ်ဦးက တာဝန်ကျ ခဲ့လေသည်။

------------------
ရဟတ်ယာဉ်ကို ချောမောစွာ ဆင်းလိုက်ပြီးနောက် ခရိတ်တို့သည် လင့်ရိုဗာကားဖြင့် မော်ဂင်နှင့် ချိန်းထား သော လေယာဉ် ကွင်းငယ် ရှိရာသို့ ဆက်သွားကြလေသည်။
နောက်တစ်နေ့နံနက် အရုဏ်မတက်မီအချိန်မှာပင် (မော်ဂင် ပြောခဲ့သည့်အတိုင်း) လေယာဉ်တစ်စင်း၏ " အင်ဂျင်စက်သံကို ကြားရလေတော့သည်။
ခရိတ်လည်း မြေပြင်မှ အခ်က်ပြသည့်အနေဖြင့် လေယာဉ်ပြေးလမ်းကြောင်း နှစ်ဖက်နှစ်ချက်၌ အသင့်ပြင် ဆင်ထားသော ထင်းပုံများကို မီးစတင်ရှို့ထားလိုက်သည်။
မကြာမီ တောင်စူးစူးဘက်မှ ပျံသန်းလာသော လေယာဉ်တစ်စင်းကို စတင်မြင်ကြရလေသည်။

လေယာဉ်က လော့ခ်ဟိအမျိုးအစား ကုန်တင်လေယာဉ်တစ်စင်းဖြစ်ပြီး အမေရိကန် လေတပ်မတော်၏ အမှတ်အသား တံဆိပ်များပါရှိရာ ဆယ်လီသည် ထိုလေယာဉ်ကို ချက်ချင်းပင် မှတ်မိလေသည်။
" အဲဒါ အမေရိကန် အာကာသလေ့လာရေးအဖွဲ့ (နာဆာ)ပိုင် လေယာဉ်ပဲရှင့်။ စကြာဝဠာကိုလွှတ်တဲ့ အာကာသယဉ်တွေ ခရီးစဉ်ကို အာဖရိကတိုက် ရှုထောင့်က လေ့လာဖို့ ဂျိုဟာနစ္စဘတ်မြို့မှာ တာဝန် ချထား တဲ့ အထူးလေယာဉ်ဖြစ်တယ်ဆိုတာလည်း ကျွန်မသိတယ် "
ဆယ်လီက ပြောလိုက်ရာ ခရိတ်ကလည်း ခေါင်းညိတ်လိုက်သည်။

" ဒီအတိုင်းဆိုရင် မော်ဂင်က ငါတို့ပြောတာကို တကယ် အလေးအနက် သဘောထားကြောင်း ထင်ရှား တယ်"
ထိုအချိန်မှာပင် လော့ခ်ဟိလေယာဉ်ကြီးသည် မြေပြင်သို့ ညင်သာစွာ ဆင်းသက်နေပြီဖြစ်သည်။
" ဒီလေယာဉ်ရဲ့ ထူးခြားချက်က လေယာဉ်ပြေးလမ်းကြောင်း အရှည်ကြီးမလိုဘဲ အလွယ်တကူ ဆင်းနိုင် တက်နိုင် တယ်ရှင့်။ အခု ရှင်တို့ ကြည့်ကြလေ "
ဆယ်လီ က ပြောလိုက်ချိန်တွင် လော့ခ်ဟိလေယာဉ်ကြီးသည် ဆယ်လီ၏ စက်ဆနာလေယာဉ်ငယ် လိုအပ် သည့်လေယာဉ်ပြေးလမ်းကြောင်း ပမာဏအတိုင်းပင် ချောမောစွာ ဆင်းသက်လိုက်လေသည်။
လေယာဉ် ရပ်၍ တံခါးပွင့်လာသည်နှင့် သံမှူး မော်ဂင်ခေါင်းဆောင်လျက် လူငါးယောက် လေယာဉ်ပေါ်မှ ဆင်းလာကြ လေသည်။

ခရိတ်တို့လည်း ဧည့်သည်များအား ခရီးဦးကြိုပြုရန် လေယာဉ်အနီးသို့ လျှောက်သွားကြလေသည်။ လူငါး ယောက် စလုံးမှာ အာဖရိကတိုက်၌ မျက်နှာဖြူများ ၀တ်လေ့ရှိသော အဖြူရောင် ၀တ်စုံများ ၀တ်ဆင် ထားကြပြီး သူတို့၏ လှုပ်ရှားသွားလာဟန်၍ အားကစားသမားများလို သွက်လက် ဖျတ်လတ် သူများဖြစ်ကြောင်းသိသာထင်ရှားနေလေသည်။
" ဟဲလို ဆယ်လီ၊ ဟဲလို ခရိတ် "

မော်ဂင်က ဟက်ဟက်ပက်ပက် လက်ဆွဲနှုတ်ဆက်ပြီးနောက် ခရိတ်က တွန်ဂါတာနှင့် မိတ်ဆက် ပေးသည် ကိုလည်း ဖော်ရွေစွာဖြင့် နှုတ်ဆက်လေသည်။
" ဟဲလို ၀န်ကြီး တွန်ဂါတာ၊ ကျွန်တော်က ၀န်ကြီးကို သိနေပါတယ်။ ဟောဒါက ကျွန်တော့်ရဲ့ လုပ်ဖော် ကိုင်ဖက် တွေပါပဲ "
မော်ဂင်က သူနှင့်ပါလာသူများကို ညွှန်ပြရင်း ပြောလေသည်။ သို့သော် တစ်ဦးချင်း မိတ်ဆက်မပေးဘဲ -
" ခင်ဗျား တို့ ဖမ်းထားတဲ့ တရားခံတွေကကော " ဟု မေးလိုက်သည်။

ဗိုလ်ချုပ် ဖွန်ဂါဘီရာနှင့် ရုရှဗိုလ်မှူးကြီး ဘူခါရင်တို့အား မာတာဘယ်လီ ပြောက်ကျားများ အစောင့် အရှောက် ဖြင့် ရှေ့သို့ ခေါ်ထုတ်လာသောအခါ မော်ဂင်သည် အလွန် အံ့အားသင့်သွားလေသည်။
" ဟာ ... ဗိုလ်ချုပ် ဖွန်ဂါဘီရာ ဖြစ်နေပါကလားဗျ။ ဒီမယ် ခရိတ် ခင်ဗျားရူးများနေသလား။ ဒီပုဂ္ဂိုလ်ကိုများ ခင်ဗျား က နိုင်ငံတော် သစ္စာဖောက်လို့ စွပ်စွဲ ပြီး ဖမ်းလာတာ ဟုတ်မှ ဟုတ်ရဲ့လား "
မော်ဂင်က မယုံကြည်နိုင်ဟန်ဖြင့် ပြောလျှင် ခရိတ်က အသင့်ရှိနေသော လက်ကိုင်သေတ္တာငယ်ကို လှမ်းပေး လိုက်သည်။
" အဲဒီက စာရွက်စာတမ်းတွေကို ဖတ်ကြည့်ပါဦး။ ပြီးတော့မှ ခင်ဗျားရဲ့ ထင်မြင်ချက်ကို ပြောပါ "

" ကောင်းပါပြီ၊ ခဏလေး စောင့်ကြည့်ပါဦး"
မော်ဂင်က ပြောလိုက်ပြီးနောက် အကျဉ်းသားနှစ်ဦးအား ပြောက်ကျားရဲ့ဘော် ဂျိုနပ်စ်နှင့် အာရွန်ဆိုသူတို့ စောင့်ရှောက် လျက် လေယာဉ်ရှိရာသို့ ခေါ်ထုတ်သွားရာ အမေရိကန်ငါးဦးတို့က လွှဲပြောင်း လက်ခံယူကြ လေသည်။
ဗိုလ်ချုပ် ဖွန်ဂါဘီရာ၏ လက်နှစ်ဖက်ကို ကြိုးဖြင့် တုပ်နျောင်ထားလျက်ပင် ရှိသေးသည်။ သူ၏ ခန္ဓာကိုယ် တစ်ခုလုံး အနည်းငယ် သေးငယ်သွားသည်ဟုပင် ထင်ရလောက်အောင် အကြီးအကျယ် စိတ်ဓာတ်ကျနေပုံ ရလေ သည်။

အသားအရေက ဖြူဖပ်ဖြူရော်ဖြစ်လျက် လေယာဉ်ဆီသို့ လမ်းလျှောက်သွားစဉ် တွန်ဂါတာအနီးမှ ဖြတ်သွား ရချိန် တွင်လည်း ဖွန်ဂါဘီရာသည် ခေါင်းထောင်၍ မကြည့်ဘဲ ငုံ့၍သာ လျှောက်သွားလေသည်။ ဗိုလ်ချုပ် ဖွန်ဂါဘီရာ ကား မရှုမလှ အရေးနိမ့်ခြင်းကို ခန္ဓာကိုယ်နှင့်တကွ စိတ်ကပါ ပြင်းစွာ ခံစားနေ၇ဟန် တူလေ သည်။
တွန်ဂါတာကမူ နာကြည်းခြင်း၊ ဒေါသထွက်ခြင်းတို့ကို ချုပ်ထိန်းရန် ခက်နေပုံရသည်။ သူသည် ဖြတ်လျှောက် သွားသူ ဖွန်ဂါဘီရာ ၏ မျက်နှာကို ရုတ်တရက် ဖမ်းကိုင်လိုက်သည်။
သန်မာသော လက်တစ်ဖက်ဖြင့် ဖွန်ဂါဘီရာ၏ လည်ပင်းကို ခပ်ကြမ်းကြမ်းဖျစ်ညှစ်ကာ မျက်နှာကို မော့စေပြီး အလွန်ရှုတ်ချ စက်ဆုပ်ဟန်ဖြင့် မျက်နှာကို စေ့စေ့ကြည့်နေလိုက်သည်။
တစ်စုံ တစ်ခု လုပ်တော့မည်ဟု ထင်ရသော်လည်း တွန်ဂါတာသည် ဘာမျှ မလုပ်ဘဲ စိတ်ကို ထိန်းလိုက်ပြီး ဖွန်ဂါဘီရာ အား ခပ်ကြမ်းကြမ်း တွန်းပစ်လိုက်သည်။

ဖွန်ဂါဘီရာလည်း ခန္ဓာကိုယ်ကို မထိန်းနိုင်တော့ဘဲ လဲကျသွားတော့မလိုဖြစ်သွားရာ အမေရိကန်တစ်ဦးက ရုတ်တရက် ၀င်၍ ဖေးမတွဲထူလိုက်ရလေသည်။
တွန်ဂါတာသည် ဖွန်ဂါဘီရာအား အလွန်စက်ဆုပ် မုန်းတီးဟန်ဖြင့် ကြည့်နေရာမှ ခရိတ်ဘက်သို့ လှည့်လိုက်သည်။
" ကျုပ်ရဲ့ အတွေ့အကြုံအရ လူတကာကို နှိပ်စက်ညှဉ်းပန်းတဲ့ လူမှန်သမျှ တကယ်တော့ သူတို့ရဲ့အတွင်း နှလုံးသား ထဲမှာ သူရဲဘောကြောင်တဲ့စိတ်ဓာတ်ရှိကြတာချည်ပဲ။ သတ္တိ တကယ်ရှိတာမဟုတ်ဘူး။ ဒီမယ် ပူဖိုး ကျုပ်က ဖွန်ဂါဘီရာကို သတ်မယ်လုပ်တော့ သူငယ်ချင်းက ၀င်ဟန့်တားလိုက်တာ မှန်ကန်တယ်လို့ ဆိုရမယ်။ အခုလိုမှ သူဟာ တကယ်တရားမျှတတဲ့ အပြစ်ဒဏ်ပေးခြင်းကို ခံရလိမ့်မယ်။ ကိုင်း ... ကျုပ် သူ့ မျက်နှာ ကို ကြာရှည် မကြည့်ချင်ဘူးဗျာ။ မြန်မြန်သာ ခေါ်သွားကြပေတော့ "

တွန်ဂါတာက ပြောလိုက်ပြီးနောက် ဖွန်ဂါဘီရာနှင့် ဘူခါရင်တို့အား လော့ခ်ဟိလေယာဉ်ပေါ်သို့ ခေါ်ယူသွား ကြလေသည်။
တွန်ဂါတာတို့လည်း လင့်ရိုဗာကား၏ အရိပ်တွင် စောင့်နေကြလေသည်။ မော်ဂင်နှင့် သူ၏အဖော် အမေရိကန် လူမျိုးတစ်စုကတော့ အလုပ်များနေကြပုံရလေသည်။
" သူတို့က ၀ါရှင်တန်မြို့တော်က အာဏာပိုင်တွေနဲ့ ဆက်သွယ်သတင်းပို့နေကြပုံရတယ်။ ဆက်သွယ်ရေး ဂြိုလ်တုက တစ်ဆင့် ရေဒီယိုတယ်လီဖုန်းနဲ့ ပြောလို့ရတယ်ဗျ "
ခရိတ်က သူ၏ ထင်မြင်ချက်ကို ပြောလိုက်သည်။

ဆယ်နာရီကျော်မှ မော်ဂင်သည် အဖော် (အမေရိကန်)တစ်ဦးနှင့်အတူ ခရိတ်တို့ရှိရာသို့ လျှောက်လာပြီး မိတ် ဆက်ပေးလေသည်။
" ဟော်ဒါက ကာနယ် (ဗိုလ်မှူးကြီး) စမစ်ဖြစ်ပါတယ်။ ခင်ဗျားရရှိထားတဲ့ အထောက်အထားတွေကို ကျုပ် တို့ ၀ိုင်းပြီး စီစစ်ကြည့်ပြီးပါပြီ။ ဒါတွေအားလုံးအမှန်ချည်းပဲလို့လည်း သုံးသပ်မိတယ် "
" ဒီလိုဆိုရင် တော်သေးတာပေါ့ "
ခရိတ် က ပြန်ပြောလိုက်ပြီးနောက် မော်ဂင်သည် တွန်ဂါတာဘက်သို့ လှည့်ပြောပြန်သည်။

" ၀န်ကြီး တွန်ဂါတာခင်ဗျား၊ ၀န်ကြီးအနေနဲ့ အလုပ်အလွန်များမှန်းသိပါတယ်။ ဒါပေမဲ့ ၀ါရှင်တန်မြို့တော်က ပုဂ္ဂိုလ်တချို့က ၀န်ကြီးနဲ့ အလွန်စကားပြောချင်နေကြပါတယ်။ ၀န်ကြီးက အချိန်ပေးနိုင်လို့ စကားပြောမယ် ဆိုရင် နှစ်ဦးနှစ်ဖက်အကျိုးရှိပါလိမ့်မယ် "
" ကျုပ် သွားစကားပြောတဲ့အခါ ဟောဒီ အမျိုးသမီးပါ ကျုပ်နဲ့အတူ လိုက်ပါလာစေချင်တယ် "
တွန်ဂါတာ က ဘေးနားရှိ ဆာရာအား ညွှန်ပြရင်း ပြောလိုက်လေသည်။

" ဟုတ်ကဲ့ ဖြစ်ပါတယ် "
မော်ဂင်က ပြောပြီး ခရိတ်နှင့် ဆယ်လီတို့ဘက်သို့ လှည့်လိုက်ပြန်သည်။
" ခင်ဗျားတို့ နှစ်ယောက်အတွက်တော့ ကျုပ်တို့က ဖိတ်မန္တကပြုနေတာ မဟုတ်ဘူး ခင်ဗျားတို့ကို အမိန့်ပေး ခြင်းဖြစ်တယ်။ ခင်ဗျားတို့နှစ်ယောက်စလုံးကျုပ်တို့နဲ့ လိုက်ခဲ့ရမယ်"
" ဒီရဟတ်ယာဉ် နဲ့ လင့်ရိုဗာကားကို ဘယ်လို လုပ်မလဲဗျ "
ခရိတ် က ပြန်မေးလိုက်ရာ မော်ဂင်က ပြုံးလိုက်သည်။
" ဒါအတွက် ခင်ဗျားဘာမှ မစိုးရိမ်ပါနဲ့။ သက်ဆိုင်ရာ ပိုင်ရှင်များလက်ကို ရောက်အောင် ပို့ပေးဖို့ စီစဉ် ပေးပါ့မယ်"
-----------------------------
ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

Sunday, November 7, 2010

တက္ကသိုလ် နေဝင်း ဘာသာပြန် ဇင်ဘာဘွေ အခန်း (၄၅) အဆက်

ခရိတ်သည် လျင်မြန်စွာ ရဟတ်ယာဉ်ပေါ်သို့ တက်လိုက်ပြီးနောက် ခုံတန်းလျားထိုင်ခုံတွင် ထိုင်ခိုင်း လိုက်သည်။ ထို့နောက် ဆာရာအား လှမ်း၍ -
" ကဲ ... ပင်ဒူလာ (ဆယ်လီ)ကို မောင်းထွက်တော့လို့ ပြောလိုက် " ဟု အမိန့်ပေးလိုက်သည်။

ဆယ်လီလည်း ချက်ချင်းပင် မောင်းထွက်လေရာ ရဟတ်ယာဉ်သည် မြေပြင်မှ ကြွတက်ပြီး လျင်မြန်စွာ ကောင်းကင် သို့ ပျံတက်စ ပြုလေသည်။
ခရိတ် သည် ရဟတ်ယာဉ် ပြတင်းပေါက်မှနေ၍ လက်ပစ်ဗုံးကို ပစ်ချလိုက်သည်။ လက်ပစ်ဗုံး ပေါက်ကွဲခြင်း အားဖြင့် မြေပြင်ရှိ ရန်သူများ ရှုပ်ယှက်ခတ်ပြီး မိမိတို့အား တိုက်ခိုက်ခြင်းကို နှောင့်နှေးဟန် တားစေလိမ့်မည် ဟု မျှော်လင့်လျက်ပစ်ချလိုက်ခြင်းဖြစ်လေသည်။

ခရိတ်သည် ဖွန်ဂါဘီရာ၏ နောက်တည့်တည့်တွင် ရပ်ကာ အူဇီစက်သေနတ်ငယ်ဖြင့် လည်ပင်းကို ထောက် ထားလိုက်ပြီး ကျန်လက်ဆစ်ဖက်ဖြင့် ဖွန်ဂါဘီရာ၏ ခါးမှ ပစ္စတိုလ်သေနတ်ကို ဆွဲယူလိုက်သည်။
ထို့နောက် ပစ္စတိုလ်သေနတ်ကို သူ၏ အင်္ကျီအိတ်အတွင်းသို့ ထည့်လိုက်ပြီး နောက်သို့ ပြန်ဆုတ်လိုက်သည်။ တစ်ဖန် ဆာရာဘက်သို့ လှည့်၍ -
" ဒီလူတွေကို မင်းသေနတ်နဲ့ ဆက်ချိန်ထားစမ်း" ဟု အမိန့်ပေးလိုက်ပြီး ရဟတ်ယာဉ်၏ လက်ဝဲဘက် ပြတင်း မှ နေ၍  အပြင်ဘက်သို့ လှမ်းကြည့်လေသည်။
ချက်ချင်း လိုပင် တွန်ဂါတာအား လှမ်းမြင်ရလေသည်။ သူသည် သစ်ပင်များကြားမှ ထွက်၍ ရဟတ်ယာဉ် ဆီသို့ လက်နှစ်ဖက် ဝှေ့ယမ်းပြနေလေသည်။

" အဲဒီမှာပဲ စောင့်နေပါ။ ကျွန်မက ခပ်နိမ့်နိမ့် ပျံဆင်းပြီး ခေါ်တင်ပါ့မယ် " ဆယ်လီက ရဟတ်ယာဉ်ပေါ်မှ အသံချဲ့စက်ဖြင့် အော်ပြောလိုက်သည်။
မကြာမီ ရဟတ်ယာဉ်သည် တွန်ဂါတာ ရပ်စောင့်နေရာအနီးသို့ ခပ်နိမ့်နိမ့်ပျံဆင်းသွားလေသည်။ ဆယ်လိက ကျွမ်းကျင်စွာ မောင်းနှင်လျက် ရဟတ်ယာဉ်ကို တွန်ဂါတာ၏ အပေါ်တည့်တည့်တွင် ရပ်နေ အောင် ထိန်းမောင်းလိုက်သည်။

ထိုအခါ ရဟတ်ယာဉ်၏ ပန်ကာဒလက်များ လည်ပတ်သည့် လေအရှိန်အကြောင့် ပတ်ဝန်းကျင်ရှိ မြက်ပင်ရှည် ကြီး များသည် မြေပြင်တွင် ပြားဝပ်နေလေသည်။
တွန်ဂါတာသည် အေကေ ၄၇ မောင်းပြန်ရိုင်ဖယ်သေနတ်ကို ပစ်ချလိုက်ပြီး ခရိတ်အား မော့ကြည့်လေသည်။ ထိုအချိန်၌ ရဟတ်ယာဉ်သည် မြေကြီးနှင့် ထိလုနီးပါးအလွန် နိမ့်နေပြီဖြစ်ရာ ခရိတ်က ပြတင်းပေါက်မှ သူ၏ လက်တစ်ဖက်ထုတ်၍ တွန်ဂါတာအား ဆွဲတင်ရန် ပြင်ဆင်လိုက်သည်။

တွန်ဂါတာလည်း လျင်မြန်ဖျတ်လတ်စွာ လှမ်းခုန်ကာ ခရိတ်၏ လက်မောင်းကို ဖမ်းချိတ်ပြီး တွယ်တက် လိုက်သည်။ ခရိတ်ကလည်း တွန်ဂါတာအား ရဟတ်ယာဉ်ပေးသို့ ရောက်အောင် ဆွဲတင်လိုက်လေသည်။
" အိုကေ အမြန်သာ မောင်းပေတော့ဟေ့ "
ခရိတ်က လှမ်းအော်ပြောလိုက်သည်နှင့် ရဟတ်ယာဉ်သည် လျင်မြန်စွာ ကောင်းကင်အမြင့်သို့ ပျံတက် သွားလေ တော့သည်။

ပေတစ်ထောင်ကျော်ခန့်သို့ရောက်အောင် ပျံတက်ပြီးနောက် ဆယ်လီသည် ရဟတ်ယာဉ်ကို အနောက်ဘက် စူးစူးသို့ ဦးတည်ပျံသန်းသွားလေသည်။
တွန်ဂါတာ သည် အကျဉ်းသားနှစ်ဦးအား လှည့်ကြည့်ရင်း ဗိုလ်ချုပ် ဖွန်ဂါဘီရာအား ခက်ထန်သော အမူအရာ ဖြင့် ကြည့်လိုက်သည်။
သိုပသော် ဖွန်ဂါဘီရာမှာ ဦးခေါင်းမှ ဒဏ်ရာကြောင့် မူးမိုက်နေသေးသည့်ပြင် သူတို့အနေဖြင့် အရေးနိမ့်ရ သည် ကို စိတ်ပျက်ဟန်ဖြင့် ငုံ့နေလေသည်။
" သူတို့ကို ဘယ်မှာ သွားတွေ့တာလဲဗျ "

တွန်ဂါတာက ခရိတ်အား လှမ်းမေးလိုက်သည်။
" သူတို့တွေဟာ ကျုပ်က သူငယ်ချင်းအတွက် လက်ဆောင်ပေးတာပါပဲ။ ရော့ ... ဒါယူထား "
ခရိတ်က အူဇီသေနတ်ကို လှမ်းပေးရင်း -
" သေနတ်က ကျည်ဆန်အသင့်ထိုးထားပြီး မောင်းတင်ထားတယ်။ သူငယ်ချင်းကပဲ တာဝန်ယူပြီး ဒီသတ္တ၀ါ နှစ်ဦးကို ကြည့်ထားလိုက်စမ်းပါ " ဟု ဆက်ပြောလိုက်သည်။
" ဟဲ ... ဟဲ ... ကျုပ်က ၀မ်းမြောက်ဝမ်းသာစွာနဲ့ ကြည့်ထားလိုက်ပါ့မယ်။ စိတ်ချပါ "

တွန်ဂါတာက ရယ်သွမ်းသွေးကာ ပြောရင်း အူဇီသေနတ်ကို အကျသ်းသားနှစ်ဦးဘက်သို့ လှည့်ချိန်ထား လိုက်သည်။
" ကျုပ်က ဆယ်လီ မောင်းနေတာ ဘယ်လိုလဲလို့ သွားကြည့်လိုက်ဦးမယ် "
ပြောပြောဆိုဆို ခရိတ်သည် ရဟတ်ယာဉ် ဦးဘက်သို့ သွားရန် ဟန်ပြင်လိုက်ပြီးမှ ရပ်လိုက်ပြန်သည်။ မျက်နှာဖြူ လူမျိုး၏ မျက်နှာကို အကဲခတ်ကြည့်လိုက်ရာတွင် ထိုလူ၏ ဟန်ကို မြင်ပြီး သင်္ကာမကင်းဖြစ်မိ သောကြောင့် ပင် ဖြစ်သည်။ ထိုလူသည် တစ်စုံတစ်ခု ကြံစည်တော့မည်ဟု ထင်မိသည်။

ထိုအခိုက်မှာပင် မျက်နှာဖြူလူကြီးသည် သူ၏လက်တွင် ကြိုးချည်သော့ခတ်ထားသော လက်ဆွဲသေတ္တာ ငယ်ကို ဖြုတ်၍ ရဟတ်ယာဉ်၏ ပြတင်းပေါက်သို့ လှမ်းပစ်လိုက်သည်။ အောက်သို့ ပစ်ချလိုက်ခြင်းပင် ဖြစ် သည်။
သို့ရာတွင် ခရိတ်က သတိထားနေသဖြင့် အထူးလျင်မြန်သွက်လက်စွာဖြင့် ပြတင်းပေါက်ကို လက်ဖြင့် ကာ ထားလိုက်ရာ လက်ဆွဲသေတ္တာငယ်သည် ပြတင်းပေါက်မျ ထွက်ကျမသွားဘဲ ရဟတ်ယာဉ်၏ ကြမ်းပြင်ပေါ် သို့ ကျသွား လေသည်။

ခရိတ်လည်း လက်ဆွဲသေတ္တာကို ချက်ချင်း ကောက်ယူလိုက်သည်။
" ဒီပစ္စည်းက ကျုပ်တို့အဖို့ အလွန်စိတ်ဝင်စားဖို့ ကောင်းလိမ့်မယ် ထင်တယ် "
ပြောရင်း ခရိတ်သည် မတ်တတ်ထလိုက်ပြီး -
" သူငယ်ချင်း တွန်ဂါတာ၊ ဒီမျက်နှာဖြူ သတ္တ၀ါကို အထူးသတိထားကြည့်နေပါ။ ဒီလူက အလွန်ဥာဏ်များ တယ်" ဟု သတိပေးလိုက်သည်။

ထို့နောက် ခရိတ်သည် လက်ဆွဲသေတ္တာ၏ (လက်ကိုင်အိတ်)ကို ပိုက်၍ လေယာဉ်မှူးထိုင်ခုံရှိရာဘက်သို့ သွားပြီး တွဲဖက်လေယာဉ်မှူး ထိုင်ခုံတွင် ၀င်ထိုင်လိုက်သည်။
" ဟေ့ ... ဆယ်လီ မင်းက ဘယ်ဆိုးလို့လဲကွ၊ ဒီရဟတ်ယာဉ်ကို ချောချောမောမော ပျံသန်းနိုင်သားပဲ "
ခရိတ် က ရယ်မော၍ ပြောလိုက်ရာ ဆယ်လီကလည်း ပြန်၍ ပြုံးပြလေသည်။

" ကျွန်မ အခု လင့်ရိုဗာကား ထားပစ်ခဲ့တဲ့နေရာကို ဦးတည်ပြီး မောင်းနေတယ်ရှင့် "
" ကောင်းသားပဲ၊ ဒါထက် ဓာတ်ဆီအခြေအနေကကော "
" တိုင်ကီတစ်လုံးက အပြည့်ရှိတယ်။ နောက်တစ်လုံးကလည်း တစ်ဝက်ကျော်ကျော် ရှိတဲ့အတွက် ဓာတ်ဆီ လုံလောက်ပါတယ် "
ခရိတ်သည် မျက်နှာဖြူလူကြီးထံမှ ရယူခဲ့သော လက်ကိုင်သေတ္တာငယ်ကို လေ့လာကြည့်ရာ လျှို့ဝှက် သင်္ကေတ ဖြင့် ဖွင့်ရမည့် သော့များ ခတ်ထားသည်ကို မြင်ရလေသည်။
" နယ်ခြားရောက်ဖို့ ဘယ်လောက် လိုသေးလဲကွ "
ခရိတ်က ဆယ်လီအား မေးလိုက်ပြန်သည်။

" ကျွန်မတို့ အခုပျံသန်းနေတဲ့နှုန်းက တစ်နာရီ မိုင်တစ်ရာ့ခုနစ်ဆယ်လောက် ရှိတယ်ဆိုတော့ နယ်စပ်ရောက်ဖို့ နောက်ထပ် နှစ်နာရီတောင် မကြာတော့ပါဘူး "
" ဟေ့ ... ဟုတ်လား၊ ဒါဖြင့် ဘယ်ဆိုးလို့တုံး "

ခရိတ်က ရယ်မောကာ ပြောလိုက်ပြီးနောက် လက်ကိုင်သေတ္တာငယ်မှ သော့များကို မောင်းချဓားဖြင့် ဖျက်ဆီး ပစ်လိုက် လေသည်။ မကြာမီ သေတ္တာငယ်၏ အဖုံးပွင့်လာလေသည်။
လက်ဆွဲသေတ္တာ၏ အပေါ်ဆုံးတွင် ရှပ်အင်္ကျီအသစ်နှစ်ထည်၊ ခြေအိတ်တစ်စုံရုရှားနိုင်ငံလုပ် ဗော့ဒ်ကာ အရက် တစ်ပုလင်း အေရိုဖလုတ်ခေါ် ရုရှားလေကြောင်းကုမ္ပဏီ လေယာဉ်စီးရန် လက်မှတ်များအပြင်။ ပတ်စ်ပို့ (နိုင်ငံကူးလက်မျတ်) လေးခုတိတိ တွေ့ရလေသည်။ ပတ်စ်ပို့များက ဖင်လန်၊ ဆွီဒင်၊ အရှေ့ ဂျာမနီ နှင့် ရုရှားနိုင်ငံမှ နိုင်င့ကူးလက်မှတ်များ ဖြစ်နေသည်။
ခရိတ် သည် ဗော့ဒ်ကာအရက်ပုလင်းကို ဖွင့်၍ အနည်းငယ်မျှ မော့သောက်လိုက်ရင်း -

" တော်တော်ပြင်းတဲ့ အရက်ပဲကွဲ" ဟု ပြောလိုက်ပြီးနောက် လက်ကိုင်သေတ္တာငယ်အတွင်းသို့ ဆက်လက် ရှာဖွေကြည့်လေသည်။
အတွင်း၌တွေ့ရသော ဖိုင်တွဲအချို့မှာ အစိမ်းရောင်ဖြစ်ပြီး တူနှင့် တံစဉ်တံဆိပ်အမှတ်အသား ရိုက်နှိပ်ထား လေရာ ခရိတ်သည် အံ့သြသွားမိသည်။
" ဟ ... ဒီလူကြီးက ရုရှလူမျိုးပါကလား၊ ကွန်မြူနစ်ကြီးတစ်ယောက်ပဲ"

ဤသို့ ပါးစပ်မှ ရေရွတ်ရင်း အပေါ်ဆုံးမှ ဖိုင်တွဲကို အမှတ်တမဲ့ ဖွင့်ကြည့်လိုက်ရာ ခရိတ်သည် ချက်ချင်းပင် စိတ်ဝင်စားလာမိလေသည်။
ဖိုင်တွင်း ၌ အင်္ဂလိပ်ဘာသာဖြင့် လက်နှိပ်စက်ရိုက်ထားသော စာရွက်များကို ခရိတ်သည် ဖတ်ကြည့်ရင်း အထူး စိတ်ဝင်စားမိ သဖြင့် ဆယ်လီက -
" ဘာတွေ ပါလို့လဲရှင့်" ဟု မေးသည်ကိုပင် ပြန်မဖြေဘဲ ဆက်လက် ဖတ်ကြည့်နေလေသည်။

သူသည် ဖိုင်တွဲကို အစမှအဆုံး ဖတ်ကြည့်သည့်ပြင် နောက်ထပ် ဖိုင်နှစ်ခုကိုလည်း ဖွင့်၍ ဖတ်ကြည့်ပြန်ရာ အချိန် မိနစ်နှစ်ဆယ်ခန့် ကြာသွားလေသည်။
" ငါဖြင့် ယုံကြည်ဖို့တောင် ခဲယဉ်းတယ်။ သူတို့က ဖွန်ဂါဘီရာ နားလည်အောင်ဆိုပြီး အင်္ဂလိပ်လိုတိတိကျကျ လက်နှိပ်စက် ရိုက်ထားတယ်ကွဲ့။ ဒီကိစ္စကိုလည်း ဖုံးကွယ်လျှိုက၀ှက်ထားဖို့တောင် စိတ်ကူးပုံမရဘူး။ လူနာမည် တွေကို တောင် နာမည်ဝှက် မသုံးဘဲ အမည်ရင်းတွေ သုံးထားတယ် "

ခရိတ်က မှတ်ချက်ချလိုက်ရာ ဆယ်လီက -
" ဘာကို ပြောနေတာလဲရှင့်" ဟု လှမ်းမေးလိုက်သည်။
" ငါတော့ ဘယ်လိုပြန်ဖြေရမှန်းတောင် မသိတော့ဘူး။ ဒီဖိုင်ကို တွန်ဂါတာကိုယ်တိုင် ဖတ်ကြည့်မှဖြစ်မယ် "

ခရိတ်က ပြောရင်း အရက်ပုလင်းကို ပြန်ယူ၍ နောက်ထပ် အနည်းငယ် မော့သောက်ပြန်သည်။ ထို့နောက် သူသည် တွန်ဂါတာရှိရာ ရဟတ်ယာဉ်၏ နောက်ဘက်သို့ လျှောက်သွားလေသည်။
တွန်ဂါတာနှင့်ဆာရာတို့သည် ဓားစာခံနှစ်ဦး၏ ရှေ့တည့်တည့်တွင် ထိုင်နေကြလေသည်။ တွန်ဂါတာက ထိုလူနှစ်ဦးအား ရဟတ်ယာဉ်၏ ထိုင်ခုံခါးပတ်များဖြင့် ခိုင်မြဲစွာ တုပ်နှောင်ထားလိုက်ပြီးဖြစ်သည်။
ဗိုလ်ချုပ် ဖွန်ဂါဘီရာသည် အနည်းငယ် သက်သာလာပုံရပြီး တွန်ဂါတာအား စားတော့ ၀ါးတော့မလို စိုက် ကြည့်နေသည်။

ခရိတ်သည် မျက်နှာဖြူလူမျိုး၏ လက်ဆွဲသေတ္တာငယ်ကို တွန်ဂါတာ၏ ပေါင်ပေါ်သို့ တင်ပေးလိုက်ပြီး -
" သူငယ်ချင်း ကျုပ်ကို အူဇီသေနတ်ပေးပါ၊ ပြီးတော့ အဲဒီထဲက ဖိုင်တွေကို ဖတ်ကြည့်ပါဦး" ဟုပြောလိုက် သည်။
ထိုအချိန်၌ ခရိတ်အနေဖြင့် မျက်နှာဖြူလူကြီးသည် မည်သူမည်ဝါ ဖြစ်ကြောင်း သိရှိနေပြီဖြစ်၍ -
" ဟဲလို ဗိုလ်မှူးကြီး ဘူခါရင်ခင်ဗျား၊ ဗိုလ်မှူးကြီးနဲ့ အခုလို တွေ့ဆုံသိကျွမ်းရတာ အထူးပဲ ၀မ်းသာပါ တယ်။ ဟဲ ... ဟဲ ... " ဟု သရော်သလို ပြောလိုက်သည်။

ခရိတ်ကပင် အူဇီသေနတ်ကို ဘူခါရင်၏ ၀မ်းဗိုက်တည့်တည့်သို့ ချိန်လျက် -
" ဗိုလ်မှူးကြီးတော့ အခုနေအခါ မော်စကိုမြို့ရဲ့ ဆောင်းရာသီကို သတိရအောက်မေ့နေမှာပဲနော်" ဟု ဆက်ပြော လိုက်ပြန်သည်။
" ကျုပ်က သာမန်လူတစ်ယောက် မဟုတ်ဘူး၊ ဆိုဗီယက်ဆိုရှယ်လစ် ပြည်ထောင်စု နိုင်ငံတော်ရဲ့ သံတမန် အရာရှိကြီးတစ်ဦး ဖြစ်တယ်။ ကျုပ်က ... "
ဘူခါရင်က ခပ်တည်တည်နှင့် ပြောရာ သူ၏ စကားမဆုံးမီ ခရိတ်က ကြားဖြတ်လျက် -

" ဟုတ်ပါတယ် ဗိုလ်မှူးကြီးခင်ဗျား၊ ခင်ဗျားရဲ့ တရားဝင်နာမည်ကို ကျုပ်က နာမည်ကတ်ပြားကို ဖတ်ကြည့်ပြီးပါပြီ။ ကျုပ်အကြောင်းလည်း တစ်လှည့် ပြောပါရစေဦး။ ကျုပ်က ထွက်ပြေးနေရတဲ့ တရားခံ တစ်ယောက် ဖြစ်နေတာမို့ ဘာမဆို မိုက်ရူးရဲလုပ်ဝံ့တဲ့သတ္တိရှိနေတယ်။ ခင်ဗျားပါးစပ်ကို ပိတ်မထားပဲ ဆက်စကားများနေရင် ခင်ဗျားကို အကြီးအကျယ် အနာတရ လုပ်ပစ်လိုက်ချင်တဲ့စိတ်လည်း ရှိနေတယ်ဗျ" ဟု ခပ်တည်တည် ပြောလိုက်သည်။
ခရိတ်သည် ဖွန်ဂါဘီရာဘက်သို့ လှည့်လိုက်ပြန်သည်။

" ဘယ့်နှယ်လဲ ဗိုလ်ချုပ်၊ ခင်ဗျားက ကျုပ်ရဲ့ ကင်းလင်းမွေးမြူရေးခြံကြီးကို ကောင်းကောင်း စောင့်ရှောက် ထားတယ်လို့ မျှော်လင့်ပါတယ် "
ခရိတ် သည် သရော်သလို ပြောလိုက်သော်လည်း ဖွန်ဂါဘီရာသည် ဂရုမစိုက်ဘဲ မျက်နှာထား တင်းတင်းဖြင့် ပြန်ကြည့် လေသည်။
" မစ္စတာခရိတ်၊ ခင်ဗျားဟာ တစ်ကြိမ်တော့ လွတ်မြောက်သွားခဲ့တယ်။ အဲဒါ ကျုပ်မှားသွားလို့ဖြစ်တယ်။ ဒါပေမဲ့ ကျုပ်က အမှားတစ်ခုကို နောက်ထပ် နျစ်ခါ ထပ်မှားလေ့မရှိဘူး "
ဖွန်ဂါဘီရာက ခပ်တည်တည်နှင့် ပြောလိုက်ချိန်တွင် ခရိတ်သည် သူ၏ လက်ထဲသေနတ်ရှိနေလင့်ကစား ကျောချမ်းသွားမိလေသည်။ ဖွန်ဂါဘီရာကား ရက်စက်ကြမ်းကြုတ်ရာတွင် သူမတူအောင် ရက်စက် တတ်သူဖြစ်ကြောင်း သိနေ၍ တုန်လှုပ်သွားမိခြင်းပင်ဖြစ်သည်။ မိမိကို ကြည့်နေပုံကလည်း အလွန် စက်ဆုပ် မုန်းတီးပြီး ကြည့်နေကြောင်း ထင်ရှားနေပေသည်။

ခရိတ်သည် တွန်ဂါတာဘက်သို့ လှမ်းကြည့်လိုက်ရာ ရုရှဗိုလ်မှူးကြီး၏ ဖိုင်တွဲများကို လေ့လာ ဖတ်ရှု နေကြောင်း တွေ့ရလေသည်။ ဖတ်နေရင်း တွန်ဂါတာသည် အလွန်ဒေါသထွက်လာပုံ ရလေ သည်။
" သူငယ်ချင်း ပူဖိုး၊ ဒါတွေရဲ့ အဓိပ္ပာယ်ကို သူငယ်ချင်း နားလည်သလား "
တွန်ဂါတာ က လှမ်းမေးရာ ခရိတ်က ခေါင်းညိတ်လိုက်သည်။

" နားလည်ပါတယ်၊ ဒါဟာ ဇင်ဘာဘွေနိုင်ငံမှာ နိုင်ငံရေးအာဏာကို သိမ်းယူဖို့ စီမံချက် ရေးဆွဲထားတာပဲ။ အင်္ဂလိပ်လို ရေးထားတာကတော့ ဖွန်ဂါဘီရာ နားလည်အောင် ရေးထားတာ ဖြစ်လိမ့်မယ်"
" ဟုတ်တယ်ဗျို့၊ အာဏာသိမ်းတဲ့အခါ ကွပ်မျက်သုတ်သင်ပစ်ဖို့ လူစာရင်းတောင် ရေးထားပြီး ဖြစ်နေတယ်။ သူတို့ အာဏာသိမ်းတဲ့အခါ ကြေညာဖို့ ကြေညာချက်တောင် အသင့်ရေးထားပြီးဖြစ်နေတယ် "
" စာမျက်နှာ နှစ်ဆယ့်ငါးကိုလည်း ကြည့်လိုက်ပါဦး "
ခရိတ်က ပြောလိုက်သဖြင့် တွန်ဂါတာသည် ဖိုင်တွဲကို လှန်ကြည့်လိုက်သည်။

" အလို ကျုပ်အတွက်တောင် အစီအစဉ် ရေးဆွဲထားပြီး ဦးနှောက်ဥာဏ် လုံးဝ မရှိတော့တဲ့ လူတစ်ယောက် ဖြစ်လာအောင် လုပ်မယ် ဆိုပါကလား။ ဒါမှ ကျုပ်က သူတို့ဘက်သား တိုင်းရင်းသား သစ္စာဖောက်ဖြစ်လာပြီး မာတာဘယ်လီ လူမျိုးတွေကို သူတို့ရဲ့ ထာဝရကျေးကျွန်ဖြစ်နေအောင် ကျုပ်ကပဲ ခေါင်းဆောင် သိမ်းသွင်း ပေးဖို့ စီမံချက် ဖြစ်နေတာကိုး "
" ဟုတ်တယ် သူငယ်ချင်း၊ သူတို့ရဲ့ လျှို့ဝှက်စီမံချက်တစ်ခုလုံးက သူငယ်ချင်းအပေါ် အခြေပြုပြီး ဖန်တီး ထားတာ ဖြစ်တယ်။ သူငယ်ချင်း အသက်သေသွားရင် သူတို့အကြံက မအောင်မြင်နိုင်တော့ဘူးမဟုတ်လား။ ဒါကြောင့် သူက သူငယ်ချင်းကို စောစောက အသေမသတ်တာပေါ့။ ကျုပ်တို့တွေ တောင်ပေါ်က လိုဏ်ဂူကြီး အတွင်း မှာ ရှိနေတုန်း သူတို့က ဒိုင်းနမိုက်နဲ့ ဖောက်ခွဲပစ်လိုက်ချိန်မှာ သူငယ်ချင်းကို ရှာမတွေ့ တော့ သေသွားပြီလို့ ယူဆရတယ် မဟုတ်လား။ အဲဒီအချိန်ကစပြီး ဖွန်ဂါဘီရာက သူတို့ အကြံ မအောင်နိုင် တော့ဘူး လို့ စိတ်ဓာတ်ကျသွားခဲ့တယ်။ အခုလည်း သူ့မျက်နှာကို ကြည့်ပါလား "

ခရိတ်က ရှင်းပြနေသော်လည်း တွန်ဂါတာသည် နားထောင်မနေတော့ဘဲ လက်ကိုင်သေတ္တာငယ်ကို ခရိတ်အား ပြန်ပေးလိုက်ပြီး ဖွန်ဂါဘီရာအနီးသို့သွား၍ မျက်နှာချင်းဆိုင်လိုက်သည်။
ထိုအချိန်၌ တွန်ဂါတာသည် အလွန် ဒေါသထွက်နေသည့် ဟန်မျိုးဖြစ်နေပေသည်။

" ခင်ဗျားက ဘယ်လိုလူလဲ၊ ဒီတိုင်းပြည်နဲ့ တိုင်းရင်းသား ပြည်သူတွေကို မျက်နှာဖြူ စမစ်အစိုးရ လက်ထက်ကထက်ဆိုးတဲ့ နယ်ချဲ့စနစ်သစ်တစ်ခု လက်အောက်မှာ ကျွန်မဘ၀ဖြစ်သွားအောင် ရောင်းစားဖို့ ကြံတဲ့လူပဲ။ ခင်ဗျားဟာ ကျုပ်တို့ မာတာဘယ်လီ လူမျိုးများကိုသာမက ခင်ဗျားတို့ရဲ့ ရှိုနာ တိုင်းရင်းသား တွေအပေါ်ကို သစ္စာဖောက်တဲ့ လူယုတ်မာပဲ။ ခင်ဗျားဟာ အာဏာရူးရာက ဦးနှောက် ပျက်သွားတဲ့ ခွေးရူး တစ်ကောင်လိုပါပဲလား"

ပြောရင်းနှင့် တွန်ဂါတာသည် ဒေါသကို မချုပ်တည်းနိုင်တော့ဟန်ဖြင့် ရှေ့သို့ တိုးသွားကာ ဖွန်ဂါဘီရာအား (ထိုင်ခုံခါးပတ် ပတ်ထားခြင်းကို ချွတ်ပစ်လျက်) လူတစ်ကိုယ်လုံး ဆွဲမလိုက်သည်။ ထိုအချိန်၌ တွန်၈ါတာ သည် ဒဏ်ရာပြင်းစွာရ၍ အလွန် ဒေါသထွက်နေသော ကျွဲရိုင်းကြီးတစ်ကောင်းကဲ့သို့ အံ့သြဖွယ်ရာ ခွန်အား နှင့် ပြည့်စုံ နေလေရာ ဖွန်ဂါဘီရာအား ရဟတ်ယာဉ်၏ ပြတင်းပေါက်နား ဆီသို့ လွှဲပစ် လိုက်လေသည်။

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

Saturday, November 6, 2010

တက္ကသိုလ် နေဝင်း ဘာသာပြန် ဇင်ဘာဘွေ အခန်း (၄၄) အဆက်

" အင်း ... ဒီလိုဆိုရင်တော့ ဖြစ်နိုင်ကောင်းရဲ့လို့ ထင်တယ် "
" ဟုတ်ပြီ၊ ဒါဖြင့် ကျုပ်တို့ အဲဒီအတိုင်းပဲ လုပ်ကြမယ်။ ကျုပ်က တောင်ကြားလမ်းရဲ့ အပေါ်ဘက်ကို တက် သွားမယ်။ သူငယ်ချင်းက မိန်းကလေးနှစ်ယောက်ပါ ခေါ်ပြီး မြေကွက်လပ်နဲ့ အနီးဆုံး တောစပ်ကို ရောက်အောင် သွားရမယ်။ ကျုပ်ပြောတာရှင်းရဲ့လား "
တွန်ဂါတာ က မေးလိုက်လျှင် ခရိတ်က သဘောပေါက်ဟန်ဖြင့် ခေါင်းညိတ်လိုက်သည်။
ထိုအခါ တွန်ဂါတာသည် သူ၏ လက်ပတ်နာရီကို ကြည့်ပြီး ဆက်ပြောလေသည်။

" အခု အချိန်ကစပြီး လေးဆယ့်ငါးမိနစ်အာကာ ကိုးနာရီခွဲတိတိမှာ ကျုပ်က ရန်သူစစ်သားတွေဘက်ကို လက်ပစ်ဗုံး တွေလည်း ပစ်မယ်၊ အေကေ ၄၇ သေနတ်နဲ့လည်း တရကြမ်း ပစ်ထည့်လိုက်မယ်။ စစ်သားတွေ ကတော့ သူတို့ကို လူအုပ်နဲ့ လာတိုက်တာပဲလို့ထင်ပြီး သေနတ်သံကြားရာဘက်ကို မဲလိုက်လာလိမ့်မယ်။ ရဟတ်ယာဉ်ရှိတဲ့ ကွက်လပ်မှာ ဆက်နေမှာ မဟုတ်ဘူး။ သူငယ်ချင်းတို့ကတော့ သေနတ်ပစ်သံ၊ လက်ပစ်ဗုံး ခွဲသံကြားတာနဲ့ ရဟတ်ယာဉ်ဆီကို တအားပြေးပေတော့။ ရဟတ်ယာဉ် မြေပြင်က ကြွတက်တာနဲ့ ကျုပ်က ကွက်လပ်ရှိ တဲ့နေရာကို တအားပြေးမယ်။ ဟောဟိုနေရာပဲ "
တွန်ဂါတာ က လက်ဖြင့် ညွှန်ပြသည်။

" ရုတ်တရက်ဆိုတော့ ရှိုနာစစ်သားတွေက ကျုပ်ကို မီလာဦးမှာ မဟုတ်ဘူး။ ဒီတော့ ခင်ဗျားတို့က ကျုပ်ကို ရဟတ်ယာဉ်ပေါ် ဆွဲတင်ဖို့ လုပ်ရမယ် "
" ကောင်းတယ်၊ ဒီတိုင်းပဲ လုပ်ကြရအောင် "
ခရိတ်က ပြောရင်းနှင့် အေကေ ၄၇ မောင်းပြန်ရိုင်ဖယ်သေနတ်နဲ့ လက်ပစ်ဗုံးတစ်လုံးတော့ ယူထားမယ် "
တွန်ဂါတာထံမှ စစ်သေနတ်ငယ်ကိုပါ ခရိတ် ယူလိုက်လေသည်။
သူသည် တွန်ဂါတာအား ရင်းနှီးစွာပင် ပခုံးပုတ်၍ နှုတ်ဆက်လိုက်လေသည်။

" ကိုင်း ... သူငယ်ချင်း လူချင်းခွဲကြစို့ "
တွန်ဂါတာသည် ချက်ချင်းပင် တောင်စောင်းတစ်ဖက်သို့ ထွက်သွားရာ ခရိတ်က မိန်းကလေးနှစ်ယောက်ကို ခေါ်လျက် မြေကွက်လပ်ရှိရာသို့ ခေါ်သွားလေသည်။
ယင်းသို့ သွားရာတွင် ရန်သူစစ်သားများ၏ အခြေအနေကိုလည်း အထူးသတိထား၍ ပတ်ဝန်းကျင်ကို လှည့်ပတ် အကဲခတ်ကြည့်သွားလေသည်။
ကွက်လပ် အနီး တောစပ်ရှိ သစ်ပင်အုပ်တစ်နေရာတွင် ခရိတ်က ရပ်လိုက်သည်။
" ဒါထက်ပိုပြီး အနီးကပ်သွားလို့ မဖြစ်ဘူးကွ။ ဒီတော့ ငါတို့ ဒီမှာပဲ အသာငြိမ်နေလိုက်ကြရမယ် "

သူတို့နေရာမှ ခြေလှမ်းတစ်ရာ့ငါးဆယ်ခန့်အကွာ မြေကွက်လပ်အလယ်တွင် ရဟတ်ယာဉ် ရှိနေလေသည်။ လေယာဉ်မှူး (ပိုင်းလော့)က ရဟတ်ယာဉ်၏ အရိပ်တွင် ဆောင့်ကြောင့်ထိုင်နေသည်။ ဆူပါဖရီလွန် အမျိုး အစား ရဟတ်ယာဉ် ဦးပိုင်းမှာ တိုပြီး အစိမ်းရင့်ရောင် ဆေးသုတ်ထားလေသည်။
ခရိတ် သည် ဆယ်လိ၏ နီးတွင် ထိုင်ချလိုက်ပြီး တိုးတိုးမေးလေသည်။
" ရဟတ်ယာဉ်က ခရီးအဝေး ဘယ်လောက်ထိအောင် တောက်လျှောက် ပျံသန်းနိုင်သလဲ "
" ဓာတ်ဆီတိုင်ကီ အပြည့်ရှိရင်တော့ မိုင်ခြောက်ရာလောက်တော့ ပျံသန်းနိုင်ပါလိမ့်မယ် "
" ဒါဖြင့် ရဟတ်ယာဉ်မှာ ဓာတ်ဆီတိုင်ကီအပြည့် ရှိပါစေလို့ ဆုတောင်းကြရုံပဲ "
ပြောရင်းနှင့် ခရိတ်သည် သူ၏ ရိုးလက်စ်နာရီကို ကြည့်လိုက်ပြန်သည်။

" ဆယ်မိနစ် လိုသေးတယ် "
ပြောရင်းနှင့် ခရိတ်သည် မိန်းကလေးနှစ်ဦးအား ချော့ကလက်တစ်ခုစီ ထုတ်ပေးလိုက်သည်။
ဆယ်လီ၏ မျက်နှာကို မြေမှုန်များ သုတ်လိမ်း၍ ရုပ်ဖျက်ထားသော်လည်း ချွေးများ ထွက်လာသဖြင့် ခရိတ်သည် မြေဘကီး အနည်းငယ်ကို ရေဘူးထဲမှ ရေနှင့် ရောစပ်လျက် ရွံ့စေးဖြစ်အောင်ပြုလုပ်ကာ ဆယ်လိ၏ မျက်နှာကို နောက်ထပ် သုတ်လိမ်းပေးလိုက်သည်။ တစ်ဖန် ဆယ်လီကလည်း ခရိတ်၏ မျက်နှာ ကို ရွှံ့ဖြင့် သုတ်လိမ်းပေးလိုက်သည်။
" အချိန် နှစ်မိနစ်ဘဲ လိုတော့တယ်ကွ "
ခရိတ်က ပြောရင်း မြေကွက်လပ်ဆီသို့ လှမ်းကြည့်လိုက်သည်။

လေယာဉ်မှူးသည် ထိုင်ရာမှထ၍ အညောင်းဆန့်လိုက်ပြီးနောက် ရဟတ်ယာဉ်ပေါ်သို့ ပြန်တက်လိုက်သည်။
ယင်း အပြုအမူကို ခရိတ်က ကြည့်ပြီး -
" တစ်ခုခုတော့ ဖြစ်ညပီထင်တယ် " ဟု ခပ်တိုးတိုး ပြောလိုက်သည်။
ထိုအချိန်၌ မမြင်ရလင့်ကစား တဲအတွင်း၌ လူတွေ လှုပ်လှုပ်ရှားရှား ဖြစ်နေသည်ကိုကား သတိပြုမိ လေသည်။
မကြာမီ လူတစ်စု ရွက်ထည်တဲတွင်းမှ ထွက်လာလေသည်။

လက်နက်ကိုင် အစောင့်များက ပျာပျာသလဲ အလေးပြုကြပုံကို မြင်ရခြင်းအားဖြင့် တဲတွင်းမှ ထွက်လာသူ များတွင် ထိပ်သီးအရာရှိကြီးများ ပါလိမ့်မည်ဟု တွက်၍ရပေသည်။
ထိုအခိုက်မှာပင် ရဟတ်ယာဉ် စက်နှိုးသံကြားရပြီး ပန်ကာဒလက်များလည်ပတ်စပြုလာသည်။
ရဟတ်ယာဉ်၏ အိပ်ဇောပိုက်များမှ အဖြူရောင် မီးခိုးများ ထွက်လာပြီး အင်ဂျင်စက်ရှိန် တဖြည်းဖြည်း မြင့်လာ လေသည်။

ထိုအချိန်၌ ရွက်ထည်တဲတွင်းမှ ထွက်လာသူ အရာရှိနှစ်ဦးသည် ရဟတ်ယာဉ်ရှိရာသို့ လျှောက်သွားရာ ခရိတ်သည် လူတစ်ယောက်ကို ချက်ချင်း မှတ်မိလေသည်။
" ဟေ့ ... ငါတို့တော့ ပြဿနာပေါ်ပြီနဲ့ တူတယ်။ အခု သွားနေတဲ့ လူနှစ်ယောက်ထဲက တစ်ယောက်ဟာ ဖွန်ဂါဘီရာ ပဲ။ သူတို့ ကြည့်ရတာ ဒီနေရာက ပြန်ထွက်သွားတော့မယ် ထင်တယ် "
ပြောပြော ဆိုဆို ခရိတ်သည် ရှေ့သို့ တိုးသွားလေသည်။

ဗိုလ်ချုပ် ဖွန်ဂါဘီရာသည် ကျားသစ်ခေါင်းတံဆိပ်ပါသော သံပရာခွံဦးထုပ်ပျော့ဆောင်းထားပြီး ယူနီဖောင်း ၀တ်စု့ တ၀်ထားလေသည်။ ရင်ဘက်တွင်လည်း စစ်မှုထမ်းကောင်းတံဆိပ်၊ သူရဲကောင်းတံဆိပ်၊ သူရသတ္တိ ဘွဲ့တံဆိပ် စသော တံဆိပ်တွေ တသီတတန်းကြီး တပ်ဆင်ထားသည်။ သူ၏ လက်မောင်းတွင်ကား သူကိုင် နေကျ လက်ကိုင်တုတ်တိုကို ချိုင်းကြားညှပ်ထားလေသည်။
လမ်းလျှောက်လာရင်း ဖွန်ဂါဘီရာသည် သူ၏ဘေးရှိ အရပ်မြင့်မြင့် မျက်နှာဖြူ လူမျိုးတစ်ဦးနှင့် စကား လက်ဆုံ ကျနေပုံရသည်။ ထိုမျက်နှာဖြူ အမျိုးသားမှာ ခရိတ် ယခင်က လုံးဝ မမြင်ဖူးသော မျက်နှာစိမ်းတစ် ဦးဖြစ် လေသည်။

အရပ်မြင့်မြင့်နှင့် မျက်နှာဖြူလူမျိုးသည် ဆာဖာရီဂျက်ကက်ခေါ် အာဖရိကတိုက်၌ နိုင်ငံခြားသားများ တော လိုက်အမဲပစ်ရာတွင် ၀တ်လေ့ရှိသော ကာကီရောင်ဝတ်စုံကို ၀တ်ဆင်ထားသည်။ ဦးခေါင်း၌ ဆံပင်ကို ခေါင်းတုံး ဆံတောက် ညှပ်ထားပြီး မျက်နှာထားက လူတစ်ဖက်သား အလိုလို မုန်းချင်စရာကောင်းသည့် အင်္ဂါ ရုပ်မျိုးဖြစ်နေသည်။ သူသည် ယခုခေတ်ပေါ် လက်ဆွဲအိတ်တစ်ခု ကိုင်ထားပြီး ယင်းလက်ဆွဲအိတ်ကို သံကြိုး နှင့် သူ၏ လက်ကောက်ဝတ် တစ်ဖက်တွင် သော့ခတ် ချိတ်ဆွဲထားလေသည်။

သူသည် ဗိုလ်ချုပ် ဖွန်ဂါဘီရာ ပြောနေသည့် စကားကို အာရုံစိုက်နားထောင်ရင်း ရဟတ်ယာဉ်ဆီသို့ လျှောက်သွား လျက်ရှိသည်။
ရွက်ထည်တဲမှထွက်၍ ရဟတ်ယာဉ်သို့အသွား လမ်းတစ်ဖက်သို့ အရောက်တွင် သူတို့နှစ်ဦးသည် ရုတ်တရက် ရပ်လိုက်ပြီး တစ်စုံတစ်ခုကို အပြန်အလှန် ငြင်းခုံနေကြဟန်ဖြင့် စကားများနေသည်ကို ခရိတ်က မြင်ရ လေသည်။

မျက်နှာဖြူလူမျိုးသည် လက်တစ်ဖက်မြှောက်၍ ဟန်အမူအရာလုပ်ကာ သူဆိုလိုသည့် အချက်ကို အကျောက် အကန် ပြောဆိုနေပုံရလေသည်။
ခရိတ်တို့ ပုန်းနေသော နေရာနှင့် အတော်ပင် နီးကပ်နေပြီဖြစ်ရာ မျက်နှာဖြူ အမျိုးသား၏ မျက်နှာကို ထင်ရှားစွာ မြင်နေရလေသည်။ သူ၏ မျက်လုံးများက အထူးပင် အရောင်အသွေး ဖျော့တော့တော့ဖြစ်နေ သဖြင့် အသက်မရှိသော ကျောက်ရုပ်တုတစ်ခု၏ မျက်လုံးများနှင့်တူနေသည်ဟု ခရိတ်က ထင်မိလေသည်။

ထိုလူ၏ အသားအရေတွင် ထိခိုက်ဒဏ်ရာ ရခဲ့ဖူးသော အမာရွတ်ဟောင်းများလည်း ရှိနေသည်။ ဖွန်ဂါဘီရာ နှင့် ယှဉ်ကြည့်သော် မျက်နှာဖြူ အမျိုးသား ပိုပြီး သြဇာလွှမ်းမိုးနေသည့်ပုံမျိုး ဖြစ်နေပေသည်။ သူသည် ဗိုလ်ချုပ် ဖွန်ဂါဘီရာအား အထင်သေးပုံလည်းရသည်။
ဗိုလ်ချုပ် ဖါန်ဂါဘီရာ၏ မျက်နှာထား အမူအရာမှာမူ သူ့ကိုယ်သူ ယုံကြည်မှု အပြည့်အ၀ မရှိသူတစ်ယောက် ၏ အသွင်မျိုး ဖြစ်နေပေသည်။ မျက်နှာဖြူ အမျိုးသားနှင့် စကားပြောရာတွင်လည်း အပေါ်စီးဖြင့် ပြောပုံမျိုး မဟုတ် ဘဲ တိုးလျှိုးတောင်းပန်သည့် ဟန်မျိုး ဖြစ်နေလေသည်။ ဤသည်မှာ အတော် ထူးဆန်းနေတော့ သည်။

ခရိတ်အနေဖြင့် ဖါန်ဂါဘီရာအား ယခုလို ဟန်အမူအရာမျိုးနှင့် ယခင်က တစ်ကြိမ်တစ်ခါမှ မတွေ့ဖူးမိချေ။
မျက်နှာဖြူ လူကြီးသည် ဗိုလ်ချုပ် ဖွန်ဂါဘီရာ၏ စကားကို လုံးဝ လက်မခံသည့် ဟန်မျိုးဖြင့် လက်ကို ကာပြ လိုက်ပြီး မျက်နှာကိုပါ တစ်ဖက်သို့ လွှဲနေလိုက်သည်။
သည်တော့မှ ဖါန်ဂါဘီရာလည်း လက်လျှော့ဟန်ဖြင့် သက်ပြင်း ချလိုက်ပြီး ရဟတ်ယာဉ်ရှိရာသို့ ဆက်လျှောက်သွားလေသည်။
ထိုအခိုက် လက်ပစ်ဗုံးတစ်လုံး ပေါက်ကွဲသည့်အသံသည် ကျယ်လောင်စွာ ထွက်ပေါ် လာလေသည်။ ဖွန်ဂါ ဘီရာ နှင့် သူ၏အဖော် မျက်နှာပြူလူကြီးတို့သည် ပေါက်ကွဲသံကြားရာဘက်သို့ လှမ်းကြည့်လိုက်ကြသည်။

တစ်ချိန်တည်းမှာပင် လက်ပစ်ဗုံးကွဲနေရာဘက်မှ အေကေ ၄၇ မောင်းပြန်ရိုင်ဖယ်သေနတ်ပစ်သံ အဆက် မပြတ် ထွက်ပေါ်လာပြန်သည်။
ရွက်ထည်တဲဘက်ဆိမှ ရှိုနာဘာသာဖြင့် အမိန့်ပေးသံများလည်း ကြားရလေသည်။ လက်နက်ကိုင် စစ်သား များသည် ပစ်ခတ်သံများ ထွက်ပေါ်ရာ တောင်ကြားဒေသအပေါ် နားဘက်ဆီသို့ လျင်မြန်စွာ ပြေး သွားကြကုန် သည်ကိုလည်း မြင်ရလေသည်။

နောက်ထပ် မောင်းပြန် သေနတ်ဆွဲသံ ထွက်ပေါ်လာပြန်ရာ လူအားလုံး၏ အာရုံသည် သေနတ်သံ ထွက်ပေါ်ရာ ဘက်သို့သာ ရောက်နေကြတော့သည်။
ခရိတ် လည်း အချိန်ကျပြီဟု ဆုံးဖြတ်လိုက်သည်။

" ကဲ ... လာကြဟေ့၊ ဆယ်လီကတော့ မင်းဘာလုပ်ရမယ်ဆိုတာ သိပြီးသားပဲ မဟုတ်လား "
ဤတွင် သူတို့သုံးဦးသည် မြေကွက်လပ်အလယ်ဆီသို့ ထွက်လာကြလေသည်။
" သိပ်လည်း ရှေ့လောမကြီးနဲ့ကွ "
ခရိတ်က သတိပေးလိုက်သဖြင့် သူတို့သုံးဦးသည် လူစုမခွဲဘဲ အတူတူစု၍ နေကာလျင်မြန် သွက်လက်စွာ ဆက်သွားကြလေသည်။ သူတို့သည် ဗိုလ်ချုပ် ဖွန်ဂါဘီရာနှင့် သူ၏ အဖော်မျက်နှာဖြူ လူကြီးရှိရာသို့ ဦးတည် သွားကြခြင်းဖြစ်လေသည်။

ခရိတ်သည် လက်ပစ်ဗုံးမှ "ပင်" ခေါ် စနက်တံကို သွားဖြင့် ကိုက်ဖြုတ်ပြီး လက်ဝဲဘက်ဖြင့် ကိုင်ထားလိုက် သည်။ လက်ယာဘက်တွင်ကား အူဇီစက်သေနတ်ကို အသင့် မောင်းတင်း၍ ကိုင်ထားသည်။
သူတို့သည် ခြေလှမ်းငါးလှမ်းမျှကွာသောနေရာသို့ ရောက်တော့မှ ဖွန်ဂါဘီရာသည် ခရိတ်တို့ဘက်သို့လှည့် ကြည့်လိုက် မိလေသည်။ ခရိတ်၏ မျက်နှာတွင် ရွှံ့များ သုတ်လိမ်းထားသော်လည်း ဖွန်ဂါဘီရာက ချက်ချင်း မှတ်မိပြီး အကြီးအကျယ် အံ့အားသင့်သွားလေသည်။

ယင်းသို့ အံ့အားသင့်နေချိန်မှာပင် ခရိတ်က အူဇီသေနတ်ဖြင့် ဖွန်ဂါဘီရာ၏ ရင်ဘတ်တည့်တည့်သို့ ချိန် ထားလိုက်သည်။
" ဒီနေရာကဆိုရင် ကျုပ်ပစ်လိုက်တာနဲ့ ခင်ဗျားတစ်ကိုယ်လုံး မှုန့်မှုန့် ညက်ညက် ကြေသွားမယ်။ ဟောဒီ လက်ပစ်ဗုံးကလည်း "ပင်" အသင့်ဖြုတ်ထားပြီးသားဖြစ်တယ်။ ကျုပ်က လက်ပစ်ဗုံးကို လွှတ်ချလိုက်တာနဲ့ ခင်ဗျားရော ကျုပ်တို့ရော အားလုံး ကိစ္စတုံးသွားမှ သေချာတယ် "
ထိုအချိန်၌ ရဟတ်ယာဉ်၏ စက်သံ ဆူညံနေသဖြင့် ခရိတ်က အော်ပြောရလေသည်။

" ကိုင်း ... ခင်ဗျားတို့ နှစ်ယောက်စလုံး ရဟတ်ယာဉ်ရှိရာကို ဣနြေ္ဒမပျက် ဆက်လျှောက်သွားပါ။ မြန်မြန် လည်း မလျှောက်နဲ့၊အော်လည်း မအော်ပါနဲ့ "
ခရိတ်က အမိန့်ပေးလိုက်ပြီး သူကိုယ်တိုင် ဖွန်ဂါဘီရာတို့နောက်မှာ သုံးလှမ်းခွာလျက် သွားလေသည်။
ရဟတ်ယာဉ်သို့ ရောက်သွားသောအခါ လေယာဉ်မှူး (ပိုင်းလော့)သည် လက်နှစ်ဖက်စလုံး အပေါ်သို့ မြှောက်လျက် မတ်တတ်ထလိုက်သည် သူ၏ နောက်နားတွင်ကား ဆာရာက ပစ္စတိုလ်သေနတ် ချိန်လျက် ရပ်နေလေသည်။

" ဟေ့ကောင် မင်း ချက်ချင်း အောက်ဆင်းလိုက်စမ်း "
ခရိတ်က အမိန့်ပေးလိုက်သဖြင့် ပိုင်းလော့သည် လျင်မြန်စွာ ခုန်ဆင်းလိုက်လေသည်။
-----------------------
အခန်း (၄၅)

" အားလုံးကို ပြောလိုက်စမ်း ဗိုလ်ချုပ် ဖွန်ဂါဘီရာကို ငါတို့က ဓားစာခံအဖြစ် ဖမ်းထားလိုက်ပြီလို့။ ငါတို့ကို တိုက်ခိုက်မယ်ကြံရင် ဗိုလ်ချုပ်ရဲ့ အသက်အန္တရာယ်ထိခိုက်လိမ့်မယ်ဆိုတာလည်း ပြောလိုက်။ ငါပြောတာ နားလည်ရဲ့လား "
ခရိတ် က ခက်ထန်စွာ ပြောလိုက်ရာ လေယာဉ်မှူးလည်း ထိတ်လန့်တုန်လှုပ်စွာနှင့်ပင် ခေါင်းညိတ်ပြ လေသည်။
" ဟုတ်ကဲ့ နားလည်ပါတယ်

" ဟုတ်ပြီ၊ အခု မင်းက ဟိုရွက်ထည်တဲဆီကို ပြန်လျှောက်သွား၊ ဖြည်းဖြည်းပဲလျှောက်၊ ပြေးလည်း မပြေးနဲ့၊ အော်လည်း မအော်နဲ့ "
ခရိတ်က ထပ်မံအမိန့်ပေးလိုက်သည်တွင် လေယာဉ်မှူးသည် စိတ်ပေါ့ပါးသွားဟန်ဖြင့် လျှောက်ထွက်သွား လေသည်။ ပထမတွင် ခပ်ဖြည်းဖြည်းမှန်မှန် သွားဟန်ဖြင့် လျှောက်ထွက်သွားသော်လည်း အနည်းငယ် လှမ်းသွားသော အခါ ခပ်သွက်သွက် ပြေးသွားလေသည်။

" ကဲ ... ရဟတ်ယာဉ်ပေါ်ကို တက်လိုက်ကြပါ "
ခရိတ်က အူဇီစက်သေနတ်ဖြင့် ချိန်၍ အမိန့်ပေးလိုက်သည်။ သို့သော် ဗိုလ်ချုပ် ဖွန်ဂါဘီရာသည် မလှုပ်ရှား ဘဲ ခရိတ်ကိုသာ စိုက်ကြည့်နေလေသည်။
" ဟေ့လူ ခင်ဗျား လှုပ်ရှားမယ် မကြံနဲ့ "
ခရိတ်က ပြောရင်း နောက်သို့ ခြေတစ်လှမ်း ဆုတ်လိုက်သည်။ သူသည် ဖါန်ဂါဘီရာအား အကဲခတ်ကြည့်၍ ထိုလူ၏ စိတ်ထဲ မည်သို့ အကြံရှိမည်ကို ရိပ်မိ၍ ဤသို့ ပြောလိုက်ခြင်းဖြစ်သည်။
အကျဉ်းအကျပ် တွေ့နေသူတစ်ယောက်သည် မျှော်လင့်ချက် မရှိတော့ဟု သိပြီဆိုလျှင် မိုက်ရူးရဲ လှုပ်ရှား တိုက်ခိုက် တတ်ကြောင်း ခရိတ်က သိပြီးဖြစ်၍ အလစ်မပေးသည့် သဘော နောက်ပြန် ဆုတ်လိုက်ခြင်း ဖြစ်သည်။

" ဟေ့လူ ရဟတ်ယာဉ်ပေါ် တက်လေ၊ လှေကားကနေပြီး တက်လိုက်ပါ "
ခရိတ်က ပြောလိုက်စဉ်မှာပင် ဗိုလ်ချုပ်ဖွန်ဂါဘီရာသည် တကယ်ပင် မိုက်ရူးရဲစွန့်စားလျက် ခရိတ်အား အတင်းဝင်လုံးရန် ပြေးဝင်လာလေသည်။
သူသည် အူဇီစက်သေနတ်ပြောင်းဝ တည့်တည့်သို့ ပြေးဝင်လိုက်ခြင်းပင် ဖြစ်သည်။ သို့သော် ခရိတ်ကလည်း ယင်းအကွက် ကို ကြိုတင်မြင်သဖြင့် အသင့်ပြင်ထားပြီးဖြစ်နေသည်။
သူသည် လုံးဝမပစ်ခတ်ဘဲ အူဇီသေနတ်ဒင်ဖြင့် ဖွန်ဂါဘီရာ၏ နားထင်ဆီသို့ တအား လွှဲရိုက်ချလိုက်သည်။

ဖွန်ဂါဘီရာလည်း ဒူးထောက်လဲကျသွားလေသည်။
ခရိတ်သည် လျင်မြန်ဖျတ်လတ်စွာ အူဇီသေနတ်ကို မျက်နှာဖြူ အမျိုးသားဘက်သို့ လှည့်ချိန်ထားလိုက်ပြန် သည်။ ခုခံတိုက်ခိုက်ပါက ပစ်ရန် အဆင်သင့်ပြင်ထားလိုက်သည်။
" ခင်ဗျားက ဗိုလ်ချုပ်ကို ရဟတ်ယာဉ်ပေါ် တက်နိုင်အောင် ကူညီလိုက်ပါ "
ခရိတ်က လေသံတင်းတင်းဖြင့် အမိန့်ပေးလိုက်ရာ မျက်နှာဖြူ လူကြီးသည် အညံ့မခံလိုသော်လည်း အူဇီစက်သေနတ်ကိုတော့ ကြောက်သဖြင့် မတတ်သာဘဲ ဖွန်ဂါဘီရာအား တွဲထူ၍ မတ်တတ်ထစေလိုက် သည်။

ဖါန်ဂါဘီရာသည် သေနတ်ဒင်ဖြင့် တအား အရိုက်ခံရသော ဒဏ်ကြောင့် သတိမမေ့သော်လည်း မူးဝေ ထိုင်းမှိုင်း နေဟန် တူလေသည်။
" အခုမှတော့ မထူးတော့ပါဘူး၊ ကိစ္စတုံးနေမှပဲ "
ဖွန်ဂါဘီရာက စိတ်ပျက်အားလျှော့ဟန်ဖြင့် ခပ်တိုးတိုးပြောရာ မျက်နှာဖြူကြီးက မကျေမနပ်ဖြစ်လျက် -
" ခင်ဗျား တိတ်တိတ်နေစမ်းပါ " ဟု ငေါက်လိုက်သည်။

" ဟေ့ ... လူကြီး၊ ဗိုလ်ချုပ်ကို ရဟတ်ယာဉ်ပေါ် မြန်မြန် တင်ပေးလိုက် "
ခရိတ်က စက်သေနတ်ပြောင်းဖြင့် ထောက်၍ အမိန့်ပေးလိုက်သောအခါ မျက်နှာဖြူ လူကြီးသည် ဖွန်ဂါဘီရာ အားတွဲလျက် ရဟတ်ယာဉ်လှေကားပေါ်သို့ စတက်လေသည်။
" ဟေ့ ... ဆာရာ မင်းက သူတို့နှစ်ယောက်စလုံးကို သေနတ်နဲ့ ဆက်ချိန်ထားပါ "
ခရိတ် က ရဟတ်ယာဉ်ပေါ်မှ ဆာရာအား လှမ်းအော်ပြောလိုက်ပြီးနောက် ရဟတ်ယာဉ် ပိုင်းလော့အား လှမ်းကြည့် လိုက်ရာ ထိုလူသည် ကွက်လပ်၏ အစပ်နားဆီသို့ ရောက်လုပြီဖြစ်ကြောင်း တွေ့ရလေသည်။

" ဟေ့လူတွေ မြန်မြန်တက်ကြ "
ခရိတ်က ငေါက်၍ ပြောလိုက်သဖြင့် မျက်နှာဖြူလူကြီးသည် ဖွန်ဂါဘီရာအား ရဟတ်ယာဉ်ပေါ်သို့ တွန်းတင် ပေးလိုက်သည်။
ထိုအချိန် ၌ မျက်နှာဖြူ လူကြီး၏ လက်တွင် သံကြိုးဖြင့် သော့ခတ်ထားသော လက်ဆွဲအိတ်မှာ တွဲလောင်း ကျနေ လေသည်။

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

Friday, November 5, 2010

တက္ကသိုလ် နေဝင်း ဘာသာပြန် ဇင်ဘာဘွေ အခန်း (၄၄)

အခန်း (၄၄)

သူ့ကိုယ်သူ သန်းများ၊ ပိုးမွှားတရစ္ဆာန်များ ရှာဖွေရင်း ငုံ့နေခဲ့သူ ရှိနာစစ်သားသည် လျှပ်တစ်ပြက် လျင်မြန်စွာ ဖြစ်ပျက်သွားပုံကို နားမလည်လိုက်ဘဲ ပါးစပ်ဟောင်းသားနှင့် အကြီးအကျယ် အံ့အားသင့် နေတော့ သည်။
အံ့အားသင်ရုံမက သူ၏ မျက်နှာနားတွင် နီကပ်စွာ လာထောက်ထားသော စက်သေနတ်ပြောင်းဝ ကို ကြည့်ပြီး ပြင်းစွာ ထိတ်လန့်တုန်လှုပ်နေသည်။
စက်သေနတ်ကိုင်ထားသူ ခရိတ်၏မျက်လုံးများကလည်း အလွန်စူးရှတောက်ပြောင်လျက် ကြောက် စရာ ကောင်းလှ ပေသည်။
တွန်ဂါတာသည် စောစောက တပ်ကြပ်ကြီးကိုင်ထားသော စစ်တပ်သုံး မောင်းချဓားကို ကောက်ယူ ၍ မြေပြင် ပေါ် ပက်လက်ဖြစ်နေသူ ရှိနာစစ်သား၏ နားထင်သို့ ဓားဖျားနှင့် တေ့ထားလိုက်သည်။ ဒူးတစ်ဖက်ဖြင့် လည်း စစ်သား၏ကိုယ်ပေါ်မှ ထောက်၍ ဖိထားလိုက်သည်။

"မင်းတို့က အော်မယ်တော့ မကြံနဲ့။ အော်တာနဲ့ အသက်ပျော်ကပြီသာ မှတ်ပေတော့"
တွန်ဂါတာ က တကယ်ပင် သတ်ရန် ၀န်မလေးသည့်ဟန်ဖြင့် ခြိမ်းခြောက်လိုက်သည်။
ထို့နောက် တွန်ဂါတာသည် ခရိတ်က ကျောက်တုံးဖြင့် ထုလိုက်သော တပ်ကြပ်ကြီးအနီးသို့ သွား ၍ အသက်ရှိ သေးသလားဟု သိလိုသဖြင့် သွေးခုန်နှုန်းကို စမ်းကြည့်လေသည်။
သို့သော် ချက်ချင်းပင် ခေါင်းခါပြပြီးနောက် တပ်ကြပ်ကြီး၏ ယူနီဖောင်းဝတ်စုံကို ချွတ်ယူလိုက် သည်။ သို့ရာ တွင် သူကိုယ်တိုင် ၀တ်ကြည့်သောအခါ တပ်ကြပ်ကြီးက သူ့လောက်မထွားကျိုင်းသ ဖြင့် ၀တ်စုံ သည် တွန်ဂါတာနှင့်မတော်ဘဲ ငယ်နေလေသည်။

တွန်ဂါတာသည် ခရိတ်၏လက်မှ အူဇီစက်သေနတ်ကို ယူ၍ မသေဘဲကျန်သူစစ်သားနှစ်ဦးအား ချိန်ရွယ် ထားလိုက်ပြီး ခရိတ်အား
"စက်သေနတ်သမားရဲ့ ယူနီဖောင်းကို ချွတ်ယူလိုက်ပါ" ဟု ညွှန်ကြားလိုက်သည်။ စက်သေနတ်သ မားမှာ ဇက်ကျိုး၍ သေဆုံးနေပြီ ဖြစ်သည်။ တွန်ဂါတာက နောက်မှ အသာချဉ်းပြီး ထိုလူ၏ သံခ မောက်ကို ရုတ်တရက် နောက်သို့ လှန်ချိုးသလို ဆွဲလိုက်စဉ် သားရေမေသိုင်းကြိုးက စစ်သား၏ လည်းပင်းတွင် ချိတ်မိပြီး လည်းပင်းကို လှန်ချိုးသလို ဖြစ်သွားရာမှ ဇက်ကျိုးသေဆုံးသွားခြင်း ဖြစ် လေသည်။

စက်သေနတ်သမား၏ ယူနီဖောင်းဝတ်စုံကို ခရိတ်က ၀တ်ကြည့်ရာ ကံအားလျော်စွာ သူနှင့် တိုင်း ချုပ်ထား သလို တော်နေသည်ကို တွေ့ရလေသည်။
တွန်ဂါတာသည် ရှိုနာစစ်သားနှစ်ဦးအနားသို့ ကပ်၍-
"ဟေ့.. အလောင်းတွေကို မင်းတို့ကိုယ်တိုင် ဂူဝကို ဆွဲသွားစမ်း" ဟူ အမိန့်ပေးလိုက်သည်။
စစ်သား နှစ်ဦးလည်း အလွန်တုန်လှုပ်ချောက်ချားနေပြီဖြစ်ရာ ခိုင်းသည့်အတိုင်း အလောင်းနှစ် လောင်းကို ဂူပေါက်ဝ ဆီသို့ ဆွဲသွားလိုက်ကြလေသည်။
ခရိတ် နှင့် တွန်ဂါတာတို့က အလစ်မပေးဘဲ ထိုလူနှစ်ဦးအား တောက်လျှောက်ဆင်ခြေလျှောအ တိုင်း တွန်းချ ပစ်လိုက်ကြသည်။
"ကဲ...မင်းတို့ အ၀တ်အစားတွေ အားလုံး ချွတ်ပစ်လိုက်စမ်း"

တွန်ဂါတာက ရှိုနာစစ်သားနှစ်ဦးအား အမိန့်ပေးလိုက်ပြန်သည်။
စစ်သားများတွင် အတွင်းခံ ဘောင်းဘီကိုသာ ကျန်သောအခါ တွန်ဂါတာက ခရိတ်အား-
"သူတို့ကို ကြိုးနဲ့တုပ်လိုက်ပါ" ဟု ပြောလေသည်။
ခရိတ်သည် စစ်သားနှစ်ဦးအား မြေပြင်တွင် မှောက်အိပ်ခိုင်းပြီးနောက် လက်နှစဖက်ကို နောက်သို့ ပစ်၍ နိုင်လွန်ကြိုးဖြင့် လက်ပြန်ကြိုး ခိုင်မြဲစွာ တုပ်နှောင်လိုက်သည်.
တစ်ဖန် ခြေထောက်များကိုကွေး၍ ခြေချင်းဝတ်နှင့် လက်များကိုပါ ကြိုးနှင့်တုပ်လိုက်ပြန်သည်။ ဤကား ၀က်သတ် ရုံပို့ခါနီး ၀က်များအား တုပ်နှောင်နည်းဖြစ်၍ မည်သို့မှ ရုန်းကန်လှုပ်ရှား၍မရ သော နည်းမျိုး ဖြစ်လေသည်။

တစ်ဖန် ခရိတ်က သူတို့၏ ခြေအိတ်များကို ချွတ်၍ ပါးစပ်ပေါက်တွင် ပိတ်ဆို့ကာ ကြိုးဖြင့် စည်း ထားလိုက်ပြန်သည်။
ခရိတ်က အကျဉ်းသားနှစ်ဦးအား ကြိုးဖြင့် တုပ်နှောင်နေစဉ် တွန်ဂါတာသည် မိန်းကလေးနှစ်ဦးအား စစ်ဝတ်စုံ ယူနီဖောင်းများ ၀တ်ပေးနေလေသည်။
ယူနီဖောင်းတွေက အဆမတန်ကြီးနေသော်လည်း အင်္ကျီလက်နှင့် ဘောင်းဘီအောက်ပိုင်းတို့ကို ခေါက်၍ လည်းကောင်း၊ ခါးမှ ဘောင်းဘီကို အတင်းဆွဲ၍ ကျပ်နေအောင်ဝတ်၍ လည်းကောင်း ကြံဖန် ၀တ်ပေးလိုက်သည်။

"အိုကေ ပင်ဒူလာ၊ မင်းရဲ့မျက်နှာကို မည်းနေအောင် ရုပ်ဖျက်လိုက်ပါဦး"
တွန်တာက အမိန့်ပေးပြန်သဖြင့် ဆယ်လီသည် မျက်နှာကို မြေကြီးမှုန့်မျာဖြင့် လိမ်ကျံ ရုပ်ဖျက် လိုက်သည်။
"ဟုတ်ပြီ၊ လက်တွေကိုပါ ညိုမည်းနေအောင် လုပ်လိုက်ဦး။ ပြီးတော့ မင်းရဲ့ဆံပင်ကိုလည်း ပေါ်မနေအောင် ဖုံးအုပ် ထားဖို့ လိုလိမ့်မယ်"
ပြောပြော ဆိုဆို တွန်ဂါတာသည် ရှိုနာစစ်သားတစ်ဦး၏ သံပရာခွံဦးထုပ်ပျော့တစ်လုံးကို ဆယ်လီအား ပစ်ပေး လိုက်သည်။
"ကဲ...လာ သွားကြမယ်"

တွန်ဂါတာသည် စိတ်တွေပါလာသော ကင်းဗတ်အိတ်ကို ကောက်ယူပြီး သူကိုယ်တိုင် ရှေ့ဆောင်လျက် ရှိုနာစစ်သားများ ဆင်းထားသော စက်သေနတ်ရှိရာသို့ ခေါ်သွားသည်။
တွန်ဂါတာသည် စစ်တပ်သုံး ကျောပိုးအိတ်တစ်ခုကိုယူ၍ အတွင်းမှ ပစ္စည်းများကို သွန်ချပစ်လိုက် ပြီး စိန်တွေ ပါသော ကင်းဗတ်အိတ်ကို ကျောပိုးအိတ်အတွင်းသို့ ထည့်လိုက်သည်။ ထို့နောက် ကျောပိုးအိတ် ကို ပခုံးတွင် လွယ်ထားလိုက်သည်။

ထိုအတောအတွင်း ခရိတ်သည် ရှိုနာစစ်သားများ၏ ပစ္စည်းများကို မွှေးနှောက်ရှာဖွေကြည့်လေ သည်။ လက်ပစ်ဗုံးများ တွေ့ရသောအခါ တွန်ဂါတာအား လက်ပစ်ဗုံးနှစ်လုံးပေးလိုက်ပြီး သူကိုယ်တိုင်လည်း နှစ်လုံးကို အင်္ကျီအိတ်ထဲတွင် ထည့်ထားလိုက်သည်။
လက်နက်အနေဖြင့် အသင့်တွေ့ရသော တိုကာရက်ဗ် ပစ္စတိုလ်သေနတ်တစ်လက်ကို ဆာရာအား ပေးလိုက်သည်။
တစ်ဖန် အူဇီစက်သေနတ်တစ်လက် ထပ်တွေ့သဖြင့် ဆယ်လီအတွက်ပေးလိုက်သည်။ သူကိုယ် တိုင် အတွက် အေကေ ၄၇ မောင်းပြန် ရိုင်ဖယ်သေနတ်တစ်လက်နှင့် ကျည်ဆန်ကတ် အပိုငါးကတ် ကို ယူထား လိုက်သည်။

တွန်ဂါတာကတော့ အူဇီစက်သေနတ် နောက်ထပ် တစ်လက်ကိုင်ထားသည်။
ခရိတ်သည် အဆင်သင့် တွေ့ရသော ရေဘူတစ်ဘူးကိုပါ ယူလိုက်သည်။ ရှိုနာစစ်သားများ၏ ရိက္ခာများတွင် ချောကလက်များလည်းပါရှိရာ ခရိတ်သည် ချောကလက်တစ်ဘူးကို ဖွင့်စမ်းကြည့် ရာ အလွန်အရသာ ရှိသဖြင့် သူတို့အားလုံး နည်းနည်းစီ ယူစာလိုက်ကြသည်။
"ကျုပ် ရှေ့ဆုံးကသွားမယ်။ သစ်ပင်တွေရဲ့ အကာအကွယ်ကိုယူပြီး တောင်ကြားထဲ ရေက်ြအောင် သွားကြ မယ်"
တွန်ဂါတာ က ချောကလက်ကို ပလုတ်ပလောင်း စာရင်း သူ၏အစီအစဉ်ကို ပြောလေသည်။

သို့နှင့်ပင် သူတို့သည် တောင်ခါးပန်းတစ်လျှောက်တွင်ရှိသော သစ်ပင်ချုံကွယ်များ၏ အကာအ ကွယ်ကို ယူကာ ဆက်လျှောက်သွားကြလေသည်။
သွား၍ သိပ်ဝေးဝေးသို့ မရောက်သေးမီ ရဟတ်ယာဉ်၏အသံကို ကြားရလေသည်။ အင်ဂျင်စက် သံကို ခန့်မှန်းရခြင်းအားဖြင့် ရဟတ်ယာဉ်သည် တော်ကြားဒေသမှတစ်ဆင့် မိမိတို့ ရှိရာဘတ်သို့ လာနေသည် ဟု ခန့်မှန်းရလေသည်။
တောင်စောင်း နှင့်ကွယ်နေသဖြင့် ရဟတ်ယာဉ်ကို မမြင်ရသော်လည်း လျင်မြန်စွာ လာနေပြီဖြစ် ကြောင်း ထင်ရှား နေပေသည်။
"အားလုံး ၀ပ်နေလိုက်ကြ"

ခရိတ်က အော်ပြောရင်း အနီးရှိ ဆယ်လီအား ခပ်ကြမ်းကြမ်းပင် ပခုံးနှင့်တိုက်၍ တွန်းချလိုက်ရာ နှစ်ယောက်စလုံ လုံးထွေးလျက် လိမ့်ကျသွားလေသည်။
ထိုအချိန် ၌ ရဟတ်ယာဉ်၏ ပန်ကာဒလက်သံများက အလွန်ကျယ်လောင်လာပြီး ရဟတ်ယာဉ် သည် ရှေ့ဆက်က သွားဘဲ တစ်နေရာတည်းတွင် ရပ်နေသည်ဟု ထင်ရလေသည်။
"ရဟတ်ယာဉ် က မြေပြင်ကို ဆင်နေပြီရှင့်"

ဆယ်လီက ပြောလိုက်ပြီး မရှေါ်မနှောင်းမှာပင် အင်ဂျင်စက်သံ ရပ်သွားလေသည်။
"ဟုတ်တယ် ရှင့်၊ ရဟတ်ယာဉ်က မြေကြီးပေါ် ရောက်နေပြီ။ ဒါကြောင့် လေယာဉ်မှူးက စက်ကို ရပ်လိုက် တာ ဖြစ်မယ်"
ဆယ်လီ ကပင် ဆက်ပြောလိုက်သည်။

အင်ဂျင်စက်သံ ရပ်သွားသော်လည်း မလှမ်းမကမ်းမှ ရှိုနာဘာသာဖြင့် အမိန့်ပေးသံများကို သဲ့သဲ့ ကြားနေ ရလေသည်။
"ပူဖိုး ဒီဘတ်ကို လိာခဲ့စမ်းပါ။ မိန်းကလေးနှစ်ယောက်က ခဏစောင့်နေကြဦး"
တွန်ဂါတာ က လှမ်းအမိန့်ပေးလိုက်သဖြင့် ခရိတ်လည်း ချက်ချင်းပင် ချဉ်းကပ်သွားလေသည်။

တွန်ဂါတာသည် ခရိတ်နှင့်အတူ တောင်ကမူငယ်တစ်ခုရှိရာသို့ တွားသွားပြီးနောက် မသိမသာ ခေါင်းထောင် ကြည့်လေသည်။
ထိုနေရာမှ တောက်ကြားမြေပြန့်သို့ လှမ်းမြင်နေရလေရာ သစ်ပင်တောအုပ်များအကြား မြေကွက်လပ် ငယ် တစ်ခု ရှိသည်ကိုလည်း မြင်ရလေသည်။ ကွက်လပ်၏ တစ်ဖက်အစွန်း သစ်ပင်များအနီး၌ နေပူရှိန် ကာကွယ် ရန် ကင်ဗတ် (ရွက်ထည်ဖျင်) အမိုးဖြင့် တဲတစ်ခု မိုးထားသည့် နေရာကိုလည်း သတိပြု မိကြလေသည်။
ရဟတ်ယာဉ်သည် မြေကွက်လပ်အလယ်တွင် ရှိနေပြီး လေယာဉ်မောင်းသူ(ပိုင်းလော့)က ရဟတ်ယာဉ် ပေါ်မှ ဆင်းနေလေသည်။ ရွက်ထည်တဲအနီး သစ်ပင်အောက်တွင် တတိယတပ်မဟာ မှ ယူနီဖောင်း ၀တ် လက်နက်ကိုင် စစ်သားများလည်း ရှိနေကြလေသည်။

ရွက်ထည်တဲအတွင်း၌ကား လူသုံးလေးယောက်ခန့် စားပွဲတစ်လုံးနှင့် ထိုင်နေကြသည်။
"အဲဒါ ဗိုလ်ချုပ် ဖွန်ဂါဘီရာရဲ့ ရှေ့တန်းယာယီစစ်ဌာနချုပ်ပဲ ဖြစ်ရမယ်"
ခရိတ်က ခပ်တိုးတိုး မှတ်ချက်ချလိုက်ရာ တွန်ဂါတာကလည်း ခေါင်းညိတ်လိုက်သည်။

"ဟုတ်လိမ့်မယ်၊ နောက်တစ်ခုက ဒီတောင်ကြားဒေသက ကျုပ်တို့စောစောက ၀င်ခဲ့တဲ့နေရာပဲဗျ။ လိုဏ်ဂူ ရဲ့ အဓိက ခန်းမကျယ်ကြီးဟာ အခု ကျုပ်တို့ရှိနေရာအောက် တည့်တည့်မှာ ရှိလိမ့်မယ် ထင်တယ်"
"ဟုတ်တယ် သူငယ်ချင်းပြောတာ မှန်တယ်"
ထိုအခိုက် စစ်သည်တပ်စုတစ်စုသည် တန်းစီ၍ တောင်ကြားဒေသမှ လျှောက်ထွက်သွားနေ သည်ကို မြင်ရလေ ရာ ခရိတ်က ညွှန်ပြရင်း-
"သူတို့ ဒီနေရာက ပြန်ထွက်သွားတော့မယ် ထင်တယ်" ဟု ပြောလိုက်သည်။

"ဒီလိုလည်း ဖြစ်နိုင်တယ်။ သူတို့က ဂူထဲကို ဒိုင်းနမိုက်နဲ့ ဖောက်ခွဲလိုက်ပြီးတော့ အချိန်လေးဆယ့် ရှစ်နာရီလောက် စောင့်ကြည့်ကြပြီး ကျုပ်တို့ထွက်မလာတော့ ကျုပ်တို့အားလုံး သေကုန်ပြီလို့ ယူဆတာနဲ့ ပြန်ထွက်ခွာသွားတာများလား မပြောတတ်ဘူး"
"အခုမြင်ရတာ လူအင်အား ဘယ်လောက်ရှိမလဲ"
တွန်ဂါတာ က မေးလိုက်ရာ ခရိတ်သည် သေချာစွာ ပြန်ကြည့်ပြီးမှ ပြောလေသည်။
"ကျုပ် အခုမြင်ရသလောက် လူနှစ်ဆယ်လောက် ရှိတယ်။ ဒါပေမဲ့ ကျုပ်မမြင်ရတဲ့လူတွေလည်း နောက်ထပ် ရှိနိုင်တယ်"
တွန်ဂါတာ သည် ဆယ်လီအား လက်ပြခေါ်လိုက်ပြီး အနီးသို့ ရောက်သောအခါ ရဟတ်ယာဉ်ကို ညွှန်ပြ လိုက်သည်။

"အဲဒီရဟတ်ယာဉ်ကို မင်း ဘယ်လိုသဘောရလဲ"
"အဲဒါက ဆူပါဖရီလွန်လို့ခေါ်တဲ့ ရဟတ်ယာဉ် အမျိုးအစားပဲရှင့်"
ဆယ်လီက သွက်လက်စွာ ပြန်ဖြေလိုက်သည်။
"မင်းအနေနဲ့ ဒီရဟတ်ယာဉ်ကို မောင်းလို့ဖြစ်မလား"
"ကျွန်မက ဘယ်လို ရဟတ်ယာဉ်မျိုးဖြစ်ဖြစ် မောင်းတတ်ပါတယ်"
ဤတွင် ခရိတ်က သဘောမကျဟန်ဖြင့် ဆယ်လီအား လှမ်းကြည့်လိုက်သည်။

"ဆယ်လီကလည်းကွာ စကားကို လွယ်လွယ်မပြောပါနဲ့။ မင်းက ဒီရဟတ်ယာဉ်မျိုး ဘယ်တုန်းက များ မောင်းခဲ့ ဖူးလို့လဲ"
"ဒီလို ဆူပါဖရီလွန် အမျိုးအစား မဟုတ်ပေမယ့် ကျွန်မက ရဟတ်ယာဉ်မျိုးစုံကို နာရီပေါင်းငါးရာ ကျော် ပျံသန်းမောင်းနှင်ခဲ့ဖူးတယ်ရှင့်"
ဆယ်လီ က ခပ်တည်တည် ပြန်ပြောလိုက်သည်။
ထိုအခါ တွန်ဂါတာက ဆယ်လီအား မေးခွန်းထုတ်ပြန်သည်။

"ဒီမယ် ဆယ်လီ၊ မင်းက ရဟတ်ယာဉ်ပေါ်ကို ရောက်ပြီးလို့ ဘယ်လော်ကကြာရင် စပြီး ထွက်နိုင် မှာလဲ"
ဆယ်လီ က ခေတ္တစဉ်းစားပြီးနောက်-
"နှစ်မိနစ် သုံးမိနစ်လောက်ပါပဲ" ဟု ဖြေလိုက်သည်။
"ဒါဆိုရင် မဖြစ်ဘူး၊ ကြာလွန်းတယ်"
ခရိတ်က ပြန်ပြောရင်း ခေါင်းခါလိုက်သည်။

ဤတွင် တွန်ဂါတာက စိတ်ကူးတစ်မျိုး ရလာဟန်ဖြင့်-
"ဒီလိုလုပ်ရင် ကော မဖြစ်ဘူးလား။ ရဟတ်ယာဉ်ကို စပြီး စက်နှိုးနေချိန်မှာ ကျုပ်တို့က ရှိုနာစစ်သား တွေကို တခြားဘက် ကို အာရုံစိုက်နေအောင် တစ်နည်းနည်းနဲ့ လိုပ်နိုင်ရင်ကော ဘယ်လိုလဲ" ဟု ပြောလိုက်သည်။
ခရိတ် သည် ခေတ္တစဉ်းစားပြီးနောက် ခေါင်းညိတ်လိုက်၏။

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

Thursday, November 4, 2010

တက္ကသိုလ် နေဝင်း ဘာသာပြန် ဇင်ဘာဘွေ အခန်း (၄၃) အဆက်

" အိုကေ ဆာရာကတော့ ရောက်လာပြီဗျို့။ ကိုင်း ... သူငယ်ချင်း ကျုပ်တို့က သူငယ်ချင်းကို ဆွဲတင်ဖို့ အဆင် သင့် ပဲ "
ခရိတ်က အောက်သို့ လှမ်းအော်ပြောလိုက်သည်။
ထို့နောက် ခရိတ်အပြင် ဆယ်လီနှင့် ဆာရာ မိန်းကလေးနှစ်ယောက်ပါ ပေါင်းလျက် သုံးယောက်ပေါင်း ခွန်အား ဖြင့် ကြိုးကို ဆွဲတင်ကြပြန်သည်။
တွန်ဂါတာ သည် ဆာရာကဲ့သို့ ခန္ဓာကိုယ် သေးကွေးသူမဟုတ်ဘဲအလွန်ထွားကျိုင်း ဗလ ကောင်းသူ ဖြစ်လေရာ ခရိတ်တို့က သုံးယောက်ပေါင်း အင်အားဖြင့် ဆွဲတင်သည့်တိုင်အောင် အလွန် ခဲယဉ်းပင်ပန်းစွာ ဆွဲကြ ရ လေသည်။

အပေါ်သို့ ရောက်ကာနီးလေ တွန်ဂါတာ၏ ကိုယ်ထည်ပို၍ပင် လေးလာသည်ဟု ထင်ရလေသည်။
သို့သော် သုံးယောက်သား ဇွဲကောင်းကောင်းနှင့် ဆွဲတင်ကြလေရာ နောက်ဆုံးတွင် တွန်ဂါတာသည် အပေါ် သို့ ရောက်ရှိလာတော့သည်။
လေးယောက်စလုံး အလွန်မောပန်းလျက် စကားမပြောနိုင်ကြဘဲ ဆိတ်ဆိတ်နေရင်း အပန်းဖြေနေခိုက် ခရိတ် သည် တစ်စုံတစ်ရာ သတိရမိဟန်ဖြင့် ရုတ်တရက်ထပြီး -
" ဒုက္ခပါပဲ၊ ကျုပ်တို့က စိန်တွေ ယူလာဖို့ မေ့သွားတယ်။ စိန်တွေက အောက်မှာ ကျန်ရစ်ခဲ့ပြီဗျ" ဟု ပြောလိုက် သည်။

ဤတွင် တွန်ဂါတာ ဘက်ထရီဓာတ်မီးခလုတ်ကို ဖွင့်လိုက်ညပီး ပြုံးပြလေသည်။
" ကျုပ်ရဲ့ ခန္ဓာကိုယ်က ဘာကြောင့် ပိုလေးတယ်လို့ ထင်ရသလဲ သိလား "
ပြောပြော ဆိုဆို တွန်ဂါတာသည် သူလွယ်ယူလာသော ကင်းဗတ်အိတ်ကို ပုတ်ပြလိုက်သည်။

အိတ်အတွင်း၌ စိန်တုံးများ အချင်းချင်း ပွတ်တိုက်ထိသံကို ကောင်းစွာ ကြားရတော့မှ ခရိတ်လည်း သဘောကျ ကျေနပ်ဟန်ဖြင့် သက်ပြင်းချလိုက်လေသည်။
" သူငယ်ချင်း တွန်ဂါတာက တယ်ပြီး စိတ်ကူးကောင်းတာကိုး။ ဒီနေရာမှာ သူငယ်ချင်းက တကယ့်သူရဲ ကောင်းတစ်ယောက်ပဲဗျ။ ဒါပေမဲ့ ဘက်ထရီမိးကို မြန်မြန် ပိတ်လိုက်စမ်းပါ၊ ဘက်ထရီက ကုန်တော့မယ်"

သူတို့သည် ဘက်ထရီမီးအိမ်ကို ရံဖန်ရံခါမှသာဖွင့်၍ ပတ်ဝန်းကျင်ကိုလေ့လာကြည့်ကြလေသည်။
ကျောက်တုံးဖြင့်ပြီးသော ပြတင်းပေါက်လိုအပေါက်၏ အပြင်ဘက်တွင် အမိုးနိမ့်နိမ့်နှင့် ဂူငယ်တစ်ခု ရှိနေကြောင်း တွေ့ရလေသည်။ ဂူက အလွန်ကျယ်နေသဖြင့် ဘေးနံရံများကိုပင် မမြင်ရချေ။ အပေါ် မျက်နှာကျက် တွင်ကား လင်းဆွဲငှက်တွေ အမြောက်အများရှိပြီး ယင်းတိုပစွန့်သော အညစ်အကြေး များက ကြမ်းပြင်တွင် ပြည့်နှက်နေတော့သည်။
တွန်ဂါတာ က ခေါင်းဆောင်လျက် သူတို့လေးဦးသည် ရှေ့သို့ တိုးသွားကြရာ ခရိတ်က နောက်ဆုံးမှ လိုက်လေသည်။ သူ၏ ပခုံးတွင် ကြိုးခွေကို လွယ်ထားလေသည်။

ယင်းသို့ သွားကြရင်း ကြမ်းပြင်သည် တဖြည်းဖြည်း မြင့်တက်လာလေသည်။ တောင်တက်လမ်း လိုဖြစ်လာကာ မျက်နှာကျက် အမိုးက ပို၍ နိမ့်လာသည်ဟု ထင်ရလေသည်။
ထိုအခိုက် ဆယ်လီက ရုတ်တရက် ဟန့်တားလိုက်သည်။
" နေကြဦး ရှင့်၊ ဘက်ထရီမီးကိုလည်း မဖွင့်နဲ့ဦး "
" ဘာဖြစ်လို့လဲကွ "
ခရိတ်က ဆယ်လီအား မေးလိုက်သည်။

" ဟိုရှေ့မှာ ဆင်ခြေလျှောရဲ့ အပေါ်နားမှာလေ။ ဒါမှမဟုတ် ကျွန်မကပဲ စိတ်ကူးယဉ်ပြီး မြင်ယောင်မိ တာများလား "
သူမက ပြောလိုက်ချိန်တွင် ရှေ့သို့ ကြည့်ပါက ဘာမှမမြင်ရဘဲ မှောင်မည်းနေသော်လည်း ကြာရှည် ဆက် ကြည့်သော အခါ မျက်လုံး ကျင့်သားရပြီး တစ်စုံတစ်ခုကို မသဲမကွဲ မြင်ရလေသည်။
" ရှေ့မှာ အလင်းရောင် ... အလင်းရောင်ရှိနေတယ်ဗျို့ "
ခရိတ်က ပြောလိုက်ပြီးနောက် သူတို့အားလုံး ၀မ်းသာအားရဖြင့် ရှေ့သို့ တိုးသွားကြလေသည်။ အလင်း ရောင် ကလည်း တဖြည်းဖြည်း များလာလေသည်။

အလင်းရောင်ကို မြင်ရခြင်းအားဖြင့် သူတို့သည် ဂူဝကြီးတွင်းမှ အပြင်ဘက်သို့ ထွက်ပေါက်ရှိရာသို့ နီးကပ်လာပြီ ဖြစ်ကြောင်း သိသာထင်ရှားသဖြင့် အလွန်ဝမ်းမြောက်အားတက်မိကြလေသည်။
သို့သော် ထွက်ပေါက်နှင့် နီးလာ၍ပဲလား မပြောတတ်။ ဂူ၏ ခေါင်မိုးသည် နိမ့်သထက် နိမ့်လာလေရာ ကြာသော် သူတို့သည် လေးဘက်တွား၍ သွားကြရလေသည်။
အလင်းရောင်ကလည်း တဖြည်းဖြည်း ပိုများလာသည်ထက်များလာလေသည်။

ဆရာမကလေး ဆာရာသည် ၀မ်းသာလွန်အားကြီး၍ မျက်ရည်များပင် ကျနေသည်ကို ခရိတ်က သတိပြုမိ လေသည်။
တွန်ဂါတာကတော့ လွတ်မြောက်တော့မည်ဟု ၀မ်းသာအားရဖြစ်ကာ ရယ်မောနေသည်။
မကြာမီ ပြင်ပသို့ထွက်နိုင်သည့် ထွက်ပေါက်သို့ ရောက်သွားကြရာ တွန်ဂါတာသည် စိတ်အားထက်သန်စွာ ဖြင့် ၀မ်းလျားထိုးလျက် အပြင်ဘက်သို့ ထွက်တော့မည်ပြုစဉ် ခရိတ်က သူ၏ ခြေနှစ်ဖက်ကို ဖမ်းဆွဲထား လိုက်လေသည်။

" သူငယ်ချင်း နေပါဦး၊ ရှေ့လောမကြီးပါနဲ့ "
တွန်ဂါတာသည် အပြင်ဘက်ထွက်ရန် အလွန်ဆန္ဒပြင်းပြနေသဖြင့် ခရိတ်၏ လက်များကို ကန်ထုတ်ဖယ်ရှား ပစ်ရန် ကြိုးစားနေသော်လည်း ခရိတ်က မလွှတ်ဘဲ အတင်းပင် ဆွဲထားလိုက်သည်။
" ဒီမယ် သူငယ်ချင်း အပြင်ဘက်မှာ ရှိုနာစစ်သားတွေက အဆင်သင့် စောင့်နေလိမ့်မယ်ဆိုတာ ထည့်စဉ်း စားမိ ရဲ့လား "
ခရိတ်က ပြောလိုက်တော့မှ တွန်ဂါတာလည်း ငြိမ်သွားတော့သည်။ ရှိုနာဟူသော အမည်ကို ကြားလိုက်ရုံနှင့် သူတို့ အားလုံး စကားမပြောနိုင်တော့ဘဲ ဆိတ်ဆိတ်နေရင်း အခြေအနေကို စဉ်းစားသုံးသပ် နေကြ လေသည်။

ခဏမျှ အကြာတွင် တွန်ဂါတာက စတင်၍ စကားပြောလေသည်။
" ကျုပ်နဲ့ ခရိတ်တို့က အရင်ဆုံး ထွက်ပြီး အခြေအနေကို ကင်းထောက်ကြည့်ရင်း လေ့လာကြမယ် "
တွန်ဂါတာ က လက်တစ်ဖက်ဖြင့် ကျောက်တုံး ခပ်ကြီးကြီး တစ်တုံး ကောက်ယူ၍ ခရိတ်အား လှမ်းပေးရင်း -
" လောလောဆယ် တော့ လက်နက်ဆိုလို့ ဒါပဲရှိမယ်။ မိန်းကလေးနှစ်ယောက်က ဒီမှာပဲ စောင့်နေကြရမယ်။ ငါတို့ က လှမ်းခေါ်လိုက်မှ ထွက်လာကြရမယ်" ဟု ဆက်ပြောလိုက်သည်။
ခရိတ် လည်း ဘာမှမပြောဘဲ သူ၏ မျက်နှာနှင့် ခြေလက်များကို ရုပ်ဖျက်သည့် အနေဖြင့် မြေမှုန့်များ၊ သဲများ ပွတ်လိမ်း လိုက်သည်။

ထို့နောက် သူ၏ ပခုံးမှ ကြိုးခွေကို ဖြုတ်လိုက်ပြီး တွန်ဂါတာ၏ ဘေးနားသို့ ချဉ်းကပ်ကာ လေးဘက်တွား၍ အပြင်ဘက် သို့ ထွက်ရန် ပြင်ဆင်ထားလိုက်သည်။
တစ်နည်း အားဖြင့် ခရိတ်သည် ရှေ့လျှောက် တွန်ဂါတာအား ခေါင်းဆောင်အဖြစ် သတ်မှတ်ချက် သူက နောက်လိုက် လုပ်ရန် ဆုံးဖြတ်လိုက်ခြင်းပင် ဖြစ်သည်။
ဂူကြီးအတွင်းမှာ ရှိစဉ်က ခရိတ်က တပ်မှူးသဖွယ် အရာရာကို ခေါင်းဆောင်ခဲ့သော်လည်း ယခု အပြင်ဘက် သို့ ထွက်ခါနီးတွင်မူ တွန်ဂါတာအား ခေါင်းဆောင်တင်မြှောက်လိုက်ခြင်းပင်ဖြစ်သည်။
အကြောင်း မူကား အာဖရိကတိုက်၏ တောတွင်းဒေသတွင် တွန်ဂါတာသည်သာလျှင် အလွန်ကျွမ်းကျင်ပြီး ကျားသစ် ကဲ့သို့ လျင်မြန်ဖျတ်လတ်ကာ ရန်သူအား တိုက်ခိုက်ရာ၌ သူမတူအောင် အစွမ်းရှိသောကြောင့်ပင် တည်း။

သူတို့သည် အထူးသတိထားလျက် ဖြည်းဖြည်းချင်း ရှေ့သို့ တွားသွားကြလေသည်။
အပြင်ဘက် တွင်ကား နံနက်ခင်း၏ နေရောင်သည် အလွန်ထွန်းလင်းတောက်ပနေပြီဖြစ်သည်။ သူတို့သည် မြက်ပင် ရှည်ကြီးများ၏ အကာအကွယ်ကိုယူလျက် (အကယ်၍ ပတ်ဝန်းကျင်တွင် ရန်သူရှိနေလျှင်) ရုတ်တ ရက်မမြင် နိုင်အောင် အနည်းငယ် တိုးသွားလိုက် ခေတ္တရပ်နေလိုက်နှင့် အခြေအနေကို အကဲခတ်ာကည့်နေ ကြလေသည်။
အတန်ကြာကြာ ငြိမ်သက်စွာ စောင့်ကြည့်နေပြီးနောက် တွန်ဂါတာသည် ညဘက် ကျက်စားသော တောရိုင်း သတ္တ၀ါ တစ်ကောင်ကဲ့သို့ လုံးဝ အသံမကြားအောင် ရှေ့သို့ တိုးသွားလေသည်။
ခရိတ်လည်း တွန်ဂါတာသွား၍ ခြေလှမ်းငါးဆယ်ခန့် အကွာသို့ ရောက်မှ နောက်မှ အသာလိုက်သွားလေ သည်။

သူတို့တွေ့ရသော အပြင်ဘက်ရှုခင်းမှာ တောင်ခါးပန်းတစ်ခုဖြစ်ပြီး ထုံးကျောက်အမျိုးအစား ကျောက်တုံးကြီး များ ရှိနေလေသည်။
ခရိတ်နှင့် တွန်တာ၈ါတိုပသည် တတ်နိုင်သလောက် ချုံပုတ်ငယ်များ၏ အကာအကွယ်ကို ယူလျက် ဖြည်းဖြည်း ချင်း ဆက်သွားကြလေသည်။
ယခု သူတို့ရောက်ရှိနေသော နေရာမှာ တောင်စောင်းဖြစ်သော်လည်း တောင်ထိပ်ဘက်နှင့် နီးကပ်သဖြင့် အကယ် ၍ ရန်သူနှင့် ပက်ပင်းတိုးလျှင် မိမိတို့က အပေါ်စီးနေရာတွင် ရှိနေမည်ဖြစ်သည်ဟု တွက်မိကာ အား တက်မိကြ လေသည်။

နံနက်ခင်း နေရှိန်သည် ပူပြင်းစပြုလာပြီဖြစ်ရာ ခရိတ်သည် နေရောင်၏ အပူဒာတ် ခံစားရသည်ကိုပင် သဘောကျ နေမိလေသည်။
တွန်ဂါတာ သည် ခရိတ်၏ အောက်ဘက်နားတွင် နေရာယူထားရာမှ သူတို့ချင်း နားလည်သော လက်ပြနည်း ဖြင့် အချက်ပေး လိုက်သည်။
" ကျုပ်ရဲ့ လက်ဝဲဘက်ကို အကာအကွယ် ပေးထားပါ "

ယင်းသို့ လက်ပြညွှန်ကြားလိုက်သဖြင့် ခရိတ်လည်း ဒူးဆစ်နှင့် တံတောင်ဆစ်တို့ကိုသာ အားပြုလျက် တွား သွားပြီး နေရာယူထားလိုက်သည်။
" ရန်သူ ရှိမရှိ ပတ်ဝန်းကျင်ကို ရှာကြည့်ပါ "
တွန်ဂါတာက လက်ပြညွှန်ကြားလိုက်ပြန်သဖြင့် ခရိတ်သည် ပတ်ဝန်းကျင်တွင် ရန်သူ ရှိမရှိ သေချာစွာ လှည့်ပတ်အကဲခတ်ကြည့်လိုက်သည်။
ထို့နောက် သူတို့သည် ဆယ်မိနစ်ခန့် လုံးဝမလှုပ်ရှားဘဲ ငြိမ်၍ နေလိုက်ကြသည်။ ထိုအတောအတွင်း နှစ် ယောက်စလုံး က ပတ်ဝန်းကျင်တွင် ရန်သူစစ်သားများချုံခို ပုန်းအောင်းနေခြင်း ရှိမရှိ သေချာစေ့စပ်စွာ လိုက် ကြည့်ကြ လေသည်။

" ရန်သူ မရှိ၊ လုံးဝ ရှင်းနေသည် "
ခရိတ်က လက်ပြနည်းဖြင့် တွန်ဂါတာအား အချက်ပေးလိုက်ပြီးနောက် ရှေ့သို့ စထွက်လေသည်။ တွန်ဂါတာ က ကုန်းမြင့်တစ်နေရာမှနေ၍ ခရိတ်အား အကာအကွယ်ပေးနေလိုက်သည်။
အဖြူ နှင့် အနက်ရောင် အဆင်းရှိပြီး အ၀ါရောင် နှုတ်သီးကြီးကြီးနှင့် ငှက်တစ်ကောင် သူတို့ရှိရာသို့ ပျံသန်း လာလေ သည်။ ထိုငှက်မှာ ကနေရီ အမျိုးအစားငှက်ဖြစ်ပြီး တိုင်းရင်းသားများက ငှက်၏ နှုတ်သီးအရွယ်ပမာ ဏ ကြီးနေ၍ ဟီဒစ်ဟု နာမည်ပေးထားကြသည်။

ငှက်သည် တွန်ဂါတာရှိရာနှင့် မလှမ်းမကမ်း မြေပြင်သို့ ဆင်းသက်လိုက်သည်။ သို့သော် ချက်ချင်းလိုပင် ကျယ်လောင်စွာ ထိတ်လန့်တကြား အော်မြည်လျက် ကောင်းကင်သို့ ပျ့တက်သွားလေသည်။ ထို့နောက် ငှက်သည် တောင်စောင်း တစ်နေရာဘက်သို့ ပျံသန်းသွားလေသည်။
" အန္တရာယ် ရှိနေပြီ "
တွန်ဂါတာက လက်ပြနည်းဖြင့် အချက်ပေးလိုက်ပြီး နှစ်ယောက်သား လုံးဝ မလှုပ်ဘဲ အသာ ငြိမ်နေ လိုက်ကြသည်။

ထိုအခိုက် ချုံပုတ်ကြားတစ်နေရာ၌ မသိမသာ လှုပ်ရှားမှုတစ်ခုလိုလို မြင်လိုက်ရလေသည်။ မရှေးမနှောင်း မှာပင် ခရိတ်သည် တစ်စုံတစ်ယောက် သစ်သားမီးခြစ်ခြစ်လိုက်သံကို ကြားလိုက်ရပြန်သည်။
သေချာစွာ ကြည့်လိုက်သောအခါ ချုံပုတ်တစ်ခုအတွင်း မသိမသာ ပေါ်ထွက်နေသော စစ်တပ်သုံး သံခမောက် တစ်လုံး၏ အပေါ်ပိုင်းကို သတိပြုမိလေသည်။ သံခမောက်ဆောင်းထားသူသည် စီးကရက်ကို ဖွာသောက် နေသဖြင့် အနည်းငယ် လှုပ်ရှားသွားပြန်သည်။ ထိုနေရာအနီးတွင် မီးခိုးများလည်း ရှိနေလေ သည်။

ခရိတ်သည် အခြေအနေမှန်ကို ရိပ်မိလိုက်ပြီဖြစ်သည်။ သံခမောက်ဆောင်း စစ်သားသည် မီးခိုးများ ဖန်တီး ထားသည့် အကာအကွယ်နောက်မှနေ၍ စက်သေနတ် ငယ်တစ်လက် ဆင်ထားသော နေရာတွင် ၀ပ်နေ ခြင်း ဖြစ်လေသည်။
စက်သေနတ်ငယ်ကို သုံးချောင်းထောက်ကိရိယာဖြင့် ထောက်ထားပြီး အဝေးမှမမြင်နိုင်အောင် လုံခြုံစွာ သစ်ခက် သစ်ရွက် များဖြင့် ဖုံးကွယ်ထားလေသည်။
" ရန်သူ ဘယ်လောက်များသလဲ "

တွန်ဂါတာက လက်ပြအချက်ပေး၍ မေးလိုက်သဖြင့် ခရိတ်လည်း ဂရုတစိုက် ကြည့်လိုက်သောအခါ ဒုတိယ မြောက် လူတစ်ယောက်ကို တွေ့ရပြန်လေသည်။
ထိုလူ သည် သစ်ပင်တစ်ပင်ကိုမှီ၍ ထိုင်နေညပီး သူ၏ဘေးနားတွင် အူဇီစက်သေနတ်တစ်လက် အသင့်ချ ထားသည်။ လူက ခန္ဓာကိုယ်တုတ်တုတ်ခိုင်ခိုင် ဗလကောင်းပြီး ၀တ်ထားသော ယူနီဖောင်းဝတ်စုံမှ တံဆိပ် အရ တပ်ကြပ်ကြီးတစ်ဦးဖြစ်ကြောင်းလည်း သတိပြုမိသည်။

ခရိတ်က တွန်ဂါတာဘက်သို့ ရန်သူ နှစ်ယောက်ဟု လက်ပြ၍ ဆက်သွယ်အကြောင်းကြားမည် ပြုစဉ်မျာပင် ရန်သူ တပ်ကြပ်ကြီးသည် စီးကရက်ဘူးတစ်ဘူးထုတ်ယူ၍ တစ်စုံတစ်ယောက်အား လှမ်းပေးလိုက်သည်။
သည်တော့ မှပင် ခရိတ်သည်လည်း တတိယမြောက် လူတစ်ယောက်ကို တွေ့မြင်မိလေတော့သည်။ စောစော က ထိုလူသည် သစ်ပင်ရိပ်တွင် ပက်လက်လှဲအိပ်နေသဖြင့် ခရိတ်က ရုတ်တရက် မမြင်မိခြင်းဖြစ် လေသည်။

ထိုတတိယလူသည် ထထိုင်၍ စီးကရက်တစ်လိပ် ထုတ်ယူပြီး စီးကရက်ဘူးကို နောက်လူတစ်ယောက်ကို လှမ်းပေး လိုက်ပြန်သည်။ စတုတ္တမြောက် လူတစ်ယောက် ပေါ်လာပြန်ပေပြီ။
ဤတွင် ခရိတ်သည် တွန်ဂါတာအား -
" ရန်သူ လေးယောက် " ဟု လက်ပြအချက်ပေးလိုက်သည်။
ရန်သူလေးဦး ၏ အနေအထားကို ဂရုစိုက်၍ လေ့လာကြည့်လိုက်သောအခါ စက်သေနတ်တပ်ဖွဲ့ငယ်တစ်ခု အဖြစ် ဖန်တီးထားပြီးအလွယ်တကူ တိုက်ခိုက်ပစ်ခတ်နိုင်အောင် တောင်စောင်း ဆင်ခြေလျှောတွင် စနစ် တကျ နေရာယူထားကြောင်း သတိပြုမိလေသည်။

ဤကား ဗိုလ်ချုပ် ဖွန်ဂါဘီရာ၏ စိတ်ကူးဥာဏ်ပင် ဖြစ်တန်ရာသည်ဟုလည်း ခရိတ် တွက်မိလေသည်။
မိမိတို့ လေးဦး တောင်အောက် ဂူကြီးထဲတွင် ခိုအောင်းနေသည်ကို အတတ်သိသဖြင့် ဂူတွင်းမှ ထွက်ပေါက်များတွင် ယခုကဲ့သို့ စက်သေနတ်တပ်ဖွဲ့နေရာယူစေကာအသင့် စောင့်နေခြင်းဖြစ်ပေသည်။
စက်သေနတ်သမားသည် သေနတ်ပြောင်းကို တောင်အောက်ဘက်သို့ ချိန်ထားသည်ကိုလည်း ခရိတ်က သတိပြုမိ လေသည်။

ထိုအခိုက် တွန်ဂါတာသည်လည်း အခြေအနေကို လေ့လာသုံးသပ်ပြီးနောက် -
" ထိုးစစ်ဆင်တိုက်ရန် အသင့်ပြင် " ဟု လက်ပြ၍ ညွှန်ကြားလိုက်သည်။
ခရိတ်လည်း အသင့်ပြင်ဆင်လိုက်စဉ် တွန်ဂါတာကပင် ဆက်လက်၍ -
" လက်ယာဘက် ပန်းပြီးတက် " ဟု အချက်ပြရင်း ယင်းညွှန်ကြားချက် အရေးကြီးကြောင်း ထပ်ပြောလို သဖြင့် လက်သီးဆုပ် ပြလိုက်သည်။
ခရိတ် သည် သူ၏ လက်ထဲမှ ကျောက်တုံးကို အသင့်ဆုပ်ကိုင်ထားလိုက်သည်။

ထိုအချိန်၌ သူတို့သည် ရန်သူလေးဦးနှင့် အလွန်နီးကပ်နေပြီဖြစ်လေသည်။ စက်သေနတ်သမား သောက် နေသော စီးကရက် ထိပ်ဖျားကိုပင် ထင်ရှားစွာ မြင်နေရလေသည်။ ရန်သူလေးဦး၏ ဘေးနားတွင်လည်း စီးကရက် တိုများ၊ စည်သွတ် စားသောက်ဖွယ် ဘူးခွံများ ပြန့်ကျဲလျက်ရှိလေသည်။
ခရိတ် သည် ရန်သူလေးဦးစလုံးအား သေချာစွာ ကြည့်လိုက်ရာ တပ်ကြပ်ကြီးက သစ်ကိုင်းတိုတစ်ခုကို မောင်းချဓား ဖြင့် လှီးဖြတ်နေသည်ကို လည်းကောင်း၊ နောက်တစ်ဦးက အင်္ကျီချွတ်၍ သူ၏ကိုယ်တွင် သန်းရှာ သလို ငုံ့ကြည့်နေသည်ကိုလည်းကောင်း၊ မြင်ရလေသည်။ စက်သေနတ်သမား တစ်ဦးသာလျှင် အသင့် ရှိနေပုံရလေသည်။

တွန်ဂါတာသည် တိုက်ခိုက်ရန် အသင့်ပြင်လျက် ချသ်းကပ်လာလေသည်။
" အသင့်ဖြစ်ပြီလား "
တွန်ဂါတာက လက်ပြ၍ မေးရာ၊ ခရိတ်ကလည်း -
" အသင့်ဖြစ်ပြီ"ဟု ပြန်အချက်ပေးလိုက်သည်။
တွန်ဂါတာ သည် လက်တစ်ဖက်ကို မြှောက်ထားရာမှ အောက်သို့ လျင်မြန်စွာ ချလိုက်သည်။

ဤကား စတင်တိုက်ခိုက်ရန် အချက်ပေးလိုက်ခြင်းပင် ဖြစ်သည်။
ခရိတ်သည် လျင်မြန်စွာ လှုပ်ရှားလျက် သူ့ကိုယ်သူ လှိမ့်ပြီး မောင်းချဓားနှင့် လူဆီသို့ အတင်းဝင်ကာ ထိုလူ ၏ နားထင်သို့ ကျောက်တုံးဖြင့် တအားပစ်ထုလိုက်သည်။ အလစ်တွင် ခံလိုက်ရသဖြင့် ထိုလူသည် အရုပ်ကြိုးပြတ် လဲကျသွားလေတော့သည်။
တစ်ချိန်တည်းမှာပင် တွန်၈ါတာက စက်သေနတ်သမားအား နောက်မှ ၀င်လုံးတိုက်ခိုက်လေသည်။
ခရိတ် လည်း အူဇီစက်သေနတ်ကို လျင်မြန်စွာ ကောက်ကိုင်၍ ချိန်ထားလိုက်သည်။
----------------------------------------
ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

Wednesday, November 3, 2010

တက္ကသိုလ် နေဝင်း ဘာသာပြန် ဇင်ဘာဘွေ အခန်း (၄၃)

အခန်း (၄၃)

ခရိတ်၏ ရိုးလက်စ်အမျိုးအစား လက်ပတ်နာရီအရ ညဥ့်သန်းခေါင်ကျော်တော့မှပင် သူတို့သည် သစ်သား တိုင်ကြီး ၏ ထိပ်ဖျားကို တစ်ဖက်ချောက်ကမ်းပါးဆီသို့ ရောက်အောင် တွန်းပို့နိုင်ကြလေသည်။
" နည်းနည်းကလေး လိုသေးတယ်ဗျို့။ ညာဘက်ကို နှစ်လက်မလောက် တွန်းလိုက်ကြစမ်းပါ "
ခရိတ်က ညွှန်ကြားသည့်အတိုင်း အားလုံးကြိုးစား၍ တွန်းလိုက်ရာ သစ်သားပေါင်သည် တစ်ဖက်ရှိ ကျောက်တုံးကြား တွင် သွားချိတ်မိလေသည်။
တွန်ဂါတာ နှင့် ခရီတ်တို့သည် အလွန်မောဟိုက်ပင်ပန်းသည့်ကြားမှ တစ်ယောက်ကို တစ်ယောက် ပြုံးကြည့် လိုက်ကြသည်။

ယခုဆိုလျှင် သူတို့သည် ချောက်၏ တစ်ဖက်သို့ ကူးသွားရန် တံတားတစ်ခုသဖွယ်ရှိနေပြီဖြစ်သည်။
" တစ်ယောက်ယောက်ကတော့ ဒီသစ်သားတန်းနဲ့တစ်ဖက်ကို ကူးသွားရမှာပဲ "
ဆယ်လီက အမှန်ကို ပြောလိုက်ခြင်းဖြစ်သော်လည်း သူမ၏ လေသံက စိုးရိမ်တုန်လှုပ်နေသည့် ဟန်မျိုး ဖြစ်နေသည်။
" ဟိုဘက်ကို ကူးသွားလို့ ရောက်သွားရင် ဘာဖြစ်မှာလဲဟင် "
ဆာရာက မေးပြန်ရာ ခရိတ်က -
" ဒါတော့ ဟိုဘက်ရောက်မှ ငါတိုပ ပြောနိုင်မှာပေါ့ကွဲ့" ဟု ပြန်ဖြေလိုက်သည်။

ဤတွင် တွန်ဂါတာက -
" ကျုပ်သွားပါရစေ " ဟု ပြောရာ ခရိတ်က -
" သူငယ်ချင်းက ဒီလို ကျောက်တောင်တွေပေါ်တက်တဲ့ အတွေ့အကြုံရှိလို့လား " ဟု ပြန်မေးလိုက်သည်။
တွန်ဂါတာ က ခေါင်းခါပြလိုက်လျှင် ခရိတ်က တစ်စုံတစ်ခု ဆုံးဖြတ်လိုက်ဟန်ဖြင့် -
" ဒီလိုဆိုရင် အဖြေ ရှင်းနေပြီပဲ။ ကဲ ... ကျုပ်တို့အားလုံး နှစ်နာရီလောက် အနားယူကြမယ်။ တတ်နိုင်ရင် အိပ်ပျော်အောင် အိပ်လိုက်ကြ လ ဟု ပြောလိုက်သည်။
ခရိတ် ၏ ညွှန်ကြားချက်အတိုင်း အားလုံး လဲလျောင်းအနားယူကြသော်လည်း မည်သူမျှ အိပ်၍မပျော်ချေ။

သို့နှင့်ပင် နှစ်နာရီမပြည့်သေးမီ ခရိတ်ကပင် အားလုံး ထကြရန် နှိုးလိုက်လေသည်။
ခရိတ်က တွန်ဂါတာအား ကြိုးကို ခိုင်မြဲစွာ တုပ်နှောင်ပြီး သင်္ဘောကျောက်ချထားသလို မတုန်မလှုပ် မရွှေ့ မလျားဘဲ တောင့်ခံနိုင်အောင် နေရာယူနည်းကို ညွှန်ကြားသင်ပြပေးလေသည်။ ကြိုးကို သူ၏ခါးတွင် ချည် နှောင်ပြီး ခြေနှစ်ဖက်က ကျောက်တုံးကြီးတစ်ခုကို အားပြုကန်ထားရမည်ဖြစ်လေသည်။

ကြိုးစတစ်ဖက်ကိုမူ ခရိတ်၏ ကိုယ်တွင် ချည်ထားမည်ဖြစ်သည်။
" ကျုပ်ကို သိပ်ပြီးတော့လည်း ကြိုးလျှော့မပေးနဲ့ဗျ။ တကယ်လို့ ကျုပ်က ခြေချော်ကျသွားရင် လှမ်းအော်လိုက်မယ်။ ဒီတော့ သူငယ်ချင်းက အားကုန်စိုက်ပြီး ဆွဲပေတော့။ သဘောပေါက်ပြီနော် "
ဤသို့ ပြောပြီး ခရိတ်သည် ဘက်ထရီမီးအိမ်တစ်ခုကို ကြိုးဖြင့် ပခုံးတွင် လွယ်ထားလိုက်သည်။ မိန်းကလေး နှစ်ဦး က သူတို့၏ ကိုယ်အလေးချိန်ဖြင့် သစ်သားပေါင်၏ တစ်ဖက်စွန် (စင်မြင့်ပေါ်တင်နေသည့်အပိုင်း)ကို တအား ဖိထားကြသည်။

ထို့နောက် ခရိတ်သည် သစ်သားပေါင်ကို ခွထိုင်လျက် ဖြည်းဖြည်းချင်း ဖင်ရွေ့ကာ တိုးသွားလေသည်။ ထိုအချိန် ၌ သူ၏ခြေနှစ်ဖက်စလုံးမှာ ဘာကိုမှ ထိမနေဘဲ လေဟာပြင်ထဲတွင် တွဲလောင်းဖြစ်နေလေသည်။ ခါးတွင် ချည်ထားသော ကြိုးကိုမူ တွန်ဂါတာက ဖြည်းဖြည်းချင်း လျှော့ပေးနေလေသည်။
သစ်သားပေါင် ကို ချောက်ကမ်းပါးတစ်ဖက်နှင့် သွယ်တန်းထားရာ၌ အောက်မှ အပေါ်သို့ ခပ်မော့မော့ ဖြစ်နေရာ ခရိတ်သည် ပေအနည်းမျှ ရွေ့သွားပြီးသော် ဆက်သွားရန် ခက်နေလေသည်။
ထို့ကြောင့် သူသည် သစ်သားပေါ်၌ အလျားမှောက်အိပ်ချလိုက်ပြီး သစ်သားတန်းကို ထန်းပင် တက်သူများလို ခြေဖြင့်ချိတ်လျက် ဖြည်းဖြည်းချင်း တွားသွားရလေသည်။
မကြာမီ သစ်သားပေါင်၏ အဆုံးသို့ရောက်သွားရာ တစ်ဖက်မှ ကျောက်တုံး အကွဲတစ်ခုကို လက်ဖြင့် စမ်းမိ လေသည်။

" ဒီဘက်ကိုတော့ ရောက်ပြီဟေ့ "
ခရိတ်က လှမ်းအော်လိုက်ရာ ဆယ်လီက -
" သတိထားပြီးလည်း သွားနော် "ဟု ပြန်ပြောသံ ကြားလိုက်ရလေသည်။
ခရိတ်သည် သူ၏ခြေတုကို အသုံးပြုလျက် ချောက်၏ တစ်ဖက်ကမ်းကို ထောက်ကာ တွယ်တက်လိုက်သည်။ ကျောက်တုံးများ အက်ကွဲချွန်ထက်နေသဖြင့် ခြေထောက်အတုကြောင့်သာလျှင် သူသည် မနာကျင်ဘဲ တွယ်တက် နိုင်ခြင်းဖြစ်လေသည်။

မှောင်မည်းနေ၍ ဘာမှ မမြင်ရသော်လည်း ခရိတ်သည် ကြိုးစားပြီး ချောက်ကမ်းပါးတစ်ဖက်မျ ဆက်လက်၍ ဖြည်းဖြည်းချင်း သွားကြည့်ပြန်သည်။ သူ၏ ခြေလှမ်း တစ်လှမ်းလျှင် ဆယ့်ရှစ်လက်မနှင့်တွက်ကာ လျှောက်သွား သည့် အကွာအဝေးအတိုင်းအတာကိုလည်း တွက်ချက်မှတ်သားသွားလေသည်။
အောက် မှ တွန်ဂါတာသည် ခရိတ် ဆက်သွားရာသိုပ ကြိုးကို လျှော့ပေးလျက်ရှိလေသည်။

သွားရင်းနှင့် မောပန်းလာသဖြင့် ခရိတ်သည် ခေတ္တရပ်နားကာ အမောဖြေနေလိုက်ရာ ကြိုးစကို တစ်ဖက်မှ ကိုင်ထားသူ တွန်ဂါတာက ချက်ချင်း သံသယဖြင့် -
" ဟဲလို ခရိတ်၊ သူငယ်ချင်း ဘာကြောင့် ရပ်လိုက်တာလဲ " ဟု အော်မေးလိုက်သည်။
ဆယ်လီ ကလည်း -
" ဒါလင် ... ဒါလင် ... အားမလျှော့လိုက်ပါနဲ့ကွယ်၊ ဆက်လျှောက်ဖို့ ကြိုးစားပါ" ဟု လှမ်းပြောလိုက်သည်။
ဆယ်လီ ၏ အသံ ကြားရသောအခါ ခရိတ်သည် အလိုလို စိတ်ဓာတ်တက်လာပြီး ကြိုးစား၍ ဆက်သွားပြန် လေသည်။

အလွန်ခက်ခဲ ပင်ပန်းစွာဖြင့် ဆက်သွားပြီးနောက် အတန်ကြာတော့မှ ရှေ့မလှမ်းမကမ်းတွင် ထွက်ပေါက်ဟု ထင်ရသော ကျောက်တုံးအကွဲတစ်ခုကို မသဲမကွဲ မြင်ရလေသည်။
ခရိတ် သည် မောပန်းလွန်း၍ ခေတ္တနားနေလိုက်စဉ် အောက်မှ တွန်ဂါတာက
" ဟဲလို ... ခရိတ် ... ခရိတ် " ဟု လှမ်းအော်ခေါ်သံ ကြားရလေသည်။
" ကျုပ် ဒီမှာရှိပါတယ်၊ ခဏလေး နားနေတာပါ။ ဒီမှာ ထွက်ပေါက်နဲ့တူတာ တွေ့နေညပီ"
ခရိတ် ကလည်း ပြန်အော်ပြောလိုက်သည်။

ငါးမိနစ်ခန့် နားနေပြီးနောက် -
" အိုကေ ကျုပ် ရှေ့ကို ဆက်သွားကြည့်လိုက်ဦးမယ် "
အော်ပြောရင်း ဆက်သွားကြည့်ရာ မီးခိုးပြောင်းတိုင်၏ အ၀သို့ ရောက်သွားလေသည်။
ထိုအခိုက် လင်းဆွဲငှက်တစ်ကောင်၏ အော်သံကြားလိုက်ရပြီး အခြား လင်းဆွဲပေါင်းများစွာကပါ ၀ိုင်း အော်သံ ကိုပါ ကြားရလေသည်။
နံနက် အရုဏ်တက်ချိန် ရောက်ပြီဖြစ်၍ လင်းဆွဲငှက်များ မိမိတို့ အသိုက်ရှိရာသို့ ပြန်လာကြခြင်း ဖြစ်ဟန် တူလေ သည်။
ခရိတ်သည် အပေါ်သိုပ ခေါင်းပြူကြည့်ရင်း မီးအိမ်ခလုတ်ကို ဖွင့်လိုက်သည်။ ချက်ချင်းပင် လင်းဆွဲငှက် များ၏ စူးရှသော အော်သံများကို ကြားရလေသည်။ မီးအိမ်အလင်းရောင်ကြောင့် ကြောက်လန့်၍ အော်ကြခြင်း ပင်ဖြစ်သည်။

ခရိတ်သည် မီးအိမ်အလင်းရောင်ဖြင့် သေချာစွာ ကြည့်လိုက်ရာ လင်းဆွဲငှက်များ အသံကြားရာနေရာက သူ၏ ဦးခေါင်းပေါ် သုံးပေခန့်မြင့်သောနေရာမှ ဖြစ်ကြောင်း သိရလေသည်။ သူသည် ထိုနေရာသို့ လက်ဖြင့် လှမ်းရန် ကြိုးစားနေစဉ် မီးအိမ်မှ ဘက်ထရီ လုံးဝကုန်သွားလျက် မှောင်မိုက်သွားလေသည်။
ခရိတ် လည်း စိတ်ပျက်ပျက်ဖြင့် မှန်အိမ်ကို လွှင့်ပစ်ချလိုက်သည်။

" ခရိတ် ... ခရိတ် ဘာဖြစ်တာလဲ "
အောက်မှ တွန်ဂါတာက လှမ်းအော်မေးသဖြင့်၊ ခရိတ်ကလည်း -
" အိုကေ ... အိုကေ ... ဘာမှ မဖြစ်ပါဘူး။ ကျုပ်က မီးအိမ်ကို လွှတ်ချလိုက်တာပါ" ဟု ပြန်ပြောလိုက်သည်။
" အပေါ်မှာ ဘာတွေ ဖြစ်နေတာလဲဗျ "
တွန်ဂါတာက လှမ်းအော်မေးပြန်သည်။

" ဘာမှ မဖြစ်ဘူး၊ အပြင်ဘက်ကို ထွက်နိုင်တဲ့ ထွက်ပေါက် မရှိဘူး။ ကျုပ်တို့အဖို့ မျှော်လင့်ချက် မရှိ သလောက် ဖြစ်နေပြီ ဆိုပါတော့။ တစ်ခုတော့ ရှိတယ် "
" ဘာများလဲ သူငယ်ချင်း "
" မိန်းကလေးတစ်ယောက် ဒီကို တက်လာပြီး ကူညီရင်တော့ မျှော်လင့်ချက်ရှိနိုင်မယ် ထင်တယ် "
ခရိတ်က ပြောလိုက်ရာ အောက်ဘက်၌ ခေတ္တငြိမ်သက်နေပြီးနောက် တွန်ဂါတာက -
" ကျုပ် တက်လာမယ်လေ " ဟု ပြောလိုက်ပြန်သည်။

" ဟာ ... မဖြစ်ပါဘူး၊ သူငယ်ချင်းရဲ့ ကိုယ်အလေးချိန်က လေးလွန်းတယ်။ ကျုပ်က ဆွဲတင်ဖို့ နိုင်မှာ မဟုတ်ဘူး "
အောက်မှ ခေတ္တငြိမ်သွားကြပြန်သည်။
ထို့နောက် ဆယ်လီ၏အသံကို ကြားရလေသည်။

" ကျွန်မ တက်လာခဲ့မယ်။ ဘာလုပ်ရမယ်ဆိုတာသာ ပြောစမ်းပါ "
" အရင်ဆုံး ကြိုးစတစ်ဖက်ကို မင်းကိုယ်မှာ မြဲမြဲချည်ထားလိုက် "
" ဟုတ်ကဲ့ ကောင်းပါပြီ"
" ကြိုးကို ခိုင်ခိုင်ချည်ပြီးရင် မင်းက သစ်သားပေါင်အတိုင်း ရှေကကို တိုးလာခဲ့။ ငါက မင်းရဲ့ကိုယ်ကို ကြိုးနဲ့ ထိန်းထားမယ် "
" ဟုတ်ကဲ့ ၊ ကဲ ... ကျွန်မ စတွယ်တက်လာပါပြီ "
" ကျွန်မ ချောက်တစ်ဖက်ကမ်းကို ရောက်နေပြီရှင့်" ဟု အော်ပြောပြန်သည်။

" ဟုတ်ပြီ မင်းရဲ့ ရှေ့နားမှာ ကျောက်တုံးကြီး အက်ကွဲနေတာ မြင်ရသလား "
" ဟုတ်ကဲ့၊ မြင်ရပါတယ် "
" ကောင်းပြီ၊ ငါက မင်းကို ကြိုးနဲ့ ဆွဲတင်တော့မယ်။ မင်းကလည်း ကူညီတဲ့ အနေနဲ့ ခြေထောက်နှစ်ဖက်နဲ့ ကျောက်နံရံကို ကန်ပေးထားရမယ် "
" ကောင်းပါပြီ "
" ဒါဖြင့် ငါဆွဲတင်တော့မယ်နော်။ မင်းက အထူးသတိထားပါ "

ပြောပြောဆိုဆို ခရိတ်သည် ကြိုးကို စတင်၍ ဆွဲတင်လေသည်။ ဆယ်လီ၏ ကိုယ်အလေးချိန်မှာ အလွန် ပင်ပန်းနေသူ ခရိတ်အဖို့ အတော်ပင် လေးနေလေသည်။
အပေါ်သို့ ရောက်ခါနီးတွင် ဆယ်လိသည် ထိတ်လန့်တကြား ဟစ်အော်လိုက်ရာ ခရိတ်က -
" ဘာဖြစ်တာလဲကွ"ဟု လှမ်းမေးလိုက်သည်။

" ကျွန်မ ခြေနဲ့ကန်ထားတာ လွတ်သွားပြီရှင့် "
" ဟုတ်လား၊ စိတ်အေးအေးထားစမ်းပါ။ မင်းခြေထောက်နဲ့ ကျောက်နံရံကို ပြန်စမ်းကြည့်ပါဦး "
" ဟုတ်ကဲ့ "
" အေး ... ဟုတ်ပြီ၊ ခြေနဲ့စမ်းလို့ရရင် ပြန်ပြီး ကန်ထားလိုက်။ ငါက မင်းကို ဖြည်းဖြည်းချင်း ဆွဲ တင်လိုက်မယ် "
သို့နှင့်ပင် ဆယ်လီသည် ခဲခဲယဉ်းယဉ်းနှင့် အပေါ်သို့ ရောက်လာတော့သည်။

ခရိတ်က သူမအား ကူညီဆွဲတင်ပြီး တစ်နေရာတွင် ထိုင်ခိုင်းလိုက်ရာ ဆယ်လီမှာအ လွန်မောပန်းနေပုံ ရလေသည်။
" ကျွန်မ ဆက်ပြီးမသွားနိုင်တော့ဘူးရှင့်"
" ကိစ္စမရှိဘူး၊ မင်း အခု ဒီကိုတက်လာရတာက အခက်ဆုံးပဲ။ နောက်ပိုင်းမှာတော့ ဘာမှ ခက်စရာ မရှိတော့ဘူး။ လွယ်လွယ်ကလေးပဲ ကျန်တော့တယ် "
" ဟင် ... ဟုတ်လား "
" အေး ... ဟုတ်တယ်။ မင်း အခု သေသေချာချာ နားထောင်ကြည့်စမ်း။ လင်းဆွဲငှက်တွေရဲ့အသံ ကြားရတယ် မဟုတ်လား။ ဒီဂူကြီးရဲ့ အပြင်ဘက်ကို ရောက်နိုင်တဲ့ ထွက်ပေါက်က အနီးကလေးပဲ ဖြစ်လိမ့်မယ်။ ဒါကြောင့် မကြာခင် ငါတို့ အပြင်ဘက် ရောက်သွားနိုင်တယ်။ ပထမဆုံးတွေ့ရတဲ့ နေရောင်နဲ့ အပြင်ဘက်က လေကောင်းလေသန့် ရှူရတော့မှာကိုသာ တွေးကြည့်စမ်းပါ "
" ဒါဖြင့် ကျွန်မ ဆက်သွားပါတော့မယ် "
ဆယ်လီက ပြောရင်း မတ်တတ်ထလိုက်သည်။

ခရိတ်သည် သူမအား ကူညီတွဲယူပြီး လင်းဆွဲငှက်များ အသံကြားရာ အပေါ်ဘက်သို့ ဆက်တက်ခိုင်းလေ သည်။
ဆယ်လီလည်း ကြိုးစား၍ တက်သွားလေသည်။
သို့သော် ခဏကြာသော် သူမက -
" ဒီပေါ်မှာ ထွက်ပေါက်လည်း မရှိဘူး " ဟု လှမ်းပြောလေသည်။
" ဒီမယ် မင်းရဲ့ ခေါင်းပေါ်နားမှာ အပေါက်တစ်ခုရှိတယ်။ ပြတင်းပေါက်လို အပေါက်မျိုး။ အဲဒီနေရာကို မင်းလက်နဲ့ လှမ်းကြည့်စမ်း "

" မမီဘူးရှင့် "
" ဒါဖြင့် ဒီလိုလုပ်၊ မင်းရဲ့ ခြေထောက်ကို ငါက တံတားလိုဖြစ်နေအောင် အိပ်ပေးမယ်။ မင်းက ငါ့ကိုယ်ပေါ်တက်ပြီး အဲဒီအပေါ်ရှိရာကို မီအောင်လျမ်းကြည့် "
" ဖြစ်ပါ့မလားရှင့်။ ကျွန်မရဲ့ ကိုယ်က တော်တော်လေးတယ် "
" ဟာ .... စကားရှည်မနေစမ်းနဲ့ကွာ။ မင်းကမှ ဒီလိုမလုပ်ရင် ငါတို့အားလုံး ဒီဂူထဲက ဘယ်တော့မှ ထွက်လို့ ရမှာမဟုတ်ဘူး။ ငါပြောသလိုသာ လုပ်စမ်းပါ။ ကဲ ... ပြောနေကြာတယ်၊ ငါက အောက်က တံတားခင်းသလို နေပေးမယ်။ မင်းကသာ ငါ့ကိုယ်ပေါ် တက်ပေတော့ "

ခရိတ်က ဇွတ်အါတင်းခိုင်းလိုက်သဖြင့် ဆယ်လီလည်း မတတ်သာဘဲ ခရိတ်၏ ကိုယ်ပေါ်ကို တံတားသဖွယ် တက်နင်းကာ ဆစ်ဖက်အစွန်သို့ သွားလိုက်ရလေသည်။
" ကျွန်မ ဒီဘက်ကို ရောက်ပြီရှင့် "
" ဟုတ်ပြီ၊ မင်းက ကျောက်တုံး အက်ကွဲနေတဲ့နေရာကို တွေ့သလား "
" ဟုတ်ကဲ့ တွေ့ပါတယ် "
" မင်းလက်နဲ့ အပေါ်ကို တတ်နိုင်သလောက် မြင့်မြင့်စမ်းကြည့်လိုက်စမ်း "

" ဟုတ်ကဲ့၊ အလို အပေါ်ဘက်မှာ အပေါက်တစ်ပေါက် ရှိတယ်ရှင့် "
" ဟုတ်လား၊ အဲဒီအပေါက်ထဲကို မင်း တိုးဝင်လို့ရမလား "
ခရိတ်က မေးလိုက်သည်ကို ဆယ်လီက ရုတ်တရက် ဘာမှ ပြန်မဖြေချေ။

သူမ၏ ကိုယ်အလေးချိန်သည် ခရိတ်၏ ကိုယ်ပေါ်တွင် အတော်ပင် လေးနေသဖြင့် ကြာရှည် ဆက်တောင့်ခံ နိုင်ပါမည်လောဟု စိုးရိမ်ဖွယ်ရာပင် ဖြစ်နေလေသည်။
သို့သော် ခဏမျှအကြာတွင် ဆယ်လိ၏ ကိုယ်အလေးချိန်သည် ခရိတ်၏ ကိုယ်ပေါ်မှ ရုတ်တရက် ပျောက်သွားလေသည်။ သူမသည် အပေါ်ဘက်ရှိ အပေါက်သို့ တွယ်တက်သွားပြီဖြစ်ကြောင်း သိသာထင်ရှားလေသည်။
" ဒီမယ်ရှင့် အပေါ်မှာ ဂူတစ်ခု တွေ့နေပြန်တယ် "
ဆယ်လီက အပေါ်မှ လှမ်း၍ ပြောလိုက်သည်။

" ဟုတ်ပြီ အဲဒီမှာ ကြိုးကို ခိုင်ခိုင်ချည်ထားဖို့ နေရာတစ်ခုခုရှာကြည့်စမ်း "
ခရိတ်သည် ပြောလိုက်ပြီးနောက် ဆယ်လီ၏အသံ တိတ်သွားပြန်သည်။ သူမသည် ကြိုးစကိုချည်ရန် နေရာလိုက်ရှာနေဟန်တူသည်။
မကြာမီ သူမ၏ အသံ ပြန်ကြားရလေသည်။
" ကြိုးကို ကျွန်မ ချည်ထားလိုက်ပြီရှင့်၊ ခိုင်ခိုင်ချည်ထားလိုက်တယ် "
ခရိတ်လည်း ကြိုးကို ဆွဲကြည့်ရာ တကယ်ပင် ခိုင်မြဲစွာ ချည်နှောင်ထားောကာင်း သိရလေသည်။

ထို့ကြောင့် သူသည် ကြိုးကို အားပြုဆွဲလျက် ဆယ်လိရှိရာသို့ တွယ်တက်သွားလေသည်။
အပေါ်သို့ရောက်သောအခါ ဆယ်လီသည် ၀မ်းသာအားရ ခရိတ်အား ကလေးငယ်တစ်ယောက်ပမာ ဖက်ထားရှာလေသည်။
နှစ်ယောက်စလုံး စကားပြောနိုင်ဘဲ ရှိစဉ် အောက်မှ တွန်၈ါတာ၏ လှမ်းအော်သံကြားရလေသည်။
" အပေါ် မှာ ဘာတွေဖြစ်နေကြတာလဲဗျ "

" ဒီပေါ်မှာ ဂူတစ်ခု ထပ်တွေ့နေပြန်တယ်။ ဒီက အပြင်ဘက်ကို ထွက်ပေါက်တစ်ခုခု ရှိလိမ့်မယ် ထင်တယ်။ ပြီးတော့ ဒီမှာ လင်းဆွဲငှက်တွေလည်း ရှိတယ် "
" ကျုပ်တို့ ဘာလုပ်ရမှာလဲ "
" ကျုပ်က ကြိုးကို အောက်ချပေးလိုက်မယ်။ သူငယ်ချင်းနဲ့ ဆာရာတို့က ကြိုးနဲ့ တွယ်တက်ခဲ့ကြပါ။ အရင်ဆုံး ဆာရာတစ်ယောက်တည်း သစ်သားပေါင်ကို ဖြတ်လျှောက်ပြီး လာခဲ့ပါ။ ဒီက ကျုပ်တို့နှစ်ယောက်အားနဲ့ ဆွဲတင်မယ် "
" အိုကေ၊ ကျုပ်က ဆာရာကို အရင်တက်ခိုင်းလိုက်မယ် "

တွန်ဂါတာက ပြန်ပြောပြီးနောက် ခရိတ်သည် ကြိုးစတစ်ဖက်ကို အောက်သို့ ချပေးလိုက်သည်။ သူနှင့် ဆယ်လီတို့က အပေါ်မှနေ၍ ကြိုးကို ခိုင်မြဲစွာ ကိုင်ထားကြစဉ်မှာပင် အောက်မှ လူတစ်ယောက်ခန္ဓာကိုယ် အလေးချိန်ကြောင့် ကြိုးတင်းသွားသည်ကို သတိပြုမိကြလေသည်။
ခရိတ်နှင့် ဆယ်လီတို့သည် ကြိုးကို အားကုန်စိုက်၍ ဆွဲတင်ကြလေသည်။

မှောင်မိုက်နေ၍ သဲကွဲစွာ မမြင်ရသော်လည်း တဖြည်းဖြည်းနှင့် ကြိုး၏ အောက်ခြေတွင် လူတစ်ယောက်၏ သဏ္ဍာန်ကို မထင်မရှားမြင်ရစပြုလာလေသည်။
" ဆာရာ လာနေပြီဗျို့ "

တွန်ဂါတာက အောက်မှ လှမ်းအော်ပြောလိုက်သံ ကြားရပြီးနောက် ခရိတ်နှင့် ဆယ်လီတို့သည် အထူး ကြိုးစား အားစိုက်၍ ကြိုးကို ဆွဲတင်ကြလေသည်။
ဆာရာ ၏ ကိုယ်မှာ သေးကွေး၍ အလေးချိန် မများလှသော်လည်း အပေါ်သို့ ဆွဲတင်ရသည်မှာ အလွန် အလှမ်းဝေး သဖြင့် ခရိတ်နှင့် ဆယ်လီတို့အဖို့ အထူးပင် ကြိုးစားအားစိုက်၍ ဆွဲကြရလေသည်။
မကြာမီ ဆာရာသည် အပေါ်သို့ ရောက်လာလေသည်။

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

Tuesday, November 2, 2010

တက္ကသိုလ် နေဝင်း ဘာသာပြန် ဇင်ဘာဘွေ အခန်း (၄၂) အဆက် (၁)

တွန်ဂါတာက မီးပုံထဲသို့ နောက်ထပ် ထင်းများဖြည့်ထည့်ပေးလိုက်စဉ် ခရိတ်သည် စိန်အကြောင်း စပြော လေသည်။
" ကိုဟီနူးဆိုတဲ့ စိန်ကြီးအကြောင်း ကြားဖူးကြတယ် မဟုတ်လား။ ကိုဟီးနူးဆိုတဲ့ ဝေါဟာရရဲ့ အဓိပ္ပာယ်က အလင်းရောင်ဖြင့်ပြီးသော တောင်ကြီးဖြစ်တယ်ဆိုတာကော သိကြရဲ့လား။ ဒီစိန်ကြီးရဲ့ တန်ဖိုးကိုလည်း ပိုင်ရှင်ဖြစ်တဲ့ မဂိုစစ်ဘုရင်ကြီး ဂေဘာက ဘယ်လောက်တန်ဖိုးဖြတ်ခဲ့သလဲ သိလား။

အဲဒီခေတ်က တိုင်းပြည်အားလုံးပါတဲ့ ကမ္ဘာ့တစ်ခုလုံးရဲ့ နေ့စဉ်အသုံးစရိတ်ရဲ့ တစ်ဝယ်ရှိမယ်လို့ ခန့်မှန်း ခဲ့တယ်။ အဲဒီ ခေတ်ကတော့ ကိုဟီနူးစိန်ကြီးထက် ကြီးကျယ်ပြီး အရည်အသွေးကောင်းတဲ့ စိန်မျိုး မရှိခဲ့တာ တော့ အမှန်ပဲ။ ရှေးခေတ် မြို့တော်ကြီးတွေမှာ ရတနာတွေ အများကြီး စုဆောင်းထားရှိတာကိုတော့ ကြားဖူး ကြမှာပေါ့။ အိန္ဒိယပြည် ဒေလီမြို့ဟောင်းမှာက ကိုဟီနူးစိန်လို အဖိုးတန်ရတနာတွေ ဘယ်လောက် များများ ရှိခဲ့သလဲ ဆိုရင် ရှေးခေတ်ရောမမြို့တော်တို့၊ တစ်ချိန်က အလွန်ကြီးကျယ်ခဲ့တဲ့ ဘေဘီလွန် မြို့ကြီး တို့ထက် ဒေလီမြို့က အဆပေါင်းများစွာသာတယ်လို့ အဆိုရှိတယ်။

အဖိုးမဖြတ်နိုင်တဲ့ ရတနာတွေကို နာမည်ပေးထားခဲ့ပုံကိုလည်း ကြည့်ဦးလေ။ " အလင်းရောင် ပင်လယ်ပြင် တဲ့ " နောက်ပြီး " လမင်းရဲ့ သရဖူ"တဲ့ အဲဒီလို နာမည်မျိုးတွေကို ပေးခဲ့ကြတယ် "
ခရိတ် သည် ဤသို့ပြောပြီးနောက် ကျန်လူများ စိတ်ဓာတ်ကျနေရာမှ စိတ်ပြေလက်ပျောက်ဖြစ်လာစေရန် ရည်ရွယ်လျက် သူစဉ်းစားရသမျှ စိတ်ဝင်စားဖွယ် အကြောင်းများ၊ ပုံပြင်များကို ကြိုးစားပြောပြလေသည်။

သူသည် အတိတ်ကာလ ပြင်သစ်ပြည်မှ အလွန်သစ္စာရှိသော အစေခံ (လူယုံတော်) တစ်ဦးအကြောင်း ပုံပြင် ကိုလည်း ပြောပြလိုက်သည်။
တစ်ခါက ဒီဆင်စီဆိုသူသည် သူ၏ ကျွန်ယုံတစ်ဦးအား အလွန် အဖိုးတန်သော စိန်ကြီးတစ်လုံးကို ပြင်သစ်ဘုရင် ဟင်နရီထံသို့ လွှတ်၍ ပေးပို့ခိုင်းခဲ့ခြင်းနှင့်စပ်လျသ်းသော ပုံပြင်ဖြစ်လေသည်။
" ဒီအကြောင်း ကို ခိုးသားဓားပြတွေက သတင်းရလေတော့ စိန်ကြီး ယူဆောင်သွားတဲ့ ကျွန်ယုံကို လမ်းခရီး ကဖြတ်ပြီး ဓားပြတိုက်ကြတယ်။ သို့သော်လည်း စိန်ကြီးကိုတော့ ဘယ်လိုမှ ရှာမတွေ့ဘူးတဲ့။ နောက်ဆုံး လူဆိုး တွေက လက်လျှော့ပြီး အဲဒီ ကျွန်ယုံအလောင်း မြှုပ်ထားတဲ့နေရာကို တူးဖော်စေပြီး ပျက်စီးနေတဲ့ အလောင်း ကို အသေးစိတ် ရှာဖွေစေသတဲ့။ ဒီတော့မှ စိန်ကြီးဟာ ဒီလူရဲ့ ၀မ်းဗိုက်ထဲမှာ သွားတွေ့ ရတယ်လို့ ဆိုတယ် "

" ဟင် ... စိတ်ညစ်စရာကြီးပဲနော် "
ဆယ်လီက အော့နှလုံးနာဟန်ဖြင့် မှမ်ချက်ချလိုက်သည်။
" ဒီလိုလည်း ပြောချင် ပြောနိုင်ပါတယ်။ ဒါပေမဲ့ ကျုပ်ဆိုလိုတာကတော့ ကမ္ဘာ့သမိုင်းမှာ ကြီးကျယ်ခဲ့တဲ့ စိန်ရတနာ မှန်သမျှ အလားတူ နောက်ကြောင်း ရာဇ၀င်တွေ၊ ပုံပြင်တွေ ရှိခဲ့တာချည်းပဲ။ စိန်ကောင်းကောင်း ရရှိဖို့ အတွက် စိန်အကြောင်း လျှို့ဝှက်ချက်တွေကို စစ်ဆေးမေးမြန်းလို့ ကာယကံရှင်က မဖော်ထုတ်ဘဲ လျှို့ဝှက် ထားရင် အဲဒီလူတွေကို ရေနွေးပူလောင်း၊ သံကို မီးဖုတ်ပြီး အသားမှာကပ်တဲ့ နည်းမျိုး တွေနဲ့ နှိုပ်စက် ညှဉ်းပန်းပြီး စစ်ခဲ့ကြတယ်။

အမျိုးသမီးတွေဆိုရင် စိန်အတွက် သူတို့ကိုယ် သူတို့ အပျက်စီးခံပြီး လျှို့ဝှက်ချက်ကို ထိန်းသိမ်း ကာကွယ် ခဲ့သလို၊ တချို့က စိန်ရဖို့အတွက် ခန္ဓာကိုယ်နဲ့ရင်းပြီး ရအောင်ယူခဲ့ကြတယ်။ စိန်ကောင်း ကျောက်ကောင်း အတွက် ဆိုရင် ဘုရင့်နန်းတော်တွေကို အတင်းဝင် တိုက်ခိုက် လုယူခဲ့တာတို့၊ ဘာသာရေးဆိုင်ရာ ဘုရားကျောင်း အဆောက်အအုံတွေကို ၀င်ဖျက်ဆီးပြီး ယူတာတို့တွေလည်း အတိတ်သမိုင်းမှာရှိခဲ့တယ်။ ဒါကြောင့် စိန်ကောင်းတစ်လုံးတွေ့ပြီးဆိုရင် အဲဒီစိန်ကြီး အတိတ်မှာ ကြေကွဲဖွယ်၊ ရင်နာဖွယ် ဇာတ်လမ်းတွေ ရှိခဲ့ပြီ လို့သာ အသေမှတ်လိုက်ပေတော့။

ဒါပေမဲ့ အံ့သြ ဖွယ်ကောင်းတာက စိန်ရဲ့ အတိတ်ဇာတ်ကြောင်းဟာ အဲဒီလို ဇာတ်လမ်းမျိုးတွေရှိခဲ့ပေမယ့် စိန်မြင်ရင် လိုချင်တပ်မက်တဲ့ လောဘဇောကို ဘယ်လိုမှ ချိုးနှိမ်လို့ မရဘူး။ မဂိုလ်ဘုရင်ကြီးလို့ခေါ်တဲ့ နာမည်ကျော် စိန်ကြီးအကြောင်းကဆိုရင် အလွန်စိတ်ဝင်စားဖို့ ကောင်းတယ်။ ပန်ဂျပ်ပြည်ရဲ့ ခြင်္သေ့ကြီးလို့ သမိုင်း မှာ တွင်ခဲ့တဲ့ ပန်ချာပီ စစ်သူကြီး ရမ်ဂျစ်ဆင်းက စစ်ပွဲမှာ အနိုင်ရတော့ စစ်ရှုံးသူ ရှားဘုရင် ရှုဂျာကို အမျိုးမျိုး နှိပ်စက်ညှဉ်းပန်းပြီး မဂိုလ်ဘုရင်ကြီး စိန်ကို မရရအောင် တောင်းယူခဲ့တယ်။

တကယ်တော့ ရမ်ဂျစ်ဆင်း ဟာ တစ်ချိန်က ရှားဘုရင် ရှုဂျာရဲ့ အရင်းနှီးဆုံး မိတ်ဆွေဖြစ်ခဲ့ဖူးတယ်။ သို့သော် စိန်ကြီးကို လိုချင်တဲ့ လောဘဇောကြောင့် ရန်သူဖြစ်ပြီး စစ်ခင်းတိုက်ခိုက်ခဲ့တယ်။ နောက် ရမ်ဂျစ်ဆင်းက စိန်ကြီး ကို လက်ဝယ် ရရှိပြီးတော့ စစ်ရှုံးသူ ရှားဘုရင် ရှုဂျာကို မေးသတဲ့။ အသင်သည် ဤစိန်ကြီးကို မည်မျှနျင့် တန်ဖိုးဖြတ်ပါ သနည်းလို့ မေးတော့၊ ရှားဘုရင် ရူဂျာဟာ သေရတော့မယ့်ဆဲဆဲ ဖြစ်နေတဲ့ကြားက ဤစိန်ကြီးသည် ကောင်းကျိုးချမ်းသာကို ပေးနိုင်စွမ်းသဖြင့် ငွေကြေးအားဖြင့် တန်ဖိုးမဖြတ်နိုင်။

လက်ဝယ်ရှိသူအား ကံကောင်းစေ၏။ စစ်မက်တိုက်ခိုက်၍ အနိုင်ရပြီး ဤစိန်ကြီးကို လက်ဝယ်ရရှိသူအဖို့ ရှေ့လျှောက် အလွန် ကံကောင်းလာတော့မည်ဖြစ်ချေ၏။ ဤသည်ပင်လဆင် မဂိုလ်ဘုရင်ကြီး စိန်၏ တန်ဖိုး ပင်ဖြစ်၏။ အဲဒီလို ပြန်ပြောခဲ့သတဲ့ "
ခရိတ်က ပုံပြင်ကို အဆုံးသတ်လိုက်ချိန်တွင် တွန်ဂါတာသည် မီးပုံထဲသို့ ထင်းစဖြင့် ထိုးနေရာမှ ထင်းစကိုယူပြီး စိန်ရိုင်းများ စုပုံနေရာသို့ ထိုးပြရင်း -
" ဟော ဒီစိန်တွေထဲက စိန်တစ်လုံးက ကျုပ်တို့ကို နည်းနည်းပါးပါး ကံကောင်းလာအောင် ဖန်တီးပေးနိုင်ရင် ကောင်းမှာပဲ" ဟု ပြောလိုက်လေသည်။
ကြာသော် ခရိတ်တွင် ပြောစရာ ပုံပြင် သို့မဟုတ် စိန်ရတနာအကြောင်းတွေ ကုန်သွားလေသည်။ တောက်လျှောက် မရပ်မနား ပြောခဲ့ရ၍ လည်ချောင်းထဲတွင်လည်း ခြောက်ကပ်နေပြီ ဖြစ်သည်။ သို့သော် ခက်နေသည် က ကျန်လူသုံးယောက်ကလည်း အခြားလူများ စိတ်ဓာတ်တက်အောင် ဘာမှ မပြောနိုင်ခြင်း ပင် ဖြစ်လေသည်။

သို့နှင့်ပင် သူတို့သည် စိတ်ဓာတ်ကျလျက် ပြောင်းဖူးဖြင့်လုပ်ထားသည့် မုန့်များကို အာဟာရအလို့ငှာ ကျိတ်မှိတ် စားလိုက်ကြလေသည်။
အားလုံး အိပ်ကြသောအခါ ခရိတ်သည် လဲလျောင်းနေသော်လည်း အိပ်မပျော်နိုင်ဘဲ အခြေအနေကို သေချာစွာ ပြန်လည် သုံးသပ်ဆင်ခြင်နေမိလေသည်။ ယင်းသို့ စဉ်းစားမိကာမှ မျက်လုံးကျယ်ကာ ပို၍ပင် မအိပ်ချင် တော့သဖြင့် မထူးပါဘူးဟု ဆုံးဖြတ်လျက် လွတ်မြောက်ရန် နည်းလမ်းတွေကို အမျိုးမျိုး စဉ်းစား ကြည့်လေသည်။

ဤဂူကြီးအတွင်းမှ လွတ်မြောက်အောင် ထွက်ပြေးရန် နည်းလမ်းတစ်ခုတော့ ရှိမည်ဟု သုံးသပ်မိလေသည်။ ယင်းကား မြေအောက်ရေအိုင်မှတစ်ဆင့် ကျောက်ဖြစ်ရုပ်ကြွင်းများရှိရာ ဂူ၏ ခန်းမကျယ်ကြီးကိုဖြတ်ကာ အပြင်ဘက်သို့ ထွက်ရန်ပင်ဖြစ်သည်။
သို့သော် ထိုထွက်ပေါက်တွင် ရှိုနာစစ်သားများက စောင့်နေကြမည်ဖြစ်ရာ ၄င်းတို့ မစောင့်တော့ဘဲ ထွက်သွား တော့ မှာသာလျှင် မိမိတို့က ထွက်ပြေးလွတ်မြောက်နိုင်မည်ဖြစ်သည်။
သို့ဖြစ်လျှင် ရှိုနာစစ်သားများသည် မည်မျှကြာကြာ စောင့်နေကြမည်နည်း။

တစ်ဖန် မိမိတို့၏ အခြေအနေကို ပြန်လည် လေ့လာသုံးသပ်ကြည့်သောအခါ အဟာအာဟာရအနေဖြင့် နောက်ထပ် နှစ်ရက်စာမျှသာ ရှိတော့ကြောင်း တွက်မိလေသည်။ ရေအတွက်ကိုမူ ကျောက်ဂူအပေါ်မှ စိမ့် ကျသောရေ ရှိနေသဖြင့် ရေပြတ်စရာ အကြောင်းမရှိချေ။

သို့သော် ဓာတ်ခဲသုံးလက်ဆွဲမီးအိမ်နှစ်ခုမှ ဘက်ထရီများသည် မကြာမီ အားကုန်သွားတော့မည်ဖြစ်သည်။ ယခုပင်လျှင် ဘက်ထရီ အားနည်း၍ မီးအလင်းရောင်က မှိန်စ ပြုနေပြီဖြစ်သည်။
မီးဖိုရန်အတွက် ထင်းကို သစ်သားလှေကားက အစိတ်အပိုင်းများယူ၍ သုံးနေကြရာ နောက်ရက် အနည်းငယ်အတွင်း ထင်းလုံးဝ ပြတ်သွားတော့မည်ဖြစ်သည်။
ဤအခြေအနေ အတိုင်း အချိန်အကန့်အသတ်မရှိ ကြာရှည်နေရပါက မိမိတို့ အားလုံး ရူးသွပ်သွားဖွယ်ရာ ရှိပေသည်။

ခရိတ်သည် တစ်ယောက်တည်း စဉ်းစားနေစဉ် သူ၏ စဉ်းစားခန်းကို နှောင့်ယှက်ဖျက်ဆီးလိုက်သည့် အနှောင့်အယှက်တစ်ခု ရုတ်တရက် ဖြစ်ပေါ်လာလေသည်။
သူလဲလျောင်းနေသော ကျောက်ပြားသည် မြေငလျင် ပြင်းစွာလှုပ်သလို အကြီးအကျယ် လှုပ်ရှားသွားလေရာ ခရိတ် သည် လန့်ဖျပ်သွားကာ ချက်ချင်းထရန် ကြိုးစားလေသည်။
ထိုအခိုက်မှာပင် ဂူ၏ အပေါ်မျက်နှာကျက်နားဆီမှကျောက်တုံးကြီးတစ်ခုပဲ့ထွက်ပြီး အောက်သို့ အရှိန် ပြင်းစွာ ဖြင့်ပြုတ်ကျလေရာ သူတို့ စုအိပ်နေသည့်နေရာမှ ခြေလှမ်းဆယ်လှမ်းမျှအကွာတွင် ကျရောက် လာလေ သည်။

ကျောက်တုံး အပဲ့အစများနှင့် ကျောက်မှုန့်များလည်း မီးဖိုများလို ပိတ်မှောင်သွားလေတော့သည်။
ဆာရာသည် ရုတ်တရက် လန့်နိုးလာရာမှ ကြောက်အားလန့်အားနှင့် ဟစ်အော်နေရှာသည်။ တွန်ဂါတာ သည်လည်း နှစ်ခြိုက်စွာ အိပ်ပျော်နေရာမှ ရုတ်တရက် နိုးလာပြီး အိပ်မငန်စုံမွှားနှင့် လူးလှိမ့်ရင်း ပတ်ဝန်းကျင် ကို အကဲခတ်၍ ကြည့်နေလေသည်။

မြေငလျင်လှုပ်သလို ဂူကြီးအတွင်း တုန်ခါလှုပ်သွားခြင်းသည် စက္ကန့်ပိုင်းမျှသာကြာပြီး ချက်ချင်း ပြန်၍ ငြိမ်သက်တိတ်ဆိတ်သွားလေသည်။
" အဲဒါ ဘာဖြစ်တာလဲဟင် "
ဆယ်လီ က သိလို၍ မေးလိုက်လျှင် ခရိတ်သည် ကိုယ်တိုင် မဖြေလိုသဖြင့် အနီးရှိ တွန်ဂါတာအား လှမ်း ကြည့်လိုက်သည်။
" ကျုပ်အထင်တော့ ရှိုနာစစ်သားတွေက ကျောက်ရုပ်ကြွင်းတွေရှိတဲ့ ခန်းမကြီးကို ဒိုင်းနမိုက် (ယမ်းဘီလူး)နဲ့ ဖောက်ခွဲပစ်လိုက်ပြီ ထင်တာပဲ။ အဒိပ္ပာယ်ကတော့ သူတို့က ကျုပ်တို့ ဒီနေရာက ထွက်ပေါက် လုံးဝမရှိ တော့အောင် ဂူပေါက်ကို အသေပိတ်လိုက်တာပဲ "

တွန်ဂါတာက ခပ်တိုးတိုး ပြန်ပြောလိုက်ရာ ဆယ်လီသည် အကြီးအကျယ် တုန်လှုပ်ချောက်ချားလျက် -
" အိုး ... မိုင်ဂေါ့ဒ် "ဟု ဘုရားသခင်ကို တမ်းတရင်း သူမ၏ ပါးစပ်ကို လက်ဖြင့် ပိတ်ထားလိုက်ရှာသည်။
" ကျွန်မ တို့ကို အရှင်လတ်လတ် ဂူသွင်းသင်္ဂြိုလ်ထားလိုက်ပြီ ဆိုပါတော့ "
ဆာရာက အခြေအနေမှန်ကို ထုတ်ဖော်ဖွင့်ပြောလိုက်သည်။

---------------------
ပလက်ဖောင်း စင်မြင့်၏ အစွန်မှ ရေမျက်နှာပြင်ထိအောင် ပေတစ်ရာ့ခြောက်ဆယ်ခန့်ရှိလေရာ တွန်ဂါတာ သည် နိုင်လွန်ကြိုးဖြင့် သွယ်တန်းလိုက်လေသည်။
ထို့နောက် ခရိတ်က ယင်းနိုင်လွန်ကြိုးဖြင့် တွယ်လျက် အောက်သို့ ဆင်းလေသည်။ ဘေးနှစ်ဖက် နှစ်ချက် တွင်ကား ချောက်ကမ်းပါးကြီးရှိလေရာ ခြေချော်လက်ချော် ကျသွားပါက အရိုးတခြား၊ အသားတခြား၊ မရှုမလှ သေဆုံးရမည်မှာ သေချာပေသည်။

ခရိတ်သည် အထူးသတိထားလျက် ဆင်းသွားပြီးနောက် ရေမျက်နှာပြင်သို့ ရောက်သည့်အခါ ရေအောက်ထဲ ဆင်းငုပ်၍ အခြေအနေကို လေ့လာကြည့်လေသည်။
ကျောက်ရုပ်ကြွင်းများရှိသည့် ခန်းမကျယ်သို့ သွားသော ရေအောက်ဥမင်လိုဏ်ခေါင်းလမ်းတွင် ကျောက်တုံး ကြီး တစ်တုံး ပိတ်ဆို့နေသည်ကို တွေ့ရလေသည်။ ကျောက်တုံးကြီးသည် အပေါ်မှ ပြိုလဲ လိမ့်ကျပြီး ပိတ်ဆို့ နေခြင်း ဖြစ်ဟန်တူလေသည်။

ခရိတ်လည်း ရေအောက်ထဲမှ ငုပ်၍ ပြန်လှည့်လာခဲ့လေသည်။
" ပူဖိုး ... ပူဖိုး ... ရှင် ဘာမှ မဖြစ်ဘူးနော် "
အပေါ်မှ ဆယ်လီက လှမ်းအော်မေးလိုက်ရာ။ ခရိတ်က -
" ငါ .... အိုကေပါတယ်။ ဒါပေမဲ့ တွန်ဂါတာ ထင်တဲ့အတိုင်း မှန်တယ်။ ရန်သူက ဒိုင်းနမိုက်နဲ့ ဖောက်ခွဲထားလို့ ဥမင် လိုဏ်ခေါင်းအ၀မှာ ကျောက်တုံးကြီးတစ်တုံး ပိတ်ဆို့နေတယ် " ဟု ပြန်အော်ပြော လိုက်သည်။

ထို့နောက် သူသည် အပေါ်သို့ ပြန်တက်လာခဲ့သည်။
" ကျွန်မတို့ ဘာလုပ်ကြမလဲဟင် "
ဆယ်လီက မေးသည်။

" လောလောဆယ်တော့ ငါတို့ ဒီဂူအတွင်းကထွက်နိုင်ဖို့ လမ်းတစ်ခုခု ရှိလိုရှိငြား လိုက်ရှာကြည့်ကြရမယ်။ ငါတို့ လူနှစ်ယောက်စီ နှစ်သုတ်ခွဲပြီး လိုက်ကြည့်ကြမယ်။ ကျောက်ကြိုကျောက်ကြား ထွက်ပေါက် လမ်းကျဉ်း၊ လမ်းဟောင်း တစ်ခုခုရှိမလားလို့ လိုက်ကြည့်ကြမယ်။ သူငယ်ချင်း တွန်ဂါတာနဲ့ ဆာရာတို့က ဘက်ထရီ မီးအိမ်တစ်ခုယူပြီး လက်ဝဲဘက်ကို လျှောက်လေ့လာကြည့်ပါ။ မီးကိုလည်း ဘက်ထရီ မကုန်အောင် တတ်နိုင်သလောက် လျှော့သုံးပါ "

ခရိတ်က ပြောလိုက်ပြီးနောက် လူနှစ်သုတ်ခွဲပြီး ဂူအတွင်း လျှောက်လေ့လာကြည့်ကြလေသည်။
နောက် သုံးနာရီခန့်ကြာသောအခါ သူတို့သည် မီးဖိုဘေးတွင် ပြန်ဆုံကြရာ ခရိတ်က ရှေးဦးစွာ သတင်းပို့ လေသည်။
" ကျုပ်တို့ဘက်က လျှောက်ကြည့်တော့ ဥမင်လိုဏ်ခေါင်းငယ်တစ်ခု တွေ့ရတယ်။ ကျုပ်က ၀င်ပြီး ကြည့်လိုက်တော့ ၀င်သွားကာစက အဆင်ပြေပေမယ့် အတော်လေးသွားမိတော့မှ လမ်းက ပိတ်နေ ပြန်တယ်။ သူငယ်ချင်းတို့ဘက်ကတော့ ဘာများ တွေ့သေးသလဲ "

ခရိတ်၏ စကားအဆုံးတွင် တွန်ဂါတာက ခေါင်းခါပြလေသည်။
" ဘာမှ မတွေ့ပါဘူးဗျာ။ နှစ်နေရာမှာတော့ လမ်းကျဉ်း ကလေးလိုလို ဖြစ်နေလို့ သေသေချာချာ ၀င်သွား ကြည့်တော့မှ ဘာလမ်းမှမရှိဘဲ ပိတ်နေတာပဲ တွေ့ရတယ်။
" ဒါဖြင့် ဘာလုပ်ကြမလဲ "

" လောလောဆယ်ဆယ် အစာနည်းနည်းပါးပါးစားပြီး ခဏ အနားယူကြမယ်။ တတ်နိုင်ရင် အိပ်ပျော်အောင် ကြိုးစား အိပ်ကြ။ ဒါမှ ကျုပ်တို့အားလုံး အားပြည့်ပြီး ဆက်အလုပ် လုပ်နိုင်ကြမယ် "
လက်ကျန် အစားအစာထဲမှ အနည်းငယ်စီ စားလိုက်ကြပြီးနောက် လဲလျောင်းအနားယူလိုက်ကြသောအခါ ခရိတ်သည် ပင်ပန်းလွန်း၍ပဲလား မသိ၊ ချက်ချင်းပင် အိပ်ပျော်သွားလေသည်။
သူ အိပ်ရာမှ ပြန်နိုးသောအခါ ဆယ်လီသည် သူ၏ ရင်ခွင်တွင် မှီ၍ အိပ်ပျော်နေရှာလေသည်။ သူမသည် အိပ်ပျော် နေရင်း ချောင်းခဏခဏ ဆိုးနေပေသည်။ အအေးမိထားသဖြင့် ချောင်းဆိုဟန် တူပေသည်။

ခရိတ်အဖို့မှာမူ အိပ်လိုက်ရ၍ အားအင်ပြန်ပြည့်လာလေသည်။ သူသည် ဆယ်လီ နိုးသွားမည်စိုး၍ မလှုပ်ရှားဘဲ အသာငြိမ်နေလိုက်သည်။
မီးဖို၏ တစ်ဖက်တွင်ကား တွန်ဂါတာသည် နှစ်ခြိုက်စွာ အိပ်ပျော်လျက် ဟောက်နေပေသည်။
ပတ်ဝန်းကျင် တစ်ခုလုံး တိတ်ဆိတ်လျက်ရှိရာ အသံဆို၍ ကျောက်ဂူအပေါ်မှ စိမ့်ကျသည့် ရေတစ်စက် တစ်စက် ကျသံသာလျှင် ကြားနေရလေသည်။

ခရိတ်သည် နောက်အသံတစ်ခုကို သဲ့သဲ့မျှ ကြားရသဖြင့် ဂရုစိုက် နားစွင့်ထောင်ကြည့်လေသည်။ အသံက သူ၏ စိတ်ကို အနှောင့်အယှက် ဖြစ်စေသည့် အသံမျိုးဖြစ်နေသည်။
အတန်ကြာကြာ နားစိုက်ထောင်ကြည့်တော့မှ အမှန်ကို စဉ်းစား၍ ရတော့သည်။ သူ သဲ့သဲ့မျှ ကြားနေ ရသော အသံကား ဂူအတွင်း၌ရှိသော လင်းဆွဲငှက်များ၏ အသံဖြစ်လေသည်။
သူတို့ ဤနေရာရှိ ပလက်ဖောင်း စင်မြင့်ကို စတွေ့ချိန်က လင်းဆွဲငှက်များရှိနေကြောင်းတွေ့ရှိခဲ့ရသည်ကို ယခုမှ ပြန်သတိရမိလေသည်။

အတန်ကြာသော် ခရိတ်သည် ဆယ်လိ၏ ဦးခေါင်းကို ညင်သာစွာမ၍ ဘေးသို့ အသာချထားလိုက်ရာ ကံအား လျော်စွာ သူမသည် မနိုးဘဲ ဆက်လက်၍ အိပ်ပျော်နေရှာသည်။
ခရိတ်သည် ဘက်ထရီ မီးအိမ်တစ်ခုကို ယူ၍ ပလက်ဖောင်း (စင်မြင့်) ရှိရာသို့ လျှောက်သွားလေသည်။ ဘက်ထရီက အားကုန်လုပြီဖြစ်၍ သူသည် လိုအပ်မှသာ မီးခလုတ်ကို ဖွင့်ကြည့်လေသည်။ ပလက်ဖောင်း စင်မြင့်ရှိရာသို့ ရောက်သောအခါ သူသည် မှောင်ထဲမှောင် ရပ်၍ အသံများကို နားစိုက်ထောင်နေလေသည်။

လင်းဆွဲငှက်များ၏ အသံသည် တောက်လျှောက် မြည်နေခြင်းမဟုတ်။ မြည်လိုက်၊ ရပ်လိုက် ဖြစ်နေသည်။ ရံဖန် ရံခါ အုပ်စုလိုက် တစ်ပြိုင်နက် အော်မြည်သံများ ကြားရပြီးနောက် တိတ်ဆိတ်ငြိမ်သက်သွားပြန်သည်။
ခရိတ်သည် ဘက်ထရီ မီးအိမ်ခလုတ်ကို ဖွင့်ကြည့်လိုက်ရာ သူ၏ လက်ပတ်နာရီအရ ငါးနာရီထိုးနေပြီဖြစ် ကြောင်း တွေ့ရလေသည်။ သို့သော် န့နက်ငါးနာရီလား၊ ညနေ ငါးနာရီလားဟူ၍ ရုတ်တရက် ဝေခွဲ၍ မရချေ။

လင်းဆွဲငှက်များ ဤနေရာတွင် အသိုက်ပြုလုပ်နေကြပုံကို ထောက်လျှင်ကား အပြင်ဘက်တွင် အလင်း ရောင်ရှိနေလိမ့်မည်ဟု ခန့်မှန်းရပေသည်။
ခရိတ်သည် ထိုင်ချလိုက်ပြီး တစ်နာရီခန့် စောင့်ကြည့်နေလေသည်။ အတန်ကြာသော် လင်းဆွဲငှက်များ ဆူညံစွာ အော်မြည်သံ ကြားရပြန်သည်။ ငှက်ပေါင်းများစွာ တစ်ပြိုင်နက် အော်မြည်နေသံဖြစ်၍ အလွန် ကျယ်လောင်လှပေသည်။

ဤတွင် အချိန်ကို ခန့်မှန်း၍ သိရလေသည်။ လင်းဆွဲငှက်များသည် ညဘက်မှ အစာထွက်ရှာသော သတ္တ၀ါ များဖြစ်ရာ ယခု သူတို့ ဆူညံစွာ အော်မြည်နေပုံအရ အစာထွက်ရှာရန် ပြင်ဆင်နေကြောင်း ထင်ရှား နေသည်။ ဤအတိုင်းဆိုလျှင် အချိန်မှာ ညနေစောင်း နေ၀င်ဖျိုးဖျအချိန်ဖြစ်ရပေမည်။
လင်းဆွဲငှက်များ၏ အသံသည် တဖြည်းဖြည်း ဝေးကာ မျေးမှိန်သွားလေသည်။ ခရိတ်သည် လက်ပတ်နာရီ ကိုကြည့်လိုက် ပြန်သောအခါ ခြောက်နာရီခွဲပြီဖြစ်ကြောင်း တွေ့ရလေသည်။
ဂူအတွင်းမှ အစာရှာရန် ပျံထွက်သွားသော လင်းဆွဲငှက်အုပ်သည် ထွက်ပေါက်တစ်ခုခုမှ အပြင်ဘက် ကောင်းကင်ပြင် သို့ ထွက်သွားကြခြင်းဖြစ်ရမည်ဟု တွက်မိလေသည်။

ခရိတ်သည် ပလက်ဖောင်းစင်မြင့်ပေါ်မှနေ၍ အပေါ်သို့ လှမ်းကြည့်ရာ လင်းဆွဲငှက်များသည် စင်မြင့် တည့်တည့်ရှိ မီးခိုးပြောင်းတိုက်ကဲ့သို့ အပေါက်မှ ပျံထွက်သွားကြခြင်းဖြစ်ရမည်ဟုလည်း ခန့်မှန်းမိသည်။
သို့သော် အပေါ်ပိုင်း၌ မှောင်မည်းနေသဖြင့် အခြေအနေကို အတိအကျ အကဲခတ်၍မရပါချေ။ မီးခိုးပြောင်း တိုင်၏ အောက်ခြေဘေး နံရံများကတော့ ချောမွတ်နေသဖြင့် တွယ်တက်ကြည့်ရန် ကိုင်စရာဟူ၍ ဘာမှမရှိ သဖြင့် တွယ်တက်ရန် လက်လျှော့လိုက်ရသည်။

ခရိတ်က အပေါ်သို့ မော့ကြည့်ရင်း လေ့လာနေစဉ် တွန်ဂါတာက အောက်မှနေ၍ -
" ဘယ်လိုလဲဗျ၊ ဘာများ တွေ့နေလို့လဲ "ဟု လှမ်းအော်မေးလိုက်သည်။
" ဒီဂူထဲက အပြင်ဘက် ထွက်ဖို့ရာ ဒီတစ်လမ်းပဲ ရှိတယ်ထင်တာပဲ "
" ဘာလဲ မီးခိုးပြောင်းတိုင်ကတစ်ဆင့် တက်ဖို့လား။ ဘယ်နည်းနဲ့မှ တွယ်တက်လို့ ရမှာမဟုတ်ဘူးဗျ "

" ဒါပေမဲ့ လင်းဆွဲငှက်တွေက အဲဒီက တစ်ဆင့်တက်ပြီး အပေါ်ဘက်နားမှာ အသိုက်လုပ်နေကြတယ် "
" ဟာဗျာ လင်းဆွဲငှက်တွေမှာ ပျံဖို့ အတောင်ရှိတယ်ဆိုတာ စဉ်းစားဦးမှပေါ့။ ဒါထက် အပေါ်ရောက်ဖို့ဆိုရင် ဘယ်လောက် ဝေးသလဲ "
တွန်ဂါတာက မေးသဖြင့် ခရိတ်က -
" ခင်ဗျားကိုယ်တိုင် လာကြည့်လေဗျာ။ ကျုပ် မီးအိမ်က ဘက်ထရီကုန်လုပြီမို့ ခင်ဗျားရဲ့ မီးအိမ်ပါ ယူလာ ခဲ့ပါ"ဟု ပြန်ပြောလိုက်သည်။
ထို့နောက် နှစ်ယောက်သား စင်မြင့်ပေါ်မှတစ်ဆင့် အပေါ်ဘက်သို့ လှမ်းကြည့်ကြလေသည်။

" ဘယ်လို သဘောရသလဲဗျ "
ခရိတ်က မေးလိုက်ရာ တွန်ဂါတာသည် မှောင်ထဲသို့ ကြည့်ရင်း -
" အတိအကျတော့ ပြောလို့မရဘူး။ ဒါပေမဲ့ မှောင်ထဲမှာ တစ်ခုခုတော့ ရှိတယ်ထင်တာပဲ။ ကျုပ်တို့ တွယ်တက် နိုင်ဖို့ တစ်ခုခု ရှိလိမ့်မယ်ထင်တယ် "ဟု ပြောလိုက်သည်။
" တစ်ခုခုရှိရင် အဲဒီနေရာကို ရောက်အောင် သွားနိုင်ဖို့ အရေးကြီးတယ် "
ခရိတ် က ပြောရင်း ဘက်ထရီမီးကို ပြန်ပိတ်လိုက်သည်။

" ဘယ်လိုလုပ်ပြီး ရောက်အောင်သွားမှာလဲ "
" မသိသေးဘူး၊ ကျုပ် စဉ်းစားနေတုန်းပဲ "
ဤတွင် နှစ်ယောက်သား ဘာမှဆက်မပြောဘဲ ငြိမ်နေလိုက်ပြန်သည်။ မှောင်မိုက်နေသည့်ကြားမှ သူတို့ သည် ပခုံးချင်းထိလျက် နေကြလေသည်။
အတန်ကြာသောအခါ တွန်ဂါတာက -
" ဒီမယ် ခရိတ်၊ တကယ်လို့များ ကျုပ်တို့ အဲဒီနေရာက တစ်နည်းနည်းနဲ့ လွတ်မြောက်သွားခဲ့ရင် ခင်ဗျားလည်း ဒီစိန်တွေကို တချို့တစ်ဝက် ခင်ဗျားရဲ့ ဝေစုအဖြစ် ရသင့်ရထိုက်တယ်ဗျ။ ပြီးတော့ ... "ဟု ခပ်တိုးတိုး ပြောနေစဉ် ခရိတ်က စိတ်တိုလာဟန်နှင့် -
" တိတ်တိတ်နေစမ်းပါဗျာ၊ ကျုပ် စဉ်းစားနေတယ် " ဟု ပြန်ပြောလိုက်သည်။

သို့သော် ခဏမျှအကြာတွင် ခရိတ်ပင် စကားပြောလေသည်။
" ဒီမယ် သူငယ်ချင်း၊ သစ်သားလှေကားရဲ့ဘေးက သစ်သားပေါင်ကြီး ရှိတယ်မဟုတ်လား။ အဲဒီ သစ်သား ပေါင်ကြီး က တော်တော်ရှည်လေတော့ ကျုပ်တို့က ၀ါးလုံးရှည်သဘော အသုံးပြုပြီး ဟိုဘက် ချောက်နှုတ်ခမ်း ကို ရောက်အောင် သွားရင်ဖြစ်မလား မသိဘူး "
ဤသို့ပြောပြီး သူတို့သည် အလင်းရောင်ရရှိစေရန် မီးဖိုငယ်တစ်ခု ဖိုလိုက်ကြသည်။ ယင်းမီးဖို၏ အလင်း ရောင် တွင် ခရိတ်သည် သစ်သားလှေကား၏ ဘေးပေါင်များကို သေချာစွာ စစ်ဆေးကြည့်လေသည်။

သစ်သားပေါင်တစ်ခုသည် ခရိတ်၏ လက်ကောက်ဝတ်ခန့်တုတ်ပြီး အာဖရိကတိုက်မှ ဆင်နွယ်သစ်ဟုခေါ် သော အလွန်မာကျော တောင့်တင်းသည့် သစ်သားများဖြင့် ပြုလုပ်ထားကြောင်းတွေ့ရလေသည်။ သစ်သား ပေါင် ၏ အရှည်ကလည်း တစ်ဆယ့်ခြောက်ပေခန့်ရှိသည်။
ခရိတ်သည် သစ်သားပေါင်၏ အပေါ်ထိပ်တွင် နိုင်လွန်ကြိုးဖြင့် ခိုင်မြဲစွာ ချည်နှောင်လိုက်ပြီးနောက်ကြိုးစကို အားပြုကာ ပလက်ဖောင်း စင်မြင့်ပေါ်သို့ ပြန်တက်လိုက်သည်။
သစ်သားပေါင်ကြီး မှာ နိုင်လွန်ကြိုးစဖြင့် တုပ်ချည်ထားပြီဖြစ်၍ တွဲလောင်းဖြစ်နေလေသည်။

" အခုအချိန်ထိတော့ လုပ်ရတာ လွယ်ကူပါတယ် "
ခရိတ်က ပြောလိုက်ခြင်းမှာ ရှေ့လျှောက် အလွန်ခက်ခဲစွာ အလုပ်ဆက်လုပ်ကြရတော့မည်ဟူသော အဓိပ္ပာယ်နှင့် ပြောလိုက်ခြင်းဖြစ်သည်။
သစ်သားပေါင်ကြီးကို သူတို့ အသုံးပြုရခြင်းအကြောင်းမှာ ပလက်ဖောင်းစင်မြင့်မှ ဂူ၏ အပေါ်သို့တက်နိုင် မည့် မီးခိုးပြောင်းတိုင်အပေါက်အောက် တည့်တည့်နေရာသို့ ဆယ်ပေခန့် ဝေးကွာနေသောကြောင့်ပင် ဖြစ် သည်။

အောက်တွင်လည်း အလွန်နက်သော ချောက်ကမ်းပါးကြီး ရှိနေသဖြင့် သူတို့သည် ပလက်ဖောင်းစင်မြင့်မှ သစ်သားပေါင်ကို ကြိုးတန်းသဖွယ် အသုံးချကာ အပေါ်ထွက်ပေါက်နေရာအောက် တည့်တည့်သွားရန် ကြိုးစား ကြံစည်နေခြင်းဖြစ်လေသည်။
ခရိတ်နှင့် တွန်ဂါတာတို့နှစ်ယောက်က ယောက်ျားသားများပီပီ ခွန်အားစိုက်ထုတ်လျက် မိန်းကလေးနှစ်ဦးက သစ်သားပေါင်ကြီးကို နိုင်လွန်ကြိုးဖြင့် အထပ်ထပ် ရစ်ပတ်ကာ ပလက်ဖောင်း စင်မြင့်မှ တစ်ဆင့် ဖြည်းဖြည်း ချင်း အပြင်ဘက်သို့ ရွှေ့ထုတ်ကြလေသည်။

ရည်ရွယ်ချက်ကား သစ်သားပေါင်၏ တစ်ဖက်အစွန်ကို ချောက်ကမ်းပါးတစ်ဖက်ရှိ ကျောက်တုံးတစ်ခုခုသို့ ရောက်အောင် တွန်းပို့ပြီး ခိုင်မြဲစွာ တန်းနေရန်ပင်ဖြစ်သည်။
ဤနည်းအားဖြင့် သစ်သားပေါင်က လူတစ်ယောက် သွားနိုင်လောက်အောင် ခိုင်ခံ့သော တန်းတစ်တန်း ဖြစ်လာစေရန်ပင်ဖြစ်လေသည်။

သူတို့သည် အထူးသတိထားလျက် သစ်သားပေါင်ကြီးကို တရွေ့ရွေ့ တွန်းထုတ်ကြရာ နှစ်ကြိမ်တိုင်တိုင် ချော်ထွက်ပြီး သစ်သားပေါင်ကြီးအောက်သို့ လွတ်ကျလုမတတ် ဖြစ်သွားသေးသည်။ သို့သော် လျင်မြန်စွာ ပြန်ဖမ်း လိုက်နိုင်ကြ၍ တော်သွားသေးသည်။
ထို့နောက် ဆက်လက်၍ စိတ်ရှည်လက်ရှည် ကြိုးစားကြပြန်သည်။
----------------------------------------
ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>