Showing posts with label လင်္ကာရည်ကျော် ၏ တိမ်တွေ တောင်တွေ နှင့် ခရီးသည်. Show all posts
Showing posts with label လင်္ကာရည်ကျော် ၏ တိမ်တွေ တောင်တွေ နှင့် ခရီးသည်. Show all posts

Sunday, June 3, 2012

လင်္ကာရည်ကျော် ၏ တိမ်တွေ တောင်တွေ နှင့် ခရီးသည်, အပိုင်း (၁၆) ဇာတ်သိမ်း

 " စိမ်းဝေ ကိုကိုနဲ့ သိပ်တွေ့ချင်တယ်၊ ဖုန်းနဲ့ဖြစ်ဖြစ် စကားပြောချင်တယ်၊ ကိုကို ဟိုတစ်ခါ ယူကေ မလာခင် စိမ်းဝေကို ဖုန်းဆက်ကတည်းက ကိုကိုနဲ့ စကား မပြောရတော့ တာ လေးလလောက် ရှိပြီ "
မနှင်းဖွေး ပါ မျက်ရည်လည်လာသည်။ " ညီမလေးရယ်၊ ညီမလေးနဲ့ စကားပြောဖို့ ကိုကိုက အဆင် သင့် မဖြစ်သေးလို့ပါ၊ သူ အဆင်သင့် ဖြစ်တဲ့နေ့ကျရင် သူကိုယ်တိုင် စဆက်ပါလိမ့်မယ် "
ခေတ္တ တိတ်ဆိတ်နေသည်။ ပြီးမှ ခြောက်ကပ်ကပ်အသံနှင့် မေးသည်။
" ကိုကို က အဲသလို ပြောတာလား မမနှင်း " ယောင်ယမ်း၍ ခေါင်းညိတ်မိသည်။ ပါးစပ်က ဘာမှ မဖြေမိ။
" ပြီးရောလေ၊ စိမ်းဝေ အဲဒီနေ့ကို မျှော်နေပါ့မယ်၊ စိမ်းဝေမှာ ကိုကို့ကို မေးစရာတွေမှ အများကြီး ပဲ "
မနှင်းဖွေး ဘာမှ ပြန်မဖြေနိုင်သေး။
ကို ဆက်ဖတ်ရန်...........

ရဲဝင့် (၁၄)

ရဲဝင့်က စားပွဲပေါ် လက်ထောက် ထိုင်လျက်က ခေါင်းနှစ်ဖက်ကို လက်နှင့် ညှပ်ကိုင်ထားသည်။ ခေါင်းက တဒိန်းဒိန်း ထိုးကိုက်နေသည်။
မနှင်းဖွေး က ကော်ဖီတစ်ခွက်ကို လက်တုန်တုန်ဖြင့် ဖျော်နေစဉ် ဟန်ပိုက မကျေမနပ် မြည်တွန် တောက်တီး သည်။
" အနားက ဆေးခန်းမှာ သွေးကလေး သွားချိန်လိုက်၊ သွေးတိုးကျဆေး သောက်လိုက် လုပ်နေလို့ ရမလား ကွ၊ မင်း အသက် သုံးဆယ်တောင် မပြည့်ချင်သေးဘူး၊ သွေးက အလကားနေရင်း မတိုးဘူး၊ အထူးကုလေး ဘာလေးပြသေသေချာချာ စစ်ဆေးမှပေါ့ "
ရဲဝင့်က မော့ကြည့်၍ မဲ့ပြုံးကလေးပြုံးပြသည်။

" ငါ့အဖေလည်း ဒီအရွယ် ကတည်းက တိုးတာပဲကွ၊ အခု အကောင်းပဲဟာ၊ မိန်းမတောင် နှစ်ယောက် ယူပြီးပြီ "
" ကိုရဲဝင့် ရယ် စိတ်ပူလို့ ပြောတိုင်း၊ အမြဲ ရယ်စရာလုပ်ပစ်တယ်၊ နှင်းတို့ စေတနာကို တန်ဖိုးထားပါဦး၊ အလုပ်တွေ ကလည်း အခု အဆင်ပြေနေပြီဟာ၊ နှင်းတို့နဲ့ ထားခဲ့လို့ ရပါတယ်၊ စမ်းစမ်းဝေ ကို လည်း ခေါ်တော့ပေါ့ "
မနှင်းဖွေး က ကော်ဖီခွက်နဲ့ဆေး ချပေးရင်းက ဆူသည်။
ရဲဝင့်က ကော်ဖီနှင့် ဆေးကို ကမန်းကတန်း ပူပူကြီးပင့် မော့ချလိုက်ပြီးခေါင်းညိတ်ပြသည်။
" ဟုတ်တယ်၊ အရင် ခြောက်လလောက် အတွင်းမှာ ငါတို့ သိသိသာသာ အခြေကျသွားတယ်၊ ဟန်ပို မင်း နဲ့ နှင်းကို ထားခဲ့ပြီး၊ ငါ ခဏနားမယ်ဆိုရင် နားလို့ ရနေပြီ၊ ငါ သေသေချာချာ စစ်ဆေးခံလိုက်ပါမယ်၊ လိုအပ်ရင်သာ အပေါ်က ငါ့စားပွဲ အံဆွဲထဲက ဒိုင်ယာရီထဲမှာ ငါ့စိတ်ကူးတွေ အစီအစဉ်တွေ ချရေး ထားတာ ရှိတယ်၊ ယူကြည့်လိုက်ကြ ဟုတ်လား "

" ထားစမ်းပါကွာ၊ အလုပ်ကိစ္စတွေ၊ မင်း ဘယ်တော့ ဆေးခန်း ပြမှာလဲ၊ ဘယ်သူနဲ့ ပြမှာလဲ၊ ငါ့ သူငယ်ချင်း သမားတော်တွေလည်း ရှိတယ် "
ရဲဝင့် က ခေါင်းခါပြ၍ "တိုးတိုး၊ ငါ ဒေါက်တာမြင့်သူနဲ့ ပြမယ်၊ ဒီစမ်းချောင်းထဲက အသစ်ဖွင့် တဲ့ ဆေးခန်းကြီးမှာ ထိုင်တယ်၊ ငါစုံစမ်း ထားပြီးပြီ" ဟု ပြောသည်။
ဟန်ပိုက ဒေါက်တာမြင့်သူ ဟု တိုးတိုး ရေရွတ်၍ မနှင်းဖွေးဘက်သို့ မေးငေါ့ပြသည်။ မနှင်းဖွေးက မကြားဖူး ဘူး ဆိုသည့် အမူအရာနှင့် ခေါင်းခါပြသည်။
" ကဲပါ၊ ငါအပေါ်တက် နားတော့မယ်၊ နက်ဖြန် ညနေ ဆေးခန်းပြမယ်၊ ဒီနေ့တော့ ဘာပြဿနာ ပေါ်ပေါ် မင်း တို့ ကြည့်ရှင်းလိုက်တော့ "
ရဲဝင့် က နေရာမှ ထ၍ အပေါ်ထပ်သို့ တက်သော လှေကားဘက်လျှောက်သွားသည်။ ဟန်ပိုနှင့် မနှင်းဖွေး တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်၍ နားမလည်စွာ ကျန်ခဲ့ကြသည်။

လည်ချောင်းထဲကို အစာများ ပျို့တက်လာသည်ကို အိပ်ပျော်နေလျက်ကပင် သိ၍ ရဲဝင့် လန့်နိုး လာသည်။ ခေါင်းက တူကြီးကြီးနှင့် အဆက်မပြတ် ထုနေသလို တဒိန်းဒိန်း ကိုက်ခဲနေသည်။
ငါ အန်တော့မယ်၊ မဖြစ်ဘူး၊ ထမှ။ အိပ်ပျော်ရက်နဲ့ အန်ရင် လေပြွန်ဆို့သွားလိမ့်မယ်။
ခေါင်းကိုက်နေသည့် ကြားထဲက လူးလဲထ၍ အိပ်ခန်းနှင့် တွဲလျက် ထားသော အိမ်သာဆီပြေးသည်။ လမ်းမှာ တင် အန်ဖတ်တို့က ပါးစပ်ထဲမှ အရှိန်အဟုန်နှင့် လွင့်ထွက်လာသည်။
အိမ်သာ က မုတ်အဖုံးကို ဆွဲဖွင့်၍ ထိုင်ချသည်။ အိမ်သာထဲသို့ အားရပါးရ အန်ချသည်။ ပြီးသွားပြီ မှတ်လိုက်၊ ပျို့တက်လာလိုက်၊ ထပ်အန်လိုက်၊ အကြိမ်ပေါင်းများစွာ အန်အပြီးမှာတော့ ၀မ်းထဲက အစာတွေ သာမက ကလီစာတွေအားလုံးပါ အန်ထွက်သွားသလို ခံစားရသည်။

ရင်တုန်မောဟိုက်စွာဖြင့် အိမ်သာအိုးကို မှီလျက် ထိုင်ချလိုက်သည်။
ခဏနေတော့ ပျို့တက်လာသဖြင့် အိမ်သာအိုးကို ခေါင်းစိုက်မိသည်။ အန်ကြည့်တော့ မရ။
မဖြစ်ဘူး၊ မဖြစ်ဘူး၊ ငါအရမ်း မောနေပြီ၊ လှဲချဖို့ လိုနေပြီ။
ခံစားချက် ဘာမှ မရှိသလို ဖြစ်နေသော ခြေထောက်နှစ်ချောင်းကို လက်နှစ်ဖက်ဖြင့် ဆွဲယူကာ အားပြု၍ ရပ်သည်။
ဒယီးဒယိုင်ဖြင့် ခုတင်ဆီ ပြန်လျှောက်ခဲ့သည်။ ရင်ဘတ်မှာ ပေနေသော အန်ဖတ်များကို သုတ်သင် ချင်သော်လည်း ဘယ်လိုမှ အားမရှိ။ အပြင်ခန်းမှာ အိပ်နေသော တပည့်ကို လှမ်းအော် ခေါ် ချင် သော်လည်း ပါးစပ် ဖွင့်ရန်ပင် အားမရှိ။
အိပ်ရာပေါ် သို့ ခြေပစ်လက်ပစ် လှဲချလိုက်သည်။
အိပ်ရာနှင့်ကျော ထိသည့် အချိန်မှာပင် အမှောင်တိုက်က ပိတ်ဖုံးသွားသည်။

မနှင်းဖွေး (၁၅)

ဦးနှောက် အာရုံကြော အထူးကုသမားတော်ကြီး အခန်းသို့ မနှင်းဖွေး ၀င်သွားတော့ အမျိုးသမီး သမားတော် ကြီးက အမျိုးသား လူလတ်ပိုင်း ဆရာဝန်တစ်ဦးနှင့် စကားပြောနေ သည်ကို တွေ့ရ၍ ခြေလှမ်းများ ရပ်သွား သည်။
အမျိုးသမီး သမားတော်ကြီးက မော့ကြည့်သည်။
" ကိုရဲဝင့် အိမ်က မဟုတ်လား၊ လာလာ၊ မမတို့ သူ့အကြောင်းပဲ တိုင်ပင်နေကြတာ၊ ကိုရဲဝင့် နေသာ တယ် မဟုတ်လား "
မနှင်းဖွေး ရင်ဝတွင် ဆို့နင့်နေသည်။
" သတိရပါတယ် မမ၊ စကားတော့ သိပ်မပြောဘူး၊ ခေါင်းတအား ကိုက်နေတဲ့ပုံစံမျိုးပဲ၊ မှိန်းပဲနေတယ် "
မမက စောစော က အမျိုးသား ဆရာဝန်ဘက်ကို လှည့်ကြည့်၍ နံရံတွင် ကပ်ထားသော မီးအဖြူ လင်းနေ သည့် မှန်ပြားပေါ် တွင် ကွန်ပျူတာ ဓာတ်မှန်များကို မေးငေါ့ပြသည်။ အမျိုးသား ဆရာဝန်က ကုလားထိုင်ပေါ် မှ ထ၍ အနားကပ်ပြီး သွားကြည့်နေသည်။

" ဘာတော်လဲကွယ့် "
မနှင်းဖွေး ဖြေရခက်သွားသည်။
" သူငယ်ချင်းတွေပါပဲမမ၊ သူ့မှာက အဖေပဲရှိတာ၊ အဖေက နယ်ရောက်နေ တယ်၊ ပြန်လည်း ခေါ်ထား  ပါတယ်၊ နိုင်ငံခြားက ညီမလည်း လိုက်လာနေပါပြီ "
စမ်းစမ်းဝေ …
စမ်းစမ်းဝေ ကို ဘယ်လို ဆက်သွယ်ရမည် မသိ။ ရဲဝင့်ကလည်း တစ်ညသာ သတိလစ်ပြီး သတိပြန်ရ သည်နှင့် " စိမ်းဝေကို ခေါ်ပေးပါ " ဟုသာ ပြောသည်။ စမ်းစမ်းဝေအကြောင်း တစ်လုံးမှ မဟသဖြင့် ဘယ်လို ဖြေရမှန်း ကို မသိ။ မမက ခေါင်းတဆတ်ဆတ်ညိတ်သည်။
" မမလက်ထောက်တွေ ညီမတို့ကို ရှင်းတော့ ရှင်းပြထားတယ်၊ မဟုတ်လား "
မနှင်းဖွေး မျက်ရည်ဝဲလျက်က ခေါင်းညိတ်သည်။

" ဦးနှောက်ကင်ဆာ ဆိုတာလား မမ"
မမက ခဏငြိမ် စဉ်းစားနေသည်။ ပြီးမှ
" ဦးနှောက် မှာ အကျိတ်တွေ့ရင် ကင်ဆာလို့ပဲ အလွယ်ခေါ်ကြတာ ပေါ့ကွယ်၊ ကင်ဆာအစစ်တော့လည်း မဟုတ်ဘူး၊ ညီမတို့ ပြောတဲ့အတိုင်းဆို သူ့ရောဂါ လက္ခဏာတွေက နှစ်ပေါက်နေပြီ၊ ဒီလောက် ဖြည်းဖြည်း လေးကြီးလာမှတော့ ကင်ဆာ မဖြစ်နိုင်ဘူး၊ ဒါပေမဲ့ ဦးနှောက်အကျိတ် ဆိုတာက ကင်ဆာ မဟုတ် လည်း အသက်ကို အန္တရာယ် ပေးတတ်တာပါပဲ "
" ကုသဖို့ရော မဖြစ်နိုင်ဘူးလား မမ၊ ဟိုလေ ကျွန်မတို့ လိုအပ်ရင် နိုင်ငံခြားသွားကုဆိုလည်း စီစဉ်နိုင် ပါတယ်"
မမက ခေါင်းတစ်ချက် ညိတ်သည်။

" သူက ဦးနှောက်အောက်ခြေမှာ ကပ်နေတာဆိုတော့ အင်မတန် ခွဲစိတ်ရခက်တဲ့ အမျိုးအစားပဲ၊ ညီမတို့ ပြောတဲ့ ဘန်ကောက်က ဆရာဝန်ဆီလည်း မမ အီးမေးလ်နဲ့တိုင်ပင်နေပါတယ်၊ သူကလည်း ခက် မယ်ပေါ့လေ၊ စွန့်စားရမယ့် ကိစ္စဆိုတော့ လူနာနဲ့ လူနာရှင်က တကယ် စိတ်ပြတ်မှ လာခဲ့ပါတဲ့၊ မနေ့က ညီမပြောတော့ ကိုရဲဝင့်က ဘယ်မှ မသွားချင်ဘူးဆို "
မနှင်းဖွေး မျက်ရည်ဝဲလျက်က ခေါင်းညိတ်သည်။
" သူ့ညီမ အင်းလေ၊ မွေးစားညီမ ဆိုပါတော့၊ အဲဒီ ညီမ ရောက်လာရင်တော့ တစ်မျိုး ဖြစ်နိုင်ပါတယ် "
မမ က ခေါင်းတဆတ်ဆတ်ညိတ်သည်။
" မမလည်း စဉ်းစားလို့ရတာပေါ့လေ၊ ဒီက ဒေါက်တာမြင့်သူက စင်ကာပူမျာ အဲဒီ ခွဲစိတ်မှု မျိုးတွေ သေသေ ချာချာ လေ့လာပြီး ပြန်လာတဲ့ ဦးနှောက်ခွဲစိတ်ဆရာဝန်ကြီးပဲ၊ ရဲဝင့် ကို နိုင်ငံခြား မသွားချင်ဘူး ဆိုရင်လည်း ဒီမှာ ကိုမြင့်သူတို့ လုပ်ပေးနိုင်မပေးနိုင်ပေါ့လေ၊ အဲဒါ ခေါ်တိုင်ပင်နေ တာပါ" ဒေါက်တာမြင့်သူက လှည့်ကြည့်၍ ပြုံးပြသည်။

" ဒီလောက်ခက်တဲ့ နေရာမျိုးက အကျိတ်၊ ကျွန်တော်လည်း သုံးယောက်ပဲ ခွဲစိတ်ဖူးပါတယ်၊ တစ်ယောက် ကတော့ ကံမကောင်းရှာဘူးပေါ့လေ၊ နှစ်ယောက်ကတော့ ကောင်းနေပါတယ်၊ စွန့်စားရ မယ့် ကိစ္စ ဖြစ်ပေမယ့် ဒီအတိုင်းထားရင်လည်း ကောင်းလာစရာ မရှိတော့၊ ကျွန်တော်ကတော့ လူနာ သဘော တူမယ် ဆိုရင် ကူညီချင်ပါတယ် "
မနှင်းဖွေး ဒေါက်တာမြင့်သူဟု တိုးတိုးလေး ရေရွတ်ကြည့်နေရာမှ ရုတ်တရက် သတိရ၍ ပါးစပ် ပွင့်သွား သည်။
" ဆရာက ဟို စမ်းချောင်းက အသစ်ဖွင့်တဲ့ ဆေးရုံမှာ ထိုင်တဲ့ ဒေါက်တာ မြင့်သူ မဟုတ်လား "
ဒေါက်တာမြင့်သူ က မျက်မှောင် ကြုတ်ကြည့်၍ ခေါင်းညိတ်သည်။
မနှင်းဖွေး အူယားဖားယား ဆက်ပြောသည်။

" ဆရာ့ကို သူ သိတယ်၊ ဆရာနဲ့ပြမလို့ သူ စုံစမ်းထားတယ်တဲ့၊ သူ သတိမလစ်ခင်နေ့က ပြောထားတာ၊ ဒါပေမဲ့ ဆရာက ဦးနှောက် ခွဲစိတ်ဆရာဝန်ကြီးဆို၊ သူက ခေါင်းကိုက်တာကို ဘာဖြစ်လို့ ဆရာ နဲ့ ပြချင်ရတာလဲ၊ သူ့ကိုယ်သူ ဘာရောဂါဆိုတာ ကြိုသိနေလို့လား "
ဒေါက်တာမြင့်သူ ငြိမ်၍ အကြာကြီး စဉ်းစားနေသည်။ ပြီးတော့ ကိုရဲဝင့် အသက်က ၃၀ ဟု တိုးတိုး ရေရွတ်သည်။
ပြီးတော့မှ ဖျတ်ခနဲ သတိရဟန်ဖြင့် မမဘက်သို့ လှည့်၍ ပြောသည်။
" ဟာ ကျွန်တော်သိပြီ၊ ဒီလူ ကျွန်တော် စင်ကာပူမှာ ရှိတုန်း ကျွန်တော့် ကွန်ဆားလ်တင့်န် ဒေါက်တာဟို နဲ့ လာတွေ့သွားသေးတာပဲ၊ အဲဒီကတည်းက ကျွန်တော်တို့က "ဘရိန်းကျူမာ "ပဲထင်တာ၊ စီတီ" မပေါ်ဘူး၊ ယူကေမှာသွားရင်း "အမ်အာရ်အိုင်" ရိုက်ပါလို့တောင် ကျွန်တော်တို့ မှာလိုက်သေးသားပဲ၊ သူ့ညီမ ဘွဲ့ယူမှာ မို့လို့ ယူကေသွားစရာ ရှိတယ်ဆိုတဲ့ လူလေ " မနှင်းဖွေး မျက်ရည်များ မထိန်းနိုင်ဘဲ ကျဆင်းလာသည်။

" ဟုတ်ပါတယ် ဆရာရယ်၊ ယူကေလည်း ရောက်လာပါတယ်၊ သူ့ညီမကို သူ့ရောဂါအကြောင်း ဘာမှ မပြော ပြဘဲ စကားတွေလွှဲပြီး ပြန်သွားခဲ့တာ၊ အခု ဆရာပြောတော့ ရေးတေးတေးလေး ဆက်စပ်လို့ ရပါပြီ " ဒေါက်တာ မြင့်သူက ခေါင်းတစ်ချက် ညိတ်သည်။
" အဲဒီကတည်းက သူ ပြောတာက သူ့မှာ ပညာသင်နေဆဲ ညီမလေးတစ်ယောက်လည်း ရှိတယ်တဲ့၊ သူ့ကို မှီခိုနေတဲ့ ၀န်ထမ်းတွေလည်း ရှိတယ်တဲ့၊ အဲဒီကိစ္စတွေ စိတ်ချရအောင် လုပ်ပြီးမှ သူ အခွဲစိတ် ခံမယ်တဲ့၊ နောက်ကျသွားရင်လည်း သူ့ကံပဲတဲ့၊ အဲဒီကိစ္စတွေ မရှင်းမပြီးမချင်း သူ အခွဲစိတ်မခံချင်ဘူးတဲ့၊ ကြည့်ရတာ ယူကေမှာ သူ အမ်အာရ်အိုင် ရိုက်ဖြစ်ပြီး သိသွားတဲ့ ပုံပဲ "
ရှင်းပါပြီ။ ကိုရဲဝင့်ရယ် …
ရက်စက်လိုက်တာ။
မနှင်းဖွေး ကုလားထိုင်နောက်မှီပေါ် ခြေပစ်လက်ပစ် မှီချလိုက်မိပါတော့သည်။

မနှင်းဖွေးက ဆန်ပြုတ် တစ်ဇွန်း ထပ် ခပ်သည်။ ရဲဝင့်က ညာဘက် လက်တစ်ဖက် ကို ဖြည်းညင်းစွာ မြှောက်ပြသည်။
မနှင်းဖွေးက ဘေးမှာ ရပ်နေသော ဟန်ပိုကို မော့ကြည့်သည်။ ဟန်ပိုက ခဏနေမှတစ်ခါ ခွံ့ပေးလိုက်၊ အန်သွားဦးမယ် ဟု လေသံနှင့်ပြောသည်။
မနှင်းဖွေး က ဆန်ပြုတ်ပန်းကန်ကို ခုတင်ဘေးက စားပွဲကလေးပေါ် ချတော့ ရဲဝင့်က ထောင်ထားသော ခုတင်ဦးပိုင်း ကို ပြန်ကျောမှီ၍ ပြုံးပြီး ငြိမ်နေသည်။
အဆင်ပြေလား သူငယ်ချင်း၊ မင်း ဆေးရုံမဆင်းခင် ကတည်းက ငါ ဒီထောင်လို့ ရတဲ့ ခုတင် သွားရှာလာတာ
ရဲဝင့်က ပြုံး၍ ခေါင်းညိတ်ပြသည်။ ပြီးတော့ နံရံက နာရီကို လှမ်းကြည့်သည်။ ဟန်ပိုက ရယ်သည်။

" စိတ်မပူ ပါနဲ့၊ ငါသွားကြိုမှာ၊ အစောကြီးရှိသေးတယ်၊ လမ်းမှာ စိမ်းဝေ မေးရင် ငါ ဘာတွေ ဖြေရမလဲသာ ငါ့ကို ပြောပြဦး "
ရဲဝင့်က အားပျော့စွာ ပြုံး၍ အမှန်တွေပဲ ဖြေတော့ပေါ့ကွာဟု တိုးတိုးပြောသည်။
" စိတ်ချ၊ ဖြေချင်နေတာ ကြာလှပြီ၊ စမ်းစမ်းဝေနဲ့ မင်းနဲ့ယူတယ်ဆိုတာ မဟုတ်တဲ့အကြောင်း၊ စမ်းစမ်းဝေ ရဲ့ အဖေ သီးသက်ဝေရဲ့ ခွင့်ပြုချက်နဲ့ စမ်းစမ်းဝေကို စင်ကာပူမှာ "မင်းန်နေ့ခ်ျနင့်န်ကို့စ်" သွားတက်ခိုင်းပြီး စိမ်းဝေ လက်လျှော့အောင် လုပ်ထားတာ ဖြစ်တဲ့အကြောင်း၊ စိမ်းဝေကို ချစ်လွန်းလို့၊ နစ်နာ မှာ စိုးလွန်းလို့ အာသာဘက်ကို တမင်တွန်းပို့ခဲ့တာ ဖြစ်ကြောင်း အကုန်ဖြေတော့မှာ "
ရဲဝင့် က ဖွဖွပြုံး၍ အာသာ ညံ့တယ်ကွာဟု ပြောသည်။
မနှင်းဖွေး က အာသာ ညံ့တာ မဟုတ်ဘူး။ စိမ်းဝေတော်တာ။ စိမ်းဝေ အစောကြီးကတည်းက တစ်ခုခုပဲလို့ စိုးရိမ်နေ မိခဲ့တာ။ စိမ်းဝေကို လျှော့မတွက်နဲ့ဟု ၀င်ပြောသည်။
ရဲဝင့် က မျက်လုံး ပြန်မှိတ်၍ မှိန်းနေသည်။

စိမ်းဝေ (၁၅)

စိမ်းဝေက ရဲဝင့် ဖြည်းဖြည်းလေး လျှောက်နေသည်ကို ဖေးမတွဲခေါ်၍ ဒန်းကလေးပေါ် ထိုင်သည် အထိ နေရာချပေးသည်။ ပြီးတော့မှ ရဲဝင့် နံဘေးဒန်းကလေးတွင် ၀င်ထိုင်သည်။
ပြီးတော့ သက်ပြင်းချသည်။
" တော်သေးတာပေါ့ ကိုကိုရယ်၊ ဒီလောက် အခြေအနေနဲ့မှ တွေ့ရပါ့မလားလို့ စိမ်းဝေက စိတ်ပူ လိုက်ရတာ "
ရဲဝင့်က ပြုံး၍ တိုးတိုးဖြေသည်။
" အလုံး က သိပ်မကြီးဘူးတဲ့၊ ဦးနှောက် အရည်ကြည်ထွက်တဲ့ အပေါက်ကို သွားဖိထားလို့ အရည် တင်းတင်းပြီး ခေါင်းကိုက်တာ၊ သတိလစ်တာ၊ အန်တာတဲ့၊ အခုတော့ အရည်လျော့ တဲ့ ဆေးတွေ ပေးထားတော့ နည်းနည်းခံသာနေတာပေါ့၊ ဒါပေမဲ့ တစ်နေ့နေ့ တော့ ဆေးနဲ့မနိုင် ဖြစ်လာတော့မှာ၊ ဒါကြောင့် ခွဲစိတ်တာ ခံဖို့ ကိုကို ဆုံးဖြတ်လိုက်တာ "
စိမ်းဝေ က မျက်ရည်ဝဲလျက်က သက်ပြင်းချသည်။

" အဲဒါတွေ အားလုံးကို ဘယ်သူ့ကိုမှ ပြောမပြဘဲ တစ်ယောက်တည်း ကြိတ်ခံနေရသလား ကိုကိုရယ် "
ရဲဝင့်က ပြုံးပြန်သည်။
" ကိုကို့မှာ ငယ်ငယ်ကတည်းက ခေါင်းတိုးဝင်ပြီး ချွဲစရာ နွဲ့စရာ မိခင်ရင်ခွင် မရှိခဲ့လို့လား မသိဘူး၊ ကိုကို လူတွေ ဆီက ဘာမှ သိပ်မမျှော်လင့်တတ်ခဲ့ဘူး၊ စိမ်းဝေလည်း သိပါတယ်၊ လူတွေက ကိုကို့ကို ဘယ်လို မြင်ကြတယ်ဆိုတာ၊ နှင်းတို့ ဟန်ပိုတို့က ကိုကို့ကို တော်တော် သည်းညည်းခံနိုင်လို့ သူငယ်ချင်း ဖြစ်နေကြ တာ၊ ငယ်ငယ်တုန်းက နှင်းတို့ အဆောင်က အစ်မကြီးတွေ ဆိုရင် ကိုကို့ကို အူကြောင်ကြောင် ဒေါင့်မကျိုးတဲ့အကောင်၊ မပေါင်းနဲ့လို့ ခဏခဏ ထားခဲ့ကြတာ၊ လုပ်ငန်းကြီး တစ်ခုကို ဦးစီးရတော့ လည်း စိမ်းဝေ အသိပဲ၊ ဘ၀င်မြင့်နေတယ်၊ တိမ်တွေပေါ်မှာ လမ်းလျှောက် နေတယ်၊ စုံနေတာပဲ၊ လူတွေဆီက အချစ်ကို ကိုကို တစ်ခါမှ မရခဲ့သလိုရတာ၊ မရတာကိုလည်း တစ်ခါမှ အလေးဂရု မပြုခဲ့ဖူးဘူး၊ ဒါပေမဲ့ ကိုကို ကတော့ ကိုကို့ဘ၀ကို ကိုကို ကျေနပ်နေတာပဲ၊ အဲဒါ ဘာဖြစ် လို့လဲ သိလား "
စိမ်းဝေ အံကြိတ် မျက်ရည်ဝဲလျက်က ခေါင်းခါသည်။

" သူတို့ ကိုကို့ကို ချစ်ချစ်၊ မချစ်ချစ်၊ ကိုကိုက ချစ်နေခဲ့တာကိုး၊ ကိုကို လူတွေအားလုံးကို ချစ်တယ်၊ သူတို့ကို လူလည်း ကျန်းမာစေချင်တယ်၊ စိတ်လည်း ချမ်းသာစေချင်တယ်၊ သူတို့ လိုတာရှိရင်လည်း အမြဲ ဖြည့်ဆည်းပေးချင်တယ်၊ မေတ္တာစိတ်လို့ ခေါ်လို့ရမလားပဲ၊ ကိုကို တစ်သက်လုံး အဲဒီစိတ် နဲ့ နေလာတာ၊ အဲဒီစိတ်က ဘယ်လောက် အေးချမ်းတယ် မှတ်လဲ၊ လူတွေက ကိုကို့ကို ဘယ်လိုပဲ မြင်မြင်၊ ကိုကို့ရင်ထဲမှာ နည်းနည်းမှ မတုန်လှုပ်ဘူး၊ ကိုကို ကူညီနိုင်တဲ့လူ၊ ကူညီရမယ့်သူ ဘယ်သူ ရှိသေးလဲ၊ အဲဒါပဲ တစ်ချိန်လုံး တွေးနေတော့ ကိုကို့ အပြင်ပန်းက ထန်သလိုရှိပေမယ့် ရင်ထဲ မှာတော့ ကြည်လင်နေတာပဲ "
စိမ်းဝေက မျက်စောင်းဖွဖွ ထိုးသည်။
" အဲဒါကိုပဲ အာသာ့ကိုပါ ကူညီချင်လာရော ဆိုပါတော့ "
ရဲဝင့်က တိုးတိုးရယ်သည်။

" ကိုကို့ရင်ထဲက လူတွေအပေါ် ထားတဲ့စိတ်ကို မေတ္တာစိတ်လို့ ခေါ်ရမျာကို မ၀ံ့မရဲ ဖြစ်နေရတဲ့ အကြောင်းက အဲဒါပဲ၊ မေတ္တာဆိုရင် တစ်ပြေးညီ ဖြစ်ရမှာ "
ရဲဝင့် က စိမ်းဝေ မျက်နှာလေးကို အတန်ကြာအောင် ငေးကြည့်နေသည်။ ပြီးမှ တိုးတိုး တက်ပြောသည်။
" စိမ်းဝေ ကိုတော့ သူများနဲ့ တပြေးညီ မချစ်နိုင်ဘူး၊ အမြဲတမ်း ပိုနေတယ်၊ စိမ်းဝေ ဘ၀လေး လှဖို့၊ စိမ်းဝေ စိတ်ချမ်းသာ ကိုယ်ချမ်းသာ နေရဖို့ အဲဒါ ကိုကို့ဘ၀မှာ ဘာထက် မဆို အရေးကြီးတယ်၊ မကြာခင် အချိန် အတွင်းမှာ ဒီ ဦးနှောက်အကျိတ်က ကိုကို့ဘ၀ကို အလဲထိုးတော့မယ်လို့ သိလိုက်ရတဲ့ အချိန် မှာ ကိုကို့ဘေး မျာ စိမ်းဝေရှိနေတာကို ဘယ်လိုမှ လက်မခံနိုင်တော့ဘူး၊ အာသာကလည်း ကိုကို့ စိတ်မျိုး စိမ်းဝေအပေါ်မှာ ထားနိုင်တယ်ဆိုတာ ကိုကို သိတယ်၊ ဒါကြောင့် စမ်းစမ်းဝေကို ခုတုံးလုပ်လိုက်တာ၊ စိမ်းဝေကမှ ကိုကို စီစဉ်တာ မနာခံဘဲ"
စိမ်းဝေ က အံကလေး ကြိတ်သည်။

" ကိုကို မမှတ်မိလို့ပါ၊ စိမ်းဝေ ကိုကို့ကို အစောကြီးကတည်းက အပြတ်ပြောထားပြီးသားပဲ၊ စိမ်းဝေတို့ မိန်းကလေးတွေ ချစ်တာ ခံစားမှု သက်သက်ပဲလို့၊ သင့်တော်တဲ့သူကို ရွေးချစ်လို့မရဘူးလို့၊ ရင်ထဲက ချစ်ပြီး ရင် ပြောင်းမပစ်နိုင်ဘူးလို့ "
ရဲဝင့် က ပြုံးကာ ကိုယ်ကို အနည်းငယ် လျှော့ထိုင်ပြီး စိမ်းဝေ ပခုံးပေါ် ခေါင်းမှီချလိုက်သည်။ စိမ်းဝေက ရဲဝင့် ခေါင်းကို ကြင်နာစွာ ပွေ့ဖက်ထားသည်။
" ခုတော့ ကိုကို သဘောပေါက်ပါပြီ၊ ဒါကြောင့် ကိုကို ဘယ်လောက်ပဲ နေရနေရ စိမ်းဝေကို မောင်းမထုတ်တော့ဘူး၊ အနားမှာပဲ ခေါ်ထားတော့မယ်လို့၊ ပြီးတော့ အဲဒီခွဲစိတ်မှုဟာ အရမ်း အန္တရာယ်များ တယ်ဆိုတာ သိပေမယ့် ကံကောင်းထောက်မလို့များ ဆက်လက် ရှင်သန်ခွင့် ရခဲ့မယ် ဆိုရင် စိမ်းဝေ မျက်ရည်တွေကို သုတ်ပေးခွင့်ရဦးမယ်ဆိုတဲ့ အသိနဲ့တင်တန်တယ်လို့ ဆုံးဖြတ်ပြီး ခွဲစိတ်ခံ ဖို့ ဆုံးဖြတ်ခဲ့ တာလေ "
စိမ်းဝေ မျက်ရည်ဥ များ မျက်ဝန်းနှစ်ဖက်စလုံးမှ ဖြည်းညင်းစွာ ကျလာသည်။

" နိုင်ငံခြား သွားခွဲဖို့ကျတော့ ဘာလို့ ငြင်းရလဲ ကိုကို "
" ကိုကို လေ့လာပြီးပြီ၊ ဒေါက်တာ မြင့်သူရဲ့ ရာခိုင်နှုန်းက နိုင်ငံခြားထက် မနည်းဘူး၊ ပြီးတော့ ဒီခွဲစိတ်မှု က ကံကောင်းရင် လူကောင်း ပြန်ဖြစ်သွားမယ်၊ ကံမကောင်းရင် အခွဲခံရတဲ့နေ့က ကိုကို့ ဘ၀ရဲ့ နောက်ဆုံးနေ့ ကို ကိုကိုချစ်တဲ့ ဒေသမှာ ကိုကိုချစ်တဲ့ လူတွေ ကြားထဲမှာပဲ ကိုကို နေချင်တယ် "
စိမ်းဝေ မျက်ရည်စက်တို့ ရဲဝင့် မျက်နှာပေါ်မကျခင် တိတ်တခိုး သုတ်မိပါသည်။

ရဲဝင့် (၁၅)

နံနက် ၈ နာရီမှာ ခွဲစိတ်မှု စတင်မည်ဟု ဒေါက်တာမြင့်သူက ပြောထားသည်။
ရဲဝင့် နံနက် ၅ နာရီကတည်းက နိုးလာပြီး ခေါင်းက ကြည်လင်နေသည်။
ထူးဆန်းသည်မှာ ခေါင်းတောင် မကိုက်။
ညက စိမ်းဝေကို အတင်း အိမ်ပြန်လွှတ်၍ အနားယူ ခိုင်းလိုက်သည်။ သည်မှာဆိုလျှင် စိမ်းဝေ အိမ်မှာ မဟုတ်။
တပည့်ကလေး ၏ အကူအညီနှင့် ရဲဝင့် မျက်နှာသစ်သည်။ ဘာမှတော့ မစားရ။ ည ၁၀ နာရီ ကတည်းက ရေတောင် မသောက်ထား။
၆ နာရီ မှာ စိမ်းဝေ ရောက်လာသည်။
အပြုံးကလေး က နွမ်းလျလျ။ သေချာသည်၊ အိပ်ပျော်ဟန် မတူ။

" ဖေဖေနဲ့ မေမေ အိမ်မှာပဲ နေခဲ့ခိုင်းလိုက်တယ်၊ ဘုရားခန်းထဲမှာ ကျန်ခဲ့ကြတယ်၊ ကိုကို စိတ်အေးအေး ထားနော် "
ရဲဝင့်က ပြုံးပြသည်။
" ကိုကို က စိမ်းဝေကို အဲသလို ပြောမလို့ "
စိမ်းဝေက ယဲ့ယဲ့ပြုံး၍ ခုတင်ဘေးက ကုလားထိုင်မှာ ၀င်ထိုင်သည်။
၇ နာရီမှာ ခွဲခန်းဝတ်စုံ လဲရသည်။
လဲပြီးခါစမှာတင် မနှင်းဖွေးနှင့် ဟန်ပိုတို့ ရောက်လာသည်။
ဟန်ပိုက ရဲဝင့်ကို မေးတစ်ချက် ဆတ်ပြ၍ ပြောသည်။
" အောက်မှာ ဘယ်သူတွေ ရောက်နေသလဲဆိုတာ ပြောပြရင် မင်းယုံမှာမဟုတ်ဘူး "
ရဲဝင့် အူကြောင်ကြောင် ပြန်မေးမိသည်။

" ဘယ်သူတွေ ရောက်နေလို့လဲ "
" လူတိုင်းပဲ "
" ဘယ်လို "
ဟန်ပိုက ပခုံးတွန့်ပြသည်။
" မင်းကြိုက်တဲ့ နာမည်ပြော၊ အောက်မှာ အားလုံးရှိတယ်၊ ဆေးရုံဝန်ထမ်းတွေက ပေးမ၀င်လို့၊ ရှေ့က ကားပါကင်ထဲမှာ လူပင်လယ်ကြီး ဖြစ်နေပြီ၊ မင်း ပြတင်းပေါက်က ကြည့်ကြည့်လိုက် "
ဟန်ပိုက ခန်းဆီးစကို မ၍ ရဲဝင့်ကို ပြသည်။
ဟုတ်ပါရဲ့။
ဆေးရုံ ဆင်ဝင်ရှေ့ ကားပတ်ကင်တွင် လူတွေ ဖွေးဖွေးလှုပ်နေသည်။

ဟိုမှာ ကိုမြင့်မောင်၊ ခြေလျင် တောင်တက်တုန်းက နောက်ချန်အဖွဲ့မှာ ပါခဲ့သည့် သူငယ်ချင်းများ၊ ဟို နားမှာက သုံးဘီးအတူ မှောက်ခဲ့သည့် သူငယ်ချင်းတွေ၊ ကိုတင်စိုး စက္ကူစက် ပိုင်ရှင်၊ ဟိုမှာ မမသိန်း၊ မနှင်းဖွေး တို့ အဆောင်က အဖွဲ့တွေ။ ရဲဝင့် စက္ကူစက် ထောင်စဉ်က လာအပ်သည့် အစ်ကိုတွေ လည်း တွေ့ သည်။
ဟိုဟာက ပန်းရန်အဖွဲ့၊ ဟုတ်သားပဲ။ အဲသည့် ပန်းရန်ဆရာ တိုက်ပြိုကျ၍ ပါသွားပြီး ခွဲစိတ်ခန်း ၀င်တုန်း က သူ သွေးလှူဖူးသည်။ မာလာတို့ အုပ်စုကိုလည်း တွေ့ရသည်။ ကလျာနှင့် မူယာလည်း ရှိနေ သည်။ အရက် ဆိုင်အတင်း ခေါ်သည့် ကန်ထရိုက်အုပ်စုက လူတွေလည်း ရှိသည်။
ဟိုမှာက စမ်းစမ်းဝေနှင့် ဦးသက်ဝေ
အလို ဟိုမှာ အာသာပါလား၊ အာသာပါ လိုက်လာသကိုး။ ဘာကြောင့် သူ့ ဘ၀သစ် လျှောက်လုံးမှာ သိခဲ့ ပတ် သက်ခဲ့ သမျှ လူတွေ အားလုံး စုရုံး ရောက်ရှိ နေရတာတဲ့လဲ။ သူများ အိပ်မက် မက်နေရော့သလား။
သူ့ အတွေး ကို သိနေဟန်ဖြင့် စိမ်းဝေက တိုးတိုးပြောသည်။

" လူတွေ အားလုံးကို ကိုကိုက ချစ်တယ်၊ ကိုကို့ကို ဘယ်လို သဘောထားလဲ၊ ကိုကို စိတ်မ၀င်စားဘူးလို့ ပြောခဲ့တာလေ၊ ကိုကို အခု သိပြီ မဟုတ်လား၊ မေတ္တာဆိုတာ ရောင်ပြန်ဟပ်စမြဲပဲ၊ အပြော အဆို အမူအရာ တွေကြောင့် ကိုကို့ကို လတွေက စိတ်ကွက်ကြရင်လည်း ခဏပဲ ကွက် မှာပဲ၊ ရေရှည်မှာတော့ ကိုကို့ စေတနာတွေကို လူတွေက နားလည်ကြတာပါပဲ၊ ဒီလူတွေ အားလုံးက ကိုကို့ ကို စိတ်ပူလို့ ဆုတောင်းပေးချင်လို့ ရောက်နေကြတာ၊ အားလုံးကိုကို့ကို ချစ်လို့၊ အဲဒီကိုကို့ကို ချစ်တဲ့လူတွေ အားလုံး အတွက် ကိုကို ပြန်လာရမယ်နော် "
ရှိုက်သံတစ်ချက် တိုးတိုး လှုပ်ခတ်လိုက်သည်။
" အထူးသဖြင့် စိမ်းဝေ အတွက်ပေါ့ " နောက်ဆုံး စကားက တုန်ယင် ပျောက်ကွယ်သွားသည်။

" ဦးရဲဝင့် သွားရအောင် "
အခန်းပေါက်ဝ မှ လူနာတင် တွန်းလှည်းနှင့် ဆေးရုံအလုပ်သမား တစ်ယောက် ရောက်လာသည်။
ရဲဝင့်က ဆတ်ခနဲ ခေါင်းညိတ်၍ နေရာမှ ထသည်။

နိဂုံး

မြသလွန်ဘုရား ရင်ပြင်တော်ပေါ်မှ လှမ်းမျှော်ကြည့်လျှင် အဝေးမှာ မြင်နေရသော ဧရာဝတီမြစ်ရေပြင်မှာ ၀င်လုလု နေမင်း၏ အောက်တွင် အနီရင့်ရောင် ဘောင်ကွပ်ထားသည့် စိမ်းပြာရောင် လှိုင်းကြက်ခွပ် များနှင့် အလှကြီး လှနေသည်။
သို့သော် ကြည့်ရှုသူတို့၏ အမြင်ကို တကယ်တမ်း ဖမ်းစား ဆုပ်ကိုင်နိုင်သည်က ဧရာဝတီမြစ် ၏မြင်ကွင်းမဟုတ်။
မြသလွန်ဘုရား ရင်ပြင်တော်ပေါ်တွင် သုံးခွ ထောက်ချ၍ ဆွဲလက်စ ပန်းချီတစ်ချပ်ကို စိတ်ပါလက်ပါ အာရုံ စူးစိုက် ရေးဆွဲနေသော မိန်းမပျိုသာဖြစ်ပေသည်။
မြသလွန် ဘုရား ရင်ပြင်တော်ပေါ်မှာ သုံးခွထောက်ချ၍ ပန်းချီ ဆွဲနေသည့် ပန်းချီဆရာ မှာ မကွေးသူ မကွေးသား တို့အတွက် နေ့တိုင်း မြင်ရနေကျ ရှုခင်းမဟုတ်။ ပန်းချီ ဆရာမဆိုလျှင်တော့ သာ၍သာ ရှားပေ တော့မည်။

ယခုတော့ ပန်းချီဆရာမမှ အသက်အစိတ်ကျော်ကျော်ခန့် ငယ်ငယ်ူလှလှပန်းချီဆရာမလေး။ ပြီးတော့ သူ ဆွဲနေသည့် ပန်းချီကို သွားကြည့်လိုက်လျှင် ပန်းချီ အနည်းငယ် တီးမိခေါက်မိ ရှိသူတွေမှအပ ဘာမှ နားလည်မည်မဟုတ်။ ရေလည်း မပါ။ သောင်လည်း မပါ။ ပျစ်နှစ်နေသော ဆေးရောင်စုံတို့ကိုသာ အထပ်လိုက် တွေ့ရမည်။ တော်သေးတာပေါ့။ ရင်ပြင်တော်ပေါ်မှာကလည်း လူနည်းနည်းရှင်းနေပေလို့။
ဒေါက်တာမြင့်သူ သက်ပြင်းချမိသည်။

အဲသည် ပန်းချီဆရာမကလေးသည် မကွေးတစ်ဖက်ကမ်း မင်းဘူးသူ စင်စစ် ဖြစ်သော်လည်း ယူကေနိုင်ငံ တွင် အခြေချနေထိုင်လျက်ရှိပြီး အကြာကြီး နေမှ တစ်ခါသာ မြန်မာပြည်ကို ပြန်လာတတ်သူမှန်း သိကြလျှင် ပို၍ပင် အံ့သြကြပေဦးမည်။
တိုက်တိုက်ဆိုင်ဆိုင် မကွေးတံတားကြီး ဖွင့်လှစ်ပြီး၍ မန်းရွှေစက်တော် သို့ ဘုရားဖူးသွားရန် လွယ်ကူ သွားပြီဟုဆိုတာ မင်းဘူးမှ လူနာဟောင်းတစ်ဦးက ဇွတ်ခေါ်နေသဖြင့် ဘုရားဖူး ထွက်လာခဲ့ရင်း မကွေး မြသလွန်ဘုရား ခဏ၀င်ဖူးသော ရန်ကုန်မှ ဦးနှောက်နှင့် အာရုံကြော ခွဲစိတ်ဆရာဝန်နှင့် လူနာရှင်၊ အင်းလေ … လူနာရှင်ဟောင်းပေါ့၊ ယူကေတွင် နေရသော လူနာရှင်ဟောင်းတို့ ဘုရားပေါ်တွင် ဆုံမိ သည့် တိုက်ဆိုင်မှုက အံ့သြစရာ။
ဒေါက်တာမြင့်သူ အနားသို့ လာရပ်ပြီး ပန်းချီကားကို ငုံ့ကြည့်နေသည်ကို ခံစားမိနေသော စိမ်းဝေက အမှတ်တမဲ့ လှည့်ကြည့်ရာက ပါးစပ်ကလေး ၀ိုင်းသွားသည်။
" ဟယ် … ဆရာပါလား " ဒေါက်တာမြင့်သူ ပြုံး၍ ခေါင်းညိတ်ပြသည်။

" ရွှေစက်တော်က ပြန်လာတာ၊ စိမ်းဝေ မြန်မာပြည် ပြန်ရောက်နေတာကိုး "
စိမ်းဝေက ပြုံး၍ ပန်းချီဆေးများ ဘူးကလေးထဲ ပြန်ထည့်သည်။
" မရောက်တာ တစ်နှစ်လောက် ဖြစ်သွားတော့လေ၊ ဖေဖေနဲ့မေမေ အတင်းခေါ်တာနဲ့၊ သူတို့ကလည်း ဒီမှာပဲ နေနေကြပြီး ရန်ကုန်မှာလည်း တွေ့စရာလူက သိပ်မရှိတော့တာနဲ့ မင်းဘူးပဲ တန်းတက်လာတာ "
အပြုံးကလေးက နွမ်းလျလျ။ ဒေါက်တာမြင့်သူ ခေါင်းတစ်ချက် ဆတ်ခနဲ ညိတ်မိသည်။
" ဆောက်လုပ်ရေးတွေကရော "
" မမနှင်း နဲ့ ကိုဟန်ပိုပဲလေ၊ သူတို့လည်း မအားပါဘူး၊ အလုပ်တွေက ဇယ်ဆက်နေတာ၊ ဖုန်းပြောရင်တောင် ကျားလိုက်သလိုပဲ၊ ဆရာ့ဆီလည်း ၀င်လာနှုတ်ဆက်ဦးမလို့ပါပဲ၊ ဆရာ မအားမှာ စိုးတာနဲ့ပဲ " ဒေါက်တာမြင့်သူ ဖွဖွပြုံးသည်။

" ခွဲစိတ်ခန်းရှေ့က ဖြတ်ရမှာ ကြောက်နေတာ မဟုတ်ဘူးလား "
စိမ်းဝေ အပြုံး ကလေး မှိန်သွားသည်။
" ဟုတ်တယ်၊ အဲဒီနေ့က စိမ်းဝေ ခွေလဲသွားတဲ့အထိ … အားလုံးကို အိပ်မက်ဆိုးလိုပဲ ခဏခဏ ပြန်မြင် ယောင်နေတာ၊ ဆောရီးနော် … ဆရာ " ဒေါက်တာ မြင့်သူလည်း အပြုံးလေး မှိန်သွားသည်။ " ဆောရီး ပြောရမှာက တို့ ထင်တာပဲ " နှစ်ယောက်စလုံး ခေတ္တ ငြိမ်သက်သွားကြသည်။

ကိုယ့်ချစ်သူက စစ်မြေပြင်ကို စစ်ထွက်သွားရသည် ဆိုလျှင်ပင် သည့်ထက်တော့ စိတ်အေးရမည်ဟု ထင် သည်။ စစ်ထွက်သွားသည် ဆိုကတည်းက အင်နှင့်အားနှင့်။ လက်နက် အပြည့်အစုံနှင့်။ ပြီးတော့ စာလာမည်။ လူကြုံစကား ကြားရသည်။ ကိုယ့်ချစ်သူရှိရာ ဒေသမှာ ငြိမ်းချမ်း နေသလား၊ တိုက်ပွဲတွေ ပြင်းထန်နေ သလား။ သည်လို စုံစမ်း၍ ရနိုင်သေးသည်။
ယခုတော့ ကိုကို့မှာ ဘာအင်အားမှ မရှိတော့။
ခွဲစိတ်ခန်း ဆိုတာက လိုက်သွားကြည့်၍လည်းမရ။ ဘယ်လိုနေသလဲဟုလည်း သတင်းစကား မေး၍မရ။
တိုက်ပွဲတော့ တိုက်ပွဲ ပါပဲ။ အသက်နှင့်ရင်း၍ တိုက်ရသည့် တိုက်ပွဲ။

သို့သော် ဦးဆောင်တိုက်သူက ကိုကိုမဟုတ်။ ဒေါက်တာမြင့်သူဖြစ်သည်။ ကိုကို့ အသက်ရော၊ ကိုကို့ ဘ၀ရော၊ ပြီးတော့ စိမ်းဝေ၏ နှလုံးသားတစ်ခုလုံးကိုပါ သူ့လက်ကို အပ်ထားရသည်။ သူ ရှုံးလျှင် အဲဒါတွေ အကုန်လုံးသွားပြီ။
သည်မျှ ကြီးမားသော အရင်းအနှီးနှင့် ရင်ဆိုင်နေရတာ ဖြစ်သော်လည်း အခြေအနေကို ဘာမှ သိခွင့်မရ။
" ခွဲစိတ်ခန်း" ဟု ရေးထားသော ဆိုင်းဘုတ်အောက်က တံခါးမ။
အဲဒီ တံခါးမ ကို ဖွင့်၍ ကိုကို့ကို တွန်းသွင်းသွားကြတုန်းက လှမ်းမြင်လိုက်ရတာက လမ်းကျဉ်းကျဉ်း ပျပျ ကလေး။ ဖိနပ်တွေ အများကြီး တန်းစီချွတ်ထားတာကလွဲ၍ မမြင်ရ။ အဲသည် နောက်မှ ဘယ်နှကွေ့ ထပ်ကွေ့ပြီး မှ ရောက်မည် မသိသော အခန်းကလေး တစ်ခန်းထဲတွင် ကိုကို ရှိနေလိမ့်မည်။ သတိလစ် ကောင်း လစ်နေမည်။ ကိုကို့အသက် တည်ရာ၊ မှီရာ အလွန်နုနယ်သော အစိတ်အ၀ိုင်း တစ်ခုကို ဒေါက်တာ မြင့်သူ ဦးဆောင်သည့် လူအုပ်စုတစ်ခုက ဓား၊ ကတ်ကြေး၊ စူးဆောက် တန်ဆာပလာ လက်နက်ကိရိယာများဖြင့် ချွေးတလုံးလုံး အသည်းတထိတ်ထိတ် ကိုင်တွယ်နေကြပေ လိမ့်မည်။ အလွန် စွန့်စားရမည့် ခွဲစိတ်မှုမျိုးတဲ့။

မျက်ရည်ဝဲနေသော မျက်လုံးတစ်စုံ၊ တုန်ယင်နေသော နှုတ်ခမ်းတို့နှင့် တတ်သလောက် မှတ်သလောက် ဘုရားစာ ဆိုနေရုံမှတစ်ပါး စိမ်းဝေ ဘာမှ မတတ်နိုင်ခဲ့ပါ။ ၀င်မေးလို့လည်း မရ။ သွားကြည့်ခိုက်းလို့လည်း မရ။ နာရီလက်တံ ဂဏန်း တစ်ခုပြီးတစ်ခု ကျော်လွှားလာသည် ကိုသာ ချောက်ချား စွာ စောင့်ကြည့်နေခဲ့ ရပါသည်။ အဲသလောက်တောင် … ကြားရသလား ဆရာရယ်။
သူများ ခွဲစိတ်ခံစားရတာ သွားကြည့်ဖူးတာဆိုလို့ စိမ်းဝေ ဘ၀မှာ ကလေးမွေးသည့် သူငယ်ချင်း ကို စောင့်ပေးဖူးတာသာရှိသည်။ မိနစ်ပိုင်းပါပဲ။ ဒါတောင် အကြာကြီးလို့ ထင်ခဲ့မိသည်။ ယခုတော့ နာရီနှင့် ချီ၍။

ကျွီခနဲ မြည်လိုက်သံ။
အားလုံး ခေါင်းများထောင်၍ ခွဲစိတ်ခန်း တံခါးမဘက် လှည့်ကြည့်မိသည်။ ခွဲစိတ်ဝတ်စုံ ၀တ်ထားသည့် လူငယ်တစ်ဦး က တံခါးကို အတွင်းမှ လှမ်းဖွင့်ပေး၍ ကိုင်ထားသည်။ အတွင်းဘက် ကို မျှော်ကြည့်နေသည်။ ကိုကိုလား။ ကိုကို ထွက်လာပြီလား။
ခွဲစိတ်မှု အောင်မြင်သွားပြီတဲ့လား။ တကယ်တမ်း ထွက်လာတော့ ခွဲစိတ်ခန်း ၀တ်စုံနှင့် ဆရာဝန် တစ်ဦးသာဖြစ်နေသည်။ ပြာနုရောင် တီရှပ်၊ အပြာနုရောင် ဘောင်းဘီရှည် အပြာနုရောင် ခေါင်းစီး၊ အပြာနုရောင် မျက်နှာဖုံး ဘယ်သူများလဲ။
ခေါင်းစီး မှာတော့ အင်္ဂလိပ်စာလုံး အမ်နှင့် တီကို ထုးထားသည်။ ဒေါက်တာ မြင့်သူ များလား။
ဆရာဝန် က စိမ်းဝေ၊ ကိုဟန်ပိုနှင့် မနှင်းဖွေတို့ ဘက်သို့ လှမ်းကြည့်သည်။ ပြီးတော့ သူတို့ရှိရာသို့ ဦးတည်၍ လာနေသည်။ ခြေလှမ်းတို့က နှေးသည်။ ယိုင်သည်။ တာဝေး အပြေးပြိုင်ပွဲပြီး၍ ပင်ပန်းနွမ်းနယ်နေ သည့် အားကစားသမား၏ ဟန်ပန်။

ဘုရား၊ ဘုရား၊ ဘာလဲ၊ ဘာဖြစ်တာလဲ။
မပြောပါနဲ့။ မသိချင်ဘူး။ မကြားပါရစေနဲ့။
စိမ်းဝေ ကိုယ်လုံးလေး ညွှတ်သွား ယိုင်သါားသည်ကို သတိထားမိသော မနှင်းဖွေးက စိမ်းဝေ ပခုံးလေးကို တင်းကျပ် စွာ ဖက်ထားသည်။ ကိုဟန်ပိုက ရှေ့သို့ တက်လာသည်။
ဆရာဝန်က မျက်နှာဖုံးကို ဆတ်ခနဲ ဆွဲဖယ်လိုက်သည်။
ဟုတ်ပါတယ်။ ဒေါက်တာ မြင့်သူပါပဲ။
ဒေါက်တာမြင့်သူ ၏ မျက်နှာက မနေ့က တွေ့ခဲ့ရတာထက် အများကြီး ပို၍ အိုစာနေ သည်။ ခြေလှမ်း နှေးနှေးနှင့် သူတို့ဘက် ဆက်လာနေသည်။ လက်ထဲက ခွဲစိတ်ခန်းသုံး မျက်နှာဖုံး ကို ဆေးရုံကော်ရစ်ဒါ ပေါ်သို့ ရုတ်တရက် လွှင့်ပစ်လိုက်သည်။
အဲသည့် မျက်နှာဖုံး ကို လွှင့်ပစ်လိုက်သည့် တဒင်္ဂမှာပဲ စိမ်းဝေ သတိလစ်လဲကျသွားခဲ့ခြင်းဖြစ်ပါသည်။

စိမ်းဝေ က ခေါင်းကလေး တစ်ချက်ဆတ်၍ ပြုံးပြီး ဒေါက်တာမြင့်သူကို လှည့်ကြည့်သည်။ ဧရာဝတီ မြစ်ကိုဖြတ်၍ တိုက်ခတ်လာသော လေနုအေးကလေးက စိမ်းဝေ၏ ဆံနွယ်တချို့ကို စိမ်းဝေ မျက်နှာပေါ် တင်စေသည်။
" ဆရာ က ဘာလို့ ဆောရီး ပြောရမှာလဲ၊ ဆရာက စိမ်းဝေတို့ရဲ့ ကျေးဇူးရှင်လေ "
ဒေါက်တာမြင့်သူ ပခုံးတွန့်ပြသည်။
" လူနာရှင်တွေ ဘယ်လောက် စိတ်ပူစွာနဲ့ ကိုယ့်အမူအရာတွေကို စောင့်ကြည့်နေမလဲဆိုတာ အတွေ့အကြုံ မနည်းတဲ့ ဆရာဝန်တစ်ယောက်အနေနဲ့ တို့ သိသင့်တယ်လေ၊ အဲဒီနေ့က တို့ အဲဒီ မျက်နှာဖုံး ကလေး ကို ခြေပစ်လက်ပစ် လွှင့်မပစ်လိုက်မိရင် စိမ်းဝေ ဘယ်လဲကျသွားပါ့မလဲ "
စိမ်းဝေ က ယဲ့ယဲ့ပြုံးသည်။
" အင်မတန် ခက်ခဲတဲ့ ခွဲစိတ်မှု တစ်ခုကို နာရီပေါင်းများစွာ လုပ်ပြီး ပြန်ထွက်လာတဲ့ ခွဲစိတ်ဆရာဝန်ကြီး ရဲ့ မျက်နှာ က ရွှင်လန်းမြူးထူးနေရမယ်လို့ ထင်တဲ့ စမ်းဝေကသာ ရူးတာပါ ဆရာရယ် "
နှစ်ယောက်သား ပြိုင်တူ တိုးတိုး ရယ်မိသည်။

" နောက်ဆုံးတော့ စိမ်းဝေ အပူလွန်တာက စိမ်းဝေ အပူကနေ သတိရလာတဲ့အချိန် စိမ်းဝေကို အနားမှာ မတွေ့ရတဲ့ ကိုရဲဝင့် အပူဖြစ်သွားရတာလေ" " ဟုတ်ပ … ဆရာရယ်၊ နှစ်နှစ်လောက်ကြာအောင် အဲဒီကိစ္စပြောတုန်း " ဒေါက်တာ မြင့်သူ ခေါင်းတဆတ်ဆတ် ညိတ်သည်။
" သူရော နေကောင်းတယ် … မဟုတ်လား၊ အခု ပါလာလား " စိမ်းဝေက ခေါင်းညိတ်ပြသည်။

" ကောင်းပါတယ်၊ အလုပ်မလုပ်ဘဲ နေရတာ ပျင်းတယ်ချည်း အော်နေတာပဲ၊ ယူကေမှာလည်း အပေါင်း အသင်း က သိပ်မရှိတော့ ပိုပျင်းတော့တာပေါ့၊ စိမ်းဝေ၊ ဒီတစ်ခါ အလုပ်ကန်ထရိုက်ပြည့်ရင် မြန်မာပြည် တစ်လှည့်ပြန်နေ ပါ့မယ်၊ အဲဒီကျ အလုပ်လည်း ပြန်လုပ်ချင်လုပ်ပါ၊ အခုတော့ ဆေးစစ်တာလေး အဆင်ပြေ နေတော့ ယူကေ ဆရာဝန်က ထပ်ပြဖို့ မလိုတော့ဘူး ပြောတဲ့ အထိတော့ နေကြ ရအောင်ပါလိ့ မနည်း ဖျောင်းဖျ ထားရတယ်၊ တရားတော့ ထိုင်သလား မမေး နဲ့၊ သေမင်း ကို တစ်ခါ ရင်ဆိုင်ဖူးထားတော့ ဘ၀မှာ အချိန်ကို တန်ဖိုးထားတတ်သွားပြီတဲ့ "
" အခုကော "
" ဟိုဘက်က ဘီလူးပြုံးတဲ့ တန်ဆောင်းထဲမှာ တရားထိုင်နေတယ် "
ဒေါက်တာမြင့်သူ မျက်ခုံးပင့် ကြည့်သည်။
" ဘီလူးပြုံးတဲ့ တန်ဆောင်း … ဟုတ်လား "
စိမ်းဝေ က ရယ်သည်။
" အာရုံခံ တန်ဆောင်းကိုပဲ ပြောတာပါ၊ ဒီ မြသလွန်ဘုရား ခေါင်းလောင်းတော်မှာ ဘီလူး အစောင့်တွေ ထည့်ထုထားတာ ဆရာတွေ့တယ် မဟုတ်လား "
ဒေါက်တာ မြင့်သူ ခေါင်းညိတ်ပြသည်။

" အားလုံးက မဲ့နေကြလေ၊ ဘီလူး တစ်ရုပ်ပဲပြုံးတယ်၊ အဲဒါနဲ့ တည့်တည့်က တန်ဆောင်းကို ဘီလူးပြုံးတဲ့ တန်ဆောင်းလို့ ခေါ်ကြတာ "
" သြော် … ဒီလိုလား "
ဒေါက်တာ မြင့်သူ ဘုရားေ ခါင်းလောင်းတော်ပေါ်မှ ဘီလူးရုပ်များကို သေသေချာချာ လှည့်ပတ် ကြည့်ပြီးမှ သဘောကျစွာ ရယ်သည်။
" တို့ ကိုရဲဝင့်လိုပေါ့ ဟုတ်လား "
စိမ်းဝေ က မျက်လွှာ ပင့်ကြည့်သည်။

" ဘာကိုလဲ … ဆရာ "
" ကိုရဲဝင့်လည်း လေသံပြတ်နဲ့ ပိဿလေး ဘေးပစ်သလို အမှန်တွေ ပြောတတ်လွန်းလို့ သူများတွေ ခဏခဏ အထင်လွဲခံရတယ်လို့ စိမ်းဝေ ခဏခဏ ပြောဖူးတယ်လေ၊ တကယ်တော့ သူ့ရင်ထဲမှာက လူတွေ အားလုံး ဘယ်သူ့ကိုမှ မမုန်းတော့၊ အမြဲ ငြိမ်းချမ်းနေတာပဲ ဆိုတာလေ "
" ဟုတ်တယ် … ဆရာရဲ့ "
" ပြီးတော့ လူအများရှေ့မှာ ဘယ်လိုပဲ ခက်ထန် ခက်ထန် စိမ်းဝေနဲ့ကျတော့ အမြဲ နူးညံသိမ်မွေ့နေတယ် မဟုတ်လား၊ ဟို တစ်မျက်နှာတည်း ပြုံးနေတဲ့ ဘီလူးလိုပေါ့ ဟုတ်လား။
" ဟာ … ဆရာကလည်း "
စိမ်းဝေက ရှက်ကိုးရှက်ကန်းနှင့် ရယ်တော့ ဒေါက်တာမြင့်သူသဘောကျစွာ လိုက်ရယ်ပါတယ်။

"ဘာတွေ သဘောကျနေတာလဲ … စိမ်းဝေ "
ပန်းချီ ပစ္စည်းများ သိမ်းရင်း ပြုံးနေသော စိမ်းဝေကို အနားရောက်လာသော ရဲဝင့်က လှမ်းမေးသည်။
" ဒေါက်တာမြင့်သူနဲ့ ခုပဲ ဆုံတယ်လေ၊ ခွဲတဲ့နေ့က စိမ်းဝေ စိတ်အပူလွန်ပြီး သတိလစ်သွားတဲ့အကြောင်း ပြန်ပြောပြီး ရယ်နေကြတာ "
" ဟာ … ဆရာနဲ့ ဆုံတာလား၊ ညစာ လိုက်ကျွေးဖို့ မဖိတ်လိုက်ဘူးလား "
" ဖိတ်ပြီးပါပြီ … ကိုကိုရယ်၊ ညကျရင် မကွေး ဟိုတယ်မှာ လာခေါ်မယ်၊ ဟတ်တ်မျာ လိုက်ကျွေးမယ်၊ မှာ လိုက်ပြီးသား တံတားက ညလည်းဖွင့်တာပဲ၊ ပြဿနာမရှိပါဘူး "
ရဲဝင့်က ပြုံး၍ ခေါင်းညိတ်သည်။

" အေးကွာ မကွေး တံတား ကတော့ ရှယ်ပဲ၊ အတော်ပဲ၊ ဆရာနဲ့ မတွေ့ရတာ ကြာလို့ ဆရာ့ကိုတွေ့ချင် ကျွေးချင်နေတာ၊ ဆရာသာ ကိုကို့အသက်ကို မကယ်လိုက်နိုင်ရင် ဒီတစ်သက် မင်္ဂလာတောင် ဆောင်ဖူး လိုက်မှာ မဟုတ်ဘူး "
စိမ်းဝေက မျက်စောင်းထိုးသည်။
" နို့ … စမ်းစမ်းဝေနဲ့ တစ်ခါယူတယ်ဆို "
ရဲဝင့်က ရယ်သည်။
" အဲဒါက အင်၊ စိမ်းဝေနဲ့ မင်္ဂလာဆောင်တော့မှ တကယ်လေ "
" ခုမှ "
စိမ်းဝေက သုံးချောင်းထောက်ကို ပိတ်၍ သည်မည်လုပ်တော့ ရဲဝင့်က ဦးအောင် သယ်သည်။

" စိမ်းဝေ သယ်ပါ့မယ် … ကိုကိုရယ် "
" စိမ်းဝေရယ် ကိုကို လူကောင်းဖြစ်နေပြီ နေစမ်းပါ "
စိမ်းဝေက ရယ်၍ လက်လျှော့ပြီး ဆေးဘူး သေတ္တာကို ကောက်လွယ်သည်။ ပြီးတော့ ဧရာဝတီမြစ်၏ မင်းဘူးဘက်ကမ်းတွင် လှမ်းမြင်နေရသော တိမ်သားများနှင့် ထိစပ်နေသည့် တောင်တန်းများကို လှမ်းပြ သည်။
" ဒါဆိုလည်း ကိုကို ပြောဖူးတဲ့ စကားထဲကလို ဟိုးတောင်တွေပေါ်လျှောက်သွားလိုက်ပါဦးလား၊ တိမ်တွေ ကြားထဲ ရောက်သွားအောင်လေ "
ရဲဝင့်က ရယ်၍ စိမ်းဝေ ပခုံးကလေးကို လွတ်နေသော လက်ဖြင့် ဖွဖွ ဖက်သည်။

" တိမ်တွေကြားထဲ သွားရ သွားရ၊ တောင်တွေကြားထဲပဲ သွားရ သွားရ ဘ၀မှာ ဘာမှ အရေးမကြီးတော့ ဘူး၊ စိမ်းဝေ အနား မှာ ပါလာဖို့ပဲ လိုတယ် "
စိမ်းဝေ လည်း ကြည်နူးစွာ လိုက်ရယ်မိပါသည်။

(ပြီးပါပြီ)

ဆန္ဒမွန်ဖြင့်
လင်္ကာရည်ကျော်
၂၉-၉-၁၁
ည ၈း၃၀၊ မကွေးမြို့။
.
>>>ဆက်ဖတ်ရန်>>> >>

Saturday, June 2, 2012

လင်္ကာရည်ကျော် ၏ တိမ်တွေ တောင်တွေ နှင့် ခရီးသည်, အပိုင်း (၁၅)

" မမီတော့ဘူး စိမ်းဝေ၊ ပြီးတော့ ငါယောက်ျားချင်းပေးတဲ့ကတိ တစ်ဝက်ပဲ ဖျက်ချင်တယ်၊ သူ့မှာ နင် နဲ့ ခုချက်ချင်း ရင်မဆိုင်နိုင်လောက်အောင် ဘယ်လောက်ကြီးတဲ့ပြဿနာ ရှိနေမှန်း မသိဘူး၊ ဆောရီးဟာ ငါ ပြန်လာမှ အကျိုးအကြောင်း ပြောပြမယ် ဘိုင့်ဘိုင့် "
အာသာ ဖုန်းချသွားသည်။
စိမ်းဝေ က တဒိုင်းဒိုင်း ခုန်နေသော ရင်နှင့် တုန်လှုပ်ချောက်ချားစွာ ဆက်ထိုင်နေမိပါသည်။
ကို ဆက်ဖတ်ရန်....

 စိမ်းဝေ (၁၄)

အာသာ က တံတားပေါင်ကို မှီ၍ ကင်မ်မြစ်ကို ငုံ့ကြည့်ပြီး ငေးငိုင်နေသည်။ စိမ်းဝေက မျက်ရည်များ ပိုးပိုး ပေါက်ပေါက် ကျနေသည်ကို မစုတ်ဘဲ အောက်နှုတ်ခမ်းကို ပြတ်မတတ် ကိုက်ထားသည်။
နှစ်ယောက်သား အဲဒီ ပုံစံအတိုင်း တိတ်ဆိတ်စွာ အကြာကြီးရပ်နေကြပြီးမှ စိမ်းဝေက ခေါင်းကို ဆတ်ခနဲခါ ၍ အာသာ ကို လှည့်ကြည့်သည်။
" ငါ မယုံဘူး အာသာ " အာသာ က သက်ပြင်းချသည်။ " ငါ အကြောင်းဆုံးကလည်း အဲဒါပဲ၊ နင် မယုံမှာ ကို ကြောက်တာ၊ နင့်ကို ငါ သိပ်ချစ်တာ မှန်ပေမယ့် အဲဒီ ကိစ္စ ညာပြောရလောက်အောင် ငါ့စိတ်ဓာတ်က မညံ့ဘူး စိမ်းဝေ " စိမ်းဝေက ကျွတ်ခနဲ မြည်တမ်းသည်။

" ခက်ပါလား အာသာရယ်၊ နင့်ကို ငါ မယုံတာ မဟုတ်ဘူး၊ နင်နဲ့ ကိုကိုနဲ့တွေ့တယ်၊ ကိုကိုက အဲဒီ စမ်းစမ်းဝေ ဆိုတဲ့ ကောင်မလေးကို သူ မယူလို့မဖြစ်တော့ဘူး၊ တာဝန်ယူ ရတော့မယ်၊ ငါ့ကိုလည်း စိတ်ပူတယ်၊ နင်က ငါ့ကို အနီးကပ် စောင့်ရှောက်ပေးပါလို့ မှာတယ်၊ အဲဒါ အားလုံး ငါ ယုံတယ်၊ ငါမယုံတာ က ကိုကို အမှန်အတိုင်း ပြောသွားတယ်လို့ ငါ မယုံတာ၊ ကိုကိုမှာ တည့်တည့် ပြောလို့မဖြစ်တဲ့ ပြဿနာတစ်ခုခု ရှိကိုရှိမယ်၊ စမ်းစမ်းဝေ ဇာတ်လမ်းက လုပ်ကြံ ပြောတာပဲ "
အာသာ ခေါင်းကုတ်သည်။
" စမ်းစမ်းဝေ ဇာတ်လမ်းက ကိုရဲဝင့်လောက် တည်ကြည်တဲ့လူ တစ်ယောက်အတွက် ယုံရခက်တာတော့ အမှန်ပါပဲ၊ ဒါပေမဲ့ သူ နင့်ကို ဘယ်လောက်ချစ်တယ် ဆိုတာ နင်လည်းသိ၊ ငါလည်းသိနေတာ၊ နင့်ကို စွန့်လွှတ်ဖို့ အတွက်တော့ ဒီကိစ္စမျိုးက လွဲရင် တခြားအကြောင်း မရှိနိုင်တော့ဘူး ထင်တယ် "
စိမ်းဝေက ဘာမှ ပြန်မပြောဘဲ မျက်ရည် တွေတွေကျလျက် အံကြိတ်ရင်း ခေါင်းခါသည်။

အာသာက တိုးတိုး ဆက်ပြောသည်။ " သူက သူပြောတာ မယုံရင် မနှင်းဖွေးကို ဖုန်းဆက်ကြည့်ပါတဲ့၊ နံပါတ် ပေးတယ်၊ ငါ သူ့ ရှေ့တင် ဆက်လိုက်တယ်၊ မနှင်းဖွေးလည်း တော်တော် တုန်လှုပ် ချောက်ချားသွားပုံပဲ၊ နင့်လိုပဲ၊ မဖြစ်နိုင်ဘူးလို့ ပြောတယ်၊ ဒါဆို အခု အဲဒီ ကောင်မလေး ရုံးမှာ ရှိနေလား လို့မေးတော့ အလုပ်ထွက်သွား တယ်တဲ့၊ ဘာလို့ ထွက်သွားလဲတော့ မသိဘူးတဲ့၊ ကိုရဲဝင့်ကို တစ်ဖက်သတ် ချစ်နေတာတော့လည်း သူ သိတယ်တဲ့၊ ကိုရဲဝင့်နဲ့လည်း နယ်တွေ ဘာတွေ ညအိပ်ညနေ သွားဖူး တာ အမှန်ပဲတဲ့၊ ကိုရဲဝင့်က သူ့ကို "စမ်းဝေ"လို့ ခေါ်လို့တောင် " စိမ်းဝေ "နဲ့ မှားပါဦးမယ် ကိုရဲဝင့်ရယ် လို့ သူ ရယ်စရာပြောသလို သတိပေးဖူးတယ်တဲ့၊ ဖုန်းချပြီးတော့ ကိုရဲဝင့်က အလုပ်က သူ ထွက်ခိုင်း လိုက်တာ၊ သူ့ကို တစ်နေရာမှာ စောင့်ခိုင်းထားတယ်၊ အလုပ် ကိစ္စတွေလည်း ကိုဟန်ပိုကို အကုန် မှာ ထားတယ်၊ သူတို့နှစ်ယောက် လူတွေကို ခဏ ရှောင်နေဦးမှာတဲ့ "
စိမ်းဝေ က မျက်ရည်လည်ရွဲနှင့် ဆတ်ခနဲ မော့ကြည့်သည်။

" ငါ မယုံတာ အဲဒီနေရာပဲ အာသာ "
" စမ်းစမ်းဝေ ကို ငါနဲ့ နာမည်ချင်း ဆင်ပြီး သူ့ကို ချစ်နေတဲ့သူမို့ စိတ်ကစားမိတယ်ဆိုတာရယ်၊ နယ် အတူ သွားရင်းနဲ့ ငြိကြတယ် ဆိုတာရယ် "
အာသာ က သက်ပြင်းချ၍ ခေါင်းခါသည်။
" နင် စိတ်မဆိုးနဲ့ စိမ်းဝေရာ ယောက်ျားတွေက အဲသလို ဖြစ်တတ်ကြတာပဲ ဥစ္စာ၊ ကိုရဲဝင့်မှ မဟုတ်ဘူး၊ ငါ ဆိုလည်း ဖြစ်နိုင်တာပဲ "
စိမ်းဝေ က မဲ့ပြုံး ပြုံးသည်။
" ငါ ခံစား ရတာ သက်သာအောင် လျှောက်ပြောမနေပါနဲ့ အာသာရာ၊ နင် မသိသေးတာ ငါ ပြောပြမယ် "

" ဘာလဲ "
" ဟိုတစ်ခါကိုကိုလာပြီး ငါတို့ ချစ်သူတွေစဖြစ်ကြတဲ့ အခေါက်က လန်ဒန်မှာ လျှောက်လည်ရင်း ငါတို့ တစ်ယောက်ခန်း မရ လို့ ခုတင် နှစ်လုံးနဲ့ တစ်ခန်းတည်း အိပ်ဖူးတယ်၊ ကိုကိုက ငါ့ကို လက်ဖျားနဲ့ တို့ဖို့ မပြော နဲ့၊ အခန်း ထဲ ရောက်တာနဲ့ ငါ့ အနားတောင် မလာဘူး သိလား "
အာသာ ပါးစပ် အဟောင်းသား ဖြစ်သွားသည်။
" ငါနဲ့ နာမည်ဆင်လို့၊ သူ့ကို ချစ်နေလို့ မှားမိရအောင် ငါ့ကိုယ်တိုင် အပေါ်မှာတောင် သူ က စောင့်စည်းနိုင် တဲ့ ယောက်ျားမျိုး၊ ဒီမိန်းကလေးကျမှ မထိန်းနိုင်ဘူးဆိုတာ ငါက ယုံရမလား "
အာသာ ငြိမ်ကျ သွားပါသည်။

သူငယ်ချင်း နှစ်ယောက်သား တိတ်ဆိတ်စွာ အကြာကြီး ရပ်နေကြပြီးမှ အာသာက တိုးတိုးမေးသည်။
" အခု နင် ဘာလုပ်မလဲ "စိမ်းဝေက ငါ လိုက်ရှာချင်တယ်ဟု တိုးတိုးပြောသည်။ အာသာ က ခေါင်းခါသည်။ " သူ လန်ဒန်က ထွက်သွားတာ သေချာတယ်၊ မြန်မာပြည်ပြန်တာ ဟုတ်မဟုတ် ငါ မသိဘူး၊ သေချာ တာတော့ သူအိမ်ကို ပြန်မှာ မဟုတ်ဘူး၊ ကောင်မလေးကလည်း ပျောက်နေတယ်၊ ဒီအချိန် နင် သွားရှာရင် ကောက်ရိုးပဲထဲမှာ အပ်ရှာသလို ဖြစ်နေမှာပေါ့၊ ပြီးတော့ လူကြီးတွေကို နင် ဘယ်လို ပြောမလဲ " စိမ်းဝေ အံကြိတ်သည်။

" ဖေဖေနဲ့ မေမေက နဂိုကတည်းက ငါတို့ ချစ်သူတွေဖြစ်နေတာ မသိသေးပါဘူး၊ ကိုကို လန်ဒန်မှာ သူတို့ကို စောင့်ကြိုမယ်လို့ ပြောထားပြီးမှ ကိုကို့ သူငယ်ချင်းပဲ လာကြိုပြီး ကိုကို အရေးကြီးကိစ္စပေါ်လို့ ချက်ချင်းပြန် သွားပြီလို့ ပြောတာပဲ သိတာ၊ ငါလည်း သူတို့ရှေ့မှာ ငိုမိရင် ဖြေရှင်းနေရမှာစိုးလို့ အခု နင်နဲ့ ဒီမှာ လာနေတာ " " မနက်ဖြန် ဘွဲ့ယူဖို့ ကိစ္စရော "
စိမ်းဝေ နားထင် နှစ်ဖက်ကို လက်နှက်ဖက်နှင့် ညှစ်ကိုင်၍ ခေါင်းမော့ပြီး တိုးတိုးလေး အားခနဲ အော်ဟစ် ညည်းတွား ပစ်လိုက်သည်။ မသိတော့ဘူးဟာ ဟုလည်း ပြောသည်။
အာသာ က ခေါင်း တဆတ်ဆတ်ညိတ်သည်။
" နင့်ကို ဘာလုပ်ရမယ်၊ ဘာမလုပ်ရဘူး ငါမပြောချင်ဘူး၊ နင်ကြိုက်တာလုပ်၊ ငါ့ကို တစ်ခုပဲ ကတိပေး "
" ဘာကတိလဲ "
" နင် ဘယ်သွားသွား၊ ငါ့ကို ခေါ်သွားရမယ် "
စိမ်းဝေက ပြုံးမဲ့မဲ့ဖြင့် မျက်စောင်းထိုးသည်။

" ရခါစ အလုပ် ပြုတ်သွားချင်လို့လား " " ပြုတ်ပါစေ၊ နင့်ထက်တော့ ဘာမှ ပိုအရေးမကြီးဘူး "
" အာသာရယ်" အာသာမရယ်နဲ့၊ ငါကိုရဲဝင့်ပြောလိုက်တဲ့ တစ်သက် လုံး စောင့်ရှောက်လိုက်ပါ ဆိုတာ မျိုးကို မျှော်ကိုးနေတယ်လို့ နင်မထင်နဲ့၊ ဒါပေမဲ့ ငါတတ်နိုင်သလောက်တော့ စောင့်ရှောက်ရမှာပဲ၊ နင် ခံစားစရာ က ဘယ်လောက်ပဲ ပြင်းထန် ပြင်းထန်၊ နင့်ကိုတော့ ငါ အထိခိုက် မခံနိုင်ဘူး "
စိမ်းဝေ သက်ပြင်း တိုးတိုးချ၍ " အေးပါ သူငယ်ချင်းရာ၊ နင့်စေတနာ ငါ သိပါတယ် " ဟု ပြောသည်။

မနှင်းဖွေး (၁၄)

ရုံးခန်းထဲသို့ ခပ်အေးအေး လမ်းလျှောက်ဝင်လာသော ရဲဝင့်ကို ကြည့်၍ မနှင်းဖွေးရော ဟန်ပိုပါ ပါးစပ် အဟောင်းသား ဖြစ်သွားသည်။
ရဲဝင့် ကတော့ ဘာမှ မဖြစ်သလိုပင် လက်ထဲက အိတ်ကို စားပွဲပေါ်ချ၍ အဆင်ပြေရဲ့လားဟု မေးသည်။
မနှင်းဖွေး က ဘာမှ မဖြေနိုင်။ ဟန်ပိုက စိတ်မထိန်းနိုင်ဘဲ ရဲဝင့် ပခုံးတစ်ဖက်ကို လက်သီးနှင့် လှမ်းထိုး သည်။ " ပြေမလားကွ၊ ပြောစရာလားကွ၊ မင်း ဘာတွေ လျှောက်လုပ်နေတာလဲ၊ ရူးများနေလား "
ရဲဝင့် ရယ် ၍ အေးအေးပင် ဖြေသည်။

" ငါပြောရင် မင်း ယုံမှာ မဟုတ်ဘူး၊ ဒီရက်ထဲမှာ ငါ ရူးသွားလိုက်၊ ပြန်ကောင်းလိုက်နဲ့ ခဏခဏ ဖြစ်နေ တာ မင်းသိလား "
ဟန်ပိုက စိတ်မကျေနိုင်သေး။
" ရူးသွားတာကို ယုံတယ်၊ ပြန်ကောင်းတာကို မယုံတာ၊ ဘယ်မှာလဲ စမ်းစမ်းဝေ၊ ပြီးတော့ မင်းတို့ ဘယ်မှာ နေနေတာလဲ "
ရဲဝင့် က ကုလားထိုင်မှာ ၀င်ထိုင်ရင်းက ရှိပါတယ်ဟုသာ ၀တ်ကျေတန်းကျေ ဖြေသည်။ သည်တော့မှ မနှင်းဖွေး ၀င်မေး ဖို့ သတိရသည်။ " ဘာရှိတာလဲ ကိုရဲဝင့်၊ နှင်းတော့ တစ်ခုမှ နားမလည်တော့ဘူး၊ ယုံလည်း မယုံဘူး၊ ကိုရဲဝင့် စမ်းစမ်းဝေနဲ့ ယူလိုက်ပြီ ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး၊ စိမ်းဝေကိုရော ဘာတွေ သွားပြောတာလဲ၊ ပြီးတော့ လူကြီးတွေ ကို ရောဘာပြောထားလဲ "
ရဲဝင့် မျက်နှာ တည်သွားသည်။ ခဏ ငြိမ်နေပြီးမှ သက်ပြင်းတစ်ချက်ချ၍ ပြောသည်။

" နှင်းကိုရော၊ ဟန်ပိုရော တို့တစ်ခုလောက်တော့ အကူအညီ တောင်းချင်တယ်၊ အဲဒါက တို့အခု လုပ်ခဲ့တဲ့ ကိစ္စတွေ နဲ့ ပတ်သက်ပြီး တို့ပြောတာကို ယုံပေးဖို့နဲ့ ခြောက်လလောက် ညည်းညည်းခံပြီး အဲဒီ ကိစ္စကို မဆွေးနွေး ဘဲ ထားပေးဖို့ပါ " မနှင်းဖွေး ပို၍ပင် နားမလည်ဖြစ်သွားသည်။
" ဘာခြောက်လလဲ၊ ဘာဖြစ်လို့ ခြောက်လလဲ၊ ကိုရဲဝင့်လာရင် ရှင်းပြမယ်လို့ ထင်ထားကြတာ၊ အခုက ပိုရှုပ်ကုန်ပြီ " ရဲဝင့်က ယဲ့ယဲ့ပြုံး၍ ခေါင်းခါသည်။
" စမ်းစမ်းဝေ ရှိပါတယ်၊ တို့တစ်တွေလည်း အဆင်ပြေပါတယ်၊ လောလောဆယ်တော့ ဦးသက်ဝေတို့ ရှိတဲ့ ပုသိမ်ကို သူ ခဏပြန်သွားတယ်၊ တို့လည်း ဒီအပေါ် ထပ်မှာပဲ ပြန်နေမယ်။

တို့မှာ လောလောဆယ် ဒီ လုပ်ငန်းနဲ့ ပတ်သက်ပြီး အရေးတကြီး လုပ်စရာတွေ အများကြီးရှိနေတယ်၊ ဒီတော့ အိမ်ထောင်ရေးကိစ္စ တွေပါ ခဏ ဘေးဖယ်ထားရမယ့် သဘောပဲ၊ နှင်းနဲ့ ဟန်ပိုကိုလည်း တို့ရဲ့ အဲဒီ ဘ၀ရေးရာ ကိစ္စတွေ၊ ပြဿနာတွေကို ခဏမေ့ထားပြီး ဒီခြောက်လအတွင်းမှာ တို့လုပ်ချင်တဲ့ ကိစ္စတွေ ကို ကူညီစေချင်တယ်၊ ခြောက်လပဲ၊ ခြောက်လပြီးရင် နှင်းတို့မေးတဲ့ မေးခွန်းတွေအားလုံး တို့ဖြေမယ်၊ ဒီကြားထဲမှာတော့ တို့ကိုလည်း မမေးစေချင်ဘူး၊ လူကြီးတွေကိုလည်း မပြောပြစေချင်ဘူး၊ စိမ်းဝေကိုလည်း အခု သူ သိထား၊ နားလည်ထားသမျှနဲ့ပဲ နေစေချင်တယ် "
မနှင်းဖွေး ခေါင်း ထပ်ခါမိသည်။ " စိမ်းဝေ ဖုန်းဆက်ရင်၊ လိုက်လာရင်ရော "
ရဲဝင့် ငြိမ်နေသည်။ ပြီးမှ တိုးတိုး ပြောသည်။ " ဖုန်း မဆက်အောင်၊ လိုက်မလာအောင်တော့ အာသာ ကို သေသေချာချာ မှာခဲ့တာပဲ၊ အရင်အပတ်ကပဲ သူဟိုမှာ အလုပ်စ၀င်သွားပြီလို့လည်း ကြားရတယ်၊ ခြောက်လ အတွင်းတော့ သူလည်း ထွက်နိုင်မှာ မဟုတ် ပါဘူး၊ ခြောက်လနောက်ပိုင်းလာရင်၊ ဖုန်းဆက်ရင်လည်း တို့အဆင်သင့် ဖြစ်နေပါပြီ "

" ဘာအဆင်သင့် ဖြစ်တာလဲကွ "
ဟန်ပိုက စိတ်ဆိုးမာန်ဆိုး ၀င်မေးသည်။ ရဲဝင့်က ပြုံး၍ လက်သာကာပြသည်။
" အဲဒါ ထားပါကွာ၊ ငါ အခုပဲ ဆောက်လုပ်ရေး လုပ်ငန်းရှင်များအသင်းက လူကြီးတွေ နဲ့ တွေ့ပြီး ပြန်လာတာ၊ တို့ ဆောက်လုပ်ရေး လုပ်ငန်းတွေရပ်နေ၊ နှေးနေတာနဲ့ ပတ်သက်ပြီး နာလန် ထူအောင် ဘယ်လိုလုပ်ရမယ်လို့ တိုင်ပင်ထားကြတာတွေ ရှိတယ်၊ ဒါတွေ မင်းတို့ကို ငါ ပြောပြချင်တယ် "ရဲဝင့်က အိတ်ထဲမှ စာရွက်စာတမ်းများကို ထုတ်ချသည်။

" နားလည်အောင် လုပ်ထားကြကွာ၊ ငါ့မှာက မင်းတို့ သိထားတဲ့ ပြဿနာတွေရော၊ မင်းတို့ မသိ တဲ့ ပြဿနာတွေရောပဲ၊ ငါဖြစ်စေချင်တာက တကယ်လို့ ငါဒီအလုပ်ထဲကို မလာနိုင်တော့ရင်တောင် မင်းတို့ နှစ် ယောက်က ဒီလုပ်ငန်းကို ပြန်ခေါင်းမော့လာအောင် ဦးဆောင်နိုင်စေချင်တာ၊ နှင်းရေ တို့ကို ကော်ဖီတိုက်ပါ လား " မနှင်းဖွေး တွေဝေစွာ နောက်ဘက်ခန်းသို့ လျှောက်လာမိခဲ့ပါသည်။

မနှင်းဖွေး ဖုန်းကို ပြန်ချ၍ ခဏ ငြိမ်ရပ်နေသည်။ ပြီးမျ ရဲဝင့်ဘက်သို့ လှည့်၍ တိုးတိုးပြောသည်။
" ထောင့်ခန်းတစ်ခန်းမှ မကျန်တော့ဘူးတဲ့၊ သုဝဏ္ဏက ဟာရော၊ ပြည်မ်းက ဟာရော၊ ဒဂုံက ဟာရော၊ ဆိုင်ခန်းလည်း အားလုံးနီးနီး ကုန်ပြီတဲ့၊ မရလိုက်တဲ့ လူတွေက မကျေနပ်လို့တဲ့၊ အသစ်စထားတဲ့ ပရောဂျက်ရှိလား၊ မေးနေကြတယ်တဲ့ " ရဲဝင့်က ကွန်ပျူတာ မော်နီတာပေါ်က ကိန်းဂဏန်းများကို ကြည့်နေရင်းက တိုးတိုးရယ်သည်။
" ဟန်ပို ဆက်တာမဟုတ်လား၊ ဈေးရောင်းပွဲတော် လုပ်မယ်ဆိုတုန်းက ဒီကောင်ပဲ တိုက်ခန်း ဈေးရောင်း ပွဲတော်ရယ်လို့ ကြားမကြားဖူးပါဘူးလို့ ကန့်ကွက်တာ "
မနှင်းဖွေး ခေါင်းကို ဖြည်းညင်းစွာ ခါသည်။

" မယုံနိုင်လောက်အောင်ပဲ၊ ကိုရဲဝင့် ဘယ်လို လုပ်လိုက်တာလဲ "
ရဲဝင့်က ပခုံးတွန့်ပြသည်။
" တို့ တစ်ယောက်တည်းလုပ်တာ မဟုတ်ပါဘူး၊ နှင်းတို့လည်း ပါတာပဲ၊ ပြီးတော့ တို့ချည်းလုပ်တာ မဟုတ်ဘူး၊ ကျန်တဲ့ အုပ်စုတွေလည်း တာစူကုန်ပြီ၊ ယုဇနဆိုရင် စတော့မယ် "
" မဟုတ်ဘူးလေ၊ ဒီလောက်အများကြီး မြှုပ်ရမယ့်ကိစ္စကို၊ ဒီလို အဆင်ပြေမယ်ဆိုတာကို ကိုရဲဝင့် ဘယ်လို တွက်မိသလဲ " ရဲဝင့်က ရယ်၍ သူ့ခေါင်းသူ လက်ညှိုးနှင့် ခေါက်ပြသည်။
" ဒီ အထဲက ဦးနှောက်က ရူးလိုက်၊ ပြန်ကောင်းလိုက် ဖြစ်နေတယ် ဆိုတာ နှင်းတို့ ဟန်ပိုတို့ကမှ မယုံဘဲ၊ ပြန်ကောင်းတဲ့ အချိန်ကျ လွှတ်ကောင်းတာနော်၊ သိလား " မနှင်းဖွေး စိတ်မရှည်တော့။

" ကိုရဲဝင့်က အရင်လိုကို မဟုတ်တော့ဘူး၊ ပဟေဠိ သိပ်များတာပဲ "
ကိုရဲဝင့်က ဟက်ဟက်ပက်ပက် ရယ်သည်။
" ပျော်ချင်လို့ စတာပါ နှင်းရယ်၊ နှင်း မသိဘူးနော်၊ တို့ ဒီရက်တွေမှာ သိပ်ပျော်နိုင်တာ မဟုတ်ဘူး "
" အဲဒါကို ပြောပြစေချင်တာလေ၊ မပြောဘဲ တစ်ယောက်တည်း ရင်ဆိုင်နေရတာ နှင်းတို့ကို သူငယ်ချင်း အရင်းလို သဘော မထားတော့ လို့လားပြော "
ရဲဝင့် ပြုံး၍ ခေါင်းခါသည်။ " အချိန် မတန်သေးလို့ပါ နှင်းရယ်၊ ကဲ ဈေးကွက် ကိစ္စ ကို ပြောပြမယ်၊ ဈေးကွက်က ရောင်းလိုအား သိပ်များပြီး ၀ယ်လိုအားနည်းလို့ လျှံသွားတယ်ဆိုတာ အမှန်ပဲ၊ ဒါပေမဲ့ ၀ယ်လိုအား နည်းရတာက အကြောင်းရှိနေတယ်၊ အဲဒါလေးကို မြင်အောင် ကြိုးစား လိုက်တာ "

" ဘာကြောင့်လဲ "
" ဈေးကွက်က တခြားဘက်တွေမှာ ဖွင့်ပေးလိုက်တာလေ၊ စူပါ မားကက်ကြီးတွေပေါ်လာတယ်၊ မီဂါကော့ပ် လို့ခေါ်တဲ့ ကုမ္ပဏီကြီးတွေ ပေါ်လာတယ်၊ ဆောက်လုပ်ရေး သမားတွေက ပေးနိုင်တာက သမားရိုးကျ တိုက်ခန်းတွေ ဖြစ်နေတယ်၊ ဆန်းသစ် တိုးတက်လာတဲ့ လုပ်ငန်းတွေရဲ့ လိုအပ်ချက်ကို မဖြည့်နိုင်ဘူး၊ ပလာဇာတွေကလည်း ခေတ်ဦးပိုင်းက သိပ်မကိုက်တာတွေ ရှိထားတော့ မ၀ံ့မရဲ ဖြစ်နေ ကြတာ၊ အခု လိုလားမှု တကယ်ရှိလာတဲ့ အချိန်မှာ ရီဆက်ရှင်းနဲ့ တွေ့နေတော့ မလုပ်ရဲကြ ဘူး၊ တို့က အဲဒါကို ချထည့် လိုက်တာ " မနှင်းဖွေး ခေါင်း တဆတ်ဆတ် ညိတ်သည်။

" ကိုရဲဝင့်လို အကွက်မြင်ဖို့တော့ နှင်းရော၊ ကိုဟန်ပိုရော ဘယ်လိုမှ လိုက်မီမှာ မဟုတ်ဘူး၊ ဒါနဲ့ အခု တောင်းဆိုနေ တဲ့ ပရောဂျက်အသစ်တွေ ဆိုတာရော၊ လုပ်မှာလား " " နှင်းတို့ သဘောလေ " မနှင်းဖွေး မျက်မှောင်ကြုတ်သည်။ " ဘာ နှင်းတို့ သဘောလဲ " ရဲဝင့် က ခေါင်းခါပြ သည်။

" ပရောဂျက် အသစ် ကို မားကက်မျာ ချပြနိုင်ဖို့ဆိုရင် အနည်းဆုံး ခြောက်လလောက် လိုမယ်၊ ခြောက်လ ဟိုဘက်ပိုင်း ကျရင် တို့ သိပ်အလုပ်လုပ်နိုင်မယ် မထင်ဘူး၊ နိုင်မလား၊ မနိုင်မလား ဆိုတာ ဟန်ပိုနဲ့ နှင်းပဲ ဆုံး ဖြတ်ရမှာ "
" လာပြန်ပြီ၊ ဘာဖြစ်လို့ မလုပ်နိုင်ရမှာလဲ "
ရဲဝင့် က ရယ်သည်။ အချိန် တန်ရင် ပြောပြပါ့မယ်ဆို၊ နှင်းရယ် ဟု တိုးတိုးပြောသည်။
မနှင်းဖွေး ရင်ထဲ မှာ နောက်ကျိရှုပ်ထွေးနေဆဲ။

" မမနှင်းလား "
မနှင်းဖွေး ရင်ထဲမျာ လည်ပတ် စီးဆင်းနေသော နှလုံးသွေးတို့ ဖျပ်ခနဲ ရပ်တန့်သွားသည်။ အသံ က ပြည်တွင်းက ပြောသလို ကြည်လင်နေသော်လည်း ဒါ ယူကေက စိမ်းဝေ ဆက်တာဆိုတာ ဖုန်း ကောက် မကိုင်ခင်ကတည်းက သူ့စိတ်က ထင်နေမိတာကို အတည်ပြုလိုက်သလိုရှိသည်။
" စိမ်းဝေ လား၊ ပြောလေ "
ရုတ်တရက် ဘာသံမှ ပြန်မကြားရ၊ အသက်ရှူသံ ပြင်းပြင်းကိုသာ ကြားရသည်။ မငိုမိအောင် ချုပ်တည်းနေရ ဟန် တူပါရဲ့။
" စိမ်းဝေ၊ ညီမလေး၊ ပြောလေ မမနှင်းပါ "
ပင့်သက် ရှူလိုက်သံ လား၊ ရှိုက်သံလား၊ တိုးတိုး တစ်ချက် မသဲမကွဲကြားရသည်။

" ကိုကိုတို့ အဆင်ပြေရဲ့လားဟင် "
မနှင်းဖွေး ရုတ်တရက် ဘာဖြေရမည်မသိ။ ကိုကိုတို့တဲ့၊ သူ မြင်နေရတာက ကိုရဲဝင့် တစ်ယောက်တည်း၊ ပြီးတော့ မနှင်းဖွေး တစ်သက်လုံးလည်း တစ်ခါမျှ မညာဖူးခဲ့။
သက်ပြင်း တစ်ချက် ချမိသည်။ " ပြောတယ် ပြောတာပဲကွယ်၊ စမ်းစမ်းဝေက နယ်မှာ သူ့မိဘတွေနဲ့ ခဏ ပြန်နေတယ် တဲ့၊ ကိုရဲဝင့်က ဒီမှာပဲ တပည့် နှစ်ယောက်နဲ့ ပြန်နေနေတယ်၊ ခုတလောတော့ သူ ဦးစီးပြီး တက်တက်ကြွကြွ လုပ်တာ လုပ်ငန်းတွေ တအားအောင်မြင်နေတယ်၊ သူတို့ချင်း အဆင်ပြေ မပြေကိုတော့ စိမ်းဝေ အစ်ကို အကြောင်း လည်း စိမ်းဝေ သိသားပဲ၊ ပြောမှ မပြတော့ မသိဘူးကွယ်၊ လူကြီးတွေ ကိုတော့ ပြောပြထားပုံ မရဘူး၊ စိမ်းဝေရော အဆင်ပြေရဲ့လား "
စိမ်းဝေ အကြာကြီး တိတ်ဆိတ်နေ သည်။ ပြီးမှ တိုးတိုးပြောသည်။

" ပြေပါတယ်၊ လခလည်း ကောင်းတယ်၊ အတွေ့အကြုံလည်း အများကြီးရတယ်၊ သူတို့က စာချုပ် သက်တမ်း ကုန်ရင် တိုးချင်တယ်လို့တောင် ပြောနေတယ် "
" အာသာနဲ့ရော တွေ့လား "
" အာသာ က တစ်မြို့တည်းပဲ၊ စိမ်းဝေကို ခဏခဏ လာကြည့်ပါတယ်၊ ဂရုလည်း သိပ်စိုက်တာပဲ၊ ဒါပေမဲ့ မနှင်းရယ် " စိမ်းဝေ စကားသံက ရှိုက်သံနှင့် တိမ်ဝင်သွားသည်။ " စိမ်းဝေ ညီမလေး မငိုနဲ့လေ "
စိမ်းဝေ က မသဲမကွဲ ဆက်ရှိုက်နေသည်။ ပြီးမှ ငိုသံပါကလေးနှင့်ပြောသည်။

" စိမ်းဝေ ကိုကိုနဲ့ သိပ်တွေ့ချင်တယ်၊ ဖုန်းနဲ့ဖြစ်ဖြစ် စကားပြောချင်တယ်၊ ကိုကို ဟိုတစ်ခါ ယူကေ မလာခင် စိမ်းဝေကို ဖုန်းဆက်ကတည်းက ကိုကိုနဲ့ စကား မပြောရတော့တာ လေးလလောက်ရှိပြီ "
မနှင်းဖွေး ပါ မျက်ရည်လည်လာသည်။ " ညီမလေးရယ်၊ ညီမလေးနဲ့ စကားပြောဖို့ ကိုကိုက အဆင်သင့် မဖြစ်သေးလို့ပါ၊ သူ အဆင်သင့် ဖြစ်တဲ့နေ့ကျရင် သူကိုယ်တိုင် စဆက်ပါလိမ့်မယ် "
ခေတ္တ တိတ်ဆိတ်နေသည်။ ပြီးမှ ခြောက်ကပ်ကပ်အသံနှင့် မေးသည်။
" ကိုကို က အဲသလို ပြောတာလား မမနှင်း " ယောင်ယမ်း၍ ခေါင်းညိတ်မိသည်။ ပါးစပ်က ဘာမှ မဖြေမိ။
" ပြီးရောလေ၊ စိမ်းဝေ အဲဒီနေ့ကို မျှော်နေပါ့မယ်၊ စိမ်းဝေမှာ ကိုကို့ကို မေးစရာတွေမှ အများကြီးပဲ "
မနှင်းဖွေး ဘာမှ ပြန်မဖြေနိုင်သေး။

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

Friday, June 1, 2012

လင်္ကာရည်ကျော် ၏ တိမ်တွေ တောင်တွေ နှင့် ခရီးသည်, အပိုင်း (၁၄)

" မင်း တစ်ခုခု သွားကျူးလွန်ထားပြီး တာဝန်မယူလို့လည်း ဖြစ်ချင် ဖြစ်မှာပေါ့ "
ရဲဝင့် က ပြန်စတော့ ဟန်ပိုက အသံမထွက်ဘဲ ဆဲသည်။
မနှင်းဖွေး ကတော့ စိတ်ပူ မပြေသေးဘဲ ၀င်ပြောသည်။
" ကိုရဲဝင့်က ရှေ့လ စင်ကာပူ သွားဦးမယ်ဆို၊ ဟိုမှာ မျက်စိလေး ဘာလေး ၀င်ပြရင် ပြကြည့် ပါလား၊ ခေါင်းကိုက်တာလည်း ခဏခဏပဲ" ရဲဝင့်က စဉ်းစားနေပြီးမှ အင်းလေ ဟုဆိုသည်။
ကို ဆက်ဖတ်ရန်....

ရဲဝင့် (၁၃)

ဒေါက်တာ "ဟို" က ရဲဝင့်ကို သူ့စားပွဲ ရှေ့က ကုလားထိုင်မှာ ထိုင်ဖို့ လက်ပြသည်။ နောက်က ဓာတ်မှန်ကြည့်သော မီးအဖြူလင်းနေသည့် ဘူးပြားကလေးများပေါ်တွင်တော့ ရဲဝင့်၏ ကွန်ပျူတာ ဓာတ်မှန်များ ဟု ယူဆရသော ခေါင်းခွံရိုးပုံများ အစီအရီ ချိတ်ဆွဲထားသည်။
" တစ်ယောက်တည်းလား "
ဒေါက်တာဟို၏ မျက်နှာက စိတ်မသက်မသာဟန် ဖြစ်နေ၍ ရဲဝင့် ထင့်ခနဲ ဖြစ်သွားသည်။
" ကျွန်တော် မြန်မာပြည်ကနေ ဒီ စင်ကာပူကို အလုပ်ကိစ္စလာရင်း ဒီခေါင်းကိုက်ကိုက်နေတဲ့ ကိစ္စ ၀င်ပြကြည့်တာ မို့ အဖော် ခေါ်မလာပါဘူး အရေးကြီးနေလို့လား ခင်ဗျာ "
ဒေါက်တာဟို သက်ပြင်းချသည်။

" ကြီးချင်လည်း ကြီးမယ်လို့ပဲ ပြောရမယ် ထင်တယ်၊ ဒီလိုဗျာ "
ဒေါက်တာ "ဟို" က စာရွက်ဖြူ တစ်ရွက်တွင် ပုံဆွဲပြသည်။
" မစ္စတာ ၀င့် ခံစားနေရတဲ့ ဝေဒနာတွေ အထူးသဖြင့် ဘေးဘယ် ညာကို သိပ်မမြင်ရတာတွေက ဦးနှောက်ရဲ့ အရင်းအလယ်ခေါင် တည့်တည့်လောက်မှာရှိတဲ့ ပီကျူထရီ ဂလင်းနေရာမှာ အကျိတ်ရှိတာနဲ့ သိပ်တူနေ တယ်၊ ဒါကြောင့်လည်း ကျွန်တော် ဒီကွန်ပျူတာ ဓာတ်မှန်ကို ရိုက်ခိုင်းတာပေါ့ "
ရဲဝင့် နှလုံးခုန်မြန်လာသည်။

" အခု အဲဒီအကျိတ်ကို တွေ့နေလို့လား ခင်ဗျာ "
ဒေါက်တာဟို ခေါင်းခါသည်။
" မတွေ့ပါဘူး မတွေ့တာကိုပဲ ကျွန်တော် ဘ၀င်မကျတာ "
" ခင်ဗျာ " " ဆောရီး၊ ဒီလိုဗျာ ရောဂါမတွေ့ဘူးဆိုတာက မရှိလို့ မတွေ့တာဆိုရင် ကောင်းတာပေါ့နော်၊ ကျွန်တော် က ရှိလျက်သားနဲ့ မမိတာလို့ ထင်နေတယ်၊ ဘာဖြစ်လို့လဲဆိုတော့၊ ဟောဒီ မည်းမည်းနှစ်ခုက လက်ထရယ် ဗင်ထရီကယ် လို့ခေါ်တယ်၊ ဦးနှောက်ထဲမှာ ပုံမှန်ရှိတဲ့ အရည်အိတ်တွေပေါ့၊ အဲဒီ အရည်ထွက် တဲ့ အပေါက်နားမှာ အကျိတ်ရှိမယ်လို့ ခန့်မှန်းထားတာ အကျိတ်ရှိနိုင်တဲ့ နေရာက ဒီ ကွန်ပျူတာ ဓာတ်မှန်မှာ အပြည့်မပေါ်ဘူး၊ အရည်အိတ်နှစ်ခုကတော့ ကျယ်နေ တယ်၊ ယောင်ယောင် ကလေး ပဲ၊ ပုံမှန်လည်း ဖြစ်ချင်တော့ ဖြစ်နိုင်ပါတယ်၊ ဒါပေမဲ့ မသင်္ကာစရာတွေ သိပ်များနေတယ် လို့ ပြောရမှာပဲ " ရဲဝင့် မွန်းကျပ် လာသည်။ ဒါကြောင့် တစ်ယောက်တည်းလားဟု မေးတာကိုး သူတို့က အမှန်အတိုင်းပဲ အမြဲ ပြောပြ တတ်သူတွေ။ စိတ်ပူစရာမရှိပါဘူးဟု အလွယ်ပြောမည့် လူစားတွေမဟုတ်။
" အဲဒါဆို ဘာဆက်လုပ် ရမှာလဲ ခင်ဗျာ " ဒေါက်တာဟိုက ခေါင်းတဆတ်ဆတ် ညိတ်သည်။

" ဦးနှောက်မှာ အကျိတ် ရှိရင် ဦးနှောက်ကင်ဆာလို့ အလွယ်ခေါ်တတ်ကြတယ်၊ အမှန်က နှစ်မျိုးပေါ့၊ ကင်ဆာ ကျိတ်ရယ် ရိုးရိုးကျိတ်ရယ်၊ အဆုတ်တို့ အသည်းတို့မှာ ဆိုရင် အဲဒီနှစ်ခုက တော်တော် ကွာတယ်၊ ပြန့်သွားမှ အသက်အန္တရာယ် ပေးတာကိုး။ ဦးနှောက်မှာကတော့ မပြန့်ခင်မှာပဲ အသက်အန္တရာယ် ပေးတတ်တော့ ဦးနှောက်ကင်ဆာလို့ပဲ ခေါ်နေကြတာပေါ့၊ ကွာတာကတော့ ရိုးရိုး အကျိတ်က ကြီးထွားနှုန်း နှေးတယ်၊ ခွဲပြီးရင်လည်း ပြန်မဖြစ်တတ်ဘူး၊ ခင်ဗျားမှာရှိတယ်လို့ ကျွန်တော် မသင်္ကာနေတဲ့ အကျိတ်က အဲသလို အမျိုးအစားဖြစ်နိုင်တယ်၊ ရောဂါလက္ခဏာတွေ ပိုပိုဆိုးလာတာက နှေးလွန်းနေတယ် "
ရဲဝင့် အားတက်သွားသည်။
" ကုသလို့ ရတာပေါ့နော် "
ဒေါက်တာဟို က ခေါင်းညိတ်သည်။   

" ရတယ် ပြဿနာက နှစ်ခု၊ တစ်ခုက ကွန်ပျူတာ ဓာတ်မှန်မှာ မပေါ်သေးဘဲနဲ့ ခွဲစိတ်ဖို့ ဆိုတာ သိပ်စွန့်စား လွန်းရာ ကျမယ်၊ နောက်တစ်ခုက မသင်္ကာတဲ့နေရာက ဦးနှောက်ရဲ့ အောက်ခြေမှာဆိုတော့ အပေါ်က ၀င်လို့ မရဘူး၊ နှာခေါင်းရိုးနားကနေ ၀င်ရမှာ၊ အဲဒါမျိုးဆိုရင် ဓာတ်မှန်မှာ ပေါ်ထားမှဖြစ်မှာ "
ရဲဝင့် ခေါင်းရှုပ် သွားသည်။
" ဆိုလိုတာက "
ဒေါက်တာဟိုက စာရွက်ပေါ်တွင် ရေးခြစ်ပြန်သည်။
" ဒီလိုဗျာ ကွန်ပျူတာဓာတ်မှန်မှာ မပေါ်ရတဲ့ အဓိက အကြောင်းရင်းက ကွန်ပျူတာဓာတ်မှန်ဆိုတာ အကွင်းလိုက် ပဲ ကြည့်လို့ရတယ်၊ ဒေါင်လိုက်မရဘူး၊ ဒီတော့ တစ်ကွင်းနဲ့ တစ်ကွင်းကြား မှာ သေးတဲ့ အကျိတ် ဆိုရင် လွတ်သွားနိုင်တယ်၊ ဒေါင်လိုက်ရိုက်လို့ရတာက ဓာတ်ရောင်ခြည်ကို မသုံးဘဲ သံလိုက်စက်ကွင်း ကို သုံးတဲ့ အမ်အာရ်အိုင် (mri) ဆိုတာ အခုပေါ်လာတယ်၊ အဲဒါ ရိုက်ကြည့် ဖို့ ကောင်းတယ်၊ ပြဿနာက အဲဒီ နည်းပညာက ခုမှ စပေါ်တော့ ကျွန်တော်တို့ အရှေ့တောင်အာရှကို မရောက်သေးဘူး၊ ယူကေမှာတောင် ကျွန်တော် ပညာသင်ခဲ့တဲ့ ဆေးရုံ အပါအ၀င် ဆေးရုံသုံးမှာပဲရှိတယ် ကျွန်တော် က ခင်ဗျားကို ယူကေကို လွှတ်ချင်တာ " ရဲဝင့် စိတ်အိုက်သွားသည်။

" စင်ကာပူမှာတောင် မရသေးဘူးပေါ့လေ "
" ရတော့မှာပါ၊ ဒါပေမယ့် ရတဲ့ အထိ စောင့်မနေသင့်လို့ပါ၊ ပထမနေ့က ခင်ဗျား ပြောတော့ ခင်ဗျား ယူကေ ကို လည်း သွားစရာရှိသေးတယ်ဆိုလားလို့ " ရဲဝင့်က ခေါင်းခါသည်။
" ယူကေမှာ ကျွန်တော် လုပ်ငန်းမရှိပါဘူး၊ ညီမလေး တစ်ယောက် ကျောင်းတက်နေလို့ လိုက်လိုက် ကြည့်နေ တာပါ၊ အခုလည်း နှစ်သစ်ကူး မတိုင်ခင်လောက်မှာ သူ ဘွဲ့ယူဖို့ ရှိတယ်၊ အဲဒါ လိုက်သွားမလားလို့ပါ " ဒေါက်တာဟိုက ပြက္ခဒိန်ကို လှမ်းကြည့်သည်။
" အများကြီး လိုနေသေးတယ်ဗျာ၊ ကျွန်တော်တော့ အဲဒီလောက်မစောင့်စေချင်ဘူး "
ရဲဝင့် အံ မသိမသာ ကြိတ်သည်။

" ဒေါက်တာ ထင်တာမှန်ရင် ခွဲစိတ်ဖို့က အဲသလောက် မြန်မြန်လိုနေပြီလား "
ဒေါက်တာဟို ပခုံးတွန့်ပြသည်။
" ဒါလည်း ရိုက်ကြည့်ပြီး သိမှ ဆုံးဖြတ်ရမယ့် ကိစ္စတစ်ခုပါပဲ လ
ရဲဝင့် အကြာကြီး တွေဝေစဉ်းစားနေသည်။ ပြီးတော့မှ တိုးတိုးမေးသည်။
"အခု ကျွန်တော် မေးမယ့် မေးခွန်းကို ဖြေဖို့အတွက် ဒေါက်တာ ပညာရှင် တစ်ယောက် အနေနဲ့ ဘာ တာဝန်မှ ယူစရာမလိုပါဘူး၊ ကျွန်တော့်ကို ညီတစ်ယောက်လို သဘောထားပြီး အစ်ကိုနေရာက စဉ်းစား ပေးစေချင်တာပါ၊ ဖြစ်နိုင်မလား "
ဒေါက်တာဟို မျက်မှောင်ကြုတ်သည်။

" မေးကြည့်ပါ "
" ခွဲစိတ်မှုက အသက်အန္တရာယ် သို့မဟုတ် ဦးနှောက်ကို ထိခိုက်မယ့် အန္တရာယ် ရှိနိုင်ပါသလား "
ဒေါက်တာ ဟို လက်ဖ၀ါးကာပြသည်။
" ခွဲစိတ်မယ် လို့ ကျွန်တော်တို့ မဆုံးဖြတ်ရသေးပါဘူး "
" ကျွန်တော် သိပါတယ်၊ အဖြေက ခွဲရမယ်ဆိုရင် ပြောတာပါ "
သည်တစ်ခါတော့ ဒေါက်တာဟိုက အကြာကြီး စဉ်းစားနေသည်။ ပြီးမှ ခေါင်းတစ်ချက် ဆတ်၍ ပြောသည်။
" ရှိနိုင်ပါတယ်၊ ဒါပေမယ့် ဖြစ်ဖို့ အလွန်ခက်ပါတယ်၊ မခွဲစိတ်ဘဲထားရင် ဦးနှောက်နဲ့ အသက်ကို ရန်မူနိုင် လောက်နည်းမှလည်း ကျွန်တော်တို့ ခွဲတာပါ"
" ယုံပါတယ် ဒေါက်တာ၊ ဒါပေမဲ့ပိုမြန်သွားနိုင်တာပေါ့ "
ဒေါက်တာ ဟို မျက်မှောင်ကြုတ်ပြန်သည်။

" ဘာကို  ဆိုလိုတာပါလဲ "
" ခွဲရင် ကောင်းဖို့က များတယ်၊ မခွဲရင် မကောင်းဖို့က များတယ်၊ ရှားရှားပါးပါး သိပ်ကံဆိုးရင် ခွဲရင်း ကလည်း အသက်နဲ့ ဦးနှောက်အပေါ် ပြဿနာရှိနိုင်တယ်၊ ဖြစ်ဖို့ကတော့ ခက်တယ်၊ ဒါပေမဲ့ ခွဲလို့ ဖြစ်တာ ဆိုရင် ခွဲပြီး တာနဲ့ ဖြစ်မယ်၊ မခွဲဘဲထားရင်တော့ ကျိန်းသေပေါက် အသက်နဲ့ ဦးနှောက် ကို ပြဿနာပေးမယ်၊ ဒါပေမဲ့ လ အနည်းငယ်ကြာပြီးမှ ဖြစ်မယ်၊ ဒီလို မဟုတ်ဘူးလား "
ဒေါက်တာဟို ခေါင်းခါသည်။
" ခင်ဗျား အဲသလို မစဉ်းစားသင့်ဘူး" ရဲဝင့် မဲ့ပြုံး ပြုံးသည်။

" ဒေါက်တာ နေရာမှာ ကျွန်တော်ဆိုရင်လည်း လူနာကို ခွဲဖို့ပဲ တိုက်တွန်းမှာပါပဲ ဒေါက်တာ၊ ဒါပေမဲ့ အခု ကျွန်တော် မေး တဲ့ ကိစ္စက ကျွန်တော့်အတွက် တော်တော် အရေးကြီးပါတယ်။ ကျွန်တော့်မှာ ပညာသင်နေဆဲ ညီမလေး တစ်ယောက် ရှိနေတယ်၊ ကျွန်တော့် အပေါ် မှီခိုနေတဲ့ ၀န်ထမ်းတွေလည်း ရှိနေ တယ် အဲဒီ လူတွေအတွက် လာမယ့်လ အနည်းငယ်အတွင်းမှာ ကျွန်တော် တတ်နိုင်သလောက် စီစဉ် ပေး ထားခဲ့ရမယ့် ကိစ္စတွေ ရှိနေတယ်၊ ကျွန်တော် အဲဒါတွေ မပြီးမချင်း အမ်အာရ်အိုင်လည်း မရိုက်ချင် ဘူး၊ ခွဲ လည်းမခွဲချင်ဘူး၊ အဲဒါတွေပြီးရင်တော့ ကျွန်တော် လုပ်မယ် ကောင်းသွားလည်း ကျွန်တော့် ကံပဲ၊ နောက်ကျ သွားလို့ မကောင်းတော့ရင်လည်း ကျွန်တော့်မှာ နောက်ဆံတင်းစရာ ဘာမှ မရှိတော့ ဘူး၊ ကျွန်တော် အဲသလို ဆုံးဖြတ်ချင်တယ်။
ဒေါက်တာဟို ပါးစပ် အဟောင်းသားနှင့် အကြာကြီး ငြိမ်နေသည်။

ပြီးတော့မှ သက်ပြင်းချ၍ တိုးတိုးပြောသည်။
" ဆုံးဖြတ်ပိုင်ခွင့်က မစ္စတာဝင့်မှာပဲ ရှိတာပါ၊ ကျွန်တော်တို့ကတော့ ယူကေကိုပဲ သွားသွား၊ တခြားမှာပဲ ကုကု လိုအပ်မယ့် စာရွက်စာတမ်းတွေ ပြင်ဆင်ပေးလိုက်ချင်ပါတယ်၊ ကျွန်တော့် လက်ထောက် "မစ္စတာသူ" ဆိုတာ မစ္စတာဝင့်တို့ နိုင်ငံက ပညာ လာသင်နေတဲ့ ခွဲစိတ်ဆရာဝန်ပါ၊ လိုအပ်တာတွေ သူ ပြင်ဆင် ပေးပါလိမ့်မယ် "
ရဲဝင့် ခေါင်းသာ ညိတ်ပြမိသည်။

မနှင်းဖွေး (၁၃)

စင်ကာပူက ပြန်လာပြီးနောက် ရဲဝင့်၏ ထူးခြားမှုကို မနှင်းဖွေး သတိမပြုမိဘဲ မနေနိုင်။
ထူးခြားတာက နှစ်ခု၊ အဲဒါထက် ပို ထူးခြားတာက ထိုနှစ်ခုက ၀ိရောဓိဖြစ်နေသည်။ ရဲဝင့် အလုပ်လုပ်တာ အလောတကြီး ဖြစ်လာသည်။ အလုပ်ကြွေးတစ်ခုမှ မထား။ မိုးလင်း မိုးချုပ် စက်တပ်ထားသည့် အရုပ် တစ်ရုပ်လို လုပ်သည်။ သို့သော် အဲဒါနှင့် ဆန့်ကျင်ဘက် တစ်ခါတစ်ခါ မှာ တွေဝေငေးမောနေတာ လည်း တွေ့တတ်သေး သည်။
" ကိုရဲဝင့် စင်ကာပူမှာ "ချက်ကပ်ပ်" လုပ်ခဲ့တာ အဆင်ပြေရဲ့လား " ခေါင်းသာ ညိတ်ပြသည်။
" ဘာမှ မတွေ့ဘူးလား ခေါင်းခါပြသည်။
" မီဂရိန်းပဲ ထင်ပါတယ်တဲ့၊ ဒီက ဆရာဝန်တွေ ပေးတဲ့ဆေးတွေပဲ ဆက်သောက်ခိုင်းတာပဲ "
ဒါဆို ဘာလို့ ငေးငိုင်နေရတာလဲ ဆိုသည့် မေးခွန်းကိုတော့ မနှင်းဖွေး မမေးလိုက်မိ။

ရဲဝင့်က သူ့လက်ထဲက သားရေအိတ်ကို သွက်သွက်ကလေး ထယူပြီး စားပွဲပေါ်တင်ပေးနေသော အသက် ၁၈ နှစ်အရွယ် ညိုညိုချောချော မိန်းကလေးကို တအံ့တသြ လှမ်းကြည့်ရင်းက မနှင်းဖွေး ကို မေးငေါ့ပြသည်။ မနှင်းဖွေးက ရယ်သည်။
" စမ်းစမ်းဝေတဲ့၊ နှင်း ခန့်လိုက်တာ " ရဲဝင့်က အခန်းထဲမှာ ထိုင်နေသော ၀န်ထမ်းများကို လှည့်ကြည့်၍ ဟို နှစ်ယောက်ရောဟု မေးသည်။ စိမ်းဝေ အစ်မနှစ်ဦးကို ဆိုလိုမှန်းသိ၍ မနှင်းဖွေး ရယ်မိပြန်သည်။
" ရှိပါတယ်၊ ပလာဇာရုံးခွဲ ကို ပို့လိုက်တာ၊ ဟိုက ရှိုးရွမ်းသက်သက်ဆိုတော့ အဆင်ပြေပါတယ်၊ ဒီမှာက အလုပ်များတာ၊ အဲဒါနဲ့ ဒီ သမီးကို ခန့်လိုက်တာ၊ အဲဒါ ဦးသက်ဝေ သမီးလေ "
" ဦးသက်ဝေ သမီး " နှလုံးရောဂါကြောင့် အလုပ်မှ နားလိုက်ရသည့် ငွေစာရင်းကိုင် စာရေးကြီး၏ အမည် ကို ရဲဝင့် မမှတ်မိစရာ အကြောင်းမရှိ။

" ဟုတ်တယ်၊ ကိုရဲဝင့်က ဒီ အတိုင်း ထောက်ပံ့နေတာ ဦးသက်ဝေက အားနာသတဲ့လေ၊ သမီးလေးကလည်း စာပေးစာယူ တက်နေရင်းက လုပ်ငန်းအတွေ့အကြုံရချင်သတဲ့၊ သူ့မှာလည်း ဒီ သမီး က အကြီးဆုံး၊ အဲဒါနဲ့ ကိုရဲဝင့် နယ်ဆင်းနေတုန်းနှင့် စီစဉ်လိုက်လာ၊ ကလေးက လိမ္မာပုံပါပဲ သွက်သွက် ကလေး " ရဲဝင့် မျက်မှောင်ကြုတ်၍ ခေါင်းတဆတ်ဆတ် ညိတ်နေသည်။

လက်တန်း မတပ်ရသေးသော အုတ်လှေကားမှ ဆင်းလာသည့် ရဲဝင့်နှင့် ဟန်ပို အောက်ခြေ မှာ စောင့်နေ သော မနှင်းဖွေးကို မြင်တော့ အံ့သြသွားကြဟန်တူသည်။ သို့သော် ဘာ မှတော့ မမေး။
ရဲဝင့်က လက်ထဲက သားရေအိတ်ကို သူ့နောက်မှ လိုက်ဆင်းလာသော စမ်းစမ်းဝေ လက်ထဲသို့ ထည့်၍ မေးဆတ်ပြလိုက်တော့ စမ်းစမ်းဝေက လမ်းပေါ်မှာ ရပ်ထားသည့် ကားဆီ အပြေး တစ်ပိုင်း လှမ်းသွားသည်။ " ကိုဟန်ပို ပြည် မလိုက်တော့ဘူးဆို " ဟန်ပိုက ရယ်သည်။
" နှင်းရယ် ငါ ပြည်မလိုက်တာ ဘယ်လောက် အရေးကြီးလို့ ဆိုက်ထဲအထိ လိုက်မေးရတာလဲ၊ ဒီမှာ ဆောက်လုပ်ရေး လုပ်ငန်းရှင်များ အစည်းအဝေးကို ငါ ဒီကောင့်အစား တက်မလို့ဟ "
မနှင်းဖွေးက မရယ်ပါ။ ရဲဝင့်ကို ဆက်မေးသည်။

" ကိုရဲဝင့်က ဟိုကောင်မလေး ခေါ်သွားမလို့ဆို " ကားနားမှာ ရပ်စောင့်နေသော စမ်းစမ်းဝေ ဘက် မေးဆတ်ပြ၍ မေးသည်။ ရဲဝင့်က အနေရခက်စွာ ရယ်သည်။
" သူက လိုက်ချင်တယ် ပြောတာပါ၊ တို့လည်း စာရင်းလိုက်မှတ်ပေး ဘာပေးရတယ်ဆိုပြီး ခေါ်တာပါ၊ ဒရိုင် ဘာ လည်း ပါသားပဲ၊ နှင်းက ဘာတွေ စိတ်ပူနေတာတုံး၊ တို့ အကြောင်းလည်း သိလျက်သားနဲ့ "
မနှင်းဖွေး သက်ပြင်းချသည်။
" ကိုရဲဝင့် စိမ်းဝေ ကို ဘယ်လောက်ချစ်တာလဲ နှင်းသိတယ်၊ ဘယ်လောက် တည်ကြည်တယ် ဆိုတာ လည်း နှင်းသိတယ်၊ ကိုရဲဝင့်က စမ်းစမ်းဝေအကြောင်း မသိတာ "
ဟန်ပိုရော ရဲဝင့်ပါ မျက်လုံးပြူးသွားသည်။ ဟန်ပိုက မေးသည်။

" နင်ပဲ တော်တယ်ဆို ဘာဖြစ်ရပြန်ပြီလဲ "
" တော်ပါတယ် လိမ်လည်းလိမ္မာပါတယ်၊ အခု လေးလလောက် စောင့်ကြည့်ပြီးပြီ၊ ဘာမှ အပြစ်ပြောစရာ မရှိ ဘူးတစ်ခုပဲ " " ဘာလဲ "  နှင်း သူ့စားပွဲပေါ်မှာ ကျန်ခဲ့တဲ့ သူ့မှတ်စု စာအုပ်ကလေးကို နှင်း တင်ထားတဲ့ စာအုပ်နဲ့ မှားဖွင့်ကြည့်ဖူး တယ်၊ စာအုပ်ကျောဖုံး အတွင်းဘက်က ပလတ်စတစ် အဖုံးထဲမှာ ကိုရဲဝင့် ဓာတ်ပုံ ထည့်ထားတယ် "
ရဲဝင့်နှင့် ဟန်ပို ပါးစပ်အဟောင်းသား ဖြစ်သွားသည်။
ခဏနေမှ ဟန်ပိုက ရယ်၍ အိတ်ကပ်ကို လက်နှိုက်ဟန်ပြုသည်။
" ဘာလဲ ကိုဟန်ပိုရ "
" ငါ့ ဓာတ်ပုံပေးလိုက်မလို့ပါဟာ၊ လဲထည့်ထားလိုက်စမ်းပါ "
မနှင်းဖွေး က မျက်စောင်းထိုးသည်။

" နောက်မနေနဲ့၊ ဟိုက ၁၈ နှစ် စိတ်ကစားလို့ကောင်းတဲ့ အရွယ် ဦးသက်ဝေက ၄၀ ဆိုတော့ ကိုရဲဝင့်ထက် ၁၀ နှစ်လောက်ပဲ ကြီးတာ၊ အဖေကို ချစ်တဲ့ သမီး ကိုရဲဝင့်ကို အထင်ကြီးရာ လေးစားရာက စိတ်ကစားနေတာနေမှာ၊ ခရီးသွားတဲ့ဆီတော့ ခေါ်မသွားသင့်ဘူး ထင်တယ်၊ ကိုရဲဝင့်က စိမ်းဝေလေး အခု ဘွဲ့ ယူပြီးရင် စီစဉ်ရတော့မှာ၊ ကိုယ့်ကိုယ်ကိုယ် ရှင်လောင်းလို သဘောထားပေါ့ "
ရဲဝင့် တွေဝေ၍ အကြာကြီး စဉ်းစားနေသည်။
ပြီးမှ ခေါင်းကို တစ်ချက် ဆတ်၍ ပြောသည်။
" ကဲပါ နှင်းရယ်၊ စိတ်ပူပေးတာလည်း ကျေးဇူးတင်ပါတယ်၊ အခုမှမလိုက်နဲ့တော့ ပြောလို့လည်း ဘယ်ကောင်း တော့မှာလဲ၊ ဒီတစ်ခေါက်တော့ ခေါ်သွားလိုက်ပါမယ်။ နောက် မခေါ်တော့ဘူး ဟုတ်လား "
မနှင်းဖွေးသက်ပြင်းရှိုက်မိသည်။

စိမ်းဝေ (၁၃)

ကင်မ်ဖြစ်ပေါ်မှာ ဖြတ်ကူးထားသော ကျောက်သားတံတားကလေးပေါ်မှာ ရဲဝင့်နှင့် စိမ်းဝေ ရပ်မိကြ သည်။ နှင်းက ခပ်သိပ်သိပ်။ ရေစီးသံက ဖွဖွ။
" သာယာ လိုက်တာ စိမ်းဝေရယ် "
စိမ်းဝေက ပြုံး၍ ခေါင်းညိတ်ပြသည်။
လက်ထဲ တွင် ကိုင်ထားသော စာအိတ်ကို တစ်ချက်ငုံ့ကြည့်၍ ရဲဝင့်ဘက် ပြန်ကြည့်ပြီး ပေးသည်။
" ကိုကို မဖြေသေးဘူးနော် "
" ဘာလဲ စိမ်းဝေ " စိမ်းဝေက လက်ထဲက စာအိတ်ကို ထောင်ပြသည်။
" ဒီအလုပ် လုပ်ရမှာလား ဆိုတာလေ " ရဲဝင့် က ယဲ့ယဲ့ပြုံးသည်။

" စိမ်းဝေ ရှေ့ရေးအတွက် အဲဒီအလုပ်က သိပ်အရေးကြီးလို့လား "
စိမ်းဝေက တိုးတိုးရယ်သည်။
" ဒါမလုပ်လိုက်ရင် နောက်ကို အလုပ်မရတော့ဘူး ဆိုတာမျိုးတော့ ဘယ်ဟုတ်မလဲ ကိုကိုရယ်၊ "အဲတ်စ် ခရက်တစ်" ဆိုတာက စိမ်းဝေ စိတ်ကူးယဉ်ခဲ့တဲ့ အလုပ်မျိုး မဟုတ်လား၊ ဘွဲ့လည်းရ အလုပ်လည်းရ တန်းဝင်ရတော့လည်း အတွေ့အကြုံလည်းရတော့ ဖြစ်တာပေါ့၊ စိမ်းဝေကတော့ ကိုကိုက လုပ်ဆိုရင် လည်း လုပ်မယ်၊ ကိုကိုက ပြန်လာခဲ့ဆိုရင်လည်း ပြန်လာပြီး မြန်မာပြည်မှာ လုပ်လို့ရတဲ့ ဥစ္စာ တစ်ခုခု လုပ်မယ်၊ အားလုံး ကိုကို့ သဘောပဲ "
ရဲဝင့်က အောက်က ရေကို အကြာကြီး ငေးကြည့်နေသည်။ ပြီးမှ တိုးတိုးကလေး၊ "ကိုကိုကတော့ ထပ်ခွဲ မနေချင်တော့ဘူး စိမ်းဝေရယ် "ဟု ပြောသည်။

" ဘုရားရေ "
ဒါ ကိုကို တဲ့လား။
ဘယ်တော့မှ စိမ်းဝေနှင့်ပတ်သက်လျှင် သူ့ဆန္ဒကို ထုတ်ဖော်လေ့မရှိသည့် ကိုကို့ပါးစပ် က ပြောလိုက်သည့် စကားတဲ့လား။ စိမ်းဝေ ရင်သိမ့်သိမ့်ခါမျှ ကြည်နူးသွားသည်။
ကိုကို့ ကျော ကို နောက်က တအား ပြေးဖက်လိုက်သည်။
" စိမ်းဝေ ကလည်း ခွဲမနေချင်တော့ပါဘူး၊ ကိုကိုရယ် "
အဲသည့် အချိန်မှာမှ အိပ်မက်က လန့်နိုးလာသည်။

ကိုကို့ ကျောပြင်က နွေးနေတာပဲ။
အိပ်မက်ထဲမှာတောင် နွေးထွေး လုံခြုံလိုက်တာ၊ ဒီလောက်မတ်ကောင်းနေတဲ့အချိန်မှာမှ ဘာလို့ လန့်နိုးလာရသတဲ့လဲ။ အဲသည့်အချိန်မှာ မှောင်နေသော သူ့အခန်းထဲမှာ ဂျမ်ရိဗ်၏ "နှင်းမုန်တိုင်း" သီချင်းသံ ပျံ့လွင့်နေတာ သတိထားမိသည်။ ဟုတ်ပါရဲ့။
ဖုန်းမြည်သံ၊ ကိုကို အကြိုက်ဆုံး သီချင်းကို စိမ်းဝေ ဘ၀မှာ ပထမဦးဆုံး ကိုင်ဖူးသော ကိုကို ၀ယ်ပေးသည့် လက်ကိုင်ဖုန်းထဲ ထည့်ထားသည်။ ဖုန်းခေါ်လျှင် မြည်အောင် လုပ်ထားသည်။
ကိုကိုများ ခေါ်နေသလားမသိ။
အိပ်ရာဘေး က မီးကို ထွန်းလိုက်ပြီး စားပွဲတင် နာရီကို ကြည့်တော့ မနက်လေးနာရီ၊ စိမ်းဝေ မျက်လုံးနည်း နည်း ကျယ်သွားသည်။ ဂရင်းနစ်စံတော်ချိန်နှင့် မြန်မာစံတော်ချိန်ကို ကမန်းကတမ်း ချိန်ညှိကြည့် သည်။

အို မဟုတ်သေးဘူးလေ။
ကိုကိုရယ်၊ ဖေဖေရယ်၊ မေမေရယ် မနေ့ကပဲ ရန်ကုန်က လေယာဉ်နှင့် ထွက်လာနေသည်ပဲ စိမ်းဝေ ဘွဲ့နှင်း သဘင်ကို တက်ဖို့လေ။ အဲဒီမှာ တစ်ခါတည်း ဖေဖေနှင့်မေမေ ၀မ်းသာရအောင် ဖွင့်ပြောပြီး လက်ထပ်ခွင့် တောင်းကြမည်ဟုသဘောတူထားကြသည်လေ။ ယခုက သူတို့လေယာဉ်ပေါ်မှာပဲ ရှိရ မည့် အချိန်ပဲ၊ ဒါဆို သည်အချိနမတော် ဖုန်းက ဘယ်သူလဲ။ ဖုန်း မော်နီတာ ကလေးကို ကြည့်တော့ အာသာတဲ့။ အကောင်စုတ် အချိန်မတော် အရေးတကြီး " အေး အာသာပြော "
" နင် လန့်နိုးသွားလား " " နံနက် လေးနာရီဖုန်းခေါ်တာ လန့်မနိုးလို့ ငါက ကြည်ကြည်နူးနူး ကလေး နိုး လာရမလားတဲ့၊ ဘာတွေ အရေးကြီးနေတာလဲ " အာသာက ခြောက်ခြောက်ကပ်ကပ် အသံနှင့် ရယ် သည်။

" ဆောရီးဟာ နင့်ကို ပြောရမလား မပြောရမလား၊ ငါ ချီတုံချတုံနဲ့ အခု ထက်ထိ မအိပ်ရသေးဘူး "
စိမ်းဝေ ရင်ထိတ်သွားသည်။
" ဘာကိုလဲ " အာသာ သက်ပြင်းချသည်။
" ငါ အခုပဲ လန်ဒန်ကို သွားမလို့၊ ငါ့ကို ကိုရဲဝင့် ဖုန်းဆက်ခေါ်ထားတယ်၊ အရေးကြီးတဲ့ စကားပြောချင် လို့တဲ့ " စိမ်းဝေရင်တွေ တဒိုင်းဒိုင်း ခုန်လာသည်။ " ဘာလဲဟ ကိုကိုက ခုမှ မြန်မာပြည်က ထွက် လာနေတာ " အာသာက ခဏတိတ်ဆိတ်နေသည်။ ပြီးမှ တိုးတိုးဖြေသည်။

" ငါသိ သလောက်တော့ သူရောက်နေတာ တစ်ပတ်ရှိပြီ၊ လန်ဒန်မှာပဲနေနေတာ၊ နင့်ဖေဖေနဲ့ မေမေက ခုမှ ထွက်လာတာ။ သူနဲ့ လန်ဒန်မှာ ချိန်းထားတာ " စိမ်းဝေ အံကြိတ်သည်။ မျက်ရည်ဝဲလာသည်။
" မဖြစ်နိုင်တာဟာ ကိုကိုက လန်ဒန်မှာ ရှိနေလျက်သားနဲ့ ငါ့ကို ဘာကြောင့် အသိမပေးရမှာတဲ့လဲ "
" အဲဒါ ငါလည်း ခုမှ သိလို့ အံသြနေတာပဲ လေ ..  "
" ငါပြောပြီးပြီလေ၊ အရေးကြီးတဲ့ စကား ပြောစရာရှိလို့လာခဲ့ပါတဲ့၊ ငါနဲ့ ဘက်ကင်ဟန် နန်းတော်ရှေ့မှာ ဆုံမယ် လို့ ချိန်းတယ်၊ နင့်ကို မပြောပါနဲ့တဲ့။

ဒါပေမဲ့ ငါက နင့်ကို မပြောဘဲ မနေချင်ဘူး၊ နင် မသိအောင် မသွားချင်ဘူး၊ အဲဒါကြောင့် တစ်ညလုံး ထထိုင် နေ ရတာ၊ အခု ငါပြောပြီးပြီ၊ ငါသွားတော့မယ် ပြန်လာရင် ရောက်ရောက်ချင်း ငါဆက်မယ် "
" နေဦး အာသာ၊ ငါလည်း လိုက်မယ် " အာသာ သက်ပြင်းချသည်။
" မမီတော့ဘူး စိမ်းဝေ၊ ပြီးတော့ ငါယောက်ျားချင်းပေးတဲ့ ကတိ တစ်ဝက်ပဲ ဖျက်ချင်တယ်၊ သူ့မှာ နင်နဲ့ ခု ချက်ချင်း ရင်မဆိုင်နိုင်လောက်အောင် ဘယ်လောက်ကြီးတဲ့ပြဿနာ ရှိနေမှန်း မသိဘူး၊ ဆောရီးဟာ ငါ ပြန်လာမှ အကျိုးအကြောင်း ပြောပြမယ် ဘိုင့်ဘိုင့် " အာသာ ဖုန်းချသွားသည်။
စိမ်းဝေက တဒိုင်းဒိုင်း ခုန်နေသော ရင်နှင့် တုန်လှုပ်ချောက်ချားစွာ ဆက်ထိုင်နေမိပါသည်။

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

Thursday, May 31, 2012

လင်္ကာရည်ကျော် ၏ တိမ်တွေ တောင်တွေ နှင့် ခရီးသည်, အပိုင်း (၁၃)

ရဲဝင့် ကလည်း လက်ထဲက ခရီးဆောင်အိတ်ကို ပလက်ဖောင်းပေါ် ပစ်ချ ၍ ခြေလှမ်း ခပ်သွက်သွက်ဖြင့် စိမ်းဝေ ဆီ လျှောက်လာသည်။ ရဲဝင့်ကပဲ လက်ကမ်းကြို လိုက်တာလား။ စိမ်းဝေကပဲ တိုးဝင်လာ တာလား။ နှစ်ယောက်စလုံး သိပ် မသေချာ။ စိမ်းဝေက ရဲဝင့် ရင်ခွင်ထဲ ရောက်သွားသည်။ ရဲဝင့် ကိုယ်ကို လက်နှစ်ဖက်နှင့် တင်းကျပ် စွာ ဖက်ထား သည်။ ရဲဝင့်ကတော့ စိမ်းဝေ ကျောပြင်ကလေးကို ယုယစွာ ဖွဖွလေး ထွေးလိုက်သည်။ စိမ်းဝေ နောက်ဘက်က တက္ကစီ ကားစက်နှိုးသံကို ဖွဖွ ကြားရသည်။ ပြီးတော့ မောင်းထွက် သွားသည်။ ကို ဆက်ဖတ်ရန်.....

စိမ်းဝေ (၁၂)

လေဒီ ဒိုင်ယာနာကို တော်တော် အချိန်ကြာအောင် ငေးကြည့်နေသော ရဲဝင့်ကို စိမ်းဝေက ကျီစယ် ဟန်ဖြင့် ပခုံးကို ပုတ်လိုက်သည်။
" ကိုကိုနော်၊ စိမ်းဝေ ကို ဘေး ထားပြီး ဒိုင်ယာနာကို သဘောကျနေတယ် "
ရဲဝင့်က ရယ်၍ စိမ်းဝေ မျက်နှာကလေးကို ချစ်စနိုး ငုံ့ကြည့်သည်။
" ယှဉ်စရာတောင် မရှိပါဘူး စိမ်းဝေရယ်၊ ဒိုင်ယာနာ ဘယ်လောက်ပဲ ကမ္ဘာကျော်အောင် လှလှ၊ ကိုကို ကတော့ အခု ပြထားတဲ့ ဖယောင်းရုပ်တုကြီးလို ပဲ သွေးသားမပါတဲ့ ဖြူဖတ်ဖတ်ကြီးလိုပဲ မြင်တယ်၊ ကိုယ့်မြန်မာ မိန်းကလေးစိမ်းဝေ လို အလှမျိုးနဲ့ နှိုင်းစရာတောင် မရှိပါဘူး"
စိမ်းဝေ က ကြည်နူးစွာ ရယ်၍ ရဲဝင့် လက်မောင်း တစ်ဖက်ကို ထွေးပွေ့လိုက်သည်။ ဒါဆို အဲဒီ ဖယောင်း ရုပ်လုံးကြီးတောင် ဘာလို့ ဒီလောက် ငေးကြည့်နေရသလဲ ပြောဟု မေးသည်။

အပြင်မှာ မိုးဖွဲဖွဲ ရွာနေ၍လားတော့ မသိပေ။ လန်ဒန် မဒမ်တူးဆော့ ဖယောင်းရုပ်တု ပြတိုက်မှာ လူ အနည်းငယ် စည်ကားနေသည်။ ရဲဝင့်က ဥဒဟို သွားလာနေကြသော လူအုပ်ကြီးကို ကျော်၍ တော်ဝင် မိသားစုဝင် များ ရုပ်လုံးများ စုထားသည့် နေရာသို့ လှမ်းလက်ညှိုးညွှန်ပြသည်။
" ချားလ်စ် တို့ အရုပ်တွေက ဟိုဘက်မှာ၊ ဒိုင်ယာနာက ဘာလို့ ဒီဘက် ရောက်နေရတာလဲလို့ စဉ်းစားနေတာ " " ကိုကို တကယ် မသိတာလား " " ဟင့်အင်း " " သိပ်အဆင်မပြေကြဘူး ကိုကိုရဲ့၊ တစ်ကမ္ဘာ လုံး သိတာပဲ " ရဲဝင့်က မျက်မှောင်ကြုတ်သည်။ " ကွဲတော့ မကွဲဘူး မဟုတ်လား "

" ကွဲတာပဲပေါ့ ကိုကို ရယ်၊ ဝေလမင်းသမီးဆိုတဲ့ဘွဲ့ကို ဆက်ပြီး ဆက်ခံထားတာပဲရှိတာ၊ ဒါကလည်း ၀ီလျံ အတွက်ပေါ့၊ ချားလ်စ် ရှင်ဘုရင်ဖြစ်ရင် သူ့သားဝီလျံက အိမ်ရှေ့မင်းသား လုပ်ရမှာ မဟုတ်လား "
ရဲဝင့် က ခေါင်းတဆတ်ဆတ် ညိတ်၍ ရှေ့ဆက်လျှောက်သည်။ စိမ်းဝေက ရဲဝင့်၏ လက်တစ်ဖက်ကို ခွဲတွဲ ၍ ဆက်လိုက်လာသည်။
" မောင်ဂိုမာရီ " အရုပ်ရှေ့တွင် စိမ်းဝေက ရုတ်တရက် ရပ်လိုက်ပြီး ရယ်၍ ရဲဝင့်ကို မေးသည်။
" ကိုကိုရော ကင်မလာပါကားဘောင်လို မိန်းမမျိုးနဲ့တွေ့ရင် စိမ်းဝေကို ပစ်သွားမှာပဲလား "
မဟော်သဓါ ဇာတ်ထဲက မဟုတ်မမှန် စွပ်စွဲစကားဆိုရင်တောင် အဲသလိုဆိုသည့်အတွက် ပိုချစ်ရသူမှာ ဘယ်သူလဲ ဆိုသည့် မေးခွန်းကို ရဲဝင့်သွား၍ သတိရမိသည်။
" ဟိုက ရည်းစားဟောင်း မဟုတ်လား၊ ကိုကို့မှာ ရည်းစားဟောင်းမှ မရှိတာ "
စိမ်းဝေ က သဘောကျစွာ ဟက်ဟက်ပက်ပက် ရယ်သည်။

" ဟုတ်ပါရဲ့နော်၊ တို့အစ်ကို တစ်ယောက် အသက် ၂၇ နှစ်အထိ စီးပွားရေး မဲနေတာ ရည်းစားတောင် မရှိ သေးဘူး၊ သနားဖို့ ကောင်းလိုက်တာ "
ရဲဝင့် က စိမ်းဝေ မျက်နှာလှလှကလေး ရွှင်လန်းစွာ ရယ်နေသည်ကို မြတ်နိုးစွာ ငုံ့ကြည့်၍ ရယ်သည်။
" အခု ရှိတာပဲဟာ " စိမ်းဝေက ရှက်စနိုး မျက်စောင်းထိုးသည်။ " ဘယ်သူက ကိုကို့ရည်းစားမို့လဲ "
စိမ်းဝေပေါ့ဟု အားပါးတရ ပြောချလိုက်ချင်သော်လည်း ပါးစပ်က မ၀ံ့မရဲ၊ တစ်သက်လုံး ညီမလေး အရင်း လို သန့်စင်စွာ ဆက်ဆံလာခဲ့ကြတာ ရင်ထဲက ဘယ်လောက်ပဲ ချစ်ချစ်၊ ပါးစပ်က ချစ်သူပါဟု ထုတ်ပြောရမှာ ကို အားနာစွာ မ၀ံ့မရဲ ဖြစ်နေမိသည်။

ဒါကို ရိပ်မိဟန်တူသော စိမ်းဝေ သိတတ်စွာ စကားလွှဲသည်။
" ကိုကို စိမ်းဝေ ဗိုက်ဆာပြီ၊ ဒီနားမှာ မက်ဒေါနယ် ရှိတယ်၊ ဘာဂါ ၀င်စားရအောင် "
" စိမ်းဝေ က ဘာဂါ ကြိုက်သွားပြီလား " စိမ်းဝေက ရယ်၍ ခေါင်းယမ်းပြသည်။
" စားသောက်ဆိုင်ရွေးရင်း အချိန် မဖြုန်းချင်ပါဘူး၊ ကိုကိုရယ်၊ ကိုကိုနဲ့အတူ ရှိနေတဲ့ အချိန် ကလေးတွေ နှမြောတယ်၊ ကြုံရာပဲ ကြုံသလို စားကြစို့ "
သည်လောက် လှသော မိန်းကလေးက ရင်ထဲအထိ နွေးခနဲနေအောင် ချစ်စဖွယ် ပြောတတ်ပြန်သေးလေ သည်။

" မေမေတို့ကို ဘယ်လို ပြောခဲ့လဲ "
စိမ်းဝေ က ရဲဝင့်အတွက် ကိုကာကိုလာခွက်ကို ရေခဲများနှင့် သမအောင် ဖြည်းညင်းစွာ မွှေပေးနေရင်းက ပြုံး၍ မေးသည်။
ရဲဝင့်က ဆိုင်မှန်ပြတင်းမှနေ၍ အပြင်မှာ ဖွဲဖွဲ ရွာနေသော မိုးကို ငေးကြည့်နေရင်းက ရှက်ရယ် ရယ်သည်။
" အလုပ်အတွက် လေ့လာစရာ ကလေးတွေလည်း ရှိလို့ ဥရောပကို သွားရင်းက ယူကေမှာ စိမ်းဝေကို လည်း ၀င်ကြည့်လိုက်မယ်လို့ " " ဘာတွေ လေ့လာစရာ ရှိလို့လဲ " " ဘာမှ မရှိပါဘူး၊ ဒီပဲ တန်းလာတာပဲ "စိမ်းဝေက မျက်လုံးကလေးပိတ်အောင် ရယ်သည်။

" အမှန်အတိုင်း မပြောရဲဘူးပေါ့၊ ဟုတ်လား "
ရဲဝင့် က စိမ်းဝေ မျက်နှာကလေးကို ငေးကြည့်နေပြီးမှ ရှက်ပြုံးပြုံး၍ တိုးတိုး ဟုတ်တယ်ဟု ပြောသည်။
" ငြင်းထားခဲ့မိ လို့ မဟုတ်လား " စိမ်းဝေက အကျကောက်၍ မေးတော့ ရဲဝင့်မျက်နှာ အထားရ ခက်သွားသည်။ ဟာ မဟုတ်ပါဘူးဟု ဖြေ၍ စိမ်းဝေ ကမ်းပေးသော အအေးခွက်ကို လှမ်းယူသည်။
" ငြင်းတုန်းကလည်း စိမ်းဝေသိပ်ငယ်သေးလို့၊ စိမ်းဝေ အနာဂတ်ကို အပိုင်ယူထားသလိုမျိုး မလုပ်ချင် လို့ ငြင်းခဲ့တာ၊ အခုလည်း စိမ်းဝေ ကျောင်းပြီးဖို့ နှစ်နှစ်တောင်လိုသေးလို့ မပြောခဲ့တာပါ၊ အမှန်တော့ ကျွန်တော် က စိမ်းဝေ ကို သိပ်ချစ်တာပါလို့များ သွားပြောကြည့်၊ သူတို့ ချက်ချင်း စီစဉ်ကြမှာ "
စိမ်းဝေ က မျက်နှာကလေး အနည်းငယ် နီမြန်း၍ ခေါင်းငုံ့သွားသည်။ ပြီးတော့ တိုးတိုး စိမ်းဝေ ကိုတော့ ပြော သင့်တာပေါ့ဟု ပြောသည်။

" ပြောမလို့ လိုက်လာတာလေ၊ ခုလည်း ပြောနေပြီဟာ " မျက်စောင်း လှလှကလေး လှည့်ထိုးသည်။
" မေးမှ ပြောတာများ " ရဲဝင့်က ရယ်၍ ခေါင်းကုတ်သည်။ " သိပ်ခက်တာ စိမ်းဝေ မသိဘူးနော်၊ တကယ့် အစ်ကိုကြီး အရင်း တစ်ယောက်နေရာက တစ်သက်လုံး နေခဲ့ မိတော့ " စိမ်းဝေက မျက်စောင်း ထိုးပြသည်။
" အဲဒါ စိမ်းဝေ ထက် အစ်ကိုကြီးဆိုတဲ့ ဂုဏ်ပုဒ်ကို ပိုချစ်လို့၊ ကိုကို့ သိက္ခာကို ကိုကို တအားချစ်နေလို့ "
ရဲဝင့် က ရယ်၍ ခေါင်းခါသည်။

" မသိပါဘူး ညီမလေးရယ်၊ ကိုကို့ ရင်ထဲကတော့ စိမ်းဝေကို စိတ်ချမ်းသာစေချင်တာ တစ်ခုပဲ သိတယ်၊ စိမ်းဝေကို ကိုကို ပိုင်ရလို့ စိမ်းဝေ စိတ်မချမ်းသာဘူးလို့ ထင်ရင် စိမ်းဝေ ကိုကို့ကို မပြောဘဲ နေမိမှာပဲ၊ အခုက စိမ်းဝေ လည်း စိတ်ချမ်းသာမယ် ထင်လို့ပြောတာ၊ သိက္ခာတွေ၊ ဂုဏ်တွေ တကယ့်ကို ကိုကို နားမလည် တာပါ၊ ဒီမျက်နှာကလေး ငြိမ်းချမ်းနေတာပဲ တစ်သက်လုံး မြင်ချင်တယ် "
ရန်တွေ့ဟန် ပြင်နေသော မျက်နှာကလေး ပြေလျော့သွားပြီး ရှက်စနိုး ပြုံး၍ ခေါင်းငုံ့သွားသည်။
" ကိုကို အနားမှာရှိနေရင် စိမ်းဝေ စိတ်ချမ်းသာပါတယ် " သာယာလိုက်သည့် ဂီတသံ။

ဟိုတယ် ဧည့်ကြိုစားပွဲဘက်မှ မျက်နှာ သိပ်မကောင်းဘဲ ပြန်လှည့်လာသော ရဲဝင့်ကို စိမ်းဝေက စိတ်ပူစွာ ဆီးမေးသည်။ " မရဘူးလား ကိုကို "
" အေး ကြို ဘွတ်ကင်လုပ်မထားလို့တဲ့၊ သူတို့ ဆက်မေးပေးတာတော့ ပရဲစီးဒင့်မှာတော့ ရှိသတဲ့၊ အဲဒီပဲ သွားရအောင် " စိမ်းဝေက ရင်ဘတ်ကလေး လက်နှင့်ဖိ၍ ပရဲစီးဒင့်ဟု ရေရွတ်သည်။ ဒီလောက် ဈေးကြီး တာ ကိုကို က မီလျံနာမို့လို့လားဟု ကျီစယ်သည်။ " ပြီးတော့ ရဲဝင့်၏ လက်ကိုဆွဲ၍ ဧည့်ကြို စားပွဲဘက် ပြန်လျှောက်သွားသဖြင့် ရဲဝင့် ပြန်လိုက်သွားရသည်။ " အခန်းက ဘယ်လိုမှ မရနိုင်တော့ဘူး လား ဟင် " ဧည့်ကြိုစာရေးက ပခုံးတွန့်ပြသည်။

" ဒီက လူကြီးမင်း က တစ်ယောက်ခန်း နှစ်ခန်း လိုချင်တယ် ပြောပါတယ်၊ ကျွန်တော် တို့ လောလောဆယ် မှာ နှစ်ယောက်ခန်း တစ်ခန်း ပဲ အားတာပါ၊ အဲဒီ နှစ်ယောက်ခန်းကို တစ်ယောက် ယူရင် လည်း တစ်ယောက် ကတော့ တခြား ဟိုတယ်မှာ တည်းရပါလိမ့်မယ် " " နားလည်ပါပြီ၊ အဲဒီနှစ်ယောက်ခန်း ကိုပဲ ကျွန်မတို့ ယူပါ့မယ် ဖြစ်တယ်မဟုတ်လား " " နွေးထွေးစွာ ကြိုဆိုပါတယ် ခင်ဗျာ " ရဲဝင့်က မျက်မှောင်ကြုတ်၍ စိမ်းဝေဟု တိုးတိုးပြောသည်။ စိမ်းဝေက ရယ်၍ ပခုံးတွန့်ပြသည်။
" ဒါထက် အဲဒီမှာ နှစ်ယောက်အိပ် ခုတင်အစား တစ်ယောက်အိပ် နှစ်ခုတင် ပြင်ပေးလို့ ရတယ် မဟုတ်လား " " သိပ်ရတာပေါ့ ခင်ဗျာ၊ ဟိုနားက ဆက်တီမှာ ခဏလေး အနားယူနေပေးပါ၊ အခန်း အဆင်သင့်ဖြစ်တာ နဲ့ ကျွန်တော်တို့ လာခေါ်ပါ့မယ် "

စိမ်းဝေ က ရဲဝင့်လက်ကို ဆွဲ၍ ဧည့်ကြို ဧည့်ခန်း ဆက်တီဘက်သို့ လျှောက်လာခဲ့သည်။ ရဲဝင့်က တိုးတိုး စိမ်းဝေ ဟု ထပ်ခေါ်တော့ စိမ်းဝေ ပါးစပ်မှာ လက်ညှိုးထောင်၍ ရှူးဟု လုပ်ပြသည်။
" ကမ္ဘာပေါ် မှာ စိမ်းဝေ နစ်နာမှာ စိတ်အပူတတ်ဆုံး ယောက်ျားက ကိုကိုပဲ၊ ကိုကို့ကိုမှ စိမ်းဝေမယုံရင် ယုံရမယ့် သူ ကမ္ဘာပေါ်မှာ တစ်ယောက်မှတောင် မကျန်တော့ဘူး၊ ပြီးတော့ ကိုကို့ကို စိမ်းဝေ ယုံခဲ့တာ ခုမှ မဟုတ်ဘူး၊ လွန်ခဲ့တဲ့ ဆယ်နှစ် လုံးလုံး ယုံခဲ့တာ၊ နားလည်ပြီလား "
ရဲဝင့်ကပြုံး၍ လက်သာ မြှောက်ပြလိုက်သည်။ 
 ----------------------------------------------------------------------------------------------------------
ကင်းကောလိပ် ၀င်းဝ တွင် ရပ်စောင့်နေသော စိမ်းဝေ ကို မြင် လိုက်တော့ စာအုပ်ကလေး ပိုက်ထွက် လာသော အာသာ ပါးစပ်အဟောင်းသားဖြစ်သွားသည်။ ငါ့ကို စောင့်နေတာလားဟု တိုးတိုး မေးသည်။ စိမ်းဝေ က ရယ်သည်။
" နင်မလာတော့ ငါက လာရတာပေါ့၊ ငါ ဟက်ဖ်နာမှာ စာအုပ်သွားဝယ်မလို့ အဖော်မရှိလို့ နင့် လာခေါ်တာ၊ နင် ငါ့ဆီမလာတာ တစ်ပတ်ရှိပြီ " အာသာက တိုးတိုးရယ်၍ အစ်ကိုရဲဝင့် ပြန်သွားပြီလား ဟု မေးသည်။ စိမ်းဝေ က မျက်နှာကလေး ညှိုးသွားသည်။

" သုံးရက်တည်း နေသွားတာပါဟာ၊ နင်က လာတောင် မနှုတ်ဆက်ဘူး " အာသာက ပြုံး ၍ ဆောရီးဟု ပြောသည်။ နှစ်ယောက်သား တိတ်တဆိတ် အတူ လမ်းလျှောက်လာကြပြီး ခဏနေမှ အာသာ က စကားပြောသည်။
" ငါ့ကို အထင်မလွဲပါနဲ့ဟာ၊ သူ ခဏလေးပဲ နေနိုင်မယ် ဆိုတာလည်း ငါမှန်းမိတယ်၊ နင်တို့ချင်း အခုမှ ပွင့်ပွင့် လင်းလင်း ရှိကြတာလို့လည်း ငါ နားလည်တယ်၊ ဒီလောက် ပျော်စရာကောင်းတဲ့ အချိန် ကလေးတွေ နင်တို့ ဆီက ငါဖဲ့မယူချင်လို့ မလာတာပါ၊ တကယ်တော့ နင့်ကို ငါကလည်း အဲသလို ပျော်စေ ချင်တာပါပဲ " စိမ်းဝေ မျက်နှာကလေး အနည်းငယ် နီ၍ ခေါင်းငုံ့သွားသည်။ ခဏနေမှ တိုးတိုး ပြန်မေးသည်။ " နင် အစကတည်းက ရိပ်မိတာပေါ့ ဟာတ်လား " အာသာက တိုးတိုးရယ်သည်။

" နင့်ကို ရိပ်မိတာပါ၊ အစ်ကို ရဲဝင့် ကိုတော့ ဘယ်သိမလဲ၊ ငါက နင့်မျက်နှာပဲ အရိပ်လို ကြည့်နေခဲ့တာ "
" အာသာ " အာသာက ပြုံး၍ ခေါင်းခါသည်။
" ငါ့စိတ်ထဲ ရှိတာတော့ ပြောပြခွင့် ပေးပေါ့ဟာ၊ ဒီနေ့ပြီးရင် ငါမပြောတော့ဘူးလို့ ကတိပေးပါတယ်၊ ငါက နင့်ကို သိပ် စိတ်ချမ်းသာစေချင်တာဟ၊ အခုလို ဖြစ်လာခဲ့ရင် နင် စိတ်ချမ်းသာမယ်ဆိုတာလည်း ငါ ရိပ်မိ တယ်၊ အခုလို ဖြစ်လာခဲ့ရင် နင် စိတ်ချမ်းသာမယ်ဆိုတာလည်း ငါ ရိပ်မိတယ်၊ သူ့သဘောထားကို ငါက မသိတော့ သူ့ဘက်ကို မတွက်မိဘူး၊ ငါ့ကိုယ်ငါပဲ သူ နင့်ကို ဂရုစိုက်သလို စိုက်နိုင်အောင် ကြိုးစားနေ ခဲ့တာ တစ်နေ့နေ့မှာ ငါနင့်ကို တစ်သက်လုံး စိတ်ချမ်းသာအောင် ထားနိုင်ခွင့်ရမယ်ဆိုပြီးတော့ပေါ့လေ၊ အခုလို ဖြစ်သွားတော့လည်း ငါ ကျေနပ်ပါတယ်၊ နင့်ဘ၀မှာ နင်ရည်ရွယ်ခဲ့သမျှ ဆန္ဒအားလုံး ကို ပြည့်စေချင်တာလေ၊ ငါကတော့ အမြဲတမ်း နင့်ရဲ့ အချစ်ဆုံး သူငယ်ချင်း ဆက်လုပ်မှာပါ၊ နင့်ကို ဆက် ဂရု စိုက်နေမှာပါပဲ " စိမ်းဝေ အာသာ့အတွက် အနည်းငယ် စိတ်မကောင်းဖြစ် ၍ ရှေ့က မြက်ခင်းပြင် ကို တွေဝေ ငေးမောရင်း ဆက်လျှောက်နေသည်။

ပြီးမှ ခေါင်းကို ဆတ်ခနဲခါ၍ အာသာ့ဘက်သို့ ပြုံးစူစူနှင့် လှည့်ကြည့်သည်။ " ဒါဆိုလည်း ငါ့ဆီလာပေါ့၊ ဘာလို့ တစ်ပတ်လုံး ရှောင်နေသေးလဲ " အာသာက ပခုံးတွန့်ပြသည်။ " ခဏတော့ ပေး အသည်းကွဲပေါ့ ဟာ "" အာသာ " " ဟ ဒီနေ့တော့ ပေးပြောပါဆို အခု နေ့ မကူးသေးဘူးလေ " သူငယ်ချင်း နှစ်ယောက် ပြိုင်တူ ရယ်မိကြသည်။

မနှင်းဖွေး (၁၂)

မနှင်းဖွေး လက်ထဲက လက်ဖက်ရည်ချို ပန်းကန်ကို ဇွန်းနှင့် အဓိပ္ပာယ်မဲ့ မွှေနေသည်မှာ အတော်ကြာနေ ပြီ။
အဲဒီ ပန်းကန်က ရဲဝင့်၏ ပန်းကန်ဖြစ်သည်။ မမွှေရသေးသော မနှင်းဖွေး၏ ပန်းကန်ပင် အပေါ်ယံ အရည် တင်းနေပြီ။ ရဲဝင့်နှင့် ဟန်ပိုတို့ကလည်း အဲဒါကို မမြင်သည့်အလား လက်ဖက်ရည်ဆိုင်နှင့် မျက်နှာချင်းဆိုင် က ဆောက်လက်စ ရပ်နေသော ကွန်ဒိုအဆောက်အအုံကြီး ရေညှိများ တက်နေသည် ကို စိတ်ပျက်လက်ပျက် ငေးကြည့်နေကြသည်။ ခဏနေမှ ရဲဝင့်က ဟက်ခနဲ တစ်ချက်ရယ်သည်။
" စက္ကူစက် ပြန်ထောင်ရင် ကောင်းမလားပဲကွ " ဟန်ပိုက အသံမထွက်ဘဲ ဆဲသည်။

" စိမ်းဝေ လည်း ရှေ့နှစ် ကျောင်းပြီးတော့မယ်၊ မင်းရော ငါရော၊ နှင်းရောလည်း အိမ်ပိုင်၊ ကားပိုင် ရှိနေကြပြီ၊ နောက်ထပ် ဒီ ရီဆက်ရှင် လေးငါးနှစ် ကြာလည်း ငါတို့ ခံနိုင်တယ် မင်းက ဘာ စိတ်ပူနေရတာလဲ " ရဲဝင့်က ဖြည်းညင်းစွာ ခေါင်းခါသည်။
" သူများ ကုမ္ပဏီတွေက ၀န်ထမ်းတွေတောင် လျှော့ကုန်ပြီ၊ ငါက အဲဒါမျိုးတော့ ဘယ်တော့မှ မလုပ်ချင် ဘူး၊ လစာတောင် ခါတိုင်း ခြောက်လတစ်ခါလောက် တွက်ပြီး တိုးပေးတာ၊ အခု တိုးမပေးနိုင်တာ တစ်နှစ် ခွဲ ရှိပြီ၊ ကုန်ဈေးနှုန်းတက် လို့ သူတို့ ခြိုးခြံနေ ရရင် ငါ ဘယ်စိတ်ကောင်းမလဲ " ဟန်ပိုက သက်ပြင်း ချသည်။ " လျှော့တော့လျှော့ရမှာပဲ ထင်တယ်ကွ၊ သူတို့လည်း ထိုင်နေရတာ " ရဲဝင့် ရယ်သည်။

" ငါလျှော့ချင်တာ က နှစ်ယောက်ရှိတာ၊ အမျိုးတွေ ဖြစ်နေတော့ ခက်တာပေါ့ "
ဒီ တစ်ခါတော့ မနှင်းဖွေးပါလိုက်၍ သုံးယောက်သား ရယ်မိကြသည်။ မနှင်းဖွေးက ကိုရဲဝင့်ကို တိမ်တွေပေါ် မှာ လမ်းလျှောက်နေတယ် ပြောလို့လားဟု ကျီစယ်သည်။ ရဲဝင့်က ပခုံးတွန့်ပြသည်။
တကယ်တော့ စိမ်းဝေ အစ်မ ၀မ်းကွဲများက စိမ်းဝေကို ကိုရဲဝင့်ဆိုတာ သူ့အောင်မြင်မှုတွေ အပေါ်မှာ သူ ပြန် ဘ၀င်မြင့်နေသူဟု မလိုတမာ စကားဆိုခဲ့ကြသည့် လွန်ခဲ့သည့် တစ်နှစ်ကျော် အချိန်ကတည်းက ရဲဝင့် အပါအ၀င် ဆောက်လုပ်ရေး လုပ်ငန်းများ သိပ် မအောင်မြင်တော့ပါ။ ၀န်ထမ်းများ၏ စားဝတ်နေရေး ကို ယိုင်မသွားစေချင်၍သာ သူတို့ သုံးယောက်သား ကြိုးစား၍ ကျားကန်နေခဲ့ ကြခြင်းဖြစ်သည်။ အဲဒီ ညီအစ်မနှစ် ယောက်ကတော့ နဂိုကတည်းက လုပ်ငန်းထဲတွင် စေတနာ မထားကြ။ အား မထည့်ကြသူများ ဖြစ်၍ မရိပ်မိ တာလည်း ဖြစ်ကောင်းဖြစ်နိုင်သည်။ ရဲဝင့်က ရှေ့ က ဆောက်လက်စ ကွန်ဒိုကြီးကို လက်ညှိုးထိုးပြသည်။

" ဒါမျိုးတွေ စင်ကာပူမှာ တော်တော် ခေတ်စားနေပြီကွ၊ ဆောက်ကြတာ အပြိုင်အဆိုင်ပဲ၊ အရင်လ ငါ သွား တုန်းကတောင် လျှောက်ကြည့်သေးတယ်၊ ဒီမှာ တန့်နေတာ မဖြစ်သင့်ဘူး၊ အေးလေ ပြန်တော့ ပွင့် လာမယ် ထင်ပါရဲ့၊ အချိန်သာ မှန်းရ ခက်နေသေးတာ "ဟန်ပိုက ၀င်၍ " မင်း စင်ကာပူသွားတာ ဘာလို့ ယူကေ မပတ်ခဲ့လဲ " ဟု မေးတော့၊ ရဲဝင့်က သောက် လက်စ ရေနွေးကြမ်းပန်းကန် သီးအောင် ရယ်သည်။ " ဘာဆိုင်လို့လဲဟ မင်းက " " ရင်ထဲမှာ နီးနီးကလေး၊ ဆိုင်ချင်ရင် ကမ္ဘာခြားတောင် ၀င်လို့ရတယ်မောင် " " ဘာကမ္ဘာခြားလဲ၊ မင်းပါးစပ် ပုပ်ကြီးနဲ့ " မနှင်းဖွေးပါ သူတို့ သူငယ်ချင်း နှစ်ယောက် ကို ကြည့်၍ ရယ်မိသည်။

" ကိုရဲဝင့် က ဘာလို့ လူကြီးတွေကို ပြောမပြလဲ " " ဒီကောင်လား၊ လူကြီးတွေ ၀မ်းသာမှာ စိုးလို့ဟေ့၊ ငါ့မှာတော့ သူတို့နဲ့ တွေ့တိုင်း လျှာကုတ်နေရတယ် " ဟန်ပိုက ၀င်နောက်တော့ ရဲဝင့်က ရယ်သည်။
" ပြောတာနဲ့ ချက်ချင်း ပြန်ခေါ် စီစဉ်ကြမှာ နှင်းရဲ့၊ တို့က သူ့ကို ကျောင်းပြီးအောင် စိတ်အေးအေး တက်စေ ချင်တယ်၊ ကျောင်းပြီးရင် သူ ဘယ်မှာ နေချင်တယ်၊ ဘာလုပ်ချင်တယ် ဆုံးဖြတ်ပြီးမှ ညှိပြီး အစီ အစဉ်ဆွဲမှာ " " အဲဒါနဲ့ပဲ ဟိုသတ္တ၀ါလေး ဘေးမှာ နှစ်နှစ် စိတ်ချထားမလို့ပေါ့ " ဟန်ပိုက အငေါ်တူးသော်လည်း ရဲဝင့်က အပြုံးမပျက်။

" ချစ်နေတဲ့ မိန်းကလေးကို စိတ်ချမ်းသာအောင် ထားပေးနိုင်မယ် ထင်လို့ ပိုင်ဖို့ ကြံစည်တာကွ၊ ပိုင်ဖို့ က နောက်၊ စိတ်ချမ်းသာစေချင်တာက ရှေ့၊ ဘယ်သူ့နားမှာ ပိုစိတ်မချစရာမှ မရှိဘူး မောင်၊ သူ စိတ်ချမ်းသာနေ သရွေ့ ငါ့အချစ်က ပြည့်စုံတယ် " " ကြောင်ပါ့ကွာ "
ဟန်ပိုက မဲ့ရွဲ့ပြောသော်လည်း ရဲဝင့်စကားက မနှင်းဖွေး ရင်ထဲသို့ နွေးထွေးစွာ စီးဆင်း ၀င်ရောက် သွားသည်။ ဟုတ်ပါရဲ့။ ပိုင်ချင်တာက အဓိကမကျ။ စိတ်ချမ်းသာစေချင်တာကမှ အချစ်။ ဒါကတော့ မနှင်းဖွေး ထောက်ခံ ချင်သည်။

မနှင်းဖွေး ရုံးခန်းတံခါး ကျွီခနဲ ပွင့်သွား၍ ရဲဝင့်ရော ဟန်ပိုပါ ၀င်လာသည်။ ဟန်ပိုက လက်ထဲက အိတ်ကို မနှင်းဖွေး စားပွဲပေါ် ပစ်တင်ရင်း ရှုံ့မဲ့၍ ဆိုသည်။
" မာလာ တို့ အုပ်စု ပေါ်တင်ကြီး ရှောင်သွားတာကွာ၊ ရိုင်းလိုက်တာ၊ မင်း မမြင်လိုက်ဘူးလား "
ရဲဝင့်က မျက်လုံးပြူးကြည့်သည်။ " မမြင်ရပါလားကွာ ဘယ်တုန်းကလဲ "
" အက်ဖ်အီးစီးလဲတဲ့ ကောင်တာမှာလေ၊ ၀င်လာပြီး ငါတို့ကိုလည်း တွေ့ရော အချင်းချင်း တိုးတိုးတိုးတိုးနဲ့ ငါတို့ဘက် လက်ညှိုးထိုးပြီး လှည့်ထွက်သွားတာ၊ ငါတို့နဲ့ ရန်ဖြစ်ထားတာ ကျနေတာပဲ "
ရဲဝင့်က ရယ်သည်။

" ငါလည်း ခုတလော ဘာဖြစ်နေတယ် မသိဘူးကွ၊ ဘေးနှစ်ဖက်ကို သိပ်မမြင်ဘူး ဖြစ်ဖြစ်နေတယ်၊ အထူး သဖြင့် နေပြင်းပြီး ခေါင်းကိုက်တဲ့ အခါမျိုးတွေပေါ့၊ မျက်စိသွားစစ်တော့လည်း ပါဝါကမရှိဘူး၊ မျက်စိ အထူးကု ဆရာဝန်တောင် ပြသေးတယ် ဘာမှ မရှိဘူးတဲ့ "
မနှင်းဖွေး က စိတ်ပူဟန်ဖြင့် " ဦးနှောက် အာရုံကြော အထူးကုလေးဘာလေး ပြကြည့်ပါလား ကိုရဲဝင့် ရယ် "ဟု ပြောသည်။ ရဲဝင့်က ရယ်၍ " ဦးနှောက်ကောင်းလွန်းလို့ လူမုန်းများတာ နှင်းရဲ့။ မာလာတို့ အုပ်စု ကြည့် မရတာ အဲဒါပဲ၊ သူတို့ ပေါင်းစားဖို့ ပြောတုန်းက ငြင်းလိုက်ပြီးနောက် ကိုယ့်ဟာကိုယ် ရ သွားတော့ ငြှိုးတာ" ဟု ဖြေသည်။
" သိပ်ဂုဏ်ယူ မနေနဲ့ ဟေ့ကောင်၊ သူတို့ ဘော်ဒါမရှိတော့လို့ မင်းရတာ၊ ပြီးတော့ ငြင်းတုန်း ကလည်း ကောင်းကောင်း ပြေပြေပြစ်ပြစ်မပြောဘူး၊ ဒါမျိုး လုပ်မှ ရမယ်ဆို ကျွန်တော် ဒီမှာ အလုပ် မလုပ်တော့ ဘူးလေး ဘာလေးနဲ့လေသံက၊ မင်း အဲဒါကြောင့် ဟိုက ကြည့်မရတာ " ဟန်ပို က ဟောက်သည်။

" မင်း တစ်ခုခု သွားကျူးလွန်ထားပြီး တာဝန်မယူလို့လည်း ဖြစ်ချင် ဖြစ်မှာပေါ့ "
ရဲဝင့် က ပြန်စတော့ ဟန်ပိုက အသံမထွက်ဘဲ ဆဲသည်။
မနှင်းဖွေးကတော့ စိတ်ပူ မပြေသေးဘဲ ၀င်ပြောသည်။
" ကိုရဲဝင့်က ရှေ့လ စင်ကာပူ သွားဦးမယ်ဆို၊ ဟိုမှာ မျက်စိလေး ဘာလေး ၀င်ပြရင် ပြကြည့် ပါလား၊ ခေါင်းကိုက်တာလည်း ခဏခဏပဲ" ရဲဝင့်က စဉ်းစားနေပြီးမှ အင်းလေ ဟုဆိုသည်။

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

Wednesday, May 30, 2012

လင်္ကာရည်ကျော် ၏ တိမ်တွေ တောင်တွေ နှင့် ခရီးသည်, အပိုင်း (၁၂)

အာသာကို ကိုကို တကယ်ပဲ သိနေတာလား။ စာရွက်ကို ဆွဲထုတ်ကြည့်လိုက်သည်။ အင်္ဂလိပ် ဘာသာဖြင့် ကွန်ပျူတာ စာစီထားသော စာလုံးများ ယူကေက ဖက်စ် ပါလား။ " အာသာ မြန်မာပြည် ခရီးစဉ်မှာ ခင်ဗျားညီမနှင့်အတူ ဖြစ်သည်။ အကြောင်းရင်းကို သေချာစွာ မသိရသေး သော်လည်း မန္တလေး မှ အဘိုး၊ အဘွားများကို စိမ်းဝေနှင့် မိတ်ဆက်ပေးရန် ကြိုးစားဖို့ ဟု ယူဆသည်" စိမ်းဝေ မျက်လုံးများ ပြာဝေသွားသည်။  အဲသည် အချိန်မှာပင် အိမ်အောက် က ကားဟွန်းသံကို ကြားရလေသည်။ ကို ဆက်ဖတ်ရန်.......

ရဲဝင့် (၁၂)

အိမ်အကူ မွန်မကလေးက တံခါး လာဖွင့်သဖြင့် ရဲဝင့် မျက်နှာ အနည်းငယ် အိုသွားသည်။ စိမ်းဝေ ညစာ မစားဘဲ သူ့ကို မျှော်နေလိမ့်မည်ဟု သူ ဘာကြောင့် ထင်မိရသလဲဟု မချင့်မရဲ တွေးမိသည်။
သို့သော် အိမ်ထဲ ၀င်လိုက်တော့ အတွင်း လှေကားမှ ဆင်းလာသော စိမ်းဝေကို တွေ့ရသည်။ စိမ်းဝေက ပြုံး နေသည်။ " စိမ်းဝေ မအိပ်သေးဘူးလား " " စားတောင် မစားရသေးဘူး၊ ကိုကို့ကို စောင့်နေတာ "
ရဲဝင့် နှလုံးသားတစ်စုံ နွေးထွေး သွားသည်။ " စားရောပေါ့ စိမ်းဝေရယ်၊ ညဥ့်နက်နေပြီ " စိမ်းဝေ က နှုတ်ခမ်းစူသည်။
>>>ဆက်ဖတ်ရန်>>> >>

Tuesday, May 29, 2012

လင်္ကာရည်ကျော် ၏ တိမ်တွေ တောင်တွေ နှင့် ခရီးသည်, အပိုင်း (၁၁)

" နှင်းက အချစ်ဆိုတာ နှစ်မျိုးရှိတယ်လို့ တကယ် ယုံနေတာကိုး၊ တို့အတွက်ကတော့ အချစ် တစ်မျိုးပဲ နား လည်တယ်၊ ညီမလေးလည်း ချစ်တာပဲ၊ ချစ်သူလည်း ချစ်တာပဲ၊ မိဘလည်း ချစ်တာပဲ၊ သူငယ်ချင်းလည်း ချစ်တာပဲ၊ ချစ်တဲ့သူအားလုံးကို စိတ်ချမ်းသာစေချင်တာပဲ ရှိတယ်၊ ဘ၀ လက်တွဲဖော် အနေနဲ့ ရွေးဖို့ကျ တော့ ဦးနှောက်က ပါသင့်၏။ မသင့်၏ ၀င်စဉ်းစားတာ၊ ကျန်တာ အတူတူပဲ၊ လူတွေ ပြောနေတဲ့ ၁၅၀၀ တို့၊  အချစ်စစ် အချစ်မှန်တို့၊ အဲဒါတွေတို့ ဘယ်တုန်းကမှ နားမလည်ခဲ့ပါဘူး " မနှင်းဖွေး ပါးစပ် အဟောင်းသား ဖြစ်သွားပါသည်။ ကို ဆက်ဖတ်ရန်....

ရဲဝင့် (၁၁)

တကယ်တော့ ရဲဝင့် ခုတလော ညဥ့်နက်နက်နေသည်မှာ မနှင်းဖွေး ထင်သလို အဆောက်အအုံ အသစ် ကိစ္စ များ လေ့လာနေတာ မဟုတ်ပါ။
အာသာခိုင်ဦး ဆိုသည့် လူငယ် တစ်ယောက်နှင့် ပတ်သက်၍ နိုင်ငံခြားမှ မိတ်ဆွေ အဆက်အသွယ် များဆီမှ ရနိုင်သမျှသော အချက်အလက်တွေကို စုဆောင်း လေ့လာနေတာပါ။
ဟန်ပို ကတော့ နှာခေါင်းရှုံ့သည်။ " သူတို့ တတွဲတွဲ ဖြစ်နေတာ မင်း သိနေတယ်လို့တော့ မင်း စိမ်းဝေ ကို သတိပေးသင့်တယ်၊ ဟေ့ကောင် "
ရဲဝင့်က စာရွတ်ပုံကို ပြန်စီရင်းက မော့ကြည့်၍ ပြုံးသည်။

" အဲဒါ စိမ်းဝေရဲ့ ကိုယ်ပိုင် လွတ်လပ်ခွင့်လေ၊ ငါနဲ့ မဆိုင်ဘူး "
" ဆိုင်တယ်၊ စိမ်းဝေကို မင်း ကျောင်းထားပေးတာ၊ စိမ်းဝေ ပညာရေးထက် တခြားကိစ္စကို ပိုစိတ်ဝင်စား သွားမှာ ကို မင်း ပူတတ်ရမယ် " ရဲဝင့်က ရယ်သည်။
" တက္ကသိုလ်ကျောင်းသူ တက္ကသိုလ်တက်ရင်းနဲ့မှ အဲဒီကိစ္စ စိတ်မ၀င်စားရင် ဘယ်အချိန် သွား စိတ်ဝင်စား မလဲ၊ မင်းတို့ ငါတို့ နှင်းတို့လို ဖြစ်သားမှာပေါ့ " ဟန်ပိုက နဖူးကို လက်ဝါးနှင့် ရိုက်သည်။
" ဘုရားရေ မင်းက သဘောတူနေတာလား " " သဘောတူတယ်လည်း မရှိဘူး၊ မတူဘူးလည်း မရှိပါဘူး၊ ကလေကချေ နဲ့ တွေ့တာ၊ လူမျိုးခြားနဲ့ တွေ့တာ ထက်စာရင် တော်တယ် ပြောရမှာပဲ၊ သိရသလောက်တော့ လည်း ကောင်လေးက စိမ်းဝေကို တော်တော် တန်ဖိုးထားပုံရပါ တယ်၊ လေးလေး စားစား စောင့်ရှောက် ကူညီနေပုံပါပဲ " ဟန်ပို က ကျွတ်ခနဲ မြည်တမ်းသည်။

" မင်း ပြောနေတာ မင်းနဲ့ လက်ထပ်ဖို့ လူကြီးတွေက သိပ်သဘောတူနေတဲ့၊ ပြီးတော့ မင်းကလည်း သိပ် ချစ်သိပ်တန်ဖိုးထားတဲ့ မိန်းကလေး အကြောင်းနော် ဟေ့ကောင် " ရဲဝင့်က ပခုံးတွန့်ပြသည်။
" ငါ စိတ်ဝင်စားတာက သူ စိတ်ချမ်းသာရေးပဲ၊ သူ ဘယ်သူနဲ့ တွေ့တွေ့ အဲဒီလူကြောင့် သူ စိတ်ချမ်းသာ ရမယ်ဆိုရင် ငါ ကြည်ဖြူတယ် " " မချမ်းသာရင်ရော " " မချမ်းသာရင် အဲဒီ မချမ်းသာတဲ့ နေ့မှာ သူ နောက်ဆုတ် လို့ရတယ် " ဟန်ပို ခေါင်းခါသည်။
" နောင်တ ဆိုတာ အချိန်မီတဲ့အခါ ရှိသလို အချိန်မမီတဲ့အခါ ရှိတယ်၊ အမှားဆိုတာ ပြင်ဆင်ခွင့်ရှိတဲ့ အခါရှိ တယ်၊ ပြင်ဆင်ခွင့် မရှိတဲ့ အခါ ရှိတယ် " " သူ့အတွက် မဟုတ်ဘူး " ဟန်ပို မျက်လုံးပြူးပြသည်။

" ဘာဖြစ်လို့လဲ "
" စိမ်းဝေမှာ နောက်ကျသွားတဲ့ နောင်တ ဆိုတာ မရှိဘူး၊ ပြင်ဆင်ခွင့်မရှိတဲ့ အမှားဆိုတာ မရှိဘူး၊ သူ့ နောက် မှာ ငါအမြဲရှိတယ် " ဟန်ပို စိတ်ပျက်လက်ပျက် ခေါင်းခါသည်။
" ငါ အဲသလောက် တန်ဖိုးထားတဲ့ မိန်းကလေး ဆို ငါဘယ်သူ့ရင်ခွင်ထဲက မဆို ငါလုယူမှာပဲ "
ရဲဝင့်က ရယ်သည်။ " မင်းက မင်း၊ ငါက ငါလေကွာ "

မနှင်းဖွေးက တယ်လီဖုန်းကို ပြန်ချပြီး ရဲဝင့်ဘက်သို့ မျက်စိပျက် မျက်နှာပျက်နှင့် လှည့်ကြည့်သည်။
" ခုထိ တစ်ခန်း မှ မထွက်သေးဘူးတဲ့ " ရဲဝင့်က ပြုံး၍ ခေါင်းညိတ်ပြသည်။
" ရီဆက်ရှင်လေ၊ တို့ပြောဖူးသားပဲ၊ တစ်နေ့နေ့မှာ ဈေးကွက်က ဆက်ကျူရိတ်တစ် ဖြစ်မှာပဲ၊ အရောင်းတွေ ရပ်ကုန်လိမ့်မယ်၊ ရှိတာ ထုခွဲစားသောက်ရလိမ့်မယ်လို့၊ ဘယ်လောက် ကြာမလဲ၊ အလွန်ဆုံး သုံးနှစ်ပေါ့၊ တခြား လုပ်ငန်းကလေးတွေလည်း စထားတာပဲ၊ တို့တွေ ခံနိုင်မှာပါ "
ခြေသံကြား၍ လှည့်ကြည့်တော့ စိမ်းဝေ၏ အစ်မ၀မ်းကွဲ နှစ်ဦး။

" ဘာလဲ "
" ဆင်ဖြူကျွန်း ခဏပြန်ချင်လို့ တစ်ပတ်လောက် ခွင့်ပေးပါတဲ့ "
နောက်က ပါလာသော ဟန်ပို က ၀င်ပြောသည်။
" သွားလေ " " လခလည်း ကြိုထုတ်သွားချင်တယ်၊ သုံးစရာ ရှိလို့တဲ့ "
ရဲဝင့်က ခပ်ထေ့ထေ့ ပြုံးသည်။ " ယူသွားလေ "
ကျေးဇူးပဲ ကိုရဲဝင့်ဟုပြော၍ အချင်းချင်း လက်မထောင်ပြပြီး စားပွဲတွေ ရှိရာကို ပြန်ပြေးသွားသော ညီအစ်မ နှစ်ယောက် ကို ကြည့်၍ ရဲဝင့် ပြုံးပြီး ခေါင်းခါမိသည်။ " စိမ်းဝေ က ဒီကျောင်းပိတ် လာမှာလား "
မနှင်းဖွေးက မေးတော့ ရဲဝင့်ပြုံး၍ ခေါင်းညိတ်ပြသည်။

" မနှစ်ကတော့ ပထမနှစ်ဆိုတော့ နေသားကျအောင် နေလိုက်ပါလို့ တို့ပဲ ပြောလိုက်တာပါ၊ ဒီနှစ်တော့ လာလိမ့်မယ်၊ ဖေဖေ နဲ့ အန်တီခင်တောင် ရန်ကုန် ဆင်းလာလိမ့်မြယ် "
" ဒါကြောင့် ဘော့စ် ဒီနေ့ သဘောကောင်း နေတာကိုး " ဟန်ပိုက ၀င်ထော့တော့ ရဲဝင့် ရယ်သည်။
" မရှိစေချင်လို့ပါကွာ၊ စိမ်းဝေ ရောက်နေတုန်း သူတို့ရှိနေရင် သူတို့အကြောင်း စိမ်းဝေ ကို ပြောမိလိမ့်မယ်၊ စိမ်းဝေ ခဏလာတုန်း စိတ်မညစ်စေချင်ဘူး "
ဟန်ပို က အစာနင်သွားသည့် အမူအရာလုပ်ပြတော့ မနှင်းဖွေးက လိုက်ရယ်မိသည်။

မနှင်းဖွေး (၁၀)

စိတ်၏ ခံစားချက်တို့ကို စိတ်ကသာ ပြန်၍ လျစ်လျူရှူချင်ရှုနိုင်မည်။ ကိုယ်ခန္ဓာအပြုအမူ၊ လှုပ်ရှားမှုတို့က လျစ်လျူရှူနိုင်ဟန် မတူ။
စိမ်းဝေကလေးနှင့် ပတ်သက်လာလျှင် ကိုရဲဝင့် တော်တော် သွေးအေးသည်ဟု မနှင်းဖွေး အမြဲ ယူဆခဲ့သည်။ စိမ်းဝေ အကြောင်းပြောနေစဉ်တွေမှာပင် ဘာခံစားချက်မှ မပါသော လေသံ အေးအေးနှင့်ပဲ ပြောနေ ကျ။
သည်နေ့တော့ တစ်နေ့လုံး ရဲဝင့် ဂနာမငြိမ် ဖြစ်နေသည်။ ထိုင်လိုက်၊ ထလိုက်၊ ရေသွား သောက်လိုက်၊ ဖုန်း ကို မလိုက်၊ ပြန်ချလိုက်။ အလုပ်အကြောင်း သွားပြောရင်လည်း ခေါင်းတွေပဲ ညိတ်ပြနေသည်။ ဘာအဖြေမှ မပေး။ သေချာပါပြီ။ သည်နေ့ စိမ်းဝေ ရောက်ရမည့် နေ့ပါပဲ။

စိမ်းဝေ ၂၁ နှစ် ပြည့်တော့မည်။
၁၄ နှစ် သမီး အရွယ် ကတည်းက ထင်းနေအောင် လှသော မိန်းကလေးအရွယ်လည်း ရောက်လာပြီ၊ မြို့ကြီး မှာသာမက နိုင်ငံကြီးမှာပါ ကျင်လည်ခဲ့ပြီမို့ ရုပ်ရည်ရော၊ ကိုယ်ဟန် အမူအရာတို့ရော အစွမ်းကုန် အရွယ်ရောက်နေကြတော့လိမ့်မည်။ ၂ နှစ် လုံးလုံး မတွေ့ခဲ့ရသည့် ညီမလေး။
ညီမ လိုလည်း ချစ်တာပါပဲ။ ချစ်သူလည်း ချစ်တာပါပဲ။ အချစ်မှာ နှစ်မျိုး နှစ်စား ရှိတယ်လို့ မသိပါဘူး၊ စိတ်ချမ်း သာစေချင်တာပဲ ရှိတာပါ ဟု ရဲဝင့် လေးလေးမြတ်မြတ်ပြောခဲ့သော မိန်းကလေး။
အဲသည် မိန်းကလေး က သည်နေ့ ညနေ ရောက်မည်တဲ့။

ရဲဝင့် ဂနာမငြိမ် ဖြစ်နေတာ အဆိုးမဆိုသာ။ အန်တီခင် ပင်လျှင် အပေါ်ထပ် ကနေ အောက်ဆင်းလာလိုက်၊ ရေတစ်ခွက်ငှဲ့သောက်ပြီး ပြန်တက်သွားလိုက်။ အပေါ်မှာ လည်း ရေခဲသေတ္တာ တစ်လုံးရှိသည် ဆိုတာကို မသိ၍တော့ ဟုတ်မည် မထင်။
" ကိုရဲဝင့် " " စောသေးတယ် နှင်းရဲ့၊ လေယာဉ်က ၆ နာရီကျော်မှ ဆိုက်မှာ "
မနှင်းဖွေး သတင်းစာ ကိုင်လျက်က ပါးစပ် အဟောင်းသား ဖြစ်သွားပြီး ဟန်ပိုက ခွက်ထိုးခွက်လန် ရယ် တော့ မှ ရဲဝင့် ကြောင်တက်တက်နှင့် လှည့်ကြည့်သည်။ " ဒီမှာ ကြော်ငြာပြမလို့ "
သည်တော့မှ ရဲဝင့် ရှက်ရယ် ရယ်၍ မနှင်းဖွေးပြသော သတင်းစာ ကြော်ငြာကို ငုံ့ကြည့်၍ ကိုကြင် တို့အုပ်စု အဆောက်အအုံ ကြော်ငြာတာ မဟုတ်လား၊ ဘာဖြစ်လို့လဲဟုမေးသည်။
" ထူးခြား လို့လေ၊ ကြိုပွိုင့်တော့ ခေါ်တယ်၊ ဒါပေမဲ့ သတ်မှတ်ရက်မှာ မအပ်နိုင်ရင် တစ်ရက်ကို ငွေ ဘယ်လောက်နှုန်း နဲ့ လျော်မယ်ဆိုတာ ပါတယ်၊ ကြိုပွိုင့်ကုမ္ပဏီတွေ အကုန် ကပ်ဆိုက်နေတာ၊ ဒီနည်း ကလေးကများ မတ်နိုင်မလားလို့ " ရဲဝင့်က ပြုံး၍ ခေါင်းခါသည်။

" ၀ယ်တဲ့လူက အခန်းလိုချင်တာ၊ ငွေတိုးလိုချင်တာမှ မဟုတ်တာ၊ လျော်ရပြီ ဆိုကတည်း က ငွေတင် ဆုံးရှုံးရတာမှ မဟုတ်တာ၊ နာမည်လည်း ဆုံးရှုံးသွားတာ၊ နာမည်မှ သူတို့ နာမည်တင် ဆုံးရှုံးတာ မဟုတ်ဘူး၊ ဒီမှာရှိတဲ့ ဆောက်လုပ်ရေး ကုမ္ပဏီတွေ အားလုံးရော နာမည်ပျက်တာ၊ တို့တော့ မကြိုက် ပါဘူး၊ ကြိုပွိုင့် အေးနေရင် ရှိတဲ့ငွေနဲ့ နိုင်တဲ့ ခွင်ပဲကိုင်မယ်၊ ပြီးတာပဲ ရောင်းမယ်" " ဘိုဆန်တာပေါ့ "
ဟန်ပိုက ခနဲ့တဲ့တဲ့ လှမ်းစတော့ ရဲဝင့်က မျက်စောင်းထိုးသည်။ " ဘာ ဘိုဆန်တာလဲ၊ မင်းက "
" အင်္ဂလိပ်ဆန်တာလေ၊ မင်းပဲ ပြောပြောနေတယ်၊ အင်္ဂလိပ်တွေ သိပ်ရှေးဆန်တယ်၊ အိမ်အိုကြီးတွေ တောင် ပြင်ဆင် ချင်ရင် အထဲကပဲ ပြင်ဆင်ပြီး အပြင်မျက်နှာတွေ ဒီအတိုင်းထားကြတယ် ဆိုတာလေ၊ မင်းလည်း ရှေးထုံးပဲ အမြဲလုပ်တာဆိုတော့ ဘိုဆန်တာပေါ့ " ရဲဝင့်က ပခုံးတွန့်ပြသည်။

" ကောင်းတာ တွေ့ရင်တော့ အင်္ဂလိပ်မှ မဟုတ်ဘူး၊ တရုတ်၊ ကုလားလည်း အတုယူသင့်ယူရမှာပဲ၊ အင်္ဂလိပ်တွေ က အဲဒီလို ကွန်ဗင်းရှင်းနယ် ဖြစ်လို့ ကမ္ဘာတစ်ခုလုံး စနစ်တကျ သိမ်းယူနိုင်ခဲ့တာ မမေ့နဲ့ "
ဟန်ပို က ခေါင်း တဆတ်ဆတ် ညိတ်၍ အခုတလော ယူကေကို အကောင်းချည်း ပြောတာကွာ။ စိတ်နဲ့ ဘယ်နှစ် ခေါက်သွားလည်နေလဲ မသိဘူးဟု ခနဲ့သည်။
ရဲဝင့်က နာရီကို ငုံ့ကြည့်၍ ဟုတ်ပါရဲ့၊ စောသွားလိုက်တာ ကောင်းပါတယ်ဟု ပြောပြီး နေရာမှထတော့ မနှင်းဖွေးနှင့် ဟန်ပို ပခုံးကိုယ်စီ တွန့်မိကြပါသည်။
.................................................................................................................................
ဟုတ်ပါရဲ့။ လှလိုက်တာ။
အကောက်ခွန် စစ်ဆေးရေး ဂိတ်မှ ထွက်လာသော စိမ်းဝေမှာ မနှင်းဖွေး ကြိုတွေးထားမိသည်ထက်ပင် အများကြီး ပိုလှနေ သည်။
မဖြူ မညို အတိအကျ ညီညာစွာ လတ်နေသော အသား ညိုညို စိမ့်စိမ့်ကလေးကတော့ အဖြူဘက် ကို တော်တော် လုနေပြီ။ အင်းလေ ယူကေမှာ နှစ်နှစ်တောင် နေမှတော့ အဲသလောက်တော့ ရှိရောပေါ့။
ဆံပင်ရှည် ကလေးတွေက သည်အတိုင်း ညီညာစွာ ဖြန့်ကြဲချထားသည်။ လူက ပိန်လည်းမသွား၊ ၀လည်း မလာ။ သိသာတာ ကတော့ ပိုအရွယ်ရောက်လာသည်။ အလှစုံလာသည်။ ထို အလှစုံနေသော ကိုယ်ကလေးပေါ် မှာ ထူးထူးခြားခြား ရင်ဖုံး အင်္ကျီတစ်စုံနှင့် ဇင်းမယ်လုံချည် တစ်ထည် ကို မြန်မာ ဆန်ဆန် သပ်သပ်ရပ်ရပ် ၀တ်စားပြီး ရှမ်းလွယ်အိတ်ကလေးပါ လွယ်ထားလိုက်သေးသည်။
အလှဆုံးကတော့ အပြုံး ကလေးပါပဲ။ ငယ်ငယ်တုန်းက အတိုင်း။

ကလေး သူငယ်ကလေးတစ်ယောက်၏ ဟန်ဆောင်မှု ကင်းမဲ့သော အားပါးတရ အပြုံး။
ထို အပြုံးနှင့် သူ့ အမေ ဒေါ်ခင်ခင်ဆီကို အရင်ဆုံး အားပါးတရ ပြေးဝင်သွားပြီး ဒေါ်ခင်ခင်ကို တင်းတင်း ကျပ်ကျပ် ဖက်ထားသည်။ ဒေါ်ခင်ခင်ကတော့ မျက်ရည်ပါ စို့သည်။ " သမီးလေး၊ နေကောင်းရဲ့လား သမီးရယ် " စိမ်းဝေက လူချင်းခွာ၍ အားရပါးရ ရယ်သည်။
" ကောင်းလို့ ၁၂ နာရီကြာတဲ့ ခရီးကြီး လာတာပေါ့ မေမေရဲ့၊ ဖေဖေနဲ့ မေမေရော နေကောင်းရဲ့လား "
ဦးအောင်ဝင့်နှင့် ဒေါ်ခင်ခင် ခေါင်းသာ ညိတ်ပြနိုင်ကြသည်။
စိမ်းဝေက ဘေးမှာ ကြောင်တက်တက် ရပ်နေသော ရဲဝင့်ကို လှည့်ကြည့်၍ နွမ်းလျလျ ပြုံးပြသည်။
" ကိုကို့ကို တစ်ချိန်လုံး သတိရနေတာ၊ သိလား " ရဲဝင့် အာစေးမိသွားသည်။ ဘာပြန် ပြောရမှန်းမသိ။

ကြားထဲက မနှင်းဖွေးက အလိုက်တသိ ၀င်ပြောရသည်။
" စိမ်းဝေ ကိုကိုကတော့ လာမယ် ကြားကတည်းကအလုပ် အကြောင်းတောင် ဘာမှ ပြောလို့ မရတော့ ဘူး " စိမ်းဝေက ချမ်းမြေ့စွာရယ်၍ မနှင်းဖွေးနှင့် ဟန်ပို ကို နှုတ်ဆက်သည်။
" မမနှင်းနဲ့ အစ်ကိုဟန်ပိုလည်း ဒီအတိုင်းပဲ၊ မပြောင်းလဲဘူး "

" စိမ်းဝေကတော့ ပြောင်းလဲတယ်၊ အများကြီး ထပ်လှသွားပြီ၊ အဲဒါကို သိရဲ့လား "
မနှင်းဖွေး ကပြောတော့ စိမ်းဝေက ရယ်သည်။
" ယောက်ျားလေးထဲ ကပဲ အဲသလို ပြောတဲ့လူ ရှိတော့ မယုံဘူး၊ မမနှင်းလောက်လှတဲ့ မိန်းကလေး က ပြောတော့ ယုံလိုက်တော့မယ် "
ရဲဝင့် က အခုမှ အသက်ဝင်လာဟန်နှင့် မေးသည်။
" စိမ်းဝေ မြန်မာ အ၀တ်အစားအသစ်တွေ ဘယ်က ရလာသလဲ "
စိမ်းဝေက ကိုယ့်ကိုယ်ကိုယ် ငုံ့ကြည့်၍ ရှက်ကိုးရှက်ကန်းရယ်သည်။
" ဘန်ကောက် ထရန်စစ် မှာ ၀ယ်ပြီး ရေချိုးခန်းထဲ တစ်ခါတည်း ၀င်လဲလာတာ၊ စိမ်းဝေနဲ့ တော်တယ် မဟုတ်လား" ရဲဝင့်ကပြုံးသည်။

" တော်ပါတယ်၊ ဒီကျလည်း ၀ယ်လို့ရတာ ဘာလို့ ချက်ချင်း မြန်မာမလေး လုပ်ချင် စိတ် ပေါက်သွားရတာလဲ "
" ဟိုကောင်လေ " စိမ်းဝေက နောက်ကို မေးငေါ့ပြတော့မှ နောက်မှ တီရှပ်နှင့် ဂျင်းဘောင်းဘီ ၀တ်ထားပြီး အရပ်ရှည်၊ အသားဖြူသော်လည်း အရှေ့တိုင်းသားမှန်း သိသာသည့် လူငယ်တစ်ဦး ချဉ်းကပ် လာတာ တွေ့မိကြတော့ သည်။
" ဒီကောင် က နင် မြန်မာ လို မ၀တ်တတ်တော့ဘူး မဟုတ်လားလို့ စိန်ခေါ်တာနဲ့ ငါ မြန်မာမလေ၊ မြန်မာ အ၀တ်အစား ကို တခြားဝတ်စုံ အားလုံးထက်ပို ကျွမ်းကျင်တယ်၊ အခု ငါဝတ်လို့ တော်ရင် နင် ရှင်း မလား၊ လောင်းကြေးလို့ ပြောလိုက်တာ၊ သူ ရှင်းလိုက်ရရော "
သူစိမ်း ယောက်ျားကလေး တစ်ယောက်ကို သည်မျှ ရင်းရင်းနှီးနှီးပြောနေသော စိမ်းဝေကို အားလုံးက အံ့သြနေကြသည်။ မနှင်းဖွေး ကတော့ စိမ်းဝေထက် တစ်ဦးတည်းသော အံ့သြဟန်မပြဘဲ ပြုံးပြနေသော ရဲဝင့် ကို ပို၍ အံ့သြနေမိသည်။

" ကိုကို၊ ဒါ အာသာခိုင်ဦး တဲ့၊ အာသာ့မိဘတွေက ယူကေမှာ နေတဲ့ မြန်မာလူမျိုးတွေ၊ အာသာလည်း ဒီက အဘိုးအဘွား ဆီ မရောက်တာကြာလို့ စိမ်းဝေနဲ့ ချိန်းပြီး အတူတူ လာတာ၊ သူလည်း ကင်းဘရစ်ခ်ျ မှာပဲ အင်ဂျင်နီယာရင်း တက်နေတယ်၊ စိမ်းဝေကို အစစ ကူညီနေတဲ့ သူငယ်ချင်းပေါ့ "
" ကျေးဇူးတင်တယ်နော် ညီလေး " ရဲဝင့်က တည်ငြိမ်စွာ ပြုံး၍ လက်ကမ်းပေးသည်။ အာသာက အားပါးတရ ပြုံး၍ လက်ဆွဲ နှုတ်ဆက်သည်။
" မနာလိုဘူး အစ်ကိုရာ၊ စိမ်းဝေက အစ်ကို့အကြောင်းကို ကျွန်တော့်ကို နေ့တိုင်းနီးနီး ပြောတာ၊ ကျွန်တော့် အကြောင်းတော့ အစ်ကို့ကို ခုမှ ပြောတာ ဆိုတော့၊ စိမ်းဝေ နင် သူငယ်ချင်းထက် အစ်ကို့ကို အများကြီး ပိုချစ်တာတော့ သေချာပြီ " စိမ်းဝေက အာသာ့ကို မျက်စောင်းထိုးရင်းက ရဲဝင့် လက်မောင်းတစ်ဖက် ကို သူ့လက်နှစ်ဖက်နှင့် ပွေ့ဖက် လိုက်သည်။

" ပိုချစ်စရာလား၊ နင့်ကို ငါ့အစ်ကိုထက် " မနှင်းဖွေးနှင့် ဟန်ပို တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်မိကြသည်။ ရဲဝင့်ကတော့ အမူအရာမပျက် ခပ်အေးအေးပင် မေးသည်။
" ညီလေး ရန်ကုန်မှာ တည်းစရာရှိလား၊ အစ်ကိုတို့ဆီမှာ တည်းချင်လည်း ၀ဲလ်ကမ်းနော် "
သည်တစ်ခါတော့ စိမ်းဝေရော၊ အာသာပါ အံ့အားသင့်သွားကြသည်။

" ကျွန်တော့် အဘိုးအဘွားက မန္တလေးမှာ ရန်ကုန်မှာတော့ ဟိုတယ်ပဲ တည်းမလို့ လုပ်ထားတာ၊ အစ်ကိုက ဘယ်လိုလုပ် သိသလဲ၊ ရဲဝင့် မျက်နှာ တစ်မျိုးဖြစ်သွားသည်။
" ကြိုတဲ့ လူ မတွေ့လို့ပါကွာ၊ ဘာမှ အားမနာနဲ့၊ စိမ်းဝေ သူငယ်ချင်းကို ခေါ်လေ၊ ကိုကိုတို့ အခု အလုပ်ခန်း အပေါ်ထပ် နေ တဲ့ နေရာက အကျယ်ကြီးပဲ "
စိမ်းဝေ က ခေါင်းခါသည်။ " နေပါစေ၊ အာသာ ဟိုတယ်ပဲ သွားဟာ၊ ညကျ ငါနဲ့ကိုကို စကားတွေ ၀အောင် ပြောချင်သေးတယ် " " သမီး ဧည့်သည်ကို အဲသလို မပြောရဘူးလေ "

ဒေါ်ခင်ခင်က ၀င်ဟန့်သော်လည်း အာသာက လက်ကာပြ၍ " ရတယ် အန်တီ၊ သူနဲ့ ကျွန်တော်က အဲသလိုပဲ တည့်တိုး ပြောနေကျ၊ သူ အဲ့သလို တည့်တိုး ပြောလို့ရတဲ့ သူငယ်ချင်းဖြစ်ရတာကိုပဲ ကျွန်တော်က ကျေနပ်နေတာ " ဟု ဖြေသည်။ ရဲဝင့်မျက်နှာ အထားရခက်ဟန် ပေါ်သွားသည်။
မနှင်းဖွေးကတော့ ပွင့်လင်း ရိုးသားဟန်ရှိသော အာသာခိုင်ဦးကို သဘောကျ မိသော်လည်း အာသာခိုင်ဦး၏ စကားများအရ စိမ်းဝေအပေါ်ထားသော သူ့သဘောထားကို ၀န်ခံပြီး သလို ဖြစ်နေခြင်းအတွက်တော့ ရင်လေး နေမိသည်။

စိမ်းဝေ (၁၀)

အပေါ်ထပ် ၇န်တာတံခါးကို ဖွင့်လိုက်သည်နှင့် စိမ်းဝေ ပါးစပ်အဟောင်းသားဖြစ်သွားသည်။
ဝရန်တာတွင် ကြည့်မြင်တိုင် အိမ်မှာ ကိုကိုနှင့် စိမ်းဝေ အတူတူ ထိုင်နေကျ ဒန်းကလေးက အခန့်သား ရှိနေ ပါသည်။
နေပါဦး။ ဟိုဒန်းက ငှားတဲ့ အိမ်ရှင်ပိုင်တဲ့ ဒန်းပဲ။ ကိုကို ယူလာမှာတော့ မဟုတ်ပါဘူး။ ပုံတူ ဒန်း တစ်ခု ထပ် ၀ယ်ပြီး အရောင်တူ သုတ်ထားတာပဲ နေမှာ။
ဝရန်တာသို့ ဖိနပ်ပင် မစီးဘဲ ဆင်းလာခဲ့ပြီး ဒန်းနား သွားကြည့်လိုက်တော့ သူ့ အထင်မှားကြောင်း စိမ်းဝေ သိလိုက်ရသည်။
ဒန်း၏ နောက်မှီ တွင် အင်္ဂလိပ် စာကြောင်းကလေး တစ်ကြောင်းရှိနေသည်။

" If you are sad and lonely, stay with me" တဲ့။
" ၀မ်းနည်းပြီး အထီးကျန် နေတယ်ဆိုရင် ငါနဲ့နေပါ" ဟု အဓိပ္ပာယ်ရသော စာကြောင်းကလေး။ ညတိုင်း ဒန်းပေါ်မှာ ထိုင်ပြီး အလုပ် လုပ်နေတတ်သော ကိုကို့ကို ကျီစယ်လိုသဖြင့် စိမ်းဝေကိုယ်တိုင် စိမ်းဝေ လက်ရေးဖြင့် ရေးခဲ့တာ ဖြစ်သည်။
စိမ်းဝေ ဒန်းပေါ်မှာထိုင်၍ စာသားကလေးတွေကို လက်ချောင်းကလေးတွေနှင့် ထိတို့ ကြည့်မိသည်။
တကယ်ပဲ ၀မ်းနည်းပြီး အထီးကျန်နေပြီလား ကိုကိုရယ်။ အဲဒါဆို မနှစ်က စိမ်းဝေ ပြန်မလာတော့ဘူး လို့ ပြောတုန်းက ဘာလို့ ကောင်းသားပဲလို့ အေးအေးလေး ပြောနိုင်ခဲ့ရတာလဲ။ " စိမ်းဝေ "
ရုတ်တရက် ရဲဝင့် အသံ ပေါ်လာသဖြင့် စိမ်းဝေ လှည့်ကြည့်မိသည်။ ရဲဝင့်က ၀ရန်တာ အထွက်တံခါးလေးမှာ ရပ်လျက်က လှမ်းခေါ်နေခြင်းဖြစ်သည်။ " ရှင် ကိုကို " " အထဲမှာ အဲယားကွန်း ဖွင့်ပေးထား တယ်လေ၊ အထဲမှာ နေပါလား၊ စိမ်းဝေက အရမ်းအေးတဲ့ နေရာက ရုတ်တရက် ရောက်လာတာ၊ အပူမခံနိုင်မှာ စိုးလို့ " စိမ်းဝေက ချမ်းမြေ့စွာ ပြုံး၍ ခေါင်းခါသည်။

စိမ်းဝေ မြန်မာမကလေးပါ ကိုကို။ ပြီးတော့ ဖေဖေ မေမေနဲ့ ကိုကို့ မေတ္တာရိပ်အောက်ကို ရောက်လာတာ။ အစစ အေးမြပြီးသားပါဟု စိတ်ထဲက ပြောမိသည်။ " ဒန်းကလေးက ကိုကို ၀ယ်လာခဲ့တာလား "
ရဲဝင့်က အခုမှ ဒန်းကို သတိထားမိဟန်နှင့် လှမ်းကြည့်ပြီး ခေါင်းခါသည်။ " အိမ်ရှင်က လက်ဆောင် ပေးလိုက်တာပါ " စိမ်းဝေ နှုတ်ခမ်းကလေးစူတူတူ ဖြစ်သွားသည်။ သို့သော် ရဲဝင့်က ပြုံး၍ ဆက်ပြောသည်။ " ကိုကိုက သွားဝယ်လို့လေ " ကဲ ကြည့်။ စိမ်းဝေ ပြန်ကျေနပ်သွားသည်။

" ပူလိုက်တာဟာ၊ နင် မပူဘူးလား "
ဟမ်ဘာဂါဆိုင်ထဲတွင် အေးစက်နေအောင် ဖွင့်ထားသောလေအေးစက်ကိုမှ အားမနာ။ အာသာခိုင်ဦးက အင်္ကျီကုပ် ကို တဖျပ်ဖျပ် ခါရင်းက ညည်းတွားသည်။
သူ အပို ပြောနေတာတော့ မဟုတ်။ သူ့နဖူး တစ်ခုလုံး ချွေးသီးချွေးပေါက်တွေနှင့် ဖြစ်နေသည်။ စိမ်းဝေ က သူ့ကို ကြည့်၍ ရယ်သည်။
" မြန်မာလူမျိုး၊ ယူကေမှာကြီးရင် ပူတာရော၊ အေးတာရော ခံနိုင်ရမှာ ပေါ့ဟ၊ နင်ကလည်း ရှုံ့မဲ့ မနေစမ်းပါနဲ့ "
အာသာခိုင်ဦးက ပြုံးဖြီးဖြီးလုပ်ပြသည်။
" အဲ့ဒီစကားက နင့်အတွက်ပဲ မှန်မှာပါဟာ၊ နင်ကတော့ ပူလည်းလှ၊ အေးလည်းလှ "
ရင်ဖုံး အင်္ကျီ ချည်လုံချည်ကလေးနှင့် သပ်သပ်ရပ်ရပ်ကလေး လှနေသော စိမ်းဝေကို စိုက်ကြည့် ၍ ပြောတော့ စိမ်းဝေက မျက်စောင်းထိုးသည်။

" မြန်မာပြည်ကျရင် ပြောပုံ၊ ဆိုပုံတွေ ဆင်ခြင်ဖို့ ငါပြောထားတယ်နော် အာသာ "
အာသာက တဟားဟား ရယ်သည်။
" လှလို့လှတယ်လို့ ပြောတာများဟာ၊ ဘာဖြစ်လို့လဲ "
" ဒီမှာက မိန်းကလေးတွေကို လှတယ်လို့ သူတို့ ချစ်သူတွေကပဲ ပြောပိုင်ခွင့် ရှိတာဟ "
အာသာက စုတ်သတ်၍ ခေါင်းခါသည်။
" ငါလည်း မြန်မာပါပဲဟာ၊ အဲဒီ့ ထုံးစံကြီးတော့ မကြိုက်ပါဘူး၊ ဒီက မိန်းမလှကလေးတွေခမျာ ဘယ်ယောက်ျား ကလေးကမှ သူတို့ကို လှတယ်လို့ မပြောကြဘူးဆိုရင် တော်တော် သနားစရာ ကောင်း တာပဲ " " သနားရင် နင် ဒီဆိုင်ရှေ့ထွက်ပြီး ဟို ယုဇန စူပါမားကတ် ဘက်က ထွက်လာတဲ့ မိန်းကလေး လှလှ ကလေးတွေ အကုန်စောင့်ပြီး လှလိုက်တာလို့ ပြော၊ ဖူးရောင်ပြီး ပြန်ဝင်လာရမှာ သေချာတယ် "
အာသာက ရယ်ပြန်သည်။ ပြီးတော့ အရယ်ရပ်၍ စိမ်းဝေ မျက်နှာကို ထူးဆန်းစွာ စိုက်ကြည့်သည်။
 
 " စိမ်းဝေ "
" ဘာလဲ "
" ကိုရဲဝင့်ကရော နင့်ကို လှတယ်လို့ တစ်ခါမှ မပြောဖူးဘူးလား "
စိမ်းဝေ ခဏ စဉ်းစားကြည့်သည်။ ပြီးတော့ ခေါင်းခါသည်။
" ဟင့်အင်း၊ ဒီမှာက မောင်နှမတွေလည်း အဲသလို မပြောတတ်ကြပါဘူး၊ ဘာဖြစ်လို့လဲ "
အာသာက ခေါင်းသာခါပြသည်။
စိမ်းဝေ ဖျတ်ခနဲ တစ်စုံတစ်ခုကို သတိရ၍ ထိတ်ခနဲ ဖြစ်သွားသည်။

" စောစောက နင့်နဲ့ ကိုဟန်ပိုကြီးနဲ့ ဘာတွေ ပြောနေကြတာလဲ "
ရဲဝင့် နှင့်စိမ်းဝေ အပြင်သွားနေတုန်း အာသာက စိမ်းဝေကို လာခေါ်၍ ဟန်ပိုနှင့်ဆုံပြီး စကားလက်ဆုံ ကျနေ ခဲ့ကြသည်ကို စိမ်းဝေ ပြန်အလာတွင် တွေ့ခဲ့ရ၍ မေးခြင်းဖြစ်ပါသည်။
" ငါနဲ့ အဲဒီ့အစ်ကိုကြီးကြား ပြောစရာဆိုလို့ နင့်အကြောင်းပဲ ရှိတာပဲ "
စိမ်းဝေ မသိမသာ အံကြိတ်သည်။
" နင် လျှောက်မေး နေတာပေါ့လေ "
အာသာက ရယ်သည်။

" မျက်နှာကြီး အဲဒီ့လို မလုပ်ပါနဲ့ဟာ၊ နင်က မမေးရဘူးလို့လည်း ငါ့ကို မှာမထား၊ မပြောရဘူးလို့လည်း ကိုဟန်ပို ကို ပိတ်ထားတာမှ မဟုတ်တာ၊ လက်ရှိမှာ နင့်ရဲ့ အရင်းနှီးဆုံး သူငယ်ချင်း အနေနဲ့ နင့်အကြောင်း တွေမေးမိ၊ ပြောမိတာ နင် အပြစ် မယူသင့်ပါဘူး "
စိမ်းဝေ သက်ပြင်းချသည်။
" ဒါဆို နင် ငါနဲ့ ကိုကို မောင်နှမ အရင်းမဟုတ်ဘူးဆိုတာ သိပြီးပြီပေါ့ "
အာသာက ပြုံးသည်။
" လူကြီးတွေက လက်ထပ်ပေးချင်တာကို ကိုရဲဝင့်က နှမလေး လိုပဲ စောင့်ရှောက်ချင်တယ် လို့ ငြင်းတာ လည်း သိပြီးပါပြီ " တော်တော် ဆိုးတဲ့ ကိုဟန်ပို ပါလား။ စိမ်းဝေ မျက်မှောင်ကြုတ်၍ ငြိမ်သွားသည်ကို ကြည့်ရင်း အာသာ ဖွဖွ ရယ်သည်။

" ဒါလေး သိတာများဟာ၊ နင်နဲ့ငါ သူငယ်ချင်း အရင်းကြီးပါ။ ငါ့အတွက်တော့ အဲ့ဒါ ဘာမှ နင် လျှို့ဝှက်စရာ လို့ မထင်မိတဲ့ ကိစ္စပါ။ ပြီးတော့ နင့်လောက်လှပြီး ချစ်စရာကောင်းတဲ့ မိန်းကလေး တစ်ယောက်ကို အစ်ကို အရင်းတစ်ယောက်လိုပဲ စောင့်ရှောက်ချင်တယ်လို့ ပြောတဲ့ ကိုရဲဝင့်ရဲ့ စိတ်ဓာတ် ကို ပိုပြီးတောင် လေးစား သွားသေးတယ်၊ ငါ အံ့သြတာက နှစ်ခုပဲ "
စိမ်းဝေက မျက်လုံးလှန်၍ ကြည့်သည်။
" ဘာနှစ်ခုလဲ "
" တစ်ခုက နင် ငါ့ကို အဲဒါ ဘာလို့ ပြောမပြချင်သလဲ ဆိုတာ "
စိမ်းဝေက မျက်စောင်းထိုးသည်။
" ကိုကိုနဲ့ငါ့ကို ဟိုလို ဒီလို ထင်တာမျိုးတွေ ပြောလာရင် နင်မှ မဟုတ်ဘူး။
ဘယ်သူငယ်ချင်းနဲ့မဆို မိတ်ပျက်မှာပဲ၊ အဲဒါကြောင့် မပြောပြတာ "
အာသာက ရယ်သည်။

" ပြောစရာလားဟာ၊ အခုလို သိရတော့ ပိုတောင် မပြောသေးတယ်၊ သူနင့်ကို နှမလေးအရင်းလိုပဲ ချစ်တာ သိပ်သေချာတယ် ဟ၊ သိလား "
စိမ်းဝေ မျက်လုံးပြူးပြသည်။
" ဘာဖြစ်လို့လဲ " " နင်နဲ့ ဒီလောက် ရင်းရင်းနှီးနှီး နေခဲ့ပြီး နင့်ကို ချစ်မသွားစရာအကြောင်း အဲ့ဒီ့ တစ်ခုတည်း ပဲ ရှိတဲ့ဥစ္စာ " " အာသာ " " ဆောရီး ဆောရီး၊ နင် မေးလို့ ငါပြောရတာလေ " စိမ်းဝေ မျက်စောင်း ထိုးမိပြန်သည်။
" ပြော၊ နောက်တစ်ခု အံ့သြစရာဆိုတာ " အာသာ တွေဝေသွားသည်။

" ငါ မသေချာပါဘူး၊ ထင်တာပါ၊ ကိုရဲဝင့်က ငါ့ကို သိနေသလိုပဲ "
စိမ်းဝေ မင်သက်သွားသည်။ ပြီးမှ "မဖြစ်နိုင်တာဟာ" ဟု တိုးတိုးပြောသည်။
" အေးပါ။ ငါလည်း ထင်တာပါလို့ ပြောသားပဲ၊ ကဲ ငါ့ကို အဖြေပေးဦး "
" ဘာအဖြေလဲ "
" မန္တလေး လိုက်လည်ဖို့လေ "
စိမ်းဝေ နှုတ်ခမ်း စူပြသည်။
" ငါဘယ်နှခါ ပြောရမလဲ၊ ဒီမှာ ယောက်ျားလေးတွေနဲ့ မိန်းကလေးတွေ သူငယ်ချင်းဖြစ်ရင် အဲသလို လိုက်မလည်ပါဘူးလို့၊ ပြီးတော့ ငါဒီမှာ ဖေဖေ၊ မေမေတို့နဲ့ ကြာကြာ နေချင်သေးတယ် " ရင်ထဲကတော့ ကိုကိုနဲ့ရောပဲဟု ပြောမိသည်။ အာသာကတော့ ရယ်၍ " ကဲကဲ၊ နောက် မပြောတော့ပါဘူး" ဟု ဆိုသည်။

ညဥ့်နက်နေပြီ။
ကိုကို ပြန်မလာသေး။ ပဲခူးအထိ သွားရမှာမို့ နောက်ကျမည်ဟုတော့ ပြောအသွားသား။ သို့သော် ညစာ စားလာမည်ဟု ပြောမထားသဖြင့် စိမ်းဝေ ညစာ မစားသေးဘဲ ရဲဝင့်ကို စောင့်နေသည်။ အပေါ်ထပ် ဧည့်ခန်းထဲမှာ ထိုင်၍ ယခုတလော သိပ်အောင်မြင်နေသည်ဟု ပြောသည့် အမျိုးသမီး အဆိုတော်အသစ် ၏ သီချင်းခွေကို ဖွင့်ကြည့်တော့လည်း စိမ်းဝေ ကြားဖူးပြီးသော မလေးရှား သီချင်းများ အလိုက် ဖြစ်နေ၍ ပြန်ပိတ်လိုက်သည်။
ဝရန်တာဘက် ထွက်မည် စိတ်ကူးပြီး နေရာမှအထ တယ်လီဖုန်းဘက်မှ "တီ" ခနဲ အသံရှည်ကြားရသည်။
တယ်လီဖုန်းက ဘာကြောင့် "တီ" သံမြည်ရတာတဲ့လဲ။
စိမ်းဝေ အံ့သြစွာဖြင့် တယ်လီဖုန်းဘက် သွားကြည့်တော့ စာရွက်တစ်ရွက်ထွက်လာနေသော စက် ကလေး ကို တွေ့ရသည်။ အလို ဖက်စ်ပါလား။

ဒါဆို မြန်မာပြည်မှာ ဖက်စ် ရနေပြီပေါ့။ ရရုံသာမက ရဲဝင့်ပင်လျှင် ကုမ္ပဏီအတွက် ဖက်စ် တပ် ဆင်နိုင်နေပြီ။ ကောင်းလိုက်တာ။ ဒါဆိုရင် ကျောင်းမဖွင့်ခင် ကျောင်းကို ဆက်သွယ်ချင်ရင် အိမ်ကနေ အသာ ဖက်စ် ထိုး လိုက်ရုံပေါ့။
အောက်က ရုံးခန်းမှာလည်း ကွန်ပျူတာနှစ်လုံး တွေ့ခဲ့သည်။ အာသာ ပြောသည့် ၀င်းဒိုးစနစ်လည်း ပါပြီး သား။ အဆင်သင့်လိုက်တာ။

စိမ်းဝေ စာရွက်ကလေးကို ကောက်ကိုင်ကြည့်သည်။ စင်ကာပူ ကုမ္ပဏီတစ်ခုမှ ဓာတ်လှေကား ဈေးပို့သော "အင်ဗွိုက်စ်"။ ဆောက်လုပ်ရေးလုပ်ငန်းတွေ အရောင်းထိုင်းနေသည် ဟုသာ ပြောသည်။ ကိုကို အလုပ်တော့ ပြတ်ဟန် မတူဟု တွေးရင်း တယ်လီဖုန်း အောက်က စားပွဲအံဆွဲ ကလေးကို ဖွင့်၍ စာရွက်ကို ထည့်မည်ပြု သည်။ အံဆွဲထဲက စာရွက်ပုံ အပေါ်ဆုံးမှ စာရွက်ထောင့်တွင် ပါသော Ref: Aurthur Khaing Oo ဆိုသည့် အင်္ဂလိပ်စာလုံးက စိမ်းဝေ မျက်စိကို ဖမ်းချုပ်လိုက်သည်။
ဘုရားရေ။

အာသာကို ကိုကို တကယ်ပဲ သိနေတာလား။
စာရွက်ကို ဆွဲထုတ်ကြည့်လိုက်သည်။ အင်္ဂလိပ်ဘာသာဖြင့် ကွန်ပျူတာ စာစီထားသော စာလုံးများ ယူကေက ဖက်စ် ပါလား။
" အာသာ မြန်မာပြည် ခရီးစဉ်မှာ ခင်ဗျားညီမနှင့်အတူ ဖြစ်သည်။ အကြောင်းရင်းကို သေချာစွာ မသိရသေး သော်လည်း မန္တလေး မှ အဘိုး၊ အဘွားများကို စိမ်းဝေနှင့် မိတ်ဆက်ပေးရန် ကြိုးစားဖို့ဟု ယူဆသည်" စိမ်းဝေ မျက်လုံးများ ပြာဝေသွားသည်။
အဲသည် အချိန်မှာပင် အိမ်အောက်က ကားဟွန်းသံကို ကြားရလေသည်။

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

Monday, May 28, 2012

လင်္ကာရည်ကျော် ၏ တိမ်တွေ တောင်တွေ နှင့် ခရီးသည်, အပိုင်း (၁ဝ)

"ဟန်ပိုက မျက်ရိပ်ပြသဖြင့် တစ်ခုခုတော့ ပြဿနာဖြစ်ပြီဟု မနှင်းဖွေးရိပ်မိလိုက်သည်။ ရဲဝံ့တို့ ကုလားထိုင် မှာ ထိုင်မိသည်အထိ စောင့်ပြီးမှ ရေတစ်ခွက် ရေခဲသေတ္တာထဲမှ ငှဲ့ယူပေးပြီး ရဲဝံ့ရှေ့တွင် ချပေး လိုက်သည်။ "ဘာဖြစ်လို့လဲ ကိုရဲဝံ့" ရဲဝံ့က နွမ်းလျစွာ ပြုံးသည်။
"နှင်း ဘဲ မေးမှ နဲ့ တူတယ်၊ နှင်းဆိုရင် ဘယ်လို ဆုံဖြတ်မလဲလို့" "ဘာကိုလဲ" ဟန်ပို က ဖြတ် ၀င်ပြော သည်။ "သူ့မိထွေး ကကွာ၊ ဆင်ဖြူကျွန်း က တူမနှစ်ယောက်ကို အလုပ် သွင်းပေးခိုင်းနေ တယ်၊ စာပေးစာယူနဲ့ ဘွဲ့ရပြီးသားတွေ ပါဘဲ၊ ငါကလည်း ရပါတယ်၊ ပေးပါလို့ ပြောတာ ဒီကောင်က သိပ်မကြိုက် ချင်ဘူး ဖြစ်နေတယ်"
ကို ဆက်ဖတ်ရန်....

မနှင်းဖွေးက ရဲဝံ့ကို လှည့်ကြည့်သည်။ "ကိုရဲဝံ့က မိန်းကလေးတွေကို သိလို့လား"
ရဲဝံ့က ခေါင်းခါသည်။ "တစ်ခါမှ မဆုံဖူးပါဘူး" "ဒါဆို ဘာကို မကြိုက်တာလဲ"ရဲဝံ့က ပခုံးတွန့်ပြသည်။

"အဒေါ် ယူထားတဲ့ ယောက်ျားဘက်က ပါလာတဲ့ လင်ပါသားကုမ္ပဏီမှာ အလွယ် ၀င်လုပ်ချင်တဲ့ စိတ်ဓာတ်ကို မကြိုက်တာ၊ ဒီအလုပ်ကို စိတ်ဝင်စားလို့၊ ကြိုးကြိုးစားစားလုပ်ပြချင်လို့လို့ ယုံဖို့ခက်တယ်၊ သူဌေး အမျိုးဆိုပြီး အလုပ်အချောင် လိုချင်တဲ့ လူစားမျိုးက အလုပ်ထဲ ကျရင်လည်း ငါက အမျိုးဘဲ ဆိုပြီး ဘော်ကြော့ နေတတ်တယ်၊ အဲဒါကို စိတ်ပူတာ" ဟန်ပိုက စုတ်သတ်သည်။
"မင်းကလည်းကွာ၊ မြင်တောင် မမြင်ဖူးသေးဘဲ ရမ်းသမ်း အမှတ်နုတ်နေတယ်၊ တကယ် အလုပ်ကြိုးကြိုး စားစား လုပ်ချင်တာ၊ အဆက်အသွယ်မရှိလို့လည်း အားကိုးရှာတာ ဖြစ်ချင်ဖြစ်မှာပေါ့"
ရဲဝံ့ခေါင်းခါ သည်။
"အဲသလိုဆိုရင် သူ့အဒေါ်နဲ့ငါ့ကို လာတွေ့ပြီး လျှောက်လွှာတင်ရမယ်၊ အကျိုးအကြောင်း လာပြောပြ ရမယ်လေ၊ အဝေးကနေ အဒေါ်နဲ့တစ်ဆင့် လှမ်းပြောတယ်ဆိုတဲ့ လူစားမျိုးက အလုပ်မှာ ခိုကပ်လို့ ငါဆူလိုက်ရင် လည်း အဒေါ် ပြေးတိုင်ကြမှာဘဲ၊ ဒါ တွက်လို့ရတယ်" မနှင်းဖွေး သက်မ ရှိုက်တင်မိသည်။

ရဲဝံ့ ပြတ်သားလွန်း၍ လူမှုဆက်ဆံရေး နယ်ပယ်မှာ လူချစ်လူခင်မများတာ သေချာသော်လည်း ရဲဝံ့၏ တွက်ချက်မှုတွေက လွဲခဲကြောင်းလည်း သတိရမိ၍ စိတ်ကျဉ်းကျပ်လာသည်။
ဟန်ပို လည်း သူ့လိုဘဲ တွေးဟန်တူသည်။ "ကဲပါလေ၊ မင်း သဘောမကျလည်း ငြင်းလိုက်ပြီး ဒီလျှောက်ထား တဲ့အထဲကဘဲ ရွေးပေါ့၊ မင်းက ငြင်းထည့်လိုက်ရမှာလည်း အားနာ မယ့် ကောင်စား မဟုတ်ပါဘူး၊ ငါ သိပါတယ်" ရဲဝံ့က သက်ပြင်းချသည်။
"အဲသလောက် လွယ်ရင် ငါ မင်းတို့တောင် တိုင်ပင်မနေဘူး၊ ငြင်းထည့်လိုက်ပြီးပြီ၊ အန်တီခင့် စကား တစ်ခွန်းကြောင့် ငါ ခက်နေတာ" "ဘာစကားလဲ" ရဲဝံ့မျက်နှာ တစ်မျိုး ဖြစ်သွားသည်။

"သမီးလေးတောင် မင်း ဒီလောက်လုပ်ပေးသေးတာဘဲ၊ ဒီကလေးမတွေက စိမ်းဝေနဲ့ တစ်ဝမ်းထဲ ကွဲတာနော်" တဲ့။ မနှင်းဖွေးနှင့် ဟန်ပို အာစေးမိသွားပါသည်။ တစ်ယောက်က အသက်အစိတ်ဆိုတော့ ရဲဝံ့ထက် အနည်းငယ်သာ ငယ်သည်။ ကလျာတဲ့။ အငယ်က ၂၁နှစ်။ စိမ်းဝေထက်  အနည်းငယ်သာ ကြီးသည်။ မူယာတဲ့။ သူတို့ချင်းလည်း တစ်ဝမ်းကွဲသာ တော်သည်။ ၀တ်စားထားတာတော့ ရိုးရိုးယဉ်ယဉ် ပါဘဲ။ ရဲဝံ့ကိုတော့ အစ်ကိုဟု ရင်းရင်းနှီးနှီး ခေါ်ကြသည်။ ဟန်ပိုကိုတော့ ကိုဟန်ပိုတဲ့။ မနှင်းဖွေး ကို လည်း နှင်းတဲ့။ အလုပ်အကြောင်းရှင်းပြတော့ သိပ်စိတ်ဝင်းစားဟန်မတူ။ ရယ်စ ရာတွေ ဖြတ်ဖြတ်ပြောနေ တာ များ သည်။ လေးလေးနက်နက်မရှိ။

ရဲဝံ့က သိပ်နှစ်သက်ဟန်မတူ။
"နှင်းဘဲ ဆက်ရှင်းလိုက်တော့လို့ ကွန်တိန်နာဆိပ်ကမ်းသွားလိုက်ဦးမယ်၊ ဟန်ပိုက ဒီမှာ စောင့်ပေးလိုက်၊ စူပါမားကက် အုပ်စု က လူတွေလာလိမ့်မယ်" မနှင်းဖွေး ခေါင်းညိတ်ပြတော့ ရဲဝံ့ ထွက်ခွာသွားသည်။
ဟန်ပို က မယောင်မလည်နှင့် နေရာမှ ထ၍ မီးဖိုဖက် ၀င်သွားသည်။ အရိပ်အကဲသိသော မနှင်းဖွေးက ခဏနော် ဟု လက်ပြ၍ ဟန်ပို့နောက် လိုက်သွားသည်။ ဟန်ပို က ဖန်ခွက်ထဲ ရေတစ်ခွက် ငှဲ့ထည့်၍ စိတ်အေးလက်အေးမော့သောက်နေသည်။ မနှင်းဖွေးက မေးငေါ့ပြတော့ ဟန်ပိုက ရယ်သည်။
" ထားလိုက်ပါဟာ၊ ငြင်းလို့ကောင်းတဲ့ လူတေါမှ မဟုတ်တာ၊ အလုပ်မနိုင်ရင် လူ ထပ်ခန့်ချင်ခန့်၊ ဒီလူ နှစ်ယောက် လစာ ဘာမှ မရှိပါဘူး၊ အန်တီခင့် မျက်နှာက ရှိသေးတယ် " " ကိုရဲဝင့် ကြောက် တာလည်း အဲဒီ အန်တီခင့်မျက်နှာ ၀င်ဝင်ပါနေမှာကိုပဲ " ဟန်ပိုက ခေါင်းခါသည်။

" ဒီ ကောင်မလေးတွေကသာ မသိတတ်ချင်နေရင် နေမယ်၊ အန်တီခင်ကတော့ သိတတ်ပါတယ်၊ ၀င်ပါမှာ မဟုတ်ပါဘူး၊ အလုပ်ဖြစ်ရင်ဖြစ်၊ မဖြစ်ရင် ပြန်ပို့ပေါ့၊ သူတို့လည်း စိမ်းဝေ အစ်မတွေပဲ၊ သိပ်တော့ ညံ့မယ် မထင်ပါဘူး၊ အနည်းဆုံး စိမ်းဝေ အစ်မနဲ့တူတာ တစ်ခုတော့ ရှိကြပါတယ် "
" ဘာလဲ " " ညိုချောလေးတွေလေ " မနှင်းဖွေးက မျက်စောင်းထိုး၍ နှာဘူးဟု အသံမထွက် ဘဲ ရေရွတ်တော့ ဟန်ပို က တဟားဟားရယ်သည်။

ရဲဝင့် (၁၀)

ရဲဝင့်က ကျေနပ်စွာပြုံး၍ ကြားလူကို လက်ဆွဲနှုတ်ဆက်သည်။
" ကျေးဇူးပဲဗျာ၊ ဒီလူတွေ အင်တင်တင်နဲ့၊ ခင်ဗျား ပြောတတ်လို့ အဆင်ချောသွားတာ "
ကြားလူက ရယ်သည်။
" ဒီအတိုင်းတော့ ဘယ်ရမလဲဗျ၊ တစ်ပွဲကျွေးရမှာပေါ့ "
" ရပါတယ်ဗျာ၊ ကြိုက်တဲ့ဆိုင်သာ ရွေး "
ကြားလူ က ဆိုင်နာမည် ရွတ်ပြသည်။ ရဲဝင့် မကြားဖူးသော ဆိုင်နာမည်ပါ။ ဟန်ပို့ကို လှည့်ကြည့်တော့ ဟန်ပို ကလည်း ပခုံးတွန့်ပြသည်။
" ကဲ သွားလေ "
ပထမတော့ ယမကာ ၀ါသနာပါ၍ အဲသည့်ဆိုင်ကို ရွေးကြသည်ဟု ပထမ သူ ထင်လိုက်မိသည်။

သူတို့အဖွဲ့က သုံးယောက်၊ ရဲဝင့်နှင့် ဟန်ပိုပါဆိုလျှင် ငါးယောက်။ မီးမှောင်မှောင် အခန်းကျဉ်း ကလေး ထဲရှိ ဆိုဖာခုံများတွင် ၀င်ထိုင်၍ စားစရာသောက်စရာများ မှာပြီးသောအခါ ဘောင်းဘီ အတို၊ အရှည် မျိုးစုံ ခပ်ကျပ်ကျပ်နှင့် လည်တော်တော် ဟိုက်ဟိုက်၊ တီရှပ် ကျပ်ကျပ်ကလေးများ ၀တ်ဆင်သော အသက်နှစ်ဆယ် ခန့် အရွယ် မိန်းကလေးငါးယောက်အခန်းထဲ ၀င်လာကြပြီး သူတို့ ကြားတွေထဲမှာ ၀င်ထိုင် လိုက်ကြသည်။
" ကြားလူ " က အနီးဆုံး မိန်းကလေး၏ ခါးကိုပင် ဖက်လိုက်သေးသည်။
ရဲဝင့် မျက်မှောင်ကြုတ်သည်။
" ဘာလဲ သူတို့က "
ကြားလူက ရယ်သည်။
" ဆရာ ရဲဝင့်အကြောင်း ကျွန်တော်တို့ သိပါတယ်ဗျာ၊ အရက်လည်း မသောက်၊ လောင်းကစားလည်း မလုပ်၊ မိန်းမလည်း မပွေတဲ့ ရှားပါး လူပျိုကြီးဆိုတာ၊ ဒီကလေးမကလေးတွေက အမြည်း ထည့်ပေးရုံပါ "
ဟန်ပို က မျက်ရိပ်ပြသည်။ ရဲဝင့်က သက်ပြင်းချသည်။

" အေးပါ ဗျာ၊ လုပ်ကြပါ၊ ကျွန်တော့် အတွက်တော့ မလိုဘူးဗျ၊ ကျွန်တော်က အရက်လည်း မသောက် တတ်ဘူး၊ ညီမ ဟိုနားမှာပဲ နေပေးနော်၊ ညီမ အတွက်လည်း ဘောက်ဆူး သတ်သတ်ပေးမယ် ဟုတ်လား "
ရဲဝင့်ဘေး က မိန်းကလေးက ရတယ်လေဟု ခပ်မဲ့မဲ့ပြုံးပြ၍ မျက်စောင်းတစ်ချက်ထိုးပြီး ထသွားသည်။

" လူမှုရေးဆိုတာ ရှိတယ်ဟ " ဟန်ပိုက အပြန်လမ်းမှာ ကားမောင်းရင်း ပြောတော့ ရဲဝင့်က ပခုံး တွန့်ပြသည်။ " ငါက အရက်လိုက်သောက်ပြီး ကောင်မလေးတွေ ဖက်လား ယမ်းလား လုပ်မှ ကျေပွန် မယ့် လူမှုရေး ဆိုရင်တော့ မကျေပွန်လည်း နေကွာ "
ဟန်ပိုက ခေါင်းခါသည်။
" ယောက်ျား ၉၀ ရာခိုင်နှုန်းက အဲဒါတွေ ၀ါသနာ ပါတယ်ဟ၊ တို့ လုပ်ငန်းက ယောက်ျားကြီးတွေ အများကြီး နဲ့ လုပ်နေတာ၊ သူတို့ ၀ါသနာပါတဲ့ ကိစ္စကို မဲ့ပြရွဲ့ပြလို့တော့ မိတ်ပျက်မှာပေါ့ "
" မမဲ့ပြ၊ မရွဲ့ပြပါဘူး၊ ငါ မလုပ်တာ သက်သက်ပါ၊ ၉၀ ရာခိုင်နှုန်း က လုပ်လည်း မကောင်းမှုက မကောင်းမှု ပဲ၊ ကောင်းမှု ဖြစ်မလာဘူး၊ တို့ရုံ ထိရုံလည်း မကောင်းမှုက မကောင်းမှု ပဲ၊ ကောင်းမှု ဖြစ်မလာဘူး၊ တစ်ကျိုက် သောက်လည်း မကောင်းမှုက မကောင်း မှုပဲ၊ ကောင်းမှု ဖြစ် မလာဘူး၊ ဘုရားဟော ထဲမှာ အဲဒီအတွက် အတိ အကျပါတယ် "

" ဘာလဲ "
" မကောင်းမှု ဆိုတာကို တဲ့၊ အနည်းငယ်မျှသာပဲ ဆိုပြီး မထီမဲ့မြင် မပြုရာတဲ့၊ တစ်စက်တစ်စက် ကျတဲ့ ရေနဲ့ စဥ့်အိုးဟာ ပြည့်ရသလို၊ မကောင်းမှုမှာ စမွေ့လျော်တာနဲ့ တဖြည်းဖြည်း တိုးပွားလာတတ်သတဲ့၊ ၉၀ ရာခိုင်နှုန်းသော ယောက်ျားကြီးတွေ ၀ါသနာပါတဲ့ ကိစ္စဆိုရင် အဲဒီ လူတွေနဲ့ ယှဉ်တွဲ လှုပ်ရှားနေ ရတဲ့ တို့က ပိုသတိထား ရှောင်သင့်သေးတယ် သိလား "
ဟန်ပို တွေဝေ တိတ်ဆိတ်သွားသည်။

စိမ်းဝေ (၉)

တိုက်ခန်း လူခေါ် ခေါင်းလောင်းကို တီးမြည်ဟု ကြံလိုက်ရုံ ရှိသေးသည်။ တံခါးက ပွင့်၍ အာသာခိုင်ဦး ထွက် လာသဖြင့် စိမ်းဝေ အံ့သြသွားသည်။
" နင် ဘယ်လိုလုပ် …. "
" ငါက မျှော်နေတာလေ၊ တံခါးမှန်မှာ လူရိပ်တွေ့တာနဲ့ ပြေးလာတာ၊ ကဲလာ "
စိမ်းဝေ အိမ်ထဲသို့ လှမ်းဝင်လိုက်သည်နှင့် ကျဉ်းမြောင်းသော လူသွားစင်္ကြ့လေးနှင့် အပေါ်ထပ်သို့ တက်သော လှေကားတို့ အပြိုင် စောင့်နေကြသည်။ " ပရိုဂျက်တာက အပေါ်ထပ်မှာဟ " စိမ်းဝေ မျက်မှောင်ကြုတ်သည်။ " အပေါ်ထပ်က နင့်အိပ်ခန်း မဟုတ်ဘူးလား " အာသာက ဟက်ဟက်ပက်ပက် ရယ်သည်။

" ဒီတစ်အိမ်လုံးက ငါ့အိပ်ခန်းပဲ၊ ငါအိပ်ချင်တဲ့ နေရာမှာ အိပ်တာ၊ အပေါ်မှာ နှစ်ခန်း၊ နင် ဆလိုက်တွေ လာ ကြည့်ချင်တယ် ပြောတော့ ငါ တစ်ခန်းကို ရှင်းထားတယ်၊ အောက်က အခန်းက ဟိုဂျပန်မ မငှားတော့ ကတည်းက ပိတ်ထားတာ၊ လာပါဟာ နင်နဲ့ ငါနဲ့ သူငယ်ချင်းဖြစ်တာ စာသင်နှစ် တစ်ပိုင်းတောင် ကုန်တော့ မယ်၊ နင် ငါ့ကို မယုံသေးဘူးလား " စိမ်းဝေ သက်ပြင်းချ၍ အားတုံ့ အားနာ ရယ်လိုက်သည်။ ဟုတ်ပါရဲ့။ အာသာသည် ယူကေ နိုင်ငံပေါက် တစ်ဦးပီပီ အနောက်ဆန်လွန်းသော ဗီဇ အကျင့်များ ရှိနေတာ ထင်ရှားပေမယ့် သူ့ကိုတော့ မြန်မာမိန်းကလေး တစ်ဦးကို ပေးသင့်သော ငဲ့ကွက် မှု၊ စောင့်စည်းမှု များနှင့် တည်ကြည်စွာ ခင်မင် ကူညီနေခဲ့သည်မှာ ထင်ရှားလှသည်။

အာသာခေါ်သည့် အပေးထပ်သို့ ကော်ဇောထူ ခင်းထားသော လှေကားထစ်များအတိုင်း လျှောက်၍ တက်ခဲ့ သည်။
" လာ ဒီအခန်း ကိုဝင်၊ ဟိုမှာ ပရိုဂျက်တာ အဆင်သင့်ပဲ၊ ပိတ်ကားကတော့ ဟိုမှာ ချိတ်ထားတဲ့ ငါ့အိပ်ရာ ခင်းပေါ့ဟာ၊ ငါ အောက်မှာ ကော်ဖီနှပ်ထားတယ်၊ သွားယူလိုက်ဦးမယ် "
ကျဉ်းမြောင်းသော လှေကားမှာ သူ့ကို ရှောင်၍ ဆင်းသွားသော အာသာကို ကြည့်ရင်း စိမ်းဝေ ဆလိုက် ထုပ် ကို ထုတ်ယူသည်။

အခန်း တစ်ခန်းလုံးမှာ နှစ်ယောက်ထိုင် ဆိုဖာတစ်ခုံသာ ချထား၍ စိမ်းဝေ အဲသည်မှာပင် ထိုင်ရသည်။ အာသာ က ဂရောင်းကော်ဖီ၊ ကျိုထားသော အိုးကလေး၊ သကြားဖန်ဘူး၊ နွားနို့စက္ကူဘူး၊ မတ်ခွက်နှစ်ခွက် ကို တင်ထားသော လင်ပန်းကလေးကို ဆိုဖာရှေ့က စားပွဲငယ်ကလေးပေါ်ချ၍ ဆိုဖာတစ်ဖက်ခြမ်းမှာ ၀င်ထိုင် သည်။ " နင် တခြား လုပ်ချင်တာရှိရင် သွားပါ၊ အင်ဂျင်နီယာလောင်းက ပန်းချီကားတွေ ကြည့်ရတာ ဘယ်စိတ် ၀င်စား မလဲ " အာသာ က ဘာမှ မဖြေဘဲ ဆလိုက်ထုပ်ပေါ်မှ နာမည်ကို ဖတ်ကြည့် သည်။

" Works of Edgar Degas " (အက်ဂါဒီဂါးစ်၏ ပန်းချီများ)  " တစ်ထုပ်လုံး ဒီဂါးစ် ချည်းပဲလား " စိမ်းဝေ မျက်ခုံးပင့်သွားသည်။ " နင် ဒီဂါးစ်ကို သိသလား "  အာသာက ခေါင်းညိတ်ပြသည်။ " ပြင်သစ် ပန်းချီဆရာ မဟုတ်လား၊ အင်ပရက်ရှင်းနစ်စ်လေ " စိမ်းဝေ ပါးစပ်အဟောင်းသားဖြစ်သွားသည်။

" ဟုတ်တယ်၊ တော်တော်များများကတော့ သူ့ကို မိုနက်တို့၊ ရေနွားတို့လိုပဲ အင်ပရက်ရှင်းနစ်လို့ လက်ခံ ထားကြတယ်၊ သူကလည်း အဲဒီလတွေနဲ့ ပြပွဲ၈ပွဲမှာ ၇ပွဲပြဖူးတယ်၊ ဒါပေမဲ့ သူ ကတော့သူ့ဟန်သက်သက်ပဲ၊ ဂျပန်ဟန်ပန်တချို့ ထွက်နေတယ်လည်း ပြောကြတယ်၊ သူက သူမျူား ဆွဲ နေကျ ရှုထောင့်က မလွဲဘူး၊ အပေါ်ကတို့၊ တစောင်းတို့၊ သူ ယူချင်တဲ့ ပုံစံ ယူဆွဲတာ၊ စားပွဲတို့၊ ဗီရိုတို့ ဆိုရင် လည်း အစွန်းတွေ၊ အပြတ်တွေနဲ့ဓာတ်ပုံ ရိုက်သလို ပါလာတတ်တာ၊ သူ နာမည်ကြီးခဲ့တဲ့ ၁၈၇၀ ကျော် နှစ်တွေမှာ ဓာတ်ပုံက အဲသလောက် မထွန်းကားသေးတော့ ဓာတ်ပုံပညာရဲ့ သဘောတွေ ကို သူ့ပန်းချီတွေမှာ တွေ့ရတတ်တယ် လို့လည်း ပြောတယ်၊ နေပါဦး၊ နင်က ဒါတွေ ဘယ်လိုလုပ် သိနေတာလဲ " အာသာက ပခုံးတွန့်ပြသည်။

" သိပ် အသိကြီးတော့လည်း မဟုတ်ပါဘူး၊ ဒီလိုပဲ ကိုယ် အခင်ချင်ဆုံး မိန်းကလေးက အတ်စ်ခရက်တစ် ဖြစ်ချင်တယ် ဆိုတော့ ငါလည်း စကားပြောလို့ ရအောင် နည်းနည်းတော့ လေ့လာ ရတာပေါ့၊ မြန်မာ ကလေးတွေ ပေါင်းရတာ လွယ်တာ မှတ်လို့ "
စိမ်းဝေ က မျက်စောင်းထိုး၍ အရူးဟု တိုးတိုးပြောသည်။
ကိုကို က လွဲလျှင် တခြား ယောက်ျားကလေး တစ်ဦး၏ အရေးစိုက်မှုကို စိတ်ထဲက ကြည်နူးသလို ဖြစ်မိ သည်ကတော့ ဒါ ပထမဦးဆုံးပဲဟု ထင်သည်။

Dance Class (အကသင်တန်း) ပန်းချီကားထဲတွင် ဘဲလေး ကချေသည်များ အလယ်တွင် ထူးထူး ဆန်းဆန်း ထည့်ဆွဲထားသော သင်တန်းဆရာ အဘိုးအို ဂျူးလ်စ်ပါရော့၏ ပုံကို တအံ့တသြ ငေးမော ကြည့်နေရင်းက နောက်မှ တံခါးဖွင့်သံ ကြား၍ လှည့်ကြည့်လိုက်တော့ ဆင်းဒ၀စ်ခ်ျ ဘူးနှစ်ဘူး ကိုင်၍ ၀င်လာသော အာသာ ကို တွေ့ရသည်။
" နင် ဆာနေမှာ စိုးလို့၊ ငါလညး ဘာမှ မချက်တတ်တာနဲ့ မျက်စောင်းထိုးဆိုင်က ဆင်းဒ၀စ်ခ်ျ သွားဝယ် လာတာ၊ ကျူနာဆင်းဒ၀စ်ခ်ျ စားတယ်မဟုတ်လား " စိမ်းဝေက ပြုံး၍ ခေါင်းညိတ်ပြရင်း လက်ထဲက ပရိုဂျက်တာရီမုတ်ခလုတ် ကို တစ်ချက် နှိပ်လိုက်သည်။

" နင် ပြောတော့ ဒီဂါးစ်က စားပွဲတွေ၊ ဗီရိုတွေကို တစ်ဝက်ပြတ်ကြီးတွေ ထည့်ဆွဲတတ်တယ်ဆို၊ ဒီမှာ လူပုံပါ ရှေ့တစ်ခြမ်းပြတ်နေပါလား " စိမ်းဝေက ဆင်းဒ၀စ်ခ်ျ တစ်ကိုက် ကိုက်နေရင်းက သီးမတတ် ရယ်သည်။ " ထိုင်နေတဲ့ လူကြီးက မင်နက် တဲ့၊ နင် မင်နက်ကိုရော သိသလား " အာသာ ခေါင်းညိတ်ပြ သည်။ " အင်ပရက်ရှင်းနစ်စ်ပဲလေ၊ ဒီဂါးစ်ရဲ့ ပြိုင်ဘက်ပေါ့၊ ဘာလဲ ဒီကားက မင်နက်ရဲ့ လက်ရာလား "
စိမ်းဝေ က ခေါင်းခါသည်။

" ဒီဂါးစ်ပဲ ဆွဲတာပါ၊ ရှေ့က စန္ဒရားတီးနေတဲ့ မိန်းမက "
" နေပါဦး ဘယ်မှာလဲ စန္ဒရား " " မပါဘူးလေ ပြတ်နေတာ အဲဒါ မင်နက်ရဲ့ မိန်းမ၊ ဒီဂါးစ်ဆွဲထားတဲ့ သူတို့ ပုံတူ ထဲက သူ့မိန်းမပုံ လက်ရာကို မကြိုက်လို့ဆိုပြီး မင်နက်က ဖြဲပစ်လိုက်တာ၊ ဒီဂါးစ်က တမင်ဖြတ်ဆွဲ တာ မဟုတ်ဘူး " အာသာက ရယ်သည်။ " ရှေးတုန်းက ပန်းချီဆရာကြီးတွေလည်း ကလေးစိတ် မကုန်သေးပဲကိုး၊ ဒါပေမဲ့ ဒီပန်းချီကားကိုတော့ ဆက်ထိန်းသိမ်းထားကြတယ်ပေါ့ "
" တန်ဖိုးကြီးပေါ့ဟာ၊ ဒီမှာ မရှိဘူး၊ ဒါ ဂျပန်က ပြတိုက်တစ်ခုမှာဘဲ ရှိတာ၊ နို့နင်က နင့်စာတွေလည်း ကျက်နေရတာ၊ ဒါတွေ ဘယ်အချိန် သွားလေ့လာနေလဲ "

" ပန်းချီ ပညာရှင်မလေးတစ်ယောက်အကြောင်း စဉ်းစားမိတဲ့ အချိန်တွေပေါ့ဟာ "
အာသာ  မချိုမချဉ်ပြောတော့၊ စိမ်းဝေက မျက်စောင်းထိုး၍ အရူးဟုဒုတိယမ္ပိပြောပြန်သည်။
အာသာက တဟားဟား ရယ်သည်။ ပြီးတော့မှ " နင် နည်းနည်း စောင့်လိုက်ရင် ဒီ ပန်းချီတွေ အားလုံး ကွန်ပျူတာမှာ ကြည့်လို့ရတဲ့ ဆော့ဖ်ကော်ပီတွေ ထွက်လာမှာပဲ " စိမ်းဝေ မျက်လုံးပြူးသွားသည်။

" ကွန်ပျူတာမှာ ပန်းချီ ကြည့်လို့ရတယ် ဟုတ်လား "
" ၀င်းဒိုး မပေါ်ခင်ကတော့ ဘယ်ရမလဲဟ၊ အခု ၀င်းဒိုး ပေါ်လာတော့ ဒီဆလိုက် ပရိုဂျက်တာတွေ မကြာခင် ခေတ်တုံးတော့မယ် ထင်တယ်၊ မောက်စ်ကလေး တစ်ချက်နှိပ်ရင်ကြိုက်တာ ခေါ်ကြည့်လို့ရတဲ့ ခေတ် ရောက်တော့မှာ၊ နင့် အစ်ကိုကို ကွန်ပျူတာ ၀ယ်ပေးဖို့သာ ပူဆာ " ကိုကို။ ကိုကို့အကြောင်း စဉ်းစားမိသည်နှင့် သူ့ဘေးမှာ ထိုင်နေသော အာသာ ရေငွေ့များလို လွင့်ပါး ပျောက်ကွယ် သွားသည်။

မနှင်းဖွေး (၉)

ထုံးစံအတိုင်း ရဲဝင့်ကို အလုပ်စားပွဲပေါ်မှာ မှောက်လျက် အိပ်ပျော်နေသည်ကို တွေ့ရသဖြင့် မနှင်းဖွေး အသံ တတ်နိုင်သရွေ့ မမြည်အောင် ပတ်လျှောက်ပြီး မီးဖိုခန်းဘက်သို့ ၀င်သွား၍ ရေနွေးကျိုသည်။
ကော်ဖီ ဖျော်နေတုန်းမှာ ရဲဝင့် မျက်နှာသစ်သံကို ကြားရသည်။ မနှင်းဖွေးက သူဝယ်လာသော မုန့်ဟင်းခါးကို ပန်းကန်လုံး တစ်ခုထဲ ထည့်နေချိန်တွင်တော့ ရဲဝင့် မျက်နှာသုတ်ပ၀ါ အသေးကလေးတစ် ထည် ပခုံးမှာ တင်လျက်သားလာထိုင်သည်။
" ညဥ့်နက်အောင် အလုပ်လုပ်တာ ဘယ်နှည ရှိနေပြီလဲ၊ ဟိုတလောကတင် ခေါင်းက အကြီးအကျယ် ကိုက်ထားသေးတာ၊ နားဦးမှာပေါ့ " ရဲဝင့်က ရယ်ကျဲကျဲနှင့် ကော်ဖီပန်းကန်ကို ဆွဲယူသောက်သည်။
" ကိုရဲဝင့် ဘာလို့ ဒီလောက် ကြိုးစားနေတာလဲ ဟင် " မနှင်းဖွေးက မေးရင်း ၀င်ထိုင်ပြီး သူ့အတွက် ကော်ဖီတစ်ခွက် ဖျော်သည်။ ရဲဝင့်က ခဏ စဉ်းစားနေပြီးမှ ဖြည်းဖြည်းဖြေသည်။

" အမှန်အတိုင်း အတိုချုပ် တိတိကျကျ ဖြေရရင် " " အင်း " " မေ့သွားပြီလို့ ဖြေရမှာပဲ " " ဟာ ကိုရဲဝင့် "
ရဲဝင့်က ရယ်သည်။

" ဟုတ်တယ်၊ မပြည့်စုံတဲ့ ဘ၀က လာလို့ ပြည့်စုံချင်လို့၊ မကြောင့်မကြ နေချင်လို့ ကြိုးစားခဲ့တာတော့ အမှန်ပဲ၊ အခု သိပ်ကြီးမဟုတ်တောင် ကိုယ့်အထွာနဲ့ ကိုယ်တော့ ပြည့်စုံနေပြီ၊ ဖေဖေနဲ့ အန်တီခင်ကိုလည်း အလုပ်က နားပြီး ငြိမ်းငြိမ်းချမ်းချမ်း နေနိုင်အောင် ထောက်ပံ့နိုင်ပြီ၊ စိမ်းဝေကို လည်း နိုင်ငံခြားမှာ ကျောင်းထားနိုင်ပြီ၊ အိမ်ပိုင်၊ ကားပိုင်ရုံလောက် အဆင့်လည်း ကျော်ခဲ့ပြီ၊ ဒါပေမဲ့ နှင်းလည်း တို့တွေနဲ့အတူ ရုန်းကန်ခဲ့တာ သိမှာပဲ၊ ဒီလို ကြိုးစားရင်းက ပြည့်စုံလာတာ ငွေကြေး၊ ပစ္စည်းဥစ္စာတစ်ခုတည်းမှ မဟုတ်တာ၊ အတွေ့အကြုံတွေ၊ လုပ်ငန်းကျွမ်းကျင်မှုတွေ ရှေ့ကို တွက်တတ်တဲ့ အမြင်တွေ၊ ဒါတွေ စုမိလာတော့ ကိုယ် လုပ်တာ လေးတွေက အကောင်အထည်ပေါ်တာ များများလာတယ်၊ မှန်းတာလေးတွေက မှန်မှန်လာတယ်၊ ကိုယ်တိုင် ၀င်လုပ်တာနဲ့ သူများ လုပ်ပေးတာ ထိုင်ကြီးကြပ်ရတာနဲ့ ရလာဒ်လေးတွေ ကွာမှန်း သိသိလာတယ်၊ အဲဒါကို သိနေလျက်က ကိုယ်တိုင် ၀င်မလုပ်ဘဲ နေနိုင်ဖို့ဆိုတာ ခက်လာရော၊ အစက ကိုယ်က အလုပ်ကို လေ့လာရတာ၊ နောက်တော့ အလုပ်ကို ကိုယ်က ဇက်ကြိုးဆွဲတတ်သွားတယ်၊ ခုတော့ အလုပ်က ကိုယ့် ကို ပြန်ဇက်ဆွဲ သွားပြီ ပြောရတော့မှာပဲ၊ ထွက်ပြေးလည်း မလွတ်တော့ဘူး " မနှင်းဖွေး သက်ပြင်းချသည်။

ရဲဝင့်ပြောတာ မှန်ပါသည်။ ကုမ္ပဏီ အောင်မြင်သည်နှင့်အမျှ မနှင်းဖွေးကိုပါ စာရင်းကိုင် အဆင့်မှ တဖြည်း ဖြည်းတိုးပေးခဲ့ရာ ယခုဆိုလျှင် အစုဝင် အဆင့်ရောက်နေပြီ။ ကိုဟန်ပိုလည်း အိမ်ပိုင်၊ ကားပိုင်ခွဲနေ နေပြီ။ မနှင်းဖွေးလည်း ညီမလေး တစ်ယောက်ခေါ်၍ တိုက်ခန်းတစ်ခန်း ၀ယ်၍ နေနေပြီ။

ကုမ္ပဏီမှာလည်း ၀န်ထမ်းများလာပြီ။ ၀န်ထမ်းတွေ၏ ဘ၀က ဒီကုမ္ပဏီ၏ အောင်မြင်မှု အပေါ်မှာ တည်နေ သည်။ ဒီကုမ္ပဏီ၏ အောင်မြင်မှုက ရဲဝင့် ဘယ်လောက် အလုပ် လုပ်သည်ဆိုသည့် အပေါ်မှာ တည်နေ သည်။ ဒါကို ရဲဝင့်က သိနေသည်။ သိနေလျက်က ကြိုးစားမှု လျှော့ဖို့ဆိုတာ ရဲဝင့်လို လူအတွက် မလွယ်လှ ပါ။ " ကိုယ့် ကျန်းမာရေးတော့ ဂရုစိုက်မှပေါ့ ကိုရဲဝင့်ရယ်၊ ခုတလော ခေါင်းတွေလည်း ကိုက်ကိုက်နေတာ၊ မနားတာလည်း ကြာလှပြီ၊ ခရီးလေးဘာလေး ထွက်ပါလား " ရဲဝင့်က ရယ်သည်။ " ခရီးက အလုပ်နဲ့လည်း ထွက်နေတာပဲ၊ ဘာထူးဆန်းလို့လဲ "
ခဏ တွေဝေ စဉ်းစားနေသည်။ ပြီးတော့မှ " ပြင်ဦးလွင် သွားရရင်တော့ ကောင်းမလားပဲ "
မနှင်းဖွေး မျက်လုံးပြူးသွားသည်။

" ပြင်ဦးလွင်မှာ ဘာရှိလို့လဲ "
ရဲဝင့်က ရယ်သည်။
" ဘာရှိရမလဲ နှင်း မိဘတွေ ရှိတာပေါ့၊ တို့က အလုပ် ဆက်လုပ်နေ ပြီး နှင်း ကို ပြန်နားဦး လို့ ပြောရင် ပြန်မှာမှ မဟုတ်တာ၊ အဲဒီတော့ နှင်းပါ ခေါ်ပြီး သွားရ ကောင်းမလားလို့ "
မနှင်းဖွေး ရင်ထဲ နွေးခနဲ ဖြစ်သွားသည်။ ဟုတ်ပါ့၊ အိမ်မပြန်တာ ကြာ၍ ပါပါနှင့် မာမာကလည်း မေးလှပြီ။

" ကောင်းသားပဲ ဘယ်တော့လောက် သွားမလဲ " " ရှေ့ အပတ်ထဲ သွားမယ်လေ၊ ဟန်ပိုကြီး ထားခဲ့ တာပေါ့ " " ထားပေါ့ကွာ၊ ထားခဲ့ပေါ့၊ တစ်ပတ်လောက် ထားခဲ့လို့ကတော့ ဟန်ပိုတို့ မိန်းမ ယူပြီးသားသာ မှတ် " အသံဝါကြီးနှင့် ပြောပြောဆိုဆို ဟန်ပို ၀င်လာသည်။ ရဲဝင့်က ရယ်သည်။
" ပူမနေနဲ့ နှင်း၊ တစ်ပတ် မပြောနဲ့၊ တစ်လ ထားတာတောင် ဒီကောင့်ယူမည့်သူ မတွေ့စေရဘူး "
ဟန်ပိုက အသံမထွက်ဘဲ ဆဲလေသည်။

ရုက္ခဗေဒ ဥယျာဉ်ထဲတွင် နှင်းမှုန်မှုန် ကျနေသည်ကို ငေးကြည့်ရင်းက မနှင်းဖွေး ၀တ်ထားသော ဆွယ်တာ ရင်ကြယ်သီးတို့ကို စေ့လိုက်သည်။ ပြီးတော့ ခုံတန်းကလေးတွင် ထိုင် ၍ ရေကန်ဘက်ကို ငေးကြည့်နေသော ရဲဝင့်ကို လှည့်ကြည့်သည်။ ရဲဝင့်က မနှင်းဖွေး ဘက် သို့ ပြန်လှည့်ကြည့်၍ ပြုံးပြသည်။
" နှင်း စိတ်ချမ်းသာတယ် မဟုတ်လား "
မျှော်လင့် မထားသော မေးခွန်းမို့ ကြောင်တက်တက်နှင့် မနှင်းဖွေး ခေါင်းညိတ်ပြမိသည်။ ပြီးမှ ပြန်မေးမိ သည်။
" နှင်း ကို စိတ်ချမ်းသာစေချင်လို့ ဆိုပြီး အလုပ်တွေကို ထားခဲ့တာပေါ့လေ ဟုတ်လား "
ရဲဝင့် က တုံ့ဆိုင်းခြင်း မရှိဘဲ ခေါင်းညိတ်ပြသည်။

" အလုပ်ဆိုတာ အောင်မြင်ချင်လို့ လုပ်တာပဲ၊ အောင်မြင်တဲ့ဘ၀ဆိုတာကလည်း ကိုယ်ချစ်တဲ့သူတွေကို စိတ်ချမ်းသာအောင် ထားနိုင်တဲ့ဘ၀ကို ခေါ်တာလေ၊ အလုပ်တွေ ကြိုးစားလုပ်ပြီးမှ ကိုယ့်ဘေးက ကိုယ် ချစ်တဲ့သူတွေကို စိတ်ချမ်းသာအောင် မထားနိုင်ရင် အစကတည်းက ဘာလို့ ကြိုးစားနေမှာလဲ "
ကိုယ်ချစ်တဲ့သူဆိုသည့် စကားကြောင့် မနှင်းဖွေး မျက်နှာကလေးနွေးခနဲ ဖြစ်သွားသည်။ နှင်းက ကိုရဲဝင့် ချစ်တဲ့ သူတွေထဲမျာ ပါတယ်ဆိုတော့ ဂုဏ်ယူရမှာပေါ့နော်ဟု ရယ်သွမ်းသွေးလိုက်သည်။
ရဲဝင့် က ရယ်သည်။

" နှင်းက တို့ကို အလုပ်တွေအကြောင်းပဲ သိတဲ့လူလို့ ထင်နေတာ မဟ်ုတ်လား အမှန်က တို့ တော်တော် ချစ်တတ်ပါတယ်၊ ဖေဖေ့ကိုလည်း ချစ်တယ်၊ စိမ်းဝေကိုလည်း ချစ်တယ်၊ ဟန်ပိုကြီးလည်း ချစ်တာပဲ၊ အန်တီခင် ကိုတောင် နည်းနည်းတော့ ချစ်သေးတယ်၊ သူ့တူမ နှစ်ယောက်ပဲ မချစ်တာ "
မနှင်းဖွေးက လိုက်ရယ်သည်။ ပြီးတော့ ဆက်မေးသင့် မမေးသင့် စဉ်းစားနေသည်။ အဲဒါကို ရဲဝင့်က ရိပ်မိ သွားသည်။
" နှင်း၊ ဘာလဲ ပြောလေ "
" ဟိုဟာလေ စိမ်းဝေ အကြောင်းမေးမလို့ "
ရဲဝင့်က ဆွေးဆွေးမြည့်မြည့်ဟန်ဖြင့် ပြုံးသည်။
" မေးပါ နှင်းရဲ့၊ စိမ်းဝေ က တို့အားလုံးရဲ့ ညီမပဲဟာ "
မနှင်းဖွေး သက်ပြင်းချသည်။
" ကိုရဲဝင့်က စိမ်းဝေကို ဒီလောက် ချစ်တာ၊ ဘာလို့ လက်မထပ်ချင်ရတာလဲ "
ရဲဝင့်က အဲဒီမေးခွန်းကို မျှော်လင့်ထားပြီး ဖြစ်ဟန်နှင့် ပြုံးသည်။

" စောစောကစကားပဲ ပြန်ကောက် ရမှာပဲ၊ ဘ၀မှာ အောင်မြင်ချင်တယ်ဆိုတာ ဘာကို ခေါ်တာလဲ ဆိုတာလေ၊ ချစ်တဲ့သူကို စိတ်ချမ်းသာစေချင်တာ ချစ်တဲ့သူကို စိတ်ချမ်းသာအောင် ထားနိုင်ရင် ကိုယ်လည်း စိတ်ချမ်းသာတယ်။
အဲဒီ အချိန်မှာ ဘ၀ကို အောင်နိုင်တဲ့ အရသာမျိုး ခံစားရတယ်၊ စိမ်းဝေကို တို့ချစ်တယ်ဆိုတာလည်း စိတ်ချမ်းသာစေချင်တာ၊ လက်မထပ်ချင်တာက တို့နဲ့ လက်ထပ်ဖို့ အခု သူ ဆုံးဖြတ်လိုက်ရင် ရေရှည်မှာ သူ စိတ်ချမ်းသာလိမ့်မယ်လို့ မသေချာလို့၊ ကိုယ်ချစ်တဲ့ သူတစ်ယောက် ကိုယ့်ဆုံးဖြတ်ချက် တစ်ခုကြောင့် ဘ၀မှာ စိတ်မချမ်းမသာ ဖြစ်ရတာလောက် ကြီးမားတဲ့ ဆုံးရှုံးမှု ဘယ်ရှိနိုင်မှာတဲ့လဲ၊ တို့ အဲဒီ ဆုံးရှုံးမှုကို မခံနိုင်ဘူး "
မနှင်းဖွေး မကျေနပ်နိုင်သေးပါ။

" စိမ်းဝေက မငြင်းဘူးဆို၊ စိမ်းဝေလည်း ကိုရဲဝင့်ကို ချစ်မှာပဲ၊ သေချာတယ်၊ ဒါဆို ကိုရဲဝင့် ငြင်းလိုက် တာက စိမ်းဝေကို စိတ်ချမ်းသာအောင် လုပ်တာ ဖြစ်နိုင်ပါ့မလား " ရဲဝင့် ခေါင်းခါသည်။
" ၁၉ နှစ်က သိပ်ငယ်လွန်းသေးတယ်၊ တွေဝေနေတုန်း အရွယ်၊ ကိုယ့်ခံစားချက်ကို ကိုယ် တိတိပပ နားလည်နိုင်သေး တဲ့ အရွယ် မဟုတ်ဘူး၊ ၁၉ နှစ်သမီး စိမ်းဝေရဲ့ ဆုံးဖြတ်ချက်ကို အသက်အစိတ် အရွယ် စိမ်းဝေ က သဘောတူချင်မှ တူနိုင်လိမ့်မယ် "
" တူနေရင်ရော "
ရဲဝင့်က လျှို့ဝှက်သိပ်သည်းစွာ ပြုံးသည်။
" တူနေရင် အဲဒီ အချိန်ကျမှ ဆုံးဖြတ်ရမှာပေါ့၊ အသက် အစိတ်အ၇ွယ် ရဲဝင့်ရဲ့ ဆုံးဖြတ်ချက်နဲ့ အသက် သုံးဆယ်အရွယ် ရဲဝင့်ရဲ့ ဆုံးဖြတ်ချက်ကလည်း ရှိသေးတယ်၊ ဒါပေမဲ့ စကားအဖြစ်သာ ပြောရတာပါ၊ ရေခြား မြေခြား အတွေ့အကြုံသစ်တွေကြားမှာ စိမ်းဝေက ပြောင်းလဲဦးမှာ ဆိုတာ တို့ သေသေချာချာ သိပါ တယ် "
မနှင်းဖွေးခေါင်းခါသည်။

" ကိုရဲဝင့်က နှလုံးသားရေး ကိစ္စကို အဆောက်အအုံ ဆောက်သလို တွက်ချက် ပြင်ဆင်နေတာကိုး၊ ခံစား ချက်တွေကို ထည့်မစဉ်းစားတော့ဘူးလား၊ စိမ်းဝေကို ကိုရဲဝင့်က ညီမလေးလိုပဲ ချစ်တာလား၊ ချစ်သူလိုရော မချစ်ဘူးလား၊ အဲဒီ မေးခွန်းကိုရော ကိုယ့်ကိုယ်ကိုယ် မေးပြီးပြီလား "
ရဲဝင့်က ရေကန်ဘက် ပြန်လှည့်ကြည့်ရင်းက တိုးတိုးဖြေသည်။

" နှင်းက အချစ်ဆိုတာ နှစ်မျိုးရှိတယ်လို့ တကယ် ယုံနေတာကိုး၊ တို့အတွက်ကတော့ အချစ် တစ်မျိုးပဲ နား လည်တယ်၊ ညီမလေးလည်း ချစ်တာပဲ၊ ချစ်သူလည်း ချစ်တာပဲ၊ မိဘလည်း ချစ်တာပဲ၊ သူငယ်ချင်းလည်း ချစ်တာပဲ၊ ချစ်တဲ့သူအားလုံးကို စိတ်ချမ်းသာစေချင်တာပဲ ရှိတယ်၊ ဘ၀ လက်တွဲဖော် အနေနဲ့ ရွေးဖို့ကျ တော့ ဦးနှောက်က ပါသင့်၏။ မသင့်၏ ၀င်စဉ်းစားတာ၊ ကျန်တာ အတူတူပဲ၊ လူတွေ ပြောနေတဲ့ ၁၅၀၀ တို့၊  အချစ်စစ် အချစ်မှန်တို့၊ အဲဒါတွေတို့ ဘယ်တုန်းကမှ နားမလည်ခဲ့ပါဘူး "
မနှင်းဖွေး ပါးစပ် အဟောင်းသား ဖြစ်သွားပါသည်။

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>