Showing posts with label ဆင်ဖြူကျွန်း အောင်သိန်း. Show all posts
Showing posts with label ဆင်ဖြူကျွန်း အောင်သိန်း. Show all posts

Friday, April 8, 2011

ရင် မှ မလာသော ဒေါသ (ဆင်ဖြူကျွန်းအောင်သိန်း)

ရင် မှ မလာသော ဒေါသ

အိမ်ရှေ့မှာ ပူနေသည်။ လမ်းမှာ ပူနေသည်။ ရီးကျိးဒန်လည်း ပူအိုက်နေသည်။ ရင်ရှားပါလျက်က ချွေး ပြိုက်ပြိုက်ကျနေသည်။ ရှဲခနဲအသံကြားသည်။ လေပြည်ကလေး သွေးပြီဟု ရီးကျီးဒန် ၀မ်းသာသည်။ တံစက်မြိတ်များ လှုပ်အပြီးတွင် သုတ်ဖြူးလာသော လေက လေအေးမဟုတ်။ လေပူကြီးဖြစ်သည်။ ရီးကျီးဒန် ဖျပ်ဖျပ်လူးတော့သည်။
"အမယ်လေး သည်အပူမျိုး ကြုံဖူးပေါင်တော်"
စက္ကူယပ်တောင်စုတ်ဖြင့် တအားခတ်ရင်း ရီးကျီးဒန် အော်သောအခါ နွားတင်းကုပ်အစပ်မှ ရီးဆေးရိုး၏ အသံပေါ်လာ၏။

"ညည်း မေ့နေလို့နေမှာပါအေ၊ မနှစ်တုန်းကလည်း ပူတာပါပဲ"
"အင်း... ဟုတ် ထင်ပါရဲ့"
စိတ်ကိုဖြေပြီး တွေးပစ်ရ၏။ သို့သော် အပူအလောင်က မသက်သာ။ သည်အထဲတွင် ဖြောင်းခနဲ ဖြောင်းခနဲအသံများက မန်ကျည်းအချိုပင်အောက်မှာ လွင့်ပျံလာသည်။ ရွှမ်းခနဲ ရွှန်းခနဲ လျှော်ခွာသံများ ကလည်း အပြိုင်အဆိုင်သဘောဖြင့် မန်ကျည်းပနီပင်အောက်မှ ပေါ်လာသည်။ ပင်ယံထက်တွင် စိမ်း သစ်သော ရွက်နုများ ဝေစည်ပြီးဖြစ်ငြား မန်ကျည်းပင်များမှ အရိပ်မကောင်းသေးပါ။ နေမလုံခြုံစေကာမူ ပင်စည်ရိပ်ကိုခိုပြီး ကိုထွန်းရက ၀ါးခွဲနေသည်။ ကိုဘညိန်းက လျှော်ခွာနေသည်။
"အရေးထဲမှာ နားညည်းတာက တစ်မှောင့်ဟဲ့"

ပူလွန်းလောင်လွန်းသဖြင့် ဟိုမာန်သည်မာန် မာန်မဲလိုသောအတွေးပေါ်လာသည်။ တစ်ပြိုင်နက်တည်း အသံလာရာသို့ ရီးကျီးဒန် ကြည့်မိ၏။ ထိုခဏ၀ယ် ရီးကျီးဒန်မှာ အအေးသင့်လေ၏။ ချက်ချင်း အပူ သက်သာ၏။ ချွေးတိတ်မသွား၊ ချွေးခန်းမသွားငြား ရီးကျီးဒန် အမြင်အေး၊ ရင်လည်း အေးငြိမ်း၏။ အ အေးကို ဆောင်သောအရာများမှာ လှည်းဝါးစိမ်းမြမြတွေ၊ ထန်းလက်စိမ်း လန်းလန်းတွေ။
ကိုထွန်းရသည် ထက်ခြမ်းခွဲပြီးသား ၀ါးခြမ်းတွေကို ထိုင်ပြီးစိတ်ပြန်သည်။

ကိုဘညိန်းကလည်း ခွာပြီး သား ထန်းလက်ဝမ်းသားတွေကို လက်သန်းအရွယ်တွေ ရအောင်စိတ်သည်။ စိတ်ပြီးလျှင် ချောသွား အောင် သပ်ပြန်သည်။ အညောင်းပြေသလောက်ရှိလျှင် ထပြီးခွာပြန်သည်။ အမြင်ရော ရင်ရောအေး သည့် သည်ဝါး၊ သည်ထန်းလက်ဘက်သို့ အမြင်အာရုံရောက်နေရာက ရီးကျီးဒန် ဖျတ်ခနဲ လှည့်ကြည့်မိ သည်။ နေပူကျဲကျဲကြီး အိမ်ရှေ့တလင်းပြင်ထဲသို့ လူတစ်ယောက် ၀င်လာသည့် အတွက် ဖြစ်ပေသည်။ ရီးကျီးဒန် မျက်ခွံ ရှုံကြည့်၏။ မသဲကွဲ။ မျက်ခုံးပေါ် လက်ဝါးတင်ကြည့်၏။ ဘယ်သူ ပါလိမ့်။

လက်စသတ်တော့ မယ်မင်းကြီးမ ပါကလား။ မလိုတမာရှိခြင်း၊ စက်ဆုပ်ခြင်းတို့ကို ကိုယ်စားပြုလျက် ၀မ်းခေါင်းသံဖြင့် မယ်မင်းကြီးမဟု အခေါ်ခံရသူမှာ "လှအုန်းမယ်"ဖြစ်သည်။ ထိုထွန်းရ၊ မချောစိန်တို့၏ သမီးထွေး၊ သူသည် လမ်းမှလှမ်းကြည့်သောအခါ ဖအေ ၀ါးခွဲနေသည်ကို မြင်ရ၏။ သို့သော် သွားစရာ က အမေကြီး အိမ် ပဲရှိသည်။ သို့အတွက် ပုဆိုးစုတ်ကို ခေါင်းပေါ်မှာ ခပ်ဖားဖားတင်ပြီး ဇွတ်ဝင်လာခြင်း ဖြစ်သည်။ အမေကြီးကလည်း လူလုံးကွဲလျှင် အငေါ်တူးတော့သည်။

"မိဘအိမ်မှာ အကြော့သားနေတုန်းကတော့ ကျောင်းနေပါဆိုလည်း တော်ရိရော်ရိ၊ အိမ်အလုပ် လုပ် ပြန်ပါလည်း ရေလေးတောင်မှ ပြည့်စုံအောင် မခပ်ချင်တဲ့ မိန်းမ၊ အခု နှဲကြီး တက်နင်းမိပြီးမဟုတ်လား ဟင်"
အိမ်တိုင်ကိုကွယ်ပြီး ထိုင်နေသော မြေးမ။ မိဘလက်ထပ်က ရုပ်အဆင်း၊ အသားရေများ မရှိတော့ပြီ။ ပိန်ချုံး မည်းကြုတ် လျက် မျက်ရည်တပေါက်ပေါက်ကျနေသည်။ ခေါင်းငုံနေသော မြေးကိုကြည့်ရင်း ရီးကျီးဒန့် ရင်ထဲမှာ ဆို့တက်လာ၏။ "မိုက်လိုက်တာ... မိုက်လိုက်တာ" ယူကျုံးမရမြည်တမ်းသံသည် အသစ် ဖြစ်လာ ပြန်၏။

"လူမှာ အမျိုး၊ ကြက်မှာ အရိုးတဲ့။ မျိုးရိုးမကောင်းတဲ့လူကို မေးထူးခေါ်ပြောထက် မပိုပါစေနဲ့လို့ ငါပြောခဲ့ တယ် မဟုတ်လား။ သူ့ဖအေဘက်က ကိုယ် မကောင်းတဲ့လူ ရှိတဲ့အတွက် မျိုးမသန့်ဘူး၊ မအေဘက်က သူခိုးမျိုး၊ ဓားပြမျိုးမို့ အမျိုးယုတ်တဲ့ သူငယ်ကို အရောမ၀င်နဲ့ဆိုတာ နားမထောင်ခဲ့တော့ အခု ထိပြီမ ဟုတ်လား မရွှေစာ၊ ခလုတ်ထိမှ အမိ"တ" ရပြီမဟုတ်လား"
လှအုန်းမယ်မှာ ခေါင်းမဖော်လာပါ။ ရီးကျီးဒန်မှာလည်း နာကြည်းခြင်း၊ ခံပြင်းခြင်း၊ ၀မ်းနည်းခြင်းတို့မှဖြစ် သော မျက်ရည်ပေါက်များကို သွန်ချနေရာက ဒေါသတကြီး အမြစ်လှန်မိသည်။
"သည်လို အမေရော အဖေပါ ယုတ်တဲ့အမျိုးက မွေးတဲ့သားဟာ ဘယ်လိုလုပ်ပြီး ဘုရားမှန်း၊ တရား မှန်း၊ သံဃာမှန်း၊ ဆရာသမားမိဘမှန်း သိပါ့မတုံး၊ ဘယ်မှာ မအေချင်း၊ နှမချင်း စာနာပါ့မတုံးဟင်၊ မျိုးမ ကောင်းတဲ့ ဖအေ၊ မအေရော ဆုံးမဖို့၊ သွန်သင်ဖို့ သိပါ့မလားဟင် ခွေးမရဲ့၊ အမိုက်မရဲ့"

လှအုန်းမယ် လိုက်ပြေးသူမှာ တစ်ဖက်ရွာမှဖြစ်သည်။ ဘွားအေနှင့် မအေက တတွတ်တွတ်ပြောပါ လျက်က လိုက်ပြေးသည်။ မိဘက ပြန်အအပ်ခံသည်။ ကန်တော့ခံရာသို့ ရီးဆေးရိုးသွားငြား၊ ရီးကျီးဒန်  မသွားခဲ့၊ ယခု လင်မယားကွဲသောအခါ "အစက ငါမပြောလား" ရီးကျီးဒန် ပြောအားရှိပြီ။ မိမိရှေ့သို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာပြန်သောအခါ ရီးကျီးဒန်တို့ လည်ပင်းကြောထောင်အောင်၊ အမြှုပ်တ စီစီထွက်အောင် ပြောလေပြီ။

"လူမဟုတ်ဘူးဟဲ့ လူမဟုတ်ဘူး။ ငါးပြားစေ့တောင် မမြင်ဖူးတဲ့ဟာတွေက တစ်ကျပ်တန်အနွမ်းကလေး ကိုင်နိုင်လာလို့ လူယောင်ဆောင်နေတာ၊ လူဆိုရင် သူ့ကျေးဇူးကိုသိတယ်။ ငါ့ဆီလာလာပြီး ချေးသွား တဲ့ ဆီတွေ၊ ဆန်တွေ၊ ပြန်ဆပ်တာက နည်းနည်း၊ အမေ့ခံတာက များများ၊ ခံငြင်းတာက အများကြီး။ အဲသည် ဆန်တွေ နဲ့ ဖို့သတ်ရင်တောင် သင်းတို့တစ်မျိုးလုံး မြှုပ်လောက်တယ်။ ခွေးလောက်မှ ကျေးဇူးမ သိတတ်တဲ့ အမျိုးယုတ်တွေ"

ဥသြ... ဥသြ။ ချိုကြည်သော ဥသြသံသည် လေးထပ်ကျောင်း ထန်းတောထဲမှ လွင့်ပျံလာ၏။ အသံသာ နှင့်အတူ လေပြည်လေအေးကလေး သုန်သုန်ဖြူး၏။ သာယာသော အသံ၊ အေးမြသော အတွေ့မှာ သ ဘောကျ စရာကလေးပါ။ သို့ရာတွင် ရီးကျီးဒန် မခံစားနိုင်၊ ဒေါသကို သွန်ချနေမိ၏။

"ကျေးဇူးမသိတဲ့ အနူမျိုး၊ သူခိုး၊ ဓားပြမျိုးကို အခုပစ်ထားပြီးမဟုတ်လားဟင်၊ လင်အထောင်ကောင်းတဲ့ မိန်းမယုတ် ရဲ့"
လှအုန်းမယ် ခေါင်းငုံ့မြဲငုံ့နေသည့်အတွက် အကြောပြိုင်းပြိုင်းထနေသော အရိုးလက်ဝါးကြီးသည် ပါးပြင် နားသို့ဝဲလာ၏။ "ပါးကွဲချင်လို့ ရေငုံနေတာလားဟင်"ဟူသည့် ကျားဟိန်းသံကြီးကလည်း လည်ချောင်း ထဲမှ ခုန်ထွက်လာသေး၏။

"ပစ်... ပစ်တာမဟုတ်ပါဘူး အမေကြီးရဲ့၊ နှင်ချတာ အမေကြီးရဲ့"
လှအုန်းမယ်သည် စကားအဆုံးတွင် ရင်ခွင်တွင်းရှိ ကလေးငယ်နှင့် မျက်နှာချင်း ကပ်လျက် ဟီးခနဲ ငိုချ လိုက်လေ၏။
"နှင်ချလိုက်တယ်၊ ဟုတ်လား"
ရှိုက်ငိုရင်း လှအုန်းမယ် ခေါင်းညိတ်သည်။

"နှင်ချတော့ ညည်းက ဆင်းလာရသလား။ ကျွန်မ အဖေ အမေကို သွားပြောပါ။ သူတို့လာခေါ်မှ ကျွန်မ ဆင်း နိုင်မယ်၊ ညည်း မပြောဘူးလား"
ဖြေစရာမရှိသော အမေးဖြစ်သည်။

"ညည်း မပြောနိုင်ဘူးမဟုတ်လား။ ဘယ်ပြောနိုင်မလဲအေ့၊ ဂုဏ်မရှိ သိက္ခာမရှိတဲ့အလုပ်ကို လုပ်ထားမိ တယ် မဟုတ်လားဟင်၊ ညည်းဟာ ခွေးမဟုတ်ဘူးအေ့။ လူ လူ၊ လူစစ်စစ်က မွေးထားတဲ့လူ၊ မျိုး ကောင်း ရိုးကောင်း က မွေးထားတဲ့ လူအေ့။ ခွေးမဟုတ်ဘူး။ ခွေးများသာ လက်ဖျစ်တီးတဲ့လူနောက်ကို အမြီးတနန့်နန့် နဲ့ လိုက်သွားတာ။ အေး... ညည်းလည်း မိဘဘိုးဘွားမျက်နှာ မထောက်ထား။ ကိုယ့်တန် ဖိုးကို ကိုယ်မသိ၊ ခိုးရာလိုက်ပြေးတာ ဟုတ်လှပြီထင်ပြီး အမြီးတယမ်းယမ်းနဲ့ လိုက်ပြေးတော့ အခု ခွေး မောင်း သလို မောင်းချလိုက်ပြီ မဟုတ်လားဟင်၊ ခွေးနာမရဲ့"
တစ်နှစ်ကျော် "အုံး"ထားခဲ့ရသော ရင်တွင်းက ဒေါသမီးခဲကြီးသည် "၀ုန်း"ခနဲ ထတောက်တော့သည်။ လှအုန်းမယ် ၏ မျက်နှာ၊ ဇက်ပိုးပေါ်သို့ အရိုးလက်ဝါးကြီး အဆက်မပြတ် ကျရောက်၏။

"ကျီးဒန်နော်... ကျီးဒန်"
ရီးဆေးရိုး လှမ်းပြီးသတိပေးသည်။ သို့သော် ဒေါသကို ရီးကျီးဒန်မထိန်းနိုင်၊ မြေးမကို ခြေဖြင့်ကန်သည်။ ဖနောင့်ဖြင့် ပေါက်သည်။ လှအုန်းမယ်က ငုံ့ခံသည်။ သို့တစေ ငုံ့ခံသူမှာ ဘာမျှမဖြစ်။ ဒေါသတကြီးဖြင့် ကန်သူ၊ ဖနောင်ဖြင့် ပေါက်သူသာ အမောဆို့ပြီး ပက်လက်လန်လဲ၏။

ကိုထွန်းရမူ သူ့သမီး၏သတင်းကို ကြားပြီးဖြစ်သည်။ သူ့ယောက္ခမ တွတ်ထိုးနေသံကို မသဲမကွဲကြားသ ဖြင့် ခေါင်းငဲ့အကြည့် တစ်စုံတစ်ယောက်ကို မြင်သည်။ သူ့သမီးထွေး လှအုန်းမယ်ဟု မသဲကွဲငြား သည် ပုံပန်းမှာ သူ့သမီးသာဖြစ်ရမည်ဟု ခန့်မှန်းသည်။ ထို့နောက် နွားတင်းကုပ်အတွက် လုပ်ပေးနေသော ခွဲစရာ ဖောက်စရာ များမပြီးသေးဘဲနှင့် ထွက်သွားခဲ့လေပြီ။ ငဲ့စရာ သမက်မရှိသည့်အတွက် ရီးကျီးဒန် "ပွက်သေး" ကြမ်းသည်။

"မိဘနဲ့ အမေကြီးကို ခြေစုံကန်ထွက်သွားပြီးမှ မျက်နှာပြောင် မျက်နှာမွဲနဲ့ ဘာဖြစ်လို့ပြန်လာတာတုံး၊ နေစရာ မရှိရင် သေလိုက်ပါလား၊ ဧရာဝတီမြစ် ဘယ်လောက်ဝေးတာမှတ်လို့"
အမောပြေသည်နှင့် ၀မ်းခေါင်းသံကြီး ပေါ်လာသည်။
"ညည်းလို ကောင်မမျိုး မရှိတော့မှ အေးလိုက်တာ။ ငါတို့အိမ်မှာရော၊ ညည်းမိဘအိမ်မှာပါ ဆန်ကုန်မြေ လေး အမှိုက်တစ်ပင် လျော့သွားလို့ အေးချမ်းနေတာ။ အခု ဒုက္ခပေးမလို့ ပြန်လာတာမဟုတ်လား"
"သမီး အခု... အခု နောင်တရပါပြီ အမေကြီးရာ"

"ဟာ ဟာ ဟ"
အနှစ်မပါသော ရယ်သံကြီးဖြင့် ရီးကျီးဒန်က လုပ်ရယ် ရယ်၏။
"နောင်အခါမှ တလို့တော့ အလကားပဲ မကြီးစားရေ့၊ ထမင်းတစ်အိုးတောင်မှ အဖြစ်ရှိအောင် မချက် တတ်၊ ဟင်းအိုးတစ်အိုးတောင် အပေါက်အလမ်းတည့်အောင် အတည်တတ်တဲ့မိန်းမ၊ ဘာသွားသုံးမှာ တုံး ဟင်"
ရီးကျီးဒန်သည် ပြောဆိုမြည်တွန်ရင်းက ဆေးလိပ်ခွက်ကို လက်ဖြင့်စမ်း၏။ အကြောစုကြီးနဲ့ အရိုးလက်ဝါး သည် ဆေးလိပ်ဘေးတွင် ပွတ်သပ်ဝေ့၀ဲနေသည်။

"အချက်အပြုတ်မတတ်လို့ နွားစာအစဉ်းခိုင်းနေကော လူရာဝင်သလား။ ဝေးပါသေးရဲ့။ နွားစတစ်ဖက် တစ်ဖက်က တစ်ထောင်လောက်ရှိမှတော့ နွားဝေးလို့ ဆင်တောင်မစားနိုင်ဘူး။ လယ်သမားသားသမီး နွားစာ လောက်မှ မစဉ်းတတ်တော့ ဘာသွားသုံးဦးမှာတုံး"

မှန်တမ်းအခြေအနေသာဖြစ်ပါမူ "ကောက်ရိုးစဉ်းဖတ်ကလေး တစ်ဖက်တလေရှည်သွားတာကို မလိုတ မာ အကျယ်ချဲ့ပြီး တစ်တောင်လို့မပြောပါနဲ့ အမေကြီးရဲ့" ဟု ထ "ပက်"မိမည်။ ယခုသော်ကား ပြောသမျှ ငုံ့ခံရမည့်သူမှာ လှအုန်းမယ်သာ။
"မအေ မအားလို့ အ၀တ်လျှော်ခိုင်းကြည့်၊ သူများလျှော်ရင် ဆယ်ထည်လောက်လျှော်နိုင်တဲံ ဆပ်ပြာ၊ သူလျှော်ရင် သုံးလေးထည်ပဲ။ ချေးပြောင်ရင် တော်သေးရဲ့၊ မလျှော်တာနဲ့အတူတူပဲ။ အိမ်မှုကိစ္စမဟန် လို့ လယ်ထဲယာထဲမှာရော ကောက်စိုက်တတ်ဖို့ဝေးလို့ မြက်မကောက်တတ်၊ မြတ်မရိတ်တတ်၊ နှမ်းမခါ တတ်၊ ဒါဖြင့် ဘာအသုံးကျသေးတုံး။ လင်ထောင်တယ်လေ၊ ငယ်ငယ်ရွယ်ရွယ်ကလေးနဲ့ လင်ထောင် သတော့်"

အာခေါင်ကိုခြစ်ပြီး အော်လိုက်ချိန်တွင် အရိုးစု လက်ချောင်းများက မြေဆေးခံခွက်ကို စမ်းမိသွားပြီး ဆေးလိပ်တို ကို ပါးစပ်တွင် ကိုက်လိုက်ပြီး မီးခြစ် ခြစ်ရန် ဟန်ပြင်နေချိန်သည် လှအုန်းမယ်အတွက် အ သက် ရှူချိန်ဖြစ်၏။
ရီးကျီးဒန်သည် ယမ်းခိုးမနံအောင် မီးတောက်ကို ခဏခွာထားပြီးမှ ဆေးလိပ်ကိုညှိသည်။ သုံးလေးဖွာ မရပ်မနား ဖွာသည်။ ခံတွင်းထဲသို့ ဆေးလိပ်မီးခိုး အ၀င်ညီမှ အဖွာရပ်သည့်ခဏလေးတွင် မျက်လုံးအစုံ က နွားတင်းကုပ်အစပ်သို့ ရောက်သွားသည်။ လှုပ်ရှားနေသည့် ကျောမွဲ၊ ကျောပြောင်ကြီး။

ရီးဆေးရိုးသည် ထိုင်လျက်က ထလှုပ်လှုပ်ရွှေ့နေ၏။ ကိုဘညိန်း ထန်းလျှော်သပ်ရာမှ ထွက်သောအ မျှင်များ၊ ကိုထွန်းရ ၀ါးခြမ်းသပ်ရာမှဖြစ်လာသော အကြောများ အမျှင်များကို စုဆောင်းနေသည်။ ဘာ လုပ်ဖို့ပါလိမ့် တွေးရန်မလို၊ မေးရန်မလို။ "ကရွတ်"လုပ်ရန်ဟု ရီးကျီးဒန် သိပြီးဖြစ်သည်။ သူ့မျက်လုံးများ က ထပ်မံလှုပ်ရှားသည်။ တိုင်တွင်ထောင်ထားသော ကရွတ်ခွေ အသစ်ကလေးတွေ။ စင်စစ်အားဖြင့် ထန်းလက်ဝမ်းသားလျှော်ကို ချောမွေ့ရာမှ ထွက်လာသော အမျှင်များသည် အမှိုက်သာဖြစ်၏။ ၀ါးခြမ်း ပြား၏ "ဇောင်း"များ လူကိုမရှစေရန် ချောရသပ်ရသည်။ သည်က ထွက်လာသောအရာမှာလည်း အမှိုက် မျှသာ။ သို့သော် သည်အမှိုက်သည် အသုံးဝင်သော ကဏ္ဍမရှိပါသလော။

ရှိပါသည်။ ဖင်လုံးသော မြေအိုးအချို့၊ ဒန်အိုးအချို့သည် ကရွတ်မခုလျှင် ဖင်မမြဲ လိမ့်လဲသည်။ မြေအိုး များမှာသော်ကား ကရွတ်ခံမှ ဖင်အနာသက်သာသည်။ ကရွတ်ခံမှ အလူးအလိမ်းသက်သာမည်။ သည် ကဲ့သို့သော အမှိုက်ကရွတ်သည် မြေအိုးများနှင့် အလိုက်ဖက်ဆုံး၊ အမှိုက်သော်မျှ လုံးလုံးအသုံးမကျ၊ ပစ်လိုက်ရသည် မရရှိလျှင် လူမှာ မည်သို့ရှိမည်နည်း။ မြေးကလေး လှအုန်းမယ်ကော အသုံးဝင်ကွက် မရရှိသလော။

ရီးကျီးဒန်သည် မြေးမဘက်သို့ လှည့်မကြည့်။ ကရွတ်ခွေ အသစ်များကိုသာ ငေးမောကြည့်နေမိသည်။ တစ်ပြိုင်နက်တည်းဆိုရမည်သို့ပင် လှအုန်းမယ်၏ချွန်ကွက်များ "ပြက်"ခနဲ ပေါ်လာသည်။ ကောက်စိုက် ရာတွင် ဖျင်းသည်နှင့်အမျှ ကောက်ရိတ်ရာတွင် တော်သော လှအုန်းမယ်။ တော်ရုံ ယောက်ျားသားကို ဖြတ်ချန်ထားခဲ့နိုင်သူ။ သည်လှအုန်းမယ်သည် ကောက်ရိတ်ရာတွင် တော်သည့်နည်းတူ ကောက်လှိုင်း "စည်း"ရာတွင်လည်း မည်သည့်မိန်းမသားမျှ လိုက်မမီချေ။

ကိုထွန်းရ၊ မချောစိန်တို့၏ သားသမီးငါးယောက်အနက် အကြီးဆုံးကောင် ကိုကိုကြီးပင် ကောက်ဆွဖြင့် သာ ကောက်"ပေါက်"တတ်သည်။ လှအုန်းမယ်ကား "ထွန်ခြစ်"ကိုသုံးပြီး ခြေဖမိုးဖြင့် ကျွမ်းကျင်စွာ ကောက်ပေါက်တတ်သဖြင့် ရမ်းဘိုကုန်းမှာသာမဟုတ်၊ သည်ရွာတစ်လွှား၌ "ကောက်ပေါက်" အတော် ဆုံးဟု သတ်မှတ်ခံရသူ။ သည်နှယ် သုံး၍ရသော အကွက်များ၊ အချက်များ အာရုံထဲသို့ဝင်လာသဖြင့် ရီးကျီးဒန် ဆက်ပြီး မှိုချိုးမျှစ်ချိုး မပြောလိုတော့ပေ။ ထိုစဉ် "အဲ့"ခနဲ လှအုန်းမယ်ရင်ခွင်ထဲက ကလေးအ သံပေး၏။ ရီးကျီးဒန်က ဖျတ်ခနဲ အကြည့်၊ လှအုန်းမယ်က ပုဆိုးစုတ်ကို အပင့်။

ဝိုင်းဝိုင်းစက်စက်မျက် နှာကလေး။ ကြည်လင်တောက်ရွှဲသော မျက်လုံးကလေးသည် ချက်ချင်းမှိတ်ပစ်၏။ မျက်နှာပေါ်သို့ နေ ရောင်ထိုးနေပေသည်ကိုး။
သည်မျက်နှာဝိုင်းကလေးသည် သူ့အဘိုး ရီးဆေးရိုးနှင့်ပင် တူသလော။ သူ့ဘ ကိုထွန်းရနှင့်ပင် ဆင်သ လော။ မည်သို့ဖြစ်စေ ရီးကျီးဒန့်ရင်ထဲတွင် အေးခနဲဖြစ်သွားရသည်က အမှန်ပင်။
သို့ကြောင့် တစ်ဖက်သို့ မျက်နှာပြန်လွှဲရင်းက "အသုံးမကျတဲ့အဖြစ်များတော့ ကလေးမျက်နှာ နေပူနေ တာတောင် အိမ်ထဲရွှေ့မထိုင်နိုင်ဘူး။ အံ့ပါရဲ့"ဟု ပြောလိုက်သော ရီးကျီးဒန်၏အသံတွင် ဒေါသသံပေါ် သော်ငြား ရင်ထဲတွင်ကား ဒေါသပြယ်နေပြီဟူသည်ကို ရီးကျီးဒန်သာ အသိဆုံးဖြစ်တော့သည်။

ပြီးပါပြီ
စာရေးသူ - ဆင်ဖြူကျွန်းအောင်သိန်း

.
>>>ဆက်ဖတ်ရန်>>> >>

Sunday, April 3, 2011

ဆူးတောမှ အပြန် (ဆင်ဖြူကျွန်းအောင်သိန်း)

ဆူးတောမှ အပြန်

အင်တိုင်းတော၏ အသံသည် တဒက်ဒက်မြည်နေသော ဓားသံသာဖြစ်၏။ ရီးဆေးရိုးသည် ဆီး ခက်ကို ခက်ရင်းဖြင့် ကော်ကာ လှည်းပေါ်သို့ ပစ်တင်လိုက်ပြီး တစ်ချက်ပုတ်လိုက်သည်။ ဆီးခက် များမှာ လှည်းရံတို်င်ကို ကျော်ရုံသာ ရှိသေးသည်။  နှစ်ဖက်ဖြာပြီး ဘေးသို့မဖြန့်ရသေး။ ရန်တိုင် ပေါ်သို့ တစ်တောင် မျှ မြင့်မောက်ရန်ကား ဝေးသေးစွ။ အိပ်မပျော်သူအတွက် ညသည် ရှည်လျား သည်။  ထိုနည်းသူပင် ပင်ပန်းနွမ်းနယ် သူအတွက် အလုပ်ထုသည် ကြီးမားလွန်း၏။

နေမပူသေးပါ။ နေလုံးသည် ' တောင်ရွာထတော' ပေါ်သို့ တက်မလာသေးငြား ရီးဆေးရိုးမှာ ဟိုက်နေပြီ။ တစ်ကိုယ်လုံး ချွေးတွေရွှဲ့နေပြီ။ ကိုထွန်းးညံ၏ ဓားသံသည် ပျောက်သွားလိုက်၊ ပေါ်လာလိုက်ပင်။ ခုတ်မည့် ဆီးပင် တစ်ပင်၏ အောက်တွင် ရီးဆေးရိုး ၀င်နားချိန်တွင် ကိုထွန်း ညံ၏ ဓားသံမှာ မြန်လာ၏။ သစ်ကိုင်း ပြတ်ခါနီး တွင် ပေါ်နေကျအသံ။

ဆေးလိပ်မီးခိုး များကြားမှ ရီးဆေးရိုး၏ မျက်နှာတွင် အလိုမကျရိပ်များ ပေါ်လာသည်။ သူ့အာရုံက ကိုထွန်းညံ ၏ ဓားသံဆီတွင် ရောက်နေသောကြောင့် သူ့မျက်နှာထားအပြောင်းအလဲက ဓားသံ နှင့်ဆိုင်သည်။ သစ်ကိုင်းခုတ်ရာတွင် ဘယ်ညာပိုင်း၍ သုံးလေးချက်ဖြင့် ဖြတ်မည့်အရွယ်အစားမ ဟုတ်ပါက 'ဓားခုတ်ရာ' ကျယ်ကျယ်ထား၍ 'ဓားစာ' ကိုချဲ့ရသည်။ ဓားခုတ်ရာသည် တည့်တည့် ဆင်းလေ့မရှိ၊ အောက်ဆုံးတွင်း ကျည်းမြောင်းသွားသည်။ ဓားစာ လွင့်စရာ စဉ်စရာမရှိလျှင် ခုတ်ချက်တိုင်းသည် တစ်နေရာ တည်း ထပ်ကာထပ်ကာကျနေသည်။ အောက်သို့လည်း မတိုး တော့။ သို့်အတွက် ဓားစာ ကျယ်ကျယ်ချဲ့ ရသည်။

ရီးဆေးရိုး ထိုင်စက ဓားသံသည် လွင်၏။ လွင်ပေမည်၊ ဓားစာက ကျယ်နေသည်မဟုတ်လား။ ခဏသာ ကြာသည်၊ ဓားသံတိမ်သွားသည်။ တိုးသွားသည်။ ပြတ်ခါနီးမို့ ဓားစာမချဲ့တော့ဘဲ အလောတကြီး ခုတ်နေခြင်း ဖြစ်သည်။ အလောတကြီးခုတ်သဖြင့် ခုတ်သံမြန်လာသည်။ အလဟ ဿ လူပင်ပန်းရ၊ လုပ်အား ဆုံးရုံးရပြီ။ ထို့ကြောင့်ရီးဆေးရိုး အလိုမကျ ဖြစ်ရသည်။ ဓားသံသည် လွင်ပြီး လွင့်စဉ်မလာဘဲ တိုတိုပြတ်ပြတ် နှင့်ပင် ရပ်သွား၏။ 'ခွေးမသား၊ ဆီးပင် မပြတ်ဘဲ နင် အားပြတ်သွားပြီမဟုတ်လား' ဟု စိတ်ထဲ မှ ဆဲရေးရင်း ရီးဆေးရိုး ပြုံးသည်။

မီးခိုးလား၊ နှင်းလား မကွဲပြားသော မြူထရံကို ဖောက်ခွဲလျက် နေလုံးကြီးသည် တောင်ရွာ ထတော ထန်းတောထိပ် သို့ တက်လာ၏။ နေခြည်မဖြာနိုင်။ ကျီးအာသီးကြီးနှယ်သာ ရဲလောင် နေသည်။ ရီးဆေးရိုး သည် ဆီးငုတ်ပေါ်တွင် ဆေးလိုပ်တိုကို တင်ထားလိုက်ကာ ဓားဆွဲပြီးရပ် သည်။ နေမပူမီ များများရအောင် ခုတ်မှ၊ အတန်ကြာလျှင် မြူအုံကြီးပြယ်လမ့်မည်။ ဖြူဖွေးသော နေခြည်လက်တံများ ဖြာလာလိမ့်မည်။ သည့်နောက်ထပ်ဝယ် ကျောကွဲအောင် ပူလိမ့်မည်။ သို့အ တွက် သူအရိပ်ခိုခဲ့သော ဆီးပင်ကို တအားလွှဲခုတ်ချလိုက်သည်။ ဓားက 'ပိဿစီး' ဓားမကြီး။ လက်နှစ်ဖက်ဖြင့် ကိုင်ကာ အားရှိပါးရှိ ပိုင်းချလိုက်ရာ တစ်ချက်တည်းဖြင့် လဲကျသွားသည်။ သည့်နောက် သုံးလှမ်းကွာ၌တစ်ပင်။ လက်တစ်လှမ်း ကွာတွင်ရှိသော အပင်မှာမူ ငယ်သေးသည်။ ဓားတုံးခံ၍ မခုတ်နိုင်။ ထို့နောက် လေးလှမ်းကွာ၌ နှစ်ပင်။ ရီးဆေးရိုး တစ်ချက်တည်းဖြင့်သာ ပိုင်းချသည်။

ရီးဆေးရိုးသည် ခုတ်လိုက်သောအပင် တိခနဲ ပြတ်သွားလျှင် ကျောခိုင်းလိုက်သည်။ နောက်ထပ် ခုတ်ရန် ကြည့်သည်။ သည်တစ်ပင်က အနည်းငယ်တုတ်သည်။ တစ်ချက်တည်းဖြင့် ပြတ်နိုင်ဖွယ် မရှိငြား ဘယ်ဘင်မှ သိမ်းပြီး တစ်ချက်ခုတ်သည်။ ညာဘက်မှသိမ်းပြီး တအားခုတ်လိုက်ချိန်တွင် 'ဖလူး လူး' အသံကြား၍ မော့ကြည့် သည်။ ဟာခနဲ အော်ရုံသာ အော်နိုင်သည်။ ဓားကို ရီးဆေးရိုး မသိမ်းနိုင်ပါ၊ မထိန်းနိုင်ပါ။ တုတ်ပေါ်တွင် ထပ်ပေါက်နေသော သက်တမ်းငါးနှစ်အရွယ်ရှိ ဆီးခါးပင်သည် အိခနဲယိုင် ဆင်းသွား၏။

ရီးဆေးရိုးသည် ဓားကိုပစ်ချကာ ဆီးပင်ကို လှမ်းဆွဲသည်။ ဆီးခါသီးသုံးလေးလုံးနှင့် အပွင့် အကင်းများသာ လက်ထဲတွင် ကျန်ရစ်ခဲ့၏။ ဒုတိယဓားချက်အား အသွင်းတွင် ဖလူးလူးအသံကြားရခြင်း မှာ ငှက်တစ်ကောင် ထပြန်ပြေးခြင်းဖြစ်သည်။ နားနေသောငှက်သည် လူချဉ်းကပ်လာကတည်းက မြင်သည်။ ပျံပြေးပြီ။ သည်ငှက်သည် အသိုက်ထဲတွင် ၀ပ်နေသော ငှက်မို့ ရန်သူကို မမြင်။ မြင်သည်ထား ရင်ငွေ့ပေးနေသော တွယ်တာစရာကို မထားရက်။ ငလျင်ကြီး တော်လဲပြီ။ မိခင် မနေသာတော့။ သည်သဘောကို သိသော ကြောင့် ရီးဆေးရိုး ဓားချက်ကို သိမ်းငြား၊ ပိဿစီးဓားမ သည် ရီးဆေးရိုးကို လွန်ဆန်ခဲ့သည်။ သို့အတွက် ငှက်အသိုက် ကို မျက်လုံးက အပြေးအသော့ရှာသည်။ အပေါ်က အကိုင်း များကြားမှာ အခက်များ အုပ်ဆိုင်းထား သောခွဆုံတွင် ပုခက်ကလေး။

ပုခက်ကလေးဘေးတွင်ကား သားတခဲခဲ သွေးရဲရဲဖြင့် ပျက်စီးနေစော ငှက်ဥသုံးလုံး။ အပြောက်အကျား က လေးတွေ ခြယ်ထားသော ဗွတ်ချွဲဥခွံ အကွဲအကြေများ။ သွက်သွက်လှမ်း၍ ချဉ်းကပ်လာသော ခြေထောက်များ တုံ့သွားသည်။ ရီးဆေးရိုး မျက်နှာလွှဲလိုက်ကာ ဟင်းခနဲ သက်မချသည်။ " အင်း ... ကိုယ့်အိမ် ကိုယ့်ရာ လုံခြုံဖို့ သူ့အိမ်သူ့ရာကို ဖျက်ဆီးရတာပါကလားနော်" မသက်မသာ ညည်းသည်။
ဝါဆိုဝါခေါင် တွင် ရေဘောင်ဘင်ဝေပြီဆိုလျှင် ရမ်းဘိုကုန်းရွာသားများ၏ မျက်လုံးသည် ငယ်ထိပ် သို့ ကပ်သည် အထိ ပြန့်ပြူးကြပြီ။

မပြူးဘဲ အဘယ်မှာ နေနိုင်ပါမည်နည်း။ စလင်းချောင်း ' ရေစွယ်' သည် ရမ်းဘိုကုန်းရွာ တောင်ဖျုားသို့ ဦးတည်ထိုး နေသည်မှာ ကြာပါပြီကော။ တစ်နှစ် သော တစ်တောင်ခန့် ဖဲ့ချသွား။ နောက်တစ်နှစ်သော် တစ်လံခန့် ဖဲ့ချသွားခဲ့သည်။ အိမ်ဝိုင်းများ၏ နောက်ဖေးပိုင်းသည် ကျဉ်းသည်ထက်ကျဉ်း၊ တိုသည် ထက် တိုလာ၏။ ဘယ်ကို ပြေးကြရပ၊ ဘယ်လိုနေကြရပါ့။ သည်တစ်နှစ်တော့သွားပြီ။ ရင်မနေကြရဆဲတွင် သောင်းကြီး ထိုးပြီး ရေကြောင်းပြောင်းသွားလေသည်။ အိမ်အသီးသီး၏ နောက်ဖေးတွင် ဒုတိယအကြိမ်နှယ် အလု မခံတော့ပေ။ ခြေနင်းခံသည်နှင့် ၀ါးကိုင်ကာ ဝေပေးလိုက်သည်။ သူ့အိမ်ဘက်စားသည်။ ငါ့အိမ်ဘက်ယို သည် မပြောရ၊ ကိုယ့်အိမ်နောက်ဖေးတွင် ရှိသလောက်ကိုယ်ယူ။

မြေမြင်သောကြောင့်သာ ရမ်းဘိုးကုန်းသားများ လိုချင်ကြငြား အမှန်ပင် လက်ဝယ်ရောက်သော အခါ ချောင်းချင်း ဆိုင်၍ တိုင်ပင်ရပြီ။ 'ဘယ်နှယ့်လုပ်မလဲ၊ ဘာနဲ့လုပ်မလဲ' စသည်။ အမှန်မူ ရိမ်းဘိုးကုန်းရွာတွင် လယ်သမား မှာ အနည်းစု။ သို့အတွက် မြေကိုထွန်ယက်စရာ နွားနှင့်ထွန်၊ ထယ် အသင့်ရှိသူမှာလည်း အနည်းစု သာဖြစ်နေကြချေတော့သည်။ ရောင်းချခွင့်ကလည်း မရှိနှင့်။ နေမထိ ထိုင်မသာ။ စတုဒီသာ ပွဲတော်ကြီး နှင့် ပက်ပင်းတိုးကာမှ "မှက်ခရုနာ" ပေါက်နေပါတကား။

သို့သော် ရမ်းဘိုကုန်းသို့ ကိုအီဗရာဟင် ရောက်လာသည်။ ၀ါးတစ်တာကို တစ်ရာနှုန်းဖြင့် ငှားပြီး အာလူးစိုက်သည်။ သည်ယာပိုင်ရှင်များကို ကိုအီဗရာဟင်ထံတွင် တစ်နေ့ ၇ကျပ် နေ့စား အငှားဝင်ကြသည်။ သည်လူတွေထဲတွင် ရီးဆေးရိုး မပါချင်။ ကိုယ့်မှာ လယ်လုပ်ကိရိယာတွင် အစုံ ရှိပါလျက် ငှားရသည်မှာ မကောင်း။ သို့ဖြင့် ကိုယ်တိုင် ကိုယ်ကြပ် လုပ်သည်။ အာလူး မစိုက်နိုင်ပါ။ မြေပဲ မစိုက်နိုင်ပါ။ မြေပဲစိုက်လျှင် မြေပဲဆန် အညှောက်မထိုးမီ ကလေးတွေ ဖော်စားကြသော ကြောင့် ဒုတိယနှစ်တွင် ကိုအီဗရာဟင်တွင် ထိုင်ငိုခဲ့ပြီး မဟုတ်လား။ သို့အတွက် နှံစားပြောင်း ကြဲသည်။ နှံစားပြောင်းပင် တစ်ပွေ့သာသာကို ငါးကျပ်ရသည်။ နွားစာမရှိသူများ၊ မြင်းသမားများက ၀ယ်ကြသည်။ ကလေးတွေ အီဗရာဟင် ယာတဲတွင် အချိန် ကုန်သဖြင့် ရီဆေးရိုးဘက် မရောက်သေး။ သုံးနှစ်အကြာတွင် အီဗရာဟင် လက်မြှောက် သွားသော အခါ ယာတွေမှာ မုန်ညင်း မြက်သောသောနှင့် ကျန်ခဲ့သည်။

ကလေးများသည် နှံစားပြောင်းတွေကို ၀င်ချိုးသည်။ ဘာလုပ်မှာပါလိမ့်ဟု ရီးဆေးရိုး ချောင်းကြည့် သည်။ သူတို့သည် အပင်နုနုကို မချိုး၊ ရင့်သည်ကိုမှ ရွေးချိုးပြီး ကြံချောင်း အခွံခွာသလို ခွာသည်။ ကြံစုပ်သလို စုပ်သည်။ ပထမသော် လေး ငါးယောက်။ ဒုတိယနေ့တွင် နှစ်ဆယ်။ တတိယမှာသော် ကား ရွာလုံးကျွတ် ကလေး တစ်ရာကျော်။ ရီဆေးရိုး မဆဲရက်၊ မရိုက်ရက်သော်ငြား အလှူကြီး မပေး နိုင်ပါ။ ယာခရိုး လုံခြုံအောင် စီမံရလေပြီ။ ကင်ပွန်းခါး ကိုင်းသည်လည်း ဆူးရှိသည်သာပင်။ ကင်ပွန်းခါးပင်ကို ရီးဆေးရိုး လိုက်လံရှာဖွေသည်။ ကင်ပွန်းခါးပင်များ ယခင်က ပေါခဲ့သော ရမ်းဘိုကနုး။ ယခု ငုံးငုံးတိုနေပြီ။ သူ့ယာ ကိုယ့်ယာ နယ်နိမိတ်တိုင်ကို ကင်ပွန်းခါးတိုင်များဖြင့် သတ်မှတ်ကြ၊ အကိုင်းအခက်များဖြင့် ကာရံကြသည် မဟုတ်လား။

ရွာပြင်နှင့် မုံးမြောင်းတစ်လျှောက်တွင်လည်း ကင်ပွန်းခါးသာ မဟုတ်၊ ထနောင်းလည်း ပြုတ်လု တည်းတည်းသာ ဖြစ်ရပေပြီ။ တစ်ပင်ခုတ်ပြီး နှစ်ပင်စိုက်ရန် မဆိုထားဘိ၊ ဆယ်ပင်ခုတ်၍မျှ တစ်ပင်စိုက်ရန် အိပ်မက် မမက်ကြပေပဲကိုး။ ရီးဆေးရိုး မမွေးမီးကတည်းက ရမ်းဘိုကုန်း ပတ်ချာ လည်တွင် ခဲပစ်မလွဲ၊ လက်ညှိုးထိုးမလွတ်သော ထနောင်းနှင့် ကင်ပွန်းခါးတို့ ပြုန်းတီးချိန်တွင် ခေါင်းထောင်လာသူ ရှိ၏။ သူကား "ကန္တရ ထနောင်း" ပေတည်း။ မနေ့တနေ့ကမှ ရောက်လာသော ကန္တရ ထနောင်း။

သည်ကန္တရထနောင်းသီးကို နွားကြိုက်ငြား ရီးဆေးရိုး မခုတ်ရဲပါ။ သူ့ကို ခုတ်ပြီး ကာရံလျှင် ဖြစ်နိုင် ငြား သူ့ဆူးနှင့် စူးမိလျှင် မသက်သာ။ လူသာမဟုတ်၊ သည်ဆူး ဆူးမိလျှင် နွားလည်း ခံရသည်ပင်။ သို့အတွက် ကိုထွန်းညံကို အဖော်ခေါ်ကာ အနောက်တောသို့ ထွက်လာခဲ့ကြခြင်း ဖြစ်ပေ၏။ အခါတိုင်းဆိုလျှင် မြောင်းခွကို ထွန်သည်နှင့် မြူကြား၊ မင်းလွင်ကြားမှ ကြိုဆိုနေကျ သနပ်ခါး ဒဟပ်နှင့် သန်းပင်များကို မတွေ့ရတော့ပြီ။ ရမ်းဘိုကုန်းနှင့် မြောင်းခွအကွာအဝေးလောက်ပင် နောက်ထပ်လာမှ ကိုရင်ကြီးကုန်းကို ရောက်သည်။ သည်မှာပင် မိုးစင်စင်လင်းပြီ။

ကိုရင်ကြီးကုန်းတွင် သန်းပင်ထက် ဒဟပ်နှင့် ဆီး ပေါသည်။ ဒဟပ်မှာ ဆူးမရှိ။ ရီးဆေးရိုး မလိုချင်။ သန်းပင်မူ ဆူးကား ရှိပါ၏။ ရှားလှချေသည်။ သို့ဖြင့် ဆီးခုတ်ရန် စိတ်ကူးကြသည်။ ဆီးမှာပင် ဆီးချဉ်သီးကို လူက ကောက်၊ နွားက လာစား သေးသည်။ သို့ဖြင့် လူရော နွားပါ ဘေးမဲ့ပေးထား သော ဆီးခါးကိုသာ ခုတ်ကြ တော့သည်။

စောစောက ရပ်သွားသော ဓားခုတ်သံ ထပ်မံပေါ်လာပြန်၏။ ကလေးမဟုတ်၊ ပြောလိုစိတ် မရှိ။ အတန် တိုက်သွားချိန် တွင် ဓားကို နောက်ကျောဘက်မှာ ထိုးထားလိုက်ပြီး ဆီးခက်တွေ ကော်ပြန် သည်။ နှစ်ခက်မှ တစ်ပြန့်မို့ တော်တော်နှင့်မမောက်။ ခါးက ဓားကြီး ခါယမ်းခါယမ်းနှင့်ပင် သယ်ရ သည်။ ချထား၍ မဖြစ်။ ကိုယ်ချထားသည့် ဓားကို ခလုတ်တိုက်ပေါင်းများပြီ။ မျက်စိမှောက်ပြီး ခြေတို အောင် ရှာရသဖြင့် အချိန် ဖင့်ပေါင်း များပြီ။ နောက်ထပ် သုံးကော် ကော်ပြီး ဆီးခက်နှစ်ဆယ်ခန့် တင်ပြီးချိန်ကျမှ ကိုထွန်းညံ၏ အသံပေါ်လာသည်။ အထူးအထွေ မရှိပါ။ "မဆာသေးဘူးလား၊ ထမင်းစားကြရအောင်" အဖော်ညှိခြင်း ဖြစ်သည်။

နေလုံး သည် တောင်ရွာထတောပေါ်သို့  တစ်တောင်ကျော်ကျော်မြင့်တက်လာပြီ။ သို့ပါလျက်နှင့် ရောင်ခြည် မဖြာသေး။ ကျီးအာသီးနှယ် နီရဲနေဆဲသာ။ ကိုးခွင်ရပ်သည် မြူအုံထူထူဖြင့် သိုင်းဖွဲ့ထား ဆဲ ရှိသေးသည်။ သည်လက္ခဏာကို ရီးဆေးရိုး မကြိုက်ပါ။ လေကျမည့် လက္ခဏာ ဖြစ်သည်။ လေကျမှဖြင့် ...။

ရီးဆေးရိုး၏ စိတ်က ရွာသို့ ပြနသ်ွားသည်။ သည်အရပ်၏ လေကျချိန်က ညနေ ငါးနာရီ။ ချက်တုန်း ပြုတ်တုန်း။ မီးဖိုမီးကို ငြှိမ်းနိုင်မီ ဘီလူးထွက် ထွက်သောလေ၊ ဗြုန်းဗြင်းနောင်ဗြောင်း ကျလေ့ရှိ သောလေ။ သို့မို့ကြောင့် ရွာပြင်လေကွယ်တွင် ချက်သူချက်၊ မွန်းတိမ်းသည်နှင့် ထမင်းအိုး တည်သူ တည်။ သို့သော် ထမင်းအိုး လွှင့်မပစ်ရခြင်းနှင့် မီးအန္တရာယ်ကင်းခြင်းသာ ရှိသည်။ လေကား သည်နှယ် ရီဝေဆိုင်းနေပါက ကျလာ တော့သည်သာ။

သည်နှယ်လေကျလာပါက ခံနိုင်စေရန် နွားတင်းကုန်ကို ကင်ပွန်းခါးတုံးဖြင့် ဖိသည်။ ကောက်ရိုးပုံကို သေသေချာချာ ခေါင်ချုပ်သည်။ အိမ်ခေါင်မိုးကအစ လွင့်စရာ လန်စရာများကို အစစ ကြိုတင် ဖိအုပ် ထားပါလျက်က လေ့လာချိန်တွင် လန့်သေးလွင့်သေးသည်။ အိမ်မှာ ကျန်ခဲ့သော အဘွားကြီးအိုမှာ "ကိုဆေးရိုးရေ လုပ်ပါဦး" အော်စရာ လူလည်း မရှိ။ မည်သို့ လုပ်ပါမည်နည်း။ ခြေရင်းထရံ မတုပ်ရ သေပါတကား။ "အင်း ထရံကြီး ကွာကျမှဖြင့်" တွေး၍ မဆုံးသေးမီ ကောက်ရိုးထုံးတွေက အာရုံထဲ သို့ ၀င်ရောက်လာပြန်သည်။ ကောက်လှိုင်းတစ်စည်းစီးကို ပုတ်ခြွေပြီးတိုင်း ပြန်၍ ထုံးဖွဲ့ထားသည်။

အနှံတွေ မပါတော့သည့် ကောက်ရိုးထုံး။ သည်ကောက်ရိုးထုံးတွေကို အိမ်က နွားတွေအတွက်သာ စဉ်း ကျွေးရသည်မဟုတ်။ ၀ယ်လာသူရှိလျှင်လည်း ရောင်းရသေးသည်။ "ဘယ်အရပ်မှာ မိုးခေါင်လို့ နွားစာတစ်မျှင်မှ မရှိဘူး၊ လှူကြပါဦး" ဆိုလာလျှင်လည်း လှူရ၊ ပေးကမ်းရသည်။ သို့လျှင် သုံးစွဲ ပေးကမ်းနိုင်ရန် သပ်သပ်ရပ်ရပ် ပုံထားသည်။ ထန်းရွက်ဖြင့်  ဖုံးထားသည်။ ထန်းရွက်ပေါ်တွင် တုံးတွေ၊ မြေကြီးခဲတွေ၊ အုတ်ခဲတွေ တင်ထားသည်။ တင်ထာသော်ငြား လေဒဏ်မှ ခံနိုင်ပါမည်လား။

အားခွန်ဗလကြီးမားသော လူသန်ကြီးတစ်ယောက်သည် တဲအိုကလေးတစ်လုံးကို တအားတွန်းဖိ ထားဘိသို့ လေသည် တရကြမ်းတိုက်၏။ တဝေါဝေါ တ၀ုန်းဝုန်း တအုန်းအုန်း တဒိုင်းဒိုင်း မြည်သံမစဲ တိုက်အား မလျှော့ဘဲ တိုက်ခတ်၏။ ထိုသို့ တိုကခတ်နေဆဲတွင် လေပုန်းက ၀င်မွှေ့သေးသည်။ လေပုန်း ၀င်မွှေ့ပြီဆိုမျှဖြင့် စောစောက ဘာမျှမဖြစ်သော ဖျာတွေလည်း အိမ်ထဲတွင် လွင့်၏။ သံပန်ကန်၊ ဒန်အိုးဒန်ခွက်များ ၀ဲပျံမြူးထူးကြသည်။ ထိုကဲ့သို့ လေပုန်း မွှေခဲ့သော် အမယ်ကြီးအို ဖျာရိုက်သဖြင့် မူးဝေ လဲပြိုချေ မည်လား။

ကောက်ရိုးထုံးပေါ်မှ ထန်းရွက်တွေ မမျှော်လင့်ဘဲ လန်ထွက်သဖြင့် အမယ်အိုကြီးကို တုံးတိုတုံးစတွေ ရိုက်မိချေမည်လော။ သူ့ဘာသာသူနေသော သောက အမှိုက်ပုံကို သွားဖွမိသည့်ခဏ၌ ဆုပ်ကိုင်ပြီးသား ထမင်းလုတ်သည် ပါးစပ်ဝ၌ တန့်နား၏။ ဖျတ်ခနဲ သတိဝင်လာချိန်တွင် သူ့အဖြစ်ကို ကိုထွန်းညံ သိချေပြီလော။ စောင်းငဲ့အကဲခတ်ရင်း ထမင်းခွံ၏။ ထမင်းနင်ပါလေတော့သည်။ ထမင်းနင်သည်ဆိုကာ ရေမသောက်ရဲ။ နင်သော ထမင်း လျှောကျအောင်ဆိုကာ ရေသောက်မိသဖြင့်အသက်ရှူ တစ်ကြိမ် မှားဖူးကတည်းက သည်းခံစိတ် မွေးတတ်ပြီ။ ခါးကိုဆန့်ကာ အသက်ဝအောင် ရှူသည်။ လည်ချောင်းတွင်းမှ တင်းကျပ် ဆို့နင့် နေသော ဝေဒနာသည် တော်တော်နှင့် မပျောက်။

ကိုထွန်းညံကား နောက်က ရန်သူ လိုက်လာဘိသကဲ့သို့ အတင်းခွံ အတင်းမျိုချနေသည်။ သူ့ကို ကြည့်ပြီး မနာလိုစိတ် ဖြစ်ပေါ်လာသည်။ သို့သော် ရင်တွင်းနှင့် လည်ချောင်းတွင်းမှ အောင့်သော ဝေဒနာ မပြသေး။ ထငမ်းတစ်လုတ်ကို အရည်ပျော်လုခမန်း ညက်အောင် ၀ါးပြီးမှ  မျိုချ၏။ ဝေဒနာ သည် ထိုအချက်ျမှ သက်သာလေ၏။ "အင်း ဒုက္ခမရှိ ဒုက္ခရှာ၊ ကိုယ်လည်း ဘာမှ မတတ်နိုင်တာကို တွေးပြီး ပူမိတာကိုး" ဟု ကိုယ့်ကိုယ်ကိုယ် အပြစ်တင်မိသည်။ ငါးမိဖုတ်နှင့် ငရုတ်သီးထောင်းမှာ ညက အကျန်ပေမဲ့ နှမ်းဆီနဲပ သင်းသင်းနှင့်မို့ အရသာ ရှိလှ၏။ အရသာရှိတိုင်းလည်း အတင်းမမျိုဝံ့။ သွားဖုံးနှင့် ကြိတ်ချေနေရသေး၏။ ကိုထွန်းညံ ဆေးလိပ်သောက်၍ တစ်ဝက်ကျော်ကျသွားပြီ။ ထိုအခါတွင်မှ ရီးဆေးရိုး ထမင်းစား၍ ပြီးသည်။ နေကိုမော့ကြည့်သည်။ ဆွမ်းခံဝင်ချိန်ကျော်ခဲ့ပြီ။ နေမရင့်မီ မြူမကွဲမီ သုတ်ခြေတင်မှ ဖြစ်မည်။ ရီးဆေးရိုးမှာ ရေသောက် မိသော်လည်း လက်မဆေးမီ ဓားကိုဆွဲကာ နေရာပြောင်းခဲ့၏။

"ကိုဆေးရိုးရေ ပြန်ကြစို့၊ တော်ပြီလားလို့"
ကိုထွန်းညံထံမှ အသံပေါ်လာချိန်တွင် ရီးဆေးရိုးသည် ဆီးခက်များကို 'ကုပ်ဝါး' ဖြင့် နှိပ်နေပြီ။ တောထဲတွင် သစ်ပင်ရှိကား ရှိ၏။ လှည်းတစ်ဆုံးရှည်သော အပင်ကား ရှားပြီ။ သို့အတွက် အိမ်မှ ၀ါးနှစ်လုံး၊ ကြိုးလေး ချောင်းသယ်ခဲ့သည်။ လှည်း၏ ဦးပိုင်းမှ ကြိုးများကို လှည်းသန်တွင် ချည်သည်။ လှည်းနောက်မြီးပိုင်းမှ ကုပ်ဝါးကြိုးများကို လှည်းသင်ရိုးတွင် ချည်သည်။ ပွသည်ဖြစ်စေ ကျစ်သည်ဖြစ်စေ၊ သည်မျှဆိုလျှင် လုံ လောက်ပြီ။ ဆီးဆူးပေါ်တွင် ဂုန်အိတ်ခင်းသည်။ သည်အပေါ်မှာ ဓား၊ ခက်ရင်း၊ ထမင်းထုပ်၊ ရေဘူးနှင့် နတံ(နှင်တံ)ကို တင်ထားခဲ့ပြီးမှ ကိုထွန်းညံကို ကူရန် လာခဲ့သည်။ ကိုထွန်းညံသည် နွားနှစ်ကောင်ကို ထမ်းပိုးတွင်း သွင်းနေ၏။ ဆီးခက်များကား ထိုးထောင်မို့မောက်နေသည်။

'' ဟေ့ ..... နွားမတပ်နဲ့ဦးလေ၊ 'ကုပ်' နှိပ်ဦးမှပေါ့''
ကိုထွန်းညံ တန့်မသွားပါ။ အလှည့်နွားကို လည်ပတ်ကြိုးပတ်ပြီး ထမ်းပိုးကျစ်စိုက်သည်။
''ဟေ့ကောင် ကုပ်မနှိပ်ရင် မရဘူးလေ''
''ကုပ်နှိပ်လောက်တဲ့အပင် မရှိဘူးဗျ၊ ရပါတယ်ဗျာ၊ ကြိုးသိုင်းထားတာပဲ၊ လမ်းဒါလောက်ဆိုးတာမှတ်လို့''
ပြောရင်းကပင် အတိုင်နွားကို ကသည်။ လူက ပေါ့တီးပေါ့ဆမဟတုတ်၊ အသံကလည်း ခပ်ပေါ့ပေါ့ပင်။

''အေးလေ၊ ဒါဆိုလည်း သွားကြစို့'' ဆိုကာ ရီးဆေးရိုး လှည့်ထွက်ခဲ့ကာ နွားတပ်ပြီးမောင်းထွက်လာသည်။ လှည်းလမ်းကြောင်းပေါ်သို့ ရောက်ချိန်တွင် ရီးဆေးရိုး လှည့်ကြည့်မိသည်။ လှည်းဆောင့်တိုင်း ခုန်နေသော ကိုထွန်းညံ။ ဆေးရိုး လှည့်ပြောမည် ကြံသေးငြား ပြောဖြစ်။ အတိုင်နွားက တောရကျောင်း လမ်းခွဲဘက် ဆွဲနေ သဖြင့် နှင်တံနှင့် ပါးစပ်က ငေါက်နေရသည့်အတွက် ပြောရန်မေ့သွားတော့သည်။
''ကိုထွန်းညံ ရေ၊ တို့ပြီး မောင်းဟေ့၊ နေအေးတုန်း ခရီးတွင်အောင်''

ဆွမ်းစားခေါင်းလောင်းသံ မကြားရသေးပါ။ နေကိုမော့ကြည့်ပြီး ရီးဆေးရိုး ခန့်မှန်းခြင်းဖြစ်သည်။ ကိုထွန်း ညံမှာ ပြန်မပြောနိုင်ပါ။ ရှေ့သို့လျှောလာသော ဆူးခက်တွေ နောက်တွန်းရ၊ ဘေးဆင်းနေသော ဆူးခက် တွေကို ဆွဲတင်ရနှင့် လက်ငါးချောင်းလုံး သွေးအလူးလူးဖြစ်နေသည်။

ညောင်ကုန်းရွာ မရောက်မီပင် သူတို့လှည်းများ ချောင်းထဲသို့ ဆင်းမိသည်။ မရှေးမနှောင်းပင် ညောင်ကုန်း ကျောင်းမှ ဆွမ်းစားခေါင်းလောင်းသံများ၊ ခွေးအူသံများ ညံတက်လာ၏။ ထိုအချိန်တွင် ရီးဆေးရိုးစိတ်ထဲ၌ တစ်ခုခုထူးခြားသလို ထင်မိ၏။ စင်စစ်သော်ကား ကိုင်းတောထဲမှ ငှက်သံများ ရပ်စဲသွားခြင်း၊ တညင်ညင် တိုက်ခတ်နေသော လေပြေ ရပ်ဆိုင်းသွားခြင်းဖြစ်၏။ အလယ်သောင်သည် အတက်ပြေငြား အဆင်းဆိုးလှ သည်။ ရီးဆေးရိုးသည် နွားနှစ်ကောင်ကို အပြေးဆင်းခွင့်မပေးပါ။ ဖြည်းဖြည်းဆင်းအောင် ကန်းကြိုးဖြင့် ထိန်းထား သည်။ ရပ်စောင့်နေသော ကိုထွန်းညံဘက်သို့ မျက်နှာအလှည့်တွင် အနောက်မြောက်ဘက်မှ အလုံးကြီးတစ်လုံး ဂွမ်းမှုန်ဂွမ်းမျှင်များ လွင့်တက်သွားသည့်နှယ် ထောက်တက်လာသော ဖုန်လုံးကြီး။

''ကိုထွန်းညံ မဆင်းနဲ့၊ လေကျလာပြီ၊ ကိုင်းတောကွယ်မှာ ရပ်နေ''
ရီးဆေးရိုး အော်ဆဲမှာပင် ကိုထွန်းညံ၏ လှည်းက ဆင်းလာပြီ။ ရီးဆေးရိုး သူ့လှည်းပေါ်သို့ 'လှည်းပုံတောင်း ပေါ်မှ လှမ်းတက်ကာ ကိုင်းတော သောင်ခုံစပ်သို့ မောင်းခဲ့သည်။ ကြီးမားသော ဆည်ကြီးတစ်ခု ပေါက်ကျ ဘိသို့၊ ပင်လယ်လှိုင်းလုံးကြီးများ ပြေးတက်လာဘိသို့ ကျယ်လောင်ပြင်းထန်သော အသံများ ပြေးလာ သည်။ မရှေးမနှောင်း ပင် ကိုင်းတောကြီး တစ်ဝီ၀ီအော်လျက် လေပြင်းကြီးများ ကျရောက်လာတော့သည်။

ရီးဆေးရိုးသည် နွားနှစ်ကောင်းကြား ထမ်းပိုးတုံးအောက်တွင် ၀င်ထိုင်ကာ လေကို ကျေားပေးထား၏။ သဲမှုန်များသည် မိုးသီးမိုးပေါက်အလား ကျလာ၏။ ကိုထွန်းညံ ဘာဖြစ်သွားသလဲ၊ ဘယ်ရောက်နေသလဲ မမြင်ရတော့ပါ။ နားထဲတွင်မူ ရှောခနဲ ဖုန်းခနဲ ကြားလိုက်သလိုရှိ၏။ လေသည် လျော့သွားလိုက်၊ တစ်ကြော့ပြန်လာလိုက်နှင့် တစ်နာရီခွဲခန့် တိုက်ပြီးမှ တိခနဲပြတ်သွားသည်။ သဲမှန်ပြတင်းကြီးလည်း လက်ဖြင့်ပွတ်လိုက်ဘိသို့ တဖြည်းဖြည်းကြည်လင်လာ၏။

သောင်ခုံအဆင်းတွင် ရပ်နေသော လှည်း၊ လှည်းရှေ့တွင် ဆီးခက်ပုံကြီး။ ထွန်းညံ ဘယ်မှာနည်း၊ ရီးဆေးရိုး ပြေးလာပြီး ဆူးခက်တွေ ဆွဲလှန်သည်။ မှောက်လျက် ကားကားကြီးသတိလစ်နေသော ကိုထွန်းညံ။ ဧကန္တ ဆူးခက်တွေ ရှေ့အလျှောတွင် လူပါလျှောကျပြီး နောက်မှပါလာသော ဆူးခက်များအောက်သို့ ရောက်သွားခြင်း ဖြစ်ပေမည်။

ကိုထွန်းညံ သတိရချိန်တွင် လှည်းပေါ်သို့ မတက်နိုင်တော့ပါ။ သို့အတွက် ရီးဆေးရိုးမှာ ဆီးခက်တွေ အကုန်လှန်ချပစ်ပြီး ကိုထွန်းညံကို လှည်းပေါ်ပွေ့တင်ပေးရသည်။ သူ့လှည်းကို နောက်ကထားလျက် လှည့် ကြည့် လှည့်ကြည့်နှင့် ခရီးဆက်ရသည်။ အိမ်အပြန်မို့ နွားတွေ ဖြောင့်ဖြောင့်မလိုက်မှာ မစိုးရ။ လူသာ လျှောကျကျန်ခဲ့မှာ စိုးရသည်။ သို့အတွက် တငဲ့စောင်းစောင်းပြန်ကြည့်ရသည်။ ကိုထွန်းညံကို ပြန်ကြည့် နေ့သော ကြောင့်လည်း ရမ်းဘိုးကုန်ုးကို လေပြင်းမည်မျှမွှေသွားသနည်း၊ အမယ်ကြီးအို ဘေးရန်မှ ကင်းပါစ တွေးရန် ပူရန် သတိမရ ပါတော့ချေ။ 'အစက ငါအပြောသားပဲကွာ' ဟူ၍လည်း အပြစ်မတင်ရက် တော့ပါ။ အိမ် သို့ မသေမပျောက် ခေါ်သွားနိုင်ရေးကိုသာ ရီးဆေးရိုး စိတ်စောနေပါတော့သည်။

ပြီးပါပြီ
စာရေးသူ - ဆင်ဖြူကျွန်းအောင်သိန်း
.
>>>ဆက်ဖတ်ရန်>>> >>

Saturday, April 2, 2011

မုန့်တစ်တုံး နှင့် ထွန်သန်တစ်ချောင်း (ဆင်ဖြူကျွန်းအောင်သိန်း)

မုန့်တစ်တုံး နှင့် ထွန်သန်တစ်ချောင်း

နေသာသဖြင့် လယ်တောတစ်ခွင်တစ်ပြင်လုံးမှာ တောက်ပနေပေသည်။ မိုးသို့မျှော်လျှင် မိုးသားဖြူဖြူများ သည် မြောက်အရပ်သို့ ပြေးလွှားနေ၏။ လေသည် ဖြူးရုံမျှသာဖြူး၍ နေရောင်ဖြင့် ရွှန်းလက်နေသော ကောက်ပင်များ မှာ ညီညာသည် ဆိုရုံကလေး ဦးညွှတ်ငိုက်နေကြလေ၏။ စိုက်သက်ရင့်သော ကောက်ပင် များက စိမ်းသည်။ အစိမ်းရောင်သည် နေရောင်ဝယ် ၀င့်မှောင်နေ၏။ စိုက်ပြီးခါစ ကောက်ပင်များက ၀ါသည်။ နေခြည်ဝယ် ထွေးနုသော ကောက်နုဝါများက ၀င်းလက်နေကာ လယ်တောတစ်ခွင် တစ်ပြင်လုံး၌ အစိမ်း နှင့် အ၀ါ သည် ကွက်ပြောက်နေလေသည်။
" ဟယ် ... ဒီအမြီးကြီးကလဲဟာ တယမ်းယမ်းနဲ့ "

နွားမြီးတစ်ချက်ယမ်းလိုက်တိုင်း ကိုဆေးရိုး၏ မျက်နှာသို့ ရွှံ့စက်များ လာစင်၏။ ခတ်လိုက် ယမ်းလိုက်သော နွားမြီး မူလနေရာသို့ ပြန်လာလျှင် ကိုဆေးရိုး၏ မျက်နှာနှင့် ရင်ဘတ်ကို ရွံ့စက်များ ထိမှန်ပြန်သည်။ ကိုဆေးရိုး ၏ အထက်ပိုင်း၌ မည်းသော ရွှံ့ရေများက အနက်ပြောက်၊ အနက်စင်း၊ အမည်းစင်း၊ အမည်းပွင့် တွေ ထင်နေလေသည်။
ရေ နှင့် ထိတွေ့က လေးလေးမှန်မှန် ရုန်းရသည်။ ဆွဲရသောဝန်က ရေနူးနေသောမြေကို ခွဲဖျက်ရုံ မျှသာဖြစ်၏။ ထို့ကြောင့် နွားနှစ်ကောင်မှာ စားမြုံ့အပြန်ပင် မပျက်ကြပေ။ နွားတွေက စားမြုံ့ကလေး တခတ်ခတ်၊ အမြီးကလေးယမ်းကာ ယမ်းကာဖြင့် မမောမပန်း သွားနေနိုင်သလောက် ကိုဆေးရိုး မှာ ပင်ပန်း လှသည်။

နွားနှစ်ကောင်၏ အမြီးမှ စင်သော ရွှံ့များသည် ရင်ဘတ်နှင့် လည်ပင်းစသည်များကိုသာ ပေကျံ စေသည် မဟုတ်၊ တစ်ခါတစ်ရံ မျက်ခမ်းအစပ်သို့ ရောက်လာ၏။ တစ်ခါတလေ မျက်လုံးထဲသို့ ၀င်လာသောအခါ၌ အောင့်သက်သက် စူးဝါးဝါးနှင့် မျက်လုံးကို မှိတ်ထားလိုက်ရလေ၏။
" ဟယ် ... ဒီအမြီးကြီးကလဲဟာ တယမ်းယမ်းနဲ့ "
ကိုဆေးရိုးကမျက်လုံးကို မှိတ်ထားရင်း မာန်လေသည်။ မာန်သာ မာန်နေရပေမဲ့ ထိုခဏ၌ သူသည် နွားနှစ် ကောင် ကို ထိန်းသိမ်းနိုင်ခြင်းမရှိ။ နွားနှစ်ကောင်ဆွဲသွားသည့်နောက်သို့သာ မှေး၍ လိုက်ပါလာရသည်။
သို့စ်တွင် ထွန်ရေးအစပ်တိုင်း အစပ်တိုင်း၌ ဖဲ့မိ ခွဲမိခြင်းမရှိဘဲ တင်း၍ ချော်၍ ခံနေခဲ့သော ရေအောက်က နွားနှစ်ကောင် မှာ ရုတ်တရက် အမာခံနှင့်တွေ့သဖြင့် တွန့်ခနဲဖြစ်သွားရာ ခွေးလိမ္မာဆွဲခေါ်ရာသို့ ပါလာ ရသော မျက်မမြင် ဒုက္ခိတနှင့် ဘာမျှမခြားသော ကိုဆေးရိုးမှာ ညို့သကျည်းနှင့် ထွန်တုံးနှင့် ၀င် တိုက် မိလေ၏။

" အူး ... အင်း "
မျုက်လုံးထဲ ရွှံကစင်သော ဝေဒနာသည် လွင့်စင်ပြေပျောက်သွားတော့သည်။
ညို့သကျည်းဆိုသည်မှာ အရိုးကဲသော အစိတ်အပိုင်းဖြစ်၏။ ရေကလည်း စိုနေပြန်သေး၏။ သို့ကြောင့် အသည်းခိုက်အောင် နာလှသည်။ တိုက်မိရာ နေရာမှာလည်း ထွန်တုံးပင် မဟုတ်ပြန်ချေ။ ထွန်တုံးကို ဖောက်၍ အပြင်သို့ လက်သုံးလုံးခန့် ထွက်နေသော ထွန်သန်အမြီးဖြင့် ဆောင့်မိခြင်းဖြစ်၏။ ထွန်တုံးကမှ ချောသေးသည်။ ပြောင်သေးသည်။ ထွန်သန်အမြီးပိုင်းမှာ အနားများ " စွာ" နေ၊ ထက်နေသောကြောင့် ပို၍ နာသည်။ သွေးစို့လာအောင် ပြင်းထန်သည်။

" အီး ... "
သူက နာကျင်နေသော်လည်း နွားနှစ်ကောင်က နားမလည်ချေ။ ကြိုးမတင်းဘဲနှင့် ရပ်လျှင် ကျောကွဲမှာ တစ်ခု ကိုသာ သိသောကြောင့် ခြေလှမ်းမပျက် ဆက်ဆွဲနေကြ၏။ ကိုဆေးရိုးမှာ မချိမဆံ့ အသံကြီးဖြင့် ညည်းတွားရင်း ထွန်တုံး၏ နောက်မှ ထော့ကျိုး ထော့ကျိုးဖြင့် လိုက်ပါလာရလေသည်။
" ဟင်း ... ဟင်း ... နင်တို့ အမြီးတေတော့လားနော် ဟင်း "

အံကြီးကြိတ်၍ မာန်စဉ်တွင် ထွန်ကြောင်း၏ အစပ်အနားကို မှတ်သော မှတ်တိုင်တစ်တိုင်၏ ဘေးသို့ ရောက်လာသောကြောင့် မှတ်တိုင်ကို ဆွဲနုတ်၍ ထွန်သန်ပေါ်သို့ ကန့်လန့် တင်ထားလိုက်ရသေး၏။ ထွန်သန် နှစ်ချောင်းပေါ်၌ အထစ်ကလေးများ လုပ်ထားသဖြင့် မှတ်တိုင်များ လျှောမကျပေ။ မှတ်တိုင်မှာ ထွန်ကြောင်း ၏ အစပ်ကို ရေထဲမှာ မမြင်ရသောကြောင့် စိုက်ထူထားရသော လူ့ခါးခန့်အမြင့်ရှိသည့် တိုင်များ ဖြစ်၏။ ထွန်ကြောင်းတစ်ကြောင်းနှင့် တစ်ကြောင်းအကြားတွင် တစ်တုံးစာမျှသာကွာရာ ထွန်ကြောင်း နှစ် ကြောင်း ၏ ကြားသို့ဝင်လာတိုင်း မှတ်တိုင်ဟောင်းများကို တွေ့သည်။

ထါန်ကြောင်း နှစ်ကြောင်းကြားသို့ ၀င်လျှင် ၀င်ချင်း တစ်တိုင်တွေ့၍ ရှေ့ကန်သင်း သို့ ရောက်ခါနီး၌ တစ်တိုင် တွေ့ရပြန်သည်။ ကိုဆေးရိုးသည် ထိုမှတ်တိုင်များကိုကြည့်၍ ထွန်ကြောင်းဖြောင့်အောင် မောင်းရ ၏။ ခွဲကြောင်း အဟောင်းထဲက နုတ်လာခဲ့သော မှတ်တိုင်များကို ခွဲကြောင်းအသစ်ခွဲသောအခါ ၀င်ဝင်ချင်း တစ်တိုင်၊ ကန်သင်းနားသို့ ရောက်ခါနီး၌ တစ်တိုင် စိုက်ပစ်ခဲ့ရပြန်၏။ ဤနည်းဖြင့် မှတ်တိုင် လေးချောင်းမှာ ထွန်သန်ပေါ် ရောက်လိုက်၊ ရွှံ့ထဲပြန်ဆင်းရလိုက်၊ ခွဲကြောင်း မှတ်တိုင်သစ်ဖြစ်လိုက်၊ ခွဲကြောင်း မှတ်တိုင် ဟောင်း ဖြစ်လိုက်၊ အ၀င်မှတ်တိုင်ဖြစ်လိုက်၊ အထွက်မှတ်တိုင်ဖြစ်လိုက်ဖြင့် သံသရာလည်နေပေ၏။

" နင်တို့ အမြီးတေတော့လား ဟနော် ... ဟင်း ... ဟင်း ... ဓားနဲ့ကို ဖြတ်ပစ်ဦးမယ်"
တကယ်တော့ နွားနှစ်ကောင်မှာ ဘာမျှ အပြစ်မရှိသော်လည်း အနီးအနား၌ မာန်မဲစရာဟူ၍ သည်နွားနှစ် ကောင် သာလျှင် ရှိသောကြောင့် ကိုဆေးရိုးက အားပါးတရ အံကြိတ်၍ မာန်ချေသည်။ မာန်၍ မဆုံးသေးမီ ခွဲကြောင်း ဟောင်း၏ အထွက်မှတ်တိုင်နားသို့ ရောက်လာသဖြင့် မှတ်တိုင်ကို ဆွဲနုတ်လိုက်ရ၏။ တစ်ပြိုင်တည်းပင် လက်ဝဲဘက် ဒုတိယထွန်သွား၌ ငြိစပြုလာသော ပုစွန်စာပင်များကို ခြေဦးဖြင့် ထိုးချလိုက် သည်။ ပြီးလျှင် ပြီးချင်း ထွန်ကိုင်းမှ မ၍ ထွန်တုံးကို ကန်သင်းခြေသို့ ပစ်ကပ်ပေးလိုက်ရလေ၏။

အလုပ်သုံးခုကို ဆက်၍ ဆက်၍ အပြေးအလွှား လုပ်လိုက်ရသဖြင့် အနာသည် လျော့သွားသည်။ လူမူ မော သွားချေသည်။ မောမောနှင့် ရှေ့သို့ မျှော်ကြည့်ချေသော် ပြာစင်သော မိုးသားကို မြင်ရ၏။ မိုးသား ပြာပြာ၏ သည်ဘက်ဝယ် မြနှစ်သွေးဖြင့် ပြေးနေသော ခင်တန်း၊ သည်မှာဘက်၌မူ လေဆော့တိုင်း နော့နေသော မြနုရောင် ကောက်သားနှင့် နံ့သာရောင် ကောက်ပင်များ စသည်တို့ကြောင့် အမောပါ ပြေသွား ရလေ၏။ သို့သော် ကိုဆေးရိုး၏ စိတ်ထဲ၌ တစ်စုံတစ်ခုသည် လိုနေသလို ခံစားမိသည်။

" ဘာပါလိမ့် "
အခါတိုင်းမူ ကြည့်ရော၌ တလှုပ်လှုပ်တ`၇ွရွ လှုပ်ရှားနေသော ထွန်နှင့် ထွန်သမားများကို မြင်နိုင်၏။ ယနေ့မူ ထွန်သမားတို့ နည်းပါးလှချေ၏။ ယင်းကြောင့်ပင်လျှင် ကိုဆေးရိုး၏ ရင်၌ ဟာခြင်းပေလော။ လယ်ကွက်တွင်း၌ တဟင်းဟင်း တဟဲဟဲ မောင်းနှင်သံပြု၍ ထွန်ယက်သူတို့ ပွေနောက်နေလျှင် ကန်သင်း ထက် ၌လည်း ထွန်သမားတို့၏ အမောပြေဆေးများကို မြင်ရ၏။ ထမင်းပို့သူ၊ လယ်၏ဗာဟီရလုပ်သူ စသည်ဖြင့်။ ထိုသူထိုသူတို့ရှိလေလျှင် လယ်ပွဲများ မီးခိုးအူမြဲတည်း။ နေပူသော် ကန်သင်းဆုံထက်မှ နွားချေးခြောက် မီးခိုးတို့သည် နွယ်လိမ်ယှက်ဝှေ့၍ တက်မြဲတည်း။

မီးခြစ်တစ်ဆံ သည် တစ်ပြား၏ ရှစ်ပုံတစ်ပုံသာလျှင် တန်ဖိုးရှိ၏။ ဤသည်ကိုပင် ဇယားမမိဟုဆိုကာ လယ်သမားတို့ မသုံးကြကုန်။ နံနက်က "ဖို" ထားလျှင် နောက်တစ်နေ့သို့ပါ မီးကူးသော နွားချေးခြောက် တစ်ချပ် ကိုသာ သုံးစွကြ၏။ ထို့ကြောင့် မိုးရွာလျှင်လည်း မီးခိုးနွယ် များသည် ကောက်ပင်များပေါ်တွင် ဖြတ်ပြေး၍ လည်းကောင်း၊ အထက်သို့ လိမ်တက်၍လည်းကောင်း မြူးကြွသည်။ မီးခိုးလာရာနေရာမှာ သစ်ခေါင်း တွင်းမှ ဖြစ်၏။ သစ်မြစ်ကြားမှ လာ၏။ မိုးရေလွတ်ရာ နေရာများမှဖြစ်သည်။ ယခုသော် ခြူးနွယ်က နုတ်မီးခိုးရုပ်တို့ ကင်းစင်နေပေ၏။ ဒါသည်ပင် ကိုဆေးရိုး၏ ရင်တွင်းမှ ဟာခြင်းပေပဲလား။
အခါတိုင်းမူ တေးသံသည် ညံ၏။

ထွန်ယက်ရင်း ညည်းသော တေးသံများကိုလည်း ကြားရ၏။ မြက်ရိတ် သူတို့၏ တေးသံကိုလည်း ကြားနိုင်သည်။ တေးသံများသည် ဖိုသံလည်းပါ၍ မသံလည်း ပါဝင်ကာ နားထောင်၍ ကောင်းသော အသံ ပါသလို၊ အော့နှလုံးနာစရာ အသံများလည်း ပါဝင်ပေသည်။ ယနေ့သော် ကား ထိုအသံအမျိုးမျိုးကိုလည်း မကြားရပြီ။ ကောက်ပင်ကို လေတိုးသံကလွဲ၍ လယ်ပြင်ကြီးမှာ တိတ်နေ၏။ ကောက်ပင်နျင့် ချုံတန်းများ လေတွင် မြူးဆော့သည်ကလွဲ၍ အမြင်သည်လည်း ရှင်းနေ၏။ အမှန်မှာမူ အားလုံးသော အရာများမှာ ခါတိုင်း နှင့် မတူသောကြောင့် ကိုဆေးရိုးမှာ ဟာတိဟာတာ ခံစားနေ ရခြင်းဖြစ်၏။ တစ်ခုခုလိုနေသည်ဟု ထင်ရခြင်းဖြစ်ပေသည်။

" အင်း ... လယ်တေလည်း မပိတ်ကြသေးပါဘူး "
ကိုဆေးရိုးက မိမိဘာသာ ပြောနေမိ၏။ လယ်ကွက်များသို့လည်း လှမ်းကြည့်သည်။ ပတ်ဝန်းကျင် ရှိ လယ်ပွဲ များမှာ ထွန်တုံး မပိတ်သေးပေ။ အချို့မှာ စိုက်ဆဲ၊ အချို့မှာ စိုက်ရန် ပြင်ဆင်ဆဲနှင့် အချို့မှာ ပိတ်လုပိတ်ခင် များသာ ဖြစ်ကြ၏။ အချို့သော လယ်ကွက်များမှာ တမန်းပြန်အပြီး၌ ရေပြည့်သွင်းထားသည်။ ရေပြည့်သော လယ်ကွက်သည် ကြီးမားသော ပလတ်စတစ်ပြားကြီးဖြင့် တင်းတင်း ရင်းရင်း ဖုံးလွှမ်းထားသလို ပြောင်လက် နေ၏။ အချို့ လယ်ကွက်များသော်ကား ခွဲခါစ နှမ်းခင်းကျွတ်များ ဖြစ်သည်။ ရေသွင်းထားခဲ့ပြီး လူမရှိသဖြင့် ဗျိုင်းအုပ် များနှင့် ငှက်ကြီးဝန်ပို တစ်ကောင် တလေပင် ကျန်နေ လေသည်။ အချို့မှာမူ စိုက်၍ကား အားလုံးပြီပြီ။ သို့သော် မပိတ်သေး။ အဘယ်ကြောင့်ဆိုသော် ပျိုးခင်းကျွတ် တွင် မစိုက်ရ သေးသောကြောင့်တည်း။ ကိုဆေးရိုးမှာ ဟာတိဟာတာဖြင့်သာ ဆက်လက်၍ ထွန်နေရ၏။ ဟိုငေး သည်မော ဖြင့်သာ ထွန်၏နောက်က လိုက်နေရပေသည်။

ခွဲကြောင်းပိတ်ရန် ထွန်ကြောင်းနှစ်ကြောင်းကြားရှိ ခွဲကြောင်းအဟောင်းထဲသို့ ထွန်ဦးဝင်လာ၏။ ကိုဆေးရိုး ကမျတ်တိုင်ကို နုတ်ပြီး ထွန်သန်ပေါ် ပစ်တင်သည်။ မျက်နှာမူမိရာ အထက်လယ်ပွဲ၏ ဟိုဘက်အစပ်ရှိ ချုံ တန်း ကလေးတွင် ပန်းများ ဝေနေပေ၏။ ဟင်းရန်ပွင့်လေလား၊ ရေခံမိုးပန်းတွေလား မှုန်သီ၍ မကွဲပြား။ ပြက်ခနဲနီသော အရာတစ်ခု ချုံကြားမှ ထွက်လာပေ၏။ ကိုဆေးရိုးက မျက်တောင်ခတ်၍ ကြည့်မိသည်။ ထိုအရာ ၏ နောက်မှာလည်း မည်းမည်းအရာများ၊ နီနီအရာများကို ဆက်၍ မြင်ရပြန်လေ၏။

" ဟာ ... ဥပုသ်နေ့ပါကလားဟ ... "
ကိုဆေးရိုးမှာ ထိတ်လန့်တကြား ရေရွတ်မိလေသည်။ မှန်ပေ၏။ သည်နေ့မှာ တော်သလင်းလပြည့်နေ့ ဖြစ်လေသည်။ ချုံကြားမှ ဦးစွာထွက်ပေါ်လာသောအရာမှာ မိန်းမတစ်ယောက်၏ ဦးခေါင်းပေါ်တွင် တင်ထား သောဆွမ်းအုပ်ဖြစ်၏။ ထိုအနီ၏ နောက်မှာ အုပ်ဆောင်းအနက် အုပ်ထားသော လင်ပန်း၊ အနီ အုပ် ထားသော လင်ပန်းများနှင့် ဆွမ်းအုပ်အနက် စသည်တို့ ပါဝင်၏။ ဆွမ်းအုပ်ဆိုသည်မှာ သတ္တုချိုင့် စသည့် ထည့်သိုစရာ ပစ္စည်းများ မပေါ်ပေါက်မီက သုံးစွဲအားထားခဲ့ရသော ထမင်းဟင်းနှင့် အခြားသော စားသောက် ဖွယ်ရာများထည့်သော " အလုံပိတ်သည့် တောင်း "ဖြစ်သည်။ နှီးဖြင့် ရက်လုပ်ကာ ရေလုံသည် အထိ သစ်စေးဖြင့်သုတ်၍ သရိုးကိုင်ထား၏။ အောက်ဆုံး ကိုယ်ထည်မှာ ကြီးမား၍ ဆန်တစ်ပြည်ချက်ခန့်မျှ ၀င်သည်။ ကိုယ်ထည်၏ အထက်၌ ဇောက်နက်သော အံကြီးရှိ၍ ၄င်းအပေါ်က ဇောက်တိမ်၍ ငယ်သော အံကလေး များရှိကာ စေတီကဲ့သို့ အထက်သို့ သေးငယ်သွားသည်။ ထိပ်ဆုံးက လုံးသော အဖုံးကလေး ထပ် ဆင့်ထားပေ၏။

အုပ်ဆောင်းမှာ အပေါ်ရှူး၍ အောက်ကားသော အုပ်စရာတစ်မျိုးဖြစ်သည်။ ထိပ်၌ သစ်သား လက်ကိုင် ကလေး တပ်ထား၏။ ကိုယ်ထည်ကို နှီးဖြင့် ပြုလုပ်သည်။ နှီးဖြင့် ရက်လုပ်ရာ၌ ဆန်ခါ သဖွယ် အပေါက်များပါသည်လည်း ရှိ၍ မပါဘဲ ပိတ်စိပ်နေသည်များလည်းရှိ၏။ သုတ်လိမ်းရာတွင်မူ သစ်စေး သာဖြစ်၍ အနီရောင်နှင့် အနက်ရောင်သာ ကွဲပြား၏။ ထိုအုပ်ဆောင်းများ၏ အောက်ခံ၌ ဆွမ်း စသည်၊ ဟင်း စသည်နှင့် အခြားပစ္စည်းများ ထည့်သော အရာမှာ လင်ပန်းလည်းရှိသည်။ ဗျပ်ခွက်လည်းရှိ၏။ လင်ပန်းမှာ ကြေးလင်ပန်း နှင့် ကြွေရည်သုတ်သော သံလင်ပန်းတို့ဖြစ်ပေသည်။ ကြွေ ရည်သုတ်သော သံလင်ပန်း များမှာ အချို့သည် အနားစောက်၍၊ အချို့သည် အနားပြေ၏။

ဗျပ်ခွက်ကား သစ်သားတည်း။ ထု တစ်ထွာခန့်ရှိသော သစ်သားပြားကြီးကို ပါးနိုင်သရွေ့ပါးအောင် စောက်ဖော်၍ ထွင်းပြီး သရိုးကိုင်ထားပေသည်။ အရောင်မှာ အားလုံး အနီချည်းဖြစ်ပေသည်။ ဤအရာအားလုံးမှာ ဘုရားသွား ဥပုသ်စောင့် သီလယူရာတွင်လည်း သူတို့ကိုသာ သုံးစွဲရ၏။ အရောင်အားလုံးသည် အနက်နှင့် အနီသာ ဖြစ်ကာ နေခြည်၌ လက်နေပေမင့် ကိုဆေးရိုး၏ မှုန်သီသော မျက်လုံးများက ရုတ်တရက် မခွဲခြားနိုင်ပေ။ အိုပြီကော ...။

လယ်သမားအိုကြီး၏ သီမွဲသောမျက်လုံးအစုံမှာ အတော်ကလေးနီလာမှ ဘာရယ်ဟူ၍ ခွဲခြားနိုင်တော့သည်။ အထက်ပိုင်း မှ အနီအနက်များသည် အုပ်ဆောင်းဟူ၍လည်းကောင်း၊ ဆွမ်းအုပ်ဟူ၍ လည်းကောင်း ဖြူဖြူ နီနီ ပြာပြာ ၀ါဝါ စိမ်းစိမ်းနှင့် ပြောက်တောက်ကျားတားများမှာ အင်္ကျီ လုံချည်နှင့် ထဘီ များပဲဟု ကိုဆေးရိုး က သိလာရလေ၏။
" သြော် ... ဥပုသ်နေ့ပါလား "

ဥပုသ်စောင့်ရန် သွားကြသူများဟူ၍ သိမှ ဥပုသ်နေ့ဖြစ်ကြောင်း သတိရလာသော လယ်သမားအိုကြီးမှာ ၀မ်းနည်းသလိုလို ဖြစ်သွားသည်။ မြတ်သော သီလကို ကျင့်သုံးပါမည်ဟူ၍ ရဟန်းတော်ရှေ့၌ ကတိခံယူကာ သီလစောင့်ထိန်းကြမည့်သူများ၏ စိတ်နှလုံးသည် မိမိထက်လည်း စင်ကြယ်အေးငြိမ်းပေလိမ့် မည်ဟု ဆက်လက် တွေးတောမိသောအခါ ရင်ထဲ၌ နင့်လာရလေ၏။
ရှေ့ကသွားသော ယောက်ျားများသည် ၀ိပဿနာကျင့်စင်တစ်ရပ်ကို ဆွေးနွေးသွားကြသည်။
" အင်း ... ငါ့မှာ နွားတေနဲ့ ဆွေးနွေးရတာကတော့ နင့်အမေ၊ နင့်နှမပါကလား "
ယောက်ျားအုပ်၏ နောက်မှ မိန်းမများသည်လည်း ၀ိပဿနာကိစ္စကိုပင် ပြောသွားကြ၏။

အသံသြသြကြီး တစ်ခုက
" မယ်ခန့် ရယ် တိုင်းပြည်ထဲမှာ မပစ်ခတ်ကြတော့ဘူး၊ မသတ်ကြတော့ဘူးဆိုတဲ့ ငြိမ်းချမ်းရေးကိုတောင် ဒါလောက် လိုလားနေကြရင် မီးဆယ့်တစ်ပါးတောက်လောင်နေတဲ့ ဒီခန္ဓာကောင်ကြီး ငြိမ်းချမ်းရေးကို သာပြီး လိုချင်ရမှာပေါ့ အေရဲ့၊ တပ်မက်လိုလားရမှာပေါ့ "
နောက်အသံတစ်ခုက
" ဟုတ်ကဲ့ အစ်မကြွယ်၊ ပြည်တွင်း ငြိမ်းချမ်းရေးကို လိုချင်သလို ကိုယ်တွင်း ငြိမ်းချမ်းရေးရအောင်လည်း အချိန် ရတိုင်း အားထုတ်ပါတယ် အစ်မကြွယ်ရဲ့ "

အခြားအသံတစ်ခုက ၀င်၍ ထောက်ခံပြန်သည်မှာ
" ပြည်တွင်း ငြိမ်းချမ်းရေးအတွက် ဆွေးနွေးနေတုန်းမှာ တော်တော်ကလေး အေးချမ်းနေသလို၊ ကျုပ်လည်း မအောင်မြင် မပေါက်ရောက်သေးပေမဲ့ အားထုတ်ရင် အားထုတ်သလို ခဏကလေးပဲဖြစ်ဖြစ် သောကတေ အေးသွားတာပဲ၊ ဒေါသတေ ကွာသွားတာပဲ တော့်ရဲ့" ဟူ၍ ဖြစ်ပေ၏။ သီတင်းသည်များသည် တဖြည်းဖြည်း ဝေးသွားလေ၏။
" အင်းဟင်း ...၊ ဟဲ့ ... အင်းဟင်း "

ကိုဆေးရိုးသည် ပါးစပ်က တဟင်းဟင်း မောင်းနေသော်လည်း စိတ်ကတော့ ဥပုသ်သည်များနောက်သို့ လိုက်သွား၏။ ဥပုသ်သည်များထက် ခြေလှမ်းသွက်သွက်လှမ်းသဖြင့် ဥပုသ်ဇရပ်သို့ ရှေ့က ရောက်သွား သည်။ ဥပုသ်ဇရပ်တွင်း၌ သီလယူမည်သူများ အတော်ပင် ရောက်ရှိနေကြပေပြီ။ သီလ ပေးမည့်ပုဂ္ဂိုလ်၊ တရားဟောမည့် ပုဂ္ဂိုလ်များကား ကြွလာတော်မမူကြသေးပေ။ ညောင်စောင်းနှစ်ခု ချထား ကာ နေရာထိုင် ကလေးတွေ တစ်ခုစီ ခင်းထားပေ၏။ နေကထိုင်(နေရာထိုင်) တစ်ခုစီ ခင်းထားသော ညောင် စောင်းနှစ်ခုကို မြင်ရသဖြင့် တရားဟောမည့် ပုဂ္ဂိုလ်ကား တစ်ဦးတည်း သီလပေးမည့် ပုဂ္ဂိုလ်ကား တစ်ဦးတည်းဟူ၍ လူပရိသတ် က ကြိုတင်သိနေနှင့်ကြ၏။

" သီလပေးသူက ဦးပဉ္စင်း၊ တရားဟောသူက သာမဏေလား "
ဝါတွင်း ဖြစ်သောကြောင့် ကျောင်း၌ သာမဏေတွေများသည်။ ထိုသာမဏေများသည် သီတင်းတစ်ပတ်တွင် တစ်ပါးကျ ဥပုသ်ဇရပ်၌ဟောရန် တရားစာများ ကျက်ကြရ၏။ များသောအားဖြင့် ထိုသာမဏေ၏ ကျက်စာကို ထောက်ပေးနိုင်သော ကိုရင်ကြီးစသည်၊ ဦးပဉ္စင်း စသည်များက တွဲဖက်ပါဝင်ရပေသည်။
" ဒါမှ မဟုတ်လည်း နှစ်ပါးလုံးဟာ ကိုရင် (သာမဏေ) တေချည်းလား၊ ဦးဇင်း (ဦးပဉ္စင်း)တေ ချည်းပဲလား "
ပရိသတ် က စိတ်ဝင်စားနေကြလေ၏။

ဥပုသ်ဇရပ်၏ ကြမ်းပြင်သည် ဦးပိုင်းက မြင့်၍ ခြေရင်းပိုင်းကို အဆင့်နှိမ့်ထားပေ၏။ ကြမ်းပြင်ပေါ်တွင် ထန်းလက်အကြောဖြင့် ရက်လုပ်ထားသော ထန်းကြောဖျာ တစ်ချပ်စီသာရှိသည်။
ဇရပ်တစ်ဆောင်လုံးမျာမှ နျစ်ချပ်တည်းသာရှိသော ဖျာများမှာ ဤဇရပ်ကြမ်းပြင်ပေါ်တွင် တိုင်း၍ ရက်လုပ် ထားသော ဖျာများဖြစ်၏။ တိုင်ကိုတွေ့လျှင် တိုင်နေရာအတွက် ၀န်းဝိုက်ပြီး ရက်သွား၏။ ထိုဖျာများ သည် ရွှေ့၍ ပြောင်းဍ္ဍင မရချေ။ ထို့ကြောင့် ဥပုသ်ဇရပ်တစ်ခုလုံးမှာမှ နှစ်ချပ်သာရှိ၏။ အမြင့်ပိုင်း တစ်ချပ်၊ အနိမ့်ပိုင်း တစ်ချပ်။

အမြင့်ပိုင်းတွင် ယောက်ျားတွေချည်းရှိ၏။ ဟိုတစ်စု သည်တစ်စု။ လူဘကီးတွေချည်း ရှိနေသော အစုလည်း ပါဝင်၏။ လူငယ်တွေချည်း သပ်သပ်လည်း စုနေ၏။ လူငယ် လူလတ်ရော လူကြီးပါ ရောနေသော အစုလည်း ပါဝင်၏။ အချို့သည် တရားကိစ္စကို ဆွေးနွေးနေကြ၏။ အချို့အစုကား လယ်ကြောင်းယာကြောင်း၊ အချို့ကား ထွန်စက်အကြောင်း နှင့် လျင်မြန်သော အတန်းလိုက်စိုက်သည့် ကိရိယာအကြောင်း။ အချို့မူ ငြိမ်းချမ်းရေး၊ လူငယ်ပိုင်းမှာကား တသောသော တအုန်းအုန်း။
ကိုဆေးရိုး သည် လူလတ်နှင့် လူငယ်များ ရောနေသော အစုတစ်စု၏ နောက်ပါးတွင် ၀င်ထိုင်လိုက်၏။ မိန်းမ ပရိတ်သတ် ဘက် လှမ်းကြည့်လိုက်သောအခါ အချို့ ပုတီးစိပ်နေကြ၏။ အချို့မူ ၀ိုင်းဖွဲ့ စကားပြော နေကြသည်။

" လက်ဖက်ကလေး တစ်ရိုးလောက်"
ဘေးဘက်မှ အသံလာသဖြင့် လှည့်ကြည့်လိုက်မိသည်။ လက်ဖက်ပန်းကန် တစ်ချပ်တည်း။
" သာဓုဗျာ ... သာဓု ... "
ကိုဆေးရိုးက အားရပါးရ နှိုက်စားလိုက်၏။ ဇရပ်လက်ဖက်ဆိုတာ ဒါထင်ပါရဲ့။ စားလို့ကောင်းလိုက်တာ။
" ချင်သုပ်ကလေးစားကြပါဦး "

မိန်းမသံ တစ်သံနှင့်အတူ ပန်းကန်တစ်ချပ်သည် လူအုပ်ထဲသို့ ရောက်လာပြန်၏။ ပန်းကန်သည် တစ်လက်မှ တစ်လက် သို့ ပြောင်းပြီးနောက် ကိုဆေးရိုးထံ ရောက်လာ၏။
" သာဓုဗျာ ... သာဓု ... သာဓု ... "
ကိုဆေးရိုး က ထမင်းစားသလို တစ်အုပ်ကြီးနှိုက်၍ လွေးလိုက်လေသည်။ ဆာကလည်း ဆာနေပေသမို့ အရသာ ရှိလှသည်။ မကြာပါချေ။ ထန်းသီးမှည့် အတုံးတစ်တုံးသည် အသံမပေးဘဲ မျက်နှာနားသို့ ရောက် လာ၏။ မုန့်ကို ညှပ်ကိုင်ထားသော လက်မ၏ လက်သည်းမှာ ရှည်လျားလှကာ ချေးများဖြင့် မည်းနက်နေပေ သည်။ ကိုဆေးရိုး က မော့ကြည့်လိုက်၏။ အသက်ခြောက်ဆယ်ကျော် အဘွားအိုတစ်ယောက်ဖြစ်၏။

" ဆီ တော့ မပါဘူးတော်ရဲ့၊ သည်တိုင်းပဲ ကမ်းနိုင်မယ် "
အမယ်အိုက တုန်နေသောအသံဖြင့် မလုံမလဲဆိုသည်။ ကိုဆေးရိုးကတော့ ဆီပါသည်ဖြစ်စေ၊ မပါသည် ဖြစ်စေ၊ လက်ရှည်ရှည် တိုတို၊ မည်းမည်း ဖြူဖြူ ဂရုမထားပါပေ။ ဆာကလည်း ဆာသနှင့် လှမ်းယူကာ တစ်ချက်တည်း ပါးစပ်ထဲ ထိုးသွင်းလိုက်လေ၏။
တကယ်တော့ စေတနာသာ ပဓာန မဟုတ်လား။ နောက်ထပ်လည်း အကမ်းအလှမ်းများ လာကြသေး၏။ ဆေးလိပ်၊ ဆပ်ပြာ၊ မီးခြစ်၊ တရားစာအုပ်၊ ပေါက်ဖက်ဖြင့် ကန်တော့ပုံထုပ်သော ထန်းသီးမှုန့် စသည်များ။ အကမ်းအလှမ်း များ တဖြည်းဖြည်း ရှင်းသွား၏။ ပရိသတ်လည်း ပြည့်ကျပ်နေပေပြီ။ မရှေးမနှောင်းပင် ဦးပဉ္စင်း တစ်ပါးနှင့် သာမဏေတစ်ပါးသည် ယပ်ကိုယ်စီထမ်း၍ ရောက်ရှိလာလေ၏။
" သီလ ယူကြရအောင်ဗျို့ "

ဦးပဉ္စင်းနှင့် သာမဏေ ထိုင်မိလျှင် ရှေ့ဆုံးမှ လူတစ်ယောက်က ဆော်သြသည်။ မိန်းမများသည် ကျုံ့ကျုံ့ ထိုင်၍ တဘက်ကလေးတွေ ရှေ့ဖြန့်ချ၏။ ယောက်ျားများကမူ အချို့ ကျုံ့ကျုံ့ထိုင်၍ အချို့ ဆောင့်ကြောင့် ထိုင်ကာ လက်အုပ်ချီကြလေသည်။
" အဟမ်း ... ကဲ ကဲ ကန်တော့ကြ "
ဦးပဉ္စင်းက အမိန့်ရှိလေသည်။ ဇရပ်တွင်း၌ ကန်တော့သံသည် အုန်းအုန်းကျွတ်ကျွတ် မြည်သွား၏။ ကိုဆေးရိုး ကလည်း အများထက် နောက်မကျအောင် အပြေးအလွှား ကန်တော့၏။
" သြကာသ သြကာသ ကာယကံ ၀စီကံ မနောကံ သဗ္ဗဒေါသ ... ဟာ နင့်မေကလွှားတဲ့"

အရေးထဲမှာမှ ကိုဆေးရိုးမှာ ကန်တော့စာကို မေ့သွားသဖြင့် ထိတ်လန့်စွာ ရေရွတ်မိလေ၏။ တစ်ပြိုင် နက်ပင် ရင်ဘတ်ကို တစ်စုံတစ်ခုဖြင့် ပြင်းထန်စွာ ရိုက်နှက်သလို နာကျင်စွာ ခံလိုက်ရသည်။
" အင်း ... ဘုရား ဘုရား "
ကိုဆေးရိုးသည် တမန်းပြင်ထဲသို့ မှောက်လျက် လဲကျနေကြောင်း ယခုမှ သတိပြုမိလေ၏။
စိတ်သည် အဝေးသို့ ပြေးလွင့်နေခဲ့သည်။ နွားနှစ်ကောင်သည် အထိန်းမရသဖြင့် ဆွဲချင်သလို ဆွဲနေခဲ့ကြ၏။ မှတ်တိုင်တွေလည်း ထွန်ဖြင့် အနင်းခံရသည့်အတွက် ပြိုလဲနှစ်မြုပ်ကုန်ပြီ။ ယခုနောက်ဆုံး ထွန်သွား တစ်ဖက် ငြိသွားရာ နွားနှစ်ကောင် မရမက အတင်းရုန်းလိုက်သဖြင့် ထွန်သန် တစ်ဖက်ကျိုး၍ ကိုဆေးရိုး၏ ရင်ဘတ် ကို ထွန်ကိုင်းနှင့် ဆောင့်မိပြီး လူက တမန်းပြင်ထဲသို့ လေးဖက်ထောက်ကျရခြင်း ဖြစ်ပေ၏။

" နင်တို့ တယ်ဆိုးပါကလားဟင် "
နျင်တံကို မြှောက်လိုက်သေးသည်။ သို့သော် မရိုက်ဖြစ်ပေ။ မိမိက စိတ်ပြေးကစားနေမိသည် မဟုတ်ပါလား။
" အေးလေ၊ ငါကမှ အဟုတ် မဟုတ်ပဲကိုး "
ကိုဆေးရိုးက နွားနှစ်ကောင်ကို မြောင်းပေါင်ပေါ်သို့ ရွှေ့တင်ပြီး ထွန်ကို ညောင်ပင်ရိပ်သို့ ရွှေ့လာပေ၏။ ထွန်သန်များမှာ သပ်မလျှိုဘဲ ပုရစ်ပေါက်ဖောက်ဖြင့် စို့ရိုက်ထားသည်။ တစ်ချောင်းကျိုးသွားသောအခါ ဓား သက်သက်ဖြင့် လုပ်၍မရပေ။ စူးကလေးတစ်ချောင်းတော့ လိုနေပေ၏။ သို့ရာတွင် လယ်ထဲ၌ စူး၊ ဆောက် မရှိချေ။ မရှိလျှင် ဒီလိုပဲ နေရရောလား၊ မနေပေ။

ကျိုးသွားသော ထွန်သတ်ကို တိပစ်သည်။ ထွန်းတုံး၏ တစ်ဖက်ပေါက်မှ လက်လေးလုံးခန့် ထွက်လာအောင် ရွှေကလိုက်ကာ ခိုင်ခံ့သော အထစ်တစ်ထစ်ကို ထစ်၍ သပ်ပင်းပေးလိုက်လေ၏။ ထစ်ထားသော အထစ်က ထွန်တုံးနှင့် ချိတ်နေသောကြောင့် နွားဆွဲသော အခါ ကျွတ်မထွက်နိုင်ပေ။ ထွန်သန်အရင်းကို ပြင်ပြီးသော အခါ အဖျားပိုင်း အတိုအရှည် ညီအောင်ပြင်ရသည်။ တုပ်ထားသော လျှော်ကို ပြန်ဖြုတ်ရ၏။ ပြီးလျှင် ကျိုးသည့်ဘက်မှ ထွန်သန်ကို ထစ်ပေးရပြန်သည်။ သို့စဉ်တွင် မျက်တောင်တစ်ခတ်မျှ ကိုဆေးရိုး၏ စိတ်က လွင့်သွား၏။ လွင့်သွားသည့် အကြောင်းအရာမှာလည်း ဥပုသ်ဇရပ်ထဲတွင် ကန်တော့စဉ်က ကန်တော့စာကို ဆုံးအောင် မဆိုနိုင်သော ကိစ္စဖြစ်၏။

ယင်းအချက်ကို ပြန်လည် စဉ်းစားမိသည့် ခဏ၀ယ် လက်ဝဲလက်ညိုးထိပ်ကို ဓားထိသွားလေ၏။ နေပူ သည်မို့ သွေးထွက်များသည်။ ကိုဆေးရိုးက ညောင်ပင်ကို ထစ်၍ ညောင်စေးဖြင့် သိပ်ပစ်၏။ အရှများ သောကြောင့် သွေးတော်တော်နှင့်မတိတ်။ အရှများပေမဲ့ ကိုဆေးရိုးက နာသည်မထင်။ ရင်ထဲက အနာက ရင်ကျိုး လုမတတ် နာ၏။ ဗုဒ္ဓဘာသာဖြစ်ပါလျက်နှင့် သြကာသ အစချီသော ဘုရားရှိခိုးကလေးပင် မေ့ယူရ လောက်အောင် ဘုရား၊ ကျောင်း၊ ကန်၊ ဥပုသ် ဇရပ်နှင့် ဝေးသော မိမိဘ၀အတွက် နာသော အနာက ဓားရှ တာထက် ပို၍နာသည်။ သို့ကြောင့်လည်း သွေးစေးဖြင့် လူးနေသော ညောင်စေးများကိုသာ တနုံ့နုံ့ ငေးကြည့် နေရာက ဆွေးဆွေးမြည့်မြည့်ကြီး ညည်းတွားမိလေ၏။
" သြော် ... ဘုရားရှိခိုးတေတောင် ငါ မေ့ကုန်ပါပေါ့ကလား "
----------------------------------

စာရေးသူ - ဆင်ဖြူကျွန်းအောင်သိန်း
.
>>>ဆက်ဖတ်ရန်>>> >>

Monday, March 28, 2011

ဟင်းတစ်ခွက် တောင်ဘက်မှ ပိုချိုခြင်း (ဆင်ဖြူကျွန်းအောင်သိန်း)

ဟင်းတစ်ခွက် တောင်ဘက်မှ ပိုချိုခြင်း
ဆင်ဖြူကျွန်းအောင်သိန်း

တလင်းစုထဲမှ ကောက်ပြန့်များကို နွားနင်းနယ်သံသည် အရိုးချည်းသာကျန်တော့သော ချူံတောကို လေပြင်း တိုက်သံ လို သရက်ပင်အုပ်ကြီးအောက်မှ ဆူညံစွာထွက်ပျံနေလေ၏။
နေခြည် သည် တစ်နေ့တာလုံး သရက်ပင်အုပ်ကို မဖောက်ထွန်းနိုင်သော်လည်း ယခုမူ အဝေမှ စွေ၍ ကောက်ပြန့် များ ပေါ်သို့ သွန်းလောင်းနေပေပြီ။ ရှည်လျားသော အရိပ်ကြီးများသည် ကောက်ပြန့်၏ အရှေ့ဘက် ကျသော အရပ်၌် ကိုးရိုးကားရား လှုပ်ရှားနေကြပေသည်။ ကောက်ပြန့်ထက်သို့ ပျံတက် လာသော အမှုန်များသည် နေခြည်ရောက်ရာအရပ်တွင် ပါးလွှာသော ဇာပ၀ါတွန့်သလို လွန့်မြူး၍ နေခြည် လွတ်သော နေရာ၌် ပျောက်ကွယ်သွားလေ၏။

`တယ်ဒီနအိုကြီးဟာ သေတော့မှာပဲ။ ဒါလောက်ပဲ ငတ်ရသလားဟင်` တောင်ဘက်တလင်း မှ အုန်းမြ၏ အော်ငေါက်သံ နှင့်အတူ တင်ပါးကိုနှင်တံဖြင့်ရိုက်သံသည်လည်း တချိုးချိုးတချွတ်ချွတ် အသံများနှင့် ရောလိမ်လျက် ထွက်ပေါ်လာသည်။
``ဟင်း၊ဟင်း၊ဟင်း၊ဟင်း``
ကိုဆေးရိုးသည် နွားနှစ်ကောင်၏တင်ပါးကို လက်ဝါးဖြင့်တွန်းရင်း တဟင်းဟင်းအသံပေးလျက် ရှိသည်။ နွားနှစ်ကောင် မှာ ပျိုရွယ်သန်မာသော အရွယ်ကောင်းများဖြစ်၏။ သို့ရာတွင် ခေါင်းကြီးတွေစိုက်လျက် ပျင်းတိ ပျင်းတွဲ လှမ်းနေကြပေသည်။ ကောက်ရိတ်ပြီးစချိန်ကပင် နွားနှစ်ကောင်မှာ လုံလောက်သော အနာယူချိန် နှင့် အားမွေးချိန် ကို ရရှိထားသဖြင့် လှည်းတပ်လိုက်ပြီိဆိုလျှင် ဆွဲ၍မနိုင်နိုင်အောင်ဖြစ်ခဲ့ရ၏။

လူအိုနှင့်နွားပျို၊ သည်ဆိုလျှင် ခတ်ရချေရဲ့ဟု အောက်မေ့ခဲ့သည်။ ယခုမူ ညဥ့်သခေါင်တိုင်အောင် နှယ်၍ အရုဏ်တက် က ထပြီး“ကောက်ဖွပ်“ ရသောဒဏ်ကြောင့် နွားနှစ်ကောင်မှာ ခြေကုန်လက်ပန်းကျနေပေပြီ။
“မန်ကျည်းသီး ကောက်ကွေး လောက်လေးနဲ့ ဆော်သလေလေ့။ ဟိုကောင်မလေး ဆံတောက်ကွေး နောက်ဖေး ကို ခေါ်သဟေ့ ခေါ်သဟေ့“ အုန်းမြတို့ ကောက်ပြန့်၏ ဟိုဘက်မှ ကြည်စိန်၏ အော်သံဖြစ်၏ ကိုဆေးရိုး မှာ ခေါင်းကို ဆတ်ခနဲထောင်ပြီး လှမ်းကြည့်မိသည်။

“ဟ ဘာကောင်လေးတွေလဲဟေ့“
ကိုဆေးရိုးမှာ ပြုံးစေ့စေ့ကြီးဖြစ်သွားသည်။ ကောက်ပြန့်ပေါ်တွင် သံသရာစက်ဝိုင်းလို မဆုံးနိုင် မပြတ်နိုင် တ၀ဲလည်လည် လှည့်ပတ်မောင်နှင်နေရသဖြင့် အော်မိအော်ရာ ပျင်ပျင်းနှင့် ထအော်ခြင်းဖြစ်ပေမည်ဟု တစ်ဆက်တည်း တွေးမိသောကြောင့်လည်း ကိုဆေးရိုး၏ နှုတ်ခမ်းမှ အပြုံးသဏ္ဌာန်မှာ တော်တော်နှင့် ပျာက်ကွယ်မသွားပေ။
“အုန်းမြရေ“
“ဗျိုး“

ကိုဆေးရိုး က တောင်ဘက်တလင်းတွင် ငြိမ်ငြိမ်ကလေး နွားမောင်းနေသေ အုန်းမြကို လှမ်းပြီး အသံပေး လိုက်လျှင် အုန်းမြက ခေါင်းထောင်၍ကြည့်သည်။ 
“မင်းကကော ဘာမှမဆိုးဘူးလားကွ“
“ဟဲဟ“
အုန်မြသည် တစ်ချက်ရယ်ပြီးလျှင် နွားကိုသာ တဟဲ့ဟဲ့ဖြင့် ဆက်ခက်မောင်နှင်နေသဖြင့် ကိုဆေးရိုးမှာ ဆက်၍ မပြောတော့ဘဲ ကောက်ပြန့်ကို ငုံ့ကြည့်လိုက်သည်။ သဲသဲကွဲကွဲမမြင်ရပေ။
“ကျီးဒန်ရေ၊မီးလေးများ လက်ပါဦးဟ“

သရက်ပင် ပင်စည်ကို ကပ်ပြီးထိုးထားသော တဲကုပ်ကလေးဆီသို့ လှမ်းကြည့်ကာ အော်လိုက်သည်။ တဲကုပ် ကလေး အတွင်းတွင်ကား မကျီးဒန်သည် တကုပ်ကုပ်ဖြင့် ချက်ပြုတ်လုပ်ကိုင်လျက်ရှိသည်။ မကျီးဒန်သည် သစ်သားငရုတ်ဆုံ တစ်ခုဖြင့် ထောင်ထုနေရာက ငရုတ်ကျည်ပွေ့ကို တန်းလန်းစိုက်ထားလိုက်ပြီး တဲတစက်မြိတ်  တွင်  ချိတ်ထားသော “ပုန်နဆီအိုး“ကိုဖြတ်သည်။
ပုန်နဆီအိုဆိုသည်မှာ လက်ဝါးတံဆိပ် ရေနံဆီမီးအိမ်ဖြစ်၏။ မည်သည့်အကြောင်းကြောင့် ပုန်နဆီအိုးဟု ခေါ်သည် မသိပေ။ ပုန်နဆီအိုး ၌ သရက်စေးများ၊သရက်ပွင့် အခြောက်များ၊ စပါးမှုန်များသည် ရေနံဆီနှင့် တလိန်း ထိုးကာ ပေကျံနေပေ၏။ မကျီးဒန်သည် ပုန်နဆီအိုးကို မီးထွန်းညှိပြီးလျှင် ကော်ပြန့်ပေါ်သို့ ညွှတ်ကျ နေသော သရက်ကိုင်း တစ်ခုတွင် လာရောက်ချိတ်ပေးလိုက်၏။

“အင်ဟင် ဟဲ့၊ မလုပ်နဲ့လေ။ ဒီလိုမလုပ်စမ်းနဲ့လေ“
မကျီးဒန်အားလှမ်းကြည့်ခိုက်တွင် နွားနှစ်ကောင်သည် နှုတ်သီးစွပ်ထားလျက်က တုံ့ရပပြီး ကောက်ပြန့်ကို နှာခေါင်းဖြင့် တရှူးရှူး ငုံ့ထိုးနေသည့်အတွက် တချက်ရိုက်လိုက်သည်။
“မတော်သေးဘူးလား“

မကျီဒန် က ကောက်ပြန့်ကို ခြဖ၀ါးဖြင့်ပွတ်ကြည့်ရင်း မေး၏။ ကောက်ပြန့်အဖျားများသည် တစ်ဖက်သတ် ယိုင်လဲ လျက် စပါးစေ့ရှိသောနေရာများ၌ အရိုးချည်းသာ ကျန်တော့သည်။ အားနည်းသော ပုန်နဆီ မီးရောင်ဖြင့် မမြင်ရသော်လည်း စမ်းသပ်ကြည့်ရုံနှင့် သိသဖြင့် မေးလိုက်ခြင်းဖြစ်ပေသည်။

“နည်းနည်းလိုသေးသလားလို့ဟ“
ကိုဆေးရိုး က နွားနှစ်ကောင်ကို ခပ်သွက်သွက် တို့မောင်းနေ၏။ နွားနှစ်ကောင်၏ ခြေတောက်ကြားတွင် လည်းကောင်း၊ ကိုဆေးရိုး ၏ ခြေတောက်တွင်လည်းကောင်း နူးညံ့သော ကောက်မျှင်ကလေးတို့က လုံးထွေး နေပေ သည်။ နင်ရင်းက ကောက်လှိုင်းအစည်းထဲက ကျွတ်ထွက်လာသော အမျှင်ကလေးများက ဖုံးနေခြင်း ဖြစ်၏။

ကိုဆေးရိုးသည် “ဖုံ“ နေသော အထွေးကလေးများကို နှင်တံဖြင့်ခြစ်၍ ဘေးသို့ပစ်ချလိုက်၊ နွားနှစ်ကောင်ကို ခပ်လောလော ကလေး မောင်းလိုက်သဖြင့် စောစောကထက် သွက်လက်နေသည်။ နွားနှစ်ကောင်မှာလည်း သခင်က ယင်းသို့မောင်းလာပြီဆိုလျှင် နားတော့မည်ဆိုသည်ကို သိနေသည့်အလား အသော့နှင် နေကြသည်။ စပါးနယ်ရာ ၌ တည်ရှိသော ကောက်ပြန့်ကြီးတစ်ခုလုံးကို တစ်ပြိုင်နက် နင်းနိုင် နှယ်နိုင် သည် မဟုတ်။ တစ်ဝက်သာ နှယ်နိုင် နင်းနိုင်ပေသည်။

ကောက်ပြန့် ၏ ဗဟိုကြသော နေရာကို “ဗွေ“ ဟုခေါ်သည်။ ထိုဗွေကို စက်ဝိုင်း၏ အနားအဖြစ်ထားကာ ကောက်ပြန့် ၏ အစွန်းနှင့်ဆက်သွယ်၍ နွားကို မောင်နှင်ရသည်။ နွားကိုလည်း တစ်နေရာတည်း အသေထား ၍ မောင်နှင်ခြင်းမဟုတ်ဘဲ နွားခွာများ နေရာချင်းစပ်ပြီး နင်းအောင် အရင်းကနွားကို နည်းနည်းချင်း ကြိုးတင်းပေးရသည်။

ယခုကဲ့သို့ စပါးစေ့များ ကုန်စင်လုနီးနီး ကျွတ်၍ ဖုံနေသောအခါတွင် ကောက်ပြန့်ကြီးသည် နေကြာပန်းပွင့်၏ ၀တ်ဆံများ တည်နေပုံကဲ့သို့ ဗဟိုတွင် အနားစပ်နေပေတော့သည်။ ထို့ ကြောင့် ပထမဦးစွာနှယ်ခြင်ကို “ဗွေ“ဖွပ်သည် ဟုခေါ်လေ၏။
“ဖြူနေပါပြီ တော်ရဲ့။ ထမင်းစားပြီးမှပဲ ကောက်ပေါက်တော့တာပေါ့“

မကျီးဒန် က ကောက်ပြန့်၏ အစပ်မှ အလှိုင်းထိပ်များကိ လက်ဖြင့်စမ်းသပ်ကြည့်ပြီး ပြောသည်။ဖြူသည် မဖြူသေးဘူး ဆိုသော အသုံးအနှုန်းမှာ ဆန်ဖွတ်ရာတွင်လည်းကောင်း၊ စပါးနှယ်ရာတွင်လည်းကောင်း သုံစွဲကြပေ၏။ ဆန်ဖွတ်လျှင် ဆန်ပေါ်၌ဖုံးနေသော ဖွဲများ ကုန်စင်ခြင်းကိုရည်ရွယ်၍၊ ကောက်လှိုင်းများကို နှယ်ရာတွင်မူ စပါးစေ့များ ကောက်လှိုင်းတွင် ကုန်စင်ခြင်းတို့်ကိုရည်ရွယ်သည် ထို့ကြောင့် ဖြူသည် ဆိုခြင်းမှာ“စင်“ခြင်းကိုဆိုပေ၏။

မကျီးဒန်မှာ ကိုဆေးရိုးကိုလည်း ကြာကြာရပ်ကာ စကားပြောမနေနိုင်ပေ။ နောက်သို့လည်း မကြာခဏ လှည့်ကြည့် နေရာက
“ကဲ ဟင်းချိုအိုးဆူရင် ဟင်းရွက်ခတ်ထားလိုက်မယ်။ နွားတွဲချပေတော့“

ပြောပြောဆိုဆို တဲထဲသို့ ပြေးဝင်လာခဲ့သည်။ ဟင်းချိုအိုးဝေကျလျှင်  ချွေချွေတာတာ  ခတ်ထားသော ဆီကလေး တွေ ဝေကျသောရေနှင့် အတူ မီးဖိုထဲသို့ ရောက်ကုန်မှာဆိုးသဖြင့် ပြေးဝင်လာသော်လည်း ဟင်းချိုအိုး မှာလှုပ်သော်မျှ မလှုပ်သေးပေ။ မကျီးဒန်က နွားတွဲအချတွင် အဆင်သင့်ဖြစ်အောင် မီးကို ဆွပေး၏။ ပန်ကန်ကို အပြေးအလွှားဆေးပြီး တဲထရံတွင်  မှီထားသော စားပွဲခုံကို ခင်း၍တင်ထား၏။ ထမင်းစား စားပွဲခုံကား ချေးအထပ်ထပ်ဖြင့် မည်းနေသည်။ အအေးဓါတ် ရစ်ပတ်ထားသောကြောင့် အစိုလည်း ပြန်နေပေ၏။ စားပွဲခင်းပြီး၍ ဟင်းအိုးကို လှည့်ကြည့်သောအခါ ဟင်းချိုမှာ မီးခိုးကြားတွင် ပျောက် နေချေသည်။

"မှိုင်းစော်တော့ နံကုန်တော့မှာပါပဲတော်" မကျီးဒန်သည်  စိတ်ထဲမှ ပူပန်စွာရေရွတ်လိုက်ပြီး စုထပ်နေသော ထင်းစ များကို တစ်စပေါ်တစ်စ မေးတင်ပေးကာ မီးပြောင်း(မီးပလွေ)ဖြင့် မှုတ်ပေး၏။ မီးကား တောက်မလာပေ။ တဲကုတ်အတွင်းဝယ် လိုဏ်သံပါသော မီးပြောင်းမှုတ်သံက ညံနေ၏။ မီးကရုတ်တရက် မတောက် နိုင်သဖြင့် သွားကျိုး၊ပါးကျိုး မကျီးဒန်၏ ပါးစပ်ထဲမှ လေအစားတံတွေးများသာ ထွက်လာ တော့သည်။

ထိုစဉ်ကောက်ပြန့်ပေါ်မှ အသံများပျောက် သွားပြီး မာကျောသောတံလင်းမြေပြင်ကို နွားခွာဖြင့် ဖိနင်းသံများ ထွက်ပေါ်လာ၏။ ခွာသံများသည် နွားစာခေါင်း (နွားစာခွက်)နား၌ ရပ်တန်းပျောက်ကွယ်သွားသည်။ နွားတွဲချ၍ နွားများကို အစာကျွေးခြင်းဖြစ်ပေသည်။ မကျီးဒန်မှာကား မျက်စိထဲသို့ မီးခိုးဝင်သဖြင့် ခဏနားပြီး မီးပလွေသံ တညံညံဖြင့် ဆက်မှုတ်နေ၏။ ကိုဆေးရိုးသည် ဆေးလိပ်တိုကလေးကိုင်၍ မီးဖိုဘေးလာထိုင်၏။ မကျီးဒန် ကား ဇွဲကောင်းကောင်းဖြင့် မီးမှုတ်ဆဲ။

"အင်းညဉ်းဟင်းအိုး ကတော့ ဆားခတ်ဖို့တောင် မလိုတော့ပါဘူးအေ" မီးစတစ်စဖြင့် ဆေးလိပ်ကိုညှိဖွာရင်း ကိုဆေးရိုး က ရယ်သွမ်းသွေးလိုက်၏။ မကျီးဒန်သည် မီးပြောင်းကို ဆောင့်ချပြီး ကိုဆေးရိုးအား မျက်စောင်း ထိုး၍ကြည့်သည်။ မသိဘူးတော်ရေ့၊သစ်ကိုင်း အခြောက် တွေအောက်မေ့လို့ ဆွဲလာတာ။ သေနာယုတ် ထင်း၊ မီးဖိုထဲရောက်မှ စိုနေတာ" မကျီးဒန်က အငေါ်ထူးသံဖြင့်ပြောအပြီး၌ လုံခြုံသေသပ်နေသော ထဘီစ ကို ဒူးကြားသို့ ဆွဲသွင်းလိုက်၏။ အားရင်သရက်တုံးတွေရှိသားပဲ။ လက်သည်းခွံလောက်တောက်တောင် ပေါက်ပေးဖော် မရဘူး ကဲ ကဲ" ကိုဆေးရိုးက အသံမြှင့်၍ အော်ရင်းထလိုက်သည်။ "ငါ့ဘက်လှည့် လာရင်တော့ ပြေးမှပဲဟေ့ ပြေးမှပဲ"

တဲပေါက်မှအထွက်တွင် ထပ်မံရေရွတ်ရင်း ကောက်လှိုင်းဆိုင်ဆီသို့ ဆေးလိပ်မီး တဖွားဖွားဖြင့် လျှောက် လာခဲ့သည်။ ကောက်လှိုင်းဆိုင်ပေါ်တင်ထားသော ထွန်ခြစ်ကိုဆွဲယူပြီး ကောက်ပြန့်ဘေး သို့ လျှောက် လာခဲ့၏။ ကောက်ပြန့်ဘေးတွင်ရပ်၍ အလှိုင်းတစ်လှိုင်းကို ထွန်ခြစ်ဖြင့်ဆွဲကာ မပေါက်သေးပဲ တဲဆီသို့ လှည့်ကြည့်သည်။ မကျီးဒန်ကားလိုဏ်သံ တညံညံဖြင့် မီးကိုသာကုန်း ၍မှုတ်နေဆဲရှိသေး၏။
ကိုဆေးရိုး မှာ မကျီးဒန်ကို ထင်ထင်ရှားရှား မမြင်ရသော်လည်း ဆေးလိပ်မီးဝင်ညှိစဉ်က တစ်ခေါင်းလုံး ပြာမှုန့်ဖြင့် ဖွေးနေသော မကျီးဒန်၏ အသွင်ကို မြင်ယောင်ကာ ရယ်ချင်လာသည်။ ဘယ်လိုပင် ထိန်းချုပ်ထားပေမဲ့အူအလိပ်လိပ်ထလာသည် ထင်ရ၏။ ထို့ကြောင့် ကိုဆေးရိုးမှာ မိမိ၏ တလင်းအစပ်ရှိ ချုံတန်း များကို လှမ်းကြည့်လိုက်ရသည်။

ချုံတန်းသည် နောက်ခံထန်းတောနှင့် တစ်သားတည်းပန်းမှောင်နေ၏။ ထန်းတော၏ ကြားမှာ ကြယ်တစ်လုံး တစ်လေ လင်းနေသည်။ သို့သော် ပြာမှောင်သော နှင်းလွှာပါးက ကာခြားထားသောကြောင့် မွှားမွှားသာ မြင်ရသည်။ ငွေလမသာ မလင်းသောကြောင့်လည်း သရက်ပင်အုပ်အောက်ရှိ တလင်းများမှာ မှောင်နေ၏။ ၀ါရော်သောရေနံဆီမီးအိပ်များ၏ အရောင်သည်သာ အားနည်းသောအလင်းရောင်ကို ပေးနေပေ၏။

ကိုဆေးရိုးသည် ထွန်ခြစ်ဖြင့်ချိတ်ဆွဲထားသောကောက်ရိုးကို မိမိဘက်သို့ ချိတ်ယူလိုက်သည်။ ကောက်ပြန့် ပြန့်စဉ်ကပင် "စည်းကြိုး"ကို တံစဉ်ဖြင့် ဖြတ်ထားသဖြင့် ရိုးတံများသည် ပြန့်ပြီးလိမ့်လာ ၏။ ကိုဆေးရိုးက ခြေဖျားကို ကုပ်၍ထိုးခံလိုက်ကာ ချက်ချင်းခြေဖျားကိုကော့၍ ကောက်ရိုးတံများ ပြန်မကျအောင် ထိန်းပေးပြီး ထွန်ခြစ်ဖြင့် ဖေးလျက်ခြေကိုနောက်သို့ဆွဲယူလိုက်၏။ ရုတ်ခြည်းပင် ထွန်ခြစ်ကို တစ်တောင်ခန့် မြှောက်ခွာ ၍ တစ်ပြိုင်နက်ပင် ကောက်လှိုင်းကောက်ရိုး ရိုးတံစုကို ခြေဖမိုးဖြင့်ခတ်လိုက်သည်။ ကောက်ရိုးပင်များမှာ ထွန်ခြစ်ဖြင့် ခိုက်မိပြီး ခြေထောက်ပေါ်ပြန်ကျ လာ၍ ခြေဖမိုးက ဆီး၍ခတ်လိုက်ပြန်သည်။

ခြေဖမိုးဖြင့်ခတ်လိုက်သော ကောက်ရိုးပင်များထွန်ခြစ်နှင့် ခြေဖမိုးကို အပြန်အလှန်ထိခိုက်ချိန်မှာ မျက်စိ သုံးမှိတ်မျှ ကြာညောင်း၏။ ထိုအချိန်အတွင်း ခြေဖမိုးဖြင့်လေးချက်ခန့်ကန်ပြီး ခတ်ပြီးသွားကာ ကောက်ရိုးပင် များကြားတွင် ၀ပ်နေသောစပါးစေ့များ ပြောင်စင်သွားလေ၏။

ကိုဆေးရိုးက ပေါက်ပြီးသောကောက်ရိုးများကို မိမိ၏ကျောဘက်သို့ ခြေဖြင့်ဖေး၊ ထွန်ခြစ်ဖြင့််ထိန်းလျက် ကိုယ်ကို လိမ်၍ ပစ်ချလိုက်သည်။ စည်းကြိုးကို ဖြတ်ထားသော်လည်း ကောက် ရိုးပင်များမှာ မူလ အလှိုင်း အနေအထားသာ ရှိနေသေးသဖြင့် ဆွဲရချန်ရ လွယ်ကူသည်။ ကိုးဆေးရိုးသည် တစ်လှိုင်းပြီးတစ်လှိုင်း ပေါက်၍ နောက်ဖက်သို့ ပစ်ထားလိုက်၏။
"ကိုဆေးရိုးရေ ထမင်းပြင်ပြီးပြီ"

မကျီးဒန်က ထမင်းပွဲဘေးမှ လှမ်းခေါ်လိုက်သည်။ကိုဆေးရိုး၏ နားထဲတွင်မူ မိမိ၏ကောက်ပေါက် သံဖြင့် မိမိ ဆူညံနေသည်။ မကျီးဒန်၏ အသံကို မကြားပေ။ ကောက်လှိုင်းကောက်ရိုးဟူသည် အနည်းငယ်ဖွလျှင် ဖွ သလောက် အမှုန်ထသော အမျိုးဖြစ်သည်။ ယခုလို မှုန်ညက်သွားမတက် နင်းနှယ်ပြီးနောက် တစ်ပင်စီ တစ်မျှင်စီဖြစ်အောင် လှုပ်ကာကန်ကျောက်သောအခါ တလင်း တစ်ခုလုံး စပါးမှုန်ဖြင့် ဖုံးနေတော့၏။

နဂိုက အားနည်းဝါရော်သော မီးရောင်သည် စပါးမှုန်ထုကြီး ကြွတက်လာသောအခါ မီးတောက်ကလေးသာ ကျန်တော့သည်။ မီးရောင်သည်ပျောက်သွား၏။ ကိုဆေးရိုးသည် လုံးလိပ်တက်လားသော စပါးမှုန်များကိုပင် အသက် အောင့်ထားလိုက်၊ မျှဉ်းမျှဉ်းကလေးရှူလိုက်ဖြင့် ကာကွယ်ရင်း တစ်လှိုင်းပြီးတစ်လှိုင်း ဆွဲချိတ်ပေါက်နေရာက မွှန်လွန်းမက မွှန်လာသောအခါ တဲဆီသို့ ခတ်သုတ်သုတ်ပြေးထွက်လာ၏။ စပါးမှုန်ပါးသောနေရာအရောက်တွင် ကမန်းကတန်း အသက်ရှူပစ်လိုက်ရသည်။

"ထူလိုက်တဲ့ အမှုန်ဟေ့။ ရေဖျန်းပြီးပေါက်မှထင်တယ်" "ခေါ်နေတာမကြားဘူးလား။ ကဲရေကလေး ဘာကလေးရှူ ၊ မျက်နှာသစ်၊ လက်ဆေးပေတော့။ ထမင်းစားရအောင်" မကျီးဒန်က အပြစ်တင်တစ်ဝက် အချော့ တစ်ဝက်ဖြင့် ပြောလိုက်ပြီးနောက် ရေအိုးကိုမြင်သာအောင် မီးခွက်မြှောက်ပြသည်။ "ဒီလိုသာဆိုရင်တော့ မနက်မှပဲ ပေါက်နိုင်မယ်ထင်တယ်ဟေ့"  ကိုဆေးရိုးက ရေကိုနှာခေါင်းထဲရှူသွင်းပြီး ခပ်ပြင်းပြင်း မှုတ်ထုတ်၏။

မျက်နှာသစ်၊ လက်ဆေးပြီး တဲထဲမှ ပုဆိုးစုတ်တစ်တည်ကိုဆွဲ၍ မျက်နှာသုတ်သည်။ "ညနေတုန်းက နွားတွဲ မတင်ခင် ရေကလေးမှ မဖျန်းလိုက်ဘဲကိုတော့။ အခုလည်း တော်ထမင်းစားပြီးတာနဲ့ နှင်းရိုက်တာနဲ့ အတော် နေမှာပဲ။ အမှုန်သိပ်ထမှာ မဟုတ်ပါဘူး။ မကျီးဒန်က သစ်သားငရုတ်ဆုံကို ထန်းရွက်ကြား သို့ထိုးကပ်ရင်း လှည့်ပြောသည်။ "အေး ဟုတ်သဟ။ အမယ်အမယ် တယ်စပ်ပါကလားဟေ့" ကိုဆေးရိုးသည် မကျေ သောငရုတ်သီးတစ်တောင့် ကို ၀ါးမိသဖြင့် အလန့်တကြားအော်လိုက်ပြီး ထမင်းချည်းသက်သက် ကပျာကယာ ကောက်လွေး၍ ၀ါးပစ်လိုက် သည်။ ထမင်းစေ့မှ အချိုရည်များ လျှာကိုထိသွားမှ အစပ်ပြေ သွား၏။

မောမောဖြင့်ထလာသော ကိုဆေးရိုးအတွက် စပ်သောဟင်းသည် ထမင်းမြိန်ဆေးပင်ဖြစ်သည်။ ထို ရွှေအပ်သီး နှောသော ချဉ်ပေါင်ဖူးအထောင်း သည် ကိုဆေးရိုးကြိုက်သော ဟင်းဖြစ်၍ နွားလျှာကြီးရွက် ဟင်းချို သည်လည်း ချဉ်ပေါင်ဖူးအထောင်း နှင့် အလိုက်ဆိုးသော ဟင်းစပ်ပင်။ သို့သော် ကိုဆေးရိုး၏ ပါးစပ် မှာ ငရုတ်သီးစပ်တာကလွဲ၍ သည်ဟင်းစပ်ကို ပြောပလောက်အောင် ခံတွင်းမတွေ့တော့ပြီ။
အသက်သုံးဆယ် ရွယ်တုန်းက လုပ်သောလယ်သည် လေးဆယ်စိုက်ဖြစ်၍ ချဉ်ပေါင်ဖူးထောင်းနှင့် နွားလျှာကြီးဟင်းချို ကို ထိုးသိပ်သလိုဝင်ခဲ့၏။ ယခုအသက်ငါးဆယ်ကျော်တွင်လည်း လုပ်ရသော  လယ်မှာ လေးဆယ် စိုက်ပင်ဖြစ်၏။

ချဉ်ပေါင်ဖူးထောင်းနှင့် နွားလျှာကြီးရွက်ဟင်းချိုကို ခံတွင်းမတွေ့ တော့ပြီ။ လုပ်ရသောအလုပ်မှာ လူ့ခွန်အား ယုတ်လျော့သလို လျော့နည်းမသွား သော်လည်း သွား များကျိုး၍ အာရုံကြောများက ချည့်နဲ့ခဲ့ပြီမဟုတ်လား။ ယခင် ကလို ခံတွင်းမတွေ့ တော့သော်လည်း ကိုဆေးရိုးသည် တစ်လုတ်ပြီးတစ်လုတ် ခွံ့နေ၏ တစ်ပန်းကန်ပြီး တစ်ပန်းကန် ကုန်သွားကာ မကျီးဒန်မှာလည်း ရေစိုသဖြင့် ပွပိတ်နေသော ဆန်ဆေး တောင်း ထဲသို့ ထမင်းကို တစ်တောင်းပြီး တစ်တောင်း ထည့်နေရသည်။

ထမင်းတထည့်တည်းထည့်နေရသော်လည်း ကိုဆေးရိုး၏ မျက်နှာပြင်၌ ထမင်းစားလိုက်ရသည့် အတွက် ဗိုက်ပြည့်ရုံမှအပ ထို့ထက်ပိုမိုသော နှစ်သက်ကျေနပ်မှု ပေါ်ပေါက်မလာပေ။
တဲအတွင်း၌ တိတ်ဆိတ်နေပေသည်။ တဲခေါင်းရင်းဘက်မှ နွားနှစ်ကောင်၏ တရှူးရှူးဖြင့် အစာ ထိုးမွှေ စားသောက်နေသံကိုကြားရသည်။ တဲအတွင်း၌ တစ်ချက်တစ်လေ ပန်းကန်နှင့် ဇွန်းမြီး ထိခိုက်မိသံ ပေါ်လာတတ်၏။ အုန်းမြတို့ တလင်းဆီမှာ တစ်ဖြောင်း်းဖြောင်းဖြင့် ကောက်ပေါက် နေကြလေပြီ။ ကိုဆေးရိုးသည် ချဉ်ပေါင်ဖူးအထောင်းသက်သက်ချည်း လက်ညှိုးဖြင့်ကော်လိုက်၏။ လက်ကို ပါးစပ်ထဲသို့ မခွံ့သေးဘဲ ခါးဆန့်ကာ နားစွင့်ထောင်လိုက်သည်။ ခပ်လှမ်းလှမ်း တာလမ်းဆီမှ ကားသံလိုလို ဘာလိုလို ကြားရ၏။

"ဘာသံလဲဟင်" မကျီးဒန်က မျက်လုံးပြူး၍မေးသည်။ "သံချပ်ကားများလား" "ဘယ်မှာများ တိုက်ပွဲ ဖြစ်နေပြန်ပါလိမ့်။ ဘုရားသကြားမလို့ မသေမကြေကြပါနဲ့တော်" ကိုဆေးရိုးက သံချပ်ကားဟုဆိုလိုက်သဖြင့် သံချပ်ကာကားဟူသည် အပြင်းအထန်တိုက်ပွဲဖြစ်မှ လာလေ့ရှိသည်ဟုနားလည်ထားသော မကျီးဒန်က ရင်ကိုလျက် အရမ်းကာရော ဆုတောင်း ခြင်းဖြစ်ပေသည်။
"ဟယ်နင့်မှာ ရမ်းပြီးဆုတောင်းနေ။ သံပုံးတွေတင်ပြီး ဒုန်းမောင်းသွားတဲ့ရထား (မြင်းလှည်း)လားမှ မသိဘဲ ကိုဆေးရိုးက ပြောပြောဆိုဆို တဲပြင်ဘက်သို့ထွက်လာကာ တာလမ်းဆီသို့ခပ်သွက် သွက်လျှောက်လာခဲ့၏။ တဲထဲကထွက်စတွင် အလင်းမှ မမှောင်သို့ ကူးစမို့ ဘာမျှမမြင်ရပေ။ တဖြည်းဖြည်း တာလမ်းပေါ်မှာ တရိပ်ရိပ် သွားနေသော မည်းမည်းကြီးကို မြင်ရသည်။ မိမိနှင့် မလှမ်းမကမ်းတွင်လည်း မိမိနည်းတူ ထွက်ကြည့် နေသူများကို တွေ့ရ၏။

"အုန်းမြ အဲတာဘာကြီးလဲဟ" ကိုဆေးရိုးက လူရိပ်သဏ္ဍာန် ကို အုန်းမြဘဲဟု မှန်းဆပြီး မေးသည်။"လယ်ထွန်စက်နှင့်တူတာပဲ။ အုန်းမြကလည်း ခပ်ဝါးဝါးပဲ ဖြေနိုင်၏။ သို့ကြောင့် ကိုဆေးရိုးက တရွေ့ရွေ့ လိပ်သွားသော မည်းမည်းအရာကို လှမ်းကြည့်လိုက်ရာ မိမိတို့ဘက်သို့ လူတစ်ယောက် ပြေးလာသည်ကို မြင်ရ၏။ "ဟဲ့ဘယ်သူလဲ" ကျုပ်ပါဗျ" ညနေက မန်းကျည်းသီးကောက်ကွေးကို လောက်လေးဖြင့်ဆော်"ဟု အော်ဆိုသော ကြည်စိန်ဖြစ်ပေသည်။

"အခုမောင်းသွားတာ ဘာကြီးလဲကွဟေ" အုန်းမြက ၀င်မေးသည်။ "လယ်ထွန်စက်ကြီးကွ" ကြည်စိန်က မောသံ ကလေး မပျောက်တစ်ပျောက်ဖြင့်ဖြေလေသည်။ "လယ်ထွန်စက်က ဘာလုပ်ဖို့များဘာလိမ့်" ဟ လယ်ထွန်စက် ဆိုတာ လယ်ထွန်ဖို့ပဲပေါ့ဟ ဘာလုပ်ရမလဲလို့"

ကိုဆေးရိုးကတော့ အုန်းမြနှင့် ကြည်စိန်တို့ကြားသို့ ဘာမျှဝင်မပြောဘဲ လယ်ထွန်စက် မည်းမည်းကြီးကိုသာ  မမြင်မကန်းဖြင့် လှမ်းကြည့်မျှော်ငေးနေ၏။ လယ်ထွန်စက်ဟု ကြည်စိန် ကပြောသော အရာကြီးသည်။ ဖားပြုတ်ပင် "ပေါင်း" ကို ကျော်လွန်သွားကာ အသံမျှသာ သဲ့သဲ့ကြားရတော့သည်။ သို့တိုင်အောင် ကိုဆေးရိုးကတော့ ငေးမျှော်မြဲ ငေးမျှောနေ၏။ သူ့ရှေ့ရှိ မှောင်လဟာအတွင်းဝယ် ငြိမ်ဝပ်နေသည်။ ထိုစဉ်တွင် အုန်းမြဖျောက်ခနဲမြည်အောင် သူ့ပေါင်ကို သူပုတ်လိုက်၏။

"ဟာ သိပြီဟေ့၊ သိပြီ" "ဘာသိတာလဲ လယ်ထွန်စက်ဆိုတာ မြေကြီးတွေကို ဖွဖို့လို့ မဟုတ်လား" ကြည်စိန် က အုန်းမြကို သရော်သည်။ "မင်းဖေကလွှားတဲ့။ ငါက အကောင်းပြောမလို့ဟာကို" အုန်းမြက ဆဲရေး လိုက်သည်တွင် ကြည်စိန်၏ ဟားတိုက်ရယ်မောသံက အမှောင် တွင် ပျံလွှားသွား၏ "ကဲကွာ ကဲကွာ၊ သိလို့ပြောမှာဖြင့်လည်း ကောင်းကောင်းပြောစမ်းကွာ" ကိုဆေးရိုးက သိချင်ဇောဖြင့် ၀င်ရောက်ဖျန်ဖြေပြီး အုန်းမြထံမှလာမည့်စကားကို နားစွန့်နေ၏။ "ဒီလိုဗျာ၊ ဗိုလ်တဲမှာ စိုက်ပျိုးရေးဆိုင်းဘုတ်တစ်ခုတင်ထားတာ တွေ့တယ်ဗျ။ အရင်က ကျုပ်တို့ဆီမှာ ဘာစိုက်ပျိုးရေးဌာနမှ မရှိဘူးမဟုတ်လား"။ "အေးလေ၊ ဒါတော့လည်း သိတာပေါ့ကွ။ မင်းကို ငါအပြောခိုင်းနေတာက လယ်ထွန်စက်အကြောင်းကွ  ကိုဆေးရိုးက ကြားဖြတ်၍ မာန်သည်။

"ဟုတ်ပါတယ်ဗျာ နားထောင်ပါဦး ဒါနဲ့ကျုပ်က ဗိုလ်တဲက ရဲဘော်တွေကို မေးကြည့်တော့ လယ်ထွန်စက် တစ်လုံးရယ်၊ မြေသြဇာတွေရယ်၊ မျိုးစေ့တွေရယ်ရောက်လာလိမ့်မယ်တဲ့"။
"မြေသြဇာဆိုပါကလားဟ ကြည်စိန်ရ"
ကိုဆေးရိုး က တအံ့တသြအော်မိသည်။ သို့သော် ၀မ်းသာခြင်းကား မဟုတ်။ အဘယ့် ကြောင့်ဆို သော် ရှေးသရော အခါကမူ မြေသြဇာလိုချင်လျှင် ရန်ကုန်အထိဆင်းရကာ ဈေးခေါင်ခိုက်နေသော ကြောင့် ဖြစ်သည်။ "ဟုတ်တယ်ဗျ။ နွေသီးစိုက်ချင်တဲ့သူတွေကို မြေသြဇာနဲ့ မျိုးအလားပေးမယ် တဲ့ဗျ။

"ဟာတယ်ဟုတ်ပါကလား" ကြည်စိန်က ခုန်၍အော်၏။ "အဲဒီနွေသီးစိုက်ချင်တဲ့သူတွေကို တစ်ဧက တစ်ဆယ်နှုန်း နဲ့  အဲဒီစိုက်ပျိုးရေးက အငှားထွန်ပေးမတဲ့ဗျ" ကိုဆေးရိုး တိတ်သွားသည် ထမင်းနှင့် ဟင်းများ ပေကျံနေသော လက်များမှာ လေတိုက်သဖြင့် တင်းရင်းလာသည့်အတွက် လက်ကို တပြွတ်ပြွတ်စုတ်ရင်း အတွေး ၀င်နေ၏။ သို့စဉ် ကြည်စိန်ကပြောသည်။
"ငရုတ်စိုက်ရရင် ကောင်းမယ်ထင်တယ်ကွ" အုန်းမြကလည်း "ဒို့ စပါးနှယ်တာက တလင်းထဲကို ကောက်လှိုင်း ရောက်နေမှတော့ ဘယ်အချိန်မှဘဲ နှယ်နှယ် ဖြစ်နေပြီကွ။  အဲဒါအသာထားပြီး ငါ့ကျင်းလယ် ၂၀စိုက် ကိုပဲကြဲလိုက်ရရင် ဟန်မှာပဲဟေ့"။

"နေစမ်းပါဦးကွာ" ကိုဆေးရိုးက လေးပင်စွာဖြင့် ကြားဖြတ်ပြောလိုက်သည်။ "ထွန်တာစိုက်တာက တော့ ဟုတ်ပါပြီ။ အပင်တွေမအောင်မချင်း အခုရှိနေတဲ့ အစို ကမြဲပါ့မလားကွ" "ဟာဟုတ်သဗျို့" ကြည်စိန်မှာ အရေးကြီးသော အချက်ကို ယခုမှသတိရသဖြင့် အထိတ်တလန့်အော်၏။ သို့သော်" နွေသီး တကယ် လုပ်ကြရင် မြောင်းဘက်ကရေလွှတ်ပေးမတဲ့ဗျ" ဟု အုန်းမြင့်က ထပ်ဆင့်ဖောက်သည်ချလိုက်သောခဏ၌ ကိုဆေးရိုး ၏ အသံသည် တလင်းသိုက်များသို့ပင် ကျယ်လောင်စွာ ပျံဟိန်းသွားလေ၏။ "ဟာ ဟုတ်ပြီဟေ့။ ပဲကြီးတစ်ဧက ပက်ထားသကွ။ ထပ်ပြီးတော့လည်း စိုက်လိုက်ဦးမဟ။ ဟုတ်ပြီ။ ကိုဆေးရိုးသည် သတင်းကောင်း ကို မကျီးဒန်အားပြောကြားရန် တဲကုပ်ဆီသို့ အပြေးလာခဲ့သည်။ မကျီးဒန်သည် တဲပေါက်ဝ ၌ ရပ်၍ ဆေးလိပ်ဖွာနေ၏။

"မကျီးဒန်ရေ ကြားပြီးပြီလားဟေ့" ကျုပ်လာပြီးနားထောင်လို့ ကြားပြီးပါပြီတော်။ ကဲကဲ ပြောစရာ ရှိတာနောက်မှပြော။ ထမင်းစားလိုက်ဦး" အေးအေးဝမ်းသာလိုက်တာဟာ"
 ကိုဆေးရိုး သည် ၀မ်းသာအားရဖြင့် လက်ကိုထပ်၍ဆေးပြီး ထမင်းကို ကုန်းလွေးလိုက်သည်။ စော စောက စားခဲ့ရသော ချဉ်ပေါင်ဖူးအထောင်းနှင့်ဲနွားလျှာကြီးရွက် ဟင်ချိုပင်ဖြစ်ကာ အေးစက်၍ နေပေပြီ။ သို့ရာတွင် အေးစက်နေသော ယခုထမင်း က ပူနွေးနေသော စောစောက ထမင်းဟင်း ထက် ကိုဆေးရိုး၏ခံတွင်း အရသာ ရှိလှပေသတည်း။

စာရေးသူ - ဆင်ဖြူကျွန်းအောင်သိန်း
.
>>>ဆက်ဖတ်ရန်>>> >>

Thursday, October 28, 2010

လက်ဖွဲ့လယ်မှ ထန်းခြောက်ပင်

လက်ဖွဲ့လယ်မှ ထန်းခြောက်ပင်
စာရေးသူ - ဆင်ဖြူကျွန်းအောင်သိန်း

ပတ္တမြားရောင် ရွဲလုံးကြီးများသည် ကျီးအာချုံတက်သော ကုက္ကိုလ်ပင်ကြီးထက်တွင် တွဲရရွဲ ဆွဲလျက် ရှိ နေကြသည်။
    ရီးကျီးဒန်သည် နွားစာစဉ်းဓားကို နန်းတိုင်ပေါ် မမြှောက်သေးပဲ တစ်အောင့်တစ်နား မော့ကြည့်လိုက်၏။ စိမ်းအိုရောင်တောမှ ကျီးအာသီးများကို ထင်းခနဲမြင်လိုက်ရ၏ ဤသည်မှာ တမင်နားခြင်းမဟုတ်။ တမင်မော့ခြင်း လည်းမဟုတ်။ ရွာတောင်ပိုင်းဆီမှ စည်စည် စည်စည်အသံများ ကြားလိုက်သလို ရှိသော ကြောင့် နားစွင့်ခြင်းဖြစ်သည်။ သို့နားစွင့်ခိုက်တွင် ခေါင်းမော့လိုက်မိသည့်အတွက် ကျီးအာသီးများကို မြင်ရခြင်းဖြစ်ပေသည်။ ထိုခဏ၀ယ် ရီးကျီးဒန် အသိအာရုံသည် လျှပ်တစ်ပြက် တောက်ပ သွား လေ၏။

    "မသိသူတွေအတွက်တော့ ငါ့အိမ်၊ ငါ့ယာ၊ ငါ့ဥစ္စာ၊ ငါ့မယားဆိုတဲ့ အယူမှား အမြင်မှားကြီး ဖုံးလွှမ်း နေတာကိုး။ ဒီအခါ ကျီးအာသီးမှည့်ကြီး နီရဲဝင်းဖန့်နေသလို နှစ်သက်စရာကြီးပေါ့။ သိသူတွေ ကတော့ ဒီလှပနီရဲမှုအောက်မှာ မည်းမှောင်နေတဲ့အသား ရှိပါကလားဆိုတာ သိသလို၊ ဘယ်ဥစ္စာမှ ငါ့ဟာ မဟုတ် ငါမဟုတ်ဆိုတာ သိကြတယ်။ သိကြတဲ့အတွက် အတ္တနည်းတယ်၊ မာနဒေါသနည်းတယ်။ ဒါကြောင့် ဖြူစင်ကြ တယ်"

    ရွာဦးကျောင်းဆရာတော်၏ ဆုံးမစကားတစ်ပုဒ်က ခေါင်းထဲတွင် လက်ခနဲပေါ်လာသည်။ ပေါ်လာသည် နှင့် တစ်ပြိုင်နက် ရင်ထဲငြိမ့်ခနဲချမ်းမြေ့လိုက်ရသည်။ သို့ကြောင့် နွားစာစဉ်းရန် ညာဘက်က ဓားကို မြှောက်လိုက် လျှင် ဘယ်ဘက်လက်က ကောက်ရိုးထိုးသွင်းသော နန်းတိုင်ခွကြားထဲသို့ ဓားခုတ်ချက် မိရုံကလေး အစွန်းထွက်အောင် ကောက်ရိုးဆုပ်ကို တွန်းပေးလိုက်သည်။ တစ်ချက်သာ ခုတ်ရသေး၊ သဲ့ခနဲ ကြားရ သည်။ ရီးကျီးဒန် ဆိုင်းလိုက်ရပြန်သည်။ နားစွင့်ရပြန်သည်။

    လူ့ရွာလူ့ဒေသ လူတောထဲနေလျှင် ဤနှယ် နားစွင့်ရသည်မှာ ရီးကျီးဒန်တို့ ထုံးစံ။ ကိုယ်နှင့် မဆိုင် သည်ကို နောက်ထား။ မည်သူနှင့်မည်ဝါ ရန်ဖြစ်သည့် အသံနည်း။ မီးထင်းကိစ္စလော။ နာရေးလော။ မီးထင်း ကိစ္စ ဆိုသော် ဆွဲရလွဲရမည်။ နာရေးဆိုသော် ချက်ချင်းသွားရမည် ကမ္မဌာန်း ကောင်ပြင်ဆင်ရေး ကိစ္စတွင် နားလည်သူ ရှိချေက မထောင်းတာ။ ထိုအခါ ကာယကံရှင်ကို အားပေး စကားပြော ရုံ တရားပြ ရုံသာ။

    နားမလည်သူမရှိချေက ခက်သည်။လူများသည် နာရေးကိစ္စတွင် အစွဲအလမ်းကြီးဆဲ၊ ယုန်ထင် ကြောင်ထင် ရှိကြဆဲ။ ထို့ကြောင့် ရီးကျီးဒန်မှာ နွားစာမျှသော် ဖြောင့်ဖြောင့်မစဉ်းရ။ နားစွင့်လိုက်၊ တစ်ချက် နှစ်ချက် ခုတ်လိုက် နှင့် ဖင့်နွဲနေသည်။

    "ဟယ်စိတ်ထင်လို့ ထင်ပါရဲ့"
    အတွေးဖြင့် စိတ်တုံးတုံးချကာ လေးငါးချက် ဆက်ကာဆက်ကာ ခုတ်လိုက်သောအခါ၊ အသံသည် ပို၍ ကျယ်လောင် ၏။ သဲ့သဲ့မျှမဟုတ်။ စီခနဲ ညံခနဲဖြစ်သည်။
    တဖောင်းဖောင်းနွားစာစဉ်းသံက ရပ်သွားပြန်သည်။ သည်တစ်ခါတော့ ဟုတ်သည်။ မိန်းမနှစ်ယောက် ရန်ဖြစ်သံ။ ဒေါသဖက်သော အသံကျယ်ကြီးဖြင့် လုပြောနေသည်။ ထိပါးပုတ်ခတ်နေကြသည်။

    "ဘယ်သူတွေပါလိမ့်"
    တွေးနေဆဲ စွာစွာစွာစွာနှင့် နောက်ထပ်အသံတစ်သံ တိုးလာပြန်သည်
    "ချောစိန်၊ ညည်းမတရားမပြောနဲ့။ ညည်းပြောတာလွန်ပြီနော်။ ရီးကျီးဒန့်မျက်နှာကြောင့် ငါသည်းခံ နေတာ"
    "အလိုလေးချောစိန်ဆိုပါလား"

    ထရိုးထစဉ်သာဆိုပါက ဒူးကအကြောတွေ ဆိုင်းနေမည်။ စုတ်တသပ်သပ်ဖြင့် ဖြည်းညင်းစွာထမည်။ ယခုသော်ကား တစ်စုံတစ်ယောက်က ချိုင်းကြားမှ ကိုင်လျက် တအားဆွဲမလိုက်သည့်အလား ရီးကျီးဒန် စန့်ခနဲ ထပြီးဖြစ်သွား၏။ မတ်ခနဲရပ်ပြီး ဖြစ်နေချောပြီ။

    "တကတည်းတော် အရေးထဲမှာ"
    စန့်ခနဲ မတ်ခနဲ ထသလို ထမိပြီးသည်နှင့် တစ်ပြိုင်နက် ခြေထောက်များကလည်း အိမ်ဝိုင်းအပြင်ဘက်သို့ လှမ်းပြီးဖြစ်သွားသည်။ သို့သော် နန်းတိုင်ခတစ်ဖက်နှင့် ထဘီနားနှင့် ငြိနေသည်။ တုံ့ ခနဲ ဆောင့်ဆွဲခံရသလိုဖြစ်သွားသဖြင့် စိတ်မရှည်လက်မရှည် ရေရွက်လိုက်ကာ အသံလာရာသို့ အသော့ နှင်လာ၏။ ရန်ပွဲဟူသည် စောစောဖျန်ဖြေနိုင်လေ ကောင်းလေဖြစ်၏။ ဒေါသဖြစ်လာကြပြီဆိုလျှင် ကြီးသည် ငယ်သည်မရွေး၊ မှားသည် မှန်သည် မတွက်၊ တစ်ဖက် လူထက် ကြောရေးကို ဦးတည်တော့သည်။

သည်မှတစ်ဆင့်တက်သော် ဖေတွေ မောင်တွေနှင့် ဆဲပြီဆိုပြီ။ ထိုမှတစ်ဆင့် တိုးပါးမှု တစ်ဖက်လူ အသည်း ကို ထိရေးအတွက်၊ ငယ်ကျိုးငယ်နာတွေ ဖော်တော့သည်။ သူ့အမျိုးထဲတွင် အနူရှိတာရော၊ ကိုယ့်အမျိုး ထဲတွင် လင်ကောင်မပေါ်တာရော။ ထိုအခါ လက်ပါလာပြီ။ သတ်ကြပုတ်ကြ၊ ရိုက်ကြနှက်ကြလျှင် နှစ်လင်သား၊ မောင်ကြီးမောင်ငယ်နှင့် ဆွေမျိုးတွေ အကုန်ပါလာမည်။ သို့သော် ပြေးမှ ပြေးမှ…။

    ရီးကျီးဒန် လှမ်းကြည့်လိုက်သည်။
    "ဘယ်သူပါလိမ့်"
    မချောစိန်တို့ အိမ်ဝိုင်းရှေ့တွင် မိန်းမတစ်ယောက်။ ထဘီကို နောက်တိုရှေ့ရှည်အောင် လက်တစ်ဖက်ကို တင်ပေါ် ဖိအုပ်လျက်၊ လက်တစ်ဖက်ကို ထောင်လိုက်ထိုးလိုက်နှင့် ရန်တွေ့နေသည်။ သို့သော်မည်သူဟု ရီးကျီးဒန် မသဲကွဲသေး။ ရန်ထောင်နေသော ထိုမိန်းမအား ခွေးသုံးကောင်က ဟောင်နေ၏ ကလေးတွေ ကလည်း ၀ိုင်းကြည့်နေသေး။ ကလေးအုပ်၏နောက် မလှမ်းမကမ်းတွင်ကား မိန်းမကြီးငယ် အချို့ က ရန်ပွဲ ကို အကဲခတ်ရင်း တီးတိုး တီးတိုး ပြောနေကြ၏။

    ထိုမိန်းမနှင့် ရီးကျီးဒန်နီးလာပြီ။
    မျက်ခွံကို ရှုံ့ပြီးကြည့်သော်ငြား သူ့ရုပ်ကို ရီးကြီးဒန်မဖမ်းနိုင်။ အသံကို ကျက်မိရန် ကြိုးစားပေမဲ့မမှတ်မိ၊
    "ဟဲ့ဘာဖြစ်ကြတာလဲ"
    ရီးကျီးဒန်အသံကြားလျှင် ထိုမိန်းမ အရှိန်တန့်သွား၏ ရီးကျီးဒန်ကို လှည့်ကြည့်၏။

    "သြော် တောင်ဖျားက ဆွဲမိကိုး"
    ဆွဲမိသည် ဆင်းရဲ၏။သို့တစေ စွာ၏။ ကြက်ခေါင်းဆိတ်မခံ။ ကိုယ်ကျင့်တရား ကောင်းသည်။
    "ဆွဲမိဘာဖြစ်တာလဲ"
    "ဘာဖြစ်ရမလဲ ရီးကျီးဒန်ရဲ့"

    ဒေါသသည် ရီးကျီးဒန်ဘက်သို့ လှည့်လာ၏။ သို့သော် ရီးကျီးဒန် သည်းခံပါသည်။ ခွင့်လွှတ်ပါသည်။ ကျီးအာသီးကို ပတ္တမြားလုံးကြီးထင်နေသည့် အရွယ်မဟုတ်လား။
    "မိန်းကလေးရယ် အရီးလာတာက အရီးသမီးကို ဆုံးမရအောင်၊ ဖျန်ဖြေရအောင်လာတာပါ"
    ဆွဲမိသည် တင်တခြမ်းပေါ် ဆွဲတင်ထားသော ထဘီစကို လျှောချလိုက်၏ မည်းနက်သော ချေးကြောင်း တွေ အရစ်ထနေသော ဒူးခေါက်ခွက်လည် ပုန်းကွယ်သွား၏။

    "ကျုပ်တို့ထန်းပင်တွေပေါ့တော်။ ကျုပ်တို့ကလည်း ထန်းလျှော် အသုံးလိုလို့ သွားတော့ ငုံးငုံးတိုနေပြီ။ သူတို့ ချိုင်မယ်ဆိုလည်း စောစောက ကြိုပြီး အသိပေးထားရင် ကျုပ်တို့ အလုပ်ပျက်ခံပြီး မသွားပါဘူး။ အခုတော့ သူတို့ကြိုမပြောလို့ ချိုင်မယ့်လူငှားရတယ်။ မချိုင်ဖြစ်တော့ တောင်းပန်လွှတ်ရတယ်။ အဲဒါ ကြောင့် ဒါလောက်တော့ အသိပေးဖို့ကောင်းတဲ့အကြောင်း လာပြောတော့"
    "အင်းအင်း သူကဘာပြန်ပြောလဲ"

    "ပြောနိုင်ဘူးတဲ့ ၊ ကိုယ့်လယ်ထဲမှာရှိတဲ့ ထန်းပင်။ ကိုယ်ချိုင်ချင် ချိုင်မယ်၊ လှဲပစ်ချင် လှဲပစ်မယ် ဘာဖြစ်လဲတဲ့ ကဲကောင်းသလား"
    "ဟုတ်တယ်လေ ကိုယ့်လယ်ထဲရှိနေတာ ဘယ်သူ့ဆီသံတော်ဦးတင်ရဦးမှာလည်း ဟင်"
    မချောစိန်သည် အိမ်ပေါ်မှ ဆင်းလာကာ ပြောရင်းဆိုရင်း ၀ိုင်းဝရောက်လာလေသည်။
    ရီးကျီးဒန် မချောစိန်ကို တစ်ချက်စိုက်ကြည့်လိုက်သည် မချောစိန်မှာ မိခင်၏အကြည့်ကို နားမလည် သဘော မပေါက်။

    "တော်စကားပြောတာကြည့်ပြောနော်"
    "ကြည့်ပြောတာပဲ"
    "သွားစမ်း သွားစမ်း"
    ရီးကျီးဒန် မချောစိန်ကို တွန်းလွှတ်သည်။ ဆွဲမိဘက်သို့ လှည့်၍လည်း တောင်းပန်သည်။
    "ဆွဲမိ ပြန်တော့နော်၊ ဒီကောင်မ မသိလို့ပြောတာပါ။ အရီး သူသဘောပေါက်အောင် ရှင်းပြမယ်၊ ဆုံးမ မယ်ဟုတ်လား"

    ဆွဲမိ ခေါင်းညိတ်၍ မပြီးသေး၊ မချောစိန် ရှေ့တိုးလာ၏။
    "အမေက ဘာပြုလို့ တောင်းပန်နေရတာလဲ"
    "ငါဖိနပ်နဲ့ ပါးရိုက်လိုက်ရ…တယ်"
    ဒါပဲပြောပါသည်။ ရှေ့မဆက်ပါ။

    ရှေ့မဆက်ခြင်း ရိုက်မည်ရွယ်ရန် အတွက် ဖိနပ်ကုန်းချွတ်လိုက်သောကြောင့် ဖြစ်သည်။ သို့သော် ရီးကျီးဒန် ခြေထောက်တွင် ဖိနပ်မပါ။ ကလေးတွေ ၀ါးခနဲ ၀ိုင်းရယ်ကြသည်။ ခပ်လှမ်းလှမ်းမှ အကဲခတ် နေသူ များလည်း ရီးကျီးဒန်အမှားကို ပြုံးနေကြသည်။

    "တောင်းပန်သင့်လို့ တောင်းပန်ရတာပေါ့ဟဲ့။ ဒီထန်းပင်တွေကို ဘယ်သူစိုက်သလဲ နင်သိလား ဘယ်သူပိုင်သလဲကော အဲဒါသိလား"
    ထိုသို့ မေးလိုက်သည့်အတွက် မချောစိန် ဝေတေတေဖြစ်သွား၏။ ရီးကျီးဒန်ကို ပြန်ကြည့်နေ၏။
    "ငါ့ကို ငရဲကြီးအောင် မလုပ်နဲ့၊ သွားအိမ်ထဲကိုသွား ငါလာခဲ့မယ်။ ရှင်းပြီးလည်း ပြမယ်"

    သည်တစ်ခါ တွန်းလွှတ်သောအခါတွင်မူ မချောစိန် ပေတေတေ ကတ်တတ်တတ် လုပ်မနေတော့ပါ။ အိမ်ဘက်သို့ တုံ့နှေးစွာ လျှောက်သွားသဖြင့် ရီးကျီးဒန်သည် ဆွဲမိကို ထပ်မံတောင်းပန်ကာ သမီး နောက်သို့ လိုက်ပါလာခဲ့၏။
    "အမေကြီး"
    မြေးတို့သည် အိမ်ရှေ့ကွပ်ပျစ်ပေါ်မှ ကွက်ကြည့်ကွက်ကြည့် လုပ်နေခဲ့ကြရာ သူတို့အနားသို့ ရီးကျီးဒန်ရောက်လာသည့်အတွက် ၀မ်းသာအားရ ဆီးကြိုကြ၏ မချောစိန်တို့အမိမှာ မြေစိုက် လေးပင်တဲကြီးဖြစ်သည်။ တဲထဲတွင် အိုးလုပ်လက်စတွေ တိုက်သွင်းရန် အသင့်ဖြစ်နေသော အိုးတွေနှင့် ရှုပ်ပွနေလိမ့်မည်။

သို့ကြောင့် ရီးကျီးဒန်က ကွပ်ပျစ်ပေါ်မှာပင် မြေးများ၏ ဘေး၌ ၀င်ထိုင်လိုက်သည်။ မြေးမိန်းကလေး များ ထဲတွင် အကြီးဆုံးဖြစ်သော ခင်ခင်ကြီးသည်။ အငယ်ဆုံးမောင်ကလေး မောင်ထွေးကို ထမင်းခွံ့နေရာမှ ဘွားအေထိုင်ရန် တစ်ဖက်သို့ တိမ်းပေး၏။ မောင်ထွေးက ဘွားအေကို လာဖက်၏။ သူ့ပါးစပ် တွင် ပဲကြီးဟင်း ခြောက်ခြောက်ချက် (ဆီပြန်)များ ပေနေရာ မိမိကြီါ်က လှမ်းဆွဲယူထား၏။
    "ဟဲ့ ငတက်ပြားမ"
    နို့ညှာမ မိမိထွေးကို ရီးကျီးဒန် ပေးထားသော အနွတ္တအမည် ဖြစ်ပေ၏။။ မိမိထွေးသည် ပဲကြီးဟင်းပေနေသော လက်ငါးချောင်းကို လျှာဖြင့် လျက်နေရာက မျက်လုံး ပေကလပ်ပေကလပ်ဖြင့် မော့ကြည့် ၏။

    "နန်းတိုင်နားမှာ အမေကြီး ဆေးလိပ်ရှိတယ်၊ သွားယူပေးစမ်း"
    သည်လိုတော့လည်း ငတက်ပြားမသည် ဖင်ပေါ့၏။ ဂျီရိပတ္တများမနေဘဲ ကွပ်ပျစ်ပေါ်မှ ခုန်ချ၏။ ထိုအခါ ရီးကျီးဒန်က ထပ်မှာ၏။
    "ကောင်းကောင်းကိုင်ခဲ့နော်၊ အခေါင်းထွက်ပြီး 'ကာ'ကုန်ရင် ပေါင်တွင်းကြောအပြတ်ပဲ"
    သည်နောက် တဲတွင်းသို့ လှမ်းကြည့်လိုက်ရာ ဖင်ထိုင်ခုံတစ်ခုဖြင့် ထရံကွယ်အ၀တွင် ထိုင်နေသော မချောစိန် ကို မြင်ရ၏။

    "ဆွဲမိနဲ့ ညည်းနဲ့ ဖြစ်တဲ့ကိစ္စမှာ ညည်းအလွန်၊ ညည်းအမှား"
    "တော်"
    မျက်လုံးပြူးကြီးဖြင့် မော့ကြည့်လိုက်သော 'တော်'မှာ ဘာဖြစ်လို့လဲ အမေဟူသော အမေးကိုဆောင်၏။
    "ညည်းယောကျာ်းထွန်းရကလည်း ဘာမှမပြောဘူးလား"
    "ဘာပြောရမလဲ အမေရ"
    "အဲဒီထန်းပင်တွေပေါ့ဟဲ့ အနာမရဲ့"
    "ဟင့်အင်း မပြောပါဘူး"
    "ညည်းယောက္ခမတွေကတော့ ပြောဖို့ကောင်းပါတယ်အေ"

    ဆွဲမိနှင့်စကားများစေသော ထန်းပင်များမှာ မများလှပေ။ ဟိုတစ်ပင် သည်တစ်ပင် စုပေါင်းလိုက်ပါမှ ခြောက်ပင်သာ ရှိသည်။ ထိုခြောက်ပင် ကသည် ကိုထွန်းရ၊ မချောစိန်တို့၏ လယ်ပွဲထဲတွင် ရှိနေ၏။ သို့သော် ထိုလယ်နဲ့ ရာဇ၀င်ကို ကိုထွန်းရလည်း သိပ်မသိ။ မချောစိန်မူ ဝေးစွ ခြောက်ပါး။
    ကိုထွန်းရနှင့် မချောစိန်တို့ မင်္ဂလာဆောင်တွင် ကိုထွန်းရမိဘများက လက်ဖွဲ့သော မများလှသည့် လယ်ကလေး တစ်ဧက။ သို့တစ်ဧကပေမဲ့ ရာဇ၀င်ရှိသည့် ထန်းပင်ခြောက်ပင်ပါလာသော တစ်ဧက။

    "အမေကြီးရော့"
    ငတက်ပြားမ ပြန်ရောက်လာကာ ပြောင်းဖူးဖက်ဆေးလိပ် တစ်ဝက်ကျော်ကို လှမ်းပေးသည်။ အလွန်သောက်ကောင်းသည့် အနေအထားမို့ အခေါင်းမထွက်စေရန် မှာလိုက်သည်။ မှာလိုက်ခါမှ အခေါင်းထွက်လာသောကြောင့်လည်း ခပ်လှမ်းလှမ်းမှ ပေးခြင်းဖြစ်၏။ ရီးကျီးဒန် ဆေးလိပ်ကို ငုံ့မကြည့် အား။ မချောစိန်လှမ်းပေးသော မီးခတ်ဖြင့် ညှိရင်း စကားကို ဆက်သည်။
    "ဒီထန်းပင်တွေပါဟဲ့ လယ်ပွဲဟာ ညည်းတို့လက်ထဲရောက်လာတာ ခြောက်နှစ်ကျော် ခုနစ်နှစ်ရှိပြီပဲ။ ညည်း မသိတာကတော့ ညည်းအသုံးမကျလို့ပဲ။ မေးရစမ်းရတယ်ဟဲ့"
    လယ်ထဲတွင် ထန်းပင်တွေ ရှုပ်နေသည်ထင်သော်ငြား လှဲဖြိုပစ်ရန် မချောစိန် မတိုက်တွန်းမိ။ သို့ကြောင့် စကားစပ်မိ၍မသိ။

    "အဲဒီထန်းပင်က ထခိုင်တွေ ထလက်တွေကို ညည်းတို့ အမြဲပဲ ချိုင်ယူသလား"
    မချောစိန်ခဏတော့ စဉ်းစားကြည့်သေး၏။ စဉ်းစားပေမဲ့ အဖြေမှာ "မသိဟူ၍သာ ဖြစ်၏။
    "အဲဒီလယ်ကို ထွန်းရအဘိုးများ လက်ထက်ကတည်းက သူများဆီ အပေါင်ခံခဲ့ကြတာအေ့။ မူရင်းပိုင်ရှင် ပိုင်ရှင် ကတော့ အမေလည်းမသိဘူး။ ထွန်းရအဘိုးရဲ့အဖေများလည်း ရှိလို့တော့မဟုတ်ဘူး။ ခဏတစ်ဖြုတ် ဆိုပြီး အပေါင်ခံရင်းက တစ်နှစ်လုပ်စားမိတော့ ရေမိုးမှန်တာနဲ့ ကြုံသွားတာကိုး။ နှမ်း ကလည်း ရ၊ စပါးကလည်းရနဲ့ ထုတ်ချေးထားတဲ့ ငွေတောင် ကျေသလောက်ဖြစ်သွားသတဲ့"

    "အမေ့ဘယ်သူပြောလဲဟင်"
    "လူပြောသူပြောပေါ့အေ။ ဒါနဲ့ မူလပိုင်ရှင်ကလည်း တစ်နှစ်ကြာလို့လည်း မရွေးနိုင် နှစ်နှစ်ကြာလို့လည်း မရွေးနိုင်ဖြစ်ပြန်တော့ အတိုးလည်း တက်လာပြန်တာပေါ့။ အဲဒီလို တစ်ဖက်လူမှာ ငွေကြေး မချောင် လည်တာ အကြောင်းပြုပြီး ခင်ဗျားတို့ အခုလို ပေါင်ထားတာ အတိုးတက်တာနဲ့ နစ်နာလှပါပြီ။ ဒါကြောင့် ရောင်းပါ လို့ သွားပြောသတဲ့"
    အငယ်ကလေးက တစ်စုံတစ်ရာ ပူဆာနေသည်။ သို့သော် အကြီးမသည် အမေနှင့်အမေကြီးတို့ စကား ကောင်းကောင်းပြောနိုင်စေရန် ကလေးကို ချော့ခေါ်ကာ လွတ်ရာသိ့ ထွက်သွားသည်။
    "ဟိုကလည်း ဘိုးဘွားအမွေဆိုတော့ ကိစ္စပြတ် မလုပ်ရဲဘူးပေါ့။ ဒါကြောင့် မရောင်းဘူးဆိုတော့ ဒါဖြင့် ငွေထပ်ယူပြီး စာချုပ်အသစ် ပြန်ချုပ်ပါဆိုပြီး အတိုးအရင်းပေါင်းရယ်၊ 'ထပ်ငွေ' ရယ်ပေါင်းပြီး စာချုပ် အသစ် ချုပ်ပြန်တာပေါ့"

    "ထပ်ငွေဟုတ်လားအမေ"
    "ဒါပေါ့အေ၊ ထပ်ပြီးပေးတဲ့ငွေဟာ ထပ်ငွေပေါ့"
    "ကျုပ်ကြားဖူးတဲ့ ထပ်ငွေဆိုတာ ထပ်ပြီးယူတာဆိုပါတော့။ ဟိုဘက်ရွာက အဘသိန်းတို့၊ အဘဦးတို့ ထပ်ငွေ ရလာပြန်ပြီဆိုတာလေ။ ကျုပ်ငယ်ငယ်တုန်းက အမေတို့ပဲ ပြောတာကော"
    ရီးကျီးဒန် ပြုံးလိုက်ရပါသည်။

    "ကောင်မ၊ ဒါတော့လည်း မှတ်မိသားပဲ။ ဒါလည်း မထူးပါဘူးအေ။ ရီးသိန်းတို့၊ ရီးဦးတို့ မိဘများက တစ်ချိန်က 'ရည်တတ်'ခဲ့သတဲ့"
    "ဘယ်သူက မရယ်တတ်လို့လဲ အမေရယ်"
    "ကြေးရည်တတ်၊ လူရည်တတ်ဆိုတာ လူချမ်းသာကို ပြောတာဟဲ့။ အဲသူတို့ လက်ထက်ကျတော့ လယ်တွေကို ပေါင်ရတော့တာပေါ့။ နောက်ဆုံး ပေါင်စရာ လယ်တွေကုန်တဲ့အခါမှာ သူတို့ရဲ့လယ်တွေ အပေါင်ခံ ထားတဲ့ လူတွေဆီသွားပြီး 'ထပ်ငွေ' တောင်းပြန်တာပေါ့။ ငါးရာနဲ့ ပေါင်တဲ့လယ်တွေအတွက် တစ်ရာ ထပ်ပြီး ပေးရင် ခြောက်ရာဖြစ်သွားတာပေါ့အေ။ ညည်းပြောတဲ့ ထပ်ငွေက အဲဒါမဟုတ်လား"

    မချောစိန် ခေါင်းညိတ်ပြသော်လည်း မေးစရာမကုန်သေး။
    "ထပ်ငွေမပေးဘူးဆိုပါတော့အမေရယ်၊ ဘာလုပ်မလဲဟင်"
    "အဲဒီလယ်ကို လိုချင်တဲ့လူ ဘယ်သူရှိသလဲ လိုက်ရှာတာပေါ့အေ။ နောက်ယူမယ့်လူကို ရွေးရမယ့် ငွေထက် ပိုပေးရင် ရွေးပြီး ပြန်ပေါင်ပြန်တာပေါ့။ ပိုတာကလေးထိုင်ပြီး စားပြန်တာပေါ့"
    "သြော် သြော်"

    "ဒါနဲ့ ထွန်းရအဘိုးများ လက်ထက်ကျတော့ ထွန်းရအဘိုး အလိုသာဆိုရင် လယ်ကို ရောင်းပစ်မှာ။ လူက ယစ်ထုပ်ကိုး။ ဒါပေမဲ့ အပေါင်စာချုပ်တွေ၊ ဂရန်တွေကို အမယ်ကြီးက လုံအောင်သိမ်းထားတော့ လယ်ကို မပေါင်သာ မရောင်းသာဘူး။ လယ်ပေါင်တာ၊ ရောင်းတာက ဂရန်ပါမှ ဖြစ်တာကိုးအေ့။ အဲဒါကြောင့် အသိသက်သေ နဲ့ စာချုပ်ချုပ်ရင် ဖြစ်တဲ့အလုပ်၊ ဂရန်တွေဘာတွေမပါဘဲနဲ့ ဖြစ်တဲ့အလုပ်ကို လုပ်တော့ တာပေါ့"

    "ဘာအလုပ်လဲ အမမေ"
    "အဲဒီလယ်ပွဲထဲက ထန်းပင်တွေကို ရောင်းစားခဲ့တာပေါ့အေ။ တစ်ပင်ကို တစ်ကျပ်ခွဲဆိုလား နှစ်ကျပ် မတ်တင်း နဲ့ဆိုလား"
    "ဟင်…"
    "မဟင်နဲ့ မကြီးစာ၊ အဲဒီ ထွန်းရအဘိုးများလက်ထက်တုန်းက ပုဆိုးတစ်ထည်မှ သုံးမူး။ ထားပါတော့အေ ပြားလေးဆယ်"
    "ဟယ်"
    "ထန်းရည် တစ်မြူမှ နှစ်ပြားဆိုတော့လည်း ထန်းပင်တစ်ပင် တစ်ကျပ်ခွဲပဲထား၊ ခြောက်ပင်ကို ကိုးကျပ်ဆိုတော့ သောက်ပါလေ့အေ။ အဲဒီလိုနဲ့ပဲ လယ်ကိုတော့ ကိုယ်ပိုင်ပြီး လယ်ထဲက ထန်းပင်ကို သူများ ပိုင်ခဲ့ တာကလား"

    ဤအချက်ကို မချောစိန် သဘောမပေါက်ပေ။ သဘောမပေါက်သည့်အလျောက်လည်း မအီမလည် ဆိုမိ၏။
    "ကျုပ်တော့သဘောမပေါက်ပါဘူးတော်၊ ဒီမြေကိုဝယ်နိုင်မှ ဒီမြေထဲက သစ်ပင်ကို ပိုင်မှာပေါ့။ ဒီမြေထဲက သစ်ပင် ကို ကွက်ပြီး ၀ယ်တာဆိုတော့"
    မချောစိန် စကားပြတ်သွားသော်ငြား ရီးကျီးဒန် ဆေးအဖွာမပျက်၊ စကားအဆက်ကို စောင့်နေသည်။

    "ကဲအမေရယ် အဲဒီထန်းပင်တွေက ထန်းသီးတွေမှည့်လို့ ကြွေကျရောဆိုပါတော့ လယ်ရှင်က မရဘူးလား"
    "မရဘူး"
    "ဟင်"
    "မဟင်နဲ့အေရဲ့၊ ဒါဟာထုံးစံပဲ။ လယ်ရှင်ကလည်း သြော်… ဒီထန်းပင်ဟာ ငါမပိုင်ပါလားလို့ သိထားတဲ့အတွက် သူ့လယ်ထဲကို ကြွေကျလာတဲ့ ထန်းဦးမှည့်ကို ဘယ်လောက်မှ အဖိုးမတန်ပေမဲ့ မယူဘူး။ လယ်ထဲ က ကောက်ပြီး ထန်းပင်ရင်းမှာ ပုံထားတာ"
    "ကိုယ်မပိုင်တဲ့ အပင်က ထန်းလက်ခြောက်တွေ ကိုယ့်လယ်ထဲကျတော့၊ အောက်က အပင်တွေ ပျက်မကုန်ဘူးလားအမေ"
    "ပျက်တယ်လေ၊ ပျက်ပေမဲ့ ဒီထန်းပင်တွေဟာ ကိုယ့်ပယောဂကြောင့်ပဲ သူများက ပိုင်သွားတယ်။ ဒါကြောင့် ဒါကို အထူးအထွေ ပြောမနေကြတော့ဘူး"

    "အဲဒီလိုဆို အဲဒီထန်းပင်တွေ ကျုပ်တို့နဲ့မဆိုင်ဘူးပေါ့"
    ရီးကျီးဒန် လက်ဝါးဖြင့် ရွယ်လိုက်သည်။
    "ဟယ်ကောင်မ၊ ထန်းလက်ခြောက်ကလေးတောင် မဆိုင်ပါဘူး ဆိုနေမှဟာကို"
    "ဒါပေမဲ့ အမေရယ် ထန်းလက်ခြောက်ကိုတော့ ကျုပ်တို့ အမြဲတမ်းယူပြီး မီးစိုက်နေကြတာပဲဟာကို"
    မချောစိန် က ခေါင်းကလေးပုထားရာက တဖြည်းဖြည်း ရှည်လာရင် စောဒကတက်ပေသည်။

    "အဲဒါမှ စည်းပေါက်တာ၊ သစ္စာပျက်တာအေ့၊ တို့အဖေများ လက်ထက်အထိကိုပဲ စည်းကမ်းကြီး ခဲ့သေးတယ်။ သစ္စာကြီးခဲ့သေးတယ်။ ဒါကြောင့်လည်း မြေပေါ်က သစ်ပင်ကို ရောင်းလည်း ၀ယ်၊ ပေါင်လည်း အပေါင်ခံ ခဲ့တာပေါ့"
    မချောစိန် ခေါင်းညိတ်နေမိ၏။
    "ညည်းတို့လိုသာ စိတ်မျိုးမွေးကြမယ်ဆိုရင် သူများ မြေပေါ်မှာရှိနေမယ့် သစ်ပင်ကို ဘယ်သူက အပေါင်ခံမှာလဲ၊ ဘယ်သူက ၀ယ်မှာလဲ။ ဒါပေမဲ့ ပိုင်ရှင်ကလည်း မရိုင်းပါဘူး။ သူ့သစ်ပင် ရှိနေတဲ့ မြေကွက် ပိုင်ရှင် ကိုလည်း ထန်းဆိုရင် လိုတဲ့အခါ ချိုင်ယူပါ၊ သရက်ဖြင့်လည်း ခူးစားပါ ပြောပါတယ်၊ ပေးပါတယ်"

    "သြော် သြော်"
    "ညည့်ယောက်ျားထွန်းရလည်း ဒီလက်ဖွဲ့ လယ်ပွဲထဲက ထန်းပင်တွေကို ဆွဲမိတို့ပိုင်တယ်ဆိုတာ သိခဲ့ပါလိမ့်မယ်။ ဒါကြော်င့လည်း ထန်းရွက် အသုံးလိုတဲ့အခါမှာ ဆွဲမိုတို့ဆီမှာ ခွင့်တောင်းပြီး ချိုင်ယူတာပဲ။ ဒါပေမဲ့ ဒီတစ်ခါမှာတော့ သူလည်း ပြောဖို့မေ့သွားတာလား ဘာလား တစ်ခုခုပဲ"
    "ကျုပ်ကတော့ သိပါဘူး အမေရာ"
    "ထွန်းရ မပြောမိတဲ့အချိန်ကျမှပဲ တိုက်တိုက်ဆိုင်ဆိုင် ဆွဲမိတို့ကလည်း ထန်းပင်တက်မယ့်လူ ငှားပြီး သွားချိုင်သတဲ့။ ညည်းပဲ ကိုယ်ချင်းစာကြည့်ပေါ့။ သူတို့မှာ လူလည်းငှားရသေးတယ်။ ချိုင်စရာမရှိလို့ တောင်းပန်လည်း လွှတ်ရသေးတယ်။ ညည်းကလည်း မတော်မလှမ်း ပြောလွှတ်တယ်ဆိုတော့"

    "မသိလို့ပါ အမေရယ်၊ ခုတော့ သိပါပြီ။ ဆွဲမိကိုလည်း တောင်းပန်ပါ့မယ်"
    ထန်းရွက်အမိုးသည် ကြွပေါလှသည်မှအပ နွေရာသီတွင် အေး၏။ ထန်းလက်ဝမ်းသားလျှော်၊ ကျောသားလျှော် နှင့် စောင်းသားလျှော်တို့သည် တုပ်နှောင်ရာတွင် အသုံးဝင်သည်နှင့်အမျှ ခိုင်လည်း ခိုင်ခံ့၏။ ထန်းလက် ၀မ်းတွင်းသားဖြစ်သော ထန်းအူလျှော်လည်း 'ကြက်ချေးစု'လိမ်ရန် ကောင်းသည်သာ။ တစ်ပင်လုံးတွင် ပစ်စရာမရှိသလောက် အသုံးဝင်သော ထန်းပင်မျှသာမဟုတ်။ တစ်နှစ်တစ်ခါ သီးရန် မသေချာသော သရက်။ တစ်ဖန်သီးသော်လည်း လူကြိုက်သော အသီးဖြစ်ချင်မှဖြစ်သော သရက် စသည် တို့မှာလည်း အပင်တည်သောမြေကို ပိုင်သူက တခြား၊ အပင်ကို ပိုင်သူကတခြား ရှိတတ်၏။

    ဤဓလေ့ကို နမော်နမဲ့ သဘောထားမိသော မချောစိန်တို့ အရွယ်များကြားတွင် မဖြစ်သင့်သော မပြေလည်မှုများ ပေါ်ပေါက်လာရသည်။ သို့သော် သိမှီနားလည်သော ရီးကျီးဒန်တို့ အရွယ်တွေ ရှိကြသေးသည့်အတွက် ချစ်စရာ ကောင်းသော ဓလေ့၊ မြတ်နိုးဖွယ်ဖြစ်သော စည်းစောင့်မှုကလေးတစ်ခုမှာ မှေးမှိန်ရာမှ ပြန်လည်လှပလာခဲ့ရပေပြီ။ ဤသို့ဖြင့် လက်ဖွဲ့လယ်ပွဲမှ ထန်းခြောက်ပင် အရေးသည် ဖြေရှင်း ခဲ့ရ၏။

    "နောက်ကို နမော်နမဲ့ မနေနဲ့အေ့။ ထွန်းရကိုလည်း မေး၊ သူ့မိဘကိုလည်းမေး၊ ငါ့ကိုလည်းမေး။ တော်ကြာ ရွာထဲမှာ ညည်းတို့ လူကြီးဖြစ်လာတော့မှ ဘာမှမသိရင်.."
    "ဟုတ်ကဲ့အမေ၊ ကျုပ်နောက်ကို မေးပါ့မယ်"
    ရီးကျီးဒန် ပြန်ရန်ဟန်ပြင်လျှင် မချောစိန်လည်း ထရပ်ကာ ၀ိုင်းဝသို့ရောက်အောင် လိုက်လာပြီးမှ အကြီးမ ခေါ်ကြားရ၍ လှည့်ပြန်သွား၏။

    နွားများသည် ရီးကျီးဒန်ကို မျှော်စောင့်နေကြ၏။ နားရွက်စွင့်ကာ၊ ခေါင်းထောင်ကာ၊ မျက်လုံးပြူးကာ ကြည့်နေကြ၏။ သူတို့အတွက် ကောက်ရိုးစဉ်း၍ မပြီးသေး၊ စဉ်းရဦးမည်။ နန်းတိုင်ဘေးတွင် ထိုင်ရန်ဟန်ပြင်ဆဲ ကျီးအာသံများ ကြားရ၏။ အသံလာရာသို့ မော့ကြည့်သောအခါ ကုက္ကိုလ်ပင်အထက်ရှိ ကျီးအာသီးများကို ထိုးဆွနေသော ကျီးကန်းများ။ အပြင်ပန်းလှရွဲသလောက် အတွင်းသား မှောင်မည်း နေသော ကျီးအာသီးကို မလှမပတွေ့ရ၏။ အချို့လည်း မြေပေါ်တွင် မလှမပ ပေါက်ကွဲကာ ပြန်ကြဲနေကြ၏။ သို့သော် ရီးကျီးဒန်သည် ကျိးများကို 'ရွှေး'ခနဲ 'ရွှေး'ခနဲ အော်ဟစ်ရင်း လက်ယမ်းဝှေ့ မောင်းနှင်ပစ် နေမိ လေ၏။

ပြီးပါပြီ။
.
>>>ဆက်ဖတ်ရန်>>> >>

Monday, September 20, 2010

ဆင်ဖြူကျွန်းအောင်သိန်း (ငထွန်းကားတို့ညီအကို) ဇာတ်သိမ်း

မမယ်ကြော့မှာ မယ်ကြွယ်စိုးထက်ပိုပြီး ကသိကအောက်ဖြစ်နေ၏။ ကျီးဒန် လက်ကောက်ချင်းထိအောင် အသံထွက်အောင် တမင်လုပ်၏။ ၀တ်ထားသော လက်စွပ် ကျွန်ကျ အောင် လုပ်ပြနေ၏။
" ဒါဟာ ငါ့ကို တမင်ချိုးတာပဲ "
သူ့တူမ၏ အပြုအမူများသည် သူ့ကို ရည်ရွယ်နေကြောင်း မမယ်ကြော့သာသိသည်။ ဒေါ်ရွှေအိမ်မှာ သူ့အစ်မ နှင့် သူ့သမီးတို့ လူပုံအလယ်တွင် ပညာပြိုင်နေကြောင်း မရိပ်မိ။ မယ်ကြွယ်စိုးနှင့် မရင်းနှီး သော ဧည့်သည်များကို ဧည့်ခံနေရသောကြောင့်ဖြစ်သည်။

" အစ်မရေ၊ ဟောသည်မှာ ထမင်းဆာတယ်တဲ့ဗျို့ "
ဘမင်းနှင့် ဘ၀င်းသည် တူမ ချောစိန်ကို တစ်ဖက်တစ်ချက်စီ လက်ဆွဲလျက် ရောက်လာကြ၏။
" သမီး ဟုတ်လား "
ကလေးသည် ခေါင်းညိတ်မပြပေ။ ဒေါ်ကြော့ရှေ့ရှိ လက်ဖက်နှင့် ချင်းသုပ်ပန်းကန်များကို မြင်သောကြာင့်ဖြစ်သည်။ ကလေးက ခေါင်းညိတ်မပြပါဘဲလျက် ကျီးဒန်သည် ထမင်းတစ်ပန်းကန် ထည့်လာ၏။ ကလေးကို ကြွေရည်သုတ် သံပန်းကန်ဖြင့်သာ ထမင်းကျွေးနေကျ ဖြစ်ပါလျက် " တိုက်ပန်းကန်ပြား" ကြီးဖြင့် ထည့်လာသည်။ ထမင်းက ပါလေကာ။ ဟင်းတွေ ဗုံးပေါလအောဖြင့်။ သည်မျှ ဟင်းတွေ အများကြီးဖြင့် မစားဖူးသော ချောစိန်သည် အထူးအဆန်းအဖြစ် ကြည့်နေ၏။ ကြက်သား ဆိုလည်း ကြက်သားဟင်းတစ်ဖတ်၊ အမဲသားဆိုလျှင် အမဲသားတစ်ဖတ်သာ ပါနေကျ။ ယခုသော်ကား ၀တ်သား၊ ကြက်သား၊ အမဲသား အကုန်ထည့်ထား၏။

သူ့တူမ သူ့ကို လုပ်နေပြီဟု ဒေါ်ကြော့ ရိပ်မိသည်။
" ပြန်ဦးမှပဲအေ့ " ဆိုကာ ထသည်။
" ထမင်းရော ဟင်းရော ကျက်နေပြီ မိကြီးရဲ့ "
ကျီးဒန်က လက်ကိုဆွဲသည်။
" အချိန်မရလို့ပါအေ။ အခုတောင် ညည်းယောက္ခမကို အားနာလို့ လာတာ "
ဒေါ်ကြော့ ထရပ်သည်။ ကျီးဒန်လည်း အသင့်ထုတ်ထားသော ချင်းသုပ်နှင့် လက်ဖက်ထုပ်များကို လှည်းပေါ်လိုက်ပို့သည်။
" စောပါသေးတယ် မိကြီးရဲ့ "

" ညည်းကသာ စောတယ်ထင်နေတာ။ ဟိုမယ်မြင်လား၊ ကျီးကန်းတွေတောင် အိပ်တန်းပြန်ကြပြီ "
ဒေါ်ကြော့ ပြောနေဆဲတွင် လှည်းဘီးများ လိမ့်သည်။ ကျီးဒန်သည် ပြုံးရွှင်စွာကြည့်လျက် ကျန်ခဲ့ သည်။ ၀ိုင်းထဲမှ ထွက်သွားသော မိကြီး၏လှည်းသည် ရုတ်ခြည်း နှစ်စီးဖြစ်လာသည်။ အိမ်ဘက်သို့ လှည့်ရာတွင်လည်း မြင်မြင်သမျှသည် ကျီးဒန်အတွက် နှစ်ခုချည်း မြင်ကုန်၏။ ခြံစည်းရိုးကို ကျီးဒန် လှမ်းကိုင်၏။ ခြံစည်းရိုးအဆွေးသည် ကျီးဒန်ကို ကူညီထိန်းမ မပေးနိုင်။
" အစ်မ အစ်မ "

ဘ၀င်းသည် ပြေးလာပြီး ကျီးဒန်၏ လက်မောင်းကို ကိုင်၏။ အိမ်ပေါ်သို့လည်း လှမ်းပြီးအော်၏။
" လာကြပါဦးဗျို့၊ အစ်မ မူးနေလို့ "
မယ်သုန်နှင့် မလှငွေတို့ ပြေးဆင်းလာကြ၏။ သူတို့နောက်တွင် ဒေါ်ရွှေအိမ် ပါလာသည်။ ကျီးဒန် မှာ နဖူးကို လက်ခွဖြင့် ထောက်လျက် ဆောင့်ကြောင့်ထိုင်ကာ လေတက်နေသည်။ မယ်သုန်မှာ အပျိုမို့ မအေးတတ်ငြား ကလေးတစ်ယောက်အမေဖြစ်သော မလှငွေက တီးတိုးမေးသည်။ ဒေါ်ရွှေအိမ်အလာတွင် " ကလေးရှိတာထင်တယ် အရီးရဲ့" ဟုဆီးပြောသည်။ ကျီးဒန်သည် ကသိ ကအောက် ခံစားနေရာက ရှက်နေသည်။

" မသိပါဘူးဟယ်။ တချို့လည်း ကလေး တစ်ခါရှိ၊ တစ်ခါ နေမကောင်း။ တချို့ကျတော့လည်း သားဦးပဲ အော့တာအန်တာ "
ဒေါ်ရွှေအိမ်က သူကြုံဖူးသော ကိုယ်ဝန်ဆောင်များအကြောင်းကို ဇာတ်စုံခင်းနေသည်။ သို့စဉ်တွင် မီးဖိုထဲမှ ထွက်လာသော မယ်မျှင်သည် စောင်ရန်းတန်း အဆွေးကိုကိုင်လျက် ထိုင်နေသော ယောင်းမကို လှမ်းမြင်သဖြင့် အပြေးဆင်းလာသည်။ မလှငွေထံ စုံစမ်းသည်။
" ညည်းဆို့မှာ အမျိုးတစ်ယောက် တိုးဦးမှာပေါ့အေ"

မိမယ်မျှင် ၀မ်းသာသွားသည်။ " ယောက်မ ဟုတ်လား" မေးရင်း ပြေးဖက်ရာ ကျီးဒန်က တွန်းပစ် သည်။ သို့ကြောင့် မိမယ်မျှင်သည်အိမ်ပေါ်သို့ ပြေးတက်လာသည်။ မောင်မောင်အေးထံ သတင်း ပေးရန်ဖြစ်သည်။ သို့သော် မောင်မောင်အေးက ကိုးဆူဆရာနှင့် စကားကောင်းနေ၏။
ကိုးဆူဆရာ၏ ကျောဘက်တွင် ဘုရားကိုးဆူကျောင်းဆောင်သည် မီးတထိန်ထိန်၊ ပန်းတဝေေ၀၊ တံခွန် ကြက်လျာ တလွှားလွှားဖြင့် တင့်တယ်၏။ သည်ဘက်ဘေးတွင် ငှက်ပျောဖက် ဂြိုဟ်ခွင်က ငှက်ပျောဖတ် မှန်းသိပါလျက် ၀င့်ကြွားမာန်မူနေငြား၊ သူလည်း ကိုးဆူကျောင်းဆောင်ကို တုပနေ၏။ သည်ဘက် တွင် နတ်ကြီးငါးပါး။ သူရဿတီ၊ စန္ဒီ၊ ပရမီသွာ၊ မဟာပိန္နဲ၊ ဂေါရ၀ိန္ဒ။ ပန်းတွေ၊ သစ်သီး တွေမြိုင်ဆိုင်၏။ ဆီမီးနှင့် တံခွန်ကုက္ကား မုလေးပွားတို့ ဝေဆာ၏။

" ကျွန်တော်လည်း ဆရာစဉ်သမားဆက် ကြားဖူးတဲ့အတိုင်း ပြောရတာပဲ ဆရာလေးရေ့။ ဘုရားကိုးဆူ ကပ်တာဟာ အာယုဝဍ္ဎန သတို့သားက စတာတဲ့ဗျား "
ကိုးဆူဆရာသည် သူ့အနားသို့ မောင်မောင်အေး လာထိုင်ကတည်းက စိတ်မဖြောင့်။ ရောင်ခြည် တော် ဘုရားကိုးဆူကို ရွတ်ဆိုနေရငြား စိတ်က တထင့်ထင့်။ အလှူဒါယကာ၊ ဒါယိကာမတို့၏ သမက်သည် ကျောင်းဆရာဖြစ်၏ ဟူ၍ သိသည်နှင့် စိတ်ထင့်နေခဲ့၏။ သို့သော် မောင်မောင်အေး သည် လူတစ်ဖက်သား အနေခက်အောင် မလုပ်ပါ။ သူကြားဖူးသည့် ဘုရားကိုးဆူဓလေ့သည် ဟရိဘုဉ္ဇ (ဇင်းမယ်) ဘက်မှ လာသည်။ ဂြိုဟ်ကိုးလုံးကို ပူဇော်ပသသော ဓလေ့သည် ဗုဒ္ဓဘာသာ မြန်မာတို့ထံ အရောက်တွင် ပင်မအလုပ်က မှိန်သွားသည်။ မှီငြမ်းသော ကိုးဆူဓလေ့က ထွန်းကား ကြီးကျယ်လာသည်။ ထိုဓလေ့အကြောင်းကို ဆွေးနွေးချင်သော်ငြား မဆွေးနွေးဖြစ်ပါ။

ကိုးဆူဆရာသည် " လက်ယာရံ လက်ဝဲရံ ကိုယ်တော်ကြီး နှစ်ပါးလောက်တော့ ပင့်ထားဦးမှဗျို့" ဟုဆိုကာ စကားဖြတ်ပြီး ကြေးစည်ကို ကောက်တီး၊ ပေါက်ပေါက်တွေ ကြဲသည်။ မောင်မောင်အေးလည်း ထိုအခါကျမှ ဘေးဆီသို့ သတိပြုမိသည်။ တစ်စုံတစ်ရာ ပြောလိုဟန်ရှိသော ဇနီး။
မိမယ်မျှင် ပြောလိုသော တစ်စုံတစ်ရာမှာ ကျီးဒန်၏ သတင်းဖြစ်သည်။ ထိုသတင်းအတွက် မောင်မောင်အေး လည်း ၀မ်းသာသည်။ သို့အတွက် ယောက်ဖတော် မောင်ဆေးရိုးအား လိုက်လံ ရှာဖွေသည်။
အချို့သောသူများသည် အိမ်ပေါ်သို့ တက်ပြီး ဘုရားဖူးကြသည်။ လက်ဖက်မစား၊ ချင်းသုပ်မစားဘဲ ဆင်းလာကြသည်။ ပြန်သွားလျှင် အကောင်းသား။ ပြန်မသွားဘဲ နွားတင်းကုပ်ထဲသို့ လာရောက် ထိုင်နေကြသောအခါ မောင်ဆေးရိုး အလိုက်သိရသည်။ ထန်းရွက်အစို ဖုံးထားသော မြူအိုးတွေကို တင်းကုပ်ထဲသို့ သွင်းရသည်။
" ဟဲ့ကောင်တွေ၊ ကြေးစည်သံကို နားထောင်ပြီး သောက်ရတဲ့ ထန်းရည်ဟာ အဆိပ်သင့်လိမ့်မယ်၊ တော်ကြတော့ "

မောင်ဆေးရိုး မည်သို့ပင် ပြောစေကာမူ အသောက်သမားများကား ခံတွင်းတွေ့ကြဟန်ရှိ၏။ သို့ဖြင့် မောင်ဆေးရိုးမှာ အထဲဝင် အပြင်ထွက် ဖြစ်နေစဉ် ကျီးဒန်၏ သတင်းက မောင်ဆေးရိုးထံ ရောက်လာ၏။ ထိုင်ရမည်သို့၊ ထရည်သို့၊ ကရမည်သို့၊ ခုန်ရမည်သို့ ဖြစ်နေသော မောင်ဆေးရိုးထံ မောင်မောင်အေး ရောက်လာ၏။ မောင်မောင်အေးသည် အာမပြော ညာမပြော မောင်ဆေးရိုးကို လက်ဆွဲနှုတ်ဆက်သည်။

" ၀မ်းသာတယ် အစ်ကို "
သို့သော် မောင်ဆေးရိုးမှာ ခံစားချက် မပါ၊ တောင့်တောင့်ကြီး ဖြစ်နေ၏။ သို့အတွက် မောင်မောင် အေးမှာ ဖွင့်ပြောရ၏။
" အစ်မကျီးဒန်မှာ နောက်ထပ် သားသမီးရှိနေပြီလို့ မယ်မျှင်ဆီက ကြားရလို့ပါအစ်ကို "
ထိုသို့ ရှင်းလင်းပြသော်ငြား မောင်ဆေးရိုးသည် " သြော်ဟုတ်သားပဲ "ဟူသည့် စကားရောဖွဲရော အမှုသော်မျှ မလုပ်နိုင်ပေ။ တောင့်တောင့်ကြီး ရပ်ကာ မကြာခင်က ကြောင်ကြောင်ကြီးရပ်နေသော အနေအထားမှ မပြောင်းချေ။

*
မည်သည့် သတင်းတွေ မည်သို့ပင် ထွက်နေစေကာမူ မောင်ဆေးရိုးတို့၊
မယ်သည့်သတင်းတွေ မည်သို့ပင် ထွက်နေစေကာမူ မောင်ဆေးရိုးတို့၊ ကျီးဒန်တို့၏ ကနားဖျင်းထဲမှ လက်ခတ်သံများကား တိတ်ဆိတ်မသွားပါ။ ကျီးဒန်သည် ရှေးမူမပျက် သွက်လက်စွာ လှုပ်ရှားနေ၏။
''နင်ဒါလောက် သွက်လက်ပေါ့ပါးနေရင်တော့ ယောက်ျားလေးမွေးမှာပဲ''

ယောက်ျားလေးဟုဆိုသောကြောင့် မောင်ဆေးရိုး၏ ရင်ထဲ၌ နွေးခနဲ ခံစားရ၏။ သားယောက်ျား ကလေးဆိုလျှင် သာသနာ့အမွေ ခံရတော့မည်၊ ခံထိုက်ပြီဟု ၀မ်းသာရ၏။ ကျီးဒန်ကမူ ဤသို့မဟုတ်။
''သမီးပဲဖြစ်ဖြစ် သားပဲဖြစ်ဖြစ် ထူးပြီး ၀မ်းသာတာတို့၊ ၀မ်းမသာတာတို့ မရှိပါဘူးတော်၊ ကိုယ့်သားသမီးပဲဟာ''

မောင်ဆေးရိုးမှာ အိုးဖုတ်ရန် လှည်းတစ်စီးစာ ထင်းကိုအမြဲတမ်း အပိုဆောင်ထားရသည်။ သို့သော် မီးနေထင်းမှာမူ အိုးထင်းနှယ် ခုတ်၍မရ၊ လူမီးလှုံမည့် ထင်းဖြစ်သည်။ မီးလှုံမည့်သူမှာလည်း သာမန်မဟုတ်။ မီးဖွားမီ သုံးလကတည်းက သွေးသားနုလာခဲ့သော မီးနေသည်။ သို့အတွက် ဆေးဖက်ဝင်မည့်ထင်းကို အိုးထင်းခုတ်ရင်း ညှပ်ပြီး ခုတ်ရသည်။
မောင်ဆေးရိုးသည် တစ်ချေင်းစ နှစ်ချောင်းစ ခုတ်ယူရရှိသော ဆေးဖက်ဝင် မီးနေထင်းများကို တစ်တောင်အရွယ် ဖြတ်သည်။ သီးခြားထားသည်။ ထိုထင်းပုံ တစ်တောင်ခန့် မြင့်လာချိန်ဝယ် ဦးကျန်ကြီး မယ်ကြွယ်စိုးတို့၏ လယ်ပွဲများ စိုက်ချေပြီ။

မောင်မောင်အေးသည် အဖိတ်နေ့သို့မဟုတ် ဥပုတ်နေ့များတွင် စာကြည့်တိုက်ကို လာရောက် စောင့်ရှောကရင်းက မောင်ဆေးရိုးရှိရာ လယ်ထဲသို့ လိုက်လာသည်။ လိုက်လာစဉ်က စာကြည့်တိုက် အကြောင်း ပြောရန်ဖြစ်ငြား၊ လူချင်းအတွေ့တွင် မပြောဖြစ်။ ညည်းတွားသည်။
"ဒါလောက်အဝေးကြီးကို လာပြီးလုပ်ရသလား အစ်ကိုရာ"

မြောင်းမကြီးတစ်လျှောက် ဘိုင်စကယ်စီးလာခဲ့ပြီး လယ်ကြားသို့ ၀င်မှဆင်းပြီး တွန်းရသူက ညည်းတွား၏။ မောင်ဆေရိုး သဘောမကျပါ။ နေ့စဉ် ခြေကျင်သွားနေရသူက မဝေးဘဲ ဘိုင်စကယ်ဖြင့် လာရသူက ဝေးကွာလွန်းလှချည့် ညည်းတွားသည်ကို သဘောမတွေ့။ သဘော မတွေ့ သော်ငြား မလာနဲကကွာဟု မောင်ဆေးရိုးမပြောအား။ သူ့အတွက် ခက်ခဲသော သည်ခရီး ကိုအပင်ပန်းခံပြီး လာနေခြင်းမှာ ခင်မင်သောကြောင့်ဟု တွေးမိသည့် အတွက်ဖြစ်သည်။ မောင်မောင်အေး လယ်ထဲသို့ လိုက်လာသည့်အတွက် မောင်ဆေးရိုးမှာ စာမဖတ်ဘဲ ဗဟုသုတ ရသည်။ သူ့ယောက်ဖသည် မြေသြဇာဟုပြောသည်။ ကမ္ဘာ့ကောက်ပဲသီးနှံ ဈေးဟုပြောသည်။ စက်မှုလယ်ယာဟု ပြောသည်။

မောင်ဆေးရိုး နာမလည်သော်ငြား နှစ်သက်သည်။ သို့ရာတွင် မတိုးတက်သေးသော လယ်ယာဘ၀ကို မောင်မောင်အေးလည်း မည်သို့မျှ မလုပ်တက်ချေ။ ဟိုဟို သည်သည် ဖတ်ဖူးသော စာအုပ်စာတမ်းများမှ ရသော ဗဟုသုတကို ဖြန့်ဖြူးခြင်းသာ ဖြစ်သည်။ လယ်ထဲတွင် အလုပ်ပူလာချိန်ဝယ် နွားနှစ်ကောင်ရော၊ မောင်ဆေးရိုးပါ အိမ်မပြန်တော့ပေ။ အိမ်သို့ပြန်နေမည့်အချိန်၊ အိမ်မှလာနေမည့် အချိန်များသည် လယ်ကွက် "ထောင့်"လေးခု တူးချ၍ ပြီးနိုင်သည်။ ကန်သင်းခုံရှိ ကိုင်းတောများကို ခုတ်ပစ်နိုင်သည်။ မောင်ဆေးရိုးအတွက် အဖေတစ် လှည့်အမေတစ်လှည့် ထမင်းပို့နေရာက အမေမလာတော့ပေ။

"မင့်မိန်းမ ဗိုက်နာနေပြီဟေ့။ မင့်အမေ မလာနိုင်ဘူးဟ"
အဖေ့ထံမှ သည်မျှသာ သတင်းရသောလည်း မောင်ဆေးရိုး ၀မ်းသာနေသည်။
"ရှင်ဒါယကာဖြစ်ရအောင် ယောက်ျားကလေး မွေးပါစေဗျာ"
ထိုဆုတောင်းသည် သားဦးတွင် မပြည့်။ မပြည့်သော်ငြား မောင်ဆေးရိုး ထပ်မ့ဆုတောင်းပြန်ပြီ။

ပျိုးနုတ်သမားတွေ ရောက်လာကြပြီ။ ထိုသူများနှင့်အတူ ကျီးဒန်၏သတင်း ပါလာမည်လားဟု မောင်ဆေးရိုး မျှော်စောင့်သည်။ တွေ့ရာနှာမောင်၊ ထွေလာကေလာတွေသာ လျှောက်အော်ကြ ပြောသြည်။ ကျီးဒန်သတင်းမပါပေ။ အဖေ့ထံတွင် မေးမြန်းမည် ကြံရွယ်ငြား အဖေလာသွားသည်ကို မသိ။ ညောင်ကိုင်းတွင် ချိတ်ဆွဲထားသော ထမင်းထုပ်ကို မြင်ရတော့မှ "အဖေ ဘယ်အချိန် လာသွားပါလိမ့"ဟု တစ်ယောက်တည်း မေးရသည်။

လယ်ကွက်တွေထဲတွင် ပျိုးဆုပ်တွေ ရောက်နေပြီ။ သို့သော်ကောက်စိုက်မများကား ရောက်မလာသေး။ ဘမင်း၊ ဘ၀င်းတို့လည်း သူတို့လယ် စိုက်ရက်နှင့်  ဆုံနေသောကြောင့် ယောကဖထံသို့ လာရောက်မကူညီနိုင်ကြ။ မောင်ဆေးရိုးသည် ဤသို့ ကသီလင်တဖြစ်မည်ကို စိုးရိမ်သောကြောက် ကောက်စိုက်စည်းကို သုံးရက်ခွာပြီး ရက်ယူသည်။ သို့ကြောက် စွတ်ဖားကို အေးအေးလူလူ ဆွနိုင်သည်။ စွတ်ဖား မ၀င်နိုင်သောနေရာကို 'အထမ်း'ဖြင့် ၀င်သည်။ သည်ရက် တွင် လူငှားလည်း ငှား၍မရ။ အချင်းချင်းလည်း မကူညီနိုင်။ သို့တစေ အားလုံး အသင့်ဖြစ်ပါပြီ။
ကောက်စိုက်မတို့၏ မောင်ကလေးသံ ပေါ်လာကတည်းက မောင်ဆေးရိုး နိုးထလာသည်။ မြောင်းထပ် ကတွက်ပေါက်သို့ လာရောက်စစ်ဆေးသည်။ ကောက်စိုက်မည့် လယ်များတွင် ရေရှိနေရမည်။
မောင်းကလေးသံ ထွက်ပေါ်လာရာဘက်သို့ မျှော်ကြည့်သည်။ ကောက်စိုက်မတွေအား ကောက်ညှင်းပေါင်း ချရမည်။ ကောက်ညှင်းပေါင်း ရောက်မလာသေးပေ။ ကောက်စိုက်မတို့အား လက်ဖက်ချရမည်။ ဆေးလိပ်ချရမည်။ ယင်းတို့မှာလည်း ကောက်ညှင်းပေါင်းနှင့်မှ အတူပါမည်။ ပါမှဖြစ်မည်။ ကောက်ညှင်းပေါင်းနှင့် ဆေးလိပ်၊ လက်ဖက်သည် ကြေးထိုက်လှသည်မဟုတ်ငြား ကောက်စိုက်မ၏ ပါးစပ်မှာ ဆိုးသည်။

"လက်ဖက်ကလေး တစ်မျက်ချေး ဆားဖျော်လို့ကျွေး၊ လယ်ကြီးရှင် သူမရှက်တယ်၊ တို့ရှက်လှသေး" ဟူသည်မှာ ကောက်စိုက်မတို့၏ ပါးစပ်မှ ထွက်သောတေး ဖြစ်သည်။ သူတို့အတွက် ချသော လက်ဖက်ကိုနည်းလျှင် နည်းသည်ဟု မပြော။ လက်ဖက်ကလေး တစ်မျက်ချေး ဟူ၏ ဆားငန်းသည်ကို ငန်သည်ဟု မပြာ။ 'ဆားဖျော်လို့ ကျွေး'ဟု ပြောလိုက်ပုံမှာ လွန်သည်။
"ဟဲ့ ဆေးရိုး၊ ငါ့လင်"
မသင်းအုံ၏ အောင်သံအဆုံးတွင် အုန်းခနဲ ရယ်မောသံကြီး ပါလာ၏ မောင်ဆေရိုးမှာ ထွက်ပြေး ချင်ငြား မျက်နှားပိုးသတ်ပြီး နေရသည်။
"ကျီးဒန် ဗိုက်နာနေလို့ ငါတို့ စားမယ့်ဟာကို ငါတို့ဘာသာ ရွက်လာရတယ်ဟေ့"
ကောက်စိုက်စည်းခေါင်း၏ လက်ထောက်လည်းဖြစ်၊ ကောက်စိုက်မတို့၏ ခေါင်းလည်းဖြစ်သော မသင်းအုံသည် ခွဲတောင်းကြီးကို မောင်ဆေးရိုးရှေု၌ချသည်။ ဆေးလိပ်စည်းနှင့် လက်ဖက်ပန်းကန် ကိုထုတ်ပေးသည်။

"တင်စရာ မြှောက်စရာကို တင်မြှောက်ပြီးရင် စားကြလေ"
"နင်တို့လယ်အတွက် ငါက၀င်ပြီး တင်မြှောက်ရအောင် ငါကနင့်မယားမို့လား။ ကိုယ့်ဘာသာ ကိုယ်မြှောက်ပေါ့"
ကောက်စိုက်မများသည် ကောက်ညှင်းပေါင်း တစ်ယောက်တစ်ဆုပ်ယူပြီး ဆီနှင့်တို့၊ နှမ်းတောင်း ဖြူးရာက အော်ကြီးဟစ်ကျယ် ရယ်မောကြ၏။ ပေါက်ကရတွေ အခွန်းတစ်ရာမက ပြောနေကြငြား ကျီးဒန်သတင်း လုံးဝမပါ။ အလကား ဟာမတွေဟု ကျိတ်ပြီး ရေရွတ်သည်။ သို့လျှင် မကျေမချမ်း ဖြင့် လက်ဖက်ပန်းကန် ကွမ်းယာများကို ယူပြီး ညောင်ပင်ခွကြားတွင် ခဏတစ်ဖြုတ်ထားပေးပြီး နောက်ကန်သင်းဆုံသို့ ယူလာပြီး ချထး၏။

"လက်ဖက် ရပြီးနော်၊ လက်ဖက်"
မောင်ဆေးရိုးမှာ ကောက်ညှင်းပေါင်း မဆိုစလောက် ဆုပ်ယူစားမိသဖြင့် ဆာရလောင်ရမှန်း မသိပေ။ ကောက်စိုက်မများကြားတွင် ယောက်ျားတစ်ယောက်တည်း ညပ်နေသည်။
ပျော်တစ်လှည့်၊ စိတ်ည်စတစ်လှည့် ဖြင့်ပင် လယ်ကွက်များ တစ်ကွက်ပြီးတစ်ကွက် ပိတ်သွားသည်။
"အစ်ကိုရေ ထမင်းဗျို့ ထမင်း"
ဘမင်း၏ အသံကို ကြားမသော်ငြား 'ဆွမ်းစားခေါင်းလောင်း ထိုးပါပြီကော' ဟူသည့် မောင်ဆေးရိုး ၏ အတွေးကို မချိုးဖောက်နိုင်ပေ။
"အစ်ကိုရေ အစ်မမွေးပြီဗျ"
နောက်ဆက်တွဲ ဘ၀င်း၏ အသံကြောင့် မောင်ဆေးရိုး ချာခနဲက လှည့်မေး၏။

"ဘာလေးတဲ့လဲကွ"
"ယောက်ျားလေးတဲ့ဗျ"
"ဟေး ပွတာပဲကွ။ ဟားပွပြီ ပွပြီ"
မောင်ဆေးရိုးအော်ဟစ် ရယ်မောသည်။ ကျေနပ်သောစိတ်သည် ထမင်းဆာလာသော ဝေဒနာကို အတန်ကြာအောင် လွှမ်းအုပ်ထား၏။
"ငါးကလေးတွေ့ရင်လည်း နှစ်ဆယ်သားလောက် ၀ယ်ထားပါတဲ့။ အမေက မှာလိုက်သေးသဗျား"
ဘမင်းက လှည့်ပြောပြန်သည်။
"ကြံကြံဖန်ဖန် လယ်ကြားငါး ဘာလုပ်ဖို့ပါလိမ့်"
"ရှင်ကြီးတင်ဖို့၊ ကလေးကင်ပွန်းတပ်ဖို့တဲ့ဗျား"
အရှည် လက်သေးသစ်ရွယ် လယ်ကြားငါးလေးများသည် အမေတို့ မိန်းမသားတွေ သဘော ကျစရာဖြစ်၏။ ဆားနှင့်နယ်၊ အကြေးဖောက်ပြီး နေလှန်းထားသည်ကို မြင်ဖူး၏။ သို့သော် ရှင်ကြီးတင်နှင့် ကလေးကင်ပွန်တပ်မှာ မောင်ဆေးရိုး၏ အာရုံမှ တစ်ခဏအတွင်း လွင့်၏။ ကောက်စိုက်မတွေထံ ပြေးရသည်။ လိုသောပျိုးကို ၀ါးလုံးလျှိုပြီး ထမ်းပိုးရသည်။
"မယ်မင်းကြီးမတွေ ပျိုးလိုလို့ကတော့ အားမနာနဲ့၊ ပြောသာပြော"

ကောက်စိုက်မတွေ ပြန်သွားလျှင် မွန်းတိမ်းပြီ။
မောင်ဆေးရိုးမှာ ယခုမှ အပြေးအလွှား ထမင်းစားရသည်။ လက်စလက်နများကို ယောက်ဖနှစ် ယောက်ကို ခိုင်းစေရမည်။
လယ်ထဲတွင် ထွန်းတုံးပိတ်ပြီး ဆိုနိုင်ပေမဲ့ အိမ်သို့ မောင်ဆေးရိုးမပြန်နိုင်သေး။ ပျိုးခင်းကျွတ် ကိုစိုက်ရသေးသည်။ ကတွက်ပေါက်တွေကို ရေကျော်လုပ်ရသေး၊ ကန်သင်းများတွင် ပဲထိုးရသေးသည်။ အလုပ်လုပ်နေသူအတွက် တစ်နေ့တာသည် ပြောပလောက်အောင် မရှည် လျား။ မောင်ဆေးရိုးမှာ လုပ်စရာအများကြီး။ အချိန်က နည်းပါးနေသည်။ သို့ဖြင့် အိမ်သို့ ၆ရက်ကြာမှ ရောက်သည်။ ထို့နောက်လူရော နွားပါ ရေချိုးပြီးနောက် အ၀တ်အစား အိပ်ရာများကို လွယ်လျက် အိမ်သို့ပြန်လာခဲ့လေသည်။
"အကြံခက်ပါသနော်၊ သန်လျက်တော်ယူသည့် သူခိုးကိုလ"

မောင်ဆေးရိုး ပြန်လည့်လမ်းမှာ ခဲတစ်ပစ်ကျော်ဝေးသည် နေရာမှဖြစ်သည်။ မြက်ရိတ်သူ ဖြစ်ဟန် တူသည်။
"ဟေ့ကောင် စောစောစီးစီး မင်္ဂလာမရှိဘူးကွ"
မောင်ဆေးရိုး လှမ်းအော်သည်။

"သည်နေ့ ငါ့သားကင်းပွန်းတပ်တဲ့နေ့ကွ။ မင်္ဂလာရှိတဲ့နေ့ကွ"
တစ်ဆက်တည်း အော်ရာက 'သည်ကောက် ဘာနေ့သားပါလိမ့်'ဟု စဉ်းစားသည်။ လယ်စိုက်သည့် နေ့ကဟု အဖြေပေါ်လာသည်။ သို့သော်မိုးမလင်းမီကလော၊ မိုးလင်းမှလော၊ မည်သည့်အချိန် မည်သည့်နေ့။
 မောင်ဆေးရိုးသည် သားကိုနာမည်ပေးလိုသောကြောင့် နေ့ကိုစဉ်းစားသည်။ နေ့ကိုစဉ်းစား၍မရ သောအခါ လက်လျှော့်လိုက်ရငြား တစ်ယောက်တည်း ပြုံးမိရပြန်သည်။
"သည်ကောင် ဖြူသလား၊ မည်းသလား"
အတွေးဖြင့်ပင် မောင်ဆေးရိုး ကြည်နူးသည်။
"သည်ကောင် ရှည်မှာလား၊ ပုမှာလား"

မောင်ဆေးရိုး၏အဖေ ဦးကျန်ကြီး ထွားကျိုင်းသော်ငြား ငထွန်းကားတစ်ယောက်သာ ဖအေတူပြီး ထွားကျိုင်းသည်။ မယ်မျှင်နှင့် မောင်ဆေးရိုးမှာမူ မအေတူသဖြင့် သာမန်မျှသာ။
တိတ်ဆိတ်နေသော နေ့သစ်သည် ငှက်သံများ ၀င်လာ၏။ အရှေ့အရပ်မှ အလင်းရောင်းများ ဖြာကျလာ၏။ နေ့သစ်သည် လှပဆဲအားမာန်သစ်ဆဲအချိန်တွင် မောင်ဆေးရိုးသည် ကနားဖျင်း ရှေ့၌ ရပ်၏။
"ကျီးဒန်ရေ နေကောင်းလားဟေ့"
"ကိုရင် ပြန်လာပြီလား။ ကောင်းပါ့တော်"
ကျီးဒန်သည် ပြောပြောဆိုဆို အဖီထဲမှ ထွက်လာသည်။ လက်တစ်ဖက်တွင် အနှီးဖွေးဖွေးနှင့် သားငယ်။ လက်တစ်ဖက်တွင် ကင်းပွန်းတပ် အလှူပစ္စည်း။

မောင်ဆေးရိုးသည် သူတစ်ကြိမ်မျှ မကြည့်ရသေးသော သားကိုငုံ့ကြည့်သည်။ ကလေးက ပါးစပ် ဖြင့်ဟိုဟိုသည်သည် လိုက်လံဟပ်သည်။ ဟပ်၍မရသောအခါ အသံသြကြီးဖြင့် ငိုသည်။
"ကဲ မမြင်ဖူးလို့ ကြည့်ချင်ရင် ခေါ်ထားလိုက်။ ကင်ပွန်းတပ်အလှူကို လိုက်ဝေးလိုက်ဦးမယ်"
ကျီးဒန်က ကောက်ညှင်းပေါင်းနှင့် ကွမ်းယာထည့်ထားသော လင်ပန်းကို မြှောက်ပ်ြသည်။
"ပေးပါဗျာ၊ ပေးပါ။ ငါပဲ လိုက်ပေးလိုက်ပါ့မယ်"

မောင်ဆေးရိုးသည် ကင်ပွန်းတပ် အလှူပစ္စည်းများ၊ ပန်ကန်းများ ထည့်ထားသော လင်ပန်းကို ယူလျက် ကျောခိုင်းလိုက်ရငြား ရင်ထဲတွင် အေးချမ်းသည်။ မျက်နှာက ပြုံးနေသည်။

ပြီးပါပြီ
.
>>>ဆက်ဖတ်ရန်>>> >>

Sunday, September 19, 2010

ဆင်ဖြူကျွန်းအောင်သိန်း (ငထွန်းကားတို့ညီအကို) အတွဲ (၃) အပိုင်း (၁၄)

မောင်ဆေးရိုး သည် စာကြည့်တိုက်တည်ရှိရာ ဓမ္မာရုံသို့ တစ်ချက်လှမ်းကြည့်စဉ် ထွန်သွားချွန်သည့် နေရာ မှ အဲသံများကိုလည်း သဲ့သဲ့ကြားနေရသည်။
" အပျိုသယ် လယ်ထဲက နီမွဲတဲ့ ရွှေလိပ်ညို ဖမ်းတွေ့သကို၊ ခြေလက်ကယ်တို ရွှေလိပ်ညို မောင် မငြင်းနဲ့ မီးဖို ထဲဆင်း "

ထွန်သွားသသည့်နေရာသို့ မိန်းကလေးတွေ ရောက်နေလောက်ပြီဟု မောင်ဆေးရိုး ခန့်မှန်းသည်။ တေးဆိုသံမှာ မိန်းမသံနှင့်တူသည်။ တေးသံအဆုံးတွင်ုလည်း ဝေါခနဲ ရယ်မောသံကြီး ကြားရသည်။
သို့သော် အမေမှာသောကိစ္စ မပြီးပြတ်သေး။ ထန်းတောထဲဝင်ခဲ့သည်။ ချိုးကူသံ၊ ခါတွန်သံများကို နာခံလျက် ထန်းတက်နေသူများ၊ မြူအိုးကောက်သူများ အပြေးအလွှားလုပ်နေကြသည်။ မောင်ဆေးရိုးမူ အိမ်သို့ အမြန်ပြန်ရောက်ချင်သဖြင့် အသော့နှင်သည်။

အုတ်လှေကားဘေးတွင် ဆွမ်းခံထွက်ရန် တာစူနေသော ကလေးများကို မြင်ရသည်။ သူတို့အား ရှေ့ဆောင်မည့် ရှေ့ဆောင်သပိတ်ကို စောင့်နေကြခြင်းဖြစ်ဖွယ်ရှိသည်။
" ကလေးတွေ၊ ဘုန်းကြီးရှိလား "
" ရှိတယ်၊ တောင်ဘက်ဆောင်မှာ "
" ဟို အရှေ့ဘက်လှေကားက တက်နော် "

အုတ်လှေကားတပ်ဆင်ထားသော ကျောင်းဆောင်၏ အရှေ့ဘက်တွင် သစ်သားပွတ်လုံးလှေကားတပ် ကျောင်းတစ်ဆောင်ရှိသေးသည်။ အရှေ့ဘက်ဆောင်ဟုခေါ်၏။ ထိုကျောင်းပေါ်တွင် ကြမ်းပြင် အကျယ် နှင့် တိုင်းပြီး တိုင်တွေပါ ငုံလျက် ရက်လုပ်ထားသော "ခန်းလုံး ပြည့်" ထန်းကြောဖျာရှိသည်။
မောင်ဆေးရိုးသည် ထိုဖျာကြီးကို ခင်မင်ယုယစွာ ငုံ့ကြည့်၏။ ငယ်ပေါင်းသူငယ်ချင်းပေကိုး။

ခန်းလုံးပြည့် ထန်းကြောဖျာကြီးကို ဖြတ်ကျော်လာပြီးနောက် "ကဲလား"များ အပြည့်တပ်ထားသော တောင်ဘက်နံရံသို့ရောက်သည်။ သို့သော် "ကဲလား" မူ တစ်ပေါက်တည်းသာဖွင့်ထား၏။ တစ်ပေါက် တည်း မှာလည်း အပြည့်မဖွင့်။ ကဲလား ထောက်လျှိုလျက် ဟရုံသာ ဟထား၏။ ကဲလား ပေါက်အောက်မှ ငုံ့ထွက် လိုက်သောအခါ မောင်ဆေးရိုး၏ မျက်လုံးရွှေရောင်ဝင်း၏။ ကျောင်းသား ညွှန်လိုက်သော တောင်ဆောင် မှ ရွှေရောင်များဟပ်ခြင်းဖြစ်သည်။ ရွှေရေးဆောင်သည် ရွှေရောင် သစ်လွင် ၀င်းပနေသည့် နည်းတူ ပတ်ရံထားသည့် ရုပ်စုံတွေမှာလည်း သစ်လွင်နေဆဲရှိသေး၏။

" ဟဲ့ နင်ဘယ်သူတုံး "
" ဆေးရိုးပါ ဘုရား "
ဝတ်ချ၍မပြီးမီ ထွက်ပေါ်လာသောအသံကြောင့် ရှေ့သို့ လေးဖက်ထောက် တိုးသွားရင်း ဖြေရသည်။
" ငကျန်ကြီး မယ်ကြွယ်စိုးရဲ့ သားထင်ပါရဲ့ "
" မှန်ပါဘုရား "
" အနို့၊ ငထွန်းကား မိန်းမကော ထောင်ကလွတ်ပြီလား "
" ပုလိပ်နဲ့ ပေါင်းထားတဲ့အတွက် ထောင်မကျပါဘုရား။ အဖမ်းခံရတော့မယ့်အချိန်ကျရင် ထွက်ပြေး ပါတယ်ဘုရား "

ဆရာတော် မေးသော ငထွန်းကား၏မိန်းမမှာ မောင်ဆေးရိုး၏ မရီး မယ်ငြိမ်းစည်ဖြစ်သည်။ မယ်ငြိမ်းစည် သည် တောတွင်ရွာနှင့် မြင်းခေါင်းရွာကြားရှိ "ရွှေတစ်ဆုပ်" ရွာသူဖြစ်သည်။ ငထွန်းကား၊ ငဆေးရိုး၊ မိမယ်မျှင် မောင်နှမသုံးယောက် ရိုးသားအေးဆေးသည်နှင့်အမျှ မယ်ငြိမ်းစည်ဆန်းပြားသည်။ ယောက္ခမ အရိပ်တွင် ခိုလှုံနေရစဉ် မလွတ်လပ်သဖြင့် လင်ကို ဖြား ယောင်းသည်။ ရွာတောင်ပိုင်းသို့ ပြောင်းရွှေ့ နေထိုင်သောအခါ အရက်ချက်သည်။ ငထွန်းကာ၏ အိမ်တွင် အရက်သောက်သူများ တရုန်းရုန်းရှိသည်။ ထိုရုန်းရုန်းထဲတွင် ပုလိပ်ပါသည်။ မယ်ငြိမ်းစည်သည် ပုလိပ်တစ်ယောက်နှင့် ရှင်းလင်း။ ရွာထဲက ဦးဘမှန်၏အိမ် ဓားပြတိုက်ရာတွင် လက်ထောက်ချသူ။ တစ်ရွာလုံးသာမက တစ်နယ် လုံး ဥက္ကောဋေကျဖြစ်ရသော မယ်ငြိမ်းစည်ပါပေ။ ထိုမျှထင်ရှားသောကြောင့် ဘုန်းတော်ကြီးက မေးခြင်း ဖြစ်သည်။

" လယ်တွေ သည်နှစ် ဘယ်လိုနေသတုံးဟဲ့ "
" ကောင်းပါတယ်ဘုရား "
" အေး အေး၊ ဒါထက် နင် အခုလာတာ ဘာကိစ္စလဲ "
" အမေက ဘုရားကိုးဆူ ကျောင်းဆောင်ကောင်းသေးလား၊ ရဟန္တာတွေ အစုံအစေ့ရှိသေးလား အကြည့်ခိုင်းလို့ဘုရား "
" ဘာလုပ်ဖို့တုံး "

" ဘုရားကိုးဆူ ကပ်ချင်လို့များလား မသိပါဘူးဘုရာ့။ သူခိုင်းတာကို ဘာလုပ်မလို့လဲ မမေးရဲဘူးဘုရား။ တစ်ခါ တစ်ခါ စိတ်ကလက်တစ်ဆစ် ဘုရာ့ "
ဆရာတော် သည် ပြုံး၏။ ခေါင်းညိတ်၏။ တစ်အောင့်မျှ ငြိမ်နေပြီးမှ လည်ပင်းရှည်ပြီးခေါ်၏။
" ဟဲ့ ကပ္ပိယ "
ကပ္ပိယကြီး ရောက်မလာပါ။
" ကပ္ပိယကြီး ရွာထဲသွားပါတယ်ဘုရား "
ဖြေသံနှင့်အတူ ဖိုးသူတော်အငယ် ရောက်လာသည်။

" ဟဲ့ သူတော်၊ သူတော်အကြီး ဘယ်သွားသတုံး "
" ထန်းစုမသွင်းသေးလို့ သတိပေးချေဦးမယ်၊ ပြောသွားပါတယ် ဘုရား "
" ဟဲ့ နင် ဘုရားကိုးဆူသိရဲ့လား "
" သံ၊ ဂုံ၊ ပ၊ မ၊ ယျ၊ ငါးဆူပဲ ရှိပါတယ်။ ဘယ်က လေးဆူတိုးပြီး ကိုးဆူဖြစ်ရတာလဲဘုရား"
ဘုန်းတော်ကြီးက နံရံတွင် ထောင်ထားသော ကြိမ်နီကြီးဖြင့် ကြမ်းပြင်ကိုရိုက်ပြီး ဟန့်တားသည်။

" ဟောသည်ဒကာနဲ့ လိုက်သွား။ ကျက်သရေခန်း အ၀င်ဝမှာ ဘုရားကိုးဆူခုံ ရှိတယ်။ သည်ကို ထုတ်ခဲ့ "
ဇေတ၀န် ဆောင်မှာ သဲနှင့်ရုပ်ရှင်ဖြစ်၏။ ဇေတ၀န်ဆောင်ထဲမှာပင်ရှိသော ကိုးဆူကျောင်းဆောင်မှာ လည်း ဖုန်အလိမ်းလိမ်းပင်။ မြတ်စွာဘုရား ဆင်းတုတော်ကြီးနှင့် ရဟန္တာရုပ်တုတော်များမှာ နေရာ တကျမရှိချေ။ မောင်ဆေးရိုးသည် သင်္ကန်းစုတ်ဖြင့် ဖုန်များကို သုတ်သင်ပြီးမှ ဆရာတော်၏ မှန်စီ ရွှေချ ဘုရားရှေ့သို့ သယ်ယူလာ၏။ မှန်စီရွှေချ ဘုရားကိုးဆူကျောင်းဆောင်မှာ အလျားတစ်လံ အနံ တစ်လံခန့် ရှိသည်။ အလယ်တည့်တည့်တွင် ပလ္လင်နှင့် တံကဲရှိသည်။

မောင်ဆေးရိုးသည် မြတ်စွာဘုရားကို ပလ္လင်ပေါ်ပင့်သည်။ သူသည် ဤမျှသာသိ၏။ သည့်ထက်ပိုပြီး မသိ။ မည်သည့်ရဟန္တာ၊ မည်သည့်မျက်နှာ၊ မည်သည့်ထောင့် စသည်များ။
" မြတ်စွာဘုရားနဲ့ ပလ္လင်တံကဲကို အရှေ့ဘက် မျက်နှာပြုထား "
မောင်ဆေးရိုးသည် ဆရာတော် အမိန့်ရှိသည့်အတိုင်း ဆောင်ရွက်သည်။
" ရဟန္တာရုပ်တွေမှာ စာပါတယ်ကွ ဖတ်စမ်း "
" သာရိပုတ္တရာ၊ မဟာမောဂ္ဂလန်၊ အာနန္ဒာ၊ အရှင်ကောဏ္ဍည၊ ဂ၀မ္ပတိ၊ ဥပါလိ၊ အရှင်ရေ၀တ၊ အရှင်ရာဟုလာပါတဲ့ဘုရား "
" အေး ကျောင်းဆောင်ပေါ်မှာလည်း စာတွေ ရေးထားလေရဲ့။ သူ့စာနဲ့သူ နေရာထားပေတော့ "

မောင်ဆေးရိုးသည် ကျောင်းဆောင်ကြမ်းပြင်ကို ကြည့်ချေ၊ ရုပ်တုတော်များ၏ ဖင်ကို ကြည့်ချေဖြင့် တိုက်ဆိုင်ကာ နေရာချသည်။ ဆရာတော်၏ စိတ်တွင် ကြာညောင်းလွန်းသည်ထင်၏။
" အခု မင်းလက်ထဲ ကိုင်ထားသော ဘယ်ကိုယ်တော်တုံး "
" အရှင်ရာဟုလာပါ ဘုရား "
" ရာဟုလာဆိုရင် အရှေ့မြောက်ထောင့်မှာကြည့် "
" တွေ့ပါပြီဘုရား "
" နောက်တစ်ရုပ်ကကော "
" အရှင်မဟာမောဂ္ဂလန်ပါဘုရား "

" မြတ်စွာဘုရားရဲ့ လက်ဝဲဘက်မှာ ရှင်မောဂ္ဂလန်၊ ညာဘက်မှာ ရှင်သာရိပုတ္တရာတို့ကိုထားဖို့ စာရေးထားပါတယ်ကွာ "
" မှန်ပါ၊ တွေ့ပါပြီဘုရား "
မောင်ဆေးရိုးသည် ဤသို့ဖြင့် ကြမ်းပြင်ကို ကြည့်ချေ။ အရုပ်၏ အောက်ဘက်မျက်နှာပြင်ကို ကြည့် ချေဖြင့် တိုက်ဆိုင်ကာ နေရာချထားသည်။ များမကြာမီ ရဟန္တာရုပ်တုတော်များကို နေရာချထားပြီး ဖြစ်သွားသည်။
" ဟေ့ ပြီးပြီလား မှန်ရဲ့လား "
ခဏတစ်ဖြုတ် ထသွားသော ဆရာတော် ပြန်ရောက်လာသည်။

" ပြီးပါပြီဘုရား။ မှန် မမှန်ကတော့ သူ့စာအတိုင်းပဲဘုရား "
" လုပ်စမ်းကွာ။ ရဟန္တာကိုယ်တော်မြတ်ကြီးရဲ့ ဘွဲ့တော်နဲ့ နေရာကို တွဲပြီးတော့ပေါ့ "
" မြတ်စွာဘုရားက အရှေ့ဘက်ကို မျက်နှာကပုပါတယ်ဘုရား "
" အေး၊ ၀ဲယာက ရှင်မောဂ္ဂလန်နဲ့ ရှင်သာရိပုတ္တရာ။ ရှေ့နဲ့နောက်ကကောကွာ "
" မြတ်စွာဘုရားရဲ့ ရှေ့တော်တည့်တည့်မှာ အရှင်ကောဏ္ဍည၊ နောက်တည့်တည့်မှာ အရှင်အာနန္ဒပါ ဘုရား"
" ဟုတ်သကွ၊ ဆက်ပါဦး "

" အနောက်မြောက်ထောင့်မှာ အရှင်ဂ၀မ္ပတိ၊ အနောက်တောင်ထောင့်မှာ အရှင်ဥပါလိပါဘုရား "
" ပြီးတော့ ဘာတွေကျန်သေးသတုံး "
" အရှင်ရေ၀တနဲ့ အရှင်ရာဟုလာ ကျန်သေးဘုရာ့။ အရှင်ရာဟုလာက အရှေ့မြောက်ထောင့်"
" အေး ဘုရားကိုးဆူ ကပ်လှူပူဇော်တဲ့အခါ အဲသည်အတိုင်း နေရာမှန်အောင် ချထားရမယ်။ ကိုးဆူ ဆရာတွေကို အားမကိုးနဲ့နော်၊ သူတို့လည်း သိချင်မှသိတာ "
ထိုနေ့က မောင်ဆေးရိုးနှင့် ဖိုးသူတော် အငယ်တို့သည် ဘုရားကိုးဆူခုံကို ဇေတ၀န်ကျောင်းဆောင် သို့ ပြန်ပို့ရသည်။ သို့ရာတွင် မောင်ဆေးရိုး၏ အမေသည် " ဘုရားကိုးဆူ ပြည့်စုံကောင်းမွန်ကြောင်း" သိကတည်းက ဘုရားကိုးဆူဆွမ်းကပ်သော ကိုးဆူဆရာကို စတင်စုံ စမ်းသည်။ မည်သည့်ကိုးဆူဆရာ တော်သနည်း။

ကိုးဆူဆရာမှာ စာရရုံဖြင့် မပြီးသေးပေ။ အသံကောင်းရသည်။ အသားနားကြီး အရည်မွန်ကြီး မဟုတ် သည့် တိုင်အောင် သင့်တင့်မှုရှိရမည်။ ထို့ပြင် ကိုးဆူဆရာသည် ထီးနှင့် တံခွန် ကုက္ကား မုလေးပွား ကြက်လျှာတိုင် တို့ကို သပ်ရပ်လှပစွာ ညှပ်တတ်ရသည်။ အလှူ့ရှင်၏ ကိုယ်စား ဆောင်ရွက်ရမည့် အစီအရင် များကို ခန့်ခွဲတတ်ရမည်။ အာဝဇ္ဇန်းလည်း ကောင်းရမည်။
" ကျောက်ခဲကုန်းက ကိုးဆူဆရာ တော်သတဲ့ "
မောင်ဆေးရိုး ကျောက်ခဲကုန်းက ပြန်ရောက်၍မျှ ဖင်မနွေးတတ်သေး။ ခါပြည့်ရွာသို့ ပြေးရပြန်သည်။

နောင်သော်အခါ မောင်ဆေးရိုးတစ်ယောက်တည်းဖြင့် မပြီးတော့။ ယောက်ဖဖြစ်သူ မောင်မောင် အေးပါ ၀င်ကူရသည်။ မောင်မောင်အေး ချောင်းကောက်သို့ပြေးစဉ် ပန်းထိမ်ကုန်းသို့ မောင်ဆေးရိုး လာရ၏။ သုံးလမျှ ကြာမြင့်သောအခါ မောင်ဆေးရိုး ငြီးငွေ့လာသည်။
" မိုးသံလေသံကြားပြီး အမေရေ့။ မလုပ်ရှင်းရှင်း၊ လုပ်ရှင်းရှင်းလုပ်။ တကတည်း ခတ်ကွင်းကြီး ပြင်နေတာနဲ့ ရွာသစ်ကြီး လွန်သွားပြီ"
စင်စစ်သော်ကား မယ်ကြွယ်စိုးသည် ငွေနှမြောသဖြင့် ချီတုံချတုံ လုပ်နေခြင်းဖြစ်၏။ သို့ရာတွင် သမက်ပါ သိသွားပြီဖြစ်သည့်အတွက် ကျောက်ခဲကုန်းမှ ကိုးဆူဆရာကို ရက်သတ်ကာ စရန်ပေးလိုက်လေ၏။ မိကျီးဒန် သည် အိမ်တံခါးကိုပိတ်ပြီး ယောက္ခမအိမ်သို့ ပြောင်းလာခဲ့၏။ သူ့ ယောက်မမှာ ကိုင်းထဲမှ ရောက်မလာ သေးချေ။ ဘုရားကိုးဆူ ဆွမ်းကပ်ဟု ဆိုသော်ငြား ၀န်းကျင်ပတ်ချာ ဆယ်ရွာခန့်ကို ဖိတ် ထားသည်။ လက်ဖက်၊ ချင်းသုပ်၊ ရေနွေးကြမ်း၊ ဆေးလိပ်ဖြင့် ဧည့်ခံမည်ဆိုစေကာမူ မယ်ကြွယ်စိုး တစ်ယောက် တည်း ဖင်မနိုင် ခေါင်းမနိုင်ဖြစ်မည်။

အလှူအိမ်သို့ မိကျီးဒန်ပြောင်းသွားသဖြင့် ဒေါ်ရွှေအိမ်လည်း မြေးကိုပွေ့လျက် လိုက်ပါလာရသည်။ မြေးမ မိချောစိန်သည် နှစ်နှစ်ခွဲမျှ ရှိပြီဖြစ်ငြား မအေနှင့် မခွဲနိုင်။ ဘွားအေကိုလည်း မျက်စိအောက်က အပျောက်မခံ။ ခြောက်သွေ့တိတ်ဆိတ်နေသော ဦးကျန်ကြီး၊ မယ်ကြွယ်စိုးတို့၏ အိမ်မှာ ချောစိန် ရောက်လာသည်နှင့်တစ်ပြိုင်နက်တည်း အသံဗလံများဖြင့် စိုပြည်လာလေတော့၏။
မောင်ဆေးရိုးမှာ လယ်ပြင်သို့လည်း မသွားဘဲနေ၍ မရပေ။ တစ်ဖန် လယ်ပြင်မှာချည်း နေကုန်နေ ခန်းနေ၍လည်း မဖြစ်ပေ။ ကိုးဆူဆရာ ညွှန်ကြားသော ထင်းအမျိုးအစား ရှာဖွေခြင်း၊ အဆောင် အယောင်များ ပြင်ဆင်ခြင်း၊ ငှက်ပျောတုံး ရှာဖွေခြင်းတို့ဖြစ်သည်။
ဆွမ်းကပ် အကြိုနေ့ဖြစ်သည်။

ကိုးဆူဆရာသည် မွန်းတိမ်းချိန်လောက်ကတည်းက နတ်ကြီး ငါးပါးနှင့် ကြေးစည်ထုပ်ကို ကျောပိုးလျက် ရောက် နေပြီ။ သူသည် ဆွမ်းချက်မည့်နေရာကို မြင်မြင် ထင်ထင် စစ်ဆေးသည်။ ရိုင် ကာထားခြင်း ရှိ မရှိ၊ ဗိတာန် ကြက်ထား မထား၊ ဆွမ်းချက်မည့်အိုးနှင့် ဆွမ်းချက်မည့် ဖိုခုံလောက်။

ချူသံတချွင်ချွင်ဖြင့် လှည်းယဉ်တစ်စီး ရောက်လာသည်။ လှည်းယဉ်ပျေးမှ ဆင်းလာသူမှာ ဒေါ်မယ်ကြော့။ အလှူ့ရှင် ဦးကျန်ကြီး၊ မယ်ကြွယ်စိုးနှင့် မရင်းနှီးသော်ငြား ခမည်းခမက် မယ်ရွှေ အိမ်၏ အစ်မအရင်းခေါက်ခေါက်။ သူ့အား ဖိတ်ကြားသူမှာ ကျီးဒန်ဖြစ်သည်။ တမင်ဖိတ်ကြားခြင်း ဖြစ်သည်။ မိကျီးဒန်သည် ကျေနပ်စွာ ပြုံးပြီး လက်ကောက်တွေ ထုတ်ဝတ်သည်။ ဆွဲကြိုး၊ လက်စွပ် တွေ ထုတ်ဆင်သည်။ လက်ဖက်ပွဲနှင့် ချင်းသုပ်ပွဲကို သူကိုယ်တိုင် သယ်ယူလာသည်။

" မိကြီး သုံးဆောင်ပါဦး "
မယ်ရွှေအိမ် သည်လည်း အစ်မထံသို့ ထသာလာငြား မမယ်ကြော့ကို စိတ်မ၀င်စား။ သူသည် မိကျီးဒန် ကိုသာ မျက်တောင်မခတ်ဘဲ ကြည့်နေ၏။
ချွေးသံအရွှဲသားဖြင့် အိမ်ပေါ်သို့ မောင်ဆေးရိုးတက်လာ၏။ မိကျီးဒန်က သွားဆွဲ၏။ မောင်ဆေးရိုး ခမျာမှာ ပြူးတိ ပြူးကြောင်ဖြင့် ပါလာ၏။
" မိကြီး မိကြီး၊ အဲဒါ ကျုပ်အိမ်သားလေ "

" ကျွန်မသားပါရှင် "
အုလှူ့ဒါယိကာမ မယ်ကြွယ်စိုးက ၀င်ပြီး ထောက်သည်။
" အိပ်မက်ရာမက် မကောင်းလို့ ဂြိုဟ်ပြေနံပြေ ဘုရားကိုးဆူကပ်ပါတယ်။ ကလေးတွေက သူတို့ ဖိတ်ချင်ရာ လျှောက်ဖိတ်တာကိုး။ မြေးရှင်ပြုအလှူလောက်တော့ သွားပြီထင်တာပဲ "
" လုပ်ပြီးခါမှ ညည်းမနေနဲ့။ လာလာသမျှလူတွေကို အလှူပေးတယ်၊ ဒါနပြုတယ် သဘောထားပါဗျာ။ စိတ်ထားတတ်ရင် မြတ်သတဲ့ ကျေင်းအစ်မရဲ့ "
ငှက်ပျောဖတ်များကို မောင်းချဓားတစ်လက်ဖြင့် အသက်သွင်းနေသော ကိုးဆူဆရာက လှမ်းပြီး တရားဟောသည်။ သူသည် သူအာဝဇ္ဇန်းရွှင်ကြောင်း ကြော်ငြာလိုသော်ငြား မိကျီးဒန်၏ မျက်စောင်း လက်ခနဲကို မြင်လိုက်ရသဖြင့် ပါးစပ်ပိတ်သွား၏။

မမယ်ကြော့နည်းတူ၊ လှည်းဖြင့်လာကြသူများတွင် မောင်မောင်အေး၏ မိတ်များလည်း ပါဝင်၏။ သူ့ကျောင်းသားများ၏ မိဘများမှာလည်း ကိုင်းသမားများပင်ဖြစ်ကြ၏။ သူတို့သည် ရှင်ပြုအလှူများတင် တရားပွဲ လှူသကဲ့သို့ ယခုလည်း ပဲတွေ၊ ငရုတ်သီးတွေ ယူလာကြ၏။

" ဟဲ့ မောင်မောင်အေး လာစမ်း။ ဒါဟာ ရဟန်းခံ ရှင်ပြု မဟုတ်ဘူးဟဲ့။ သည်အကူပစ္စည်းတွေ ပြန်ပေး လိုက်ပါ "
မယ်ကြွယ်စိန်သည် သမက်အား ကွယ်ရာထောင့်ရာသို့ခေါ်ပြီးပြော၏။ မောင်မောင်အေးအဖြေကား ထိုင်ပြီး ရှိခိုးခြင်းပေတည်း။
" ကျွန်တော် ရှက်ရှက်နဲ့ ၀န်ခံရရင် ဘုရားကိုးဆူဆွမ်းကပ်တာကို ရဟန်းခံရှင်ပြုလို အလှူမျိုး ထင် နေတာ အရီးရဲ့ "
မယ်ကြွယ်စိုး အသက်ရှူမ၀ဟန်ဖြင့် ညည်းတွားရှာ၏။

" ငါပြောတာက သည်ပစ္စည်းတွေ ပြန်ပေးဖို့ "
မောင်မောင်အေး ထိုင်ပြီး ရှိခိုးရာက " အဲဒါတော့ တောင်းပန်ပါရစေ ဒေါ်ဒေါ်ရယ်" ဟု ဆိုသည်။ ထို့နောက် ထပ်မံပြီး ရှင်းပြပြန်သည်။
" သူတို့ယူလာတဲ့ အလှူပစ္စည်းတွေ ပြန်ပေးရင် မျက်နှာပျက်တာပဲ အဖတ်တင်မယ်။ လက်ခံမှာ မဟုတ်လို့ပါ ဒေါ်ဒေါ်ရယ် "
ကိုင်းထဲသား တွေ ယူဆောင်လာသော ပစ္စည်းတွေကြောင့် မယ်ကြွယ်စိုး ကတိကအောက်ဖြစ်ငြား ကျီးဒန် မူ ရွှင်ပျနေ၏။

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>