ဒေသစကားအားဖြင့် ကိုင်းသမားဟု ခေါ်သူများမှာ အမှန်အားဖြင့် ယာသမားများသာဖြစ်သည်။ သို့သော် ဤယာသမားများမှာု ရေမငတ်ပါ။ သူတို့၏လုပ်ကွက်မှာ မြစကမ်းနားတွင် ရှိသည်။ မြစ်ရေ လွှမ်းသည့်အောက်၌ တစ်မိုးတွင်းလုံး ရောက်နေခဲ့သော မြေများ၊ သီတင်းကျွတ်တန်ဆောင်မုန်း ရေကျမှ ပေါ်လာတော့ မှ စိုက်ပျိုးရသူများ ဖြစ်သည်။
မြစ်ရေနှင့်ဝေးသော ရမ်းဘိုကုန်းက သိသည်မှာ ကိုင်းထဲက ရွာများတွင် ရေလွတ်စေရန် ခြေတံရှည် အိမ်ကြီးတွေ ဆောက်ကြသည်။ နွားချေး မချ၊ ဓာတ်မြေသြဇာ မကူဘဲ မြေဆီမြေသြဇာ ကောင်းသော ကြောင့် လုပ်ခင်းဆောင်တာများ အောင်မြင်ဖြစ်ထွန်းသည်။ ထို့ကြောင့် လောဘဇော ကပ်လာသောအခါ ဒေါသလည်း လွှမ်းမိုးလာသဖြင့် ရာဇ၀တ်မှု ထူပြောသည်။ ထိုအခါ ထိုအရပ်မှ လူများကို ဒုစရိုက်သမားတွေ၊ လူမိုက်တွေဟု အခြားအရပ်သားများက မြင်လာကြသည်။ သို့သော် ဓားတစ်ပြက် တုတ်တစ်ပြက်သမားတွေကြားမှ ကျောင်းဆရာတစ်ယောက် ထွန်းပေါက်လာသည်။ မောင်မောင်အေး ဟူ၏။
မယ်ကြွယ်စိုးက သူ့သမီး မယ်မျှင်အား မောင်မောင်အေးနှင့် ပေးစားရန် စိတ်ကူးခြင်းသည် ဘမင်း၊ ဘ၀င်းတို့ သင့်မြတ်ညီညွတ်ရေးဖြစ်သည်။ သို့သော် လက်တွေ့ အကျိုးခံစားရသူမှာ ကျီးဒန်ဖြစ်သည်။ မောင်မောင်အေးတို့ ပန်းဆွဲရွာမှ လူများသည် ကျီးဒန်၏အိုးများကို အလုံးအရင်းဖြင့် ၀ယ်ယူကြသောကြောင့် ဖြစ်၏။
ရမ်းဘိုကုန်းရွာသည် လယ်သမား၊ ယာသမားရွာ။ ကျီးဒန်၏ ကောင်းမှုကြောင့် အိုးသမားပါ ဖြစ်လာသည်။ မြစ်နားကမ်းနားနေ ကိုင်းသမားများအတွက် နေရာထူး နေရာဆန်းဖြစ်သည်။ ထိုနည်တူပင် ကိုင်းသမားရွာတစ်ရွာဖြစ်သော ပန်းဆွဲရွာသည်လည်း ရမ်းဘိုကုန်းအတွက် စိတ်ဝင်စားစရာ နေရာဆန်း နေရာထူးဖြစ်နေ၏။ ကာလသားကြေးခေါ် မင်္ဂလာကြေး ခေါ် ခဲဖိုးသည် ကိုင်းရွာများမှ စတင်ခြင်း ဖြစ်သည်။ သို့ရာတွင် ထိုအချိန်က ခဲဖိုးသည် ကြမ်းကြမ်းတမ်းတမ်း ရမ်းရမ်းကားကား မဟုတ်သေးသဖြင့် မယ်မျှင် ၏ မင်္ဂလာကိစ္စမှာ အဖုအထစ် မရှိပေ။
မယ်မျှင်၏မင်္ဂလာဆောင်ကို သည်မျှကြီးကျယ်လိမ့်မည်ဟု မည်သူမျှ မျှော်လင့်မထားပေ။ မင်္ဂလာဆောင် သို့ လှည်းယဉ်ပေါင်းရာချီပြီး ရောက်လာတော့မှ ရမ်းဘိုကုန်းသား ကာလသားတွေ ခေါင်းချင်းရိုက်ကုန်ကြသည်။ လှည်းပေါ်ပါ ပစ္စည်းတွေ မပျောက်ရှရေး၊ နွားတွေအစာနှင့် ရေ ရရှိရေးမှာ ကာလသားတို့၏ တာဝန်ချည်း ဖြစ်သည်။
လှည်းအချို့ကို လေးထပ်ကျောင်းဝန်းအတွင်း၌ နေရာချထားပေးနိုင်သဖြင့် နေရာအခက်အခဲ ပြေလည်သွားငြာ၊ ကျွေးမေးရန်နှင့် ချက်ပြုတ်ရေးတို့မှာ မဆန့်ရင်ကန် ဖြစ်ကြရလေ၏။ အကြောင်းသော်ကား သူတို့သည် လွန်ရောကျွံရော ရာမျှသာ ခန့်မှန်းထားခဲ့မိကြသောကြောင့်တည်း။
ကာလသားလည်း မနေရ၊ ကာလသမီးလည်း မနေရသည့်အပြင် အဘိုးအို အဘွားအိုများကပါ ၀င်ရောက် ကူညီရတော့သည်။ အ၀င်အထွက် အသွားအလာ မရှိခဲ့ဖူးသော ရပ်စိမ်းရွာစိမ်း၏ အထင်သေး မှုကို မခံလို၍ဖြစ်ပေသည်။
ညနေ မိုးချုပ်၍ သင်ဖြူးလိပ် ဖျာသိမ်း၊ အိုးခွက်ပန်းကန်သိမ်း၊ ကန့်လန့်ကာသိမ်း၊ စားပွဲသိမ်းသူများမှာ ငုတ်တုတ်ထိုင်နေကြရ၏။ သူတို့သည် ဆောင်ရွက်ရမည့် တာဝန်များကို သိပါလျက်နှင့် မလုပ်ကိုင်နိုင်ကြ။ ခြေကုန်လက်ပန်း ကျနေကြပြီ။
အကျိုးနည်း ပရိတ်သတ်ကွာ
စလိုက်သူက ကိုပိတ်စ ဖြစ်သည်။
ငါ့တစ်သက် မင်္ဂလာဆောင် အတော်များများ ကြုံဖူးပါတယ်ကွယ်။ သူကောင်းမင်္ဂလာဆောင်၊ ပုလိပ်မင်္ဂလာဆောင်၊ တိုက်ပိုင်မင်္ဂလာဆောင်၊ သူကြီးမင်္ဂလာဆောင်၊ ဆယ်အိမ်ခေါင်းမင်္ဂလာဆောင်၊ ငါကြုံဖူးသမျှ မင်္ဂလာဆောင်တကာ့ မင်္ဂလာဆောင်ထဲမှာ မိမယ်မျှင်ရဲ့ မင်္ဂလာဆောင်လောက် စည်တာကို ကြုံဖူးပေါင်ကွာ
ဟုတ်ပါရဲ့တော်
ရေဆေးပြီးသွားသော ယွန်းပန်းကန်များကို အ၀တ်ဖြင့် သုတ်နေသော ချောင်မှ အပျိုခေါင်း မမုန်းချစ်၏ ထောက်ခံစကား။
ဒါလောက် လူများနေမှတော့ အသက်တောင် ရှူလို့မ၀တော့ဘူး။ မိန်းမတွေကလည်း လူရိုက်ပြီး ရွှေကို ယူထားချင်စရာတွေ။ တစ်ယောက်မှ ရွှေနဲ့မလိုက်ဖက်ဘူး
ဟုတ်ပါရဲ့တော်၊ ၀တ်ရင်လည်း ယဉ်ယဉ်ကျေးကျေး လှလှပပ ၀တ်ပါတော့လား။ အခုတော့ ဟုတ်ပေါင်။ အတုံးလိုက် အခဲလိုက်ကြီး
သူတို့၏စကားထဲသို့ ကိုအောင်မြတ်၏စကားက အရင်းမရှိ အဖျားမရှိ ၀င်လာပြန်၏။
မင်္ဂလာဆောင်အဖွဲ့တွေ လာပြီဟေ့လို့ ရွာတံခါးမှာ အစောင့်ချထားတဲ့လူက လှမ်းအော်တော့ ငါက ခပ်ပေါ့ပေါ့ပဲ။ လာလှ နှစ်ဆယ် အစိတ်ပေါ့။ လှည်းတွေက လေးထပ်ကျောင်းထဲမှ ချွတ်ထားတော့ ဒါလောက်များမှန်း မသိဘူးလေ။ တကယ်လာတော့မှ ကွမ်းအစ်ပိုက်သူ တစ်ကျိပ်၊ လက်ဖက်အုပ် ပိုက်သူ တစ်ကျိပ်ကို မြင်တော့မှ မျက်လုံး ပြူးရတာကလား
မင်းတို့က မင်းတို့အဖြစ်ကိုသာ ပြောတာကိုး။ ငါတို့ချက်တဲ့ ပြုတ်တဲ့လူတွေရဲ့ ဒုက္ခကို မြင်စေချင်တယ်။ ဝက် တစ်ဆယ်၊ ကြက် တစ်ပိဿာ လုပ်ထားတာကို များလှပြီထင်နေတာ
ဤသို့လျှင် တစ်ရွာလုံး ကျေနပ်မဆုံး မိမယ်မျှင်အား တို့ရွာသူအဖြစ် ဂုဏ်ယူမဆုံးရှိနေကြစဉ် နွားရိုင်း သွင်းချိန်အရောက်၌ ခဲတစ်လုံးကျလာ၏။
စံမြင့် စံမြင့်
သည်ကိစ္စမျိုးတွင် ယောက်ျားတွေ မပါစေချင်သောကြောင့် မယ်ကြွယ်စိုးက သွက်လက်စွာ ထ၏။ မင်္ဂလာကြေးကိစ္စ ပြောပြီး ဆိုပြီး ကျေကျေနပ်နပ် ဖြစ်ပြီးသားဆိုဟဲ့ ဟု အော်ကြီးဟစ်ကျယ် မေး၏။
အဲသည်ကျေနပ်တဲ့လူတွေ ကသိကအောက်ဖြစ်အောင် တမင်လုပ်ကြတာာဖြစ်မှာပါ
မင်း အဲသည်လို မင်းတိုင်းကြေ မပြောနဲ့
ကာလသားအများအပြားမှာ ပစ္စည်းပစ္စယ သိမ်းဆည်းနေကြဆဲ စာရင်းစစ်ဆေးနေကြဆဲ ရှိသေး၏။ မင်္ဂလာဆောင်တွင် မကျေနပ်သောကြောင့် ခဲမိုးရွာသည်ဖြစ်စေ၊ ကျီစားလို၍ တစ်လုံးတလေ ပေါက်သည် ဖြစ်စေ ကလေးကအစ ထပြီး လုပ်နိုင်သော ကိစ္စဖြစ်သည်။ ခဲလုံးကြီးလက်ထဲကိုင်ထားလျက် လက်ကို မြှောက်ထား ဆဲတွင် လက်ပူးလက်ကြပ် ဖမ်းနိုင်မှသာ ဖြစ်သောအမှု။ သို့ပါလျက်နှင့်
တစ်ရွာလုံးက ကျေနပ်ပေမဲ့ ဘမင်းနဲ့ ဘ၀င်းကတော့ ကျေနပ်မှာ မဟုတ်ဘူး။ သူတို့လက်ချက်ပဲဖြစ်ရမယ်
ကိုသာဒွန်းနှင့် ကိုဘသောင်းတို့၏ ထင်မြင်ချက်စကားဖြစ်သည်။ ဤသည်ကို အတည်ယူသူက ကိုစံမြင့်။
ငါတို့ကို ခွေးလုပ်လို့ ဘယ်ရမလဲကွာ စံမြင့်တဲဟေ့ ကိုစံမြင့်သည် ထန်းရည်ကလေးလည်း ဝင်ထား တရားခံလည်း ရှာချင်သဖြင့် ဦးကြွက်နီ ဒေါ်ရွှေအိမ် တို့ အိမ်ဘက်သို့ လာသည်။
ဘမင်း ဘမင်း.. ဟေ့ ဘဝင်း ဟေ့ ဘဝင်း ..ဘမင်း တို့ ဘဝင်းတို့ ဘယ်သွားကြသလဲဟေ့...
ဥိးကြွက်နီ သည် ဒေါ်ရွှေအိမ် ကို လှမ်းကြည့်၏ .. ဒေါ်ရွှေအိမ်က သမက် မောင်ဆေးရိုး ရှိလောက်သည့် ကနားဖျင်း အောက်သို့ လှမ်းကြည့်၏။ သိုစဉ်တွင် စံမြင့်က လျေကားထိပ်မှာ လာရပ်၏
ဘမင်း တို့ ဘဝင်း တို့ကော အရီး
ဟိုမှာ သူ့ယောက်ဖကို သွားမေးချေ..။
ဒေါ်ရွှေအိမ်က မောင်ဆေးရိုး တို့၏ အဖီဘေးရှိ ကန္တွဖျင်း ကို မေးငေါ့ပြ၏။
ဆက်ရန်
.

1 comment:
ဒီတစ်ခါ တိုတိုလေးဆိုတော့ ဖတ်ရတာ အားမရဘူး မရွှေစင်ရေ။
ရှည်ရှည်လေး...ကို စောင့်မျှော်လျှက်
အပင်ပန်းခံ မျှဝေပေးနေတဲ့ စေတနာတွေကို လေးစားပါတယ်။
Post a Comment