Showing posts with label ပန်းသတင်း (ဒီဇင်ဘာ). Show all posts
Showing posts with label ပန်းသတင်း (ဒီဇင်ဘာ). Show all posts
Thursday, December 31, 2009
ပန်းသတင်း (ဒီဇင်ဘာ ၇)
ပင်လယ်ရဲ့ အတွင်းသားကို ဖွင့်ဖတ်
မိချမ်းဝေ
ဒီနေ့ "အိုအို" သိပ်ပျော်တယ်။ အိုအိုတို့ရွာက ကမ်းခြေမှာ စက်လှေတွေ မဆိုက်စဖူး အဆိုက်ထူး တဲ့အတွက် ကြောင့်ဆိုရင် မမှားဘူးပေါ့။ ရွာရှေ့ခပ်လှမ်းလှမ်းက ကျွန်းကြီး ရှည်မျောမျော လန်းပိ ကျွန်းကိုသာ နေ့တိုင်း ငေးနေရတာ၊ မြို့က စက်လှေတွေဆိုက်တဲ့ မြင်ကွင်းမျိုးက ထူးခြားနေတာ ကိုး။ လှေပေါ်က သစ်တွေ ၀ါးတွေ ချတဲ့အထိ အိုအိုငေးလို့ကောင်းတုန်း၊ နောက်မှသတိရပြီး အိမ်ပြေး ပြန်လာတော့ အိမ်မှာ အဖေက လူစိမ်း တွေနဲပ အလုပ်ရှုပ်နေပြီ။
အဖေက အလုပ်ရှုပ်နေရာက အိုအို ငေးနေတာကို သဘောပေါက်လို့ ထင်ပါရဲ့ လှမ်းပြောလိုက် တယ်။
"အိုအိုငယ် အဖေတို့ ဗိုလ်ချိုကျွန်းမှာ ဆလုံပွဲတော် လုပ်မလို့၊ အဲဒါ မင်းလည်း ကူညီရမယ်"
"ဆလုံပွဲတော်" အိုအို ဒီစကားကို နားမလည်ဘူး။ ဆလုံဆိုတာကိုတော့ သိတာပေါ့။ အိုအို ကိုယ်တိုင် ဆလုံပဲဟာ။ ဒီလိုလေ ... အို့အို့ အဖေက အထက်သား၊ မယ်မယ်ကတော့ ပင်လယ်သူ ဆလုံမပေါ့။ အဖေက ပခုက္ကူသားအစစ်တဲ့၊ ဘယ်လိုပင်လယ်ရောက်ပြီး ဆလုံနဲ့ ဖူးစာဆုံတယ် မသိ၊ အဖေက မြိတ်မှာ အလုပ် လာလုပ်ရင်း အဲဒီကမှ ဘုတ်ပြင်း၊ ဘုတ်ပြင်းကနေ ဗိုလ်ချိုကျွန်း ရောက်လာတယ်လို့ ပြောတယ်။
အဖေ့စီးပွားရေးက ဆလုံတွေ ရေအောက်ဆင်းငုပ်တဲ့ ပင်လယ်မျှော့ဖြူ၊ မျှော့မည်း၊ ပြီးတော့ ဘဲဝန်းခွံ၊ ငါးကြီးအန်ဖတ်၊ ပငိုကောင်လို အကောင်တွေက အစ၀ယ်ပြီး ပြန်ရောင်းတဲ့ အလုပ်လုပ် ပါတယ်။ ရွာမှာတော့ စားနိုင်သောက်နိုင်ထဲမှာ ပါပါတယ်။ အဖေ့အလုပ်က ဆလုံတွေနဲ့ အဆက် အဆံများတော့ အိမ်ကို ဆလုံတွေ အ၀င်အထွက်များတာပေါ့။
အခုအဖေက ရွာမှာ ဆလုံပွဲတော် လာလုပ်မယ်ပြောတော့ အိုအိုအတွက် ထူးဆန်နေတာပေါ့။ ပွဲတော်ဆိုတာ ဘာလဲ။ ဇာတ်ပွဲသွင်းတာမျိုးလား အခုအချိန် သွားမေးရင် အငေါက်ခံရမှာ သေချာ တယ်။ မယ်မယ်ကို မေးရင်ကော မယ်မယ်က နင့်အဖေ မေးလို့ ပြောမှာပါပဲ။ မယ်မယ်က ဘာကလေးပဲဖြစ်ဖြစ် အဖေပြောမှ အဖေပြောတာ အတည်။ အိမ်မှာ အဖေပြီးမှ ပြီးတယ်။
မယ်မယ်မှ မဟုတ်ပါဘူးလေ ရွာကလူတွေ အတော်များများ အဖေ့စကားဆို နားထောင်ကြတယ်။ တစ်ခုခုဆို အဖေ့လာ တိုင်ပင်တယ်။ အဖေက အားလုံးထဲမှာ ထူးခြားနေတဲ့ အထက်သားဟာကိုး၊ အထက်သားဆိုလို့ ကျွန်းပေါ်ကို တစ်ခါတစ်လေ တက်လာတတ်တဲ့ ရဲဘော်တွေက လွဲရင် အိုအိုတို့ မြင်မှ မမြင်ဖူးပဲကိုး။
အဖေကတော့ အိုအိုကို တစ်ခါပြောဖူးတယ်။ ခေါင်းကို လက်နဲ့ထောက်ပြီး "လူဆိုတာ ခေါင်းရှိရ တယ်"တဲ့။ အိုအို လေးတန်းရောက်နေပြီမို့ ဒီစကားဟာ ဦးနှောက်ကောင်းရတယ်လို့ ပြောတယ်ဆို တာနားလည် ပါတယ်။ ဆလုံတွေဆိုတာကလည်း ခေါင်းမရှိတာများတာကိုး။
"သား အိုအိုငယ် စာတတ်အောင် သင်နော်၊ သားဟာ အမေဆလုံက မွေးလို့ ဆလုံတိုင်းရင်းသား ဆိုတာ ငြင်းလို့မရပါဘူး၊ ဒါပေမယ့် ဆလုံဖြစ်ဖြစ် ဘယ်သူဖြစ်ဖြစ် စာတတ်မှ ဖြစ်မယ်။ စာမတတ် ရင် သူများအောက်မှာ နင်းပြားဖြစ်မယ်၊ ပင်လယ်နေတဲ့ ဆလုံတွေဟာ အကြွေးတင်ရင် ဆပ်မဆုံး တော့ဘူး၊ သူများ ခေါင်းပုံဖြတ်သလောက် ခံရတာဟာ စာမတတ်လို့ပေါ့"
အဖေက အဲဒီလို ခဏခဏ ပြောတယ်။ ညနေစောင်းတော့ တောင်ရဲ့ အနောက်ဘက်ကမ်းခြေဆီ သားအဖ နှစ်ယောက် ထွက်လာရင်း အဖေက စိတ်ရှည်လက်ရှည် ရှင်းပြတယ်။
"သားဟာ မကြာခင် အရွယ်ရောက်တော့မှာမို့ ကိုယ့်လူမျိုးဇစ်မြစ်ကို သိထားသင့်တယ်။ ဆလုံ တိုင်းရင်းသားတွေဟာ ရေမှာပျော်မွေ့ပြီး ဘ၀၀မ်းစာရှာဖွေရတဲ့အတွက် မွေးနှုန်းထက် သေနှုန်းများ နေပြီ။ အစိုးရက အဲဒါတွေ သိလို့ ဆလုံတွေကို စုစည်းပြီး ရွာတည်ပေးတယ်။ စာသင်ကျောင်းတွေ တည်ထောင်ပေးတယ်။ အခု ဆလုံတွေရဲ့ ဘ၀မြှင်တင်ဖို့အတွက် ဆလုံပွဲတော်လုပ်ပြီး ဆလုံတွေ ကို စုစည်းစေဦးမှာ၊ မြို့က ဧည့်သည်တွေ လာမယ်၊ အဖေတို့ ရွာခံတွေက ဧည့်သည်တွေအတွက် တည်းခို ဆောင်တွေ၊ ပြခန်းတွေ၊ ဆေးခန်းတွေ ဆောက်ရမယ်။ အဲဒါ ငါ့သားလည်း နိုင်သလောက် ကူပေါ့ကွာ"
"အခု တောင်ရှေ့မျက်နှာပြင်မှာ အဆောင်မလုံလောက်လို့ တောင်နောက်မှာအဆောင်ဆောက်ဖို့ နေရာ လာကြည့်တာ၊ နောက်ပြီးအိုအို စုဆောင်းထားတဲ့ ပစ္စည်းတွေ ဘာရှိလဲ ။ ခရုခွံလှလှကြီးတွေ ရှိရင် အဖေ့ကို ပေး၊ အဲ ... ငှားပေါ့။ ဆလုံပြခန်းမှာ အထူးအဆန်းတွေ တည်ခင်းပြထားမယ်"
"ရှိတယ် အဖေ၊ ပိုက်လှေလာတပ်တုန်းက အိုအိုရထားတဲ့ ခရုခွံကြီးတွေ ရှိတယ်။ ပြီးတော့ မြန်မာ လို အိုအို မခေါ်တတ်တဲ့ အကောင်တွေလည်း ရှိသေးတယ်။ ပွဲတော်ကျရင် ဇာတ်ပွဲတွေဘာတွေ လာက, ဦးမှာလား"
"လာမှာပေါ့၊ ဇာတ်ပွဲတင်မက ထားဝယ်တို့ကော့ သောင်းတို့က ယဉ်ကျေးမှု အကအဖွဲ့အစည်း  တွေလည်း လာမယ်။ ဒီအနီးအနား ရွာနီးချုပ်စပ်က ဆလုံတွေ စုပေါင်း က,တဲ့ ယိမ်းတွေလည်း ပါမယ်"
"ဒါဆို ပျော်စရာကြီး ဝေ့ ..."
အိုအိုတော့ ပျော်လွန်းလို့ သောင်ပြင်ဖွေးဖွေးပေါ် လျှောက်ပြေးတာကို အဖေက ပြုံးပြီးကြည့်လို့။ မနက်ဖြန် ကျောင်းရောက်ရင် ကျောင်းကကောင်တွေကို သတင်းထူးပြောရမယ်။ ဒီနေ့တော့ ကျောင်းပိတ်ထားလို့ အဖေ့နောက်လိုက်ပြီး ရှုပ်လိုက်ဦးမယ်။ လှေပေါ်က သစ်ပုံဝါးပုံတွေဆိုတာ အိုအိုတို့အိမ်ရှေ့မှာ ဟည်းဟည်းထလို့။ ရွာက ဆလုံတွေလည်း စကားတွေ ဆူဆူညံအောင် တစ်ယောက်တစ်ပေါက် ဖောက်ဖောက်လှော်လို့။
ကလေးတွေကတော့ ဘာသိမှာလဲ သောင်ပြင်မှာ ပျော်လွန်းလို့ ကျွမ်းတွေ ထိုးနေလိုက်ကြတာ။ အိုအိုကတော့ သူတို့အထင်ကြီးတဲ့ လူ (အဖေရဲ့သား)ဆိုတော့ အားလုံးထဲမှာ မျက်နှာရှိနေတော့ တာပေါ့။ ဒီအကြောင်းတွေ သိချင်တဲ့ ရွာသားတွေက ဟိုက "အိုအို" ဒီက "အိုအို" နဲ့။ မျက်နှာတွေ ပွင့်နေလိုက်။
အိုး ... ကျောင်းပိတ်လိုက်ပြီတဲ့။ ဆလုံပွဲတော်အတွက် ကျောင်းပိတ်လိုက်ပြီဆိုပဲ။ ဆရာမတွေ လည်း ပွဲတော်မှာ လုပ်အားပေးရမှာမို့ ကျောင်းကို ခဏပိတ်ထားမှာတဲ့။ ကျောင်းပိတ်ရင် ကျောင်းသား ပျော်တာပဲလေ။ အိုအိုတို့လည်း ပျော်တာပေါ့။ တကယ်ဆို ရက်နီးလာတာနဲ့အမျှ အိုအို တို့လည်း မအားပါဘူး။ အဖေ့ကို ကူရ မယ်မယ်ကို ကူရ မြို့က ဧည့်သည်တွေက အိုအိုတို့အိမ်မှာ တည်းမှာတဲ့။ တည်းခိုဆောင်တွေ အများကြီး ရှိပေမယ့် မြို့က လူကြီးတွေနဲ့ ပတ်သက်တဲ့ လူတွေ အိုအိုတို့အိမ်မှာ တည်းမှာတဲ့။ မယ်မယ်လည်း အိမ်ကို သန့်ရှင်းရေးတွေ ဘာတွေ လုပ်ရတာ မောလို့။
"အိုအိုငယ် မယ်မယ့်ကို ကူညီဦး၊ အိမ်မှာ ဗွီအိုင်ပီတွေ တည်းမှာ"
အဖေပြောတဲ့ ဗွီအိုင်ပီဆိုတာ ဘာပါလိမ့်၊ နောက်မှ အရေးပါအရာရောက်တဲ့ ပုဂ္ဂိုလ်ဆိုတာ သိရ တယ်။ လာဆိုလည်း လာပေါ့။ တစ်ကျွန်လုံး လှုပ်လှုပ်ရွရွ ... ဆူဆူညံညံနဲ့ ပြခန်းတွေ ဆောက်ကြ၊ သုံးရေ ရဖို့ လုပ်ကြနဲ့။ ရှင်းရှင်းပြောရရင် ရွာမှာက သောက်ရေတွင်းဆိုတာ တစ်တွင်းစ၊ နှစ်တွင်းစ သာရှိတာ၊ အခု လူတွေ အများကြီး လာမှာဆိုတော့ နက်နက်တူးပြီး ဘုံဘိုင်ခေါင်း တပ်ထားတာ ထူးဆန်းနေတယ်။
အို ... ထူးဆန်းတာတွေ မမြင်ဖူးတာတွေတော့ အများကြီးပါပဲ။ အဖေပြောတဲ့ ဗွီအိုပီအရေးကြီးတဲ့ လူတွေ အတွက် နေစရာအဆောင်တွေ အိမ်သာတွေ ဆောက်နေကြတာ ထူးဆန်းနေလို့ သွားကြည့်ရတာအမော။ သူတို့ အတွက် အိမ်သာနဲ့ အများသုံးတဲ့ အိမ်သာ ဘာလို့မတူသလဲ၊ အိုအို စဉ်းစားလို့ မရဘူး။
"အဲဒါ ဘိုထိုင်လို့ ခေါ်တယ်။ နိုင်ငံခြားသားတွေလည်း လာမှာလေ။ သူတို့တက်တဲ့ အိမ်သာက အဲဒီ လိုပေါ့။ နိုင်ငံခြားသာက ဆလုံတွေကို သိပ်စိတ်ဝင်စားတယ်။ ဆလုံတွေ ရေငုပ်ကျွမ်းတာ၊ ပင်လယ် ကြမ်းပြင် အောက်က ပစ္စည်းတွေ ဆင်းငုပ်ကာ သဘာဝတရားကြီးနဲ့ နီးနီးကပ်ကပ် နေထိုင်တာ သူတို့ စိတ်ဝင် စားတယ်"
သာဘ၀တရားကြီးနဲနီးနီးကပ်ကပ်နေတယ်ဆိုတာ ဘယ်လိုလဲ အဖေ ဆိုတော့ အဖေက ရယ်တယ်။ အဖေ ရယ်လိုက်ရင် သွားတွေ ဖွေးနေတာ သိပ်လှတယ် ဒီရွာက ဆလုံတွေနဲ့ မတူတာ ပေါ့။ ဒီရွာက ယောက်ျား မိန်းမအကုန် ကွမ်းတွေစားလို့ သွားတွေ ချေးကပ်ပြီး မည်းနေတာ အရုပ် ဆိုးလိုက်တာ။ အဖေ့အသား ကလည်း ပင်လယ်က လူတွေထက် ပိုဖြူတယ်။ အဖေက အိုအိုထက် တောင် ချောတယ်ပေါ့။
"နင့် မယ်မယ် ကံကောင်းတယ် ... နင့်မယ်မယ် ကံကောင်းတယ်" လို့ ရွာက ၀ုကျူးတို့ "အနောင်း" ပြောလေ့ရှိတယ်၊ အနောင်းဆိုတာ ဆလုံကု 'အမေ'ကို ပြောတာပါ။ အိုအိုတို့ကတော့ မြိတ်တို့ ဘုတ်ပြင်းတို့က ခေါ်သလို အမေကို မယ်မယ်လို့ ခေါ်တယ်။ သူတို့နဲ့တော့ ဟိုဒင်း နည်းနည်း ... မတူဘူးပေါ့။ အဲဒါလည်း အဖေ့ကြောင့် နေမှာပါ အဖေက ဒီကခေါ်သလို 'အပေါင်း'လို့ မခေါ်စေချင် ဘူး။ မြန်မာဆန်ဆန် 'အဖေ'လိုဲ့ ခေါ်စေတာပါ။ အင်းလေ ... အဖေက မြန်မာပဲဟာ မြန်မာဆန်တာ ဘာဆန်းလဲ။
ဆန်းတာက အဖေ အထက်ကို မပြန်တဲ့ကိစ္စပါ။ ဘာဖြစ်လို့လဲ မသိဘူး၊ အဖေက အထက် အကြောင်း ပြောပေမယ့် ပြန်ဖို့တော့ တစ်ခါမှ စကားမဟဘူး။ မယ်မယ်ကတော့ အလည်အပတ် လိုက်ချင်ရှာတယ်။ ဟိုမှာ သွားနေဖို့တော့။ အင်း ...
"အိုအို မှတ်ထား၊ မယ်မယ်တို့ ဆလုံတွေဟာ ပင်လယ်ကိုပဲ ချစ်တယ်။ မြန်မာတွေနေရာမှာ လိုက်မနေဘူး၊ မယ်မယ် လိုက်သွားပြီး နေမယ်ဆို နင့်အဘုန်းက ပျော်မှာ မဟုတ်ဘူး။ အဘုန်း မပျော်ရင် မယ်မယ်လည်း မပျော်ဘူး"
"အဘုန်း" ဆိုလို့ အဘုန်းဆိုတာ အိုအို မယ်မယ်ရဲ့ အဖေပေါ့။ မြန်မာလိုဆို "အဘိုး"ပေါ့နော်။ အိုအိုမှာ အဘွားတော့ မရှိတော့ဘူး။ အဘုန်းက ဒုံးပုလဲအော်မှာ တခြားသမီးတစ်ယောက်နဲ့ နေတယ်။ ကျောင်းပိတ် ရင် အဘုန်းတို့ရွာမှာ သွားနေရင်းရေကူးသင်ရတာ ပျော်စရာကောင်းတယ်။ အဘုန်းလာရင် ပင်လယ်စာ တွေ ပါလာတတ်တယ်။ သဲပလုပို့ ငါးပလုပ်တို့လို စားလို့ရတဲ့ အရာတွေပေါ့။ အခုဆလုံ ပွဲတော်မှာ အဘုန်းလည်း လာမယ်တဲ့။ ပျော်စရာတွေကတော့ တစ်လှေကြီးပါပဲ။
ပြောရင်းဆိုရင်းက တဖြည်းဖြည်းနီးလာပြီ။ မနက်ဖြန်ဆို ပွဲတော်အကြိုနေ့၊ ဧည့်သည် လှေသင်္ဘောတွေ ဆိုက်တော့မှာတဲ့။ မြိတ်တို့ကော့သောင်းတို့ဘက်က လူတွေကတော့ ရိုးနေပြီ။ အိုအိုရန်ကုန်ကလူတွေကို မြင်ချင်တာ၊ ရုပ်ရှင်မင်းသားတွေ မင်းသမီးတွေလည်း ပါမယ်တဲ့။ အိုအိုလား ဝေဠုကျော်ကို ကြိုက်တယ်။ ခိုင်သင်းကြည်ကို ကြိုက်တယ်၊ သူတို့ပါလာရင် ကောင်းမှာ၊ နိုင်ငံခြားသားဆိုတာကြီးကိုလည် အိုအိုမြင်ဖူး ချင်လိုက်တာ။ မြင်ရင်တော့ ဆရာမသင်ထားပေးသလို How are you လို့ နှုတ်ဆက်လိုက်မှာပေါ့။
တကယ်တမ်း ကျွန်းပေါ်ကိုဧည့်သည်တွေ တက်လာတော့ အိုအိုတို့မှာ အပျော်လွန်ပြီး မူးတောင်မူး ကုန်တယ်။ လူတွေ...လူတွေများလှတဲ့ လူတွေ။ ဦးထုပ်ဆောင်းထားတဲ့လူ၊ ဂျင်းဘောင်းဘီဝတ်ထားတဲ့လူ၊ တိုက်ပုံ အကျ ၀တ်ထားတဲ့လူ၊ မိန်းမတွေမှာလည်း ဆံပင်အနီနဲ့မိန်းမ အ၀ါနဲ့မိန်းမ၊ နေကာမျက်မှန်နဲ့မိန်းမ၊ ဂါဝန် ကားကား ကြီးနဲ့မိန်းမ၊ ပုပုရွရွလှလှချောချော အို ဘယ်သူ့ကိုကြည့်ရမှန်းတောင် မသိဘူး။ မူးလိုက်တာ။
"အို...လုအ၀ှီး... နာကျိဆမ်း...ဂျလန်ကပ်တိုင်း-အိုး...ကူဂျက်နာ ကျိဆန်း..."
အိုအိုတို့ နားမယဉ်တဲ့ ဆလုံသီချင်းကလည်း ခလုပ်နှိပ်လိုက်ရင် အသံထွက်တဲ့ ဆီကနေထွက်လာလိုက်တာ၊ မယ်မယ် တို့ကတဲ့ အကလောက်မကြိုက်ပါဘူး၊ ရွာမှာပျော်ပွဲ ရွှင်ပွဲနတ်တင်ပွဲဆို မယ်မယ်တို့ ရွယ်တူတွေ စုပေါင်း က, နေကျ။ ထမင်းချက်တဲ့ ဒန်အိုးကြီးတွေ ပလတ်စတစ်ပုံးတွေကို ယောက်ျားတွေက အားရပါးရတီး၊ မိန်းမတွေက အားရပါးရက၊ အမယ်ကြီးတွေက အားရပါးရဆို၊ အခုတော့ ခလုပ်နှိပ်ရင် အသံမြည်တဲ့ ဟာကြီးနဲ့ ဆိုနေတာ ဆလုံသီချင်းတဲ့လား၊ ကတဲ့လူတွေ ၀တ်ထားတာက မျက်စိနောက်စရာ၊ အဲဒါ ဆလုံ ၀တ်စုံတဲ့လား။ အိုအိုရယ်ချင်တယ် ၊ ဆလုံဝတ်စုံအစစ်ဆိုရင်.......အပေါ်ပိုင်းအ၀တ်မ၀တ် ဘူးလေ အဲဒါ ဆလုံဝတ်စုံပေါ့။
ထားဝယ်သူလေးတွေ ရေအိုးရွက်ပြီးက, တာ သိပ်ကြည့်လို့ကောင်းတယ်။ ရဟယ်ရှင်×××ရဟယ် ရှင်××× လို့ဆိုပြီးကတဲ့ ယိမ်းလည်းကောင်းတယ်။ ဖျော်ဖြေရေးတွေ ခဏနားတော့ အိုအိုလည်း ပွဲကြည့်စင်နားက တိုးထွက်လာမိတယ်။ ဟူး...ချွေးတွေကိုရွှဲလို့။ ကမ်းခြေသောင်စပ်ဘက် လေကောင်း လေသန့်ရှုဖို့ ထွက်လာလည်း လူတွေကသောင်ပြင်မှာ ခြေရာချင်းထပ်နေလေတော့ လူကြဲပါးမယ်ထင် ရတဲ့ အနောက်ဘက် ကမ်းခြေဘက် ထွက်လာမိတယ်။
အနောက်ဘက်ကမ်းခြေကို သွားချင်ရင် ကုန်းမြင့်ပြေပြေကို တက်ရဦးမှာပါ။ အဲဒီဘက်အခြမ်းမှာတော့ တည်းခိုဆောင်အချို့အပြင် ဘာမှမရှိဘူး။ အေးအေးဆေးဆေး ရေကူးချင်သူတွေတော့ သွားကြမယ် ထင်တယ်။
အိုအိုတစ်ယောက်တည်း တောတန်းကလေးကနေ ကွေ့ပတ်တက်လာတော့ မမျှော်လင့်တဲ့အသံ တစ်သံကို ကြားလိုက်ရတယ်။
အလို...
ကောင်းမငယ်တစ်ယောက်ငိုနေပါလား။ အ၀ါပွင့်ပါတဲ့ ဂါဝန်ကလေးနဲ့ ကောင်းမငယ်ဟာ အိုအိုနဲ့ ရွယ်တူလောက် ရှိဦးမှာပါ။
"ဧည့်သည်ကောင်မငယ်...ဧည့်သည်ကောင်မငယ်"
ငိုနေတဲ့ မျက်လုံးတွေနဲ့ လှမ်းကြည့်ပေမယ့် အိုအို့အသံကို နားလည်ဟန်မတူဘူး။ သူ့ကို ကောင်မငယ် လို့ခေါ်တာ ထူးဆန်းနေသလား။ ဒါပေမယ့် အသံတော့ထွက်လာတယ်။
"ငါ့ကို...ငါ့ကိုကူညီပါ။ အန်တီ...အန်တီ"
သူပြောနေတဲ့အန်တီဆိုတာ အိုအိုနားမလည်ဘူး။
"အန်တီ...ဘာလဲ"
"ဟိုဒင်း...အဒေါ်...အဒေါ် ငါ့အဒေါ်နဲ့ကွားသွားလို့"
ရပြီ...ဒီလောက်ဆို သဘောပေါက်ပြီ၊ ငါကူညီမယ်လို့ပြောပြီး ကောင်မငယ်ရဲ့ လက်ကိုဆွဲ တော့တွန့်ဆုတ်တွန့်ဆုတ်နဲ့ ရုန်းတယ်။ အင်းလေ အိုအိုပုံစံက သူတို့မြို့ကကောင်တွေ လိုမဟုတ်လို့ နေမှာပေါ့။ သူ့ကို ကိုယ်ကလည်း ကူညီရဦးမယ်၊ သူဖြစ်နေပုံက အိုအိုနဲ့ မတူသလို မတန်သလို။ အိုအိုဆလုံ ဖြစ်နေလို့လား။
အဖေရှိတဲ့ ဆလုံအထိမ်းအမှတ်ပစ္စည်းတွေပြထားတဲ့ အခန်းမှာတော့ လူတွေဆိုတာ ကြိတ်ကြိတ်တိုးလို့၊ ဟော...ဖျော်ဖြေရေးအစီအစဉ်တောင် ပြန်စတော့မယ်။ အဖေက အိုအိုနဲ့ ၀ါဝန်မလေးကို မြင်တော့အံ့အားသင့်လို့။ အကြောင်းစုံပြောပြတော့ အဖေက ၀ါဝန်မလေးကို စိတ်မပူနဲ့ သမီး၊ ဦးလေးကူညီမယ်တဲ့။ အဖေ့ကိုတော့ စကားသံကြောင့် သူကချက်ချင်းယုံကြည်သွားတဲ့ပုံပါပဲ။
ပြန်ကြားရေး ကိုရောက်တော့ အသံချဲ့စက်နဲ့ နာမည်တစ်ခုကို အော်ပေးလိုက်တာ မကြာခင် အဆင်ပြေသွားပါတော့တယ်။ စောစောကသူပြောတဲ့ အန်တီဆိုတာနေမှာပေါ့။ သြော်အန်တီဆိုတဲ့မိန်းမက တော်တော်ချောတာပဲ။ ပင်လယ်သူတွေနဲ့ကွာပါ့။ ဟာ...ဟ ဂါဝန်ဝါမလေးက ဒီလိုတော့ပြုံးလို့ပျော်လို့၊ သူပြုံးရင်ပါးချိုင့်ကလေးပေါ်သွားတာ ချစ်စရာ။
"ကျေးဇူးတင်လိုက်တာဟယ်၊ ငါ့အန်တီနဲ့ပြန်တွေ့အောင် ကူညီတာ၊ ငါ့နာမည်ချယ်ရီတဲ့။ နင်နာမည်ရော..."
"နာမည်လား ဗီတာ"
"ဗစ်တာလား"
"ဟင်အင်း ဗီတာ"
"ခေါ်ရခက်လိုက်တာဟာ ငါတော့ဗစ်တာပဲ ခေါ်မယ် လာ...ဟိုမှာသွားကြည့်ရအောင်၊ ပွဲပြန်စတော့မယ်"
ဟင်...သည်လိုဆိုတော့ ဂါဝန်မလေး...အဲလေ ချယ်ရီကအိုအို့ကို လက်တွေဘာတွေ ဆွဲလို့။ စောစောကနဲ့ တခြားစီ။ ဒါဆိုစောစောကနဲ့ သူ့လက်ကို အကိုင်မခံတာ အိုအို ဆလုံဖြစ်နေလို့ မဟုတ်ဘူးပေါ့။
ဟော...
အို...လုအ၀ှီးနာကျိဆမ်း×××
ညရောက်တော့ မီးပုံပွဲနားမှာ လူတွေအုံပြီး ကနေကြတာ ငြီးငွေ့လာလို့ အဖေရှိတဲ့ပြခန်း ဘက်သွားရင် ကောင်းမလား၊ အိမ်ပြန်ရင် ကောင်းမလား၊ ဗွီအိုင်ပီတွေနဲ့ တိုးကျပ်နေတဲ့ အိမ်မှာလည်း အိပ်စရာမရှိ၊ ရေလယ်မှာ ဆိုက်ကပ်ထားတဲ့ သင်္ဘောကြီးဆီက ဗျောက်အိုး မီးပန်းတွေတက်လာတာ ငေးကြည့်ရင်း ချယ်ရီတစ်ယောက်ဘယ်လိုနေမှာပါလိမ့်လို့် တွေးနေမိတယ်။
"ငါတို့ရောက်တော့ အဆောင်တွေက ပြည့်နေပြီဟ၊ ငါ့အန်တီက ကုမ္ပဏီမှာ လုပ်တော့ အဖွဲ့နဲ့လာတာ၊ အဖွဲ့သားတွေက များတော့ အဲဒီဘက် မျက်နှာကအဆောင်တွေဆီ ရောက်သွားတာ၊ အလာတုန်းက သင်္ဘောကြီးပေါ်မှာ ကြောက်လိုက်တာဟယ်၊ ငါ့မှာ တစ်ချိန်လုံး အန်နေတာ၊ ဒီရောက်တော့ ပင်ပန်းပြီး အိပ်ပျော်သွားတာ သူများနိုးလို့ ကိုယ်မနိုးတော့ ကျန်ခဲ့တာပေါ့၊ အန်တီက အိပ်စေဆိုပြီး ချန်ခဲ့တာပါ။ ငါနိုးတော့ ရှေ့မှာ ပင်လယ်ပဲမြင်ရတာ ကြောက်တာပေါ့။ ကြောက်တာနဲ့ အန်တီတို့နောက် လိုက်မယ်ဆိုပြီး ထွက်လာတာ လမ်းမှားပြီး နင်နဲ့တွေ့တာလေ"
ချယ်ရီ့အသံကလေးက နားထောင်ကောင်းလိုက်တာ၊ သူ့အန်တီက အဖေနဲ့ တွေ့ပြီး အိုအို ကို အဖေ့သားမှန်းလည်းသိရော ချယ်ရီကို စိတ်ချသွားတယ်ထင်ပါရဲ့။ ကမ်းခြေမှာ ခရုကောက်သွားမယ်ဆို ထည့်တာပဲ။ အိုအိုတို့ အဘိုး ဒုံးပုလဲအော်က ရောက်လာပြီး ဆလုံ ရိုးရာ လှေတော်ပြိုင်ပွဲဝင်တာ သွားကြည့်မယ်ဆိုလည်း ထည့်တာပဲ။ တောထဲက သစ်တုံး ကြီးသုံးတုံးကို ရွယ်တူဖြတ်ပြီး အဖွဲ့သုံးဖွဲကခွဲလို့ လှေတော်ပြိုင်ကြတာ၊ အဘိုးက ခါးတောင်းမြိုင်အောင် ကျိုက်ပြီး သစ်တုံးကို ထွင်းကလော်နေတော့ ချယ်ရီက ဖင်ပြောင်ကြီး ဖင်ပြောင်ကြီးလို့ လက်ခုပ်လက်ဝါးတွေတီး ရယ်နေပုံက ချစ်စရာ၊ အဘိုးနဲ့ အတူ ပါလာတဲ့ ၀ါးပလုပ်ကို သကြားနဲ့ခေါက်ပြီး ကျွေးတာကို ကြိုက်ပေမယ့် သဲပလုပ်ကို တော့ ဟိုအကောင်နဲ့တူလို့ ရွံသတဲ့။
အိုအိုလည်း ချယ်ရီဆို ဘယ်လိုစေတနာပေါက်နေမှန်းမသိ အဖေတောင်းကုန်းက မပေးဖြစ် ဘဲ ဥစ္စာခြောက်ထားတဲ့ ခရုခွံလှလှလေးတွေထုတ်ပေးတော့ ချယ်ရီမှာ ပျော်သွားလိုက်တာ။ သူ့လည်ပင်းက ကြိုးကလေးကို အမှတ်တရ ဖြုတ်ပေးတော့ အိုအို မယူရဲဘူး။ မြို့ကလူတွေ ချမ်းသာတော့ တန်ဖိုးကြီးပစ္စည်းတွေ သုံးမှာပေါ့ အိုအိုတို့နဲ့ မတန်ပါဘူး။
"ယူပါ...ဗစ်တာရဲ့ ဒါက ပြဿနာမရှိပါဘူး၊ ဖန်စီပစ္စည်းပါ"
"ဖင်စီ ဟုတ်လား"
ဖင်စီမဟုတ်ပါဘူး၊ ဖန်စီပါ၊ ဖန်စီဆိုတာ ပေါ့ပေါ့ ပါးပါး ဈေးချိုချိုနဲ့ ၀ယ်ယူ အသုံးပြုလို့ရတဲ့ ပစ္စည်း ဆန်းဆန်းလှလှလေးတွေကို ပြောတပြါ။ ဒီဖန်စီဆွဲကြိုးလေးကို ချယ်ရီ သိပ်ကြိုက်တယ်။ ဗီတာ့ကို အမှတ်တရပေးတာလေ။ ဗစ်တာပေးတဲ့ ရောင်စုံခရုကလေးတွေကိုတော့ ဧည့်ခန်းက စာအုပ်စင်မှာ အလှထားမယ်နော်"
"ဒါဆို ကမ်းခြေက ကောက်သွားတဲ့ ခရုခွံအသေးလေးတွေကရော ဘယ်မှာသုံးမှာလဲ"
"အင်း... အဲဒါက အပေါက်ကလေးတွေ ဖောက်ပြီး အင်္ကျီလက်ဖျားတွေ၊ ကော်လာ အနားတွေမှာ သီမယ်လေ၊ ပင်လယ်က ရတဲ့ပစ္စည်း ရန်ကုန်ရောက်တော့ ဆန်းနေမှာပေါ့"
အိုအိုတော့ ချယ်ရီပြောနေတာတွေကို နားမလည်တော့ဘူး။ ခရုခွံတွေ အင်္ကျီမှာ ထည့်သီ မယ်ဆိုတာ အင်းလေ သူတို့မြို့ကြီး ပြကြီးက အိုအိုတို့ နားမလည်တာတွေနဲ့ အပြည့်ဖြစ်နေမှာပါ။ ဒါမဆန်းပါဘူး၊ အိုအိုတို့ ဆီမှာလည်း သူတို့နားမလည်တာတွေ အများကြီး မဟုတ်လား။ ဒါတွေ မြင်ဖူး၊ တွေ့ဖူးချင်လို့ မြို့ကနေ သင်္ဘောကြီးနဲ့ တကူးတက လာတာမဟုတ်လား။ အဖေတို့ ပြတဲ့ ဆလုံပြခန်းတွေမှာ လူတွေ တိုးနေတာကြည့်ပါလား။ ပြခန်းနဲ့ ကပ်နေတဲ့ ပန်းချီ အရောင်းခန်းမမှာ လည်း ဆွဲထားတဲ့ပုံက ပင်လယ်မြင်ကွင်းတွေချည်း အဲဒီအထဲမှာ အမေ့ပုံတောင် ပါသေးရဲ့။ အဖေ ကတော့ နင့်အမေဟာ မြို့မှာသာဆို မော်ဒယ်ဂဲလ်ဖြစ်ပြီတဲ့။ မော်ဒယ်ဂဲလ်ဆို ဘာလဲအဖေ ဆိုတော့ ပန်းချီဆွဲဖို့ ရှေ့မှာ သရုပ်ပြထိုင်ပေးတဲ့လူကို ပြောတာတဲ့။ ပွဲတော်ပြင်ဆင်နေဆဲ ရက်တွေ မှာအမေ့ပုံကို ပန်းချီဆရာတွေ လာဆွဲကြတာလေ၊ ပုံထဲမှာ အမေကတော့ ရှင်းရှင်းကလေးပဲ၊ ထဘီ ရင်လျားမှာ ခရုပုတီးတစ်ကုံးဆွဲလို့။ အဖေကတော့ အမေ နားမလည်တဲ့ စကားနဲ့ နချရယ် ဘူးသီးလို့ စနေလေရဲ့။
အခုအချိန်ဆို ချယ်ရီ ဘယ်မှာရောက်နေပါလိမ့်၊ မီးပုံပွဲမှာ မရှိတာတော့ သေချာပါတယ်။ နယ်လှည့်ဆက်ဆံရေးတပ်က လာပြတဲ့ ဇာတ်ပွဲမှာရော ရှိမှာလား၊ ဒါမှတဟုတ် အနောက်ဘက်က အဆောင်မှာ စောစောစီးစီး ပြန်အိပ်နေပြီလား။ မနက်ဖြန် နေ့ခင်းလောက် သင်္ဘောကြီး ပြန်ထွက် မယ်ဆိုတော့ ချယ်ရီတို့လည်း ရန်ကုန်ပြန်ပြီပေါ့။ နောက်တစ်ခါ ပြန်တွေ့ဖို့ဆိုတာ လွယ်တာမဟုတ်ဘူး၊ ဒါကြောင့် ချယ်ရီ ပြန်ခါနီး တစ်ခုခု ပေးချင်စိတ်တွေ များနေလို့ ဘိုတဲတွေဘက် လာခဲ့ပါလို့ မှာထားတယ်။ မေ့များမေ့နေလို့ကတော့...
လူတွေဟာ လာတုန်းကလည်း ကပျာကရာ၊ ပြန်တော့လည်း ကသုတ်ကရက်၊ ကော့သောင်း၊ ဘုတ်ပြင်းဘက် ထွက်မည့် လှေတွေက ရေလယ်မှာဆိုတော့ သမ္ဗာန် ကလေးတွေနဲ့ ကူသယ်ခေါက်သည်ပေါ့။ ပျားအုံကို တုတ်နဲ့ထိုးသလို မွစိတက်နေတဲ့ လူတွေကို ဖြတ်ကျော်ပြီး ဘိုတဲတွေဆီ ထွက်လာတော့ အဲဒီဘက်ကမ်းခြေမှာ လူတွေရှင်းလင်းနေရဲ့။ ဘိုတဲတချို့မှာ ဘိုတွေ ရှိနေတုန်း၊ သူတို့မှာ ဓာတ်ပုံတွေ ရိုက်မဆုံးသေးဘူး။
အိုအို ရောက်ပြီး မကြာဘူး၊ ချယ်ရီရောက်တာ။ ဒီနေ့တော့ ဂါဝန်ဝါမလေး မဟုတ်တော့ဘူး၊ ဂါဝန်ပြာမလေး ဖြစ်နေပြီ။ ကောင်းကင်က ပြာပြာ ရေပြင်က ပြာပြာ၊ ဂါဝန်ကပြာပြာ...
"ဟေး... ဗစ်တာ၊ အန်တီတို့အဖွဲ့ ကျွန်းကို တစ်ပတ် ပတ်ကြည့်မယ်ဆိုပြီးလှေနဲ့ ထွက်သွား ကြပြီ၊ နင်ငါ့ကို လက်ဆောင်ပေးဦးမယ်ဆို မြန်မြန်ပေးလေ"
"ပေးမှာပေါ့ဟ... ပေးချင်လို့ ဒီကိုခေါ်ထားတာ ခဏလေး"
အိုအိုလေ ပြောပြောဆိုဆို အပေါ်အင်္ကျီချွတ်ပြီး ဘောင်းဘီတိုကလေးနဲ့ ၀ုန်းဆို ရေထဲခုန်ချ လိုက်တာပေါ့။ ဘိုတဲတွေက ရေထဲထုတ်ထားတာဆိုတော့ ခုန်ချတာနဲ့ ရေနက်ထဲရောက် သွားရော နည်းနည်းလေး ဆက်ငုပ်လိုက်တာနဲ့ အိုအို လိုချင်တဲ့ အရာကို စမ်းမိ တယ်။ ဒါတိုင်း ဒီလောက် ယူရမခက်ပါဘူး၊ အခုစိတ်လှုပ်ရှားနေလို့လား မသိဘူး ခဲရာခဲဆစ် ဖြုတ် နေရတာ၊ ကျိုးသွားပဲ့သွားလို့ မဖြစ်ဘူး။ ဒါမျိုးက မကျိုးမပဲ့မှ အဖိုးတန်တာ။ ဟော... ရပြီ... ရပြီ..
အိုအို ရေပေါ်ကို ဘွားခနဲ့ ပေါ်လာတော့ ဘိုတဲပေါ်မှာ လူတွေအများကြီး ဖြစ်နေပြီ၊ အံ့သြစရာ၊ ဟင်... ချယ်ရီကလည်းငိုလို့။
"ကောင်းလေးတစ်ယောက် ရေထဲဆင်းသွားတာ မပေါ်လာတော့ဘူး။ လုပ်ပါဦး-ကယ်ပါဦး ဗစ်တာ... ဗစ်တာရေ..."
"ရေထဲ ဆင်းသွားတာ ဧည့်သည်လား၊ ဒီကရွာခံလား..."
"ဆလုံဆိုရင် မပူနဲ့ ပြန်ပေါ်လာလိမ့်မယ်"
တစ်ယောက် တစ်ပေါက် အသံဗလံတွေ ဆူညံလှချည့်၊ လက်စသတ်တော့ အိုအို မပြောမဆို ရေထဲဆင်းသွားတာ ချယ်ရီလန့်သွားတယ် ထင်ပါရဲ့။ ရေနစ်ပြီလို့လည်း ထင်နေမှာ အိုအိုကို မြင်တော့ လူတွေ သဘောပေါက်သွားကြတယ်။
ချယ်ရီကလည်း အငိုမျက်လုံး အပြုံးမျက်နှာနဲ့
"ဘာဖြစ်ရမှာလဲ၊ နင့်အတွက် ကျောက်ပန်းခက် ဆင်းငုပ်တာလေ"
"ဘုရားရေ..."
"ဒီကျောက်ပန်းခက်က ရေအောက်မှာနေတာ အောက်မှာ ရေညှိရေမှော်တွေနဲ့ဆိုတော့ ညှီနံ့နံ့နေသေးတယ်၊ မြို့ရောက်ရင် မိုးရေထဲ ပစ်ထားလိုက်၊ ဒါဆို ဖွေးဖွေးဖြူလာမယ်၊ နင့်အတွက် ငါ့ရဲ့ လက်ဆောင်၊ နင်ပြောတဲ့ ဖန်စီတော့ မဟုတ်ဘူးနော်"
စီတော့မှ ချယ်ရီက ဟက်ဟက်ပက်ပက် ရယ်ပြီး ကျောက်ပန်းခက်ကြီးကို လှမ်းပွေ့တယ်။ လူတွေကလည်း အုံကြည့်လို့၊ အဖေတို့ ပြခန်းဘက်ရောက်တော့ အဖေက စက္ကူဗူးကလေး တစ်ခုထဲကို ထည့်ပြီး အပြင်က သေသေချာချာ ကြိုးနဲ့ ချည်ပေးတယ်။
"ဗစ်တာရယ်၊ ငါ နင့်ကို ဘယ်တော့မှ မမေ့တော့ပါဘူး။ ရေအောက်မှ ခဲရာခဲဆစ် ဆင်းငုပ်ပေးတဲ့ လက်ဆောင်ကို အမြတ်တနိုးထားပါမယ်။ နင်တို့ ဆလုံတွေမှာ သဘာဝတရားက ပေးအပ်တဲ့ စွမ်းအင်တစ်မျိုး ရှိတယ်ဆိုတာ ငါယုံသွားပါပြီ။ နင်နဲ့ ခင်မင်ခဲ့ရတာ၊ နင်ကျွေးတဲ့ အစာတွေ စားရတာ၊ နင်ပေးတဲ့လက်ဆောင်တွေ ယူရတာနဲ့ ပတ်သက်ပြီး မြို့က ငါ့သူငယ်ချင်းတွေကို ပြောပြပါ့မယ်။ နင့်ပုံတွေလည်း ဟောဒီ ငါ့ကင်မရာလေးထဲမှာ အများကြီး။ ဘယ်တော့်မှ မမေ့ကြေးနော်။ နောင်နှစ် ဆလုံပွဲတော်မှ ငါလာဦးမယ်၊ နင်မျှော်နေပေါ"
အဲဒီနေ့က အနောက်ဘက် အဆောင်ကနေ အိုအို ကိုယ်တိုင် သင်္ဘောကြီးပေါ်ကို လိုက်ပို့ ဖြစ်တာ အမှတ်တရ ပါပဲ။ အဖေလည်း မနေနိုင် မထိုင်နိုင် သူ့ပြခန်းကြီးပစ်ပြီး အိုအို သွားချင်တဲ့ နောက်လိုက်ပေးရတာ။ သင်္ဘောကြီးက အခြားလှေတွေလိုပဲ ရေလယ်မှာပဲ ဆိုက်ထားတာမို့ သမ္ဗာန်သုံးစီးနဲ့ လိုက်ပို့ရတာပါ။ အပေါ်မှာ လူပိုနေခွင့် မရှိလို့ ကျွန်မကြီးဆီ မြန်မြန် ပြန်လာပြီး ဘိုတဲ တွေပေါ်ကနေ သင်္ဘောကြီးကို ခပ်ငေးငေးကြည့်နေမိတာ အိုအို တစ်ယောက်တည်းပေါ့။
သင်္ဘောကြီး ထွက်တော့ လက်ရန်းကို မှီပြီး ဗိုလ်ချိုကျွန်းကို ငေးနေတဲ့ ဂါဝန်ပြာပြာကလေး မျက်စိရှေ့က ပျောက်တဲ့အထိ ဘိုတဲပေါ်မှာ အိုအို ထိုင်နေမိတယ်။ သွားကြပြီ၊ သွားကုန်ကြပြီ၊ ရင်ထဲမှာ ဟာတာတာနဲ့ ဘယ်လိုခံစားမှုမျိုးမှန်း မသိတဲ့ ခံစားမှုတစ်မျိုး အိုအို စိတ်ကို လေးပင်စေတယ်။ တစ်ယောက်ယောက်ကို ပြောပြလို့မရတဲ့ ပြောပြလို့ မတတ်တဲ့ ဟာမျိုးပါ၊ အိုအို မပျော်တာ သေချာပါတယ်။
သောင်ပြင်ဖြူဖြူမှာ ကျွတ်ကျွတ်အိတ်တွေ ပလူပျံလို့။ ပြခန်းတွေဆီက ဖြုတ်သိမ်းတဲ့ သစ်ဝါးတွေဟာ အပုံလိုက်၊ ဆလုံတဲတွေရှေ့မှာတော့ ဆလုံအဘွားအိုတွေဟာ ပူလွန်းလို့ ထင်ပါရဲ့ ထဘီရင်လျားနဲ့ သဲပြင်မှာဆင်းပြီး လူးလှိမ့်နေလေရဲ့။ သူတို့က သူတို့သဘာဝ အတိုင်း နေပေမယ့် လက်ကျန် မပြန်သေးတဲ့ နိုင်ငံခြားသားတွေ ဓာတ်ပုံရိုက်နေတာတော့ အိုအို မကြိုက်ပါဘူး။ ဆလုံဆိုတာ သဲတောမှာ တိုးနေတဲ့ လူလို့ ထင်သွားရင် ဘယ်လိုလုပ်မလဲ။
ပွဲတော် မစခင်တက်ကြွသလောက် ပွဲတော်ပြီးဆုံးသွားတဲ့အခါ အိုအို စိတ်တွေ မပျော်ရွှင် တော့တာ ဘာကြောင့်လဲ၊ ချယ်ရီဆိုတဲ့ မြို့သူလေးကြောင့် ထင်တယ်။ အသံစာစာကလေးကို နားထဲက မထွက်ဘူး။ ပါးချိုင့်ကလေးကိုရော၊ အငိုမျက်လုံး အပြုံးမျက်နှာကလေးကိုရော... လက်က အဖေ့ကို ကူနေရပေမယ့် စိတ်ကတော့ အဝေးမှာ၊ မျက်စိက သင်္ဘေးကြီးထွက်ခွာရာ ပင်လယ်ပြင်ဆီ။
တဖြည်းဖြည်းနဲ့ ဗိုလ်ချိုကျွန်းဟာ အရင်အတိုင်း နေသားတကျ ဖြစ်သွားပါပြီ။ အိုအိုတို့ ကျောင်းတွေလည်း ပြန်ဖွင့်ပြီ။ စာတွေလည်း ပြန်သင်နေရပြီ။ အဖေက အိုအိုကို စာကြိုးစားတဲ့၊ စာတတ်မှ လူရာဝင်မှာတဲ့၊ ငါ့သားကို မြို့ကြီးပြကြီးပို့ပြီး ပညာသင်စေမယ်တဲ့။ ဆလုံတွေ ဘ၀မြှင့်တင်ဖို့ ဆလုံတွေ စာတတ်မှ ဖြစ်မယ်တဲ့။ ကျောင်းမှာတော့ ဆလုံပွဲတော်ရဲ့ ပျော်စရာ ရွှင်စရာ အကြောင်းတွေတစ်ယောက်တစ်ပေါက် ပြောလို့မကုန်ကြဘူး။ တစ်ခါမှ မတွေ့ဖူးတာတွေ ကြာရဆိုတော့ ပြောမဆုံးဖြစ်နေတော့တာပေါ့။ ဒီကြားထဲမှာ အိုအို တစ်ယောက်ပဲ အသံတိတ်နေတာ။ မပြောချင်ဘူး၊ အိုအို ကြုံတွေ့ခဲ့ရတာတွေဟာ အိုအိုတစ်ယောက်တည်းနဲ့ သက်ဆိုင်တယ် မဟုတ်လား။ တခြားလူတွေ ကြားသွားမှာ စိုးတာလည်း ပါတာပေါ့။ ဘာကြောင့် မှန်းမသိ၊ ချယ်ရီအကြောင်းကို ဘယ်သူမှ မသိစေချင်ဘူး။ ဒါကြောင့် လူကြားထဲမှာ ဒီအကြောင်း တွေ မပြောဘူး။ ဒါပေမယ့် အဖေက သိတယ်၊ ဘာဖြစ်လို့လဲ မသိဘူး၊ အိုအို ပင်လယ်ဘက် မျှော် နေတဲ့ကိစ္စကို အဖေသိနေတယ်။ အဖေက တစ်ခွန်းပဲ ပြောတယ်။
"ချယ်ရီနဲ့ ပြန်တွေ့ ချင်ရင် စာကြိုးစား"တဲ့။
အချိန်တွေဟာ မြန်မြန်ကြီး ကုန်ဆုံးသွားတယ်။ ကောင်းကင်ကြီးက ပြာဆဲ၊ ပင်လယ်ပြင် လည်းပြာဆဲ၊ ဂါဝန်ပြာမလေးရေ... အခုဆိုရင် ခြောက်နှစ်ဆိုတဲ့ အချိန်ဟာ ဖြတ်သန်းလွန် မြောက် ခဲ့ပြီ။ ကျွန်တော်တောင် ဘုတ်ပြင်း အ.ထ.က က ဆယ်တန်းအောင်ခဲ့ပြီလေ။ ရွာကို ပြန်ရောက်တော့ အဟောင်းတွေ အသစ်ဖြစ်ပြီး ဂါဝန်ပြာ မလေးကို လွမ်းနေပါရော။
"အိုအိုလို့ မပြောနဲ့တော့လေ ငါ့သား ကလေးမဟုတ်တော့ဘူး၊ ဆယ်တန်းတောင် အောင်ပြီ။ အိုအို ဆိုတာ ကိုယ့်ကိုယ်ကိုယ် ကလေးလို့ပြောတဲ့အဓိပ္ပာယ် မဟုတ်လား၊ အခု ငါ့သား ယောက်ျားရင့်မကြီးဖြစ်ပြီ။ အဖေနဲ့ လှေလှော်ပြိုင်မလား၊ အနောက်ကမ်းခြေမှာ သွားပြေးကြမလား"
အဖေက သူ့သားရဲ့ သန်မာထွားကြိုင်းလာမှုကို အားရနေလေရဲ့။ အနောက်ကမ်းခြေဆိုလို့ နောင်နှစ်ဆလုံပွဲတော်မှာ လာဦးမယ် ဆိုသွားသူကို သတိရမိပြန်တယ်။ နောင်နှစ် ဆလုံပွဲတော်က ဖြစ်မှမဖြစ်တော့ဘဲ မိန်းကလေးရယ်၊ ကံကြမ္မာက တို့နှစ်ယောက်ကြားမှာ ရက်စက်လှချည့်။ အပျော်တွေ တို့မြည်းဖူးသွားတဲ့ ဆလုံတွေလည်း ပွဲတော် အပေါ် မျှော်လင့်ချက်တွေနဲ့ မောခဲ့ကြတာ အခုဆို ခြောက်နှစ်မြောက်ပါပြီ
အဖေဟာ စာကြိုးစားခဲ့တဲ့ သားအပေါ် ကတိတည်ဖို့ ကြိုးစားရှာတယ်၊ အမေကတော့ အဖေ့အစီအစဉ်ကို လက်မခံချင်ပါဘူး။ ဘုတ်ပြင်းမှာ သွားထားခဲ့ရတဲ့သားကို အခု ရန်ကုန်ပို့ဦး မယ်ဆိုတော့ အမေဘယ်ကြိုက်ပါ့မလဲ။ ဒါပေမယ့် အိမ်မှာ အဖေ့ဆုံးဖြတ်ချက်က အတည်ပါ။
"ကိုယ့်မိတ်ဆွေ ဦးစောဂျက်က အဏ္ဏ၀ါစိုး ကုမ္ပဏီဆိုပြီး ငါးပုစွန်အိတ်စပို့လုပ်ငန်း လုပ် နေတယ်။ အရင်တုန်းက ၀ါးကျွန်းနဲ့ ယိုးဒယားပေါ့၊ အခု ရန်ကုန်မှာ ဖွင့်နေပြီ၊ အဲဒီမှာ အလုပ်လုပ် ရင်း ဘွဲ့တစ်ခုရအောင် ယူရမယ်။ ပင်လယ်ကြီး ရှိနေသရွေ့ ပင်လယ်နဲ့ အသက်မွေးမှုလုပ်ငန်းတွ ဘယ်တော့မှ မတိမ်ကောဘူး။ ပင်လယ်သားတစ်ယောက် အနေနဲ့ ဒီလုပ်ငန်းကို လေ့လာသင်ယူပြီး နိုင်ငံတကာဆီ တိုးဆန့်လှမ်းဝင်နိုင်ရမယ်။ ငါ့သား ရှေ့ကို ရောက်သွားရင် အဖေ့ပင်လယ် ထွက်ကုန် ဈေးကွက်လည်း ကျယ်ပြန့်လာနိုင်တယ်။ ဒါကြောင့် မင်း ရန်ကုန်ကို သွားမှ ဖြစ်မယ်။
ဒီလိုဆိုတော့ အမေ့ခများဘာမှ မပြောရှာတော့ပါဘူး။ ကျွန်တော့် အောက်မှာလည်း မောင်လေး ညီမလေး သုံးယောက်တာဝန် ရှိနေသေးတာကိုး။ ဒီလိုနဲ့ ရွာကနေ ကျွန်တော် ထွက်ခွာဖို့ ပြင်ဆင်ရပါတော့တယ်။ ကော့သောင်း လှေကြုံစောင့်ရင်း ကော့သောင်းကမှ ရန်ကုန်ကို လေယာဉ်နဲ့ သွားရမှာပါ။ သွားခါနီးတော့ အဖေက...
"မင်း ဟိုရောက်ရင် နေရေးစားရေး ကုမ္ပဏီမှာပဲ စီစဉ်ပေးလိမ့်မယ်။ ပညာရေးနဲ့ ပတ်သက်တဲ့ စာရွက်စာတမ်းတွေပါအောင် ထည့်နော်၊ ဟောဒီမှာ... လိပ်စာကတ်ပြားလေးတစ်ခု၊ ဒါ ချယ်ရီ့အပေါ် အန်တီ ဒေါ်မြတ်မြတ်စိုးရဲ့ လိပ်စာကတ်ကလေးပါ။ ရန်ကုန် ရောက်လို့ နေသားကျရင် မင်းသွားရှာလို့ရပြီပါ့။ ငါ့သား တာဝန်ကျေသလို အဖေလည်း တာဝန်ကျေပြီနော်"
လက်ထဲက လက်သုံးလုံးစာ ကတ်ပြားကလေးကို ကျွန်တော် မျက်လုံးပေါက်ထွက်မတတ် စိုက်ကြည့်နေမိတယ်။ လွန်ခဲ့တဲ့ ခြောက်နှစ်က ပေးသွားတာမို့ ၀ါကျင့်ကျင့် ဖြစ်နေပေမယ့် ကျွန်တော့်အတွက်တော့ မျှော်လင့်ချက်အလင်းတွေ ပြိုးပြက်စေမယ့် အရာကလေးပဲပေါ့။ ဒါကြောင့် အဖေက ကျွန်တော့်ကို စာကြိုးစားခိုင်းတာကိုး၊ ဆလုံတစ်ယောက် ရန်ကုန်ရောက်ရမယ့် ကိစ္စဆိုတာ လွယ်တာမှတ်လို့။ အခုတော့ တကယ်ရောက်ရတော့မယ်ပေါ့။ ချယ်ရီနဲ့လည်း...။ ကျွန်တော် ချယ်ရီပေးသွားတဲ့ ဖန်စီကြိုးကလေးကို လည်ပင်းမှာ စမ်းလိုက်မိတယ်။
တောသားမြို့တက်ဆိုတာ ဒါမျိုးထင်ပါရဲ့။ ကျွန်တော် ဘယ်သွားသွား ဘတ်စ်ကား မစီးတတ်သေးဘူး။ ရန်ကုန်ရောက်တာ တစ်ပတ်ကျော်ပြီ၊ ဘယ်သွားသွား တက္ကစီနဲ့။ အခုလည်း လိပ်စာကတ်ပြား လေးထဲက အတိုင်းသွားဖို့ တက္ကစီပဲ ငှားလာရတာလေ။ မယ်မယ် ပေးလိုက်တဲ့ တင်းပေးခြောက်တွေ၊ ငါးလိပ်ကျောက်အူခြောက်တွေ၊ ရေခူတွေဆိုတာ နည်းတဲ့အထုပ်ကြီး မဟုတ်ဘူး။ ကျွန်တော့်ပုံက ကိုးရိုးကားရားများ နိုင်မလား။ ဘုတ်ပြင်းမှာ ကျောင်းတက်လာရတာဆိုတော့ တောဂိုက်မပေါက် အောင်တော့ ၀တ်ဆင်လာပါတယ်။
လိပ်စာအတိုင်းကာ့းရပ်တော့ ခြံဝင်းတစ်ခုထဲက တိုက်ပြားကလေးကိုဝင်ဖို့ ရှိန်သွားတယ်၊ အသားဖြူ၀၀ အမယ်ကြီးတစ်ယောက်ထွက်လာပြီး မေးတော့ ဒေါ်မြမြစိုးရဲ့ လိပ်စာကတ်နဲ့ အဖေရဲ့မိတ်ဆက်စာကို ပြလိုက် တယ်။ "၀င်ပါမောင်ရင်……..၀င်ပါ။ ဗိုလ်ချိုကျွန်း မကြုံဂလတ်ကဆိုရင်တော့ မြတ်မြတ်ရဲ့ မိတ်ဆွေဆိုတာ အဘွား ယုံပါတယ်။ မြတ်မြတ်တော့ မရှိဘူးကွဲ၊ သူ့အလုပ်က နေပြည်တော်ကို ပြောင်းသွားရတော့၊ အင်း……… ချယ်ရီ တော့ရှိတယ်၊ အခု ကွန်ပျူတာသင်တန်းတစ်ခုတက်နေတာ လာတော့မှပါ၊ ၀င်ထိုင်ပြီးစောင့်ကွဲ၊ အဘွားကော်ဖီ ဖျော်လိုက်ဦးမယ်"
ဧည့်ခန်းက မွှေးမွှေးအေးအေးကလေးမို့ ခြေမချရက်စရာ၊ ကြမ်းပြင်ကလည်းပြောင်၊ ဆက်တီ တွေက လည်းလှ၊ ကျွန်တော်ပါလာတဲ့ ပင်လယ်စာ အထုပ်ကြီးအခန်းထောင့်မှချပြီး မရဲတရဲ ဆက်တီထိုင်ခုံပေါ်မှာ ထိုင်လိုက်တယ်။ အလို…….နံရံပေါ်မှာ ဓာတ်ပုံတွေအများကြီးပါလား၊ သေသေချာချာကြည့်တော့ ချယ်ရီတို့ဆလုံ ပွဲတော်လာတုန်းက ရိုက်သွားတဲ့ပုံတွေပါလား။
အဲဒိတုန်းက ချယ်ရီက ငယ်ပေမယ့် ဓာတ်ပုံကောင်းကောင်း ရိုက်တတ်နေပြီ။ ရိုက်နေတာလည်း တဖျပ်ဖျပ်၊ ဟင်..ဒါ…….ဒါ ကျွန်တော်ပုံပါလား။ ဆလုံလှေတစ်စင်းပေါ်တက်ပြီး ပုံပေးနေတဲ့ ကျွန်တော်ပုံ မမေ့ သောဗစ်တာ…………တဲ့ စာတန်းရေးထားသေးရဲ့။
ကျွန်တော် စိတ်လှုပ်ရှားလွန်းလို့ အာခေါင်တွေတောင် ခြောက်လာပြီ၊ အဖေတို့ပြခန်းရှေ့မှာ ရိုက်တဲ့ပုံ၊ ဘိုဘဲတွေနောက်ခံပြီး ရိုက်တဲ့ပုံတွေကို တကူးတက ဧည့်ခန်းမှာ ချိတ်ထားတာ ချယ်ရီရဲ့ အနွေးဓာတ်လား၊ ဒီမှာ လည်းကျွန်တော် ရေအောက်ဆင်းငုတ်ယူပေးလိုက်တဲ့ ကျောက်ခက်ပန်းကြီးကို မှန်ပုံနဲ့ ထည့်ထားသေးရဲ့။ အောက်မှာ ရေးထားတာက " အသက်နဲ့ထပ်တူ" တဲ့ ဘာတွေလဲ ဘာအဓိပ္ပယ်လဲ။
" မောင်ရင် ကော်ဖီ ပူပူလေး သောက်လိုက်ပါဦး။ သြော်……..ဓာတ်ပုံတွေ ကြည့်နေတာထင်တယ်။ ဆလုံကျွန်က ပြလပြီးကတည်းက သူ့မှာ အလုပ်တွေ ရှုပ်နေလိုက်တာလေ။ ပါလာတဲ့ ခရုတွေကိုလည်း တသိမ်း သိမ်းနဲ့ ဟိုအောက်က မုန့်ဗူးထဲမှာ ဘယ်သူမှ ကိုင်လို့မရဘူး၊ ဒီလိုပါကွယ် ချယ်ရီက အဘွားသမီးငယ်က မွေးတဲ့ မြေးပါ။ မိဘနှစ်ပါးစလုံး ကားအက်ဆီးဒင့်နဲ့ ဆုံးသွားပါပြီ၊ မွေးချင်းကလည်း မရှိတော့ အဖော်မင်ရှာတယ်။ လူတစ်ယောက်ကို ခင်ပြီဆို စွဲလမ်းနေရာ၊ သူ့ကြီးကြီးကပဲ သမီးအရင်းလေးလို  ပြုစုကျွေးမွေးခဲ့ရတာပါ။ သူ့မှာ ဆလုံပွဲတော်အကြောင်း ပြောလို့ကို မဆုံးဘူး၊ နှစ်တွေ ဘယ်လောက်ကြာကြာ သူ့မှာ ပြောစရာကိုမကုန်ဘူး၊ အနီးကပ်နေတဲ့ အဘွားပဲ မပျင်းမရိ နားထောင်ပေးရတာပေါ့။ နောက်နှစ်တွေမှာ သွားမယ်တကဲကဲပေါ့၊ ဆလုံပွဲ တော်က မဖြစ်တော့လို၊ သူကြီးလာရင် ဗိုလ်ချိုကျွန်းကို တစ်ခေါက်လောက်တော့ ပြန်သွားဦးမတဲ့။ အခုလိုများ ဟိုကလူ လာတာမြင်ရင် ၀မ်းသာရှာမှာ….. "
အဘွားက မြေးချစ်အဘွားထင်ရဲ့ သူု့မြေးအကြောင်းပြောလိုက်တာ တပြုံးပြုံးနဲ့ ကျွန်တော်လည်း ကော်ဖီကို သောက်ပါသောက်ပါဆိုလို့ မော့သောက်လိုက်ရ ဘာအရသာမှ မတွေ့ဘူး၊ ပင်လယ်သားတွေဟာ မိုးလင်းရင် ငါးခြောက်ဖုတ်နဲ့ ထမင်းကြမ်းစားမှ ၀မ်းလေးတာမဟုတ်လား မြို့က ကော်ဖီတစ်ခွက်လောက်က ဘယ်ကြားထဲရောက်သွားမှန်းမသိ။
ကျွန်တော်လည်း ဘာပြောရမှန်းမသိလို့မယ်မယ်က ငါးခြောက်တွေ ရေခူတွေထည့်ပေးလိုက်တဲ့ အကြောင်းစကားမရှိစကားရှာ ပြောရတယ်။
" ရေခူဆိုတာ အခုမှကြားဖူ စားဖူးတာပါကွယ်၊ အဘွားတို့ ငယ်ငယ်က မကြားဖူး မစားဖူးပါဘူး။ ပင်လယ်လည်း မရောက်ဘူးတော့ ပင်လယ်စာတွေနဲ့ ဝေးတာပေါ့။ ချယ်ရီကတော့ ပွဲတော်က ပြန်လာပြီကတည်းက ပင်လယ်စာတွေ ခံတွင်းတွေလာတာလေ၊ ရေခူတော့် သံဈေးမှာ ၀ယ်လို့ရတယ်။ သူ့မှာ ခဏခဏ၀ယ်ပြီး သုပ်စားရတာ အမော၊ မဆိုးပါဘူးကွဲ့ လူနဲ့တည့်တယ်ပြောတယ်၊ စားလိုက်ရင် ထုတ်……. ထုတ်နဲ့ ဟော………. ပြောရင်းဆိုရင်း"
" အဘွားရေ…………..သမီးပြန်လာပြီ"
ခြံဝင်းတံခါးကိုဖွင်ပြီ ၀င်လာတဲ့အသံ ၊ လူမမြင်ရခင် အသံအရင်ကြားရတာ အသံကတော့ မပြောင်းလဲပါ လား၊ ပိုပြီး ကြည်လင်ဝေစည်လာတာကလွဲရင် ငယ်သံမပျောက်သေးဘူး။ ၀င်ပေါက်ဝမှာ ပေါ်လာတဲ့ဘောင်းဘီ ရှည်ဆွဲသားအင်္ကျီ၊ ဆံပင်ညိုညိုဖြောင့်ဖြောင့်နဲ့ ကောင်းမလေးဟာ ချယ်ရီတဲ့လား။
ကျွန်တော် စိတ်လှုပ်ရှားစွာနဲ့ မတ်တတ်ရပ်လိုက်ပါတယ်။
"အဘွား...သူကဘယ်သူ...ဟင်..ဗစ်တာ ဗစ်တာ...."
သူ ကျွန်တော့်ကို ဗစ်တာမှန်း ဘာလို့ချက်ခင်းသိရတာလဲ။ ကျွန်တော့လည်ပင်းက သူပေးသွားတဲ့ ဖန်စီကြိုးကလေးကြောင့်လား။
သူဟာ ပါလာတဲ့ ကျောပိုးအိတ်ကို ပစ်ချပြီး ကျွန်တော်နဲ့ အနီးဆုံးဆီ ပြေးလာပြီး ကျွန်တော့် လက်ကို ကိုင်ဆွဲမယ် လုပ်ပြီှးမှ သတိရပြီး ကိုယ်ရှိန်သတ်လိုက်ပါတယ်။
"ဗစ်တာ...ဘယ်လို ရောက်လာတာလဲဟင် - အခု ဘာတွေလုပ်နေလဲ ဗိုလ်ချိုကျွန်းက အဖေတို့ အမေတို့ရော နေကောင်းလား။ ရုပ်မြင်သံကြားက ရဟယ်ရှင် ထားဝယ်ယိမ်း လာရင် ဗစ်တားကို သိပ်သတိရတယ်။ ပွဲတော်ကို ပြန်သွားချင်တယ်။ စကားပြောပါဦး ဗစ်တာရဲ့၊ နင့်အသံဝဲ၀ဲလေး မကြားရတာ ကြာပြီ"
ကျွန်တော်လား။ စိတ်လှုပ်ရှားလွန်းလို့ စကားတွေ ပြောမထွက်တာပါ။ ဘုတ်ပြင်းမှာ ကျောင်းသွား တက်တဲ့အကြောင်း၊ ဆယ်တန်းအောင်ပြီဖြစ်တဲ့အကြောင်း၊ အဏ္ဏ၀ါစိုးကုမ္ပဏီမှာ အလုပ်ဝင်ပြီး ပင်လယ်ပစ္စည်း ကုန်သွယ်မှုကို လေ့လာသင်ယူမယ့် အကြောင်းပြီးတော့...ပြီးတော့ ချယ်ရီကို ခြောက်နှစ်လုံးလုံး လွမ်းနေရတယ်ဆိုတဲ့ အကြောင်းတွေ ပြောချင်တာပေါ့မ။ ဒါပေမယ့် ဘာကစပြီး ပြောရမှန်း မသိဘူး။ လည်ပင်းမှာ ဆိုတို့တို့ နင်တင်တင်နဲ့။
"ဟင် ဒီအထုပ်က ဘာထုပ်ကြီးလဲ"
"ငါးခြောက်တွေ ငါးယူလာတာ"
သူ့အာရုံက ငါးခြောက်ထုပ်ဆီ ရောက်သွားပြီး တစ်ခုပြီးတစ်ခု ဆွဲထုတ်ကြည့်နေတော့တယ်။
"ဗစ်တာရယ် နင်လာတာ ၀မ်းသာလိုက်တာဟယ် ငါးခြောက်တွေ ရေခူတွေရတာလည်း ၀မ်းသာတယ်၊ ဟိုဒင်း...၀ါးပလုပ်လေ- မပါဘူးလား။ တခြားဟာက ဒီမှာ ရှာစားလို့ရတယ်၊ ၀ါးပလုပ်က မရဘူး၊ ဘယ်မှာမှ မရှိဘူး။ မပါဘူးလား"
"ဒီလောက် ခရီးဝေးတာ ၀ါးပလုပ် သယ်လာလို့ ရမလားဟ။ နင်ကလည်း စဉ်းစားပါဦး၊ ဒီလိုမှန်းသိ ဟိုဟာနဲ့တူတဲ့ သဲပလုပ် ယူလာရင် ကောင်းသား"
"ဗစ်တာ ကောင်စုတ်"
အခုမှ ဗိုလ်ချိုကျွန်းမှာ တွေ့ခဲ့တဲ့ ချယ်ရီစစ်စစ် ဖြစ်သွားတော့တယ်။ သူ့မြေးပျော်နေတာကို အဘွားမှာလည်း ပြုံးလို့။ ဒီကြားထဲ ချယ်ရီက အဘွားရေ သမီးထမင်းဆာပြီ ဗစ်တာကိုလည်း ကျွေးရအောင်တဲ့။ အဘွားမီးဖိုထဲ ၀င်သွားတော့ ကျွန်တော်က ကျွန်တော့ကျောပိုးအိတ်ထဲက ပစ္စည်းကို တယုတယ ထုတ်လိုက်ပါတယ်။
"ဟယ် - လှလိုက်တာ ဒါမ ဘာကောင်လဲဟင် ဗစ်တာ"
"ပဂဲလို့ခေါ်တဲ့ ကျောက်ပုစွန်ပေါ့၊ ကျောက်ပုစွန်တွေ အများကြီး ရှိတဲ့အထဲက သူက ဆဲဗင်း ကာလာလို့ ခေါ်တဲ့ကောင့်ပေါ့။ အရောင်ခုနှစ်မျိုးရှိတယ်။ အိမ်တွေမှာ အလှကပ်ဖို့ သူ့အခွံက တန်ဖိုးရှိတယ်။ အဖေက ရန်ကုန်လွှတ်မယ်ဆိုတာနဲ့ ငါကိုယ်တိုင် နံရံမှာချိတ်ဖို့ လုပ်လာတာလေ။ အပေါ်က မှန်ပုံးခံလိုက်တော့ တော်ရုံ မပျက်စီးတော့ဘူးပေါ့။
ချယ်ရီမှာ ၀မ်းသာလွန်းလို့ ဆဲဗင်းကာလာကို ကြည့်နေလိုက်တာ မျက်တောင်မခတ်တော့ဘူး။ သူတို့လာတုန်းက ဒါမျိုး မမြင်သွားရဘူးလေ။ ရချင်တဲ့ အချိန်မှ ရတာကိုး။
"တော်လိုက်တာ ဗစ်တာရယ် နင်ဟာ ပင်လယ်သား ပီသပါပေတယ်။ လူတစ်ယောက်ရဲ့ အနေအထိုင် အပြောအဆို လှုပ်ရှားမှုကို ကြည့်ရင် သူ့ဒေသကို ကိုယ်စားပြမှုဆိုတာ သိနိုင်သတဲ့။ နင်ဟာ ပင်လယ်နဲ့ ရင်ချင်းဆက်သူဆိုတာ ယုံမှားဖွယ် မရှိပါဘူး။ ပင်လယ်ရဲ့ ဘာသာဗေဒကို တစ်ဖက်ကမ်းခတ် တတ်မြောက်သူဖြစ်လို့ နင်ရဲ့ပင်လယ်ပစ္စည်း ကုန်သွယ်မှုလုပ်ငန်းဟာ မလွဲ မသွေ အောင်မြင်ပါလိမ့်မယ်"
မြို့ကြီးသူ ချယ်ရီပြောသလောက် ကျွန်တော် နားမလည်ပါဘူး။ သူက စကားတတ်တိုင်း ပြောနေ တော့တာ။ ကျွန်တော့လည်း အနေအထိုင် ဆိုတာကလည်း ကျွန်တော်နေတတ်သလို နေတာလေ။ ဟောချက်ချင်းပဲ ဆဲဗင်းကာလာကို နံရံမှာချိတ်ချင်တယ်ဆိုလို့ ချိတ်လို့ရအောင် လုပ်ပေး ရပြန်တယ်။ ပင်လယ်ပစ္စည်းတွေရဲ့ အောက်မှာ စာတန်းရေးထိုးလေ့ရှိတဲ့ ချယ်ရီတစ်ယောက် ဆဲဗင်းကာလအောက်မှာ ဘာရေးမလဲလို့ ကျွန်တော် စိတ်ဝင်စားနေမိတယ်။ ကျွန်တော ရေအောက် ဆင်းငုပ်ယူပေးတဲ့ ကျောက်ခက်ပန်းအောက်မှာတော့ အသက်နဲ့ထပ်တူတဲ့။ အခု သူဘာရေးမှာပါလိမ်မ့ တကယ်ရေးတော့ စောစောက သူပြောသလို ကျွန်တော်သိပ်နားမလည်တဲ့ စကားလုံးတွေတော့ မပါ,ပါဘူး။ ကျွန်တော် နားလည်တဲ့ စကားလုံးလေးနဲ့ ရိုးရိုးလေး ရေးလိုက်တာပါ။
"ရင်နဲ့အမျှ"....တဲ့။
မိချမ်းဝေ
ကလျာ မဂ္ဂဇင်း
ဇန်နဝါရီ ၂၀၁၀
>>>ဆက်ဖတ်ရန်>>> >>
Wednesday, December 30, 2009
ပန်းသတင်း (ဒီဇင်ဘာ ၆)
အလွန်အလုပ်များသူ
သော်တာဆွေ
ကိုမောင်ချိုသည် နေထန်းတစ်ဖျားခန့် မြင်နေပြီဖြစ်သော်လည်း အချိန်ဘယ်လောက်ရှိပြီလဲ ဟု မော်မကြည့် အားသေးပေ။ အပေါက်တစ်ရာ၊ အဖာကဗလဗြစ်နှင့် မဲညစ်၍နေသော သူ့စက်ဘီးတာယာ လေလုံးဖြင့် အလုပ်များ လျက် ရှိသည်။
ဒေါက်ဂွမရှိသော စက်ဘီးကို နွားသောက်သော ထန်းပင်မြစ်ဆုံရေစည်တွင်မှီလျက် နောက်ဘီးတာယာ လေလုံးကို ထုတ်ကာ ရေအင်တုံပဲ့တစ်ခု၊  ကပ်ကျေးတစ်လက်၊ တံစဉ် တစ်ချောင်း၊ ကော်ရည်တစ်ခွက်၊ လေထိုးပိုက်တစ်လုံးနှင့် နံနက်မိုးမလင်းမီကပင် သူထ၍ ဖာခဲ့သည်။ မီးခွက်သည် မီးငြိမ်း၍ ပြီးသော်လည်း သူ့အနီးမှာ ရှိနေသေးသည်။
သူ့စက်ဘီးလေးလုံးမှာ ပေါက်ရာ ဖာရာကများလှသည့်အထဲ ကော်ရည်က နိုင်ငံခြားကလာသည့် မူလ ပစ္စည်းမဟုတ်ဘဲ တမာစေးကို ကျိုထားရခြင်းဖြစ်လေရာ တယ်ပြီး ရေရာသည်မဟုတ်၍ ယခုလောက် ခဲယဉ်း နေခြင်း ဖြစ်ပေသည်။ သို့သော် ကိုမောင်ချိုသည် ဇွဲကတော့ လျှော့တတ်သူ မဟုတ်၊ ဒီပစ္စည်းနဲ့ ဒီပစ္စည်း ဟာပဲ အရင်ကတည်း ရဘူးတာ၊ ခုလည်းရတယ် ဟူသော ယုံကြည် ချက်ဖြင့် သဲသဲမဲမဲ ကြိုးစား နေခြင်း ဖြစ်သည်။ သည်အထဲ လေထိုးပိုက်ကျွတ်ကလဲ ခဏခဏ လေချော်တတ်သေးသည်။
ယင်းအခိုက် အိမ်ရှေ့လမ်းမမှ နွားလှည်းတစ်စီးရပ်သံနှင့်အတူ "ကိုမောင်ချိုရ၊ ခင်ဗျားစက်ဘီးက ခုထိဖာ မရသေးဘူးလား" ဟူသော နှုတ်ဆက်သံကို ကြားရမှ မော်ကြည့်လိုက်မိကာ ... "ဟာ မောင်ခွေး၊ မင်းတောင် နောက်ချီး ချ တစ်ခေါက်က ပြန်လာခဲ့မှကိုးကွ..."
"အေးဗျ၊ ခင်ဗျားကော မြို့သွားဖြစ်အုံးမှာလား ..."
"သွားဖြစ်အောင် ဒီစက်ဘီး ဖာနေတာပဲကွာ..."
သူသည် စက်ဘီးကို ဆက်ပြီး ဖာမြဲဖာနေ၏။ သည်နောက်ဘီးက ခဏခဏ ဒုက္ခပေးနေ၏။ ရှေ့ဘီးကတော့ ဒုက္ခငြိမ်းသွားပါပြီ။ တာယာရော ကျွတ်ရောချွတ်ပြီး မြင်းလှည်းဘီးက ရော်ဘာ တာယာ အဟောင်းတစ်ခုကို ပြုပြင်တပ်ဆင်လိုက်သောကြောင့် ဖြစ်၏။ သို့ဖြင့် ရှေ့ဘီးကကျွတ်ကို ကောင်းသောအပိုင်း ဖြုတ်ယူကာ နောက်ဘီးကျွတ်နှင့် ပေါင်းသုံးခဲ့၍ အတော်ကလေးဟန်နေခဲ့ သည်။ ယခုမှ ခဏခဏ ချူချာလာပြန်တော့ ပြည်သူ့ပစ္စည်းဆိုင်မှာ လျှောက်ထားတာ ရလျှင်ရ၊ မရလျှင်တော့ ရှေ့ဘီးလိုပဲ ဆောလစ်ပဲ စွပ်ရတော့မှာပဲဟု မောင်ချို အောက်မေ့မိ၏။ ဂျပန်ခေတ် တုန်းကလိုပေါ့လေ။
ကိုမောင်ချိုသည် ရွာတွင် လယ်ယာခြံမြေလုပ်ငန်း ပါးလျားသောအခါလည်းကောင်း၊ အားသော အခါ လည်းကောင်း မြို့သို့သွား၍ ဆေးလိပ်ရုံတစ်ခုမှာ ဆေးရိုးလှော်ခြင်း၊ ဆေးစပ်ခြင်း အလုပ်ကို နေ့စား လုပ်ရသည်။ သူ့တွင် လယ်မြေ ဝေခြမ်းရေးမှ လယ် ၅-ဧက ရထားသော်လည်း ဒီ၅-ဧက စပါးစိုက်ရုံဖြင့် သူ့အိမ်ထောင် ၀မ်းစာရေးကို မလောက်ပေ။ ထို့ကြောင့် သစ်ပင်လှဲခြင်း၊ ထင်းခွဲခြင်း ကအစ ရရာအလုပ်ကို လုပ်ရသေးသည်။ သူ့ဇနီးနှင့် သူ့သမီးကလည်း ရက်ကန်းစင်ကို ကိုင်ရသေး သည်။
ဆွမ်းတော်ဗျို့
မောင်ခွေး ထွက်ခွာသွားပြီးမှ ဒုတိယအကြိမ် ကိုမောင်ချိုကို လှုံ့ဆော်လိုက်သောအသံကား အိမ်ရှေ့ ဆွမ်းခံ ရောက်လာခြင်း ဖြစ်ပေသည်။ ဒီအခါတော့ ကိုမောင်ချို မနေသာတော့ပါ။ ဆွမ်းခံ ကျောင်းသားကလေးတွေ လှမ်းကြည့်လိုက်ပြီး " ဟာ ... ဆွမ်းခံတောင်ရောက်ပြီ၊ စက်ဘီးကလည်း ဖာမပြီးသေး။ ဒီနေ့ မြို့သွားလို့ တော့ဖြင့် မဖြစ်တော့ဘူး" ဟု အားလျှော့လိုက်ကာ ထိုင်ရာမှ ထလိုက်တော့သည်။ ကိုယ်ကို ဘယ်ညာယိမ်း၍ အညောင်းဆန့်လိုက်ပြီး နွားရေစည်ထဲမှ ရေဖြင့် မျက်နှာကို ပွတ်သပ်၍ ခေါင်းတွင်ပေါင်းထားသော ပုဆိုးဟောင်း ချွတ်လျက် အိမ်ရှေ့နေရောင် ကာကပြင်တွင် ရက်ကန်းစင်၌နေသော သမီးထွေးအား ...
"လုံမရေ ... ငါ့ကွမ်းထုပ်ကလေး ပေးစမ်းဟေ့ ...
ကိုမောင်ချိုသည် ကွမ်းမပြတ်ငုံလေ့ရှိသူဖြစ်၍ သူ့မှာ ကွမ်းထုပ်မဲညစ်ညစ်ကလေး အမြဲ ရှိသည်။ အထဲတွင် ကွမ်းရယ်၊ ထုံးရယ်၊ ကွမ်းသီးရယ်၊ ဆွေးရွက်
ကိုမောင်ချိုသည် သမီးလေးလှမ်းပေးလိုက်သော ကွမ်းထုပ်ကို ထန်းမ်ြစဆုံ စည်နှုတ်ခမ်းပေါ်တွင် တင်ဖြေ၍ ကွမ်းယာရင်း စဉ်းစား၏။
ဒီနေ့ မြို့တော့မသွားနိုင်တော့ဘူး။ အိမ်လုပ်စရာတွေထဲက တစ်ခုခု လုပ်ရတော့မှာပဲ။ သက်ကယ် ပစ်ဖို့ လည်း ရှိ၏။ မိုးဦးကျ ဂုံလျှော်စိုက်ရန် နောက်ဖေးခြံ အမှိုက်ချဖို့လည်း ရှိ၏။ ဟိုပေါက်ပြားရိုး ကျိုးနေတာလည်း ပြန်တပ်ရဦးမည်။ မနေ့ညက ပေါ က်လက်စထင်းတုံးကော ရှိနေသေး။
သူ့အတွေးမဆုံးမီ ကွမ်းယာပြီး၍ ပါးစပ်ထဲငုံကာ နောက်ဖေးဘက်ထွက်လာမိလျက် ထန်းလက် ခြောက် လေခတ်သံကြားရ၍ ခြံစပ်က ထန်းပင်ပေါ်မော်ကြည့်လိုက်မိတော့မှ အခု ဘာလုပ်ရတော့ မည်ကို ဆုံးဖြတ်ချက် ချမိတော့လေ၏။
"ဟာ ... မမြင့်ရေ ထန်းခိုင်ကလေးတွေ သီးလုံးတောင်ပေါ်နေမှ ဒီထန်းပင် တက်မှ ဖြစ်တော့မယ် ဟေ့..."
မီးဖိုချောင်ထဲရှိနေသော သူ့မိန်းမကို လှမ်းပြောလိုက်လေသည်။ မမြင့်ကား သူ့လင်ပြောတာကို ကြားသည်  ဖြစ်စေ၊ မကြားသည်ဖြစ်စေ၊ ဘာမျှပြန်ပြောလေ့ မရှိပေ။ ကိုမောင်ချိုကသာ ထန်းပင်ကို လှည့်ပတ် မော့ကြည့်ကာ ဆက်၍ ပြော၏။
"ဒီနှစ် ထန်းတော်တော်ထွက်မှာပဲကွ၊ အဆင်သင့်ပဲဟေ့။ ကျေးတောင်စိုက်ရော၊ တောက်တဲ့ ခေါင်းရော ..."
ထန်းလက်၊ ထန်းခွာကြားမှ ထွက်ပြူစ ထန်းစကလေးသည် ကြွက်တူရေးတောင်ကဲ့သို့ စိမ်းမြနေ၍ 'ကျေးတောင်စိုက်'တဲ့။ ထိုကျေးတောင်စအောက်မှ သီးတံအစွန်ကလေးပေါ်လာတော့ တောက်တဲ့ ခေါင်းပြူ လာသည်နှင့်တူ၍ 'တောက်တဲ့ခေါင်း'တဲ့။ ဤမှတစ်ဆင့် ခိုင်တံထွက်ပြီး သီးလုံးကလေး တွေ ပီသလာတော့ 'သီးလုံးပေါ်'။
ထန်းမကို ထန်းရည်ချရာတွင် ဤသီးလုံးပေါ်ကစ၍ ကိုင်ရလေသည်။ ထို့ကြောင့် ကိုမောင်ချိုက အဆင်သင့်ပဲဟေ့ ပြောခြင်း ဖြစ်သည်။ ယခု နှစ်စမျှ သီးလုံးပေါ်ကစ၍ထု၊ ဤအခိုင်ကလေးများ လှီးဖြတ်ရတော့ တောက်တဲ့ခေါင်းက သီးလုံးပေါ် ဖြစ်လာမည်။ ကျေးတောင်စိုက်က တောက်တဲ့ ခေါင်းထွက်လာမည်။ ထန်း ၄-၅-၈ စသည် ဤနှုန်းဖြင့် အလျဉ်းသင့် ဖြစ်လာပေသည်။ တစ်ပတ် အတွင်းမှာ ထန်းရည် ကျတော့မည်။
ကိုမောင်ချိုသည် ကာလသား ထန်းတက်သမားတစ်ယောက် ဖြစ်ခဲ့သည်။ ရှေးယခင်က ထန်းပင် ပေါင်း အစိတ်, သုံးဆယ် တက်၍ အသက်မွေးခဲ့ဖူးသည်။ ထန်းသမားအလုပ်သည် ဘာပြောပြော ကျေးရွာတွင် ငွေကြေး ချောင်လည်၍ မျက်နှာပွင့်လင်းသူ ဖြစ်သည်။
"ထန်းရည်သောက်တတ်တဲ့ လူတွေဆိုရင် ကိုယ့်အောက်ကချည်းပေါ့ကွ၊ ငါထန်းပင်ပေါ်နေတုန်း သူတို့က အောက်လာလာပြီး ရဦးမလား၊ တစ်ပုလင်းပေးပါ၊ နှစ်ပုလင်းပေးပါနဲ့ တောင်းရသကိုးကွ၊ ဟဲ...ဟဲ..."
    ကိုမောင်ချို၏ ပြက်လုံးရွှင်လုံးကလေးဖြစ်သည်။ ကျေးရွာတွင် ထန်းတက်ခြင်းအလုပ်ကို "အထက်တန်းစား အလုပ်"ဟူ၍လည်း ပြောတတ်ကြသည်။
    ယင်းအလုပ်ကို ကိုမောင်ချို မက်မောခဲ့ပါ၏။ သို့သော် ယခု အသက် ၅၀-ကျော်လာတော့ ဇရာချဉ်းလာသော သူ၏ ခြေလက်အင်္ဂါတို့က ထန်းပင်ပေါင်းများစွာတို့အား ပင်တိုင်းစေ့ မနက်တစ်ကြိမ် ညနေ တစ်ကြိမ် ဆင်းတက်ရန်တို့ကို ညင်းဆိုလာလေသည်။ ထို့ကြောင့် သူသည် ထန်းတက် အသက် မွေးခြင်း အလုပ်ကို စွန့်လွှတ်လိုက်ရကား တစ်နှစ်မှာ တစ်ပင်နှစ်ပင်လောက်သာ ကိုယ်သောက် ဖို့လေး လည်း ရ၊ ဟင်းလျာဖိုးလည်းရအောင် ကြိုးပမ်းခြင်း ဖြစ်လေသည်။
    ကိုမောင်ချိုသည် ထန်းပင်ကို လှည့်ပတ်ကြည့်ရှုပြီးနောက် သူ့ဇနီးရှိရာ မီးဖိုချောင်ဆီသို့ ပြန်လာခဲ့ပြီး...
    "ပေးစမ်းဟေ့ - ငါ့ဓားမ၊ သွေးရအုံးမယ်၊ သွေးပြီး မောင်းတက်ဝါးသွားခုတ်ရမယ်..."
    ရေခန်းပြင်မှ သူ့ဇနီးလှမ်းပေးသော သူ၏ လက်သုံးတော်ဓားမကြီးကို ယူခဲ့ကာ ဓားသွေးကျောက်ထားရာ အိမ်ရှေ့က ထန်းမြစ်ဆုံစည် အနီးမှာပဲ လာ၍ သွေးလေသည်။ ထိုအချန်၌ ၀က်ခြံထဲမှ လွှတ်လိုက်ပြီဖြစ်သော ၀က်ကလေးလည်း ဤရေစည်အနီးက ကျင်းမှာလာ၍ လူးနေသည်။ သူတို့အိမ်မှာ ၀က်တစ်ကောင်ရှိသည်။
    "ဟား... ဗိုလ်ချို၊ သွေးလှချေလားဓား၊ အနားက စုဖူးဖောက်တော့ မလို့လား"
    ကိုမောင်ချိုသည် လမ်းကလူကို လှမ်းကြည့်၍...
    "ဟုတ်ပါဘူးကွာ၊ ခုနှယ် ဒီစုဗူးဖောက်လို့ ဘယ်လောက်ရမှာလဲ၊ အလွန်ဆုံး နှစ်ဆယ်ထွက်တော့မပေါ့"
    "တောက်... ကောင်းတော့ ဒီအရွယ်မှ ကောင်းတာဗျ"
    "ဟာ ... ဘယ်ပြောကောင်းမလဲ၊ ရေဆူခပ်စားရုံပေါ့" ဆိုပြီးမှ သူ သတိရ၍ "ဪ ... အဆင့်သင့်ပဲဟေ့ မောင်တင်လေး၊ ငါမောင်းတက်ဝါး လိုချင်လို့ကွ၊ မင့်အိမ်နောက်ဖေးက ဓားနက်ရုံမှာ အတက် ကောင်းကောင်း နဲ့ ရှိမယ်လား"
    "ရှိပါဗျာ... ဘာလုပ်ဖို့လဲ"
    "နောက်ဖေး ထန်းပင် ကိုင်တော့မလို့ကွ"
    " ဟာ…..ထန်းရည်တက်ဖို့ဆို ခုတ်၊ ကြိုက်သလောက်သာ ခုတ်"
    " အေး…..ဒါနဲ့ မင်းဘယ်သွားမလို့လဲ"
    " တောင်ပိုင်းကို"
    " ဒါဖြင့် သာကျော်ကြီးရှာပြီး လွှတ်လိုက်စမ်းကွာ၊ ထန်းပင် မောင်းတက်ဆွဲတော့ သူ့ကူခိုင်းရအုံးမယ်"
    ကိုမောင်ချိုသည် ဓားကို အးရပါးရသွေးသည်။ ထန်းကိုင်ရမည်ဆိုတော့ ဓားပြတ်ဖို့ အလွန်လိုသည်။ ဤဓားမ; သွေးပြီးနောက် ထန်းလှီးဓားကို ခြေသလုံးမွေးကျအောင်သွေးရဦး မည်။ အင်း……… ဒီနေ့တော့ မလိုသေးပါဘူး၊ ပထမ အရေးကြီးတာက မောင်းတက်ဝါးခုတ်ပြီး  ထန်းပင်ချိတ်ဆွဲဖို့။
    ထန်းရည်နင်း
    ပေါက်ကင်းတဲ့လဲငုံ
    ထန်းဖိုငုံကင်း၊ ထန်းရည်နင်းသည်နှင့်လေး။
    စသည်ဖြင့်……….။
    ထန်းရည်ခံရန်၊ ထန်းခွက်တို့ကို နင်းဖြဲ၍ ထန်းစကိုထုတ်ကာ ပြုပြင်ုကိုင်တွယ်သည်ကို ရှေးပညာရှင်များက ' ထန်းရည်းနင်း' သည်ဟုဆိုကြသည်။ ဤထန်းဖိုက အရင်စကိုင်ရသည်။ တပိုတွဲလဘွဲ့ ဖွဲ့ဆိုကြသည်။ မှန်ပါသည်။ တပို့တွဲလမှာ နောက်ကျ၍ တပေါင်းလလောက်မှ ကိုင်ရတတ်ပါသည်။ တပေါင်းလတွင်ကား ထန်းဖိုရော ထမ်းမရည်ရော နှစ်မျိုးစလုံး ရလေသည်။
    " ဟေ့ ……..တပေါင်းလလို့ ဘာကြောင့်ခေါ်သလဲ သိလား ထန်းသမားကြီး ဦးမောင်ချိုက ပြောလေ့ရှိပါသည်။ "ထန်းဖိုရည်-ထန်းမရည် နှစ်ခုပေါင်းလို့ ထန်းပေါင်းလ၊ တပေါင်းလလို့ ခေါ်ကြသည်။ မှတ်ထား"
     ကဲ့…….ဘယ်သူငြင်းချင်သနည်း။
    ထန်းသမားကြီး ဦးမောင်ချိုသည် သူ့ဓားကို တစ်နာရီလောက်ကြာကြာ စိတ်တိုင်းကျ သွေးပြီးမှ ထိုင်ရာက ထလိုက်ကာ-
    "မမြင့်ရေ…….. ငါ မောင်းတက်ခုတ်သွားမဟေ့" ဟု နှုတ်ဆက်လိုက်၏ သည်အခါကျ တော့သူမယားချောက စကားပြောလာ၏။
    " တော့်နှယ် ဘယ်အချိန်ရှိပေလဲ၊ ထမင်းစားသွားပါတော့လား"
    ဒီတော့မှ ကိုမောင်ချိုက ထမင်းစားဖို့ သတိရကာ…….
    အေး……..ဟုတ်သားပဲ ဘာဟင်းချက်လဲဟ
    " ဘာဟင်းချက်နေရမလဲ၊ မြေပုံသီး ငါးပိချက်ပေါ့" သူ့ချစ်ဇနီးက ပြေပြစ်စွာပြန်ပြော၏ " ကိုယ်ဒီရာသီမှာ ဒါပဲစားစရာရှိတာ၊ မေးနေရသေး"
    ကိုမောက်ချိုက အလျှော့ပေးသံဖြင့်
    အေးဟာ………. နို့် ဘာတို့စရာလဲ
    တို့စရာကတော့ ပြောင်းတန်ကောင်းရဲပေါ့။ ဤတွင် သူ့ဇနီးက ခရာလိုက်ပါ၏
    " ထမင်းပွဲရောက်တော့ ကြည့်တော့"
    တောင်ဆုပ်မျှမြင်သော မဲညစ်ညစ် ထမင်းစားပွဲဝိုင်းပေါ်တွင် ငါးပိရည်ပန်းကန်လုံး နှင့် ယှဉ်၍ သံပန်ကန်းပြားထဲမှာ ခရမ်းသီးပြုတ်ကလေးများ စုပြုံနေကြသည်။  ခြံထဲမှ နွေခရမ်းဖြစ် ၍ပိုးပေါက်နှင့် ကောက်ချိတ်ချိတ်ကလေးများဖြစ်သော်လည်း မာပြီချို၍ ငါးပိရည်တို့၍တော့ ကောင်း၏ သူအမှတ်ထားမည်ဆိုလျှင် ဒီငါးပိချက်မျိုးနှင့် ခရမ်းသီးပြုတ်မျိုး တို့ခဲ့သည်မှာ ထမင်းအနပ်ပေါင်း မရေမတွက်နိုင်တော့ပြီ။ သို့သော် တွေ့သမျှစားဟ - ရသမျှကျိတ် ဟူသောဆင်းရဲသားဝါဒဖြင့် ကိုမောင်ချိုသည် ဆောင့်ကြောင့်ထိုင်၍  ဟဲလိုက်ရာ ပါးစပ်ထဲစား လိုကုဝါးလိုက်ရသည်ဟု တယ်မထင်လှပါနှင့် ထမင်းနှစ်ပန်းကန်လောက် ပျောက်သွားလေ သည်။
    ဗိုက်ပြည့်သောအခါ၌ ကိုမောင်ချိုသည် ကြမ်ပြင်ထသွား၍ ရေမူတ်နှင့် ရေသောက်၊ နောက်ပန်းကန်ဆေးပြီး သူပုခုံပေါ်ရှိ ပုဆိုးနှင့် လက်သုတ်ကာ ထိုပုဆိုးကိုပင် ခေါင်းမှရစ်လိုက် သည်။ ပြီးလျှင် အိမ်ထဲပြန်ဝင်ကာ ကွမ်းတစ်ယာယာ၍ ပါးစပ်ထဲငုံ၊ ကွမ်းထုပ်ကို ခါးပိုက်ထဲ ထည့်ပြီးသကာလ ဓားမကိုဆွဲလျက် အိမ်ပေါ်မှဆင်းခဲ့တော့၏။
    " မမြင့်ရေ ငါသွားမပေဟေ့၊ သာကျော်ကြီး မှာထားတယ်၊ သူလာရင် ငါမောင်တင်လေး ခြံထဲ ၀ါးခုတ်သွားတယ်ပြောလိုက်"
    အိမ်ရှေ့ရောက်တော့ ဇနီးအား မှာကြားခဲ့သေးသည်။ ဇနီးသည်ကတော့ ထုံးစံအတိုင်း ဘာမျှပြန်မပြောချေ။ သို့သော် ကိုမောင်ချို မောင်တင်လေးခြံသို့ မရောက်မီ နောက်မှ ခြေသံဖုတ်ဖုတ်ကြား ရ ၍ အသက် ၂၀ ခန့် လူငယ်တစ်ယောက်
    " ကိုလေးချို …..ကိုလေးချို"
    ကိုမောင်ချို ရပ်ကာပြန်လှည့်၍
    " ဟ…….ဘာလဲကွ မောင်ချော"
    " အရှေ့ဘက်တန်း က ဒေါ်ကျော့ခင်အိမ်မှာရေင်းဖို့ နွားရောက်နေတယ် ပြောတယ်၊ အဲဒါ-အမေက နင်ကိုလေးချို ခေါ်ပြီး သွားကြည့်စမ်းပြောလို့၊ လာ ပါ ခုသွားကြည့်ရအောင် ကိုလေးချို မောင်တက်ဝါး နောက်ပြီးကျွန်တော့်ပါ လိုက်ကူခုတ်ပေးမှာပေါ့"
    ကိုယ့်ကို အားကိုးတကြီး ဆရာလာ၍ မှီးပြန်တော့လည်း မနေသာ၊ နို့ပြီး ဒီကောင်လေးတွေက နွားအကြောင်းကို ဘာမျှ နားမလည်သေး။ သူတို့ ဒီနှစ်နွားတစ်ကောင်ဝယ် ဖို့လိုနေတာ ကိုယ်ကြည့်လုပ် ပေးမှသာ ဖြစ်တော့မည်။ ကိုယ့်ပေါက်ဖော် သားချင်းကလေးတွေ။
    ကိုမောင်ချို နောက်ကြောင်းလှည့်ကာ အရှေ့ဘက်ရွာသို့ ပါသွားရသည်။
    "ဘယ်ကနွားတဲ့လဲကွ"
    "ထိန်ကုန်းရွာက သူတို့ဆွေမျိုးနွားတဲ့"
    "မင့်အစ်ကို မင်းကျော်ကော"
    "ပျဉ်ပုံကြီးသွားတယ်၊ သူလည်း နွားကောင်းကောင်း၊ နားမလည်သေးပါဘူး၊ ကိုလေးချိုပြီး ပြီးပါတယ်"
    "အေး… မလည့်တလည်နဲ့ ငါဝယ်ပေးတဲ့နွား၊ ဘာလေးညာလေး နတ်သူငယ်လေးနဲ့ စာစာ စာစာ လျှောက်ပြောရင် တော့ ငယ်ထိပ် ဓားနှောင့်နဲ့အထုပဲကွာ"
    "အဟီးဟီးဟီး သူပြောဝံ့ပါဘူး ကိုလေးချိုရဲ့"
    သို့ဖြင့် တယ်ပြီးမဝေးလှသော ဒေါ်ကျော့ခင်အိမ်ရောက်၍ အဖွားကြီးက မျက်ခုံးပေါ် လက်ဝါး ကာကြည်၍…..
    "ဟဲ့… မောင်ချိုပါလား၊ ဘာကိစ္စ လာကြသလဲ"
    "ဟယ်…. ကူးကြီးခြံထဲ ထင်းတိုက်တဲ့ဟယ်၊ ခုပဲ သူငယ်လေးနဲ့ လှည်းတပ်ထွက် သွားကြလေရဲ့၊ လိုက်သွားကြပါလား။ သူတို့ တာဂွက အကြော်တဲမှာ ရှိနေဦးမယ် ထင်တယ်"
    "လာဗျာ… ကိုလေးချို၊ လှည်းတပ်ထားတုန်း ကြည့်ရတာကောင်းတာပေါ့"ဆို၍ မောင်ချောက တွဲခေါ်သည်၊ ကို မောင်ချို တာလမ်းဘက်သို့ ပါသွားရပြန်လေသည်။
    သို့သော် အကြော်တဲတွင် ဒေါ်ကျော့ခင်၏ သူငယ်လေး ငရွေးတို့လှည်း မရှိတော့ချေ။ ခပ်လှမ်းလှမ်းမှာ ဖုံတထောင်းထောင်းသာ မြင်ရတော့၏။
    ခုဘဲ ဒုန်းရိုက်ထွက်သွားကြလေရဲ့ကွ" မောင်ချောက်မေး၍ အကြော်သည် ကိုဘအေးကပြော၏။ "ဒါဖြင့်ကိုလေးချို ဒီအကြော်တဲက စောင့်နေဗျာ၊ ကျွန်တော်ဟိုမြင်းလှည်း နဲ့ လိုက်သွားပြီး သူတို့ ထင်းလှည်း အပြန် မောင်းကြည့်" "ခဲ့မယ် ဟုဆိုပြီး မောင်ချောသည် ထွက်စပြုနေသော မြင်းလှည်း ပေါ်သို့တက်၍ လိုက်ပါသွား လေသည်။
    ကိုမောင်ချိုသည် ဘာမျှမပြောနိုင်ပဲ ငေး၍ကျန်ခဲ့၏ အကြော်တဲအတွင်းမှ…….
    " ဟေ့……….လာကွာဗိုလ်ချို အကြမ်းသောက်ရအောင်" ဟုသောအသံကြား၍ ခေါင်းငုံ ၀င်ရအောင် တံစက်မြိတ်အောက် ငုံကြည့်လိုက်တော့…….
" ဟေ……….. ကျော်ဆင်တို့ပါလား၊ မင်းတို့ဘယ်ကလှည့်လာကြသလဲ" ပြောပြီးအထဲဝင် သွား၏်  နောက် တစ်ယောက်က ဖင်ထိုင်ခုံ ကလေးတစ်ခု ထိုးပေး၍ " လာဗျ………..ထိုင်၊ အကြော် နောက်ထပ် တစ်မတ်ဖိုး ထည့်ပါအုံးဗျို့"
    ဟာ မောင်မြင့်ကြီးလည်း ပါလား၊ မင်းအရင်အပတ်က ၀ယ်သွားတဲ့နွား…ဘယ်နှယ့်လဲ
    သင့်ပါတယ်၊ သူအဖိုးနဲ့သူ တော်တယ်ပြောရမယ်ပေါ့ဗျာ
    " ကျော်ဆင့်ကာ မင်း ဟိုအရင်တစ်နှစ်က ၀က်တစ်ကောင်နဲ့ သက်ငယ်တစ်ရာ အလိုက်ပေးပြီးလဲသွားတဲ၊ ဖိုးထိန်ဆီကနွားကလေးကော"
    " ထမ်းပိုးကျင့်ပြီးကွ၊ ခုမိုးတော့ နောက်လိုက်ကလေး ထွန်ရလိမ်မယ်၊ အောင်မယ် - နွားကောင်လေး ဆရာရဲ့၊ မင်းတို့  အဲဒါလေး ထုစားကြတော့မယ် လုပ်နေတုန်းဆို"
    " အေးပေါ့ကွ၊…….. မင်းမလာခင်တစ်ညက လက်မတင်ကလေး လို့တော့တာ၊ သတ္တ၀ါတစ်ခု ကံတစ်ခုဟေ့၊ သူကံဘဲဆိုရမယ်ကွ…….ဒို့လူ ၄-ယောက်အနက် တစ်ယောက်က စပြီ သနားစိတ် ပေါ်သတဲ့ကွ၊ ထူးထူးဆန်းဆန်း အဲဒီကောင်းဟာ ဟင်းကောင်းဆိုရင် နွားအရှင်တောင် လျှာဖြတ် စားချင်တဲ့ အကောင် ဒီနေ့ညမှပဲ ဒီနွားလေး သနားစိတ်ပေါ်သတဲ့ ကွာ"
    " အေးလေကွာ…… မူလက တို့ရွာသားပေါ့"
    ဒါနဲ့ ဗိုလ်ချို၊ မိုးဦးကျက ဒီရွာက ငါဝယ်ပေးလိုက်တဲ့ ၀က်နက်ကလေးကော ဟန်ရဲ့လား
    " ဟန်ပါတယ်…………..အခု နှစ်ဆယ်ထွက်လောက်ရှိပြီကွ"
    "ဘယ်တော့စိတ်ကူးလဲ၊ ဒို့လဲအကြောင်းကြားကွာ"
    " ဟာ…….ဒါလေးတော့ ငါတော်တော်နဲ့ မလုပ်နိုင်ဘူးကွာ၊ နွားဖြစ်အောင်လုပ်ရမယ်၊ အခု ငါမှ နွားတစ်ကောင် ထဲရှိတယ်ကွ"
ဒါဆို…မင်းရှေ့နှစ် စပါးပေါ်လောက်ပေါ့"
"အေး…ဒီလောက်ဆို ၆၀-ထွက်လောက်မှန်းတာဘဲ"
"ဟင်…ဒီဝက်မျိုး မျိုးကောင်းကွ၊ ၆၀-မအောက်ဘူး၊ ကျော်ကျော်ရမယ်သာ၊ ငါမင့်မို့ တမင်ရွေးဝယ်ပေးတာ ပဲ၊ အစားအသောက် ကောင်းတယ် မဟုတ်လား"
"ဟာ…သိပ်ကောင်းတာပဲ၊ ဒါနဲ့ မင့်တူမြကြီးကိစ္စက ရှောင်ရတုန်းဘဲလား၊ အချင်းချင်းတွေ ဘယ်လိုကဘယ် လို ဖြစ်ကြတာလဲကွာ"
"ဗိုလ်ချိုရာ ဒါကတော့ မင့်တူကို မင်းလည်းတတ်နိုင်တဲ့ဘက်က ကူဖို့ ကိုယ့်အချင်းချင်းမို့ ပြောရမယ်ဆို ရင်" အစချီပြီး သူတို့ချင်း နှစ်ကိုယ်ကြားတီးတိုးပြောကြသည်။ ဤနေရာသည် မြင်းလှည်းဂိတ်ကလေး လည်းဖြစ်၍ ဆိုင်ထဲ ဟိုလူသည်လူ ၀င်ထွက်စားသောက်ကြလျက် သူတို့သာ စကားကောင်းကျန်ခဲ့ပြီး အချိန်သည် ကုန်မှန်းမသိ ကုန်သွားလေရာ၊ နောက်ဆုံးမှ ဗိုလ်ချိုကသတိရ၍…
''ဟ ဘယ်နှစ်နာရီတောင်ရှိသွားပလဲ၊ ငရွေးတို့လှည်း ကူကြီးခြံထဲတင်ဆိုရင် ပြန်ရောက်ဖို့ကောင်းတာကြာ လှပြီ"ဟု ပြောလိုက်သည်၌ ဆိုင်ရှင် ကိုဘအေးက…
"ဟာ…ဗိုလ်ချိုရ၊ ကူကြီးခြံက အပြန်မှဝင်မှာတဲ့၊ သူတို့ သဖန်းကုန်းရောက်အောင်သွားကြအုံးမှာတဲ့၊ မင်း ဘာကိစ္စရှိလို့လဲ"
"အဲဒီ လှည်းတပ်သွားတဲ့နွားက ရောင်းဖို့တဲ့ဗျာ၊ ဒါကို မောင်ချောတို့က ၀ယ်ဖို့ကြည့်ပေးပါဆိုလို့"
"ဒါဖြင့် ညမှပဲသွားကြည့်ပေတော့၊ ဒီကောင်တွေ တော်တော်နဲ့ပြန်ရောက်မှာမဟုတ်ဘူး။ ငရွေးရယ်၊ မောင် ချောရယ် နွားနဲ့လှည်းနဲ့ တွေ့သွားကြရင်ဖြင့် အဲဒီနွားရှင်ဟာ နွားမရောင်းရဘဲ အမဲသားရောင်း မပြန်ရ ကံကောင်းပဲ"
ထိုစဉ်၌ သူတို့တဲထဲမှ ထွက်ကြ၍ ကိုကျော်ဆင့်က…
"ဟာ…နေတော်တော်ကျသွားပဟေ့၊ သွားမယ်ဗိုလ်ချို၊ ဒို့မနက်ဖြန် နွားပွဲမှာ ဆုံကြအုံးစို့၊ မောင်တင့်နွား လေးဖြစ်မယ်ဆိုရင် ဒို့အစိတ်ဖိုးတော့ ပျော်ရမယ်ကွာ"
"အေး…ငါလာခဲ့မယ်၊ သွားမယ်။ ငါလဲ မောင်းတက်ဝါးခုတ်မလို့" တာလမ်းမရွာဘက် အကူးတွင် ဆောက်ချုံ ကလေးများနှင့် ရှိုးနိမ့်အိုင်ကြီးတစ်ခုရှိလေရာ မိုးနှောင်းက သည်နေရာမှာ ကိုမောင်ချိုတို့သားအဖတွေ ငါး ပက်ခဲ့သည်။ ငခူ၊ ငကျည်း၊ ငအိုက် လေးပိဿာအပြင် အထူးသဖြင့် လိပ် ၃-ကောင်။
"ဟိတ်လုံးရယ်ညံ၊ လိပ်သုံးကောင်ဆီပြန်ကြော်လို့" ဟု သူ့သားငယ်က အော်ဆိုခဲ့သည်ကို သတိရမိသည်။ ဒီလိပ် ၃-ကောင်ကို လှောင်၍ ရက်ခြားစားခဲ့ကြသည်။ ကိုမောင်ချိုတို့သည် ရေသတ္တ၀ါတွင် ငါးဖါး ထက် လိပ်သားက ပို၍ ကောင်းကြောင်း သိကြသည်။ ပြန်သတိရ၍ တံတွေးမျိုမိ သေးသည်။ ထိုမှစ၍ ဟင်း ကောင်းမြိုးမြိုးမြက်မြက်၊ ပေါပေါလှိုင်လှိုင်မစားရသည်မှာ ကြာပါပီကော။ ကိုမောင်ချိုတို့အရပ်သည် နွေအခါ အင်းအိုင် ချောင်းမြောင်းများ ရေဗလာဖြစ်၍ အသားငါး ရှားပါးလှသည်။
ယင်းသို့ မိုးနှောင်းကို ပြန်ပြောင်းတွေးရင်း ကိုမောင်ချိုလက်က ဓားမကြီးတကားကားနှင့် လျှောက်လာစဉ် "ဗျို့…ဗိုလ်ပုချို…၊ဗိုလ်ပုချို…"ဟု သူ့ဆီပြေးလာကြသူ၊ နှစ်ယောက်ကတော့ အသက်ဆယ့်ငါးနှစ် အရွယ် မူလတန်း ကျောင်းထွက်ကလေးများဖြစ်၍ ကာတွန်းအောင်ရှိန်၏ မိုဒန်ကာတွန်းခေတ်ကို မှီလိုက်ကြသူများ ဖြစ်သည်။
ယခုမှဖေါ်ပြရဦးမည်။ ကျုပ်တို့ဇတ်လိုက် ဗိုလ်ချိုသည် တောသား လူထွားလူခန့်ကြီးမဟုတ်ပေ။ ပုကွကွ၊ ခြေခွင်ခွင်နှင့် လက်ပြင်ကုန်းကုန်း၊ ခါးဆစ်တိုတို လူဖြစ်သည်။ ထို့ကြောင့် မိုဒန်ပရိသတ်က သူ့အား ဗိုလ်ပု ချို နာမည်ပေးကြခြင်း ဖြစ်သည်။ ပြောရဦးမည်၊ အခုန အကြော်ဆိုင်ထဲက ထွက်လာတော့ ကိုမောင်ချိုသည် ညနေစောင်းပြီမို့ ပုဆိုးကို ခေါင်းမှာမပေါင်းတော့ဘဲ လည်ပင်းသိုင်း၍ ကျောမှာခြုံလာခဲ့သည်။ ဗိုလ်ပုချို၏ ခြုံအင်္ကျိနှယ်မို့၊ သူ့ကိုလူငယ်ကလေးများက ပို၍သဘောကျကာ အနီးသို့ရောက်လာသည်၌…
"ဒီမှာ ဗိုလ်ပုချို၊ ခင်ဗျားကျုပ်တို့အတွက် နှိမ်နင်းပေးဖို့ ကိစ္စတစ်ခုရှိနေတယ်"
"ဘာကိစ္စများလဲကွ…"
"ခင်ဗျားလက်က ဓားမနဲ့တော့ အဲဒီကောင်ခေါင်းကို ခုတ်နိုင်မယ်မဟုတ်ဘူး၊ ကိုယ်ကိုခုတ်လည်း သူက မှု မယ်မဟုတ်ဘူး"
ကိုမောင်ချိုက မခံချင်သံဖြင့်…
"ဘာမို့လဲကွ မင်းတို့အကောင်က"
"လိပ်ဗျ…လိပ်…လိပ်"
ဗိုလ်ချိုမျက်လုံးကျယ်ကာ…
"ဟေ့-ဘယ်မှာလဲကွ၊ ဘယ်မှာလဲ၊ ခုရှိပါအုံးမလား"
"ရှိပါတယ်၊ ကျုပ်တို့ဖမ်းထားပါပြီ"
"ဘယ်လောက်ကြီးလဲ"
"ဟောသလောက်ဗျ၊ သုံးပိဿာလောက်ရှိမယ်"
လက်နှစ်ဖက်ကို ၀ိုင်းပြသည်၌…
"ဟာ…အကြီးကြီးပဲ၊ မင်းတို့ ဘယ်ကရသလဲ"
"ခြံမီးရှို့တော့ ထွက်လာတာ"
"ဒါဖြင့် ဇင်းရှောဟေ့…ကျင်းအောင်းလိပ်ပဲ၊ ဒီရာသီ သိပ်ဆူပေါ့ကွာ…တောက်…"
ကိုမောင်ချိုသည် စားချင်စိတ်ဖြင့် တံတွေးမျိုပြီး တက်ခေါက်လိုက်ရာ
"ခင်ဗျား သိပ်ဒေါသထွက်မနေနဲ့၊ အခု ကျုပ်တို့နဲ့လိုက်ခဲ့၊ ခင်ဗျားတွေ့ရမှာပဲ"
"မင်းတို့ ငါ့ပေးမယ်လား…"
"ဟာ-အတူတူချက်စားကြတာပေါ့ဗျာ၊ ကျုပ်တို့က လိပ်မသတ်တတ်လို့ ခင်ဗျာ့လိုက်ရှာရတာ"
"နို့ မင်းတို့ဘကြီးသာခင် ရှိသားပဲဟာ…"
"ဘကြီးက သူအသက်ကြီးပြီ၊ မလုပ်ချင်တော့ဘူးတဲ့…၊ မောင်ချိုသာ သွားခေါ်ကွာတဲ့"
"အင်း…ချက်ပြီးရင်တော့ သူစားမယ်ပေါ့လေ…"
"ဒါတော့ လူကြီးပဲဗျ"
ဤမှာဘက်၌ မကျွမ်းကျင်သူတို့သည် လိပ်ဆိုတာ အခွံပစ်ရတာနှင့် ၃-ပိဿာလောက်အကောင်သည် အတွင်းသား ငါးဆယ်သာမျှ ရပါမည်လားဟု အောက်မေ့ဘွယ်ရှိသည်။ စင်စစ် ဒီလိုဇင်းရှောလိပ်ကို (လိပ် မှာ အမျိုးမျိုးရှိသည်။) မီးဖုတ်လိုက်သောအခါ၌ အခွံရယ်ဟူ၍မရှိတော့ပေ။ ကျောကုန်းနှင့်ရင်ပတ်က ဂုံညင်း ပြားသာသာမျှ အာရိုးပြားပါးပါးကလေး နှစ်ချပ်မှတစ်ပါး အားလုံးပျော့ပျောင်းကာ စားရသောအရာများသာ ဖြစ်ကြကုန်၍ ၃-ပိဿာလောက်ရှိသော ဇင်းရှော (ကုန်း-ရေ နှစ်ဌာနနေသည့်) လိပ်မှာ ညှီလုံး ၄ခုနှင့် စုစု ပေါင်း အစိတ်သားမျှသာ စွန့်ပစ်ရလေသည်။
လိပ်တစ်ကောင်လုံးကို ပျော့အိသွားအောင် မီးဖုတ်ပြီး ဓားနှင့်ခွဲစိတ်ကိုင်တွယ်သောအခါ၌ ကိုမောင်ချိုသည် ကောင်ကလေးများအား လိပ်၏ပေါင်ခြံနှစ်ခုနှင့် ဂျိုင်းနှစ်ဖက်အတွင်းမှ ညှီလုံး ၄-ခုထုတ်ပုံကိုပြ၏။ အမဲအဆီ တုံးကဲ့သို့ ၀င်းရွှေနေသည်။ ဒါတွေမထုတ်လျှင် လိပ်သားကိုမစားနိုင်လောက်အောင် ညှီ၏။
"ဟောဒါက အသည်းကွ၊ ဘယ်တော့မှ မှားပြီးမပြစ်လေနဲ့၊ လောကမှာ အဆိမ့်ဆုံး၊ ဖွတ်ဥ-လိပ်သည် ကျွဲနို့ ခဲ တဲ့၊ ပညာရှိကြီးများက ဆိုခဲ့တယ်"
ထိုစဉ် ကိုသာကျော်ကြီး ရောက်လာကာ….
"ဟာ…ဗိုလ်ချို ဒီမှာကိုး၊ ငါ မင်းမှာတယ်ဆိုလို့လာပြီး မင့်လိုက်ရှာနေရတာ"
"အေးကွာ…ထန်းပင်မောင်းတက်ဆွဲမလို့ဘဲ ၊ ဒီနေ့တော့ဖြစ်တော့ပါဘူးကွာ…၊ နေကတော့ဝင်သွားပေပြီ၊ ဒီမှာ ဟင်းရတာနဲ့ကွ"
ကိုသာကျော်ကြီးလည်း ကြမ်းပြင်ပေါ်ရောက်လာတာ…
"ဟော…အကြီးကြီးပဲံကွ၊ ဆူလိုက်တာဟာ…"
"အေး…မင်းလည်း ဒီမှာစားပေါ့ကွာ…"
"ဟာ…ငါ့ဦးကြီးသာဒင်အိမ် ငါမစားလို့…ဖြစ်မလားကွ၊ ဦးကြီးသာဒင်ကတော့ အသက်ကြီးလို့ ဒါမျိုးစား တော့မယ်မထင်ဘူး"
ယင်း၌ အိမ်ရှေ့ခန်းမှ…
"ဟေ့…သာကျော်၊ ခွေးစကားမပြောနဲ့ကွ"
"ဟဲဟဲ…ဦးကြီးကလဲ"ဟု ရယ်သွမ်းသွေးလိုက်ပြီးမှ…
"ဟေ့…ဒါနဲ့ဗိုလ်ချိုရ၊ ဒီလို ဟင်းကောင်းရှိပြန်တော့လည်း သူနဲ့ တွဲဘို့ တခုလိုမနေဘူးလား”
ဤတွင် ဟင်းကိုင်နေသော ဗိုလ်ချိုက .....
    “အေး... ငါလဲ ဒါစဉ်းစားနေတာဘဲ၊ ဘိုင်စကယ်ဘီးပေါက်လို့ မြို့မသွားနိုင်ကတည်းက ပိုက်ဆံတော့ မရှိတော့ဘူးကွာ..” ဟု ညည်းပြီးမှ
    “ရော့ဟာ... ဒါယူသွားပြီး ငပွကြီးဆီမှာ ကြည့်သာလုပ်ခဲ့ပေတော့”ဟု ဆို၍ သူ့အိမ်မှာ မြနေအောင် သွေးလာခဲ့သည့် ဓားမကြီးကို ပစ်ပေးလိုက်လေ၏။
    ခြေမြန်တော်သာကျော်ကြီးသည် ဟင်းအိုးရနံ့လှိုင်၍ အပေါ့, အငန် မြည်းရသောအချိန်၌ အရက် တစ်ပုလင်း နှင့် ပြန်ရောက်လာလေသည်။
    ထိုညသူတို့ မည်မျှ ထမင်းမြိန်ကြမည်ကို ဖော်ပြစရာမလိုတော့ပေ။ အလုပ် အလွန်များလှသော ကိုမောင်ချိုသည် ယင်းည အိမ်ပြန်ရောက်သည်၌ နက်ဖြန် ဘယ်ကစပြီး ဘာလုပ်ရမည်ကို မစဉ်းစား နိုင်တော့ဘဲ အိပ်ပျော်ခြင်းသို့ ရောက်သွားလေ၏။
ပြီးပါပြီ
.
>>>ဆက်ဖတ်ရန်>>> >>
Tuesday, December 29, 2009
ပန်းသတင်း (ဒီဇင်ဘာ ၅)
ထန်းသမား ထေကြီး 
သော်တာဆွေ
ထန်းသမား ထေကြီး၏ ပထမဦးဆုံး ထူးခြားချက်နှစ်ရပ်ကို ဖော်ပြပါမူ .........
(၁) ထန်းသမားတော်ကြီးသည် ထန်းတက်သမားဖြစ်လျက် ထန်းရည်၊ အရက် မသောက်ခြင်း။
(၂) ရေချိုးလေ့မရှိခြင်း။
''ငါ့ချီး…ရေချိုးလို့ သေတဲ့ မသာရှိတယ်၊ ရေမချိုးလို့ သေတဲ့ မသာ မရှိဘူးကွ"
သူ့အား ရေမချိုးရကောင်းလားဟု ပြောသူများအား ချေပသော လက်သုံးစကားတည်း။
"ကိုထေကြီး…ခင်ဗျားကိုယ်က ချေးတွေ၊ ညှော်တွေနဲ့ စီးထန်းမနေဘူးလား၊ မအီမသာ ဖြစ်မနေ ဘူးလား…"
"ဟင့်အင်း…မနေဘူးကွ၊ ငါ့ဟာငါ နေထိုင်ကောင်းနေတာပဲ"
ယင်းကား သူ့အဖို့ သိဒ္ဓိပြီးစီးခြင်းတစ်ရပ် ဖြစ်နေပေသည်။ ကျွန်ုပ်တို့မှာ ရေချိုးချင်၍၊ သို့မဟုတ် ရေချိုးချိန် တန်၍ မချိုးရပါက မည်မျှ ဒုက္ခရောက်ကြပါသနည်း။ ထေကြီးကား ဤဒုက္ခမှ ရာသက်ပန် ကင်းဝေးလျက် ရှိလေပြီ။
အများ မျက်မြင်အားဖြင့် ထေကြီးကိုယ်တိုင်မှာ ချေးကွက်တွေ အထပ်ထပ်ပြီး၍ ရွံဘွယ်လိလိ ရှိဘိသည်။ မည်သူသည် သူနှင့် ကိုယ်ချင်းထိတွေ့ချင်ပါအံ့နည်း။ သို့သော် သူ့မှာ အများနည်းတူ သားမယားနှင့် ဖြစ်၏။ သာမဏေနသာမဏော ဂေါနေနဂေါနော ဆိုဘိသို့ သူ့မယားလည်း သူ့လိုဘဲ ညစ်ပတ်ပါ၏။ အဲ…ဖအေရော - မအေရော ညစ်ပတ်ပြီဆိုတော့ သားသမီးများ အထူး ပြောဘွယ် မရှိတော့ပြီ။ 
တစ်ရွာလုံးမှာ အညစ်ပတ်ဆုံး အိမ်ထောင်ကို ပြပါဆိုတော့ "ဒီရွာတင် မကပါဘူးဗျ၊ တခြား ဘယ်ရွာတွေနဲ့ ယှဉ်ယှဉ်၊ ထေကြီးတို့အိမ်က ပထမတန်း ထိပ်တင်ပါဘဲ" ဟု ဖြေရမည်သာ။
သူတို့အိမ်ညစ်ပတ်သည်မှာ လူတွေသာမက အိပ်ရာ၊ ခြင်ထောင်၊ စောင်၊ ခေါင်းအုံး၊ အ၀တ်အစား အနေ အထား၊ ရေကပြင်၊ မီးဖိုချောင်၊ ပန်းကန်ခွက်ယောက် က အစ ညစ်ပတ်ကြ၏။
    ထေကြီးသားသမီးတွေဆိုလျှင် အစဉ်သဖြင့် ချေးလက်လေးသစ်နှင့် အရှက်လုံရုံ ၀တ်ဆင် သည်များလည်း အလွန်ညစ်ပတ်၏။ ထေကြီးမိန်းမဆိုလျှင် အင်္ကျိဝတ်သည်ကို အလွန်မြင်ရခဲ၏။ အစဉ်သဖြင့် ထမီရင်လျား နှင့်သာ ဒူးပေါ်ရင်ပတ် ပေါ်နေလေ့ရှိ၏။ သည်တော့ မိန်းမတစ်ယောက်၊ အသက် ၃၀ မကျော်သေးသော မိန်းမ တစ်ယောက်၊ သည်လို ခြေသလုံးပေါ်က ပခုံးပေါ် မနေသင့်ပါ ဘူးဟု မထင်ကြပါလင့်။ သူတစ်ကိုယ် လုံးတွင် ရှိသော ချေးညှော်များက အန္တရာယ်ကို ကာကွယ် ထားပါ၏။ သူ့ကိုယ်သည် သည်ထက် ပို၍ ပေါ်စေဦး တော့ နဘယံ ဖြစ်ပါ၏။
ယင်း၌ သူတို့အိမ်သားဆင်ရဲလို့လားဟု မေးဖွယ်ရှိ၏။ မူလက မျိုးရိုးအားဖြင့် မွဲတေလှသည် မှန်သော်လည်း ထေကြီး ဤရွာရောက်၍ ထန်းတက်ရ ကတည်းက တစ်စတစ်စနှင့် တစ်နေ့တခြား ငွေကြေးများ စုဆောင်း မိ၍ နေပါပြီ။
ထေကြီး ပထမဦဆုံးနှစ် ထန်းစတက်စဉ်က ခြံရိုးလယ်စပ်တစ်ခုမှာ ထန်းရွက်တဲထိုး၍ ထန်းရည် တဲနှင့် နေခဲ့သည်။ မိုးဦးကျသော် ထိုထန်းရည်ရှည်တဲ ဖျက်ပစ်၍ မူလအိမ်မှာ သူရင်းငှားဝင်လုပ် လိုက်သည်။ လယ်ပြီး မိုးနှောင်း ရောက်သောအခါ၌ ကျီဝင်ဆက်မလုပ်တော့ဘဲ ထန်းရည်တဲ ပြန်ဆောက်ပြီး ထန်းရည် အလုပ်သာ  တိုးချဲ့လုပ်တော့သည်။ ထိုနှစ်မှာ သူသည် တစ်မိုးတွင်းလုံး ထန်းရည်ရသည့် 'သီးရင့်'ပင်တွေ များများကိုင်၍ မိုးဦးကျသော်လည်း သူရင်းငှားပြန်မလုပ်တော့ဘဲ နှစ်လုံးပေါက် ထန်းတက်သော အလုပ် ကိုသာ လုပ်တော့သည်။
သို့ဖြင့် တတိယမြောက်နှစ်မှာ ရွာထဲတစ်နေရာတွင် ၅၀၀ကျပ် ပေးရသော ခြံနှင့်အိမ်လေးတစ်လုံးကို ၀ယ်လိုက်နိုင်လေသည်။
ဤသို့ အိမ်နှင့်ခြံနှင့် ဖြစ်သွားသောအခါ ထေကြီးသည် လူဇာတိရွာမှ သားမယားကို ပြန်ခေါ် လေ၏။ ရေမချိုး သော ထေကြီးမယား ရောက်လာပြီ ကြားရသောအခါ ဒီလိုညစ်ပတ်တဲ့ကောင်ကြီး များ ဘယ်လို မိန်းမက ယူပါလိမ်…ဟု သွားရောက်ကြည့်ကြသည့်၌ ရွာသူ, ရွာသားများသည် သူတို့ လင်မယား အား "အောင်မယ်လေး…နေနဲ့လ…ရွှေနဲ့မြပါပဲ…"ဟု ပြုံးကာမဲ့ကာ ချီးမွမ်းသြဘာ ပြုကြကုန်လေ၏။ အကြောင်းမှာ ညစ်ပတ်ပုံချင်း တူညီလှချေစွတကား…..။
သို့တစေ ညစ်ပတ်သော ထေကြီးတို့အိမ်မှာ လူစည်သည်။ အကြောင်းမှာ ထန်းရည်ရောင်းခြင်း ကြောင့် အသောက်သမားများ ယောက်ယတ်ခတ်နေကြခြင်း ဖြစ်၏။ အကြွေးသောက်သူများသည် ထေကြီးမိန်းမ ခိုင်းစေသည်များကို လုပ်ပေးကြသည်။ ညစ်ပတ် ပေရေနေသော ထေကြီး၏ ကလေး များကို ချီပိုးခြင်း၊ ချော့မြူခြင်း၊ နှပ်သုတ်ပေးခြင်းများကို ပြုကြသည်။ ထေကြီးမိန်းမ အုန်းဆင့်အဖို့ ဒီရွာရောက်မှ ရတနာပုံ ဆိုက်ခြင်း ဖြစ်ပေသည်။ ငွေကြေးမပြတ် ကိုင်နေရသည်။ ထန်းရည် တစ်ပုလင်း တစ်မတ် ရောင်းရသည်။ အကြွေး သောက်သူများအား စာရင်းမှတ်ရသည်။
မူလသူတို့ဇာတိရွာတုန်းကမူ အဘယ်မှာလျှင် ဤသို့ လူမွေးလူတောင် ပြောင်လိမ့်အံ့နည်း။ ဆင်းရဲသော မိသားစု ဖြစ်သည်နှင့်အညီ အစာဆင်းရဲ၊ အနေဆင်းရဲဖြင့် ယခုလို ကိုယ်ကကြွေးမှတ်ဖို့ မဆိုထားဘိ၊ ကြွေးရှင်တို့ မျက်မှောက်မှာ မျက်နှာငယ်နှင့် နေခဲ့ရပေသည်။
အဘယ်ကြောင့်နည်း။
သူတို့ မူလဇာတိရွာသည် မြို့မှ ရ-မိုင်ကွာဝေး၏။ 'လသာကွင်းရွာ'ဟု ခေါ်သည်။ ယခု သူတို့ ပ၀တ္တိရွာမှ မြို့မှ 3-မိုင်ခန့်ကွာ၍ ပေတစ်ရာလမ်းနှင့် ကပ်နေသဖြင့် 'တာကပ်ကြီးရွာ'ဟုခေါ်၏။
တာကယ်ကြီးရွာသည် ကြီး၏။ လယ်ပိုင်,မြေပိုင်နှင့် လူချမ်းသာများပေါ၏။ ဆန်စပါးအပြင် အခြား သီးနှံ စိုက်ပျိုးခြင်း၊ ရက်ကန်းရက်ခြင်းတို့ဖြင့် ရွာသူ,ရွာသားများ ချောင်လည်ကြသည်။
လသာကွင်းရွာကား နာမည်လှသော်လည်း မြို့နှင့်ဝေး၍ လူဆိုး,သူခိုးများနှင့် အတော်ဗရုတ်ကျ၏။ ချမ်းသာ ချောင်လည်သူ နည်းပါး၍ ဆင်းရဲသားများ၏။ ထန်းရည်အရက်ကား ပေါ၏။ ထန်းရည် တက်ခြင်းအတတ်ကို နွားကျောင်းသားအရွယ်ကစ၍ တတ်ကြကုန်၏။ ကိုယ့်ဟာကိုယ် တက်သောက် တတ်ကြ၏။ သောက်၍ ပိုသည်ကို ဆီဖိုး, ဆန်ဖိုးရအောင် ရောင်းကြ၏။
သူတို့ရွာသည် မြို့မှလာသော လမ်းဆုံးရာ တာဂွလမ်းဆုံနှင့်နီး၍ အခြားဝေးလံသောရွာများမှ မြို့ကို လာကြကုန်သော ခရီးသည်တို့၏ လှည်းလမ်းဆုံရွာလည်း ဖြစ်သောကြောင့် ထန်းရည်ရောင်း ကောင်းကြ၏။ မြို့နှင့်ဝေးကွာသဖြင့် - လိုင်စင်စီနှင့် ဘုံဆိုင်မရှိသဖြင့် မည်သူမဆို ထန်းပင်ရှိ ထန်းတက်နိုင် ကြ၍ ကိုယ့်အိမ်ရှေ့မှာကိုယ် ထန်းရွက်တဲကလေးထိုးကာ အမြုပ်ကလေးတစ်စီစီနှင့် ထန်းရည်ပုလင်းတွေ ထောင်ကာ ရောင်းကြသည်။ အမြည်းငါးကြော်-အမဲကြော်နှင့် ဆေးလိပ်များ လည်း ရှိသည်။ ထိုနေရာသည် လမ်းဆုံ,လူစုံဖြစ်၍ ဆေးခြောက်၊ ကွမ်းပုံ(ဘိန်း)များလည်း ရနိုင်သည်။
ဤဒေသ၌ကား ထေကြီးကို သတ္တ၀ါသည် ပွဲမတိုးနိုင်ခဲ့ပေ။ ကိုယ်ပိုင်ထန်းပင်,ပင် မတက်နိုင်ခဲ့။ အခြားသူ၏ ထန်းပင် သူရင်းငှား တက်ခဲ့ရသည်။
ယင်းသို့ ထေကြီးသည် လသာကွင်းရွာ၌ ဆင်းရဲမွဲတေနေစဉ် ကံကောင်း ထောက်မချင်တော့ အ ကြောင်းအားလျော်စွာ တာကပ်ကြီးရွာက သူကြီးနှင့်ဆက်မိ၍ သူကြီးအိမ်ကို သူရင်းငှားအဖြစ်နှင့် ရောက်လာ ခဲ့လေတော့သည်။
စရောက်သောနှစ်မှာပင် သူကြီးက ထေကြီးအား "မင်း…ထန်းတက် တတ်လား…"ဟု မေး၏။ " လသာကွင်း သား ထန်းတက်တတ်လား" မေးခြင်းသည် "ငါးရေကူးတတ်လား…" မေးခြင်းနှင့်တူ၍ သူ ကြီးက သူသောက်ရန် ထန်းတစ်ပင်ကို တက်စေသည်။
တာကပ်ကြီးရွာ၌ ခြံတွေမှာရော၊ လယ်ကွင်းတွေထဲမှာရော ထန်းပင်တွေ အလွန်ပေါ၏။ သို့သော် ထန်းတက်တတ်သူ အလွန်နည်း၍ တက်တတ်သူ နှစ်ဦးသုံးဦးမှာလည်း မိမိတို့သောက်ဖို့သာသာ လိုင်စင်စီရရုံလောက် တက်ကြသည်။ တာကပ်ကြီးရွာသည် မြို့နှင့်နီး၍ ထန်းရည်လိုင်စင် ဧရိယာ အတွင်း ကျရောက်သဖြင့် ထန်းရည်တက်လိုလျှင် လိုင်စင်စီကို အခွန်အခ ပေးရသည်။ ထေကြီးတက်သော အပင်ကား တစ်ပင်တည်း၊ သူကြီးဂုဏ်ရှိန်နှင့်မို့ မပေးရပေ။
ယင်းသို့လျှင် ထေကြီးသည် သူကြီးအိမ်မှာ သူငှားရင်းလုပ်ရင်း ထန်းတစ်ပင်တက်ခြင်းဖြင့် အမှုတော် ထမ်းနေစဉ် နေ့စဉ်သူတက်သော ထန်းပင်ပေါ်မှ လှမ်းမျှော်ကြည့်၍ အနီးပတ်ဝန်းကျင်ရှိ ထန်းပင်များကို မြင်ရသည်၌ "သည်ထန်းပင်တွေများ ငါအားလုံးတက်လိုက်ရ၊ ဘယ်လောက်စီးပွား ဖြစ်လိမ့်မလဲ…"ဟု တွက်ဆမိ၏။
ရွာထဲ၌ ထန်းတက်သူ တောင်ပိုင်းတစ်ယောက်၊ မြောက်ပိုင်းတစ်ယောက်ရှိရာ သူတို့သည် တစ်ဦး လျှင် နှစ်ပင် သုံးပင်မျှ အပျော်တက်လောက်ဖြစ်၍ ရောင်းမလောက်ပေ။ သောက်ချင်လျက်နဲ့ မသောက်ရသူတွေ အနတက္ကမ။ ထေကြီးသည် ယခုသူတစ်ပင်တည်းတက်၍ သူကြီးသောက်၍ ပို သမျှ ရောင်းရသည်နှင့်ပင် သူခပ်မြက်မြက် တွေ့နေပေပြီ။ လသာကွင်းတုန်းက အိတ်ထဲပိုက်ဆံ မကပ်ခဲ့ရ။ ယခု နေ့စဉ်ဝင်ငွေ ရနေသည်… ဟီ…ဟီ…။
သို့ဖြင့် တစ်နေ့သ၌ သူသည်သူကြီးအား ထန်းပင်များများ တက်လိုကြောင်း၊ သည်ရွာမှာ ထန်း တက်၍ စီးပွားဖြစ်နိုင်လိမ့်မည်ထင်ကြောင်း ပြောပြရာ သူကြီးသည် သူ့အား ခိုင်း၍စေ၍ကောင်း သဖြင့် ချစ်ခင် ရင်းစွဲရှိသည်နှင့် "အေး…မင်းအကျိုးရှိမယ်ထင်ရင် လုပ်လကွာ၊ ငါတို့ဆီမှာ သူရင်း ငှားတော့ မရှားပါဘူးဟု အခွင့်ပေးသည်နှင့် အစ၌ ဖော်ပြခဲ့သည့်အတိုင်း ထေကြီးသည် ပထမတစ် နှစ်၊ တစ်ဆောင်းနှင့်တစ်နွေ စမ်းလိုက်သည်။ ဟန်သဖြင့် ဒုတိယနှစ်ကုန်ပြီး တတိယနှစ် ရောက်သည်၌ သူရင်းငှားအလုပ်ကို လုံးဝ စွန့်ပစ်လိုက်ကာ ထန်းတက်သော အလုပ် တစ်ခုတည်းသာ ဖိလုပ်လေတော့သည်။
ထန်းရည်နင်း
ပေါက်ကင်းတဲ့ လဲငုံ။
ဇရက်ကယ် သရကာနဲ့
ရော်ရွက်ဝါတမာနု
လွမ်းသူ့ပူပုံ။
စရိုက်ကယ်လှုံ
ပင်မြုံမြင့် သိုက်နန်း။
ထွက်စီးငယ်ဝှန်
ကျောက်စက် ရေတံခွန်နဲ့
ဟေမဝန် သာယာနုပါဘိ
ယွန်းလုနွေဆန်း။   ။
'ထန်းရည်နှင်း' ဆိုသည်၌ ဘယ့်နှယ် ထန်းရည်တွေတက်နင်းလို့ ခြေထောက်စိုကုန်မှာပေါ့ဟု ပြော စရာရှိ၏။ စင်စစ်ထန်းရည်တွေကို တက်နင်းခြင်းမဆိုလိုပေ။ ထန်းရည် ထွက်အောင် ထန်းတက်ရာ ၌ ထန်းစအရင်းထိ ပေါ်လာရန် ထန်းလက်, ထန်းခွာတွေကို ခြေထောက်နှင့် နင်းချရခြင်းကို ဆိုလို ခြင်းဖြစ်ပေသည်။
ဦးကြင်ဥသည် ဤလေးဆစ်ကို တပို့တွဲလဘွဲ့ဖွဲ့သည်။ မှန်ပါ၏။ တပို့တွဲလသည် ထန်းလှိုင်လှိုင် တက်ရသော လ ဖြစ်ပါ၏။ သို့သော် ထန်းသမားများအဖို့ ထန်းဦးမှာ နတ်တော်လလောက်က စ တက်ရ သည်။
ထန်းရည်သည် သုံးမျိုးမှ ရနိုင်သည်။ ထန်းဖို၊ သီးနု၊ သီးရင့်။
ပထမဦးဆုံး ကိုင်ရသည်မှာ ထန်းတစ်ပင်မှသီးသော သီးနု၊ အသီးကလေးတွေပြူစ၊ အခိုင်ကျမှ ကိုင်ရသည်။ နတ်တော်လ ထန်းဦးဖြစ်သည်။ ဒုတိယ ထန်းဖို ပြာသို၊ တပို့တွဲလလောက်မှာ ကိုင်ရသည်။ တတိယ နောက်ဆုံးမှာ သီးရင့်ဖြစ်သည်။ အသီးများ လည်ရစ်ဝင်၍ စားမဖြစ်အောင် ရင့်သောကာလ၊ မိုးဦး ကျလောက် မှ စ ကိုင်ရသည်။
ထန်းရည်ထွက်အောင်လုပ်ရာ၌ ထန်းသမားအဖို့ သီးရင့်သည် အပင်ပန်းဆုံးဖြစ်၏။ အသီးရင့်ကြီး တွေနာပြီး သူ့အဆီအနှစ်တွေ အရိုးထဲ ပြန်ဝင်သွားအောင် သီးလုံးစေ့ချက် ညီညီ ထုရသည်။ ထန်းသမား များသည် အများအားဖြင့် ကကြီး-ခကွေးဆို၍ ထုကြသည်။ ဥပမာ…အသီးတစ်လုံးကို တင်း ပုတ်ဖြင့် (င)အထိ ၅-ချက်ထုလျှင် အလုံးတိုင်းသည်လိုဘဲ ခိုင်လုံးစေ့ထုရ၏။ ရက်ပေါင်းများစွာထု၊ နေ့တိုင်းထုရ၏။ သီးရင့် သည် လုပ်ရတာ ခက်ခဲ ကြံ့ကြာသလောက် ထန်းရည် ထွက်သက်ရှည်၏။ ထန်းဖို့ ထန်းမတို့သည် (အရိုးစွဲသော တစ်ပင်တစ်စ နှစ်စလောက်မှလွဲ၍) မိုးသံလေသံကြားလျှင် ပြေးကုန်တတ်ကြသည်။ သီးရင့် ကား မိုးဦးကျကဆုန်၊ နယုန်မှ သီတင်းကျွတ်၊ တန်ဆောင်မုန်း၊ နတ် တော်အထိ ထန်းကိုင် ကောင်းလျင် ကောင်း သလောက် ရေရှည် ထွက်လေသည်။
ထေကြီးသည် သူတို့ရွာမှ ထန်းတက်ပညာကို အကုန်တတ်ခဲ့သဖြင့် ထန်းသုံးမျိုးကို နှစ်လုံးပေါက် ထန်းရည်ရအောင် တက်နိုင်လေသည်။
တာကပ်ကြီးရွာတွင် ထန်းပင်ပေါရကား ထေကြီးသည် တစ်နှစ်လျှင် ထန်းပင် ၅၀ တက်နိုင်သည်ဟု မဆိုပါ။ ထန်းဖို, ထန်းမ၊ သီးနု သီးရင့်လိုက်၍ အချိန်ရာသီခြားရပါသည်။ သို့သော် သူသည် တစ် နေ့ထဲကို အပင် အစိတ် သုံးဆယ်လောက်တော့ တက်ရပါ၏။ ဤသည်ပင် တာကပ်ကြီးရွာက ရွာခံ ထန်းသမားများ အံ့သြကြရ၏။ တစ်နေ့ထဲ ထန်းပင်အစိတ်တက်ခြင်းသည် နည်းနည်းနှောနှော တာဝန်ကြီးမဟုတ်ပါ။ ထန်းတစ်ပင် ကို မနက်တစ်ခါ၊ ညနေတစ်ခါ၊ တက်ရ, လှီးရသည်။ သည်တော့ ထန်းပင်အစိတ်သုံးဆယ်သည် တစ်နေ့ထဲကို အပင်ငါးဆယ်, ခြောက်ဆယ်ရခြင်း ဖြစ်ပေတော့ သည်။
ထို့ကြောင့် ထေကြီးသည် နံနက်ဝေလီဝေလင်းမှသည် ဆွမ်းခံပြန်လောက်အထိ တစ်ပင်ပြီးတစ်ပင် မနာတမ်းသွားရ၊ တက်ရ၊ ဆင်းရ၏။ တစ်ဖန် နေ့ခင်း ၂-နာရီလောက်မှ မိုးချုပ်အထိ သူ့မယားက သော်လည်း ကောင်း၊ သားလေးက သော်လည်းကောင်း နောက်မှ ထန်းရည်ကောက်လိုက်ရ၏။
ပုဂံရာဇ၀င်တွင် ငထွေရူးသည် ထန်းပင် ၁၀၀-တက်သည်ဆို၏။ သူတို့အညာမှာ ထန်းပင်တွေက အစုလိုက်၊ အအုပ်လိုက်နေ၍ မဆင်းမတက်ဘဲ တစ်ပင်နှင့်တစ်ပင် ထန်းလက်ချင်းယှက်၍ ကူးနိုင် သန်းနိုင်မည် ဖြစ်ခြင်းကြောင့် ဟုတ်တန်ရာ၏ဟု ဆိုနိုင်သော်လည်း ယခုထေကြီးတက်ရသော အရပ်ဒေသမှာ ခြံထဲ၊ လယ်ထဲနေရာအသီးသီး၌ အပင်ချင်းမနီးကပ်ပဲ တစ်ပင်ပြီးတစ်ပင် ကူးရ၊ သန်းရ၊ တက်ရ၊ ဆင်းရသဖြင့် လူစွမ်းကောင်း ငထွေရူးပင်ဖြစ်စေကာမူ ဘယ်နည်းနှင့်မျှ အပင် ၁၀၀တော့ တက်နိုင်မည်မဟုတ်ပေ။ ထေကြီး တစ်နေ့လျှင် အပင်အစိတ်, သုံးဆယ်တက်ခြင်းပင် အစွမ်ကုန်ပဲဟု ထန်းသမားများက ပြောကြ၏ ။ ထေကြီးအား'နှယ်နှယ်ရရ ကောင်မဟုတ်ဘူး' ဟုလည်း ချီးမွမ်းကြ၏ ။
မှန်ပေသည်။ ထေကြီးသည် နှယ်နှယ်ရရမဟုတ်ပေ။ တစ်ခါက ထန်းပင်ပေါ်ကကျဖူး၏ ။ ထန်းပင်ပေါ်ကကျ၍ ဘာမှမဖြစ်သူတည်း။
"ငါကထန်းခွာပေါ်က ခြေဖ၀ါးချောကနဲဖြစ်ပြီး ထန်းပင်ပေါ်က ကျပြီဆိုတာသိလိုက်သကွ။ ဒီတော့ ယောက်ျား ဘသား ဘုရား, တရားဆိုပြီး အံကြိတ်ထားလိုက်တယ်။ ဟာ-မြေပြင်ကြီး ကငါ့ဆီပြေးလာပြီး ဒိတ်ကနဲ ဆောင့်တော့တာပဲဟေ့။ ငါဒူးထောက်ရက်သားလေးဖက် ထောက်ဖြစ်နေတယ်။ ရုတ်တရက်ဖြစ် အကြော အခြင် တွေ ပြတ်သွားသလိုပဲဟေ့၊ ငါဘာမှမလုပ်နိုင်ဘူး၊ တော်တော်ကြာမှ ထလို့ရသကွ..."
တစ်ယောက်သော မျက်မြင်ကိုယ်တွေ့လူက ပြောပြသည်မှာ...
"ငါကသူ့ထန်းပင်နဲ့ ခပ်လှမ်းလှမ်းကလကွာ။ ပဲသီးဆွတ်နေရင်း လေမတိုက်ပဲနဲ့ ထန်းရွက် ဖြုန်းကနဲ လှုပ်သံကြားလို့ လှမ်းကြည့်လိုက်တယ်။ လားလားကောင်ကြီး ထန်းလှီးဓားကြီး ကိုင်လျက် တန်းလန်း မတ်တတ်ကြီး ကျလာလိုက်တာ အောက်ရောက်တော့ ဒုတ်ကနဲ အသံကြားလိုက်တယ်။ ပွဲချင်းပြီး မသေတောင် ကျိုးရော၊ ပဲ့ရောအောက်မေ့တာ။ ငါ ကပျာကယာပြေးသွားတော့ ငတိကြီးပြုံးပြုံးကြီးနဲ့ ပြန်ထပြီး ဘာမှမဖြစ်ပါဘူးကွ။ အံ့ရောဟေ့၊ သူအဲဒီထန်းပင်ပေါ်မှာ ထန်းရည်ချမပြီးသေးတော့ ပြန်တက်သွား သကွ။ ငါ့စိတ်ထဲ ရုတ်တရက်ဖြင့် သေပြီးသရဲများ ၀င်ပူးသွားသလားတောင် အောက်မေ့မိတယ်။"
စင်စစ်ထေကြီးသည် သတိလည်းကောင်း၏ ။ အကျလည်းကောင်း၏ ။ သူ့ကိုယ်လုံးကိုယ် ထည်ကလည်း အလွန်တောင်းတင်းခိုင်မာ၏ ။ သူ့အရပ်သည် ၅-ပေလောက်သာရှိ၍ ဂင်တိုလူပုဖြစ်၏ ။ သူ့ကိုယ်ထည်မှာ သစ်တုံးကို ထောင်ထားသည်နှင့်တူ၏ ။
အချို့နောက်ပြောင်တတ်သူများက ပြောကြသည်မှာ-
"ထေကြီး ထန်းပင်ပေါ်ကကျလို့ ဘာမှမဖြစ်တာဟာ သူရေမချိုးလို့ကွ၊ သူ့ကိုယ်ကချေး တွေက သရိုး ကိုင်ထား သလိုမာနေတာ၊ အခုဓားတောင်ပီးနေပလား မသိဘူး။ မှန်း... ထေကြီး၊ ကျောကုန်း စမ်းခုတ် ကြည့်ရအောင်..."
"အောင်မလေး....မလုပ်ပါနဲ့ အစ်ကိုရာ၊ ကျွန်တော်သေတာက အရေးမကြီးဘူး။ အစ်ကို ထောင်ကျ နေပါဦးမယ်"
ထေကြီးသည် သဘောသကာယလည်း ကောင်းသူဖြစ်၏ ။ သူ့လိုထန်းတက်အသက် မွေးသူသည် သဘော မကောင်းလို့လည်း မဖြစ်ပေ။
"ငါ့ချီး... ကိုယ်ကဘာမဆို အောက်ကျခံမှဖြစ်တာ၊ ကိုယ့်အလုပ်က လုမုန်းခံလို့မဖြစ်ဘူး။ ည ထန်းပင်တက်၊ ထန်းစတွေ တက်ခုတ်ပစ် ဘယ့်နှယ်လုပ်မလဲ။ ဒါမှမဟုတ် ထန်းရည်ကျည်တောက် ထဲမဟုတ်တာတွေ ထည့်သွားရင် ငါလူသတ်မှုဖြစ်နိုင်တယ်ကွ"
    ထေကြီးပြောလေ့ရှိသော စကားဖြစ်၏။ မှန်၏။ မသိအောင် ထန်းပင်ပေါ်တက်ပြီး ရင်ဆွဲကို တဲတဲလုပ်ထားပါက ထန်းပင်လည်ဆစ်မှ ပြုတ်ကျပြီး ခါးကျိုးနိုင်၏။ ထို့ကြောင့် ထေကြီးသည် ပိုက်ဆံမပါလို့ မရောင်းနိုင်ဘူး။ အရင်အကြွေးတွေ ဆပ်ပါ စသဖြင့် မည်သည့် အသောက်သမားကိုမျှ တင်းတင်း မာမာ မပြောဝံ့ချေ။ တစ်ရွာသားလည်းဖြစ်ရကား အစစအရာရာ အောက်ကျနောက်ကျ ခံရ၏။ သောက်ချင် သမျှရောင်း၍ ပေးသမျှ ပိုက်ဆံသာရရှာ၏။ ဓထေကြီး ထန်းရည်ထွက်သမျှသာ ပိုက်ဆံရ မည်ဆိုလျှင် ဘယ်မှာ ထားစရာရှိတော့မလဲဓဟု ပြောကြ၏။
    ကျေးတောရွာအနေဖြင့် မှန်ပေသည်။ ထေကြီးသည် တစ်နှစ်လုံး ထန်းပင်အစိတ်သုံးဆယ် ကျော်တက် လေရာ ထန်းရည်သည် နေ့စဉ် ပုလင်းရာချီ၍ ရလေသည်။ ဤလိုထန်းပင်များများ တက်သူအား ဘုံဆိုင် လိုင်စင်စီသည် ထန်းပင်ခနှင့် မချတော့ချေ။ ထွက်သမျှ ထန်းရည်မှန်းပြီး တစ်နေ့လျှင် သူ့ဘုံဆိုင် သို့ မည်မျှ သွင်းရမည်ဟု စည်းကမ်း ချမှတ်၏ ထိုမှ ပိုသမျှ ရောင်းစားခွင့် ပြု၏။
    သို့ဖြင့် ဘုံဆိုင်ကလာယူ၍ ပိုသောထန်းရည်မှာ ထေကြီးအိမ်တွင် အသောက်သမားလာသမျှ မရဟူ၍ မရှိရ။ ထို့ပြင် ထေကြီး ဘုံဆိုင်သွင်းရသည်မှာလည်း အလကားမဟုတ်ချေ။ ပုလင်းတစ်ရာ ကို တစ်ဆယ် ဈေး ရသေး၏။
    သို့ဖြင့်ထေကြီးသည် ဤရွာကြီးမှာ တဖြည်းဖြည်း စီးပွားဖြစ်ထွန်းလာခဲ့သည်။ ထေကြီး သည် စုမိသော ငွေကို အလကားမထား၊ ၀က်လည်းမွေး၏ နွားလည်းမွေး၏။ ထေကြီးတို့လင်မယား သည် အသုံးအစား လည်း အလွန်ဆင်ခြင်၏။ ဆင်ခြင်သည်ထက် မစားတတ်၊ မ၀တ်တတ်ဆို သည်က ပို၍ မှန်ပေမည်။
    ဖော်ပြခဲ့သည့်အတိုင်း ထေကြီးမိန်းမသည် အင်္ကျီဝတ်ခဲ၍ ထမီရင်လျားနှင့်သာ နေလေ့ရှိသည်။ ဤနေရာ၌ ထေကြီး၏ နေ့စဉ်ယူနီဖောင်းကို ဖော်ပြရဦးမည်။ မည်သည့်နှစ်၊ မည်သည့်ခေတ်က မည်သို့ ရထားသည်မသိ ကာကီရောင်စစ်သား ၀တ်ဘောင်းဘီတို ဇင်ဖျင်ထူထူထစ်သည်၊ သူ့ ဒူးအောက် ရောက် အောင်ရှည်သည်။ မူလအရောင်ပျက်၍ မွဲအောက်အောက် အဖာဗရပျစ်နှင့်။ အင်္ကျီ မှာသာ၍ အံသြဖွယ် ကောင်းသည်။ ဘာဘူကုလားတွေ ရှပ်အင်္ကျီ အပေါ်မှဝတ်သော လက်ပြတ်ခါးပြတ် မဲနက်သော အင်္ကျီတို၊ သူ၏ကြီးမားသော ကိုယ်လု့းကို မပတ်မိ၍ ကြယ်သီးမတပ်နိုင်၊ ရင်ပတ် ဟောင်း လောင်း နှင့်ပဲ အမြဲနေ၏။
ဤကားရေလည်းမချိုး၊ နေ့မချွတ်၊ ညမချွတ်၊ သူ့ကိုယ်မှာ ထာဝစဉ်နေသော အ၀တ်အထည်ပါတည်း။ ဤယူနီဖောင်းနှင့် အရပ်၅-ပေလောက် လူပုပု ဂင်တိုတို၊ ချေလက်လေးသစ်နှင့် မျက်နှာပြားပြား နှာခေါင်း ပိပိ၊ နှုတ်ခမ်းထူထူ၊ ပါးစပ်ပြဲပြဲ သွားကျဲကျဲနှင့် ထေကြီး၏ပုံစံပုသဏ္ဍာန်ကို မှန်းဆ၍ ကြည့်ကြပါကုန်။ သူ့ဆံပင်ကား အရှည်လား၊ အတိုလား ပြောရန်ခက်ပါသည်။ သူသည် တစ်နှစ်မှ တစ်ခါ ပူအိုက်သော နွေရာသီ တွင် ခေါင်းရိတ်ပါသည်။ သူ့ခေါင်းမှာတော့ ပုဆိုးစုတ်တစ်ထည် အမြဲပတ်ထားတတ်ပါသည်။ ဤပုဆိုးစုတ် လည်း မလျှော်တမ်းယ မဖွပ်တမ်း ထန်းတက်ရင်း ချွေးသုတ်သည်။ ထမင်းစားပြီး လက်သုတ် သည်။ ထေကြီး၌ အပျော်အပါးအလောင်းအစားမရှိ ထန်းရည်အရက်မသောက်၊ ဆေးလိပ်မသောက်၊ ကွမ်းလည်း မစား၊ အဲ-ဆေးရွက်ကြီးတော့ ကိုက် ကိုက်ပြီး အားရပါးရငုံသဗျ။ သံဘူးနှင့်ထည့်၍ သူ့ဘောင်းဘီ ခါးကြားမှာ အမြဲမပြတ်လိပ်ထား၏။
    သို့ဖြင့် ထေကြီးသည်ငွေအရသာရှိပြီး ကုန်ကျစရိတ် အလွန်နည်းသောကြောင့် သူ့မှာ တစ်နှစ်ထက် တစ်နှစ် စီးပွားတက်ခဲ့သည်။ ထန်းတက်၍ ၅-နှစ်၊ ၆-နှစ်မြောက်၌ သူ့မှာ ငွေထောင်ချီ၍ စုမိလေပြီ။ ထိုငွေအပြင် သူ့အိမ်မှာ နွားမç မိသားစုနှင့် ခိုင်းနွားတစ်ရှဉ်း၊ လှည်းတစ်စီးလည်း ရှိလာ၏။ ခိုင်းနွားများကို လယ်ထွန်ချိန်၊ ကောက်လှိုင်းတိုက်ချိန်တို့၌ ငှား၍ ငှားခစပါးရသေး၏။ နွားမမိသားစုကိုကား တလင်းနယ် ငှားခြင်းဖြင့် သူတို့မိုးတွင်းစားဖို့ ကောက်ရိုးရ၏။
    ထေကြီးသည် သူစုမိသော ငွေသားများကို သူ့မွေးစားဖခင်လိုဖြစ်နေသော သူကြီးထံအပ်နှံ ၍ထား၏ သူကြီးကလည်း အစစအရာရာ ခိုင်းစေလို့ကောင်းသော ထေကြီးအား ချစ်ခင်၍ ထေကြီးနောင်ရေးအတွက် စဉ်းစား ပေး၏။
   ထေကြီး၊ မင်း အခုအသက်ဘယ်လောက်ရှိပြီလဲ
    ထေကြီးသည် သူ့မွေးသော သက္ကရာဇ်ကို မသိချေ။
    "ကျွန်တော့အသက် ၄၀-လောက်တော့ရှိမလား မသိဘူး"
"အေး... မပြည့်တောင် ၄၀-တော့ နီးရော့မယ်၊ ဒီတော့မင်းကြီးလာတဲ့အပိုင်းမှာ ဒီလိုထန်းပင်တွေ များများ တက်နိုင် တော့မယ် မဟုတ်ဘူး"
  "ဟုတ်တယ် အဘရဲ့၊ အခုတောင် ကျွန်တော်ကလို မပေါ့ပါးချင်တော့ဘူး.."
    "အဲဒီတော့ မင်းနောင်ရေးအတွက် စုမိတဲ့ငွေနဲ့ ရသမျှလယ်ဝယ်ထားလေကွာ..."
    "ဟုတ်ကဲ့... အဘပဲ ကြည့်ပြီးစီမံပေးပါတော့.."
    သို့သော် သူကြီးဦးရွှေသီးသည် ထေကြီးအတွက် လယ်မ၀ယ်ပေးရမီ ၉၆-ပါးသောရောက် ဖြင့် အနိစ္စသဘော ကိစ္စချောသွားလေသတည်း။
    ယင်းသည်ပင် ထေကြီး၏ဘ၀လမ်းပြောင်းဖို့ဖန်လေသည်။ အကြောင်းမှာ ထိုခေတ်သည် "ဆိုက်ကား သမားပင် ၀န်ကြီးချုပ်ဖြစ်နိုင်မည်" ဆိုသော ကာလဖြစ်၍ နောက်သူကြီး တစ်ယောက် ရွေးကောက်ပွဲ လုပ်ရမည်ဆိုသောအခါ၌ ထေကြီး၏ဖောက်သည် အသောက်သမားတို့သည် ထေကြီးအား မွေးစားဖခင် ဦးရွှေသီး ၏နေရာကို ဆက်ခံရန် ပင့်ထိုးပင့်ကော် လုပ်ကြလေသတည်း။
  "ဒို့ထေကြီးက ဘာမဖြစ်နိုင်စရာရှိလေကွ... ဒီမိုကရေစီခေတ်ပဲ မဲရနိုင်တာဘဲ..."
    "ဟုတ်တယ်... ဒို့အပိုင်းအတွက်တော့ ဒို့တာဝန်ထားလိုက်..."
    "နို့ပြီး သူကြီးအလုပ်ဆို ဒီရွာမှာ ထေကြီးလောက်နားလည်တာ ဘယ်သူရှိအုံးမလဲ.. သူကြီးရဲ့ မွေးစားသားကွာ.... သူကြီးအိမ်မှာ သုံးနှစ်သုံးမိုး နေလာခဲ့တာကွ၊ နောက်လဲ သူကြီးက သူ့ကိစ္စတွေ ထေကြီး ကိုပဲ ခေါ်ခေါ်ခိုင်းနေတာ တစ်ရွာလုံးကအသိ..."
    "အေး... ဟုတ်တယ်-မှန်တယ်၊ ကိုထေကြီးကလည်း သူကြီးအလုပ်တာဝန်ဆို အကုန်နားလည်ပြီးသား မဟုတ်လား"
    ထေကြီးလည်း ၀ိုင်းအတွန်းကောင်းသဖြင့် စိတ်ပါနေပြီဖြစ်၍ ပြုံးကျဲကျဲကြီးဖြင့်...
    " နို့... အဘကိစ္စတွေဆို ကျုပ်ပဲအစစအရာရာ ဆောင်ရွက်နေတာပဲ..." မှန်၏။ ထိုခေတ်က ကျေးရွာ သမ၀ါယမ အသင်းငွေကို သူကြီးကကိုင်၍ ရွာအတွက် ခွဲတန်းကျသော ပစ္စည်းများကို မြို့းသွားပြီး မြို့ထဲမှာပဲ ဖောက်သည် တွေဆီရောင်းချရာ၌ ထေကြီးပင် သယ်ပိုးဆောင်ရွက်ခဲ့ရ၏။ ဒီသူကြီးပိုင်နက်က ဒီနေ့စပါး တင်းရေ မည်မျှရောင်းနိုင်သည်ဟု အထက်ကအမိန့်လာသည်၌ ခပ်လှမ်းလှမ်းကရွာတွေ အချိန်မီ ရောက် မလာနိုင်အောင် ပညာသားပါပါသွား၍ ဆော်သြကြသူမှာ ထေကြီးဘဲဖြစ်ပါ၏။ ထို့ကြောင့် ထေကြီးက သူကြီး အလုပ် အားလုံး နားလည်နေသည်ဟုဆို၏။
    ထိုခေတ်က ကျေးရွာသားတွေ စပါးရောင်းခွင့်ရဖို့ကို သူကြီးထောက်ခံစာပါမှ ဖြစ်သော ဗ-တ-လ-စ ခေတ်ဖြစ်၍ ကျေးရွာကသူကြီးတွေ အလွန်စားသာကြသည်။ ထို့ကြောင့် ထေကြီးလည်း သူကြီးအလုပ်ကို မက်မောခြင်းဖြစ်၏။
    ယင်းသို့ထန်းတောပျော် အသောက်သမားတို့ ၀ိုင်းဝန်းတိုက်တွန်းကြခြင်းဖြင့် ထေကြီးသည် သူကြီး အရွေးခံတော့မည်ဟု စိတ်ပိုင်းဖြတ်လိုက်သော အခါ၌...
   "ကဲ... ထေကြီး၊ မင်းဒီလိုဆိုရင် သူကြီးလောင်းအနေနဲ့ တစ်နေ့လုံး ထန်းတက်နေလို့လည်း မဖြစ်ဘူး၊ ရေမချိုးဘဲနေလို့လည်းမဖြစ်ဘူး။ ဒီဘောင်းဘီစုတ်နဲ့ ဘာဘူခါးပြတ် အင်္ကျီဝတ်နေလို့လည်း မဖြစ်ဘူး၊ ကိုယ့်ပိုက်ဆံရှိနေတာပဲ... ကောင်းကောင်းမွန်မွန်ç သစ်သစ်လွင်လွင် ၀တ်ရလိမ့်မယ်..."
    ထို့ကြောင့် ထေကြီးသည် သူ့ကိုယ်စား ထန်းတက်ရန် သူ့ဇာတိရွာမှ လူနှစ်ယောက်ကို လူလွှတ်ခေါ် လိုက်လေသည်။
  "ငါသူကြီးဖြစ်ရင် ဒီထန်းတက်တဲ့အလုပ်ကို မင်းတို့ပဲ လုပ်စားကြပေတော့..."
    ထေကြီး ထန်းတက်ခြင်းအလုပ်ကို ရပ်စဲပြီး ဈေးမှ လုံးချည်သစ်၊ အင်္ကျီသစ်များဝယ်ယူလာ ကာ ရေချိုးပြီး အ၀တ်လဲတော့မည်ဆိုသောနေ့၌ သူ့အိမ်မှာ လူအလွန်စည်လေသည်။ မြှောက်ပေးကြသော အသောက် သမား တွေနှင့် အတွင်းကျိတ်ရယ်ရင်း ထေကြီးအား လာကြည့်ကြသူတွေနှင့် ပွဲကလေး တစ်ခုပါပေ။
    ထေကြီးသည် ရေချိုးတော့မည်ဟု ခေါင်းပေါင်းပုဆိုးစုတ်ကို ဖြေလိုက်သောအခါ၌ အလာ့လား ... သူ့ခေါင်းမှာ ဗိုလ်ကေ အသစ်ကျပ်ချွတ်နှင့်ပါတကား။ ထိုအချိန်မှစ၍ ပရိတ်သတ်ပွဲကျလေရာ ထေကြီး ရေချိုးပြီး ဘန်ကောက်လုံချည်နှင့် ရှပ်အင်္ကျီချုပ်ရိုးသစ်ကို ၀တ်ပြီးသည်အထိ ထေကြီးမှာ အကြံပေးç အခါပေး ဆရာလည်းရှိလေရာ ရွေးကောက်ပွဲမှာ နှစ်ပတ်မျှ လိုတော့သဖြင့် ထိုနေ့မှစ၍ ထန်းရည်ကို အလကား သောက်ကြရမည်။ ယခင်ကထန်းရည် ကြွေးဟောင်းများကို လျော်ပစ်သည်ဟု ကြေညာ လိုက်လေ၏။
    ထေကြီးသည် ဤရက်အတွင်းမှာ အိမ်က ဝက်နှစ်ကောင်ကိုသတ်၍ ဘုန်းကြီးဆွမ်းကျွေးခြင်း၊ တစ်ရွာလုံးကို ထမင်းစားဖိတ်ခြင်းများ ပြုသေး၏ အိမ်ရှေ့မဏ္ဍပ်ကန္နားဖျင်းထိုးလျက် စားရ ၊ သောက်ရ အောင် လာလိုက်ကြတဲ့လူတွေ သောက်သောက်လဲ။ ထေကြီး၏အကျိုးတော်ဆောင် လက်ရင်းလူတွေကား နေ့စဉ်မပြတ် ကြက်၊ ၀က်၊ ဘဲ၊ အမဲ ဟင်းလျာတွေနှင့်ပေါ့...။ ထေကြီးတစ်သက်လုံး ခြိုးခြံခဲ့သမျှ ပစ်ခတ်သုံး လိုက်ခြင်းပင်။
ပြိုင်၍ရွေးရမည်မှာ အခြားနှစ်ယောက်နှင့် သူကြီးလောင်းသုံးဦး။ ထိုခေတ် အလျောက် မဲပွဲစား၊ မဲဆွယ်၊ မဲဝယ်တွေနှင့်ပေါ့။ ထေကြီးသည် ရှိသမျှငွေကို ပစ်ခတ်သုံးလိုက်သည်။ ရွေးကောက်ပွဲ နေ့မှာ သူ့အိမ်တွင် စတုဒိသာ ကျွေးရန် ၀က်တစ်ကောင်နှင့် နွားမတန်းတစ်ကောင် ပေါ်လေ သည်။
ဤသူကြီးရွေးကောက်ပွဲမှာ တာကပ်ရွာကြီးသာမက အနီးပတ်ဝန်းကျင်က ရွာငယ်လေးငါးရွာ လည်း ပါသဖြင့် သူ့ဘက်, ငါ့ဘက်က မဲခေါ်တဲ့လှည်းတွေ ဖုံးတစ်ထောင်းထောင်းနှင့်၊ အသောက်သမား အမူးသမား တွေတညံညံဖြင့်.....။
ထိုရွေးကောက်ပွဲပြီးသည်၌ ထေကြီးသည် ဤရွာတွင် တစ်လတာမျှ ကြာအောင်မနေတော့ဘဲ တစ်ရွာလုံးကို ဆဲရေးပြီး သားမယားကိုခေါ်ကာ အပြီးအပိုင် ထွက်ခွာသွားလေတော့၏ ။
ကြည့်စမ်း........အားလုံး မဲသုံးထောင်ကျော်ရှိသည့် အနက် သူမဲသုံးဆယ်မျှ ပြည့်အောင် မရချေတကား.....။
ပြီးပါပြီ
နေ့စဉ် ဖတ်တဲ့ ထဲက မတွေ့လို့ (ကျနော် ကြိုက်တဲ့ မဂ္ဂဇင်း၊ စာအုပ် တွေကလည်း သိပ်မထွက်သေးဘူး) စိန်စိန် တင်မယ်လုပ်တော့ လည်း စာအုပ်က ရှာမတွေ့တော့ဘူး......
အခု သော်တာဆွေ တပုဒ် တင်ပေးလိုက်တယ်..ကြိုက်ကြမယ် ထင်ပါတယ်.....
.
>>>ဆက်ဖတ်ရန်>>> >>
Monday, December 28, 2009
ပန်းသတင်း (ဒီဇင်ဘာ ၄)
ချစ်ဒုက္ခဖန်လာတယ် 
သုမောင်
လေးဆယ်ကျော် ငါးဆယ်အတွင်း ရောက်လာပြီဆိုရင် ယောက်ျားတွေဟာ နည်းနည်းတော့ စိတ်ယောက် ယက် ခတ်လာတာပဗျ။ အထူးသဖြင့် ပိုက်ဆံလေး ရှိလာရင်ပေါ့လေ။  ဒါကို ကိုယ်ချင်းစာ တတ်လာကြတာ သိပ်မကြာသေးပါဘူး။ လွန်ခဲ့တဲ့ လေးငါးခြောက်လလောက်က သူငယ်ချင်း 'မိုးမြင့်'ခေါ်သွားလို့ ကာရာ အိုကေ ဘားတစ်ခုရောက်မှ စတာပါ။ ကျွန်တော်လား။ အများသူငါလို သောက်သောက် စားစား လူမင်းသား ထဲကပါပဲ။ ဒါပေမဲ့ ဆိုင်တွေဘာတွေမှာတော့ သောက်ခဲပါတယ်။ အချိန်တန် အိမ်ပြန်မှ သောက်ဖြစ်တာပါ။ ဆိုင်တွေ ဘာတွေမှာ သောက်ဖြစ် ရင်လည်း ဆယ်ခါရံ တစ်ခါပေါ့။ မိတ်ဖြစ်ဆွေဖြစ် စီးပွား ဖြစ်လေး လောက် ပါပဲ။ ဒါတောင် ကျွန်တော်က ဆိုင်ရွေးသေးသဗျ။
ဟိုတယ်လိုနေရာမျိုးလောက်မှ သောက်ဖြစ်တာပါ။ စားသောက်ဆိုင်လောက်အဆင့်ဆို မသောက်ချင်ဘူး။ ကာရာအိုကေဘားလိုနေရာမျိုးတော့ ဝေလာဝေးပေါ့။ အဲဒီနေရာမျိုးဆိုတာက မိန်းမတွေနဲ့ ရှုပ်ရှုပ်ယှက်ယှက်လို့ ကြားဖူးထားတာကိုး။ ကျွန်တော့်အလုပ်က ဣနြေ္ဒရရ နေတာဆိုတော့ အဲဒီနေရာ မျိုးနဲ့ သိပ်ကီးမကိုက်ဘူး။ လူမြင်လို့ မကောင်းဘူးလေ။ အထူးသဖြင့် ကျွန်တော့လုပ်ဖော်ကိုင်ဖက်တွေက အချိန်တန်ရင် အဲဒီနေရာ မျိုးတွေ သွားတတ်လာတတ်ကြာတာမို့ သူတို့နဲ့ တစ်ချိန်မဟုတ် တစ်ချိန် သွားဆုံဖြစ်မှာ အမှန်ပဲ။ ဒါဆို ကျွန်တော် ဆယ်ခဲ့သမျှ သိက္ခာတွေ အလကားဖြစ်ကုန်မှာပေါ့။ ဟုတ်တယ် လေ။ စီးပွားရေး လောကမှာ ကျွန်တော်ဟာ ဒီကိစ္စမျိုး အင်မတန်ကင်းတယ်ဆိုပြီး ဂုဏ်ပုဒ်တစ်ခု ရထားတဲ့သူ မဟုတ်လား။ ပြီးတော့ ကြွားရဦးမယ်။ ကျွန်တော့မိန်းမက တအားလှတာ။ ခုထိလှနေတုန်း။
ဘယ်လောက်ထိများလဲဆိုရင် တစ်ခါတလေ သူငယ်ချင်းတွေနဲ့ သောက်စားတဲ့အခါ မူးမူးနဲ့ ဟိုရောက် ဒီရောက်ပြောကြလို့ ကျွန်တော့်မိန်းမအကြောင်းရောက်သွားရင် ဒီကောင်တွေက 'ဟေ့ မင်းမိန်းမနဲ့ ကွာမယ်ရှင်းမယ်ဆိုရင် တို့ကြိုပြောစမ်းပါ။ အမွေဆက်ခံချင်လို့'ဆိုပြီး နောက်တဲ့ ကောင်က နောက်တယ်။ 'မင်းသေရင် မင်းမိန်းမအတွက် စိတ်ချပါကွာ'ဆိုပြီး အားမနာပပြောတဲ့  ကောင်က ပြောတာ။ သူတို့က နောက်ကြ ပြောင်ကြတာဆိုပေမဲ့ သူတို့မျက်လုံးတွေက မသိမသာ မရိုးမသား ဖြစ်နေတယ်ဆိုတာ ကျွန်တော် သိလိုက်ပါရဲ့။ ပြောရရင် အဲသလောက်မှ လှရုံတွင်လား ဆိုတော့ မဟုတ်သေးဘူးဗျ။ အပြော အဆို အနေအထိုင်ကစပြီး မယားသုံးပါးစပ်ကျထားသလို နေတာ။
မယားသုံးပါးဆိုတာ 'ပွဲတက်မယား'၊ 'အိမ်ထောင်သည်မယား'နဲ့ 'ကျွန်မယား' ဆိုပြီး လိုရာသုံးနိုင်တဲ့ မိန်းမ မျိုးကို ပြောတာ။
လောကကြီးမှာ အရာရာပြည့်စုံဖို့ မဖြစ်နိုင်ဘူးဆိုတာ တယ်မှန်တယ်ဗျာ။ ဟော ကျွန်တော့ မိန်းမဟာ တစ်ခုခု ချွတ်ယွင်း နေပါရောလား။ ယွင်းမယ့်ယွင်းတော့လည်း သိပ်ကို အဖိုးတန်တဲ့ ဂုဏ်ပုဒ် ချွတ်ယွင်း နေရှာတာ။ ဟုတ်ပါ့။ သူ့ခမျာ သားသမီး မရနိုင်ရှာပါဘူး။ ဒါကြောင့် များ ကျွန်တော်က စိတ်တွေ ကစား လာတာလား ဆိုတော့ မဟုတ်ပါဘူး။ ကံကံ၏အကျိုးလို့ပဲ သဘောထားခဲ့ပါတယ်။ လိုတော့ လိုချင်တာ ပေါ့လေ။ သားသမီးနှစ်ယောက်လောက်။ ဒါပေမဲ့ ဘယ်တတ်နိုင်မှာလဲ။ ဒီတော့ ဘာလုပ်ရသလဲ။ ကလေး တစ်ယောက် မွေးစားခဲ့ရတာပေါ့။ သားယောက်ျားလေးပါ။ ခုဆို အသက်နှစ်ဆယ်ပြည့်ြ့ပီ။ မွေးကင်းစ ကတည်းက မွေးစားလာခဲ့တာ ကိုး....သူ့ကိုယ်သူလည်း ကျွန်တော်တို့သားအရင်းပဲ ထင်နေ တော့ ရှာတာ။
စကား ပြန်ကောက်ကြစို့ရဲ့။ လွန်ခဲ့တဲ့ လေးငါးခြောက်လလောက် တစ်နေ့မှာတော့ ကျွန်တော်နဲ့ ဇနီးနဲ့ စကားများကြပါတယ်။ တစ်ခါမှ မကြုံစဖူး၊ အကြီးအကျယ်ဖြစ်ကြတာ။ ပိုဆိုးတာက ဒီကောင် 'သား'ဟာ ရန်ပွဲမှာ သူ့အမေဘက်ကပါပြီး ကျွန်တော့်ကို ခံပြောတယ်။ ပြောတာလည်း ကြည့်ဦး 'အဖေဟာ အဖေအရင်း မဟုတ်သလိုပဲ' တဲ့။ စဉ်းစားကြည့်ပါ။ ကျွန်တော် ဘယ်လောက်ခံစားရမလဲ။ ဒီစကားကို သူက သူ့အမေဘက်က ခုခံပြီး တွေ့ကရာ ပြောလိုက်ပေမဲ့ တကယ့်အဖြစ်နဲ့လည်း တစ်ထပ်တည်းကျနေတာမို့ ကျွန်တော်လည်း ရှူးရှူးရှားရှား ဖြစ်သွား ရတယ်။ ဒါနဲ့ ပက်ခနဲ ပြန်ပြောမိတယ်။
'မင်းလည်း ငါ့သားအရင်းမဟုတ်သလိုပဲ'လို့။ ဒီမှာတွင် ဇနီးသည်ဟာ ယမ်းပုံမီးကျ ဖြစ်တော့တာပဲ။ ပြောရက် လိုက်တာပေါ့လေ။ နိမိတ်ပြစကားပေါ့လေ။ သူ့သားဘက်က ဆတ်ဆတ် ထိမခံနိုင် ဖြစ်သွား တာကိုး။ အမှန်က သားက ဘာမှသိရှာတာ မဟုတ်ပါဘူး။ လျှာအရိုးမရှိ ပြောချ လိုက်တာပါ။ သို့သော်...အတွင်းသိ အစင်းသိဖြစ်နေတဲ့ ကျွန်တော်တို့ လင်မယားမှာတော့ အနာပေါ်မီးပွားကျဆိုသလို ဖြစ်ရတာ ပေါ့။ ဒီစကားတွေကို ဒီမှာတွင် ဘရိတ်အုပ်လိုက်ကြပေမဲ့ ကျွန်တော်မှာတော့ တနုံနုံ ဖြစ်ရ ပါတယ်။ တကယ်တမ်းက ကျွန်တော်ဟာ ယောက်ျားပီသသူပါ။ ဆရာဝန်သွေးစစ်ချက်တွေ ဘာတွေ မှာလည်း ကျွန်တော်ဟာ သားသမီးရနိုင်တဲ့သူဆိုတာ ကျွန်တော်ဇနီးသိပြီးသားပါ။ မြုံတာက သူမြုံတာ ပဲဟာ။ ခုတော့ ကျွန်တော်ဟာ အဖေရင်း မဟုတ် ဘူးလို့ အချောင်အပြောခံရပြီလေ။
အဲဒီဘာမဟုတ်တဲ့ စကားလေးတစ်ခွန်းကြောင့် ကျွန်တော့ဟာ ကာရာအိုကေခန်းကို ရောက်ရ တယ်ဆိုတော့ ရယ်စရာပေါ့ဗျာ။ ဒီလိုပါ။ သိပ်ပြီးစိတ်ထဲ အကျဉ်းအကျပ်ကျလာတော့ ညကြီးမိုးချုပ် 'မိုးမြင့်'အိမ် ရောက်သွားတယ်။ အကျဉ်းချုပ်ကတော့ - 
'ငါ အရက်သောက်ချင်တယ်ကွာ'
'ရော့ သောက်စေဗျား'
'ငါ ငိုချင်တယ် သူငယ်ချင်းရာ'
'ဟာ ဒီမှာတော့ မငိုနဲ့ကွာ...ငိုလို့ ကောင်းတဲ့နေရာ ငါခေါ်သွားမယ်'
ဒီလိုနဲ့ မသွားစဖူး ကာရာအိုကေဆိုင် ရောက်သွားတော့တာပါပဲ။ ပထမတော့ ရှက်နေသေး တာပေါ့လေ။ နောက်တော့ မိုးမြင့်က ရောက်သွားတော့တာပါပဲ။ ပထမတော့ ရှက်နေသေးတာ ပေါ့လေ။ နောက်တော့ မိုးမြင့်က သီချင်းတွေဆိုတာ သဘောကျလာမိတယ်။ အရက်ကလည်း မူးလာပြီကိုး။ မိုးမြင့်ဆိုနေတဲ့ သီချင်း တွေထဲမှာ အလွမ်းသီချင်းတွေပါရင် လိုက်ပြီး ညည်းနေ မိတယ်။ တစ်မျိုးတော့လည်း အကောင်းသားပဲ။ အလွမ်း သီချင်းတွေလိုက်ဆိုမိတဲ့အခါ အရင်ကလို ပေါ့ပေါ့တန်တန် မဟုတ်တော့ဘူး။ လှိုက်လှိုက်လှဲလှဲ ဖြစ်လာတယ်။ အိမ်က မိန်းမကို သတိရ လာသလိုပဲ။ သြော်...အနုပညာများ ပြောပါတယ်။ ဒီလိုနဲ့... သားအဖ မေတ္တာဘွဲ့ သီချင်း 'ဘယ်ပန်းချီရေးလို့မမီ' လည်းရောက်ရော ကျွန်တော်ဟာ မိုက်ကရိုဖုန်းဆွဲပြီး တစ်ကိုယ်တော် ဆိုမိနေပါလေရော။ 
'ဟာ...ငါ့ကောင့် အဆိုကောင်း အသံကောင်းပဲကွ'လို့ မိုးမြင့်က ချီကျူးပါတယ်။ ပြီးတော့ သူက 'အလွမ်း တွေချည်းလုပ်မနေနဲ့။ ဒီအချိန်မှာ အပျော်တွေလည်း ဆိုပါကွ' ဆိုပြီး အခန်းထဲကို ကောင်မလေး တစ်ယောက် ခေါ်ချလာတော့တာပါပဲ။ ဘာရှိဦးမှာလဲ။ သားနဲ့ရွယ်တူ လောက်ပေါ့။
ရုပ်ရည်သနားကမားလေးနဲ့ပါ။ ကျုပ်လား...မပြစ်မှားမိပါဘူး။ တကယ်ပြောတာပါ။ ဘယ့်နှယ် ကိုယ့်သမီး အရွယ်ကလေးဟာကို။ ဒါပေမဲ့ သာယာမိတာတော့ အမှန်ပဲဗျ။ ဘာကြောင့်လဲဆိုတော့ ကလေး မက 'ဦး စုံတွဲသီချင်းတွေ ဆိုရအောင်' ပြောလို့ပဲ။ ပထမတော့ မဆိုတတ်ဘူးပေါ့လေ။ နောက်တော့ သီချင်း လွယ်တွေ သူကဆိုတော့ တီဗီစာတန်းဖတ်ပြီး ကိုယ်လည်း လိုက်ဆိုမိ တော့တာပေါ့။ 'ထမင်းမြိန်မြိန် စားမယ်' တို့၊ 'အတူးရေ အသက်ရေ'တို့ ဘာတို့ပေါ့ဗျာ။ အင်း နည်းနည်းတော့ နေသာထိုင်သာ ရှိသွား သလိုပါပဲ။ ဒီတော့ မိုးမြင့်က စပြန်တယ်...'ဟေ့ကောင် ငိုချင်လို့ဆိုကွ၊ ခုနှယ်ငိုလေကွာ'လို့ သူပြောလိုက်မှ ခံစားချက်က ပြန်ပေါ်လာပြီး တလှိုက်လှိုက် ဖြစ်လာပါတယ်။ ဒီတော့ ဘာလုပ်သလဲ...ပိုသောက်။ ခေါက်ခနဲပဲ မှောက်သွားတော့တာ။ အဲဒီနေ့က မနက်လင်းတော့ ကျွန်တော်ဟာ မိုးမြင့်အိမ် ဧည့်ခန်း ဆိုဖာပေါ်မှာ နိုးလာပါတယ်။ မိုးမြင့်ကတော့ ပြောတာပဲ။ 'ငါကောင့်ကြီး မဆိုးဘူးကွ၊ သီချင်းတွေလည်း အတော်ဆိုနိုင်တယ်။ ငိုချင်းလည်း ချသဗျ'တဲ့။ 'ငါ ငိုသလား' ဆိုတော့ ချုံးပွဲချငိုသတဲ့။ 'မင်းဟာက ငိုမယ့်ငိုတော့လည်း ကောင်မလေးရဲ့ ရင်ခွင်ထဲမှာ မျက်နှာအပ်ပြီးတော့ ငိုတာမောင်' တဲ့ 'ဟာ ဟုတ်ရဲ့ လားကွာ' ပေါ့။
'ရှက်စရာတွေ ဖြစ်ကုန်ပြီ'
'မဖြစ်ပါဘူး။ ဒါမျိုးက ဒီလိုပါပဲကွာ...ဒါပေမဲ့ မင်းကို ငါအံ့သြမိသကွ။ ငိုတာ ရိုးရိုးမငိုဘူး။ အိမ်ကမိန်းမကို တတပြီး ငိုတာမောင်'တဲ့။ ရှက်စိတ်တွေကြားက အိမ်ပြန်ချင်လာပါရော။ ဒါနဲ့ မိုးမြင့်ကို အိမ်လိုက်ပို့ခိုင်းရတယ်။ ပြဿနာက အဲဒီမှာ စတာပါပဲ။ ဆိုလိုတာက နောက်များ မကြာ မကြာဆိုသလို ကာရာအိုကေခန်းသွားဖို့ အစရှိ အနောင်နောင် ဖြစ်လာဖို့ပါပဲ။ ဘာကြောင့်လဲ့တဲ့။
အိမ်ရောက်တော့ ဇနီးသည်ရော သားကပါ မနေ့က ဘာမှမဖြစ်ခဲ့သလို ပုံမှန်ဖြစ် နေပါတယ်။ တကယ်ဆို နှစ်ယောက်ဟာ ဒေါသဖြစ်နေရမယ်။ ဒါမှမဟုတ် စိတ်ပူနေရမယ်။ ညအိပ် ညနေ ခုလို မပြောမဆို ထွက်သွားဖူးတာမှ မဟုတ်ဘဲကို။ ခုတော့ သင်းတို့က အရင်ပုံစံမပျက်ဘဲ ဆက်ဆံနေကြလေရဲ့။ ဒါဟာ ကျွန်တော့ကို သောက်ဂရုမစိုက်ဘူးဆိုတဲ့ သဘောပဲ မဟုတ်လား။ ကျွန်တော်ဟာ သူရို့သားအမိအတွက် ဘာမှမထူးဆန်း တဲ့ သတ္တ၀ါတစ်ကောင်လို ဖြစ်နေပါတယ်။
ဒီတော့ ဘာလုပ်သတဲ့လဲ၊ ဒီအရွယ်ကြီးကျခါမှ အရွဲ့တိုက်တော့တာပေါ့။ မကြာခဏ ဆိုသလို မိုးမြင့်နဲ့ ချိန်းတယ်။ ကာရာအိုကေဆိုင် သွားတယ်။ မိုးမြင့်မအားတဲ့အခါ မရဲတရဲ တစ်ယောက်တည်း သွားတယ်။ အရက်မူးောင် သောက်တယ်။ သီချင်းဆိုတယ်။ အဲဒီအခါ ဖောက်သည်လိုဖြစ်နေတဲ့ 'မီမီလေး' ရောက်ရောက်လာတယ်။ ဟုတ်ပ့ါ။ သူ့နာမည်က မီမီ လေးတဲ့၊ ခဏခဏတွေ့ဖန်များတော့လည်း နာမည်ေ တွေဘာတွေ သိသွားတာပေါ့ကွာ။ ဒါပေမဲ့ ပြောထားရဦးမယ်။ ကျွန်တော်ဟာ မီမီလေးနဲပ သီချင်း တွဲဆိုတယ်။ တစ်ခါတစ်ခါ သိပ်မူးလာရင် ရင်ခွင်ထဲ ခေါင်းချပြီး ငိုတယ်။ ဒါပေမဲ့ ပြစ်မှားစိတ်တော့ မဟုတ်ပါဘူး။  မီးမီးလေးကလည်း အဲဒီလိုပါပဲ။ ပြစ်မှားစိတ်မရှိဘူးဆိုတာ ကျွန်တော်သိနေတယ်။ ထိကပါး ရိကပါးနဲ့ ချူချင်လို့ ကျွန်တော့်ကို ကပ်နေတာမျိုးလည်း မဟုတ်မှန်း သိနေပါတယ်။ ဘယ်လိုလုပ် သိသလဲတော့ မသိပါဘူး။ စိတ်ထဲ အလိုလိုသိနေတာပါပဲ။ တစ်ခုတော့ ရှိတာ ပေါ့လေ။ ကျွန်တော်က မုန့်ဖိုးပဲဖိုးပေးပြီး ငိုတယ်။ သူက မုန့်ဖိုးပဲဖိုးလက်ခံပြီး ချော့မော့ တယ်။ ဒါလောက်တော့ ရှိတာပေါ့။
'စိတ်ဝင်စားဖို့တော့ စိတ်မကူးနဲ့ဆရာကြီး၊ ကောင်မလေးက ရိုးရိုးသားသား လုပ်ကိုင် စားသောက်ပြီး အမေကြီးကို လုပ်ကျွေးနေတာ' လို့ ဆိုင်ရှင် ပေါက်ဖော်ကြီးက ပြောတော့လည်း သူ့စကား ယုံရတာပေါ့။ ဟုတ်တယ်လေ။ ဒါမျိုးဆိုတာက ဆိုင်ရှင်နဲ့ အလုပ်သမား အလိုတူအလိုပါ ဖြစ်ရမှာမဟုတ်လား။ မသကာ မြှောက်ပေးရမယ့်အစားမျိုး မဟုတ်လား။
ဒီကိစ္စပိုသေချာသွားတာကတော့။
'မိမိလေး ဒီနေ့ည မလာနိုင်ဘူး ဆရာကြီး၊ တစ်ပတ်ခွင့်ယူထားတယ်'
'ဟင် ဘာကြောင့်လဲ'
'သူ့အမေဆုံးသွားလို့'
'ဒါဖြင့် ကူငွေပေးခဲ့မယ်ဗျာ'
ဒါပေမဲ့ ကျွန်တော်နဲ့ မိုးမြင့်တို့ အသုဘ သွားဖြစ်ခဲ့ကြပါတယ်။ သံယောဇဉ်ဆိုပါတော့လေ။ အဲဒါ သည်ပင်လျှင် မိုးမီလောင်ဖို့ ဖြစ်လာတော့တာပါပဲ။ အသုဘက သိပ်မစည်ပါဘူး။ ဆင်းရဲသား အသုဘပါ။ လူသူ ကျဲကျဲပေါ့။ ကျွန်တော်နဲ့ မိုးမြင့်တို့ ကားအကောင်းစားကြီးနဲ့ ရောက်သွား တော့ ပရိသတ်က ကွက်ကြည့် ကွက်ကြည့် လုပ်နေကြတာ။ ထူးဆန်းနေတာကိုး။ ထားပါတော့ ဒါက ပြဿနာ သိပ်မရှိပါဘူး။ ပြဿနာက လူမှုရေးအရ အလောင်းကို သွားပြီး အသုဘ ရှုလိုက်တဲ့ အချိန်မှာပါပဲ။ ဟိုက်ခနဲကို ဖြစ်ရတာပါ။ ကမ္ဘာကြီး ရပ်တန့်သွားသလိုလို ဖြစ်ရတာပါ။ ဒီထက် ပြောင်မြောက်တဲ့ စကား လည်း မပြောတတ်တော့ပါဘူး။ ဘယ်လောက်အထိ လဲဆိုရင် မီးသင်္ဂြိုဟ်တဲ့အထိ မစောင့်နိုင် တော့ဘူး။ 'သမီး အလုပ်ပြန် ဆင်းတဲ့နေ့မှ ဦးနဲ့ဆုံကြမယ်' လို့ ကပ်ပြောပြီး အသုဘကနေ ပြန်ခဲ့ရ တော့တာပါပဲ။ မိုးမြင့်ခမျာမှာ လည်း ဘုမသိဘမသိနဲ့ပေါ့။ လမ်းရောက်မှ ဦးရာ အရက်ဆိုင် ၀င်ပြီးသောက်၊ မူးတော့ မှ ရင်ဖွင့်။ ငိုချင်းချ ရတော့တာပါပဲဗျာ။
'ဘယ်လိုတွေဖြစ်ရတာလဲ သူငယ်ချင်းရာ'
'တိုတိုပြောရရင်တော့ မီမီလေးဟာ ငါ့သမီးဖြစ်ချင် ဖြစ်နေမှာပဲကွာ'
'ဟေ ... ဘယ့်နှယ်'
'ဟုတ်တယ်ကွာ။ သူ့အမေက တစ်ချိန်တုန်းက ငါတို့အိမ်မှာ အိမ်ဖော်လုပ်ဖူးတယ်။ အဲဒီ တုန်းက ငါက လူပျိုပေါက်ပေါ့...'
'ဟင် ... ဒါဆို ...'
'ဟုတ်ပါတယ်မိုးမြင့်ရာ၊ ငါနဲ့သူ့အမေ 'အမီစိန်' ဟာ လူငယ်တို့ဘ၀ ချစ်ကြိုက်မိကြတယ်'
'မှောက်မှောက်မှားမှားတွေ ဖြစ်ကြရောဆိုပါတော့'
'အေးကွာ မိဘတွေကတော့ ထုံးစံအတိုင်း သဘောမတူခဲ့ကြဘူး။ အဲဒီအချိန်မှာ ငါ့ကို စေ့စပ်ထား ပြီးသားလည်း ဖြစ်နေပြီကွာ။ ရိုးရိုးပြောရရင် ငါဟာ အမီစိန်ကို ချစ်ခဲ့တာတော့ မဟုတ်ပါဘူး။ ကြိုက်ခဲ့ တာပါ။ အဲဒီကနေတစ်ဆင့် မတော်တဆ ဖြစ်ကုန်ကြတာပဲ'
'သူ့မှာ ကိုယ်ဝန်ပါသွားတယ်ဆိုတာ သေချာလို့လား'
'ဒါတော့ ငါလည်း မပြောတတ်ဘူး။ အမီစိန်ကလည်း မျက်ရည်တွေသာ တွေတွေကျပြီး အိမ်ပေါ်က ဆင်းသွားရှာတာ။ တစ်ခုပဲ ပြောသွားတယ်။ တစ်ချိန်ချိန်ကျ ရှင်သိလာမှာပါတဲ့ ကွာ'
'ဒါနဲ့ပဲ မီမီလေးဟာ မင်းသမီးလို့ ပြောနိုင်ပါ့မလား'
'မီမီလေးက ငါ့ကို ပြောဖူးတယ်ကွ။ သူ့မှာ အဖေရှိတယ်တဲ့။ ဒါပေမဲ့ ဘယ်ရောက်နေတယ် ဆိုတာ မသိဘူးတဲ့။ သူ့ကိုယ်ဝန်နဲ့ကတည်းက အဖေနဲ့အမေ ကွဲသွားကြတာတဲ့။ အမေက နောက် အိမ်ထောင် မပြုခဲ့ဘူးတဲ့'
'အင်း စဉ်းတော့ စဉ်းစားစရာပေါ့လေကွာ။ ဒါပေမဲ့ သူရို့ပါးစပ်တွေက ယုံရခက်သားကလား' 'ငါတော့ ယုံချင်တယ် သူငယ်ချင်းရာ။ ဘာကြောင့်လဲဆိုတော့ မင်းလည်း အသိသားပဲ ... ငါတော့ မီမီလေးကို တွေ့စတည်းက သမီးလေးလို ချစ်ခင်မိတယ်။ သူ့ရင်ခွင်မှာ ငိုချင်တယ် လို့ မင်းကို ပြောဖူးသားပဲ။ မင်းကတောင် ငါ့ကို ကြောင်လှချည်လားလို့ ပြောခဲ့သေးတာပဲ'
'ဒါမျိုးက ဖြစ်တတ်ပါတယ် သူငယ်ချင်းရာ'
'ဖြစ်ပဲဖြစ်တတ် လွန်းတယ်ကွာ ... ဘာပဲဖြစ်ဖြစ် အဲသလိုဖြစ်နေပြီဆိုရင်တော့ ငါဟာ တာဝန်မကျေတဲ့ ယောက်ျား တစ်ယောက် ဖြစ်သွားတာ သေချာသွားပြီ'
'ဒီတော့ မင်းဘယ်လိုစိတ်ကူးသလဲ'
'ဘယ်လိုမှ စိတ်ကူးလို့မရတဲ့အပြင် ရူးချင်နေပြီ မိုးမြင့်ရာ'
'ဒါဆိုလည်း ငိုချလိုက်ကွာ'
'အေးကွာ ဒီတစ်ခါတော့ မင်းရင်ခွင်ထဲမှာပဲ ငိုရတော့မှာပါ'
'အေးပေါ့ မီမီလေးရင်ခွင်မှာ ငိုလို့လည်း မဖြစ်နိုင်တော့ပါဘူး။ မီမီလေးကသာ တစ်ချိန်ချိန်မှာ မင့်ရင်ခွင်ထဲ ၀င်ငိုရတော့မှာ....'
မီမီလေးတို့ဆိုင်ကို ပြန်မသွားခင်အတွင်း ကျွန်တော့်မှာ အကြီးအကျယ် စဉ်းစားရတယ်။ ရှေ့လျှောက် ဘယ်လို စခန်းသွားမလဲပေါ့။ လွှင့်ပစ်ရမှာလည်း အဆီနဲ့တ၀င်းဝင်း။ စားပစ်ရမှာလည်း သဲနဲ့တရှပ်ရှပ်ဆိုတဲ့ လူကြီး စကားဟာ တကယ်မှန်တာပဲ။ လူတွေဟာ အကျပ်အတည်းတွေ့လာရင် စိတ်ကူးယဉ် ထွင်ပေါက် တွေကို ရှာကြံဆုတောင်းတတ်ကြ တယ် မဟုတ်လား။ ကျွန်တော်လည်း ကြံဖန်ဆုတောင်းနေမိပါတယ်။ မီမီလေးဟာ ကျွန်တော့် သမီး မဖြစ်ပါစေနဲ့။
အမီစိန်ဟာ ကျွန်တော်နဲ့ကွဲကွာသွားတဲ့အချိန်မှာ တခြားယောက်ျား တစ်ယောက်ယောက်နဲ့ ဆုံစည်းဖူးခဲ့ ပါစေပေါ့။ ခက်တာက သွေးက စကားပြောတယ် ဆိုရမလို မီမီလေးဟာ ကိုယ့်သွေးရင်းလို့ပဲ စိတ်က တစ်ထစ်ချ ယုံနေတာပါပဲ။ နောက်ဆုံးတော့ ဆုံးဖြတ်ချက် နှစ်ခု ချရပါတယ်။ တစ်ခုက ငွေအရင်းအနှီး အလုံအလောက် ပေးပြီး အဆက်ဖြတ်ဖို့ပါ။ နောက်တစ်နည်း က ဖြစ်လာတဲ့ လက်ရှိ ဘ၀ကို အိမ်ကဇနီး အသိအမှတ်ပြုလာအောင် ရိုးရိုးသားသား ဖွင့်ပြောပြ ဖို့ပါပဲ။
မိုးမြင့်ကတော့ ကြားချပြီး အကြံပေးပါရဲ့။ သူက 'မီမီလေးကို ကာရာအိုကေဆိုင်မှာ သီချင်း မဆိုတော့ဘဲ စည်းရုံးပြီး မင့်ကုမ္ပဏီမှာ အလုပ်ခန့်လိုက်၊ နောက်ပိုင်းမှ တဖြည်းဖြည်း အိမ်က မိန်းမကို စည်းရုံးယူ' တဲ့။ အပြောတော့ လွယ်တာပေါ့။ တကယ်တမ်း အဲသလို ဖြစ်လာရင်လည်း ကောင်းတာပေါ့။ တစ်ခုရှိတာက သား။ ဟုတ်တယ်။ သားကရော ခွင့်လွှတ်နိုင်ပါမလား။ ခက်တာက သားကိုယ်တိုင်က သားအရင်းမဟုတ် ဖြစ်နေတာ ပါပဲ။ ဘယ့်နှယ်လုပ်ရပါ့။
နောက်တစ်ခု စိုးရိမ်နေတာ ရှိသေးတယ်။ စာရေးဆရာတစ်ယောက်ရဲ့ ၀တ္ထုလို ဖြစ်လာ မှာလည်း စိုးရိမ်ရ သေးတယ်။ အဲဒီဝတ္ထုမှာ အကျဉ်းချုပ်က ...
'လင်မယားနှစ်ယောက် ရှိတယ်။ သားသမီးမရနိုင်လို့ မွေးကင်းစကလေးတစ်ယောက် မွေးစား လိုက်တယ်။ မယားသည် သည်းသည်းလှုပ်ချစ်တယ်။ လင်ဖြစ်သူထက် အကဲပိုတယ်။ ပြဿနာက အဲဒီကလေးဟာ တစ်ချိန်က လင်ဖြစ်သူအပြင်မှာ ဖောက်ပြန်ရာက ရခဲ့တဲ့ သမီးအရင်းခေါက်ခေါက် ဖြစ်နေတယ်။ ဒါကို မယားသိသွားတဲ့အခါမှာ မိုးမီလောင် တော့တာပါပဲ။ သဘောကတော့ သူများ သားသမီးဆိုရင် မွေးစားမယ်။ ချစ်နိုင်မယ်။ သမီးအရင်းလိုကို ချစ်နိုင်တယ်။ ဒါပေမဲ့ သူ့ယောက်ျားနဲ့ အပြင်က မိန်းမ တစ်ယောက်တို့ ရထားတဲ့ကလေးကိုတော့ မချစ်နိုင်ဘူး။ ကျွန်မကို ကွာမလား။ အဲဒီ  ရှင့်ကလေးကို ပြန်ပို့မလား ဆိုတဲ့အထိ ဖြစ်ကုန်တယ်။ မိန်းမသဘာဝ ပြောပါတယ်။ ဒါကတော့ ၀တ္ထုထဲကမို့ပါ။ ဒါပေမဲ့ မိန်းမ ဆိုတာမျိုးက အပြောရ ခက်သားလား။
အဲဒီ ၀တ္ထုလေးက ကျွန်တော့်စိတ်ထဲ စွဲနေတယ်။ အဲသလိုတွေ ဖြစ်လာခဲ့ရင် ဘယ့်နှယ်လုပ်မလဲ ...။
ပြီးပါပြီ..
 အခုရက်ပိုင်း ဖတ်တဲ့ မဂ္ဂဇင်း တွေထဲမှာ ဘလော့မှာ တင်ဖို့ စာသိပ် မတွေ့တာနဲ့
ဆရာ သုမောင် ရဲ့ ကိုစံလွင်-မစော ဝတ္ထုတိုများ ထဲက တပုဒ် ရွေးတင်ပေးလိုက်တယ်..။
နောက်ရက်တွေတော့ အဲဒီလိုဖြစ်နေရင် စာရေးဆရာမ ရူမဝထောင်ဆုရ စိန်စိန် ရဲ့ ဝတ္ထုတို ပေါင်းချုပ် ထဲက ကျနော် ကြိုက်တဲ့ အပုဒ်လေးတွေ တင်ပေးပါမယ်..။
>>>ဆက်ဖတ်ရန်>>> >>
Sunday, December 27, 2009
ပန်းသတင်း (ဒီဇင်ဘာ ၃)
အိမ်ပြန်ရမှာ စိုးထိတ်မိတယ်
မောင်မြင့်ကြွယ်
ကျွန်မ ဤတိုက်အိမ်ဖြူကြီးကို နှစ်ခြိုက်ပါသည်။ ဗီရိုကြီးက လွဲ၍ နှစ်ခြိုက်ခြင်း ဖြစ် ပါသည်။ ဤ တိုက်အိမ်ဖြူ ကြီး၌ မည်သည့် အဖြစ်အပျက်တွေပဲ ဖြစ်ခဲ့သည် ဖြစ်ပါစေ၊ မည်သူတွေပဲ နေထိုင်သွား ခဲ့ကြသည် ဖြစ်ပါစေ၊ ပြီးတော့ ဟိုဗီရိုကြီးကို မနှစ်ခြိုက်သည့် အပြင် ကျွန်မ၏ အိပ်ခန်းနှင့် နီးကပ်နေသော ကြောင့် အိပ်ခန်းအပြင်ဘက်ကို ထွက်လိုက် မည်ဆိုပါက အဆိုပါ ဗီရိုကြီးရှေ့မှ မလွဲမသွေ ဖြတ်သွားရ တော့မည်ဖြစ်ပါ၍ အိပ်ခန်းထဲမှ ထွက်ရမည်ကို မုန်းနေမိသည့်တိုင်အောင် ထိုတိုက်အိမ်ဖြူကြီးမှ ကျွန်မ မည်သည့်အခါတွင် မှ ဘယ်သောအခါတွင်မှ ထွက်ခွာသွားဖြစ်လိမ့်မည် မဟုတ်တော့ပါ။
အဆိုပါ ဗီရိုကြီးထဲ၌ မည်သည့် ဖြစ်ရပ်များ ဖြစ်ပွားခဲ့သည်ကို သိပါသည်။ သို့ရာတွင် ထိုကိစ္စကို ကျွန်မထပ် မစဉ်းစားတော့ပါ။ သို့မဟုတ် ကျွန်မ အစ်ကို မက် မည်သည့် နေရာ၌ ရှိနေသည်ကိုလည်း မတွေးတော တော့ပါ။ သူသေဆုံးခဲ့သည့်မှာ ကျွန်မ သေဆုံးခဲ့သည်ထက်ပင် ပို၍ ကြာမြင့် ခဲ့ပါပြီ။ သူသည် ယခု ဤ တိုက်အိမ်ဖြူ ကြီးထဲ၌ ရှိနေဆဲ ဟုတ်မဟုတ် ကျွန်မ မသိပါ။
ကျွန်မ အိပ်ခန်းသည် အပေါ်ထပ်၌ ရှိပြီး နေ ထွက်လာသည်ကို မြင်ရသော အခန်းကျယ် ကြီး ဖြစ်ပါသည်။ ထိုအခန်းတွင် လှပသော ပြတင်းပေါက်ကျယ်ကြီး ရှိပါသည်။ ထိုပြတင်း ပေါက်မှ နေ၍ တောင်တန်းကြီး များကို မြင်နေရပါသည်။ ထိုတောင်တန်းများ၏ နောက်ဘက်မှ လ ထွက်လာသည်ကို နှစ်ခြိုက်စွာ ကျွန်မ ကြည့်ရှုလေ့ ရှိပါသည်။ ကျွန်မသည် အေးမြသော လရောင်၌ အင်အား အပြည့်ဖြိုးဆုံး ဖြစ်ပါသည်။ နံနက်ခင်း မှ ပူနွေးသော နေရောင်ခြည်က ကျွန်မကို ဖြူရော်ရော် ဖြစ်သွားစေလေ့ ရှိပါ၏။
ဤတိုက်အိမ်ဖြူကြီးသည် ဖြူဖွေးနေသော လက်ထပ်မင်္ဂလာ ကိတ်မုန့်ကြီးအား ရှေ့တည့် တည့်မှ တစ်စိတ်ကို လှီးထုတ်ထားသည်နှင့် ဆင်တူပါသည်။ အပေါ်ထပ်သည် ပို၍ကျဉ်းပြီး အောက်ထပ်၏ အပေါ်တည့်တည့်၌ ရှိနေပါ၏။ ဘီလူးကြီး တစ်ကောင်က အောက်ထပ် အလယ် တည့်တည့်မှ ကိတ်မုန့်၏ အကောင်းဆုံး တစ်စိတ်ကို လှီးဖြတ် ထုတ်ယူသွားခဲ့ပုံ ရပါ၏။ ဤတိုက်အိမ်ကြီးသည် လက်ထပ် မင်္ဂလာ ၀တ်စုံကဲ့သို့ ဆွတ်ဆွတ် ဖြူနေပြီး အပေါ်ထပ် လှေကားများမှ နေ၍ ခေါင်မိုးပေါ်သို့ ရောက်သည်အထိ တက်နိုင်ပါ၏။ ကျွန်မ သည် ခေါင်မိုးပေါ်သို့ တက်၍ ကိုယ့်ကိုယ်ကိုယ် လက်ထပ် ကိတ်မုန့်ကြီးပေါ်မှ သတို့သမီး တစ်ယောက်ပမာ ဟန်ဆောင်ခွင့် ရခဲ့ပါ၏။ မာမီက ဤအိမ်ကြီးကို နေရောင်ခြည်ထဲ၌ အခြောက် လှန်းထားသော အုတ်များနှင့် ဆောက်လုပ်ထား သည်ဟု ဆိုပါ၏။ ကျွန်မကိုမူ ပြတင်းပေါက်များ တပ်ဆင်ထား သော ကိတ်မုန့်ကြီးထဲ၌ နေထိုင်ရသည်ဟု ထင်နေမိပါ၏။
ကျွန်မ၏ အခင်မင်ဆုံး မိန်းကလေး သူငယ်ချင်း အသက် ဆယ်နှစ်အရွယ် ကျွန်မထက် တစ်နှစ်ကြီးသူ ရော်ဘင်သည် သာမန် တိုက်ကြီး တစ်လုံးမှ အိပ်ခန်း တစ်ခန်းတွင် နေထိုင် သူ ဖြစ်၏။ ကျွန်မ၏ ပြတင်းပေါက်မှ လှမ်းမြင်နေရသော တိုက်ကြီးပင် ဖြစ်ပါ၏။ ကျွန်မက လက်ထပ် ကိတ်မုန့်ကြီး အကြောင်း ပြောပြလိုက်သောအခါ ကျွန်မတို့ နေအိမ်ကို အထူး သဖြင့် အလည် လာချင်သည်ဟု သူ ပြောဖူးပါ၏။
မက် တစ်ယောက် ဗီရိုထဲ၌ ရှိနေခဲ့ပြီး နောက်ပိုင်းတွင် အလည် လာချင်သည်ဟု သူမက ထပ်မပြော တော့ပါ။
ထိုကိစ္စ နောက်ပိုင်းတွင် မည်သူကမှ ကျွန်မကို စကား ကောင်းကောင်း မပြောကြတော့ပါ။ ကျွန်မတို့ မိသားစု ထိုတိုက်အိမ်ဖြူကြီးမှ အဝေးတစ်နေရာသို့ ပြောင်းရွှေ့သွားခဲ့ကြသလို ကျွန်မလည်း ရော်ဘင့်ကို ပြန်မတွေ့ရတော့ပါ။
နှစ်ပေါင်း အစိတ် ကြာမြင့်ခဲ့ပြီး နောက်ပိုင်းတွင် ထိုတိုက်အိမ်ဖြူကြီးသို ကျွန်မ ပြန်လည် ရောက်ရှိလာခဲ့ပါပြီ။ ကျွန်မ အသက် ရှင်နေစဉ် ကိုးနှစ်တာ ကာလအတွင်း မိဘနှစ်ပါး၊ အစ်ကို သုံးယောက်၊ မောင်တစ်ယောက် တို့ နှင့်အတူ နေခဲ့ ထိုင်ခဲ့ဖူးသည့်တိုင်အောင် သီရိဂေဟာအဖြစ် ကျွန်မ မမှတ်မိသော တိုက်အိမ်ဖြူ ကြီး ဖြစ်ပါသည်။
ကျွန်မ၏ ခင်ပွန်း စကော့က ဗင်ကားလေးကို အိမ်ကြီးဆီသို့ အရောက်ဖောက်ထားသည့် ကိုယ်ပိုင် လမ်းကလေးထဲသို့ ချို့ကွေ့ ၀င်လိုက်စဉ် ကျွန်မ ရင်ထဲ၌ ရေခဲတုံးကြီး တစ်ခု ရောက်ရှိနေသလိုလို တစ်ဆို့ဆို့ကြီး ဖြစ်နေပါ၏။
ကျွန်မ၏ နံဘေး ယဉ်မောင်းသူ၏ ထိုင်ခုံ၌ စကော့ ရှိနေပြီး ကလေးရှစ်ယောက်တို့က ကျွန်မတို့၏ ပတ်ပတ်လည်မှ ဆူညံစွာ အော်ဟစ် နေကြသည့်တိုင်အောင် ကျွန်မ တစ်ယောက်တည်း ရှိနေသလို ခံစား နေရပါ၏။
ဆာရာက ကျွန်မ ပေါင်ပေါ်၌ ရှိနေပြီး ခွေးပေါက်စကလေး တစ်ကောင်လို တစ်ချိန်လုံး လူးလွန့် လှုပ်ရှား နေပါ၏။ ဒီယွန်က ကျွန်မ၏ ကျစ်ဆံမြီး ဆံပင်ကို ဆွဲကိုင်ထားရင်း 'မာမီ' ကျွန်တော်တို့ အိမ်ကို ရောက်ပြီလားဟင်၊ ကျွန်တော်တို့ အတွက် အခန်း တစ်ခန်း သတ်သတ် ရမှာလားဟင်' ဟု တစ်ချိန်လုံး မေးနေသည်။
စတာလင်က သူသည် အကြီးဆုံး ဖြစ်သောကြောင့် အခြားကလေးများလို သူလည်း တစ်ခန်း ရထိုက်သည်ဟု ဆိုပါသည်။ ကာရိုးက စတာလင်ကို အကြီးဆုံ ဖြစ်သည်ဟု မည်သူက ပြောသနည်း၊ ၎င်း၏ မွေးနေ့ အစစ်အမှန်ကိုပင် သိသူ မဟုတ်၊ သူမက စတာလင့်ထက်ပင် အသက်ကြီးကောင်း ကြီး နေနိုင်သည်ဟု ဆိုပါသည်။ ဇွန်လ နှစ်ဆယ် ရက် နီးလားတိုင်း ထိုကိစ္စကို နှစ်စဉ်ငြင်းကြ ခုံကြလေ့ ရှိပါ၏။ ဇွန်လ နှစ်ဆယ်ရက်တွင် နှစ်ယောက်စလုံး၏ မွေးနေ့ပွဲကို ကျင်းပပေးလေ့ ရှိပါ၏။ ကျွန်မတို့ စတာလင်ကို မွေးစားခဲ့ စဉ်က ၎င်းနှင့် ပတ်သက်သော မွေးစာရင်း လက်မှတ် မရှိပါဟု အကျိုးဆောင်ပေးခဲ့သော အေဂျင်စီက ပြောပြခဲ့ပြီးလည်း ဖြစ်ပါ၏။
နစ်ခ်က အားလုံး ပါးစပ် ပိတ်ထားကြပါဟု ထအောင်လိုက်၏။ သူက ဤအချိန်သည် မင်္ဂလာ အချိန် ဖြစ်ပြီး မာရိယာက တိတ်တိတ်ဆိတ်ဆိတ် နေတာ ပိုကောင်းသည်ဟု သဘောရကြောင်း ထပ်ပြောလိုက်ပြန်၏။ နစ်ခ်သည် မာရီယာ ကိုယ်စား ပြောပေးလေ့ ရှိသူ ဖြစ်ပါ၏။ မာရီယာကို ကျွန်မတို့ မွေးစားခဲ့သည်မှာ သိပ်မကြာ လှသေးပါ။ ခုနှစ်လသာ ရှိသေး၏။ မာရီယာသည် ရှက်နေဆဲ၊ ရွံ့နေဆဲ။ နစ်ခ်ကို တစ်ချိန်လုံး အားကိုး နေရှာသူ ဖြစ် ပါ၏။
ပရူးဒင့်က မေးလိုက်ပြန်၏။
'ဒီအိမ် ဟုတ်တယ် မဟုတ်လား မာမီ၊ မာမီ ငယ်ငယ်ကလေးတုန်းက နေခဲ့တဲ့ အိမ်ပဲ မဟုတ်လား'
'ဒီအိမ်ပဲ ဖြစ်ရမှာပေါ့'
နေရောင်ခြည်က ပူနွေး လင်းထိန်နေသော်လည်း ကျွန်မ တစ်ကိုယ်လုံး အေးစိမ့်သွား သလို ခံစားလိုက်ရပါ၏။
'ဒီအိမ်ပဲ ဖြစ်ရမှာပေါ့၊ ဒါပေမဲ့ မာမီက သိပ် မမှိတ်မိတော့ဘူး၊ ဟိုတစ်ခုက လွဲရင်ပေါ့လေ'
ကျွန်မသည် အခြားနေအိမ် တစ်အိမ်၏ အိမ်ရှေ့မှ အလှ စိုက်ထားသော မြက်ခင်း တစ်ခင်း နှင့် အိမ်အ၀င် ကားလမ်း နံဘေး၌ တန်းစီ၍ စိုက်ထားသော အနီရောင် ခေါင်းလောင်းပုံ ပန်းပင်များကို မြင်လိုက်ရ၏။ ဤမြင်ကွင်းမှာ အသစ်အဆန်း မဟုတ်သော်လည်း ကျွန်မ ကျောရိုးတစ်လျှောက် အေးစိမ့်ပြီး ကြက်သီးဖြန်းဖြန်း ထသွားခဲ့ပါ၏။ ကျွန်မ အတိတ်ကို ပြန်၍ စဉ်းစားကြည့်သည့်အခါတိုင်း မီးခိုးရောင် မြူနှင်းများကိုသာ တွေ့နေရသကဲ့သို့ မမှတ်မိဘဲ ဖြစ်နေလေ့ ရှိပါ၏။ ကျွန်မ၏ ဘ၀သည် ဆန်ဖရန်စစ္စကိုရှိ အဘွား၏ နေအိမ်ဤ ကျွန်မ အသက်ဆယ်နှစ်နီးပါး အရွယ်သို့ ရောက်သည့်အခါတွင်မှ စတင်ခဲ့ခြင်း ဖြစ်ပါ၏။
ထိုဖြစ်စဉ်သည် ကျွန်မတို့၏ မွေးစား ကလေးများနှင့် တစ်ပုံစံတည်းပင် ဖြစ်ပါ၏။ ၎င်းတို့ တွင်လည်း မွေးစားမည့်သူများကို မျှော်ရင်း ပရဟိတ ဂေဟာများ၌ နေထိုင်ခဲ့ကြရသည့် ဘ၀များ ကိုယ်စီကိုယ်င ရှိနေကြပါ၏။ ထို့နောက် ကျွန်မတို့က သူတို့ကို မွေးစားလိုက်သည့် အခါတွင်မှ သူတို့၏ ဘ၀များ အမှန် တကယ် စတင်ခဲ့ခြင်း ဖြစ်ပါသည်။
ကျွန်မတို့၏ ပထမဆုံး မွေးစားကလေး စတာလင်အား ကျွန်မက မုန့်ကြိတ်သည့် တလိမ့် တုံးကို လှမ်းပေးလိုက်ခဲ့စဉ်က အဖြစ်အပျက်ကို ပြန်သတိရလာပါ၏။ စတာလင်သည် ထိုစဉ်က အသက် ခြောက်နှစ်မျှသာ ရှိသေးပြီး အလွန်တည်ကြည်သော ကလေး ဖြစ်၏။ ကျွန်မက သူ့အား မည်သို့ မည်ပုံ ဆက်ဆံရမည်ကို မသိပါ။ ကလေးများသည် ကျွန်မ အဖို့ အခြား မျိုးစိတ် တစ်ခုပမာ ဖြစ်နေကြပါ၏။ စိတ်ဝင်စား စရာ ကောင်းသောကြောင့် လေ့လာ လိုပါ၏။
သို့ရာတွင် မည်သို့မည်ပုံ ချဉ်းကပ်ရမည်ကို ကျွန်မ မသိပါချေ။ ကျွန်မက မုန့်ကြိတ်ရန် တလိမ့်တုံးကို လှမ်းပေးလိုက်ချိန်တွင် ၎င်း၏ မျက်လုံးကလေးများသည် တောက်ပလာကြ ၏။ ကျွန်မက ၎င်းအား စပျစ်သီးခြောက်များကို လှမ်းပေးလိုက်စဉ် အဘွားက ကျွန်မ လက်ထဲသို့ စပျစ်သီးခြောက်များ ထည့်ပေးနေသည်ကို ပထမဦးဆုံး အကြိမ် အဖြစ် ပြန်သတိရလာခဲ့ပါ၏။
စတာလင်နှင့် ကျွန်မ ထိုကဲ့သို့ ပထမအကြိမ် တွေ့ထိလိုက်ရမှုက ကျွန်မအား နွေးထွေး သွားစေပြီး ကျွန်မ ခင်ပွန်း စကော့၏ ကလေးများ အပေါ် ချစ်ခင်သော မေတ္တာ စိတ်ဓာတ်ကို ကျွန်မအနေနှင့် လေ့လာလိုသည့် စိတ်ဓာတ်အား မီးတောက်ကလေး ဖြစ်ပေါ် လာအောင် မီး မွှေးပေးနိုင်ခဲ့ပါ၏။ စကော့သည် ၎င်း၏ လုပ်ငန်းခွင်  အချိန်များအား ကလေးများကို ထိန်းသိမ်း စောင့်ရှောက်ခွင့် မည်သူ ရထိုက်သည် ဆိုသော ကိစ္စအတွက် များစွာ အသုံးခဲ့သူ ဖြစ်ပါ၏။ သူ ကိုယ်တွယ်ရသော အမှုများ၌ ကလေးများကို မည်သည့် မိဘနှင့် နေထိုင်စေခြင်းက အကောင်းဆုံး ဖြစ်လိမ့်မည် ဆိုသော အချက်ကို အမြဲတမ်း ဦးစားပေး၍ အာရုံစိုက်ခဲ့သူ ဖြစ်ပါသည်၏။
'အဲဒါ ဘာလဲဟင်'
အာတီက ရှေ့သို့ ကိုင်းပြီး ကျွန်မ ပခုံးပေါ်မှ ကျော်၍ လက်ညှိုးထိုးပြ လိုက်ရာ ကျွန်မ ပေါင်ပေါ်၌ ထိုင်နေသော ဆာရာ၏ ဦးခေါင်းကိုပင် ရိုက်မိလုမတတ် ဖြစ်သွားခဲ့ရပါ၏။
'ကျောက် ဖြစ်နေတဲ့ ထင်းရှူးပင် တစ်ပင်ပေါ့' ဟု ကျွန်မက ပြန်ဖြေလိုက်မိ၏။ ကျွန်မက ထိုအချက်ကို မည်သို့ မည်ပုံ သိနေခဲ့ပါသနည်း။
ထိုအရာသည် ဘီလူးကြီး တစ်ကောင်က ထားရစ်ခဲ့သော သက်ကြီး ပင်ပုကလေး တစ်ပင် နှင့် တူ၏။ အိမ်ရှေ့သို့ မောင်းဝင်ရသော မောင်တော်ကားလမ်း၏ အလယ်၊ ကျောက်တုံး များ ၀န်းရံထားသော မြေကမူ ကလေးတစ်ခုအပေါ်၌ စိုက်ထူးထားသည့် တွန့်လိမ် ကောက်ကွေးနေသော အလွန်ကြီးမားသည့် သစ်ပင်ကြီး တစ်ပင် ဖြစ်၏။
ထိုကားလမ်း၏ အဆုံး တိုက်အိမ်ဖြူကြီး၏ ရှေ့မျက်နှာစာတွင်မော်တော်ကား ကွေ့နိုင်သည့် ကြီးမားသော စက်ဝိုင်းခြမ်းကြီး ရှိနေ၏။
ကျွန်မက တိုက်အိမ်ဖြူကြီးကို ငေးကြည့်နေမိ၏။ အနောက်တောင် ဒေသမှ ရှေးကျသော အိမ်ပုံစံကို ကာလီဖိုးနီးယား တောင်ပိုင်း၌ လာရောက် ဆောက်လုပ်ထားခြင်း ဖြစ်၏။ ထုထည် ကြီးမားသော နေလှန်း အုတ်ဖြူများ အကြားမှ မျက်နှာကြက် ရက်မကြီးများသည် ဟိုနေရာ ဒီနေရာ တစ်ချောင်း အပြင်ဘက်သို့ ထိုးထွက်နေကြ၏။
တိုက်အိမ်ဖြူကြီးနှင့် မလိုက်ဖက်ဘဲ တခြားစီ ဖြစ်နေသော အင်္ဂါရပ်မှာ အလွန်ကြီးမား သော ပြတင်းပေါက် ကြီးများပင် ဖြစ်၏။ နေလှန်းအုတ်နှင့် ဆောက်ထားသော တိုက်အိမ် များတွင် ပြတင်းပေါက်များ သည် သေးငယ်လေ့ ရှိကြ၏။ ထူထဲသော နံရံများက ဆောင်းရာသီတွင် အပူဓာတ်ကို သိမ်းဆည်း သိုလှောင်ပေးထားပြီး နွေရာသီတွင် အေးမြ စေပါ၏။
အနောက်တောင် ဒေသမှ အင်ဒီးယန်း လူမျိုးတို့၏ ယဉ်ကျေးမှုများကို ကျွန်မ သင်ယူခဲ့ သော မနုဿဗေဒ ဘာသာရပ်၌ လေ့လာခွင့် ရခဲ့ပါ၏။
စကော့က ဗင်ကားကလေးကို နေလှန်း အုတ်တိုက် အိမ်ဖြူကြီးရှေ့၌ ရပ်တန့်လိုက်၏။
ဤတိုက်အိမ်ဖြူကြီးကို ဘယ်ဘက်မှ တောမကျ မြို့မကျ ဆောက်ထားသော အိမ်တစ်လုံး နှင့် သီးခြား ဖြစ်သွားအောင် ကန့်ထားသည့် မြက်ခင်းပြင်၌ ပေါင်းပင်များ ပေါများနေသလို မြက်ပင်များသည် အလွန် ရှည်လျားနေကြပါ၏။
စကော့က ၎င်း၏ မြူးကြွ ရွှင်ပျသော အကောင်းဆုံး လေသံနှင့် မေးလိုက်၏။
'ဒီမြက်ခင်းကို ဘယ်သူ ရိတ်ချင်ကြသလဲဟေ့'
'ကျွန်တော် ရိတ်ချင်တယ်'
နစ်ခ်က ဦးအောင် အော်လိုက်ခြင်း ဖြစ်၏။ ဒီယွန်ကလည်း သံယောင်လိုက်၍ ဖြေသည်။ စတာလင်က ရယ်လိုက်၏။ အမဲ ဖမ်းသည့် လှည့်စားချက်မျိုးကို သူနားလည်း သဘော ပေါက်လေ့ ရှိပါ၏။
'ကောင်းပြီ၊ ဒါဆိုရင် ပစ္စည်းတွေကို သယ်လာတဲ့ ကုန်ကားကြီး ရောက်လာတာနှင့် နစ်ခ် မင်းနှင့် ဒီယွန်တို့က ငါ့ကို ကူညီနိုင်တယ်'
ကျွန်မက ၀င်ပြောလိုက်ရ၏။
'ချစ်ချစ်ရယ်၊ ပရိဘောဂတွေကို အရင်ဆုံး နေရာ ချကြမယ်ကွယ်နော်
ကျွန်မက ခြံဝင်းထဲ၌ အလုပ်လုပ်ရန် စကော့၏ စိတ်အား ထက်သန်မှုကို သံသယ ဖြစ်ခြင်း တော့ မဟုတ်ပါ။ ဤတိုက်အိမ်ဖြူကြီးမှ အိမ်ငှားများ ဆင်းမသွားကြမီ ကျွန်မတို့သည် မြို့ အစွန်မှ ပရမ်းပတာ ဖြစ်နေသော အိမ်ကြီး တစ်လုံး၌ နေထိုင်ခဲ့ကြ၏။ ထိုစဉ်က သူသည် ခြံဝင်းကိစ္စကို ကျွန်မနှင့် လွှဲထားပြီး သူကမူ ပရိဘောဂများကို ကောင်းမွန်နေအောင် ပြုပြင်ပေးရန်နှင့် ရေပိုက်များ မချူချာသွားစေရန် အာရုံစိုက်၍ တာဝန်ယူခဲ့သူ ဖြစ်ပါ၏။ ကျွန်မက တူးလစ်ပန်းဖူးများကို စိုက်ပျိုးပြီး ပရူးဒင့်နှင့် ကာရိုးတို့ကို ကူညီ၍ ပေါင်းသင် ပေးကြရန် စည်းရုံးခဲ့ရပါ၏။ ကျွန်မက ထိုအိမ်ကြီး၌ ဆက်လက်၍ နေထိုင်လိုခဲ့ပါ၏။ သို့ရာ တွင် စကော့က မကြာခဏ နားပူ နားဆာ လုပ်လေ့ ရှိ၏။
'ဒီမှာ အိုလီဗီရာ၊ ခင်ဗျားက အဲဒီ ကြီးမားလှတဲ့ တိုက်အိမ်ဖြူကြီးရဲ့ ပိုင်ရှင်ပါ ခင်ဗျာ။ အိမ်ငှားတွေကို လိုက်ရှာရတာကလည်း သိပ် ခက်ခဲတယ် ခင်ဗျ၊ ကိုယ်တို့က ဘာဖြစ်လို့ အဲဒီအိမ်ကြီးကို ပြောင်းရွှေ့ပြီး မနေနိုင်ရတာလဲ၊ အဲဒီတိုက်အိမ်ကြီးကို တကယ် ပြည့်ပြည့် ၀၀ အသုံးချနိုင်တဲ့ မိသားစု နည်းနည်းကလေးထဲမှာ ကိုယ်တို့လည်း ပါတယ်ခင်ဗျ'
ကျွန်မ၏ တွန့်ဆုတ်ဆုတ် ဖြစ်နေမှုကို ရှင်းမပြတတ်ပါ။ ထိုတိုက်အိမ်ကြီးနှင့် ပတ်သက်၍ တစ်ခုခု ထူးခြားနေပါ၏။ လွန်ခဲ့သော သုံးနှစ်က ဖခင်ဖြစ်သူ၏ သေတမ်းစာကို ဖတ်ကြားခဲ့ စဉ်က ကျွန်မက ထိုအိမ်ကြီးအား အမွေပေးခဲ့ပါ၏။ ကျွန်မ စိတ်ထဲ၌ ထိုတိုက်အိမ်ကြီးနှင့် ပတ်သက်သော ကိစ္စ တစ်ခုခုသည် တစ်နေရာရာ၌ ခိုအောင်း နေခဲ့ပါ၏။ အဆိုပါ နေအိမ် ကြီး၏ ပိုင်ဆိုင်ခွင့်ကို ကျွန်မအား ပေးအပ်ခဲ့သည် ဆိုသော ၀ါကျအား ဖော်ပြသည်ကို ကြား လိုက်ရပြီးနောက် ကျွန်မက အစ်ကို နှစ်ယောက်နှင့် မောင်ဖြစ်သူတို့အပြင် ကျွန်မနှင့် သူစိမ်း ပြင်ပြင် ဖြစ်နေကြသည်သာမက အလွန် စိတ်ဆိုးနေကြသူများကို လှမ်းကြည့်လိုက် မိပါ၏။ ၎င်းတို့ကလည်း ကျွန်မကို ပြန်စိုက်ကြည့်နေကြပါ၏။
အစ်ကို အကြီးဆုံး ဒေါက်ဂလပ်စ်က ကျွန်မကို ပြုံးပြခဲ့ပါ၏။ သို့ရာတွင် အလွန်ကြောက်မက် ဖွယ် ကောင်းသော အပြုံးပင် ဖြစ်ပါ၏။
ကားလ်၏ မျက်စိများက ပြူးကျယ်သွားကြပြီး ချက်ချင်းပင် ကျွန်မနှင့် မျက်နှာ လွှဲပစ်လိုက် ၏။
မောင်ဖြစ်သူ မတ်ခ်က ပြောလိုက်၏။
'မဖြစ်နိုင်ဘူး၊ အဲဒီလို ဆိုတာ မဖြစ်နိုင်ဘူး'
သူသည် ကုလားထိုင်ပေါ်၌ ပုံကျသွား၏။ ကိုယ်လုံးကိုယ်ပေါက် သေးသွယ်ပြီး အသက် သုံးဆယ် အရွယ် စိတ်ကူးယဉ်သမား ဖြစ်၏။ ဘယ်တော့မှ ရင့်ကျက်မလာသူလည်း ဖြစ်၏။
ကျွန်မက ပြောလိုက်၏။
'ကျွန်မအဖို့  မလိုအပ်ပါဘူး၊ ကျွန်မက ရှင်တို့ကို စာချုပ်စာတမ်းနှင့် လွှဲပေးမယ်'
ဒေါက်ဂလပ်စ်က ပြောလိုက်သည်။
'မဟုတ်သေးဘူး အိုလီဗီရာ၊ အဲဒီ တိုက်အိမ်ကြီးကို နင် ပိုင်သွားပြီ၊ ယူသာ ထားလိုက် ပေတော့'
ကားလ် ဦးခေါင်းကို ခါယမ်း၍ ပြ၏။ သို့ရာတွင် စကား တစ်ခွန်းမှ မပြောပါ။
ထိုတိုက်အိမ်ကြီးကို ကျွန်မ ပိုင်ဆိုင်ခွင့် ရခဲ့ချိန်က စ၍ အိမ် ထိန်းသိမ်းပြုပြင်ရေးကိစ္စနှင့် ခြံဝင်းကိစ္စတို့ကို စကော့အား ဆောင်ရွက်စေခဲ့ပါ၏။ အိမ်ငှားများနှင့် ဆက်ဆံရေးကိုလည်း သူနှင့်ပင် လွှဲထားခဲ့ပါ၏။ ကျွန်မက ထိုတိုက်အိမ်ဖြူကြီးအား ကြည့်ချင်စိတ်ပင် မရှိလှပါ။
အဘယ့်ကြောင့် ဆိုတာကိုလည်း သူ့အား ရှင်းမပြနိုင်ခဲ့ပါ။ တစ်လုံးတစ်ပါဒမှ ရှင်းမပြဘဲ ဟာလာဟင်းလင်း ဖြစ်နေခဲ့သော ကျွန်မ၏ ငယ်ဘ၀အား သူ လက်ခံခဲ့သလို ထိုနည်း အတိုင်းပင် သူက လက်ခံခဲ့ပါ၏။ သူက ကျွန်မကို အနမ်းကလေး တစ်ပွင့် ပေးလိုက်ပြီး 'ဖြစ်ပါတယ် အိုလီဗီရာ၊ ကိုယ်နားလည်ဖို့ မလိုအပ်ပါဘူးကွာ' ဟု ပြောလိုက်လေ၏။
'ကဲ တပ်သားတွေ လာကြဟေ့'
စကော့သည် ပြောပြောဆိုဆိုနှင့် မော်တော်ကားထဲမှ ခုန်ထွက်လိုက်ပြီး နောက်ဘက်မှ လျှောတံခါးကို ဆွဲဖွင့်ပေးလိုက်လေ၏။
'မာမီ သမီးလည်း အပြင် ထွက်ချင်တယ်'
ဆာရာက ကားတံခါး လက်ကိုင်ကို လှမ်းကိုင်ရင်း ပြောလိုက်၏။ ကျွန်မက သူ့ကို တံခါး ဖွင့်ပေးလိုက်၏။ ထို့နောက် ကျောက်စရစ်ခဲများ ခင်းထားသော ကားလမ်းပေါ်သို့ ကျွန်မ ဆင်းလိုက်ပြီး တိုက်အိမ်ဖြူကြီး၏ ဟင်းလင်း ဖြစ်နေသော ရှေ့ဘက်မျက်နှာစာကို ငေးကြည့်နေမိ၏။ ကလေးများသည် တိုက်အိမ်ဖြူကြီး၏ အောက်ထပ် အဆောင်နှစ်ဖက် အကြားရှိ ကျောက်လုံးများ ခင်းထားသော ကွက်လပ်ကလေး ဆီသို့ အုတ်ခင်းလမ်း အတိုင်း လျှောက်သွားနေကြပြီ ဖြစ်၏။
'ဖွင့်ပါတော့၊ ဖွင့်ပါတော့ဗျို့'
ကာရိုးက အိမ်ရှေ့ တံခါးမကြီးကို ဆောင့်ဆွဲရင်း အော်ဟစ်နေ၏။
စကော့သည် သူ့အကျီ အိတ်ထဲမှ သော့တွဲကို ထုတ်ယူလိုက်ပြီးနောက် အိမ်ရှေ့ တံခါးမ ကြီးကို ဖွင့်ပေးလိုက်၏။ ကလေးများက သူ့ကို တွန်းတိုက်ပြီး အိမ်ကြီးထဲသို့ ပြေးဝင်သွား ကြ၏။ ကျွန်မ၏ လည်ချောင်းထဲ၌ တစ်ဆို့ဆို့ ဖြစ်သွားပြန်သည်။ မူးချင်သလိုလိုလည်း ဖြစ်လာ၏။
'စကော့၊ ကလေးတွေကို ရှင့် မျက်စိအောက်က တစ်ယောက်မှ အပျောက်မခံပါနှင့်'
'ဘာပြောတယ်'
စကော့က ကလေးများ နောက်ဘက်သို့ လှမ်းကြည့်လိုက်၏။ ကလေးများသည် ပျော်ရွှင် မြူးထူးစွာ အော်ဟစ်ကြရင်း အိမ်ကြီးထဲသို့ တကွဲတပြားစီ ပြေးဝင်သွားကြပြီ ဖြစ်၏။
    "ဗီရာ စိတ် အေးအေး ထားစမ်းပါကွာ၊ ကိုယ်က ခြ သတ်တဲ့ အဖွဲ့နှင့် တစ်အိမ်လုံး နှံ့အောင် လိုက်ကြည့်ပြီးပါပြီ၊ မခိုင်တဲ့ ကြမ်းပြင် ဆိုလို့ ဘယ်နေရာမှာမှ မရှိဘူး၊ သိပ်ကောင်းတဲ့ အိမ်ကြီးပါကွာ"
"စကော့"
ကျွန်မက သူ့ လက်မောင်းကို အတင်း ဆုပ်ကိုင်ထားရင်း ထပ်အော်ပြောလိုက်၏။
"စကော့"
သူက ကျွန်မကို လက်နှင့် သိုင်း၍ ဖက်ထားလိုက်၏။
"ဘာဖြစ်လို့လဲ ချစ်ရယ်"
"ဟို တစ်နေရာမှာ"
ကျွန်မက ယိုင်တိ ယိုင်ထိုးနှင့် ခြေလှမ်း နှစ်လှမ်း လှမ်းလိုက်ရာ တံခါးခုံကို ကျော်မိပြီး အိမ်ကြီးထဲသို့ ရောက်ရှိသွားလေ၏။ စကော့က ကျွန်မကို ထိန်းပေးထားရ၏။
"အိမ်ထဲမှာ အနံ့ အသက် မကောင်းသလိုဘဲ"
"လိုင်ဆိုး ပိုးသတ်ဆေး အနံ့ ဖြစ်နိုင်ပါတယ်ကွာ၊ နောက်ဆုံး နေသွားတဲ့ အိမ်ငှားတွေက ရှုပ်ပွေနေအောင် နေသွားကြလို့ သန့်ရှင်းရေး ကုမ္ပဏီ တစ်ခုကို ငှားပြီး ကိုယ် သန့်ရှင်းရေး လုပ်ထားပါတယ်"
"အဲဒါကို ပြောတာ မဟုတ်ဘူး"
ကျွန်မက သူ့ရင်ခွင်ထဲမှ ရုန်းထွက်လိုက်ပြီး အနောက်ဘက် အဆောင်ဆီသို့ သွားသော စင်္ကြံ လမ်းအတိုင်း ခပ်သွက်သွက် လျှောက်သွားလိုက်၏။
"ပင်မ အိပ်ခန်းကြီးဆီကို ဟောဒီက ဖြတ်သွားရတယ်"
စကော့က စင်္ကြံ လမ်းကလေးတစ်ခုကို လက်ညှိုးထိုးရင်း ပြောလိုက်၏။
ကျွန်မက သူ့ဆီမှ ခွာထွက်လိုက်ပြီး လှေကား အတိုင်း နင်းတက်သွား၏။
နစ်ခ်ဟု ကျွန်မက အော်ခေါ်လိုက်သည်။ ကျွန်မတို့၏ အပေါ်ဘက်၌ စတာလင်နှင့် ငြင်းခုံနေသော သူ့အသံကို ကြားလိုက်ရ၏။
"နစ်ခ်၊ အာတီ ဘယ်မှာလဲ"
ကာရိုးသည် အပေါ်ဘက် လှေကားထိပ်၌ ပေါ်လာ၏။
"မာမီရေ ထူးဆန်းလိုက်တာ၊ အပေါ်ထပ်မှာ အိပ်ခန်း တစ်ခန်းစာလောက် ကျယ်တဲ့ ဗီရိုကြီး တစ်လုံး ရှိနေတယ်"
ကျွန်မက လှေကားပေါ်ကို ပြေးတက်သွား၏။
"အဲဒီ အထဲက အားလုံး ထွက်ကြစမ်း"
ကျွန်မ အဲဒီ ဗီရိုကြီးကို မနှစ်ခြိုက်ပါ။ တစ်အိမ်လုံးတွင် ကျွန်မ မကြိုက်သည့် တစ်ခုတည်းသော ပစ္စည်းဖြစ်ပါသည်။ ကျွန်မ မနှစ်ခြိုက်ခဲ့သည်မှာ ကြာလှပါပြီ။ မက်၏ ဗီရို မဖြစ်မီကပင် ကျွန်မ မကြိုက်ခဲ့ခြင်း ဖြစ်ပါ၏။
ထိုဗီရိုထဲ၌ မက် မရှိခဲ့စဉ်က ကျွန်မသည် ထိုဗီရိုထဲ၌ ရှိနေခဲ့ပါ၏။ သူက ကျွန်မကို တစ်ချိန်လုံး ထိုဗီရိုထဲ၌ သော့ခတ်ပြီး ထည့်ပိတ်ထားလေ့ရှိပါ၏။ သူက ကျွန်မထက် တစ်နှစ်မျှသာ အသက် ပိုကြီးသူ ဖြစ်ပါ၏။ သို့ရာတွင် ကိုယ်လုံး ကိုယ်ပေါက်ကမူ အတော် ကလေးပိုထွားပါ၏။ သူ အရမ်း စိတ်ပုပ်ရှိနေသော အချိန် မျိုးတွင် အခြား ကလေးများက ကျွန်မကို ဗီရိုထဲမှ ပြန်ထုတ်မပေးနိုင်အောင် ဗီရို သော့ကို ၀ှက်ထား လေ့ရှိပါ၏။
အစ်ကို အကြီးဆုံး ဒေါက်ဂလပ်စ်က ကျွန်မ အော်နေသံကို ကြားသွားပြီး မာ့မီကို သွားခေါ်လေ့ရှိပါ၏။ မာမီ့ထံတွင် ထိုဗီရိုကို ဖွင့်၍ ရသည့် သော့တစ်ချောင်း ရှိနေပါ၏။
မာမီက "အဲဒီ တံခါးက သော့အိမ် ဒယ်ဒီ့ကို ဖြုတ်ပစ်ခိုင်းရဦးမယ်" ဟု ပြောလေ့ ရှိ၏။ သို့ရာတွင် မာမီ တစ်ခါမှ မခိုင်းဖြစ်ခဲ့ပါ။
    ကျွန်မသည် ထိုဗီရိုကြီးထဲ၌ အချိန်အတော်များများကို ဖြုန်းခဲ့ဖူးပါ၏။ ထိုဗီရိုကြီးထဲ၌ ကစားနည်းမျိုးစုံ၊ ပဟေဠိ မျိုးစုံ ရှိနေပါ၏။ အပေါ်ထပ်မှ ကလေး ကစားခန်း ဖြစ်သောကြောင့် ရောင်စုံ ခဲတံများ၊ ပိုစတာ ဆွဲသော ဆေးများနှင့် ပန်းချီဆွဲရန် ဗလာ စာအုပ်များ အမျိုးစုံ ရှိနေပါ၏။ သို့ရာတွင် မက်က ကျွန်မကို ဗီရိုထဲ၌ သော့ခတ်၍ ပိတ်ထား ခဲ့သလို အပြင်ဘက်၌သာ ရှိသော မီးခလုတ်များကိုပါ ပိတ်ထား ခဲ့သောကြောင့် ကျွန်မ မှောင်ထဲတွင် ဘာမှ လုပ်၍ မရပါ။
    တစ်ကြိမ်တွင် ကျွန်မက ရောင်စုံ ခဲတံများကို ရှာတွေ့သွားပြီး အိမ်တွင်လည်း ကျွန်မကို အပြင် ထုတ်ပေးမည့်သူ တစ်ယောက်မျှ မရှိသောကြောင့် အရမ်း စိတ်ဆိုးသွားပြီး နံရံများတွင် လျှောက် ခြစ်ပစ်လိုက်မိပါ၏။
    မာမီက ကျွန်မကို ဆပ်ပြာ၊ ဘလိတ်ဓား တစ်ချောင်း၊ ပွတ်တိုက်ရာ၌ အသုံးပြုရန် အ၀တ်စုတ်များကို ပေး၍ သန့်ရှင်းရေး ပြန်လုပ်ခိုင်းပါ၏။
    ကျွန်မ ကိုယ်တိုင်လည်း ဓားရှ ခံခဲ့ရပါ၏။ အကုန်လုံး ပြောင်စင်သွားအောင်တော့ မတတ်နိုင်ခဲ့ပါ။
    မက်နှင့် ကျွန်မ အမြဲတမ်း ရန်ဖြစ်နေကြရ၏။ မက် ဒေါပွနေသည့် အကြောင်းအရင်းမှာ ရေချိုးခန်းနှင့် တွဲထားသော ကျယ်ဝန်းလှသည့် အိပ်ခန်းထဲ၌ ကျွန်မ နေခွင့်ရသောကြောင့်ပင် ဖြစ်ပါ၏။ သူက ဒေါက်ဂလပ်စ်နှင့် တွဲ၍ အတူတူ နေရသလို ကားလ်နှင့် မတ်ခ်တို့လည်း တစ်ခန်းတည်း၌ အတူတူတွဲ၍ နေကြရသည်မှာ မတရားပါဟု ဆိုပါ၏။ မာမီက ကျွန်မသည် မိန်းကလေး ဖြစ်သောကြောင့် နေခွင့်ရခြင်း ဖြစ်သည်ဟု ဆိုပါ၏။ မက်က ထိုကိစ္စသည်လည်း မတရားပါဟု ဆိုပြန်ပါ၏။
    ဒယ်ဒီက ဘ၀တွင် မည်သူက မည်သူ့ကိုမျှ မျှမျှတတ ရှိစေရမည်ဟု အာမ မခံနိုင်ဟုဆိုပါ၏။
    မက် တစ်ယောက် ထိုဗီရိုကြီးထဲ၌ ရှိနေခဲ့ပြီး နောက်ပိုင်းတွင် ကျွန်မကို မည်သူကမျှ စကား မပြောကြတော့ပါ။ ဒက်ဒီနှင့် မာမီတို့ အိမ်သစ် တစ်လုံးကို လိုက်လံ ရှာဖွေခဲ့သည်မှာ အတော်ပင် အချိန်ကြာမြင့်ခဲ့ပါ၏။ ၄င်းတို့က ဤအိမ်ကြီးကို ရောင်းချပစ်ရန် ကြိုးပမ်းခဲ့ဖူးပါ၏။ သို့ရာတွင် မည်သူကမျှ မ၀ယ်ကြပါ။ ထို့ကြောင့် ကျွန်မတို့ ဤအိမ်ကြီး၌ ဆက်လက် နေထိုင်ခဲ့ကြရခြင်း ဖြစ်ပါ၏။
    ကျွန်မ ဤတိုက်အိမ်ဖြူကြီးကို အမှန်တကယ်ပင် နှစ်ခြိုက်မိပါ၏။
    တစ်ညတွင် ကျွန်မသည် မက်၏ ဗီရိုကြီးကို ကျော်ဖြတ်၍ လှေကားမှ ပြေးဆင်းသွားပြီး ဒယ်ဒီ၏ စာကြည့်ခန်းထဲသို့ သွားရောက်ခဲ့ပါ၏။ ညစာ စားချိန်နှင့် နံနက်စာ စားချိန်များတွင် အားလုံးက ကျွန်မကို လှမ်းကြည့်ကြပြီးနောက် မျက်နှာ လွှဲသွား ကြပါ၏။ မည်သူကမျှ ကျွန်မကို စကား မပြောကြပါ။ ကျွန်မ နေ့လယ်စာကို ထုပ်ပိုး၍ ကျောင်းသို့ ယူသွားပြီး အပြင်ဘက်တွင် နေ့လယ်စာကို တစ်ယောက်တည်း စားရလေ့ ရှိပါ၏။
    ကျွန်မက ဒယ်ဒီ့ထံ ဆင်းပြေးသွားပြီး ပြောလိုက်မိပါ၏။
    "ဒယ်ဒီ သမီးကို ချစ်တယ်လို့ တစ်ခွန်းလောက် ပြောစမ်းပါ၊ ပြောပါ ဒယ်ဒီရယ်၊ သမီးကို ချစ်တယ်လို့ တစ်ခွန်းပဲ ပြောပါ၊ တစ်ခွန်းတည်းပါ ဒယ်ဒီရယ်"
    ဒယ်ဒီက ငိုချလိုက်ပါ၏။ ထို့နောက်မှ ပြန်ပြောလိုက်၏။
    "သမီးရယ်၊ ဒီကိစ္စကို သမီး နားမလည်နိုင်ဘူး ဆိုတာ ဒယ်ဒီ သိပါတယ် ကလေးရယ်၊ ဒယ်ဒီတို့ တတ်နိုင်သလောက် အကောင်းဆုံး ကြိုးစားနေကြပါတယ် သမီးရယ်"
    စကော့က ကျွန်မကို ထိန်းထားပြီး အထိတ်တလန့်နှင့် မေးလိုက်ရှာပါ၏။
    "ဘာဖြစ်လို့လဲဟင်၊ ဘာဖြစ်လို့လဲ"
    ကျွန်မက ပြောလိုက်၏။
    "အဲဒီ ဗီရိုထဲကို ကလေးတွေ မ၀င်ပါစေနှင့်၊ ရှင်က အဲဒီ ဗီရိုတံခါးရွက်ကို ဖြုတ်မပစ်ရသေးခင် သူတို့ကို မ၀င်ပါစေနှင့် စကော့ရယ်၊ ကျွန်မကို ကတိပေးစမ်းပါ"
    စတာလင်က ကျွန်မကို ဘေးတစောင်း လှည့်ကြည့်လိုက်သည်။ မာရီယာက ကျွန်မ အနားသို့ လာပြီး ခါးကို ဖက်ထားပါ၏။ ကျွန်မက သူ့ကို ကောက်ယူပွေ့ချီလိုက်ပြီး သူမ၏ သန့်ရှင်းနေသော ဆံပင်များထဲတွင် ကျွန်မ၏ မျက်နှာကို အပ်ထားလိုက်မိပါ၏။
    "သမီးလေးရယ်၊ သမီးလေးကို မာမီ ချစ်ပါတယ်ကွယ်"
    စကော့က ပြောလိုက်၏။
    "ကဲ ကလေးတွေ မင်းတို့ မာမီ ပြောတာကို ကြားကြတယ် မဟုတ်လား၊ အဲဒီ ဗီရိုထဲကို ဘယ်သူမှ မ၀င်ရဘူး၊ ဟုတ်ပြီနော်၊ ခုအချိန်ကစပြီး မ၀င်ရဘူးလို့ ပြောတာနော်"
    ကာရိုးက ပြန်ပြောလိုက်၏။
    "ဒါပေမဲ့ ဒယ်ဒီရယ်၊ အထဲမှာ ဘာမှ မရှိပါဘူး၊ နံရံပေါ်မှာ ခြစ်ရာတွေ နည်းနည်း ပါးပါး ရှိတာက လွဲရင် တကယ့်ကို ဟာလာ ဟင်းလင်းကြီးပါ"
    ကျွန်မက တံခါးခုံဆီသို့ လျှောက်သွားပြီး အထဲကို လှမ်းကြည့်လိုက်မိပါ၏။
    နောက်ဘက် နံရံပေါ်တွင် လူကြီး တစ်ယောက် မျက်မှောင်ကုတ်နေသည့်ပုံကလေး တစ်ယောက်၏ လက်ရာကို မရမ်းရောင် ခဲတံနှင့် ဆွဲထားကြောင်း မြင်တွေ့နေရ၏။
    ပုံအောက်ဘက်၌ အစိမ်းရောင် ခဲတံဖြင့် ရေးထားသော စာလုံး သုံးလုံးကိုလည်း မြင်တွေ့လိုက်ရပါ၏။
    "ကယ်တော်မူကြပါ"
    "ကယ်တော်မူကြပါ"
    "ကယ်တော်မူကြပါ"
    ကျွန်မ အိပ်ရာထဲမှာ တစ်ယောက်ယောက် ၀င်အိပ်နေသည်။ တကယ်တော့ ကျွန်မ အိပ်ရာမဟုတ်ပါ။ ကျွန်မ ပြောလိုသည့် သဘောမှာ ကျွန်မ အိပ်ရာပေါ်၌ ကျွန်မ ထိုင်နိုင်ပါ သည်။ အချိန် အများစုတွင် ကျွန်မသည် ဤအိမ်ကြီးထဲသို့ ပြောင်းရွှေ့ ရောက်ရှိလာကြသော လူသစ်များ ယူဆောင်လာကြသည့် ပရိဘောဂ များအကြားတွင် လျှောက်သွားနေလေ့ရှိပါသည်။ ထု့အတူပင် အဆိုပါ လူသစ်များအကြား၌ ကျွန်မ လျှောက်သွားနေလေ့ရှိပါသည်။ ယခုတော့ ကျွန်မ အခန်းထဲတွင် အမျိုးသမီးကလေး နှစ်ယောက်က လာအိပ်နေကြသည်။ ကျွန်မ ခုတင် ရှိနေသောနေရာ တည့်တည့်တွင် ၄င်းတို့၏ ခုတင်ကို ချထားပြီး ထိုအိပ်ရာပေါ်၌ အိပ်နေကြခြင်းဖြစ်သည်။ ကျွန်မက သူတို့ နှစ်ယောက်ကို ယခင် အချိန်များထက် ပိုပြီးထူးခြား ကောင်းမွန်စွာ မြင်တွေ့နေရပါသည်။ ကြားနေရပါသည်။
    သူတို့ နှစ်ယောက် အနက် တစ်ယောက်သည် ထမင်းလုံး တစ္ဆေခြောက်သည်ကို ခံနေရသည်။
"မာမီရေ မာမီ"
    ကျွန်မ အသံ နှစ်သံကို ကြားလိုက်ရပါ၏။ ကျွန်မ နံဘေးရှိ စကော့လူးလွန့်လာသည်။ ကျွန်မက ခပ်တိုးတိုးကလေး ပြောလိုက်၏။
    "ရှင် ပြန်အိပ်နေလိုက်ပါ၊ အိမ်သစ်ကို ရောက်လာတဲ့ ညမို့ လိပ်ပြာလန့်ကြတာနှင့် တူပါတယ်"
    သူက လောကကြီးတွင် လိပ်ပြာ လန့်စရာ ကိစ္စတွေ များပြားလှကြောင်း ဗလုံးဗထွေး လျှောက်ပြော နေသည်။ ကျွန်မက သူ့ကို အနမ်း တစ်ပွင့်ပေးလိုက်ပြီး ည၀တ် အင်္ကျီကို ကောက်ဝတ် လိုက်သည်။ ထို့နောက် အပေါ်ထပ်သို့ တက်လာခဲ့ပါ၏။
    ကာရိုးနှင့် မာရီယာတို့သည် အပေါ်ထပ် အရှေ့ဘက် အဆောင်၏ ထိပ်ဆုံး၌ ရှိသော အိပ်ခန်းထဲ၌နေခွင့်ရကြ၏။ အော်သံများသည် ၄င်းတို့၏ အသံများပင်ဖြစ်၏။
    ကျွန်မက လှေကားပေါ်သို့ ပြေးတက်လာခဲ့ပြီး စကော့က ကျွန်မအတွက် သံနှင့် ရိုက်၍ ပိတ်ပေးထားသော ကလေးများ ကစားခဲ့ကြသည့် ထိုဗီရိုကြီးကို ကြည့်လိုက်မိ၏။ ထိုဗီရိုကြီးထဲ၌ မည်သည့် ကလေးတစ်ယောက်မျှ ရှိမနေကြောင်း သေချာအောင် သုံးကြိမ် တိတိ စစ်ဆေးကြည့်ပြီးမှ သမီးများ၏ အခန်းဆီသို့ သွားခဲ့ပါ၏။
    "မာမီ၊ မာရီယာ အိပ်မက်ဆိုးကြီး မက်နေတယ်"
    အဖြူရောင် ည၀တ် ၀တ်ရုံကို ၀တ်ပြီး ခုတင်ပေါ်၌ ထိုင်နေသော ကာရိုးက ပြောလိုက်ခြင်းဖြစ်ပါ၏။ မာရီယာက ကာရိုး၏လက်ကို အတင်း ဆုပ်ကိုင်ထား၏။ သူမ၏ မျက်လုံးများသည် ပြူးကျယ်ပြီး ကြောက်လန့်နေ၏။
    "ကျွန်မက မာမီ့ကို လာမခေါ်နိုင်အောင် သူက အတင်း ဆွဲထားတယ်"
    "မာမီ၊ တစ္ဆေ တစ္ဆေ"
    "ဘာပြောတယ်၊ ဘာပြောလိုက်တာလဲ ကလေးရယ်"
    ကျွန်မက သူမ၏ နံဘေး ခုတင်ပေါ်၌ ၀င်ထိုက်လိုက်ပြီး သူမကို ဖက်ထားလိုက်၏။
    မာရီယာက တိုးတိုးလေး ပြောလိုက်သည်။
    "သူက ကျွန်မ ညီမလေး၊ အငယ်မကလေး"
    ကျွန်မကလည်း တိုးတိုးကလေး ပြန်မေးမိ၏။
    "မာရီယာ၊ သမီးမှာ ညီမလေး ရှိသလား"
    "နစ်ခ်က ပြောတော့ မာရီယာ့မှာ ညီမလေး တစ်ယောက် ရှိတယ်၊ ဒါပေမဲ့ ဆုံးသွားတယ်တဲ့"
    ကာရိုးက ၀င်ပြောလိုက်ခြင်း ဖြစ်သည်။
    "အေဂျင်စီက ငါတို့ကို ဘာမှ မပြောလိုက်ပါလား၊ ဪကလေးရယ် သနားဖို့ ကောင်းလိုက်တာကွယ်"
    ကျွန်မက မာရီယာ့ကို ထပ် မေးလိုက်၏။
    "မာရီယာ၊ နွားနို့ ပူပူကလေးကို ပျားရည်နှင့် သောက်မလား"
    "မာမီ"
    သူက ထပ် အော်လိုက်ပြီး ကျွန်မ ပခုံးပေါ်မှ ကျော်၍ လက်ညိုး ထိုးပြလိုက်လေ၏။
    ကျွန်မက သူ ပြသည့် နေရာသို့ လှမ်းကြည့်လိုက်ရာ ဗီရို တံခါးကြီး၏ ရှေ့ဘက်၌ တံလျှပ်ကဲ့သို့ တလျှပ်လျှပ် လင်းလက်နေသော မိန်းကလေးငယ်လေးတစ်ယောက်၏ ရုပ်ပုံကို မြင်လိုက်ရလေ၏။ ကျွန်မ ရင်ထဲတွင် အေးစက်ပြီး ထိတ်လန့်သွားမိပါ၏။ ကျွန်မက မာရီယာ့ကို တင်းကျပ်စွာ ပွေ့ဖက် ထားလိုက်မိ၏။ သူ့ကို အားပေးရန်ထက် ကျွန်မ၏ ကြောက်စိတ်ကို အားပေးရန်က ပို၍ လွန်ကဲနေခဲ့ပါ၏။ ကာရိုးက ခုတင်ပေါ်သို့ တက်လာပြီး ကျွန်မကို ကျောဘက်မှ နေ၍ ပခုံးများကို ဖက်ထားလိုက်၏။
သူမက "ဒယ်ဒီ"ဟု တအား အော်ခေါ်လိုက်၏။
"ရှူးး"
ကျွန်မက ထပ်ပြောလိုက်၏။ ထို့နောက် ကျွန်မ၏ ရင်ထဲတွင် ကလေးချော့သော တေးသီချင်းတစ်ပုဒ် ပေါ်ထွက်လာလေ၏။ ဘွားဘွား ဆိုပြလေ့ရှိသော ကလေးချော့ သီချင်း မဟုတ်သည့်တိုင်အောင် ကျွန်မက သီဆိုလိုက်ပါ၏။
"တစ်နေ့တာ ကုန်ဆုံးပြီး ညနေခင်းကို ရောက်ခဲ့ပြီလေ၊ အော်ဟစ်သံတွေ သီချင်းသံတွေလည်း ကွယ်ပျောက်ခဲ့ပြီလေ၊ ခြုံစောင်ထဲမှာ နွေးနွေးထွေးထွေး ၀င်ကွေးပြီး ဖယောင်းတိုင် မီးကို မှုတ်ဖို့ အချိန်ရောက်ခဲ့ပြီ၊ အိပ်မက် ဆိုတဲ့ လမ်းမကြီးပေါ်မှာ သမီးငယ် လျှောက်သွားပြီး ဆော့ကစား နေပါတော့လားကွယ်၊ တစ်နေ့တာ ကုန်ဆုံးသွား ချိန်မှာ အိပ်စက်ခြင်းက လွဲလို့ ဘာမှ မရှိနိုင်တော့ ပါဘူးကွယ်၊ သမီးလေး အဝေးကို သွားတဲ့အခါ သမီးကလေးကို ချစ်တဲ့အကြောင်းသိပါစေ၊ သမီးလေး ဘယ်နေရာကိုပဲသွားနေ သွားနေ အိမ်ပြန်လာတဲ့အခါမှာတော့ သမီးလေးကို စောင့်ကြို နေမယ့် မာမီ အဆင်သင့် ရှိနေမှာပါကွယ်"
ထိုအသံသည် ကျွန်မအသံ အစစ်မဟုတ်သည့် တိုင်အောင် ကျွန်မအသံကို ပြန်ကြားနေရပါ၏။ ကျွန်မ မာမီ၏ အသံပင်ဖြစ်ပါ၏။ ကျွန်မ မာမီက ကျွန်မကို သီချင်းဆိုပြဖို့ ဆိုသည်မှာ ဝေလာဝေး။ ကျွန်မအား စကား ပြောခဲ့ဖူးသည်ကိုပင် ပြန် မမှန်မိတော့ပါ။ တံလျှပ်ကဲ့သို့ တောက်ပနေသော ကလေးမလေးသည် ကျွန်မတို့ဆီသို့ တိုး၍ လာနေပါ၏။ ကာရိုး၏ လက်ချောင်းများက စွန်ရဲတို့၏ လက်သည်းများပမာ ကျွန်မ ပခုံးသားအပေါ်၌ ပို၍ စူးဝင်လာကြသည်ကို ခံစားနေရပါ၏။ ထိုကလေးမလေးက မာမာဟု ခေါ်လိုက်၏။ သူမ အသံသည် ရေအောက်မှ ပြောလိုက်သည့် အသံနှင့် တူနေ၏။
မာရီယာသည် ဆွဲဆွဲငင်ငင်နှင့် ငိုကြွေးလိုက်ပြီး သူမ၏ မျက်နှာကို ကျွန်မ ရင်ခွင်ထဲ၌ ၀ှက်ထားလိုက်လေ၏။
"မာမာ"
ထိုကလေးမလေးက ထပ်ခေါ်လိုက်၏။ ထို့နောက် သူ့လက်ကလေးကို ဆန့်တန်း၍ ကျွန်မ မျက်နှာကို လာ၍ ထိကိုင်လိုက်လေ၏။ ထို့နောက် ထိုကလေးမလေး၏ ရုပ်ပုံလွှာ ပျောက်ကွယ်သွားတော့သည်။
    ကျွန်မတို့ သုံးယောက် ခုတင်ပေါ်၌ ထိုင်နေကြရင်း တစ်ဦးကို တစ်ဦး တင်းကျပ်စွာ ဖက်ထားမိကြရင်း ဆွဲဆွဲငင်ငင်နှင့် ငိုကြွေးနေမိခဲ့ကြပါ၏။
    ထို့နောက် ကျွန်မ ပြန် သတိရလာပါတော့သည်။
ကျွန်မသည် ဆေးရောင်ခြည်သော စာအုပ်ထဲ၌ စိတ်ရှည် လက်ရှည်နှင့် ဆေးရောင် ခြယ်ခဲ့ပါ၏။ မက်သည် အနက်ရောင် ခဲတံကြီး တစ်ချောင်းနှင့် ကျွန်မ အနှစ်ခြိုက်ဆုံး ပုံ သုံးပုံ အပေါ်တွင် ကြက်ခြေခတ်၍ ခြစ်ပစ်လိုက်၏။ ကျွန်မက ထိုပုံ သုံးပုံကို ကျောက်သင်ပုန်းပေါ်တွင် ကပ်ပြထားရန် ရည်ရွယ်ခဲ့ပါ၏။ သို့ရာတွင် မက်က ဖျက်ဆီးပစ်လိုက်ပါ၏။
ကျွန်မကလည်း မက်ကို ဗီရိုထဲ၌ သော့ခတ်၍ ပိတ်လှောင်ထားလိုက်ပါ၏။
မက်က ရော်ဘင်၏ အစ်ကို တော်မီနှင့် အတူ လှေလှော် ရွက်တိုက်ကလပ်၌ လေ့ကျင့် သင်ကြား နေချိန်ဖြစ် ၍ အဆိုပါ အရပ်ဒေသမှ အဝေးသို့ ထွက်ခွာသွားလိုစိတ် မရှိပါ။ ကျွန်မတို့ တစ်အိမ်သားလုံး ဆန်ဖရန်စစ္စကို မြို့ရှိ ဘွားဘွားထံ သွားရောက် လည်ပတ်ကြစဉ် မက်သည် ရော်ဘင်၊ တော်မီတို့နှင့် အတူတူ နေထိုင် ခဲ့ရမည်ဖြစ်ပါ၏။ ဘွားဘွားက နေထိုင်မကောင်းဖြစ်နေပါ၏။ ကျွန်မတို့ ခရီးမထွက်ခင် ကလေးမှာပင် မက်ကို ကျွန်မက ထိုဗီရိုကြီးထဲ၌ သော့ခတ်၍ ပိတ်လှောင် ထားခဲ့ခြင်း ဖြစ်ပါ၏။
ထို့နောက် ကျွန်မ မေ့သွားခဲ့ပါ၏။
ကျွန်မတို့ ခရီးသွားနေကြစဉ် မက်က ကျွန်မတို့ နေအိမ်မှ ကြောင်များ၊ ကျွန်မ၏ ကြောင်ကလေး အိတ်စ်ပလိုရာ အပါအ၀င် ကြောင် အားလုံး အစာကျွေးမွေးရန် တာဝန်ယူရမည်ဖြစ်ပါ၏။ ထိုကြောင်များသည် အခြား မိသားစုများ၏ ကြောင်များ ဖြစ်သဖြင့် အစာ ကျွေးမည့်သူ မရှိသောအခါ အားလုံး ထွက်ပြေးကုန်ကြပါ၏။
ကျွန်မတို့ မိသားစု ဘွားဘွားထံတွင် သီတင်း နှစ်ပတ်ကြာ နေထိုင်ခဲ့ကြပြီး အိမ်ပြန် ရောက်လာသောအခါ အိမ်ထဲ၌ ပုပ်စော်ပင်နံနေပြီဖြစ်ပါ၏။
ကျွန်မတို့ မိသားစု၏ စတေရှင်ဝက်ဂွန်း ကားကြီး အိမ်ရှေ့သို့ ထိုးဆိုက်လိုက်သည်ကို မြင်လိုက်သော အခါတော်မီနှင့် ရော်ဘင်တို့၏ မိခင်သည် မြက်ခင်းကို ကျော်ဖြတ်၍ အပြေးအလွှား ရောက်ရှိလာပါ၏။
'မက်က ရှင်တို့နှင့် အတူတူ ပါသွားတာ မဟုတ်လား'
သူမက ကမန်းကတန်း မေးလိုက်ခြင်း ဖြစ်ပါ၏။
'ကျွန်မက ရှင်တို့ဆီ ဖုန်းဆက်ပြီး မေးဖို့ ကြိုးစားခဲ့ပါသေးတ်၊ ဒါပေမဲ့ ကျွန်မက ရှင်တို့ အမေရဲ့နာမည်ကို မေ့နေတယ်'
သူမက ကျွန်မတို့ မော်တော်ကားထဲမှ တစ်ယောက်ချင်းကို လိုက်ကြည့်နေပါ၏။ ဒေါက်ဂလပ်စ်၊ ကားလ်နှင့် မတ်ခ်။ ပြီးတော့ ကျွန်မတို့က သူမကို ပြန်ကြည့်မိကြ၏။ မက် တစ်ယောက် အိမ်က ထွက်ပြေးသွားတာပဲ ဖြစ်ရမည်ဟု ကျွန်မက တွေးလိုက်မိ၏။ သူ အိမ်က ထွက်ပြေးမည်ဟု ပြောလေ့ ရှိပါ၏။ ကျွန်မလည်း ပြောဖူးပါ၏။ တစ်ခါတစ်ရံတွင် သူနှင့် ကျွန်မသည် ခေါင်မိုးပေါ်သို့ တက်၍ ထွက်ပြေးဖို့ ကိစ္စကို ဆွေးနွေး တိုင်ပင်မိကြ၏။ မက်က မက္ကဆီကိုသို့ ထွက်ပြေးချင်၏။ သူက ဖွတ်တစ်ကောင်ကို ဖမ်း၍ လေ့ကျင့် သင်ကြားပေးပြီး၊ အိမ်မွေးတိရစ္ဆာန်အဖြစ် မွေးထားချင်သူ ဖြစ်၏။ အစ ပထမတွင် မက်သည် မက္ကဆီကိုသို့ ထွက်ပြေး သွားတာပဲ ဖြစ်ရမည်ဟု တွေးလိုက်မိသေး၏။ ထို့နောက်မှ ကျွန်မ ပြန်၍ သတိ ရလာပါ၏။
ကာရိုး၏ မျက်နှာသည် ပူနွေးပြီး မျက်ရည်များနှင့် စိုရွှဲနေပါ၏။ ကျွန်မ၏ လည်ပင်း နောက်ဘက်၌ ဖိကပ်ထားပါ၏။ မာရီယာ၏ ပူနွေးသော မျက်ရည်များ ကလည်း ကျွန်မ၏ ခြုံလွှာကြီးကို ထွင်းဖောက်ပြီး အတွင်းမှ ည၀တ် အင်္ကျီကိုပင် စိုရွှဲစေကြောင်း ကျွန်မ သိပါ၏။ ကျွန်မသည် အသည်း ခိုက်အောင် ချမ်းစိမ့်သလို ခံစားနေရ၏။ ထိုအအေးဓာတ်ကို ကာရိုးနှင့် မာရီယာတို့၏ ပူနွေးသော မျက်ရည်များက ပျောက်ကွယ်သွားအောင် မပြုလုပ် နိုင်ခဲ့ကြပါ။ အဘယ့်ကြောင့်ဆိုသော် ကျွန်မ၏ ခန္ဓာကိုယ်ထဲမှ ကိုးနှစ်သမီး လေးက စတင်၍ စကား ပြောနေပြီ ဖြစ်သောကြောင့် ပင်တည်း။
ချောက်ချောက်ချားချား
တစ္ဆေဝတ္ထုတိုများ
မောင်မြင့်ကြွယ် ဘာသာပြန်သည်။
Ghost Stories
Coming Home by Nina Kiriki Hoffman
ပြီးပြီ..
>>>ဆက်ဖတ်ရန်>>> >>