Showing posts with label (အညာဟင်းလေးတွေ) Mandalay Article. Show all posts
Showing posts with label (အညာဟင်းလေးတွေ) Mandalay Article. Show all posts

Wednesday, June 29, 2011

ရွှေစင်ဦး ရဲ့ ဘလော့ဂ်ဂါ ထမင်းဝိုင်း


ငါးမြင်းငါးပိတစ်ချက် ကို မကျီးမှည့် လေး အုပ်ချက်ထားတယ်
အဲဒါ နွားနို့ချက်လေ မွှေးနေတာဘဲ
ဒါက ကညွတ်ကြော်

ပုဇွန်ဆိတ် သေးသေးလေး တွေနဲ့ မကျီးသီးစိမ်းထောင်း ပြီးကြော်ထားတယ်

ဇွန်းလေး နဲ့ခတ် နေတဲ့ စိမ်းစိမ်းလေး က ဟင်းရွက်စုံ ဟင်းရည် လေ
အဲဒါလေး လည်း မိုက်တယ်


ရွှေစင်ဦး ကိုယ်တိုင် ဘဲ ချက်ကျွေးဖြစ်တယ် ... အခုစားဖြစ်တာ.. ဘလော့ဂ်ဂါ ၆ယောက် ပေါ့ ၂ယောက် မလာနိုင်ဘူး.. ပုံတွေ သိပ်မရှိလို့ ရှိတာဘဲ တင်လိုက်တယ် အားလုံးဘဲ သာသည်နာသည် မတွက်ကြပါနဲ့  အချိုပွဲ တွေ အချဉ်ပွဲ တွေ ပုလင်း တွေ တော့ မပါတော့ဘူး မမြင်အောင် ဖွက်ထားတယ် ၆နာရီ က စတာ ၉နာရီခွဲ မှာ ပွဲသိမ်းတယ်......

လေးစားစွာဖြင့်
စာရေးသူ - ရွှေစင်ဦး
.
>>>ဆက်ဖတ်ရန်>>> >>

Wednesday, March 23, 2011

ရွှေစင်ဦး ကြိုက်တဲ့ အညာဟင်းလေးများ (၁၂)

 ရွှေစင်ဦး တယောက် စာမရေးနိုင်ဘဲ ပျောက်နေတဲ့ အတွက် ဘာတွေများလုပ်နေလည်း ဆိုတာ သိချင်တဲ့ သူများ အတွက် ရောက်တတ်ရာရာလေးတွေ ရေးပေးပါမယ်…။

အခု ရွှေစင်ဦး ခွဲရေး (ဝေခြမ်းရေး) တွေ လုပ်နေရပါတယ်… မင်းက တိုက်နှစ်လုံး ကား၅စီး ယူ ပြီးတော့ တရားဝင် သိန်းတရာ ယူ တရားမဝင် သိန်းတထောင် ယူ.. မင်းကတော့ အငယ်ဖြစ် နေတဲ့ အတွက် သိန်းငါးဆယ် ယူ ကားကတော့ ၄စီး ဆို တော်ပြီ လို့များ ပြောတာ ကို ကြားလိုက်ရရင်.. ရွှေစင်ဦးတော့ ဘိုးဘွားပိုင် မိထွေးပိုင် ပထွေးပိုင် အမွေပစ္စည်း တွေ ကို ဝေခြမ်းရေးလုပ်နေတာထင်တယ်. အမွေ ရတော့မယ် ဆိုပြီး အထင်ကြီး မသွားကြပါနဲ့… ရွှေစင်ဦး မှာ အမွေပေး မဲ့ ဘယ်ပထွေး ဘယ်မိထွေး မှ မရှိသလို ဘယ်အမွေမှ ရစရာ မရှိပါဘူး.. ဒါပေမဲ့ အဲလို ရချင်မိလို့ စိတ်ကူးယဉ်မိတာပါ.... ။

တကယ်တန်း... ရွှေစင်ဦးလုပ်နေတဲ့ အလုပ်က ဆိုင်က ကလေးများကို ဟင်းချက်ကျွေးနေရတဲ့ အတွက် ဟင်းများ ဝေစု ခွဲနေရခြင်း ဖြစ်ပါတယ်…။

ဆိုင်မှာ စားတဲ့ ကလေး ၁၁ယောက် အိမ်သားသုံးယောက်နဲ့ ဆိုရင် ၁၄ယောက်စာ ညမနက် ချက်ရပါတယ်…၊ အရင်ကတော့ အချက်အပြုတ် ဝါသနာ ပါတဲ့ ကလေးတယောက်ရှိတဲ့ အတွက် အဆင်ပြေ ပေမဲ့ အခု နယ်ပြန်သွားတဲ့ အတွက်… ဆိုင်မှာ ရှိတဲ့ သမီးတွေက အလှည့်ကျ ချက်ကြ ပါတယ်.. ကလေးတွေက သူတို့ ချက်ကျွေးရင် သိပ်မစားကြပါဘူး.. နောက်ပြီး အခုတလော အလုပ်များနေ တဲ့ အတွက် သူတို့လည်း မအားတော့ ချက်ပြုတ်ရေး တာဝန်က ရွှေစင်ဦး ခေါင်းပေါ် ရောက်လာပါတယ်… အားလုံး ကလည်း ကျနော် ချက်ရင် စားကောင်းတယ် လို့ထင်တဲ့ အတွက် ဟင်းများ မလောက်မငှ  ဖြစ်လာ ပါတယ်.. ။

ဒါကြောင့် ချစ်ညီမ ကို ပုဂံ အသေးလေးတွေ ဝယ်ခိုင်းပြီး ဝေစုခွဲပေးနေရခြင်းဖြစ်ပါတယ်… တနေ့ တနေ့ ချစ်ညီမ ဝယ်လာတဲ့ ဟင်းတွေ တမျိုးပြီးတမျိုးချက် ရပါတယ်.. မမောပါဘူး ကလေးတွေ ကလည်း ဝိုင်းကူကြပါတယ်.. အင်း အားလုံးချက်ပြီးမှ ဟင်းခွက်လေး တွေထဲ ခွဲထဲ့ ရတာ ကျနော့် အတွက်တော့ အမောဆုံးပါဘဲ.. ဟင်းခွက်လေးတွေ အားလုံးညီအောင် အဆီအသားမျှအောင် အတုံးရေ ကိုက်အောင် လုပ်ရတာ ဦးနှောက်ခြောက်လွန်းလို့ ထွက်တောင်ပြေးချင်ပါတယ်….။

အဲဒါနဲ့ ကျနော်လည်း စဉ်းစားမိတယ်… သြ လူတွေ အမွေ များ ခွဲရင် ဘယ်နဲ့လုပ်ပါ့မလည်း လို့ … အမွေ လို့ ပြောတဲ့အခါမှာ မိမွေဘမွေ (ခံစားသင့်တဲ့ အမွေ) မျိုးကို ခွဲရတဲ့ အခါမှာ ပြသာနာမရှိပါဘူး.. မိဘတိုင်း ဟာ သားသမီး တိုင်းကို ပေးချင်တယ် ရစေချင်တဲ့ အတွက် မေတ္တာနဲ့ ပေးတာဖြစ်တဲ့ အတွက် သာသည်နာသည် မတွက်ဘဲ အားလုံးရသွားရင် ကျေနပ်ကြမှာပါ…။

အဲဒီလို မဟုတ်ဘဲ.. ပထွေးအမွေတို့ မိထွေးအမွေ တို့များ ခွဲရရင် ဒုက္ခလို့ ဘယ်ပထွေး ဘယ်မိထွေး မှ သူတို့ ရှာဖွေ ထားတာတွေ ကို မဆီမဆိုင် သူတို့ နဲ့ ဘာမှ မတော်စပ်…  သူတို့ကို လည်း ဘာမှ အကျိုး မပြုတဲ့ မယားပါသားသမီး..  လင်ပါသားသမီး တွေကို ခွဲပေးရရင် အင်း တော်တော် နှမြောမှာပါ..နောက်ပြီး မသဒ္ဒါ ဘဲ ပေးရတာဖြစ်တဲ့ အတွက်အဆိပ်အပင်းဖြစ်မှာတောင် ကြောက်ရပါတယ်…ရွှေစင်ဦး တို့တော့  လိုချင်ပေမဲ့  ယူရဲပါဘူး ဗျာ… သံသရာ အဆက်ဆက် ကြောက်လွန်းလို့… ။

ကဲ… ဒါနဲ့ ရွှေစင်ဦး ရဲ့ တောရောက် တောင်ရောက် အရေမရ အဖတ်မရ တဲ့ စိတ်ကူးယဉ် ခွဲခြမ်းရေး သဒ္ဒါရေစာ… မသဒ္ဒါရေစာ ခွဲခြမ်းရေး တွေ ခဏထားပြီး ဒီနေ့ ချက်ထားတဲ့ ဟင်းလေးတွေကို ပြောပါမယ်.. မန္တလေး မှာ ဝက်တွေ ကလည်း ရောဂါရနေတဲ့ အတွက် အိမ်မှာ ဝက်မချက်တာ ကြာပါပြီ… ကြက်...ငါး....  ဥ တလှည့် စီ .. တခါတလေ လည်း ဥ နဲ့ ငါး  တွဲရက် ... ငါးမကြိုက်တဲ့ ကလေးတွေ အတွက် ဥ ပေါ့… ။

ဒီနေ့တော့ ချစ်ညီမ က ဆိတ်သားဝယ်လာပါတယ်… ဆိတ်သားနှပ်ချက်ပါတယ်… ဆိတ်သား အနေတော် အတုံးလေး တွေ ကို ဂျင်းကြက်သွန်ဖြူထောင်း အရောင်တင် ဆနွင်း ဆား နဲ့ သံပရာသီး တလုံး ညှစ်ပြီး အားရပါးရ နယ်ပြီး နှပ်ထားပါတယ်… ကြက်သွန်ဖြူနီ ဂျင်း ဆီသပ်ပြီးမှ ဆိတ်သားပေါ်လောင်းချပြီး ဆိတ်သား ရေခမ်းသွားအောင် မွှေနေရပါတယ်.. ရေခမ်းတဲ့ အချိန်ကြမှ ရေ ဖြေးဖြေးချင်း ထဲ့ပြီး နူးအောင် တည် ရပါတယ် .. မဆလာ ခတ်ဖို့ လည်း မမေ့နဲ့နော် … ကဲ ဆိတ်သားဟင်း တခွက်တော့ ကျက်ပါပြီ…။

သရက်သီး မကြီးမငယ်လေးတွေ ဝယ်လာ ပါတယ်… ပဲသီးဝယ်လာပါတယ်… သရက်သီး လေးတွေ အခွံခွာပြီး ခပ်သေးသေး လေးတွေ လှီးပြီး ထောင်းပါတယ် ငါးပိ ပုဇွန်ခြောက် ငရုပ်သီး နဲ့ပါ…  ထောင်းပြီးရင် ကြက်သွန်နီ ပါးပါးလှီးထဲ့ပြီး ဆီဆမ်း ပါတယ်.. မရမ်းသီးထောင်း လိုပါဘဲ.. မရမ်းသီးလောက် မချဉ်တဲ့ အတွက် ထမင်းမြိန်မှာတော့ သေချာပေါက်ပါဘဲ…။

ပဲသီးကြော်ပါတယ်.. မနေ့က အညာ ငရုပ်သီးထောင်းလည်း ကျန်ပါတယ်.. ဆိတ်သား မစားတဲ့ ကလေး တွေ အတွက်တော့ ဥကြော်ပါတယ်… အသားမစားတဲ့ ချစ်ချစ်ကြီး အတွက်တော့ squid ပါ.. ဓါတ်ပုံ ရိုက်တာ နောက်ကျလို့ ဟင်းကုန်ခါနီး ဖြစ်သွားတဲ့ အတွက် ဦးရာလူပေါ့ဗျာ... ကဲ... အားလုံး စားကောင်းကြ ပါစေ...။




လေးစားစွာဖြင့်
စာရေးသူ - ရွှေစင်ဦး
.
>>>ဆက်ဖတ်ရန်>>> >>

Tuesday, January 11, 2011

ရွှေစင်ဦး ကြိုက်တဲ့ အညာဟင်းလေးများ (၁၁)

အခုတလော အလုပ်များတာ နဲ့ အင်တာနက် လိုင်း မကောင်းတာ ရောသွားပြီး စာလည်း မရေးဖြစ် မဖတ်ဖြစ် သလို ဘလော့ တွေလည်း သိပ်မလည်ဖြစ်ပါဘူး (အားလုံး ကို တောင်းပန်ပါတယ်) ကိုယ့် ဘလော့ ထဲ စာတင်ရုံ အပြင် မေးလ် မှန်မှန် စစ်ဖြစ်အောင် ကို ကျိုးစားနေရပါတယ်...။

ဆိုင်မှာ အခုတလော ဖျော်ဖြေရေး တွေ များနေတဲ့ အတွက် ရူးချင်တဲ့ အကြောင်းလည်း ပြောချင်ပါတယ်.. နှစ်သစ်ကူး တိုင်းမှာ ချစ်ညီမ က ဆိုင် က ကလေးတွေ အတွက် မဲဖောက်ပေးပါတယ်... ပစ္စည်း အသေးလေး တွေပါ... အဲဒီ မဲဖောက် တဲ့ ပွဲ မပြောခင် ဆိုင် အကြောင်း နဲနဲ ပြောချင်ပါတယ်... ။

ကျနော့် ကွန်ပျူတာ ခန်းမှာ ဆောင်းဘောက်စ် ၃လုံး ပါတဲ့ စက်တလုံး နဲ့ မနားတမ်း သီချင်း တွေ ဖွင့်တတ် တဲ့ ကလေး  တယောက် ရှိပါတယ်... သီချင်းအင်မတန်ဝါသနာ ပါပါတယ်... စက္ကန့် မလပ် ဖျော်ဖြေ တင်ဆက် ပါတယ်... သူ့ ကို earphones နဲ့ နားထောင် လို့ ပြောမရပါဘူး.. အမြဲတန်း အလုပ် လုပ်နေတာ ဖြစ်တဲ့ အတွက် သူ့ဘေးမှာ ကပ်စတန်မာ က အမြဲလိုလို ရှိပါတယ်.. ။

တဘက်လူ ပြောတာ ကြားအောင် ဆောင်းဘောက်စ် နဲ့ ဘဲ နားထောင်ခိုင်းရပါတယ်... ကျန်ကလေး များ ကတော့ ဘေးမှာ လူ မရှိရင် သူ့တို့ ကြိုက်တဲ့ သီချင်းသူတို့ ဘာသာ earphones နဲ့ နားထောင်ပါတယ်... အားလုံး အတွက် ကတော့ သီချင်း နားမထောင်ချင်ရင် ကွန်ပျူတာခန်းထဲ က ထွက်သွားမှဘဲ လွတ်မြောက် မဲ့ အဲဒီ ကလေး တင်ဆက်တဲ့ ပင်တိုင် ဖျော်ဖြေရေး က အချိန်ပြည့် ရှိပါတယ်....။

စေတနာ ပိုပို နဲ့ ဆောင်းဘောက်စ် တလုံး ကို မိတ္တူ အရှေ့ခန်းထဲ ပို့ ထားတဲ့ အတွက် အဲဒီအခန်းမှာလည်း ဖျော်ဖြေရေး နဲ့ မလွတ်ပါဘူး....၊ ကျနော် မှာ တခါ တခါ အဲဒီသီချင်းတွေ နားထောင်ပြီး ရူးချင်စိတ် ပေါ်လာ တဲ့ အတွက် အသံတိုး ဘို့ ချော့မော့ ပြောရပါတယ်....။

၂ဝ၁၁ နှစ်ကူး မှာ တော့ ကံဆိုးမိုးမှောင်ကြပြီး အိမ် မှာ နေတဲ့ ကလေး၃ယောက် က အမ်ပီသရီးနှစ်လုံး အမ်ပီဖိုး တလုံး ပေါက်ပါတယ်... သီချင်းသံ ၃ဆ တိုးသွားပါတယ် ဆိုင်ရှေ့ မှာ ကလေး တဖွဲ့ က ရေဒီယို အက်ဖ်အမ် ဖွင့် ရင်း   အလုပ်လုပ်ကြပါတယ်... နောက်ခန်းမှာ လည်း မိတ္တူဆွဲရင်း နောက် တယောက် က သီချင်းဖွင့် ပြီး အလုပ်လုပ်ပါတယ်...။

အိမ်ပေါ်ယောင်မှား တက် သွားတော့ လည်း တယောက် က အလုပ်လုပ်ရင်း အမ်ပီသရီး နဲ့ ဖျော်ဖြေရေး လုပ်နေပါတယ်.. ညအိပ် ချိန်လေးတော့ နားရမယ်မှတ်တယ်.. ခပ်တိုးတိုးဖွင့် ထားတဲ့ သီချင်းသံလေး ကို မသဲမကွဲ နားထောင်ရင်း အိပ်ရပါတယ်.. အိပ်ခန်းခြင်းက ကပ်နေတာကိုးဗျ.... အင်း ရူးတော့မယ်...။

သြ.. ကလေး တွေ ဘဲ ခဏနေ ရိုးသွားမှာ ပါလို့ မထင်ကြပါနဲ့ အတော် ကို ရူးသွတ်တဲ့ ကလေး တွေပါ.. သီချင်း မှာ ရူးသွတ်တယ် ဘောလုံးမှာ လည်း ရူးသွတ်တယ်... ကမ္ဘာ့ဖလား ကန်တုန်း ကလည်း အင်္ဂလန် အသင်း ကို အားပေးဘို့ အတွက် ဝတ်စုံ ဝယ်ကြ ပါတယ်... သူတို့ အဲဒီ ဝတ်စုံ ဝတ်ပြီး မှ အင်္ဂလန် ကို အားပေး ကြတာပါ... ကျနော့် မှာ အင်္ဂလန်အသင်း အခြေအနေ မကောင်းတော့ရင် မနက်ခင်း သူတို့တွေ အလုပ် လုပ်ရင်း ကြက်ကြီး လည်လိမ်သလို ဖြစ်မှာ စိုးလို့ စိတ်လျှော့ ဘို့ ချော့ရတယ် ဒါလည်း မရပါဘူး... ပရိတ်သတ် စိတ်ဓါတ် က ဘောလုံးသမား တွေ စီကို စီးဝင် မှာ ဆိုပြီး အားရပါးရအားပေးပါတယ်... ။

အဲဒီ အင်္ဂလန် အသင်း အောင်ဖျာလိပ်တဲ့ နေ့ က မိုးကောင်းကင် ဘလော့ဂ် က ဘလော့ဂါ ကိုဇော်သိင်္ခ လည်း ဆိုင်မှာ လာလည်ရင်း ဘောလုံးပွဲကြည့် ပါတယ်... ကျနော့် မှာ ကိုဇော်သိင်္ခ ကို တိုးတိုး ပြောထား ရတယ်...ဂျာမဏီ ကို အားပေးရင် တိုးတိုး ပေးပါနော်လို့ တော်ကြာ ဆိုင် က ပြန်ရင် အရှင် မထွက်ရမှာ ဆိုးလို့ လို့ ပြောထား လို့ ကိုဇော်သိင်္ခ ခမျာ အခြေအနေမကောင်းတာ နဲ့ စကားတောင် ကျယ်ကျယ် မပြောရဲဘဲ တိုးတိုးပြောပြီး ကုပ်ကုပ်ကလေး ပြန်သွားရပါတယ်....။

ဒါက ကမ္ဘာ့ဖလား ... အခုကန်နေတဲ့ ပွဲတွေ မှာလည်း မန်ချက်စတာယူနိုက်တက် အသင်း ဟာ သူတို့ အသဲစွဲ ပေါ့ အကျီ အနီရောင်ဝတ်ပြီး အားကျိုးမာန်တက် အားပေးကြပါတယ်... ကျနော်လည်း သူတို့ အားပေးတဲ့ အသင်းဘဲ အားပေးရပါတယ်... မန်ယူ မကန်တဲ့ နေ့တော့ ငါဘာသာ ငါ လွတ်လွတ်လပ်လပ် အားပေးမယ် ဟဲ့ ဆိုပြီး ဟိုတရက်က အားပေးပါတယ်.. ဂိုးဝင် သွားတဲ့ အတွက် အားပေးတဲ့ လက်ခုပ်သံ ဟာ ကျနော် တယောက်ထဲ ပါ.. ။

ဆရာမ ကသစ္စာဖောက် ဘဲတဲ့ အဲဒါ မန်ယူ အသင်း ရဲ့ ပြိုင်ဘက် အသင်း တဲ့ ဟိုတဘက်အသင်း ကို အားပေးရမှာတဲ့ သြ ခက်ရချေသေးရဲ့ .... ဟေ့ ငါဘယ် ဘောလုံးပွဲ မှ မကြည့်တော့ဘူး.. အားမပေး တော့ဘူး... ငါ့ ချစ်ချစ်ကြီး လည်း ဘယ်အသင်း မှာမှ မပါဘူး ဟေ့ ဆိုပြီး စိမ်ခေါ် လို့ ထွက်ခဲ့ ရပါတယ်... သြ.. လိမ် ရာ ကြတော့မယ် ချစ်ချစ်ကလေး ကတော့ ဟို အသင်း မှာ ပါတယ်ဗျ..... ။

ကဲ ဟိုရောက်ဒီရောက် နဲ့ ချစ်ညီမ နဲ့ ချစ်ချစ်ကြီး ဘဝပြောင်းမဲ့ အကြောင်းတောင် မပြောရသေးဘူး... အခုတလော မေးလ် တွေ မှာ ခေတ်စားနေ တဲ့ မြန်မာပြည် မှာ စစ်မှု့ မထမ်းမနေရ ဥပဒေ အကြောင်းကို တွေ့ကြမှာပါ... အဲဒီအကြောင်း တွေကို ပြောကြရင်း ကျနော် က ချစ်ချစ်ကြီး ကို စပါတယ် (အမှန်တော့ သူ့အသက် က ကျော်နေပါပြီ ) ချစ်ညီမ ကိုလည်း ပြောပါတယ်... အင်း ၂ယောက်စလုံး ငိုင်ကြသွား ကြပါတယ်..။

ခဏနေတော့ မှ အဟဲ.. ချစ်ညီမ က သီလရှင် ဝတ်ဖို့ စဉ်းစားထားပါတယ် တဲ့... ချစ်ချစ်ကြီး ကလည်း ဘုန်းကြီး ဝတ်မယ် တဲ့... အမယ် အတော် ပြောရခက်တဲ့ မောင်နှမ တွေပါဘဲ... ရွှေစင်ဦး တို့ ကတော့ အေးဆေး ပါဘဲ... ဝင်မယ် စစ်တပ်ထဲကိုဝင်မယ်... ငယ်ငယ်လေး ကထဲက အပစ်အခတ် ကျွမ်းကျင်တယ် ... အရှေ့ ပစ်ရင် အနောက်ရောက်တယ်... တောင်ပစ်ရင် မြောက်ရောက်တယ်.. အခုလည်း ရွှေစင်ဦး ရဲ့ အပစ်အခတ် ကျွမ်းကျင် မှု့ ကို ပြချင်လို့ စစ်တပ်ထဲ ဝင်ပြီး တိုင်းပြည်တာဝန် ကို ထမ်းဆောင် အုန်းမယ် ... သေနပ်ပြောင်း က ဘယ်ဘက် လှည့်လို့ သေနပ်ကျည်ဆံ က ဘယ်ကို ရောက်မယ် ဆိုတာတော့ အာမ မခံ.... ။

ကြုံလို့ ပြောချင်တာတွေ ကို နဲနဲ ပြောလိုက်တာပါ.. တကယ်ပြောချင်တာက အခုမှရောက်တော့တယ် အညာဟင်းလေးတွေ ချက်ထားတယ် ပေါ်ဦးပေါ်ဖျား မရမ်းသီး လေးတွေ တွေ့လို့ ဝယ်လာတယ် ... ပဲကြီးဟင်းချက်တယ်.... ဝက်သားအိုးကြီးချက် ချက်တယ်... ချစ်ချစ်ကြီး အတွက် ငါးပတ်မွှေ ချက်တယ်.. ၊ နေ့လည်ကြရင် မကျီးတော ပဲမြစ် စီးစီး လေးပြုတ် စားမယ်... ကိုယ့် မိတ်ဆွေ တွေကိုလည်း သတိရတဲ့ အတွက် ပုံလေးတွေ တင်ပေးလိုက်ပါတယ်... အားလုံး စားကောင်းနိုင်ကြပါစေ။



လေးစားစွာဖြင့်
စာရေးသူ - ရွှေစင်ဦး
.
>>>ဆက်ဖတ်ရန်>>> >>

Thursday, December 2, 2010

ရွှေစင်ဦး ကြိုက်တဲ့ အညာဟင်းလေးများ (၁ဝ)

ကျနော် အကြိုက်ဆုံး အညာဟင်းတခွက်ပါ.. ပုန်းရည် နဲ့ ဝက်သား... လက်ပံခေါင်းခြောက်.. ခရမ်းသီးခြောက်.. ခရမ်းသီး အစို နဲ့ ချက်ပါတယ်...

ဝက်သား နဲ့ လက်ပံခေါင်းခြောက် နူးအောင်ပြုတ်.. ဆီသတ်ပြီး အားလုံးရော ... ခရမ်းသီး အစိုရော အခြောက်ရော ထဲ့ ပုန်းရည်ကြီး အရည်ဖျော် ထဲ့ မွှေးလာရင် ကျက်ပါပြီဗျာ.. ဟင်းရေလေးနဲ့ ချက်ပါတယ်....

နောက်တခွက် ကတော့ ငါးပုဏ္ဏား ကို ရေလယ် ဆီလယ် လေး ချက်ပါတယ်.. နောက်တခွက် ကတော့ အာလူး..ခရမ်းသီး..ပဲသီး ရောထားတဲ့ ဘာဂျီကြော်လေးပါ...

အညာ ငရုပ်သီး ထောင်း လေးကတော့ မပါမဖြစ်ပါ... အောက်ဆုံးကတော့ ကိုကြီးကျောက် အကြိုက် မစီမာ အချဉ်ပေါင်း အအီပြေလေးပါ.... တယောက် တထုတ်ဘဲနော်..

လေးစားစွာဖြင့်
စာရေးသူ - ရွှေစင်ဦး
.
>>>ဆက်ဖတ်ရန်>>> >>

Tuesday, November 2, 2010

ရွှေစင်ဦး နှင့် ခါတော်မှီ အင်တာဗျူး (၂)

ရွှေစင်ဦး ရဲ့ ခါတော်မီ အင်တာဗျူး (၁) ကို သေချာနားထောင်ပြီး မကျေနပ် တဲ့ အင်တာဗျူးရာ ဟာ ဒုတိယ အကြိမ် အင်တာဗျူး နောက်ဆက်တွဲ လေး လာဗျူးပါတယ်ခင်ဗျာ.. ကျေးဇူးပြုပြီး နားဆင်ကြပါ...

အင်တာဗျူးရာ........... အမ ရေ အမရဲ့ အင်တာဗျူးမှာ စကားတွေ ရှေ့နောက် မညီတာ ရယ် နောက်ပြီး အမ ရဲ့ သူရ ငါရ ချစ်ချစ်ကြီး ရဲ့ အပြုအမူတွေ ကို မကျေနပ်တဲ့ အတွက် ရယ် ညီမ တို့ သိချင်တာတွေကို ဒုတိယအကြိမ် မေးခွင့်ပေးပါနော်....

ရွှေ.......... ရတယ် ညီမ ရေ ဘယ်နှစ်ကြိမ်မေးမေးပါ.. ဒါပေမဲ့ အမ ရဲ့ ချစ်ချစ်ကြီး ကိုတော့ သူရ ဖြင့်ရင် သူရ ချစ်ချစ်ကြီး ငါရ ဖြင့်ရင် ငါရချစ်ချစ်ကြီး လို့ ပြောင်းလဲ ခေါ်ဆိုစေချင်ပါတယ်.....။

အင်တာဗျူးရာ..... ဘာလို့လည်း အမ ရယ် .. အမ ကိုယ်တိုင်ဘဲ ရေးခဲ့တာဘဲ မဟုတ်လား...။

ရွှေ............ ဟုတ်ပါတယ် ညီမ ရယ် အချစ်မှာ ရဲစွမ်းသတ္တိရှိလွန်းလို့.. သူရချစ်ချစ်ကြီး က တပုဒ် .. ရှိသမျှ အားလုံး ငါဘဲ ရချင်လို့ ... ငါရ ချစ်ချစ်ကြီးက တပုဒ်.. အမ ရေးခဲ့ ပါတယ် .. အဲလို သီးခြားစီဘဲ ခေါ်ပါ. ညီမ. သူရ ငါရ ချစ်ချစ်ကြီး ဆိုတော့ ... တမျိုးကြီး မလို့ပါ....။

အင်တာဗျူးရာ... အမ သဘော အတိုင်းပါ.. ဒါနဲ့ သူရချစ်ချစ်ကြီး က ပထမ အင်တာဗျူး တုန်းက လက်သီးဆုတ် လိုက် လက်ဝါးဖြန့် လိုက် လုပ်နေတယ် ဆိုတဲ့ အဓိပ္ပါယ် ကို သိချင်ကြပါတယ်တဲ့.... ။

ရွှေ.......... ချစ်ချစ်ကြီး ကဖြေပါတယ်... သီချင်းဆိုနေတာပါတဲ့ လက်သီးကြိုက်လား လက်ဝါးကြိုက်လား ဆိုတဲ့ သီချင်း ကို ဆိုရင်း ဖီးဝင်သွားလို့ အမူအရာ အပြည့် နဲ့ သီဆိုနေတာပါတဲ့...။

အင်တာဗျူးရာ...... သြ .. ချစ်ချစ်ကြီး က ဒါမျိုးလည်း ရတာဘဲနော်.. တော်ကြာ  အဆိုတော် နေရဲမာန် လို့ နေရာတိုင်း မှာ ချစ်ချစ်ကြီး မျက်နှာ တွေ့နေရအုန်းမယ်နော်....။

ရွှေ............ အမ ကတော့ မတူမတန် တာတွေ ကို အားမကျဘို့ ဆုံးမထားပါတယ်..........။

အင်တာဗျူးရာ....... ဒါနဲ့ အမ ချစ်ချစ်ကြီး ပုဆိုး မတဲ့ အဓိပ္ပါယ်ကိုရော သိချင်ပါတယ်....။

ရွှေ............. ချစ်ချစ်ကြီး က ပုဆိုးကြားက ဟာ ထုတ်ပြီး ပုတ် မလို့ ပါတဲ့ ....။

အင်တာဗျူးရာ.... အမ ရေ သိပ်သိပ် လွန်လာပြီနော်.. အမ နဲ့ အင်တာဗျူး တာ မထိုက်တန် တော့ဘူး ထင်တယ်...။

ရွှေ............. ညီမ ရေ စိတ်မရှိပါနဲ့နော်.. ချစ်ချစ်ကြီး က တိုင်းရင်းသား သွေး နဲနဲရော တော့ စကားဝဲ လို့ပါ... သူ ဆိုလိုတာက ပုဆိုးကြား မှာ ညှပ်ထားတဲ့ လက်ကိုင်ဖုန်း နဲ့ မတ်စိ ပို့ မလို့ပါတဲ့... အဲ ရှင်း အောင် ပြောရရင် တယ်လီဖုန်း ခတွေ ဈေးကြီးတာ ရယ် ... ဖုန်း က ခေါ်တိုင်း မရတာ ရယ် ကြောင့်  သူရို့ ပွဲစား တွေဟာ  ဖုန်း နဲ့ message ပို့ ပြီး တော့ ဘဲ ပြောကြပါတယ်... ဒါဟာ ချွေတာခြင်းတမျိုးပါ ညီမ..... အထင်မလွဲ ပါနဲ့.....။

အင်တာဗျူးရာ......... ရှင်းပါပြီ အမ ရေ..... ဒါဆိုရင် အမ နဲ့ ပတ်သက်တာလေး နဲနဲ မေးချင်တယ်နော်... အမ ပထမ အင်တာဗျူး မှာ နိုင်ငံရေး မပြောဘူး ဆိုပြီး ညီမ က ရွေးကောက်ပွဲ သတင်း တွေ မေးတော့ အမ အားရပါးရ ဖြေသွားတယ်နော် .. အဲဒါဘာကြောင့်ပါလည်း....။

ရွှေ............ သြ အဲဒါ နိုင်ငံရေး လား .... အမ ကတော့ မဲထည့် တာကို အကြောင်းပြပြီး ဟိုပါတီ က အလကား ရလိုက် ... ဒီပါတီ က အချောင်နှိုက်လိုက် နဲ့ ဆိုတော့ အမ အတွက် သိပ်အဆင်ပြေနေတော့ အမ စိတ်ထဲ မှာ နိုင်ငံ အရေး လို့ မထင်တော့ဘဲ ငါ့ အရေး လို့ဘဲ ထင်သွားလို့ပါ.........။

အင်တာဗျူးရာ.......... အမယ်လေး မှားပါပြီ အမ ရေ.... ရွေးကောက်ပွဲ ကိုများ နိုင်ငံ အရေး မဟုတ်ဘဲ ငါ့အရေး ..... ငါ့အရေး တဲ့..................။

ဤ တွင် အချိန်စေ့ ၍ အင်တာဗျူးပြီး ၏။
............. အားလုံး တာ့ တာ.........

လေးစားစွာဖြင့်
စာရေးသူ - ရွှေစင်ဦး
.

ဘာရယ် မဟုတ်ပါဘူး အမှတ်တရလေးပါ...
...
.
>>>ဆက်ဖတ်ရန်>>> >>

Saturday, October 30, 2010

ရွှေစင်ဦး နှင့် ခါတော်မှီ အင်တာဗျူး (၁)

မီဒီယာ တခုခု က ရွှေစင်ဦး ကို အင်တာဗျူး လာတဲ့ အခါ ဖြေဆို ဘို့ရာ အစမ်းလေ့ကျင့် ပါတယ်ခင်ဗျာ.. ကျေးဇူးပြုပြီး ပေးစရာ အကြံ (အကျန် မဟုတ်) လေးများ ရှိရင် ဖြည့်စွက်ပေးကြပါ..။

အင်တာဗျူရာ... ဟလို အန်တီ ရေ ........ သတင်းဌာန က ပါ....  မြန်မာပြည်က ဘလော့ဂါ တယောက် ဖြစ်တဲ့   အန်တီ နဲ့ အင်တာဗျူး လေး လုပ်ချင်လို့ပါ....။

ရွှေ....... ရပါတယ် ညီမ ရယ် ... ညီမ ကြိုက်တာမေးပါနော်... အင်း ဒါပေမဲ့ နိုင်ငံရေး တော့ မမေးနဲ့.... အမ က ကိုယ့် နိုင်ငံ အရေး မပြောဘူး ..သူများ နိုင်ငံ အရေးဘဲ ပြောတယ် .........။
အထူးမှတ်ချက်.... (သူ ဘယ်လိုဘဲ အန်တီ ခေါ်ခေါ် အမ နဲ့ ညီမ လို့ဘဲ သုံးမယ် စိတ်ကူးထား ပါတယ်)။

 အင်တာဗျူရာ .....  ဘယ်လိုသဘောထားကြောင့်လည်း  အမ...............။

ရွှေ..................... ဘာရယ် မဟုတ်ပါဘူး .. ကိုယ့် နိုင်ငံအရေး ဆို အကောင်းဘဲပြောမယ်.. သူများ နိုင်ငံ အရေး ဆို မကောင်း ဘဲ ပြောမယ် ဆိုတဲ့... မွေးရာပါ ဗီဇ ကြောင့်ပါ.... အမ က အကောင်းဘဲပြောရင် ဝေဖန်မဲ့ သူတွေ ရှိနေတော့ အမ ကိုယ့်နိုင်ငံအရေး ကို မပြောတာ အကောင်းဆုံး ဘဲလို့ ထင်လို့ပါ...။

 အင်တာဗျူရာ..... သြ... အန်တီ အဲ အမ ရေ နိုင်ငံအရေး ကို မမေးနဲ့ ဆိုတော့ ဘာမေးရမလည်း ဟင်. ... ။

ရွှေ................အမ ဘလော့ဂ် ထဲ က ချစ်ချစ်ကြီး အကြောင်းတို့ အမ ချက်တဲ့ အညာဟင်း လေးတွေ အကြောင်း တို့ မေးပါလားဟင်...။

အင်တာဗျူရာ...... အမ က ချစ်ချစ်ကြီး အကြောင်း မေးဆိုလို့ တကယ်မေး မယ်နော် အမ ဖြေရမယ်... ချစ်ချစ်ကြီး က လာမဲ့ ရွေးကောက်ပွဲ မှာ ဘယ် ပါတီ နိုင်မှာလည်း လို့ ခန့်မှန်းပါသလည်း ... ဘယ်ပါတီ ကို မဲပေးမှာလည်း.. အားပေးမှာလည်း ဆိုတာလည်း သိချင်ပါတယ်.......။

ရွှေ.................. အမယ်လေး မှားပါပြီဗျာ.... ချစ်ချစ်ကြီး က .... ဒါဟာ အင်မတန် သေချာပြီးသား ကိစ္စ အဲ မေးစရာ မလိုတဲ့ မေးခွန်းလို့ ပြောပါတယ် ညီမ...။

အင်တာဗျူရာ.... ချစ်ချစ်ကြီး ဘယ်ပါတီ ကိုရည်ရွယ် ပြီး ပြောသလဲ ဆိုတာ သိချင်ပါတယ်...။

ရွှေ............... မေးရဲပါဘူး ဗျာ .. ချစ်ချစ်ကြီး က လက်သီးဆုတ်လိုက် လက်ဝါးဖြန့်လိုက်.. ပုဆိုး မလိုက် လုပ်နေပါတယ်...။

အင်တာဗျူရာ.....ဟုတ်ကဲ့ ကျေးဇူးပါ... ဒါနဲ့ အန်တီ ..အဲ... အမ ရော ဘယ်ပါတီ ကို မဲပေးမှာ လည်း ဟင်... 

ရွှေ................ သြ ညီမ ရယ် အမ တို့ မဲပေးတဲ့ နေရာ မှာတောင် လှို့ဝှက် မဲပေးရတယ်လေ.... ညီမ ကို ပြောလိုက်ရင် အားလုံး သိသွားမယ်.. ပြီးတော့ အမ က ဟိုပါတီ ကို ပေးမယ် .... ဒီပါတီ ကို ပေးမယ် ဆိုပြီး ရသမျှ အခွင့် အရေးကို လက်မလွှတ်တန်း ယူထားတာ ဆိုတော့ ညီမ ကို ပြောလို့ မဖြစ်ဘူးထင်တယ်... တော်ကြာ အမ ကို အမတ် လောင်း တွေက အညှိုးထား နေလို့ ... အမ လေ ရွေးကောက်ပွဲ ပြီးရင် ဟိုဟာလေ ... ဟိုဟာ... မလုပ်ရဘဲ နေလိမ့်မယ်....။

အင်တာဗျူရာ.... အမ ကလည်း ရှင်းရှင်းပြောပါ...ဘာမလုပ်ရဘဲ နေမှာလည်း...။

ရွှေ........ ဆိတ် ရဲ့ .........ဟိုဟာ ပါ (အမ က အဲဒီအတိုင်း သာ ကျင့်သုံးတာ ပြောရမှာတော့ ရှက်ပါတယ်.. ညီမ မသိသေးရင် ဟင်းလေး ပေးမယ် အဲ hint လေး ပေးမယ်လေ... ဆိတ်ကလေး သွားရင် ဟိုဘက် ပေါင် ကပ်လိုက်.. ဒီဘက်ပေါင် ကပ်လိုက်..)

အင်တာဗျူရာ......မှတ်သားလောက်ပါပေတယ် အမ ရေ.... ဒါနဲ့ အမ က ဘလော့ထဲမှာ အညာဟင်း ဆိုပြီး ဟင်းကောင်းကောင်းလေး တွေ ချက်ရေးတယ် နော်....။

အမ တို့ ဆီ မှာ ဒီလိုဘဲ အမြဲတန်း စားနေတယ် ဆိုတော့ ညီမ တို့ ကြားနေရတာတွေက ကောလဟလ တွေပေါ့နော်...။

ရွှေ.......... အင်း ညီမ ရေ ကောလဟလ တွေကို မယုံပါနဲ့.. အမ တို့ စားတဲ့ အစားအစာ တွေကို အမ အညာဟင်း လေးတွေ ဆိုပြီး ချက်ရေးတာ သက်သေ  ရှိပါတယ်..... ။

 အင်တာဗျူရာ..... အမ နေ့တိုင်း အဲလိုချက်စားတယ်ပေါ့နော်....။

ရွှေ...................... အင်း တနှစ် မှာ ၂ခါလောက် တော့ အဲဒီ အတိုင်း ချက်ပါတယ်...။

အင်တာဗျူးရာ.....  မှတ်လောက် သားလောက်သော အဆီတထပ် အသားတထပ် အင်တာဗျူး အတွက် ကျေးဇူးတင်တယ် အမ ရေ...တာ တာ... ။

ရွှေ......... အမ ကလည်း ညီမ ကို ကျေးဇူးအထူး တင်ပါတယ်.... တာ တာ...။

ဤတွင် အချိန်စေ့ ၍ အင်တာဗျူး ပြီး၏။

လေးစားစွာဖြင့်
စာရေးသူ - ရွှေစင်ဦး
.
>>>ဆက်ဖတ်ရန်>>> >>

Saturday, October 23, 2010

ရွှေစင်ဦး ကြိုက်တဲ့အညာဟင်းလေးများ (၉)



အညာဟင်း လေးတွေ မချက်ဖြစ်တာတော်တော် ကြာသွားပါပြီ..... ဒီနေ့တော့ ကျနော် လည်း နဲနဲအားနေ စားချင်တာလေးတွေ ရှိနေလို့ ကိုယ်တိုင်ဘဲ ဟင်းချက်ဖြစ်ပါတယ်...။

ဒီဟင်းလေးတွေ ကတော့ ကျနော် တို့ အညာမှာ စားလေ့ရှိတဲ့ အညာဟင်းစစ်စစ်လေးတွေပါ...၊ အရင်ဆုံး ချက်တာကတော့ ဟင်းလေးချက်ပေါ့ဗျာ... အညာမှာ ဝက်သားနီချက် ဟာ နံမည်ကြီးသလို ဟင်းလေးချက် ကလည်း နံမည်ကြီးပါတယ်.. ။

ဟင်းလေးချက် ချက်ရင် သရက်သီးခြောက် ရှိရပါတယ်... နောက် မရမ်းသီးခြောက်...ဇီးဖြူသီးခြောက် ဒါမှ မဟုတ် အစိုပေါ့.. တကယ့် ဟင်းလေး ချက်ဆိုရင် ဖန်ခါးသီး ပါထဲ့ ချက်တယ် ပြောတာဘဲ.. ကျနော် တို့တော့ ဖန်ခါးသီး ထဲ့ မချက်ဘူးပါဘူး...။

အခုချက်တဲ့ အထဲ မှာတော့ သရက်သီးခြောက် နဲ့ ဆီဖြူသီး ဘဲ ပါပါတယ်... ပထမဆုံး ဝက်သား သုံးထပ်သား ကို ဂျင်းကြက်သွန်ဖြူ နဲ့ နဲနဲလောက် နူးအောင်ပြုတ်ထားပါတယ်... နောက်ထပ် သရက်သီး ခြောက်နဲ့ ဆီဖြူသီး ကိုလည်း ပြုတ်ထားပါတယ် သရက်သီးနူး ရင် အခါးရည်တထပ်လောက် သွန်ပြီး နဲနဲ ညက်အောင် ထောင်းပါတယ်... ။

ဆီဖြူသီး ကိုလည်း အစေ့ထုတ်ပြီး ထောင်းပါတယ်.. အဲဒီ ထောင်းထားတာ ၂မျိုးကို ဆီသပ်ပြီးရင် ဝက်သား နဲ့ ရောလိုက်ပြီး တခါထဲ ဝက်သားနူးပြီး အိသွားအောင် ရေဖြေးဖြေးချင်း ထဲပြီး တည် ထားပါတယ်... အားလုံး နူးသွား ရင်တော့ မွှေးပျံ့ နေတဲ့ ဝက်သားဟင်းလေး ချက်တခွက် ရပါပြီ ဗျာ..။

ရက်ပေါင်းများစွာ အထားခံပါတယ်... ထမင်း လည်း တကယ်မြိန်ပါတယ်....။

နောက်တခွက် ကတော့ ဗူးရွက်ဟင်းရည်ပါ... ကြက်သွန်ဖြူ ပုဇွန်ခြောက် နိုင်နိုင် နဲ့ ငါးပိလေး နဲနဲ ထည့်ပြီး  ဟင်းရည်ကျအောင် တည့်ထားရပါတယ်.. စားခါနီးမှ ပြန်ပူအောင်လုပ်ပြီး ဘူးရွက် နုနုလေး တွေ ခပ်ထား ပါတယ်... ပူပူချိုချို လေး တဖူးဖူးမှုတ်သောက်ရင် ထမင်းလေး လျှောကနဲ ကျသွားစေပါတယ်...။

နောက်တခွက် ကတော့ အညာ ငရုပ်သီး ထောင်းလေးပါဘဲ ထမင်းပိုဝင်စေပါတယ်....။

နောက် ဟင်းတမျိုးကတော့ ဆတ်သားခြောက်ဖုတ် ပါ... ဆတ်သားအစစ်ပါ... ကျနော် တို့ မန္တလေး မှာ တော့ ဈေးတော်တော် များများ မှာ အမဲသားခြောက် ကို  အမဲသားခြောက် လို့ ပြောမရောင်းပါဘူး... ဆတ်သားခြောက် လို့ဘဲ ပြောကြ ပါတယ်... အခု ဟာကတော့ ကျနော် လည်း အမဲသား မစားတော့ တကယ့် ဆတ်သားခြောက် အစစ် ရမှဘဲ စားဖြစ်ပါတော့တယ်..... ဆီရွဲရွဲ လေး ဆမ်းထားတယ် ကောင်းမှ ကောင်းပါ..... ။

မန္တလေး မှာ အမဲသားခြောက် ကို ဆတ်သားခြောက် လို့ ဘာကြောင့် ခေါ်တယ် ဆိုတဲ့ အင်္ဂလိပ်မင်း များ လက်ထက် က ရာဇဝင် ကို လူထုဒေါ်အမာ လား မသိ ပြောဘူးပါတယ်.. မှတ်သား ထားသူများရှိရင် ကော့မန့် ရေးပေးစေချင်ပါတယ် .. ကျနော် မေ့တေ့တေ့ ဖြစ်နေလို့ပါ.... ။

လေးစားစွာဖြင့်
စာရေးသူ - ရွှေစင်ဦး
.
>>>ဆက်ဖတ်ရန်>>> >>

Thursday, July 29, 2010

ရွှေစင်ဦး ကြိုက်တဲ့ အညာစာဟင်းလေးများ (၈)


 
မန္တလေးသား တွေက အစုံ စားတယ်.. အခုလို မိုးတွင်းဆို ဖားသားတွေ ပေါပြီ... ကျနော်တို့ အိမ်နား က မင်္ဂလာ ဈေးထဲမှာ တောတန်း လေး ဆိုတာ သီးသန့်ရှိတယ် အရင် တုန်းက ပါ.. ဈေးသစ် မဆောက်ခင် ကပေါ့... အဲဒီ ဈေးတန်းထဲမှာ တောစာ လေးတွေ ရတယ် .. လယ်ပုဇွန်လုံး လတ်လတ် လေးတွေ တချို့ဆို တွားတောင် သွားနေသေးတယ်... နောက်တခါ ... စားဖားတွေ ... ငါးရံလုံးလေးတွေ ... လယ်ငါးခူပေါက် လေး တွေ .... ကန်စွန်းရွက် နဲ့ ချဉ်ရေ ကြိုရင်ကြို ဒါမှ မဟုတ် အကောင်လိုက် ကျွပ်နေအောင်ကြော် ကောင်းမှ ကောင်း....။

နောက် အသီး အနှံ လေးတွေ ကလည်း ဆန်းဆန်းပြားပြား ...... မိုးဦးကျ မှ ပေါ်လာတဲ့ ပေါ်ဦးပေါ်ဖျား မှို နဲ့ အင်ဥလေး တွေလည်း  တွေ့ရတယ်.. လယ်ကန်စွန်း သင်ပြီးသားလေးတွေ .. ဇရစ်ရိုး ..ဂုံမင်း .. မျှစ်.. ဋကောက်.. မကျီးသီးစိမ်းနုနုလေး တွေ နဲ့ တခြား အရွက် တွေ အသီးတွေ လည်း တွေ့ပါ.. အင်း ဒါမျိုးကြ ရွှေစင်ဦး ကသိပ်မကျွမ်းဘူး....။

သြ ... ကျနော် က ဖားတို့ ဘာတို့ တော့ မစားရဲဘူး မောင်လေး တွေ နဲ့ မေမေ စားတယ်... ဒါပေမဲ့ မေမေ လက်ရာ ဖားကျွပ်ကျွပ် ကြော် လေးတွေ ဆိုရင်တော့ နဲနဲ ပါးပါး စားပါတယ်...၊ တနေ့ ကတောင် အိမ်ရောက်သွားလို့ မေမေ က ဖားသားချက် အကြောင်းပြောလိုက်သေးတယ်... ဖားသားဆူဆူ တွေ ကို ကလီစာ တွေ ထုတ်ပြီး အရေ မစုတ် ပဲ နဲ့ ဆီပြန်ငရုပ်သီးစပ်စပ်ချက်... ချခါ နီးတော့ မန်ကျီးရွက် နုနု ကလေး အုပ်လိုက် ရင် စားလို့ သိပ်ကောင်း တယ် ပြောလို့ တံထွေးတောင် မျိုချရသေး.... ။

ကျနော် တို့ အိမ်က မန်ကျီးပင် သက်ကြီးပု လေးတွေ က အမြဲတန်း မန်ကျီးရွက်နု ရတယ်.... အခုတော့ အဲဒီ အပင်ပုလေးတွေ မရှိတော့ပါဘူးဗျာ.. ခုတ်တဲ့ထဲ ပါသွားပါပြီ..... အပင်တွေ အတွက် နေရာ မပေးနိုင် လောက် အောင် ကို မြေနေရာတွေက ရှားပါး လာတော့ အပင်တွေ လည်း ဘဝပြောင်း ကုန်ကြ ရော....  ။

နောက်တခါ ငှက်သား .. ငုံး .. ဂျိုး .. ဇရက်... စာကလေး တို့ များဆို ပေါမှပေါ...  စာကလေး များဆို အကုန် အမွှေးနှုတ်ပြီး ဒုတ်တံလေး နဲ့ ၁ဝကောင် တချောင်း ထိုးထားတာ .. အဲဒါလေးတွေ ကျွပ်ကျွပ်ကြော်ပြီး ဂျင်း ကြက်သွန်ဖြူ လေး အုပ်လိုက်ရင် မွှေးနေတာဘဲ.... အဲဒါကြောင့် လည်း ဒေါ်ပတ္တမြားခင် ရေးတဲ့ ဆောင်းပါးထဲ မှာ မန္တလေး က အစားအစာ တွေ အကြောင်းပြောတဲ့ အထဲမှာ ဒီငှက်ကလေး တွေ ကို စားတယ် ပြောတော့ နိုင်ငံခြားသား တွေက မင်းတို့ တတွေက ဒီလောက် ချစ်စရာကောင်း တဲ့  အပြစ်ကင်း တဲ့  ငှက်ကလေး တွေ ကို စားရသလား လို့မေးတယ် တဲ့ ... ။

အင်း အခုလည်း မင်းတို့ မန္တလေး သူတွေ ဒီလောက် အစားကြမ်းကြ သလား မေးနေကြ အုန်းမယ် .. စားကြ တာပါဘဲ ... ဆောင်းတွင်း များဆို ရင် ပုရစ်ကြော် များဆို စားလို့ ကို မဝဘူး... ဓလေ့ပေါ့လေ .. အားလုံး စားကြတာကိုး ပုရစ်ပေါ်ချိန်များဆို ၇၃လမ်း တလျှောက် ပုရစ် ကြော်နံ တွေ ကိုမွှေးလို့... ဆိုက်ကားဆရာ ကလည်း ဆိုက်ကား ရပ်ဝယ်သလို... ကားပေါ်က လည်း ဆင်းဝယ်တာဘဲ.. ဟော ဆိုင်ကယ် နဲ့ သမီး ရီးစား စုံတွဲ တွေကရော မဝယ်ဘဲ မနေကြပေါင်ဗျာ.... တမြို့လုံး ကြိုက်ကြတယ်...။

ကျနော်များဆိုရင် ပုရစ် ဆို ဥလေး တွေနဲ့ အမ မှကြိုက်တာ... နောက် တော့ ဒဂုန်ခင်ခင်လေး ဖတ်ရင်း နဲ့ ရှေး က ဘုရင်တွေ လက်ထက်မှာ ပုရစ်ဥပြောင်းကြော် ဆိုတာ ရှိတယ်တဲ့ နန်းတွင်း ထဲမှာ စားတာပေါ့လေ... ပုရစ်မှာ အထီး နဲ့ အမ ရှိတယ်... အထီးက အကောင်ပိုကြီးတယ် .. ဖမ်း မိတဲ့ အခါ အဂါင်္စုံတယ်... အမ က အကောင် သေးတယ် ဖမ်းမိတဲ့ အခါ..  အင်္ဂါမစုံတာများတယ်... ဒါပေမဲ့ ဥ တွေက အပြည့် အဲဒီ ဥလေး တွေက စားကောင်းတာ... အကောင်လည်း လှ စားလည်း ကောင်းအောင်... အမထဲက ဥ ကို အထီး ထဲ ပြောင်းထဲ့ ပြီး ဂျင်း ကြက်သွန်ဖြူ နဲ့ ကြော်တာပေါ့ လေ .. အဲဒါကို ဥပြောင်းကြော် တဲ့.. အင်း ဒို့မြန်မာ တွေလည်း ကိုရီးယား ကားတွေ ထဲက စားတော်ကဲ တွေ နဲ့ ယှဉ် နိုင်သားဟလို့ တွေးမိပါရဲ့...။

ဘာရေးရမှန်း မသိလို့... ဟိုရောက်.. ဒီရောက် ရေးလိုက်တာပါ... အညာဟင်း လေးတွေ ချက်ဘို့ရာ က လည်း ရွှေစင်ဦး က ပျင်းပျင်း နဲ့ ..... အင်း....  စောင့်စားတဲ့သူတွေ တော့ သနားပါ့ဗျာ...။

သြ.. ဒါနဲ့ အပေါ်က ဟာ အမြီး လုပ်မလို့လားလို့ အထင်မလွဲလိုက်နဲ့အုန်း... ရွှေစင်ဦး လေး မှာ ပျင်းဖို့ အချိန် မရှိအောင် ကို အလုပ်ရှုတ်နေပါသေးတယ် ...နောက်မှ နောက်မှ အတိုးနဲ့....... အခုတော့ ညီမ ချော ရဲ့ ရေနွေးကြမ်း .... လသာညရဲ့ ကော်ဖီ ...... ဝေဖန်ရေး သမားတွေ အရက် နဲ့  စိမ်သောက်ဖို့  ရယ် (ဂျူး လိုများ နာမည်ကြီး မလား လို့)  ရှိတာလေး... ကောက်ထည့် ပေးလိုက်ပါတယ်....။

လေးစားစွာဖြင့်
စာရေးသူ - ရွှေစင်ဦး

ငှက်ပုံလေး၊ပုဇွန်ပုံလေးတွေကို ဂူးဂဲလ် ကယူတယ်... ကျန်တာတော့ ရွှေစင်ဦး လက်ရာပုံလေးတွေပါ..
.
>>>ဆက်ဖတ်ရန်>>> >>

Monday, June 28, 2010

ရွှေစင်ဦး ကြိုက်တဲ့ အညာစာဟင်းလေးများ (၇)



ဒီနေ့တော့ ရွှေစင်ဦး http://www.shwezinu.com လေး ရတဲ့ အထိမ်းအမှတ် အဖြစ် အညာဟင်း လေး နဲ့ ဧည့်ခံပါတယ်ဗျာ...တောင်းဆိုသူ များလည်း ဆန္ဒ ပြည့်ဝပါစေ...။

အလုပ်တခု အောင်မြင်သွားတဲ့ အခါ မှာ ကျေးဇူးတင်ထိုက်သူများ ကို ကျေးဇူးတင်စကားပြောရပါတယ် ..... ပထမ ဆုံး ကျနော့်ရဲ့ ဘလောဂ့်လေးမှာ စာလာဖတ်ကြ ... လာလည်ကြတဲ့ ချစ်မိတ်ဆွေများပါ... ကျနော် ဟာ မိတ်ဆွေ များ အဲလို အားပေးကြတဲ့ အတွက် ဆက်လက်ပြီး ရှင်သန်ချင်တဲ့ စိတ်ကြောင့် ဒီ .com လေး ကို တည်ဆောက်ပါတယ်...။

ဒုတိယ ကတော့ တည်ဆောက်တဲ့ အခါ အကူအညီ ပေးခဲ့ကြတဲ့ ကိုးကိုးအိမ် နတ်ဆိုးလေး  မိုးကောင်းကင် ညီမချော (အစိမ်းရောင်လွင်ပြင်) ပိုင်ရှင် ဘလော့ဂါ များအားလည်း အထူးကျေးဇူးတင်ရှိပါတယ်...။

နောက်ဆုံး ကျေးဇူးတင် စကားပြောကြားရမဲ့ သူများကတော့ ကျနော့် ဘလော့ဂ် လေး ဖွင့် မရတဲ့ အတွက်  စိတ်ပူခဲ့ ကြသူများ နဲ့  မေးလ် ဂျီတော့ စီဘောက်စ် မှ တဆင့် သတင်းမေးခဲ့ .... ပေးခဲ့ ကြတဲ့ မိတ်ဆွေ အားလုံး နဲ့ ပို့စ် တခု သီးသန့် တင်ပြီး စိတ်ပူပေးတဲ့ ညီမငယ် ဧပယ်လ်ဖူး ပူးတေ လေးအားလည်း ကျေးဇူးတင်ရှိပါတယ်ဗျာ... ကျနော့် ရဲ့ စိတ်လောကြီး မှု့ကို သီးခံ ဖြေရှင်း ပေးခဲ့ကြတဲ့ သက်ဆိုင်သူ များကို လည်း ကျေးဇူးပါ....   အားလုံး အားလုံး ကျေးဇူးပါ....။

သြ ... အရေးကြီးသူများ ကျန်နေတော့ မလို့ ရွှေစင်ဦး ရဲ့ အခု ဆိုရင် ချက်ခြင်း အလိုလိုက် ပေးကြတဲ့ ချစ်ချစ်ကြီး နဲ့ ချစ်ညီမ (စည်းစိမ်ရှင်) တို့ကိုလည်း ကျေးဇူးပါ.. နောက်လည်း လိုအပ်ရင် ဒီလိုဘဲ အလိုလိုက် ကြ ပါနော်....။

ကဲ ဒီနေ့ အညာဟင်းလေး ချက်လိုက်ကြရအောင်

ကျနော်တို့ မန္တလေး မှာ ဒီလိုအချိန် (ဝါဆို ဝါခေါင်) ဆိုရင် လေကြမ်းကြမ်း တွေ တိုက်ပါတယ်.... ဒါဆိုရင် မန္တလေး ကလူတွေ အားလုံး ရေကြီး ပြီ ဆိုတာ သိကြပါပြီ... ဒါမှမဟုတ်ရင်လည်း တယောက်နဲ့ တယောက် သတင်း ပေးနေကြပါတယ်... မြစ်ဆိပ် မှာ ရေတွေ တက်နေပြီဟေ့ ဆိုရင် အားလုံး သဘောပေါက်ကြပြီး.. ကိုယ် အားတဲ့ အချိန် မှာ ကိုယ့် ဆိုင်ရာ ဆိုင်ရာ များနဲ့ မြစ်ဆိပ် ကို သွားပြီးတော့ ရေကြည့်ကြပါတယ်... လမ်းဘေးမှာ ကပ်လာတဲ့ သဘောင်္ကြီးတွေ ကို ငေးကြပါတယ်.. ဒါ မန္တလေး ထုံးစံ ပါ....။

နောက်ပြီး မြစ်ဆိပ် မှာ စစ်ကိုင်းသွားတဲ့ လမ်းတလျှောက်ပေါ့လေ... ငါး ပုဇွန်တွေ ဖမ်းနေတာ ကြည့်ရင်း အပြန်ကြ... ဝယ်ပြန်လေ့ရှိပါတယ်.. ဟင်းသီးဟင်းရွက် ဝယ်ချင်ရင်လည်း ရေမြုတ်သွားတဲ့ ရှမ်းကလေး ကျွန်း ရှေ့က လမ်းဘေး မှာ အကုန်ဝယ် လို့ ရပါတယ်...။

အိမ်ရောက်ရင် ချက်ပြုတ်စားသောက်ကြပြီး ရေတွေ အကြောင်း သတင်းလုပ်ပြောကြပါတယ်... ကျနော် လည်း မန္တလေးသူပါ ... နောက်ပြီး ကျနော် က ရေတွေကို ချစ်တယ်... ဧရာဝတီ ကိုချစ်တယ် ငယ်ငယ်တုန်း က ဆိုရင် သဘောင်္ တစီး ဝယ်ပြီး မြစ်ထဲမှာ သဘောင်္ ကို အိမ်လုပ် နေဘို့ ကို စိတ်ကူးရှိတယ်... ၊ သွားချင်ရာ သွား အချိန်တန်ရင် ကပ်ချင်တဲ့ ကမ်း ကပ်ပေါ့ ... ဘဝကို ရေထဲမှာ အဲလို ကို ဖြတ်သန်းပြစ်ချင်တာပါ... ။

တနေ့က ညီမ Rita(Evergreen) ရေးတဲ့ ပိုစ် တခု မှာ မြို့မှာ ရေကြီးတဲ့ အကြောင်း ပျော်စရာ လွမ်းစရာ လေး ရေးထား တယ်.. ကျနော် လည်း ရေတွေကြည့်ဘို့ သတိရသွားတယ်.... မနေ့က နဲနဲ အလုပ်ပါးတာနဲ့ သွားလိုက် တယ်... ရေ တွေ တက်နေပါပြီ... သဘောင်္တွေ လည်း လမ်းဘေးမှာ ရောက်စပြုနေပါပြီ.... အပြန်ကြ ... ပုဇွန် တွေ ဝယ်လာတယ်.. ဒီနေ့ ချက်စားပါတယ်... ၊  အသား မစား ငါး မစား တဲ့ ချစ်ချစ်ကြီး ကို  တခါ တလေ ကျွေးရတာပါ...   စားသွားကြပါနော်... ကဲ ပုဇွန် ဟင်းက တခွက် ... ။

နောက်တခါ မန်းကျီးသီး စိမ်းချက်လေး စားချင်လို့ ဈေးကဝယ်ခဲ့ဘို့ မှာ လိုက်ပါတယ်.. ကျနော်တို့ အညာမှာတော့ မန်းကျီးသီးစိမ်း ပေါ်ချိန် ရောက်ရင် မန်ကျီးသီးစိမ်းချက်ကတော့ နေ့တိုင်းလိုလို ချက်ပါတယ်... ထမင်းဝင်တဲ့ အပြင် လူတိုင်း ကြိုက်ကြတာကိုး....

ကဲ မန်းကျီးသီး စိမ်းလေး ချက်ရအောင်....

မန်းကျီးသီး နုနုလေး တွေကိုအညှာလေး တွေ ချွေပြီး ရေစင်စင် ဆေးပါတယ်... ရေစစ်အောင် လုပ်ပြီးရင် နဲနဲခြင်း ညက်နေအောင်ထောင်းပါတယ်... ထောင်းတဲ့ အချိန်မှာ ဆားလေး နဲနဲ ခြင်းစီ ထဲ့ ထောင်းရ ပါတယ်... အရောင်ညို မသွားဘဲနဲ စိမ်းစိမ်းလေး ဖြစ်နေအောင်ပါ...။

ကြက်သွန်ဖြူ နီ ဆီသတ် ပါတယ်... ငရုပ်သီးကြမ်း ပုဇွန်ခြောက် (အခုတော့ ပုဇွန်စို သေးသေးလေး တွေ ထဲ့ထားပါတယ်) ငပိ အချိုမှုန့် ထည့်ပါတယ်... မန်ကျီးသီးထောင်းထားတာ ထဲ့ပါတယ်... ၊ ရေနဲနဲလေး ထဲ့ ပြီး ခြောက်အောင် ကြော်ရပါတယ်... ကျက်ခါနီးရင် ငရုပ်သီးစိမ်း လေး အုပ်လိုက်ပါတယ်... ကောင်းမှ ကောင်းပါ .. စားလို့ရပါပြီဗျာ.. မန်ကျီးသီးစိမ်း ကြော်တခွက်.....။

နောက်တခွက်ကတော့ ဆန်လှော် မျှစ်စိမ်း ဟင်းရည်ပါ... မျှစ်စိမ်း တွေ လက်ဆောင်ရတာနဲ့ ၂ရက်လောက် ရေမြုတ်အောင် ထဲ့ ပြီး အခါးရည်ထွက်သွားအောင် စိမ်ထားပါတယ်... နောက်ပြီး ဆားရည် ထဲမှာ ခပ်ပါးပါး  လှီးထားရပါတယ် ... ချက်တဲ့ အခါ ဆန် လက်တဆုတ်လောက် အရင်ဆေး ပြီး အိုးထဲမှာ နဲနဲလေး ညိုလာအောင် လှော်ပါတယ်.. ဆန်လှော်နံ့ လေးမွှေးလာမှ... ဆီလေး တပေါက်နှပေါက်.. ကြက်သွန် ဖြူနီ လေးနဲနဲ ထဲ့ ပုဇွန်ခြောက်ထောင်း ထဲ့ရပါတယ် တချို့လည်း ပုဇွန်အစို ထဲ့ ပါတယ်... ပြီးမှ မျှစ်ထဲ့ ပြီး မွှေးလာအောင် ဟင်းရည်ကျအောင် တည်ရပါတယ်ဗျာ.. ကဲစားကြစို့ မျှစ်စိမ်း ဆန်လှော်ဟင်းရည် တခွက်...။

ရွှေစင်ဦး ကတော့ ထမင်းတောင် သိပ်မစားဘူး ဆန်လှော်ဟင်း သောက်တာများတယ်.. အရမ်း ကြိုက် ပါတယ်..။

နောက်တခွက် ကတော့ ငါးချဉ် အစိမ်းသုတ် ပါဘဲ.. ဒါကတော့ အိမ်မှာ ခဏ ခဏ သုပ်နေကြဆိုတော့ သုပ် မပြတော့ဘူးဗျာ... ဒါလည်း လက်ဆောင်ရတာ.. အများကြီးဘဲ လိုချင်သူများ လာရောက် တောင်းယူ နိုင်ပါ တယ်..။

ကဲ ... အမှတ်တရ ထမင်းပွဲလေး နဲ့ဧည့်ခံပြီးပါပြီ... ကြွရောက် စားသုံးသူများ အားလုံးကို ကျေးဇူးတင်ရှိပါ ကြောင်း နဲ့ ရွှေစင်ဦး တတ်နိုင်သမျှ စာဖတ်သူများအတွက် ဆက်လက်တင်ဆက် ပေးမည် ဖြစ်ပါကြောင်း ပြောကြားရင်း နဲ့ အဆုံးသတ်လိုက်ပါပြီဗျာ....။

လေးစားစွာဖြင့်
စာရေးသူ - ရွှေစင်ဦး
.
>>>ဆက်ဖတ်ရန်>>> >>

Thursday, June 10, 2010

ရွှေစင်ဦး ကြိုက်တဲ့ အညာစာဟင်းလေးများ (၆)

ကဲ ရွှေစင်ဦး လေး ဘာရေးရမလည်း တနေ့ တနေ့ ရေးဖို့ စဉ်းစားရတာလည်း အမောသား… အညာဟင်း လေး ချက်ပြီး ဘဲ ကျွေးရမလား… ချစ်ကိုယ်တွေ့ လေး ရေးပြီးတော့ စာဖတ်သူ ညီမ များကို ကိုယ်နဲ့ အတူ မိုက်မိမှားအောင် စွဲဆောင်ရမလား …

အင်း တခါ တလေတော့ လည်း ရွှေစင်ဦး လေး အားငယ်တယ်ဗျာ ….. လောကကြီးအတွက် အကျိုး ရှိရာ ရှိကြောင်း ဘာမှ မရေးနိုင်တဲ့ အပြင် စားစရာ နဲ့ ချစ်စရာ အင်း..ရှက်များရှက်မိပါရဲ့.. ကဲ သန်ရာ သန်ရာ လို့သာ သဘောထားလိုက်ကြ ပါတော့ဗျာ……

ဒီနေ့တော့ အညာဟင်းလေး တွေ မချက်တာ ကြာလို့ ဟင်းလေး ချက်ကျွေးလိုက်အုန်းမယ် ... စဉ်းစား ထားတယ် ….. ချစ်ညီမ များကလည်း တောင်းဆိုကြတယ် ဆိုတော့……

ကျနော် ငယ်ငယ်က ဒီအချိန် ဆိုရင် မေမေ အမြဲချက်ကျွေးတဲ့ ရာသီစာ လေးပါ … တချို့ အရပ်က လူများတော့ စားလေ့ ရှိမရှိ မသိဘူး.. ကျနော် တို့ အညာမှာတော့ ပေါ်တဲ့ အချိန်မှာ အမြဲတမ်း ချက်လေ့ ရှိပါတယ်… ချဉ်ဖြုံးဖြုံး လေးနဲ့ အင်မတန် ထမင်းဝင်ပါတယ်…

နာမည် ကြားရင်တော့ တမျိုးများ ဖြစ်သွားမလားမသိဘူး အဟဲ.. ဂွေးသီး ပါတဲ့ဗျာ… အမှန်တော့ တောဂွေးသီးလေး တွေပါ… ကျနော် တို့ စားနေကြ အချဉ် ပေါင်း လုပ်တဲ့ ဂွေးသီး မဟုတ်ပါ.. ချက်စားတဲ့ ဂွေးသီး လေးတွေပါ.. မချက်ခင်က ဓါတ်ပုံ ရိုက်ဘို့မေ့သွားတယ်.....

အဲဒီ ဂွေးသီး ချက်ရင် အရင်ဆုံး ဂွေးသီးလေး တွေကို ရေမြုတ်ရုံ ထဲ့ ပြုတ်ရပါတယ်… ခဏနေ ဂွေးသီးလေး အိသွားရင် ရေအေးထဲ ပြန်စိမ်ပြီးတော့ အခွံခွာရပါတယ် အထဲက ဖြူဖြူလေး ကို ခရမ်းချဉ်သီး ကြက်သွန် ဖြူ-နီ ဆီသတ်ပြီးတော့ ငပိနဲနဲ ငရုပ်သီး နဲနဲ နဲ့ ချက်ရပါတယ် .. ပုဇွန်ခြောက် လေး ထဲ့ ချက်ရင်တော့ ပိုကောင်း ပါတယ်… 

ရွှေစင်ဦးငယ်ငယ်က ကတော့ ပုဇွန်ခြောက် အစား ဒုံးခြောက် (ပုဇွန်ခြောက် အကြီးကြီး) တွေ ထဲ့ ချက် ဘို့ မေမေ့ ကို ပူစာ ပါတယ်… နောက်တော့ ဒုံးခြောက် ဆိုတာ မမြင်အပ်တဲ့ အရာ ဆိုပြီး ဈေးထဲက ပျောက်သွားပါတယ်… အင်း ရှိခဲ့ရင်လည်း ဝယ်စားနိုင်မှာ မဟုတ်တော့ ပါဘူး… ရွှေစင်ဦး တို့နဲ့ လားလား မှ မသက်ဆိုင်သောအရာ တွေ ဖြစ်သွား ပါပြီ….

ကဲ..အဲဒီ ဂွေးသီး ငပိချက်လေး က တခွက်.. (ဆီနဲနဲ များသွားလို့ ဆီပြန်စစ် ထားရပါတယ်) နောက် ချစ်ညီမ က ဈေးထဲက ငါးခုံးမတုတ် ဆိုလား ရခဲ့လို့တဲ့ အဲဒါလေးကို ဂျင်း ကြက်သွန်ဖြူ ငံပြာရည် အချိုမှုန့် နဲနဲ နဲ့ ပြုတ်ပါတယ်… အင်းငါးပေါင်းပေါ့..  ရေလေးခန်းသွားမှ နံနံပင် လေး အုတ်လိုက်တယ်.. အဲဒီငါးလေး က အချိုလေးလေး နဲ့ တော်တော် ကောင်းပါတယ်.. အရိုးတော့ နဲနဲများတယ်…

နောက်တခွက် ကတော့ ဝက်ခြေထောက် ကို နူးနေအောင်ပြုတ်ပြီး ကန်စွန်းရွက် နဲ့ မှိုခြောက် ပန်းခြောက် ခတ်ထားပါတယ်….. ဝက်သား စားသူတွေ အတွက်ပေါ့…

နောက်တခွက်ကတော့ ငံပြာရည်ချက်ပါ.. ဟိုတလောက ကျနော့် ကို ငံပြာရည် ကြဲ ချဉ်ပေါင်ဟင်း ရေကြဲ နဲ့ ချက်ကြွေး တာ ဘလော့ပေါ် မှာ ကျနော် က အော်ထားတော့ အခု ငံပြာရည် ချက် ကတော့ ရှယ် ချက်ထားပါတယ်...

သြ နောက်တခွက် ကတော့ နို့ခဲချက်ပါ.. အိမ်မှာ တော့ ချစ်ချစ်ကြီး က ငါးဟင်း ကြ တော့လည်း အရိုးများ သတဲ့ အသား ကြတော့ မစား ဆိုတော့ နို့ခဲချက် နဲ့ ပဲ နဲ့ ဘဲ ချက်ကြွေးရပါတယ် အညာ နို့ခဲချက်လေးပါ…. နောက် ပုဇွန်ခြောက်လေး နဲ့ ခဝဲသီး အရည်သောက် လေးပါ....

ချက်တဲ့ ဟင်းအားလုံးဟာ အညာဟင်း တွေ ဖြစ်ချင်မှ ဖြစ်မှာပါဗျာ… ဒါပေမဲ့ အညာသူ ရွှေစင်ဦး ချက်တော့ အညာဟင်းသာ မှတ်လိုက်ကြပါ…

ကဲ… စားလိုက်ကြ စို့ အားရပါးရ…


ဟင်းတွေ ကတော့ အကောင်းကြီး မဟုတ်ပါဘူး .....  သူလိုကိုယ်လို စားကြတဲ့ ဟင်းလေးတွေ ပါဘဲ....
 
သတိ.. အကြွေးသီးခံပါ...
လာရောက်အားပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ်.... 
ဒီနေ့ ရောင်းရငွေသည် နက်ဖြန်အတွက် အရင်း... (ဘာရယ်.. မဟုတ်ပါဘူး ဟင်းရောင်းစားမလို့ ကျင့်နေ တာပါ)

လေးစားစွာဖြင့်
စာရေးသူ - ရွှေစင်ဦး
.
(.... ချစ်သော ဘလောဂါ အပေါင်း တို့ အခု ဘလော့ဂ် တွေ ပိတ်ထားတဲ့ အတွက် ဝင်ရခက်နေ ပါတယ် ... ပိုစ့် တင်ဘို့လည်း ခက်ပါတယ်... ဒါကြောင့် ရွှေစင်ဦး လေး အလည် မရောက်ခဲ့ရင် ခွင့် လွှတ်ကြပါ... ) 
.
>>>ဆက်ဖတ်ရန်>>> >>

Friday, June 4, 2010

အဖွားတို့ရွာကလေး



ဖျာပေါ်က နေလှန်းထား တဲ့ ပုဇွန်ပွခြောက် တွေကို  ဂုံနီအိတ် ကြီး ထဲ ကုန်းကုန်း ထဲ့နေတဲ့ ဖွားသောင်း ကို ကြည့်ရင်း မြန်မြန် ပြီးသွားအောင် ကူထဲ့ ပေးလိုက်တယ်.. ဒီပုဇွန်ခြောက်တွေက ဧရာဝတီ မြစ်ကမ်းဘေး  တံငါစု နဲ့ အင်းထဲ က ဈေးသည်တွေ လာရောင်းသမျှ  ငါး.. ပုဇွန် တွေ ကို တနှစ်ပတ်လုံး  ကြုံ ရင် ကြုံသလို  ဈေးချိုချို နဲ့ ဝယ်ထားတာ တွေ.. အဲဒါတွေ ကို ဆားလေး နဲနဲ ထဲ့ ပြုတ်... နေလှန်း ပြီး စုထားတာ..... အဲဒီ ပုဇွန်ဆိတ် တွေ ကို တနှစ်ပတ် လုံး ဟင်းခတ် လုပ်တယ်... ။

တခါတလေ တော့ လည်း ဘယ်သူမှ မစားတဲ့ ငါးစင်စပ် ဆိုတဲ့ ငါးဖြူ ပြားပြား သေးသေးလေး တွေ ပြုတ်.. နေလှန်း ပြီး ကျွတ်ရွ နေမှ မောင်းဆုံ နဲ့ ထဲ့ထောင်း ... ပုလင်းထဲ ထည့်ထားပြီး ဟင်းခတ်မှုန့်လုပ်တယ်... ဖွားသောင်း အပြော အရ ဆိုရင်တော့ ဒီငါးထက် ချိုတာ မရှိတော့ဘူးတဲ့ .. ဟင်းခတ် လုပ်ရင် လေးပြီး ချိုတော့ တခြားဟင်းခတ် ထက် ပိုကောင်း တယ်ပြောတာဘဲ..၊ အဲဒီ ငါးလေး တွေ ကို အစို အတိုင်း ဘယ်သူမှ မစားဘူး.. တချို့ လူတွေသာ အကြော်မှုန့် လေးနဲ့ ရောနယ် ပြီး ... အကျွတ်ကြော် စားကြ တယ်...။

တကယ်တော့ ဧရာဝတီမြစ်ကမ်းဘေး က အဖွားတို့ မြို့လေး မှာ ဟင်းခတ် လုပ် စရာ တွေ များ ပေါလွန်း လို့... နောက်ပြီး အိမ်က လူတွေ ကလည်း အသား သိပ် မစားကြတော့ ဒီငါး တွေဘဲ နေ့တိုင်း တနေ့တမျိုး ဟင်း လုပ်စား နေရတာ...၊ ချက်ချင် တဲ့ ဟင်း ချက်စမ်းပါ .. ဒီ ငါးစို လတ်လတ် ဆတ်ဆတ် တွေ ပုဇွန် လတ်လတ် တွေ ပစ် ထဲ့ ပြီး ... ဟင်းခတ် လုပ်လိုက်ရုံပေါ့... ၊ ဒါပေမဲ့ ဖွားသောင်း က တမျိုး... ဟင်းချက်ရင် သူ လုပ်ထားတဲ့ အဲဒီ ပုဇွန်ဟင်းခတ် တွေ ငါးမှုန့် ဟင်းခတ် တွေ ကို သုံးမှ ကြိုက်တယ်... ဟင်းချက်မဲ့ ငါးကို ဟင်းခတ်.. လုပ်တာ မကြိုက်ဘူး....။

နေပူရှိန် နဲ့  ကျွတ်ရွ နေတဲ့ ပုဇွန် ဆိတ် တွေကို မောင်းဆုံ ထဲ ထဲ့ထောင်း အခွံ တွေ ပြာတည်း ပြီးတော့ ပုလင်း တွေနဲ့ ထည့်... ဟင်းချက်ရင် သုံးပေတော့ ဘဲ.. တနှစ်စာ မပြတ်စေရဘူး ၊ ဟင်းချိုမှုန့် တွေ သုံး ရင်လည်း မကြိုက်ဘူး...ဟို နေ့က ကျနော် က စမ်းပြီးတော့ အချိုမှုန့် နဲနဲ ခပ်လိုက်တာ .. အမယ်လေး သိတယ်ဗျ နင်တို့ ဟင်းချိုက ချိုရဲကြီး ဘာတွေ ထဲ့ လည်းတဲ့....။

နောက်ပြီး အခုလို  အထက်ဘက်က  အဖွား တို့ ရွာ သွားရင် ဒီကနေ  တနှစ်လုံး သူကိုယ်တိုင် လှမ်းထားတဲ့ ပုဇွန်ခြောက် တွေ ယူသွားပြီး ဟိုက ကောက်ညှင်းဆန် တွေ ဆန်တွေ နဲ့ ပြန် လဲ ယူလာတယ်... ဖွားသောင်း က အဖေ့ အဒေါ် ကျနော်တို့ ဖွားလေး တော်ပါတယ်..၊ ကျနော် က ကျောင်းပိတ်ထားတုန်း အဖွား ရွာ သွားချင်တာ.. အဖေ က မအား တော့ ဖွားသောင်း နဲ့ သွား ဆိုလို့ သွားရမှာ ... အဲဒီတော့  ဖွားသောင်း ရဲ့ ကဂျီကဂျောင် လေး တော့ နဲနဲ ခံရမှာ ပေါ့...။

အခုလည်း ကြည့် .. နဲတဲ့ အထုတ်ကြီး မဟုတ်ဘူး.... လှည်းကြုံ မရှိလို့ ကတော့ ကိုယ့် ခေါင်းပေါ် ရောက်မဲ့ အထုတ်ကြီး ကြည့်ကြည့် ပြီး သက်ပြင်းတချချ နဲ့ မော်တော် ပေါ် ရောက် လာတယ်... ဒီအထုတ်ကြီး ထဲမှာ ပုဇွန်ပွခြောက် တွေ အပြင် လလက်ခြောက်တွေ နဲ့ တခြား တိုလီမိုလီ တွေက ပါသေး တယ် ... ၊ သင်္ဘော က တကောင်း ဆိပ် ကနေ ညဘက် စီးလာတာ ကသာ ရောက်တော့ မိုးလင်းလုပြီ...။

ကသာ ရောက်တော့ မှ အင်းတော် ကို ကားထပ်စီးရတယ်... ၊ တော်ပါသေးတယ် ကားမှီလို့ ... မမှီရင် ကသာ မှာ တည အိပ်ရမယ်... တနေ့လုံးမှ တစီးထဲ ထွက်တဲ့... ရှားရှားပါးပါး ကားကြီး တွေ့ပြန်တော့ လည်း အဖွားရွာ သွားချင်စိတ်လေး က ပျောက်သွား ပြန်တယ်...  ဂျီအမ်စီ ၂ ထပ်ကား ကြီး တွေ့လိုက် လို့ဘဲ...၊ အောက်တထပ် နဲ့ သစ်သား ကျဲကျဲ ခင်းထားတဲ့ အပေါ် တထပ် ...၊ ၂ထပ်ကားကြီး... ဝက်တွေ နဲ့ လူတွေ ဘာများ ခြားနား သလည်း လို့ စဉ်းစားမိတယ်..... ဒီကားပေါ် မှာတော့ အတူတူပါဘဲ.. ။

ကားပေါ် ရောက်တော့လည်း ..  သူ့ အထုတ်ကြီး ထိတဲ့ သူတွေ နဲ့ ဖွားသောင်း နဲ့ က တရန်.. ခဏနေ အထုတ်ကြီး ပိလို့ ခဏ နေ အဲဒါကြီး က နင်တို့ မှီ စရာ မဟုတ်ဘူး နဲ့  နောက်ပြီး အထုတ်ကြီး ကျော် ကျော်ပြန်ပြီ.. နင်း... နင်းမိပြန်ပြီ နဲ့ ..... အင်းတော် ရောက်မှ နားအေး တော့တာဘဲ... အင်းတော် ရောက်တော့ ရွာလူကြုံ ရှာတာ မတွေ့ပါဘူး... လှည်းကြုံ လည်း မရှိတော့ ကဲ ကိုယ်ခြေထောက် ကိုယ်သုံး ပြီး လျှောက်ကြစို့ တဲ့ ... အထုတ်ကြီး ပြသာနာ က လာပါပြီ ... လူ့ ၂ဆ လောက် ရှိတဲ့  ဒီအထုတ်ကြီး သယ်ဘို့ ကို ဘယ်လို ရှင်းမလည်း .. ။

ကဲ ဖွားသောင်း ရေ ကျနော် ဘဲ အထုတ်ကြီး ရွက်ခဲ့ မယ်ဆိုတော့... အမလေး လေး တဲ့ ဒီလောက် ကတော့ ဖွားသောင်း တို့ က အပျော့ ဘဲ ..  ဒီပုဇွန်ခြောက်တွေ လဘက်ခြောက် တွေက ဘာလေးမှာလည်း ... ကိုယ့်ဘာသာ ကိုယ်ဘဲ ကြွ ဆိုလို့ အဝတ်ကလေး လေးငါးစုံ နဲ့ အဖေ ကန်တော့ လိုက်တဲ့ အဖွားအတွက် တဘက် လေး တထည် နဲ့ ယောဂီ ရောင် ထမိန်လေး ပါတဲ့ အိတ် ကလေး စလွယ်သိုင်း လွယ်ပြီး လမ်းဘေး တလျှောက် ပေါ့ ပေါ့ပါးပါး လျှောက်လာခဲ့တယ်.... သိပ် မကြာပါဘူး ထင်း တိုက်လာတဲ့ လှည်း ကြုံ နဲ့ တွေ့ လိုက်လို့ အထုတ်ကြီး တင်ပေးလိုက်တယ်... ။

လမ်း တလျှောက်လုံး အင်းတိုင်း တောတွေ... အချိန်ကလည်း မိုးဦး ကျစ အင်ဥ တွေ ပေါ်တဲ့ အချိန် ဆိုတော့... တလမ်းလုံး အင်ဥ တွေ ကလည်း ကောက်လို့ ကောင်းလိုက်တာ... သဲမြေပွပွမှာ အက် ကြောင်း လေး များပေါ်နေရင် ယက်ချလိုက် အင်ဥ အတွဲလိုက် တွေ့တော့တာဘဲ ၁၅လုံး အလုံး၂၀ လောက်ကတော့ အသာလေး... ၊ တခါတလေတော့ လည်း အရွက်ခြောက်လေးတွေ သစ်ကိုင်းခြောက် လေးတွေဘေးမှာ ဖြူနု  နေတဲ့ အင်ဥ လေးတွေ က အစီအရီ.... ရင့်တယ် လို့ ထင်ရင် အရေးလုပ်ပြီး တော့ ကို မကောက် တော့ ဘူး....။

ဖွားသောင်း တဟဲ့ဟဲ့ အော်နေတဲ့ ကြားက ကို အင်ဥ ၂ပြည် သားလောက်တော့ ရ အောင်ကောက်ခဲ့ တယ်... အဖွားရွာ ရောက်တာနဲ့ တန်းပြီး ရေလေးဆေး ဆားလေး နဲနဲ ထဲ့ ပြီး ပြုတ်စား လိုက်တယ် နုထွတ် နေတဲ့ အင်ဥ လေးတွေ ပါးစပ် ထဲတင် အရည်ပျော်သွားသလိုဘဲ .. စားလို့ ကောင်းလိုက်တာ....။

အဖွားရွာ သွားချင်တာလည်း ဒါမျိုးတွေ စားချင်လို့ သဘာဝ အရသာ တွေကို နှစ်သက် လွန်းလို့ သွားခဲ့ တာ ဆိုတော့ ... အင်ဥ တွေ ပြုတ် ဝင်ခလုပ် ထွက်ခလုပ် နဲ့ အားရအောင် စားခဲ့တယ် ...၊ တောထဲ ထိ လိုက် သွားပြီး အသီး အရွက် တွေ တွေ့သမျှ လိုက်ခူး.. ဟင်းပေါင်း၊ ဟင်းလှော် လုပ်စား.....၊ မှို ရှာ ထင်းရှာ လုပ် မှိုကျင်း ကလည်း တွေ့ လိုက်တာ ခဏ ခဏ ...  မှို တွေကို မရိုးနိုင်အောင် တမျိုးပြီး တမျိုး လုပ်စားတယ် (မှိုပေါင်း.. မှိုချဉ်...မှိုစော်လားထောင်း.. မှိုပြုတ်... မှိုကြော်) မှို တွေကလည်း အမျိုးပေါင်း ကို စုံနေ တာပါဘဲ... စားမကုန် ရင် ဟင်းခတ်လုပ်ဘို့ အခြောက်လှန်းထားလိုက် ကြတာဘဲ... အဖွားတို့ ရွာက ဟင်းခတ် က မှိုခြောက်... နောက် ဖားခြောက်...။

အင်း ဖား ရှာတော့ မလိုက်ရဲဘူး ... ဖားတွေ မရိုက်ရဲလို့..  အဖွားတို့ ရွာမှာ အခုလို မိုးဦးကျမှာ တနှစ်စာ ဖားရှာ ရတယ် .....၊  မိုးရွာရင်  အိမ်တိုင်း စေ့ ကလေး လူငယ် လူကြီး  အကုန် ထွက် ဖားရိုက် ဘဲ ...  ရွာမှာ အသား တွေ ငါးတွေ စားချင် ရင် ကိုယ့် အိမ်ရှိ မှ ကိုယ်စားရ တာ ဆိုတော့ .... အသား စားဘို့ ဟင်းခတ် လုပ်ဘို့ ကတော့ ဒီဖားတွေ ဘဲ အားထားရတာ... တခါတလေ အင်းတော် ဈေးကြုံ ရှိရင် စားချင်တဲ့ အသား မှာ စား လို့ ရတယ်.. ဒါပေမဲ့ အကြောင်းထူး မရှိဘဲ ဘယ်သူ မှ အရေး အရာ လုပ်ပြီး မှာ မစားကြ ပါဘူး.. မှာခဲ ကြ ပါတယ်...။

နောက်တခါ ဧည့်ကောင်း စောင်ကောင်း လာရင် ... အိမ်သား တယောက်ယောက် ခံတွင်း တောင်း လာရင် တော့ အိမ်မှာ ရှိတဲ့ ကြက် ရိုက်သတ် ချက်လိုက် ကြတာဘဲ... ကြမ်းတယ် လို့ ဘယ်သူမှ မထင်ကြ ဘူး .... ၊ လုပ်ရိုး လုပ်စဉ် တွေ အဖြစ် သဘောထားကြပေမဲ့ .. ကျနော် ကတော့ မျက်စေ့ ရှေ့တင် ရိုက်သတ် ထား တဲ့ ကြက်သားဟင်း ကို မစားရဲ သေးတာ အမှန်ဘဲ....။

နောက် အခုလို မိုးဦး ကျ မှာ ရိုက်မနိုင်အောင် ထွက်လာတဲ့ ဖားပေါင်စင်းလေး တွေ အကုန်လုံး ရေနွေး တည် ပြုတ်.. အခြောက်လှန်း ဘယ် ဟင်းချက်ချက် .. အဲဒီ ဖားတွေ ပစ်ထည့် လိုက်တာဘဲ ... ဖားသား ကလည်း ချိုတယ်... ကျစ်ကျစ်လေး စားလို့ကောင်းတယ်... ဒါပေမဲ့ ကျနော် ကတော့ အခုထိ ဖား အကောင် လိုက်တွေ ကို မစားရဲ သေးဘူး.. အဖွား ရေ ဟင်းချက်ရင် အဖွား အကောင်တွေကို တုံးတစ် ထဲ့ ဆိုလို အဖွားက တဟားဟား ရယ်ရင်း .. ငါ့မြေးကလည်း အတူတူ ဘဲ ဘာ ထူးမှာလည်း လို့ ပြောရင်း.... ကျနော့် အလိုကျ ချက်ပေးပါတယ်.. နောက် လယ်ထဲက ကောက်လာ တဲ့ ပုဇွန် လုံး လေးတွေ ကို မကျီးရွက် နဲ့ ချက် တာလည်း ကျနော် ကြိုက်တာဘဲ.... ။

အဖွား တို့ ရွာက ဖားချက်တွေ အကြောင်းပြောရင်းနဲ့ မှ အဖွား ရွာက ညီမ ဝမ်းကွဲ တယောက် ၁ဝ တန်း အောင် လို့ လုပ်အားပေး စာလိုက်သင်တုံးက သူတပည့် ကလေး လေး တယောက်ဖိတ်တဲ့ ထမင်းစားပွဲ အကြောင်း ကို ပြောပြတာ ပြန်သတိရ လိုက်မိသေးတယ်...၊ ညီမ လုပ်တဲ့ သူက အနီး အနား က ရွာကလေး  မှာ လုပ်အားပေး ဆရာမ သွားလုပ်တော့ သူတပည့် လေးတန်း ကျောင်းသားကြီးက ထမင်းစား ဖိတ်သတဲ့ ... ။

အစားအသောက် ဆင်းရဲလွန်း တာ ရယ် သူ့တပည့် ရွာကလေး ကိုလည်း ရောက်ဘူးချင်တာ ရယ်ကြောင့်  ၄တန်း ကျောင်းသားကြီး ဖိတ်တဲ့ ထမင်းစားပွဲ ကို တက်ရောက်ခဲ့ပါသတဲ့... ဟိုရောက်လို့ ထမင်းဝိုင်း လက်ဆေး ထိုင်ပြီး ဟင်းတွေ ကြည့်လိုက်တာနဲ့ ... စားချင်သောက်ချင်စိတ် တွေ ပျောက်သွား ပါတယ်လို့ ပြောလာတာ နဲ့ ဘာဟင်းတွေ လည်း ဟ ဆိုတော့ အင်း ဖားလေးတွေ က ဘောလုံး လေးတွေ ပိုက်လို့ က တခွက် ... ငါး ရေမဆေး ဟင်းက တခွက်တဲ့ ... ။

ဘာ.. ဘာ ဟင်း ဆိုတော့ မှ အမယ်လေး လေး အာလူးသေးသေး လေး တွေ ကို အခွံ မခွာဘဲ ဖား အကောင် လိုက် နဲ့ ဒီတိုင်း ချက်ထားတော့ ဖားလေး တွေ က အာလူး ညိုညို လေး တွေ ပိုက်လို့ ကျနော် တောင် စားရမှာ ရွံ့  တယ် ဆိုလို့ ... ရီလိုက်ရသေးတယ်.. သူတို့ ရွာမှာ (အဖွားတို့ ရွာ) လည်း ကင်ပွန်း ချဉ် တို့ ချဉ်ပေါင် တို့ များ ချက်ရင် ဖားလေးတွေ က အချဉ်ရွက် ကလေး တွေ တပွေ့တပိုက် နဲ့ ဟင်းအိုး ထဲ မှာ ပေါလော ပေါလော....။

ငါးဟင်းကလည်း အဲဒီအတိုင်း ဘဲတဲ့ ငါး အကောင် လတ်လတ် တွေကို ရေမဆေး ချီးမဖောက် အကျည်း မထိုး ဘဲ ဒီတိုင်းချက်ကြတယ်တဲ့... ၊ ထမင်း ပန်းကန်ထဲ ရောက်မှ အားလုံးဖယ်စားရတယ်တဲ့...၊ အိမ်ခြေ ၅ဝ လောက် ရှိတဲ့ တကယ့် တော ခေါင်ခေါင် က ရွာသိမ်လေးပါ.... အဖွားရွာ လေးကတော့ ဒီလောက် မဆိုး သေးပါဘူး...။

အင်း အဖွား ရွာအကြောင်း ပြန်ဆက်ရရင် ... အဖွားရွာ ရောက်တဲ့ အခါ ကျနော့် အကြိုက် ခရုချက် ကလေး လည်း  ခဏခဏ ချက်စားဖြစ်တယ်..။

ရွာထိပ် က  ကန်ကြီးစပ် မှာ ဒါမှမဟုတ် ရွာဘေး က ချောင်းလေး မှာ ခရုကောက်.... အိမ်ဘေး ဆူးပုတ်ကြီး ပင် က ဆူးပုတ်ကြီး နုနု လေး တွေ ခူး ပြီး ထည့်.. အိမ်ရှေ့ မှာ အလေ့ ပေါက်နေတဲ့ ငရုပ်သီး လတ်လတ် တွေ ထောင်း ထည့်  .... ငရုပ်သီး နိုင်နိုင် .. အရည် စပ်စပ် ချက်ထား တဲ့ ခရုချက် ကလေး များ ချက် ရင် ခရုဆံ တွေ ကို တရွှီးရွှီး နဲ့ စုတ် စားလိုက် ... တရူးရူး တရှဲရှဲ နဲ့  အရေ ချိုချို လေး သောက်လိုက် ဆူးပုတ် ဆိမ့်ဆိမ့်လေး ဆယ် စားလိုက် ...။

အဖွား ရွာရောက်တိုင်း စားလို့ မဝနိုင် တဲ့ ခရုချက် ကလေး ကို အခုထိ မကြာခဏ အိမ်မက် ထဲမှာ ချက် စားဖြစ် တုန်း..။

မေ့လို့ မရတဲ့ အဖွားတို့ ရွာကလေး ကို အချိန်တန်တော့လည်း နှုတ်ဆက်ခဲ့ ရတာဘဲနော်...။
------------------------------------------------ ။-------------------------------------------------------

ဘာရယ် မဟုတ်ပါဘူး... အင်ဥချက်ကလေး ချက်စားရင်း နဲ့ အဖွားတို့ ရွာ အကြောင်း ရေးချင်စိတ် ပေါ်လာ တဲ့ အတွက် လွန်ခဲ့တဲ့ အနှစ် ၂ဝ လောက်က အဖွားတို့ ရွာကလေး အကြောင်း နဲနဲ ရေးလိုက် ပါတယ်... အခုတော့ ဒါတွေ အားလုံး ဟာ အိမ်မက် တွေ ဖြစ်သွားပါပြီ.. တောတွေလည်း ပြုန်းသွားပြီ... အရင် တုန်း က လှည်းကြုံတောင် ရှားလွန်း လှတဲ့ ရွာလေးမှာ ဆိုင်ကယ်တွေ တဝီဝီ .. ထော်လာဂျီ တွေ တဒိုင်းဒိုင်း ... အင်းတော် နဲ့ လည်း အိမ်ဦး နဲ့ ကြမ်းပြင်...

(အဖွား တို့ ရွာကလေး စာစု အတွက်  ချစ်ညီမ စည်းစိမ်ရှင် အား ကျေးဇူးအထူးတင်ပါသည်... )

လေးစားစွာဖြင့်
စာရေးသူ - ရွှေစင်ဦး
.
>>>ဆက်ဖတ်ရန်>>> >>

Tuesday, May 25, 2010

စား.. စား.. ကြည့်စား

ဒီနေ့ တော့ စာရေး ချင်တဲ့ စိတ်လေး ပေါ်လာတယ် ... ဟိုရောက် ဒီရောက်ပေါ့.. ၊ ကျနော် ခရီး မသွားခင် ကထဲ က ဆိုင်မှာ နယ် က ညီမတော် တယောက် ရောက်နေပါတယ်...၊ ဆိုင် မှာ အလုပ်လုပ်ဘို့ပေါ့..၊ လွန်ခဲ့တဲ့ ၆ နှစ်လောက် သူကျောင်း မပြီးခင် က ကျနော် စီမှာ ကွန်ပျူတာ သင်သွားပေမဲ့ .. အခု ဘာမှ မသိတော့ လို့ Typing က စပြီးတော့ ပြန် သင်ပေးနေ ရပါတယ်..၊ သင်တဲ့ ဆရာမ ရဲ့ အရည်အချင်း ပေါ့ဗျာ.. ။

ကဲ.. သူရောက်တော့ ဘာထူးလည်း.. ကျနော့် အတွက် တော့ တော်တော် ထူးသွားပါတယ်...၊ ကျနော့် အကြောင်း တော်တော် များများလည်း ကျနော် ရဲ့ စာဖတ်သူများ သိကြမယ်ထင်ပါတယ်..၊ ကျနော် ဟာ အစား အသောက် ကောင်းကောင်းကြိုက်တယ်.. ဟင်းချက် ရမှာတော့ ပျင်းတယ် .. စိတ်ပါရင် တော့ တနှစ် တခါလောက် ချက်ပါတယ်...၊ ဒါပေမဲ့ ခက်တာက စားတာ က တနေ့ နှစ်ခါ စားနေရတာ ဆိုတော့ စားမကောင်းရင် အမြဲတမ်း စိတ်ညစ်ရပါတယ်....၊ အပြင် ထမင်းဟင်း များကို လည်း အိမ်ဟင်း အိမ်ထမင်း လောက် မမက်မော တဲ့ ကျနော့် အတွက်ပိုဆိုးပါတယ်...။

ကျနော် အရင် က စာဖတ်ရင် ထမင်းဟင်း ချက်တဲ့ နေရာတွေ ဆိုရင်တော်တော် စိတ်ဝင်စားတယ်.. ဥပမာ ဆိုရင် နုနုရည် (အင်းဝ) ရဲ့ မြစိမ်းပြာ ကမာရွတ် ထဲက ဇာတ်ကောင် ကျူရှင်ဆရာ ကိုဝင်းအောင် အကြောင်းကို ဖတ်ပြီးတော့ ချစ်ချစ်ကြီး နဲ့ ကိုဝင်းအောင် နဲ့ လဲ ချင်စိတ် ပေါက်လာတယ်...၊ တကယ် ပြောတာပါ.. ကျနော့် ကို အဲလိုသာ ချက်ကျွေး အလိုက်ပေးပြီးတော့ ကို လဲ လိုက်ချင်ပါတယ်... ရှုး... တိုးတိုး..။

(အထူးအဆန်းလေး မို့လို့ လာပို့တာ အဘရေ၊ ငါးဖယ်တေ ကြိုးတုပ်ဟင်း လေးပေါ့ ၊ မုန်လာပင် ပေါက်လေး အုပ်ပြီး အရည်သောက်လေးပေါ့..၊ ဘာဟင်းကွယ့်.. ငါးဖယ် အကောင်လိုက် ကို အားရပါးရ စိတ်တိုင်း ကျ ထုတေပြီး ကြိုးတုပ် ချက်ထားတာ အဘ ရ၊ မုန်လာပင်ပေါက် လေးနဲ့ အရည်သောက် လေးလေ..၊ တတ်သည့် ပညာ မနေသာပေါ့ အဘ ရ၊ မိန်းမ ကို စိတ်မချတော့ ကိုယ်က ဝင်..ဝင် ပါရ တာပေါ့.. ၊ဟဲ..ဟဲ.. ကျနော် ကိုယ်တိုင် ချက်တာ အဘရေ.. ) (နုနုရည် (အင်းဝ) မြစိမ်းပြာကမာရွတ် ဒုပိုင်းမှ )

အရင်တုန်းက ချစ်ညီမ က ကျနော့် အတွက် တော့ အထူးဟင်းများ တော့ စီစဉ်ပေးပါတယ်.. ဒါပေမဲ့ .. သူ လုပ်ပေးတာ အသား ငါး .. plane ... ကျနော် ကြိုက်တာက ဆန်းဆန်း ပြားပြားလေး တွေ .. ငါးပိရည် ဖျော် တာတောင် ငါး လေး မီးကင် ... ငရုပ်သီးလေး လှော်ထဲ့ တို့ အဲဒါမျိုးလေးမှ.. ဒါပေမဲ့ ဗျာ.. ဘယ်လောက်  ကြိုက် ကြိုက် မကြိုက် မကြိုက် စားလိုက်တော့ လည်း ဝင်သွားတာဘဲ.. ဝင်ရုံတင် မကဘူး.. လူကြီး ကလည်း ထွားလာလိုက် တာ ချစ်ချစ်ကြီး အပြော အရဆို ရင် အာနိုးကြီး ကြနေတာ ဘဲတဲ့.. ။

ကဲ .. ဘယ်လောက် စိတ်ဓါတ်ကျ စရာ ကောင်းလည်း.. အဲဒါနဲ့ ကျနော် လည်း အစားလျှော့ တော့မယ်.. ဖြစ်နိုင်ရင် ညနေစာ လုံးဝ မစားတော့ဘူး ဆိုပြီး စဉ်းစားထားတယ်...၊ အဲဒီ အချိန်မှာ မှ ညီမတော် က နယ်က အံကိုက် ရောက်လာတယ်ဗျ... တကောင်း မြို့ ပေါ်ကပါ.. ။

သူ မကျွမ်းကျင် တဲ့ ကွန်ပျူတာ ကိုင် ဘို့ ခဏခဏ ပြောရသလို ....  သူ ကျွမ်းကျင်တဲ့  မီးဖို ထဲက ထွက်ဖို့ လည်း ခဏခဏ ပြောနေရတယ်... ဟိုနေ့ကလည်း သူ့ အိမ်ကို ဖုန်းဆက် ပြီးလူကြုံ မှာ သတဲ့ .. စားလို့ ရတာ အကုန်ထည့် ပေးလိုက် ဆိုလို့ဗျာ.. သွားသယ်ရသေး..၊ ကဲ .. အိမ် က ချစ်သမီး များ လည်း ဟင်းချက် ရတာ ကို အငြိမ်းစား ရသွားပြီး .... မီးဖိုချောင် က မထွက်တဲ့ ညီမတော် ကို ကူ ရတဲ့ တာဝန် ပြောင်း သွားကြပါပြီ...။

အင်း.. ရွှေစင်ဦး လေး အတွက် တော့ ဒုက္ခက အခုမှ အစ ရှိပါသေးတယ်... ညစာ မစားဘို့ ကိုယ့်ဘာသာ ကိုယ် တိတ်တိတ် ကလေး စဉ်းစား ထားတဲ့ ရွှေစင်ဦး ဟာ အခုတော့ မီးဖို ထဲ တနေ့ ၁၀ ခေါက်လောက် ဝင်ပြီး ဘာဟင်းလည်း ကြည့်.. စားဖို့ အချိန်စောင့်ပြီး စားကောင်းသောက်ကောင်း နဲ့ ဒုက္ခ ကောင်း ကောင်း ရောက်နေပါတယ်....။

အခုလည်း ဘာဟင်း လည်း ဆိုတာ စုံစမ်းလိုက်တော့ ငါးသလဲထိုး ခြောက်လေး တွေ ငရုပ်သီး နဲ့ ကြော် တဲ့ ငါးလေးချဉ် အစိမ်းသုတ်တဲ့ (တဇွန်းတောင် မြီး ခဲ့သေး ကြက်သွန်ဖြူ နီ နိုင်း ခြင်း နံနံပင် ရှောက်ရွက် အုပ် သုတ်ထားတာပါ..)..၊ နောက် ဟင်းရွက်စုံ ဟင်းရည်တဲ့.. ဝက်သား အချိုချက် တဲ့.. ကဲ... ။

စားမကောင်းခင် တုန်း ကတောင် အားနိုး ဆိုတော့ .. မကြာခင် မှာ ဂျိုင်းရင့် ကြီး တော့ ဖြစ်လောက် ရောပေါ့... ဂျိုင်းရင့် ကြီး ဖြစ်မှာ ဆိုးတော့ ကျနော်လည်း စားကောင်းတိုင်း မစားနိုင်ပါဘူးဗျာ.. အထင် မကြီး ကြပါနဲ့...။

နောက် ပြီး ကဗျာလေး တပုဒ် ကို လည်း စပ်ချင်သွားတယ် ..... ကဗျာ ကလည်း မစပ်တတ်တော့... ကဲ နားလည် သလို သာ ဖတ်လိုက်ကြတော့ ဗျာ... 

တချို့ လူတွေက အဟာရ ပြည့်ဝ တာတွေ စားဖို့ ဆရာဝန် က ညွှန်ကြားပေမဲ့ .. 

ပိုက်ဆံ မရှိလို့ စားချင်ပေမဲ့ ..မစားနိုင်ကြဘူး... 
တချို့ ကတော့ ဝိတ်လျှော့ နေလို့ စားချင်ပေမဲ့ မစားနိုင်ကြဘူး.. 
တချို့ ကတော့ ရောဂါ ပေါင်းစုံ ဖြစ်နေလို့ စားနိုင်ပေမဲ့ စားချင်ပေမဲ့ မစားနိုင်ကြဘူး..
တချို့ ကတော့ စားချင်ရာတွေ အနားမှာ မရှိလို့ စားနိုင်ပေမဲ့ စားချင်ပေမဲ့ မစားနိုင်ကြဘူး...

အင်း ကျနော် ပြောနေတာ မစားနိုင်သူတွေ နော်... 

စားနိုင်သူတွေကတော့ စားနိုင်ကြတယ်.. စားရဲကြ တယ်...
အင်း တခုတော့ ပြောချင်တယ် ဘဝ ဆက်တိုင်း စားချင်တာ ကို စားနိုင်တဲ့ ပုဂ္ဂိုလ် တွေ ဖြစ်အောင်.. စားကောင်းတိုင်း မထတမ်း စားမနေကြ ပါနဲ့ ... နောက်ပြီး စားလို့ အားရရင်လည်း မြန်မြန် ကြွ ကြပါတော့ လို့ (ထမင်းဝိုင်း က ပြောတာပါ... ) .. အဟဲ..

ချစ်သော ဘလော့ဂါ များကို တလက်စာတည်း ခွင့် တောင်းပရစေဗျာ.. ကျနော့် ဘလော့ဂ် မှာ အားလုံး ကို လင့် ထား ပရစေ.. တဦး ခြင်း ခွင့် မတောင်းနိုင်တဲ့ အတွက် လည်း ခွင့်လွှတ်ပါဗျာ.. ရွှေစင်ဦး လေး  က သစ် ရင် ချစ်မယ်.. အဲ..ဖတ်မယ်... ကျေးဇူးပါ.. 

(လင့် လေးများ လည်း ချန်ထား ပေးခဲ့ကြပါ)

လေးစားစွာဖြင့်
စာရေးသူ - ရွှေစင်ဦး
.
>>>ဆက်ဖတ်ရန်>>> >>

Wednesday, May 12, 2010

ရွှေစင်ဦး ကြိုက်တဲ့ အညာစာဟင်းလေးများ (၅)


အညာဟင်း လေး တွေ အညာ ဟင်း လေး တွေ နဲ့ မကောင်းတကောင်း ဟင်းလေးတွေကို ရေရှည် မှ စားနိုင်ပါ့ မလားလို့ စိုးရိမ်မိတယ်ဗျာ.. ပြောရရင် ကျနော် တို့ အညာ ဆိုတာ ပူပြင်းခြောက်သွေ့ပြီး အစာ ရေစာ လည်း ရှားပါးပါတယ်...၊ အောက်အရပ် ဒေသများဆိုရင် မြစ်ချောင်း အင်း အိုင်တွေ ပေါများ တဲ့ အတွက် ဆင်းပင် ဆင်းရဲသော်လည်း ငါးလေး ပုဇွန်လေး စားနိုင်ကြပါလိမ့်မယ်...။

ကျနော် တို့ အညာ အရပ် မှာ တော့ အဲဒီလိုမျိုး လည်း မစားနိုင်ပါဘူး... တချို့ တော်တော် ဆင်းရဲ တဲ့ ဒေသ များ ဆိုရင် ကျနော် အရင် ပို့စ် တွေ ထဲမှာ ရေးခဲ့ သလို ငရုပ်သီး ဟင်း လုပ်စားရပါတယ်..  နှမ်းဘတ်ချဉ် ကို ဟင်း လုပ် စားရပါတယ်..(...ကိုကြီးကျောက် ပြောတာ တကယ်ပါ ဟင်းဝတ်ခွက် တွေမှာ နှမ်းဘတ်ချဉ် တို့ ပဲ တို့  ကြီး ပါဘဲ...)...။

ကျနော့် မောင် အလတ် တယောက် စစ်ကိုင်းချောင်မှာ သင်္ကန်း သွားဝတ်ဘူး ပါတယ်..၊ တော်တော် ကြာ ပါတယ်..၊ စစ်ကိုင်းချောင် နဲ့ နီး တဲ့ ရွာတွေ မှာ ဆွမ်းခံ ရ ပါတယ်...၊ မောင်လေး ဦးဇင်း ထွက်လာတော့ ပြောပြ ပါတယ်...၊ ဆွမ်း ခွက်တွေ ထဲမှာ တခါလာလည်း နှမ်းဘတ်ချဉ် ၊ ပဲချက် ၊ ဟင်းရွက် တွေ နဲ့ ငရုပ်သီး ဘဲ ရတယ်တဲ့...၊ တပတ် ကို တရက် ဘုံ ဆွမ်း လောင်းတဲ့ ရက်မျိုး ဆိုရင် သိပ်ပျော် တယ်လို့ ပြောပြ ပါတယ်...။

အဲဒီ အချိန်ကြမှ ဝက်သား ဟင်း စားရလို့ပါတဲ့...၊ ဘုံ ဆွမ်းခံရမဲ့ မနက် များဆို ဆွမ်းခံ ကြွရတာ တအား တက်ကြွ နေတယ်လို့  ပြောတာဘဲ... မျက်စေ့ ထဲ ၀က်သား တုံးကြီး မြင်မြင် နေလို့ ပေါ့ လို့ ပြောပါတယ်.၊ အိမ်နဲ့ လည်း ဝေးနေတော့ ကျနော် တို့ ကလည်း သိပ် မပို့နိုင်ဘူး ဆိုတော့ သူ့ခမျာ အဲဒီဘုန်းကြီး ဝတ်တဲ့ အချိန်တွေ  မှာ အစား တော်တော် ဆင်းရဲ ပါတယ် ..၊ ဒါတောင် ကျနော် တို့ မြန်မာတွေ ထုံးစံ အရ စားဦး စားဖျား ကောင်းရာ မွန်ရာ လေး ကို ဘုန်းကြီး ကို လှူတာ ဆိုတော့ ရွာသူ ရွာသားတွေ ဘယ်လိုများ စားနေ သလည်း ဆိုတာ စဉ်းစားသာ ကြည့်ပါ တော့ဗျာ...။

ဒီနေ့ချက်မဲ့ အညာဟင်း လေးတွေကတော့ ပဲကြားလှော် နဲ့ မြေပဲ ကို ရောကြော်ထားပါတယ် ... မွှေးအောင်လို့ ဂျင်း လေး ကြက်သွန်ဖြူလေး ကို ထောင်း ပြီး ကျွတ်အောင် ကြော်ထားပါတယ်... မွှေးစိမ့် နေပါတယ်.. ရေနွေး လေး နဲ့ အမြီး လုပ်ရင် ပိုကောင်းပါလိမ့်မယ်... ကြိုက်တတ် သူများ ကတော့ နှမ်းဘတ်ချဉ် တောင် ဘီအီး နဲ့ မြီးတယ် ဆိုတော့ ဒီပဲကြော် ဆိုရင် ပိုမြီး လို့ ကောင်း ပါတယ်... ကြိုက် သလောက် မြီးပါဗျာ. ဖြစ်နိုင်ရင် ကိုယ်တောင် ဝိုင်း ထဲ ပါချင်သေး... (ရေနွေး ကြမ်းဝိုင်းပါ..)။

နောက်တခွက် ကတော့ ငံပြာရည် ချက်ပါ.. ဗမာ့ ပါးစပ်များ အငံ နဲ့ အစပ် မပါရင် ထမင်း စားမဝင်တော့ အငံချက် ကလေး ပေါ့ဗျာ... ပုဇွန်ခြောက်.. ကြက်သွန်ဖြူ နီ နဲ့ ဆီသပ် ပြီး သေချာ ချက်ထားပါတယ်.. စားကောင်း ပါတယ်ဗျာ...။

နောက်တခွက် ကတော့ ဟင်းရွက်လှော် ပါဘဲ... ဟင်းရွက် တွေ ကို သင် ပြီး ရေစင်အောင် ဆေးပြီး စစ် ထားပါ တယ်... ခဏနေ မှ ကြက်သွန်နီ ဖြူ ဂျင်း နဲနဲ နဲ့ ဆီသတ်ပါတယ်.. ငါးပိ ဒါမှ မဟုတ်ရင် ငံပြာရည် နဲနဲ ထည့် ပြီး ကြက်သွန် နဲနဲ လေး နွမ်း သွားပြီး အနံလေး မွှေးသွားရင် ခုနက ဟင်းရွက် တွေ ထဲ့ပါတယ်.. ဟင်းရွက် နဲနဲ နွမ်းသွားရင် အချိုမှုံ သင့် ရုံ ၊ ဆား နဲနဲ နဲ့ ရေဖျော်ထားတဲ့ ဆန်မှုံ ရေ ကို လောင်းထည့် လိုက်ပါတယ်... ၊ ဆန်မှုံ ရေ ခန်း ပြီး နဲနဲ ခဲသွားရင် စားလို့ ရပါပြီ...၊ ကဲ ကျန်းမာရေး နဲ့ ညီညွတ်တဲ့ ဟင်းရွက်လှော် က တခွက်ပါ...။

နောက်တခွက် ကတော့ မျှစ်ချဉ်နဲ့ ငါးခေါင်း ပါဘဲ...၊ လက်ဆောင်ရတဲ့ မျှစ်ချဉ် ကိုချက်ထားပါတယ်.. အမှန်တော့ ဝက်သား နဲ့ ချက်ရင် ပို ကောင်းပါတယ်.. ဒါပေမဲ့ အိမ်မှာက ဝက်သား မစားတဲ့ သူတွေ များနေ တဲ့ အတွက် ငါးခေါင်း နဲ့ ချက်ရတာပါ... ဘာနဲ့ ဘဲ ချက်ချက် မျှစ်ချဉ် နုနုလေး တွေ ဆိုတော့ ကောင်းပြီး သားပါ...။

ကဲ.. ဒီနေ့ ဟင်း သိပ်မကောင်း လို့ သရက်သီး လေးနဲ့ အစာပိတ် လိုက်ရအောင်နော်.. စိန်တလုံး ပင်မှဲ့ လေးပါ တော် တော် ချိုပါတယ်... ကျနော် တို့ ငယ်ငယ် ကတော့ သရက်သီး ဆိုရင် အညာမှာ အကောင်း ဆုံးက အောင်ဒင် ဘဲ ခုတော့ စိန်တလုံး တဲ့ ဗျာ....။

လေးစားစွာဖြင့်
စာရေးသူ-ရွှေစင်ဦး
.
>>>ဆက်ဖတ်ရန်>>> >>